၅။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းမှာ လူသားမျိုးနွယ်ကို ကယ်တင်ရန်အတွက် သူ၏ အရေးပါပြီး တိကျပြတ်သားသောအမှုဖြစ်သည်
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ...ဟု ကြီးသော အသံနှင့် ပြောဆို၍...” (ဗျာဒိတ်ကျမ်း ၁၄:၇)
“ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇)
“သူသည် တိုင်းနိုင်ငံများအလယ်တွင် တရားစီရင်လိမ့်မည်ဖြစ်ပြီး လူများစွာတို့ကို ပြစ်တင်ဆုံးမတော်မူလိမ့်မည်။” (ဟေရှာယ အနာဂတ္တိကျမ်း ၂:၄)
“ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို လက်ခံရယူခြင်း မရှိခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)
“ငါသည် သင်တို့ကို ပြောစရာများစွာရှိသေးသည်။ သို့သော် ယင်းတို့ကို သင်တို့ယခု မခံယူနိုင်ပေ။ သို့ရာတွင် သမ္မာတရားဖြင့် ပြည့်စုံသော ဝိညာဉ်တော် ကြွလာသောအခါ သူသည် သင်တို့အား သမ္မာတရားအားလုံးဆီသို့ လမ်းပြပေးလိမ့်မည်။ အကြောင်းမှာ သူသည် သူ၏အကြောင်း ပြောဆိုမည်မဟုတ်ဘဲ သူကြားမည့်အရာမှန်သမျှသည် သူပြောမည့်အရာဖြစ်သည်။ ပြီးလျှင် သူသည် နောင်လာမည့်အရာများကို သင်တို့အား ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ယေရှုသည် လူ့လောကထဲသို့ ကြွလာခဲ့သောအချိန်တွင်၊ သူသည် ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင် ဘုရားသခင်သည် ဤလူ့ဇာတိခံယူခြင်းအတူ နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး ကျေးဇူးတော်ခေတ်ကို သူ အဆုံးသတ်ကာ နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ခဲ့သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံနိုင်သောသူ အားလုံးသည် နိုင်ငံတော်ခေတ်ထဲသို့ ဦးဆောင်ခြင်းခံရမည် ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ လမ်းပြမှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံလာနိုင်လိမ့်မည်။ ယေရှုသည် လူသားအလယ်သို့ ရောက်လာပြီး အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနုတ်သောအလုပ်ကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ်အဖြစ် အသုံးခံခဲ့၏။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ စာတန် ဖောက်ပြန်ပျက်စီးထားသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီးနောက် ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ခဲ့သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား
ငါ့ကို တစ်ချိန်က ယေဟောဝါဟု ခေါ်ဆိုခဲ့ကြသည်။ လူတို့က ငါ့ကို မေရှိယဟုလည်း သိခဲ့ကြပြီး လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ ယနေ့တွင် ငါသည် လူများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းကျက်သရေတို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လူတို့သည် ငါနှင့် မည်သည့်အခါမျှ မဆက်ဆံဖူးပေ၊ ငါ့ကို မည်သည့်အခါမျှ မသိကျွမ်းဖူးကြသကဲ့သို့ ငါ၏စိတ်သဘောထားကို အမြဲတစေ မသိနားမလည် ဖြစ်ကြသည်။ ကမ္ဘာမြေကြီးကို ဖန်ဆင်းချိန်မှသည် ယနေ့ထိတိုင် လူတစ်ဦးတစ်ယောက်မျှ ငါ့အား မမြင်ဖူးလေပြီ။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူတို့ထံ ပေါ်ထွန်းသော်လည်း လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက် လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။ နောက်ဆုံးတွင် တိုင်းနိုင်ငံများ မြောက်မြားစွာသည် ငါ့နှုတ်ကပတ်တော်များကြောင့် ကောင်းချီးခံစားရမည် ဖြစ်ပြီး ငါ့နှုတ်ကပတ်တော်များကြောင့်လည်း တစ်စစီ ကြေမွပျက်စီး သွားလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် နောက်ဆုံးသောကာလ အတွင်းရှိ လူအားလုံးက ငါသည် ပြန်ကြွလာသည့် ကယ်တင်ရှင် ဖြစ်ပြီး လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်သော အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်ကို တွေ့မြင်ကြပေမည်။ ပြီးလျှင် ငါသည် တစ်ချိန်က လူသားအတွက် အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သော်လည်း နောက်ဆုံးသောကာလတွင် ခပ်သိမ်းသောအရာတို့ကို မီးရှို့ဖျက်ဆီးသည့် တောက်လောင်နေသော နေမင်း၏ မီးတောက်မီးလျှံများလည်း ဖြစ်လာသည့်အပြင် ခပ်သိမ်းသောအရာတို့ကို ထုတ်ဖော်ပြသည့် ဖြောင့်မတ်ခြင်း၏ နေမင်းလည်း ဖြစ်လာသည်ကို အားလုံး တွေ့မြင်ရလိမ့်မည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ ငါ၏အမှု ဖြစ်သည်။ လူအားလုံးက ငါသည် ဖြောင့်မတ်သော ဘုရားသခင်၊ လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံဖြစ်သည်ကို တွေ့မြင်နိုင်ရန်အလို့ငှာနှင့် အားလုံးက တစ်ပါးတည်း စစ်မှန်သော ဘုရားသခင် ငါ့ကို ကိုးကွယ်နိုင်ကြဖို့အလို့ငှာ၊ ပြီးလျှင် ၎င်းတို့သည် ငါ၏စစ်မှန်သော မျက်နှာကို တွေ့မြင်နိုင်ကြရန်အလို့ငှာ ဤအမည်နာမကို ငါယူပြီး ဤစိတ်သဘောထားကို ငါပိုင်ဆိုင်ပေသည်။ ငါသည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင်သာ ဖြစ်သည် မဟုတ်၊ ရွေးနုတ်ရှင်သာ ဖြစ်သည် မဟုတ်ပေ။ ထိုအစား ငါသည် ကောင်းကင်၊ မြေကြီးနှင့် ပင်လယ်ပြင် တစ်လျှောက်လုံးရှိ ဖန်ဆင်းခံအားလုံး၏ ဘုရားသခင် ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်
နောက်ဆုံးသောကာလ၏ အမှုသည် နှုတ်ကပတ်တော်များကို ပြောဆိုရန် ဖြစ်သည်။ နှုတ်ကပတ်တော်များအားဖြင့် လူတွင် ကြီးမားသော အပြောင်းအလဲများ သက်ရောက်နိုင်သည်။ ဤနှုတ်ကပတ်တော်များကို လက်ခံခြင်းဖြင့် ဤလူများတွင် ယခု သက်ရောက်သော အပြောင်းအလဲများသည် ကျေးဇူးတော်ခေတ်၏ နိမိတ်လက္ခဏာများ နှင့် အံ့သြဖွယ်ရာများကို လက်ခံသောသူများပေါ် သက်ရောက်ခဲ့သော အပြောင်းအလဲများထက် များစွာ ပိုမို ကြီးမားလှသည်။ အကြောင်းမှာ ကျေးဇူးတော်ခေတ်တွင် မကောင်းဆိုးဝါးများသည် လက်တင်ခြင်းနှင့် ဆုတောင်းခြင်းများဖြင့် လူသားထံမှ နှင်ထုတ်ခြင်းခံခဲ့ရသော်လည်း၊ လူသားအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ကျန်ရှိနေဆဲ ဖြစ်ခဲ့သည်။ လူသည် သူ၏အနာရောဂါမှ ကုသပျောက်ကင်းခဲ့ပြီး သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ၎င်းအတွင်းရှိ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သော စိတ်သဘောထားများကို မည်သို့ ဖယ်ရှားရမည်ဆိုသည်အတွက်မူ၊ ဤအမှုကို လုပ်ဆောင်ဖို့ ရှိသေး၏။ လူသည် သူ၏ယုံကြည်ခြင်းအတွက် ကယ်တင်ခံရပြီး သူ့အပြစ်များ ခွင့်လွှတ်ခြင်းခံခဲ့ရသော်လည်း၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝသည် ပပျောက်စေခြင်း မရှိခဲ့သကဲ့သို့၊ ၎င်းအတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဘုရားသခင်၏ လူ့ဇာတိခံခြင်းအားဖြင့် လူ၏အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသော်လည်း၊ ဤအရာက လူသည် သူ၏အတွင်း၌ အပြစ်မရှိတော့ဟု မဆိုလိုပေ။ လူ၏အပြစ်များကို အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခံရနိုင်သော်လည်း၊ လူသားကို နောက်ထပ် အပြစ်မပြုနိုင်တော့ရန် မည်သို့ ပြုလုပ်ရမည်ဆိုသည်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို မည်သို့ လုံးဝ ပပျောက်စေပြီး ပြောင်းလဲစေရမည်ဆိုသည်တို့အတွက်မူ၊ သူသည် ဤပြဿနာကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။ လူသား၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဤသည်မှာ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း အမှုကြောင့် ဖြစ်သော်လည်း၊ လူသည် သူ၏ အိုဟောင်းသည့် ဖောက်ပြန် ပျက်စီးသော စာတန်ဆန်သော စိတ်သဘောထား အတွင်းတွင် ဆက်လက် အသက်ရှင်ခဲ့သည်။ ဤသို့ဖြစ်ရာ၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို တစ်ဖန် လုံးဝ ထွက်ပေါ်မလာဖို့ လုံးဝ ပပျောက်စေရန်၊ ထိုသို့ဖြင့် လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စေရန်အလို့ငှာ၊ လူကို သူ၏ ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သော စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည် ဖြစ်သည်။ ဤအရာက လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်းကို နားလည်ရန်၊ အသက်၏ လမ်းခရီးကို နားလည်ရန်နှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ နည်းလမ်းကို နားလည်ရန် လိုအပ်ပေသည်။ ထို့အပြင် လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲနိုင်စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် အသက်ရှင်နိုင်ရန်အလို့ငှာ၊ သူ လုပ်ဆောင်သမျှအားလုံး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်ဖို့အလို့ငှာ၊ သူ၏ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားပစ်နိုင်ရန်နှင့် စာတန်၏ အမှောင်စွမ်းအားမှ ချိုးဖောက်လွန်မြောက်နိုင်ရန်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်လာနိုင်ရန်အလို့ငှာ၊ လူသည် ဤလမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ လူသည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်း ရရှိလိမ့်မည်။ ယေရှုသည် သူ၏အမှုကို လုပ်ဆောင်နေခဲ့သည့်အချိန်တွင်၊ သူနှင့်ပတ်သက်သည့် လူ၏ အသိပညာသည် ဝေဝါးပြီး မရှင်းမလင်း ဖြစ်နေဆဲ ဖြစ်ခဲ့သည်။ လူသားက သူ့ကို ဒါဝိဒ်၏သားတော်အဖြစ် အမြဲ ယုံကြည်ခဲ့ပြီး၊ သူ့ကို ကြီးမြတ်သော ပရောဖက်အဖြစ်၊ လူသား၏ အပြစ်များကို ရွေးနုတ်ခဲ့သော စေတနာရှိသော အရှင်သခင်အဖြစ် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အချို့က ၎င်းတို့၏ ယုံကြည်ခြင်း ခွန်အားအပေါ် သူ့ဝတ်ရုံ၏ အစွန်းကို ထိတွေ့ခြင်းမှ အနာရောဂါငြိမ်းခဲ့ကြသည်။ မျက်စိကန်းသူ မြင်နိုင်ခဲ့ပြီး သေသူပင် အသက်ပြန်ရှင်နိုင်ခဲ့သည်။ သို့ရာတွင် လူသည် မိမိကိုယ်ကိုယ်အတွင်း နက်ရှိုင်းစွာ အမြစ်တွယ်သည့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ရှာဖွေမတွေ့ရှိနိုင်ခဲ့သကဲ့သို့၊ ယင်းကို မည်သို့ စွန့်ပစ်ရမည်ကိုလည်း မသိခဲ့ပေ။ လူသည် ဇာတိပကတိ၏ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်မှု၊ မိသားစုဝင်တစ်ဦး၏ ယုံကြည်ခြင်းက မိသားစုတစ်ခုလုံးအပေါ် ကောင်းချီးမင်္ဂလာဆောင်ကြဉ်းခြင်း၊ နာမကျန်းမှုကို ပျောက်ကင်းစေခြင်း စသည်တို့ကဲ့သို့သော ကျေးဇူးတော်များစွာကို ရရှိခဲ့သည်။ ကျန်သည့်အရာများမှာ လူ၏ကောင်းသော လုပ်ဆောင်ချက်များနှင့် သူ၏ ဘုရားတရား ကိုင်းရှိုင်းသော အသွင်အပြင်ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဤအရာများကို အခြေခံ၍ အသက်ရှင်နိုင်ပါက၊ ၎င်းတို့ကို လက်သင့်ခံ၍ရနိုင်သော ယုံကြည်သူအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဤယုံကြည်သူမျိုးများသာ သေဆုံးပြီးနောက် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ပေသည်၊ ယင်းမှာ ၎င်းတို့ ကယ်တင်ခြင်းခံခဲ့ရသည်ဟု ဆိုလိုခဲ့ပေသည်။ သို့ရာတွင် ဤလူများက ၎င်းတို့၏ တစ်သက်တာတွင် အသက်၏လမ်းခရီးကို လုံးဝ နားမလည်ခဲ့ကြပေ။ ၎င်းတို့ လုပ်ဆောင်ခဲ့သမျှအားလုံးမှာ အပြစ်များကို ကျူးလွန်ပြီးနောက် ၎င်းတို့၏ စိတ်သဘောထား ပြောင်းလဲရန် မည်သည့်လမ်းကြောင်းမျှ မရှိဘဲ၊ အတောမသတ်သော သံသရာစက်ဝိုင်းတစ်ခုထဲတွင် ၎င်းတို့၏ အပြစ်များကို ဝန်ချရန် ဖြစ်ခဲ့သည်။ ယင်းမှာ ကျေးဇူးတော်ခေတ်တွင် ရှိသော လူ၏အခြေအနေဖြစ်ခဲ့သည်။ လူသည် ပြည့်စုံသော ကယ်တင်ခြင်းကို ရရှိပြီးဖြစ်ပါသလော။ မရရှိပေ။ ထို့ကြောင့် အမှု၏ ထိုအဆင့် ပြီးဆုံးခဲ့သည့်နောက်တွင်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှု ကျန်ရှိခဲ့သေးသည်။ ဤအဆင့်သည် လူကို နှုတ်ကပတ်တော်အားဖြင့် ဖြူစင်စေရန်ဖြစ်ပြီး ထိုသို့ဖြင့် လိုက်လျှောက်ရမည့် လမ်းကြောင်းကို သူ့အား ပေးရန် ဖြစ်သည်။ လူသား၏ အပြစ်နှင့်ပြည့်သော သဘာဝကို ပပျောက်စေနိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ လူသားသည် သူ့အပြစ်များ ခွင့်လွှတ်ခံရခြင်းတွင်သာ လုံးဝဥဿုံရပ်တန့်လာမည် ဖြစ်သည့်အတွက်၊ အကယ်၍ နတ်ဆိုးများကို နှင်ထုတ်ခြင်းကိုဆက်လက် လုပ်ဆောင်ခဲ့ပါက၊ ဤအဆင့်သည် အကျိုးဖြစ်ထွန်းမည် မဟုတ်သကဲ့သို့ အဓိပ္ပာယ်လည်းရှိမည် မဟုတ်ပေ။ ကားစင်တင်ခံရခြင်း အမှုသည် အဆုံးသို့ ရောက်ရှိလာပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်သည် စာတန်အပေါ် အောင်နိုင်ပြီးဖြစ်သည့်အတွက်၊ အပြစ်ဖြေရာယဇ်မှတစ်ဆင့် လူသည် သူ၏အပြစ်များ ခွင့်လွှတ်ခြင်း ခံခဲ့ရသည်။ သို့ရာတွင် လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူ့အတွင်းတွင် ကျန်ရှိနေဆဲဖြစ်သည်၊ လူသည် အပြစ်ပြုနိုင်ဆဲဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်နိုင်ဆဲဖြစ်ကာ၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မရယူသေးပေ။ ယင်းမှာ အမှု၏ ဤအဆင့်တွင် ဘုရားသခင်သည် လူသားကို သင့်တင့်လျောက်ပတ်သော လမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်စေလျက်၊ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ရန် နှုတ်ကပတ်တော်ကို အသုံးပြုရသည့် အကြောင်းရင်း ဖြစ်သည်။ ယခုတွင် လူ၏အသက်တာကို တိုက်ရိုက်ပံ့ပိုးပြီး လူ၏ စိတ်သဘောထားကို လုံးဝ အသစ်ပြုပြင်စေနိုင်သည်မှာ နှုတ်ကပတ်တော် ဖြစ်သည့်အတွက်၊ ဤအမှုသည် ယခင်အဆင့်ထက် ပိုမို အဓိပ္ပာယ်ရှိသည့်အပြင် အကျိုးလည်း ပိုမို ဖြစ်ထွန်းလေသည်။ ယင်းသည် များစွာ သာ၍ စေ့စပ်သေချာသော အမှု၏ အဆင့်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ နောက်ဆုံးသောကာလတွင် လူ့ဇာတိကို ခံယူခြင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ပြည့်စုံစေပြီးဖြစ်သကဲ့သို့၊ လူသား၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို လုံးဝ ပြီးဆုံးစေပြီး ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)
လူသည် ရွေးနုတ်ခြင်း မခံရမီတွင် စာတန်၏ အဆိပ်အတောက် အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင် လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင် ယင်းသည် ရွေးနုတ်ခြင်းကိစ္စထက် မပိုပေ။ ဆိုလိုသည်မှာ လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားခြင်း ဖြစ်သော်လည်း သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ ဖယ်ရှားရှင်းလင်းခြင်း မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံတွေ့ရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့် လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ကာ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်၍သန့်စင်လာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်စင်စေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင် စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားနိုင်ပြီး သန့်စင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက် ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်သည့်အမှု အဆင့်လည်း ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲမှ ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခြင်းခံလာရသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ကိုယ်ရေမျှော်လင့်ချက်များ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ နှုတ်ကပတ်တော်အားဖြင့် စစ်ဆေးခြင်း၊ တရားစီရင်ခြင်းနှင့် ဖော်ထုတခြင်းမှတစ်ဆင့် ဖြစ်ပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)
လက်ရှိ လူ့ဇာတိခံယူခြင်း၌ ဘုရားသခင်၏ အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့် သူ၏ စိတ်သဘောထားကို ဖော်ပြရန်ဖြစ်ပြီး ဤအခြေခံအုတ်မြစ်ပေါ်တွင် သူသည် သာ၍များသော သမ္မာတရားကို လူတို့ထံ ဆောင်ကြဉ်းပေးရန် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများကို ပိုမိုညွှန်ပြပေးရန်ဖြစ်ကာ ဤသို့ဖြင့် လူတို့ကို သိမ်းပိုက်ခြင်းနှင့် လူတို့ကို မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် သူ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိလေသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏အမှု နောက်ကွယ်တွင် တည်ရှိသည့်အရာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား
နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အခြေအမြစ်ကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့ကျိုးနွံနာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အခြေအမြစ်နှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့် ဘုရားသခင်ကို လူသားက မည်သို့ ငြင်းပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကို ဆန့်ကျင်သည့်ရန်သူအင်အားတစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်ပြီး ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ စိတ်နှလုံးအကြွင်းမဲ့ လက်ခံလာစေနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းအမှု က ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏သဘောသဘာဝအမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို နားလည်ကာ သိရှိခွင့်ပေးသည့်အပြင် သူ၏ အကျည်းတန်သော မျက်နှာကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏
နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအမှုပြုသည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံး၏ အမှုကို လုပ်ဆောင်ရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ ဤသည်မှာ နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် အမှုပြုရာတွင် အသုံးပြုသည့် စည်းမျဉ်းဖြစ်သည်။ သူသည် လူ့ဇာတိကိုခံယူခဲ့ပြီး မတူညီသော အမြင်ရှုထောင့်များမှ စကားပြောကာ လူ့ဇာတိ၌ ပေါ်ထွန်းသော နှုတ်ကပတ်တော်ဖြစ်သည့် ဘုရားသခင်ကို လူတို့ အမှန်တကယ် မြင်ရန်နှင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် အံ့သြဖွယ်ကောင်းမှုတို့ကို ရှုမြင်နိုင်ရန် ထောက်ကူပေးသည်။ ဘုရားသခင်သည် လူတို့ကို သိမ်းပိုက်ခြင်း၊ စုံလင်အောင်ပြုခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းဟူသည့် ပန်းတိုင်များကို ပိုမိုကောင်းမွန်စွာ ဖြစ်မြောက်အောင်မြင်နိုင်ရန်အလို့ငှာ ဤနည်းဟန်ဖြင့် အမှုပြုခြင်းဖြစ်ကာ ယင်းမှာ နှုတ်ကပတ်တော်ခေတ်၌ အမှုပြုရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် လူတို့သည် ဘုရားသခင်၏အမှု၊ ဘုရားသခင်၏ စိတ်သဘောထား၊ လူသား၏ အခြေအမြစ်နှင့် လူသားက မည်သည့်အရာထဲသို့ ဝင်ရောက်သင့်သည် ဆိုသည်တို့ကို သိလာသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် နှုတ်ကပတ်တော်ခေတ်၌ ဘုရားသခင် လုပ်ဆောင်ရန် ဆန္ဒရှိသော အမှုသည် အလုံးစုံ ဖြစ်မြောက်အောင်မြင်လေသည်။ နှုတ်ကပတ်တော်များမှတစ်ဆင့် လူတို့ ထုတ်ဖော်ခြင်းခံရကြသည်၊ ဖယ်ရှားရှင်းလင်းခံရပြီး စစ်ကြောခံရကြလေသည်။ လူတို့သည် ဤနှုတ်ကပတ်တော်များကို မြင်ဖူးကြပြီး ဖြစ်သည်၊ ဤနှုတ်ကပတ်တော်များကို ကြားဖူးကြပြီးဖြစ်သည်။ ပြီးလျှင် ဤနှုတ်ကပတ်တော်များ၏ တည်ရှိခြင်းကို သတိပြုမိကြပြီး ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာတို့အပြင် လူသားကို ချစ်ခြင်းနှင့် ကယ်တင်ခြင်းဖြစ်သော ဘုရားသခင်၏ စိတ်နှလုံးကို ယုံကြည်လာကြပြီး ဖြစ်သည်။ “နှုတ်ကပတ်တော်” ဟူသည့်စကားလုံးသည် သာမန်ဖြစ်ပြီး ရိုးရှင်းကောင်း ရိုးရှင်းနိုင်သော်လည်း လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များသည် စကြဝဠာတစ်ခုလုံးကို လှုပ်ခါသည်၊ ယင်းတို့သည် လူတို့၏စိတ်နှလုံးများကို ပြောင်းလဲစေသည်၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်သဘောထားအဟောင်းတို့ကို ပြောင်းလဲစေပြီး လောကတစ်ခုလုံး ဖြစ်ပေါ်လေ့ရှိသည့် နည်းလမ်းကို ပြောင်းလဲစေသည်။ ခေတ်ကာလများ တစ်လျှောက်တွင် ယနေ့၏ ဘုရားသခင်သာလျှင် ဤနည်းဖြင့် အမှုပြုပြီး သူသာလျှင် ထိုသို့ စကားပြောပြီး လူသားကို ထိုသို့ကယ်တင်ရန် ကြွလာပေသည်။ ဤအချိန်မှစ၍ လူသားသည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် ဘုရားနှုတ်ကပတ်တော်များ၏ ထိန်းကျောင်းခြင်းနှင့် ထောက်ပံ့ပေးခြင်းခံရလျက် အသက်ရှင်ကြလေသည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ လောက၌လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များ၏ ကျိန်ခြင်းများနှင့် ကောင်းချီးမင်္ဂလာများ အလယ်တွင်လည်းကောင်း အသက်ရှင်ကြပြီး လူအများစုက သူ၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ အောက်တွင် အသက်ရှင်ကြ၏။ ဤနှုတ်ကပတ်တော်များနှင့် ဤအမှုသည် လူသား၏ ကယ်တင်ခြင်း အတွက်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းခြင်းအတွက်နှင့် အိုဟောင်းသော ဖန်ဆင်းခြင်း လောက၏ မူလသွင်ပြင်ကို ပြောင်းလဲခြင်းတို့အတွက်သာ ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်ကို အသုံးပြုလျက် လောကကို ဖန်ဆင်းခဲ့သည်၊ သူသည် နှုတ်ကပတ်တော်များကို အသုံးပြုလျက် စကြဝဠာအနှံ့ လူတို့ကို ဦးဆောင်ပြီး နှုတ်ကပတ်တော်များကို အသုံးပြုလျက် ၎င်းတို့ကို သိမ်းပိုက်ပြီး ကယ်တင်သည်။ ပြီးလျှင် နောက်ဆုံးတွင် သူသည် အိုဟောင်းသော ကမ္ဘာလောက တစ်ခုလုံးကို အဆုံးသတ်ကာ ထိုသို့ဖြင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးကို ပြီးစီးစေဖို့ နှုတ်ကပတ်တော်များကို အသုံးပြုမည်ဖြစ်သည်။ နိုင်ငံတော်ခေတ် တစ်လျှောက်လုံးတွင် ဘုရားသခင်သည် သူ၏အမှုကို ပြုရန်နှင့် သူ့အမှု၏ ရလဒ်များကို ရရှိရန် နှုတ်ကပတ်တော်များကို အသုံးပြုသည်။ သူသည် အံ့ဖွယ်ရာများကို လုပ်ဆောင်ခြင်းမရှိ သို့မဟုတ် နိမိတ်လက္ခဏာများကို ပြခြင်း မရှိဘဲ နှုတ်ကပတ်တော်များမှတစ်ဆင့် သူ၏အမှုကို လုပ်ဆောင်ရုံမျှ လုပ်ဆောင်လေသည်။ ဤနှုတ်ကပတ်တော်များကြောင့် လူသားသည် အာဟာရ ဖြည့်ခံရပြီး၊ ထောက်ပံ့ခံရကြကာ အသိပညာနှင့် စစ်မှန်သော အတွေ့အကြုံကို ရရှိသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်
အမှန်အားဖြင့် ယခု လုပ်ဆောင်နေသော အမှုမှာ လူတို့အား ၎င်းတို့၏ ဘိုးဘေးဘီဘင်ဟောင်းဖြစ်သော စာတန်ကို ပုန်ကန်စေရန် ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်မှု အလုံးစုံသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားကို ဖော်ထုတ်ရန်နှင့် အသက်တာ၏ အနှစ်သာရကို လူတို့နားလည်စေရန် ရည်ရွယ်သည်။ ထပ်တလဲလဲဖြစ်သော ဤတရားစီရင်မှုများသည် လူတို့၏ စိတ်နှလုံးများကို ထိုးဖောက်သည်။ ၎င်းတို့သည် ထိုအရာများ အားလုံးကို လက်လွှတ်နိုင်ကာ၊ ထိုသို့ဖြင့် အသက်တာကို သိနိုင်ဖို့၊ ညစ်ညူးသော ဤကမ္ဘာကြီးအကြောင်း သိနိုင်ဖို့၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအကြောင်းကို သိနိုင်ဖို့နှင့် စာတန်၏ဖျက်ဆီးခြင်း ခံထားရသော လူသားမျိုးနွယ်အကြောင်းကိုလည်း သိနိုင်ဖို့အလို့ငှာ၊ တရားစီရင်မှု တစ်ခုချင်းစီသည် ၎င်းတို့၏ ကံကြမ္မာနှင့် တိုက်ရိုက်ဆက်နွှယ်ပြီး ၎င်းတို့၏ စိတ်နှလုံးကို ထိခိုက်စေရန် ရည်ရွယ်သည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုက ဤသို့ဖြစ်လေလေ၊ လူသား၏ စိတ်နှလုံးအား ပို၍ ထိခိုက်ဒဏ်ရာရစေနိုင်လေဖြစ်ပြီး သူ၏ဝိညာဉ်ကို ပို၍ နိုးထစေနိုင်လေဖြစ်သည်။ အလွန့်အလွန် ဖောက်ပြန်ပျက်စီးနေပြီး နက်နဲစွာ အလှည့်ဖြားခံရဆုံးသော ဤလူတို့၏ ဝိညာဉ်များကို နိုးထပေးရန်မှာ ဤတရားစီရင်မှုမျိုး၏ ရည်မှန်းချက် ပန်းတိုင် ဖြစ်သည်။ လူသား၌ ဝိညာဉ်မရှိ၊ ဆိုလိုသည်မှာ သူ၏ဝိညာဉ်သည် ကြာမြင့်သော အချိန်ကတည်းက သေဆုံးခဲ့ပြီး သူသည် ကောင်းကင်ဘုံ ရှိကြောင်းကို မသိ၊ ဘုရားသခင် တစ်ပါးရှိကြောင်းကို မသိပေ၊ ထို့ပြင် သေခြင်းတရား၏ ချောက်နက်ကြီးထဲတွင် သူရုန်းကန်နေမှန်း သူ သေချာပေါက် မသိပေ။ သူသည် ဤကမ္ဘာကြီးပေါ်ရှိ ဤဆိုးယုတ်သော ငရဲထဲတွင် အသက်ရှင်နေကြောင်း သူ မည်သို့သိနိုင်မည်နည်း။ သူ၏ပုပ်စပ်သော ဤအလောင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှတစ်ဆင့် သေမင်း၏ မရဏနိုင်ငံထဲသို့ ကျရောက်ပြီးဖြစ်ကြောင်း သူ မည်သို့များ သိနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ကြာမြင့်သော အချိန်ကတည်းက ပြုပြင်၍ မရနိုင်လောက်အောင် လူသားမျိုးနွယ်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးသည်ကို သူ မည်သို့ သိနိုင်မည်နည်း။ ပြီးလျှင် ဖန်ဆင်းရှင်သည် မြေကြီးပေါ်သို့ ယနေ့ကြွလာကာ သူကယ်တင်နိုင်မည့် ဖောက်ပြန်ပျက်စီးသော လူတစ်စုကို ရှာဖွေနေကြောင်းကို သူ မည်သို့သိနိုင်မည်နည်း။ လူသားသည် ဖြစ်နိုင်သမျှသော စစ်ဆေးခြင်းနှင့် တရားစီရင်မှု အားလုံးကို ကြုံရသည့်နောက်တွင်ပင်၊ သူ၏ လေးလံထုံထိုင်းသော အသိစိတ်သည် နိုးကြားရုံမျှသာရှိနေဆဲဖြစ်ပြီး စင်စစ်တွင် တုံ့ပြန်ခြင်း မရှိသလောက် ဖြစ်နေသည်။ လူသားမျိုးနွယ်သည် အလွန် ကျဆင်းယိုယွင်းနေပါတကား။ ဤ တရားစီရင်မှုမျိုးသည် မိုးကောင်းကင်မှ ကျလာသော ရက်စက်ကြမ်းတမ်းသည့် မိုးသီးသဖွယ်ဖြစ်သော်လည်း ၎င်းသည် လူသားတို့အတွက် အကြီးမားဆုံးသော အကျိုးကျေးဇူးဖြစ်သည်။ လူတို့ကို ဤသို့တရားမစီရင်ပါက၊ ရလဒ်ရှိမည် မဟုတ်ဘဲ လူတို့ကို ဒုက္ခဆင်းရဲ ချောက်နက်ထဲမှ ကယ်တင်ရန် လုံးဝဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤအမှုကြောင့်သာ မဟုတ်လျှင် လူတို့၏ စိတ်နှလုံးများသည် ရှေးမဆွကတည်းက သေဆုံးခဲ့ပြီး ၎င်းတို့၏ ဝိညာဉ်များသည် စာတန်၏ နင်းခြေမှုကို ရှေးမဆွကတည်းက ခံခဲ့ရသောကြောင့်၊ လူတို့သည် သေမင်း၏ မရဏနိုင်ငံမှ လွတ်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။ ဆုတ်ယုတ်ခြင်း၏ အနက်ဆုံးအတိုင်းအတာအထိ နစ်မြုပ်ပြီးဖြစ်သော သင်တို့ကို ကယ်တင်ခြင်းသည် သင်တို့ကို အစွမ်းကုန် ခေါ်ထုတ်ခြင်းနှင့် သင်တို့ကို အစွမ်းကုန် တရားစီရင်ခြင်းတို့လိုအပ်သည်၊ သို့မှသာလျှင် သင်တို့၏ အေးခဲနေသော စိတ်နှလုံးကို နိုးထစေနိုင်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်
ခေတ်ကို အဆုံးသတ်ခြင်းဖြစ်သည့် သူ၏ နောက်ဆုံး အမှုတွင် ဘုရားသခင်၏ စိတ်သဘောထားသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ယင်းတွင် သူသည် လူအားလုံးကို လူသိရှင်ကြား တရားစီရင်ရန်နှင့် သူ့ကို စစ်မှန်စွာ ချစ်သောသူတို့ကို စုံလင်အောင်ပြုရန်အလို့ငှာ မဖြောင့်မတ်သည့် အရာအားလုံးကို ထုတ်ဖော်ပြသည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ အရာခပ်သိမ်းသည် ယင်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရပြီး ယင်းတို့၏ မတူညီသော အရည်အသွေးများအရ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရသည်။ ဤသည်မှာ ဘုရားသခင်က လူတို့၏ အဆုံးသတ်နှင့် ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အတိအကျပင် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံတွေ့ကြရပါက ၎င်းတို့၏ ပုန်ကန်ခြင်းနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်၍မရနိုင်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ အရာအားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခြင်းခံရနိုင်ပေသည်။ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ ၎င်းတို့၏ စရိုက်အမှန်ကို ပြသသည်။ ဆိုးယုတ်သောသူများကို ဆိုးယုတ်သောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး လူများအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ဆိုးယုတ်သောသူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးမှုကို အရှုံးပေးအပ်နှံကြဖို့အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် အရာအားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဖြစ်မြောက်အောင်မြင်ရမည်ဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ ပုန်ကန်ခြင်းသည် အလွန့်အလွန် ဆိုးရွားလာသောကြောင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပါဝင်သော ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြကာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး စုံလင်စေနိုင်သည်၊ မကောင်းမှုကို ထုတ်ဖော်နိုင်ပြီး ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးသည် ပြင်းထန်စွာ အပြစ်ပေးခြင်းခံရလိမ့်မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)
ဘုရားသခင်သည် သူနှင့်သက်ဆိုင်သည့် အသိပညာကို လူသားက ရရှိကောင်း ရရှိစေနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် သူ၏သက်သေခံချက်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏တရားစီရင်မှုမရှိပါက၊ လူသားသည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့ လူသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် သူ၏ အိုဟောင်းသော အသိပညာကို အသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ပြီးလျှင် သူ၏ စီမံခန့်ခွဲမှုအတွက်၊ သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်၊ ထိုသို့ဖြင့် သူ၏လူသိရှင်ကြား ပေါ်ထွန်းခြင်းမှတစ်ဆင့် လူသားကို ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိဉာဏ်အား ရရှိနိုင်စေသည်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲနိုင်စေပြီး၊ ဘုရားသခင်အဖို့ ထူးကဲလှသော သက်သေခံချက်ကို သက်သေခံနိုင်စေလေသည်။ လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ကျေးကျွန်ဘဝနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။ ယနေ့တွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာပြီးဖြစ်ကာ လူသားအနေဖြင့် သူနှင့်သက်ဆိုင်သည့် အသိပညာ၊ သူ့ကို ကျိုးနွံနာခံခြင်း၊ သူ့ကို သက်သေခံခြင်းတို့ကို ရရှိရန်၊ သူ၏ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုကိုသိရှိရန်၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော သူ၏နှုတ်ကပတ်တော်များနှင့် အမှုအားလုံးကို ကျိုးနွံနာခံရန်နှင့် လူသားကိုကယ်တင်ရန် သူပြုသော အမှုအားလုံးအပြင် လူသားကိုသိမ်းပိုက်ရန် သူပြီးမြောက်သော လုပ်ဆောင်ချက်များ အားလုံးကို ၎င်းတို့က သက်သေခံရန် သူတောင်းဆိုလေသည်။ ဘုရားသခင်ကို သက်သေခံသောသူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ ရှိရမည်။ ဤသို့သော သက်သေခံချက်မျိုးသည်သာ တိကျပြီး လက်တွေ့ကျကာ ဤသို့သော သက်သေခံချက်ကသာ စာတန်ကို အရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းတို့ကို ကြုံခြင်းမှတစ်ဆင့်၊ သူ့အား သိကျွမ်းလာသူများကို သူ့ကို သက်သေခံရန် အသုံးပြုသည်။ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသူတို့ကို သူ့ကို သက်သေခံရန် အသုံးပြုသည်၊ ထိုနည်းတူ မိမိတို့၏စိတ်သဘောထား ပြောင်းလဲပြီးသူများနှင့် ထိုသို့ဖြင့် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိပြီးသူများအား သူ့ကို သက်သေခံရန် အသုံးပြုလေသည်။ ဘုရားသခင်သည် လူသားက နှုတ်အားဖြင့် သူ့အားချီးမွမ်းရန် မလိုအပ်သကဲ့သို့၊ သူ၏ ကယ်တင်ခြင်းမခံရသေးသည့် စာတန်အမျိုး၏ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်းတို့ကိုလည်း သူမလိုအပ်ပေ။ ဘုရားသခင်ကို သိကျွမ်းသောသူတို့သာ သူ့ကို သက်သေခံရန် အရည်အချင်းပြည့်မီပြီး၊ ၎င်းတို့၏စိတ်သဘောထား၌ အသွင်ပြောင်းလဲပြီးသူများသာ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းပြည့်မီလေသည်။ ဘုရားသခင်သည် သူ၏နာမအပေါ် အရှက်ရစေရန် လူသားအား တမင်တကာ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်
မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ နာခံဖို့ သင့်ကို ငါ အကြံပြု၏၊ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်း ခံရရန် သို့မဟုတ် သူ၏နိုင်ငံတော်ထဲသို့ သူ၏ ဆောင်ကြဉ်းခြင်းကို ခံရရန် အခွင့်အရေးကို မည်သည့်အခါတွင်မျှ ရလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကိုသာ လက်ခံသော်လည်း မည်သည့်အခါမျှ သန့်စင်မခံရနိုင်သော သူတို့သည်၊ ဆိုလိုသည်မှာ တရားစီရင်ခြင်းအမှု အလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ ပစ်ပယ်မှုကို ထာဝရ ခံကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကာ ဘုရားသခင်ကို ပုန်ကန်သူများဖြစ်သည့်အတွက် ၎င်းတို့၏ အပြစ်များသည် ဖာရိရှဲတို့၏အပြစ်များထက် သာ၍ ဆိုးရွားကာ သာလွန်များပြားလေသည်။ အလုပ်လုပ်ပေးခြင်းကို လုပ်ဆောင်ရန်ပင် မထိုက်တန်သည့် ထိုသို့သောလူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်၊ ထို့အပြင် ထာဝရတည်တံ့သည့် အပြစ်ဒဏ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို တစ်ချိန်က စကားဖြင့် သစ္စာစောင့်သိမှု ပြခဲ့ကြသော်လည်း ထို့နောက် သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ထိုသို့သောသူတို့သည် ဝိညာဉ်၊ စိတ်နှင့် ကိုယ်တို့အား ဒဏ်ခတ်ခြင်းတည်းဟူသော လက်တုံ့ပြန်ခြင်းကို ခံရလိမ့်မည်။ ဤသည်မှာ အတိအကျပင် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက် အတိအကျပင် ဖြစ်သည် မဟုတ်လော။ တရားစီရင်ရာ အချိန်ကာလအတောအတွင်းတွင် ဒုစရိုက်အမှုမျိုးစုံကို ဆောင်ရွက်သူအားလုံးကို ဆိုးယုတ်သော ဝိညာဉ်များ သောင်းကျန်းသည့် နေရာတစ်ခုဆီသို့ ဘုရားသခင် လွှဲအပ်ပြီး ဤဆိုးယုတ်သော ဝိညာဉ်များကို ၎င်းတို့၏ အသွေးအသားခန္ဓာအား စိတ်ကြိုက်ဖျက်ဆီးခွင့် ပေးကာ ထိုလူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင်အပုပ်နံ့ ထုတ်လွှတ်လေသည်။ ယင်းမှာ ၎င်းတို့နှင့် သင့်တော်သော ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော အယောင်ဆောင် ယုံကြည်သူများ၊ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုဆောင်များ၏ အပြစ်များ တစ်ခုစီတိုင်းကို ၎င်းတို့၏ မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်၏။ ထို့နောက် သင့်တော်သောအချိန်ကျသောအခါတွင် သူသည် ညစ်ညမ်းသော ဝိညာဉ်များအား ၎င်းတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ညစ်နွမ်းစေခွင့် ပြုလျက် ၎င်းတို့ကို ဤညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ ပစ်လိုက်ပြီး ၎င်းတို့အနေဖြင့် မည်သည့်အခါတွင်မျှ လူမဝင်စားနိုင်ဖို့နှင့် မည်သည့်အခါတွင်မျှ အလင်းကို တစ်ဖန် မမြင်နိုင်အောင် ပြုလုပ်သည်။ ဘုရားသခင်သည် အချိန်တစ်ခုကြာ အစေခံခြင်း ပြုကြသော်လည်း အဆုံးတိုင် သစ္စာစောင့်သိမြဲ စောင့်သိခြင်း မရှိကြသည့် ထိုကြောင်သူတော်များကို ဆိုးယုတ်သူတို့အထဲတွင် စာရင်းသွင်း၏။ ၎င်းတို့အား ဆိုးယုတ်သူတို့နှင့်အတူ ဒုစရိုက်အမှုထဲတွင် မွေ့လျော်နေထိုင်ပြီး ၎င်းတို့နှင့်အတူ သောင်းပြောင်းထွေလာဖြစ်သော ကိုယ်ကျင့်တရားပျက်သူတစ်သိုက် ဖွဲ့စည်းခွင့်ပေးကာ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ခရစ်တော်ကို မည်သည့်အခါတွင်မျှ သစ္စာမစောင့်သိခဲ့သည့် သို့မဟုတ် မိမိတို့၏ခွန်အားဖြင့် မည်သည့်အခါတွင်မျှ ကူညီပံ့ပိုးခြင်းမရှိသော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုပြုခြင်းမရှိဘဲ၊ ခေတ်အပြောင်းအလဲတွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကို ရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါတွင်မျှ ရိုးသားစစ်မှန်မှု မရှိခဲ့ကြဘဲ သူ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရုံမျှလွဲ၍ အခြားရွေးချယ်စရာမရှိသူတို့သည် ဘုရားသခင်၏ လူတို့အတွက် အစေခံသောသူတို့အထဲတွင် စာရင်းသွင်းခြင်း ခံကြရ၏။ ထိုသို့သော လူများထဲမှ အရေအတွက် အနည်းငယ်သာ ရှင်ကျန်ရစ်မည် ဖြစ်ကာ အများစုမှာမူ စံနှုန်းမပြည့်မီသော အလုပ်လုပ်ပေးသည့် သူများနှင့်အတူ ပျက်စီးကြရလိမ့်မည်။ နောက်ဆုံးတွင် ဘုရားသခင်၏ စိတ်တော်နှင့် တညီတညွတ်တည်း ဖြစ်သူများ၊ ဘုရားသခင်၏ လူများနှင့် သားများ၊ ပြီးလျှင် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်း ထားပြီးဖြစ်သော သူများအားလုံးကို ဘုရားသခင်သည် ကိုယ်တော်၏နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းလိမ့်မည်။ ၎င်းတို့သည် ဘုရားအမှု၏ ပုံဆောင်ခဲဖြစ်သည်။ ဘုရားသခင် ချမှတ်ထားသော အမျိုးအစားတစ်ခုတလေထဲတွင် သတ်မှတ်ခြင်း မခံရနိုင်သောသူများကိုမူ ဘာသာတရားမရှိသူများအထဲတွင် စာရင်းသွင်းလိမ့်မည်။ ပြီးလျှင် ၎င်းတို့၏အဆုံးသတ် အဘယ်အရာ ဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာအားလုံးကို သင်တို့အား ငါပြောနှင့်ပြီး ဖြစ်သည်။ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ ရွေးချယ်မှု ချည်းသက်သက်သာ ဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏။ ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားကရုဏာ မထားပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏
နိုင်ငံတစ်နိုင်ငံချင်းစီနှင့် ငါ ရွေးချယ်ထားသော လူတစ်ဦးချင်းစီသည် ငါ၏ ပလ္လင်တော်ရှေ့မှောက်သို့ ပြန်လာသောအခါတွင် လူ့လောကထံ ကောင်းကင်ဘုံ၏ ရက်ရောမှုအားလုံးကို ယင်းနှင့်အတူ ပေးအပ်မည်ဖြစ်သည်၊ ဤသို့ဖြင့် ထိုလောကသည် ငါ့ကြောင့် အတုမရှိသော ရက်ရောမှုဖြင့် ပြည့်လျှံမည်။ ကမ္ဘာလောကဟောင်း တည်ရှိစဉ်တွင် နိုင်ငံတစ်နိုင်ငံချင်းစီအပေါ် ငါ၏အမျက်ဒေါသကို လွှတ်ထုတ်ကာ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာတစ်ခုလုံးထံ လူသိရှင်ကြား ထုတ်ပြန်ကြေညာမည်ဖြစ်သည့်အပြင် ယင်းတို့ကို ဖောက်ဖျက်သည့်သူ မည်သူမဆိုသည် ပြစ်တင်ဆုံးမခြင်းခံရလိမ့်မည်။
စကြဝဠာတစ်ခုလုံးကို ငါစကားပြောသည့်အခါတွင် လူအားလုံးသည် ငါ၏ အသံတော်ကို ကြားကြသည်၊ ဆိုလိုသည်မှာ လူအားလုံးသည် စကြဝဠာတစ်ခုလုံးတွင် ငါဆောင်ရွက်ပြီးဖြစ်သည့် လုပ်ဆောင်ချက်များအားလုံးကို မြင်ကြလေသည်။ ငါ၏ ရည်ရွယ်ချက်များကို ဆန့်ကျင်သည့်သူများ၊ တစ်နည်းအားဖြင့် ဆိုသော် ငါ့အား လူ၏ လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည် ငါ၏ ပြစ်တင်ဆုံးမခြင်းအလယ်တွင် ပြိုလဲလိမ့်မည်။ ကောင်းကင်ဘုံတွင် မြောက်မြားလှစွာသော ကြယ်များကို ငါ အသစ်လဲမည်။ ငါ့ကြောင့် နေနှင့် လတို့သည် အသစ်လဲခြင်း ခံရလိမ့်မည်၊ ကောင်းကင်သည် ယခင်ကဲ့သို့ ဖြစ်တော့မည် မဟုတ်။ ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းသည် အသစ်လဲခြင်း ခံရလိမ့်မည်။ ဤအရာအားလုံးသည် ငါ၏နှုတ်ကပတ်တော်များကြောင့် ဖြစ်မြောက်လိမ့်မည်။ စကြဝဠာအတွင်းရှိ နိုင်ငံအားလုံးသည် အသစ်တစ်ဖန် ပိုင်းခြားကန့်သတ်ခြင်းခံရမည် ဖြစ်ပြီး ငါ့နိုင်ငံတော်၏ အစားထိုးခြင်းကို ခံရလိမ့်မည်၊ ဤသို့ဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံများသည် ထာဝရ ကွယ်ပျောက်သွားမည်ဖြစ်ပြီး ငါ့ကို ကိုးကွယ်သည့် နိုင်ငံတော်တစ်ခုတည်းသာ ရှိလိမ့်မည်။ ကမ္ဘာ၏ နိုင်ငံများအားလုံးသည် ဖျက်ဆီးခြင်း ခံရမည်ဖြစ်ကာ တည်ရှိတော့မည်မဟုတ်ပေ။ စကြဝဠာအတွင်းရှိ လူသားများတွင် နတ်ဆိုးများနှင့်ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ စာတန်ကို ကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးအလယ်တွင် ပြိုလဲကြလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် ရေစီးကြောင်း အတွင်း၌ရှိသော သူများမှလွဲ၍ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူတစ်ဦးချင်းစီကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးအသိုင်းအဝိုင်း၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ၏ လုပ်ဆောင်ဆောင်ချက်များအားဖြင့် သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် “သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက်ရှိခြင်း” သည် ရောက်ရှိလာပြီးဖြစ်ကြောင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ အမျိုးအစားအလိုက် မျိုးတူစုထားခြင်းခံရမည် ဖြစ်ပြီး သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းအမျိုးမျိုးကို ခံကြရမည်။ ငါ့ကို အတိုက်အခံလုပ်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ ပြုမူခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် တိုင်းနိုင်ငံအသင်္ချေနှင့် လူအသင်္ချေတို့ထံသို့ ငါ ပေါ်ထွန်းမည် ဖြစ်ပြီး ကမ္ဘာပေါ်တွင် ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူတို့အားလုံး ဤအရာကို သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြဖို့ ခွင့်ပြုရန်အလို့ငှာ ငါကိုယ်တော်တိုင်၏ အသံတော်ကို ဖော်ပြမည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆)
နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏အမှု အတောအတွင်း၊ ဆိုလိုသည်မှာ သန့်စင်စေခြင်း၏ နောက်ဆုံးသောအမှု အတောအတွင်း အခိုင်အမာ ရပ်တည်နိုင်သူများသည် ဘုရားသခင်နှင့် အတူ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြမည့် သူများဖြစ်သည်။ ထိုသို့ဖြင့် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သော သူအားလုံးသည် ဘုရားသခင်၏ နောက်ဆုံး သန့်စင်စေခြင်း အမှုကို ကြုံပြီးနောက်တွင်မှသာ စာတန်၏ စွမ်းအားမှ ရုန်းထွက်လွတ်မြောက်ပြီးဖြစ်လိမ့်မည်ဖြစ်ကာ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီး ဖြစ်ကြလိမ့်မည်။ နောက်ဆုံး၌ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးဖြစ်လိမ့်မည် ဖြစ်သော ဤလူသားများသည် နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှု၏ ရည်ရွယ်ချက်မှာ အနှစ်သာရအားဖြင့် လူသားမျိုးနွယ်ကို သန့်စင်ရန်၊ ၎င်းတို့၏ နောက်ဆုံးသော ငြိမ်သက်ခြင်းချမ်းသာ နေ့ရက်အတွက် ဖြစ်သည်။ ထိုသို့မဟုတ်ပါက လူသားမျိုးနွယ်တစ်ဦးမျှသည် ၎င်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ခြင်း ခံရနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ဤအမှုသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် လူသားမျိုးနွယ်၏ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်