သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၉)

ယခုတွင် အချိန်အတန်ကြာအထိ ကိုယ်ကျင့်တရား အပြုအမူ၏ အကြောင်းအရာနှင့်ပတ်သက်ပြီး ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ယခင်တစ်ခေါက်က “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသည့် ဆိုရိုးစကားအကြောင်းကို ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ယနေ့တွင် လူသား၏ ကိုယ်ကျင့်တရား အပြုအမူအတွက် ရိုးရာယဉ်ကျေးမှု၏ အခြားသတ်မှတ်ချက်တစ်ခုဖြစ်သော “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ကြသည်။ လူတို့၏ ကိုယ်ကျင့်တရား အပြုအမူ၏ မည်သည့်ကဏ္ဍက ဤဆိုရိုးစကားနှင့် သက်ဆိုင်သနည်း။ ယင်းသည် လူတို့ကို သဘောထားကြီးပြီး သည်းခံဖို့ တောင်းဆိုသလော။ (တောင်းဆိုပါသည်။) ဤသည်မှာ လူ့သဘာဝ၏ ရက်ရောမှုနှင့် ဆက်စပ်သော သတ်မှတ်ချက်ဖြစ်သည်။ ဤသတ်မှတ်ချက်အတွက် စံနှုန်းမှာ အဘယ်နည်း။ အဓိကအချက်က မည်သည့်နေရာတွင်ရှိသနည်း။ (တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ။) မှန်သည်။ ဤသည်မှာ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာသင့်သည်၊ ပြီးလျှင် လူတို့အား ထွက်ပေါက်မပေးသည်အထိ အလွန်ရန်မူခြင်းမရှိသင့် ဟူ၍ ဖြစ်သည်။ ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သော ဤဆိုရိုးစကားသည် လူတို့အား သဘောထားကြီးရန်နှင့် သေးသိမ်သော နာကြည်းချက်များ မထားရှိရန် တောင်းဆိုသည်။ လူတို့နှင့် ပတ်သက်သောအခါတွင်၊ သို့မဟုတ် သင်၏ အလုပ်ကို လုပ်ဆောင်သောအခါတွင် အငြင်းပွားခြင်းဖြစ်စေ၊ သဘောထားကွဲလွဲခြင်းဖြစ်စေ၊ အာဃာတထားခြင်းဖြစ်စေ ဖြစ်ပေါ်လျှင် အလွန်တောင်းဆိုခြင်း မပြုနှင့်။ စိတ်အနှောင့်အယှက်ဖြစ်စေသူနှင့် ဆက်ဆံရာတွင် အလွန်အကျွံဖြစ်ခြင်း သို့မဟုတ် ကြမ်းတမ်းခြင်းတို့ကို မပြုနှင့်။ လိုအပ်သောအခါတွင် သက်ညှာလော့။ လိုအပ်သောအခါတွင် ရက်ရောလော့။ ပြီးလျှင် ကမ္ဘာလောကအပေါ် အလေးထားပြီး လူသားမျိုးနွယ်အပေါ် အလေးထားလော့ ဟူ၍ဖြစ်သည်။ လူတို့သည် ဤသို့သော ကြီးမားသော ရက်ရောမှုရှိသလော။ (မရှိပါ။) လူတို့သည် ဤသို့ ကြီးမားသော ရက်ရောမှုမရှိပေ။ ဤသို့သောအရာမျိုးကို တောင့်ခံရန်အတွက် လူသား၏ ဗီဇ၏ အရည်အချင်းသည် မည်မျှကြီးသည်နှင့် မည်သည့်အတိုင်းအတာက သာမန်ဖြစ်သည်ဆိုသည်ကို လူတို့ သေချာမသိပေ။ သင့်အား ထိခိုက်ခဲ့သော၊ သင့်အား ရန်လိုမှုဖြင့် ဆက်ဆံခဲ့သော၊ သို့မဟုတ် သင်၏ အကျိုးစီးပွားများကို ထိပါးသောသူတစ်ယောက်အပေါ် သာမန်လူတို့၏ အခြေခံသဘောထားမှာ အဘယ်နည်း။ မုန်းတီးခြင်းဖြစ်သည်။ လူတို့၏ စိတ်နှလုံးတွင် မုန်းတီးခြင်းဖြစ်သောအခါ ၎င်းတို့သည် “တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည်ကို စွမ်းဆောင်နိုင်သလော။ ဤသည်မှာ ရရှိရန် မလွယ်ကူပေ။ လူအများစုက ဤအရာကို မရရှိနိုင်ပေ။ လူအများစုနှင့် ပတ်သက်လျှင် ၎င်းတို့သည် အခြားလူကို သက်ညှာပြီး ကျေအေးလိုက်ရန် ၎င်းတို့၏ လူ့သဘာဝတွင်ရှိသော ၎င်းတို့ပိုင်ဆိုင်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ၎င်းတို့ အမှီပြုနိုင်သလော။ (မပြုနိုင်ပါ။) သို့သော် ဤအရာကို စွမ်းဆောင်ရရှိနိုင်ခြင်း မရှိဟု ပြောလျှင် အလုံးစုံ တိကျခြင်းမရှိပေ။ အဘယ်ကြောင့် အလုံးစုံ တိကျခြင်းမရှိသနည်း။ ဤအရာအားလုံးက ပြဿနာသည် မည်သည့်အရာဖြစ်သည်၊ မည်မျှသေးငယ်သည်၊ သို့မဟုတ် မည်မျှအရေးကြီးသည် ဆိုသည့်အပေါ်တွင် မူတည်သည်။ ပြီးလျှင် ပြဿနာများသည် ဆိုးရွားမှုအဆင့် မတူညီခြင်းများရှိသည်။ ထို့ကြောင့် မည်မျှဆိုးရွားသည်ဆိုသည့်အပေါ်တွင် မူတည်သည်။ လူတစ်ယောက်က သင့်အား သူ၏ စကားလုံးများဖြင့် ရံဖန်ရံခါသာ ထိခိုက်လျှင် သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောသူဖြစ်လျှင် သင်သည် “သူသည် မလိုမုန်းထားခြင်းကြောင့် ဖြစ်ခြင်းမဟုတ်။ သူပြောသည့်အရာသည် ရည်ရွယ်၍ ပြောခြင်းမဟုတ်။ လွှတ်ခနဲ ပြောလိုက်ခြင်းသာ ဖြစ်သည်။ ငါတို့ ဆက်ဆံရေး အဆင်ပြေခဲ့သည့် နှစ်များအားလုံးကို ထောက်ဆ၍၊ ဤအရာတို့ကို ထောက်ဆ၍၊ ဤအရာ၊ သို့မဟုတ် ထိုအရာတို့ကို ထောက်ဆ၍ ငါ သူ့အား စိတ်ထဲ မှတ်မထားတော့ပေ။ ‘ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ’ ဆိုသည့် ဆိုရိုးစကားအတိုင်းပင်ဖြစ်သည်။ ဤသည်မှာ မှတ်ချက်တစ်ခုသာ ဖြစ်သည်။ ငါ၏ အဆင့်အတန်း၊ သို့မဟုတ် အနာဂတ် ရှေ့ရေးများကို ထိခိုက်ဖို့ မဆိုထားနှင့် ငါ၏ ဂုဏ်သိက္ခာကိုပင် မထိခိုက်၊ သို့မဟုတ် ငါ၏ အကျိုးစီးပွားများကိုပင် လုံးဝ မထိခိုက်ပေ။ ထို့ကြောင့် အပြစ်မယူဘဲ ခွင့်လွှတ်လိုက်မည်” ဟူ၍ စဉ်းစားလိမ့်မည်။ ဤသို့သော အသေးအဖွဲကိစ္စများကို ရင်ဆိုင်ရသောအခါတွင် လူတို့သည် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားကို လိုက်နာနိုင်သည်။ သို့သော် လူတစ်ယောက်က သင်၏ အလွန်အရေးပါသော အကျိုးစီးပွားများကို၊ သို့မဟုတ် သင်၏ မိသားစုကို အမှန်တကယ် ထိခိုက်လျှင်၊ သို့မဟုတ် သင့်အပေါ်သို့ ၎င်းတို့ပြုလုပ်သော ထိခိုက်မှုသည် သင်၏ တစ်ဘဝလုံးအပေါ် သက်ရောက်လျှင် သင်သည် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားကို လိုက်နာနိုင်သေးသလော။ ဥပမာ လူတစ်ယောက်က သင်၏ မိဘများကို သတ်ပြီး သင်၏ ကျန်သည့်မိသားစုဝင်များအား သတ်ဖြတ်လိုလျှင် ထိုသို့သောလူတစ်ယောက်အတွက် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားကို အသုံးချနိုင်သလော။ (အသုံးမချနိုင်ပါ။) အသွေးအသားရှိသော မည်သည့်သာမန်လူမဆို ဤသို့ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ဤဆိုရိုးစကားသည် လူတို့၏ အရိုးစွဲနေသော မုန်းတီးမှုကို လုံးဝ မချုပ်ထိန်းနိုင်ပေ။ ပြီးလျှင် ဤကိစ္စနှင့်ပတ်သက်ပြီး လူတို့၏ သဘောထားများနှင့် ထင်မြင်ချက်များအပေါ် လွှမ်းမိုးနိုင်ဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ဆိုသည်မှာ ပြောစရာမလိုပေ။ လူတစ်ယောက်သည် တမင်ဖြစ်စေ၊ တမင်မဟုတ်သည်ဖြစ်စေ သင်၏ အကျိုးစီးပွားများကို ထိခိုက်လျှင်သော်လည်းကောင်း၊ သင်၏ အနာဂတ် ရှေ့ရေးများကို ထိခိုက်လျှင်သော်လည်းကောင်း၊ တမင်သက်သက်ဖြစ်စေ၊ ထိုသို့မဟုတ်သည်ဖြစ်စေ သင့်အား ကိုယ်ထိလက်ရောက် ထိခိုက်လျှင်သော်လည်းကောင်း၊ သင့်အား မသန်စွမ်းဖြစ်စေလျှင်သော်လည်းကောင်း၊ ဒဏ်ရာစွဲကျန်စေလျှင်သော်လည်းကောင်း၊ သင်၏ စိတ်နှင့် နှလုံးသားအတွင်းထဲတွင် အရိပ်လွှမ်းမိုးစေလျှင်သော်လည်းကောင်း “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားကို လိုက်နာနိုင်သလော။ (မလိုက်နာနိုင်ပါ။) သင် မလိုက်နာနိုင်ပေ။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုက လူတို့ကို ၎င်းတို့၏ ကိုယ်ကျင့်တရား အပြုအမူတွင် သည်းခံပြီး သဘောထားကြီးဖို့ သတ်မှတ်ပြဋ္ဌာန်းသော်လည်း လူတို့က လုပ်ဆောင်နိုင်သလော။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသောအရာ မဟုတ်ပေ။ ဤကိစ္စသည် ပါဝင်ပတ်သက်သောသူအပေါ် မည်မျှထိခိုက်ပြီး အကျိုးသက်ရောက်စေသည်နှင့် သူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားက တောင့်ခံနိုင်ခြင်းရှိမရှိတို့အပေါ်တွင် မူတည်သည်။ ကြီးမားစွာ ထိခိုက်မှုမရှိသကဲ့သို့ ထိုသူက ခံယူနိုင်လျှင်၊ သူ၏ လူ့သဘာဝက တောင့်ခံနိုင်သည့်အရာထက် မကျော်လွန်လျှင်၊ ဆိုလိုသည်မှာ သာမန်အရွယ်ရောက်သူတစ်ယောက်အနေဖြင့် ဤအရာများကို သည်းခံနိုင်ပြီး မကျေနပ်မှုနှင့် မုန်းတီးမှုတို့ ပပျောက်နိုင်ကာ စွန့်လွှတ်ရန် အတော်အတန်လွယ်ကူလျှင် ၎င်းတို့သည် အခြားလူအပေါ် သည်းခံပြီး သက်ညှာနိုင်သည်။ မည်သည့်အရာကို လုပ်ဆောင်ရမည်ဆိုသည်နှင့်ပတ်သက်ပြီး သင့်အား ချုပ်ထိန်းရန်၊ သွန်သင်ပေးရန်၊ သို့မဟုတ် လမ်းပြရန် ရိုးရာယဉ်ကျေးမှုမှ ကိုယ်ကျင့်တရား အပြုအမူနှင့်သက်ဆိုင်သည့် မည်သည့်ဆိုရိုးစကားမျှ မပါဝင်ဘဲ ဤအရာကို သင်လုပ်ဆောင်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သည့်အရာတစ်ခုဖြစ်ပြီး စွမ်းဆောင်ရရှိနိုင်သည့်အရာ ဖြစ်သောကြောင့်ဖြစ်သည်။ ဤကိစ္စသည် သင့်အား အလွန်ပြင်းပြင်းထန်ထန် မထိခိုက်လျှင်၊ သို့မဟုတ် သင့်အပေါ်သို့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဝိညာဉ်ပိုင်းတွင် ကြီးမားသောသက်ရောက်မှုမရှိလျှင် ဤအရာကို သင် လွယ်ကူစွာ လုပ်ဆောင်နိုင်သည်။ သို့ရာတွင် သင့်အပေါ်သို့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဝိညာဉ်ရေးပိုင်းတွင် ကြီးမားသော သက်ရောက်မှုရှိပြီး သင်၏ တစ်ဘဝလုံး၌ သင့်အား ဒုက္ခပေးလျှင်လည်းကောင်း၊ သင့်အား မကြာခဏ စိတ်ဓာတ်ကျစေပြီး မခံမရပ်နိုင် ဖြစ်စေလျှင်လည်းကောင်း၊ ထိုအရာကြောင့် သင်သည် မကြာခဏ စိတ်ဖိစီးပြီး မျှော်လင့်ချက်မဲ့လျှင်လည်းကောင်း၊ ထိုအရာကြောင့် သင်သည် ဤလူသားမျိုးနွယ်နှင့် ဤကမ္ဘာလောကကို ရန်လိုမှုဖြင့် ဆက်ဆံလျှင်လည်းကောင်း၊ သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းဖြစ်စေ၊ ပျော်ရွှင်ခြင်းဖြစ်စေ မရှိလျှင်လည်းကောင်း၊ သင်၏ တစ်ဘဝလုံးနီးပါးတွင် မုန်းတီးခြင်းဖြင့် အသက်ရှင်နေထိုင်လျှင်လည်းကောင်း၊ ဆိုလိုသည်မှာ ဤကိစ္စသည် ပုံမှန်လူ့သဘာဝက တောင့်ခံနိုင်သည့်အရာထက် ကျော်လွန်သွားလျှင်လည်းကောင်း အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသူတစ်ယောက်အနေဖြင့် တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာရန် အလွန်ခက်ခဲသည်။ ဤအရာကို လူအချို့က လုပ်ဆောင်နိုင်လျှင် ၎င်းတို့သည် ခြွင်းချက်များသာဖြစ်သည်။ သို့သော် ဤအရာကို မည်သည့်အရာအပေါ်တွင် အခြေခံရမည်နည်း။ မည်သည့် အခြေအနေမျိုးကို ဖြည့်ဆည်းရမည်နည်း။ လူအချို့က “ဤသို့ဆိုလျှင် ၎င်းတို့သည် ဗုဒ္ဓဘာသာကို လက်ခံသင့်ပြီး ဗုဒ္ဓကဲ့သို့ ဉာဏ်အလင်းပွင့်သူဖြစ်ရန်အတွက် မုန်းတီးခြင်းကို လက်လွှတ်သင့်သည်” ဟု ပြောသည်။ ဤသည်မှာ သာမန်လူအများစုကြားတွင် လွတ်မြောက်ခြင်း လမ်းကြောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဤသည်မှာ လွတ်မြောက်ခြင်းသာဖြစ်သည်။ စကားမစပ် “လွတ်မြောက်ခြင်း” ဆိုသည့် ဤဝေါဟာရမှာ မည်သည့်အရာကို ဆိုလိုသနည်း။ လောကီဆိုင်ရာ အငြင်းပွားမှုများ၊ မုန်းတီးမှုနှင့် သတ်ဖြတ်မှုများကို ရှောင်ကြဉ်ခြင်းဟု ဆိုလိုပြီး “မမြင်ရလျှင် စိတ်ထဲမရှိ” ဆိုသည့် ဆိုရိုးစကားနှင့် ညီမျှသည်။ ဤသို့သော အမှုအရာများကို ရှောင်ကြဉ်ပြီး မမြင်တွေ့နိုင်လျှင် သင်၏ အတွင်းကျဆုံးသော ခံစားချက်များအပေါ် သက်ရောက်မှု အနည်းငယ်သာရှိမည်ဖြစ်ပြီး အချိန်ကုန်ဆုံးသည်နှင့်အမျှ သင်၏ မှတ်ဉာဏ်တွင် တဖြည်းဖြည်းချင်း မှေးမှိန်သွားမည်။ သို့သော် ဤသည်မှာ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားကို လိုက်နာခြင်းမဟုတ်ပေ။ လူတို့သည် ဤအမှုကိစ္စကို သက်ညှာရန်၊ သို့မဟုတ် ခွင့်လွှတ်ရန်၊ သည်းခံရန်၊ အပြီးအပိုင် လက်လွှတ်ရန် မတတ်နိုင်ပေ။ ဤအမှုကိစ္စများသည် လူတို့၏ စိတ်နှလုံး၏ အတွင်းဆုံးကျသော နေရာများတွင်သာ မှေးမှိန်သွားပြီး ထိုအရာများကို ဂရုမစိုက်တော့ပေ။ သို့မဟုတ် လူတို့သည် မုန်းတီးခြင်းဖြင့် အသက်ရှင်ခြင်း၊ ချစ်ခြင်း၊ မုန်းခြင်းနှင့်သက်ဆိုင်သော ဤလောကီဆိုင်ရာ သဘောထားများအပေါ် စိတ်စွဲနေခြင်းတို့ကို စိတ်မပါစွာဖြင့် ရပ်တန့်သည်မှာ ဗုဒ္ဓဝါဒသွန်သင်မှုအချို့ကြောင့်သာဖြစ်သည်။ ဤသည်မှာ ချစ်ခြင်း၊ မုန်းခြင်းတို့ဖြင့် ပြည့်နေသော သဘောထားကွဲလွဲပြီး ပဋိပက္ခဖြစ်နေသည့် ဤနေရာများကို ရှောင်ရန် မိမိကိုယ်ကို တွန့်ဆုတ်စွာဖြင့် ခိုင်းစေနေခြင်းသာ ဖြစ်သည်။ သို့သော် ဤသည်မှာ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားကို အသုံးချနိုင်သည်ဟု မဆိုလိုပေ။ အဘယ်ကြောင့်နည်း။ ပုံမှန်လူ့သဘာဝနှင့် ပတ်သက်လျှင် လူတစ်ယောက်၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါ်သို့ မခံနိုင်လောက်သော ဖိအား၊ သို့မဟုတ် ဒဏ်ရာကဲ့သို့သော ဆိုးရွားသော ထိခိုက်မှုဖြစ်စေသော အရာတစ်ခုသည် သူ့အပေါ်တွင် ဖြစ်ပျက်လျှင် သူသည် မည်သည့်အစွမ်းများကို ပိုင်ဆိုင်ပါစေ ယင်းကို မခံနိုင်ပေ။ “မခံနိုင်” ဆိုသည်မှာ မည်သည့်အရာကို ငါဆိုလိုသနည်း။ လူတို့၏ ပုံမှန်လူ့သဘာဝ၊ စိတ်ကူးနှင့် အမြင်များသည် ဤအရာများကို တောင့်မခံနိုင်ပေ၊ သို့မဟုတ် မလွင့်ပျယ်စေနိုင်ပေဟု ဆိုလိုသည်။ လူသားမျိုးနွယ်၏ ဘာသာစကားတွင် ၎င်းတို့သည် ဤအရာကို မခံနိုင်၊ လူသား၏ သည်းခံခြင်း၏ နောက်ဆုံးအတိုင်းအတာကို ကျော်လွန်သည်ဟု ဆိုနိုင်သည်။ ယုံကြည်သူများ၏ ဘာသာစကားတွင် ၎င်းတို့သည် ဤအမှုကိစ္စကို နားမလည်နိုင်ခြင်း၊ မရိပ်စားမိနိုင်ခြင်း၊ သို့မဟုတ် လက်မခံနိုင်ခြင်းပင်ဖြစ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ဤမုန်းတီးခြင်း ခံစားချက်များကို ခုခံရန်၊ သို့မဟုတ် လွင့်ပျယ်စေရန် ဖြစ်နိုင်သောနည်းလမ်းမရှိသောကြောင့် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဟူသည့် ဆိုရိုးစကားကို လိုက်နာဖို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ဤအရာကို မရရှိနိုင်ခြင်းနှင့်ပတ်သက်ပြီး သွယ်ဝိုက်ညွှန်းဆိုသည့်အရာမှာ မည်သည့်အရာဖြစ်သနည်း။ ဆိုလိုသည်မှာ ပုံမှန်လူ့သဘာဝသည် ဤရက်ရောမှုမျိုးကို ပိုင်ဆိုင်မှုမရှိခြင်းဖြစ်သည်။ ဥပမာ တစ်စုံတစ်ယောက်က သင်၏ မိဘများကို သတ်ပြီး တစ်မိသားစုလုံးကို သတ်ဖြတ်ပစ်သည် ဆိုပါစို့။ သင်သည် ဤသို့သောအရာမျိုးကို လက်လွှတ်နိုင်သလော။ ထိုမုန်းတီးခြင်းကို ပပျောက်စေရန် ဖြစ်နိုင်သလော။ သင်သည် သင်၏ ခန္ဓာ၊ စိတ်၊ သို့မဟုတ် ဝိညာဉ်တွင် ခံစားချက်မရှိဘဲ သာမန်လူတို့အား ကြည့်သကဲ့သို့ သင်၏ ရန်သူအား ကြည့်နိုင်သလော၊ သို့မဟုတ် သာမန်လူတို့အပေါ် သင် ထင်မြင်သကဲ့သို့ သင်၏ ရန်သူအပေါ် ထင်မြင်နိုင်သလော။ (မထင်မြင်နိုင်ပါ။) ဗုဒ္ဓဘာသာကို ယုံကြည်ပြီး ကံကို ၎င်းတို့ကိုယ်တိုင်၏ မျက်စိဖြင့် မြင်တွေ့ကာ ဤသို့ဖြင့် လက်စားချေပြီး သတ်ဖြတ်သည့် စိတ်ကူးကို စွန့်လွှတ်နိုင်ခြင်းမရှိလျှင် မည်သူမျှ ဤသို့ မလုပ်ဆောင်နိုင်ပေ။ လူအချို့က ပြောသည်။ “ငါသည် စိတ်ထားကောင်းသောကြောင့် တစ်စုံတစ်ယောက်က ငါ၏ မိဘများကို သတ်လျှင် ငါသည် သူ့ကို ညှာတာနိုင်ပြီး လက်စားချေမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကံကို အလွန်ပင် ယုံကြည်သောသူတစ်ယောက် ဖြစ်သောကြောင့်ဖြစ်သည်။ ‘ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ’ ဆိုသည့် ဆိုရိုးစကားသည် လုံးဝ ပြီးပြည့်စုံသည်။ လက်စားချေခြင်းက လက်စားချေခြင်းကို ထပ်မံပေါက်ဖွားစေလျှင် အဆုံးရှိဦးမည်လော။ ထို့အပြင် သူသည် သူ၏အမှားကို ဝန်ခံခဲ့ပြီး ဒူးထောက်၊ လက်ထောက်ကာ သူ့အား ခွင့်လွှတ်ရန်ပင် အသနားခံခဲ့သည်။ ဤအမှုကိစ္စသည် ယခုတွင် တည်ငြိမ်သွားပြီဖြစ်သည်။ ငါသည် သူ့ကို သက်ညှာမည်” ဟူ၍ ဖြစ်သည်။ လူတို့သည် ဤမျှ သဘောထားကြီးနိုင်သလော။ (မကြီးနိုင်ပါ။) ၎င်းတို့သည် ဤသို့ မလုပ်ဆောင်နိုင်ပေ။ သူ့ကို သင် ဖမ်းမိသည်နှင့် မည်သည့်အရာကို သင်လုပ်ကောင်း လုပ်နိုင်သည်ဆိုသည်ကို ထားလော့၊ သူ့အား သင်မဖမ်းမိခင်တွင်ပင် နေ့စဉ် စဉ်ဆက်မပြတ် သင်စဉ်းစားနိုင်သည်မှာ လက်စားချေရန်သာဖြစ်သည်။ ဤအမှုကိစ္စသည် သင့်အား အလွန်အမင်း နာကျင်စေပြီး အလွန်အမင်း သက်ရောက်ခဲ့သောကြောင့် သင်သည် သာမန်လူတစ်ယောက်အနေဖြင့် အသက်ရှင်သရွေ့ သေချာပေါက် လုံးဝ မေ့မည်မဟုတ်ပေ။ သင်၏ အိပ်မက်များတွင်ပင် သင်၏မိသားစု အသတ်ခံရပြီး သင်က လက်စားချေနေသည့် ပုံရိပ်များကို မြင်တွေ့လိမ့်မည်။ ဤအမှုကိစ္စသည် သင်၏ နောက်ဆုံးထွက်သက်အထိတိုင်အောင် သင်၏ ကျန်သည့် ဘဝတစ်လျှောက်လုံးတွင် သင့်အား သက်ရောက်မှုရှိနိုင်သည်။ ဤသို့သော မုန်းတီးခြင်းသည် လက်လွှတ်၍ မရနိုင်ခြင်းပင်ဖြစ်သည်။ ဤအရာလောက် အနည်းငယ် မဆိုးသော အမှုကိစ္စများရှိသည်မှာ မှန်သည်။ ဥပမာ လူတစ်ယောက်က လူအများရှေ့တွင် သင့်မျက်နှာကို ရိုက်သည်၊ လူတိုင်းရှေ့တွင် သင့်အား ကသိကအောက်ဖြစ်စေပြီး အရှက်ရစေသည်၊ ပြီးလျှင် အကြောင်းပြချက်မရှိ သင့်အား စော်ကားသည်ဆိုပါစို့။ ထိုအချိန်ကစပြီး လူများစွာက သင့်အား ခွဲခြားဆက်ဆံသော အကြည့်များဖြင့် ကြည့်ပြီး သင့်အား လှောင်ပြောင်ခြင်းပင် ပြုလုပ်သည်။ ထို့ကြောင့် သင်သည် လူအများကြားတွင် နေရမည်ကို ရှက်ရွံ့သည်။ ဤသည်မှာ သင်၏ မိဘများနှင့် မိသားစုဝင်များကို သတ်ခြင်းနှင့်စာလျှင် ထိုမျှ မဆိုးပေ။ ဤသည်ပင်လျှင် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားကို လိုက်နာရန် ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် သင့်အပေါ်တွင် ဖြစ်ပျက်ခဲ့သော ဤအရာများသည် ပုံမှန်လူ့သဘာဝ၏ သည်းခံနိုင်သော အတိုင်းအတာထက် ကျော်လွန်နေပြီဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သင့်အား ကြီးမားသော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေခဲ့ပြီး သင်၏ ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာကို အလွန်ပင် အနာတရဖြစ်စေသည်။ ထိုအရာများကို သင် မေ့နိုင်ဖို့၊ သို့မဟုတ် လက်လွှတ်နိုင်ဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားကို လိုက်နာရန် သင့်အတွက် အလွန်ခက်ခဲသည်။ ဤသည်မှာ ပုံမှန်ပင်ဖြစ်သည်။

ယခုတွင် ငါတို့ မိတ်သဟာယပြုခဲ့သည့် ဤရှုထောင့်များကို ကြည့်လျှင် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ရိုးရာ တရုတ် ယဉ်ကျေးမှုတွင် ညွှန်းဆိုသည့် ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သော ဆိုရိုးစကားသည် လူတို့ကို ချုပ်ထိန်းပြီး ဉာဏ်အလင်းဖွင့်ပြသည့် အယူဝါဒတစ်ခု ဖြစ်သည်။ ယင်းသည် အသေးစား အငြင်းပွားမှုများနှင့် အသေးအဖွဲဖြစ်သော ပဋိပက္ခများကိုသာ ဖြေရှင်းပေးနိုင်သည်။ သို့သော် အလွန်ပင် မုန်းတီးခြင်းရှိသော လူတို့နှင့်ပတ်သက်လျှင် သက်ရောက်မှုလုံးဝမရှိပေ။ ဤသတ်မှတ်ချက်ကို တင်ပြသူတို့သည် လူ၏ လူ့သဘာဝကို အမှန်တကယ် နားလည်သလော။ ဤသတ်မှတ်ချက်ကို အဆိုပြုသောသူတို့သည် လူသား၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သည်းခံနိုင်သော အတိုင်းအတာက မည်မျှကြီးသည်ကို မသိနားမလည်ခြင်း လုံးဝမဟုတ်ဟု ဆိုနိုင်သည်။ ဤသဘောတရားကို တင်ပြခြင်းသည် ၎င်းတို့ကို အတွေ့အကြုံများပြီး မြင့်မြတ်သည့်ပုံစံရှိစေပြီး လူတို့၏ ထောက်ခံမှုနှင့် မြှောက်ပင့်မှုကို ရရှိနိုင်ခြင်းသာဖြစ်သည်။ အမှန်မှာ တစ်စုံတစ်ယောက်သည် လူတစ်ယောက်၏ ဂုဏ်၊ သို့မဟုတ် အကျင့်သိက္ခာကို ထိခိုက်လျှင်၊ သူ၏ အကျိုးစီးပွားကို ထိခိုက်လျှင်၊ သို့မဟုတ် သူ၏ အနာဂတ် ရှေ့ရေးများနှင့် သူ၏ တစ်ဘဝလုံးကိုပင် သက်ရောက်မှုရှိလျှင် လူ့သဘာဝ၏ ရှုထောင့်အရ ထိခိုက်နစ်နာသောဘက်က လက်တုံ့ပြန်ရမည်ဆိုသည်ကို ၎င်းတို့ ကောင်းစွာသိသည်။ သူ့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား မည်မျှရှိပါစေ သူသည် အသာတကြည် ခံယူမည်မဟုတ်ပေ။ အများဆုံးအနေဖြင့် သူ၏ လက်စားချေမှုအတိုင်းအတာနှင့် နည်းလမ်းတို့သာ ကွဲပြားလိမ့်မည်။ ဤလက်တွေ့ လူ့အဖွဲ့အစည်းတွင်၊ လူတို့နေထိုင်သည့် ဤ အလွန်အမင်းမှောင်မိုက်ပြီး ဆိုးယုတ်သော လူမှုပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အခြေအနေတွင်၊ လူ့အခွင့်အရေး မရှိသောနေရာတွင် လူတို့သည် ထိခိုက်ခံရသည့်အခါတိုင်းတွင် လက်စားချေ၍ရရုံဖြင့် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းကို မည်သည့်အခါမျှ မရပ်ကြပေ။ ၎င်းတို့သည် ထိခိုက်ခံရမှု ဆိုးရွားလေလေ၊ လက်စားချေဖို့အတွက် ၎င်းတို့၏ ဆန္ဒက ပြင်းလေလေဖြစ်ပြီး ၎င်းတို့ လက်စားချေသည့် နည်းလမ်းများက ရက်စက်လေဖြစ်သည်။ ထို့ကြောင့် ဤလူ့အဖွဲ့အစည်းတွင် လွှမ်းမိုးနေသော ခေတ်ရေစီးကြောင်းများသည် မည်သည့်အရာကဲ့သို့ ဖြစ်မည်နည်း။ လူတို့ကြားရှိ ဆက်ဆံရေးများက မည်သို့ ဖြစ်မည်နည်း။ ဤလူ့အဖွဲ့အစည်းသည် သတ်ဖြတ်ခြင်းနှင့် လက်တုံ့ပြန်ခြင်းတို့ဖြင့် ဖုံးလွှမ်းနေမည်မဟုတ်လော။ ထို့ကြောင့် ဤသတ်မှတ်ချက်ကို အဆိုပြုသောသူသည် လူတို့၏ အပြုအမူကို ချုပ်ထိန်းရန်အတွက် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် အကျင့်စာရိတ္တနှင့်ပတ်သက်သော ဤဆိုရိုးစကားကို အသုံးပြုလျက် လူတို့အား လက်တုံ့ပြန်ခြင်းမပြုရန် အလွန်သွယ်ဝိုက်သောနည်းဖြင့် ပြောခြင်းဖြစ်သည်။ လူတို့သည် မမျှတသော ဆက်ဆံမှုကို ခံရသော၊ သို့မဟုတ် ၎င်းတို့၏ အကျင့်သိက္ခာကို စော်ကားခံရသော၊ သို့မဟုတ် ၎င်းတို့၏ ဂုဏ်သိက္ခာ ထိခိုက်ခံရသော အခါတိုင်းတွင် ကိုယ်ကျင့်တရား အပြုအမူနှင့်ဆိုင်သော ဤဆိုရိုးစကားက ထိုလူတို့အပေါ်သို့ လွှမ်းမိုးပြီး ၎င်းတို့ကို မလုပ်ဆောင်မီတွင် အသေအချာ ဆင်ခြင်စဉ်းစားစေသည်။ ပြီးလျှင် ၎င်းတို့အနေဖြင့် စိတ်လိုက်မာန်ပါပြုလုပ်ခြင်းနှင့် လွန်ကဲစွာ တုံ့ပြန်ခြင်းတို့ကို ရပ်တန့်စေသည်။ ဤလူ့အဖွဲ့အစည်းရှိ လူတို့သည် နိုင်ငံတော်မှဖြစ်စေ၊ လူ့အဖွဲ့အစည်းမှဖြစ်စေ၊ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံမိသည့်သူတို့ထံမှဖြစ်စေ မမျှတသော ဆက်ဆံရေးကို ခံရသည့်အချိန်တိုင်းတွင် လက်စားချေလိုလျှင် ဤလူသားမျိုးနွယ်နှင့် ဤလူ့အဖွဲ့အစည်းသည် စီမံရန်ခက်ခဲမည် မဟုတ်လော။ ဤသို့ဆိုလျှင် လူစုလူဝေးရှိသည့်နေရာတိုင်းတွင် ရန်ဖြစ်ခြင်းများက ရှောင်လွှဲမရနိုင်ဖြစ်လိမ့်မည်။ ပြီးလျှင် သွေးကြွေးဆပ်ခြင်းများက အဖြစ်များသော ဖြစ်ရပ်တစ်ခု ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ဤလူသားမျိုးနွယ်နှင့် ဤလူ့အဖွဲ့အစည်းသည် ပရမ်းပတာဖြစ်မည်မဟုတ်လော။ (ဟုတ်ပါသည်။) ပရမ်းပတာဖြစ်သည့် လူ့အဖွဲ့အစည်းသည် အုပ်ချုပ်သူများတွက် စီမံရန် လွယ်ကူမည်လော။ မလွယ်ကူမည်လော။ (စီမံရန် မလွယ်ကူပေ။) ဤအကြောင်းကြောင့် ဤ လူမှုရေးပညာပေးများနှင့် အတွေးအခေါ်သမားဟုဆိုသော သူများသည် လူတို့အား တွန်းအားပေးပြီး ဉာဏ်အလင်းဖွင့်ပြရန်အတွက် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားကို တင်ပြခဲ့ခြင်းဖြစ်သည်။ ဤသို့ဖြင့် လူတို့သည် မမျှတသော ဆက်ဆံမှု၊ သို့မဟုတ် ခွဲခြားဆက်ဆံမှု၊ စော်ကားမှုတစ်ခုခုကို ခံရသည့်အခါတိုင်းတွင်၊ သို့မဟုတ် နှိပ်စက်ပြီး နင်းချေခံရသည့်အခါတိုင်းတွင်ပင် ၎င်းတို့၏ ဝိညာဉ်ရေးဆိုင်ရာ၊ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခက မည်မျှကြီးမားပါစေ ၎င်းတို့သည် ဦးစွာ လက်တုံ့ပြန်ခြင်းကို စဉ်းစားခြင်းထက် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ကိုယ်ကျင့်တရားဆိုင်ရာ ရှေးနီတိကို စဉ်းစားကြသည်။ ဤသို့ဖြင့် လူတိုသည် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဤဆိုရိုးစကားများ၏ ထိန်းချုပ်မှုကို အမှုမဲ့အမှတ်မဲ့ လက်ခံသွားကြသည်။ ဤနည်းအားဖြင့် ၎င်းတို့၏ အတွေးများနှင့် အပြုအမူကို ထိရောက်စွာ ချုပ်ထိန်းပြီး အခြားလူများအပေါ်၊ နိုင်ငံတော်အပေါ်နှင့် လူ့အဖွဲ့အစည်းအပေါ် ၎င်းတို့ထားရှိသော မုန်းတီးမှုကို ပပျောက်စေသည်။ လူ့သဘာဝက မလွဲမသွေပိုင်ဆိုင်သည့် ဤရန်လိုမှု၊ ဒေါသတို့နှင့် မိမိ၏ ဂုဏ်ကို ခုခံကာကွယ်ရန်ဖြစ်သော ဤဗီဇမှဖြစ်သော အတွေးများ ပပျောက်သွားသောအခါတွင် ဤလူ့အဖွဲ့အစည်းရှိ လူတို့ကြားတွင်ရှိသော အခက်အခဲများနှင့် သွေးကြွေးဆပ်မှုများသည် သိသာသောအတိုင်းအတာအထိ လျော့ကျသွားမည်လော။ (လျော့ကျသွားပါမည်။) ဥပမာ လူအချို့ကပြောသည်။ “ထားလိုက်ကြစို့။ အလျှော့ပေးခြင်းသည် ပဋိပက္ခတစ်ရပ်ကို ဖြေရှင်းရန် ပို၍လွယ်ကူစေ၏။ ‘ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ’ ဟု ဆိုထားသည်။ သူ့တွင် ငါ၏မိသားစုကို သတ်ရသည့်အကြောင်းရင်းရှိသည်။ လက်ခုပ်က နှစ်ဖက်တီးမှ မည်သည်။ ပြီးလျှင် နှစ်ဖက်စလုံးက ၎င်းတို့၏ ကိုယ်ပိုင် အကြောင်းပြချက်ကို ဖက်တွယ်ထားကြသည်။ ထို့အပြင် ငါ၏ မိသားစု သေသည်မှာ နှစ်ချီနေပြီဖြစ်သည်။ အနာဟောင်းကို ပြန်ဆွနေလျှင် အဘယ်အကျိုး ရှိမည်နည်း။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ။ လူတို့သည် ၎င်းတို့၏ မုန်းတီးမှုကို လက်မလွှတ်နိုင်မီတွင် သဘောထားကြီးတတ်ဖို့ သင်ယူရမည်။ ၎င်းတို့၏ မုန်းတီးမှုကို လက်လွှတ်သောအခါမှသာ ၎င်းတို့သည် ဘဝတွင် ပျော်ရွှင်နိုင်သည်” ဟူ၍ ဖြစ်သည်။ ဤသို့ပြောသော အခြားလူများလည်းရှိသည်။ “သင်ပုန်းချေကြပါစို့။ သူသည် ယခင်ကကဲ့သို့ ငါ့အပေါ် သေးသိမ်သော နာကျည်းချက်များ မထားလျှင်၊ သို့မဟုတ် ငါ့အား ရန်လိုမှုဖြင့် မဆက်ဆံလျှင် ငါသည်လည်း သူနှင့် ရန်ဖြစ်မည်မဟုတ်။ ငါတို့သည် အသစ်မှ ပြန်စကြမည်။ ‘ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ’ ဟူသော ဆိုရိုးစကားကဲ့သို့ပင်ဖြစ်သည်။” ဟူသည့် ဆိုရိုးကဲ့သို့ပင် ဖြစ်သည်။ ဤသို့သောသူများသည် မည်သူများဖြစ်စေ လက်တုံ့ပြန်တော့မည့်ဆဲဆဲတွင် ရုတ်တရက် မိမိတို့ကိုယ်ကို ချုပ်တည်းလိုက်လျှင် ၎င်းတို့၏ စကားများ၊ ၎င်းတို့၏ လုပ်ရပ်များနှင့် ၎င်းတို့၏ သဘောတရားဆိုင်ရာ အခြေပြုချက်များအားလုံးတို့သည် အခြေခံအားဖြင့် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသကဲ့သို့သော အယူအဆနှင့် အမြင်များ၏ လွှမ်းမိုးမှုမှ အရင်းခံသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ ပြောသောသူများလည်း ရှိသေးသည်။ “အဘယ်ကြောင့် ငြင်းခုံနေကြသနည်း။ သင်သည် ဤသို့သော အသေးအဖွဲကိစ္စတစ်ခုကိုပင် လက်မလွှတ်နိုင်ရလောက်အောင် အလွန်ကောင်းမွန်သော လူ့စံပြတစ်ဦးပါတကား။ ကြီးမြတ်သောအချို့လူတို့သည် လှေဝင်၍ ရွက်လွှင့်ရလောက်အောင် အတော်အတန် ကြီးမားသော နှလုံးသားရှိကြသည်။ အနည်းဆုံးအနေဖြင့် ရက်ရောမှုအနည်းငယ်ကို နေရာပေးပါ။ လူတို့သည် ဘဝတွင် အနည်းငယ် သဘောထားမကြီးသင့်သလော။ သေးသိမ်သော နာကျည်းမှုများကို စွဲကိုင်ထားမည့်အစား နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီး အမြင်ကျယ်ကျယ်ထားလော့။ ဤသို့ အပြန်အလှန် ငြင်းခုံခြင်းတို့ကို ကြည့်ရသည်မှာ ရယ်ရွှင်ဖွယ်ရာပင်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤဆိုရိုးစကားများနှင့် အယူအဆများသည် လောကီရေးရာများအပေါ် လူသား၏ သဘောထားတစ်မျိုးကိုလည်းကောင်း၊ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ ရှေးနီတီများမှဖြစ်သော အခြား ဤသို့သော ဆိုရိုးစကားများထံမှသာ လာသော သဘောထားတစ်ခုကိုလည်းကောင်း အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြသည်။ လူတို့သည် ဤဆိုရိုးစကားများ၏ စွဲမှတ်အောင် သွန်သင်ခြင်းနှင့် လွှမ်းမိုးခြင်းကို ခံရပြီး ထိုအရာများသည် လူတို့အား အလေးအနက်တိုက်တွန်းပြီး ဉာဏ်အလင်းဖွင့်ပြသည့် ကဏ္ဍအချို့တွင် ပါဝင်နေသည်ဟု ခံစားရသည်။ ထို့ကြောင့် ၎င်းတို့သည် ဤစကားများကို မှန်ကန်ပြီး သင့်တင့်လျောက်ပတ်သောအရာများအဖြစ် မှတ်ယူသည်။

လူတို့သည် မုန်းတီးခြင်းကို လက်လွှတ်နိုင်သည်မှာ အဘယ်ကြောင့်နည်း။ အဓိက အကြောင်းရင်းများမှာ အဘယ်နည်း။ တစ်ဖက်တွင် ၎င်းတို့သည် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကား၏ လွှမ်းမိုးခြင်းကို ခံရသည်။ အခြားတစ်ဖက်တွင် ၎င်းတို့သည် သေးသိမ်သော မကျေနပ်ချက်များကို ကိုင်စွဲထားလျှင်၊ လူတို့ကို စဉ်ဆက်မပြတ် မုန်းတီးနေလျှင်၊ အခြားလူများကို သည်းမခံလျှင် ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် ခြေကုပ်မရယူနိုင်ဘဲ လူအများ၏ ထင်မြင်ချက်တို့ဖြင့် ရှုတ်ချခြင်းခံရပြီး လူတို့၏ လှောင်ရယ်ခြင်းခံရမည်ဟူသည့် အတွေးဖြင့် စိုးရိမ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ဒေါသကို စိတ်မပါတပါဖြင့် လိုလားခြင်းမရှိဘဲ မြိုသိပ်ထားရသည်။ တစ်ဖက်တွင် လူတို့၏ ဗီဇကို ကြည့်လျှင် ဤကမ္ဘာတွင် အသက်ရှင်နေသောသူတို့သည် ဤဖိနှိပ်မှု၊ အသိတရားမရှိသော ထိခိုက်မှုနှင့် မမျှတသော ဆက်ဆံမှုတို့အားလုံးကို မခံကြနိုင်ပေ။ ဆိုလိုသည်မှာ လူတို့၏ လူ့သဘာဝတွင် ဤအရာများကို ခံနိုင်ရည်မရှိပေ။ ထို့ကြောင့် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် သတ်မှတ်ချက်ကို တစ်ဦးတစ်ယောက်အပေါ် အဆိုပြုသည်မှာ မမျှတသကဲ့သို့ လူသားမဆန်ပေ။ အခြားတစ်ဖက်တွင် ဤသို့သော အယူအဆနှင့် အမြင်များသည် ဤကိစ္စများနှင့်ပတ်သက်ပြီး လူတို့၏ အမြင်များနှင့် ရှုထောင့်များအပေါ်လည်း သက်ရောက်ပြီး လိုရာဆွဲပြောစေသည်မှာလည်း သိသာသည်။ ထို့ကြောင့် ၎င်းတို့သည် ဤသို့သော အရေးကိစ္စများကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ရမည့်အစား “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသကဲ့သို့သော ဆိုရိုးစကားများကို မှန်ကန်ပြီး အပြုသဘောဆောင်သောအရာများအဖြစ် မှတ်ယူကြသည်။ လူတို့သည် မမျှတသော ဆက်ဆံမှုကို ခံရသောအခါတွင် လူအများ၏ ထင်မြင်ချက်တို့အားဖြင့် ရှုတ်ချခံရခြင်းကို ရှောင်ကြဉ်ရန်အတွက် ၎င်းတို့ ခံစားရသော စော်ကားမှုများနှင့် မျှတမှုမရှိသော ဆက်ဆံမှုကို ကျိတ်ခံပြီး လက်တုံ့ပြန်ရန် အခွင့်အလမ်းကို စောင့်ဖို့ကလွဲ၍ ရွေးစရာမရှိပေ။ ၎င်းတို့သည် “‘ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ။’ ရှိစေတော့။ လက်တုံ့ပြန်၍ အကျိုးမရှိပေ။ ယင်းမှာ အတိတ်တွင် ကျန်ခဲ့ပြီဖြစ်ပြီး အရေးမကြီးတော့ပါ” ဆိုသကဲ့သို့သော ကြားကောင်းသောအရာများကို လူကြားအောင်ပြောသော်လည်း လူသား၏ ဗီဇကြောင့် ဤဖြစ်ရပ်အားဖြင့် ၎င်းတို့တွင် ဖြစ်သွားသော ထိခိုက်မှုကို လုံးဝ မေ့ပျောက်၍မရပေ။ ဆိုလိုသည်မှာ ၎င်းတို့၏ ကိုယ်ခန္ဓာနှင့် စိတ်အပေါ်သို့ ဖြစ်ခဲ့သော ထိခိုက်နစ်နာမှုသည် မည်သည့်အခါမျှ မဖျောက်ဖျက်နိုင်ပေ၊ သို့မဟုတ် မှေးမှိန်ပျောက်ကွယ်မသွားပေ။ လူတို့က “မုန်းတီးခြင်းကို မေ့လော့။ ဤကိစ္စသည် ပြီးဆုံးသွားပြီ။ အတိတ်တွင် ကျန်ခဲ့ပြီဖြစ်ပြီး အရေးမကြီးတော့ပါ” ဟု ပြောသောအခါတွင် ဤသည်မှာ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသကဲ့သို့သော အယူအဆများ၊ အမြင်များ၏ ဘောင်ခတ်မှုနှင့် လွှမ်းမိုးမှုကို ခံရခြင်းအားဖြင့်သာ ဖြစ်ပေါ်သော အယောင်ဆောင်မှုတစ်ခုဖြစ်သည်။ လူတို့သည် ဤသို့သော အယူအဆများနှင့် အမြင်များ၏ ကန့်သတ်ခြင်းကိုလည်း ခံရသည်မှာ ၎င်းတို့သည် ဤအရာတို့ကို လက်တွေ့မလုပ်ဆောင်နိုင်လျှင်၊ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာဖို့ စိတ်မရှိလျှင်၊ သို့မဟုတ် သဘောထားကြီးခြင်းမရှိလျှင် ၎င်းတို့သည် လူတိုင်းက အထင်သေးပြီး ရှုတ်ချခြင်းခံရမည်၊ လူ့အဖွဲ့အစည်းတွင်၊ သို့မဟုတ် ၎င်းတို့၏ အသိုင်းအဝိုင်းအတွင်းတွင် ပို၍ပင် ခွဲခြားဆက်ဆံခံရမည်ဟု ထင်သည်အထိပင် ဖြစ်ကြောင်း ပြောစရာပင်မလိုချေ။ ခွဲခြားဆက်ဆံခံရခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ သင်သည် လူတို့နှင့် ထိတွေ့ဆက်ဆံပြီး သင်၏ ကိစ္စကို သင် လုပ်သောအခါ လူတို့က “ဤလူသည် သဘောထားသေးသိမ်ပြီး အငြိုးထားတတ်သည်။ သူနှင့် ဆက်ဆံသောအခါတွင် သတိရှိပါ။” ဟု ပြောကြလိမ့်မည်။ ဤသည်မှာ လက်တွေ့အားဖြင့် လူ့အသိုင်းအဝိုင်းအတွင်းတွင် သင်၏ ကိစ္စကို လုပ်ဆောင်သောအခါ အပို အခက်အခဲတစ်ခုဖြစ်လာသည်။ အဘယ်ကြောင့် ဤအပို ခက်ခဲမှုရှိသနည်း။ အဘယ်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းတစ်ခုလုံးသည် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသကဲ့သို့သော အယူအဆများနှင့် အမြင်များ၏ လွှမ်းမိုးခြင်းကို ခံရသောကြောင့်ဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ထုံးတမ်းဓလေ့များသည် ဤသို့သော စဉ်းစားပုံကို မြတ်နိုးသည်။ ပြီးလျှင် လူ့အဖွဲ့အစည်းတစ်ခုလုံးသည် ဤအရာ၏ ကန့်သတ်ခြင်း၊ လွှမ်းမိုးခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသည်။ ထို့ကြောင့် သင်သည် ဤအရာကို လက်တွေ့မလုပ်ဆောင်နိုင်လျှင် လူအဖွဲ့အစည်း၌ ခြေကုပ်ရယူရန်နှင့် သင်၏ အသိုင်းအဝိုင်းအတွင်းတွင် ရှင်သန်ရန် ခက်ခဲလိမ့်မည်။ ထို့ကြောင့် လူအချို့သည် အခြားနည်းလမ်းမရှိဘဲ ထိုကဲ့သို့သော ဓလေ့ထုံးတမ်းများကို ကျိုးနွံနာခံပြီး “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသကဲ့သို့သော ဆိုရိုးစကားများနှင့် အမြင်များနောက်သို့သာ လိုက်ကာ သနားစဖွယ်ဘဝများကို အသက်ရှင်ရသည်။ ဤဖြစ်ရပ်ကို ကြည့်လျှင် ဤကိုယ်ကျင့်တရားဝါဒီဆိုသော သူများသည် ကိုယ်ကျင့်တရားဆိုင်ရာ အယူအဆများ၊ အမြင်များနှင့်သက်ဆိုင်သော ဤဆိုရိုးစကားများကို အဆိုပြုရာတွင် အချို့သော ဦးတည်ချက်များနှင့် ရည်ရွယ်ချက်များ မရှိသလော။ လူသားတို့အနေဖြင့် ပို၍ လွတ်လပ်စွာ အသက်ရှင်နိုင်ရန်၊ ၎င်းတို့၏ ကိုယ်ခန္ဓာ၊ စိတ်နှင့် ဝိညာဉ်တို့ ပိုပြီး လွတ်မြောက်စေရန် လုပ်ဆောင်ခြင်း ဖြစ်သလော။ သို့မဟုတ် ပျော်ရွှင်သောဘဝများကို လူတို့ ရှင်သန်နိုင်ဖို့အတွက် ဖြစ်သလော။ ဤသို့မဟုတ်သည်မှာ အတော်အတန် သိသာပေသည်။ ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများသည် လူတို့၏ ပုံမှန်လူ့သဘာဝ၏ လိုအပ်ချက်များကို လုံးဝ အကျိုးမပြုပေ။ ပြီးလျှင် အထူးသဖြင့် ပုံမှန်လူ့သဘာဝကို လူတို့ အသက်ရှင်နေထိုင်စေရန်အတွက် ထိုအရာများကို အဆိုပြုခြင်း မဟုတ်ပေ။ ထိုအစား ထိုအရာများသည် လူတို့ကို ထိန်းချုပ်ရန်နှင့် မိမိတို့၏ ကိုယ်ပိုင်အာဏာကို တည်မြဲစေရန်ဖြစ်သော အုပ်ချုပ်သူလူတန်းစားတို့၏ ရည်မှန်းချက်ကို အလုံးစုံ အကျိုးပြုသည်။ ထိုအရာများသည် အုပ်ချုပ်သူလူတန်းစားကို အကျိုးပြုပြီး အုပ်ချုပ်သူလူတန်းစားမှ လူမှုဖွဲ့စည်းပုံစနစ်နှင့် လူမှုဆိုင်ရာ ဓလေ့ထုံးတမ်းများကို ထိန်းချုပ်နိုင်ရန်အတွက်၊ လူတိုင်း၊ မိသားစုတိုင်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီတိုင်း၊ အသိုင်းအဝိုင်းတိုင်း၊ အုပ်စုတိုင်းနှင့် အုပ်စုအမျိုးမျိုးက ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်းတို့ကို ဘောင်ခတ်ရန်အတွက် ဤအရာများကို အသုံးပြုနိုင်ရန် တင်ပြခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်း၏ ခေတ်ရေစီးကြောင်းဖြစ်သော ကိုယ်ကျင့်တရား အယူအဆများနှင့် အမြင်များ ထွက်ပေါ်လာပြီး ပုံပေါ်လာခြင်းသည် ဤသို့သော လူ့အဖွဲ့အစည်းများတွင်၊ ဤသို့သော ကိုယ်ကျင့်တရားဆိုင်ရာ အယူအဆများနှင့် အမြင်များ၏ အယူဝါဒသွတ်သွင်းခြင်း၊ လွှမ်းမိုးခြင်းနှင့် စွဲမှတ်အောင် သွန်သင်ခြင်းအောက်တွင် ဖြစ်သည်။ ဤသို့ လူမှုဆိုင်ရာ ကိုယ်ကျင့်တရားနှင့် လူမှုဓလေ့ထုံးတမ်းများ ပုံပေါ်လာခြင်းသည် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် အထောက်အကူ မဖြစ်တော့သကဲ့သို့ လူသား၏ အတွေးအခေါ် တိုးတက်မှုနှင့် သန့်စင်မှုအတွက်လည်း ပို၍ပင် အထောက်အကူ မဖြစ်ပေ။ လူ့သဘာဝ တန်ဖိုးမြင့်တက်ခြင်းအတွက်လည်း ပို၍ အထောက်အကူ မဖြစ်ပေ။ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ ဤကိုယ်ကျင့်တရား အယူအဆများနှင့် အမြင်များ ထွက်ပေါ်လာမှုကြောင့် လူသား၏ စဉ်းစားပုံသည် ထိန်းချုပ်၍ ရသော အတိုင်းအတာတစ်ခုအတွင်းတွင် ကန့်သတ်ခံရသည်။ ဤသို့ဆိုလျှင် အဆုံး၌ မည်သူက အကျိုးဖြစ်သနည်း။ လူသားမျိုးနွယ် ဖြစ်သလော။ သို့မဟုတ် အုပ်ချုပ်သူလူတန်းစား ဖြစ်သလော။ (အုပ်ချုပ်သူလူတန်းစားဖြစ်ပါသည်။) မှန်သည်။ အဆုံးတွင် အကျိုးဖြစ်သည်မှာ အုပ်ချုပ်သူလူတန်းစားဖြစ်သည်။ လူသားတို့၏ စဉ်းစားပုံနှင့် ကိုယ်ကျင့်တရား အပြုအမူ၏ အခြေပြုချက်အဖြစ် ဤကိုယ်ကျင့်တရားကျမ်းစာများကြောင့် လူသားတို့သည် အုပ်ချုပ်ရန် ပို၍ လွယ်ကူသည်။ နာခံမှုရှိသော နိုင်ငံသားများ ပို၍ ဖြစ်နိုင်ခြေရှိသည်။ ကြိုးကိုင်ခြယ်လှယ်ရန် ပို၍ လွယ်ကူသည်။ ၎င်းတို့လုပ်ဆောင်သမျှတွင် ကိုယ်ကျင့်တရားကျမ်းစာများ၏ ဆိုရိုးစကားအမျိုးမျိုး၏ အုပ်စိုးခြင်းကို ပို၍ အလွယ်တကူ ခံရသည်။ ပြီးလျှင် လူမှုစနစ်များ၊ လူမှုဆိုင်ရာ ကိုယ်ကျင့်တရား၊ လူမှုဓလေ့ထုံးထမ်းများနှင့် အများပြည်သူ၏ ထင်မြင်ချက်တို့၏ အုပ်စိုးခြင်းကို ပို၍ လွယ်ကူစွာ ခံရသည်။ ဤသို့ဖြင့် တူညီသော လူမှုစနစ်များတွင်၊ ကိုယ်ကျင့်တရား ပတ်ဝန်းကျင်တွင်၊ လူမှုဓလေ့ထုံးတမ်းများတွင် အဆင့်နိမ့်သောလူတို့သည် အခြေခံအားဖြင့် အတိုင်းအတာတစ်ခုအထိ တညီတညွတ်တည်းဖြစ်သော အယူအဆများနှင့် အမြင်များ၊ မည်သို့ ကျင့်ကြံပြုမူသင့်သည်ဆိုသည်နှင့်ပတ်သက်ပြီး တညီတညွတ်တည်းဖြစ်သော အခြေခံစည်းမျဉ်းရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အယူအဆများနှင့် အမြင်များသည် ဤကိုယ်ကျင့်တရားဝါဒီများ၊ အတွေးအခေါ်သမားများနှင့် သွန်သင်ဆုံးမသူများဆိုသောသူများ၏ ပြင်ဆင်ခြင်းနှင့် စံသတ်မှတ်ခြင်းတို့ကို ခံရသောကြောင့်ဖြစ်သည်။ ဤ “တညီတညွတ်တည်း” ဆိုသောစကားမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ အုပ်ချုပ်ခံရသူတို့သည်၊ ၎င်းတို့၏ အတွေးများနှင့် ပုံမှန်လူ့သဘာဝတို့သည် ကိုယ်ကျင့်တရားကျမ်းစာများမှ ဤဆိုရိုးစကားများကို စိတ်ထဲတွင် စွဲမှတ်ပြီး ယင်းတို့၏ ကန့်သတ်ခြင်းကို ခံရသည်။ လူတို့၏ အတွေးများသည် ကန့်သတ်ခြင်းခံရသည်။ ပြီးလျှင် တစ်ချိန်တည်းတွင် ၎င်းတို့၏ နှုတ်များနှင့် ဦးနှောက်များသည်လည်း ကန့်သတ်ခြင်းခံရသည်။ လူတိုင်းသည် ရိုးရာယဉ်ကျေးမှု၏ ဤကိုယ်ကျင့်တရားအယူအဆများနှင့် အမြင်များကို မဖြစ်မနေလက်ခံရသည်။ တစ်ဖက်တွင် ၎င်းတို့ကိုယ်တိုင်၏ အပြုအမူကို အကဲဖြတ်ပြီး ဘောင်ခတ်ရန် ထိုအရာများကို အသုံးပြုရပြီး အခြားတစ်ဖက်တွင် အခြားလူတို့နှင့် ဤလူ့အဖွဲ့အစည်းကို အကဲဖြတ်ရန်အတွက် ထိုအရာများကို အသုံးပြုရသည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် အများပြည်သူ၏ ထင်မြင်ချက်အားဖြင့် ထိန်းချုပ်ခြင်းကိုလည်း ခံရသည်မှာ မှန်သည်။ ထိုထင်မြင်ချက်သည် ကိုယ်ကျင့်တရားကျမ်းစာများမှ ဤဆိုရိုးစကားများကို ဗဟိုပြုထားသည်။ အမှုအရာများကို သင်လုပ်ဆောင်သည့်နည်းလမ်းသည် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားကို ဆန့်ကျင်သည်ဟု သင်တွေးထင်လျှင် သင်သည် အလွန်ပင် စိတ်မချမ်းမသာဖြစ်ပြီး စိတ်မအေးနိုင်ဖြစ်သည်။ ပြီးလျှင် မကြာမီတွင် သင်သည် “ငါသည် တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာခြင်းကို မလုပ်ဆောင်နိုင်လျှင်၊ ငါသည်အမြင်ကျဉ်းသော ငလက်မလေးတစ်ယောက်ကဲ့သို့ သေးနုပ်ပြီး သဘောထား သေးသိမ်လျှင်၊ မုန်းတီးခြင်း အနည်းငယ်မျှကိုပင် လက်မလွှတ်နိုင်ဘဲ အချိန်ပြည့် စိတ်ထဲထည့်ထားလျှင် ငါသည် လှောင်ရယ်ခြင်းခံရမည်လော။ လုပ်ဖော်ကိုင်ဖက်များနှင့် သူငယ်ချင်းများက ခွဲခြားဆက်ဆံခြင်းကို ငါ ခံရမည်လော” ဟု တွေးမိသည်။ ထို့ကြောင့် သင်သည် အထူးပင် သဘောထားကြီးသည့် ဟန်ဆောင်ရသည်။ လူတို့တွင် ဤအပြုအမူများရှိလျှင် ၎င်းတို့သည် လူအများ၏ ထင်မြင်ချက်အားဖြင့် ထိန်းချုပ်ခြင်းခံရသည်ဟု ဆိုလိုသလော။ (ဆိုလိုပါသည်။) အရှိအတိုင်းပြောရလျှင် သင်၏ စိတ်နှလုံးအတွင်းထဲတွင် မမြင်နိုင်သော အချုပ်အနှောင်များ ရှိသည်။ ဆိုလိုသည်မှာ လူအများ၏ ထင်မြင်ချက်နှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ရှုတ်ချမှုသည် သင့်အတွက် မမြင်နိုင်သော အချုပ်အနှောင်များကဲ့သို့ ဖြစ်သည်။ ဥပမာ လူအချို့က ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းသည်ကိုလည်းကောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းကို ၎င်းတို့ ရရှိနိုင်သည်ကိုလည်းကောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မှန်ကန်သော လမ်းကိုလျှောက်ခြင်း၊ မကောင်းသောအရာများကို မလုပ်ဆောင်ခြင်း ဖြစ်သည်ကိုလည်းကောင်း သိကြသည်။ သို့သော် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ခါစတွင် ဤအရာကို ဖွင့်မပြောရဲပေ။ သို့မဟုတ် ၎င်းတို့၏ ယုံကြည်ခြင်းကို ဝန်မခံရဲပေ။ ဧဝံဂေလိ မမျှဝေရဲသည်အထိပင် ဖြစ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် ဤအရာကို ဖွင့်ပြောပြီး လူတို့ကို အသိမပေးရဲသနည်း။ ၎င်းတို့သည် ပတ်ဝန်းကျင် အဘက်ဘက်၏ သက်ရောက်မှုကို ခံရခြင်းဖြစ်သလော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် ဤပတ်ဝန်းကျင် အဘက်ဘက်က သင့်အပေါ်တွင်ရှိသော သက်ရောက်မှုများနှင့် ဘောင်ခတ်မှုများမှာ အဘယ်နည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်သည်ဟု အဘယ်ကြောင့် ဝန်မခံရဲသနည်း။ အဘယ်ကြောင့် ဧဝံဂေလိပင် မဖြန့်ဝေရဲသနည်း။ ယုံကြည်ခြင်းရှိသောလူများ ဖိနှိပ်ခြင်းခံရသော အာဏာရှင်နိုင်ငံများကဲ့သို့သော အထူးအခြေအနေများမှလွဲ၍ အခြားအကြောင်းရင်းတစ်ခုမှာ လူအများ၏ ထင်မြင်ချက်မှလာသော ဆိုရိုးစကားအမျိုးမျိုးသည် သင့်အတွက် ခံနိုင်ရန် များလွန်းသည်။ ဥပမာ ဘာသာတရားကို သင်စတင် ယုံကြည်သည်နှင့် သင့်မိသားစုကို ဂရုမစိုက်တော့ဟု လူအချို့က ပြောကြသည်။ လူအချို့က ဘာသာတရားရှိ ယုံကြည်သူများသည် မသေမျိုးဖြစ်လိုကြကြောင်း၊ လူ့အဖွဲ့အစည်းနှင့် ခပ်ကင်းကင်းနေကြကြောင်း ပြောပြီး သင့်အား ကြောက်မက်ဖွယ်ကောင်းသည့်ပုံစံအဖြစ် ဖော်ပြကြသည်။ အခြားလူများက ယုံကြည်သူများသည် မစားမသောက်ဘဲ နေနိုင်သည်၊ ပင်ပန်းခြင်းမရှိဘဲ ရက်နှင့်ချီပြီး မအိပ်ဘဲ ဆက်တိုက်နေနိုင်သည်ဟု ပြောကြသည်။ အခြားလူများက ပို၍ဆိုးသောအရာများကိုပင် ပြောဆိုကြသေးသည်။ အစပိုင်းတွင် သင်သည် ဤထင်မြင်ချက်များ၏ သက်ရောက်ခြင်းကို ခံရသောကြောင့် ဘုရားသခင်ကို သင်ယုံကြည်သည်ဟု ဝန်မခံရဲခဲ့ခြင်း ဖြစ်သည်မဟုတ်လော။ လူမှုပတ်ဝန်းကျင် အဘက်ဘက်တွင်ရှိသော ဤထင်မြင်ချက်များက သင့်အပေါ်တွင် သက်ရောက်မှု ရှိသလော။ (ရှိပါသည်။) ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ သင်၏ စိတ်အခြေအနေအပေါ် သက်ရောက်ပြီး သင်၏ မာနကို ထိခိုက်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို ယုံကြည်သည်ဟု ပွင့်လင်းစွာ ဝန်မခံရဲပေ။ ဤလူ့အဖွဲ့အစည်းသည် ယုံကြည်မှု ရှိသောသူများနှင့် ဘုရားသခင်ကို ယုံကြည်သူများအပေါ် ဖော်ရွေခြင်းမရှိဘဲ ရန်လိုသောကြောင့်၊ ပြီးလျှင် လူအချို့သည် သင့်အတွက် ခံယူရန်များလွန်းသော ယုတ်မာသည့် စော်ကားမှုများနှင့် အသရေဖျက်သော မှတ်ချက်များကိုပင် ပြောဆိုကြသောကြောင့် သင်သည် ဘုရားသခင်ကို ယုံကြည်သည်ဟု ပွင့်လင်းစွာ ဝန်မခံရဲပေ။ ပြီးလျှင် သူခိုးတစ်ယောက်ကဲ့သို့ စုဝေးပွဲများဆီသို့ တိတ်တဆိတ် ခိုးထွက်ရသည်။ အခြားလူများသိသွားလျှင် အသရေဖျက်သောအရာများကို ပြောမည်ကို သင်စိုးရိမ်သောကြောင့် သင်လုပ်နိုင်သမျှမှာ သင်၏ နာကြည်းမှုကို ချုပ်တည်းထားခြင်းပင်ဖြစ်သည်။ ဤသို့ဖြင့် သင်သည် တိတ်ဆိတ်စွာဖြင့် မချိတင်ကဲ ဝေဒနာများစွာကို ခံရသည်။ သို့သော် ဤဝေဒနာအားလုံးကို ခံစားခြင်းသည် အလွန်ပင် တည်ဆောက်စရာဖြစ်ပြီး သင်သည် အမှုအရာများစွာအပေါ် ရှင်းလင်းသော အသိအမြင်ကို ရရှိကာ သမ္မာတရားအချို့ကို နားလည်ခဲ့သည်။

ငါတို့သည် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဤ ဆိုရိုးစကားနှင့်ပတ်သက်ပြီး ယခုတင် ကျယ်ပြန့်စွာ မိတ်သဟာယ ဖွဲ့ခဲ့သည်။ လူ့သဘာဝရှုထောင့်မှ ကြည့်လျှင် ဤဆိုရိုးစကားသည် သဘောထားကြီးခြင်း၊ အမြင်ကျယ်ခြင်းတို့နှင့်ပတ်သက်ပြီး လူတစ်ယောက်အနေဖြင့် ပိုင်ဆိုင်သင့်သည့် အနည်းဆုံးသော ကိုယ်ကျင့်တရား အပြုအမူကို သတ်မှတ်ပြဋ္ဌာန်းသည်။ အမှန်မှာ လူတို့၏ လူ့အခွင့်အရေးများ၊ ဂုဏ်သိက္ခာ၊ တည်ကြည်မှု၊ လူ့သဘာဝတို့အပေါ် ထိခိုက်မှုနှင့် သက်ရောက်မှုကို ကြည့်လျှင် လူတို့ကို နှစ်သိမ့်ပြီး ကန့်သတ်ရန်အတွက် ဒုစရိုက်လောကရှိ သူခိုး၊ ဓားပြများ၏ ဗန်းစကားကဲ့သို့ဖြစ်သော “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဤဆိုရိုးစကားကိုသာ အသုံးပြုခြင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောသူတို့ကို အလွန်ပင် စော်ကားခြင်းဖြစ်ပြီး လူသားမဆန်ဘဲ ယုတ်မာလေသည်။ ပုံမှန်လူ့သဘာဝသည် ပင်ကိုအားဖြင့် ဝမ်းမြောက်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုတို့ကို ပိုင်ဆိုင်သည်။ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ပျော်ရွှင်ခြင်းအကြောင်းကို ငါ မပြောတော့ပေ။ ဒေါသသည်လည်း ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သည့် စိတ်ခံစားချက်တစ်ခုဖြစ်သည်။ မည်သည့်အခြေအနေများတွင် ဒေါသက ဖြစ်ပေါ်ပြီး သာမန်အားဖြင့် သိသာထင်ရှားသနည်း။ ပုံမှန်လူ့သဘာဝ၏ ဒေါသသည် ယင်းဘာသာ သိသာထင်ရှားသောအခါ၊ ဆိုလိုသည်မှာ လူတို့၏ တည်ကြည်မှု၊ ဂုဏ်သိက္ခာ၊ အကျိုးစီးပွားများနှင့် လူတို့၏ ဝိညာဉ်နှင့် စိတ်တို့ ထိခိုက်နာကျင်သောအခါ၊ ခြေအောက်တွင် နင်းချေခံရသောအခါ၊ စော်ကားခြင်းခံရသောအခါ ၎င်းတို့သည် အလိုအလျောက်အားဖြင့်၊ ပင်ကိုဗီဇအားဖြင့် စိတ်ဆိုးလိမ့်မည်။ နာကြည်းခြင်း၊ သို့မဟုတ် မုန်းတီးခြင်းပင် ဖြစ်ပေါ်လိမ့်မည်။ ဤသည်မှာ ဒေါသထွက်ပေါ်သည့် အကြောင်းရင်းဖြစ်သည်။ ဤသည်မှာ ဒေါသက အသေးစိတ် သိသာထင်ရှားမှုဖြစ်သည်။ လူအချို့မှာ အကြောင်းပြချက် မရှိဘဲ ဒေါသထွက်သည်။ အသေးအဖွဲကိစ္စတစ်ခုက ၎င်းတို့၏ အမျက်ဒေါသကို ဆွပေးနိုင်သည်။ သို့မဟုတ် လူတစ်ယောက်က ၎င်းတို့ကို ထိခိုက်သည့်အရာတစ်ခုကို မတော်တဆပြောမိပြီး သူ့မျက်စိရှေ့တွင် နီရဲသော ဒေါသအခိုးအငွေ့များ ထွက်ပေါ်လာနိုင်သည်။ ၎င်းတို့သည် အလွန်ပင် ဒေါသထွက်လွယ်ကြသည် မဟုတ်လော။ ဤအရာများထဲမှ မည်သည့်အရာကမျှ ၎င်းတို့၏ ဝိညာဉ်၊ တည်ကြည်မှု၊ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး၊ သို့မဟုတ် ဝိညာဉ်ရေးလောကနှင့် မသက်ဆိုင်ပေ။ သို့တိုင်အောင် ၎င်းတို့သည် ရုတ်ချည်းဒေါသထွက်နိုင်သည်။ ဤသည်မှာ ၎င်းတို့သည် ဒေါထွက်လွယ်သောကြောင့် ဖြစ်နိုင်သည်။ မည်သည့်အရာမဆိုနှင့် အရာရာတိုင်းအပေါ်သို့ အမျက်ဒေါသခံစားချက်ကို ပြသခြင်းက သာမန်မဟုတ်ပေ။ ဤတွင် ငါတို့ပြောနေသည့် အကြောင်းအရာသည် ပုံမှန်လူ့သဘာဝက ဖော်ပြသော နာကြည်းမှု၊ ဒေါသ၊ အမျက်နှင့် မုန်းတီးခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် လူအချို့၏ ဗီဇမှဖြစ်သော တုံ့ပြန်မှုများ ဖြစ်သည်။ လူတစ်ယောက်၏ တည်ကြည်မှု၊ သိက္ခာ၊ လူ့အခွင့်အရေးနှင့် ဝိညာဉ်တို့သည် နင်းခြေခံရသောအခါ၊ စော်ကားခံရသောအခါ၊ သို့မဟုတ် ထိခိုက်နာကျင်သောအခါ ထိုသူသည် မခံမရပ်နိုင်ဖြစ်လာသည်။ ဤ မခံမရပ်နိုင်ဖြစ်ခြင်းသည် ခဏတာ စိတ်မကျေမနပ်ဖြစ်ပြီး ပေါက်ကွဲခြင်းမဟုတ်သကဲ့သို့ ယာယီဖြစ်သော ခံစားချက်လည်း မဟုတ်ပေ။ ထိုအစား ဤသည်မှာ လူတစ်ယောက်၏ တည်ကြည်မှု၊ ဂုဏ်သိက္ခာနှင့် ဝိညာဉ်တို့သည် စိတ်ဒဏ်ရာ ရသောအခါတိုင်းတွင် ဖြစ်သော လူသား၏ သာမန်တုံ့ပြန်မှု ဖြစ်သည်။ ဤသည်မှာ လူသား၏ သာမန်တုံ့ပြန်မှုဖြစ်သောကြောင့် ဤတုံ့ပြန်မှုသည် ကျိုးကြောင်းခိုင်လုံမျှတပြီး ယုတ္တိရှိသည်။ ထို့ကြောင့် ဤသည်မှာ ပြစ်မှုမဟုတ်ဘဲ ဘောင်ခတ်ဖို့ မလိုပေ။ ဤအတိုင်းအတာအထိ လူတို့ကို ထိခိုက်စေသည့် ပြဿနာများအတွက်မူ မျှတစွာ ဖြေရှင်းပြီး ကိုင်တွယ်သင့်သည်။ ထိုကိစ္စကို ကျိုးကြောင်းသင့်စွာဖြင့် မဖြေရှင်းနိုင်လျှင်၊ သို့မဟုတ် မျှတစွာ မကိုင်တွယ်နိုင်လျှင်၊ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားကို လက်တွေ့လုပ်ဆောင်ဖို့ လူတို့အား ကျိုးကြောင်းမသင့်စွာဖြင့် မျှော်လင့်လျှင် ဤသည်မှာ ခံရသောသူအတွက် အကျင့်ပျက်ပြီး လူသားမဆန်သကဲ့သို့ လူတို့အနေဖြင့် သတိထားသင့်သည့် အရာတစ်ခုဖြစ်သည်။

“ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားနှင့်ပတ်သက်ပြီး မည်သည့်အချက်များကို ငါတို့ ဆွေးနွေးခဲ့သနည်း။ အနှစ်ချုပ်ကြည့်ကြပါစို့။ ဤဆိုရိုးစကား၏ အနှစ်သာရသည် အခြား ကိုယ့်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများနှင့် အတူတူပင်ဖြစ်သည်။ ၎င်းတို့အားလုံးသည် အုပ်ချုပ်သူလူတန်းစားနှင့် လူမှုဓလေ့ထုံးတမ်းများကို အကျိုးပြုသည်။ ၎င်းတို့သည် လူ့သဘာဝ၏ အမြင်ရှုထောင့်မှစ၍ တင်ပြထားခြင်းမဟုတ်ပေ။ ဤကိုယ်ကျင့်တရားကျမ်းစာများသည် အုပ်ချုပ်သူလူတန်းစားနှင့် လူမှုဓလေ့ထုံးတမ်းများကို အကျိုးပြုသည်ဟု ပြောခြင်းသည် နိုင်ငံရေး၊ လူမှုသိပ္ပံနှင့် လူသား၏ အတွေးတို့နှင့်ပတ်သက်ပြီး အတန်ငယ် သိသောသူတို့အတွက် အတော်အတန် သဘောပေါက်နိုင်သည့်အရာ ဖြစ်သော်ငြားလည်း သင်နားလည်သင့်ပြီး ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်ခြင်းမှတစ်ဆင့် ရယူနိုင်သည့်အရာ၏ အတိုင်းအတာထက် အတော်အတန် ကျော်လွန်နိုင်သည်။ လူ့သဘာဝ၏ အမြင်ရှုထောင့်မှကြည့်လျှင်၊ ဆိုလိုသည်မှာ သင်၏ ကိုယ်ပိုင်အမြင်ရှုထောင့်မှကြည့်လျှင် ဤသို့သောအရာများကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ ဥပမာ သင်သည် သင်၏ယုံကြည်မှုကြောင့် ယခင်က အဖမ်းခံရသည်၊ ထောင်ကျခဲ့ကာ နှိပ်စက်ခံရသည်ဆိုပါစို့။ အဆင်းနီသော နဂါးကြီးသည် သင့်အား ရက်အနည်းငယ်အထိ နေ့ရော၊ ညပါ အိပ်ခွင့်မပြုဘဲ သေလုနီးပါး ညှဉ်းပန်းသည်။ သင်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သင်၏ ကိုယ်ခန္ဓာနှင့် စိတ်သည် နှိပ်စက်ညှဉ်းပန်းမှုမျိုးစုံကို ခံစားရသည်။ ဤနတ်ဆိုးများက ညစ်ပေပြီး ပုတ်ခတ်စော်ကားသော စကားမျိုးစုံကို သုံးလျက် စော်ကားခြင်း၊ ပြက်ရယ်ပြုခြင်းနှင့် တိုက်ခိုက်ခြင်းကိုလည်း သင် ခံရသည်။ ဤညှဉ်းပန်းမှုကို ခံစားရပြီးနောက်တွင် ဤနိုင်ငံနှင့် ဤအစိုးရအပေါ် သင် မည်သို့ ခံစားရသနည်း။ (မုန်းတီးခြင်းခံစားရပါသည်။) ယင်းသည် မုန်းတီးခြင်းကို ဖြစ်ပေါ်စေသည်။ ဤလူမှုစနစ်အပေါ် မုန်းတီးခြင်းကို ဖြစ်ပေါ်စေသည်။ ဤအုပ်ချုပ်သည့်ပါတီအပေါ် မုန်းတီးခြင်း၊ ပြီးလျှင် ဤနိုင်ငံအပေါ် မုန်းတီးခြင်းကို ဖြစ်ပေါ်စေသည်။ သင်သည် ပြည်သူ့ရဲကို မြင်သည့်အခါတိုင်းတွင် လေးစားသောစိတ် များစွာ ဖြစ်လေ့ရှိခဲ့သည်။ သို့သော် ၎င်းတို့၏ ဖိနှိပ်ခြင်း၊ ညှဉ်းပန်းခြင်းနှင့် ဖျက်ဆီးရမ်းကားခြင်းတို့ကို ခံရပြီးနောက်တွင် တစ်ချိန်က လေးစားခဲ့သော ထိုစိတ်သည် ပျောက်ကွယ်သွားသည်။ သင်၏ စိတ်နှလုံးတွင် စကားတစ်လုံးသာ ရှိသည်။ မုန်းတီးခြင်းဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝကင်းမဲ့မှုအတွက် မုန်းတီးခြင်း၊ ၎င်းတို့၏ အလွန့်အလွန် မသမာမှုအတွက် မုန်းတီးခြင်းနှင့် တိရစ္ဆာန်များကဲ့သို့၊ နတ်ဆိုးများနှင့် စာတန်များဖြစ်ရခြင်းကို မုန်းတီးခြင်းတို့ဖြစ်သည်။ သင်သည် ပြည်သူ့ရဲများ၏ နှိပ်စက်ခြင်း၊ ဖျက်ဆီးရမ်းကားခြင်းနှင့် စော်ကားခြင်းကို လွန်စွာ ခံစားခဲ့ရသော်လည်း ၎င်းတို့၏ သရုပ်မှန်ကို သင်မြင်တွေ့ခဲ့ရသည်။ ၎င်းတို့အားလုံးသည် လူသား၏အရေပြားရှိသော သားရဲများဖြစ်သည်၊ သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို မုန်းတီးသည့် နတ်ဆိုးများဖြစ်သည်ကို မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် သင်သည် ၎င်းတို့အပေါ် အလွန်ပင် မုန်းတီးသည်။ ဤသည်မှာ တစ်ကိုယ်ရေမုန်းတီးခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ နာကြည်းခြင်းမဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ ဆိုးယုတ်သော အနှစ်သာရကို ရှင်းလင်းစွာမြင်ခြင်း၏ ရလဒ်ဖြစ်သည်။ ဤသည်မှာ သင်စိတ်ကူးသော၊ ကောက်ချက်ချသော၊ သို့မဟုတ် ဆုံးဖြတ်သောအရာတစ်ခု မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ ဟန်အမှုအရာ၊ လုပ်ရပ်နှင့် စကားတိုင်းအပါအဝင် ၎င်းတို့က သင့်အား စော်ကားသည့်၊ ဖျက်ဆီးရမ်းကားသည့်၊ ဖိနှိပ်သည့် အမှတ်ရစရာ ဖြစ်ရပ်များကြောင့် သင်၏ စိတ်နှလုံးက မုန်းတီးခြင်းဖြင့် ပြည့်နေခြင်းဖြစ်သည်။ ဤသည်မှာ သာမန်ဖြစ်သလော။ (ဖြစ်ပါသည်။) သင်သည် မုန်းတီးခြင်းဖြင့် ပြည့်သည်နှင့် လူတစ်ယောက်က သင့်အား “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ။ မုန်းတီးခြင်းဖြင့် အသက်မရှင်ပါနှင့်။ မုန်းတီးခြင်းကို ပပျောက်စေခြင်းသည် ကိုင်တွယ်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်” ဟု ဆိုလျှင် ဤအရာကို ကြားရသည့်အခါ သင်မည်သို့ ခံစားရမည်နည်း။ (စက်ဆုပ်ရွံရှာပါမည်။) သင်သည် စက်ဆုပ်ရွံရှာခြင်းမှလွဲ၍ အခြားမည်သည့်အရာဖြစ်နိုင်မည်နည်း။ ဤသို့ဆိုလျှင် ငါ့အားပြောလော့။ ဤမုန်းတီးခြင်းကို ပပျောက်စေရန် ဖြစ်နိုင်ခြေရှိသလော။ (ဖြစ်နိုင်ခြေမရှိပါ။) ဖျောက်ဖျက်၍ မရနိုင်ပေ။ မကျေအေးနိုင်သော မုန်းတီးခြင်းသည် အဘယ်သို့ ပပျောက်နိုင်မည်နည်း။ တစ်စုံတစ်ယောက်က သင့်အား သင်၏ မုန်းတီးမှုကို လက်လွှတ်ဖို့ သွေးဆောင်ရန်အတွက် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားကို အသုံးပြုလျှင် သင်သည် မုန်းတီးမှုကို လက်လွှတ်နိုင်သလော။ မည်သို့ တုံ့ပြန်မည်နည်း။ သင်၏ ပထမဆုံး တုံ့ပြန်ချက်မှာ “‘ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ’ ဆိုသည့် ဤအရာများသည် အတုအယောင်ဖြစ်သော နတ်ဆိုးဆန်သောစကားများဖြစ်သည်။ ဤအရာသည် အလကားနေ၍ ဘေးမှ ထိုင်ကြည့်သောသူများ၏ တာဝန်ယူမှုမရှိသော မှတ်ချက်များဖြစ်သည်။ ရိုးရာယဉ်ကျေးမှု၏ အယူအဆများနှင့် အမြင်များကို ဖြန့်သော ဤလူများသည် နေ့စဉ်နေ့တိုင်း ခရစ်ယာန်များနှင့် လူကောင်းများကို ဖိနှိပ်သည်။ ၎င်းတို့သည် ဤစကားများ၏ ဘောင်ခတ်ခြင်းနှင့် ထိခိုက်ခြင်းကို ခံရသလော။ ၎င်းတို့သည် တစ်ယောက်မကျန် နှင်ထုတ်မပြီးခင်အထိ၊ သို့မဟုတ် မျိုးဖြုတ်မပြီးခင်အထိ ရပ်တန့်မည်မဟုတ်ပေ။ ၎င်းတို့သည် အယောင်ဆောင်ထားသော နတ်ဆိုးများနှင့် စာတန်များဖြစ်သည်။ ၎င်းတို့သည် အသက်ရှင်နေဆဲအချိန်တွင် လူတို့ကို လူမဆန်စွာ ဆက်ဆံပြီး ၎င်းတို့သေသည်နှင့် ၎င်းတို့သည် အခြားလူများကို အထင်အမြင်မှားစေဖို့အတွက် သနားကရုဏာပါသည့် စကားလုံးအနည်းငယ်ကို ပြောကြသည်။ ဤသည်မှာ ဆိုးဆိုးဝါးဝါးပင် ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော” ဟူ၍ ဖြစ်လိမ့်မည်။ သင်သည် ဤသို့ တုံ့ပြန်ပြီး ခံစားရမည်မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဤသို့ သေချာပေါက် ခံစားရမည်ဖြစ်ပြီး သင့်အား သွေးဆောင်ရန် ကြိုးစားသူမည်သူမဆိုကို ကျိန်ဆဲချင်သည်အထိ မုန်းတီးလိမ့်မည်။ သို့သော် လူအချို့က နားမလည်ပေ။ ၎င်းတို့က “အဘယ်ကြောင့် ဤသို့ လုပ်ဆောင်သနည်း။ ဤသည်မှာ မုန်းတီးခြင်း မဟုတ်သလော။ ဤသည်မှာ မလိုမုန်းထားခြင်းမဟုတ်သလော” ဟု ပြောကြသည်။ ဤအရာတို့သည် ဘေးမှ အလကားနေ၍ ထိုင်ကြည့်သောသူများ၏ တာဝန်ယူမှုမရှိသော မှတ်ချက်များ ဖြစ်သည်။ သင်က “ငါသည် လူသားတစ်ယောက်ဖြစ်သည်။ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုရှိသည်။ သို့သော် ၎င်းတို့က ငါ့အား လူသားကဲ့သို့ မဆက်ဆံပေ။ ထိုအစား ငါ့အား တိရစ္ဆာန်တစ်ကောင်၊ သို့မဟုတ် သားရဲတစ်ကောင်ကဲ့သို့ ဆက်ဆံပြီး ငါ၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို အလွန်ပင် စော်ကားသည်။ မလိုမုန်းထားသည်မှာ ၎င်းတို့မဟုတ်သလော။ သင်သည် ၎င်းတို့၏ မလိုမုန်းထားမှုကို ပြောစရာမလိုဘဲ လက်ခံသည်။ သို့တိုင်အောင် ငါတို့သည် ၎င်းတို့ကို ခုခံပြီး မုန်းတီးသောအခါ သင်က ငါတို့ကို ရှုတ်ချသည်။ ဤသို့ဆိုလျှင် သင်က မည်သည့်အရာဖြစ်သွားသနည်း။ ကောက်ကျစ်ဆိုးယုတ်သည်မှာ သင်မဟုတ်လော။ ၎င်းတို့သည် ငါတို့ကို လူသားကဲ့သို့ မဆက်ဆံပေ။ ငါတို့အား နှိပ်စက်သည်။ သို့သော် သင်သည် ငါတို့အား လူသား၏ ကိုယ်ကျင့်တရား အပြုအမူကို ထိန်းသိမ်းပြီး မကောင်းမှုကို ကောင်းမှုဖြင့် တုံ့ပြန်ရန် ပြောနေဆဲဖြစ်သည်။ သင်သည် အဓိပ္ပာယ်မဲ့သည့်အရာကို ပြောဆိုနေခြင်း မဟုတ်လော။ သင်၏ လူ့သဘာဝက ပုံမှန်ဖြစ်သလော။ သင်သည် ဟန်ဆောင်သူဖြစ်ပြီး ကြောင်သူတော်တစ်ယောက်ဖြစ်သည်။ သင်သည် အလွန်အမင်း မလိုမုန်းထားသည်သာမက ကောက်ကျစ်ဆိုးယုတ်ပြီး အရှက်မရှိခြင်းလည်း ဖြစ်သည်” ဟု ခွန်းတုံ့ပြန်လိမ့်မည်။ ဤသို့ဆိုလျှင် လူတစ်ယောက်က “မေ့ပျောက်ပစ်လော့။ ဤသည်မှာ ပြီးသွားပြီဖြစ်သည်။ နာကြည်းမှုများ မထားနှင့်။ သင်သည် အစဉ်သဖြင့် ဤမျှ သေးသိမ်လျှင် အဆုံးတွင် နာကျင်ရသည်မှာ သင်သာဖြစ်လိမ့်မည်။ လူတို့သည် မုန်းတီးခြင်းကို လက်လွှတ်ဖို့ သင်ယူရမည်။ ပြီးလျှင် တတ်နိုင်သမျှတိုင်းတွင် သက်ညှာဖို့ လက်တွေ့လုပ်ဆောင်ရမည်” ဟု ပြောလျက် သင့်အား နှစ်သိမ့်လျှင် သင်သည် ဤအရာကို မည်သို့ ထင်မည်နည်း။ သင်က “ဤ တရုတ်ရိုးရာယဉ်ကျေးမှုများသည် လူတို့အား အထင်အမြင်မှားစေပြီး ထိန်းချုပ်ရန်အတွက် အုပ်ချုပ်သူလူတန်းစားက အသုံးပြုသော အသုံးချပစ္စည်းတစ်ခုသာ ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင်က ဤအယူအဆများနှင့် အမြင်များ၏ ကန့်သတ်ခြင်းကို လုံးဝမခံ။ သို့သော် လူတို့အား နေ့စဉ် အထင်အမြင်မှားစေပြီး ရက်စက်စွာဖြင့် ထိခိုက်နာကျင်အောင် လုပ်သည်။ ငါသည် တိရစ္ဆာန်တစ်ကောင်၊ သို့မဟုတ် သားရဲတစ်ကောင်ကဲ့သို့ အကြောင်းမဲ့ ဆော့ကစားခြင်းခံရပြီး နှိပ်စက်ခံရသော ဂုဏ်သိက္ခာနှင့် တည်ကြည်မှုရှိသော သူတစ်ယောက်ဖြစ်သည်။ ငါသည် ၎င်းတို့ရှေ့တွင် စော်ကားမှုနှင့် သိက္ခာချမှုများစွာကို ခံစားရပြီး ညှဉ်းပန်းခံရသည်။ ပြီးလျှင် ငါ၏ ဂုဏ်နှင့် တည်ကြည်မှုတို့ကို ပိတ်ပင်ထားသည်ကို ခံရသည်။ ဤသို့ဖြင့် ငါသည် လူသားအသွင်အပြင်ပင် မရှိပေ။ သို့တိုင်အောင် သင်သည် ကိုယ်ကျင့်တရားအကြောင်း ပြောသလော။ ဤသို့ ကြီးကျယ်သောအရာများကို ပြောနေရအောင် သူက မည်သူဖြစ်သနည်း။ ငါသည် တစ်ကြိမ် အရှက်ခွဲခံရသည်မှာ မလုံလောက်သလော။ သင်သည် ၎င်းတို့အား ငါ့ကို ထပ်၍ အရှက်ခွဲစေလိုသလော။ ဤမုန်းတီးခြင်းကို ငါ လက်လွှတ်ဖို့ မဖြစ်နိုင်” ဟူ၍ စဉ်းစားမည်မဟုတ်လော။ ဤသည်မှာ ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်ဖြစ်သည်။ လူအချို့က “ဤသည်မှာ ပုံမှန်လူ့သဘာဝ၏ သရုပ်သကန် မဟုတ်ပေ။ မုန်းတီးခြင်းကို ဆွပေးခြင်းဖြစ်သည်” ဟု ဆိုကြသည်။ ဤသို့ဆိုလျှင် ဤလူ၏ အပြုအမူနှင့် ဤမုန်းတီးခြင်းကို မည်သူက ဖြစ်စေသနည်း။ သင် သိသလော။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ လူမဆန်စွာ ဖိနှိပ်ခြင်းကိုမခံရလျှင် ဤသို့ ပြုမူမည်လော။ ၎င်းတို့သည် ဖိနှိပ်ခြင်းခံရပြီး ၎င်းတို့၏ စိတ်ထဲတွင်ရှိသောအရာကို ပြောဆိုနေခြင်းဖြစ်သည်။ ဤသည်မှာ အဘယ်သို့ မုန်းတီးခြင်းကို ဆွခြင်းဖြစ်သနည်း။ စာတန်ဆန်သောအစိုးရသည် ဤသို့သောလူများကို ဖိနှိပ်သည်။ သို့တိုင်အောင် လူတို့အား စိတ်ထဲတွင်ရှိသည့်အရာကို ပြောခွင့်မပြုသလော။ စာတန်သည်လူတို့ကို ဖိနှိပ်သော်လည်း လူတို့၏ နှုတ်ကို ပိတ်ထားစေလိုသည်။ လူတို့အား မုန်းတီးခွင့်၊ သို့မဟုတ် အာခံခွင့်မပြုပေ။ ဤသည်မှာ အဘယ်သို့သော ကျိုးကြောင်းတွေးခေါ်ပုံ ဖြစ်သနည်း။ ပုံမှန်လူ့သဘာဝ ရှိသောသူတို့သည် ဖိနှိပ်မှုနှင့် ခေါင်းပုံဖြတ်မှုကို မဆန့်ကျင်သင့်သလော။ အောက်ကျို့စွာဖြင့်သာ နာခံသင့်သလော။ စာတန်သည် လူသားမျိုးနွယ်အား နှစ်ထောင်ပေါင်းများစွာ ဖျက်ဆီးပြီး ထိခိုက်ခဲ့သည်။ ယုံကြည်သူများသည် သမ္မာတရားကို နားလည်သည်နှင့် နိုးထသင့်သည်။ စာတန်ကို ခုခံပြီး ဖော်ထုတ်သင့်သည်။ မုန်းတီးပြီး ပုန်ကန်သင့်သည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝဖြစ်သည်။ ဤအရာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတသည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝက စွမ်းဆောင်နိုင်သင့်သည့် ကောင်းပြီး ဖြောင့်မတ်သော လုပ်ဆောင်မှုဖြစ်သည်။ ဤအရာကို ဘုရားသခင်က ချီးမွမ်းသည်။

မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားသည် အလွန်ပင် လူသားမဆန်ဘဲ စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။ အုပ်ချုပ်ခံလူတန်းစားအား ၎င်းတို့၏ တည်ကြည်မှု၊ ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးတို့အပေါ်တွင် ၎င်းတို့ ခံစားရသော မည်သည့်တိုက်ခိုက်မှု၊ သိက္ခာချမှု၊ သို့မဟုတ် အနာတရ ဖြစ်မှုရှိသည်ဖြစ်စေ မမျှတသော မည်သည့်ဆက်ဆံမှုကိုမျှ မခုခံဘဲ ထိုအစား အောက်ကျို့စွာဖြင့် ကျိုးနွံနာခံရန် ပြောသည်။ ၎င်းတို့သည် လက်စားမချေသင့်ပေ၊ သို့မဟုတ် လက်တုံ့ပြန်ဖို့ မဆိုထားနှင့် မုန်းတီးသောအရာများကိုပင် မစဉ်းစားသင့်ဘဲ တတ်နိုင်သမျှနေရာတိုင်းတွင် သက်ညှာဖို့ အားထုတ်ရမည် ဟူ၍ဖြစ်သည်။ ဤသည်မှာ လူသားမဆန်ခြင်း မဖြစ်သလော။ ဤသည်မှာ လူသားမဆန်ခြင်း ဖြစ်သည်မှာ အတော်အတန် သိသာသည်။ သာမန်ပြည်သူများသာ ဖြစ်သော အုပ်ချုပ်ခံလူတန်းစားက ဤအရာအားလုံးကို လုပ်ဆောင်ရန်၊ ဤကိုယ်ကျင့်တရား အပြုအမူမျိုးကို ကျင့်ကြံပြုမူရန်အတွက် လိုအပ်သည်ကို ကြည့်လျှင် အုပ်ချုပ်သူလူတန်းစား၏ ကိုယ်ကျင့်တရား အပြုအမူက ဤသတ်မှတ်ချက်ကို ကျော်လွန်သင့်သည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့ လုပ်ဆောင်ရန် ပို၍ပင် ဝတ္တရားရှိသည့်အရာတစ်ခု ဖြစ်သလော။ ၎င်းတို့သည် ယင်းကို လုပ်ဆောင်ပြီး ဖြစ်သလော။ ယင်းကို လုပ်ဆောင်နိုင်သလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘောင်ခတ်ပြီး တိုင်းတာရန်အတွက် ဤဆိုရိုးစကားကို အသုံးပြုသလော။ ၎င်းတို့၏ လူများ၊ ၎င်းတို့အုပ်ချုပ်သည့် ူပြည်သူများကို ၎င်းတို့ ဆက်ဆံရာတွင် ဤဆိုရိုးစကားကို ၎င်းတို့ အသုံးချခဲ့သလော။ (အသုံးမချခဲ့ပါ။) ၎င်းတို့သည် ဤအရာကို မည်သည့်အခါမျှ မလုပ်ဆောင်ပေ။ ၎င်းတို့သည် ၎င်းတို့၏လူများကို ဤလူ့အဖွဲ့အစည်း၊ ဤနိုင်ငံ၊ သို့မဟုတ် အုပ်ချုပ်သူလူတန်းစားအား ရန်လိုမှုဖြင့် မဆက်ဆံရန်၊ လူ့အဖွဲ့အစည်းတွင် သို့မဟုတ် ၎င်းတို့၏အသိုင်းအဝိုင်းအတွင်းတွင် မည်သည့် မမျှတသော ဆက်ဆံမှုကို ၎င်းတို့ ခံရပါစေ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ပိုင်းဆိုင်ရာတွင် မည်မျှ ဒုက္ခခံရပါစေ တတ်နိုင်သမျှနေရာတိုင်းတွင် သက်ညှာတတ်ဖို့ သင်ယူရမည်ဟုသာ ပြောသည်။ အပြန်အလှန်အားဖြင့် ၎င်းတို့၏ မျက်လုံးထဲတွင် အရပ်သူအရပ်သားများ ဖြစ်သော သာမန်ပြည်သူများက ၎င်းတို့ကို ငြင်းဆန်လျှင်၊ သို့မဟုတ် အုပ်ချုပ်သူလူတန်းစား၏ အဆင့်အတန်း၊ စည်းကမ်းနှင့် ဩဇာအာဏာတို့နှင့်ပတ်သက်ပြီး သဘောထားကွဲလွဲသော ထင်မြင်ချက်တစ်ခုခုကို ကိုင်စွဲပြီး ထုတ်ပြောလျှင် ထိုသူတို့သည် တင်းကျပ်စွာ တရားစီရင်ခြင်းခံရမည်။ ပြီးလျှင် ပြင်းထန်စွာ အပြစ်ပေးခြင်းပင် ခံရမည်။ ဤသည်မှာ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့်အရာကို ပြည်သူတို့အား ထောက်ခံအားပေးသော အုပ်ချုပ်သူလူတန်းစားက ပိုင်ဆိုင်သင့်သည့် ကိုယ်ကျင့်တရား အပြုအမူဖြစ်သလော။ အုပ်ချုပ်ခံလူတန်းစားဖြစ်သော သာမန်ပြည်သူများကြားတွင် အနည်းငယ်မျှ ပြဿနာ ဖြစ်လျှင်၊ သို့မဟုတ် အနည်းငယ်မျှ အပြောင်းအလဲဖြစ်လျှင်၊ သို့မဟုတ် လူတို့၏ အတွေးထဲတွင် ၎င်းတို့အပေါ် အနည်းငယ်မျှပင် ဆန့်ကျင်မှုရှိလျှင် ယင်းသည် ချိုးနှိမ်ပစ်ခြင်း ခံရမည်။ ၎င်းတို့သည် လူတို့၏ နှလုံးသားနှင့် စိတ်ကို ထိန်းချုပ်သည်။ ပြီးလျှင် အပေးအယူ လုပ်ခြင်းမရှိဘဲ လူတို့အား ၎င်းတို့ကို အတင်းအကျပ် နာခံခိုင်းသည်။ ဤသည်မှာ “ဧကရာဇ်က သူ၏ အမှုထမ်းများကို သေရန် အမိန့်ပေးသောအခါ ထိုအမှုထမ်းတို့သည် သေဖို့မှလွဲ၍ ရွေးစရာမရှိပေ”နှင့် “ကောင်းကင်အောက်တွင်ရှိသော နယ်မြေအားလုံးကို ဘုရင်က ပိုင်ဆိုင်သည်။ ကမ္ဘာလောကထဲရှိ လူအားလုံးသည် ဘုရင်၏ လက်အောက်ခံဖြစ်သည်။” ဆိုသည့် ဆိုရိုးစကားများထဲက ကဲ့သို့ဖြစ်သည်။ အဓိကအချက်မှာ အုပ်ချုပ်သူလုပ်သမျှက မှန်သည်၊ လူတို့သည် သူ၏ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်း၊ စော်ကားခြင်းနှင့် သူ၏ ဆော့ကစားခြင်း၊ သူ၏ နင်းခြေခြင်းတို့အပြင် နောက်ဆုံးတွင် သူ၏ ဝါးမျိုခြင်းကို ခံသင့်သည်။ ပြီးလျှင် အုပ်ချုပ်သူလူတန်းစားက မည်သည့်အရာကို လုပ်ဆောင်ပါစေ မှန်ကန်ပြီး လူတို့သည် အသက်ရှင်နေသရွေ့ နာခံသော နိုင်ငံသားများဖြစ်ရမည်ဖြစ်ကာ ဘုရင်အပေါ် သစ္စာမရှိခြင်း မဖြစ်ရပေဟူ၍ ဖြစ်သည်။ ဘုရင်က မည်မျှဆိုးပါစေ၊ သူ၏ အုပ်ချုပ်မှုက မည်မျှဆိုးပါစေ သာမန်ပြည်သူများက မငြင်းဆန်ရပေ။ ပြီးလျှင် အာခံရန် အတွေးများမထားရှိရဘဲ အပြည့်အဝ နာခံရမည်။ “ကမ္ဘာလောကထဲရှိ လူအားလုံးသည် ဘုရင်၏ လက်အောက်ခံဖြစ်သည်”ဟု ဆိုသည့်အတွက် ဆိုလိုသည်မှာ ဘုရင်က အုပ်ချုပ်သည့် သာမန်ပြည်သူများသည် ဘုရင်၏ လက်အောက်ခံဖြစ်သောကြောင့် ဘုရင်သည် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားကို သာမန်ပြည်သူတို့အပေါ် စံနမူနာအဖြစ် မနေသင့်သလော။ သာမန်ပြည်သူတို့သည် မိုက်မဲခြင်း၊ မသိနားမလည်ခြင်း၊ ကြားဖူးနားဝမရှိခြင်း၊ ဥပဒေကို နားမလည်ခြင်းတို့ ရှိသောကြောင့် ၎င်းတို့သည် မကြာခဏပင် တရားမဝင်သော၊ ဥပဒေချိုးဖောက်သောအရာများကို လုပ်ဆောင်ကြသည်။ ထို့ကြောင့် ဘုရင်သည် လူအားလုံးထဲတွင် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားကို ပထမဆုံး အသုံးချသူ မဖြစ်သင့်သလော။ သူ၏ သားသမီးအရင်းအချာများကဲ့သို့ သာမန်ပြည်သူတို့အပေါ် တတ်နိုင်သည့်အရာတိုင်းတွင် သက်ညှာခြင်းသည် ဘုရင်တစ်ယောက် လုပ်ဆောင်သင့်သည့်အရာ မဟုတ်လော။ ဘုရင်သည်လည်း ဤသို့သော သဘောထားကြီး ခြင်းမရှိသင့်သလော။ (ရှိသင့်ပါသည်။) ဤသို့ဆိုလျှင် သူသည် ဤသတ်မှတ်ချက်ကို သူကိုယ်တိုင် လုပ်ဆောင်သလော။ (မလုပ်ဆောင်ပါ။) ဘုရင်များသည် ဘာသာရေးယုံကြည်မှုများကို ဖိနှိပ်ဖို့ အမိန့်ပေးသောအခါ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားကို လိုက်နာဖို့ မိမိတို့ကိုယ်ကို သတ်မှတ်ကြသလော။ ၎င်းတို့၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့က ခရစ်ယာန်များကို လူမဆန်စွာ ဖိနှိပ်ပြီး နှိပ်စက်သောအခါ ၎င်းတို့သည် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားကို လိုက်နာဖို့ ၎င်းတို့၏ အစိုးရကို တောင်းဆိုသလော။ ၎င်းတို့သည် ၎င်းတို့၏ အစိုးရကိုဖြစ်စေ၊ ၎င်းတို့၏ ရဲတပ်ဖွဲ့ကိုဖြစ်စေ ဤသို့လုပ်ဆောင်ရန် လုံးဝ မတောင်းဆိုခဲ့ပေ။ ထိုအစား ဘာသာရေးယုံကြည်မှုများကို တင်းကျပ်စွာ ဖိနှိပ်ရန် အစိုးရနှင့် ရဲတပ်ဖွဲ့ကို တိုက်တွန်းပြီး ဖိအားပေးသည်။ ပြီးလျှင် “၎င်းတို့ကို သေအောင်ရိုက်ပြီး ပြစ်မှုမှကင်းလွတ်ခွင့်ခံစားပါ”၊ “၎င်းတို့ကို တိတ်တိတ်ဆိတ်ဆိတ် ဖျက်ဆီးပါ” ဆိုသကဲ့သို့သော အမိန့်များကိုပင် ထုတ်ပြန်သည်။ ဤသည်မှာ ဤဆိုးယုတ်သောလောက၏ ဘုရင်များသည် နတ်ဆိုးများဖြစ်ကြောင်း၊ နတ်ဆိုးဘုရင်များဖြစ်ကြောင်း၊ စာတန်များဖြစ်ကြောင်းတို့ကို ပြသည်။ ၎င်းတို့သည် အရာရှိများကို မီးမွှေးခွင့်ပေးသော်လည်း ပြည်သူများကို မီးအိမ်များ ထွန်းခွင့်ပင်မပြုပေ။ ၎င်းတို့သည် လူတို့က ၎င်းတို့အား ထကြွဆန့်ကျင်မည်စိုးသောကြောင့် လူတို့ကို ဘောင်ခတ်ရန်နှင့် ကန့်သတ်ရန် ဤကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ရိုးရာဆိုရိုးစကားများကို အသုံးပြုသည်။ ဤအကြောင်းကြောင့် အုပ်ချုပ်သူလူတန်းစားသည် လူတို့ကို အထင်အမြင်မှားစေရန်အတွက် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာဆိုရိုးစကားမျိုးစုံကို အသုံးပြုသည်။ ၎င်းတို့တွင် ရည်ရွယ်ချက်တစ်ခုသာရှိသည်။ လူတို့၏ လက်နှင့်ခြေကို ကန့်သတ်ပြီး ချည်နှောင်ရန်ဖြစ်သည်။ ဤနည်းအားဖြင့် လူတို့သည် ၎င်းတို့၏ အုပ်ချုပ်မှုကို နာခံမည်ဖြစ်ပြီး ၎င်းတို့သည် မည်သည့်အာခံမှုကိုမျှ ခွင့်မပြုပေ။ ၎င်းတို့သည် လူတို့အား ထုံထိုင်းတွေဝေစေပြီး အထင်အမြင်မှားစေရန်အတွက် ဤ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာသီအိုရီများကို အသုံးပြုကာ ဦးညွှတ်ပြီး နာခံသော နိုင်ငံသားများ ဖြစ်ရန်အတွက် လူတို့ကို တစ်ပတ်ရိုက်လေသည်။ အုပ်ချုပ်သူလူတန်းစားသည် မည်မျှပင် အပြစ်ဒဏ်မခံစားရဘဲ လွတ်နေပြီး လူတို့အား ခြေအောက်တွင် နင်းချေပါစေ၊ လူတို့အား မည်မျှပင် ဖိနှိပ်ပြီး ခေါင်းပုံဖြတ်ပါစေ လူတို့သည် အောက်ကျို့စွာဖြင့် နာခံခြင်းသာ ပြုလုပ်နိုင်ပြီး လုံးဝ အာမခံနိုင်ပေ။ သေခြင်းနှင့် ရင်ဆိုင်ရသောအခါတွင်ပင် လူတို့သည် ထွက်ပြေးဖို့ကိုသာ ရွေးချယ်နိုင်သည်။ ၎င်းတို့သည် မခုခံနိုင်ပေ။ သို့မဟုတ် ခုခံဖို့အတွေးများကိုပင် မထားရှိရဲပေ။ ၎င်းတို့သည် နာခံသော နိုင်ငံသားများဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရင်၏ အုပ်စိုးမှုကို အစဉ်နာခံပြီး ဘုရင်အပေါ်သို့ ထာဝရသစ္စာရှိမည်ဖြစ်ကြောင်း ပြရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့သည် ပေါက်ပြားများ၊ သို့မဟုတ် တံစဉ်များကိုပင် ကြည့်၍မရပေ၊ သို့မဟုတ် ၎င်းတို့အနီးတွင် ထားရှိ၍မရပေ။ သို့မဟုတ် ၎င်းတို့၏ အိတ်ထောင်ထဲတွင် အိတ်ဆောင်ဓါးနှင့် လက်သည်းညှပ်များကိုပင် ထည့်ထား၍ မရပေ။ ၎င်းတို့၏ သစ္စာရှိခြင်းကို မည်မျှအထိ ချဲ့ထွင်သင့်သနည်း။ “ပြည်သူများအနေဖြင့် ငါတို့၏ ဘုရင်ကို ကြီးကြပ်ပြီး ဘောင်ခတ်ရန်အတွက် ရိုးရာယဉ်ကျေးမှု၏ အယူအဆများ၊ အမြင်များကို ငါတို့အသုံးပြုရမည်” ဟူ၍ မည်သူကမျှ မပြောရဲပေ။ ပြီးလျှင် ဘုရင်က မကောင်းမှုကျူးလွန်နေသည်ကို ၎င်းတို့ သိရှိသောအခါတွင် မည်သူကမျှ အနည်းငယ်မျှကွဲလွဲသော ထင်မြင်ချက်များကိုပင် မတင်ပြရဲပေ။ ဤသို့လုပ်ဆောင်မိပါက တင်ပြပါက ၎င်းတို့ အသတ်ခံရမည်ဖြစ်သည်။ အလွန်သိသာစွာပင် အုပ်ချုပ်သူသည် သူ့ကိုယ်သူ ပြည်သူတို့၏ ဘုရင်အဖြစ် မှတ်ယူရုံမကဘဲ ပြည်သူ၏ အချုပ်အခြာအာဏာပိုင်နှင့် ထိန်းချုပ်သူအဖြစ်လည်း မှတ်ယူသည်။ တရုတ်သမိုင်းတွင် ဤဧကရာဇ်များသည် မိမိတို့ကိုယ်ကို “ထျန်ဇီ” ဟု ခေါ်ကြသည်။ “ထျန်ဇီ”၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ အာကာသ ကောင်းကင်ဘုံ၏ သားတော်ဟု အဓိပ္ပာယ်ရသည်။ သို့မဟုတ် အတိုကောက်အနေဖြင့် “ကောင်းကင်ဘုံ၏ သားတော်” ဟူ၍ဖြစ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် “ကမ္ဘာမြေ၏ သားတော်” ဟု မိမိတို့ကိုယ်ကို မခေါ်ကြသနည်း။ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် မေးဖွားလျှင် ကမ္ဘာမြေ၏ သားများဖြစ်သင့်ပြီး ၎င်းတို့သည် သိသာထင်ရှားစွာပင် ကမ္ဘာမြေပေါ်တွင် မွေးဖွားသောကြောင့် အဘယ်ကြောင့် မိမိတို့ကိုယ်ကို “ကောင်းကင်ဘုံ၏ သားတော်” ဟု ခေါ်သနည်း။ ကောင်းကင်ဘုံ၏ သားတော်ဟု မိမိတို့ကိုယ်ကို ခေါ်ဆိုခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သက်ရှိများအားလုံးနှင့် ဤသာမန်ပြည်သူများအားလုံးကို ၎င်းတို့က အထင်သေးခြင်းလိုဖြစ်သလော။ ၎င်းတို့ အုပ်ချုပ်သည့်နည်းလမ်းသည် အခြားသောအရာရာတိုင်းထက် အာဏာနှင့် အဆင့်အတန်းရှိသောသူတို့ကို ထိန်းချုပ်ရန်ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အာဏာကို ရယူပြီး ဧကရာဇ်ဖြစ်လာသောအခါ ၎င်းတို့သည် လူတို့အပေါ် ထင်တိုင်းကျဲနေခြင်းကို အရေးစိုက်ခြင်းမရှိဘဲ လူတို့သည် အနည်းငယ်မျှပင် မလိုလားမှုကို ပြလျှင် ကွပ်မျက်ခံရဖို့ အန္တရာယ်ရှိသည်။ ဤသည်မှာ “ကောင်းကင်ဘုံ၏ သားတော်” ဆိုသည့် ဘွဲ့အမည် ဖြစ်ပေါ်လာသည့် ပုံစံဖြစ်သည်။ ဧကရာဇ်က သူသည် ကမ္ဘာမြေကြီး၏ သားဖြစ်သည်ဟု ဆိုလျှင် သူသည် အဆင့်အတန်းနိမ့်ကျသည့် ပုံစံရှိမည်ဖြစ်ပြီး ဘုရင်တစ်ပါးတွင် ရှိသင့်သည်ဟု သူ ပြောဆိုသည့် ခမ်းနားကြီးကျယ်မှု ရှိမည်မဟုတ်သကဲ့သို့ အုပ်ချုပ်ခံလူတန်းစားကို ခြိမ်းခြောက်နိုင်မည်လည်း မဟုတ်ပေ။ ထို့ကြောင့် သူသည် အဆင့်မြှင့်လိုက်ပြီး သူသည် ကောင်းကင်ဘုံ၏ သားတော်ဖြစ်သည်ဟု ဆိုကာ ကောင်းကင်ဘုံကို ကိုယ်စားပြုလိုခဲ့သည်။ သူသည် ကောင်းကင်ဘုံကို ကိုယ်စားပြုနိုင်သလော။ သူ့တွင် ထိုအနှစ်သာရရှိသလော။ လူတစ်ယောက်သည် ကောင်းကင်ဘုံကို ကိုယ်စားပြုရန် အနှစ်သာရမရှိဘဲ ကောင်းကင်ဘုံကို မရမက ကိုယ်စားပြုနေလျှင် ဤသည်မှာ ဟန်ဆောင်ခြင်း ဖြစ်သည်။ တစ်ဖက်တွင် ဤအုပ်ချုပ်သူများသည် ကောင်းကင်ဘုံနှင့် ဘုရားသခင်ကို ရန်လိုမှုဖြင့် ဆက်ဆံသော်လည်း အခြားတစ်ဖက်တွင် ၎င်းတို့သည် ကောင်းကင်ဘုံ၏ သားတော်ဖြစ်သည်၊ ၎င်းတို့၏ အုပ်ချုပ်မှုကို လွယ်ကူချောမွေ့စေရန် ၎င်းတို့ကို ကောင်းကင်ဘုံက လုပ်ပိုင်ခွင့်ပေးထားသည်ဟု ဟန်ဆောင်ကြသည်။ ဤသည်မှာ အရှက်မဲ့ခြင်း မဟုတ်သလော။ ဤအချက်များကို ကြည့်လျှင် လူသားမျိုးနွယ်ကြားတွင် ပျံ့နှံ့နေသော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဤဆိုရိုးစကားအမျိုးမျိုး၏ ရည်ရွယ်ချက်သည် လူတို့၏ သာမန်စဉ်းစားပုံကို ကန့်သတ်ရန်၊ ၎င်းတို့ကို ထိန်းချုပ်ရန်၊ ၎င်းတို့၏ အပြုအမူကို ကန့်သတ်ရန်နှင့် ပုံမှန်လူ့သဘာဝ နယ်ပယ်အတွင်းရှိ ၎င်းတို့၏ အမျိုးမျိုးသော အတွေးများ၊ အမြင်များနှင့် ဖော်ပြမှုများကိုပင် ကန့်သတ်ရန်ဖြစ်သည်။ ဤအရာ၏ အရင်းအမြစ်ကို ကြည့်လျှင် ၎င်းတို့၏ ရည်ရွယ်ချက်သည် ကောင်းသော လူမှုဓလေ့ထုံးတမ်းများနှင့် လူမှု ကိုယ်ကျင့်တရားအပြုအမူကို ဖြစ်ပေါ်စေရန်ဖြစ်သည်။ ဤသက်ရောက်မှုကို ရရှိခြင်းအားဖြင့် ၎င်းတို့သည် အချိန်ကြာမြှင့်စွာ အုပ်ချုပ်ဖို့ဖြစ်သည့် အုပ်ချုပ်သူလူတန်းစား၏ ရည်မှန်းချက်ကိုလည်း အကျိုးပြုသည်မှာ ပြောစရာမလိုပေ။ သို့သော် ၎င်းတို့သည် မည်သို့အုပ်ချုပ်ပါစေ အဆုံးတွင် ခံရသူမှာ လူသားမျိုးနွယ်ဖြစ်သည်။ လူသားမျိုးနွယ်သည် ရိုးရာယဉ်ကျေးမှု၏ ဤအယူအဆနှင့် အမြင်အမျိုးမျိုးတို့၏ ကန့်သတ်ခြင်းနှင့် လွှမ်းမိုးခြင်းတို့ကို ခံရသည်။ လူတို့သည် ဧဝံဂေလိကို ကြားနာပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိရန် အခွင့်အလမ်း ဆုံးရှုံးသွားရုံသာမက သမ္မာတရားကို ရှာဖွေပြီး ဘဝတွင် မှန်ကန်သောလမ်းကြောင်းကိုလျှောက်ရန် အခွင့်အလမ်းလည်း ဆုံးရှုံးသွားခဲ့သည်။ ထို့အပြင် အုပ်ချုပ်သူများ၏ ထိန်းချုပ်မှုအောက်တွင် ပြည်သူတို့သည် စာတန်ထံမှလာသည့် များပြားစုံလင်သော အဆိပ်များ၊ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများအပြင် အခြားသော အပျက်သဘောဆောင်သည့်အရာများကို လက်ခံဖို့မှလွဲပြီး ရွေးချယ်စရာမရှိပေ။ လူသားမျိုးနွယ်၏ ရှည်လျားသော သမိုင်း၏ ပြီးခဲ့သောနှစ် ထောင်ဂဏန်းအနည်းငယ်တွင် စာတန်သည် အသိပညာများဖြန့်ခြင်း၊ အမျိုးမျိုးသော သဘောတရားဆိုင်ရာ သီအိုရီများ ဖြန့်ခြင်းအားဖြင့် လူသားမျိုးနွယ်ကို သွန်သင်လေ့ကျင့်ပေးခဲ့သည်။ စွဲမှတ်အောင် သွန်သင်ပေးခဲ့သည်။ ပြီးလျှင် အထင်အမြင်မှားစေခဲ့သည်။ ရလဒ်အနေဖြင့် လူတို့၏ မျိုးဆက်များသည် ဤအယူအဆများနှင့် အမြင်များ၏ အကြီးအကျယ် လွှမ်းမိုးခြင်းနှင့် ကန့်သတ်ခြင်းကို ခံရသည်။ စာတန်ဆီမှ ဤအယူအဆများနှင့် အမြင်များ၏ လွှမ်းမိုးမှုအောက်တွင် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပို၍ ပြင်းထန်လာပြီး ပို၍ ဆိုးရွားလာသည်မှာ ပြောစရာမလိုပေ။ ဆိုလိုသည်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဤအခြေပြုချက်အပေါ်တွင် တိုးပွားလာကာ “ယဉ်ကျေးသိမ်မွေ့” လာသည်။ ပြီးလျှင် လူတို့၏ စိတ်နှလုံးတွင် နက်နဲစွာ အမြစ်တွယ်လာသည်မှာ ဘုရားသခင်အား ငြင်းလာခြင်း၊ ဘုရားသခင်ကို အာခံခြင်းတို့ကိုပင် ဖြစ်စေပြီး ရုန်းထွက်လွတ်မြောက်ရန် အားမထုတ်နိုင်ဘဲ အပြစ်အတွင်းသို့ နက်ရှိုင်းစွာ နစ်မြုပ်သွားကြသည်။ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဤဆိုရိုးစကား ဖြစ်ပေါ်ပုံ၊ ထို့အပြင် ဤသတ်မှတ်ချက်ကို တင်ပြခြင်း၏ ရည်ရွယ်ချက်များ၊ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဤဆိုရိုးစကား ဖြစ်ပေါ်လာကတည်းက လူတို့တွင်ဖြစ်သော ထိခိုက်မှုနှင့် အမျိုးမျိုးသော အခြားကဏ္ဍများနှင့်ပတ်သက်ပြီး ယခုတွင် ထိုအရာများကို ငါတို့ မိတ်သဟာယပြုမည်မဟုတ်။ သင်တို့သည် နောက်ပိုင်းတွင် ဤအရာတို့ကို သင်တို့ဘာသာ အချိန်ယူကာ ဆက်၍ ချင့်ချိန်စဉ်းစားနိုင်သည်။

တရုတ်လူမျိုးများသည် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများဖြင့် မစိမ်းပေ။ သို့သော် ဤအရာများသည် လူတို့အပေါ် ညတွင်းချင်း လွှမ်းမိုးသွားခြင်းမရှိပေ။ သင်သည် ဤသို့သော လူမှုပတ်ဝန်းကျင်မျိုးတွင် နေထိုင်သည်။ သင်သည် ရိုးရာယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရား အပြုအမူ၏ ကဏ္ဍများနှင့်ပတ်သက်ပြီး ဤသဘောတရားဆိုင်ရာ ပညာရေးမျိုးကို သင်ရရှိသည်။ ပြီးလျှင် ဤအရာများနှင့် သင် ရင်းနှီးသည်။ သို့သော် ဤအရာများသည် အလွန်ကြီးမားသော အပျက်သဘောဆောင်သော သက်ရောက်မှုဖြစ်စေနိုင်သည်ဟု သင် လုံးဝ မစဉ်းစားမိခဲ့ပေ။ ဘုရားသခင်ကို သင်ယုံကြည်ခြင်း၊ သမ္မာတရားအား လိုက်စားခြင်းနှင့် သမ္မာတရား စစ်မှန်မှုများအတွင်းသို့ ဝင်ရောက်ခြင်းတွင် ဤအရာများက သင့်အား မည်မျှတားဆီးမည်နည်း။ သို့မဟုတ် အနာဂတ်ကာလတွင် သင်လျှောက်သည့်လမ်းကြောင်းပေါ်တွင် ဤအရာများက လွှမ်းမိုးမှု၊ သို့မဟုတ် တားဆီးမှု မည်မျှရှိမည်နည်း။ ဤပြဿနာများကို သင်တို့ သတိပြုမိသလော။ သင်တို့သည် ယနေ့တွင် ငါတို့ မိတ်သဟာယပြုခဲ့သည့် အကြောင်းအရာကို ဆက်၍ ချင့်ချိန်စဉ်းစားပြီး ပိုင်းခြားသိမြင်သင့်သည်။ လူသားမျိုးနွယ်ကို သွန်သင်လေ့ကျင့်ပေးရာတွင် ရိုးရာယဉ်ကျေးမှု၏ ကဏ္ဍကို နှံ့စပ်စွာ နားလည်ရန်၊ ဤအရာသည် အတိအကျ မည်သည့်အရာဖြစ်သည်၊ ဤအရာကို လူတို့က မည်သို့ မှန်မှန်ကန်ကန် မှတ်ယူသင့်သည်ဆိုသည်ကို နှံ့စပ်စွာ နားလည်ရန်အတွက်ဖြစ်သည်။ အထက်တွင် ငါတို့ မိတ်သဟာယ ပြုခဲ့သော ဤစကားများသည် ရိုးရာယဉ်ကျေးမှုတွင် ရှိသော အရာများကို သင်နားလည်ရန် အထောက်အကူဖြစ်ပြီး အကျိုးဖြစ်စေသည်။ ဤနားလည်မှုသည် ရိုးရာယဉ်ကျေးမှုကို နားလည်ခြင်းသာ မဟုတ်ဘဲ လူသားမျိုးနွယ်ကို စာတန်က ဖျက်ဆီးခြင်း၊ စာတန်က လူသားမျိုးနွယ်ကို ဖျက်ဆီးသည့် အမျိုးမျိုးသော နည်းစနစ်များနှင့် နည်းလမ်းများအပြင် လူတို့အတွင်းသို့ အထူးသဖြင့် သွတ်သွင်းသည့် အမျိုးမျိုးသောအမြင်များပင်သာမက စာတန်က လောကနှင့် လူသားမျိုးနွယ်အပေါ် ဆက်ဆံသည့် အမျိုးမျိုးသော နည်းစနစ်များနှင့် နည်းလမ်းများ၊ အမြင်များ၊ ရှုထောင့်များ၊ ရပ်တည်ချက်များ စသည်တို့ကိုလည်း နားလည်ခြင်းဖြစ်သည်မှာ ပြောစရာမလိုပေ။ ရိုးရာယဉ်ကျေးမှု၏ ဤအရာများကို နှံ့စပ်စွာ နားလည်ခြင်းကို ရရှိပြီးနောက်တွင် သင်တို့ လုပ်ဆောင်သင့်သည့်အရာသည် ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော ဆိုရိုးစကားများ၊ အမြင်များကို ရှောင်ကြဉ်ပြီး ငြင်းဆန်ရုံသာမဟုတ်ပေ။ ထိုအစား သင်လိုက်နာပြီး ထိန်းသိမ်းသည့် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများက သင့်အပေါ်တွင် မည်သည့် ထိခိုက်မှု၊ ကန့်သတ်မှုနှင့် ချည်နှောင်မှုများကို ဖြစ်စေကြောင်း၊ ပြီးလျှင် သင်၏ ကျင့်ကြံပြုမူရာတွင် သင်၏ အတွေးများနှင့် အမြင်များကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်ကို သင်လက်ခံခြင်းကိုလည်းကောင်း၊ သမ္မာတရားကို လိုက်စားခြင်းကိုလည်းကောင်း ထိခိုက်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် တားဆီးခြင်းတွင် ထိုအရာများက မည်သည့်နေရာတွင် ပါဝင်နေပြီး ဤသို့အားဖြင့် သမ္မာတရားအား သင်လက်ခံခြင်း၊ နားလည်ခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို အပြည့်အဝ အကြွင်းမဲ့ ကျိုးနွံနာခံခြင်းအား နှောင့်နှေးစေကြောင်းတို့ကို ပို၍ အသေးစိတ်နားလည်ပြီး ပိုင်းခြားစိစစ်သင့်သည်။ ဤအရာများသည် အတိအကျပင် လူတို့ ဆင်ခြင်သုံးသပ်ပြီး သတိပြုမိသင့်သည့်အရာများဖြစ်သည်။ သင်သည် ၎င်းတို့ကို ရှောင်ခြင်း၊ သို့မဟုတ် ငြင်းပယ်ခြင်းကိုသာ ပြုလုပ်၍မရပေ။ ထိုအရာများကို လုံးလုံးလျားလျား ပိုင်းခြားသိမြင်ပြီး နားလည်နိုင်ရမည်။ ဤသို့အားဖြင့် သင်သည် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ဤဟုတ်မှန်သယောင်ရှိသော်လည်း စင်စစ် မှားနေသော၊ အထင်အမြင်မှားစေသော အရာများကို သင်၏ စိတ်ထဲတွင် လုံးဝ ကင်းစင်စေနိုင်သည်။ အချို့သော ကိုယ်ကျင့်တရား အပြုအမူတဆိုင်ရာ ဆိုရိုးစကားများသည် သင်၏ အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခြင်းမရှိသော်လည်း သင်၏ စဉ်းစားခြင်းနှင့် အယူအဆများတွင် ရံဖန်ရံခါ ဖြစ်ပေါ်လျှင်ပင် ထိုအရာများသည် သင့်အား အချိန်ခဏလောက်အထိ၊ သို့မဟုတ် ဖြစ်ရပ်တစ်ခုအတွင်းတွင် အနှောင့်အယှက်ပေးနိုင်ဆဲဖြစ်သည်။ သင်သည် ထိုအရာများကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ခြင်းမရှိနိုင်လျှင် သင်သည် အချို့သော ဆိုရိုးစကားများနှင့် အမြင်များကို အလွန်ပင် အပြုသဘောဆောင်သော၊ သို့မဟုတ် သမ္မာတရားနှင့် နီးစပ်သောအရာများအဖြစ် မှတ်ယူနိုင်ဆဲဖြစ်သည်။ ပြီးလျှင် ဤသည်မှာ အလွန်ပင် ဒုက္ခပေးသော အရာတစ်ခုဖြစ်သည်။ သင်သည် သင်၏စိတ်အတွင်းတွင် အလွန်နှစ်သက်သော ကိုယ်ကျင့်တရား အပြုအမူတဆိုင်ရာ ဆိုရိုးစကားအချို့ ရှိသည်။ ထိုအရာများကို သင်၏ စိတ်နှလုံးတွင် သဘောတူရုံသာမက ထိုအရာများကို လူအများရှေ့တွင် ထုတ်ပြောနိုင်သည်ဟုလည်းကောင်း၊ လူတို့သည် ထိုအရာများကို ကြားလျှင် စိတ်ဝင်စားလိမ့်မည်ဟုလည်းကောင်း၊ ထိုအရာများကို အပြုသဘောဆောင်သောအရာများအဖြစ် လက်ခံလိမ့်မည်ဟုလည်းကောင်း သင် ခံစားရသည်။ ဤဆိုရိုးစကားများသည် ဧကန်မုန်ချ သင့်အတွက် လက်လွှတ်ရန် အခက်ဆုံးအရာများဖြစ်သည်။ သင်သည် ထိုအရာများကို သမ္မာတရားအဖြစ် ဝန်မခံခဲ့သော်လည်း ထိုအရာများကို သင်၏ စိတ်နှလုံးတွင် အပြုသဘောဆောင်သောအရာများအဖြစ် ကျိတ်၍ အသိအမှတ်ပြုသည်။ ပြီးလျှင် ထိုအရာများသည် သင်၏ စိတ်နှလုံးတွင် အမှုမဲ့အမှတ်မဲ့ အမြစ်တွယ်ပြီး သင်၏ အသက်ဖြစ်လာသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်လာပြီး ဘုရားသခင် ဖော်ပြသည့် သမ္မာတရားကို လက်ခံလိုက်သည်နှင့် ဤအရာများသည် သင့်အား နှောင့်ယှက်ရန်၊ သမ္မာတရားကို သင်လက်ခံခြင်းအား တားဆီးရန် အလိုအလျောက် ပေါ်ထွက်လာလိမ့်မည်။ ဤအရာများအားလုံးသည် သမ္မာတရားအား လူတို့လိုက်စားခြင်းကို တားဆီးသောအရာများ ဖြစ်သည်။ သင်သည် ဤအရာတို့ကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ခြင်းမရှိနိုင်လျှင် ဤအရာများကို သမ္မာတရားနှင့် ရောထွေးသွားပြီး သမ္မာတရားနှင့် အဆင့်အတန်းတူညီသည်ဟု မှတ်ယူမိဖို့ လွယ်ကူသည်။ ဤသည်မှာ လူတို့အပေါ်တွင် အပျက်သဘောဆောင်သော သက်ရောက်မှုအချို့ရှိနိုင်သည်။ “ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲမထည့်နှင့်”၊ “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ”၊ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဆိုသကဲ့သို့သော ဤဆိုရိုးစကားများကို သင်က သမ္မာတရားအဖြစ် မမှတ်ယူရသေးခြင်း၊ ထိုအရာများကို သင်ကိုယ်တိုင်၏ ကိုယ်ကျင့်တရား အပြုအမူကို တိုင်းတာရန်အတွက် စံနှုန်းအဖြစ် မှတ်ယူမှုမရှိခြင်း၊ သင်၏ ကျင့်ကြံပြုမူခြင်းအတွက် ပန်းတိုင်များအဖြစ် ထိုအရာများကို မလိုက်စားခြင်း ရှိကောင်းရှိနိုင်သည်။ သို့သော် ဤသည်မှာ သင်သည် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးခြင်းနှင့် ဖျက်ဆီးခြင်းကို မခံခဲ့ရဟု မဆိုလိုပေ။ ဤသည်မှာ သင်သည် အသေးအဖွဲဖြစ်သော အသေးစိတ်အချက်များကို စိတ်မဝင်စားသည့်သူတစ်ဦးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ယင်းမှာ ကောက်ယူရရှိသည့် ပိုက်ဆံကို သင် အိတ်ထဲ ထည့်သည်၊ မထည့်သည်၊ သို့မဟုတ် သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတီကို သင် ခံစားသည်၊ မခံစားသည်ကို ဂရုမစိုက်သည်အထိ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် အချက်တစ်ချက်ကို သင်နားလည်ပြီး ရှင်းလင်းရမည်။ သင်သည် ဤသို့သော လူမှုပတ်ဝန်းကျင်မျိုးတွင်လည်းကောင်း၊ ရိုးရာယဉ်ကျေးမှုနှင့် သဘောတရားဆိုင်ရာ ပညာရေး၏ လွှမ်းမိုးမှုအောက်တွင်လည်းကောင်း နေထိုင်သည်။ ထို့ကြောင့် သင်သည် လူသားမျိုးနွယ်က ထောက်ခံအားပေးသည့် ဤဆိုရိုးစကားများကို မလွှဲမရှောင်သာ နာခံလိုက်လျှောက်လိမ့်မည်။ အနည်းဆုံးအနေဖြင့် ယင်းတို့ထဲမှ အချို့ကို ကိုယ်ကျင့်တရား အပြုအမူကို တိုင်းတာရန်အတွက် သင်၏ စံနှုန်းအဖြစ် ခံယူလိမ့်မည်။ ဤသည်မှာ သင် လေးလေးနက်နက် ဆင်ခြင်သုံးသပ်သင့်သည့်အရာဖြစ်သည်။ သင်က “ကောက်ယူရရှိသည့် ပိုက်ဆံကို အိတ်ထဲမထည့်နှင့်”၊ သို့မဟုတ် “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ” ဆိုသကဲ့သို့သော ဆိုရိုးစကားများကို ကိုယ်ကျင့်တရား အပြုအမူအား တိုင်းတာရန် သင်၏ စံနှုန်းအဖြစ် မခံယူခြင်းလည်း ရှိကောင်းရှိနိုင်သည်။ သို့သော် သင်၏ စိတ်နှလုံးတွင် “မိတ်ဆွေအတွက် အသက်စွန့်မည်” ဆိုသကဲ့သို့သော အခြားဆိုရိုးစကားများက အထူးပင် မြင့်မြတ်သည်ဟု ထင်မြင်သည်။ ပြီးလျှင် ထိုအရာများသည် သင်၏အသက်တာကို လွှမ်းမိုးသော သက်ဝင်ယုံကြည်မှုများ ဖြစ်လာသည်။ သို့မဟုတ် လူများနှင့် အမှုအရာများကို သင် ရှုမြင်သည့်၊ သို့မဟုတ် သင်၏ ကျင့်ကြံပြုမူပြီး လုပ်ကိုင်ဆောင်ရွက်သည့် အမြင့်ဆုံးသော စံသတ်မှတ်ချက်ဖြစ်လာသည်။ ဤသည်မှာ မည်သည့်အရာကို ပြသနည်း။ သင်၏ စိတ်နှလုံး အတွင်းတွင် ရိုးရာယဉ်ကျေးမှုကို တမင်မြတ်နိုးခြင်း၊ သို့မဟုတ် လိုက်လျှောက်ခြင်းမရှိသော်လည်း ကျင့်ကြံပြုမူခြင်းနှင့် ဆိုင်သော သင်၏ သက်ဝင်ယုံကြည်မှုများ၊ သင်၏ ကျင့်ကြံပြုမူသည့် နည်းလမ်းများနှင့် သင်၏ အသက်တာပန်းတိုင်များအပြင် အသက်တာပန်းတိုင်များအတွက် သင်လိုက်စားသည့် စည်းမျဉ်းများ၊ အခြေခံစည်းများ၊ သက်ဝင်ယုံကြည်မှုများသည် ရိုးရာယဉ်ကျေးမှုနှင့် လုံးဝ မကင်းလွတ်ပေ။ ထိုအရာများသည် လူသားမျိုးနွယ်က ထိန်းသိမ်းသည့် စေတနာ သဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာနှင့် ယုံကြည်ထိုက်ခြင်းတို့၏ စံနှုန်းများ၊ သို့မဟုတ် လူသားမျိုးနွယ်က ထောက်ခံအားပေးသည့် ကိုယ်ကျင့်တရား အပြုအမူတ၏ သက်ဝင်ယုံကြည်မှုအချို့မှ မလွတ်မြောက်ပေ။ ဤကန့်သတ်မှုများမှ သင် လုံးဝ လွတ်မြောက်ခြင်းမရှိပေ။ ရိုးရှင်းစွာ ပြောရလျှင် သင်သည် ဖောက်ပြန်ပျက်စီးသော လူသား၊ သက်ရှိလူသားဖြစ်သရွေ့၊ လူသားကမ္ဘာလောက၏ အစားအစာကို စားသရွေ့ သင်လိုက်လျှောက်သည့် ကျင်ကြံပြုမူခြင်းနှင့် အသက်တာတို့၏စည်းမျဉ်းများသည် ရိုးရာယဉ်ကျေးမှုမှ ဤကိုယ်ကျင့်တရား အပြုအမူအတွက် စည်းမျဉ်းများနှင့် သက်ဝင်ယုံကြည်မှုများထက် မပိုပေ။ ငါပြောသည့် ဤစကားများနှင့် ငါဖော်ထုတ်သည့် ဤပြဿနာများကို သင်တို့ နားလည်သင့်သည်။ သို့တိုင်အောင် သင်သည် သင့်ထံတွင် ဤပြဿနာများမရှိဟု ထင်ကောင်းထင်ကြသည်။ ထို့ကြောင့် ငါပြောသည့်အရာကို ဂရုမစိုက်ပေ။ အမှန်မှာ သင် သတိထားမိသည်ဖြစ်စေ၊ သတိမထားမိသည်ဖြစ်စေ လူတို့အားလုံးသည် အတိုင်းအတာအမျိုးမျိုးဖြင့် ဤပြဿနာများရှိကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသည့်သူများအနေဖြင့် လေးလေးနက်နက် ဆင်ခြင်သုံးသပ်ပြီး နားလည်သင့်သည့်အရာတစ်ခုဖြစ်သည်။

“ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားသည် လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရား အပြုအမူအပေါ်တွင် ထားရှိသည့် သတ်မှတ်ချက်ဖြစ်သည်ဟု ငါတို့ ယခုတင် ပြောခဲ့သည်။ ဤဆိုရိုးစကားနှင့်ပတ်သက်သည့် ပြဿနာအချို့နှင့် လူသားမျိုးနွယ်အပေါ် ယင်း၏ သက်ရောက်မှုအချို့ကိုလည်း ငါတို့ စိစစ်ခဲ့သည်။ ယင်းသည် လူသားမျိုးနွယ်အပေါ် အကျိုးပျက်ပြားစေသော အယူအဆနှင့် အမြင်အချို့ကို အစပျိုးပေးခဲ့ပြီး လူတို့၏ လိုက်စားမှုများနှင့် အသက်ရှင်သန်ရေးအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုအချို့ ရှိခဲ့သည်။ ဤအရာတို့ကို လူတို့ သတိပြုသင့်သည်။ ဤသို့ဆိုလျှင် ယုံကြည်သူများသည် လူ့သဘာဝတွင် ရှိသော သဘောထားကြီးမှု၊ အမြင်ကျယ်မှုနှင့်သက်ဆိုင်သော ပြဿနာများကို မည်သို့ နားလည်သင့်သနည်း။ ၎င်းတို့ကို မှန်ကန်ပြီး အပြုသဘောဆောင်သောနည်းလမ်းဖြင့် ဘုရားသခင်ထံမှနေ၍ မည်သို့ နားလည်နိုင်သနည်း။ ဤအရာကိုလည်း နားလည်သင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာများကို နားလည်ရန် အမှန်တကယ်တွင် မခက်ပေ။ သင်သည် ခန့်မှန်းကြည့်စရာ မလိုသကဲ့သို့ အချက်အလက်တစ်ခုခုကို ရှာဖွေကြည့်ရှုဖို့လည်း မလိုပေ။ ဘုရားသခင်က လူတို့ကြားတွင် ပြောခဲ့သောအရာများနှင့် သူလုပ်ဆောင်ခဲ့သော အလုပ်ထံမှလည်းကောင်း၊ လူမျိုးစုံကို ဘုရားသခင် ဆက်ဆံသည့် မတူညီသောနည်းလမ်းများတွင် ပြသသော ဘုရားသခင်၏ စိတ်သဘောထားထံမှလည်းကောင်း သင်ယူရုံဖြင့် ရိုးရာယဉ်ကျေးမှုနှင့်ပတ်သက်သော ဤဆိုရိုးစကားများနှင့် အမြင်များအပေါ် ဘုရားသခင်၏ ထင်မြင်ချက်က အတိအကျ မည်သည့်အရာဖြစ်ကြောင်းနှင့် သူ၏ ရည်ရွယ်ချက်များက အတိအကျ မည်သည့်အရာဖြစ်ကြောင်းတို့ကို ငါတို့ အတိအကျသိရှိနိုင်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အမြင်များကို ကြည့်ခြင်းအားဖြင့် လူတို့သည် သမ္မာတရားအား လိုက်စားရန် လမ်းကြောင်းတစ်ခုရှိသင့်သည်။ လူတို့လိုက်နာသည့် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။” ဟူသည့် ဆိုရိုးစကားသည် လူတစ်ယောက်၏ ဦးခေါင်းကို ဖြတ်လိုက်ပြီး မြေပေါ်သို့ ကျသွားလျှင် ဤသည်မှာ ကိစ္စပြီးပြီဖြစ်ပြီး ဆက်လက်၍ ဆောင်ရွက်ခြင်းမပြုသင့်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ မကောင်းသော အမြင်ရှုထောင့်တစ်ခုမဟုတ်သလော။ ဤသည်မှာ လူတို့ကြားတွင် အများစု စွဲကိုင်သော အမြင်ရှုထောင့်တစ်ခု မဟုတ်သလော။ ဤသည်မှာ လူတစ်ယောက်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာဘဝ ပြီးဆုံးသွားသည်နှင့် ဘဝက ပြီးဆုံးပြီး အဆုံးသတ်သွားပြီဟု အဓိပ္ပာယ်ရသည်။ ထိုသူက သူ၏ဘဝတွင် လုပ်ဆောင်ခဲ့သော မကောင်းသောအရာအားလုံးနှင့် သူကြုံတွေ့ခဲ့ရသည့် ချစ်ခြင်း၊ မုန်းခြင်း၊ စိတ်ထက်သန်ခြင်းနှင့် ရန်လိုခြင်းတို့အားလုံးသည် ထိုအချိန်တွင်ပင် ပြီးဆုံးသွားပြီ၊ ဘဝသည် ပြီးဆုံးပြီဟု သတ်မှတ်သည်ဟူ၍ ကြေညာလိုက်သည်။ လူတို့က ဤအရာကို ယုံကြည်သည်။ သို့သော် ဘုရားနှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ လုပ်ဆောင်မှု၏ အမျိုးမျိုးသော လက္ခဏာများအားလုံးကို ကြည့်လျှင် ဤသည်မှာ ဘုရားလုပ်ရပ်များ၏ စည်းမျဉ်းဟုတ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ဘုရားလုပ်ရပ်များ၏ စည်းမျဉ်းမှာ အဘယ်နည်း။ ဘုရားသခင်က မည်သည့်အရာကို အခြေခံ၍ ဤသို့သောအရာများကို လုပ်ဆောင်သနည်း။ လူအချို့က ဘုရားသခင်သည် သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို အခြေခံပြီး ဤသို့သောအရာများကို လုပ်ဆောင်သည်ဟု ဆိုသည်။ ဤသည်မှာ မှန်ကန်သည်။ သို့သော် ပြည့်စုံမှုမရှိပေ။ တစ်ဖက်တွင် ဤသည်မှာ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များနှင့် အညီဖြစ်သည်။ သို့သော် အခြားတစ်ဖက်တွင် သူသည် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကို အခြေခံပြီး လူမျိုးစုံကို ဆက်ဆံသည်။ ဤသည်မှာ အပြည့်အစုံပင်ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် လူတစ်ယောက်သည် အသတ်ခံရပြီး သူ၏ ဦးခေါင်းက မြေပေါ်သို့ ကျသောအခါ ဤသူ၏ ဘဝက အဆုံးသတ်သွားသလော။ (အဆုံးမသတ်ပါ။) ဤသို့ဆိုလျှင် ဘုရားသခင်သည် လူတစ်ယောက်၏ အသက်ကို မည်သည့်နည်းလမ်းဖြင့် အဆုံးသတ်သနည်း။ ဤသည်မှာ ဘုရားသခင်က လူတစ်ယောက်ကို ကိုင်တွယ်သော နည်းလမ်း ဟုတ်သလော။ (မဟုတ်ပါ။) မည်သူကိုမဆို ဘုရားသခင် ကိုင်တွယ်သည့်နည်းလမ်းသည် ၎င်းတို့၏ ခေါင်းကို ဖြတ်ခြင်းအားဖြင့် ၎င်းတို့ကိုသတ်ပြီး ပြီးသွားခြင်းမဟုတ်ပေ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကိုင်တွယ်ဖြေရှင်းရာတွင် အစနှင့် အဆုံးရှိသည်။ တစ်သမတ်တည်းဖြစ်သော ဆက်စပ်မှုနှင့် တည်ကြည်ခိုင်မာမှုရှိသည်။ ဝိညာဉ်တစ်ခုသည် လူသားအဖြစ် ဝင်စားသောအချိန်မှစ၍ ထိုသူ၏ ရုပ်ပိုင်းဆိုင်ရာဘဝ ပြီးဆုံးသွားပြီးနောက် စိတ်ဝိညာဉ်က ဝိညာဉ်ရေးရာနယ်ပယ်သို့ ပြန်သွားသောအချိန်ထိ ယင်းသည် မည်သည့်လမ်းကြောင်းကို လိုက်သည်ဖြစ်စေ၊ ဝိညာဉ်ရေးရာနယ်ပယ်တွင်ဖြစ်စေ၊ ရုပ်ဝတ္ထုလောကတွင်ဖြစ်စေ ဘုရားသခင်၏ ကိုင်တွယ်မှုကို ခံရမည်ဖြစ်သည်။ အဆုံးတွင် ယင်းသည် ဆုလာဘ်ချီးမြှင့်ခြင်းခံရသည်ဖြစ်စေ၊ အပြစ်ဒဏ်ပေးခံရသည်ဖြစ်စေ ယင်းမှာ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအပေါ်တွင် မူတည်သည်။ ပြီးလျှင် ကောင်းကင်ဘုံ စည်းမျဉ်းများလည်း ရှိသည်။ ဤသည်မှာ ဘုရားသခင်က လူတစ်ယောက်ကို ဆက်ဆံသည့်ပုံစံသည် လူတစ်ယောက်ချင်းစီအတွက် သူစီမံပေးခဲ့သော တစ်ဘဝလုံး၏ ကံကြမ္မာအပေါ်တွင် မူတည်သည်ဟု အဓိပ္ပာယ်ရသည်။ လူတစ်ယောက်၏ ကံကြမ္မာအဆုံးသတ်သွားသောအခါ သူသည် ဘုရားသခင် စီမံထားသော တရားတော်နှင့် ဆိုးယုတ်သောသူကို အပြစ်ဒဏ်ပေးပြီး ကောင်းမြတ်သူကို ဆုချီးမြှင့်သည့် ကောင်းကင်ဘုံ၏ စည်းကမ်းများကို အခြေခံပြီး ကိုင်တွယ်ခြင်းခံရသည်။ ဤလူသည် ကမ္ဘာလောကတွင် ဒုစရိုက်အမှု များပြားစွာ လုပ်ဆောင်ခဲ့လျှင် အပြစ်ဒဏ်များပြားစွာ ခံရမည်။ ဤလူသည် ဒုစရိုက်အမှုများစွာ မလုပ်ဆောင်ခဲ့ဘဲ ကောင်းမှုအချို့ကိုပင် လုပ်ဆောင်ခဲ့လျှင် သူသည် ဆုချီးမြှင့်ခြင်း ခံရသင့်သည်။ သူသည် ဆက်လက်၍ လူဝင်စားနိုင်ခြင်းရှိမရှိနှင့် သူသည် လူသားအဖြစ် မွေးဖွားသလော၊ တိရစ္ဆာန်အဖြစ် မွေးဖွားသလောဆိုသည်မှာ ဤဘဝတွင် ၎င်းတို့၏ စွမ်းဆောင်မှုအပေါ်၌ မူတည်သည်။ ဤအရာများကို ငါအဘယ်ကြောင့် မိတ်သဟာယဖွဲ့ရသနည်း။ အဘယ်ကြောင့်ဆိုသော် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ” ဆိုသည့် ဆိုရိုးစကားဖြင့် ပူးတွဲပြီး “တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် အခြားစကားတစ်ခုလည်းရှိသည်။ ဘုရားသခင်သည် အမှုအရာများကို ချောမွေ့စေရန် စည်းမျဉ်းမရှိသည့် အားထုတ်မှုကို ပြုလုပ်ခြင်းဖြစ်သော အမှုအရာများကို ဤသို့ ပြောဆိုသည့်၊ သို့မဟုတ် လုပ်ဆောင်သည့် နည်းလမ်းများမရှိပေ။ ဘုရားသခင်၏ လုပ်ရပ်များသည် မည်သည့်ဖန်ဆင်းခံကိုမဆို အစမှ အဆုံးအထိ သူကိုင်တွယ်ဖြေရှင်းသည့် ပုံစံတွင် ပေါ်လွင်သည်။ ဤအရာများအားလုံးသည် လူသားများ၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ တည်ရှိသည်မှာ ဘုရားသခင်ဖြစ်ကြောင်း၊ လူသားများ၏ ကံကြမ္မာကို စီစဉ်ညွှန်ကြားပြီး စီမံပြီးနောက်တွင် လူတစ်ယောက်၏ အပြုအမူနှင့်အညီ ဒုစရိုက်အမှုကို အပြစ်ဒဏ်ပေးပြီး ကောင်းမှုကို ဆုချီးမြှင့်သည်မှာ၊ ထိုက်သင့်သည့်နေရာတွင် အပြစ်ဒဏ်ပေးသည်မှာ ဘုရားသခင် ဖြစ်ကြောင်းလူတို့အနေဖြင့် ရှင်းလင်းစွာ မြင်နိုင်ရန် ထောက်ကူပေးသည်။ ဘုရားသခင်က သတ်မှတ်ပြဋ္ဌာန်းထားသည့်အရာအရ လူတစ်ယောက်သည် သူကျူးလွန်ခဲ့သည့် ဒုစရိုက်အမှု မည်ရွေ့မည်မျှအပေါ် မူတည်၍ နှစ်မည်ရွေ့မည်မျှ အပြစ်ဒဏ်ပေးခြင်း ခံရသင့်ပြီး ၎င်းတို့၏ အပြစ်ဒဏ်ပေးခံရခြင်း လူဝင်စားခြင်း မည်ရွေ့မည်မျှတို့တိုင်အောင် ကြာသင့်သည် ဟူ၍ ဖြစ်သည်။ ပြီးလျှင် ဝိညာဉ်ရေးရာနယ်ပယ်သည် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ စိုးစဉ်းမျှ သွေဖည်ခြင်းမရှိဘဲ ဤအရာကို လက်တွေ့အကောင်အထည်ဖော်သည်။ မည်သူကမျှ ဤအရာကို မပြောင်းလဲနိုင်ပေ။ ပြီးလျှင် ပြောင်းလဲသောသူမည်သူမဆိုသည် ဘုရားသခင်က စီမံထားသော ကောင်းကင်ဘုံစည်းကမ်းများကို ချိုးဖောက်သည့်သူ ဖြစ်သည်။ ထို့ပြင် ခြွင်းချက်မရှိဘဲ အပြစ်ဒဏ်ပေးခံရမည်။ ဘုရားသခင်၏ အမြင်တွင် ဤကောင်းကင်ဘုံ စည်းကမ်းများကို ချိုးဖောက်၍ မရပေ။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ မည်သူမဆိုသည် မည်သည့်ဒုစရိုက်မှုကို လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ မည်သည့် ကောင်းကင်ဘုံစည်းကမ်းများနှင့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့သည်ဖြစ်စေ အဆုံးတွင် ဖြေလျော့ပေးခြင်းမရှိဘဲ ကိုင်တွယ်ခြင်းခံရမည် ဟူ၍ဖြစ်သည်။ ကမ္ဘာလောက၏ ဥပဒေများကဲ့သို့မဟုတ်ပေ။ ကမ္ဘာလောကတွင် ဆိုင်းငံ့ထားသော စီရင်ချက်များရှိသည်။ သို့မဟုတ် တစ်စုံတစ်ယောက်က ကြားဝင်နိုင်သည်။ သို့မဟုတ် တရားသူကြီးက တတ်နိုင်သည့် နေရာတိုင်းတွင် သက်ညှာခြင်းအားဖြင့် သူကိုယ်တိုင်၏ ဘက်လိုက်ခြင်းများနှင့် ကြင်နာခြင်းကို ကျင့်သုံးခြင်းများနောက် လိုက်နိုင်သည်။ ဤသို့အားဖြင့် ထိုသူသည် ပြစ်မှုအတွက် စီရင်ချက်ခြင်း ခံရမည် မဟုတ်သကဲ့သို့ သင့်တော်သလို အပြစ်ဒဏ်ပေးခြင်းလည်း ခံရမည်မဟုတ်ပေ။ ဝိညာဉ်ရေးရာနယ်ပယ်တွင် အမှုကိစ္စများကို ဤနည်းအားဖြင့် လုပ်ဆောင်ခြင်းမရှိပေ။ ဘုရားသခင်သည် ဖန်ဆင်းခံတိုင်း၏ အရင်ဘဝ၊ လက်ရှိဘဝများကို သူသတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ၊ ဆိုလိုသည်မှာ ကောင်းကင်ဘုံ၏ စည်းကမ်းများနှင့်အညီ တစ်သဝေမတိမ်း ကိုင်တွယ်လိမ့်မည်။ လူတစ်ယောက်၏ ပြစ်မှားမှုများက မည်မျှဆိုးရွားသည်ဖြစ်စေ၊ မည်မျှပင် မဖြစ်စလောက်သာဖြစ်သည်ဖြစ်စေ၊ သူ၏ ကောင်းမှုများက မည်မျှကြီးမားသည်ဖြစ်စေ၊ မည်မျှပင် မဖြစ်စလောက်သာဖြစ်စေ ဆိုသည်မှာ အရေးမပါသကဲ့သို့ ထိုသူ၏ ပြစ်မှားမှုများ၊ သို့မဟုတ် ကောင်းမှုများက ဖြစ်ပျက်နေသည်မှာ မည်မျှကြာသည်ဖြစ်စေ၊ မည်မျှကြာခဲ့သောအချိန်က ဖြစ်ပျက်ခဲ့သည်ဖြစ်စေ ယင်းတို့ကလည်း အရေးမပါပေ။ မည်သည့်အရာကမျှ ဖန်ဆင်းခြင်းသခင်က သူ ဖန်ဆင်းခဲ့သည့် လူသားများအား ဆက်ဆံသည့် ပုံစံကို မပြောင်းလဲပေ။ ဆိုလိုသည်မှာ ဘုရားသခင်က ပြုလုပ်သည့် ကောင်းကင်ဘုံစည်းကမ်းများသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ လုပ်ရပ်များနောက်ကွယ်ရှိ စည်းမျဉ်းဖြစ်ပြီး အမှုအရာများကို သူလုပ်ဆောင်သည့် ပုံစံဖြစ်သည်။ လူသားများ ဖြစ်တည်လာပြီး ဘုရားသခင်က ၎င်းတို့ကြားတွင် စတင်အလုပ်လုပ်သည့် အချိန်ကတည်းမှစ၍ ဘုရားသခင်က ပြုလုပ်ခဲ့သော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသည်၊ ဆိုလိုသည်မှာ ကောင်းကင်ဘုံ၏ စည်းကမ်းများသည် မပြောင်းလဲခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်သည် အဆုံးတွင် လူသားမျိုးနွယ်၏ ပြစ်မှားမှုများ၊ ကောင်းမှုများနှင့် ဒုစရိုက်အမှုမျိုးစုံတို့အား ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများရှိလိမ့်မည်။ ဖန်ဆင်းခံ တစ်ယောက်မကျန်သည် ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူများအတွက် ထိုက်သင့်သော အဖိုးအခကို ပေးဆပ်ရမည်။ သို့ရာတွင် ဖန်ဆင်းခံတစ်ဦးချင်းစီသည် ဘုရားသခင်က လူတို့အပေါ် မုန်းတီးလာခြင်းကြောင့်ဆိုသည်ထက် ဘုရားသခင်အပေါ် ၎င်းတို့၏ ပုန်ကန်ခြင်း၊ ၎င်းတို့လုပ်ဆောင်ခဲ့သည့် ဒုစရိုက်အမှုများ၊ ၎င်းတို့ ချန်ထားခဲ့သည့် ပြစ်မှားမှုများကြောင့်သာ ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရခြင်းဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ဝင်တစ်ယောက်မဟုတ်ပေ။ ဘုရားသခင်သည် ဘုရားဖြစ်သည်။ ဖန်ဆင်းခြင်းသခင်ဖြစ်သည်။ ဖန်ဆင်းခံတစ်ယောက်မကျန် အပြစ်ဒဏ်ပေးခံရခြင်းသည် ဖန်ဆင်းခြင်းသခင်က လူတို့ကို မုန်းတီးသောကြောင့်မဟုတ်ဘဲ ဘုရားသခင်က သတ်မှတ်ခဲ့သော ကောင်းကင်ဘုံစည်းကမ်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ တရားတော်များနှင့် ပညတ်တော်များကို ၎င်းတို့ ချိုးဖောက်ခဲ့သောဖြစ်သည်။ ဤအမှန်တရားကို မည်သူကမျှ မပြောင်းလဲနိုင်ပေ။ ဤအမြင်ရှုထောင့်မှကြည့်လျှင် ဘုရားသခင်၏ အမြင်တွင် “တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသောအရာများ လုံးဝ မရှိပေ။ ငါပြောသည့်အရာကို သင်သည် အလွန်ပြည့်စုံစွာ နားလည်ခြင်း မရှိကောင်း မရှိနိုင်ပေ။ သို့သော် မည်သို့ပင်ဖြစ်စေ အဆုံးစွန်သော ရည်ရွယ်ချက်မှာ ဘုရားသခင်သည် မုန်းတီးခြင်းမရှိဘဲ မည်သည့်ပုန်ကန်ပြစ်မှားမှုကို သည်းမခံသည့် ကောင်းကင်ဘုံ စည်းကမ်းများ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၊ တရားတော်များ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်သာ ရှိကြောင်းကို သင်တို့အား သိစေရန်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် “တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသောအရာမျိုး မရှိပေ။ သင်သည် ဘုရားသခင်အား တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါဆိုသည့် သတ်မှတ်ချက်ဖြင့် မတိုင်းတာသင့်သကဲ့သို့ ဤသတ်မှတ်ချက်ဖြင့် ယှဉ်၍ ဘုရားသခင်ကို မစိစစ်သင့်ပေ။ “ဘုရားသခင်ကို စိစစ်ခြင်း” ဆိုသည်မှာ မည်သို့ အဓိပ္ပာယ်ရသနည်း။ တစ်ခါတစ်ရံတွင် ဘုရားသခင်က လူတို့အား သက်ညှာခြင်းနှင့် သည်းခံခြင်းကို ပြသောအခါ အချို့က “ကြည့်လော့။ ဘုရားသခင်သည် ကောင်းမွန်သည်။ ဘုရားသခင်သည် လူတို့ကို ချစ်သည်။ သူသည် တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာသည်။ လူသားတို့ကို အမှန်ပင် သည်းခံသည်။ ဘုရားသခင်သည် အမြင်အကျယ်ဆုံး ဖြစ်သည်။ လူသားတို့ထက် ပို၍ အမြင်ကျယ်ပြီး ဝန်ကြီးချုပ်များထက် ပို၍ပင် အမြင်ကျယ်သည်” ဟူ၍ ပြောခြင်းကို ဆိုလိုသည်။ ဤသို့ပြောသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) သင်သည် ဘုရားသခင်ကို ဤသို့ ချီးမွမ်းလျှင် ဤသို့ပြောသည်မှာ သင့်လျော်သောအရာတစ်ခု ဖြစ်သလော။ (မသင့်လျော်ပါ။) ဤသို့ ပြောဆိုပုံသည် မှားယွင်းပြီး ဘုရားသခင်အပေါ်တွင် အသုံးပြု၍မရပေ။ လူသားများသည် ၎င်းတို့၏ ရက်ရောမှုနှင့် သည်းခံမှုကို ပြရန်နှင့် ၎င်းတို့သည် သည်းခံပြီး သဘောထားကြီးသောသူဖြစ်ကြောင်း၊ မြင့်မြတ်သော သူတော်ကောင်းတရားရှိသူဖြစ်ကြောင်းကို ကြွားလုံးထုတ်ရန် တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာဖို့ ကြိုးပမ်းအားထုတ်သည်။ ဘုရားသခင်အတွက်မူ ဘုရားသခင်၏ အနှစ်သာရတွင် သနားကရုဏာနှင့် သည်းခံမှုရှိသည်။ သနားကရုဏာနှင့် သည်းခံမှုသည် ဘုရားသခင်၏ အနှစ်သာရဖြစ်သည်။ သို့သော် ဘုရားသခင်၏ အနှစ်သာရသည် လူသားများက တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာခြင်းအားဖြင့် ပြသသည့် သဘောထားကြီးခြင်း၊ သည်းခံခြင်းတို့နှင့် မတူညီပေ။ ဤအရာနှစ်ခုမှာ မတူညီပေ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာခြင်းတွင် လူသားတို့၏ ရည်ရွယ်ချက်သည် လူတို့အား ၎င်းတို့နှင့်ပတ်သက်ပြီး ကောင်းသောအရာများကို ပြောစေရန်၊ ၎င်းတို့တွင် ရက်ရောခြင်းနှင့် စေတနာရှိသည်၊ ၎င်းတို့သည် လူကောင်းဖြစ်သည်ဟု ပြောစေရန်ဖြစ်သည်။ ထို့အပြင် ဤသည်မှာ လူမှုအဖွဲ့အစည်း၏ ဖိအားကြောင့်ဖြစ်ပြီး ရှင်သန်ရေးအတွက်လည်း ဖြစ်သည်။ လူတို့သည် ရည်ရွယ်ချက်တစ်ခုကို ဖြစ်မြောက်အောင်မြင်ရန်အတွက်သာ အနည်းငယ်သော ရက်ရောမှုနှင့် အနည်းငယ်သော အမြင်ကျယ်မှုကိုပြသသည်။ အသိတရား၏ စံသတ်မှတ်ချက်ကို လိုက်နာရန်၊ သို့မဟုတ် နာခံရန်မဟုတ်ဘဲ ၎င်းတို့အား လူတို့က အထင်ကြီးလေးစားပြီး ကိုးကွယ်စေရန်ဖြစ်သည်၊ သို့မဟုတ် ဖုံးကွယ်ထားသော ရည်ရွယ်ချက်၊ သို့မဟုတ် လှည့်စားမှုအချို့တို့ ပါဝင်နေသောကြောင့်ဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များတွင် သန့်စင်မှုမရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ ဆိုသကဲ့သို့သော အရာများကို လုပ်ဆောင်သလော။ ဘုရားသခင်က ဤသို့သောအရာများကို မလုပ်ဆောင်ပေ။ လူအချို့က “ဘုရားသခင်သည်လည်း လူတို့အပေါ် သက်ညှာမှုမပြသလော။ ထို့ကြောင့် သူသည် ဤသို့လုပ်ဆောင်သောအခါ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာနေခြင်းမဟုတ်သလော” ဟု ဆိုကြသည်။ မဟုတ်ပေ။ ဤနေရာတွင် လူတို့နားလည်သင့်သည့် ကွာခြားမှုတစ်ခုရှိသည်။ လူတို့နားလည်သင့်သည့်အရာမှာ မည်သည့်အရာဖြစ်သနည်း။ ဤသည်မှာ လူတို့သည် “တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားကို အသုံးချသောအခါ ၎င်းတို့သည် စည်းမျဉ်းမရှိဘဲ လုပ်ဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်း၏ ဖိအားနှင့် လူအများ၏ ထင်မြင်ချက်ကို မလွန်ဆန်နိုင်သောကြောင့်ဖြစ်ပြီး ၎င်းတို့သည် လူကောင်းများဖြစ်သည်ဟု ဟန်ဆောင်ရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ဤသို့သော မသန့်စင်သော ရည်ရွယ်ချက်များရှိပြီး မိမိတို့ကိုယ်ကို လူကောင်းများအဖြစ် ကြွားလုံးထုတ်ရန် ကြောင်သူတော်မျက်နှာဖုံးကို စွပ်လျက်ဖြင့် လူတို့သည် ဤအရာကို စိတ်မပါစွာဖြင့် လုပ်ဆောင်ကြသည်။ သို့မဟုတ် ၎င်းတို့သည် အခြေအနေကြောင့် မဖြစ်မနေလုပ်ဆောင်ရပြီး လက်စားချေလိုသော်လည်း မလုပ်ဆောင်နိုင်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ပြီးလျှင် အခြားရွေးချယ်စရာမရှိသော ဤအခြေအနေတွင် ၎င်းတို့သည် ဤသက်ဝင်ယုံကြည်မှုကို တွန့်ဆုတ်စွာဖြင့် လိုက်နာကြသည်။ ဤသည်မှာ ၎င်းတို့စိတ်အတွင်းရှိ အနှစ်သာရ ဖွင့်ပြခြင်းမှ ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ ဤအရာကို လုပ်ဆောင်နိုင်သောသူများသည် အမှန်တကယ် လူကောင်းများ မဟုတ်ပေ၊ သို့မဟုတ် အပြုသဘောဆောင်သောအရာများကို အမှန်တကယ် ချစ်သောသူများမဟုတ်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်က လူတို့အပေါ် သည်းခံခြင်း၊ သနားကရုဏာထားခြင်းနှင့် “တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ဆိုရိုးစကားကို လက်တွေ့လုပ်ဆောင်သော လူတို့ကြားတွင် ကွာခြားချက်မှာ အဘယ်နည်း။ မည်သည့်ကွာခြားချက်များရှိသည်ကို ငါ့အားပြောလော့။ (ဘုရားသခင် လုပ်ဆောင်သည့်အရာတွင် စည်းမျဉ်းများရှိသည်။ ဥပမာအနေဖြင့် နိနေဝေမြို့သားများသည် အမှန်တကယ် နောင်တရပြီးနောက်တွင် ဘုရားသခင်၏ သည်းခံခြင်းကို လက်ခံရရှိသည်။ ဤအရာမှနေ၍ ဘုရားသခင်၏ လုပ်ဆောင်မှုများတွင် စည်းမျဉ်းများရှိသည်ကို ကျွန်ုပ်တို့ မြင်နိုင်သည်။ ဘုရားသခင်၏ အနှစ်သာရတွင် လူတို့အပေါ် သနားကရုဏာထားခြင်းနှင့် သည်းခံခြင်းရှိသည်ကိုလည်း မြင်နိုင်သည်။) ဤသို့ပြောခြင်းသည် ကောင်းသည်။ ဤတွင် အဓိက ကွာခြားချက်နှစ်ခုရှိသည်။ ဘုရားသခင်လုပ်ဆောင်သည့်အရာတွင် စည်းမျဉ်းများရှိသည်ဟု သင်တို့ ယခုပြောခဲ့သော အချက်သည် အရေးပါသည်။ ဘုရားသခင် လုပ်ဆောင်သမျှတွင် ရှင်းလင်းသော အကန့်အသတ်နှင့် အတိုင်းအတာရှိသည်။ ပြီးလျှင် ဤအကန့်အသတ်နှင့် အတိုင်းအတာသည် လူတို့နားလည်နိုင်သော အရာများ ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင် လုပ်ဆောင်သမျှတွင် စည်းမျဉ်းအချို့ရှိသည်ဟူ၍ ဖြစ်သည်။ ဥပမာ ဘုရားသခင်သည် နိနေဝေမြို့သားများ၏ ပြစ်မှားမှုအတွက် ၎င်းတို့အပေါ် သက်ညှာမှုပြခဲ့သည်။ နိနေဝေမြို့သားများသည် ၎င်းတို့၏ ဆိုးယုတ်မှုကို စွန့်လွှတ်ပြီး အမှန်တကယ် နောင်တရသောအခါ ဘုရားသခင်သည် ၎င်းတို့ကို ခွင့်လွှတ်ပြီး ဤမြို့ကို မဖျက်ဆီးရန် ကတိပေးခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုနောက်ကွယ်တွင်ရှိသော စည်းမျဉ်းဖြစ်သည်။ ဤတွင် ဤစည်းမျဉ်းကို မည်သို့နားလည်နိုင်သနည်း။ ဤသည်မှာ အခြေခံစည်းမျဉ်းဖြစ်သည်။ လူသားတို့၏ နားလည်မှုနှင့် စကားပြောဆိုပုံအရ ဤသည်မှာ ဘုရားသခင်၏ အခြေခံစည်းမျဉ်း ဖြစ်သည်ဟု ဆိုနိုင်သည်။ နိနေဝေမြို့သားများသည် ၎င်းတို့လက်တွင်ရှိသော ဆိုးယုတ်မှုကို စွန့်လွှတ်ပြီး ၎င်းတို့ တစ်ချိန်ကလုပ်ခဲ့သည့် အပြစ်ထဲတွင် အသက်ရှင်ခြင်း၊ ဘုရားသခင်ကို စွန့်ပယ်ခြင်းအား ရပ်တန့်သရွေ့၊ ဘုရားသခင်ထံတွင် အမှန်တကယ် နောင်တရနိုင်သရွေ့ ဤစစ်မှန်သောနောင်တမှာ ဘုရားသခင်က ၎င်းတို့ကို ပေးအပ်သည့် အခြေခံစည်းမျဉ်းဖြစ်သည်။ ၎င်းတို့သည် စစ်မှန်သော နောင်တကို ရရှိနိုင်လျှင် ဘုရားသခင်က ၎င်းတို့ကို သက်ညှာမည်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် စစ်မှန်သောနောင်တကို ရရှိဖို့ ပျက်ကွက်လျှင် ဘုရားသခင်က ပြန်လည်သုံးသပ်ခြင်း ရှိမည်လော။ ဘုရားသခင်၏ ယခင်က ဆုံးဖြတ်ချက်နှင့် ဤမြို့ကို ဖျက်ဆီးရန် အစီအစဉ်သည် ပြောင်းလဲမည်လော။ (ပြောင်းလဲမည်မဟုတ်ပါ။) ဘုရားသခင်က ၎င်းတို့ကို ရွေးချယ်စရာနှစ်ခုပေးခဲ့သည်။ ပထမတစ်ခုမှာ ၎င်းတို့၏ ဆိုးယုတ်သောနည်းလမ်းများကို ဆက်လက်လုပ်ဆောင်ပြီး ပျက်စီးခြင်းကို ရင်ဆိုင်ဖို့ဖြစ်သည်။ ဤသို့ဆိုလျှင် တစ်မြို့လုံးက ပျက်သုဉ်းသွားမည်ဖြစ်သည်။ ဒုတိယတစ်ခုမှာ ၎င်းတို့၏ ဆိုးယုတ်မှုကို စွန့်လွှတ်ရန်၊ လျှော်တေအဝတ်ကို ဝတ်ဆင်ပြီး ပြာပုံထဲတွင် ဘုရားသခင်ထံ အမှန်တကယ် နောင်တရရန်၊ မိမိတို့၏ မိမိတို့၏ အပြစ်များကို ဘုရားသခင်ထံ လှိုက်လှိုက်လှဲလှဲ ဝန်ချရန်ဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်သည် ၎င်းတို့အပေါ် သက်ညှာမည်ဖြစ်သည်။ ပြီးလျှင် ယခင်က မည်သည့်ဆိုးယုတ်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ ၎င်းတို့၏ မကောင်းမှုသည် မည်သည့်အတိုင်းအတာအထိ ဆိုးရွားပါစေ ၎င်းတို့၏ နောင်တကြောင့် ဤမြို့ကို မဖျက်ဆီးရန် ဘုရားသခင်က စိတ်ဆုံးဖြတ်မည်ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို ရွေးချယ်မှုနှစ်ခုပေးခဲ့သည်။ ၎င်းတို့သည် ပထမတစ်ခုကို လုပ်ဆောင်မည့်အစား ဒုတိယတစ်ခုကို ရွေးချယ်ခဲ့သည်။ လျှော်တေအဝတ်ကိုဝတ်ဆင်ပြီး ပြာပုံထဲတွင် ဘုရားသခင်ထံ အမှန်တကယ် နောင်တရရန် ရွေးချယ်ခဲ့သည်။ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်အား သူ၏ စိတ်ကို ပြောင်းလဲအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ဆိုလိုသည်မှာ ပြန်လည်သုံးသပ်ရန်၊ သူ၏ အစီအစဉ်ကို ပြောင်းလဲရန်၊ ၎င်းတို့အား သက်ညှာမှုပြသရန်၊ ဤမြို့ကို ဖျက်ဆီးခြင်းအား ရှောင်ကြဉ်ရန် သူ၏ စိတ်ကို ပြောင်းလဲနိုင်ခဲ့သည်။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်သော စည်းမျဉ်းမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘုရားသခင် အလုပ်လုပ်သည့် စည်းမျဉ်းဖြစ်သည်။ ထို့အပြင် အခြားအရေးပါသော အချက်တစ်ချက်ရှိသည်။ ဘုရားသခင်၏ အနှစ်သာရတွင် ချစ်ခြင်းနှင့် သနားကရုဏာထားခြင်း ရှိခြင်းဖြစ်သည်။ သို့သော် လူ၏ ပုန်ကန်ပြစ်မှားမှုအား သည်းမခံခြင်းနှင့် အမျက်ဒေါသရှိသည်မှာလည်း ပြောစရာမလိုပေ။ နိနေဝေမြို့အား ဖျက်ဆီးအံ့သော ဖြစ်ရပ်တွင် ဘုရားသခင်၏ ဤအနှစ်သာရနှစ်ချက်ကို ထုတ်ဖော်ထားသည်။ ဘုရားသခင်သည် ဤလူတို့၏ မကောင်းမှုများကို မြင်သောအခါ ဘုရားအမျက်ဒေါသ၏ အနှစ်သာရသည် ထင်ရှားပြီး ထုတ်ဖော်သည်။ ဘုရားသခင်၏ ဒေါသတွင် စည်းမျဉ်းတစ်ခုရှိသလော။ (ရှိပါသည်။) ရိုးရှင်းစွာဆိုရလျှင် ဤစည်းမျဉ်းသည် ဘုရားသခင်၏ ဒေါသတွင် အခြေပြုချက်တစ်ခု ရှိခြင်း ဖြစ်သည်။ ယင်းသည် လက်လွတ်စပယ် စိတ်ဆိုးခြင်းနှင့် ဒေါသထွက်ခြင်း မဟုတ်ပေ။ ခံစားချက်တစ်မျိုးမျိုး ဖြစ်ဖို့ ပို၍ပင် မဟုတ်ပေ။ ထိုထက် ဤသည်မှာ တိကျသော အကြောင်းအရာတစ်ခုအတွင်းတွင် ထွက်ပေါ်လာသော စိတ်သဘောထားတစ်ခုဖြစ်ပြီး အလိုအလျောက် ထုတ်ဖော်ခြင်းဖြစ်သည်။ ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်သည် မည်သည့်ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံပေ။ လူသား၏ ဘာသာစကားအရ ဤသည်မှာ ဘုရားသခင်သည် နိနေဝေမြို့သားတို့၏ မကောင်းမှုများကို မြင်သောအခါ စိတ်ဆိုးပြီး ဒေါသထွက်သည်ဟု ဆိုလိုသည်။ အတိအကျဆိုရလျှင် ဘုရားသခင်၌ လူတို့၏ ပုန်ကန်ပြစ်မှားမှုများကို သည်းမခံသောသဘောထား ရှိသောကြောင့် စိတ်ဆိုးခြင်းဖြစ်သည်။ ထို့ကြောင့် လူတို့၏ မကောင်းမှုများနှင့် အပျက်သဘောဆောင်သောအရာများ ဖြစ်ပွားလာမှု၊ ပေါ်ထွက်လာမှုတို့ကို မြင်ရသောအခါ ဘုရားသခင်သည် သူ၏ အမျက်ဒေါသကို အလိုအလျောက် ထုတ်ဖော်လေသည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏ အမျက်ဒေါသ ထုတ်ဖော်ပါက သူသည် မြို့ကို ချက်ချင်းဖျက်ဆီးမည်လော။ (မဖျက်ဆီးပါ။) ဤသည်မှာ ဘုရားသခင်လုပ်ဆောင်သည့်အရာတွင် စည်းမျဉ်းရှိသည်ကို သင် မြင်နိုင်ပုံဖြစ်သည်။ ဘုရားသခင်က စိတ်ဆိုးလိုက်သည်နှင့် “ငါ့တွင် အာဏာရှိသည်။ ငါသည် သင့်အား ဖျက်ဆီးမည်။ သင်၏ အကျပ်အတည်းက မည်သို့ရှိသည်ဖြစ်စေ သင့်အား အခွင့်အရေး ပေးမည်မဟုတ်” ဟု ပြောမည့်ပုံစံမျိုးမဟုတ်ပေ။ ဤသို့ မဟုတ်ပေ။ မည်သည့်အရာများကို ဘုရားသခင် လုပ်ဆောင်သနည်း။ ဘုရားသခင်သည် အမှုအရာများကို အစီအစဉ်လိုက်လုပ်ဆောင်သည်။ လူတို့သည် ယင်းတို့အား မည်သို့ အနက်အဓိပ္ပာယ် ကောက်သင့်သနည်း။ ဘုရားသခင်က အစီအစဉ်လိုက် လုပ်ဆောင်သောအရာများအားလုံးသည် ဘုရားသခင်၏ စိတ်သဘောထားတွင် အခြေခံသည်။ သူ၏ အမျက်ဒေါသကို အခြေခံပြီး ဖြစ်ပေါ်လာခြင်းသက်သက်မဟုတ်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသသည် စိတ်မြန်လက်မြန်ဖြစ်ခြင်း မဟုတ်ပေ။ “ငါ့တွင် အာဏာရှိသည်။ သင့်အား ငါသတ်မည်။ သင့်ကို ငါပြုပြင်မည်” ဟု စိတ်လိုက်မာန်ပါပြောသော သို့မဟုတ် အဆင်းနီသော နဂါးကြီးက “ငါ သင့်ကို ဖမ်းမိလျှင် သတ်ပစ်မည်။ သင့်ကို သေအောင်ရိုက်နှက်ပြီး အကျိုးဆက်ပြန်ခံရမည်မဟုတ်” ဟုပြောသကဲ့သို့ဖြစ်သော လူသားများ၏ စိတ်မြန်လက်မြန် လုပ်ဆောင်မှုကဲ့သို့မဟုတ်ပေ။ ဤသည်မှာ စာတန်နှင့် နတ်ဆိုးများက အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းဖြစ်သည်။ စိတ်မြန်လက်မြန် ဖြစ်ခြင်းသည် စာတန်နှင့် နတ်ဆိုးများထံမှ လာသည်။ ဘုရားသခင်၏ အမျက်ဒေါသတွင် စိတ်မြန်လက်မြန် ဖြစ်ခြင်းမရှိပေ။ ဘုရားသခင်၌ စိတ်မြန်လက်မြန် မရှိခြင်းသည် မည်သည့်ပုံစံဖြင့် ထင်ရှားသနည်း။ နိနေဝေမြို့သားများသည် မည်မျှ ပျက်စီးနေသည်ကို ဘုရားသခင် မြင်သောအခါ သူသည် စိတ်ဆိုးပြီး ဒေါသထွက်သည်။ သို့သော် သူသည် စိတ်ဆိုးပြီးနောက်တွင် သူ၏ အမျက်ဒေါသ၏ အနှစ်သာရ ရှိနေသောကြောင့် စကားတစ်ခွန်းမျှ မပြောဘဲ ၎င်းတို့ကို ဖျက်ဆီးခြင်းမရှိပေ။ ထိုအစား ဘုရားသခင်သည် နောက်လာမည့်အချိန်တွင် မည်သည့်အရာကို သူလုပ်ဆောင်တော့မည်ကို နိနေဝေမြို့သားများအား အသိပေးရန် ယောနကို စေလွှတ်ပြီး မည်သည့်အရာကို သူလုပ်ဆောင်မည်နှင့် အဘယ်ကြောင့်လုပ်ဆောင်မည်ကို ၎င်းတို့အား ပြောစေသည်။ ဤသို့အားဖြင့် ၎င်းတို့သည် ရှင်းလင်းစွာသိစေပြီး ၎င်းတို့အား မျှော်လင့်ချက်တစ်စွန်းတစ်စပေးရန် ဖြစ်သည်။ ဤအချက်က ဘုရားသခင်၏ အမျက်ဒေါသသည် အပျက်သဘောဆောင်သော အရာများနှင့် ဆိုးယုတ်သော အရာများ ပေါ်ထွက်လာခြင်းကြောင့် ထုတ်ဖော်ခြင်းဖြစ်သော်လည်း ဘုရားသခင်၏ အမျက်ဒေါသသည် လူသားမျိုးနွယ်၏ စိတ်မြန်လက်မြန် လုပ်ဆောင်ခြင်းနှင့် ကွာခြားကြောင်းနှင့် လူသား၏ ခံစားချက်များဖြင့် ကွာခြားကြောင်း လူသားမျိုးနွယ်အား ပြောပြသည်။ လူအချို့က “ဘုရားသခင်၏ အမျက်ဒေါသသည် လူသား၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းနှင့် ခံစားချက်များဖြင့် ကွာခြားသည်။ ဘုရားသခင်၏ အမျက်ဒေါသည် ထိန်းချုပ်၍ ရသလော” ဟု ပြောကြသည်။ မဟုတ်ပေ။ ထိန်းချုပ်၍ရခြင်းသည် ဤနေရာတွင် အသုံးပြုရန် သင့်တော်သော စကားမဟုတ်ပေ။ ဤသို့ပြောရန် မသင့်လျော်ပေ။ အတိအကျဆိုရလျှင် ဘုရားသခင်၏ အမျက်ဒေါသ၌ စည်းမျဉ်းများရှိသည်။ ဘုရားသခင်၏ အမျက်ဒေါသတွင် ဘုရားသခင်၏ လုပ်ဆောင်မှုများ၌ သမ္မာတရားများနှင့် စည်းမျဉ်းများ ရှိသည်ဆိုသည်ကို ဆက်၍ သက်သေပြသည့် အမှုအရာများကို ဘုရားသခင်က အစီအစဉ်လိုက် လုပ်ဆောင်ခဲ့သည်။ ပြီးလျှင် တစ်ချိန်တည်းတွင် ဘုရားသခင်၏ အမျက်ဒေါသအပြင် ဘုရားသခင်၌ သနားကရုဏာနှင့် ချစ်ခြင်းရှိသည်ကိုလည်း လူသားမျိုးနွယ်ကို အသိပေးသည်။ လူသားမျိုးနွယ်တွင် ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခြင်းကို ရင်းနှီးမြုပ်နှံသောအခါ လူသားမျိုးနွယ်က မည်သည့်အကျိုးအမြတ်ကို ရရှိသနည်း။ ဆိုလိုသည်မှာ လူတို့သည် ၎င်းတို့၏ အပြစ်များကို ဝန်ချပြီး ဘုရားသခင် သင်ကြားပေးသည့်ပုံစံအတိုင်း နောင်တရလျှင် ၎င်းတို့သည် ဘုရားသခင်ထံမှ အသက်ကိုလည်းကောင်း၊ ရှင်သန်ရေးအတွက် မျှော်လင့်ချက်နှင့် ဖြစ်နိုင်ခြေတို့ကိုလည်းကောင်း ရရှိနိုင်သည့် အခွင့်အရေးကို ရသည်။ ဤသည်မှာ လူတို့သည် အမှန်တကယ်ဝန်ချပြီး အမှန်နောင်တရပြီးဖြစ်သည်ဟူသော သတ်မှတ်ချက်အရ ဘုရားသခင်၏ ခွင့်ပြုချက်ဖြင့် ဆက်လက်၍ အသက်ရှင်နိုင်သည်၊ ထို့နောက်တွင် ဘုရားသခင်က ၎င်းတို့ကို ပေးသည့် ကတိတော်ကို လက်ခံရရှိနိုင်မည်ဖြစ်သည်ဟူ၍ ဆိုလိုသည်။ ဤ အတွဲလိုက်ဖော်ပြချက်တစ်ခုလုံးတွင် စည်းမျဉ်းများမရှိသလော။ သင်မြင်သလော။ ဘုရားသခင်လုပ်ဆောင်သည့် အရာရာတိုင်းနှင့် အလုပ်အမျိုးအစားတိုင်း၏ နောက်တွင် လူသား၏ ဘာသာစကားကို အသုံးပြု၍ ပြောရလျှင် အကြောင်းပြချက်တစ်ခုနှင့် စေ့စပ်မှုတစ်ခုရှိသည်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ကို အသုံးပြု၍ ပြောရလျှင် သမ္မာတရားနှင့် စည်းမျဉ်းများရှိသည်။ ဤသည်မှာ အမှုအရာများကို လူသားမျိုးနွယ်က လုပ်ဆောင်သည့်နည်းလမ်းနှင့် ကွာခြားပြီး လူသားမျိုးနွယ်၏ စိတ်မြန်လက်မြန်ဖြစ်မှုနှင့် ရောထွေးနေဖို့ သာ၍ပင် နည်းပါးလေသည်။ လူအချို့က “ဘုရားသခင်၏ စိတ်သဘောထားသည် တည်ငြိမ်ပြီး စိတ်လိုက်မာန်ပါမဖြစ်ပေ” ဟုဆိုသည်။ ဤသည်မှာ မှန်သလော။ မမှန်ပေ။ ဘုရားသခင်၏ စိတ်သဘောထားသည် တည်ငြိမ်ကာ အေးဆေးပြီး စိတ်လိုက်မာန်ပါမဖြစ်ဟု ဆို၍ မရပေ။ ဤသည်မှာ လူသားမျိုးနွယ်က တိုင်းတာပြီး ဖော်ပြသည့်နည်းလမ်းဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာတွင် သမ္မာတရားများနှင့် စည်းမျဉ်းများရှိသည်။ မည်သည့်အရာကို သူလုပ်ဆောင်ပါစေ အခြေပြုချက်တစ်ခုရှိသည်။ ပြီးလျှင် ဤအခြေပြုချက်မှာ သမ္မာတရားဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်။

ဘုရားသခင်သည် နိနေဝေမြို့သားများကို ကိုင်တွယ်ရာတွင် အမှုအရာများကို အစီအစဉ်လိုက် လုပ်ဆောင်ခဲ့သည်။ ရှေးဦးစွာ နိနေဝေမြို့သားများကို ပြောရန် ယောနကို စေလွှတ်ခဲ့သည်။ “အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်း ခံရလိမ့်မည်ဟု ကြွေးကြော်လေ၏။” (ယောနဝတ္ထု ၃:၄) ရက်လေးဆယ်သည် ကြာရှည်သော အချိန်ဖြစ်သလော။ အတိအကျဆိုရလျှင် တစ်လနှင့် ဆယ်ရက်ဖြစ်သည်။ ဤသည်မှာ အလွန်ကြာရှည်သောအချိန် ဖြစ်သည်။ လူတို့အနေဖြင့် အချိန်အတန်ကြာ စဉ်းစားပြီး ဆင်ခြင်သုံးသပ်ကာ စစ်မှန်သော နောင်တကိုရရှိရန် လုံလောက်သည်။ လေးနာရီ၊ သို့မဟုတ် လေးရက်သာဖြစ်လျှင် နောင်တရရန် အချိန်လုံလောက်ခဲ့မည် မဟုတ်ပေ။ သို့သော် ဘုရားသခင်က ရက်လေးဆယ် အချိန်ပေးခဲ့သည်။ ဤသည်မှာ အလွန့်အလွန် ရှည်လျားသောအချိန် ဖြစ်ပြီး လုံလောက်သည်ထက်ပင် ပိုသည်။ မြို့တစ်မြို့က မည်မျှ ကြီမားနိုင်သနည်း။ ယောနသည် ရက်အနည်းငယ်အတွင်းတွင်ပင် မြို့၏ တစ်ဖက်စွန်းမှ အခြားတစ်ဖက်သို့ လှည့်ပတ်သွားလာခဲ့ပြီး လူတိုင်းအား အသိပေးခဲ့သည်။ ဤသို့ဖြင့် မြို့သားတိုင်းနှင့် အိမ်ထောင်စုတိုင်းသည် ထိုသတင်းစကားကို ရရှိခဲ့သည်။ ဤရက်လေးဆယ်သည် လျှော်တေအဝတ်၊ သို့မဟုတ် ပြာပုံများကို ပြင်ဆင်ရန်၊ လိုအပ်သော အခြားပြင်ဆင်မှုတစ်ခုခုကို ပြုလုပ်ရန် လုံလောက်သည်ထက်ပင် ပိုသည်။ ဤအရာများမှ မည်သည့်အရာကို သင်မြင်ရသနည်း။ ဘုရားသခင်က သူသည် နိနေဝေမြို့သားများအား ၎င်းတို့၏ မြို့ကို သူဖျက်ဆီးတော့မည်ကို အသိပေးရန်၊ ၎င်းတို့အား မိမိတို့ကိုယ်ကို ပြင်ဆင်ခွင့်၊ ဆင်ခြင်သုံးသပ်ခွင့်နှင့် ဆန်းစစ်ခွင့်ပြုရန်အတွက် လုံလောက်သောအချိန်ကိုပေးခဲ့သည်။ လူသား၏ ဘာသာစကားဖြင့်ဆိုရလျှင် ဘုရားသခင်သည် သူတတ်နိုင်သမျှနှင့် လုပ်ဆောင့်သင့်သည့်အရာမှန်သမျှကို လုပ်ဆောင်ခဲ့သည်။ ထိုရက်လေးဆယ် အချိန်ကာလသည် လုံလောက်သည်။ ဆင်ခြင်သုံးသပ်ရန်နှင့် ပြင်ဆင်ရန် လုံလောက်သောအချိန်ကို ဘုရင်မှစ၍ သာမန်လူအထိ လူတိုင်းကို ပေးခဲ့သည်အထိဖြစ်သည်။ တစ်ဖက်တွင် လူတို့အတွက် ဘုရားသခင် လုပ်ဆောင်သည့်အရာသည် သည်းခံခြင်းကို ပြသရန်ဖြစ်သည်ဟု မြင်နိုင်ပြီး အခြားတစ်ဖက်တွင် ဘုရားသခင်သည် သူ၏ စိတ်နှလုံးတွင် လူတို့ကို အလေးထားပြီး လူတို့အတွက် စစ်မှန်သောချစ်ခြင်း ရှိကြောင်းကို ဤအရာမှနေ၍ မြင်နိုင်သည်။ ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခြင်းသည် အမှန်ပင် တည်ရှိသည်။ မည်သည့် ဟန်ဆောင်မှုမျှမရှိပေ။ ပြီးလျှင် သူ၏ စိတ်နှလုံးသည်လည်း မည်သည့်ဟန်ဆောင်မှုမျှမရှိဘဲ သစ္စာရှိသည်။ လူတို့အား နောင်တရဖို့ အခွင့်အလမ်းကို ပေးရန်အတွက် ၎င်းတို့ကို သူ ရက်လေးဆယ် အချိန်ပေးခဲ့သည်။ ထိုရက်လေးဆယ်သည် ဘုရားသခင်၏ သည်းခံခြင်းနှင့် ချစ်ခြင်းကို အတိုဆုံးနှင့် အရှင်းဆုံးဖော်ပြသည်။ ထိုရက်လေးဆယ်သည် ဘုရားသခင်က လူတို့အတွက် အမှန်တကယ် အရေးစိုက်ခြင်းနှင့် ချစ်ခြင်းရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ သနားကရုဏာနှင့် ချစ်ခြင်းသည် အမှန်တကယ် တည်ရှိပြီး မည်သည့်ဟန်ဆောင်မှုမျှမရှိသည်ကိုလည်းကောင်း သက်သေပြပြီး လူတို့အား အပြည့်အဝသိစေရန် ထောက်ကူပေးဖို့ လုံလောက်သည်။ အချို့က “ဘုရားသခင်က လူတို့ကို မချစ်၊ လူတို့အား မုန်းသည်ဟု ယခင်က သင်မပြောခဲ့သလော။ ဤသည်မှာ ယခုတင် သင်ပြောသွားသည့်အရာနှင့် ဆန့်ကျင်ကွဲလွဲနေသည် မဟုတ်လော” ဟု ဆိုလိမ့်မည်။ ဤသည်မှာ ဆန့်ကျင်ကွဲလွဲမှု ဟုတ်သလော။ (မဟုတ်ပါ။) ဘုရားသခင်သည် သူ၏ စိတ်နှလုံးတွင် လူတို့ကို အလေးထားသည်။ သူ့တွင် ချစ်ခြင်းအနှစ်သာရရှိသည်။ ဤသည်မှာ ဘုရားသခင်က လူများကို ချစ်သည်ဟု ပြောခြင်းဖြင့် ကွဲပြားသလော။ (ကွဲပြားပါသည်။) မည်သို့ ကွဲပြားသနည်း။ ဘုရားသခင်သည် လူတို့အား အမှန်တကယ် ချစ်သလော။ မုန်းတီးသလော။ (သူသည် လူတို့အား ချစ်ပါသည်။) ဤသို့ဆိုလျှင် ဘုရားသခင်သည် လူတို့အား အဘယ်ကြောင့် ကျိန်ဆဲပြီး ပြစ်တင်ဆုံးမကာ တရားစီရင်ဆဲ ဖြစ်သနည်း။ အလွန်အရေးကြီးသောအရာတစ်ခုသည် သင်တို့အတွက် မရှင်းလင်းလျှင် သင်တို့သည် နားလည်မှုလွဲခဲ့ခြင်းဖြစ်ရမည်။ ဤသည်မှာ သင်နှင့် ဘုရားသခင်ကြားရှိ ကွဲလွဲမှုတစ်ခုလော။ ဤသည်မှာ သင် ရှင်းလင်းခြင်းမရှိသည့် အရာတစ်ခုဖြစ်လျှင် သင်နှင့် ဘုရားသခင်ကြားတွင် သဘောထား ကွာဟချက်တစ်ခု ဖြစ်ပေါ်လာနိုင်ခြေ ရှိသည်မဟုတ်လော။ ငါ့အား ပြောလော့။ ဘုရားသခင်က လူတို့ကို ချစ်လျှင် ဘုရားသခင်က လူတို့ကို မုန်းတီးခြင်းလည်း ဖြစ်သလော။ လူတို့ကို ဘုရားသခင်၏ ချစ်ခြင်းသည် လူတို့ကို သူ၏ မုန်းတီးခြင်းအပေါ် သက်ရောက်မှု ရှိသလော။ လူတို့ကို ဘုရားသခင်၏ မုန်းခြင်းသည် လူတို့ကို သူ၏ ချစ်ခြင်းအပေါ် သက်ရောက်မှုရှိသလော။ (မရှိပါ။) ဤသို့ဆိုလျှင် အဘယ်ကြောင့် ဘုရားသခင်က လူတို့အား ချစ်သနည်း။ ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန် လူ့ဇာတိခံခဲ့သည်။ ဤသည်မှာ သူ၏ အကြီးမြတ်ဆုံး ချစ်ခြင်းမဟုတ်လော။ သင်တို့သည် ဤအရာကို မသိလျှင် သနားစရာကောင်းလိုက်လေတကား။ ဘုရားသခင်က လူတို့ကို အဘယ်ကြောင့်ချစ်သည်ကိုပင် သင်မသိလျှင် ဤသည်မှာ ရယ်ဖွယ်ရာဖြစ်၏။ ငါ့အားပြောလော့။ မိခင်တစ်ယောက်က သူမ၏ ကလေးအပေါ် ချစ်ခြင်းက မည်သည့်နေရာမှ လာသနည်း။ (ဗီဇစိတ်မှလာသည်။) မှန်သည်။ မိခင်၏ ချစ်ခြင်းသည် ဗီဇမှ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ဤချစ်ခြင်းသည် ကလေးက ကောင်းသည်၊ သို့မဟုတ် ဆိုးယုတ်သည်ဆိုသည့်အပေါ် အခြေခံသလော။ (အခြေမခံပါ။) ဥပမာအနေဖြင့် ကလေးသည် အလွန်ဆိုးပြီး တစ်ခါတစ်ရံတွင် သူ၏ မိခင်ကို အလွန်စိတ်ဆိုးစေလျှင်ပင် နောက်ဆုံးတွင် သူမသည် သူ့အား ချစ်ဆဲဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သူမ၏ ကလေးကို သူမဆက်ဆံသည့်ပုံစံသည် သူမ၏ မိခင်နေရာ၏ ဗီဇမှလာသည်။ သူမတွင်ရှိသည့် ဤဗီဇဖြစ်သော မိခင်၏ ချစ်ခြင်းကြောင့် ကလေးအပေါ် သူမ၏ ချစ်ခြင်းသည် ကလေးက ကောင်းသည်၊ သို့မဟုတ် ဆိုးယုတ်သည်ဆိုသည့်အပေါ်တွင် အခြေမခံပေ။ လူအချို့က “မိခင်က သူမ၏ ကလေးကို ဗီဇမှနေ၍ ချစ်သည့်အတွက် အဘယ်ကြောင့် သူမက ကလေးကို ရိုက်ဆဲဖြစ်သနည်း။ အဘယ်ကြောင့် သူ့ကို မုန်းဆဲဖြစ်သနည်း။ တစ်ခါတစ်ရံတွင် သူမသည် အဘယ်ကြောင့် စိတ်ဆိုးပြီး သူ့ကို ဆူငေါက်သနည်း။ ပြီးလျှင် တစ်ခါတစ်ရံတွင် သူမသည် အလွန်စိတ်ဆိုးလှသည်မှာ ကလေးနှင့် နောက်ထပ် လုံးဝ မပတ်သက်ချင်သည်အထိ အဘယ်ကြောင့် ဖြစ်ရသနည်း။ မိခင်တစ်ယောက်တွင် ချစ်ခြင်းရှိသည်၊ သူမ၏ ကလေးကို ချစ်သည်ဟု သင်မဆိုခဲ့သလော။ ဤသို့ဆိုလျှင် သူမသည် အဘယ်သို့ အလွန်ပင် အကြင်နာကင်းမဲ့ရသနည်း” ဟု ပြောကြသည်။ ဤသည်မှာ ဆန့်ကျင်ကွဲလွဲမှုတစ်ခု ဟုတ်သလော။ ဤသည်မှာ ဆန့်ကျင်ကွဲလွဲမှု မဟုတ်ပေ။ မိခင်တစ်ယောက်က သူမ၏ ကလေးကို ဆက်ဆံသည့်ပုံစံသည် မိခင်အပေါ် ကလေး၏ သဘောထားနှင့် ကလေး၏ အပြုအမူပေါ်တွင် မူတည်သည်။ သို့သော် သူမ၏ ကလေးကို သူမက မည်သို့ဆက်ဆံပါစေ သူ့အား ရိုက်နှက်ပြီး မုန်းတီးလျှင်ပင် ဤသည်မှာ သူမ၏ မိခင်ချစ်ခြင်း၏ ဖြစ်တည်မှုအပေါ် ဆက်စပ်လွှမ်းမိုးမှုမရှိပေ။ အလားတူပင်ဖြစ်သည်။ လူတို့အတွက် ဘုရားသခင်၏ ချစ်ခြင်းက မည်သည့်နေရာမှ လာသနည်း။ (ဘုရားသခင်တွင် ချစ်ခြင်း အနှစ်သာရရှိသည်။) မှန်သည်။ သင်သည် နောက်ဆုံးတွင် ရှင်းလင်းသွားပြီဖြစ်သည်။ ဤနေရာတွင် အဓိကအချက်သည် ဘုရားသခင်က ချစ်ခြင်းအနှစ်သာရရှိခြင်း ဖြစ်သည်။ ဘုရားသခင်က လူတို့အား ချစ်ပြီး အရေးစိုက်သည့်အကြောင်းရင်းသည် တစ်ဖက်တွင် ဘုရားသခင်က ချစ်ခြင်းအနှစ်သာရ ရှိသောကြောင့်ဖြစ်သည်။ ဤချစ်ခြင်းအတွင်းတွင် သနားကရုဏာ၊ မေတ္တာကျေးဇူးတော်၊ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းရှိသည်။ စိုးရိမ်မှု၏ သရုပ်သကန်များ၊ တစ်ခါတစ်ရံတွင် စိတ်ပူခြင်းနှင့် ဝမ်းနည်းခြင်းစသည့်အရာတို့လည်းရှိသည်မှာ ပြောစရာမလိုပေ။ ဤအရာအားလုံးကို ဘုရားသခင်၏ အနှစ်သာရဖြင့် သတ်မှတ်သည်။ ဤသည်မှာ ပုဂ္ဂိုလ်ရေးခံစားချက်အမြင်မှ ကြည့်ခြင်းဖြစ်သည်။ အရှိအတိုင်း ဖြစ်သော အမြင်ရှုထောင့်မှကြည့်လျှင် လူသားများကို ဘုရားသခင်က ဖန်ဆင်းသည်။ ကလေးတစ်ယောက်ကို သူ၏ မိခင်က မွေးဖွားသကဲ့သို့ ဖြစ်သည်။ ပြီးလျှင် မိခင်က သူ့အား သဘာဝအလျောက် ဂရုစိုက်ပြီး ၎င်းတို့နှစ်ဦးကြားတွင် ခွဲခြား၍မရသော သွေးသားသံယောဇဉ်များ ရှိသည်။ လူသားများ၏ စကားအတိုင်းဆိုရလျှင် လူသားများနှင့် ဘုရားသခင်သည် ထိုသွေးသားသံယောဇဉ်များ မရှိသော်လည်း မည်သို့ပင်ဖြစ်စေ လူသားများကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းဖြစ်သဖြင့် ဘုရားသခင်သည် ၎င်းတို့ကို အရေးစိုက်ပြီး ၎င်းတို့အပေါ် ချစ်ခင်တွယ်တာမှုရှိသည်။ ဘုရားသခင်သည် လူသားတို့အား ကောင်းမြတ်ရန်နှင့် မှန်ကန်သောလမ်းကြောင်းကို လျှောက်ရန် အလိုရှိသည်။ သို့သော် ၎င်းတို့က စာတန်၏ ဖျက်ဆီးခြင်းအား ခံရသည်ကိုလည်းကောင်း၊ ဆိုးယုတ်သောလမ်းကို လျှောက်ပြီး ဒုက္ခခံနေရခြင်းကိုလည်းကောင်း ဘုရားသခင်က မြင်သောအခါ ဝမ်းနည်းပြီး မချိတင်ကဲဝေဒနာဖြစ်သည်။ ဤသည်မှာ သာမန်ဖြစ်သည် မဟုတ်လော။ ဘုရားသခင်တွင် ဤတုံ့ပြန်မှုများ၊ ခံစားချက်များနှင့် သရုပ်သကန်များရှိသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ အနှစ်သာရကြောင့် ဖြစ်ပေါ်သည်။ ယင်းတို့သည် လူအား ဘုရားသခင် ဖန်ဆင်းခြင်းအားဖြင့် ဖြစ်ပေါ်သည့် ဆက်ဆံရေးဖြင့် ခွဲခြား၍မရနိုင်ပေ။ ဤအရာအားလုံးသည် အရှိအတိုင်းဖြစ်သော အချက်များ ဖြစ်သည်။ လူအချို့က “ဘုရားသခင်၏ အနှစ်သာရသည် ချစ်ခြင်းရှိသည့်အတွက် ဘုရားသခင်က လူတို့အား အဘယ်ကြောင့် မုန်းဆဲဖြစ်သနည်း။ ဘုရားသခင်က လူတို့အား အရေးမစိုက်သလော။ အဘယ်ကြောင့် လူတို့အား မုန်းနေဆဲဖြစ်သနည်း” ဟု ဆိုကြသည်။ ဤတွင်လည်း အရှိအတိုင်းဖြစ်သော အချက်တစ်ခုရှိသည်။ ယင်းမှာ လူတို့၏ စိတ်သဘောထား၊ အနှစ်သာရနှင့် အခြားအချက်အလက်များသည် ဘုရားသခင်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း မကိုက်ညီပေ။ ဤသို့ဖြင့် ဘုရားသခင်ရှေ့တွင် လူတို့က ထင်ရှားပြသပြီး ထုတ်ဖော်သောအရာတို့ကို ဘုရားသခင်က စက်ဆုပ်ရွံရှာပြီး သူ့အတွက် မုန်းတီးဖွယ်ရာဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ လူတို့၏ ဖောက်ပြန်ပျက်စီးမှုသည် ပိုပို၍ ဆိုးရွားလာသည်။ ၎င်းတို့၏ အပြစ်များသည် ပိုပို၍ ဆိုးလာသည်။ ပြီးလျှင် ၎င်းတို့သည် အလွန်အမင်း စိတ်နှလုံးခိုင်မာခြင်း၊ စွဲစွဲမြဲမြဲ နောင်တမရခြင်းတို့လည်း ရှိပြီး သမ္မာတရား စိုးစဉ်မျှကိုပင် လက်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်နှင့် လုံးဝ ကွဲလွဲနေသောကြောင့် သူ၏ မုန်းတီးခြင်းက နိုးထလာသည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏ မုန်းတီးခြင်းက မည်သည့်နေရာမှ လာသနည်း။ အဘယ်ကြောင့် ဖြစ်ပေါ်လာသနည်း။ ဘုရားသခင်၏ စိတ်သဘောထားက ဖြောင့်မတ်သန့်ရှင်းသောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပြီးလျှင် ဘုရားသခင်၏ ရွံရှာမှုသည် သူ၏ အနှစ်သာရအားဖြင့် နိုးထလာသည်။ ဘုရားသခင်သည် ဆိုးယုတ်မှုကို ရွံမုန်းသည်။ အပျက်သဘောဆောင်သောအရာများကို မုန်းတီးသည်။ ပြီးလျှင် ဆိုးယုတ်သော အင်အားစုများနှင့် ဆိုးယုတ်သောအရာများကို စက်ဆုပ်ရွံရှာသည်။ ထို့ကြောင့် ဘုရားသခင်သည် ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ရွံရှာသည်။ ထို့ကြောင့် ဖန်ဆင်းခံများအပေါ် ဘုရားသခင် ထုတ်ဖော်သော ချစ်ခြင်းနှင့် မုန်းတီးခြင်းသည် သာမန်ဖြစ်ပြီး သူ၏ အနှစ်သာရအားဖြင့် သတ်မှတ်ဆုံးဖြတ်သည်။ ဤတွင် ဆန့်ကျင်ကွဲလွဲမှုလုံးဝ မရှိပေ။ လူအချို့က “ဤသို့ဆိုလျှင် ဘုရားသခင်က အမှန်တကယ်တွင် လူတို့ကို ချစ်သလော၊ မုန်းတီးသလော” ဟု မေးသည်။ ဤအရာကို သင် မည်သို့ ဖြေမည်နည်း။ (ဘုရားသခင်အပေါ် လူတို့၏ သဘောထားအပေါ်တွင် မူတည်သည်။ လူတို့သည် အမှန်တကယ် နောင်တရခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။) ဤသည်မှာ အခြေခံအားဖြင့် မှန်သည်။ သို့သော် လုံးလုံးလျားလျားတိကျမှန်ကန်ခြင်း မရှိပေ။ အဘယ်ကြောင့် မမှန်ကန်မတိကျသနည်း။ ဘုရားသခင်က လူတို့အား မလွဲမသွေချစ်ရမည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူတို့၌ ဘုရားသခင် လုပ်ဆောင်သော အမှုအားလုံးသည် ဘုရားသခင်၏ စိတ်သဘောထား၊ အနှစ်သာရတို့၏ သဘာဝကျသော သရုပ်သကန်များဖြစ်သည်။ ဘုရားသခင်တွင် သူ၏ စည်းမျဉ်းများရှိသည်။ သူသည် လူတို့ကို မလွဲမသွေချစ်ဖို့ မလိုပေ။ သို့သော် လူတို့အား မလွဲမသွေ မုန်းတီးဖို့လည်း မလိုပေ။ လူတို့အား ဘုရားသခင် တောင်းဆိုသောအရာမှာ သမ္မာတရားကို လိုက်စားရန်၊ သူ၏လမ်းခရီးနောက်သို့ လိုက်လျှောက်ရန်နှင့် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ ကျင့်ကြံပြုမူပြီး ဆောင်ရွက်ရန်ဖြစ်သည်။ ဘုရားသခင်သည် လူတို့အား မလွဲမသွေ ချစ်ဖို့ မလိုအပ်သော်လည်း လူတို့အား မလွဲမသွေ မုန်းတီးဖို့လည်း မလိုအပ်ပေ။ ဤသည်မှာ အမှန်တရားဖြစ်ပြီး လူတို့အနေဖြင့် နားလည်ရမည်။ ဘုရားသခင်သည် လူတို့၏ အပြုအမူကို အခြေခံပြီး ၎င်းတို့ကို ချစ်သည်၊ သို့မဟုတ် မုန်းသည်ဟု ယခုတင် သင်တို့ပြောခဲ့သည်။ ဤသို့ပြောသည်မှာ အဘယ်ကြောင့် မမှန်ကန်မတိကျသနည်း။ ဘုရားသခင်သည် သင့်အား မလွဲမသွေ ချစ်ဖို့မလိုအပ်သကဲ့သို့ သင့်အား အကြွင်းမဲ့ မုန်းတီးဖို့ မလိုပေ။ ဘုရားသခင်သည် သင့်အား လျစ်လျူပင် ရှုနိုင်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ သမ္မာတရားအားလိုက်စားပြီး ကျင့်ကြံပြုမူကာ ဆောင်ရွက်သည်ဖြစ်စေ၊ သင်သည် သမ္မာတရားကို လက်မခံဘဲ ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် အာခံခြင်းပင် လုပ်ဆောင်သည်ဖြစ်စေ အဆုံးတွင် သူသည် လူတိုင်းအား ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာနှင့်အညီ ပြန်လည်ပေးဆပ်မည် ဖြစ်သည်။ ကောင်းသောအရာကို လုပ်ဆောင်သူတို့သည် ဆုချီးမြှင့်ခံရမည်ဖြစ်ပြီး ဆိုးယုတ်သောအရာကို လုပ်ဆောင်သောသူများကမူ အပြစ်ဒဏ်ပေးခံရမည်။ ဤသည်မှာ အမှုအရာများကို မျှတစွာနှင့် ကျိုးကြောင်းဆီလျော်စွာ ကိုင်တွယ်ဖြေရှင်းခြင်းဟု ခေါ်သည်။ ဆိုလိုသည်မှာ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင်သည် ဘုရားသခင်က သင့်အား မည်သို့ဆက်ဆံသင့်သည်ဟု တောင်းဆိုရန် အကြောင်းပြချက်မရှိပေ။ သင်သည် ဘုရားသခင်နှင့် သမ္မာတရားကို တောင့်တမှုဖြင့် ဆက်ဆံပြီး သမ္မာတရားကို လိုက်စားသောအခါ သူသည် သင့်အား ချစ်ရမည်ဟု သင်ထင်သည်။ သို့သော် ဘုရားသခင်က သင့်အား လျစ်လျူရှုပြီး သင့်အား မချစ်လျှင် သူသည် ဘုရားမဟုတ်ဟု သင်ခံစားရသည်။ သို့မဟုတ် သင်သည် ဘုရားသခင်ကို ပုန်ကန်သောအခါ သူသည် သင့်အား မုန်းတီးမည်ဖြစ်ပြီး အပြစ်ဒဏ်ပေးမည်ဟု သင် ထင်သည်။ သို့သော် သူက သင့်အား လျစ်လျူရှုလျှင် သူသည် ဘုရားမဟုတ်ဟု သင် ခံစားရသည်။ ဤသို့စဉ်းစားသည်မှာ သင့်တော်သလော။ (မသင့်တော်ပါ။) မိဘများနှင့် ၎င်းတို့၏ သားသမီးများကြား ဆက်ဆံရေးကဲ့သို့သော လူတို့ကြား ဆက်ဆံရေးများကို ဤသို့ အကဲဖြတ်နိုင်သည်။ ဆိုလိုသည်မှာ ၎င်းတို့၏ ကလေးများအပေါ် မိဘများ၏ ချစ်ခြင်း၊ သို့မဟုတ် မုန်းခြင်းသည် တစ်ခါတစ်ရံတွင် ကလေးများ၏ အပြုအမူပေါ်တွင် အခြေခံသည်။ သို့သော် လူသားများနှင့် ဘုရားသခင်တို့ကြား ဆက်ဆံရေးကို ဤသို့ အကဲဖြတ်၍မရနိုင်ပေ။ လူသားများနှင့် ဘုရားသခင်ကြား ဆက်ဆံရေးသည် ဖန်ဆင်းခံများနှင့် ဖန်ဆင်းရှင်ကြား ဆက်ဆံရေးဖြစ်ပြီး ယင်းတွင် လုံးဝ သွေးသားသံယောဇဉ်များမရှိပေ။ ဤသည်မှာ ဖန်ဆင်းခံများနှင့် ဖန်ဆင်းရှင်ကြား ဆက်ဆံရေးမျှသာဖြစ်သည်။ ထို့ကြောင့် လူသားများသည် ဘုရားသခင်ကို ၎င်းတို့အားချစ်ဖို့ မတောင်းဆိုနိုင်ပေ၊ သို့မဟုတ် ၎င်းတို့နှင့်အတူ မည်သည့်နေရာတွင် ဘုရားသခင်က ရပ်တည်သည်ကို မကြေညာနိုင်ပေ။ ဤအရာများသည် ကျိုးကြောင်းမသင့်သော တောင်းဆိုမှုများ ဖြစ်သည်။ ဤအမြင်မျိုးသည် မှားယွင်းပြီး မမှန်ကန်ပေ။ လူတို့သည် ဤသို့သော တောင်းဆိုမှုများကို မပြုလုပ်နိုင်ပေ။ ထို့ကြောင့် ဤအရာကို ယခုကြည့်လျှင် လူသားတို့သည် ဘုရားသခင်၏ ချစ်ခြင်းအပေါ် မှန်ကန်တိကျသော နားလည်မှု အမှန်တကယ် ရှိသလော။ ၎င်းတို့၏ ယခင်က နားလည်မှုသည် မမှန်ကန်မတိကျသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်က လူတို့ကို ချစ်သည်၊ သို့မဟုတ် မုန်းသည်နှင့်ပတ်သက်ပြီး စည်းမျဉ်းများရှိသည်။ လူသားတို့၏ အပြုအမူ၊ သို့မဟုတ် လိုက်စားမှုသည် သမ္မာတရားနှင့်ညီလျှင်၊ ဘုရားသခင်၏ နှစ်သက်မှုနှင့်ညီလျှင် ဘုရားသခင်က ယင်းကို အသိအမှတ်ပြုသည်။ သို့ရာတွင် လူတို့တွင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရများရှိပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖွင့်ပြနိုင်သည်။ ၎င်းတို့က မှန်ကန်သည်၊ သို့မဟုတ် ၎င်းတို့ နှစ်သက်သည်ဟု ထင်သော စံသတ်မှတ်ချက်များနှင့် ဆန္ဒများနောက်သို့ လိုက်သည်။ ဤသည်မှာ ဘုရားသခင် မုန်းတီးသောအရာတစ်ခုဖြစ်ပြီး ဘုရားသခင်က အသိအမှတ်မပြုပေ။ သို့သော် ဘုရားသခင်က လူတို့ကို အသိအမှတ်ပြုသည့်အခါတိုင်းတွင် ၎င်းတို့အား ဆုလာဘ်များစွာ သွန်းလောင်းပေးမည်၊ သို့မဟုတ် ဘုရားသခင်က အသိအမှတ်မပြုသောအခါတိုင်းတွင် ၎င်းတို့အား ပဲ့ပြင်ဆုံးမပြီး အပြစ်ဒဏ်ပေးမည်ဟု လူတို့က ထင်သည့်အရာနှင့် ကွဲလွဲဆန့်ကျင်နေသည်။ ယင်းမှာ မမှန်ကန်ပေ။ ဘုရားသခင်၏ လုပ်ဆောင်မှုများတွင် စည်းမျဉ်းများရှိသည်။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရကို ညွှန်ပြပြီး လူတို့သည် ဤနည်းဖြင့် နားလည်ရမည်။

ငါသည် ယခုတင် မေးခွန်းတစ်ခုထုတ်ခဲ့ပြီး ဘုရားလုပ်ဆောင်မှုများ၏ စည်းမျဉ်းများနှင့် ဘုရားသခင်၏ အနှစ်သာရနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့သည်။ ငါ ယခုတင် မေးခဲ့သော မေးခွန်းမှာ အဘယ်နည်း။ (ဘုရားသခင်သည် လူတို့အတွက် ကိုယ်တော်၏ သည်းခံခြင်း၊ သနားကရုဏာနှင့် တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာသည့် လူသား၏ ကျင့်သုံးမှုတို့ကြား ကွာဟချက်ကို ယခုတင် မေးခဲ့သည်။ ထို့နောက်တွင် ဘုရားသခင်သည် ဤလောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်ဖြင့် မလုပ်ဆောင်ဟု ကိုယ်တော် မိတ်သဟာယဖွဲ့ခဲ့သည်။ ဘုရားသခင်သည် အဓိကအားဖြင့် အချက်နှစ်ချက်ကို အခြေခံပြီး လူတို့၏ ပြစ်မှားမှုများကို ကိုင်တွယ်သည်။ တစ်ဖက်တွင် ဘုရားသခင် လုပ်ဆောင်သည့်အရာ၌ စည်းမျဉ်းများရှိပြီး အခြားတစ်ဖက်တွင် ဘုရားသခင်၏ အနှစ်သာရ၌ သနားကရုဏာနှင့် အမျက်ဒေါသနှစ်ခုလုံးရှိသည်။) ဤသည်မှာ စင်စစ်အားဖြင့် နားလည်ရန် မှန်ကန်သောနည်းလမ်းဖြစ်သည်။ အမှုအရာများကို ဤသို့ လုပ်ဆောင်ခြင်းအတွက် ဘုရားသခင်၏ စည်းမျဉ်းများမှာ သူ၏ အနှစ်သာရ၊ သူ၏ စိတ်သဘောထားအပေါ်တွင် အခြေခံသည်။ ပြီးလျှင် တတ်နိုင်သမျှနေရာတိုင်းတွင် သက်ညှာခြင်းနှင့် လုံးဝ မသက်ဆိုင်ပေ။ ဤသည်မှာ လူသားမျိုးနွယ်က လိုက်လျှောက်သည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခုဖြစ်သည်။ လူတို့၏ လုပ်ရပ်များသည် ဆိုးယုတ်သော အတွေးအခေါ်များကို အခြေခံပြီး ဆိုးယုတ်သော စိတ်သဘောထားများက အုပ်စိုးသည်။ ဘုရားသခင်၏ လုပ်ရပ်များသည် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့၏ သရုပ်သကန်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရတွင် ချစ်ခြင်း၊ သနားကရုဏာအပြင် မုန်းတီးခြင်းလည်း ရှိသည်မှာ မှန်သည်။ ဤသို့ဆိုလျှင် ယခုတွင် လူသားများ၏ မကောင်းမှုများနှင့် ၎င်းတို့၏ အမျိုးမျိုးသော ပုန်ကန်ခြင်း၊ သစ္စာဖောက်ခြင်းပုံစံများအပေါ် ဘုရားသခင်၏ သဘောထားက မည်သည့်အရာဖြစ်သည်ကို နားလည်သလော။ ဘုရားသခင်၏ သဘောထား၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ယင်းသည် သူ၏ အနှစ်သာရကြောင့် ဖြစ်ပေါ်သလော။ (ဟုတ်ပါသည်။) ဘုရားသခင်၏ အနှစ်သာရတွင် သနားကရုဏာ၊ ချစ်ခြင်းနှင့် အမျက်ဒေါသရှိသည်။ ဘုရားသခင်၏ အနှစ်သာရသည် ဖြောင့်မတ်သည်။ ဘုရားသခင်၏ လုပ်ဆောင်မှုစည်းမျဉ်းများသည် ဤအနှစ်သာရမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏ လုပ်ဆောင်မှုစည်းမျဉ်းများမှာ အတိအကျဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ သနားကရုဏာကို အလျှံပယ် ပေးသနားပြီး အမျက်ဒေါသကို နက်နဲစွာ ဖွင့်ချပြသည်။ ဤသည်မှာ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာခြင်းနှင့် လုံးဝ မသက်ဆိုင်ပေ။ ယင်းသည် လူသားများကြားတွင် ကျင့်သုံးပြီး အလွန်မြင့်မြတ်သည့် သက်ဝင်ယုံကြည်မှုဖြစ်သည့် အသွင်ရှိသည်။ သို့သော် ဘုရားသခင်၏ အမြင်တွင် ထုတ်ဖော်ပြောရန် မထိုက်တန်ပေ။ တစ်ဖက်တွင် ယုံကြည်သူတစ်ယောက်အနေဖြင့် သင်သည် ဘုရားသခင်၏ အနှစ်သာရ၊ လုပ်ဆောင်မှုများနှင့် သူ၏ လုပ်ဆောင်မှုစည်းမျဉ်းများကို ဤသက်ဝင်ယုံကြည်မှုအရ အကဲဖြတ်၍မရပေ။ ထို့အပြင် လူတို့သည် ၎င်းတို့ကိုယ်တိုင်၏ ရှုထောင့်မှနေ၍ ဤလောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်ကို မလိုက်နာသင့်ပေ။ ၎င်းတို့အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ ရွေးချယ်မှုများကို မည်သို့ပြုလုပ်ရမည်၊ ဤအရာများကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်နှင့် ပတ်သက်ပြီး ၎င်းတို့တွင် စည်းမျဉ်းတစ်ခုရှိသင့်သည်။ ဤစည်းမျဉ်းသည် အဘယ်နည်း။ လူတို့သည် ဘုရားသခင်၏ အနှစ်သာရကို မပိုင်ဆိုင်ကြပေ။ ပြီးလျှင် ဘုရားသခင် လုပ်ဆောင်သကဲ့သို့ ရှင်းလင်းသော စည်းမျဉ်းများဖြင့် အရာရာကို မလုပ်ဆောင်နိုင်၊ သို့မဟုတ် အမြင့်တွင် နေပြီး အခွင့်အလမ်းများကို ဖြန့်ဝေပေးကာ ရှိရှိသမျှလူတိုင်းအပေါ် သက်ညှာခြင်းကိုလည်း မလုပ်ဆောင်နိုင်သည်မှာ ပြောစရာမလိုပေ။ လူတို့သည် ဤသို့ မလုပ်ဆောင်နိုင်ပေ။ ဤသို့ဆိုလျှင် သင့်အား နှောင့်ယှက်သော၊ ထိခိုက်သော၊ သို့မဟုတ် သင်၏ ဂုဏ်၊ အကျင့်သိက္ခာကို စော်ကားသော၊ သို့မဟုတ် သင်၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်ကိုပင် နာကျင်စေသောအရာများကို သင်ကြုံတွေ့သောအခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် “တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဟူသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားကို လိုက်နာလျှင် သင်သည် စည်းမျဉ်းများကို အရေးမစိုက်ဘဲ အမှုအရာများကို ကျေရာကျေကြောင်းပြောဖို့ ကြိုးစားပြီး လူ့အကြိုက်လိုက်သူတစ်ယောက် ဖြစ်သည်။ ပြီးလျှင် သင်သည် ဤကမ္ဘာလောကတွင် ရပ်တည်ဖို့ မလွယ်ကူဟူ၍လည်းကောင်း၊ ရန်သူများရှိလာအောင် လုပ်ဆောင်၍မဖြစ်ဘဲ လူတို့အား စိတ်မကျေမနပ်ဖြစ်အောင် ပြုလုပ်ခြင်းကို လျှော့ဖို့၊ သို့မဟုတ် လုံးဝ မပြုလုပ်ဖို့ ကြိုးစားရမည်ဟူ၍လည်းကောင်း၊ ပြီးလျှင် တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာရမည်ဟူ၍လည်းကောင်း၊ အခွင့်အရေးရသမျှတိုင်းတွင် မြွေမသေတုတ်မကျိုး ပြုမူရမည်၊ အလယ်အလတ်လမ်းစဉ်ကို လိုက်ရမည်ဟူ၍လည်းကောင်း၊ မိမိကိုယ်ကို အန္တရာယ်ရှိသော မည်သည့်အခြေအနေကိုမဆို မရောက်ရှိစေရ၊ မိမိကိုယ်ကို ကာကွယ်တတ်အောင် သင်ယူရမည်ဟူ၍လည်းကောင်း သင်ခံစားရသည်။ ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခုမဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ လူသားမျိုးနွယ်အား ဘုရားသခင် သွန်သင်ပေးသည့် စည်းမျဉ်းတစ်ခုမဟုတ်ဘဲ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်တစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က လူတို့အား သင်ကြားပေးသည့် စည်းမျဉ်းမှာ အဘယ်နည်း။ သမ္မာတရားအား လိုက်စားခြင်းကို မည်သို့ အဓိပ္ပာယ်သတ်မှတ်သနည်း။ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ သင်၏ မုန်းတီးခြင်းကို နိုးကြွစေသော အရာတစ်ခုဖြစ်ပျက်လျှင် သင်သည် ထိုအရာကို မည်သို့ရှုမြင်မည်နည်း။ မည်သည့်အရာကို အခြေခံပြီး ရှုမြင်မည်နည်း။ (ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး ရှုမြင်ပါမည်။) မှန်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ ဤအရာများကို မည်သို့ရှုမြင်ရမည်ကို မသိလျှင် သင်သည် တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာခြင်း၊ သင်၏ နာကြည်းမှုကို ချုပ်တည်းခြင်း၊ လက်တုံ့ပြန်ရန် အခွင့်အလမ်းရှာစဉ်တွင် အလျှော့ပေးပြီး အခွင့်‌ကောင်းကို စောင့်ခြင်းတို့ကိုသာ ပြုလုပ်နိုင်သည်။ ဤသည်မှာ သင်လျှောက်မည့် လမ်းကြောင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို လိုက်စားလိုလျှင် “ဤသူသည် အဘယ်ကြောင့် ငါ့အား ဤသို့ ဆက်ဆံနေသနည်း။ ဤအရာသည် ငါ့အပေါ်တွင် အဘယ်သို့ ဖြစ်ပျက်ရသနည်း။ အဘယ်ကြောင့် ဤသို့ ရလဒ်မျိုး ရရှိနိုင်ရသနည်း” ဟူ၍ သင့်ကိုယ်သင် မေးလျက် လူများ၊ အမှုအရာများကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ရမည်။ ဤသို့သောအရာများကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်သင့်သည်။ ဦးစွာ လုပ်ဆောင်ရမည့်အရာမှာ ဘုရားသခင်ထံမှ ဤအမှုအရာကို လက်ခံနိုင်ဖို့၊ ဤသည်မှာ ဘုရားသခင်ထံမှ လာကြောင်း၊ ဤသည်မှာ သင့်အတွက် အထောက်အကူဖြစ်ပြီး အကျိုးဖြစ်စေသည့်အရာတစ်ခု ဖြစ်ကြောင်းကို တက်ကြွစွာ လက်ခံဖို့ဖြစ်သည်။ ဘုရားသခင်ထံမှ ဤအမှုကိစ္စကို လက်ခံရန်အတွက် သင်သည် ယင်းကို ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး ထိန်းချုပ်သည်ဟု ဦးစွာ မှတ်ယူရမည်။ နေ၏အောက်တွင် ဖြစ်ပျက်သောအရာရာတိုင်း၊ သင်ခံစားရသည့်အရာအားလုံး၊ သင် မြင်နိုင်သည့်အရာအားလုံး၊ သင် ကြားနိုင်သည့်အရာအားလုံးတို့ဖြစ်သော အရာရာတိုင်းသည် ဘုရားသခင်၏ ခွင့်ပြုချက်ဖြင့်ဖြစ်သည်။ ဘုရားသခင်ထံမှ ဤအမှုကိစ္စကို သင် လက်ခံပြီးနောက်တွင် ၎င်းတို့ပြောသည့်၊ လုပ်ဆောင်သည့်အရာက သင့်အား နာကျင်စေသည်ဖြစ်စေ၊ သင်၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့သည် ထိုးနှက်ခံရသည်ဖြစ်စေ၊ သင်၏ အကျင့်သိက္ခာကို နင်းခြေခံရပြီးဖြစ်စေ ထိုအရာကို ဘုရားနှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်ပြီး ချိန်ဆအကဲဖြတ်လော့။ ပြီးလျှင် ဤအရာကို လုပ်ဆောင်သည့် မည်သူမဆိုက မည်သည့်လူစားမျိုး ဖြစ်သည်၊ ဤအမှုကိစ္စ၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်ဆိုသည်ကို သိအောင်ပြုလုပ်လော့။ ရှေးဦးစွာ ထိုသူသည် ဆိုးယုတ်သောသူ ဖြစ်သလော၊ သာမန်ဖောက်ပြန်ပျက်စီးသောသူ ဖြစ်သလောဆိုသည်ကို ကြည့်လော့။ ရှေးဦးစွာ ဘုရားနှုတ်ကပတ်တော်နှင့်အညီ ထိုသူအား အရှိအတိုင်း ပိုင်းခြားသိမြင်လော့။ ထို့နောက်တွင် ဤအမှုကိစ္စကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ပိုင်းခြားသိမြင်ပြီး ကိုင်တွယ်လော့။ ဤအရာတို့သည် လိုက်လျှောက်ရန် မှန်ကန်သော အဆင့်များ မဟုတ်သလော။ (ဟုတ်ပါသည်။) ရှေးဦးစွာ ၎င်းတို့သည် သာမန်ညီအစ်ကိုမောင်နှမများဖြစ်သလော၊ ဆိုးယုတ်သောလူများ၊ အန္တိခရစ်များ၊ မယုံကြည်သူများ၊ ဝိညာဉ်ဆိုးများ၊ ညစ်ပေသော မကောင်းဆိုးဝါးများ၊ သို့မဟုတ် အဆင်းနီသောနဂါးကြီးထံမှ သူလျှိူများဖြစ်သလော၊ ပြီးလျှင် ၎င်းတို့ လုပ်ဆောင်သည့်အရာသည် ဖောက်ပြန်ပျက်စီးမှုကို ယေဘုယျပြသခြင်းဖြစ်သလော၊ သို့မဟုတ် တမင်နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်သော မကောင်းမှု ဖြစ်သလောဆိုသည်တို့ကို သတ်မှတ်ဆုံးဖြတ်ရန်အတွက် ဘုရားသခင်ထံမှ ဤအမှုကိစ္စကို လက်ခံပြီး ဤအမှုကိစ္စတွင် ပါဝင်သော လူတို့ကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ကြည့်ရှုလော့။ ဤအရာအားလုံးကို ဘုရားနှုတ်ကပတ်တော်နှင့် ယှဉ်ပြီး ဆုံးဖြတ်သင့်သည်။ အမှုအရာများကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ချင့်ချိန်အကဲဖြတ်ခြင်းသည် အတိကျဆုံး၊ အရှိအတိုင်းအဖြစ်ဆုံးသော နည်းလမ်းဖြစ်သည်။ လူတို့ကို ခွဲခြားသိမြင်သင့်ပြီး အမှုကိစ္စများကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ကိုင်တွယ်ဖြေရှင်းသင့်သည်။ သင်သည် “ဤဖြစ်ရပ်သည် ငါ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့ကို အလွန်ပင်ထိခိုက်ပြီး ငါ့အပေါ်တွင် အရိပ်စွဲထင်ခဲ့သည်။ သို့သော် ဤဖြစ်ရပ် ဖြစ်ပွားခြင်းက အသက်သို့ ဝင်ရောက်ရန်အတွက် ငါ့အား တည်ဆောက်စရာဖြစ်စေရန် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သို့နည်း” ဟူ၍ တွေးတောသင့်သည်။ ဤသည်မှာ ဤအမှုအရာ၏အဓိကအချက်သို့ သင့်အား ရောက်ရှိစေသည်။ ဤအရာကို သင် အဖြေရှာပြီး နားလည်သင့်သည်။ ဤသည်မှာ မှန်သောလမ်းကြောင်းကို လိုက်လျှောက်ခြင်းဖြစ်သည်။ သင်သည် “ဤဖြစ်ရပ်သည် ငါ၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်ကို စိတ်ဒဏ်ရာရစေခဲ့သည်။ မချိတင်ကဲဝေဒနာနှင့် နာကျင်မှုကို ငါခံစားရသည်။ သို့သော် အပျက်သဘောဆောင်ပြီး အပြစ်တင်၍မဖြစ်ပေ။ အရေးကြီးဆုံးမှာ ဤဖြစ်ရပ်သည် ငါ့အတွက် အမှန်တကယ် အကျိုးရှိသည်၊ မရှိသည်ကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ပိုင်းခြားသိမြင်ရန်၊ ခွဲခြားရန်၊ ဆုံးဖြတ်ရန်ဖြစ်သည်။ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းမှလာလျှင်၊ ငါ၏ အသက်ဝင်ရောက်မှုနှင့် ကိုယ့်ကိုယ်ကိုယ် နားလည်မှုအတွက် အကျိုးရှိလျှင် ငါသည် လက်ခံပြီး နာခံသင့်သည်။ စာတန်ဆီမှ စုံစမ်းသွေးဆောင်ခြင်း ဖြစ်လျှင် ဘုရားသခင်ထံ ဆုတောင်းသင့်ပြီး အမြော်အမြင်ရှိစွာဖြင့် ကိုင်တွယ်သင့်သည်” ဟု စဉ်းစားပြီး ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေရမည်။ ဤသို့ ရှာဖွေခြင်း၊ စဉ်းစားခြင်းသည် အပြုသဘောဆောင်သော ဝင်ရောက်မှု ဖြစ်သလော။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ကြည့်ရှုခြင်းဖြစ်သလော။ (ဟုတ်ပါသည်။) နောင်အချိန်တွင် သင်သည် မည်သည့်အမှုအရာကို ကိုင်တွယ်နေသည်ဖြစ်စေ၊ လူတို့နှင့် သင်ဆက်ဆံရာတွင် မည်သည့်ပြဿနာများဖြစ်ပေါ်ပါစေ ထိုအရာများကို ဖြေရှင်းရန်အတွက် ဆက်စပ်မှုရှိသော ဘုရားနှုတ်ကပတ်တော်များကို ရှာဖွေသင့်သည်။ ဤလုပ်ဆောင်မှု အစီအစဉ်တစ်ခုလုံး၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ရည်ရွယ်ချက်မှာ လူများ၊ အမှုအရာများကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ကြည့်ရှုရန်ဖြစ်သည်။ ဤသို့အားဖြင့် လူများ၊ အမှုအရာများနှင့်ပတ်သက်ပြီး သင်၏ အမြင်ရှုထောင့်နှင့် ရပ်တည်ချက်တို့သည် လုံးဝ ကွဲပြားလိမ့်မည်။ ရည်ရွယ်ချက်မှာ အထင်ကြီးခြင်းခံရဖို့အတွက် ဂုဏ်သတင်းကောင်းကို ရရှိပြီး သိက္ခာဆည်ရန်မဟုတ်ဘဲ၊ သို့မဟုတ် နိုင်ငံနှင့် လူ့အဖွဲ့အစည်းတွင် သဟဇာတဖြစ်စေရန်၊ ဤသို့ဖြင့် အုပ်ချုပ်သူလူတန်းစားကို ကျေနပ်အောင် လုပ်ပေးဖို့မဟုတ်ဘဲ ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး ဖန်ဆင်းရှင်ကို ဘုန်းတော်ထင်ရှားစေဖို့အတွက် ဘုရားနှုတ်ကပတ်တော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း အသက်ရှင်ရန်ဖြစ်သည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အလုံးစုံ ကိုက်ညီနိုင်သည်။ ထို့ကြောင့် ရိုးရာယဉ်ကျေးမှုတွင်ရှိသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများနောက်လိုက်ဖို့ မလိုအပ်ပေ။ သင်သည် “ငါ့အပေါ်သို့ ဤသို့သော အမှုအရာကျရောက်သောအခါ ‘ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ’ ဆိုသည့် ဆိုရိုးစကားကို လက်တွေ့မလုပ်ဆောင်သင့်သလော။ ငါသည် ဤသို့မလုပ်နိုင်လျှင် လူအများ၏ ထင်မြင်ချက်က ငါ့အပေါ်တွင် မည်သို့ရှိမည်နည်း” ဟူ၍ တွေးတောစရာမလိုပေ။ သင်သည် သင့်ကိုယ်သင် ချုပ်ချယ်ပြီး ထိန်းချုပ်ဖို့အတွက် ဤကိုယ်ကျင့်တရားဆိုင်ရာ သက်ဝင်ယုံကြည်မှုများကို အသုံးပြုရန် မလိုအပ်ပေ။ ထိုအစား သင်သည် သမ္မာတရားအား လိုက်စားသူတစ်ယောက်၏ အမြင်ရှုထောင့်ကို ခံယူသင့်သည်။ ပြီးလျှင် သမ္မာတရားအား လိုက်စားရန်အတွက် ဘုရားသခင်က သင့်ကိုပြောသော နည်းလမ်းနှင့်အညီ လူများ၊ အမှုအရာများကို ဆက်ဆံသင့်သည်။ ဤသည်မှာ လုံးဝ ဖြစ်တည်မှု ပုံစံအသစ်တစ်ခုမဟုတ်သလော။ ဤသည်မှာ အလုံးစုံ အသစ်ဖြစ်သော ဘဝအမြင်နှင့် ဘဝပန်းတိုင်မဟုတ်သလော။ (ဟုတ်ပါသည်။) သင်သည် လူများ၊ အမှုအရာများကို ရှုမြင်သည့် ဤနည်းလမ်းကို ခံယူကျင့်သုံးသောအခါ “ငါသည် သဘောထားကြီးပြီး လူများကြား၌ ခြေကုပ်ရယူလိုလျှင် ဤအရာ၊ ထိုအရာကို လုပ်ဆောင်ရမည်” ဟူ၍ သင့်ကိုယ်သင် တမင်ပြောနေစရာ မလိုအပ်ပေ။ သင့်ကိုယ်သင် အပြစ်တင်နေစရာ မလိုပေ။ သင်၏ ကိုယ်ပိုင်စိတ်ဆန္ဒကို ဆန့်ကျင်ပြီး အသက်ရှင်ဖို့ မလိုပေ။ သင်၏ လူ့သဘာဝသည် အလွန်ပင် ပုံပျက်နေဖို့ မလိုပေ။ ထိုအစား သင်သည် ဘုရားသခင်ထံမှလာသော ဤပတ်ဝန်းကျင်များ၊ လူများ၊ အမှုကိစ္စများ၊ အကြောင်းအရာများကို အလိုအလျောက်၊ လိုလိုလားလားဖြင့် လက်ခံလိမ့်မည်။ ဤမျှတင်မဟုတ်ဘဲ သင်သည် ထိုအရာများမှနေ၍ ကြိုမမြင်နိုင်သော အကျိုးအမြတ်များကိုလည်း ခံစားရနိုင်သည်။ သင်၏ မုန်းတီးခြင်းကို နှိုးဆွပေးသော ဤသို့သောအရာများကို ကိုင်တွယ်ဖြေရှင်းရာတွင် သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူတို့အား ၎င်းတို့၏ အရှိအတိုင်း ပိုင်းခြားသိမြင်တတ်ပြီးဖြစ်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်နှင့်အညီ ထိုအရာများကို ပိုင်းခြားသိမြင်ပြီး ကိုင်တွယ်ဖြေရှင်းတတ်ပြီးဖြစ်လိမ့်မည်။ အတွေ့အကြုံများ၊ ကြုံကြိုက်မှုများနှင့် အခက်အခဲများကို ကြုံရသည့် အချိန်ကာလတစ်ခု ပြီးနောက်တွင် သင်သည် ဤသို့သောအရာများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် သမ္မာတရားစည်းမျဉ်းများကို ရှာတွေ့ပြီးဖြစ်လိမ့်မည်။ ပြီးလျှင် ဤသို့သောလူများ၊ အမှုကိစ္စများ၊ အကြောင်းအရာများကို ကိုင်တွယ်ဖြေရှင်းရာတွင် အသုံးပြုရန် မည်သည့် သမ္မာတရားစည်းမျဉ်းအမျိုးအစားကို အသုံးပြုရမည်ကို သိရှိပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်းကို လိုက်လျှောက်ခြင်းမဟုတ်လော။ ဤနည်းအားဖြင့် သင်သည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းနောက်ကို လိုက်သောကြောင့် သင်၏ လူ့သဘာဝသည် တိုးတက်ပြီးဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ သင်သည် သင်၏ လူသားအသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့်သာ အသက်ရှင်ခြင်း မရှိတော့ပေ။ ပြီးလျှင် အမှုကိစ္စများ ဖြစ်ပျက်သောအခါ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို အခြေခံသည့် စဉ်းစားပုံနှင့် အမြင်ရှုထောင့်တို့ဖြင့်သာ ရှုမြင်ခြင်း မရှိပေ။ ထိုအစား သင်သည် ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ခဲ့ပြီး ဘုရားသခင်၏ အမှုတော်ကို အမှန်တကယ် ကြုံတွေ့ခဲ့သောကြောင့် သမ္မာတရား အချို့ကို နားလည်သွားသည်။ ဘုရားသခင်အပေါ်၊ ဖန်ဆင်းရှင်အပေါ် အမှန်တကယ် နားလည်မှုအချို့ကို ရရှိခဲ့သည်။ ဤသည်မှာ အသေချာပင် ပေါများစွာသော အကျိုးခံစားမှုဖြစ်သည်။ ဤအရာမှနေ၍ သင်သည် သမ္မာတရားနှင့် အသက်နှစ်ခုလုံးကို ရရှိလိမ့်မည်။ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို အခြေခံပြီး သင်သည် သင် ကြုံတွေ့ရသည့် ပြဿနာများအားလုံးကို ရင်ဆိုင်ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို အသုံးပြုတတ်သွားပြီးဖြစ်လိမ့်မည်။ ပြီးလျှင် တဖြည်းဖြည်းချင်းဖြင့် ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်လိမ့်မည်။ ဤသို့သော လူသားများက မည်သည့်အရာနှင့် တူညီသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသလော။ ဤသို့သော လူသားများသည် ဘုရားသခင်က သတ်မှတ်ထားသော အရည်အချင်းပြည့်မီသည့် ဖန်ဆင်းခံများဖြစ်လာရန် ပို၍ ပို၍ နီးစပ်လာသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းအမှု၏ မျှော်မှန်းထားသော ရလဒ်များကို တဖြည်းဖြည်းချင်း ရရှိနိုင်သည်။ လူတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်နိုင်သောအခါ အနည်းငယ်မျှပင် မချိတင်ကဲဝေဒနာလုံးဝ မရှိဘဲ ဤသို့ အသက်ရှင်ရသည်မှာ မည်မျှ လွယ်ကူသနည်း။ သို့သော် ရိုးရာယဉ်ကျေးမှု သွန်သင်ချက်ကို ရရှိပြီးဖြစ်သော လူတို့အတွက်မူ ၎င်းတို့လုပ်ဆောင်သမျှသည် ၎င်းတို့၏ အလိုဆန္ဒနှင့် ဆန့်ကျင်ပြီး အလွန်ပင် ကြောင်သူတော်ဆန်သည်။ ပြီးလျှင် ၎င်းတို၏ လူ့သဘာဝက ဖွင့်ပြသောအရာများသည် အလွန်ပင် ပုံပျက်ပြီး မူမမှန်ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့ စဉ်းစားသည့်အရာကို မပြောသောကြောင့်ဖြစ်သည်။ ၎င်းတို့၏ နှုတ်ခမ်းများက “တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ။” ဟု ပြောသော်လည်း ၎င်းတို့၏ စိတ်နှလုံးက “သင်နှင့် ကိစ္စမပြီးသေးပေ။ လူကြီးလူကောင်းတစ်ဦးအဖို့ ကလဲ့စားချေရန်မှာ မည်သည့်အခါမျှ နောက်ကျလွန်းခြင်း မရှိပါ။” ဟု ပြောသည်။ ဤသည်မှာ ၎င်းတို့ကိုယ်တိုင်၏ စိတ်ဆန္ဒဖြင့် မဆန့်ကျင်သလော။ (ဆန့်ကျင်ပါသည်။) “ပုံပျက်ခြင်း” ဆိုသည်မှာ မည်သည့် အဓိပ္ပာယ်ရသနည်း။ ဤသည်မှာ အပြင်ပန်းတွင် ၎င်းတို့သည် စေတနာသဒ္ဓါတရားနှင့် ကိုယ်ကျင့်တရားအကြောင်းကိုသာ ပြောသော်လည်း အခြားလူများ၏ နောက်ကွယ်တွင် မှောက်မှားခြင်း၊ ခိုးယူခြင်းကဲ့သို့သော မကောင်းသောအရာမျိုးစုံကို လုပ်ဆောင်ကြသည်။ ဤအပေါ်ယံစကားများဖြစ်သော စေတနာသဒ္ဓါတရားနှင့် ကိုယ်ကျင့်တရားတို့အားလုံးသည် မျက်နှာဖုံးတစ်ခုသာဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးသည် မကောင်းမှုမျိုးစုံ၊ စက်ဆုပ်ဖွယ်အယူအဆနှင့် အမြင်မျိုးစုံရှိကြသည်။ နှိုင်းယှဉ်၍ မရလောက်အောင် ညစ်ပေသည်။ အလွန်အကျူးပင် စက်ဆုပ်ဖွယ်ဖြစ်သည်။ စိတ်ဓာတ်နိမ့်ကျသည်။ ရှက်ဖွယ်ကောင်းသည်။ ဤသည်မှာ ပုံပျက်ခြင်း၏ အဓိပ္ပာယ် ဖြစ်သည်။ ခေတ်သစ်ဘာသာစကားတွင် ပုံပျက်ခြင်းကို မူမမှန်ခြင်းဟုခေါ်သည်။ ၎င်းတို့အားလုံးသည် အလွန်ပင် မူမမှန်ကြသော်လည်း အခြားလူများရှေ့တွင် လုံးဝပင် ရည်မွန်သည်၊ ခေတ်မီသည်၊ လူကြီးလူကောင်း ပီသသည်၊ ဂုဏ်ပြုထိုက်သည်ဟု ဟန်ဆောင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် အမှန်ပင် အရှက်မရှိပေ။ အလွန်ပင် ဆိုးယုတ်ကြသည်။ လူတို့အား ဘုရားသခင် ညွှန်ပြသော လမ်းကြောင်းသည် သင့်အား ဤသို့ အသက်ရှင်စေရန်မဟုတ်ဘဲ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ လူတို့အား ဘုရားသခင် ညွှန်ပြထားသော မှန်ကန်သော စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ဘုရားသခင်ရှေ့တွင်ဖြစ်စေ၊ အခြားလူများရှေ့တွင်ဖြစ်စေ သင် လိုက်လျှောက်နိုင်စေရန်ဖြစ်သည်။ သင်၏ အကျိုးစီးပွားများကို ထိခိုက်သော၊ သင်နှစ်သက်မှုမရှိသော၊ သင့်အပေါ်တွင် တစ်သက်လုံး သက်ရောက်မှုပင်ရှိသော အရာများကိုပင် သင်ကြုံရလျှင် သင်သည် ဤအမှုအရာများကို ကိုင်တွယ်ဖြေရှင်းရာတွင် စည်းမျဉ်းများရှိရမည်။ ဥပမာ သင်သည် စစ်မှန်သော ညီအစ်ကိုမောင်နှမများကို ချစ်ခြင်းဖြင့် ဆက်ဆံရမည်။ ၎င်းတို့အပေါ် သည်းခံဖို့၊ အထောက်အကူပြုဖို့၊ ပံ့ပိုးပေးဖို့ သင်ယူရမည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များ၊ ဆိုးယုတ်သောသူများနှင့် မယုံကြည်သူများ၊ သို့မဟုတ် အသင်းတော်ဆီသို့ ထိုးဖောက်ဝင်ရောက်လာသော ကိုယ်စားလှယ်များနှင့် သူလျှိူများကို သင်မည်သို့လုပ်ဆောင်သင့်သနည်း။ သင်သည် ၎င်းတို့ကို အပြီးအပိုင် ငြင်းဆန်သင့်သည်။ ဤလုပ်ငန်းစဉ်မှာ ခွဲခြားသတ်မှတ်ခြင်း၊ ဖော်ထုတ်ခြင်း၊ မုန်းတီးခြင်း၊ နောက်ဆုံးတွင် ငြင်းပယ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် သတ်မှတ်ချက်များရှိသည်။ အန္တိခရစ်များ၊ ဆိုးယုတ်သောသူများ၊ မယုံကြည်သူများနှင့် နတ်ဆိုးများ၊ စာတန်၊ ဝိညာဉ်ဆိုးများနှင့် အမျိုးအစားတူသောသူများနှင့်ပတ်သက်လျှင် ၎င်းတို့သည် အလုပ်ပေးပေးလိုစိတ်မရှိကြပေ။ ထို့ကြောင့် ၎င်းတို့အား ဘုရားအိမ်တော်မှ ထာဝရ ဖြတ်တောက်ပစ်လော့။ ဤသို့ဆိုလျှင် ၎င်းတို့ကို ဘုရားသခင်ရွေးချယ်ထားသောသူများက မည်သို့ ဆက်ဆံသင့်သနည်း။ (ငြင်းပယ်သင့်ပါသည်။) မှန်သည်။ ၎င်းတို့အား ငြင်းပယ်သင့်သည်။ ထာဝရ ငြင်းပယ်သင့်သည်။ လူအချို့က “ငြင်းပယ်ခြင်းသည် စကားလုံးတစ်လုံးသာဖြစ်သည်။ သင်သည် သဘောတရားအရ ၎င်းတို့ကို ငြင်းပယ်သည်ဟု ယူဆလျှင် လက်တွေ့ဘဝတွင် အမှန်တကယ် မည်သို့လုပ်ဆောင်မည်နည်း။” ဟူ၍ ဆိုသည်။ ၎င်းတို့အား မကျေအေးနိုင်စွာဖြင့် ဆန့်ကျင်၍ရသလော။ ဤသို့ဖြင့် မိမိကိုယ်ကို မလိုအပ်ဘဲ ပင်ပန်းစေဖို့ မလိုပေ။ ၎င်းတို့အား မကျေအေးနိုင်စွာဖြင့် ဆန့်ကျင်ဖို့မလိုပေ။ ၎င်းတို့အား သေသည်အထိ တိုက်ခိုက်ဖို့မလိုပေ။ ၎င်းတို့နောက်ကွယ်တွင် ကျိန်ဆဲဖို့မလိုပေ။ ဤအရာတစ်ခုကိုမျှ လုပ်ဆောင်ဖို့မလိုပေ။ သင်၏ စိတ်နှလုံးထဲတွင် သင့်ကိုယ်သင် ၎င်းတို့နှင့် အဆက်ဖြတ်ခြင်းသာ လုပ်ဆောင်လော့။ သာမန်အခြေအနေများတွင် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံခြင်း မလုပ်ဆောင်နှင့်။ အထူးအခြေအနေများတွင် အခြားနည်းလမ်း မရှိသည့်အခါတွင် သင်သည် ၎င်းတို့နှင့် သာမန်စကား ပြောဆိုနိုင်သည်။ သို့သော် အခွင့်အရေးရသည်နှင့် ၎င်းတို့ကို ရှောင်လော့။ ၎င်းတို့၏ မည်သည့်အရေးကိစ္စတွင်မျှ ဝင်မပါနှင့်။ ဤသည်မှာ မိမိ၏ စိတ်နှလုံးအတွင်းထဲမှ ၎င်းတို့ကို ငြင်းပယ်ခြင်း၊ ၎င်းတို့အား ညီအစ်ကိုမောင်နှမများအဖြစ်၊ သို့မဟုတ် ဘုရားသခင်၏ မိသားစုဝင်အဖြစ် မဆက်ဆံခြင်း၊ ပြီးလျှင် ယုံကြည်သူများအဖြစ် မဆက်ဆံခြင်းကို ဆိုလိုသည်။ ဘုရားသခင်နှင့် သမ္မာတရားကို မုန်းသော၊ ဘုရားသခင်၏ အမှုတော်ကို တမင်နှောင့်ယှက်ဖျက်ဆီးသော၊ သို့မဟုတ် ဘုရားသခင်၏ အမှုတော်ကို ဖျက်ဆီးဖို့ ကြိုးစားသောသူများအတွက်မူ သင်သည် ၎င်းတို့ကို ကျိန်ဆဲရန်အတွက် ဘုရားသခင်ထံ ဆုတောင်းခြင်းသာမက ၎င်းတို့ကို ထာဝရ ချည်နှောင်ကန့်သတ်ခြင်းနှင့် အပြီးအပိုင် ငြင်းပယ်ခြင်းကိုလည်း လုပ်ဆောင်ရမည်။ ဤသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသလော။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝ ကိုက်ညီသည်။ ဤလူများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ရပ်တည်မှုရှိပြီး စည်းမျဉ်းများရှိဖို့ လိုအပ်သည်။ ရပ်တည်မှုရှိခြင်းနှင့် စည်းမျဉ်းများရှိခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ၎င်းတို့၏ အနှစ်သာရကို ရှင်းလင်းစွာ မြင်ခြင်း၊ ၎င်းတို့အား ယုံကြည်သူများအဖြစ် မည်သည့်အခါမျှ မမှတ်ယူခြင်း၊ ၎င်းတို့အား ညီအစ်ကိုမောင်နှများအဖြစ် လုံးဝ မမှတ်ယူခြင်းတို့ကို ဆိုလိုသည်။ ၎င်းတို့သည် နတ်ဆိုးများဖြစ်သည်။ စာတန်များဖြစ်သည်။ ၎င်းတို့အား ခွင့်လွှတ်ခြင်း၊ မခွင့်လွှတ်ခြင်းနှင့် မသက်ဆိုင်ပေ။ သင့်ကိုယ်သင် ၎င်းတို့အား အဆက်ဖြတ်ပြီး အပြီးအပိုင် ငြင်းပယ်ခြင်းနှင့် သက်ဆိုင်သည်။ ဤသည်မှာ အပြည့်အဝ ခိုင်လုံမှန်ကန်ပြီး သမ္မာတရားနှင့်ညီသည်။ လူအချို့က “ဘုရားသခင်ကို ယုံကြည်သောသူများက ဤသို့လုပ်ဆောင်ခြင်းသည် အလွန်ပင် ရက်စက်ခြင်းမဖြစ်သလော။” ဟု ဆိုကြသည်။ (မဖြစ်ပါ။) ဤသည်မှာ ရပ်တည်မှုရှိခြင်း၊ စည်းမျဉ်းရှိခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်က ငါတို့အား လုပ်ဆောင်ရန် ပြောသည့်အရာမှန်သမျှကို ငါတို့လုပ်ဆောင်သည်။ ငါတို့သည် ဘုရားသခင်က သက်ညှာရန် ငါတို့အားပြောသည့် မည်သူ့ကိုမဆို သက်ညှာသည်။ ဘုရားသခင်က စက်ဆုပ်ရွံရှာရန် ငါတို့အား ပြောသည့် မည်သည့်အရာကိုမဆို ငါတို့ စက်ဆုပ်ရွံရှာသည်။ ပညတ်တော်ခေတ်တွင် ဥပဒေနှင့် ပညတ်တော်များကို ချိုးဖောက်သောသူများသည် ဘုရားသခင် ရွေးချယ်ထားသောသူများက ကျောက်တုံးဖြင့် ပေါက်သတ်ခြင်းကို ခံရသည်။ သို့သော် ယနေ့ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၌ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များရှိသည်။ ပြီးလျှင် သူသည် နတ်ဆိုးများနှင့် စာတန်နှင့် အမျိုးအစားတူသောသူများကိုသာ ရှင်းလင်းပစ်ပြီး နှင်ထုတ်သည်။ ဘုရားသခင် ရွေးချယ်ထားသောသူများသည် ဘုရားနှုတ်ကပတ်တော်များနှင့် သူထုတ်ပြန်သော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ခြင်းမရှိဘဲ၊ လူသားအယူအဆများ၏ ဘောင်ခတ်ခြင်း သို့မဟုတ် လွှမ်းမိုးခြင်း မရှိဘဲ၊ ဘာသာရေးသမားများက ဝေဖန်အပြစ်တင်ပြီး ရှုတ်ချမည်ကို မကြောက်ဘဲ လက်တွေ့လုပ်ဆောင်ပြီး နာခံရမည်။ ဘုရားနှုတ်ကပတ်တော်အတိုင်း လုပ်ဆောင်ခြင်းသည် လုံးဝ သဘာဝကျပြီး မှန်ကန်ခိုင်လုံသော အရာတစ်ခုဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်၊ လူ၏ စကားများက မည်မျှကြားကောင်းပါစေ သမ္မာတရားမဟုတ်ဟုသာ အချိန်ပြည့် ယုံကြည်လော့။ လူတို့တွင် ဤယုံကြည်ခြင်းရှိရမည်။ လူတို့သည် ဘုရားသခင်၌ ဤယုံကြည်ခြင်းရှိသင့်သည်။ ပြီးလျှင် ဤကျိုးနွံနာခံခြင်း သဘောထားလည်းရှိသင့်သည်။ ဤသည်မှာ သဘောထားနှင့် သက်ဆိုင်သည်။

“ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဟူသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားနှင့် ဘုရားသခင်၏ လုပ်ဆောင်မှုစည်းမျဉ်းများနှင့် ပတ်သက်ပြီး အနည်းနှင့်အများ လုံလောက်စွာ ငါတို့ ပြောခဲ့ပြီးဖြစ်သည်။ လူတို့အား ထိခိုက်သော ထိုအရာများကဲ့သို့သော အကြောင်းအရာများနှင့်ပတ်သက်လျှင် ဘုရားသခင်က လူတို့အား သွန်သင်ပေးသော ထိုအရာများအား ကိုင်တွယ်ခြင်းစည်းမျဉ်းကို သင်တို့ ယခု နားလည်သလော။ (နားလည်ပါသည်။) ဘုရားသခင်သည် လူတို့အား မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်ဖြေရှင်းရန် လူသား၏ ကိုယ်ကျင့်တရားကျင့်ဝတ်များကို အသုံးပြုခွင့်ပေးဖို့ မဆိုထားနှင့် ၎င်းတို့အပေါ်သို့ ကျရောက်သော အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရာတွင် စိတ်မြန်လက်မြန်လုပ်ဆောင်ခွင့် မပြုခြင်းဖြစ်သည်။ ဘုရားသခင်က လူတို့အားပြောသည့် စည်းမျဉ်းမှာအဘယ်နည်း။ လူတို့သည် မည်သည့်စည်းမျဉ်းကို လိုက်နာသင့်သနည်း။ (ဘုရားနှုတ်ကပတ်တော်နှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ပြီး ကျင့်ကြံပြုမူကာ လုပ်ဆောင်ပါ။) မှန်သည်။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားနှင့်အညီ လူများ၊ အမှုအရာများကို ရှုမြင်ပြီး ကျင့်ကြံပြုမူကာ လုပ်ဆောင်လော့။ မည်သည့်အရာ ဖြစ်ပျက်ပါစေ ဘုရားနှုတ်ကပတ်တော်နှင့်အညီ ကိုင်တွယ်ဖြေရှင်းရမည်။ အဘယ်ကြောင့်ဆိုသော် အမှုကိစ္စအားလုံး၊ အကြောင်းအရာအားလုံးတွင် ဖြစ်ပျက်သမျှတိုင်းနှင့် ထွက်ပေါ်လာသော မည်သည့်လူမဆို၏၊ ဖြစ်ရပ်မဆို၏၊ သို့မဟုတ် အမှုအရာမဆို၏ နောက်ကွယ်တွင် အကြောင်းရင်း ရှိသောကြောင့်ဖြစ်သည်။ ထိုအရာအားလုံးကို ဘုရားသခင်က စီစဉ်ပြီး အချုပ်အခြာအာဏာစွဲကိုင်သည်။ ဖြစ်ပျက်သမျှသော အရာတိုင်းတွင် အပြုသဘောဆောင်သော၊ သို့မဟုတ် အပျက်သဘောဆောင်သော နောက်ဆုံး ရလဒ်တစ်ခုရှိနိုင်သည်။ ထိုအရာများကြား ကွာခြားချက်သည် လူတို့၏ လိုက်စားမှုများနှင့် ၎င်းတို့လျှောက်သည့်လမ်းကြောင်းပေါ်တွင် မူတည်သည်။ သင်သည် အမှုအရာများကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ ကိုင်တွယ်ဖို့ ရွေးချယ်လျှင် နောက်ဆုံးရလဒ်က အပြုသဘောဆောင်လိမ့်မည်။ သင်သည် ဇာတိပကတိ၏ နည်းလမ်းများဖြင့်၊ စိတ်မြန်လက်မြန်ဖြင့် ကိုင်တွယ်ရန်၊ လူတို့ထံမှလာသော အမျိုးမျိုးသော ဆိုရိုးစကားများ၊ အယူအဆများ၊ အမြင်များနှင့် ကိုင်တွယ်ရန် ရွေးချယ်လျှင် နောက်ဆုံးရလဒ်သည် အသေအချာပင် စိတ်မြန်လက်မြန်ဖြစ်ခြင်းနှင့် အပျက်သဘောဆောင်ခြင်း ဖြစ်လိမ့်မည်။ ထိုစိတ်မြန်လက်မြန်ဖြစ်ပြီး အပျက်သဘောဆောင်သော အရာများသည် လူတို့၏ ဂုဏ်၊ ကိုယ်ခန္ဓာ၊ စိတ်ဝိညာဉ်၊ အကျိုးစီးပွား စသည်တို့ကို ထိခိုက်ခြင်းပါဝင်လျှင် အဆုံး၌ လူတို့အပေါ်တွင် ၎င်းတို့ မည်သည့်အခါမျှ ဖယ်ရှား၍ မရနိုင်သော မုန်းတီးခြင်းနှင့် အရိပ်တစ်ခုသာ ကျန်ရစ်စေလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်ကို လိုက်လျှောက်ခြင်းအားဖြင့်သာ မိမိကြုံရသည့် အမျိုးမျိုးသောလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အကြောင်းရင်းကို ရှာတွေ့နိုင်ချေရှိသည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်ကို လိုက်လျှောက်ခြင်းအားဖြင့်သာ ထိုသို့သောလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများ၏ အနှစ်သာရကို ရှင်းလင်းစွာ မြင်နိုင်ချေရှိသည်။ ဘုရားနှုတ်ကပတ်တော်ကို လိုက်လျှောက်ခြင်းအားဖြင့်သာ လူတို့သည် လက်တွေ့ဘဝတွင် ၎င်းတို့ ကြုံရသော အမျိုးမျိုးသောလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့်သက်ဆိုင်သော ပြဿနာများကို မှန်ကန်စွာ ကိုင်တွယ်ပြီး ဖြေရှင်းနိုင်သည်။ အဆုံးတွင် ဤအရာသည် လူတို့အား ဘုရားသခင်ဖန်တီးသော ပတ်ဝန်းကျင်အားလုံးထံမှ အကျိုးအမြတ် ရရှိစေလိမ့်မည်။ ၎င်းတို့၏ ဘဝများသည် တဖြည်းဖြည်းချင်း ကြီးထွားတိုးတက်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပြောင်းလဲလိမ့်မည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် ဤနေရာတွင် ဘဝ၌ မှန်ကန်သော ဦးတည်ချက်၊ ဘဝအပေါ် မှန်ကန်သော အမြင်၊ မှန်ကန်သော ဖြစ်တည်မှုပုံစံနှင့် လိုက်စားရန် မှန်ကန်သော ပန်းတိုင်နှင့် လမ်းကြောင်းတို့ကို တွေ့ရှိလိမ့်မည်။ “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဟူသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားနှင့်ပတ်သက်ပြီး အခြေခံအားဖြင့် ငါတို့၏ မိတ်သဟာယ ပြီးဆုံးသွားပြီဖြစ်သည်။ ဤဆိုရိုးစကားသည် အတော်အတန် အပေါ်ယံဆန်သည်။ သို့သော် သမ္မာတရားနှင့်အညီ ပိုင်းခြားစိစစ်သောအခါ ယင်း၏ အနှစ်သာရသည် အလွန်ရိုးရှင်းခြင်းမရှိပေ။ ဤကိစ္စနှင့်ပတ်သက်ပြီး လူတို့အနေဖြင့် မည်သည့်အရာကို လုပ်ဆောင်သင့်သည်၊ ဤသို့သော အခြေအနေများတွင် မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်တို့နှင့်ပတ်သက်လျှင် ပို၍ပင် ရိုးရှင်းမှုမရှိပေ။ ဤသည်မှာ သမ္မာတရားကို လူတို့ ရှာဖွေပြီး လိုက်စားနိုင်ခြင်းရှိမရှိနှင့် သက်ဆိုင်သည်။ ပြီးလျှင် ဤသည်မှာ လူတို့၏ စိတ်သဘောထား ပြောင်းလဲမှုနှင့်၊ လူတို့၏ ကယ်တင်ခြင်းနှင့် ပို၍ပင် ဆက်နွှယ်သည်မှာ ပြောစရာမလိုပေ။ ထို့ကြောင့် ဤပြဿနာများသည် ရိုးရှင်းသည်ဖြစ်စေ၊ ရှုပ်ထွေးသည်ဖြစ်စေ၊ အပေါ်ယံဆန်သည်ဖြစ်စေ၊ လေးနက်သည်ဖြစ်စေ မှန်ကန်စွာ၊ လေးနက်စွာ ကိုင်တွယ်သင့်သည်။ လူတို့၏ စိတ်သဘောထား ပြောင်းလဲခြင်းနှင့် သက်ဆိုင်သော၊ သို့မဟုတ် လူတို့၏ ကယ်တင်ခြင်းပါဝင်သော အရာမှန်သမျှက အသေးအဖွဲကိစ္စမဟုတ်ပေ။ အရာရာတိုင်းက အလွန်အရေးပါပြီး အရေးကြီးသည်။ ဤအချိန်မှစ၍ သင်၏ နေ့စဉ်အသက်တာတွင် သင်၏ ကိုယ်ပိုင်အတွေးများနှင့် အသိစိတ်မှတစ်ဆင့် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရားအပေါ် အမျိုးမျိုးသော ဆိုရိုးစကားများနှင့် အမြင်များအားလုံးကို တူးဆွကြည့်ပြီး ၎င်းတို့အား ဘုရားနှုတ်ကပတ်တော်နှင့်အညီ အရှိအတိုင်း ပိုင်းခြားစိစစ်ပြီး သိမြင်မည်ဖြစ်ပြီး ဤသို့ဖြင့် သင်သည် ၎င်းတို့ကို တဖြည်းဖြည်းချင်း နားလည်ပြီး ဖြေရှင်းနိုင်ဖို့၊ ဘဝတွင် လုံးဝ အသစ်ဖြစ်သော ဦးတည်ချက်နှင့် ပန်းတိုင်ကို ခံယူနိုင်ဖို့၊ ပြီးလျှင် သင်၏ ဖြစ်တည်မှုပုံစံကို လုံးဝ ပြောင်းလဲနိုင်ဖို့ ငါမျှော်လင့်သည်။ ဤသို့ဆိုလျှင် ယနေ့မိတ်သဟာယကို ဤတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၃ ရက်

အရှေ့သို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၈)

နောက်တစ်ခုသို့- သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၀)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။