သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၀)
ပြီးခဲ့သည့် ငါတို့၏ စုဝေးပွဲတွင် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ကိုယ်ကျင့်တရားနှင့်ပတ်သက်သည့် ဆိုရိုးစကားကို မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည်။ ယခုတွင် သင်တို့သည် ရိုးရာယဉ်ကျေးမှုရှိ ကိုယ်ကျင့်တရားနှင့်သက်ဆိုင်သော ဆိုရိုးစကားအမျိုးမျိုးကို အမှန်တကယ် နားလည်ကြသလော။ ဤကိုယ်ကျင့်တရားနှင့်ပတ်သက်သည့် ဆိုရိုးစကားများသည် သမ္မာတရားနှင့် မည်သို့ ကွဲပြားသနည်း။ ယခုတွင် ဤကိုယ်ကျင့်တရားနှင့်ပတ်သက်သော ဆိုရိုးစကားများသည် အခြေခံအားဖြင့် သမ္မာတရားမဟုတ်ကြောင်းနှင့် သမ္မာတရား၏ နေရာကို သေချာပေါက် မယူနိုင်ကြောင်းကို သင်တို့ အတည်ပြုနိုင်သလော။ (အတည်ပြုနိုင်ပါသည်။) ဤအရာကို သင်တို့ အတည်ပြုနိုင်ခြင်းက မည်သည့်အရာကို ပြသသနည်း။ (ရိုးရာယဉ်ကျေးမှုတွင်ရှိသော ဤဆိုရိုးစကားများကို အမှန်တကယ် အရှိအတိုင်း ပိုင်းခြားသိမြင်ရန် ကျွန်ုပ်၌ အရည်အချင်းရှိကြောင်းကို ပြပါသည်။ ယခင်က ကျွန်ုပ်၏ စိတ်နှလုံးတွင် ဤအရာများရှိသည်ကို မသိခဲ့ပါ။ ဘုရားသခင်၏ ဤမိတ်သဟာယနှင့် စိတ်ဖြာလေ့လာဆွေးနွေးမှုအနည်းငယ်ပြီးနောက်တွင်မှသာ ကျွန်ုပ်သည် ဤအရာများ၏ လွှမ်းမိုးမှုအောက်တွင် တစ်လျှောက်လုံး ရှိနေခဲ့သည်ကိုလည်းကောင်း၊ ကျွန်ုပ်သည် ရိုးရာယဉ်ကျေးမှုကို အခြေခံ၍ လူများနှင့်အကြောင်းအရာများကို အစဉ်သဖြင့် ရှုမြင်ခဲ့သည်ကိုလည်းကောင်း ကျွန်ုပ် သဘောပေါက်လာသည်။ ရိုးရာယဉ်ကျေးမှု၏ ဤဆိုရိုးစကားများသည် အမှန်ပင် သမ္မာတရားနှင့် ကွဲလွဲနေပြီး၊ ယင်းတို့သည် လူတို့ကို ဖောက်ပြန်ပျက်စီးစေသောအရာများအားလုံးဖြစ်သည်ဆိုသည်ကိုလည်း ကျွန်ုပ် မြင်ပါသည်။) ဤအရာကို အတည်ပြုပြီးသည့်နောက်တွင် ရှေးဦးစွာ သင်တို့သည် ဤရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သောအရာများကို အနည်းငယ် ပိုင်းခြားသိမြင်မှုရှိသည်။ သင်တို့သည် သိမြင်နားလည်သော အသိရှိရုံမကဘဲ ဤအရာများ၏ အနှစ်သာရကို အယူအဆဆိုင်ရာ ရှုထောင့်မှနေ၍လည်း ပိုင်းခြားသိမြင်နိုင်သည်။ ဒုတိယအနေဖြင့် သင်တို့သည် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ဤအရာများ၏ သက်ရောက်ခြင်းကို မခံရတော့ဘဲ သင်၏ စိတ်နှလုံးမှ ဤအရာများ၏ သက်ရောက်မှုများ၊ ဘောင်ခတ်မှုနှင့် ချုပ်နှောင်မှုများကို ဖယ်ရှားနိုင်သည်။ အထူးသဖြင့် အမျိုးမျိုးသောအရာများကို ရှုမြင်သောအခါ၊ သို့မဟုတ် အမျိုးမျိုးသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းသောအခါ သင်တို့သည် ဤအယူအဆများ၊ အမြင်များ၏ လွှမ်းမိုးခြင်း၊ ကန့်သတ်ချုပ်ချယ်ခြင်းကို မခံရတော့ပေ။ ယေဘူယျအားဖြင့် သင်တို့သည် မိတ်သဟာယပြုခြင်းမှတစ်ဆင့် ရိုးရာယဉ်ကျေးမှု၏ ဤအယူအဆများ၊ အမြင်များနှင့်ပတ်သက်ပြီး ပိုင်းခြားသိမြင်မှုအချို့ကို ရရှိခဲ့သည်။ ဤသည်မှာ သမ္မာတရားကို နားလည်ခြင်းမှတစ်ဆင့် ရရှိသော ရလဒ်ဖြစ်သည်။ ရိုးရာယဉ်ကျေးမှုမှလာသော ဤအရာများသည် အနှစ်မရှိပေ။ စာတန်ဆန်သော အတွေးအခေါ်များနှင့် ပြည့်နေသည့် ကြားကောင်းသော ဆိုရိုးစကားများဖြစ်သည်။ အထူးသဖြင့် “တစ်လုတ်စားဖူး သူ့ကျေးဇူး”၊ “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်”ဟူသည်နှင့် “ကွပ်မျက်ပြီးသားလူတစ်ဦးကို ခေါင်းဖြတ်လျှင် အကျိုးမရှိပါ။ တတ်နိုင်သည့်နေရာတိုင်းတွင် သက်ညှာပါ” ဆိုသည့် ကိုယ်ကျင့်တရားနှင့်ပတ်သက်သော ဆိုရိုးစကားများဖြစ်သည်။ ယင်းတို့သည် လူသားတို့အား ၎င်းတို့၏ အတွေးများမှတစ်ဆင့် အဆက်မပြတ် လွှမ်းမိုး၊ ဘောင်ခတ်ပြီး ချည်နှောင်သည်။ ပြီးလျှင် လူတို့၏ ကိုယ်ကျင့်တရားတွင် တက်ကြွပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍတွင် ပါဝင်လုပ်ဆောင်ပေးခြင်း မရှိပေ။ ယခုတွင် သင်တို့၌ ပိုင်းခြားသိမြင်မှုအနည်းငယ်ရှိသော်လည်း သင်တို့၏ စိတ်နှလုံးအတွင်းထဲမှ ဤအရာများ၏ လွှမ်းမိုးမှုကို အပြည့်အဝ အမြစ်ဖြတ်ရန်မှာ ခက်ခဲသည်။ သင်တို့သည် အချိန်ကာလတစ်ခုအထိ သမ္မာတရားဖြင့် ပြင်ဆင်ပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ တွေ့ကြုံခံစားရမည်။ ထိုအခါမှသာ ဤသူတော်ကောင်းယောင်ဆောင်ခြင်းနှင့်ဆိုင်သည့် အရာများသည် မည်မျှ နက်ရှိုင်းစွာ ထိခိုက်စေသည်၊ မှားယွင်းပြီး ယုတ္တိမရှိသည်ကို သင်တို့ အပြည့်အဝ ရှင်းလင်းစွာ မြင်နိုင်သည်။ ထိုအခါမှသာ ပြဿနာကို အရင်းအမြစ်မှနေ၍ ဖြေရှင်း၍ရနိုင်သည်။ သင်တို့သည် အယူဝါဒအချို့ကို နားလည်ခြင်းဖြင့်သာ ဤမှားယွင်းသောအတွေးများ၊ အယူအဆများကို စွန့်လွှတ်ပြီး ထိုအရာများ၏ လွှမ်းမိုးမှု၊ ဘောင်ခတ်မှုနှင့် ချည်နှောင်မှုတို့ကို ဖယ်ရှားလိုလျှင် ဤသည်မှာ စွမ်းဆောင်ရရှိဖို့ အလွန်ခက်ခဲလိမ့်မည်။ ယခုအခါတွင် သင်တို့သည် ဤကိုယ်ကျင့်တရားနှင့်ပတ်သက်သည့် ဆိုရိုးစကားများကို အမှန်တကယ် အရှိအတိုင်း အတော်အတန် ပိုင်းခြားသိမြင်နိုင်သောကြောင့်၊ အနည်းဆုံးအနေဖြင့် သင်တို့တွင် နားလည်မှုအချို့ရှိပြီး သင်တို့၏ စဉ်းစားပုံတွင် တိုးတက်မှုအချို့ရှိလာသည်။ ကျန်သည့်အရာများက မိမိသည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ သမ္မာတရားကို မည်သို့ရှာဖွေသည်၊ လူများ၊ အမှုအရာများကို မည်သို့ ရှုမြင်ပြီး အနာဂတ်တွင် မည်သို့တွေ့ကြုံသည်ဆိုသည်တို့ အပေါ်တွင် မူတည်သည်။
ဤမိတ်သဟာယများနှင့် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ဤကိုယ်ကျင့်တရားနှင့် ပတ်သက်သည့် ဆိုရိုးစကားများအား စိတ်ဖြာလေ့လာဆွေးနွေးခြင်းတို့ကို တစ်စိုက်မတ်မတ် နားထောင်သည့်အခါ၊ ဤဆိုရိုးစကားများ၏ အနှစ်သာရကို သင်တို့ ရှင်းလင်းစွာ မြင်နိုင်သလော။ သင်တို့သည် အမှန်တကယ် ရှင်းလင်းစွာ မြင်နိုင်လျှင် ရိုးရာယဉ်ကျေးမှုမှ ဤဆိုရိုးစကားများသည် သမ္မာတရားမဟုတ်သကဲ့သို့ သမ္မာတရားအတွက်လည်း မရပ်တည်နိုင်သည်ကို သင်တို့ ဆုံးဖြတ်နိုင်သည်။ ဤမျှအထိ သေချာသည်။ လူအများစုမှာ မိတ်သဟာယပြုခြင်းမှတစ်ဆင့် ၎င်းတို့၏ စိတ်နှလုံးတွင် ဤအရာကို အတည်ပြုပြီးဖြစ်သည်။ ဤသို့ဆိုလျှင် ကိုယ်ကျင့်တရားနှင့် ပတ်သက်သည့် အမျိုးမျိုးသော ဆိုရိုးစကားအားလုံး၏ အနှစ်သာရကို မည်သို့ နားလည်သင့်သနည်း။ ဤပြဿနာကို ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားနှင့်အညီ မရင်ဆိုင်လျှင် ပိုင်းခြားသိမြင်ပြီး နားလည်ဖို့ မဖြစ်နိုင်ပေ။ ရိုးရာယဉ်ကျေးမှုတွင်ရှိသော ဤကိုယ်ကျင့်တရားနှင့်ပတ်သက်သည့် ဆိုရိုးစကားများသည် သဘောတရားအရ မည်မျှမြင့်မြတ်ပြီး အပြုသဘောဆောင်ပါစေ ယင်းတို့သည် အမှန်တကယ်ပင် လူတို့၏ လုပ်ရပ်များနှင့် အပြုအမူအတွက် စံများ၊ သို့မဟုတ် ကျင့်ကြံနေထိုင်မှုစည်းမျဉ်းများဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် စည်းမျဉ်းများ၊ သို့မဟုတ် ကျင့်ကြံနေထိုင်မှု စံများမဟုတ်ပေ။ ဤသို့ဆိုလျှင် ယင်းတို့သည် မည်သည့်အရာများ အတိအကျ ဖြစ်သနည်း။ သင်တို့သည် ကိုယ်ကျင့်တရားနှင့်ပတ်သက်သည့် ဆိုရိုးစကားတစ်ခုစီ၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းအားဖြင့်၊ လူတို့ကြားတွင် ထွက်ပေါ်လာသော ဤကိုယ်ကျင့်တရားနှင့်ပတ်သက်သော ဆိုရိုးစကားများ၏ အမှန်တရားနှင့် အနှစ်သာရသည် မည်သည့်အရာများ အတိအကျ ဖြစ်သည်ဆိုသည်နှင့်ပတ်သက်ပြီး ကောက်ချက်ချနိုင်သလော။ ဤမေးခွန်းကို သင်တို့ လုံးဝ မစဉ်းစားဖူးကြသလော။ အုပ်ချုပ်သူလူတန်းစားကို မြှောက်ပင့်ပြီး မျက်နှာလိုမျက်နှာရလုပ်ကာ ၎င်းတို့ကို အစေခံရန် အလွန်လိုလားကြသော အတွေးအခေါ်သမားများ၊ ဘုရားတရားသမားများဆိုသောသူတို့၏ ရည်ရွယ်ချက်များကို ဘေးဖယ်ထားပြီး ဤအရာကို သာမန်လူ့သဘာဝ၏ ရှုထောင့်မှ စိစစ်ကြည့်ကြစို့။ ဤကိုယ်ကျင့်တရားနှင့်ပတ်သက်သော ဆိုရိုးစကားများသည် သမ္မာတရားအတွက် ရပ်တည်ဖို့ မဆိုထားနှင့်။ သမ္မာတရားပင် မဟုတ်သောကြောင့် ယင်းတို့သည် မှန်သယောင်ရှိသော်လည်း မှားနေခြင်းသာ ဖြစ်ရမည်။ ယင်းတို့သည် သေချာပေါက် အပြုသဘောဆောင်သောအရာများမဟုတ်ပေ။ ဤမျှအထိ သေချာသည်။ သင်တို့သည် ဤနည်းဖြင့် ၎င်းတို့ကို အရှိအတိုင်း သိမှတ်နိုင်လျှင် သင်တို့၏ စိတ်နှလုံးတွင် သမ္မာတရားအား သိနားလည်မှုအတိုင်းအတာ တစ်ခုခုကို ရရှိခဲ့ပြီးဖြစ်ကာ ပိုင်းခြားသိမြင်မှု အနည်းငယ် ရှိပြီးဖြစ်သည်ကို သက်သေပြသည်။ ဤကိုယ်ကျင့်တရားနှင့်ပတ်သက်သော ဆိုရိုးစကားများသည် အပြုသဘောဆောင်သော အရာများမဟုတ်သကဲ့သို့ လူတို့၏ လုပ်ရပ်များနှင့် အပြုအမူများအတွက် စံများလည်းမဟုတ်ပေ။ လိုက်နာသင့်သည့် လူတို့၏ ကျင့်ကြံနေထိုင်မှုအတွက် စည်းမျဉ်းများဆိုသည်မှာ ပို၍ပင်မဟုတ်သေးပေ။ ထို့ကြောင့် ထိုအရာများနှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေသည်။ ဤအရာကို အတွင်းကျကျ အဖြေရှာဖို့ ထိုက်တန်သလော။ (ထိုက်တန်ပါသည်။) သင်သည် “ကိုယ်ကျင့်တရား”ကိုသာ စဉ်းစားပြီး ဤဆိုရိုးစကားများသည် မှန်ကန်သောအမြင်များနှင့် အပြုသဘောဆောင်သောအရာများဖြစ်သည်ဟု ထင်မြင်လျှင် သင်သည် မှားယွင်းပြီး ထိုအရာများ၏ အယုံသွင်းခြင်း၊ လှည့်စားခြင်းကို ခံရလိမ့်မည်။ သူတော်ကောင်းအယောင်ဆောင်ခြင်းနှင့်ဆိုင်သောအရာသည် မည်သည့်အခါမျှ အပြုသဘောမဆောင်နိုင်ပေ။ ကိုယ်ကျင့်တရားအား ပြသခြင်း၊ လုပ်ရပ် အမျိုးမျိုးနှင့်ပတ်သက်လျှင် ယင်းတို့ကို ရိုးသားစစ်မှန်စွာနှင့် စိတ်နှလုံးထဲမှ လုပ်ဆောင်ခြင်းရှိမရှိဟူသည်ကို ခွဲခြားသိမြင်သင့်သည်။ ယင်းတို့ကို စိတ်မပါစွာဖြင့်၊ ဟန်ဆောင်လျက်၊ သို့မဟုတ် ရည်ရွယ်ချက်တစ်ခုခုကို ဖြစ်မြောက်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်လျှင် ဤသို့သော အပြုအမူကို ပြသရာတွင် ပြဿနာရှိသည်။ ဤကိုယ်ကျင့်တရားနှင့်ပတ်သက်သော ဆိုရိုးစကားများကို အရှိအတိုင်း သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ မည်သူက ငါ့ကို ပြောပြနိုင်သနည်း။ (စာတန်သည် လူတို့အား အထင်အမြင်လွဲမှားစေပြီး၊ ဖောက်ပြန်ပျက်စီးစေရန်အတွက် ကိုယ်ကျင့်တရားနှင့်ပတ်သက်သော ဆိုရိုးစကားများကို အသုံးပြုပါသည်။ လူတို့အား စာတန်နောက်လိုက်ပြီး ကိုးကွယ်စေရန်၊ ဘုရားသခင်နှင့် ဝေးကွာစေရန်ဖြစ်သော ရည်ရွယ်ချက်ကို ရရှိရန်အတွက် ဤဆိုရိုးစကားများကို လိုက်နာစေပြီး လက်တွေ့လုပ်ဆောင်စေသည်။ ဤသည်မှာ လူတို့ကို ဖျက်ဆီးရန်အတွက် စာတန်၏နည်းစနစ်များ၊ နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။) ဤသည်မှာ ကိုယ်ကျင့်တရားနှင့် ပတ်သက်သော ဆိုရိုးစကားများ၏ အနှစ်သာရမဟုတ်ပေ။ ဤသည်မှာ လူတို့အား အထင်အမြင်မှားစေရန်ဤသို့သော ဆိုရိုးစကားများကို အသုံးပြုခြင်းအားဖြင့် စာတန်ရရှိသော ရည်ရွယ်ချက်ဖြစ်သည်။ ရှေးဦးစွာ မည်သည့် ကိုယ်ကျင့်တရားနှင့် ပတ်သက်သော ဆိုရိုးစကားများမဆို သမ္မာတရားအတွက် ရပ်တည်နိုင်ဖို့ မဆိုထားနှင့်၊ သမ္မာတရားပင်မဟုတ်သည်ကို သင်တို့ ရှင်းလင်းစွာ သိရမည်။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများပင်မဟုတ်ပေ။ ဤသို့ဆိုလျှင် အတိအကျ မည်သည့်အရာများဖြစ်သနည်း။ ဤကိုယ်ကျင့်တရားနှင့် ပတ်သက်သော ဆိုရိုးစကားများသည် စာတန်က လူတို့အား လိမ်လည်သော မိစ္ဆာဒိဋ္ဌိဆန်သော အတွေးမှားများဖြစ်သည်ဟု သေချာပေါက် ဆိုနိုင်သည်။ ထိုအရာများသည် ၎င်းတို့ကိုယ်၌က လူတို့ပိုင်ဆိုင်သင့်သော သမ္မာတရား၏ စစ်မှန်မှုမဟုတ်သကဲ့သို့ သာမန်လူ့သဘာဝက အသက်ရှင်နေထိုင်သင့်သည့် အပြုသဘောဆောင်သောအရာများလည်း မဟုတ်ပေ။ ဤကိုယ်ကျင့်တရားနှင့်ပတ်သက်သော ဆိုရိုးစကားများတွင် အတုအယောင်များ၊ ဟန်ဆောင်မှုများ၊ မမှန်မကန်ပြုလုပ်ထားခြင်းများ၊ လှည့်ကွက်များပါဝင်သည်။ ယင်းတို့သည် အစစ်အမှန်မဟုတ်သော အပြုအမူများဖြစ်ပြီး၊ လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတွင်၊ သို့မဟုတ် လူသား၏ သာမန်စဉ်းစားပုံတွင် ပေါ်ပေါက်ခြင်း လုံးဝ မရှိပေ။ ထို့ကြောင့် ကိုယ်ကျင့်တရားနှင့် စပ်လျဉ်းသည့် ရိုးရာယဉ်ကျေးမှု၏ဆိုရိုးစကားများအားလုံးသည် ယုတ္တိမရှိပေ။ အဓိပ္ပာယ်မရှိသော မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများဖြစ်သည်။ ဤမိတ်သဟာယအနည်းငယ်နှင့် ယနေ့တွင် စာတန်တင်ပြသော ကိုယ်ကျင့်တရားအကြောင်း ဆိုရိုးစကားများသည် အလုံးစုံ သေခြင်းသို့ စီရင်ခံရပြီးဖြစ်သည်။ ယင်းတို့သည် အပြုသဘောဆောင်သောအရာများပင်မဟုတ်လျှင် လူတို့က လက်ခံနိုင်သည်မှာ အဘယ်သို့ဖြစ်သနည်း။ ဤအယူအဆ၊ ဤအမြင်များနှင့် လူတို့သည် မည်သို့ဖြစ်ပြီး ရှင်သန်နိုင်ကြသနည်း။ အကြောင်းမှာ ဤကိုယ်ကျင့်တရားနှင့် ပတ်သက်သော ဆိုရိုးစကားများသည် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် အလွန်ကိုက်ညီသောကြောင့် ဖြစ်သည်။ ယင်းတို့က လေးစားခြင်း၊ လက်ခံခြင်းကို ဖြစ်စေသည်။ ထို့ကြောင့် လူတို့သည် ဤကိုယ်ကျင့်တရားနှင့် ပတ်သက်သော ဆိုရိုးစကားများကို ၎င်းတို့စိတ်နှလုံးထဲမှ လက်ခံကြသည်။ လူတို့သည် လက်တွေ့မလုပ်နိုင်သော်လည်း စိတ်အတွင်းတွင် ထိုအရာများကို အလွန်အားရစွာ လက်ခံယုံကြည်ပြီး ကိုးကွယ်ကြသည်။ ထိုသို့ဖြင့် စာတန်သည် လူတို့ကို အထင်အမြင်လွဲမှားစေရန်၊ ၎င်းတို့၏ စိတ်နှလုံးနှင့် အပြုအမူကို ထိန်းချုပ်ရန်အတွက် ကိုယ်ကျင့်တရားနှင့် ပတ်သက်သော ဆိုရိုးစကားအမျိုးမျိုးကို အသုံးပြုသည်။ အကြောင်းမှာ လူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ကိုယ်ကျင့်တရားနှင့် ပတ်သက်သော ဆိုရိုးစကားမျိုးစုံကို ကိုးကွယ်ပြီး မျက်ကန်းယုံကြည်မှုရှိကြသည်။ ၎င်းတို့အားလုံးသည် ပိုမိုကြီးမားသော ဂုဏ်သိက္ခာ၊ မြင့်မြတ်မှု၊ ကြင်နာမှုရှိဟန်ဆောင်ပြီး ဤနည်းအားဖြင့် အလွန်အထင်ကြီးခံရကာ ချီးမွမ်းခံရဖို့ဖြစ်သော ၎င်းတို့၏ ပန်းတိုင်ကို ရရှိရန် ဤပြောဆိုချက်များကို အသုံးပြုလိုကြသည်။ အတိုချုပ်ပြောရလျှင်၊ လူတို့သည် အမှုအရာတစ်ခုခုကို လုပ်ဆောင်သောအခါ ကိုယ်ကျင့်တရားနယ်ပယ်တွင် အပြုအမူ၊ သို့မဟုတ် လူသားအရည်အသွေး အမျိုးအစားအချို့ကို ထင်ရှားစွာပြသသင့်သည်ဟု ကိုယ်ကျင့်တရားနှင့် ပတ်သက်သော ဆိုရိုးစကားမျိုးစုံတို့က လူတို့ကို တောင်းဆိုသည်။ ဤအပြုအမူများနှင့် လူသားအရည်အသွေးများသည် အလွန်မြင့်မြတ်သည့်ပုံစံရှိပြီး ကြည်ညိုလေးစားခြင်းခံရသည်။ ထို့ကြောင့် လူအားလုံးသည် ၎င်းတို့၏ စိတ်နှလုံးတွင် ထိုအရာများအပေါ် အလွန်ပင် ဆန္ဒပြင်းပြကြသည်။ သို့သော် ၎င်းတို့ ထည့်မစဉ်းစားသည့်အချက်မှာ ဤကိုယ်ကျင့်တရားနှင့် ပတ်သက်သော ဆိုရိုးစကားများသည် သာမန်လူတစ်ယောက်လိုက်နာသင့်သည့် ပြုမူနေထိုင်မှုစည်းမျဉ်းများ လုံးဝ မဟုတ်ခြင်းပင်ဖြစ်သည်။ ယင်းအစား ဤအရာများသည် လူတစ်ယောက်က ဟန်ဆောင်နိုင်သည့် သူတော်ကောင်းယောင်ဆောင်သော အပြုအမူအမျိုးမျိုးဖြစ်သည်။ ယင်းတို့သည် အသိစိတ်၊ ဆင်ခြင်တုံတရား၏ စံနှုန်းများမှ သွေဖည်သည်။ ပုံမန်လူ့သဘာဝ၏ စိတ်သဘောမှ ခွဲသွေသည်။ စာတန်သည် လူတို့ကို လှည့်စားရန်၊ စာတန်ကို ကိုးကွယ်ပြီး ထိုသူတော်ကောင်းယောင်ဆောင် ပညာရှိဆိုသူများကို ကိုးကွယ်ကြစေရန်၊ ဤနည်းအားဖြင့် ပုံမှန်လူ့သဘာဝနှင့် လူသားအပြုအမူအတွက် စံသတ်မှတ်ချက်များကို သာမန်အဖြစ်၊ ရိုးရှင်းပြီး နိမ့်ကျသောအရာများအဖြစ်ပင် လူတို့ကို မြင်စေရန်အတွက် မှားယွင်းပြီး ဟန်ဆောင်ထားသော ကိုယ်ကျင့်တရားနှင့် ပတ်သက်သော ဆိုရိုးစကားများကို အသုံးပြုသည်။ လူတို့သည် ထိုအရာများကို အထင်သေးပြီး ရွံရှာဖွယ်အဖြစ် ထင်မြင်ကြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် စာတန်က ထောက်ခံအားပေးသည့် ကိုယ်ကျင့်တရားနှင့် ပတ်သက်သော ဆိုရိုးစကားများသည် အမြင်တွင် အလွန်ကျေနပ်ဖွယ်ရာဖြစ်ပြီး လူ၏ အယူအဆများ၊ စိတ်ကူးများနှင့် အလွန် ကိုက်ညီသောကြောင့် ဖြစ်သည်။ သို့သော် အမှန်တွင် ကိုယ်ကျင့်တရားနှင့် ပတ်သက်သော ဆိုရိုးစကားသည် မည်သည့်အရာဖြစ်နိုင်ပါစေ လောကတွင် လူတို့ ပြုမူဆောင်ရွက်ခြင်း သို့မဟုတ် ဆက်ဆံမှုများတွင် ၎င်းတို့လိုက်နာသင့်သည့် စည်းမျဉ်းမဟုတ်ပေ။ သေချာစဉ်းစားတွေးတောကြည့်လော့။ ဤကဲ့သို့ ဖြစ်သည် မဟုတ်လော။ အနှစ်သာရအားဖြင့်၊ ကိုယ်ကျင့်တရားနှင့် ပတ်သက်သော ဆိုရိုးစကားများသည် လူတို့ကို ပို၍ ဂုဏ်ရှိသော၊ မြင့်မြတ်သောဘဝများကို အပေါ်ယံအားဖြင့် ရှင်သန်စေပြီး ဤသို့ဖြင့် လူတို့အား ဤအရာများကို အထင်သေးဖို့ထက် ကိုးကွယ်၊ ချီးမွမ်းစေသည့် တောင်းဆိုချက်များသာဖြစ်သည်။ ဤဆိုရိုးစကားများ၏ အနှစ်သာရက ယင်းတို့သည် လူတို့ကို ကောင်းသောအပြုအမူမှတစ်ဆင့် ကောင်းသော ကိုယ်ကျင့်တရားကို ထင်ထင်ရှားရှားပြသစေပြီး ဤနည်းအားဖြင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ရည်မှန်းချက်များနှင့် လွန်ကျူးသော ဆန္ဒများကို ဖုံးကွယ်ကာ ကန့်သတ်စေရန်၊ လူ၏ ဆိုးယုတ်ပြီး အကျည်းတန်သော သဘာဝ အနှစ်သာရအပြင် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ သရုပ်သကန်များကို ဖုံးကွယ်ရန် တောင်းဆိုချက်များသာဖြစ်သည်ကို ပြသည်။ ဤအရာများသည် လူတစ်ယောက်၏ ပင်ကိုစရိုက်ကို အပေါ်ယံဆန်သော အပြုအမူကောင်းများ၊ အလေ့အကျင့်များမှတစ်ဆင့် မြှင့်တင်ပေးရန်၊ သူ့အပေါ် အခြားလူများ၏ အမြင်နှင့် ပိုမိုကျယ်ပြန့်သော လောက၏ ထင်မြင်ယူဆချက်ကို မြှင့်တင်ပေးရန် ရည်ရွယ်သည်။ ကိုယ်ကျင့်တရားနှင့် ပတ်သက်သော ဆိုရိုးစကားများသည် လူ၏ အတွင်းကျသော အတွေးများ၊ အမြင်များ၊ ရည်မှန်းများ၊ ရည်ရွယ်ချက်များ သူ၏ အကျည်းတန်သော မျက်နှာထား၊ သူ၏ သဘာဝ အနှစ်သာရတို့ကို အပေါ်ယံဆန်သော အပြုအမူ၊ အလေ့အကျင့်များနှင့် ဖုံးကွယ်ခြင်းဖြစ်သည်ဆိုသည်ကို ဤအချက်များက ပြသည်။ ထိုအရာများကို အောင်မြင်စွာ ဖုံးကွယ်၍ရနိုင်သလော။ ထိုအရာများကို ဖုံးကွယ်ရန် ကြိုးစားခြင်းသည် ပို၍ပင် သိသာစေသည် မဟုတ်လော။ သို့သော် စာတန်က ထိုအရာကို ဂရုမစိုက်ပေ။ စာတန်၏ ရည်ရွယ်ချက်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အကျည်းတန်သော မျက်နှာထားကို ဖုံးကွယ်ရန်၊ လူ၏ ဖောက်ပြန်ပျက်စီးမှု အမှန်တရားကို ဖုံးကွယ်ရန် ဖြစ်သည်။ ထို့ကြောင့် စာတန်သည် လူတို့ကို မိမိတို့ကိုယ်ကို အယောင်ဆောင်စေရန် ကိုယ်ကျင့်တရား၏ အပြုအမူဆိုင်ရာ ပြောဆိုချက်များကို ခံယူကျင့်သုံးစေသည်။ ယင်းမှာ စာတန်က လူ့အသွင်အပြင်၏ သေသပ်သော ပြယုဂ်တစ်ခု ပြုလုပ်ရန် ကိုယ်ကျင့်တရား၏ စည်းကမ်းများ၊ အပြုအမူများကို အသုံးပြုသည်ဟု ဆိုလိုသည်။ ဤနည်းအားဖြင့် လူတစ်ယောက်သည် အခြားလူတို့၏ အထင်ကြီးမှုနှင့် ချီးမွမ်းမှုကို ရရှိနိုင်ဖို့အတွက် သူ၏ လူသားအရည်အသွေးများနှင့် ပင်ကိုစရိုက်တို့ကို မြှင့်တင်သည်။ အခြေခံအားဖြင့် ဤ ကိုယ်ကျင့်တရားနှင့် ပတ်သက်သော ဆိုရိုးစကားများသည် လူတစ်ယောက်က မြင့်မြတ်သလော၊ နိမ့်ကျသလောဆိုသည်ကို သူ၏ အပြုအမူဆိုင်ရာ သရုပ်သကန်များနှင့် ကိုယ်ကျင့်တရားစံနှုန်းများကို အခြေခံပြီး ဆုံးဖြတ်ပေးသည်။ ဥပမာ တစ်စုံတစ်ယောက်က ကိုယ်ကျိုးမငဲ့ခြင်းရှိမရှိကို တိုင်းတာခြင်းသည် အခြားလူများ၏ အကျိုးအတွက် မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အနစ်နာခံခြင်းအား ထင်ရှားစေခြင်းအပေါ်တွင် မူတည်သည်။ ထိုအရာကို သူ ကောင်းစွာ ထင်ရှားစေလျှင်၊ သူ့ကိုယ်သူ ကောင်းစွာ အယောင်ဆောင်လျှင်၊ သူ့ကိုယ်သူ အထူးသဖြင့် လေးစားဖွယ်ရာကောင်းပုံပေါ်စေလျှင် ဤလူသည် သမာဓိနှင့် ဂုဏ်သိက္ခာရှိသည့်သူတစ်ယောက်အဖြစ်၊ အခြားလူများ၏ အမြင်တွင် အထူးပင် မြင့်မားသော ကိုယ်ကျင့်တရားစံနှုန်းများ ရှိသူတစ်ယောက်အဖြစ် မှတ်ယူခြင်းခံရလိမ့်မည်။ ပြီးလျှင် နိုင်ငံတော်က ထိုသူအား အခြားလူများက သင်ယူရမည့်၊ ကိုးကွယ်ရမည့်၊ အတုယူရမည့် ကိုယ်ကျင့်တရား စံတင်လောက်သူတစ်ဦးဖြစ်ခြင်းအတွက် မော်ကွန်းကျောက်ပြားတစ်ခု ချီးမြှင့်လိမ့်မည်။ ဤသို့ဆိုလျှင် အမျိုးသမီးတစ်ယောက်က ကောင်းမြတ်သလော၊ ဆိုးယုတ်သလောဆိုသည်ကို လူတို့ မည်သို့ အကဲဖြတ်သင့်သနည်း။ သူမ၏ အသိုင်းအဝိုင်းအတွင်းတွင် ထိုအမျိုးသမီး ဖော်ထုတ်ပြသသော အပြုအမူအမျိုးမျိုးသည် “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာရမည်၊ အနွံအနာခံရမည်” ဆိုသည့် ဆိုရိုးစကားနှင့် ကိုက်ညီမှုရှိမရှိကို ကြည့်ခြင်းအားဖြင့် ဖြစ်သည်။ သူမသည် အကျင့်သီလကောင်းခြင်း၊ ကြင်နာပြီး အနွံအနာခံခြင်းအားဖြင့် အဘက်ဘက်မှ ကိုက်ညီကာ အသက်ကြီးသူများကို အဆုံးစွန်လေးစားမှုပြသခြင်း၊ အများအကျိုးအတွက် ထည့်စဉ်းစားပြီး အလျှော့ပေးရန် အဆင်သင့်ဖြစ်ခြင်း၊ အလွန့်အလွန် စိတ်ရှည်ပြီး ဆင်းရဲဒုက္ခများကို ခါးစီးခံနိုင်ခြင်း၊ လူတို့အပေါ် အာဃာတမထားခြင်း၊ သို့မဟုတ် အခြားလူများနှင့် မငြင်းခုံခြင်း၊ သူမ၏ ယောက္ခထီး၊ ယောက္ခမများကို လေးစားပြီး သူမ၏ ခင်ပွန်းနှင့် သားသမီးများကို ကောင်းစွာစောင့်ရှောက်ခြင်း၊ မိမိအတွက် လုံးဝ မစဉ်းစားခြင်း၊ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မရှာဖွေခြင်း၊ အသွေးအသား၏ သာယာမှုများကို မခံစားခြင်း စသဖြင့်တို့ရှိလျှင် သူမသည် အမှန်ပင် အကျင့်သီလကောင်းသည့်၊ ကြင်နာကာ နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရားရှိသော အမျိုးသမီးဖြစ်သည်။ လူတို့သည် အမျိုးသမီးများ၏ ကိုယ်ကျင့်တရားကို အကဲဖြတ်ရန် ဤအပြင်ပန်းအပြုအမူများကို အသုံးပြုကြသည်။ လူတစ်ယောက်၏ တန်ဖိုး၊ ကောင်းခြင်း၊ ဆိုးခြင်းကို သူ၏ အပေါ်ယံ အလေ့အထများ၊ အပြုအမူများဖြင့် တိုင်းတာခြင်းသည် မတိကျသကဲ့သို့ လက်တွေ့ကျခြင်းလည်း မရှိပေ။ ဤသို့ အခိုင်အမာပြောဆိုခြင်းသည်လည်း မှားယွင်းသည်။ လှည့်စားတတ်ပြီး ယုတ္တိမရှိပေ။ ဤသည်မှာ လူတို့တွင် ပေါ်လွင်သော ကိုယ်ကျင့်တရားနှင့် ပတ်သက်သော ဆိုရိုးစကားများနှင့်ပတ်သက်သည့် အဓိကပြဿနာဖြစ်သည်။
အထက်တွင် ပြောခဲ့သည့် အချို့သော ကဏ္ဍများအရ ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်သည့် ဤဆိုရိုးစကားများသည် အမှန်ပင် ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများဖြစ်သလော။ (မဟုတ်ပါ။) ယင်းတို့သည် သာမန်လူ့သဘာဝ၏ လိုအပ်ချက်များကို လုံးဝ မဖြည့်ဆည်းပေးဘဲ လုံးလုံးလျားလျားပင် ဆန့်ကျင်နေသည်။ လူသားမျိုးနွယ်အား ၎င်းတို့ ပံ့ပိုးသောအရာသည် ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများ မဟုတ်သကဲ့သို့ လူတို့၏ လုပ်ရပ်များ၊ အပြုအမူများနှင့်ဆိုင်သည့် စည်းမျဉ်းများလည်း မဟုတ်ပေ။ ပြောင်းပြန်ပင်ဖြစ်သည်။ ယင်းတို့သည် လူတို့အနေဖြင့် အထင်ကြီးပြီး ချီးမွမ်းခံရဖို့အတွက် မိမိတို့ကိုယ်ကို အယောင်ဆောင်ဖို့၊ ဖုံးကွယ်ဖို့၊ အခြားလူများရှေ့တွင် ပုံစံတစ်မျိုးဖြင့် ပြုမူလုပ်ဆောင်ဖို့ လိုအပ်လာစေသည်။ လူတို့အား မိမိတို့ကိုယ်ကို မည်သို့ မှန်ကန်စွာ ကျင့်ကြံပြုမူရမည်ဆိုသည်ကိုဖြစ်စေ၊ ပြုမူနေထိုင်ရန် မှန်ကန်သောနည်းလမ်းကိုဖြစ်စေ နားလည်စေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ လူတို့အား အခြားလူများ၏ အယူအဆများ၊ စိတ်ကူးများနှင့်အညီ နေထိုင်စေရန်၊ အခြားလူများ၏ ချီးမွမ်းခြင်းနှင့် အသိအမှတ်ပြုခြင်းကို ရရှိစေရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် တောင်းဆိုသည့်အရာ လုံးဝ မဟုတ်ပေ။ ဘုရားသခင် တောင်းဆိုသည့်အရာမှာ လူတို့အနေဖြင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြုမူနေထိုင်ရန်ဖြစ်သည်။ လူတို့ထင်မြင်သည့်အရာကို ဂရုစိုက်မည့်အစား ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိဖို့ အာရုံစိုက်ရန်ဖြစ်သည်။ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများသည် လူတို့၏ အတွေးများ၊ အမြင်များနှင့် သက်ဆိုင်သည့်၊ သို့မဟုတ် ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့် သက်ဆိုင်သည့် ပြဿနာများကို ဖြေရှင်းခြင်းထက် လူတို့အား ၎င်းတို့၏ အပြုအမူ၊ အလေ့အထများနှင့် ၎င်းတို့ ဖော်ပြသည့် အသွင်အပြင်တွင် ဟန်ဆောင်ခြင်းဖြစ်လျှင်ပင် သင့်တင့်လျောက်ပတ်ပြီး မြင့်မြတ်ရန် တောင်းဆိုခြင်းနှင့်သာ ပို၍ သက်ဆိုင်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ရိုးရာယဉ်ကျေးမှုရှိ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သော ဆိုရိုးစကားများက လူတို့အပေါ် ချမှတ်ထားသော သတ်မှတ်ချက်များသည် လူတို့၏ အနှစ်သာရအပေါ်တွင် အခြေခံမထားပေ။ ပြီးလျှင် စွမ်းဆောင်ရရှိနိုင်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားနယ်ပယ်ကို ပို၍ပင် ထည့်မစဉ်းစားပေ။ တစ်ချိန်တည်းတွင် လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး လူတို့အားလုံးက တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်ဖွယ်ကောင်းသည်ဆိုသည့် အရှိအတိုင်းဖြစ်သော အချက်ကို ဆန့်ကျင်ပြီး လူတို့၏ အပြုအမူနှင့် အလေ့အထများနှင့်ပတ်သက်လျှင် ဤအရာ၊ ထိုအရာကို အတင်းလုပ်ဆောင်ခိုင်းလေသည်။ ထို့ကြောင့် ယင်းတို့က လူတို့အပေါ်တွင် သတ်မှတ်ချက်များကို မည်သည့်ရှုထောင့်မှ ထားရှိသည်ဖြစ်စေ လူတို့အား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ချုပ်နှောင်မှုနှင့် ဘောင်ခတ်မှုမှ အခြေခံအားဖြင့် မလွတ်မြောက်စေနိုင်သကဲ့သို့ လူတို့၏ အနှစ်သာရနှင့်ဆိုင်သော ပြဿနာကိုလည်း မဖြေရှင်းပေးနိုင်ပေ။ တစ်နည်းအားဖြင့် ယင်းတို့သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်သက်ဆိုင်သည့် ပြဿနာများကို မဖြေရှင်းနိုင်ပေ။ ဤအတွက်ကြောင့် ထိုအရာများသည် လူတို့၏ ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများနှင့် ဦးတည်ချက်ကို မပြောင်းလဲစေနိုင်သကဲ့သို့ မည်သို့ ကျင့်ကြံပြုမူရမည်၊ အခြားလူများကို မည်သို့ဆက်ဆံရမည်၊ သို့မဟုတ် အပြုသဘောဆောင်သော ရှုထောင့်မှနေ၍ လူတို့ကြားဆက်ဆံရေးများကို မည်သို့ ကိုင်တွယ်ရမည်ဆိုသည်ကို လူတို့အား နားလည်စေရန်လည်း မလုပ်ဆောင်နိုင်ပေ။ အခြားရှုထောင့်တစ်ခုမှပြောရလျှင် ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သော ဆိုရိုးစကားများသည် လူတို့အားပေးထားသော စည်းကမ်းနှင့် အပြုအမူဆိုင်ရာ ကန့်သတ်မှု အမျိုးအစားတစ်ခုသာဖြစ်သည်။ အသွင်အပြင်အားလုံးတွင် အတော်အတန် ကောင်းသည့် ပုံစံရှိသော်လည်း ဤအရာများသည် လူတို့၏ စဉ်းစားပုံနှင့် အမြင်များကို အမှုမဲ့အမှတ်မဲ့ သက်ရောက်သွားစေသည်။ လူတို့အား ကန့်သတ်ပြီး ချည်နှောင်သည်။ ရလဒ်အနေဖြင့် လူတို့သည် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ရပ်တို့၏ မှန်ကန်သော စည်းမျဉ်းနှင့် လမ်းကြောင်းကို ရှာမတွေ့နိုင်ပေ။ ဤအခြေအနေတွင် လူတို့သည် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အယူအဆများ၊ အမြင်များ၏ လွှမ်းမိုးမှုကို တွန့်ဆုတ်စွာ လက်ခံရုံသာ တတ်နိုင်ကြ၏။ ပြီးလျှင် ဤလွဲမှားသော အယူအဆများနှင့် အမြင်များ၏ လွှမ်းမိုးမှုအောက်တွင် လူတို့သည် ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများ၊ ပန်းတိုင်များနှင့် ဦးတည်ချက်တို့ အမှုမဲ့အမှတ်မဲ့ ပျောက်ဆုံးကြလေသည်။ ဤအတွက်ကြောင့် ဖောက်ပြန်ပျက်စီးသော လူသားများသည် မှောင်မိုက်ထဲသို့ ကျရောက်ပြီး အလင်းကို ဆုံးရှုံးကြရသည်။ ဤသို့ဖြင့် ၎င်းတို့သည် မမှန်မကန်ပြုလုပ်ခြင်း၊ ဟန်ဆောင်ခြင်းနှင့် လှည့်ဖြားခြင်းတို့ကို အမှီပြုခြင်းအားဖြင့် ကျော်ကြားမှုနှင့် တစ်ကိုယ်ရေအကျိုးအမြတ်နောက်ကို လိုက်ရုံသာ တတ်နိုင်ကြသည်။ ဥပမာအနေဖြင့် သင်သည် အကူအညီလိုသည့်သူတစ်ယောက်ကို မြင်သောအခါ “သင့်လျော်သော ကျင့်ကြံပြုမူခြင်းဟူသည်မှာ သူတစ်ပါးတို့အား ကူညီခြင်းဖြင့် ရရှိသည့် ပီတိကို ခံစားခြင်းဖြစ်သည်။ ဤသည်မှာ လူတို့၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံစည်းမျဉ်းနှင့် ကိုယ်ကျင့်တရား စံနှုန်းဖြစ်သည်” ဟူ၍ ရုတ်ချည်း စဉ်းစားမိသည်။ ထို့ကြောင့် သင်သည် ထိုသူကို မရည်ရွယ်ဘဲ ကူညီမိလိမ့်မည်။ ကူညီပြီးသည့်နောက်တွင် ဤသို့ ကျင့်ကြံပြုမူခြင်းအားဖြင့် သင်သည် မြင့်မြတ်ပြီး လူ့သဘာဝအနည်းငယ်ကို ပိုင်ဆိုင်သည်ဟု ခံစားရသည်။ ပြီးလျှင် သင်သည် သင့်ကိုယ်သင် မြင့်မြတ်သောသူအဖြစ်၊ မြင့်မြတ်သော အကျင့်စရိုက်ရှိသူအဖြစ်၊ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားရှိသူ အဖြစ်ပင် အမှုမဲ့အမှတ်မဲ့ ချီးမွမ်းမိသည်။ ပြီးလျှင် သင့်ကိုယ်သင် လေးစားထိုက်သူအဖြစ် ချီးမွမ်းသည်မှာလည်း အမှန်ပင် ဖြစ်သည်။ သင်သည် ထိုသူအား မကူညီလျှင် သင်က “အို ငါသည် လူကောင်းတစ်ယောက်မဟုတ်။ ငါသည် အကူအညီ လိုသူတစ်ယောက်နှင့် ကြုံပြီး ကူညီပေးရန် စဉ်းစားသောအခါတိုင်းတွင် ကိုယ့်အကျိုးစီးပွားကိုသာ အစဉ်သဖြင့် စဉ်းစားသည်။ ငါသည် အလွန် တစ်ကိုယ်ကောင်းဆန်သောသူဖြစ်သည်” ဟူ၍ တွေးသည်။ သင်သည် သင့်ကိုယ်သင် တိုင်းတာရန်၊ ကန့်သတ်ရန်နှင့် မည်သည့်အရာက မှန်သည်၊ မှားသည်ကို အကဲဖြတ်ရန်အတွက် “သူတစ်ပါးတို့အား ကူညီခြင်းဖြင့်ရရှိသည့် ပီတိကို ခံစားပါ” ဆိုသည့် သဘောတရားဆိုင်ရာ အမြင်ကို အမှုမဲ့အမှတ်မဲ့ အသုံးပြုမိလိမ့်မည်။ သင်သည် ဤအရာကို လက်တွေ့မလုပ်ဆောင်နိုင်သောအခါ သင့်ကိုယ်သင် စက်ဆုပ်မည်၊ သို့မဟုတ် အထင်သေးမည်။ ပြီးလျှင် အတော်အတန် စိတ်မအေးနိုင်ဖြစ်လိမ့်မည်။ သင်သည် သူတစ်ပါးတို့ကို ကူညီခြင်းမှရရှိသော ပီတိကို ခံစားနိုင်သူများကို လေးစားပြီး အသိအမှတ်ပြုသည့် အကြည့်ဖြင့် ကြည့်လိမ့်မည်။ ၎င်းတို့သည် သင့်ထက်ပို၍ မြင့်မြတ်သည်။ သင့်ထက်ပို၍ ဂုဏ်ရှိသည်။ ပြီးလျှင် သင့်ထက်ပို၍ ကိုယ်ကျင့်သိက္ခာရှိသည်ဟု ခံစားရလိမ့်မည်။ သို့ရာတွင် ဤသို့သောပြဿနာများနှင့် ပတ်သက်လာသည့်အခါ၊ ဘုရားသခင်၏ သတ်မှတ်ချက်များက မတူပေ။ ဘုရားသခင်၏ သတ်မှတ်ချက်များသည် သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားစည်းမျဉ်းများကို သင် လိုက်နာရန်ဖြစ်သည်။ ကိုယ်ကျင့်တရား အပြုအမူနှင့်ပတ်သက်လျှင် လူတို့သည် မည်သို့ ကျင့်သုံးသင့်သနည်း။ ရိုးရာ ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးမှုဆိုင်ရာ အမြင်များကို လိုက်နာခြင်းအားဖြင့်လော၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို လိုက်နာခြင်းအားဖြင့်လော။ လူတိုင်းက ဤရွေးချယ်မှုကို ရင်ဆိုင်ရသည်။ ယခုတွင် ဘုရားသခင်က လူတို့အား သွန်သင်ပေးသည့် သမ္မာတရားစည်မျဉ်းများအကြောင်းကို သင်တို့ ရှင်းလင်းသလော။ ထိုအရာတို့ကို နားလည်ကြသလော။ သင်သည် ထိုအရာများအား မည်မျှကောင်းစွာ လိုက်နာသနည်း။ ယင်းတို့ကို လိုက်နာသောအခါတွင် သင်သည် မည်သည့်အတွေးအမြင်များ၏ လွှမ်းမိုးခြင်းနှင့် နှောင့်ယှက်ခြင်းကို ခံရသနည်း။ ပြီးလျှင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပေါ်လွင်သနည်း။ သင့်ကိုယ်သင် ဤသို့ ဆင်ခြင်သုံးသပ်သင့်သည်။ သင်၏ စိတ်နှလုံးတွင် ရိုးရာယဉ်ကျေးမှုရှိ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများ၏ အနှစ်သာရကို အတိအကျ မည်မျှ သင် ရှင်းလင်းစွာ မြင်နိုင်သနည်း။ ရိုးရာယဉ်ကျေးမှုသည် သင်၏ စိတ်နှလုံးတွင် နေရာရှိဆဲဖြစ်သလော။ ဤအရာအားလုံးသည် လူတို့ဖြေရှင်းရမည့် ပြဿနာများဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်သွားသောအခါ၊ သင်သည် သမ္မာတရားကို ကျိုးနွံနာခံဖို့နှင့် ဘုရားနှုတ်ကပတ်တော်များကို လိုက်နာဖို့ အပြည့်အဝပင် လုံးဝအလျှော့မပေးဘဲ လုပ်ဆောင်နိုင်သောအခါ သင် လက်တွေ့လုပ်ဆောင်သည့်အရာသည် သမ္မာတရားစည်းမျဉ်းများနှင့် အလုံးစုံ ကိုက်ညီသည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ကန့်သတ်ခြင်းကို ခံရမည်မဟုတ်တော့ပေ၊ သို့မဟုတ် ရိုးရာယဉ်ကျေးမှု၏ ကိုယ်ကျင့်တရား အယူအဆများနှင့် အမြင်များ၏ ချည်နှောင်ခြင်းကို ခံရမည်မဟုတ်တော့ပေ။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်ကို တိကျစွာ လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်နိုင်လိမ့်မည်။ ဤအရာတို့သည် ယုံကြည်သူများ၏ ကျင့်ကြံမှုနှင့် ပြုမူဆောင်ရွက်မှုများကို လွှမ်းမိုးသင့်သည့် စည်းမျဉ်းများဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်သောအခါ၊ ဘုရားနှုတ်ကပတ်တော်ကို လိုက်နာပြီး သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်သောအခါ သင်သည် ကောင်းသော ကိုယ်ကျင့်တရား အပြုအမူရှိသူတစ်ယောက် ဖြစ်မည်သာမက ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်နိုင်သူလည်း ဖြစ်လိမ့်မည်။ သင်သည် ကျင့်ကြံပြုမူခြင်းနှင့်ဆိုင်သော စည်းမျဉ်းများနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ ကိုယ်ကျင့်တရား အပြုအမူ စံနှုန်းများကို ပိုင်ဆိုင်ရုံသာမကဘဲ သင်၏ ကျင့်ကြံပြုမူမှုတွင်လည်း သမ္မာတရား စည်းမျဉ်းများရှိသည်။ သမ္မာတရားစည်းမျဉ်းများကို လိုက်နာခြင်းနှင့် ကိုယ်ကျင့်တရား အပြုအမူ၏ စံသတ်မှတ်ချက်ကို လိုက်နာခြင်းတွင် ကွာခြားမှုရှိသလော။ (ရှိပါသည်။) မည်သို့ ကွာခြားသနည်း။ ကိုယ်ကျင့်တရား အပြုအမူ၏ သတ်မှတ်ချက်များကို လိုက်နာခြင်းသည် အပြုအမူဆိုင်ရာ လက်တွေ့လုပ်ဆောင်မှုနှင့် သရုပ်သကန်သာ ဖြစ်ပြီး သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်မှုမှာမူ အပြင်ပန်းတွင် လက်တွေ့လုပ်ဆောင်မှုတစ်ခု ဖြစ်သည့်ပုံစံရှိသော်လည်း ဤလက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားစည်းမျဉ်းများကို လိုက်နာသည်။ ဤရှုထောင့်မှကြည့်လျှင် သမ္မာတရားစည်းမျဉ်းများကို လိုက်နာခြင်းသည် ကျင့်ကြံပြုမူခြင်း၊ လူတို့လျှောက်သည့်လမ်းကြောင်းတို့နှင့် ဆက်နွှယ်နေသည်။ ဤသည်မှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားနှုတ်ကပတ်တော်တွင်ရှိသော သမ္မာတရားစည်းမျဉ်းများကို လိုက်နာလျှင် ယင်းသည် မှန်ကန်သော လမ်းကြောင်းကို လျှောက်ခြင်းဖြစ်ပြီး ရိုးရာယဉ်ကျေးမှုရှိ ကိုယ်ကျင့်တရား အပြုအမူ၏ သတ်မှတ်ချက်များကို လိုက်လျှောက်ခြင်းမှာမူ အပြုအမူကို ပြသခြင်းမျှသာဖြစ်သည်၊ စည်းကမ်းများကို လိုက်နာသကဲ့သို့သာ ဖြစ်သည်ဟု ဆိုလိုသည်။ ယင်းတွင် သမ္မာတရား စည်းမျဉ်းများ မပါဝင်သကဲ့သို့ လူတို့လျှောက်သည့် လမ်းကြောင်းနှင့်လည်း မဆက်စပ်ပေ။ ငါပြောသည့်အရာကို သင်နားလည်သလော။ (နားလည်ပါသည်။) ဥပမာတစ်ခုပြမည်။ ဥပမာအနေဖြင့် “အများအကျိုးအတွက် မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံပါ။” ဆိုသည့် ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားသည် လူတို့အား အချိန်မရွေး၊ အခြေအနေမရွေး “ကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်ပါ” ဟု တောင်းဆိုသည်။ ဘာသာတရားမဲ့သူများကြားတွင် ယင်းသည် ကိုယ်ကျင့်စရိုက်မြင့်မြတ်ပြီး သမာဓိခိုင်မာသည်ဟု ပြောဆိုခြင်းခံရသော ပုံစံဖြစ်သည်။ “ကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်ပါ” ဆိုသည်မှာ ဟိတ်ဟန်ကြီးမားလိုက်သည့် အလင်္ကာပါတကား။ ယင်းသည် ကိုယ်ကျင့်စရိုက် မြင့်မြတ်ပြီး သမာဓိခိုင်မာသည့်ပုံစံသာရှိပြီး လူတို့အနေဖြင့် မိမိတို့၏ ကျင့်ကြံပြုမူခြင်းအားဖြင့် လိုက်နာသင့်သည့် သမ္မာတရား စည်းမျဉ်းမဟုတ်သည်မှာ စိတ်မကောင်းဖွယ်ဖြစ်သည်။ အမှန်မှာ “ကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်ပါ”ဆိုသည့် ဤဆိုရိုးစကား၏ အဆုံးစွန်ရည်ရွယ်ချက်၊ လူတို့အား သူတစ်ပါးတို့အတွက် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အနစ်နာခံစေခြင်း၏ အဆုံးစွန်ရည်ရွယ်ချက်မှာ အမှန်တကယ်တွင် အခြားလူများက ၎င်းတို့အား အစေခံသည်ကို သေချာစေရန်ဖြစ်သည်။ လူတို့၏ ဦးတည်ချက်များ၊ ရည်ရွယ်ချက်များ၏ အမြင်ရှုထောင့်မှကြည့်လျှင် ဤဆိုရိုးစကားသည် စာတန်ဆန်သော အတွေးအခေါ်များသက်ရောက်မှုရှိပြီး အပေးအယူ အမျိုးအစားတစ်ခုရှိသည်။ ဤအရာမှနေ၍ “ကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်ပါ”ဆိုသည့် ဆိုရိုးစကားတွင် သမ္မာတရားစည်းမျဉ်းများရှိမရှိကို သင် ဆုံးဖြတ်နိုင်သလော။ လုံးဝ မရှိပေ။ ယင်းသည် ကျင့်ကြံနေထိုင်မှု စည်းမျဉ်းလုံးဝ မဟုတ်ပေ။ စာတန်ဆန်သော အတွေးအခေါ်သက်သက်သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ၎င်းတို့၏ နည်းပါးသော ကိုယ်ကျိုးကို စွန့်ပစ်ရသည့် ရည်ရွယ်ချက်မှာ ၎င်းတို့၏ ကြီးမားသော ကိုယ်ကျိုးကို အကောင်အထည်ဖော်ရန် ဖြစ်သည်။ ဤသို့သော ကျင့်သုံးမှုသည် မြင့်မြတ်သည်ဖြစ်စေ၊ အောက်တန်းကျသည်ဖြစ်စေ လူတို့အား ချည်နှောင်သည့် စည်းကမ်းတစ်ခုသာဖြစ်သည်။ ယင်းသည် ကျိုးကြောင်းဆီလျော်သည့် ပုံစံရှိသော်လည်း အနှစ်သာရတွင် ယုတ္တိမရှိသကဲ့သို့ အဓိပ္ပာယ်မရှိပေ။ ဤကျင့်သုံးမှုသည် သင့်အပေါ်သို့ မည်သည့်အရာကျရောက်ပါစေ အခြားလူများအတွက် မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အနစ်နာခံရန်သာ လူတို့ကို တောင်းဆိုသည်။ သင်က လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ၊ လုပ်ဆောင်နိုင်သည်ဖြစ်စေ၊ မလုပ်ဆောင်နိုင်သည်ဖြစ်စေ၊ ပတ်ဝန်းကျင်က မည်သို့ရှိသည်ဖြစ်စေ သူတစ်ပါးတို့အတွက် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အနစ်နာခံရန်သာ သင့်အား တောင်းဆိုသည်။ သင်သည် “ကိုယ်ကျိုး”ကို မစွန့်ပစ်နိုင်လျှင် “အများအကျိုးဆောင်ပါ” ဆိုသည့် စကားက သင့်အား သွေးဆောင်နေသည်။ ဤသို့ဖြင့် သင်သည် သူတစ်ပါးတို့အတွက် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အနစ်နာမခံနိုင်သော်လည်း ထိုစကားကို လက်မလွှတ်ချင်သေးပေ။ လူတို့သည် “အများအကျိုးဆောင်ပါ” ဆိုသည့် အတွေး၏ သွေးဆောင်ခြင်းကို ခံရသည်။ ဤသို့သော အခြေအနေများတွင် ရွေးချယ်မှုပြုလုပ်ရန် ခက်ခဲသည်။ ဤသို့ဆိုလျှင် သူတစ်ပါးတို့အတွက် မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားကို အနစ်နာခံခြင်းသည် ကျင့်ကြံနေထိုင်မှု စည်းမျဉ်းတစ်ခုဖြစ်သလော။ အပြုသဘောဆောင်သော ရလဒ်များကို ရရှိစေနိုင်သလော။ လူတိုင်းက မိမိတို့ကိုယ်ကို အလွန်ကောင်းစွာ ဖုံးကွယ်ထားကြပြီး အဆုံးစွန်သော မြင့်မြတ်မှု၊ ဂုဏ်နှင့် ကိုယ်ကျင့်သိက္ခာတို့ကို ပြသကြသည်။ သို့သော် အဆုံးတွင် ရလဒ်မှာ အဘယ်နည်း။ အချည်းနှီးဖြစ်လာလိမ့်မည်ဟုသာ ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤသို့လုပ်ဆောင်ခြင်းသည် အခြားလူများ၏ အသိအမှတ်ပြုခြင်းကိုသာ ရယူနိုင်ပြီး ဖန်ဆင်းရှင်၏ လက်ခံမှုကို မရယူနိုင်သောကြောင့်ဖြစ်သည်။ ဤသည်မှာ မည်သို့ ဖြစ်လာသနည်း။ လူတိုင်း ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရားနှင့်ပတ်သက်သော ဆိုရိုးစကားများကို လိုက်နာခြင်း၊ စာတန်ဆန်သော အတွေးအခေါ်များကို လိုက်လျှောက်ခြင်း၏ ရလဒ်ဖြစ်သလော။ လူတိုင်းက ဘုရားနှုတ်ကပတ်တော်ကို လက်ခံလျှင်၊ မှန်ကန်သော အယူအဆများနှင့် အမြင်များကို လက်ခံလျှင်၊ သမ္မာတရားစည်းမျဉ်းများကို ကိုင်စွဲလျှင်၊ ဘဝတွင် ဘုရားသခင်က လမ်းပြသည့် ဦးတည်ချက်နောက်သို့လိုက်လျှင် ဘဝတွင် လမ်းမှန်ကို လျှောက်ဖို့ လူတို့အတွက် လွယ်ကူလိမ့်မည်။ အခြားသူတို့အတွက် မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အနစ်နာခံခြင်းထက် ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် ပို၍ကောင်းသလော။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် သူတော်ကောင်းဟန်ဆောင်သည့် လမ်းကြောင်းပေါ်တွင် စာတန်၏ နောက်သို့လိုက်ခြင်းထက် သမ္မာတရားစည်းမျဉ်းများကို လိုက်နာခြင်း၊ ဘုရားနှုတ်ကပတ်တော်နှင့်အညီ အလင်းထဲတွင် နေထိုင်ခြင်း ဖြစ်သည်။ စာတန်ဆန်သော အတွေးအခေါ်များအပြင် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ကိုယ်ကျင့်တရားနှင့်ပတ်သက်သည့် ဆိုရိုးစကားများက ယူဆောင်လာသော အမျိုးမျိုးသော အယူအဆအားလုံးကို စွန့်ပစ်ခြင်း၊ သမ္မာတရားအားလက်ခံခြင်း၊ ဘုရားနှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်နေထိုင်ခြင်းတို့အားဖြင့်သာ အကြင်သူသည် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်သည်။
အထက်တွင် ငါတို့ မိတ်သဟာယပြုပြီးသည့်အရာကို အခြေခံ၍၊ အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများ၏ အနှစ်သာရနှင့်ပတ်သက်ပြီး သင်တို့ ကောက်ချက်တစ်ခုခုချပြီးဖြစ်သလော။ ဤအမျိုးမျိုးသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများအားလုံးသည် လူတို့၏ အတွေးများ၊ အမြင်များနှင့် အပြင်ပန်းအပြုအမူများကို ကန့်သတ်သော စည်းမျဉ်းများနှင့် အစဉ်အလာများသာ ဖြစ်သည်။ ကျင့်ကြံနေထိုင်မှုအတွက် စည်းမျဉ်းများ၊ သို့မဟုတ် စံသတ်မှတ်ချက်များ မဟုတ်ပေ။ လူ၊ ကိစ္စရပ်များ၊ အကြောင်းအရာမျိုးစုံကို ကြုံရသောအခါတွင် လူတို့ လိုက်နာသင့်သည့် စည်းမျဉ်းများမဟုတ်ပေ။ ဤသို့ဆိုလျှင် မည်သည့်စည်းမျဉ်းများကို လူတို့ လိုက်နာသင့်သနည်း။ ဤအရာကို ငါတို့ မိတ်သဟာယမပြုသင့်သလော။ လူအချို့ကပြောသည်။ “လူတို့လိုက်နာသင့်သည့် သမ္မာတရား စည်းမျဉ်းများနှင့် ထိုအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများ၏ စည်းမျဉ်းများ၊ အစဉ်အလာများကြားတွင် မည်သည့် ကွာခြားချက်ရှိသနည်း” ဟူ၍ ဖြစ်သည်။ ငါ့အားပြောလော့။ ကွာခြားချက်တစ်ခုခုရှိသလော။ (ရှိပါသည်။) မည်သည့်အချက်တွင် ကွာခြားမှုရှိသနည်း။ အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများသည် လူတို့၏ အတွေးများ၊ အမြင်များနှင့် အပြုအမူများကို ကန့်သတ်သော စည်းမျဉ်းများ၊ အစဉ်အလာများသာ ဖြစ်သည်။ လူတို့အပေါ် ကျရောက်သော အမျိုးမျိုးသော အကြောင်းအရာများအားလုံးနှင့်စပ်လျဉ်း၍၊ အမျိုးမျိုးသော လူများ၊ ကိစ္စရပ်များနှင့် အကြောင်းအရာများကို ကိုင်တွယ်ဖြေရှင်းရန် မှန်ကန်သော စည်းမျဉ်းများ၊ မှန်ကန်သော နည်းလမ်းများကို ရှာခွင့်ပြုမည့်အစား လူတို့အား ဤအရာ၊ ထိုအရာကို လုပ်ဆောင်စေလျက်၊ လူတို့၏ အပြုအမူကို ကန့်သတ်ပြီး ၎င်းတို့၏ လက်နှင့် ခြေကို ချည်နှောင်သော သတ်မှတ်ချက်များကို ချမှတ်လေသည်။ သမ္မာတရား စည်းမျဉ်းများကမူ ဤသို့မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များက လူတို့အပေါ် ချမှတ်သော ရှုထောင့်များစွာပါဝင်သည့် သတ်မှတ်ချက်များသည် လူတို့၏ စဉ်းစားပုံနှင့် အပြုအမူကို ကန့်သတ်သည့် ဆိုရိုးစကားအမျိုးမျိုးဖြစ်ဖို့ မဆိုထားနှင့်။ စည်းကမ်းများ၊ စည်းမျဉ်းများ၊ သို့မဟုတ် အစဉ်အလာများပင် မဟုတ်ပေ။ ထိုအစား ဘုရားနှုတ်ကပတ်တော်များသည် လူတို့အား ပတ်ဝန်းကျင်မျိုးစုံတွင်လည်းကောင်း၊ ၎င်းတို့အပေါ်သို့ တစ်စုံတစ်ခု ကျရောက်သောအခါတိုင်းတွင်လည်းကောင်း လူတို့ နားလည်ပြီး လိုက်နာသင့်သည့် သမ္မာတရားစည်းမျဉ်းများကို ပြောပြသည်။ ဤသို့ဆိုလျှင် ဤစည်းမျဉ်းများက အဘယ်အရာများ အတိအကျ ဖြစ်သနည်း။ ဘုရားနှုတ်ကပတ်တော်သည်သာ သမ္မာတရားဖြစ်သည်၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများဖြစ်သည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်က လူတို့အပေါ် ချမှတ်သော သတ်မှတ်ချက်အမျိုးမျိုးသည် သာမန်လူ့သဘာဝအားဖြင့် ရရှိနိုင်သော အရာများအားလုံးဖြစ်သောကြောင့် ဖြစ်သည်။ လူတို့အပေါ်သို့ တစ်စုံတစ်ခုကျရောက်သောအခါတိုင်းတွင် ၎င်းတို့၏ ခံစားချက်များ၊ ဆန္ဒများ၊ ရည်မှန်းချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ လွှမ်းမိုးခြင်းနှင့် ဘောင်ခတ်ခြင်းကို မခံဘဲ ထိုအစား ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ရန် လူတို့အား တောင်းဆိုသည့်အတွက်၊ ဤသည်မှာ လူတို့ လိုက်နာနိုင်စွမ်းရှိသည့် စည်းမျဉ်းတစ်ခုဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရား စည်းမျဉ်းများသည် လူတို့ လိုက်နာသင့်သည့် မှန်ကန်သော ဦးတည်ချက်နှင့် ပန်းတိုင်ကို ထောက်ပြသည်။ ၎င်းတို့သည် လူတို့ လျှောက်သင့်သည့် လမ်းကြောင်းလည်းဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်၏ စည်းမျဉ်းများသည် လူတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပုံမှန်အတိုင်း လည်ပတ်စေရန် ထိန်းသိမ်းပေးရုံသာမကဘဲ လူတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြစ်သော အခြေခံအုတ်မြစ်ပေါ်ကိုလည်း သမ္မာတရားစည်းမျဉ်းများကို အလိုအလျောက် ထည့်သွင်းပေးသည်။ ဤအရာတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောလူတို့ ကြိုးစားပြီး ပြည့်မီနိုင်သည့် သမ္မာတရား စံနှုန်းများဖြစ်သည်။ လူတို့သည် ဤ ဘုရားနှုတ်ကပတ်တော်စည်းမျဉ်းများကို လိုက်နာသောအခါ ၎င်းတို့ ရရှိသောအရာသည် ၎င်းတို့၏ ကိုယ်ကျင့်တရားနှင့် သမာဓိ ကောင်းမွန်ခြင်း မဟုတ်သကဲ့သို့ ၎င်းတို့၏ လူသားဂုဏ်ကို ကာကွယ်ခြင်းလည်း မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် အသက်တာတွင် မှန်ကန်သော လမ်းကြောင်းကို စတင်လျှောက်လှမ်းနေပြီဖြစ်သည်။ လူတစ်ယောက်သည် ဤ ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားစည်းမျဉ်းများကို နာခံသောအခါ သာမန်လူတစ်ယောက်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ရုံသာမကဘဲ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ခြင်း၏ အုတ်မြစ်အပေါ်တွင် မိမိကိုယ်ကို ကျင့်ကြံနေထိုင်ပုံနှင့် စပ်လျဉ်းသည့် သမ္မာတရားစည်းမျဉ်းများကိုလည်း ပို၍ နားလည်လာသည်။ ရိုးရှင်းစွာ ဆိုရလျှင် သူသည် ကျင့်ကြံနေထိုင်မှု စည်းမျဉ်းများကို နားလည်လာသည်။ လူအများ၊ အမှုအရာများကို ရှုမြင်သောအခါ၊ မိမိတို့ကိုယ်ကို ကျင့်ကြံနေထိုင်ပြီး ပြုမူသောအခါတွင် မည်သည့်သမ္မာတရားစည်းမျဉ်းများအား အသုံးပြုရမည်ကိုသိလာသည်။ သူ၏ ကိုယ်ပိုင်ခံစားချက်များ၊ ဆန္ဒများ၊ ရည်မှန်းချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်း၊ လွှမ်းမိုးခြင်းကို မခံရတော့ပေ။ ဤနည်းအားဖြင့် သူသည် သာမန်လူတစ်ယောက်၏ ပုံသဏ္ဌာန်အတိုင်း အပြည့်အဝ အသက်ရှင်နေထိုင်သည်။ ဘုရားသခင်က ချမှတ်သော ဤသမ္မာတရားစည်းမျဉ်းများသည် လူတို့အား ထိန်းချုပ်ပြီး အပြစ်မှ မိမိကိုယ်ကို ကယ်တင်ခြင်းကို တားဆီးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ ပြဿနာကို အခြေခံအားဖြင့် ဖြေရှင်းပေးသည်။ ဤသို့ဖြင့် လူတို့သည် ၎င်းတို့၏ ယခင်က အသက်တာအတိုင်း အသက်မရှင်တော့ပေ။ ခံစားချက်များ၊ ဆန္ဒများ၊ ရည်မှန်းချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို မခံရတော့ပေ။ ပြီးလျှင် ဤအရာအားလုံးကို မည်သည့်အရာက အစားထိုးသနည်း။ ယင်းသည် ဘုရားနှုတ်ကပတ်တော်နှင့် လူတစ်ဦး၏ အသက်ဖြစ်လာသည့် သမ္မာတရားစည်းမျဉ်းများ၏ စံသတ်မှတ်ချက်ဖြစ်သည်။ အကြမ်းဖျင်းအနေဖြင့် ပြောရလျှင် လူတို့သည် လူသားမျိုးနွယ်က လိုက်နာသင့်သည့် သမ္မာတရားစည်းမျဉ်းများကို စတင်လိုက်နာသည်နှင့်တစ်ပြိုင်နက် ဇာတိပကတိ၏ အမျိုးမျိုးသော ပြဿနာများဖြင့် ၎င်းတို့ အသက်မရှင်တော့ပေ။ ပို၍ တိကျစွာ ဆိုရလျှင် လူတို့သည် စာတန်၏ အထင်အမြင်မှားစေခြင်း၊ လိမ်လည်မှုနှင့် ထိန်းချုပ်မှုအောက်၌ အသက်မရှင်တော့ပေ။ ပို၍ အသေးစိတ်ဆိုရလျှင် ၎င်းတို့သည် လောကီဆက်ဆံရေးများအတွက် စာတန်က လူတို့အတွင်းသို့ သွတ်သွင်းပေးသော မရေမတွက်နိုင်အောင် များပြားသည့် အယူအဆများ၊ အမြင်များ၏ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်းအောက်၌ အသက်မရှင်တော့ပေ။ ထိုအစား ၎င်းတို့သည် ဂုဏ်သိက္ခာ၊ သမာဓိနှင့် အသက်ရှင်ရုံမကဘဲ လွတ်လပ်စွာဖြင့်၊ လူတို့၏ အသွင်သဏ္ဌာန်ဖြင့်လည်း အသက်ရှင်ကြသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင်ရှိသော ဖန်ဆင်းခံ၏ မှန်ကန်သော ပုံသဏ္ဌာန်ဖြစ်သည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်၊ သမ္မာတရားနှင့် ရိုးရာယဉ်ကျေးမှုတွင်ရှိသော အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများကြား အဓိက ကွာခြားချက်ဖြစ်သည်။
ယနေ့ မိတ်သဟာယ၏ အကြောင်းအရာသည် အတော်လေး လေးနက်သည်။ နားထောင်ပြီးနောက်တွင် အချိန်အတန်ကြာ သင်တို့ တွေးတောသင့်သည်။ သေချာ စဉ်းစားသင့်ပြီး ပြောပြီးသည့်အရာကို သင် နားလည်သဘောပေါက်သလောဆိုသည်ကို ကြည့်သင့်သည်။ ဤမိတ်သဟာယအရ၊ အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများနှင့် သမ္မာတရားကြား ကွာခြားချက်ကို သင်တို့ အပြည့်အဝ နားလည်ကြပြီလော။ အရိုးရှင်းဆုံးဝေါဟာရများဖြင့် ငါ့အားပြောလော့။ အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများ၏ အနှစ်သာရမှာ အဘယ်နည်း။ (အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများသည် လူတို့၏ အတွေးများ၊ အပြုအမူများကို ကန့်သတ်သည့် စည်းမျဉ်းများ၊ အစဉ်အလာများသာ ဖြစ်သည်။ ကျင့်ကြံနေထိုင်မှုအတွက် စည်းမျဉ်းများ၊ စံသတ်မှတ်ချက်များမဟုတ်။) ကောင်းပေ၏။ ပို၍ကြီးသော သစ်တော်သီးများကို ပေးကမ်းသည့် ကောင်ရုံက၏ ရိုးရာယဉ်ကျေးမှု ပုံပြင်တစ်ပုဒ်ရှိသည်။ သင်တို့ မည်သို့ ထင်သနည်း။ ကောင်ရုံကဲ့သို့ မပြုလုပ်နိုင်သောမည်သူမဆိုသည် လူကောင်းတစ်ယောက် မဟုတ်ဘူးလော။ ကောင်ရုံကဲ့သို့ ပြုလုပ်နိုင်သူ မည်သူမဆိုသည် စရိုက်လက္ခဏာမြင့်မြတ်သည်၊ သမာဓိခိုင်မာသည်၊ သူတစ်ပါးအကျိုးအတွက် မိမိကိုယ်ကျိုးစီးပွားများကို စွန့်လတ်သည်၊ လူကောင်းတစ်ယောက်ဖြစ်သည်ဟု လူတို့က ထင်မြင်လေ့ရှိသည်။ ဤသမိုင်းပုံပြင်ရှိ ကောင်ရုံသည် လူတိုင်းလိုက်လျှောက်သည့် စံပြတစ်ယောက်ဟုတ်သလော။ ဤဇာတ်ကောင်သည် လူတို့၏ စိတ်နှလုံးတွင် နေရာတစ်ခုခုရှိသလော။ (ရှိသည်။) လူတို့၏ စိတ်နှလုံးတွင် နေရာယူသည်မှာ သူ၏ အမည်မဟုတ်ဘဲ သူ၏ အတွေးများ၊ အလေ့အကျင့်များ၊ သူ၏ ကိုယ်ကျင့်တရားနှင့် အပြုအမူတို့ဖြစ်သည်။ လူတို့သည် ဤသို့သော အလေ့အကျင့်များကို အထင်ကြီးလေးစားပြီး လက်ခံကြသည်။ ကောင်ရုံ၏ အကျင့်စာရိတ္တကို စိတ်အတွင်း၌ လေးစားကြသည်။ ထို့ကြောင့် သင်သည် သူတစ်ပါးတို့၏ အကျိုးအတွက် မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားကို အနစ်နာမခံနိုင်သူတစ်ယောက်၊ ကောင်ရုံကဲ့သို့ ပို၍ ကြီးသောသစ်တော်သီးများကို အဆုံးရှုံးခံသည့် သူမျိုးမဟုတ်သူတစ်ယောက်အား မြင်လျှင် သင်သည် စိတ်အတွင်းတွင် ထိုသူအား စိတ်တိုမည်ဖြစ်ပြီးအထင်အမြင်သေးလိမ့်မည်။ ဤသို့ဆိုလျှင် သင်၏ စိတ်တိုခြင်းနှင့် အထင်အမြင်သေးခြင်းသည် ခိုင်လုံမှုရှိသလော။ ယင်းတို့သည် တစ်ခုခုအပေါ်တွင် အခြေခံရမည်ဖြစ်သည်။ ရှေးဦးစွာ သင်က၊ “ကောင်ရုံသည် အလွန်ငယ်သော်လည်း ပို၍ကြီးသော သစ်တော်သီးများကို စွန့်လွှတ်နိုင်သည်။ သင်ကတော့ အရွယ်ရောက်နေပြီဖြစ်ပြီး ဤသို့ တစ်ကိုယ်ကောင်းဆန်ဆဲဖြစ်သည်” ဟူ၍ တွေးပြီး စိတ်အတွင်းတွင် ထိုသူအား အထင်အမြင်သေးသည်။ ထို့ကြောင့် သင်၏ အထင်အမြင်သေးခြင်း၊ စိတ်တိုခြင်းသည် ကောင်ရုံက ပို၍ကြီးသော သစ်တော်သီးများကို စွန့်လွှတ်ခြင်း ပုံပြင်ကို အခြေခံသလော။ (အခြေခံသည်။) ဤအရာကို အခြေခံပြီး လူတို့အား ရှုမြင်ခြင်းသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်သနည်း။ အဘယ်ကြောင့်ဆိုသော် လူများ၊ အမှုအရာများကို ရှုမြင်ခြင်းအတွက် သင်၏ အခြေပြုချက်အရင်းအမြစ်က မမှန်ကန်သောကြောင့်ဖြစ်ပြီး၊ သင်၏ စမှတ်က အလုံးစုံ မှားယွင်းနေသောကြောင့်ဖြစ်သည်။ သင်၏ စမှတ်သည် ကောင်ရုံက ပို၍ကြီးသော သစ်တော်သီးများအား စွန့်လွှတ်ခြင်းကို လူများ၊ အမှုအရာများအား တိုင်းတာခြင်းအတွက် စံနှုန်းအဖြစ် မှတ်ယူခြင်းဖြစ်သည်။ သို့သော် ဤလုပ်နည်းကိုင်နည်းနှင့် တိုင်းတာသည့်နည်းလမ်းက မှားယွင်းသည်။ မည်သည့်ပုံစံဖြင့် မှားယွင်းသနည်း။ ကောင်ရုံ၏ ပုံပြင်နောက်ကွယ်ရှိ အယူအဆက မှန်ကန်သည်ဟု သင်ယုံကြည်သရွေ့မှားယွင်းပေသည်။ သင်သည် ထိုအရာကို လူများ၊ အမှုအရာများအား တိုင်းတာရန် အပြုသဘောဆောင်သော သဘောတရားဆိုင်ရာ ရှုထောင့်အဖြစ် မှတ်ယူသည်။ သင်သည် ဤသို့ တိုင်းတာသောအခါ အဆုံးတွင် သင်ရရှိသောရလဒ်မှာ လူတော်တော်များများသည် လူကောင်းများမဟုတ်ဆိုသည့် ရလဒ်ဖြစ်သည်။ ဤတိုင်းတာခြင်း၏ ရလဒ်များက တိကျသလော။ (မတိကျပါ။) အဘယ်ကြောင့် မတိကျသနည်း။ သင်၏ တိုင်းတာခြင်း စံနှုန်းက မှားယွင်းနေသောကြောင့်ဖြစ်သည်။ လူတစ်ယောက်သည် ဘုရားသခင်ကပေးထားသည့် နည်းလမ်းများ၊ စည်းမျဉ်းများကို အသုံးပြုလျှင် ထိုသို့သောသူကို မည်သို့ တိုင်းတာသင့်သနည်း။ ထိုသူသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိန်းသိမ်းခြင်းရှိမရှိကိုလည်းကောင်း၊ ဘုရားဘက်တွင်ရှိမရှိကိုလည်းကောင်း၊ ဘုရားကို ကြောက်ရွံ့သော စိတ်နှလုံးရှိမရှိကိုလည်းကောင်း၊ သူလုပ်ဆောင်သည့်အရာတွင် သမ္မာတရားစည်းမျဉ်းအား ရှာဖွေခြင်းရှိမရှိကိုလည်းကောင်း ထည့်သွင်းစဉ်းစားခြင်းအားဖြင့်ဖြစ်သည်။ ဤအချက်များအပေါ်တွင် အခြေခံသော တိုင်းတာမှုကသာ အတိကျဆုံးဖြစ်သည်။ ဤလူအပေါ်သို့ တစ်စုံတစ်ခု ကျရောက်သောအခါတိုင်းတွင် သူသည် ဆုတောင်း၊ ရှာဖွေပြီး၊ လူတိုင်းနှင့် ဆွေးနွေးလျှင်၊ တစ်ခါတစ်ရံတွင် သူသည် ကိုယ်ကျိုးမငဲ့ခြင်းကို မလုပ်ဆောင်နိုင်ဘဲ အသေးအဖွဲ ကိစ္စများ၌ အနည်းငယ် တစ်ကိုယ်ကောင်းဆန်လျှင်ပင်၊ ထိုသူလုပ်ဆောင်သည့်အရာသည် ဘုရားသခင် သတ်မှတ်ထားသည့် အချက်များဖြင့် ယှဉ်ပြီး တိုင်းတာကြည့်သောအခါ အခြေခံအားဖြင့် ပြည့်မီခြင်းရှိလျှင် သူသည် သမ္မာတရားကို လက်ခံနိုင်သူ၊ မှန်ကန်သည့်ဘက်တွင် ရှိသူတစ်ယောက်ဖြစ်သည်။ ဤသို့ဆိုလျှင် ဤကောက်ချက်သည် မည်သည့်အရာအပေါ်တွင် အခြေခံသနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သတ်မှတ်ချက်များအပေါ်တွင် အခြေခံပါသည်။) ထို့ကြောင့် ဤကောက်ချက်သည် တိကျမှန်ကန်သလော။ ကောင်ရုံက ပို၍ကြီးသော သစ်တော်သီးများကို စွန့်လွှတ်သည့် သဘောတရားဆိုင်ရာ အမြင်ရှုထောင့်ကို သင် အသုံးပြုပြီး တိုင်းတာခြင်းထက် များစွာပို၍ တိကျမှန်ကန်သည်။ ကောင်ရုံ၏ ပုံပြင်နှင့်ဆိုင်သည့် သဘောတရားဆိုင်ရာ အမြင်ရှုထောင့်သည် လူတို့၏ ယာယီအပြုအမူနှင့် ကျင့်သုံးမှုများကို တိုင်းတာသည်။ သို့သော် ဘုရားသခင်က လူတို့အား တိုင်းတာရန် တောင်းဆိုသည့်အရာမှာ ဤလူ၏ အနှစ်သာရအပြင်၊ သမ္မာတရားအပေါ်၊ ဘုရားသခင်၏ သတ်မှတ်ချက်များအပေါ် သူ၏ သဘောထားသည် အတိအကျမည်သို့ရှိသည်ဆိုသည့်အရာဖြစ်သည်။ အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများကို သင်အသုံးပြုခြင်းသည် လူတစ်ယောက်၏ ခဏတာဖြစ်သော အပြုအမူ၊ သို့မဟုတ် သူ၏ လုပ်ရပ်များ၊ သို့မဟုတ် ဖြစ်ရပ်တစ်ခုတွင် ယာယီထုတ်ဖော်ပြမှုများအား တိုင်းတာခြင်းဖြစ်သည်။ လူတစ်ယောက်၏ ပင်ကိုအရည်အသွေးများကို တိုင်းတာရန် ထိုအရာများကို သင် အသုံးပြုလျှင် တိကျလိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများကို အသုံးပြုပြီး လူတစ်ယောက်၏ ပင်ကိုအရည်အသွေးများကို တိုင်းတာခြင်းသည် မှားယွင်းသော စည်းမျဉ်းများကို အသုံးပြုပြီး တိုင်းတာခြင်းဖြစ်သောကြောင့်ဖြစ်သည်။ သင်ရရှိသည့် ရလဒ်သည် တိကျမှန်ကန်မည်မဟုတ်ပေ။ ကွာခြားမှုက သူ၏ အပြင်ပန်း အပြုအမူများတွင် မတည်ရှိဘဲ၊ သူ၏ သဘာဝနှင့် အနှစ်သာရတွင်တည်ရှိသည်။ ထို့ကြောင့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများကို အသုံးပြုပြီး လူတို့အား တိုင်းတာခြင်းသည် အခြေခံအားဖြင့် မှားယွင်းသည်။ သမ္မာတရားစည်းမျဉ်းများကို အသုံးပြုပြီး လူတို့အား တိုင်းတာခြင်းသည်သာ မှန်ကန်တိကျသည်။ ငါပြောသည့်အရာကို သင်တို့ နားလည်သလော။
အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများ၏ အနှစ်သာရမှာ ၎င်းတို့သည် လူတို့၏ အပြုအမူနှင့် အတွေးများကို ကန့်သတ်သော စည်းမျဉ်းများနှင့် အစဉ်အလာများဖြစ်သည်။ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ လူတို့၏ စဉ်းစားတွေးခေါ်မှုကို ကန့်သတ်ထိန်းချုပ်သည်။ မှန်ကန်သော အတွေးဖော်ပြမှုများနှင့် သာမန်လူ့သဘာဝ၏ သာမန်သတ်မှတ်ချက်များကို ကန့်သတ်သည်။ ၎င်းတို့သည် သာမန်လူ့သဘာဝ၏ အသက်ရှင်သန်ရေး နိယာမအချို့ကို ချိုးဖောက်ပြီး သာမန်လူများ၏ လူသားလိုအပ်ချက်များနှင့် လူ့အခွင့်အရေးများကိုလည်း ပိတ်ပင်သည်ဟု ဆိုနိုင်သည်မှာ ပြောစရာမလိုပေ။ ဥပမာ “အမျိုးသမီးတစ်ယောက်သည် အကျင့်သီလကောင်းရမည်။ ကြင်နာရမည်၊ နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရားရှိရမည်” ဆိုသည့် ရှိရိုးရှိစဉ် ဆိုရိုးစကားသည် အမျိုးသမီးများ၏ လူ့အခွင့်အရေးကို အဓမ္မဝင်ရောက်စွက်ဖက်ပြီး ဖျက်ဆီးသည်။ ယင်းသည် အမျိုးသမီးများအား လူ့အဖွဲ့အစည်းတစ်ခုလုံးတွင် မည်သည့်နေရာကို ယူစေသနည်း။ အမျိုးသမီးများသည် ကျွန်ခံရသည့်အခန်းကဏ္ဍကို ယူသည်။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။) ဤအမြင်ရှုထောင့်မှ ကြည့်လျှင် ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများ၏ စည်းမျဉ်းများ၊ အစဉ်အလာများသည် လူသား၏ အတွေးများကို ဖျက်ဆီးပစ်သည်။ သာမန်လူ့သဘာဝ၏ အမျိုးမျိုးသော လိုအပ်ချက်များကို ဖယ်ရှားပစ်သည်။ တစ်ချိန်တည်းတွင် လူသားများ၏ အမျိုးမျိုးသော သာမန်လူ့သဘာဝအတွေးများကို ဘောင်ခတ်လေသည်။ ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများကို အခြေခံအားဖြင့် သာမန်လူတို့၏ လိုအပ်ချက်များအရ ဖန်တီးခဲ့ခြင်းမဟုတ်သကဲ့သို့ သာမန်လူတို့ ကိုက်ညီနိုင်သည့် စံနှုန်းများအပေါ်တွင်လည်း အခြေမခံဘဲ၊ ၎င်းတို့အားလုံးသည် လူတို့၏ စိတ်ကူးစိတ်သန်းများ၊ ရည်မှန်းချက်များနှင့် ဆန္ဒများအပေါ်တွင် အခြေခံပြီး ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဤ ဆိုရိုးစကားများသည် လူတို့၏ အတွေးများကို ကန့်သတ်ပြီး ပိတ်လှောင်ကာ၊ လူတို့၏ အပြုအမူကို ဘောင်ခတ်ရုံသာမကဘဲ လူတို့အား မှားယွင်းပြီး စိတ်ကူးသက်သက်ဖြစ်သော အရာများနောက်သို့လည်း လိုက်စေပြီး ကိုးကွယ်စေသည်။ သို့သော် လူတို့သည် ထိုအရာများကို မရရှိနိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့ လုပ်နိုင်သမျှမှာ မိမိတို့ကိုယ်ကို ဖုံးဖိဖာထေးပြီး ဖုံးကွယ်ရန်အတွက် ဟန်ဆောင်မှုကို အသုံးပြုခြင်းဖြစ်သည်။ ဤသို့အားဖြင့် သိက္ခာရှိပြီး မြင့်မြတ်သောဘဝ၊ အလွန်ဂုဏ်ရှိပုံရသည့် ဘဝကို ရှင်သန်နိုင်ရန်ဖြစ်သည်။ သို့သော် အမှန်တွင် ဤအကျင့်စာရိတ္တဆိုင်ရာ အယူအဆများ၊ အမြင်များအောက်တွင် အသက်ရှင်ခြင်းသည် လူသားမျိုးနွယ်၏ အတွေးများက ပုံပျက်ပြီး ဘောင်ခတ်ခြင်းခံရသည်၊ လူတို့သည် ဤမှားယွင်းသော အယူအဆများ၊ အမြင်များ၏ အုပ်စိုးမှုအောက်တွင် ပုံမှန်မဟုတ်ဘဲ သွေဖည်လျက် အသက်ရှင်ကြသည်ဆိုသည့် သဘောဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) လူတို့သည် ဤသို့ အသက်မရှင်လိုကဲ့သို့ ဤသို့ မလုပ်ဆောင်လိုပေ။ သို့သော် ဤသဘောတရားဆိုင်ရာ အချုပ်အနှောင်များ၏ ကန့်သတ်မှုများကို ၎င်းတို့ မချိုးဖျက်နိုင်ပေ။ ၎င်းတို့လုပ်နိုင်သမျှမှာ ဤအယူအဆများ၊ အမြင်များ၏ လွှမ်းမိုးမှုနှင့် ဘောင်ခတ်မှုအောက်တွင် အင်တင်တင်ဖြင့်၊ မိမိဆန္ဒအလျောက်မဟုတ်ဘဲ အသက်ရှင်ခြင်းသာဖြစ်သည်။ တစ်ချိန်တည်းတွင် လူအများ၏ ထင်မြင်ချက်နှင့် ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသော ဤအယူအဆများ၊ အမြင်များ၏ ဖိအားကြောင့် ၎င်းတို့သည် သူတော်ကောင်းယောင်ဆောင်သည့် မျက်နှာဖုံးကို တစ်ခုပြီးတစ်ခု တပ်ဆင်လျက် ဤကမ္ဘာလောကတွင် ယုတ်ညံ့သောဖြစ်တည်မှုကို အချိန်ဆွဲထားဖို့ကလွဲပြီး ရွေးချယ်စရာမရှိပေ။ ဤသည်မှာ လူသားမျိုးနွယ်အတွက် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများ၏ အကျိုးဆက်ဖြစ်သည်။ ဤအရာကို သင်တို့ နားလည်သလော။ (နားလည်ပါသည်။) ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများကို ငါတို့ မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးလေလေ၊ လူတို့က ၎င်းတို့ကို ရှင်းလင်းစွာ မြင်လေလေဖြစ်ပြီး၊ ရိုးရာယဉ်ကျေးမှုတွင်ရှိသော ဤဆိုရိုးစကားအမျိုးမျိုးသည် အပြုသဘောဆောင်သော အရာများမဟုတ်သည်ကို ၎င်းတို့ ခံစားရလေလေဖြစ်သည်။ ဤဆိုရိုးစကားများသည် လူသားတို့အား နှစ်ထောင်ချီကြာအောင် အထင်အမြင်မှားစေကာ ထိခိုက်စေခဲ့သည်မှာ လူတို့က ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီး သမ္မာတရားကို နားလည်လာသည့်တိုင်အောင် ရိုးရာယဉ်ကျေးမှုမှ ဤအယူအဆများနှင့် အမြင်များ၏ လွှမ်းမိုးမှုကို မဖယ်ရှားနိုင်သည်အထိဖြစ်ကာ ထိုအရာများကို အပြုသဘောဆောင်သောအရာများဖြစ်သည့်အလား အလွန်ပင်အလိုရှိကြလေသည်။ လူများစွာတို့သည် ၎င်းတို့ကို သမ္မာတရားအတွက် အစားထိုးအဖြစ်ပင် အသုံးပြုကြပြီး၊ သမ္မာတရားအဖြစ် လက်တွေ့လုပ်ဆောင်ကြသည်။ ယနေ့မိတ်သဟာယမှတစ်ဆင့် ရိုးရာယဉ်ကျေးမှုတွင်ရှိသော ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများကို သင်တို့ ပို၍ကောင်းသော၊ မှန်ကန်တိကျသော နားလည်မှုရရှိကြသလော။ (ရရှိပါသည်။) ယခု ထိုအရာများကို သင်တို့ နားလည်မှုအချို့ရှိသောအခါတွင် အခြားအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများကို ငါတို့ ဆက်၍ မိတ်သဟာယပြုကြစို့။
ဆက်လက်၍ “ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်” ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့မည်။ သင်တို့ သိနိုင်သည့်အတိုင်းပင်၊ ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားတစ်ခုစီသည် သူရဲကောင်းဆန်သော စိတ်ဓာတ်တစ်မျိုးနှင့် ကြီးမြတ်သောလူတို့၏ အရည်အသွေးများဖြင့် ပြည့်နေသည့်အလား၊ ထူးခြားမှုမရှိသည့်လူ သို့မဟုတ် သာမန်လူတစ်ယောက်က မရရှိနိုင်သည့်အလား၊ အလွန်ပင် ချဲ့ကားလွန်းပြီး ကမ္ဘာတုန်လောက်သည်။ “ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်” ဆိုသည်မှာ သဘောထားကြီးမားမှု အဘယ်မျှ လိုအပ်လိုက်မည်နည်း။ ထိုအရာကို လုပ်ဆောင်ရန်အတွက် သင်သည် ကြင်နာ၍ သဘောကောင်းပြီး ကြီးမြတ်သော ပင်ကိုစရိုက်ကို အဘယ်မျှလိုအပ်လိုက်မည်နည်း။ “ညောင်စေ့” သည် “ညောင်ပင်ကြီး”နှင့် ညီမျှသည်။ သို့သော် တစ်ချိန်တည်းတွင် ဤညီမျှမှုသည် ဤနှစ်ခုကြားတွင် တိုင်းတာ၍မရသော ကွာဟချက်နှင့် ကျယ်ပြန့်သော ခြားနားမှုတစ်ခု ရှိသည်ဆိုသည့် အမြင်ကိုပေးသည်။ ဆိုလိုသည်မှာ သင်သည် ညောင်စေ့လောက် ကျေးဇူးပြုခံရလျှင်ပင် ကျေးဇူးပြန်ဆပ်ရမည်ဆိုသည့် သဘောဖြစ်သည်။ သို့ဆိုလျှင် မည်သည့်အရာနှင့် ကျေးဇူးဆပ်ရမည်နည်း။ မေ့နေရမည့်အစား ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်။ လုပ်ဆောင်မှု၊ သို့မဟုတ် အပြုအမူ မြောက်များစွာဖြင့် သို့မဟုတ် ရိုးသားစစ်မှန်မှုများစွာနှင့် ကြီးမားသော လိုလားမှုများစွာဖြင့် ကျေးဇူးဆပ်ရမည်ဖြစ်သည်။ ဤသည်မှာ ညောင်စေ့လောက် ကျေးဇူးပြုခံရခြင်းကို ပြန်ဆပ်ရန် လိုအပ်သည့် အတိုင်းအတာဖြစ်ပြီး တစ်ခုခုလျော့၍ ပြန်ဆပ်လျှင် သင်၌ အသိတရားမရှိပေ။ ဤဆင်ခြင်တွေးခေါ်မှုစနစ်အရ ကျေးဇူးပြုသောသူသည်လည်း အဆုံးတွင် မတန်တဆ အကျိုးခံစားရသောသူ ဖြစ်သည်မဟုတ်လော။ ဤကျေးဇူးပြုသူသည် သူ၏ ကျေးဇူးပြုခြင်းမှ သေချာပေါက် တစ်ပုံတစ်ခေါင်းကြီး အကျိုးအမြတ်ရလိုက်သည်။ သူသည် ညောင်စေ့လောက် ကျေးဇူးပြုပြီး ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ရသည်။ ဤသည်မှာ အလွန် အမြတ်များသည့် အပေးအယူဖြစ်သည်။ သူတစ်ပါးကို ထိခိုက်ပြီး တစ်ပုံတစ်ခေါင်းကြီး အကျိုးအမြတ်ရသည့် နည်းလမ်းဖြစ်သည်။ ဤသို့ဖြစ်သည် မဟုတ်သလော။ ဤဘဝတွင် လူတိုင်းသည် ညောင်စေ့လောက် ကျေးဇူးပြုခြင်းကို လက်ခံလိမ့်မည်။ ၎င်းတို့အားလုံးက ညောင်ပင်ကြီးလောက် ပြန်ဆပ်ရမည်ဆိုလျှင် ပြန်ဆပ်ရန်အတွက် ၎င်းတို့၏ တစ်ဘဝလုံး ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းတို့၏ ဘဝလမ်းကြောင်းကို ထည့်စဉ်းစားရန်မဆိုထားနှင့်၊ ၎င်းတို့၏ မိသားစုနှင့် လူမှုတာဝန်များကိုပင် လုံးဝ ဖြည့်ဆည်းနိုင်မည် မဟုတ်တော့ပေ။ သင်သည် ညောင်စေ့လောက် ကျေးဇူးပြုခံရခြင်းကို ခံစားရသော်လည်း ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ဖို့ ပျက်ကွက်လျှင် သင့်အသိတရား၏ ရှုတ်ချခြင်းကိုလည်းကောင်း၊ လူ့အဖွဲ့အစည်း၏ ရှုတ်ချခြင်းကိုလည်းကောင်း ခံရလိမ့်မည်ဖြစ်ပြီးသင့်ကိုယ်သင် သူပုန်၊ လူဆိုး၊ ကျေးဇူးကန်းသူတစ်ယောက်ဖြစ်ပြီး လူသားမဟုတ်ဟု မှတ်ယူလိမ့်မည်ဖြစ်သည်။ သို့သော် တစ်စုံတစ်ယောက်က ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်နိုင်လျှင် အဘယ်သို့နည်း။ သူသည် “ငါ့လောက် တာဝန်သိတတ်သောသူ မည်သူမျှမရှိ။ အဘယ်ကြောင့်ဆိုသော် ငါသည် ညောင်စေ့လောက် ကျေးဇူးပြုခံရခြင်းကို ညောင်ပင်ကြီးလောက် ပြန်ဆပ်နိုင်သောကြောင့် ဖြစ်သည်။ ဤနည်းအားဖြင့် တစ်ခါက ငါ့အား ကူညီခဲ့သော၊ ကျေးဇူးပြုခဲ့သောသူက ငါသည် မည်သို့သောသူမျိုး ဖြစ်သည်ကိုလည်းကောင်း၊ ငါ့အား ကူညီခြင်းအတွက် သူသည် ဆုံးရှုံးခြင်းရှိမရှိ၊ ငါ့အား ကူညီခြင်းသည် ထိုက်တန်ခြင်းရှိမရှိ ဟူသည်ကိုလည်းကောင်း မြင်နိုင်သည်။ ဤသို့ဖြင့် သူသည် မည်သည့်အခါမျှ မေ့ပျောက်မည်မဟုတ်ဘဲ အနေရခက်ခြင်းပင် ဖြစ်လိမ့်မည်။ ထို့ထက်ပို၍ ငါသည် သူ့အား ဆက်လက်၍ ကျေးဇူးဆပ်နေမည်။ ငါသည် ညောင်စေ့လောက် ကျေးဇူးပြုခြင်းကို ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်နိုင်သည့်အတွက် မြင့်မြတ်သော ကိုယ်ကျင့်သိက္ခာရှိသူတစ်ယောက် မဟုတ်သလော။ ငါသည် လူကြီးလူကောင်းတစ်ယောက် မဟုတ်သလော။ ကြီးမြတ်သောသူတစ်ယောက် မဟုတ်သလော။ လေးစားခြင်းကို မခံရထိုက်သလော” ဟု ဆိုလိမ့်မည်။ လူတိုင်းက သူ့အား ချီးမွမ်းပြီး ဂုဏ်ပြုသည်။ ဤအရာက သူ၏ စိတ်ခံစားချက်များကို လွန်စွာ နိုးကြွစေသည်။ ထို့ကြောင့် သူက “သင်တို့သည် ငါ့အား ကြင်နာသောသူ၊ မြင့်မြတ်သော ကိုယ်ကျင့်စရိုက်ရှိသောသူ၊ လူတို့ကြားတွင် စံနမူနာဖြစ်သူ၊ လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရားဆိုင်ရာ စံတင်လောက်သူအဖြစ် ချီးမွမ်းသောကြောင့် ငါသေပြီးနောက်တွင် ငါ့အတွက် အထိမ်းအမှတ်ကျောက်တိုင်တစ်ခု စိုက်ထူပြီး ဤသူသည် ‘ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်’ ဆိုသည့် ဆိုရိုးစကားအတွက် စံတင်လောက်သူဖြစ်ပြီး၊ လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရားဆိုင်ရာ စံနမူနာဖြစ်သူအဖြစ် ခေါ်ဆိုနိုင်သည်” ဆိုသော စာသားကို ရေးသင့်သည်”ဟု ပြောသည်။ သို့သော် ကျောက်တိုင်စိုက်ထူပြီးသည့်အခါတွင်ပင်လျှင် လူတို့က သူ၏ ပုံသဏ္ဌာန်အတိုင်း ရွံ့စေးဖြင့်ပြုလုပ်ထားသော ဆင်းတုတစ်ခုလည်း ပြုလုပ်ပြီး ဘုရားကျောင်းတွင် ထားသင့်သည် ဟူ၍လည်းကောင်း၊ ပြီးလျှင် ထိုရုပ်တုတွင် “မည်သူမည်ဝါဟူသော ဘုရား၏ ဂူဗိမာန်” ဟူ၍ သူ၏ ခံ့ညားသော နာမည်ကို ရေးသင့်သည် ဟူ၍လည်းကောင်း၊ ထိုဆင်းတုအောက်တွင် အမွှေးနံ့သာပူဇော်သည့် စင်တစ်ခုထားရှိသင့်သည် ဟူ၍လည်းကောင်း၊ ထိုနေရာတွင် လူတိုင်းက သူ့အား အမွှေးနံ့သာ ပူဇော်ရမည် ဟူ၍လည်းကောင်း၊ ဤသို့ဖြင့် သူ၏ ကောင်းကျိုးအတွက် ထိုအမွှေးနံ့သာက အစဉ်အမြဲ လောင်ကျွမ်းနေမည် ဟူ၍လည်းကောင်း သူ တွေးလေသည်။ ထို့အပြင် လူတို့၏ အိမ်များတွင် သူ၏ ဆင်းတုငယ်ထားရှိပြီး အမွှေးနံ့သာ ထွန်းညှိရမည်။ ပြီးလျှင် သူ့အား တစ်ရက်သုံးကြိမ် ကန်တော့ရမည်။ ၎င်းတို့၏ သားမြေးများနှင့် ငယ်ရွယ်သော မျိုးဆက်များအား သူကဲ့သို့ဖြစ်အောင် သွန်သင်ရမည်။ ၎င်းတို့၏ သားသမီးများကို သူကဲ့သို့သောလူကို၊ ညောင်စေ့လောက်ကျေးဇူးပြုခံရခြင်းကို ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်နိုင်သော၊ လူသားမျိုးနွယ်၏ ကိုယ်ကျင့်တရား၏ စံတင်လောက်သူ၊ စံနမူနာဖြစ်သူတစ်ယောက်ကို လက်ထပ်ယူရမည်ဟု ပြောပြရမည်။ တရုတ်လူမျိုးများ၏ ရိုးရာသွန်သင်မှုဆိုင်ရာ နည်းလမ်းမှာ ၎င်းတို့၏ သားသမီးများအား လူကောင်းများဖြစ်အောင် သင်ကြားခြင်းဖြစ်ပြီး၊ ကျေးဇူးပြုခြင်းအား အသိအမှတ်ပြုခြင်းနှင့် ထိုကျေးဇူးအားပြန်ဆပ်ဖို့ အားထုတ်ခြင်းကို အလေးပေးသည်။ သင်သည် ညောင်စေ့လောက် ကျေးဇူးပြုခြင်းခံရလျှင် တစ်ဘဝလုံး ကြိုးစားပြီး ပြန်ဆပ်ရမည်။ ဆိုလိုသည်မှာ ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည် ဖြစ်သည်။ ကလေးများကြီးလာသောအခါ ၎င်းတို့သည်လည်း နောက်လာမည့် မျိုးဆက်များကို အလားတူ သင်ကြားပေးသည်။ ဤသို့ဖြင့် ဆက်လက်ပြီး မျိုးဆက်တစ်ဆက်မှ နောက်တစ်ဆက်သို့ လက်ဆင့်ကမ်းသွားသည်။ ထိုသို့သောသူသည် ညောင်စေ့လောက် ကျေးဇူးပြုခံရခြင်းကို ညောင်ပင်ကြီးလောက် ကျေးဇူးကို ပြန်ဆပ်နိုင်သောအခါ သူသည်လည်း သူ၏ အဆုံးစွန် ရည်ရွယ်ချက်ကို ရရှိပြီဖြစ်သည်။ မည်သည့်ရည်ရွယ်ချက်ကို သူ ရရှိပြီနည်း။ လောကီလူသားများနှင့် လူ့အဖွဲ့အစည်း၏ လက်ခံခြင်း၊ အသိအမှတ်ပြုခြင်းကို ခံရခြင်းဖြစ်သည်။ ဤအရာက အဓိကမဟုတ်သည်မှာ မှန်၏။ အရေးကြီးဆုံးအရာမှာ လူတို့သည် ၎င်းတို့၏နံရံတွင် သူ၏ရုပ်ပုံကို ချိတ်ဆွဲပြီး သူ၏ရုပ်တုကို ပူဇော်ကြခြင်း၊ သူသည် ဤကမ္ဘာလောကမှ ထွန်းညှိသော အမွှေးနံ့သာများကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ခံစားနိုင်ခြင်း၊ သူ၏ စိတ်ဓာတ်နှင့် အယူအဆများကို ကမ္ဘာလောကတွင် လက်ဆင့်ကမ်းသွားနိုင်ပြီး နောင်လာမည့် လူသားမျိုးဆက်များ၏ ချီးမွမ်းမှုကို ခံရခြင်းတို့ဖြစ်သည်။ အဆုံးတွင် ဤကမ္ဘာလောကမှ ထွန်းညှိသော အမွှေးနံ့သာများကို အပြည့်အဝ ခံစားပြီးနောက်တွင် သူသည် မည်သည့်အရာ ဖြစ်လာသနည်း။ သူသည် နတ်ဆိုးဘုရင်ဖြစ်လာပြီး၊ နောက်ဆုံး၌ သူ၏ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိခဲ့ပြီဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါ် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းအတွက် အဆုံးစွန်သော အကျိုးဆက်ဖြစ်သည်။ အစပိုင်းတွင် လူတို့သည် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်း၊ ရည်မွန်ခြင်း၊ ဉာဏ်ပညာ၊ ယုံကြည်ထိုက်ခြင်းတို့ကဲ့သို့ အကျင့်စာရိတ္တနှင့် ဆိုင်သော ရိုးရာယဉ်ကျေးမှုတွင်ရှိသည့် အယူအဆတစ်ခုမျှကိုသာ လက်ခံကြသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် ဤအယူအဆ၏ သတ်မှတ်ချက်ကို လိုက်နာပြီး ဤအယူအဆနှင့် ဤသတ်မှတ်ချက်ကို တင်းကျပ်စွာဖြင့် လက်တွေ့လုပ်ဆောင်ကာ လိုက်နာခြင်းအားဖြင့် သူတစ်ပါးအတွက် စံနမူနာတစ်ခု ချမှတ်ကြသည်။ ပြီးလျှင် ကျန်သည့် လူသားမျိုးနွယ်အတွက် ကိုယ်ကျင့်တရားအတွက် စံနမူနာ၊ စံတင်လောက်သူ ဖြစ်လာရန်ဟူသည့် ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိကြသည်။ ထို့နောက်တွင် ၎င်းတို့သည် သေဆုံးပြီးနောက် ဂုဏ်သတင်းကောင်းကို ချန်ထားခဲ့ကာ၊ ထိုဂုဏ်သတင်းကောင်းသည် မျိုးဆက်များမှတစ်ဆင့် လက်ဆင့်ကမ်းသွားသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ဤကမ္ဘာလောကမှ ထွန်းညှိထားသော အမွှေးနံ့သာကို ရှူရှိူက်ပြီး နတ်ဆိုးဘုရင် ဖြစ်လာရန်ဟူသည့် မိမိတို့အလိုရှိသည့်အရာကို ရရှိခြင်းဖြစ်သည်။ ဤသည်မှာ ကောင်းသည့်အရာ ဟုတ်သလော။ (မဟုတ်ပါ။) ကောင်းသည့်အရာမဟုတ်ဟု အဘယ်ကြောင့်ဆိုသနည်း။ ဤသည်မှာ ဘာသာမဲ့သူတစ်ဦးက ဘဝတွင် ရည်ရွယ်ချက်ထားရှိသော အဆုံးစွန်ပန်းတိုင် ဖြစ်သည်။ သူသည် အကျင့်စာရိတ္တတစ်ခုခုနှင့်ဆိုင်သည့် အယူအဆကို လက်ခံပြီးနောက် စံနမူနာအဖြစ် ဦးဆောင်သည်။ နောက်ဆုံးတွင် သူ့အား လူကောင်းတစ်ယောက်၊ ကြင်နာတတ်သူတစ်ယောက်၊ ထင်ရှားကျော်ကြားသူတစ်ယောက်၊ မြင့်မြတ်သော ကိုယ်ကျင့်စရိုက်ရှိသူ တစ်ယောက်အဖြစ် လူတိုင်းက ချီးမွမ်းသည်အထိ ဤအကျင့်စာရိတ္တနှင့် ပတ်သက်သည့် သတ်မှတ်ချက်များကို အကောင်အထည်ဖော်ရန် စတင်လုပ်ဆောင်သည်။ သူ၏ အပြုအမူနှင့် လုပ်ဆောင်မှုသတင်းသည် လူသားမျိုးနွယ်အားလုံးဆီသို့ ပျံ့နှံ့သွားကာ၊ သူ၏ အပြုအမူနှင့် လုပ်ဆောင်မှုများကို လူသားမျိုးဆက်များက လေ့လာပြီး ကြည်ညိုကြသည်။ နောက်ဆုံးတွင် ထိုသူသည် မျိုးဆက်တစ်ခုလုံးအတွက် စံနမူနာဖြစ်လာပြီး မျိုးဆက်တစ်ခုလုံးအတွက် နတ်ဆိုးဘုရင် ဖြစ်လာသည်မှာ အမှန်ပင်ဖြစ်၏။ ဤသည်မှာ လောကီလူများ လျှောက်သည့်လမ်းကြောင်း မဟုတ်သလော။ ဤသည်မှာ လောကီလူသားတို့ ဆန္ဒပြင်းပြသည့် ရလဒ်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ သမ္မာတရားနှင့် ဆက်စပ်မှုရှိသလော။ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ဆက်စပ်မှုရှိသလော။ ဆက်စပ်မှု လုံးဝမရှိပေ။ ဤသို့သောအရာသည် လူတို့အတွက် အသင့်ရှိထားသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများတွင် ရှိသော နောက်ဆုံးရလဒ်ဖြစ်သည်။ လူတစ်ယောက်သည် ရိုးရာယဉ်ကျေးမှုတွင်ရှိသည့် အမျိုးမျိုးသော အယူအဆများကို ရာနှုန်းပြည့်လက်ခံပြီး ယင်းတို့ကို အပြည့်အဝလိုက်နာလျှင် သူလျှောက်သည့်လမ်းကြောင်းက နတ်ဆိုးများ၏ လမ်းဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ သင်သည် နတ်ဆိုးများ၏လမ်းကို အပြီးအပိုင် စတင်လျှောက်လှမ်းလျှင် သင်သည် လူတို့အား ဘုရားသခင်၏ ကယ်တင်ခြင်းအလုပ်နှင့် ဆက်စပ်မှုမရှိသကဲ့သို့ ကယ်တင်ခြင်းနှင့်လည်း လုံးဝမသက်ဆိုင်ပေ။ ထို့ကြောင့် သမ္မာတရားအား နားလည်ခြင်းဟူသည့် အခြေခံအုတ်မြစ်ပေါ်တွင် သင်သည် ရိုးရာယဉ်ကျေးမှု အယူအဆများ၏ ဘောင်ခတ်ခြင်းနှင့် လွှမ်းမိုးခြင်းကို ခံရဆဲဖြစ်လျှင်၊ တစ်ချိန်တည်းတွင် ဤအယူအဆများ၏ လွှမ်းမိုးမှုအောက်တွင် ယင်းတို့၏ ဥပဒေသများကို လိုက်နာခြင်း၊ ဤသတ်မှတ်ချက်များနှင့် ဆိုရိုးစကားများကို လိုက်နာခြင်းဖြင့် သင်သည် ၎င်းတို့ကို ဆန့်ကျင်တွန်းလှန်ရန်၊ လက်လွှတ်ရန် မတတ်နိုင်လျှင်၊ ဘုရားသခင်ထံမှ သတ်မှတ်ချက်များကို လက်မခံနိုင်လျှင် အဆုံးတွင် သင်သည် နတ်ဆိုးများ၏လမ်းကို လိုက်ပြီး နတ်ဆိုးဘုရင် ဖြစ်လာလိမ့်မည်။ ဤအရာကို သင်နားလည်သည်မဟုတ်လော။ ကမ္ဘာလောကတွင်ရှိသော မည်သည့်သီအိုရီ၊ သို့မဟုတ် ဆိုရိုးစကားမဆို ဘုရားသခင်က လူသားမျိုးနွယ်အား ပေးအပ်သည့် ကယ်တင်ခြင်းလမ်းကြောင်းကို အစားမထိုးနိုင်ပေ။ ကမ္ဘာလောကတွင်ရှိသော အမြင့်ဆုံး ကိုယ်ကျင့်တရားစံနှုန်းကပင် အစားမထိုးနိုင်ပေ။ လူတို့သည် ကယ်တင်ခြင်းလမ်းကြောင်းဖြစ်သော မှန်ကန်သော လမ်းကြောင်းကို စတင်လျှောက်လှမ်းလိုလျှင် ဘုရားသခင်ရှေ့သို့ လာခြင်း၊ ဘုရားနှုတ်ကပတ်တော်အား အောက်ကျို့စွာ၊ တည်ကြည်ခိုင်မာစွာ လက်ခံခြင်း၊ ဘုရားသခင်၏ အမျိုးမျိုးသော အဆိုပြုချက်များနှင့် သတ်မှတ်ချက်များကို လက်ခံခြင်း၊ ဘုရားနှုတ်ကပတ်တော်အား စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး မိမိတို့ကိုယ်ကို ကျင့်ကြံနေထိုင်ပြီး ဆောင်ရွက်ခြင်းအားဖြင့်သာ ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်သည်။ ဤသို့မဟုတ်လျှင် လူတို့သည် ဘဝတွင် လမ်းကြောင်းမှန်ပေါ်သို့ စတင်လျှောက်လှမ်းရန် မဖြစ်နိုင်ပေ။ ထာဝရပြစ်ဒဏ်ခံရမည့် လမ်းကြောင်းပေါ်တွင် စာတန်၏ အတွေးအခေါ်များနောက်သို့သာ လိုက်နိုင်သည်။ လူအချို့က “အလယ်အလတ်လမ်းရှိသလော” ဟု ဆိုသည်။ မရှိပေ။ သင်သည် ဘုရားသခင်၏ လမ်း၊ သို့မဟုတ် စာတန်၏ နတ်ဆိုးဆန်သော လမ်းနောက်ကိုသာ လိုက်ရသည်။ လမ်းနှစ်လမ်းသာရှိသည်။ သင်သည် ဘုရားသခင်၏ လမ်းနောက်သို့ မလိုက်လျှင် စာတန်က သင့်ဆီသို့ ယူဆောင်လာသည့် အမျိုးမျိုးသော အယူအဆများနှင် ထိုသို့သော အယူအဆများမှ ပေါက်ဖွားလာသည့် နတ်ဆိုးဆန်သော နည်းလမ်းအမျိုးမျိုးကို သင်လိုက်နာသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ သင်သည် အလယ်အလတ်လမ်း၊ သို့မဟုတ် တတိယလမ်းတစ်ခုခုကို လျှောက်ခြင်းအားဖြင့် အပေးအယူလုပ်လိုလျှင် မဖြစ်နိုင်ပေ။ ဤအချက်သည် ရှင်းလင်းသလော။ (ရှင်းပါသည်။) “ညောင်စေ့လောက် ကျေးဇူးပြုခံရရင် ညောင်ပင်ကြီးလောက် ကျေးဇူးပြန်ဆပ်ရမည်” ဆိုသည့် ဆိုရိုးစကားကို ငါဆက်၍ အသေးစိတ်ရှင်းပြမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းသည် “တစ်လုတ်စားဖူး သူ့ကျေးဇူး” ဆိုသည့် ဆိုရိုးစကားနှင့် အနည်းနှင့်အများ တူညီပြီး ထိုဆိုရိုးစကားကို ယခင်က ငါတို့ မိတ်သဟာယပြုပြီး ဖြစ်သောကြောင့်ဖြစ်သည်။ ဤဆိုရိုးစကားနှစ်ခု၏ အနှစ်သာရမှာ အများအားဖြင့် တူညီသည်။ ထို့ကြောင့် သာ၍အသေးစိတ်ကျစွာ ဆွေးနွေးဖို့ မလိုပေ။
ယခုတွင် သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့် ဟူသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားနောက်တစ်ခုအကြောင်းကို ပြောကြစို့။ ဤတစ်ခုသည် ပိုင်းခြားသိမြင်ရန် အလွန်လွယ်ကူသင့်သည်မဟုတ်လော။ ငါတို့ ယခင်ကပြောခဲ့သည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားများ၏ သတ်မှတ်ချက်များနှင့် ယှဉ်ကြည့်လျှင် ဤဆိုရိုးစကားသည် လူတို့အား ချည်နှောင်သည့် တရားသေဆန်သော စည်းကမ်းဖြစ်သည်။ သဘောတရားအရ ဟိတ်ဟန်ကြီးပြီး အထင်ကြီးလောက်ဖွယ်ဖြစ်သော်လည်း၊ အမှားလုံးဝမရှိသည့် ပုံပေါ်ပြီး လူတို့အား ကိုင်တွယ်ဖြေရှင်းရာတွင် ရိုးရှင်းသော စည်းမျဉ်းတစ်ခုဖြစ်ပုံရသော်လည်း ဤရိုးရှင်းသော စည်းမျဉ်းသည် မိမိကိုယ်ကို မည်သို့ ကျင့်ကြံနေထိုင်ရမည်၊ သို့မဟုတ် လူတို့အား မည်သို့ဆက်ဆံရမည်နှင့်ပတ်သက်လျှင် လုံးဝ အဓိပ္ပာယ်မရှိပေ။ လူတစ်ယောက်၏ ကျင့်ကြံနေထိုင်မှု၊ သို့မဟုတ် ဘဝ၏ လိုက်စားမှုအတွက် အထောက်အကူမဖြစ်ပေ။ ယင်းသည် လူတို့၏ ပြုမူနေထိုင်မှုနှင့် အပြုအမူတို့တွင် ၎င်းတို့လိုက်နာသင့်သည့် စည်းမျဉ်းတစ်ခုမဟုတ်သကဲ့သို့ ဘဝတွင် မှန်ကန်သော ဦးတည်ချက်နှင့် ပန်းတိုင်ကို လိုက်စားရန် လူတို့အတွက် စည်းမျဉ်းတစ်ခုလည်းမဟုတ်ပေ။ သင်သည် ဤသတ်မှတ်ချက်ကို လိုက်နာလျှင်ပင် ဤသတ်မှတ်ချက်က လုပ်ဆောင်သမျှမှာ လူတို့နှင့် သင် ဆက်ဆံရာတွင် ကျိုးကြောင်းမဆီလျော်သည့်အရာတစ်ခုခုကို မလုပ်ဆောင်ရန် သင့်ကို တားဆီးခြင်းသာဖြစ်သည်။ သို့သော် ဤသည်မှာ သင်သည် ဘဝတွင် မှန်ကန်သော လမ်းကြောင်းပေါ်၌ ရှိနေသည်ဟု သက်သေပြဖို့ မဆိုထားနှင့်။ လူတို့အပေါ် အမှန်တကယ်ချစ်ခြင်းရှိသည်၊ သို့မဟုတ် ၎င်းတို့အား အမှန်တကယ်ကူညီသည်ဟုပင် မဆိုလိုပေ။ တိုက်ရိုက်ဆိုရလျှင် “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည်မှာ သင်သည် တစ်စုံတစ်ခုကို မနှစ်သက်လျှင်၊ သို့မဟုတ် တစ်စုံတစ်ခုကို မလုပ်ဆောင်လိုလျှင် အခြားလူများကိုလည်း ထိုအရာကို အတင်းမလုပ်ဆောင်ခိုင်းသင့်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ ပါးနပ်ပြီး ကျိုးကြောင်းသင့်သည့် ပုံစံရှိသည်။ သို့သော် အခြေအနေတိုင်းကို ကိုင်တွယ်ရန် ဤဆိုးယုတ်သော အတွေးအခေါ်ကို အသုံးပြုလျှင် အမှားများစွာ ပြုလုပ်မည်ဖြစ်သည်။ သင်သည် လူတို့ကို နာကျင်စေဖို့၊ လှည့်စားဖို့၊ သို့မဟုတ် နစ်နာစေဖို့ပင် ဖြစ်နိုင်ခြေရှိသည်။ မိဘအချို့က ကျောင်းတက်ခြင်းကို မနှစ်သက်သော်လည်း ၎င်းတို့၏ သားသမီးများကို ကျောင်းတက်စေချင်ကာ သားသမီးများနှင့် အစဉ်ကျိုးကြောင်းပြပြောဆိုဖို့ ကြိုးစားပြီး စာကြိုးစားရန် တိုက်တွန်းသကဲ့သို့ပင်ဖြစ်သည်။ “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေ” ရန် သတ်မှတ်ချက်ကို ဤနေရာတွင် အသုံးချလျှင် ဤမိဘများသည် ၎င်းတို့၏ သားသမီးများကို ကျောင်းမတက်ခိုင်းသင့်ပေ။ ၎င်းတို့ကိုယ်တိုင်က မနှစ်သက်သောကြောင့်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားကြသည့်တိုင် မိမိတို့၏ စိတ်နှလုံးတွင်မူ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘဝတွင် မှန်ကန်သောလမ်းကြောင်းဖြစ်သည်ကို သိကြသည့် အခြားလူများရှိသည်။ ၎င်းတို့၏ သားသမီးများသည် ဘုရားသခင်ကို မယုံကြည်ဘဲ လမ်းမှန်တွင်မရှိသည်ကို မြင်လျှင် ၎င်းတို့က သားသမီးများကို ဘုရားသခင်အား ယုံကြည်ရန် တိုက်တွန်းကြသည်။ ၎င်းတို့ကိုယ်တိုင်က သမ္မာတရားကို မလိုက်စားသော်လည်း ၎င်းတို့၏ သားသမီးများကို လိုက်စားစေလိုပြီး ကောင်းချီးခံရစေလိုသည်။ ဤအခြေအနေတွင် ၎င်းတို့သည် “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည့် ဆိုရိုးစကားကို လိုက်နာလျှင် ဤမိဘများသည် ၎င်းတို့၏ သားသမီးများကို ဘုရားသခင်အား ယုံကြည်အောင် မပြုလုပ်သင့်ပေ။ ဤသည်မှာ ဆိုးယုတ်သော အတွေးအခေါ်နှင့် ကိုက်ညီလိမ့်မည်။ သို့သော် ကယ်တင်ခြင်းရဖို့ ၎င်းတို့သားသမီးများ၏ အခွင့်အရေးကိုလည်း ဖျက်ဆီးလိမ့်မည်။ ဤရလဒ်အတွက် မည်သူက တာဝန်ရှိသနည်း။ သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့် ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ ရိုးရာဆိုရိုးစကားသည် လူတို့အား မထိခိုက်စေသလော။ နောက်ထပ် ဥပမာတစ်ခုမှာ ဤသို့ ဖြစ်သည်။ အချို့သောမိဘများသည် တာဝန်သိသော၊ ဥပဒေကို လိုက်နာသော ဘဝအား နေထိုင်ခြင်းကို မရောင့်ရဲကြပေ။ ၎င်းတို့သည် လယ်မြေပေါ်တွင် ပင်ပင်ပန်းပန်း အလုပ်လုပ်လိုစိတ်မရှိ၊ သို့မဟုတ် ၎င်းတို့၏ မိသားစုကို ပံ့ပိုးဖို့အတွက် အလုပ် သွားမလုပ်လိုကြပေ။ ထိုအစား အဆင့်မြင့်သောဘဝကို နေထိုင်ပြီး ပျော်ပါးကာ ဇာတိပကတိ၏ သာယာမှုကို ခံစားနိုင်ရန်အလို့ငှာ လိမ်ညာလိုသည်။ ကလိမ်ကျလိုသည်၊ သို့မဟုတ် လောင်းကစားလုပ်လိုကြသည်။ ရိုးသားခြင်းမရှိသည့် ငွေအမြောက်အများကို ရရှိရန်အတွက် မဖြောင့်မတ်သောနည်းများကို အသုံးပြုလိုကြသည်။ ၎င်းတို့သည် ရိုးသားသောအလုပ်အား လုပ်ကိုင်ရသည်ကို၊ သို့မဟုတ် မှန်ကန်သောလမ်းကြောင်းအား လိုက်လျှောက်ရသည်ကို မနှစ်သက်ပေ။ ဤသည်မှာ၎င်းတို့ ဆန္ဒမရှိသည့်အရာဖြစ်သည်မဟုတ်လော။ ဤသို့ဖြစ်ခြင်းက မကောင်းသည်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် သိသည်။ ဤအခြေအနေတွင် ၎င်းတို့၏ သားသမီးများကို ၎င်းတို့က မည်သို့ သွန်သင်ပေးသင့်သနည်း။ သာမန်လူတို့က ၎င်းတို့၏ သားသမီးများကို အနာဂတ်တွင် အလုပ်ကောင်းတစ်ခုကို ရှာနိုင်ရန်၊ ၎င်းတို့၏ သားသမီးများကို မှန်ကန်သောလမ်းကြောင်းအား လျှောက်စေရန်အတွက် ၎င်းတို့ကို စာကြိုးစားပြီး ပညာရပ်တစ်ခုကို ကျွမ်းကျင်အောင်သင်ယူဖို့ သွန်သင်မည်ဖြစ်သည်။ ဤသည်မှာ မိဘ၏ တာဝန်ကို ဖြည့်ဆည်းခြင်းဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) မှန်ပေ၏။ သို့သော် ၎င်းတို့က “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဟူသည့် ဆိုရိုးစကားကို လိုက်နာလျှင် ၎င်းတို့က “ငါ့သား၊ ငါ့ကို ကြည့်လော့။ ငါသည် ဘဝတွင် သောက်စားခြင်း၊ ပြည့်တန်ဆာများ၊ လောင်းကစားများထံ မကြာခဏ သွားရောက်ခြင်းတို့ကဲ့သို့သော အရာမျိုးစုံကို လုပ်ဆောင်နိုင်သည်။ ငါသည် ကျောင်းမတက်ဘဲ၊ သို့မဟုတ် ပညာရပ်တစ်ခုကို မသင်ယူဘဲနှင့်ပင် ဘဝတွင် ရပ်တည်သည်။ သင်သည် နောင်တွင် ငါနှင့် သင်ယူလော့။ သင်သည် ကျောင်းတက်ပြီး စာကြိုးစားဖို့မလိုပေ။ ခိုးယူ၊ လိမ်ညာပြီး လောင်းကစားလုပ်တတ်အောင် သင်ယူလော့။ သင်၏ ကျန်သည့်နေ့ရက်ကာလများတွင် သက်သာသော ဘဝကို နေထိုင်နိုင်သေးသည်” ဟူ၍ ပြောလိမ့်မည်။ ဤသို့လုပ်ဆောင်သည်မှာ မှန်ကန်သလော။ တစ်ဦးတလေက သူ၏ သားသမီးများကို ဤသို့ သွန်သင်ပေးသလော။ (မသွန်သင်ပါ။) ဤသည်မှာ “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည့်အရာမဟုတ်လော။ ဤဥပမာများက ဤဆိုရိုးစကားကို လုံးလုံးလျားလျား ချေပခဲ့သည် မဟုတ်လော။ ဤအရာနှင့်ပတ်သက်ပြီး မှန်ကန်သည့်အရာတစ်ခုမျှ မရှိပေ။ ဥပမာ လူအချို့သည် သမ္မာတရားကို မချစ်ကြပေ။ ဇာတိပကတိ သက်သာမှုများကို တပ်မက်ကြသည်။ တာဝန်ထမ်းဆောင်ရာတွင် အချောင်ခိုရန် လမ်းရှာကြသည်။ ဒုက္ခခံရန်၊ သို့မဟုတ် အဖိုးအခပေးဆပ်ရန် မလိုလားကြပေ။ “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည့် ဆိုရိုးစကားက သင့်တင့်လျောက်ပတ်သည်ဟု ၎င်းတို့က ထင်ကြပြီး “ကိုယ့်ကိုယ်ကိုယ်ပျော်အောင်နေဖို့ သင်တို့ သင်ယူသင့်သည်။ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့၊ ဆင်းရဲဒုက္ခခံဖို့၊ အဖိုးအခပေးဆပ်ဖို့ မလိုပါ။ အချောင်ခိုလို့ရလျှင် အချောင်ခိုလော့။ တစ်ခုခုကို ဖြစ်သလိုလုပ်လို့ရလျှင် ဖြစ်သလိုလုပ်လော့။ မိမိကိုယ်ကိုယ် သက်ညှာလော့။ ကြည့်လေ၊ ကျွန်ုပ် ဤသို့နေသည်။ မကောင်းဘူးလော။ ကျွန်ုပ်ဘဝက ပြည့်စုံသည်။ ထိုသို့အသက်ရှင်နေသဖြင့် သင်သည် မိမိကိုယ်ကိုယ် ပင်ပန်းစေခြင်း ဖြစ်သည်။ ကျွန်ုပ်ထံမှ သင်တို့ သင်ယူသင့်သည်” ဟူ၍ လူတို့ကို ပြောကြသည်။ ဤသည်မှာ “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည့် သတ်မှတ်ချက်နှင့် မကိုက်ညီသလော။ သင်သည် ဤသို့ လုပ်ဆောင်လျှင် သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူဖြစ်သလော။ (မဖြစ်ပါ။) လူတစ်ယောက်သည် သူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားပျောက်ဆုံးလျှင် သူသည် သူတော်ကောင်းတရား မကင်းမဲ့သလော။ ဤသည်ကို သူတော်ကောင်းတရား ကင်းမဲ့ခြင်းဟု ခေါ်သည်။ အဘယ်ကြောင့် ဤသို့ခေါ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သက်သာခြင်းကို တပ်မက်သည်။ ၎င်းတို့၏တာဝန်ကို ဖြစ်သလိုလုပ်သည်။ ၎င်းတို့နှင့်အတူ ဝတ်ကျေတမ်းကျေပြုပြီး သက်သာခြင်းကို မက်မောရန် သူတစ်ပါးတို့အား သွေးဆောင်ပြီး လွှမ်းမိုးသည်။ ဤတွင် ပြဿနာက အဘယ်နည်း။ သင့်တာဝန်တွင် ဝတ်ကျေတမ်းကျေပြုပြီး တာဝန်မသိတတ်ခြင်းသည် လှည့်စားသည့်လုပ်ရပ်ဖြစ်ပြီး ဘုရားသခင်ကို အာခံခြင်းဖြစ်သည်။ သင်သည် ဆက်လက်၍ ဝတ်ကျေတမ်းကျေပြုပြီး နောင်တမရလျှင် ဖော်ထုတ်ခံရပြီး ဖယ်ရှားခြင်းခံရမည်ဖြစ်သည်။ အသင်းတော်မှ လူများစွာသည် ဤသို့ ရှင်းလင်းပစ်ခြင်းခံရသည်။ ဤသည်မှာ အမှန်တရားမဟုတ်လော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် ဤဆိုရိုးစကားကို လိုက်နာခြင်းနှင့် လူတို့က ၎င်းတို့၏ တာဝန်ကို လုံ့လရှိစွာ မထမ်းဆောင်ဘဲ ထိုအစား ဘုရားသခင်ကို လိမ်လည်လှည့်စားကြရန်အလို့ငှာ ၎င်းတို့ကဲ့သို့ဖြစ်ရန် လူတိုင်းကို လှုံ့ဆော်ခြင်းဖြင့်၊ ဤသည်မှာ လူတို့အား ထိခိုက်စေခြင်း၊ ပျက်စီးခြင်းသို့ ပို့ဆောင်ခြင်းဖြစ်သည် မဟုတ်လော။ ၎င်းတို့ကိုယ်တိုင်က ပျင်းရိပြီး စိတ်မချရပေ။ သို့တိုင်အောင် ၎င်းတို့သည် အခြားလူများကိုလည်း တာဝန်မထမ်းဆောင်ရန် ဟန့်တားသည်။ ဤသည်မှာ အသင်းတော်အလုပ်ကို နှောင့်ယှက်ဖျက်ဆီးနေခြင်း မဟုတ်လော။ ဘုရားသခင်အား ရန်မူနေခြင်းမဟုတ်လော။ ဘုရားအိမ်တော်သည် ဤသို့သောလူတို့အား ထားရှိနိုင်သလော။ ဘာသာမဲ့သူများ၏ ကုမ္ပဏီတွင် အလုပ်လုပ်သော သူတစ်ယောက်က အခြားဝန်ထမ်းများအား ၎င်းတို့၏ အလုပ်ကို ကောင်းစွာမလုပ်ဆောင်ရန် လှုံ့ဆော်သည်ဆိုပါစို့။ သူဌေးက သိလျှင် သူ့အား အလုပ်ထုတ်မည် မဟုတ်လော။ သူဌေးက သူ့အား သေချာပေါက် နှင်ထုတ်လိမ့်မည်။ ဤသို့ဆိုလျှင် သူသည် ဘုရားအိမ်တော်၌ သူ၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် ဤအရာကို လုပ်ဆောင်နိုင်သေးလျှင် သူသည် ဘုရားသခင်ကို ယုံကြည်သူဖြစ်သလော။ ဤသည်မှာ ဘုရားအိမ်တော်သို့ ထိုးဖောက်ဝင်ရောက်လာသော ဆိုးယုတ်သူ၊ ယုံကြည်ခြင်းမရှိသူဖြစ်သည်။ သူ့အား ရှင်းလင်းပြီးဖယ်ရှားရမည်။ ဤဥပမာများကို နားထောင်ပြီးနောက်တွင် သင်တို့သည် “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကား၏ အနစ်သာရကို အတော်အတန် သိမြင်နိုင်သလော။ (သိမြင်နိုင်ပါသည်။) သင်တို့ ချမှတ်သည့် နောက်ဆုံး ကောက်ချက်မှာ အဘယ်နည်း။ ဤသတ်မှတ်ချက်သည် သမ္မာတရားစည်းမျဉ်းတစ်ခုဟုတ်သလော။ (မဟုတ်ပါ။) မဟုတ်သည်မှာ အတော်သိသာ၏။ သို့ဆိုလျှင် ယင်းသည် မည်သည့်အရာဖြစ်သနည်း။ မရေရာသော ဆိုရိုးစကားတစ်ခု၊ အပေါ်ယံတွင် ကောင်းသည့်ပုံရှိသော်လည်း အမှန်တွင် လက်တွေ့အဓိပ္ပာယ်မရှိသောအရာတစ်ခုသာဖြစ်သည်။
သင်တို့သည် “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည့်အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားကို ထောက်ခံအားပေးသူများဖြစ်သလော။ တစ်စုံတစ်ယောက်သည် ဤစကားကို ထောက်ခံအားပေးသူဖြစ်လျှင် ထိုသူသည် ထူးကဲပြီး မြင့်မြတ်သည်ဟု သင်တို့ ထင်မည်လော။ “ကြည့်စမ်း။ သူတို့က အတင်းအကျပ်မလုပ်ဘူး။ သူများတွေ အခက်အခဲဖြစ်အောင် မလုပ်ဘူး။ သူများတွေကို အကျပ်ရိုက်ရအောင် မလုပ်ဘူး။ သူတို့က မကောင်းဘူးလား။ သူတို့က အမြဲတမ်း သူတို့ဘာသာ စည်းကမ်းတင်းကျပ်ပေမဲ့ သူများတွေကိုသည်းခံတယ်။ သူတို့ကိုယ်တိုင် မလုပ်မဲ့ဟာတစ်ခုကို ဘယ်သူ့ကိုမှ ဘယ်တော့မှ မလုပ်ခိုင်းဘူး။ သူများတွေကို အများကြီး လွတ်လပ်ခွင့်ပေးတယ်။ နွေးထွေးမှု၊ လက်ခံမှုကို အများကြီး ခံစားရအောင် လုပ်ပေးတယ်။ ဘယ်လောက်ကောင်းလိုက်တဲ့သူလဲ” ဟူ၍ ပြောဆိုမည့်လူအချို့ရှိသည်။ ဤသည်မှာ တကယ်ပင် မှန်ကန်သလော။ “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည့်စကားက သွယ်ဝိုက်ညွှန်းဆိုသည်မှာ သင်ကိုယ်တိုင်နှစ်သက်ပြီး ပျော်ရွှင်ရသည့်အရာများကိုသာ သူတစ်ပါးတို့ကို ပေးသင့်သည်၊ သို့မဟုတ် ပံ့ပိုးသင့်သည်ဟူ၍ ဖြစ်သည်။ သို့သော် ဖောက်ပြန်ပျက်စီးသော လူများက မည်သည့်အရာများကို နှစ်သက်ပြီး ပျော်ရွှင်ရသနည်း။ ဖောက်ပြန်ပျက်စီးသော အရာများ၊ အဓိပ္ပာယ် မရှိသောအရာများနှင့် လွန်ကျူးသော ဆန္ဒများဖြစ်သည်။ လူတို့ကို ဤအပျက်သဘောဆောင်သောအရာများပေးပြီး ပံ့ပိုးလျှင် လူသားမျိုးနွယ်အားလုံးသည် ပိုပို၍ ဖောက်ပြန်ပျက်စီးလာမည်မဟုတ်လော။ အပြုသဘောဆောင်သောအရာများ ပိုပို၍ နည်းလာလိမ့်မည်။ ဤသည်မှာ အမှန်တရားမဟုတ်သလော။ လူသားမျိုးနွယ်သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးနေသည်မှာ အမှန်တရားဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားများသည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ ဂုဏ်အဆင့်အတန်းနှင့် ဇာတိပကတိ၏ သာယာမှုများနောက်သို့ လိုက်လိုကြသည်။ နာမည်ကျော်ကြားသူများဖြစ်လိုကြသည်။ အင်အားကြီးမားပြီး စွမ်းအားရှင် ဖြစ်လိုကြသည်။ ၎င်းတို့သည် သက်သာသောဘဝကို ရလိုပြီး ကြိုးစားလုပ်ကိုင်ရခြင်းကို မနှစ်သက်ပေ။ အရာရာကို ၎င်းတို့အား ပေးအပ်စေချင်သည်။ ၎င်းတို့အထဲတွင် သမ္မာတရားကို၊ သို့မဟုတ် အပြုသဘောဆောင်သောအရာများကို ချစ်မြတ်နိုးသူ အလွန်နည်းပါးသည်။ လူတို့က ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် မက်မောမှုများကို အခြားလူများအား ပေးပြီး ပံ့ပိုးလျှင် မည်သည့်အရာဖြစ်မည်နည်း။ သင် စိတ်ကူးမည့်အတိုင်းပင်ဖြစ်သည်။ လူသားမျိုးနွယ်သည် ပိုပို၍သာ ဖောက်ပြန်ပျက်စီးလာမည်။ “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည့် အယူအဆကို ထောက်ခံအားပေးသူများသည် လူတို့အား ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှု၊ မက်မောမှုများနှင့် လွန်ကျူးသော ဆန္ဒများကိုအခြားလူများအား ပေးပြီး ပံ့ပိုးရန် တောင်းဆိုပြီး ဤသို့အားဖြင့် အခြားလူတို့အား ဆိုးယုတ်မှု၊ သက်သာမှု၊ ငွေကြေးနှင့် တိုးတက်မှုတို့ကို ရှာဖွေစေသည်။ ဤသည်မှာ ဘဝတွင် မှန်ကန်သော လမ်းကြောင်းဖြစ်သလော။ “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည်မှာ အလွန်ပင် ပြဿနာရှိသော ဆိုရိုးစကားတစ်ခုဖြစ်သည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ ယင်းတွင်ရှိသော ဟာကွက်များနှင့် ချို့ယွင်းချက်များသည် ထင်ရှားသိသာစွာ ပေါ်လွင်ပေသည်။ ယင်းကို စိစစ်ပြီး ပိုင်းခြားသိမြင်ရန်ပင် မထိုက်တန်ပေ။ အနည်းငယ်မျှ စစ်ဆေးကြည့်ခြင်းဖြင့် ယင်း၏ အမှားများနှင့် အဓိပ္ပာယ်မရှိမှုများကို ရှင်းလင်းစွာ မြင်နိုင်သည်။ သို့ရာတွင် သင်တို့အထဲ၌ ဤဆိုရိုးစကားအားဖြင့် အလွယ်တကူ အယုံသွင်းခံရပြီး လွှမ်းမိုးခြင်းခံရကာ ပိုင်းခြားသိမြင်ခြင်းမရှိဘဲ လက်ခံသောသူများစွာ ရှိသည်။ သူတစ်ပါးတို့နှင့် ဆက်ဆံသည့်အခါတွင် သင့်ကိုယ်သင် ဆိုဆုံးမပြီး သူတစ်ပါးတို့အား တွန်းအားပေးရန် ဤဆိုရိုးစကားကို သင် မကြာခဏအသုံးပြုသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်၏ ပင်ကိုစရိုက်သည် အလွန်ပင် မြင့်မြတ်ပြီး သင်၏ ကျင့်ကြံနေထိုင်မှုသည် အလွန်ပင် ကျိုးကြောင်းသင့်လျော်သည်ဟု သင် ထင်သည်။ သို့သော် သင်ကိုယ်တိုင် သတိမထားမိဘဲ ဤစကားများသည် သင် အသက်ရှင်နေထိုင်သည့် စည်းမျဉ်းနှင့် အရေးကိစ္စများအပေါ် သင်၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြပြီးဖြစ်သည်။ တစ်ချိန်တည်းတွင် သင်သည် သင်ကဲ့သို့သော အမြင်၊ ရပ်တည်မှုနှင့် လူများ၊ အခြေအနေများအပေါ် ချဉ်းကပ်စေရန် အခြားသူများအား အထင်အမြင်မှားစေကာ လွဲမှားစေပြီးဖြစ်သည်။ သင်သည် ခြံစည်းရိုးခွထိုင်သူသဖွယ် ပြုမူလုပ်ဆောင်ခဲ့ပြီး လုံးဝ အလယ်အလတ်လမ်းကို လိုက်ခဲ့သည်။ သင်က “ပြဿနာက ဘာပဲဖြစ်ပါစေ။ အလေးအနက်ထားဖို့ မလိုဘူး။ ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ သူများတွေအတွက်ပဲဖြစ်ဖြစ် အခက်အခဲဖြစ်အောင် မလုပ်နဲ့။ သူများတွေအတွက် အခက်အခဲဖြစ်အောင် လုပ်ရင် ကိုယ့်အတွက အခက်အခဲဖြစ်အောင် လုပ်တာပဲ။ သူများတွေအပေါ် ကြင်နာတာက ကိုယ့်အပေါ် ကြင်နာတာပဲ။ သူများတွေအပေါ် မညှာတာရင် ကိုယ့်အပေါး မညှာတာတာပဲ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အကျပ်ရိုက်ရအောင် လုပ်မှာလဲ။ ‘သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်’ ဆိုတာက ကိုယ့်အတွက် လုပ်ပေးနိုင်တဲ့အရာထဲမှာ အကောင်းဆုံးနဲ့ အသက်ညှာဆုံးပဲ” ဟု ပြောသည်။ ဤသဘောထားသည် သိသာစွာပင် မည်သည့်အရာတွင်မျှ စေ့စပ်တိကျမှုမရှိခြင်းတစ်ခုဖြစ်သည်။ သင်သည် မည်သည့်အရေးကိစ္စတွင်မျှမှန်ကန်သော ရပ်တည်ချက်၊ သို့မဟုတ် အမြင်ရှုထောင့်မရှိပေ။ သင်သည် အရာရာတွင် မပြတ်သားသော အမြင်ရှိသည်။ သင်သည် စေ့စပ်တိကျမှုမရှိဘဲ အမှုအရာများကို မျက်ကွယ်ပြုထားခြင်းသာဖြစ်သည်။ သင်သည် နောက်ဆုံးတွင် ဘုရားရှေ့တွင်ရပ်ပြီး သင့်အတွက်သင် ဖြေရှင်းရသောအခါတွင အလွန်ပင် မရှင်းမလင်းဖြစ်လိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင်သည် သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်ဟု အစဉ်ပြောသောကြောင့်ဖြစ်သည်။ ဤသည်မှာ သင့်အား အလွန်ပင် စိတ်သက်သာရာရစေပြီး ပျော်ရွှင်စေသည်။ သို့သော် တစ်ချိန်တည်းတွင် သင့်အား ကြီးမားသောပြဿနြဖြစ်စေလိမ့်မည်။ ဤသို့ဖြင့် အကြောင်းအရာများစွာတွင် သင်သည် ရှင်းလင်းသော အမြင်၊ သို့မဟုတ် ရပ်တည်ချက်မရှိနိုင်ပေ။ ဤအခြေအနေများကို သင်ကြုံတွေ့သောအခါ သင့်အတွက် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် စံနှုန်းများသည် မည်သည့်အရာဖြစ်သည်ကို၊ သို့မဟုတ် မည်သည့်အဆုံးသတ်ကို သင်ရရှိသင့်သည်ကို နားမလည်နိုင်အောင်လည်း ပြုလုပ်သည်မှာ မှန်သည်။ သင်သည်မည်သည့်အရာမဆိုတွင် စေ့စပ်တိကျမှုမရှိခြင်းကြောင့် ဤအရာများ ဖြစ်ပျက်ခြင်းဖြစ်သည်။ ယင်းတို့သည် သင်၏ မပြတ်သားသော သဘောထားနှင့် အမြငအားဖြင့် ဖြစ်ပေါ်သည်။ သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့် ဆိုသည်က လူများနှင့် အမှုအရာများအပေါ် သင်ထားရှိသင့်သည့် သည်းခံသည့် သဘောထားဖြစ်သလော။ မဟုတ်ပေ။ ယင်းသည် အပြင်ပန်းတွင် မှန်ကန်သော၊ မြင့်မြတ်သော၊ ကြင်နာသောပုံစံရသည့် သဘောတရားတစ်ခုသာဖြစ်သော်လည်း စင်စစ်အားဖြင့် လုံးလုံးလျားလျား အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်သည်။ လူတို့လိုက်နာသင့်သည့် သမ္မာတရားစည်းမျဉ်းတစ်ခု သာ၍ပင်မဟုတ်သည်မှာ ရှင်းပေသည်။ ဘုရားသခင်က လူတို့အား ၎င်းတို့ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေရန် မတောင်းဆိုပေ။ ထိုအစား မတူညီသော အခြေအနေများကို ကိုင်တွယ်သောအခါ လူတို့ လိုက်နာသင့်သည့်စည်းမျဉ်းများနှင့်ပတ်သက်ပြီး ရှင်းလင်းစွာသိထားရန် ဘုရားသခင်က လူတို့အား တောင်းဆိုသည်။ ယင်းသည် မှန်ကန်ပြီး ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားတို့နှင့် ကိုက်ညီလျှင် ယင်းကို ဖက်တွယ်ထားရမည်။ ဖက်တွယ်ထားရုံမကဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်၊ သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာဖြစ်သည်တို့ကို အခြားသူများက တိကျစွာ နားလည်စေဖို့အတွက် ဆိုဆုံးမရမည်။ ဖျောင်းဖျရမည်။ မိတ်သဟာယဖွဲ့ရမည်။ ဤသည်မှာ သင်၏တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ဘုရားသခင်က သင့်အား အလယ်အလတ်လမ်းကို လိုက်ရန် မတောင်းဆိုပေ။ သင် မည်မျှစိတ်ထားမြင့်မြတ်ကြောင်း ကြွားဝါရန် ပို၍ပင် မတောင်းဆိုပေ။ ဘုရားသခင်က သင့်အား ဆိုဆုံးမကာ သွန်သင်ခဲ့ပြီးဖြစ်သည့်၊ ဘုရားနှုတ်ကပတ်တော်များတွင် ပြောဆိုသည့်အရာများဖြစ်သော လူတို့လေ့လာသင့်သည့် သတ်မှတ်ချက်များ၊ စံနှုန်း၊ သမ္မာတရားစည်းမျဉ်းများကို သင်ဖက်တွယ်ထားသင့်သည်။ ဖက်တွယ်ထားပြီ ထိုအရာများကို အစဉ်ထာဝရကိုင်စွဲထားရုံသာမကဘဲ စံနမူနာအနေဖြင့် ဦးဆောင်လမ်းပြခြင်းအားဖြင့်လည်း လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည့်အပြင် စည်းရုံးခြင်း၊ ကြီးကြပ်ခြင်း၊ ကူညီခြင်းနှင့် သင်လုပ်ဆောင်သည့်ပုံစံအတိုင်း ဤသမ္မာတရားစည်းမျဉ်းများကို ဖက်တွယ်ရန်၊ လိုက်နာရန်၊ လက်တွေ့လုပ်ဆောင်ရန် သူတစ်ပါးတို့အား လမ်းပြခြင်းအားဖြင့်လည်း ဤစည်းမျဉ်းများကို လက်တွေ့လုပ်ဆောင်ရမည်။ ဤအရာကို လုပ်ဆောင်ရန် ဘုရားသခင်က တောင်းဆိုသည်။ ဤသည်မှာ ဘုရားသခင်က သင့်အပေါ် အပ်နှံသည့်အရာဖြစ်သည်။ သင်သည် သူတစ်ပါးတို့ကို လျစ်လျူရှုနေစဉ်တွင် သင့်ကိုယ်သင် သတ်မှတ်ချက်များပြုလုပ်၍ မရပေ။ အရေးကိစ္စများတွင် မှန်ကန်သော ရပ်တည်ချက်ကို ယူရန်၊ မှန်ကန်သောစံသတ်မှတ်ချက်များကို ဖက်တွယ်ရန်၊ ဘုရားနှုတ်ကပတ်တော်များထဲမှ စံနှုန်းက မည်သည့်အရာဖြစ်သည်ကို အတိအကျသိရန်၊ သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာဖြစ်သည်ကို သင် အတိအကျ အဖြေရှာရန် ဘုရားသခင်က သင့်အား တောင်းဆိုသည်။ သင်က ဤအရာကို မဖြစ်မြောက်နိုင်လျှင်ပင်၊ သင်က လုပ်ချင်စိတ်မရှိလျှင်ပင်၊ သင်က ယင်းကို မနှစ်သက်လျှင်၊ အယူအဆများရှိလျှင်၊ သို့မဟုတ် ယင်းကို အတိုက်အခံဖြစ်လျှင် သင်သည် ဤအရာကို သင်၏တာဝန်အဖြစ်၊ သင်၏ ဝတ္တရားအဖြစ် မှတ်ယူရမည်။ ဘုရားသခင်ဆီမှလာသော အပြုသဘောဆောင်သောအရာများကို၊ မှန်ကန်သင့်တော်သောအရာများကို အခြားလူများနှင့် သင်မိတ်သဟာယဖွဲ့ရမည်ဖြစ်ပြီး သူတစ်ပါးတို့အား ကူညီရန်၊ သက်ရောက်စေရန်၊ လမ်းပြရန် ထိုအရာများကို အသုံးပြုလော့။ ဤသို့အားဖြင့် လူတို့သည် ထိုအရာများအားဖြင့် အကျိုးဖြစ်စေနိုင်ပြီး တည်ဆောက်စရာ ဖြစ်စေနိုင်သည်။ အသက်တာတွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်နိုင်သည်။ ဤသည်မှာ သင်၏တာဝန်ဖြစ်သည်။ စာတန်က သင်၏ စိတ်အတွင်းသို့ ထည့်ထားသည့် “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည့် အယူအဆကို ခေါင်းမာစွာဖြင့် ဖက်တွယ်မထားသင့်ပေ။ ဘုရားသခင်၏ အမြင်တွင် ထိုဆိုရိုးစကားသည် လောကီဆက်ဆံရေးများအတွက် အတွေးအခေါ်တစ်ခုသာဖြစ်သည်။ စာတန်၏ လှည့်ကွက်ပါဝင်သော တွေးခေါ်ပုံတစ်ခုဖြစ်သည်။ မှန်ကန်သော လမ်းကြောင်း လုံးဝမဟုတ်သကဲ့သို့ အပြုသဘောဆောင်သောအရာလည်း မဟုတ်ပေ။ သင့်အပေါ် ဘုရားသခင် တောင်းဆိုသမျှမှာ မည်သည့်အရာကို လုပ်ဆောင်သင့်သည်၊ မလုပ်ဆောင်သင့်သည်ကို ရှင်းလင်းစွာ နားလည်သော ဖြောင့်မတ်သည့်သူတစ်ယောက်ဖြစ်ရန် ဖြစ်သည်။ ဘုရားသခင်က သင့်အား လူ့အကြိုက်လိုက်သူတစ်ယောက်ဖြစ်ရန်၊ သို့မဟုတ် ခြံစည်းရိုးခွထိုင်သူဖြစ်ရန် မတောင်းဆိုပေ။ အလယ်အလတ်လမ်းကို လိုက်ရန် မတောင်းဆိုပေ။ အကြောင်းကိစ္စတစ်ခုသည် သမ္မာတရားစည်းမျဉ်းနှင့် သက်ဆိုင်သောအခါ လိုအပ်သည့်အရာများကို သင်ပြောဆိုရမည်။ နားလည်ဖို့လိုအပ်သည့်အရာကို နားလည်ရမည်။ တစ်စုံတစ်ယောက်က တစ်ခုခုကို နားမလည်သော်လည်း သင်က နားလည်လျှင် ထိုသူကို သင်က အကြံဉာဏ်ပေးပြီး ကူညီပေးနိုင်လျှင် ဤတာဝန်နှင့် ဝတ္တရားကို သင်လုံးဝ ဖြည့်ဆည်းရမည်။ ဥပေက္ခာပြု၍ ရပ်ကြည့်မနေရပေ။ “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဟူသကဲ့သို့သော စာတန်က သင်၏စိတ်အတွင်းသို့ ထည့်ထားသည့် အတွေးအခေါ်များကို ဖက်တွယ်ခြင်းအား ပို၍ပင် မလုပ်သင့်ပေ။ သင်နားလည်သလော။ (နားလည်ပါသည်။) မှန်ကန်ပြီး အပြုသဘောဆောင်သောအရာသည် သင် မနှစ်သက်လျှင်ပင်၊ လုပ်ဆောင်လိုစိတ်မရှိလျှင်ပင်၊ လုပ်ဆောင်ပြီး ရယူနိုင်စွမ်းမရှိလျှင်ပင်၊ အတိုက်အခံဖြစ်လျှင်၊ သို့မဟုတ် ဆန့်ကျင်သည့် အယူအဆများဖြစ်ပေါ်လျှင်ပင် ဤကဲ့သို့ဖြစ်သည်။ လူသားမျိုးနွယ်က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး အချို့သော စိတ်ထိခိုက်လှုပ်ရှားမှုများ၊ စိတ်ခံစားချက်များ၊ ဆန္ဒများနှင့် အယူအဆများရှိသောကြောင့်သက်သက်ဖြင့် ဘုရားနှုတ်ကပတ်တော်၏ အနှစ်သာရနှင့် သမ္မာတရားက ပြောင်းသွားလဲမည်မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရား၏ အနှစ်သာရက မည်သည့်အခါမျှ လုံးဝ ပြောင်းလဲမည်မဟုတ်ပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို သိပြီး နားလည်၊ တွေ့ကြုံကာ ရရှိသည်နှင့်တစ်ပြိုင်နက် သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို သူတစ်ပါးတို့အား မိတ်သဟာယဖွဲ့ရန်မှာ သင်၏ ဝတ္တရားဖြစ်သည်။ ဤအရာက လူတို့အား ဘုရားသခင်၏ ရည်ရွယ်ချက်ကို ပို၍ပင် နားလည်စေလိမ့်မည်။ သမ္မာတရားကို ပို၍ နားလည်သဘောပေါက်ပြီး ရရှိစေလိမ့်မည်။ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် စံနှုန်းများကို ပို၍ နားလည်စေပြီး သမ္မာတရားစည်းမျဉ်းများကို သဘောပေါက်စေလိမ့်မည်။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် ဤလူတို့သည် ၎င်းတို့၏ နေ့စဉ်အသက်တာတွင် ပြဿနာများကို ကြုံတွေ့ရသောအခါ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ရရှိကြလိမ့်မည်ဖြစ်ပြီး စာတန်၏ အမျိုးမျိုးသော အယူအဆများ၊ အမြင်များကြောင့် မရောမရာဖြစ်ခြင်း၊ ချုပ်နှောင်ခံရခြင်းဖြစ်မည်မဟုတ်ပေ။ “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားသည် အမှန်တကယ်ပင်၊ စစ်မှန်စွာပင် လူတို့၏ စိတ်ကို ထိန်းချုပ်ရန် စာတန်၏ ဉာဏ်များသော အကြံအစည်ဖြစ်သည်။ သင်က ဤအရာကို အစဉ်စောင့်ထိန်းလျှင် သင်သည် ဆိုးယုတ်သောအတွေးအခေါ်များအတိုင်း အသက်ရှင်သူတစ်ယောက် ဖြစ်သည်။ ဆိုးယုတ်သော စိတ်သဘောထားဖြင့် အပြည့်အဝ အသက်ရှင်သူဖြစ်သည်။ ဘုရားသခင်၏လမ်းနောက်သို့ မလိုက်လျှင် သင်သည် သမ္မာတရားကို မချစ်ပေ၊ သို့မဟုတ် မလိုက်စားပေ။ မည်သည့်အရာဖြစ်ပျက်ပါစေ သင်လိုက်နာသင့်သည့် စည်းမျဉ်းနှင့် သင်လုပ်ဆောင်ရမည့် အရေးကြီးဆုံးအရာမှာ လူတို့အား သင်တတ်နိုင်သမျှ ကူညီရန်ဖြစ်သည်။ သင်သည် “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည်နှင့် “ပါးနပ်သော” လူ့အကြိုက်လိုက်သူတစ်ယောက်ဖြစ်ရန်ဖြစ်သော စာတန်ပြောသည့်အရာကို လက်တွေ့မလုပ်ဆောင်သင့်ပေ။ သင်တတ်နိုင်သမျှ လူတို့ကို ကူညီခြင်းဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ဤသည်မှာ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းခြင်းကို ဆိုလိုသည်။ တစ်စုံတစ်ခုသည် သင်၏တာဝန်နှင့် ဝတ္တရား၏ အစိတ်အပိုင်းဖြစ်သည်ကို သင်မြင်သည်နှင့်တစ်ပြိုင်နက် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့သင့်သည်။ ဤသည်မှာ သင်၏တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းခြင်းကို ဆိုလိုသည်။ ဤမိတ်သဟာယသည် “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားကို အခြေခံအားဖြင့် ရှင်းလင်းသွားစေသလော။ သင်တို့နားလည်ကြပြီလော။ (နားလည်ပါသည်။) ဤဆိုရိုးစကားသည် ပိုင်းခြားသိမြင်ရန် အတော်အတန် လွယ်ကူသည်။ စဉ်းစားဆင်ခြင်မှုများစွာ မလုပ်ဆောင်ဘဲ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းနေသည်ကို သင် ခွဲခြားဖော်ထုတ်နိုင်သည်။ ယင်းသည် အလွန်ပင် အဓိပ္ပာယ်မရှိခြင်းသာဖြစ်သည်။ ထို့ကြောင့် ဆက်၍ အသေးစိတ်မိတ်သဟာယဖွဲ့ရန် မလိုအပ်ပေ။
ယခုတွင် မိတ်ဆွေအတွက် အသက်စွန့်မည် ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားနောက်တစ်ခုအကြောင်းကို မိတ်သဟာယဖွဲ့ကြစို့။ ဤဆိုရိုးစကားသည် လူသားမျိုးနွယ်ကြားတွင် အလွန်အမင်း ပြန့်နှံ့နေသည့် ကြီးကျယ်သော အဆိုတစ်ခုဖြစ်သည်ဟု ထင်ရသည်။ အထူးသဖြင့် ခံယူချက်ကို တန်ဖိုးထားပြီး လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို အလေးထားသူများက ဤဆိုရိုးစကားကို မိတ်ဆွေများစွာ ရရှိရန် နီတိတစ်ခုအဖြစ် ခံယူကြသည်။ ဤဆိုရိုးစကားကို မည်သည့်ခေတ်၊ သို့မဟုတ် လူမျိုးစုတွင် အသုံးပြုသည်ဖြစ်စေ၊ “မိတ်ဆွေအတွက် အသက်စွန့်မည်” ဆိုသည့် ဤဆိုရိုးစကားသည် ကောင်းစွာ ရပ်တည်နိုင်သည်။ ဆိုလိုသည်မှာ ဤဆိုရိုးစကားသည် လူသားမျိုးနွယ်၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် အတော်အတန်ကောင်းစွာ ကိုက်ညီမှုရှိသည်။ ပို၍ အတိအကျဆိုရလျှင် ဤဆိုရိုးစကားသည် လူတို့၏ အသိတရားတွင် လိုက်နာသော “လူသားအချင်းချင်းရင်းနှီးနားလည်မှု” အယူအဆနှင့် ကိုက်ညီသည်။ လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို တန်ဖိုးထားသောသူများသည် မိတ်ဆွေအတွက် အသက်စွန့်လိုစိတ်ရှိမည်ဖြစ်သည်။ ၎င်းတို့၏ မိတ်ဆွေက မည်မျှခက်ခဲပြီး အန္တရာယ်ရှိသည့် အခြေအနေတွင် ရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ရှေ့သို့ထွက်ပြီး အသက်ကိုစွန့်မည်ဖြစ်သည်။ ဤသည်မှာ အခြားသူများ၏ အကျိုးအတွက် မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားကို အနစ်နာခံသည့် စိတ်ဓာတ်ဖြစ်သည်။ “မိတ်ဆွေအတွက် အသက်စွန့်မည်။” ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားက လူတို့အထဲသို့ သွတ်သွင်းပေးသည့်အရာသည် အခြေခံအားဖြင့် ညီအစ်ကိုဆက်ဆံရေးကို တန်ဖိုးထားရန်ဖြစ်သည်။ ဤဆိုရိုးစကားက လူသားမျိုးနွယ်အား ထိန်းသိမ်းရန် သတ်မှတ်သည့် စံနှုန်းသည် ညီအစ်ကိုဆက်ဆံရေးကို တန်ဖိုးထားရမည်ဟူ၍ ဖြစ်သည်။ ယင်းသည် ဤဆိုရိုးစကား၏ အနှစ်သာရဖြစ်သည်။ “လူသားအချင်းချင်းရင်းနှီးနားလည်မှု” ဟူသည့် ဤစကားက မည်သို့ အဓိပ္ပာယ်ရသနည်း။ လူသားအချင်းချင်းရင်းနှီးနားလည်မှုအတွက် စံနှုန်းက အဘယ်နည်း။ ယင်းသည် မိတ်ဆွေတစ်ယောက်အတွက် မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အနစ်နာခံပြီး ထိုသူကျေနပ်စေရန် အရာရာတိုင်းကို လုပ်ဆောင်ခြင်းဖြစ်သည်။ သင်၏ မိတ်ဆွေက မည်သည့်အရာကို လိုအပ်သည်ဖြစ်စေ သင်သည် လိုအပ်သည့် မည်သည့် အကူအညီကိုမဆိုပေးရန် တာဝန်ရှိသည်ဟု သင် ခံစားရသည်။ သင်၏ အသက်ကို စွန့်စားရမည်ဆိုလျှင်လည်း စွန့်စားမည်ဖြစ်သည်။ ဤသည်မှာ မိတ်ဆွေစစ်ဖြစ်ရန် လိုအပ်သောအရာဖြစ်သည်။ ဤအရာကိုသာ လူသားအချင်းချင်း ရင်းနှီးနားလည်မှုစစ်စစ်အဖြစ် ယူဆနိုင်သည်။ လူသားအချင်းချင်း ရင်းနှီးနားလည်မှု၏ အခြားအနက်ဖွင့်ဆိုချက်တစ်ခုမှာ သေရေး ရှင်ရေးကို အရေးမစိုက်ဘဲ သင်၏ အသက်ကို စွန့်စားနိုင်ခြင်း၊ သင်၏ အသက်ကို စွန့်လွှတ်နိုင်ခြင်း၊ သို့မဟုတ် မိတ်ဆွေအတွက် သင်၏ အသက်ကို စွန့်စားနိုင်ခြင်းတို့ဖြစ်သည်။ ဤသည်မှာ အသက်ကို ခြိမ်းခြောက်သော တုန်လှုပ်ခြောက်ခြားဖွယ် အတွေ့အကြုံများတစ်လျှောက်တွင် ခိုင်မြဲသောဆက်ဆံရေးဖြစ်သည်။ သေရေးရှင်ရေးနှင့်သက်ဆိုင်သော ခင်မင်ရင်းနှီးမှုဖြစ်ပြီး၊ စစ်မှန်သော လူသားအချင်းချင်းရင်းနှီးနားလည်မှုဖြစ်သည်။ ဤသည်မှာ ကိုယ်ကျင့်တရားအပြုအမူအတွက် သတ်မှတ်ချက်များတွင်ရှိသော မိတ်ဆွေတစ်ယောက်နှင့်ဆိုင်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။ သင်သည် မိတ်ဆွေစစ်အဖြစ် သတ်မှတ်ရန်အတွက် သင်၏ မိတ်ဆွေများအတွက် အသက်စွန့်လိုစိတ်ရှိရမည်။ ဤသည်မှာ လူတစ်ယောက်က မိမိ၏မိတ်ဆွေများနှင့် ဆက်ဆံသည့်အခါတွင် လိုက်နာစောင့်ထိန်းသင့်သည့် အကျင့်စာရိတ္တဆိုင်ရာ စံသတ်မှတ်ချက်ဖြစ်သည်။ ပြီးလျှင် မိတ်ဆွေဖြစ်ခြင်းနှင့်ပတ်သက်လျှင် လူတို့၏ အကျင့်စာရိတ္တအတွက် သတ်မှတ်ချက်ဖြစ်သည်။ “မိတ်ဆွေအတွက် အသက်စွန့်မည်” ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားသည် အထူးပင် သူရဲကောင်းဆန်ပြီး တရားမျှတသည်၊ အထူးကြီးမြတ်ပြီး မြင့်မြတ်သည်ဆိုသည့် ပုံစံရှိပြီး လူတို့၏ လေးစားမှုနှင့် လက်ခံမှုကို ဖြစ်ပေါ်စေသည်။ ဤသို့သောအရာကို လုပ်ဆောင်နိုင်သောသူတို့သည် ကျောက်အက်ကွဲကြောင်းများထဲမှ ခုန်ထွက်လာသော အခြားကမ္ဘာမှ မသေမျိုးများဖြစ်သည်ဟု လူတို့ကို ခံစားရစေသည်။ ဤလူတို့သည် သူရဲကောင်း၊ သို့မဟုတ် ဓါးသမားများကဲ့သို့ အထူးတရားမျှတသည်ဟု လူတို့အား ထင်စေသည်။ ထို့ကြောင့် ဤသို့သော ခေတ်နောက်ကျသည့်၊ တဲ့တိုးဆန်သည့် အယူအဆများနှင့် အမြင်များကို လူသားများက လိုလိုလားလားလက်ခံကြခြင်းဖြစ်ကာ ၎င်းတို့၏ စိတ်နှလုံးအတွင်းသို့ အလွယ်တကူ နက်ရှိုင်းစွာ ထိုးဖောက်ခြင်းဖြစ်သည်။ “မိတ်ဆွေအတွက် အသက်စွန့်မည်”ဆိုသည့် ဆိုရိုးစကားနှင့်ပတ်သက်ပြီး သင်တို့သည် အလားတူခံစားချက်မျိုးကို ခံစားရသလော။ (ခံစားရသည်။) ဤခေတ်ကာလတွင် မိတ်ဆွေအတွက် အသက်စွန့်မည့်သူများစွာ မရှိသော်လည်း လူအများစုက ၎င်းတို့၏ မိတ်ဆွေများသည် ၎င်းတို့အတွက် အသက်စွန့်မည်ဟူ၍လည်းကောင်း၊ သစ္စာရှိသောသူများ၊ သူငယ်ချင်းကောင်းများ ဖြစ်သည်ဟူ၍လည်းကောင်း၊ ဒုက္ခရောက်သည့်အချိန်တွင် ၎င်းတို့၏ မိတ်ဆွေများသည် စဉ်းစားနေခြင်းမရှိဘဲ၊ သတ်မှတ်ချက်တစ်ခုခုကို ချမှတ်နေခြင်းမရှိဘဲ အကူအညီပေးသည့်လက်ကို ကမ်းကြလိမ့်မည်ဟူ၍လည်းကောင်း၊ ၎င်းတို့၏ မိတ်ဆွေများသည် ၎င်းတို့အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်ဟူ၍လည်းကောင်း၊ အခက်အခဲများအားလုံးကို ခုခံပြီး အန္တရာယ်ကို ဖြုံမည်မဟုတ်ဟူ၍လည်းကောင်း မျှော်လင့်ကြသည်။ သင်သည် သင်၏ မိတ်ဆွေများအတွက် အလားတူ သတ်မှတ်ချက်များရှိလျှင် မိတ်ဆွေအတွက် အသက်စွန့်မည်ဆိုသည့် ဤအယူအဆ၏ လွှမ်းမိုးခြင်း၊ ချည်နှောင်ခြင်းကို ခံရဆဲဖြစ်သည်ကို ပြသခြင်းများ ဖြစ်မည်လော။ သင်သည် ဤဟောင်းနွမ်းသော၊ ရိုးရာဖြစ်သော တွေးခေါ်ပုံဖြင့် အသက်ရှင်ဆဲဖြစ်သည်ဟု ဆိုမည်လော။ (ဆိုမည်ဖြစ်သည်။) ယခုခေတ် အချိန်ကာလတွင် လူတို့သည် “လူများ၏ ကိုယ်ကျင့်တရားသည် ယခုခေတ်တွင် ကျဆင်းနေသည်။ လူတို့သည် ၎င်းတို့၏ ဘိုးဘေးများကဲ့သို့ တူညီသော စိတ်ထားမရှိပေ။ အခြေအနေက ယခုတွင် ပြောင်းလဲသွားသည်။ မိတ်ဆွေများသည် ယခင်ကကဲသို့မဟုတ်။ လူတို့သည် လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို တန်ဖိုးမထားတော့ပေ။ ၎င်းတို့၏ လူသားနွေးထွေးမှု ပျောက်ဆုံးသွားခဲ့ကြသည်။ လူအချင်းချင်း ဆက်ဆံရေးများသည် ပိုပို၍ ဝေးကွာလာသည်” ဟူ၍ ညည်းညူကြသည်။ ယခုခေတ်ကာလတွင် အလွန်နည်းပါးသော လူတို့သာ မိတ်ဆွေများတွင်ရှိသော လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို တန်ဖိုးထားကြသည်။ မိတ်ဆွေအတွက် အသက်ကို စွန့်သော ရှေးအချိန်ကာလက အားနွဲ့သူကို ကြင်နာယဉ်ကျေးစွာ ဆက်ဆံပြီး နွေးထွေးမှုရှိသောသူများကို လူတို့က ချစ်ခင်စွာ သတိရဆဲဖြစ်ကာ ၎င်းတို့ ဖော်ထုတ်ပြသည့် ပုံစံကို မြတ်နိုးကြသည်။ ဥပမာ မိတ်ဆွေအတွက် ၎င်းတို့၏ အသက်ကို စွန့်သော ရှေးယခင်အချိန်ကာလက လူများအကြောင်းဖြစ်သော သမိုင်းတစ်လျှောက် လက်ဆင့်ကမ်းခဲ့သော ပုံပြင်အချို့ကို ကြည့်လော့။ အထူးသဖြင့် လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို ထိန်းသိမ်းသော လူတို့အကြောင်းဖြစ်သည့် ကိုယ်ခံပညာများ ခေတ်စားသော အချိန်ကာလကို အခြေခံသည့် ပုံပြင်များကို ကြည့်လော့။ ယနေ့အချိန်အထိ လူတို့သည် ရုပ်ရှင်များ၊ တီဗီဇာတ်လမ်းများတွင် ဤပုံပြင်များကို ကြည့်ရသောအခါ ၎င်းတို့၏ စိတ်နှလုံးတွင် စိတ်ခံစားချက်များ တစ်လိပ်လိပ်တက်လာသည်ကို ခံစားရဆဲဖြစ်သည်။ ပြီးလျှင် လူသားတို့၏ နွေးထွေးမှုများဖြင့် ပြည့်နေသော၊ လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို လူတို့ တန်ဖိုးထားသော ခေတ်ကို ပြန်သွားဖို့ မျှော်လင့်ချက်များ ထားရှိကြသည်။ ဤအခြင်းအရာများက အဘယ်အရာကို ပြနေသနည်း။ မိတ်ဆွေအတွက် အသက်စွန့်သည့် ဤအယူအဆသည် လူတို့၏ စိတ်ထဲတွင် အပြုသဘောဆောင်သောအရာတစ်ခုအဖြစ် မြတ်နိုးကြသည်ကိုလည်းကောင်း၊ လူကောင်းတစ်ယောက် ဖြစ်ချင်သော၊ ဖြစ်လာချင်သောသူများအတွက် မြင့်မားသော ကိုယ်ကျင့်တရားစံနှုန်းအဖြစ် ထိန်းသိမ်းကြသည်ကိုလည်းကောင်း ပြသလော။ (ပြပါသည်။) လူတို့သည် ယခုခေတ်တွင် ထိုသို့သောအရာကို မိမိတို့ကိုယ်ကိုယ် မတောင်းဆိုရဲသော်လည်း၊ ၎င်းတို့ကိုယ်တိုင် မစွမ်းဆောင်နိုင်သော်လည်း ၎င်းတို့၏ အသိုင်းအဝိုင်းတွင် ထိုသို့သောသူများကို တွေ့ဖို့၊ ၎င်းတို့နှင့် ပတ်သက်ပြီး မိတ်ဆွေဖြစ်ဖို့ မျှော်လင့်ဆဲဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့ကိုယ်တိုင် အခက်အခဲကြုံရသောအခါ ၎င်းတို့၏ မိတ်ဆွေက အသက်စွန့်နိုင်ရန်အတွက် ဖြစ်သည်။ ဤအကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားနှင့်ပတ်သက်ပြီး လူတို့၏ သဘောထားများ၊ အမြင်များကို ကြည့်လျှင် လူတို့သည် လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို တန်ဖိုးထားသည့် ဤသို့သော အယူအဆများ၊ အမြင်များက နက်ရှိုင်းစွာ လွှမ်းမိုးခြင်းကို ခံရသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ လူတို့သည် လူသားအချင်းချင်း ရင်းနှီးနားလည်မှုနှင့်ဆိုင်သည့် စိတ်ဓာတ်ကို ဆန္ဒပြင်းပျပြီး လိုက်နာရန် လူတို့အား တွန်းအားပေးသည့် ဤသို့သော အယူအဆများနှင့် အမြင်များ၏ လွှမ်းမိုးခြင်းကို ခံရသည်ကို ကြည့်လျှင် ၎င်းတို့သည် ဤအရာများဖြင့် အသက်ရှင်ဖို့ အလွန်ပင် အလားအလာရှိသည်မှာ ပြောစရာမလိုပေ။ ရလဒ်အနေဖြင့် လူတို့သည် ဤသို့သော အယူအဆများ၊ အမြင်များ၏ ထိန်းချုပ်ခြင်း၊ ကြီးစိုးခြင်းကို ခံလာရတတ်သည်။ ပြီးလျှင် ဤသို့သော အယူအဆများ၊ အမြင်များအတိုင်း လူများ၊ အမှုအရာများကို ရှုမြင်ပြီး မိမိတို့ကိုယ်ကို ကျင့်ကြံနေထိုင်ကာ ပြုမူဆောင်ရွက်ဖို့ အလားအလာများလာသည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် လူတို့ကို ဝေဖန်အကဲဖြတ်ရန်အတွက် ဤသို့သော အယူအဆများ၊ အမြင်များကို အသုံးပြုပြီး “ဤသူသည် လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို တန်ဖိုးထားသလော။ သူသည် လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို တန်ဖိုးထားလျှင် လူကောင်းတစ်ယောက်ဖြစ်သည်။ တန်ဖိုးမထားလျှင် ထိုသူနှင့် ဆက်ဆံဖို့ မထိုက်တန်ပေ။ သူသည် လူကောင်းတစ်ယောက်မဟုတ်ပေ” ဟူ၍ မိမိတို့ကိုယ်ကို မေးမြန်းကြသည်။ သင်သည်လည်း သင်၏ ကိုယ်ပိုင်အပြုအမူကို ထိန်းချုပ်ခြင်းအရလည်းကောင်း၊ သင်၏ ကိုယ်ပိုင်အပြုအမူကို ကန့်သတ်ခြင်းနှင့် ဝေဖန်အကဲဖြတ်ခြင်းအရလည်းကောင်း လူသားအချင်းချင်း ရင်းနှီးနားလည်မှုနှင့်သက်ဆိုင်သော ဤအယူအဆများ၏ လွှမ်းမိုးခြင်းကို ခံရတတ်သည်။ ၎င်းတို့ကို အခြားသူများနှင့် သင်၏ ဆက်ဆံရေးအတွက် စံသတ်မှတ်ချက်နှင့် ဦးတည်ချက်အဖြစ် မှတ်ယူသည်။ ဥပမာ ဤသို့သော အယူအဆများ၊ အမြင်များ၏ နက်နဲစွာ လွှမ်းမိုးခြင်းခံထားရပြီး သင်သည် ညီအစ်ကိုမောင်နှမများနှင့် ဆက်ဆံသောအခါ သင်လုပ်ဆောင်သမျှကို တိုင်းတာရန်အတွက် အသိတရားကို သင် အသုံးပြုသည်။ ဤ “အသိတရား” ဆိုသည့်စကားက မည်သည့်အရာကို ဆိုလိုသနည်း။ အမှန်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲတွင် အခြားမဟုတ်ဘဲ လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို ဆိုလိုခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ညီအစ်ကိုမောင်နှမတစ်ယောက်ကို ကူညီခြင်းသည် လူသားအချင်းချင်း ရင်းနှီးနားလည်မှုဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့ကို သနားကရုဏာဖြစ်သောအခါတွင်လည်း လူသားအချင်းချင်း ရင်းနှီးနားလည်မှုကြောင့်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်၏ မိသားစုတွင် တာဝန်ထမ်းဆောင်ခြင်း၊ အပေါ်ယံ အားထုတ်မှုအချို့ပြုလုပ်ခြင်း၊ သို့မဟုတ် အသုံးခံခြင်း၊ သို့မဟုတ် ယာယီစိတ်ပြတ်သားမှုအချို့ရှိခြင်း အားလုံးသည် အမှန်တကယ်တွင် လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို တန်ဖိုးထားသည့် ဤသို့သော အယူအဆများ၏ စိုးမိုးခြင်းအောက်မှ လာခြင်းဖြစ်သည်။ ဤဖြစ်ရပ်များက လူတို့သည် ဤသို့သော အယူအဆများ၊ အမြင်များ၏ လွှမ်းမိုးခြင်းကို နက်နဲစွာ ခံရသည်၊ ဤအရာများ၏ ချည်နှောင်ခြင်းခံရပြီး စိတ်တွင် စွဲမှတ်ပြီးဖြစ်သည်ဆိုသည်ကို ရှင်းလင်းစွာ၊ ပြတ်သားစွာ မပြသလော။ “ချည်နှောင်ခြင်းခံရသည်၊” “စိတ်တွင် စွဲမှတ်ပြီးဖြစ်သည်” ဆိုခြင်းဖြင့် အဘယ်အရာကို ငါ ဆိုလိုသနည်း။ လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို တန်ဖိုးထားသည့် ဤသို့သော အယူအဆများ၊ အမြင်များသည် လူတို့၏ အပြုအမူများကို ထိန်းချုပ်နိုင်ရုံသာမကဘဲ လူတို့၏ ဖြစ်တည်မှု အတွေးအခေါ်နှင့် ၎င်းတို့ အသက်ပင်လျှင်ဖြစ်လာသည်ဟုလည်းကောင်း၊ လူတို့သည် ထိုအရာများကို တွယ်ကပ်နေပြီး အပြုသဘောဆောင်သောအရာများအဖြစ် မှတ်ယူသည်ဟုလည်းကောင်း ဆိုနိုင်သလော။ ၎င်းတို့သည် ထိုအရာများကို အပြုသဘောဆောင်သောအရာများအဖြစ် မှတ်ယူသည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ ဤသည်မှာ လူတို့သည် ဘုရားနှုတ်ကပတ်တော်ကို နားထောင်သောအခါတွင်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသောအခါတွင်လည်းကောင်း၊ ပေါ့ဆခြင်း၊ ဝတ်ကျေတမ်းကျေလုပ်ဆောင်ခြင်းမရှိဘဲ တာဝန်ထမ်းဆောင်သောအခါတွင်လည်းကောင်း၊ ပို၍ အဖိုးအခပေးဆပ်ပြီး ဘုရားအပေါ် သစ္စာရှိသောအခါတွင်လည်းကောင်း ဤအပြုအမူအားလုံးသည် လူသားအချင်းချင်း ရင်းနှီးနားလည်မှု၏ အယူအဆ၏ အုပ်စိုးခြင်းကို အတိုင်းအတာ တော်တော်များများအထိ ခံရသည်၊ ဤလူသားအချင်းချင်း ရင်းနှီးနားလည်မှု၏ အငွေ့အသက်များ ရောနှောနေသည်ဟု ဆိုလိုသည်။ ဥပမာ လူအချို့က “ငါတို့သည် မိမိတို့ကိုယ်ကို ကျင့်ကြံနေထိုင်ရာတွင် တာဝန်ကျေပွန်ရမည်။ ငါတို့၏ တာဝန်ကို ဖြစ်သလိုလုပ်၍မရပါ။ ဘုရားသခင်က ငါတို့အား ကျေးဇူးတော်များစွာ ချပေးခဲ့သည်။ အလွန် အန္တရာယ်ရှိသော ပတ်ဝန်းကျင်တွင်၊ အဆင်းနီသော နဂါးကြီး၏ သောင်းကျန်းသော ဖိနှိပ်မှု၊ နှိပ်ကွပ်မှုအားလုံးရှိနေစဉ်တွင် ဘုရားသခင်သည် ငါတို့ကို စာတန်၏ လွှမ်းမိုးမှုမှ ကာကွယ်ပြီး ကယ်တင်သည်။ ငါတို့၏ အသိတရားကို မဆုံးရှုံးရပေ။ ငါတို့သည် ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ရန်အတွက် ငါတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရမည်။ ငါတို့၏ အသက်များကို ဘုရားသခင်က ပေးထားသည်။ ထို့ကြောင့် ငါတို့သည် သူ၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ရန်အတွက် သူ့အပေါ် သစ္စာရှိရမည်။ ကျေးဇူးကန်း၍ မဖြစ်ပါ” ဟူ၍ ဆိုကြသည်။ စွန့်စားမှုများပြုလုပ်ပြီး အဖိုးအခပေးဆပ်ဖို့လိုသည့် တာဝန်ဖြင့် ရင်ဆိုင်ရသော အခြားလူများရှိသည်။ ၎င်းတို့က “အခြားလူများက ရှေ့သို့မထွက်လျှင် ငါထွက်မည်။ ငါသည် အန္တရာယ်ကိုမကြောက်။” ဟု ပြောကြသည်။ လူတို့က ၎င်းတို့ကို မေးသည်။ “အဘယ်ကြောင့် အန္တရာယ်ကို မကြောက်သနည်း။” ၎င်းတို့က “သင်တို့သည် ကျင့်ကြံနေထိုင်ရာတွင် ကိုယ်ကျင့်တရား တည်ကြည်မှု အနည်းငယ်မျှ မရှိသလော။ ဘုရားသခင်၏ မိသားစုက ငါ့အား ကောင်းစွာ ဆက်ဆံသည်။ ဘုရားသခင်က ငါ့အပေါ် ကောင်းသည်။ ငါသည် သူ၏ နောက်သို့လိုက်ရန် စိတ်ပိုင်းဖြတ်သောကြောင့် ငါတတ်နိုင်သည့်အရာကို လုပ်ဆောင်ပြီး ဤစွန့်စားမှုများကို ပြုသင့်သည်။ ငါသည် ဤလူသားအချင်းချင်း ရင်းနှီးနားလည်မှု စိတ်ဓာတ်ရှိရမည်ဖြစ်ပြီး ယင်းကို တန်ဖိုးထားရမည်” ဟူ၍ ပြန်ပြောသည်။ စသဖြင့်ဖြစ်သည်။ လူတို့၏ ဤဖြစ်ရပ်များနှင့် ဤ ဖွင့်ပြချက်များသည် လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို တန်ဖိုးထားသည့် ဤသို့သော အယူအဆများ၊ အမြင်များ၏ ကြီးစိုးခြင်းကို အတိုင်းအတာတစ်ခုအထိ ခံရသလော။ ဤသို့သော အယူအဆများ၊ အမြင်များ၏ ကြီးစိုးမှုကို ခံထားရသောကြောင့် အချိန်အများစုတွင် လူတို့ ပြုလုပ်သည့် ဝေဖန်အကဲဖြတ်မှုများ၊ ရွေးချယ်မှုများနှင့် လူတို့ ဖွင့်ပြသည့် အပြုအမူအချို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် လုံးဝ သက်ဆိုင်ခြင်းမရှိပေ။ ယင်းတို့သည် ယာယီ ရုတ်တရက်ဖြစ်ပေါ်သော စိတ်သာဖြစ်သည်။ ယာယီ စိတ်အခြေအနေ၊ သို့မဟုတ် ယာယီစိတ်ဆန္ဒသာဖြစ်သည်။ ဤသည်မှာ သမ္မာတရားစည်းမျဉ်းများကို လိုက်နာခြင်း မဟုတ်သောကြောင့်လည်းကောင်း၊ မိမိတာဝန်ကို ထမ်းဆောင်ရန် လူတစ်ယောက်၏ စိတ်ခံစားချက်အရဖြစ်သော စိတ်ဆန္ဒကို အရင်းမခံသောကြောင့်လည်းကောင်း၊ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ချစ်ခြင်းဖြင့် လုပ်ဆောင်ခြင်းမဟုတ်သောကြောင့်လည်းကောင်း လူတို့ကြားရှိ ဤ လူသားအချင်းချင်း ရင်းနှီးနားလည်မှုသည် မကြာခဏပင် မခိုင်မြဲပေ။ အကြိမ်ရေအနည်းငယ်ထက်ပို၍ မခံနိုင်သကဲ့သို့ သိပ်ကြာရှည်မခံပေ။ အချိန်အတန်ကြာပြီးနောက်တွင် လူတို့သည် လေလျော့သွားသော ဘောလုံးကဲ့သို့ အားအင်ကုန်ဆုံးကြသည်။ လူအချို့က “ငါသည် ယခင်က အဘယ်ကြောင့် အလွန်အားအင်ပြည့်ဝနေသနည်း။ ငါသည် ဘုရားအိမ်တော်အတွက် ဤအန္တရာယ်ရှိသောအလုပ်များကို အဘယ်ကြောင့် တာဝန်ယူဆောင်ရွက်လိုစိတ်ရှိခဲ့သနည်း။ ယခုတွင် ထိုအားအင်များက အဘယ်ကြောင့် ပျောက်ဆုံးသွားသနည်း” ဟူ၍ ပြောကြသည်။ ထိုအချိန်က ဤသည်မှာ ယာယီ ရုတ်တရက်ဖြစ်ပေါ်သော စိတ်သာဖြစ်သည်။ သင့်ဘက်မှ လိုအင်ဆန္ဒ၊ သို့မဟုတ် စိတ်ပြတ်သားမှုဖြစ်သည်။ ဤအရာသည် လူသားအချင်းချင်း ရင်းနှီးနားလည်မှု၏ အငွေ့အသက်ဖြင့် မလွဲဧကန် ရောနှောနေသည်။ ပြောလက်စဖြင့် “လူသားအချင်းချင်း ရင်းနှီးနားလည်မှု” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ရိုးရှင်းစွာဆိုရလျှင် ယင်းသည် ယာယီဖြစ်သော စိတ်အခြေအနေ၊ သို့မဟုတ် စိတ်အနေအထားတစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ အထူးပတ်ဝန်းကျင်များ၊ အခြေအနေများ၌ လူတို့တွင် ဖြစ်ပေါ်သော စိတ်အခြေအနေတစ်ခုဖြစ်သည်။ ဤသို့သော စိတ်အခြေအနေသည် အလွန်ပင် ရွှင်ပျသည်။ အလွန်မြူးကြွသည်။ အလွန် အပြုသဘောဆောင်သည်။ ဤအတွက်ကြောင့် သင့်အား အပြုသဘောဆောင်သော ဝေဖန်အကဲဖြတ်ခြင်းများ၊ ရွေးချယ်မှုများကို ပြုလုပ်စေသည်၊ သို့မဟုတ် သင့်အား ကြီးကျယ်သော ပြောဆိုမှုအချို့ကို ပြုလုပ်စေပြီး အလုပ်ကြိုးစားလိုစိတ်အချို့ကို ဖန်တီးပေးသည်။ သို့သော် ဤသို့သော လုပ်ဆောင်လိုစိတ်သည် သမ္မာတရားအားချစ်ခြင်း၊ သမ္မာတရားကို နားလည်ခြင်း၊ သို့မဟုတ် သမ္မာတရားအားလက်တွေ့လုပ်ဆောင်ခြင်း၏ စစ်မှန်သော အခြေအနေမဟုတ်ပေ။ ယင်းသည် လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို တန်ဖိုးထားသော အယူအဆနှင့် အမြင်များ၏ အုပ်စိုးမှုအောက်တွင် ဖြစ်ပေါ်သော စိတ်အခြေအနေတစ်ခုသာဖြစ်သည်။ ရိုးရှင်းစွာ ပြောရလျှင် ဤသို့ဖြစ်သည်။ ငါ၏ အမြင်ရှုထောင့်အရ ပို၍ နက်နဲသောအဆင့်တွင် လူသားအချင်းချင်း ရင်းနှီးနားလည်မှုသည် အမှန်တကယ်တွင် စိတ်မြန်လက်မြန်လုပ်ဆောင်မှု ပွင့်အံထွက်ခြင်း ဖြစ်သည်။ “စိတ်မြန်လက်မြန်လုပ်ဆောင်မှု ပွင့်အံထွက်ခြင်း” ဆိုသည်မှာ အဘယ်အရာကို ငါဆိုလိုသနည်း။ ဥပမာ လူတို့သည် ခဏတာ ပျော်ရွှင်သောအခါတွင် မစား၊ မသောက်ဘဲ၊ မအိပ်ဘဲ တစ်နေကုန်နေသည့်တိုင်အောင် ဆာလောင်ခြင်း၊ မောပန်းခြင်းကို မခံစားရပေ။ ဤသည်မှာ သာမန်ဖြစ်သလော။ သာမန်အခြေအနေများတွင် လူတို့သည် အစာတစ်နပ်မစားရလျှင် ဆာလောင်မည်။ တစ်ညလုံး ကောင်းစွာ မအိပ်လျှင် နုံးချည့်ပြီး လုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်မည်။ သို့သော် ၎င်းတို့သည် ရုတ်တရက် စိတ်ကူးပေါက်ပြီး ရွှင်ပျသော စိတ်အခြေအနေရှိလျှင်၊ ဆာလောင်ခြင်း၊ အိပ်စက်လိုခြင်း၊ သို့မဟုတ် မောပန်းနွမ်းနယ်ခြင်းမဖြစ်လျှင် ဤသည်မှာ မူမမှန်ခြင်းမဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ အသက်စိတ်သဘောထားကို သဘာဝအလျောက် ထုတ်ဖော်ပြခြင်းဟုတ်သလော။ (မဟုတ်ပါ။) ဤသည်မှာ သာမန်ထုတ်ဖော်ပြခြင်းခြင်းမဟုတ်လျှင် မည်သည့်အရာဖြစ်သနည်း။ စိတ်မြန်လက်မြန်လုပ်ဆောင်ခြင်းဖြစ်သည်။ စိတ်မြန်လက်မြန်လုပ်ဆောင်ခြင်းသည် အခြားမည်သို့ အဓိပ္ပာယ်ရသေးသနည်း။ ခဏတာဖြစ်သော ပျော်ရွှင်မှု၊ သို့မဟုတ် စိတ်ဆိုးမှုတို့ကဲ့သို့သော မူမမှန်သော စိတ်ခံစားချက်များကြောင့် လူတို့သည် ဆင်ခြင်တုံတရားမရှိသော အခြေအနေ၌ ရှိစဉ်တွင် လွန်ကုသော အပြုအမူအချို့ကို ပြသသည်ဟု ဆိုလိုသည်။ ဤလွန်ကဲသော အပြုအမူများမှာ အဘယ်နည်း။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ပျော်ရွှင်သောအခါ ၎င်းတို့အိမ်တွင် တန်ဖိုးအရှိဆုံးသောအရာကို သူတစ်ပါးတို့အား ပေးပစ်လိုက်သည်၊ သို့မဟုတ် တစ်ခါတစ်ရံတွင် စိတ်ဆိုးဒေါသထွက်သောအခါ ၎င်းတို့သည် တစ်စုံတစ်ယောက်ကို ဓားဖြင့် ထိုးသတ်သည်။ ဤသည်မှာ စိတ်မြန်လက်မြန်ဖြစ်ခြင်းမဟုတ်လော။ ဤအရာတို့သည် လွန်ကဲမှုနှင့် အလွန်နီးကပ်နေသည့် အပြုအမူများဖြစ်သည်။ ဆင်ခြင်တုံတရားမရှိသော အခြေအနေ၌ လူတို့ရှိနေသောအချိန်တွင် ဖြစ်ပေါ်သော အပြုအမူများဖြစ်သည်။ ဤသည်မှာ စိတ်မြန်လက်မြန်လုပ်ခြင်းဖြစ်သည်။ လူအချို့သည် ၎င်းတို့၏ တာဝန်ကို ပထမဆုံး စတင်ထမ်းဆောင်ချိန်တွင် အထူးပင် ပျော်ရွှင်ကြသည်။ အစာစားရမည့်အချိန်သို့ရောက်သောအခါ မဆာလောင်ကြပေ။ အနားယူရန်အချိန်ရောက်သောအခါ မအိပ်စက်လိုကြပေ။ ထိုအစား ၎င်းတို့သည် “ဘုရားသခင်အတွက် အသုံးခံပါ။ ဘုရားသခင်အတွက် အဖိုးအခပေးဆပ်ပါ။ မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခံယူပါ” ဟူ၍ အော်ဟစ်ကြသည်။ ၎င်းတို့သည် မပျော်ရွှင်သည့်အချိန်တိုင်းတွင် မည်သည့်အရာကိုမျှ မလုပ်ဆောင်လိုပေ။ ၎င်းတို့မြင်သည့် လူတိုင်းကို မနှစ်သက်ပေ။ ပြီးလျှင် မယုံကြည်တော့ရန်ပင် စဉ်းစားကြသည်။ ဤအရာအားလုံးသည် စိတ်မြန်လက်မြန်ဖြစ်ခြင်းဖြစ်သည်။ ဤစိတ်မြန်လက်မြန်ဖြစ်ခြင်းသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ လာသလော။ အရင်းအမြစ်မှာ ထိုအရာသည် သမ္မာတရားကို လူတို့ နားမလည်ခြင်းနှင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခြင်းမှ ဖြစ်ပေါ်ပေသည်။ လူတို့သည် သမ္မာတရားကို နားမလည်သောအခါ အမျိုးမျိုးသော လိုရာဆွဲ မမှန်ကန်သည့်အတွေးများ၏ လွှမ်းမိုးခြင်းကို ခံရသည်။ လိုရာဆွဲ မမှန်ကန်သည့်၊ အပျက်သဘောဆောင်သော အတွေးအမျိုးမျိုး၏ လွှမ်းမိုးမှုအောက်တွင် ၎င်းတို့၌ ဆင်ခြင်တုံတရားမရှိသော၊ မူမမှန်သော စိတ်အခြေအနေ အမျိုးမျိုး ဖြစ်ပေါ်လာသည်။ ဤစိတ်အခြေအနေများရှိနေစဉ်တွင် ၎င်းတို့သည် တစ်ဇွတ်ထိုးဖြစ်သော ဝေဖန်အကဲဖြတ်မှုနှင့် အပြုအမူမျိုးစုံ ထွက်လာသည်။ ဤသို့ ဖြစ်သည်မဟုတ်လော။ “မိတ်ဆွေအတွက် အသက်စွန့်မည်” ဆိုသည့် ဤသဘောတရားဆိုင်ရာ အမြင်ရှုထောင့်၏ အနှစ်သာရမှာ အဘယ်နည်း။ (စိတ်မြန်လက်မြန်လုပ်ဆောင်ခြင်းဖြစ်သည်။) မှန်ပေသည်။ စိတ်မြန်လက်မြန်လုပ်ဆောင်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် “မိတ်ဆွေအတွက် အသက်စွန့်မည်” ဆိုသည့် ဆိုရိုးစကားသည် ဆင်ခြင်တုံတရားတစ်ခုခုရှိသလော။ စည်းမျဉ်းများနှင့် ကိုက်ညီသလော။ လူတို့ လိုက်နာသင့်သည့် အပြုသဘောဆောင်သောအရာဟုတ်သလော။ အလွန်သိသာစွာပင် မဟုတ်ပေ။ မိတ်ဆွေအတွက် အသက်စွန့်ခြင်းနှင့်ဆိုင်သည့် ဤကိစ္စသည် ဆင်ခြင်တုံတရားမရှိပေ။ စိတ်လိုက်မာန်ပါဖြစ်ပြီး စိတ်မြန်လက်မြန်ရှိသည်။ ဤအမှုကိစ္စကို ဆင်ခြင်တုံတရားရှိစွာဖြင့် ကိုင်တွယ်ရမည်။ သင်သည် မိတ်ဆွေအတွက် အသက်စွန့်သည်အထိ လူသားအချင်းချင်းရင်းနှီးနားလည်မှုကို တန်ဖိုးမထားလျှင် ရသလော။ သင်၏ လုပ်နိုင်စွမ်း အကန့်အသတ်အတွင်းတွင်သာ သင်၏ မိတ်ဆွေများကို ကူညီ၍ရသလော။ အမှုအရာများကို မည်သို့ မှန်ကန်အောင် ပြုလုပ်ရမည်နည်း။ လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို အထူးတန်ဖိုးထားသည့် မိတ်ဆွေအတွက် အသက်စွန့်မည် ဆိုသကဲ့သို့သော အယူအဆများ၊ အမြင်များအားလုံးက အဘယ်ကြောင့် မှားယွင်းနေသနည်း။ ထိုအရာများတွင် မည်သည့်အရာက မှားယွင်းနေသနည်း။ ဤအမှုကိစ္စကို ရှင်းလင်းဖို့ လိုသည်။ ဤအမှုကိစ္စ ရှင်းလင်းသွားသည်နှင့် လူတို့သည် ဤသို့သောအယူအဆများ၊ အမြင်များကို အပြည့်အဝ လက်လွှတ်ကြလိမ့်မည်။ အမှန်မှာ ဤအမှုကိစ္စသည် အလွန်ရိုးရှင်းသည်။ ဤအရာကို သင်တို့ ရှင်းလင်းစွာ ရှင်းပြနိုင်သလော။ သင်တို့သည် ဤအမှုကိစ္စအပေါ်တွင် အမြင်မရှိပေ။ ပြောစရာမရှိပေ။ ဤအရာက အကြောင်းအရာတစ်ခုကို အတည်ပြုသည်။ ယင်းမှာ “မိတ်ဆွေအတွက် အသက်စွန့်မည်” ဆိုသည့် ဆိုရိုးစကားကို ငါ မစိစစ်မီတွင် သင်တို့အားလုံးသည် ဤဆိုရိုးစကားကို လိုက်နာသည့်သူများ၊ သို့မဟုတ် အထူးကိုးကွယ်သည့်သူများဖြစ်သည်။ မိတ်ဆွေအတွက် အသက်စွန့်မည့်သူများကို သင်တို့အားလုံးက အားကျကြသည်။ ပြီးလျှင် ဤသို့သောသူနှင့် မိတ်ဆွေဖြစ်အောင်လုပ်နိုင်သူများကိုလည်း သင်တို့ အားကျကြသည်။ ဤသို့သော မိတ်ဆွေများရှိခြင်းသည် ဝမ်းမြောက်ခြင်း၊ ဂုဏ်ယူစရာဖြစ်သည်ဟု ခံစားကြရသည်။ ဤသို့မဟုတ်သလော။ ဤအမှုကိစ္စကို သင်တို့ မည်သို့မြင်သနည်း။ (“မိတ်ဆွေအတွက် အသက်စွန့်မည်” ဆိုသည့် ဆိုရိုးစကားနှင့်အညီ လူတို့အား ဆက်ဆံခြင်းသည် စည်းမျဉ်းမရှိသကဲ့သို့ သမ္မာတရားနှင့် မကိုက်ညီဟု ထင်ပါသည်။) ဤတုံ့ပြန်ချက်ကို မည်သို့ထင်သနည်း။ ဤတုံ့ပြန်ချက်သည် သင့်အပေါ်တွင်ရှိသော ဤသို့သော အယူအဆများ၊ အမြင်များ၏ ချည်နှောင်မှုများ၊ အချုပ်အနှောင်များကို လွတ်မြောက်စေနိုင်သလော။ ဤသို့သော ကိစ္စများကို သင်ကိုင်တွယ်သည့် နည်းလမ်းများ၊ စည်းမျဉ်းများကို ပြောင်းလဲနိုင်သလော။ ဤသို့သော ကိစ္စများအပေါ် သင်၏ မှားယွင်းသော အမြင်များကို မှန်ကန်စေနိုင်သလော။ ထိုသို့ မလုပ်ဆောင်နိုင်လျှင် ဤတုံ့ပြန်ချက်သည် အဘယ်နည်း။ (အယူဝါဒဖြစ်သည်။) အယူဝါဒကို ပြောဆိုခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ အယူဝါဒအကြောင်းကို မပြောနှင့်။ အယူဝါဒက မည်သို့ ဖြစ်လာသနည်း။ သင်သည် ဤသို့သော အယူအဆနှင့် အမြင်များ၏ အနှစ်သာရကို ရှင်းလင်းစွာ မမြင်ခြင်း၊ လူများ၊ အမှုအရာများကို သင်မြင်သည့်ပုံစံ၊ သင့်ကိုယ်သင် ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်သည့်ပုံစံနှင့် စပ်လျဉ်း၍ ဤသို့သော အယူအဆများ၊ အမြင်များ၏ အပျက်သဘောဆောင်သော သက်ရောက်မှုနှင့် ထိခိုက်မှုကို အပြည့်အဝ သင် နားမလည်ခြင်းဖြစ်သည်။ ထိုအရာများတွင် မည်သည့်အရာက မှားနေသည်ကို သင်မသိပေ။ ထို့ကြောင့် သင်လုပ်နိုင်သမျှမှာ ပေါ့တန်သော အယူဝါဒများကို အသုံးပြုပြီး အဖြေပေးကာ ဤပြဿနာကို ဖြေရှင်းခြင်းသာဖြစ်သည်။ နောက်ဆုံးရလဒ်မှာ အယူဝါဒများသည် သင်၏ ပြဿနာကို မဖြေရှင်းနိုင်ခြင်း၊ သင်သည် ဤသို့သော အယူအဆများ၊ အမြင်များ၏ အုပ်စိုးမှု၊ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေဆဲဖြစ်ခြင်းတို့ဖြစ်သည်။
“မိတ်ဆွေအတွက် အသက်စွန့်မည်” ဆိုသကဲ့သို့သော အယူအဆများ၊ အမြင်များနှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းနေသနည်း။ ဤမေးခွန်းသည် အမှန်တွင် အလွန်ရိုးရှင်းပြီး မခက်ခဲပေ။ ကမ္ဘာလောက၌ အသက်ရှင်သူများသည် ကျောက်အက်ကွဲကြောင်းများကြားမှ ခုန်ထွက်ပြီး မွေးဖွားလာသူ တစ်ယောက်မျှမရှိပေ။ လူတိုင်းတွင် မိဘများ၊ သားသမီးများရှိကြသည်။ လူတိုင်းတွင် ဆွေမျိုးများရှိကြသည်။ ဤလူ့လောကတွင် မည်သူမျှ အမှီအခိုကင်းစွာ မရပ်တည်ပေ။ ဤအရာဖြင့် အဘယ်အရာကို ငါဆိုလိုသနည်း။ သင်သည် ဤလူ့လောကတွင် အသက်ရှင်ပြီး သင်ဖြည့်ဆည်းရမည့် ကိုယ်ပိုင်ဝတ္တရားများရှိသည်ဟု ငါဆိုလိုသည်။ ရှေးဦးစွာ သင်သည် သင်၏မိဘများကို ထောက်ပံ့ရမည်။ ဒုတိယအနေဖြင့် သင်၏ သားသမီးများကို ပျိုးထောင်ရမည်။ ဤအရာများသည် မိသားစုအတွင်းတွင်ရှိသော သင်၏ တာဝန်များဖြစ်သည်။ လူ့အဖွဲ့အစည်းတွင်လည်း သင် ဖြည့်ဆည်းရမည့် လူမှုတာဝန်များ၊ ဝတ္တရားများ ရှိသည်။ သင်သည် လူ့အဖွဲ့အစည်းတွင် အလုပ်သမား၊ လယ်သမား၊ စီးပွားရေးသမား၊ ကျောင်းသား၊ သို့မဟုတ် ပညာရှင်တစ်ယောက်ကဲ့သို့သော အခန်းကဏ္ဍတစ်ခုကို ဆောင်ရွက်ရမည်။ မိသားစုမှစ၍ လူ့အဖွဲ့အစည်းအထိ သင်ဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားများစွာရှိသည်။ ဆိုလိုသည်မှာ သင်၏ အစားအစာ၊ အဝတ်အစား၊ အိမ်ရာ၊ သယ်ယူပို့ဆောင်ရေးတို့အပြင် သင်လုပ်ဆောင်ရမည့်အရာ များစွာရှိသည်။ ပြီးလျှင် သင်လုပ်ဆောင်သင့်သည့် အရာများစွာနှင့် သင်ဖြည့်ဆည်းသင့်သည့် ဝတ္တရားများစွာလည်းရှိသည်။ လူတို့ လျှောက်လှမ်းသည့် ဘုရားသခင်အား ယုံကြည်ခြင်း၏ မှန်ကန်သော လမ်းကြောင်းကို ဘေးဖယ်ထားလျှင် သင်သည် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဖြည့်ဆည်းရမည့် များစွာသော မိသားစုတာဝန်များ၊ လူမှုဝတ္တရားများ ရှိသည်။ သင်သည် အမှီအခိုကင်းစွာ တည်ရှိမနေပေ။ သင်၏ ပခုံးထက်က တာဝန်သည် မိတ်ဆွေများရှာပြီး ပျော်ပါးရန်၊ သို့မဟုတ် သင်စကားပြော၍ရနိုင်သည့်၊ သင့်ကိုကူညီပေးနိုင်သည့်သူတစ်ယောက်ကို ရှာရန် သက်သက်မဟုတ်ပေ။ သင်၏ တာဝန်အများစုနှင့် အရေးကြီးဆုံးသောတာဝန်များမှာ သင်၏ မိသားစုနှင့်လည်းကောင်း၊ လူ့အဖွဲ့အစည်းနှင့်လည်းကောင်း သက်ဆိုင်သည်။ သင်၏ မိသားစုတာဝန်များနှင့် လူမှုဝတ္တရားများကို ဖြည့်ဆည်းမှသာ လူပုဂ္ဂိုလ်တစ်ယောက်အဖြစ် သင်၏ ဘဝ ပြီးပြည့်စုံသည်ဟု ယူဆရမည်ဖြစ်သည်။ ဤသို့ဆိုလျှင် မိသားစုတွင် သင်ဖြည့်ဆည်းသင့်သည့် တာဝန်များ၌ မည်သည့်အရာပါဝင်သနည်း။ ကလေးတစ်ယောက်အနေဖြင့် သင်သည် သင်၏ မိဘများကို သားသမီးဝတ်ကျေပြီး ထောက်ပံ့ပေးသင့်သည်။ သင်၏မိဘများက နာမကျန်းဖြစ်သောအခါ၊ သို့မဟုတ် အခက်အခဲဖြစ်သောအခါတိုင်းတွင် သင်တတ်စွမ်းနိုင်သမျှကို လုပ်ဆောင်သင့်သည်။ မိဘတစ်ဦးအနေဖြင့် သင်သည် ချွေးထွက်အောင်လုပ်ပြီး သင့်ကိုယ်သင် အားထုတ်ကြိုးပမ်းရမည်။ တစ်မိသားစုလုံးကို ထောက်ပံ့ဖို့အတွက် ဆင်းရဲဒုက္ခကို သည်းညည်းခံရမည်။ မိဘတစ်ဦးဖြစ်ခြင်း၊ သားသမီးကို ပျိုးထောင်ခြင်း၊ သားသမီးများကို လမ်းမှန်သို့လိုက်ရန်အတွက် သွန်သင်ပေးခြင်း၊ ကျင့်ကြံနေထိုင်မှုစည်းမျဉ်းများကို နားလည်အောင်ပြုလုပ်ပေးခြင်းတို့ဖြစ်သော ကြီးလေးသော တာဝန်ကို ယူရမည်။ ထို့ကြောင့် သင်သည် သင့်မိသားစုတွင် များစွာသော တာဝန်များရှိသည်။ သင့်မိဘများကို ထောက်ပံ့ပြီး သင်၏ သားသမီးများကို ပျိုးထောင်ရန် သင် တာဝန်ယူရမည်။ ဤသို့ လုပ်ဆောင်သင့်သောအရာများစွာရှိသည်။ ပြီးလျှင် လူ့အဖွဲ့အစည်းတွင် သင်၏ တာဝန်များမှာ အဘယ်နည်း။ သင်သည် ဥပဒေများ၊ စည်းမျဉ်းများကို လိုက်နာရမည်။ သူတစ်ပါးတို့နှင့် ဆက်ဆံရာတွင် စည်းမျဉ်းရှိရမည်။ အလုပ်တွင် အကောင်းဆုံး လုပ်ဆောင်ရမည်။ သင်၏ အသက်မွေးအလုပ်ကို ကောင်းစွာ စီမံရမည်။ သင့်အချိန်နှင့် စွမ်းအင်၏ ရှစ်ဆယ်၊ ကိုးဆယ်ရာခိုင်နှုန်းကို ဤအရာများအပေါ်တွင် အသုံးချရမည်။ ဆိုလိုသည်မှာ သင်၏ မိသားစု၊ သို့မဟုတ် လူ့အဖွဲ့အစည်းတွင် မည်သည့် အခန်းကဏ္ဍကို သင် ဆောင်ရွက်သည်ဖြစ်စေ၊ မည်သည့်လမ်းကြောင်းကို သင်လျှောက်ပါစေ၊ သင်၏ ရည်မှန်းချက်များ၊ ပြင်းပြသောဆန္ဒများက မည်သည့်အရာဖြစ်စေ လူတစ်ယောက်ချင်းစီတွင် ကိုယ်တိုင်ကိုယ်ကျ ခံယူရမည့် အလွန်အရေးကြီးသော တာဝန်များရှိသည်။ ထိုတာဝန်များက ၎င်းတို့၏ အချိန်၊ စွမ်းအင်အားလုံးနီးပါးကို ယူထားသည်။ မိသားစုနှင့် လူမှုတာဝန်များ၏ ရှုထောင့်မှကြည့်လျှင် သင်သည် ဤလူ့လောကသို့ ဝင်ရောက်လာရာတွင် လူတစ်ယောက်အနေဖြင့်၊ သင်၏ ဘဝအနေဖြင့် သင်၏ တန်ဖိုးမှာ အဘယ်နည်း။ ကောင်းကင်ဘုံက သင့်အား ချပေးသည့် တာဝန်များ၊ အထူးစေခိုင်းချက်များကို ဖြည့်ဆည်းရန်ဖြစ်သည်။ သင်၏ ဘဝသည် သင်တစ်ယောက်တည်းနှင့်သာ သက်ဆိုင်သည် မဟုတ်။ ပြီးလျှင် အခြားသူများနှင့် မသက်ဆိုင်သည်မှာလည်း မှန်သည်။ သင်၏ ဘဝသည် သင်၏ အထူးစေခိုင်းချက်များနှင့် တာဝန်များအတွက် တည်ရှိခြင်းဖြစ်သည်။ ဤလူ့လောကတွင် သင်ဖြည့်ဆည်းသင့်သည့် တာဝန်များ၊ ဝတ္တရားများ၊ အထူးစေခိုင်းချက်များအတွက် တည်ရှိပေသည်။ သင်၏ ဘဝကို သင့်မိဘများက မပိုင်ဆိုင်သကဲ့သို့ သင်၏ ဇနီး (ခင်ပွန်း) ကလည်း မပိုင်ဆိုင်ပေ။ သင်၏ သားမီးများကလည်း မပိုင်ဆိုင်သည်မှာ အမှန်ဖြစ်သည်။ သင်၏ သားစဉ်မြေးဆက်က ပို၍ပင် မပိုင်ဆိုင်ပေ။ ဤသို့ဆိုလျှင် သင်၏ ဘဝကို မည်သူက ပိုင်ဆိုင်သနည်း။ ကမ္ဘာလောက၏ လူပုဂ္ဂိုလ်တစ်ယောက်၏ အမြင်ရှုထောင့်မှ ပြောလျှင် သင်၏ ဘဝကို ဘုရားသခင်က သင့်အား ပေးသော တာဝန်များ၊ အထူးစေခိုင်းချက်များက ပိုင်ဆိုင်သည်။ သို့သော် ယုံကြည်သူတစ်ယောက်၏ ရှုထောင့်မှကြည့်လျှင် သင်၏ ဘဝကို ဘုရားသခင်က ပိုင်ဆိုင်သင့်သည်။ သင်နှင့်သက်ဆိုင်သည့်အရာအားလုံးကို စီစဉ်ပြီး အချုပ်အခြာအာဏာရှိသည်မှာ သူဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာလောကတွင် အသက်ရှင်နေသည့် လူတစ်ယောက်အနေဖြင့် သင်သည် သင်၏ ဘဝကို သူတစ်ပါးတို့ထံသို့ ထင်ရာမြင်ရာ ကတိမပြုသင့်ပေ။ ပြီးလျှင် သင်သည် လူသားအချင်းချင်း ရင်းနှီးနားလည်မှုအတွက် သင်၏ ဘဝကို မည်သူမဆိုအတွက် ထင်ရာမြင်ရာ မစတေးသင့်ပေ။ ဆိုလိုသည်မှာ သင်၏ ကိုယ်ပိုင်ဘဝကို သေးသိမ်အောင် မလုပ်သင့်ပေ။ သင်၏ ဘဝသည် အခြားမည်သူမဆိုအတွက် တန်ဖိုးမရှိပေ။ အထူးသဖြင့် စာတန်အတွက်၊ ဤလူ့အဖွဲ့အစည်းအတွက်၊ ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွက် တန်ဖိုးမရှိပေ။ သို့သော် သင်၏ မိဘများနှင့် ဆွေမျိုးများအတွက်မူ သင်၏ ဘဝသည် အရေးကြီးဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်၏ တာဝန်များနှင့် ၎င်းတို့၏ အသက်ရှင်သန်ရေးကြားတွင် ခွဲခြားမရသော ဆက်နွှယ်မှုတစ်ခုရှိသောကြောင့်ဖြစ်သည်။ ပို၍ပင် အရေးကြီးသောအရာမှာ သင်၏ ဘဝနှင့် ဘုရားသခင်က အရာအားလုံးအပေါ်၊ လူသားမျိုးနွယ်တစ်ခုလုံးအပေါ် အချုပ်အခြာအာဏာကိုင်စွဲသည့်အချက်တို့ကြားတွင် ခွဲခြားမရသည့် ဆက်နွှယ်မှုတစ်ခုရှိသည်မှာလည်း ပြောစရာမလိုပေ။ သင်၏ ဘဝသည် ဘုရားသခင်က အချုပ်အခြာအာဏာကိုင်စွဲသော ဘဝများစွာထဲတွင် မရှိမဖြစ် ဖြစ်သည်။ သင်က သင်၏ ဘဝကို ထိုမျှမြင့်မားစွာ တန်ဖိုးမထားခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်၏ ဘဝကို ထိုမျှမြင့်မားစွာ တန်ဖိုးမထားသင့်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် အမှန်မှာ သင်၏ ဘဝသည် သင်နှင့် နီးကပ်သော နှောင်ဖွဲ့မှုများရှိပြီး ခွဲခြားမရအောင် ဆက်နွှယ်မှုရှိသည့် သင်၏မိဘများ၊ ဆွေမျိုးများအတွက် အလွန်အရေးကြီးသည်။ အဘယ်ကြောင့် ငါ ဤသို့ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ၎င်းတို့အပေါ် တာဝန်ရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့သည်လည်း သင့်အပေါ် တာဝန်ရှိသောကြောင့် ဖြစ်သည်။ ဤလူ့အဖွဲ့အစည်းအပေါ်တွင် သင် တာဝန်ရှိသောကြောင့် ဖြစ်ပြီး၊ လူ့အဖွဲ့အစည်းအပေါ် သင်၏ တာဝန်သည် ဤလူ့အဖွဲ့အစည်းတွင်ရှိသော သင်၏ အခန်းကဏ္ဍနှင့် ဆက်စပ်နေသောကြောင့် ဖြစ်သည်။ လူတိုင်း၏ အခန်းကဏ္ဍနှင့် အသက်ရှင်သည့် သတ္တဝါတိုင်းသည် ဘုရားသခင်အတွက် မရှိမဖြစ် ဖြစ်သည်။ လူသားမျိုးနွယ်အပေါ်၊ ဤလောကအပေါ်၊ ဤကမ္ဘာမြေကြီးနှင့် ဤစကြဝဠာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ မရှိမဖြစ်သော အရာများ ဖြစ်သည်။ ဘုရားသခင်၏ အမြင်တွင် အသက်တိုင်းသည် သဲတစ်ပွင့်ထက်ပို၍ အရေးမပါပေ။ ပြီးလျှင် ပုရွက်ဆိတ်တစ်ကောင်ထက်ပင် ပို၍ စက်ဆုပ်ဖွယ်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လူတစ်ယောက်ချင်းစီက ဘဝတစ်ခု၊ ရှင်သန်ပြီး အသက်ရှူနေသော ဘဝဖြစ်သောကြောင့် ဘုရားသခင်၏ အချုပ်အခြာအာဏာအတွင်းတွင် ထိုသူ ဆောင်ရွက်သော အခန်းကဏ္ဍက အချက်အချာမကျသော်လည်း ၎င်းတို့သည်လည်း မရှိမဖြစ် ဖြစ်သည်။ ဤသို့ဆိုလျှင် ဤရှုထောင့်များမှ ကြည့်လျှင် လူတစ်ယောက်သည် မိတ်ဆွေအတွက် အဆင်သင့် အသက်စွန့်မည်ဖြစ်ပြီး ဤသို့ လုပ်ဆောင်ရန် စဉ်းစားရုံသာမက သူ၏ မိသားစုတာဝန်များ၊ သူ၏ လူမှုတာဝန်များ၊ ပြီးလျှင် သူ၏ ပခုံးပေါ်တွင်ရှိသော ဘုရားသခင်က ပေးသည့် အထူးစေခိုင်းချက်များနှင့် တာဝန်များကိုပင် အရေးမစိုက်ဘဲ သူကိုယ်တိုင်၏ အသက်ကို ပေးလျက် အချိန်မရွေး ဤသို့ လုပ်ဆောင်ရန် ပြင်ဆင်ထားလျှင်၊ ဤသည်မှာ မမှားယွင်းသလော။ (မှားယွင်းသည်။) ဤသည်မှာ သစ္စာဖောက်ခြင်းဖြစ်သည်။ လူသားအပေါ် ဘုရားသခင်က ပေးအပ်သည့် တန်ဖိုးအရှိဆုံးသောအရာမှာ အသက်ဟုခေါ်သော ဤဝင်သက်ထွက်သက်ဖြစ်သည်။ သင်သည် အပ်နှံ၍ရနိုင်သည်ဟု ထင်သည့် မိတ်ဆွေတစ်ယောက်အား သင်၏ အသက်ကို ပေါ့ပေါ့တန်တန် ကတိပြုလျှင် ဤသည်မှာ ဘုရားသခင်အား သစ္စာဖောက်ခြင်းမဟုတ်လော။ အသက်ကို မလေးစားခြင်းမဟုတ်လော။ ဘုရားသခင်ကို ဆန့်ကျင်ပြီး ပုန်ကန်သည့် လုပ်ရပ်တစ်ခုမဟုတ်လော။ ဘုရားသခင်ကို သစ္စာဖောက်သည့် လုပ်ရပ်တစ်ခု မဟုတ်လော။ (ဟုတ်သည်။) ဤသည်မှာ ရှင်းလင်းစွာပင် သင်၏ မိသားစုတွင်၊ လူ့အဖွဲ့အစည်းတွင် သင်ဖြည့်ဆည်းသင့်သည့် တာဝန်များကို စွန့်လွှတ်ခြင်းဖြစ်သည်။ ဘုရားသခင်က သင့်ကို ပေးသည့် စေခိုင်းချက်တာဝန်များကို ရှောင်ဖယ်ခြင်းဖြစ်သည်။ ဤသည်မှာ သစ္စာဖောက်ခြင်းဖြစ်သည်။ လူတစ်ယောက်၏ ဘဝတွင် အရေးကြီးဆုံးသောအရာများမှာ ဤဘဝတွင် ခံယူသင့်သော တာဝန်များထက် ဘာမျှမပိုပေ။ မိသားစုတာဝန်များ၊ လူမှုတာဝန်များ၊ ဘုရားသခင်က သင့်ကို ပေးခဲ့သော စေခိုင်းချက်တာဝန်များဖြစ်သည်။ အရေးကြီးဆုံးသောအရာများမှာ ဤတာဝန်များနှင့် ခိုင်းချက်တာဝန်များဖြစ်သည်။ သင်သည် ခဏတာဖြစ်သော လူသားအချင်းချင်း ရင်းနှီးနားလည်မှု ခံစားချက်နှင့် ခဏတာ စိတ်မြန်လက်မြန်ဖြစ်ခြင်းကြောင့် အခြားလူတစ်ယောက်အတွက် သင်၏ အသက်ကို ပေါ့ပေါ့တန်တန်စွန့်လွှတ်ပြီး ဆုံးရှုံးရလျှင် သင်၏ တာဝန်များက တည်ရှိသေးသလော။ ဤသို့ဆိုလျှင် စေခိုင်းချက်တာဝန်များကို သင်မည်သို့ ပြောဆိုနိုင်မည်နည်း။ သင်သည် ဘုရားသခင်က တန်ဖိုးအရှိဆုံးသောအရာအဖြစ် သင့်အား ပေးအပ်ခဲ့သည့် အသက်ကို မမြတ်နိုးဘဲ ထိုအစား အခြားသူများကို ပေါ့ပေါ့တန်တန်ဖြင့် ကတိပြုပြီး အခြားသူများအတွက် သင်၏ အသက်ကို စွန့်လွှတ်ကာ သင်၏ မိသားစုနှင့် လူ့အဖွဲ့အစည်းအပေါ် သင်၏ တာဝန်များကို လုံးဝ အရေးမစိုက် သို့မဟုတ် စွန့်ပစ်သည်မှာ သိသာပေသည်။ ဤသည်မှာ အကျင့်ပျက်ခြင်းဖြစ်ပြီး မမျှတပေ။ ဤသို့ဆိုလျှင် ငါသည် သင်တို့အား မည်သည့်အရာကို ပြောပြရန် ကြိုးစားနေခြင်းဖြစ်သနည်း။ သင်၏ အသက်ကို ပေါ့ပေါ့တန်တန်ဖြင့် မစွန့်လွှတ်နှင့်၊ သို့မဟုတ် သူတစ်ပါးတို့အပေါ် ကတိမပြုနှင့်။ လူအချို့က “ကျွန်ုပ်၏ အသက်ကို ကျွန်ုပ်၏ မိဘများထံ ကတိပြုနိုင်သလော။ ကျွန်ုပ်၏ ကြင်သူကို ကတိပေးလျှင် ရသလော” ဟု ဆိုကြသည်။ မရပေ။ အဘယ်ကြောင့် မရသနည်း။ သင်၏ မိသားစုနှင့် လူ့အဖွဲ့အစည်းအပေါ် သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်ဖို့အတွက်၊ ဘုရားသခင်က သင့်အား ပေးအပ်သော စေခိုင်းချက်တာဝန်များကို ဖြည့်ဆည်းနိုင်ဖို့အတွက် ဘုရားသခင်က သင့်အား အသက်ကို ပေးအပ်ပြီး သင်၏ ဘဝကို ဆက်လက်တည်ရှိစေသည်။ သင်၏ ကိုယ်ပိုင်အသက်ကို အခြားသူများထံ ပေါ့ပေါ့တန်တန်ဖြင့် ကတိပြုခြင်း၊ အခြားသူများအား ပေးအပ်ခြင်း၊ အခြားသူများအတွက် အသုံးပြုခြင်း၊ အခြားသူများထံမြုပ်နှံထားခြင်းတို့အားဖြင့် သင်၏အသက်ကို ရယ်စရာတစ်ခုအဖြစ် သဘောထားဖို့ မဟုတ်ပေ။ လူတစ်ယောက်သည် သူ၏ အသက်ဆုံးရှုံးရလျှင် သူ၏ မိသားစုနှင့် လူမှုတာဝန်များ၊ သူ၏ စေခိုင်းချက်တာဝန်များကို ဖြည့်ဆည်းနိုင်သေးသလော။ လုပ်ဆောင်နိုင်သေးသလော။ (မလုပ်ဆောင်နိုင်ပါ။) လူတစ်ယောက်၏ မိသားစုနှင့် လူမှုတာဝန်များ မရှိတော့သောအခါ သူထမ်းဆောင်သော လူမှုအခန်းကဏ္ဍများက တည်ရှိသေးသလော။ (မတည်ရှိပါ။) လူတစ်ယောက် ထမ်းဆောင်သည့် လူမှုအခန်းကဏ္ဍများ မရှိတော့လျှင် ထိုသူ၏ စေခိုင်းချက်တာဝန်က တည်ရှိသေးသလော။ မတည်ရှိတော့ပေ။ လူတစ်ယောက်၏ စေခိုင်းချက်တာဝန်များနှင့် လူမှုအခန်းကဏ္ဍများ မရှိတော့လျှင် ဘုရားသခင်က အချုပ်အခြာအာဏာရှိသည့်အရာ ရှိသေးသလော။ ဘုရားသခင် အချုပ်အခြာအာဏာရှိသည့်အရာသည် အသက်ရှင်သောအရာများဖြစ်သည်။ အသက်ရှိသော လူသားများဖြစ်သည်။ ၎င်းတို့ လူမှုတာဝန်များနှင့် ဘဝများမရှိတော့သောအခါ ၎င်းတို့၏ လူမှုအခန်းကဏ္ဍများက လုံးဝ မရှိတော့ပြန်ချေ။ ဤသည်မှာ ဘုရားသခင်က အချုပ်အခြာအာဏာရှိသည့် လူသားမျိုးနွယ်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို လုံးဝ မရှိတော့အောင် ပြုလုပ်ဖို့ ကြိုးစားနေခြင်းဖြစ်သလော။ သင်သည် ဤသို့ လုပ်ဆောင်လျှင် သစ္စာဖောက်ခြင်းမဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ အမှန်ပင် သစ္စာဖောက်ခြင်းဖြစ်သည်။ သင်၏ ဘဝသည် သင်၏ တာဝန်များနှင့် စေခိုင်းချက်တာဝန်များအတွက်သာ ဖြစ်တည်သည်။ သင့်ဘဝ၏ တန်ဖိုးသည် သင်၏ တာဝန်များ၊ စေခိုင်းချက်တာဝန်များတွင်သာ ထင်ဟပ်နိုင်သည်။ ထို့အပြင် မိတ်ဆွေအတွက် အသက်စွန့်ခြင်းသည် သင်၏တာဝန်နှင့် စေခိုင်းချက်တာဝန်မဟုတ်ပေ။ ဘုရားသခင်က အသက်ကိုပေးအပ်ခြင်းခံရသည့် သူတစ်ယောက်အနေဖြင့် သင့်ကို ဘုရားသခင် အပ်နှံခဲ့သော တာဝန်များနှင့် စေခိုင်းချက်များကို ဖြည့်ဆည်းခြင်းသည် သင်လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ မိတ်ဆွေအတွက် အသက်စွန့်ခြင်းသည် ဘုရားသခင်က သင့်အားပေးအပ်ခဲ့သည့် တာဝန်၊ သို့မဟုတ် စေခိုင်းချက်မဟုတ်ပေ။ ထိုထက် ယင်းသည် လူသားအချင်းချင်း ရင်းနှီးနားလည်မှုအသိစိတ်၊ သင်ကိုယ်တိုင် လိုရာဆွဲတွေးခြင်း၊ ဘဝနှင့်ပတ်သက်ပြီး သင်၏ တာဝန်မသိတတ်သော တွေးခေါ်ပုံတို့ကြောင့် သင် လုပ်ဆောင်ခြင်းဖြစ်သည်။ လူတို့အား ၎င်းတို့၏ ဘဝများကို အထင်သေးပြီး နင်းချေရန် လူတို့အတွင်းသို့ စာတန် သွတ်သွင်းသည့် တွေးခေါ်မှုတစ်မျိုးလည်းဖြစ်သည်။ ထို့ကြောင့် မည်သည့်အချိန်တွင် အချိန်ကျသည်ဖြစ်စေ၊ မည်သို့ ရင်းနှီးသောမိတ်ဆွေမျိုး သင် ရှိသည်ဖြစ်စေ၊ သင်နှင့် သူ၏ ဆက်ဆံရေးသည် အသက်အန္တရာယ်ရှိသည့် အခြေအနေများတစ်လျှောက် ကြံ့ကြံ့ခံခဲ့လျှင်ပင် သူ့အတွက် အသက်စွန့်ရန် ထင်ရာမြင်ရာ ကတိမပြုနှင့်။ ဤသို့သော အတွေးများကို ပေါ့ပေါ့တန်တန်ဖြင့် လက်သင့်ခံခြင်းပင်မပြုနှင့်။ သင်၏ တစ်ဘဝလုံးနှင့် သင်၏ ဖြစ်တည်မှုကို ထိုသူအပေါ် မြုပ်နှံဖို့ မစဉ်းစားနှင့်။ သင်သည် ထိုသူ့အပေါ် တာဝန်၊ ဝတ္တရား ဘာဆိုဘာမျှ မရှိပေ။ သင်တို့သည် ဆင်တူသော စိတ်ဝင်စားမှုများ၊ ဆင်တူသာ ပင်ကိုစရိုက်များရှိလျှင်၊ တူညီသော လမ်းကြောင်းကို လျှောက်လျှင်၊ တစ်ယောက်နှင့် တစ်ယောက် ကူညီနိုင်သည်။ တစ်ယောက်နှင့် တစ်ယောက် သင်တို့နှစ်သက်သည့် မည်သည့်အရာကိုမဆို ပြောဆိုနိုင်သည်။ ရင်းနှီးသော မိတ်ဆွေများဖြစ်နိုင်သည်။ သို့သော် ဤရင်းနှီးသော ဆက်ဆံရေးသည် အချင်းချင်းအတွက် အသက်စွန့်သည့် အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားခြင်း မဟုတ်သကဲ့သို့ လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို အခြေခံခြင်းလည်း မဟုတ်ပေ။ သင်သည် ထိုသူအတွက် အသက်စွန့်ဖို့ မလိုပေ။ ထိုသူအတွက် သင်၏ အသက်ကို စွန့်ဖို့မလို သို့မဟုတ် သွေးတစ်စက်မျှပင် ကျဖို့မလိုပေ။ လူအချို့က “ဤသို့ဆိုလျှင် ကျွန်ုပ်၏ လူသားအချင်းချင်း ရင်းနှီးနားလည်မှုစိတ်သည် အဘယ်အသုံးဝင်မှု ရှိသနည်း။ ကျွန်ုပ်၏ လူ့သဘာဝနှင့် ကျွန်ုပ်၏ စိတ်နှလုံးတွင် လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို အစဉ်ပြသလိုသည်။ ထို့ကြောင့် မည်သည့်အရာကို ကျွန်ုပ်လုပ်ဆောင်သင့်သနည်း” ဟူ၍ ဆိုကြသည်။ သင်သည် လူသားအချင်းချင်း ရင်းနှီးနားလည်မှုကို အမှန်တကယ် ပြလိုလျှင် သင်နားလည်လာခဲ့သည့် သမ္မာတရားများကို အခြားလူအား ပြောပြသင့်သည်။ အခြားလူ အားနည်းသည်ကို သင်မြင်သောအခါ ထိုသူကို ပံ့ပိုးပေးလော့။ လျစ်လျူရှုကာ ရပ်ကြည့်မနေနှင့်။ သူသည် လမ်းမှားသောအခါ သူ့ကို သတိပေးလော့။ အကြံပြုလော့။ အကူအညီပေးလော့။ အခြားလူ၏ ပြဿနာကို သင်မြင်သောအခါ သင့်တွင် သူ့အား ကူညီရန် ဝတ္တရားရှိသည်။ သို့သော် ထိုသူအတွက် သင် အသက်စွန့်ဖို့မလိုပေ။ သင်၏ အသက်ကို ထိုသူ့အပေါ် ကတိပြုဖို့ မလိုပေ။ သူ့အပေါ် သင်၏ တာဝန်မှာ ကူညီရန်၊ ပံ့ပိုးရန်၊ သတိပေးရန်၊ အကြံပေးရန်၊ သို့မဟုတ် တစ်ခါတစ်ရံတွင် အနည်းငယ် ခွင့်လွှတ်ပြီး သည်းခံရန်သာ ဖြစ်သည်။ သို့သော် လူသားအချင်းချင်း ရင်းနှီးနားလည်မှုစိတ်ဟုဆိုသော အရာကို ထိုသူအား ပြဖို့ မဆိုထားနှင့်။ ထိုသူအတွက် သင်၏ အသက်ကို စွန့်ဖို့ပင်မဟုတ်ပေ။ ငါ့အတွက် လူသားအချင်းချင်း ရင်းနှီးနားလည်မှုသည် စိတ်မြန်လက်မြန်လုပ်ဆောင်ခြင်း ဖြစ်သည်။ သမ္မာတရားနှင့် မသက်ဆိုင်ပေ။ ဘုရားသခင်က လူတို့အပေါ် ပေးအပ်သော အသက်နှင့် ယှဉ်လျှင် လူတို့ကြားတွင်ရှိသော လူသားအချင်းချင်း ရင်းနှီးနားလည်မှုက အမှိုက်သရိုက်ဖြစ်သွားသည်။ ယင်းသည် စာတန်က လူတို့အထဲသို့ သွတ်သွင်းခဲ့သော စိတ်မြန်လက်မြန် ဖြစ်ခြင်း တစ်မျိုးဖြစ်သည်။ လူသားအချင်းချင်း ရင်းနှီးနားလည်မှုအတွက် များစွာသောအရာများကို လူတို့အား စိတ်လိုက်မာန်ပါလုပ်ဆောင်စေသည့် ဉာဏ်များသော အကြံအစည်ဖြစ်သည်။ နောက်တွင် ထားရစ်ခဲ့ရန် ၎င်းတို့အတွက် ခက်ခဲမည့်၊ ၎င်းတို့၏ ကျန်သည့်နေ့ရက်များတစ်လျှောက်တွင် နောင်တရနေမည့်အရာများ ဖြစ်သည်။ ဤသည်မှာ အမြော်အမြင်နည်းခြင်း ဖြစ်သည်။ ထို့ကြောင့် သင်သည် ဤလူသားအချင်းချင်း ရင်းနှီးနားလည်မှု အယူအဆကို လက်လွတ်သည်က ပို၍ကောင်းသည်။ လူသားအချင်းချင်း ရင်းနှီးနားလည်မှုနှင့်အညီ အသက်မရှင်နှင့်။ ထိုအစား သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်လော့။ အနည်းဆုံးအနေဖြင့် သင်သည် သင်၏ လူ့သဘာဝ၊ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့်အညီ အသက်ရှင်သင့်သည်။ လူတိုင်းနှင့် အရာရာတိုင်းအား ဆင်ခြင်တုံတရားရှိစွာဖြင့် ဆက်ဆံသင့်သည်။ သင်၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့်အညီ အရာရာကို မှန်မှန်ကန်ကန် လုပ်ဆောင်သင့်သည်။
တာဝန်နှင့်လည်းကောင်း ဘဝနှင့်လည်းကောင်း စပ်လျဉ်းသည့် ဆိုရိုးစကားများနှင့် ထင်မြင်ချက်များစွာကို မိတ်သဟာယဖွဲ့ပြီးသောအခါ ယခုတွင် သင်တို့သည် မိတ်ဆွေအတွက် အသက်စွန့်ခြင်းနှင့်ပတ်သက်သည့် ဤကိုယ်ကျင့်တရားသတ်မှတ်ချက်ကို ပိုင်းခြားသိမြင်မှု ရှိကြသလော။ ယခုသင်တို့တွင် ပိုင်းခြားသိမြင်မှုရှိသဖြင့်၊ ဤသို့သောအရာကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် မှန်ကန်သော စည်းမျဉ်းများရှိသလော။ (ရှိသည်။) တစ်စုံတစ်ယောက်က သင့်အား သူ့အတွက် အသက်စွန့်ရန် အမှန်တကယ် တောင်းဆိုလျှင် သင် မည်သို့လုပ်ဆောင်မည်နည်း။ မည်သို့ ဖြေမည်နည်း။ သင်က “သင့်အတွက် ငါအသက်စွန့်ရန် သင်တောင်းဆိုလျှင် ငါ၏အသက်ကို နုတ်ယူချင်သည်မှာ သင်ဖြစ်သည်။ သင်သည် ငါ၏အသက်ကို နုတ်ယူလိုလျှင်၊ ဤသို့သောအရာကို ငါ့ထံမှ တောင်းဆိုလျှင် သင်သည် ငါ၏မိသားစုတာဝန်များကို ဖြည့်ဆည်းပိုင်ခွင့်နှင့် လူ့အဖွဲ့အစည်းတွင် ငါ၏ တာဝန်များကို ဖြည့်ဆည်းပိုင်ခွင့်အား ပိတ်ပင်နေခြင်းဖြစ်သည်။ ဤသည်မှာ ငါ၏လူ့အခွင့်အရေးကို ပိတ်ပင်နေခြင်းလည်းဖြစ်ပြီး ပို၍ အရေးကြီးသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံရန်၊ ငါ၏တာဝန်ကိုကောင်းစွာ ထမ်းဆောင်ရန် အခွင့်အလမ်းကို ပိတ်ပင်နေခြင်းဖြစ်သည်။ ငါ၏ လူ့အခွင့်အရေးများကို သင် ဤသို့ ပိတ်ပင်နေခြင်းသည် ငါ၏ အဆုံးသတ်ဖြစ်လိမ့်မည်။ သင်သည် ငါ့အား အခွင့်အရေးများစွာကို ပိတ်ပင်နေပြီး သင့်အတွက် အသေခံစေရန် ငါ့ကို လုပ်နေသည်။ သင်သည် မည်မျှပင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သနည်း။ သို့တိုင်အောင် သင်က ငါ၏ မိတ်ဆွေဖြစ်နေဆဲဖြစ်သည်။ သင်က ငါ၏ မိတ်ဆွေမဟုတ်ဘဲ ရန်သူဖြစ်သည်မှာ ရှင်းသည်” ဟူ၍ ပြောလိမ့်မည်။ ဤသို့ ပြောခြင်းက မှန်ကန်သလော။ (မှန်ကန်သည်။) ဤသို့ပြောခြင်းက အမှန်ပင် မှန်ကန်သောအရာဖြစ်သည်။ သင်သည် ဤသို့ ပြောရဲသလော။ ဤအရာကို သင် အမှန်တကယ် နားလည်သလော။ သင်၏ မိတ်ဆွေတစ်ယောက်ယောက်က သင့်အား သူ့အတွက် အသက်စွန့်ရန် တောင်းဆိုမြဲ တောင်းဆိုနေပြီး သင်၏ အသက်ကို တောင်းဆိုနေလျှင် သင်သည် အခွင့်အရေးရသည်နှင့် ထိုသူကို ရှောင်သင့်သည်။ သူသည် လူကောင်းမဟုတ်သောကြောင့်ဖြစ်သည်။ သင့်အတွက် သူ့ အသက်စွန့်နိုင်သောကြောင့် သက်သက် သင်၏ မိတ်ဆွေဖြစ်သင့်သည်ဟု မထင်နှင့်။ သင်က “ငါသည် သင့်အား အသက်စွန့်ရန် မတောင်းဆိုခဲ့ပါ။ ဤသို့လုပ်ဆောင်ရန် ဆန္ဒပြုသည်မှာ သင်ဖြစ်သည်။ သင်က ငါ့အတွက် အသက်စွန့်နိုင်လျှင်ပင် သင့်အတွက် အသက်စွန့်ရန် ငါ့အား တောင်းဆိုဖို့ စဉ်းတောင်မစဉ်းစားနှင့်။ သင်သည် ဆင်ခြင်တုံတရားမရှိသော်လည်း၊ ငါက သမ္မာတရားကို နားလည်သည်။ ဆင်ခြင်တုံတရားရှိသည်။ ငါသည် ဤအမှုအရာကို ဆင်ခြင်တုံတရားရှိစွာဖြင့် ကိုင်တွယ်မည်။ သင်သည် ငါ့အတွက် အကြိမ်မည်မျှ အသက်စွန့်ပါစေ ငါသည် သင့်အတွက် စိတ်လိုက်မာန်ပါ အသက်စွန့်မည်မဟုတ်။ သင် အခက်အခဲဖြစ်နေလျှင် ငါသည် သင့်ကို အစွမ်းကုန် ကူညီမည်။ သို့သော် ငါသည် သင့်အတွက်သာ အသက်ရှင်ဖို့အတွက် ဤဘဝတွင် ဘုရားသခင်က ငါ့အား ပေးအပ်ခဲ့သော တာဝန်နှင့် စေခိုင်းချက်များကို လုံးဝ စွန့်လွှတ်မည်မဟုတ်။ ငါ၏ ကမ္ဘာတွင် တာဝန်၊ ဝတ္တရားနှင့် စေခိုင်းချက်များမှလွဲ၍ အခြားမရှိပေ။ သင်သည် ငါနှင့် မိတ်ဆွေဖြစ်လိုလျှင် ငါ့အား ကူညီရန်၊ ငါ၏ တာဝန်များကို ဖြည့်ဆည်းပြီး ငါ၏ စေခိုင်းချက်များကို အတူတကွ ပြီးမြောက်အောင် လုပ်ဆောင်ဖို့ကူညီရန် သင့်အား တောင်းဆိုသည်။ ထိုအခါမှသာ သင်သည် ငါ၏ မိတ်ဆွေစစ်ဖြစ်သည်။ သင်သည် ငါ့အား သင့်အတွက် အသက်စွန့်ရန် ဆက်လက်၍ တောင်းဆိုနေလျှင်၊ ဤသို့သော ကတိမျိုးကိုပေးရန်၊ သင့်အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန်၊ ငါ၏ အသက်ကို သင့်အတွက် ကတိပြုရန် ငါ့အား ဆက်လက်ခိုင်းစေလျှင် သင်သည် ငါနှင့် အဝေးသို့ ချက်ချင်း ထွက်သွားသင့်သည်။ သင်သည် ငါ၏ မိတ်ဆွေမဟုတ်ပေ။ သင်ကဲ့သို့သောသူတစ်စုံတစ်ဦးနှင့် ငါ မိတ်ဆွေမဖွဲ့လိုပေ။ သင်ကဲ့သို့သောသူနှင့် ငါ မိတ်ဆွေမဖြစ်လိုပေ” ဟူ၍ ပြောသည်။ ဤသို့ ပြောခြင်းကို သင် မည်သို့ ထင်သနည်း။ (ကောင်းသည်။) မည်သို့ ကောင်းသနည်း။ ဤသို့သော မိတ်ဆွေမရှိခြင်းအားဖြင့် သင်သည် ဖိအားမရှိတော့ပေ။ စိတ်ပူပင်မှု မရှိပေ။ ဝန်လေးသော အတွေးများမရှိသကဲ့သို့ လူသားအချင်းချင်း ရင်းနှီးနားလည်မှုအား တန်ဖိုးထားခြင်းကဲ့သို့သော အယူအဆများ၏ ချည်နှောင်ခြင်းကို မခံရပေ။ လူတစ်ယောက်က “မိတ်ဆွေအတွက် အသက်မစွန့်သော သင်ကဲ့သို့သောလူများသည် ပေါင်းသင်းရန် မထိုက်တန်ပေ။ မည်သူနှင့်မျှ မိတ်ဆွေမဖြစ်နိုင်ပေ” ဟု အမှန်တကယ် ပြောလာလျှင် ဤအရာကို ကြားပြီးနောက် သင်သည် ဝမ်းနည်းမည်လော။ ဤစကားများက သင့်အပေါ်တွင် သက်ရောက်မှုရှိမည်လော။ သင်သည် ဝမ်းနည်းပြီး အပျက်သဘောဆောင်မည်လော။ လူတို့၏ စွန့်ပစ်ခြင်းကို ခံရမည်လော။ ဖြစ်တည်မှု ခံစားချက်မရှိဘဲ ဘဝတွင် မျှော်လင့်ချက်မရှိဖြစ်မည်လော။ ဤသည်မှာ ဖြစ်နိုင်သည်။ သို့သော် သမ္မာတရားကို သင်နားလည်သောအခါ သင်သည် ဤအမှုအရာကို နှံ့စပ်စွာ နားလည်နိုင်လိမ့်မည်။ ဤစကားများ၏ ချုပ်ချယ်ခြင်းကို သင်ခံရမည်မဟုတ်ပေ။ ယနေ့မှစ၍ သင်သည် ဤဝန်ထုပ်ဝန်ပိုးများကို သယ်ဆောင်ဖို့ လိုအပ်ခြင်းမရှိဘဲ ဤရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သည့် အရာများကို လက်လွတ်ဖို့ သင်ယူရမည်။ ဤသို့အားဖြင့်သာ သင်သည် ဘဝတွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်နိုင်သည်။ သင်သည် ဤအရာကို လက်တွေ့လုပ်ဆောင်မည်လော။ (လုပ်ဆောင်မည်။) ဤသည်မှာ အလွန်မြန်ဆန်စွာ လက်လွတ်နိုင်သည့်အရာ မဟုတ်သည်မှာ မှန်သည်။ လူတို့သည် ရှေးဦးစွာ ၎င်းတို့၏ စိတ်ကို ပြင်ဆင်ရမည်။ ဖြည်းဖြည်းချင်း ချင့်ချိန်စဉ်းစားရမည်။ သမ္မာတရားအား ဖြည်းဖြည်းချင်း ရှာဖွေရမည်။ နည်းနည်းချင်း နားလည်ရမည်။ ထို့နောက် နည်းနည်းချင်း လက်တွေ့လုပ်ဆောင်ရမည်။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရမည်။ ဤသည်မှာ လူတို့နှင့် ဆက်ဆံရေးများ၊ လူတို့နှင့် ပေါင်းသင်းမှုများကို ဖြေရှင်းကာ ကိုင်တွယ်ရန် သမ္မာတရားစည်းမျဉ်းများကို အသုံးပြုခြင်းဖြစ်သည်။ အနှစ်ချုပ်အနေဖြင့် ငါသည် သင်တို့အား နောက်ဆုံးစကားအနည်းငယ် ပြောကြားလိုသည်။ ဘဝနှင့် သင်၏ တာဝန်များကို ချစ်မြတ်နိုးလော့။ သင့်တာဝန်ကို ထမ်းဆောင်ရန် ဘုရားသခင်က သင့်ကို ပေးခဲ့သော အခွင့်အလမ်းကို ချစ်မြတ်နိုးလော့။ ဘုရားသခင်က သင့်အား ပေးခဲ့သည့် စေခိုင်းချက်တာဝန်များကို ချစ်မြတ်နိုးလော့။ သင်နားလည်သည်မဟုတ်လော။ (နားလည်သည်။) သင်သည် ဤအမှုကိစ္စကို နှံ့စပ်စွာ နားလည်မှုရှိသည်မှာ ဝမ်းမြောက်ဖွယ်မဟုတ်လော။ (ဟုတ်သည်။) သင်သည် ဤမှားယွင်းသော အယူအဆများ၊ အမြင်များ၏ ကန့်သတ်ခြင်း၊ ချည်နှောင်ခြင်းကို မခံရလျှင် စိတ်အေးချမ်းလိမ့်မည်။ သို့သော် သင်သည် ယခုတွင် အမှန်တကယ် စိတ်အေးချမ်းခြင်း မရှိပေ။ သင်သည် နောင်အနာဂတ်တွင် သမ္မာတရားအား လိုက်စားသည့်လမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းပြီး ဤအရာများကြောင့် စိတ်အနှောင့်အယှက် မဖြစ်တော့သည့်အခါတွင်သာ အမှန်တကယ် စိတ်အေးချမ်းပေသည်။ သမ္မာတရားကို စံအဖြစ်ထားရှိလျက်၊ ဘုရားနှုတ်ကပတ်တော်များအတိုင်း အပြည့်အဝ လူများနှင့် အမှုအရာများကို အမှန်တကယ် ရှုမြင်သောသူများ၊ မိမိတို့ကိုယ်ကိုယ် ကျင့်ကြံပြုမူသောသူများသည်သာ အမှန်တကယ် သက်သောင့်သက်သာဖြစ်ပြီး စိတ်အေးချမ်းသူများဖြစ်သည်၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းရှိသူများဖြစ်သည်၊ သမ္မာတရားအတိုင်း အသက်ရှင်ကာ ကျင့်ကြံပြုမူသူများနှင့် မည်သည့်အခါမျှ နောင်တရလိမ့်မည်မဟုတ်သောသူများ ဖြစ်ပေသည်။ ယနေ့ မိတ်သဟာယကို ဤတွင် အဆုံးသတ်ကြပါစို့။
၂၀၂၂ ခုနှစ်၊ မေလ ၇ ရက်
အောက်ခြေမှတ်စု(များ)-
က။ ကောင်ရုံသည် လူသိများသော တရုတ်ပုံပြင်တစ်ပုဒ်တွင် ပါဝင်၏။ ထိုပုံပြင်ကို ယဉ်ကျေးရည်မွန်မှုနှင့် ညီရင်းအစ်ကိုကြားရှိ မေတ္တာတို့၏ တန်ဖိုးများအကြောင်း ကလေးများကို အသိပညာပေးရာတွင် အစဉ်အဆက် သုံးလာခဲ့ကြသည်။ လေးနှစ်သားအရွယ် ကောင်ရုံသည် သူ၏ မိသားစုက သစ်တော်သီးတစ်ခြင်း လက်ခံရရှိသည့်အခါ ပိုကြီးသော သစ်တော်သီးများကို သူ့အစ်ကိုများအား ပေးပြီး သူကိုယ်တိုင်အတွက်မူ အသေးဆုံး သစ်တော်သီးကို ယူခဲ့ပုံအကြောင်း ဤဇာတ်လမ်းက ပြောပြသည်။