အခန်း (၈၂)
ငါ၏နှုတ်ကပတ်တော်များကို ကြားသောအခါတွင် အားလုံးသည် ကြောက်ရွံ့ကြပြီး လူတစ်ယောက်ချင်းစီတိုင်းတွင် စိုးရိမ်ပူပန်ခြင်းဖြင့် ပြည့်၏။ အဘယ်အရာကို သင်ကြောက်ရွံ့သနည်း။ ငါသည် သင်တို့ကို ကွပ်မျက်လိမ့်မည်မဟုတ်။ သင်တို့ လိပ်ပြာမသန့်ခြင်းသာဖြစ်၏။ ငါ့နောက်ကွယ်တွင် သင်တို့ပြုသောအရာသည် လွန်စွာတာဝန်မဲ့ပြီး လွန်စွာ အသုံးမကျဖြစ်၏။ ဤအရာက သင့်ကို ငါအလွန်အမင်း မုန်းတီးစေသောကြောင့် ငါသည် ငါခွဲခန့်မှတ်သားထားခြင်းနှင့် ရွေးချယ်ခဲ့ခြင်း မရှိခဲ့သူတိုင်းကို အပိုင်းပိုင်းအစစ ကျိုးပဲ့စေခြင်းငှာ အနက်ဆုံးသောတွင်းထဲသို့ ပစ်ချရန် ငါသည် ပြင်းပြစွာ ဆန္ဒရှိသည်။ မည်သို့ပင်ဖြစ်စေ ငါ့တွင် ငါ့အစီအစဥ်ရှိ၏၊ ငါ့တွင် ငါ့ရည်မှန်းချက်ပန်းတိုင်များ ရှိ၏။ ငါသည် သင်၏ သေးနုပ်သော အသက်တာကို မျက်မှောက်အချိန်တွင် ချမ်းသာပေးကာ ငါ့ထံ သင်၏အစေခံခြင်း မပြီးဆုံးမချင်း သင့်ကို ကန်ထုတ်မည်မဟုတ်။ ထိုကဲ့သို့သော သတ္တဝါများကို ငါမမြင်လို၊ သူတို့သည် ငါ၏နာမအဖို့ အရှက်ရစရာတစ်ခု ဖြစ်သည်။ ၎င်းကို သင်သိသလော။ သင်နားလည်သလော။ သုံးမရသော ဆိုးယုတ်သူတို့။ ဤအရာကို နားလည်လော့။ သင်အသုံးပြုခံရသည့်အခါ ထိုသို့ပြုသူမှာ ငါဖြစ်ပြီး သင်အသုံးပြုမခံရပါက ထိုအရာသည်လည်း ငါ့ကြောင့်ပင်ဖြစ်သည်။ အရာခပ်သိမ်းသည် ငါ၏ စီစဉ်ညွှန်ကြားခြင်း ခံရပြီး ငါ၏လက်များထဲတွင် အရာခပ်သိမ်းသည် နာခံ၍ စနစ်တကျဖြစ်လျက်ရှိသည်။ မဆင်မခြင် လှုပ်ရှားဝံ့သူ မည်သူမဆို ငါ၏လက်များဖြင့် ချက်ချင်း ရိုက်ချခံရလိမ့်မည်။ “ရိုက်ချခြင်း” ကို မကြာခဏ ငါပြောသည်၊ ထိုအရာကို အမှန်တကယ်ပင် ငါ၏ကိုယ်ပိုင်လက်ဖြင့် ပြုလုပ်သည်ဟု သင်ထင်သလော။ ငါလုပ်စရာမလို။ ငါ၏ လုပ်ဆောင်ချက်များသည် လူသားတို့ စိတ်ကူးထင်မြင်သကဲ့သို့ မိုက်မဲခြင်းမရှိ။ အရာခပ်သိမ်းသည် ငါ၏ နှုတ်ကပတ်တော်များအားဖြင့် မြဲမြံပြီး အထမြောက်သည်ဟု ဆိုသောအခါ မည်သည့်အရာကို ဆိုလိုသနည်း။ ငါ၏ လက်ချောင်းတစ်ချောင်းကိုပင် မြှောက်ရန်မလိုဘဲ အရာခပ်သိမ်း အထမြောက်၏။ ငါ၏ နှုတ်ကပတ်တော်များ၏ အဓိပ္ပာယ် အစစ်အမှန်ကို သင်နားလည်သလော။
ငါသည် ငါ့အတွက် အစေခံသူ မည်သူတစ်ဦးတစ်ယောက်ထံကိုမှ ကယ်တင်ခြင်းကို ယူဆောင်လာမည်မဟုတ်။ ငါ၏နိုင်ငံတော်တွင် သူတို့ပါဝင်မှုမရှိ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ထိုလူတို့သည် ငါ၏အလိုတော်ကို လိုက်လျှောက်ရန်ထက် သူတို့ကိုယ်သူတို့ ပြင်ပအကြောင်းအရာများနှင့်သာ အလုပ်များနေသောကြောင့်ဖြစ်သည်။ ငါသည် သူတို့ကို ယခု အသုံးချနေသော်လည်း အမှန်တကယ်၌ သူတို့သည် ငါအမုန်းဆုံးသောသူများ၊ ငါအရွံရှာဆုံးသောသူများ ဖြစ်ကြသည်။ ယနေ့တွင် ငါ၏အလိုတော်ကို လိုက်လျှောက်နိုင်သော မည်သူ့ကိုမဆို၊ ငါ၏ဝန်ထုပ်ဝန်ပိုးများကို အရေးထားသော မည်သူ့ကိုမဆိုနှင့် စစ်မှန်သော နှလုံးသားတစ်ခု၊ ရိုးသားမှုဖြင့် မိမိတို့၏အရာအားလုံးကို ငါ့အတွက် ပေးနိုင်သည့် မည်သူ့ကိုမဆို ငါချစ်၏။ ငါသည် ထိုသူတို့ကို အဆက်မပြတ် အသိဉာဏ်ပွင့်လင်းစေလိမ့်မည်ဖြစ်ပြီး ငါ့ထံမှ တစ်စတစ်စ လက်လွတ်ဆုံးရှုံးစေလိမ့်မည် မဟုတ်ပေ။ “ငါ့အတွက် ရိုးသားစွာ အသုံးခံသော သူတို့အဖို့ ငါသည် သင်တို့ကို ဧကန်အမှန်ပင် ကြီးကျယ်စွာ ကောင်းချီးပေးအံ့” ဟု မကြာခဏ ငါပြောသည်။ “ကောင်းချီးပေးသည်” ဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ သင်သိသလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိအလုပ်နှင့် စပ်လျဉ်း၍ ၎င်းသည် သင့်ထံ ငါပေးသော ဝန်ထုပ်ဝန်ပိုးများကို ရည်ညွှန်းသည်။ အသင်းတော်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုကို သယ်ဆောင်နိုင်သူအားလုံးနှင့် ငါ့အတွက် သူတို့ကိုယ်သူတို့ ရိုးသားစွာ ဆက်ကပ်သူအားလုံးအတွက် သူတို့၏ ဝန်ထုပ်ဝန်ပိုးများနှင့် သူတို့၏ အလွန်စိတ်ထက်သန်မှုတို့သည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများ ဖြစ်ကြသည်။ ထပ်လောင်းအနေဖြင့် သူတို့ထံ ငါ၏ထုတ်ဖော်ခြင်းများသည်လည်း ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်၏။ ဤသို့ဖြစ်ရခြင်းမှာ လက်ရှိ၌ ဝန်ထုပ်ဝန်ပိုးတစ်ခု မရှိသောသူများသည် ငါ၏ ခွဲခန့်မှတ်သားခြင်းနှင့် ရွေးချယ်ခြင်းကို မခံရသူများ ဖြစ်ကြသောကြောင့်ပင်။ ငါ၏ကျိန်ဆိုခြင်းများသည် သူတို့အပေါ်၌ ကျရောက်ခဲ့ပြီးဖြစ်သည်။ တစ်နည်းဆိုရလျှင် ငါခွဲခန့်မှတ်သားပြီး ရွေးချယ်ထားသူများသည် ငါပြောဆိုခဲ့သည့် အပြုသဘောဆောင်သော ရှုထောင့်များတွင် ပါဝင်မှု ရှိကြလင့်ကစား ငါ၏ခွဲခန့်မှတ်သားခြင်းနှင့် ရွေးချယ်ခြင်းမခံရသူတို့မှာမူ ငါ၏ မိန့်မြွက်ချက်များ၏ အပျက်သဘောဆောင်သည့် ရှုထောင့်များတွင်သာ မျှဝေနိုင်ကြသည်။ ငါ၏နှုတ်ကပတ်တော်တို့ကို များများပြောလေ ၎င်းတို့၏ အနက်အဓိပ္ပါယ်မှာ ပို၍ရှင်းလင်းလာလေဖြစ်သည်။ ၎င်းတို့ကို ငါများများပြောလေ ၎င်းတို့ ပိုမိုသိသာလာလေ ဖြစ်သည်။ ငါ၏ခွဲခန့်မှတ်သားခြင်းမခံရသော၊ ကလိမ်ကကျစ်ကျသော၊ လှည့်စားသော သူတစ်ဦးချင်းစီသည် လောကကို မဖန်ဆင်းမီကပင် ငါ၏ ကျိန်ဆိုခြင်းခံခဲ့ကြရသည်။ သင်တို့ မွေးဖွားသော နှစ်၊ လ၊ ရက်နှင့် နာရီ၊ မိနစ်၊ စက္ကန့်တို့ အားလုံးတို့သည်ပင်လျှင် ငါ၏ သင့်လျော်စွာ စီစဥ်ထားခြင်းခံရသည်ဟု အဘယ့်ကြောင့် ဆိုကြသနည်း။ သားဦးများအရာကို မည်သူတို့ ရရှိမည်ဆိုသည်ကို ငါသည် ရှေးမဆွက ခွဲခန့်မှတ်သားထားပြီး ဖြစ်သည်။ သူတို့သည် ငါ၏မျက်စိများထဲတွင် ရှိကာ အဖိုးတန်သည်ဟု ကြာမြင့်စွာကပင် ငါ၏မှတ်ယူထားခြင်းခံရပြီး ငါ၏နှလုံးသားထဲတွင် ကြာမြင့်စွာကပင် နေရာတစ်ခု ရှိနေပြီး ဖြစ်သည်။ ငါပြောသော နှုတ်ကပတ်တော် တစ်လုံးချင်းစီတိုင်း၌ သြဇာသက်ရောက်မှုရှိပြီး ငါ၏ စိတ်ကူးစိတ်သန်းများ ပါရှိသည်။ လူသားသည် အဘယ်အရာနည်း။ သားဦးများအရာတွင် ရှိသော ငါချစ်သောသူ အနည်းငယ်မှလွဲ၍ မည်မျှနည်းသောသူများသည် ငါ၏ရည်ရွယ်ချက်များကို အလေးထားကြသနည်း။ ငါ့သားတို့၏တန်ဖိုးမှာ အဘယ်နည်း။ ငါ့လူတို့၏တန်ဖိုးမှာ အဘယ်နည်း။ အတိတ်ကာလတွင် “ငါ၏သားများ” ဟူသည့် စကားရပ်သည် ငါ၏သားဦးများအတွက် အမည်နာမတစ်ခုဖြစ်သည်။ သို့ရာတွင် အရှက်မရှိသော ငါ၏သားများနှင့် ငါ၏လူများကမူ ထိုအရာသည် သူတို့ကိုယ်တိုင်အတွက် ချီးမြှောက်သော ဂုဏ်ပုဒ်တစ်ခုဖြစ်သည်ဟု တွေးထင်ခဲ့ကြသည်။ ရှက်ရွံ့ခြင်းကင်းမဲ့စွာဖြင့် ငါ၏သားဦးများ၏ အခန်းကဏ္ဍကို သရုပ်မဆောင်နှင့်။ ဤဂုဏ်ပုဒ်နှင့် သင်ထိုက်တန်သလော။ ယနေ့တွင် စိစစ်အတည်ပြုခြင်း ခံရပြီးသော သူတို့သည်သာလျှင် ငါ၏မျက်မှောက်တော်တွင် အရေးပါသော ရာထူးဂုဏ်သိန်များ၌ နေရာချထားခံရသည်။ ထိုသူတို့သည် သားဦးများ အရိုက်အရာကို ရရှိခဲ့ပြီးဖြစ်သည်။ သူတို့သည် ငါ၏ပလ္လင်၊ ငါ၏သရဖူ၊ ငါ၏ဂုဏ်ကျက်သရေနှင့် ငါ၏နိုင်ငံတော်တို့တွင် ဝေစုတစ်ခု ရှိပြီးဖြစ်ကြသည်။ အရာရာအားလုံးသည် ငါ၏စေ့စပ်တိကျစွာ အသေးစိတ် ပြင်ဆင်ထားခြင်းကို ခံကြရသည်။ ယနေ့တွင် သားဦးများ အရိုက်အရာကို ရရှိသူအားလုံးသည် ကြီးစွာသော နာကျင်မှု၊ ဖိစီးနှိပ်စက်မှုနှင့် သူတို့၏ မိသားစုများအတွင်း မွေးကတည်းက တွေ့ကြုံခဲ့ရသောအရာများ၊ သူတို့၏ ကိုယ်ပိုင် တက်လမ်းများ၊ အလုပ်၊ အိမ်ထောင်ရေး အပါအဝင် အခက်အခဲဒုက္ခများကို ခံခဲ့ကြရပြီးဖြစ်သည်။ ထိုသားဦးများသည် ဤအရိုက်အရာကို မည်သည့်အဖိုးအခမျှမပေးဘဲ ရရှိခဲ့ခြင်းမဟုတ်။ ယင်းအစား သူတို့အားလုံးသည် ကောင်းခြင်းနှင့် ဆိုးခြင်း၊ အတက်နှင့်အကျစသည့် အသက်တာ၏ လက္ခဏာသွင်ပြင်များအားလုံးကို ကြုံခဲ့ကြရပြီးသားဖြစ်သည်။ လောကလူတို့၏ ယခင်က မြင့်မားစွာ အထင်ကြီးလေးစားခြင်းခံရသော သူတို့နှင့် အိမ်တွင် သက်တောင့်သက်သာ နေထိုင်သူတို့သည် သားဦးများနှင့် မသက်ဆိုင်ပေ။ သူတို့သည် သားဦးများဖြစ်ရန် မထိုက်တန်ကြ၊ သူတို့သည် ငါ၏နာမကို အရှက်ရစေ၍ ငါသည်သူတို့ကို လုံးဝ အလိုမရှိပေ။ ငါရွေးချယ်ခဲ့သော ငါ၏သားများနှင့် လူပုဂ္ဂိုလ်များသည်လည်း လောက၌ ကောင်းသော ဂုဏ်သတင်းများ ရှိကြသည်၊ သို့သော်လည်း ငါ၏ သားဦးဖြစ်ဖို့ရန်မူ သူတို့သည် လွန်စွာအဆင့်မမီကြချေ။ ငါသည် လက်ရှိတွင် လူအချို့ကို အသုံးချနေသည်၊ သို့သော်လည်း ထိုသူများအကြားတွင် အများအပြားသည် ငါ၏လူများဖြစ်ရန်အတွက်ပင် အရည်အချင်းမပြည့်မီကြ၊ သူတို့သည် သေပြီးနောက် ထာဝရ ပြစ်ဒဏ်ခံရမည့် ပုဂ္ဂိုလ်များဖြစ်ကြကာ သူတို့ကို ရေရှည်စွာ အသုံးပြုခြင်းအတွက် မဟုတ်ဘဲ အချိန်အတိုင်းအတာတစ်ခုအထိ ငါ့ကို အစေခံခြင်းငှာ အသုံးပြုခံနေကြရ၏။ မည်သူတို့ကို ကာလကြာရှည်စွာ အသုံးပြုမည် ဆိုသည်ကို ငါ၏ နှလုံးသားအတွင်းကျကျ၌ ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။ ဆိုလိုသည်မှာ အရေးပါသောနေရာများ၌ ငါခန့်အပ်ထားသူတို့သည် ငါချစ်သောသူတို့ ဖြစ်ကြပြီး ငါသည် သူတို့ကို ကြာမြင့်စွာကပင် အသုံးပြုရန် စတင်ခဲ့ပြီးဖြစ်သည်။ တစ်နည်းဆိုလျှင် သူတို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ထားပြီးသားဖြစ်သည်။ ငါစက်ဆုပ်ရွံရှာသော သူတို့အတွက်မူ လက်ရှိအဆင့်၌ သူတို့သည် ယာယီအသုံးပြုခြင်း ခံနေရခြင်းမျှသာ ဖြစ်သည်။ နိုင်ငံခြားသားများ ရောက်လာချိန်သည် သင်တို့ထံသို့ သားဦးများကို ရှင်းလင်းစွာ ထုတ်ဖော်ပြသမည့် အချိန်ဖြစ်သည်။
သင်တို့ လျင်မြန်စွာဖွံ့ဖြိုးပြီး ငါ၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားစေရန် ယခုချက်ချင်း ငါအလိုရှိသည်။ ဤဝန်ထုပ်ဝန်ပိုးသည် အလွန်အမင်း မကြီးမားဘဲ သင်တို့၏ လုပ်နိုင်စွမ်းများအတွင်းမှသာ သင်တို့ကို ငါလုပ်ဆောင်စေမည် ဖြစ်သည်။ ငါသည် သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုကိုသိပြီး မည်သည့်လုပ်ငန်းများကို သင်တို့ ဆောင်ရွက်နိုင်ကြောင်း ငါသိသည်။ ဤအရာများ အားလုံးကို ငါသိပြီး ၎င်းအရာများကို ငါနားလည်သည်။ ငါ၏သားများဖြစ်ကြသော သင်တို့သည် မိမိတို့ကိုယ်မိမိ လိုလိုလားလား ငြင်းပယ်ကြလျှက် ငါချစ်သောအရာကို ချစ်ပြီး ငါမုန်းသောအရာကို မုန်းကာ ငါလုပ်သောအမှုကို လုပ်နိုင်၍ ငါပြောသောအရာကို ပြောနိုင်စေခြင်းငှာ စစ်မှန်စွာ စီမံခန့်ခွဲရန်သာ ငါဆန္ဒရှိသည်။ နေရာ၊ ပထဝီအနေအထား၊ အချိန် သို့မဟုတ် အခြားမည်သူ တစ်ဦးတစ်ယောက်၏ ဘောင်ခတ်ခြင်းကိုမျှ မခံနှင့်။ သင်တို့၏ ဝိညာဉ်များသည် နေရာတိုင်း၌ လွတ်လပ်ပြီး သင်တို့တစ်ဦးချင်းစီသည် သားဦးများ၏ အရိုက်အရာ၌ ရပ်တည်နိုင်ရန်မှာ ငါ၏ဆန္ဒဖြစ်သည်။ ယနေ့တွင် မည်သူသည် သူတို့၏ ဖြစ်တည်မှုအလုံးစုံကို ငါ့အား ဆက်ကပ်သနည်း။ မည်သူသည် ငါ့အတွက် သစ္စာရှိစွာ အသုံးခံသနည်း။ မည်သူသည် ငါ့အတွက် နေ့နှင့်ည နိုးထနေသနည်း။ မည်သူသည် ငါ၏ အိမ်ထောင်ရေးရာကိစ္စများကို ငါ့အတွက် စီမံဆောင်ရွက်နေသနည်း။ ငါ၏ပခုံးများအထက်မှ ဝန်ထုပ်ဝန်ပိုးများကို မည်သူက ငါ့အတွက် သက်သာစေသနည်း။ သူတို့သည် ငါ၏ သားများ မဟုတ်ကြသလော။ ငါလုပ်သမျှသည် ငါ၏သားများကို စုံလင်စေရန်နှင့် ငါ၏သားများထံ အစေခံခြင်းအားဖြင့် လုပ်သည်ကို သင်နားလည်သလော။ အားလုံးသည် ငါ၏သားဦးများအတွက်ဖြစ်ပြီး ငါသည် မည်သည့်အမှားများကိုမှ မပြုလုပ်။ ငါသည် လူတို့ကို မှားယွင်းစွာ တရားစီရင်သည်ဟူသော တလွဲနားလည်မှုအောက်ဝယ် ဝါယမ မစိုက်ထုတ်နှင့်။ သင့်ကို ငါအထင်အမြင်သေးသည်ဟု မထင်နှင့်။ ငါသည် ကြီးမြတ်သော ပါရမီကို အကျိုးမဲ့စွာ အသုံးပြုသည် သို့မဟုတ် သင့်ကို ခွဲခန့်မှတ်သား မထားခြင်းအားဖြင့် ငါသည် အမှားတစ်ခု ပြုလုပ်ခဲ့သည်ဟု မယူဆနှင့်။ ၎င်းသည် ထိုသို့မဟုတ်ဘဲ စင်စစ်အားဖြင့် သင်သည် ၎င်းနှင့် မထိုက်တန်ခြင်းကြောင့်ဖြစ်သည်။ ဤသည်ကို သင်သိသလော။ အချို့သောအရာများအား သင်တို့ကို ငါယခု အတည်ပြုပေးအံ့၊ ငါ၏ အမျက်ဒေါသကို မကြာခဏ နှိုးဆွသော မည်သူမဆို၊ ငါ၏ဝေဖန်ခြင်း သို့မဟုတ် ပြုပြင်ခြင်း၏ ပစ်မှတ် မကြာခဏဖြစ်သော မည်သူမဆိုသည် ငါ၏ အမုန်းတရား၏ ပစ်မှတ်ဖြစ်ကြောင်း သေချာသည်။ ထိုသို့သော သူများသည် ဧကန်အမှန်ပင် သေလိမ့်မည်၊ ဤအရာကို ကျောက်သားပေါ်တွင် မှတ်သားထားပြီးဖြစ်သည်။ ငါသည် ငါ၏သားဦးတို့ကို ပြုပြင်တော့မည် မဟုတ်ကြောင်း ငါပြောခဲ့ပြီးဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ထိုလူတို့သည် ငါ၏ပြင်းထန်သော စစ်ဆေးခြင်းများကို ဖြတ်သန်းခဲ့ပြီး ၎င်းတို့သည် ငါ၏ အတည်ပြုချက်ကို ရရှိပြီးဖြစ်ကြသည်။ သုန်မှုန်ခက်ထန်သော မျက်နှာအမှုအရာတစ်ခုဖြင့် ငါကြည့်သော မည်သူမဆို အန္တရာယ်ရှိသည်။ သင် မကြောက်ရွံ့သလော။ ငါ၏နှုတ်မှ ငါ၏နှုတ်ကပတ်တော်များ ထွက်သည်နှင့် တစ်ပြိုင်နက် လူအများအပြား သေကြအံ့။ သို့သော်ငြားလည်း အချို့သောသူတို့သည် သူတို့၏ ဇာတိပကတိကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်လိမ့်မည်၊ သူတို့၏ဝိညာဉ်များ သေခြင်းသာ ဖြစ်လိမ့်မည်။ သူတို့၏ အရှင်းလင်းဆုံးသော အညွှန်းမှာ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မပိုင်ဆိုင်ခြင်းဖြစ်ပြီး သူတို့သည် မည်သည့်ချုပ်ထိန်းမှုကိုမျှ အလျှော့မပေးပေ။ (သူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နက်ရှိုင်းသော အဆင့်တစ်ခုအထိ ခံထားကြရပြီးဖြစ်သည်)။ သူတို့၏ ဇာတိပကတိ အဆုံးသတ်ကွယ်ပျောက်သော မည်သည့်အချိန်မဆို ၎င်းသည် ငါ၏ သင့်တော်စွာ စီစဉ်ခြင်းပြီးနောက် ဖြစ်ပေါ်ခြင်းဖြစ်ပြီး ငါသတ်မှတ်ပြဋ္ဌာန်းထားသော အချိန်တစ်ခု၌ ဖြစ်ပေါ်ခြင်းဖြစ်သည်။ သူတို့၏ ဝိညာဉ်ရေးရာ သေဆုံးခြင်းများသည် ငါ့အတွက် ကြီးကျယ်သော အစေခံမှုကို မပြုနိုင်၊ ငါ့လုပ်ဆောင်ချက်များ၏ အံ့သြဖွယ်ကောင်းမှုကို ပြသရန် သူတို့၏ ဇာတိပကတိကို ငါအသုံးချမည်။ ထိုအရာမှတစ်ဆင့် လူတို့သည် လက်ခံယုံကြည်ကြလိမ့်မည်ဖြစ်ကာ သူတို့သည် အဆုံးမရှိ ချီးမွမ်းခြင်းကို ပြုကြပြီး ငါ့ကို ကြောက်ရွံ့ခြင်းနှင့် ထိတ်လန့်ခြင်း မရှိသောသူ ရှိမည်မဟုတ်အံ့။ ငါသည် မည်သည့်အသေးစိတ်ကိုမျှ ပေါ့တန်စွာ သဘောမထား၊ အားလုံးသည် ငါ့အတွက် ရှင်သန်ကြ သို့မဟုတ် သေဆုံးကြရမည်ဖြစ်ပြီး ငါ့အတွက် သူတို့၏ အစေခံမှု မလုပ်ဆောင်မချင်း မည်သူမျှ ထွက်ခွာမသွားနိုင်။ စာတန်ပင်လျှင် ငါ့အတွက် ၎င်း၏ အစေခံမှု မလုပ်ဆောင်မချင်း အနက်ဆုံးသောတွင်းထဲသို့ ပြန်လည်ဆုတ်ခွာသွားနိုင်ခြင်း မရှိ။ ငါလျှောက်သော ခြေလှမ်းတစ်လှမ်းချင်းစီသည် မြဲမြံတည်ငြိမ်ပြီး လုံခြုံကာ ခိုင်မာစိတ်ချရသော မြေပေါ်တွင်ဖြစ်၏။ ငါလျှောက်သော ခြေလှမ်းတစ်ခုမျှ လက်တွေ့မကျခြင်းမရှိ၊ စိုးစဥ်းမျှမရှိ။
မည်သူသည် ငါနှင့်နှိုင်းယှဉ်ဝံ့သနည်း။ မည်သူသည် ငါ့ကိုဆန့်ကျင်ဝံ့သနည်း။ ငါသည် သင့်ကို ချက်ချင်း ရိုက်ချမည်။ ငါသည် သဲလွန်စချန်မထား၊ သင်၏ဇာတိပကတိသည် ချေဖျက်ခြင်း ခံရလိမ့်မည်၊ ဤအရာသည် လုံးဝမှန်၏။ ဤအရာတို့ကို ငါပြောသောအခါ ၎င်းတို့ကို ငါချက်ချင်းလုပ်ဆောင်မည်ဖြစ်ပြီး နောက်ပြန်ဆုတ်လိမ့်မည် မဟုတ်။ လောကသည် တစ်နေ့တခြား ပြိုလဲပျက်စီးလာနေသည်။ လူသားမျိုးနွယ်သည် တစ်နေ့တခြား ပျက်ယွင်းနေသည်။ ရက်တစ်ရက်စီ ကျော်လွန်လာခြင်းနှင့်အတူ ငါ၏နိုင်ငံတော်သည် ပုံသဏ္ဌာန်ပေါ်လာနေသည်။ ငါ၏သားဦးတို့သည် ကြီးထွားဖွံ့ဖြိုးလာနေသည်။ ငါ၏အမျက်သည် တစ်နေ့တခြား ကြီးထွားလာကာ ငါ၏ပြစ်တင်ဆုံးမခြင်းများသည် တိုးကာ ပြင်းထန်လာနေပြီး ငါ၏နှုတ်ကပတ်တော်တို့သည်လည်း ပိုမို ကြမ်းတမ်းလာသည်။ သင်တို့ကို ငါပိုမိုနူးညံ့စွာ ပြောရန်နှင့် ငါ၏လေသံကို ပေါ့ပေါ့ပါးပါးရှိစေရန် သင်တို့ စောင့်မျှော်နေကြဆဲဖြစ်သည်၊ သို့သော် တစ်ဖန်ပြန်စဉ်းစားလော့။ ငါ၏လေသံသည် ငါ မည်သူ့ကို ကိုင်တွယ်ဖြေရှင်းနေသည် ဟူသောအချက်အပေါ်တွင် မူတည်သည်။ ငါချစ်သောသူတို့အတွက်မူ ငါ၏ လေသံမှာ နူးညံ့ကာ အစဉ်အမြဲ နှစ်သိမ့်လျက်ရှိသည်။ သို့သော် သင်တို့အတွက်မူ ငါသည် ပြင်းထန်ကြမ်းတမ်းမှုနှင့် တရားစီရင်မှုတို့ကိုသာ ပြသနိုင်ပြီး ပြစ်တင်ဆုံးမခြင်းနှင့် အမျက်ဒေါသတို့ကို ၎င်းတို့အပေါ်တွင် ငါပေါင်းထည့်သည်။ မည်သူမျှ သတိမမူမိလိုက်ဘဲ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၏ အခြေအနေသည် တိုး၍ တင်းမာလာကာ တစ်နေ့တခြား တစ်စတစ်စနှင့် ပြိုလဲပျက်စီးနေပြီး ကစဥ့်ကလျား အခြေအနေသို့ ဆင်းသက်လျက်ရှိသည်။ နိုင်ငံတိုင်း၏ ခေါင်းဆောင်အားလုံးတို့သည် အဆုံးသတ်တွင် အာဏာရရှိရန် မျှော်လင့်ကြ၏။ ငါ၏ ပြစ်တင်ဆုံးမခြင်းသည် သူတို့အပေါ် ကျရောက်ပြီး ဖြစ်ကြောင်းကို စင်စစ် သူတို့မတွေးမိကြ။ သူတို့သည် ငါ၏ တန်ခိုးကို ဖမ်းကိုင်ရန် ရှာဖွေကြ၏။ သို့သော် သူတို့၏ မျှော်မှန်းချက်မှာ စိတ်ကူးယဥ် အိပ်မက်မျှသာဖြစ်သည်။ ကုလသမဂ္ဂ၏ ခေါင်းဆောင်သည်ပင် ငါ၏ ခွင့်လွှတ်ခြင်းအလို့ငှာ တောင်းပန်ရမည်။ သူပြုခဲ့သော ဒုစရိုက်အမှုများသည် များပြား၏။ ယခုသည် ပြစ်တင်ဆုံးမရမည့် အချိန်ဖြစ်ပြီး သူ့ကို ငါ သက်ညှာစွာ ချမ်းသာမပေး။ အာဏာရှိသူအားလုံးသည် သူတို့၏ သရဖူများကို ချွတ်ရလိမ့်မည်။ ငါသာလျှင် အရာခပ်သိမ်းကို အုပ်စိုးရန် ထိုက်တန်သည်။ ခပ်သိမ်းသောအရာတို့သည် ငါ့ကိုအမှီပြုနေသည်။ အရာအားလုံးသည် ငါ့အပေါ်တွင် အမှီပြု၏၊ အနည်းငယ်သော နိုင်ငံခြားသားအချို့ပင် အပါအဝင်ဖြစ်သည်။ ငါ့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသောသူ မည်သူမဆိုကို ငါသည် ချက်ချင်းပင် ရိုက်ချအံ့။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ငါ၏အမှု ပေါက်ရောက်ခဲ့ပြီးသော အတိုင်းအတာ ဖြစ်သောကြောင့်ပင်။ နေ့ရက်တိုင်း၌ အသစ်သော ထုတ်ဖော်ချက်တစ်ခုရှိကာ နေ့ရက်တိုင်းတွင် အသစ်သော အလင်းရှိသည်။ အရာအားလုံးသည် တိုး၍ ပြီးပြည့်စုံလာနေပြီ ဖြစ်သည်။ စာတန်၏ နောက်ဆုံးသော နေ့ရက်သည် ပိုမိုနီးကပ်သထက် နီးကပ်လာနေပြီး ယခင်ထက် ပိုမို ပေါ်လွင်လာနေသည်။