ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဍာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်

လူတို့သည် ရိုးသားရမည်ဟူသည့် ဘုရားသခင်၏ ပြဋ္ဌာန်းချက်သည် အရေးပါဆုံးသော အရာဖြစ်၏။ ဝမ်းနည်းဖွယ် ကောင်းသည်မှာ လူအများက ဤအရာကို နားမလည်ဘဲ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းဟူသည့် ဤကိစ္စကို လျစ်လျူရှုကြသည်။ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို အမှန်တကယ် နားလည်ခဲ့လျှင် သူသည် နောက်ဆုံးသောကာလတွင် သူ၏ တရားစီရင်ခြင်းအလုပ်ကို လက်စသတ်ပြီးနောက် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်စေခြင်းခံရပြီး မိမိတို့၏ လှည့်ဖြားမှုနှင့် အလိမ်အညာများအား ချွတ်ချပြီးသည့် ထိုရိုးသားသော လူတို့သာလျှင် သူ၏ ကယ်တင်ခြင်းကို ရရှိပြီး သူ၏နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီမည် ဖြစ်သည်။ အကယ်၍ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးနောက် လူတို့သည် အလိမ်အညာများနှင့် လှည့်စားခြင်းတို့ ပြည့်နှက်နေသေးသည်၊ ၎င်းတို့သည် ဘုရားသခင်အဖို့ မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးမခံနိုင်ဘဲ မိမိတို့၏ တာဝန်များကို အမြဲတမ်း နမော်နမဲ့နှင့် ဝတ်ကျေတမ်းကျေ ထမ်းဆောင်နေသည်ဆိုလျှင် ၎င်းတို့သည် သူ၏ မုန်းတီးစက်ဆုပ်ခြင်းနှင့် ပစ်ပယ်ခြင်းကို သေချာပေါက် ခံရမည်ဖြစ်၏။ ၎င်းတို့၏ အဆုံးသတ်မှာ မည်သည့်အရာဖြစ်မည်နည်း။ ၎င်းတို့သည် အသင်းတော်ထဲမှ ရှင်းလင်းပစ်ခြင်းနှင့် ဖယ်ရှားခြင်းကို သေချာပေါက် ခံရမည်ဖြစ်သည်။ ယနေ့တွင် ဘုရားသခင်၏အလုပ်က ဤအဆင့်ထိ ရောက်ရှိသည်ကို မြင်တွေ့ခြင်းအားဖြင့် လူတစ်ဦးသည် ဘုရားသခင်က လူအား ရိုးသားဖို့ရန် မည်ကဲ့သို့ အစဉ်မပြတ် မေတ္တာရပ်ခံထားသည်ကို ပြန်၍ အမှတ်ရစေသည်။ ဤအရာ၌ ကြီးမားသော အဓိပ္ပာယ်ပါရှိသည်။ ယင်းကို သာမန်ကာလျှံကာသာ ပြောထားခြင်းမဟုတ်သည့်အပြင် ထိုအရာ၏ အပြီးသတ်ပင်ဖြစ်၏။ ယင်းသည် လူတစ်ဦး ကယ်တင်ခြင်းရရှိပြီး အသက်ဆက်နိုင်ခြင်းရှိမရှိ ဟူသည့်အရာအပြင် လူတစ်ဦးစီ၏ အဆုံးသတ်၊ ပန်းတိုင်တို့နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ သို့ဖြစ်၍ ယင်းသည် မိမိ၏ လှည့်စားတတ်သော စိတ်သဘောထားအား စွန့်ပစ်ခြင်းနှင့် ရိုးသားသောလူတစ်ဦး ဖြစ်လာခြင်းအားဖြင့်သာလျှင် လူတစ်ဦးသည် သာမန်လူ့သဘာဝအတိုင်း အသက်ရှင်နိုင်ပြီး ကယ်တင်ခြင်းကို ရရှိနိုင်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ပြီးသော်လည်း လှည့်စားနေသေးသော လူတို့သည် ဖယ်ရှားခြင်းခံရရန် သတ်မှတ်ထားပြီးသား ဖြစ်၏။

ဘုရားသခင်ရွေးချယ်ထားသောလူအားလုံးသည် ယခုအခါတွင် ၎င်းတို့၏ တာဝန်များကို လက်တွေ့လုပ်ဆောင်နေကြသည်။ ဘုရားသခင်သည် လူအုပ်စုတစ်စုကို စုံလင်စေပြီး အခြားအုပ်စုကို ထုတ်ပယ်ရန်အတွက် လူတို့၏ တာဝန်ထမ်းဆောင်မှုကို အသုံးပြုသည်။ လူအမျိုးအစားတစ်ခုစီတိုင်းအား ထုတ်ဖော်ပြသည်မှာ တာဝန်ထမ်းဆောင်မှုဖြစ်ပြီး လိမ့်လည်လှည့်ဖြားသောလူ၊ မယုံကြည်သူနှင့် ဆိုးယုတ်သူအမျိုးအစား တစ်မျိုးချင်းစီသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် ထုတ်ဖော်ခံရပြီး ဖယ်ရှားခံရသည်။ မိမိတို့၏ တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်သောသူတို့သည် ရိုးသားသူများ ဖြစ်ကြသည်။ အစဉ်သဖြင့် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသူများသည် လှည့်စားတတ်ပြီး ပါးနပ်သောသူများဖြစ်ကြသည်။ ၎င်းတို့သည် မယုံကြည်သူများဖြစ်ကြသည်။ မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် အနှောင့်အယှက်များနှင့်၊ အဖျက်အဆီးများ ဖြစ်စေသောသူများသည် ဆိုးယုတ်သောသူများဖြစ်ပြီး အန္တိခရစ်များ ဖြစ်ကြသည်။ ယခုအချိန်တွင် တာဝန်ထမ်းဆောင်သောသူများစွာ၌ အမျိုးမျိုးအဖုံဖုံသော ပြဿနာများစွာ ရှိနေဆဲဖြစ်သည်။ လူအချို့သည် မိမိတို့၏ တာဝန်များတွင် အစဉ် အလွန် မတက်မကြွဖြစ်ပြီး အစဉ်သဖြင့် ထိုင်လျက်၊ စောင့်ဆိုင်းလျက်၊ သူတစ်ပါးတို့ကို အားကိုးလျက်ရှိကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောမျိုးဖြစ်သနည်း။ ယင်းသည် တာဝန်မသိတတ်မှုဖြစ်သည်။ ဘုရားအိမ်တော်သည် သင့်အတွက် တာဝန်တစ်ခုကို ထမ်းဆောင်ရန် စီစဉ်ပြီးဖြစ်သည်။ သို့တိုင်အောင် သင်သည် မည်မည်ရရအလုပ်တစ်ခုမျှ မပြီးဘဲ ဤအရာကို နေ့ရက်များစွာ တွေးတောနေသည်။ သင့်အား အလုပ်နေရာ၌ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ လူတို့တွင် ဖြေရှင်းရန် လိုအပ်သည့် ပြဿနာများရှိသောအခါ သင့်ကို ရှာ၍မရကြပေ။ သင်သည် ဤအလုပ်အတွက် ဝန်ထုပ်ဝန်ပိုး ထမ်းရွက်ခြင်းမရှိပေ။ ခေါင်းဆောင်တစ်ယောက်က အလုပ်အကြောင်းကို မေးမြန်းလျှင် မည်သည့်အရာကို သင်ပြောမည်နည်း။ သင်သည် ယခုအချိန်တွင် မည်သည့်အလုပ်အမျိုးအစားကိုမျှ မလုပ်နေပေ။ ဤအလုပ်သည် သင်၏တာဝန်ဖြစ်သည်ကို ကောင်းကောင်းသိသော်လည်း မလုပ်ဆောင်ပေ။ မည်သည့်အရာကို သင် တွေးတောနေသနည်း။ သင်သည် မစွမ်းဆောင်နိုင်သောကြောင့် မည်သည့်အလုပ်ကိုမျှ မလုပ်သလော။ သို့မဟုတ် သင်သည် သက်သာခြင်းကို အလိုကြူးနေခြင်း ဖြစ်သလော။ သင်၏ တာဝန်တွင် မည်သည့်စိတ်သဘော ရှိသနည်း။ သင်သည် နှုတ်ကပတ်တော်များနှင့် အယူဝါဒစကားများအကြောင်းကိုသာ ပြောပြီး ကြားကောင်းသော အရာများကိုသာ ပြောဆိုသည်။ သို့သော် မည်သည့် လက်တွေ့အလုပ်ကိုမျှ မလုပ်ပေ။ သင်၏ တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိလျှင် သင် နုတ်ထွက်သင့်သည်။ ထိုနေရာတွင် သင်၏ ရာထူးကို ကိုင်စွဲပြီး မည်သည့်အရာကိုမျှ မလုပ်ဆောင်ခြင်း မပြုနှင့်။ ထိုသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ရွေးချယ်ထားသော သူတို့ကို ထိခိုက်နစ်နာစေပြီး အသင်းတော်၏ အလုပ်ကို ထိခိုက်စေသည် မဟုတ်လော။ သင် စကားပြောဆိုသည့်ပုံစံတွင် အယူဝါဒမျိုးစုံကို နားလည်သည့်ပုံပေါ်သည်။ သို့သော် တာဝန်ထမ်းဆောင်ရန် တောင်းဆိုခြင်းခံရသောအခါ သင်သည် ပေါ့ဆပြီး ဝတ်ကျေတန်းကျေသာလုပ်ကာ အနည်းငယ်မျှပင် တာဝန်မကျေပွန်ပေ။ ဤသည်မှာ ဘုရားသခင်အတွက် သင့်ကိုယ်သင် ရိုးသားစစ်မှန်စွာ အသုံးခံနေခြင်း ဟုတ်သလော။ သင်သည် ဘုရားသခင်နှင့်ပတ်သက်လျှင် ရိုးသားစစ်မှန်ခြင်း မရှိပေ။ သို့တိုင် သင်သည် ရိုးသားစစ်မှန်ခြင်းကို အယောင်ဆောင်သည်။ ဘုရားသခင်ကို သင် လှည့်စားနိုင်စွမ်းရှိသလော။ သင်စကားပြောလေ့ရှိသည့် ပုံစံ၌ အလွန်ကြီးမားသော ယုံကြည်ခြင်းရှိပုံရသည်။ သင်က အသင်းတော်၏ ထောက်တိုင်နှင့် ကျောက်ဆောင်ဖြစ်လိုသည်။ သို့သော် တာဝန်တစ်ခုကို သင် ထမ်းဆောင်သောအခါ သင်သည် မီးခြစ်ဆံတစ်ခုထက်ပင် ပို၍အသုံးမကျပေ။ ဤသည်မှာ ဘုရားကို လုံးဝသိသိကြီးနှင့် လှည့်စားခြင်းမဟုတ်လော။ ဘုရားသခင်ကို လှည့်စားရန် ကြိုးစားခြင်းမှ သင့်အပေါ် မည်သည့်အရာ ကျရောက်လာမည်ကို သင်သိသလော။ သင့်ကို သူ အလွန်မုန်းတီးပြီး ပစ်ပယ်လျက် ဖယ်ရှားမည်ဖြစ်သည်။ လူအားလုံးတို့သည် သူတို့၏ တာဝန်ကိုထမ်းဆောင်ရာတွင် ထုတ်ဖော်ခြင်းခံရသည်။ လူတစ်ယောက်ကို တာဝန်တစ်ခုသာ ချပေးလော့။ မကြာခင်တွင် ထိုသူသည် ရိုးသားသူ၊ သို့မဟုတ် လိမ်လည်လှည့်ဖြားသော လူတစ်ဦး ဟုတ်မဟုတ်၊ သမ္မာတရားကို ချစ်သောသူဖြစ်မဖြစ်ကို ထုတ်ဖော်ပြခြင်းခံရလိမ့်မည်။ သမ္မာတရားကို ချစ်သောသူတို့သည် တာဝန်များကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်နိုင်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းနိုင်သည်။ သမ္မာတရားကို မချစ်သောသူတို့သည် ဘုရားအိမ်တော်၏အလုပ်ကို အနည်းငယ်မျှပင် မထိန်းသိမ်းကြပေ။ ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ရာတွင် တာဝန်မသိတတ်ကြပေ။ ဤသည်မှာ အမြန်မှန်ရှိသောသူတို့အတွက် ချက်ချင်းဆိုသလို ရှင်းလင်း၏။ မိမိ၏တာဝန်ကို အားရလောက်စရာမရှိအောင် ထမ်းဆောင်သောသူ မည်သူမျှ သမ္မာတရားအား ချစ်မြတ်နိုးသူ သို့မဟုတ် ရိုးသားသောသူ မဟုတ်ပေ။ ထိုသို့သော လူတို့အားလုံးသည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားခြင်းခံရမည်။ မိမိတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန်အတွက် လူတို့၌ တာဝန်သိစိတ်နှင့် ဝန်တာစိတ် ရှိရမည်။ ဤနည်းအားဖြင့် အလုပ်ကို သင့်တင့်လျောက်ပတ်စွာ ပြီးစီးမည်မှာ အသေအချာဖြစ်သည်။ ယင်းမှာ လူတစ်ဦး၌ ဝန်တာစိတ် သို့မဟုတ် တာဝန်သိစိတ် မရှိသောအခါ၊ သူသည် အရာရာကိုလုပ်ဆောင်ဖို့ နှိုးဆော်ပေးရန် လိုအပ်သောအခါ၊ သူသည် အမြဲတမ်း နမော်နမဲ့နှင့် ဝတ်ကျေတမ်းကျေ ဖြစ်နေသောအခါ၊ ထို့ပြင် ပြဿနာများ ပေါ်လာသောအချိန်တွင် အပြစ်ကိုလွှဲချဖို့ ကြိုးစားလျက် ပြေလည်အောင်ဖြေရှင်းရာ၌ ကြန့်ကြာမှုများကို ဖြစ်ပွားစေသောအခါ ပူပန်စရာပင် ဖြစ်၏။ သို့ဆိုလျှင် အလုပ်ကို ကောင်းစွာ ပြီးစီးနိုင်ဦးမည်လော။ သူ၏ တာဝန်ထမ်းဆောင်မှုသည် ရလဒ်တစ်ခုခု ထွက်ပေါ်နိုင်သလော။ သူသည် သူ့အတွက် စီစဉ်ပေးသော မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်လိုပေ။ အလုပ်တွင် အကူအညီလိုအပ်နေသော အခြားလူများအား သူမြင်သည့်အခါ ထိုသူတို့ကို သူ မသိကျိုးကျွန်ပြုသည်။ အမိန့်ပေးသည့်အခါမှသာ မဖြစ်မနေ လုပ်ဆောင်ရမည့်အချိန်ရောက်ပြီး ရွေးချယ်စရာ မရှိတော့သည့် အခါမှသာ သူက အနည်းငယ်သာ လုပ်ဆောင်သည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းမဟုတ်၊ ငှားရမ်းထားသော အလုပ်သမားပင်ဖြစ်သည်။ ငှားရမ်းထားသော အလုပ်သမားတစ်ဦးသည် တစ်ရက်စာလုပ်ခအတွက် တစ်ရက်စာ၊ တစ်နာရီလုပ်ခအတွက် တစ်နာရီစာ လုပ်ကိုင်ရင်း အလုပ်ရှင်တစ်ယောက်အတွက် အလုပ်လုပ်ပေးသည်။ သူသည် လုပ်ခရရှိရန် စောင့်မျှော်လျက်ရှိသည်။ သူသည် သူ၏သူဌေးက မမြင်သည့် မည်သည့်အလုပ်ကိုမဆို လုပ်ရန် ကြောက်ရွံ့သည်။ သူသည် သူလုပ်ဆောင်သည့် မည်သည့်အရာမဆိုအတွက် ဆုချီးမြှင့်ခြင်း မခံရမည်ကို ကြောက်ရွံ့သည်။ သူသည် အယောင်ပြအတွက်သာ အစဉ် အလုပ်လုပ်သည်။ ဤသည်မှာ သူသည် သစ္စာမရှိဟု ဆိုလိုသည်။ အချိန်အများစုတွင် သင်တို့သည် အလုပ်ကိစ္စများအကြောင်း မေးသည့်အခါ ပြန်မဖြေနိုင်ကြပေ။ သင်တို့ထဲမှ အချို့သည် အလုပ်ထဲတွင် ပါဝင်ပတ်သက်ပြီး ဖြစ်သော်လည်း အလုပ်က မည်သို့အခြေအနေရှိသည်ကို သင်တို့ မည်သည့်အခါမျှ မမေးမြန်းခဲ့ပေ၊ သို့မဟုတ် ဤအကြောင်းကို သေချာစွာ မတွေးခဲ့ပေ။ သင်တို့အားလုံးသည် ဤအလုပ်တွင် ပါဝင်ကြပြီး ဖြစ်သောကြောင့် သင်တို့၏ အစွမ်းအစနှင့် အသိပညာတို့ကို ထောက်လျှင်၊ သင်တို့သည် အနည်းဆုံး တစ်စုံတစ်ခုကို သိသင့်သည်။ သို့ဆိုလျှင် လူအများစုသည် အဘယ်ကြောင့် မည်သည့်အရာမျှ မပြောဘဲ နေကြသနည်း။ မည်သည့်အရာ ပြောရမည်ကို အမှန်တကယ် သင်တို့ မသိ၍ဖြစ်နိုင်သည်— အမှုကိစ္စများ အဆင်ပြေခြင်း ရှိမရှိကို သင်မသိ၍ဖြစ်နိုင်သည်။ ဤအတွက် အကြောင်းပြချက်နှစ်ခုရှိသည်။ တစ်ခုမှာ သင်သည် လုံးဝ စိတ်မဝင်စားဘဲ၊ ဤအရာများနှင့်ပတ်သက်၍ မည်သည့်အခါမျှ ဂရုမစိုက်၍ ဖြစ်သည်၊ ပြီးလျှင် ယင်းတို့အား ပြီးစီးရမည့် လုပ်ဆောင်ချက်တာဝန်တစ်ခုအဖြစ်သာ အစဉ် သဘောထားခဲ့၍ ဖြစ်သည်။ အခြားတစ်ခုမှာ သင်တို့သည် ဤအရာများကို ဂရုစိုက်ဖို့ တာဝန်မဲ့ပြီး မလိုလား၍ ဖြစ်သည်။ သင်သည် တကယ် ဂရုစိုက်ပြီး အမှန်တကယ် စိတ်ဝင်စားပါက၊ သင်၌ အရာခပ်သိမ်းအပေါ် အမြင်နှင့် ရှုထောင့်တို့ ရှိပြီးဖြစ်လိမ့်မည်။ ရှုထောင့်၊ သို့မဟုတ် အမြင်မရှိခြင်းသည် စိတ်မဝင်စားခြင်းနှင့် စိတ်မပါခြင်းအပြင်၊ တာဝန်တစ်ခုမျှ မယူခြင်းတို့မှ လာလေ့ရှိသည်။ သင်သည် မိမိထမ်းဆောင်သည့် တာဝန်အပေါ် လုံ့လဝီရိယမရှိ၊ မည်သည့်တာဝန်မျှ မယူ၊ အဖိုးအခပေးဆပ်ဖို့၊ သို့မဟုတ် ပါဝင်ပတ်သက်ဖို့ လိုလားခြင်း မရှိပေ။ သင်သည် မည်သည့် နာကျင်မှုမျှ မခံယူသကဲ့သို့ သာ၍ကြီးမားသော မည်သည့်အင်အားကိုမျှ သုံးရန် မလိုလားပေ။ သင်သည် လက်အောက်ငယ်သား တစ်ဦးဖြစ်ဖို့သာ ဆန္ဒရှိသည်၊ ယင်းမှာ မယုံကြည်သူတစ်ဦးက သူ၏အလုပ်ရှင်အတွက် အလုပ်လုပ်သည့်ပုံစံနှင့် မကွာခြားပေ။ တာဝန်ကို ဤသို့ထမ်း‌ဆောင်ခြင်းမျိုးကို ဘုရားသခင် မနှစ်သက်သကဲ့သို့ ယင်းက ဘုရားသခင်ကို ကျေနပ်အားရစေခြင်းလည်း မရှိပေ။ သူ၏ ထောက်ခံမှုကို မရရှိနိုင်ပေ။

သခင်ယေရှုသည် တစ်ချိန်က၊ “အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၃:၁၂) ဟုဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များ၏အဓိပ္ပာယ်မှာ အဘယ်နည်း။ ဆိုလိုသည်မှာ သင်သည် သင်၏ကိုယ်ပိုင် တာဝန်၊ သို့မဟုတ် အလုပ်ကို လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဆက်ကပ်အပ်နှံခြင်းပင် မရှိပါက၊ ဘုရားသခင်သည် တစ်ချိန်က သင်ပိုင်ဆိုင်ခဲ့သည့်အရာကို ဖယ်ရှားလိုက်လိမ့်မည်ဟူ၍ ဖြစ်သည်။ “ဖယ်ရှားသည်” ဆိုသည်မှာ အဘယ်အဓိပ္ပာယ်နည်း။ ထိုအရာက လူတို့ကို အဘယ်သို့ ခံစားစေသနည်း။ ယင်းမှာ သင်၏အစွမ်းအစနှင့် ဆုကျေးဇူးများက သင့်အား ရရှိခွင့်ပြုနိုင်ပြီးဖြစ်မည့်အရာကို သင်မရနိုင်ဖြစ်ပြီး၊ သင် မည်သည့်အရာမျှ မခံစားရဘဲရှိကာ၊ မယုံကြည်သူကဲ့သို့ ဖြစ်သွားခြင်း ဖြစ်နိုင်သည်။ ယင်းမှာ ဘုရားသခင်က အရာရာကို ဖယ်ရှားသည် ဆိုသည့်အရာ ဖြစ်သည်။ သင်၏တာဝန်၌ သင်သည် ပေါ့လျော့ပြီး အဖိုးအခ မပေးဆပ်သကဲ့သို့ သင်သည် မရိုးသားပါက၊ ဘုရားသခင်သည် တစ်ချိန်က သင်ပိုင်ဆိုင်ခဲ့သည့်အရာကို ဖယ်ရှားလိမ့်မည်၊ သင်၏ တာဝန်ထမ်းဆောင်ခွင့်ကို သူ ပြန်သိမ်းယူမည် ဖြစ်သည်၊ သင့်အား ဤလုပ်ပိုင်ခွင့်ကို သူပေးမည် မဟုတ်ချေ။ ဘုရားသခင်က သင့်အား ဆုကျေးဇူးများနှင့် အစွမ်းအစတို့ ပေးထားသော်လည်း၊ သင်က သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခဲ့ခြင်း မရှိ၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးမခံ၊ သို့မဟုတ် အဖိုးအခ မပေးဆပ်သကဲ့သို့၊ သင်သည် ယင်းကို စိတ်မနှစ်ထားသောကြောင့်၊ ဘုရားသခင်က သင့်အား ကောင်းကြီးပေးမည် မဟုတ်သည်သာမက၊ သင် တစ်ချိန်က ရှိခဲ့သောအရာကိုလည်း သူဖယ်ရှားလိမ့်မည်။ ဘုရားသခင်သည် လူတို့ကို အထူးကျွမ်းကျင်မှုများအပြင် အသိဉာဏ်နှင့် ဉာဏ်ပညာတို့ကို ပေးလျက် လူသားအပေါ် ဆုကျေးဇူးများ အပ်နှင်းလေသည်။ လူတို့သည် ဤအရာများကို မည်သို့ အသုံးပြုသင့်သနည်း။ သင်၏ အထူးကျွမ်းကျင်မှုများ၊ သင်၏ ဆုကျေးဇူးများ၊ သင်၏ အသိဉာဏ်နှင့် ဉာဏ်ပညာတို့ကို သင်၏ တာဝန်၌ မြှုပ်နှံထားရမည်။ သင်၏ စိတ်နှလုံးကို အသုံးပြုပြီး သင်၏ တာဝန်အဖို့ သင် သိရှိသည့်အရာတိုင်း၊ သင် နားလည်သည့်အရာတိုင်းနှင့် သင် စွမ်းဆောင်ရရှိနိုင်သည့် အရာတိုင်း အသုံးချရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သင်သည် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။ ဘုရားသခင်၏ ကောင်းချီး ခံစားရခြင်းဆိုသည်မှာ အဘယ်အဓိပ္ပာယ်နည်း။ ဤအရာက လူများအား အဘယ်သို့ ခံစားရစေသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းခံရပြီးဖြစ်ကာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ၎င်းတို့၌ လမ်းကြောင်းတစ်ခုရှိသည်။ အခြားသူတို့အဖို့ သင်၏ အစွမ်းအစနှင့် သင်ယူထားသော အရာများသည် အမှုကိစ္စများကို ပြီးစီးဖို့ မထောက်ကူနိုင်ဟု ထင်ကောင်းထင်ရနိုင်သည်— သို့ရာတွင် ဘုရားသခင်က သင့်အား အမှုပြုပြီး ဉာဏ်အလင်းပေးပါက၊ သင်သည် ဤအရာများကို နားလည်ပြီး လုပ်ဆောင်နိုင်မည်သာမကဘဲ ကောင်းမွန်စွာလည်း လုပ်ဆောင်နိုင်ပေသည်။ အဆုံးတွင် သင်က၊ “ကျွန်ုပ်သည် ထိုမျှ ကျွမ်းကျင်နေကျမဟုတ်သော်လည်း ယခုတွင် ကျွန်ုပ်အတွင်း၌ ကောင်းသောအရာများ ပို၍မြောက်မြားစွာ ရှိကာ ယင်းတို့အားလုံးသည် အပြုသဘောဆောင်သည်ဟု ခံစားရသည်။ ထိုအရာများကို ကျွန်ုပ် မည်သည့်အခါမျှ မလေ့လာဖူးဘဲ ယခုအခါတွင် ယင်းတို့အားလုံးကို ရုတ်တရက်ကြီး ကျွန်ုပ် နားလည်လာပြီဖြစ်သည်။ ကျွန်ုပ်သည် မည်သို့များ ရုတ်တရက် အလွန်တော်လာရသနည်း။ ယခုတွင် ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာ အလွန်များပြားစွာ ရှိနေသည်မှာ မည်သို့ဖြစ်သနည်း” ဟုပင် သင့်ဘာသာ တွေးလေသည်။ သင် ရှင်းပြနိုင်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် ကောင်းကြီးမင်္ဂလာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူများကို ကောင်းကြီးမင်္ဂလာပေးသည့် ပုံစံဖြစ်သည်။ သင်တို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ၊ သို့မဟုတ် သင်၏အလုပ်ကို လုပ်ဆောင်သည့်အခါတွင် ဤအရာကို သင်မခံစားရပါက၊ သင်သည် ဘုရားသခင်၏ ကောင်းကြီးပေးခြင်း ခံစားရခြင်း မရှိသေးပေ။ သင်၏တာဝန်ကို လုပ်ဆောင်ခြင်းသည် သင့်အတွက် အစဉ် အဓိပ္ပာယ်မဲ့သည်ဟု ခံစားရပါက၊ မည်သည့်အရာမျှ လုပ်ဆောင်ဖို့မရှိဟု ခံစားရပြီး သင့်ကိုယ်သင် ဖြည့်ဆည်းဖို့ လုပ်ဆောင်စေနိုင်ခြင်း မရှိပါက၊ သင်သည် မည်သည့်အခါမျှ ဉာဏ်အလင်းကို မရရှိသကဲ့သို့ သင်၌ အသုံးချစရာ မည်သည့် ဉာဏ်ရည်ဉာဏ်သွေး သို့မဟုတ် ဉာဏ်ပညာမျှ မရှိဟု ခံစားရပါက၊ ဤသည်မှာ ပြဿနာရှိသည်ကို ဆိုလိုသည်။ ဤသည်မှာ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအတွက် မှန်ကန်သော ရည်ရွယ်ချက်၊ သို့မဟုတ် မှန်ကန်သော လမ်းကြောင်းမရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်က လက်မခံသည်ကို လည်းကောင်း၊ သင်၏ အခြေအနေက ပုံမှန်မဟုတ်သည်ကိုလည်းကောင်း ပြသည်။ သင်သည် ဆင်ခြင်သုံးသပ်ရမည်။ “ငါ့ရဲ့တာဝန်မှာ ငါ ဘာလို့ လမ်းကြောင်းကင်းမဲ့ရတာလဲ။ ဒီနယ်ပယ်ကို ငါလေ့လာပြီးပြီ။ ငါ့ရဲ့ အထူးပြုနယ်ပယ်ထဲမှာ ရှိတယ်။ ဒါကို ငါကျွမ်းတောင် ကျွမ်းကျင်တယ်။ ငါ့အသိပညာကို အသုံးချဖို့ ကြိုးစားတဲ့အခါမှာ အသုံးချလို့မရတာ ဘာကြောင့်လဲ။ ဘာလို့ အသုံးမပြုနိုင်တာလဲ။ ဘာဖြစ်နေတာလဲ။” ဤသည်မှာ တိုက်ဆိုင်မှုတစ်ခု ဖြစ်သလော။ ဤနေရာတွင် ပြဿနာတစ်ခုရှိသည်။ ဘုရားသခင်က တစ်စုံတစ်ဦးကို ကောင်းချီးပေးသောအခါ ထိုသူသည် ဉာဏ်ပညာရှိလာသည်။ ကိစ္စရပ်များအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လာသည့်အပြင် စိတ်ဝင်စားခြင်း၊ နိုးကြားခြင်း၊ အထူးသဖြင့် ကျွမ်းကျင်မှုရှိခြင်းတို့လည်း ဖြစ်လာသည်။ လုပ်ကိုင်တတ်လာပြီး လုပ်သမျှတွင် နိုးကြွမှုရှိလိမ့်မည်။ သူလုပ်သမျှသည် အလွန်လွယ်ကူပြီး မည်သည့်အခက်အခဲကမျှ သူ့ကို မတားဆီးနိုင်ဟု ထင်မြင်လိမ့်မည်။ သူသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရသည်။ တစ်စုံတစ်ယောက်က အရာရာကို အလွန်ခက်ခဲသည်ဟု မြင်လျှင်၊ ပျာယာခတ်လျှင်၊ ရယ်ဖွယ်ရာဖြစ်လျှင်၊ မည်သည့်အရာပင်လုပ်လုပ် ဘာကိုမျှ မသိလျှင်၊ မိမိကိုပြောသည့် မည်သည့်အရာကိုမျှ ထိုသူက နားမလည်လျှင် ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သူသည် ဘုရားသခင်၏ လမ်းပြမှုမရှိ၊ ဘုရားသခင်၏ ကောင်းချီးမရှိဟု ဆိုလိုသည်။ လူအချို့က “ငါ ကြိုးစားအားထုတ်ပြီးပြီ။ ဒါဆို ငါက ဘုရားကောင်းချီးတွေကို မမြင်ရတာ ဘာကြောင့်လဲ” ဟု ပြောကြသည်။ သင်သည် သင့်ကိုယ်သင် အသုံးချပြီး အားထုတ်ကြိုးပမ်းသော်လည်း သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် မကြိုးစားလျှင် သင်သည် သင်၏တာဝန်၌ အပေါ်ယံ လုပ်ဆောင်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ ကောင်းချီးများကို မည်သို့ မြင်နိုင်ခြေရှိမည်နည်း။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် အစဉ်ပေါ့ဆပြီး မည်သည့်အခါမျှ တာဝန်မကျေပွန်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်း၊ သို့မဟုတ် အလင်းပေးခြင်းကို ခံရမည်မဟုတ်ပေ။ သင့်တွင် ဘုရားသခင်၏ လမ်းပြမှု၊ သို့မဟုတ် လုပ်ဆောင်မှုရှိမည် မဟုတ်ပေ။ သင်၏ လုပ်ရပ်များက အသီးအပွင့်ဖြစ်ထွန်းမည် မဟုတ်ပေ။ လူသား၏ အားအင်နှင့် သင်ယူမှုကို အားကိုးခြင်းအားဖြင့် တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ သို့မဟုတ် အမှုအရာတစ်ခုကို ကောင်းစွာ ကိုင်တွယ်ရန် အလွန်ခက်ခဲသည်။ လူတိုင်းက ၎င်းတို့သည် အနည်းငယ် သိမြင်သည်၊ ကျွမ်းကျင်မှု အနည်းငယ်ရှိသည်ဟု ထင်ကြသည်။ သို့သော် ၎င်းတို့သည် ကိစ္စများကို ညံ့ဖျင်းစွာ လုပ်ဆောင်သည်။ အမှုကိစ္စများက အစဉ်လွဲချော်သည်။ မှတ်ချက်များနှင့် ရီမောခြင်းကို ထွက်ပေါ်လာစေသည်။ ဤသည်မှာ ပြဿနာဖြစ်သည်။ လူတစ်ယောက်က ရှင်းရှင်းလင်းလင်းပင် မည်သည့်အရာမျှ မဟုတ်သည့်တိုင် နားလည်ကျွမ်းကျင်မှု ရှိသည်ဟုထင်သည်။ မည်သူ့ကိုမျှ အလျှော့မပေးပေ။ ဤသည်မှာ လူ့သဘာဝတွင်ရှိသော ပြဿနာတစ်ခုနှင့် သက်ဆိုင်သည်။ မိမိတို့ကိုယ်ကို မသိသောသူတို့အားလုံးမှာ ဤအတိုင်းပင် ဖြစ်၏။ ထိုသို့သောလူတို့သည် မိမိတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းနိုင်သလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ကောင်းစွာ မဖြည့်ဆည်းနိုင်သည်သာမက စိတ်မချမ်းမြေ့ဖွယ်ရာ ရှုံးနိမ့်တတ်လေသည်။ လူအချို့သည် မိမိတို့ကိုယ်တိုင်၏ တာဝန်များကို ကောင်းစွာ မလုပ်ဆောင်နိုင်သော်လည်း သာလွန်မြင့်မားသော အခန်းကဏ္ဍများကို တာဝန်ယူရန်နှင့် အခြားလူတို့ကို ဆရာလုပ်ရန် အမြဲကြိုးစားနေကြသေးသည်။ ထိုသို့သော လူတို့က မည်သည့်အရာကိုမျှ မပြီးမြောက်။ ၎င်းတို့သည် အခြားသူများအား ဧဝံဂေလိဖြန့်ဝေနိုင်စွမ်း သို့မဟုတ် သက်သေခံနိုင်စွမ်းပင် မရှိသည့်အပြင် ၎င်းတို့၌ သမ္မာတရားကို ဝေမျှရန်အတွက် မိတ်သဟာယပြုချက်ဆိုင်ရာ စကားတစ်လုံးမျှပင် မရှိချေ။ ထိုသို့သော လူတို့သည် လုံးလုံးလျားလျား ဗလာကျင်းလျက်၊ ချွတ်ခြုံကျကာ သနားစရာကောင်းပေ၏။ သမ္မာတရားကို မလိုက်စားသောသူ အားလုံးသည် တာဝန်ခံယူမှုကင်းမဲ့သည့် စိတ်ထားဖြင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြသည်။ “တစ်ယောက်ယောက်က ဦးဆောင်ရင် ငါက နောက်ကလိုက်မယ်။ ဘယ်ကိုပဲ ဦးဆောင်ပါစေ ငါသွားမယ်။ ငါ့ကို ခိုင်းသမျှ ဘာမဆိုလုပ်မယ်။ တာဝန်ခံယူဖို့၊ အရေးစိုက်ဖို့၊ ဒါမှမဟုတ် တစ်ခုခုကိုလုပ်ဖို့အတွက် ပိုပြီးဒုက္ခခံဖို့၊ စိတ်နှလုံး၊ အားအင်ရှိသမျှနဲ့ လုပ်ဖို့တွေကိုတော့ လုပ်ချင်စိတ်မရှိဘူး။” ဤလူတို့သည် အဖိုးအခ ပေးဆပ်ချင်စိတ် မရှိပေ။ ၎င်းတို့သည် အားထုတ်ကြိုးပမ်းဖို့သာ အလိုရှိကြသည်။ တာဝန်ယူဖို့ အလိုမရှိပေ။ ဤသည်မှာ တာဝန်ကို အမှန်တကယ် ထမ်းဆောင်သည့်သဘောထား မဟုတ်ပေ။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်းအပေါ် စိတ်နှစ်မြှုပ်ရန် သင်ယူရမည်။ အသိတရားရှိသော သူတစ်ယောက်သည် ဤအရာကို ဖြစ်မြောက်နိုင်သည်။ လူတစ်ယောက်သည် သူ၏ တာဝန်ထမ်းဆောင်ခြင်း၌ လုံးဝ စိတ်နှစ်လုပ်ဆောင်ခြင်းမရှိလျှင် ထိုသူသည် အသိတရားမရှိဟု အဓိပ္ပာယ်ရသည်။ အသိတရားမရှိသူတို့သည် သမ္မာတရားကို မရရှိနိုင်ပေ။ သမ္မာတရားကို ၎င်းတို့မရရှိနိုင်ဟု အဘယ်ကြောင့်ဆိုရသနည်း။ ဘုရားသခင်ကို မည်သို့ဆုတောင်းပြီး သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို ရှာဖွေရမည်ကိုလည်းကောင်း၊ ဘုရားသခင်၏ အလိုတော်အပေါ် အရေးထားမှုကို မည်သို့ ပြသရမည်ကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဆင်ခြင်ခြင်းတွင် မည်သို့ စိတ်နှစ်ရမည်ကိုလည်းကောင်း မသိကြသကဲ့သို့ သမ္မာတရားကို မည်သို့ ရှာဖွေရမည်ကိုလည်းကောင်း၊ ဘုရားသခင် တောင်းဆိုချက်များနှင့် အလိုတော်ကို နားလည်ဖို့ မည်သို့ရှာဖွေရမည်ကိုလည်းကောင်း မသိကြပေ။ ဤသည်မှာ သမ္မာတရားကို မရှာဖွေနိုင်ခြင်းဟူသည့်အရာ ဖြစ်သည်။ မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ သို့မဟုတ် မည်သည့်တာဝန်မျိုးကို ထမ်းဆောင်ရပါစေ ဘုရားသခင်ရှေ့တွင် သင့်ကိုယ်သင် မကြာခဏ ငြိမ်သက်ခြင်းရှိနိုင်သော၊ ဘုရားနှုတ်ကပတ်တော်များကို ဆင်ခြင်စဉ်းစားခြင်း၊ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားအလိုတော်နှင့်အညီ ထိုတာဝန်ကို မည်သို့ ထမ်းဆောင်ရမည်ကိုလည်းကောင်း၊ ထိုတာဝန်ကို ကျေနပ်ဖွယ်ဖြစ်စွာ ထမ်းဆောင်ရန်အတွက် မည်သည့်သမ္မာတရားများကို ပိုင်ဆိုင်သင့်သည် ဆိုသည်ကိုလည်းကောင်း ဆင်ခြင်စဉ်းစားခြင်းတွင် စိတ်နှစ်မြှုပ်ထားနိုင်သော အခြေအနေများကို သင်တို့ တွေ့ကြုံသလော။ ဤနည်းဖြင့် သမ္မာတရားကို သင်ရှာဖွေသည့် အကြိမ်များစွာ ရှိသလော။ (မရှိပါ။) သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိခြင်းနှင့် တာဝန် ယူနိုင်ခြင်းသည် သင့်အနေဖြင့် ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခတစ်ခု ပေးဆပ်ဖို့ လိုအပ်ပေသည်- ဤအရာများနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခြင်း သက်သက်သည် မလုံလောက်ပေ။ သင်၏တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို မထားရှိဘဲ ယင်းအစား အမြဲအားထုတ်လိုပါက၊ သင်၏ တာဝန်သည် သေချာပေါက် ကောင်းကောင်းမွန်မွန် ပြီးမြောက်လိမ့်မည်မဟုတ်ပေ။ သင်သည် ဟန်ဆောင်လုပ်ပြရုံမျှသာ လုပ်ပြလိမ့်မည်ဖြစ်ပြီး ထိုထက် ပိုလိမ့်မည်မဟုတ်ဘဲ၊ သင်၏ တာဝန်ကို သင် ကောင်းကောင်း လုပ်ဆောင်ပြီး မလုပ်ဆောင်ပြီးသည်ကို သင် သိရှိလိမ့်မည် မဟုတ်ပေ။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိပါက၊ သင်သည် သမ္မာတရားကို တဖြည်းဖြည်း သိနားလည်လာလိမ့်မည်။ သင် မထားရှိပါက၊ သိနားလည်လိမ့်မည် မဟုတ်။ သင်၏ တာဝန်ကို ဆောင်ရွက်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိသည့်အခါတွင်၊ သင်သည် ဘုရားသခင်၏ အလိုကို တဖြည်းဖြည်း နားလည်လာလိမ့်မည်၊ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် မပြည့်စုံခြင်းတို့ကို တွေ့ရှိနိုင်လိမ့်မည် ဖြစ်ပြီး သင်၏ အခြေအနေမျိုးစုံကို ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်သည်။ သင် အာရုံစိုက်သည့် တစ်ခုတည်းသောအရာမှာ အားထုတ်မှုကို အသုံးပြုရန်ဖြစ်သောအခါ၊ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ရန် စိတ်မနှစ်သောအခါတွင် သင်၏ စိတ်နှလုံးမှ တကယ့်အခြေအနေများ၊ မတူညီသော ပတ်ဝန်းကျင်များတွင် သင့်၌ရှိသော ဖောက်ပြန်ပျက်စီးမှု၏ မရေမတွက်နိုင်သော တုံ့ပြန်မှုများနှင့် ထုတ်ဖော်ခြင်းများကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ပြဿနာများ ပြေလည်မသွားသောအခါ အကျိုးဆက်များက မည်သည့်အရာများ ဖြစ်မည်ကို သင် မသိလျှင် သင်သည် များစွာ ဒုက္ခရောက်ပြီဖြစ်သည်။ ဤအတွက်ကြောင့် ရှုပ်ထွေးသော နည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် မကောင်းခြင်းဖြစ်သည်။ အချိန်တိုင်း၊ နေရာတိုင်းတွင် ဘုရားသခင်ရှေ့၌ သင် အသက်ရှင်ရမည်။ သင့်အပေါ်သို့ မည်သည့်အရာကျရောက်ပါစေ သမ္မာတရားကို အစဉ်ရှာဖွေရမည်။ သမ္မာတရားကို ရှာဖွေစဉ်တွင် သင့်ကိုယ်သင်လည်း ဆင်ခြင်သုံးသပ်ပြီး သင်၏ အခြေအနေတွင် မည်သည့်ပြဿနာများရှိသည်ကို သိရမည်။ ထိုအရာများကို ဖြေရှင်းရန် သမ္မာတရားကို ချက်ချင်းရှာဖွေရမည်။ ဤနည်းအားဖြင့်သာ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်ပြီး အလုပ်ကို နှောင့်နှေးစေခြင်းအား ရှောင်ကြဉ်နိုင်မည်။ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်မည်သာမက အရေးကြီးဆုံးအရာမှာ သင့်တွင် အသက်ဝင်ရောက်မှုလည်းရှိပြီး သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းနိုင်မည်လည်း ဖြစ်သည်။ ဤနည်းအားဖြင့်သာ သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်နိုင်သည်။ သင်၏ စိတ်နှလုံးတွင် သင် မကြာခဏ ဆင်ခြင်တွေးတောသော အရာသည် သင်၏တာဝန်နှင့်သက်ဆိုင်သော ကိစ္စများမဟုတ်လျှင်၊ သို့မဟုတ် သမ္မာတရားနှင့် သက်ဆိုင်သည့် ကိစ္စများမဟုတ်ဘဲ၊ ထိုအစား သင့်အတွေးများက ဇာတိပကတိ အရေးကိစ္စများအပေါ်တွင်သာ ရှိလျက် သင်သည် ပြင်ပအရာများဖြင့် ငြိတွယ်နေလျှင် သင်သည် သမ္မာတရားကို နားလည်နိုင်မည်လော။ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ပြီး ဘုရားရှေ့တွင် အသက်ရှင်နိုင်မည်လော။ သေချာပေါက် အသက်မရှင်နိုင်ပေ။ ထိုသို့သောလူတစ်ဦးသည် ကယ်တင်ခြင်းကို မခံရနိုင်ပေ။

ဘုရားသခင်ကို ယုံကြည်ခြင်းသည် အသက်တာတွင် မှန်ကန်သောလမ်းကြောင်းကို လျှောက်ခြင်းဖြစ်ပြီး သမ္မာတရားကို လိုက်စားရမည်။ ဤသည်မှာ ဝိညာဉ်၏၊ အသက်၏ အရေးကိစ္စဖြစ်ပြီး မယုံကြည်သူများ၏ ကြွယ်ဝချမ်းသာမှုနှင့် ဂုဏ်ကျက်သရေတို့ နောက်လိုက်ခြင်း၊ မိမိအတွက် ထာဝရအမည်တွင်ရန် ကြိုးစားခြင်းတို့နှင့် ကွာခြားသည်။ ဤသည်တို့မှာ မတူညီသောလမ်းကြောင်းများ ဖြစ်သည်။ မယုံကြည်သူများသည် ၎င်းတို့၏ အလုပ်အကိုင်များတွင် အလုပ်ကို မည်သို့နည်းနည်းလုပ်ပြီး ပိုက်ဆံများများရအောင် လုပ်နိုင်မည် ဆိုသည်ကိုလည်းကောင်း၊ ဝင်ငွေပိုရရှိရန် ၎င်းတို့ အသုံးချနိုင်သည့် မယုံကြည်ရသော လှည့်ကွက်များကိုလည်းကောင်း စဉ်းစားကြသည်။ မည်သို့ ချမ်းသာအောင်လုပ်ပြီး ၎င်းတို့၏ မိသားစုစည်းစိမ်ချမ်းသာကို မည်သို့တည်ဆောက်ရမည်ကို တစ်နေကုန် စဉ်းစားကြသည်။ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ရရှိရန်အတွက် မသမာသောနည်းများကိုပင် ထုတ်သုံးကြသည်။ ဤသည်မှာ မကောင်းမှုလမ်းကြောင်း ဖြစ်သည်။ စာတန်၏ လမ်းကြောင်းဖြစ်သည်။ မယုံကြည်သူများလျှောက်သည့် လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများလျှောက်သည့် လမ်းကြောင်းသည် သမ္မာတရားကို လိုက်စားပြီး အသက်ကိုရရှိသည့် လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်နောက်လိုက်ပြီး သမ္မာတရားကို ရရှိသည့်လမ်းကြောင်း ဖြစ်သည်။ သင်သည် သမ္မာတရားရရှိရန် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဝီရိယရှိရှိ ဖတ်ရှုကာ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရမည်။ ထိုသို့ပြုလုပ်ပြီးနောက်မှသာ သမ္မာတရားကို နားလည်မည်ဖြစ်သည်။ ထို့ပြင် သမ္မာတရားကို နားလည်သောအခါ သင်သည် စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်နိုင်ရန်အတွက် သင်၏တာဝန်ကို မည်သို့ ကောင်းစွာ ထမ်းဆောင်ရမည်နှင့် ဘုရားသခင်ကို မည်သို့ ကျိုးနွံနာခံလာနိုင်သည်ကို ဆင်ခြင်သုံးသပ်ရမည်။ ဤအရာက သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို လိုအပ်သည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဟူသည်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ သမ္မာတရားကို ရှာဖွေရမည်သာမက စဉ်းစားဆင်ခြင်ပြီး သင်၌ မှားယွင်းသော ထင်မြင်ချက်များနှင့် အယူအဆများ ရှိမရှိကိုလည်း သတိပြုမိရမည် ဖြစ်သည့်အပြင်၊ အကယ်၍ ပြဿနများ ရှိနေပါက ယင်းတို့ကို ဖြေရှင်းဖို့အတွက် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယ ပြုရမည်ဖြစ်သည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဟူသည့် စည်းမျဉ်းများကို နားလည်သောအခါတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်။ သမ္မာတရားအား လက်တွေ့လုပ်‌ဆောင်ခြင်းအားဖြင့်သာလျှင် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပြီး ဘုရားသခင်အား ကျိုးနွံနာခံသူတစ်ဦး ဖြစ်လာနိုင်ပေသည်။ ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းဖြင့် သင်သည် သင်၏ စိတ်သဘောထားများကို ပြောင်းလဲပြီး သမ္မာတရားကို သိပင်မသိလိုက်ဘဲ ရရှိမည်ဖြစ်သည်။ မယုံကြည်သူများသည် ဂုဏ်ဒြပ်၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် အမြဲတမ်း ကြိုးပမ်းနေကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဆိုးယုတ်ခြင်းလမ်းကြောင်းကို လျှောက်ကာ ပို၍ပို၍ စာရိတ္တပျက်ပြားလာသည်၊ ပို၍ပို၍ လိမ္မာပါးနပ်လာသည်၊ ပြီးလျှင် ပို၍ပို၍ ကလိမ်ကျခြင်း၊ အပိုင်ကြံခြင်းနှင့် ကျိတ်ကြံခြင်းတို့ ရှိလာသည်။ ၎င်းတို့၏ စိတ်နှလုံးများမှာ ပို၍ပို၍ ဆိုးယုတ်လာပြီး ပို၍ပို၍ နားလည်ရခက်လာပြီး ပဟေဠိဆန်လာသည်။ ဤသည်မှာ မယုံကြည်သူများ၏ လမ်းကြောင်းဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သောသူတို့၏ လမ်းကြောင်းသည် ဤအရာ၏ ဆန့်ကျင်ဘက်ပင် ဖြစ်၏။ ဘုရားသခင်၌ ယုံကြည်သူများသည် ဤဆိုးယုတ်သော ကမ္ဘာလောကနှင့် ဆိုးယုတ်သော လူသားမျိုးနွယ်မှ မိမိတို့ကိုယ်ကို ခွဲထွက်လိုကြသည်။ ထိုသူတို့သည် သမ္မာတရားကို လိုက်စားလိုပြီး မိမိတို့၏ ယိုယွင်းမှုကို သန့်စင်စေလိုသည်။ သူတို့သည် လူသားပုံသဏ္ဍာန်အတိုင်း အသက်ရှင်သောအခါမှသာ သူတို့၏ စိတ်နှလုံးများသည် တည်ငြိမ်ပြီး အေးချမ်းသည်။ သူတို့သည် ဘုရားသခင်ကို သိကျွမ်းလိုသည်၊ ဘုရားသခင်ကို ကြောက်ရွံ့လိုသည်၊ မကောင်းမှုကို ရှောင်လိုသည့်အပြင် သူ၏ ထောက်ခံမှုနှင့် ကောင်းချီးကို ရရှိလိုကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောသူတို့ ရှာဖွေသောအရာ ဖြစ်၏။ အကယ်၍ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ကာ သမ္မာတရားကို အမှန်တကယ် နားလည်ပြီး ပြောင်းလဲသွားပြီးဖြစ်ပါက သင့်အား အခြားသူများက ပို၍ ပေါင်းသင်းဆက်ဆံလေလေ၊ သင်သည် ရိုးသားကြောင်း၊ သင်၏ အပြောအဆို၌ ရိုးသားပြီး သင်၏ တာဝန်ထမ်းဆောင်ရာတွင် ရိုးသားကြောင်း၊ လုံးလုံးလျားလျား ပွင့်လင်းလျက် ဘာမျှကွယ်ဝှက်စရာ မရှိသည့်အပြင် ပွင့်လင်းမြင်သာသော ပုံစံဖြင့် စကားပြောပြီး ပြုမူသောသူတစ်ဦးဖြစ်ကြောင်း ၎င်းတို့ ခံစားရလေလေ ဖြစ်မည်။ သင်ပြောဆိုသည့် အရာများ၊ သင်ဖော်ပြသော အမြင်များ၊ သင်လုပ်ဆောင်သော အရာများ၊ သင်ထမ်းဆောင်သော တာဝန်အပြင် အခြားသူများနှင့် စကားစမြည်ပြောရာ၌ သင်၏ ရိုးသားသော စိတ်သဘောမှတစ်ဆင့် လူတို့သည် သင်၏စိတ်နှလုံးကို ထိုးထွင်းသိမြင်နိုင်မည် ဖြစ်သည့်အပြင် သင် မည်ကဲ့သို့ ပြုမူနေထိုင်ကြောင်း၊ သင်၏ ဦးစားပေးမှုများက မည်သည့်အရာဖြစ်ကြောင်း၊ ထို့ပြင် သင် မည်သည့် ရည်မှန်းချက်ပန်းတိုင်များကို လိုက်စားကြောင်းကို မြင်တွေ့နိုင်မည် ဖြစ်သည်။ သင်သည် ကောင်းမွန်ရိုးသားသော လူတစ်ဦးဖြစ်ကြောင်းနှင့် သင်သည် မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းနေကြောင်း ၎င်းတို့ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်မည်ဖြစ်သည်။ ဤအရာက သင် ပြောင်းလဲသွားပြီဖြစ်ကြောင်း ပြသလေသည်။ အကယ်၍ သင် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်လာပြီး တာဝန်တစ်ခုကို ထမ်းဆောင်ထားပြီး ဖြစ်သော်လည်း သင်နှင့် ပေါင်းသင်းဆက်ဆံသည့် လူတို့က သင်သည် သင်ပြောဆိုသည့်အရာ၌ ပွင့်လင်းမြင်သာမှု မရှိ၊ သင်၏အမြင်များက မရှင်းလင်းဟု အမြဲခံစားရပြီး သင်၏ လုပ်ဆောင်ချက်များတွင် သင့်စိတ်နှလုံးကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါက၊ အကယ်၍ သင်သည် သင့်စိတ်နှလုံးထဲ၌ နက်ရှိုင်းစွာ ပုန်းကွယ်နေသည့် အရာများရှိသည်ဟု အမြဲတစေ ခံစားကြပါက ဤအရာမှာ သင်သည် မိမိကိုယ်ကို မည်သို့ဖုံးကွယ်ရမည်၊ မည်သို့ရုပ်ဖျက်ရမည်၊ ပြီးလျှင် မည်သို့ပြရုပ်တင်ရမည်ကို သိသည့် သိုဝှက်သော လူတစ်ဦးဖြစ်ကြောင်း ပြသလေသည်။ အကယ်၍ အခြားသူများသည် သင်နှင့် ပေါင်းသင်းဆက်ဆံသည့် နှစ်အတန်ကြာပြီးနောက်၌ပင် သင့်စိတ်နှလုံးကို အပြည့်အဝ သဘောမပေါက်နိုင်သည့်အပြင် ၎င်းတို့မြင်တွေ့သမျှမှာ သင်၏ စိတ်သဘောထား သို့မဟုတ် သင်၏ အနှစ်သာရတို့ထက် သင်၏ နဂိုစိတ်ရင်းနှင့် စရိုက်လက္ခဏာတို့သာလျှင် ဖြစ်ပါက ယင်းမှာ သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထားအတိုင်း အသက်ရှင်နေသေးသည်ကို ထင်ရှားစေ၏။ သင်သည် ပို၍ လိမ္မာပါးနပ်လေ၊ လူကောင်းတစ်ယောက် မဟုတ်မှန်း၊ သင်၌ လူ့သဘာဝ ကင်းမဲ့မှန်း၊ ထို့ပြင် သင့်ကို မကောင်းဆိုးဝါးများနှင့် စာတန်က ပိုင်ဆိုင်မှန်း ပို၍ ထင်ရှားလေဖြစ်၏။ အကယ်၍ သင်သည် မည်သည့်သမ္မာတရားကိုမျှ မရရှိသည့်အပြင် ဘုရားသခင်ကို သင် နှစ်ပေါင်းမည်မျှ ယုံကြည်သည်ဖြစ်စေ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ မသန့်စင်ပါက သင်ကဲ့သို့သော လူတစ်ဦးအတွက် ကယ်တင်ခြင်းရရှိရန် လွန်စွာ ခက်ခဲပေလိမ့်မည်။ ထို့ပြင် သင်၏ မလိမ့်တပတ်လုပ်သည့် အစွမ်းအစ၊ သင်၏ စကားလုံးကျွမ်းကျင်မှု၊ သင်၏ ပြန်ပက်တတ်ခြင်း၊ မြန်ဆန်သော တုံ့ပြန်ချက်များနှင့် အမှုအရာများကို ကိုင်တွယ်ရာ၌ သင် မည်မျှကျွမ်းကျင်လင့်ကစား အကယ်၍ သင်နှင့် ပေါင်းသင်းဆက်ဆံသော သူတို့သည် အမြဲတမ်း ဘဝင်မကျသည့်အပြင် သင်သည် အားမကိုးရကြောင်း၊ မယုံကြည်ရကြောင်းနှင့် နားလည်ရခက်ကြောင်း သတိပြုမိနိုင်ပါက သင် ဒုက္ခရောက်လေပြီ။ ဤအရာက သင်သည် ဘုရားသခင်ကို ယုံကြည်နေစဉ် လုံးဝ မပြောင်းလဲသေးကြောင်း၊ သင်သည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြောင်း ပြညွှန်လေသည်။ ယခုအချိန်အထိ ဘုရားသခင်အပေါ် သင်၏ယုံကြည်မှုတွင် စစ်မှန်သော ပြောင်းလဲမှုတစ်ခုခုကို တွေ့ကြုံဖူးသလော။ သင်သည် ရိုးသားခြင်း စိတ်သဘောရှိသည့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရသလော။ သင်သည် ရိုးသားစစ်မှန်သည်ဟု အခြားသူများက ခံစားရသ‌လော။ (ကျွန်ုပ်အတွက် လက်ငင်းအကျိုးကျေးဇူးရှိသည့် အရာများနှင့်ပတ်သက်လျှင် ကျွန်ုပ်သည် လိမ်ညာလှည့်စားနိုင်သည်။ သို့သော် ယင်းတို့သည် ကျွန်ုပ်အတွက် လက်ငင်းအကျိုးကျေးဇူး မရှိသည့်အခါ သမ္မာတရားကို ပြောနိုင်ပြီး ကျွန်ုပ်၏ စိတ်နှလုံးကို အနည်းငယ် ဖွင့်ဟနိုင်ပါသည်။) (ကျွန်ုပ်သည် ကျွန်ုပ် ပွင့်ပွင့်လင်းလင်း ပြောဆိုသော အရာအချို့ဟူသည့် ကျွန်ုပ်ပြောဆိုသည့် အရာများ၌ စိစိစစ်စစ်ရှိသော်လည်း ကျွန်ုပ်၏ စိတ်နှလုံးအတွင်း၌ နက်ရှိုင်းစွာ ဖုံးကွယ်ထားသော အရာများမှာမူ ပုန်းအောင်းမြဲ ပုန်းအောင်းနေသည်။ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ကျွန်ုပ်သည် မိမိကိုယ်ကို ပြရုပ်တင်ပြီး ရုပ်ဖျက်ထားတတ်ဆဲ ဖြစ်သည်။) ဤသည်မှာ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲ၌ အသက်ရှင်သည့် ကိစ္စတစ်ခုဖြစ်၏။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို မလိုက်စားသည့်အပြင် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက သူသည် မည်ကဲ့သို့ ပြောင်းလဲနိုင်မည်နည်း။ သင်တို့အားလုံးသည် တာဝန်များကို ထမ်းဆောင်ရသော သူတို့ဖြစ်ကြ၏။ အနည်းဆုံးအနေဖြင့် ရိုးသားသော စိတ်နှလုံးရှိရမည်ဖြစ်ပြီး သင်သည် ရိုးသားစစ်မှန်ကြောင်း ဘုရားသခင်အား မြင်တွေ့ခွင့်ပေးရမည် ဖြစ်သည်။ သို့မှသာ သင်သည် ဘုရားသခင်၏ ဉာဏ်ပွင့်စေခြင်း၊ အလင်းပေးခြင်းနှင့် လမ်းညွှန်မှုကို ရရှိနိုင်မည်ဖြစ်သည်။ အရေးပါသောအရာမှာ သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံရမည်ဖြစ်သည်။ သင်နှင့် အခြားသူများကြားတွင် မည်သည့်အတားအဆီးများ ရှိသည်ဖြစ်စေ၊ သင်သည် သင်၏ကိုယ်ပိုင် ဝင့်ဝါခြင်းနှင့် ဂုဏ်သတင်းကို မည်မျှ တန်ဖိုးထားသည်ဖြစ်စေ၊ ပြီးလျှင် ရိုးစင်းသောပုံစံဖြင့် သင် ရင်မဖွင့်နိုင်သည့် မည်သည့်ရည်ရွည်ချက်များကို သိုထားသည်ဖြစ်စေ ဤအရာများအားလုံးသည် တစ်ဖြည်းဖြည်းချင်း ပြောင်းလဲရမည်။ တစ်ဆင့်ပြီးတစ်ဆင့် အယောက်ချင်းစီတိုင်းသည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အခက်အခဲများမှ မိမိတို့ကိုယ်ကို လွတ်အောင်ရုန်းပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဖြစ်ပေါ်စေသည့် အဟန့်အတားများကို ကျော်လွှားရမည်ဖြစ်သည်။ ဤအဟန့်အတားများကို သင် မကျော်ဖြတ်မီ သင်၏စိတ်နှလုံးသည် ဘုရားသခင်အပေါ် အမှန်တကယ် ရိုးသားသ‌လော။ သင်သည် အမှုအရာများကို သူ့ထံမှ ကွယ်ဝှက်ထားပြီး ဖုံးကွယ်သလော၊ သို့မဟုတ် ဟန်ဆောင်ထားသော အပြင်ပန်းကို ပြထားပြီး သူ့ကို လှည့်ဖြားသလော။ သင်၏စိတ်နှလုံးထဲတွင် ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းနေသင့်သည်။ အကယ်၍ သင်၏ စိတ်နှလုံးထဲတွင် ဤအရာများ ရှိပါက ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံသင့်သည်။ အမှုအရာများကို ကံတရားအပေါ် ပုံချထားပြီး “ကျွန်ုပ်သည် ဘုရားသခင်အတွက် ကျွန်ုပ်၏တစ်ဘဝလုံးကို အသုံးမခံလို။ မိသားစုတစ်စုကို အစပြုပြီး ကျွန်ုပ်၏ကိုယ်ပိုင်ဘဝကို နေထိုင်ချင်သည်။ မှန်းခြေအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်ကို စေ့စေ့စပ်စပ် စစ်ဆေးခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်း ပြုမည်မဟုတ်” ဟု မဆိုလေနှင့်။ အကယ်၍ သင်သည် သင့်စိတ်နှလုံးအတွင်း၌ နက်နက်ရှိုင်းရှိုင်း သိုထားသည့် ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ အကြံအစည်များနှင့် ဘဝပန်းတိုင်များဟူသည့် ဤအရာများအားလုံးကို ဘုရားသခင်ထံမှ ကွယ်ဝှက်ထားပါက၊ ထို့ပြင် အမှုအရာများစွာအပေါ် သင်၏အမြင်များနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ပတ်သက်သည့် ယုံကြည်ချက်များကို ကွယ်ဝှက်ထားပါက သင်သည် ဒုက္ခရောက်မည် ဖြစ်သည်။ အကယ်၍ သင်သည် ဤအသုံးမကျသော အရာများကို ကွယ်ဝှက်ပြီး ယင်းတို့ကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မရှာဖွေပါက ယင်းက သင်သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်းမရှိကြောင်း၊ သမ္မာတရားကို လက်ခံရရှိရန် သင့်အတွက် ခက်ခဲကြောင်း ပြသသည်။ သင်သည် အမှုအရာများကို အခြားလူတို့ထံမှ ကွယ်ဝှက်နိုင်သော်လည်း ဘုရားသခင်ထံမှ မကွယ်ဝှက်နိုင်ချေ။ အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်အားကိုးမှု မရှိလျှင် သူ့ကို အဘယ့်ကြောင့် သင် ယုံကြည်ရသနည်း။ သင်၌ လျှို့ဝှက်ချက်အချို့ရှိပြီး ယင်းတို့နှင့်ပတ်သက်၍ ရင်ဖွင့်လိုက်လျှင် သင့်ကို လူတို့အထင်သေးမည်ကို စိုးရိမ်သည့်အပြင် သင်၌ ထုတ်ဖော်ပြောဆိုဖို့ သတ္တိကင်းမဲ့ပါက သင်သည် ဘုရားသခင်အား အလွယ်တကူ ရင်ဖွင့်နိုင်လေသည်။ သင်သည် ဘုရားသခင်ကို ဆုတောင်းသင့်ကာ၊ သူ့အပေါ် သင့်ယုံကြည်မှုထဲ၌ သိုထားသည့် မသတီစရာ ရည်ရွယ်ချက်များ၊ သင့်အနာဂတ်နှင့် ကံကြမ္မာအတွက်အလို့ငှာ လုပ်ဆောင်ထားခဲ့သည့် အရာများနှင့် ဂုဏ်ဒြပ်နှင့် အကျိုးအမြတ်အတွက် မည်သို့ ကြိုးပမ်းခဲ့ပုံတို့ကို ဝန်ချတောင်းပန်သင့်သည်။ ဤအရာအားလုံးကို ဘုရားသခင်၏ရှေ့၌ ပစ်ချပြီး ယင်းတို့ကို သူ့အား ထုတ်ဖော်လော့။ ယင်းတို့ကို သူ့ထံမှ မဖုံးကွယ်နှင့်။ သင်၏စိတ်နှလုံးသည် လူမည်မျှအတွက် ပိတ်ဆို့ထားပါစေ ဘုရားသခင်အတွက် ပိတ်မထားနှင့်။ သင့်စိတ်နှလုံးကို သူ့ထံ ဖွင့်ထားရမည်။ ယင်းသည် သူ့ကိုယုံကြည်သူတို့၌ ရှိသင့်သည့် အနည်းဆုံးသော ရိုးသားစစ်မှန်မှုအတိုင်းအတာ ဖြစ်၏။ သင်သည် ဘုရားသခင်ထံ ဖွင့်ဟထားသော စိတ်နှလုံးရှိပြီး သူ့အတွက် ပိတ်ဆို့မထားဘဲ သူ၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံနိုင်လျှင် သင့်ကို သူ မည်ကဲ့သို့ ရှုမြင်မည်လော။ သင်သည် အခြားသူများထံ ပွင့်လင်းကောင်း မပွင့်လင်းနိုင်လျှင်ပင် ဘုရားသခင်အား သင် ပွင့်လင်းနိုင်ပါက သူက သင့်ကို ရိုးသားသော စိတ်နှလုံးရှိသည့် ရိုးသားသော လူတစ်ဦးအဖြစ် ရှုမြင်မည်ဖြစ်သည်။ သင်၏ ရိုးသားသောစိတ်နှလုံးသည် သူ၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံနိုင်ပါက ယင်းသည် သူ၏အမြင်၌ အဖိုးထိုက်သည့်အပြင် သူသည် သင့်အထဲ၌ အလုပ်လုပ်ရန် ရှိသည်မှာ သေချာ၏။ ဥပမာ သင်သည် ဘုရားသခင်အား လိမ်ညာလှည့်ဖြားသော အရာတစ်ခုကို ပြုလုပ်ထားပြီး ဖြစ်ပါက သင့်ကို သူ ဆုံးမပဲ့ပြင်မည်ဖြစ်သည်။ ထိုအခါ သင်သည် သူ၏ ဆုံးမပဲ့ပြင်ခြင်းကို လက်ခံရမည်၊ အလျင်အမြန် နောင်တရရမည်ဖြစ်ပြီး သူ၏ရှေ့၌ ဝန်ချတောင်းပန်သည့်အပြင် သင်၏ အမှားများကို အသိအမှတ်ပြုရမည်။ သင်၏ ပုန်ကန်လိုစိတ်ရှိခြင်းနှင့် ယိုယွင်းခြင်းကို အသိအမှတ်ပြုရမည်၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရမည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရမည်၊ သူ၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး အမှန်တကယ် နောင်တရရမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ သင်၏ ရိုးသားစစ်မှန်သော ယုံကြည်မှု၏သက်သေဖြစ်ပြီး သူ့အပေါ် သင်၏ စစ်မှန်သောယုံကြည်ခြင်းပင် ဖြစ်၏။

ရိုးသားသော လူတစ်ဦးဖြစ်ရန်အတွက် လက်တွေ့လုပ်ဆောင်ဖို့ ဦးစွာ ဘုရားသခင်ထံ သင်၏စိတ်နှလုံးကို ဖွင့်ဟတတ်ရန်နှင့် နေ့စဉ် ဆုတောင်းခြင်းဖြင့် ရင်ထဲမှလာသော စကားလုံးများကို သူ့အားပြောဆိုတတ်ရန် လိုအပ်သည်။ ဥပမာ သင်သည် ယနေ့ အခြားလူတို့ သတိမထားမိသည့် မုသားတစ်ခုကို ဆိုသော်လည်း သင်၌ လူတိုင်းအား ဖွင့်ဟဖို့ သတ္တိကင်းမဲ့ပါက သင်သည် အနည်းဆုံးအနေဖြင့် သင် စစ်ကြောတွေ့ရှိထားသည့် အမှားများနှင့် ဘုရားသခင်ရှေ့တွင် သင်ဆိုထားသည့် မုသားများကို ဆင်ခြင်သုံးသပ်ရန်အတွက် ယူဆောင်ခဲ့ပြီး “အို ဘုရားသခင်၊ ကျွန်ုပ်၏ကိုယ်ကျိုးကို ကာကွယ်ဖို့အတွက် လိမ်ညာခဲ့မိပြန်ပြီး ကျွန်ုပ်မှားပါ၏။ ကျေးဇူးပြု၍ ကျွန်ုပ်ထပ်၍ လိမ်ညာမိပါက ဆုံးမပဲ့ပြင်ပါ” ဟု ပြောသင့်သည်။ ဘုရားသခင်သည် ထိုသို့သော စိတ်သဘောကို ကျေနပ်နှစ်သက်ပြီး ယင်းကို သူ သတိရလိမ့်မည်။ သင့်အနေဖြင့် မုသားဆိုခြင်းဟူသည့် ဖောက်ပြန်ပျက်စီးသော ဤစိတ်သဘောထားကို ဖြေရှင်းရန် အစွမ်းကုန်ကြိုးပမ်းအားထုတ်မှု လိုအပ်နိုင်သော်လည်း မစိုးရိမ်နှင့်၊ ဘုရားသခင်သည် သင့်နံဘေး၌ ရှိ၏။ အဖန်တလဲလဲဖြစ်သော ဤအခက်အခဲကို ကျော်လွှားရန်အတွက် သင့်ကို သူ လမ်းပြကူညီမည်ဖြစ်ပြီး သင်၏ မုသားများအား လုံးဝ မဝန်ခံခြင်းမှ ဝန်ခံခြင်းသို့ရောက်အောင် သင့်ကိုယ်သင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်နိုင်ရန်အတွက် သတ္တိကိုပေးမည် ဖြစ်သည်။ သင်၏မုသားများကို ဝန်ခံမည်သာမက သင်သည် အဘယ့်ကြောင့် သင်လိမ်ညာကြောင်း၊ သင့်မုသားများ၏ နောက်ကွယ်မှ ကြံရွယ်ချက်နှင့် အကြောင်းရင်းများကိုလည်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်နိုင်မည် ဖြစ်သည်။ သင်သည် ဤအတားအဆီးကို ကျော်လွှားဖို့၊ စာတန်၏လှောင်အိမ်နှင့် ထိန်းချုပ်မှုကို ကျော်လွှားဖို့ သတ္တိရှိပြီး သင် နောက်ထပ် မလိမ်ညာတော့သည့် အဆင့်အထိ တရွေ့ရွေ့ ရောက်ရှိသောအခါ သင်သည် ဘုရားသခင်၏ လမ်းပြမှုနှင့် ကောင်းချီးအောက်၊ အလင်းထဲ၌ တဖြည်းဖြည်း အသက်ရှင်လာမည် ဖြစ်သည်။ သင်သည် ဇာတိပကတိ၏ ထိန်းချုပ်မှုဟူသည့် အတားအဆီးကို ကျော်လွှားပြီး သမ္မာတရားအား ကျိုးနွံနာခံနိုင်သည့်အပြင် သင့်ကိုယ်သင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြီး သင်၏ ရပ်တည်ချက်ကို လူသိရှင်ကြား ကြေညာကာ သံသယကင်းနိုင်သောအခါ သင်သည် လွတ်မြောက်ပြီး လွတ်လပ်သွားမည် ဖြစ်သည်။ သင်သည် ဤပုံစံအတိုင်း အသက်ရှင်သောအခါ သင့်ကို လူတို့ နှစ်သက်မည်သာမက ဘုရားသခင်လည်း ကျေနပ်နှစ်သက်မည် ဖြစ်သည်။ သင်သည် တစ်ခါတစ်ရံ အမှားများကို ပြုလုပ်ပြီး မုသားဆိုနိုင်သေးသည့်အပြင် တစ်ခါတစ်ရံ တစ်ကိုယ်ရေ ရည်ရွယ်ချက်များ၊ ကွယ်ဝှက်ထားသော အကြောင်းရင်းများ သို့မဟုတ် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူများနှင့် စိတ်ကူးများ ရှိနေနိုင်သေးသော်လည်း သင်သည် ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံပြီး ဘုရားသခင်ရှေ့၌ သင်၏ ရည်ရွယ်ချက်များ၊ တကယ့်အခြေအနေနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ကာ သူ့ထံမှ သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်သွားသောအခါ သင်၌ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းရှိမည်ဖြစ်သည်။ သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းက မှန်ကန်ပြီး သင်သည် မှန်ကန်သော ဦးတည်ချက်ဖြင့် ရွေ့လျားသောအခါ သင်၏ အနာဂတ်သည် လှပလင်းလက်နေမည် ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် စိတ်နှလုံးအေးချမ်းစွာဖြင့် အသက်ရှင်ရမည်၊ သင်၏ စိတ်နှလုံးသည် အားပြည့်လာမည်၊ ပြီးလျှင် သင်သည် ကျေနပ်ကာ ဝမ်းမြောက်နေမည် ဖြစ်သည်။ အကယ်၍ ဇာတိပကတိ၏ ထိန်းချုပ်မှုမှ မလွတ်မြောက်နိုင်လျှင်၊ စိတ်ခံစားမှု၊ ကိုယ်ကျိုးနှင့် ဆိုးယုတ်သော ဒဿနအမြင်များကို အစဉ်သဖြင့် လိုက်လျောကာ သိုဝှက်သောပုံစံဖြင့် ပြုမူပြောဆိုပြီး မှောင်ရိပ်ထဲတွင် အမြဲတမ်း ပုန်းအောင်းနေလျှင် သင်သည် စာတန်၏တန်ခိုးအောက်၌ အသက်ရှင်နေခြင်း ဖြစ်သည်။ သို့ရာတွင် သမ္မာတရားကို နားလည်လျှင်၊ ဇာတိပကတိ၏ ထိန်းချုပ်မှုမှ လွတ်မြောက်သည့်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင် သင်သည် လူသားပုံသဏ္ဌာန်ကို တဖြည်းဖြည်း ပိုင်ဆိုင်လာမည် ဖြစ်သည်။ သင်သည် သင်၏ စကားများနှင့် လုပ်ရပ်များတွင် ပွင့်လင်းပြီး ဖြောင့်မတ်ရိုးသားမည်ဖြစ်ပြီး သင်၏ အကြံဉာဏ်များ၊ ထင်မြင်ချက်များ၊ သင်ပြုလုပ်ထားသည့် အမှားများကို ထုတ်ဖော်နိုင်မည်ဖြစ်ကာ ယင်းတို့ကို လူတိုင်းအား ရှင်းလင်းစွာ မြင်တွေ့ခွင့်ပေးမည် ဖြစ်သည်။ အဆုံးတွင် လူတို့သည် သင့်အား ပွင့်လင်းမြင်သာမှုရှိသော လူတစ်ဦးအဖြစ် အသိအမှတ်ပြုမည် ဖြစ်သည်။ ပွင့်လင်းမြင်သာမှုရှိသော လူတစ်ဦးဟူသည်မှာ အဘယ်နည်း။ ယင်းမှာ ခြွင်းချက်မရှိသော ရိုးသားမှုဖြင့် စကားပြောသောသူ၊ မိမိ၏ စကားလုံးများကို လူတိုင်းက မှန်ကန်သည်ဟု ယုံကြည်သောသူ ဖြစ်သည်။ ထိုသူတို့သည် မရည်ရွယ်ဘဲ လိမ်ညာမိလျှင်ပင် သို့မဟုတ် မှားယွင်းသော အရာတစ်ခုကို ပြောမိလျှင်ပင် လူတို့က သူတို့ကို ခွင့်လွှတ်နိုင်ကာ၊ ယင်းမှာ တမင်တကာမဟုတ်ဟု သိကြသည်။ အကယ်၍ ၎င်းတို့က ထိုသူတို့သည် လိမ်ညာခဲ့သည် သို့မဟုတ် မှားယွင်းသောအရာတစ်ခုကို ပြောခဲ့သည်ဟု သဘောပေါက်လျှင် ထိုသူတို့က တောင်းပန်ပြီး သူတို့ကိုယ်သူတို့ ပြုပြင်ကြသည်။ ဤသည်မှာ ပွင့်လင်းမြင်သာမှု ရှိသော လူတစ်ဦးဖြစ်၏။ ထိုကဲ့သို့သော လူတစ်ဦးကို လူတိုင်းက နှစ်သက်ပြီး ယုံကြည်စိတ်ချသည်။ သင်သည် ဘုရားသခင်၏ ယုံကြည်စိတ်ချမှုနှင့် အခြားသူများ၏ ယုံကြည်စိတ်ချမှုကို ရရှိရန်အတွက် ဤအဆင့်သို့ ရောက်ဖို့လိုသည်။ ဤသည်မှာ လွယ်ကူသောအလုပ် မဟုတ်။ လူတစ်ဦးပိုင်ဆိုင်နိုင်သည့် အမြင့်ဆုံးသော ဂုဏ်သိက္ခာအဆင့် ဖြစ်သည်။ ဤကဲ့သို့သော လူတစ်ဦး၌ မိမိကိုယ်ကိုလေးစားမှု ရှိ၏။ အကယ်၍ သင်သည် အခြားလူတို့၏ ယုံကြည်စိတ်ချမှုကို မရရှိနိုင်ပါက ဘုရားသခင်၏ ယုံကြည်စိတ်ချမှုကို သင်ရယူဖို့ မည်သို့မျှော်လင့်နိုင်မည်နည်း။ အရှက်ရစေသော အသက်တာများကို နေထိုင်သော၊ မုသားများကို အစဉ်သဖြင့် လုပ်ကြံပြောဆိုပြီး အလုပ်တာဝန်များကို နမော်နမဲ့နှင့် ဝတ်ကျေတမ်းကျေပုံစံဖြင့် ကိုင်တွယ်ဖြေရှင်းသော ပုဂ္ဂိုလ်များရှိ၏။ ၎င်းတို့၌ တာဝန်သိစိတ် စိုးစဉ်းမျှမရှိ၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရဖို့ ငြင်းပယ်ကြသည်၊ မှန်သယောင်နှင့် မှားယွင်းသော အကြောင်းပြချက်များကို အမြဲတမ်း ပြောလိုက်ရကာ ၎င်းတို့ကို ကြုံတွေ့သော လူတိုင်းက မနှစ်သက်ကြပေ။ ၎င်းတို့သည် မည်သည့်ရှက်စိတ်မျှ မရှိဘဲ အသက်ရှင်ကြသည်။ ၎င်းတို့ကို လူသားများအဖြစ် အမှန်တကယ် သဘောထားနိုင်သလော။ အခြားသူများက စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းပြီး စိတ်ချ၍မရဟု သိရှိထားသည့် လူတို့သည် ၎င်းတို့၏ လူ့သဘာဝ လုံးလုံးလျားလျား ဆုံးရှုံးသွားပြီးဖြစ်သည်။ အခြားသူများက ၎င်းတို့အပေါ် သူတို့၏ ယုံကြည်စိတ်ချမှုကို မထားရှိနိုင်လျှင် ၎င်းတို့ကို ဘုရားသခင် ယုံကြည်စိတ်ချနိုင်မည်လော။ အကယ်၍ အခြားသူများက ၎င်းတို့အပေါ် မနှစ်သက်မှုကို သိုထားလျှင် ၎င်းတို့ကို ဘုရားသခင် နှစ်သက်နိုင်မည်လော။ ဘုရားသခင်သည် ထိုသို့သောလူတို့ကို စက်ဆုပ်ပြီး စိတ်ကုန်သည့်အပြင် ၎င်တို့သည် မလွဲမသွေ ဖယ်ရှားခံရမည် ဖြစ်သည်။ လူသားတစ်ဦးအနေဖြင့် မိမိသည် ရိုးသားပြီး မိမိကတိခံထားသော အရာများကို လေးစားရမည်။ အခြားသူများအတွက် သို့မဟုတ် ဘုရားသခင်အတွက် အလုပ်များကို ထမ်းဆောင်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတစ်ဦးသည် မိမိ၏စကားကို တည်ရမည်။ လူတစ်ဦးသည် လူတို့၏ ယုံကြည်စိတ်ချမှုကို ရရှိထားပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်ပြီး စိတ်ချစေနိုင်သောအခါ သူသည် အတော်ပင် ရိုးသားသောလူတစ်ဦး ဖြစ်နေပေပြီ။ သင်သည် သင်၏လုပ်ဆောင်ချက်များတွင် အားကိုးလောက်ပါက သင့်ကို အခြားသူများ နှစ်သက်မည်သာမက ဘုရားသခင်ကပါ သင့်ကို နှစ်သက်မည်မှာ ကျိန်းသေ၏။ ရိုးသားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခြင်းအားဖြင့် သင်သည် ဘုရားသခင်ကို ကျေနပ်စေနိုင်ပြီး ဂုဏ်သိက္ခာဖြင့် အသက်ရှင်နိုင်သည်။ ထို့အတွက်ကြောင့် ရိုးသားမှုသည် လူတစ်ဦး၏ ပြုမူနေထိုင်မှုအတွက် အခြေခံအုတ်မြစ် ဖြစ်သင့်သည်။

ရိုးသားသော ပုဂ္ဂိုလ်တစ်ဦးအတွက် အရေးကြီးဆုံးသော လက်တွေ့လုပ်ဆောင်မှုမှာ အဘယ်နည်း။ ယင်းမှာ မိမိ၏စိတ်နှလုံးကို ဘုရားသခင်အား ဖွင့်ဟခြင်းလုပ်ရပ်ဖြစ်သည်။ မည်သို့ဆိုစေ ဖွင့်ဟခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်၏ စိတ်ကူးများ၊ ကြံရွယ်ချက်နှင့် သင့်ကိုထိန်းချုပ်ထားသည့် အရာများကို သူ့အား ဝေမျှခြင်းအပြင် သူ့ထံမှ ယုံကြည်စိတ်ချမှု ရှာဖွေခြင်းကို ဆိုလိုသည်။ သင် မည်သည့်အရာကို ဖွင့်ဟပြောဆိုသည်ဖြစ်စေ ဘုရားသခင်က အရာရာကို ခြွင်းချက်မရှိ ရှင်းလင်းပြတ်သားစွာဖြင့် မြင်တွေ့သည်။ သင်သည် သင်၏ ခံစားချက်များကို ဘုရားသခင်ထံ ဖော်ပြနိုင်ပြီး အခြားသူများထံမှ သင်ဖုံးကွယ်ထားသော အရာများနှင့်ပတ်သက်၍ သူ့အား ဖွင့်ဟနိုင်ကာ မည်သည့်အရာကိုမျှ မဖုံးကွယ်ဘဲ ယင်းတို့ကို ရှင်းလင်းစွာ ထွက်ဆိုကာ သင်၏စိတ်ကူးများကို မည်သည့်ကြံရွယ်ချက်မျှ မရှိဘဲ အရှိအတိုင်း ဖော်ပြနိုင်လျှင် ဤသည်မှာ ပွင့်လင်းမှုဖြစ်၏။ တစ်ခါတစ်ရံ ရိုးသားစွာစကားပြောခြင်းက အခြားသူများကို နာကျင်စေနိုင်သည် သို့မဟုတ် စိတ်ဆိုးစေနိုင်သည်။ ထိုသို့သော ဖြစ်စဉ်များတွင် မည်သူတစ်ဦးတစ်ယောက်က “သင်သည် လွန်ကဲသော ရိုးသားမှုဖြင့် စကားပြောသည်။ ယင်းသည် လွန်စွာ နာကျင်စေပြီး ကျွန်ုပ်လက်မခံနိုင်” ဟု ဆိုမည်လော။ ဆိုမည် မဟုတ်ပေ။ ရံဖန်ရံခါ အခြားသူများကို နာကျင်စေသော အရာတစ်ခုကို ပြောမိလျှင်ပင် သင်သည် ဖွင့်ဟတောင်းပန်ကာ သင်၏စကားများသည် ဉာဏ်ပညာ ကင်းမဲ့ကြောင်း၊ သင်သည် ၎င်းတို့၏အားနည်းချက်အား စာနာစိတ် မရှိခဲ့ကြောင်း ဝန်ခံပါက ၎င်းတို့သည် သင်၏ မကောင်းသော ကြံရွယ်ချက်မရှိကြောင်း အသိအမှတ်ပြုမည်ဖြစ်သည်။ သင်သည် ဖြောင့်မတ်ရိုးသားပြီး အလိမ္မာမသုံးသော ပုံစံဖြင့်သာ ပြောဆိုဆက်ဆံသည့် ရိုးသားသော လူတစ်ဦးဖြစ်မှန်း ၎င်းတို့နားလည်မည် ဖြစ်သည်။ ၎င်းတို့သည် သင့်ကို ငြင်းခုံမည် မဟုတ်ဘဲ ၎င်းတို့၏စိတ်နှလုံးထဲတွင် သင့်ကို နှစ်သက်မည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်တို့ကြား၌ အတားအဆီးများ ရှိနိုင်သလော။ အတားအဆီးများ မရှိပါက ပဋိပက္ခများကို ရှောင်ကြဉ်နိုင်ပြီး ပြဿနာများကို အလျင်အမြန် ဖြေရှင်းနိုင်ကာ သင့်အား လွတ်မြောက်ခြင်းနှင့် စိတ်သက်သာရာရခြင်းဟူသည့် အခြေအနေတစ်ခုထဲတွင် အသက်ရှင်ခွင့်ပေးနိုင်သည်။ ဤသည်မှာ “ရိုးသားသူတို့သာလျှင် ပျော်ရွှင်စွာ နေထိုင်နိုင်သည်” ဟူသည့် အဓိပ္ပာယ်ဖြစ်၏။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ အရေးကြီးဆုံးသော အပိုင်းမှာ ဦးစွာ ဘုရားသခင်ထံ ဖွင့်ဟခြင်းဖြစ်ပြီးလျှင် အခြားသူများအား ဖွင့်ဟရန် သင်ယူခြင်းဖြစ်သည်။ ရိုးရိုးသားသား၊ စိတ်ရင်းအတိုင်းနှင့် စိတ်နှလုံးပါလျက် စကားပြောလော့။ ဂုဏ်သိက္ခာ၊ အကျင့်စာရိတ္တနှင့် တည်ကြည်မှုရှိသော လူတစ်ဦးဖြစ်ရန် ကြိုးပမ်းအားထုတ်လျက် အဓိပ္ပာယ်မဲ့သော အာလာပသလ္လာပများ သို့မဟုတ် လှည့်စားတတ်သောသဘောဖြင့် စကားပြောခြင်းကို ရှောင်ကာ လှည့်ဖြားတတ်သော သို့မဟုတ် အထင်မြင်မှားစေသော နည်းလမ်းဖြင့် စကားပြောခြင်းမှ ရှောင်ကြဉ်လော့။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ အခြားလက္ခဏာသွင်ပြင်တစ်ခု သင်၏တာဝန်ကို ရိုးသားသော စိတ်သဘောနှင့် ရိုးသားသော စိတ်နှလုံးဖြင့် ထမ်းဆောင်ခြင်းဖြစ်၏။ အနည်းဆုံးအနေဖြင့် သင်၏ လုပ်ဆောင်ချက်များကို လမ်းညွှန်ရန်အတွက် သင်၏ အသိတရားကို အမှီပြုလော့၊ သမ္မာတရားစည်းမျဉ်းများကို လိုက်နာရန် ကြိုးပမ်း‌လော့၊ ပြီးလျှင် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရန် ကြိုးပမ်းလော့။ ဤအရာများကို နှုတ်အားဖြင့်မျှသာ အသိအမှတ်ပြုရန် မလုံလောက်သည့်အပြင် သဘောထားတစ်မျိုးမျိုးကို အလွယ်တကူ မွေးမြူလိုက်ခြင်းက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု မဆိုလိုပေ။ ထိုအရာ၌ ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ လက်တွေ့အရှိတရားမှာ အဘယ်မှာနည်း။ လက်တွေ့ကျသော လုပ်ဆောင်ချက်မပါဘဲ ဆောင်ပုဒ်များကို ကြွေးကြော်ရုံကြွေးကြော်ခြင်းက မလုံလောက်ပေ။ ဘုရားသခင်သည် လူပုဂ္ဂိုလ်များကို စစ်ကြောသောအခါ သူသည် ၎င်းတို့၏ စိတ်နှလုံးများကို စေ့စေ့စပ်စပ် စစ်ဆေးသည်သာမက ၎င်းတို့၏ လုပ်ဆောင်ချက်များ၊ အပြုအမူများနှင့် အလေ့အထများကိုပါ စစ်ကြောသည်။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်လိုသည်ဟု ပြောဆိုသော်လည်း သင့်အပေါ် တစ်စုံတစ်ခု ကျရောက်သောအခါ လိမ်ညာလှည့်ဖြားနိုင်သေးသည်ဆိုလျှင် ဤသည်မှာ ရိုးသားသော လူတစ်ဦး၏ အပြုအမူဟုတ်သလော။ မဟုတ်ချေ။ ယင်းမှာ တစ်စုံတစ်ခုကို ပြောသော်လည်း အမှန်တကယ် မဆိုလိုခြင်း ဖြစ်၏။ သင်သည် တစ်စုံတစ်ရာကို ပြောပြီး အခြားတစ်ခုကို ပြုလုပ်ကာ၊ အခြားသူများကို ရွှန်းရွှန်းဝေအောင် လှည့်စားပြီး ဟိတ်ဟန်ကောင်းကောင်းဖြင့် သရုပ်ဆောင်သည်။ သင်သည် ကျမ်းစာရှိသမျှကို လူတို့အား ရှင်းပြန်ရင်း ဖင်ပြန်ခေါင်းပြန် ရွတ်ဆိုနိုင်သော်လည်း သူတို့အပေါ် တစ်စုံတစ်ခုကျရောက်သောအခါ ကျမ်းစာအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့သော ဖာရိရှဲများကဲ့သို့ပင် ဖြစ်သည်။ ထိုသူတို့ကို အဆင့်အတန်း၏ အကျိုးရရှိဖို့ အလိုဆန္ဒက အစဉ်သဖြင့် လှုံ့ဆော်ပြီး သူတို့၏ ဂုဏ်သတင်းများ၊ အကျိုးအမြတ်များနှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်လိုစိတ် မရှိခဲ့ကြပေ။ ဖာရိရှဲများသည် ဤပုံစံအတိုင်း သူတော်ကောင်းဟန်ဆောင်ခဲ့ကြသည်။ ထိုသူတို့သည် မှန်ကန်သော လမ်းကြောင်းကို မလျှောက်၊ သူတို့၏လမ်းကြောင်းသည် လမ်းကြောင်းမှန် မဟုတ်သည့်အပြင် ဘုရားသခင်သည် ထိုသို့သောသူမျိုးကို အလွန်မုန်းတီးလေသည်။ ထိုသို့သော လူပုဂ္ဂိုလ်များကို အခြားလူတို့က ယုံကြည်စိတ်ချနိုင်သလော။ (စိတ်မချနိုင်ပါ။) သင်တို့အပေါ်ရှိ ဘုရားသခင်၏ ယုံကြည်စိတ်ချမှုအဆင့် အဘယ်မျှမြင့်မားသည်ကို သင်တို့ ယခု သိပြီလော။ သင်တို့သည် ဘုရားသခင်၏ ယုံကြည်စိတ်ချမှုကို ရရှိထားပြီလော။ (မရရှိသေးပါ။) သင်တို့သည် အခြားလူတို့၏ ယုံကြည်စိတ်ချမှုကို ရရှိထားပြီလော။ (မရရှိ‌သေးပါ။) ဘုရားသခင်နှင့် အခြားလူတို့၏ ယုံကြည်စိတ်ချမှုကို မရရှိထားလျှင် သင်တို့သည် ဂုဏ်သိက္ခာဖြင့် အသက်ရှင်နေကြသလော။ (အသက်မရှင်ကြပါ။) သနားစရာကောင်းသော အသက်ရှင်နည်းပါတကား။ လူသားတစ်ဦး၏ အနက်ရှိုင်းဆုံးသော ဝမ်းနည်းမှုဟူသည် ဂုဏ်သိက္ခာမရှိဘဲ အသက်ရှင်ခြင်းအပြင် အခြားသူများနှင့် ဘုရားသခင်၏ ယုံကြည်စိတ်ချမှုကို မရရှိနိုင်ခြင်းပင် ဖြစ်၏။ လူတစ်ဦးက သင့်ကို “အခြားသူများက သင့်ကို မည်သို့ထင်သနည်း။ သင့်ကို သူတို့ ယုံကြည်နိုင်သလော။ အကယ်၍ သင့်ကို သူတို့ အလုပ်တစ်ခု အပ်နှံလျှင် ယင်းကို သင် ကောင်းစွာ လုပ်ဆောင်လိမ့်မည်ဟု သူတို့ ယုံကြည်သလော” ဟု မေးခဲ့သည်ဆိုလျှင် သင့်အပေါ် မည်သူမျှ ထိုမျှ ယုံကြည်စိတ်ချမှုအတိုင်းအတာကို မထားရှိဟု သင် ခံစားရနိုင်သည်။ အကယ်၍ သင်၌ ရိုးသားစစ်မှန်သော စိတ်နှလုံးကို ပိုင်ဆိုင်သည်ဟု ယုံကြည်သော်လည်း လူတို့က သင့်ကို စိတ်ချယုံကြည်မှု မရှိသေးပါက ယင်းမှာ သင်၏ ရိုးသားစစ်မှန်မှုသည် လိုအပ်နေသေးပြီး မစစ်မှန်သည့် လက္ခဏာဖြစ်သည်။ အခြားသူများက သင်၏ ရိုးသားစစ်မှန်မှုကို မတွေ့မြင်နိုင်ပါက ယုံကြည်စိတ်ချမှုကို တည်ဆောက်နိုင်သလော။ သင်၏ကိုယ်ပိုင် ရိုးသားစစ်မှန်မှုကို ယုံကြည်ရုံမျှ ယုံကြည်ခြင်းသည် မလုံလောက်ပေ။ သင်သည် အခြားသူများ မျက်မြင်တွေ့ရန် သင်၏ ရိုးသားစစ်မှန်မှုကို လက်တွေ့လုပ်ဆောင်ပြီး ထင်ရှားစေရမည်။ အကယ်၍ သင့်ကို မည်သူမျှ မယုံကြည်လျှင်မူ သင်သည် ရိုးသားသော လူတစ်ဦး မဟုတ်သည်မှာ သေချာ၏။ အခြားသူများက သင်၏ ရိုးသားမှုကင်းမဲ့ခြင်းကို ရိပ်စားမိနိုင်ပြီး မည်သည့် လူသားတစ်ဦးဦးထက်ပင် ဘုရားသခင်သည် လူ့စိတ်နှလုံး၏ အတွင်းကျဆုံးနက်နဲမှုများကို အဆတစ်ရာ သို့မဟုတ် အဆတစ်ထောင်မက ပို၍ ရှင်းလင်းပြတ်သားမှုဖြင့် စေ့စေ့စပ်စပ် စစ်ဆေးသည်။ ဘုရားသခင်က သင့်ကို ယုံကြည်စိတ်ချမည်ဟု သင် တကယ်ယုံကြည်သလော။ အကယ်၍ သင်သည် သင့်အပေါ် ဘုရားသခင်၏ ယုံကြည်စိတ်ချမှု ကင်းမဲ့ခြင်းကြောင့် သူ၏ မတရားလုပ်ခြင်းခံရသည်ဟု ခံစားနေကြောင်း သိရှိရပါက သင်သည် မိမိကိုယ်ကို ဆင်ခြင်စဉ်းစားပြီး သင်၏ ရိုးသားစစ်မှန်မှု၏ အတိုင်းအတာနှင့် အတိမ်အနက်ကို အကဲဖြတ်သင့်သည်။ သင်သည် ဤသို့တွေးဆရမည်- “ဘုရားသခင်သည် လူတို့၏စိတ်နှလုံး အတိမ်အနက်ကို စေ့စေ့စပ်စပ် စစ်ဆေးသဖြင့် ကျွန်ုပ်စဉ်းစားသည့် အရာကို သိသင့်သည်။ အကယ်၍ ကျွန်ုပ်သည် မိမိ၏ အပြုအမူများကို အခြေခံ၍ မိမိကိုယ်ကိုယ် တန်ဖိုးသတ်မှတ်ရမည်ဆိုလျှင် မိမိကိုယ်ကိုယ် မြင့်မားသောတန်ဖိုးကို ပေးမည်မဟုတ်ပေ။ ဘုရားသခင်အနေဖြင့် ကျွန်ုပ်ကို မယုံကြည်သည်မှာ ပုံမှန်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ ယုံကြည်စိတ်ချမှုကို သင် ရရှိမထားလျှင် သင်၏ ဆောင်ရွက်ပုံနည်းလမ်းက မည်သည့်အရာ ဖြစ်ရမည်နည်း။ ယင်းကဖြစ်ပေါ်စေနိုင်သော စိန်ခေါ်မှုများကို ပဓာနမထားဘဲ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သော သမ္မာတရားထဲသို့ ဝင်ရောက်ရမည်။ သင်သည် ထိုသို့မပြုလုပ်နိုင်လျှင် ကယ်တင်ခြင်းကို သင် ရရှိနိုင်မည်မဟုတ်ပေ။

ရိုးသားမှုအတွက် ဘုရားသခင်၏ တောင်းဆိုမှုမှာ အလွန်အမင်း အရေးကြီးသည်။ အကယ်၍ သင်သည် ရိုးသားမှုကို လက်တွေ့လုပ်ဆောင်စဉ် ရှုံးနိမ့်မှုများစွာကို တွေ့ကြုံရပြီး ယင်းကို အလွန့်အလွန် ခက်ခဲသည်ဟု သိရှိရပါက သင် ဘာလုပ်သင့်သနည်း။ အပျက်သဘောဆောင်လာပြီး နောက်တွန့်ကာ သမ္မာတရားအား သင်၏ လက်တွေ့လုပ်ဆောင်မှုကို စွန့်လွှတ်သင့်သလော။ ဤသည်မှာ လူတစ်ဦးအနေဖြင့် သမ္မာတရားအား ချစ်သည်၊ မချစ်သည်နှင့် ပတ်သက်၍ အရှင်းလင်းဆုံးသော နိမိတ်လက္ခဏာဖြစ်၏။ အချိန်ကာလ အပိုင်းအခြားတစ်ခုအထိ ရိုးသားမှုကို လက်တွေ့လုပ်ဆောင်ပြီးနောက် လူပုဂ္ဂိုလ်အချို့က “ရိုးသားခြင်းသည် အလွန်ခက်ခဲ၏။ ကျွန်ုပ်၏ ဝင့်ဝါမှု၊ မာန်မာနနှင့် ဂုဏ်သတင်းအပေါ် ယင်းက‌ပေးသည့် ထိခိုက်မှုကို ကျွန်ုပ်မခံနိုင်” ဟု တွေးကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် ဆက်လက်၍ မရိုးသားလိုကြတော့ပေ။ အမှန်မှာမူ ဤသည်မှာ ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ စိန်ခေါ်မှု ရှိသည့်နေရာဖြစ်ပြီး လူပုဂ္ဂိုလ်အများစုက ဤအချက်၌ ငြိနေကြောင်း သူတို့ကိုယ်သူတို့ သိရှိကြပြီး ယင်းကို မတွေ့ကြုံနိုင်ကြပေ။ သို့ဆိုလျှင် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်ဖို့ မည်သည့်အရာ လိုသနည်း။ မည်သို့သောလူစားမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သနည်း။ ပထမဦးဆုံး မိမိသည် သမ္မာတရားကို ချစ်ရမည်။ မိမိသည် သမ္မာတရားကိုချစ်သော လူတစ်ဦးဖြစ်ရမည်။ ယင်းမှာ သေချာ၏။ လူအချို့သည် ရိုးသားမှုကို လက်တွေ့ကျင့်သုံးခြင်းကို နှစ်အတန်ကြာ တွေ့ကြုံလာပြီးနောက် ရလဒ်များကို အမှန်တကယ် ရရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ မုသားများနှင့် လိမ်လည်လှည့်ဖြားမှုကို တဖြည်းဖြည်းချင်း လျှော့ချပြီး အခြေခံအားဖြင့် ရိုးသားသောလူများ အမှန်တကယ် ဖြစ်လာကြသည်။ ၎င်းတို့သည် ရိုးသားမှုကို လက်တွေ့လုပ်ဆောင်သည့် မိမိတို့၏ အတွေ့အကြုံ အတောအတွင်းတစ်လျှောက် အခက်အခဲများကို ရင်ဆိုင်ခြင်း သို့မဟုတ် ဆင်းရဲဒုက္ခမခံခဲ့သည်မှာ ဖြစ်နိုင်သလော။ ၎င်းတို့သည် ဆင်းရဲဒုက္ခ အမြောက်အမြားကို ခံစားခဲ့ရသည်မှာ အသေချာဆုံးပင်။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို ချစ်ခဲ့သောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ မှန်ကန်ရိုးသားစွာ စကားပြောမြဲပြောခြင်းနှင့် လက်တွေ့ကျသော အရာများအား လုပ်ဆောင်ခြင်းကို မဆုတ်မနစ်ပြုလုပ်ရန်၊ ရိုးသားသော လူများဖြစ်ရန်နှင့် နောက်ဆုံးတွင် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ရရှိရန်အတွက် ဆင်းရဲဒုက္ခ ခံနိုင်ခဲ့ကြသည်။ ရိုးသားသော လူတစ်ဦးဖြစ်ရန်အတွက် မိမိသည် သမ္မာတရားကို ချစ်ပြီး ဘုရားသခင်ကို နာခံသော စိတ်နှလုံးကို ပိုင်ဆိုင်ရမည်။ ဤအချက်နှစ်ခုမှာ အရေးကြီးဆုံးဖြစ်၏။ သမ္မာတရားကို ချစ်သောသူတို့အားလုံး၌ ဘုရားသခင်ကိုချစ်သော စိတ်နှလုံးရှိသည်။ ထို့ပြင် ဘုရားသခင်ကို ချစ်သောသူတို့အားလုံးက သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရသည်ကို အထူးသဖြင့် လွယ်ကူကြောင်း သိရှိကြပြီး ဘုရားသခင်ကို ကျေနပ်စေဖို့အတွက် မည်သည့်ဒုက္ခပုံစံကိုမဆို သည်းခံနိုင်ကြသည်။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်ကိုချစ်သော စိတ်နှလုံးရှိပါက သမ္မာတရားအား ၎င်းတို့လက်တွေ့လုပ်ဆောင်ခြင်းက အရှက်ကွဲခြင်း သို့မဟုတ် ဆုတ်ဆိုင်းမှုနှင့် ရှုံးနိမ့်မှုများကို ကြုံရသောအခါ ဘုရားသခင် ကျေနပ်နေသရွေ့ ဘုရားသခင်ကို ကျေနပ်အားရစေဖို့ အရှက်ကွဲခြင်းနှင့် ဆင်းရဲဒုက္ခကို သည်းခံနိုင်မည်ဖြစ်သည်။ ထို့အတွက်ကြောင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် အခက်အခဲအတိုင်းအတာတစ်ခုခု တွဲ၍ပါလာပြီး ရိုးသားသောလူတစ်ဦးဖြစ်ခြင်းက ပို၍ပင် ခက်ခဲသည်။ အကြီးမားဆုံး အခက်အခဲမှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သော အဟန့်အတားပင် ဖြစ်၏။ လူသားအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြပြီး ဆိုးယုတ်သော ဒဿနအမြင်များအတိုင်း အသက်ရှင်ကြသည်။ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” သို့မဟုတ် “မုသားမပြောဘဲ ဘာကိုမျှ ရယူအောင်မြင်နိုင်မည်မဟုတ်” ဟူသည့် ဆိုးရိုးစကားများကို သာဓကယူလော့။ ဤသည်တို့မှာ ဆိုးယုတ်သော ဒဿနအမြင်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ဥပမာများဖြစ်သည်။ လူတို့သည် အမှုအရာများ ပြီးမြောက်စေရန်၊ ကိုယ်ကျိုးများ ရရှိရန်နှင့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များ ဖြစ်မြောက်စေရန်အတွက် မုသားဆိုခြင်းက ကျင့်သုံးကြရသည်။ မိမိသည် ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးကို ပိုင်ဆိုင်သောအခါ ရိုးသားသောလူတစ်ဦး ဖြစ်ရန်မလွယ်ချေ။ ဘုရားသခင်ထံ ဆုတောင်းပြီး သူ့ကို အမှီပြုရမည် ဖြစ်သည့်အပြင် မကြာခဏ မိမိကိုယ်ကိုယ် ဆင်ခြင်ပြီး ဇာတိပကတိကို ဖြည်းဖြည်းချင်း တွန်းလှန်ဖို့အတွက် မိမိကိုယ်ကိုယ် သိလာရမည်ဖြစ်ကာ မိမိကိုယ်ကျိုးကို စွန့်ပြီး ဝင့်ဝါခြင်းနှင့် မာန်မာနကို လက်လွှတ်ရမည် ဖြစ်သည်။ ထို့ထက်မက သမ္မာတရားကို ပြောပြီး မုသားဆိုခြင်းမှ ရှောင်ကြဉ်နိုင်သည့် ရိုးသားသောလူတစ်ဦး ဖြစ်မလာနိုင်ခင် အသရေဖျက်ခြင်းနှင့် တရားစီရင်ခြင်း အမျိုးမျိုးကို သည်းခံရမည်။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို လက်တွေ့လုပ်‌ဆောင်စဉ်အတွင်း ရှုံးနိမ့်မှုများစွာနှင့် မိမိ၏ ယိုယွင်းမှုကို ဖော်ထုတ်ခံရသော အခိုက်အတန့်များကို ကြုံတွေ့ခြင်းက ရှောင်လွှဲ၍မရပေ။ မိမိ၏ စကားများနှင့် စိတ်ကူးများက မကိုက်ညီသည့် အချိန်များ သို့မဟုတ် ဟန်ဆောင်မှုနှင့် လှည့်ဖြားမှုရှိသော အခိုက်အတန့်များ ရှိကောင်းရှိနိုင်သည်။ သို့ရာတွင် သင့်အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ သင်သည် အမှန်တရားကို ပြောပြီး ရိုးသားသော လူတစ်ဦးဖြစ်လိုလျှင် သင်၏ မာန်မာနနှင့် ဝင့်ဝါမှုကို လက်လွှတ်နိုင်ရမည်။ တစ်စုံတစ်ခုကို သင် နားမလည်သောအခါ သင် နားမလည်ကြောင်း ပြောလော့။ တစ်စုံတစ်ခုကို သင် မရှင်းလင်းသောအခါ သင် မရှင်းလင်းကြောင်း ပြောလော့။ အခြားသူများက သင့်အား အထင်သေးမည် သို့မဟုတ် သင့်အား လျှော့၍တွေးမည်ကို မကြောက်နှင့်။ စိတ်ရင်းအတိုင်း တစ်သမတ်တည်း စကားပြောခြင်းနှင့် ဤနည်းအတိုင်း အမှန်တရားကို ပြောခြင်းဖြင့် သင့်စိတ်နှလုံးထဲတွင် ပျော်ရွှင်မှု၊ ငြိမ်သက်ခြင်းနှင့် လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်းအသိတို့ကို တွေ့ရှိမည်ဖြစ်ပြီး သင့်အား ဝင့်ဝါမှုနှင့် မာန်မာနတို့ နောက်ထပ် စိုးမိုးတော့မည် မဟုတ်ပေ။ မည်သူနှင့် ပေါင်းသင်းဆက်ဆံသည် ဖြစ်စေ သင် အမှန်တကယ် စဉ်းစားသည့်အရာကို ဖော်ပြနိုင်သည်၊ အခြားသူများအား သင့်စိတ်နှလုံးကို ဖွင့်ဟနိုင်သည်၊ ပြီးလျှင် သင်မသိသည့် အရာများအား သိယောင်မဆောင်လျှင် ယင်းမှာ ရိုးသားသော စိတ်သဘောဖြစ်သည်။ သင်သည် အမှန်တရားကို အမြဲတမ်းပြောသောကြောင့် တစ်ခါတစ်ရံ လူတို့က သင့်အား အထင်သေးကောင်းသေးပြီး မိုက်မဲသည်ဟု ခေါ်ကောင်းခေါ်နိုင်သည်။ ထိုသို့သော အခြေအနေမျိုးတွင် သင် ဘာလုပ်သင့်သနည်း။ သင်သည် “လူတိုင်းက ကျွန်ုပ်အား မိုက်မဲသည်ဟု ခေါ်လျှင်ပင် ရိုးသားသော လူတစ်ဦးဖြစ်ပြီး လိမ်လည်လှည့်ဖြားသော လူတစ်ဦး မဖြစ်ဖို့ ကျွန်ုပ်ဆုံးဖြတ်သည်။ ကျွန်ပ်သည် မှန်ကန်ရိုးသားစွာနှင့် အချက်အလက်များအတိုင်း စကားပြောမည်။ ကျွန်ုပ်သည် ဘုရားရှေ့၌ ညစ်ညမ်းရိုင်းစိုင်းပြီး ဖောက်ပြန်ပျက်စီးကာ အသုံးမကျသော်လည်း ဟန်ဆောင်မှု သို့မဟုတ် ဖုံးကွယ်မှုမရှိဘဲ အမှန်တရားကို ပြောနေဦးမည်” ဟု ပြောသင့်သည်။ သင်သည် ဤပုံစံအတိုင်း စကားပြောလျှင် သင့်စိတ်နှလုံးက တည်ငြိမ်ပြီး အေးချမ်းမည်ဖြစ်၏။ ရိုးသားသော လူတစ်ဦးဖြစ်ဖို့အတွက် သင်၏ ဝင့်ဝါမှုနှင့် မာန်မာနကို လက်လွှတ်ရမည်ဖြစ်ပြီး အမှန်တရားကို ပြောရန်နှင့် သင်၏ စစ်မှန်သော ခံစားချက်များကို ဖော်ပြရန်အတွက် အခြားသူများ၏ လှောင်ပြောင်သရော်မှုနှင့် အထင်သေးခြင်းကို မကြောက်သင့်ပေ။ အခြားသူများက သင့်အား အရူးတစ်ယောက်ကဲ့သို့ သဘောထားလျှင်ပင် ငြင်းခုံခြင်း သို့မဟုတ် သင့်ကိုယ်သင် ခုခံကာကွယ်ခြင်း မပြုသင့်ပေ။ အကယ်၍ သင်သည် ဤပုံစံအတိုင်း သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်လျှင် ရိုးသားသော လူတစ်ဦး ဖြစ်လာနိုင်သည်။ အကယ်၍ သင်သည် သွေးသားဆိုင်ရာ နှစ်သက်မှုများအပြင် ဝင့်ဝါမှုနှင့် မာန်မာနကို လက်မလွှတ်နိုင်လျှင်၊ အခြားသူများ၏ သဘောကျထောက်ခံမှုကို အစဉ်သဖြင့် ရှာဖွေလျက် သင်မသိသည့်အရာကို သိယောင်ဆောင်ပြီး ဝင့်ဝါမှုနှင့် မာန်မာနအတွက် အသက်ရှင်နေထိုင်လျှင် သင်သည် ရိုးသားသော လူတစ်ဦး ဖြစ်မလာနိုင်ပေ။ ဤသည်မှာ လက်တွေ့ကျသော အခက်အခဲဖြစ်၏။ သင်၏ စိတ်နှလုံးကို ဝင့်ဝါမှုနှင့် မာန်မာနက အစဉ်အမြဲ အုပ်စိုးနေလျှင် သင်သည် မုသားဆိုခြင်းနှင့် အ‌ပေါ်ယံတန်ဆာဆင်ခြင်းကို ပြုနိုင်ဖွယ်ရှိလိမ့်မည်။ ထို့ထက်မက အခြားသူများက သင့်အား သေးသိမ်စေသောအခါ သို့မဟုတ် သင်၏ အဖြစ်မှန်အား ဖော်ထုတ်သောအခါ သင်သည် ယင်းကိုလက်ခံရန် အခက်အခဲရှိမည်ဖြစ်ပြီး အရှက်ရခြင်းကြီးစွာ ခံစားလိုက်ရသည်ဟု သင် ခံစားရမည်ဖြစ်ကာ သင်၏မျက်နှာသည် နီရဲသွားမည်၊ သင်၏ စိတ်နှလုံးသည် အလွန်မြန်သွားမည်၊ ပြီးလျှင် သင်သည် စိတ်လှုပ်ရှားသွားပြီး နေမထိထိုင်မသာ ဖြစ်နေမည်ဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းဖို့အတွက် သင့်အနေဖြင့် အနည်းငယ်ပို၍ ဝေဒနာခံစားပြီး အနည်းငယ်ပို၍ စစ်ဆေးခြင်း ကြုံရဖို့ လိုမည်ဖြစ်သည်။ ပြဿနာ၏ အရင်းအမြစ် အဘယ်မှာရှိသည်ကို နားလည်ဖို့လိုမည်ဖြစ်ပြီး ဤကိစ္စများကို ထိုးထွင်းသိမြင်ရသည်နှင့် သင်သည် သင်၏ဝေဒနာအချို့ကို ပြေပျောက်စေနိုင်မည် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော ဤစိတ်သဘောထားများကို လုံးစေ့ပတ်စေ့ နားလည်ပြီးသောအခါနှင့် သင်၏ ဝင့်ဝါမှုနှင့် မာန်မာနကို စွန့်လွှတ်နိုင်သောအခါ သင့်အနေဖြင့် ရိုးသားသောလူတစ်ဦး ဖြစ်လာဖို့ ပို၍လွယ်ကူမည်ဖြစ်သည်။ သင် အမှန်တရားပြောပြီး သင့်စိတ်ထဲတွင် ရှိသည့်အတိုင်း ပြောပြသောအခါ အခြားသူတို့က သင့်အား ရယ်သွမ်းသွေးလျှင် အရေးစိုက်မည် မဟုတ်သည့်အပြင် အခြားသူများက သင့်အား မည်သို့ အကဲဖြတ်သည် သို့မဟုတ် မည်သို့ သဘောထားသည်ဖြစ်စေ ယင်းကို သင် ခံနိုင်မည်ဖြစ်ပြီး မှန်မှန်ကန်ကန် တုံ့ပြန်နိုင်မည်ဖြစ်သည်။ ထိုအခါ သင်သည် ဆင်းရဲဒုက္ခခံရခြင်းမှ လွတ်မည်ဖြစ်ကာ သင့်စိတ်နှလုံးသည် အမြဲတမ်း ငြိမ်သက်ဝမ်းမြောက်နေမည် ဖြစ်ပြီး လွတ်လပ်မှုနှင့် လွတ်မြောက်ရေးကို ရရှိမည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် ယိုယွင်းမှုမှ လွတ်မြောက်ပြီး လူသားပုံသဏ္ဍာန်အတိုင်း အသက်ရှင်မည်ဖြစ်သည်။

လူတို့သည် ၎င်းတို့၏ နေ့စဉ်အသက်တာထဲတွင် အဓိပ္ပာယ်မဲ့သော စကားကို မကြာခဏပြောပြီး မုသားဆိုသည့်အပြင် ပညာမဲ့သော၊ မိုက်မဲသော၊ ခုခံကာကွယ်သော အရာများကို ပြောတတ်ကြသည်။ ဤအရာအများစုကို မိမိတို့၏ ကိုယ်ပိုင်အတ္တကို ဖြည့်ဆည်းဖို့ရန် ဝင့်ဝါမှုနှင့် မာန်မာနအဖို့အလို့ငှာ ပြောခြင်းဖြစ်သည်။ ထိုကဲ့သို့သော ထွက်ဆိုချက်အမှားများက မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်‌ဖော်သည်။ အကယ်၍ သင်သည် ဤဖောက်ပြန်ပျက်စီးသော အရိပ်လက္ခဏာများကို ဖြေရှင်းမည်ဆိုပါက သင်၏ စိတ်နှလုံးသည် သန့်စင်စေခြင်းခံရမည်ဖြစ်ပြီး သင်သည် တဖြည်းဖြည်းနှင့် ပို၍ စင်ကြယ်လာကာ ပို၍ ရိုးသားလာမည်ဖြစ်သည်။ အမှန်မှာမူ လူတို့အားလုံးက အဘယ့်ကြောင့် ၎င်းတို့လိမ်ပြောကြောင်းကို သိကြသည်။ တစ်ကိုယ်ရေ အကျိုးအမြတ်နှင့် မာန်မာနအလို့ငှာ၊ သို့မဟုတ် ဝင့်ဝါမှုနှင့် အဆင့်အတန်းအတွက် အခြားသူများနှင့် ယှဉ်ပြိုင်ဖို့ကြိုးစားပြီး သူတို့မဟုတ်သည့် အရာတစ်ခုအဖြစ် သူတို့ကိုယ်သူတို့ ပုံမှားရိုက်ကြသည်။ သို့ရာတွင် သူတို့၏ မုသားများမှာ နောက်ဆုံးတွင် ထုတ်ဖော်ခြင်းခံရပြီး အခြားသူများ၏ ဖော်ထုတ်ခြင်းကို ခံရသည့်အပြင် သူတို့သည် မျက်နှာပျက်ခြင်းအပြင် ဂုဏ်သိက္ခာနှင့် အကျင့်စာရိတ္တတို့ ဆုံးရှုံးခြင်းဖြင့် အဆုံးသတ်ရသည်။ ဤအရာအားလုံးကို လွန်ကဲသော မုသားပမာဏက ဖြစ်ပွားစေခြင်း ဖြစ်သည်။ သင်၏မုသားများက အလွန်များပြားလာပြီဖြစ်၏။ သင်ပြောသည့် စကားလုံးတိုင်းသည် သန့်စင်ခြင်းနှင့် ရိုးသားမှန်ကန်မှု မရှိသည့်အပြင် တစ်လုံးတစ်ပါဒကိုမျှ မှန်ကန်သည် သို့မဟုတ် ရိုးသားသည်ဟု ယူဆ၍မရပေ။ သင်သည် မုသားဆိုသောအခါ မျက်နှာပျက်ပြီဟု မခံစားရလင့်ကစား စိတ်ထဲ၌ သင်သည် အရှက်ရသွားလေသည်။ သင်၏ အသိတရားက သင့်ကို အပြစ်တင်ပြီး သင်သည် မိမိကိုယ်မိမိ အထင်သေးလျက် “ငါ အဘယ့်ကြောင့် ထိုမျှနုံချာသော ဘဝတစ်ခုကို အသက်ရှင်နေရသနည်း။ အမှန်တရားပြောရန် အလွန်ခက်ခဲသလော။ ငါ၏မာန်မာနအတွက် မုသားဆိုရမည်လော။ ငါ၏ဘဝသည် အဘယ့်ကြောင့် အလွန်ပင်ပန်းရသနည်း” ဟု စဉ်းစားလေသည်။ သင်သည် ပင်ပန်းရသော ဘဝတစ်ခုကို အသက်ရှင်စရာ မလိုပေ။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်နိုင်လျှင် စိတ်သက်သာရာရသော၊ လွပ်လပ်သော၊ ထို့ပြင် လွတ်မြောက်သော ဘဝဖြင့် အသက်ရှင်နိုင်မည်ဖြစ်သည်။ သို့ရာတွင် သင်သည် သင်၏ မာန်မာနနှင့် ဝင့်ဝါမှုကို မုသားဆိုခြင်းဖြင့် ထိန်းသိမ်းရန် ရွေးချယ်မိပြီ ဖြစ်သည်။ အကျိုးဆက်အားဖြင့် သင်သည် မည်သူမပြု မိမိမှုသည့် စိတ်ပျက်ဖွယ်ရာနှင့် စိတ်မချမ်းမြေ့သော အသက်ရှင်ခြင်းဖြင့် နေထိုင်ရလေသည်။ မိမိသည် မုသားဆိုခြင်းဖြင့် မာန်မာနအသိကို ရကောင်းရနိုင်သော်လည်း ထိုမာန်မာနအသိမှာ အဘယ်အရာ ဖြစ်သနည်း။ ယင်းမှာ အနှစ်သာရကင်းမဲ့သော အရာတစ်ခုသာဖြစ်ပြီး လုံးလုံးလျားလျား အသုံးမကျပါချေ။ မုသားဆိုခြင်းဟူသည်မှာ မိမိ၏ အကျင့်စာရိတ္တနှင့် ဂုဏ်သိက္ခာကို ရောင်းစားခြင်းကို ဆိုလိုသည်။ ယင်းသည် မိမိ၏ ဂုဏ်သိက္ခာနှင့် မိမိ၏ အကျင့်စာရိတ္တကို ပြောင်တလင်းခါစေကာ ယင်းက ဘုရားသခင်ကို သဘောမကျ ဖြစ်စေပြီး စက်ဆုပ်ရွံ့ရှာစေသည်။ ဤသည်မှာ အကျိုးနပ်သလော။ အကျိုးမနပ်ပါချေ။ ဤသည်မှာ မှန်ကန်သောလမ်းကြောင်း ဟုတ်သလော။ မဟုတ်ပေ။ မကြာခဏ လိမ်ညာသော လူတို့သည် ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများအတိုင်း အသက်ရှင်ကြသည်။ ၎င်းတို့သည် စာတန်၏တန်ခိုးအောက်၌ အသက်ရှင်ကြသည်။ ၎င်းတို့သည် အလင်းထဲ၌ အသက်မရှင်သည်သာမက ဘုရားသခင်၏ မျက်မှောက်တော်၌လည်း အသက်မရှင်ကြပေ။ သင်သည် မည်သို့ လိမ်ညာရမည့်အကြောင်းကို အစဉ်အမြဲ စဉ်းစားပြီးနောက် လိမ်ညာပြီးနောက်တွင်မူ ထိုမုသားကို မည်သို့ ဖုံးကွယ်ရမည့်အကြောင်း စဉ်းစားရသည်။ ထို့ပြင် ထိုမုသားကို ကောင်းမွန်စွာ မဖုံးကွယ်ဘဲ ဖော်ထုတ်ခံရသောအခါ သင်သည် ဦးနှောက်ခြောက်အောင် အတင်းကြိုးစား၍ စဉ်းစားကာ ကွဲလွဲဆန့်ကျင်မှုများကို ဖြေရှင်းပြီး ယုတ္တိရှိအောင်လုပ်ဖို့ လိုတော့သည်။ ဤပုံစံအတိုင်း အသက်ရှင်ရသည်မှာ ပင်ပန်းသည်မဟုတ်လော။ အလွန် ပင်ပန်းဖွယ်ကောင်းသည်။ ယင်းသည် ထိုက်တန်သလော။ မထိုက်တန်ပါပေ။ မာန်မာန၊ ဝင့်ဝါမှုနှင့် အဆင့်အတန်း တစ်ခုတည်းအတွက်ကြောင့် မုသားဆိုရန်နှင့် ယင်းတို့ကို ဖုံးကွယ်ရန်အတွက် ဦးနှောက်ခြောက်အောင် စဉ်းစားရာ၌ မည်သည့်အဓိပ္ပာယ် ရှိသနည်း။ နောက်ဆုံးတွင် သင်သည် ပြန်၍ဆင်ခြင်ပြီး “အဘယ်အကျိုးရှိသနည်း။ မုသားဆိုပြီးနောက် ယင်းတို့ကို ဖုံးကွယ်ရသည်မှာ ပင်ပန်းလွန်းလှသည်။ ဤပုံစံအတိုင်း ပြုမူနေထိုင်ခြင်းက အလုပ်မဖြစ်။ ငါသည် ရိုးသားသော လူတစ်ဦးသာ ဖြစ်လာလျှင် ပို၍လွယ်ကူမည်” ဟု တွေးမိသည်။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်လာရန် ဆန္ဒရှိသော်လည်း သင်၏ မာန်မာန၊ ဝင့်ဝါမှုနှင့် ကိုယ်ကျိုးကို လက်မလွှတ်နိုင်ပေ။ ထို့အတွက်ကြောင့် သင်သည် ဤအရာများကို ထိန်းသိမ်းဖို့အတွက် မုသားဆိုခြင်းကိုသာ ကျင့်သုံးနိုင်တော့သည်။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်သောသူတစ်ဦး ဖြစ်ပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် အခက်အခဲအမျိုးမျိုးကို သည်းခံလိမ့်မည်။ သင်၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို စွန့်လွှတ်အနစ်နာခံခြင်းအပြင် အခြားသူများထံမှ လှောင်ပြောင်သရော်မှုနှင့် အရှက်ကွဲမှုကို သည်းခံခြင်းတို့ လိုအပ်လျှင်ပင် သင်အရေးစိုက်မည်မဟုတ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေနိုင်သရွေ့ တော်ပြီဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် ယင်းကို လက်တွေ့လုပ်ဆောင်ရန်နှင့် ရိုးသားရန် ရွေးချယ်ကြသည်။ ဤသည်မှာ မှန်ကန်သော လမ်းကြောင်းဖြစ်ပြီး ယင်းကို ဘုရားသခင် ကောင်းချီးပေးသည်။ လူတစ်ဦးသည် သမ္မာတရားကို မချစ်လျှင် မည်သည့်အရာကို ရွေးချယ်သနည်း။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် အကျင့်စာရိတ္တကို ထိန်းသိမ်းဖို့အတွက် မုသားကို အသုံးပြုရန် ရွေးချယ်ကြသည်။ ၎င်းတို့သည် လိမ်လည်လှည့်ဖြားပြီးလျှင် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းနှင့် ပစ်ပယ်ခြင်းကိုသာခံရန် လိုလားသည်။ ထိုသို့သော လူတို့သည် သမ္မာတရားနှင့် ဘုရားသခင်ကို ပစ်ပယ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ရွေးချယ်၏။ လိမ်လည်လှည့်ဖြားလို၏။ ဘုရားသခင် ကျေနပ်သည်၊ မကျေနပ်သည် သို့မဟုတ် ၎င်းတို့ကို သူကယ်တင်မည်၊ မကယ်တင်မည်ကို ဂရုမစိုက်ကြပေ။ ထိုသို့သော လူတို့ကို ဘုရားသခင် ကယ်တင်နိုင်ဦးမည်လော။ ၎င်းတို့သည် မှားယွင်းသောလမ်းကြောင်းကို ရွေးချယ်ထားသောကြောင့် မကယ်တင်နိုင်မည်မှာ အသေအချာပင်။ ၎င်းတို့သည် လိမ်ညာခြင်းနှင့် လိမ်လည်လှည့်စားခြင်းဖြင့်သာ အသက်ရှင်နိုင်သည်။ ၎င်းတို့သည် မုသားဆိုခြင်း၊ ယင်းတို့ကို ဖုံးကွယ်ခြင်းနှင့် နေ့စဉ် မိမိတို့ကိုယ်ကိုယ် ခုခံကာကွယ်ရန်အတွက် ဦးနှောက်ခြောက်အောင် စဉ်းစားခြင်းဟူသည့် စိတ်မချမ်းမြေ့စရာ ဘဝများဖြင့်သာ အသက်ရှင်နိုင်ကြသည်။ မုသားများက သင်တောင့်တသော ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဝင့်ဝါမှုနှင့် မာန်မာနကို ထိန်းသိမ်းနိုင်သည်ဟု သင်ယူဆလျှင် လုံးဝ မှားယွင်းပြီ။ အမှန်မှာမူ မုသားဆိုခြင်းဖြင့် သင်သည် သင်၏ ဝင့်ဝါမှုနှင့် မာန်မာနအပြင် သင်၏ ဂုဏ်သိက္ခာနှင့် အကျင့်စာရိတ္တတို့ကို မထိန်းသိမ်းနိုင်သည်သာမက ပို၍ဆိုးသည်မှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် ရိုးသားသော လူတစ်ဦးဖြစ်ဖို့ အခွင့်အရေးကို ဆုံးရှုံးရလေသည်။ သင်သည် ထိုအခိုက်တွင် မိမိ၏ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ဝင့်ဝါမှုနှင့် မာန်မာနကို ကာကွယ်နိုင်လျှင်ပင် သင်သည် သမ္မာတရားကို စွန့်လွှတ်လိုက်ရပြီး ဘုရားသခင်ကို သစ္စာဖောက်မိပြီဖြစ်သည်။ ဤသည်မှာ သူ့အနေဖြင့် သင့်အား ကယ်တင်ဖို့နှင့် စုံလင်စေဖို့ အခွင့်အရေးကို သင် လုံးဝ ဆုံးရှုံးလိုက်ရပြီဟု ဆိုလိုကာ၊ ယင်းက အကြီးမားဆုံးသော ဆုံးရှုံးမှုနှင့် တစ်သက်စာနောင်တပင် ဖြစ်၏။ လိမ်လည်လှည့်စားတတ်သော သူတို့သည် ဤအရာကို မည်သည့်အခါမျှ နားလည်မည်မဟုတ်ပေ။

ယခု သင်တို့တွင် ရိုးသားခြင်းအတွက် လမ်းကြောင်း ရှိသလော။ သင်သည် မုသားနှင့် လိမ်လည်လှည့်ဖြားမှုကို ပို၍ သတိထားမိနိုင်ပြီး သင့်ကိုယ်ပိုင် လိမ်လည်လှည့်ဖြားတတ်သော စိတ်သဘောထားကို သတိပြုမိနိုင်ရန်အတွက် အသက်တာ၌ သင်၏ ဖွင့်ဟချက်နှင့် လုပ်ဆောင်ချက်တိုင်းကို စစ်ကြောရမည်။ ထို့နောက် ရိုးသားသော လူတို့က မည်သို့ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံသည်ကို ကြည့်ရမည်ဖြစ်ပြီး သင်ခန်းစာအချို့ကို သင်ယူရမည်ဖြစ်သည်။ အရာခပ်သိမ်း၌ ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံဖို့အတွက်လည်း လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ပြီး မကြာခဏ ဆုတောင်းရန်နှင့် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန် ဘုရားသခင်ရှေ့သို့ လာရမည် ဖြစ်သည်။ သင်သည် မုသားတစ်ခု ဆိုထားမိသည် ဆိုပါစို့- သင်သည် “ငါပြောလိုက်မိသည့် အရာတစ်ခုနှစ်ခုသည် မမှန်ကန်။ ဤသည်ကို ငါ အလျင်အမြန် ဝန်ခံပြီး အမှန်ပြင်ရမည်ဖြစ်ကာ ငါမုသားတစ်ခု ဆိုခဲ့မိကြောင်း လူတိုင်းကို သိစေရမည်” ဟူ၍ ရုတ်တရက် သဘောပေါက်မိ၏။ သင်သည် ထိုအချိန် ထိုနေရာ၌ မိမိကိုယ်ကိုယ် အမှားပြုပြင်သည်။ အကယ်၍ သင့်ကိုယ်သင် ဤကဲ့သို့ အမြဲတမ်း ပြုပြင်ပါက၊ ထို့ပြင် ဤပုံစံအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းက အလေ့အထတစ်ခု ဖြစ်လာပါက မုသားဆိုမိပြီး ယင်းကို မပြုပြင်သောအခါ သင်သည် စိတ်တထင့်ထင့် ဖြစ်နေမည်ဖြစ်ကာ ဘုရားသခင်က သင့်ကို ကူညီ၍ စောင့်ကြပ်ပေးမည် ဖြစ်သည်။ ထိုသို့ ကာလတစ်ခုထိ လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းဖြင့် သင်သည် စတင်၍ မလိမ်ညာသလောက် ဖြစ်သွားမည်၊ သင်၏ စကားများ၌ မစင်ကြယ်ခြင်း ပို၍ပို၍ နည်းလာမည်ဖြစ်သည်၊ ပြီးလျှင် သင်၏ လုပ်ဆောင်ချက်များက ပို၍ပို၍ အစွန်းအထင်းနည်းလာမည် ဖြစ်ပြီး တိုး၍သာ စင်ကြယ်လာမည်ဖြစ်သည်။ ထို့ပြင် ဤအရာ၌ သင်သည် သန့်ရှင်းသွားမည် ဖြစ်သည်။ ထိုသို့သော လမ်းကြောင်းသည် ရိုးသားခြင်းဆီသို့ လမ်းကြောင်းဖြစ်၏။ သင်သည် တဖြည်းဖြည်း၊ နည်းနည်းချင်းစီ ပြောင်းလဲရမည်။ သင်သည် ပို၍ပြောင်းလဲလေ သင်သည် ပို၍ ကောင်းမွန်လာလေ ဖြစ်မည်။ သင်သည် ပို၍ပြောင်းလဲလေ သင်၏စကားများက ပို၍ ရိုးသားလာလေ ဖြစ်ပြီး လိမ်ညာခြင်းကို ရပ်စဲမည်ဖြစ်သည်။ ယင်းမှာ အခြေအနေမှန်ဖြစ်၏။ ဖောက်ပြန်ပျက်စီးသော လူတို့အားလုံး၌ တူညီသော ပြဿနာရှိသည်။ ၎င်းတို့အားလုံးက လိမ်ပြောနိုင်စွမ်းရှိလျက် မွေးဖွားလာကြပြီး မိမိတို့၏ အတွင်းကျဆုံး စိတ်ကူးများကို ဖွင့်ပြောရန် သို့မဟုတ် အမှန်အတိုင်း စကားပြောရန် အလွန့်အလွန် ခက်ခဲသည်ဟု သိရှိကြသည်။ ၎င်းတို့သည် အမှန်တရားကို ပြောချင်လျှင်ပင် ထိုသို့ပြုရန် မိမိတို့ကိုယ်မိမိ လုပ်ယူ၍မရပေ။ လူတို့အားလုံးက ရိုးသားခြင်းသည် စဉ်းစားဉာဏ်ကင်းမဲ့ပြီး မိုက်မဲရာကျသည်ဟု ယုံကြည်ကြသည်။ ၎င်းတို့က အရူးအနှမ်းများသာ ပွင့်ပွင့်လင်းလင်း စကားပြောသည်၊ ထို့ပြင် လူတစ်ဦးသည် အခြားလူများနှင့် လုံးဝ ပွင့်လင်းမြင်သာပြီး မိမိစိတ်ရှိသည်အတိုင်း အမြဲတမ်း စကားပြောပါက ဆုံးရှုံးမှုများကို ခံစားရနိုင်ဖွယ် အရှိဆုံးဖြစ်သည့်အပြင် အခြားသူများက သူနှင့် ပေါင်းသင်ဆက်ဆံမည် မဟုတ်ဘဲ၊ ထိုအစား သူ့ကို မတူမတန် သဘောထားမည်ဟု ထင်ကြသည်။ သင်တို့သည် ဤကဲ့သို့သော လူမျိုးကို မတူမတန် သဘောထားမည်လော။ သင်တို့၌ ဤအမြင် ရှိသလော။ (ဘုရားသခင်ကို ယုံကြည်မလာခင်က ကျွန်ုပ်သည် ထိုသူတို့ကို မတူမတန် သဘောထားတတ်သော်လည်း ယခုတွင် ထိုသို့သော လူတို့ကို လေးစားပြီး ရိုးရှင်းပြီး ရိုးသားသော ဘဝဖြင့် အသက်ရှင်ခြင်းက ပိုကောင်းသည်ဟု ထင်သည်။ ဤပုံစံအတိုင်း အသက်ရှင်ခြင်းဖြင့် မိမိ၏ စိတ်နှလုံးထဲတွင် ဝန်ထုပ်ဝန်ပိုး လျှော့၍တင်ခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ငါသည် လူတစ်ဦးကို လိမ်ညာပြီးနောက် ယင်းကို ဖုံးကွယ်ဖို့လိုပြီး မိမိကိုယ်ကိုယ် ပို၍ပို၍ ကြီးမားသော အပေါက်တစ်ခုဖောက်လျက် အဆုံးသတ်ကာ နောက်ဆုံးတွင် ထိုမုသားက ဖော်ထုတ်ခံရမည်။) လိမ်ညာခြင်းနှင့် လိမ်လည်လှည့်ဖြားခြင်း နှစ်ခုလုံးသည် မိုက်မဲသော အပြုအမူများဖြစ်ပြီး အမှန်တရားကိုသာ ပြောခြင်းနှင့် စိတ်ရင်းအတိုင်း စကားပြောခြင်းသည် များစွာပို၍ အမြော်အမြင်ရှိ၏။ ယခုတွင် လူတို့အားလုံး၌ ဤအရေးကိစ္စအား နားလည်ခြင်း ရှိကြသည်။ အကယ်၍ လူတို့အား လိမ်ညာခြင်းနှင့် လိမ်လည်လှည့်ဖြားခြင်းသည် အစွမ်းအစရှိခြင်းနှင့် လိမ္မာပါးနပ်ခြင်း လက္ခဏာတစ်ခု ဖြစ်သည်ဟု မည်သူမဆို ထင်နေသေးလျှင် ၎င်းတို့သည် အလွန့်အလွန် မိုက်မဲသည်၊ ခေါင်းမာစွာ ပညာမဲ့သည်၊ ထို့ပြင် ၎င်းတို့၌ သမ္မာတရား စိုးစဉ်းလေးမျှပင် မရှိပေ။ နှစ်ပေါင်းများစွာ လိုက်ပါလာပြီးသား ဖြစ်သော်လည်း လိမ်လည်လှည့်ဖြားသော လူတို့သည် အတော်ဆုံးဖြစ်ကာ ရိုးသားသော လူတို့အားလုံးမှာ အရူးများဖြစ်သည်ဟု ထင်မှတ်နေသေးသော မည်သူမဆိုသည် မည်သည့်အရာကိုမျှ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသည့် အဓိပ္ပာယ်မဲ့သော အမျိုးအစားဖြစ်သည်။ လူတိုင်းသည် မိမိတို့၏ ကိုယ်ပိုင်ဘဝများဖြင့် အသက်ရှင်ကြသည်။ ရိုးသားခြင်းကို နေ့စဉ် လက်တွေ့လုပ်ဆောင်သော လူအချို့သည် ပျော်ရွှင်ပြီး သောကကင်းဝေးကာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် လွတ်လပ်မှုနှင့် လွတ်မြောက်မှုကို ခံစားကြသည်။ ၎င်းတို့သည် မည်သည့်အရာမျှ မချို့တဲ့ဘဲ ပို၍ စိတ်လက်ချမ်းသာသော ဘဝများဖြင့် နေထိုင်ကြသည်။ လူတိုင်းက ဤသို့သော လူတို့နှင့် ပေါင်းသင်းဆက်ဆံခြင်းကို ပျော်မွေ့ပြီး ၎င်းတို့သည် လူတိုင်း၏ အားကျခြင်းခံရသောသူ အမှန်ပင်ဖြစ်ရပေမည်။ ထိုသို့သော လူတို့သည် ဘဝ၏အဓိပ္ပာယ်ကို နားလည်လာပြီးသား ဖြစ်သည်။ “ထိုပုဂ္ဂိုလ်သည် အမှန်တရားကို အမြဲပြောပြီး ကိုင်တွယ်ဖြေရှင်း ခံခဲ့ရသည်မဟုတ်လော။ အင်း၊ ထိုအရာမှာ သူထိုက်တန်သော အရာပါတကား။ ငါ့ကိုကြည့်ပါ။ ငါသည် ငါ၏ ရည်ရွယ်ချက်များကို မြင်သာအောင် မပြသည့်အပြင် ငါသည် ယင်းတို့နှင့်ပတ်သက်၍ ပြောပြခြင်း သို့မဟုတ် ထုတ်ဖော်ခြင်း မရှိသောကြောင့် ငါသည် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရခြင်း၊ သို့မဟုတ် ဆုံးရှုံးမှုတစ်ခုခုကို ခံစားရခြင်း၊ သို့မဟုတ် လူအားလုံး၏ရှေ့တွင် မိမိကိုယ်ကို အခက်တွေ့စေခြင်းတို့ မရှိခဲ့ဖူးပေ။ ယင်းသည် ကောင်းမွန်ပေ၏။ မိမိတို့၏ ရည်ရွယ်ချက်များကို ကွယ်ဝှက်ကာ မည်သူ့ကိုမျှ ရိုးသားစွာ စကားမပြောဘဲ ၎င်းတို့ စဉ်းစားနေသည့်အရာကို အခြားသူများမှ တားဆီးသော လူတို့သည် သာလွန်ပြီး မြင့်မားစွာ ဉာဏ်ရည်ထက်မြက်သောသူများ ဖြစ်ကြသည်” ဟု စဉ်းစားသည့် မိုက်မဲသောလူအချို့ ရှိလေသည်။ သို့တစေ ဤလူတို့သည် လိမ်လည်လှည့်ဖြားခြင်းနှင့် လိမ္မာပါးနပ်မှု အရှိဆုံးသောသူများ ဖြစ်သည်ကို လူတိုင်းက မြင်တွေ့နိုင်သည်။ အခြားလူတို့သည် မိမိတို့၏ပတ်ပတ်လည်ကို အမြဲတမ်း သတိချပ်ပြီး ထိုသူတို့ထံမှ ခပ်ဝေးဝေးမှ ရှောင်ကြသည်။ လိမ်လည်လှည့်ဖြားသော လူတို့ကို မည်သူမျှ မိတ်ဆွေမဖွဲ့လိုပေ။ ဤသည်တို့မှာ ဖြစ်ရပ်မှန်များ မဟုတ်လော။ အကယ်၍ လူတစ်ဦးသည် မာယာကင်းပြီး အမှန်တရားကို မကြာခဏ ပြောတတ်လျှင်၊ သူသည် အခြားသူများထံ မိမိ၏စိတ်နှလုံးကို ဖော်ထုတ်ပြနိုင်လျှင်၊ ထို့ပြင် သူသည် အခြားလူတို့အပေါ် ထိခိုက်နစ်နာစေသော ရည်ရွယ်ချက်များ မရှိလျှင် ထိုသူသည် ရံဖန်ရံခါ ပညာမဲ့ဟန်တူပြီး မိုက်မဲစွာ ပြုမူသော်လည်း ထိုသူကို လူကောင်းတစ်ဦးအဖြစ် အများအားဖြင့် လက်ခံကြမည်ဖြစ်ပြီး လူတိုင်းက သူနှင့် ပေါင်းသင်းဆက်ဆံရန် အတော်ပင် စိတ်ဆန္ဒရှိမည်ဖြစ်သည်။ လူတို့သည် ရိုးသားပြီး ကောင်းသောလူတို့နှင့် ပေါင်းသင်းဆက်ဆံသောအခါ အကျိုးအမြတ်များနှင့် လုံခြုံမှုအသိကို ခံစားရသည်မှာ အများအားဖြင့် လက်ခံထားသည့် အမှန်တရားတစ်ခု ဖြစ်သည်။ ရိုးသားပြီး သမ္မာတရားကို လိုက်စားသည့် ဘုရားသခင်ကို ယုံကြည်သူများကို အသင်းတော်ထဲရှိ အခြားသူများက ချစ်ကြသည်သာမက ဘုရားသခင်ကိုယ်တော်တိုင်လည်း ချစ်သည်။ ထိုသူတို့သည် သမ္မာတရားကို ရရှိသည်နှင့်တစ်ပြိုင်နက် စစ်မှန်သော သက်သေကို ပိုင်ဆိုင်ကြပြီး ဘုရားသခင်၏ ချီးကျူးဂုဏ်ပြုခြင်းကို ရရှိနိုင်ကြသည်။ ဤအရာက သူတို့ကို လူအားလုံးထဲမှ ကောင်းချီးအခံစားရဆုံး ဖြစ်စေသည်မဟုတ်လော။ သမ္မာတရားကို အနည်းငယ် နားလည်သောသူတို့က ဤကိစ္စကို ရှင်းလင်းစွာ သိမြင်ကြမည် ဖြစ်သည်။ သင်၏ ပြုမူနေထိုင်ပုံ၌ သင်သည် သမ္မာတရားကို ပိုင်ဆိုင်သည့် ကောင်းမွန်ရိုးသားသော လူတစ်ဦးဖြစ်အောင် ကြိုးစားသင့်သည်။ ဤနည်းအားဖြင့် သင်သည် အခြားသူများ၏ ချစ်ခြင်းကိုခံရမည်သာမက ဘုရားသခင်၏ ကောင်းချီးများကိုလည်း ရရှိလိမ့်မည်။ လောကီခေတ်ရေစီးကြောင်းများ နောက်လိုက်သည့် လူတစ်ဦး၏ အပြုအမူ မည်မျှကောင်းနိုင်သည်ဖြစ်စေ ၎င်းတို့သည် လူကောင်းတစ်ဦး မဟုတ်သေးပေ။ ဤအရာကို နားမလည်သော သူတို့သည် သမ္မာတရားကို သဘောမပေါက်သေးသော အရူးများ ဖြစ်ကြသည်။ သမ္မာတရားကို အမှန်တကယ် သဘောပေါက်သော သူတို့က အသက်တာ၌ မှန်သောလမ်းကြောင်းကို လျှောက်ရန်၊ ရိုးသားသောလူများဖြစ်ရန်နှင့် ဘုရားသခင်‌နောက်လိုက်ရန် ရွေးချယ်ကြသည်။ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့်သာ မိမိသည် ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဤသူတို့မှာ လူတို့အားလုံးအနက် အတော်ဆုံးများ ဖြစ်ကြ၏။

ဘုရားသခင်ကို ယုံကြည်ရန်နှင့် အသက်တာ၌ မှန်သော လမ်းကြောင်းကို လျှောက်လှမ်းရန်အတွက် အနည်းဆုံးအနေဖြင့် သင်သည် ဂုဏ်သိက္ခာနှင့် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်ရမည်၊ လူတို့၏ ယုံကြည်စိတ်ချမှုနှင့် ထိုက်တန်ပြီး တန်ဖိုးရှိသည်ဟု သ‌ဘောထားခြင်း ခံရမည်ဖြစ်သည်။ သင်၏ အကျင့်စာရိတ္တနှင့် တည်ကြည်မှုတွင် အနှစ်သာရရှိသည်၊ သင်သည် သင်ပြောသမျှအတိုင်း လိုက်လျှောက်ပြီး မိမိ၏စကားကို စောင့်ရှောက်သည်ဟု လူတို့ ခံစားရမည်ဖြစ်သည်။ လူတို့က သင့်ကို ဤအတိုင်း တန်ဖိုးဖြတ်ရမည်- သင်သည် သင့်စကားများကို စောင့်ထိန်းရန် ကျိန်းသေသည်၊ သင်ကတိပြုသည့်အရာကို လုပ်ဆောင်ရန် ကျိန်းသေသည်၊ သင့်အား တာဝန်ပေးထားသည့်အရာကို ကျေပွန်စွာနှင့် စိတ်နှလုံးအကြွင်းမဲ့သာမက သင့်အား တာဝန်အပ်နှင်းခဲ့သောလူ၏ လုံးဝ အားရကျေနပ်သည်အထိ ဆောင်ရွက်ရန် ကျိန်းသေသည်ဟု လူတို့ပြောသင့်သည်။ ဤသည်မှာ မိမိစကားအတိုင်းတည်သည့် လူတစ်ဦးပင် မဟုတ်လော။ ဤသို့သော လူတို့သည် ဂုဏ်သိက္ခာဖြင့် အသက်ရှင်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သူကမျှ မည်သည့်အရာကိုမျှ တာဝန်မပေးရဲစဖူးသော လူအချို့ရှိ၏။ အခြားသူများက ထိုသူတို့ကို အမှုအရာများ တာဝန်ပေးသောအခါ၌ပင် ယင်းမှာ ၎င်းတို့က ပို၍ သင့်တော်သူ တစ်ဦးဦးကို ရှာမတွေ့၊ ထိုသူတို့သည်သာ ရွေးချယ်စရာ ဖြစ်သောကြောင့်ဖြစ်ပြီး လူတစ်ဦးဦးက ထိုသူတို့ကို စောင့်ကြပ်ဖို့ စီစဉ်ရဦးမည်ဖြစ်သည်။ ဤသည်မှာ မည်သို့သောလူစားမျိုးနည်း။ ယင်းမှာ ဂုဏ်သိက္ခာရှိသော လူတစ်ဦးဟုတ်သလော။ (မဟုတ်ပါ။) ထိုသူတို့ပြောသမျှကို သင်တို့သည် ပိုင်းခြားစိစစ်ပြီး စစ်ကြောရန် လိုသည်၊ ယင်းကို သင်တို့ ကြိုတွက်ရန်လိုသည့်အပြင် သူတို့၏ လေသံကို အာရုံစိုက်ပြီး သင့်အနီးအနားရှိ လူတို့ထံမှ အတည်ပြုချက်နှင့် စိစစ်အတည်ပြုချက်ကို ရှာဖွေရန်လိုသည်။ ထိုသူတို့က ပြောဆိုချက်တစ်ခုခု သို့မဟုတ် တစ်စုံတစ်ခုနှင့် ပတ်သက်၍ ပြောဆိုသောအခါ ယုံကြည်စိတ်ချမှုနှင့်ဆိုင်သော သူတို့၏အဆင့်မှာ သုညနှင့် နီးစပ်လေသည်။ ထိုသူတို့ ပြောပြနေသည့်အရာမှာ ရှိကောင်းရှိနိုင်သော်လည်း ယင်းကို သူတို့ ပုံကြီးချဲ့နေခြင်း သို့မဟုတ် ဖော့ပြောနေခြင်း ဖြစ်မည်၊ သို့မဟုတ် ယင်းက လုံးဝ မရှိဘဲနှင့်၊ လုပ်ကြံပြောဆိုနေခြင်းသာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ဆိုလျှင် ထိုသူတို့က အဘယ့်ကြောင့် အမှုအရာများကို လုပ်ကြံပြောဆိုရသနည်း။ ထိုသူတို့သည် လူတို့ကို လှည့်ဖြားရန်၊ မိမိတို့ကို အလွန်ထက်မြက်ပြီး လုပ်နိုင်စွမ်းရှိသည်ဟု ထင်မြင်စေရန် အလိုရှိသောကြောင့် ဖြစ်သည်။ ယင်းမှာ သူတို့၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်၏။ အခြားလူတို့က ဤကဲ့သို့သော လူပုဂ္ဂိုလ်များကို နှစ်သက်သလော။ (မနှစ်သက်ပါ။) ၎င်းတို့က သူတို့ကို အဘယ်မျှ မနှစ်သက်သနည်း။ လူတို့သည် ထိုကဲ့သို့သော လူများကို စိတ်ကုန်ပြီး အထင်အမြင်သေးကာ ထိုသူတို့ကို မည်သည့်အခါမျှ မတွေ့ဆုံခဲ့ဖူးလျှင် ပို၍ကောင်းမည်ဟုပင် ခံစားနိုင်သည်။ လူတို့သည် ထိုသို့သောလူများနှင့် အတူရှိနေသောအခါ သူတို့‌ ပြောသမျှအရာတိုင်းကို ယုံကြည်ခြင်း သို့မဟုတ် အတည်ယူခြင်း မရှိကြပေ။ ၎င်းတို့သည် စကားအနည်းငယ်သာ ပြောပြီး အပြင်ပန်းကိစ္စ အချို့အကြောင်းကို သာမန်ကာလျှံကာ ပြောခြင်းဖြင့် ဟန်ဆောင်လုပ်ပြကြသည်။ ဤလူတို့က အမှန်တရားကို ပြောသောအခါ၌ပင် အခြားလူတို့က ထိုသူတို့ကို မယုံကြည်ကြပေ။ ဤကဲ့သို့သောလူကို လုံးလုံးလျားလျား အသုံးမကျသည့်အပြင် အောက်တန်းကျသည်။ သူတို့ကို မည်သူမျှ တန်ဖိုးရှိသည်ဟု မယူဆပေ။ လူတစ်ဦး၏ အပြုအမူက ဤအဆင့်သို့ ရောက်သွားသောအခါ ထိုသူ၌ ဂုဏ်သိက္ခာ တစ်ခုတစ်လေ ရှိသလော။ (မရှိပါ။) သူတို့ကို မည်သူမျှ တာဝန်မပေး၊ မည်သူမျှ မယုံကြည်၊ မည်သူမျှ မိမိ၏စိတ်နှလုံးကို ဖော်ထုတ်မပြ၊ သူတို့ပြောသည့်အရာကို မည်သူမျှ မယုံကြည်ပေ။ အခြားလူတို့ကို နားထောင်ရုံထောင်ကြပြီး ထို့ထက် မပိုပေ။ ဤလူတို့က “ဤတစ်ကြိမ်တွင် ကျွန်ုပ် အမှန်တရားကို ပြောနေသည်” ဟု ပြောသောအခါ သူတို့ပြောနေသည့်အရာက မှန်ကန်နေလျှင်ပင် မည်သူမျှ မယုံကြည် သို့မဟုတ် မည်သည့် အာရုံစိုက်မှုမျှ မပေးကြပေ။ ထိုသူတို့က “ကျွန်ုပ်ပြောသမျှက မမှားသည်မဟုတ်လော” ဟု ပြောသောအခါ လူတို့က “သင် ပြောသည့်အရာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ပိုင်းခြားစိတ်ဖြာဖို့ အရေးမစိုက်။ သင်စကားပြောသည်ကို နားထောင်ရသည်မှာ အလွန်ပင်ပန်းသည်။ ကျွန်ုပ်သည် သင်၏ အကြောင်းရင်းများနှင့် ရည်ရွယ်ချက်များကို ပိုင်းခြားစိတ်ဖြာကာ စစ်ကြောဖို့လိုပြီး ယင်းက ဒုက္ခသာလျှင် များလွန်းသည်။ ထိုသို့ပြုရင်း ကုန်သွားသည့်အချိန်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်တစ်ပိုဒ်ကို ဆင်ခြင်နှလုံးသွင်းရန် သို့မဟုတ် ဓမ္မသီချင်းတစ်ပုဒ်ဆိုဖို့ သင်ယူရန်အတွက် အသုံးပြုနိုင်ပြီး ထိုအရာများပြုခြင်းမှ အကျိုးအမြတ်အချို့ကို အမှန်ပင် ရရှိမည်ဖြစ်သည်။ သင့်အား စကားပြောရာမှ မည်သည့်အရာကိုမျှ ကျွန်ုပ် မရရှိနိုင်ပေ။ သင်ပြောသည့် စကားတစ်ခွန်းမျှ မမှန်သည့်အပြင် သင်နှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်လို” ဟု ပြန်ပြောကြသည်။ ၎င်းတို့သည် ထိုသို့သော လူတို့ကို ဤပုံစံအတိုင်း စွန့်ခွာကြသည်။ ယခုခေတ်တွင် မယုံကြည်သူများက “သင် သမ္မာတရားကို ကြားလိုသလော သို့မဟုတ် မုသားကိုသာ ကြားဖို့ လိုလားမည်လော” ဟု ပြောသည်ကို မကြာခဏ ကြားရလိမ့်မည်။ မည်သူမျှ မုသားများကို မကြားလိုပေ။ ထို့ကြောင့် အမြဲတမ်း လိမ်ညာပြီး မလိမ့်တပတ်လုပ်သော သူတို့သည် လူတို့အနက် အောက်တန်းအကျဆုံး ဖြစ်၏။ တန်ဖိုးမရှိကြပေ။ ထိုသူတို့အား မိမိတို့၏ စိတ်နှလုံးကို ဖော်ထုတ်ပြဖို့ သို့မဟုတ် မိတ်ဆွေဖွဲ့ဖို့ နေနေသာသာ၊ ထိုသူတို့ကို မည်သူမျှ အာရုံမစိုက်လိုကြ၊ သူတို့နှင့် မည်သူမျှ မပတ်သက်လိုကြပေ။ ထိုသို့သော လူတို့သည် အကျင့်စာရိတ္တ သို့မဟုတ် ဂုဏ်သိက္ခာတစ်ခုတစ်လေ ရှိသလော။ (မရှိပါ။) ဤသို့သော လူတို့ကို တွေ့ဆုံသည့်သူတိုင်း သူတို့ကို စိတ်ကုန်သွားကြမည်။ ထိုသူတို့သည် သူတို့၏ စကားများ၊ လုပ်ဆောင်ချက်များ၊ အကျင့်စာရိတ္တနှင့် တည်ကြည်မှုတွင် လုံးဝ ယုံကြည်စိတ်ချ၍မရပေ။ ထိုသို့သောလူများ၌ လုံးဝ အနှစ်သာရ မရှိပေ။ ထိုသူတို့သည် ဆုကျေးဇူးနှင့် ပါရမီရှိခဲ့ပါက သူတို့ကို လူတို့ နှစ်သက်ပြီး လေးစားမည်လော။ (မလေးစားပါ။) သို့ဆိုလျှင် လူတို့သည် တစ်ဦးနှင့်တစ်ဦး အဆင်ပြေရန်အလို့ငှာ မည်သည့်အရာ လိုအပ်သနည်း။ ၎င်းတို့၌ အကျင့်စာရိတ္တ၊ တည်ကြည်မှု၊ ဂုဏ်သိက္ခာနှင့် အခြားသူများက သူတို့၏ စိတ်နှလုံးများကို ဖော်ထုတ်ပြနိုင်သည့် လူတစ်ဦးဖြစ်ဖို့ လိုအပ်သည်။ ဂုဏ်သိက္ခာရှိသည့် လူတို့အားလုံး၌ ကိုယ်ရည်ကိုယ်သွေး အတိုင်းအတာတစ်ခု ရှိကာ၊ တစ်ခါတစ်ရံ အခြားသူများနှင့် အဆင်မပြေသော်လည်း ရိုးသားကြသည့်အပြင် ထိုသူတို့အပေါ် ယုံမှားစေခြင်း သို့မဟုတ် လိမ်လည်လှည့်စားမှု မရှိပေ။ အခြားသူများက အခြေခံအားဖြင့် သူတို့ကို လေးစားသမှု ပြုကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်၊ ရိုးသားသည်၊ ဂုဏ်သိက္ခာ၊ တည်ကြည်မှုနှင့် အကျင့်စာရိတ္တ ရှိကြသည်။ သူတို့သည် အခြားသူများကို မည်သည့်အခါမျှ အခွင့်အရေးမယူကြ။ လူတို့ ဒုက္ခရောက်သောအခါ ကူညီကြသည်။ လူတို့ကို အသိတရားနှင့် ဆင်ခြင်တုံတရားဖြင့် ဆက်ဆံကြပြီး သူတို့နှင့်ပတ်သက်၍ မည်သည့်အခါမျှ ရှောင်တခင်ထင်မြင်ချက် မပေးကြပေ။ အခြားလူတို့အပေါ် အကဲဖြတ်သောအခါ သို့မဟုတ် ဆွေးနွေးသောအခါ ဤသူတို့ပြောသမျှက တိကျမှန်ကန်သည်။ သူတို့သိသည့်အရာကို ပြောပြီး မသိသည့်အရာကို ပါးစပ်မသရမ်းကြပေ။ ကွန့်ညွန့်၍ စကားမပြောဘဲ သူတို့၏ စကားများကို အထောက်အထား သို့မဟုတ် ထောက်ခံချက်အဖြစ် အသုံးချနိုင်သည်။ တည်ကြည်မှုကို ပိုင်ဆိုင်သောသူတို့သည် စကားပြောပြီး ပြုမူလုပ်ဆောင်သောအခါ အတော်ပင် လက်တွေ့ကျပြီး ယုံကြည်စိတ်ချ၍ရသည်။ တည်ကြည်မှုမရှိသော လူတို့ကို မည်သူမျှ တန်ဖိုးရှိသည်ဟု မသတ်မှတ်ပေ။ သူတို့ ပြောသည့်အရာနှင့် လုပ်သည့်အရာကို မည်သူမျှ အာရုံမစိုက်၊ သို့မဟုတ် သူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များကို အရေးကြီးသည်ဟု သဘောမထားသည့်အပြင် သူတို့ကို မည်သူမျှ မယုံကြည်ပေ။ ဤသည်မှာ သူတို့က မုသားအမြောက်အမြား ပြောပြီး ရိုးသားသောစကား အလွန်နည်းပါးစွာ ပြောသောကြောင့်၊ ယင်းမှာ သူတို့သည် လူတို့နှင့် ပေါင်းသင်းဆက်ဆံသောအခါ သို့မဟုတ် ထိုသူတို့အတွက် တစ်စုံတစ်ခု ပြုလုပ်သောအခါ ရိုးသားမှန်ကန်မှု ကင်းမဲ့သောကြောင့် ဖြစ်ကာ၊ လူတိုင်းကို လိမ်လည်လှည့်စားပြီး ကျီစားဖို့ ကြိုးစားပြီး သူတို့ကို မည်သူမျှ မနှစ်သက်ပေ။ သင်တို့၏အမြင်၌ ယုံကြည်စိတ်ချ၍ရသောသူ တစ်စုံတစ်ဦးကို သင်တို့တွေ့ဖူးသလော။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် အခြားလူတို့၏ ယုံကြည်မှုရထိုက်သည်ဟု ထင်သလော။ အခြားလူတို့က သင်တို့ကို ယုံကြည်နိုင်သလော။ အကယ်၍ လူတစ်ဦးက အခြားလူတစ်ဦး၏ အခြေအနေအကြောင်း သင့်အား မေးလျှင် သင်သည် ထိုသူကို သင့်ကိုယ်ပိုင် စိတ်ဆန္ဒအတိုင်း တန်ဖိုးဖြတ်ခြင်းနှင့် အကဲဖြတ်ခြင်း မပြုသင့်ပေ။ သင်၏ စကားများသည် တကယ်ဖြစ်ရမည်၊ မှန်ကန်တိကျရမည်ဖြစ်ပြီး အချက်အလက်နှင့် ကိုက်ညီရမည်။ သင် အမှန်တကယ် နားလည်သော မည်သည့်အရာကိုမဆို ပြောပြသင့်ပြီး သင် ထိုးထွင်းအမြင်မရှိသော အရာများအကြောင်း မပြောသင့်ပေ။ ထိုသူ့အပေါ် တရားမျှတမှု ရှိရမည်။ ယင်းမှာ လုပ်ဆောင်ရမည့် စိတ်ချယုံကြည်ရသော နည်းလမ်းဖြစ်သည်။ သင်သည် အပေါ်ယံအဆင့် ဖြစ်ရပ်ကိုသာ လေ့လာစောင့်ကြည့်ထားပြီး သင်ပြောလိုသည့်အရာမှာ ထိုလူနှင့်ပတ်သက်၍ သင်၏ကိုယ်ပိုင် အကဲဖြတ်ချက်သာ ဆိုပါက သင်သည် ထိုလူအပေါ်၌ ကျိုးကြောင်းမဆင်ခြင်သော ဆုံးဖြတ်ချက်တစ်ခုကို မပေးရသည့်အပြင် သူ့ကို မစီရင်ရပေ။ သင်သည် သင်ပြောသည့်အရာကို “ဤသည်မှာ ကျွန်ုပ်၏ကိုယ်ပိုင် အကဲဖြတ်ချက်သာ ဖြစ်သည်” သို့မဟုတ် “ဤသည်မှာ ကျွန်ုပ် ခံစားသည့်ပုံသာ ဖြစ်သည်” ဟူ၍ အစချီရမည်။ ထိုသို့ဖြင့် သင်၏ စကားများက အတော်လေး မျှတမည်ဖြစ်ပြီး သင်ပြောသည့်အရာကို ကြားပြီးနောက် တစ်ဖက်လူက သင့်စကား၏ ရိုးသားမှုနှင့် သင်၏ မျှတသော စိတ်ထားကို သတိပြုမိနိုင်မည် ဖြစ်ကာ သင့်ကို ယုံကြည်စိတ်ချနိုင်မည် ဖြစ်သည်။ ဤအရာကို ဖြစ်မြောက်အောင် လုပ်နိုင်မည်ဟု သင်တို့ သေချာသလော။ (မသေချာပါ။) ဤအရာက သင်တို့သည် အခြားသူများအပေါ် မရိုးသားကြောင်း၊ သင်တို့သည် ပြုမူနေထိုင်သည့်ပုံနှင့် အရေးကိစ္စများအား ကိုင်တွယ်သည့်ပုံ၌ ရိုးသားမှန်ကန်မှုနှင့် ရိုးသားသောစိတ်ထား ကင်းမဲ့ကြောင်း သက်သေပြသည်။ လူတစ်ဦးက သင့်ကို “ကျွန်ုပ် သင့်ကို ယုံကြည်ပါသည်- ထိုလူနှင့်ပတ်သက်၍ သင် မည်သို့ ထင်သနည်း” ဟု မေးသည်ဆိုပါစို့။ သို့ဆိုလျှင် သင်က “သူက ကောင်းပါသည်” ဟု ပြန်ဖြေသည်။ သူက “ပို၍အသေးစိတ် ကျအောင် ဖြေနိုင်မည်လော” ဟု မေးသည်။ သို့ဆိုလျှင် သင်က “သူက လိမ္မာသည်။ သူက တာဝန်ထမ်းဆောင်သောအခါ အဖိုးအခ ပေးလိုစိတ်ရှိပြီး လူတို့နှင့် အဆင်ပြေသည်” ဟု ပြောသည်။ ဤပြောဆိုချက်သုံးခုထဲမှ တစ်ခုခုအတွက် လက်တွေ့ကျသော အထောက်အထားရှိသလော။ ယင်းတို့က ထိုသူ၏ အကျင့်စာရိတ္တနှင့်ဆိုင်သည့် သက်သေအဖြစ် အသုံးချရန် လုံလောက်သလော။ မလုံလောက်ပေ။ ဤပြောဆိုချက် သုံးခုအနက် မည်သည့်ပြောဆိုချက်တွင်မျှ အသေးစိတ်တစ်ခုတစ်လေ မပါဝင်၊ ယင်းတို့သည် သိမ်းကျုံးဖော်ပြသော၊ အနှစ်သာရကင်းမဲ့သော၊ ဝတ်ကျေတမ်းကျေပြောသော စကားများသာ ဖြစ်၏။ အကယ်၍ သင်သည် ထိုသူနှင့် ယခုလေးတင်မှ တွေ့ဆုံထားပြီး ပုံပန်းသဏ္ဌာန်များကို အခြေခံ၍ ထိုသူကောင်းသည်ဟု ပြောနေသည်ဆိုပါက ယင်းသည် ပုံမှန်ဖြစ်မည်။ သို့သော် သင်သည် ထိုသူနှင့် အချိန်အတန်ကြာ အဆက်အသွယ်ရှိထားပြီး ထိုသူနှင့်ပတ်သက်၍ ကြီးကြီးမားမား ပြဿနာအချို့ကို ရှာဖွေတွေ့ရှိနိုင်လေသည်။ လူတို့က ထိုသူနှင့်ပတ်သက်၍ သင်၏ ထင်မြင်ယူဆချက်နှင့် ရှုထောင့်အမြင်ကို ကြားလိုသော်လည်း သင်က မှန်ကန်သော သို့မဟုတ် နှိုင်းချိန်တတ်သော၊ သို့မဟုတ် အခရာဖြစ်သောအရာ တစ်ခုမျှ မပြောသဖြင့် သင့်ကို ယုံကြည်မည် မဟုတ်သည့်အပြင် သင့်ကို နောက်ထပ် ပေါင်းသင်းဆက်ဆံလိုမည် မဟုတ်ချေ။

ညီအစ်ကို မောင်နှမများနှင့် ပေါင်းသင်းဆက်ဆံသောအခါ သူတို့အပေါ် သင်၏စိတ်နှလုံးကို ဖော်ထုတ်ပြပြီး ယင်းက သင့်အား အကျိုးဖို့အလို့ငှာ သူတို့အပေါ် စိတ်ချယုံကြည်ရမည် ဖြစ်သည်။ တာဝန်ထမ်းဆောင်ရာတွင် သင်၏စိတ်နှလုံးကို ဖော်ထုတ်ပြပီး လူတို့အပေါ် စိတ်ချယုံကြည်ရန် ပို၍ပင် အရေးကြီးသည်။ သို့မှသာ သင် အလုပ်ကို အတူတူကောင်းစွာ လုပ်ဆောင်မည်ဖြစ်သည်။ သို့သော် လူတစ်ဦးက သင့်အား သူ၏ စိတ်နှလုံးကို ဖော်ထုတ်မပြပါက၊ သူသည် သမ္မာတရားကို လက်မခံသောသူတစ်ဦး ဖြစ်ပါက၊ ထိုအစား အလွန်ပါးနပ်သော လူတစ်ဦးဖြစ်ပါက သင့်အနေဖြင့် သူ့အား သင့်စိတ်နှလုံးကို ဖော်ထုတ်ပြခြင်းက မိုက်မဲရာကျမည်ဖြစ်ပြီး ထိုသို့ပြုခြင်းက အလွယ်တကူ ဒုက္ခရောက်စေနိုင်သည်။ ညီအစ်ကို မောင်နှမများနှင့် မည်သို့ပေါင်းသင်းဆက်ဆံရမည်ဟူသည့် စည်းမျဉ်းများ ရှိသင့်သည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားအား လက်ခံနိုင်သော လူတို့ကိုသာ သင့်စိတ်နှလုံးကို ဖော်ထုတ်ပြပြီး တကယ့်ကို ပွင့်လင်းသင့်သည်။ ဆိုးယုတ်သော လူတို့နှင့် မယုံကြည်သူများအား သင့်စိတ်နှလုံးကို ဖော်ထုတ်ပြလျှင် သင်သည် မိုက်မဲရာကျပြီး ပညာမဲ့ကာ ဉာဏ်ပညာ၌ ချို့တဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး သမ္မာတရားကို လက်ခံနိုင်သော ညီအစ်ကို မောင်နှမများထံ၌သာ သင့်စိတ်နှလုံးကို ဖော်ထုတ်ပြရမည်။ ပါးနပ်သော၊ မရေရာသော၊ ဆိုးယုတ်သော လူတို့နှင့် မယုံကြည်သူများဖြစ်သည့် သမ္မာတရားအား လက်ခံမှုတစ်ခုမျှ လုံးဝမရှိသော လူတို့သည် ညီအစ်ကိုမောင်နှမများ မဟုတ်ကြပေ။ မည်သည့်အရာကို လုပ်သည်ဖြစ်စေ ထိုသူတို့အား သင့်စိတ်နှလုံးကို ဖော်ထုတ်မပြလေနှင့်။ ထိုသူတို့အား သင့်စိတ်နှလုံးကို ဖော်ထုတ်ပြခြင်းသည် မာရ်နတ်အား ဖော်ထုတ်ပြခြင်းပင် ဖြစ်ပြီး နောက်ဆုံးတွင် ထိုသူတို့၏ အကြံအစည်များနှင့် ထောင်ချောက်များ၏ သားကောင်ဖြစ်ခြင်းဆီသို့ ခေါ်ဆောင်သွားနိုင်ဖွယ် ရှိလေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များကြားတွင် အတုအယောင် ခေါင်းဆောင်များနှင့် အတုအယောင် အမှုဆောင်များရှိပြီး ယုံကြည်သူများကြားတွင် အတုအယောင် ယုံကြည်သူများနှင့် မယုံကြည်သူများ ရှိကြ၏။ ဤလူတို့မည်သူမျှ ညီအစ်ကို မောင်နှမများ မဟုတ်ကြသဖြင့် မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ ထိုသူတို့ကို အရှိအတိုင်း မမှတ်ယူနှင့်။ ကြင်နာတတ်ပြီး သမ္မာတရားကို ချစ်သောသူတို့၊ သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်သော သူတို့သာလျှင် ညီအစ်ကိုမောင်နှမများ ဖြစ်ပြီး စစ်မှန်သော ဤညီအစ်ကို‌ မောင်နှမများနှင့် ပေါင်းသင်းဆက်ဆံသောအခါ သင်၏စိတ်နှလုံးကို သူတို့အား ဖော်ထုတ်ပြရမည်။ သူတို့အား တကယ်ပင် ပွင့်လင်းရမည်ဖြစ်ပြီး သို့မှသာ သင်တို့အနေဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ရန်နှင့် တာဝန်များကို ထမ်းဆောင်စဉ် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်နိုင်ခြေရှိမည် ဖြစ်သည်။ တစ်ခါတစ်ရံ လူနှစ်ဦး ပေါင်းသင်းဆက်ဆံသောအခါ သူတို့၏ ပင်ကိုစရိုက်ချင်းက ပဋိပက္ခဖြစ်သည်၊ သို့မဟုတ် သူတို့၏ မိသားစုပတ်ဝန်းကျင်များ၊ နောက်ခံအခြေအနေများ သို့မဟုတ် စီးပွားရေးအခြေအနေများက မလိုက်ဖက်ပေ။ သို့တစေ ထိုလူနှစ်ဦးက မိမိတို့၏ စိတ်နှလုံးများကို အချင်းချင်း ဖော်ထုတ်ပြနိုင်ပြီး မိမိတို့၏ အရေးကိစ္စများနှင့်ပတ်သက်၍ လုံးလုံးလျားလျား ပွင့်လင်းနိုင်ကာ မည်သည့်မုသား သို့မဟုတ် လိမ်လည်လှည့်ဖြားမှုမျှ မပါဘဲ ပြောဆိုနိုင်သည့်အပြင် မိမိတို့၏ စိတ်နှလုံးများကို အချင်းချင်း ပြသနိုင်သည်ဆိုပါက ဤနည်းဖြင့် သူတို့သည် စစ်မှန်သော မိတ်ဆွေများဖြစ်လာနိုင်မည် ဖြစ်သည်။ ယင်းမှာ သိကျွမ်းရင်းနှီးသော မိတ်ဆွေများ ဖြစ်လာခြင်းကို ဆိုလိုသည်။ တစ်ဖက်လူ၌ အခက်အခဲတစ်ခု ရှိသောအခါ သူတို့က သင့်ကို လိုက်ရှာပြီး အခြားမည်သူမျှ သင့်ကို လိုက်ရှာမည် မဟုတ်သည့်အပြင် သူတို့ကိုကူညီရန်အတွက် သင့်ကိုသာ ယုံကြည်စိတ်ချမည် ဖြစ်သည်။ အကယ်၍ သင်သည် သူတို့အား အပြစ်ဖော်ဆုံးမလျှင်ပင် သူတို့က ပြန်၍ခံပြောမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သင်သည် ရိုးသားမှန်ကန်သော စိတ်နှလုံးရှိသည့် ရိုးသားသော လူတစ်ဦးဖြစ်မှန်း သူတို့သိကြ၏။ သင့်ကို သူတို့ ယုံကြည်စိတ်ချသောကြောင့် သင် မည်သည့်အရာ ပြောသည်ဖြစ်စေ၊ သူတို့ကို မည်သို့ဆက်ဆံသည်ဖြစ်စေ သူတို့ နားလည်နိုင်မည်ဖြစ်သည်။ သင်တို့သည် ထိုသို့သောလူများ ဖြစ်နိုင်သလော။ သင်တို့သည် ထိုသို့သောလူများ ဟုတ်သလော။ မဟုတ်လျှင် သင်သည် ရိုးသားသောလူ မဟုတ်ပေ။ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသောအခါ ပထမဦးစွာ သူတို့အား သင်၏ စစ်မှန်သော စိတ်နှလုံးနှင့် ရိုးသားမှန်ကန်မှုကို သတိပြုမိစေရမည်။ အတူတကွ စကားပြောဆိုခြင်းနှင့် အလုပ်လုပ်ခြင်းအပြင် အခြားသူများနှင့် ထိတွေ့ဆက်ဆံရာတွင် အကယ်၍ လူတစ်ဦး၏ စကားများက ဝတ်ကျေတမ်းကျေ ဖြစ်သည်၊ စကားကြီးစကားကျယ် သုံးသည်၊ အာလာပသလ္လာပများ ဖြစ်သည်၊ မြှောက်လုံးပင့်လုံးဖြစ်သည်၊ စိတ်ချယုံကြည်၍မရသည့်အပြင် စိတ်ကူးသက်သက်ဖြစ်သည် ဆိုပါက၊ သို့မဟုတ် သူသည် အခြားသူများ၏ မျက်နှာသာပေးမှုကိုသာ ရှာဖွေဖို့ ပြောဆိုသည် ဆိုပါက သူတို့၏ စကားများအားလုံး၌ ခိုင်လုံမှုကင်းမဲ့ပြီး ရိုးသားမှန်ကန်မှု နည်းနည်းလေးမျှပင် မရှိပေ။ ဤသည်မှာ အခြားသူများက မည်သူပင်ဖြစ်စေ၊ ထိုအခြားသူများနှင့် သူတို့၏ ပေါင်းသင်းဆက်ဆံသည့် နည်းလမ်းဖြစ်သည်။ ဤသည်မှာ ရိုးသားသောလူ မဟုတ်ပေ။ လူတစ်ဦးသည် အပျက်သဘော ဆောင်သော အခြေအနေတစ်ခု၌ ရှိနေပြီး သူက သင့်အား “ကျွန်ုပ် လွန်စွာ အပျက်သဘော ဆောင်နေသည်မှာ အတိအကျ အဘယ်အတွက့်ကြောင့် ဖြစ်ရသည်ကို ကျွန်ုပ်အား ပြောပါ။ ယင်းကို ကျွန်ုပ် လုံးဝ သဘောမပေါက်နိုင်ပါ” ဟု ရိုးသားမှန်ကန်စွာ ပြောသည်ဆိုပါစို့။ ထို့အပြင် အမှန်မှာ သင်၏ စိတ်နှလုံးထဲတွင် သူ့ပြဿနာကို တကယ်နားလည်သော်လည်း သူ့ကို ပြောပြမည့်အစား “ဘာမျှမဟုတ်ပါ။ သင်သည် အပျက်သဘော ဆောင်နေခြင်းမရှိပါ။ ကျွန်ုပ်လည်း ထိုသို့ ဖြစ်တတ်သည်” ဟု ပြောသည်။ ဤစကားများမှာ ထိုသူအတွက် ကြီးမားသော နှစ်သိမ့်မှုတစ်ခု ဖြစ်သော်လည်း သင့်စိတ်ထားက ရိုးသားမှန်ကန်ခြင်း မရှိပေ။ သင်သည် ထိုသူ့အပေါ် ဝတ်ကျေတမ်းကျေ ဖြစ်နေသည်။ သူ့ကို ပို၍ စိတ်ချမ်းသာစေပြီး ဖြေသိမ့်ဖို့ရန်အတွက် သင်သည် သူ့အား ရိုးသားစွာ စကားပြောခြင်းကို ရှောင်ကြဉ်ခဲ့ပြီဖြစ်သည်။ သူ့အနေဖြင့် သူ၏ အပျက်သဘောဆောင်ခြင်းကို စွန့်ပစ်နိုင်ရန်အလို့ငှာ သင်သည် သူ့ကို အလေးအနက် ကူညီနေခြင်းမရှိသည့်အပြင် သူ၏ပြဿနာကို ထင်ထင်ရှားရှား ပြသခြင်းမရှိပေ။ သင်သည် ရိုးသားသော လူတစ်ဦး ပြုလုပ်သင့်သည့်အရာကို မပြုလုပ်ခဲ့သေးပေ။ သူ့အား နှစ်သိမ့်ရန်နှင့် သင်တို့အကြား ခပ်တန်းတန်းဖြစ်ခြင်း သို့မဟုတ် သ‌ဘောထားကွဲလွဲမှု မရှိအောင် သေချာစေဖို့ ကြိုးစားရန်အလို့ငှာ သင်သည် သူ့အပေါ် ဝတ်ကျေတမ်းကျေ ဖြစ်နေလျက်ရှိကာ၊ ဤသည်မှာ ရိုးသားသော လူတစ်ဦးဖြစ်နေခြင်း မဟုတ်ပါချေ။ သို့ဆိုလျှင် ရိုးသားသော လူတစ်ဦးဖြစ်ရန်အတွက် ဤအခြေအနေမျိုးကို ကြုံတွေ့သောအခါ ဘာလုပ်သင့်သနည်း။ သင်သည် သူ့အား သင် တွေ့ရှိဖူးပြီး ဖော်ထုတ်ခဲ့ပြီးသောအရာကို ပြောပြရန်လိုသည်။ “ကျွန်ုပ်တွေ့ရှိဖူးသည့်အရာနှင့် တွေ့ကြုံဖူးသည့်အရာကို သင့်အား ပြောပြမည်။ ကျွန်ုပ်ပြောသည့်အရာ မှန်သည်၊ မှားသည်ကို သင်ဆုံးဖြတ်ပါ။ မှားလျှင် သင် လက်ခံစရာ မလိုပါ။ မှန်လျှင် သင် လက်ခံမည်ဟု မျှော်လင့်ါသည်။ သင့်အနေဖြင့် နားထောင်ရခက်ပြီး သင့်အား ထိခိုက်သည့်အရာတစ်ခုကို ကျွန်ုပ်ပြောပြပါက ယင်းကို ဘုရားသခင်ထံမှ သင် လက်ခံနိုင်မည်ဟု ကျွန်ုပ်မျှော်လင့်သည်။ ကျွန်ုပ်၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်မှာ သင့်ကို ကူညီရန်ဖြစ်သည်။ ဤအရေးကိစ္စကို ကျွန်ုပ် ရှင်းလင်းစွာ သိမြင်သည်။ သင်သည် အရှက်ခွဲခံရပြီဖြစ်ကာ သင့်ကို မည်သူမျှ စိတ်ခွန်အားမပေးကြဟု သင်ခံစားရပြီး သင့်ကို အခြားလူတိုင်းက အထင်သေးသည်၊ သင်သည် တိုက်ခိုက်ခံနေရသည်၊ ထို့ပြင် သင်သည် မည်သည့်အခါမျှ ထိုသို့ မတရားသဖြင့် မခံရဖူးဟု ထင်သောကြောင့် ယင်းကို သင် လက်မခံနိုင်သည့်အပြင် အပျက်သဘော ဆောင်လာခြင်းဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာ ဟုတ်သလော၊ သင် မည်သို့ထင်သနည်း” ဟူ၍ဖြစ်သည်။ ထိုအခါ ဤအရာကို ကြားရပြီးနောက် သူက ယင်းမှာ အမှန်တကယ်ဖြစ်သည့် အခြေအနေဖြစ်မှန်း ခံစားရလေသည်။ ဤသည်မှာ သင်၏ စိတ်နှလံးထဲ၌ အမှန်တကယ်ရှိသည့် အရာပင်ဖြစ်သော်လည်း သင်သည် ရိုးသားသော လူတစ်ဦး မဟုတ်ပါက ယင်းကို သင် ပြောမည်မဟုတ်ပေ။ သင်က “ကျွန်ုပ်လည်း မကြာခဏ အပျက်သဘော ဆောင်တတ်သည်” ဟု ပြောကာ၊ တစ်ဖက်လူက လူတိုင်း အပျက်သဘော ဆောင်တတ်သည်ဟု ကြားရသောအခါ သူ့အနေဖြင့် အပျက်သဘော ဆောင်သည်မှာ ပုံမှန်ဖြစ်သည်ဟု ထင်မှတ်ပြီး အဆုံးတွင် သူ၏ အပျက်သဘော ဆောင်ခြင်းကို မစွန့်ပစ်တော့ချေ။ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ပြီး သူ့ကို ရိုးသားသော စိတ်ထားနှင့် ရိုးသားသော စိတ်နှလုံးဖြင့် ကူညီလျှင် သူ့အား သမ္မာတရားကို နားလည်ရန်နှင့် သူ၏ အပျက်သဘောဆောင်ခြင်းကို စွန့်ပစ်ရန်အတွက် ကူညီနိုင်မည်ဖြစ်သည်။

ရိုးသားမှုကို လက်တွေ့လုပ်ဆောင်ခြင်းက ရှုထောင့်များစွာ ခြုံငုံသည်။ တစ်နည်းအားဖြင့် ရိုးသားခြင်းအတွက် စံနှုန်းသည် အကြောင်းအရာတစ်ခုတည်းမှတစ်ဆင့် ရရှိခြင်းမဟုတ်ပေ။ သင်သည် မရိုးသားနိုင်ခင်တွင် အကြောင်းအရာများစွာ၌ စံနှုန်းဖြင့် ကိုက်ညီရမည်။ လူအချို့က ရိုးသားဖို့ရန်အတွက် မလိမ်ညာမိဖို့သာလိုသည်ဟု အစဉ် ထင်မြင်ကြသည်။ ဤအမြင်မှာ မှန်ကန်သလော။ ရိုးသားခြင်းသည် မလိမ်ညာခြင်းသာ ပါဝင်သလော။ မဟုတ်ပေ။ အခြားရှုထောင့်အချို့နှင့်လည်း ဆက်နွှယ်နေသည်။ ရှေးဦးစွာ သင်သည် မည်သည့်အရာကို ရင်ဆိုင်ရသည်ဖြစ်စေ၊ သင်ကိုယ်တိုင်၏ မျက်စိဖြင့် မြင်ပြီးသောအရာ၊ သို့မဟုတ် တခြားတစ်ယောက်ယောက်က သင့်အား ပြောပြသည့်အရာတစ်ခုဖြစ်စေ၊ လူတို့နှင့် အပြန်အလှန်ဆက်ဆံခြင်း၊ သို့မဟုတ် ပြဿနာတစ်ခုကို ဖြေရှင်းခြင်းဖြစ်စေ၊ သင်ထမ်းဆောင်သင့်သည့် တာဝန်၊ သို့မဟုတ် ဘုရားသခင်က သင့်အား အပ်နှံထားသည့်အရာဖြစ်စေ သင်သည် ယင်းကို ရိုးသားသော စိတ်နှလုံးတစ်ခုဖြင့် အစဉ် ချဉ်းကပ်ရမည်။ ရိုးသားသော စိတ်နှလုံးတစ်ခုဖြင့် အမှုအရာများကို ချဉ်းကပ်ခြင်းအား မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ မိမိထင်သည့်အရာကို ပြောပြီး ရိုးသားစွာ စကားပြောလော့။ အနှစ်မရှိသော၊ ဟိတ်ဟန်များသော သို့မဟုတ် ကြားကောင်းသော စကားများကို မပြောနှင့်။ မြှောက်ပင့်သော၊ သို့မဟုတ် သူတော်ကောင်းယောင်ဆောင်သော မှားယွင်းသည့်အရာများကို မပြောဘဲ၊ သင်၏စိတ်နှလုံးတွင်ရှိသော စကားများကို ပြောဆိုလော့။ ဤသည်မှာ ရိုးသားသောသူတစ်ယောက်ဖြစ်ခြင်းဖြစ်သည်။ သင်၏ စိတ်နှလုံးတွင်ရှိသော မှန်ကန်သော အတွေးအမြင်များကို ဖော်ပြခြင်း- ဤသည်မှာ ရိုးသားသောသူများ လုပ်ဆောင်ရမည့်အရာဖြစ်သည်။ သင်ထင်သည့်အရာနှင့် သင့်စိတ်နှလုံးထဲတွင် မျိုသိပ်ထားသည့် စကားများကို မည်သည့်အခါမျှ မပြောသကဲ့သို့၊ သင်ပြောဆိုသည့်အရာသည် သင်ထင်သည့်အရာနှင့် အစဉ် ကွဲလွဲနေလျှင်၊ ဤသည်မှာ ရိုးသားသူတစ်ယောက် လုပ်ဆောင်သည့်အရာ မဟုတ်ပေ။ ဥပမာ သင်သည် သင်၏တာဝန်ကို ကောင်းစွာ မထမ်းဆောင်ဟု ဆိုပါစို့၊ လူတို့က မည်သို့ဖြစ်သည်ကို မေးကြသောအခါ သင်က “ငါ့တာဝန်ကို ကောင်းကောင်းလုပ်ချင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ရသေးဘူး” ဟု ပြောသည်။ အမှန်တကယ်တွင် သင်က လုံ့လမရှိသည်ကို သင်၏ စိတ်နှလုံးထဲတွင် သိပေသည်။ သို့ေသော် သင်က အမှန်အတိုင်း မပြောပေ။ ထိုအစား သင်သည် အမှန်တရားများကို ဖုံးဖိပြီး တာဝန်ကို ရှောင်ရှားရန်အတွက် အကြောင်းပြချက်များ၊ မှန်ကန်ကြောင်းပြဆိုချက်များ၊ ဆင်ခြေများမျိုးစုံ ရှာဖွေသည်။ ဤသည်မှာ ရိုးသားသောသူတစ်ယောက်က လုပ်ဆောင်သောအရာ ဖြစ်သလော။ (မဟုတ်ပါ။) သင်သည် ဤအရာများကိုပြောပြီး လူတို့ကို အရူးလုပ်ကာ ဖြစ်သလိုလုပ်ဆောင်သည်။ သို့သော် သင့်အတွင်းတွင် ရှိသည့်အရာ၊ သင့်အတွင်းရှိ ရည်ရွယ်ချက်များ၏ အနှစ်သာရသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်သည် သင့်အတွင်းရှိ အမှုအရာများနှင့် ရည်ရွယ်ချက်များကို ဖွင့်ပြပြီး ယင်းတို့ကို စိတ်ဖြာလေ့လာခြင်း မပြုနိုင်လျှင်၊ ယင်းတို့ကို သန့်စင်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ အသေးအဖွဲကိစ္စမဟုတ်ပေ။ သင်သည် မှန်ကန်စွာဖြင့် “ငါ့တာဝန်ကို လုပ်တဲ့နေရာမှာ ငါ နည်းနည်းအချိန်ဆွဲနေတယ်။ ဂရုမစိုက်ဘဲ ဝတ်ကျေတန်းကျေလုပ်ပြီး အာရုံမစိုက်ဘူး။ စိတ်ရွှင်နေတဲ့အခါမှာ နည်းနည်းအားစိုက်နိုင်တယ်။ စိတ်မကြည်တဲ့အခါမှာ အားလျော့ပြီး အားမစိုက်ချင်သလို၊ အသွေးအသား သက်သာမှုကို တပ်မက်တယ်။ ဒါကြောင့် တာဝန်ထမ်းဆောင်ဖို့ ငါ ကြိုးစားတာတွေက မထိရောက်ဘူး။ ပြီးခဲ့တဲ့သုံးလေးရက်မှာ အခြေအနေက ပြောင်းလဲနေတယ်။ ငါ အစွမ်းကုန်လုပ်ဖို့၊ ထိရောက်မှု တိုးတက်စေဖို့၊ ငါ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ ငါ ကြိုးစားနေပါတယ်” ဟူ၍ ပြောဆိုရမည်။ ဤသည်မှာ စိတ်နှလုံးအတွင်းမှ ပြောဆိုခြင်းဖြစ်သည်။ အခြားသော စကားပြောဆိုသည့်နည်းလမ်းမှာ စိတ်နှလုံးအတွင်းမှ မဟုတ်ပေ။ ကိုင်တွယ်ဖြေရှင်းခံရမည်ကိုလည်းကောင်း၊ သင်၏ပြဿနာများကို လူများ ရှာဖွေတွေ့ရှိမည်ကိုလည်းကောင်း၊ လူများက သင့်ကို တာဝန်ခံခိုင်းမည်ကိုလည်းကောင်း သင်ကြောက်ရွံ့သောကြောင့် သင်သည် အမှန်တရားများကို ဖုံးဖိရန် အကြောင်းပြချက်၊ မှန်ကန်ကြောင်းပြဆိုချက်နှင့် ဆင်ခြေမျိုးစုံကို ရှာတွေ့ခဲ့သည်။ ကိုင်တွယ်ဖြေရှင်းခံရခြင်းကို ရှောင်ရှားရန်အလို့ငှာ ရှေးဦးစွာ အခြားလူများကို အခြေအနေနှင့်ပတ်သက်ပြီး ပြောဆိုခြင်းအား ရပ်တန့်စေပြီးနောက်တွင်၊ တာဝန်ကို သင် လွှဲပြောင်းပေးသည်။ ဤသည်မှာ သင့် အလိမ်အညာများ၏ အရင်းအမြစ်ဖြစ်သည်။ လိမ်ညာသူများက မည်မျှစကားပြောဆိုသည်ဖြစ်စေ ၎င်းတို့ပြောဆိုသည့် အချို့သောအရာများက မှန်ကန်ပြီး အဖြစ်မှန်ဖြစ်ဖို့ သေချာသည်။ သို့သော် ၎င်းတို့ပြောဆိုသည့် အဓိကကျသောအရာအချို့က မမှန်ကန်မှုအနည်းငယ်နှင့် ၎င်းတို့၏ ရည်ရွယ်ချက်အနည်းငယ် ပါဝင်လိမ့်မည်။ ထို့ကြောင့် မည်သည်က မှန်ကန်ပြီး မည်သည်က မှားယွင်းသည်ကို ပိုင်းခြားသိမြင်ပြီး ခွဲခြားရန် အလွန်အရေးကြီးသည်။ သို့ရာတွင် ဤသည်မှာ လုပ်ဆောင်ရန် မလွယ်ကူပေ။ ၎င်းတို့ပြောဆိုသည့် အချို့သောအရာများသည် အစွန်းအထင်းရှိပြီး တန်ဆာဆင်ထားခြင်းရှိလိမ့်မည်။ ၎င်းတို့ပြောဆိုသည့် အချို့အရာများသည် အမှန်တရားများနှင့် ကိုက်ညီလိမ့်မည်ဖြစ်ပြီး၊ အချို့အရာများသည် အမှန်တရားများနှင့် ဆန့်ကျင်လိမ့်မည်။ ထိုသို့ဖြင့် အမှန်တရားများ၊ လုပ်ကြံထားသောအရာများက ရောထွေးလျက်၊ အမှန်နှင့် အမှားကို ခွဲခြားသိမြင်ရန် ခက်ခဲသည်။ ဤသည်မှာ အလှည့်စားဆုံးသောသူဖြစ်ပြီး၊ ခွဲခြားဖော်ထုတ်ရန် အခက်ခဲဆုံးဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်လျှင်၊ သို့မဟုတ် ရိုးသားမှုကို လက်တွေ့မလုပ်ဆောင်နိုင်လျှင် သေချာပေါက် ထုတ်ပယ်ခြင်းခံရမည်။ ဤသို့ဆိုလျှင် လူတို့ရွေးချယ်သင့်သည့် လမ်းကြောင်းမှာ မည်သည့်လမ်းကြောင်းဖြစ်သနည်း။ မည်သည့်လမ်းကြောင်းက ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းဖြစ်သနည်း။ သင်တို့သည် သမ္မာတရားကို ပြောဆိုပြီး သင်တို့၏ တကယ့်အခြေအနေများနှင့် ပြဿနာများကို ပွင့်လင်းစွာ မိတ်သဟာယဖွဲ့နိုင်ရန် သင်ယူသင့်သည်။ ဤသည်မှာ ရိုးသားသောသူများ လက်တွေ့လုပ်ဆောင်ပုံဖြစ်ပြီး၊ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုက မှန်ကန်ပေသည်။ အသိတရားနှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သော လူတို့အားလုံးသည် ရိုးသားရန်အတွက် ကြိုးပမ်းလိုစိတ် ရှိကြသည်။ ရိုးသားသော လူတို့သည်သာ အမှန်တကယ် ပျော်ရွှင်ပြီး အေးချမ်းသည့်အပြင် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို ရရှိဖို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာ လူတစ်ဦးသည် စစ်မှန်သော ပျော်ရွှင်မှုကို ခံစားရနိုင်သည်။

လူတို့သည် ရိုးသားခြင်းကို တွေ့ကြုံသည့်အခါ လက်တွေ့ကျသော ပြဿနာများစွာ ပေါ်ပေါက်လာသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် ဉာဏ်မရှိဘဲ စကားပြောပြီး အခုတင် ချွတ်ချော်ကာ မုသားကိုဆိုကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မှားယွင်းသော စေ့ဆော်မှု သို့မဟုတ် ရည်ရွယ်ချက်၊ သို့မဟုတ် ဝင့်ဝါမှုနှင့် မာန်မာန၏ လွှမ်းမိုးခြင်းကို ခံရပြီးလျှင် ရလဒ်အနေဖြင့် ယင်းကို ဖုံးကွယ်ရန်အတွက် မုသားများကို ပို၍ပို၍ ဆက်ပြောနေရသည်။ အဆုံးတွင် ၎င်းတို့သည် စိတ်နှလုံးထဲ၌ မအေးချမ်းသော်လည်း ထိုမုသားများကို ပြန်နှုတ်၍ မရတော့ပေ။ ၎င်းတို့သည် မိမိတို့၏ အမှားများကို ပြုပြင်ရန်၊ မိမိတို့သည် မုသားဆိုခဲ့မိကြောင်း ဝန်ခံရန်အတွက် သတ္တိမရှိသည့်အပြင် ၎င်းတို့၏ အမှားများက ဤပုံစံအတိုင်း ဆက်ကာဆက်ကာ သွားနေတော့သည်။ ဤသို့ဖြစ်ပြီးနောက်တွင် ၎င်းတို့၏ စိတ်နှလုံးများကို ကျောက်ဆောင်ကြီးက ဖိထားသကဲ့သို့ အစဉ်သဖြင့် ဖြစ်နေလေတော့သည်။ ၎င်းတို့သည် ဖွင့်ပြောပြရန်၊ ၎င်းတို့၏ အမှားကို ဝန်ခံပြီး နောင်တရရန် အခွင့်အရေးကို အစဉ်အမြဲ ရှာတွေ့လိုကြသည်။ သို့သော် ဤအရာကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပေ။ အဆုံးတွင် ၎င်းတို့က သေချာစဉ်းစားပြီး “နောင်တစ်ချိန်တွင် ငါ၏တာဝန်ကို ထမ်းဆောင်ရသောအခါ ဤအရာအတွက် ဖာထေးလုပ်ဆောင်ပေးမည်” ဟု မိမိတို့ကိုယ်ကို ပြောကြသည်။ ဖာထေးလုပ်ဆောင်ပေးမည်ဟု ၎င်းတို့က အစဉ်ပြောကြသော်လည်း မည်သည့်အခါမျှ မလုပ်ဆောင်ပေ။ ဤသည်မှာ မုသားပြောဆိုပြီးနောက်တွင် တောင်းပန်ခြင်းကဲ့သို့ပင် မရိုးရှင်းလှ။ မုသားပြောဆိုပြီး လှည့်စားခြင်း၌ ပါဝင်ခြင်း၏ ထိခိုက်မှုနှင့် အကျိုးဆက်များအတွက် သင်ဖာထေးလုပ်ဆောင်ပေးနိုင်သလော။ မိမိကိုယ်မိမိ လွန်စွာမုန်းတီးလျက်ဖြင့် သင်သည် နောင်တရခြင်းကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ထိုအရာမျိုးကို မည်သည့်အခါမျှ မလုပ်ဆောင်တော့လျှင် သင်သည် ဘုရားသခင်၏ သည်းခံခြင်းနှင့် သက်ညှာခြင်းကို လက်ခံရရှိနိုင်သည်။ သင်သည် ချိုသာသော စကားများကို ပြောပြီး သင်၏ မုသားများအတွက် နောင်တစ်ချိန်တွင် ထေမိအောင် လုပ်ဆောင်ပေးပါ့မည်ဟု ဆိုသော်လည်း အမှန်တကယ် နောင်တမရဘဲ နောက်ပိုင်းတွင်လည်း ဆက်လက်၍ လိမ်လည်လှည့်စားလျှင်၊ သင်သည် နောင်တရဖို့ သင်၏ငြင်းဆန်မှုတွင်အလွန်တရာ ခေါင်းမာသည့်အပြင် သေချာပေါက် ထုတ်ပယ်ခံရမည်ဖြစ်သည်။ ဤအရာကို အသိတရားနှင့် ခံစားချက်ကို ပိုင်ဆိုင်သောလူတို့က သတိပြုမိသင့်သည်။ မုသားများကို ပြောကာ လှည့်စားခြင်း၌ ပါဝင်ပြီးနောက်တွင် ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက်သာ စဉ်းစားခြင်းက မလုံလောက်ပေ။ အရေးကြီးဆုံးမှာ သင်သည် မှန်ကန်စွာ နောင်တရရမည်။ သင်သည် ရိုးသားလိုလျှင် လိမ်ညာပြီး လှည့်စားခြင်းပြဿနာကို ဖြေရှင်းရမည်။ အမှန်အတိုင်းပြောပြီး လက်တွေ့ကျသော အရာများကို လုပ်ဆောင်ရမည်။ တစ်ခါတစ်ရံတွင် အမှန်အတိုင်း ပြောဆိုခြင်းက သင်၌မျက်နှာပျက်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခဲ့ပြီး ဖြစ်မည်ဖြစ်ပြီး ထိုဖြစ်စဉ်တစ်ခုတည်း၌ ဘုရားသခင်ကို နာခံခြင်းနှင့် ကျေနပ်စေခြင်းမှာ ထိုက်တန်မည်ဖြစ်ကာ ယင်းမှာ သင့်ကို စိတ်သက်သာမှု ရစေသည့် အရာတစ်ခုဖြစ်လိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သင်သည် နောက်ဆုံးတွင် ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်နိုင်မည်ဖြစ်သည်။ နောက်ဆုံးတွင် သင့်ကိုယ်သင် ကာကွယ်ဖို့ သို့မဟုတ် မိမိကိုယ်ကိုယ် သက်သေထူဖို့ မကြိုးစားဘဲ သင်၏ စိတ်နှလုံး၌ ရှိသောအရာကို ပြောဆိုလာနိုင်မည် ဖြစ်ကာ ဤသည်မှာ စစ်မှန်သော ကြီးထွားမှုပင် ဖြစ်သည်။ သင့်အနေဖြင့် ကိုင်တွယ်ဖြေရှင်းခံရသည်ဖြစ်စေ၊ အစားထိုးခံရသည်ဖြစ်စေ သင်၏စိတ်နှလုံးတွင် တည်ကြည်ခိုင်မာမည် ဖြစ်၏။ အကြောင်းမှာ သင်မလိမ်ညာခဲ့ခြင်းကြောင့် ဖြစ်သည်။ သင်၏တာဝန်ကို မှန်ကန်စွာ မလုပ်ဆောင်ခဲ့သောကြောင့် သင့်အနေဖြင့် ကိုင်တွယ်ဖြေရှင်းခြင်း ခံရသည်မှာ တရားသည်၊ သင့်အနေဖြင့် ယင်းအတွက် တာဝန်ယူသင့်သည်ဟု သင်ခံစားရမည်ဖြစ်၏။ ဤသည်မှာ အပြုသဘောဆောင်သော စိတ်ပိုင်းဆိုင်ရာ အခြေအနေဖြစ်သည်။ သို့တိုင်အောင် သင်သည် လှည့်စားခြင်း၌ ပါဝင်လျှင် အကျိုးဆက်များမှာ အဘယ်အရာဖြစ်မည်နည်း။ သင်သည် လှည့်စားခြင်း၌ ပါဝင်ပြီးနောက်တွင် သင်၏စိတ်နှလုံး၌ မည်သို့ခံစားရမည်နည်း။ စိတ်မအေးပေ။ သင်၏စိတ်နှလုံးတွင် အစဉ်သဖြင့် အပြစ်နှင့် ဖောက်ပြန်ပျက်စီးမှု ခံစားရမည်ဖြစ်သည်။ စွပ်စွပ်ခံရသကဲ့သို့ အစဉ်ခံစားရမည် ဖြစ်သည်။ “ငါအဘယ်သို့ မုသားများ ပြောနိုင်ရသနည်း။ နောက်တစ်ဖန် ငါအဘယ်သို့ လှည့်စားခြင်း၌ ပါဝင်လိုက်မိပြန်သနည်း။ အဘယ်ကြောင့် ငါဤသို့ ဖြစ်နေရသနည်း” ဟူ၍ဖြစ်သည်။ သင်သည် ဦးခေါင်းကို မော့မထားနိုင်သကဲ့သို့၊ ဘုရားကို ရင်မဆိုင်နိုင်အောင် အရှက်ရလွန်းသကဲ့သို့ ခံစားရမည်ဖြစ်သည်။ အထူးသဖြင့် လူတို့သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရသောအခါ ဘုရားသခင်၏ ကျေးဇူးတော်၊ ကရုဏာနှင့် သည်းခံခြင်းတို့ကို လက်ခံရရှိသောအခါ ဘုရားကို လှည့်စားရသည်မှာ ရှက်စရာကောင်းသည်ဟု ၎င်းတို့ ပို၍ပင်ခံစားရကာ သူတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် အပြစ်တင်ခံရသည့်စိတ်ကို ပိုမိုခံစားရကာ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း လျော့နည်းသွားသည်။ ဤအရာက မည်သည့်ပြဿနာကို ထင်ရှားစေသနည်း။ လူတို့အား လှည့်စားခြင်းသည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအား ထုတ်ဖော်ခြင်း တစ်ခုပင်ဖြစ်သည်။ ဘုရားသခင်ကို ပုန်ကန်ခုခံခြင်းပင် ဖြစ်သောကြောင့် ယင်းသည် သင့်ကို နာကျင်မှုပေးလိမ့်မည်ဖြစ်သည်။ သင်သည် လိမ်ညာပြီး လှည့်ဖြားသောခါ သင်သည် အလွန် ကျွမ်းကျင်စွာနှင့် ပါးနပ်စွာ စကားပြောပြီးပြီဖြစ်ကာ သင်၏ လိမ်လည်လှည့်ဖြားမှုနှင့်ဆိုင်သည့် မည်သည့်သဲလွန်စ သေးသေးလေးကိုမျှ ထုတ်ဖော်မထားခဲ့ဟု ခံစားကောင်း ခံစားရမည်ဖြစ်သည်။ သို့သော် ထို့နောက်တွင် သင်သည် ပြစ်တင်စွပ်စွဲခြင်းအသိကို ခံစားရမည်ဖြစ်ကာ ယင်းက သင့်နောက်သို့ ဘဝတစ်လျှောက်လုံး လိုက်ကောင်းလိုက်နေမည် ဖြစ်သည်။ အကယ်၍ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် တမင်တကာ လိမ်လည်လှည့်ဖြားပြီး ဤအရာ၏ ကြီးလေးမှုကို သင် နားလည်သည့်တစ်နေ့ ရောက်လာလျှင် ယင်းက သင်၏ စိတ်နှလုံးကို ဓားတစ်ချောင်းကဲ့သို့ ထိုးဖောက်မည်ဖြစ်ပြီး သင်သည် ကျေရာကျေကြောင်းလုပ်ဖို့ အခွင့်အ‌ရေးတစ်ခုကို အမြဲတမ်း ရှာဖွေနေမည်ဖြစ်သည်။ ထို့အပြင် သင်၌ အသိတရားမရှိ၊ သင်၏အသိစိတ်ဖြင့် မည်သည့်အခါမျှ အသက်ရှင်ခဲ့ခြင်း မရှိသည့်အပြင် လူ့သဘာဝမရှိ၊ အကျင့်စာရိတ္တ သို့မဟုတ် ဂုဏ်သိက္ခာမရှိသည် မဟုတ်ခဲ့လျှင် ယင်းမှာ သင် ပြုလုပ်သင့်သောအရာ ဖြစ်သည်။ အကယ်၍ သင်၌ အကျင့်စာရိတ္တနှင့် ဂုဏ်သိက္ခာ အနည်းငယ်အပြင် အသိတရားနှင့်ဆိုင်သည့် အမြင်ပွင့်ခြင်း တစ်ခုတစ်လေရှိပါက သင်သည် လိမ်လည်လှည့်ဖြားမှု၌ ပါဝင်နေကြောင်း သင် သဘောပေါက်သောအခါ ဤအပြုအမူက ရှက်စရာဖြစ်ကြောင်း၊ ဂုဏ်သရေပျက်စရာဖြစ်ပြီး နိမ့်ကျကြောင်း သင် ခံစားရမည် ဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် စက်ဆုပ်ရွံရှာပြီး အလွန် မုန်းတီးမည်ဖြစ်ကာ မုသားများနှင့် လိမ်လည်လှည့်ဖြားခြင်း လမ်းကြောင်းကို စွန့်လွှတ်မည်ဖြစ်သည်။ စာတန်အမျိုး၌ အသိတရားနှင့် သာမန်လူ့သဘာဝအသိ ကင်းမဲ့သည်။ ၎င်းတို့သည် ၎င်းတို့ပြောသည့် မုသားများအားလုံးကို ဆက်၍ သတိမမူသည့်အပြင် စိတ်အနှောင့်အယှက် မဖြစ်ကြပေ။ ထို့ပြင် မိမိတို့၏ လိမ်ညာမှုအတွက် သဘောတရားအရ အခြေခံအကြောင်းရင်းပင် ရှိကာ၊ ယင်းမှာ မုသားမပြောဘဲ ဘာကိုမျှ ရယူအောင်မြင်နိုင်မည်မဟုတ် ဟူ၍ဖြစ်ပြီး ထို့ကြောင့် ၎င်းတို့သည် နောင်တရဖို့ ခေါင်းမာစွာဖြင့် ငြင်းဆန်ကြသည်။ အသိတရားနှင့် ဆင်ခြင်တုံတရားရှိသော လူတို့မှာ ခြားနားသည်။ ဤလူတို့က စာတန်၏ ယိုယွင်းမှုကိုသာ ကြုံခဲ့ကြရပြီး ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘာထားများကို ထုတ်ဖော်သော်လည်း ဆိုးယုတ်သော လူများမဟုတ်ကြ၊ သူတို့၌ အသိတရားနှင့်ဆိုင်သည့် အမြင်ပွင့်ခြင်း ရှိသည်၊ သာမန်လူ့သဘာဝ လိုအပ်ချက်များအပြင် ပင်ကိုအသိစိတ်များနှင့် ကောင်းမွန်သော၊ ဖြောင့်မတ်သော၊ အပြုသဘောဆောင်သော အရာများအား ချစ်ခြင်းနှင့်ဆိုင်သည့် လိုအပ်ချက်များ ရှိကြသည်။ ထို့အတွက်ကြောင့် ၎င်းတို့သည် မိမိတို့၏ အသိတရား၏ ပြစ်တင်စွပ်စွဲခြင်းကို ခံစားရသောအခါ မိမိတို့ကိုယ်ကိုယ် စဉ်းစားဆင်ခြင်ပြီး အမှန်တကယ် နောင်တရနိုင်ကြသည်။ စာတန်သည် အလွန်အမင်း ဆိုးယုတ်ခြင်းကိစ္စပင် ဖြစ်၏။ ယင်းက အပြုသဘောဆောင်သော အရာများကို မနှစ်သက်၊ ကောင်းသော အရာများကို မနှစ်သက်၊ ထို့ပြင် ယင်း၏ သဘာဝထဲတွင် ယုတ်မာပြီး ဆိုးယုတ်သော အရာများသာ ရှိသည်၊ ဖောက်ပြန်ပျက်စီးပြီး မလိုမုန်းထားသော အရာများသာလျှင် ရှိသည်။ ယင်း၌ လူ့သဘာဝမရှိ၊ သာမန်လူ့သဘာဝနှင့်ဆိုင်သည့် လိုအပ်ချက်များ မရှိသည့်အပြင် အသိတရားနှင့်ဆိုင်သည့် အမြင်ပွင့်ခြင်းလည်း မရှိပေ။ သို့သော် လူတို့သည် ခြားနားကြသည်။ လူတို့သည် ဘုရားသခင်၏ ဖန်ဆင်းခံခဲ့ရပြီး ၎င်းတို့၌ အသိတရားနှင့် ဆင်ခြင်တုံတရား ရှိသည်။ အသိတရားရှိသည့် လူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ အမြင်ပွင့်ခြင်းရှိသည်။ ၎င်းတို့သည် ဘုရားသခင်ကို သို့မဟုတ် အခြားလူတို့ကို လှည့်ဖြားဖို့ ကြိုးစားသောအခါ မိမိတို့အသိတရား၏ စွပ်စွဲခြင်းနှင့် အပြစ်တင်ခြင်းကို ခံစားရနိုင်ပြီး ဤပြစ်တင်စွပ်စွဲခြင်းက ၎င်းတို့ကို ဒုက္ခပေးလေ၏။ လူတစ်ဦးသည် ဤဒုက္ခကို ခံစားရသောအခါ၊ သူသည် ဤစွပ်စွဲခြင်းနှင့် အပြစ်တင်ခြင်းကို ခံစားရသောအခါ သူ၏ အသိတရားက စတင်၍ အမြင်ပွင့်ခြင်း ရှိလာသည်။ လူတို့သည် ရိုးသားသင့်ကြောင့်နှင့် သူတို့သည် သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းကို လျှောက်လှမ်းသင့်ကြောင်း သဘော‌ပေါက်ခြင်း ဖြစ်သည်။ သူ၌ ဤလိုအပ်ချက် ရှိသောအခါ ယင်းမှာ ကောင်းသောအရာ ဖြစ်၏။ ယခုပင် သင်တို့သည် လိမ်လည်လှည့်ဖြားသောအခါ အပြစ်တင်ခြင်းအသိ တစ်ခုခုကို ခံစားရသလော။ (ခံစားရပါသည်။) အပြစ်တင်ခြင်းကို ခံစားရခြင်းက သင်တို့၌ အသိတရားနှင့်ဆိုင်သည့် အမြင်ပွင့်ခြင်း အချို့ရှိကြောင်းနှင့် သင်တို့အတွက် မျှော်လင့်ချက်အနည်းငယ် ရှိသေးကြောင်း သက်သေပြသည်။ ဤသည်မှာ ကယ်တင်ခြင်း ရရှိရန်အတွက် သင်ပိုင်ဆိုင်ရမည့် မရှိမဖြစ်လိုအပ်သည့် အနိမ့်ဆုံး အမြင်ပွင့်ခြင်းအဆင့်နှင့် အပြုအမူမျိုး ဖြစ်သည်။ အကယ်၍ သင်၏အသိတရားက မည်သည့်အပြစ်တင်ခြင်းကိုမျှ မခံစားရလျှင် ဤသည်မှာ ခက်ခဲသည့်အပြင် ယင်းမှာ သင်၌ လူ့သဘာဝမရှိဟု ဆိုလိုသည်။ ယခုတွင် သင်တို့သည် အခြားသူများအား လိမ်လည်လှည့်ဖြားပြီးနောက် နောင်တရဖို့ သိကြသလော။ အကယ်၍ နောင်တရဖို့ ခေါင်းမာစွာဖြင့် ငြင်းဆန်လျှင် အကျိုးဆက်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ သင်တို့သည် ရွေးနှုတ်၍မရ ဖြစ်နေမည်။ ဘုရားသခင်သည် အသိတရား၊ ဆင်ခြင်တုံတရား၊ သာမန်လူ့သဘာဝနှင့်ဆိုင်သည့် လိုအပ်ချက်များ၊ အကောင်းနှင့် အဆိုးကို ပိုင်ခြားသိမြင်နိုင်စွမ်း၊ အပြုသ‌ဘောဆောင်သော အရာများနှင့် ကောင်းသောအရာများအား ချစ်ခြင်း၊ မကောင်းမှုအား မုန်းတီးခြင်းနှင့် သမ္မာတရားအား လက်ခံနိုင်စွမ်းတို့ကို ပိုင်ဆိုင်သောသူတို့အား ကယ်တင်မည်ဖြစ်ကြောင်း ယခု သင်တို့အားလုံး မြင်တွေ့နိုင်သည်။ ထိုသို့သော လူတို့သည် ကယ်တင်ခြင်းကို ခံရနိုင်သည်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်

အရှေ့သို့- ဖန်ဆင်းခံသတ္တဝါတစ်ဦး၏တာဝန်အား ကောင်းစွာဆောင်ရွက်ခြင်းအားဖြင့်သာလျှင် အသက်ရှင်ခြင်း၌ တန်ဖိုးရှိ၏

နောက်တစ်ခုသို့- ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြေရှင်းခြင်း လမ်းကြောင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။