၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
လူတို့သည် ၎င်းတို့၏ ဘဝတစ်လျှောက်တွင် မွေးဖွားခြင်းဝေဒနာ၊ အသက်ကြီးခြင်း၊ နာမကျန်းဖြစ်ခြင်းနှင့် သေဆုံးခြင်းသည် အဘယ်က လာသည်ဆိုသည်နှင့် လူသားက အဘယ်ကြောင့် ဤအရာများကို ခံစားရသည်ဆိုသည်ကို နားလည်ရမည်။ ဤအရာတို့သည် လူသားကို ပထမဆုံး ဖန်ဆင်းသောအချိန်က မတည်ရှိခဲ့ဘူး မဟုတ်လော။ ဤဝေဒနာများသည် အဘယ်ကလာသနည်း။ ဤဝေဒနာများသည် လူသားက စာတန်၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးနောက်တွင်၊ ကိုယ်ကျင့်တရား ပျက်လာပြီးသည့်နောက်တွင် ဖြစ်ပေါ်လာသည်။ ဝေဒနာ၊ ဒုက္ခများ၊ လူ့ဇာတိပကတိ၏ အနှစ်မဲ့ခြင်းနှင့် လူ့ကမ္ဘာတွင်ရှိသော စိတ်မချမ်းသာဖွယ်ရာများအားလုံးသည် စာတန်က လူသားကို ဖျက်ဆီးပြီးနောက်တွင် ပေါ်ပေါက်လာသည်။ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် စာတန်သည် လူသားအား စတင်ညှဉ်းပန်းသည်။ ထို့ကြောင့် လူသားသည် ပို၍ပင် ပြိုလဲသွားသည်။ သူ၏ နာမကျန်းဖြစ်ခြင်းသည် အစဉ်ပို၍ ဆိုးဝါးလာသည်။ သူ၏ ဝေဒနာသည် အစဉ်ပို၍ ကြီးမားလာသည်။ ပြီးလျှင် ကမ္ဘာလောကသည် အနှစ်မရှိသကဲ့သို့ စိတ်ဆင်းရဲဖွယ် ဖြစ်ကြောင်း၊ ဤကမ္ဘာတွင် ရှင်သန်ရန် မဖြစ်နိုင်ကြောင်း၊ ဤကမ္ဘာတွင် အသက်ရှင်ရသည်မှာ ပို၍ မျှော်လင့်ချက် မဲ့လာကြောင်းတို့ကို လူသားက ပို၍ ခံစားရသည်။ ထို့ကြောင့် ဤဝေဒနာအားလုံးကို စာတန်က လူသားအပေါ် သယ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး စာတန်က လူသားကို ဖျက်ဆီးကာ လူသားသည် ကိုယ်ကျင့်တရား ပျက်လာပြီးသည့်နောက်တွင် ဖြစ်ပေါ်လာသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လောကီဆင်းရဲဒုက္ခကို ဘုရားသခင် မြည်းစမ်းခြင်း၏ အဓိပ္ပာယ်
လူမှုရေးသိပ္ပံပညာများနှင့်ဆိုင်သည့် လူသားမျိုးနွယ်၏ ဖန်တီးနိုင်မှု စွမ်းရည်နောက်တွင် လူသား၏ စိတ်ကို သိပ္ပံပညာနှင့် အသိပညာများက နေရာယူလာကြပြီးဖြစ်သည်။ သိပ္ပံနှင့် အသိပညာသည် လူသားမျိုးနွယ်ကို အုပ်စိုးခြင်းအတွက် တန်ဆာပလာများဖြစ်လာပြီး ဖြစ်ကာ လူသားအတွက် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း လုံလုံလောက်လောက် မရှိတော့သကဲ့သို့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် သင့်လျော်သော အခြေအနေများ မရှိတော့ပေ။ ဘုရားသခင်၏ နေရာသည် လူ၏ နှလုံးသားထဲတွင် ယခင်ထက် သာ၍နိမ့်ဆင်းပြီးဖြစ်သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိဘဲ သူ၏ အတွင်းကမ္ဘာသည် မှောင်မိုက်၏၊ မျှော်လင့်ချက်ကင်းမဲ့ကာ အနှစ်မဲ့သွားလေသည်။ နောက်ပိုင်းတွင် လူသားမျိုးနွယ်၏ စိတ်နှင့် နှလုံးသားကို ဖြည့်ဆည်းရန် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဆိုသည့် သမ္မာတရားနှင့် ဆန့်ကျင်သည့် လူမှုသိပ္ပံ သဘောတရားများ၊ လူသားဆင့်ကဲဖြစ်စဉ် သဘောတရားနှင့် အခြားသော သဘောတရားများကို ဖော်ပြရန် လူမှုရေးသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုင်ငံရေးသမားများ များစွာ ရှေ့တန်းရောက်လာခဲ့ကြသည်။ ဤနည်းဖြင့် ဘုရားသခင်က အရာရာကို ဖန်ဆင်းခဲ့ကြောင်းကို ယုံကြည်သူများ နည်းသည်ထက် နည်းပါးလာခဲ့ပြီး ဆင့်ကဲဖြစ်စဉ် သဘောတရားကို ယုံကြည်သူများက အရေအတွက်အားဖြင့် ယခင်ထက် ပိုမိုများပြားလာခဲ့လေသည်။ ဓမ္မဟောင်း ခေတ်ကာလအတွင်း ဘုရားသခင်၏ အမှုနှင့် သူ၏နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် မှတ်တမ်းများကို ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များအဖြစ် သဘောထားသော လူများ ပို၍ ပို၍ များလာလေသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် ဘုရားသခင်၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှု၊ ဘုရားသခင်၏ တည်ရှိမှုနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဆိုသည့် သက်ဝင်ယုံကြည်မှုများကို ဂရုမစိုက်ကြတော့ပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နိုင်ငံ၊ လူမျိုးများ၏ ကံကြမ္မာတို့သည် ၎င်းတို့အဖို့ အရေးမပါတော့သကဲ့သို့ လူသည် စားခြင်း၊ သောက်ခြင်းနှင့် အပျော်အပါး လိုက်စားခြင်းတို့ကိုသာ အလေးထားသည့် အနှစ်သာရ ကင်းမဲ့သည့် လောကကြီးတွင် အသက်ရှင်လေသည်။...ဘုရားသခင်က ယနေ့ သူ၏ အမှုကို မည်သည့်နေရာတွင် လုပ်ဆောင်သည်ကို ရှာဖွေရန် သို့မဟုတ် လူသား၏ ခရီးပန်းတိုင်ကို ဘုရားသခင်က မည်သို့ အချုပ်အခြာအာဏာ ကိုင်စွဲပြီး စီစဉ်ပေးသည်ကို ရှာဖွေရန် မိမိတွင် တာဝန်ရှိသည်ဟု လူအနည်းငယ်ကသာ ခံယူထားကြသည်။ ဤနည်းဖြင့် လူသားက မသိလိုက်ဘဲ၊ လူမှုအဖွဲ့အစည်းတိုးတက်မှုသည် လူသား၏ လိုအင်ဆန္ဒများကို လိုက်နာနိုင်မှု နည်းသည်ထက် နည်းလာခဲ့ပြီး၊ ထိုသို့သောလောကတွင် အသက်ရှင်ရလျက် ကွယ်လွန်ပြီးနှင့် သူများထက် ၎င်းတို့က ပျော်ရွှင်မှု သာ၍ လျော့နည်းသည်ဟု ခံစားရသည့် လူများစွာပင် ရှိလေသည်။ ယဉ်ကျေးမှု အဆင့်အတန်းတိုးတက်မှု မြင့်မားသော နိုင်ငံများမှ လူများသည်ပင် ထိုသို့သော မကျေနပ်ချက်များကို ဖွင့်ဟပြောဆို ကြလေသည်။ အကြောင်းမှာ ဘုရားသခင်၏ လမ်းပြမှုမရှိဘဲနှင့် အုပ်ချုပ်သူများနှင့် လူမှုဗေဒပညာရှင်များအနေဖြင့် လူ့ယဉ်ကျေးမှုကို ထိန်းသိမ်းရန် မည်မျှပင် ဦးနှောက်ခြောက်အောင် စဉ်းစားစေကာမူ အချည်းနှီး ဖြစ်ပေသည်။ မည်သူမျှ လူသား၏အသက် မဖြစ်နိုင်သကဲ့သို့၊ လူသားကို မည်သည့် လူမှုသဘောတရားကမျှ အနှစ်မဲ့ခြင်း ပြဿနာများမှ လွတ်မြောက်အောင် မလုပ်ပေးနိုင်သည့်အတွက် လူသား၏ နှလုံးသားထဲရှိ အနှစ်မဲ့မှုကို မည်သူမျှ မဖြည့်ဆည်းပေးနိုင်ပေ။ သိပ္ပံပညာ၊ အသိပညာ၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ ပျော်မွေ့ဖွယ်ရာ၊ ကိုယ်စိတ်ချမ်းသာမှုတို့သည် လူသားထံ ယာယီ နှစ်သိမ့်မှုတစ်ခုသာ ဆောင်ကြဉ်းပေးသည်။ ဤအရာများဖြင့်ပင်လျှင် လူသားသည် မလွဲမသွေ အပြစ်ကျူးလွန်ဆဲ ဖြစ်ပြီး လူမှုအဖွဲ့အစည်း၏ မတရားမှုများကို ညည်းညူကြဆဲဖြစ်သည်။ ဤအရာများကို ပိုင်ဆိုင်ခြင်းက လူသား၏ စူးစမ်းလေ့လာရန် တောင့်တမှုနှင့် လိုအင်ဆန္ဒတို့ကို မချုပ်ထိန်းနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့ခြင်း ဖြစ်ပြီး သူ၏ အဓိပ္ပာယ်မဲ့သော စွန့်လွှတ်အနစ်နာခံမှုများနှင့် စူးစမ်းလေ့လာမှုများသည် ပို၍သာ စိတ်သောက ရောက်စေနိုင်ကာ သူ့အား စဉ်ဆက်မပြတ် ကြောင့်ကြနေရသည့် အခြေအနေတစ်ခုတွင် ရောက်စေလိမ့်မည်ဖြစ်သောကြောင့်တည်း။ လူသားမျိုးနွယ်၏ အနာဂတ်ကို မည်သို့ရင်ဆိုင်ရမည်ကိုဖြစ်စေ၊ ရှေ့တွင်ရှိသော လမ်းကြောင်းကို မည်သို့ရင်ဆိုင်ရမည်ကိုဖြစ်စေ မသိသည်မှာ လူသားသည် သိပ္ပံနှင့် အသိပညာတို့ကိုပင် ကြောက်ရွံ့လာပြီး အနှစ်မဲ့ခြင်း ခံစားချက်ကို ပို၍ပင် ကြောက်ရွံ့လာသည်အထိပင် ဖြစ်လေတော့သည်။ ဤကမ္ဘာလောကတွင် သင်သည် လွတ်လပ်သော နိုင်ငံတစ်ခု သို့မဟုတ် လူ့အခွင့်အရေးများမရှိသည့် နိုင်ငံတစ်ခုတွင် နေထိုင်သည် ဖြစ်စေ၊ မနေထိုင်သည်ဖြစ်စေ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာမှ ရုန်းထွက်လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ သင်သည် အုပ်စိုးသူဖြစ်စေ၊ အုပ်စိုးခံသူဖြစ်စေ သင်သည် စိတ်ရှုပ်ထွေးစေသော အနှစ်မဲ့မှု ခံစားချက်မှ ရုန်းထွက်လွတ်မြောက်နိုင်စွမ်းရှိဖို့ မဆိုထားနှင့်၊ လူသားမျိုးနွယ်၏ ကံကြမ္မာ၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ခရီးပန်းတိုင်တို့ကို လေ့လာစူးစမ်းလိုသည့် လိုအင်ဆန္ဒမှ ရုန်းထွက်လွတ်မြောက်နိုင်စွမ်း လုံးဝမရှိပေ။ လူသားမျိုးနွယ် အားလုံးအဖို့ ဖြစ်တတ်သော အဆိုပါဖြစ်စဉ်ကို လူမှုသိပ္ပံပညာရှင်များက လူမှုဖြစ်စဉ်ဟု ခေါ်ကြသော်လည်း၊ ထိုသို့သော ပြဿနာများကို ဖြေရှင်းရန် မည်သည့် မဟာလူသားမျှ ထွက်မလာနိုင်ပေ။ အဆုံးတွင်တော့ လူသားသည် လူသားသာ ဖြစ်ပြီး ဘုရားသခင်၏ အဆင့်အတန်းနှင့် အသက်ကို မည်သည့်လူသားကမျှ အစားမထိုးနိုင်ပေ။ လူသားမျိုးနွယ် လိုအပ်သည့်အရာမှာ အယောက်တိုင်း ဝဝလင်လင် ကျွေးမွေးခံရပြီး သာတူညီမျှဖြစ်ကာ လွတ်လပ်သည့် တရားမျှတသော လူမှုအဖွဲ့အစည်းကိုသာ မဟုတ်ပေ။ လူသားမျိုးနွယ် လိုအပ်သည်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အဖို့ သူ၏ အသက်အထောက်အပံ့ ဖြစ်သည်။ လူသားအနေဖြင့် ဘုရားသခင်၏ အသက်ထောက်ပံ့မှုနှင့် ကိုယ်တော်၏ ကယ်တင်ခြင်းကို ရရှိသောအခါမှသာ သူ၏ လိုအပ်ချက်များ၊ စူးစမ်းလေ့လာရန် သူ၏လိုအင်ဆန္ဒနှင့် သူ၏စိတ်နှလုံး၏ အနှစ်မဲ့မှုတို့သည် ပြေလည်သွားနိုင်ပေသည်။ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စောင့်ရှောက်မှုကို မခံယူနိုင်ပါက ထိုနိုင်ငံ သို့မဟုတ် လူမျိုးသည် ကျရှုံးခြင်းဆီသို့၊ အမှောင်ထုဆီသို့ ကျဆင်းသွားမည် ဖြစ်ပြီး ရလဒ်အနေဖြင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံရလိမ့်မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်
လူများသည် ဤအသက်တာကို ဆင်းရဲခြင်းဖြင့်လည်းကောင်း၊ စည်းစိမ်ဥစ္စာဖြင့်လည်းကောင်း ကျော်ဖြတ်ကြပြီး အသက်ရှည်ရှည်ဖြင့်လည်းကောင်း၊ အသက်တိုတိုဖြင့်လည်းကောင်း ရှင်သန်ကြသည်။ အချို့သည် သာမန်ပြည်သူများဖြစ်ကြပြီး အခြားသူတို့သည် မင်းစိုးရာဇာများနှင့် အထက်တန်းလွှာများ ဖြစ်ကြသည်။ လူ့အဖွဲ့အစည်း၏ အဆင့်တိုင်းမှ လူများ ရှိကြသော်လည်း သူတို့အားလုံးသည် အခြေခံအားဖြင့် တစ်ပုံစံတည်း အသက်ရှင်နေထိုင်ကြသည်။ သူတို့သည် သူတို့၏ အလိုဆန္ဒများ၊ ရည်မှန်းချက်များနှင့် ဆိုးယုတ်သော စိတ်သဘောထားများနှင့်အညီ ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် ယှဉ်ပြိုင်ကြပြီး ဤရည်မှန်းချက်ပန်းတိုင်များကို မရဘဲ သူတို့ အေးချမ်းစွာ အနားယူနိုင်ကြမည် မဟုတ်ပေ။ ဤအခြေအနေများကို မြင်ပြီး “အဘယ်ကြောင့် လူများ ဤသို့ ရှင်သန်နေထိုင်ကြသနည်း။ တခြားလျှောက်ရန် လမ်းကြောင်း မရှိတော့သလော။ လူတို့သည် သေသည်အထိ တစ်ချိန်လုံး ကောင်းစွာ စားသောက်ရန်အတွက်သာ အမှန်တကယ် ရှင်သန်နေထိုင်ကြသလော။ ထို့နောက်တွင် သူတို့ မည်သည့်နေရာကို သွားကြသနည်း။ လူတို့၏ မြောက်မြားစွာသော မျိုးဆက်များ အားလုံးသည် အဘယ်ကြောင့် ဤတစ်ပုံစံတည်းသော နည်းလမ်းအတိုင်း နေထိုင်လာခဲ့ကြသနည်း။ ဤအရာအားလုံး၏ မူလအရင်းအမြစ်မှာ အဘယ်နည်း” ဟု လူများက စဉ်းစားကောင်း စဉ်းစားနိုင်သည်။ လူသားများသည် သူတို့ မည်သည့်နေရာမှလာသည်၊ ဘဝတွင် ခံယူထားသည့် သူတို့၏အထူးတာဝန်က မည်သည့်အရာ ဖြစ်သည် သို့မဟုတ် မည်သူက တာဝန်ခံဖြစ်သည်နှင့် ဤအရာများအားလုံးအပေါ် မည်သူက အချုပ်အခြာအာဏာ ကိုင်စွဲထားသည် ဆိုသည်တို့ကို မသိကြပေ။ မျိုးဆက်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပြီး ကွယ်ပျောက်သွားသည်၊ ပြီးလျှင် လူတစ်ဦးချင်းစီသည် တူညီသောနည်းလမ်းအတိုင်း ရှင်သန်နေထိုင်ပြီးနောက် သေဆုံးသွားကြသည်။ သူတို့အားလုံးသည် တူညီသောနည်းလမ်းအတိုင်း ဖြစ်ပေါ်လာပြီး ကွယ်ပျောက်သွားသည်၊ ပြီးလျှင် ရှင်သန်နေထိုင်ခြင်းအတွက် စစ်မှန်သောနည်းလမ်း သို့မဟုတ် လမ်းကြောင်းတစ်ခုကို မည်သူမျှ ရှာမတွေ့ပေ။ ဤအထဲက သမ္မာတရားကို မည်သူမျှ မရှာဖွေကြပေ။ ရှေးခေတ်ကာလများမှနေ၍ ယခုအထိ လူများအားလုံးသည် တူညီသော နည်းအတိုင်း ရှင်သန်နေထိုင်လာခဲ့ကြသည်။ ယင်းကို တစ်ဦးတစ်ယောက်မျှ မသိဘဲ သို့မဟုတ် မြင်ခွင့်မရဘဲ လူသားမျိုးနွယ် မည်သည့်ပုံစံရှိမည်ကို သူတို့အားလုံးသည် ရှာဖွေနေကြ၍ စောင့်ဆိုင်းနေကြကာ မြင်ရန် ဆန္ဒရှိနေကြသည်။ နောက်ဆုံးအနှစ်ချုပ်လိုက်သောအခါ ဤအရာအားလုံးအပေါ် အုပ်စိုးပြီး အချုပ်အခြာအာဏာစွဲကိုင်ထားသူသည် မည်သူဖြစ်သည် သို့မဟုတ် ထိုသူရှိမရှိဆိုသည်ကိုပင် လူများသည် တကယ်ကို မသိကြတော့ချေ။ ဤအရာ၏အဖြေကို သူတို့ မသိကြပေ၊ ထို့ပြင် သူတို့လုပ်နိုင်သမျှအားလုံးမှာ ယခုအချိန်အထိ တစ်နှစ်ပြီးတစ်နှစ် တောင့်တပြီး တစ်ရက်ပြီးတစ်ရက် သည်းခံရင်း အားကိုးရာမဲ့လျက် ဆက်နေသွားရန်သာ ဖြစ်သည်။ ဤအရာအားလုံးသည် အဘယ်ကြောင့် ဖြစ်ကြောင်းကို လူများ သိခဲ့လျှင် ဤသည်က သူတို့ကို သူတို့နေထိုင်သင့်သည့် နည်းလမ်းအတွက် လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ပေးလိမ့်မည်လော။ ထိုအခါ သူတို့သည် ဤဆင်းရဲဒုက္ခမှ လွတ်မြောက်နိုင်ပြီး လူသား၏ အလိုဆန္ဒများနှင့် မျှော်လင့်ချက်များအတိုင်း နေထိုင်ဖို့ မလိုတော့ဘဲ ရှိမည်လော။ လူတို့အဘယ်ကြောင့် အသက်ရှင်ကြောင်း၊ အဘယ်ကြောင့် သေကြကြောင်းနှင့် ဤကမ္ဘာတွင် မည်သူက တာဝန်ခံဖြစ်သည်တို့ကို လူတို့ နားလည်သောအခါ၊ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူသည် ဖန်ဆင်းရှင် ဖြစ်သည်ဆိုသည့်အဖြေကို သူတို့ နားလည်လာသောအခါ သူတို့တွင် လိုက်လျှောက်ရမည့်လမ်းကြောင်းတစ်ခု ရှိလာလိမ့်မည်။ ရှေ့ဆက်ဖို့လမ်းတစ်ခုကို ရှာဖွေရန် ဘုရားသခင်၏နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို သူတို့ ရှာဖွေသင့်သည်ဆိုသည်ကို သူတို့သိလာလိမ့်မည်။ သည့်ပြင် အလိုဆန္ဒများနှင့် မျှော်လင့်ချက်များအပေါ် မှီခိုအားထားရသည့် အဆိုပါစိတ်ဒုက္ခထဲတွင် သူတို့ နေထိုင်ဖို့ မလိုအပ်တော့ပေ။ အဘယ်ကြောင့် သူတို့ ရှင်သန်နေထိုင်ရကြောင်းနှင့် သေရကြောင်းတို့နှင့်ပတ်သက်သော အဖြေကို လူများ ရှာဖွေတွေ့ရှိလျှင် လူသား၏စိတ်ဒုက္ခနှင့် အခက်အခဲများအားလုံးအတွက် ဖြေရှင်းချက်တစ်ခု ရှိလာလိမ့်မည် မဟုတ်လော။ ဤသည်က လူများကို လွတ်မြောက်အောင်လုပ်ပေးလိမ့်မည် မဟုတ်လော။ လူများသည် လွတ်မြောက်ခြင်းကို အမှန်တကယ် ရှာတွေ့ပြီးဖြစ်လိမ့်မည်၊ ထို့ပြင် သူတို့သည် လုံးဝ လွတ်မြောက်သွားကြလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
“အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်ထားသူ” ဟူသည့် သီချင်းကို ကြားပြီးနောက်တွင် သင်တို့၏စိတ်နှလုံးထဲတွင် မည်သည့်အရာကို သင်တို့ တွေးသင့်သနည်း။ သူတို့ အဘယ်ကြောင့် ရှင်သန်နေထိုင်ရကြောင်းနှင့် အဘယ်ကြောင့် သေရကြောင်း၊ ထို့အပြင် ဤကမ္ဘာနှင့် အရာအားလုံးတို့၏ အချုပ်အခြာအာဏာရှင်နှင့် အရာခပ်သိမ်းအပေါ် အုပ်စိုးသောသူသည် အမှန်စင်စစ် မည်သူဖြစ်သည်၊ ပြီးလျှင် အတိအကျ မည်သည့်နေရာတွင် သူရှိသည်နှင့် လူသားထံမှ သူမည်သည့်အရာကို တောင်းဆိုသည်တို့ကို လူသားမျိုးနွယ် သိခဲ့လျှင်၊ ဤအရာများကို လူသားမျိုးနွယ် နားလည်နိုင်ခဲ့လျှင် ဖန်ဆင်းရှင်ကို မည်သို့ဆက်ဆံရမည်ဖြစ်ကြောင်းနှင့် သူ့ကို မည်သို့ကိုးကွယ်ပြီး ကျိုးနွံနာခံရမည် ဖြစ်ကြောင်းတို့ကို သူတို့ သိလိမ့်မည်။ သူတို့၏ စိတ်နှလုံးထဲတွင် ထောက်ခံအားပေးမှုကို သူတို့ ရလိမ့်မည်၊ သူတို့သည် ငြိမ်းချမ်းပြီး ပျော်ရွှင်လိမ့်မည်။ ပြီးလျှင် အဆိုပါညှဉ်းပန်းမှုနှင့် စိတ်ဆင်းရဲမှုတို့အထဲတွင် သူတို့ မနေရတော့ပေ။ နောက်ဆုံးစိတ်ဖြာလေ့လာချက်မှာ လူများသည် သမ္မာတရားကို နားလည်ရမည်။ သူတို့၏ အသက်တာများအတွက် သူတို့ရွေးချယ်သော လမ်းကြောင်းသည် အရေးပါသည်၊ ပြီးလျှင် သူတို့ မည်သို့ရှင်သန်နေထိုင်သည်ကလည်း အရေးကြီးသည်။ လူတစ်ဦး ရှင်သန်နေထိုင်ပုံနှင့် လျှောက်သော လမ်းကြောင်းတို့က လူတစ်ဦး၏ အသက်တာသည် ပျော်ရွှင်စရာ ဟုတ်မဟုတ်၊ ဝမ်းနည်းစရာ ဟုတ်မဟုတ်ကို ဆုံးဖြတ်ပေးသည်။ ဤသည်မှာ လူများ နားလည်သင့်သည့်အရာတစ်ခု ဖြစ်သည်။ “လူသားမျိုးနွယ်အားလုံး၏ အသက်တာများသည် ဤပုံစံမျိုးနောက်သို့ လိုက်သည်၊ ရှေးခေတ်လူများသည် ခြွင်းချက် မဟုတ်ခဲ့ပေ၊ သည့်ပြင် ယခုခေတ်လူများသည် ရှေးကလူများကဲ့သို့ အတူတူဖြစ်သည်။ ယခုခေတ်လူများသည် ဤနည်းများကို မပြောင်းလဲကြပေ။ ထို့ကြောင့် လူသားမျိုးနွယ်အကြားတွင် အချုပ်အခြာအာဏာ ပိုင်သူတစ်ဦး၊ အရာခပ်သိမ်းအတွက် တာဝန်ခံသည့် ဒဏ္ဍာရီလာဘုရားသခင်တစ်ပါး ရှိသလော။ အကယ်၍ အရာခပ်သိမ်းအတွက် တာဝန်ခံသည့် ဘုရားသခင်ကို ရှာနိုင်ပါက လူသားမျိုးနွယ်သည် ပျော်ရွှင်မှုကို ခံစားနိုင်စွမ်းရှိလိမ့်မည်မဟုတ်လော။ ယခု အဓိကသော့ချက်မှာ လူသားမျိုးနွယ်၏ မူလအရင်းအမြစ်ကို ရှာဖို့ ဖြစ်သည်။ ဤမူလအရင်းအမြစ်က မည်သည့်နေရာတွင် ရှိသနည်း။ ဤမူလအရင်းအမြစ်ကို ရှာတွေ့ပြီးသည့်နောက်တွင် လူသားမျိုးနွယ်သည် အခြားနယ်ပယ်မျိုးတွင် နေထိုင်နိုင်သည်။ အကယ်၍ ၎င်းကို လူသားမျိုးနွယ်က ရှာမတွေ့နိုင်ဘဲ ယခင်ကအတိုင်း တစ်ပုံစံတည်းသော အသက်တာမျိုးများတွင် ဆက်လက် နေထိုင်သွားပါက သူတို့သည် ပျော်ရွှင်မှုကို ရယူနိုင်စွမ်းရှိလိမ့်မည်လော” ဤဓမ္မသီချင်းကို လူများက ကြားသောအခါ သူတို့၏ စိတ်နှလုံးများထဲတွင် ထိုသို့သော နက်ရှိုင်းသည့် ခံစားချက်တစ်ခု ရှိကောင်းရှိလာနိုင်သည်။ လူများသည် ဘုရားသခင်ကို မယုံကြည်ပါက လူသားမျိုးနွယ်သည် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေကြောင်းကို သူတို့ သိလျှင်ပင် ထိုအခါ သူတို့ ဘာလုပ်ရမည်နည်း။ ဖောက်ပြန်ပျက်စီးမှု၏ အမှန်တကယ်ဖြစ်သော ပြဿနာကို သူတို့ ဖြေရှင်းနိုင်သလော။ ကယ်တင်ခြင်း ခံရဖို့လမ်းကြောင်းတစ်ခု သူတို့တွင် ရှိသလော။ သင်သည် ပိုကောင်းအောင် ပြောင်းလဲပစ်ဖို့နှင့် လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်ဖို့ ဆန္ဒရှိသော်လည်း သင်လုပ်နိုင်သလော။ ထိုသို့လုပ်ဆောင်ရန် သင်၌ လမ်းကြောင်း မရှိပေ။ ဥပမာအနေဖြင့် လူအချို့သည် သူတို့၏သားသမီးများအတွက် ရှင်သန်နေထိုင်ကြသည်၊ သင်က ထိုသို့လုပ်ဖို့ ဆန္ဒမရှိဟု သင်ပြောကောင်းပြောနိုင်သည်၊ သို့သော် ဤသည်ကို သင်ဖြစ်မြောက်အောင်လုပ်နိုင်သလော။ လူအချို့သည် ဓနဥစ္စာအတွက်၊ ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အတွက် အပြေးအလွှား အလုပ်များကြသည်။ ဤအရာများအတွက် ပြေးလွှားနေဖို့ ဆန္ဒမရှိဟု သင်ဆိုကောင်းဆိုနိုင်သော်လည်း သင်သည် အမှန်တကယ်တွင် ဤသို့နေနိုင်ပါသလော။ သင့်ကိုယ်သင်မသိလိုက်ဘဲ ဤလမ်းကြောင်းအပေါ် သင်တက်ရောက်လိုက်ပြီးဖြစ်နေသည့်အပြင် မတူသောရှင်သန်နည်းတစ်ခုကို ပြောင်းရန် ဆန္ဒရှိသော်လည်း သင်မပြောင်းနိုင်ပေ။ ဤကမ္ဘာတွင် သင်၏နေထိုင်ပုံနေထိုင်နည်းကို သင်မထိန်းချုပ်နိုင်ပေ။ ဤအရာ၏ မူလအရင်းအမြစ်မှာ အဘယ်နည်း။ စစ်မှန်သော ဘုရားသခင်ကို လူများက မယုံကြည်ဘဲ သမ္မာတရားကို လူများ မရရှိခြင်းကြောင့်ဖြစ်သည်။ လူတို့၏ ဝိညာဉ်ကို အဘယ်အရာက အားဖြည့်ပံ့ပိုးပေးသနည်း။ ဝိညာဉ်ရေးရာ အထောက်အပံ့အတွက် သူတို့ မည်သည့်နေရာတွင် ရှာကြသနည်း။ ဝိညာဉ်ရေးရာ အထောက်အပံ့အတွက် လူများသည် မိသားစု ပြန်လည်ပေါင်းဆုံခြင်း၊ အိမ်ထောင်ရေးသာယာမှု၊ ရုပ်ဝတ္ထုပစ္စည်းများမှ ရသောပျော်ရွှင်မှု၊ ဓနဥစ္စာ၊ ထင်ပေါ်ကျော်ကြားမှုနှင့် အမြတ်အစွန်း၊ သူတို့၏အဆင့်အတန်း၊ သူတို့၏ ခံစားချက်များနှင့် သူတို့၏ အသက်မွေးမှုများအပြင် နောက်မျိုးဆက်၏ ပျော်ရွှင်မှုတို့ထံမှ အားကိုးတကြီး မျှော်လင့်ကြသည်။ ဝိညာဉ်ရေးရာအထောက်အပံ့အတွက် ဤအရာများထံမှ ဝိညာဉ်ရေးရာ ပံ့ပိုးမှုကို အားကိုးတကြီး မမျှော်လင့်သူ တစ်ဦးတလေ ရှိသလော။ သားသမီးရှိသူများက သူတို့၏ သားသမီးများထံတွင် ယင်းကို ရှာကြသည်၊ သားသမီးမရှိသူများက ယင်းကို သူတို့၏ အသက်မွေးမှုများ၊ အိမ်ထောင်ရေး၊ လူ့အဖွဲ့အစည်းရှိ အဆင့်အတန်းနှင့် ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့အထဲတွင် ရှာကြသည်။ ထို့ကြောင့် အကျိုးဆက်အားဖြင့် ဖြစ်လာသော ဘဝနေထိုင်မှု နည်းလမ်းများသည် အားလုံး အတူတူပင်ဖြစ်သည်။ စာတန်၏ထိန်းချုပ်ခြင်းနှင့် တန်ခိုးတို့ကို ခံရလျက် လူတို့အားလုံးသည် ထင်ပေါ်ကျော်ကြားမှု၊ အကျိုးအမြတ်၊ သူတို့၏ရှေ့ရေးများ၊ အသက်မွေးမှုများ၊ အိမ်ထောင်ရေးများ၊ မိသားစုများအတွက်ဖြစ်စေ၊ နောက်မျိုးဆက်အတွက်ဖြစ်စေ၊ ဇာတိပကတိဆိုင်ရာ သာယာမှုများအတွက်ဖြစ်စေ လူအားလုံးသည် မရည်ရွယ်ဘဲ ပြေးလွှား၍ အလုပ်များကြသည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်း ဟုတ်သလော။ ဤကမ္ဘာ၌ လူများ မည်မျှ ပျားပန်းခပ်မျှ လှုပ်ရှားနေပါစေ၊ သူတို့ အတတ်ပညာပိုင်းဆိုင်ရာတွင် မည်မျှ ဖြစ်မြောက်အောင်မြင်ပါစေ၊ သူတို့၏မိသားစုများ မည်မျှ ပျော်ရွှင်ပါစေ၊ သူတို့၏မိသားစု မည်မျှ ကြီးပါစေ၊ သူတို့၏အဆင့်အတန်း မည်မျှ ဂုဏ်သတင်း ကြီးပါစေ၊ လူသားအသက်တာ၏ လမ်းကြောင်းမှန်ပေါ်သို့ သူတို့ တက်ရောက်လျှောက်လှမ်းနိုင်စွမ်း ရှိသလော။ ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ ကမ္ဘာကြီးနောက်သို့ လိုက်ခြင်းဖြင့် သို့မဟုတ် သူတို့၏အသက်မွေးမှုများကို လိုက်စားခြင်းဖြင့် ဘုရားသခင်က လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာကို စွဲကိုင်ထားပြီး အရာအားလုံးကို ဖန်ဆင်းထားသည်ဟူသည့် အချက်ကို သူတို့ မြင်နိုင်စွမ်းရှိကြသလော။ ယင်းသည် မဖြစ်နိုင်ပေ။ လူတို့သည် မည်သည့်အရာကို လိုက်စားပါစေ၊ မည်သည့်လမ်းကြောင်းပေါ်တွင် ၎င်းတို့ လျှောက်လှမ်းနေပါစေ လူများသည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် ဘုရားသခင်က အချုပ်အခြာအာဏာကို စွဲကိုင်ထားသည် ဟူသည့် အချက်ကို အသိအမှတ်မပြုပါက သူတို့လျှောက်သည့် လမ်းကြောင်းသည် မှားသည်။ ယင်းသည် မှန်ကန်သောလမ်းကြောင်း မဟုတ်ပေ၊ သို့သော် မရိုးဖြောင့်သောလမ်းကြောင်း၊ ဆိုးယုတ်သော လမ်းကြောင်းဖြစ်သည်။ သင်၏ဝိညာဉ်ပိုင်းဆိုင်ရာ အထောက်အပံ့မှ စိတ်ကျေနပ်မှုကို သင်ရသည်ဖြစ်စေ သို့မဟုတ် မရသည်ဖြစ်စေ၊ ထို့ပြင် ထိုအထောက်အပံ့ကို မည်သည့်နေရာက သင်ရသည်ဆိုသည်က အရေးမကြီးပေ။ ယင်းသည် စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ပေ၊ ပြီးလျှင် ၎င်းသည် လူသားအသက်တာအတွက် မှန်ကန်သော လမ်းကြောင်း မဟုတ်ပေ။ စစ်မှန်သောယုံကြည်ခြင်း ရှိရန်ဆိုသည်မှာ အဘယ်နည်း။ ယင်းက ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို လက်ခံခြင်းနှင့် ဘုရားသခင် ဖော်ပြပြီးသော သမ္မာတရားအားလုံးကို လက်ခံခြင်းဖြစ်သည်။ ဤသမ္မာတရားသည် လူသားအသက်တာအတွက် မှန်ကန်သော လမ်းကြောင်းဖြစ်ပြီး လူများ လိုက်စားသင့်သည့် သမ္မာတရားနှင့် အသက် ဖြစ်သည်။ ဘဝတွင် မှန်ကန်သောလမ်းကြောင်းကို လျှောက်ခြင်းသည် ဘုရားသခင်နောက်ကို လိုက်ခြင်းနှင့် တတ်စွမ်းနိုင်ခြင်းဖြစ်သည်၊ သူ့နှုတ်ကပတ်တော်များ၏ ဦးဆောင်မှုအောက်တွင် သမ္မာတရားကို နားလည်ရန်၊ မကောင်းမှုနှင့် ကောင်းမှုကို ခွဲခြားသိမြင်ရန်၊ အပြုသဘောဆောင်ခြင်းက မည်သည့်အရာ ဖြစ်ကြောင်းနှင့် အပျက်သဘောဆောင်ခြင်းက မည်သည့်အရာဖြစ်ကြောင်းတို့ကို သိရန်နှင့် သူ၏အချုပ်အခြာအာဏာနှင့် အနန္တတန်ခိုးကို နားလည်ရန်ဖြစ်သည်။ ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသည်သာမက စကြဝဠာနှင့် အလုံးစုံအပေါ်တွင်လည်း အချုပ်အခြာအာဏာ ရှိကြောင်းကို လူများက မိမိတို့၏စိတ်နှလုံးများထဲတွင် စစ်မှန်စွာ နားလည်သောအခါ သူတို့သည် သူ၏ စီစဉ်ညွှန်ကြားခြင်းများနှင့် ကြိုတင်စီစဉ်မှုများ အားလုံးကို ကျိုးနွံနာခံနိုင်ပြီး သူ့နှုတ်ကပတ်တော်များအတိုင်း နေထိုင်နိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်ကြဉ်နိုင်သည်။ ဤသည်မှာ လူ့အသက်တာအတွက် မှန်ကန်သော လမ်းကြောင်းကို လျှောက်ခြင်းဖြစ်သည်။ ဘဝတွင် မှန်ကန်သော လမ်းကြောင်းကို လူများ လျှောက်သောအခါ လူများ အဘယ်ကြောင့် ရှင်သန်ကြောင်းနှင့် အလင်းထဲတွင် ရှင်သန်နေထိုင်ဖို့နှင့် ဘုရားသခင်၏ကောင်းချီးနှင့် လက်ခံမှုတို့ကို ရဖို့အလို့ငှာ သူတို့ မည်သို့နေထိုင်သင့်ပုံတို့ကို သူတို့ နားလည်နိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
လူတစ်ချို့က “ကံပဲ” ဆိုသည့် စကားစုအပေါ် သိပ်ကောင်းမွန်ပြီး လေးနက်သည့် သိနားလည်မှုမျိုး ရှိကြသည်။ သို့သော် ၎င်းတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို အနည်းငယ်မျှ မယုံကြပေ။ လူသား၏ ကံကြမ္မာကို ဘုရားသခင်က စီစဉ်ပြီး ညွှန်ကြားသည်ကို မယုံသကဲ့သို့ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့ လိုလား မနေကြချေ။ ထိုသို့သော လူများသည် ပင်လယ်ထဲမှာမျောနေပြီး ရေစီးကြောင်းနှင့်အတူ မျောပါရင်း လှိုင်းများဖြင့် လူးလွန့်လျက် မတုန်မလှုပ်နှင့် စောင့်နေပြီး ၎င်းတို့ကိုယ်၎င်းတို့ ကံအပေါ်မှာ ပုံအပ်ထားဖို့ကလွဲပြီး တစ်ခြားရွေးချယ်စရာ မရှိပေ။ သို့သော်လည်း လူသား၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ဝန်ခံရသည်ကို ၎င်းတို့ မသိမှတ်ကြချေ။ ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းအစနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိမလာနိုင်ပေ၊ ထိုသို့အားဖြင့် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သည့် အသိပညာကို ရရှိခြင်း၊ ဘုရားသခင်၏ အစီအစဉ်နှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံဖို့၊ ကံကြမ္မာကို ခုခံနေခြင်းအား ရပ်တန့်ဖို့၊ ဘုရားသခင်၏ ဂရုစိုက်မှု၊ ကာကွယ်မှုနှင့် လမ်းပြမှုအောက် အသက်ရှင်ဖို့ ဖြစ်မလာနိုင်ပေ။ တစ်နည်းအားဖြင့် ဆိုလျှင် ကံကြမ္မာကိုလက်ခံခြင်းက ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို ကျိုးနွံနာခံခြင်းနှင့် မတူပေ။ ကံကြမ္မာကို ယုံကြည်မှုက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်း၊ သိမှတ်ခြင်း၊ သိရှိခြင်းတို့ကို မဆိုလိုပေ။ ကံကြမ္မာကို ယုံကြည်ခြင်းက ယင်း၏ အမှန်တရားနှင့် ယင်း၏ အပေါ်ယံ သရုပ်သကန်များကို သတိပြုမိခြင်းသာဖြစ်၏။ ဤအရာသည် ဖန်ဆင်းရှင်က လူသားမျိုးနွယ်၏ ကံကြမ္မာကို မည်သို့အုပ်စိုးသည်ဆိုသည်ကို သိခြင်း၊ ဖန်ဆင်းရှင်က အရာအားလုံး၏ ကံကြမ္မာအပေါ် အုပ်စိုးခြင်း အရင်းအမြစ် ဖြစ်သည်ဆိုတာကို သိမှတ်ခြင်းတို့မှ ကွဲပြားပြီး လူသားမျိုးနွယ်၏ ကံကြမ္မာအတွက် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် စီစဉ်မှုအပေါ် ကျိုးနွံနာခံခြင်းမှပို၍ပင် ကွဲပြားလေသည်။ လူတစ်ဦးသည် ကံကြမ္မာကိုသာ ယုံကြည်ပြီး ယင်းနှင့်ပတ်သက်၍ နက်နက်ရှိုင်းရှိုင်းပင် ခံစားရသော်လည်း ၎င်းတို့သည် ထိုသို့ဖြင့် လူတို့၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိနိုင်စွမ်းနှင့် အသိအမှတ်ပြုနိုင်စွမ်း မရှိကြ၊ ယင်းကို ကျိုးနွံနာခံနိုင်စွမ်းနှင့် လက်ခံနိုင်စွမ်း မရှိကြဟု ဆိုကြပါစို့။ ထိုအခြေအနေတွင် ၎င်း၏ အသက်တာသည် အဖြစ်ဆိုးတစ်ခု ဖြစ်လိမ့်မည်။ မည်သို့ပင်ဆိုစေ ၎င်း၏ အသက်တာသည် အချည်းနှီးရှင်သန်ခဲ့ရလိမ့်မည် ဖြစ်သည်၊ ယင်းသည် ဗလာတစ်ခု ဖြစ်ပြီးဖြစ်လိမ့်မည်။ ၎င်းသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် ကျိုးကျိုးနွံနွံ နာခံဖို့ရန်၊ မှန်ကန်သော အဓိပ္ပါယ်ဖြင့် ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်လာဖို့၊ ဖန်ဆင်းရှင်၏ အသိအမှတ်ပြုခြင်းကို ထိုက်ထိုက်တန်တန် ရရှိရန် တတ်နိုင်လိမ့်ဦးမည် မဟုတ်ပေ။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အမှန်တကယ်သိပြီး ကြုံတွေ့ရသည့် လူတစ်ယောက်သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် ကျိတ်မှိတ်လက်ခံထားခြင်း အခြေအနေ မဟုတ်ဘဲ အပြုသဘောဆောင်သည့် အခြေအနေတွင် ရှိသင့်၏။ ၎င်းက အရာအားလုံးသည် ကံစီမံရာ ဖြစ်သည်ကို လက်ခံစဉ်တွင် လူ၏ အသက်တစ်ခုလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည်ဟူသည့် အသက်တာနှင့် ကံကြမ္မာတို့၏ တိကျမှန်ကန်သော အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ၎င်း၏ စိတ်နှလုံး၌ ပိုင်ဆိုင်သည်။ ၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းဘဝခရီး၏ အဆင့်တိုင်းကို ပြန်လည်သတိရသည့်အခါ ၎င်း၏ ခရီးလမ်းသည် ခက်ခဲမောပန်းသည်ဖြစ်စေ၊ ချောမွေ့သည်ဖြစ်စေ၊ ခြေလှမ်းတိုင်းတွင် ဘုရားသခင်က ၎င်း၏လမ်းကို ဦးဆောင် လမ်းပြနေခဲ့ပြီး ပြင်ဆင်ထားသည်ကို မြင်ရပေသည်။ ၎င်းကို ယနေ့အထိ ၎င်းသတိမမူမိဘဲ ဦးဆောင်လမ်းညွှန်ပေးခဲ့သည်မှာ ဘုရားသခင်၏ စေ့စပ်သေချာသည့် စီစဉ်မှုအပြင် သူ၏ ဂရုတစိုက်စီစဉ်မှုဖြစ်သည်ကို ၎င်းက နားလည်၏။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံနိုင်ဖို့၊ သူ၏ ကယ်တင်ခြင်းကို လက်ခံရရှိနိုင်ဖို့ဟူသည်မှာ လူတစ်ဦး၏ အသက်တာတွင် အကြီးမားဆုံး ကောင်းချီးမင်္ဂလာဖြစ်ကြောင်း ၎င်းက နားလည်သဘောပေါက်လေသည်။ လူတစ်ဦးသည် ကံကြမ္မာအပေါ် အပျက်သဘောဆောင်သည့် သဘောထားရှိပါက ၎င်းအတွက် ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို အတိုက်အခံလုပ်နေကြောင်း၊ ၎င်းတွင် ကျိုးနွံနာခံသည့် သဘောထားမရှိကြောင်းကို ယင်းက သက်သေပြပေသည်။ လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တစ်ဦးတစ်ယောက်သည် အပြုသဘောဆောင်သည့် သဘောထားရှိပါက မိမိ၏ခရီးကို ပြန်ကြည့်သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် တွေ့ကြုံလာသည့်အခါ ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို ကျိုးနွံနာခံဖို့ သာ၍ စစ်မှန်စွာ ဆန္ဒရှိလာလိမ့်မည်ဖြစ်ပြီး ၎င်း၏ ကံကြမ္မာကို ဘုရားသခင်အား စီစဉ်ညွှန်ကြားခွင့်ပြုဖို့နှင့် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း မပြုတော့ဖို့ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်မှု ပိုပြီးရှိလာလိမ့်မည်။ အကြောင်းမှာ လူတို့သည် ကံကြမ္မာက မည်သည့်အရာဖြစ်ကြောင်း မသိသည့်အခါတွင် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားမလည်သည့်အခါတွင် ၎င်းတို့သည် လိုလိုလားလားပင် မြူများကြားတွင် ရုန်းကန်လှုပ်ရှားကာ စမ်းတဝါးဝါးသွားနေခြင်းသာ ဖြစ်ပြီး ထိုခရီးသည်လည်း အလွန်ခက်ခဲကြမ်းတမ်းကာ အလွန်ပင် စိတ်နှလုံးပူဆွေးခြင်းကို ဖြစ်စေသည်ကို ၎င်းမြင်တွေ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုမိလာသည့်အခါ ပါးနပ်သူများက ကံကြမ္မာကို ဆက်လက်၍ ဆန့်ကျင်ကာ ရုန်းကန်လှုပ်ရှားပြီး ၎င်းတို့၏ အသက်တာပန်းတိုင်များဆိုသည့် အရာများကို ကိုယ့်နည်းနှင့်ကိုယ် လိုက်စားမည့်အစား ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိဖို့နှင့် လက်ခံဖို့အပြင် “ဘဝကောင်းတစ်ခုကို ကိုယ့်လက်နှင့်ကိုယ် တည်ထောင်ရန် ကြိုးစားခြင်း” ဟူသည့် စိတ်ဆင်းရဲစရာ နေ့ရက်များကို နှုတ်ဆက်ဖို့ ဆုံးဖြတ်ကြသည်။ လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ ဘုရားသခင်ကို မမြင်နိုင်သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ်နှင့် ရှင်းရှင်းလင်းလင်း မသိသည့်အခါ နေ့တိုင်းက အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိဖြစ်ကာ ဖော်ပြ၍မရနိုင်လောက်အောင် စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူတစ်ဦးသည် မည်သည့်နေရာ၌ရှိပါစေ၊ သူ၏ အလုပ်က မည်သည့်အရာဖြစ်ပါစေ ၎င်း၏အသက်ရှင်မှု နည်းလမ်းနှင့် ၎င်းလိုက်စားသည့် ပန်းတိုင်က ၎င်းအား အဆုံးမရှိသည့် စိတ်နှလုံးပူဆွေးခြင်းနှင့် ဖြေသိမ့်ရန် ခက်ခဲသော စိတ်ဆင်းရဲခြင်းတို့ကို ဖြစ်စေသည်မှာ ပြန်လှည့်ကြည့်ဖို့ အားမထုတ်နိုင်သည်အထိပင် ဖြစ်လေသည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံပြီး စစ်မှန်သော လူသားအသက်တာကို ရရှိခြင်းအား လိုက်စားသည့်အခါမှသာ စိတ်နှလုံးပူဆွေးခြင်းနှင့် စိတ်ဆင်းရဲမှုများအားလုံးမှ ဖြည်းဖြည်းချင်း ရုန်းထွက်နိုင်မည် ဖြစ်ကာ လူ့အသက်တာ၏ အနှစ်မဲ့ခြင်းအားလုံးကို ဖယ်ရှားရန် ဖြည်းဖြည်းချင်း အားထုတ်နိုင်လေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)
လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မသိသည့်အတွက် သူတို့သည် ကံကြမ္မာကို အာခံကာ ပုန်ကန်သည့် သဘောထားနှင့် အမြဲ ရင်ဆိုင်ကြပြီး သူတို့၏ လက်ရှိအခြေအနေများကို ပြောင်းလဲ၍ ကံကြမ္မာကို ပြောင်းလဲဖို့ အချည်းနှီးမျှော်လင့်လျက် ဘုရားသခင်၏ အခွင့်အာဏာ၊ အချုပ်အခြာ အာဏာနှင့် ကံကြမ္မာက ပြင်ဆင်ပေးထားသည့် အရာတို့ကို အမြဲစွန့်ပစ်ချင်ကြသည်။ သို့သော်လည်း သူတို့ မည်သည့်အခါမျှ မအောင်မြင်နိုင်သကဲ့သို့ အချိန်တိုင်းတွင် တားဆီးခံရသည်။ ၎င်းတို့၏ စိတ်ဝိညာဉ်များ နက်ရှိုင်းရာတွင် တည်ရှိနေသော ရုန်းကန်မှုသည် နာကျင်မှုကို ဖြစ်စေပြီး ဤနာကျင်မှုသည် ယင်းဘာသာ အရိုးစွဲနေပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့၏ အသက်တာကို ဖြုန်းတီးပစ်စေသည်။ ဤနာကျင်မှုကို မည်သည့်အရာက ဖြစ်စေသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့်လော သို့မဟုတ် လူတစ်ယောက်က ကံမကောင်းစွာနှင့် မွေးဖွားလာသောကြောင့် ဖြစ်သလော။ တစ်ခုမျှ မမှန်ကန်သည်မှာ သိသာထင်ရှား၏။ တကယ့်အကြောင်းရင်းက လူတို့ လျှောက်ကြသည့် လမ်းကြောင်းများ၊ ၎င်းတို့ဘဝကို အသက်ရှင်နေထိုင်ဖို့ လူတို့ရွေးချယ်သည့် နည်းလမ်းများ ကြောင့်ဖြစ်သည်။ လူအချို့က ဤအရာများကို တွေ့ကြုံကောင်း တွေ့ကြုံနိုင်မည် မဟုတ်။ သို့သော်လည်း သင်တကယ် သိလာသည့်အခါ လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်အမှန်တကယ် သတိပြုမိလာသည့်အခါ၊ သင့်အတွက် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲပြီး စီစဉ်ပေးသည့် အရာမှန်သမျှသည် သင့်အတွက် ကြီးမားသော အကျိုးကျေးဇူးနှင့် ကွယ်ကာခြင်း ဖြစ်သည်ကို သင် အမှန်တကယ် နားလည်သောအခါတွင် သင်၏နာကျင်မှုက ဖြည်းဖြည်းချင်း ပေါ့ပါးလာကာ သင့်တစ်ကိုယ်လုံးက ဖြည်းဖြည်းချင်း သက်သောင့်သက်သာ ရှိလာသည်၊ ပေါ့ပါးလွတ်လပ်ပြီး လွတ်မြောက်လာသည်ကို သင်ခံစားရမည်။ လူအများစု၏ အခြေအနေများမှ အကဲဖြတ်ရပါက၊ ၎င်းတို့သည် ခံစားချက်အဆင့်အရ ၎င်းတို့ ယခင်က အသက်ရှင်နေထိုင်သကဲ့သို့ ဆက်ပြီး မနေထိုင်ချင်သော်လည်း၊ ၎င်းတို့၏နာကျင်မှုမှ သက်သာချင်သော်လည်း၊ အရှိအတိုင်းဆိုလျှင် ၎င်းတို့သည် လူသားတို့၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၏ လက်တွေ့ကျသည့် တန်ဖိုးနှင့် အဓိပ္ပါယ်ကို အမှန်တကယ် နားမလည်နိုင်ကြပေ၊ အရှိအတိုင်း ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုနှင့် စီစဉ်မှုကို မည်သို့ရှာဖွေပြီး လက်ခံရမည်ကို သိဖို့နေနေသာသာ၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သတိပြုမိပြီး ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာနှင့် ကိစ္စရပ်များ အားလုံးအပေါ် ဖန်ဆင်းရှင်က အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် အချက်ကို အမှန်တကယ် သတိမပြုမိပါက၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်းမရှိပါက၊ ၎င်းတို့ အတွက် “လူတစ်ယောက်၏ကံကြမ္မာက သူ့လက်ထဲမှာရှိသည်” ဆိုသည့် အယူအဆအားဖြင့် မောင်းနှင်ခြင်းမခံရဖို့နှင့် ချုပ်ချယ်ခြင်း မခံရဖို့ ခက်ခဲပေလိမ့်မည်။ ကံကြမ္မာနှင့် ဖန်ဆင်းရှင်၏ သြဇာ အာဏာတို့ကို ဆန့်ကျင်ပြီး ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားခြင်း၏ နာကျင်မှုများကို ပယ်ရှားဖို့ ၎င်းတို့အတွက် ခက်ခဲပါလိမ့်မည်။ ပြောဖို့မလိုသည်မှာ ၎င်းတို့ အမှန်တကယ် လွတ်မြောက်ပြီး လွတ်လပ်ဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူများဖြစ်လာဖို့ ၎င်းတို့အတွက် ခက်ခဲပါလိမ့်မည်။ ဤအခြေအနေမှ မိမိကိုယ်ကို လွတ်မြောက်စေရန် အလွယ်ကူဆုံးနည်းလမ်းမှာ မိမိ၏ ယခင် အသက်ရှင်နေထိုင်ပုံကို ကျောခိုင်းရန်၊ မိမိ၏ ယခင် ဘဝရည်မှန်းချက်များကို ကျောခိုင်းရန်၊ မိမိ၏ ယခင် အသက်ရှင်နေထိုင်ပုံ၊ ဘဝအမြင်၊ လိုက်စားမှုများ၊ လိုအင်ဆန္ဒများနှင့် ရည်သန်မျှော်မှန်းချက်များကို အကျဉ်းရုံးသုံးသပ်ကာ စိစစ်ပြီး ထို့နောက် ယင်းတို့ကို လူသားအတွက်ထားရှိသော ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ တောင်းဆိုချက်များနှင့် နှိုင်းယှဉ်ကာ ယင်းတို့ထဲမှ တစ်ခုခုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သဟဇာတဖြစ်ခြင်း ရှိမရှိ၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီခြင်း ရှိမရှိ၊ ယင်းတို့သည် မှန်ကန်သော ဘဝတန်ဖိုးများကို ပေးဆောင်ခြင်း ရှိမရှိ၊ လူတစ်ဦးကို သမ္မာတရား ပို၍ပို၍ နားလည်သဘောပေါက်စေခြင်း ရှိမရှိနှင့် လူတစ်ဦးကို လူ့သဘာဝနှင့် လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်စေခြင်း ရှိမရှိတို့ကို ကြည့်ရှုစစ်ဆေးရန် ဖြစ်၏။ ဘဝတွင် လူတို့ကြိုးစားအားထုတ်သည့် ပန်းတိုင် အမျိုးမျိုးနှင့် ၎င်းတို့၏ မတူကွဲပြားသော အသက်ရှင်နေထိုင် နည်းမျိုးစုံကိုသင့်အနေဖြင့် ထပ်တလဲလဲ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် စိတ်ဖြာကြည့်သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချိန်က သူ၏ နဂိုမူလ ရည်ရွယ်ချက်နှင့် မည်သည့်အရာကမျှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏ အဝေးသို့ လူတို့ကို ဆွဲခေါ်သွားသည်။ ၎င်းတို့အားလုံးသည် လူများကို အကျင့်ပျက်ပြားလာစေသည့်၊ ငရဲသို့ ဦးတည်ခေါ်ဆောင်သွားသည့် ထောင်ချောက်များသာ ဖြစ်သည်။ ဤအရာကို သင်အသိအမှတ်ပြုပြီးနောက် သင်လုပ်ဆောင်သင့်သည့် အရာမှာ သင်၏ ဘဝအပေါ် ရှုမြင်ပုံဟောင်းကို လက်လွှတ်ပြီး ထောင်ချောက် အမျိုးမျိုးမှ ဝေးဝေးနေကာ သင့်ဘဝကို ဘုရားသခင်အား တာဝန်ယူစေ၍ ယင်းအတွက် အစီအစဉ်များ ပြုလုပ်စေဖို့၊ ကိုယ်ပိုင်ရွေးချယ်မှုများ မပြုလုပ်ဘဲ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် လမ်းပြမှုတို့ကို ကျိုးနွံနာခံဖို့သာ၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာရန်သာ လိုက်စားဖို့ ဖြစ်သည်။ လွယ်ကူသည်ဟုထင်ရပါသည်။ သို့သော်လည်း လုပ်ဖို့ ခက်ခဲသည့်အရာဖြစ်၏။ လူအချို့တို့က ဤအရာ၏ နာကျင်မှုကို ခံနိုင်သည်။ တစ်ချို့က မခံနိုင်။ တစ်ချို့က လိုက်နာဖို့ ဆန္ဒရှိသည်။ တစ်ချို့က မရှိပေ။ ဆန္ဒမရှိသည့်သူများက ဤကဲ့သို့လုပ်ဖို့ အလိုဆန္ဒနှင့် ခိုင်မာသည့် ဆုံးဖြတ်ချက်မရှိကြ။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း သတိပြု မိသည်။ လူသားကံကြမ္မာကို အသေးစိတ် စီမံချက်ရေးဆွဲပြီး စီစဉ်သူသည် ဘုရားသခင်ဆိုသည်ကို ကောင်းစွာသိသည်။ သို့သော်လည်း သူတို့သည် ကြိုးစား ရုန်းကန်နေဆဲ ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ လက်ထဲတွင် ၎င်းတို့ကံကြမ္မာကို ချထားဖို့၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့ လက်မခံသေးသည့်အပြင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်တို့ကို သူတို့ မကျေနပ်ကြချေ။ ထို့ကြောင့် ၎င်းတို့ ဘယ်အရာတတ်စွမ်းသည်ဆိုတာကို ၎င်းတို့ကိုယ်၎င်းတို့ မြင်ချင်သည့် လူတစ်ချို့ အမြဲရှိနေပေလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လက်နှစ်ဖက်နှင့် မိမိတို့၏ ကံကြမ္မာကို ပြောင်းလဲချင်ကြသည်။ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အစွမ်းနှင့် ပျော်ရွှင်မှုကို ရယူချင်သည်၊ ဘုရားသခင်၏ သြဇာအာဏာ နယ်နိမိတ်စည်းများကို ကျော်ပြီး ဘုရားသခင် အချုပ်အခြာ အာဏာ၏ အထက်တွင် မြှင့်တက်နိုင်ခြင်းရှိမရှိ မြင်လိုကြသည်။ လူသား၏ ဝမ်းနည်းစရာက ပျော်ရွှင်သည့်ဘဝကို လူသားက လိုက်စားခြင်းမဟုတ်ပေ၊ ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် မြူများကိုဖြတ်ရင်း မိမိ၏ကိုယ်ပိုင် ကံကြမ္မာနှင့် ဆန့်ကျင် ရုန်းကန်ခြင်း မဟုတ်ဘဲ ၎င်းသည် ဖန်ဆင်းရှင်၏ တည်ရှိမှုကို သိမြင်ပြီးနောက်၊ ဖန်ဆင်းရှင်က လူသား၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် အချက်ကို သိရှိပြီးနောက် သူသည် မှားယွင်းသော လမ်းကြောင်းများမှ ပြန်မလှည့်နိုင်သေးဘဲ ၎င်း၏ ခြေထောက်များကို ရွှံ့နွံထဲမှ ဆွဲမထုတ်နိုင်သည့်အပြင် ၎င်း၏နှလုံးသားကို မာကျောစေပြီး ၎င်းအမှားများကို မလျှော့တမ်း ပြုလုပ်ခြင်း ဖြစ်ပေသည်။ သူသည် နောင်တ စိုးစဉ်းမျှ မရဘဲ အဆုံးအထိ အတိုက်အခံလုပ်ရင်း၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ခေါင်းမာစွာနှင့် ဆန့်ကျင်အန်တုရင်း ရွှံ့ထဲတွင်ပင် ဆက်ပြီး ယက်ကန်ယက်ကန် ဆက်ဖြစ်နေဖို့သာ လိုလားလေသည်။ နောက်ဆုံး အရှုံးပေးပြီး နောက်ပြန်လှည့်ဖို့ သူ ဆုံးဖြတ်သည်မှာ သူသည် ကျိုးပဲ့လဲကျပြီး သွေးထွက်သည့်အချိန်မှသာ ဖြစ်သည်။ ဤသည်မှာ လူသား၏ စစ်မှန်သည့် အဖြစ်ဆိုးဖြစ်၏။ ထို့ကြောင့် ကျိုးနွံနာခံဖို့ ရွေးချယ်သည့်သူများက ဉာဏ်ပညာရှိပြီး ရုန်းကန်ကာ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားသူတို့မှာမူ မိုက်မဲပြီး ခေါင်းမာသူများဖြစ်သည်ဟု ငါဆိုခြင်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)