ဖန်ဆင်းခံသတ္တဝါတစ်ဦး၏တာဝန်အား ကောင်းစွာဆောင်ရွက်ခြင်းအားဖြင့်သာလျှင် အသက်ရှင်ခြင်း၌ တန်ဖိုးရှိ၏

သင်တို့အားလုံးသည် ယခု သင်၏တာဝန်များကို ထမ်းဆောင်ရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောရန်နှင့် သက်သေခံရန် လေ့ကျင့်ရင်း နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အမှုတော်ကို လုပ်ဆောင်ရန် အလုပ်များနေသည်။ ဘုရားသခင်အတွက် သက်သေခံရန် ရုပ်ရှင်များဖန်တီးခြင်းဖြစ်စေ၊ ဓမ္မသီချင်းများ သီဆိုခြင်းဖြစ်စေ သင်တို့ထမ်းဆောင်သော တာဝန်များသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွက် တန်ဖိုးရှိသလော။ (တန်ဖိုးရှိပါသည်။) ထိုတာဝန်များ၏တန်ဖိုးက အဘယ်မှာနည်း။ ဘုရားသခင်ဖော်ပြသော ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများကို မြင်ပြီးနောက် မှန်ကန်သောလမ်းကြောင်းပေါ်သို့ တက်ရောက်လာစေရန် လူတို့အား ကူညီပေးရာတွင်လည်းကောင်း၊ ထိုသူတို့သည် ဖန်ဆင်းခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းနှင့် ဖန်ဆင်းရှင်၏ ရှေ့မှောက်သို့ ရောက်ရှိသင့်သည်ဟု လူတို့အား နားလည်စေရန် ကူညီပေးရာတွင်လည်းကောင်း ယင်းတို့၏ တန်ဖိုးရှိလေသည်။ လူမြောက်မြားစွာတို့သည် မိမိတို့ ကြုံတွေ့ရသည့် အမှုအရာများစွာကို ထိုးထွင်းသိမြင်နိုင်စွမ်း၊ သို့မဟုတ် နားလည်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် အားကိုးရာမဲ့ ခံစားရကာ၊ ဘဝသည် အဓိပ္ပာယ်မဲ့၊ အချည်းနှီးဖြစ်ပြီး ၎င်းတို့တွင် ဝိညာဉ်ရေးအာဟာရ မရှိချေ။ ဤအရာအားလုံး၏ အရင်းအမြစ်က အဘယ်နည်း။ ဤအရာအားလုံးအတွက် အဖြေသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ရှိပါသည်။ ဘုရားသခင်ကို သင်တို့ ယုံကြည်သက်ဝင်ခဲ့သော နှစ်များတစ်လျှောက်တွင် သင်တို့အားလုံးသည် သူ၏နှုတ်ကပတ်တော်များစွာကို ဖတ်ရှုခဲ့ပြီးဖြစ်ကာ သမ္မာတရားအချို့ကို နားလည်သဘောပေါက်ခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်၍ သင်တို့ ဖြည့်ဆည်းပေးရမည့်တာဝန်မှာ ထိုသူတို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲရှိ သမ္မာတရားကို နားလည်ပြီး လောက၏ မှောင်မိုက်မှုနှင့် မကောင်းမှုကို ရိပ်စားမိရန် ထောက်ကူပေးခြင်းအားဖြင့်လည်းကောင်း၊ မှန်သောလမ်းခရီးကို ရှာဖွေရန်၊ ဖန်ဆင်းရှင်ကို ရှာတွေ့ရန်၊ ဘုရားသခင်၏အသံကို ကြားနာရန်နှင့် သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုရန်အတွက် ၎င်းတို့အားကူညီပေးခြင်းအားဖြင့်လည်းကောင်း ၎င်းတို့အား ဉာဏ်အလင်းပေးဖို့နှင့် ၎င်းတို့၏ မှားယွင်းသော အတွေးအမြင်များကို ဖြေရှင်းပေးဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသုံးပြုရန်ဖြစ်သည်။ ဤအရာက သမ္မာတရားအချို့ကို ၎င်းတို့နားလည်ရန်နှင့် ဘုရားသခင် လုပ်ဆောင်နေသည့် ကယ်တင်ခြင်းအမှုကို မြင်တွေ့ရန် အခွင့်ပေးမည်ဖြစ်ပြီး၊ သို့မှသာ ၎င်းတို့သည် သူ့ထံလှည့်၍ သူ၏အလုပ်ကို လက်ခံနိုင်မည်ဖြစ်သည်။ ယင်းမှာ သင်တို့လုပ်ဆောင်ရမည့်တာဝန် အတိအကျပင်ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်လာချိန်မှစ၍ သမ္မာတရားမည်မျှကို သင်တို့နားလည်ပြီး ပြဿနာမည်မျှကို ဖြေရှင်းပြီးပြီဖြစ်ကြောင်း သင်တို့စိတ်နှလုံးထဲ၌ အားလုံးသိကြသည်။ ယခုခေတ်၌ ဘာသာရေးသမားများနှင့် မယုံကြည်သူများ နှစ်မျိုးလုံးတွင် မှန်သောလမ်းခရီးကို ရှာဖွေပြီး ကယ်တင်ရှင်ကို ရှာနေကြသောလူများ အများအပြား ရှိကြသည်။ လူတို့ အဘယ်ကြောင့် အသက်ရှင်ပြီး သေဆုံးရကြောင်း၊ လူတစ်ယောက်၏ ဘဝတန်ဖိုးနှင့် အဓိပ္ပာယ်၊ သို့မဟုတ် လူများ မည်သည့်နေရာမှလာပြီး မည်သည့်နေရာကို သွားနေကြကြောင်း အစရှိသည့် အသေးစိတ်ကျသော မေးခွန်းများ၏ အဖြေကို ၎င်းတို့ မသိကြချေ။ သင်တို့အနေဖြင့် ဧဝံဂေလိတရားကို ဟောပြောပြီး ဘုရားသခင်အတွက် သက်သေခံရန်နှင့် ဖန်ဆင်းရှင်ရှေ့မှောက်သို့ ၎င်းတို့ကို ပို့ဆောင်ရန်အတွက် ၎င်းတို့စောင့်မျှော်နေသည်။ ထိုအကြောင်းကြောင့် ယခု သင်တို့လုပ်ဆောင်နေသော တာဝန်များသည် အလွန်ပင် အဓိပ္ပာယ်ရှိရခြင်းဖြစ်၏။ တစ်ဖက်တွင် သင်ကိုယ်တိုင်သည် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံနေရပြီး အခြားတစ်ဖက်တွင် သင်သည် ဘုရားသခင်၏ အလုပ်အကြောင်း အခြားသူများကိုလည်း သက်သေခံနေသည်။ ဤအရာကို သင်တို့ ပို၍တွေ့ကြုံလေလေ၊ သမ္မာတရားများကို နားလည်သဘောပေါက်ပြီး သမ္မာတရားနှင့်ပြင်ဆင်ခြင်း ခံရရန် ပို၍လိုအပ်လေလေဖြစ်ကာ လုပ်ဆောင်ရမည့်အလုပ် ပိုများလေလေ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အနေဖြင့် လူတို့ကို စုံလင်အောင်ပြုရန်အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ သင့်တာဝန်များကို ထမ်းဆောင်ရာတွင် မည်သည့်အခက်အခဲများ ကြုံတွေ့ရပါစေ ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်အား ကိုးစားသင့်သည်။ လူတိုင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုပြီး သမ္မာတရားကို အတူတကွ ပို၍ရှာဖွေသောအခါ ဖြေရှင်း၍မရနိုင်သော ပြဿနာမရှိပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် သင်တို့နားလည်ဖို့ လိုအပ်သော သမ္မာတရားများစွာ ရှိသောကြောင့် ယင်းတို့ကို မကြာခဏ ဆင်ခြင်ပြီး မိတ်သဟာယပြုသင့်သည်၊ ထို့နောက်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ခြင်းနှင့် အလင်းပေးခြင်းကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်ကို မှီခိုအားထားခြင်းဖြင့် ဖြေရှင်း၍ မရနိုင်သော ပြဿနာမရှိပါ၊ ဤအရာတွင် သင်တို့သည် ယုံကြည်ခြင်းရှိရမည်။

ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက် စီမံခန့်ခွဲမှုအစီအစဉ်ကို ပုံဖော်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ထောင်ပေါင်း အနည်းငယ်တွင် ဤလူသားမျိုးနွယ်သည် ဖန်ဆင်းရှင်အတွက် သက်သေခံရန် မည်သည့် ကြီးကြီးမားမားတာဝန်၊ သို့မဟုတ် စေခိုင်းချက်တာဝန်ကိုမျှ မထမ်းဆောင်ခဲ့ဘဲ လူသားတို့ကြားတွင် ဘုရားသခင်လုပ်ဆောင်ခဲ့သော အလုပ်သည် အတော်ပင် လျှို့ဝှက်ထားပြီး ရိုးရှင်းသည်။ သို့သော်လည်း နောက်ဆုံးသော ကာလတွင် အမှုအရာများသည် မတူတော့ပေ။ ဖန်ဆင်းရှင်သည် စတင်၍ နှုတ်ကပတ်တော်များကို မိန့်မြွက်လာသည်။ သူသည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး သူ့စီမံခန့်ခွဲမှုအစီအစဉ်၏ နက်နဲမှုများကို ထုတ်ဖော်ခဲ့ပြီးဖြစ်သည်၊ သို့သော် ဖောက်ပြန်ပျက်စီးသော လူသားတို့သည် နုံအပြီး ထုံထိုင်းသည်။ လူတို့၏ နှလုံးသားက ဖယောင်းအတိ မံထားသည့်နှယ် မြင်သော်လည်း မသိကြ၊ ကြားသော်လည်း နားမလည်ကြချေ။ ထို့ကြောင့် သင်တို့အားလုံးသည် ကြီးမားသောတာဝန်ကို ထမ်းဆောင်ကြ၏။ ယင်းနှင့်ပတ်သက်ပြီး ဘာထူးခြားသနည်း။ ဘုရားသခင်ဖော်ပြသော ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများကို ဖြန့်ဝေခြင်းအပြင် ဖန်ဆင်းခံလူသား တစ်ဦးစီတိုင်းထံ ဖန်ဆင်းရှင်အတွက် သက်သေခံရန်နှင့် ဘုရားသခင်၏ ဧဝံဂေလိတရားကို ကြားဖူးပြီးသော ထိုဖန်ဆင်းခံ လူသားအားလုံးကိုလည်း ဖန်ဆင်းရှင်ထံ ယူဆောင်လာရန် ပို၍ပင် အရေးကြီးနေသေးသည်။ သို့မှသာ ထိုသူတို့သည် လူသားမျိုးနွယ်အား ဘုရားသခင် ဖန်ဆင်းခြင်း၏ အရေးပါမှုကို သဘောပေါက်နိုင်ကာ ၎င်းတို့သည် ဖန်ဆင်းခံလူသားများအနေဖြင့် ဖန်ဆင်းရှင်ရှေ့မှောက်သို့ ပြန်သွားသင့်ကြောင်း၊ သူ၏မိန့်မြွက်ချက်များကို နားထောင်ပြီး သူဖော်ပြခဲ့သော သမ္မာတရားအားလုံးကို လက်ခံသင့်ကြောင်းကို နားလည်နိုင်မည်ဖြစ်သည်။ ဤသည်မှာ လူသားများအားလုံးသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံစေရန် ဖန်တီးနိုင်ပုံဖြစ်သည်။ ဤရလဒ်များကို ရရှိရန်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျမ်းပိုဒ်အနည်းငယ်မျှကို ဖတ်ရှုခြင်းအားဖြင့် ဖြစ်နိုင်သလော။ သို့မဟုတ် ဓမ္မသီချင်းအနည်းငယ်မျှကို သီဆိုခြင်းအားဖြင့်လော။ သို့မဟုတ် အမှုတော်၏ ကဏ္ဍတစ်ခုတည်းကိုသာ ပြုလုပ်ခြင်းအားဖြင့်လော။ မဟုတ်ချေ။ ထို့ကြောင့် သင်တို့သည် မိမိ၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်မည်ဆိုပါက ဖန်ဆင်းရှင်၏ လုပ်ဆောင်ချက်များနှင့်အတူ သူ၏အချုပ်အခြာအာဏာနှင့် စီစဉ်ဆောင်ရွက်မှုများကို နည်းလမ်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုး အသုံးပြုရင်းဖြင့် သက်သေခံရပါမည်။ ဤနည်းအားဖြင့် သင်သည် ဖန်ဆင်းရှင်ရှေ့မှောက်သို့ လူများစွာကို ခေါ်ဆောင်လာနိုင်မည်ဖြစ်ပြီး သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံကျိုးနွံရန် ကူညီနိုင်မည်ဖြစ်သည်။ ဤသည်မှာ ကြီးမြတ်သော တာဝန်မဟုတ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်တို့သည် မိမိ၏တာဝန်များအပေါ် မည်သည့်သဘောထား ရှိသင့်သနည်း။ ယောင်ချာချာဖြစ်သည်မှာ ကောင်းသလော။ အမှုအရာများကို မသိကျိုးကျွန်ပြုသည်မှာ ကောင်းသလော။ စိတ်မပါ့တပါနှင့် ဝတ်ကျေတမ်းကျေ လုပ်သည်မှာ ကောင်းသလော။ အချိန်ဆွဲပြီး ပေါ့ပေါ့ဆဆ လုပ်သည်မှာ ကောင်းသလော။ (မကောင်းပါ။) သို့ဆိုလျှင် ဘာလုပ်သင့်သနည်း။ (စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်သင့်သည်။) သင့်တွင်ရှိသော စွမ်းအား၊ အတွေ့အကြုံနှင့် ထိုးထွင်းဉာဏ် ရှိရှိသမျှကို အသုံးပြုလျက် သင့်ကိုယ်သင် စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်သင့်သည်။ မယုံကြည်သူများသည် လူတစ်ဦးအနေဖြင့် မိမိ၏ဘဝတွင် လုပ်ဆောင်နိုင်သည့် အဓိပ္ပာယ်အရှိဆုံးအရာကို နားမလည်သော်လည်း ယင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို သင်တို့နားလည်သည် မဟုတ်လော။ (နားလည်ပါသည်။) ဘုရားသခင်က သင့်အား အပ်နှင်းထားသည့်အရာကို လက်ခံခြင်းနှင့် သင့်ကိုယ်ပိုင်တာဝန်ကို ဖြည့်ဆည်းပေးခြင်းတို့သည် အရေးကြီးဆုံး အရာများဖြစ်သည်။ သင်တို့ ယခုထမ်းဆောင်နေသော တာဝန်များသည် အဖိုးတန်သည်။ သင်သည် ယခုအချိန်တွင် အကျိုးသက်ရောက်မှုများကို မမြင်နိုင်သည့်အပြင် ယင်းတို့ထံမှ ရလဒ်ကောင်းများ ယခုအချိန်တွင် ရရှိနိုင်မည် မဟုတ်သော်လည်း ၎င်းတို့ အသီးသီးသည့်အချိန်သည် ကြာမည်မဟုတ်ပေ။ ရေရှည်တွင် ဤလုပ်ငန်းကို ကောင်းမွန်စွာ ပြီးမြောက်လျှင် ယင်းက လူသားမျိုးနွယ်အတွက် အထောက်အကူပြုသော အကြောင်းအချက်အား တိုင်းတာရန် ငွေလုံလောက်မည် မဟုတ်ပါ။ ထိုကဲ့သို့ စစ်မှန်သော သက်သေခံချက်များသည် အခြားအရာများထက် ပို၍အဖိုးထိုက်ပြီး တန်ဖိုးရှိကာ ၎င်းတို့သည် ထာဝရတည်မြဲမည်ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင်ကို လိုက်လျှောက်သူတိုင်း၏ ကောင်းမှုများဖြစ်ပြီး ယင်းတို့သည် အောက်မေ့ဂုဏ်ပြုထိုက်သည့်အရာ ဖြစ်သည်။ လူ့ဘဝတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားကို လိုက်စားခြင်းနှင့် ဖန်ဆင်းခံသတ္တဝါအဖြစ် ၎င်းတို့၏တာဝန်ကို ကျေပွန်ခြင်းမှလွဲ၍ အရာရာသည် အချည်းနှီးဖြစ်ပြီး အောက်မေ့ဂုဏ်ပြုရန် မထိုက်တန်ပါ။ သင်သည် ကမ္ဘာကို အတုန်လှုပ်နိုင်ဆုံးသော စွမ်းဆောင်မှုများကို ပြီးမြောက်ခဲ့လျှင်ပင်၊ လကမ္ဘာဆီရောက်ဖူးပြီး ပြန်လာခဲ့လျှင်ပင်၊ သင်သည် လူသားမျိုးနွယ်အတွက် အကျိုးကျေးဇူး၊ သို့မဟုတ် အထောက်အကူ အနည်းငယ် ဖြစ်လာစေသော သိပ္ပံပညာဆိုင်ရာ တိုးတက်မှုများကို ပြုလုပ်ခဲ့လျှင်ပင် ယင်းသည် အချည်းနှီးဖြစ်ပြီး ယင်းတို့အားလုံးသည် ကွယ်ပျောက်သွားမည်ဖြစ်သည်။ မကွယ်ပျောက်နိုင်သည့် တစ်ခုတည်းသောအရာမှာ အဘယ်နည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။) ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်အား သက်သေခံချက်များ၊ ဖန်ဆင်းရှင်အတွက် သက်သေရပ်တည်သော သက်သေခံချက်များ၊ အလုပ်များနှင့် လူတို့၏ ကောင်းမှုများသာလျှင် မကွယ်ပျောက်သွားဘဲ ရှိမည်ဖြစ်သည်။ ဤအရာများသည် ထာဝရ တည်မြဲနေမည်ဖြစ်ပြီး ယင်းတို့သည် အလွန်တန်ဖိုးရှိသည်။ ထို့ကြောင့် သင်တို့၏ ကန့်သတ်ချုပ်ချယ်မှုအားလုံးကို ပယ်ရှား၍ ဤကြီးမြတ်သော အားထုတ်မှုကို လုပ်ဆောင်လော့။ ထို့ပြင် မိမိကိုယ်ကို မည်သည့်လူ၊ အဖြစ်အပျက်နှင့် အမှုအရာတစ်ခုမျှ၏ ချုပ်နှောင်ခြင်းကို မခံနှင့်။ ဘုရားသခင်အတွက် စိတ်ရင်းမှန်ဖြင့် မိမိကိုယ်ကို အသုံးခံလျက် တာဝန်များကို ထမ်းဆောင်ရာ၌ သင်၏ခွန်အားနှင့် ကြိုးစားမှုအားလုံးကို ပုံအောလော့။ ဤသည်မှာ အများအားဖြင့် ဘုရားသခင်ကောင်းချီးပေးသော အရာဖြစ်ပြီး ယင်းအတွက် မည်သည့်ဆင်းရဲဒုက္ခအတိုင်းအတာကိုမဆို ခံစားထိုက်ပေ၏။

သင်သည် ယခု ဘုရားသခင်နောက်လိုက်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်ပြီး ဖန်ဆင်းရှင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံသည်။ တစ်ခါတစ်ရံ ယင်းက အနည်းငယ်ခက်ခဲပြီး ပင်ပန်းသည်၊ ထို့ပြင် တစ်ခါတစ်ရံ အနည်းငယ် အရှက်တကွဲဖြစ်ခြင်းနှင့် စစ်ဆေးခြင်းကို ခံရသည်။ သို့သော် ဤသည်တို့မှာ ကောင်းသောအရာများဖြစ်ပြီး မကောင်းသောအရာများ မဟုတ်ချေ။ အဆုံးတွင် သင်ရရှိမည့်အရာမှာ အဘယ်အရာနည်း။ သင်ရရှိမည့်အရာမှာ သမ္မာတရားနှင့် အသက်ဖြစ်ပြီး နောက်ဆုံးတွင် ဖန်ဆင်းရှင်၏ ထောက်ခံချက်နှင့် သင့်အား အတည်ပြုချက်ဖြစ်သည်။ ဘုရားသခင်က “သင် ငါ့နောက်သို့လိုက်၏၊ ငါသည် သင့်ကို မျက်နှာသာပေးပြီး သင့်အားဖြင့် ငါကျေနပ်သည်” ဟု ဆိုသည်။ အကယ်၍ ဘုရားသခင်က သင်သည် သူ၏အမြင်၌ ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်ကြောင်းမှလွဲ၍ အခြားမည်သည့်အရာမျှ မပြောပါက သင်သည် အချည်းနှီးနေထိုင်လာသည် မဟုတ်ဘဲ အသုံးဝင်နေခြင်းဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်၏ အသိအမှတ်ပြုခံရခြင်းမှာ အံ့ဩဖွယ်ရာဖြစ်ပြီး ယင်းသည် သေးငယ်သော စွမ်းဆောင်မှုမဟုတ်ချေ။ လူတို့သည် စာတန်နောက်သို့ လိုက်လျှင် အဘယ်အရာ ရရှိမည်နည်း။ (ပျက်စီးခြင်းကို ရရှိမည်။) ဖျက်ဆီးခြင်းမခံရမီ ထိုလူတို့သည် အဘယ်အရာဖြစ်လာမည်နည်း။ (၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြလိမ့်မည်။) ထိုလူတို့သည် နတ်ဆိုးများဖြစ်လာလိမ့်မည်။ လူတို့သည် ကျွမ်းကျင်မှု မည်မျှဆည်းပူးသည်၊ ဝင်ငွေမည်မျှ ရှာဖွေရရှိသည်၊ ကျော်ကြားမှုနှင့် အခွင့်အလမ်း မည်မျှရရှိသည်၊ ရုပ်ဝတ္ထုဆိုင်ရာ အကျိုးအမြတ် မည်မျှခံစားသည်၊ သို့မဟုတ် လောကီကမ္ဘာ၌ ၎င်းတို့၏အဆင့်အတန်း မည်မျှမြင့်မားသည်ဖြစ်စေ ၎င်းတို့သည် စိတ်အတွင်းထဲ၌ ပို၍ပို၍ ဖောက်ပြန်ပျက်စီးလာမည်၊ ပို၍ပို၍ ဆိုးယုတ်ပြီး ညစ်ညူးလာမည်၊ ပို၍ပို၍ ပုန်ကန်ထကြွလာပြီး သူတော်ကောင်းယောင်ဆောင်လာကာ၊ နောက်ဆုံးတွင် ၎င်းတို့သည် အသက်ရှင်နေသော သရဲတစ္ဆေများ ဖြစ်လာကြလိမ့်မည်။ လူဆန်မည် မဟုတ်တော့ပေ။ သို့ဆိုလျှင် ဖန်ဆင်းရှင်၏အမြင်တွင် ထိုသို့သောလူများကို မည်သို့မြင်သနည်း။ “လူမဆန်” ရုံသာ ဖြစ်သလော။ ထိုသို့သောလူအပေါ် ဖန်ဆင်းရှင်၏အမြင်နှင့် သဘောထားကား အဘယ်နည်း။ ယင်းမှာ မနှစ်သက်ခြင်း၊ စက်ဆုပ်ခြင်း၊ ရွံရှာခြင်း၊ ငြင်းပယ်ခြင်းနှင့် နောက်ဆုံးတွင် ကျိန်ဆဲခြင်း၊ ပြစ်ဒဏ်ပေးခြင်းနှင့် ဖျက်ဆီးခြင်း ဖြစ်၏။ လူတို့သည် မတူညီသောလမ်းကို လျှောက်ကြပြီး မတူညီသည့် ရလဒ်များနှင့် အဆုံးသတ်ကြသည်။ အဘယ်လမ်းကို သင်တို့ရွေးချယ်သနည်း။ (ဘုရားသခင်ကို ယုံကြည်ရန်နှင့် သူ့နောက်လိုက်ရန်ဖြစ်သည်။) ဘုရားသခင်နောက်လိုက်ရန် ရွေးချယ်ခြင်းသည် မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်ခြင်း ဖြစ်သည်။ ယင်းက အလင်း၏လမ်းကြောင်းပေါ်သို့ စတင်တက်ရောက်ခြင်း ဖြစ်သည်။ လူတို့သည် အကျိုးရှိ၍ အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်လိုပါက ကြည်လင်သော အသိစိတ်ရှိကာ ဖန်ဆင်းရှင်ရှေ့တော်နှင့် သူ၏အပါးသို့ အမှန်တကယ် ပြန်လာလိုပါက ဖန်ဆင်းခံသတ္တဝါများအဖြစ် ၎င်းတို့၏ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခြင်းဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေကာ ဘုန်းတော်ထင်ရှားစေရင်း မိမိတို့ကိုယ်ကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်ထားရမည်။ စိတ်မပါ့တပါ လုပ်ဆောင်၍မရချေ။ သင်သည် “ကျွန်ုပ်တစ်သက်တာနှင့် ဤကမ္ဘာကြီးပေါ်တွင် ငွေကြေးချမ်းသာရန်၊ အခြားသူများကြား၌ ပေါ်လွင်ရန်၊ သို့မဟုတ် ကျွန်ုပ်၏ ဘိုးဘေးများကို ဂုဏ်ဆောင်ရန်၊ ကျွန်ုပ်၏ လုပ်ဖော်ကိုင်ဖက်များကြား၌ အထွတ်အထိပ်ရောက်ရန်၊ သို့မဟုတ် အထင်ကြီးခံရရန် မမျှော်လင့်ပေ။ ဤအရာများအတွက် ကျွန်ုပ်ကြိုးစားမည်မဟုတ်။ ထိုလမ်းကို ကျွန်ုပ်လိုက်မည်မဟုတ်။ ကျွန်ုပ်သည် ဘုရားသခင်နောက်ကိုသာ လိုက်ပြီး ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရန်အတွက် ကျွန်ုပ်၏ အသက်၊ ကျွန်ုပ်၏စွမ်းအင်နှင့် ကျွန်ုပ်တွင်ရှိသော အရည်အချင်းများ၊ ဆုကျေးဇူးများနှင့် ပါရမီများကို ရည်စူးအပ်နှံမည်။ ယင်းတို့အားလုံးကို ဘုရားသခင်ထံ ဆက်ကပ်မည်။ ဤအချိန်အတောအတွင်း ကျွန်ုပ်သည် အခြားသူများ၏ ပစ်ပယ်ခြင်းကို ခံရပြီးလျှင် တစ်ခါတစ်ရံတွင် ကျွန်ုပ်သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းခံရလျှင်ပင်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ နားလည်မှုလွဲမှားခြင်း ခံရလျှင်ပင်၊ သို့မဟုတ် ဘုရားသခင်သည် ကျွန်ုပ်ကို စစ်ဆေးစမ်းသပ်ပြီး ကျွန်ုပ်အား များစွာသော ဆင်းရဲဒုက္ခ ဖြစ်စေမည်ဆိုလျှင်၊ သို့မဟုတ် ဤဘဝတွင် ကျွန်ုပ်သည် ဇာတိပကတိ၏ သာယာမှုများမရှိဘဲ တစ်ယောက်တည်းဖြစ်ပြီး ဂရုစိုက်မခံရသည်ကို တွေ့ရလျှင်ပင် ဤအရာများအားလုံးကို ကျွန်ုပ်လက်ခံပြီး ကျွန်ုပ်၏ဖြစ်အင်တစ်ခုလုံးကို ဘုရားသခင်ထံ ရည်စူးအပ်နှံပါသည်” ဟု ပြောသင့်သည်။ ဤသည်မှာ သင်၌ရှိရမည့် စိတ်စွမ်းအားဖြစ်ပေ၏။ ဤသို့သောစိတ်စွမ်းအားဖြင့် ဆင်းရဲဒုက္ခများစွာကို ကြံ့ကြံ့ခံနိုင်သော်လည်း ထိုစိတ်စွမ်းအား မရှိလျှင် လိုအင်၊ သို့မဟုတ် ရုတ်ချည်း ပေါက်ဖွားလာသော စိတ်အားထက်သန်မှုသာ ရှိပါက အလုပ်ဖြစ်မည်မဟုတ်။ စိတ်ဓာတ်လှုံ့ဆော်မှု မရှိချေ။ တာဝန်များနှင့် အလုပ်ရှုပ်သောအခါ အချို့လူများသည် ထမင်းတစ်နပ်စာနှစ်နပ်စာကျော်ပြီး အနည်းငယ် အိပ်ရေးပျက်ကြကာ ၎င်းတို့နေမကောင်းဖြစ်သည်ကို တွေ့ရသည့်အခါ “ယင်းက အလုပ်မဖြစ်။ ကျွန်ုပ် အဘယ်မျှ အလုပ်ရှုပ်ပါစေ အနားယူဖို့လိုသည်။ ကိုယ့်အချိန်မတန်မီ အို၍မဖြစ်သကဲ့သို့ အခက်အခဲပေါင်းများစွာကို မခံနိုင်။ ကျွန်ုပ်၏ ကျန်းမာရေးကို ဂရုစိုက်ဖို့ အရေးကြီးသည်” ဟု တွေးကြသည်။ ဤအတွေးများကို သင်မည်သို့ ယူဆသနည်း။ ယင်းတို့သည် ဘုရားသခင်၏ အလိုတော်ကို မထောက်ထားပေ။ ထိုသူတို့သည် မိမိတို့၏တာဝန်နှင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို တန်ဖိုးထားသည်ထက် ဇာတိပကတိကို ပို၍ တန်ဖိုးထားကြသည်။ ဒုက္ခ၏အရသာကို ပထမဆုံးအကြိမ် မြည်းစမ်းကြည့်သည်တွင် ၎င်းတို့သည် စိတ်ဆန္ဒပျောက်ဆုံးလျက် လိပ်ကဲ့သို့ မိမိခေါင်းကို ပြန်သွင်းပြီး စတင်ညည်းတွားတော့သည်။ ၎င်းတို့သည် ဘုရားသခင် စိုးရိမ်သောအရာများကို စိတ်ပူပင်နိုင်စွမ်း မရှိကြသည့်အပြင် ဘုရားသခင်စဉ်းစားသောအရာများကို မစဉ်းစားနိုင်ကြ၊ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို မငဲ့ကွက်ကြပေ။ အလုပ်တစ်ခုသည် အလွန်ပင် အရေးတကြီး ဖြစ်သည်ဟု ခေါင်းဆောင်တစ်ဦးက ဆိုလျှင် ဤသို့သောလူများက “ယင်းကို လုံးဝကို ဂရုမစိုက်သည့်အပြင် အဆင်မပြေမှုကို မလိုချင်ပါ။ ကျွန်ုပ် စိတ်မဝင်စားပါ” ဟု ပြန်ပြောကြမည်။ ထိုသို့သောလူတို့ ရှိသလော။ (ရှိပါသည်။) ထိုသို့သောလူတို့မှာ တစ်ကိုယ်ကောင်းဆန်သည်၊ မထီမဲ့မြင် ပြုတတ်သည်၊ သစ္စာမဲ့သည်။ ၎င်းတို့သည် လှည့်ကွက်များကို ပြုလုပ်ကြသည်၊ ယုံကြည်ထိုက်သူများ မဟုတ်ကြသည့်အပြင်၊ ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် လိုလားသူများ မဟုတ်ကြပေ။ သူတို့ကိုယ်သူတို့ ဘုရားသခင်ထံ ဆက်ကပ်ထားကြသည်ဟုလည်း ဆိုကြလိမ့်မည်၊ သို့သော် ဤသည်တို့မှာ စကားလုံးမျှသာဖြစ်သည်။ ဤလူများသည် မည်သည့်လက်တွေ့ကိစ္စကိုမျှ မကိုင်တွယ်၊ စိုးစဉ်းမျှပင် ဆင်းရဲဒုက္ခမခံကြ၊ သို့မဟုတ် အဖိုးအခတစ်စက်မျှ မပေးကြပေ။ ဘုရားသခင်သည် ဤကဲ့သို့သောလူများကို နှစ်သက်တော်မမူဘဲ ၎င်းတို့တွင် သူ၏ကောင်းချီးမရှိပေ။ လူအချို့သည် ၎င်းတို့၏ ဇာတိခန္ဓာ အနည်းငယ်ဒုက္ခခံရသည်နှင့်အမျှ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ဆန္ဒမရှိကြတော့ပေ။ အထူးသဖြင့် လူငယ်များသည် ၎င်းတို့၏ ပုံပန်းသဏ္ဌာန်ကို အလွန်ဂရုစိုက်ကြပြီး ၎င်းတို့၏မျက်နှာ ချောင်ကျနေသည်ကို၊ ၎င်းတို့၏အသားအရေ ချောမွေ့မနေတော့သည်ကို၊ သို့မဟုတ် ဆံပင်ဖြူပေါက်နေသည်ကို တွေ့သောအခါ ဝမ်းနည်းလာကြသည်။ ၎င်းတို့သည် အသက်ကြီး၍ ရုပ်ဆိုးလာမည်၊ လက်တွဲဖော် မရှာနိုင်မည်၊ သို့မဟုတ် မိသားစုတစ်ခု မထူထောင်နိုင်မည်ကို အမြဲစိုးရိမ်ကြသည်။ ထိုသို့သောလူများသည် သမ္မာတရားကို ရရှိနိုင်သလော။ လူတို့သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် အဖိုးအခပေးနိုင်ခြင်း ရှိမရှိနှင့် မိမိတို့၏ တာဝန်ကို လက်ခံနိုင်စရာစံနှုန်းဖြင့် ထမ်းဆောင်ခြင်းရှိမရှိ ဆုံးဖြတ်ခြင်းအတွက် ဘုရားသခင်၏ စည်းမျဉ်းကား အဘယ်နည်း။ ဘုရားသခင်သည် လူတို့၏ရိုးသားမှုကိုသာ မြင်လိုသည်။ တစ်ခါတရံတွင် လူတို့သည် “ကျွန်ုပ်၏စိတ်နှလုံးကိုသာ ဆက်ကပ်လိုက်ပြီး ယင်းက လုံလောက်လိမ့်မည်” ဟု ထင်ကြလင့်ကစား စိုးစဉ်းမျှ မပြောင်းလဲဘဲ ၎င်းတို့ ပုံမှန်လုပ်နေကျအတိုင်း လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ဤကိစ္စကို ဘုရားသခင် မည်သို့သဘောထားသနည်း။ တစ်ဖက်တွင် ဘုရားသခင်သည် သင်၏ရည်မှန်းချက်ကို ကြည့်ရှုမည်ဖြစ်ပြီး နောက်တစ်ဖက်တွင် သင့်၏ တကယ့်လုပ်ရပ်များကို ကြည့်ရှုမည်ဖြစ်သည်။ ဘုရားသခင်သည် ဤအရာများကို စစ်ဆေးလိမ့်မည်။ အကယ်၍ သင့်တွင် ရည်မှန်းချက်နှင့် ဆန္ဒရှိပြီး တစ်ချိန်တည်းတွင် အမှန်တကယ် အဖိုးအခပေးနိုင်ပါက၊ သင်သည် တစ်ခါတစ်ရံတွင် အားနည်းနေသော်လည်း သင်၏ စိတ်နှလုံးက အမှန်တကယ် အရှုံးမပေးခဲ့ကြောင်း၊ တိုးတက်ကောင်းမွန်အောင် အားထုတ်နေဆဲဖြစ်ကြောင်း၊ သင်သည် သမ္မာတရား၊ တရားမျှတမှု၊ ဖြောင့်မတ်ခြင်းနှင့် အပြုသဘောဆောင်သောအရာများကို ချစ်မြတ်နိုးကြောင်းကို ဘုရားသခင် သိမြင်တော်မူမည်ဖြစ်ပြီး သင့်ကို သူစွန့်လွှတ်မည်မဟုတ်ပေ။ လူအချို့သည် အတော်အတန် ကောင်းစွာ ပြောဆိုတတ်သော်လည်း ၎င်းတို့၏စိတ်နှလုံးက တုန်လှုပ်ခြင်းမရှိကြ။ ၎င်းတို့သည် သမ္မာတရားကို စိုးစဉ်းမျှ လက်တွေ့မလုပ်ဆောင်ဘဲ ၎င်းတို့လုပ်သမျှက အခြားသူများကို လှည့်စားဖို့ ကြိုးစားခြင်းသာဖြစ်သည်။ ဤနည်းဖြင့် ပြောဆိုရန်မှတစ်ပါး ရွေးချယ်စရာမရှိ၊ ဤသည်မှာ ၎င်းတို့ ပတ်ဝန်းကျင်ရှိလူများကို ၎င်းတို့ကိုင်တွယ်ပုံဖြစ်သည်။ ၎င်းတို့သည် အနည်းငယ် လေးစားဖွယ်ကောင်းသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ တကယ်လုပ်ဆောင်လိုစိတ် မရှိကြပေ။ တကယ်လုပ်ဆောင်လျှင်ပင် ၎င်းတို့ပြောသည့်အတိုင်း လက်တွေ့မလုပ်ကြပေ။ ထိုအစား ၎င်းတို့လုပ်ချင်သမျှ၊ ၎င်းတို့အတွက် ကောင်းသည့်အရာဟူသမျှ၊ ၎င်းတို့ကို ကာကွယ်ပေးမည့်အရာ မှန်သမျှကို လုပ်ကြသည်။ ၎င်းတို့၏ စကားလုံးများနှင့် လုပ်ရပ်များအကြား ကွာဟချက်ရှိသည် မဟုတ်လော။ ဤကွာဟချက်ကို ဘုရားသခင် မြင်နိုင်သလော။ ဘုရားသခင်သည် စေ့စေ့စပ်စပ် ကြည်ရှုစစ်ဆေးပြီး ယင်းကိုလည်း သူမြင်နိုင်စွမ်းရှိသည်။ အချို့သောလူတို့က လှည့်စားပြီး လှည့်ကွက်လေးများ လုပ်ကြသည်။ ဘုရားသခင်သည် မသိ၊ အရေးလည်းမစိုက်၊ သို့မဟုတ် မြင်လည်းမမြင်ဟု ၎င်းတို့က ထင်ကြသည်။ ဤသည်မှာ အမှန်တကယ် ထိုသို့ဖြစ်သလော။ ရိုးသားသူများနှင့် လှည့်ကွက်လေးများ ပြုလုပ်သူတို့ကို ဘုရားသခင် မည်သို့ ကိုင်တွယ်သနည်း။ ဤလူနှစ်မျိုးအပေါ် ဘုရားသခင် ပြုမူဆက်ဆံပုံ၏ ကွာခြားချက်ကို သင်တို့မြင်နိုင်သလော။ (ရိုးသားသူတို့ကို ဘုရားသခင်ကောင်းချီးပေးကာ လှည့်စားသူတို့ကို စက်ဆုပ်ရွံရှာသည်။) ရိုးသားသူများကို ဘုရားသခင် မည်သို့ ကောင်းချီးပေးသနည်း။ ဘုရားသခင်၏ ကောင်းချီးကိုရရှိသော ရိုးသားသူများအပေါ် သင်တို့ မည်သို့ထင်မြင်သနည်း။ (ရိုးသားသူများသည် ၎င်းတို့၏တာဝန်များ၌ ရလဒ်များရရှိကြသည်။) (ရိုးသားသူများကို ဘုရားသခင်က ဉာဏ်အလင်းပေး၍ ရိုးသားသူများသည် သမ္မာတရားကို အလွယ်တကူ နားလည်နိုင်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်။) (ရိုးသားသူများကို ဘုရားသခင်က ချစ်ပြီး ဂရုစိုက်သည်၊ ရိုးသားသူသာလျှင် ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်ရောက်နိုင်သည်။) ဤပြောဆိုချက်များသည် အားလုံးမှန်ကန်ပြီး ၎င်းတို့သည် ရိုးသားသောလူတို့အတွက် ဘုရားသခင်၏ ကောင်းချီးများ ဖြစ်ကြသည်။ မတူညီသောလူများနှင့် မတူညီသောလမ်းကို လျှောက်လှမ်းနေသူများအပေါ် ဘုရားသခင်၏ ဆက်ဆံမှုတွင် သူ၏ သဘောထားနှင့် ခြားနားချက်ကို ယခု သင်တို့ မြင်နိုင်သည် မဟုတ်လော။ ရိုးသားသူများသည် မိုက်မဲသောအရာများကို ပြုလုပ်ကြပြီး အားနည်းချက်ကိုလည်း တွေ့ကြုံရတတ်၏။ သို့သော် ၎င်းတို့တွင် ဘုရားသခင်၏ ဉာဏ်အလင်းနှင့် လမ်းညွှန်မှုရှိသည်၊ ၎င်းတို့သည် သူ၏ ကွယ်ကာမှုကို ခံစားကြပြီး သူ၏ ကောင်းချီးများကို နေရာတိုင်းတွင် တွေ့မြင်နိုင်ကြသည်။ ဘုရားသခင်သည် ၎င်းတို့ကို ပြောင်းလဲစေရန်နှင့် ရင့်ကျက်လာစေရန်အတွက် ၎င်းတို့အား ဆုံးမပဲ့ပြင်ခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းပေးခြင်း၊ သို့မဟုတ် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ ပြုလုပ်သည်။ အပြောအဆိုနှင် လုပ်ရပ်တို့တွင် လှည့်ကွက်များ အမြဲပြုလုပ်တတ်ပြီး မိမိတို့၏တာဝန်များကို ဖြည့်ဆည်းရာတွင် အမြဲတမ်း ချွတ်ချော်ကာ အချောင်ခိုသူတို့သည် သမ္မာတရားကို လုံးဝ လက်မခံသူများဖြစ်သည်။ ၎င်းတို့သည် နွံအိုင်ထဲ၊ အမှောင်ထဲတွင် နေထိုင်သကဲ့သို့ပင် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို မရရှိကြပေ။ ၎င်းတို့သည် မည်သို့ပင် စမ်းတဝါးဝါးရှာဖွေပါစေ၊ မည်သို့ပင် ကြိုးစားပါစေ အလင်းကို မမြင်နိုင်သကဲ့သို့ ဦးတည်ရာကို ရှာမတွေ့နိုင်ကြချေ။ ၎င်းတို့သည် စိတ်ဓာတ်လှုံ့ဆော်မှုမရှိဘဲ၊ ဘုရားသခင်၏ လမ်းညွှန်မှုမပါဘဲ မိမိတို့၏တာဝန်များကို လုပ်ဆောင်ကြပြီး အရေးကိစ္စများစွာတွင် ရှေ့မတိုးသာဖြစ်ရကာ အချို့အရာများကို လုပ်ဆောင်ရင်း မတော်တဆ ဖော်ထုတ်ခံရကြသည်။ ၎င်းတို့ကို ဖော်ထုတ်ရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သို့မှသာ လူတိုင်းက ထိုသူတို့ကို ပိုင်းခြားသိမြင်ပြီး ၎င်းတို့သည် မည်သို့သောလူစားမျိုး ဖြစ်သည်ကို ရိပ်စားမိနိုင်မည် ဖြစ်သည်။ အမှန်တွင် ဤသို့သောလူစားမျိုးသည် အစေခံသူများသာ ဖြစ်ကြသည်။ ၎င်းတို့သည် အစေခံခြင်းကို အပြီးသတ်ပြီးနောက် အမှန်တကယ် မည်သည့်အသွင်ပြောင်းခြင်းမျိုးကိုမျှ မကြုံတွေ့ခဲ့ရဘဲ စတင်၍ ဖော်ထုတ်ခြင်းခံရပြီး ဖယ်ရှားခြင်း ခံရမည်ဖြစ်သည်။ မကောင်းမှု အမျိုးမျိုးကို ကျူးလွန်ထားသူများသည် အပြစ်ပေးခံရမည်ဖြစ်ပြီး မယုံကြည်သူများကဲ့သို့ပင် ဆိုးရွားလှသော သေခြင်းမျိုးစုံဖြင့်လည်း သေမည်ဖြစ်သည်။ လူအချို့သည် ပြစ်မှားစော်ကားပြီး မောက်မာသော စကားများကို ပြောဆိုခဲ့ကြသည်၊ အကျိုးဆက်အားဖြင့် ဘုရားသခင်သည် ၎င်းတို့ကို အလိုမရှိတော့ဘဲ စာတန်လက်သို့ အပ်လိုက်သည်။ ၎င်းတို့ကို စာတန်ထံ ပေးအပ်ခြင်းသည် ရလဒ်ကောင်းများ ထွက်ပေါ်စေနိုင်သလော။ ဘုရားသခင်၏ အကာအကွယ်မပါသဖြင့် စာတန်သည် ထိုသူတို့ကို ညှဉ်းပန်းနှိပ်စက်ပြီး ၎င်းတို့အပေါ် ဩဇာလွှမ်းမိုးလိမ့်မည်။ ၎င်းတို့ကို နတ်ဆိုးစွဲလာကြလိမ့်မည်၊ နတ်ဆိုးတို့၏ အသေနှိပ်စက်ခြင်းကို ခံရသည်အထိ တစ္ဆေသရဲနှင့် တူကြလိမ့်မည်။ ဘုရားသခင်သည် လူအမျိုးမျိုးတို့ကို ပုံစံအမျိုးမျိုးဖြင့် ဆက်ဆံသည်မဟုတ်လော။ ဘုရားသခင်သည် လူတို့အထဲ၌ အမှုပြုသောအခါ သူသည် ၎င်းတို့ကို လှုံ့ဆော်ပေးကာ ၎င်းတို့ကို ဉာဏ်အလင်းနှင့် လမ်းညွှန်မှုပေးပြီး ၎င်းတို့၏ အတွင်းစိတ်အခြေအနေများကို ပြောင်းလဲပေးသည်။ လူကောင်းများသည် ပို၍ပို၍ ရိုးသားလိုကြသည်၊ အဘယ့်ကြောင့်ဆိုသော် ရိုးသားခြင်းဖြင့်သာလျှင် မိမိတို့၏တာဝန်များကို ကောင်းစွာထမ်းဆောင်နိုင်ပြီး သမ္မာတရား လိုက်စားသည့်လမ်းကြောင်းပေါ် တက်ရောက်နိုင်သောကြောင့် ဖြစ်သည်။ ရိုးသားခြင်းဖြင့်သာ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ရရှိသည့်အပြင် ဘုရားသခင်ကို ပုန်ကန်ခြင်းမပြုဘဲ ၎င်းတို့အပေါ် ဖြစ်ပျက်သော အရာများ၌ ဘုရားသခင်ကို ကျိုးနွံနာခံကာ အရာခပ်သိမ်း၌ သမ္မာတရားကို ရှာဖွေလျက် သမ္မာတရားအတွက် ကြိုးစားအားထုတ်ခြင်းအားဖြင့် မိမိတို့ကိုယ်ကို အဆက်မပြတ် ဆင်ခြင်နိုင်မည်ဖြစ်သည်။ ဤသည်မှာ လူတို့ထံမှ ဘုရားသခင် တောင်းဆိုသည့်အရာ အတိအကျဖြစ်ပြီး ၎င်းတို့သည် သူ၏ တောင်းဆိုချက်များနှင့် ပြည့်မီသောအခါတွင် သူသည် ၎င်းတို့၌ အမှုပြုခြင်း၊ ဉာဏ်အလင်းပေးခြင်း၊ အလင်းပေးခြင်း၊ လမ်းပြပေးခြင်း၊ ကောင်းချီးပေးခြင်းတို့ ပြုလုပ်သည်။ ဘုရားသခင်သည် သမ္မာတရားကို စက်ဆုပ်ပြီး မုန်းတီးနေသူများကို ဘေးဖယ်သည်။ မကောင်းမှုအမျိုးမျိုးကို ကျူးလွန်ပြီး အသင်းတော်၏အလုပ်ကို အဆက်မပြတ် ဖျက်ဆီးနှောင့်ယှက်သော လူဆိုးများနှင့် ဆိုးယုတ်သောလူများကို ဘုရားသခင် မည်သို့ကိုင်တွယ်သနည်း။ ဘုရားသခင်က ၎င်းတို့ကို ဖော်ထုတ်ပြီး စာတန်ထံ အပ်နှံလိမ့်မည်။ ၎င်းတို့သည် ပြဿနာကို စတင်ဖြစ်ပေါ်စေပြီး ၎င်းတို့၏ စရိုက်အမှန်ကို ထုတ်ဖော်လိမ့်မည်၊ ၎င်းတို့သည် အကျိုးယုတ်စေပြီး အပျက်သဘောဆောင်သောအရာများကို အမှုမဲ့အမှတ်မဲ့ ထုတ်ဖော်ပြောဆိုပြီး လူရွှင်တော်များကဲ့သို့ သရုပ်ဆောင်လျက် ရန်တိုက်ပေးကြလိမ့်မည်။ ၎င်းတို့သည် အသင်းတော်အတွင်း အဖျက်အမှောင့်များနှင့် အနှောင့်အယှက်များကို ဖြစ်ပွားစေမည့် မကောင်းမှုများစွာကို ပြုလုပ်ကြမည်ဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများသည် သမ္မာတရားကို နားလည်ကာ ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ပြီး ဖော်ထုတ်နိုင်သောအခါတွင် ၎င်းတို့သည် ရှင်းထုတ်ပစ်ခြင်းနှင့် နှင်ထုတ်ခြင်းကို ခံရမည်ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ကိုယ်ပိုင် ရွေးချယ်မှုလော။ (မဟုတ်ပေ။) ဤသည်မှာ သမ္မာတရားကို လက်မခံဘဲ မိမိတို့၏ သင့်လျော်သောတာဝန်များကို အရေးမစိုက်သော လူများအတွက် ဇာတ်သိမ်းသည့်ပုံဖြစ်သည်။ လူတို့သည် မှန်ကန်သော လမ်းကြောင်းကို မလျှောက်ကြသောအခါ ဘုရားသခင်သည် ၎င်းတို့အား စာတန်နှင့် ၎င်း၏နတ်ဆိုးလေးများထံ အပ်နှံမည်ဆိုလျှင် ၎င်းတို့သည် လုံးဝပျက်စီးသွားပြီး ပြုပြင်၍မရနိုင်အောင် စွန့်ပစ်ခံရမည်ဖြစ်သည်။ ၎င်းတို့သည် ဖော်ထုတ်ခံရပြီးသည်နှင့် တစ်ပြိုင်နက် “မည်သည့်အရာ ဖြစ်နေပြီနည်း။ ကျွန်ုပ် ဒုက္ခပေးခဲ့မိပြီလော။ အနှောင့်အယှက် ဖြစ်စေခဲ့သလော၊ အာရုံပျက်စေမှုကို ကျွန်ုပ် ဖန်တီးခဲ့သလော။ ယင်းကို ကျွန်ုပ် အဘယ့်ကြောင့် သတိမထားမိခဲ့သနည်း” ဟု တွေးဆကြမည်ဖြစ်သည်။ ဘုရားသခင်သည် အရာရာကို ဆန်းစစ်လေ့လာပြီး ထိုသူတို့အား ဖော်ထုတ်ရန်နှင့် ဖယ်ရှားရန် ပတ်ဝန်းကျင်များကို စီစဉ်ပါက ယင်းသည် အလွန်လျင်မြန်စွာ ဖြစ်ပေါ်လာမည်ဖြစ်သည်။ အဖြစ်အပျက်တစ်ခု၊ သို့မဟုတ် နှစ်ခုပြီးသောအခါ ၎င်းတို့ကို ဆိုးယုတ်သောသူများအဖြစ် တွေ့မြင်ရမည်ဖြစ်ပြီး လိုအပ်သလို ကိုင်တွယ်ခြင်း ခံရမည်ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင် စီမံကိုင်တွယ်သည့်အရာအချို့ရှိပြီး နတ်ဆိုးလေးများ၊ စာတန်၊ သို့မဟုတ် ဝိညာဉ်ဆိုးများကို သူ့အတွက် အစေခံပေးရန်အတွက် အသုံးချခြင်းအားဖြင့် သူလုပ်ဆောင်သည့် အခြားအရာများလည်းရှိသည်။ တစ်နည်းအားဖြင့် ဘုရားသခင် ရွေးချယ်ထားသောလူများကို စုံလင်စေပြီး တည်ဆောက်ပေးသည်၊ နောက်တစ်ဖက်တွင် သူသည် ဆိုးယုတ်သောလူများကို ဖော်ထုတ်ပြီး ဖယ်ရှားသည်။ သင်သည် ဤသည်ကို သင်၏ အယူအဆများကို အသုံးပြုလျက် အကဲဖြတ်ပြီးလျှင် ယင်းကို ဘုရားသခင် ပြုလုပ်သောအရာမဟုတ်၊ သူသည် ထိုကဲ့သို့သော အရာများကို မလုပ်၊ ဤအရာတို့ကို သူစီစဉ်ညွှန်ကြားထားခြင်း မဟုတ်ဟု သင်ယူဆလျှင် ယင်းက မမှားသလော။ အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်တော်၌ရှိပြီး ယင်းကို တွေ့ကြုံခံစားပြီးသည်နှင့် သင်တို့ သိလိမ့်မည်။

လူအချို့သည် ဘုရားသခင်ကို ယုံကြည်လင့်ကစား သူတို့၏စိတ်နှလုံးများက လောကီကမ္ဘာထဲ၌ ရှိနေသေးသည်။ မိမိတို့၏တာဝန်များကို ထမ်းဆောင်ကောင်း ထမ်းဆောင်ကြမည် ဖြစ်သော်လည်း ချမ်းသာကြွယ်ဝရန် စိတ်ကူးယဉ်နေကြဆဲ ဖြစ်သည်။ ၎င်းတို့၏စိတ်နှလုံးများသည် မငြိမ်သက်သေးဘဲ မကျေမနပ်ဖြစ်ကာ တစ်ခါတစ်ရံတွင် ဘုရားသခင်၏အိမ်တော်မှ ထွက်ခွာလိုသော်လည်း ကောင်းချီးများမရရှိဘဲ ဘေးအန္တရာယ်များထဲသို့ ကျရောက်မည်ကို စိုးရိမ်သောကြောင့် ၎င်းတို့လုပ်ဆောင်နိုင်သမျှမှာ မိမိတို့၏တာဝန်များကို ဝတ်ကျေတမ်းကျေပုံစံဖြင့် ထမ်းဆောင်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းကို ပျံ့နှံ့စေကာ အနည်းငယ် ညည်းညူကောင်း ညည်းညူနိုင်ပြီး မကောင်းမှုများစွာကို မလုပ်ခဲ့ကြသော်လည်း အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခြင်းမရှိပေ။ သူတို့၏ ဤအပြုအမူကို ဘုရားသခင် သတိပြုမိပါသလော။ (ပြုမိပါသည်။) လူတို့က သတိထားမိကြသလော။ တစ်ခါတစ်ရံ လူတို့က ယင်းကို မမြင်ကြပေ။ သူတို့သည် ထိုသို့သောလူတို့က သဘောကောင်းသည်၊ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် စောစောထပြီး နောက်ကျမှ အိပ်ရာဝင်ကြသည်၊ ထို့အပြင် ၎င်းတို့က အခက်အခဲများကို ကြံ့ကြံ့ခံပြီး အဖိုးအခပေးနိုင်သည်၊ သို့သော် ၎င်းတို့သည် ရံဖန်ရံခါသာ အားနည်းမှုကို ကြုံတွေ့ကြပြီး အခြားသူများနှင့် ဆက်ဆံရသည်ကို မနှစ်သက်ကြဟု ထင်မှတ်ကြသည်။ သို့သော် ဘုရားသခင်သည် ဤသူတို့၏ စိတ်နှလုံးထဲတွင် မည်သည့်အရာ စဉ်းစားကြောင်းနှင့် မည်သို့ပြုမူကြောင်းကို သိရှိပြီး သူ၌ သင့်လျော်သော အစီအစဉ်များ ရှိလေသည်။ အချိန်တန်သောအခါ သူသည် ၎င်းတို့အား ရောဂါဘယ ဖြစ်ခွင့်ပြုကာ ၎င်းတို့ ဖျားနာသည်နှင့် မိမိတို့၏ တာဝန်များကို မထမ်းဆောင်နိုင်ကြတော့ပေ။ ဤအရာက မည်သည့်အရာကိုဆိုလိုသနည်း။ ဆိုလိုသည်မှာ တာဝန်များကို ထမ်းဆောင်နေသူများမှာ ရာထူးမှ ဖယ်ရှားခံရခြင်းဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာလော၊ ဆိုးသောအရာလော။ (ဆိုးသောအရာဖြစ်သည်။) သင်တို့အားလုံးသည် မိမိတာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်ဖို့ ဆန္ဒရှိကြသည်၊ ဆင်းရဲဒုက္ခများ၊ ဖျားနာမှု၊ သို့မဟုတ် နာကျင်မှုကို ရင်မဆိုင်ချင်ကြဘဲ ဤအရာများက မိမိတာဝန်များကို ထမ်းဆောင်ဖို့ နှောင့်နှေးကြန့်ကြာစေသည်ဟု ခံစားကြသည်။ သို့သော် မိမိတို့၏ တာဝန်များကို မထမ်းဆောင်ချင်သော သူတို့က ဘေးဒုက္ခ၊ သို့မဟုတ် ဖျားနာမှုကို ကြုံတွေ့ရလျှင် ကောင်းသောအရာဖြစ်သည်ဟု ခံစားကြမည်ဖြစ်ပြီး “ဤတစ်ကြိမ်တွင် အကြောင်းပြချက်တစ်ခု၊ ဆင်ခြေတစ်ခုကို ငါတွေ့ပြီ။ ငါ၏တာဝန်ကို ထမ်းဆောင်စရာ မလိုတော့” ဟု တွေးကြသည်။ အမှန်တွင် ဤသည်မှာ ဆိုးသောအရာ ဖြစ်၏။ ဆိုလိုသည်မှာ ၎င်းတို့ကို ဘုရားသခင်က အလိုမရှိတော့ကြောင်း၊ ၎င်းတို့က နောက်ထပ် အရေးမပါတော့ကြောင်း ဖြစ်ပြီး ဤသည်မှာ ၎င်းတို့ကို ဖယ်ရှားရန် ဘုရားသခင်၏ နည်းလမ်းဖြစ်သည်။ ဖယ်ရှားခံရပြီးနောက်တွင် ၎င်းတို့၏ရောဂါများသည် မမျှော်လင့်ဘဲ ပျောက်ကင်းကောင်း ပျောက်ကင်းသွားနိုင်ပြီး သက်သာလာသည်နှင့် ၎င်းတို့သည် အလုပ်သွား၍ ငွေရှာကာ အသက်ရှင်နေထိုင်ပြီး စည်းစိမ်ဥစ္စာများကို ရှာဖွေကြမည်ဖြစ်သည်။ ဘုရားသခင်က ဤလူစားမျိုးကို မလိုချင်ပေ။ ဘုရားသခင်က လူတစ်ဦးကို မလိုချင်တော့သည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသူ၌ အဆုံးသတ်မရှိဟု ဆိုလိုသည်။ သူသည် ဘုရားသခင်၏မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး ကယ်တင်ခြင်းရရှိရန် နောက်ထပ် မည်သည့်အခွင့်အရေးမျှ မရှိတော့ခြင်းပင် ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို ကြိုတင်ခွဲခန့်မှတ်သားပြီး ရွေးချယ်ခဲ့သော်လည်း ယခုမှစ၍ ၎င်းတို့ကို စက်ဆုပ်ရွံရှာပြီး ငြင်းပယ်သည်။ သူသည် ဤကဲ့သို့လူစားမျိုးကို မကယ်တင်ဘဲ မိမိအိမ်တော်မှ ချေမှုန်းသုတ်သင်ပစ်ဖို့ ဆုံးဖြတ်လိုက်သည်။ ဤကဲ့သို့လူစားမျိုးသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သည့်အခါမျှ ခံရမည်မဟုတ်ချေ။ ဤအခိုက်အတန့်မှစ၍ ထိုသူသည် ကယ်တင်ခြင်းအခွင့်အရေးကို ဆုံးရှုံးသွားပြီဖြစ်သည်။ သူက မည်သည့်အရာလုပ်ပါစေ၊ သို့မဟုတ် မည်သို့ပြုမူပါစေ ဘုရားသခင်သည် ထိုသူကို အလိုမရှိတော့ပေ။ အကယ်၍ ဘုရားသခင်သည် တစ်စုံတစ်ဦးကို မလိုချင်တော့ပါက ထိုအရာက အဆုံးသတ်လော။ ဤလူ၏ဇာတ်လမ်းက မပြီးသေးပေ။ ဘုရားသခင်သည် လူတစ်ဦးကို မရွေးချယ်မီ ၎င်းသည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်သည်။ ဘုရားသခင်သည် ၎င်းကို ရွေးချယ်ပြီးနောက် ၎င်းသည် ဘုရားသခင်၏ အိမ်တော်သို့ ရောက်ရှိလာပြီး ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် အကာအကွယ်အောက်တွင် နေထိုင်သည်။ ၎င်းသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး သစ္စာဖောက်၍ ဘုရားသခင်က ၎င်းကို အဆက်ဖြတ်လိုက်သောအခါ ၎င်းသည် အဘယ်ဆီသို့ ပြန်သွားသနည်း။ (စာတန်၏ အုပ်စိုးမှုအောက်သို့ ဖြစ်သည်။) ၎င်းသည် စာတန်၏ အုပ်စိုးမှုအောက်သို့ နောက်တစ်ကြိမ် ပြန်သွားသည်။ ဤသည်က ဘုရားသခင်သည် ထိုသူကို စာတန်လက်ထဲသို့ ပြန်လည်အပ်နှံသည့်သဘောဖြစ်ပြီး ဆိုလိုသည်မှာ “ငါ ဤသူကို နောက်ထပ်အလိုမရှိတော့။ သူသည် သမ္မာတရားကို လက်မခံ။ ငါ သူ့ကို သင့်အားပေးပြီ” ဟူ၍ဖြစ်ပြီး စာတန်က ထိုသူကို ခေါ်ယူသွားခြင်းဖြစ်သည်။ ထိုသူသည် စာတန်ထံပြန်သွားပြီး မည်သည့်ကယ်တင်ခြင်း အခွင့်အရေးမျှ မရှိတော့ချေ။ ဘုရားသခင်က လူတစ်ဦးကို စာတန်အား ပြန်ပေးသောအခါ ထိုသူသည် မည်သည့်အရာ ဆုံးရှုံးသွားသနည်း။ ၎င်းအပေါ် မည်သည့်အကျိုးဆက်များနှင့် အဆုံးသတ်က ကျရောက်မည်နည်း။ ဤအကြောင်းကို သင်တို့ ရှင်းရှင်းလင်းလင်း သိသင့်သည်။ ဘုရားသခင်၏ နှင်ထုတ်ခံရခြင်းသည် ရိုးရှင်းသော ကိစ္စမဟုတ်၊ ယင်းမှာ ဘုရားသခင်သည် လူတို့ကို ဖြစ်နိုင်သမျှ အကြီးမားဆုံးအတိုင်းအတာအထိ ကယ်တင်ပြီး ထိုသူတို့ကို ပေါ့ပေါ့တန်တန် မစွန့်ပစ်သည့်အတွက် လူတစ်ဦး၏ တဒင်္ဂပြစ်မှားခြင်းကြောင့် မဟုတ်သည်မှာ သေချာပေသည်။ လူတစ်ဦးသည် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသောအခါ ထိုလူသည် သူ့ထံမှ အဘယ်အရာကို ရရှိသနည်း။ (ကယ်တင်ခံရရန် အခွင့်အရေးဖြစ်သည်။) အခြားမည်သည့်အရာ ရှိသေးသနည်း။ (သူသည် သမ္မာတရားကိုရရှိသည်။) မှန်၏၊ သဘာဝအားဖြင့် ထိုသူသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရန်အလို့ငှာ သမ္မာတရား ရရှိရမည်။ ဘုရားသခင်က လူတစ်ဦးကို ရွေးချယ်ပြီး ထိုသူကို စာတန်၏အုပ်စိုးမှုမှ သူ၏အိမ်တော်ထဲသို့ ပို့ဆောင်သောအခါ စာတန်သည် ဘုရားသခင်အား သတ်မှတ်ချက် တစ်စုံတစ်ရာ ပြဋ္ဌာန်းဝံ့သလော။ မည်သည့်သတ်မှတ်ချက်ကိုမျှ မပြဋ္ဌာန်းဝံ့သကဲ့သို့ မည်သည့်အရာကိုမျှလည်း မပြောဝံ့ချေ။ အကယ်၍ ဘုရားသခင်က “ဤသူသည် ငါ့အပိုင်ဖြစ်၏။ ထိုသူကို သင့်အား ထိခွင့်မပေး” ဟု ဆိုပါက စာတန်သည် ကျိုးနွံစွာဖြင့် ထိုသူကို အပ်နှံရသည်။ ဤသူ၏ အစားအစာ၊ အဝတ်အစား၊ နေထိုင်စရာ၊ သယ်ယူပို့ဆောင်ရေးနှင့် လှုပ်ရှားမှုတိုင်းသည် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် စောင့်ကြပ်မှုအောက်၌ရှိပြီး ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲ စာတန်သည် ထိုလူကို နောက်တစ်ကြိမ် မထိဝံ့ပေ။ ဤအရာက မည်သည့်အရာကို ညွှန်းဆိုသနည်း။ ဆိုလိုသည်မှာ ထိုလူသည် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် အကာအကွယ်အောက်တွင် လုံးလုံးလျားလျား နေထိုင်ကြောင်း၊ ပြင်ပစွမ်းအားများ၏ နှောင့်ယှက်ခြင်း၊ သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်း မရှိဘဲ ၎င်း၏ နေ့စဉ် ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနှင့် နာကျင်မှုအားလုံးမှာ ဘုရားမျက်လုံးများ၏ ကြည့်ရှုစစ်ဆေးမှုအောက်၊ သူ၏ စောင့်ရှောက်မှုနှင့် အကာအကွယ်အောက်တွင် ရှိကြောင်း ဆိုလိုခြင်းဖြစ်သည်။ ဘေးဥပဒ်၊ သို့မဟုတ် ကပ်ဘေး တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ဘုရားသခင်သည် ထိုလူကို ရှောင်ရှားခွင့်ပြုပြီး ၎င်းသည် အဆင်ပြေမည်ဖြစ်သည်။ မယုံကြည်သူများနှင့် ဘုရားသခင် ရွေးကောက်မထားသော သူများသည် ၎င်းတို့နှင့်ထိုက်တန်သော မည်သည့်ကံကြမ္မာကိုမဆို ရရှိကြလိမ့်မည်။ သေသင့်လျှင် သေကြမည်။ ဘေးဒုက္ခကြုံသင့်လျှင် ကြုံလိမ့်မည်။ ဤသည်ကို မည်သူကမျှ မပြောင်းလဲနိုင်သကဲ့သို့ မည်သူကမျှ အခြားမည်သူ့ကိုမျှ မကယ်တင်နိုင်ပေ။ ကပ်ဘေးများ ရိုက်ခတ်သောအခါ လူများစွာအပေါ် ကျရောက်သည်။ သို့သော် ဤဘေးအန္တရာယ်များက သင့်အပေါ် မကျရောက်သည်မှာ အဘယ်သို့နည်း။ ဤသည်မှာ ဘုရားသခင်၏ ကွယ်ကာမှုဖြစ်သည်။ စာတန်၊ သို့မဟုတ် နတ်ဆိုးလေးများ၊ သို့မဟုတ် ဝိညာဉ်ဆိုးများ တစ်ခုကမျှ သင့်ကို မထိဝံ့ချေ။ ၎င်းတို့ သင့်ရှေ့သို့ လာသောအခါ ၎င်းတို့ရှေ့၌ တားမြစ်နယ်မြေတစ်ခုသဖွယ်၊ “ဤသူကို မထိနှင့်” ဟူသည့် စာသားများကို ၎င်းတို့တွေ့နေရသည့်နှယ်၊ သို့မဟုတ် ကောင်းကင်ဘုံ၏ အမိန့်ကို ရုတ်ချည်းမြင်နေရသည့်နှယ် ဖြစ်နေပြီး ၎င်းတို့က သင့်ကို မထိဝံ့တော့ဘဲ သင်သည် အကာအကွယ်ရလေသည်။ သင်သည် နှစ်ကာလများတစ်လျှောက် အလွန်သာယာသော ဘဝတစ်ခုကို ဖြတ်သန်းခဲ့ရပြီး အရာအားလုံးက အဆင်ပြေလာသည်ဖြစ်ကာ သင်သည် သင်၏တာဝန်ကို ပုံမှန်အတိုင်း ကျေပွန်အောင် ထမ်းဆောင်လာနိုင်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ လက်များဖြင့် ကွယ်ကာမှုခံနေရသော တစ်စုံတစ်ဦးဖြစ်သည်။ သို့သော်လည်း ငါ ယခုတင်ဖော်ပြခဲ့သောလူက ဘုရားသခင်၏ ကွယ်ကာမှုကို ရရှိပြီးသောအခါ ယင်းကို မခံစားရသကဲ့သို့ သတိလည်းမပြုမိချေ။ ၎င်းက “ကျွန်ုပ်သည် ဤနှစ်ကာလများတစ်လျှောက် ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ရခြင်း၊ စာတန်နှင့် နတ်ဆိုးလေးများက ကျွန်ုပ်ထံမှ ဝေးဝေးရှောင်ကြခြင်းတို့သည် ကျွန်ုပ်တွင် ကံကောင်းခြင်း၊ သို့မဟုတ် ကောင်းသောကြမ္မာရှိခြင်းကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်” ဟု ဆိုသည်။ ဤသူက ယင်းသည် ဘုရားသခင်၏ အကာအကွယ်ဖြစ်သည်ဟု မပြောသည်သာမက၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကျေးဇူးတော်ကို ပြန်ဆပ်ရန်လည်း မသိကြပေ။ ထိုသူသည် ၎င်း၏တာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင်ဘဲ၊ ထို့ထက် အနှောင့်အယှက်များနှင့် အာရုံပျက်စေမှုများကို ဖြစ်စေပြီး မကောင်းမှုများကိုသာ လုပ်ဆောင်သည်။ ဘုရားသခင်သည် ၎င်း၏ မပြောင်းလဲသော အပြုအမူကို မြင်သည်၊ ၎င်း၏ အတွင်းအကျဆုံး ဖြစ်တည်မှုကို စစ်ဆေးကြည့်ရှုပြီး ၎င်းအား အချိန်နှင့် နှစ်ပေါင်းများစွာ အခွင့်အလမ်းပေးသည့်တိုင် ၎င်းသည် နောင်တမရသေးပေ။ ထို့ကြောင့် ဘုရားသခင်က ဤသူကို ကယ်တင်၍မရဟုဆိုပြီး နောက်ဆုံး၌ ၎င်းကို စာတန်ထံ ပြန်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ ဤလူသည် တန်ဖိုးမရှိသောအရာဖြစ်ပြီး ဘုရားသခင်က ၎င်းကို အလိုမရှိတော့ပေ။ ဤလူကို ဘုရားသခင် ဖယ်ရှားလိုက်သောအခါ မည်သူအပျော်ဆုံးနည်း။ စာတန်သည် အပျော်ဆုံးဖြစ်ပြီး “ငါ့စခန်းထဲမှာ အခြားနတ်ဆိုးလေးတစ်ကောင်၊ အခြားကြံရာပါရှိနေသည်မှာ ဝမ်းမြောက်ဖွယ် ကောင်းလိုက်လေခြင်း” ဟု ပြောမည်ဖြစ်သည်။ ရိုးအပြီး ကြောက်ရကောင်းမှန်းမသိသော ထိုပုဂ္ဂိုလ်သည် ဤနည်းဖြင့်ပင် စာတန်၏ရင်ခွင်ဆီသို့ ပြန်ရောက်လာသည်။ စာတန်သည် ထိုသူအား အဘယ်အရာများ ပြုလုပ်မည်နည်း။ (ယင်းက ထိုသူကို နင်းခြေပြီး ဒုက္ခပေးမည်။) စာတန်သည် လူတို့ကို ဒုက္ခပေးရာ၌ လွန်စွာကျွမ်းကျင်သဖြင့် အချို့က နတ်ဆိုးစွဲသွားကြသည်၊ အချို့က ထူးဆန်းသောရောဂါများ ရလာသည်၊ ထို့ပြင် အချို့က ရုတ်တရက် ပုံမှန်မဟုတ်ဘဲ ပြုမူလျက် ရူးသွပ်သွားသည့်နှယ် သူတို့၏ ဘီလူးသရဲစီးသော ရုပ်သွင်ကို ထုတ်ဖော်ကြသည်။ စာတန်က ဤနည်းအားဖြင့် လူတို့ကို မကြာခဏ ဒုက္ခပေးကာ ဝါးမျိုပစ်သည်။ ဤသည်မှာ စာတန်လုပ်ရပ်များ၏ သဘောသဘာဝဖြစ်သည်။ သူသည် လှည့်ကွက်နှင့် ဆိုးယုတ်ခြင်းကို အားထားကာ၊ လူတို့ကို ကျိုးနွံနာခံလာသည်အထိ ဖြားယောင်းသွေးဆောင်ရန်၊ သူတို့ကို ဒုက္ခပေးပြီး ဝါးမျိုရန်အတွက် နည်းလမ်းမျိုးစုံကို အသုံးပြုသည်။ စာတန်၏ လူတို့ကိုဒုက္ခပေးသည့် နည်းလမ်းများသည် ဤအရာတို့နှင့်သာ ကန့်သတ်ထားသလော။ လုံးဝ မဟုတ်ပေ။ စာတန်သည် လူတို့ပြောကြသကဲ့သို့ လူတို့ကို ဒုက္ခပေးခြင်း၊ ပျက်စီးစေခြင်း၊ ဖျက်ဆီးခြင်းတို့အားဖြင့် ဖောက်ပြန်ပျက်စီးစေခြင်းသာ မဟုတ်ပါ။ ၎င်းသည် ပို၍ ဒုက္ခပေးပြီး ရက်စက်သောနည်းလမ်း များစွာရှိကာ ယင်းတို့အားလုံးကို ဖောက်ပြန်ပျက်စီးသော လူသားတို့က ကိုယ်တွေ့ ကြုံတွေ့နေရသည်။ လူတို့သည် စာတန်လက်သို့ အပ်နှံခြင်းခံရပြီးနောက် ၎င်းတို့ထဲမှ အချို့တို့သည် ရုတ်တရက် အထူးတလည် လိမ္မာပါးနပ်လာပြီး လှည့်ကွက်များကို အသုံးချရာတွင် ကျွမ်းကျင်လာကြသည်။ ရုတ်တရက်ပင် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းက အံ့ဩဖွယ်ရာ အဆင်ချောလာပြီး ရာထူးတိုးကာ ချမ်းသာလာကြသည်။ ဤသည်မှာ ကောင်းသောအရာ ဖြစ်သလော၊ ဆိုးသောအရာ ဖြစ်သလော။ (ဆိုးသောအရာ ဖြစ်သည်။) ဤသည်မှာ လူ့အမြင်တွင် ကောင်းသောအရာ ဖြစ်သောကြောင့် ဆိုးသောအရာဟု အဘယ်သို့ သတ်မှတ်နိုင်မည်နည်း။ (ဤလူတို့သည် စာတန်၏ လှည့်ကွက်များထဲသို့ ကျရောက်ခဲ့ပြီးဖြစ်ကာ ထိုသူတို့သည် ဘုရားထံမှ တဖြည်းဖြည်းချင်း ဝေးကွာသွားမည်ဖြစ်သည်။) သူတို့သည် အဆင့်တိုးမြင့်သွားပြီး ချမ်းသာလာကြကာ အရာရာ သူတို့အတွက် အဆင်ပြေနေသည်။ များမကြာမီ သူတို့သည် ငွေကြေး၊ အဆင့်အတန်းနှင့် ကျော်ဇောမှုဖြင့် သူဌေးသူကြွယ်များ ဖြစ်လာကြသည်။ သူတို့သည် ကောင်းမွန်စွာ နေထိုင်ကြပြီး လောကီကမ္ဘာထဲသို့ လုံးလုံးပြန်သွားကြသည်။ ဤအချိန်၌ ဘုရားသခင်ကို သူတို့ သတိရနိုင်သေးသလော။ ဘုရားသခင်ကို ယုံကြည်ချင်သေးသလော။ သူတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင် ရှိသေးသလော။ (မရှိတော့ပါ။) သူတို့ကိုယ်သူတို့ ဘုရားသခင်ထံမှ လုံးလုံးဝေးကွာစေပြီးဖြစ်ကာ မှန်သောလမ်းခရီးမှ လှည့်ထွက်သွားကြပြီး ၎င်းတို့သည် စာတန်၏ ဖမ်းသွားခြင်းကို လုံးလုံးလျားလျား ခံကြရသည်။ သူတို့သည် ဘုရားသခင်၏ အိမ်တော်တွင် အဖွဲ့ဝင်မဟုတ်တော့ပေ။ သူတို့သည် မယုံကြည်သူများ ဖြစ်သွားကြပြီး ထိုနည်းအားဖြင့် လုံးလုံးကြီး ပျက်စီးသွားကြသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ ကာကွယ်မှုကို ခံစားနိုင်သေးသလော။ (မခံစားရနိုင်တော့ပါ။) သူတို့သည် လောကီကမ္ဘာထဲနှင့် စာတန်၏ အုပ်စိုးမှုအောက်တွင် ရှိနေလျက် မည်သည့်အခြေအနေသို့ ရောက်ရှိနေသနည်း။ နေ့စဉ် သူတို့သည် သေရမည်လော၊ ရှင်ရမည်လောဆိုသည်ကို မသိကြ။ အပြင်သွားသောအခါတိုင်း ကံဆိုးမိုးမှောင်ကျမည် မကျမည်ကို သူတို့ မသိကြ။ သူတို့သည် ငြိမ်သက်ခြင်းကိုလည်းမသိ၊ ဝမ်းမြောက်ခြင်းကိုလည်း မသိကြ။ သူတို့စိတ်နှလုံးသည် ထိတ်လန့်ခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် ကြောက်ရွံ့မှုတို့ ပြည့်နှက်နေသည်။ ဘုရားသခင်ကို သစ္စာဖောက်ခြင်း၏ အကျိုးဆက်များက အဘယ်အရာ ဖြစ်ကြောင်းသိသဖြင့် သူတို့သည် တစ်နေ့လုံး စိုးရိမ်သောကအခြေအနေ၌ ရောက်နေကြပြီး ၎င်းတို့ကို မည်သည့်အချိန်တွင် ဘေးဒုက္ခရိုက်ခတ်မည်၊ မည်သည့်အချိန်တွင် ၎င်းတို့ အပြစ်ပေးခံရမည်ကို မသိကြပေ။ ဤသည်မှာ ဘုရားသခင်က သူတို့ကို စက်ဆုပ်ရွံရှာပြီး ငြင်းပယ်သောအခါ လူတို့၏ နှလုံးသားထဲ၌ ခံစားရသည့်အရာဖြစ်၏။ သူတို့သည် ထွက်ပေါက်မရှိဘဲ အမှောင်ထုထဲတွင် ပိတ်မိနေကြကာ ၎င်းတို့လှမ်းလိုက်သည့် ခြေလှမ်းတိုင်းသည် အလွန်ခက်ခဲပြီး ကြောက်မက်ဖွယ်ကောင်းနေသည်၊ ထို့အပြင် ၎င်းတို့၏ဘဝများက အရမ်းနာကျင်သည်။ ဤလူများသည် ကျော်ကြားမှုနှင့် ကံတရားနောက်သို့ လိုက်နေခြင်း၊ လောကီကမ္ဘာကို လိုက်စားခြင်း၊ သက်သောင့်သက်သာရှိသော ဘဝ၌ နေထိုင်ခြင်းနှင့် မယုံကြည်သူများ၏ လမ်းကြောင်းကို လိုက်လျှောက်ခြင်း ရှိသောကြောင့် နာကျင်သောဘဝများဖြင့် နေထိုင်ကြသည်ဟု သင်ထင်သလော။ မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို စွန့်လိုက်ပြီဆိုသည်နှင့် ၎င်းတို့ကို သူဂရုမစိုက်တော့ချေ။ ဘုရားသခင်၏ အကာအကွယ်နှင့် ဂရုစိုက်မှုမရှိသဖြင့် သူတို့သည် စာတန်၏ အုပ်စိုးမှုအောက်၌ရှိသူများ ဖြစ်လာပြီး အမှောင်ထုထဲ ချက်ချင်းရောက်သွားကြသည်။ အမှောင်ထဲသို့ကျသောအခါ လူတို့ခံစားရသော ပထမဆုံးအရာမှာ ၎င်းတို့၏စိတ်နှလုံးများ ငြိမ်သက်ခြင်းမရှိတော့သည့်အပြင် ဘုရားသခင်၏ မျက်မှောက်တော်ကို မခံစားရတော့ခြင်းပင်ဖြစ်သည်။ လောကကြီးသည် ကြောက်မက်ဖွယ်၊ ထောင်ချောက်များ၊ လှည့်ဖြားမှု၊ အန္တရာယ်များနှင့် ပြည့်နှက်နေပြီး ဘဝသည် ပို၍ပင် ခက်ခဲသည်ဟု သူတို့ခံစားရသည်။ ကမ္ဘာပေါ်ရှိ သူတို့၏ အဆင့်အတန်းက မည်သည့်အရာဖြစ်သည်မှာ အရေးပါသလော။ သူတို့ တတ်နိုင်စွမ်းရှိသည်၊ သို့မဟုတ် အဘယ်မျှ စွမ်းအားရှိသည်က အရေးပါသလော။ မပါပေ။ ဘုရားသခင်ကို မယုံကြည်သူ၊ သို့မဟုတ် ကိုယ်တော်၏ ဖယ်ရှားခြင်း ခံရသူအားလုံးသည် ဤရလဒ်ဖြင့် အဆုံးသတ်ရမည်ဖြစ်ကာ၊ အတောမသတ်သော ဒုက္ခဘုံသို့ ကျရောက်၍ အလွန် စိတ်ဆင်းရဲစရာကောင်းလှပေသည်။ ထိုနေရာရှိသော မကောင်းဆိုးဝါးမျိုးစုံက သင့်ကို နေ့တိုင်း ဒုက္ခပေးလိမ့်မည်။ ယင်းက နေပျော်စရာ မရှိ၊ သေခြင်းထက်ပိုဆိုးသော ဘဝတစ်ခုသာလျှင် ဖြစ်သည်။

လူတို့သည် ဘုရားသခင်၏ အကာအကွယ်အောက်တွင် ရှိနေသောအခါ သူတို့သည် လုံခြုံပြီး ငြိမ်သက်ကာ ပျော်ရွှင်မှုကို ခံစားရသည်။ ၎င်းတို့သည် လူသားများအဖြစ် နေထိုင်နိုင်ပြီး သာမန်လူသားမျိုးနွယ်၏ လုပ်ဆောင်မှုများအားလုံးကို ပါဝင်ဆောင်ရွက်နိုင်သည်။ သူတို့နှင့်ပတ်သက်သမျှ အရာအားလုံးသည် ပုံမှန်ဖြစ်ပြီး ဖြစ်သင့်သည့်အတိုင်းဖြစ်နေကာ သူတို့၏စိတ်နှလုံးများသည် လွတ်လပ်ပေါ့ပါးကြသည်။ လူတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် အကာအကွယ်ကို ဆုံးရှုံးသောအခါ ထိုခံစားချက်များ ပျောက်ကွယ်သွားသည့်အတွက် လူများ၊ အဖြစ်အပျက်များနှင့် သူတို့ပတ်ဝန်းကျင်၌ရှိသော အရာအားလုံးကို သူတို့၏ ကိုယ်ပိုင်အရည်အချင်း၊ အစွမ်းအစ၊ အတွေးအမြင်များ၊ ဘဝအတွေးအခေါ်များနှင့်အတူ သူတို့၏ တဇောက်ကန်းဆန်မှုတို့နှင့် တုံ့ပြန်ကြသည်။ ဤလူများ၊ အဖြစ်အပျက်များနှင့် သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ မည်သည့်အရာများနည်း။ ယင်းတို့သည် မကောင်းသောသူများ၊ လူဆိုးများ၊ သာ၍ကြီးသော နတ်ဆိုးများ၊ ပို၍ငယ်သောနတ်ဆိုးများနှင့် ဆိုးယုတ်သော ဝိညာဉ်များချည်းသာဖြစ်သည်။ ဘုရားသခင်၏ ကွယ်ကာမှုမရှိဘဲ ညစ်ညမ်းသောဝိညာဉ်များ၏ ထိုနေရာမျိုး၌ရှိနေလျှင် လူတို့၏ ဘဝမှာ ကောင်းမည်လော။ (မကောင်းပါ။) ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို စွန့်ခွာပြီးနောက် ကောင်းသောနေ့တစ်နေ့ကိုမျှ မခံစားရနိုင်ခြင်းဖြစ်သည်။ အသက်ရှင်ခြင်းက သူတို့အတွက် ထိုမျှခက်ခဲလာသည်။ လူတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်တွင် နေထိုင်သောအခါ ၎င်းတို့သည် ယင်းကို မြတ်နိုးရကောင်းမှန်း မသိကြဘဲ ယင်းကို အလေးအနက် မထားကြပေ။ ဘုရားသခင်သည် ၎င်းတို့အား စွန့်ပစ်လိုက်သည်နှင့် တစ်ပြိုင်နက် နောင်တရရန် လွန်စွာ အချိန်နှောင်းသွားကာ၊ ၎င်းသည် အမှန်တကယ်ပင် အတိုင်းအဆ ကြီးမားလှသော ကပ်ဆိုးကြီးတစ်ခုပင် ဖြစ်ချေ၏။ လူတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်း၊ စောင့်ရှောက်မှု၊ အကာအကွယ်ပေးမှုအောက်တွင် အသက်ရှင်သောအခါမှသာ သူတို့သည် စစ်မှန်သော ပျော်ရွှင်မှု၊ ငြိမ်သက်မှု၊ ဝမ်းမြောက်မှုကို သိရှိခံစားနိုင်ပြီး ယင်းမှာ လူတစ်ယောက်၏ စိတ်နှလုံးထဲ၌ နက်နက်ရှိုင်းရှိုင်း ခံစားရသော ဘုရားသခင်ထံမှ လာသည့် ငြိမ်သက်ခြင်းနဲ့ ပျော်ရွှင်မှုပင် ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် အကာအကွယ် ဆုံးရှုံးသွားသည်နှင့် သူတို့စိတ်နှလုံးထဲ၌ နက်ရှိုင်းစွာ တည်ရှိနေသော နာကျင်မှု၊ စိုးရိမ်ပူပန်မှု၊ သောကဗျာပါရ၊ မပြေလည်မှုနှင့် ကြောက်ရွံ့မှုတို့က တဖြည်းဖြည်း စ၍တိုးလာတော့သည်။ သူတို့၏ စိတ်နှလုံးထဲတွင် ဆင်းရဲဒုက္ခ ကြီးထွားလာကာ ယင်းမှ ရုန်းထွက်ရန် ခက်ခဲသည်။ မလွတ်မြောက်နိုင်ကြပေ။ လူတစ်ယောက်၏ အရည်အချင်းများနှင့် ခွန်အားများက အဘယ်မျှကြီးမားနိုင်သနည်း။ သင်တစ်ယောက်တည်း ရင်ဆိုင်ရသည်မှာ မည်သည့်အရာနည်း။ ညစ်ညူးသောနတ်ဆိုးအမျိုးမျိုးတို့ကို သင်ရင်ဆိုင်ရခြင်းဖြစ်သည်။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် လူနှင့်တူသည်၊ ၎င်းတို့တွင် ပုံသဏ္ဌာန်များ၊ ပုံစံများနှင့် အသွေးအသားများရှိသည်။ သို့သော် ဤလူများအားလုံးသည် စာတန်နှင့်သာ စပ်ဆိုင်ပြီး ၎င်းတို့ကို ခြယ်လှယ်သည်မှာ စာတန်နှင့် ဆိုးယုတ်ညစ်ညမ်းသော ဝိညာဉ်အမျိုးမျိုးတို့ ဖြစ်ကြသည်။ ဤအရာများကို ရင်ဆိုင်ရာတွင် လူတစ်ဦးသည် မည်မျှ တတ်နိုင်စွမ်းသနည်း။ မကြောက်ဘဲ နေနိုင်သလော။ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ခံစားနိုင်သလော။ သူတို့သည် အဘယ်မျှ ကြီးမြတ်သော ပုဂ္ဂိုလ်ဖြစ်ပါစေ၊ အဘယ်မျှ စွမ်းဆောင်နိုင်ပါစေ၊ သို့မဟုတ် အဘယ်မျှ ခက်ထန်ကြမ်းကြုတ်ပါစေ စာတန်၏ အုပ်စိုးမှုအောက်နှင့် ဤလောက၌ နေထိုင်လျက် အသက်ရှင်သောအခါ မည်သို့ ခံစားရမည်နည်း။ သူတို့တစ်ယောက်တည်း အေးအေးဆေးဆေး ဖြစ်သည်နှင့် သူတို့ပတ်ဝန်းကျင်က လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအကြောင်းကိုလည်းကောင်း၊ သူတို့ကြုံလာသမျှ အရာရာတိုင်းကို ကိုင်တွယ်ဖြေရှင်းဖို့ မည်မျှခက်ခဲသည်ကိုလည်းကောင်း စဉ်းစားမည်ဖြစ်သည်။ ထိုအရာအားလုံးကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဦးနှောက်ခြောက်အောင် စဉ်းစားရမည်ဖြစ်သည်။ လူ့ခွန်အားနှင့် နည်းလမ်းကို အသုံးပြုပြီး ဤအရာအားလုံးကို ဖြေရှင်းရသည်မှာ သူတို့အတွက် ဒုက္ခအတိပင်။ ယင်းမှာ သူတို့အသက်ရှင်ဖို့ အဘယ်မျှ ခက်ခဲသည့်၊ အဘယ်မျှ နာကျင်ရသည့်ပုံဖြစ်သည်။ ကြီးကျယ်သော ပုဂ္ဂိုလ်များသည် ထိုသို့သောဝေဒနာများကို မခံစားရဟု လူအချို့က ဆိုသော်လည်း အမှန်မှာမူ ၎င်းတို့က ပို၍ခံစားရလေသည်။ သာမာန်လူတို့သည် ဘဝစက်ဝိုင်းငယ်တစ်ခုကို ကြုံတွေ့ရသော်လည်း ကြီးမြတ်သောပုဂ္ဂိုလ်များသည် ပိုကြီးမားသော ဘဝစက်ဝိုင်း၊ ပိုကြီးမားသော ဆင်းရဲဒုက္ခနှင့် အလွန်အမင်း စိတ်ဆင်းရဲခြင်းကို ကြုံတွေ့ရတတ်သည်။ ပျော်ရွှင်မှုကို သူတို့သိကြသလော။ (မသိကြပါ။) ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုကို ဆုံးရှုံးရပြီး ကိုယ်တော်က စွန့်ပစ်သွားသောအခါ မည်သို့သောဘဝမျိုးနှင့် ရင်ဆိုင်ကြမည်နည်း။ သူတို့သည် မခံမရပ်နိုင်သော ဘဝကိုဖြစ်စေသည့် ညစ်ညမ်းဆိုးယုတ်သော နတ်ဆိုးများအားလုံးကို အဖော်မပါဘဲ တစ်ကိုယ်တည်း ရင်ဆိုင်လိမ့်မည်။ သူတို့သည် ၎င်းတို့၏ရန်သူတို့၏ တိုက်ခိုက်မှု၊ သို့မဟုတ် ၎င်းတို့၏အကြံအစည်များကြောင့် အချိန်မရွေး သေသွားနိုင်ပြီး သူတို့သည် ပင်ပန်းနွမ်းနယ်သော၊ စိတ်ဆင်းရဲရသော၊ ဒုက္ခရောက်သော ဘဝတွင် အသက်ရှင်ရသည်။ လူအချို့သည် မိုက်မဲပြီး ဘုရားသခင်ကို ယုံကြည်လျက် သမ္မာတရားကို အစဉ်မပြတ်လိုက်လျှောက်ကာ ဘုရားသခင်အား ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား နားထောင်ခြင်းကို အမြဲတမ်း အာရုံစိုက်ရသည်မှာ ငြီးငွေ့ဖွယ်ကောင်းသည်ဟု ထင်မြင်ကြသည်။ ၎င်းတို့သည် လွတ်လပ်သောသူတို့မှာ လောကီလူသားများသာ ဖြစ်သည်ဟု ထင်မြင်ကြပြီး ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိဟု ယူဆသောကြောင့် ဆက်၍ မယုံကြည်ချင်ကြတော့ပေ။ သူတို့သည် အမြဲတမ်း ဤအတိုင်း တွေးတတ်ကြသော်လည်း တစ်နေ့တွင် ဤအရာ၏ အကျိုးဆက်များက မည်သည့်အရာဖြစ်သည်ကို သိလာလိမ့်မည်။

ဖန်ဆင်းရှင်၏လက်တွင် လူတို့သည် အဆုံးမဲ့ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ကောင်းချီးမင်္ဂလာများ၊ ကွယ်ကာမှုနှင့် စောင့်ရှောက်မှုတို့ကို ခံစားကြသော်လည်း လူ့သဘာဝကင်းမဲ့ပြီး အသိတရားမရှိသော သူတို့သည် ဤအရာများကို တွေ့ကြုံရမည်ဖြစ်သည်။ သို့သော် လူတစ်ဦးအား ဘုရားသခင် စွန့်ပစ်လိုက်သည်နှင့် ၎င်းတို့သည် မိမိတို့အပေါ်၌ အမှောင်ထု၏ နာကျင်မှု ကျရောက်သည်ကို ချက်ခြင်းခံစားရမည်ဖြစ်ပြီး ထိုအချိန်တွင် ဘုရားသခင်ကို ယုံကြည်ခြင်း၊ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ အိမ်တော်နှင့် မျက်မှောက်တော်၌ နေထိုင်ခြင်းသည် အဘယ်မျှ ပျော်ရွှင်ပြီး ဝမ်းမြောက်ဖွယ်ကောင်းခဲ့ဖူးသည်ကို လုံးလုံးလျားလျား နားလည်လာမည်ဖြစ်သော်လည်း များစွာနောက်ကျနေပြီး ဖြစ်တော့မည်။ သင်သည် “ဘုရားသခင်ကို ထားခဲ့မိသည်ကို နောင်တရပြီ။ ကိုယ်တော်ကို ငါသည် အသစ်တဖန် ယုံကြည်နိုင်သလော” ဟု ပြောလိမ့်မည်။ ဘုရားသခင်က ထိုအခွင့်အရေးမျိုး ပေးသလား။ (မပေးပါ။) ဘုရားသခင်ကို သင်မလိုချင်တော့လျှင် သင့်ကို ဘုရားသခင် လိုချင်ဦးမည်လော။ စာတန်ကို သင်မချစ်သလော။ သင်သည် စာတန်ကို စိတ်နှလုံးထဲတွင် ချစ်သော်လည်း ကောင်းချီးအချို့ကို ရရှိရန် ဘုရားသခင်နောက်ကို လိုက်ချင်သေးသည်။ ယင်းကို ဘုရားသခင်က သဘောတူနိုင်မည်လော။ (သဘောမတူနိုင်ပါ။) ထိုသို့ပင်ဖြစ်၏။ ထို့ကြောင့် လူတို့သည် အောက်ပါတို့ကို တွေးတောဆင်ခြင်ရန် ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ မကြာခဏ တိုးဝင်လာရမည်ဖြစ်သည်။ စစ်မှန်သောပျော်ရွှင်မှုမှာ အဘယ်အရာဖြစ်သည်၊ စစ်မှန်သော ပျော်ရွှင်မှု၊ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်း ရရှိရန် မည်သို့နေထိုင်ရမည်၊ ထို့အပြင် အဘယ်အရာများက တန်ဖိုးအရှိဆုံးနှင့် လူတို့၏ဘဝတွင် အမြတ်နိုးထိုက်ဆုံး ဖြစ်သည် စသည်တို့ဖြစ်သည်။ ဤအချက်များကို စဉ်းစားရမည်။ သင်သည် လျော်ကန်သော အရာများနှင့် သမ္မာတရားကို ဆင်ခြင်လေလေ၊ ဘုရားသခင်က သင့်အား ပို၍ပင် ဉာဏ်အလင်းပေးပြီး လမ်းညွှန်ကာ သင့်အား နားလည်သိမြင်နိုင်စေလေဖြစ်၍ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားအတွင်း ဝင်ရောက်ခြင်း၌ ပို၍ဉာဏ်ပွင့်ပြီး အလင်းရလေလေ ဖြစ်လာလိမ့်မည်။ သို့ဖြစ်၍ သင့်၏ယုံကြည်မှုသည် ပို၍ပို၍ ကြီးမားလာမည် မဟုတ်လော။ အကယ်၍ သင်သည် အမြဲတမ်းပျင်းရိပြီး ဖီဆန်လျက် သမ္မာတရားကို အမြဲတမ်း ငြင်းပယ်ပြီး မနှစ်သက်ပါက၊ ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ မည်သည့်အခါမှ မတိုးဝင်ချင်ဘဲ အပျော်အပါး၌မွေ့လျော်ရန်နှင့် ဘုရားသခင်ထံမှ သွေဖည်သွားရန် အမြဲတွေးနေပါက၊ ထို့ပြင် သူ၏လမ်းညွှန်မှု၊ သူ၏စောင့်ရှောက်မှုသာမက သူ၏ကာကွယ်မှုကိုပါ သင်လက်မခံပါက ဘုရားသခင်သည် သင့်အား အတင်းအကျပ် ခိုင်းနိုင်မည်လော။ ဤသည်မှာ သင်၏သဘောထားဖြစ်ပါက ဘုရားသခင်သည် သင့်အား သေချာပေါက် အလင်းပေးမည် မဟုတ်သောကြောင့် သင်သည် ယုံကြည်ခြင်းအနည်းငယ်သာ ရှိလိမ့်မည်။ အချိန်ကြာကြာ ယုံကြည်လာလေ သင်၌ စွမ်းအင်နည်းလေလေဖြစ်ကာ၊ ထို့နောက် သင်သည် ညည်းညူလာမည်၊ သင်၏ အယူအဆများနှင့် အပျက်သဘောဆောင်ခြင်းများကို ပျံ့နှံ့စေပြီး အချိန်တန်လျှင် သင်သည် ပြဿနာရှာလိမ့်မည်။ သင်သည် ပြဿနာရှာခဲ့ပြီး အသင်းတော်အလုပ်ကို နှောက်ယှက်မိသည်နှင့် ဘုရားသခင်၏ အိမ်တော်သည် သင့်ကို ကြင်ကြင်နာနာ ဆက်ဆံတော့မည် မဟုတ်ဘဲ သင့်ကို ရှင်းလင်းပစ်မည်၊ သို့မဟုတ် ဖယ်ရှားပစ်မည်ဖြစ်ပြီး သင်သည် ဘုရားသခင်အပေါ် သင့်ယုံကြည်ခြင်းလမ်းကြောင်း၏ အဆုံးသို့ ရောက်လာလိမ့်မည်။ ဤအတွက် မည်သူ့ကို အပြစ်တင်ရမည်နည်း။ (မိမိကိုယ်ကိုသာ ဖြစ်သည်။) ဤအရာသည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားသောသူများထံ ရောက်လာတတ်သော အဆုံးသတ်ပင် ဖြစ်သည်။ “မြစ်ရေသည် သုံးပေအနက်ထိ အေးခဲရန် တစ်ရက်မက ပိုကြာသည်” ဟူသော ဆိုရိုးစကားအတိုင်းပင်။ အကယ်၍ သင်သည် ဘုရားသခင်ကို နှစ်အတော်ကြာ ယုံကြည်ခဲ့သော်လည်း သမ္မာတရားကို မလိုက်စားဘဲ ဤလောက၏လမ်းစဉ်ကို ရွေးချယ်ပြီး ဘုရားသခင်အစား စာတန်နောက်သို့လိုက်ရန် ရွေးချယ်ခဲ့လျှင် ဘုရားသခင်သည် သင့်အား ပစ်ပယ်ပြီး စွန့်လွှတ်သွားမည်ဖြစ်သည်။ ဘုရားသခင်က လူတို့ကို အတင်းအကျပ် မပြုပေ။ ဘုရားသခင်၏ ကယ်တင်ခြင်း၊ သူ၏နှုတ်ကပတ်တော်၊ သူ၏သမ္မာတရားနှင့် အသက်ကို လူသားအား ရက်ရက်ရောရော ပေးခဲ့သည်။ သူသည် သင့်ကို ပိုက်ဆံတောင်းခြင်း၊ သို့မဟုတ် သင်နှင့်ညှိနှိုင်းခြင်း မပြုပေ။ အကယ်၍ သင်သည် သမ္မာတရားကို လက်ခံရန် ငြင်းဆိုရုံသာမက ဘုရားသခင်ကို စောဒကတက်ပြီး အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ပါက သင်သည် ပြဿနာကို တောင်းဆိုနေခြင်း မဟုတ်လော။ သို့ဆိုလျှင် ဘုရားသခင် ဘာလုပ်မည်နည်း။ သူသည် သင့်ကို မုချစွန့်လွှတ်မည်ဖြစ်ပြီး ၎င်းသည် သင်နှင့် ထိုက်သင့်သောပြစ်ဒဏ် ဖြစ်ပေမည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ကြီးမြတ်သော ကယ်တင်ခြင်းကို လက်တစ်ကမ်း၌ရှိစဉ် ငြင်းပယ်ပြီး မတရားခံရသည်ဟု ခံစားနေရဆဲဖြစ်ကာ ဘုရားသခင်နှင့် ညှိနှိုင်းရန် ဆန္ဒရှိနေပါက ဤသည်မှာ အမှန်တကယ် ယုတ္တိမတန်ပါချေ။ ထိုသို့ဆိုလျှင် သင်သည် ကမ္ဘာကြီး၏ ရွှံ့တွင်းထဲသို့ ပြန်သွားပြီး သင်ဆန္ဒရှိသည်အတိုင်း နေလိုက်သင့်သည်။ ဘုရားသခင်သည် ဂရုစိုက်မည် မဟုတ်တော့ဘဲ ဤတွင် သင်၏အဆုံးသတ်ကို ဆုံးဖြတ်လိမ့်မည်။ အချို့က “လူတို့သည် ဘုရားသခင်ကို မလိုချင်တော့လျှင် သူသည် အဘယ့်ကြောင့် ထိုသူတို့ကို မသေစေသနည်း။” ဟု ဆိုကြသည်။ ဤကဲ့သို့ စဉ်းစားသောသူများ မရှိသလော။ (ရှိပါသည်။) လူအချို့က ရက်စက်ကြမ်းကြုတ်ပြီး “လူတစ်ဦးသည် ဘုရားသခင်နောက်ကို မလိုက်ပါက ဘုရားသခင်သည် သူတို့ကို ကျိန်ဆဲ၊ အပြစ်ပေးပြီးနောက် ဖျက်ဆီးပစ်လိုက်သင့်သည်” ဟု ဆိုကြသည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်ဟု သင်တို့ ထင်သလော။ (မဟုတ်ပါ။) ဘုရားသခင်က ထိုသို့မလုပ်ပေ။ သူက လူတို့ကို အတင်းအကျပ်မလုပ်ပေ။ လူတစ်ဦး၏ အသက်တာသည် မည်ကဲ့သို့ဖြစ်မည်ကို ဘုရားသခင်က ဆုံးဖြတ်ထားပြီးသားဖြစ်ပြီး ဘုရားသခင်သည် ဖြတ်ကတတ်ဆန်း နည်းလမ်းများဖြင့် အလုပ်မလုပ်ပေ။ ထိုလူ၏ ကံကြမ္မာ၊ ပန်းတိုင်နှင့် အဆုံးသတ်တို့ကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားပြီး အကယ်၍ ၎င်းတို့သည် ဘုရားသခင်နောက်သို့ မလိုက်ပါက ၎င်းတို့ကို ထိုနည်းအားဖြင့် မိမိတို့၏ မူလကံကြမ္မာအတိုင်း ဣန္ဒြေမပျက် အသက်ရှင်ခွင့် ပေးဦးမည်ဖြစ်သည်။ ဘုရားသခင်သည် သူတို့ကို စာတန်လက်သို့ အပ်သဖြင့် ယင်းက အဆုံးသတ်ဖြစ်လိမ့်မည်။ နောက်ဆုံးတွင် သူတို့၏အဆုံးသတ်ကို သူတို့၏ဘဝအဆုံးသတ်ချိန် သင့်တော်သည့်အခါ၌ ဘုရားသခင်က ဆုံးဖြတ်မည်ဖြစ်သည်။ ဘုရားသခင်သည် ဤဥပဒေသအားလုံးကို ကမောက်ကမ ဖြစ်စေမည်မဟုတ်ပေ။ လူ့စကားအားဖြင့်ဆိုရလျှင် ဘုရားသခင်သည် “သင်သည် ငါ၏နောက်သို့ မလိုက်လျှင် သင့်ကို သတ်ပစ်မည်” ဟု ပြောတတ်သော အန္တိခရစ်များ၏ ဒုက္ခပေးတတ်ခြင်း၊ ရက်စက်ယုတ်မာခြင်းများနှင့် မတူဘဲ အထူးသဖြင့် ဆင်ခြင်တုံတရားဖြင့် ပြုမူသည်။ ယင်းက မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်းသည် ဓားပြစိတ်ထား၊ တောပုန်းဓားပြ၊ လူဆိုးတို့၏ စိတ်သဘောထားပင် ဖြစ်သည်။ ဘုရားသခင်သည် ဤကဲ့သို့ ပြုမူသည်မဟုတ်။ ဘုရားသခင်သည် “သင်တို့ ငါ့နောက်သို့မလိုက်လျှင် စာတန်ထံပြန်လော့၊ ယခုမှစ၍ ကျွန်ုပ်တို့ကြားရှိ ဆက်ဆံရေးအားလုံးကို ဖြတ်တောက်ပစ်မည်။ သင်သည် ငါ၏ကာကွယ်မှုရော ငါ၏စောင့်ရှောက်မှုကိုပါ ခံစားရမည်မဟုတ်။ ဤကောင်းချီးတွင် သင်ပါဝင်မည်မဟုတ်ပါ။ သင်နှစ်သက်သလို နေထိုင်လော့။ ရွေးချယ်မှုက သင့်အပေါ်မူတည်သည်” ဟု ဆိုလိမ့်မည်။ သင်၏အလိုဆန္ဒ မဟုတ်သည့်တိုင် သင့်ကို ထာဝစဉ်ထိန်းချုပ်ပြီး ဆုပ်ကိုင်ထားလိုသော စာတန်နှင့်မတူဘဲ ဘုရားသခင်သည် လူတို့ကို သည်းခံကာ ၎င်းတို့အား အတင်းအကျပ်မလုပ်ချေ။ ဘုရားသခင်က ထိုသို့မလုပ်ချေ။ ဘုရားသခင်၌ အမှုအရာများကို လုပ်ဆောင်ရန်အတွက် သူ၏ကိုယ်ပိုင်မူများရှိသည်။ သူသည် လူတို့ကို သူ့နောက်လိုက်ရန် တောင်းဆိုသော်လည်း သူတို့ကို မည်သည့်အခါမျှ အတင်းအကျပ် မလုပ်ပေ။ အကယ်၍ သင်သည် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သမ္မာတရားကို လက်မခံနိုင်ပါက၊ ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို မထမ်းဆောင်နိုင်ပါက ဘုရားသခင်၏ကောင်းချီးကို သင် မည်သည့်အခါမျှ ရရှိမည်မဟုတ်ပေ။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်

အရှေ့သို့- စိတ်နှလုံးနှင့် ဝိညာဉ် အကြွင်းမဲ့ဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်သည့်သူသာလျှင် ဘုရားသခင်ကို ချစ်သည့်သူဖြစ်သည်

နောက်တစ်ခုသို့- ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဍာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။