၂။ ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော်
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၆)
ချီးမွမ်းခြင်းသည် ဇိအုန်သို့ရောက်လာပြီဖြစ်ကာ ဘုရားသခင်၏ ကျိန်းဝပ်တော်မူရာအရပ်သည် ပေါ်ထွန်းလာပြီးဖြစ်သည်။ လူမျိုးခပ်သိမ်း၏ ချီးမွမ်းခြင်းခံရသော ဘုန်းကြီးသည့် သန့်ရှင်းသောနာမသည် ပျံ့နှံ့လျက်ရှိသည်။ အို အနန္တတန်ခိုးရှင် ဘုရားသခင်။ စကြဝဠာ၏ဦးသျှောင်၊ နောက်ဆုံးသောကာလ၏ ခရစ်တော်- သူသည် ဘုန်းတန်ခိုးအာနုဘော်နှင့် ကြီးကျယ်ခမ်းနားခြင်းတို့ဖြင့် စကြဝဠာတစ်ခုလုံးအပေါ်လွှမ်းမိုးသည့် ဇိအုန်တောင်အထက်တွင် ပေါ်ထွက်နေသော တောက်ပနေသည့်နေမင်းဖြစ်၏...
အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့သည် ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် ကိုယ်တော်အား ဟစ်အော်ခေါ်ကြပါ၏၊ ကျွန်ုပ်တို့သည် ကခုန်လျက် သီချင်းဆိုကြပါ၏။ ကိုယ်တော်သည် အမှန်တကယ် ကျွန်ုပ်တို့၏ ရွေးနုတ်ရှင်၊ စကြဝဠာ၏ ကြီးမြတ်သော ဘုရင်ဖြစ်၏။ ကိုယ်တော်သည် အောင်မြင်သောသူတစ်စုကို ပြုလုပ်ပြီးဖြစ်ကာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေလေပြီ။ လူမျိုးခပ်သိမ်းသည် ဤတောင်သို့ စုဝေးကြလိမ့်မည်။ လူမျိုးခပ်သိမ်းသည် ပလ္လင်တော်ရှေ့တွင် ဒူးထောက်ကြလိမ့်မည်။ ကိုယ်တော်သည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင်ဖြစ်တော်မူပြီး ဘုန်းအသရေနှင့် ဂုဏ်ပြုခြင်းတို့ ထိုက်တန်ပါ၏။ ဘုန်းအသရေ၊ ချီးမွမ်းခြင်းနှင့် ဩဇာအာဏာအားလုံးတို့သည် ပလ္လင်တော်၌ ရှိစေသတည်း။ အသက်စမ်းရေသည် မြောက်မြားစွာသော ဘုရားသခင်၏လူတို့ကို ရေလောင်းကာ ကျွေးမွေးလျက် ပလ္လင်တော်မှ စီးထွက်သည်။ အသက်သည် နေ့စဉ်နှင့်အမျှ ပြောင်းလဲ၏။ အသစ်သောအလင်းနှင့် ဗျာဒိတ်တော်များသည် ဘုရားသခင်အကြောင်း အသစ်သော ထိုးထွင်းသိမြင်မှုများကို စဉ်ဆက်မပြတ် ပေးလျက်၊ ကျွန်ုပ်တို့နောက်ကို လိုက်ကြ၏။ အတွေ့အကြုံများအလယ်တွင်၊ ဘုရားသခင်နှင့် ပတ်သက်၍ ကျွန်ုပ်တို့ လုံးဝ သေချာသွားကြသည်။ ကိုယ်တော်၏နှုတ်ကပတ်တော်များသည် စဉ်ဆက်မပြတ် ထင်ရှားလာကြ၏၊ မှန်ကန်သောသူများအတွင်းတွင် ထင်ရှားလာကြ၏။ ကျွန်ုပ်တို့သည် ဧကန်အမှန် ကောင်းချီးအလွန်ခံစားကြရပါ၏။ ဘုရားသခင်နှင့် နေ့စဉ် မျက်နှာချင်းဆိုင် တွေ့၍ အရာရာ၌ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကာ ဘုရားသခင်အား အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာပေးလျက်ရှိကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သေချာစွာ စဉ်းစားချင့်ချိန်၍ ကျွန်ုပ်တို့၏နှလုံးသားများသည် ဘုရားသခင်၌ ငြိမ်သက်လျက်ရှိပြီး၊ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အလင်းကို လက်ခံရရှိသည့် နေရာဖြစ်သော ကိုယ်တော်၏ရှေ့မှောက်သို့ လာကြ၏။ နေ့စဉ် ကျွန်ုပ်တို့၏ အသက်တာများ၊ လုပ်ဆောင်မှုများ၊ စကားများ၊ အတွေးများနှင့် စိတ်ကူးများ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်အတွင်းတွင် ကျွန်ုပ်တို့ အသက်ရှင်ကြပြီး အစဉ်အမြဲ ခွဲခြားစိတ်ဖြာနိုင်ကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် တိကျသေချာစွာ လမ်းပြ၏၊ ကျွန်ုပ်တို့အတွင်း ကွယ်ဝှက်ထားသောအရာများသည် တစ်ခုပြီးတစ်ခု မမျှော်လင့်ဘဲ ပေါ်လာကြ၏။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းသည် နှောင့်နှေးခြင်းကို သည်းခံသည်မဟုတ်ပေ။ ကျွန်ုပ်တို့၏ အတွေးများနှင့် စိတ်ကူးများသည် ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို ခံရသည်။ အခိုက်အတန့်တိုင်းတွင် ကျွန်ုပ်တို့သည် တရားစီရင်ခြင်းကို ကျွန်ုပ်တို့ ကြုံရသည့်နေရာဖြစ်သော ခရစ်တော်၏ပလ္လင်တော်ရှေ့၌ အသက်ရှင်နေထိုင်လျက်ရှိကြ၏။ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာများအတွင်းရှိ နေရာတိုင်းသည် စာတန်၏ ဆက်လက်သိမ်းပိုက်ထားခြင်းကို ခံနေရသည်။ ယနေ့တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ပြန်လည် ရရှိရန်အလို့ငှာ၊ သူ၏ဗိမာန်တော်သည် သန့်ရှင်းရပေမည်။ ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို အပြည့်အဝခံရဖို့ရန် ကျွန်ုပ်တို့သည် သေရေးရှင်ရေး ရုန်းကန်မှုတစ်ရပ်တွင် ပါဝင်ရမည်။ ကျွန်ုပ်တို့၏ လူဟောင်းများကို ကားစင်တင်ပြီးဖြစ်သည့်အခါမှသာ ခရစ်တော်၏ ရှင်ပြန်ထမြောက်သော အသက်သည် အထွတ်အထိပ် စိုးစံနိုင်ပေသည်။
ယခုတွင်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို ဆယ်တင်ခြင်းအတွက် တိုက်ပွဲဝင်ရန် ကျွန်ုပ်တို့၏ နေရာအနှံ့တွင် ရုတ်တရက် တစ်ဟုန်ထိုးတိုက်ပွဲတစ်ရပ် စတင်၏။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုယ် ငြင်းပယ်ရန်နှင့် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုလားလျက်ရှိရန် အဆင်သင့်ရှိသရွေ့၊ ကျွန်ုပ်တို့သည် ဘုရားသခင်အားဖြင့် တတ်နိုင်သမျှအမြန်ဆုံး စုံလင်သွားနိုင်စေရန်အလို့ငှာ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အတွင်းမှ အချိန်တိုင်း အလင်းပေးကာ သန့်စင်စေမည်ဖြစ်ပြီး၊ စာတန်သိမ်းပိုက်ထားခဲ့သည့်အရာကို အသစ်ပြန်လည် သိမ်းယူလိမ့်မည်မှာ သေချာ၏။ အချိန်မဖြုန်းနှင့်- ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းတွင် အချိန်တိုင်း အသက်ရှင်လော့။ သန့်ရှင်းသူတို့ နှင့်အတူ တည်ဆောက်ခြင်းခံကြလော့၊ နိုင်ငံတော်အတွင်း ခေါ်ဆောင်ခြင်းခံကြလော့၊ ပြီးလျှင်ဘုရားသခင်နှင့်အတူ ဘုန်းတော်ဝင်စားကြလော့။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၇)
ဖိလဒေလဖိအသင်းတော်သည် ရုပ်လုံးပေါ်လာခဲ့သည်မှာ ဘုရားသခင်၏ကျေးဇူးနှင့် ကရုဏာတော်ကြောင့် လုံးလုံးဖြစ်၏။ ၎င်းတို့၏ ဝိညာဉ်ရေးရာ ခရီးပေါ်တွင် ယိမ်းယိုင်ခြင်းမရှိသည့် မရေမတွက်နိုင်သော သန့်ရှင်းသူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ ထွက်ပေါ်လေသည်။ ၎င်းတို့သည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင် လူ့ဇာတိခံလာပြီဖြစ်သည်၊ သူသည် အရာခပ်သိမ်းကို ကွပ်ကဲအုပ်ချုပ်သည့် စကြဝဠာ၏ ဦးသျှောင် ဖြစ်သည်ဟူသော ၎င်းတို့၏ ယုံကြည်ခြင်းကို စွဲစွဲမြဲမြဲ ကိုင်စွဲကြလေသည်။ ယင်းကို သန့်ရှင်းသောဝိညာဉ်တော်က အတည်ပြုထား၏၊ ယင်းသည် တောင်တန်းများတမျှပင် မရွေ့လျားနိုင်ပေ။ ပြီးလျှင် ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။
အိုး၊ အနန္တတန်ခိုးရှင်ဘုရားသခင်၊ ယနေ့တွင် မျက်စိမမြင်သူများကို မြင်ခွင့်ပေးလျက်၊ ခြေမသန်သောသူများကို လမ်းလျှောက်စေလျက်နှင့် နူနာစွဲသောသူများကို ပျောက်ကင်းစေလျက် ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာမျက်စိတို့ကို ဖွင့်ပေးခဲ့သူမှာ ကိုယ်တော်ဖြစ်ပါ၏။ ဝိညာဉ်ရေးရာ နယ်ပယ်၏ နက်နဲမှုများကို ကျွန်ုပ်တို့အား သိမြင်စေလျက်၊ မိုးကောင်းကင်သို့ တံခါးကို ဖွင့်ခဲ့သည်မှာ ကိုယ်တော် ဖြစ်ပါ၏။ ကိုယ်တော်၏ သန့်ရှင်းသော နှုတ်ကပတ်တော်များဖြင့် စိမ့်ဝင်ပျံ့နှံ့ကာ ကျွန်ုပ်တို့သည် စာတန်၏ ဖျက်ဆီးခြင်းခံရသည့် လူ့သဘာဝမှ ကယ်တင်ခံရလျက်- ကိုယ်တော်၏မခန့်မှန်းနိုင်သော မဟာအမှုတော်နှင့် မခန့်မှန်းနိုင်သော မဟာကရုဏာတော်သည် ဤကဲ့သို့ ဖြစ်ပါ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ သက်သေခံများ ဖြစ်ကြပါ၏။
ကိုယ်တော်သည် နှိမ့်ချစွာနှင့် တိတ်ဆိတ်စွာ ကွယ်ဝှက်၍နေလာခဲ့သည်မှာ ကာလကြာမြင့်ခဲ့ချေပြီ။ ကိုယ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း၊ ကားစင်တင်ခံရခြင်းဒုက္ခ၊ လူ့ဘဝ၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းများ၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခက်ခဲခြင်းတို့ကို ကြုံရပြီးဖြစ်ပါ၏။ ကိုယ်တော်သည် လူ့လောက၏ နာကျင်မှုကို တွေ့ကြုံကာ မြည်းစမ်းပြီးဖြစ်ကာ ခေတ်ကာလ၏ ပစ်ပယ်မှုကို ကိုယ်တော် ခံရပြီးဖြစ်ပါ၏။ လူ့ဇာတိကိုခံယူသော ဘုရားသခင်သည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်တော်မူ၏။ ဘုရားသခင်၏ အလိုတော်အဖို့ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ကိုယ်တော်၏ လက်ျာလက်တော်ဖြင့် ချီပင့်ရင်းနှင့် ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွန်ုပ်တို့အား အခမဲ့ ပေးရင်း နောက်ချေးပုံမှ ကျွန်ုပ်တို့ကို ကယ်တင်ပြီးဖြစ်ပါ၏။ မည်သည့်နာကျင်မှုကိုမျှ မရှောင်ရှားဘဲ၊ ကိုယ်တော်သည် ကိုယ်တော်၏အသက်ကို ကျွန်ုပ်တို့အတွင်း၌ ဖြစ်ပေါ်စေခဲ့လေပြီ။ ကိုယ်တော်၏ သွေး၊ ချွေးနှင့် မျက်ရည်တို့ဖြင့် ကိုယ်တော် ပေးဆပ်ခဲ့သော အဖိုးအခသည် သန့်ရှင်းသူတို့အပေါ် ပုံပေါ်လာပါ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ အပင်ပန်းခံသော အားထုတ်မှုများ၏ ရလဒ်က ဖြစ်ပါ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်ပေးဆပ်သည့် အဖိုးအခဖြစ်ပါ၏။
အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်၏ချစ်ခြင်းမေတ္တာနှင့် ကရုဏာတော်၊ ကိုယ်တော်၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်တော်၊ ကိုယ်တော်၏ သန့်ရှင်းခြင်းနှင့် နှိမ့်ချခြင်းတို့ကြောင့် လူမျိုးအားလုံးသည် ကိုယ်တော်၏ ရှေ့တော်၌ ထာဝရကာလပတ်လုံး ပျပ်ဝပ်၍ ကိုးကွယ်ကြပါလိမ့်မည်။
ယနေ့၊ ကိုယ်တော်သည်- ဖိလဒေလဖိ အသင်းတော်- အသင်းတော်အားလုံးကို စုံလင်စေပြီးဖြစ်ကာ ထိုသို့ဖြင့် ကိုယ်တော်၏ အနှစ် ၆၀၀၀ စီမံခန့်ခွဲမှုအစီအစဉ်ကို ပြည့်စုံစေပြီးဖြစ်ပါ၏။ စိတ်ဝိညာဉ်တွင် ဆက်နွှယ်လျက်နှင့် ချစ်ခြင်းမေတ္တာနှင့်အတူ လိုက်လျှောက်ရင်း၊ စမ်းရေ၏ အရင်းအမြစ်နှင့် ဆက်သွယ်လျက် ကိုယ်တော်၏ရှေ့တွင် သန့်ရှင်းသူတို့သည် မိမိတို့ကိုယ်ကိုယ် နှိမ့်ချစွာဖြင့် နာခံနိုင်ကြပါ၏။ ရှင်သန်သော အသက်စမ်းရေသည် အသင်းတော်ထဲက ရွှံ့နှင့် ညစ်ညူးမှုအားလုံးကို ဆေးကြောကာ သန့်စင်ဖယ်ရှားလျက်၊ ကိုယ်တော်၏ ဗိမာန်တော်ကို တစ်ဖန် သန့်စင်စေရင်း၊ မရပ်မနား စီးဆင်းပါ၏။ ကျွန်ုပ်တို့သည် လက်တွေ့ကျသည့် စစ်မှန်သော ဘုရားသခင်ကို သိရှိလာကြပါပြီ၊ ကိုယ်တော်၏နှုတ်ကပတ်တော်အတွင်းတွင် လျှောက်လှမ်းကြပါပြီ၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင် လုပ်ငန်းတာဝန်များကို သိမှတ်ပြီး အသင်းတော်အဖို့အလို့ငှာ မိမိတို့ကိုယ်ကိုယ် အသုံးခံဖို့ ကျွန်ုပ်တို့သည် တတ်နိုင်သမျှ လုပ်ဆောင်ပြီးဖြစ်သည်။ ကိုယ်တော်၏ အလိုတော်သည် ကျွန်ုပ်တို့၌ မပိတ်ဆို့ရန်၊ ကိုယ်တော်၏ ရှေ့မှောက်တွင် အမြဲ ဆိတ်ဆိတ်နေလျက် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်ကို ကျွန်ုပ်တို့ အရေးစိုက်ရပါမည်။ သန့်ရှင်းသူများအကြားတွင် အပြန်အလှန် ချစ်ခြင်းမေတ္တာရှိပြီး အချို့၏ အားသာချက်တို့သည် အခြားသူတို့၏အားနည်းချက်များအတွက် အစားထိုးပေးပါလိမ့်မည်။ ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခံရကာ အလင်းပြခံရလျက်၊ အချိန်တိုင်း ဝိညာဉ်တော်၌ လျှောက်လှမ်းနိုင်ကြပေသည်။ ၎င်းတို့သည် သမ္မာတရားကို သိရှိနားလည်သည်နှင့် ချက်ချင်း လက်တွေ့လုပ်ဆောင်ကြသည်။ အသစ်သောအလင်းကို အမီလိုက်ကာ ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်ကြလေသည်။
ဘုရားသခင်နှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြလော့၊ ကိုယ်တော်ကို ထိန်းချုပ်ခွင့်ပေးခြင်းမှာ ကိုယ်တော်နှင့်အတူလျှောက်လှမ်းခြင်းဖြစ်၏။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် စိတ်ကူးများ၊ အယူအဆများ၊ သဘောထားများနှင့် လောကီ ငြိတွယ်ခြင်းများသည် မီးခိုးငွေ့ကဲ့သို့ ပျောက်ချင်းမလှ ပျောက်ကွယ်သွားကြသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဝိညာဉ်များထဲတွင် ဘုရားသခင်ကို ကျွန်ုပ်တို့ အထွတ်အထိပ် အုပ်စိုးခွင့်ပြုသောကြောင့်၊ သူနှင့်အတူလျှောက်ကာ၊ ထူးကဲသာလွန်ခြင်း၊ လောကကို အောင်မြင်ခြင်းတို့ကို ရရှိကြပြီး ကျွန်ုပ်တို့၏စိတ်ဝိညာဉ်များသည် လွတ်လပ်စွာ ပျံသန်းကာ လွတ်မြောက်မှုကို ရရှိကြ၏။ ဤသည်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်သည် ရှင်ဘုရင်ဖြစ်လာသည့်အခါ ရရှိသော အကျိုးရလဒ်ပင် ဖြစ်ပေ၏။ ကျွန်ုပ်တို့၏ ချီးမွမ်းခြင်းများ၊ အသစ်သော ဓမ္မသီချင်းများကို ပူဇော်ရင်း၊ ကျွန်ုပ်တို့သည် အဘယ်သို့ ချီးမွမ်းခြင်းဖြင့် မကခုန်၊ မသီဆိုဘဲ နေနိုင်ကြမည်နည်း။
ဘုရားသခင်ကိုချီးမွမ်းရန် နည်းလမ်းများစွာ အမှန်ရှိ၏- ကိုယ်တော့်နာမတော်ကို ဟစ်ခေါ်ခြင်း၊ ကိုယ်တော့်ထံ တိုးဝင် ချဉ်းကပ်ခြင်း၊ ကိုယ်တော့်အကြောင်းကို တွေးတောခြင်း၊ ဆုတောင်း-ဖတ်ရှုခြင်း၊ မိတ်သဟာယ၌ ပါဝင်ခြင်း၊ ဆင်ခြင်စဉ်းစားခြင်းနှင့် တွေးဆခြင်း၊ ဆုတောင်းခြင်းနှင့် ချီးမွမ်းသီချင်းများ ဖြစ်သည်။ ဤကဲ့သို့ ချီးမွမ်းခြင်းမျိုးများတွင် ပျော်မွေ့ခြင်းရှိကာ ဘိသိက်ရှိ၏၊ ချီးမွမ်းခြင်း၌ တန်ခိုးရှိပြီး ဝန်တာတစ်ခုလည်း ရှိ၏။ ချီးမွမ်းခြင်း၌ ယုံကြည်ခြင်းရှိကာ အသစ်သော ထိုးထွင်းသိမြင်ခြင်း ရှိပေသည်။
ဘုရားသခင်နှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လော့၊ အစေခံခြင်းတွင် ပူးပေါင်းဆောင်ရွက်ကာ တစ်လုံးတစ်ဝတည်း ဖြစ်ကြလော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းလော့၊ သန့်ရှင်းသော ဝိညာဉ်ရေးရာ ခန္ဓာတစ်ခု ဖြစ်ရန် အလျင်အမြန်ပြုလော့၊ စာတန်အား ခြေဖြင့်နင်းကာ စာတန်၏ ကံကြမ္မာကို အဆုံးသတ်လော့။ ဖိလဒေလဖိအသင်းတော်သည် ဘုရားသခင်၏ မျက်မှောက်တော်ထဲသို့ ချီဆောင်ခံရပြီးဖြစ်ကာ သူ၏ ဘုန်းတော်ထဲတွင် ထင်ရှားစေပြီ ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
အောက်ခြေမှတ်စု(များ)-
က။ မူရင်းစာသားတွင် “ရလဒ်” ဆိုသည့် စကားစု မပါဝင်ပါ။
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၈)
အောင်ပွဲခံသော ရှင်ဘုရင်သည် ဘုန်းအသရေနှင့်ပြည့်သော သူ၏ပလ္လင်ပေါ်၌ ထိုင်လေ၏။ သူသည် ရွေးနုတ်ခြင်းကို ပြီးမြောက်ပြီးဖြစ်ကာ၊ သူ၏လူအပေါင်းကို ဘုန်းအသရေဖြင့် ပေါ်ထွန်းဖို့ ဦးဆောင်ပြီးလေပြီ။ သူသည် စကြဝဠာကို သူ၏လက်ထဲ၌ ထိန်းချုပ်ထားကာ၊ သူ၏ဘုရားသဘောသဘာဝ ဉာဏ်ပညာနှင့် ခွန်အားဖြင့် ဇိအုန်ကို တည်ဆောက်ကာ ခိုင်ခံ့စေလေပြီ။ သူ၏ဘုန်းအာနုဘော်ဖြင့် ဆိုးယုတ်သော လောကကြီးကို တရားစီရင်၏၊ သူသည် တိုင်းနိုင်ငံများအားလုံးနှင့် လူအပေါင်း၊ ကမ္ဘာမြေကြီး၊ ပင်လယ်များနှင့် ၎င်းတို့ထဲရှိ သက်ရှိအရာအားလုံးအပြင်၊ မတရားသောမေထုန်၏ စပျစ်ရည်ဖြင့် ယစ်မူးကြသူများကို တရားစီရင်ပြီးလေပြီ။ ဘုရားသခင်သည် ၎င်းတို့ကို ဧကန်မုချ တရားစီရင်လိမ့်မည်ဖြစ်ပြီး၊ သူသည် ၎င်းတို့ကို မုချအမျက်ထွက်မည်ဖြစ်ကာ၊ ယင်း၌ သူ၏ တရားစီရင်ခြင်းသည် ချက်ချင်းပင်ဖြစ်ကာ၊ နှောင့်နှေးခြင်း အလျှင်းမရှိသည့် ဘုရားသခင်၏ ဘုန်းအာနုဘော်အား ထုတ်ဖော်ပြလိမ့်မည်။ ဘုရားသခင်၏ အမျက်ဒေါသမီးသည် ၎င်းတို့၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုများကို ဧကန်မုချ မီးရှို့ဖျက်ဆီးမည်ဖြစ်ပြီး၊ ကပ်ဘေးသည် ၎င်းတို့အပေါ် အချိန်မရွေး ကျရောက်လေမည်။ ၎င်းတို့သည် လွတ်မြောက်ရန် လမ်းကို သိကြမည်မဟုတ်ဘဲ၊ ပုန်းအောင်းစရာ နေရာမရှိ ဖြစ်ကြမည်၊ ၎င်းတို့သည် ငိုကြွေးကာ အံသွားခဲကြိတ်ကြလေမည်ဖြစ်ပြီး၊ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အပေါ်သို့ ပျက်စီးခြင်းကို ကျရောက်စေကြလိမ့်မည်။
ဘုရားသခင်၏ အောင်ပွဲခံသော ချစ်သားများသည် ဇိအုန်၌ မုချနေထိုင်ကြမည်ဖြစ်လိမ့်မည်၊ ထိုနေရာမှ မည်သည့်အခါမျှ ထွက်ခွာကြ မည်မဟုတ်။ မြောက်မြားစွာသော လူတို့သည် သူ၏အသံတော်ကို စေ့စေ့နားထောင်ကြလိမ့်မည်၊ ၎င်းတို့သည် သူ၏ လုပ်ဆောင်ချက်များကို အသေအချာ အလေးဂရုပြုကြလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ ချီးမွမ်းခြင်း အသံများသည် မည်သည့်အခါတွင်မျှ ရပ်စဲမည်မဟုတ်ပေ။ စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်သည် ပေါ်ထွန်းလေပြီ။ ငါတို့သည် စိတ်ဝိညာဉ်၌ သူနှင့်ပတ်သက်၍ ယုံမှားဖွယ်မရှိဘဲ၊ သူ့နောက်သို့ နီးကပ်စွာ လိုက်သင့်ပေသည်။ ငါတို့သည် အစွမ်းကုန် ရှေ့သို့ တစ်ဟုန်ထိုးပြေးပြီး နောက်ထပ် မတုံ့ဆိုင်းသင့်ပေ။ ကမ္ဘာလောက၏ အဆုံးသတ်သည် ငါတို့ရှေ့၌ ဖွင့်ဟလျက်ရှိ၏။ မှန်ကန်သော အသင်းတော် အသက်တာအပြင် ငါတို့ပတ်လည်၌ရှိသော လူများ၊ အရေးကိစ္စများနှင့် အမှုအရာများသည် ယခုပင်လျှင် ငါတို့၏ လေ့ကျင့်ခြင်းကို ပို၍ပြင်းထန်စေနေသည်။ လောကကို အလွန်ချစ်သော ငါတို့၏စိတ်နှလုံးများကို အလျင်အမြန် ပြန်ယူကြပါစို့။ အလွန် မှေးမှိန်သော ငါတို့၏ရူပါရုံကို အလျင်အမြန် ပြန်ယူကြပါစို့။ ငါတို့သည် နယ်နိမိတ်များကို မကျော်လွန်မိနိုင်စေရန် ငါတို့၏ ခြေလှမ်းများကို ထိန်းကြစို့။ ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် လျှောက်လှမ်းပြီး ငါတို့၏ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုတို့ကို ခုခံပြောဆိုခြင်းမရှိနိုင်တော့ဖို့အလို့ငှာ ငါတို့၏နှုတ်များကို ရပ်တန့်ကြစို့။ လောကီနှင့် ကြွယ်ဝချမ်းသာခြင်းကို သင်၏ အလိုကြီးသော တွယ်တာခြင်း- အို၊ ယင်းကို လက်လွှတ်လော့။ ခင်ပွန်းသည်များနှင့် သားသမီးများကို သင်၏ နှောင်တွယ်နေသော သံယောဇဉ်- အို၊ ယင်းမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေကြလော့။ သင်တို့၏ရှုထောင့်အမြင်များနှင့် အခြေအမြစ် မရှိသော စွဲလမ်းမှုများကို- ကျောခိုင်းကြလော့။ အို၊ နိုးထကြလော့၊ အချိန်သည် တိုတောင်း၏။ သင်တို့၏စိတ်ဝိညာဉ်အတွင်မှ အထက်သို့ မျှော်ကြည့်လော့၊ အထက်သို့ မျှော်ကြည့်လော့၊ ပြီးလျှင် ဘုရားသခင်ကို ထိန်းချုပ်ခွင့်ပေးလော့။ မည်သည့်အရာ ဖြစ်ပါစေ၊ လောတ၏ နောက်ထပ်ဇနီး ဖြစ်မလာစေကြနှင့်။ ပစ်ပယ်ခံရခြင်းမှာ သနားချင့်စဖွယ် ဖြစ်သည်တကား။ အမှန်ပင် သနားချင့်စဖွယ် ဖြစ်ပါတကား။ အို၊ နိုးထကြလော့။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၄၉)
တောင်များနှင့် မြစ်များ ပြောင်းလဲကြသည်၊ ရေများက မိမိတို့၏ လမ်းကြောင်းတစ်လျှောက် စီးဆင်းကြပြီး၊ လူသား၏အသက်သည် မြေကြီးနှင့် ကောင်းကင်ကဲ့သို့ တည်တံ့ခြင်း မရှိပေ။ အနန္တတန်ခိုးရှင် ဘုရားသခင်သာလျှင် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ရာသက်ပန် ဆက်လက် တည်ရှိသော ထာဝရနှင့် ရှင်ပြန်ထမြောက်သော အသက် ဖြစ်သည်။ ခပ်သိမ်းသော အရာများနှင့် အဖြစ်အပျက်များသည် သူ၏ လက်ထဲတွင်ရှိပြီး စာတန်သည် သူ၏ ခြေအောက်၌ ရှိ၏။
ယနေ့တွင်၊ ကျွန်ုပ်တို့ကို စာတန်၏လက်တွင်းမှ သူကယ်နုတ်သည်မှာ ဘုရားသခင်၏ ကြိုတင်ခွဲခန့် မှတ်သားထားသော ရွေးချယ်ခြင်းအားဖြင့် ဖြစ်သည်။ သူသည် ကျွန်ုပ်တို့၏ ရွေးနုတ်ရှင် အစစ်အမှန် ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် သူနှင့် မျက်နှာချင်းဆိုင် လာနိုင်ဖို့၊ သူ့ကို စားသောက်ကာ မွေ့လျော်နိုင်ကြဖို့အလို့ငှာ ကျွန်ုပ်တို့ကို ဘုရားသခင်၏အသက်နှင့် ဆက်နွှယ်စေရန် စီမံရင်း၊ ခရစ်တော်၏ ထာဝရ၊ ရှင်ပြန်ထမြောက်သော အသက်ကို ကျွန်ုပ်တို့အတွင်း၌ ဖြစ်ပေါ်စေပြီးဖြစ်သည်။ ဤသည်မှာ သူ၏ နှလုံးသွေး အဖိုးအခဖြင့် ဘုရားသခင် ပြုပြီးဖြစ်သည့် ကိုယ်ကျိုးမငဲ့သော ဆက်ကပ်မှု ဖြစ်သည်။
အလွန်များလှစွာသော ဘဝ၏ ဆင်းရဲဒုက္ခများ၊ နှိပ်စက်ညှဉ်းပန်းမှုများနှင့် အတိဒုက္ခများ၊ အလွန်များလှစွာသော လောကကြီး၏ ငြင်းပယ်မှုများ နှင့် အသရေဖျက်မှုများ၊ အလွန်များလှစွာသော အစိုးရ၏ မမှန်မကန် စွပ်စွဲချက်များနှင့် တွေ့ဆုံရလျက်၊ လေနှင့် ဆီးနှင်းတို့ကို ဖြတ်သန်းရင်း ရာသီဥတုများ လာလိုက်သွားလိုက် ဖြစ်ကြသော်လည်း၊ ဘုရားသခင်၏ ယုံကြည်ခြင်းနှင့် ဆုံးဖြတ်ချက်တို့မှာ အနည်းငယ်မျှ ဆုတ်ယုတ်ခြင်း မရှိပေ။ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် အစီအစဉ်တို့ကို ဆက်ကပ်လျက်၊ ၎င်းတို့ ပြီးမြောက်စေနိုင်ဖို့ရန် အလို့ငှာ သူသည် မိမိကိုယ်တိုင်၏ အသက်ကို ဘေးဖယ်ထား၏။ သူ၏ လူထုအားလုံးအတွက် သူသည် ၎င်းတို့ကို ဂရုတစိုက် ကျွေးမွေးပြီး ရေလောင်းပေးလျက် နာကျင်မှုများကို ရှောင်ရှားခြင်းမရှိပေ။ ကျွန်ုပ်တို့ မည်မျှ မသိနားမလည်ပါစေ၊ သို့မဟုတ် မည်မျှ ဆက်ဆံရခက်ပါစေ သူ၏ရှေ့တွင် နာခံရုံမျှနာခံရမည်ဖြစ်ပြီး ခရစ်တော်၏ ရှင်ပြန်ထမြောက်သော အသက်သည် ကျွန်ုပ်တို့၏ ဗီဇဟောင်းကို ပြောင်းလဲပေးလိမ့်မည် ဖြစ်သည်။...ဤသားဦးများ အားလုံးအတွက် သူသည် အစားအစာနှင့် အိပ်စက်ခြင်းတို့ကို စွန့်လွှတ်ရင်း မမောနိုင်မပန်းနိုင် အလုပ်လုပ်သည်။ နေ့နှင့်ညများ မည်မျှ များပြားပါစေ၊ မည်မျှချစ်ချစ်တောက်ပူသော အပူရှိန်များနှင့် အလွန့်အလွန်အေးသော အေးစက်မှုများကို ဖြတ်သန်းရပါစေ၊ သူသည် ဇိအုန်တွင် စိတ်နှလုံးအကြွင်းမဲ့ စောင့်ကြည့်လေသည်။
လောက၊ နေအိမ်၊ အလုပ်နှင့် အားလုံးကို ဝမ်းမြောက်ဝမ်းသာ၊ လိုလိုလားလား လုံးဝ စွန့်လွှတ်ပြီး၊ လောက၏ ပျော်ရွှင်မှုများသည် သူနှင့် သက်ဆိုင်ခြင်းမရှိပေ။...သူ၏ နှုတ်မှ နှုတ်ကပတ်တော်များသည် ကျွန်ုပ်တို့၏ စိတ်နှလုံးများထဲတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် အရာများကို ဖော်ထုတ်ရင်း၊ ကျွန်ုပ်တို့ထဲကို ထိမှန်လေသည်။ ကျွန်ုပ်တို့သည် လက်ခံယုံကြည်မှုမရှိဘဲ အဘယ်သို့ နေနိုင်မည်နည်း။ သူ၏နှုတ်မှ ထွက်လာသော ဝါကျတိုင်းသည် ကျွန်ုပ်တို့အထဲတွင် အချိန်မရွေး အမှန်တကယ် ဖြစ်ပေါ်လာကောင်း ဖြစ်ပေါ်လာနိုင်သည်။ သူ၏ မျက်မှောက်တွင်ဖြစ်စေ သူ့ထံမှဝေးရာ၌ ဖုံးကွယ်၍ဖြစ်စေ ကျွန်ုပ်တို့လုပ်ဆောင်သည့် မည်သည့်အရာမဆို သူမသိသောအရာ မရှိ၊ သူ နားမလည်သောအရာ မရှိပေ။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ကြံဆချက်များနှင့် အစီအစဉ်များ ရှိစေကာမူ အားလုံးသည် သူ၏ ရှေ့မှောက်တွင် ဧကန်အမှန် ထုတ်ဖော်ပြခံရလိမ့်မည် ဖြစ်သည်။
သူ့ရှေ့တွင် ထိုင်ရင်း၊ ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်အတွင်းတွင် ဝမ်းမြောက်မှု ခံစားရင်း၊ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ငြိမ်သက်သော်လည်း၊ အမြဲ အနှစ်မဲ့ကာ ဘုရားသခင်ကို အမှန်တကယ် ကျေးဇူးကြွေးတင်ရှိသည်ဟု ခံစားရခြင်း- ဤသည်မှာ စိတ်ကူး၍ မရနိုင်သကဲ့သို့ စွမ်းဆောင်ရရှိဖို့ မဖြစ်နိုင်သည့် အံ့ဖွယ်တစ်ခု ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် စစ်မှန်သည့် တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သည်ကို သက်သေပြဖို့ သန့်ရှင်းသော ဝိညာဉ်တော်သည် လုံလောက်ပေ၏။ ယင်းမှာ မငြင်းနိုင်သော သက်သေဖြစ်သည်။ ဤလူစုထဲမှ ကျွန်ုပ်တို့သည် ပြောမပြနိုင်လောက်အောင် ကောင်းချီးမင်္ဂလာ ခံစားကြရ၏။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် သနားခြင်းကရုဏာကြောင့် မဟုတ်ပါက၊ ကျွန်ုပ်တို့သည် ထာဝရ ပျက်စီးခြင်းသို့သာ သွားပြီး စာတန်နောက်သို့ လိုက်မိနိုင်ပေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သာ ကျွန်ုပ်တို့ကို ကယ်တင်နိုင်ပေသည်။
အလိုလေး။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ လက်တွေ့ကျသော ဘုရားသခင်။ ဝိညာဉ်လောက၏ လျှို့ဝှက်ဆန်းကြယ်မှုများကို ကျွန်ုပ်တို့အား ရှုမြင်ခွင့်ပေးရင်း၊ ကျွန်ုပ်တို့၏ ဝိညာဉ်မျက်စိများကို ဖွင့်ပေးပြီးလေသူမှာ ကိုယ်တော်ဖြစ်သည်။ နိုင်ငံတော်၏ အလားအလာများမှာ အကန့်အသတ်မဲ့ပေသည်။ ကျွန်ုပ်တို့ စောင့်ဆိုင်းနေရင်း ဂရုတစိုက်ကြည့်ကြပါစို့။ ထိုနေ့ရက်သည် အလွန့်အလွန် မဝေးနိုင်ပေ။
စစ်၏မီးလျှံများ ဝေ့လည်သည်၊ လေထုသည် စက်အမြောက်မီးခိုးများဖြင့် ပြည့်နေ၏၊ မိုးလေဝသအခြေအနေ ပူနွေးသွားသည်၊ ရာသီဥတု ပြောင်းလဲသည်၊ ကပ်ဆိုးတစ်ခု ပျံ့နှံ့လိမ့်မည်ဖြစ်ကာ၊ အသက်ရှင်ကျန်ရစ်ရန် မျှော်လင့်ချက်မရှိဘဲ လူတို့ သေဖို့သာ ရှိနိုင်သည်။
အလိုလေး။ အနန္တတန်ခိုးရှင် ဘုရားသခင် လက်တွေ့ကျသော ဘုရားသခင်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ထိုးဖောက်မရနိုင်သော ခံတပ်ကြီးဖြစ်ပါ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ ခိုလှုံရာဖြစ်ပါ၏။ ကိုယ်တော်၏ အတောင်တော်များ အောက်တွင် ကျွန်ုပ်တို့ တိုးဝင်ပြီး ဘေးဒုက္ခသည် ကျွန်ုပ်တို့ထံ မရောက်နိုင်ပေ။ ယင်းမှာ ကိုယ်တော်၏ ဘုရားသဘောသဘာဝ ကွယ်ကာခြင်းနှင့် စောင့်မခြင်းတို့ ဖြစ်ပေသည်။
ကျွန်ုပ်တို့အားလုံး သီချင်းများ ကျယ်လောင်စွာ သီဆိုကြသည်၊ ချီးမွမ်းခြင်းဖြင့် ကျွန်ုပ်တို့ သီဆိုကြပြီး ကျွန်ုပ်တို့၏ ချီးမွမ်းခြင်းအသံသည် ဇိအုန်တစ်လျှောက်လုံး မြည်ဟည်း လေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် လက်တွေ့ကျသော ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် ထိုဘုန်းကြီးသော ခရီးပန်းတိုင်ကို ပြင်ဆင်ပေးလေပြီ။ ဂရုတစိုက်ကြည့်လော့- အို၊ သတိပြုလော့။ ယခုချိန်ထိ အချိန်နာရီသည် နောက်မကျလွန်းပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၅၀)
နိုင်ငံတော်၏ ရှင်ဘုရင်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် သက်သေထူခံရပြီး ဖြစ်သည့်အချိန်ကတည်းက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အတိုင်းအတာကို စကြဝဠာတစ်ခုလုံး အနှံ့အပြားတွင် လုံးလုံးလျားလျား ဖွင့်ဟပြီးဖြစ်သည်။ ဘုရားသခင် ပေါ်ထွန်းခြင်းကို တရုတ်နိုင်ငံတွင် သက်သေခံပြီးသည်သာမက၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမကိုလည်း တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံးတွင် သက်သေခံပြီး ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်နှင့် ဖြစ်နိုင်သမျှ မည်သည့်နည်းလမ်းမဆိုဖြင့် မိတ်သဟာယဖွဲ့ဖို့ ကြိုးစားရင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်ပြီး အသင်းတော်၌ ပူးပေါင်းအစေခံရင်း၊ ဤသန့်ရှင်းသော နာမတော်ကို ဟစ်ခေါ်ကြ၏။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့် အံ့သြဖွယ်နည်းလမ်း ဖြစ်ပေသည်။
တိုင်းနိုင်ငံအမျိုးမျိုးတို့၏ ဘာသာစကားများသည် တစ်ခုနှင့်တစ်ခု ကွဲပြားကြသော်လည်း၊ ဝိညာဉ်တော်သည် တစ်ပါးတည်းသာရှိသည်။ ဤဝိညာဉ်တော်သည် စကြဝဠာတစ်လျှောက် အသင်းတော်တို့ကို ပေါင်းစည်းပေးပြီး ကွာခြားချက် စိုးစဉ်းမျှ မရှိဘဲ ဘုရားသခင်နှင့် လုံးဝ တစ်လုံးတစ်ဝတည်း ဖြစ်ပေသည်။ ဤသည်မှာ ယုံမှားဖွယ် မရှိသောအရာ ဖြစ်သည်။ ယခုတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို ခေါ်ပြီး၊ သူ၏အသံသည် ၎င်းတို့ကို နိုးထစေသည်။ ယင်းမှာ ဘုရားသခင်၏ ကရုဏာတော် အသံ ဖြစ်ပေသည်။ ၎င်းတို့အားလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ သန့်ရှင်းသော နာမကို ဟစ်ခေါ်နေကြ၏။ ၎င်းတို့သည် ချီးမွမ်းကာလည်း သီချင်း သီဆိုကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ထဲတွင် ဘယ်သောအခါမျှ မည်သည့်သွေဖည်ခြင်းမျှ မရှိနိုင်ပေ။ ဤလူများသည် မှန်ကန်သော လမ်းကြောင်းတစ်လျှောက် ရှေ့တိုးချီတက်ရန် အလွန့်အလွန် ကြိုးစားပမ်းစား လုပ်ကြသည်၊ ၎င်းတို့ နောက်မဆုတ်ကြ- အံသြဖွယ်ရာများသည် ထပ်ဆင့် ပုံလျက်ရှိသည်။ ဤသည်မှာ လူတို့ စိတ်ကူးဖို့ခက်ပြီး မှန်းဆဖို့ မဖြစ်နိုင်ဟု တွေ့ရသည့် အရာတစ်ခု ဖြစ်သည်။
အနန္တတန်ခိုးရှင် ဘုရားသခင်သည် စကြဝဠာတွင် အသက်၏ အရှင်သခင် ဖြစ်၏။ သူသည် ဘုန်းကြီးသော ပလ္လင်ထက်တွင် ထိုင်ပြီး၊ လောကကို တရားစီရင်၏၊ အရာခပ်သိမ်းကို ကြီးစိုးကာ၊ တိုင်းနိုင်ငံ အားလုံးကို အုပ်စိုးလေသည်။ လူမျိုးအားလုံးသည် သူ့ထံ ဒူးထောက်ကြသည်၊ သူ့အားဆုတောင်းကာ၊ သူ့ထံ ချဉ်းကပ်ကြပြီး သူနှင့် မိတ်သဟာယဖွဲ့ကြ၏။ ဘုရားသခင်ကို သင် မည်မျှကြာ ယုံကြည်ပြီး ဖြစ်သည်၊ သင်၏ အဆင့်အတန်း မည်မျှမြင့်မားသည် သို့မဟုတ် သင်၏ ဝါရင့်မှု မည်မျှကြီးမားသည်ကို ပဓာနမထားဘဲ၊ သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို သင်ဆန့်ကျင်ပါက၊ သင်သည် တရားစီရင်ခံရမည်ဖြစ်ပြီး နာကျင်ဖွယ် အသနားခံခြင်းအသံကို မြည်တမ်းလျက် သူ၏ ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် ပျပ်ဝပ်ရမည် ဖြစ်သည်။ ဤသည်မှာ သင်၏ ကိုယ်ပိုင် လုပ်ရပ်များ၏ အသီးအပွင့်တို့ကို ဧကန်အမှန် ရိတ်သိမ်းခြင်း ဖြစ်သည်။ ဤမြည်တမ်းသောအသံသည် ကန့်နှင့်ရောနှောသော မီးအိုင်ထဲတွင် ညှဉ်းဆဲခံနေရခြင်း အသံဖြစ်ပြီး၊ ဘုရားသခင်၏ သံလှံတံဖြင့် ဆုံးမခံရရာမှ ငိုညည်းသံဖြစ်သည်။ ဤသည်မှာ ခရစ်တော်၏ ပလ္လင်တော်ရှေ့ တရားစီရင်ခြင်း ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၈” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၅၁)
ဘုရားသခင်ပေါ်ထွန်းခြင်းသည် အသင်းတော်များအားလုံးတွင် ထွက်ပေါ်နှင့်ပြီး ဖြစ်သည်။ မိန့်တော်မူသူမှာ ဝိညာဉ်တော် ဖြစ်သည်- ကိုယ်တော်သည် လောင်သောမီးဖြစ်သည်၊ ဘုန်းအာနုဘော်ရှိပြီး၊ တရားစီရင်နေသည်။ ကိုယ်တော်သည် လူသားဖြစ်သည်။ ခြေသို့တိုင်အောင် ဝတ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ဦးခေါင်းတော်နှင့် ဆံပင်တော်သည် သိုးမွှေးကဲ့သို့ ဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ ဖြစ်၏။ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။ လက်ျာတော်သည်လည်း ကြယ်ခုနစ်လုံးကို ကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျက်ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။
လူသားကို သက်သေခံပြီးဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်ကို ပွင့်လင်းစွာ ထုတ်ဖော်ပြီးဖြစ်သည်။ ဘုရားသခင်၏ ဘုန်းတော်သည် တောက်လောင်နေသော နေကဲ့သို့ ပြင်းထန်စွာ တောက်ပလျက် ထုတ်လွှတ်ပြီးဖြစ်သည်။ ကိုယ်တော်၏ ဘုန်းကြီးသောမျက်နှာသည် အလွန်စူးရှတောက်ပသော အလင်းဖြင့် တောက်လောင်သည်၊ မည်သူ၏မျက်လုံးတို့သည် ကိုယ်တော်ကို ခုခံမှုဖြင့် ဆက်ဆံနိုင်သနည်း။ ခုခံမှုသည် သေခြင်းသို့ ဦးတည်သည်။ သင်၏စိတ်နှလုံးထဲတွင် ကြံစည်သည့် မည်သည့်အရာမဆို၊ သင်ပြောဆိုသည့် မည်သည့်စကားကိုမဆို သို့မဟုတ် သင်လုပ်ဆောင်သည့် မည်သည့်အရာမဆို အတွက် အနည်းငယ်ဆုံးသော သနားကရုဏာကို ပြသမည်မဟုတ်ပေ။ သင်တို့အားလုံးသည် သင်တို့ရရှိပြီးသောအရာမှာ ငါ၏စီရင်မှုမှတစ်ပါး အခြား မည်သည်မျှ မရှိကြောင်း နားလည်လာကြ၊ မြင်တွေ့လာကြလိမ့်မည်။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်ကို စားသောက်ရန် အားမထုတ်ဘဲ၊ ၎င်းအစား ငါတည်ဆောက်ထားသောအရာကို စိတ်ကူးပေါက်သည်အတိုင်း ဝင်ရောက် နှောင့်ယှက်ကာ ဖျက်ဆီးသောအခါ၊ ငါသည် ယင်းကို သည်းခံနိုင်မည်လော။ ငါသည် ဤကဲ့သို့သောသူကို သိမ်မွေ့စွာ ဆက်ဆံလိမ့်မည် မဟုတ်ပေ။ သင်၏စရိုက်သည် သာ၍ဆိုးရွားစွာ ယိုယွင်းလာပါလျှင်၊ သင်သည် မီးလောင်ခြင်းကို ခံရလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဦးခေါင်းမှသည် ခြေဖျားအထိ ဆက်သွယ်ထားသော အသား သို့မဟုတ် အသွေး စိုးစဉ်းမျှ မရှိသော ဝိညာဉ်ခန္ဓာကိုယ်တွင် ကိုယ်ထင်ပြသည်။ ကိုယ်တော်သည် စကြာဝဠာလောကကို ကျော်လွန်သည်၊ တတိယကောင်းကင်ရှိ ဘုန်းကြီးတော်မူသော ပလ္လင်တော်ထက်တွင် ထိုင်တော်မူကာ အရာခပ်သိမ်းကို စီမံအုပ်ချုပ်နေသည်။ စကြာဝဠာနှင့် အရာခပ်သိမ်းတို့သည် ငါ၏လက်များအထဲတွင် ရှိကြသည်။ ငါသည် မြွက်တော်မူလျှင် ထိုအတိုင်းဖြစ်သည်။ ငါချမှတ်ဆုံးဖြတ်လျှင်၊ ထိုအတိုင်းဖြစ်လိမ့်မည်။ စာတန်သည် ငါ၏ခြေအောက်တွင်ရှိသည်- ၎င်းသည် အနက်ဆုံးသောတွင်း အထဲ၌ရှိသည်။ ငါ၏အသံတော် ထွက်သောအခါ၊ ကောင်းကင်နှင့်မြေကြီးသည် တည်ရှိတော့မည် မဟုတ်ဘဲ၊ မည်သည့်အရာမျှ ရှိတော့မည် မဟုတ်ပေ။ အရာခပ်သိမ်းတို့သည် အသစ်ပြုခြင်းကို ခံရကြလိမ့်မည်၊၎င်းသည် အကြွင်းမဲ့ မှန်ကန်သော ပြောင်းလဲ၍မရနိုင်သည့် သမ္မာတရား တစ်ခုဖြစ်သည်။ ငါသည် လောကအပြင် ဆိုးယုတ်သောသူများကို အောင်နိုင်ပြီးဖြစ်သည်။ ငါသည် ဤနေရာတွင် ထိုင်တော်မူကာ သင်တို့အား မိန့်မြွက်တော်မူသည်၊ ထို့ကြောင့် နားရှိသောသူအားလုံး ကြားသင့်ပြီး၊ အသက်ရှင်နေသောသူ အားလုံး လက်ခံသင့်သည်။
နေ့ရက်တို့သည် အဆုံးသတ်လိမ့်မည်၊ ဤလောကရှိ အရာခပ်သိမ်းတို့သည် တည်ရှိတော့မည် မဟုတ်ဘဲ၊ အရာခပ်သိမ်းတို့သည် အသစ် မွေးဖွားကြလိမ့်မည်။ ဤသည်ကို သတိရလော့။ မမေ့လေနှင့်။ မည်သည့် ယုံမှားသံသယမျှ မရှိနိုင်ပေ။ ကောင်းကင်နှင့်မြေကြီး မတည်သော်လည်း၊ ငါ့စကားတည်လိမ့်မည်။ ငါ သင်တို့ကို နောက်တစ်ကြိမ် တိုက်တွန်းမည်- အကျိုးမရှိဘဲ မပြေးလေနှင့်။ နိုးထလော့။ နောင်တရလော့။ ကယ်တင်ခြင်းသည် ရောက်လုနီးပြီ။ ငါသည် သင်တို့အလယ်တွင် ပေါ်ထွန်းနှင့်ပြီးဖြစ်ပြီး၊ ငါ၏အသံတော်သည် ပေါ်ထွက်ပြီးဖြစ်သည်။ ငါ၏ အသံတော်သည် သင်တို့ မျက်မှောက်တွင် ပေါ်ထွက်ပြီးဖြစ်သည်၊ ၎င်းသည် နေ့စဉ်နေ့တိုင်း သင်တို့ကို မျက်နှာချင်းဆိုင် ရင်ဆိုင်ပြီး၊ ၎င်းသည် နေ့ရက်အသီးသီးတွင် လန်းဆန်းကာ အသစ်ဖြစ်သည်။ သင်သည် ငါ့ကိုမြင်သည်၊ ငါသည်လည်း သင့်ကို မြင်သည်၊ ငါသည် သင့်အား စဉ်ဆက်မပြတ် ပြောဆိုပြီး၊ သင်နှင့် မျက်နှာချင်းဆိုင် ရှိသည်။ သို့သော်လည်း သင်သည် ငါ့ကို ငြင်းပယ်ပြီး၊ ငါ့ကို မသိပေ။ ငါ့သိုးတို့သည် ငါ့စကားသံကို ကြားနိုင်သည်၊ သို့သော်လည်း သင်တို့သည် တွန့်ဆုတ်ကြသေးသည်။ သင်တို့သည် တွန့်ဆုတ်ကြသည်။ သင်တို့၏ နှလုံးတို့သည် မိုက်လျက်၊ သင်တို့၏မျက်လုံးတို့သည် စာတန်၏ ကွယ်စေခြင်းကို ခံရကြသည်၊ ငါ၏ ဘုန်းကြီးသော မျက်နှာတော်ကို မမြင်နိုင်ပေ၊ သင်တို့သည် သနားဖွယ်ကောင်းလိုက် လေခြင်း။ သနားဖွယ်ကောင်းလိုက်လေခြင်း။
ငါ၏ ပလ္လင်တော်ရှေ့မှ ဝိညာဉ်ခုနှစ်ပါးတို့ကို မြေ၏လေးမျက်နှာသို့ စေလွှတ်ပြီး၊ ငါသည် ငါ၏ တမန်တော်ကို အသင်းတော်များသို့ စကားပြောရန် စေလွှတ်လိမ့်မည်။ ငါသည် ဖြောင့်မတ်ကာ သစ္စာရှိသည်၊ ငါသည် လူ့နှလုံးသား၏ အနက်ရှိုင်းဆုံးသော အစိတ်အပိုင်းများကို စစ်ဆေးသော ဘုရားသခင်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် အသင်းတော်တို့အား မိန့်တော်မူပြီး၊ ငါ၏ သားတော်အတွင်းမှ ထွက်ပေါ်သည်မှာ ငါ၏ နှုတ်ကပတ်တော်များ ဖြစ်သည်၊ နားရှိသောသူအားလုံး ကြားသင့်သည်။ အသက်ရှင်နေသောသူအားလုံး လက်ခံသင့်သည်။ ၎င်းတို့ကို စားသောက်ခြင်းသာ ပြုလော့၊ သံသယမရှိလေနှင့်။ ငါ၏နှုတ်ကပတ်တော်များကို နာခံ၍ သတိပြုသောသူ အားလုံးတို့သည် ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိလိမ့်မည်။ ငါ၏မျက်နှာတော်ကို လေးနက်စွာ ရှာဖွေသော သူအားလုံးတို့သည် အသစ်သောအလင်း၊ အသစ်သော ဉာဏ်အလင်းရခြင်းနှင့် အသစ်သော ထိုးထွင်းသိမြင်စွမ်းသော ဉာဏ်များကို အကယ်စင်စစ် ရရှိလိမ့်မည်၊ အရာခပ်သိမ်းတို့သည် လန်းဆန်းကာ အသစ်ဖြစ်ကြလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များတို့သည် သင့်ထံသို့ အချိန်မရွေး ု ရောက်ရှိလာလိမ့်မည်ဖြစ်ပြီး၊ သင်သည် ဝိညာဉ်လောက၏ နက်နဲရာများအားလုံးကို မြင်နိုင်ပြီး နိုင်ငံတော်သည် လူတို့အလယ်တွင် ရှိကြောင်း မြင်နိုင်စေရန် ၎င်းတို့သည် သင့်ဝိညာဉ်၏မျက်လုံးကို ပွင့်စေလိမ့်မည်။ ခိုလှုံရာသို့ ဝင်ရောက်လော့၊ ထိုသို့ပြုပါက ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာအပေါင်းတို့သည် သင့်အပေါ်သို့ ကျရောက်လိမ့်မည်။ အစာခေါင်းပါးခြင်းနှင့် အနာရောဂါတို့သည် သင့်ကို ထိခိုက်စေနိုင်လိမ့်မည် မဟုတ်ပေ၊ ပြီးလျှင် ဝံပုလွေများ၊ မြွေများ၊ ကျားများနှင့် ကျားသစ်များတို့သည် သင့်ကို အန္တရာယ်ပြုနိုင်မည် မဟုတ်ပေ။ သင်သည် ငါနှင့်အတူ သွားလိမ့်မည်၊ ငါနှင့်အတူ လျှောက်လှမ်းလိမ့်မည်၊ ပြီးလျှင် ငါနှင့်အတူ ဘုန်းတော်ဝင်စားလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၅၂)
အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်၏ဘုန်းကြီးသော ခန္ဓာကိုယ်သည် ပွင့်လင်းစွာ ပေါ်ထွန်းသည်၊ သန့်ရှင်းတော်မူသော ဝိညာဉ်ခန္ဓာတော်သည် ပေါ်ထွက်ပြီး၊ ကိုယ်တော်သည် ပြည့်စုံသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ လောကနှင့်လူ့ဇာတိ နှစ်ခုစလုံးတို့ ပြောင်းလဲကြပြီး၊ တောင်ပေါ်တွင် ကိုယ်တော်၏ အဆင်းသဏ္ဌာန်တော်ပြောင်းလဲခြင်းသည် ဘုရားသခင်၏ ဇာတိအဖြစ်တော် ဖြစ်သည်။ ကိုယ်တော်သည် ဦးခေါင်းထက်၌ ရွှေသရဖူကို ဆောင်း၏၊ ကိုယ်တော်၏ဝတ်ရုံတော်သည် ဖြူစင်သန့်ရှင်းသည်၊ ရင်တော်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ လောကရှိ အရာအားလုံးတို့သည် ကိုယ်တော်၏ ခြေတင်ရာခုံဖြစ်သည်။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျက်ထွက်၏။ လက်ျာလက်တော်သည်လည်း ကြယ်ခုနစ်လုံးကို ကိုင်၏။ နိုင်ငံတော်သို့ သွားရာလမ်းသည် အဆုံးမဲ့စွာ တောက်ပပြီး၊ ကိုယ်တော်၏ ဘုန်းတော်သည် ထွက်ပေါ်ကာ ထွန်းတောက်သည်။ တောင်တို့သည် ဝမ်းမြောက်လျက်၊ ရေတို့သည် ရယ်မောလျက်၊ နေ၊ လနှင့် ကြယ်တို့ အားလုံးသည် စီစဉ်ထားသည့် အစဉ်အတိုင်း လည်ပတ်ကြလျက်၊ နှစ်ပေါင်းခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် အပြီးသတ်ခြင်းကို ကြေငြာကာ အောင်ပွဲခံပြန်လာသည့် အတုမရှိ၊ စစ်မှန်သည့် ဘုရားသခင်ကို ကြိုဆိုကြသည်။ အားလုံး ဝမ်းမြောက်စွာ ကခုန်ကြလော့။ သြဘာပေးလော့။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ ဘုန်းကြီးသော ပလ္လင်တော်ထက်တွင် ထိုင်တော်မူသည်။ သီချင်းဆိုလော့။ အနန္တတန်ခိုးရှင်၏ အောင်လံကို ဘုန်းအာနုဘော်ပြည့်စုံ၍ ခမ်းနားသော ဇိအုန်တောင်ပေါ်တွင် မြင့်မားစွာ လွှင့်ထူသည်။ လူမျိုးအပေါင်းတို့သည် သြဘာပေးနေကြသည်၊ လူမျိုးအားလုံးတို့သည် သီချင်းသီဆိုနေကြသည်၊ ဇိအုန်တောင်သည် ဝမ်းမြောက်စွာ ရယ်မောနေပြီး ဘုရားသခင်၏ ဘုန်းတော်သည် ထွက်ပေါ်ပြီ ဖြစ်သည်။ ငါသည် ဘုရားသခင်၏မျက်နှာတော်ကို တွေ့မြင်ရလိမ့်မည်ဟု မည်သည့်အခါမျှ အိပ်မက်ပင် မမက်ဘူးပေ၊ သို့သော် ယနေ့တွင် ငါသည် ၎င်းကို တွေ့ခဲ့ပြီ ဖြစ်သည်။ နေ့စဉ် ကိုယ်တော်နှင့်မျက်နှာချင်းဆိုင် ငါသည် ကိုယ်တော်ထံ ရင်ဖွင့်သည်။ ကိုယ်တော်သည် စားဖွယ်နှင့်သောက်ဖွယ်ကို ကြွယ်ဝစွာ ပေးသနားတော်မူသည်။ အသက်၊ နှုတ်ကပတ်တော်များ၊ လုပ်ဆောင်မှုများ၊ အတွေးများ၊ အယူအဆများ အားလုံးတို့ကို ကိုယ်တော်၏ ဘုန်းကြီးသော အလင်းတော်မှ အလင်းပေးတော်မူသည်။ ကိုယ်တော်သည် လမ်းခရီး၏ခြေလှမ်းတိုင်းကို ဦးဆောင်ပြီး၊ ကိုယ်တော်၏ တရားစီရင်မှုသည် မည်သည့် တော်လှန်လိုသော နှလုံးသားပေါ်သို့မဆို ချက်ချင်း ကျရောက်လေသည်။
စားခြင်း၊ အတူနေထိုင်ခြင်း၊ ဘုရားသခင်နှင့်အတူ အသက်ရှင်ခြင်း၊ ကိုယ်တော်နှင့် အတူရှိခြင်း၊ အတူတကွ လျှောက်လှမ်းခြင်း၊ အတူတကွ ပျော်မွေ့ခြင်း၊ အတူတကွ ဘုန်းတော်ရရှိခြင်းနှင့် ကောင်းချီးများခံစားခြင်း၊ ကိုယ်တော်နှင့် ဘုရင်အရိုက်အရာကို အတူခံစားခြင်းနှင့် နိုင်ငံတော်တွင် အတူတကွ တည်ရှိခြင်း- အို၊ ပျော်ရွှင်ဖွယ် ကောင်းလိုက်လေခြင်း။ အို၊ ချိုမြိန်လိုက်လေခြင်း။ ငါတို့သည် ကိုယ်တော်နှင့်အတူ နေ့စဉ် မျက်နှာချင်းဆိုင် ရှိနေသည်၊ ကိုယ်တော်နှင့် နေ့စဉ် စကားပြောနေပြီး၊ စဉ်ဆက်မပြတ် စကားပြောနေသည်၊ ထို့အပြင် နေ့တိုင်း အသစ်သော ဉာဏ်အလင်းပွင့်ခြင်းနှင့် အသစ်သော ထိုးထွင်းမြင်နိုင်စွမ်းသော အသိဉာဏ်များကို ပေးသနားတော်မူသည်။ ငါတို့၏ ဝိညာဉ်မျက်စိတို့ကို ပွင့်စေပြီး၊ ငါတို့သည် အရာရာတိုင်းကို တွေ့မြင်သည်။ ဝိညာဉ်၏ နက်နဲရာအလုံးစုံတို့ကို ငါတို့အား ထုတ်ဖော်တော်မူသည်။ သန့်ရှင်းသော အသက်တာသည် အကယ်ပင် ပူပင်ကြောင့်ကြမှု ကင်းမဲ့သည်၊ လျင်မြန်စွာပြေးပြီး၊ မရပ်ပေ၊ ပြီးလျှင် ရှေ့သို့ စဉ်ဆက်မပြတ် တိုးသွားသည်- ရှေ့တွင် သာ၍အံ့သြဖွယ် ဘဝတစ်ခု ရှိသည်။ ချိုမြိန်သောအရသာ၌သာ ကျေနပ်မနေလေနှင့်၊ ဘုရားသခင်ထံတွင်းသို့ ဝင်ရောက်ရန် အစဉ် ရှေးရှုလော့။ ကိုယ်တော်သည် အရာခပ်သိမ်းကို လွှမ်းခြုံကာ ကြွယ်ဝပြီး ငါတို့ ချို့တဲ့သောအရာ အမျိုးမျိုးကို ပိုင်ဆိုင်သည်။ ပူးပေါင်းဆောင်ရွက်မှုကို ဖန်တီးယူပြီး ကိုယ်တော့်အတွင်းသို့ ဝင်ရောက်လော့၊ ထိုအခါ မည်သည့်အရာမျှ မည်သည့်အခါမျှ နောက်တစ်ဖန် တူလိမ့်မည် မဟုတ်ပေ။ ငါတို့၏ဘဝများသည် ထူးကဲသာလွန်ကာ၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ကိစ္စ သို့မဟုတ် မည်သည့်အရာမျှ ငါတို့ကို နှောင့်ယှက်နိုင်လိမ့်မည် မဟုတ်ပေ။
ထူးကဲသာလွန်ခြင်း။ ထူးကဲသာလွန်ခြင်း။ စစ်မှန်သော ထူးကဲသာလွန်ခြင်း။ ဘုရားသခင်၏ ထူးကဲသာလွန်သော အသက်သည် အထဲတွင် ရှိပြီး၊ အရာခပ်သိမ်းသည် စစ်မှန်စွာ သက်သောင့်သက်သာ ရှိသွားကြပြီ ဖြစ်သည်။ ငါတို့သည် ခင်ပွန်းများ သို့မဟုတ် သားသမီးများတို့အပေါ် သံယောဇဉ် မရှိဘဲ၊ လောကနှင့် လောကီအရာများတို့ကို ကျော်လွန်သည်။ ဖျားနာခြင်းနှင့် ပတ်ဝန်းကျင်များတို့၏ ထိန်းချုပ်မှုကို ငါတို့ ကျော်လွန်သည်။ စာတန်သည် ငါတို့ကို မနှောင့်ယှက်ရဲပေ။ ငါတို့သည် ဘေးအန္တရာယ်အလုံးစုံတို့ကို ကျော်လွန်သည်။ ဤသည်မှာ ဘုရားသခင်အား ဘုရင်ဖြစ်ခွင့်ပေးခြင်း ဖြစ်သည်။ ငါတို့သည် စာတန်ကို ခြေဖဝါးအောက် နင်းခြေကြသည်၊ အသင်းတော်အဖို့ သက်သေခံကြပြီး၊ စာတန်၏ အကျည်းတန်သော မျက်နှာကို လုံးလုံးလျားလျား ဖော်ထုတ်ကြသည်။ အသင်းတော်ကို တည်ဆောက်ခြင်းသည် ခရစ်တော်၌ဖြစ်ပြီး၊ ဘုန်းကြီးသော ခန္ဓာတော်သည် ပေါ်ထွက်ပြီးဖြစ်သည်- ၎င်းသည် ချီဆောင်ခြင်း၌ အသက်ရှင်ခြင်း ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၅၃)
အနန္တတန်ခိုးရှင် ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်း၏အရှင်၊ ငါတို့၏ ဘုရားသခင်သည် စိုးစံတော်မူ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သံလွင်တောင်ပေါ်တွင် ခြေချလေ၏။ လှပတင့်တယ်လေစွ။ နားထောင်လော့။ ကင်းစောင့်သောသူများတည်းဟူသော ငါတို့သည် မိမိတို့၏ အသံများကို လွှင့်ကြ၏၊ ဘုရားသခင်သည် ဇိအုန်မြို့သို့ ပြန်လာခဲ့ပြီဖြစ်သောကြောင့် ငါတို့သည် မိမိတို့၏ အသံများနှင့် သီဆိုကြ၏။ ယေရုရှလင်မြို့၏ အနိဋ္ဌာရုံမြင်ကွင်းကို ငါတို့၏ ပကတိမျက်စိနှင့် မြင်၏။ ဝမ်းမြောက်ခြင်းနှင့် ကြွေးကြော်၍ တညီတညွတ်တည်း သီချင်းဆိုကြလော့၊ အကြောင်းမူကား ဘုရားသခင်သည် ငါတို့အတွက် နှစ်သိမ့်ခြင်းကို ယူဆောင်လာခဲ့ပြီး ယေရုရှလင်မြို့ကို ရွေးနုတ်လေပြီ။ ခပ်သိမ်းသော လူအမျိုးမျိုးတို့၏ရှေ့တွင် ဘုရားသခင်သည် မိမိ၏ သန့်ရှင်းသော လက်ရုံးကို ဖွင့်ပြပြီး ဘုရားသခင်၏ စစ်မှန်သော ပုဂ္ဂိုလ်သည် ပေါ်ထွန်းလာလေပြီ။ မြေကြီးစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်ခြင်းကို သိမြင်ခဲ့ပြီ။
အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်၏ နက်နဲရာရှိသမျှကို ထုတ်ဖော်ရန် ဝိညာဉ်တော် ခုနှစ်ပါးကို ကိုယ်တော်၏ ပလ္လင်မှ အသင်းတော်အားလုံးထံသို့ စေလွှတ်ခဲ့လေပြီ။ ကိုယ်တော်သည် ဘုန်းတော်ပလ္လင်ပေါ်၌ ထိုင်လျက် မိမိ၏ နိုင်ငံတော်ကို စီမံခန့်ခွဲခဲ့ကာ ယင်းကို တရားမျှတသည့်အတိုင်း ဖြောင့်မတ်စွာ ခိုင်မာပြီး တည်တံ့စေခဲ့ပြီ။ ကိုယ်တော်၏ရှေ့တွင် အပြည်ပြည်တို့ကို နှိမ့်ချလေပြီ။ အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ရှင်ဘုရင်တို့၏ ခါးစည်းကို ကိုယ်တော်ချွတ်လေပြီ၊ နှစ်ရွက်ရှိသော မြို့တံခါးတို့ကို နောက်တစ်ဖန် မပိတ်စေခြင်းငှာ ကိုယ်တော်ဖွင့်ခဲ့ပြီ။ အကြောင်းမူကား ကိုယ်တော်၏အလင်း ရောက်လာပြီးဖြစ်၍ ကိုယ်တော်၏ ဘုန်းတော်သည် နိုးထကာ ယင်း၏တောက်ပမှုကို ထွန်းလင်းစေ၏။ မှောင်မိုက်သည် မြေကြီးကို ဖုံးလွှမ်း၍ ထူထပ်သော မှောင်မိုက်သည် လူများကို ဖုံးလွှမ်းလေသည်။ အို ဘုရားသခင်။ သို့သော်လည်း ကိုယ်တော်သည် ငါတို့ထံ ကိုယ်တော်၏ အလင်းကို ထွန်းလင်းစေ၍ ငါတို့အပေါ်၌ ထကြွလာခဲ့၍ ကိုယ်တော်၏ ဘုန်းတော်ကို ငါတို့အပေါ်၌ မြင်ရလိမ့်မည်။ ခပ်သိမ်းသော လူအမျိုးမျိုးတို့သည် ကိုယ်တော်၏ အလင်းသို့လည်းကောင်း ရှင်ဘုရင်တို့သည် ကိုယ်တော်၌ ထွန်းလင်းတောက်ပခြင်းသို့လည်းကောင်း လာကြလိမ့်မည်။ ကိုယ်တော်သည် အရပ်ရပ်သို့ မျှော်ကြည့်လေသည်။ ကိုယ်တော်၏ သားတို့သည် အဝေးက လာကြ၍ ကိုယ်တော့်ရှေ့တွင် စုရုံးကြ၏။ ကိုယ်တော်၏ သမီးတို့သည် ပွေ့ချီခြင်းကို ခံရလေပြီ။ အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်၏ ကြီးစွာသော ချစ်ခြင်းမေတ္တာသည် ငါတို့ကို ဖမ်းဆုပ်မူ၏။ ကိုယ်တော်၏ နိုင်ငံတော်သို့ သွားရာလမ်းတွင် ငါတို့၏ ချီတက်မှုကို ဦးဆောင်သူမှာ ကိုယ်တော်ဖြစ်ပြီး ငါတို့၌ စိမ့်ဝင်ပျံ့နှံ့သည်မှာ ကိုယ်တော်၏ သန့်ရှင်းသော နှုတ်ကပတ်တော်များဖြစ်သည်။
အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော့်ကို ငါတို့ ကျေးဇူးတင်၍ ချီးမွမ်းကြ၏။ ငါတို့ကို ကိုယ်တော့်အား ကြည့်မျှော်ခွင့်၊ သက်သေခံခွင့်နှင့် ချီးမြှောက်ခွင့်ကိုပေး၍၊ ရိုးသား၍ တည်ငြိမ်ကာ မြဲမြံသော နှလုံးသားနှင့် ကိုယ်တော့်ကို သီချင်းကျူးဧခွင့်အား ပေးပါလော့။ ငါတို့၌ တစ်လုံးတစ်ဝတည်းသော စိတ်သာရှိစေ၍ အတူတကွ တည်ဆောက်ခွင့်ကို ပေးပါလော့။ ကိုယ်တော်၏ စိတ်နှလုံးနှင့် ညီညွတ်သော သူများအဖြစ်၊ ကိုယ်တော်၏ အသုံးပြုခြင်းခံရသော သူများအဖြစ် ငါတို့အား မကြာမီ ကိုယ်တော်ပြုပြင်ပါစေ။ ကိုယ်တော်၏အလိုသည် မြေပြင်အနှံ့တွင် အဆီးအတား မရှိ ဆောင်ရွက်စိမ့်သောငှာ ငါတို့ဆန္ဒပြုပါ၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၅၄)
အနန္တတန်ခိုးရှင်ဘုရားသခင်သည် အကြွင်းမဲ့ တန်ခိုးနှင့်ပြည့်စုံပြီး အလုံးစုံအထမြောက်ကာ လုံးလုံးလျားလျား စစ်မှန်သောဘုရားသခင်ဖြစ်သည်။ ကိုယ်တော်သည် ကြယ်ခုနှစ်လုံးကို ကိုင်ဆောင်သည်သာမက၊ ဝိညာဉ်တော်ခုနှစ်ပါးနှင့် ပြည့်စုံကာ မျက်လုံးခုနှစ်လုံးရှိပြီး တံဆိပ် ခုနှစ်ချက်ကိုဖွင့်၍ စာစောင်ကိုဖွင့်သည့်အပြင်၊ ဘေးဒဏ်ခုနှစ်ပါးနှင့် ဖလားခုနှစ်လုံးကို သူ စီမံအုပ်ချုပ်ပြီး ခုနှစ်ချက်သော မိုးကြိုးသံများကို ထုတ်ဖော်လေသည်။ လွန်လေပြီး သောအခါကလည်း ကိုယ်တော်သည် တံပိုးခုနှစ်လုံးကို မှုတ်တော်မူခဲ့သတည်း။ ကိုယ်တော်ဖန်ဆင်း၍ စုံလင်စေခဲ့သော အရာအားလုံးသည် ကိုယ်တော့်ကိုချီးမွမ်းသင့်ပြီး ကိုယ်တော့်ကို ဂုဏ်တင်ကာ ကိုယ်တော်၏ပလ္လင်တော်ကို ထောမနာပြုသင့်သည်။ အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်သည် ခပ်သိမ်းသောအရာ ဖြစ်၏။ ကိုယ်တော်သည် အရာခပ်သိမ်းကို ပြီးမြောက်အောင်မြင်ခဲ့ပြီးဖြစ်ပြီး ကိုယ်တော်နှင့်ဆိုလျှင် အားလုံးသည် ပြီးပြည့်စုံကာ လင်းလက်တောက်ပပြီး အဆီးအတားမှ လွတ်ကင်း၍ လွတ်လပ်၊ သန်မာကာ တန်ခိုးနှင့် ပြည့်ပေ၏။ မည်သည့်အရာမျှ ဖုံးကွယ်ထားခြင်း သို့မဟုတ် ကွယ်ဝှက်ထားခြင်း အလျဉ်းမရှိပေ။ အားလုံးသော နက်နဲရာများသည် ကိုယ်တော်နှင့်ဆိုလျှင် ထုတ်ဖော်ခံကြရသည်။ ထို့အပြင် ကိုယ်တော်သည် ကိုယ်တော်၏ များပြားလှသော ရန်သူများကို တရားစီရင်ခဲ့၍ ကိုယ်တော်၏ ဘုန်းအာနုဘော်ကိုထုတ်ဖော်ကာ ကိုယ်တော်၏ ပြင်းထန်သော်မီးကို ပေါ်လွင်စေပြီး အမျက်ဒေါသကိုပြသည့်အပြင်၊ ကိုယ်တော်၏ မကြုံစဖူးဖြစ်သော၊ ထာဝရခိုင်မြဲသော၊ လုံးလုံးလျားလျား အနန္တဖြစ်သော ဘုန်းတော်ကိုပြသလေသည်။ လူမျိုးအပေါင်းတို့သည် လုံးဝဉဿုံ စစ်မှန်သော၊ အကြွင်းမဲ့ အသက်ရှင်သော၊ ကြွယ်ဝသော၊ ဘုန်းကြီးပြီး စစ်မှန်သော ဘုရားသခင်ဖြစ်သည့် ကမ္ဘာအဆက်ဆက် ဖြစ်သော အနန္တတန်ခိုးရှင်ကို ထောမနာပြုလျက် ခြွင်းချက်မရှိ ချီးမွမ်း၍ သီချင်းဆိုရန် နိုးထသင့်ပေသည်။ ကိုယ်တော်၏ ပလ္လင်တော်သည် အဆက်မပြတ် ချီးမွမ်းခံရသင့်သည်၊ ကိုယ်တော်၏ သန့်ရှင်းသော နာမသည် ချီးမွမ်းခံရပြီး ဘုန်းပွင့်တော်မူခြင်း ခံရသင့်သည်။ ဤသည်မှာ ငါဘုရားသခင်၏ ထာဝရအလိုတော်ဖြစ်ကာ ငါတို့အပေါ် ကိုယ်တော်ထုတ်ဖော်ပြပြီး နှင်းအပ်သည့် အကန့်အသတ်မဲ့သော ကောင်းချီးပေတည်း။ ငါတို့အထဲမှ မည်သူသည် ယင်းကို မဆက်ခံရသနည်း။ ဘုရားသခင်၏ ကောင်းချီးကို ဆက်ခံရန်အတွက် လူတစ်ဦးသည် ကိုယ်တော်၏ သန့်ရှင်းသောနာမကို ချီးမွမ်းပြီး ကိုယ်တော်၏ပလ္လင်ကို ကိုးကွယ်လျက် ဝန်းရံရန် လာရမည်ဖြစ်သည်။ ကိုယ်တော်၏ရှေ့သို့ အခြားအကြောင်းရင်းများနှင့် အခြားရည်ရွယ်ချက်များဖြင့် သွားကြသောသူများအားလုံးသည် ကိုယ်တော်၏လောင်သောမီးဖြင့် အရည်ပျော်ပျောက်ကွယ် သွားကြမည်ဖြစ်သည်။ ယနေ့သည် ကိုယ်တော်၏ရန်သူများ တရားစီရင်ခြင်းခံကြရမည့် နေ့ရက်ဖြစ်ပြီး သူတို့ ပျက်စီးရမည်မှာလည်း ဤနေ့မှာပင်ဖြစ်သည်။ ထို့အပြင် ယင်းမှာ ငါ အနန္တတန်ခိုးရှင် ဘုရားသခင် ထုတ်ဖော်ခြင်း ခံရမည့်နေ့နှင့် ဘုန်းအသရေကို ငါရရှိမည့်နေ့လည်း ဖြစ်သည်။ အို လူမျိုးအပေါင်းတို့၊ ရှေးအတီတေကာလမှ အဆုံးမရှိသောကာလအထိ ငါတို့အား မေတ္တာကျေးဇူးတော်ကိုပို့၍ ကယ်တင်ခြင်းအား အထမြောက်စေပြီး ငါတို့ကို ကောင်းချီးများပေးကာ သူ၏သားများကို စုံလင်စေပြီး သူ၏နိုင်ငံတော်ကို အောင်အောင်မြင်မြင် စွမ်းဆောင်ရရှိသော အနန္တဘုန်းတန်ခိုးရှင် ဘုရားသခင်ကို ထောမနာပြု၍ ကြိုဆိုရန် အလျင်အမြန်ထကြလော့။ ဤအရာသည် ဘုရားသခင်၏ အံ့သြဖွယ် ဆောင်ရွက်ချက်ပင်ဖြစ်လေသတည်း။ ဤအရာသည် ဘုရားသခင်ကိုယ်တော်တိုင် ငါတို့ကို ကယ်တင်ရန်၊ စုံလင်စေရန်နှင့် ဘုန်းတော်ထဲသို့ ခေါ်ဆောင်သွားရန် ကိုယ်တော်၏ ထာဝရတည်သော ကြိုတင်ခွဲခန့်မှတ်သားထားချက်နှင့် စီမံမှုဖြစ်၏။
ထပြီး သက်သေမခံသောသူအားလုံးသည် မျက်ကန်းသူတို့၏ ဘိုးဘေးဘီဘင်များ၊ မသိနားမလည်သောသူတို့၏ ဘုရင်များ ဖြစ်ကြ၏။ ထိုသူတို့သည် ထာဝရ မသိနားမလည်သူများ၊ ထာဝရ မိုက်သောသူများနှင့် ထာဝရသေနေသောမျက်ကန်းများ ဖြစ်သွားကြမည်။ ငါတို့၏ ဝိညာဉ်များသည် နိုးကြားသင့်သည်မှာ ယင်းအကြောင်းရင်းကြောင့် ဖြစ်သည်။ လူသားအားလုံး ထသင့်သည်။ ဘုန်းတော်၏ ဘုရင်၊ ကရုဏာတော်၏အဖ၊ ရွေးနုတ်ခြင်း၏သားတော်၊ ကြွယ်ဝသော ဝိညာဉ်တော်ခုနှစ်ပါးနှင့် ဘုန်းအာနုဘော်ဖြစ်သော လောင်သောမီးနှင့် ဖြောင့်မတ်သော တရားစီရင်မှုကို ယူဆောင်လာသော၊ အကြွင်းမဲ့ လုံလောက်သော၊ ကြွယ်ဝသော၊ အနန္တတန်ခိုးရှိ၍ ပြီးပြည့်စုံသော အနန္တတန်ခိုးရှင် ဘုရားသခင်ကို အဆုံးမရှိ သြဘာပေး၊ ချီးမွမ်း၍ ထောမနာပြုကြလော့။ ကိုယ်တော်၏ပလ္လင်သည် အစဉ်အမြဲ ချီးမွမ်းခြင်းခံရလိမ့်မည်။ ဤအရာသည် ဘုရားသခင်၏ ဉာဏ်ပညာဖြစ်ကြောင်း၊ ကိုယ်တော်၏ အံ့သြဖွယ်ကောင်းသော ကယ်တင်ခြင်းသို့ လမ်းခရီးဖြစ်ကြောင်းနှင့် ကိုယ်တော်၏ ဘုန်းကြီးသော အလိုတော်၏ အောင်မြင်မှု ဖြစ်ကြောင်း လူအားလုံး မြင်သင့်သည်။ ငါတို့ ထပြီး သက်သေမခံလျှင်၊ ထိုအချိန်အခါ ကုန်လွန်ပြီးသည်နှင့် ပြောင်းလဲ၍မရပေ။ ငါတို့သည် ကောင်းချီးများ သို့တည်းမဟုတ် ကံဆိုးခြင်းများ ရရှိမည်လော ဆိုသည်ကို ငါတို့ခရီး၏ ဤလက်ရှိအဆင့်အတောအတွင်း ယခုအချိန်၌ ငါတို့ အဘယ်အရာကို လုပ်ဆောင်သည်၊ အဘယ်အရာကို တွေးတောသည်နှင့် အဘယ်အရာကို အသက်ရှင်နေထိုင်သည်တို့အပေါ် အခြေခံကာ ဆုံးဖြတ်ခြင်းကို ခံနေရသည်။ သင်တို့သည် မည်ကဲ့သို့ ပြုမူသင့်သနည်း။ ဘုရားသခင်အတွက် သက်သေခံပြီး သူ့ကိုထာဝရ ချီးမွမ်းကြ၊ ထာဝရတည်၍ အတုမရှိဘဲ စစ်မှန်သော ဘုရားသခင်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင်တည်းဟူသော နောက်ဆုံးသောကာလ၏ ခရစ်တော်ကို ချီးမွမ်းကြလော့။
ဘုရားသခင်ကို သက်သေမခံသော၊ ဤအတုမရှိသော၊ စစ်မှန်သော ဘုရားသခင်အတွက် သက်သေမခံသောသူအားလုံးနှင့် ကိုယ်တော့်အပေါ် သံသယ ထားသိုသောသူတို့အားလုံးသည် မကျန်းမာကြကာ သေဆုံးကြပြီး ဘုရားသခင်ကို အာခံသူများ ဖြစ်ကြောင်းကို ယခုအချိန်မှစပြီး သင်တို့ ရှင်းရှင်းလင်းလင်း မြင်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှေးသရောအခါ ကတည်းကပင် သက်သေပြခဲ့ကြပြီးဖြစ်သည်- ငါနှင့်စုရုံးခြင်း မရှိသူအားလုံးသည် ကွဲလွင့်ကြပြီး ငါ့ဘက်ကမဟုတ်သောသူတို့သည် ငါ့ကိုဆန့်ကျင်သောသူများ ဖြစ်ကြသည်။ ဤအရာသည် ကျောက်ပေါ်တွင် ရေးထွင်းထားသော မပြောင်းလဲနိုင်သည့် သမ္မာတရားဖြစ်သည်။ ဘုရားသခင်အတွက် သက်သေမခံသောသူများသည် စာတန်၏ လက်ပါးစေများဖြစ်ကြသည်။ ထိုကဲ့သို့သောသူများသည် ဘုရားသခင်၏ သားသမီးများကို စိတ်အနှောင့်အယှက်ပေးရန်၊ လှည့်ဖြားရန်နှင့် ကိုယ်တော်၏ စီမံခန့်ခွဲမှုကို နှောင့်ယှက်ရန်လာခဲ့ကြလေပြီ၊ သူတို့ကို သတ်ရမည်ဖြစ်သည်။ ထိုသူတို့အပေါ် ကောင်းမွန်သော စေတနာများကို ပြသူအားလုံးသည် သူတို့ကိုယ်တိုင်၏ ပျက်စီးရာပျက်စီးကြောင်းကို ရှာနေကြခြင်း ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ မိန့်မြွက်ချက်များကို နားထောင်ပြီး ယုံကြည်သင့်သည်၊ ဘုရားသခင်၏ ဝိညာဉ်တော်၏ လမ်းကြောင်းကို လျှောက်လှမ်းကာ ဘုရားသခင်၏ ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နေထိုင်သင့်သည်။ ထို့အပြင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပလ္လင်တော်ကို ထာဝရ ချီးမွမ်းသင့်သည်။
အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဝိညာဉ်တော်ခုနှစ်ပါး၏ ဘုရားသခင်ဖြစ်သည်။ မျက်လုံးခုနှစ်လုံးနှင့် ကြယ်ခုနှစ်လုံးတို့၏ ဘုရားသခင်မှာလည်း ကိုယ်တော်ပင်ဖြစ်သည်။ ကိုယ်တော်သည် တံဆိပ်ခုနှစ်ချက်ကို ဖွင့်ပြီး စာစောင်တစ်ခုလုံးကို သူဖွင့်ခဲ့သည်။ ကိုယ်တော်သည် တံပိုးခုနှစ်လုံးကို မှုတ်ခဲ့ပြီး ဖလားခုနှစ်လုံးနှင့် ဘေးဒဏ်ခုနှစ်ပါးကို ကိုယ်တော်၏အလိုတော်အတိုင်း လွှတ်ထုတ်ရန် ကိုယ်တော့်လက်ထဲတွင် ရှိနေသည်။ အို၊ အစဉ်အမြဲ တံဆိပ်ခတ်ထားခြင်း ခံရသော မိုးကြိုးသံ ခုနှစ်ချက်တို့။ ၎င်းတို့ကို ထုတ်ဖော်ရာအချိန်သည် ကျရောက်လာလေပြီ။ မိုးကြိုးသံ ခုနှစ်ချက်ကို ယူလာပေးမည့်သူသည် ငါတို့၏ မျက်စိရှေ့တွင် ပေါ်ထွန်းခဲ့နှင့်ပြီး ဖြစ်သည်။
အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်နှင့်ဆိုလျှင် အရာရာတိုင်းသည် အတားအဆီးမှ လွတ်ကင်း၍ လွတ်လပ်၏။ အခက်အခဲများမရှိ၊ အရာရာတိုင်းသည် ချောမွေ့စွာ စီးဆင်းပေ၏။ အဘယ်အရာမျှ သင့်ကို ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုရဲဘဲ အရာရာတိုင်းသည် သင့်ကို ကျိုးနွံနာခံကြသည်။ ကျိုးနွံနာခံခြင်း မရှိသူအားလုံးသည် သေဆုံးကြအံ့။
အနန္တတန်ခိုးရှင် ဘုရားသခင်၊ မျက်လုံးခုနှစ်လုံးရှိသော ဘုရားသခင်။ အရာရာတိုင်းသည် လုံးလုံးလျားလျား ရှင်းလင်းပြီး အရာရာတိုင်းသည် တောက်ပကာ ဖုံးအုပ်ထားခြင်းမရှိဘဲ ထုတ်ဖော်ထားပြီး ဖွင့်ချထားသည်။ ကိုယ်တော်နှင့်ဆိုလျှင် အရာရာတိုင်းသည် ရှင်းလင်းပြတ်သားပြီး ဘုရားသခင် ကိုယ်တော်တိုင်သည်သာ ဤကဲ့သို့ မဟုတ်ဘဲ၊ ကိုယ်တော်၏သားများသည်လည်း ထိုနည်းနှင်နှင် ဖြစ်ကြသည်။ မည်သူမျှ၊ မည်သည့်အရာမျှ၊ မည်သည့်အကြောင်းအရာမျှ ကိုယ်တော်နှင့် ကိုယ်တော်၏သားများရှေ့မှောက်တွင် ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကြယ်ခုနှစ်လုံးတို့သည် တောက်ပနေကြသည်။ အသင်းတော်သည် ကိုယ်တော်အားဖြင့် စုံလင်စေခြင်းကို ခံခဲ့ပြီးဖြစ်သည်။ ကိုယ်တော်သည် ကိုယ်တော့အသင်းတော်၏ စေတမန်များကို သတ်မှတ်ပြီး အသင်းတော်တစ်ခုလုံးသည် ကိုယ်တော်၏ ပြဋ္ဌာန်းချက်အတွင်းတွင် ရှိသည်။ ကိုယ်တော်သည် တံဆိပ်ခုနှစ်ချက်စလုံးကို ဖွင့်ပြီး သူ၏စီမံခန့်ခွဲမှု အစီအစဉ်နှင့် သူ၏အလိုတော်ကို သူကိုယ်တော်တိုင် အပြီးသတ်စေလေသည်။ စာစောင်သည် ကိုယ်တော်၏စီမံခန့်ခွဲမှု၏ လျှို့ဝှက်ဆန်းကြယ်သော ဝိညာဉ်ဘာသာစကားဖြစ်ပြီး ကိုယ်တော်သည် ထိုစာစောင်ကို ဖွင့်ပြ၍ ထုတ်ဖော်ပြီးဖြစ်သည်။
လူသားအားလုံးတို့သည် ကိုယ်တော်၏တံပိုးခုနှစ်လုံး မြည်ဟည်းသံကို နားထောင်သင့်သည်။ ကိုယ်တော်နှင့်ဆိုလျှင် အရာရာတိုင်းကို ဘယ်သောအခါမျှ ပြန်လည်ဖုံးကွယ်မထားတော့ရန် ကြေညာထားပြီး နောက်ထပ်ဝမ်းနည်းစရာ မရှိတော့ပေ။ အရာအားလုံးကို ဖော်ထုတ်ထားပြီး အရာအားလုံးသည် အောင်မြင်လေသည်။
အနန္တတန်ခိုးရှင်ဘုရားသခင်၏ တံပိုးခုနှစ်လုံးသည် ပွင့်နေကြကာ ဘုန်းကြီး၍ အောင်ပွဲခံသော တံပိုးများဖြစ်သည်။ ၎င်းတို့သည် ကိုယ်တော်၏ရန်သူများကို တရားစီရင်သော တံပိုးများလည်း ဖြစ်ကြသည်။ ကိုယ်တော်၏အောင်ပွဲအလယ်တွင် ကိုယ်တော်၏ တံပိုးခရာသည် ချီးမွမ်းခြင်း ခံနေရသည်။ ကိုယ်တော်သည် စကြဝဠာတစ်ခုလုံးအပေါ် အုပ်စိုးလေသည်။
ကိုယ်တော်သည် ဘေးဒဏ်များ၏ ဖလားခုနှစ်လုံးကို ပြင်ဆင်ထား၏၊ သူ၏ရန်သူများကို ပစ်မှတ်ထားကာ ယင်းတို့ကို ပြင်းထန်စွာ ဒလဟောစီးနေသည့် ရေအလျဉ်သို့ လွှတ်ပေးပြီး ထိုရန်သူတို့သည် ကိုယ်တော့်လောင်သောမီးများ၏ မီးတောက်များထဲတွင် ဝါးမျိုခြင်းကို ခံကြရလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ့သြဇာအာဏာ၏ခွန်အားကိုပြပြီး ကိုယ်တော်၏ရန်သူအားလုံး ပျက်စီးကြသည်။ နောက်ဆုံးသော မိုးကြိုးသံခုနှစ်ချက်သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ရှေ့မှောက်တွင် တံဆိပ်ခတ်ထားခြင်းခံရန် မဟုတ်တော့ပေ။ ၎င်းတို့အားလုံးကို ထုတ်ဖော်ထားသည်။ သူတို့အားလုံးကို ထုတ်ဖော်ထားသည်။ ကိုယ်တော်သည် မြေကြီးကို ဘယ်သောအခါမျှ ထပ်မံ၍ ဖျက်ဆီးခြင်း မခံရစေတော့ရန် တည်ငြိမ်စေကာ သူ့အား အစေခံစေလျက်၊ သူ၏ရန်သူများကို မိုးကြိုးသံ ခုနှစ်ချက်ဖြင့် သေစေ၏။
ဖြောင့်မတ်သော အနန္တတန်ခိုးရှင်ဘုရားသခင်။ ကိုယ်တော့်ကို ကျွန်ုပ်တို့ ထာဝရ ချီးမွမ်းပါ၏။ ကိုယ်တော်သည် အဆုံးမရှိသော ချီးမွမ်းခြင်းနှင့် ထာဝရ ထောမနာပြုခြင်းနှင့် ချီးမြှောက်ခြင်းကို ခံထိုက်ပေ၏။ ကိုယ်တော်၏ မိုးကြိုးသံ ခုနှစ်ချက်သည် ကိုယ်တော်၏ တရားစီရင်ခြင်းအတွက် အသုံးပြုခြင်းခံရရန် သက်သက်သာမဟုတ်ဘဲ၊ အရာအားလုံးကို စုံလင်စေရန်အလို့ငှာ ကိုယ်တော်၏ ဘုန်းတော်နှင့် ဩဇာအာဏာအတွက် သာ၍ အသုံးပြုခြင်းခံရရန် ဖြစ်ပေသည်။
လူမျိုးအပေါင်းသည် နောက်ဆုံးသောကာလ၏ ခရစ်တော်ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်ကို ထောမနာပြုလျက် ချီးမွမ်းကာ ပလ္လင်တော်ရှေ့တွင် အောင်ပွဲကျင်းပသည်တကား။ ထိုသူတို့၏ အသံများသည် မိုးကြိုးသံအလား စကြဝဠာတစ်ခွင်လုံးကို လှုပ်ခါလေ၏။ အရာခပ်သိမ်းသည် အမှန်တကယ်ပင် ကိုယ်တော့်ကြောင့်သာ တည်ရှိကြပြီး ကိုယ်တော့်ကြောင့်သာ ပေါ်ပေါက်ကြသည်။ အားလုံးသော ဘုန်းတော်၊ ဂုဏ်အသရေ၊ သြဇာအာဏာ၊ ဉာဏ်ပညာ၊ သန့်ရှင်းခြင်း၊ အောင်နိုင်ခြင်းနှင့် ဗျာဒိတ်တော်များသည် ကိုယ်တော်ကြောင့်သာ လုံးလုံးလျားလျား ဖြစ်ကြောင်း မမှတ်ယူဘဲ မည်သူ နေဝံ့သနည်း။ ယင်းသည် ကိုယ်တော်၏အလိုတော် ပြီးမြောက်ခြင်းဖြစ်ပြီး ကိုယ်တော်၏စီမံခန့်ခွဲမှုကို ဖော်ဆောင်ခြင်း၏ နောက်ဆုံး အပြီးသတ်ခြင်း ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၄” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၅၅)
မိုးချူန်းသံ ခုနှစ်ချက် ပလ္လင်မှ ထွက်ပေါ်လာသည်၊ စကြဝဠာကို တုန်ခါစေသည်၊ ကောင်းကင်နှင့် မြေကြီးကို မှောက်လှန်ပြီး၊ မိုးကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်လေ၏။ အသံသည် နားကို စူးဝင်ပြီး လူတို့သည် ယင်းအသံမှ မလွတ်မြောက်နိုင်ကြသကဲ့သို့ ယင်းမှ မပုန်းကွယ်နိုင်ကြပေ။ မိုးချုန်းသံနှင့် လျှပ်စီးလက်ခြင်းသည် ပေါက်ထွက်ပြီး ချက်ချင်း ကောင်းကင်နှင့်မြေကြီး အသွင်ပြောင်းကာ လူတို့သည် သေလုမြောပါး ဖြစ်ကြလေ၏။ ထို့နောက် စကြဝဠာတစ်ခုလုံးသည် မိုးကောင်းကင်မှ ကျဆင်းနေသည့် ပြင်းထန်သော မိုးသက်မုန်တိုင်း တစ်ခုဖြင့် လျှပ်တစ်ပြက် ပတ်ရံခံရလေသည်။ ကမ္ဘာမြေ၏ အစွန်ဆုံးနေရာများတွင် ယင်းသည် အကုန်အစင် ရွာသည့်မိုးကဲ့သို့ ခြေဆုံးခေါင်းဆုံး ဆေးကြောသည်နှင့်အမျှ အစွန်းအထင်း မကျန်စေဘဲရှိ၏။ ယင်းထံမှ မည်သည့်အရာမျှ ဖုံးကွယ်၍ မရသကဲ့သို့၊ မည်သည့်လူမျှ ထိုအရာမှ တသီးတသန့် နေ၍မရနိုင်ပေ။ လျှပ်စီးအလင်းရောင်များအလား၊ မိုးချုန်းသံ တအုန်းအုန်းမြည်သံတို့သည် အေးစိမ့်သော အလင်းဖြင့် ဝင်းလက်ကာ လူတို့ကို ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်စေ၏။ အသွားနှစ်ဖက်ပါသည့် ထက်မြသော သန်လျက်သည် အဓမ္မလူအပေါင်းတို့ကို အဆုံးစီရင်ပြီး၊ ရန်သူသည် ပုန်းကွယ်စရာ နေရာမရှိဘဲ ကပ်ဘေးကို ရင်ဆိုင်ရလေသည်။ ၎င်းတို့သည် ပြုံကျလာသည့် လေနှင့်မိုးတို့တွင် မှင်တက်သွားကြပြီး၊ လေတိုက်မှုကြောင့် ချာချာလည်လျက်၊ စီးဆင်းနေသော ရေများထဲသို့ ချက်ချင်း တုံးခနဲ လဲသေကြပြီး ရေစီး၌ ပါသွားကြလေသည်။ သေခြင်းသာ ရှိပြီး၊ ၎င်းတို့အတွက် ရှင်ကျန်ဖို့ နည်းလမ်းမရှိပေ။ မိုးချုန်းသံ ခုနှစ်ချက်သည် ငါ့ထံမှ ထွက်ပေါ်ပြီး၊ အားလုံးသည် အချင်းချင်း ဆက်နွှယ်မှု ရှိနိုင်ကြဖို့၊ မိမိတို့ကိုယ်ကိုယ် မှန်ကန်စွာ ပြုမူနိုင်ကြဖို့နှင့် ငါနှင့်အတူ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နိုင်ကြဖို့၊ ပြီးလျှင် စကြဝဠာထဲရှိ အသင်းတော်အားလုံးသည် တစ်ခုတည်းအဖြစ် တည်ဆောက်ခြင်း ခံရနိုင်ကြဖို့အလို့ငှာ အဲဂုတ္တုပြည်၏ အကြီးဆုံးသားများကို အဆုံးစီရင်ရန်၊ ဆိုးယုတ်သောသူတို့အား အပြစ်ဒဏ်ပေးရန်နှင့် ငါ၏ အသင်းတော်များကို သန့်ရှင်းစေရန်ဖြစ်သည့် ငါ၏ ရည်ရွယ်ချက်ကို သိရှိစေ၏။ ဤသည်မှာ ငါ၏ ရည်ရွယ်ချက် ဖြစ်သည်။
မိုးချုန်းသံ မြည်ပြီး၊ ယင်း၏ နောက်တွင် မြည်တမ်းခြင်း အသံများ မြည်ဟီးလေသည်။ အချို့သည် ၎င်းတို့၏ အိပ်စက်ခြင်းမှ နိုးကြပြီး၊ အလွန် အထိတ်တလန့်ဖြစ်လျက်၊ ၎င်းတို့၏ ဝိညာဉ်များ ထဲ၌ စူးစူးစိုက်စိုက် ရှာဖွေကြပြီး ပလ္လင်ရှေ့သို့ အပြေးအလွှား ပြန်သွားကြလေသည်။ ၎င်းတို့သည် သောင်းကျန်းသော လိမ်လည် လှည့်စားခြင်းနှင့် လက်ခံနိုင်ဖွယ် မရှိသော လုပ်ရပ်များကို ရပ်တန့်လိုက်ကြသည်။ ထိုသို့သော လူတို့အတွက် နိုးထရန် နောက်မကျလွန်းသေးချေ။ ငါသည် ပလ္လင်ထက်မှ စောင့်ကြည့်လျက်နေသည်။ ငါသည် လူတို့၏ အတွင်းကျကျ စိတ်နှလုံးများထဲသို့ ကြည့်၏။ ငါ့အား လေးလေးနက်နက် ပြင်းပြစွာ တောင့်တသောသူတို့ကို ငါသည် ကယ်တင်ပြီး၊ ၎င်းတို့ကို ငါသည် သနား၏။ မိမိတို့၏ စိတ်နှလုံးများထဲ၌ အခြားသောအရာ အားလုံးထက် ငါ့ကို ပို၍ချစ်သောသူများ၊ ငါ၏ အလိုကို နားလည်ကာ၊ ငါ၏နောက်သို့ တကယ့်လမ်းဆုံးတိုင်အောင် လိုက်သောသူများကို ငါသည် ထာဝရ ကယ်တင်မည်။ ၎င်းတို့အနေဖြင့် ဤအဖြစ်အပျက်ကို မကြုံရဖို့နှင့် မည်သည့် ဘေးအန္တရာယ်မျှ ရှိမလာဖို့ရန်အလို့ငှာ ငါ၏လက်သည် ၎င်းတို့အား အသေအချာ ဆုပ်ကိုင်ထားမည်ဖြစ်သည်။ အချို့တို့သည် ဤပြိုးပြက်သော လျှပ်စီးလက်ခြင်း မြင်ကွင်းကို မြင်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ပြောမပြတတ်သည့် နာကျင်မှု ရှိကြပြီး၊ ပြင်းပြင်းထန်ထန် နောင်တရမိကြလေသည်။ ဤနည်းဖြင့် ပြုမူခြင်းကို ၎င်းတို့ မလျှော့တမ်းဆက်လုပ်ပါက၊ ၎င်းတို့အတွက် နောက်ကျလွန်းပေသည်။ အို၊ ခပ်သိမ်းသောအရာတို့။ အားလုံး ပြီးမြောက်ပေလိမ့်မည်။ ဤအရာသည်လည်း ငါ၏ ကယ်တင်ခြင်း နည်းလမ်းများထဲမှ တစ်ခု ဖြစ်၏။ ငါ့ကို ချစ်သောသူများကို ငါကယ်တင်ပြီး၊ ဆိုးယုတ်သောသူများကို ငါအဆုံးစီရင်၏၊ ငါသည် ငါ၏ နိုင်ငံတော်ကို ကမ္ဘာမြေပေါ်၌ မြဲမြံကာ ခိုင်ခံ့စေပြီး၊ ငါသည် ဘုန်းအာနုဘော် ဖြစ်ကြောင်း၊ ပြင်းထန်သော မီးဖြစ်ကြောင်း၊ လူအယောက်တိုင်း၏ အတွင်းကျကျ စိတ်နှလုံးကို ရှာဖွေသော ဘုရားသခင် ဖြစ်ကြောင်းကို တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအားလုံး၊ စကြဝဠာထဲနှင့် ကမ္ဘာ့ အစွန်ဆုံးနေရာများရှိ အရာအားလုံးကို သိခွင့်ပေးသည်။ ဤအချိန်မှစ၍၊ ဖြူသောပလ္လင်ကြီး၏ တရားစီရင်ခြင်းကို လူထုနှင့် လူမျိုးအပေါင်းတို့ထံ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြထားပေသည်၊ တရားစီရင်ခြင်း စတင်ပြီဟု ကြေညာ ထားပေသည်။ မိမိတို့၏ စကားများက အူလှိုက်သည်းလှိုက် မဖြစ်သောသူများ၊ သံသယဖြစ်ကာ မသေချာဝံ့သူများ၊ ငါ၏ အလိုဆန္ဒများကို သိသော်လည်း၊ ၎င်းတို့ကို လက်တွေ့ လုပ်ဆောင်ရန် လိုလားခြင်းမရှိသည့် အချိန်ဖြုန်းသော သူများ အားလုံး- ၎င်းတို့အားလုံး တရားစီရင်ခြင်းကို ခံကြရမည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ သင်တို့သည် သင်တို့ကိုယ်တိုင်၏ ရည်ရွယ်ချက်များနှင့ကြံရွယ်ချက်များကို သေချာစွာ ဆန်းစစ်ရမည် ဖြစ်ပြီး၊ သင်တို့၏ သင့်တော်သော နေရာယူရမည်။ ငါ၏ နှုတ်ကပတ်တော်များကို လေးနက်စွာ လက်တွေ့လုပ်ဆောင်လော့၊ သင်၏ အသက် အတွေ့အကြုံကို တန်ဖိုးထားလော့၊ ပြီးလျှင် အပေါ်ယံ စိတ်အားထက်သန်မှုဖြင့် မလုပ်ဘဲ၊ သင်၏ အသက်တာကို ကြီးထွားစေလော့၊ ရင့်ကျက်စေလော့၊ တည်ငြိမ်စေပြီး အတွေ့အကြုံရင့်စေလော့- ထိုအခါမှသာ သင်သည် ငါ၏စိတ်နှလုံးနှင့် ကိုက်ညီသောသူ ဖြစ်လိမ့်မည်။
ငါ တည်ဆောက်သည့်အရာကို နှောင့်ယှက်ကာ ဖျက်ဆီးသည့် စာတန်၏အစေအပါးများနှင့် ဆိုးယုတ်သောဝိညာဉ်များကို ၎င်းတို့ အကျိုးအတွက် အမှုအရာများကို အမြတ်ထုတ်ဖို့ မည်သည့် အခွင့်အလမ်းကိုမဆို ငြင်းပယ်ကြလော့။ ၎င်းတို့ကို အပြင်းအထန် ကန့်သတ်ပြီး ချုပ်ထိန်းရမည်။ ၎င်းတို့အား ထက်သော ဓါးတစ်စင်းဖြင့်သာ ကိုင်တွယ်ဖြေရှင်းနိုင်သည်။ အဆိုးဆုံးသော သူများကို နောင်ဖြစ်မည့်ဒုက္ခကို တားဆီးဖို့ ချက်ချင်း အမြစ်ပါမကျန် ဖယ်ရှားပစ်ရမည်။ ထိုအခါ အသင်းတော်သည် ပုံပန်းမကျခြင်းအားလုံး ကင်းမဲ့လျက် စုံလင်စေခြင်း ခံရလိမ့်မည် ဖြစ်ကာ၊ တက်ကြွမှုနှင့် အားအင်ပြည့်လျက် ကျန်းမာပေလိမ့်မည်။ ပြိုးပြက်သော လျှပ်ပြက်ခြင်းနောက်တွင် မိုးချုန်းသံများ မြည်ဟည်း၏။ သင်သည် မပေါ့ဆရ၊ ပြီးလျှင် သင်သည် လက်မလျော့ဘဲ အမီလိုက်ရန် အစွမ်းကုန် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ငါ၏လက် လုပ်ဆောင်သည့်အရာ၊ ငါ ရရှိဖို့ ရည်ရွယ်သည့်အရာ၊ ငါ ဖယ်ရှားဖို့ ရည်ရွယ်သည့်အရာ၊ ငါ စုံလင်စေဖို့ ရည်ရွယ်သည့်အရာ၊ ငါ အမြစ်ဖြတ်ဖယ်ရှားဖို့ ရည်ရွယ်သည့်အရာ၊ ငါ အဆုံးစီရင်ဖို့ ရည်ရွယ်သည့်အရာတို့ကို သင် ဧကန်မုချ မြင်နိုင်လိမ့်မည်- ငါ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းကို သင်တို့အား ရှင်းရှင်းလင်းလင်း မြင်ခွင့်ပေးလျက် ဤအရာအားလုံးကို သင်တို့၏ မျက်စိရှေ့တွင် ဖွင့်ဟမည်ဖြစ်သည်။
ပလ္လင်ထက်မှသည် စကြဝဠာနှင့် ကမ္ဘာ့ အစွန်ဆုံးနေရာများ အထိ၊ မိုးချုန်းသံ ခုနှစ်ချက်သည် ပဲ့တင်ထပ်လေ၏။ ကြီးစွာသော လူတစ်စုသည် ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏ ပလ္လင်ရှေ့တွင် ကျိုးနွံနာခံကြလိမ့်မည်။ ဤအသက်၏အလင်း နောက်လိုက်ရင်း၊ လူတို့သည် ရှင်သန်ရန် နည်းလမ်းတစ်ခုကို ရှာဖွေကြပြီး၊ ဒူးထောက် ကိုးကွယ်ရန်နှင့် ၎င်းတို့၏ နှုတ်များဖြင့် စစ်မှန်သော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမကို အော်ခေါ်ပြီး မိမိတို့၏ အသနားခံခြင်းများကို ဖွင့်ဟရန် ငါ့ထံ မလာဘဲ မနေနိုင်ကြပေ။ သို့သော် ငါ့ကို အတိုက်အခံပြုသောသူများ၊ မိမိတို့၏ စိတ်နှလုံးများကို မာကျောစေသောသူများကိုမူ၊ မိုးချုန်းသံသည် ၎င်းတို့၏ နားများထဲ၌ ပဲ့တင်ထပ်ပြီး၊ ၎င်းတို့ ဧကန်မုချ ပျက်စီးခြင်းသို့ ရောက်ကြရမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကို စောင့်ကြိုနေသည့် ရလဒ်သက်သက် ဖြစ်သည်။ အောင်မြင်သော ငါ၏ ချစ်သားများသည် ဇိအုန်တွင် နေကြလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့ ရရှိမည့်အရာကို လူမျိုးအပေါင်းတို့သည် မြင်ကြလိမ့်မည်ဖြစ်ကာ သင်တို့၏ရှေ့၌ အလွန်ကြီးစွာသော ဘုန်းအသရေသည် ပေါ်ထွန်းလိမ့်မည်။ အမှန်ပင် ဤသည်မှာ ကြီးမားသော ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်ပြီး၊ ပြန်ပြောပြဖို့ ခက်ခဲသည့် ချိုမြိန်မှုတစ်ခု ဖြစ်သည်။
မိုးချုန်းသံခုနှစ်ချက် ထွက်ပေါ်ခြင်းသည် ငါ့အား ချစ်သောသူများ၊ ငါ့အား စစ်မှန်သော စိတ်နှလုံးများဖြင့် တောင့်တသောသူများကို ကယ်တင်ခြင်း ဖြစ်သည်။ ငါနှင့် သက်ဆိုင်သောသူများနှင့် ငါ ကြိုတင်ပြဌာန်းထားပြီး ရွေးကောက် ထားသော သူများအားလုံးသည် ငါ၏နာမအောက်သို့ ရောက်လာ နိုင်ကြ၏။ ၎င်းတို့သည် ဘုရားသခင် ၎င်းတို့ကို ခေါ်ခြင်းဖြစ်သည့် ငါ၏အသံကို ကြားနိုင်ကြလေသည်။ ကမ္ဘာမြေကြီး၏ အဆုံးစွန် နေရာများတွင် ရှိသောသူတို့အား ငါသည် ဖြောင့်မတ်ကြောင်း၊ သစ္စာနှင့်ပြည့်စုံကြောင်း၊ ငါသည် မေတ္တာ ဖြစ်ကြောင်း၊ သနားခြင်းကရုဏာ ဖြစ်ကြောင်း၊ ဘုန်းအာနုဘော် ဖြစ်ကြောင်း၊ ငါသည် ပြင်းထန်သော မီးဖြစ်ကြောင်းနှင့် နောက်ဆုံးတွင် ရက်စက်သော တရားစီရင်ခြင်း ဖြစ်ကြောင်းကို မြင်စေကြလော့။
ငါသည် စစ်မှန်ပြီး စုံလင်သော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို ကမ္ဘာလောကကြီးထဲရှိ လူအပေါင်းတို့ မြင်စေကြလော့။ လူအပေါင်းတို့သည် အပြည့်အဝ ယုံကြည်လက်ခံ ကြပြီး ငါ့အား မည်သူမျှ နောက်တစ်ဖန် မခုခံဝံ့သကဲ့သို့၊ နောက်တစ်ဖန် ငါ့အား ဝေဖန်ရန် သို့တည်းမဟုတ် အသရေဖျက်ရန် မပြုဝံ့ကြချေ။ သို့မဟုတ်ပါက၊ ၎င်းတို့အပေါ် ကျိန်ခြင်း အမင်္ဂလာများ ချက်ချင်း ရောက်လာပြီး ၎င်းတို့အပေါ် ကပ်ဘေးကျရောက်ပေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ပျက်စီးခြင်းကို ကျရောက်စေပြီးနောက် ငိုကြွေးခြင်းနှင့် အံကြိတ်ခြင်းတို့ကိုသာ ပြုနိုင်ကြပေသည်။
လူမျိုးအပေါင်းတို့အား သိစေကြလော့၊ စကြဝဠာ တစ်လျှောက်နှင့် ကမ္ဘာမြေ၏ အဆုံးစွန်များအထိ၊ အိမ်ထောင်တိုင်း နှင့် လူတိုင်းအားဖြင့် သိစေကြလော့- အနန္တတန်ခိုးရှင် ဘုရားသခင်သည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင် ဖြစ်၏။ လူအပေါင်းသည် တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်ကာ ငါ့ကို ကိုးကွယ်ကြလိမ့်မည် ဖြစ်ပြီး၊ စကားပြောတတ်စ ကလေးငယ်များကပင် “အနန္တတန်ခိုးရှင် ဘုရားသခင်” ဟု အော်ခေါ်ကြလိမ့်မည်။ အာဏာကို စွဲကိုင်ထားသည့် အရာရှိများသည်လည်း ၎င်းတို့ ရှေ့တွင် ပေါ်ထွန်းလျက်ရှိသည့် စစ်မှန်သော ဘုရားသခင်ကို ၎င်းတို့၏ မျက်စိများဖြင့် မြင်တွေ့ကြရလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့သည်လည်း သနားကရုဏာနှင့် ခွင့်လွှတ်ခြင်းကို တောင်းခံလျက်၊ ကိုးကွယ်ခြင်းဖြင့် မိမိတို့ကိုယ်ကိုယ် ပျပ်ဝပ်ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့၏ ပျက်စီးခြင်းအချိန်သည် ရောက်လာပြီ ဖြစ်သည့်အတွက် ဧကန်အမှန် နောက်ကျလွန်းလေပြီ ဖြစ်သည်။ ၎င်းတို့အနေဖြင့် အပြတ်ရှင်းခြင်းသာခံရပြီး အတိုင်းမသိသော တွင်းနက်ထဲသို့ စီရင်ခြင်းခံရကြလေသည်။ ငါသည် ခေတ်တစ်ခုလုံးကို အဆုံးသတ်စေမည်ဖြစ်ပြီး၊ ငါ၏ နိုင်ငံတော်ကို ယခင်ကထက် သာ၍ အားကောင်းစေမည်။ တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့သည် ငါ၏ရှေ့၌ ထာဝရကာလပတ်လုံး ကျိုးနွံနာခံကြလိမ့်မည် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၅၆)
အနန္တတန်ခိုးရှင် စစ်မှန်သော ဘုရားသခင်၊ နန်းတက် ရှင်ဘုရင်သည် တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအပေါင်းတို့အား မျက်နှာမူလျက် စကြဝဠာတစ်ခုလုံးကို စိုးစံပြီး၊ ကောင်းကင်အောက်ရှိ အရာခပ်သိမ်းတို့သည် ဘုရားသခင်၏ ဘုန်းဖြင့် ထိန်လင်းလျက်ရှိ၏။ စကြဝဠာနှင့် ကမ္ဘာ့အစွန်အဖျားတိုင်အောင်ရှိ သက်ရှိအပေါင်းတို့သည် မြင်ကြရမည်။ တောင်များ၊ မြစ်များ၊ ရေကန်များ၊ ကုန်းမြေများ၊ သမုဒ္ဒရာများနှင့် သက်ရှိသတ္တဝါအပေါင်းတို့သည် စစ်မှန်သော ဘုရားသခင်၏ မျက်နှာအလင်းတွင် အိပ်မက်မှ နိုးထလျက်ရှိကြသည့်အလား၊ မြေကို ထိုးဖောက်၍ အညှောင့်ထွက်သည့်အလား ၎င်းတို့၏ ကန့်လန့်ကာများကို ဖွင့်လှစ်ခဲ့ကြလေပြီ။
အဲ၊ တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်သည် ကမ္ဘာလောကရှေ့၌ ပေါ်ထွန်းလေသည်။ မည်သူသည် ကိုယ်တော့်အား ခုခံမှုဖြင့် ချဉ်းကပ်ဝံ့သနည်း။ အားလုံးသည် ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်ကြ၏။ အားလုံး လုံးဝ ယုံကြည်လက်ခံကြပြီး၊ ခွင့်လွှတ်ခြင်းကို ထပ်ကာတလဲ တောင်းခံကြ၏။ လူအားလုံး သူ၏ရှေ့တွင် ဒူးထောက်ကာ နှုတ်ရှိသမျှသည် သူ့ကို ရှိခိုးကြလေသည်။ တိုက်ကြီးများနှင့် သမုဒ္ဒရာများ၊ တောင်များ၊ မြစ်များ- အရာခပ်သိမ်းတို့သည် ကိုယ်တော့်အား အတောမသတ် ချီးမွမ်းကြသည်။ နွေဦးသမယသည် ၎င်း၏ နွေးထွေးသော လေညင်းများနှင့်အတူ သန့်စင်သော နွေဦးမိုးကို ယူဆောင်လျက် ရောက်လာသည်။ လူအားလုံးကဲ့သို့၊ စမ်းချောင်းများ၏ ရေစီးကြောင်းများသည် ကျေးဇူးတင်ရှိခြင်းနှင့် မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း မျက်ရည်များ ယိုစီးလျက် ပူဆွေးခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် စီးဆင်းကြသည်။ မြစ်များ၊ ရေကန်များ၊ ကမ်းခတ်လှိုင်းနှင့် လှိုင်းတံပိုးထခြင်းများ အားလုံးသည် စစ်မှန်သော ဘုရားသခင်၏ သန့်ရှင်းသောနာမကို သီဆိုလျက်၊ ချီးမွမ်းထောပနာပြုလျက် ရှိနေကြသည်။ ချီးမွမ်းခြင်းအသံများမှာ အင်မတန် ကြည်လင်ပြတ်သားမှုဖြင့် မြည်ဟည်းထွက်သွား၏။ တစ်ချိန်က စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံခဲ့ရသည့် ဟောင်းသောအရာများ- တစ်ခုစီတိုင်းသည် အသစ်ပြုပြင်ခံရကာ ပြောင်းလဲကြလိမ့်မည်ဖြစ်ပြီး၊ လုံးဝ သစ်လွင်သော နယ်ပယ် တစ်ခုထဲသို့ ဝင်ရောက်ကြလိမ့်မည်...
ဤသည်မှာ သန့်ရှင်းသော တံပိုးဖြစ်ပြီး စတင်အသံမြည်လေပြီ။ နားစိုက်ထောင် ကြလော့။ အချိန်ကျရောက်ပြီ ဖြစ်ကြောင်း၊ နောက်ဆုံးသောနိဂုံး ရောက်လာပြီ ဖြစ်ကြောင်းကို တိုင်းနိုင်ငံတိုင်းနှင့် လူတိုင်းအား အသိပေးလျက် အလွန် သာယာနာပျော်ဖွယ်ကောင်းသော ထိုအသံသည် ပလ္လင်၏ မိန့်မြွက်ချက်ဖြစ်သည်။ ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်မှာ ပြီးမြောက်ပြီဖြစ်သည်။ ငါ၏ နိုင်ငံတော်သည် ကမ္ဘာမြေကြီးပေါ်တွင် လူပုံအလယ် ပေါ်ထွန်းလေပြီ။ လောက၏ နိုင်ငံများသည် ဘုရားသခင်ဖြစ်သော ငါ၏ နိုင်ငံတော် ဖြစ်လာကြပေပြီ။ ငါ၏ တံပိုးခုနှစ်လုံးသည် ပလ္လင်မှ အသံမြည်ကာ၊ အင်မတန် အံ့ဩဖွယ် အရာများ ဖြစ်ပေါ်လိမ့်မည်။ ကမ္ဘာမြေကြီး အစွန်းရှိ လူတို့သည် ရေခဲတောင်တစ်ခု ပြိုကျသည့် အရှိန်မျိုး၊ မိုးကြိုးတို့၏ အင်အားမျိုးဖြင့် အရပ်ရပ်မှ တစ်ဟုန်ထိုး ပြေးလာကြလိမ့်မည်။...
ငါ၏အသံကို ကြားပြီး တိုင်းနိုင်ငံနှင့် နယ်မြေအားလုံးမှ စုဝေးကြကုန်သော ငါ၏ လူများအပေါ် ငါသည် ဝမ်းမြောက်စွာကြည့်၏။ စစ်မှန်သော ဘုရားသခင်ကို မိမိတို့၏ နှုတ်တွင် ထားရှိကြသော လူအပေါင်းတို့သည် ဝမ်းမြောက်သည့်အတွက် အတောမသတ် ချီးမွမ်းကာ ခုန်ပေါက်ကြလေ၏။ ၎င်းတို့သည် ကမ္ဘာလောကကို သက်သေခံကြပြီး၊ စစ်မှန်သော ဘုရားသခင်အား ၎င်းတို့၏ သက်သေခံချက်အသံသည် ရေထု၏ မြည်ဟည်းနေသော အသံကဲ့သို့ဖြစ်သည်။ လူအပေါင်းတို့သည် ငါ၏ နိုင်ငံတော်ထဲသို့ စုရုံးကြလိမ့်မည်။
ငါ၏ တံပိုးခုနှစ်လုံးသည် အိပ်မောကျနေသူတို့အား နိုးထစေလျက် အသံမြည်ကြ၏။ အလျင်အမြန် ထကြလော့၊ အချိန် သိပ်မနှောင်းသေးပေ။ သင်တို့၏ အသက်တာကို ကြည့်ကြလော့။ သင်တို့၏ မျက်လုံးများကို ဖွင့်၍၊ ယခု မည်သည့်အချိန် ရှိပြီဖြစ်သည်ကို မြင်ကြလော့။ ရှာဖွေစရာ မည်သည့်အရာ ရှိသနည်း။ စဉ်းစားစရာ မည်သည့်အရာ ရှိသနည်း။ ဖက်တွယ်စရာ မည်သည့်အရာ ရှိသနည်း။ ငါ၏ အသက်ကို ရခြင်းနှင့် သင် ချစ်ခင်ကာ ဖက်တွယ်ထားသော အရာအားလုံးကို ရရှိခြင်းကြား တန်ဖိုးကွာခြားမှုကို သင် ဆင်ခြင်စဉ်းစားဖူးပါသလော။ တဇွတ်ထိုးမလုပ်သကဲ့သို့ ကပြက်ကချော် မလုပ်ကြနှင့်တော့။ ဤ အခွင့်အရေးကို လက်လွှတ်မခံလေနှင့်။ ဤအချိန်သည် တစ်ဖန် ရောက်လာလိမ့်မည် မဟုတ်။ သင်တို့၏ ဘဝအတွေ့အကြုံ ပို၍ နက်ရှိုင်းစေရန်နှင့် ငါ၏ စိတ်သဘောထားအတိုင်း သင်တို့ အသက်ရှင်ရန်အလို့ငှာ၊ ပြီးလျှင် သင်တို့၏ အသက်တာ ရင့်ကျက်ပြီး အတွေ့အကြုံရင့်စေရန်နှင့် ငါ၏ ခြေလှမ်းများနောက်သို့ သင်တို့ အမြဲလိုက်နိုင်ပြီး စာတန်ကို အောင်နိုင်ကြစေဖို့အလို့ငှာ၊ ချက်ချင်း ထရပ်လော့၊ သင်တို့၏ စိတ်ဝိညာဉ်ကို လက်တွေ့လေ့ကျင့်လော့၊ စာတန်၏ ကြံစည်မှုနှင့် လှည့်ကွက်တိုင်းကို ရိပ်မိပြီး ဖျက်ဆီးရန် အမျိုးမျိုးသော လက်နက်များကို အသုံးပြုလော့။ စိတ်ဓာတ်ကျခြင်း၊ အားနည်းခြင်း မရှိဘဲ၊ ရှေ့သို့ အမြဲရွှေ့ရင်း၊ တစ်လှမ်းချင်း လမ်းဆုံးထိ တည့်တည့် သွားကြလော့။
တံပိုးခုနှစ်လုံး တစ်ဖန် အသံမြည်သည့်အခါ၊ ယင်းသည် တရားစီရင်ခြင်း၊ ပုန်ကန်သော သားများကို တရားစီရင်ခြင်း၊ တိုင်းနိုင်ငံအပေါင်းနှင့် လူမျိုးအပေါင်းတို့ကို တရားစီရင်ခြင်းအဖို့ ကြေညာခြင်း ဖြစ်လိမ့်မည်ဖြစ်ပြီး တိုင်းနိုင်ငံအသီးသီးသည် ဘုရားသခင်၏ရှေ့တွင် အညံ့ခံကြလိမ့်မည်။ ဘုရားသခင်၏ ကျက်သရေရှိသော မျက်နှာသည် တိုင်းနိုင်ငံအပေါင်းနှင့် လူမျိုးအပေါင်းတို့ရှေ့၌ ဧကန်အမှန် ပေါ်ထွန်းလိမ့်မည်။ အယောက်တိုင်းသည် လုံးဝ လက်ခံယုံကြည်ကြလိမ့်မည်ဖြစ်ပြီး စစ်မှန်သော ဘုရားသခင်အား အတောမသတ် ကြွေးကြော်ကြလိမ့်မည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ပို၍ကြီးမားသော ကျက်သရေရှိလိမ့်မည်ဖြစ်ပြီး၊ ငါ၏ သားများသည် တိုင်းနိုင်ငံအပေါင်းနှင့် လူမျိုးအပေါင်းတို့အား တရားစီရင်လျက်၊ မတရားသောသူတို့အား ပြစ်ဒဏ်ပေးလျက်၊ ငါနှင့်သက်ဆိုင်သောသူတို့အား ကယ်တင်ကာ သနား ကရုဏာထားလျက်၊ နိုင်ငံတော်ကို ခိုင်မာပြီး တည်ငြိမ်စေလျက် ငါနှင့်အတူ ဘုန်းအသရေနှင့် ရှင်ဘုရင် အရိုက်အရာကို မျှဝေခံစားကြလိမ့်မည်။ တံပိုးခုနှစ်လုံး၏ အသံမှတစ်ဆင့်၊ လူပေါင်းမြောက်မြားစွာတို့သည် အစဉ် ချီးမွမ်းခြင်းဖြင့် ဒူးထောက်ကိုးကွယ်ရန် ငါ၏ရှေ့သို့ ပြန်လာကြရင်း ကယ်တင်ခြင်း ခံရကြလိမ့်မည်။
တံပိုးခုနှစ်လုံး နောက်တစ်ဖန် အသံမြည်သည့်အခါ၊ ယင်းသည် ခေတ်ကာလ၏ အဆုံးမှ နိဂုံးချုပ်အဖြစ်အပျက်၊ စာတန်မာရ်နတ်အပေါ် အောင်မြင်မှုနှင့်ဆိုင်သော ကျယ်လောင်စူးရှသည့် တံပိုးမှုတ်သံ၊ ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံတော်ထဲတွင် လူပုံအလယ် အသက်ရှင်ခြင်း၏ အစအဦးကို ကြေညာသည့် ဂုဏ်ပြုခြင်း ဖြစ်လတ္တံ။ အလွန်မြင့်မြတ်သည့် အသံပေတကား၊ ပလ္လင်ပတ်လည်တွင် ပဲ့တင်ထပ်နေသော ဤအသံ၊ ကောင်းကင်နှင့်မြေကြီးကို တုန်ခါစေသော ဤကျယ်လောင်စူးရှသည့် တံပိုးမှုတ်သံသည် ငါ၏ စီမံခန့်ခွဲမှုအစီအစဉ် အထမြောက်အောင်မြင်ခြင်း လက္ခဏာဖြစ်၏။ ယင်းသည် စာတန်နှင့်ဆိုင်သော တရားစီရင်ခြင်း ဖြစ်သည်။ ၎င်းက ဟောင်းနွမ်းသော ဤကမ္ဘာလောကကြီး တစ်ခုလုံးကို သေဆုံးခြင်းသို့၊ အနက်ဆုံးသောတွင်းထဲသို့ ပြန်သွားဖို့ စီရင်လေသည်။ ကျယ်လောင်စူးရှသော ဤတံပိုးမှုတ်သံသည် ကျေးဇူးတော်တံခါး ပိတ်တော့မည်၊ နိုင်ငံတော်၏အသက်တာသည် ကမ္ဘာမြေကြီးပေါ်၌ စတင်လိမ့်မည်ဟူသည့် မှန်ကန်ပြီး လျော်ကန်သောအချက်တို့ကို ညွှန်ပြပေသည်။ ဘုရားသခင်သည် သူ့အား ချစ်သောသူများကို ကယ်တင်၏။ သူ၏ နိုင်ငံတော်ဆီသို့ ၎င်းတို့ ပြန်သွားကြသည်နှင့် တစ်ပြိုင်နက်၊ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့သည် ငတ်မွတ်ခြင်းဘေးနှင့် ကပ်ရောဂါဘေးကို ရင်ဆိုင်ကြရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ ဖလားခုနှစ်လုံးနှင့် ဘေးဒဏ်ခုနှစ်ပါးသည် တစ်ခုပြီး တစ်ခု သက်ရောက်မည် ဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း၊ ငါ၏စကား တည်လိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၃၆” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၅၇)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများသည် ကြီးမြတ်ပေတကား။ အံ့ဩဖွယ် ဖြစ်ပေတကား။ ထူးကဲလှပေတကား။ တံပိုးခရာခုနစ်ခုတို့သည် အသံမြည်ကြ၏၊ မိုးကြိုးသံ ခုနစ်ချက်မြည်ကာ ဖလားခုနစ်လုံးအား သွန်းလောင်း၏- ဤအရာများသည် လူပုံအလယ်၌ ချက်ခြင်း ထုတ်ဖော်ပြခံရမည်ဖြစ်ပြီး သံသယမရှိနိုင်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ငါတို့ထံ နေ့စဉ်လာ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်သည်သာ ငါတို့ကို ကယ်တင်နိုင်၏၊ ငါတို့သည် ကံဆိုးခြင်းနှင့် တွေ့ကြုံရသည်ဖြစ်စေ၊ ကောင်းချီးကို ခံစားရသည်ဖြစ်စေ သူ့အပေါ် လုံးလုံးလျားလျား တည်မှီပြီး၊ ငါတို့လူသားများသည် ဤအရာကို ဆုံးဖြတ်နိုင်ခြင်း မရှိပေ။ စိတ်နှလုံးတစ်ခုလုံးဖြင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်အား ဆက်ကပ်ပူဇော်သော သူတို့သည် ကြီးစွာသော ကောင်းချီးများကို ဧကန်မုချ ရရှိကြလိမ့်မည် ဖြစ်သော်လည်း မိမိတို့၏ အသက်များကို ထိန်းသိမ်းရန် ကြိုးပမ်းသောသူတို့သည် ၎င်းတို့၏ အသက်များကို ဆုံးရှုံးခြင်းသာ ဖြစ်လိမ့်မည်။ အရာအားလုံးနှင့် ကိစ္စရပ်အားလုံးသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လက်ထဲ၌သာ ရှိသည်။ သင်၏ခြေလှမ်းများကို ရပ်တန့်မထားပါနှင့်တော့။ ဧရာမပြောင်းလဲမှုကြီးသည် ကောင်းကင်နှင့် မြေကြီးဆီသို့ ရောက်ရှိလာပြီး၊ လူသားသည် ယင်းမှ ပုန်းကွယ်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။ သူ့အတွက် ခါးသီးသော ငိုကြွေးမြည်တမ်းခြင်းကလွဲ၍ အခြား ရွေးချယ်စရာရှိလိမ့်မည် မဟုတ်။ ယနေ့ သန့်ရှင်းသော ဝိညာဉ်တော် လုပ်နေသည့် အလုပ်နောက်သို့ လိုက်လော့။ သူ၏ အမှုတော် မည်သည့်အဆင့်သို့ တိုးတက်ပြီးသည်နှင့်ပတ်သက်၍ အခြားမည်သူကမျှ အသိပေးစရာမလိုဘဲ၊ မိမိစိတ်ထဲတွင် ရှင်းလင်းသင့်ပေသည်။ ယခု အနန္တတန်ခိုးရှင် ဘုရားသခင်၏ မျက်မှောက်ထဲသို့ သင်တတ်နိုင်သရွေ့ မကြာခဏ ပြန်လာလော့။ အရာရာတိုင်းအတွက် သူ့ကို တောင်းလျှောက်လော့။ သူသည် သင့်အား အတွင်း၌ ဧကန်မုချ အသိဉာဏ် ပွင့်လင်းစေလိမ့်မည်ဖြစ်ပြီး၊ သေရေးရှင်ရေးဖြစ်သော အခိုက်အတန့်များ၌ သူသည် သင့်ကို ကာကွယ်လိမ့်မည်။ ကြောက်ရွံ့ခြင်း မရှိနှင့်။ သူသည် သင်၏ ဖြစ်တည်မှုတစ်ခုလုံးအား ပိုင်ဆိုင်ထားနှင့်ပြီဖြစ်၏။ သူ၏ ကာကွယ်ခြင်းနှင့် သူ၏ စောင့်ရှောက်ခြင်းရှိလျှင်၊ သင့်အတွက် အဘယ်အရာ ကြောက်ဖို့ရှိသနည်း။ ယနေ့တွင် ဘုရားသခင်၏အလိုတော် ဖြစ်မြောက်အောင်မြင်မှုသည် လက်တစ်ကမ်းတွင်ရှိပြီး ကြောက်ရွံ့သော မည်သူမဆို ဆုံးရှုံးနိုင်ခြေသာ မြင့်မားပေသည်။ သင့်ကို ငါပြောနေသည်မှာ သမ္မာတရားဖြစ်၏။ သင်၏ ဝိညာဉ်ရေးမျက်စိများကို ဖွင့်လော့- ကောင်းကင်သည် ချက်ချင်း ပြောင်းလဲနိုင်၏၊ သို့သော် သင့်အတွက် ကြောက်ရမည့်အရာ မည်သည့်အရာရှိသနည်း။ သူ၏ လက်ကို အနည်းငယ်မျှ လှုပ်ရှားခြင်းဖြင့်၊ ကောင်းကင်နှင့် မြေကြီးသည် ချက်ချင်း ပျက်သုဉ်းသွားကြ၏။ ထို့ကြောင့် လူသားသည် စိုးရိမ်ပူပန်ခြင်းဖြင့် အဘယ်အရာ ရရှိနိုင်သနည်း။ အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်ထဲ၌ ရှိသည် မဟုတ်သလော။ အကယ်၍ ကောင်းကင်နှင့်မြေကြီးကို ပြောင်းလဲဖို့ သူ အမိန့်ပေးပါက၊ ၎င်းတို့သည် ပြောင်းလဲကြလိမ့်မည်။ အကယ်၍ ငါတို့သည် စုံလင်ခံရဖို့ဖြစ်သည်ဟု သူဆိုပါက၊ ငါတို့ စုံလင်ခြင်းခံရကြလိမ့်မည် ဖြစ်သည်။ လူသားအနေဖြင့် စိုးရိမ်ပူပန်ရန် မလိုအပ်ပေ၊ သို့သော် တည်ငြိမ်စွာ ရှေ့ဆက်သင့်၏။ မည်သို့ပင်ဆိုစေ၊ သင်သည် တတ်နိုင်သမျှ အလေးဂရုပြုကာ နိုးနိုးကြားကြား ရှိရမည်။ ကောင်းကင်သည် ချက်ချင်း ပြောင်းလဲသွားနိုင်သည်။ လူသည် မိမိ၏ ပကတိမျက်စိများကို မည်မျှကျယ်ဝန်းစွာ ဖွင့်ထားပါစေ မည်သည့်အရာကိုမျှ သိပ်မြင်နိုင်လိမ့်မည်မဟုတ်။ ယခု ဂရုစိုက်ကြည့်လော့။ ဘုရားသခင်၏ အလိုတော်သည် ပြီးမြောက်ပြီးဖြစ်သည်၊ သူ၏ စီမံကိန်းသည် ပြည့်စုံပြီးဖြစ်သည်၊ သူ၏ အစီအစဉ်သည် အောင်မြင်ပြီး ဖြစ်ကာ သူ၏ သားတို့သည် သူ၏ပလ္လင်ဆီသို့ အားလုံးရောက်ရှိပြီးဖြစ်သည်။ ၎င်းတို့သည် တိုင်းနိုင်ငံတိုင်းနှင့် လူမျိုးအားလုံးကို အနန္တတန်ခိုးရှင် ဘုရားသခင်နှင့်အတူ တရားစီရင်ဖို့ အတူတကွ လာကြလေသည်။ အသင်းတော်ကို နှိပ်စက်ညှဉ်းပန်းနေခဲ့ပြီး ဘုရားသခင်၏ သားတို့ကို ထိခိုက်နစ်နာစေခဲ့သော သူတို့သည် ပြင်းထန်သော ပြစ်ဒဏ်ပေးခြင်းနှင့် ကြုံရကြလိမ့်မည်- ဤသည်မှာ ဧကန်မလွဲဖြစ်၏။ ဘုရားသခင်အား မိမိတို့ကိုယ်ကိုယ် စစ်မှန်ရိုးသားစွာ ပေးအပ်သူ၊ အရာရာတိုင်းကို ထိန်းသိမ်းသောသူတို့ကို၊ ဘုရားသခင်သည် မည်သည့်အခါမျှ ပြောင်းလဲခြင်းမရှိဘဲ၊ ထာဝရကာလပတ်လုံး ဧကန်မုချ ချစ်လိမ့်မည် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၅၈)
ငါ၏ နက်နဲမှုများ ထုတ်ဖော်ပြခံရပြီး ပွင့်ပွင့်လင်းလင်း ထင်ရှားကာ မကွယ်ဝှက်တော့သည်မှာ ငါ၏ ကျေးဇူးနှင့် ကရုဏာကြောင့် လုံးလုံးလျားလျား ဖြစ်၏။ ထို့အပြင်၊ လူသားတို့ကြား ငါ၏ နှုတ်ကပတ်တော် ပေါ်ထွန်းပြီး ဖုံးကွယ်မထားတော့သည်မှာလည်း ငါ၏ ကျေးဇူးနှင့် ကရုဏာတို့ကြောင့် ဖြစ်သည်။ ငါ့အတွက် ရိုးသားစစ်မှန်စွာ အသုံးခံကြပြီး မိမိတို့ကိုယ်ကိုယ် ငါ့အဖို့ ဆက်ကပ်အပ်နှံသူ အားလုံးကို ငါ ချစ်၏။ ငါ့ထံမှ မွေးဖွားသော်လည်း၊ ငါ့ကို မသိဘဲ အာခံခြင်းပင် ပြုသောသူအားလုံးကို ငါ မုန်း၏။ ငါ့အတွက် ရိုးသားစစ်မှန်သောသူ မည်သူကိုမဆို ငါ စွန့်လိမ့်မည်မဟုတ်။ ယင်းထက်၊ ထိုလူ၏ ကောင်းကြီးမင်္ဂလာများကို ငါ နှစ်ဆဖြစ်စေမည်။ ကျေးဇူးကန်းပြီး ငါ၏ ကြင်နာမှုကို စော်ကားသူများကို ငါသည် နှစ်ဆ ပြစ်ဒဏ်ပေးမည်ဖြစ်ပြီး ၎င်းတို့ကို သက်ညှာမည် မဟုတ်။ ငါ၏ နိုင်ငံတော်တွင် ကောက်ကျစ်ခြင်း သို့မဟုတ် လှည့်စားခြင်း မရှိသကဲ့သို့ လောကီဆန်ခြင်းမရှိ။ ယင်းမှာ လူသေအနံ့မရှိဟု ဆိုလိုသည်။ ယင်းထက်၊ အားလုံးသည် ရိုးသားခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ ရှိလေသည်။ မည်သည့်အရာမျှ ကွယ်ဝှက်ခြင်း သို့မဟုတ် ဖုံးကွယ်ခြင်း မရှိဘဲနှင့် အရာအားလုံး ဖြူစင်ခြင်းနှင့် ပွင့်လင်းခြင်း ရှိလေသည်။ အရာရာသည် လတ်ဆတ်၏၊ အရာရာမှာ ပျော်မွေ့စရာဖြစ်ပြီး၊ အရာရာသည် တည်ဆောက်စရာ ဖြစ်လေသည်။ လူသေ အနံ့ထွက်နေသေးသူ မည်သူမဆိုသည် ငါ၏ နိုင်ငံတော်ထဲတွင် မကျန်ရှိနိုင်သကဲ့သို့၊ ယင်းအစား ငါ၏ သံမဏိတောင်ဝှေးဖြင့် အုပ်စိုးခြင်း ခံရမည်။ မမှတ်မိနိုင်သည့် အချိန်ကာလမှ မျက်မှောက်ခေတ်အထိ၊ မကုန်ဆုံးနိုင်သော နက်နဲမှုများအားလုံးသည် နောက်ဆုံးသောကာလတွင် ငါ့အားဖြင့် ရယူခြင်းခံရသည့် လူစု ဖြစ်သော သင်တို့အား အပြည့်အဝ ထုတ်ဖော်ပြလေပြီ။ သင်တို့ ကောင်းချီး ခံစားရသည်ဟု မထင်သလော။ ထို့အပြင်၊ အရာအားလုံး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြခံရသည့် နေ့ရက်များသည်၊ ငါ၏ အုပ်စိုးခြင်းကို သင်တို့ မျှဝေခံစားရသည့် နေ့ရက်များ ဖြစ်သည်။
ရှင်ဘုရင်များကဲ့သို့ အမှန်တကယ် အုပ်စိုးသည့် လူစုသည် ငါ၏ ကြိုတင်ပြဌာန်းထားခြင်းနှင့် ရွေးချယ်မှုတို့အပေါ် မှီခိုကြပြီး ထိုအတွင်းတွင် လူသားအလို လုံးဝ မရှိပေ။ ဤအရာတွင် ပါဝင်ဝံ့သူ မည်သူမဆိုသည် ငါ၏ လက်မှ ရိုက်နှက်မှုတစ်ခုကို ခံရမည်ဖြစ်ပြီး ထိုသို့သော လူတို့သည် ငါ၏ ပြင်းပြသောမီးကို ခံရမည့်သူများ ဖြစ်လိမ့်မည်။ ဤသည်မှာ ငါ၏ ဖြောင့်မတ်ခြင်းနှင့် ဘုန်းအာနုဘော်၏ အခြားတစ်ဖက် ဖြစ်သည်။ အရာခပ်သိမ်းကို ငါ အုပ်စိုးသည်ဟု ငါ ပြောပြီးဖြစ်သည်၊ ငါသည် ဩဇာအာဏာ အပြည့်အဝကို ကိုင်စွဲသည့် ဉာဏ်ပညာရှိသော ဘုရားသခင် ဖြစ်ပြီး ငါသည် မည်သူ့ကိုမျှ သက်ညှာခြင်းမရှိ။ ငါသည် လုံးဝ ရက်စက်၏၊ ပုဂ္ဂိုလ်ရေး ခံစားချက်များ လုံးဝ ကင်းမဲ့၏။ ငါသည် မည်သူကိုမဆို (သူမည်မျှ အပြောကောင်းသည်ဖြစ်စေ၊ ငါသည် သူ့ကို သက်ညှာမည်မဟုတ်) ငါ၏ ဖြောင့်မတ်ခြင်း၊ ရိုးသားခြင်းနှင့် ဘုန်းအာနုဘော်တို့ဖြင့် ဆက်ဆံ၏၊ ထိုအတောအတွင်း ငါ့လုပ်ဆောင်ချက်များ၏ အံ့ဖွယ်ရာအပြင် ငါ၏ လုပ်ဆောင်ချက်များ မည်သည့်အရာ ဆိုလိုသည်တို့ကို အယောက်တိုင်းအား ပိုမိုကောင်းမွန်စွာ မြင်နိုင်စေသည်။ ငါသည် ဆိုးယုတ်သောဝိညာဉ်များကို အနက်ဆုံးသော တွင်းထဲသို့ အသီးသီး ပစ်ချရင်း၊ ၎င်းတို့ ကျူးလွန်သည့် လုပ်ရပ်မျိုးစုံတို့အတွက် အပြစ်ပေးခဲ့သည်။ ၎င်းတို့ကို ရာထူးမရှိ ဖြစ်ကျန်ရစ်စေကာ၊ ၎င်းတို့အား အလုပ်လုပ်ရန် နေရာမရှိ ဖြစ်ကျန်ရစ်စေလျက်၊ အချိန်ကာလ မစတင်မီ ဤအမှုကို ငါ ပြီးစီးခဲ့သည်။ ငါ၏ကြိုတင်ပြဌာန်းခြင်း ခံရပြီး ရွေးချယ်ခံရသည့် သူများဖြစ်သော ငါ ရွေးချယ်ထားသောလူများထဲမှ မည်သူမျှ ဆိုးယုတ်သောဝိညာဉ်များ၏ ဝင်ပူးခြင်းကို မခံရနိုင်ဘဲ၊ ယင်းအစား အစဉ်အမြဲ သန့်ရှင်းကြပေလိမ့်မည်။ ငါ ကြိုတင်ပြဌာန်းထားခြင်း မရှိသကဲ့သို့ ရွေးချယ်မခံရသူတို့ အတွက်မူ၊ ငါသည် ၎င်းတို့ကို စာတန်ထံ လွှဲပြောင်းပေးမည် ဖြစ်ပြီး ၎င်းတို့ကို ဆက်လက်တည်ရှိရန် အခွင့်ပေးတော့မည် မဟုတ်။ အားလုံးကို ကြည့်လျှင်၊ ငါ၏ စီမံခန့်ခွဲမှုအမိန့်များသည် ငါ၏ ဖြောင့်မတ်ခြင်းနှင့် ငါ၏ ဘုန်းအာနုဘော်တို့ ပါဝင်သည်။ စာတန်အမှုပြုသည့်သူတို့ထဲမှ မည်သူတစ်ဦး တစ်ယောက်ကိုမျှပင် ငါသည် သက်ညှာမည် မဟုတ်ဘဲ၊ စာတန်ကို ငါ မုန်းတီးသည့်အတွက် ၎င်းတို့ကို ၎င်းတို့၏ ခန္ဓာများနှင့်အတူ မရဏနိုင်ငံထဲသို့ ပစ်ချမည်။ ယင်းကို ငါသည် လုံးဝ အလွယ်တကူ ချမ်းသာပေးမည် မဟုတ်ဘဲ သူ၏ အလုပ်ကို လုပ်ဆောင်ရန် နည်းနည်းမျှ အခွင့်အရေး မပေးဘဲလျက်၊ ငါလုံးဝ ဖျက်စီးမည်။ အတိုင်းအတာ တစ်ခုအထိ စာတန် ဖျက်ဆီးထားသည့် သူတို့သည် (ယင်းမှာ ကပ်ဘေးခံရမည့်သူများကို ဆိုလိုသည်) ငါကိုယ်တိုင်၏ လက်၏ အမြော်အမြင်ရှိသော စီမံခန့်ခွဲမှုအောက်တွင် ရှိကြ၏။ ဤသည်မှာ စာတန်၏ ကြမ်းကြုတ်ရက်စက်ခြင်း ရလဒ်တစ်ခု အဖြစ် ဖြစ်ပျက်လေပြီဟု မထင်နှင့်။ ငါသည် စကြဝဠာနှင့် အရာခပ်သိမ်းတို့ကို အုပ်စိုးသည့် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်သည်ကို သိလော့။ ငါ့အတွက်၊ ဖြေရှင်းမရသည့် ပြဿနာများ မရှိသကဲ့သို့၊ မပြီးမြောက်နိုင်သည့်အရာ တစ်ခုခု သို့မဟုတ် မိန့်မြွက်မရသည့် နှုတ်ကပတ်တော် တစ်ခွန်းတစ်လေမျှ သာ၍မရှိပေ။ လူသားများသည် ငါ၏ အကြံပေးပုဂ္ဂိုလ်များအဖြစ် ပြုမူရမည်မဟုတ်။ ငါ၏ လက်ဖြင့် ရိုက်ချခံရပြီး မရဏနိုင်ငံထဲသို့ ပစ်ချခံရမည့်အဖြစ်ကို သတိပြုလော့။ ဤအရာကို သင့်အား ငါ ပြော၏။ ယနေ့ ငါနှင့်အတူ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်သော သူများသည် အတော်ဆုံးသောသူများ ဖြစ်ပြီး ၎င်းတို့အားလုံး ဆုံးရှုံးမှုများကို ရှောင်ရှားကာ တရားစီရင်ခြင်း၏ နာကျင်မှုမှ လွတ်မြောက်ကြလေသည်။ ဤအရာအားလုံးသည် ငါ၏ အစီအစဉ်များဖြစ်ပြီး၊ ငါ၏ ကြိုတင်ပြဌာန်းထားခြင်း ဖြစ်သည်။ အဆင်ခြင်မဲ့သော မှတ်ချက်များကို မပြုနှင့်၊ ပြီးလျှင် သင် အလွန်ကြီးမြတ်သည်ဟု တွေးထင်လျက် စကားကြီး စကားကျယ်များ မပြောဆိုနှင့်။ ဤအရာအားလုံးသည် ငါ၏ ကြိုတင်ပြဌာန်းထားခြင်းမှတစ်ဆင့် ဖြစ်သည် မဟုတ်လော။ ငါ၏ အကြံပေးများဖြစ်မည့် သင်တို့သည် အရှက် မရှိကြလေတကား။ သင်တို့၏ ကိုယ်ပိုင် ဝိညာဉ်အသက်တာကို သင်တို့ မသိကြ။ ယင်းမှာ သနားစဖွယ် သေးနုပ်လိုက်ပါဘိ။ ထိုသို့ဖြစ်သော်လည်း၊ ဤအရာသည် ကြီးမားသော ကိစ္စရပ်တစ်ခုမဟုတ်ဟု သင်တို့ ထင်ပြီး မိမိတို့ကိုယ်ကိုယ် မိမိတို့မသိပေ။ တစ်ကြိမ်ပြီးတစ်ကြိမ်၊ ငါ၏ ဆင်းရဲဒုက္ခ ကြီးမားသော အားထုတ်မှုများကို အချည်းနှီးဖြစ်စေလျက်၊ ပြီးလျှင် ၎င်းတို့သည် ငါ၏ ကျေးဇူးတော်နှင့် ကရုဏာတော်တို့၏ သရုပ်သကန်များဖြစ်သည်ကို လုံးဝ နားလည်ခြင်းမရှိဘဲလျက် ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ ဂရုမစိုက်ချေ။ ယင်းထက်၊ သင်၏ ကိုယ်ပိုင် လိမ္မာပါးနပ်မှုကို အကြိမ်ကြိမ် ကြွားဖို့ သင် ကြိုးစားလေသည်။ ဤအရာကို သင် မှတ်မိပါသလော။ ၎င်းတို့ အလွန်တော်သည်ဟု ထင်သော လူတို့သည် မည်သည့် ပြစ်တင်ဆုံးမမှုကို ရရှိရမည်နည်း။ ငါ၏ နှုတ်ကပတ်တော်များကို စိတ်မဝင်စားသကဲ့သို့ သစ္စာမရှိဘဲလျက်၊ ပြီးလျှင် ၎င်းတို့ကို သင်တို့၏ စိတ်နှလုံးများထဲတွင် စွဲမြဲခြင်းမရှိဘဲလျက်၊ သင်တို့သည် ဤအရာ၊ ထိုအရာတို့ကို လုပ်ဆောင်ဖို့ ဟန်ဆောင်ရာတွင် ငါ့ကို အသုံးပြုကြသည်။ မကောင်းမှု ပြုသူတို့။ သင်တို့သည် မည်သည့်အချိန်တွင် ငါ၏ စိတ်နှလုံးကို အပြည့်အဝ ထည့်သွင်းစဉ်းစားနိုင်မည်နည်း။ သင်တို့သည် ထိုအရာကို အရေးထားခြင်းမရှိ၊ ထို့ကြောင့် သင်တို့ကို “မကောင်းမှုပြုသူများ” ဟု ခေါ်ဆိုခြင်းသည် သင်တို့ကို နှိပ်စက်ခြင်းတစ်ခု မဟုတ်ချေ။ ယင်းသည် သင်တို့နှင့် လုံးဝ သင့်တော်ပေသည်။
ယနေ့ တစ်ချိန်က ကွယ်ဝှက်ထားသည့် အရာများကို ငါသည် သင်တို့ကို တစ်ခုပြီးတစ်ခု ပြသနေ၏။ အဆင်းနီသော နဂါးကြီးသည် အနက်ဆုံးသော တွင်းထဲသို့ ပစ်ချခံရပြီး လုံးဝ ဖျက်ဆီးခံရလေသည်၊ အဘယ်ကြောင့်ဆိုသော် ယင်းကို ထိန်းသိမ်းထားခြင်းက လုံးဝ အသုံးဝင်မည် မဟုတ်သည့်အတွက် ဖြစ်သည်။ ယင်းသည် ခရစ်တော်အတွက် အစေခံမှု မလုပ်ဆောင်နိုင်ဟု ဆိုလိုခြင်း ဖြစ်သည်။ နောက်နောင်တွင်၊ နီသောအရာများသည် တည်ရှိတော့မည် မဟုတ်။ တဖြည်းဖြည်း၊ ၎င်းတို့သည် ဘာမျှမရှိခြင်းသို့ လျော့ပါးလွင့်ပျောက်သွားရပေမည်။ ငါပြောသည့်အရာကို ငါ လုပ်၏။ ဤသည်မှာ ငါ့အမှု၏ စုံလင်ခြင်း ဖြစ်သည်။ လူသား အယူအဆများကို ဖယ်ရှားလော့။ ငါ ပြောပြီးသမျှအရာရာကို ငါ လုပ်ဆောင်ပြီးလေပြီ။ လိမ္မာပါးနပ်ဖို့ ကြိုးစားသူ မည်သူမဆိုသည် မိမိတို့ကိုယ်ကိုယ်အပေါ် ပျက်စီးခြင်းနှင့် အထင်သေးခြင်းတို့ ဆောင်ယူလာနေခြင်းသာ ဖြစ်ပြီး၊ အသက်မရှင်ချင်ပေ။ ထို့ကြောင့်၊ ငါသည် သင့်ကို စိတ်ကျေနပ်စေမည်ဖြစ်ပြီး ထိုသို့သော လူတို့ကို ထိန်းသိမ်းမည်မဟုတ်သည်ကား သေချာပေသည်။ နောက်နောင်တွင်၊ လူ့အသိုင်းအဝိုင်းသည် ထူးချွန်မှု တိုးပွားလိမ့်မည်၊ ငါနှင့်အတူ တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိသူအားလုံးမှာမူ ဘာမျှမရှိခြင်းသို့ ဖယ်ရှားခြင်းခံရကြလိမ့်မည်။ ငါ လက်ခံပြီးဖြစ်သည့် သူတို့သည် ငါ စုံလင်စေမည့်သူများဖြစ်ပြီး တစ်ဦးတစ်ယောက်ကိုမျှ ငါ စွန့်ပစ်မည်မဟုတ်။ ငါပြောသည့်အရာတွင် ရှေ့နောက် မညီခြင်းများ မရှိ။ ငါနှင့်အတူ တက်ကြွစွာ ပူးပေါင်း လုပ်ဆောင်ခြင်း မရှိသူများသည် ပြစ်တင်ဆုံးမခြင်းကို သာ၍ ခံစားရမည် ဖြစ်သော်လည်း၊ နောက်ဆုံးတွင် ၎င်းတို့ကို ငါဧကန်မုချ ကယ်တင်မည်ဖြစ်သည်။ သို့သော်၊ ထိုအချိန်အရောက်တွင် ၎င်းတို့ အသက်တာများ၏ အတိုင်းအတာသည် အတော်အတန် ကွာခြားလိမ့်မည်။ သင်သည် ထိုသို့သော လူတစ်ဦး ဖြစ်ချင်သလော။ ထကာ ငါနှင့်အတူ ပူးပေါင်းလုပ်ဆောင်လော့။ ငါ့အတွက် ရိုးသားစစ်မှန်စွာ အသုံးခံသူ မည်သူကိုမဆို ငါသည် ဧကန်မုချ တော်ရိလျော်ရိ ဆက်ဆံမည် မဟုတ်။ ငါ့ထံ မိမိတို့ကိုယ်ကိုယ် လေးလေးနက်နက် ဆက်ကပ်သောသူတို့အတွက်မူ၊ သင့်အပေါ် ငါ၏ ကောင်းချီးမင်္ဂလာများအားလုံးကို ငါ အပ်နှင်းမည်။ ငါ့ထံ သင်ကိုယ်သင် အပြည့်အဝ ဆက်ကပ်လော့။ သင် စားသည့်အရာ၊ ဝတ်သည့်အရာနှင့် သင်၏ အနာဂတ် အားလုံးသည် ငါ၏ လက်ထဲတွင် ရှိ၏။ ဘယ်သောအခါမျှ သုံးကုန်မည်မဟုတ်သည့် မဆုံးနိုင်သော ပျော်မွေ့မှုကို သင် ရရှိဖို့အလို့ငှာ အရာရာကို သင့်တင့်လျောက်ပတ်စွာ ငါ စီစဉ်မည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ ငါက၊ “ငါ့အတွက် ရိုးသားစွာ အသုံးခံသော သူတို့အဖို့၊ ငါသည် သင့်ကို ဧကန်အမှန်ပင် ကြီးစွာသော ကောင်းချီးပေးမည်။” ဟု ဆိုလေပြီးဖြစ်သောကြောင့် ဖြစ်သည်။ ကောင်းချီးမင်္ဂလာများ အားလုံးသည် ငါ့အတွက် ရိုးသားစစ်မှန်စွာ အသုံးခံသည့် လူတိုင်းထံ ရောက်လာလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၇၀” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၅၉)
လူထုအပေါင်းတို့သည် ငါ့ကို သြဘာပေးကြ၏။ လူထုအပေါင်းတို့သည် ငါ့ကို ချီးမွမ်းကြ၏။ နှုတ်ခပ်သိမ်းတို့သည် တစ်ဆူတည်းသော စစ်မှန်သည့် ဘုရားသခင်ကို အမည်မှည့် ခေါ်ကြ၏၊ လူခပ်သိမ်းတို့သည် ငါ၏ ဆောင်ရွက်ချက်တို့ကို မော်ကြည့်ကြ၏။ နိုင်ငံတော်သည် လူ့လောကပေါ်သို့ ဆင်းသက်၏၊ ငါ၏ ဇာတိအဖြစ်တော်သည် ကြွယ်ဝကာ အလျှံပယ်ဖြစ်၏။ အဘယ်သူသည် ဤအရာ၌ ဝမ်းမမြောက်ဘဲ ရှိမည်နည်း။ အဘယ်သူသည် ဝမ်းမြောက်ခြင်းအတွက် မကခုန်ဘဲနေမည်နည်း။ အို...ဇိအုန်၊ ငါ့ကို ချီးကျူးဂုဏ်ပြုရန် သင်၏အောင်လံကို လွှင့်ထူလော့။ ငါ၏ သန့်ရှင်းသောနာမကို ဖြန့်ကြက်ရန် သင်၏ အောင်ပွဲခံသီချင်းကို သီဆိုလော့။ မြေကြီးစွန်းတိုင်အောင်ရှိ ဖန်ဆင်းခြင်းအပေါင်းတို့။ သင်တို့သည် ငါ့အတွက် ပူဇော်သက္ကာများ ဖြစ်စေခြင်း ခံရနိုင်ဖို့အလို့ငှာ မိမိကိုယ်ကိုယ် အလျင်အမြန် သန့်စင်ကြလော့။ အထက်ကောင်းကင်က ကြယ်တာရာတို့။ မိုးမျက်နှာကြက်၌ ငါ၏ အားကြီးသောတန်ခိုးကို ပြသရန် သင်တို့၏အရပ်များသို့ အလျင်အမြန် ပြန်ကြလော့။ ငါသည် ငါ့အတွက်မိမိတို့၏ အသင်္ချေချစ်ခြင်းနှင့် ချစ်ကြောက်ရိုသေခြင်းကို သီချင်းဖြင့် သွန်းလောင်းသော မြေကြီးပေါ်ရှိ လူတို့၏ အသံများကို နားစိုက်ထောင်၏။ ဤနေ့ရက်တွင် ခပ်သိမ်းသော ဖန်ဆင်းခြင်း ပြန်လည် အသက်ဝင်လာချိန်တွင်၊ လူ့လောကထဲသို့ ငါဆင်းကြွလာ၏။ ဤအချိန်၌ ဤအဆင့်တွင်ပင် ပန်းများအပေါင်းတို့သည် ဗြုန်းခနဲ ဝေဝေဆာဆာ ပွင့်လန်းကြသည်၊ ငှက်များအပေါင်းတို့ သံပြိုင်သီချင်းဆိုကြသည်၊ အရာခပ်သိမ်းတို့သည် ဝမ်းမြောက်မှုဖြင့် တုန်လှုပ်ကြ၏။ ကောင်းကင်နိုင်ငံတော်၏ ဂုဏ်ပြုခြင်း အသံတွင်၊ စာတန်၏နိုင်ငံတော် ပြိုလဲ၏၊ ကောင်းကင်နိုင်ငံတော်သီချင်း၏ မြည်ဟည်းသံတွင် နောက်တစ်ဖန် လုံးဝ မပေါ်ထွန်းတော့ရန် အမြစ်ဖြတ်ချေမှုန်းခံရ၏။
ကမ္ဘာပေါ်က မည်သူသည် ထ၍ဆန့်ကျင်ဝံ့သနည်း။ မြေကြီးပေါ်သို့ ငါဆင်းသက်သည်နှင့်အမျှ၊ ငါသည် လောင်ကျွမ်းခြင်းကို ဆောင်ကြဉ်း၏၊ အမျက်ဒေါသကို ဆောင်ကြဉ်း၏၊ ကပ်ဘေးမျိုးစုံကို ဆောင်ကြဉ်း၏။ လောကီနိုင်ငံတို့သည် ယခုတွင် ငါ၏ နိုင်ငံတော်ဖြစ်လေပြီ။ ကောင်းကင်ထက်တွင် တိမ်များလူးလိမ့်ပြီး တလိပ်လိပ်ထကြ၏။ ကောင်းကင်အောက်တွင် အိုင်များနှင့်မြစ်များ တစ်ဟုန်ထိုးစီးကာ၊ စိတ်လှုပ်ရှားစေသော တေးသွားတစ်ပုဒ်ကို ရွှင်ရွှင်မြူးမြူး ထုတ်ဆိုကြ၏။ နားနေသည့်တိရစ္ဆာန်များက ၎င်းတို့၏ သားရဲတွင်းများမှ ထွက်လာကြကာ လူမျိုးအပေါင်းတို့သည် အိပ်စက်ခြင်းမှ ငါ့ကြောင့် နိုးထကြ၏။ နောက်ဆုံးတွင် များလှစွာသောလူမျိုးတို့ စောင့်စားခဲ့သည့်နေ့ရက် ရောက်လာပေပြီ။ သူတို့သည် ငါ့အား အသာယာဆုံး သီချင်းများ ပူဇော်ကြ၏။
ဤနှစ်သက်ဖွယ်သောအချိန်၊ ဤပျော်စရာကောင်းသော အချိန်တွင်၊
အထက်ကောင်းကင်နှင့် အောက်မြေကြီး၊ နေရာတိုင်း၌ ချီးမွမ်းခြင်း ထွက်ပေါ်လာသည်။ အဘယ်သူသည် ဤအရာ၌ စိတ်မလှုပ်ရှားဘဲနေမည်နည်း။
အဘယ်သူ၏ စိတ်နှလုံးသည် ဤအရာ၌ မပေါ့ပါးဘဲ နေမည်နည်း။ အဘယ်သူသည် ဤမြင်ကွင်းတွင် မငိုကြွေးဘဲ နေမည်နည်း။
ကောင်းကင်သည် ရှေးက ကောင်းကင် မဟုတ်၊ ယခု နိုင်ငံတော်၏ကောင်းကင်ဖြစ်၏။
မြေကြီးသည် ယခင်မြေကြီး မဟုတ်၊ ယခု သန့်ရှင်းသောမြေ ဖြစ်၏။
မိုးသည်းထန်စွာ ရွာပြီးနောက်တွင်၊ ညစ်ညမ်းသော ကမ္ဘာဟောင်းသည် လုံးဝ အသစ်ပြုလုပ်ခြင်း ခံရ၏။
တောင်များ ပြောင်းလဲနေသည်...ရေများ ပြောင်းလဲနေသည်...
လူတို့သည်လည်း ပြောင်းလဲနေသည်...အရာခပ်သိမ်း ပြောင်းလဲနေသည်...
အို အသင် ဆိတ်ငြိမ်သောတောင်တို့၊ ငါ့အတွက် ထကာ ကခုန်ကြလော့။
အို အသင် ငြိမ်သက်သော ရေတို့၊ လွတ်လပ်စွာ ဆက်လက်စီးဆင်းကြလော့။
အသင် အိပ်မက်မက်နေသော လူသားတို့၊ မိမိကိုယ်ကိုယ် နိုးထစေ၍ လိုက်ကြလာ့။
ငါရောက်လာပြီ...ငါသည် ရှင်ဘုရင်ဖြစ်၏...
လူသားမျိုးနွယ် တစ်ရပ်လုံးသည် ၎င်းတို့မျက်လုံးများဖြင့် ငါ၏မျက်နှာကို မြင်ကြလိမ့်မည်။ ၎င်းတို့နားများဖြင့် ငါ၏ အသံကြားကြလိမ့်မည်။
နိုင်ငံတော် အသက်တာကို ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်ကြလိမ့်မည်...
ချိုသာပေစွ...နှစ်သက်ဖွယ်ဖြစ်ပေတကား...
မေ့မရနိုင်...မေ့လျော့ဖို့ မဖြစ်နိုင်...
ငါ၏ အမျက်ဒေါသ လောင်ကျွမ်းမှုတွင် အဆင်းနီသော နဂါးကြီး ရုန်းကန်၏။
ငါ၏ဘုန်းအာနုဘော်ဖြစ်သော တရားစီရင်ခြင်းတွင် နတ်ဆိုးတို့သည် ၎င်းတို့၏ သဏ္ဌာန်အစစ်တို့ကို ပြကြ၏။
ငါ၏ ပြင်းထန်သော နှုတ်ကပတ်တော်တို့တွင် လူအားလုံး အလွန် အရှက်ရကြပြီး မိမိတို့ကိုယ်ကိုယ် ကွယ်ဝှက်ရန် နေရာမရှိကြပေ။
၎င်းတို့သည် ငါ့ကို လှောင်ပြောင်ပြီး ပြက်ရယ်ပြုခဲ့ကြပုံ၊ အတိတ်ကို ပြန်သတိရကြ၏။
၎င်းတို့ မိမိကိုယ်ကိုယ် မကြွားဝါသည့်အချိန် လုံးဝ မရှိခဲ့၊ ငါ့ကို အာမခံသည့်အချိန် လုံးဝ မရှိခဲ့ပေ။
ယနေ့ အဘယ်သူ မငိုကြွေးသနည်း။ အဘယ်သူ နောင်တမရသနည်း။
စကြဝဠာလောကတစ်ခုလုံး ငိုကြွေးခြင်းဖြင့် ပြည့်၏။...
ဝမ်းမြောက်ခြင်း အသံများဖြင့် ပြည့်၏...ရယ်သံများဖြင့် ပြည့်၏...
နှိုင်းမရသော ဝမ်းမြောက်မှု...နှိုင်းယှဉ်စရာမရှိသည့် ဝမ်းမြောက်မှု...
မိုးလေး တပေါက်ပေါက်ကျနေသည်...တဖျပ်ဖျပ် ရစ်ဝဲကျနေသည့် ထူသော နှင်းပွင့်များ...
လူတို့အထဲတွင် ဝမ်းနည်းခြင်းနှင့် ဝမ်းမြောက်ခြင်း ရောနေလျက်...အချို့ရယ်နေကြသည်...
အချို့ရှိုက်ငိုနေကြသည်...ပြီးလျှင် အချို့သြဘာပေးနေကြသည်...
အယောက်တိုင်း မေ့လျော့နေကြသည့်အလား... ဤသည်မှာ မိုးနှင့် တိမ်တိုက်များ ဖုံးသည့် နွေဦးလား၊
ပန်းများ ပွင့်လန်းနေသော နွေလား၊ ကြွယ်ဝသည့် ရိတ်သိမ်းခြင်းများရှိသည့် ဆောင်းဦးလား၊
သို့မဟုတ် နှင်းခဲနှင့် ရေခဲတမျှ အေးစက်သည့် ဆောင်းတစ်ခုလား၊ မည်သူမျှမသိ...
ကောင်းကင်တွင် တိမ်များလွင့်မျောနေကြသည်၊ မြေကြီးတွင် သမုဒ္ဒရာများ အနည်ထကြ၏။
သားတို့သည် ၎င်းတို့၏ လက်များ ဝှေ့ယမ်းပြကြ၏...လူတို့ ကခုန်ခြင်းဖြင့် ၎င်းတို့၏ခြေထောက်များကို လှုပ်ကြ၏...
ကောင်းကင်တမန်တို့ အလုပ်လုပ်နေကြ၏...ကောင်းကင်တမန်တို့ ထိန်းကျောင်းနေကြ၏...
မြေကြီးပေါ်ရှိ လူတို့သည် ပျားပန်းခပ်မျှ လှုပ်ရှားနေကြပြီး၊ မြေကြီးပေါ်ရှိ အရာခပ်သိမ်း ပွားများကြ၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကောင်းကင်နိုင်ငံတော်သီချင်း” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၆၀)
လူသားမျိုးနွယ်ထဲက လူတိုင်းသည် ငါ့ဝိညာဉ်တော်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခံရခြင်းကို လက်ခံသင့်သည်၊ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းကို အသေအချာ စစ်ဆေးသင့်သည်၊ ထို့ပြင် ငါ၏အံ့သြဖွယ်ရာ ဆောင်ရွက်ချက်များကို ကြည့်ရှုသင့်သည်။ ကမ္ဘာမြေပေါ် နိုင်ငံတော်ရောက်ရှိလာချိန်၌ သင်တို့ မည်သို့ခံစားရသနည်း။ ငါ့သားများနှင့် လူတို့ ငါ့ပလ္လင်ဆီသို့ တသီတတန်းလာကြသောအခါ၊ ငါသည် ဖြူသောပလ္လင်ကြီး ရှေ့မှောက်တွင် တရားစီရင်ခြင်းကို တရားဝင် စတင်သည်။ ဆိုလိုသည်မှာ ငါသည် ကမ္ဘာမြေပေါ်၌ ငါ၏အမှုကို ကိုယ်တိုင်စတင်သည့်အခါနှင့် တရားစီရင်ခြင်းခေတ် အဆုံးသတ်ချိန်နီးသည့် အခါတို့တွင် ငါသည် ငါ၏နှုတ်ကပတ်တော်များကို စကြဝဠာတစ်ခွင်လုံးသို့ စတင်ညွှန်ကြားပြီး ငါ့ဝိညာဉ်တော်၏အသံကို စကြဝဠာတစ်ခွင်လုံးသို့ ထုတ်လွှတ်သည်။ မြေကြီးသည် ညစ်ညမ်းခြင်းနှင့် လူမှုကျင့်ဝတ် မစောင့်ထိန်းခြင်းတို့ မရှိတော့ဘဲ၊ သန့်ရှင်းသော နိုင်ငံတော် ဖြစ်စေရန်အလို့ငှာ၊ ငါသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပေါ်ရှိ လူခပ်သိမ်းနှင့် အရာခပ်သိမ်းတို့ကို ငါ၏ နှုတ်ကပတ်တော်တို့အားဖြင့် ဆေးကြောသန့်စင်မည်။ အရာခပ်သိမ်းတို့သည် ငါ၏အသုံးပြုမှုအတွက် ကြိုတင်စီမံထားခြင်း ခံရရန်အလို့ငှာ၊ ၎င်းတို့သည် မြေကြီးနှင့်ဆိုင်သော အသက်သွေးကြော မရှိတော့စေရန် အလို့ငှာနှင့် မြေကြီး၏ အနံ့အရသာနှင့် မစွန်းထင်းတော့စေရန်အလို့ငှာ ငါသည် အရာခပ်သိမ်းကို အသစ်ဖြစ်စေမည်။ မြေကြီးပေါ်တွင် လူသားသည် ငါ့နှုတ်ကပတ်တော်များ၏ ရည်မှန်းချက် နှင့် ဇာစ်မြစ်များကို စမ်းတဝါးဝါးရှာလျက် ငါ့ဆောင်ရွက်ချက်များကို စောင့်ကြည့်ခဲ့ပြီးဖြစ်သော်လည်း၊ မည်သူကမျှ ငါ့နှုတ်ကပတ်တော်များ၏ ဇာစ်မြစ်များကို အမှန်တကယ် မသိခဲ့ဖူးကြသည့်အပြင် မည်သူကမျှ ငါ၏ဆောင်ရွက်ချက်များတွင် အံ့သြဖွယ်ကောင်းခြင်းကို အမှန်တကယ် မမြင်ခဲ့ဖူးကြပေ။ ငါသည် ကိုယ်တိုင်ကိုယ်ကျ လူသားအကြား၌ လာ၍ ငါ၏နှုတ်ကပတ်တော်များကို ပြောဆိုသည့်အခါ၊ လူသားသည် ၎င်းတို့၏ အတွေးများထဲ၌ “ငါ” ယူထားသည့်နေရာကို ဖယ်ရှားလျက်၊ ထိုအစား ၎င်းတို့၏ အသိဉာဏ်ထဲတွင် လက်တွေ့ကျသော ဘုရားသခင်အတွက် နေရာဖန်တီးကာ ငါ့အကြောင်း အနည်းငယ်သော အသိပညာ ရှိကြသည်မှာ ယနေ့မှသာဖြစ်သည်။ လူသားတွင် အယူအဆများရှိကာ သိလိုစိတ်နှင့် ပြည့်နှက်နေ၏။ ဘုရားသခင်ကို မမြင်တွေ့လိုသူ မည်သူရှိမည်နည်း။ ဘုရားသခင်နှင့် ကြုံတွေ့ရန် ဆန္ဒမရှိသူ မည်သူရှိမည်နည်း။ သို့တိုင် လူသား၏ စိတ်နှလုံးထဲတွင် သေချာသောနေရာ ယူထားသည့် တစ်ခုတည်းသော အရာမှာ မရေမရာနှင့် စိတ်ကူးသက်သက်ဟု လူသားကခံစားရသည့် ဘုရားပင်ဖြစ်၏။ သူတို့အား ငါရိုးရှင်းစွာမပြောလျှင် မည်သူက ဤသည်ကို သဘောပေါက်မည်နည်း။ ငါအမှန်ပင် တည်ရှိကြောင်းကို သေချာမှုနှင့် သံသယအရိပ်အမြွက်ပင် မရှိဘဲ၊ မည်သူက အမှန်တကယ် ယုံကြည်မည်နည်း။ လူသား၏ စိတ်နှလုံးထဲက “ငါ” နှင့် လက်တွေ့အရှိတရားထဲက “ငါ” တို့အကြားတွင် အလွန်အမင်းကွာခြားမှုရှိပြီး ၎င်းတို့နှစ်ခုအကြား၌ နှိုင်းယှဉ်ချက်များကို မည်သူကမျှ ဖော်ပြနိုင်စွမ်း မရှိပေ။ ငါသည် လူ့ဇာတိမခံယူခဲ့ပါက လူသားသည် ငါ့ကို မည်သည့်အခါမျှ သိမည်မဟုတ်ဘဲ၊ ငါ့အား သူသိလာခဲ့သော်မှ၊ ထိုကဲ့သို့သော အသိသည် အယူအဆတစ်ခုမျှသာ ဖြစ်နေဦးမည် မဟုတ်လော။ ငါသည် အဆက်မပြတ် စီးဆင်းနေသည့် လူတို့အကြား နေ့စဉ်နေ့တိုင်း လျှောက်လှမ်းပြီး လူတစ်ဦးစီ၏အတွင်း၌ ငါသည် နေ့စဉ်နေ့တိုင်း အလုပ်လုပ်၏။ လူသားက ငါ့ကို အမှန်စင်စစ် တွေ့မြင်သည့်အခါ၌၊ သူသည် ငါ၏ နှုတ်ကပတ်တော်များထဲ၌ ငါ့ကိုသိနိုင်မည်ဖြစ်ပြီး ငါပြောဆိုသည့် နည်းလမ်းအပြင် ငါ၏ရည်ရွယ်ချက်များအား နားလည်လိမ့်မည်ဖြစ်သည်။
နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တရားဝင် ရောက်ရှိသည့်အခါ၊ အရာခပ်သိမ်းထဲမှ မည်သည့်အရာသည် တိတ်ဆိတ်လျက်မနေသနည်း။ လူခပ်သိမ်းထဲမှ မည်သူသည် မကြောက်ရွံ့ဘဲနေသနည်း။ ငါသည် စကြဝဠာ လောကတစ်ခွင် နေရာအနှံ့ လျှောက်လှမ်းပြီး အရာခပ်သိမ်းသည် ငါ၏ ကိုယ်တိုင်ကိုယ်ကျ စီမံခြင်းကို ခံရ၏။ ဤအချိန်တွင် ငါ၏ ဆောင်ရွက်ချက်များက အံ့သြဖွယ်ကောင်းသည်ကို မည်သူမသိဘဲ နေသနည်း။ ငါ၏လက်များသည် အရာခပ်သိမ်းကို ထောက်မထား သော်လည်း၊ ငါသည် အရာခပ်သိမ်း၏ အထက်တွင်လည်း ရှိ၏။ ယနေ့ ငါ၏လူ့ဇာတိခံယူခြင်းနှင့် လူသားအကြား ငါကိုယ်တိုင်ရှိနေခြင်းသည် ငါ၏နှိမ့်ချခြင်းနှင့် ဖုံးကွယ်နေခြင်း၏ စစ်မှန်သောအဓိပ္ပာယ် မဟုတ်ပေဘူးလော။ အပြင်ပန်းတွင် များစွာသော လူတို့သည် ငါ့အား ကောင်းသည်ဟု ချီးမွမ်းလျက် လှသည်ဟု ချီးကျူးကြသော်လည်း၊ မည်သူသည် ငါ့အား အမှန်တကယ် သိသနည်း။ ယနေ့ သင်တို့ ငါ့အား သိသလောဟု အဘယ်ကြောင့် မေးရသနည်း။ ငါ၏ရည်မှန်းချက်မှာ အဆင်းနီသောနဂါးကြီးကို အရှက်ရစေရန် မဟုတ်သလော။ ငါသည် လူသားကို ငါ့အားချီးမွမ်းရန် အတင်းအကျပ်မပြုလိုသော်လည်း၊ သူ့ကို ငါ့အားသိအောင် ဆောင်ရွက်လိုသည်၊ ထိုသို့အားဖြင့် သူသည် ငါ့ကို ချစ်လာပြီး သို့ဖြစ်၍ ငါ့ကို ချီးမွမ်းလာလိမ့်မည်။ ထိုကဲ့သို့သော ချီးမွမ်းခြင်းသည် လျော်ကန်ထိုက်တန်၍ အချည်းနှီးပြောဆိုခြင်း မဟုတ်ပေ။ ဤသို့သော ချီးမွမ်းခြင်းသည်သာ ငါ၏ပလ္လင်သို့ရောက်နိုင်၍ မိုးကောင်းကင်ထက်သို့ တက်နိုင်မည်ဖြစ်သည်။ လူသားသည် စာတန်၏ သွေးဆောင်ခြင်းနှင့် ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသောကြောင့်၊ သူသည် အယူအဆများနှင့် စဉ်းစားဉာဏ်တို့၏ လွှမ်းမိုးခြင်း ခံရသောကြောင့်၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်တိုင် သိမ်းပိုက်ရန်၊ လူသား၏ အယူအဆများ အားလုံးကို ဖော်ထုတ်ရန်နှင့် လူသား၏ စဉ်းစားဉာဏ်ကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်ရန်အလို့ငှာ လူ့ဇာတိခံယူခဲ့ပြီးဖြစ်၏။ ရလဒ်အနေဖြင့် လူသားသည် ငါ၏ရှေ့မှောက်တွင် ဝင့်ကြွားထုတ်ပြခြင်း မပြုတော့ဘဲ၊ သူ၏ကိုယ်ပိုင်အယူအဆများကို အသုံးပြု၍ ငါ့အား အစေခံခြင်းလည်း မပြုတော့ပေ၊ ထို့ကြောင့် လူသား၏ အယူအဆများထဲက “ငါ” ကို လုံးဝ ပပျောက်စေသည်။ နိုင်ငံတော် တည်သည့်အခါ၊ ငါပြုသည့် ပထမဆုံးသောအရာမှာ အမှု၏ဤအဆင့်ကို စတင်ခြင်းဖြစ်ပြီး ငါ၏ လူတို့အကြား၌လည်း ငါထိုသို့ပြု၏။ အဆင်းနီသောနဂါးကြီး၏ နိုင်ငံတွင် မွေးဖွားသော ငါ၏လူတို့အနေဖြင့် အကယ်စင်စစ် သင်တို့၏အတွင်း၌ အဆင်းနီသောနဂါးကြီး၏ အဆိပ် အနည်းငယ်မျှပင် မရှိသည်သာမက တစ်စိတ်တစ်ပိုင်းမျှလည်း မရှိပေ။ ထို့ကြောင့် ငါ့အမှု၏ ဤအဆင့်သည် အဓိကအားဖြင့် သင်တို့အပေါ် ဗဟိုပြုထားခြင်းဖြစ်ပြီး၊ ဤသည်မှာ တရုတ်နိုင်ငံတွင် ငါလူ့ဇာတိခံယူခြင်း၏ အရေးပါမှုလက္ခဏာ တစ်ခုဖြစ်သည်။ လူအများစုသည် ငါပြောသည့် နှုတ်ကပတ်တော်များ၏ တစ်စွန်းတစ်စကိုမျှပင် နားလည်နိုင်ခြင်းမရှိဘဲ၊ သူတို့ နားလည်လျှင်ပင် သူတို့၏နားလည်ခြင်းသည် ဝိုးတိုးဝါးတားနှင့် မရှင်းမလင်းဖြစ်၏။ ဤသည်မှာ ငါ စကားပြောဆိုသည့်နည်းလမ်း၏ အလှည့်အပြောင်း တစ်ခု ဖြစ်၏။ လူအားလုံးသည် ငါ၏နှုတ်ကပတ်တော်များကို ဖတ်၍ ၎င်းတို့၏ အဓိပ္ပာယ်ကို နားလည်နိုင်ပါက၊ လူသားထဲမှ မည်သူသည် ကယ်တင်ခြင်း ခံရပြီး မရဏနိုင်ငံသို့ ပစ်ချမခံရဘဲ နေနိုင်မည်နည်း။ လူသားသည် ငါ့ကိုသိ၍ နာခံသည့်အချိန်သည် ငါနားသည့်အချိန် ဖြစ်မည်ဖြစ်ပြီး ယင်းသည်လူသားက ငါ့နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကို နားလည်နိုင်သည့် အချိန်ပင်ဖြစ်လိမ့်မည်။ ယနေ့ ငါ့အကြောင်း သင်၏ သိခြင်းကို မဆိုထားဘိ၊ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်လွန်းလျက်၊ ယင်းမှာ သနားစဖွယ်ကောင်းလောက်အောင်ပင် သေးငယ်ပြီး ချီးမြှောက်ရန်ပင် မထိုက်တန်ချေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၁” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၆၁)
ငါ၏ နှုတ်ကပတ်တော်များကို ငါ စတင်မိန့်မြွက်သည့် အခိုက်အတန့် အတိအကျလည်းဖြစ်သည့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းပေါ်ထွက်ချိန်- လျှပ်ပြက်ခြင်း ပေါ်ထွက်သည့်အခါတွင်၊ အမြင့်ဆုံးကောင်းကင်ဘုံတစ်ခုလုံး ထွန်းလင်းသွားပြီး ခပ်သိမ်းသော ကြယ်များတွင် အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လေသည်။ လူသားမျိုးနွယ် တစ်ရပ်လုံးသည် ရွေးထုတ်ခံရပြီးဖြစ်သည့်အလား ဖြစ်သည်။ အရှေ့အရပ်မှ ဤအလင်းရောင်ခြည်မျှင်တန်း၏ တောက်ပမှုအောက်တွင် လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ မူလသဏ္ဌာန်ဖြင့် ထုတ်ဖော်ပြခံကြရသည်၊ ၎င်းတို့၏ မျက်လုံးများ ပြာသွားကြသည်၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကို မရေရာဖြစ်ကြပြီး၊ ၎င်းတို့၏ အကျည်းတန်သော ရုပ်များကို မည်သို့ ဖုံးကွယ်ရမည်ကို သာ၍ မသေချာမရေရာ ဖြစ်ကြသေး၏။ ၎င်းတို့သည် ငါ၏အလင်းမှ ထွက်ပြေးပြီး တောင်ပေါ်ဂူများတွင် ခိုလှုံကြကုန်သော တိရစ္ဆာန်များကဲ့သို့ ဖြစ်ကြသည်- သို့သော်လည်း ၎င်းတို့ထဲမှ တစ်ဦးမျှ ငါ၏ အလင်းရောင်အတွင်းမှ မှေးမှိန်ပျောက်ကွယ်မသွားနိင်ပေ။ လူသားအားလုံးသည် အလွန်အံ့အားသင့်ကြသည်၊ အားလုံး စောင့်ဆိုင်းနေကြသည်၊ အားလုံး စောင့်ကြည့်နေကြသည်၊ ငါ၏ အလင်း ပေါ်ထွန်းခြင်းနှင့်အတူ အားလုံးသည် ၎င်းတို့ မွေးဖွားခဲ့သော နေ့ရက်၌ ဝမ်းမြောက်ကြပြီး၊ ထိုနည်းတူ အားလုံးသည် ၎င်းတို့ မွေးဖွားခဲ့သော နေ့ရက်အား ကျိန်ဆဲကြလေသည်။ ကွဲလွဲလျက်နေသော စိတ်ခံစားချက်များကို ရှင်းလင်းစွာပြောဆိုရန် မဖြစ်နိုင်ပေ။ မိမိကိုယ်ကို အပြစ်ပေးသော မျက်ရည်များက မြစ်များကို ဖြစ်ပေါ်စေပြီး ရိုက်ပုတ်သော ရေစီးဖြင့် သယ်ဆောင်သွားခြင်း ခံရကာ၊ တစ်ခဏချင်း အစအနမရှိဘဲ ပျောက်ကွယ်သွားလေသည်။ လူသားမျိုးနွယ်အား နောက်တစ်ဖန် နှိုးဆော်ရင်း၊ နောက်ထပ်အစပြုခြင်းအသစ်ကို လူသားမျိုးနွယ်အား ပေးရင်း၊ ငါ၏ နေ့ရက်သည် နောက်တစ်ဖန် လူသားမျိုးနွယ်အပေါ် အပူတပြင်း နီးကပ်လာသည်။ ငါ၏နှလုံးသည် ခုန်လျက်ရှိပြီး ငါ၏ နှလုံးခုန်သံ စည်းချက်များနောက်လိုက်ရင်း၊ တောင်များသည် ဝမ်းမြောက်ခြင်းဖြင့် ခုန်ပေါက်ကြပြီး၊ ရေတို့သည် ဝမ်းမြောက်ခြင်းဖြင့် ကခုန်ကြကာ လှိုင်းလုံးများသည် ကျောက်ဆောင်အတိပြီးသော ကျောက်တန်းများကို ရိုက်ခတ်ကြလေသည်။ ငါ၏ စိတ်နှလုံးထဲ၌ ရှိသော အရာကို ဖော်ပြရန် ခက်ခဲလှသည်။ ငါသည် မသန့်ရှင်းသော အရာအားလုံးကို ငါ၏ အကြည့်အောက်တွင် ပြာမှုန့်များအဖြစ်သို့ လောင်ကျွမ်းသွားစေချင်မိသည်။ ငြင်းဆန်သောသူအားလုံးကို နောက်ထပ် မည်သည့်အခါမျှ တဝဲလည်လည် မတည်ရှိတော့ရန်၊ ငါ၏မြင်ကွင်းမှ ကွယ်ပျောက်သွားစေချင်သည်။ ငါသည် အဆင်းနီသော နဂါးကြီး နေထိုင်ရာနေရာတွင် အသစ်သော အစပြုခြင်းတစ်ခုကို ဖြစ်စေပြီးသည်သာမက၊ စကြဝဠာတွင် အသစ်သော အမှုကိုလည်း စတင်ပြီး ဖြစ်သည်။ ငါသည် အောင်မြင်မှုကို ရရှိနှင့်ပြီးဖြစ်သောကြောင့်၊ ငါသည် အောင်မြင်လျက် ပြန်ကြွလာပြီးဖြစ်သောကြောင့်၊ မကြာမီ၊ ကမ္ဘာမြေ၏ တိုင်းနိုင်ငံများသည် ငါ၏ နိုင်ငံတော် ဖြစ်လာကြလိမ့်မည်၊ မကြာမီ၊ ငါ၏ နိုင်ငံတော်ကြောင့် ကမ္ဘာမြေ၏ တိုင်းနိုင်ငံများ ထာဝရ တည်ရှိမှုရပ်စဲလိမ့်မည်။ မြေကြီးပေါ်တွင် ငါ၏ အမှုကို ဖျောက်ဖျက်ပစ်ရန် မျှော်လင့်ချက်ဖြင့် ငါ၏ အစီအစဉ်ကို နှောင့်ယှက်ရန် အဆင်းနီသော နဂါးကြီးသည် ကြံစည်၍ရနိုင်သမျှ နည်းလမ်းများ ကုန်ခန်းသွားပြီ ဖြစ်သည်၊ သို့သော် ငါသည် ၎င်း၏ လိမ်လည်လှည့်ဖြားသော ပရိယာယ်အားဖြင့် တိုး၍ စိတ်ပျက်အားလျော့နိုင်သလော။ ၎င်း၏ ခြိမ်းခြောက်မှုများအားဖြင့် ငါသည် စိတ်ချယုံကြည်မှု ဆုံးရှုံးခြင်းဖြင့် အထိတ်တလန့်ဖြစ်နိုင်သလော။ ငါ၏ လက်ဖဝါးတွင် ငါဆုပ်ကိုင်ထားခြင်းမရှိသော သတ္တဝါတစ်ဦးမျှ ကောင်းကင် သို့မဟုတ် မြေကြီးပေါ်တွင် မရှိဖူးပေ။ ဤသည်မှာ ငါ့အား အဖြည့်ခံတစ်ခုအဖြစ် အစေခံသည့် ဤတန်ဆာပလာ၊ အဆင်းနီသော နဂါးကြီးနှင့်သက်ဆိုင်၍ မည်မျှပို၍ မှန်ကန်သနည်း။ ၎င်းသည်လည်း ငါ၏လက်ဖြင့် ကြိုးကိုင်ခြယ်လှယ်ခံရမည့် အရာတစ်ခု ဖြစ်သည်မဟုတ်လော။
လူ့လောကထဲတွင် ငါ၏လူ့ဇာတိခံခြင်းအတောအတွင်းတွင်၊ လူသားမျိုးနွယ်သည် ငါ၏လမ်းပြမှုအောက်တွင်၊ ဤနေ့ရက်ထိ အမှတ်တမဲ့ ရောက်ရှိလာပြီးဖြစ်ကာ ငါ့ကို အမှတ်တမဲ့ သိလာကြပြီးဖြစ်သည်။ သို့သော်၊ ရှေ့တွင်ရှိသည့်လမ်းကြောင်းကို မည်သို့ လျှောက်လှမ်းရမည် နှင့်စပ်လျဉ်း၍မူ မည်သူမျှ အရိပ်အမြွက် မရှိ၊ မည်သူမျှ မသိကြပေ- ပြီးလျှင် ထိုလမ်းကြောင်းက ၎င်းတို့ကို မည်သည့်ဦးတည်ရာသို့ ခေါ်ဆောင်သွားမည်နှင့်ပတ်သက်၍ မည်သူမျှ သဲလွန်စတစ်ခု သာ၍ မရှိကြသေးချေ။ ၎င်းတို့အပေါ် ဂရုစိုက်နေသည့် အနန္တတန်ခိုးရှင်နှင့်အတူသာ မည်သူမဆိုသည် ထိုလမ်းကြောင်းကို အဆုံးတိုင် လျှောက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းအားဖြင့် လမ်းပြခံရလျက်သာ၊ မည်သူမဆိုသည် ငါ၏နိုင်ငံတော်သို့ ဆိုက်ရောက်စေသည့် တံခါးခုံကို ဖြတ်သန်းနိုင်မည် ဖြစ်သည်။ လူသားများအကြားတွင်၊ ငါ၏မျက်နှာကို တွေ့မြင်ဖူးသောသူ၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို တွေ့မြင်ဖူးသော သူတစ်ဦး မည်သည့်အခါကမျှ မရှိဖူးပေ။ ငါ၏ပလ္လင်မှ မိန့်မြွက်ချက်များကို ကြားဖူးသောသူ မည်မျှ သာ၍မရှိလေပြီနည်း။ အမှန်တွင်၊ ရှေးခေတ်အချိန်ကာလများမှ၊ လူသားတစ်ဦးမျှ ငါ၏ ဇာတိအဖြစ်တော်နှင့် တိုက်ရိုက် ထိတွေ့ဆက်သွယ်မလာဖူးပေ။ ယနေ့တွင်သာ၊ ကမ္ဘာလောကထဲသို့ ယခု ငါ ကြွလာပြီးဖြစ်သောကြောင့်၊ လူသားတို့သည် ငါ့အား တွေ့မြင်ရန် အခွင့်အရေးတစ်ခု အမှန်ရှိလာကြပေသည်။ သို့သော် ယခုတွင်ပင်လျှင် လူတို့သည် ငါ၏ မျက်နှာကိုသာ ကြည့်ရုံမျှသာ ကြည်ညိုကြပြီး၊ ငါ၏ အသံကို ကြားရုံသာ ကြားကြသော်လည်း ငါဆိုလိုသောအရာကို နားလည်ခြင်း မရှိကြသည်နှင့်အမျှ၊ လူတို့သည် ငါ့အား မသိကြသေးပေ။ လူသားအားလုံးမှာ ဤကဲ့သို့ ဖြစ်ကြသည်။ ငါ၏လူများထဲမှ တစ်ဦးဖြစ်လျက်၊ သင်တို့သည် ငါ၏မျက်နှာကို တွေ့မြင်ရသည့်အခါ သင်တို့သည် နက်ရှိုင်းသော ဂုဏ်ယူမှုကို မခံစားရသလော။ ပြီးလျှင် သင်တို့သည် ငါ့အား မသိကြသောကြောင့် ဆိုးရွားသည့် အရှက်ရခြင်းကို မခံစားရသလော။ ငါသည် လူ့ဇာတိခံယူခဲ့ပြီး လူ့လောကထဲသို့ ကြွလာပြီးဖြစ်သည့်အတွက်၊ ငါသည် လူသားများအလယ် လျှောက်လှမ်းပြီး လူသားများအလယ် အသက်ရှင်လေသည်။ ငါ၏ ရည်မှန်းချက်မှာ လူသားများက ငါ၏ လူ့ဇာတိကို ကြည်ညိုကြစေဖို့မျှသာ မဟုတ်။ ပို၍ အရေးကြီးသည်မှာ၊ ယင်းသည် လူသားမျိုးနွယ်အား ငါ့ကို သိကျွမ်းနိုင်စေဖို့ ဖြစ်သည်။ ထို့အပြင်၊ ငါသည် ငါ၏ လူ့ဇာတိခံ ခန္ဓာမှတစ်ဆင့်၊ လူသားမျိုးနွယ်အား ၎င်းတို့၏ အပြစ်များကို စီရင်ချက်ချမည်။ ငါသည် ငါ၏ လူ့ဇာတိခံ ခန္ဓာမှတစ်ဆင့် အဆင်းနီသော နဂါးကြီးကို နှိမ်နင်းကာ ၎င်း၏ သားရဲတွင်းကို အမြစ်ဖြတ်ချေမှုန်းမည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၂” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၆၂)
စကြဝဠာတစ်လျှောက်လုံးမှ လူများသည် ငါ၏နေ့ရက်ရောက်လာခြင်းအပေါ် ပွဲလမ်းသဘင် ကျင်းပကြပြီး၊ ကောင်းကင်တမန်များသည် ငါ၏ လူအားလုံးအလယ်တွင် လျှောက်သွားကြသည်။ စာတန်သည် ဒုက္ခပေးသောအခါ၊ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံရှိ ၎င်းတို့၏ အစေခံမှုကြောင့် ငါ၏လူများကို အမြဲတစေပင် ကူညီကြသည်။ သူတို့သည် လူသား၏ အားနည်းချက်ကြောင့် မာရ်နတ်၏ လှည့်ဖြားခြင်းကို မခံရသော်လည်း၊ အမှောင်စွမ်းအားများ၏ အပြင်းအထန်တိုက်ခိုက်မှု၏ အကျိုးဆက်အနေဖြင့် မြူထူကို ဖောက်ထွင်း၍ လူသား၏အသက်တာကို ရင်ဆိုင်ရန် သာ၍ပင် ကြိုးစားကြ၏။ လူများအားလုံးသည် ငါ၏နာမအောက်တွင် ဆက်ကပ်အပ်နှံကြပြီး၊ မည်သည့်အခါမျှပင် မည်သူတစ်ဦးတစ်ယောက်ကမျှ ငါ့ကို ပွင့်လင်းစွာ ဆန့်ကျင်ရန် ထကြွခြင်း မရှိကြ။ ကောင်းကင်တမန်များ၏ ကြိုးစားလုပ်ဆောင်မှုကြောင့်၊ လူသားသည် ငါ၏နာမကို လက်ခံပြီး အားလုံးတို့မှာ ငါ့အလုပ်၏ ရေစီးကြောင်းထဲတွင် ရှိကြသည်။ ကမ္ဘာကြီးသည် ဆုတ်ယုတ်လာလေပြီတကား။ ဗာဗုလုန်သည် မလှုပ်မယှက်နိုင် ဖြစ်နေပြီတကား။ ဘာသာရေး လောက၊ အဘယ်သို့လျှင် ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ ငါ၏သြဇာအာဏာအားဖြင့် ဖျက်ဆီးခြင်းကို မခံရဘဲနေနိုင်သနည်း။ မည်သူသည် ငါ့ကို မနာခံ၍ ဆန့်ကျင်ရန် ဝံ့ရဲသေးသနည်း။ ကျမ်းတတ် ပုဂ္ဂိုလ်များလော။ ဘာသာရေး အာဏာပိုင်များလော။ ကမ္ဘာမြေကြီးပေါ်ရှိ အုပ်ချုပ်သူများနှင့် အခွင့်အာဏာရှိသူများလော။ ကောင်းကင်တမန်များလော။ မည်သူသည် ငါ့ခန္ဓာကိုယ်၏ ပြည့်ဝခြင်းနှင့် ပြီးပြည့်စုံခြင်းကို ချီးကျူးဂုဏ်ပြုခြင်း မပြုသနည်း။ လူများအားလုံးအကြားတွင်၊ မည်သူသည် မရပ်မနား ငါ့ကို ချီးမွမ်းထောမနာသီချင်း မဆိုသနည်း၊ မည်သူသည် အစဉ်မပျော်ရွှင်သနည်း။ ငါသည် အဆင်းနီသော နဂါးကြီး၏ သားရဲတွင်းဖြစ်သည့် နိုင်ငံတွင်နေထိုင်သည်၊ သို့သော်ငြားလည်း ဤအရာသည် ငါ့ကို ကြောက်ရွံ့ခြင်းနှင့် ဖိမ့်ဖိမ့်တုန်ခြင်း မဖြစ်စေ၊ သို့မဟုတ် အဝေးသို့ ထွက်ပြေးသွားခြင်းလည်း မဖြစ်စေပါ။ အဘယ်ကြောင့်ဆိုသော် ၎င်း၏လူတို့အားလုံးသည် ၎င်းကို စတင်၍ မုန်းတီးကြပြီဖြစ်သောကြောင့် ဖြစ်သည်။ မည်သည့်အခါမျှပင် တစ်စုံတစ်ရာ၏ “တာဝန်” ကို နဂါး၏ရှေ့တွင် မထမ်းဆောင်ခဲ့ဖူးပေ။ ထိုအစား၊ အရာခပ်သိမ်းသည် သူတို့ သင့်တော်သည်ဟု ထင်သည့်အတိုင်း လုပ်ဆောင်ကြပြီး၊ အသီးသီးသည် မိမိတို့ကိုယ်ပိုင် လမ်းခရီးကို သွားကြသည်။ ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံများသည် အဘယ်သို့လျှင် မပျက်စီးနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံများသည် အဘယ်သို့လျှင် မကျဆင်းနိုင်မည်နည်း။ အဘယ်သို့လျှင် ငါ၏လူများသည် အားမတက်ဘဲ နေနိုင်ကြသနည်း။ အဘယ်သို့လျှင် သူတို့သည် ရွှင်လန်းခြင်းနှင့် မကျူးဧနိုင်ရသနည်း။ ဤသည်မှာ လူသား၏အလုပ်လော။ ဤသည်မှာ လူသား၏လက်များ၏ လုပ်ဆောင်ချက်ပင်လော။ ငါသည် လူသားအား သူ့တည်ရှိမှု၏ ရင်းမြစ်ကို ပေးခဲ့ပြီး၊ သူ့ကို ရုပ်ဝတ္ထုပစ္စည်းများနှင့် ထောက်ပံ့ပေးခဲ့သည်၊ သို့သော်ငြားလည်း လူသားသည် သူ၏လက်ရှိအခြေအနေများနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်လျက် ငါ၏နိုင်ငံတော်သို့ သူဝင်ရောက်ခြင်းငှာ တောင်းဆို၏။ သို့သော်လည်း အဖိုးအခပေးဆပ်ခြင်း မရှိဘဲနှင့်၊ သူ၏ ကိုယ်ကျိုးမငဲ့သော ဆည်းကပ်ခြင်းကို ဆက်သရန် ဆန္ဒမရှိဘဲနှင့်၊ အဘယ်သို့လျှင် သူသည် ငါ၏နိုင်ငံတော်ထဲသို့ အလွန်လွယ်ကူစွာ ဝင်ရောက်နိုင်မည်နည်း။ လူသားထံမှ တစ်စုံတစ်ရာကို ကြီးစွာတောင်းဆိုမည့်အစား၊ ငါသည် သူ့အပေါ် သတ်မှတ်ချက်များကို ပြုလုပ်သည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးပေါ်ရှိ ငါ၏နိုင်ငံတော်သည် ဘုန်းကျက်သရေနှင့် ပြည့်ဝမည်ဖြစ်သည်။ လူသားသည် လက်ရှိခေတ်ထဲသို့ ငါ့အားဖြင့် လမ်းပြခြင်းကို ခံခဲ့ရသည်၊ သူသည် ဤအခြေအနေ၌ တည်ရှိနေပြီး၊ သူသည် ငါ့အလင်း၏ လမ်းပြမှုအလယ်တွင် နေထိုင်၏။ အကယ်၍ ယင်းသည် ထိုကဲ့သို့မဖြစ်ခဲ့ပါက၊ ကမ္ဘာမြေကြီးပေါ်ရှိ လူသားများထဲမှ မည်သူသည် ၎င်းတို့၏ အလားအလာများကို သိလိမ့်မည်နည်း။ မည်သူသည် ငါ၏အလိုကို နားလည်လိမ့်မည်နည်း။ လူသားအပေါ် သတ်မှတ်ချက်များသို့ ငါ၏ထောက်ပံ့မှုများကို ငါပေါင်းထည့်သည်၊ ဤသည်မှာ သဘာဝနိယာမများနှင့် ကိုက်ညီသည် မဟုတ်လော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၂” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၆၃)
နိုင်ငံတော်ထဲတွင် ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများသည် စတင်နှိုးထလာကြပြီး ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်တစ်ဖန် ရရှိကြသည်။ ကမ္ဘာမြေကြီး၏ အခြေအနေ၌ ပြောင်းလဲခြင်းများကြောင့်၊ ကုန်းမြေတစ်ခုနှင့် နောက်တစ်ခုကြားရှိ နယ်နိမိတ်များသည် စတင်ရွေ့လာကြသည်။ ယခင်က ငါသည် ပရောဖက်ပြုခဲ့ပြီးဖြစ်သည်။ ကုန်းမြေမှ ကုန်းမြေသည် ပိုင်းခြားသွားပြီး၊ ကုန်းမြေနှင့် ကုန်းမြေသည် ပေါင်းစည်းသောအခါ၊ ယင်းမှာ ငါသည် တိုင်းနိုင်ငံများကို အပိုင်းအစများအဖြစ်သို့ ထုချေပစ်မည့် အချိန်လည်းဖြစ်သည်။ ဤအချိန်တွင်၊ ငါသည် ဖန်ဆင်းခြင်း အလုံးစုံကို အသစ်ပြုပြင်ပြီး စကြဝဠာတစ်ခုလုံးကို ပြန်လည်တစ်ဖန် ပိုင်းကန့်မည်ဖြစ်သည်၊ ထိုသို့ဖြင့် စကြဝဠာကို စနစ်တကျ စီစဉ်မည်ဖြစ်ပြီး၊ ၎င်း၏ ဟောင်းသောအခြေအနေကို အသစ်သို့ ပြောင်းလဲစေမည်ဖြစ်သည်။ ဤသည်မှာ ငါ၏အစီအစဉ်ပင်ဖြစ်သည်။ ဤအရာများမှာ ငါ၏အလုပ်များပင် ဖြစ်သည်။ လောကကြီး၏ လူများနှင့် တိုင်းနိုင်ငံများအားလုံးသည် ငါ၏ပလ္လင်ရှေ့မှောက်သို့ လှည့်ပြန်လာသောအခါ၊ ငါသည် ကောင်းကင်ဘုံ၏ ကြွယ်ဝမှုအားလုံးကို ယူငင်လျက် ယင်းအရာများကို လူ့လောကအပေါ်သို့ အပ်နှင်းပေးမည်၊ ထိုသို့အားဖြင့် ငါ၏ကျေးဇူးကြောင့်လျှင်၊ လူ့လောကသည် တုနှိုင်းမဲ့သော ကြွယ်ဝမှုနှင့် ပြည့်လျှံနေလိမ့်မည်။ သို့သော်လည်း လောကဟောင်း ဆက်လက်တည်ရှိနေသရွေ့ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို စကြဝဠာ တစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန်ကြေညာမည် ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။
ငါသည် ပြောဆိုရန် စကြဝဠာထံသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ် အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် ချက်ချင်း စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့် အလုပ်များ အားလုံးကို မြင်လေသည်။ ငါ၏အလိုနှင့် ဆန့်ကျင်သော သူတို့သည်၊ ဆိုလိုသည်မှာ၊ ငါ့ကို လူသား၏အပြုအမူများဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှုအောက်သို့ ကျရောက်လိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိသည့် မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုပြင်မည်ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့် လသည်လည်း အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံလင်လာကြလိမ့်မည်။ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည်ဖြစ်ပြီး ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးအပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ် သွားလိမ့်မည်ဖြစ်ပြီး၊ အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခုဖြစ်လာပေလိမ့်မည်။ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရလိမ့်မည်ဖြစ်ပြီး၊ တည်ရှိတော့မည် မဟုတ်ချေ။ စကြဝဠာအတွင်းရှိ သက်ရှိလူသားများတွင် မာရ်နတ်နှင့် သက်ဆိုင်သော သူအားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည်၊ စာတန်ကို ဝတ်ပြုကိုးကွယ်သော သူအားလုံးတို့သည် ငါ၏လောင်သောမီးဖြင့် အောက်သို့ချထားခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းရေအတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်းခံရလိမ့်မည်။ လူမျိုးများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ ဘာသာရေးလောက၌ရှိသော သူတို့သည် ကွဲပြားခြားနားသော အတိုင်းအတာများဖြင့် ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည်ဖြစ်ပြီး ငါ့အလုပ်များ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောသူမှာ ဖြူသောမိုးတိမ်ကို စီးလျက် ရောက်ရှိလာသည်ကို ထိုသူတို့ မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူသားမျိုးနွယ်အားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် ခွဲခံရမည်ဖြစ်ပြီး၊ သူတို့ပြုခဲ့သော အရာများအလိုက် ပြစ်တင်ဆုံးမခြင်း ခံကြရမည်။ ငါ့တစ်ဘက်တွင် ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်မှ ၎င်းတို့၏ အပြုအမူများတွင် ငါမပါဝင်ခဲ့သော သူများကမူ၊ သူတို့၏ မိမိတို့ကိုယ်မိမိ ကင်းလွတ်စေခဲ့ပုံကြောင့် ထိုသူတို့သည် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက်တည်ရှိကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြသမည်၊ လူသားမျိုးနွယ်အားလုံးအတွက် ငါ၏ကြီးမြတ်သောအလုပ် စုံလင်သွားခြင်းကို သူတို့၏ကိုယ်ပိုင်မျက်စိနှင့် မြင်နိုင်ကြရန် ကြွေးကြော်ဖို့ အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါ၏ကိုယ်ပိုင်အသံနှင့် မြွက်ဆိုမည်။
ငါ၏အသံသည် ပြင်းပြထက်သန်ခြင်း၌ နက်ရှိုင်းလာသည်နှင့်၊ စကြဝဠာ၏ အခြေအနေကိုလည်း ငါသည် အကဲခတ်နေသည်။ ငါ၏နှုတ်ကပတ်တော်များမှတစ်ဆင့် ဖန်ဆင်းခြင်း၏ အသင်္ချေ များလှသောအရာများ အားလုံးသည် အသစ်ပြုပြင်ခြင်းကိုခံရမည်။ ကောင်းကင်သည် ပြောင်းလဲပြီး၊ ကမ္ဘာမြေကြီးသည်လည်း ပြောင်းလဲမည်။ လူသားမျိုးနွယ်သည် တဖြည်းဖြည်းနှင့် အသီးသီး ၎င်းတို့၏ အမျိုးအစားအလိုက် ၎င်းတို့၏ မူလပုံသဏ္ဌာန်အတိုင်း ထုတ်ဖော်ခြင်းခံရပြီး၊ လူများသည် သတိမပြုမိဘဲ ၎င်းတို့မိသားစုများ၏ ရင်ခွင်အောက်သို့ ပြန်ရာလမ်းကို ရှာတွေ့ကြမည်။ ဤအချိန်တွင် ငါသည် ကြီးစွာကျေနပ်မည်။ ငါသည် အနှောင့်အယှက်မှ ကင်းလွတ်ပြီး၊ မည်သူမျှ သတိမပြုမိလိုက်ဘဲနှင့် ငါ၏ ကြီးမြတ်သော အမှုသည် မသိမသာ ပြီးမြောက်ကာ၊ မည်သူမျှ သတိမပြုမိလိုက်ဘဲနှင့် ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများသည် အသွင်ပြောင်းခြင်း ခံကြရသည်။ ကမ္ဘာလောကကြီးကို ငါဖန်ဆင်းခဲ့သောအခါ၊ အရာခပ်သိမ်းတို့ကို ၎င်းတို့၏ အမျိုးအစားအလိုက် ပုံသဏ္ဌာန်များနှင့် သတ်မှတ်လျက်၊ အရာခပ်သိမ်းတို့ကို ငါသည် ၎င်းတို့၏ အမျိုးအစားအလိုက် ပုံသွင်းခဲ့သည်။ ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ နိဂုံးအဆုံးသည် နီးကပ်လာသည်နှင့်၊ ငါသည် ဖန်ဆင်းခြင်း၏ ယခင်အခြေအနေကို ပြန်လည်တည်ထောင်မည်၊ ငါသည် အရာခပ်သိမ်းကို ယင်းတို့၏ မူလအခြေအနေများဆီသို့ ပြန်လည်ထူထောင်မည်၊ အရာခပ်သိမ်းကို ထူးကဲသာလွန်စွာ ပြောင်းလဲခြင်းအားဖြင့်၊ အရာခပ်သိမ်းသည် ငါ့အစီအစဉ်၏ ရင်ခွင်အောက်သို့ ပြန်လာကြလိမ့်မည်။ အချိန်ကျလာလေပြီ။ ငါ၏အစီအစဉ်ထဲမှ နောက်ဆုံးအဆင့်သည် ပြီးမြောက်အောင်မြင်လုနီးပြီဖြစ်သည်။ အို...ဟောင်းနွမ်း၍ မသန့်စင်သော လောကကြီး၊ သင်သည် ငါ့နှုတ်ကပတ်တော်များအောက်တွင် ဧကန်အမှန်ပင် ကျရှုံးလိမ့်မည်။ ငါ၏အစီအစဉ်အားဖြင့် သင်သည် ဗလာနတ္ထိအဖြစ်သို့ လျှော့ချခြင်း ဧကန်အမှန်ပင် ခံရလိမ့်မည်။ အိုး...ဖန်ဆင်းခြင်း၏ အသင်္ချေများလှသော အရာများတို့၊ သင်တို့အားလုံးသည် ငါ့နှုတ်ကပတ်တော်များအထဲ၌ အသစ်သောအသက်ကို ရကြလိမ့်မည်၊ သင်တို့သည် သင်တို့၏ အကြွင်းမဲ့ပိုင်သအုပ်စိုးသော သခင်ရှိလိမ့်မည်။ အိုး...သန့်စင်၍ အပြစ်အနာအဆာမဲ့သော လောကသစ်ကြီး၊ သင်သည် ငါ့ဘုန်းအထဲတွင် ဧကန်အမှန်ပင် နှိုးထလိမ့်မည်။ အိုး...ဇိအုန်တောင်၊ ထပ်၍ တိတ်ဆိတ်မနေနှင့်။ ငါသည် အောင်မြင်ခြင်းနှင့် ပြန်ကြွလာပြီ။ ဖန်ဆင်းခြင်း၏အလယ်မှ၊ ကမ္ဘာမြေကြီးတစ်ခုလုံးကို ငါသည် စေ့စေ့စပ်စပ် စစ်ဆေး၏။ ကမ္ဘာမြေကြီးပေါ်တွင် လူသားမျိုးနွယ်သည် အသစ်သောအသက်ကို စတင်ခဲ့ပြီး၊ မျှော်လင့်ခြင်းအသစ်ကို အောင်နိုင်လေပြီ။ အိုး...ငါ၏လူများတို့၊ အဘယ်သို့လျှင် သင်တို့သည် ငါ၏ အလင်းရောင်အထဲ၌ အသက်ထံသို့ လှမ်းမလာနိုင်ရသနည်း။ အဘယ်သို့လျှင် သင်တို့သည် ငါ၏လမ်းပြပို့ဆောင်မှုအောက်၌ ရွှင်လန်းခြင်းနှင့် မကခုန်နိုင်ရသနည်း။ ကုန်းမြေတို့သည် ဝမ်းသာရွှင်လန်းခြင်းနှင့် အော်ဟစ်ကြ၏၊ ရေတို့သည်လည်း အားရရွှင်လန်းသော ရယ်မောခြင်းနှင့် ရုန့်ကြမ်းကျယ်လောင်နေကြပါတကား။ အိုး...ရှင်ပြန်ထမြောက်သော ဣသရေလ၊ အဘယ်သို့နှင့် သင်သည် ငါ၏ ရှေးမဆွက ခွဲခန့်မှတ်သားခြင်းအကြောင်းကို ဂုဏ်မယူနိုင် ရသနည်း။ မည်သူသည် ရှိုက်ကြီးတငင် ငိုကြွေးခဲ့ပြီးသနည်း။ မည်သူသည် ငိုကြွေးမြည်တမ်းခဲ့ပြီးသနည်း။ ဟောင်းနွမ်းသော ဣသရေလသည် မတည်ရှိတော့ဘဲ၊ ယနေ့ကာလ၏ ဣသရေလသည် ထမြောက်လေပြီ၊ လောကကြီးတွင် ယင်းသည် မားမားမတ်မတ်နှင့် မြင့်မြင့်မားမားပင် လူသားမျိုးနွယ် အားလုံးတို့၏ နှလုံးသားများထဲတွင် တည်ထားလျက်ရှိသည်။ ယနေ့ကာလ၏ ဣသရေလသည် ငါ၏လူများမှတစ်ဆင့် တည်ရှိဖြစ်တည်မှု၏ ရင်းမြစ်ကို ဧကန်အမှန်ပင် ရရှိလိမ့်မည်။ အိုး...မုန်းတီးခြင်းနှင့်ပြည့်သော အဲဂုတ္တု၊ သင်သည် ဧကန်အမှန်ပင် ငါ့တဘက်၌ ထ၍မနေတော့သည် မဟုတ်လော။ သင်သည် ငါ၏ကရုဏာကို အခွင့်ကောင်းယူလျက် ငါ၏ပြစ်တင်ဆုံးမခြင်းမှ လွတ်မြောက်ရန် အဘယ်သို့လျှင် ကြိုးစားသနည်း။ သင်သည် ငါ၏ပြစ်တင်ဆုံးမခြင်းအတွင်း၌ အဘယ်သို့လျှင် တည်ရှိမနေနိင် ရသနည်း။ ငါချစ်သော ထိုသူအားလုံးသည် ထာဝရကာလတိုင် ဧကန်အမှန် ရှင်သန်ကြလိမ့်မည်ဖြစ်ပြီး၊ ငါ့တစ်ဘက်၌ထကြသော ထိုသူအားလုံးတို့သည်ကား ဧကန်အမှန်ပင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို ထာဝရကာလတိုင် ခံကြရပေလိမ့်မည်။ အကြောင်းမူကား၊ ငါသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်တော်မူ၏။ ငါသည် လူအားလုံးကို သူတို့ပြုခဲ့သောအရာများကြောင့် ပေါ့တန်စွာ ချမ်းသာပေးလိမ့်မည် မဟုတ်။ ငါသည် ကမ္ဘာမြေကြီးတစ်ခုလုံးအပေါ်သို့ စောင့်ကြည့်မည်ဖြစ်ပြီး၊ လောကကြီး၏ အရှေ့အရပ်တွင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ပေါ်လာလျက်၊ လူသားမျိုးနွယ် အသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၆၄)
ငါ့ကို ချီးမွမ်းရာ၌ ကောင်းကင်တမန်များသည် တေးဂီတကို တီးမှုတ်လေသောအခါ ဤသီချင်းသံသည် လူသားအတွက် ငါ၏ စာနာခြင်းကို မလှုံ့ဆော်ဘဲ မနေနိုင်။ ချက်ချင်းဆိုသလိုပင် ငါ၏ နှလုံးသားသည် ဝမ်းနည်းခြင်းနှင့် ပြည့်လာပြီး ဤစိတ်မချမ်းမြေ့စရာ စိတ်ခံစားချက်မှ ငါ့ကိုယ်ငါ ဖယ်ရှားပစ်ရန် မဖြစ်နိုင်ချေ။ လူသားနှင့် ခွဲခွာခဲ့ရပြီးနောက် ပြန်လည်ပေါင်းစည်း ခဲ့ရသည့် ပူဆွေးခြင်းများနှင့် ဝမ်းမြောက်ခြင်းများ၌ ငါတို့သည် ခံစားချက်များကို ဖလှယ်ရန် မတတ်နိုင်။ အထက်အရပ် ကောင်းကင်ဘုံထဲနှင့် အောက်အရပ် ကမ္ဘာမြေကြီးအပေါ် ကွဲနေခဲ့ပြီး လူသားနှင့် ငါသည် ပုံမှန်တွေ့ဆုံရန် မတတ်နိုင်ကြ။ ယခင်ခံစားချက်များကို တသလွမ်းဆွတ်ခြင်းမှ မည်သူသည် ချိုးဖောက်လွန်မြောက် နိုင်သနည်း။ အတိတ်အကြောင်းကို ပြန်လည် စားမြုံ့ပြန်ခြင်းကို မည်သူသည် ရပ်တန့်နိုင်သနည်း။ မည်သူသည် အတိတ်ခံစားချက်များ၏ ဆက်လက်၍ ဖြစ်ပေါ်တည်ရှိခြင်းကို မမျှော်လင့်လိမ့်မည်နည်း။ မည်သူသည် ငါ၏ ပြန်လာခြင်းကို မအောက်မေ့ဘဲ ရှိလိမ့်မည်နည်း။ လူသားနှင့် ငါ၏ ပြန်လည်ပေါင်းစည်းခြင်းကို မည်သူသည် မတောင့်တဘဲ ရှိလိမ့်မည်နည်း။ ငါ၏ စိတ်နှလုံးသည် အလွန်အမင်း သောကရောက်လျက်ရှိပြီး လူသား၏ ဝိညာဉ်သည် အလွန်အမင်း စိတ်ပူပန်လျက်ရှိသည်။ ဝိညာဉ်သဘောအရ ထပ်တူညီသော်လည်း ငါတို့သည် မကြာခဏပင် အတူတကွ မရှိနိုင်ကြ၊ မကြာခဏပင် အချင်းချင်း မြင်တွေ့၍ မရနိုင်ကြ။ ထို့ကြောင့် လူသားမျိုးနွယ် အားလုံး၏ အသက်တာသည် ပူဆွေးသောကနှင့် တင်းကျမ်းပြည့်နှက်နေပြီး ရှင်သန်မှုစွမ်းအားလည်း ကင်းမဲ့နေသည်၊ အကြောင်းမှာ လူသားသည် ငါ့ကို အစဉ်အမြဲ တမ်းတနေခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ လူသတ္တဝါများသည် ကောင်းကင်ဘုံမှ တိုက်ချခံလိုက်ရသော အရာဝတ္ထုများ ဖြစ်သည့်အလား၊ ငါ့ကို မြေပြင်ပေါ်မှ စူးစိုက် မော်ကြည့်လျက် ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ငါ၏ အမည်ကို ဟစ်ခေါ်ကြသည်၊ သို့သော်လည်း ၎င်းတို့သည် ငမ်းငမ်းတက် ဆာလောင်နေသော ဝံပုလွေ၏ အန္တရာယ်မှ အဘယ်သို့လျှင် ၎င်းတို့ ကိုယ်ကိုယ် လွတ်မြောက်အောင် လုပ်ဆောင်နိုင်မည်နည်း။ ၎င်းတို့သည် ထိုဝံပုလွေ၏ ခြိမ်းခြောက်ခြင်းများနှင့် ဖြားယောင်းသွေးဆောင်မှုများမှ အဘယ်သို့လျှင် မိမိတို့ကိုယ်မိမိတို့ ကင်းဝေးစေနိုင်မည်နည်း။ ငါ့အစီအစဉ်၏ စီစဉ်ခြင်းကို နာခံခြင်းကြောင့် လူသတ္တဝါများသည် မိမိတို့ကိုယ်မိမိတို့ အဘယ်သို့လျှင် မဆက်ကပ်နိုင်ဘဲ ရှိမည်နည်း။ ထိုသူတို့သည် ကျယ်ကျယ် လောင်လောင် တောင်းပန်တိုးလျှိုးသောအခါ ငါသည် ၎င်းတို့ထံမှ ငါ၏မျက်နှာကို လွှဲလိုက်သည်၊ ဆက်လက်၍ ကြည့်ရန် ငါမခံရပ်နိုင်တော့၊ သို့သော်လည်း အဘယ်သို့လျှင် ငါသည် ၎င်းတို့၏ မျက်ရည်ပြည့်လျှမ်းသော အော်ဟစ်သံများကို မကြားနိုင်ဘဲနှင့် ရှိမည်နည်း။ လူ့လောကကြီး၏ မတရားခြင်းများကို ငါပြင်မည်။ ငါ၏ လူများကို နောက်တစ်ဖန် ဘေးပြုခြင်းမှ စာတန်ကို တားမြစ်လျက်၊ ရန်သူများကို ၎င်းတို့စိတ်ကြိုက် နောက်တစ်ဖန် လုပ်နေခြင်းမှ တားမြစ်လျက် လောကတစ်လွှားတွင် ငါ၏ အလုပ်ကို ငါကိုယ်တိုင်၏ လက်များနှင့် ဆောင်ရွက်မည်။ ငါ၏ ရန်သူများ အားလုံးကို မြေပေါ်သို့ လဲကျစေလျက် ၎င်းတို့၏ ပြစ်မှုများကို ငါ့ရှေ့မှောက် ဝန်ခံလာရန် ပြုလျက် ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှင်ဘုရင် ဖြစ်လာမည်ဖြစ်ပြီး ငါ၏ပလ္လင်ကို ထိုနေရာသို့ ရွှေ့မည်။ ငါ၏ ဝမ်းနည်းမှုထဲတွင် အမျက်ဒေါသသည် ရောထွေးစပ်ယှက်နေသည်၊ မည်သူ့ကိုမျှ ချမ်းသာမပေးဘဲ ငါ့ရန်သူများ၏ နှလုံးသားများ အတွင်းသို့ ထိတ်လန့်ကြောက်ရွံ့ခြင်းကို ထည့်သွင်းလျက် စကြဝဠာ တစ်ခုလုံးကို ပြားချပ်သွားအောင် ငါနင်းခြေမည်။ ကမ္ဘာမြေကြီးတစ်ခုလုံးကို အပျက်အစီးများအဖြစ်သို့ ယုတ်လျော့စေ၍ ငါ၏ ရန်သူများကို ထိုအပျက်အစီးများအထဲသို့ လဲကျစေမည်၊ ထိုသို့အားဖြင့် ထိုအချိန်မှစ၍ ၎င်းတို့သည် လူသားမျိုးနွယ်ကို နောက်ထပ် ယိုယွင်းဖျက်ဆီးခြင်း မပြုနိုင်ရန် ဖြစ်သည်။ ငါ၏ အစီအစဉ်သည် သတ်မှတ်ထားပြီး ဖြစ်သည်၊ မည်သို့သောသူပင် ဖြစ်နေပါစေ မည်သူကမျှ ထိုအစီအစဉ်ကို ပြောင်းလဲနိုင်မည် မဟုတ်။ စကြဝဠာအထက်တွင် ငါသည် ဘုန်းအာနုဘော်နှင့် ပြည့်စုံသော ခမ်းနားထည်ဝါမှုနှင့် လှည့်လည် သွားလာသည့်အခါ လူသားမျိုးနွယ် အားလုံးသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး အရာခပ်သိမ်းသည် ပြန်လည်နှိုးထလာကြ လိမ့်မည်။ လူသားသည် ထပ်၍ငိုကြွေးတော့မည် မဟုတ်ဘဲ အကူအညီရရန် ငါ့ထံသို့ ထပ်၍ဟစ်ခေါ်ကြမည် မဟုတ်တော့။ ထို့နောက် ငါ၏ နှလုံးသားသည် ရွှင်လန်းလိမ့်မည် ဖြစ်ပြီး လူတို့သည် အောင်ပွဲခံရန် ငါ့ထံသို့ ပြန်လာကြ လိမ့်မည်။ ထိပ်ဆုံးမှ အောက်ခြေအထိ စကြဝဠာ တစ်ခုလုံးသည် ဝမ်းမြောက်ခြင်း၌ လှုပ်ရှားကြလိမ့်မည်...
ယနေ့ လောကကြီး၏ တိုင်းနိုင်ငံများအကြား အထမြောက်ရန် ငါစတင်ခဲ့သော အလုပ်ကို ငါသည် လုပ်ဆောင်နေသည်။ ငါ၏ အစီအစဉ်အတွင်း အလုပ်အားလုံးကို လုပ်ဆောင်လျက် ငါသည် လူသားမျိုးနွယ်၏ အလယ်တွင် လှုပ်ရှားသွားလာပြီး လူသားမျိုးနွယ် အားလုံးသည် ငါ၏ အလိုတော်နှင့်အညီ လောကကြီး၏ အမျိုးမျိုးအစားစားသော တိုင်းနိုင်ငံများကို ဖြိုခွဲနေကြသည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့သည် မိမိတို့၏ အာရုံကို မိမိတို့ကိုယ်တိုင်၏ ခရီးဆုံးပန်းတိုင်ပေါ် စူးစိုက်ထားသည်၊ အကြောင်းမှာ နေ့ရက်အချိန်သည် နီးကပ်လာနေပြီး ကောင်းကင်တမန်များသည် ၎င်းတို့၏ တံပိုးများကို မှုတ်နေကြပြီ ဖြစ်သည့်အတွက် ဖြစ်သည်။ အချိန်ထပ်ဆွဲခြင်းတို့ ရှိလိမ့်မည် မဟုတ်တော့၊ ဖန်ဆင်းခြင်း အရာခပ်သိမ်းတို့သည် ထို့နောက် ချက်ချင်းပင် ၀မ်းမြောက်ခြင်း၌ စတင်ကခုန်ကြလိမ့်မည်။ မည်သူသည် ၎င်းတို့သဘောရှိ ငါ၏ နေ့ရက်ကို ရှည်စေနိုင်သနည်း။ ကမ္ဘာမြေသားလော။ သို့မဟုတ် မိုးကောင်းကင်မှ ကြယ်များလော။ သို့တည်းမဟုတ် ကောင်းကင်တမန်များလော။ ဣသရေလလူများ၏ ကယ်တင်ခြင်းကို စတင်ရန်အလို့ငှာ ငါသည် မိန့်မြွက်ချက်ကို ပြုသောအခါ ငါ၏ နေ့ရက်သည် လူသားမျိုးနွယ် အားလုံးအပေါ်သို့ ဖိနှိပ်လေသည်။ လူသားတိုင်းသည် ဣသရေလ ပြန်လာမည်ကို ကြောက်ရွံ့ကြ၏။ ဣသရေလ ပြန်လာသောအခါ ယင်းသည် ငါ့ဘုန်းတော်၏ နေ့ရက်ဖြစ်လိမ့်မည် ဖြစ်ပြီး ထိုအချိန်သည် အရာခပ်သိမ်းတို့ ပြောင်းလဲပြီး အသစ်ပြုပြင်ခြင်းကို ခံလာရသော နေ့ရက်လည်းဖြစ်လိမ့်မည်။ ဖြောင့်မတ်သော တရားစီရင်ခြင်းသည် စကြဝဠာတစ်ခွင်လုံးသို့ ကျရောက်အံ့ဆဲဆဲ ချဉ်းကပ်လာသည်နှင့် လူသားအားလုံးမှာ ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်မှုတို့ ကြီးထွား လာသည်၊ အဘယ်ကြောင့် ဆိုသော် လူ့လောကထဲ၌ ဖြောင့်မတ်ခြင်း ဟူသည်မှာ မရှိစဖူး၍ ဖြစ်သည်။ ဖြောင့်မတ်ခြင်း၏နေသည် ထွက်ပေါ်လာသောအခါ အရှေ့အရပ်သည် ထွန်းလင်းလိမ့်မည် ဖြစ်ပြီး ထို့နောက်တွင် ၎င်းမှတစ်လှည့် လူတိုင်းဆီသို့ ရောက်ရှိရင်းနှင့် စကြဝဠာ တစ်ခွင်လုံးသို့ အလင်းပေးလိမ့်မည်။ အကယ်၍ လူသားသည် ငါ၏ ဖြောင့်မတ်ခြင်းကို ဧကန်စင်စစ်ပင် ပြည့်စုံစေနိုင်ပါက အဘယ်အရာကို ကြောက်စရာရှိသနည်း။ ငါ၏ လူများ အားလုံးသည် ငါ၏နေ့ရက် ဆိုက်ရောက်ခြင်းကို စောင့်မျှော်နေကြသည်၊ ၎င်းတို့အားလုံးသည် ငါ့နေရက်၏ ရောက်လာခြင်းကို တောင့်တကြသည်။ လူသားမျိုးနွယ် အားလုံးအပေါ်သို့ အပြစ်ဒဏ်ကို ယူဆောင်လာရန်နှင့် ဖြောင့်မတ်ခြင်း၏နေဖြစ်သော ငါ၏ အခန်းကဏ္ဍအားဖြင့် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကို စီစဉ်ရန် အလို့ငှာ ၎င်းတို့သည် ငါ့ကို စောင့်မျှော်နေကြသည်။ ငါ၏နိုင်ငံတော်သည် စကြဝဠာတစ်ခွင် အထက်တွင် ပုံသဏ္ဌာန်ပေါ်လာနေပြီ ဖြစ်ပြီး ငါ၏ ပလ္လင်သည် သန်းပေါင်းရာပေါင်းများစွာသော လူတို့၏ နှလုံးသားများထဲ၌ သြဇာ လွှမ်းမိုး၏။ ငါ၏ ကြီးမြတ်သော ပြီးမြောက်အောင်မြင်ခြင်းသည် ကောင်းကင်တမန်များ၏ အကူအညီနှင့် မကြာမီတွင် အသီးသီး လိမ့်မည် ဖြစ်သည်။ ငါ၏ သားများနှင့် ငါ၏ လူများအားလုံးတို့သည် ငါ၏ ပြန်လာခြင်း ကို အသက်ပင် ရဲရဲမရှုရဲဘဲ စောင့်မျှော်နေကြသည်၊ ၎င်းတို့နှင့် ပြန်လည်ပေါင်းစည်းရန်၊ မည်သည့်အခါမျှ နောက်တစ်ဖန် ထပ်၍ မခွဲခွာတော့ရန် ငါ့ကို တောင့်တနေကြသည်။ ငါသည် ၎င်းတို့နှင့် အတူရှိခြင်းကြောင့် ငါ့နိုင်ငံတော်၏ အသင်္ချေ များလှသော လူထုသည် ရွှင်လန်းဝမ်းမြောက်သော အောင်ပွဲခံခြင်းဖြင့် အချင်းချင်းဆီသို့ အဘယ်သို့လျှင် မပြေးကြဘဲ နေနိုင်လိမ့်မည်နည်း။ ဤပေါင်းစည်းခြင်းမှာ မည်သည့် အဖိုးအခမှ ပေးရန်မလိုအပ်သော ပြန်လည်ပေါင်းစည်းခြင်းမျိုး ဖြစ်နိုင်သလော။ လူသားအားလုံးတို့၏ မျက်လုံးများထဲတွင် ငါသည် ဂုဏ်သိက္ခာ ရှိသည်၊ အားလုံးတို့၏ စကားများတွင် ငါသည် ကြွေးကြော်ခြင်း ခံရသည်။ ငါပြန်လာသည့်အခါ ရန်သူ၏ အင်အားစု အားလုံးတို့ကို သာ၍များစွာပင် သိမ်းပိုက်မည်။ အချိန်ရောက်လာလေပြီ။ ငါ၏အလုပ်ကို ငါသည် စတင် လည်ပတ်စေမည်၊ လူသားတို့အလယ်တွင် ငါသည် ရှင်ဘုရင်အဖြစ် စိုးစံမည်။ ငါသည် ပြန်လာမည့်ဆဲဆဲ ရှိပြီး၊ ငါသည် ထွက်ခွာသွားလုဆဲဆဲ ရှိသည်။ ဤသည်မှာ လူတိုင်း မျှော်လင့်နေသော အရာဖြစ်ပြီး ဤသည်မှာ ၎င်းတို့ လိုလားသော အရာဖြစ်သည်။ လူသားမျိုးနွယ် တစ်ရပ်လုံးကို ငါ့နေ့ရက်၏ ဆိုက်ရောက်ခြင်းကို ငါမြင်စေမည်ဖြစ်ပြီး ၎င်းတို့အား ငါ၏နေ့ရက် ရောက်လာခြင်းကို ဝမ်းမြောက်ခြင်းနှင့် ကြိုဆိုစေမည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၇” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၆၅)
အရာခပ်သိမ်း ထမြောက်သည့်နေ့တွင် ငါသည် လူတို့အကြားလာ၍၊ အံ့သြဖွယ်ကောင်းသော နေ့များနှင့်ညများတွင် ငါသည် သူနှင့်အတူရှိခဲ့၏။ ဤအခါမှသာ လူသားသည် ငါ့ထံချဉ်းကပ်နိုင်ခြင်းကို အနည်းငယ် သတိပြုမိ၏၊ သူနှင့်ငါ မကြာခဏ အပြန်အလှန် ပိုမိုဆက်ဆံသည်နှင့်အမျှ၊ သူသည် ငါ၏အရာအားလုံးနှင့် ဖြစ်ခြင်းအချို့ကို မြင်၏— ရလဒ်အနေဖြင့်၊ သူသည် ငါ့အကြောင်း အနည်းငယ်သိရှိ၏။ လူသားအားလုံး အကြား၊ ငါသည် ငါ၏ဦးခေါင်းကိုမြှင့်၍ ကြည့်၍၊ သူတို့အားလုံး ငါ့ကိုမြင်၏။ သို့ရာတွင် ကမ္ဘာမြေကြီးပေါ်သို့ ဘေးအန္တရာယ် ကျရောက်သည့်အခါ၊ သူတို့သည် ချက်ချင်းကြောင့်ကြလာ၍၊ ငါ၏ပုံရိပ်သည် သူတို့၏နှလုံးသားများမှ ပျောက်ကွယ်သွား၏။ ဘေးအန္တရာယ်ကျရောက်မှုကြောင့် ကြောက်စိတ်မွှန်လျက်၊ သူတို့သည် ငါ၏တိုက်တွန်းချက်များကို ဂရုမစိုက်ပေ။ ငါသည် လူသားများအကြား နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သော်လည်း၊ သူသည် အမြဲပင် သတိမမူမိဘဲ ငါ့ကို မည်သည့်အခါမျှ မသိခဲ့ပေ။ ယနေ့ ငါကိုယ်တိုင်၏နှုတ်ဖြင့် ဤအရာကို သူ့အား ငါပြော၍၊ လူအားလုံးကို ငါ့ထံမှ တစ်စုံတစ်ရာလက်ခံရန် ငါ့ရှေ့မှောက်လာစေသော်လည်း သူတို့သည် ငါနှင့်ဝေးရာတွင် နေလျက်ရှိသေးသဖြင့် သူတို့သည် ငါ့ကို မသိပေ။ စကြဝဠာ အနှံ့နှင့် ကမ္ဘာမြေ၏ အစွန်ဆုံးသော နေရာများသို့ ငါ၏ခြေလှမ်းများ နင်းလျှောက်သည့်အခါ လူသားသည် သူ့ကိုယ်သူ စတင်၍ ပြန်လည်စဉ်းစားမည်ဖြစ်ကာ၊ လူအားလုံးတို့သည် ငါ့ထံသို့လာ၍ ငါ့ရှေ့တွင် ပျပ်ဝပ်လျက် ငါ့ကို ဝတ်ပြုလိမ့်မည်။ ဤနေ့သည် ငါ၏ဘုန်းတော် ထင်ရှားသည့်နေ့၊ ငါတစ်ဖန် ပြန်လာသောနေ့အပြင် ငါထွက်ခွာသည့်နေ့လည်း ဖြစ်လိမ့်မည်။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ်အဆုံး၌ စကြဝဠာတစ်ခုလုံး တစ်လျှောက် ငါ၏အမှုကို လူသားအားလုံးအကြား ငါတရားဝင်စတင်ခဲ့ပြီးဖြစ်၏။ ယခုအချိန်မှစ၍ သတိမပြုသူ မည်သူမဆိုသည် မည်သည့်အချိန်၌မဆို ကရုဏာကင်းမဲ့သော ပြစ်တင်ဆုံးမမှုအကြား ထိုးချခံသွားဖွယ်ရှိ၏။ ဤသည်မှာ ငါသည် နှလုံးသားကင်းမဲ့၍မဟုတ်ဘဲ ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဆင့်တစ်ဆင့်သာ ဖြစ်၏။ အရာခပ်သိမ်းသည် ငါ့အစီအစဉ်၏ အဆင့်များအတိုင်း ရှေ့ဆက်လုပ်ဆောင်ရမည်ဖြစ်ကာ၊ မည်သည့်လူသားမျှ ဤသည်ကို မပြောင်းလဲနိုင်ပါ။ ငါသည် ငါ၏အမှုကို တရားဝင်စတင်သည့်အခါ လူအားလုံးသည် ငါလှုပ်ရှားသည်အတိုင်း လှုပ်ရှားသဖြင့်၊ စကြဝဠာတစ်လျှောက်လုံးရှိ လူတို့သည် ငါနှင့်တူညီသောခြေလှမ်းလှမ်းရန် လုပ်ဆောင်ကြ၏၊ စကြဝဠာ တစ်လျှောက်လုံး “ကြီးစွာဝမ်းမြောက်” ကြကာ၊ ငါသည် လူသားအား ရှေ့သို့တက်လှမ်းရန် စေ့ဆော်၏။ အကျိုးသက်ရောက်မှုအနေဖြင့်၊ ငါသည် အဆင်းနီသောနဂါးကြီး ကိုယ်တိုင်အား သွေးရူးသွေးတန်း ဖြစ်ကာ မွှန်ထူသွားစေ၍၊ ၎င်းသည် ငါ၏အမှုအတွက် အစေခံကာ၊ လိုလားသည့်ဆန္ဒ မရှိသော်လည်း ၎င်း၏ကိုယ်ပိုင်ဆန္ဒများနောက်သို့ မလိုက်နိုင်ဘဲ ငါ၏ချုပ်ကိုင်မှုကို နာခံရန်မှလွဲ၍ အခြားဘာမျှ မတတ်နိုင်တော့ပေ။ ငါ၏အစီအစဉ်အားလုံးတွင်၊ အဆင်းနီသော နဂါးကြီးသည် ငါ၏အဖြည့်ခံ၊ ငါ၏ရန်သူနှင့် ငါ၏အစေခံကျွန်လည်း ဖြစ်၏။ ထို့ကြောင့် ငါသည် ၎င်းအပေါ် ငါ၏ “သတ်မှတ်ချက်များ” ကို မည်သည့်အခါမျှ လျှော့ပေးခြင်း မရှိပေ။ ထို့ကြောင့် ငါ၏လူ့ဇာတိခံယူသောအမှု၏ နောက်ဆုံးအဆင့်သည် ၎င်း၏အိမ်ထောင်စု အတွင်းတွင် အပြီးသတ်ခဲ့၏။ ဤနည်းအားဖြင့်၊ အဆင်းနီသောနဂါးကြီးသည် ငါ့အတွက် သင့်တော်စွာအစေခံခြင်းကို သာ၍ လုပ်ဆောင်နိုင်၏။ ဤနည်းအားဖြင့် ငါသည် သူ့အားသိမ်းပိုက်၍ ငါ၏အစီအစဉ်ကို အဆုံးသတ်မည်။ ငါသည် အမှုဆောင်စဉ် ကောင်းကင်တမန်အားလုံးသည် ငါနှင့် အဆုံးအဖြတ်ပေးသည့် တိုက်ပွဲစတင်၍ နောက်ဆုံးအဆင့်တွင် ငါ၏ဆန္ဒများကို ဖြည့်ဆည်းရန် ဆုံးဖြတ်၏။ ဤသည်မှာ ကမ္ဘာမြေကြီးပေါ်ရှိလူသားတို့ ငါ့ရှေ့မှောက်တွင် ကောင်းကင်တမန်တို့ကဲ့သို့ အရှုံးပေး၍ ငါ့ကိုဆန့်ကျင်လိုသည့်ဆန္ဒ မရှိရန်နှင့် ငါ့ကိုပုန်ကန်သည့်အရာ တစ်ခုမျှမလုပ်ရန်ဖြစ်၏။ ဤသည်တို့မှာ စကြဝဠာတစ်ခွင်လုံး ငါ့အမှု၏ ပြောင်းလဲစေသော အင်အားများ ဖြစ်ကြ၏။
လူသားများအကြား ငါရောက်လာခြင်း၏ ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်တို့မှာ လူသားအားလုံးကို ကယ်တင်ရန်၊ လူသားမျိုးနွယ် အားလုံးကို ငါ၏အိမ်ထောင်စုသို့ ပြန်လည်ခေါ်ဆောင်လာရန်၊ ကောင်းကင်နှင့်မြေကြီးကို ပြန်လည် ပေါင်းစပ်ပေးရန်နှင့် ကောင်းကင်နှင့်မြေကြီးအကြား “အချက်ပြချက်များ” ကို လူသားမှပေးစေရန်ဖြစ်သည်။ ဤသည်မှာ လူသား၏ ပင်ကိုယ်အရင်းခံ အလုပ်တာဝန်ဖြစ်သည့်အတွက် ဖြစ်၏။ လူသားကို ငါဖန်ဆင်းခဲ့ချိန်၌ လူသားမျိုးနွယ်အတွက် အရာခပ်သိမ်းအဆင်သင့်ရှိရန် ငါလုပ်ဆောင် ခဲ့ကာ၊ နောင်တွင် ငါသတ်မှတ်ထားသည့်အတိုင်း သူ့ကိုငါပေးသည့် ကြွယ်ဝချမ်းသာမှုများကို လူသားမျိုးနွယ်အား လက်ခံခွင့်ကို ငါပေး၏။ ထို့ကြောင့် ငါ၏လမ်းညွှန်မှုဖြင့် လူသားမျိုးနွယ်အားလုံး ယနေ့ကို ရောက်ရှိလာခဲ့သည်ဟု ငါဆို၏။ ထို့အပြင် ဤသည်အားလုံးမှာ ငါ၏အစီအစဉ်ဖြစ်၏။ လူသားမျိုးနွယ်အားလုံးအကြား၊ မရေမတွက် နိုင်သော လူတို့သည် ငါ၏ချစ်ခြင်းမေတ္တာ၏ အကာအကွယ်အောက်တွင် တည်ရှိကြကာ၊ မရေမတွက်နိုင်သော လူတို့သည် ငါ၏မုန်းတီးမှု၏ ပြစ်တင်ဆုံးမမှုအောက်တွင် နေကြ၏။ လူတို့အားလုံး ငါ့ထံဆုတောင်းကြ သော်လည်း သူတို့သည် သူတို့၏လက်ရှိအခြေအနေများကို ပြောင်းလဲနိုင်စွမ်း မရှိပေ။ သူတို့သည် မျှော်လင့်ချက်ဆုံးရှုံးသွားသည်နှင့် သဘာဝအတိုင်းသာ ခွင့်ပြုရန်သာ တတ်စွမ်းနိုင်၍ ငါ့အပေါ်မနာခံခြင်းကို ရပ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ လူသားမှ အောင်မြင်ရရှိနိုင်သည်အားလုံး ဖြစ်၍ဖြစ်သည်။ လူသား၏ဘဝ အခြေအနေနှင့် ပတ်သက်၍မူ၊ လူသားသည် စစ်မှန်သောအသက်ကို ရှာမတွေ့သေးပေ၊ သူသည် မတရားမှု၊ အနိဋ္ဌာရုံမြင်ကွင်းနှင့် ကမ္ဘာမြေကြီး၏ စိတ်မချမ်းမြေ့ဖွယ်ရာ အခြေအနေများကို မရိပ်စားမိသေးပေ— ထို့ကြောင့် ဘေးအန္တရာယ်ကျရောက်သည့် အဖြစ်အပျက်သာမရှိခဲ့လျှင် လူအများစုသည် မိခင်သဘာဝတရားကို လက်ခံဆဲဖြစ်မည်ဖြစ်ကာ၊ “ဘဝ” အရသာတွင် အာရုံ နစ်မြုပ်နေလျက် ရှိနေဦးမည် ဖြစ်သည်။ ဤသည်မှာ ကမ္ဘာမြေကြီး၏ အဖြစ်မှန်မဟုတ်ပေလော။ ဤသည်မှာ လူသားအပေါ် ငါထုတ်ပြောသည့် ကယ်တင်ခြင်း၏အသံ မဟုတ်ပေလော။ လူသားမျိုးနွယ်အကြား မည်သူမျှ ငါ့ကို စစ်မှန်စွာမချစ်ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ ပြစ်တင်ဆုံးမမှုနှင့် စစ်ဆေးခံရသည့် အချိန်များအကြားသာ လူသားသည် ငါ့ကို ချစ်သော်လည်း ငါ၏အကာအကွယ်အောက်တွင် မည်သူမျှ ငါ့ကို မချစ်သည်မှာ အဘယ်ကြောင့်နည်း။ ငါသည် လူသားတို့အပေါ် ငါ၏ပြစ်တင်ဆုံးမမှု ကြိမ်ဖန်များစွာ ချပေးပြီးခဲ့ပြီဖြစ်သည်။ သူတို့သည် ၎င်းကိုကြည့်သော်လည်း လျစ်လျူရှုကာ ယခုအချိန်တွင် ၎င်းကိုလေ့လာလျက် စဉ်းစားချင့်ချိန်ခြင်း မရှိပေ။ ထို့ကြောင့် လူသားအပေါ်ကျရောက်သည့် အရာအားလုံးသည် ကရုဏာကင်းမဲ့သည့် တရားစီရင်ခြင်းသာဖြစ်၏။ ဤသည်မှာ ငါအမှုဆောင်သော နည်းလမ်းများအနက် တစ်ရပ်သာ ဖြစ်သော်လည်း ဤသည်မှာ လူသားအား ပြောင်းလဲစေရန်နှင့် ငါ့အပေါ်ချစ်စေရန်ဖြစ်၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၉” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၆၆)
ငါသည် နိုင်ငံတော်တွင်အုပ်စိုးသည့်အပြင် စကြဝဠာ တစ်ခွင်လုံးတွင်လည်း ငါအုပ်စိုး၏။ ငါသည် နိုင်ငံတော်၏ ရှင်ဘုရင်ရော စကြဝဠာ၏အကြီးအကဲပါ ဖြစ်၏။ ဤအချိန်မှစ၍ ငါသည် ရွေးချယ်မခံရသူအားလုံးကို စုရုံး၍ ငါ၏အမှုကို တစ်ပါးအမျိုးသားတို့ အကြားတွင် စတင်မည်။ ထို့အပြင် ငါ့အမှုနောက်အဆင့်ကို အောင်မြင်စွာစတင်နိုင်ရန် ငါသည် စကြဝဠာ တစ်ခွင်လုံးသို့ ငါ၏စီမံခန့်ခွဲမှုအမိန့်များကို ကြေညာမည်။ တစ်ပါးအမျိုးသားတို့အကြား ငါ့အမှု ပျံ့နှံ့စေခြင်းငှာ ငါသည် ပြစ်တင်ဆုံးမခြင်းကို အသုံးပြုမည်။ ဆိုလိုသည်မှာ ငါသည် တစ်ပါးအမျိုးသားအားလုံးအပေါ် အင်အားသုံး မည်။ ဤအမှုကို ရွေးကောက်ခံရသူတို့အကြား ငါ့အမှုနှင့် တစ်ချိန်တည်းတွင် အကောင်အထည်ဖော်မည်မှာ သဘာဝကျ၏။ ငါ၏လူတို့ ကမ္ဘာမြေကြီးကိုအုပ်စိုး၍ အာဏာစွဲကိုင်သည့်အခါသည် ကမ္ဘာမြေကြီးပေါ်ရှိ လူတို့အားလုံး သိမ်းပိုက်ခံရချိန်လည်း ဖြစ်သည့်အပြင် ငါနားသည့်အချိန်လည်း ဖြစ်လိမ့်မည်— ထိုအခါကျမှ ငါသည် သိမ်းပိုက်ခံရသူတို့ထံ ပေါ်ထွန်းလာမည်။ ငါသည် သန့်ရှင်းသော နိုင်ငံတော်သို့ ပေါ်ထွန်းလာ၍ ညစ်ပေသောနိုင်ငံမှ ငါ့ကိုယ်ငါ ကွယ်ဝှက်ထား၏။ သိမ်းပိုက်ခံရသူအားလုံးနှင့် ငါ့ရှေ့မှောက်တွင် နာခံလာသူအားလုံးတို့သည် သူတို့၏ကိုယ်ပိုင်မျက်လုံးများဖြင့် ငါ၏မျက်နှာကို မြင်နိုင်ကြကာ သူတို့၏ ကိုယ်ပိုင်နားများဖြင့် ငါ၏အသံကို ကြားနိုင်ကြ၏။ ဤသည်မှာ နောက်ဆုံးသောကာလတွင် မွေးဖွားသူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်၏။ ဤသည်မှာ ငါမှကြိုတင် ပြဋ္ဌာန်းထားသော ကောင်းချီးမင်္ဂလာဖြစ်ကာ မည်သည့်လူသားမျှ ဤသည်ကို ပြောင်းလဲ၍မရပေ။ ယနေ့ ငါဤသို့ဆောင်ရွက်သည်မှာ အနာဂတ်၏အမှုအတွက်ဖြစ်၏။ ငါ၏အမှုအားလုံးသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ်လျက်ရှိ၍၊ ဤအရာအားလုံးတွင် ခေါ်ဆိုချက်တစ်ခုနှင့် တုံ့ပြန်ချက်တို့ ရှိ၏- မည်သည့်အဆင့်မျှ မည်သည့်အခါမျှ ရုတ်တရက် ရပ်တန့်သွားခြင်းမရှိ၊ မည်သည့်အဆင့်ကိုမျှ မည်သည့်အခါမျှ အခြားအဆင့်မှ သီးခြား အကောင်အထည်ဖော်ခဲ့ခြင်း မရှိ။ ဤကဲ့သို့ မဟုတ်ပေဘူးလော။ အတိတ်ကအမှုသည် ယနေ့အမှု၏ အခြေခံအုတ်မြစ် မဟုတ်ပေဘူးလော။ အတိတ်မှ နှုတ်ကပတ်တော်များသည် ယနေ့နှုတ်ကပတ်တော်များ၏ ရှေ့ပြေး မဟုတ်ပေဘူးလော။ အတိတ်မှခြေလှမ်းများသည် ယနေ့ခြေလှမ်းများ အစပြုရာ မဟုတ်သလော။ ငါသည် စာစောင်ကို တရားဝင်ဖွင့် သည့်အခါသည် စကြဝဠာတစ်ခွင်လုံးရှိ လူတို့ ပြစ်တင်ဆုံးမခံရ သည့်အချိန်၊ ကမ္ဘာတစ်ဝှမ်းလုံးရှိလူတို့ စမ်းသပ်ခံရသည့် အချိန်များ ဖြစ်ပြီး ငါ၏အမှု အထွတ်အထိပ်ရောက်ချိန် ဖြစ်သည်၊ လူတို့အားလုံးသည် အလင်းမဲ့နိုင်ငံ၌နေကြပြီး လူတို့အားလုံး ၎င်းတို့၏ပတ်ဝန်းကျင်၏ ခြိမ်းခြောက်မှုအကြား နေကြ၏။ တစ်နည်းအားဖြင့်ဆိုလျှင်၊ ဤသည်မှာ ဖန်ဆင်းချိန်မှ လက်ရှိ နေ့ရက်အထိ လူသား မည်သည့်အခါကမျှ မတွေ့ကြုံဖူးသည့် ဘဝဖြစ်၍ ခေတ်ကာလများတစ်လျှောက် မည်သူကမျှ ဤသို့သောဘဝမျိုးကို မ “ခံစား” ခဲ့ရဖူးချေ။ ထို့ကြောင့် ငါဆောင်ရွက်သည့်အမှုသည် ယခင် တစ်ခါမျှ မလုပ်ဆောင်ဖူးဟု ငါပြော၏။ ဤသည်မှာ အဖြစ်အပျက်တို့၏အခြေအနေမှန်ဖြစ်၍၊ ဤသည်မှာ အတွင်းအဓိပ္ပာယ် ဖြစ်၏။ ငါ၏နေ့ရက်သည် လူသားအားလုံးနှင့် နီးကပ်လာသည်ဖြစ်၍၊ ဤသည်မှာ ဝေးကွာပုံမရဘဲ လူသား၏မျက်လုံးများအရှေ့တွင်သာ ရှိ၏။ ရလဒ်အနေနှင့် မည်သူသည် မကြောက်ရွံ့ဘဲ နေနိုင်မည်နည်း။ မည်သူသည် ဤသည်ကို ဝမ်းမြောက်ခြင်း မရှိဘဲ နေနိုင်မည်နည်း။ ညစ်ပေသောဗာဗုလုန်မြို့သည် အဆုံးတွင် အဆုံးသတ်ခဲ့၏။ လူသားသည် အသစ်စက်စက် ကမ္ဘာနှင့် တစ်ဖန် တွေ့ခဲ့ကာ ကောင်းကင်နှင့် မြေကြီးတို့သည် ပြောင်းလဲ၍ အသစ်ပြုလုပ်ခြင်း ခံကြရ၏။
ငါသည် တိုင်းနိုင်ငံအားလုံးနှင့် လူမျိုးအားလုံးသို့ထံ ပေါ်ထွန်းလာသည့်အခါ ကောင်းကင်တွင် တိမ်ဖြူများ ရိုက်ခတ်လှုပ်ရှား၍ ငါ့ကို လွှမ်းခြုံထား၏။ ထိုနည်းတူပင်၊ ကမ္ဘာမြေကြီးပေါ်ရှိ အခြေအနေကို မီးမောင်းထိုးပြခြင်းဖြင့် ကမ္ဘာမြေကြီးပေါ်ရှိငှက်များသည် ငါ့အတွက် ဝမ်းမြောက်ခြင်းဖြင့် သီချင်းအော်ဆိုကာ ကကြ၏။ ထို့ကြောင့် ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းကို အသက်ဝင်စေလျက် “အနယ်” ထိုင်မနေတော့ဘဲ တက်ကြွသည့်အခြေအနေတွင် အသက်ရှင်ကြ၏။ ငါသည် တိမ်ကြားတွင် ရှိနေသည့်အခါ လူသားသည် ငါ၏မျက်နှာနှင့် ငါ၏မျက်လုံးများကို ရေးရေးသာမြင်ကာ၊ ယခုအချိန်တွင် သူသည် အနည်းငယ် ကြောက်ရွံ့၏။ အတိတ်က သူသည် ဒဏ္ဍာရီများတွင် ငါ့အကြောင်း သမိုင်းမှတ်တမ်းများကို ကြားခဲ့ဖူး၏။ ထို့ကြောင့် သူသည် ငါ့အပေါ် ယုံတစ်ဝက်၊ မယုံတစ်ဝက်သာ ဖြစ်နေ၏။ ငါမည်သည့်နေရာတွင် ရှိနေသည် သို့မဟုတ် ငါ၏မျက်နှာ မည်မျှကြီးသည်ကို သူမသိ— ပင်လယ်တမျှ ကျယ်ဝန်းသလော၊ စိမ်းလန်းသောကျက်စားရာများကဲ့သို့ အကန့်အသတ် မရှိသလော။ ဤအရာများကို မည်သူမျှ မသိပေ။ လူသားသည် ငါ၏မျက်နှာကို တိမ်များအထဲ ယနေ့မြင်သည့်အခါမှသာ ဒဏ္ဍာရီထဲမှ ငါသည် စစ်မှန်သည်ဟု ခံစားရသဖြင့် ငါ့အပေါ် အနည်းငယ်သာ၍ အလေးပေးလာ၏။ ထို့အပြင် ငါ၏ လုပ်ဆောင်ချက်များကြောင့်သာ ငါ့အပေါ် သူ၏ မြတ်နိုးလေးစားမှု သည် အနည်းငယ် သာ၍ကြီးမားလာ၏။ သို့ရာတွင် လူသားသည် ငါ့ကို မသိဆဲဖြစ်၍ တိမ်ထဲတွင် ငါ၏တစ်စိတ်တစ်ပိုင်းကိုသာ မြင်၏။ ၎င်းနောက် ငါသည် ငါ၏လက်များကို ဆန့်တန်းလျက် လူသားကို ပြ၏။ လူသားသည် အံ့သြကာ၊ သူ၏ပါးစပ်ပေါ်ပုတ်လိုက်၏။ ငါ့လက်ဖြင့် အရိုက်ခံရမည်ကို အလွန်အမင်းစိုးရိမ်သဖြင့် သူ၏မြတ်နိုးလေးစားမှုတွင် ရိုသေလေးမြတ်မှုအနည်းငယ် ထည့်လိုက်၏။ သူဂရုမပြုသည့်အခါ ငါ၏ရိုက်နှက်ခြင်း ခံရမည်ကို အလွန်အမင်း ကြောက်ရွံ့သဖြင့် လူသားသည် ငါ၏လှုပ်ရှားမှုတိုင်းကို မျက်ခြေမပြတ် ကြည့်၏— သို့ရာတွင် လူသား၏ အကြည့်ခံရခြင်းသည် ငါ့ကို ကန့်သတ်ထားခြင်းမရှိဘဲ ငါသည် ငါ့လက်များပေါ်တွင် အမှုကို ဆက်လက် ဆောင်ရွက်၏။ ငါ၏လုပ်ဆောင်ချက် အားလုံး၌သာ လူသားသည် ငါ့ကို မျက်နှာသာ အနည်းငယ်ပေးကာ၊ ရလဒ်အနေဖြင့် ငါနှင့်ပေါင်းသင်းဆက်ဆံရန် ငါ့ရှေ့မှောက်သို့ တဖြည်းဖြည်းလာ၏။ လူသားကို ငါ၏တစ်ရပ်လုံးကို ဖော်ပြသည့်အခါ၊ လူသားသည် ငါ၏မျက်နှာကို မြင်မည်ဖြစ်၍၊ ထိုအချိန်မှစ၍ ငါသည် လူသားထံမှ ငါ့ကိုယ်ငါ ကွယ်ဝှက်ခြင်း သို့မဟုတ် ဖုံးကာခြင်း ပြုတော့မည် မဟုတ်ပေ။ စကြဝဠာတစ်ခွင်လုံးတွင် ငါသည် လူသားအားလုံးထံ လူသိရှင်ကြား ပေါ်ထွန်းလာမည်ဖြစ်၍၊ အသွေးအသားနှင့် လူအားလုံးသည် ငါ၏လုပ်ဆောင်ချက်အားလုံးကို တွေ့ကြလိမ့်မည်။ ဝိညာဉ်ပကတိ ဖြစ်သူအားလုံးသည် ငါ၏အိမ်ထောင်စုတွင် ငြိမ်းချမ်းစွာနေ၍ ငါနှင့်အတူ အံ့သြဖွယ်ကောင်းသော ကောင်းချီးမင်္ဂလာတို့ကို သေချာစွာ ခံစားရလိမ့်မည်။ ငါအလွန်ချစ်ခင်သူ အားလုံးသည် ပြစ်တင်ဆုံးမခြင်းမှ ကင်းလွတ်ရန် သေချာ၍ ဝိညာဉ်၏နာကျင်မှုနှင့် ဇာတိပကတိ၏ ဝေဒနာတို့ကို ရှောင်ရှားမည်မှာ သေချာ၏။ လူမျိုးအားလုံးထံ ငါသည် လူသိရှင်ကြား ပေါ်ထွန်းလာ၍ အုပ်စိုးကာ အာဏာစွဲကိုင်လိမ့်မည်။ စကြဝဠာတွင် အလောင်းကောင်များ၏ အပုပ်နံ့လှိုင်မနေစေရန် ဖြစ်၏။ ထိုသို့ဖြစ်မည့်အစား၊ ငါ၏ လန်းဆန်းသော မွှေးရနံ့သည် ကမ္ဘာတစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားလိမ့်မည်။ ငါ၏နေ့ရက်သည် နီးလာပြီဖြစ်သောကြောင့် လူသားသည် နိုးထလာနေ၏။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းတို့သည် စနစ်တကျရှိလျက်၊ ကမ္ဘာမြေကြီး၏ ဘေးအန္တရာယ်မှ လွတ်မြောက်ရသည့် နေ့ရက်များ ရှိတော့မည် မဟုတ်ပေ။ ငါရောက်လာပြီဖြစ်၍ ဖြစ်၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၉” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၆၇)
ကမ္ဘာပေါ်ရှိ အရာအားလုံး ငါ့အာဏာအောက်တွင် ပျပ်ဝပ်ကြစေရန်အလို့ငှာ ငါသည် အမြင့်ဆုံးကောင်းကင်ဘုံကို ငါ့လုပ်ဆောင်ချက်များ၏ သရုပ်သကန်များနှင့် ဖြည့်ဆည်းပြီး ကမ္ဘာမြေပေါ်ရှိ အရာအားလုံးကို ငါ၏ဘုန်းတန်ခိုးအောက်၌ ဝပ်စင်းကျရောက်စေမည်၊ ထိုသို့အားဖြင့် “ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှု” အတွက် ငါ၏အစီအစဉ်ကို အကောင်ထည်ဖော်ကာ ငါ၏ ဤဆန္ဒတစ်ခုကို အသီးအပွင့် ဖြစ်ထွန်းစေမည်ဖြစ်ပြီး၊ သို့ဖြစ်၍ လူသားတို့သည် ကမ္ဘာမြေမျက်နှာပြင်ပေါ်တွင် “ခြေဦးတည့်ရာသွားခြင်း” နောက်ထပ် မရှိတော့ဘဲ၊ သင့်လျော်သောပန်းတိုင်ကို နှောင့်နှေးကြန့်ကြာမှု မရှိဘဲ ရှာတွေ့ကြမည်ဖြစ်သည်။ ငါသည် လူသားမျိုးအတွက် နည်းလမ်းမျိုးစုံ စဉ်းစားပေးပြီး ၎င်းကိုပြုလုပ်ရခြင်းမှာ ခပ်သိမ်းသော လူသားမျိုးနွယ် အနေဖြင့် ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်း နယ်မြေထဲတွင် မကြာမီ နေထိုင်လာစေရန်၊ သူတို့၏အသက်တာ နေ့ရက်များက နောက်ထပ် ဝမ်းနည်းဖွယ်နှင့် ထိတ်လန့်အားငယ်ဖွယ် မကောင်းတော့စေရန်နှင့် ငါ၏အစီအစဉ်သည် ကမ္ဘာမြေပေါ်တွင် အချည်းနှီးဖြစ်မလာစေရန် အလို့ငှာဖြစ်သည်။ လူသည် ကမ္ဘာမြေပေါ်တွင် တည်ရှိသောကြောင့်၊ ငါသည် ငါ၏နိုင်ငံကို ထိုနေရာတွင် တည်ဆောက်မည်၊ အကြောင်းမှာ ငါ့ဘုန်းအသရေ၏ သရုပ်သကန်အစိတ်ပိုင်းတစ်ခုသည် ကမ္ဘာမြေပေါ်တွင် ရှိသောကြောင့်ဖြစ်သည်။ အထက်ကောင်းကင်တွင် ငါသည် ငါ၏မြို့ကို မှန်ကန်စွာတည်ပြီး အထက်အောက် အရာအားလုံးကိုလည်း အသစ်ဖြစ်စေမည်။ ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းသည် ကောင်းကင်ပေါ်ရှိ အရာခပ်သိမ်းနှင့် တစ်စုတစ်စည်းတည်း ဖြစ်လာရန်အလို့ငှာ ငါသည် ကောင်းကင်အထက်အောက်၌ တည်ရှိသော အရာအားလုံးကို တစ်စုတစ်စည်းတည်း ဖြစ်စေမည်။ ဤသည်မှာ ငါ၏အစီအစဉ်ဖြစ်ပြီး ယင်းမှာ နောက်ဆုံးခေတ်တွင် ငါပြီးမြောက်စေမည့် အရာဖြစ်သည်။ ငါ့အလုပ်၏ ဤကဏ္ဍကို မည်သူမျှ ဝင်မစွက်ဖက်စေနှင့်လော့။ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများကြား၌ ငါ့အလုပ်ကို ကျယ်ပြန့်စေခြင်းသည် ကမ္ဘာပေါ်၌ ငါ့အလုပ်၏ နောက်ဆုံးပိုင်းဖြစ်သည်။ မည်သူကမျှ ငါလုပ်ဆောင်မည့်အလုပ်ကို ဉာဏ်မီနိုင်ခြင်း မရှိပေ၊ ဤအတွက်ကြောင့် လူတို့သည် အတော်ပင် စိတ်ရှုပ်ထွေးကြသည်။ ထို့ပြင် ငါသည် ကမ္ဘာပေါ်၌ ငါ့အလုပ်ဖြင့် အလုပ်ရှုပ်လျက် မအားလပ်သောကြောင့်၊ လူတို့သည် “ပြက်တီးပြက်ချော်လုပ်ရန်” အခွင့်အရေးယူကြသည်။ သူတို့ကို လွန်စွာ ထိန်းမနိုင်သိမ်းမရဖြစ်ခြင်းမှ ကာကွယ်ရန် ငါသည် သူတို့အား မီးအိုင်၏ ဆုံးမပဲ့ပြင်ခြင်းကို ကြံ့ကြံ့ခံနိုင်ရန်အတွက် ငါ၏ ပြစ်တင်ဆုံးမခြင်း အောက်တွင် ဦးစွာ နေရာချထားသည်။ ဤသည်မှာ ငါ့အလုပ်၏ အဆင့်တစ်ခုဖြစ်ပြီး ငါသည် ငါ့အလုပ်၏ ဤအဆင့်ကို ပြီးမြောက်စေရန် မီးအိုင်၏ခွန်အားကို အသုံးချမည်။ ထိုသို့မဟုတ်ပါက ငါ့အလုပ်ကို လုပ်ဆောင်ရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ငါသည် စကြဝဠာတစ်ခွင်လုံးရှိ လူသတ္တဝါတို့ကို ငါ့ပလ္လင်ရှေ့မှောက်တွင် ကျိုးနွံနာခံစေကာ၊ ငါ၏ တရားစီရင်မှုအရ သူတို့ကို မတူညီသော အမျိုးအစားများအဖြစ် ခွဲခြားလျက်၊ သူတို့ကို ဤအမျိုးအစားများအရ သတ်မှတ်ပြီး၊ ထို့ထက်မက သူတို့ကို သူတို့၏မိသားစုများအဖြစ် မျိုးတူစုမည်၊ ထိုသို့အားဖြင့် လူသား တစ်ရပ်လုံးတို့သည် ငါ့အား မနာခံခြင်းကို ရပ်တန့်မည်ဖြစ်ပြီး၊ ထို့အစား ငါအမည်ပေးထားသော အမျိုးအစားများအရ သေသပ်ပြီး စနစ်တကျ ဖြစ်သော အစီအမံထဲသို့ ကျရောက်လိမ့်မည်ဖြစ်သည်- မည်သူမျှ ကြုံရာကျပန်း ပြောင်းရွှေ့ခြင်း မရှိစေနှင့်လော့။ ငါသည် စကြဝဠာတစ်ခွင်၌ အသစ်သောအမှုကို ဖြစ်ပေါ်စေပြီးဖြစ်သည်။ စကြဝဠာတစ်ခွင်၌ လူသားတစ်ရပ်လုံးသည် ငါ၏ ရုတ်တရက် ပေါ်ထွန်းခြင်းကြောင့် မိန်းမောဆွံ့အကြပြီး ငါ၏ မြင်သာစွာ ပေါ်ထွန်းခြင်းကြောင့် ၎င်းတို့သည် သိနားလည်မှု အသစ်များစွာကို တွေ့ကြုံခံစားရလေသည်။ ယနေ့အချိန်တွင် ယင်းမှာ တကယ့်ကို မမှန်ကန်သလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၃” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၆၈)
တပါးအမျိုးသား နိုင်ငံများအကြား ငါသည် ငါ၏အမှုကို ပျံ့နှံ့အောင် လုပ်ဆောင်နေသည်။ ငါ၏ဘုန်းအသရေသည် စကြဝဠာတစ်ခွင်လုံး တောက်ပလျက်ရှိသည်။ ကြယ်အစက်အစက် လူသားများအတွင်း ငါ၏ အလိုတော်သည် သရုပ်ပေါ်နေပြီး ၎င်းတို့အားလုံးကို ငါ၏လက်ဖြင့် ဦးတည် ပေးနေကာ ၎င်းတို့သည် ငါတာဝန်ပေးထားရာ အမှုကို ဆောင်ရွက်နေကြသည်။ ယခုအချိန်မှစ၍ လူသားအားလုံးကို အခြားကမ္ဘာတစ်ခုအတွင်း ခေါ်ဆောင်လျက်၊ ငါသည် ခေတ်သစ်တစ်ခုအတွင်း ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။ ငါ “ဇာတိမြေ” သို့ ပြန်သည့်အခါ၊ လူသားသည် ငါ့ကို ပိုမိုလေးနက်စွာ သိကျွမ်းစေခြင်းငှာ ငါ၏မူလအစီအစဉ်ရှိ အမှု၏ နောက်အစိတ်အပိုင်းတစ်ခုကို စတင်ခဲ့သည်။ ငါသည် စကြဝဠာ တစ်ခုလုံးကို ကြည့်လျက်၊ ငါ၏အမှုဆောင်ရွက်ရန် အချိန်ကောင်း ဖြစ်ကြောင်းတွေ့က သဖြင့် ငါသည် လူသားအပေါ် ငါ၏အမှုသစ်ကို ဆောင်ရွက်နေလျက်၊ ငါသည် ခေါက်တုံ့ခေါက်ပြန် သုတ်သီးသုတ်ပျာ လုပ်ဆောင်သည်။ အကယ်စင်စစ် ဤသည်မှာ ခေတ်သစ်ဖြစ်ပြီး ဤခေတ်သစ်အတွင်း လူသစ်များကို ပို၍ ခေါ်လာနိုင်ကာ ငါသုတ်သင်ဖယ်ရှင်းရမည့် လူများကို ပို၍ဖယ်ရှားရန်အလို့ငှာ ငါသည် အမှုသစ်ယူလာခဲ့သည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင် ငါသည် လူသားများ မတွေးတတ်အောင် ခက်ခဲနက်နဲသော အမှုအဆင့် တစ်ရပ်ကို ဆောင်ရွက်ခဲ့ပြီး ၎င်းတို့အား လေတွင်ယိမ်းထိုးစေပြီးနောက် ၎င်းတို့အများအပြားသည် လေတိုက်သည့်အထဲတွင် တိတ်ဆိတ်စွာ လွင့်မျောသွားသည်။ အကယ်စင်စစ် ဤသည်မှာ ငါရှင်းလိုက်တော့မည့် “တလင်းပြင်” ဖြစ်သည်၊ ယင်းသည် ငါတောင့်တသည့်အရာနှင့် ငါ၏အစီအစဉ်လည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆိုးသွမ်းသူ အများအပြားသည် ငါအမှုပြုနေစဉ် တိတ်တဆိတ် ဝင်ရောက်လာခဲ့သော်လည်း၊ ငါသည် ၎င်းတို့ကို မောင်းနှင်ထုတ်ရန် အလျင်မလို သောကြောင့်ဖြစ်၏။ ထိုသို့မောင်းနှင်မည့်အစား အချိန်တန်သည့်အခါ၊ ငါသည် ၎င်းတို့အား တကွဲတပြား ပျံ့နှံ့သွားစေမည်။ ထို့နောက်မှသာလျှင် ငါသည် အသက်စမ်းရေဖြစ်ပြီး ငါ့ကို အမှန်တကယ် ချစ်မြတ်နိုးသူတို့အား ငါ့ထံမှ သင်္ဘောသဖန်းသီးနှင့် ကြာ၏ မွှေးကြိုင်သည့်ရနံ့တို့ကို ရယူခွင့်ပေးမည်။ စာတန် ခေတ္တ ကျင်လည်ရာ ဖုန်တောနယ်တွင် ရွှေစင်မရှိ၊ သဲသာရှိသဖြင့် ဤအခြေအနေများကို ရင်ဆိုင်လျက်၊ ငါသည် ထိုကဲ့သို့သော အမှု၏အဆင့်ကို ဆောင်ရွက်သည်။ ငါရရှိသည်မှာ အညစ်အကြေးကင်းသည့် ရွှေစင်ဖြစ်ပြီး သဲမဟုတ်ကြောင်းကို သင်သိသင့်သည်။ ဆိုးညစ်သောသူများသည် ငါ၏အိမ်တွင် အဘယ်သို့ ကျန်ရှိနိုင်မည်နည်း။ ငါ၏ပရဒိသုဘုံတွင် ကပ်ပါးကောင်များအဖြစ် မြေခွေးတို့ကို ငါအဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ၎င်းတို့အားနှင်ထုတ်ရန် ကြံစည်၍ရသော နည်းတိုင်းကို ငါသည် အသုံးပြု၏။ ငါ၏အလိုကို ဖော်ထုတ်ခြင်းမပြုမီ၊ ငါပြုလုပ်တော့မည့်အရာကို မည်သူမျှ မသိချေ။ ဤအခွင့်အရေးကို အရယူလျက်၊ ငါသည် ထိုဆိုးညစ်သောသူတို့အား မောင်းထုတ်ပြီး ထိုသူတို့သည် ငါ၏ မျက်မှောက်မှ အတင်းအကျပ် နှင်ထုတ်ခံကြရသည်။ ငါသည် ဆိုးညစ်သောသူတို့ကို ဤသို့ပြု၏၊ သို့သော်လည်း ငါ့အတွက် အစေခံဖို့နေ့ ၎င်းတို့အတွက် ရှိပါဦးမည်။ လူသားတို့၏ ကောင်းချီးမင်္ဂလာ ခံစားလိုစိတ်မှာ ပြင်းပြ လွန်းသည်။ ထို့ကြောင့် ငါသည် ပြောဆိုထိုက်သည့် နှုတ်ကပတ်တော်များကို ပြောဆိုကာ လူသားတို့အား ၎င်းတို့ လိုအပ်သည်များကို ထောက်ပံ့ပေးစဉ်၊ လူသားတို့သည် ၎င်းတို့၏ လောကအတွင်း နေထိုင်လျက်၊ မိမိတို့ကိုယ်ကိုယ် ဝေဖန်အကဲဖြတ်နိုင်ခြင်း အလို့ငှာ၊ ငါသည် ငါ၏ကိုယ်ကိုလှည့်၍ ငါ၏ ဘုန်းအသရေရှိသော မျက်နှာကို တပါးအမျိုးသားတို့အားပြ၏။ လူသားတို့ အသိတရား ဝင်လာသောအခါ၊ ငါသည် ငါ၏အမှုကို ပျံ့နှံ့စေ ပြီးသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။ ထိုအခါ ငါသည် ငါ၏ဆန္ဒကို လူသားတို့အား ထုတ်ဖော်ပြပြီး လူသားတို့အပေါ် ငါ၏အမှု ဒုတိယအပိုင်းကို စတင် ဆောင်ရွက်မည်။ လူသား အားလုံးတို့အား ငါ၏အမှုနှင့် ညှိနှိုင်းဆောင်ရွက်ရန် ငါ့နောက် အနီးကပ် လိုက်စေလျက်၊ ငါဆောင်ရွက်ရမည့်အမှုကို ၎င်းတို့တတ်စွမ်းသမျှ ငါနှင့်အတူ ဆောင်ရွက် စေမည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်” မှ
အောက်ခြေမှတ်စု(များ)-
က။ မူရင်းစာသားတွင် “ဖြစ်ကြောင်းတွေ့” ဆိုသည့် စကားစု မပါဝင်ပါ။
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၆၉)
ငါ၏ ဘုန်းတော်ကို တွေ့လိမ့်မည်ဟု ၎င်းတို့ တစ်ယောက်တွင်မျှ ယုံကြည်ခြင်းမရှိ၊ ငါသည်လည်း ၎င်းတို့အား အတင်းအကျပ် ခိုင်းမည့်အစား၊ ငါ၏ ဘုန်းတော်ကို လူသားအလယ်မှ ဖယ်ရှားလျက်၊ အခြားကမ္ဘာသို့ ယူဆောင်သွားသည်။ လူသားတို့ နောင်တစ်ကြိမ် နောင်တရသည့်အခါ၊ ငါ၏ဘုန်းတော်ကို ယူဆောင်ကာ ယုံကြည်သူတို့အား ပို၍ပြမည်။ ဤသည်မှာ ငါအမှုပြုသည့် အခြေခံသဘောတရားဖြစ်သည်။ ငါ၏ ဘုန်းတော်သည် ခါနာန်ပြည်မှ စွန့်ခွာသည့်အချိန်ရှိပြီး ရွေးချယ်ထားသူတို့ ထံမှလည်း စွန့်ခွာသည့်အချိန် ရှိသောကြောင့် ဖြစ်၏။ ထို့အပြင် တစ်ကမ္ဘာလုံး မှိန်သွားပြီး အမှောင်ထုအတွင်း သက်ဆင်းသွားစေလျက်၊ တစ်ကမ္ဘာလုံးကို ငါ၏ဘုန်းတော် စွန့်ခွာသည့်အချိန်ရှိသည်။ ခါနာန်ပြည်ပင်လျှင် နေရောင်ကို မမြင်စေရ။ လူသားအားလုံး ယုံကြည်မှု ပျောက်ဆုံး သော်လည်း၊ မည်သူမျှ မွှေးကြိုင်သည့် ခါနာန်ပြည်ကို စွန့်ခွာနိုင်ခြင်းငှာ မစွမ်းချေ။ ငါသည် ကောင်းကင်ဘုံအသစ်နှင့် မြေကြီးအသစ်အတွင်း ဝင်ရောက်သည့်အခါမှ၊ ငါ့ဘုန်းတော်၏ အခြားအစိတ်အပိုင်းကို ယူဆောင်ပြီး ယင်းကို ခါနာန်ပြည်တွင် ဦးစွာဖော်ပြသည်၊ ည၏ ပိန်းပိတ်အောင် မှောင်သော အမှောင်ထုအတွင်း နစ်မြုပ်နေသည့် တစ်ကမ္ဘာလုံး အလင်းသို့ရောက်ရှိခွင့် ရစေရန်အတွက် အလင်းရောင် အနည်းငယ်ကို တစ်ကမ္ဘာလုံး၌ ထွန်းလင်းသွားစေသည်။ ငါ၏ ဘုန်းတော်ကို တိုင်းနိုင်ငံတိုင်းတွင် တိုးပွားပြီး အသစ်ပေါ်ထွန်းစေလျက်၊ တစ်ကမ္ဘာလုံးရှိ လူသားများအား အလင်း၏စွမ်းအားမှ ခွန်အားရယူရန် လာရောက်စေသည်။ ငါသည် လူ့ကမ္ဘာကို ရှေးကာလက လာရောက်ခဲ့ပြီး ငါ၏ဘုန်းတော်ကို ဣသရေလပြည်မှ အရှေ့အရပ်သို့ ယူဆောင်လာခဲ့ကြောင်း လူသားမျိုးနွယ် တစ်ရပ်လုံးကို သိစေမည်။ အကြောင်းမူကား ငါ၏ ဘုန်းတော်သည် ကျေးဇူးတော်ခေတ်မှ ယနေ့တိုင် ယူဆောင် လာခဲ့သောနေရာဖြစ်သည့် အရှေ့အရပ်မှ ထွန်းလင်းသောကြောင့် ဖြစ်သည်။ ငါထွက်ခွာလာသည့်အရပ်သည် ဣသရေလပြည် ဖြစ်လင့်ကစား၊ ထိုနေရာမှ အရှေ့အရပ်သို့ ငါ ရောက်ရှိခဲ့ပေသည်။ အရှေ့အရပ်၏ အလင်း တဖြည်းဖြည်း ဖြူသွားသည့်အခါမှသာ၊ ကမ္ဘာတစ်ဝန်းရှိ အမှောင်သည် အလင်းသို့ စတင်ပြောင်းလဲကာ ငါသည် ရှေးကာလက ဣသရေလပြည်မှ ထွက်သွား၍ အရှေ့အရပ်တွင် အသစ်တစ်ဖန် ပေါ်ထွန်းလာနေသည်ကို လူသားက တွေ့ရှိမည် ဖြစ်သည်။ ဣသရေလပြည်အတွင်းသို့ တစ်ချိန်ကဆင်းသက်ပြီး နောင်တွင် ထိုနေရာမှ ထွက်ခွာလာခဲ့ပြီးနောက်၊ ငါသည် ဣသရေလပြည်တွင် ထပ်မံမွေးဖွားခြင်း မပြုနိုင်ပေ၊ အကြောင်းမူကား ငါ၏အမှုသည် စကြဝဠာတစ်ခုလုံးကို ဦးဆောင်လမ်းပြခြင်း ဖြစ်သည့်အပြင်၊ အရှေ့အရပ်မှ အနောက်အရပ်သို့ ဖြောင့်တန်းလျက် လျှပ်ပြက်သောကြောင့် ဖြစ်သည်။ ထိုအကြောင်းရင်းကြောင့် ငါသည် အရှေ့အရပ်၌ ဆင်းသက်ခဲ့ကာ ခါနာန်ပြည်ကို အရှေ့အရပ် သားများထံ ယူဆောင်ခဲ့ခြင်းဖြစ်သည်။ ငါသည် တစ်ကမ္ဘာလုံးရှိ လူသားများကို ခါနာန်ပြည်သို့ ခေါ်ဆောင် လိုသဖြင့်၊ စကြဝဠာ တစ်ခုလုံးကို ထိန်းချုပ်ဖို့ ခါနာန်ပြည်တွင် ငါသည် မိန့်မြွက်ချက်များကို ဆက်လက် ထုတ်ပြန်လေသည်။ ယခုအချိန်တွင် ခါနာန်ပြည်မှလွဲ၍ ကမ္ဘာမြေပြင်တစ်ခုလုံး၌ အလင်းမရှိပေ။ ထို့အပြင် လူသားအားလုံး ဆာလောင်မှုနှင့် အအေးတို့ကြောင့် ဒုက္ခရောက်နေ၏။ ငါသည် ငါ၏ ဘုန်းတော်ကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏၊ ထို့နောက် ဣသရေလလူမျိုးတို့အား အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့ပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်စည်းလုံး၍ ပေါင်းသင်းကာ၊ ယင်းကို ရှာဖွေခြင်း မပြုရတော့ရန်အလို့ငှာ၊ ငါသည် ၎င်းတို့ကို အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ ရှာဖွေနေသူ အားလုံးအား အလင်းကို တစ်ဖန် ပြန်မြင်စေပြီး ဣသရေလတွင် ငါ၌ရှိခဲ့သော ဘုန်းတော်ကို မြင်စေမည်။ ရှေးလွန်လေပြီးသော ကာလက လူသားမျိုးနွယ်အကြား မိုးတိမ်ဖြူပေါ်မှ ငါကြွဆင်းခဲ့ကြောင်း သူတို့အားမြင်စေမည်၊ မရေတွက်နိုင်သော မိုးတိမ်ဖြူများ၊ ပြွတ်သိပ်လျက်ရှိသည့် အသီးများကို သူတို့အား မြင်စေမည့်အပြင် ဣသရေလ၏ ယေဟောဝါ ဘုရားသခင်ကို တွေ့စေမည်။ ယုဒလူမျိုးတို့၏ အရှင်၊ လူတို့တောင့်တနေသည့် မေရှိယနှင့် ခေတ်အဆက်ဆက် ရှင်ဘုရင်များ၏ ညှဉ်းပန်းခြင်းခံခဲ့ရသည့်ငါ၏ ရုပ်သွင်အပြည့်အဝကို ကြည့်စေမည်။ နောက်ဆုံးသောကာလတွင် ငါ၏ဘုန်းတော်နှင့် ငါ၏ ဆောင်ရွက်ချက် အားလုံးကို လူသားအား ထုတ်ဖော်ပြလျက်၊ ငါသည် စကြဝဠာတစ်ခုလုံး အပေါ် အမှုပြုပြီး ကြီးစွာသော အမှုကို ဆောင်ရွက်မည်။ ယုဒပြည်တွင် ငါ၏ဘုန်းတော် မရှိစေတော့ရန် ငါသည် ငါ၏ဘုန်းတော်ကို ရှေးကာလက ယူလိုက်ပြီး အရှေ့အရပ်သို့ ယူဆောင်ခဲ့ပြီးဖြစ်ကြောင်း အားလုံး သိစေခြင်းအလို့ငှာ၊ ငါ့ကို နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့သူများ၊ မိုးတိမ်ဖြူပေါ်မှ ငါကြွလာရန် တောင့်တခဲ့သူများ၊ ငါတစ်ဖန် ပေါ်ထွက်ရန် တောင့်တခဲ့သည့် ဣသရေလနှင့် ငါ့ကို နှိပ်စက်ညှဉ်းပန်းသည့် လူသားမျိုးနွယ် တစ်ခုလုံးအား ဘုန်းကြီးသော ငါ၏မျက်နှာ အပြည့်အဝ ပြမည်။ အကြောင်းမှာ နောက်ဆုံးသောကာလသည် ရောက်နှင့်ပြီး ဖြစ်သောကြောင့်ပင်တည်း။
စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံ အားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက်၊ အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသား အားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏အသံ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ အသံအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရမည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက် နာခံစေမည်၊ အဘယ်သူသည် ငါ၏ ဘုန်းတော်ကို မြင်ရန် မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ပြန်ကြွလာခြင်းကို စိုးရိမ်တကြီး မစောင့်နေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မငတ်မွတ်သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲ နေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုကို မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်ရှင် ပြန်ကြွလာခြင်းအတွက် မတောင့်တဘဲ နေသနည်း။ ကြီးမြတ်သည့် အနန္တတန်ခိုးရှင်အား မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား မျက်နှာချင်းဆိုင်လျက် ၎င်းတို့အား နှုတ်ကပတ်တော်ကို ပိုမိုပြောကြားရန် ငါအလိုရှိသည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်များကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သော်လည်း၊ နှုတ်ကပတ်တော်များတွင် ပို၍ပင် ပျော်ပိုက်ကြလေသည်။ မွေးကင်းစ ကလေးငယ် တစ်ဦးကဲ့သို့ လူသားအားလုံးသည် ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုလျက်၊ ဝမ်းမြောက် ပျော်ရွှင် နေကြသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည် အရှေ့အရပ်၏ “သံလွင်တောင်” ပေါ်သို့လည်း ဆင်းသက်ပြီးဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ၊ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ ကြာမြင့်သော အချိန်ကတည်းက မြေကြီးပေါ်သို့ ရောက်ရှိပြီးဖြစ်ကြောင်းကို ၎င်းတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး၊ လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက်၊ ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေလျက်၊ ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမျှော်စေလော့၊ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ ဤသည်မှာ ငါ၏အလို တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်းဖြစ်သည်။ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုစေလော့၊ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ် ပြုစေလော့။ လူသားတိုင်း ငါ့ကိုယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံစေလော့။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၇၀)
လူသားတို့သည် ကယ်တင်ရှင်ကြွလာခြင်းကို တွေ့မြင်နိုင်ရန်အတွက် နှစ်ထောင်ပေါင်းများစွာ တောင့်တခဲ့ကြသည်။ ကယ်တင်ရှင် ယေရှုကို နှစ်ထောင်ပေါင်းများစွာတိုင် တမ်းတ စောင့်မျှော်နေကြသူများ အကြားတွင် လူသားတို့သည် ယေရှု ဖြူသောမိုးတိမ်စီးလျက် ဆင်းသက် လာသည်ကို ကိုယ်တိုင်ရှုမြင်ရန် တောင့်တခဲ့ကြသည်။ လူသားတို့သည် ကယ်တင်ရှင် ပြန်လာပြီး လူတို့နှင့် ပြန်လည် ပေါင်းစည်းနိုင်ရန် တောင့်တခဲ့ကြသည်၊ ဆိုလိုသည်မှာ နှစ်ထောင်ပေါင်း များစွာကြာအောင် လူတို့နှင့် ကွဲကွာနေခဲ့သည့် ကယ်တင်ရှင် ယေရှုကို လူသားထံသို့ ပြန်လာစေရန်ဖြစ်သည်။ ထို့နောက် ယုဒလူမျိုးများ အကြားတွင် သူပြုလုပ်ခဲ့သည့် ရွေးနှုတ် ကယ်တင်ခြင်းအမှုကို ပြန်လည်၍ ဆောင်ရွက်မည်၊ လူသားတို့အပေါ် မေတ္တာကရုဏာ ကြီးမားစွာဖြင့် ချစ်မြတ်နိုးမည်၊ လူသားတို့၏ အပြစ်များကို ခွင့်လွှတ်မည်၊ လူသား၏အပြစ်များကိုခံမည့်အပြင် လူသား၏အကျင့်သီလ ပျက်ပြားမှု အားလုံးကို ခေါင်းခံတာဝန်ယူ၍ လူသားအား ထိုအပြစ်များမှ လွတ်မြောက်စေမည်ဟု လူသားကမျှော်လင့်သည်။ ၎င်းတို့က ကယ်တင်ရှင် ယေရှုအား ယခင်အတိုင်း ချစ်မြတ်နိုးဖွယ်၊ နှစ်သက်ဖွယ်၊ ကြည်ညို လေးစားဖွယ်ကောင်းသော၊ လူသားအပေါ် မည်သည့်အခါမျှ အမျက်ဒေါသမရှိ၊ အပြစ်ဆိုခြင်း မရှိသော ကယ်တင်ရှင်အဖြစ် ရှိနေစေလိုကြသည်။ ဤကယ်တင်ရှင်သည် လူသား၏ အပြစ်အားလုံးကို ခါးဆီးခံပေးပြီး ခွင့်လွှတ်ပေးသူဖြစ်ကာ လူသားအတွက် လက်ဝါး ကပ်တိုင်ပေါ်တွင် နောက်တစ်ကြိမ် အသက်ပင် ပေးခဲ့သူဖြစ်သည်။ ယေရှု ခွဲခွာသွားပြီးနောက် သူ၏ နောက်လိုက် တပည့် များနှင့် သူ၏အမည် နာမကြောင့် ကယ်တင်ခြင်းခံရသည့် သန့်ရှင်းသူအားလုံးတို့က သူ့အား အလွန့်အလွန် အောက်မေ့တမ်းတပြီး စောင့်မျှော်နေကြသည်။ ကျေးဇူးတော်ခေတ်၌ ယေရှုခရစ်တော်၏ ကျေးဇူးကြောင့် ကယ်တင်ခြင်းခံခဲ့ရသော သူအပေါင်းတို့သည် နောက်ဆုံးသောကာလ၏ ဝမ်းမြောက်ဖွယ်ရာ နေ့ဖြစ်သော၊ ကယ်တင်ရှင်ယေရှု ဖြူသော မိုးတိမ်စီးလျက် လူသားများအကြား ပေါ်ပေါက်လာမည့်အချိန်အား တမ်းတလျက် ရှိနေကြသည်။ မှန်ပါ၏၊ ဤသည်မှာ ယနေ့ ကယ်တင်ရှင် ယေရှု၏ နာမကို လက်ခံသူအားလုံး၏ စုပေါင်းဆန္ဒလည်းဖြစ်ပါသည်။ စကြဝဠာ တစ်လျှောက်လုံးရှိ ကယ်တင်ရှင်ယေရှု၏ ကယ်တင်ခြင်း အကြောင်းကို သိသူအားလုံးတို့သည် ယေရှုကမ္ဘာမြေပေါ်တွင် ရှိစဉ်အခါက “ငါထွက်ခွာသွားသကဲ့သို့ပင် တဖန်ပြန်လည် ရောက်ရှိလာလိမ့်မည်” ဟု ပြောဆိုခဲ့သည့်စကားကို ဖြည့်ဆည်းပေးရန်အတွက် ယေရှုခရစ်တော် ရုတ်တရက် ကြွလာဖို့ အလွန့်အလွန် တမ်းတလျက်ရှိကြသည်။ လက်ဝါးကပ်တိုင်တွင် အဆုံးစီရင်ခံရကာ ရှင်ပြန်ထမြောက်ခဲ့ပြီး နောက်ပိုင်းတွင် ယေရှုသည် ဖြူသော မိုးတိမ်စီးလျက် ကောင်းကင်ဘုံသို့ ပြန်သွားခဲ့ပြီး အမြင့်ဆုံးသော ဘုရား၏ လက်ယာလက် နေရာကို ယူခဲ့သည်ဟု လူသားက ယုံကြည်သည်။ လူသားက ယင်းကို အလားတူပင် ထင်မြင်သည်၊ ယေရှုသည် နှစ်ထောင်ပေါင်းများစွာတိုင် သူ့အား အလွန့်အလွန် တောင့်တနေခဲ့ကြသူများအကြား ဖြူသောမိုးတိမ် (ဤမိုးတိမ်မှာ ယေရှု ကောင်းကင်ဘုံသို့ ပြန်စဉ်အခါက စီးနင်းသွားခဲ့သည့် မိုးတိမ်ကိုဆိုလိုပါသည်) စီးလျက် တဖန်ပြန်လည် ဆင်းသက်လာလိမ့်မည်၊ ယုဒလူမျိုးများ၏ ပုံသဏ္ဌာန်နှင့် အဝတ်အစားများကို ဝတ်စားထား လိမ့်မည်။ လူသားများအရှေ့တွင် ပေါ်လာပြီးနောက် သူသည် လူသားများကို အစားအစာများ ပေးသနားမည်၊ လူသားများအတွက် အသက်ရေများ တသွင်သွင်စီးဆင်းစေလိမ့်မည်၊ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာ အပြည့်အဝဖြင့် လူသားတို့အကြားတွင် အမှန်တကယ် နေထိုင်သွားလိမ့်မည်၊ အစရှိသဖြင့် ဖြစ်၏။ သို့သော်လည်း ကယ်တင်ရှင် ယေရှုက ယင်းသို့ မပြုလုပ်ခဲ့ပါ၊ လူသားများ ထင်မြင်ထားခဲ့သည်နှင့် ဆန့်ကျင်ဘက်ကို သူပြုလုပ်ခဲ့သည်။ သူ၏ပြန်အလာကို တောင့်တ နေခဲ့ကြသူများအကြားတွင် သူပေါ်မလာခဲ့ပါ၊ ဖြူသော မိုးတိမ်ကို စီးနင်းလျက် လူသားအားလုံးထံသို့လည်း သူပေါ်လာခဲ့ခြင်း မရှိခဲ့ပါ။ ဘုရားသခင်သည် ရောက်ရှိနေခဲ့ပြီး ဖြစ်သော်လည်း လူသားမှာ သူ့အားမသိရှိဘဲ သူ့ကို ဆက်လက်၍ မသိဘဲနေဆဲပင်ဖြစ်သည်။ လူသားမှာ ရည်ရွယ်ချက် ကင်းမဲ့စွာဖြင့်သာ သူ့ကို စောင့်မျှော်နေသည်၊ “ဖြူသောမိုးတိမ်” ပေါ် (သူ၏ ဝိညာဉ်၊ နှုတ်ကပတ်တော်များနှင့် သူ၏ပင်ကိုစိတ်သဘောထားနှင့် ဖြစ်တည်မှုအားလုံးဖြစ်သော ထိုမိုးတိမ်) မှ ဘုရားသခင် ဆင်းသက်လာခဲ့ပြီးဖြစ်သည်ကို မသိရှိပေ၊ နောက်ဆုံးသောကာလတွင် သူပြုမည့် အောင်နိုင်သူများအုပ်စုထဲတွင် ယခုရှိနေပါသည်။ ဤသည်ကို လူသား မသိရှိပေ။ သန့်ရှင်းသော ကယ်တင်ရှင် ယေရှုသည် လူသားတို့အပေါ် ချစ်ခြင်းမေတ္တာတရားတို့နှင့် ပြည့်နှက်နေ သော်လည်း အညစ်အကြေးများနှင့် မသန့်စင်သော ဝိညာဉ်များ နေရာယူထားသည့် “ဗိမာန်တော်များ” တွင် သူအဘယ်သို့ အမှုပြုနိုင်မည်နည်း။ လူသားတို့က သူ၏ကြွလာခြင်းကို စောင့်စားလျက် ရှိနေသော်လည်း မတရားသော သူ၏အသားကိုစားသူ၊ မတရားသောသူ၏ သွေးကိုသောက်သူ၊ မတရားသောသူ၏ အဝတ် အစားများကို ဝတ်ဆင်သူ၊ သူ့အားယုံကြည်သော်လည်း သူ့အားမသိသောသူ၊ ဘုရားသခင်အား အမြဲတစေ ခြိမ်းခြောက် အကျပ်ကိုင် သူများရှေ့တွင် အဘယ်သို့ ပေါ်လာနိုင်မည်နည်း။ ကယ်တင်ရှင် ယေရှုသည် ချစ်ခြင်းမေတ္တာ၊ ကရုဏာတော်များဖြင့် ပြည့်နှက်လျက်ရှိပြီး ရွေးနှုတ်ခြင်းနှင့် ပြည့်စုံသည့် အပြစ်ဖြေရာယဇ် အဖြစ်သာ လူသားတို့ သိရှိထားသည်။ သို့ရာတွင် ထိုသူသည် ဖြောင့်မတ်မှု၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ တရားစီရင်မှု၊ အခွင့်အာဏာနှင့် ဂုဏ်သိက္ခာ ပြည့်ဝခြင်းတို့ဖြင့် ပြည့်လျှံနေသော ဘုရားသခင်ကိုယ်တိုင် ဖြစ်ကြောင်းကိုမူ လူသားတို့ တွေးတောမိခြင်း မရှိပေ။ ထို့ကြောင့်ပင် ရွေးနှုတ်သူပြန်အလာကို လူသား စိတ်အား ထက်သန်စွာ တောင့်တ စောင့်မျှော်နေသော်လည်း၊ ထိုလူသား၏ ဆုတောင်းချက်များကို ကောင်းကင်မှပင် တုန်လှုပ်သွားသော်လည်း ကယ်တင်ရှင်ယေရှုသည် သူ့အားယုံကြည်သော်လည်း သူ့အား မသိကျွမ်းသူများ ထံတွင် ပေါ်လာမည် မဟုတ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကယ်တင်ရှင်သည် ‘ဖြူသောမိုးတိမ်’ အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၇၁)
ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်က အဆုံးသတ်သို့ ရောက်လာနေပြီ ဖြစ်သည်။ ထို့ပြင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေသူများအားလုံးအတွက် နိုင်ငံတော်၏ တံခါးသည်လည်း ဖွင့်ထားနှင့်ပြီးဖြစ်သည်။ ချစ်သော ညီအစ်ကို မောင်နှမတို့၊ သင်တို့ မည်သည့်အရာကို စောင့်မျှော်နေကြသနည်း။ မည်သည့်အရာကို ရှာဖွေနေကြသနည်း။ ဘုရားသခင် ပေါ်ထွန်းခြင်းကို သင်တို့စောင့်မျှော်နေသလော။ ဘုရားသခင်၏ ခြေရာများကို သင်တို့ ရှာဖွေနေကြသလော။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မြင်တွေ့နိုင်ရန် လူများ အလွန်ပင်တောင့်တကြသည်တကား။ ထို့ပြင် ဘုရားသခင်၏ ခြေရာများကို တွေ့ရန်မှာလည်း အလွန်ပင် ခက်ခဲလှသည်တကား။ ဤကဲ့သို့သောခေတ်၊ ဤကဲ့သို့သောလောကမှာ ဘုရားသခင် ပေါ်ထွန်းသည့်နေ့ရက်ကို မျက်မြင်တွေ့ကြုံနိုင်ဖို့အတွက် မည်သည့်အရာကို ငါတို့ လုပ်ဆောင်ရမည်နည်း။ ဘုရားသခင်၏ ခြေလှမ်းများကို အမီလိုက်ရန် ငါတို့အနေဖြင့် မည်သို့ လုပ်ဆောင်ရမည်နည်း။ ဘုရားသခင် ပေါ်ထွန်းရန် စောင့်မျှော်နေသည့် သူများအားလုံး ဤမေးခွန်းများနှင့် ရင်ဆိုင်ကြရသည်။ သင်တို့ အားလုံးလည်း ဤမေးခွန်းများကို တစ်ခါထက်မက စဉ်းစားဖူး ကြသည်။ သို့သော် မည်သည့်ရလဒ်ကို ရရှိကြသနည်း။ ဘုရားသခင်သည် မည်သည့်အရပ်၌ ပေါ်ထွန်းသနည်း။ ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသနည်း။ သင်တို့၌ အဖြေရှိပြီလော။ လူတော်တော်များများက “ဘုရားသခင်က သူ့နောက်လိုက်သောသူ အားလုံးအကြား၌ ပေါ်ထွန်းပြီး ကိုယ်တော်၏ ခြေရာများသည်လည်း ကျွန်ုပ်တို့အကြား၌ ရှိသည်၊ ထိုမျှပင် ရိုးစင်းလှသည်။” ဟု ဖြေကြမည် ဖြစ်သည်။ မည်သူမဆို ပုံသေကားကျ စကားလုံးများပါသည့် အဖြေမျိုးကို ပေးနိုင်ပါသည်၊ သို့သော် ဘုရားသခင်၏ ပေါ်ထွန်းခြင်း သို့မဟုတ် သူ၏ခြေရာများဟုဆိုရာ၌ အဘယ်အရာအား ဆိုလိုသည်ကို သင်တို့နားလည်ကြသလော။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းဟူသည်မှာ ဘုရားသခင်က သူ၏အလုပ်ကို ကိုယ်တိုင်ကိုယ်ကျလုပ်ရန်အတွက် လောကသို့ ဆိုက်ရောက်လာခြင်းကို ရည်ညွှန်းသည်။ ခေတ်တစ်ခေတ်ကို အစပြုသည့်အမှုနှင့် ခေတ်တစ်ခေတ်ကို အဆုံးသတ်သည့်အမှုတို့ကို လုပ်ဆောင်ရန် သူ၏ကိုယ်ပိုင်လက္ခဏာနှင့် စိတ်သဘောထား၊ ထို့ပြင် သူ့နည်းသူ့ဟန်နှင့် လူသားများထဲသို့ သူဆင်းကြွလာသည်။ ဤပေါ်ထွန်းခြင်းမျိုးသည် အခမ်းအနားအသွင် တစ်ခု မဟုတ်ပါ။ ယင်းမှာ သင်္ကေတတစ်ခုလည်းမဟုတ်၊ ပုံဆောင်မှု တစ်ခု၊ အံ့သြဖွယ်တစ်ခု၊ သို့မဟုတ် ခမ်းနားသည့် မြင်ကွင်းတစ်ခုလည်း မဟုတ်ပေ။ ထို့အပြင် ဘာသာရေးဖြစ်စဉ်မျိုး သာ၍ပင် မဟုတ်ပေ။ ၎င်းသည် စစ်မှန်သည့် အချက်အလက် တစ်ခုဖြစ်ပြီး ကိုင်တွယ်တို့ထိနိုင်သော၊ မည်သူမဆို မြင်နိုင်သောအရာ ဖြစ်သည်။ ဤပေါ်ထွန်းခြင်းမျိုးသည် ဟန်ဆောင် လုပ်ပြခြင်းအလို့ငှာ မဟုတ်ပေ၊ သို့မဟုတ် ရေတိုလုပ်ဆောင်မှုအလို့ငှာ မဟုတ်ပေ၊ စင်စစ်အားဖြင့် သူ၏စီမံခန့်ခွဲမှုအစီအစဉ်အတွင်းရှိ အလုပ်အဆင့် တစ်ဆင့်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် အမြဲအဓိပ္ပာယ်ရှိသည့်အပြင် သူ၏စီမံခန့်ခွဲမှု အစီအစဉ်နှင့်လည်း ဆက်စပ်မှုအချို့ အမြဲရှိသည်။ ဤနေရာ၌ပြောသည့် “ပေါ်ထွန်းခြင်း” ဆိုသည်မှာ လူသားကို ဘုရားသခင် လမ်းပြ၊ ဦးဆောင်ပြီး ဉာဏ်အလင်းပေးသည့် “ပေါ်ထွန်းခြင်း” နှင့် လုံးဝမတူပါ။ ဘုရားသခင်သည် မိမိကိုယ်မိမိ ထုတ်ဖော်ပြသည့် အကြိမ်တိုင်း၌ ကြီးမြတ်သော သူ့အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင် လေ့ရှိသည်။ ထိုအလုပ်သည် အခြားမည်သည့်ခေတ်၏ အလုပ်နှင့်မဆို ကွဲပြားခြားနားသည်။ လူသားအနေဖြင့် မစဉ်းစားတတ်သည့်အလုပ်၊ မည်သည့်အခါကမျှ မကြုံတွေ့ဖူးသော အလုပ်ဖြစ်သည်။ ၎င်းသည် ခေတ်ဟောင်းကို အဆုံးသတ်ပြီး ခေတ်သစ်တစ်ခေတ်ကို အစပြုသော အလုပ်ဖြစ်သည်၊ လူတို့ကို ကယ်တင်ခြင်းအတွက် အသစ်သော အလုပ်ပုံစံတစ်ခု၊ သာ၍ကောင်းသော အလုပ်ပုံစံတစ်ခု ဖြစ်သည်။ ထို့အပြင် လူသားများကို အသစ်သောခေတ်ထဲသို့ ပို့ဆောင်ပေးသည့် အလုပ်လည်း ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းမှာ ထိုသဘောကိုဆောင်သည်။
ဘုရားသခင်၏ ပေါ်ထွန်းခြင်းမှာ အဘယ်အရာအား ဆိုလိုသည်ကို သင်တို့နားလည်သွားသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်၏ ခြေရာများကို သင်တို့မည်သို့ရှာဖွေသင့်သနည်း။ ဤမေးခွန်းမှာ ဖြေရှင်းရန် မခက်ပါ။ ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်း၌ ဘုရားသခင်၏ ခြေလှမ်းများကို တွေ့ရမည်ဖြစ်သည်။ ထိုသို့သောအဖြေက ရိုးစင်းသည်ဟု ထင်ရသည်၊ သို့သော် လုပ်ဆောင်ဖို့ရန် လွယ်လှသည်ကား မဟုတ်ချေ၊ အဘယ်ကြောင့်ဆိုသော် များစွာသော လူတို့သည် ဘုရားသခင်က သူ့ကိုယ်သူ မည်သည့်အရပ်၌ ထုတ်ဖော်လိုကြောင်း၊ သို့မဟုတ် မည်သည့်အရပ်၌ သူထုတ်ဖော် သင့်ကြောင်းကို သိရန်မဆိုထားနှင့် ဘုရားသခင်သည် သူ့ကိုယ်သူ မည်သည့်အရပ်၌ ထုတ်ဖော်သည်ကိုပင် မသိကြသောကြောင့်ဖြစ်သည်။ အချို့ကလည်း သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုသော နေရာတိုင်း၌ ဘုရားသခင် ပေါ်ထွန်းသည်ဟု စိတ်ကူးပေါက်ရာ ယုံကြည်ကြသည်။ သို့မဟုတ်ပါက ဝိညာဉ်ရေးရာ၌ ထင်ရှားသောပုဂ္ဂိုလ်များ ရှိသည့်နေရာတိုင်း၌ ဘုရားသခင် ပေါ်ထွန်းသည်ဟု ယုံကြည်ကြသည်။ သို့မဟုတ်ပါက လူသိများသော လူများရှိသည့်နေရာတိုင်း၌ ဘုရားသခင် ပေါ်ထွန်းသည်ဟု ယုံကြည်ကြသည်။ လတ်တလောတွင်မူ ထိုသို့သော ယုံကြည်မှုများသည် မှန်သလော သို့မဟုတ် မှားသလော ဟူသည့် အချက်ကို အသာထားကြဦးစို့။ ထိုသို့သောမေးခွန်းကို ဖြေရှင်းရန် အတွက် ပထမဦးဆုံးအနေနှင့် ငါတို့၌ ရှင်းလင်းသော ရည်ရွယ်ချက် ရှိရပေမည်၊ ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြခြင်း ဖြစ်သည်။ ဝိညာဉ်ရေးရာ၌ ထင်ရှားသော ပုဂ္ဂိုလ်များကို ငါတို့ရှာဖွေနေခြင်း မဟုတ်၊ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များ၏ နောက်သို့ လိုက်နေကြခြင်း သာ၍ပင် မဟုတ်ပါ၊ ငါတို့သည် ဘုရားသခင်၏ ခြေရာများနောက်သို့ လိုက်နေကြခြင်း ဖြစ်သည်။ ဤအကြောင်းကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ “ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။” ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် လူတို့၏ အယူအဆများနှင့် ဆက်စပ်ကိုက်ညီမှု မရှိနိုင်ပါ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌၊ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်တို့၏ ကိုယ်ပိုင်အယူအဆများကို စွန့်ပစ်ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ကိုယ်ပိုင်အကန့်အသတ်ထဲတွင် ဘောင်ခတ် ထားရန်နှင့် သင်၏ကိုယ်ပိုင်အယူအဆများအတွင်း ကန့်သတ် ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေရမည်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံရမည်၊ ထို့ပြင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံရမည်တို့ကို မေးသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး နာခံသင့်ပေသည်။
သင်သည် အမေရိကန်လူမျိုး ဖြစ်သည်ဖြစ်စေ၊ ဗြိတိသျှလူမျိုး ဖြစ်သည်ဖြစ်စေ သို့မဟုတ် အခြားမည်သည့်လူမျိုးပင် ဖြစ်နေပါစေ၊ သင်၏ကိုယ်ပိုင်လူမျိုး အကန့်အသတ်ဘောင်ထဲက ထွက်လာသင့်သည်၊ သင်၏အတ္တကိုယ်ကို ကျော်လွန်လျက် ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရှုထောင့်မှနေ၍ ဘုရားသခင်၏ အလုပ်ကို ရှုမြင်သင့်သည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ ခြေရာများအပေါ် ကန့်သတ်ချက်များ မထားလိမ့်မည်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းမှာ ယနေ့ခေတ်၌ ဘုရားသခင်သည် တစ်စုံတစ်ရာသော နိုင်ငံတစ်နိုင်ငံ သို့မဟုတ် တစ်စုံတစ်ရာသော လူမျိုးအကြား၌ ပေါ်ထွန်းလာမည်ကို များစွာသောလူတို့က မဖြစ်နိုင်ဟု ထင်မြင်ကြသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်၏ အရေးပါမှုသည် အလွန်ပင် လေးနက်လှသည်တကား၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည်လည်း အလွန်ပင် အရေးပါလှသည် တကား။ လူ၏ အယူအဆများနှင့် အတွေးအခေါ်တို့ဖြင့် ၎င်းတို့ကို မည်သို့လျှင် အကဲဖြတ်နိုင်မည်နည်း။ ထို့ကြောင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေရန်အလို့ငှာ သင့်အနေဖြင့် မိမိ၏လူမျိုး သို့မဟုတ် မိမိမျိုးနွယ်စု၏ အယူအဆများမှ ထိုးဖောက်ထွက်သင့်သည်ဟု ငါပြောသည်။ ထိုသို့အားဖြင့်သာ သင်သည် သင့်အယူအဆများ၏ ဘောင်ခတ်ခြင်းကို မခံရဘဲ ရှိလိမ့်မည်၊ ထိုသို့အားဖြင့်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကြိုဆိုဖို့ရန် သင်သည် အရည်အချင်းပြည့်မီလိမ့်မည်။ သို့မဟုတ်ပါက သင်သည် ထာဝရအမှောင်ထုထဲ၌ ကျန်ရစ်နေမည်ဖြစ်ပြီး ဘုရားသခင်၏ ထောက်ခံခြင်းကို ဘယ်သောအခါမျှ ရရှိမည် မဟုတ်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၇၂)
ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုရားဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးကသာ သီးသန့်ပိုင်သည့် ဘုရားအဖြစ် ဘုရားသခင်က သူ့ကိုယ်သူ မသတ်မှတ်ထားဘဲ၊ မည်သည့်ပုံစံ၊ မည်သည့်တိုင်းနိုင်ငံ၊ သို့မဟုတ် မည်သည့်လူမျိုးမျှ၏ ဘောင်ခတ်ခြင်းကို မခံဘဲ၊ သူကြံစည်ထားသည့်အတိုင်း အလုပ်ကို လုပ်နေသည်။ သင့်အနေဖြင့် ထိုပုံစံကို တစ်ခါမျှ စိတ်မကူးမိခဲ့ဖူးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ် ထိုပုံစံနှင့်ပတ်သက်သော သင့်သဘောထားသည် ငြင်းဆန်သောသဘောထား ဖြစ်ကောင်းဖြစ် နိုင်သည်၊ သို့မဟုတ် ဘုရားသခင်အနေဖြင့် မိမိကိုယ်မိမိ ဖော်ထုတ် ပြသည့် အရပ်ဖြစ်သော တိုင်းနိုင်ငံနှင့် လူမျိုးတို့သည် တိုက်တိုက် ဆိုင်ဆိုင်ပင် လူအားလုံးတို့၏ ခွဲခြားဆက်ဆံမှု ခံနေရပြီး ကမ္ဘာပေါ်၌ ခေတ်နောက်အကျန်ဆုံး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်၌ သူ၏ဉာဏ်ပညာရှိသည်။ သူ၏ ကြီးမြတ်သောတန်ခိုး၊ သူ၏ သမ္မာတရားနှင့် သူ၏စိတ်သဘောထားအားဖြင့် ဘုရားသခင်သည် သူနှင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်သည့် လူတစ်စုကို အမှန်ရရှိခဲ့သည်၊ အမျိုးမျိုးသော စမ်းသပ်မှုများနှင့် ဒုက္ခဆင်းရဲများ၊ အမျိုးမျိုးသော နှိပ်စက်မှုများကို ကြံ့ကြံ့ခံပြီး သူ့နောက်သို့ အဆုံးတိုင် လိုက်နိုင်သည့် သူသိမ်းပိုက်ထားသော လူစုဖြစ်သည့် စုံလင်အောင် သူပြုလိုသော လူတစ်စုကို အမှန်ပင် သူရရှိခဲ့သည်။ မည်သည့်ပုံစံ၊ သို့မဟုတ် တိုင်းနိုင်ငံ၏ ကန့်သတ်ခြင်းများ မရှိသည့် ဘုရားသခင့်ပေါ်ထွန်းခြင်း၏ ရည်ရွယ်ချက်မှာ သူကြံစည်ထားသည့် အတိုင်း အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ဖြစ်သည်။ ဤသည်မှာ ယုဒပြည်၌ ဘုရားသခင် လူ့ဇာတိခံယူခဲ့သောအခါက ကဲ့သို့ပင် ဖြစ်သည်၊ ထိုအခါက သူ၏ရည်ရွယ်ချက်မှာ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနုတ်ရာတွင် ကားတိုင်တင်ခံရခြင်း အမှုကို စုံလင်စေဖို့ ဖြစ်သည်။ သို့သော်လည်း ဂျူးလူမျိုးများက ဘုရားသခင်အနေဖြင့် ထိုသို့ပြုရန်မှာ မဖြစ်နိုင်ဟု ယုံကြည်ခဲ့ကြသည်၊ ထို့ပြင် ဘုရားသခင်က လူ့ဇာတိခံယူပြီး သခင်ယေရှု၏အသွင်ကို ဆောင်ယူရန်မှာ မဖြစ်နိုင်ဟု ထင်ခဲ့ကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်မှာ သူတို့အနေဖြင့် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချကာ ဆန့်ကျင်ခဲ့ကြခြင်း၏ အခြေခံအကြောင်းရင်း ဖြစ်လာခဲ့ပြီး နောက်ဆုံးတွင် ဣသရေလနိုင်ငံ ပျက်စီးခြင်းသို့ ဦးတည်သွားစေခဲ့သည်။ ယနေ့ခေတ်၌လည်း များစွာသောလူတို့သည် အလားတူ အမှားမျိုးကို ကျူးလွန်ခဲ့ကြသည်။ ဘုရားသခင် ပေါ်ထွန်းမည့်အချိန် နီးပြီဖြစ်ကြောင်းကို အစွမ်းကုန် ကြေညာကြသော်လည်း၊ တစ်ချိန်တည်းတွင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ပြစ်တင်ရှုတ်ချကြသည်။ သူတို့၏ “မဖြစ်နိုင်” ဟူသည့်အချက်က သူတို့စိတ်ကူးနိုင်စွမ်း၏ အကန့်အသတ်များအတွင်း ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ထပ်မံ၍ ဘောင်ခတ်ထားကြသည်။ ထို့ကြောင့်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှတ်မထင် တွေ့ကြုံသွားပြီးသည့်နောက် ရုန့်ကြမ်းကျယ်လောင်စွာနှင့် အတောမသတ် ရယ်မောတတ်ကြသော လူများစွာကို ငါတွေ့ဖူးခဲ့ပြီ။ သို့သော် ထိုရယ်မောခြင်းသည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး စော်ကားခဲ့ကြသည့် ဂျူးလူမျိုးများ၏ လုပ်ရပ်နှင့် ဘာမျှမခြားနားပါ။ သမ္မာတရား၏ မျက်မှောက်၌ သင်တို့သည် ရိုသေလေးမြတ်ခြင်း မရှိကြပေ၊ ထို့ထက်မက သင်တို့၏သဘောထားမှာလည်း သမ္မာတရားကို တောင့်တသည့် သဘောထားမျိုး သာ၍ပင် မဟုတ်ပေ။ သင်တို့သည် မစဉ်းစား မဆင်ခြင်ဘဲ လေ့လာရုံသက်သက် လေ့လာကြပြီး အပူအပင်အကြောင့်အကြမရှိ စောင့်နေကြသည်။ ထိုကဲ့သို့သော လေ့လာခြင်းနှင့် စောင့်မျှော်ခြင်းမှ သင့်အနေဖြင့် အဘယ်အရာကို ရနိုင်မည်နည်း။ ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြခြင်းကို သင်ရရှိခြင်း ဖြစ်မည်လော။ ဘုရားသခင်၏ မိန့်မြွက်ချက်များကို သင်ပိုင်းခြားမသိနိုင်ပါက၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင် မြင်တွေ့နိုင်ဖို့အတွက် သင်သည် မည်သည့်နည်းဖြင့် အရည်အချင်း ပြည့်မီမည်နည်း။ ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်းသည် သမ္မာတရားဖော်ပြခြင်းခံရသောနေရာ၊ ဘုရားသခင်၏အသံ ရှိမည်ဖြစ်သောနေရာ ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သောသူများသာ ဘုရားသခင်၏ အသံကို ကြားနိုင်လိမ့်မည် ဖြစ်ပြီး ထိုသို့သော သူများသည်သာ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ကိုယ်တိုင်မြင်တွေ့နိုင်ဖို့အတွက် အရည်အချင်း ပြည့်မီသူများ ဖြစ်သည်။ သင်၏ အယူအဆများကို ဘေးဖယ်ထားလော့။ တိတ်တိတ်နေကာ ဤနှုတ်ကပတ်တော်များကို သေသေချာချာ ဖတ်လော့။ သင့်အနေဖြင့် သမ္မာတရားကို တောင့်တလျှင် ဘုရားသခင်သည် သင့်ကို ဉာဏ်အလင်း ပေးလိမ့်မည်ဖြစ်ပြီး သူ၏အလိုနှင့် သူ၏ နှုတ်ကပတ်တော်များကို သင်နားလည်လိမ့်မည်။ “မဖြစ်နိုင်” ဟူသည့် သင့်အမြင်များကို ဘေးဖယ်ထားလော့။ လူများအနေဖြင့် တစ်စုံတစ်ခုကို မဖြစ်နိုင်ဟု ယုံကြည်လေလေ၊ ယင်းမှာ ဖြစ်နိုင်ခြေ များလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဉာဏ်ပညာသည် ကောင်းကင်ထက် မားမားစွင့်စွင့် မြင့်မားပေ၏၊ ဘုရားသခင်၏ အကြံအစည်များသည်လည်း လူ၏ အကြံအစည်များထက် သာ၍မြင့်မားကာ ဘုရားသခင်၏ အလုပ်သည် လူ့အတွေးအခေါ်နှင့် အယူအဆတို့၏ အကန့်အသတ်များကို သာလွန်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခုသည် မဖြစ်နိုင်ဟု ထင်ရလေလေ၊ ယင်း၌ ရှာဖွေနိုင်သည့် သမ္မာတရား သာ၍များလေလေ ဖြစ်သည်။ တစ်စုံတစ်ခုသည် လူတို့၏ အယူအဆနှင့် စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်သော အရာဖြစ်လေလေ၊ ယင်း၌ ဘုရားသခင်၏ အလိုဆန္ဒ သာ၍ပါလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်နေရာ၌ ဘုရားသခင်က သူ့ကိုယ်သူ ထုတ်ဖော်သည်ဖြစ်စေ ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်။ ထို့ပြင် ဘုရားသခင် ပေါ်ထွန်းသည့် နည်းဟန် သို့မဟုတ် တည်နေရာကြောင့် သူ၏အနှစ်သာရမှာ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်၏ စိတ်သဘောထားက ပြောင်းလဲခြင်း မရှိပါ၊ ထို့ပြင် ဘုရားသခင်၏ ခြေရာများ မည်သည့်နေရာ၌ ရှိသည်ဖြစ်စေ ဘုရားသခင်သည် လူသားအားလုံး၏ ဘုရားသခင်ဖြစ်သည်၊ ယင်းအချက်မှာ သခင်ယေရှုသည် ဣသရေလလူမျိုးတို့၏ ဘုရားသာမဟုတ်ဘဲ အာရှ၊ ဥရောပနှင့် အမေရိကတိုက်ရှိ လူအားလုံး၏ ဘုရားဖြစ်သည်သာမက၊ စကြဝဠာတစ်ခုလုံး၌ တစ်ဆူတည်းသော ဘုရားပင် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလိုကို ငါတို့ ရှာဖွေကြပါစို့။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သူ၏မိန့်မြွက်ခြင်းများထဲတွင် ရှာဖွေကြပါစို့။ ထို့ပြင် သူ၏ခြေလှမ်းများကို အမီလိုက်ကြပါစို့။ ဘုရားသခင်သည် လမ်းခရီးဖြစ်သည်၊ သမ္မာတရားလည်း ဖြစ်သည်၊ အသက်လည်း ဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏ပေါ်ထွန်းခြင်းတို့သည် တစ်ပြိုင်တည်း တည်ရှိကြသည်၊ သူ၏ စိတ်သဘောထားနှင့် ခြေရာများသည်လည်း လူသားများအဖို့ အစဉ် လမ်းဖွင့်ပေးထားသည်။ ချစ်သော ညီအစ်ကို မောင်နှမတို့၊ ဤနှုတ်ကပတ်တော်များထဲ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်နိုင်မည်ဟု ငါမျှော်လင့်သည်၊ ခေတ်သစ်တစ်ခေတ်ထဲသို့ သင်တို့ရှေ့တိုးလျက် လှမ်းသွားသည်နှင့် ဘုရားသခင်၏ ခြေလှမ်းများ နောက်သို့ စတင်လျှောက်လှမ်းပြီး ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို စောင့်မျှော်နေကြသူများအတွက် ဘုရားသခင် ပြင်ဆင်ပေးထားသည့် လှပသော ကောင်းကင်သစ်နှင့် မြေကြီးသစ်ဆီသို့ ဝင်ရောက်ကြ လိမ့်မည်ဟု ငါမျှော်လင့်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၇၃)
ဘုရားသခင်သည် တိတ်ဆိတ်နေပြီး ငါတို့ထံ မည်သည့်အခါမျှ မပေါ်ထွန်းလေပြီ၊ သို့သော် သူ့အမှုသည် လုံးဝ မရပ်တန့်သေးပေ။ သူသည် ကမ္ဘာမြေကြီးတစ်ခုလုံးကို ကြည့်ရှုစစ်ဆေးပြီး အရာအားလုံးကို ကွပ်ကဲကာ လူသား၏ စကားအားလုံးနှင့် လုပ်ဆောင်ချက်အားလုံးကို ရှုမြင်သည်။ သူသည် မိမိ၏ စီမံခန့်ခွဲမှုကို တိတ်ဆိတ်စွာနှင့် သိသာထင်ရှားသော သက်ရောက်မှုများမရှိဘဲ၊ ဖြည်းဖြည်းမှန်မှန် လှုပ်ရှားသော အဆင့်များဖြင့် သူ၏အစီအစဉ်နှင့်အညီ ဦးစီးဦးရွက် ပြုသော်လည်း၊ သူ၏ခြေလှမ်းများသည် လူသားမျိုးနွယ်နှင့် ယခင်ထက် တစ်လှမ်းပြီးတစ်လှမ်း ပို၍ တိုးကာ နီးကပ်လာလျက် ရှိပြီး၊ သူ၏တရားပလ္လင်ကိုလည်း အလင်း၏မြန်နှုန်းဖြင့် စကြဝဠာ၌ ထိထိရောက်ရောက် အသုံးချသည်၊ ယင်းနောက်တွင် သူ၏ပလ္လင်သည် ငါတို့အလယ်သို့ ချက်ချင်း ဆင်းသက်လာပေသည်။ ယင်းသည် အံ့မခန်းသော ကြီးကျယ်ခမ်းနားလိုက်သည့် မြင်ကွင်းပါတကား၊ အင်မတန် ခန့်ညားပြီး တည်ကြည်သော ရင်ဖိုဖွယ်မြင်ကွင်းပါတကား။ ချိုးငှက်တစ်ကောင် ကဲ့သို့၊ ဟိန်းဟောက်သော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဝိညာဉ်တော်သည် ငါတို့အလယ်သို့ ကြွလာသည်။ ဝိညာဉ်တော်သည် ဉာဏ်ပညာ ဖြစ်သည်၊ သူသည် ဖြောင့်မတ်ခြင်းဖြစ်ပြီး ဘုန်းအာနုဘော်ဖြစ်ကာ၊ သူသည် သြဇာအာဏာကို စွဲကိုင်ကာ ချစ်ခြင်းမေတ္တာ၊ သနားကရုဏာတို့နှင့်ပြည့်လျက်၊ ငါတို့အလယ်သို့ တိတ်တဆိတ် ကြွလာသည်။ သူ၏ ရောက်ရှိခြင်းကို မည်သူမျှ သတိမထားမိကြ၊ သူ၏ ရောက်ရှိခြင်းကို မည်သူမျှမကြိုဆိုကြသကဲ့သို့၊ ထို့အပြင်၊ သူ လုပ်ဆောင်တော့မည့် အရာအားလုံးကို မည်သူမျှ မသိကြချေ။ လူ၏အသက်တာသည် ယခင်ကဲ့သို့ ဆက်လက်ရှင်သန်သည် သူ့စိတ်နှလုံးသည် မပြောင်းလဲသကဲ့သို့၊ နေ့ရက်များသည် ထုံးစံအတိုင်း ကုန်လွန်လေသည်။ ဘုရားသခင်သည် ငါတို့ အလယ်တွင် အခြားလူများကဲ့သို့ လူတစ်ဦးအဖြစ်၊ နောက်လိုက်များထဲမှ အရေးမပါဆုံးသော သူတစ်ဦးနှင့် သာမန် ယုံကြည်သူတစ်ဦးအဖြစ် အသက်ရှင်သည်။ သူသည် သူ၏ ကိုယ်ပိုင်လိုက်စားမှုများ၊ ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်များ ရှိသည့်အပြင်၊ သာမန်လူများက မပိုင်ဆိုင်သည့် ဘုရားသဘောသဘာဝ ရှိသည်။ သူ၏ ဘုရားသဘောသဘာဝ တည်ရှိခြင်းကို မည်သူမျှ သတိမပြုမိသကဲ့သို့၊ သူ၏ အနှစ်သာရနှင့် လူသား၏ အနှစ်သာရတို့ကြား ခြားနားမှုကို မည်သူကမျှ မသိမြင်လေပြီ။ ငါတို့၏အမြင်၌ သူသည် မထင်ရှားသည့် ယုံကြည်သူတစ်ဦးသာ ဖြစ်သည့်အတွက် ငါတို့သည် ချုပ်တည်းခြင်း မရှိသကဲ့သို့ စိုးရွံ့ခြင်းမရှိဘဲ၊ သူနှင့်အတူ အသက်ရှင်ကြလေသည်။ သူသည် ငါတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး၊ ငါတို့၏ အတွေးများနှင့် စိတ်ကူးများအားလုံးသည် သူ၏ ရှေ့တွင် ဖွင့်ချထားလေသည်။ သူ၏တည်ရှိမှုကို မည်သူမျှ စိတ်မဝင်စားကြ၊ သူ၏ အလုပ်နှင့်ပတ်သက်သည့် မည်သည့်အရာကိုမျှ မည်သူမျှ စိတ်မကူးကြည့်ကြသကဲ့သို့၊ ထို့အပြင် သူ၏ ပင်ကိုလက္ခဏာနှင့် ပတ်သက်၍ မည်သူမျှ ရေးရေးမျှ မသိကြပေ။ ငါတို့ လုပ်ဆောင်သည့်အရာဟူသမျှမှာ သူသည် ငါတို့နှင့် ဘာမျှ မပတ်သက်သည့်အလား၊ ငါတို့၏ လိုက်စားမှုများကို ဆက်လက် ဆောင်ရွက်ခြင်း ဖြစ်ပေသည်...။
မရည်ရွယ်ပါဘဲလျက်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ “မှတစ်ဆင့်” နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖော်ပြသည်၊ ပြီးလျှင် အလွန်မျှော်လင့်မထားဟု ခံစားရသော်လည်း၊ ယင်းကို ဘုရားသခင် ထံမှလာသော မိန့်မြွက်ချက်တစ်ခုအဖြစ် ငါတို့ သတိပြုမိကြပြီး၊ ယင်းကို ဘုရားသခင်ထံမှ အသင့်လက်ခံကြသည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ဤနှုတ်ကပတ်တော်များကို မည်သူက ဖော်ပြသည်ဖြစ်စေ၊ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာသရွေ့၊ ငါတို့အနေဖြင့် လက်ခံသင့်ပြီး ငြင်းပယ်၍မရနိုင်သောကြောင့် ဖြစ်သည်။ နောက်လာမည့် မိန့်မြွက်ချက်သည် ငါမှတစ်ဆင့်ဖြစ်နိုင်သကဲ့သို့ သင်မှတစ်ဆင့် သို့မဟုတ် အခြားတစ်စုံတစ်ဦးမှတစ်ဆင့် ဖြစ်နိုင်ပေသည်။ မည်သူမှတစ်ဆင့် ပြောသည်ဖြစ်စေ၊ အားလုံးသည် ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ သို့တိုင် မည်သို့ပင်ဖြစ်စေ ဤလူသည် ဘုရားသခင် တကယ့်ကို မဖြစ်နိုင်သကဲ့သို့၊ ငါတို့သည်လည်း ဤကဲ့သို့သော သာမန်လူတစ်ဦးကို ငါတို့၏ဘုရားသခင်အဖြစ် မည်သည့်နည်းနှင့်မျှ ရွေးချယ်မည် မဟုတ်သည့်အတွက်၊ မည်သူ ဖြစ်နေပါစေ၊ ဤလူကို ငါတို့အနေဖြင့် မကိုးကွယ်သင့်ပေ။ ငါတို့၏ ဘုရားသခင်သည် အလွန်ကြီးမြတ်ပြီး အလွန်ရိုသေအပ်ပေသည်။ ထိုသို့သော အလွန်မထင်ရှားသည့် လူတစ်ဦးက ဘုရားသခင်ကို မည်သို့ ကိုယ်စားပြုနိုင်မည်နည်း။ ထို့အပြင်၊ ဘုရားသခင် ကြွလာပြီး၊ ကောင်းကင်နိုင်ငံသို့ ငါတို့အား ပြန်ခေါ်သွားမည်ကို ငါတို့အားလုံး စောင့်ဆိုင်းနေကြသည်၊ ထို့ကြောင့် အလွန်မထင်ရှားသော သူတစ်ဦးက ထိုသို့သော အရေးကြီးပြီး ခက်ခဲကြမ်းတမ်းသည့် အလုပ်တာဝန်ကို မည်သို့ ထမ်းဆောင်နိုင်မည်နည်း။ အကယ်၍ သခင် တစ်ဖန် ကြွလာပါက၊ လူထုအားလုံးမြင်နိုင်ဖို့အလို့ငှာ ဖြူသောမိုးတိမ်ပေါ်၌ ဖြစ်ရပေမည်။ ယင်းသည် အလွန်ပင် ကျက်သရေရှိလိုက်မည့်ဖြစ်ခြင်းပါတကား။ သာမန်လူတစ်စု အကြားတွင် သူသည် တိတ်ဆိတ်စွာ မည်သို့ ပုန်းနေနိုင်မည်နည်း။
လူများအကြား၌ ကွယ်ဝှက်လျက် ငါတို့ကို ကယ်တင်ခြင်း အလုပ်သစ်အား လုပ်ဆောင်နေသူမှာ ဤသာမန်လူ ဖြစ်သည်။ သူသည် ငါတို့ကို မည်သည့် ရှင်းပြချက်မျှ မပေးသကဲ့သို့၊ အဘယ်ကြောင့် ကြွလာပြီးဖြစ်သည်ကိုလည်း ငါတို့ကို မပြောပြပေ၊ သို့သော် ဖြေးဖြေမှန်မှန် ခြေလှမ်းများနှင့် သူ၏အစီအစဉ်အတိုင်း သူလုပ်ရန်ရည်ရွယ်သည့် အမှုကိုသာ လုပ်ဆောင်လေသည်။ သူ၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များသည် ယခင်ထက်ပို၍ မကြာမကြာဖြစ်လာသည်။ နှစ်သိမ့်ခြင်း၊ တိုက်တွန်းခြင်း၊ အသိပေးခြင်းနှင့် သတိပေးခြင်းမှသည် အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အထိ၊ သိမ်မွေ့ကာ သာယာညင်းပျောင်းသော လေသံမှသည် ခက်ထန်၍ ဘုန်းအာနုဘော်ရှိသော နှုတ်ကပတ်တော်များအထိ- အားလုံးသည် လူသားအပေါ် ကရုဏာတရားကို ပေးအပ်ပြီး သူ့အထဲတွင် စိုးရိမ်ပူပန်ခြင်းကို သွတ်သွင်းပေးသည်။ သူပြောသမျှအရာတိုင်းသည် ငါတို့အတွင်းရှိ နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် လျှို့ဝှက်ချက်များကို အရှိုက်ထိလေသည်။ သူ၏နှုတ်ကပတ်တော်များသည် ငါတို့၏ နှလုံးသားများကို စူးသည်၊ ငါတို့၏ စိတ်ဝိညာဉ်တို့ကို စူးပြီး၊ ငါတို့အနေဖြင့် မည်သည့်နေရာတွင် ပုန်းရမည်ကို နည်းနည်းမျှ မသိစေဘဲလျက်၊ မခံမရပ်နိုင်သော အရှက်ရခြင်းဖြင့် ငါတို့ကို ပြည့်စေသည်။ ဤလူ၏နှလုံးသားထဲ၌ရှိသော ဘုရားသခင်သည် အမှန်တကယ် ငါတို့ကို ချစ် မချစ်ဆိုသည်နှင့် သူသည် အတိအကျအားဖြင့် မည်သည့်အရာကို တိတ်တဆိတ် ဆောင်ရွက်နေသည်ကို ငါတို့ စတင် စူးစမ်းမိကြသည်။ ဤဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံပြီးမှသာ ငါတို့ ချီဆောင်ခြင်းခံရနိုင်ခြင်း ဖြစ်ကောင်း ဖြစ်မည်လော။ ငါတို့၏ ဦးခေါင်းများထဲတွင်၊ ငါတို့သည် လာမည့် ခရီးပန်းတိုင်နှင့် ငါတို့၏ အနာဂတ်ကံကြမ္မာအကြောင်းကို တွက်ချက်နေကြသည်။ သို့ဖြစ်စေကာမူ ယခင်ကဲ့သို့ ငါတို့အလယ်တွင် အမှုပြုရန် ဘုရားသခင် လူ့ဇာတိ ခံယူနှင့်ပြီးဖြစ်သည်ကို ငါတို့ထဲမှ မည်သူမျှ မယုံကြည်ကြပေ။ သူသည် ငါတို့နှင့်အတူ ထိုမျှအချိန်ကြာမြင့်စွာ အဖော်ပြုပေးပြီး ဖြစ်သော်လည်း၊ ငါတို့နှင့် မျက်နှာချင်းဆိုင်လျက် နှုတ်ကပတ်တော်များစွာကို ပြောဆိုနှင့်ပြီးဖြစ်သော်လည်း၊ ငါတို့သည် ထိုသို့သော သာမန်လူတစ်ယောက်ကို ငါတို့ အနာဂတ်၏ ဘုရားသခင်အဖြစ် လက်ခံရန် လိုလားလျက် မရှိသေးသကဲ့သို့၊ မထင်ရှားသော ဤလူထံ ငါတို့၏ အနာဂတ်နှင့် ကံကြမ္မာ၏ အခွင့်အာဏာကို အပ်နှံရန် သာ၍ပင် လိုလားခြင်း မရှိကြပေ။ ငါတို့သည် သူ့ထံမှ အသက်ရေ၏ အဆုံးမရှိသော အထောက်အပံ့တစ်ခုကို မွေ့လျော်ခံစားရပြီး၊ သူမှတစ်ဆင့် ငါတို့သည် ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် အသက်ရှင်ရသည်။ သို့သော် ငါတို့သည် ကောင်းကင်ဘုံ၌ရှိသော သခင်ယေရှု၏ ကျေးဇူးတော်ကိုသာ ကျေးဇူးတင်နေကြပြီး၊ ဘုရား သဘောသဘာဝကို ပိုင်ဆိုင်သည့် ဤသာမန်လူ၏ ခံစားချက်များကိုမူ လုံးဝ မည်သို့မျှ အရေးမစိုက်ကြပေ။ သို့ဖြစ်စေကာမူ၊ သူသည် လူသားတို့၏ သူ့အား ပစ်ပယ်မှုကို အာရုံမခံစားနိုင်သည့်အလား၊ လူသား၏ ကလေးဆန်မှုနှင့် မသိနားမလည်မှုကို ထာဝရခွင့်လွှတ်ပေးနေပြီး၊ သူ့အပေါ် လူသား၏ အကြည်ညိုမရှိသည့် သဘောထားကို အစဉ်အမြဲ သည်းခံသည့်အလား၊ သူ၏အတွင်းအကျဆုံး နှလုံးသားကို ဖော်ပြလျက်နေရင်း၊ ယခင်ကကဲ့သို့၊ သူသည် နှိမ့်ချစွာဖြင့် လူ့ဇာတိတွင် ကွယ်ဝှက်လျက်၊ သူ၏ အမှုကို လုပ်ဆောင်လေသည်။
ငါတို့ သတိမထားမိလိုက်ဘဲနှင့်၊ မထင်ရှားသော ဤသူသည် ငါတို့ကို ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် အဆင့်တစ်ခုပြီးတစ်ခုထဲသို့ ဦးဆောင်ကာ ခေါ်သွားပြီးဖြစ်သည်။ ငါတို့သည် မရေတွက်နိုင်သော စမ်းသပ်မှုများကို ကြုံရသည်၊ မရေတွက်နိုင်သော ပြစ်တင်ဆုံးမမှုများကို ခံရပြီး၊ သေခြင်းတရားဖြင့် စမ်းသပ်ခြင်း ခံရကြလေသည်။ ဘုရားသခင်၏ ဖြောင့်မတ်ပြီး ဘုန်းအာနုဘော် ရှိသော စိတ်သဘောထားကို ငါတို့ သိရှိကြသည်၊ သူ၏ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတို့ကိုလည်း မွေ့လျော်ကြသည်၊ ဘုရားသခင်၏ ကြီးမားသော တန်ခိုးအာဏာနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုလာကြသည်၊ ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှုကို မျက်မြင်တွေ့ကြရပြီး၊ လူသားကို ကယ်တင်ရန် ဘုရားသခင်၏ ထက်သန်သည့် ဆန္ဒကိုလည်း ရှုမြင်ကြရသည်။ ဤသာမန်လူ၏ နှုတ်ကပတ်တော်များတွင်၊ ငါတို့သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို သိလာကြသည်၊ ဘုရားသခင်၏ အလိုကို နားလည်လာကြသည်၊ လူ၏ သဘာဝနှင့် အနှစ်သာရကို သိလာကြသည်၊ ပြီးလျှင် ကယ်တင်ခြင်းနှင့် စုံလင်ခြင်းဆီသို့ သွားရာလမ်းခရီးကို မြင်လာကြလေသည်။ သူ၏ နှုတ်ကပတ်တော်များက ငါတို့ကို “သေ” စေပြီး၊ ငါတို့ကို “တစ်ဖန်ပြန်မွေးဖွား” စေသည်၊ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို နှစ်သိမ့်မှု ယူဆောင်ပေးသည်၊ သို့သော် အပြစ်ရှိခြင်းနှင့် အကြွေးတင်ရှိခြင်း ခံစားချက်တို့ဖြင့်လည်း ငါတို့ကို ဖိစီးနှိပ်စက်ခံရစ်စေ၏။ သူ၏နှုတ်ကပတ်တော်များက ငါတို့အား ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ဆောင်ကြဉ်းပေးသော်လည်း၊ အဆုံးမရှိသော နာကျင်မှုကိုလည်း ပေးသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် သူ့လက်ထဲ၌ သတ်ဖို့ရာထားသော သိုးများကဲ့သို့ ဖြစ်၏၊ တစ်ခါတစ်ရံတွင် ငါတို့သည် သူ၏အမြတ်နိုးဆုံးနှင့် ဂုဏ်အယူဆုံးှ သူများကဲ့သို့ဖြစ်ပြီး သူ၏ နူးညံ့သော ချစ်ခြင်းမေတ္တာကို မွေ့လျော်ကြလေသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် သူ၏ရန်သူကဲ့သို့ ဖြစ်ပြီး သူ၏စူးစိုက်ကြည့်ခြင်း အောက်တွင် သူ၏အမျက်ဒေါသဖြင့် ပြာမှုန့်ဖြစ်သွားကြသည်။ ငါတို့သည် သူ့အားဖြင့် ကယ်တင်ခံရသည့် လူသားမျိုးနွယ်ဖြစ်သည်၊ သူ၏အမြင်တွင် ငါတို့သည် လောက်ကောင်များ ဖြစ်ကြပြီး၊ နေ့ရောညပါ စိတ်ထက်သန်စွာ သူရှာဖွေဖို့ စိတ်ပိုင်းဖြတ်ထားသည့် ပျောက်သောသိုးသငယ်များ ဖြစ်ကြသည်။ သူသည် ငါတို့အပေါ် ကရုဏာပြည့်ဝသည်၊ ငါတို့ကို စက်ဆုပ်ရွံရှာသည်၊ ငါတို့ကို ချီးမြှောက်ပေးသည်၊ ငါတို့ကို နှစ်သိမ့်ပေးကာ တိုက်တွန်းသည်၊ သူသည် ငါတို့ကို လမ်းပြသည်၊ ငါတို့ကို အသိဉာဏ်ပွင့်လင်းစေသည်၊ ငါတို့ကို ပြစ်တင်ဆုံးမပြီး ပဲ့ပြင်သည်၊ ပြီးလျှင် သူသည် ငါတို့ကို ကျိန်ဆဲပင် ကျိန်ဆဲလေသည်။ သူသည် နေ့ရောညပါ ငါတို့်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု လုံးဝ မရပ်ပေ၊ နေ့ရောညပါ ငါတို့ကို ကာကွယ်စောင့်ရှောက်သည်၊ မည်သည့်အခါမျှ ငါတို့အနားမှ မခွာဘဲ ငါတို့အဖို့အလို့ငှာ အလွန်အမင်း ကြိုးစားပြီး ငါတို့အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်သည်။ သေးငယ်ပြီး သာမန်ဖြစ်သော ဤဇာတိခန္ဓာ၏ မိန့်မြွက်ချက်များအတွင်း၌ ငါတို့သည် ဘုရားသခင်၏ အလုံးစုံကို မွေ့လျော်ကြရပြီး ဘုရားသခင်က ငါတို့အပေါ် အပ်နှင်းထားသည့် ခရီးပန်းတိုင်ကို ရှုမြင်ကြရပြီးဖြစ်သည်။ ဤသို့ဖြစ်လင့်ကစား၊ ဝင့်ဝါခြင်းသည် ငါတို့၏ စိတ်နှလုံးများ အတွင်းတွင် ဒုက္ခပြဿနာ လှုံ့ဆော်ပေးနေဆဲဖြစ်ပြီး၊ ဤသို့သော လူတစ်ဦးကို ငါတို့၏ ဘုရားသခင်အဖြစ် တက်ကြွစွာ လက်ခံရန် လိုလားခြင်းမရှိသေးပေ။ သူသည် ငါတို့ကို ပျော်မွေ့ရန် အလွန့်အလွန်များလှသည့် မန္နမုန့် ပေးပြီးဖြစ်သော်လည်း၊ ဤအရာထဲမှ မည်သည့်အရာကမျှ ငါတို့၏ နှလုံးသားများရှိ သခင်၏နေရာကို မယူနိုင်ပေ။ ငါတို့သည် ဤလူ၏ ထူးခြားသော ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို အလွန် မလိုလားခြင်းဖြင့်သာ လက်ခံကြသည်။ သူ ဘုရားသခင်ဖြစ်သည်ကို ငါတို့အနေဖြင့် အသိအမှတ်ပြုပါရန် ငါတို့ကို တောင်းဆိုဖို့ သူ၏နှုတ်ကို မဖွင့်သရွေ့၊ သူသည် မကြာမီ ရောက်ရှိမည့် ဘုရားသခင်ဖြစ်သော်လည်း၊ ငါတို့သည် သူ့ကို ငါတို့အလယ်တွင် အချိန်ကြာမြင့်စွာကတည်းက အလုပ်လုပ်နေပြီး ဖြစ်သည့် ဘုရားသခင်အဖြစ် မိမိတို့သဘောနှင့်မိမိတို့ မည်သည့်အခါမျှ သဘောထားလိမ့်မည် မဟုတ်ပေ။
ဘုရားသခင်သည် သူ၏ စိတ်နှလုံးကို ဖွင့်ဟစဉ် တစ်ချိန်တည်းတွင် ငါတို့ အဘယ်အရာလုပ်သင့်သည်ဆိုသည်နှင့်ပတ်သက်၍ ငါတို့ကို ဆိုဆုံးမဖို့ နည်းလမ်းမျိုးစုံနှင့် ရှုထောင့်မျိုးစုံကို အသုံးပြုရင်း သူ၏ မိန့်မြွက်ချက်များကို ဆက်လက် မိန့်ကြားလေသည်။ သူ၏ နှုတ်ကပတ်တော်များသည် အသက် အစွမ်းတန်ခိုးကို သယ်ဆောင်သည်၊ ငါတို့ လျှောက်လှမ်းသင့်သည့် လမ်းခရီးကို ပြသပြီး၊ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို ငါတို့အား နားလည်နိုင်စေလေသည်။ သူ၏နှုတ်ကပတ်တော်များက ငါတို့ကို စတင်ဆွဲဆောင်လာသည်၊ သူ၏ စကားပြောသည့် လေသံနှင့် ပြောဟန်တို့ကို ငါတို့ စတင်အာရုံစိုက်ကြပြီး မသိစိတ်၏ စေ့ဆော်မှုအရ သာမညောင်ည ဖြစ်သော ဤလူ၏ အတွင်းကျကျ ခံစားချက်များ၌ စတင် စိတ်ဝင်စားကြသည်။ သူသည် ငါတို့ကိုယ်စား အပင်ပန်းခံကြိုးစားသည်၊ ငါတို့အတွက်ကြောင့် အအိပ်ပျက်ခံပြီး၊ အစားပျက်ခံသည်၊ ငါတို့အတွက် ငိုကြွေးသည်၊ သက်ပြင်းချသည်၊ ငါတို့အတွက် နာမကျန်းဖြစ်လျက် ညည်းညူသည်၊ ငါတို့၏ ခရီးပန်းတိုင်နှင့် ငါတို့၏ ကယ်တင်ခြင်းအတွက် အရှက်ကွဲခြင်းကိုခံသည်၊ ပြီးလျှင် ငါတို့၏ ထုံထိုင်းခြင်းနှင့် ပုန်ကန်ခြင်းက သူ၏နှလုံးသားမှ မျက်ရည်များနှင့် သွေးများကို ကျစေသည်။ ဤသို့သော ဖြစ်ခြင်းနှင့် ရှိခြင်းသည် မည်သည့် သာမန်လူနှင့်မျှ မသက်ဆိုင်သကဲ့သို့၊ ဖောက်ပြန်ပျက်စီးသော မည်သည့်လူသားတစ်ဦးကမျှ မပိုင်ဆိုင်နိုင်ပေ သို့မဟုတ် မရရှိနိုင်ပေ။ မည်သည့် သာမန်လူကမျှ မပိုင်ဆိုင်သည့် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို သူပြသပြီး သူ့မေတ္တာသည် ဖန်ဆင်းခံသတ္တဝါ တစ်ဦးတစ်ယောက်ကိုမျှ မအပ်နှင်းထားသည့် မေတ္တာဖြစ်သည်။ သူမှအပ မည်သူကမျှ ငါတို့၏ အတွေးအားလုံးကို မသိနိုင်၊ သို့မဟုတ် ငါတို့၏ သဘာဝနှင့် အနှစ်သာရတို့နှင့် သက်ဆိုင်သည့် ထိုသို့သော ရှင်းလင်းကာ ပြည့်စုံသည့် သဘောပေါက်မှု မရှိနိုင်ပေ၊ သို့မဟုတ် လူသားမျိုးနွယ်၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုကို တရားမစီရင်နိုင်ပေ၊ သို့မဟုတ် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ကိုယ်စား ငါတို့ကို စကားပြောပြီး ငါတို့၏အလယ်၌ ယခုကဲ့သို့ အလုပ်မလုပ်နိုင်ပါ။ သူမှအပ မည်သူကမျှ ဘုရားသခင်၏ ဩဇာအာဏာ၊ ဉာဏ်ပညာနှင့် ဂုဏ်သိက္ခာတို့ဖြင့် အပ်နှင်းခြင်းမခံရပေ။ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည် သူ့အထဲ၌ အလုံးစုံ ပေါ်ထွက်လာသည်။ သူမှအပ မည်သူကမျှ ငါတို့အား လမ်းခရီးကို မပြနိုင်သကဲ့သို့ အလင်းကို မဆောင်ကြည်းပေးနိုင်ပေ။ သူမှအပ မည်သူကမျှ ဖန်ဆင်းခြင်းမှ ယနေ့အထိ ဘုရားသခင်က ဖွင့်ပြခြင်း မရှိသော နက်နဲမှုများကို ငါတို့အား ထုတ်ဖော်မပြသနိုင်ပေ။ သူမှအပ မည်သူကမျှ ငါတို့ကို စာတန်၏ကျေးကျွန်ဘဝနှင့် ငါတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ မကယ်တင်နိုင်ပေ။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုသည်။ သူသည် ဘုရားသခင်၏ အတွင်းကျကျ နှလုံးသား၊ ဘုရားသခင်၏ တိုက်တွန်းမှုများနှင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ဖော်ပြလေသည်။ သူသည် ခေတ်သစ်တစ်ခေတ်၊ ကာလသစ်တစ်ခုကို အစပြုပြီးဖြစ်ကာ ကောင်းကင်သစ်နှင့် မြေကြီးသစ်၊ ပြီးလျှင် အမှုသစ်ကို ဖွင့်လှစ်ပြီဖြစ်သကဲ့သို့၊ မရေရာမှုတွင် ငါတို့ အသက်ရှင်နေထိုင်ခဲ့သည့် အသက်တာကို အဆုံးသတ်ပေးရင်းနှင့် ငါတို့၏ ဖြစ်တည်မှု တစ်ခုလုံးအား ကယ်တင်ခြင်းသို့ သွားရာလမ်းကြောင်းကို အပြည့်အဝ ရှင်းရှင်းလင်းလင်း မြင်နိုင်စေလျက်၊ ငါတို့ထံသို့ မျှော်လင့်ခြင်းကို ယူဆောင်ပြီးဖြစ်သည်။ သူသည် ငါတို့၏ ဖြစ်တည်မှုတစ်ခုလုံးကို သိမ်းပိုက်ပြီး ဖြစ်ကာ ငါတို့၏ နှလုံးသားများကို ရရှိပြီးဖြစ်သည်။ ထိုအခိုက်အတန့်မှစ၍၊ ငါတို့၏စိတ်များသည် သတိရှိလာပြီဖြစ်သကဲ့သို့၊ ငါတို့၏ စိတ်ဝိညာဉ်များသည် ပြန်လည်အသက်ဝင်လာသည်ဟု ထင်ရသည်။ ငါတို့အလယ်၌ အသက်ရှင်ပြီး၊ ငါတို့၏ ငြင်းပယ်ခြင်းကို အချိန်ကြာမြင့်စွာကတည်းက ခံခဲ့ရပြီးသူဖြစ်သည့် သာမန်ဖြစ်သည့် မထင်ရှားသော ဤလူသည်- နိုးနေသည်ဖြစ်စေ အိပ်မက်မက်နေသည်ဖြစ်စေ ငါတို့၏အတွေးများထဲ၌ အမြဲရှိပြီး၊ နေ့ရောညပါ ငါတို့တောင့်တနေသော သခင်ယေရှု ဖြစ်သည် မဟုတ်လော။ သူဖြစ်ပေသည်။ အကယ်စင်စစ် သူဖြစ်၏။ သူသည် ငါတို့၏ ဘုရားသခင်ဖြစ်သည်။ သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ သူသည် ငါတို့ကို တစ်ဖန် အသက်ရှင်နိုင်စေပြီး၊ အလင်းကို တွေ့မြင်နိုင်စေကာ ငါတို့၏ စိတ်နှလုံးများကို ပျံ့လွင့်ခြင်းမှ ရပ်တန့်စေပြီး ဖြစ်သည်။ ငါတို့သည် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လာကြပြီးဖြစ်သည်၊ ငါတို့သည် သူ၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီးဖြစ်သည်၊ ငါတို့သည် သူနှင့် မျက်နှာချင်းဆိုင် တွေ့ကြရပေပြီ၊ သူ၏မျက်နှာထားကို ငါတို့ မျက်မြင်တွေ့ပြီး ဖြစ်သကဲ့သို့၊ ရှေ့၌ရှိသောလမ်းကိုလည်း မြင်တွေ့ပြီးဖြစ်သည်။ ဤအချိန်တွင်၊ ငါတို့၏ စိတ်နှလုံးများသည် သူ၏ သိမ်းပိုက်ခြင်းကို လုံးဝ ခံရကြသည်။ သူမည်သူ ဖြစ်သည်ကို ငါတို့ သံသယမဝင်တော့ပေ၊ သူ့အမှုနှင့် သူ၏ နှုတ်ကပတ်တော်ကို ငါတို့မဆန့်ကျင်တော့သကဲ့သို့၊ သူ၏ရှေ့၌ ငါတို့သည် လဲကျပျပ်ဝပ်ကြ၏။ ငါတို့၏ ကျန်ရှိနေသော အသက်တာ၌ ဘုရားသခင်၏ ခြေရာများနောက်သို့ လိုက်ဖို့နှင့် သူ၏ စုံလင်စေခြင်းကို ခံရဖို့၊ ပြီးလျှင် သူ၏ကျေးဇူးတော်ကို ပြန်လည်ပေးဆပ်ဖို့နှင့် ငါတို့အတွက် သူ၏ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့၊ ပြီးလျှင် သူ၏ စီစဉ်ညွှန်ကြားမှုနှင့် စီစဉ်မှုများကို နာခံဖို့နှင့် သူ၏ အမှုနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန်၊ ပြီးလျှင် ငါတို့ကို သူပေးအပ်ထားသည့် အရာကို ပြည့်စုံစေရန် တတ်နိုင်သည့်အရာရာတိုင်းကို လုပ်ဆောင်ဖို့ထက် မည်သည့် အရာကိုမျှ ငါတို့ ဆန္ဒမရှိပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၇၄)
ဘုရားသခင်နှင့်လူသားကို တန်းတူပြောဆို၍မရပေ။ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏အမှုသည် လူတို့အဖို့ ဉာဏ်မမီနိုင်ဆုံးသော အရာနှင့် နားမလည်နိုင်ဆုံးသော အရာ ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် လူ့လောကတွင် သူ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်သကဲ့သို့၊ သူ၏နှုတ်ကပတ်တော်တို့ကို မပြောဆိုပါက၊ လူသားသည် ဘုရားသခင်၏အလိုကို မည်သည့်အခါတွင်မျှ နားလည်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ကို ၎င်းတို့၏ ဘဝတစ်ခုလုံး ဆက်ကပ်အပ်နှံကြပြီးဖြစ်သည့် သူတို့ပင်လျှင် ဘုရားသခင်၏ လက်ခံခြင်းကို ရရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ အကြံအစည်များသည် လူသား၏ စိတ်ကူးအကြံအစည်များထက် အမြဲမြင့်မားနေမည်ဖြစ်ကာ ဘုရားသခင်၏ ဉာဏ်ပညာသည် လူတို့၏ သဘောပေါက်နားလည်နိုင်စွမ်းကို ကျော်လွန်သောကြောင့်၊ လူသားသည် မည်မျှကောင်းစွာ လုပ်ဆောင်သည် ဖြစ်စေ၊ ဘုရားသခင်သည် အားကြိုးမာန်တက် အမှုမပြုပါက၊ အားလုံး အချည်းနှီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်နှင့် ဘုရားသခင်၏အမှုကို “အပြည့်အဝ သိသည်” ဟု အခိုင်အမာဆိုသူများမှာ အသုံးမကျသည့် လူတစ်သိုက်ဖြစ်သည်ဟု ငါဆိုပေသည်။ ၎င်းတို့အားလုံးသည် ထောင်လွှားကာ မသိနားမလည်သူများဖြစ်သည်။ လူသားသည် ဘုရားသခင်၏ အမှုကို မသတ်မှတ်သင့်ပေ။ ထို့အပြင် လူသားတို့သည် ဘုရားသခင်၏ အမှုကို မသတ်မှတ်နိုင်ပေ။ ဘုရားသခင်၏ အမြင်တွင် လူသားသည် ပုရွက်ဆိတ် တစ်ကောင်မျှပင် အရေးမပါပေ။ သို့ဖြစ်လျှင် လူသားသည် ဘုရားသခင်၏ အမှုကို မည်သို့ နားလည် သဘောပေါက်နိုင်မည်နည်း။ “ဘုရားသခင်က ဤသို့မလုပ်ပါ၊ ဒါမှမဟုတ် ထိုသို့မလုပ်ပါ။” သို့မဟုတ် “ဘုရားသခင်သည် ဤကဲ့သို့ သို့မဟုတ် ထိုကဲ့သို့ ဖြစ်သည်။” ဟု လေကြောရှည်ရန် နှစ်သက်သူများ- ၎င်းတို့သည် မာနထောင်လွှားစွာ စကားပြောနေကြသည် မဟုတ်လော။ ဇာတိပကတိနှင့် သက်ဆိုင်သော လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်ကို ငါတို့အားလုံး သိသင့်သည်။ လူသားမျိုးနွယ်၏ တကယ့် သဘာဝမှာ ဘုရားသခင်ကို ဆန့်ကျင်ရန် ဖြစ်သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်နှင့် တန်းတူ မဖြစ်နိုင်ပေ၊ လူသားမျိုးနွယ်သည် ဘုရားသခင်၏ အမှုကို အကြံပေးရန် မျှော်လင့်ဖို့ သာ၍ပင် မဖြစ်နိုင်ပေ။ လူသားကို ဘုရားသခင်က မည်သို့လမ်းပြသည် ဆိုသည့်အတွက်မူ၊ ဤသည်မှာ ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ် ဖြစ်ပေသည်။ လူသားသည် ဖုန်မှုန့်သာ ဖြစ်သည့်အတွက်၊ ဟိုဟိုသည်သည် အမြင် ဖွင့်ဟခြင်းမရှိဘဲ၊ ကျိုးနွံနာခံသင့်သည်မှာ သင့်တော်ပေသည်။ ဘုရားသခင်ကို ရှာဖွေရန်မှာ ငါတို့၏ ရည်ရွယ်ချက်ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ အမှုနှင့်ပတ်သက်၍ ငါတို့၏ အယူအဆများကို ဘုရားသခင်၏ ဆင်ခြင်သုံးသပ်မှုအတွက် ထပ်မဆင့်သင့်ပေ၊ ဘုရားသခင်၏အမှုကို တမင်တကာ အစွမ်းကုန် ဆန့်ကျင်ရန် ငါတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ငါတို့ အသုံးပြုဖို့ သာ၍ပင်မသင့်တော်ပေ။ ယင်းက ငါတို့ကို အန္တိခရစ်များ ဖြစ်စေမည် မဟုတ်လော။ ထိုသို့သောလူများသည် ဘုရားသခင်ကို မည်သို့ ယုံကြည်နိုင်မည်နည်း။ ဘုရားသခင်တစ်ပါးရှိသည်ဟု ငါတို့ယုံကြည်သည့် အတွက်၊ ပြီးလျှင် သူ၏အလိုကို ဖြည့်ဆည်းကာ သူ့ကို ငါတို့ တွေ့မြင်လိုသည့်အတွက်၊ သမ္မာတရား၏ လမ်းခရီးကို ငါတို့ ရှာဖွေသင့်ပြီး ဘုရားသခင်နှင့် သဟဇာတဖြစ်ဖို့ နည်းလမ်း တစ်ခုကို ရှာဖွေသင့်ပေသည်။ ငါတို့သည် ဘုရားသခင်ကို ခေါင်းမာသည့် ဆန့်ကျင်မှုဖြင့် မရပ်တည်သင့်ပေ။ ထိုသို့သော လုပ်ရပ်များမှ မည်သည့်ကောင်းကျိုး ရလဒ်ဖြစ်ပေါ်နိုင်မည်နည်း။
ယနေ့တွင် ဘုရားသခင်သည် အမှုသစ်လုပ်ဆောင်ပြီးပြီ ဖြစ်သည်။ ဤစကားများကို သင်လက်ခံကောင်း လက်ခံနိုင်မည် မဟုတ်သကဲ့သို့၊ သင့်အဖို့ ထူးဆန်းပုံပေါ်နိုင်သော်လည်း၊ ဘုရားသခင်၏ ရှေ့တွင် ဖြောင့်မတ်ခြင်းတရားအတွက် အမှန်တကယ် ဆာငတ်သောသူတို့သာ သမ္မာတရားကို ရရှိနိုင်ပြီး၊ အမှန်တကယ် ဘာသာတရား အလွန်ရိုသေ ကိုင်းရှိုင်းသော သူတို့သည်သာ သူ၏ ဉာဏ်ပွင့်လင်းစေခြင်းနှင့် လမ်းပြမှုကို ခံရနိုင်သည့်အတွက်၊ သင်၏ သဘာဝကျခြင်းကို မဖော်ထုတ်ရန် ငါအကြံပြုသည်။ အကျိုးရလဒ်များကို စကားများခြင်းနှင့် ယှဉ်ပြိုင်မှုဖြင့် မဟုတ်ဘဲ၊ တည်ကြည်သော ဆိတ်ငြိမ်မှုအားဖြင့် သမ္မာတရားကို ရှာဖွေခြင်းမှ ရရှိနိုင်ပေသည်။ “ယနေ့ ဘုရားသခင်သည် အမှုသစ် လုပ်ဆောင်ပြီးပြီ ဖြစ်သည်။” ဟု ငါပြောသောအခါ၊ ဘုရားသခင် လူ့ဇာတိအဖြစ်သို့ ပြန်လည် ကြွလာခြင်းကို ငါ ရည်ညွှန်းနေခြင်းဖြစ်သည်။ ဤစကားများက သင့်ကို စိတ်အနှောင့်အယှက် ပေးကောင်းပေးမည် မဟုတ်။ သင်သည် ယင်းတို့ကို စက်ဆုပ်ကောင်း စက်ဆုပ်မည်၊ သို့မဟုတ် ယင်းတို့သည် သင့်ဖို့ အလွန်စိတ်ဝင်စားဖွယ် ဖြစ်ကောင်း ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင် ပေါ်ထွန်းသည်ကို အမှန်တကယ် တမ်းတသူတို့အားလုံးသည် ယင်းနှင့် ပတ်သက်၍ ချက်ချင်းရမ်းသန်း ကောက်ချက်ချသည်ထက်၊ ဤအမှန်တရားကို ရင်ဆိုင်နိုင်ပြီး သေသေချာချာ စေ့စေ့စပ်စပ် စစ်ဆေးနိုင်မည်ဟု ငါ မျှော်လင့်သည်။ ယင်းမှာ အမြော်အမြင်ရှိသည့် လူတစ်ဦး လုပ်ဆောင် သင့်သည့်အရာတစ်ခု ဖြစ်သည်။
ထိုသို့သောအရာကို စုံစမ်းရန် မခက်ခဲသော်လည်း၊ ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကိုသိရန် လိုအပ်ပေသည်- လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။ အပြင်ပန်း သွင်ပြင်သည် အနှစ်သာရကို အဆုံးအဖြတ်မပေးနိုင်ပေ။ ထို့ပြင်၊ ဘုရားသခင်၏အမှုသည် လူသား၏ အယူအဆများနှင့် မည်သည့်အခါတွင်မျှ ကိုက်ညီနိုင်မည် မဟုတ်ပေ။ ယေရှု၏ အပြင်ပန်းပုံသဏ္ဌာန်သည် လူ၏ အယူအဆများနှင့် ဆန့်ကျင်ခဲ့သည် မဟုတ်ပါလား။ ယေရှု၏ မျက်နှာနှင့် အဝတ်အစားက သူ၏ စစ်မှန်သော ပင်ကိုလက္ခဏာနှင့် ပတ်သက်သည့် မည်သည့် သဲလွန်စမျှ မပေးနိုင်သည် မဟုတ်လော။ အစောပိုင်း ဖာရိရှဲများသည် အတိအကျအားဖြင့် သူ၏ အပြင်ပန်းသွင်ပြင်ကိုသာ ကြည့်ရုံမျှခဲ့ကြပြီး သူ၏ နှုတ်မှ နှုတ်ကပတ်တော်များကို နှလုံးမသွင်းခဲ့ကြသောအချက် အတိအကျကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြသည် မဟုတ်လော။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေကြသော ညီအစ်ကို မောင်နှမ အယောက်စီတိုင်းသည် သမိုင်း၏ အဖြစ်ဆိုးကို ထပ်ခါထပ်ခါ ဖြစ်စေမည်မဟုတ်သည်မှာ ငါ၏ မျှော်လင့်ချက် ဖြစ်သည်။ သင်တို့သည် ခေတ်သစ် ဖာရိရှဲများ ဖြစ်လာ၍ မဖြစ်သကဲ့သို့၊ ဘုရားသခင်ကို ကားတိုင်တွင် တစ်ဖန် သံမှိုရိုက်၍လည်း မဖြစ်ပေ။ သင်တို့သည် ဘုရားသခင်၏ ပြန်ကြွလာခြင်းကို မည်သို့ကြိုဆိုရမည်ကို သေသေချာချာ စဉ်းစားထားသင့်ပြီး သမ္မာတရားကို ကျိုးနွံနာခံသူတစ်ဦး မည်သို့ဖြစ်ရမည် ဆိုသည်နှင့် စပ်လျဉ်း၍ ရှင်းလင်းသော စိတ်ရှိရမည်။ ဤသည်မှာ ယေရှုက မိုးတိမ်စီးရင်း ပြန်ကြွလာသည်ကို စောင့်ဆိုင်းသူတိုင်း၏ တာဝန် ဖြစ်သည်။ ငါတို့သည် ငါတို့၏ဝိညာဉ်မျက်စိများကို ကြည်လင်သွားစေဖို့ ပွတ်သပ်ကြည့်သင့်ပြီး လွန်ကဲသည့် စိတ်ကူးယဉ် စကားလုံးများတွင် နွံနစ်မသွားသင့်ပေ။ ငါတို့သည် ဘုရားသခင်၏ လက်တွေ့ကျသည့် အမှုအကြောင်းကို စဉ်းစားသင့်ပြီး ဘုရားသခင်၏ လက်တွေ့ကျသည့် ရှုထောင့်ကို ကြည့်သင့်သည်။ သခင်ယေရှုက မိုးတိမ်စီးရင်း၊ သင်တို့အလယ် ရုတ်တရက် ကြွဆင်းကာ သူ့ကို မည်သည့်အခါတွင်မျှ မသိဖူး သို့မဟုတ် မမြင်ဖူးသကဲ့သို့၊ သူ၏ အလိုကို မည်သို့ ဖြည့်ဆည်းရမည်ကို မသိသည့် သင်တို့ကို ခေါ်ဆောင်မည့် နေ့ရက်ကို အမြဲ တောင့်တရင်း၊ စိတ်ကူးယဉ်အိပ်မက်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားမနေနှင့် သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နစ်မြုပ်မနေလေနှင့်။ သာ၍လက်တွေ့ကျသော ကိစ္စများနှင့်ပတ်သက်၍ စဉ်းစားရန် သာ၍ ကောင်းပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၇၅)
ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက်၏ သမ္မာတရားကို မရှာခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမကို အချည်းနှီး ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤအမြင်များသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့ကို နောက်ထပ် ငါ မေးမည်- ယေရှုနှင့်သက်ဆိုင်သည့် သိနားလည်မှု အနည်းငယ်မျှ မရှိသည်ကို ထောက်ဆလျှင်၊ အစောဆုံးကျသည့် ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန့်အလွန် လွယ်ကူသည် မဟုတ်လော။ သင်သည် သမ္မာတရား၏ လမ်းခရီးကို ထိုးထွင်းသိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်နိုင်ပါသလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက၊ သင်သည် သေခြင်း၏ချောက်ကမ်းစွန်းတွင် အသက်ရှင်နေနှင့်ပြီးဖြစ်သည်ဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူအားလုံးသည် ယေရှုကိုဆန့်ကျင်နိုင်စွမ်းရှိကြသည်၊ ယေရှုကိုငြင်းပယ်နိုင်စွမ်းရှိကြသည်၊ သူ့ကို အသရေဖျက်နိုင်စွမ်းရှိကြလေသည်။ ယေရှုကို နားမလည်သောလူ အားလုံးသည် သူ့ကို ငြင်းပယ်နိုင်စွမ်းရှိကြပြီး သူ့ကို ဝေဖန်ပုတ်ခတ်နိုင်စွမ်း ရှိသည်။ ထို့အပြင်၊ ၎င်းတို့သည် ယေရှု၏ ပြန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုအဖြစ် မြင်နိုင်စွမ်းရှိကြပြီး ယေရှု လူ့ဇာတိ ပြန်လည်ခံယူသည်ကို သာ၍ များသော လူတို့က ရှုတ်ချကြလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို စိုးရွံ့စေသည် မဟုတ်လော။ သင် ရင်ဆိုင်သည့်အရာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်များထံ မြွက်ဆိုသော နှုတ်ကပတ်တော်များအား ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှု ဖော်ပြခဲ့သည့် အရာအားလုံးကို ပစ်ပယ်ခြင်းတို့ ဖြစ်လိမ့်မည်။ သင်တို့သည် အလွန် စိတ်ရှုပ်ထွေးပါက၊ ယေရှုထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သင်တို့၏အမှားများကို နားလည်ဖို့ ခေါင်းမာစွာ ငြင်းဆိုပါက၊ ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူ့ဇာတိ ပြန်လည်ခံယူချိန်တွင် သူ၏ အမှုကို သင်တို့ မည်ကဲ့သို့ နားလည်နိုင်ကြမည်နည်း။ ဤအရာကို သင်တို့အား ငါ ပြော၏- သမ္မာတရားကို လက်မခံသော်လည်း၊ ယေရှု ဖြူသောမိုးတိမ်စီးကာ ကြွရောက်ခြင်းကို ကြောင်းကျိုးမမြင်ဘဲ စောင့်ဆိုင်းသည့် လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဧကန်မုချ ပြစ်မှားစော်ကားမိမည်ဖြစ်ပြီး၊ ၎င်းတို့သည် ဖျက်ဆီးခံရမည့် အမျိုးအစားဖြစ်ပေသည်။ သင်တို့သည် ယေရှု၏ကျေးဇူးတော်ကိုမျှ အလိုရှိပြီး၊ ကောင်းကင်ဘုံ၏ အတိသုခပြည့်စုံသော နယ်ပယ်ကိုမျှ လိုချင်သော်လည်း၊ ယေရှုပြောခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် မည်သည့်အခါတွင်မျှ မနာခံဖူးသကဲ့သို့၊ သူ ပြန်လည် လူ့ဇာတိခံယူချိန်တွင် ယေရှု ဖော်ပြသည့် သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိဖူးခြင်း မရှိပေ။ ယေရှု ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာခြင်း အချက်အတွက် အလဲအလှယ်အဖြစ် သင်တို့ မည်သည့်အရာကို စံပြုကြမည်နည်း။ အပြစ်များကို သင်တို့ ထပ်တလဲလဲ ကျူးလွန်ပြီးနောက် သင်တို့၏ ဝန်ချမှုကို ပြောဆိုသည့် ရိုးသားစစ်မှန်မှုကိုလော။ ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာသည့် ယေရှုကို သင်တို့ မည်သည့်အရာ ဆက်ကပ် ပူဇော်ကြလိမ့်မည်နည်း။ သင်တို့ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သည့် နှစ်ပေါင်းများစွာကြာသော အလုပ်ကိုလော။ ပြန်ကြွလာသည့် ယေရှုက သင်တို့ကို ယုံကြည်စိတ်ချစေရန် မည်သည့်အရာကို သင်တို့ စံပြုကြလိမ့်မည်နည်း။ မည်သည့်သမ္မာတရားကိုမျှ နာခံခြင်းမရှိသည့် သင်တို့၏ မာနထောင်လွှားသော သဘာဝကိုလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်” မှ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၇၆)
သင်တို့၏ သစ္စာစောင့်သိမှုသည် စကားဖြင့်သာ ဖြစ်၏၊ သင်တို့၏အသိသည် ဉာဏ်နှင့်သာဆိုင်ပြီး အယူအဆနှင့်သာဆိုင်၏၊ သင်တို့၏ အားထုတ်မှုများသည် ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာများ ရရှိခြင်းအတွက်ဖြစ်သည်၊ ထို့ကြောင့် သင်တို့၏ယုံကြည်ခြင်းသည် မည်သည့်အရာကဲ့သို့ ဖြစ်ရမည်နည်း။ ယနေ့တွင်ပင်၊ သင်တို့သည် သမ္မာတရား၏ စကားတစ်လုံး စီတိုင်းကို နားမထောင်ကြပေ။ ဘုရားသခင်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ခရစ်တော်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ယေဟောဝါကို မည်သို့ကြည်ညိုရမည်ကို သင်တို့မသိ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ထဲသို့ မည်သို့ဝင်ရောက် ရမည်ကို သင်တို့မသိကြသကဲ့သို့၊ ဘုရားသခင်ကိုယ်တိုင်၏ အမှုနှင့် လူသား၏လှည့်ဖြားမှုများကြား မည်သို့ခွဲခြားရမည်ကို သင်တို့ မသိကြချေ။ သင်၏ အတွေးနှင့် မကိုက်ညီသော ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ နှုတ်ကပတ်တော်တစ်ခုတစ်လေကို ရှုတ်ချရန်သာ သင်သိသည်။ သင်၏ နှိမ့်ချမှုသည် အဘယ်မှာနည်း။ သင်၏ နာခံမှုသည် အဘယ်မှာနည်း။ သင်၏သစ္စာစောင့်သိမှုသည် အဘယ်မှာနည်း။ သင်၏ သမ္မာတရားရှာဖွေလိုစိတ်သည် အဘယ်မှာနည်း။ ဘုရားသခင်အတွက် သင်၏ကြည်ညိုမှုသည် အဘယ်မှာနည်း။ နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို ရရှိနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးခြင်း ခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ပေသည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ “ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်” ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော အသက်လမ်းခရီးကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။ ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်းကို သတိဖြင့်လျှောက်ရန် သင်တို့ကို ငါအကြံပြု၏။ မြန်မြန်ဆန်ဆန် ကောက်ချက်များမချလိုက်နှင့်။ ထို့အပြင် ဘုရားသခင်၌ သင်တို့၏ ယုံကြည်မှုတွင် သာမန်ကာလျှံကာဖြစ်ကာ စာနာ ထောက်ထားမှု မကင်းမဲ့စေနှင့်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် စိတ်နှိမ့်ချပြီး ရိုသေလေးမြတ်မှု ရှိရမည်ဖြစ်သည်ကို သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ နှာခေါင်းရှုံ့သောသူတို့သည် မိုက်မဲပြီး၊ အသိဉာဏ် ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ သတိမမူဘဲ အမြန် ကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများသည် မာနထောင်လွှားမှုဖြင့် ဒုက္ခရောက်ကြရလေသည်။ ယေရှုကို ယုံကြည်သူ မည်သူမျှသည် အခြားသူများအား ကျိန်ဆဲရန် သို့မဟုတ် ရှုတ်ချရန် မသင့်တော်ပေ။ သင်တို့အားလုံးသည် အသိစိတ်ရှိပြီး သမ္မာတရားကို လက်ခံသူ တစ်စုံတစ်ဦး ဖြစ်သင့်ပေသည်။ သမ္မာတရားလမ်း အကြောင်းကို ကြားခြင်းနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းဖြင့်၊ ဤစကားလုံး ၁၀,၀၀၀ အနက် စကားတစ်လုံးသာလျှင် သင်၏လက်ခံယုံကြည်ချက်များ၊ သမ္မာကျမ်းစာတို့နှင့် ကိုက်ညီသည်ဟု သင် ယုံကြည်ကောင်းယုံကြည်မည်ဖြစ်ပြီး၊ သို့ဆိုပါက ဤစကားလုံးများထဲမှ ၁၀,၀၀၀ မြောက်သောစကားလုံးကို သင် ဆက်လက်ရှာဖွေသင့်ပေသည်။ သင့်ကို နှိမ့်ချမှုရှိရန်၊ မိမိကိုယ်ကိုယုံကြည်စိတ် မလွန်ကဲရန်နှင့် မိမိကိုယ်ကို လွန်ကဲစွာ မချီးမြှောက်ရန် ငါ အကြံပြုသေး၏။ သင်၏နှလုံးသားက ဘုရားသခင်အတွက် အင်မတန် နည်းပါးသော ရိုသေလေးမြတ်မှု ရှိခြင်းဖြင့်၊ သင်သည် သာ၍ကြီးမားသော အလင်းကိုရလိမ့်မည်။ သင်သည် ဤနှုတ်ကပတ်တော်များကို သေချာစွာစစ်ဆေးပြီး ထပ်သလဲလဲ တွေးဆပါက၊ ၎င်းတို့ သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ၎င်းတို့ အသက်ဟုတ်မဟုတ်ဆိုသည်တို့ကို သင်နားလည်လိမ့်မည်။ ဝါကျအနည်းငယ်ကိုသာ ဖတ်လျက်၊ လူအချို့က “ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းအချို့ထက် ဘာမျှမပိုပါ။” သို့မဟုတ် “ဤသည်မှာ လူတို့အားလှည့်ဖြားရန် လာသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူဖြစ်၏။” ဟု ဆိုရင်း၊ ဤနှုတ်ကပတ်တော်များကို ကြောင်းကျိုးမမြင်ဘဲ ရှုတ်ချကောင်းရှုတ်ချကြပေမည်။ ထိုသို့သောအရာများကို ပြောသူတို့သည် မသိနားမလည်မှုဖြင့် မျက်စိကန်းကြပေသည်။ သင်သည် ဘုရားသခင်၏အမှုနှင့် ဉာဏ်ပညာကို အလွန်နည်းပါးစွာ နားလည်ပြီး၊ အစမှပြန်စရန် သင့်ကို ငါ အကြံပြု၏။ နောက်ဆုံးကာလထဲက ခရစ်တော်၏အယောင်ကို ဆောင်သောသူများ ပေါ်ထွက်ခြင်းကြောင့် သင်တို့သည် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များကို ကျိုးကြောင်းမမြင်ဘဲ မရှုတ်ချရ၊ ပြီးလျှင် သင်တို့သည် လှည့်ဖြားမှုကို ကြောက်ရွံ့သောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသော သူတစ်ဦး မဖြစ်ရ။ ယင်းသည် လွန်စွာ သနားဖွယ်ကောင်းမည် မဟုတ်လော။ များစွာစစ်ဆေးပြီးသည့်နောက် ဤနှုတ်ကပတ်တော်များသည် သမ္မာတရားမဟုတ်၊ လမ်းခရီးမဟုတ်သကဲ့သို့ ဘုရားသခင်၏ ဖော်ပြချက်မဟုတ်ဟု သင်ယုံကြည်ဆဲ ဖြစ်ပါက၊ သင်သည် နောက်ဆုံးတွင် အပြစ်ပေးခံရလိမ့်မည်ဖြစ်ပြီး၊ ကောင်းချီးမင်္ဂလာများ မရှိဘဲ ဖြစ်လိမ့်မည်။ ထိုသို့ အလွန် သိသိသာသာနှင့် ရှင်းလင်းစွာ ပြောဆိုထားသည့် သမ္မာတရားကို သင်လက်မခံနိုင်ပါက၊ သင်သည် ဘုရားသခင်၏ကယ်တင်ခြင်းနှင့် မသင့်တော်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ပလ္လင်တော်ရှေ့ ပြန်လာရလောက်အောင် ကောင်းချီးမခံစားရသော သူတစ်ဦး ဖြစ်သည် မဟုတ်လော။ ယင်းနှင့် ပတ်သက်၍ စဉ်းစားကြည့်လော့။ အလျင်မလိုနှင့်၊ စိတ်မြန်လက်မြန် မဖြစ်နှင့်၊ ပြီးလျှင် ဘုရားသခင်၌ ယုံကြည်မှုကို ကစားပွဲတစ်ခုအဖြစ် သဘောမထားနှင့်။ သင်၏ခရီးဆုံးပန်းတိုင်အတွက်၊ သင်၏ အလားအလာများ အတွက်၊ သင်၏အသက်တာအတွက် စဉ်းစားလော့၊ ပြီးလျှင် မိမိကိုယ်ကိုယ် မလှည့်စားနှင့်။ ဤနှုတ်ကပတ်တော်များကို သင်လက်ခံနိုင်ပါသလော။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်” မှ