ဂ။ ဘုရားသခင်၏ အမှုတော် အဆင့်သုံးဆင့်ကြား ဆက်နွှယ်မှု

နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ

ဘုရားသခင်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲခြင်း အမှုကို အဆင့်သုံးဆင့် ခွဲခြားထား၏- ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ဟူ၍ ဖြစ်သည်။ အမှု၏ ဤအဆင့်သုံးဆင့်အားလုံးသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဖြစ်၏၊ ဆိုလိုသည်မှာ ၎င်းတို့သည် စာတန်၏ ပြင်းထန်စွာ ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရသည့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်သည်။ သို့ရာတွင် တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်အနေဖြင့် စာတန်နှင့် တိုက်ပွဲဝင်နိုင်ရန်အလို့ငှာလည်း ဖြစ်၏။ ထို့ကြောင့်၊ ကယ်တင်ခြင်း အမှုသည် အဆင့်သုံးဆင့်ခွဲခြားထားသကဲ့သို့ပင်၊ စာတန်နှင့် တိုက်ပွဲသည်လည်း အဆင့်သုံးဆင့် ခွဲခြားထားသောကြောင့် ဘုရားသခင်၏အမှုနှင့်သက်ဆိုင်သည့် ဤကဏ္ဍနှစ်ရပ်ကို တစ်ပြိုင်နက် ဆောင်ရွက်လေသည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်တကယ်တွင် လူသားမျိုးနွယ်၏ကယ်တင်ခြင်းအတွက် ဖြစ်ကာ၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှုသည် အဆင့်တစ်ဆင့်တည်းဖြင့် အောင်မြင်စွာ ပြီးဆုံး နိုင်သည့်အရာတစ်ခု မဟုတ်သောကြောင့်၊ စာတန်နှင့်တိုက်ပွဲသည်လည်း အဆင့်များနှင့် ကာလများအဖြစ် ပိုင်းခြားထားပြီး၊ လူသား၏လိုအပ်ချက်များနှင့် ၎င်းအပေါ် စာတန်၏ဖောက်ပြန်ပျက်စီးစေခြင်း အတိုင်းအတာတို့နှင့်အညီ စာတန်အပေါ် စစ်ပွဲဆင်နွှဲရလေသည်။ လူသား၏ စိတ်ကူးတွင် စစ်တပ်နှစ်တပ် အချင်းချင်းတိုက်ကြသကဲ့သို့၊ ဤတိုက်ပွဲတွင် ဘုရားသခင်က စာတန်ကို ဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်လိမ့်မည်ဟု ယုံကြည်ကောင်း ယုံကြည်လိမ့်မည်။ ဤသည်မှာ လူသား၏အသိဉာဏ်က စိတ်ကူးနိုင်စွမ်း ရှိသည့် အရာမျှသာဖြစ်၏။ ယင်းသည် အလွန့်အလွန် မရေရာသကဲ့သို့၊ လက်တွေ့မကျသော အတွေးအခေါ်တစ်ရပ် ဖြစ်သော်လည်း၊ ယင်းမှာ လူသား ယုံကြည်သည့်အရာဖြစ်၏။ ပြီးလျှင် လူသား၏ ကယ်တင်ခြင်း နည်းလမ်းသည် စာတန်နှင့် တိုက်ပွဲဝင်ခြင်းမှတစ်ဆင့်ဖြစ်သည်ဟု ဤနေရာတွင် ငါပြောသောကြောင့်၊ ဤသည်မှာ တိုက်ပွဲဆင်နွှဲသည့်ပုံဖြစ်သည်ဟု လူသားက စိတ်ကူးမိလေသည်။ လူသား၏ကယ်တင်ခြင်းအမှုအဖို့ အဆင့်သုံးဆင့်ရှိ၏၊ ဆိုလိုသည်မှာ စာတန်ကို တစ်ကြိမ်တည်းနှင့် လုံးဝရှုံးနိမ့်စေဖို့အလို့ငှာ စာတန်နှင့်တိုက်ပွဲကို အဆင့်သုံးဆင့် ခွဲထားပေသည်။ သို့ရာတွင် စာတန်နှင့်တိုက်ပွဲ အမှုတစ်ခုလုံး၏ အတွင်းသမ္မာတရားမှာ အမှု၏ လူသားအပေါ် ကျေးဇူးတော် အပ်နှင်းခြင်း၊ လူသား၏ အပြစ်ဖြေရာယဇ် ဖြစ်လာခြင်း၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ခြင်း၊ လူသားကို သိမ်းပိုက်ခြင်းနှင့် လူသားကို စုံလင်စေခြင်း ဟူသော အချို့သောအဆင့်တို့မှတစ်ဆင့် ၎င်း၏ အကျိုးတရားများကို ရရှိပေသည်။ အမှန်စင်စစ်ဆိုရလျှင်၊ စာတန်နှင့်တိုက်ပွဲသည် စာတန်ကိုဆန့်ကျင်၍ လက်နက်ကိုင် တိုက်ခိုက်ခြင်းမဟုတ်ဘဲ၊ လူသားကို ကယ်တင်ခြင်းမှတစ်ဆင့် ဘုရားသခင်ကို သက်သေခံခြင်း၊ လူ့အသက်တာအပေါ် အမှုပြုခြင်းနှင့် လူ့စိတ်သဘောထားကို ပြောင်းလဲခြင်း၊ ဤသို့ဖြင့် စာတန်ကို အနိုင်ယူခြင်းဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းမှတစ်ဆင့် စာတန်သည် ရှုံးနိမ့်လေ၏။ စာတန် ရှုံးနိမ့်ပြီးသည့်အခါတွင်၊ ဆိုလိုသည်မှာ၊ လူသည် လုံးဝ ကယ်တင်ခံရပြီးသည့်အခါ၊ အရှက်ရသည့်စာတန်သည် လုံးဝချည်နှောင်ခံရလိမ့်မည်ဖြစ်ပြီး၊ ဤနည်းဖြင့် လူသားသည် လုံးဝ ကယ်တင်ခြင်းခံရပြီးဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

ယေဟောဝါ၏ အမှုမှသည် ယေရှု၏အမှုထိတိုင်၊ ပြီးလျှင် ယေရှု၏အမှုမှသည် ဤလတ်တလော အဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံး တစ်ခုလုံးကို အလျဉ်မပြတ် အကျုံးဝင်ပြီး၊ ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှု ဖြစ်သည်။ ကမ္ဘာကြီး၏ ဖန်ဆင်းခြင်းကတည်းက၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလျက် အမြဲ အမှုပြုနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ ဖြစ်ပြီး၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူ ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများတွင် အမှု၏ အဆင့်သုံးဆင့်သည် သိသိသာသာ ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်ချက်ဖြစ်ပေသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူ အပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရပ်တည်သူများ ဖြစ်သည်။ ယခုတွင် ပထမအဆင့်မှ ယနေ့တိုင် အမှုများ အားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏အမှု၊ တစ်ပါးတည်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်ကို သင် နားလည်အပ်ပေသည်။ ဤအရာနှင့် သက်ဆိုင်၍ သံသယ မရှိနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင်၊ ယေရှုသည် လူတို့အလယ် သူ၏အမှုကို လုပ်ဆောင်ရန် လူ့ဇာတိခံခဲ့သည်။ သူ၏အမှုကို သီးခြား မဆောင်ရွက်ခဲ့ဘဲ၊ ယေဟောဝါ၏ အမှုပေါ်တွင် အခြေခံ၍ ဆက်လက် အကောင် အထည်ဖော်သည်။ ယင်းမှာ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှု ဖြစ်သည်။ ထိုနည်းတူ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးသည် အမြဲ ရှေ့ဆက် တိုးတက်နေသောကြောင့်၊ ယေရှု၏အမှု အဆုံးသတ်ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏အမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ခေတ်ဟောင်း ကုန်လွန်သည့်အချိန်တွင်၊ ယင်းကို ခေတ်သစ်တစ်ခုဖြင့် အစားထိုးလိမ့်မည် ဖြစ်ပြီး၊ အမှုဟောင်း ပြည့်စုံသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်မည့် အမှုသစ် ရှိလိမ့်မည်။ ဤလူ့ဇာတိခံယူခြင်းသည် ယေရှု၏အမှုနောက်လိုက်လာသည့် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ ဟုတ်ပေ၏၊ ဤလူ့ဇာတိခံယူခြင်းသည် သီးခြား မဖြစ်ပေါ်ပေ။ ယင်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် နောက်ပိုင်း အမှု၏ တတိယအဆင့် ဖြစ်သည်။ အမှု၏ အဆင့်သစ်တစ်ခုကို ဘုရားသခင် အစပြုသည့် အချိန်တိုင်းတွင်၊ အသစ်သော အစပြုခြင်း ရှိရမည်ဖြစ်ပြီး ယင်းက ခေတ်သစ်တစ်ခုကို အမြဲ ဆောင်ကြဉ်းရမည် ဖြစ်သည်။ ထိုနည်းတူ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အလုပ်လုပ်ပုံ၊ သူ၏အမှု တည်နေရာနှင့် သူ၏ နာမတော်တို့တွင်လည်း လိုက်လျောညီထွေသော အပြောင်းအလဲများ ရှိပေသည်။ သို့ဆိုလျှင်၊ လူသားအနေဖြင့် ခေတ်သစ်ထဲတွင် ဘုရားသခင်၏အမှုကို လက်ခံရန် ခက်ခဲသည်မှာ အံ့ဩဖွယ်မရှိပေ။ သို့သော် ဘုရားသခင်သည် လူသား၏ ဆန့်ကျင်မှုကို မည်သို့ ခံရသည်ဖြစ်စေ၊ သူသည် မိမိ၏အမှုကို အမြဲ လုပ်ဆောင်နေပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အမြဲ ရှေ့သို့ ဦးဆောင်နေပေသည်။ ယေရှုသည် လူ့လောကထဲသို့ ကြွလာခဲ့သောအချိန်တွင်၊ သူသည် ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး ပညတ်တော်ခေတ်ကို အဆုံးသတ်ခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင်၊ ဘုရားသခင်သည် နောက်တစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ ဤလူ့ဇာတိခံယူခြင်းဖြင့် သူသည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ကာ နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ခဲ့သည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို လက်ခံနိုင်သောသူ အားလုံးသည် နိုင်ငံတော်ခေတ်ထဲသို့ ဦးဆောင်ခြင်းခံရမည် ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ လမ်းပြမှုကို ကိုယ်တိုင်ကိုယ်ကျ လက်ခံလာနိုင်လိမ့်မည်။ ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

နောက်ဆုံးသောကာလရှိ အလုပ်သည် အဆင့်သုံးဆင့်အနက်မှ နောက်ဆုံးအဆင့်ဖြစ်သည်။ ယင်းသည် နောက်ထပ်ခေတ်သစ်၏ အမှုဖြစ်ပြီး စီမံခန့်ခွဲခြင်း အမှု အလုံးစုံကို ကိုယ်စားမပြုပေ။ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အမှု၏အဆင့် သုံးဆင့်အဖြစ်သို့ ခွဲခြားထားသည်။ မည်သည့်တစ်ခုတည်းကမျှ ခေတ်သုံးခေတ်၏အမှုကို ကိုယ်စားမပြုနိုင်ဘဲ၊ တစ်ခုလုံး၏ အစိတ်အပိုင်း တစ်ခုကိုသာ ကိုယ်စားပြုနိုင်သည်။ ယေဟောဝါဟူသော အမည်သည် ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို ကိုယ်စားမပြုနိုင်ပေ။ ပညတ်တော်ခေတ်တွင် သူ့အလုပ်ကို သူ ဆောင်ရွက်ခဲ့သည်ဟူသည့် အချက်က ဘုရားသခင်သည် ပညတ်တော် အောက်၌သာ ဘုရားသခင် ဖြစ်နိုင်သည်ဟု သက်သေမပြပေ။ ယေဟောဝါသည် လူသားကို ဗိမာန်တော်နှင့် ယဇ်ပလ္လင်များကို ဆောက်လုပ်ဖို့ စေခိုင်းလျက်၊ လူသားအတွက် ပညတ်တရားများကို ပြဌာန်းပြီး ပညတ်ချက်များကို ထုတ်ပြန် ကြေညာခဲ့သည်။ သူလုပ်ဆောင်ခဲ့သော အမှုသည် ပညတ်တော်ခေတ်ကိုသာ ကိုယ်စားပြုသည်။ သူလုပ်ဆောင်ခဲ့သော ဤအမှုသည် ဘုရားသခင်မှာ လူသားအား ပညတ်တော်ကို စောင့်ရှောက်ရန်သာ စေခိုင်းသော ဘုရားသခင်၊ သို့မဟုတ် ဗိမာန်တော်ထဲ၌ ရှိသော ဘုရားသခင်၊ သို့မဟုတ် ယဇ်ပလ္လင်ရှေ့၌ ရှိသော ဘုရားသခင်သာ ဖြစ်သည်ဟု သက်သေမပြပေ။ ဤသို့ပြောရန်မှာ မမှန်ကန်ပေ။ ပညတ်တော်အောက် လုပ်ဆောင်သော အမှုသည် ခေတ်တစ်ခေတ်ကိုသာ ကိုယ်စားပြုနိုင်သည်။ သို့ဖြစ်ရာ ဘုရားသခင်သည် ပညတ်တော်ခေတ်တွင်သာ အမှုကို လုပ်ဆောင်ခဲ့ပါက၊ လူသည် “ဘုရားသခင်သည် ဗိမာန်တော်ထဲက ဘုရားသခင် ဖြစ်ပြီး၊ ဘုရားသခင်ကို အစေခံရန်အလို့ငှာ ကျွန်ုပ်တို့သည် ယဇ်ပရောဟိတ် ဝတ်ရုံဝတ်ပြီး ဗိမာန်တော်ထဲသို့ ဝင်ကြရမည်။” ဟု ပြောလျက်၊ ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ပေလိမ့်မည်။ ကျေးဇူးတော်ခေတ်ထဲက အမှုကို မည်သည့်အခါကမျှ မဆောင်ရွက်ခဲ့ဖူးသကဲ့သို့၊ ပညတ်တော်ခေတ်သည် လက်ရှိအချိန်ထိ ဆက်လက် တည်ရှိနေခဲ့မည်ဆိုပါက၊ ဘုရားသခင်သည် သနားကြင်နာတတ်ပြီး ချစ်ခင်တတ်သည်ကိုလည်း လူက သိလိမ့်မည် မဟုတ်ပေ။ ပညတ်တော်ခေတ်ထဲက အမှုသည် မလုပ်ဆောင်ပြီးခဲ့ဘဲ၊ ယင်းအစား ကျေးဇူးတော်ခေတ်ထဲက အမှုကိုသာ လုပ်ဆောင်ပြီးခဲ့ပါက၊ လူအားလုံး သိကြမည်မှာ ဘုရားသခင်သည် လူသားကို ရွေးနုတ်ရုံသာ ရွေးနုတ်နိုင်ပြီး၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ပေးရုံသာ ခွင့်လွှတ်ပေးနိုင်သော ဘုရားသခင် ဖြစ်သည် ဟူ၍ ဖြစ်သည်။ လူသားက ဘုရားသခင်သည် သန့်ရှင်းပြီး အပြစ်ကင်းသည်၊ ပြီးလျှင် သူသည် လူသားအတွက် မိမိကိုယ်ကိုယ် စွန့်လွှတ်နိုင်ပြီး ကားစင်တင်ခြင်းခံနိုင်သည်ဟုသာ သိပေမည်။ လူသည် ဤအရာများကိုသာ သိမည်ဖြစ်သော်လည်း၊ အခြားမည်သည့်အရာကိုမျှ နားလည်ခြင်း ရှိမည်မဟုတ်ပေ။ သို့ဖြစ်ရာ ခေတ်အသီးသီးသည် ဘုရားသခင်၏ စိတ်သဘောထား၏ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုသည်။ ပညတ်တော်ခေတ်၌ ဘုရားသခင်၏ စိတ်သဘောထား၏ မည်သည့်ရှုထောင့်အား ကိုယ်စားပြုသည်၊ ကျေးဇူးတော်ခေတ်၌ မည်သည့်ရှုထောင့်များကို ကိုယ်စားပြုသည်၊ ယခုခေတ်၌ မည်သည့်ရှုထောင့်များကို ကိုယ်စားပြုသည်တို့အတွက်မူ- အဆင့်သုံးဆင့်အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်သည့်အခါတွင်သာ ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားအလုံးစုံကို ထုတ်ဖော်ပြနိုင်ပေသည်။ လူသည် အဆင့်သုံးဆင့်လုံးကို သိရှိလာသည့်အခါတွင်သာ၊ ယင်းကို အပြည့်အဝ နားလည်နိုင်ပေသည်။ အဆင့်သုံးဆင့်အနက် မည်သည့် အဆင့်ကိုမျှ ချန်လှပ်၍ မရပေ။ သင်သည် ဤအမှု၏ အဆင့် သုံးဆင့်ကို သိရှိလာသည့်နောက်တွင်သာ ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို မြင်ရလိမ့်မည်။ ပညတ်တော်ခေတ်တွင် ဘုရားသခင်က သူ၏အမှုကို ပြီးစီးခဲ့သည်ဆိုသည့်အချက်က သူသည် ပညတ်တော်အောက်က ဘုရားသခင်သာလျှင် ဖြစ်သည်ကို သက်သေမပြသကဲ့သို့၊ ရွေးနုတ်ခြင်းအမှုကို သူ ပြီးစီးခဲ့သည် ဆိုသည့်အချက်က ဘုရားသခင်သည် လူသားမျိုးနွယ်ကို အစဉ်ထာဝရ ရွေးနုတ်မည်ဟု မဆိုလိုပေ။ ဤအရာအားလုံးသည် လူက ကောက်ချက်ချသည့် ကောက်ချက်များသာ ဖြစ်ပေသည်။ ကျေးဇူးတော်ခေတ် အဆုံးသို့ရောက်လာလျက်ဖြင့်၊ ဘုရားသခင်သည် ကားတိုင်နှင့်သာ သက်ဆိုင်ပြီး၊ ကားတိုင်တစ်ခုတည်းက ဘုရားသခင်၏ ကယ်တင်ခြင်းကို ကိုယ်စားပြုသည်ဟု သင် ပြော၍မရပေ။ ထိုသို့ပြုရန်မှာ ဘုရားသခင်ကို အဓိပ္ပာယ် ဖွင့်ဆိုခြင်း ဖြစ်လိမ့်မည်။ လက်ရှိအဆင့်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်၏ အမှုကို အဓိက လုပ်ဆောင်နေသော်လည်း၊ ဘုရားသခင်သည် လူသားကို သနားကရုဏာ လုံးဝ မရှိသကဲ့သို့၊ သူ ဆောင်ကြဉ်းပြီးသမျှမှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သာ ဖြစ်သည်ဟု သင် ပြော၍မရပေ။ နောက်ဆုံးကာလထဲက အမှုသည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်နှင့် အဆုံးသတ်၊ ပြီးလျှင် လူသားမျိုးနွယ်အလယ် ကယ်တင်ခြင်း အမှုအားလုံး၏ အဆုံးသတ်ကို ထုတ်ဖော်ပြရန်အလို့ငှာ၊ ယေဟောဝါနှင့် ယေရှုတို့၏အမှုနှင့် လူတို့ နားမလည်သော နက်နဲမှုအားလုံးကို ဖွင့်ချလေသည်။ နောက်ဆုံးသောကာလထဲက အမှု၏ ဤအဆင့်သည် အရာရာကို အဆုံးတစ်ခုသို့ ဆောင်ကြဉ်းသည်။ ယင်းတို့၏ နက်နဲမှုများအထိ လူသားအား လေ့လာစူးစမ်းခွင့်ပေးပြီး သူ၏ စိတ်နှလုံးထဲတွင် လုံးဝ ရှင်းလင်းသော သိနားလည်မှု တစ်ခု ရှိခွင့်ပေးရန် လူသား နားမလည်သည့် နက်နဲသောအရာ အားလုံးကို ဖြေရှင်းရန် လိုအပ်ပေသည်။ ထိုအခါတွင်သာ လူသားမျိုးနွယ်သည် အမျိုးအစားအလိုက် ခွဲခြားခံရနိုင်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ထို့နောက်တွင် အဆုံးသတ်သို့ ရောက်လာပြီးဖြစ်မည် ဖြစ်သည့်အတွက်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် ပြီးစီးသည့်နောက်တွင်သာ ဘုရားသခင်၏ စိတ်သဘောထားကို လူသားက အလုံးစုံ နားလည်လာလိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

ယနေ့ကာလ၏ အမှုသည် ကျေးဇူးတော်ခေတ်၏အမှုကို ရှေ့သို့တွန်းပို့ပေးသည်၊ ဆိုလိုသည်မှာ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်တစ်ရပ်လုံးအောက်၌ပြုသော အမှုသည် ရှေ့သို့တိုးလာခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်သည် အဆုံးသတ်သွားပြီဖြစ်သော်လည်း ဘုရားသခင်၏အမှု၌ တိုးတက်မှုရှိသည်။ အမှု၏ ဤအဆင့်သည် ကျေးဇူးတော်ခေတ်နှင့် ပညတ်တော်ခေတ်တို့အပေါ်တွင် အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်သည်ဟု အဘယ့်ကြောင့် ငါသည် ထပ်တလဲလဲ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ယနေ့၏အမှုသည် ကျေးဇူးတော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှု၏အဆက်ဖြစ်ပြီး ပညတ်တော်ခေတ်တွင် လုပ်ဆောင်ခဲ့သော အမှုအပေါ် တိုးတက်လာမှုလည်း ဖြစ်သောကြောင့်ဖြစ်သည်။ ထိုအဆင့်သုံးခုမှာ တစ်ခုနှင့်တစ်ခု တင်းကျပ်စွာ ဆက်နွှယ်လျက်ရှိနေပြီး ကွင်းဆက်တစ်ခုနှင့်တစ်ခု နီးကပ်စွာ ချိတ်ဆက်နေသည်။ အမှု၏ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေခံထားသည်ဟု အဘယ်ကြောင့် ငါပြောသနည်း။ အကယ်၍သာ ဤအဆင့်သည် ယေရှုလုပ်ဆောင်ခဲ့သည့် အမှုအပေါ်တွင် အခြေမခံထားလျှင် ဤအဆင့်တွင် နောက်ထပ်တစ်ကြိမ် ကားစင်တင်သတ်ခြင်း တစ်ခု ဖြစ်ပျက်ရန် လိုလိမ့်မည်ဖြစ်ကာ၊ ပြီးခဲ့သောအဆင့်၏ ရွေးနုတ်ခြင်းအမှုကိုလည်း နောက်ထပ်ပြန်၍ လုပ်ဆောင်ရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် အမှုသည် လုံးဝပြီးဆုံးသွားခြင်း မဟုတ်ဘဲ ခေတ်သည် ရှေ့သို့တိုးလာခြင်းဖြစ်ပြီး အမှု၏အဆင့်အတန်းသည် ယခင်ကထက် သာ၍မြင့်မားလာခြင်း ဖြစ်သည်။ အမှု၏ ဤအဆင့်သည် ပညတ်တော်ခေတ်၏ အုတ်မြစ်ပေါ်တွင်နှင့် ယေရှုအမှု၏ ကျောက်ပေါ်တွင် တည်ထားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အမှုကို တစ်ဆင့်ပြီးတစ်ဆင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုအဆင့်သည် အသစ်သော အစပြုခြင်းမဟုတ်ပေ။ အမှု၏ အဆင့်သုံးဆင့်စလုံး ပေါင်းစည်းခြင်းကိုသာလျှင် အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ဟု မှတ်ယူနိုင်မည် ဖြစ်သည်။ ယခုအဆင့်၏ အမှုကို ကျေးဇူးတော်ခေတ်အမှု၏ အုတ်မြစ်ပေါ်တွင် အခြေခံလုပ်ဆောင်ထားခြင်း ဖြစ်သည်။ အကယ်၍ အမှု၏ ဤအဆင့်နှစ်ခုသည် ဆက်စပ်မှုမရှိလျှင် ကားတိုင်ပေါ်၌ အသေခံခြင်းသည် ယခုအဆင့်တွင် အဘယ်ကြောင့် ပြန်လည်၍ မဖြစ်လာသနည်း။ ငါသည် လူသား၏အပြစ်များကို သယ်ဆောင်ခြင်းမပြုဘဲ၊ ထိုအစား လူသားကို တိုက်ရိုက်တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန် ငါကြွလာသည်မှာ အဘယ်ကြောင့်နည်း။ အကယ်၍ ယခု ငါ၏ ကြွလာခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပဋိသန္ဓေစွဲယူခြင်း မဟုတ်သည့်အတွက်၊ လူသားများကို တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်ဖြစ်သည့် ငါ၏အမှုသည် ကားတိုင်ပေါ်တွင် အသေခံခြင်းကို ခြေရာခံမလိုက်ပါက၊ ငါသည် လူသားကို ပြစ်တင်ဆုံးမရန် အရည်အချင်း ပြည့်မီလိမ့်မည် မဟုတ်ပေ။ ငါသည် ယေရှုနှင့် တစ်ကိုယ်တည်းဖြစ်သောကြောင့်သာလျှင် လူသားများကို ပြစ်တင်ဆုံးမဖို့ရန်နှင့် တရားစီရင်ရန်အလို့ငှာ ငါသည် တိုက်ရိုက်ကြွလာခြင်းဖြစ်သည်။ ဤအဆင့်၏အမှုကို ယခင်အဆင့်၏ အမှုအပေါ်တွင် လုံးလုံးလျားလျားတည်ဆောက်ထားသည်။ ထို့အတွက်ကြောင့် ဤအမှုမျိုးကသာလျှင် လူသားများကို ကယ်တင်ခြင်းသို့ တစ်ဆင့်ပြီးတစ်ဆင့် ပို့ဆောင်နိုင်ခြင်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်

အမှု၏ နောက်ဆုံးအဆင့်သည် သီးခြားရပ်တည်နေခြင်း မဟုတ်ဘဲ၊ ယခင်အဆင့်နှစ်ဆင့်နှင့်အတူတကွ ဖွဲ့စည်းထားသည့် တစ်ရပ်လုံး၏ အစိတ်အပိုင်း ဖြစ်သည်၊ ယင်းမှာ အမှု၏ အဆင့်သုံးဆင့်ထဲမှ တစ်ဆင့်ကိုသာ လုပ်ဆောင်ခြင်းဖြင့် ကယ်တင်ခြင်း အမှုတစ်ခုလုံးကို ပြီးစီးစေရန် မဖြစ်နိုင်ဟု ဆိုရပေမည်။ အမှု၏ နောက်ဆုံးအဆင့်သည် လူသားကို အပြည့်အဝ ကယ်တင်နိုင်သော်လည်း ဤအဆင့် တစ်ရပ်တည်းကိုသာ ဆောင်ရွက်ရန်သာ လိုအပ်ပြီး၊ စာတန်၏ စွမ်းအားမှ လူသားကို ကယ်တင်ရန် ယခင်အမှုအဆင့် နှစ်ဆင့်ကို မလိုအပ်ဟု မဆိုလိုပေ။ ကယ်တင်ခြင်း အမှု အလုံးစုံသည် အမှု၏ အဆင့်သုံးဆင့် ဖြစ်ပြီး၊ ၎င်းတို့အနက် အဆင့်တစ်ဆင့်တည်း မဟုတ်သည့်အတွက်၊ ဤအဆင့်သုံးဆင့်မှ မည်သည့် အဆင့်တစ်ဆင့်တည်းကိုမျှ လူသားမျိုးနွယ် အားလုံးသိရမည့် တစ်ခုတည်းသော ရူပါရုံဟု စွဲကိုင်ထား၍မရပေ။ ကယ်တင်ခြင်းအမှု မပြီးမြောက်သေးသရွေ့၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ပြီးပြည့်စုံသည့် အဆုံးသတ်တစ်ခုသို့ ရောက်နိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ ဖြစ်ခြင်း၊ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ကို ကယ်တင်ခြင်းအမှု အလုံးစုံတွင် ဖော်ပြထား၏။ ယင်းတို့ကို တကယ့်အစတွင် လူသားထံ ဖော်ပြမထားဘဲ၊ ကယ်တင်ခြင်းအမှုတွင် တဖြည်းဖြည်း ဖော်ပြထားပြီးဖြစ်သည်။ ကယ်တင်ခြင်းအမှု၏ အဆင့်အသီးသီးသည် ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ဒေသနှင့် သူ၏ဖြစ်ခြင်း တစ်စိတ်တစ်ဒေသကို ဖော်ပြ၏။ အမှု၏ မည်သည့်အဆင့်မျှ ဘုရားသခင်၏ဖြစ်ခြင်း အလုံးစုံကို တိုက်ရိုက်နှင့် ပြီးပြည့်စုံစွာ ဖော်ပြနိုင်သည် မဟုတ်ပေ။ ထိုသို့ဖြင့် ကယ်တင်ခြင်းအမှုကို အမှု၏ အဆင့်သုံးဆင့် ပြီးစီးသည်နှင့်တစ်ပြိုင်နက်တွင်သာ အပြည့်အဝ အဆုံးသတ်နိုင်ပေသည်၊ ထို့ကြောင့် ဘုရားသခင်၏ အလုံးစုံနှင့်ဆိုင်သည့် လူသား၏အသိပညာကို ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်မှ သီးခြားခွဲ၍မရပေ။ အမှု၏ အဆင့်တစ်ရပ်မှ လူသားရရှိသည့် အရာသည် သူ၏အမှု အစိတ်အပိုင်းတစ်ရပ်တွင် ဖော်ပြထားသော ဘုရားသခင်၏ စိတ်သဘောထားမျှသာ ဖြစ်၏။ ယင်းသည် ယခင် သို့မဟုတ် နောက်ပိုင်း အဆင့်များတွင် ဖော်ပြထားသော စိတ်သဘောထားနှင့် ဖြစ်ခြင်းတို့ကို ကိုယ်စားမပြုနိုင်ပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို ကာလတစ်ခုအတွင်း၊ သို့မဟုတ် တည်နေရာတစ်ခုတွင် ချက်ချင်း ပြီးဆုံးနိုင်ခြင်း မရှိဘဲ၊ မတူညီသော အချိန်ကာလများနှင့် မတူညီသော နေရာများတွင် လူသား၏ ဖွံ့ဖြိုးတိုးတက်မှု အဆင့်နှင့်အညီ တဖြည်းဖြည်း နက်ရှိုင်းလာသောကြောင့် ဖြစ်၏။ ယင်းမှာ အဆင့်များဖြင့် ဆောင်ရွက်သည့် အမှုဖြစ်ပြီး အဆင့်တစ်ဆင့်တည်းဖြင့် မပြီးစီးပေ။ ထို့ကြောင့် ဘုရားသခင်၏ အလုံးစုံသော ဉာဏ်ပညာကို အဆင့်တစ်ဆင့်ချင်းထက် အဆင့်သုံးဆင့်တွင် ပုံဖော်ထား၏။ သူ၏ အလုံးစုံသော ဖြစ်ခြင်းနှင့် အလုံးစုံသော ဉာဏ်ပညာကို ဤအဆင့်သုံးဆင့်တွင် ချခင်းထားပြီး အဆင့်အသီးသီးသည် သူ၏ဖြစ်ခြင်းပါရှိကာ အဆင့်အသီးသီးသည် သူ့အမှု၏ ဉာဏ်ပညာနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်၏။ လူသားသည် ဤအဆင့်သုံးဆင့်တွင် ဖော်ပြထားသော ဘုရားသခင်၏ အလုံးစုံသော စိတ်သဘောထားကို သိသင့်သည်။ ဘုရားသခင်၏ ဖြစ်ခြင်းနှင့်ဆိုင်သည့် ဤအရာအားလုံးသည် လူသားမျိုးနွယ်အားလုံးအဖို့ အရေးကြီးဆုံး ဖြစ်ပြီး၊ လူတို့သည် ဘုရားသခင်ကို ကိုးကွယ်သည့်အခါတွင် ဤအသိပညာမရှိပါက၊ ၎င်းတို့သည် ဗုဒ္ဓကို ကိုးကွယ်သူများနှင့် မခြားဖြစ်သည်။ လူသားအလယ် ဘုရားသခင်၏ အမှုကို လူသားထံမှ ကွယ်ဝှက်မထားသကဲ့သို့၊ ဘုရားသခင်ကို ကိုးကွယ်သူ အားလုံးက သိသင့်ပေသည်။ ဘုရားသခင်သည် လူသားအလယ်တွင် ကယ်တင်ခြင်းအမှု အဆင့်သုံးဆင့်ကို ဆောင်ရွက်ပြီး ဖြစ်သည့်အတွက်၊ လူသားသည် ဤအမှု၏ အဆင့်သုံးဆင့်အတွင်းတွင် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းနှင့်ဆိုင်သည့် ဖော်ပြချက်ကို သိသင့်သည်။ ဤသည်မှာ လူသားလုပ်ဆောင်ရမည့် အရာဖြစ်သည်။ လူသားထံမှ ဘုရားသခင် ကွယ်ဝှက်ထားသောအရာမှာ လူသားက စွမ်းဆောင်ရရှိနိုင်စွမ်း မရှိသော အရာဖြစ်ပြီး၊ လူသား မသိသင့်သော အရာဖြစ်ကာ၊ ဘုရားသခင်က လူသားကို ပြသည့်အရာမှာမူ လူသားက သိသင့်သည့် အရာဖြစ်ပြီး လူသား ပိုင်ဆိုင်သင့်သည့် အရာဖြစ်၏။ အမှု၏ ဤအဆင့်သုံးဆင့် အသီးသီးကို ယခင်အဆင့်၏ အခြေခံအုတ်မြစ် အပေါ်တွင် ဆောင်ရွက်ထားလေသည်။ ယင်းကို ကယ်တင်ခြင်းအမှုမှ သီးခြားခွဲလျက် အမှီအခိုကင်းစွာ လုပ်ဆောင်ထားခြင်း မဟုတ်ပေ။ ဆောင်ရွက်သည့်ခေတ်နှင့် အမှုတို့တွင် ကြီးမားသော ကွာခြားမှုများ ရှိသော်လည်း၊ ယင်း၏ ဗဟိုအချက်အချာသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းဖြစ်ဆဲ ဖြစ်ပြီး၊ ကယ်တင်ခြင်းအမှု၏ အဆင့်အသီးသီးသည် ပြီးခဲ့သည်အဆင့်ထက် ပို၍နက်ရှိုင်းလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆင့်သုံးဆင့်ဖြင့် ပိုင်းခြားထားပြီး၊ အဆင့်အသီးသီးတွင်၊ သင့်တော်သည့် သတ်မှတ်ချက်များကို လူသားအပေါ် ပြုလုပ်ထားလေသည်။ ထို့အပြင် ခေတ်များကုန်လွန်ပြီး တိုးတက်သည်နှင့်အမျှ၊ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များသည် ယခင်ထက် သာ၍ မြင့်မားလာသည်။ ထို့ကြောင့် တစ်ဆင့်ပြီးတစ်ဆင့်၊ ဘုရားသခင်၏ ဤစီမံခန့်ခွဲခြင်း အမှုသည် လူသားက “လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်းခြင်း” နှင့်ဆိုင်သည့် အမှန်တရားကို ရှုမြင်သည်အထိ၊ ယင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး၊ ဤနည်းဖြင့် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များသည် လူသားက သက်သေခံရန် လိုအပ်သည့် သက်သေခံချက်ကဲ့သို့၊ သာ၍ပင် မြင့်မားလာလေသည်။ လူသည် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိလေ၊ ဘုရားသခင်ကို သာ၍ ဘုန်းထင်ရှားစေလေ ဖြစ်သည်။ လူသား၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် သူ သက်သေခံရန်လိုအပ်သည့် သက်သေခံချက်ဖြစ်ပြီး၊ သူ သက်သေခံသည့် သက်သေခံချက်သည် လူ၏ လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုက ထိုက်သင့်သည့် အကျိုးသက်ရောက်မှု ရှိသည်၊ မရှိသည်၊ ပြီးလျှင် စစ်မှန်သည့် သက်သေခံချက် ရှိနိုင်သည်၊ မရှိနိုင်သည်မှာ လူသား၏ ပူးပေါင်းဆောင်ရွက်မှုနှင့် သက်သေခံချက်တို့နှင့် ခွဲခြားမရဘဲ ဆက်နွှယ်ပေသည်။ အမှု ပြီးစီးသည့်အခါတွင်၊ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံး ယင်း၏ အဆုံးသတ်သို့ ရောက်ရှိသည့် အချိန်တွင်၊ လူသားသည် ပိုမိုမြင့်မားသည့် သက်သေခံချက်ကို ပြုလုပ်ရန် သက်သေခံရန် လိုအပ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏အမှု အဆုံးသတ်သို့ ရောက်ရှိသည့်အချိန်တွင်၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုတို့သည် ယင်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိလိမ့်မည် ဖြစ်သည်။ ယခင်က လူသားသည် ပညတ်တော်များ၊ ပညတ်ချက်များကို လိုက်နာရန် လိုအပ်ခဲ့ပြီး၊ စိတ်ရှည်သည်းခံကာ စိတ်နှိမ့်ချရန် လိုအပ်ခဲ့သည်။ ယနေ့တွင် လူသားအနေဖြင့် ဘုရားသခင်၏ စီစဉ်မှုအားလုံးကို ကျိုးနွံနာခံရန် လိုအပ်ပြီး၊ ဘုရားသခင်အပေါ် အမြင့်ဆုံး ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ရန် လိုအပ်သကဲ့သို့၊ နောက်ဆုံးတွင် ဆင်းရဲဒုက္ခအလယ်တွင် ဘုရားသခင်ကို ချစ်နေဆဲဖြစ်ဖို့ လိုအပ်လေသည်။ ဤအဆင့်သုံးဆင့်သည် သူ၏ စီမံခန့်ခွဲမှု တစ်ခုလုံး တစ်လျှောက် ဘုရားသခင်က လူသားအပေါ် တစ်ဆင့်ပြီးတစ်ဆင့် ပြုလုပ်သော သတ်မှတ်ချက်များ ဖြစ်သည်။ ဘုရားသခင်၏ အမှုအဆင့်အသီးသီးသည် ပြီးခဲ့သည့်အဆင့်ထက် ပိုနက်ရှိုင်းသွားပြီး၊ အဆင့်အသီးသီးတွင် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များက ပြီးခဲ့သည့်အဆင့်ကထက်ပို၍ နက်နဲလာကာ၊ ဤသို့ဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံးသည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာလေသည်။ ယင်းမှာ အတိအကျအားဖြင့် လူသားနှင့်ဆိုင်သည့် သတ်မှတ်ချက်များက ယခင်ထက် သာ၍ မြင့်မားလာသည်မှာ လူသား၏ စိတ်သဘောထားသည် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများနှင့် ယခင်ထက် သာ၍ နီးစပ်လာသောကြောင့် ဖြစ်ပြီး၊ ထိုအခါမှသာ ဘုရားသခင်၏ အမှုက စုံလင်သည့် အဆုံးသတ်တစ်ခုသို့ ရောက်လာချိန် လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏စွမ်းအားမှ ကယ်တင်ခံရပြီး ဖြစ်လိမ့်မည်အထိ၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏စွမ်းအားမှ တဖြည်းဖြည်း စတင် ထွက်ခွာလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ဆက်စပ်မှုရှိသော တရားဒေသနာများ

အမှုတော်၏ အဆင့်သုံးဆင့်အား ဘုရားတစ်ပါးတည်းက လုပ်ဆောင်ပုံကို အသိအမှတ်ပြုခြင်း

ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ

အလုပ်အဆင့်သုံးဆင့်ကို ဘုရားသခင်တစ်ပါးသာ လုပ်ဆောင်ပြီးစီးခဲ့၏

ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်သည် သာ၍နက်နဲပေ

အရှေ့သို့- က။ ဘုရားသခင်၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုတော် အဆင့်သုံးဆင့်၏ ရည်ရွယ်ချက်များ

နောက်တစ်ခုသို့- ဃ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် အမှုတော်အဆင့်သုံးဆင့်ကို အဘယ်ကြောင့် ပြီးမြောက်ရမည်ဆိုသည့် အကြောင်းရင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။