သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)

ယခင်တစ်ခေါက်က ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်ပတ်သက်သည့် ရိုးရာယဉ်ကျေးမှု၏ အဆိုအမိန့်လေးခုကို ငါတို့ မိတ်သဟာယပြုခဲ့သည်။ ၎င်းတို့သည် မည်သည့်အရာများဖြစ်သည်ကို ငါ့အား ပြောလော့။ (“တစ်လုတ်စားဖူး သူ့ကျေးဇူး”၊ “အများအကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံပါ”၊ “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာရမည်၊ အနွံအနာခံရမည်”၊ “ရေတွင်းတစ်တွင်းရှိ ရေကိုသောက်သောအခါ မည်သူက တူးခဲ့သည်ကို လုံးဝ မမေ့လျော့သင့်” ဆိုသည်တို့ ဖြစ်သည်။) အဆိုအမိန့်တစ်ခုစီတွင် ပိုင်းခြားစိစစ်ပြီး နားလည်သင့်သည့်အရာကို သင်တို့ ရှင်းလင်းစွာ နားလည်သလော။ ရိုးရာယဉ်ကျေးမှုတွင်ရှိသော အဆိုအမိန့်တိုင်းသည် လူတို့၏ လက်တွေ့ဘဝများနှင့်လည်းကောင်း၊ ၎င်းတို့ ပြုမူဆောင်ရွက်ပုံနှင့်လည်းကောင်း နီးစပ်စွာ ဆက်နွှယ်နေသည်။ ရိုးရာယဉ်ကျေးမှုတွင်ရှိသော ဤအဆိုအမိန့်များသည် လူတို့၏ လက်တွေ့ဘဝများနှင့် ၎င်းတို့ ပြုမူဆောင်ရွက်ပုံတို့အပေါ် လွှမ်းမိုးမှုတစ်ခုခုရှိသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ လက်တွေ့ဘဝရှိ လူတို့၏ စကားများ၊ လုပ်ရပ်များ၊ ပြုမူဆောင်ရွက်မှုများနှင့် သက်ဆိုင်သော စည်းမျဉ်းများသည် အခြေခံအားဖြင့် ရိုးရာယဉ်ကျေးမှု၏ ဤအဆိုအမိန့်များ၊ အမြင်များမှ ဆင်းသက်လာသည်။ လူတို့အပေါ် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှုနှင့် စွဲမှတ်အောင်သွန်သင်မှုတို့သည် အတော်အတန်ပင် နက်နဲသည်မှာ ရှင်းပေသည်။ ပြီးခဲ့သည့်စုဝေးပွဲတွင် ငါမိတ်သဟာယဖွဲ့ပြီးနောက် ဆက်၍ ဆင်ခြင်သုံးသပ်ခြင်း၊ အချင်းချင်း မိတ်သဟာယဖွဲ့ခြင်းတို့ကို သင်တို့ အတူပါဝင်ဆောင်ရွက်ကြသလော။ (ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်ပတ်သက်သည့် ဤအဆိုအမိန့်အချို့ကို ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့ပြီး နားလည်ခဲ့သည်။ ဤအကြောင်းအရာမျိုးနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့၏ အမြင်များ၊ ရှုထောင့်များကို အနည်းငယ်ပြောင်းနိုင်ခဲ့သည်။ သို့သော် ဤအရာများကို နှံ့စပ်စွာ နားလည်ခြင်းမရှိသေးပါ။) နှံ့စပ်စွာ နားလည်ခြင်းကို ရရှိရန် အချက်တစ်ချက်မှာ ငါမိတ်သဟာယပြုသည့်အကြောင်းအရာအပေါ်တွင် သင်တို့၏ နားလည်မှုကို အခြေပြုရမည်။ အခြားတစ်ချက်မှာ လက်တွေ့ဘဝတွင် သင်ကိုင်စွဲသော အမြင်များအပြင် သင့်၌ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ ဖြစ်ပေါ်လာသော အတွေးအမြင်များ၊ လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး နားလည်ရမည်။ တရားဒေသနာများကို နားထောင်ခြင်းသက်သက်သည် တကယ်ကို လုံလောက်မှုမရှိပေ။ တရားဒေသနာများကို နားထောင်ခြင်း၏ ရည်ရွယ်ချက်သည် လက်တွေ့ဘဝတွင် အပျက်သဘောဆောင်သောအရာများကို သိမြင်နိုင်ရန်၊ အပျက်သဘောဆောင်သောအရာများကို ပို၍ တိကျစွာ ခွဲခြားသိမြင်နိုင်ရန်၊ ထို့နောက်တွင် အပြုသဘောဆောင်သောအရာများကို သဘောပေါက်နားလည်ပြီး ရှင်းလင်းစွာ နားလည်နိုင်ရန်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားနှုတ်ကပတ်တော်များသည် လက်တွေ့ဘဝတွင် မည်သို့ကျင့်ကြံပြုမူရမည်နှင့်ပတ်သက်သည့် စံသတ်မှတ်ချက်ဖြစ်လာစေရန် ဖြစ်သည်။ တစ်ဖက်တွင် ဤအပျက်သဘောဆောင်သောအရာများကို ပိုင်းခြားသိမြင်ရန် လုပ်ဆောင်ခြင်းသည် လူတို့၏ အပြုအမူနှင့် ကျင့်ကြံမှုအပေါ် ပြုပြင်တည့်မတ်ပေးသော သက်ရောက်မှုကိုရှိစေသည်မှာ ဖြစ်ရပ်များ၊ အကြောင်းအရာများအပေါ် လူတို့၏ မှားယွင်းသော စိတ်ကူးများ၊ အမြင်များ၊ သဘောထားများကို ပြုပြင်တည့်မတ်ပေးနိုင်သည်အထိဖြစ်သည်။ ထို့အပြင် ယင်း၏ အပြုသဘောဆောင်သော အပိုင်းတွင် လူများ၊ အမှုအရာများအပေါ် လူတို့၏ အမြင်များ၊ လူတို့၏ ကျင့်ကြံဆောင်ရွက်မှုများနှင့်ပတ်သက်လျှင် လူတို့အား မှန်ကန်သော နည်းလမ်းများနှင့် စည်းစနစ်များအပြင် တိကျသော လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများကိုပါ ခံယူစေနိုင်သည်။ ဤသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့် သက်ဆိုင်သော ဤအဆိုအမိန့်များကို မိတ်သဟာယဖွဲ့ခြင်း၊ ပိုင်းခြားစိစစ်ခြင်း၏ ရည်ရွယ်ချက်နှင့် ရည်ရွယ်သော သက်ရောက်မှုဖြစ်သည်။

ယခုတွင် တရုတ်ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်ပတ်သက်သည့် အဆိုအမိန့်များကို ငါတို့ နှစ်ကြိမ် မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ အခြေခံအားဖြင့် ဤအရာတို့သည် ကြီးမားသော လူမှုဆိုင်ရာ အခြေအနေအတွင်းတွင် ဖြစ်ပေါ်သော လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်ခြင်းအတွက် သတ်မှတ်ချက်များဖြစ်သည်။ တစ်ဦးချင်းအနေအထားတွင် ဤအဆိုအမိန့်များသည် လူတို့၏ အပြုအမူကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ပြီး ထိန်းညှိပေးနိုင်သည်။ ပို၍ကြီးသောရှုထောင့်မှ ကြည့်လျှင် ဤအဆိုအမိန့်များသည် ကောင်းမွန်သောလူမှုစိတ်ဓာတ်ကို ဖန်တီးရန်ရည်ရွယ်ပြီး အုပ်ချုပ်သူများအနေဖြင့် လူတို့အား ပို၍ကောင်းစွာ အုပ်ချုပ်စေနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်မှာလည်း မှန်သည်။ လူတို့သည် ကိုယ်ပိုင်အယူအဆများရှိလျှင်၊ လွတ်လပ်စွာ စဉ်းစားနိုင်လျှင်၊ ကိုယ်ပိုင် ကျင့်ကြံမှုဆိုင်ရာ ကိုယ်ကျင့်တရားစံနှုန်းများကို ရှာဖွေနိုင်လျှင်၊ သို့မဟုတ် ကိုယ်ပိုင်ထင်မြင်ချက်များကို ဖော်ပြနိုင်လျှင်၊ ကိုယ်ပိုင်အယူအဆများဖြင့် အသက်ရှင်နိုင်လျှင်၊ ၎င်းတို့က သင့်တော်သည်ဟု မြင်သည့်အတိုင်း ကျင့်ကြံပြုမူနိုင်လျှင်၊ အမှုအရာများ၊ လူများ၊ ၎င်းတို့၏ လူ့အဖွဲ့အစည်း၊ ၎င်းတို့နေထိုင်သည့် နိုင်ငံအပေါ် ကိုယ်ပိုင်နည်းလမ်းဖြင့် သဘောထားမှတ်ယူလျက် ကျင့်သုံးနိုင်လျှင် ဤသည်မှာ အုပ်ချုပ်သူများအတွက် ကောင်းသောအရာ၊ သို့မဟုတ် ကောင်းသောလက္ခဏာမဟုတ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အုပ်ချုပ်သူများ၏ အုပ်စိုးသည့်ရာထူးကို တိုက်ရိုက် ခြိမ်းခြောက်သောကြောင့်ဖြစ်သည်။ အကျဉ်းချုပ်ဆိုရလျှင် အခြေခံအားဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်ပတ်သက်သည့် ဤအဆိုအမိန့်များသည် ကိုယ်ကျင့်တရားနှင့်အညီနေထိုင်ဖို့ ပြောဆိုသူများ၊ အတွေးအခေါ်သမားများ၊ ပညာရှင်များဟု ခေါ်ဆိုသောသူများက အုပ်ချုပ်သူများအား အထောက်အကူပြုရန်အတွက် ဤအတွေးများ၊ သဘောတရားများအပြင် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာတို့ကိုပင် အသုံးပြုနိုင်ကြောင်းကို ပြရန်ရည်ရွယ်ချက်ဖြင့် အုပ်ချုပ်သူများကို စိတ်ကျေနပ်စေရန်နှင့် လိုက်လျောရန် နည်းလမ်းတစ်ခုအနေဖြင့် အဆိုပြုကြခြင်းဖြစ်သည်။ ဤသည်မှာ အခြေခံအားဖြင့် ငါတို့ မိတ်သဟာယပြုခဲ့သည့် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်ပတ်သက်သော ဤအဆိုအမိန့်အားလုံး၏ သဘောသဘာဝဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ လူတို့ကြားရှိ သဘောထားကွဲလွဲမှုများကို လျှော့ချရန်၊ လူတို့၏ ဆက်ဆံရေးများကို သဟဇာတဖြစ်စေရန်၊ ငြိမ်သက်အေးချမ်းမှု ပေါက်ဖွားစေရန်အတွက် အနည်းငယ်ပို၍ ကောင်းသည်၊ ပို၍ အပြုသဘောဆောင်သည်၊ ပို၍ မြင့်မြတ်သည်ဟု လူတို့ထင်သော ကိုယ်ကျင့်တရားနယ်ပယ်အတွင်းသို့ လူတို့၏ အတွေးများ၊ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့် အမှုအရာများအပေါ် အမြင်များကို ကန့်သတ်ရန်ထက် မပိုပေ။ ဤနည်းအားဖြင့် လူတို့အပေါ် အုပ်ချုပ်သူများ၏ အုပ်စိုးမှုအတွက် အကျိုးဖြစ်စေရန်၊ ထို့အပြင် အုပ်ချုပ်သူလူတန်းစား၏ အဆင့်အတန်းကို ခိုင်မာစေရန်၊ လူမှုဆိုင်ရာ သဟဇာတဖြစ်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန်ဖြစ်သည်။ ဤသို့ဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုများ၏ စံနှုန်းများကို လမ်းဖွင့်ပေး ဤလူတို့သည် အုပ်ချုပ်သူလူတန်းစား၏ တန်ဖိုးထားပြီး အရေးကြီးသောရာထူးများကို ချပေးခံရဖို့ဖြစ်သည့် ၎င်းတို့၏ ဆန္ဒအားလုံးကို ပြည့်ဝကြပေသည်။ ဤသည်မှာ ၎င်းတို့ အလွန်ပင် ဆန္ဒပြင်းပြသည့်၊ မျှော်လင့်သည့် အသက်မွေးလမ်းကြောင်းပင်ဖြစ်သည်။ ရာထူးကြီးသည့် အရာရှိများမဖြစ်နိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် ၎င်းတို့အား နောင်လာမည့်မျိုးဆက်များက အသိအမှတ်ပြုပြီး သမိုင်းတွင်ကျန်ရစ်မည်ဖြစ်သည်။ စဉ်းစားကြည့်လော့။ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဤအဆိုအမိန့်များကို အဆိုပြုခဲ့ကြသည့် မည်သူ့ကို ဤလူ့အဖွဲ့အစည်းက မကြည်ညိုဘဲ ရှိသနည်း။ မည်သူက လူသားမျိုးနွယ်၏ လေးစားခြင်းကို မခံရဘဲ ရှိသနည်း။ ယခုခေတ်တွင်ပင် တရုတ်လူမျိုးများကြားတွင် ကွန်ဖြူးရှပ်၊ မန်စီးယပ်၊ လောင်ကျီ၊ ဟန်ဖေးကျီတို့ကဲ့သို့သော အတွေးအခေါ်သမားများ၊ ပညာရှင်များ၊ ကိုယ်ကျင့်တရားနှင့်အညီ နေထိုင်ဖို့ ပြောဆိုသူများ ဆိုသည့်သူများက အများလက်ခံခြင်း၊ အထင်ကြီးလေးစားခြင်း၊ ကြည်ညိုခြင်းတို့ကို အဓွန့်ရှည်ကြာစွာ ခံကြရသည်။ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအပေါ် အကန့်အသတ်ရှိသော အဆိုအမိန့်အချို့ကို ငါတို့ စာရင်းပြုစုခဲ့သည်မှာ မှန်သည်။ ပြီးလျှင် ဖော်ပြထားသော ဥပမာများသည် အမျိုးအစားတစ်ရပ်ကို ကိုယ်စားပြုနိုင်သောအရာအချို့မျှသာဖြစ်သည်။ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဤအဆိုအမိန့်များသည် လူများစွာထံမှ လာခြင်းဖြစ်သော်လည်း ဤအထင်ကရများဟုဆိုသောသူများက ထောက်ခံသည့် အယူအဆများ၊ အမြင်များသည် အုပ်ချုပ်သူများ၊ အုပ်ချုပ်သူလူတန်းစားများ၏ ဆန္ဒနှင့် လုံးဝ ကိုက်ညီသည်။ ပြီးလျှင် ၎င်းတို့၏ အုပ်ချုပ်ပုံ အယူအဆများနှင့် အဓိက အယူအဆများမှာ တူညီသည်။ လူသားတို့အနေဖြင့် ကောင်းစွာပြုမူပြီး လူ့အဖွဲ့အစည်းနှင့် ၎င်းတို့၏ နိုင်ငံကို အနွံအနာခံစွာ ကူညီပံ့ပိုးပေးရန်၊ ၎င်းတို့၏ ရောင်းရင်းမိတ်ဆွေများကြားတွင် အနွံအနာခံစွာ အသက်ရှင်ရန်အတွက် လိုက်နာဖို့ရာ ကျင့်ကြံခြင်း၊ ဆောင်ရွက်ခြင်းနှင့်သက်ဆိုင်သော ကိုယ်ကျင့်တရားဆိုင်ရာ စံသတ်မှတ်ချက်များကို ဖော်ထုတ်ခြင်းဖြစ်သည်။ ယင်းမှာ အဓိကအချက်သာ ဖြစ်ပေတော့သည်။ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဤအဆိုအမိန့်များသည် မည်သည့်မင်းဆက်၊ မည်သည့်လူထံမှ စတင်ဖြစ်ပေါ်သည်ဖြစ်စေ ၎င်းတို့၏ အယူအဆများ၊ အမြင်များသည် တူညီသော ရည်ရွယ်ချက်ရှိသည်။ အုပ်ချုပ်သူလူတန်းစားကို အထောက်အကူပြုရန်၊ လူသားမျိုးနွယ်ကို အထင်မြင်မှားစေပြီး ထိန်းချုပ်ရန်ဖြစ်သည်။

ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော အဆိုအမိန့်ရှစ်ခုကို ငါတို့ မိတ်သဟာယပြုပြီးဖြစ်သည်။ ဤအဆိုအမိန့်ရှစ်ခု၏ သဘောသဘာဝမှာ အခြေခံအားဖြင့် လူတို့အနေဖြင့် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများနှင့် ကိုယ်ပိုင်စိတ်ဆန္ဒများကို စွန့်လွှတ်ပြီး ယင်းအစား လူ့အဖွဲ့အစည်း၊ လူသားမျိုးနွယ်နှင့် မိမိ၏ နိုင်ငံကို အစေခံကာ ကိုယ်ကျိုးမငဲ့ခြင်းကို ရရှိစေဖို့ သတ်မှတ်ချက်ဖြစ်သည်။ ဥပမာ “အများအကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံပါ”၊ “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာရမည်၊ အနွံအနာခံရမည်”၊ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဆိုသည်တို့ကဲ့သို့သော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအကြောင်း အဆိုအမိန့်များကို မည်သည့်အုပ်စုက အဆိုပြုပါစေ ဤအရာအားလုံးက လူတို့အား မိမိကိုယ်ကို ချုပ်တည်းမှုအား ကျင့်သုံးရန်၊ မိမိ၏ ကိုယ်ပိုင်ဆန္ဒနှင့် ကိုယ်ကျင့်တရားနှင့် မညီသော ပြုမူဆောင်ရွက်မှုတို့ကို ချုပ်တည်းရန်၊ အလေးထားလက်ခံနိုင်ဖွယ် သဘောတရားဆိုင်ရာ၊ ကိုယ်ကျင့်တရားဆိုင်ရာ အမြင်များကို ကိုင်စွဲရန် လိုအပ်သည်။ ဤအဆိုအမိန့်များသည် လူသားမျိုးနွယ်အား မည်မျှ လွှမ်းမိုးပါစေ၊ ထိုလွှမ်းမိုးမှုသည် အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ ဤကိုယ်ကျင့်တရားနှင့်အညီနေထိုင်ဖို့ ပြောဆိုသူများဟူသောသူတို့၏ ရည်ရွယ်ချက်သည် လိုရင်းကိုပြောရလျှင် ဤသို့သော အဆိုအမိန့်များကို အဆိုပြုပြီး လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုကို ကန့်သတ်ပြီး ထိန်းညှိပေးရန်ဖြစ်သည်။ ဤနည်းအားဖြင့် လူတို့သည် မည်သို့ ကျင့်ကြံလုပ်ဆောင်သင့်သည်၊ လူများ၊ အမှုအရာများကို မည်သို့ ရှုမြင်သင့်သည်၊ မိမိတို့၏ လူ့အဖွဲ့အစည်းနှင့် နိုင်ငံကို မည်သို့ ရှုမြင်သင့်သည်ဆိုသည်တို့နှင့် ပတ်သက်ပြီး အခြေခံစံသတ်မှတ်ချက်ရှိမည်ဖြစ်သည်။ အပြုသဘောအနေနှင့် ကြည့်လျှင် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဤအဆိုအမိန့်များကို ဖန်တီးခြင်းသည် လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအား ကန့်သတ်ပြီး ထိန်းညှိသည့်နေရာတွင် ကဏ္ဍတစ်ခုအဖြစ် အတိုင်းအတာတစ်ခုအထိ ပါဝင်သည်။ သို့သော် အရှိအတိုင်းဖြစ်သော အချက်အလက်များကို ကြည့်လျှင် ယင်းသည် လူတို့အား မရိုးသားသော၊ ဟန်ဆောင်သောအတွေးအမြင်များကို လက်ခံယုံကြည်စေပြီး ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးခြင်း၊ စွဲမှတ်အောင်သွန်သင်ခြင်းခံရသောသူတို့ကို ပို၍ ဒုက္ခပေးရန်၊ ပို၍ လှည့်ဖြားစေရန်၊ ဟန်ဆောင်ရာတွင် ပို၍ကျွမ်းကျင်စေရန်နှင့် ၎င်းတို့၏ စဉ်းစားတွေးခေါ်မှုတွင် ပို၍ ဘောင်ကျဉ်းစေရန် လုပ်ဆောင်သည်။ ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှုနှင့် စွဲမှတ်အောင် သွန်သင်မှုကြောင့် လူတို့သည် ရိုးရာယဉ်ကျေးမှု၏ ဤမှားယွင်းသောအမြင်များ၊ အဆိုအမိန့်များကို အပြုသဘောဆောင်သောအရာများအဖြစ် တဖြည်းဖြည်းချင်းခံယူလာကြပြီး လူတို့အား အထင်မြင်မှားစေသော ဤအထင်ကရများနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်များကို သန့်ရှင်းသူများအဖြစ် ကိုးကွယ်ကြသည်။ လူတို့သည် အထင်မြင်မှားအောင်ပြုလုပ်ခြင်းခံရသောအခါ ၎င်းတို့၏ စိတ်များသည် မရေမရာဖြစ်ပြီး ထုံထိုင်းကာ တုံးအလာကြသည်။ သာမန်လူ့သဘာဝက မည်သည့်အရာဖြစ်သည်ကို၊ သို့မဟုတ် သာမန်လူ့သဘာဝရှိသောလူများက မည်သည့်အရာကို လိုက်စားပြီး လိုက်နာသင့်သည်ကို မသိကြပေ။ လူတို့သည် လူသားဖြစ်တည်မှု၏ သင့်တင့်လျောက်ပတ်သော ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ကို သိဖို့မဆိုထားနှင့်၊ ဤကမ္ဘာတွင် မည်သို့ အသက်ရှင်သင့်သည်၊ သို့မဟုတ် မည်သို့သော ဖြစ်တည်မှုပုံစံမျိုး၊ သို့မဟုတ် စည်းမျဉ်းမျိုးကို ခံယူသင့်သည်ကိုပင် မသိကြပေ။ ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှု၊ စွဲမှတ်အောင်သွန်သင်မှုတို့အပြင် ဘောင်ခတ်ခြင်းကြောင့် ဘုရားသခင်ထံမှ အပြုသဘောဆောင်သောအရာများ၊ သတ်မှတ်ချက်များနှင့် စည်းမျဉ်းများသည် ဖိနှိပ်ခြင်းခံရသည်။ ဤပုံစံဖြင့် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သည့် အမျိုးမျိုးသော အဆိုအမိန့်များသည် ကြီးမားသော အတိုင်းအတာတစ်ခုအထိ လူတို့၏ စဉ်းစားပုံကို အလွန်အမင်း လှည့်စားကာ လွှမ်းမိုးခဲ့ပြီး လူတို့၏ အတွေးများကို ဘောင်ခတ်၍ လူတို့အား လမ်းလွဲစေပြီး အသက်တာတွင်ရှိသော မှန်ကန်သည့်လမ်းကြောင်း၏ အဝေးသို့ ရောက်ရှိစေကာ ဘုရားသခင်၏ သတ်မှတ်ချက်များဖြင့် ပိုပို၍ ဝေးကွာစေသည်။ ဤသည်မှာ သင်သည် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သည့် အမျိုးမျိုးသော အယူအဆများ၊ အမြင်များ၏ လွှမ်းမိုးခြင်းကို နက်နဲစွာ ခံရလေလေ၊ ထိုအရာများ၏ စွဲမှတ်အောင် သွန်သင်ခြင်းကို ကြာရှည်စွာ ခံရလေလေဖြစ်ပြီး သာမန်လူ့သဘာဝရှိသောလူတို့တွင် ရှိသင့်သည့် အတွေးများ၊ ရည်မှန်းချက်များ၊ လိုက်စားရန် ပန်းတိုင်နှင့် စည်းမျဉ်းများထံမှ ပို၍ လမ်းလွဲလေလေ၊ လူတို့အပေါ် ဘုရားသခင် တောင်းဆိုသော စံနှုန်းဖြင့် လမ်းလွဲလေလေဖြစ်သည်။ ရိုးရာယဉ်ကျေးမှုမှ ဤအယူအဆများ၏ ကူးစက်ခြင်း၊ အယူဝါဒ သွတ်သွင်းခံရခြင်း၊ စွဲမှတ်အောင် သွန်သင်ခံရပြီးသည့်နောက်တွင် လူတို့သည် ထိုအရာတို့ကို စံသတ်မှတ်ချက်များအဖြစ် ခံယူပြီး သမ္မာတရားအဖြစ်ပင် မှတ်ယူကြသည့်အပြင် လူများ၊ အမှုအရာများကို ရှုမြင်ရန်၊ လိမ္မာရေးခြားရှိစွာ ကျင့်ကြံပြုမူရန် စံအဖြစ် မှတ်ယူကြလေသည်။ ဤအရာများက မှန်ကန်သလော၊ မမှန်ကန်သလောဆိုသည်ကို လူတို့က စဉ်းစားခြင်း၊ သို့မဟုတ် သံသယဖြစ်ခြင်း မရှိတော့သကဲ့သို့ ၎င်းတို့ မည်သို့အသက်ရှင်သင့်သည်ဆိုသည်နှင့်ပတ်သက်ပြီး စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့နှင့်သက်ဆိုင်သော ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော အဆိုအမိန့်များကို ကျော်လွန်၍လည်း မစဉ်းစားကြတော့ပေ။ လူတို့သည် ယင်းကို မသိသကဲ့သို့ စဉ်းစားခြင်းလည်းမရှိပေ။ အဘယ်ကြောင့် မစဉ်းစားကြသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့၏ အတွေးများသည် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့ကို ဟောကြားသော ဤကိုယ်ကျင့်တရားဆိုင်ရာ ကျမ်းချက်များဖြင့် ပြည့်နေပြီး နေရာယူနေခြင်းကြောင့်ဖြစ်သည်။ လူများစွာတို့သည် စစ်မှန်သော ဘုရားကို ယုံကြည်ပြီး ကျမ်းစာကို ဖတ်သော်လည်း ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့မှ အရင်းခံသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သည့် အဆိုအမိန့်များစွာနှင့် ရောထွေးနေကြဆဲဖြစ်သည်။ အချို့လူတို့သည် ရိုးရာယဉ်ကျေးမှုရှိ ဤအဆိုအမိန့်များစွာကို အပြုသဘောဆောင်သောအရာများနှင့် ပတ်သက်သည့် ကျမ်းချက်များအဖြစ်ပင် မှတ်ယူပြီး သမ္မာတရားအဖြစ် လက်ဆင့်ကမ်းပေးကာ ယင်းတို့ကို ဟောကြားပြီး အားပေးကြသည်မှာ အခြားလူများအား နည်းပြညွှန်ကြားပေးသည့် နည်းလမ်းအဖြစ် ယင်းတို့ကို ကိုးကားသည်အထိပင် လုပ်ဆောင်ကြသည်။ ဤသည်မှာ အလွန်အရေးကြီးသော ပြဿနာဖြစ်သည်။ ဤအရာသည် ဘုရားသခင် မမြင်လိုသည့်အရာ၊ ဘုရားသခင်အား စက်ဆုပ်စေသည့်အရာတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံသူအားလုံးသည် ရိုးရာယဉ်ကျေးမှုနှင့်သက်ဆိုင်သည့် အရာများကို ရှင်းလင်းစွာ ထိုးထွင်းမြင်နိုင်ပြီး ပိုင်းခြားသိမြင်နိုင်သလော။ သေချာပေါက် မမြင်နိုင်ပေ။ ရိုးရာယဉ်ကျေးမှုကို အလွန်ပင် ကိုးကွယ်ပြီး ထောက်ခံလျက်ရှိနေသော လူအချို့ရှိရမည်။ ဤဆိုးယုတ်သော အဆိပ်များကို နှံ့စပ်စွာ ရှင်းလင်းမပစ်လျှင် လူတို့အနေဖြင့် သမ္မာတရားကို နားလည်ပြီးရရှိရန် ခက်ခဲလိမ့်မည်။ ဘုရားသခင် ရွေးချယ်ထားသောသူများသည် အချက်တစ်ချက်ကို ထိုးထွင်းမြင်ရမည်။ ဘုရားနှုတ်ကပတ်တော်သည် ဘုရားနှုတ်ကပတ်တော်ဖြစ်သည်။ သမ္မာတရားသည် သမ္မာတရားဖြစ်သည်။ လူသားစကားသည် လူသားစကားဖြစ်သည်။ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့သည် လူသားစကားများဖြစ်သည်။ ရိုးရာယဉ်ကျေးမှုသည် လူသားစကားဖြစ်သည်။ လူသားစကားသည် မည်သည့်အခါမျှ သမ္မာတရားမဟုတ်သကဲ့သို့ သမ္မာတရားဖြစ်လာမည်လည်း မဟုတ်ပေ။ ဤသည်မှာ အမှန်တရားဖြစ်သည်။ လူတို့သည် ၎င်းတို့၏ အတွေးအမြင်များတွင် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့ကို မည်မျှ စံထားပါစေ ထိုအရာများသည် ဘုရားနှုတ်ကပတ်တော်ကို အစားမထိုးနိုင်ပေ။ ဤသို့သောစံနှုန်းများကို မည်မျှမှန်ကန်ကြောင်း စစ်ဆေးကာ အတည်ပြုပြီးဖြစ်ပါစေ ထောင်သောင်းချီသော လူသားဖြစ်တည်မှုနှစ်ကာလ တစ်လျှောက်တွင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ဖြင့် ရောထွေးဖို့ မဆိုထားနှင့် ဘုရားနှုတ်ကပတ်တော်ဖြစ်မလာနိုင်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ကို အစားမထိုးနိုင်ပေ။ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းနှင့်ပတ်သက်သော အဆိုအမိန့်များက လူတို့၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ကိုက်ညီလျှင်ပင် ယင်းတို့ကို သမ္မာတရားဟု ခေါ်ဆိုဖို့ မဆိုထားနှင့်၊ ဘုရားနှုတ်ကပတ်တော်ပင် မဟုတ်သကဲ့သို့ ဘုရားနှုတ်ကပတ်တော်ကိုလည်း အစားမထိုးနိုင်ပေ။ ရိုးရာယဉ်ကျေးမှုရှိ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့နှင့် သက်ဆိုင်သော အဆိုအမိန့်များနှင့် သတ်မှတ်ချက်များသည် လူ့အဖွဲ့အစည်းနှင့် အုပ်ချုပ်သူလူတန်းစားတို့ကိုသာ အကျိုးပြုသည်။ ဤအဆိုအမိန့်များနှင့် သတ်မှတ်ချက်များသည် ပိုမိုကောင်းမွန်သော လူမှုစိတ်ဓာတ်ကို ရရှိရန်အတွက် လူတို့၏ အပြုအမူကို ကန့်သတ်ထိန်းညှိရန်သာ ရည်ရွယ်သည်။ အုပ်ချုပ်သူလူတန်းစား၏ ဩဇာအာဏာကို တည်ငြိမ်စေရန် ထောက်ကူသောအရာဖြစ်သည်။ ပင်ကိုအားဖြင့် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်း စံနှုန်းများကို သင်မည်မျှ ကောင်းစွာ လိုက်နာပါစေ သမ္မာတရားကို သင်နားလည်နိုင်မည်မဟုတ်ပေ။ ဘုရားသခင်ကို နာခံနိုင်မည်မဟုတ်သကဲ့သို့ အဆုံးတွင် လက်ခံနိုင်ဖွယ်ရှိသော ဖန်ဆင်းခံလည်းဖြစ်မည်မဟုတ်ပေ။ ဤအရာများကို သင်မည်မျှ ကောင်းစွာ လိုက်နာပါစေ သမ္မာတရားကို နားမလည်လျှင် လက်ခံနိုင်လောက်သည့် စံနှုန်းအထိ သင်၏ တာဝန်ကို မထမ်းဆောင်နိုင်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်၏ အမြင်၌ သင်သည် မည်သို့ဖြစ်မည်နည်း။ သင်သည် မယုံကြည်သူဖြစ်ပြီး စာတန်က ပိုင်ဆိုင်နေဆဲဖြစ်သည်။ ထူးခြားသော ကိုယ်ကျင့်တရားဆိုင်ရာ အရည်အသွေးနှင့် မြင့်မြတ်သော ကျင့်ဝတ်ရှိသည်ဆိုသောသူတစ်ယောက်သည် သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသလော။ သမ္မာတရားကို အမှန်တကယ် လက်ခံနိုင်သလော။ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်နိုင်သလော။ လုံးဝ မလိုက်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူ ကိုးကွယ်သည့်အရာမှာ စာတန်၊ နတ်ဆိုးများ၊ သူတော်စင် အယောင်ဆောင်ထားသောသူများ၊ သန့်ရှင်းသူ အယောင်ဆောင်ထားသောသူများ ဖြစ်သောကြောင့်ဖြစ်သည်။ သူ၏ ရိုးတွင်းချဉ်ဆီအတွင်းထဲတွင် သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို အာခံသည့်၊ ဘုရားသခင်၏ ရန်သူများဖြစ်ရမည်။ စာတန်နတ်ဆိုးကို ကိုးကွယ်သူများသည် မာနအထောင်လွှားဆုံး၊ စိတ်ကြီးအဝင်ဆုံး၊ အသိတရားမရှိဆုံးသောသူများဖြစ်သည်။ ၎င်းတို့သည် လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရားပျက်သူများဖြစ်သည်။ ၎င်းတို့၏ အရိုးများသည် ဆိုးယုတ်သော အဆိပ်များ၊ ဆိုးယုတ်သော မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများဖြင့် ပြည့်နေသည်။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို ၎င်းတို့ မြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မျက်လုံးများသည် နီရဲလာပြီး ဒေါသဖြင့် ပြည့်နှက်ကာ နတ်ဆိုး၏ အကျည်းတန်သောမျက်နှာကို ဖွင့်ပြကြသည်။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုကို ကြည်ညိုပြီး စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့ကဲ့သို့သော ရိုးရာအတွေးမှားများကို မစဉ်းမစား ယုံကြည်သည့်သူ မည်သူမဆိုသည် သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးသည်။ ၎င်းတို့သည် သာမန်လူ့သဘာဝ၏ အသိတရားကို လုံးဝ မပိုင်ဆိုင်ကြပေ။ သမ္မာတရားကိုလည်း လုံးဝ လက်ခံမည်မဟုတ်ပေ။ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့နှင့်ပတ်သက်သော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သည့် ရိုးရာယဉ်ကျေးမှုနှင့် အဆိုအမိန့်များ၏ အကြောင်းအရာများသည် သမ္မာတရား၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်နှင့် လုံးဝ မကိုက်ညီပေ။ လူတို့သည် ဤစံနှုန်းများကို မည်မျှစေ့စပ်သေချာစွာ လက်တွေ့လုပ်ဆောင်ပါစေ၊ သို့မဟုတ် မည်မျှ ထိန်းသိမ်းထားပါစေ သာမန်လူ့သဘာဝအား အသက်ရှင်နေထိုင်ခြင်းဖြင့် မတူညီပေ။ ဤသည်မှာ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသောကြောင့်ဖြစ်သည်။ ဤသည်မှာ အမှန်တရားပင် ဖြစ်လေသည်။ ၎င်းတို့သည် ဆိုးယုတ်သော သွန်သင်မှုမျိုးစုံဖြင့် ပြည့်နေသည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည်မှာ လူတို့၏ သဘာဝနှင့် အနှစ်သာရဖြစ်လာသည်။ သင်သည် မည်မျှ ကြားကောင်အောင်ပြောပါစေ၊ သင်၏ ဘာသာစကားက မည်မျှ အဆင့်မြင့်ပါစေ၊ သို့မဟုတ် သင်၏ သီအိုရီများက မည်မျှ ကြီးကျယ်ခမ်းနားပါစေ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့် သက်ဆိုင်သော ဤရိုးရာယဉ်ကျေးမှု၏ အဆိုအမိန့်များကို လက်တွေ့လုပ်ဆောင်၍ မရနိုင်ပေ။ ရိုးရာယဉ်ကျေးမှုရှိ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့၏ စံနှုန်းများအပေါ်တွင် အခြေခံပြီး သတ်မှတ်ထားသော စည်းမျဉ်းတစ်ခုချင်းစီကို သင် လိုက်နာလျှင်ပင် သင်သည် အပေါ်ယံ ကောင်းစွာပြုမူနေထိုင်ခြင်းထက် မပိုပေ။ သို့သော် ဘုရားသခင်အား ယုံကြည်ခြင်း၊ ဘုရားသခင်နောက်သို့လိုက်ခြင်းနှင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်း၊ ဘုရားသခင်ကို နာခံခြင်းတို့အပြင် ဘုရားသခင်နှင့် သမ္မာတရားအပေါ် သင်၏ သဘောထားနှင့် အမြင်များနှင့်ပတ်သက်လျှင် ဤရိုးရာယဉ်ကျေးမှု စံနှုန်းများသည် လုံးဝ အရာမရောက်တော့ပေ။ ဤအရာတို့သည် လူတို့၏ တာဝန်ထမ်းဆောင်မှုတွင် ပေါ့ဆခြင်း၊ ဝတ်ကျေတမ်းကျေဆန်ခြင်းပြဿနာကို ဖြေရှင်းဖို့ မဆိုထားနှင့်၊ သင်၏ ပုန်ကန်မှုကို ဘုရားသခင်နှင့်ပတ်သက်သည့် ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏ အယူအဆများကို ပြောင်းပြန်မလှန်ပစ်နိုင်ပေ။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း ပြုပြင်မပေးနိုင်ပေ။ ဤစံနှုန်းများသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော အပြုအမူကို ကန့်သတ်ရာတွင် မည်သည့်နည်းလမ်းနှင့်မျှ လုံးဝ အထောက်အကူမဖြစ်ပေ။ ၎င်းတို့သည် အခြေခံအားဖြင့် လူတို့အား သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်စေရန် လုပ်ဆောင်မပေးနိုင်ပေ။

လူအများစုသည် ဘုရားသခင်အား စတင်ယုံကြည်ခါစအချိန်တွင် ယုံကြည်ခြင်းက အလွန်ရိုးရှင်းသည်ဟု ထင်ကြသည်။ ဘုရားသခင်အား ယုံကြည်ခြင်း၊ ဘုရားသခင်နောက်သို့ လိုက်ခြင်းဆိုသည်မှာ စိတ်ရှည်သည်းခံရန် သင်ယူခြင်း၊ လိုလိုလားလားဖြင့် အလှူဒါနပြုခြင်း၊ သူတစ်ပါးတို့ကို ကူညီလိုစိတ်ရှိခြင်း၊ ပြောဆိုပြုမူရာတွင် ချင့်ချိန်စဉ်းစားခြင်း၊ အလွန်မာနမထောင်လွှားခြင်း၊ သို့မဟုတ် သူတစ်ပါးတို့အပေါ် မကြမ်းတမ်းခြင်းကိုဆိုလိုသည်ဟု ထင်ကြသည်။ ၎င်းတို့သည် ဤနည်းဖြင့် လိမ္မာရေးခြားရှိစွာ ပြုမူဆောင်ရွက်လျှင် ဘုရားသခင်က ကျေနပ်လိမ့်မည်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရမည်မဟုတ်ဟု ခံစားမိကြသည်။ ၎င်းတို့က ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်အဖြစ် အစေခံလျှင် လူစားထိုးခံရမည်မဟုတ်၊ သို့မဟုတ် ဖယ်ရှားခံရမည်မဟုတ်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ကယ်တင်ခြင်းရရှိရန် အာမခံချက်ရှိသည်ဟု ယုံကြည်ကြသည်။ ဘုရားသခင်အား ယုံကြည်ခြင်းသည် အမှန်တကယ်ပင် ထိုမျှ ရိုးရှင်းသော ကိစ္စတစ်ခုဖြစ်သလော။ (မဟုတ်ပါ။) ဤအမြင်ကို ကိုင်စွဲသော လူအရေအတွက်မှာ မနည်းပေ။ သို့သော် အဆုံးတွင် ၎င်းတို့၏ အယူအဆများ၊ အမြင်များနှင့် အသက်တာတွင် လိမ္မာရေးခြားရှိစွာ ပြုမူဆောင်ရွက်သည့် ပုံစံတို့အားလုံးသည် ကျရှုံးမှုနှင့် အဆုံးသတ်ရသည်။ အဆုံးတွင် မသိနားမလည်သောသူအချို့သည် စာကြောင်းတစ်ကြောင်းဖြင့် အရာအားလုံးကို အနှစ်ချုပ်ကြသည်။ “ငါက လူဖြစ်ရှုံးတာပဲ” ဟူ၍ ဖြစ်သည်။ ၎င်းတို့က လူသားတစ်ယောက်အနေဖြင့် လိမ္မာရေးခြားရှိစွာ ကျင့်ကြံပြုမူခြင်းဆိုသည်မှာ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့၏ စံနှုန်းများကို လိုက်နာခြင်းဖြစ်သည်ဟု ဆိုလိုသည်ဟူ၍ ထင်ကြသည်။ သို့သော် ယင်းကို လူသားတစ်ယောက်အနေဖြင့် လိမ္မာရေးခြားရှိစွာ ကျင့်ကြံပြုမူခြင်းဟု ခေါ်ဆိုနိုင်သလော။ ဤသည်မှာ လူသားတစ်ယောက်အနေဖြင့် လိမ္မာရေးခြားရှိစွာ ကျင့်ကြံပြုမူခြင်းမဟုတ်ပေ။ ယင်းသည် မကောင်းဆိုးဝါး၏ ကျင့်ကြံပြုမူခြင်းဖြစ်သည်။ “ငါက လူဖြစ်ရှုံးတာပဲ” ဟု ပြောသောသူများအား ငါက သင်သည် လူသားတစ်ယောက်အနေဖြင့် လိမ္မာရေးခြားရှိစွာ ကျင့်ကြံပြုမူခဲ့သလောဟူ၍ မေးမည်။ သင်သည် လူသားတစ်ယောက်အနေဖြင့် လိမ္မာရေးခြားရှိစွာ ကျင့်ကြံပြုမူခြင်းပင် မရှိပေ။ ဤသို့ဆိုလျှင် “ငါက လူဖြစ်ရှုံးတာပဲ” ဟု အဘယ်သို့ ဆိုနိုင်သနည်း။ ဤသည်မှာ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့ကဲ့သို့သော ရိုးရာယဉ်ကျေးမှုစံနှုန်းများ၏ အကျိုးအာနိသင်က လူတို့အပေါ် မသက်ရောက်နိုင်ခြင်းဖြစ်သည်။ လူသားတစ်ယောက်အနေဖြင့် လိမ္မာရေးခြားရှိစွာ မကျင့်ကြံမပြုမူနိုင်ခြင်းမဟုတ်ပေ။ လူတို့သည် ဘုရားအိမ်တော်တွင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းကဲ့သို့သော အရာများသည် လုံးဝ အကျိုးမပြုဘဲ အသုံးမဝင်တော့ပေ။ လူတို့သည် အဆုံး၌ အလွန်လျင်မြန်စွာဖြင့် ကောက်ချက်ချကြသည်။ “ဪ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနဲ့ ယုံကြည်ထိုက်ခြင်းတို့က အလုပ်မဖြစ်ဘူး။ လိမ္မာရေးခြားရှိရှိ ကျင့်ကြံပြုမူတာက ရိုးရှင်းတယ်၊ ဘုရားကို ယုံကြည်တာကလည်း အရမ်းရိုးရှင်းပြီး ဒီလောက် မရှုပ်ထွေးဘူးလို့ ထင်ခဲ့ဖူးတယ်။ ဘုရားကို ယုံကြည်တာကို ပေါ့ပြက်ပြက်လုပ်နေတယ်ဆိုတာ အခုမှပဲ ငါ သဘောပေါက်တော့တယ်” ဟူ၍ ဖြစ်သည်။ တရားဒေသနာများကို ကြာမြင့်စွာ နားထောင်ပြီးနောက် လူတို့သည် သမ္မာတရားကို နားမလည်လျှင် အဆင်ပြေမည်မဟုတ်ဟု နောက်ဆုံးတွင် ၎င်းတို့ သဘောပေါက်ကြသည်။ လူတို့သည် သမ္မာတရား၏ အချို့နယ်ပယ်တို့ကို နားမလည်လျှင် ၎င်းတို့သည် ထိုနယ်ပယ်တွင် အမှားများလုပ်နိုင်ခြေရှိပြီး ကိုင်တွယ်ဖြေရှင်းခံရရန်၊ ကျရှုံးရန်၊ တရားစီရင်ခံရပြီး ပြစ်တင်ဆုံးမခံရရန် ဖြစ်နိုင်ခြေရှိသည်။ မှန်ကန်သည်၊ ကောင်းသည်၊ အပြုသဘောဆောင်သည်၊ မြင့်မြတ်သည်ဟု ၎င်းတို့ ယခင်က ယုံကြည်ခဲ့သော ထိုအရာများသည် သေးနုပ်သွားပြီး သမ္မာတရား၏ ရှေ့မှောက်တွင် တန်ဖိုးမဲ့သွားသည်။ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့နှင့်ပတ်သက်သော အမျိုးမျိုးသော အဆိုအမိန့်အားလုံးသည် လူတို့၏ အတွေးအမြင်များအပြင် လူတို့၏ အရေးကိစ္စများကို ဆောင်ရွက်သည့် နည်းလမ်းပုံစံတို့အပေါ်လည်း လွှမ်းမိုးမှုအချို့ရှိသည်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်သည့် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှု မပါဝင်ခဲ့လျှင်၊ လူသားမျိုးနွယ်က စာတန်၏ အုပ်စိုးမှုအောက်၌ ယခုပုံစံအတိုင်းဆက်၍ အသက်ရှင်လျှင် အတော်အတန် အပြုသဘောဆောင်သည့်အရာများဖြစ်သော စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့သည် လူတို့၏ အတွေးအခေါ်၊ လူမှုအသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်တို့တွင် အသေးစား အပြုသဘောဆောင်သော ကဏ္ဍအဖြစ် ရှိလိမ့်မည်။ အနည်းဆုံးအနေဖြင့် ဤအရာတို့သည် လူများအား မကောင်းမှုကျူးလွန်ရန်၊ လူသတ်ရန်၊ မီးရှို့ရန်၊ သို့မဟုတ် မုဒိမ်းကျင့်ခြင်း၊ တိုက်ခိုက်လုယက်ခြင်းတို့ကို စတင်လုပ်ဆောင်ရန် မလှုံ့ဆော်ပေ။ သို့ရာတွင် လူတို့ကို ကယ်တင်ခြင်းဖြစ်သည့် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်လျှင် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့ဖြစ်သော ဤအရာများထဲမှ မည်သည့်အရာကမျှ လူသားမျိုးနွယ်အပေါ် ဘုရားသခင် ပေးအပ်လိုသော သမ္မာတရား၊ လမ်းခရီး၊ သို့မဟုတ် အသက်တို့နှင့် မသက်ဆိုင်ပေ။ ထိုမျှသာ မဟုတ်ပေ။ စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့၏ စံနှုန်းများက ထောက်ခံသော အမျိုးမျိုးသော အယူအဆများ၊ လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအပေါ် ၎င်းတို့ ထားရှိသည့် သတ်မှတ်ချက်များ၊ လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအပေါ် ၎င်းတို့၏ လွှမ်းမိုးမှုနှင့် ကန့်သတ်မှုများတို့ကို ကြည့်လျှင် မည်သည့်အရာကမျှ လူတို့အား ဘုရားသခင်ဆီသို့ ပြန်လည် လမ်းပြခေါ်ဆောင်ခြင်း၊ သို့မဟုတ် လူတို့အား အသက်တာတွင် မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခေါ်ဆောင်ခြင်းတွင် ကဏ္ဍတစ်ခုအဖြစ် မပါဝင်ပေ။ ယင်းအစား ၎င်းတို့သည် လူတို့အား သမ္မာတရားကို လိုက်စားပြီး လက်ခံခြင်းမှ တားဆီးသည့် အကြီးအစား အဟန့်အတားများဖြစ်လာသည်။ ငါတို့ ယခင်က မိတ်သဟာယပြုပြီး ပိုင်းခြားစိစစ်ခဲ့သည့် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်ခြင်းနှင့်သက်ဆိုင်သော အဆိုအမိန့်များမှာ သင် ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲ မထည့်နှင့်၊ သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ၊ သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ၊ အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ၊ တစ်လုတ်စားဖူး သူ့ကျေးဇူး၊ အများအကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံပါ၊ အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာရမည်၊ အနွံအနာခံရမည်၊ ရေတွင်းတစ်တွင်းရှိ ရေကိုသောက်သောအခါ မည်သူက တူးခဲ့သည်ကို လုံးဝ မမေ့လျော့သင့် ဆိုသည်တို့ဖြစ်သည်။ အခြေခံအားဖြင့် ဤအရာတို့ကို မိတ်သဟာယတွင် ငါတို့ ရှင်းပြပြောဆိုခဲ့ပြီးဖြစ်သည်။ လူတိုင်းက အနည်းဆုံးအနေဖြင့် ဤအရာတို့၏ အကြမ်းဖျင်းအဓိပ္ပာယ်ကို နားလည်သည်။ အမှန်တွင် ဤသို့သော အဆိုအမိန့်များက ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှု၏ မည်သည့်ကဏ္ဍနှင့် သက်ဆိုင်ပါစေ ၎င်းတို့သည် လူတို့၏ စဉ်းစားပုံကို ကျဉ်းမြောင်းစေသည်။ သင်သည် ဤသို့သောအရာများကို ခွဲခြားသိမြင်ခြင်းမရှိနိုင်လျှင်၊ ဤအဆိုအမိန့်များ၏ အနှစ်သာရကို ရှင်းလင်းစွာ နားမလည်နိုင်လျှင်၊ ဤမှားယွင်းသော အမြင်များကို မပြောင်းလဲလျှင် သင်သည် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဤအဆိုအမိန့်များကို မစွန့်လွှတ်နိုင်သကဲ့သို့ သင့်အပေါ်တွင်ရှိသော ၎င်းတို့၏ လွှမ်းမိုးမှုကိုလည်း မဖယ်ရှားနိုင်ပေ။ ဤအရာများကို သင် လက်မလွှတ်နိုင်လျှင် သင့်အတွက် ဘုရားသခင်ထံမှ သမ္မာတရားကို လက်ခံရန်၊ ဘုရားနှုတ်ကပတ်တော်၏ စံသတ်မှတ်ချက်နှင့် လူတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအတွက် ဖန်ဆင်းရှင်၏ အသေးစိတ် သတ်မှတ်ချက်များကို လက်ခံရန် ခက်ခဲလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရား၏ စည်းမျဉ်းနှင့် စံသတ်မှတ်ချက်အဖြစ် လိုက်နာစောင့်ထိန်းပြီး လက်တွေ့လုပ်ဆောင်ရန် ခက်ခဲလိမ့်မည်။ ဤသည်မှာ ဆိုးဝါးသော ပြဿနာတစ်ခုမဟုတ်လော။

ယနေ့တွင် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်ပတ်သက်သည့် နောက်ထပ်အဆိုအမိန့်တစ်ခုကို မိတ်သဟာယဖွဲ့ခြင်း၊ ပိုင်းခြားစိစစ်ခြင်းအားဖြင့် ရှေ့ဆက်ကြပါစို့။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဟူ၍ဖြစ်သည်။ ဤသည်မှာ လူတို့အထဲတွင် စာတန်က စွဲမှတ်အောင်သွန်သင်ပေးခဲ့သော အခြားလူများနှင့် ဆက်ဆံခြင်းအတွက် နည်းလမ်းတစ်ခုကို ဖော်ပြသည်။ ဤသည်မှာ သင်သည် သူတစ်ပါးတို့နှင့် ဆက်ဆံသောအခါ ထွက်ပေါက်အချို့ပေးရမည်ဟု ဆိုလိုသည်။ သူတစ်ပါးတို့အပေါ် အလွန် မကြမ်းတမ်းသင့်၊ သူတစ်ပါးတို့၏ အတိတ်မှ အမှားများကို ပြန်မဖော်နှင့်၊ သူတစ်ပါးတို့၏ ဂုဏ်ကို ထိန်းသိမ်းရမည်၊ သူတစ်ပါးတို့နှင့် ကောင်းသောဆက်ဆံရေးကို ထိခိုက်၍မရ၊ သူတစ်ပါးတို့ကို ခွင့်လွှတ်ခြင်းရှိရမည် စသည်ဖြင့် ဖြစ်သည်။ ကိုယ်ကျင့်တရားနှင့်သက်ဆိုင်သော ဤဆိုရိုးစကားသည် အဓိကအားဖြင့် လူသားများကြားဆက်ဆံရေးကို ဆုံးဖြတ်ပေးသည့် ရှင်သန်ရေးအတွေးအခေါ် အမျိုးအစားတစ်ခုကို ဖော်ပြသည်။ “မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုကို ဖြစ်စေ၏” ဆိုသော ရှင်သန်ရေး အတွေးအခေါ် ယုံကြည်မှုတစ်ခုရှိသည်။ ဤသည်မှာ ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် မိမိတို့မိတ်ဆွေ၏ ပြဿနာများကို ရှင်းရှင်းလင်းလင်း မြင်လျှင်ပင် နှုတ်ဆိတ်နေရမည်ဟု ဆိုလိုသည်။ သူတစ်ပါးတို့၏ မျက်နှာကို မရိုက်ဖို့၊ သို့မဟုတ် သူတစ်ပါးတို့၏အားနည်းချက်များကို မဖော်ဖို့ စည်းမျဉ်းများအတိုင်း လိုက်နာသင့်သည်ဟု ဆိုလိုသည်။ ၎င်းတို့သည် အချင်းချင်း လှည့်စားရမည်ဖြစ်သည်။ အချင်းချင်း ဖုံးကွယ်ရမည်ဖြစ်သည်။ အချင်းချင်း လျှို့ဝှက်ကြံစည်မှု ပြုလုပ်ရမည်ဖြစ်သည်။ အခြားလူမှာ မည်သို့သောသူမျိုး ဖြစ်သည်ကို အလွန်ပင် ရှင်းလင်းစွာ သိသော်လည်း တဲ့တိုးမပြောကြဘဲ မိမိတို့၏ ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းရန် ဉာဏ်များသော နည်းလမ်းများကို အသုံးချကြသည်။ ဤသို့သော ဆက်ဆံရေးများကို အဘယ်ကြောင့် ထိန်းသိမ်းချင်သနည်း။ ဤလူ့အဖွဲ့အစည်း၊ မိမိ၏အဖွဲ့အတွင်းတွင် ရန်သူများရှိအောင် မပြုလုပ်လိုခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်လျှင် မိမိကိုယ်ကို အန္တရာယ်ရှိသော အခြေအနေများ ကျရောက်စေခြင်း ဖြစ်သည်ဟု ဆိုလိုပေမည်။ တစ်စုံတစ်ဦးကို သူ၏ အားနည်းချက်များအား သင်ဖော်ပြီးနောက်၊ သို့မဟုတ် သူ့ကို နာကျင်အောင် လုပ်ပြီးနောက် ထိုသူသည် သင်၏ ရန်သူဖြစ်လာပြီး သင့်ကို အန္တရာယ်ပြုမည်ကို သိကာ သင်သည် ထိုအခြေအနေသို့ မကျရောက်လိုပါက “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဟု ဆိုသည့် ရှင်သန်ရေး အတွေးအခေါ် ယုံကြည်မှုကို သင် အသုံးချသည်။ ဤအရာအရ လူနှစ်ယောက်သည် ဤသို့သော ဆက်ဆံရေးတွင်ရှိလျှင် စစ်မှန်သည့်မိတ်ဆွေများအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) အချင်းချင်း၏ ယုံကြည်ရသူဖြစ်ဖို့မဆိုထားနှင့်၊ စစ်မှန်သော မိတ်ဆွေများမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤသည်မှာ အတိအကျ မည်သည့်ဆက်ဆံရေးမျိုးဖြစ်သနည်း။ အခြေခံ လူမှုဆက်ဆံရေးတစ်ခု မဟုတ်သလော။ (ဟုတ်သည်။) ဤသို့သော လူမှုဆက်ဆံရေးများတွင် လူတို့သည် ၎င်းတို့၏ ခံစားချက်များကို မပြနိုင်သကဲ့သို့ လေးနက်သော အပြန်အလှန်ဖလှယ်ခြင်းများလည်း မရှိနိုင်ပေ။ ၎င်းတို့ ဆန္ဒရှိသလို မပြောနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာ၊ သို့မဟုတ် သူတစ်ပါးတို့တွင် ၎င်းတို့မြင်သော ပြဿနာများ၊ သို့မဟုတ် သူတစ်ပါးတို့အတွက် အကျိုးဖြစ်မည့်စကားများကို ၎င်းတို့ ထုတ်မပြောနိုင်ပေ။ ထိုအစား အခြားသူများ၏ မျက်နှာသာပေးခြင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြားကောင်းသော စကားများကို ရွေးပြောသည်။ အခြားသူများထံတွင် ၎င်းတို့အပေါ် မုန်းတီးစိတ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြသဖြင့် ၎င်းတို့သည် သမ္မာတရားကို မပြောရဲကြပေ၊ သို့မဟုတ် စည်းမျဉ်းများကို မထိန်းသိမ်းရဲကြပေ။ တစ်စုံတစ်ဦးကို မည်သူကမျှ မခြိမ်းခြောက်နေသောအခါ ထိုသူသည် အတော်အတန် သက်သာ၊ အေးချမ်းစွာဖြင့် အသက်ရှင်ရသည် မဟုတ်လော။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့်ဆိုရိုးကို အားပေးဖို့မှာ လူတို့၏ ပန်းတိုင်မဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ မိမိကိုယ်ကို ထိန်းသိမ်းခြင်းသည် ပန်းတိုင်ဖြစ်သော ခုခံကာကွယ်ခြင်း အရိပ်လက္ခဏာဖြင့် ကောက်ကျစ်လှည့်စားသည့် ဖြစ်တည်မှုနည်းလမ်းတစ်ခု ဖြစ်သည်မှာ ရှင်းသည်။ ဤသို့အသက်ရှင်သောသူများသည် ယုံကြည်ရသူ မရှိပေ။ သူတို့နှစ်သက်သည့်အရာ မှန်သမျှကို ပြောနိုင်သည့် ရင်းနှီးသောမိတ်ဆွေများမရှိပေ။ ၎င်းတို့သည် အချင်းချင်း ခုခံကာကွယ်ကြသည်။ တွက်ချက်ပြီး နည်းဗျူဟာရှိကြသည်။ တစ်ဦးချင်းက ဤဆက်ဆံရေးမှ လိုအပ်သည့်အရာကို ယူဆောင်ကြသည်။ ဤသို့မဟုတ်သလော။ ဤအရာ၏ အရင်းအမြစ်တွင် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် ပန်းတိုင်သည် သူတစ်ပါးတို့အား စိတ်ဆိုးအောင်ပြုလုပ်ပြီး ရန်သူများဖြစ်စေခြင်းကို တားဆီးရန်၊ မည်သူ့ကိုမျှ မထိခိုက်စေခြင်းအားဖြင့် မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကိုမထိခိုက်အောင် ထိန်းသိမ်းရန် အကြင်သူ ခံယူသည့် နည်းပညာနှင့် နည်းလမ်းဖြစ်သည်။ ယင်း၏အနှစ်သာရနှင့်ပတ်သက်သည့် ရှုထောင့်အချို့ကို ကြည့်သောအခါ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် လူတို့၏ သူတော်ကောင်းတရားမှ တောင်းဆိုမှုသည် မြင့်မြတ်သောအရာ ဖြစ်သလော။ အပြုသဘောဆောင်သောအရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ထိုအရာက လူတို့ကို မည်သည့်အရာကို သင်ကြားပေးသနည်း။ မည်သူ့ကိုမျှ စိတ်ဆိုးအောင်၊ သို့မဟုတ် နာကျင်အောင်မလုပ်ရပေ၊ သို့မဟုတ်လျှင် အဆုံး၌ နာကျင်ရမည်မှာ သင်ဖြစ်သည်ဟု သင်ကြားပေးခြင်းဖြစ်သည်။ ပြီးလျှင် မည်သူ့ကိုမျှ မယုံသင့်ဟု သင်ကြားပေးခြင်းလည်းဖြစ်သည်။ သင်သည် သင်၏ သူငယ်ချင်းကောင်းများထဲမှ တစ်စုံတစ်ယောက်ကို နာကျင်စေလျှင် ခင်မင်ရင်းနှီးမှုက တိတ်ဆိတ်စွာ စတင်ပြောင်းလဲလာမည်။ ၎င်းတို့သည် သင်၏ ကောင်းသော၊ ရင်းနှီးသောသူငယ်ချင်းဖြစ်ရာမှ လူစိမ်းတစ်ယောက်အဖြစ်သို့၊ သို့မဟုတ် ရန်သူတစ်ယောက်အဖြစ်သို့ ပြောင်းသွားလိမ့်မည်။ လူတို့ကို ထိုသို့ပြုမူဆောင်ရွက်ရန် သင်ကြားပေးခြင်းအားဖြင့် မည်သည့်ပြဿနာများကို ဖြေရှင်းပေးနိုင်သနည်း။ သင်သည် ဤသို့ပြုမူလုပ်ဆောင်ခြင်းအားဖြင့် ရန်သူများမရှိဘဲ အချို့ရန်သူများပင် ပပျောက်သွားလျှင် လူတို့က သင့်အား လေးစားပြီး ထောက်ခံမည်လော။ သင့်အား မိတ်ဆွေအဖြစ် အစဉ်ထားရှိမည်လော။ ဤသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအတွက် စံနှုန်းကို အပြည့်အဝရရှိသလော။ အများဆုံးအနေဖြင့် ဤသည်မှာ ရှင်သန်ရေးအတွေးအခေါ်တစ်ခုထက် မပိုပေ။ ဤအဆိုအမိန့်နှင့် ကျင့်သုံးမှုကို လိုက်နာခြင်းကို ကောင်းသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုဟု ယူဆ၍ရနိုင်သလော။ လုံးဝ ယူဆ၍မရနိုင်ပေ။ ဤသည်မှာ အချို့မိဘများက ၎င်းတို့၏ သားသမီးများကို သွန်သင်သည့် ပုံစံဖြစ်သည်။ ၎င်းတို့၏ကလေးက အပြင်သွားစဉ် တစ်နေရာရာတွင် ထိုးနှက်ခြင်းခံခဲ့ရလျှင် ၎င်းတို့က “မင်းက ငကြောက်ပဲ။ ဘာလို့ ပြန်မချတာလဲ။ သူက မင်းကို ထိုးရင် သူ့ကို ကန်ပစ်လိုက်ပေါ့” ဟူ၍ ကလေးကို ပြောသည်။ ဤသည်မှာ မှန်ကန်သော နည်းလမ်းဖြစ်သလော။ (မဟုတ်ပါ။) ဤအရာကို အဘယ်သို့ ခေါ်သနည်း။ သွေးထိုးလှုံ့ဆော်မှုဟု ခေါ်သည်။ သွေးထိုးလှုံ့ဆော်မှု၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ရှုံးနိမ့်ခြင်းမဖြစ်စေရန်နှင့် သူတစ်ပါးတို့ကို အခွင့်ကောင်းယူရန် ဖြစ်သည်။ လူတစ်ယောက်က သင့်ကို ထိုးလျှင် အများဆုံးအနေဖြင့် သုံးလေးရက် နာကျင်လိမ့်မည်။ ထို့နောက် သင်က ထိုသူအား ကန်ကျောက်လျှင် ပို၍ဆိုးသော အကျိုးဆက်များ ရှိမည်မဟုတ်လော။ ပြီးလျှင် ဤအရာက မည်သူ့ကြောင့်ဖြစ်မည်နည်း။ (မိဘများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့်ဖြစ်သည်။) ဤသို့ဆိုလျှင် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသော အဆိုအမိန့်၏ စရိုက်လက္ခဏာမှာ ဤအရာနှင့် အတော်အတန် ဆင်တူရိုးမှားဖြစ်သည်မဟုတ်လော။ ဤအဆိုအမိန့်အရ ပြုမူဆောင်ရွက်လျှင် မှန်ကန်သလော။ (မမှန်ကန်ပါ။) မမှန်ကန်ပေ။ ဤရှုထောင့်မှ ကြည့်လျှင် ယင်းသည် လူတို့အား သွေးထိုးလှုံ့ဆော်သည့် ပုံစံမဟုတ်လော။ (ဟုတ်သည်။) ယင်းသည် လူတို့အား သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် အမြော်အမြင်ရှိရန်၊ လူတို့အား ခွဲခြားသိမြင်နိုင်ရန်၊ လူများ၊ အမှုအရာများကို မှန်သောနည်းလမ်းဖြင့် မြင်ရန်၊ အမြော်အမြင်ရှိသောနည်းဖြင့် လူတို့နှင့် ဆက်ဆံရန် သင်ကြားပေးသလော။ သင်သည် လူကောင်းများ၊ လူ့သဘာဝရှိသောသူများနှင့် တွေ့လျှင် ၎င်းတို့ကို ရိုးသားစစ်မှန်မှုဖြင့် ဆက်ဆံသင့်သည်ဟူ၍လည်းကောင်း၊ တတ်နိုင်လျှင် ၎င်းတို့ကို ကူညီပံ့ပိုးပေးသင့်သည်ဟူ၍လည်းကောင်း၊ မတတ်နိုင်လျှင် ၎င်းတို့အား သည်းခံပြီး သင့်တင့်လျောက်ပတ်စွာ ဆက်ဆံသင့်သည်ဟူ၍လည်းကောင်း၊ ၎င်းတို့၏ အားနည်းချက်များကို သည်းခံတတ်ဖို့၊ သင့်အပေါ် ၎င်းတို့၏ နားလည်မှုလွဲခြင်းများနှင့် ဝေဖန်အကဲဖြတ်ခြင်းများကို သည်းခံတတ်ဖို့ သင်ယူသင့်သည်ဟူ၍လည်းကောင်း၊ ၎င်းတို့၏ အားသာချက်များနှင့် အရည်အသွေးကောင်းများမှတစ်ဆင့် သင်ယူသင့်သည်ဟူ၍လည်းကောင်း သင်ကြားပေးသလော။ ဤအရာများမှာ ယင်းက လူတို့အား သင်ကြားပေးသည့်အရာများ ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤဆိုရိုးစကားက လူတို့အား သင်ကြားပေးသည့်အရာ၏ အဆုံးတွင် မည်သည့်ရလဒ်ရရှိသနည်း။ ဤအရာက လူတို့ကို ပို၍ ရိုးသားစေသလော၊ သို့မဟုတ် ပို၍ လှည့်စားတတ်စေသလော။ ရလဒ်အနေဖြင့် လူတို့သည် ပို၍ လှည့်စားတတ်လာသည်။ လူတို့၏ စိတ်နှလုံးများသည် ပို၍ ဝေးကွာလာသည်။ လူတို့ကြားရှိ အကွာအဝေးသည် ကျယ်ပြန့်လာသည်။ ပြီးလျှင် လူတို့၏ ဆက်ဆံရေးများသည် ရှုပ်ထွေးလာသည်။ ဤသည်မှာ လူတို့၏ လူမှုဆက်ဆံရေးများရှိ ရှုပ်ထွေးမှုနှင့် ညီမျှသည်။ လူတို့ကြားတွင် ရင်းနှီးပွင့်လင်းစွာ ပြောဆိုခြင်း မရှိတော့ဘဲ အချင်းချင်း အပြန်အလှန် သတိထားကာကွယ်သည့် စိတ်နေစိတ်ထားဖြစ်လာစေသည်။ ဤနည်းလမ်းဖြင့် လူတို့၏ ဆက်ဆံရေးများသည် ပုံမှန်ဖြစ်နိုင်သလော။ လူမှုအခြေအနေက တိုးတက်မည်လော။ (တိုးတက်မည် မဟုတ်ပါ။) ထို့ကြောင့် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် ဆိုရိုးသည် သိသာစွာပင် မှားယွင်းခြင်းဖြစ်သည်။ လူတို့အား ဤအရာကို သွန်သင်ပေးခြင်းအားဖြင့် လူတို့အား သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်အောင် မလုပ်ဆောင်နိုင်ပေ။ ထို့အပြင် လူတို့ကို ရိုးသားစေရန်၊ ဖြောင့်မတ်စေရန်၊ သို့မဟုတ် ပွင့်လင်းစေရန် မပြုလုပ်နိုင်ပေ။ အပြုသဘောဆောင်မှု တစ်ခုမျှ မရရှိနိုင်ပေ။

“သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် ဆိုရိုးစကားသည် လုပ်ရပ်နှစ်ခုကို ညွှန်းဆိုသည်။ တစ်ခုမှာ ရိုက်နှက်ခြင်းဖြစ်ပြီး အခြားတစ်ခုမှာ ထုတ်ဖော်ခြင်း ဖြစ်သည်။ သူတစ်ပါးတို့နှင့် သာမန်ဆက်ဆံရေးများတွင် လူတို့သည် တစ်စုံတစ်ယောက်ကို ရိုက်နှက်ခြင်းက မှန်သလော၊ မှားသလော။ (မှားသည်။) သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် တစ်စုံတစ်ယောက်ကို ရိုက်နှက်ခြင်းက သာမန်လူ့သဘာဝ၏ လက္ခဏာနှင့် အပြုအမူဖြစ်သလော။ (မဟုတ်ပါ။) လူတို့ကို ရိုက်နှက်ခြင်းသည် မျက်နှာကို ရိုက်သည်ဖြစ်စေ၊ အခြားတစ်နေရာရာကို ရိုက်သည်ဖြစ်စေ လုံးဝ မှားယွင်းသည်။ ထို့ကြောင့် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်” ဆိုသည့် အဆိုအမိန့်သည် ပင်ကိုအားဖြင့် မှားယွင်းသည်။ ဤဆိုရိုးစကားအရ သိရသရွေ့မှာ လူတစ်ယောက်အား မျက်နှာကို ရိုက်နှက်ခြင်းက မမှန်ကန်သော်လည်း အခြားတစ်နေရာရာကို ရိုက်နှက်ခြင်းက မှန်ကန်သည်။ အဘယ်ကြောင့်ဆိုသော် မျက်နှာကို ရိုက်ပြီးနောက်တွင် မျက်နှာသည် နီရဲကာ ရောင်ကိုင်းလာပြီး ဒဏ်ရာရသောကြောင့်ဖြစ်သည်။ ဤအရာသည် လူကို အမြင်ရဆိုးစေပြီး မျက်နှာမပြရဲအောင် ဖြစ်စေသည်။ လူများကို အလွန်ရိုင်းစိုင်းသည့်၊ ခေတ်မမီသည့်၊ ရှက်ဖွယ်ကောင်းသည့်နည်းဖြင့် ဆက်ဆံရန်လည်း ပြသည်။ ထို့ကြောင့် လူများအား အခြားတစ်နေရာရာသို့ ရိုက်နှက်လျှင် မြင့်မြတ်သလော။ ဤသည်မှာလည်း မမြင့်မြတ်ပါ။ အမှန်တကယ်တွင် ဤဆိုရိုးစကား၏ အဓိကအချက်မှာ လူတစ်ယောက်အား မည်သည့်နေရာတွင် ရိုက်ဖို့ရန်မဟုတ်ဘဲ “ရိုက်နှက်ခြင်း” ဆိုသည့် စကားကိုယ်၌ပင်ဖြစ်သည်။ သူတစ်ပါးတို့နှင့် ဆက်ဆံသောအခါ သင်သည် ပြဿနာများအား ရင်ဆိုင်ပြီး ကိုင်တွယ်ဖြေရှင်းသည့်အနေဖြင့် သူတစ်ပါးတို့ကို အစဉ် ရိုက်နှက်နေလျှင် သင်၏နည်းလမ်းကိုက မှားယွင်းနေသည်။ ယင်းသည် စိတ်မြန်လက်မြန်စိတ်ကြောင့် လုပ်ဆောင်ခြင်းဖြစ်ပြီး လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရားတို့အရ လုပ်ဆောင်ခြင်း မဟုတ်ပေ။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုကြောင့်၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများကို လိုက်နာမှုကြောင့် ပို၍မဟုတ်သည်မှာ မှန်သည်။ လူအချို့မှာ အခြားလူများရှေ့တွင် ထိုသူတို့၏ ဂုဏ်ကို မတိုက်ခိုက်ပေ။ ၎င်းတို့ပြောဆိုသည့်အရာကို ဂရုစိုက်ပြီး အခြားလူများ၏ မျက်နှာကို ရိုက်နှက်ခြင်းအား ရှောင်သည်။ သို့သော် ထိုလူတို့၏ နောက်ကွယ်တွင် အစဉ်သဖြင့် မကောင်းသော လှည့်ကွက်များ လုပ်ဆောင်သည်။ စားပွဲပေါ်တွင် လက်ဆွဲနှုတ်ဆက်နေသော်လည်း စားပွဲအောက်တွင် ခြေထောက်ဖြင့် ကန်သည်။ အခြားလူများရှေ့တွင် ကောင်းသောအရာများကို ပြောဆိုပြီး နောက်ကွယ်တွင် လျှို့ဝှက်ကြံစည်သည်။ သူတစ်ပါးတို့၏ အမှားကိုရှာပြီး ထိုသူတို့ကို တိုက်ခိုက်ဖို့ ထိုအမှားကို အသုံးချသည်။ လက်စားချေရန် အခွင့်အလမ်းကို စောင့်သည်။ အကွက်ချပြီး ကြံစည်သည်။ ကောလာဟလများ ဖြန့်သည်၊ သို့မဟုတ် ပဋိပက္ခများဖြစ်အောင် ကြံစည်ပြီး ၎င်းတို့ကို တိုက်ခိုက်ဖို့ အခြားလူများကို အသုံးပြုသည်။ ဤဒုက္ခပေးသော နည်းလမ်းများသည် တစ်စုံတစ်ယောက်အား မျက်နှာကို ရိုက်နှက်ခြင်းထက် မည်မျှပို၍ သာသနည်း။ ဤအရာတို့သည် တစ်စုံတစ်ယောက်အား မျက်နှာကို ရိုက်နှက်ခြင်းထက် ပို၍ပင် မပြင်းထန်သလော။ ဤအရာတို့သည် ပို၍ပင် ဒုက္ခပေးသည်၊ ကြမ်းတမ်းသည်၊ လူ့သဘာဝကင်းမဲ့သည်မဟုတ်လော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်” ဟူသော အဆိုအမိန့်သည် ပင်ကိုအားဖြင့် အဓိပ္ပာယ်မရှိပေ။ ဤအမြင်ကိုယ်၌က အမှားတစ်ခုဖြစ်ပြီး ပရိယာယ် အရိပ်အမြွက်ပါရှိသည်။ ကြောင်သူတော် နည်းလမ်းဖြစ်သဖြင့် ပို၍ပင် စက်ဆုပ်ဖွယ်၊ ရွံရှာဖွယ်၊ မနှစ်မြို့ဖွယ်ဖြစ်သည်။ ယခုတွင် လူတို့အား ရိုက်နှက်ခြင်းသည် စိတ်မြန်လက်မြန်လုပ်ဆောင်ခြင်းကြောင့် ဖြစ်သည်ဆိုသည်ကို ငါတို့ ရှင်းပြီဖြစ်သည်။ သင်သည် မည်သည့်အချက်အကြောင့် တစ်စုံတစ်ယောက်ကို ရိုက်နှက်သနည်း။ ဥပဒေက ခွင့်ပြုထားခြင်းလော၊ သို့မဟုတ် ဘုရားသခင်က ပေးထားသော အခွင့်အရေးဖြစ်သလော။ မည်သည့်အရာမျှ မဟုတ်ပေ။ ဤသို့ဆိုလျှင် အဘယ်ကြောင့် လူတို့ကို ရိုက်နှက်သနည်း။ သင်သည် ပုံမှန်အားဖြင့် တစ်စုံတစ်ယောက်နှင့် ဆက်ဆံရေး အဆင်ပြေနိုင်လျှင် ထိုသူနှင့် အဆင်ပြေပြီး ဆက်ဆံရန်အတွက် မှန်ကန်သောနည်းများကို အသုံးပြုနိုင်သည်။ ထိုသူနှင့် အဆင်မပြေနိုင်လျှင် သင်သည် စိတ်မြန်လက်မြန်ပြုမူရန်၊ သို့မဟုတ် ပေါက်ကွဲရန် မလိုအပ်ဘဲ လမ်းခွဲနိုင်သည်။ လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်းတွင် ဤသည်မှာ လူတို့လုပ်ဆောင်သင့်သည့် အရာတစ်ခုဖြစ်သည်။ သင်သည် စိတ်မြန်လက်မြန် ပြုမူသည်နှင့် တစ်ပြိုင်နက် ထိုသူ၏ မျက်နှာကို မရိုက်ဘဲ အခြားတစ်နေရာရာကို ရိုက်လျှင်ပင် ဤသည်မှာ ဆိုးဝါးသော ပြဿနာဖြစ်သည်။ ယင်းသည် သာမန်ဆက်ဆံသည့်နည်းလမ်းမဟုတ်ပေ။ ဤသည်မှာ ရန်သူများက ဆက်ဆံသည့်ပုံစံဖြစ်သည်။ လူတို့က ဆက်ဆံသည့် သာမန်နည်းလမ်းမဟုတ်ပေ။ လူ့သဘာဝ၏ အသိစိတ်က လက်မခံနိုင်ဖွယ် အပြုအမူဖြစ်သည်။ “သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဟူသော ဆိုရိုးစကားတွင် “ဖော်” ဆိုသည့်စကားသည် ကောင်းသလော၊ ဆိုးသလော။ “ဖော်” ဆိုသည့် စကားသည် ဘုရားနှုတ်ကပတ်တော်အတွင်းတွင် လူတို့ ထုတ်ဖော်ခံရခြင်း၊ သို့မဟုတ် ဖွင့်ပြခံရခြင်းကို ရည်ညွှန်းသည့် အဆင့်တွင်ရှိသလော။ (မရှိပါ။) လူသား၏ ဘာသာစကားတွင် တည်ရှိသည့်ပုံစံအရ “ဖော်” ဟူသည့် စကားအပေါ် ငါ၏ နားလည်မှုတွင် ယင်းကို မဆိုလိုပေ။ ယင်း၏ အနှစ်သာရသည် ဖော်ထုတ်ခံရခြင်းနှင့်သက်ဆိုင်သည့် အတော်အတန် မလိုမုန်းထားသော ပုံစံတစ်ခုဖြစ်သည်။ ယင်းသည် လူတို့၏ ပြဿနာများနှင့် ချို့ယွင်းချက်များ၊ သို့မဟုတ် သူတစ်ပါးတို့မသိသည့် အချို့သောအရာများနှင့် အပြုအမူများ၊ သို့မဟုတ်နောက်ကွယ်တွင် လုပ်ဆောင်နေသည့် အချို့သော ကြံစည်မှု၊ အယူအဆ၊ သို့မဟုတ် အမြင်များအား ထုတ်ဖော်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ “သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသော ဆိုရိုးစကားတွင်ရှိသော “ဖော်” ဟူသော စကား၏ အဓိပ္ပာယ်ဖြစ်သည်။ လူနှစ်ယောက်သည် ဆက်ဆံရေးကောင်းစွာအဆင်ပြေပြီး အတွင်းရေးများကို ပြောဆိုကြသောသူများဖြစ်ကာ ၎င်းတို့ကြားတွင် မည်သည့်အတားအဆီးမျှ မရှိလျှင်၊ ၎င်းတို့တစ်ဦးချင်းစီက အချင်းချင်းအပေါ် အကျိုးဖြစ်စေပြီး အကူအညီဖြစ်စေဖို့ မျှော်လင့်လျှင် အတူတကွထိုင်ပြီး ပွင့်လင်းစွာ၊ ရိုးသားစွာဖြင့် အချင်းချင်း၏ ပြဿနာများကို ချပြခြင်းက ၎င်းတို့အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သည်။ အခြားလူများ၏ အားနည်းချက်များကို ဖော်ခြင်းမဟုတ်ပေ။ သင်သည် အခြားလူတစ်ယောက်၏ ပြဿနာကို မြင်တွေ့သော်လည်း ထိုသူသည် သင်၏ အကြံကို လက်မခံနိုင်သေးသည်ကို မြင်လျှင် စကားများခြင်း၊ ပဋိပက္ခဖြစ်ခြင်းကို ရှောင်ကြဉ်ရန် မည်သည့်အရာကိုမျှ မပြောနှင့်။ သင်သည် ထိုသူကို ကူညီလိုလျှင် သူ၏ အမြင်ကို သိအောင်ပြုလုပ်ပြီး သူ့အား ရှေးဦးစွာ မေးလော့။ “မင်းမှာ ပြဿနာ နည်းနည်းရှိနေတာကို ငါသိတယ်။ မင်းကို အကြံနည်းနည်း ပေးဖို့ ငါ ဆန္ဒရှိတယ်။ မင်း လက်ခံနိုင်မလားဆိုတာ ငါမသိပါဘူး။ လက်ခံမယ်ဆိုရင် ငါပြောပြမယ်။ လက်မခံရင် လောလောဆယ် ဒီတိုင်းထားလိုက်ပြီး ဘာမှ မပြောတော့ဘူး” ဟူ၍ ဖြစ်သည်။ ထိုသူက “ငါ မင်းကို ယုံတယ်။ မင်းပြောစရာ ဘာပဲရှိရှိ အလွန်အကျွံဖြစ်မှာမဟုတ်ဘူး။ ငါ လက်ခံနိုင်ပါတယ်” ဟု ပြောလျှင် သင်က ခွင့်ပြုချက်ရရှိပြီးဖြစ်သည့် သဘောဖြစ်သည်။ ထို့နောက် သူ၏ ပြဿနာများကို သူ့အား တစ်ခုချင်း ပြောပြနိုင်သည်။ သူသည် သင်ပြောသည့်အရာကို အပြည့်အဝ လက်ခံမည်သာမက ယင်းမှနေ အကျိုးဖြစ်လိမ့်မည်။ သင်တို့နှစ်ယောက်သည် ပုံမှန် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ဆဲ ဖြစ်လိမ့်မည်။ ဤသည်မှာ ရိုးသားစစ်မှန်မှုဖြင့် အချင်းချင်း ဆက်ဆံခြင်းမဟုတ်လော။ (ဟုတ်သည်။) ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံခြင်းအတွက် မှန်ကန်သော နည်းလမ်းဖြစ်သည်။ သူတစ်ပါးတို့၏ အားနည်းချက်များကို ဖော်ခြင်းမဟုတ်ပေ။ ယခုဆွေးနွေးနေသည့် ဆိုရိုးစကားအရ “သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်ခြင်း” ဆိုသည်မှာ မည်သို့အဓိပ္ပာယ်ရသနည်း။ သူတစ်ပါးတို့၏ ချို့ယွင်းချက်များကို မပြောခြင်း၊ သူတစ်ပါးတို့၏ မပြောအပ်ဆုံးသော ပြဿနာများကို မပြောခြင်း၊ သူတစ်ပါးတို့၏ ပြဿနာများ၏ အနှစ်သာရကို မဖော်ထုတ်ခြင်း၊ ဖော်ထုတ်ရာတွင် အလွန်ပင် ပြောင်ပြောင်တင်းတင်း မဖြစ်ခြင်းကို ဆိုလိုသည်။ အပေါ်ယံအဆင့် မှတ်ချက်များကိုသာ ပေးခြင်း၊ လူအားလုံးက အပြောများသည့်အရာများကိုသာ ပြောခြင်း၊ ထိုသူကိုယ်၌က မြင်နိုင်ပြီးဖြစ်သည့်အရာများကို ပြောဆိုခြင်း၊ ထိုသူက ယခင်က ပြုလုပ်ခဲ့သောအမှားများ၊ သို့မဟုတ် ထိခိုက်လွယ်သော ပြဿနာများကို ဖွင့်မပြခြင်းတို့ကို ဆိုလိုသည်။ သင်သည် ဤသို့ လုပ်ဆောင်လျှင် ထိုသူအတွက် မည်သို့ အကျိုးဖြစ်သနည်း။ သင်သည် ထိုသူကို စိတ်မကျေမနပ်မဖြစ်စေခြင်း၊ သို့မဟုတ် သူနှင့် ရန်သူမဖြစ်ခြင်းတို့ ရှိကောင်းရှိမည်။ သို့သော် သင်လုပ်ဆောင်သည့်အရာသည် ထိုသူအား မည်သို့မျှ အကူအညီမပေးပေ၊ သို့မဟုတ် ထိုသူအတွက် အကျိုးမဖြစ်ပေ။ ထို့ကြောင့် “သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် စကားကိုယ်၌က တိမ်းရှောင်ခြင်းဖြစ်ပြီး လူတို့ အချင်းချင်း ဆက်ဆံရာတွင် ရိုးသားစစ်မှန်မှုကို ခွင့်မပြုသော လှည့်စားမှု ပုံစံတစ်ခုဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းသည် မကောင်းသော ရည်ရွယ်ချက်များကို ထားရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် မှန်ကန်သော နည်းလမ်းမဟုတ်ပေ။ မယုံကြည်သူများက “သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည်ကို မြင့်မြတ်သော ကိုယ်ကျင့်တရားရှိသူတစ်ယောက်က လုပ်ဆောင်သင့်သည့်အရာဟုပင် မြင်ကြသည်။ ယင်းသည် သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် လှည့်စားသည့် ပုံစံတစ်ခုဖြစ်သည်မှာ ရှင်းသည်။ ယင်းကို လူတို့က မိမိကိုယ်ကို ကာကွယ်ရန်အတွက် ခံယူကျင့်သုံးခြင်းဖြစ်သည်။ ဆက်ဆံရာတွင် သင့်တင့်လျောက်ပတ်သောနည်းလမ်း လုံးဝ မဟုတ်ပေ။ သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်ခြင်းကိုယ်၌က မရိုးသားခြင်းဖြစ်သည်။ သူတစ်ပါးတို့၏ အားနည်းချက်များကို ဖော်ခြင်းတွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်တစ်ခု ရှိနိုင်သည်။ လူတို့က သူတစ်ပါးတို့၏ အားနည်းချက်များကို ဖော်ခြင်းအား သာမန်အားဖြင့် မည်သို့သော အခြေအနေမျိုးတွင် သင် မြင်တွေ့နိုင်သနည်း။ ဥပမာတစ်ခုပြမည်။ လူ့အဖွဲ့အစည်းတွင် အလုပ်လျှောက်သူနှစ်ယောက်က ရာထူးတစ်ခုအတွက် အလုပ်ရရှိရန် ယှဉ်ပြိုင်နေလျှင် ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက်၏ အားနည်းချက်များကို ဖော်လိမ့်မည်။ တစ်ယောက်က “မင်းက မကောင်းတာတွေ လုပ်ခဲ့တယ်။ ပိုက်ဆံတချို့တစ်ဝက်ကို အလွဲသုံးစားလုပ်ခဲ့တယ်” ဟု ပြောမည်ဖြစ်ပြီး အခြားတစ်ယောက်က “မင်းက လူတချို့တစ်ဝက်ကို ထိခိုက်ခဲ့တယ်” ဟူ၍ ပြောမည်။ ဤသို့သောအရာများကို တစ်ယောက်နှင့်တစ်ယောက် ဖော်ထုတ်ကြသည်။ ဤသည်မှာ သူတစ်ပါးတို့၏ အားနည်းချက်များကို ဖော်ခြင်းမဟုတ်လော။ (ဟုတ်သည်။) နိုင်ငံရေးစင်မြင့်တွင် တစ်ယောက်နှင့်တစ်ယောက်၏ အားနည်းချက်များကို ဖော်သောသူများသည် နိုင်ငံရေးပြိုင်ဖက်များဖြစ်သည်။ သာမန်လူများက ဤသို့လုပ်လျှင်မူ ရန်သူများဖြစ်ကြသည်။ ရိုးရှင်းစွာဆိုလျှင် ဤလူနှစ်ယောက်သည် ဆက်ဆံရေးအဆင်မပြေဟု ပြောလိမ့်မည်။ ၎င်းတို့တွေ့သည့်အချိန်တိုင်းတွင် စတင်ငြင်းခုံကြသည်။ တစ်ယောက်နှင့်တစ်ယောက်၏ အားနည်းချက်များကို ဖော်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် ဝေဖန်အပြစ်တင်ပြီး ရှုတ်ချကြသည်။ ကြံဖန်၍ လုပ်ကြံပြောဆိုခြင်းနှင့်၊ မှားယွင်းသော စွပ်စွဲခြင်းများပင် ပြုကြသည်။ အခြားလူ၏ အရေးကိစ္စနှင့်ပတ်သက်သည့် သံသယဖြစ်ဖွယ်တစ်ခုခုရှိသရွေ့ ၎င်းတို့က ဖော်ထုတ်ပြီး ယင်းအတွက် အခြားလူကို ရှုတ်ချမည်။ လူတို့သည် တစ်ယောက်နှင့်တစ်ယောက်၏ အကြောင်းအရာများစွာကို ဖော်သော်လည်း အခြားလူများ၏ အားနည်းချက်များကို မဖော်လျှင် ဤသို့လုပ်ဆောင်သည်မှာ မြင့်မြတ်သောအရာဖြစ်သလော။ (မဖြစ်ပါ။) မဖြစ်ပေ။ သို့သော် လူတို့သည် ဤသက်ဝင်ယုံကြည်မှုကို မြင့်မြတ်သော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုအဖြစ် မှတ်ယူပြီး ချီးမွမ်းဆဲဖြစ်သည်။ ဤသည်မှာ အလွန်ပင် စက်ဆုပ်ဖွယ်ဖြစ်သည်။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဟူသော ဆိုရိုးစကားသည် ယင်းကိုယ်၌ကပင် အပြုသဘောဆောင်သောအရာ မှန်သမျှကို ထောက်ခံနိုင်ခြင်း မရှိပေ။ ယင်းသည် “တစ်လုတ်စားဖူး သူ့ကျေးဇူး”၊ “အဆိုးကို အကောင်းဖြင့် တုံ့ပြန်ပါ”၊ “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာရမည်၊ အနွံအနာခံရမည်” ဆိုသော ဆိုရိုးစကားများနှင့် မတူညီပေ။ ဤဆိုရိုးစကားများက အနည်းဆုံးအနေဖြင့် ချီးမွမ်းထိုက်သော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုကို ထောက်ခံသည်။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသော စကားသည် အပျက်သဘောဆောင်သော အပြုအမူကို လှုံ့ဆော်ပေးသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့် သက်ဆိုင်သည့် အဆိုအမိန့်ဖြစ်ပြီး လူတို့အတွက် အပြုသဘောဆောင်သော အသုံးတည့်မှုလုံးဝ မရှိပေ။ ယင်းသည် လူတို့အား ဤလောကတွင် အသက်တာ၌ လိမ္မာရေးခြားရှိစွာ ပြုမူဆောင်ရွက်ခြင်းအတွက် မှန်ကန်သောနည်းလမ်းများ၊ သို့မဟုတ် စည်းမျဉ်းများက မည်သည့်အရာဖြစ်သည်ကို မပြောပေ။ ဤသို့သော အချက်အလက်ကို မပေးပေ။ ယင်းလုပ်ဆောင်သမျှမှာ သူတစ်ပါးတို့ကို မျက်နှာသို့ မရိုက်နှက်ရန်သာ ပြောသည်။ မျက်နှာမှလွဲပြီး အခြားမည်သည့်နေရာမဆို ရိုက်နှက်ခြင်းသည် ကိစ္စမရှိဟု ဆိုသကဲ့သို့ဖြစ်သည်။ အညိုအမဲစွဲစေ၊ သေရာပါဒဏ်ရာရစေ၊ သို့မဟုတ် သေလုမျောပါးပင် ဖြစ်စေ ၎င်းတို့ အသက်ရှူနေသေးသရွေ့ သင်နှစ်သက်သလို ရိုက်နှက်လော့။ ပြီးလျှင် လူတို့သည် တစ်ယောက်နှင့်တစ်ယောက် သဘောထားကွဲလွဲသောအခါ၊ ရန်သူများ၊ သို့မဟုတ် နိုင်ငံရေးပြိုင်ဘက်များ တွေ့ဆုံသောအခါ ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက်၏ အားနည်းချက်များကို မဖော်သရွေ့ ၎င်းတို့အလိုရှိသည့်အရာမှန်သမျှ တစ်ယောက်အကြောင်းကိုတစ်ယောက် ဖော်နိုင်သည်။ ဖြစ်သည်။ ဤသည်မှာ မည်သို့သော နည်းလမ်းမျိုးဖြစ်သနည်း။ သင်တို့သည် ယခင်က ဤဆိုရိုးစကားကို အလွန်ပင် ထောက်ခံသည်မဟုတ်လော။ (ဟုတ်သည်။) လူနှစ်ယောက်က အငြင်းပွားပြီး စတင် ငြင်းခုံကြသည်ဆိုပါစို့။ တစ်ယောက်က “နင့်ယောက်ျားက နင့်ကလေးရဲ့ အဖေမဟုတ်ဘူးဆိုတာ ငါသိတယ်” ဟု ဆိုသည်။ အခြားတစ်ယောက်က “မင်းမိသားစုက ပိုက်ဆံရှာဖို့ ဘယ်လိုလှည့်ကွက်တွေသုံးလဲဆိုတာ ငါသိတယ်” ဟု ဆိုသည်။ လူအချို့က ၎င်းတို့၏ စကားများသည့် အကြောင်းအရာအပေါ် မှတ်ချက်ပေးပြီး “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အားနည်းချက်တွေနဲ့ အပြစ်ရှိတဲ့ လျှို့ဝှက်ချက်တွေကို ပြန်ဖော်နေပြီး ပုံကြီးချဲ့ပြောနေတာကို ကြည့်ပါဦး။ တော်တော် သေးသိမ်တဲ့ အပြုအမူပဲ။ ပြီးတော့ ဂုဏ်သိက္ခာလည်း တော်တော်မဲ့တယ်။ အနည်းဆုံးတော့ လူတွေကို နည်းနည်းလေးစားမှုထားပေးလို့ရတာပဲ။ မဟုတ်ရင် နောင်မှာ သူတို့က ဘယ်လို လိမ္မာရေးခြားရှိရှိ ပြုမူနိုင်ကြမှာလဲ” ဟူ၍ ပြောဆိုကြသည်။ ဤသို့သော မှတ်ချက်မျိုးကို ပြုလုပ်သည်မှာ မှန်သလော၊ မှားသလော။ (မှားသည်။) အနည်းငယ်မျှသော အပြုသဘောဆောင်သည့် သက်ရောက်မှုပင်ရှိသလော။ တစ်ခုတလေက သမ္မာတရားနှင့် အနည်းငယ်မျှ ကိုက်ညီခြင်းပင်ရှိသလော။ (မရှိပါ။) ဤသို့သော မှတ်ချက်မျိုးကို ပြုလုပ်ရန်အတွက် လူတစ်ယောက်သည် မည်သို့သော အယူအဆနှင့် အမြင်မျိုးရှိရမည်နည်း။ ဤသို့သော မှတ်ချက်မျိုးသည် သမ္မာတရားကို နားလည်သော ဖြောင့်မတ်ခြင်းအသိတရားရှိသည့် သူတစ်ယောက်ထံမှ လာသလော။ (မလာပါ။) ဤသို့သော မှတ်ချက်များသည် မည်သို့သော အခြေပြုချက်မှ ဖြစ်ပေါ်သနည်း။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် ရိုးရာယဉ်ကျေးမှု၏ အယူအဆက အလုံးစုံ လွှမ်းမိုးခြင်းခံထားရသောကြောင့် ဖြစ်သလော။ (ဟုတ်သည်။) ဤမှတ်ချက်များသည် ရိုးရာယဉ်ကျေးမှု၏ ဤအယူအဆနှင့် အမြင်အပေါ်တွင် လုံးဝ အခြေခံသည်။

ငါတို့ ယခုပြောခဲ့သည့် လူနှစ်ယောက်ကြားရှိ အငြင်းပွားမှုနှင့်ပတ်သက်၍ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်၏ ရှုထောင့်မှနေ၍ ဤအကြောင်းအရာကို ကြည့်လျှင် ဘုရားနှုတ်ကပတ်တော်အရလည်းကောင်း၊ သမ္မာတရားအား စံအဖြစ်ထားရှိ၍လည်းကောင်း ဤအရာကို မည်သို့ မှတ်ယူသင့်သနည်း။ ဤသည်မှာ လူတို့ ဆင်ခြင်သုံးသပ်သင့်သည့် အမှုကိစ္စတစ်ခု မဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ သင်တို့ ဆင်ခြင်သုံးသပ်သင့်သည့်အရာတစ်ခုဖြစ်သည်။ ယုံကြည်သူများသည် မည်သည့်စည်းမျဉ်းများကို လိုက်နာသင့်သနည်း။ ၎င်းတို့သည် သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ကာ ကျင့်ကြံပြုမူရမည်။ ညီအစ်ကိုမောင်နှမများကြားတွင် အငြင်းပွားမှုတစ်ခုဖြစ်ပေါ်လျှင် ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် စိတ်ရှည်၊ သည်းခံရမည်။ တစ်ယောက်နှင့်တစ်ယောက် ချစ်ခြင်းဖြင့် ဆက်ဆံရမည်။ ၎င်းတို့သည် ရှေးဦးစွာ ဆင်ခြင်သုံးသပ်ပြီး မိမိကိုယ်ကို သိမြင်ရမည်။ ထို့နောက် ဘုရားနှုတ်ကပတ်တော်နှင့်၊ သမ္မာတရားနှင့်အညီ ပြဿနာကို ဖြေရှင်းရမည်ဖြစ်သည်မှာ ၎င်းတို့ကိုယ်တိုင်၏ အမှားများကို သိမြင်ပြီး ဇာတိပကတိကို စွန့်လွှတ်နိုင်ကာ သမ္မာတရားစည်းမျဉ်းများနှင့်အညီ အခြားလူများကို ဆက်ဆံနိုင်သည်အထိပင် ဖြစ်လေသည်။ ဤနည်းဖြင့် ၎င်းတို့သည် ပြဿနာ၏ အရင်းအမြစ်ကို ဖြေရှင်းလိမ့်မည်။ သင်တို့သည် ဤပြဿနာကို နှံ့နှံ့စပ်စပ် နားလည်သင့်သည်။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဟူသော ဆိုရိုးစကားသည် လူ့သဘာဝကို အကဲဖြတ်ရန်အတွက် စံနှုန်းမဟုတ်ဘဲ အခြေခံ ရှင်သန်ရေး အတွေးအခေါ်တစ်ခု၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လုံးဝ မကန့်သတ်နိုင်သည့်အရာတစ်ခုသာဖြစ်သည်။ ဤဆိုရိုးစကားသည် အလွန်ပင် အဓိပ္ပာယ်မရှိဘဲ ယုံကြည်သူများအနေဖြင့် ဤသို့သော စည်းမျဉ်းကို လိုက်နာရန် မလိုအပ်ပေ။ လူတို့သည် ဘုရားနှုတ်ကပတ်တော်နှင့်၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံသင့်သည်။ ဤအရာတို့သည် ယုံကြည်သူများ လိုက်နာသင့်သည့် အရာများဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ရိုးရာယဉ်ကျေးမှုအမြင်များနှင့် ဆိုးယုတ်သော အတွေးအခေါ်များကို ယုံကြည်ဆဲဖြစ်ပြီး လူတို့ကို အကဲဖြတ်ရန်နှင့် သူတစ်ပါးတို့ကို ကန့်သတ်ရန်၊ သို့မဟုတ် မိမိတို့ကိုယ်ကို တောင်းဆိုမှုများ ပြုလုပ်ရန် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဟူသောအရာ ကဲ့သို့သော ရိုးရာယဉ်ကျေးမှု၏ အယူအဆများကို အသုံးပြုလျှင် ဤသည်မှာ ၎င်းတို့သည် အဓိပ္ပာယ်မရှိသကဲ့သို့ ယုတ္တိမရှိခြင်းလည်းဖြစ်ပြီး ၎င်းတို့သည် မယုံကြည်သူများပင်ဖြစ်သည်။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဟူသော ဆိုရိုးစကားသည် မိမိ၏ မိတ်ဆွေများနှင့် ဆက်ဆံရာတွင် ဆိုးယုတ်သော အတွေးအခေါ်ဖြစ်ပြီး အပြန်အလှန် ဆက်ဆံရေး၏ ပဓာနကျသော၊ အရင်းအမြစ်ဖြစ်သော ပြဿနာများကို မဖြေရှင်းနိုင်ပေ။ ထို့ကြောင့် ဤဆိုရိုးစကားသည် အပေါ့တန်ဆုံး စည်းမျဉ်း၊ အပေါ့တန်ဆုံး ရှင်သန်ရေးအတွေးအခေါ်ဖြစ်သည်။ ယင်းသည် သမ္မာတရားစည်းမျဉ်း၏ စံနှုန်းများကို တကယ်ကို မမီနိုင်ဘဲ ဤသို့သော အပေါ်ယံစည်းမျဉ်းအား လိုက်နာခြင်းသည် မည်သည့်အရာကိုမျှ မရရှိနိုင်သကဲ့သို့ အလွန်ပင် အဓိပ္ပာယ်မရှိပေ။ ဤသို့ဆိုခြင်းမှာ သင့်တင့်မျှတပါသလော။ (သင့်တင့်မျှတပါသည်။) ညီအစ်ကိုမောင်နှမများကြားတွင် အငြင်းပွားမှုတစ်ခုဖြစ်ပေါ်သောအခါ ဤအကြောင်းအရာနှင့် ပတ်သက်၍လည်းကောင်း၊ ဤအကြောင်းအရာကို ဖြေရှင်းရန်အတွက်လည်းကောင်း စည်းမျဉ်းမှာ မည်သည့်အရာဖြစ်သင့်သနည်း။ ယင်းမှာ ရိုးရာယဉ်ကျေးမှု၏ စည်းမျဉ်းများကို လိုက်နာခြင်းဖြစ်သလော၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအား စည်းမျဉ်းအဖြစ် မှတ်ယူခြင်းဖြစ်သလော။ သင်တို့၏ အမြင်ကို ပြောလော့။ (ရှေးဦးစွာ ၎င်းတို့၏ အငြင်းပွားမှုနှင့် ၎င်းတို့၏ တစ်ယောက်နှင့်တစ်ယောက် စိတ်မြန်လက်မြန်စွပ်စွဲခြင်း၏ သဘောသဘာဝကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ စိစစ်ပြီး သိမြင်ကာ ဤအရာတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖွင့်ပြခြင်းဖြစ်သည်ကို သိမြင်သင့်သည်။ ထို့နောက် ၎င်းတို့နှင့်အတူ ဆက်စပ်မှုရှိသော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းအား မိတ်သဟာယပြုသင့်သည်။ ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ချစ်ခြင်းဖြင့် ဆက်ဆံသင့်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသင့်သည်။ ၎င်းတို့ပြောသည့်အရာနှင့် လုပ်ဆောင်သည့်အရာသည် သူတစ်ပါးကို ထိခိုက်စေမည့်အစား ထောက်ကူစရာဖြစ်ရမည်။ အခြားလူက ချို့ယွင်းချက်များရှိလျှင်၊ သို့မဟုတ် အမှားများ ပြုလုပ်လျှင် ထိုသူကို တိုက်ခိုက်ခြင်း၊ ဝေဖန်အပြစ်တင်ခြင်း၊ သို့မဟုတ် ရှုတ်ချခြင်းတို့ လုပ်မည့်အစား တတ်နိုင်လျှင် ကူညီခြင်းအားဖြင့် ဤအရာကို မှန်မှန်ကန်ကန် ကိုင်တွယ်သင့်သည်။) ဤသည်မှာ လူတို့ကို ကူညီသည့် ပုံစံတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့ကို ကူညီပြီး ၎င်းတို့၏ အငြင်းပွားမှုကို ဖြေရှင်းရန် မည်သည့်အရာကို ပြောဆိုနိုင်သနည်း။ (၎င်းတို့သည် အသင်းတော်တွင် ငြင်းခုံနေကြသည်။ ဤအရာသည်ပင် သန့်ရှင်းသူများနှင့် မထိုက်တန်ဘဲ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် မကိုက်ညီပေ။ ထို့ကြောင့် “တစ်ယောက်ယောက်က ပြဿနာတွေရှိတာကို တွေ့ခဲ့ရင် တတ်နိုင်လို့ကတော့ ကူညီပေးပါ။ မကူညီနိုင်ရင်လည်း ငြင်းခုံဖို့ မလိုအပ်ပါ။ ဒါမှမဟုတ်ရင် အသင်းတော်အသက်တာအတွက် အနှောင့်အယှက်ဖြစ်မယ်။ ထပ်ခါထပ်ခါ သတိပေးပေမဲ့ ဆက်လုပ်နေရင် အသင်းတော်က သူ့ရဲ့ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တွေနဲ့အညီ ကိုင်တွယ်ရလိမ့်မယ်”) ဟူ၍ ၎င်းတို့အား ပြောပြီး မိတ်သဟာယဖွဲ့နိုင်သည်။ သင်တို့အားလုံးက အသင်းတော်အသက်တာကို နှောင့်ယှက်သောသူများကို စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ရမည်ကို သိသည့်ပုံစံရှိသည်။ သို့သော် လူတို့ကြားတွင် အငြင်းပွားမှုများကို မည်သို့ ကိုင်တွယ်ရမည်ကို၊ သို့မဟုတ် ၎င်းတို့အား ကိုင်တွယ်ရန် မည်သည့်ဘုရားနှုတ်ကပတ်တော်များအား အသုံးပြုသင့်သည်ကို သင်တို့ အပြည့်အဝ မသိသေးပေ။ ပြဿနာများကို ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားစည်းမျဉ်းများအား မည်သို့အသုံးပြုရမည်ကို မသိသေးပေ။ ဤကိစ္စတွင် ၎င်းတို့တစ်ဦးစီ၌ မည်သည့်ပြဿနာများရှိသနည်း။ ၎င်းတို့နှစ်ဦးလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသလော။ (ရှိသည်။) ၎င်းတို့နှစ်ဦးလုံးက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့်အတွက် အငြင်းပွားမှု ဖြစ်ပေါ်သောအခါ တစ်ဦးချင်းစီတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖွင့်ပြသည်နှင့် ထိုအရာများ၏ မူလအရင်းအမြစ်က မည်သည့်အရာဖြစ်သည်တို့ကို ကြည့်ရှုလော့။ ဖွင့်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ရှာဖွေပြီး ၎င်းတို့ကို ဖော်ထုတ်ပြီး စိစစ်ရန်အတွက် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုလော့။ ဤသို့အားဖြင့် ၎င်းတို့နှစ်ဦးလုံးသည် ဘုရားရှေ့သို့ ပြန်လာပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ မိမိကိုယ်ကို သိမြင်လာမည်။ ဤသို့ဆိုလျှင် ၎င်းတို့နှင့် သင် မိတ်သဟာယပြုသင့်သည့် အဓိကအကြောင်းအရာများမှာ အဘယ်နည်း။ သင်က ဤသို့သောအရာကို ပြောကောင်းပြောနိုင်သည်။ “မင်းတို့နှစ်ယောက်က ဘုရားရဲ့ နောက်လိုက်တွေဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုရင် မငြင်းခုံပါနဲ့။ ဘာကြောင့်လဲဆိုရင် ငြင်းခုံတာတွေက ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး။ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားနောက်လိုက်သူတွေကို ဒီလို မဆက်ဆံပါနဲ့။ မယုံကြည်သူတွေက လူတွေကို ဆက်ဆံတဲ့ ပုံစံအတိုင်း ညီအစ်ကိုမောင်နှမတွေကို မဆက်ဆံပါနဲ့။ ဒီလိုလုပ်တာက ဘုရားအလိုတော်နဲ့ မညီဘူး။ ဘုရားသခင်က သူများတွေကို ဘယ်လိုဆက်ဆံရမယ်လို့ လူတွေကိုတောင်းဆိုထားတာလဲ။ ဘုရားနှုတ်ကပတ်တော်က တော်တော်ရှင်းပါတယ်။ ခွင့်လွှတ်ပါ။ သည်းခံပါ။ စိတ်ရှည်ပါ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ပါဆိုတာပဲ။ တခြားလူတစ်ယောက်က အရေးကြီးတဲ့ပြဿနာတွေရှိတာကို မင်း မြင်ပြီး သူလုပ်တာကို မင်းက မကျေနပ်ရင် ဒါကို ကျိုးကြောင်းသင့်တဲ့၊ ထိရောက်တဲ့ နည်းလမ်းနဲ့တစ်မျိုး၊ ခွင့်လွှတ်၊ သည်းခံပြီး စိတ်ရှည်တဲ့ သဘောထားနဲ့တစ်ဖုံ မိတ်သဟာယပြုသင့်တယ်။ အဲဒီလူက ဒါကို လက်ခံနိုင်ပြီး ဘုရားသခင်ဆီကနေ လက်ခံနိုင်ရင် ပိုကောင်းတယ်။ လက်မခံနိုင်ရင်တော့ မင်းက မင်းတာဝန်ကို ဖြည့်ဆည်းပြီး ဖြစ်နေဦးမှာပဲ။ သူ့ကို စိတ်မြန်လက်မြန်နဲ့ တိုက်ခိုက်တာတွေ လုပ်ဖို့မလိုဘူး။ ညီအစ်ကိုမောင်နှမတွေက ငြင်းခုံပြီး တစ်ယောက်နဲ့တစ်ယောက်ရဲ့ အားနည်းချက်တွေကို ဖော်ရင် ဒါဟာ သန့်ရှင်းသူတွေနဲ့ မထိုက်တန်တဲ့ အပြုအမူပဲ။ ဘုရားအလိုတော်နဲ့ မညီဘူး။ ယုံကြည်သူတွေ ပြုမူသင့်တဲ့ နည်းလမ်းမဟုတ်ဘူး။ စွပ်စွဲခံရတဲ့လူအတွက်ကတော့ မင်းက အကျိုးသင့်အကြောင်းသင့် လုပ်ခဲ့တယ်၊ သူများက ဝေဖန်တာကို မခံရသင့်ဘူးလို့ ထင်ရင်တောင် မင်းရဲ့ တစ်ကိုယ်ရေ တစ်ဖက်သတ်အမြင်တွေကို လက်လွှတ်သင့်တယ်။ ပြဿနာနဲ့ တခြားလူရဲ့ စွပ်စွဲချက်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ပွင့်ပွင့်လင်းလင်း ရင်ဆိုင်သင့်တယ်။ စိတ်မြန်လက်မြန်ပုံစံနဲ့ ဘယ်တော့မှ ပြန်မတိုက်ခိုက်သင့်ဘူး။ မင်းတို့နှစ်ယောက်လုံးက စိတ်မြန်လက်မြန် အခြေအနေကိုရောက်ပြီး စိတ်ဆိုးနေရင်၊ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ရင် စာတန်ရဲ့ ထောင်ချောက်မှာ မမိဖို့၊ စာတန်ရဲ့ စုံစမ်းသွေးဆောင်မှုထဲကို မကျရောက်ဖို့အတွက် ဒီအခြေအနေကို ရှောင်ဖို့ စလုပ်သင့်တယ်၊ စိတ်လျှော့လိုက်ပါ၊ ဆက်ပြီး ပြဿနာ်မရှာနဲ့။ ဘုရားရဲ့ အကူအညီကို ရှာဖို့ ဘုရားရှေ့ကိုလာပြီး ကိုယ့်ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားနှုတ်ကပတ်တော်တွေကို အသုံးပြုဖို့အတွက် ကြိုးစားရင်း ကိုယ့်ဘာသာ တစ်ယောက်တည်း ဆုတောင်းလို့ရတယ်။ မင်းတို့နှစ်ယောက်လုံးက စိတ်မြန်လက်မြန် လုပ်တာ၊ ပြောတာတွေမရှိဘဲ စိတ်လျှော့ပြီး တစ်ယောက်နဲ့တစ်ယောက် တည်တည်ငြိမ်ငြိမ်နဲ့ စဉ်းစားချင့်ချိန်ပြီး ဆက်ဆံနိုင်တဲ့အခါမှာ သဘောတူညီချက်ရရှိကာ ဘုရားနှုတ်ကပတ်တော်မှာ တစ်စိတ်တစ်ဝမ်းတည်းဖြစ်သွားပြီး ပြဿနာအပေါ် ဖြေရှင်းချက်တစ်ခုရတဲ့အထိ အငြင်းပွားတဲ့ ပြဿနာတွေကို အတူလာပြီး မိတ်သဟာယဖွဲ့နိုင်တယ်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ပြောဖို့ သင့်လျော်သည့်အရာမဟုတ်လော။ (ဟုတ်သည်။) အမှန်တွင် လူနှစ်ယောက်က ငြင်းခုံသောအခါ ၎င်းတို့နှစ်ဦးစလုံးက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖွင့်ချကြသည်။ ၎င်းတို့နှစ်ဦးစလုံးက ၎င်းတို့၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းကို ဖွင့်ချကြသည်။ အားလုံးက ဆိုးယုတ်သော အပြုအမူဖြစ်သည်။ မည်သူကမျှ မမှန်ပေ၊ မမှားပေ။ မည်သူ၏ အပြုအမူကမျှ သမ္မာတရားနှင့်မညီပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်၊ သမ္မာတရားနှင့်အညီ ပြဿနာကို မှတ်ယူပြီး ကိုင်တွယ်နိုင်လျှင် သင်တို့၏ အငြင်းပွားမှု ဖြစ်မည်မဟုတ်ပေ။ တစ်ဖက်ဖက်ကသာ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်နိုင်ကာ ဘုရားနှုတ်ကပတ်တော်နှင့်အညီ ကျင့်ကြံပြုမူဆောင်ရွက်နိုင်လျှင် အငြင်းပွားမှု ဖြစ်ပျက်မည်မဟုတ်ပေ။ ထို့ကြောင့် လူနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက်၏ အားနည်းချက်များကို ဖော်ပြီး တစ်ယောက်နှင့်တစ်ယောက်၏ မျက်နှာကို ရိုက်နှက်လျှင် ဤလူနှစ်ယောက်လုံးသည် စိတ်မြန်လက်မြန်လုပ်သော ကြမ်းတမ်းသောသူများဖြစ်သည်။ ၎င်းတို့နှင့်ပတ်သက်လျှင် ကောင်းသည့်အရာ လုံးဝမရှိပေ။ မည်သူကမျှ မမှန်သကဲ့သို့ မည်သူကမျှ မမှားပေ။ မှန်ခြင်းနှင့် မှားခြင်းကို တိုင်းတာခြင်းအတွက် အခြေပြုချက်မှာ အဘယ်နည်း။ ယင်းသည် ဤအကြောင်းအရာနှင့်ပတ်သက်ပြီး သင် ခံယူသည့် ရှုထောင့်နှင့် ရပ်တည်ချက်၊ သင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်၊ သင့်တွင် ဘုရားနှုတ်ကပတ်တော် အခြေပြုချက်ရှိမရှိ၊ သင်လုပ်ဆောင်သည့်အရာက သမ္မာတရားနှင့် ညီခြင်းရှိမရှိတို့အပေါ် မူတည်သည်။ သိသာစွာပင် သင်တို့၏ အငြင်းပွားခြင်းနောက်ကွယ်က ရည်ရွယ်ချက်သည် အခြားလူကို ချိုးနှိမ်ပြီး လွှမ်းမိုးရန်ဖြစ်သည်။ သင်တို့သည် မနှစ်မြို့ဖွယ်စကားများဖြင့် အချင်းချင်း ဖော်ထုတ်ပြီး ထိခိုက်ကြသည်။ သင် ဖော်ထုတ်သည့်အရာက မှန်သည်၊ မမှန်သည်၊ သင်တို့၏ အငြင်းပွားရသည့် ရည်ရွယ်ချက်က မှန်သည်၊ မမှန်သည်က အရေးမပါပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ ဤကိစ္စကို မကိုင်တွယ်သောကြောင့်ဖြစ်သည်။ ပြီးလျှင် သင်တို့ ဖွင့်ပြသည့်အရာသည် သင်တို့၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းဖြစ်သည်။ သင်တို့ လုပ်ရပ်များ၏ နည်းလမ်းနှင့် စည်းမျဉ်းများသည် စိတ်မြန်လက်မြန်လုပ်ဆောင်ခြင်း၌ အလုံးစုံ အခြေခံသည်။ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားများ၏ ဤသို့ အတင်းအကျပ်လုပ်ဆောင်စေခြင်းကို ခံရသည်။ ထို့ကြောင့် မည်သူက မှန်သည်၊ မည်သူက အရေးသာပြီး မည်သူက အရေးမသာသည်ဖြစ်စေ အမှန်မှာ သင်တို့နှစ်ဦးလုံး မှားပြီး တာဝန်ရှိသည်။ ဤကိစ္စကို သင်တို့ ကိုင်တွယ်သည့်ပုံစံမှာ ဘုရားနှုတ်ကပတ်တော်အပေါ် အခြေမခံပေ။ သင်တို့နှစ်ဦးလုံး စိတ်အေးအေးထားပြီး သင်တို့ကိုယ်တိုင်၏ ပြဿနာများကို သေချာစဉ်းစားသင့်သည်။ သင်တို့နှစ်ဦးစလုံးက ဘုရားရှေ့တွင် ငြိမ်သက်ခြင်းရှိပြီး ခေါင်းအေးအေးထားကာ ပြဿနာကို ကိုင်တွယ်မှသာ စိတ်တည်ငြိမ်အေးဆေးစွာဖြင့် ထိုင်ပြီး မိတ်သဟာယဖွဲ့နိုင်မည်။ လူများ၊ အမှုအရာများအပေါ် နှစ်ဦးစလုံး၏ အမြင်နှင့် ကျင့်ကြံပြုမူခြင်းများက ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားစည်းမျဉ်းများအပေါ် အခြေခံသရွေ့ သီးသန့်အကြောင်းအရာတစ်ခုခုအပေါ် ၎င်းတို့၏ အယူအဆနှင့် အမြင်များက မည်မျှ ကွာခြားသည်ဖြစ်စေ အမှန်တကယ်တွင် ပြောဖို့ရန် အမှန်တကယ် ကွာခြားမှုမရှိသကဲ့သို့ ပြဿနာမရှိပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို ၎င်းတို့၏ စည်းမျဉ်းအဖြစ် ထားရှိပြီး ၎င်းတို့၏ မတူညီမှုများကို ကိုင်တွယ်သရွေ့ အဆုံးတွင် ၎င်းတို့သည် သေချာပေါက် အဆင်ပြေမည်ဖြစ်ပြီး ၎င်းတို့၏ မတူညီမှုများကို ဖြေရှင်းနိုင်လိမ့်မည်။ ဤသည်မှာ ပြဿနာများကို သင်တို့ ကိုင်တွယ်သည့် ပုံစံဖြစ်သလော။ (မဖြစ်ပါ။) သင်တို့သည် စီမံအုပ်ချုပ်ရေးဆိုင်ရာ ခွင့်ပြုမိန့်များကို ကျင့်သုံးသည့် သင်တို့၏ နည်းလမ်းများမှ လွဲ၍ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့ အသုံးပြုရမည်ကို မသိပေ။ ဤသို့ဆိုလျှင် ဤကိစ္စတစ်ခုလုံးကို ကိုင်တွယ်ရာတွင် အဓိကသင်ခန်းစာမှာ အဘယ်နည်း။ ယင်းသည် လူတို့အား ၎င်းတို့၏ မတူညီမှုများကို လွှတ်ချဖို့ တောင်းဆိုခြင်းနှင့်မသက်ဆိုင်ဘဲ မှန်ကန်သော နည်းလမ်းဖြင့် ဖြေရှင်းပြီး စည်းလုံးမှုကို ရရှိခြင်းနှင့် သက်ဆိုင်သည်။ မတူညီမှုများကို ဖြေရှင်းခြင်းအတွက် အခြေပြုချက်မှာ အဘယ်နည်း။ (ဘုရားနှုတ်ကပတ်တော်ဖြစ်သည်။) မှန်သည်။ ဘုရားနှုတ်ကပတ်တော်တွင် အခြေပြုချက်ကို ရှာဖွေလော့။ ဤသည်မှာ မည်သူက မှန်သည်၊ မည်သူက မှားသည်၊ မည်သူက သာလွန်သည်၊ မည်သူက နိမ့်ကျသည်၊ သို့မဟုတ် မည်သူက ခိုင်လုံမှုရှိပြီး မည်သူက ခိုင်လုံမှု မရှိဆိုသည်တို့ကို စိစစ်ခြင်းနှင့် မသက်ဆိုင်ပေ။ ဤအရာတို့ထက် ယင်းသည် လူတို့၏ အယူအဆများနှင့် အမြင်များ၏ ပြဿနာကို ဖြေရှင်းခြင်းဖြစ်သည်။ ဤသည်မှာ လူတို့၏ မှားယွင်းသော အယူအဆများနှင့် အမြင်များ၊ အကြောင်းအရာတစ်ခုခုကို ကိုင်တွယ်ဖြေရှင်းရာတွင် မှားယွင်းသောနည်းလမ်းများကို ဖြေရှင်းခြင်းဟု ဆိုလိုသည်။ ဘုရားနှုတ်ကပတ်တော်တွင် အခြေပြုချက် ရှာဖွေခြင်းအားဖြင့်သာ၊ သမ္မာတရားစည်းမျဉ်းများကို နားလည်ခြင်းအားဖြင့်သာ ပြဿနာများကို အမှန်တကယ် ဖြေရှင်းနိုင်ပြီး လူတို့သည် အချင်းချင်း အမှန်တကယ် သဟဇာတဖြစ်လျက် နေထိုင်ကာ စည်းလုံးမှုကို ရရှိနိုင်သည်။ ဤသို့မဟုတ်လျှင် သင်သည် အမှုအရာများကို ကိုင်တွယ်ရန်အတွက် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသကဲ့သို့သော ရိုးရာယဉ်ကျေးမှုနှင့် နည်းလမ်းများ၏ အဆိုအမိန့်များကို အသုံးပြုလျှင် ပြဿနာများက မည်သည့်အခါမျှ ပြေလည်မည်မဟုတ်ပေ၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် လူတို့၏ အယူအဆများ၊ အမြင်များကြားရှိ ကွာခြားချက်များက ပြေလည်မည်မဟုတ်ပေ။ ထို့ကြောင့် လူတိုင်းသည် ဘုရားနှုတ်ကပတ်တော်တွင် အခြေပြုချက်ကို ရှာဖွေတတ်ရန် သင်ယူရမည်။ ဘုရားနှုတ်ကပတ်တော်အားလုံးသည် သမ္မာတရားဖြစ်သည်။ ၎င်းတို့တွင် ဆန့်ကျင်ကွဲလွဲသည့်အရာ လုံးဝ မရှိပေ။ ယင်းတို့သည် လူများ၊ အမှုကိစ္စ၊ အကြောင်းအရာများအားလုံးကို အကဲဖြတ်ရန်အတွက် တစ်ခုတည်းသော စံဖြစ်သည်။ လူတိုင်းက ဘုရားနှုတ်ကပတ်တော်တွင် အခြေပြုချက်ကို ရှာတွေ့လျှင်၊ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်သည် ဘုရားနှုတ်ကပတ်တော်၌ တစ်စိတ်တစ်ဝမ်းတည်းဖြစ်လျှင် လူတို့အနေဖြင့် သဘောတူညီချက်ရရှိရန် မလွယ်ကူသလော။ လူတိုင်းက သမ္မာတရားကို လက်ခံနိုင်လျှင် လူတို့ကြားတွင် ကွာခြားချက်များ ရှိဦးမည်လော။ အငြင်းပွားမှုများ ရှိဦးမည်လော။ လူများကြားတွင် ကန့်သတ်ချက်အနေဖြင့် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသကဲ့သို့သော အယူအဆများ၊ အမြင်များနှင့် အဆိုအမိန့်များကို အသုံးပြုဖို့ လိုဦးမည်လော။ လိုမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်က ပြဿနာအားလုံးကို ဖြေရှင်းနိုင်သောကြောင့်ဖြစ်သည်။ လူတို့တွင် မည်သည့် သဘောမတူညီမှုများရှိသည်ဖြစ်စေ၊ သို့မဟုတ် မတူညီသော အမြင်များ မည်မျှများပြားပါစေ ယင်းတို့အားလုံးကို ဘုရားရှေ့သို့ ယူဆောင်လာသင့်သည်။ ဘုရားနှုတ်ကပတ်တော်နှင့်အညီ ပိုင်းခြားသိမြင်ပြီး စိစစ်သင့်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားနှင့်ညီမညီကို ဆုံးဖြတ်ရန် ဖြစ်နိုင်ခြေရှိလိမ့်မည်။ လူတို့သည် သမ္မာတရားကို နားလည်သောအခါ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အယူအဆများ၊ အမြင်များ အများစုသည် ရိုးရာယဉ်ကျေးမှုထံမှ၊ လူတို့ကိုးကွယ်သော အထင်ကရပုဂ္ဂိုလ်များနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်များထံမှလာသည့်တိုင် မူလအရင်းအမြစ်မှာ ဆိုးယုတ်သော အတွေးအခေါ်များထံမှ လာခြင်းဖြစ်သည်ကို မြင်နိုင်ကြသည်။ ထို့ကြောင့် ဤလမ်းလွဲသော အယူအဆများ၊ အမြင်များသည် အမှန်တကယ်တွင် ဖြေရှင်းရန် လွယ်ကူသည်။ ဖြေရှင်းရန် လွယ်ကူသည်ဟု ငါအဘယ်ကြောင့်ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ဤလူသားအယူအဆများနှင့် အမြင်များကို ဘုရားနှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်အကဲဖြတ်လျှင် ယင်းတို့အားလုံးသည် အဓိပ္ပာယ်မရှိ၊ ယုတ္တိမရှိ၊ မခိုင်လုံ‌သည်ကို တွေ့ရှိလိမ့်မည်။ လူတို့သည် သမ္မာတရားကို လက်ခံနိုင်လျှင် ဤအရာများကို လက်လွှတ်ရန် လွယ်ကူသည်။ ပြဿနာများအားလုံးကို သင့်တော်သလို ဖြေရှင်းနိုင်သည်။ ပြဿနာများကို ဖြေရှင်းပြီးနောက်တွင် မည်သည့်အရာကို ရရှိသနည်း။ လူတိုင်းက ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ချက်များ၊ တစ်ကိုယ်ရေ၊ တစ်ဖက်သတ်အယူအဆများနှင့် အမြင်များကို လွှတ်ချနိုင်သည်။ ဤအရာတို့သည် မည်မျှမြင့်မြတ်ပြီး မှန်ကန်သည်ဟု သင်ထင်ပါစေ၊ လူများကြားတွင် မည်မျှ ကြာရှည်စွာ လည်ပတ်နေခဲ့သည်ဖြစ်စေ သမ္မာတရားနှင့် မကိုက်ညီသရွေ့ ငြင်းဆန်သင့်ပြီး စွန့်လွှတ်သင့်သည်။ အဆုံးတွင် လူအားလုံးသည် ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့၏ အခြေပြုချက်အဖြစ် မှတ်ယူပြီး လူများထံမှလာသော အရာရာတိုင်းကို ငြင်းဆန်သည်နှင့် ၎င်းတို့၏ အယူအဆများနှင့် အမြင်များသည် ပေါင်းစည်းမသွားသလော။ (ဟုတ်သည်။) လူများ၊ အမှုအရာများအပေါ် လူတို့၏ အမြင်များကို ဆုံးဖြတ်ပေးသည့် အယူအဆများနှင့် အမြင်ရှုထောင့်များအပြင် လူတို့၏ ကျင့်ကြံပြုမူခြင်းများအားလုံးက ပေါင်းစည်းသွားသောအခါ လူတို့ကြားတွင် မည်သည့်ကွာခြားချက်ရှိမည်နည်း။ အများဆုံးအနေဖြင့် စားသောက်ပုံနှင့် နေထိုင်ပုံ အမူအကျင့်များတွင် ကွာခြားမှုအချို့ရှိလိမ့်မည်။ သို့သော် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ၎င်းတို့ လျှောက်သော လမ်းကြောင်း၊ လူသားမျိုးနွယ်၏ အနှစ်သာရတို့နှင့် အမှန်တကယ် သက်ဆိုင်သော ပြဿနာများနှင့် ပတ်သက်လျှင် လူတို့အားလုံးက ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့၏ အခြေပြုချက်အဖြစ်၊ သမ္မာတရားကို ၎င်းတို့၏ စံအဖြစ်မှတ်ယူလျှင် ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် တစ်စိတ်တည်းတစ်ဝမ်းတည်း ဖြစ်ကြလိမ့်မည်။ သင်က အရှေ့တိုင်းသားဖြစ်စေ၊ အနောက်တိုင်းသားဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အသိဉာဏ်ရှိသူ၊ အလုပ်သမား၊ သို့မဟုတ် လယ်သမားဖြစ်စေ အရေးမပါပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်၊ သမ္မာတရားတို့နှင့်အညီ အခြားလူများကို ဆက်ဆံနိုင်သရွေ့ လူတို့ကြားတွင် တိုက်ခိုက်မှုများ၊ သဘောထားကွဲလွဲမှုများရှိဦးမည်လော။ ရှိမည်မဟုတ်ပေ။ ထို့ကြောင့် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသကဲ့သို့သော ကလေးဆန်သည့် သတ်မှတ်ချက်များကို လူတို့၏ အငြင်းပွားမှုများအား ဖြေရှင်းချက်အနေဖြင့် ထုတ်သုံးနိုင်သေးသလော။ အချင်းချင်း ဆက်ဆံရာတွင် လူတို့လိုက်နာသည့် နီတိများဖြစ်နိုင်သေးသလော။ ဤသို့သော အပေါ်ယံစည်းကမ်းများသည် လူသားမျိုးနွယ်အတွက် တန်ဖိုးမရှိပေ။ ၎င်းတို့သည် လူတို့၏ နေ့စဉ်အသက်တာတွင် လူများ၊ အမှုအရာများအပြင် လူတို့၏ ကျင့်ကြံပြုမူခြင်းများအပေါ် လူတို့၏ အမြင်ကို မသက်ရောက်နိုင်ပေ။ စဉ်းစားကြည့်လော့။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။) ဤအရာတို့သည် သမ္မာတရားနှင့် အလွန်ဝေးကွာသောကြောင့် လူများ၊ အမှုအရာများအပေါ် လူတို့၏ အမြင်များ၊ သို့မဟုတ် လူတို့၏ ကျင်ကြံပြုမူခြင်းများအပေါ် လုံးဝ သက်ရောက်မှုမရှိသောကြောင့် ဤအရာတို့ကို အပြီးအပိုင် စွန့်လွှတ်သင့်သည်။

အထက်တွင် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာကို ကြည့်လျှင် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားသည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအားလုံးကို အကဲဖြတ်ရန် စံဖြစ်သည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်၏ ရိုးရာယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကျမ်းစာများသည် ယုတ္တိမရှိဘဲ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားရှေ့တွင် ထုတ်ဖော်ပြောဆိုရန် မထိုက်တန်ဆိုသည်ကိုလည်းကောင်း သေချာပေါက် မဆိုနိုင်သလော။ (ဆိုနိုင်သည်။) “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် လူသားမျိုးနွယ် ကြည်ညိုသည့် “မြင့်မြတ်သော” ကိုယ်ကျင့်တရား သတ်မှတ်ချက်အတွက် ယခုတွင် လူတို့သည် ယင်းကို မည်သို့သောအမြင်ရှုထောင့်နှင့် မှတ်ယူသင့်သနည်း။ ထိုသို့သော စကားများကို လူတို့ ဆက်လက်၍ ကိုးကွယ်နာခံသင့်သလော။ (မနာခံသင့်ပါ။) ဤသို့ဆိုလျှင် ၎င်းတို့ကို မည်သို့ စွန့်လွှတ်သင့်သနည်း။ သင့်အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ စိတ်မြန်လက်မြန် မလုပ်ဆောင်ခြင်း၊ စိတ်လိုက်မာန်ပါ မလုပ်ဆောင်ခြင်းအားဖြင့် စတင်လော့။ လူတိုင်း၊ အရာရာတိုင်းအား မှန်မှန်ကန်ကန် ဆက်ဆံလော့။ စိတ်လျှော့ပြီး ဘုရားသခင်ရှေ့သို့လာလော့။ ဘုရားနှုတ်ကပတ်တော်တွင် သမ္မာတရားစည်းမျဉ်းကို ရှာဖွေလော့။ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ရှာဖွေလော့။ ဤသို့အားဖြင့် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သည့် ဆိုရိုးစကားအားဖြင့် ချုပ်နှောင်ခြင်း၊ သို့မဟုတ် ကန့်သတ်ခြင်းခံရမည့်အစား လူများ၊ ဖြစ်ရပ်များကို ဘုရားနှုတ်ကပတ်တော်အရ အတိအကျ သင် သဘောထားဆက်ဆံနိုင်သည်။ ဤသို့ အသက်ရှင်ခြင်းသည် သင့်အတွက် ပို၍ လွယ်ကူပြီး ဝမ်းမြောက်ဖွယ် မဖြစ်သလော။ လူတို့သည် သမ္မာတရားကို လက်မခံလျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ကန့်သတ်မှုမှ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။ ပြီးလျှင် ၎င်းတို့နေထိုင်သည့် အုပ်စုတွင် အခြားလူများနှင့် ဆက်ဆံရန် ၎င်းတို့အတွက် ခက်ခဲသည်။ သင် အနိုင်မကျင့်သည့်သူတစ်ယောက်ရှိနိုင်သည်။ သို့သော် သူက သင့်ကို အနိုင်ကျင့်လိုသည်။ သင်က လူတစ်ယောက်နှင့် ဆက်ဆံရေး အဆင်ပြေလိုသည်။ သို့သော် သူက သင့်အတွက် အစဉ်သဖြင့် ပြဿနာရှာသည်။ သင်က လူအချို့ကို သတိထားကာကွယ်ပြီး ရှောင်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ ၎င်းတို့က သင့်နောက်သို့ တကောက်ကောက်လိုက်ပြီး နှောင့်ယှက်သည်။ သင်က သမ္မာတရားကို နားမလည်လျှင် ဘုရားနှုတ်ကပတ်တော်၌ အခြေပြုချက်မရှိလျှင် သင်သည် ၎င်းတို့နှင့် အဆုံးတိုင်အောင် ဆက်လက်၍ ရုန်းကန်နေခြင်းမျှလွဲ၍ အခြားမရှိတော့ချေ။ သင်ကြောက်ရလောက်သော အနိုင်ကျင့်သူတစ်ယောက်ကို တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့ရလျှင် “လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ” ဆိုသည့် ဆိုရိုးစကားနောက်သို့ လိုက်ရန်ကလွဲ၍ ရွေးချယ်စရာမရှိဟု ခံစားရမည်။ သင်သည် သူ့အား လက်စားချေရန် အခွင့်အလမ်းကောင်းကို စောင့်ပြီး သူ့အား ဖြိုလဲရန် ပါးနပ်သော နည်းလမ်းများကို အသုံးပြုလိမ့်မည်။ သင်၏ နာကျည်းချက်ကို ထွက်ပေါက်ပေးနိုင်မည်သာမက သင်၏ ဖြောင့်မတ်ခြင်းအသိစိတ်အတွက် လူတိုင်းက သင့်ကို လက်ခုပ်တီးအောင် လုပ်နိုင်လိမ့်မည်။ သင်က လူကြီးလူကောင်းဖြစ်ပြီး သူက ဗီလိန်ဖြစ်သည်ဟု ထင်ကြအောင် လုပ်နိုင်လိမ့်မည်။ ဤနည်းလမ်းကို မည်သို့ ထင်သနည်း။ ဤသည်မှာ ကမ္ဘာလောကတွင် ပြုမူဆောင်ရွက်ရန် မှန်ကန်သည့် နည်းဖြစ်သလော။ (မဟုတ်ပါ။) ယခုတွင် သင်တို့ နားလည်ပြီဖြစ်သည်။ ဤသို့ဆိုလျှင် မည်သူက လူကောင်းဖြစ်သနည်း။ လူကြီးလူကောင်းလော၊ ဗီလိန်လော။ (မည်သူကမျှ မကောင်းပါ။) မယုံကြည်သူများက ကြည်ညိုလေးစားကြသည့် ထိုလူကြီးလူကောင်းများတွင် အခေါ်အဝေါ်တစ်ခု လိုအပ်နေသည်။ “အတုအယောင်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် “လူကြီးလူကောင်း အတုအယောင်များ” ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို သင်တို့လုပ်ဆောင်သည်ဖြစ်စေ လူကြီးလူကောင်း မလုပ်နှင့်။ အဘယ်ကြောင့်ဆိုသော် လူကြီးလူကောင်းများအားလုံးသည် အယောင်ဆောင်နေကြခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် မှန်ကန်သော လမ်းကြောင်းတွင် ရှိနေရန်အတွက် မည်သို့ ပြုမူဆောင်ရွက်ရမည်နည်း။ “သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်။ သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်” သော “စစ်မှန်သော လူကြီးလူကောင်း” ကဲ့သို့ ပြုမူလျှင် ကောင်းသလော။ (မကောင်းပါ။) ထိုလူကြီးလူကောင်းများနှင့် နာမည်ကြီးသူများအားလုံးသည် အယောင်ဆောင်များဖြစ်ပြီး လှည့်စားတတ်ကြသည်။ ၎င်းတို့သည် လူကြီးလူကောင်းအတုအယောင်များ ဖြစ်ကြသည်။ ၎င်းတို့အားလုံး ငရဲကျနိုင်သည်။ ဤသို့ဆိုလျှင် မည်သို့ ကျင့်ကြံပြုမူသင့်သနည်း။ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ သမ္မာတရားကို လိုက်စားသော၊ လူများနှင့် အမှုအရာများကို ရှုမြင်သော၊ ကျင့်ကြံပြုမူသောသူတစ်ယောက် ဖြစ်ခြင်းအားဖြင့် ဖြစ်သည်။ ဤသို့သော ကျင့်ကြံပြုမူခြင်းသည်သာ စစ်မှန်သောသူတစ်ယောက် ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော နည်းလမ်းဟုတ်သလော။ မဟုတ်သလော။ (ဟုတ်သည်။) တစ်စုံတစ်ယောက်က သင်၏ အားနည်းချက်များကို ဆက်တိုက်ဖော်နေလျှင် သင် မည်သို့လုပ်ဆောင်သင့်သနည်း။ သင်က “မင်း ငါ့အကြောင်းဖော်ရင် ငါလည်း မင်းအကြောင်းဖော်မှာပဲ” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသို့ တစ်ယောက်နှင့် တစ်ယောက် ပစ်မှတ်ထားခြင်းမှာ ကောင်းမွန်သလော။ ဤသည်မှာ လူတို့ ကျင့်ကြံပြုမူသင့်သည့်၊ သူတစ်ပါးတို့ကို ဆက်ဆံသင့်သည့် နည်းလမ်းဖြစ်သလော။ (မဟုတ်ပါ။) အယူဝါဒနှင့် သက်ဆိုင်သောအရာတစ်ခုအနေဖြင့် ဤသို့ မလုပ်ဆောင်သင့်သည်ကို လူတို့ သိကောင်းသိနိုင်သော်လည်း လူများစွာတို့သည် ဤသို့သော ဆွဲဆောင်မှုနှင့် ထောင်ချောက်များကို မကျော်လွှားနိုင်သေးပေ။ သင်က သင်၏ အားနည်းချက်များကို တစ်စုံတစ်ယောက်က ဖော်ခြင်း၊ သို့မဟုတ် သင့်အား ပစ်မှတ်ထားခြင်း၊ သို့မဟုတ် သင်၏ နောက်ကွယ်တွင် သင့်အား ဝေဖန်အပြစ်တင်ခြင်းကို မကြားရသေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် တစ်စုံတစ်ယောက်က ဤသို့သောအရာများကို ပြောသည်ကို သင် အမှန်တကယ် ကြားသောအခါတွင် သင် သည်းခံနိုင်မည်မဟုတ်။ သင်၏ နှလုံးခုန်နှုန်းက မြန်လာပြီး သင်၏ တဇောက်ကန်းဖြစ်မှုက ထွက်ပေါ်လာမည်။ သင်က “မင်းက ငါ့အကြောင်းကို ဖော်ရဲတယ်ပေါ့။ ဟုတ်လား။ မင်းက ငါ့အပေါ် မကောင်းရင် ငါလည်း မင်းကို မတရားလုပ်မှာပဲ။ ငါ့အားနည်းချက်တွေကို မင်းဖော်ရင် ငါက မင်းရဲ့ အနာတွေကို ဆားနဲ့မပက်ဘူးလို့ မထင်နဲ့” ဟု ပြောလိမ့်မည်။ အခြားလူများက “‘သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်’ ဆိုတဲ့ ဆိုရိုးစကားရှိတယ်။ ဒီတော့ မင်းအားနည်းချက်တွေကို ငါ မဖော်ဘူး။ ဒါပေမဲ့ မင်းကို ကိုင်တွယ်ဖို့ တခြားနည်းလမ်းတွေကို ရှာမယ်။ ပြီးရင် မင်းကို သိမ်ငယ်ရအောင်လုပ်မယ်။ ဘယ်သူက မာတယ်ဆိုတာ ကြည့်ရသေးတာပေါ့” ဟု ပြောသည်။ ဤနည်းလမ်းများက ကောင်းသလော၊ မကောင်းသလော။ (မကောင်းပါ။) အားလုံးနီးပါးက ၎င်းတို့အကြောင်းကို တစ်စုံတစ်ယောက်က ဖော်သည်ကိုသော်လည်းကောင်း၊ ဝေဖန်အပြစ်တင်သည်ကိုသော်လည်းကောင်း၊ ၎င်းတို့နောက်ကွယ်တွင် မကောင်းသောအရာတစ်ခုခုကို ပြောဆိုခဲ့သည်ကိုသော်လည်းကောင်း သိရလျှင် ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ ဒေါသထွက်ခြင်းဖြစ်လိမ့်မည်။ ၎င်းတို့သည် ဒေါသဖြင့် ပြည့်နှက်နေလိမ့်မည်။ စားနိုင်၊ သောက်နိုင်မည်မဟုတ်။ အိပ်ပျော်နိုင်ခဲ့လျှင်ပင် ၎င်းတို့၏ အိပ်မက်ထဲတွင် ကျိန်ဆဲနေလိမ့်မည်။ ၎င်းတို့၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းက ဘောင်မရှိပေ။ ဤသည်မှာ အလွန်ပင် အသေးအဖွဲကိစ္စတစ်ခု ဖြစ်သည့်တိုင် ယင်းကို ပြီးပြီး‌ပျောက်ပျောက် သဘောမထားနိုင်ပေ။ ဤသည်မှာ စိတ်မြန်လက်မြန် ဖြစ်ခြင်းကြောင့် လူတို့အပေါ် သက်ရောက်မှုတစ်ခု၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ထွက်ပေါ်လာသော မကောင်းသောရလဒ်များဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုသည် လူတစ်ယောက်၏ ဘဝဖြစ်လာသောအခါ ယင်းသည် အဓိကအားဖြင့် မည်သည့်နေရာတွင် ပြသသနည်း။ ထိုသူက သူသဘောမတူနိုင်သောအရာတစ်ခုကို ကြုံတွေ့သောအခါ ထိုအရာသည် သူ၏ ခံစားချက်ကို ထိခိုက်ပြီး ထို့နောက်တွင် သူ၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းက ပေါက်ကွဲထွက်လာကြောင်းကို ပြသသည်။ ဤသို့ ဖြစ်သောအခါ အကျိုးဆက်အနေဖြင့် ထိုသူသည် သူ၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းအတွင်းတွင် အသက်ရှင်ပြီး အမှုကိစ္စကို သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် မှတ်ယူလိမ့်မည်။ စာတန်၏ အတွေးအခေါ်ဆိုင်ရာ အမြင်များသည် သူ၏ စိတ်နှလုံးတွင် ဖြစ်ပေါ်လာမည်။ ပြီးလျှင် သူသည် လက်စားချေရန်အတွက် သူ အသုံးပြုမည့် နည်းလမ်းပုံစံတို့ကို စတင် စဉ်းစားလိမ့်မည်။ ဤသို့အားဖြင့် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ချပြလိမ့်မည်။ ဤသို့သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် လူတို့၏ အယူအဆများ၊ အမြင်များ၊ ၎င်းတို့ အကြံထုတ်လိုက်သော နည်းလမ်းပုံစံများအပြင် ၎င်းတို့၏ ခံစားချက်များနှင့် စိတ်မြန်လက်မြန်ဖြစ်ခြင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထံမှ လာခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ဤဖြစ်ရပ်တွင် ဖြစ်ပေါ်လာသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှာ အဘယ်နည်း။ ပထမတစ်ခုမှာ သေချာပေါက်ပင် မလိုမုန်းထားခြင်းဖြစ်သည်။ ပြီးလျှင် မာနထောင်လွှားခြင်း၊ လှည့်စားခြင်း၊ ဆိုးယုတ်ခြင်း၊ ခေါင်းမာခြင်း၊ သမ္မာတရားကို မနှစ်သက်ခြင်း၊ သမ္မာတရားကို မုန်းတီးခြင်းတို့ ဖြစ်ပေါ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲတွင် မာနထောင်လွှားခြင်းသည် လွှမ်းမိုးမှု အနည်းဆုံး ဖြစ်နိုင်သည်။ ဤသို့ဆိုလျှင် လူတစ်ယောက်၏ ခံစားချက်များ၊ အတွေးများကို အုပ်စိုးပြီး အဆုံးတွင် ဤကိစ္စကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်ကို ဆုံးဖြတ်ပေးနိုင်ဆုံးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှာ အဘယ်နည်း။ ၎င်းတို့မှာ မလိုမုန်းထားခြင်း၊ ခေါင်းမာခြင်း၊ သမ္မာတရားကို မနှစ်သက်ခြင်း၊ သမ္မာတရားကို မုန်းတီးခြင်းဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူတစ်ယောက်အား မြဲမြံစွာ ဆုပ်ကိုင်လျက် ချည်နှောင်လေသည်။ ပြီးလျှင် ထိုသူသည် စာတန်၏ ပိုက်ကွန်အတွင်းတွင် ရှင်သန်နေသည်မှာ သိသာသည်။ စာတန်၏ ပိုက်ကွန်က မည်သို့ ဖြစ်ပေါ်သနည်း။ ယင်းကို ဖြစ်ပေါ်စေသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မဟုတ်သလော။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင့်အတွက် ဆိုးယုတ်သော ပိုက်ကွန်မျိုးစုံကို ရက်လုပ်ပြီးဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က သင့်အား ဝေဖန်အပြစ်တင်ခြင်း၊ ဆဲဆိုခြင်း၊ သို့မဟုတ် သင်၏ အားနည်းချက်များကို သင့်နောက်ကွယ်တွင် ဖော်ခြင်းကဲ့သို့သောအရာတစ်ခုခုကို လုပ်ဆောင်သည်ကို သင် ကြားသောအခါ သင်သည် ဆိုးယုတ်သော အတွေးအခေါ်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်၏ ဘဝဖြစ်စေပြီး သင်၏ အတွေးများ၊ သင်၏ အမြင်များ၊ သင်၏ ခံစားချက်များကို အုပ်စိုးစေသည်။ ဤသို့အားဖြင့် အစဉ်လိုက် လုပ်ရပ်များကို ဖြစ်ပေါ်လာစေသည်။ ဤဖောက်ပြန်ပျက်စီးသော လုပ်ရပ်များသည် အဓိကအားဖြင့် သင်၏ ဆိုးယုတ်သော သဘာဝနှင့် စိတ်သဘောထားအား ထားရှိခြင်း၏ ရလဒ်ဖြစ်သည်။ သင်၏ အခြေအနေများက မည်သို့ရှိနိုင်သည်ဖြစ်စေ သင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်း၊ အုပ်စိုးခြင်းကို ခံရသရွေ့ သင် အသက်ရှင်နေထိုင်သမျှ၊ သင် ထုတ်ဖော်သမျှ၊ သင် ပြသသမျှအရာအားလုံးသည်၊ သို့မဟုတ် သင်၏ ခံစားချက်၊ သင်၏ အတွေးအမြင်၊ အမှုအရာများကို လုပ်ဆောင်ရာတွင် သင်၏ နည်းလမ်းပုံစံများအားလုံးသည် ဆိုးယုတ်လေသည်။ ဤအရာအားလုံးသည် သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် ရန်လိုသည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားတို့မှ ဝေးကွာလေလေ၊ စာတန်၏ ပိုက်ကွန်၏ ထိန်းချုပ်ခြင်း၊ ဖမ်းမိခြင်းကို ခံရလေလေဖြစ်သည်။ ထိုအစား သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အချုပ်အနှောင်များနှင့် ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်လျှင်၊ ယင်းတို့ကို စွန့်ပစ်ပြီး ဘုရားသခင်ရှေ့သို့ လာနိုင်လျှင်၊ ဘုရားနှုတ်ကပတ်တော်က သင့်အား ပြောသည့် နည်းလမ်းများ၊ စည်းမျဉ်းများဖြင့် လုပ်ဆောင်ပြီး ပြဿနာများကို ဖြေရှင်းနိုင်လျှင် သင်သည် စာတန်၏ ပိုက်ကွန်မှ တဖြည်းဖြည်းချင်း ရုန်းထွက်နိုင်မည်။ ရုန်းထွက်ပြီးနောက်တွင် သင် အသက်ရှင်နေထိုင်သည့်အရာသည် ယခင်ကကဲ့သို့ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ထိန်းချုပ်ခြင်းကို ခံရသော ဆိုးယုတ်သောသူ၏ ပုံသဏ္ဌာန်အတိုင်း ရှိမည်မဟုတ်တော့ဘဲ ဘုရားနှုတ်ကပတ်တော်ကို မိမိ၏ အသက်အဖြစ် မှတ်ယူသော လူသစ်တစ်ယောက် ဖြစ်သွားသည်။ သင်၏ ရှင်သန်နေထိုင်သည့်နည်းလမ်းအားလုံး ပြောင်းလဲသွားသည်။ သို့သော် သင်သည် ဆိုးယုတ်သော စိတ်သဘောထားက ဖြစ်ပေါ်စေသည့် ခံစားချက်များ၊ အတွေးအမြင်များ၊ လက်တွေ့လုပ်ဆောင်မှုများကို အလျှော့ပေးလိုက်လျှင် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်”၊ “လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ”၊ “လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်အစစ်ဖြစ်ခြင်းက ပို၍ကောင်းသည်”၊ “လက်စားချေရန် အားမထုတ်သူသည် လူမဟုတ်” ဆိုသည်တို့ ကဲ့သို့သော ဆိုးယုတ်သော အတွေးအခေါ်များနှင့် အမျိုးမျိုးသော နည်းလမ်း တစ်သီတစ်တန်းကြီးကို သင် လိုက်နာလိမ့်မည်။ ဤအရာတို့သည် သင်၏ စိတ်နှလုံးတွင်ရှိပြီး သင်၏ လုပ်ရပ်များကို အဆုံးအဖြတ်ပေးလိမ့်မည်။ သင်သည် ဤဆိုးယုတ်သော အတွေးအခေါ်များကို သင်၏ လုပ်ရပ်များအတွက် အခြေပြုချက်အဖြစ် မှတ်ယူလျှင် သင့်လုပ်ရပ်များ၏ လက္ခဏာက ပြောင်းလဲသွားလိမ့်မည်။ သင်သည် မကောင်းမှုများကို လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို အာခံလိမ့်မည်။ သင်သည် ဤအပျက်သဘောဆောင်သော အတွေးများနှင့် အမြင်ရှုထောင့်များကို သင်၏ လုပ်ရပ်များအတွက် အခြေပြုချက်အဖြစ် မှတ်ယူလျှင် သင်သည် ဘုရားသခင်၏ သွန်သင်မှုများ၊ နှုတ်ကပတ်တော်များမှ သွေဖည်ပြီးဖြစ််ကြောင်း၊ စာတန်၏ ပိုက်ကွန်ထဲသို့ သက်ဆင်းခဲ့ပြီး သင့်ကိုယ်သင် မကယ်ထုတ်နိုင်ကြောင်းမှာ သိသာသည်။ သင်တို့သည် သင်တို့၏ နေ့စဉ်အသက်တာများကို ဆိုးယုတ်သော စိတ်သဘောထားများကြားတွင် လက်တွေ့အသက်ရှင်သည်။ စာတန်၏ ပိုက်ကွန်ထဲတွင် ရှင်သန်သည်။ လူတို့၏ စိတ်ဆင်းရဲခြင်း အရင်းအမြစ်မှာ ၎င်းတို့သည် ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများအားဖြင့် ထိန်းချုပ်ခံရသည်မှာ မိမိတို့ကိုယ်ကို မကယ်ထုတ်နိုင်သည်အထိ ဖြစ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အပြစ်တရားထဲတွင် အသက်ရှင်ပြီး မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဒုက္ခခံရသည်။ သင်သည် သင်၏ ပြိုင်ဘက်ကို အနိုင်ရခဲ့လျှင်ပင် စိတ်ဆင်းရဲမှုကို ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် သင်ရင်ဆိုင်ရမည့် နောက်ထပ်ရန်သူသည် မည်သူဖြစ်မည်ကို သင်မသိသကဲ့သို့ ယခင်ကအတိုင်း အနိုင်ရနိုင်မည်ဟုတ်မဟုတ်ကို မသိသောကြောင့်ဖြစ်သည်။ သင်သည် ကြောက်ရွံ့ပြီး စိတ်ဆင်းရဲရသည်။ ရှုံးနိမ့်သောသူက အဘယ်သို့နည်း။ သူသည်လည်း ထို့အတူ စိတ်ဆင်းရဲရသည်မှာ မှန်ပေသည်။ ထိုသူသည် အနိုင်ကျင့်ခံရပြီးနောက်တွင် ဘဝတွင် ဂုဏ်သိက္ခာ၊ သို့မဟုတ် တည်ကြည်မှု မရှိဟု ခံစားရသည်။ အနိုင်ကျင့်ခံရခြင်းသည် ခံယူရန် ခက်ခဲသည်။ ထို့ကြောင့် သူ့ပြိုင်ဘက်သည် ၎င်း၏လုပ်ရပ်နှင့်ပတ်သက်သည့် အကျိုးဆက်များကို နားလည်သဘောပေါက်စေရန် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းဆိုသည့်အတိုင်း တိုက်ခိုက်ဖို့၊ လက်တုံ့ပြန်ရန် အခွင့်အရေးကိုရှာဖို့ သင့်တော်သော အချိန်အခိုက်အတန့်ကို အဆက်မပြတ် စောင့်ဆိုင်းနေသည်။ ဤသို့သော စိတ်နေစိတ်ထားသည်လည်း စိတ်ဆင်းရဲရသည်။ အတိုချုပ်အားဖြင့် ဆိုရလျှင် လက်တုံ့ပြန်သောသူနှင့် လက်တုံ့ပြန်ခြင်း ခံရသောသူတို့ နှစ်ဦးစလုံးသည် စာတန်၏ ပိုက်ကွန်ထဲတွင် နေနေပြီး အဆက်မပြတ် မကောင်းမှုလုပ်ဆောင်နေကြသည်။ ၎င်းတို့၏ မရေရာသော အခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းများကို အဆက်မပြတ်ရှာနေကြသည်။ ဤသို့ လုပ်ဆောင်နေရင်းဖြင့် ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်း၊ လုံခြုံစိတ်ချရခြင်းကို အလိုရှိကြသည်။ တစ်ဖက်တွင် လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို ခံရပြီး စာတန်၏ ပိုက်ကွန်ထဲတွင် အသက်ရှင်နေကြသည်။ ၎င်းတို့အနီးတဝိုက်တွင် ဖြစ်ပျက်နေသော ပြဿနာများကို ဖြေရှင်းရန် စာတန်က ၎င်းတို့ကို ပေးထားသော အမျိုးမျိုးသော နည်းလမ်းများ၊ အတွေးများ၊ အမြင်ရှုထောင့်များကို ခံယူကြသည်။ တစ်ဖက်တွင်လည်း လူတို့သည် ဘုရားသခင်ထံမှ ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းကို ရယူရန် မျှော်လင့်ဆဲဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်းကို အစဉ်ခံရပြီး စာတန်၏ ပိုက်ကွန်ထဲတွင် ပိတ်မိနေသောကြောင့်၊ သတိရှိစွာဖြင့် ယင်းကို စွန့်ပစ်ရန်၊ ယင်းမှ လွတ်မြောက်ရန် မတတ်နိုင်သောကြောင့်၊ ပြီးလျှင် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရား စည်းမျဉ်းများမှ ဝေးကွာလာကြသောကြောင့် လူတို့သည် ဘုရားသခင်ထံမှလာသော သက်သာခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းတို့ကို မည်သည့်အခါမျှ မရယူနိုင်ကြပေ။ အဆုံးတွင် လူတို့သည် မည်သို့သော အခြေအနေတွင် အသက်ရှင်ကြသနည်း။ ၎င်းတို့သည် အလိုရှိသော်လည်း သမ္မာတရားအား လိုက်စားခြင်း အလုပ်ကို မလုပ်ဆောင်နိုင်ကြပေ။ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို မှန်မှန်ကန်ကန် ထမ်းဆောင်လိုသော်လည်း ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီအောင် မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် ၎င်းတို့ရှိနေသည့်နေရာတွင်ပင် ပိတ်မိနေကြသည်။ ဤသည်မှာ ပြင်းစွာနာကျင်ခံစားရသော ဆင်းရဲမှုဖြစ်သည်။ လူတို့သည် ဆန္ဒမရှိသော်လည်း စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင် အသက်ရှင်နေကြသည်။ ၎င်းတို့သည် လူဆိုသည်ထက် မိစ္ဆာကောင်များနှင့် ပို၍တူသည်။ မှောင်မိုက်သော ထောင့်တစ်နေရာတို့တွင် မကြာခဏ ရှင်သန်နေကြပြီး ၎င်းတို့ရင်ဆိုင်ရသည့် အခက်အခဲများစွာကို ဖြေရှင်းရန် ရှက်ဖွယ်ကောင်းသော၊ ဆိုးယုတ်သော နည်းလမ်းများကို ရှာကြသည်။ အမှန်မှာ လူတို့သည် ၎င်းတို့၏ စိတ်ဝိညာဉ်အတွင်းထဲတွင် ကောင်းမွန်လိုစိတ်ရှိပြီး အလင်းကို ရရှိရန် မျှော်လင့်လိုကြသည်။ ဂုဏ်သိက္ခာရှိသော လူသားများအဖြစ် အသက်ရှင်ဖို့ မျှော်လင့်ကြသည်။ ၎င်းတို့သည် အသက်ရှင်ဖို့အတွက် သမ္မာတရားကို လိုက်စားနိုင်ပြီး ဘုရားနှုတ်ကပတ်တော်အား အမှီပြုရန်နှင့် ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့၏ အသက်နှင့် လက်တွေ့အရှိတရားဖြစ်စေရန်တို့အတွက်လည်း မျှော်လင့်ကြသည်။ သို့သော် မည်သည့်အခါမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ အယူဝါဒများစွာကို ၎င်းတို့ နားလည်သော်လည်း ၎င်းတို့၏ ပြဿနာများကို မဖြေရှင်းနိုင်ကြပေ။ လူတို့သည် ဤအကျပ်အတည်းတွင် ရှေ့တိုးနောက်ငင် ဖြစ်နေကြပြီး အရှေ့သို့ မသွားနိုင်ဘဲ အနောက်သို့လည်း မပြန်လိုကြပေ။ ၎င်းတို့သည် ၎င်းတို့ရှိသည့်နေရာတွင် ပိတ်မိနေကြသည်။ “ပိတ်မိ”သည့် ခံစားချက်သည် သောကဝေဒနာတစ်ခု၊ ကြီးမားသော သောကဝေဒနာတစ်ခုဖြစ်သည်။ လူတို့သည် အလင်းကို ရရှိရန် ပြင်းပြသော ဆန္ဒရှိကြပြီး ဘုရားနှုတ်ကပတ်တော်နှင့် လမ်းမှန်ကို မစွန့်ခွာလိုကြပေ။ သို့ရာတွင် ၎င်းတို့သည် သမ္မာတရားကို လက်မခံကြပေ။ ဘုရားနှုတ်ကပတ်တော်ကိုလည်း လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ ပြီးလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထား၏ ချည်နှောင်မှုနှင့် ထိန်းချုပ်မှုကို မဖယ်ရှားနိုင်ဘဲ ရှိနေကြသည်။ အဆုံးတွင် ၎င်းတို့သည် မည်သည့် အမှန်တကယ် ပျော်ရွှင်မှုမျှမရှိဘဲ သောကဝေဒနာအတွင်း၌သာ နေထိုင်၍ ရကြသည်။ အမှုအရာများက ဤသို့ ဖြစ်နေသည်မဟုတ်လော။ (ဟုတ်သည်။) မည်သည့်ဖြစ်ရပ်မဆိုတွင် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားကို ရရှိလိုလျှင် ၎င်းတို့၏ အယူအဆများ၊ အမြင်များအပေါ်၊ ၎င်းတို့၏ သမ္မာတရားကို လိုက်စားခြင်းအပေါ်တွင် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သည့် ဤဆိုရိုးစကားများက ရှိသော လွှမ်းမိုးမှုကို ပပျောက်စေရန် ဘုရားနှုတ်ကပတ်တော်ကို တစ်ကြိမ် ဖြည်းဖြည်းချင်း ကြုံတွေ့ပြီး သေးငယ်သော အကြောင်းအရာများဖြင့် စတင်ရမည်။ ဤသည်မှာ အဓိကအချက်ဖြစ်သည်။ ဤပြဿနာများကို ဖြေရှင်းရမည်။

လူတို့သည် ၎င်းတို့၏ စိတ်သဘောထားကို ပြောင်းလဲပြီး ကယ်တင်ခြင်းကို ရယူလိုလျှင် စိတ်ဓာတ်ခိုင်မာမှုရှိရမည်သာမက မဆုတ်မနစ်သော စိတ်နေစိတ်ထားလည်းရှိရမည်။ ၎င်းတို့၏ ကျရှုံးမှုများမှ အတွေ့အကြုံယူရမည်ဖြစ်ပြီး ၎င်းတို့၏ အတွေ့အကြုံမှတစ်ဆင့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကို ရယူရမည်။ ကျရှုံးသောအခါတွင် အပျက်သဘောဆောင်ပြီး စိတ်ဓာတ်မကျနှင့်။ လက်လျှော့ခြင်းကို သေချာပေါက် မပြုလုပ်နှင့်။ သို့သော် အကျိုးအမြတ် အသင့်အတင့်ရသောအခါ မိမိဘာသာ အားရကျေနပ်ခြင်းလည်း မဖြစ်သင့်ပေ။ လုပ်ဆောင်ရာတွင် သင်သည် ကျရှုံးသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ သင်သည် အနာဂတ်ကာလတွင် ကယ်တင်ခြင်းမခံရနိုင်ဖြစ်မည်ဟု အဆုံးအဖြတ်မပေးပေ။ ဘုရားသခင်၏ အလိုတော်ကို သင် နားလည်ရမည်။ ပြန်၍ ထရပ်ပြီး ဘုရားနှုတ်ကပတ်တော်ကို လိုက်နာရမည်။ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သော စိတ်သဘောထားများကို ဆက်လက်၍ တွန်းလှန်တိုက်ခိုက်ရမည်။ စာတန်ဆီမှလာသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်ပတ်သက်သည့် အမျိုးမျိုးသော သတ်မှတ်ချက်များနှင့် ဆိုရိုးစကားများသည် လူတို့၏ သမ္မာတရားလိုက်စားခြင်းအား ဖြစ်စေသည့် ထိခိုက်မှုနှင့် အဟန့်အတားကို ရှင်းလင်းစွာ မြင်ခြင်းအားဖြင့် စတင်ရမည်။ ဤသည်မှာ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဤဆိုရိုးစကားများသည် လူတို့၏ စိတ်များကို အဆက်မပြတ် ချည်နှောင်၊ ကန့်သတ်ခြင်းဖြစ်ပြီး တစ်ချိန်တည်းတွင် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အားပေးနေခြင်းလည်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်အား လူတို့ လက်ခံခြင်းကို အမျိုးမျိုးသော အဆင့်များအထိ နိမ့်ကျအောင် ပြုလုပ်ကာ သမ္မာတရားကို လူတို့ သံသယဝင်ပြီး အတိုက်အခံပြုရန်လည်း လုပ်ဆောင်သည်မှာ မှန်သည်။ ဤသို့သော ဆိုရိုးစကားတစ်ခုမှာ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဟူ၍ ဖြစ်သည်။ ဤရှင်သန်ရေး အတွေးအခေါ်သည် လူတို့၏ ငယ်ရွယ်သော စိတ်ဝိညာဉ်များတွင် အမြစ်တွယ်နေသည်၊ ပြီးလျှင် အခြားလူများအပေါ် ၎င်းတို့၏ သဘောထားမှုနှင့် ၎င်းတို့အနီးတွင် ဖြစ်ပေါ်သည့်အရာကို ကိုင်တွယ်သည့် ၎င်းတို့၏ ပုံစံများတွင် ဤသို့သော အယူအဆနှင့် အမြင်များက မသိမသာ လွှမ်းမိုးနေခြင်းကို ခံရသည်။ ဤအယူအဆများနှင့် အမြင်များသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ ဆိုးယုတ်သော၊ လှည့်စားသော၊ မလိုမုန်းထားသော စိတ်သဘောထားများကို မသိမသာဖြင့် ဖုံးဖိဖာထေးပြီး ဖုံးကွယ်ထားသည်။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပြဿနာကို မဖြေရှင်းနိုင်ရုံမကဘဲ လူတို့ကို ပို၍ ကောက်ကျစ်ပြီး လှည့်စားစေကာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပို၍ ဆိုးဝါးစေသည်။ အချုပ်အားဖြင့် ရိုးရာယဉ်ကျေးမှုရှိ ရှင်သန်ရေးအတွက် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှု၊ အတွေးအခေါ်များနှင့် သက်ဆိုင်သော ဤဆိုရိုးစကားများသည် လူတို့၏ အတွေးအမြင်များကို လွှမ်းမိုးရုံမကဘဲ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ်သို့လည်း အလွန်အမင်း သက်ရောက်မှုရှိသည်။ ထို့ကြောင့် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသကဲ့သို့သော ရိုးရာယဉ်ကျေးမှု၏ အယူအဆများနှင့် အမြင်များက လူတို့အပေါ် သက်ရောက်စေသည့် လွှမ်းမိုးမှုကို နားလည်ဖို့ လိုအပ်သည်။ လျစ်လျူမရှုရပေ။

လူတို့ကြား၌ အငြင်းပွားမှုများ ဖြစ်ပေါ်သောအခါ ရိုးရာယဉ်ကျေးမှု၏ ဆိုရိုးစကားများနှင့် အမြင်များ၏ နည်းလမ်းဖြင့် ၎င်းတို့ကို ချဉ်းကပ်ရမည်လော၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ချဉ်းကပ်ရမည်လော၊ ပြဿနာများကို ဖြေရှင်းနိုင်သည်မှာ ရိုးရာယဉ်ကျေးမှု၏ အမြင်များဖြစ်သလော၊ လူ၏ ပြဿနာများကို ဖြေရှင်းနိုင်သည်မှာ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားဖြစ်သလော ဆိုသည်ကို ယခုလေးတွင်ပင် ငါတို့ အဓိက မိတ်သဟာယပြုခဲ့ကြသည်။ လူတို့သည် ဤအရာများကို ရှင်းလင်းစွာ မြင်ပြီးသောအခါတွင် မှန်ကန်သော ရွေးချယ်မှုများကို ပြုလုပ်ကြလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားနှင့်အညီ အခြားလူများနှင့် အငြင်းပွားမှုများကို ဖြေရှင်းရန် ပို၍ လွယ်ကူလိမ့်မည်။ ဤသို့သော ပြဿနာများ ပြေလည်သွားသောအခါ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဆိုရိုးစကား၏ လွှမ်းမိုးမှု၊ ချုပ်နှောင်မှုကို ခံရသည့် လူတို့၏ အတွေးပြဿနာအားလုံးသည်လည်း အခြေခံအားဖြင့် ပြေလည်သွားလိမ့်မည်။ အနည်းဆုံးအနေဖြင့် လူတို့၏ အပြုအမူများသည် ဤသို့သောအယူအဆများ၊ အမြင်များ၏ သက်ရောက်ခြင်းကို ခံရမည်မဟုတ်ပေ။ ၎င်းတို့သည် စာတန်၏ လှည့်စားခြင်းပိုက်ကွန်မှ ရုန်းထွက်နိုင်မည်။ ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် သမ္မာတရားကို ရရှိနိုင်မည်။ လူတို့နှင့် အပြန်အလှန်ဆက်ဆံခြင်းအတွက် သမ္မာတရားစည်းမျဉ်းများကို ရှာတွေ့နိုင်မည်။ ဘုရားနှုတ်ကပတ်တော်အား ၎င်းတို့၏ အသက်တာဖြစ်စေနိုင်မည်။ ရိုးရာယဉ်ကျေးမှု၏ မှားယွင်းသော အမြင်များနှင့် ဆိုးယုတ်သော အတွေးအခေါ်များ၏ အချုပ်အနှောင်များနှင့် ဖိနှိပ်ချုပ်ချယ်မှုများကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ စိစစ်ခြင်း၊ ပိုင်းခြားသိမြင်ခြင်းသက်သက်ဖြင့် သမ္မာတရားကို နားလည်စေနိုင်ပြီး ပိုင်းခြားသိမြင်မှု ဖြစ်ပေါ်စေနိုင်သည်။ စာတန်၏ စွမ်းအားကို ဖယ်ရှားပြီး အပြစ်၏ ချည်နှောင်မှုမှ လွတ်မြောက်စေသည်။ ဤနည်းအားဖြင့် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားသည် သင်၏ အသက်တာဖြစ်လာပြီး အနှစ်သာရက ဆိုးယုတ်သော အတွေးအခေါ်များနှင့် စိတ်သဘောထားများဖြစ်သော သင်၏ ယခင်အသက်တာကို အစားထိုးသည်။ ထို့နောက်တွင် သင်သည် ယခင်နှင့် မတူသောသူတစ်ယောက် ဖြစ်လာလိမ့်မည်။ ဤသူသည် သင်ဖြစ်နေဆဲဖြစ်သော်လည်း လွတ်မြောက်လာခဲ့သော လူသစ်တစ်ယောက်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို မိမိ၏ အသက်အဖြစ် မှတ်ယူသောသူဖြစ်သည်။ သင်တို့သည် ဤသို့သောသူဖြစ်လိုသလော။ (ဖြစ်လိုပါသည်။) ဤသို့သောသူဖြစ်ရခြင်းက ပို၍ကောင်းသည်။ အနည်းဆုံးအနေဖြင့် ပျော်ရွှင်ရလိမ့်မည်။ သင်သည် ရှေးဦးစွာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ အခက်အခဲများ၊ အတားအဆီးများ၊ နာကျင်မှုများ ရှိလိမ့်မည်။ သို့သော် သင်သည် ဘုရားနှုတ်ကပတ်တော်တွင် အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ပြီးသည်အထိ သင်၏ အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လျှင် နာကျင်မှုက ရပ်တန့်သွားမည်။ ပြီးလျှင် သင်၏ အသက်တာ ရှေ့ဆက်သည်နှင့်အမျှ သင်သည် ပို၍ ပျော်ရွှင်လာပြီး ပို၍ ငြိမ်းအေးလိမ့်မည်။ အဘယ်ကြောင့် ငါ ဤသို့ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် သင့်အတွင်းတွင်ရှိသော ထိုအပျက်သဘောဆောင်သောအရာများ၏ လွှမ်းမိုးမှုနှင့် ထိန်းချုပ်မှုသည် တဖြည်းဖြည်းချင်း လျော့ကျသွားမည်။ လျော့ကျသွားသည်နှင့်အမျှ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားသည် သင့်အတွင်းသို့ ပို၍ ဝင်ရောက်လိမ့်မည်။ ပြီးလျှင် သင်၏ စိတ်နှလုံးအတွင်းရှိ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားများအပေါ် သဘောထားသည် ပို၍ လေးနက်လာလိမ့်မည်။ သမ္မာတရားကို ရှာဖွေရာတွင် သင်၏ နားလည်သဘောပေါက်မှုသည် ပို၍ အားကောင်းလာပြီး ပို၍ စိတ်ထက်သန်လာမည်။ ပြီးလျှင် သင့်အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ သင်၏ စိတ်အတွင်းရှိ လမ်းကြောင်း၊ လက်တွေ့လုပ်ဆောင်မှု၏ ဦးတည်ချက်နှင့် ပန်းတိုင်တို့သည် ပိုပို၍ ရှင်းလင်းလာမည်။ ပြီးလျှင် သင်သည် စိတ်အတွင်းတွင် တွန်းလှန်တိုက်ခိုက်သောအခါ အပြုသဘောဆောင်သောအရာများသည် အစဉ်ပို၍ အသာစီးရလိမ့်မည်။ ဤသို့ဆိုလျှင် သင့်အသက်တာ၏ ပျော်ရွှင်မှုသည် တိုးပွားလာမည်မဟုတ်လော။ ဤသို့ဆိုလျှင် ဘုရားသခင်ထံမှ သင်လက်ခံရရှိသော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းသည် တိုးပွားလာမည်မဟုတ်လော။ (တိုးပွားလာမည်။) အခြားသော အပျက်သဘောဆောင်သော ခံစားချက်များတွင် သင့်အား ဒုက္ခရောက်စေသော၊ ဝေဒနာပြင်းပြမှုကို ဖော်ဆောင်သော၊ စိတ်ဓာတ်ကျစေသော၊ စိတ်မကျေမနပ်ဖြစ်စေသောအရာများ သင်၏ အသက်တာတွင် နည်းသွားလိမ့်မည်။ ဤအရာများအစား ဘုရားနှုတ်ကပတ်တော်က သင်၏ အသက်တာဖြစ်လာပြီး သင်အား မျှော်လင့်ချက်၊ ပျော်ရွှင်မှု၊ ဝမ်းမြောက်မှု၊ လွတ်လပ်မှု၊ လွတ်မြောက်မှုနှင့် ဂုဏ်တို့ကို ယူဆောင်ပေးလိမ့်မည်။ ဤအပြုသဘောဆောင်သောအရာများ တိုးပွားလာသောအခါ လူတို့သည် အလုံးစုံ ပြောင်းလဲသွားလိမ့်မည်။ ထိုသို့သော အချိန်ရောက်သောအခါ သင်မည်သို့ ခံစားရသည်ကို စစ်ဆေးပြီး ယခင်ကအရာများနှင့် နှိုင်းယှဉ်ကြည့်လော့။ ဤအရာတို့သည် ယခင်က သင်၏ ဘဝနေနည်းဖြင့် လုံးဝ ကွဲပြားသည်မဟုတ်လော။ စာတန်၏ ပိုက်ကွန်နှင့် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ စာတန်၏ အတွေးအမြင်များအပြင် လူများနှင့် အမှုအရာများကို ရှုမြင်ဖို့အတွက်လည်းကောင်း၊ လိမ္မာရေးခြားရှိစွာ ကျင့်ကြံပြုမူဖို့အတွက်လည်းကောင်း စာတန်၏ အမျိုးမျိုးသော နည်းလမ်းများ၊ အမြင်များနှင့် အတွေးအခေါ်ဆိုင်ရာ သက်ဝင်ယုံကြည်မှုများကို ဖယ်ရှားပြီး ဖြစ်သည့်အခါမှသာ ဤအရာများကို အလုံးစုံ ဖယ်ရှားပြီးဖြစ်ကာ ဘုရားနှုတ်ကပတ်တော်နှင့်အညီ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး လူများ၊ အမှုအရာများကို ရှုမြင်နိုင်ခြင်း၊ အခြားလူများကို ဆက်ဆံပြီး ၎င်းတို့နှင့် အပြန်အလှန်ဆက်ဆံနိုင်ခြင်း၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ လူတို့ကို ဆက်ဆံရသည်မှာ မည်မျှ အမှန်တကယ်ကောင်းသည်ဆိုသည်ကို ဘုရားနှုတ်ကပတ်တော်တွင် ကြုံတွေ့နိုင်ခြင်း၊ ငြိမ်းအေးပြီး ဝမ်းမြောက်သည့် အသက်တာကို ရှင်သန်နိုင်ခြင်းတို့ရှိသောအခါမှသာ စစ်မှန်သော ပျော်ရွှင်မှုကို သင်သည် ထိုအချိန်တွင် ရရှိပြီးဖြစ်လိမ့်မည်။

ယနေ့တွင် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဆိုရိုးစကားကို ငါတို့ မိတ်သဟာယဖွဲ့ပြီး ပိုင်းခြားစိစစ်ခဲ့သည်။ ထိုစကားကိုယ်၌တွင်ရှိသော ပြဿနာများကို သင်တို့ နားလည်သလော။ (နားလည်သည်။) ဤသို့ဆိုလျှင် လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာ မည်သည့်အရာဖြစ်သည်ကိုလည်း သင်တို့ နားလည်သလော။ (နားလည်သည်။) နားလည်ပြီးနောက်တွင် သင်တို့သည် အဆုံးတွင် ကိုယ့်အတွက် မည်သို့ လက်တွေ့အကောင်အထည်ဖော်မည်နည်း။ သင်တို့အပေါ်တွင် တစ်စုံတစ်ခုဖြစ်ပျက်သောအခါ စိတ်လိုက်မာန်ပါမပြုလုပ်ခြင်း၊ သို့မဟုတ် ရိုးရာယဉ်ကျေးမှုတွင် အခြေပြုချက်ကို မရှာဖွေခြင်း၊ သို့မဟုတ် လူမှုဆိုင်ရာ ရေပန်းစားသောအရာများတွင် အခြေပြုချက် မရှာဖွေခြင်း၊ သို့မဟုတ် အများ၏ ထင်မြင်ချက်တွင် အခြေပြုချက် မရှာဖွေခြင်း၊ သို့မဟုတ် ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များတွင် အခြေပြုချက် မရှာဖွေခြင်းအားဖြင့် ဖြစ်သည်။ ထိုအစား ဘုရားနှုတ်ကပတ်တော်တွင် အခြေပြုချက်ရှာလော့။ သမ္မာတရားအပေါ် သင်၏ နားလည်မှုသည် မည်မျှလေးနက်သည်၊ သို့မဟုတ် အပေါ်ယံဆန်သည်မှာ အရေးမပါပေ။ ပြဿနာကို ဖြေရှင်းနိုင်ခြင်းက လုံလောက်သည်။ သင်တို့သည် ဆိုးယုတ်ပြီး အန္တရာယ်ရှိသော ကမ္ဘာတွင် နေထိုင်သည်ကို ရှင်းလင်းစွာမြင်ရမည်။ သင်တို့သည် သမ္မာတရားကို နားမလည်လျှင် လူ့အဖွဲ့အစည်း၏ ရေပန်းစားသောအရာများနောက်သို့သာလိုက်ပြီး ဆိုးယုတ်သည့် ဝဲဂယက်အတွင်းသို့ တွန်းပို့ခြင်းကိုသာ ခံရနိုင်သည်။ ဤသို့ဆိုလျှင် တစ်စုံတစ်ခုက သင့်အပေါ်သို့ ကျရောက်သောအခါ ယင်းသည် မည်သည့်အရာဖြစ်နိုင်သည်ဖြစ်စေ မည်သည့်အရာကို ဦးစွာလုပ်ဆောင်သင့်သနည်း။ ရှေးဦးစွာ စိတ်တည်ငြိမ်စွာထားပြီး ဘုရားရှေ့တွင် သင့်ကိုယ်သင် ငြိမ်သက်ခြင်းရှိစေရမည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရမည်။ ဤသို့ဖြင့် သင်သည် အတွေး၊ အမြင်ရှင်းလင်းနိုင်လိမ့်မည်။ စာတန်က ဤလူသားမျိုးနွယ်ကို ထင်ယောင်ထင်မှားဖြစ်စေပြီး ဖျက်ဆီးနေကြောင်း၊ ဘုရားသခင်သည် ဤလူသားမျိုးနွယ်အား စာတန်၏ စွမ်းအားမှ ကယ်တင်ရန် ကြွလာခဲ့ကြောင်းတို့ကို ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။ ဤသည်မှာ သင် သင်ယူသင့်သည့် အခြေခံအကျဆုံး သင်ခန်းစာဖြစ်သည်မှာ မှန်သည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေရမည်။ သင့်ကို လမ်းပြရန်၊ ဘုရားသခင်၏ ဆက်စပ်မှုရှိသော နှုတ်ကပတ်တော်များကို ဖတ်ဖို့အတွက် သင့်အား လမ်းပြရန်၊ ဆက်စပ်မှုရှိသော ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုကို ရရှိဖို့အတွက် သင့်အား လမ်းပြရန် ဘုရားသခင်အား တောင်းခံရမည်။ ဤသို့အားဖြင့် သင့်ရှေ့တွင် ဖြစ်ပျက်နေသောအရာ၏ အနှစ်သာရနှင့် ယင်းကို မည်သို့ ကြည့်ရှုသင့်ပြီး ကိုင်တွယ်ဖြေရှင်းသင့်သည်ကို သင် နားလည်ဖို့အတွက်ဖြစ်သည်။ ထို့နောက်တွင် ထိုအမှုအရာကို ရင်ဆိုင်ပြီး ကိုင်တွယ်ရန် ဘုရားသခင်က သင့်အား သွန်သင်ပြီး ပြောပြခဲ့သော နည်းလမ်းကို အသုံးပြုလော့။ သင်သည် ဘုရားသခင်အပေါ် အလုံးစုံ၊ အပြည့်အဝ အမှီပြုသင့်သည်။ ဘုရားသခင်အား အုပ်စိုးခွင့်ပြုလော့။ ဘုရားသခင်အား အရှင်သခင်ဖြစ်စေလော့။ သင် ငြိမ်သက်ခြင်းရှိပြီဆိုသည်နှင့် ဤသည်မှာ မည်သည့်နည်းပညာ၊ သို့မဟုတ် နည်းလမ်းကို အသုံးပြုရမည်ကို စဉ်းစားဖို့ သင်ကိုယ်တိုင်၏ စိတ်ကို အသုံးပြုရမည့် ကိစ္စမဟုတ်သကဲ့သို့ သင်၏ ကိုယ်ပိုင်အတွေ့အကြုံ၊ သို့မဟုတ် ဆိုးယုတ်သော အတွေးအခေါ်များ၊ လှည့်ကွက်များဖြင့် လုပ်ဆောင်ရမည့် ကိစ္စလည်းမဟုတ်ပေ။ ထိုထက် ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် ဘုရားနှုတ်ကပတ်တော်၏ လမ်းပြခြင်းကို စောင့်ဆိုင်းခြင်းနှင့် သက်ဆိုင်သည်။ သင်လုပ်ဆောင်ရမည့်အရာမှာ သင်၏ ကိုယ်ပိုင်စိတ်ဆန္ဒကို လက်လွှတ်ရမည်။ သင်၏ အတွေးအမြင်များကို ဘေးဖယ်ထားရမည်။ ဘုရားသခင်ရှေ့သို့ ကြောက်ရွံ့စွာ လာရမည်။ ဘုရားသခင်က သင့်အား ပြောသည့် စကားများနှင့် သမ္မာတရားများ၊ ဘုရားသခင်က သင့်အား ပြသသည့် သွန်သင်မှုများကို နားထောင်ရမည်။ ထို့နောက် သင်သည် ဘုရားသခင်က သင့်အား မည်သည့်အရာကို လုပ်ဆောင်စေလိုသည်နှင့် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သည်ကို အတိအကျ နားလည်ရန်အတွက် သင့်ကိုယ်သင် ငြိမ်သက်ခြင်းရှိစေရန် ပြုလုပ်ပြီး အသေးစိတ် ချင့်ချိန်စဉ်းစားကာ ဘုရားသခင်က သင့်အား သင်ကြားပေးခဲ့သည့် စကားများကို ထပ်ခါထပ်ခါ ဆုတောင်းသည့်ပုံစံဖြင့် ဖတ်ရှုရမည်။ ဘုရားသခင်က အမှန်တကယ်တွင် မည်သည့်အရာကို ဆိုလိုသည်၊ ဘုရားသခင်၏ သွန်သင်ချက်များက မည်သည့်အရာဖြစ်သည်ဆိုသည်ကို သင် ရှင်းလင်းစွာ နားလည်သဘောပေါက်နိုင်လျှင် သင်သည် ပတ်ဝန်းကျင်ကို ပြင်ဆင်ပေးပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှန်ကန်ကြောင်း အတည်ပြုရန် အခွင့်အလမ်းအား သင့်ကို ပေးသည့်အတွက် ဘုရားသခင်ကို ဦးစွာ ကျေးဇူးတင်သင့်သည်။ ထိုနှုတ်ကပတ်တော်များသည် သင်၏ စိတ်နှလုံးထဲတွင် သင်၏အသက်ဖြစ်လာဖို့အတွက်၊ သင် အသက်ရှင်နေထိုင်သည့်အရာက ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်းကို သက်သေခံနိုင်ဖို့အတွက် ယင်းတို့ကို လက်တွေ့အရှိတရားဖြစ်စေပြီး အသက်ရှင်နေထိုင်သင့်သည်။ ပင်ကိုအားဖြင့် ဤပြဿနာများကို သင်ကိုင်တွယ်သောအခါတွင် အတက်၊ အကျများရှိနိုင်သည်။ အခက်အခဲများ၊ ဆင်းရဲဒုက္ခများအပြင် တွန်းလှန်တိုက်ခိုက်မှုအချို့နှင့် လူအမျိုးမျိုးထံမှ အချို့သော စောဒကတက်ခြင်းများ၊ မှတ်ချက်များလည်း ရှိနိုင်သည်။ သို့သော် ဤသို့သောပြဿနာများနှင့်ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော်က အလွန်ရှင်းကြောင်း၊ သင်နားလည်ပြီး လိုက်နာသည့်အရာသည် ဘုရားသခင်၏ သွန်သင်မှုများဖြစ်ကြောင်းတို့ကို သင် သေချာသရွေ့ တွန့်ဆုတ်ခြင်းမရှိဘဲ ၎င်းတို့ကို လက်တွေ့လုပ်ဆောင်သင့်သည်။ သင်၏ ပတ်ဝန်းကျင်၊ သို့မဟုတ် မည်သည့်လူ၊ ဖြစ်ရပ်၊ သို့မဟုတ် အမှုအရာတို့အားဖြင့် နှောင့်နှေးခြင်း မဖြစ်သင့်ပေ။ သင်၏ ရပ်တည်မှုတွင် မြဲမြံစွာရှိနေသင့်သည်။ သမ္မာတရားစည်းမျဉ်းများကို လိုက်နာခြင်းသည် မာနထောင်လွှားခြင်း၊ သို့မဟုတ် မိမိကိုယ်ကို အမှန်ထင်ခြင်းမဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်ကို သင် နားလည်ပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူသည်နှင့်၊ လုံးဝ မပြောင်းလဲဘဲ စည်းမျဉ်းများကို လိုက်နာနိုင်သည်နှင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး လိုက်စားသည့်သူများ ပိုင်ဆိုင်သင့်သည့် သဘောထားနှင့် စိတ်ဓာတ်ခိုင်မာမှုမျိုးဖြစ်သည်။

“သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် စကားနှင့်ပတ်သက်သည့် ပြဿနာများကို ငါတို့ လုံလောက်စွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ဤသို့သော ပြဿနာများကို နားလည်ခြင်းတွင် သင်တို့၌ အခက်အခဲရှိသေးသလော။ ယနေ့ မိတ်သဟာယနှင့် စိစစ်ခြင်းမှတစ်ဆင့် ရိုးရာယဉ်ကျေးမှုရှိ ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သည့် ဤဆိုရိုးစကားအပေါ် အလုံးစုံသော နားလည်မှုအသစ်တစ်ခုကို သင်တို့ ရရှိပြီးဖြစ်သလော။ (ရရှိပါသည်။) သင်တို့တွင်ရှိသည့် ဤအလုံးစုံသော နားလည်မှုအသစ်ကို အခြေခံလျှင် ဤဆိုရိုးစကားကို သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာဖြစ်သည်ဟု မှတ်ယူဦးမည်လော။ (မမှတ်ယူပါ။) လူတို့အပေါ် ဤဆိုရိုးစကား၏ လွှမ်းမိုးမှုသည် ၎င်းတို့၏ စိတ်အတွင်းထဲတွင်၊ ၎င်းတို့၏ မသိစိတ်တွင် တည်ရှိနေဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယနေ့ မိတ်သဟာယမှတစ်ဆင့် လူတို့သည် ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော ဤဆိုရိုးစကားကို ၎င်းတို့၏ အတွေးနှင့် အသိစိတ်မှ စွန့်ပစ်ပြီးဖြစ်သည်။ ထို့ကြောင့် သင်သည် သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် ဤအရာကို လိုက်နာဦးမည်လော။ အငြင်းပွားမှုတစ်ခုကို ရင်ဆိုင်ရသောအခါ သင်လုပ်ဆောင်သင့်သည့်အရာမှာ အဘယ်နည်း။ (ရှေးဦးစွာ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် ဆိုးယုတ်သည့် အတွေးအခေါ်ကို စွန့်ပစ်သင့်သည်။ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရန်၊ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားစည်းမျဉ်းများကို ဘုရားနှုတ်ကပတ်တော်တွင် ရှာဖွေရန် ဘုရားသခင်ရှေ့သို့ တိတ်ဆိတ်စွာ လာရောက်သင့်သည်။) ဤအရာများကို ငါတို့ မိတ်သဟာယမဖွဲ့ခဲ့လျှင် သင်တို့သည် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် ကိုယ်ကျင့်တရား စံသတ်မှတ်ချက်နှင့်အညီ လူများ၊ အမှုအရာများကို မည်သည့်အခါမျှ မရှုမြင်ခဲ့၊ သို့မဟုတ် မည်သည့်အခါမှ ကျင့်ကြံပြုမူခြင်းမရှိခဲ့ဟု ခံစားရမည်။ ယခုအခါ ဤပြဿနာကို ဖော်ထုတ်ပြီးသွားသောအခါတွင် သင့်အပေါ် နောက်ထပ် အလားတူ အရာတစ်ခုက ဖြစ်ပျက်သောအခါ ဤသို့သော အယူအဆများ၊ အမြင်များ၏ လွှမ်းမိုးခြင်းကို သင်ခံရခြင်းရှိမရှိ၊ ဆိုလိုသည်မှာ ဤအရာများသည် သင်၏ အယူအဆများနှင့် အမြင်များတွင် တည်ရှိခြင်းရှိမရှိကို သင့်ဘာသာ ကြည့်လော့။ ထိုအချိန်တွင် သင်က ဤသို့သောအယူအဆများနှင့် အမြင်များ၏ လွှမ်းမိုးခြင်းကို ခံရသည့် အကြောင်းအရာများစွာရှိသည်ကို အလိုအလျောက် တွေ့ရှိလိမ့်မည်။ ဆိုလိုသည်မှာ များစွာသော ပတ်ဝန်းကျင်တို့တွင်၊ အမှုအရာများစွာ ဖြစ်ပျက်သောအခါတွင် သင်သည် ဤသို့သော အယူအဆများနှင့် အမြင်များ၏ လွှမ်းမိုးခြင်းကို ခံရဆဲဖြစ်ပြီး ၎င်းတို့သည် သင်၏ ဝိညာဉ်အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီဖြစ်ကာ ၎င်းတို့သည် သင်၏ စကားများ၊ လုပ်ဆောင်မှုများကိုလည်းကောင်း၊ သင်၏အတွေးများကို လည်းကောင်း ဆက်လက်၍ အဆုံးအဖြတ်ပေးသည်။ သင်သည် ဤသို့ နားလည်သဘောပေါက်ခြင်းမရှိလျှင်၊ ဤပြဿနာကို အရေးမစိုက်လျှင်၊ သို့မဟုတ် မလိုက်စားလျှင် သင်သည် သေချာပေါက် သတိပြုမိမည်မဟုတ်ပေ။ ပြီးလျှင် ဤသို့သော အယူအဆများနှင့် အမြင်များ၏ လွှမ်းမိုးမှု ခံရခြင်းရှိမရှိကို သိမည်မဟုတ်ပေ။ သင်သည် ပြဿနာကို အမှန်တကယ် လိုက်စားပြီး အသေးစိတ်လိုက်လျှင် ရိုးရာယဉ်ကျေးမှု၏ အဆိပ်များသည် သင်၏ စိတ်တွင် မကြာခဏ ဖွင့်ပြသည်ကို တွေ့ရှိလိမ့်မည်။ သင့်တွင် ထိုအရာများ မရှိခြင်းမဟုတ်ပေ။ ယခင်က ထိုအရာများကို သင် အလေးအနက်မထားခြင်းသာဖြစ်သည်၊ သို့မဟုတ် ရိုးရာယဉ်ကျေးမှု၏ ဤဆိုရိုးစကားများ၏ အနှစ်သာရသည် အတိအကျ မည်သည့်အရာဖြစ်သည်ကို သင် တကယ့်ကို သဘောမပေါက်နိုင်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် သင့်စိတ်၏ အတွင်းပိုင်းတွင် ဤသို့သောပြဿနာများကို သတိပြုမိလာရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင်တို့သည် ချင့်ချိန်တတ်ရန်၊ စဉ်းစားတတ်ရန် သင်ယူရမည်။ မည်သို့ ချင့်ချိန်ပြီး စဉ်းစားသင့်သနည်း။ ဤဝေါဟာရနှစ်ခုသည် အလွန်ရိုးရှင်းသည့် ပုံစံရှိသည်။ ဤသို့ဆိုလျှင် ၎င်းတို့ကို မည်သို့ နားလည်သဘောပေါက်သင့်သနည်း။ ဥပမာအားဖြင့် သင်သည် လမ်းမှန်ကို စူးစမ်းရှာဖွေနေသော လူအချို့ကို ဧဝံဂေလိဖြန့်ဝေပြီး ဘုရားသခင်အကြောင်း သက်သေခံနေသည်ဆိုပါစို့။ အစပိုင်းတွင် ၎င်းတို့က နားထောင်လိုစိတ်ရှိနိုင်သည်။ သို့သော် အချိန်တစ်ခုအထိ မိတ်သဟာယပြုပြီးနောက်တွင် အချို့က နားမထောင်ချင်တော့ပေ။ ဤအချိန်တွင် သင်က “ဤတွင် မည်သို့ဖြစ်နေသနည်း။ ငါ၏ မိတ်သဟာယသည် ၎င်းတို့၏ အယူအဆများ၊ ပြဿနာများနှင့် အတော်အတန်ကို အံဝင်ခွင်ကျမဖြစ်သလော။ သို့မဟုတ် ငါက သမ္မာတရားကို ရှင်းလင်းစွာ၊ နားလည်နိုင်စွာ မိတ်သဟာယမဖွဲ့ခြင်းဖြစ်သလော။ သို့မဟုတ် ၎င်းတို့ ကြားဖူးခဲ့သည့် ကောလာဟလ၊ သို့မဟုတ် အတွေးမှားအချို့၏ နှောင့်ယှက်ခြင်းကို ခံထားရသလော။ ၎င်းတို့ထဲမှ အချို့က အဘယ်ကြောင့်ဆက်၍ စူးစမ်းရှာဖွေခြင်းမပြုသနည်း။ ပြဿနာမှာ အတိအကျ အဘယ်သို့ရှိသနည်း” ဟူ၍ စဉ်းစားနေမည်ဖြစ်သည်။ ဤသည်မှာ ချင့်ချိန်ခြင်း မဟုတ်လော။ အသေးစိတ်အချက်တစ်ချက်မျှ မကျန်စေဘဲ ရှုထောင့်တိုင်းကို ထည့်သွင်းစဉ်းစားပြီး အကြောင်းအရာကို စဉ်းစားခြင်းဖြစ်သည်။ ဤအရာများကို စဉ်းစားရာတွင် သင်၏ ပန်းတိုင်က အဘယ်နည်း။ ပြဿနာ၏ အရင်းအမြစ်နှင့် အနှစ်သာရကို ရှာဖွေရန်၊ ထို့နောက် ဖြေရှင်းရန်ဖြစ်သည်။ ဤပြဿနာများကို သင်မည်မျှ စဉ်းစားပါစေ ဤပြဿနာများအတွက် အဖြေကို မရှာနိုင်လျှင် သမ္မာတရားကို နားလည်သူတစ်ယောက်အား ရှာပြီး ထိုသူ့ထံမှ ရှာဖွေသင့်သည်။ ထိုသူက ဧဝံဂေလိကို မည်သို့ ဖြန့်ဝေပြီး ဘုရားသခင်အကြောင်း သက်သေခံသည်ကိုလည်းကောင်း၊ စူးစမ်းရှာဖွေနေသည့်သူများ၏ အဓိကအယူအဆများကို ထိုသူက မည်သို့ အတိအကျခံစားသိရှိသည်ကိုလည်းကောင်း၊ ထို့နောက်တွင် ထိုသူက ၎င်းတို့ကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး မည်သို့ ဖြေရှင်းသည်ကိုလည်းကောင်း ကြည့်လော့။ ဤနည်းအတိုင်း စတင်အကောင်အထည်ဖော် ဆောင်ရွက်၍ မရသလော။ စဉ်းစားခြင်းသည် ပထမအဆင့်ဖြစ်သည်။ ဆောင်ရွက်ခြင်းသည် ဒုတိယအဆင့်ဖြစ်သည်။ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်သည် သင်စဉ်းစားနေသည့် ပြဿနာက မှန်ကန်သောအရာဟုတ်မဟုတ်၊ သင် လမ်းလွဲသွားခြင်းရှိမရှိကို အတည်ပြုရန်ဖြစ်သည်။ ပြဿနာက မည်သည့်နေရာတွင် စတင်ဖြစ်ပေါ်သည်ကို သင် တွေ့ရှိသောအခါ သင်စဉ်းစားနေသည့် ပြဿနာသည် မှန်ကန်သောအရာ၊ သို့မဟုတ် မှားယွင်းသောအရာဟုတ်မဟုတ်ကို စတင်အတည်ပြုလိမ့်မည်။ ထို့နောက် မှန်ကန်သောအရာဖြစ်သည်ဟု သင် အတည်ပြုပြီးဖြစ်သော ပြဿနာကို စတင်ဖြေရှင်းပါ။ ဥပမာအားဖြင့် လမ်းမှန်ကို စူးစမ်းရှာဖွေနေသောသူများသည် ကောလာဟလများနှင့် အတွေးမှားများကို ကြားပြီး အယူအဆများ ဖြစ်ပေါ်လာသောအခါ ၎င်းတို့၏ အယူအဆများကို ပစ်မှတ်ထားသည့်နည်းဖြင့် ၎င်းတို့အား ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြလော့။ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့လျက် ၎င်းတို့၏ အယူအဆများကို နှံ့စပ်စွာ ပိုင်းခြားစိစစ်ပြီး ဖြေရှင်းပါ။ ၎င်းတို့စိတ်နှလုံးထဲရှိ အဟန့်အတားများကို ရှင်းပစ်ပါ။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဆက်လက်၍ စူးစမ်းရှာဖွေလိုစိတ်ရှိလိမ့်မည်။ ဤသည်မှာ ပြဿနာကို စတင်ဖြေရှင်းခြင်းမဟုတ်လော။ ပြဿနာကို ဖြေရှင်းရာတွင် ပထမအဆင့်မှာ ထိုပြဿနာကို စဉ်းစားဖို့၊ ချင့်ချိန်ဖို့ဖြစ်ပြီး သင်၏စိတ်ထဲတွင် ထိုပြဿနာ၏ အနှစ်သာရနှင့် အကြောင်းရင်း အရင်းအမြစ်ကို နှံ့စပ်စွာ အဖြေရှာပါ။ မည်သည့်အရာဖြစ်သည်ကို သင် အတည်ပြုပြီးသည်နှင့် ပြဿနာကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ စတင် ဖြေရှင်းပါ။ အဆုံးတွင် ပြဿနာက ပြေလည်သွားသောအခါ ပန်းတိုင်ကို ရရှိလိမ့်မည်။ ထို့ကြောင့် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသကဲ့သို့သော ကိုယ်ကျင့်တရားဆိုင်ရာ ပြုမူဆောင်ရွက်မှုနှင့်သက်ဆိုင်သော အဆိုအမိန့်များသည် သင်၏ အတွေးအမြင်များတွင် တည်ရှိနေဆဲဖြစ်သလော၊ သို့မဟုတ် မတည်ရှိသလော။ (တည်ရှိနေဆဲဖြစ်သည်။) ဤသို့သောပြဿနာများကို မည်သို့ ဖြေရှင်းရမည်နည်း။ သာမန်အားဖြင့် သင့်ထံတွင် ဖြစ်ပျက်သော အရာရာတိုင်းကို ထည့်သွင်းစဉ်းစားရမည်။ ဤသည်မှာ အလွန်အရေးပါသော အဆင့်ဖြစ်သည်။ ရှေးဦးစွာ ယခင်က ဤသို့သောအရာများ သင့်ထံ ဖြစ်ပျက်သောအခါ သင် မည်သို့ပြုမူခဲ့သည်ကို ပြန်လည်စဉ်းစားလော့။ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသကဲ့သို့သော ဆိုရိုးစကားများ၏ အုပ်စိုးခြင်းကို သင်ခံခဲ့ရသလော။ ခံခဲ့ရလျှင် သင့်၌ မည်သည့်ရည်ရွယ်ချက်များရှိခဲ့သနည်း။ မည်သည့်အရာကို သင်ပြောခဲ့သနည်း။ မည်သည့်အရာကို သင် လုပ်ဆောင်ခဲ့သနည်း။ မည်သို့ လုပ်ဆောင်ခဲ့သနည်း။ မည်သို့ပြုမူခဲ့သနည်း။ သင်သည် စိတ်တည်ငြိမ်စွာထားပြီး ဤအရာများကို စဉ်းစားသည်နှင့် သင်ကိုယ်တိုင်ပင် သတိမထားမိဘဲ အချို့ပြဿနာများကို သင် ရှာဖွေတွေ့ရှိလိမ့်မည်။ ဤအချိန်တွင် သင်သည် သမ္မာတရားကို ရှာဖွေပြီး အခြားလူများနှင့် မိတ်သဟာယပြုသင့်သည်။ ပြီးလျှင် ဆက်စပ်မှုရှိသော ဘုရားနှုတ်ကပတ်တော်နှင့်အညီ ဤပြဿနာများကို ဖြေရှင်းလော့။ ရိုးရာယဉ်ကျေးမှုက ထောက်ခံသော ထိုမှားယွင်းသောအမြင်များကို အလုံးစုံ စွန့်လွှတ်ရန် သင်၏ လက်တွေ့ဘဝတွင် ကြိုးပမ်းလော့။ ထို့နောက် ဘုရားနှုတ်ကပတ်တော်နှင့်သမ္မာတရားကို လူတို့နှင့် ဆက်ဆံခြင်းအတွက် စည်းမျဉ်းများအဖြစ် ခံယူပြီး လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို သမ္မာတရားစည်းမျဉ်းနှင့်အညီ ဆက်ဆံလော့။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းဖြစ်သည်။ ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသောအယူအဆများ၊ အမြင်များ၊ ဆိုရိုးစကားများကို ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ပိုင်းခြားစိစစ်ပြီး ဤမှားယွင်းသော အမြင်များအား လူသားမျိုးနွယ်က လိုက်နာခြင်း၏ အကျိုးဆက်များကို အခြေခံကာ ရိုးရာယဉ်ကျေးမှုသည် အမှန်တကယ်ပင် အပြုသဘောဆောင်ပြီး မှန်ကန်ခြင်းရှိမရှိကို လုံးဝ ရှင်းလင်းစွာ မြင်ခြင်းအားဖြင့် ဖြစ်သည်။ ထို့နောက်တွင် သင်သည် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည်မှာ လူတို့သည် ၎င်းတို့၏ အပြန်အလှန်ဆက်ဆံရေးများကို ထိန်းသိမ်းရန်အတွက် ခံယူသော တိမ်းရှောင်သည့် အပြုအမူဆိုင်ရာ နည်းလမ်းတစ်ခုသာဖြစ်သည်ကို ရှင်းလင်းစွာ မြင်လိမ့်မည်။ သို့သော် လူတို့၏ သဘာဝနှင့် အနှစ်သာရက မပြောင်းလဲလျှင် လူတို့သည် ရေရှည်တွင် အတူတကွ ဆက်ဆံရေး အဆင်ပြေနိုင်သလော။ အနှေးနှင့် အမြန် ပြဿနာများ ဖြစ်လိမ့်မည်။ ထို့ကြောင့် လူ့လောကတွင် စစ်မှန်သော မိတ်ဆွေသူငယ်ချငးမရှိပေ။ ရုပ်ပိုင်းဆိုင်ရာ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခြင်းမျှသည် အလွန်ကောင်းနေပြီ ဖြစ်သည်။ လူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားအနည်းငယ်ရှိလျှင်၊ ကြင်နာတတ်လျှင် အခြားလူများနှင့် အပေါ်ယံ ဆက်ဆံရေးကို ပျက်စီးခြင်းမရှိဘဲ ထိန်းသိမ်းနိုင်သည်။ လူတို့သည် ၎င်းတို့၏ လူ့သဘာဝတွင် ဆိုးယုတ်လျှင်၊ ဒုက္ခပေးလျှင်၊ ကြမ်းတမ်းလျှင် ၎င်းတို့သည် အခြားလူများနှင့် ပေါင်းသင်းရန် မဖြစ်နိုင်ပေ။ အချင်းချင်းအပေါ် အခွင့်အရေးယူခြင်းသာ ဖြစ်နိုင်သည်။ ဤအရာများကို ရှင်းလင်းစွာ မြင်ပြီးနောက်တွင်၊ ဆိုလိုသည်မှာ လူတို့၏ သဘာဝနှင့် အနှစ်သာရကို ရှင်းလင်းစွာ မြင်ပြီးနောက်တွင် လူတို့၏ တစ်ယောက်နှင့် တစ်ယောက် ဆက်ဆံရေးများတွင် လူတို့ ခံယူသင့်သောနည်းလမ်းကို အခြေခံအားဖြင့် သတ်မှတ်ဆုံးဖြတ်နိုင်သည်။ ယင်းသည် မှန်ကန်နိုင်သည်။ အမှားကင်းနိုင်သည်။ သမ္မာတရားနှင့် ကိုက်ညီနိုင်သည်။ ဘုရားသခင် ရွေးချယ်ထားသောသူများသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ရသဖြင့် ယခုတွင် လူ့သဘာဝ၏ အနှစ်သာရအနည်းငယ်ကို မြင်နိုင်ကြသည်။ ထို့ကြောင့် လူတို့ကြား ဆက်ဆံရေးများတွင်၊ ဆိုလိုသည်မှာ သာမန် အပြန်အလှန်ဆက်ဆံရေးများတွင် ရိုးသားသူတစ်ယောက်ဖြစ်ခြင်း၏ အရေးကြီးပုံကို မြင်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်နှင့်၊ သမ္မာတရားနှင့်အညီ လူတို့ကို ဆက်ဆံခြင်းသည် အမြင့်ဆုံးစည်းမျဉ်းနှင့် အမျှော်အမြင်အရှိဆုံး နည်းဖြစ်သည်ကို မြင်နိုင်သည်။ ယင်းသည် လူတို့အပေါ် စိုးရိမ်သောက၊ သို့မဟုတ် မချိတင်ကဲဝေဒနာကို မည်သည့်အခါမျှ မဖြစ်စေနိုင်ပေ။ သို့ရာတွင် လူတို့သည် ဘုရားနှုတ်ကပတ်တော်ကို ကြုံတွေ့ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ ၎င်းတို့၏ စိတ်ဝိညာဉ်တွင် မလွှဲမရှောင်သာဖြင့် ပဋိပက္ခအချို့ရှိလိမ့်မည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ၎င်းတို့ကို နှောင့်ယှက်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်မှ တားဆီးရန် မကြာခဏ ထွက်ပေါ်လာလိမ့်မည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ဖြစ်ပေါ်သော ထိုရှုထောင့်များစွာရှိသည့် အယူအဆများ၊ ခံစားချက်များ၊ အမြင်များသည် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်ကို သင် လက်တွေ့လုပ်ဆောင်ရာ၌ အမျိုးမျိုးသော ပုံစံများဖြင့် အစဉ်နှောင့်ယှက်လိမ့်မည်။ ထိုသို့ နှောင့်ယှက်သောအခါ သင်ကိုယ်တိုင် သတိမထားမိဘဲ သမ္မာတရားအား လိုက်စားခြင်းကို ဝင်ရောက်စွက်ဖက်ပြီး အဟန့်အတားဖြစ်စေသောအရာများစွာကို ရင်ဆိုင်ရမည်။ ထိုအဟန့်အတားများ ပေါ်လာသောအခါ သင်သည် ယခုကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် လွယ်ကူသည်ဟု ဆိုမည်မဟုတ်တော့ပေ။ သင်သည် အလွန်ပင် အလွယ်တကူ ပြောမည်မဟုတ်ပေ။ ထိုအချိန်တွင် သင်သည် ဒုက္ခခံစားနေရပြီး ဝမ်းနည်းနေလိမ့်မည်။ အစာမစားနိုင်ဘဲ ကောင်းစွာအိပ်နိုင်မည်မဟုတ်ပေ။ လူအချို့သည် ဘုရားသခင်အား ယုံကြည်ခြင်းသည် ခက်ခဲလွန်းသည်မြင်ပြီး လက်လျှော့ချင်စိတ် ရှိကောင်းရှိနိုင်သည်။ လူများစွာတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စစ်မှန်မှုသို့ ဝင်ရောက်ရန် ကြီးစွာ ဒုက္ခခံခဲ့ကြသည်၊ မရေမတွက်နိုင်အောင် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသည်၊ ၎င်းတို့၏ စိတ်နှလုံးတွင် မရေမတွက်နိုင်သော တွန်းလှန်တိုက်ခိုက်မှုများ ရှိခဲ့ကြသည်၊ မရေမတွက်နိုင်သော မျက်ရည်များ ကျခဲ့ကြသည်ဟု ငါ လက်ခံယုံကြည်သည်။ ဤသို့မဟုတ်လော။ (ဟုတ်သည်။) ဤညှဉ်းပန်းမှုကို ကြုံရခြင်းသည် လိုအပ်သော ဖြစ်စဉ်တစ်ခုဖြစ်သည်။ ခြွင်းချက်မရှိဘဲ လူတိုင်း ဖြတ်သန်းရမည်။ ပညတ်တော်ခေတ်တွင် ဒါဝိဒ်က အမှားတစ်ခုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် နောင်တရပြီး ဘုရားသခင်ထံ ဝန်ချခဲ့သည်။ သူသည် မည်မျှ ငိုကြွေးခဲ့သနည်း။ မူရင်းစာသားတွင် မည်သို့ ဖော်ပြသနည်း။ (“အကျွန်ုပ်သည် ညည်းတွား၍ ပင်ပန်းလှပါ၏။ အကျွန်ုပ်ခုတင်ကို ကိုယ်မျက်ရည်၌ တညဉ့်လုံးမျှော၍၊ အိပ်ရာကိုလည်း မွန်းစေပါ၏။” (ဆာလံကျမ်း ၆:၆)) ဟူ၍ဖြစ်သည်။ သူ၏ အိပ်ရာကို မွန်းစေရန်အတွက် မျက်ရည် မည်မျှကျခဲ့သနည်း။ ဤသည်မှာ ထိုစဉ်က သူခံစားခဲ့ရသော နောင်တနှင့် စိတ်ဆင်းရဲမှု၏ ပြင်းထန်မှု၊ လေးနက်မှုကို ထင်ရှားစေသည်။ သင်တို့သည် ထိုမျှ မျက်ရည်ကျခဲ့ဖူးသလော။ သင်တို့ ကျခဲ့သည့် မျက်ရည်အရေအတွက်သည် သူ၏ တစ်ရာပုံတစ်ပုံပင်မရှိပေ။ ဤသည်မှာ သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ဇာတိပကတိနှင့် ပြစ်မှားမှုများကို သင်တို့ မုန်းတီးသည့် အတိုင်းအတာသည် လုံလောက်ဖို့ အလွန်အလှမ်းဝေးကြောင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းတွင် သင်တို့၏ စိတ်ဓာတ်ခိုင်မာမှုနှင့် ဇွဲလုံ့လသည် လုံလောက်ဖို့ အလွန်အလှမ်းဝေးကြောင်းတို့ကို ပြသည်။ သင်တို့သည် စံနှုန်း မပြည့်မီသေးပေ။ သင်တို့သည် ပေတရုနှင့် ဒါဝိဒ်၏ အဆင့်သို့ရောက်ရန် အလွန်အလှမ်းဝေးသည်။ ဤသို့ဆိုလျှင် ယနေ့မိတ်သဟာယကို ဤတွင် အဆုံးသတ်ကြစို့။

၂၀၂၂ခုနှစ်၊ ဧပြီလ ၁၆ရက်နေ့

အရှေ့သို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၇)

နောက်တစ်ခုသို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၉)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။