(ဃ) သမ္မာတရား၏ဖြစ်ခြင်းကို ထုတ်ဖော်ပြခြင်းနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ
(၁၅၂) နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ ယေရှု၏ အသိအမှတ်ပြုခြင်းကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ လျော်ကန်မည် မဟုတ်ပေ။ အကြောင်းမှာ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သောကြောင့်တည်း။ စည်းမျဉ်းစည်းကမ်းများ၊ စကားလုံးများနှင့် သမိုင်း၏ ချုပ်နှောင်မှုအားဖြင့် ထိန်းချုပ်ခြင်းခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၌ ရှိသည့်အရာမှာ ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တွယ်ကပ်နေသော နောက်ကျိသည့် ရေများသာ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားသည်၊ တိုးတက်မှုမရှိဘဲ ရပ်တန့်နေခြင်းနှင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းခြင်းတို့ကိုသာ ကြိုးစားသည့်အပြင် ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားသောကြောင့် သင်သည် ဘုရားသခင်ကို အမြဲရန်လိုနေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ ခြေလှမ်းများသည် တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့ ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် စကားလုံးများသာဖြစ်သည်၊ သင့်ကို အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ၊ သင်ဖတ်သည့် ကျမ်းချက်များ၏ စကားလုံးများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် အတွေးအမြင်နှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ဆင်ခြင်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင်ရှိသော နက်နဲမှုများ သင် သဘောပေါက်အောင် လုပ်ပေးသည် မဟုတ်လော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်၊ နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့ ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်
(၁၅၃) ငါ၏ နှုတ်ကပတ်တော်များသည် ထာဝရမပြောင်းလဲသော သမ္မာတရား ဖြစ်၏။ ငါသည် လူသားအတွက် အသက်နှင့်ဆိုင်သည့် အထောက်အပံ့ဖြစ်ပြီး လူသားမျိုးနွယ်အတွက် တစ်ဦးတည်းသော လမ်းပြ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် အဓိပ္ပာယ်သည် ယင်းတို့ကို လူသားမျိုးနွယ်က အသိအမှတ်ပြု၊ မပြု သို့မဟုတ် လက်ခံခြင်း ရှိ၊ မရှိ ဆိုသည့်အရာဖြင့် သတ်မှတ်ထားခြင်း မဟုတ်ဘဲ နှုတ်ကပတ်တော်များ ကိုယ်၌၏ အနှစ်သာရဖြင့် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤကမ္ဘာပေါ်မှ လူတစ်ဦးကမျှ ငါ၏နှုတ်ကပတ်တော်များကို လက်မခံနိုင်လျှင်ပင် ငါ၏နှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် လူသားမျိုးနွယ်အား ယင်းတို့၏မစမှုကို မည်သည့်လူတစ်ဦးမျှ ခန့်မှန်း၍မရနိုင်ပေ။ သို့ဖြစ်၍ ငါ၏ နှုတ်ကပတ်တော်များကို ပုန်ကန်သော၊ ချေပ ပြောဆိုသော သို့မဟုတ် လုံးဝ အထင်သေးသော လူများစွာနှင့် ရင်ဆိုင်ရသည့်အခါ ငါ၏ သဘောထားမှာ ဤသို့သာဖြစ်၏၊ အချိန်နှင့် အမှန်တရားများကို ငါ၏ သက်သေဖြစ်စေပြီး ငါ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ကို သက်သေပြသပါစေဟူ၍သာ ဖြစ်သည်။ ယင်းတို့သည် ငါပြောခဲ့သမျှအားလုံး မှန်ကန်သည်၊ ယင်းမှာ လူသားအနေဖြင့် ပိုင်ဆိုင်သင့်သည့်အရာဖြစ်ပြီး လူသားအနေဖြင့် လက်ခံသင့်သည့်အရာ ပို၍ပင် ဖြစ်သည်ကို ပြသပါစေ။ ငါ၏ နှုတ်ကပတ်တော်များကို အပြည့်အဝ လက်မခံနိုင်သော သူများ၊ ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့မကျင့်သုံးနိုင်သူများ၊ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ရည်ရွယ်ချက်တစ်ခုကို ရှာမတွေ့နိုင် သူများနှင့် ငါ၏နှုတ်ကပတ်တော်များကြောင့် ကယ်တင်ခြင်း ကျေးဇူးတော်ကို လက်ခံရရှိနိုင်ခြင်း မရှိသူများသည် ငါ့နှုတ်ကပတ်တော်များအားဖြင့် ပြစ်တင်ရှုတ်ချခြင်းခံရပြီးဖြစ်သည့်အပြင် ငါ၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို ဆုံးရှုံးပြီးသောသူများ ပို၍ပင် ဖြစ်ကာ ငါ၏ တုတ်သည် ၎င်းတို့ထံမှ မည်သည့်အခါတွင်မျှ သွေဖည်မည် မဟုတ်ဟူသည့် ဤအမှန်တရားကို ငါ့နောက်လိုက်သော သူအားလုံးအား ငါ သိရှိစေမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်
(၁၅၄) ဘုရားသခင် ကိုယ်တော်တိုင်သည် အသက်ဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်ပြီး သူ၏အသက်နှင့် သမ္မာတရားသည် အတူယှဉ်တွဲ တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိဘဲနှင့် သင်သည် စကားလုံးများ၊ အယူဝါဒများအပြင် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်တည်ရှိနေပြီး သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်တွဲတည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက ဧကန်မုချ သမ္မာတရား ရှိလိမ့်မည် မဟုတ်၊ ပြီးလျှင် စိတ်ကူးများနှင့် အယူအဆများမှအပ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် သင်၏ ဇာတိပကတိ၊ သင်၏ နံစော်သော ဇာတိပကတိမှလွဲ၍ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများကို အသက်အဖြစ် ထည့်တွက်၍မရနိုင်သည်ကို သိလော့၊ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် တရိုတသေ ကိုးကွယ်ထား၍ မရနိုင်သကဲ့သို့ အတိတ်၏ စည်းမျဉ်းစည်းကမ်းများသည် ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များ၏ မှတ်တမ်းတစ်ခုအဖြစ် အသုံးမခံနိုင်ပေ။ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာပြီး လူသားအလယ် နေထိုင်ချိန်တွင် ဖော်ပြသော နှုတ်ကပတ်တော်များသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သူ၏လက်ရှိ အမှုပြုသည့် နည်းလမ်း ဖြစ်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်
(၁၅၅) သမ္မာတရားသည် ဘဝဆောင်ပုဒ်များ၏ လက်တွေ့အကျဆုံးသော အရာဖြစ်ပြီး လူသားမျိုးနွယ်အားလုံးအကြား ထိုကဲ့သို့ဆောင်ပုဒ်များ၏ အမြင့်ဆုံးသောအရာဖြစ်သည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် တောင်းဆိုချက်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့်အမှု ဖြစ်သောကြောင့် ယင်းကို ဘဝ၏ ဆောင်ပုဒ်ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာမှ ကောက်ချက်ချထားသော ဆောင်ပုဒ်တစ်ခု မဟုတ်သလို၊ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးထံမှ နာမည်ကျော် ကိုးကားချက် တစ်ခုလည်း မဟုတ်ပေ။ ယင်းအစား၊ ၎င်းမှာ လူသားမျိုးနွယ်ဆီ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အချုပ်အခြာအာဏာထံမှ မိန့်မြွက်ချက်ဖြစ်သည်။ လူသားမှ ကောက်ချက်ချထားသော စကားလုံးအချို့မဟုတ်ဘဲ၊ ဘုရားသခင်၏ ပင်ကိုအသက်ဖြစ်သည်။ ထို့ကြောင့် ယင်းကို ဘဝဆောင်ပုဒ်အပေါင်း၏ အမြင့်ဆုံးဟု ခေါ်ခြင်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏
(၁၅၆) သမ္မာတရားသည် လူ့လောကမှ လာသော်ငြားလည်း၊ လူတို့ အလယ်ရှိ သမ္မာတရားကို ခရစ်တော်က လက်ဆင့်ကမ်းပေးခြင်း ဖြစ်သည်။ ယင်းသည် ခရစ်တော်ထံမှ၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်ထံမှ ပေါ်ပေါက်ခြင်းဖြစ်ပြီး၊ ဤသည်မှာ လူ တတ်နိုင်စွမ်းသော အရာတစ်ခု မဟုတ်ပေ။ သို့သော် ခရစ်တော်သည် သမ္မာတရားကိုသာ ထောက်ပံ့ပေးသည်။ လူသည် ၎င်း၏ သမ္မာတရားကို လိုက်စားခြင်း၌ အောင်မြင်မည်၊ မအောင်မြင်မည်ကို ဆုံးဖြတ်ရန် သူ ကြွလာခြင်း မဟုတ်ပေ။ ထို့ကြောင့် သမ္မာတရား၌ အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းသည် လူ၏ လိုက်စားခြင်းကြောင့်သာ ဖြစ်သည်မှာ ယုတ္တိရှိပေသည်။ လူ၏သမ္မာတရား၌ အောင်မြင်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းသည် လုံးဝ ခရစ်တော်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိဖူးဘဲ၊ ထိုအစား သူ၏ လိုက်စားခြင်းအားဖြင့်သာ သတ်မှတ်ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင်အတွက် အရေးကိစ္စမဟုတ်ဘဲ၊ အဖန်ဆင်းခံများ ဆောင်ရွက်သင့်သည့် တာဝန်နှင့် တိုက်ရိုက် ဆက်နွှယ်သောကြောင့်၊ ဘုရားသခင် ကိုယ်တော်တိုင်ကို ခေါင်းခံစေဖို့ရန်အလို့ငှာ၊ လူ၏ ခရီးပန်းတိုင်နှင့် သူ၏ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုတို့ကို ဘုရားသခင်၏ ခေါင်းအပေါ်တွင် ပုံချထား၍ မရပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်
(၁၅၇) သမ္မာတရားသည် ပုံသေကားကျ မဟုတ်သကဲ့သို့ နိယာမတစ်ခုလည်း မဟုတ်ပေ။ ယင်းသည် အသေမဟုတ်ပေ။ ယင်းကိုယ်၌က အသက် ဖြစ်သည်၊ အသက်ရှင်သော အရာတစ်ခုဖြစ်ပြီး၊ ယင်းမှာ ဖန်ဆင်းခံတစ်ဦးက ဘဝတွင် လိုက်နာရမည့် စည်းကမ်းဖြစ်ကာ၊ ဘဝတွင် လူသားတစ်ဦး ရှိထားရမည့် စည်းမျဉ်း ဖြစ်သည်။ ဤသည်မှာ သင့်အနေဖြင့် အတွေ့အကြုံမှတဆင့် ဖြစ်နိုင်သမျှ များများ နားလည်ရမည့် အရာတစ်ခု ဖြစ်သည်။ သင့်အတွေ့အကြုံတွင် မည်သည့်အဆင့်ကို သင်ရောက်ရှိသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားမှ ခွဲခြား၍မရနိုင်သကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် သင်နားလည်သော အရာနှင့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် သင်သိသောအရာ အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ဖော်ပြထားပေသည်။ ထိုအရာများသည် သမ္မာတရားနှင့် ခွဲခြား၍မရအောင် ဆက်နွှယ်ထား၏။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့သည် ယင်းတို့ကိုယ်၌က သမ္မာတရားဖြစ်ကြလေသည်။ သမ္မာတရားသည် ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းတို့၏ စစ်မှန်သော သရုပ်သကန်တစ်ခု ဖြစ်သည်။ ယင်းက ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို ခိုင်ခံ့စေပြီး သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် ရှင်းလင်းသော ထုတ်ပြန်ချက်တစ်ခုကို ပြုလုပ်လေသည်။ ယင်းက ဘုရားသခင် ကြိုက်နှစ်သက်သည့်အရာ၊ သူ မနှစ်သက်သည့်အရာ၊ သင့်ကို သူက လုပ်ဆောင်စေလိုသည့်အရာနှင့် သင့်ကို သူက လုပ်ဆောင်ရန် ခွင့်မပြုသည့်အရာ၊ မည်သည့်လူတို့ကို သူစက်ဆုပ်ပြီး မည်သည့်လူတို့ထံ၌ ဝမ်းမြောက်ခြင်းကို သူ ရရှိသည်ဆိုသည်တို့ကို သာ၍ ရိုးရိုးစင်းစင်း ပြောပြလေသည်။ ဘုရားသခင်ဖော်ပြသော သမ္မာတရားများနောက်ကွယ်တွင် လူတို့သည် သူ၏ သာယာမှု၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းအပြင် သူ၏အနှစ်သာရတို့ကို မြင်နိုင်သည်။ ဤသည်မှာ သူ၏စိတ်သဘောထားနှင့် သက်ဆိုင်သည့် ထုတ်ဖော်ခြင်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)
(၁၅၈) ဘုရားသခင်မိန့်ထားသည့် နှုတ်ကပတ်တော်များသည် အပြင်ပန်းအသွင်အပြင်တွင် ရိုးရှင်းသည်ဖြစ်စေ၊ နက်နဲသိမ်မွေ့သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များအားလုံးတို့သည် လူတစ်ယောက်၏ အသက်ဝင်ရောက်မှုတွင် မရှိမဖြစ်သော သမ္မာတရားများ အားလုံးဖြစ်လေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားကို ဝိညာဉ်နှင့် ဇာတိပကတိနှစ်ခုလုံးတွင် ရှင်သန်စေသည့် အသက်ရေများ၏ ရေသောက်မြစ်ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များက အသက်ရှင်သန်နေဖို့ လူသားလိုအပ်သည့်အရာကို ထောက်ပံ့ပေးသည်။ လူသား၏ နေ့စဉ်အသက်တာ၌ သူ၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံသဘောတရားများနှင့် အယူတို့ကို ထောက်ပံ့ပေးသည်။ ကယ်တင်ခြင်းဆီသို့ သူလျှောက်ရမည့် လမ်းကြောင်းအပြင် ကယ်တင်ခြင်း ရရှိဖို့အတွက် ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို ထောက်ပံ့ပေးသည်။ ဘုရားသခင်ရှေ့တော်မှောက်တွင် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူပိုင်ဆိုင်သင့်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်ကို မည်သို့ကိုးကွယ်ပုံ၊ မည်သို့ကျိုးနွံနာခံပုံတို့နှင့်ပတ်သက်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထိုနှုတ်ကပတ်တော်များသည် လူသား၏ရှင်သန်မှုကို သေချာစေသည့် အာမခံချက်ဖြစ်သည်၊ ထိုနှုတ်ကပတ်တော်များသည် လူသား၏ အသက်မွေးလောက်သော အစာဖြစ်သည်၊ ထို့ပြင် ထိုနှုတ်ကပတ်တော်များသည် လူသားကို သန်မာစေပြီး မတ်မတ်ရပ်နိုင်စေသည့် ကြံ့ကြံ့ခံသော ထောက်ပံ့မှုလည်း ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် ဖန်ဆင်းခံ လူသားမျိုးနွယ်တို့ ပုံမှန်လူ့သဘာဝဖြင့် အသက်ရှင်နေထိုင်သည့် သမ္မာတရား စစ်မှန်မှုဖြင့် ကြွယ်ဝလေသည်။ ဖောက်ပြန်ပျက်စီးမှုမှ ရုန်းထွက်လွတ်မြောက်ဖို့နှင့် စာတန်၏ကျော့ကွင်းများကို လွတ်မြောက်ဖို့ လူသားမျိုးနွယ်တို့ အသုံးပြုသည့် သမ္မာတရားဖြင့် ကြွယ်ဝသည်၊ ဖန်ဆင်းခံ လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်က ပေးသည့် စိတ်ရင်းအတိုင်း စိတ်ရှည်သည့် အဆုံးအမ၊ တိုက်တွန်းမှု၊ အားပေးမှုနှင့် ဖြေသိမ့်မှုတို့ဖြင့် ကြွယ်ဝလေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားများအား အပြုသဘောဆောင်သည့် အရာအားလုံးကို နားလည်စေဖို့ လမ်းပြပြီး ဉာဏ်ပွင့်စေသည့် မီးရှူးတန်ဆောင် ဖြစ်သည်၊ တရားမျှတကာ လှပပြီး ကောင်းမြတ်သည့် အရာအားလုံးကို လူတို့က ကျင့်သုံးနေထိုင်ပြီး ပိုင်ဆိုင်ဖို့ သေချာစေသည့် အာမခံချက်ဖြစ်သည်၊ လူများ၊ အဖြစ်အပျက်များနှင့် အရာများအားလုံးကို တိုင်းတာသည့် စံသတ်မှတ်ချက်လည်း ဖြစ်သည်၊ ထို့ပြင် လူတို့ကို ကယ်တင်ခြင်းနှင့် အလင်းလမ်းကြောင်းဆီသို့ ဦးဆောင်လမ်းပြသည့် လမ်းကြောင်းပြ အမှတ်အသားလည်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား
(၁၅၉) ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူ့စကားအဖြစ် ပြော၍ မရဘဲ၊ လူ့စကားကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် သာ၍ပင် ပြော၍ မရပေ။ ဘုရားသခင် အသုံးပြုသောသူသည် လူ့ဇာတိခံ ဘုရားသခင် မဟုတ်သကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး မဟုတ်ပေ။ ဤတွင် ပဓာနကျသော ကွဲပြားမှုတစ်ခု ရှိသည်။ ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက် ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် သင်လက်မခံဘဲ၊ လူသားက ရရှိပြီးဖြစ်သည့် ဉာဏ်ပွင့်ခြင်းအဖြစ်သာ လက်ခံခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက၊ သင်သည် မသိနားမလည်မှု၏ မျက်စိအလင်းကွယ်စေခြင်း ခံရပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားက ရရှိသည့် ဉာဏ်ပွင့်ခြင်းနှင့် မည်သို့ တူညီနိုင်မည်နည်း။ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည်၊ လူသားမျိုးနွယ် အားလုံးကို လမ်းပြသည်၊ နက်နဲမှုများကို ထုတ်ဖော်ပြပြီး၊ ခေတ်သစ်တွင် လူသားလျှောက်လှမ်းရမည့် ဦးတည်ရာကို ပြသပေသည်။ လူသားရရှိသော အသိဉာဏ်ပွင့်လင်းခြင်းမှာ လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် အသိပညာအတွက် ရိုးရှင်းသော သွန်သင်မှုများသာ ဖြစ်သည်။ ယင်းက လူသားမျိုးနွယ်အားလုံးကို ခေတ်သစ်တစ်ခုထဲသို့ လမ်းပြနိုင်ခြင်းမရှိ၊ သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်၏ နက်နဲမှုများကို ထုတ်ဖော်မပြနိုင်ပေ။ နောက်ဆုံး စာရင်းချုပ်လိုက်သောအခါ၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသည် လူဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူသည် လူ၏အနှစ်သာရ ရှိသည်။ လူသည် ဘုရားသခင် ပြောဆိုသော စကားများကို သန့်ရှင်းသော ဝိညာဉ်တော်၏ ရိုးရှင်းသော ဉာဏ်ပွင့်စေခြင်း အဖြစ် ရှုမြင်ပြီး၊ တမန်တော်များနှင့် ပရောဖက်များ၏စကားများကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ပြောဆိုသော စကားများအဖြစ် မှတ်ယူပါက၊ လူတို့၏အမှား ဖြစ်ပေမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား
(၁၆၀) သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အသက် ဖြစ်၏။ ယင်းသည် သူ၏စိတ်သဘောထား၊ သူ၏ အနှစ်သာရနှင့် ပြီးလျှင် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို ကိုယ်စားပြုသည်။ သင်၌ အချို့သော အတွေ့အကြုံနှင့် အသိပညာ ရှိခြင်းအားဖြင့်၊ ဤနည်းဖြင့် သင်၌ သမ္မာတရားရှိသည်ဟု ပြောလျှင်၊ သင်သည် သန့်ရှင်းခြင်းကို စွမ်းဆောင်ရရှိပြီးဖြစ်သလော။ သင်သည် ဖောက်ပြန်ပျက်စီးခြင်းကို အဘယ်ကြောင့် ထုတ်ဖော်နေသေးသနည်း။ သင်သည် အဘယ်ကြောင့် မတူညီသောလူအမျိုးအစားများကြားတွင် ခွဲခြားသိမြင်နိုင်ခြင်း မရှိရသနည်း။ သင်သည် အဘယ်ကြောင့် ဘုရားသခင်ကို သက်သေမခံနိုင်ရသနည်း။ သင်သည် သမ္မာတရားအချို့ကို နားလည်လျှင်ပင်၊ ဘုရားသခင်ကို သင် ကိုယ်စားပြုနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားအားဖြင့် သင်အသက်ရှင်နေထိုင်နိုင်သလော။ သမ္မာတရားတစ်ခု၏ သွင်ပြင်လက္ခဏာ အချို့နှင့်စပ်လျဉ်း၍ သင်၌ အတွေ့အကြုံနှင့် အသိပညာအချို့ ရှိကောင်းရှိနိုင်သည်၊ ပြီးလျှင် သင်၏စကား၌ ပို၍နားလည်အောင် ရှင်းပြနိုင်စွမ်းပင် ရှိနိုင်သည်။ သို့သော် လူများကို သင်ထောက်ပံ့ပေးနိုင်သည့်အရာသည် အလွန်အမင်းနည်းပါးပြီး အချိန်ကြာမြင့်စွာ မတည်တံ့နိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၏နားလည်မှုနှင့် သင်ရရှိပြီးဖြစ်သည့် အလင်းတို့က သမ္မာတရား၏ အနှစ်သာရကို ကိုယ်စားမပြုသောကြောင့်ဖြစ်သည်၊ ပြီးလျှင် ယင်းက သမ္မာတရား တစ်ခုလုံးကို ကိုယ်စားမပြုပေ။ ယင်းက သမ္မာတရား၏ ဘက်တစ်ဖက်၊ သို့မဟုတ် သေးငယ်သော သွင်ပြင်လက္ခဏာကိုသာ ကိုယ်စားပြုသည်။ ယင်းက လူသားများသာ စွမ်းဆောင်ရရှိနိုင်သည့် အဆင့်ဖြစ်သည်။ ပြီးလျှင် ယင်းသည် သမ္မာတရား၏ အနှစ်သာရမှ ဝေးကွာနေဆဲဖြစ်သည်။ ဤအလင်းအနည်းငယ်၊ ဉာဏ်အလင်းပေးခြင်း၊ အတွေ့အကြုံနှင့် အသိပညာအနည်းငယ်သည် သမ္မာတရား၏ နေရာကို မည်သည့်အခါမျှ မယူနိုင်ပေ။ လူများအားလုံးက သမ္မာတရားတစ်ခုကို တွေ့ကြုံရာမှတစ်ဆင့် ရလဒ်အချို့ကို စွမ်းဆောင်ရရှိပြီးဖြစ်ကာ ၎င်းတို့၏ အတွေ့အကြုံများနှင့် သိမြင်မှုများ အားလုံးပေါင်းလိုက်လျှင်ပင် ဤသမ္မာတရား၏ စာကြောင်းတစ်ကြောင်းတည်း၏ အလုံးစုံနှင့် အနှစ်သာရကိုပင် လက်လှမ်းမီမည် မဟုတ်ချေ။ အတိတ်တွင် ပြောခဲ့ပြီးဖြစ်သည်၊ “ငါသည် လူ့လောကအတွက် ဤအရာကို ဆိုရိုးတစ်ခုနှင့် အကျဉ်းချုပ်မည်။ လူသားတို့အကြားတွင် ငါ့ကို ချစ်သောသူ တစ်ယောက်မျှမရှိပေ။” ဤစာကြောင်းသည် သမ္မာတရားဖြစ်သည်၊ အသက်၏ စစ်မှန်သော အနှစ်သာရဖြစ်သည်၊ အနက်နဲဆုံးသော အရာဖြစ်ပြီး ဘုရားသခင် ကိုယ်တော်တိုင်၏ ဖော်ပြခြင်း ဖြစ်သည်။ အတွေ့အကြုံ သုံးနှစ်ပြီးသည့်နောက်တွင် သင်၌ အပေါ်ယံ နားလည်မှုလေးတစ်ခု ရှိကောင်းရှိနိုင်ပြီး၊ ခုနစ်နှစ်၊ သို့မဟုတ် ရှစ်နှစ်ပြီးနောက်တွင်၊ သင်သည် အနည်းငယ် ပို၍များသော နားလည်မှု ရှိကောင်းရှိနိုင်သည်။ သို့သော် ဤနားလည်မှုသည် သမ္မာတရား၏ ဤစာကြောင်းအတွက် မည်သည့်အခါမျှ အစားထိုး၍ရမည် မဟုတ်ချေ။ နှစ်နှစ်ကြာပြီးနောက် အခြားလူတစ်ဦး၌ နားလည်မှုအနည်းငယ် ရှိနိုင်သည်၊ သို့မဟုတ် ဆယ်နှစ်ကြာပြီးသည့်နောက် ပို၍များသော နားလည်မှုအချို့ ရှိနိုင်သည်။ သို့မဟုတ် တစ်သက်တာပြီးနောက်တွင် အတော်အတန် မြင့်မားသော နားလည်မှု ရှိနိုင်သည်။ သို့သော် သင်တို့နှစ်ဦးလုံး၏ နားလည်မှုကို စုပေါင်းထားခြင်းက သမ္မာတရား၏ ဤစာကြောင်းကို အစားထိုး၍မရနိုင်ပေ။ သင်တို့နှစ်ဦး စုပေါင်း၍ ထိုးထွင်းအမြင်၊ အလင်း၊ အတွေ့အကြုံ၊ သို့မဟုတ် အသိပညာ မည်မျှ ရှိနိုင်ပါစေ ဤသမ္မာတရား၏ စာကြောင်းကို မည်သည့်အခါမျှ အစားထိုး၍မရနိုင်ပေ။ ဆိုလိုသည်မှာ လူ့အသက်သည် အစဉ်သဖြင့် လူ့အသက်ဖြစ်ပြီး သင်၏အသိပညာသည် သမ္မာတရား၊ ဘုရားသခင်၏ရည်ရွယ်ချက်များ၊ သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်တို့နှင့် မည်မျှကိုက်ညီပါစေ၊ ယင်းက သမ္မာတရားအတွက် မည်သည့်အခါမျှ အစားထိုး၍မရနိုင်ပေ။ လူများ၌ သမ္မာတရား ရှိသည်ဟု ပြောခြင်းက လူများသည် သမ္မာတရားကို အမှန်တကယ် နားလည်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရား အချို့ကို အသက်ရှင်နေထိုင်ကြောင်း၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် စစ်မှန်သော သိမြင်ခြင်းအချို့ရှိကြောင်းနှင့် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံနိုင်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ သို့ရာတွင် လူများသည် သမ္မာတရားကို ပိုင်ဆိုင်ပြီးသားဖြစ်သည်ဟု မဆိုနိုင်ပေ။ အကြောင်းမှာ သမ္မာတရားသည် အလွန်နက်နဲသောကြောင့်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်၏ စာကြောင်းတစ်ကြောင်းတည်းကို တွေ့ကြုံဖို့ကိုပင် လူများ၏တစ်သက်တာ အချိန်ကြာမြင့်နိုင်သည်။ ပြီးလျှင် အသက်တာအချို့၊ သို့မဟုတ် နှစ်ထောင်ပေါင်းများစွာ တွေ့ကြုံပြီးသည့်နောက်တွင်ပင်၊ ဘုရားနှုတ်ကပတ်တော်၏ စာကြောင်းတစ်ကြောင်းကို အပြည့်အဝ မတွေ့ကြုံနိုင်ပေ။ သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်ကို သိကျွမ်းခြင်း ဖြစ်စဉ်သည် အမှန်တကယ်ပင် အဆုံးမရှိကြောင်းနှင့်၊ တစ်သက်တာ တွေ့ကြုံမှုတွင် လူများသည် သမ္မာတရားမည်မျှကို နားလည်နိုင်သည် ဆိုသည့်အပေါ်တွင် အကန့်အသတ်ရှိကြောင်းတို့မှာ သိသာထင်ရှားပေသည်။ လူအချို့က ဘုရားသခင်၏ နှုတ်ကပတ်တော်၏ စာအရ အဓိပ္ပာယ်ကို နားလည်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၌ သမ္မာတရား ရှိသည်ဟု ပြောကြသည်။ ဤအရာမှာ အဓိပ္ပာယ်မမဲ့သလော။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
(၁၆၁) လူတို့ သမ္မာတရားကို နားလည်ကြောင်းနှင့် ယင်းကို ၎င်းတို့၏ အသက်ကဲ့သို့ အသက်ရှင်ကြကြောင်း ပြောသည့်အခါ၊ ဤ “အသက်”က မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ၎င်းတို့ စိတ်နှလုံးထဲတွင် သမ္မာတရားက အဆုံးစွန် အုပ်စိုးသည့်သဘော ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ၎င်းတို့ အသက်ရှင်နိုင်သည့် သဘော ဖြစ်ပြီး ယင်းမှာ ၎င်းတို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ စစ်မှန်သောအသိပညာနှင့် သမ္မာတရားနှင့်ပတ်သက်၍ စစ်မှန်သော သိနားလည်မှုတစ်ခု ရှိကြသည်ကို ဆိုလိုပေသည်။ လူတို့သည် ဤအသစ်သောအသက်ကို ၎င်းတို့အတွင်းတွင် ပိုင်ဆိုင်ကြသည့်အခါ ယင်းကို ဘုရားနှုတ်ကပတ်တော်များအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းမှ လုံးလုံးလျားလျား ရရှိပေသည်။ ယင်းကို ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားပြီး သမ္မာတရားနယ်ပယ်အတွင်း ၎င်းတို့ အသက်ရှင်ခြင်းအားဖြင့် ရယူရပေသည်။ လူတို့ အသက်တွင် ပါရှိသမျှမှာ ၎င်းတို့၏ အသိပညာနှင့် သမ္မာတရားအပေါ် အတွေ့အကြုံ ဖြစ်သည်။ ယင်းမှာ ထိုအသက်၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ထိုနယ်ပယ်ကို မကျော်လွန်ချေ။ ဤသည်မှာ သမ္မာတရားနှင့် အသက်ကို ရရှိခြင်းအကြောင်း ပြောဆိုနေချိန်တွင် ရည်ညွှန်းနေသည့် အသက် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သမ္မာတရားအားဖြင့် အသက်ရှင်နိုင်ခြင်းသည် သမ္မာတရား၏ အသက်က လူများ၏အတွင်း၌ ရှိခြင်း မဟုတ်သကဲ့သို့ သမ္မာတရားကို ၎င်းတို့၏ အသက်အဖြစ် ၎င်းတို့ ပိုင်ဆိုင်ပါက ၎င်းတို့သည် သမ္မာတရား ဖြစ်လာပြီး ၎င်းတို့၏ အတွင်း အသက်က သမ္မာတရား၏အသက် ဖြစ်လာခြင်း မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားနှင့် အသက်ဖြစ်သည်ဟု ပို၍ပင် ပြော၍မရနိုင်ပေ။ နောက်ဆုံးတွင် ၎င်းတို့၏ အသက်သည် လူသား၏ အသက်ဖြစ်နေဆဲဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များဖြင့် သင်အသက်ရှင်နိုင်ပြီး သမ္မာတရား၏ အသိပညာ ပိုင်ဆိုင်ပါက၊ ပြီးလျှင် ဤအသိပညာက သင့်အတွင်းတွင် အမြစ်တွယ်လာပြီး သင်၏ အသက်ဖြစ်လာကာ အတွေ့အကြုံမှတစ်ဆင့် သင်ရရှိပြီးဖြစ်သည့် သမ္မာတရားက သင့်တည်ရှိခြင်း၏ အခြေခံဖြစ်လာပါက၊ ဤဘုရားနှုတ်ကပတ်တော်များအားဖြင့် သင် အသက်ရှင်ပါက၊ မည်သူမျှ ယင်းကို မပြောင်းလဲနိုင်သကဲ့သို့ စာတန်က သင့်ကို အထင်အမြင်မမှားစေနိုင်၊ မဖောက်ပြန်မပျက်စီးစေနိုင်ပါက၊ သင်သည် သမ္မာတရားနှင့် အသက်ကို ပိုင်ဆိုင်ပြီးဖြစ်လိမ့်မည်။ ယင်းမှာ၊ သင်၏ အသက်တာသည် သမ္မာတရား ပါရှိရုံမျှသာ ရှိပေသည်၊ ဆိုလိုသည်မှာ သမ္မာတရားအပေါ် သင်၏ သိနားလည်မှု၊ အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်ခြင်းနှင့် မည်သည့်အရာကို သင် လုပ်ဆောင်သည်ဖြစ်စေ၊ ဤအရာများဖြင့် သင် အသက်ရှင်လိမ့်မည်ဖြစ်ပြီး ယင်းတို့၏ နယ်ပယ်ကို ကျော်လွန်၍ သင် သွားလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်ပြီး ထိုသို့သောလူများမှာ ဘုရားသခင်က သူ၏ အမှုတော်ဖြင့် နောက်ဆုံးတွင် ရရှိချင်သည့် အရာ ဖြစ်သည်။ သို့သော် သမ္မာတရားကို လူတို့ မည်မျှကောင်းစွာ နားလည်သည်ဖြစ်စေ၊ ၎င်းတို့၏ အနှစ်သာရသည် လူသားမျိုးနွယ်၏ အနှစ်သာရတစ်ခု ဖြစ်နေဆဲဖြစ်ပြီး ဘုရားသခင်၏ အနှစ်သာရနှင့် လုံးဝ နှိုင်းယှဉ်မရနိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သမ္မာတရားအားလုံးကို ၎င်းတို့ လုံးဝမတွေ့ကြုံနိုင်သကဲ့သို့ ၎င်းတို့အတွက် သမ္မာတရားကို လုံးလုံးလျားလျား အသက်ရှင်နေထိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သောကြောင့် ဖြစ်ပေသည်။ ၎င်းတို့သည် လူသားတို့ ကြိုးပမ်းရရှိနိုင်သည့် အလွန်အမင်း နည်းပါးသော သမ္မာတရားအနည်းငယ်ကိုသာ အသက်ရှင်နေထိုင်နိုင်ကြသည်။ သို့ပါက ၎င်းတို့သည် ဘုရားအဖြစ်သို့ မည်သို့ ပြောင်းလဲနိုင်မည်နည်း။...ဘုရားနှုတ်ကပတ်တော်များနှင့် ပတ်သက်၍ အတွေ့အကြုံ အနည်းငယ်မျှ သင်ရှိပြီး၊ သမ္မာတရားအပေါ် စစ်မှန်သည့် အတွေ့အကြုံနှင့် အသိပညာဖြင့် အသက်ရှင်နေပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် တဖြည်းဖြည်း သင်၏ အသက်ဖြစ်လာလိမ့်မည်။ သို့သော်၊ သမ္မာတရားသည် သင်၏ အသက်ဖြစ်သည် သို့မဟုတ် သင် ဖော်ပြနေသည့်အရာသည် သမ္မာတရားဖြစ်သည်ဟု သင် ပြောဆို၍ မရနိုင်သေးပေ။ ယင်းမှာ သင်၏ ထင်မြင်ချက်ဖြစ်ပါက၊ သင်သည် မှားယွင်းပေသည်။ သင်သည် သမ္မာတရား၏ သီးခြားရှုထောင့်တစ်ခုနှင့်ပတ်သက်၍သာ အတွေ့အကြုံ အချို့ရှိပါက ဤအရာကိုယ်၌က သင် သမ္မာတရား ပိုင်ဆိုင်ခြင်းကို ကိုယ်စားပြုနိုင်သလော။ ဤအရာကို သမ္မာတရားကို ရရှိခြင်းအဖြစ် မှတ်ယူနိုင်သလော။ သင်သည် သမ္မာတရားကို အကုန်အစင် ရှင်းပြနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အရာခပ်သိမ်းနှင့် ဖြစ်ခြင်းတို့ကို သမ္မာတရားမှ သင် ရှာဖွေတွေ့ရှိနိုင်သလော။ ဤအကျိုးတရားများကို စွမ်းဆောင်မရရှိပါက၊ ဤအရာက သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုခုကို တွေ့ကြုံခြင်းမျှကို သမ္မာတရားအား ရရှိခြင်းအဖြစ် ပြော၍ရဖို့မဆိုထားနှင့်၊ သမ္မာတရားကို အမှန်တကယ် သိနားလည်ခြင်း၊ သို့မဟုတ် ဘုရားကို သိကျွမ်းခြင်းအဖြစ် ယူဆ၍မရနိုင်ကြောင်း သက်သေပြပေသည်။ အယောက်တိုင်းသည် သမ္မာတရား၏ ရှုထောင့်တစ်ခုနှင့် နယ်ပယ်တစ်ခုနှင့်သာ ပတ်သက်သည့် အတွေ့အကြုံ ရှိသည်။ ၎င်းတို့၏ အကန့်အသတ်ရှိသော နယ်ပယ်အတွင်းတွင် ထိုအရာကို ၎င်းတို့ တွေ့ကြုံကြပြီး သမ္မာတရား၏ မရေမတွက်နိုင်သော ရှုထောင့်များကို ထည့်သွင်း မစဉ်းစားနိုင်ပေ။ လူတို့သည် သမ္မာတရား၏ မူရင်းအဓိပ္ပာယ်ကို အသက်ရှင် နေထိုင်နိုင်ကြသလော။ သင်၏ အတွေ့အကြုံ အနည်းငယ်သည် မည်မျှနှင့် ညီမျှသနည်း။ ကမ်းခြေတစ်ခုက သဲတစ်ပွင့်သာဖြစ်၏၊ သမုဒ္ဒရာထဲက ရေတစ်စက်တည်း ဖြစ်၏။ ထို့ကြောင့် သင်၏ အတွေ့အကြုံမှ ရရှိပြီးဖြစ်သည့် ထိုအသိပညာနှင့် ထိုခံစားချက်များက မည်မျှအဖိုးတန်နိုင်ပါစေ၊ ယင်းတို့ကို သမ္မာတရားအဖြစ် ယူမှတ်၍ မရနိုင်သေးပေ။ ယင်းတို့ကို သမ္မာတရားနှင့် ကိုက်ညီသည်ဟုသာ ပြော၍ရနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
(၁၆၂) ဘုရားသခင် ကိုယ်တိုင်သည် သမ္မာတရားဖြစ်ပြီး သူသည် သမ္မာတရား အားလုံးကို ပိုင်ဆိုင်သည်။ ဘုရားသခင်သည် သမ္မာတရား၏ အရင်းအမြစ် ဖြစ်သည်။ အပြုသဘောဆောင်သော အရာတိုင်းနှင့် သမ္မာတရားတိုင်းသည် ဘုရားသခင်ထံမှ လာသည်။ အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးတို့၏ မှန်ခြင်း မှားခြင်းအပေါ် ဘုရားသခင်သည် တရားစီရင်နိုင်သည်။ ဖြစ်ပျက်ပြီးသည့် အရာများ၊ ယခုဖြစ်ပျက်နေသည့် အရာများနှင့် လူသား မသိသေးသည့် အနာဂတ်အရာများအပေါ် ဘုရားသခင်သည် တရားစီရင်နိုင်သည်။ ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၏ မှန်ခြင်းမှားခြင်းအပေါ် စီရင်ချက်ချနိုင်သည့် တစ်ပါးတည်းသော တရားသူကြီး ဖြစ်သည်။ ဆိုလိုသည်မှာ အရာခပ်သိမ်း၏ မှန်ခြင်း မှားခြင်းကို ဘုရားသခင်သာလျှင် စီရင်နိုင်သည်။ ခပ်သိမ်းသောအရာတို့အတွက် စံသတ်မှတ်ချက်များကို သူသိသည်။ သူသည် သမ္မာတရားများကို အချိန်မရွေး၊ နေရာမရွေး ဖော်ပြနိုင်သည်။ ဘုရားသခင်သည် သမ္မာတရား၏ ပြယုဂ်ဖြစ်ပြီး ဤသည်မှာ ဘုရားသခင် ကိုယ်တိုင်သည် သမ္မာတရား၏ အနှစ်သာရကို ပိုင်ဆိုင်သည်ဟု ဆိုလိုသည်။ အကယ်၍ လူသားသည် သမ္မာတရားများစွာကို နားလည်သဘောပေါက်ပြီး ဘုရားသခင်၏ စုံလင်အောင်ပြုခြင်း ခံရလျှင်ပင် ၎င်းတို့သည် သမ္မာတရား၏ပြယုဂ်နှင့် သက်ဆိုင်သေးသလော။ မသက်ဆိုင်ပေ။ ဤသည်မှာ သေချာသည်။ လူသားသည် စုံလင်စေခြင်းခံရသောအခါ ဘုရားသခင်၏ လက်ရှိအမှုတော်နှင့် လူသားအပေါ် ဘုရားသခင် သတ်မှတ်သည့် အမျိုးမျိုးသော စံနှုန်းများနှင့်ပတ်သက်ပြီး ၎င်းတို့သည် တိကျသော အကဲဖြတ်မှုနှင့် လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းများရလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အပြည့်အဝ နားလည်လိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ထံမှ လာသည့်အရာနှင့် လူသားဆီမှ လာသည့်အရာကြား၊ မှန်ကန်သည့်အရာနှင့် မှားယွင်းသည့်အရာကြား ခွဲခြားနိုင်သည်။ သို့တိုင်အောင် လူသားအတွက် မရယူနိုင်သော၊ မရှင်းလင်းသောအရာအချို့ ကျန်ရှိနေသည်။ ဘုရားသခင်က ၎င်းတို့ကို ပြောပြပြီးသည့်နောက်တွင်မှ သိနိုင်သောအရာများ ဖြစ်သည်။ မသိရှိရသေးသောအရာများ၊ ဘုရားသခင်က ၎င်းတို့ကို မပြောပြရသေးသောအရာများကို လူသားက သိနိုင်သလော၊ သို့မဟုတ် ကြိုတင်ခန့်မှန်းနိုင်သလော။ လုံးဝ မသိနိုင်၊ မခန့်မှန်းနိုင်ပေ။ ထို့အပြင် လူသားသည် ဘုရားသခင်ထံမှ သမ္မာတရားကိုရကာ သမ္မာတရားလက်တွေ့ကျမှုကို ပိုင်ဆိုင်ပြီး သမ္မာတရားများစွာ၏ အနှစ်သာရကို သိရှိကာ၊ အမှန်နှင့်အမှားကိုလည်း ပိုင်းခြားသိမြင်နိုင်စွမ်းရှိပါက၊ ၎င်းတို့သည် အရာခပ်သိမ်းကို ထိန်းချုပ်ကာ အုပ်စိုးနိုင်သော အစွမ်းရှိမည်လော။ ၎င်းတို့တွင် ဤသို့လုပ်နိုင်စွမ်းရှိမည်မဟုတ်ပေ။ ယင်းသည် ဘုရားသခင်နှင့် လူသားကြား ခြားနားချက် ဖြစ်သည်။ ဖန်ဆင်းခံများသည် သမ္မာတရားကို သမ္မာတရား၏ ရင်းမြစ်မှသာလျှင် အမြဲရရှိနိုင်သည်။ သမ္မာတရားကို လူသားထံမှ ၎င်းတို့ ရနိုင်သလော။ လူသည် သမ္မာတရားဖြစ်သလော။ လူသည် သမ္မာတရားကို ပေးနိုင်သလော။ မပေးနိုင်ပေ၊ ကွာခြားချက်က ဤနေရာတွင် တည်ရှိသည်။ သင်သည် သမ္မာတရားကို ရရှိရုံရရှိနိုင်သည်၊ မပံ့ပိုးပေးနိုင်ပေ။ သင်သည် သမ္မာတရားကို ပိုင်ဆိုင်သောသူဟု ခေါ်ဆိုနိုင်သလော။ သင့်ကို သမ္မာတရား၏ပြယုဂ်ဟု ခေါ်ဆိုနိုင် သလော။ လုံးဝ မခေါ်ဆိုနိုင်ပေ။ သမ္မာတရား ပြယုဂ်၏ အနှစ်သာရဆိုသည်မှာ ဘယ်အရာ အတိအကျဖြစ်သနည်း။ ယင်းမှာ သမ္မာတရားကိုပံ့ပိုးသော ရင်းမြစ်၊ ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးမှုနှင့် အချုပ်အခြာအာဏာ၏ ရင်းမြစ်ဖြစ်ပြီး၊ အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးကို အကဲဖြတ်သော တစ်ခုတည်းသော သတ်မှတ်ချက်နှင့် စံနှုန်းလည်းဖြစ်သည်။ ဤသည်မှာ သမ္မာတရား၏ပြယုဂ်ပေတည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၃)
(၁၆၃) သမ္မာတရားသည် အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှု ဖြစ်သည်။ ယင်းသည် လူတစ်ဦး၏ အသက်နှင့် သူတို့ လျှောက်လှမ်းသည့် လမ်းညွှန်ချက် ဖြစ်နိုင်သည်၊ ယင်းသည် လူတစ်ဦးကို သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားစေနိုင်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့လာပြီး မကောင်းမှုကို ရှောင်ကြဉ်လာစေနိုင်သည်၊ ဘုရားသခင်ကို ကျိုးနွံနာခံသူနှင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့် စံနှုန်းပြည့်မီသောသူ၊ ဘုရားသခင် ချစ်ပြီး လက်ခံနိုင်ဖွယ် ဖြစ်သည်ဟု မြင်သည့်သူတစ်ဦး ဖြစ်လာစေနိုင်သည်။ သမ္မာတရား တန်ဖိုးကြီးမားသည်ကိုထောက်သော် လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားတို့နှင့်ပတ်သက်၍ မည်သို့သော သဘောထားနှင့် အမြင်ရှုထောင့် ရှိသင့်သနည်း။ ယင်းမှာ အတော်ပင် သိသာထင်ရှားပါသည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသည့်သူများအတွက် သူ၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အသက်သွေးကြော ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တန်ဖိုးထားသင့်သည်၊ ယင်းတို့ကို စားသောက်သင့်သည်၊ မွေ့လျော်သင့်သည်၊ ပြီးလျှင် ၎င်းတို့၏ အသက်အဖြစ်၊ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းညွှန်ချက်အဖြစ်၊ အသင့်ရှိသော အကူအညီနှင့် ထောက်ပံ့မှုအဖြစ် လက်ခံသင့်သည်။ လူတို့သည် သမ္မာတရား၏ စကားများနှင့် သတ်မှတ်ချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားသင့်ကာ သမ္မာတရားက ၎င်းတို့အား ပေးအပ်သည့် သတ်မှတ်ချက်များနှင့် စည်းမျဉ်းအမျိုးမျိုးကို ကျိုးနွံနာခံသင့်သည်။ ဤသို့အားဖြင့်သာ လူတစ်ဦးသည် အသက်ကို ရရှိနိုင်သည်။ သမ္မာတရားကို လိုက်စားခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၊ ဆန်းစစ်ခြင်း၊ မှန်းဆခြင်းနှင့် သံသယရှိခြင်းတို့ထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခံစားခြင်း ဖြစ်သည်။ သမ္မာတရားသည် လူတို့၏ အသင့်ရှိသော အကူအညီနှင့် ထောက်ပံ့မှုဖြစ်ပြီး ၎င်းတို့၏ အသက်ဖြစ်နိုင်သဖြင့် ၎င်းတို့သည် သမ္မာတရားကို အဖိုးတန်ဆုံးအရာအဖြစ် သဘောထားပြုမူသင့်သည်။ အကြောင်းမှာ ၎င်းတို့သည် အသက်ရှင်နေထိုင်ရန်၊ ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်လာရန်၊ သူ့ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်နိုင်လာရန်နှင့် ၎င်းတို့၏ နေ့စဉ်အသက်တာအတွင်း၌ လက်တွေ့လုပ်ဆောင်ခြင်း လမ်းခရီးကို ရှာဖွေရန်နှင့် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို သဘောပေါက်ရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိရန် သမ္မာတရားအပေါ် မှီခိုရမည် ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန်၊ ကယ်တင်ခြင်းခံရသူနှင့် စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရန်လည်း သမ္မာတရားအပေါ် မှီခိုရမည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၇)
(၁၆၄) ဘုရားသခင်၏ သမ္မာတရားနှင့် သက်ဆိုင်သည့် ဖော်ပြချက်တွင် ဘုရားသခင်သည် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ဖော်ပြသည်။ သူ၏ သမ္မာတရားနှင့်ဆိုင်သော ဖော်ပြချက်သည် လူသားမျိုးနွယ်က ပေါင်းရုံးဖော်ပြထားသော လူတို့ယုံကြည်သည့် အမျိုးမျိုးသော အပြုသဘောဆောင်သည့် အရာများနှင့် စကားများအပေါ် အခြေမခံထားပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်က အမှီပြုဖြစ်တည်သည့် တစ်ခုတည်းသော အခြေခံအုတ်မြစ်နှင့် ဥပဒေသများဖြစ်သည်။ လူသားထံမှ ဖြစ်ပေါ်သော ယုံကြည်မှုဟုဆိုသောအရာများသည် မှားယွင်းကာ အဓိပ္ပာယ်မရှိဘဲ ဘုရားသခင်က ရှုတ်ချသည်။ ထိုအရာများကို သူလက်သင့်မခံပေ၊ သူ၏ မိန့်မြွက်ချက်များ၏ ဇာစ်မြစ် သို့မဟုတ် အခြေခံ အကြောင်းအရင်း ဖြစ်ဖို့ဆိုသည်မှာ ပို၍ နည်းသေးပေသည်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များအားဖြင့် သူ၏စိတ်သဘောထားနှင့် သူ၏ အနှစ်သာရတို့ကို ဖော်ပြသည်။ သူ့၌ ဘုရားသခင်၏ အနှစ်သာရ ရှိသည့်အတွက် ဘုရားသခင်ဖော်ပြသည့် နှုတ်ကပတ်တော်များ အားလုံးသည် သမ္မာတရားဖြစ်ပြီး သူသည် အပြုသဘောဆောင်သည့် အရာအားလုံး၏ စစ်မှန်မှု ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ဘုရားနှုတ်ကပတ်တော်များကို မည်သို့ အနက်ဖွင့်ဆိုပါစေ၊ အဓိပ္ပာယ်သတ်မှတ်ပါစေ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့က မည်သို့ ရှုမြင်ပါစေ၊ သို့မဟုတ် နားလည်ပါစေ ဘုရားနှုတ်ကပတ်တော်များသည် အစဉ်ထာဝရ သမ္မာတရား ဖြစ်သည်။ ပြီးလျှင် ဤသည်မှာ မည်သည့်အခါမျှ မပြောင်းလဲသည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှ ပြောကြားပြီးဖြစ်ပါစေ ဤဖောက်ပြန်ပျက်စီးကာ ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်က ဘုရားနှုတ်ကပတ်တော်များကို မည်မျှပြစ်တင်ရှုတ်ချပြီး ငြင်းပယ်ပါစေ ထာဝရမပြောင်းလဲသည့် အချက်တစ်ခုက ကျန်ရှိနေသည်။ ဘုရားနှုတ်ကပတ်တော်များသည် အစဉ် သမ္မာတရားဖြစ်လိမ့်မည်ဖြစ်ပြီး လူသားက ဤအရာကို မည်သည့်အခါမျှ မပြောင်းလဲနိုင်ပေ။ အဆုံးတွင် ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်၏ အထင်ကြီးခံရသော ရိုးရာယဉ်ကျေးမှုနှင့် သိပ္ပံအသိပညာတို့သည် မည်သည့်အခါမျှ အပြုသဘောဆောင်သော အရာများ ဖြစ်မလာနိုင်သည်ကိုလည်းကောင်း၊ ထိုအရာများသည် မည်သည့်အခါမျှ သမ္မာတရား ဖြစ်မလာနိုင်သည်ကိုလည်းကောင်း လူသားက ဝန်ခံရမည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ ပြောင်းလဲမှုများ သို့မဟုတ် အချိန်ကုန်လွန်သွားခြင်းတို့ကြောင့် လူသားမျိုးနွယ်၏ ရိုးရာယဉ်ကျေးမှုနှင့် ရှင်သန်ခြင်းနည်းဗျူဟာတို့သည် သမ္မာတရား ဖြစ်လာလိမ့်မည် မဟုတ်ဘဲ လူသားမျိုးနွယ်၏ ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် မေ့လျော့တတ်ခြင်းတို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ စကားများ ဖြစ်လာလိမ့်မည် မဟုတ်ပေ။ သမ္မာတရားသည် အစဉ်သဖြင့် သမ္မာတရားဖြစ်သည်။ ဤအနှစ်သာရသည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဤနေရာ၌ မည်သည့် အမှန်တရား တည်ရှိသနည်း။ လူသားမျိုးနွယ် ပေါင်းရုံးဖော်ပြပြီးဖြစ်သည့် ဤကြားနေကျဆိုရိုးများက စာတန်ထံမှလည်းကောင်း၊ လူတို့၏ စိတ်ကူးများနှင့် အယူအဆများမှလည်းကောင်း အရင်းခံဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့မဟုတ် ယင်းတို့သည် လူသား၏ တဇောက်ကန်းဖြစ်ခြင်းနှင့် လူသားများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ပေါ်ပေါက်လာပြီး အပြုသဘောဆောင်သည့် အရာများနှင့် လုံးလုံးလျားလျား မသက်ဆိုင်ပေ။ သို့သော်ငြားလည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကမူ ဘုရားသခင်၏ အနှစ်သာရနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် သက်ဆိုင်သော ဖော်ပြချက်များ ဖြစ်သည်။ သူသည် ဤနှုတ်ကပတ်တော်များကို မည်သည့် အကြောင်းရင်းအတွက် ဖော်ပြလေသနည်း။ ထိုနှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်သည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အကြောင်းအရင်းမှာ ဘုရားသခင်သည် အရာခပ်သိမ်း၏ ဥပဒေသများ၊ စည်းမျဉ်းများ၊ အရင်းအမြစ်များ၊ အနှစ်သာရများ၊ အဖြစ်မှန်များနှင့် နက်နဲမှုများ အားလုံးတို့အပေါ် အချုပ်အခြာအာဏာရှိသည်။ ၎င်းတို့ကို သူ၏လက်တွင် ဆုပ်ကိုင်ထားသည်။ ထို့ကြောင့် ဘုရားသခင်သည်သာ အရာအားလုံး၏ စည်းကမ်းများ၊ အဖြစ်မှန်များ၊ အချက်အလက်များနှင့် နက်နဲမှုများကို သိသည်။ ဘုရားသခင်သည် အရာအားလုံး၏ မူလအရင်းအမြစ်ကို သိသည်။ ပြီးလျှင် အရာအားလုံး၏ အရင်းအမြစ်က အတိအကျ မည်သည့်အရာဖြစ်သည်ကို ဘုရားသခင်သိသည်။ အရာခပ်သိမ်းအတွက် ဘုရားနှုတ်ကပတ်တော်များတွင် ဖော်ပြထားသည့် အဓိပ္ပာယ်သတ်မှတ်ချက်များသည်သာ အတိကျဆုံးဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များသည်သာ လူသားများ၏ အသက်တာအတွက် စံနှုန်းများနှင့် စည်းမျဉ်းများဖြစ်ကာ လူသားများက အသက်ရှင်နိုင်သည့် သမ္မာတရားများနှင့် စံသတ်မှတ်ချက်များဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁)