ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

လူ့ဇာတိခံ ဘုရားသခင်၏ အမှု၌ အစိတ်အပိုင်း နှစ်ခုပါဝင်သည်။ သူလူ့ဇာတိကိုခံယူခဲ့သည့် ပထမအကြိမ်တွင် လူတို့သည် သူ့ကိုမယုံကြည်ခဲ့ကြ၊ မသိရှိခဲ့ကြဘဲ ယေရှုကို လက်ဝါးကပ်တိုင်တွင် သံမှိုစွဲရိုက်နှက်ခဲ့ကြ၏။ ဒုတိယ အကြိမ်တွင်လည်း လူတို့ သူ့ကို မယုံကြည်ခဲ့ကြ၊ သာ၍ပင် မသိရှိခဲ့ကြဘဲ၊ တစ်ဖန် ခရစ်တော်ကို လက်ဝါးကပ်တိုင်တွင် သံမှိုစွဲခဲ့ကြပြန်၏။ လူသားသည် ဘုရားသခင်၏ ရန်သူဖြစ်သည် မဟုတ်လော။ လူသားသည် သူ့ကို မသိလျှင်၊ အဘယ်သို့ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်နိုင်မည်နည်း။ သူသည် အဘယ်သို့ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်း ရှိနိုင်မည်နည်း။ ဘုရားသခင်ကို ချစ်၏၊ ဘုရားသခင်ကို အစေခံ၏၊ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေ၏ဟူသော ပြောဆိုချက်များ အားလုံးတို့သည် လှည့်ဖြားသော မုသားများ ဖြစ်သည် မဟုတ်လော။ သင်သည် ဤသဘာဝမကျ၊ လက်တွေ့မကျသော အရာများထံ သင့်ဘဝကို ပေးအပ်မြှုပ်နှံထားလျှင် သင်အချည်းနှီး ကြိုးပမ်းအားထုတ်သည် မဟုတ်လော။ ဘုရားသခင် အဘယ်သူ ဖြစ်သည်ကိုပင်လျှင် သင်မသိချိန် သင်သည် မည်သို့ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်နိုင်မည်နည်း။ ထိုကဲ့သို့ လိုက်စားခြင်းသည် မရေမရာနှင့် စိတ်ကူးသက်သက်ဖြစ်သည် မဟုတ်လော။ လှည့်ဖြားသောအရာ မဟုတ်လော။ လူတစ်ဦးသည် အဘယ်သို့ ဘုရားသခင်၏ အကျွမ်းဝင်သူ တစ်ဦး ဖြစ်နိုင်သနည်း။ ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦးဖြစ်ခြင်း၏ လက်တွေ့ကျသော အရေးပါမှုမှာ မည်သည့်အရာနည်း။ သင်သည် ဘုရားသခင်၏ ဝိညာဉ်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်သလော။ ဝိညာဉ်သည် အဘယ်မျှ ကြီးမြတ်ကာ အဆင့်မြင့်သည်ကို သင်မြင်နိုင်သလော။ မမြင်နိုင်သော၊ လက်ဆုပ်လက်ကိုင်ပြ၍မရနိုင်သော ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်ဖို့- ယင်းမှာ စမ်းတဝါးဝါး နှင့် စိတ်ကူးသက်သက် ဖြစ်သည် မဟုတ်လော။ ထိုကဲ့သို့ လိုက်စားခြင်း၏ လက်တွေ့ကျသော အရေးပါမှုမှာ မည်သည့်အရာနည်း။ အားလုံးက လှည့်ဖြားသော မုသားများဖြစ်သည် မဟုတ်လော။ သင် လိုက်စားသောအရာမှာ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်ဖို့ရန်ဖြစ်သည်၊ သို့သော် သင်သည် ဘုရားသခင်ကို မသိသလို၊ မမြင်နိုင်၊ လက်ဆုပ်လက်ကိုင် မပြနိုင်သော၊ သင်၏ ကိုယ်ပိုင်ယူဆချက်များ၏ ရလဒ်တစ်ခု ဖြစ်သည့် မတည်ရှိသော “အရာခပ်သိမ်းတို့၏ ဘုရားသခင်ကို” လိုက်စားသည့်အတွက် အမှန်တွင် သင်သည် စာတန်၏ ခိုင်းဖတ်ဖြစ်လေသည်။ အကြမ်းဖျင်း ပြောရလျှင်၊ ထိုကဲ့သို့သော “ဘုရားသခင်” တစ်ပါးသည် စာတန်ဖြစ်ပြီး၊ လက်တွေ့ကျကျ ပြောရလျှင် ၎င်းမှာ သင်ကိုယ်တိုင်ဖြစ်၏။ သင်သည် သင်ကိုယ်တိုင်၏ အကျွမ်းဝင်သူဖြစ်ဖို့ ကြိုးပမ်းသော်လည်း၊ ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ သင်ကြိုးစားသည် ဟုဆိုသေး၏- ယင်းမှာ ဘုရားသခင်ကို ပြစ်မှားခြင်းမဟုတ်လော။ ထိုကဲ့သို့ လိုက်စားခြင်း၏ တန်ဖိုးမှာ အဘယ်နည်း။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိမခံယူခဲ့ပါက၊ ဘုရားသခင်၏ အနှစ်သာရသည် လူသားအတွက် မမြင်နိုင်၊ ထိတွေ့၍မရသော အသက်၏ ဝိညာဉ်၊ သဏ္ဌာန်မဲ့ပြီး ပုံဆောင်မဲ့၊ ရုပ်ခန္ဓာမဲ့အမျိုးအစား၊ ချဉ်းကပ်၍မရနိုင်၊ နားလည်၍မရနိုင်သော အရာတစ်ခုသာ ဖြစ်သည်။ လူသားသည် ဤကဲ့သို့ အကောင်အထည်မရှိ၊ အံ့သြဖွယ်၊ နားမလည်နိုင်ဖွယ်ဖြစ်သော ဝိညာဉ်တော်၏ အကျွမ်းဝင်သူ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ ရယ်ဖွယ်တစ်ခု မဟုတ်လော။ ထိုသို့ အဓိပ္ပာယ်မရှိသော တွေးခေါ် မျှော်မြင်မှုသည် ယုတ္တိမတန်သလို လက်တွေ့လည်းမကျပေ။ အဖန်ဆင်းခံလူသားသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပင်ကိုအားဖြင့် ကွဲပြားခြားနားသော အမျိုးအစားတစ်ရပ် ဖြစ်သောကြောင့်၊ ၎င်းတို့နှစ်ဦးသည် အဘယ်သို့ အကျွမ်းဝင်နိုင်ကြမည်နည်း။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိ၌ ဖြစ်ပေါ်မလာခဲ့လျှင်၊ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံဘဲ အဖန်ဆင်းခံ တစ်ဦးဖြစ်လာခြင်းအားဖြင့် မိမိကိုယ်ကိုယ် မနှိမ့်ချခဲ့ပါလျှင်၊ အဖန်ဆင်းခံလူသားသည် သူ၏ အကျွမ်းဝင်သူတစ်ဦးဖြစ်ဖို့ရန် အရည်အချင်းလည်းမရှိ၊ အစွမ်းအစလည်း ရှိမည်မဟုတ်ပေ၊ ထို့အပြင် ၎င်းတို့၏ ဝိညာဉ်များ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်၏အကျွမ်းဝင်သူများဖြစ်ဖို့ရန် အခွင့်အလမ်း ရရှိနိုင်သည့် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူများမှအပ၊ လူများစုသည် ဘုရားသခင်၏ ဝိညာဉ်၏ အကျွမ်းဝင်သူများ ဖြစ်လာကြဖို့ရန် တတ်စွမ်းနိုင်ကြလိမ့်မည် မဟုတ်ပါ။ ထို့ပြင် အကယ်၍ လူများသည် လူ့ဇာတိခံဘုရားသခင်၏ လမ်းညွှန်မှုအောက်မှ ကောင်းကင်ဘုံက ဘုရားသခင်၏ အကျွမ်းဝင်သူများဖြစ်လာရန် ဆန္ဒရှိလျှင်၊ ၎င်းတို့သည် အံ့အားသင့်ဖွယ် ကောင်းစွာ မိုက်မဲသည့် လူမဟုတ်သူများ ဖြစ်သည် မဟုတ်လော။ လူများသည် မမြင်ရသောဘုရားကို လိုက်စားရသည်မှာ လွယ်ကူလွန်းလှသည့်အတွက်၊ မမြင်ရသော ဘုရားသခင်တစ်ပါးအား “သစ္စာရှိမှု” ကို လိုက်စားရုံသာ လိုက်စားပြီး မြင်ရသောဘုရားသခင်ကို အနည်းငယ်မျှ အလေးမထားပေ။ လူများသည် ၎င်းတို့နှစ်သက်သည့်အတိုင်း ဤအရာကို လုပ်ဆောင်နိုင်သော်လည်း၊ မြင်ရသော ဘုရားသခင်ကို လိုက်စားခြင်းမှာ လွယ်ကူလှသည် မဟုတ်ပေ။ မရေမရာ နှင့် စိတ်ကူးသက်သက်ဖြစ်သောအရာတို့သည် လူမှတွေးထင်ကြသည့် အရာအားလုံး ဖြစ်သောကြောင့် မရေရာသော ဘုရားသခင်တစ်ပါးကို ရှာဖွေသောသူသည် ဘုရားသခင်ကို ရရှိဖို့ရန် လုံးဝမတတ်စွမ်းနိုင်ပေ၊ ထို့အပြင် လူသားမှလည်း ရရှိနိုင်စွမ်း မရှိပေ။ သင်တို့အကြားတွင် ရောက်လာခဲ့သည့် ဘုရားသခင်သည် သင်တို့ လက်လှမ်း မမီနိုင်အောင် အလွန်မြင့်မားပြီး အဆင့်မြင့်သော ဘုရားသခင် ဖြစ်လျှင် သင်တို့သည် မည်သို့ သူ၏အလိုတော်ကို ရှာနိုင်မည်နည်း။ သင်တို့သည် မည်သို့ သူ့ကိုသိကျွမ်းပြီး နားလည်သဘောပေါက် ကြမည်နည်း။ သူသည် သူ၏အမှုကိုသာ လုပ်ဆောင်ပြီး လူသားနှင့် သာမန် အဆက်အသွယ် မရှိလျှင်၊ သို့မဟုတ် သာမန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းမရှိဘဲ၊ သေမျိုးသာသာဖြစ်သောသူတို့ ချဉ်းကပ် မရနိုင်သောသူ ဖြစ်လျှင်၊ သူသည် သင်တို့အတွက် အလုပ်များစွာပင် လုပ်ခဲ့သော်လည်း၊ သင်တို့သည် သူနှင့်အတူ အဆက်အသွယ် မရှိသလို သူ့ကို မမြင်နိုင်ခဲ့ကြလျှင်၊ သင်တို့သည် သူ့ကို အဘယ်သို့သိနိုင်ကြမည်နည်း။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်သော ဤဇာတိပကတိအတွက်သာ မဟုတ်ခဲ့လျှင်၊ လူသားသည် ဘုရားသခင်ကို သိဖို့ နည်းလမ်းရှိလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ လူ့ဇာတိခံခြင်းကြောင့်သာ လူသားသည် ဇာတိပကတိ၌ ရှိသော ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ရာ အရည်အချင်းရှိခြင်းဖြစ်သည်။ လူသားသည် သူနှင့် အဆက်အသွယ် ရှိလာသောကြောင့်၊ လူသားသည် သူနှင့်အတူတကွ အသက်ရှင်ပြီး၊ သူ၏အပေါင်းအသင်းအဖြစ် ဆက်ရှိကာ၊ သူ့ကို တဖြည်းဖြည်း သိလာသောကြောင့် ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်လာခြင်းဖြစ်သည်။ ထိုသို့မဟုတ်ခဲ့ပါလျှင်၊ လူသား၏ လိုက်စားမှုသည် အချည်းနှီးဖြစ်လိမ့်မည် မဟုတ်လော။ လူသားက ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်သည်မှာ ဘုရားသခင်၏ အမှုကြောင့် အားလုံးမဟုတ်ဘဲ၊ လူ့ဇာတိခံ ဘုရားသခင်၏ လက်တွေ့ကျမှုနှင့် သာမန်ဖြစ်ခြင်းကြောင့်ဟု ဆိုလိုခြင်း ဖြစ်သည်။ လူသားသည် မိမိတာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အလမ်းရရှိပြီး စစ်မှန်သောဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း ရရှိသည်မှာ ဘုရားသခင်က လူ့ဇာတိခံယူ သောကြောင့်သာလျှင် ဖြစ်သည်။ ဤသည်မှာ လက်တွေ့အကျဆုံးနှင့် ဖြစ်နိုင်ခြေအရှိဆုံး သမ္မာတရားဖြစ်သည် မဟုတ်လော။ ယခု သင်သည် ကောင်းကင်ဘုံက ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ ဆန္ဒရှိသေး သလော။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် အဆင့်တစ်ခုအထိ နှိမ့်ချသောအခါမှသာ၊ ဆိုလိုသည်မှာ ဘုရားသခင်သည် လူ့ဇာတိခံယူ သောအခါမှသာ၊ လူသားသည် သူ၏အကျွမ်းဝင်သူနှင့် ယုံကြည်စိတ်ချရသူ ဖြစ်နိုင်ပေသည်။ ဘုရားသခင်သည် ဝိညာဉ်တော်နှင့် စပ်ဆိုင်၏- လူများသည် အလွန်ကြီးမြင့်ပြီး ခက်ခဲနက်နဲလှသော ဤဝိညာဉ်တော်နှင့် အကျွမ်းဝင်သူများဖြစ်ရန် အဘယ်သို့ အရည်အချင်း ရှိသနည်း။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိထဲသို့ ဆင်းသက်ပြီး လူသားကဲ့သို့ တူညီသော အပြင်ပန်းနှင့်အတူ ဖန်ဆင်းခံတစ်ဦး ဖြစ်လာသည့်အခါမှသာ လူများသည် သူ၏ အလိုတော်ကို နားလည်နိုင်ပြီး သူ၏ရယူခြင်းကို အမှန်တကယ် ခံရနိုင်မည်ဖြစ်သည်။ သူသည် လူ့ဇာတိဖြင့် ပြောဆိုလုပ်ကိုင်ပြီး၊ လူသားမျိုးနွယ်၏ ဝမ်းမြောက်ခြင်းများ၊ ဝမ်းနည်းခြင်းများနှင့် ဒုက္ခဆင်းရဲများကို မျှဝေခံစားပေးသည်၊ လူသားမျိုးနွယ်နေသည့် ကမ္ဘာတွင်ပင် အသက်ရှင်ပြီး၊ လူသားမျိုးနွယ်ကို အကာအကွယ်ပေးကာ ၎င်းတို့ကို လမ်းညွှန်ပေးသည်၊ ဤအရာမှတစ်ဆင့် သူသည် လူသားကို သန့်စင်စေကာ သူ၏ ကယ်တင်ခြင်းနှင့် ကောင်းချီးမင်္ဂလာတို့ကို ရရှိရန် လူသားကို ခွင့်ပြုလေသည်။ ဤအရာတို့ကို ရရှိခဲ့ပြီးနောက် လူများသည် ဘုရားသခင်၏အလိုတော်ကို အမှန်တကယ် နားလည်သဘောပေါက်ပြီး၊ ထိုအခါမှသာ သူသည် ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်ပေသည်။ ဤအရာသည်သာ လက်တွေ့ကျသောအရာဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် လူများအဖို့ မမြင်နိုင်၊ မထိတွေ့နိုင်လျှင်၊ လူများသည် သူနှင့် အကျွမ်းဝင်သူ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ အနှစ်မဲ့သောအယူဝါဒ မဟုတ်လော။

ယခုအချိန်ထိ ဘုရားသခင်ကိုယုံကြည်လျက်၊ လူများစွာတို့သည် စမ်းတဝါးဝါးနှင့် စိတ်ကူးသက်သက် ဖြစ်သောအရာကို လိုက်စားနေကြဆဲဖြစ်၏။ သူတို့သည် ဘုရားသခင်၏ ယနေ့ အမှု၏ လက်တွေ့ကျမှုကို နားမလည်ကြဘဲ၊ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကြားတွင် နေလျက်ရှိသေး၏။ ထို့အပြင် အများစုသည် “ဘုရားသခင်ကို ချစ်သောသူတို့၏ မျိုးဆက်သစ်များ”၊ “ဘုရားသခင်၏ အကျွမ်းဝင်သူများ”၊ “ဘုရားသခင်ကို ချစ်ခြင်း၌ စံနမူနာ နှင့် စံပြ”၊ “ပေတရု၏ ဟန်ပန်အမူအရာ” ကဲ့သို့သော စကားရပ်အသစ်များ၏ လက်တွေ့ကျမှုထဲသို့ မဝင်ရောက်ကြသေးဘဲ၊ ထိုအစား ၎င်းတို့၏ လိုက်စားခြင်းမှာ စမ်းတဝါးဝါးနှင့် စိတ်ကူးသက်သက် ဖြစ်နေဆဲဖြစ်သည်၊ ၎င်းတို့သည် အယူဝါဒထဲ စမ်းတဝါးဝါး လှည့်လည်ကြပြီး ဤနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုကို နားလည်သဘောပေါက်ခြင်း မရှိကြပေ။ ဘုရားသခင်၏ ဝိညာဉ်သည် လူ့ဇာတိ ခံယူသောအခါ၊ သင်သည် ဇာတိပကတိ၌ သူ၏အမှုကို မြင်နိုင်ကာ ထိတွေ့နိုင်သည်။ သို့ရာတွင် သင့်အနေဖြင့် သူ၏ အကျွမ်းဝင်သူဖြစ်ရန် မတတ်စွမ်းနိုင်သေးလျှင်၊ သင့်အနေဖြင့် သူ၏ ယုံကြည်စိတ်ချရသူ မဖြစ်နိုင်သေးလျှင်၊ သင်သည် ဘုရားဝိညာဉ်တော်၏ ယုံကြည်စိတ်ချရသူ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သင်သည် ယနေ့၏ဘုရားသခင်ကို မသိလျှင်၊ ဘုရားသခင်ကို ချစ်သောသူတို့၏ မျိုးဆက်သစ်တစ်ဦး အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဤအရာများမှာ အနှစ်မဲ့သော ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ဝိညာဉ်တော်ကို တွေ့မြင်နိုင်ပြီး သူ၏အလိုတော်ကို နားလည်နိုင်သလော။ ဤအရာများသည် အနှစ်မဲ့သောစကားလုံးများ ဖြစ်သည်မဟုတ်လော။ သင်သည် ဤစကားစုများနှင့် ဝေါဟာရများကို ပြောရုံမျှဖြင့် မလုံလောက်သလို၊ သန္နိဋ္ဌာန်တစ်ခုတည်းအားဖြင့်လည်း ဘုရားသခင်၏ အားရကျေနပ်မှုကို မရရှိနိုင်ပေ။ သင်သည် ဤစကားလုံးများကို ပြောခြင်းဖြင့်သာ ကျေနပ်မှုရရှိခြင်းဖြစ်ပြီး၊ ထိုသို့ သင်လုပ်ဆောင်သည်မှာ သင်၏ကိုယ်ပိုင် လိုအင်ဆန္ဒများကို ကျေနပ်စေဖို့၊ သင်၏ လက်တွေ့မကျသော ကိုယ်ပိုင်စံနမူနာများကို ကျေနပ်စေဖို့ဖြစ်ပြီး၊ သင်၏ကိုယ်ပိုင်အယူအဆများနှင့် စဉ်းစား တွေးခေါ်မှုတို့ကို ကျေနပ်စေဖို့ ဖြစ်သည်။ ယနေ့၏ ဘုရားသခင်ကို သင်မသိလျှင်၊ သင်မည်သည့်အရာကို လုပ်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်စိတ်နှလုံး၏ အလိုဆန္ဒကို ကျေနပ်စေနိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ ယုံကြည်စိတ်ချရသူတစ်ဦး ဖြစ်ဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်ဤအရာကို နားမလည်သေးသလော။ ဘုရားသခင်၏ အကျွမ်းဝင်သူမှာ လူသားဖြစ်သည့်အတွက် ဘုရားသခင်သည်လည်း လူသားဖြစ်ပေသည်။ ယင်းမှာ ဘုရားသခင်သည် လူ့ဇာတိခံယူပြီး၊ လူသားဖြစ်လာခဲ့ခြင်း ဖြစ်သည်။ အမျိုးအစားတူသောသူတို့သာ တစ်ဦးနှင့်တစ်ဦး ယုံကြည်စိတ်ချရသူများအဖြစ် ခေါ်ဆိုနိုင်ကြပြီး၊ သို့မှသာ ၎င်းတို့ကို ရင်းနှီးကျွမ်းဝင်သူများအဖြစ် သတ်မှတ်နိုင်ပေသည်။ ဘုရားသခင်သည် ဝိညာဉ်နှင့် စပ်ဆိုင်လျှင် အဖန်ဆင်းခံ လူသားသည် သူ၏ အကျွမ်းဝင်သူ အဘယ်သို့ ဖြစ်လာနိုင်မည်နည်း။

ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း၊ သင်၏ သမ္မာတရားကို လိုက်စားခြင်းနှင့် သင်မိမိကိုယ်ကို ပြုမူပုံပင်လျှင် လက်တွေ့ကျမှုအပေါ် အားလုံးအခြေပြုသင့်သည်- သင်ပြုသမျှအရာ အားလုံး လက်တွေ့ကျသင့်ပြီး၊ အရိပ်ပမာ၊ စိတ်ကူးယဉ်ဆန်သော အရာတို့ကို သင်မလိုက်စားသင့်ပေ။ ဤနည်းဖြင့် ပြုမူခြင်းမှာ တန်ဖိုးမဲ့သည့်အပြင်၊ ထိုသို့သော ဘဝတစ်ခုမှာ အရေးပါမှုမရှိပေ။ သင်၏ လိုက်စားခြင်းနှင့် ဘဝအသက်တာမှာ မုသားနှင့် လှည့်ဖြားမှုများကြားတွင်သာ သုံးစွဲခြင်းခံရပြီး၊ သင်သည် အဖိုးတန်ပြီး အရေးပါသောအရာတို့ကို မလိုက်စားခြင်းကြောင့်၊ သင်ရရှိသည့် တစ်ခုတည်းသော အရာမှာ သမ္မာတရားနှင့် မစပ်ဆိုင်သောအရာများဖြစ်သည့် အဓိပ္ပာယ်မရှိသော တွေးခေါ်မျှော်မြင်ခြင်းနှင့် အယူဝါဒတို့ ဖြစ်သည်။ ထိုသို့သော အရာတို့သည် သင့်ဖြစ်တည်မှု၏ အရေးပါမှု၊ တန်ဖိုးတို့နှင့် စပ်လျဉ်းခြင်းမရှိဘဲ အနှစ်သာရမရှိသော နယ်ပယ်ဆီသို့သာ သင့်ကို ခေါ်ဆောင်သွားနိုင်သည်။ ဤနည်းအားဖြင့်၊ သင့်ဘဝတစ်ခုလုံးသည် တန်ဖိုး သို့မဟုတ် အရေးပါမှုမရှိဘဲ ဖြစ်လိမ့်မည်- ပြီးလျှင် သင်သည် အရေးပါသော အသက်တာကို မလိုက်စားလျှင် သင်အနှစ်တစ်ရာ အသက်ရှင်နိုင်ပြီး အားလုံး အချည်းနှီး ဖြစ်လိမ့်မည်။ ယင်းကို လူသားဘဝတစ်ခုဟု မည်သို့ ခေါ်ဆိုနိုင်မည်နည်း။ အမှန်တွင် ယင်းမှာ တိရစ္ဆာန်တစ်ကောင်၏ဘဝဖြစ်သည် မဟုတ်လော။ ထိုနည်းတူစွာ သင်တို့သည် ဘုရားသခင်၌ ယုံကြည်ချက် လမ်းကြောင်းအတိုင်း လိုက်လျှောက်ရန် ကြိုးစားကြသော်လည်း၊ မြင်တွေ့ရနိုင်သော ဘုရားသခင်ကို လိုက်စားဖို့ ကြိုးစားခြင်းမရှိဘဲ၊ ထိုအစား မမြင်နိုင် မထိတွေ့နိုင်သော ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြလျှင်၊ ထိုသို့သော လိုက်စားခြင်းသည် ပို၍ပင် အချည်းနှီးဖြစ်သည် မဟုတ်လော။ အဆုံးတွင် သင်၏ လိုက်စားခြင်းသည် ပျက်ဆီးခြင်း အစုအပုံတစ်ခု ဖြစ်လာလိမ့်မည်။ ထိုကဲ့သို့သော လိုက်စားခြင်းက သင့်အား မည်သည့် အကျိုးကျေးဇူး ဖြစ်စေသနည်း။ လူသားနှင့် ပတ်သက်၍ အကြီးမားဆုံးသော ပြဿနာမှာ၊ သူသည် မမြင်နိုင်သော သို့မဟုတ် ထိတွေ့မရနိုင်သော အရာများ၊ အလွန့်အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး အံ့သြဖွယ် ဖြစ်သော အရာများ၊ လူသားမှ စိတ်ကူးမရနိုင်သော အရာများနှင့် သေမျိုးသာသာမျှဖြစ်သော သူတို့မှ မရရှိနိုင်သော အရာများကိုသာ ခုံမင်နှစ်သက်ခြင်း ဖြစ်သည်။ ဤအရာများ ပို၍ လက်တွေ့မကျလေလေ၊ လူများသည် အခြားအရာအားလုံးကို အလေးမထားဘဲ ၎င်းတို့အား ပိုမိုခွဲခြမ်းစိတ်ဖြာလေလေဖြစ်ပြီး၊ ၎င်းတို့ကို ရရှိရန် ကြိုးပမ်းလေသည်။ ၎င်းတို့ ပိုမိုလက်တွေ့မကျလေလေ၊ လူသားသည် ၎င်းတို့ကို ပိုမိုနီးကပ်စွာ စေ့စေ့စပ်စပ်ကြည့်ရှုကာ ခွဲခြမ်းစိတ်ဖြာလေလေဖြစ်ပြီး ၎င်းတို့အကြောင်း မိမိ၏ ပြည့်စုံ စေ့စပ်သော ကိုယ်ပိုင် စိတ်ကူးများကို ဖန်တီးသည်အထိပင် ဖြစ်လေသည်။ ဆန့်ကျင်ဖက်တွင် အမှုအရာတို့သည် ပိုလက်တွေ့ကျလေလေ၊ လူများက ၎င်းတို့နှင့်ပတ်သက်၍ ပိုအရေးမထားလေလေ ဖြစ်၏၊ သူတို့သည် ၎င်းတို့ကို လွယ်လွယ် အထင်အမြင်သေးကာ၊ မထီလေးစားပင် ပြုပေသည်။ ဤသည်မှာ ယနေ့ ငါလုပ်ဆောင်သော လက်တွေ့ကျသည့် အလုပ်အပေါ် သင်တို့၏သဘောထား အတိအကျဖြစ်သည် မဟုတ်လော။ ထိုကဲ့သို့သောအရာများ ပိုမိုလက်တွေ့ကျလေလေ၊ သင်တို့သည် ၎င်းတို့အပေါ် ပိုမိုဆန့်ကျင်၍ မစူးစမ်းဘဲ၊ ခွဲခြားဆက်ဆံ လေလေဖြစ်ကြ၏၊ ၎င်းတို့ကို ဆန်းစစ်ဖို့ သင်တို့အချိန်မပေးဘဲ လျစ်လျူရှု၍သာ ထားကြ၏၊ ဤလက်တွေ့ကျ၍ ရိုးရှင်းသော လိုအပ်ချက်များကို သင်တို့ အထင်အမြင်သေးပြီး၊ လက်တွေ့အကျဆုံးသော ဤဘုရားသခင် အကြောင်း များပြားလှသော အယူအဆများပင် တေးထားကာ၊ သူ၏ လက်တွေ့ကျမှုနှင့် သာမန်ဖြစ်ခြင်းတို့ကို လုံးဝ လက်ခံနိုင်စွမ်းမရှိကြပေ။ ဤနည်းအားဖြင့် သင်တို့သည် မရေရာမှုအလယ်တွင် ယုံကြည်နေကြသည် မဟုတ်လော။ သင်တို့သည် အတိတ်ကာလ၏ မရေရာသော ဘုရားသခင်၌ မယိမ်းယိုင်သော ယုံကြည်မှုတစ်ခု ရှိကြပြီး၊ ယနေ့၏ လက်တွေ့ကျသော ဘုရားသခင်၌ စိတ်ပါဝင်စားမှုမရှိကြ။ ဤသည်မှာ မနေ့က ဘုရားသခင်နှင့် ယနေ့ ဘုရားသခင်တို့သည် ကွဲပြားသော ခေတ်ကာလနှစ်ခုမှ ဖြစ်သောကြောင့် မဟုတ်လော။ ယင်းမှာ မနေ့က ဘုရားသခင်သည် ကောင်းကင်ဘုံ၏ အဆင့်မြင့်သော ဘုရားသခင်ဖြစ်ပြီး ယနေ့ ဘုရားသခင်မှာမူ ကမ္ဘာမြေပေါ်က သေးငယ်သော လူသားတစ်ဦး ဖြစ်သောကြောင့်လည်း မဟုတ်လော။ ထို့အပြင် ယင်းမှာ လူသားမှကိုးကွယ်သော ဘုရားသခင်သည် သူ၏အယူအဆများမှ ထွက်ပေါ်သော ဘုရားသခင် တစ်ပါးဖြစ်ပြီး၊ ယနေ့၏ ဘုရားသခင်မှာမူ ကမ္ဘာမြေပေါ်၌ ထွက်ပေါ်သည့် စစ်မှန်သော ဇာတိပကတိနှင့် သက်ဆိုင်သောကြောင့် မဟုတ်လော။ အရာအားလုံး ထည့်သွင်းစဉ်းစားလိုက်ပါက၊ ယနေ့၏ ဘုရားသခင်သည် လက်တွေ့ကျလွန်းသောကြောင့် လူသားက မလိုက်စားခြင်းဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့်ဆိုသော် ယနေ့၏ ဘုရားသခင်က လူများကို စေခိုင်းသောအရာမှာ လူများက မလုပ်ချင်ဆုံးသောအရာ အတိအကျဖြစ်၍၊ သူတို့ကို ရှက်ကြောက်စေသောအရာ ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာက လူသားအဘို့ အမှုအရာတို့ကို ခက်ခဲစေသည် မဟုတ်လော။ ဤအရာက သူ၏အမာရွတ်များကို ဖော်ထုတ်ပြသည် မဟုတ်လော။ ဤနည်းအားဖြင့် လူများစွာတို့သည် စစ်မှန်သော ဘုရားသခင်၊ လက်တွေ့ကျသော ဘုရားသခင်ကို မလိုက်စားသောကြောင့် ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်၏ ရန်သူများ ဖြစ်လာကာ၊ ဆိုလိုသည်မှာ အန္တိခရစ်များ ဖြစ်လာကြ၏။ ဤအရာသည် သိသာထင်ရှားသော အမှန်တရားတစ်ခု မဟုတ်လော။ ဘုရားသခင် လူ့ဇာတိ မခံယူသေးသည့် အတိတ်ကာလတွင်၊ သင်သည် ဘာသာရေး ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူတစ်ဦး ဖြစ်ကောင်း ဖြစ်ခဲ့ပေမည်။ ဘုရားသခင်က လူ့ဇာတိ ဖြစ်လာခဲ့ပြီးနောက်၊ ထိုကဲ့သို့ ဘုရားတရား ကိုင်းရှိုင်းသော ယုံကြည်သူများစွာသည် အမှတ်တမဲ့ အန္တိခရစ်များ ဖြစ်လာကြသည်။ ဤနေရာတွင် မည်သို့ဖြစ်သည်ကို သင်သိသလော။ ဘုရားသခင်၌ သင်၏ ယုံကြည်ချက်အရ၊ သင်သည် လက်တွေ့ကျမှုကို အာရုံမစိုက် သို့မဟုတ် သမ္မာတရားကို မလိုက်စားပေ၊ သို့သော် ထိုအစား၊ မုသားများအပေါ် စွဲလမ်းလေသည်- ဤသည်မှာ လူ့ဇာတိခံဘုရားသခင်ကို ထားသော သင့်ရန်ငြိုး၏ အရှင်းလင်းဆုံး အရင်းအမြစ် ဖြစ်သည် မဟုတ်လော။ လူ့ဇာတိခံဘုရားသခင်ကို ခရစ်တော်ဟု ခေါ်သည်၊ ထို့ကြောင့် လူ့ဇာတိခံဘုရားသခင်ကို မယုံကြည်သောသူ အပေါင်းတို့သည် အန္တိခရစ်များဖြစ်ကြသည် မဟုတ်လော။ ထို့ကြောင့် သင်ယုံကြည်ပြီး အမှန်တကယ် ချစ်ခင်သောသူမှာ ဤလူ့ဇာတိခံဘုရားသခင်လော။ လက်တွေ့အကျဆုံးနှင့် သဘာဝထက် လွန်ကဲစွာ သာမန်ဖြစ်သောသူမှာ အမှန်တကယ်ပင် ဤအသက်ရှင်ပြီး အသက်ရှူနေသော ဘုရားသခင်လော။ သင့်လိုက်စားခြင်း၏ ရည်ရွယ်ချက် အတိအကျမှာ မည်သည့်အရာနည်း။ ယင်းမှာ ကောင်းကင်ဘုံ၌လော သို့မဟုတ် မြေကြီးပေါ်မှာလော။ ယင်းမှာ အယူအဆတစ်ခုလော သို့မဟုတ် သမ္မာတရားလော။ ယင်းမှာ ဘုရားသခင်လော သို့မဟုတ် သဘာဝလွန်သက်ရှိ တစ်ရပ်လော။ အမှန်တွင်မူ သမ္မာတရားသည် ဘဝဆောင်ပုဒ်များ၏ အစစ်မှန်ဆုံးသော အရာဖြစ်ပြီး လူသားမျိုးနွယ်အားလုံးအကြား ထိုကဲ့သို့ဆောင်ပုဒ်များ၏ အမြင့်ဆုံးသောအရာဖြစ်သည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် တောင်းဆိုချက်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့်အမှု ဖြစ်သောကြောင့် ယင်းကို ဘဝ၏ ဆောင်ပုဒ်ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာမှ ကောက်ချက်ချထားသော ဆောင်ပုဒ်တစ်ခု မဟုတ်သလို၊ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးထံမှ နာမည်ကျော် ကိုးကားချက် တစ်ခုလည်း မဟုတ်ပေ။ ယင်းအစား၊ ၎င်းမှာ လူသားမျိုးနွယ်ဆီ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အရှင်သခင်ထံမှ မိန့်မြွက်ချက်ဖြစ်သည်။ လူသားမှ ကောက်ချက်ချထားသော စကားလုံးအချို့မဟုတ်ဘဲ၊ ဘုရားသခင်၏ ပင်ကိုအသက်ဖြစ်သည်။ ထို့ကြောင့် ယင်းကို ဘဝဆောင်ပုဒ်အပေါင်း၏ အမြင့်ဆုံးဟု ခေါ်ခြင်းဖြစ်သည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းဟူသော လူများ၏ လိုက်စားခြင်းမှာ သူ၏တာဝန်ဝတ္တရားကို ထမ်းဆောင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ သတ်မှတ်ချက်ကို ဖြည့်ဆည်းခြင်းနှင့် ဆိုင်သော လိုက်စားခြင်းဖြစ်သည်။ ဤသတ်မှတ်ချက်၏ အနှစ်သာရမှာ အဘယ်သူမျှ မရရှိနိုင်သော အချည်းနှီးအယူဝါဒထက်၊ သမ္မာတရား အားလုံး၏ အစစ်မှန်ဆုံးသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ အယူဝါဒမှလွဲ၍ အခြားဘာမျှမဟုတ်ဘဲ စစ်မှန်မှု မပါဝင်လျှင်၊ သမ္မာတရားကို သင်ဆန့်ကျင်ပုန်ကန်သည် မဟုတ်လော။ သင်သည် သမ္မာတရားကို တိုက်ခိုက်သောသူတစ်ဦး ဖြစ်သည်မဟုတ်လော။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် ဘုရားသခင်ကို ချစ်ရန် အဘယ်သို့ လိုက်စားနိုင်မည်နည်း။ လက်တွေ့ကျမှုမရှိသောလူတို့သည် သမ္မာတရားကို သစ္စာမဲ့သော သူများဖြစ်ကြပြီး၊ အားလုံးက ပင်ကိုအားဖြင့် ပုန်ကန်သောသူများ ဖြစ်ကြသည်။

မည်သို့ပင် သင်လိုက်စားနေသည်ဖြစ်စေ၊ သင်သည် ယနေ့ ဘုရားသခင် လုပ်ဆောင်သော အမှုကို အရာအားလုံးထက်ပို၍ နားလည်ရမည်ဖြစ်ပြီး ဤအမှု၏ အရေးပါမှုကို သိရမည်ဖြစ်သည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင် ကြွလာသောအခါ၊ မည်သည့်အမှုကို သူယူဆောင်လာသည်၊ မည်သည့် စိတ်သဘောထားကို သူယူဆောင်လာသည်၊ လူသား၏အထဲ၌ မည်သည့်အရာကို ပြည့်စုံစေမည်ဆိုသည်တို့ကို နားလည်သဘောပေါက်ကာ သိရှိထားရမည်။ လူ့ဇာတိ၌ သူလုပ်ဆောင်ရန် ကြွလာသည့် အမှုကို သင်မသိရှိ သို့မဟုတ် နားမလည်လျှင်၊ သူ၏အလိုကို သင်အဘယ်သို့ သဘောပေါက် မည်နည်း၊ ထို့အပြင် သင်သည် သူ၏အကျွမ်းဝင်သူ အဘယ်သို့ ဖြစ်လာနိုင်မည်နည်း။ အမှန်တွင် ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်ခြင်းမှာ ရှုပ်ထွေးသည် မဟုတ်၊ သို့သော် ရိုးရှင်းသည်လည်း မဟုတ်ပေ။ လူတို့သည် ယင်းကို အကုန်အစင် နားလည်နိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ပါက၊ ယင်းသည် ရိုးစင်းလာပေသည်။ လူတို့သည် ယင်းကို အကုန်အစင် နားမလည်နိုင်ပါက၊ ယင်းမှာ များစွာ ပိုမိုခက်ခဲ၏၊ ထို့ပြင် ၎င်းတို့၏ လိုက်စားမှုက ၎င်းတို့ကို မရေရာမှုထဲသို့ ဦးတည်စေဖို့ အလားအလားရှိလာသည်။ ဘုရားသခင်ကို လိုက်စားခြင်း၌ လူသားသည် ရပ်တည်ရန် မိမိကိုယ်ပိုင် အနေအထားမရှိဘဲ၊ မည်သည့်သမ္မာတရား ဆွဲကိုင်သင့်သည်ကို သူမသိလျှင်၊ သူထံတွင် အခြေခံအုတ်မြစ်မရှိဟု ဆိုလိုပြီး၊ ထို့ကြောင့် သူ့အတွက် ခိုင်ခိုင်မာမာ ရပ်တည်ဖို့မှာ မလွယ်ကူပေ။ ယနေ့တွင် သမ္မာတရားကို နားမလည်သောသူ၊ အကောင်းနှင့် အဆိုးမခွဲခြားတတ်သောသူ သို့မဟုတ် ချစ်ရမည့်၊ မုန်းရမည့်အရာကို မသိသောသူ များစွာရှိသည်။ ထိုကဲ့သို့သော လူတို့သည် အခိုင်အမာ ရပ်တည်ဖို့ မဖြစ်နိုင်ပေ။ ဘုရားသခင်၌ ယုံကြည်မှုအတွက် အဓိကသော့ချက်မှာ၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး၊ ဘုရားသခင်၏ အလိုတော်ကို ဂရုစိုက်ကာ၊ ဇာတိပကတိ၌ သူကြွလာချိန် လူသားအပေါ် ဘုရားသခင်၏အမှုနှင့် သူပြောဆိုသည့် အခြေခံသဘောတရားများကို သိရှိနိုင်စွမ်းရှိခြင်း ဖြစ်သည်။ လူထုနောက်ကို မလိုက်နှင့်။ သင်ဝင်ရောက်သင့်သည့် အရာအတွက် အခြေခံသဘောတရားများ သင့်မှာရှိရမည်ဖြစ်ပြီး ယင်းတို့ကို စွဲကိုင်ထားရမည်။ ဘုရားသခင်၏ ဉာဏ်အလင်းက ဆောင်ကြဉ်းပေးသော သင့်အတွင်းရှိ ထိုအရာတို့ကို ခိုင်ခိုင်မာမာ စွဲကိုင်ခြင်းသည် သင့်ကို အကူအညီဖြစ်စေသည်။ သင်မစွဲကိုင်လျှင်၊ သင်သည် ယနေ့ လမ်းတစ်ခု ချော်မည်၊ မနက်ဖြန် အခြားတစ်ခု ချော်မည်ဖြစ်ပြီး၊ စစ်မှန်သည့်အရာများကို မည်သည့်အခါမျှ သင်ရလိမ့်မည်မဟုတ်။ ဤသို့ဖြစ်ဖို့ရန်မှာ သင့်ကိုယ်ပိုင် ဘဝအတွက် အကျိုးမရှိပေ။ သမ္မာတရားကို နားမလည်သော သူတို့သည် အခြားသူများနောက် အမြဲလိုက်ကြ၏၊ လူတို့က ဤအရာသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်သည် ဟုဆိုလျှင်၊ သင်သည်လည်းပဲ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟု ဆိုသည်၊ လူများက ယင်းမှာ နတ်ဆိုးတစ်ကောင်အလုပ် ဖြစ်သည်ဟုဆိုလျှင်၊ သင်သည်လည်းပဲ သံသယဖြစ်လာသည်၊ သို့မဟုတ် ယင်းမှာ နတ်ဆိုး တစ်ကောင်၏ အလုပ်ဖြစ်သည်ဟု ဆိုသည်။ သင်သည် အခြားသူတို့၏စကားကို အမြဲသံယောင်လိုက်ပြီး၊ မိမိကိုယ်တိုင် မည်သည့်အရာမျှ ခွဲခြားနိုင်စွမ်းမရှိ သို့မဟုတ် ကိုယ့်အဖို့ကိုယ် စဉ်းစားနိုင်စွမ်းမရှိပေ။ ဤသည်မှာ ရှုထောင့်တစ်ရပ် မရှိသောသူ၊ ခွဲခြားရန် မတတ်နိုင်သူဖြစ်သည်- ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် တန်ဖိုးမဲ့ ကံဆိုးသူတစ်ဦးဖြစ်၏။ သင်သည် အခြားသူများ၏ စကားများကို လိုက်ပြောတတ်ကြသည်၊ ယနေ့ ဤအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်သည်ဟု ဆို၏၊ သို့သော် တစ်နေ့တွင် တစ်စုံတစ်ယောက်က ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် မဟုတ်ဘဲ၊ ယင်းမှာ အမှန်တကယ်တွင် လူသား၏ လုပ်ဆောင်ချက်သာဖြစ်သည်ဟု ပြောမည့် အလားအလာများ ရှိနေသည်- သို့သော် ဤအရာကို သင်ထိုးထွင်းမမြင်နိုင်ဘဲ၊ အခြားသူများမှ ပြောသည်ကို သင်မျက်မြင်ကိုယ်တွေ့ ကြုံသောအခါ၊ သင်လည်း တထေရာတည်း ပြောလေသည်။ ယင်းမှာ အမှန်တကယ် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ဖြစ်သော်လည်း၊ သင်က လူသား၏အလုပ်ဖြစ်သည်ဟု ဆိုသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပုတ်ခတ်ပြောဆိုသူတို့ထဲမှ တစ်ဦးဖြစ်လာပြီ မဟုတ်လော။ ဤအရာ၌ သင်သည် မခွဲခြားနိုင်သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီမဟုတ်လော။ တစ်နေ့တွင် “ဤအရာသည် ဆိုးယုတ်သောဝိညာဉ်၏ အလုပ်ဖြစ်သည်။” ဟုဆိုသော မိုက်မဲသူ တစ်ဦး ပေါ်လာကောင်း ပေါ်လာနိုင်ပြီး၊ ထိုစကားများကို သင်ကြားသည့်အခါ၊ သင်သည် ဘာပြောရမှန်းမသိဖြစ်ကာ နောက်တဖန် အခြားသူများ၏ စကားများဖြင့် ချည်နှောင်ခြင်း ခံရနိုင်သည်။ တစ်စုံတစ်ဦးက အာရုံပျက်စေဖို့ ဖြစ်ပေါ်စေတိုင်း၊ သင်၏ အနေအထားမှ ရပ်တည်ခြင်းငှာ သင်မတတ်စွမ်းနိုင်၊ ဤအရာအားလုံး ဖြစ်ရသည်မှာ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို သိခြင်းကို လိုက်စားခြင်းသည် ရိုးရှင်းသောအရာ မဟုတ်ပေ။ ၎င်းတို့ကို အတူတကွ စည်းရုံးခြင်းနှင့် တရားဟောချက်ကို နားထောင်ခြင်းအားဖြင့်သာ မရရှိနိုင်သလို၊ စိတ်အားထက်သန်မှု တစ်ခုတည်းအားဖြင့် သင်သည် စုံလင်စေခြင်းမခံရနိုင်ပေ။ သင်သည် တွေ့ကြုံခံစားပြီး သိမှတ်ကာ၊ သင်၏ လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရားကောင်း ရမည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိရမည်။ အတွေ့အကြုံများကို သင် ဖြတ်သန်းပြီးသောအခါ သင်သည် အမှုအရာများစွာကို ခွဲခြားနိုင်လိမ့်မည်- သင်သည် ကောင်းမှုနှင့် မကောင်းမှု၊ ဖြောင့်မတ်ခြင်းနှင့် ဆိုးညစ်မှု၊ သွေးသားနှင့် ဆိုင်သောအရာနှင့် သမ္မာတရားနှင့်စပ်ဆိုင်သော အရာတို့အကြား ခွဲခြားနိုင်လိမ့်မည်။ သင်သည် ဤအရာအားလုံးတို့အကြား ခွဲခြားနိုင်စွမ်းရှိသင့်ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ မည်သည့် အခြေအနေများတွင်မဆို၊ သင်သည် မည်သည့်အခါမျှ ပျောက်ဆုံး လိမ့်မည်မဟုတ်။ ဤအရာသည်သာ သင်၏ ဝိညာဉ်ရင့်ကျက်မှု အစစ်အမှန် ဖြစ်သည်။

ဘုရားသခင်၏ အမှုကို သိရှိခြင်းသည် ရိုးရှင်းသောအရာ မဟုတ်ပေ။ သင်၏ လိုက်စားခြင်း၌ သင်သည် စံချိန်စံညွှန်းများရှိသင့်ပြီး ရည်ရွယ်ချက်တစ်ခုရှိသင့်သည်၊ သင်သည် စစ်မှန်သောလမ်းခရီး ရှာပုံကိုသိသင့်ပြီး၊ ယင်းမှာ စစ်မှန်သောလမ်းခရီး ဟုတ် မဟုတ်ကို လည်းကောင်း၊ ဘုရားသခင်၏အမှု ဟုတ် မဟုတ်ကိုလည်းကောင်း အဘယ်သို့ ချင့်ချိန်ရမည်ကို သိသင့်၏။ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊ ဤစကားလုံးများက သမ္မာတရားကို ဖော်ပြခြင်းများ ဖြစ် မဖြစ်၊ ယင်းက အဘယ်သူကို သက်သေခံသည်နှင့် သင့်ကို မည်သည့်အရာ ဆောင်ကြဉ်း ပေးနိုင်သည်တို့ကို ကြည့်ရမည်ဖြစ်သည်။ စစ်မှန်သောလမ်းခရီးနှင့် မှားယွင်းသောလမ်းတို့ကို ခွဲခြားခြင်းတွင် အခြေခံကျသော အသိပညာဆိုင်ရာ ရှုထောင့်အချို့လိုအပ်၏၊ အခြေခံအကျဆုံးသော အရာမှာ ယင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ရှိ မရှိကို ကြည့်ရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အပေါ် လူသား ယုံကြည်မှု၏ အနှစ်သာရမှာ ဘုရားသခင်၏ ဝိညာဉ်တော်အပေါ် ယုံကြည်မှု ဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုသည်ပင်လျှင် ဤဇာတိခန္ဓာမှာ ဘုရားသခင့် ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ခြင်းကြောင့်ဖြစ်သည်။ ယင်းမှာ ထိုကဲ့သို့သော ယုံကြည်ခြင်းသည် ဝိညာဉ်တော်အပေါ် ယုံကြည်နေသေး သည်ဟု ဆိုလိုသည်။ ဇာတိခန္ဓာနှင့် ဝိညာဉ်တော်တို့အကြား ခြားနားမှုများရှိ၏၊ သို့သော် ဤဇာတိခန္ဓာသည် ဝိညာဉ်တော်ထံမှလာပြီး၊ နှုတ်ကပတ်တော်က လူ့ဇာတိခံယူသောကြောင့်၊ လူသားယုံကြည်သော အရာမှာ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် စစ်မှန်သောလမ်းခရီး ဟုတ် မဟုတ်ကို ခွဲခြားရာတွင် အရာအားလုံးထက် သန့်ရှင်းသောဝိညာဉ်တော် ရှိ မရှိကို သင်ကြည့်ရမည်၊ ယင်းနောက် ဤလမ်းခရီး၌ သမ္မာတရား ရှိ မရှိကို သင်ကြည့်ရမည်ဖြစ်သည်။ ဤသမ္မာတရားသည် သာမန်လူ့သဘာဝ၏ အသက်တာစိတ်သဘောထားဖြစ်ပြီး၊ ယင်းမှာ အစအဦး၌ ဘုရားသခင်က လူသားကိုဖန်ဆင်းခဲ့ချိန်တွင် သူ့ထံမှတောင်းဆိုသော အရာကို ဆိုလိုသည်၊ အတိအကျ ပြောရသော် သာမန်လူ့သဘာဝနှင့် ဆိုင်သော အရာအားလုံးကို (လူသားအသိစိတ်၊ ထိုးထွင်းသိမြင်မှု၊ ဉာဏ်ပညာနှင့် လူသားဖြစ်ခြင်း၏ အခြေခံအသိပညာတို့ အပါအဝင်) ဆိုလိုသည်။ ယင်းမှာ ဤလမ်းခရီးက လူသားကို သာမန်လူ့သဘာဝ၏ အသက်တာ တစ်ခုထဲသို့ ပို့ဆောင်နိုင်ခြင်း ရှိမရှိ၊ ဟောပြောထားသော သမ္မာတရားကို သာမန်လူ့သဘာဝ၏ စစ်မှန်မှုအရ လိုအပ်မှုရှိမရှိ၊ ဤသမ္မာတရားက လက်တွေ့ကျပြီး စစ်မှန်မှုရှိမရှိနှင့် အချိန်အကိုက်ဆုံး ဖြစ်မဖြစ်တို့ကို ကြည့်ရမည်။ သမ္မာတရားရှိလျှင် ထိုသမ္မာတရားက လူသားကို သာမန်ဖြစ်ပြီး စစ်မှန်သော အတွေ့အကြုံများထဲသို့ ပို့ဆောင်နိုင်၏။ ထို့ပြင် လူများသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး ၎င်းတို့၏ လူ့အသိစိတ်သည် ပို၍ပို၍ စုံလင်လာသည်၊ ဇာတိပကတိနှင့် ဝိညာဉ်အသက်တာ၌ ၎င်းတို့၏ဘဝသည် ပို၍ပို၍ စနစ်ကျလာပြီး၊ ၎င်းတို့၏ စိတ်ခံစားမှုများ ပို၍ပို၍ ပုံမှန်ဖြစ်လာလေသည်။ ဤအရာသည် ဒုတိယနိယာမဖြစ်၏။ လူများသည် ဘုရားသခင်ကို တိုးပွား၍ သိကျွမ်းခြင်း ရှိ မရှိ၊ ထိုကဲ့သို့သော အမှုနှင့် သမ္မာတရားတို့ကို တွေ့ကြုံခြင်းက ၎င်းတို့၏အထဲ၌ ဘုရားသခင်အပေါ် ချစ်သောမေတ္တာကို လှုံ့ဆော်နိုင်ပြီး ၎င်းတို့ကို ဘုရားသခင်နှင့် တိုး၍ ရင်းနှီးလာစေရန် ဆောင်ကြဉ်းပေးနိုင်ခြင်း ရှိ မရှိဆိုသည့် အခြားသော နိယာမတစ်ခုရှိသည်။ ဤတွင် ဤလမ်းခရီးမှာ စစ်မှန်သောလမ်းခရီး ဟုတ် မဟုတ် တိုင်းတာ၍ ရနိုင်ပေသည်။ အခြေခံအကျဆုံးမှာ ထိုလမ်းခရီးက သဘာဝလွန်ဆိုသည်ထက် လက်တွေ့ကျသောအရာ ဟုတ် မဟုတ်၊ ထိုလမ်းခရီးက လူသား၏အသက်ကို ထောက်ပံ့ပေးနိုင်ခြင်း ရှိ မရှိ ဆိုသည့်အရာ ဖြစ်သည်။ ဤအခြေခံသဘောတရားများနှင့် ကိုက်ညီပါက၊ ထိုလမ်းခရီးသည် မှန်သောလမ်းခရီးဖြစ်သည်ဟု ကောက်ချက်ချ နိုင်ပေသည်။ သင်တို့၏ အနာဂတ်အတွေ့အကြုံများ၌ အခြားသော လမ်းခရီးများကို သင်တို့လက်ခံစေဖို့ ဤနှုတ်ကပတ်တော်များကို ငါပြောခြင်း မဟုတ်သကဲ့သို့၊ အနာဂတ်၌ အခြားသောခေတ်သစ်၏ အမှုရှိလိမ့်မည်ဟု ဟောကိန်းထုတ်ခြင်း တစ်ခုအနေဖြင့် ပြောဆိုခြင်းလည်း မဟုတ်ပေ။ ယနေ့၏အမှုအပေါ် သင်တို့၏ ယုံကြည်ချက်၌ တစ်ဝက်သာသေချာပြီး ထိုအမှုအပေါ် ထိုးထွင်းသိမြင်မှု မရနိုင်ခြင်း မရှိရအောင်နှင့် ယနေ့၏လမ်းခရီးမှာ စစ်မှန်သောလမ်းခရီး ဖြစ်သည်ကို သင်တို့သေချာစေနိုင်ဖို့ ထိုအရာတို့ကို ငါပြောခြင်းဖြစ်သည်။ တိကျသေချာ နေသော်ငြားလည်း၊ စိတ်ရှုပ်ထွေးမှုထဲ လိုက်လျှောက်နေဆဲရှိသူ များစွာရှိ၏၊ ထိုသို့သောသေချာမှု၌ အခြေခံသဘောတရား မရှိ၊ ထို့ပြင် ၎င်းတို့သည် အနှေးနှင့်အမြန် ပယ်ထုတ်ခြင်းကို ခံရကြလိမ့်မည်။ မိမိတို့ လိုက်လျှောက်ခြင်း၌ အထူး တက်ကြွကြသော သူတို့ပင်လျှင် အစိတ်အပိုင်း သုံးပိုင်းသေချာပြီး ငါးပိုင်းမသေချာကြ၊ ယင်းက ၎င်းတို့တွင် အခြေခံအုတ်မြစ် မရှိသည်ကို ပြသနေပေသည်။ သင်တို့၏ အစွမ်းအစက ညံ့ဖျင်းလှပြီး သင်တို့၏ အခြေခံအုတ်မြစ်မှာလည်း တိမ်လွန်းလှသောကြောင့် သင်တို့တွင် ပိုင်းခြားသိမြင်ခြင်းအပေါ် နားလည်သဘောပေါက်ခြင်း မရှိပေ။ ဘုရားသခင်သည် သူ၏အမှုတော်ကို အဖန်ဖန်မပြုလုပ်ပေ၊ လက်တွေ့မကျသော အလုပ်ကို ဘုရားသခင်မလုပ်ဆောင်ပေ၊ သူသည် လူသားကို အလွန်အကျွံ တောင်းဆိုမှုများ မပြုလုပ်သလို၊ လူသား၏ အသိစိတ်ကို ကျော်လွန်သော အလုပ်ကိုလည်း သူမလုပ်ဆောင်ပေ။ သူလုပ်သော အမှုဟူသမျှသည် လူသား၏ သာမန်အသိစိတ် အတိုင်းအတာအတွင်း၌ရှိပြီး သာမန်လူ့သဘာဝ၏ အသိစိတ်ကို မကျော်လွန်သည့်အပြင် သူ၏အမှုသည် လူသားမျိုးနွယ်၏ သာမန်လိုအပ်ချက်များနှင့်အညီ ဖြစ်သည်။ ထိုအရာက သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်လျှင်၊ လူသားသည် ပို၍ပို၍ ပုံမှန်ဖြစ်လာပြီး သူ၏လူ့သဘာဝမှာ ပို၍ပို၍ ပုံမှန်ဖြစ်လာသည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားနှင့် လူသား၏အနှစ်သာရတို့ အပေါ် တိုးပွားသော အသိပညာတစ်ခုကို ရရှိပြီး သမ္မာတရားကို ပို၍ပို၍ ကြီးမားစွာ တောင့်တမှုတစ်ခု သူ၌ရှိလေသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် လူသား၏အသက်တာ ပိုမို ကြီးထွားလေလေ၊ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပိုမိုပြောင်းလဲနိုင်စွမ်း ရှိလာလေလေ ဖြစ်သည်— ယင်းအရာအားလုံးသည် ဘုရားသခင်က လူ့အသက် ဖြစ်လာခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ အကယ်၍ လမ်းခရီးတစ်ခုက လူသား၏အနှစ်သာရဖြစ်သော ထိုအရာများကို ထုတ်ဖော်နိုင်စွမ်း မရှိလျှင်၊ လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စွမ်းမရှိလျှင်၊ ထို့အပြင် ဘုရားသခင်ရှေ့မှောက်သို့ သူ့ကို ခေါ်ဆောင်လာနိုင်စွမ်း မရှိလျှင်၊ သို့မဟုတ် ဘုရားသခင်နှင့်ပတ်သက်၍ စစ်မှန်သော သဘောပေါက် နားလည်မှုကို သူ့အား မပေးနိုင်လျှင်၊ ထို့အပြင် သူ၏လူ့သဘာဝကို ပို၍ပင် နိမ့်ကျစေပြီး သူ၏အသိစိတ်ကို ပို၍ မူမမှန်စေလျှင်၊ ဤလမ်းခရီးမှာ စစ်မှန်သောလမ်းခရီး မဟုတ်ပေ၊ ယင်းမှာ နတ်ဆိုးတစ်ကောင်၏ အလုပ်၊ သို့မဟုတ် လမ်းခရီးဟောင်းတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ တိုတိုပြောရလျှင် ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်အလုပ်မဖြစ်နိုင်ပေ။ ဤနှစ်များ တစ်လျှောက်လုံး သင်တို့သည် ဘုရားသခင်၌ ယုံကြည်ခဲ့ကြသော်လည်း၊ မှန်သောလမ်းခရီးနှင့် မှားသောလမ်းခရီးတို့အကြား ခွဲခြားခြင်း သို့မဟုတ် စစ်မှန်သောလမ်းခရီးကို ရှာဖွေခြင်းအတွက် အခြေခံ သဘောတရားများကို အရိပ်အမြွက်မျှပင် မသိကြချေ။ လူအများစုက ဤကိစ္စများကို စိတ်ပါဝင်စားမှုပင် မရှိကြ၊ အများစု သွားရာကိုသာ သူတို့သွားကြပြီး အများစု ပြောသောအရာကို လိုက်ပြောကြသည်။ ဤသည်မှာ စစ်မှန်သောလမ်းခရီးကို ရှာဖွေသော သူတစ်ဦး အဘယ်သို့ ဖြစ်မည်နည်း။ ထိုကဲ့သို့သော သူတို့သည် စစ်မှန်သောလမ်းခရီးကို အဘယ်သို့ ရှာတွေ့နိုင်ကြမည်နည်း။ သင်သည် ဤအခြေခံမူအချို့ကို နားလည် သဘောပေါက်လျှင်၊ မည်သည့်အရာပင် ပေါ်ပေါက်ပါစေ သင် လှည့်စားခံရလိမ့်မည် မဟုတ်ပေ။ ယနေ့ လူများသည် ခွဲခြားနိုင်ဖို့ရန် အရေးကြီး၏၊ ဤအရာသည် သာမန် လူ့သဘာဝမှ ပိုင်ဆိုင်သင့်သည့်အရာဖြစ်ပြီး၊ ၎င်းတို့၏အတွေ့အကြုံတွင် လူများ ပိုင်ဆိုင်ရမည့်အရာ ဖြစ်သည်။ အကယ်၍ ယနေ့ပင်လျှင် လူများသည် ၎င်းတို့၏လိုက်လျှောက်မှု၌ အဘယ်အရာကိုမျှ မပိုင်းခြားသေးဘဲ ၎င်းတို့၏ လူသားအသိစိတ်က ကြီးထွားမှု မရှိသေးလျှင်၊ လူများသည် အလွန်မိုက်မဲသောသူများဖြစ်ပြီး၊ ၎င်းတို့၏ လိုက်စားခြင်းမှာ မှားယွင်းကာ လမ်းလွဲနေပေသည်။ ယနေ့တွင် သင်၏ လိုက်စားခြင်း၌ အနည်းငယ်မျှ ကွဲပြားခြားနားခြင်း မရှိပေ၊ သင်ဆိုသကဲ့သို့ မှန်ကန်သောလမ်းခရီးကို သင်တွေ့သည်မှာ မှန်သော်လည်း ထိုလမ်းခရီးကို သင်ရရှိပြီလော။ သင်သည် အရာတစ်ခုခုကို ခွဲခြားနိုင်ခဲ့ပြီလော။ စစ်မှန်သောလမ်းခရီး၏ အနှစ်သာရမှာ အဘယ်နည်း။ စစ်မှန်သောလမ်းခရီးတွင်၊ သင်သည် စစ်မှန်သောလမ်းခရီးကို ရရှိခဲ့ပြီမဟုတ်၊ သမ္မာတရား၏ အဘယ်အရာကိုမျှ သင်မရရှိခဲ့ရသေး၊ ယင်းမှာ ဘုရားသခင်က သင့်အား တောင်းဆိုသောအရာကို သင်မရရှိသေးဟု ဆိုလိုသည်၊ ထို့ကြောင့် သင်၏ပျက်စီးခြင်းတွင် အပြောင်းအလဲ မရှိသေးပေ။ သင်သည် ဤနည်းဖြင့် ဆက်လက် လိုက်စားလျှင်၊ အဆုံး၌ ပယ်ထုတ်ခြင်းခံရလိမ့်မည်။ ယနေ့အထိ လိုက်လျှောက်ပြီးဖြစ်သဖြင့်၊ သင်လျှောက်ခဲ့ပြီးသော လမ်းကြောင်းမှာ မှန်ကန်သော လမ်းကြောင်းဖြစ်သည်ကို သေချာသင့်ပြီး နောက်ထပ် သံသယများ မထားသင့်ပေ။ လူများစွာတို့သည် သေးငယ်သော အကြောင်းကိစ္စရပ် အချို့ကြောင့် အမြဲ မသေချာမရေရာဖြစ်ကြကာ သမ္မာတရားကို လိုက်စားခြင်းအား ရပ်ဆိုင်းကြလေသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ အမှုတော်နှင့် သက်ဆိုင်သည့် အသိပညာမရှိကြသူများဖြစ်ပြီး၊ ဘုရားသခင်ကို စိတ်ရှုပ်ထွေးလျက် လိုက်လျှောက်ကြသူများ ဖြစ်သည်။ ဘုရားသခင်၏အမှုကို မသိရှိသော လူတို့သည် သူ၏ အကျွမ်းဝင်သူများ ဖြစ်ခြင်းငှာ မစွမ်းဆောင်နိုင်ကြ၊ သို့မဟုတ် သူ့အဖို့ သက်သေခံခြင်းငှာ မတတ်စွမ်းနိုင်ကြပေ။ ကောင်းချီးမင်္ဂလာကိုသာရှာပြီး စမ်းတဝါးဝါးနှင့် စိတ်ကူးသက်သက် ဖြစ်သောအရာကိုသာ လိုက်စားသောသူတို့အနေဖြင့် ၎င်းတို့ဘဝများ အဓိပ္ပာယ်ရှိစေခြင်းငှာ သမ္မာတရားကို ဖြစ်နိုင်သမျှ ချက်ချင်းလိုက်စားကြဖို့ ငါအကြံပြုသည်။ သင့်ကိုယ်သင် နောက်ထပ်အရူး မလုပ်လေနှင့်တော့။

အရှေ့သို့- မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း

နောက်တစ်ခုသို့- လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။