နောက်ဆက်တွဲ ၅- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၂)
၂။ ထူးခြားသော လက္ခဏာနှင့် စိတ်သဘောထား အနှစ်သာရတို့အကြား ကွာခြားချက်
ပြီးခဲ့သည့်အခေါက်က အန္တိခရစ်များ၏ အကျင့်စရိုက်ကို ငါတို့ အကျဉ်းချုပ်ဖော်ပြခဲ့ကြသည်။ ယင်း၌ အဘယ်အရာများ ပါဝင်သည်ကို သင်တို့ မျှဝေနိုင်သလော။ (ပထမအချက်မှာ အလေ့အကျင့်ဖြစ်နေအောင် လိမ်လည်ခြင်း၊ ဒုတိယအချက်မှာ တိတ်တဆိတ်အန္တရာယ်ပြုတတ်ပြီး ရက်စက်ခြင်း၊ တတိယအချက်မှာ ဂုဏ်သိက္ခာကို အလေးမထားဘဲ အရှက်တရားကို အရေးမစိုက်ခြင်း၊ စတုတ္ထအချက်မှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာခြင်း၊ ပဉ္စမအချက်မှာ အာဏာရှိသူများကို တွယ်ကပ်ပြီး အားနည်းသူများကို ဖိနှိပ်ခြင်း၊ ဆဋ္ဌမအချက်မှာ သာမန်လူများထက် ရုပ်ဝတ္ထုပစ္စည်းများကို ပို၍တပ်မက်ခြင်းတို့ ဖြစ်ပါသည်။) စုစုပေါင်း အချက်ခြောက်ချက် ရှိသည်။ ဤအချက်ခြောက်ချက်ကို ကြည့်ခြင်းအားဖြင့် အန္တိခရစ်များ၏ အကျင့်စရိုက်သည် လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့နေသည်။ ၎င်းတို့၌ တည်ကြည်မှု နည်းပါးပြီး ၎င်းတို့၏ အကျင့်စရိုက်က စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ သင်သည် လူတစ်ဦး၏ စိတ်သဘောထားကို မသိ သို့မဟုတ် နားမလည်နိုင်၊ သို့မဟုတ် ကောင်းသည်၊ ဆိုးသည်ကို မသိသော်လည်း၊ သူ၏ အကျင့်စရိုက်အကြောင်း လေ့လာခြင်းမှတစ်ဆင့်၊ ဥပမာ၊ သူ့အနေဖြင့်အလေ့အကျင့်ဖြစ်နေအောင် လိမ်လည်ခြင်း၊ ဂုဏ်သိက္ခာကို အလေးမထားခြင်း သို့မဟုတ် တိတ်တဆိတ်အန္တရာယ်ပြုတတ်ပြီး ရက်စက်ခြင်းကဲ့သို့သော စက်ဆုပ်ရွံရှာဖွယ် အကျင့်စရိုက်တစ်ခု ရှိသည်ကို သင် ရှာဖွေတွေ့ရှိသည်ဆိုပါစို့။ ထို့နောက် သင်သည် ထိုသူကို အသိစိတ်မရှိသူ၊ ကြင်နာသောစိတ်နှလုံးမရှိသူ သို့မဟုတ် မြင့်မြတ်သော အကျင့်စရိုက်မရှိသူတစ်ဦးအဖြစ်၊ ယင်းအစား ဆိုးသော၊ အလွန့်အလွန် ညံ့ဖျင်းသော၊ ဆိုးယုတ်သော လူ့သဘာဝရှိသူတစ်ဦးအဖြစ် ကနဦး သတ်မှတ်နိုင်သည်။ အကယ်၍ ထိုသို့သောလူများ၌ အဆင့်အတန်းမရှိပါက ၎င်းတို့ကို ဆိုးယုတ်သောလူများအဖြစ် ယာယီသတ်မှတ်နိုင်သည်။ ၎င်းတို့၏ အကျင့်စရိုက်ကို အကဲဖြတ်ခြင်းအားဖြင့် ၎င်းတို့ကို အန္တိခရစ်များအဖြစ် လုံးလုံးလျားလျားနှင့် အပြည့်အဝ သတ်မှတ်၍ရနိုင်သလော။ အကယ်၍ ၎င်းတို့၏ လူ့သဘာဝဆိုင်ရာ ဤသရုပ်သကန်များကိုသာ ထည့်သွင်းစဉ်းစားပါက ထိုသို့သောလူများကို ရာခိုင်နှုန်း ၈၀ သေချာမှုဖြင့် အန္တိခရစ်များအဖြစ် သတ်မှတ်၍ရနိုင်ပေသည်။ ၎င်းတို့၌ အန္တိခရစ်၏စိတ်သဘောထား ရှိရုံမျှသာမဟုတ်သည့်အပြင်၊ ၎င်းတို့၏လူ့သဘာဝသည် ဆိုးယုတ်ခြင်း၊ မကောင်းခြင်းနှင့် ညံ့ဖျင်းခြင်းမျှသာ ဖြစ်သည် မဟုတ်ပေ။ ထို့ကြောင့် ငါတို့သည် ၎င်းတို့ကို အန္တိခရစ်များအဖြစ် ကနဦး သတ်မှတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်အဖြစ် သတ်မှတ်ခြင်းခံရသော မည်သူတစ်ဦးတစ်ယောက်မျှ ကောင်းသောလူ့သဘာဝ၊ ရိုးသားခြင်း၊ ကြင်နာခြင်း၊ ရိုးရှင်းခြင်း၊ တည်ကြည်ခြင်း၊ အခြားသူများအပေါ် ရိုးသားဖြောင့်မတ်ခြင်း သို့မဟုတ် ဂုဏ်သိက္ခာကို အလေးထားခြင်းတို့အား မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ အကျင့်စရိုက်၏ ဤသွင်ပြင်လက္ခဏာများကို ပိုင်ဆိုင်သော မည်သူတစ်ဦးတစ်ယောက်မျှ အန္တိခရစ်မဟုတ်ပေ။ အန္တိခရစ်များ၏ လူ့သဘာဝသည် ပထမဦးစွာအတော်ပင် ညံ့ဖျင်းသည်။ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ပြီး လူ့သဘာဝနှင့် မြင့်မြတ်သော သမာဓိရှိသည့်လူများ၌ ရှိသည့် အကျင့်စရိုက်ကို သေချာပေါက် မပိုင်ဆိုင်ကြပေ။ ထို့ကြောင့် အန္တိခရစ်များ၏ အကျင့်စရိုက်ကို အကဲဖြတ်ခြင်းအားဖြင့် ၎င်းတို့အနေဖြင့် အဆင့်အတန်းမရှိသည့်အပြင် သာမန်နောက်လိုက်တစ်ဦး သို့မဟုတ် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေသော အဖွဲ့တစ်ဖွဲ့၏ သာမန်အဖွဲ့ဝင်တစ်ဦးမျှသာ ဖြစ်သော်လည်း ၎င်းတို့၏ အကျင့်စရိုက်မှာ အတော်ပင် ညံ့ဖျင်းပြီး အန္တိခရစ်တစ်ဦး၏ အကျင့်စရိုက်ဆိုင်ရာ လက္ခဏာများကို ပိုင်ဆိုင်ပါက ဤလူတို့ကို အန္တိခရစ်များအဖြစ် ကနဦး ငါတို့ သတ်မှတ်နိုင်သည်။ ရိပ်စားမိနိုင်ခြင်းမရှိသော သူတို့နှင့်ပတ်သက်၍ အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့ကို ရာထူးတိုးပေးခြင်း သို့မဟုတ် အဆင့်အတန်းပေးခြင်း မပြုသင့်ပေ။ အချို့က “အကယ်၍ ကျွန်ုပ်တို့က သူတို့ကို အဆင့်အတန်းပေးပါက သူတို့ အန္တိခရစ်များ ဟုတ်မဟုတ်ဟူသည်ကို ထိုအရာက ဆုံးဖြတ်ပေးမည် မဟုတ်လော”ဟု ဆိုကောင်းဆိုနိုင်သည်။ ထိုပြောဆိုချက်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အကယ်၍ ထိုသို့သောလူများကို ငါတို့ အဆင့်အတန်းပေးပါက ၎င်းတို့သည် အန္တိခရစ်များ ပြုလုပ်သည့်အရာများကို ပြုလုပ်ကြလိမ့်မည်ဖြစ်ပြီး အန္တိခရစ်တစ်ဦး လုပ်ဆောင်နိုင်စွမ်းရှိသမျှကို လုပ်ဆောင်ကြလိမ့်မည်။ ပထမဦးစွာ ၎င်းတို့သည် သီးခြား နယ်ပယ်များကိုတည်ထောင်ကြလိမ့်မည်ဖြစ်ပြီး ထို့အပြင် လူတို့ကို ထိန်းချုပ်ကြလိမ့်မည်။ ဤလူစားမျိုးသည် ဘုရားအိမ်တော်ကို အကျိုးပြုသည့်အရာများကို လုပ်ဆောင်လိမ့်မည်လော။ (လုပ်ဆောင်မည်မဟုတ်ပါ။) ထိုသို့သောလူများက အဆင့်အတန်းရရှိသည်နှင့်တစ်ပြိုင်နက် သီးခြားနယ်ပယ်များကို တည်ထောင်နိုင်သည်၊ လက်လွတ်စပယ် ပြုမူနိုင်သည်၊ အဖျက်အမှောင့်များများနှင့် အနှောင့်အယှက်များကို ဖြစ်စေနိုင်သည်၊ အုပ်စုဖွဲ့နိုင်ပြီး ဆိုးယုတ်သောလူများ၏ လုပ်ဆောင်ချက်အားလုံးကို လုပ်ဆောင်နိုင်သည်။ ယင်းမှာ စပျစ်ခြံထဲသို့ မြေခွေးတစ်ကောင်ကို ဝင်ခွင့်ပြုခြင်း၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများကို ဆိုးယုတ်သောလူများ၏ လက်ထဲသို့ ထားရှိခြင်း၊ ၎င်းတို့ကို နတ်ဆိုးများနှင့် စာတန်များထံသို့ လွှဲအပ်ခြင်းတို့နှင့် တူညီသည်။ ဤလူတို့က အာဏာရသည်နှင့်တစ်ပြိုင်နက်၊ အန္တိခရစ်များဖြစ်သည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ အကယ်၍ လူတစ်ဦးက အန္တိခရစ်ဟုတ်မဟုတ်ဟူသည်ကို သူ၏ အကျင့်စရိုက်အပေါ်၌သာ အခြေခံ၍ ဆုံးဖြတ်ပါက စစ်မှန်သော အချက်အလက်များကို မသိရှိသောသူများ၊ အန္တိခရစ်များ၏ စိတ်သဘောထား အနှစ်သာရကို နားမလည်သောသူများ သို့မဟုတ် မပိုင်းခြားနိုင်သော သူများစွာတို့အတွက် ထိုအရာက အနည်းငယ် လွန်ကဲသည်ဟု ထင်ရနိုင်သည်။ ၎င်းတို့က “အဘယ်ကြောင့် တစ်စုံတစ်ဦးကို ဤအရာတစ်ခုတည်းအပေါ် အခြေခံ၍ လုံးဝ ပယ်ချ သို့မဟုတ် ပြစ်တင်ရှုတ်ချရသနည်း။ မည်သည့်အရာမျှ သူတို့ မပြုလုပ်မီ အန္တိခရစ်အဖြစ် သူတို့ကို အမည်တပ်ခြင်းသည် မတရားဟု ထင်ရသည်”ဟု တွေးကောင်း တွေးနိုင်သည်။ သို့ရာတွင် အန္တိခရစ်များ၏ စိတ်သဘောထား အနှစ်သာရကို အကဲဖြတ်ခြင်းအားဖြင့် ၎င်းတို့က ကောင်းသော လူ့သဘာဝတစ်ခု ကင်းမဲ့သည်မှာ မေးခွန်းထုတ်စရာမရှိပေ။ ပထမဦးစွာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူများ မုချ မဟုတ်ကြပေ။ ဒုတိယအနေဖြင့် ၎င်းတို့သည် သမ္မာတရားကို မချစ်မြတ်နိုးကြသည်မှာ မေးခွန်းထုတ်စရာမရှိပေ။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်သော လူစားမျိုး လုံးဝမဟုတ်ကြပေ။ ထိုသို့သော အရည်အသွေးများကို မပိုင်ဆိုင်သောသူတို့အတွက် ၎င်းတို့၏ အကျင့်စရိုက်က မြင့်မြတ်ခြင်း သို့မဟုတ် ယုတ်ညံ့ခြင်း ရှိမရှိ၊ ကောင်းခြင်း သို့မဟုတ် ဆိုးခြင်း ရှိမရှိဟူသည်မှာ အတော်ပင် သိသာထင်ရှားပေသည်။
ပြီးခဲ့သည့် စုဝေးပွဲ၌ ငါတို့သည် အန္တိခရစ်များ၏ အကျင့်စရိုက်မှတစ်ဆင့် ထင်ရှားသော အပြုအမူအမျိုးမျိုး၊ စကားပြောပုံနှင့် ကိစ္စရပ်များကို ကိုင်တွယ်ပုံနည်းလမ်းများ စသည်တို့ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အကယ်၍ လူတစ်ဦးက အန္တိခရစ် ဟုတ်မဟုတ်ဟူသည်ကို သူ၏ အကျင့်စရိုက်အပေါ် အခြေခံ၍ လုံးဝ မဆုံးဖြတ်နိုင်ပါက အန္တိခရစ်များ၏ စိတ်သဘောထား အနှစ်သာရအပေါ် ထပ်မံ၍ မိတ်သဟာယဖွဲ့ရန် ငါတို့ လိုအပ်ပေသည်။ အန္တိခရစ်များ၏ အကျင့်စရိုက်ကို တစ်ဖက်မှ ဆန်းစစ်ပိုင်းခြားခြင်းနှင့် ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရကို အခြားတစ်ဖက်မှ ဆန်းစစ်ပိုင်းခြားခြင်းတို့အားဖြင့်၊ ဤနှစ်ခုကို ပေါင်းစပ်ခြင်းမှတစ်ဆင့် လူတစ်ဦး၌ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားမျှသာ ပိုင်ဆိုင်ခြင်း သို့မဟုတ် အမှန်တကယ်ပင် အန္တိခရစ်တစ်ဦး ဟုတ်မဟုတ်ဟူသည်ကို ငါတို့ ဆုံးဖြတ်နိုင်သည်။ ယနေ့တွင် အန္တိခရစ်များ၌ မည်သည့်စိတ်သဘောထား အနှစ်သာရများ ရှိသည်ကို အကျဉ်းချုပ်ဖော်ပြကြစို့။ ဤသည်မှာ လူတစ်ဦးက အန္တိခရစ် ဟုတ်မဟုတ်ဟူသည်ကို ငါတို့အားပိုမိုကောင်းမွန်စွာ ခွဲခြားသိမြင်ခွင့်၊ ပိုင်းခြားသိမြင်ခွင့်ပေးသည့် သို့မဟုတ် ဆုံးဖြတ်ခွင့်ပေးသည့် ပို၍အရေးပါသော ထူးခြားသည့်လက္ခဏာတစ်ခု ဖြစ်သည်။
စိတ်သဘောထားနှင့်စပ်လျဉ်း၍ ထိုအရာအပေါ် ခိုင်လုံသည့် အကျဉ်းချုပ်တစ်ခုကို ယခင်က ငါတို့ ပြုလုပ်ခဲ့သည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အဘယ်နည်း။ (နှလုံးခိုင်မာခြင်း၊ မာနထောင်လွှားခြင်း၊ လှည့်ဖြားတတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ ဖြစ်ပါသည်။) ထိုအရာများသည် ဤခြောက်မျိုး အနည်းနှင့်အများ ဖြစ်ကြပြီး တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းကဲ့သို့သော စိတ်သဘောထားများနှင့်ဆိုင်သည့် အခြား အဓိပ္ပာယ်ကောက်ယူချက်များသည် ဤခြောက်မျိုးထဲမှ တစ်မျိုးနှင့် အတော်အတန် ဆက်စပ်နေသည် သို့မဟုတ် တူညီပေသည်။ ငါ့ကို ပြောကြလော့၊ တစ်စုံတစ်ဦး၏ အကျင့်စရိုက်နှင့် သူ၏ စိတ်သဘောထား အနှစ်သာရအကြား ကွာခြားချက် ရှိသလော။ ကွာခြားချက်မှာ အဘယ်နည်း။ အကျင့်စရိုက်ကို အဓိကအားဖြင့် သိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် တိုင်းတာသည်။ ယင်း၌ လူတစ်ဦးက သမာဓိရှိမရှိ၊ သူ၏ သမာဓိက မြင့်မြတ်ခြင်းရှိမရှိ၊ သူ၌ ဂုဏ်သိက္ခာရှိမရှိ၊ သူ၌ လူ့ကိုယ်ကျင့်တရား ပိုင်ဆိုင်ခြင်းရှိမရှိ၊ သူ၏ ကိုယ်ကျင့်တရားအဆင့်၊ သူ၌ မိမိကိုယ်ကို ကျင့်ကြံပြုမူပုံတွင် အခြေခံအကျဆုံးအချက်နှင့် စည်းမျဉ်းများ ရှိမရှိ၊ သူ၏ လူ့သဘာဝက ကောင်းခြင်း သို့မဟုတ် ဆိုးယုခြင်း ရှိမရှိဟူသည်နှင့် သူသည် ရိုးရှင်းကာ ရိုးသားခြင်း ရှိမရှိဟူသည်တို့ ပါဝင်သည်။ ဤသွင်ပြင်လက္ခဏာများသည် လူ့အကျင့်စရိုက်နှင့် သက်ဆိုင်သည်။ အခြေခံအားဖြင့် အကျင့်စရိုက်သည် လူတို့က မိမိတို့၏ နေ့စဉ်ဘဝများတွင် ထင်ရှားပေါ်လွင်စေသော အကောင်းနှင့်အဆိုး၊ အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သောအရာများ၊ အမှားနှင့်အမှန်တို့အပေါ် ရွေးချယ်မှုများနှင့် စိတ်ညွှတ်မှုများဖြင့် ဖွဲ့စည်းထားသည်။ ဤအရာများမှာ ယင်းနှင့်သက်ဆိုင်သည့်အရာများ ဖြစ်သည်။ ဤသည်မှာ အခြေခံအားဖြင့် သမ္မာတရား မပါဝင်ပေ။ ယင်းကို ကောင်းသောလူ့သဘာဝ၊ ဆိုးယုတ်သော လူ့သဘာဝတို့နှင့်အတူ အသိစိတ်၏ စံနှုန်းဖြင့်သာ တိုင်းတာပြီး သမ္မာတရားအဆင့်သို့ အမှန်တကယ် မရောက်ရှိပေ။ အကယ်၍ စိတ်သဘောထား ပါဝင်ပတ်သက်ပါက ယင်းကို လူတစ်ဦး၏ အနှစ်သာရအား အသုံးပြု၍ တိုင်းတာရမည်ဖြစ်သည်။ သူက ကောင်းမြတ်မှုကို နှစ်သက်သည်ဖြစ်စေ၊ ဆိုးယုတ်မှုကို နှစ်သက်သည်ဖြစ်စေ၊ တရားမျှတမှုနှင့် ကောက်ကျစ်ဆိုးယုတ်မှုအပြင်၊ အပြုသဘောဆောင်သော အရာများ၊ အပျက်သဘောဆောင်သော အရာများနှင့် ပတ်သက်လာသောအခါ သူ ထင်ရှားပေါ်လွင်စေသည့်အရာ၊ သူ၏ ရွေးချယ်မှုများနှင့် သူ အမှန်တကယ် ထုတ်ဖော်သည့် စိတ်သဘောထား၊ သူ၏ တုံ့ပြန်မှုများ ဖြစ်နိုင်သည့်အရာ၊ ဤအရာများကို သမ္မာတရားအား အသုံးပြု၍ တိုင်းတာရမည်ဖြစ်သည်။ အကယ်၍ လူတစ်ဦး၏ အကျင့်စရိုက်သည် အတော်အသင့် ကြင်နာတတ်လျှင်၊ သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိလျှင်၊ ထိုသူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိဟု ဆို၍ရနိုင်သလော။ (မရနိုင်ပါ။) အကယ်၍ လူတစ်ဦးသည် အလွန်ကြင်နာတတ်ပါက ထိုသူသည် မာနထောင်လွှားခြင်း ရှိသလော။ (ရှိပါသည်။) အကယ်၍ လူတစ်ဦးသည် အလွန်ရိုးသားပါက သူသည် နှလုံးခိုင်မာသော စိတ်သဘောထား ရှိသလော။ (ရှိပါသည်။) လူတစ်ဦး၏ အကျင့်စရိုက်က မည်မျှပင် ကောင်းမွန်စေကာမူ၊ သူ၏ သမာဓိက မည်မျှပင် မြင့်မြတ်စေကာမူ၊ ဤအရာတစ်ခုကမျှ သူ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ကင်းမဲ့သည်ဟု မဆိုလိုပေ။ အကယ်၍ လူတစ်ဦးသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိပါက ဤသည်မှာ ဘုရားသခင်ကို သူ မည်သည့်အခါမျှ ဆန့်ကျင်ခြင်းမရှိ သို့မဟုတ် ပုန်ကန်ခြင်းမရှိဟု ဆိုလိုသလော။ (မဆိုလိုပါ။) သို့ဆိုလျှင် ဤပုန်ကန်မှုသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသောကြောင့်ဖြစ်ပြီး သူတို့၏ စိတ်သဘောထား အနှစ်သာရထဲ၌ နှလုံးခိုင်မာခြင်း၊ မာနထောင်လွှားခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်းစသည်တို့ ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦး၏ အကျင့်စရိုက်က မည်မျှပင် ကောင်းမွန်စေကာမူ ယင်းမှာ သူ၌ သမ္မာတရားရှိသည်၊ သူ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ကင်းမဲ့သည်၊ သို့မဟုတ် သမ္မာတရားကို လိုက်စားခြင်းမရှိဘဲ ဘုရားသခင်ကို ဆန့်ကျင်ခြင်း၊ သစ္စာဖောက်ခြင်းနှင့် ပုန်ကန်ခြင်းတို့အား ရှောင်ရှားနိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သည်ဟု မဆိုလိုပေ။ အကယ်၍ သူသည် ကောင်းသော အကျင့်စရိုက်ရှိပြီး အတော်အသင့် ရိုးရှင်းပါက၊ ရိုးသားပါက၊ တည်ကြည်ပါက၊ ကြင်နာသောစိတ်နှလုံးရှိပြီး ဂုဏ်သိက္ခာကို အလေးထားပါက ဤသည်မှာ သူသည် သမ္မာတရားကို လက်ခံနိုင်သည်၊ သမ္မာတရားကို ချစ်မြတ်နိုးနိုင်သည်၊ ဘုရားသခင် လုပ်ဆောင်သည့်အရာကို ကျိုးနွံနာခံနိုင်သည်ဟုသာ ဆိုလိုပေသည်။ အဘယ်ကြောင့်ဆိုသော် အဘယ်ကြောင့်ဆိုသော် သူသည် သမ္မာတရားကို လက်ခံနိုင်သော အကျင့်စရိုက်တစ်ခုကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။
ကောင်းသောအကျင့်စရိုက်ကိုဖြစ်စေ၊ ဆိုးသော အကျင့်စရိုက်ကိုဖြစ်စေ အသိစိတ်၊ ကိုယ်ကျင့်တရားနှင့် သမာဓိကဲ့သို့သော အခြေခံစံသတ်မှတ်ချက်များကို အသုံးပြု၍ တိုင်းတာသည်။ သို့ရာတွင် တစ်စုံတစ်ဦး၏ စိတ်သဘောထား အနှစ်သာရကိုမူ အစောပိုင်းက ဖော်ပြခဲ့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားခြောက်မျိုးကို အသုံးပြု၍ တိုင်းတာရမည်ဖြစ်သည်။ အကယ်၍ လူတစ်ဦး၌ မြင့်မားသော ကိုယ်ကျင့်တရားစံနှုန်း၊ သမာဓိ၊ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ကြင်နာသောစိတ်နှလုံးတို့ရှိပါက သူ၏ အကျင့်စရိုက်သည် အတော်အသင့် ကောင်းမွန်သည်ဟုသာ ဆိုနိုင်သည်။ သို့ရာတွင် ယင်းက ဤသူသည် သမ္မာတရားကို နားလည်သည်၊ သမ္မာတရားကို ပိုင်ဆိုင်သည် သို့မဟုတ် သမ္မာတရားစည်းမျဉ်းများအတိုင်း ကိစ္စရပ်များကို ကိုင်တွယ်နိုင်သည်ဟု မဆိုလိုပေ။ ဤအရာက အဘယ်အရာကို အတည်ပြုသနည်း။ သူ၌ ကောင်းသော အကျင့်စရိုက်၊ အတော်အသင့် မြင့်မြတ်သော သမာဓိနှင့် မိမိကိုယ်ကို ကျင့်ကြံပြုမူပုံနှင့် ပြုမူဆောင်ရွက်ပုံအတွက် ပိုမိုမြင့်မားသော ကိုယ်ကျင့်တရားစံနှုန်း ရှိသော်လည်း၊ ယင်းမှာ သူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ကင်းမဲ့ကြောင်း၊ သမ္မာတရားကို ပိုင်ဆိုင်ကြောင်း သို့မဟုတ် သူ၏ စိတ်သဘောထားက ဘုရားသခင်၏ လိုအပ်ချက်များနှင့် အပြည့်အဝ ကိုက်ညီကြောင်းကို မဆိုလိုပေ။ အကယ်၍ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၌ ပြောင်းလဲမှုမရှိဘဲ သမ္မာတရားကို သူ နားမလည်ပါက၊ သူ၏ အကျင့်စရိုက် မည်မျှပင် ကောင်းမွန်စေကာမူ၊ သူသည် အမှန်တကယ် လူကောင်းတစ်ဦး မဟုတ်ပေ။ လူတစ်ဦးသည် စိတ်သဘောထား၌ အတော်အသင့် ပြောင်းလဲမှုကို တွေ့ကြုံခံစားရသည် ဆိုကြပါစို့၊ ဆိုလိုသည်မှာ သူသည် မိမိ၏ လုပ်ဆောင်ချက်များ၌ သမ္မာတရားကို ရှာဖွေသည်၊ ကိစ္စရပ်များကို ကိုင်တွယ်ပုံ၌ သမ္မာတရားစည်းမျဉ်းများကို တက်ကြွစွာ လိုက်နာပြီးသမ္မာတရားနှင့် ဘုရားသခင်ကို ကျိုးနွံနာခံကာ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် တစ်ခါတစ်ရံ ပေါ်ထွက်နေဆဲဖြစ်ပြီး မာနထောင်လွှားခြင်းနှင့် လှည့်ဖြားတတ်ခြင်းကို ထုတ်ဖော်ကာ ပြင်းထန်သော အခြေအနေများ၌ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို ထုတ်ဖော်သော်လည်း အလုံးစုံကြည့်လျှင် သူ၏ လုပ်ဆောင်ချက်များ၏ ရင်းမြစ်၊ လားရာနှင့် ရည်မှန်းချက်တို့က သမ္မာတရားစည်းမျဉ်းများနှင့် အညီ ဖြစ်ပြီး သူ ပြုမူသောအခါ ရှာဖွေခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ဖြင့် ပြုမူသည် ဆိုကြပါစို့။ သို့ဆိုလျှင် သူ၏ အကျင့်စရိုက်သည် စိတ်သဘောထား၌ ပြောင်းလဲမှု မရှိသောသူတို့ထက် ပို၍မြင့်မြတ်သည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) အကယ်၍ လူတစ်ဦး၏ အကျင့်စရိုက်သည် ပင်ကိုအားဖြင့်သာ ကောင်းမွန်ပြီး အခြားသူများ၏ အမြင်တွင် သူ၏ လူ့သဘာဝက ကောင်းမွန်သော်လည်း သမ္မာတရားကို လုံးဝ နားမလည်လျှင်၊ ဘုရားသခင်အပေါ် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဖြင့် ပြည့်နေကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ တွေ့ကြုံခံစားရမည်ကို မသိသည့်အပြင်၊ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းကို မည်သည့်ကျိုးနွံနာခံရမည်ဟူသည်ကို မဆိုထားနှင့်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအား မည်သို့ လက်ခံရမည်ကို သတိမမူမိလျှင်၊ ဤသည်မှာ အမှန်တကယ် ကောင်းမြတ်သောလူတစ်ဦး ဟုတ်သလော။ တိကျစွာဆိုရလျှင် သူသည် စစ်မှန်စွာကောင်းမြတ်သော လူတစ်ဦး မဟုတ်သော်လည်း သူ၏ အကျင့်စရိုက်က အတော်ပင် ကောင်းမွန်သည်ဟု တိကျစွာ ဆိုနိုင်သည်။ အတော်ပင် ကောင်းမွန်သော အကျင့်စရိုက်ရှိခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ အတော်အသင့် သမာဓိရှိခြင်း၊ မိမိ၏ လုပ်ဆောင်ချက်များတွင်လည်းကောင်း၊ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံရာတွင် အတော်အသင့် မျှတပြီး တရားခြင်း၊ အခြားသူများကို အခွင့်အရေးမယူခြင်း၊ အတော်အသင့် ရိုးသားခြင်း၊ အခြားသူများကို မထိခိုက်စေခြင်း သို့မဟုတ် အန္တရာယ်မပြုခြင်း၊ အသိစိတ်ဖြင့်ပြုမူခြင်းနှင့် ကိုယ်ကျင့်တရားစံနှုန်းတစ်ခုခုကို ပိုင်ဆိုင်ခြင်းဖြစ်ပြီး၊ ယင်းသည် ပညတ်တရားကို ချိုးဖောက်ခြင်းနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ဆက်ဆံရေးများကို ချိုးဖောက်ခြင်းတို့အား ရှောင်ကြဉ်ခြင်းမျှထက် ကျော်လွန်ပေသည်။ ထိုအရာသည် ဤစံနှုန်းနှစ်ခုထက် အနည်းငယ် ပိုမြင့်သော အရာတစ်ခု ဖြစ်သည်။ လူတို့သည် ထိုသို့သောလူတစ်ဦးနှင့် အပြန်အလှန်ဆက်ဆံသောအခါ ထိုသူသည် အတော်အသင့် သမာဓိရှိသည်ဟု ခံစားရပြီး သူတို့ အတူရှိနေစဉ် ထိုသူ့ကို သတိထားရန် မလိုအပ်ပေ။ အကြောင်းမှာ ထိုသူသည် အခြားသူများကို အန္တရာယ်မပြု သို့မဟုတ် မထိခိုက်စေသည့်အပြင် လူတို့က သူနှင့် အပြန်အလှန် ဆက်ဆံသည့်အခါတိုင်း စိတ်အေးချမ်းကြသောကြောင့် ဖြစ်သည်။ ဤအရည်အသွေးများကို ပိုင်ဆိုင်ခြင်းသည် အတော်ပင် ကောင်းသောလူတစ်ဦးဖြစ်ကြောင်း ညွှန်ပြသည်။ သို့ရာတွင် သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ ကျိုးနွံနာခံနိုင်သောသူတို့နှင့် နှိုင်းယှဉ်လျှင်၊ ထိုသို့သော လူ့သဘာဝသည် မည်သည့်မြင့်မြတ်မှုမျှ မရှိပေ။ တစ်နည်းအားဖြင့်ဆိုသော် လူတစ်ဦး၏ လူ့သဘာဝက မည်မျှပင် ကောင်းမွန်စေကာမူ ယင်းသည် သမ္မာတရားကို နားလည်ခြင်း သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား အစားမထိုးနိုင်သည့်အပြင် စိတ်သဘောထားပြောင်းလဲခြင်းကိုလည်း သေချာပေါက် အစားမထိုးနိုင်ပေ။
အကျင့်စရိုက်သည် လူတို့၏ အသိစိတ်၊ ကိုယ်ကျင့်တရားနှင့် သမာဓိတို့ကို ရည်ညွှန်းသည်။ လူတစ်ဦး၏ အကျင့်စရိုက်ကို တိုင်းတာရန်အတွက် သူ၏ အသိစိတ်၊ ကိုယ်ကျင့်တရားနှင့် သမာဓိတို့ကို အကဲဖြတ်ရန် လိုအပ်သည်။ သို့သော် စိတ်သဘောထားသည် အဘယ်အရာကို ရည်ညွှန်းသနည်း၊ ယင်းကို မည်သို့ တိုင်းတာသနည်း။ ယင်းကို သမ္မာတရားဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် တိုင်းတာသည်။ လူတစ်ဦး၏ အကျင့်စရိုက်က အဘက်ဘက်မှ အလွန်ကောင်းမွန်သည်၊ သူသည် လူကောင်းတစ်ဦးဖြစ်သည်ဟု လူတိုင်းက ယုံကြည်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အမြင်တွင် သူသည် အပြစ်အနာအဆာ သို့မဟုတ် ချို့ယွင်းချက်မရှိဟု ထင်ရလျက် စုံလင်ပြီး ပြည့်စုံသည်ဟု ဆိုနိုင်သည် ဆိုကြပါစို့။ သို့သော် သမ္မာတရားဖြင့် တိုင်းတာသောအခါ သူ၏ ကောင်းမြတ်ခြင်းဟုခေါ်သော အရာအနည်းငယ်မှာ ဖော်ပြရန်ပင် မထိုက်တန်သလောက် ဖြစ်သည်။ သူ၏ စိတ်သဘောထားကို ဆန်းစစ်သောအခါ မာနထောင်လွှားခြင်း၊ နှလုံးခိုင်မာခြင်း၊ လှည့်ဖြားတတ်ခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ခြင်းအပြင်၊ ထို့ထက်ပင်ပို၍ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား၏ သရုပ်သကန်ကို တွေ့ရှိရနိုင်သည်။ ဤသည်မှာ အဖြစ်မှန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) လူတစ်ဦး၏ စိတ်သဘောထား အနှစ်သာရကို မည်သို့ တိုင်းတာသနည်း။ ယင်းကို သမ္မာတရားဖြင့်၊ သမ္မာတရားနှင့် ဘုရားသခင်အပေါ် လူတစ်ဦး၏ သဘောထားကို အကဲဖြတ်ခြင်းဖြင့် တိုင်းတာပေသည်။ ဤနည်းအားဖြင့် ထိုသူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် လုံးလုံးလျားလျားနှင့် အပြည့်အဝ ဖော်ထုတ်ခြင်း ခံရသည်။ လူတို့က သူ့ကို အသိစိတ်၊ သမာဓိနှင့် မြင့်မားသော ကိုယ်ကျင့်တရားစံနှုန်းရှိသူအဖြစ် ရှုမြင်နိုင်ပြီး သူသည် သူတော်စင်တစ်ဦး သို့မဟုတ် အခြားသူများအကြား စုံလင်သောလူတစ်ဦးအဖြစ် ချီးမြှောက်ခြင်းခံရသော်လည်း၊ သမ္မာတရားနှင့် ဘုရားသခင်ရှေ့မှောက်သို့ ရောက်လာသောအခါ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အကုန်အစင် ဖော်ထုတ်ခြင်းခံရပြီး၊ သူ၌ မည်သည့်ကောင်းမြတ်ခြင်းမျှ မရှိသည့်အပြင်၊ ကျန်လူသားမျိုးနွယ်များကဲ့သို့ပင် တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအားလုံးကို ပိုင်ဆိုင်ကြောင်း ပေါ်လွင်လေသည်။ ဘုရားသခင်က သမ္မာတရားကို ဖော်ပြသောအခါ၊ လူတို့ထံ ပေါ်ထွန်းသောအခါ၊ အမှုပြုသောအခါ သူသည် အခြားလူများကဲ့သို့ပင် နှလုံးခိုင်မာခြင်း၊ မာနထောင်လွှားခြင်း၊ လှည့်ဖြားတတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့နှင့်ဆိုင်သည့် တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများထဲမှ တစ်ခုစီတိုင်းကို ထင်ရှားပေါ်လွင်စေသည်။ ထိုသို့သောလူများသည် စုံလင်သည် မဟုတ်လော။ ၎င်းတို့သည် သူတော်စင်များဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် လူကောင်းများဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အခြားလူများ၏ အမြင်၌သာ ကောင်းမြတ်ကြခြင်း ဖြစ်သည်။ အကြောင်းမှာ လူတို့၌ သမ္မာတရားကင်းမဲ့ပြီး တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ပိုင်ဆိုင်သောကြောင့် ၎င်းတို့ အချင်းချင်း တိုင်းတာသည့် စံနှုန်းသည် သမ္မာတရားအပေါ်၌ မဟုတ်ဘဲ အသိစိတ်၊ သမာဓိနှင့် ကိုယ်ကျင့်တရားအပေါ်၌သာ အခြေခံသောကြောင့် ဖြစ်သည်။ လူတစ်ဦး၏ အကျင့်စရိုက်သည် သမ္မာတရားဖြင့် တိုင်းတာခြင်းမခံရသောအခါ မည်သို့ ပေါ်ထွက်လာသနည်း။ သူသည် စစ်မှန်သည့် ကောင်းမြတ်သောလူတစ်ဦး ဟုတ်သလော။ သိသာထင်ရှားစွာပင် မဟုတ်ပေ၊ အကြောင်းမှာ အခြားလူများက ကောင်းမြတ်သည်ဟု သတ်မှတ်ပြီး အကဲဖြတ်ခြင်းခံရသည့် လူတစ်ဦး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတစ်ခုမျှ ကင်းမဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် မည်သို့ ဖြစ်ပေါ်ပြီး ဖော်ထုတ်ခြင်းခံရသနည်း။ ဘုရားသခင်သည် သမ္မာတရားကို မဖော်ပြသောအခါ သို့မဟုတ် လူသားမျိုးနွယ်ထံ မပေါ်ထွန်းသောအခါ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် တည်ရှိခြင်းမရှိဟု ထင်ရသည်။ သို့ရာတွင် ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး လူသားများထံ ပေါ်ထွန်းသောအခါ အခြားသူများ၏ အမြင်တွင် သူတော်စင်များ သို့မဟုတ် စုံလင်သောလူများဟုခေါ်သော သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အပြည့်အဝ ဖော်ထုတ်ခြင်းခံရလေသည်။ ဤရှုထောင့်အမြင်မှကြည့်လျှင် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏ အကျင့်စရိုက်နှင့်အတူ တည်ရှိပေသည်။ ဘုရားသခင် ပေါ်ထွန်းသောအခါမှသာ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည်မဟုတ်။ ထို့ထက် ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး လူသားမျိုးနွယ်အကြား ပေါ်ထွန်းကာ အမှုပြုသောအခါ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အကျည်းတန်မှုတို့က ဖော်ထုတ်ခံရခြင်းဖြစ်သည်။ ဤအချိန်တွင် ကောင်းသော အကျင့်စရိုက်တစ်ခု၏ နောက်ကွယ်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုလည်း ရှိသည်ကို လူတို့ သဘောပေါက်နားလည်ကာ သိရှိလာကြသည်။ အခြားသူများ၏ အမြင်တွင် လူကောင်းများ၊ စုံလင်သောလူများ သို့မဟုတ် သူတော်စင်များသည် အခြားလူတိုင်းကဲ့သို့ပင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ပိုင်ဆိုင်ကြပြီး အခြားမည်သူထက်မျှ မလျော့နည်းပေ။ ဤလူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အခြားလူများထက်ပင် ပို၍ ကွယ်ဝှက်ထားပြီး အထင်အမြင်မှားစေနိုင်သည့်အစွမ်း ပိုရှိသည်။ သို့ဆိုလျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဆိုသည်မှာ အတိအကျ အဘယ်အရာဖြစ်သနည်း၊ ပြီးလျှင် စိတ်သဘောထား အနှစ်သာရဆိုသည်မှာ အဘယ်နည်း။ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ထိုသူ၏ အနှစ်သာရ ဖြစ်သည်။ လူတစ်ဦး၏ အကျင့်စရိုက်သည် မိမိကိုယ်ကို ကျင့်ကြံပြုမူခြင်း၏ အပေါ်ယံ စည်းမျဉ်းအချို့ကိုသာ ကိုယ်စားပြုပြီး လူတစ်ဦး၏ လူ့သဘာဝအနှစ်သာရကို ထင်ဟပ်ခြင်း မရှိပေ။ လူတစ်ဦး၏ လူ့သဘာဝ အနှစ်သာရအကြောင်းကို ငါတို့ ပြောသောအခါ၊ သူ၏ စိတ်သဘောထားကို ငါတို့ ရည်ညွှန်းနေခြင်း ဖြစ်သည်။ လူတစ်ဦး၏ အကျင့်စရိုက်ကို ငါတို့ ဆွေးနွေးသောအခါ ၎င်းတို့၌ ကောင်းသော ရည်ရွယ်ချက်များ ရှိမရှိ၊ ကြင်နာစိတ်ရှိမရှိ၊ ၎င်းတို့၏ သမာဓိက မည်သို့ရှိသည်၊ ၎င်းတို့၌ ကိုယ်ကျင့်တရားစံနှုန်းများ ရှိမရှိဟူသကဲ့သို့သော ထင်ရှားသည့် သွင်ပြင်လက္ခဏာများကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ယခုတွင် သင်တို့သည် အကျင့်စရိုက်ဟု ဆိုလိုသည့်အရာနှင့် စိတ်သဘောထား အနှစ်သာရဟု ဆိုလိုသည့်အရာတို့ကို နားလည်ကြပြီလော။ ဤကိစ္စကို လူတစ်ဦး၏ စိတ်နှလုံးထဲ၌သာ အကြွင်းမဲ့ ခံစားနားလည်နိုင်သည်။ ယင်းကို စကားလုံးတစ်လုံး သို့မဟုတ် စကားစုတစ်ခုဖြင့် အဓိပ္ပာယ်ဖွင့်ဆို၍ မရနိုင်ပေ။ ယင်းမှာ အလွန် ရှုပ်ထွေးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ အကယ်၍ ယင်းကို အလွန်ကျဉ်းမြောင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုပြီး ရှင်းပြပါက ယင်းမှာ စံသတ်မှတ်ထားသည်ဟု ထင်ရနိုင်သော်လည်း အမှန်တွင် ရှင်းလင်းမှုမရှိပေ။ ငါသည် ယင်းကို အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ပေးမည်မဟုတ်။ ထိုအရာကို ဤနည်းလမ်းဖြင့် ငါ ရှင်းပြခဲ့ပြီးဖြစ်ကာ၊ အကယ်၍ သင်တို့သည် ထိုအရာကို သင်တို့၏ စိတ်နှလုံးထဲ၌ အကြွင်းမဲ့ သဘောပေါက်ပါက သင်တို့ နားလည်သဘောပေါက်ကြလိမ့်မည်။
လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား စုစုပေါင်း ခြောက်ခု ရှိသည်။ ယင်းတို့မှာ စိတ်နှလုံးမာကျောခြင်း၊ မာနထောင်လွှားခြင်း၊ လှည့်ဖြားတတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ ဖြစ်သည်။ ဤခြောက်မျိုးအနက် မည်သည့်အရာများက အတော်အသင့် ပြင်းထန်ပြီး မည်သည့်အရာများက ပို၍သာမန် သို့မဟုတ် မြင်နေကျဖြစ်ကာ အတိုင်းအတာအရ ပို၍ပျော့ပျောင်းပြီး အခြေအနေများအရ ပြင်းထန်မှု နည်းပါးသနည်း။ (နှလုံးခိုင်မာခြင်း၊ မာနထောင်လွှားခြင်းနှင့် လှည့်ဖြားတတ်ခြင်းတို့မှာ အနည်းငယ် ပို၍ပျော့ပျောင်းပါသည်။) မှန်ပေသည်။ သင်တို့သည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အမျိုးမျိုးသော သရုပ်သကန်များကို အနည်းငယ် သိမြင်နားလည်မှု ရှိကြပုံရသည်။ ဤသုံးခုသည်လည်း စာတန် ဖောက်ပြန်ဖျက်ဆီးထားသော လူသားမျိုးနွယ်က ပိုင်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သော်လည်း၊ အနှစ်သာရအရ ထိုအရာများကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်၊ သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိ၊ ဘုရားသခင်ကို အတိုက်အခံလုပ်သည်။ ယင်းတို့သည် အတိုင်းအတာအရ အတော်အသင့် ပျော့ပျောင်းပြီး ပေါ့တန်သည်၊ ဆိုလိုသည်မှာ အနည်းငယ် မြင်နေကျဖြစ်သောအရာဖြစ်သည်။ ယင်းတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တိုင်းက အတိုင်းအတာအမျိုးမျိုးဖြင့် ပိုင်ဆိုင်ကြသည်။ ဤသုံးခုအပြင် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့မှာ အတိုင်းအတာအရ နှိုင်းယှဉ်လျှင် များစွာ ပို၍ပြင်းထန်သည်။ အကယ်၍ ပထမသုံးခုကို သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဟု ဆိုပါက နောက်သုံးခုမှာ သာမန်ထက်လွန်ကဲသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများဖြစ်ပြီး အတိုင်းအတာအရ ပို၍ပြင်းထန်ပေသည်။ ပို၍ပြင်းထန်သည်ဟု ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အခြေအနေများ၊ အနှစ်သာရနှင့် လူတစ်ဦးချင်းစီက ဘုရားသခင်ကို အတိုက်အခံပြုခြင်း၊ ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့အရ၊ ဤသုံးခုက ပို၍ပြင်းထန်သည်ဟု ဆိုလိုပေသည်။ ဤသုံးခုသည် လူတို့က သမ္မာတရားကို တိုက်ရိုက်ငြင်းပယ်ခြင်း၊ ဘုရားသခင်ကို ငြင်းပယ်ခြင်း၊ ဘုရားသခင်ကို ကန့်ကွက်ပြောဆိုခြင်း၊ ဘုရားသခင်ကို တိုက်ခိုက်ခြင်း၊ ဘုရားသခင်ကို စမ်းသပ်ခြင်း၊ ဘုရားသခင်အပေါ် ဝေဖန်မှုပြုခြင်း၊ စသည်တို့ကို လူတို့က ထင်ရှားပေါ်လွင်စေသော ပို၍ပြင်းထန်သည့် စိတ်သဘောထားများ ဖြစ်သည်။ လူ၏ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသုံးခုသည် ပထမသုံးခုနှင့် မည်သို့ ကွာခြားသနည်း။ ပထမသုံးခုမှာ ပို၍မြင်နေကျဖြစ်သောအရာဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားအားလုံးက မျှဝေခံစားရသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ လက္ခဏာများ ဖြစ်သည်။ ဆိုလိုသည်မှာ အသက်အရွယ်၊ ကျား၊ မ၊ မွေးရပ်မြေ၊ လူမျိုး သို့မဟုတ် လူမျိုးနွယ် မခွဲခြားဘဲ တစ်ဦးချင်းစီတိုင်းက ဤစိတ်သဘောထားသုံးခုကို ပိုင်ဆိုင်ကြသည်။ နောက်သုံးမျိုးက လူတစ်ဦးစီတိုင်းတွင် သူ၏ အနှစ်သာရအပေါ် မူတည်၍ အတိုင်းအတာအမျိုးမျိုးဖြင့် ပါရှိနေသော်လည်း ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အတွင်း၌ အန္တိခရစ်များသာလျှင် ဤစိတ်သဘောထားသုံးမျိုးဖြစ်သည့် ကောက်ကျစ်ဆိုးယုတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့ကို အပြင်းထန်ဆုံး အတိုင်းအတာအထိ ပိုင်ဆိုင်ကြသည်။ အန္တိခရစ်များမှလွဲ၍၊ သာမန် ဖောက်ပြန်ပျက်စီးသော လူသားများသည် ကောက်ကျစ်ဆိုးယုတ်ခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းတို့နှင့်ဆိုင်သည့် စိတ်သဘောထားများကို အတိုင်းအတာတစ်ခုခုအထိသာ ထုတ်ဖော်ကြသည်၊ သို့မဟုတ် အချို့သော ပတ်ဝန်းကျင်များ၊ အထူးအခြေအနေများ၌သာ ထုတ်ဖော်ကြသည်။ ၎င်းတို့၌ ဤစိတ်သဘောထားများ ရှိသော်လည်း ၎င်းတို့သည် အန္တိခရစ်များ မဟုတ်ကြပေ။ ၎င်းတို့၏ အနှစ်သာရသည် ကောက်ကျစ်ဆိုးယုတ်ခြင်းမရှိ သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်း မရှိသည့်အပြင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းလည်း သေချာပေါက် မရှိပေ။ ဤသည်မှာ ၎င်းတို့၏ အကျင့်စရိုက်နှင့် သက်ဆိုင်သည်။ ဤလူတို့သည် အတော်အသင့် ကြင်နာသောစိတ်ရှိကြသည်။ ၎င်းတို့၌ သမာဓိရှိသည်၊ ဖြောင့်မတ်တည်ကြည်သည်၊ ဂုဏ်သိက္ခာကို အလေးထားခြင်း၊ စသည်တို့ရှိသည်။ ၎င်းတို့၏ အကျင့်စရိုက်သည် အတော်အသင့် ကောင်းမွန်သည်။ ထို့ကြောင့် ၎င်းတို့သည် နောက်ပိုင်း ပြင်းထန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသုံးမျိုးကို ရံဖန်ရံခါသာ သို့မဟုတ် အချို့သော ပတ်ဝန်းကျင်များနှင့် အခြေအနေများ၌သာ ထုတ်ဖော်ကြသည်။ သို့ရာတွင် ဤစိတ်သဘောထားများသည် ၎င်းတို့၏ အနှစ်သာရကို လွှမ်းမိုးထားခြင်း မရှိပေ။ ဥပမာအားဖြင့် သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် ပုဂ္ဂိုလ်များက မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ ဝတ်ကျေတမ်းကျေ ပြုမူပြီး ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါ၊ ၎င်းတို့က၊ “အခြားသူများလည်း ဝတ်ကျေတမ်းကျေ လုပ်ကြသည်၊ အဘယ်ကြောင့် သူတို့ ဆုံးမပဲ့ပြင်ခြင်း မခံရသနည်း။ အဘယ်ကြောင့် ကျွန်ုပ်သည် ဤသို့သော ဆုံးမပဲ့ပြင်ခြင်းနှင့် ရိုက်နှက်ဆုံးမခြင်းကို ခံရသည့်သူ ဖြစ်ရသနည်း” ဟု တွေးလျက် ယင်းကို လက်ခံရန် ငြင်းကောင်းငြင်းဆန်နိုင်သည်။ ဤလက်ခံရန် ငြင်းဆန်ခြင်းသည် မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ယင်းမှာ သိသာထင်ရှားစွာပင် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ မမျှတခြင်းနှင့် ဘက်လိုက်သော ဆက်ဆံမှုအကြောင်းကို စောဒကတက်ကြသည်။ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုခြင်းနှင့် ကန့်ကွက်ပြောဆိုခြင်းဆိုင်ရာ ကြန်အင်လက္ခဏာ အနည်းငယ် ရှိသည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထိုသို့သောလူများ၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားသည် ဤအခြေအနေများ၌ သူ့ဘာသာသူ ထုတ်ဖော်သော်လည်း ကွာခြားချက်မှာ ဤလူတို့၌ ကြင်နာသောစိတ်နှလုံး၊ အသိစိတ်နှင့်ဆိုင်သည့်အသိ၊ သမာဓိနှင့် အတော်အသင့် ဖြောင့်မတ်တည်ကြည်ခြင်းတို့ ရှိခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို စောဒကတက်ပြီး ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို ထုတ်ဖော်သောအခါ သူ၏ အသိစိတ်က အကျိုးသက်ရောက်မှုရှိသည်။ သူ၏ အသိစိတ်က အကျိုးသက်ရောက်မှုရှိသောအခါ ယင်းသည် သူ၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့် ပဋိပက္ခဖြစ်ပြီး သူ၏ စိတ်ထဲ၌ အတွေးအခေါ်အချို့ စတင်ဖြစ်ပေါ်လာသည်။ “ငါ ဤသို့ မတွေးသင့်ပေ။ ဘုရားသခင်သည် ငါ့ကို များစွာ ကောင်းချီးပေးခဲ့ပြီး ငါ့ကို ကျေးဇူးပြုခဲ့သည်။ ဤသို့ တွေးခြင်းသည် ငါ့အတွက် အသိစိတ်ကင်းမဲ့ခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သူ၏ စိတ်နှလုံးကို ကြေကွဲစေခြင်း မဟုတ်လော”ဟူ၍ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အသိစိတ် အလုပ်လုပ်နေခြင်း မဟုတ်လော။ ဤအချိန်တွင် ၎င်းတို့၏ ကောင်းသော အကျင့်စရိုက်က အကျိုးသက်ရောက်မှုရှိလေသည်။ ၎င်းတို့၏ အသိစိတ်က အလုပ်လုပ်စပြုသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အမျက်ဒေါသ၊ စောဒကတက်မှုများနှင့် လက်ခံရန် ငြင်းဆန်ခြင်းတို့သည် တဖြည်းဖြည်း မှေးမှိန်သွားပြီး ဘေးဖယ်ခြင်းခံရကာ ဖယ်ရှားရှင်းလင်းခြင်း ခံရလေသည်။ ဤသည်မှာ ၎င်းတို့ အသိစိတ်၏ အကျိုးသက်ရောက်မှု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ၎င်းတို့သည် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို ထုတ်ဖော်နေခြင်းလော။ (ဟုတ်ပါသည်။) ၎င်းတို့က ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို ထုတ်ဖော်နေခြင်း ဖြစ်သော်လည်း ထိုသို့သော ပုဂ္ဂိုလ်များတွင် အသိစိတ်နှင့် လူ့သဘာဝရှိသောကြောင့် ၎င်းတို့၏ အသိစိတ်သည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို ထိန်းချုပ်နိုင်ပြီး ၎င်းတို့ကို ဆင်ခြင်တုံတရားရှိလာစေသည်။ ၎င်းတို့ ဆင်ခြင်တုံတရားရှိလာပြီး စိတ်တည်ငြိမ်သွားသောအခါ ၎င်းတို့သည်လည်း ဘုရားသခင်ကို အတိုက်အခံလုပ်နိုင်စွမ်းရှိကြောင်း ဆင်ခြင်သုံးသပ်ပြီး သိရှိလာကြလိမ့်မည်။ ဤအချိန်တွင် ၎င်းတို့ မသိလိုက်ဘဲ ၎င်းတို့ထဲတွင် အကြွေးတင်ရှိခြင်းနှင့် နောင်တရခြင်းဆိုင်ရာ ခံစားချက်တစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ “ယခုတင် ငါသည် ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ပုန်ကန်ရင်း အလွန် စိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့သည်။ ဘုရားသခင်က ငါ့ကို ဆုံးမပဲ့ပြင်ခြင်းသည် သူ၏ ချစ်ခြင်းမေတ္တာ မဟုတ်လော။ ဤသည်မှာ သူ၏ မျက်နှာသာပေးခြင်း မဟုတ်လော။ အဘယ်ကြောင့် အလွန် အကျိုးအကြောင်းမဆီလျော်စွာ ငါ ပြုမူခဲ့သနည်း။ ဘုရားသခင်ကို ငါ အမျက်ထွက်စေခဲ့သည် မဟုတ်လော။ ငါ ဤသို့ ဆက်မလုပ်နိုင်တော့ပါ။ ဘုရားသခင်ထံ ငါ ဆုတောင်းရန်၊ နောင်တရရန်၊ ငါလုပ်ဆောင်နေသော မကောင်းမှုကို လက်လွှတ်ရန်နှင့် ငါ၏ ပုန်ကန်မှုကို အဆုံးသတ်ရန် လိုအပ်သည်။ ဝတ်ကျေတမ်းကျေ ငါ ပြုမူခဲ့ကြောင်း ဝန်ခံသည့်အတွက် ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းကို ငါ ရပ်တန့်ရမည်၊ အမှုအရာများကို လေးနက်သောပုံစံဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး ငါ၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ငါ၏ သစ္စာစောင့်သိမှုအား မည်သို့ ပေးအပ်ပူဇော်ရမည်ကိုလည်းကောင်း၊ ငါ၏ တာဝန်ကို ထမ်းဆောင်ခြင်းအတွက် စည်းမျဉ်းများက အဘယ်အရာဖြစ်သည်ကိုလည်းကောင်း ရှာဖွေရမည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ကောင်းသော အကျင့်စရိုက်၏ အကျိုးသက်ရောက်မှု မဟုတ်လော။ ဤလူတို့၌လည်း ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား ရှိသည်မှာ သံသယဖြစ်ဖွယ်မရှိသော်လည်း ၎င်းတို့၏ အသိစိတ် အကျိုးသက်ရောက်မှုနှင့် ၎င်းတို့၏ ဆင်ခြင်တုံတရားကို အသုံးပြု၍ အမှုအရာများကို ချိန်ဆခြင်းမှတစ်ဆင့် ၎င်းတို့၏ ကောင်းမြတ်သော၊ သမ္မာတရားကိုချစ်မြတ်နိုးသော အကျင့်စရိုက်က နောက်ဆုံးတွင် အောင်နိုင်လေသည်။ ဤပုဂ္ဂိုလ်များသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲတွင် ရက်စက်ကြမ်းကြုတ်ခြင်း ရှိသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ရက်စက်ကြမ်းကြုတ်သော အနှစ်သာရကို ပိုင်ဆိုင်သည်ဟု ဆို၍ရနိုင်သလော။ ၎င်းတို့၏ အနှစ်သာရက ရက်စက်ကြမ်းကြုတ်သည်ဟု ဆိုနိုင်သလော။ ဆို၍မရနိုင်ပေ။ ဓမ္မဓိဋ္ဌာန်ကျကျဆိုရလျှင် ၎င်းတို့ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၌ ရက်စက်ကြမ်းကြုတ်ခြင်း ပါဝင်သော်လည်း ၎င်းတို့၌ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် သမ္မာတရားတွက် ဆက်စပ်မှုရှိသော ချစ်ခြင်းမေတ္တာရှိသောကြောင့် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုးမျှသာဖြစ်ပြီး ၎င်းတို့၏ အနှစ်သာရ မဟုတ်ပေ။ အဘယ်ကြောင့် ၎င်းတို့၏ အနှစ်သာရ မဟုတ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပြောင်းလဲနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ဆန့်ကျင်ပုန်ကန်နိုင်သော်လည်း၊ ယင်းမှာ အချိန်ကာလ တိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ၊ ၎င်းတို့၏ အကျင့်စရိုက်ထဲတွင်ရှိသည့် ၎င်းတို့၏ အသိစိတ်၊ သမာဓိ၊ ဆင်ခြင်တုံတရား အစရှိသည်တို့၏ အကျိုးသက်ရောက်မှုက ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားအား ၎င်းတို့၏ အပြုအမူ သို့မဟုတ် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားကို မလွှမ်းမိုးအောင် တားဆီးပေးလေသည်။ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ၎င်းတို့က မိမိတို့၏ အပြစ်များကို ဝန်ခံနိုင်သည်၊ နောင်တရနိုင်သည်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူနိုင်သည်၊ သမ္မာတရားကို ကျိုးနွံနာခံနိုင်သည်၊ စောဒကတက်ခြင်းမရှိဘဲ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုကို လက်ခံနိုင်သည်။ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို ထုတ်ဖော်လင့်ကစား၊ နောက်ဆုံးရလဒ်မှာ ၎င်းတို့က ဘုရားသခင်ကို ပုန်ကန်ခြင်းမရှိ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို မဆန့်ကျင်ဘဲ ကျိုးနွံနာခံခြင်းပင် ဖြစ်သည်။ ဤသည်မှာ သာမန် ဖောက်ပြန်ပျက်စီးသော လူတစ်ဦး၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထိုသို့သောလူများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရှိရုံမျှသာ ရှိကြပေသည်။ ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားအနှစ်သာရ မရှိပေ။ ဤသည်မှာ တိကျမှန်ကန်ပေသည်။
ဥပမာအနေနှင့် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများကို ကြည့်လော့။ လူတို့သည် ဘုရားသခင်ရှေ့မှောက်၌ ထုတ်ဖော်သည့် အကောက်ကျစ်အဆိုးယုတ်ဆုံးသော စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်ကို စမ်းသပ်ခြင်း ဖြစ်သည်။ အချို့သောလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက် လမ်းလွဲခဲ့ခြင်း၊ မကောင်းမှုအချို့ ပြုလုပ်ခဲ့ခြင်းနှင့် ပြစ်မှားမှုများစွာ ကျူးလွန်ခဲ့ခြင်းတို့ကြောင့် မိမိတို့၌ ကောင်းသောပန်းတိုင်တစ်ခု ရှိကောင်းရှိမည်မဟုတ်သည်ကိုလည်းကောင်း၊ မိမိတို့၏အဆုံးသတ်က အာမခံချက်ရှိကောင်းမရှိနိုင်သည်ကိုလည်းကောင်း စိုးရိမ်ကြသည်။ ၎င်းတို့ ငရဲသွားရလိမ့်မည်ကို စိုးရိမ်ကြပြီး မိမိတို့၏အဆုံးသတ်၊ ပန်းတိုင်နှင့်ပတ်သက်၍ အစဉ်မပြတ် ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် စဉ်ဆက်မပြတ် စိုးရိမ်ပူပန်နေကြပြီး “ငါ၏အနာဂတ်အဆုံးသတ်နှင့် ပန်းတိုင်သည် ကောင်းလိမ့်မည်လော သို့မဟုတ် ဆိုးလိမ့်မည်လော။ ငါသည် ငရဲသို့ ဆင်းသွားရလိမ့်မည်လော သို့မဟုတ် ကောင်းကင်ဘုံသို့ တက်သွားရလိမ့်မည်လော။ ငါသည် ဘုရား၏လူတို့ထဲမှ တစ်ဦးလော သို့မဟုတ် အစေခံသူတစ်ဦးလော။ ငါသည် ပျက်စီးဆုံးရှုံးခြင်းသို့ရောက်မည်လော သို့မဟုတ် ကယ်တင်ခြင်းခံရလိမ့်မည်လော။ ဘုရားနှုတ်ကပတ်တော်များထဲမှ မည်သည့်အရာများက ဤအကြောင်းကို ပြောဆိုသည်ဟူသည်တို့ကို ငါ ရှာဖွေရန် လိုအပ်သည်”ဟု အစဉ်မပြတ် စဉ်းစားကြသည်။ ဘုရား နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်ပြီး လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖော်ထုတ်သည်ကို မြင်တွေ့ရသော်လည်း၊ မိမိတို့ရှာဖွေနေသော အဖြေများကိုမူ မတွေ့ရှိကြပေ။ သို့ဖြစ်၍ အခြားမည်သည့်နေရာ၌ စုံစမ်းမေးမြန်းရမည်ကို ၎င်းတို့ အဆက်မပြတ် စဉ်းစားကြသည်။ နောက်ပိုင်းတွင် ၎င်းတို့ ရာထူးတိုးပြီး အရေးပါသောအခန်းကဏ္ဍတစ်ခု၌ ထားရှိခံရမည့် အခွင့်အရေးတစ်ခုကို တွေ့ရှိသောအခါ “ငါနှင့်စပ်လျဉ်း၍ အထက်၏သဘောထားမှာ အဘယ်နည်း။ အကယ်၍ ၎င်းတို့၏သဘောထားသည် နှစ်လိုဖွယ်ဖြစ်ပါက၊ ယင်းမှာ အတိတ်က ငါပြုခဲ့သောမကောင်းမှုနှင့် ငါကျူးလွန်ခဲ့သော ပြစ်မှားခြင်းများကို ဘုရားက အောက်မေ့တော်မမူကြောင်း သက်သေပြသည်။ ယင်းမှာ ငါ့ကို ဘုရားက ကယ်တင်ဦးမည်ဖြစ်ကြောင်း၊ ငါ၌ မျှော်လင့်ချက် ရှိနေသေးကြောင်း သက်သေပြသည်”ဟု တွေးထင်လျက် အထက်၏သဘောထားကို အကဲခတ်လိုကြသည်။ ထို့နောက် မိမိတို့၏စိတ်ကူးများအတိုင်း ဆက်လက်ဆောင်ရွက်လျက် ၎င်းတို့က “ကျွန်ုပ်တို့ရှိသောနေရာ၌ ညီအစ်ကိုမောင်နှမအများစုသည် မိမိတို့၏ အလုပ်အကိုင်များတွင် အလွန်ကျွမ်းကျင်ခြင်းမရှိကြဘဲ တိုတောင်းသော အချိန်တစ်ခုမျှသာ ဘုရားကို ယုံကြည်ခဲ့ကြသည်။ ကျွန်ုပ်သည် ဘုရားကို အချိန်အကြာဆုံး ယုံကြည်ခဲ့သည်။ ကျွန်ုပ် လဲကျပြီး ရှုံးနိမ့်ခဲ့ဖူးသည်၊ ကျွန်ုပ်၌ အတွေ့အကြုံအချို့ရှိခဲ့ပြီး သင်ခန်းစာအချို့ကို သင်ယူခဲ့ပြီးဖြစ်သည်။ အခွင့်အရေးရလျှင်၊ ကျွန်ုပ်သည် ဝန်ထုပ်ကြီးတစ်ခုကို ထမ်းလိုပြီး ဘုရား၏ရည်ရွယ်ချက်များကို အလေးထားလိုပါသည်”ဟု တိုက်ရိုက်ပြောဆိုကြသည်။ အထက်က ၎င်းတို့အား ရာထူးတိုးပေးရန် ရည်ရွယ်ချက်တစ်ခုခု ရှိမရှိ သို့မဟုတ် အထက်က ၎င်းတို့ကို စွန့်ပစ်ပြီးခြင်း ရှိမရှိဟူသည်တို့ကို သိရှိရန် စမ်းသပ်မှုတစ်ခုအဖြစ် ဤစကားများကို ၎င်းတို့က အသုံးပြုကြသည်။ လက်တွေ့တွင် ၎င်းတို့သည် ဤတာဝန် သို့မဟုတ် ဝန်ထုပ်ကို အမှန်တကယ် ထမ်းဆောင်လိုခြင်း မရှိကြပေ။ ဤစကားများကို ပြောဆိုရာ၌ ၎င်းတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ကယ်တင်ခြင်းခံရရန် ၎င်းတို့ မျှော်လင့်ချက် ရှိနေသေးခြင်း ရှိမရှိဟူသည်ကို သွေးတိုးစမ်းပြီး ကြည့်ရှုရန် ဖြစ်သည်။ ဤသည်မှာ စမ်းသပ်ခြင်း ဖြစ်သည်။ ဤစမ်းသပ်ခြင်းနည်းလမ်း၏ နောက်ကွယ်ရှိ စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤနည်းလမ်းကို မည်မျှကြာအောင် ထုတ်ဖော်သည်ဖြစ်စေ၊ ၎င်းတို့ မည်သို့ပြုလုပ်သည်ဖြစ်စေ သို့မဟုတ် ထိုအရာကို မည်မျှ အကောင်အထည်ဖော်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့ထုတ်ဖော်သော စိတ်သဘောထားသည် မုချ ကောက်ကျစ်ဆိုးယုတ်ပေသည်။ အကြောင်းမှာ ၎င်းတို့သည် ထိုအရာကို ပြုလုပ်နေစဉ်အတွင်း အတွေးများ၊ စိုးရိမ်ကြောင့်ကြမှုများနှင့် စိုးရိမ်ပူပန်မှုများစွာရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို ထုတ်ဖော်သောအခါ၊ မိမိတို့က လူ့သဘာဝရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သူများဖြစ်ကြောင်းကို ပြသပြီး ၎င်းတို့၌ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရမရှိဘဲ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုသာ ပိုင်ဆိုင်ကြောင်းကို အတည်ပြုပေးသည့် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြသနည်း။ ထိုသို့သောအရာများကို လုပ်ဆောင်ကာ ပြောဆိုပြီးနောက် အသိစိတ်၊ ဆင်ခြင်တုံတရား၊ သမာဓိနှင့် ဂုဏ်သိက္ခာရှိသောသူတို့သည် မိမိတို့၏စိတ်နှလုံးထဲ၌ မသက်မသာဖြစ်ပြီး နာကျင်ခံစားကြရသည်။ ၎င်းတို့က၊ “ငါသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်ကို ငါ အဘယ်သို့ဖြစ်ပြီး စမ်းသပ်နိုင်မည်နည်း။ ငါသည် မိမိ၏ကိုယ်ပိုင်ပန်းတိုင်ကို အဘယ်သို့ဖြစ်ပြီး အာရုံစိုက်နေနိုင်သေးသနည်း။ ပြီးလျှင် ဘုရားသခင်ထံမှ တစ်စုံတစ်ခုကို ရယူရန်နှင့် ဘုရားသခင်အား ခိုင်မာသော အဖြေတစ်ခု ပေးစေရန် ထိုသို့သော နည်းလမ်းတစ်ခုကို အဘယ်သို့ဖြစ်ပြီး အသုံးပြုနိုင်သေးသနည်း။ ဤသည်မှာ အလွန်ယုတ်မာလှသည်တကား” ဟု စဉ်းစားရင်း စိတ်ဒုက္ခရောက်ကြရသည်။ ၎င်းတို့သည် မိမိတို့၏စိတ်နှလုံးထဲ၌ မသက်မသာ ခံစားကြရသော်လည်း လုပ်ဆောင်ချက်ကို လုပ်ဆောင်ထားပြီးဖြစ်ကာ စကားများမှာလည်း ပြောပြီးဖြစ်သည်။ ၎င်းတို့ကို ပြန်လည်ရုပ်သိမ်း၍ မရနိုင်ပေ။ ထို့နောက် ၎င်းတို့က “ငါ၌ ကောင်းမွန်သော အလိုဆန္ဒ အနည်းငယ်နှင့် တရားမျှတစိတ် ရှိနိုင်သော်လည်း ဤသို့သော ယုတ်မာသည့်အရာများကို ငါ ပြုလုပ်နိုင်စွမ်း ရှိနေဆဲဖြစ်သည်၊ ဤအရာများသည် ယုတ်မာသောလူတစ်ဦး၏ အပြုအမူများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို စမ်းသပ်ရန် ကြိုးပမ်းမှုတစ်ခု မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို ခြိမ်းခြောက်တောင်းဆိုနေခြင်း မဟုတ်လော။ ဤသည်မှာ အမှန်တကယ် ယုတ်မာပြီး အရှက်မရှိခြင်းဖြစ်သည်တကား”ဟု နားလည်သွားကြသည်။ ထိုသို့သောအခြေအနေတွင် ကျိုးကြောင်းဆီလျော်သော ဆောင်ရွက်ပုံနည်းလမ်းမှာ အဘယ်နည်း။ မိမိတို့၏အပြစ်များကို ဝန်ခံလျက် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ခြင်းလော သို့မဟုတ် မိမိတို့၏ကိုယ်ပိုင် လုပ်နည်းကိုင်နည်းများကို ခေါင်းမာစွာ ဖက်တွယ်ထားခြင်းလော။ (ဆုတောင်းခြင်းနှင့် ဝန်ခံခြင်းဖြစ်ပါသည်။) သို့ဆိုလျှင် စိတ်ကူးရခြင်းမှ လုပ်ဆောင်သည့်အဆင့် ဆက်လက်၍ ၎င်းတို့၏ဆုတောင်းခြင်းနှင့် ဝန်ခံခြင်းအထိ လုပ်ငန်းစဉ်တစ်ခုလုံးတွင် မည်သည့်အဆင့်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပုံမှန်ထုတ်ဖော်ခြင်းဖြစ်သနည်း၊ မည်သည့်အဆင့်သည် အသိစိတ် အကျိုးသက်ရောက်ခြင်းဖြစ်သနည်း၊ မည်သည့်အဆင့်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သနည်း။ စိတ်ကူးရလာခြင်းမှ လုပ်ဆောင်ခြင်းအထိ အဆင့်သည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၏ စိုးမိုးခြင်းကို ခံရသည်။ သို့ဆိုလျှင် မိမိကိုယ်ကို ဆန်းစစ်ခြင်းအဆင့်သည် ၎င်းတို့၏အသိစိတ် အကျိုးသက်ရောက်မှု၏ စိုးမိုးခြင်းကို ခံရသည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့ပြုလုပ်ခဲ့သည့်အရာမှာ မှားယွင်းသည်ဟု ခံစားလျက် မိမိတို့ကိုယ်ကို စတင်ဆန်းစစ်ကြသည်။ ဤအရာကို ၎င်းတို့အသိစိတ်၏ အကျိုးသက်ရောက်မှုက စိုးမိုးထားပေသည်။ ဤအရာနောက်တွင် ဆုတောင်းခြင်းနှင့် ဝန်ခံခြင်းတို့က လိုက်လာသည်။ ယင်းတို့ကိုလည်း ၎င်းတို့၏သမာဓိ၊ အသိစိတ်နှင့် အကျင့်စရိုက်တို့၏ အကျိုးသက်ရောက်မှုက စိုးမိုးခြင်းထားပေသည်။ ၎င်းတို့သည် ဝမ်းနည်းနိုင်သည်၊ နောင်တရနိုင်သည်၊ ဘုရားသခင်အပေါ် အကြွေးတင်သောစိတ် ခံစားနိုင်ပြီး မိမိတို့၏ကိုယ်ပိုင်လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆင်ခြင်သုံးသပ်ပြီး နားလည်နိုင်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့်အဆင့်သို့ ရောက်ရှိနိုင်သည်။ ဤအရာအတွက် အဆင့်သုံးဆင့် ရှိသည် မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ခြင်းမှ ၎င်းတို့အသိစိတ်၏ အကျိုးသက်ရောက်မှုအထိ၊ ထို့နောက် ၎င်းတို့ပြုလုပ်နေသော မကောင်းမှုကို လက်လွှတ်နိုင်စွမ်း၊ နောင်တရနိုင်စွမ်း၊ မိမိတို့၏ကိုယ်ပိုင်ဇာတိပကတိဆိုင်ရာ လိုအင်ဆန္ဒများနှင့် အတွေးအခေါ်များကို လက်လွှတ်နိုင်စွမ်း၊ မိမိတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပုန်ကန်နိုင်စွမ်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းအထိ၊ ဤအဆင့်သုံးဆင့်သည် လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများလည်းရှိသည့် သာမန်လူတို့ လုပ်ဆောင်နိုင်သင့်သည့်အရာ ဖြစ်သည်။ ၎င်းတို့ အသိစိတ်၏ နိုးကြားမှုနှင့် ၎င်းတို့၏ အတော်အသင့် ကောင်းမွန်သော လူ့သဘာဝကြောင့် ဤလူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းက ဤကဲ့သို့သောလူများ၌ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိကြောင်း သွယ်ဝိုက်ညွှန်းဆိုသည်။ တစ်နည်းအားဖြင့်ဆိုသော် ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဖြစ်နိုင်ခြေသည် ကောင်းမွှန်သော လူ့သဘာဝရှိသောသူတို့အတွက် အတော်အသင့် မြင့်မားလေသည်။
အန္တိခရစ်များကို အန္တိခရစ် စိတ်သဘောထားရှိသူများနှင့် မည်သည့်အရာက ခြားနားစေသနည်း။ ပထမအဆင့်တွင် အန္တိခရစ်များ ထုတ်ဖော်သည့်အရာသည် အပြင်ပန်းအားဖြင့် မည်သည့်ဖောက်ပြန်ပျက်စီးသော လူသားမဆို၏ ထုတ်ဖော်ချက်များနှင့် အခြေခံအားဖြင့် တူညီသော်လည်း နောက်ဆက်တွဲ အဆင့်နှစ်ဆင့်မှာမူ ကွဲပြားသည်။ ဥပမာအားဖြင့် လူတစ်ဦးသည် ပြုပြင်ခြင်းခံရစဉ် ရက်စက်ကြမ်းကြုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ထုတ်ဖော်သောအခါ နောက်တစ်ဆင့်တွင် သူ၏အသိစိတ်က သက်ရောက်မှုရှိရန် လိုအပ်သည်။ သို့ရာတွင် အန္တိခရစ်များ၌ အသိစိတ်မရှိသဖြင့် ၎င်းတို့ မည်သည့်အရာကို တွေးထင်ကြလိမ့်မည်နည်း။ ၎င်းတို့၌ မည်သည့်သရုပ်သကန်များ ရှိလိမ့်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့ကို အပြစ်ရှာရန် ကြိုးစားနေကြောင်းနှင့် အကြိမ်တိုင်းတွင် ၎င်းတို့အတွက် အခက်အခဲများနှင့် ပြဿနာများကို ဖန်တီးနေကြောင်း စွပ်စွဲရင်း ဘုရားသခင်ကို မမျှတကြောင်း စောဒကတက်ကြလိမ့်မည်။ ဤအရာ၏နောက်တွင် ၎င်းတို့သည် မိမိတို့၏ အသိသာအထင်ရှားဆုံးသော အမှားများ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုပင် လက်ခံရန် ငြင်းပယ်လျက်၊ မိမိတို့၏ကိုယ်ပိုင်အမှားများကို မည်သည့်အခါမျှ အသိအမှတ်မပြုဘဲ၊ ပို၍ပင် ဆိုးရွားအောင်လုပ်ကာ မိမိတို့၏လုပ်ဆောင်ချက်များကို လျှို့ဝှက်စွာ ဆက်လက်လုပ်ဆောင်ရန် နည်းလမ်းရှိသမျှဖြင့် ကြိုးစားလျက် ခေါင်းမာစွာ နောင်တမရဘဲ ရှိနေကြလိမ့်မည်။ အန္တိခရစ်များ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အကဲဖြတ်ခြင်းအားဖြင့် ၎င်းတို့၏အကျင့်စရိုက်သည် မည်သည့်အရာနှင့်တူသနည်း။ ၎င်းတို့၌ အသိစိတ်မရှိ၊ မိမိတို့ကိုယ်ကို ဆန်းစစ်ရန် မသိကြသည့်အပြင် ရက်စက်ကြမ်းကြုတ်ခြင်း၊ မလိုမုန်းထားခြင်း၊ တိုက်ခိုက်ခြင်းများနှင့် လက်စားချေခြင်းတို့ကို ထုတ်ဖော်ကြသည်။ ၎င်းတို့သည် တာဝန်ကို အခြားသူများအပေါ်သို့ လွှဲချကြလျက် အချက်အလက်များကို ဖုံးကွယ်ရန် မုသားများကို လုပ်ကြံဖန်တီးကြသည်။ ညီအစ်ကိုမောင်နှမများထံမှ စစ်မှန်သောအချက်အလက်များကို ဖုံးကွယ်ထားလျက် အခြားသူများကို ထောင်ချောက်ဆင်ရန် အကြံအစည်များကို ထွင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အားသွန်ခွန်စိုက် ကာကွယ်ပြီး မိမိတို့၏ အကြောင်းပြချက်များကို နေရာတကာ ဖြန့်ဝေလျက် ကျိုးကြောင်းပြချက်များကို ပေးကြသည်။ ဤသည်မှာ ၎င်းတို့၏ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား ဆက်လက်ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ၎င်းတို့၌ အသိစိတ် နိုးကြားမှု ကင်းမဲ့ပြီး မိမိတို့ကိုယ်ကို ဆန်းစစ်ရန်၊ ဆင်ခြင်သုံးသပ်ရန်နှင့် နားလည်ရန် ပျက်ကွက်ရုံသာမက ၎င်းတို့သည် အမှုအရာများကို ပိုမိုဆိုးရွားစေပြီး ဘုရားအိမ်တော်ကို ပွက်လောရိုက်ကန့်ကွက်ရင်း၊ ညီအစ်ကိုမောင်နှမများကို ပွက်လောရိုက်ကန့်ကွက်ကာ ဆန့်ကျင်ပြီး ထို့ထက်ပင် ပို၍ပြင်းထန်စွာ ဘုရားသခင်ကို ဆန့်ကျင်ရင်း မိမိတို့၏ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားကို ဆက်လက်ထုတ်ဖော်ကြလေသည်။ အခြေအနေ တည်ငြိမ်သွားသည့် အချိန်အနည်းငယ်ကြာပြီးနောက်တွင် ၎င်းတို့သည် မိမိတို့၏ အပြစ်များကို နောင်တရကာ ဝန်ခံကြလိမ့်မည်လော။ အဖြစ်အပျက်မှာ ပြီးဆုံးနှင့်ပြီးဖြစ်သော်လည်း၊ စစ်မှန်သော အချက်အလက်များလည်း ဖော်ထုတ်ခြင်းခံခဲ့ရပြီးဖြစ်သော်လည်း၊ ၎င်းတို့၌ တာဝန်ရှိကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိကြပြီးဖြစ်ကာ ဤတာဝန်ကို ၎င်းတို့ ထမ်းဆောင်သင့်ပေသည်။ ထိုအရာကို ၎င်းတို့က အသိအမှတ်ပြုနိုင်ကြသလော။ ၎င်းတို့သည် နောင်တရခြင်း သို့မဟုတ် အကြွေးတင်သောစိတ် ခံစားနိုင်ကြသလော။ (မခံစားနိုင်ကြပါ။) ၎င်းတို့က၊“မည်သို့ပင်ဖြစ်စေ ကျွန်ုပ် လုံးဝ မမှားခဲ့သော်လည်း အမှားလုပ်ခဲ့လျှင်ပင် ကျွန်ုပ်၏ရည်ရွယ်ချက်များ ကောင်းမွန်ခဲ့သည်။ ကျွန်ုပ် အမှားလုပ်ခဲ့လျှင်ပင်၊ ထိုအတွက် ကျွန်ုပ်တစ်ယောက်တည်းကို အပြစ်တင်၍မရပါ။ အခြားသူများကို သင် အဘယ်ကြောင့် အပြစ်မတင်သနည်း။ အဘယ်ကြောင့် ကျွန်ုပ်ကို ပစ်မှတ်ထားသနည်း။ မည်သည့်နေရာတွင် ကျွန်ုပ် မှားသွားသနည်း။ ကျွန်ုပ်သည် မည်သည့်အရာကိုမျှ တမင်တကာ အမှားမလုပ်ခဲ့ပါ။ သင်တို့အားလုံး အမှားများ ပြုလုပ်ခဲ့ကြသဖြင့် အဘယ်ကြောင့် မိမိကိုယ်ကို တာဝန်မခံကြသနည်း။ ထို့အပြင် မည်သူသည်အမှားအချို့ မပြုလုပ်မိဘဲ ဘဝကို ဖြတ်သန်းနိုင်သနည်း”ဟု တွေးလျက်၊ မိမိတို့၏ ဆန့်ကျင်ခြင်းတွင် မလျှော့တမ်း လုပ်ဆောင်ကြသည်။ ၎င်းတို့ နောင်တရကြသလော။ ၎င်းတို့ အကြွေးတင်သောစိတ် ခံစားကြရသလော။ ၎င်းတို့သည် အကြွေးတင်သောစိတ် မခံစားရသကဲ့သို့ နောင်တလည်းမရကြပေ။ အချို့က “ထိုသို့သော မြင့်မားသည့် အဖိုးအခကို ကျွန်ုပ် ပေးဆပ်ခဲ့သည်။ သင်တို့ထဲမှ ဘယ်သူကမျှ အဘယ်ကြောင့် သတိမထားမိကြသနည်း။ အဘယ်ကြောင့် တစ်ဦးတလေက ကျွန်ုပ်ကို မချီးကျူးကြသနည်း။ အဘယ်ကြောင့် ဆုလာဘ်တစ်ခုကို ကျွန်ုပ် အပေးမခံရသနည်း။ တစ်စုံတစ်ရာဖြစ်ပျက်သည့်အခါ၊ သင်တို့က ကျွန်ုပ်ကို အမြဲအပြစ်တင်ပြီး အပြစ်ရှာကြသည်။ ကျွန်ုပ်၏အားနည်းချက်ကို သင်တို့ ရှာဖွေပြီး တိုက်ခိုက်ရန် ကြံနေကြသည် မဟုတ်လော” ဟုပင် ဆိုကြသည်။ ဤသည်မှာ ၎င်းတို့၏စိတ်နေစိတ်ထားနှင့် အခြေအနေဖြစ်သည်။ သိသာထင်ရှားစွာပင်၊ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ၎င်းတို့သည် စွဲမြဲခိုင်မာစွာ နောင်တမရကြ၊ အချက်အလက်များက ၎င်းတို့ရှေ့မှောက်၌ ဖွင့်ချခြင်းခံရသောအခါ ၎င်းတို့က အသိအမှတ်ပြုရန် ငြင်းပယ်ကြပြီး တစ်စိုက်မတ်မတ် ဆန့်ကျင်ကြသည်။ ၎င်းတို့သည် မည်သူ့ကိုမျှ အသံကျယ်ကျယ်ဖြင့် ကျိန်ဆဲခြင်း မပြုသော်လည်း၊ စိတ်ထဲ၌မူ အကြိမ်ရေ မရေမတွက်နိုင်အောင် ထိုသို့ပြုလုပ်ပြီး ဖြစ်နိုင်သည်။ ၎င်းတို့သည် ခေါင်းဆောင်များကို ကြောင်းကျိုးမမြင်ခြင်းအတွက် ကျိန်ဆဲကြပြီး၊ ညီအစ်ကိုမောင်နှမများကိုလည်း လူကောင်းများ မဟုတ်ခြင်းအတွက်လည်းကောင်း၊ ၎င်းတို့ အဆင့်အတန်းရှိစဉ်တွင် ၎င်းတို့ကို ဖော်လံဖားခဲ့ကြသော်လည်း၊ ယခု အဆင့်အတန်းမရှိတော့သည့်အခါတွင်မူ ၎င်းတို့ကို အာရုံစိုက်ခြင်းမရှိ၊ ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ခြင်းမရှိ၊ ပြုံးပင်မပြုံးပြတော့ခြင်းအတွက်လည်းကောင်း ကျိန်ဆဲကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကိုပင် မိမိတို့၏စိတ်နှလုံးထဲ၌ ကျိန်ဆဲကြပြီး သူသည် ဖြောင့်မတ်ခြင်းမရှိဟု ဆိုလျက် ဘုရားသခင်ကို ဝေဖန်ကြသည်။ အစမှအဆုံးတိုင် ၎င်းတို့ထုတ်ဖော်သည့် စိတ်သဘောထားသည် အသိစိတ်၏အကျိုးသက်ရောက်မှု အနည်းငယ်မျှမရှိသည့်အပြင် ဝမ်းနည်းခြင်း သို့မဟုတ် နောင်တရခြင်း အရိပ်အယောင်တစ်ခုမျှ မရှိဘဲ ရက်စက်ကြမ်းကြုတ်လေသည်။ ၎င်းတို့၌ နောက်ကြောင်းပြန်လှည့်ရန်၊ သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရန်၊ အပြစ်များကို ဝန်ခံပြီး နောင်တရရန် ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ရန် သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် ရည်ရွယ်ချက် သေချာပေါက် မရှိပေ။ ထိုအစား ၎င်းတို့သည် တစ်စိုက်မတ်မတ် ငြင်းခုံသည်၊ ဆန့်ကျင်သည်၊ ညည်းညူကြသည်။ အန္တိခရစ်များနှင့် နောင်တရနိုင်စွမ်းရှိသောသူများ နှစ်ဦးလုံးသည် တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ထုတ်ဖော်ကြသော်လည်း ဤထုတ်ဖော်ချက်များ၏ သဘောသဘာဝ၌ ကွာခြားချက်တစ်ခု ရှိသည်မဟုတ်လော။ ဤအုပ်စုများထဲမှ မည်သည့်အုပ်စုက အန္တိခရစ်စိတ်သဘောထားကို ပိုင်ဆိုင်ပြီး မည်သည့်အုပ်စုက အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို ပိုင်ဆိုင်သနည်း။ (နောင်တမရသောသူတို့သည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို ပိုင်ဆိုင်ပါသည်။) နောင်တရနိုင်စွမ်းရှိသောသူများမှာ မည်သူတို့နည်း။ ၎င်းတို့သည် အန္တိခရစ်စိတ်သဘောထားရှိသော ဖောက်ပြန်ပျက်စီးသည့် လူသားများဖြစ်သော်လည်း အန္တိခရစ်များ မဟုတ်ကြပေ။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိသောသူတို့သည် အန္တိခရစ်များဖြစ်ကြစဉ်တွင် အန္တိခရစ် စိတ်သဘောထားရှိသော သူတို့မှာမူ သာမန် ဖောက်ပြန်ပျက်စီးသည့် လူသားများ ဖြစ်ကြသည်။ ဤနှစ်မျိုးအကြားတွင် မည်သည့်အုပ်စုက ဆိုးယုတ်သောလူများဖြင့် ဖွဲ့စည်းထားသနည်း။ (အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိသောသူများ ဖြစ်ပါသည်။) သင်သည် ဤအရာကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိပေသည်၊ မှန်ပါ၏လော။ ထိုအရာသည် မည်သည့်အုပ်စုက မိမိတို့၏အသိစိတ်က မိမိတို့ကို စွပ်စွဲသည့် အရိပ်အယောင်တစ်စုံတစ်ရာမျှ မပြသခြင်း၊ နောက်ပြန်မလှည့်ဘဲ သို့မဟုတ် ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ ဆက်လက် ငြင်းခုံနေခြင်း၊ ၎င်းတို့က အမှားတစ်ခုခုပြုလုပ်မိပြီး ပြုပြင်ခြင်းခံရခြင်း၊ ထုတ်ပယ်ခြင်းခံရခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းခံရခြင်းစသည်တို့ကဲ့သို့သော အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ မဆင်မခြင် ဝေဖန်ပြီး မိမိတို့၏ အကြောင်းပြချက်များကို ဖြန့်ဝေခြင်းတို့အပေါ် မူတည်သည်။ အကယ်၍ ၎င်းတို့ကို ချုပ်တည်းရန် မည်သူမျှမရှိပါက ၎င်းတို့သည် မိမိတို့၏လုပ်ဆောင်ချက်များကို ရပ်တန့်ကြမည်လော။ ရပ်တန့်ကြမည်မဟုတ်ပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် အပျက်သဘောဆောင်မှုနှင့် ဆန့်ကျင်ဘက်ပြုခြင်းတို့ဖြင့် ပြည့်နေမည်ဖြစ်ပြီး ၎င်းတို့က “လူတို့က ကျွန်ုပ်ကို မမျှမတ ဆက်ဆံသည့်အပြင်၊ ဘုရားကလည်း ကျွန်ုပ်ကို ကျေးဇူးမပြဘဲ ကျွန်ုပ်ကိုယ်စား မဆောင်ရွက်သည့်အတွက်၊ အနာဂတ်တွင် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်သည့်အခါ၊ ဝတ်ကျေတမ်းကျေပင် ထမ်းဆောင်တော့မည်။ ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ် ကောင်းစွာ ထမ်းဆောင်လျှင်ပင်၊ မည်သည့်ဆုလာဘ်ကိုမျှ ကျွန်ုပ် ရမည်မဟုတ်ပါ။ မည်သူကမျှ ကျွန်ုပ်ကို ချီးကျူးမည် မဟုတ်သည့်အပြင် ကျွန်ုပ် ပြုပြင်ခံရဦးလိမ့်ဦးမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ် ထိုတာဝန်ကို ဝတ်ကျေတမ်းကျေသာ လုပ်တော့မည်။ ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ဖို့၊ သို့မဟုတ် ကျွန်ုပ်၏အလုပ်တွင် တခြားသူများနှင့် ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ဖို့၊ သို့မဟုတ် သမ္မာတရားကို ရှာဖွေဖို့ ကျွန်ုပ်ကို တောင်းဆိုရန် စဉ်းပင်မစဉ်းစားနှင့်။ ကျွန်ုပ်သည် မာနလည်းမရှိသည့်အပြင် နှိမ့်ချလည်းမနှိမ့်ချဘဲ ဂရုမစိုက်ဘဲနေမြဲနေမည်။ ကျွန်ုပ်ကို သင်တို့ တစ်စုံတစ်ရာလုပ်ဆောင်ရန် စေခိုင်းလျှင်၊ ကျွန်ုပ်လုပ်မည်။ သင်တို့က ကျွန်ုပ်ကို တစ်စုံတစ်ရာ လုပ်ဆောင်ဖို့ မစေခိုင်းလျှင် ကျွန်ုပ် ထွက်သာသွားလိုက်မည်။ သင်တို့ နှစ်သက်သည့်ပုံစံအတိုင်း ပြုမူဆောင်ရွက်ကြလော့။ ကျွန်ုပ် အရှိကိုအရှိအတိုင်း နေမည်။ ကျွန်ုပ်ကို အလွန်များစွာ မတောင်းဆိုနှင့်၊ သင်တို့၏ တောင်းဆိုချက်များ မြင့်မားလျှင် ကျွန်ုပ် လျစ်လျူမည်ဖြစ်သည်”ဟု ဆိုကြလိမ့်မည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား ဆက်လက်ဖြစ်ပေါ်ခြင်း မဟုတ်လော။ ထိုသို့သောလူများသည် နောင်တရနိုင်ကြသလော။ (မရနိုင်ပါ။) ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိသော သူတို့၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို ထုတ်ဖော်သောအခါ၌လည်း ထိုအတိုင်းပင်ဖြစ်သည်။ ၎င်းတို့၌ အသိစိတ် ကင်းမဲ့သောကြောင့် မည်သည့်အခါမျှ ဆင်ခြင်သုံးသပ်ခြင်း မရှိကြပေ။ တစ်ခုတလေက ၎င်းတို့အပေါ် ကျရောက်သည့်အခါ မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ ထုတ်ဖော်သည်ဖြစ်စေ သို့မဟုတ် မည်သည့်ကြံရွယ်ချက်များ၊ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များ ရှိသည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ အသိစိတ်၏ ကန့်သတ်ခြင်းကို မည်သည့်အခါမျှ မခံကြရပေ။ ထို့ကြောင့် အချိန်အခါ သင့်တော်ပြီး ၎င်းတို့အတွက် အခွင့်သာသောအခါ ၎င်းတို့ အလိုရှိသည့်အတိုင်း လုပ်ဆောင်ကြသည်။ ၎င်းတို့ လုပ်ရပ်များ၏ ရလဒ်က မည်သို့ပင်ဖြစ်စေ ၎င်းတို့ နောက်ပြန်မလှည့်ကြသည့်အပြင် မိမိတို့၏ သဘောထားအမြင်များကို ဖက်တွယ်ထားကြဆဲဖြစ်ပြီး မိမိတို့၏ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ကြံရွယ်ချက်များအပြင် အမှုအရာများကို အမြဲ လုပ်ဆောင်သည့် နည်းလမ်းများနှင့် နည်းစနစ်များကို မိမိကိုယ်ကို အပြစ်တင်ခြင်း တစ်ခုတလေမျှမရှိဘဲ ထိန်းသိမ်းထားကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် မိမိကိုယ်ကို အပြစ်တင်ခြင်း မခံစားရသနည်း။ အဘယ်ကြောင့်ဆိုသော်ထိုသို့သောလူများ၌ အသိစိတ် ကင်းမဲ့သည်၊ ၎င်းတို့၌ ဂုဏ်သိက္ခာကို အလေးထားစိတ်မရှိသည့်အပြင်၊ အရှက်လုံးဝ ကင်းမဲ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ လူ့သဘာဝတစ်ခုလုံးအတွင်း၌ ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ချုပ်တည်းနိုင်သည့်အရာ တစ်စုံတစ်ရာမရှိသည့်အပြင် ၎င်းတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် မှန်သည်လော သို့မဟုတ် မှားသည်လောဟူသည်ကို အကဲဖြတ်ရန် အသုံးပြုနိုင်သည့်အရာ တစ်စုံတစ်ရာမရှိပေ။ ထို့ကြောင့် ဤလူတို့သည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို ထုတ်ဖော်သောအခါ အခြားသူများ မည်သို့ရှုမြင်သည်ဖြစ်စေ သို့မဟုတ် ဖြစ်စဉ်နှင့် ရလဒ်က မည်သည့်အရာ ဖြစ်ကောင်းဖြစ်နိုင်သည်ဖြစ်စေ၊အစမှအဆုံးတိုင် ၎င်းတို့သည် မိမိကိုယ်ကို အပြစ်တင်ခြင်း၊ ဝမ်းနည်းခြင်း၊ နောင်တရခြင်း၊ အကြွေးတင်သောစိတ်တစ်ခုမျှ မခံစားရသည့်အပြင် မိမိတို့၏စိတ်နှလုံးထဲ၌ သေချာပေါက် နောက်ပြန်မလှည့်ကြပေ။ ဤသူတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ ဤဥပမာနှစ်ခုမှ အကဲဖြတ်ရလျှင် အန္တိခရစ်များ၏ အသိသာအထင်ရှားဆုံးသော အင်္ဂါရပ်မှာ အဘယ်နည်း။ (၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း ဖြစ်ပါသည်။) ဤအသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းသည် မည်သို့သော သရုပ်သကန်မျိုးကို ဖြစ်စေသနည်း။ ၎င်းတို့ ထုတ်ဖော်သည့် စိတ်သဘောထားများ၏ ရလဒ်မှာ အဘယ်နည်း။ (၎င်းတို့သည် ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် နောင်တရခြင်း မရှိနိုင်ကြပါ။) ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် နောင်တရခြင်း မရှိနိုင်သောသူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ လုံးဝမလုပ်ဆောင်နိုင်ကြပေ။
အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားမျှသာ ရှိသောသူကို အနှစ်သာရအားဖြင့် အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်၍မရနိုင်ပေ။ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရ ရှိသောသူများသာ အန္တိခရစ်အစစ်များဖြစ်သည်။ ဤနှစ်ခု၏ လူ့သဘာဝတွင် ကွဲပြားမှုများရှိသည်မှာ အမှန်ပင် ဖြစ်ပြီး မတူညီသော လူ့သဘာဝ အမျိုးအစားများ၏ အုပ်စိုးမှုအောက်တွင် သမ္မာတရားအပေါ် ထိုလူများထားရှိသော သဘောထားများသည်လည်း မတူညီပေ။ သမ္မာတရားအပေါ် လူတို့ထားရှိသော သဘောထားများ မတူညီသောအခါ ၎င်းတို့ရွေးချယ်သောလမ်းများက မတူညီကြပေ။ လူတို့ရွေးချယ်သောလမ်းများက မတူညီသောအခါ ၎င်းတို့၏ လုပ်ရပ်များမှ ထွက်လာသော စည်းမျဉ်းများနှင့် အကျိုးဆက်များကလည်း မတူညီကြပေ။ အန္တိခရစ်တစ်ယောက်၏ စိတ်သဘောထားသာ ရှိသောသူသည် အလုပ်တွင် အသိစိတ်ရှိသောကြောင့်၊ ဆင်ခြင်တုံတရား၊ ဂုဏ်သိက္ခာနှင့်ဆိုင်သော အသိစိတ်တို့ ရှိပြီး နှိုင်းယှဉ်ပြီးပြောရလျှင် သမ္မာတရားကို ချစ်သောကြောင့် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သူဖွင့်ပြသောအခါတွင် သူ၏ စိတ်နှလုံး၌ ယင်းအတွက် ပြစ်တင်ရှုတ်ချမှုရှိသည်။ ထိုသို့သော အချိန်များတွင် သူသည် သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်နိုင်ပြီး သူ့ကိုယ်သူ သိမြင်နိုင်သည်။ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှုအား ထုတ်ဖော်ပြခြင်းကို ဝန်ခံနိုင်သည်။ ဤနည်းအားဖြင့် သူသည် ဇာတိပကတိနှင့် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပုန်ကန်နိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံနိုင်လာသည်။ သို့ရာတွင် အန္တိခရစ်တစ်ယောက်အတွက်မူ ဤသို့ မဟုတ်ပေ။ ၎င်းတို့သည် ဂုဏ်သိက္ခာနှင့်ဆိုင်သော အသိစိတ် ရှိရန် မဆိုထားနှင့်၊ အလုပ်တွင် အသိတရားသော်လည်းကောင်း၊ တာဝန်သိသော အသိစိတ်သော်လည်းကောင်း မရှိသောကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ဖွင့်ပြသောအခါ ၎င်းတို့၏ ထုတ်ဖော်ပြချက်သည် မှန်ကန်သလော၊ မှားယွင်းသလော၊ သို့မဟုတ် ၎င်းတို့တွင် ရှိသည့်အရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သလော၊ သာမန်လူ့သဘာဝ ဖြစ်သလော၊ သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီသလောဆိုသည်တို့ကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ မတိုင်းတာပေ။ ဤအရာများကို ၎င်းတို့ မည်သည့်အခါမျှ ဆင်ခြင်သုံးသပ်ခြင်း မရှိပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သို့ပြုမူကြသနည်း။ ၎င်းတို့ဖွင့်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ၎င်းတို့ရွေးချယ်သည့် လမ်းသည် မှန်ကန်သော အရာများဖြစ်သည်ဟု အမြဲ ခံယူထားကြသည်။ ၎င်းတို့လုပ်သမျှသည် မှန်ကန်ကြောင်း၊ ၎င်းတို့ပြောသမျှသည် မှန်ကန်ကြောင်း ထင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အမြင်များကို ထိန်းသိမ်းရန် စိတ်ပိုင်းဖြတ်ထားကြ၏။ ထို့ကြောင့် ၎င်းတို့လုပ်မိနိုင်သည့် အမှားတစ်ခုသည် မည်မျှကြီးပါစေ၊ ၎င်းတို့ဖွင့်ပြနိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်မျှပြင်းထန်ပါစေ ၎င်းတို့သည် အကြောင်းအရာ၏ လေးနက်မှုကို သိမြင်လိမ့်မည် မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သေချာပေါက် နားလည်ကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားအား ကျိုးနွံနာခံခြင်း လမ်းကြောင်းကို ရွေးချယ်ရန်အတွက် ၎င်းတို့၏ ဆန္ဒများကို ဘေးဖယ်ထားခြင်း၊ ၎င်းတို့၏ ရည်မှန်းချက် သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပုန်ကန်ခြင်း ပြုလိမ့်မည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်သည်။ အန္တိခရစ်တစ်ယောက်၏ စိတ်သဘောထား ရှိသောသူသည် သမ္မာတရားကို မိမိတို့ စိတ်နှလုံးတွင်ချစ်လျှင် ထိုသမ္မာတရားကို နားလည်မှုအား ရရှိပြီး လက်တွေ့လုပ်ဆောင်ရန်၊ ကယ်တင်ခြင်းရရန် အခွင့်အလမ်းရှိသော်လည်း အန္တိခရစ်တစ်ယောက်၏ အနှစ်သာရရှိသော လူစားမျိုးကမူ သမ္မာတရားကို နားမလည်နိုင်၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့ ကယ်တင်ခြင်းလည်း မရရှိနိုင်ကြောင်းကို ဤမတူညီသော ရလဒ်နှစ်မျိုးမှတစ်ဆင့် မြင်နိုင်သည်။ ဤသည်မှာ ဤနှစ်ခုကြားရှိ ကွာခြားချက်ဖြစ်သည်။
၃။ အန္တိခရစ်များ၏ စိတ်သဘောထား အနှစ်သာရ
ယနေ့ မိတ်သဟာယဖွဲ့ခြင်း၏ အလေးပေးချက်မှာ အန္တိခရစ်များ၏ စိတ်သဘောထား အနှစ်သာရက အတိအကျအားဖြင့် အဘယ်အရာဖြစ်သည်ဟူသည်ကို အကျဉ်းချုပ်ဖော်ပြရန် ဖြစ်နေဆဲဖြစ်သည်။ ငါတို့ ယခုပင် ဆွေးနွေးခဲ့သော လူသားတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားခြောက်မျိုးအနက် အန္တိခရစ်၏ စိတ်သဘောထား အနှစ်သာရရှိသူတို့ကို သရုပ်ဖော်ရန် မည်သည့်သုံးမျိုးကို ပို၍တိကျစွာ အသုံးပြုထားသနည်း။ (သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ ဖြစ်ပါသည်။) နယ်ပယ်ကို ဤသုံးမျိုးအထိ ငါတို့ လျှော့ချပြီးဖြစ်သည့်အတွက် ပထမသုံးမျိုးသည် ဤမိတ်သဟာယဖွဲ့ခြင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်မည်မဟုတ်ပေ။ သို့ဆိုလျှင် အန္တိခရစ်၏ စိတ်သဘောထားအနှစ်သာရ ရှိသူတို့၌ စိတ်နှလုံးမာကျောခြင်း၊ မာနထောင်လွှားမှုနှင့် လှည့်ဖြားတတ်ခြင်းတည်းဟူသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ကင်းမဲ့သလော။ (မကင်းမဲ့ပါ။) သို့ဆိုလျှင် အန္တိခရစ်များ၏ စိတ်သဘောထားအနှစ်သာရကို သရုပ်ဖော်ရန် ပထမသုံးမျိုးကို အဘယ်ကြောင့် အသုံးမပြုသနည်း။ (အကြောင်းမှာ သာမန် ဖောက်ပြန်ပျက်စီးသော လူသားများသည်လည်း ပထမသုံးမျိုးကို ပိုင်ဆိုင်ကြပြီး ယင်းတို့က လူတစ်ဦး၏ အနှစ်သာရကို ကိုယ်စားမပြုသောကြောင့် ဖြစ်ပါသည်။) ဤသည်မှာ အလွန်တိကျသော အကျဉ်းချုပ်ဖော်ပြချက်တစ်ခု ဖြစ်သည်။ စိတ်သဘောထား အနှစ်သာရတည်းဟူသော အကြောင်းအရာနှင့်စပ်လျဉ်း၍ ပထမ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသုံးမျိုးသည် အတိုင်းအတာအားဖြင့် အတော်အသင့် လျော့နည်းပြီး အန္တိခရစ်များ၏ စိတ်သဘောထား အနှစ်သာရကို အမှန်တကယ် အကျဉ်းချုပ်ဖော်ပြနိုင်သည့်အရာများမှာ နောက်သုံးမျိုးဖြစ်သည့် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသုံးမျိုးသည် အန္တိခရစ်များ၏ စိတ်သဘောထားအနှစ်သာရကို ပို၍တိကျစွာ သရုပ်ဖော်နိုင်သည်။ ပထမသုံးမျိုးကို အန္တိခရစ်များ၏ အနှစ်သာရအား သရုပ်ဖော်ရန် အသုံးမပြုသော်လည်း ထိုဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားသုံးမျိုးထဲမှ တစ်ခုစီတိုင်းသည် အန္တိခရစ်တစ်ဦး၌ ရှိနေပြီး သာမန်လူများ၌ရှိသည်ထက် ပို၍ပြင်းထန်သည်။ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့အားလုံးကို ၎င်းတို့၏ စိတ်နှလုံးမာကျောခြင်းအား အကျဉ်းချုပ်ဖော်ပြရန်နှင့် သရုပ်ဖော်ရန်လည်းကောင်း၊ ၎င်းတို့၏ စိတ်နှလုံးမာကျောခြင်း အတိုင်းအတာကို ဖော်ပြရန်လည်းကောင်း အသုံးပြုနိုင်သည်။ ထို့အပြင် အထက်တွင်ဖော်ပြထားသော စိတ်သဘောထားသုံးမျိုးကို ၎င်းတို့၏ မာနထောင်လွှားမှုနှင့် လှည့်ဖြားတတ်ခြင်းတို့အား အကျဉ်းချုပ်ဖော်ပြရန်နှင့် သရုပ်ဖော်ရန် အလားတူ အသုံးပြုနိုင်သည်။ အန္တိခရစ်များ၏ စိတ်သဘောထား အနှစ်သာရနှင့်ဆိုင်သည့် အဓိကလက္ခဏာများမှာ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့ ဖြစ်သည်မှာ သိသာထင်ရှားပေသည်။
က။ ကောက်ကျစ်ဆိုးယုတ်ခြင်း
ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသုံးမျိုးဖြစ်သည့် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းတို့အနက် ကောက်ကျစ်ဆိုးယုတ်ခြင်းသည် အန္တိခရစ်၏ စိတ်သဘောထား အနှစ်သာရကို အပြည့်စုံဆုံး အကျဉ်းချုပ်ဖော်ပြသည့် စိတ်သဘောထားဖြစ်ပြီး၊ ယင်းမှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား အနှစ်သာရထဲတွင် အတွေ့ရအများဆုံးပင် ဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား အနှစ်သာရကို ဖော်ပြရန် ကောက်ကျစ်ဆိုးယုတ်မှုကို အဘယ်ကြောင့် အသုံးပြုသနည်း။ အန္တိခရစ်များသည် အတော်အတန် ကောက်ကျစ်ဆိုးယုတ်သည်ဟု ဆိုပါက၊ ၎င်းတို့၏ အတွေးများဖြင့် အကဲဖြတ်သည့်အခါ၊ ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရရှိသည့် လူများဖြစ်ကို သက်သေပြသည့် မည်သည့်အရာကို ၎င်းတို့ နေ့တိုင်း စဉ်းစား၊ ပြောဆိုကာ လုပ်ဆောင်ကြသနည်း။ ။ ဤသည်မှာ စဉ်းစားဆင်ခြင်သင့်သော မေးခွန်းတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤလူတို့၌ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရတစ်ခု အမှန်တကယ် တည်ရှိခြင်း ရှိမရှိဟူသည်ကို အကဲဖြတ်ရန်အလို့ငှာ ၎င်းတို့ တွေးတောသည့်အရာ၊ ၎င်းတို့၏ စကားနှင့် ပြုမူပြောဆိုပုံ၊ ပြီးလျှင် ၎င်းတို့ မိမိတို့ကိုယ်ကို ကျင့်ကြံပြုမူပုံနှင့် လူအများနှင့် ပေါင်းသင်းဆက်ဆံပုံတို့မှနေ၍ ငါတို့၏ စိစစ်ခြင်းနှင့် လေ့လာမှုတို့ကို စတင်သင့်သည်။ ပထမဆုံးအနေဖြင့် အန္တိခရစ်များက နေ့စဉ် မည်သည့်အရာ စဉ်းစားကြသည်ကို ကြည့်ကြစို့။ အချို့လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌၊ “ဤလူအုပ်စုထဲတွင် ငါသည် အစွမ်းဆောင်နိုင်ဆုံးဟု မှတ်ယူခြင်းမခံရသကဲ့သို့ အမြင့်မားဆုံးသော ဆုကျေးဇူးများလည်း မရှိပါ။ သို့ဖြစ်၍ ငါသည် ပို၍ကျော်ကြားမှုကို မည်သို့ ရရှိနိုင်မည်နည်း၊ လူတိုင်း၏ လေးစားမှုကို မည်သို့ ရယူနိုင်မည်နည်း၊ ငါ၏ ဘိုးဘေးများကို ဂုဏ်ဆောင်ပြီး ဂုဏ်သတင်းကျော်စောမှုကို မည်သို့ရရှိနိုင်မည်နည်း။ အခြားသူများအား မည်သို့ ဖျောင်းဖျပြီး သူတို့ကို ငါ့စကားနားထောင်စေကာ ငါ့ကို အားကျစေနိုင်မည်နည်း။ အဆင့်အတန်းရှိခြင်းသည် ကောင်းသောအရာဖြစ်သည်ဟု ထင်ရသည်။ အချို့လူတို့သည် အမှန်ပင် ဂုဏ်သိက္ခာဖြင့် စကားပြောကြပြီး အခြားလူတို့၌ ပြဿနာများရှိသောအခါ သူတို့ထံ သွားကြသည်၊ အဘယ်ကြောင့် မည်သူမျှ ကျွန်ုပ်ထံ မလာသနည်း။ အဘယ်ကြောင့် မည်သူကမျှ ငါ့ကို သတိမထားမိသနည်း။ ငါ၌ ဉာဏ်၊ စိတ်ကူးများ၊ ငါ၏ လုပ်ဆောင်ချက်များအတွက် စနစ်ကျသော လုပ်နည်းကိုင်နည်းတစ်ခု ရှိပြီး ကိစ္စရပ်များ၌ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အသုံးပြုနိုင်စွမ်း ရှိသည်။ အဘယ်ကြောင့် မည်သူကမျှ ငါ့ကို အာရုံမစိုက်သနည်း သို့မဟုတ် အထင်မကြီးသနည်း။ မည်သည့်အချိန်တွင် ငါသည် အခြားသူများထက် ထင်ပေါ်လိမ့်မည်နည်း။ မည်သည့်အချိန်တွင် လူတိုင်းသည် အကူအညီအတွက် ကျွန်ုပ်ထံ လာပြီး ငါ့ကို ထောက်ခံကြမည်နည်း”ဟု စဉ်းစားကြလေသည်။ ဤလူတို့သည် အဘယ်အရာကို စဉ်းစားနေကြသနည်း။ အပြုသဘောဆောင်သောအရာများကို စဉ်းစားနေကြသလော သို့မဟုတ် အပျက်သဘောဆောင်သော အရာများကို စဉ်းစားနေကြသလော။ (အပျက်သဘောဆောင်သော အရာများ ဖြစ်ပါသည်။) အချို့လူတို့သည် အခြားသူများက အချင်းချင်း ကောင်းသောဆက်ဆံရေးရှိသည်ကို မြင်သောအခါ၊ “သူတို့၏ ဆက်ဆံရေးသည် အဘယ်ကြောင့် ထိုမျှ ကောင်းမွန်ရသနည်း။ ငါသည် သွေးခွဲရန် နည်းလမ်းတစ်ခုကို ရှာဖွေပြီး သူတို့၏ ဆက်ဆံရေးကို ပျက်ပြားအောင် လုပ်ရန် လိုအပ်သည်။ ဤနည်းအားဖြင့် ငါသည် အထီးကျန်မည်မဟုတ်ဘဲ အဖော်တစ်ဦး ရရှိလိမ့်မည်”ဟု စဉ်းစားကြသည်။ ဤလူတို့သည် အဘယ်အရာကို ပြုလုပ်နေကြသနည်း။ မည်သည့်နည်းလမ်းကို ၎င်းတို့ အသုံးပြုသည်ဖြစ်စေ ယင်းအားလုံးသည် သွေးခွဲခြင်းသဘော သက်ရောက်သည်ပင်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် မိမိ၏တာဝန်ကို စိတ်အားထက်သန်စွာနှင့် စိတ်ဓာတ်တက်ကြွစွာ ထမ်းဆောင်နေကာ မိမိ၏တာဝန်ကို ထမ်းဆောင်စဉ် မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ အများ၏အာရုံစိုက်မှုအား ရရှိနေသည်ကို ၎င်းတို့ မြင်သောအခါ မနာလိုဖြစ်လာပြီး ထိုသူကို မည်သို့ ထိခိုက်နစ်နာစေရမည်၊ ၎င်းတို့အား မည်သို့ အားလျော့စေပြီး အပျက်သဘောဆောင်အောင်လုပ်ရမည်ဟူသည်တို့ကို စဉ်းစားဆင်ခြင်ကြသည်။ ဤအတွေးများသည် လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ၊ မလုပ်ဆောင်သည်ဖြစ်စေ အပျက်သဘောဆောင်သော အတွေးအခေါ်များ ဖြစ်ကြသည်။ “အသစ်ရွေးကောက်ခံရသော ခေါင်းဆောင်သည် ငါ့ကို မည်သို့ ရှုမြင်သနည်း။ ငါသည် ဤခေါင်းဆောင်နှင့် ရင်းနှီးရန် လိုအပ်သည်။ ငါတို့၏ ဆက်ဆံရေးသည် မကောင်းမွန်သကဲ့သို့ ငါတို့ သိပ်မရင်းနှီးကြပါ။ သို့ဖြစ်၍ ငါသည် သူ့ကို မည်သို့ မျက်နှာလုပ်နိုင်မည်နည်း။ ငါ့ လက်ထဲ၌ ငွေအချို့ ရှိသည်၊ သို့ဖြစ်၍ သူလိုအပ်သည့်အရာကို ငါ သိအောင်လုပ်ပြီးနောက် သူ့အတွက် ဝယ်ပေးမည်။ သို့သော် သူက ကွန်ပျူတာတစ်လုံး လိုအပ်ပါက ထိုသို့သောငွေမျိုးကို ငါ သုံးစွဲလိုစိတ် မရှိပါ။ အကယ်၍ သူသည် အနာဂတ်တွင် ခေါင်းဆောင်တစ်ဦးအဖြစ်မှ ရပ်စဲသွားပါက ထိုငွေသည် အလဟဿ ဖြစ်သွားမည် မဟုတ်လော။ အကယ်၍ သူသည်လက်အိတ်များ သို့မဟုတ် အဝတ်အစားများကဲ့သို့သော အရာတစ်ခုခု လိုအပ်ပါက ထိုအရာကို ငါ တတ်နိုင်ပြီး ကုန်ကျစရိတ်နှင့် တန်သည်။ ငွေကို မှန်ကန်သောအရာများအတွက် သုံးစွဲသင့်သည်၊ မဖြုန်းတီးသင့်ပါ။ ထို့အပြင်၊ ခေါင်းဆောင်ကို အနှစ်မဲ့သော စကားများဖြင့်သာမက လက်တွေ့လုပ်ဆောင်မှုများဖြင့်လည်း ဖားယားမြှောက်ပင့်ပြီး စိတ်ကျေနပ်အောင် လုပ်ရမည်။ ဤခေါင်းဆောင် ကြိုက်နှစ်သက်သည့်အရာကို ငါ အကဲခတ်နေရန် လိုအပ်သည်။ ထို့အပြင် နေ့စဉ် အစာစားချိန်ရောက်သောအခါ ခေါင်းဆောင်၏ အစားအစာကို ပြင်ဆင်ပေးပြီး သူစားသောက်ပြီးသောအခါ သူ၏ ပန်းကန်များကို ငါ ဆေးကြောပေးမည်။ အကယ်၍ ခေါင်းဆောင်သည် တစ်စုံတစ်ဦးကို ဝေဖန်ပါက ငါ လိုက်ဝေဖန်ပြီး သံယောင်လိုက်မည်။ အကယ်၍ ခေါင်းဆောင်သည် တစ်စုံတစ်ဦးကို ချီးကျူးပါက ထိုသူကို ငါ အမြန် ထောက်ခံပြီး သူ၏ ကောင်းမြတ်မှုများကို ချီးကျူးမည်”ဟုပင် စဉ်းစားသောသူများလည်း ရှိသည်။ ဤလူတို့သည် အဘယ်အရာကို တွေးတောနေကြသနည်း။ (ခေါင်းဆောင်ကို ကျေနပ်စေခြင်းနှင့် ၎င်းတို့အပေါ် မျက်နှာလုပ်ခြင်းတို့ကို တွေးတောနေကြပါသည်။) ဘုရားအိမ်တော်၌ အလုပ်လုပ်နေစဉ်၊ “အခြားသူများသည် ကြိုးစားပြီး စိတ်ထက်သန်စွာ အလုပ်လုပ်ကြသည်။ ငါ လိမ္မာပါးနပ်ရမည်။ မိုက်မဲ၍မဖြစ်သည့်အပြင် ငါကိုယ်တိုင် အလွန်အမင်း အလုပ်ကြိုးစား၍မဖြစ်ပါ။ အကယ်၍ ဘုရားအိမ်တော်က အနာဂတ်တွင် ငါ့ကို မလိုအပ်လျှင်၊ ဤကြိုးစားအားထုတ်မှုသည် အချည်းနှီး ဖြစ်သွားမည် မဟုတ်လော။ ငါ့အနေဖြင့် အချည်းနှီး ကြိုးစားအလုပ်လုပ်နေခြင်းဖြစ်မည် မဟုတ်လော။ သို့သော် အကယ်၍ ငါလုံးဝ အလုပ်မလုပ်ပါက ဘုရားအိမ်တော်က ငါ့ကို နှင်ထုတ်လိမ့်မည်။ ငါ အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ ခေါင်းဆောင် ရှိနေသောအခါ အစွမ်းကုန် ငါ ကြိုးစားအလုပ်လုပ်မည်၊ ချွေးထွက်အောင် လုပ်ဆောင်ပြီး ခေါင်းဆောင်ကို မြင်စေမည်။ သူတို့ မရှိသောအခါ အိမ်သာသို့ ငါ သွားမည်၊ ရေသောက်မည်၊ လမ်းလျှောက်ထွက်မည် သို့မဟုတ် အနားယူရန် ထောင့်တစ်နေရာကို ရှာဖွေမည်။ အကယ်၍ အခြားသူများ မြေကြီးကို ဂေါ်ပြားသုံးချက် တူးပါက ဂေါ်ပြားတစ်ဝက်မျှသာ ငါ တူးမည်၊ အကယ်၍ အခြားသူများက အရာဝတ္ထုများကို သယ်ဆောင်လျက် သုံးကြိမ် သို့မဟုတ် ငါးကြိမ် အပြန်ပြန်အလှန်လှန် သွားပါက တစ်ကြိမ်မျှသာ ငါ သွားမည်။ ငါ တတ်နိုင်သည့်အခါတိုင်း အနားယူပြီး ပျင်းရိမည်။ ငါသည် အလွန် စိတ်မထက်သန်သင့်ပါ။ အကယ်၍ ငါ အလွန်တရာ ကြိုးစားလုပ်ဆောင်ခြင်းကြောင့် ဖျားနာသွားပါက သို့မဟုတ် ပင်ပန်းနွမ်းနယ်သွားပါက မည်သူသည် ငါ့အတွက် စိတ်မကောင်း ဖြစ်မည်နည်း။ မည်သူသည် ငါ၏ ဖျားနာမှုကို ကုသပေးမည်နည်း။ ခေါင်းဆောင်က ယင်းကို ဂရုစိုက်မည်လော။ ဘုရားက ယင်းကို ဂရုစိုက်မည်လော။ ဘုရားက ဤအရာများအတွက် တာဝန်ယူမည်လော။ ထို့ကြောင့် အလုပ်လုပ်နေစဉ် မည်သည့်နေရာ၌ အထင်ရှားဆုံး အလုပ်လုပ်နိုင်မည်ကို ငါ စဉ်းစားရမည်။ ငါ ပျင်းရိလိုသောအခါ အတွေ့ခံရဖို့ အလားအလာအနည်းဆုံးနေရာ၊ အာရုံစိုက်ခံရရန် အလားအလာအနည်းဆုံးနေရာကို ရှာဖွေရမည်”ဟု စဉ်းစားကြသည်။ ဤလူတို့သည် အဘယ်အရာကို တွေးတောနေကြသနည်း။ (ပျင်းရိခြင်းနှင့် ကောက်ကျစ်စဉ်းလဲစွာ ပြုမူခြင်းတို့ကို ဖြစ်ပါသည်။)
၂။ လူတို့အပေါ် အန္တိခရစ်များ လုပ်ဆောင်သည့်အရာ
တစ်နေ့လုံး ကောက်ကျစ်ဆိုးယုတ်သော အတွေးများရှိသောလူတို့၏ အကျင့်စရိုက်မှာ အဘယ်နည်း။ ယင်းမှာ တည်ကြည်မှုနိမ့်ကျပြီး မသိမသာ အန္တရာယ်ပေးသည့် အကျင့်စရိုက်တစ်ခု ဖြစ်သည်။ ၎င်းတို့၏ စိတ်သဘောထားကို အကဲဖြတ်ခြင်းအားဖြင့် ဤသည်မှာ အဘယ်နည်း။ (ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်ပါသည်။) ၎င်းတို့ တွေးတောသည့် ဤအရာများ၏ သဘောသဘာဝ၌ တည်ကြည်ဖြောင့်မှန်သောအရာ တစ်ခုတလေ ရှိသလော။ မြင့်မြတ်သောအရာ၊ ပွင့်လင်းပြီး၊ တရားမျှတပုံရသည့်အရာ တစ်ခုတလေ ရှိသလော။ ကောင်းသောအရာ တစ်ခုတလေ ရှိသလော။ (တစ်ခုမျှ မရှိပါ။) သို့ဖြစ်၍ အကျဉ်းချုပ်အားဖြင့် အန္တိခရစ်များ၏ အနှစ်သာရကို ပိုင်ဆိုင်သောသူတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၌ ထင်ရှားပေါ်လွင်သည့် ပထမဆုံးအရာမှာ ၎င်းတို့ တစ်နေ့လုံး တွေးတောသမျှသည် ဆိုးယုတ်မှုဖြစ်သည်ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ကြီးမားသော ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည်ဖြစ်စေ၊ သေးငယ်သော ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည်ဖြစ်စေ ၎င်းတို့၏ အတွေးများက မကောင်းမှုဖြင့် ပြည့်နေသည်။ တိကျစွာဆိုရလျှင် ၎င်းတို့သည် လူတို့အပေါ် အချို့အရာများကို လုပ်ဆောင်ပြီး ဘုရားသခင်အပေါ်၌လည်း မတူညီသော သရုပ်သကန်များနှင့် လက်တွေ့လုပ်ဆောင်မှုများ ရှိကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် လူတို့အပေါ် အဘယ်အရာများကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် မိမိတို့၏ အတွေး၌ မည်သို့သော လက်တွေ့လုပ်ဆောင်မှုမျိုးများကို ဖြစ်ပေါ်စေသနည်း။ ယခုတင် ဖော်ပြခဲ့သော ဥပမာအနည်းငယ်တွင် ဤသို့သောလူစားမျိုးသည် အခြားသူများအပေါ် စဉ်ဆက်မပြတ် ကြံစည်နေပုံကို သင်တို့ မြင်နိုင်သလော။ ၎င်းတို့သည် မရပ်မနား ကြံစည်နေကြပြီး ၎င်းတို့နှင့် ဆက်ဆံရေး သို့မဟုတ် ထိတွေ့မှုရှိသော မည်သူမဆိုသည် ၎င်းတို့အကြံအစည်များ၏ ပစ်မှတ် ဖြစ်လာသည်။ ဒုတိယအနေဖြင့် တစ်ခါတစ်ရံ ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်သောအခါ စကားမပြောကြသော်လည်း ၎င်းတို့ လုပ်ဆောင်ချက်များ၏ နည်းလမ်းများ၊ နည်းစနစ်များနှင့် ရင်းမြစ်များသည် စစ်မှန်ခြင်းမရှိသည့်အပြင် ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ယင်းမှာ အရိပ်ပမာဖြစ်သော အသွင်အပြင်တစ်ခုမျှသာ ဖြစ်သည်။ ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤလက်တွေ့လုပ်ဆောင်ခြင်းမှာ အဘယ်နည်း။ ယင်းမှာ လှည့်စားခြင်းနှင့် ဟန်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့သည် အခြားသူများကိုလည်း သွေးဆောင်နေကြသည်။ ၎င်းတို့သည် ဟန်ဆောင်နိုင်ပြီး လူတို့ကို လှည့်စားနိုင်သည့်အတွက် လူတို့ကို ဆွဲဆောင်ပြီး အထင်အမြင်လည်းမှားစေနိုင်ကြသလော။ (မှားစေနိုင်ပါသည်။) ထို့အပြင် ဤသို့သောလူစားမျိုးသည် အဆင့်အတန်း၊ ဂုဏ်သတင်း၊ သိက္ခာနှင့် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားတို့အတွက် အခြားသူများနှင့် အဆက်မပြတ် ယှဉ်ပြိုင်တိုက်ခိုက်နေကြသည်။ ၎င်းတို့သည် ကျော်ကြားမှုအတွက်၊ ဆုံးဖြတ်ပိုင်ခွင့်ရှိသူဖြစ်ခြင်းအတွက်၊ မည်သူ၌ အယူအဆများ ပိုမိုရှိသည်ဟူသည်အတွက်၊ မည်သူ၏ ထင်မြင်ယူဆချက်များက ပို၍အမြော်အမြင်ရှိပြီး ပို၍ကျိုးကြောင်းဆီလျော်သည်ဟူသည်အတွက်၊ မည်သူက လူတိုင်း၏ ထောက်ခံမှုကို ပိုမိုရရှိသည်ဟူသည်အတွက်လည်းကောင်း၊ မည်သူက အကျိုးအမြတ်များ ပိုမိုရရှိနိုင်သည်ဟူသည်အတွက်လည်းကောင်း တိုက်ခိုက်ကြသည်။ ဤသည်မှာ ၎င်းတို့ ယှဉ်ပြိုင်သည့်အရာ ဖြစ်သည်။ အဆင့်အတန်းမရှိဘဲနှင့်ပင် ၎င်းတို့သည် လူတို့ကို ဤသို့ ကြံစည်နေဆဲဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့၌ အဆင့်အတန်းရှိသောအခါ အဘယ်သို့နည်း။ ထိုအခါ ၎င်းတို့၏ လွှမ်းမိုးမှုအောက်ရှိလူတို့သည် အဆက်မပြတ် ညှဉ်းဆဲခြင်း ခံနေရသည်။ ၎င်းတို့သည် လူတိုင်းကို မိမိတို့စကားနားထောင်စေပြီး မိမိတို့ကို နာခံစေမည့် ရည်မှန်းချက်ဖြင့် သမ္မာတရားကို မချစ်မြတ်နိုးသောသူတို့ကို ဆွဲဆောင်ပြီး စည်းရုံးသိမ်းသွင်းကာ သမ္မာတရားကို လက်ခံနိုင်သောသူတို့ကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြသည်။ ၎င်းတို့သည် အုပ်စုများအတွင်း၌ ဂိုဏ်းများဖွဲ့ပြီး သွေးခွဲခြင်းတို့ကို အမြဲ ပြုလုပ်ကြကာ အဆုံးတွင် လူတိုင်းကို ၎င်းတို့နှင့်သက်ဆိုင်စေကြသည်။ ဤအရာအားလုံးသည် ၎င်းတို့၏ ညှဉ်းဆဲခြင်း နယ်ပယ်အတွင်း၌ ကျရောက်သည်။ အန္တိခရစ်များသည် တစ်နေ့လုံး မကောင်းမှုကို တွေးတောနေကြပြီး ၎င်းတို့ ထုတ်ဖော်သည့် စိတ်သဘောထားတိုင်းက မကောင်းမှုဖြစ်သည်။ သို့ဆိုလျှင် ထိုသို့သောလူများ၏ စိတ်သဘောထားက ကောက်ကျစ်ဆိုးယုတ်သည်ဟု ဆိုခြင်းသည် မှန်ကန်တိကျသလော။ (မှန်ကန်တိကျပါသည်။) လူတိုင်းက မိမိတို့၏ နေရာကို သိရှိပြီး မိမိတို့၏ ကိုယ်ပိုင်အလုပ်ကို စွဲမြဲကာ မိမိတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သည့် အဖွဲ့တစ်ခုတွင် အန္တိခရစ်တစ်ဦး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အချင်းချင်း မသင့်မြတ်အောင်လုပ်ဆောင်လျက် လူ (ခ) ၏ရှေ့တွင် လူ (က) အကြောင်း မကောင်းပြောကာ အပြန်အလှန် မကောင်းပြောရင်း အတွင်းမှ သွေးခွဲလေသည်။ ဤသည်မှာ သွေးခွဲခြင်း၏ အကျိုးဆက် မဟုတ်လော။ သို့ဆိုလျှင် အန္တိခရစ်တစ်ဦး၏ ကြံစည်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်အချို့မှာ အဘယ်နည်း။ ဥပမာအားဖြင့် အသင်းတော်၌ ရွေးကောက်ပွဲတစ်ခု ရှိသောအခါ ရည်မှန်းချက်မရှိသော သာမန်လူတို့က “မည်သူ ရွေးကောက်ခံရသည်ဖြစ်စေ ငါ ကျိုးနွံနာခံမည်၊ ဘုရားသခင် ခေါင်းဆောင်ဖြစ်ခွင့်ပြုသော မည်သူ့ကိုမဆို ငါထောက်ခံမည်ဖြစ်ပြီး ငါသည် အနှောင့်အယှက်ပေးသူ သို့မဟုတ် ပြဿနာရှာသူ ဖြစ်မည်မဟုတ်” ဟု တွေးထင်ကောင်း တွေးထင်နိုင်သည်။ သို့သော် မကောင်းသော ရည်ရွယ်ချက်ရှိသော သူတို့သည် ဤသို့ မတွေးတောကြပေ။ အကယ်၍ ၎င်းတို့သည် ဤရွေးကောက်ပွဲ၌ မိမိတို့ အနိုင်ရရန် မျှော်လင့်ချက်မရှိကြောင်း မြင်ပါက မိမိတို့၏ စိတ်နှလုံးထဲ၌ “ငါသည် လူတိုင်းအတွက် ပစ္စည်းကောင်းအချို့ကို ဝယ်ပေးရန် လိုအပ်သည်။ ဤနေ့ရက်များတွင် အသင်းတော်၌ အဘယ်အရာ လိုအပ်နေသနည်း။ လေသန့်စင်စက်တစ်လုံးကို ငါ ဝယ်ပြီး စုဝေးသည့်နေရာ၌ ထားမည်။ သို့မှသာ လူတိုင်းက လတ်ဆတ်သောလေကို ရှူရှိုက်သောအခါ ငါ့ကို တွေးမိကြလိမ့်မည်။ ဤနည်းအားဖြင့် ရွေးကောက်ပွဲအချိန်ကျသောအခါ သူတို့ တွေးမိသည့် ပထမဆုံးကိုယ်စားလှယ်လောင်းမှာ ငါ ဖြစ်မည်မဟုတ်လော။ ထို့ကြောင့် ငါသည် အချည်းနှီး ပြုမူနေခြင်း သို့မဟုတ် ငွေသုံးနေခြင်း ဖြစ်မည်မဟုတ်ပါ”ဟု စတင်တွက်ချက်နေကြလေသည်။ ဤသို့ တွေးတောပြီးနောက် ၎င်းတို့သည် အသက်သာဆုံးနှင့် အမြင်အားဖြင့် အဆွဲဆောင်နိုင်ဆုံးသော လေသန့်စင်စက်တစ်လုံးကို အမြန်ဝယ်ယူကြသည်။ ထို့အပြင် ၎င်းတို့က၊ “ဤအချိန်အတောအတွင်းတွင် ငါ ဂရုစိုက်ဖို့လိုအပ်သည်။ မှားယွင်းသောအရာများကို ငါ မပြောရပါ၊ ပြီးလျှင် အပျက်သဘောဆောင်ပြီး လူကိုတည်ဆောက်မှုမပေးသော အရာများကို မပြောရပါ။ ငါသည် လူများနှင့် တွေ့ဆုံသည့်အခါတိုင်း မြှောက်ပင့်သောစကားများကို ပြောဆိုရမည်ဖြစ်ပြီး အခြားသူများကို ‘သင်သည် တကယ်ကို ကြည့်ကောင်းပါသည်။ သင်သည် သမ္မာတရားကို အမှန်တကယ် လိုက်စားနေပါသည်။ သင်သည် ကျွန်ုပ်လောက် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ မယုံကြည်သေးသော်လည်း ကျွန်ုပ်ထက် သမ္မာတရားကို ပိုလိုက်စားခဲ့ပါသည်။ သင်၏ လူ့သဘာဝသည် ကောင်းမွန်ပြီး သင်ကဲ့သို့ ကောင်းသောလူ့သဘာဝရှိသော လူများသည် ကယ်တင်ခြင်းခံရနိုင်သည်။ ကျွန်ုပ်နှင့်မတူပါ’ ဟူသကဲ့သို့သော အရာများဖြင့် မကြာခဏ ချီးကျူးရမည်။ ငါသည် နှိမ့်ချသည့်ပုံပေါ်သင့်ပြီး အခြားသူများကို အဘက်ဘက်တွင် ငါကိုယ်တိုင်ထက် ပိုတော်သည်ဟု ချီးကျူးသင့်ကာ အခြားသူများကို လုံလောက်သော လေးစားမှုအား ၎င်းတို့ ရရှိသည်ဟု ခံစားစေသင့်သည်”ဟု စဉ်းစားကြလေသည်။ ဤသည်မှာ အကွက်ဆင်ခြင်း မဟုတ်လော။ အန္တိခရစ်များသည် ထိုသို့သောအရာများကို အားစိုက်ထုတ်စရာမလိုဘဲ ပြုလုပ်ကြသည်။ သာမန်လူတို့သည် ၎င်းတို့ကို အကွက်ဆင်ရာ၌ မယှဉ်နိုင်ပေ။ မယုံကြည်သူများအကြား ဆိုရိုးစကားမှာ အဘယ်နည်း။ (သင်သည် တစ်စုံတစ်ဦး၏ ရောင်းစားခြင်းကို ခံရပြီးဖြစ်သော်လည်း ၎င်းတို့အား ငွေရေတွက်ရာ၌ ကူညီနေဆဲ ဖြစ်သည်။) အန္တိခရစ်များသည် ထိုသို့သောအရာများကို ကျူးလွန်ကြပြီး လူအများစုမှာ ၎င်းတို့၏ သစ္စာဖောက်ခြင်းနှင့် အကွက်ဆင်ခြင်းတို့၏ ပစ်မှတ်များ ဖြစ်ကြသည်။
ငါ့ကို ပြောကြလော့၊ အန္တိခရစ်များသည် ပြုပြင်ခြင်းကို လက်ခံကြသလော။ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိကြောင်း ၎င်းတို့ ဝန်ခံကြသလော။ (ဝန်မခံကြပါ။) ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိကြောင်း ဝန်မခံကြသော်လည်း ပြုပြင်ခြင်းခံရပြီးနောက် မိမိတို့ကိုယ်ကို သိရှိသကဲ့သို့ ဟန်ဆောင်နေကြဆဲ ဖြစ်သည်။ ၎င်းတို့သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်ကြောင်း၊ လူ့သဘာဝကင်းမဲ့ပြီး အစွမ်းအစညံ့ဖျင်းကြောင်း၊ အမှုအရာများကို စေ့စေ့စပ်စပ် မစဉ်းစားနိုင်ကြောင်း၊ အသင်းတော်က စီစဉ်ပေးသော တာဝန်များနှင့် မသင့်တော်ကြောင်း၊ မိမိတို့၏ တာဝန်များကို ကောင်းစွာ မထမ်းဆောင်ခဲ့ကြောင်း ပြောဆိုကြသည်။ ထို့နောက် လူအများစု၏ရှေ့တွင် ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဝန်ခံကြသည်။ မိမိတို့က နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း ဝန်ခံကြပြီး နောက်ဆုံးတွင် ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို စစ်ဆေးပြီး ကယ်တင်နေခြင်းဖြစ်သည်ဟုလည်း ဆိုကြကာ၊ ပြုပြင်ခြင်းကို မည်မျှ ၎င်းတို့ လက်ခံနိုင်စွမ်းရှိကြောင်းနှင့် သမ္မာတရားကို မည်မျှ ကျိုးနွံနာခံကြောင်း လူတို့ကို ပြသကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ၎င်းတို့ ပြုပြင်ခြင်းခံနေရသည်ကို မဖော်ပြကြ သို့မဟုတ် ၎င်းတို့၏ လုပ်ဆောင်ချက်များက အသင်းတော်အလုပ်အပေါ် ဖြစ်ပေါ်စေခဲ့သော ထိခိုက်နစ်နာမှုနှင့် ဆုံးရှုံးမှုများကို ဖော်ပြခြင်းမရှိကြပေ။ ၎င်းတို့သည် ဤပြဿနာများကို ရှောင်ရှားပြီး ဘုရားအိမ်တော်မှ ၎င်းတို့ လက်ခံရရှိသော ပြုပြင်ခြင်းက မထိုက်တန်သည့်အပြင် မတရားသည့်အလား၊ ကြီးမားသော မတရားမှုတစ်ခုခုကို ၎င်းတို့ ခံစားခဲ့ရသည့်အလား လူတို့ကို အထင်အမြင်မှားစေရန် အနှစ်မဲ့သောစကားများ၊ အယူဝါဒများ၊ တစ်ပတ်ရိုက်ခြင်းများနှင့် ရှင်းလင်းဖော်ပြသော မှတ်ချက်များကို ပြောဆိုကြသည်။ ပြုပြင်ခြင်းခံရပြီးနောက် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ မကျိုးနွံဘဲ ခေါင်းမာနေဆဲဖြစ်ပြီး မိမိတို့၏ အမျိုးမျိုးသော ဒုစရိုက်အမှုများထဲမှ တစ်ခုကိုမျှ အနည်းငယ်မျှပင် အသိအမှတ်မပြုကြပေ။ သို့ဆိုလျှင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဝန်ခံခြင်း၊ သမ္မာတရားကို လက်ခံလိုစိတ်ရှိခြင်းနှင့် ပြုပြင်ခြင်းအား ကျိုးနွံနာခံနိုင်ခြင်းတို့နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့သော ဤစကားအားလုံးမှာ အဘယ်အရာများ ဖြစ်သနည်း။ ဤအရာများသည် ၎င်းတို့၏ စစ်မှန်သော စိတ်ခံစားချက်များလော။ လုံးဝမဟုတ်ပေ။ ၎င်းတို့အားလုံးသည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် သွေးဆောင်ဖြားယောင်းရန် ရည်ရွယ်သည့် မုသားများ၊ ဟန်ဆောင်မှုနှင့် နတ်ဆိုးဆန်သော စကားများ ဖြစ်ကြသည်။ လူတို့ကို ၎င်းတို့ အထင်အမြင်မှားစေခြင်း၏ ရည်မှန်းချက်မှာ အဘယ်နည်း။ (လူတို့အား ၎င်းတို့ကို ကိုးကွယ်ပြီး နောက်လိုက်စေရန် ဖြစ်ပါသည်။) အတိအကျပင်၊ ယင်းမှာ လူတိုင်းကို ၎င်းတို့ မှန်ကန်ပြီး ကောင်းမွန်သည်ဟု ထင်မြင်စေလျက် လူတို့ကို ၎င်းတို့နောက်လိုက်စေပြီး ၎င်းတို့စကားနားထောင်စေရန်အတွက် အထင်အမြင်မှားစေရန်နှင့် သွေးဆောင်ဖြားယောင်းရန် ဖြစ်သည်။ ဤနည်းအားဖြင့် မည်သူမျှ ၎င်းတို့ကို ရိပ်စားမိခြင်း သို့မဟုတ် ဆန့်ကျင်ခြင်း ပြုမည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် လူတို့သည် ၎င်းတို့အား သမ္မာတရားကို လက်ခံသူတစ်ဦး၊ ပြုပြင်ခြင်းကို လက်ခံသူတစ်ဦးနှင့် နောင်တရသူတစ်ဦးဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် မိမိတို့၏ ဒုစရိုက်အမှုများကို ဝန်မခံကြသနည်း သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်အပေါ် ၎င်းတို့ ဖြစ်ပေါ်စေခဲ့သော ဆုံးရှုံးမှုများကို အသိအမှတ်မပြုကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ဤကိစ္စရပ်များကို မိတ်သဟာယဖွဲ့ရန်အတွက် လူသိရှင်ကြား မထုတ်ဖော်ကြသနည်း။ (အကယ်၍ ၎င်းတို့သည် ဤအရာများကို ပြောဆိုမည်ဆိုလျှင် လူတို့က ၎င်းတို့ကို ပိုင်းခြားသိမြင်ကြလိမ့်မည်ဖြစ်သည်။) အကယ်၍ လူတို့သည် ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ရိပ်စားမိကာ ၎င်းတို့၏ လူ့သဘာဝနှင့် စိတ်သဘောထားအနှစ်သာရကို ရိပ်စားမိမည်ဆိုလျှင် ၎င်းတို့ကို စွန့်ပစ်ကြလိမ့်မည်။ ထိုလူတို့သည် ၎င်းတို့၏ လှည့်စားမှုများကို ဆက်လက်၍ ခံကြဦးမည်လော ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို ခံကြဦးမည်လော။ ၎င်းတို့ကို အထင်ကြီးလေးစားနေကြဦးမည်လော။ ၎င်းတို့ကို မြှောက်စားနေကြဦးမည်လော။ ၎င်းတို့ကို ကိုးကွယ်နေကြဦးမည်လော။ ၎င်းတို့သည် ဤအရာများထဲမှ တစ်ခုကိုမျှ ပြုလုပ်ကြမည်မဟုတ်ပေ။ အန္တိခရစ်များသည် မိမိတို့ကိုယ်ကို သိရှိသကဲ့သို့ ဟန်ဆောင်ကြသော်လည်း လက်တွေ့တွင် ထိုအရာသည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် လူတို့ကို ၎င်းတို့အတွက် ရပ်တည်ပေးစေရန်အတွက် တစ်ပတ်ရိုက်သောစကားများနှင့် မိမိကိုယ်ကို ရှင်းလင်းချက်များမျှသာဖြစ်ပြီး ယင်းမှာ ၎င်းတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက် ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေကာ သွေးဆောင်ဖြားယောင်းရန်၊ လူတို့အား ၎င်းတို့ကို လေးစားပြီး ကိုးကွယ်စေရန် အရေးကြီးသော ကိစ္စရပ်များကို ရှောင်လွှဲပြီး မိမိတို့ကိုယ်ကို သိရှိခြင်းနှင့် ပြုပြင်ခြင်းကို လက်ခံခြင်းအကြောင်းကို ပေါ့ပေါ့တန်တန် ပြောဆိုကြသည်။ ဤနည်းလမ်းသည် အတော်အတန် ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ အချို့လူတို့သည် အမှန်တကယ်ပင် ထိုအရာ၏ လှည့်စားခြင်းခံရကာအန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီးနောက် ၎င်းတို့က “ထိုသူသည် အလွန်အပြောကောင်းပေသည်။ ကျွန်ုပ် အလွန် စိတ်အားတက်ကြွမိသည်။ ကျွန်ုပ် အကြိမ်ပေါင်းများစွာ ငိုခဲ့ရသည်” ဟု ဆိုကြသည်။ ထိုအချိန်တွင် ဤလူတို့သည် ၎င်းတို့ကို အလွန် ကိုးကွယ်ပြီး အထင်ကြီးကြသော်လည်း အဆုံးတွင် ၎င်းတို့မှာ အန္တိခရစ်များ ဖြစ်နေသည်။ ဤသည်မှာ အန္တိခရစ်များက အခြားသူများကို အထင်အမြင်မှားစေပြီး သွေးဆောင်ဖြားယောင်းခြင်း၏ အကျိုးဆက် ဖြစ်သည်။ အန္တိခရစ်များသည် လူတို့ကို ဤသို့ အထင်အမြင်မှားစေနိုင်ပြီး ယင်း၌ အလိမ်ခံရကာ လှည့်စားခြင်းခံရသောသူများမှာ အသေအချာပင် ပြတ်လပ်သွားခြင်း မရှိပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ဤကိစ္စ၌ အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်ပါက ထိုသူသည် သမ္မာတရားကို နားလည်ပြီး ပိုင်းခြားသိမြင်မှုရှိသောသူတစ်ဦး ဖြစ်သည်။
အန္တိခရစ်များသည် လူတို့ကို မကြာခဏ ညှဉ်းဆဲကြသည်။ ၎င်းတို့၌ ထင်ရှားသော ဆိုရိုးစကားတစ်ခု ရှိသည်၊ ယင်းမှာ “သေနာလေးများ၊ သင် ငါ့ကို အလျှော့မပေးသည့်အတွက်၊ လှုပ်ရှားမှု အနည်းငယ်မျှဖြင့် ငါ့ကို ဒူးထောက်ပြီး ရှိခိုးလာအောင် ငါလုပ်ပြမည်။ အလျှော့မပေးလျှင် သင့်ကို အသေသတ်ပစ်မည်”ဟူ၍ ဖြစ်သည်။ အန္တိခရစ်များသည် အဘယ်အရာကို လုပ်ဆောင်လိုကြသနည်း။ ၎င်းတို့သည် လူတို့ကို ညှဉ်းဆဲလိုကြသည်။ မည်သည့် လူစားမျိုးကို ၎င်းတို့ ညှဉ်းဆဲလိုကြသနည်း။ အကယ်၍ သင်သည် ၎င်းတို့ကို နာခံလျှင်၊ မြှောက်ပင့်ဖားယားပြီး ကိုးကွယ်လျှင်၊ ၎င်းတို့သည် သင့်ကို ညှဉ်းဆဲလိမ့်မည်လော။ အကယ်၍ သင်သည် ၎င်းတို့ကို နာခံပြီး ကျိုးနွံစွာ ပါက၊ အကယ်၍ ၎င်းတို့သည် သင့်ကို ခြိမ်းခြောက်မှုမရှိသူအဖြစ် မြင်လျှင်၊ သင်သည် အနိုင်ကျင့်ရန် လွယ်ကူသူ သို့မဟုတ် ကျွန်တစ်ဦးမျှသာဖြစ်သည်ဟု မြင်လျှင် ၎င်းတို့သည် သင့်ကို ညှဉ်းဆဲရန် ဒုက္ခခံမည်မဟုတ်။ အကယ်၍ ၎င်းတို့သည် မကောင်းသည့်အရာတစ်ခုခုကို ပြုလုပ်သည် သို့မဟုတ် ဒုစရိုက်အမှုများကို ကျူးလွန်လျှင်၊ အကယ်၍ ၎င်းတို့သည် ၎င်းတို့ကို ပိုင်းခြားသိမြင်သောသူ၊ ၎င်းတို့ကို ဖော်ထုတ်ပြီး ဖွင့်ပြမည့်သူ၊ ၎င်းတို့ကို ၎င်းတို့၏ ရာထူးမှ ဆွဲချမည့်သူ၊ ၎င်းတို့၏ ဂုဏ်သတင်းကို ဖျက်ဆီးပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များကို ထိခိုက်နစ်နာစေမည့်သူ တစ်စုံတစ်ဦးကို တွေ့ရှိပါက ထိုသူအား မည်သို့ ညှဉ်းဆဲရမည်ကို ၎င်းတို့ တွေးတောကြလိမ့်မည်။ အန္တိခရစ်များသည် လူတို့ကို စိတ်လိုက်မာန်ပါ ညှဉ်းဆဲခြင်း မပြုကြပေ။ ယင်းအစား ၎င်းတို့သည် လူတို့ကို အဆက်မပြတ် စူးစမ်းလေ့လာပြီး စမ်းသပ်ကာ၊ မည်သူက ၎င်းတို့၏ နောက်ကွယ်တွင် ၎င်းတို့အကြောင်း မကောင်းပြောနေသည်၊ မည်သူက ၎င်းတို့ကို လက်မခံသည်၊ မည်သူက ၎င်းတို့၏ လုပ်ဆောင်ချက်များကို ပိုင်းခြားသိမြင်သည်၊ မည်သူက ၎င်းတို့ကို အာရုံစိုက်ခြင်းမရှိသည်၊ မည်သူက ၎င်းတို့နှင့် ရင်းနှီးရန် ငြင်းဆန်သည်ဟူသည်တို့ကို ကြည့်ရှုနေကြသည်။ အတန်ကြာ စူးစမ်းလေ့လာပြီး ထိုသို့သော လူနှစ်ဦး သို့မဟုတ် သုံးဦးကို တွေ့ရှိပြီးနောက်တွင် ၎င်းတို့သည် စုဝေးပွဲများအတွင်း ဤလူတို့၏ ပြဿနာများအကြောင်းကို စတင်မိတ်သဟာယဖွဲ့ကြသည်။ ၎င်းတို့ ပြောဆိုသည့်အရာသည် အပေါ်ယံအားဖြင့် မှန်ကန်သည်ဟု ထင်ရသော်လည်း လက်တွေ့တွင် အကြောင်းရင်းနှင့် ရည်ရွယ်ချက်တစ်ခုဖြင့် ပစ်မှတ်ထားခြင်း ဖြစ်သည်။ အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပြီးသား ဖြစ်သည်။ ဤပုဂ္ဂိုလ်များသည် ၎င်းတို့ကို ဖော်ထုတ်ရန်နှင့် ရာထူးမှ ထုတ်ပယ်ရန် အစဉ် ကြိုးစားလျက်၊ ၎င်းတို့ကို လက်မခံကြသည့်အပြင် ၎င်းတို့ကို ပိုင်းခြားသိမြင်ကြလေသည်။ ၎င်းတို့သည် ဤအရာများကို ထိုပုဂ္ဂိုလ်များအတွက် သတိပေးချက်အဖြစ် ထင်စေဖို့အလို့ငှာ၊ ၎င်းတို့ကို သတိပေးနှိုးဆော်ရန်အလို့ငှာ ပြောဆိုကြသည်။ အကယ်၍ ဤလူတို့သည် နောက်ဆုတ်ပြီး ဆက်လက်မလုပ်ဆောင်ဝံ့တော့ဘဲ အရာရာတိုင်းက အန္တိခရစ်များ၏ ဆန္ဒအတိုင်း ဖြစ်သွားပါက အန္တိခရစ်များသည် ၎င်းတို့ကို လျစ်လျူရှုကြလေသည်။ သို့သော် အကယ်၍ ဤလူများသည် ယခင်အတိုင်း ဆက်လက်ပြုမူပြီး ၎င်းတို့နှင့် ရင်းနှီးရန် ငြင်းဆန်ကာ ၎င်းတို့ကို ဖော်ထုတ်ရန်၊ အထက်သို့ တိုင်ကြားရန်နှင့် ရာထူးမှ ထုတ်ပယ်ရန် ရည်ရွယ်နေဆဲဖြစ်ပါက ၎င်းတို့သည် နောက်ထပ် အန္တိခရစ်များ၏ ညှဉ်းဆဲခြင်းခံရမည့် ပစ်မှတ်များ ဖြစ်လာကြသည်။ ၎င်းတို့သည် အခြားသော လုပ်နည်းကိုင်နည်းများကို တွေးတောကြပြီး ပို၍အင်အားသုံးသော၊ ပို၍ပြင်းထန်သော နည်းလမ်းများကို သုံးစွဲကာ ၎င်းတို့အပေါ် ဩဇာရှိနိုင်ရန် နည်းလမ်းများကို ကြိုးစားရှာဖွေပြီး ၎င်းတို့ကို ညှဉ်းဆဲဖို့ အခွင့်အလမ်းများကို ရှာဖွေကာ အသင်းတော်မှ နှင်ထုတ်မခံရမချင်း မရပ်တန့်ကြပေ။ အန္တိခရစ်များသည် သဘောထားကွဲလွဲသူများကို ဤသို့သော ညှဉ်းဆဲမှုမျိုးဖြင့် ဆက်ဆံကြပြီး မိမိတို့၏ ရည်မှန်းချက်ကို မအောင်မြင်မချင်း အနားယူကြလိမ့်မည်မဟုတ်ပေ။ အန္တိခရစ်များက လူတို့ကို ညှဉ်းဆဲရန် အသုံးပြုသည့် နည်းလမ်းများသည် ရက်စက်ကြမ်းကြုတ်သည်။ ၎င်းတို့သည် အကြောင်းပြချက်တစ်ခုကို ရှာဖွေပြီး လူတို့ကို တံဆိပ်ကပ်ခြင်းဖြင့် စတင်ကာ ထို့နောက် လူတို့က ၎င်းတို့ကို လုံးဝ နာခံပြီး အညံ့ခံသည်အထိ မရပ်တန့်ဘဲ စတင်ညှဉ်းဆဲကြသည်၊ သို့မဟုတ်ပါက မပြီးဆုံးပေ။ အသင်းတော်၌ အန္တိခရစ်များသည် ဂိုဏ်းကို ဖန်တီးကာ အသင်းတော်ကို ထိန်းချုပ်ရန် ရည်မှန်းလျက်၊ ဂိုဏ်းဖွဲ့ခြင်းနှင့် သွေးခွဲခြင်းတို့ကို အစဉ်တစိုက် ပြုလုပ်ကြသည်။ ဤသည်မှာ အဖြစ်များသော ဖြစ်စဉ်တစ်ခု မဟုတ်လော။ အန္တိခရစ်များသည် ဂိုဏ်းများဖွဲ့သည်၊ သွေးခွဲသည်၊ အင်အားစုများကို ဆွဲဆောင်သည်၊ ၎င်းတို့အတွက် အကျိုးအမြတ်ရှိသောသူများ၊ အရေးကြီးသောအချိန်များ၌ ၎င်းတို့အတွက် ထောက်ခံပြောဆိုပေးနိုင်သူများ၊ ၎င်းတို့၏ ဒုစရိုက်အမှုများကို ဖုံးကွယ်ပေးပြီး ၎င်းတို့ကို ကာကွယ်ပေးနိုင်သူများနှင့် ပူးပေါင်းကြံစည်ကြသည်။ ၎င်းတို့သည် ဤလူတို့ကို ၎င်းတို့အတွက် အမှုအရာများအား လုပ်ဆောင်စေပြီး အခြားသူများအကြောင်း တိုင်ကြားရန်နှင့် ၎င်းတို့၏ သတင်းစကားပေးပို့သူများအဖြစ်ပင် ဆောင်ရွက်စေကြသည်။ အကယ်၍ ၎င်းတို့၌ အဆင့်အတန်းရှိပါက ဤအုပ်စုသည် ၎င်းတို့၏ သီးခြားနယ်ပယ် ဖြစ်လာသည်။ အကယ်၍ ၎င်းတို့၌ အဆင့်အတန်း ကင်းမဲ့ပါက ၎င်းတို့နှင့် ၎င်းတို့၏ အုပ်စုသည် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ကာ အနှောင့်အယှက်ပေးပြီး ပုံမှန်အသင်းတော်အသက်တာနှင့် အလုပ်ကို အဖျက်အမှောင့်လုပ်လျက်၊ အသင်းတော်အတွင်းတွင် အင်အားစုတစ်ခုကို ဖွဲ့စည်းကြလေသည်။
အန္တိခရစ်များ၏ ဆိုးညစ်သော အနှစ်သာရနှင့်ဆိုင်သည့် အတွေ့ရအများဆုံး သရုပ်သကန်မှာ ၎င်းတို့သည် ဟန်ဆောင်ခြင်းနှင့် သူတော်ကောင်းယောင်ဆောင်ခြင်းတို့၌ အထူးကျွမ်းကျင်ကြခြင်း ဖြစ်သည်။ ၎င်းတို့အနေဖြင့် အထူးသဖြင့် ရက်စက်ကြမ်းကြုတ်သော၊ မသိမသာ အန္တရာယ်ပေးတတ်သော၊ ရက်စက်သောပြီးမာနထောင်လွှားသော စိတ်သဘောထားရှိသော်လည်း မိမိတို့ကိုယ်ကို အပြင်ပန်းအားဖြင့် အထူးနှိမ့်ချပြီး ကြင်နာသကဲ့သို့ ပြသကြသည်။ ဤသည်မှာ ဟန်ဆောင်ခြင်း မဟုတ်လော။ ဤလူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌၊ “ငါသည် ပို၍ခရစ်ယာန်ဖြစ်ပုံပေါ်ရန်၊ ပို၍တည်ကြည်ပုံပေါ်ရန်၊ ပို၍ဝိညာဉ်ရေးရာဆန်ရန်၊ ပို၍ဝန်ထုပ်ထမ်းပုံပေါ်ရန်၊ ပို၍ခေါင်းဆောင်တစ်ဦးနှင့်တူရန် မည်သည့် အဝတ်အစားမျိုးကို ဝတ်ဆင်သင့်သနည်း။ ငါသိမ်မွေ့သည်၊ ကျက်သရေရှိသည်၊ ဂုဏ်သိက္ခာရှိသည်၊ လုံလောက်စွာ မြင့်မြတ်သည်ဟု လူတို့ကို ခံစားစေရန်အလို့ငှာ ငါ မည်သို့ စားသောက်သင့်သနည်း။ ခေါင်းဆောင်မှုနှင့် စွဲဆောင်မှုရှိသော ဟန်ပန်ကို ပေးဖို့ သာမန်လူတစ်ဦးမဟုတ်ဘဲ ထူးခြားသော လူတစ်ဦးဖြစ်သည့်ပုံပေါ်ရန် မည်သို့သော လမ်းလျှောက်သည့်ဟန်ပန်ကို ငါ ခံယူသုံးစွဲသင့်သနည်း။ အခြားသူများနှင့် ငါ၏ စကားစမြည်ပြောဆိုမှုများတွင် မည်သည့်အသံနေအသံထား၊ ဝေါဟာရ၊ အကြည့်များနှင့် မျက်နှာအမူအရာတို့က ငါသည် လူမှုအထက်တန်းလွှာ သို့မဟုတ် အဆင့်မြင့်ပညာတတ်တစ်ဦးကဲ့သို့ အဆင့်အတန်းမြင့်သည်ဟု လူတို့အား ခံစားစေနိုင်မည်နည်း။ ငါ၏ ဝတ်စားဆင်ယင်မှု၊ ဟန်ပန်အမူအရာ၊ စကားနှင့် အပြုအမူတို့က လူတို့အားငါ့ကို အထင်ကြီးစေရန်၊ ၎င်းတို့အပေါ် မေ့မရနိုင်သော စွဲမှတ်မှုတစ်ခုကို ချန်ထားရန်၊ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ထာဝစဉ် ကျန်ရှိနေဖို့ သေချာစေရန် မည်သို့ ပြုလုပ်နိုင်မည်နည်း။ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းပြီး နွေးထွေးစေရန်၊ တည်မြဲသော ထင်မြင်ချက်တစ်ခုကို ဖြစ်စေရန် အဘယ်အရာကို ငါ ပြောဆိုသင့်သနည်း။ ငါ့အနေဖြင့် အခြားသူများကို ပိုမိုကူညီပြီး ၎င်းတို့အကြောင်း အကောင်းပြောရမည်။ လူတို့ရှေ့တွင် ဘုရား၏နှုတ်ကပတ်တော်များအကြောင်း မကြာခဏ ပြောဆိုပြီး ဝိညာဉ်ရေးရာ ဝေါဟာရအချို့ကို အသုံးပြုရမည်။အခြားသူများထံ ဘုရားနှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုပေးရမည်၊ ၎င်းတို့အတွက် ပိုမိုဆုတောင်းပေးရမည်၊ လူတို့ကို ၎င်းတို့၏ နားများကို စွင့်စေပြီး ငါ့စကားနားထောင်စေရန် အသံကို နှိမ့်ပြောရမည်။ ငါ နူးညံ့သည်၊ ဂရုစိုက်တတ်သည်၊ ချစ်ခင်တတ်သည်၊ စိတ်သဘောထားကြီးသည်၊ ခွင့်လွှတ်တတ်သည်ဟု ၎င်းတို့အား ခံစားစေရမည်”ဟု တွေးလျက် နေ့စဉ် စဉ်းစားဆင်ခြင်ကြလေသည်။ ဤသည်မှာ ဟန်ဆောင်ခြင်း မဟုတ်လော။ ဤအရာများသည် အန္တိခရစ်များ၏ စိတ်နှလုံးကို နေရာယူထားသော အတွေးများ ဖြစ်သည်။ ၎င်းတို့၏ အတွေးများတွင် ပြည့်နေသည့်အရာမှာ မယုံကြည်သောလောက၏ ခေတ်ရေစီးကြောင်းများမှလွဲ၍ အခြားမဟုတ်ပေ။ ၎င်းတို့၏ အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များက လောကနှင့်လည်းကောင်း၊ စာတန်နှင့်လည်းကောင်း သက်ဆိုင်ကြောင်းကို လုံးလုံးလျားလျား ညွှန်ပြနေသည်။ အချို့လူတို့သည် ပြည့်တန်ဆာတစ်ဦး သို့မဟုတ် အကျင့်ပျက်သော အမျိုးသမီးတစ်ဦးကဲ့သို့ပင် တိတ်တဆိတ် ဝတ်စားဆင်ယင်ကောင်း ဝတ်စားဆင်ယင်နိုင်သည်။ ၎င်းတို့၏ အဝတ်အစားသည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် အထူးသဖြင့် လိုက်လျောညီထွေဖြစ်စေပြီး အထူးဖက်ရှင်ကျသည်။ သို့ရာတွင် ၎င်းတို့သည် အသင်းတော်၊ ညီအစ်ကိုမောင်နှမများထဲသို့ ရောက်လာသောအခါ လုံးဝကွဲပြားသော ဝတ်စုံနှင့် အမူအကျင့်ကို ဆင်ယင်ထားကြသည်။ ၎င်းတို့သည် ဟန်ဆောင်ခြင်း၌ အလွန့်အလွန် ကျွမ်းကျင်ကြသည် မဟုတ်လော။ (ကျွမ်းကျင်ကြပါသည်။) အန္တိခရစ်များက မိမိတို့၏ စိတ်နှလုံးထဲ၌ စဉ်းစားဆင်ခြင်သည့်အရာ၊ ၎င်းတို့ လုပ်ဆောင်သည့်အရာ၊ ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် ၎င်းတို့ ထုတ်ဖော်သည့် စိတ်သဘောထားများအားလုံးသည် ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရက ဆိုးညစ်ကြောင်းကို သရုပ်ဖော်သည်။ အန္တိခရစ်များသည် သမ္မာတရား၊ အပြုသဘောဆောင်သောအရာများ၊ မှန်ကန်သောလမ်းခရီး သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်များကို မစဉ်းစားမဆင်ခြင်ကြပေ။ ၎င်းတို့၏ အတွေးအခေါ်များနှင့် ၎င်းတို့ ရွေးချယ်သည့် လုပ်နည်းကိုင်နည်းများ၊ နည်းလမ်းများနှင့် ပန်းတိုင်များအားလုံး ကောက်ကျစ်ဆိုးယုတ်သည်။ ထိုအရာအားလုံးသည် မှန်ကန်သောလမ်းကြောင်းမှ သွေဖည်ပြီး သမ္မာတရားနှင့် သဟဇာတမဖြစ်ပေ။ သမ္မာတရားကိုပင် ဆန့်ကျင်ပြီး၊ ယေဘုယျအားဖြင့် ယင်းတို့ကို မကောင်းမှုအဖြစ် အကျဉ်းချုပ်ဖော်ပြနိုင်သည်။ ဤမကောင်းမှု၏ သဘောသဘာဝသည် ကောက်ကျစ်ဆိုးယုတ်ခြင်းမျှသာဖြစ်သည်။ ထို့ကြောင့် ယင်းကို စုပေါင်း၍ ကောက်ကျစ်ဆိုးယုတ်ခြင်းဟု ရည်ညွှန်းသည်။ ၎င်းတို့သည် ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၊ ဖြူစင်ပြီး ပွင့်လင်းခြင်း သို့မဟုတ် ရိုးသားစစ်မှန်ပြီး သစ္စာစောင့်သိခြင်းတို့ကို မစဉ်းစားဆင်ခြင်ကြပေ။ ယင်းအစား ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်သော နည်းလမ်းများကို တွေးတောကြသည်။ ဥပမာအနေဖြင့် ဖြူစင်သောပုံစံဖြင့် မိမိတို့ကိုယ်ကို ပွင့်လင်းစွာ ထုတ်ဖော်နိုင်သောလူတစ်ဦးကို ကြည့်လော့။ ယင်းမှာ အပြုသဘောဆောင်သောအရာဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်။ အန္တိခရစ်များက ဤအရာကို လုပ်ဆောင်ကြသလော။ (မလုပ်ဆောင်ကြပါ။) အဘယ်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် စဉ်ဆက်မပြတ် ဟန်ဆောင်နေကြပြီး မကောင်းသည့်အရာတစ်ခုကို လုပ်ဆောင်ကာ အမှတ်တမဲ့ဖြင့် မိမိကိုယ်ကို အစဖော်မိသည်နှင့်တစ်ပြိုင်နက် ယင်းကို ဒေါသတကြီး ဖုံးကွယ်သည်၊ မိမိတို့ကိုယ်ကို မှန်ကြောင်းပြပြောဆိုကာ ကာကွယ်ပြီး အချက်အလက်များကို ဖုံးကွယ်လေသည်။ ထို့နောက်တွင် ၎င်းတို့သည် နောက်ဆုံး၌ မိမိတို့၏ အကြောင်းပြချက်များကို ပေးကြလေသည်။ ဤလက်တွေ့လုပ်ဆောင်မှုများထဲမှ တစ်ခုတလေသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ထိုအရာများထဲမှ တစ်ခုတလေသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသလော။ သာ၍ပင် မကိုက်ညီပေ။
ယခုတင် အန္တိခရစ်များ၏ စိတ်သဘောထားအနှစ်သာရနှင့်ဆိုင်သည့် ပထမဆုံး သွင်ပြင်လက္ခဏာဖြစ်သည့် ကောက်ကျစ်ဆိုးယုတ်ခြင်းကို ငါတို့ မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြသည်။ ငါတို့သည် အန္တိခရစ်များ၏ ဆိုးညစ်သော စိတ်သဘောထားကို စိတ်ဖြာလေ့လာဆွေးနွေးရန် ၎င်းတို့၏ အတွေးများ၊ သဘောထားအမြင်များနှင့် အမျိုးမျိုးသော ကိစ္စရပ်များကို ၎င်းတို့ တုံ့ပြန်သည့် နည်းလမ်းများနှင့် နည်းစနစ်များအား အသုံးပြုလျက် အန္တိခရစ်များ တစ်နေ့လုံး တွေးတောသည့်အရာကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းဖြင့် အစပြုခဲ့ကြသည်။ ငါတို့သည် ၎င်းတို့၏ အတွေးများထဲ၌ တည်ရှိသည့်အရာကို အခြေခံ၍ အန္တိခရစ်များ ပြုလုပ်သည့် အမျိုးမျိုးသောအရာများ၏ သဘောသဘာဝကိုလည်း စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည်။ ဤသာဓကများမှတစ်ဆင့် ထုတ်ဖော်သည့် ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးရန် ဥပမာအချို့ကိုလည်း ငါတို့ ပေးခဲ့ကြသည်။ ဤဥပမာများနှင့်စပ်လျဉ်း၍၊ သင်တို့အနေဖြင့်ဤအပြုအမူများကို ပြသပြီး ဤစိတ်သဘောထားများကို ထုတ်ဖော်သောသူတို့ထဲတွင် အတော်အသင့် ကောင်းမွန်သော လူ့သဘာဝရှိသည့်သူ တစ်ဦးတလေကို သင်တို့ မြင်တွေ့ပြီးကြပြီလော။ ထိုသို့သော ထုတ်ဖော်ချက်များနှင့် သရုပ်သကန်များရှိသော လူတစ်ဦးနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့၏ အကျင့်စရိုက်သည် ရိုးသားခြင်း၊ ကြင်နာခြင်း၊ ရိုးရှင်းခြင်း၊ ရိုးသားစစ်မှန်ခြင်း၊ တည်ကြည်ခြင်း အစရှိသည်တို့ကို ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) သိသာရှင်းလင်းစွာပင် ၎င်းတို့၌ ဤအရည်အသွေးများ ကင်းမဲ့ပေသည်။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့၏ အကျင့်စရိုက်သည် မသိမသာ အန္တရာယ်ပေးတတ်သည်၊ ရက်စက်သည်၊ အလေ့အကျင့်ဖြစ်နေအောင် လိမ်လည်တတ်သည်၊ တစ်ကိုယ်ကောင်းဆန်သည်၊ ယုတ်မာပြီး ဂုဏ်သိက္ခာကို အလေးထားသောစိတ် ကင်းမဲ့လေသည်။ ။ ၎င်းတို့ အကျင့်စရိုက်၏ ဤအင်္ဂါရပ်များသည် အတော်ပင် သိသာထင်ရှားသည်။ တစ်နေ့လုံး ကောက်ကျစ်ဆိုးယုတ်သော အတွေးများရှိပြီး အမျိုးမျိုးသော ကောက်ကျစ်ဆိုးယုတ်သည့်အရာများကို ပြုလုပ်နိုင်သော သူအားလုံးသည် အလွန်ညံ့ဖျင်းသော အကျင့်စရိုက်ရှိသည်ဟု တိကျစွာ ပြောဆိုနိုင်သည်။ ယင်းမှာ မည်သည့်အတိုင်းအတာအထိ ညံ့ဖျင်းသနည်း။ ယင်း၌ အသိစိတ်၊ တည်ကြည်မှုနှင့် အထူးသဖြင့် ပုံမှန်ဆင်ခြင်တုံတရားတို့ ကင်းမဲ့သည်။ ဤအရာများ ကင်းမဲ့သောလူတို့ကို လူသားများအဖြစ် မှတ်ယူနိုင်သလော။ ဤအရာများကို ကင်းမဲ့သောလူတို့သည် လူသားများမဟုတ်၊ လူသားတစ်ဦး၏ အပြင်ပန်းအခွံကို ဝတ်ဆင်ထားခြင်းမျှသာဖြစ်သည်ဟု ခိုင်မာစွာ ပြောနိုင်သည်။ အချို့က “ယင်းမှာ သိုးရေခြုံထားသော ဝံပုလွေတစ်ကောင်နှင့် တူသည် မဟုတ်လော” ဟု မေးကောင်းမေးနိုင်သည်။ ယင်းမှာ ဥပစာတစ်ခုမျှသာ ဖြစ်သည်။ သိုးရေခြုံထားသော ဝံပုလွေများမှာ အဘယ်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် အနှစ်သာရအားဖြင့် ဝံပုလွေများ ဖြစ်ကြသည်။ ဝံပုလွေများနှင့် နတ်ဆိုးများ သို့မဟုတ် အန္တိခရစ်များအကြား အနှစ်သာရပိုင်းဆိုင်ရာ ကွဲပြားမှုတစ်ခု ရှိသလော။ ဝံပုလွေများသည် ကျွဲနွားများနှင့် သိုးများကို လောဘကြောင့်မဟုတ်ဘဲ ဘုရားသခင်သတ်မှတ်ထားသည့် ၎င်းတို့၏ သဘာဝနှင့်ဆိုင်သည့် အစိတ်အပိုင်းတစ်ခုအဖြစ် အမဲလိုက်ပြီး စားသုံးကြသည်။ သို့ရာတွင် အန္တိခရစ်များ မပိုင်ဆိုင်သည့် ဝံပုလွေများ ပိုင်ဆိုင်သော အရာတစ်ခု ရှိသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဝံပုလွေတစ်ကောင်ကို မွေးစားပြီး မွေးမြူပါက သို့မဟုတ် ၎င်း၏ အသက်ကို ကယ်တင်ခဲ့ပါက ဝံပုလွေသည် ထိုသူကို မည်သည့်အခါမျှ အန္တရာယ်ပြုမည်မဟုတ်ဘဲ ကျေးဇူးသိတတ်မှုကို ပြသလိမ့်မည်ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် အန္တိခရစ်များသည် ဘုရားသခင်၏ ကျေးဇူးတော်၊ ဦးဆောင်မှုနှင့် ဘုရား နှုတ်ကပတ်တော်များ၏ ထောက်ပံ့မှုတို့ကို ခံစားကြရသော်လည်း အရာရာ၌ ဘုရားသခင်ကို ကြံစည်ကြပြီး သူနှင့် အစဉ် ဆန့်ကျင်ဘက်ပြုကာ ရန်ဘက်ပြုကြသည်။ ၎င်းတို့သည် ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ယင်းကို ၎င်းတို့က အာမင်ဟု မဆိုနိုင်ပေ။ ၎င်းတို့က ဆန့်ကျင်ရပ်တည်လိုကြသည်။ အန္တိခရစ်များသည် သိုးရေခြုံထားသော ဝံပုလွေများဖြစ်သည်ဟု ဆိုခြင်းသည် သင့်လျော်သလော။ ဤဥပစာသည် တိကျမှန်ကန်သလော။ (မတိကျပါ။) အတိတ်တွင် ဘာသာတရား၌ အန္တိခရစ် သို့မဟုတ် ဆိုးယုတ်သောလူဟု တံဆိပ်ကပ်ခြင်းခံရသော မည်သူမဆိုသည် သိုးရေခြုံထားသော ဝံပုလွေတစ်ကောင်အဖြစ် မှတ်ယူခြင်းခံခဲ့ရသည်။ ဤသည်မှာ လူတို့က သမ္မာတရားကိုလည်းကောင်း၊ အမျိုးမျိုးသော လူပုဂ္ဂိုလ်တို့၏ လူ့သဘာဝအနှစ်သာရနှင့် စိတ်သဘောထားတို့ကိုလည်းကောင်း နားမလည်သောအခါ အသုံးပြုသည့် ဥပစာတစ်ခုမျှသာ ဖြစ်သည်။ သို့ရာတွင် သမ္မာတရားကို ဤအဆင့်၌ မိတ်သဟာယဖွဲ့သောအခါ ဤဥပစာကို အသုံးပြုခြင်းသည် သိပ်မသင့်တော်ဘဲဖြစ်လာသည်။ နတ်ဆိုးများသည် နတ်ဆိုးများသာဖြစ်ပြီး အန္တိခရစ်များသည် နတ်ဆိုးများနှင့် ညီမျှကာ ၎င်းတို့သည် ဘုရားသခင် ဖန်ဆင်းခဲ့သော သက်ရှိအရာအားလုံးနှင့် နှိုင်းယှဉ်ရန် မထိုက်တန်ပေ။ ဘုရားသခင် ဖန်ဆင်းခဲ့သော အရာများဖြစ်သည့် ဝံပုလွေများ သို့မဟုတ် အခြားသော အသားစားသတ္တဝါများထဲမှ တစ်ကောင်တလေသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ ဆန့်ကျင်ခြင်း သို့မဟုတ် ပုန်ကန်ခြင်း ပြုခဲ့ဖူးသလော။ ၎င်းတို့သည် ဘုရားသခင်ကို ကန့်ကွက်ပြောဆိုခြင်း သို့မဟုတ် ဆန့်ကျင်ဘက်ပြုခြင်း ပြုမည်လော။ ၎င်းတို့သည် ဘုရားသခင် ပြောဆိုသည့် မည်သည့်အရာကိုမဆို ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း ပြုမည်လော။ ထိုသို့သောအရာများကို ၎င်းတို့ မပြုလုပ်ကြပေ၊ ၎င်းတို့အား ဘုရားသခင် သတ်မှတ်ထားသည့် ဗီဇများနှင့် ရှင်သန်ရာပတ်ဝန်းကျင်တို့နှင့်အညီသာ ၎င်းတို့ ရှင်သန်ကြသည်။ ဘုရားသခင်က ၎င်းတို့ကို မည်သည့်အရာအဖြစ် ဖန်ဆင်းခဲ့သည်ဖြစ်စေ ယင်းမှာ ၎င်းတို့ ဖြစ်သည့်အရာပင်ဖြစ်သည်၊ မည်သည့်ဟန်ဆောင်မှုမျှ မရှိပေ။ သို့သော် အန္တိခရစ်များမှာ ကွဲပြားသည်၊ ၎င်းတို့၌ စာတန်၏သဘာဝ ရှိပြီး ၎င်းတို့သည် အပြုသဘောဆောင်သောအရာများနှင့် သမ္မာတရားကို ဆန့်ကျင်ပြုမူရာ၌ အထူးပြုကြသည်။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီးကဲ့သို့ပင် ဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်သော လုပ်ရပ်များကို ကျူးလွန်ရာ၌ အထူးပြုကြပေသည်။
၂။ ဘုရားသခင်အပေါ် အန္တိခရစ်များ လုပ်ဆောင်သည့်အရာ
အန္တိခရစ်များက လူတို့အပေါ် ပြသသည့် အမျိုးမျိုးသော ကောက်ကျစ်ဆိုးယုတ်သည့် သရုပ်သကန်များအကြောင်း မိတ်သဟာယဖွဲ့ပြီးနောက်၊ အန္တိခရစ်များက တစ်နေ့လုံး ကောက်ကျစ်ဆိုးယုတ်သည့်အရာများကိုသာ တွေးတောခြင်းအရာ ဘုရားသခင်အပေါ် မည်သည့်သရုပ်သကန်များ ပြသကြသည်ဟူသည့်အကြောင်းကို ငါတို့မိတ်သဟာယဖွဲ့ကြစို့။ ငါတို့သည် ဤအကြောင်းအရာနှင့်ပတ်သက်၍ ယခင်က များစွာ ခြုံငုံပြီးဖြစ်သဖြင့် အကျဉ်းချုပ်ဖော်ပြကြစို့။ ပို၍ညင်သာသော ကိစ္စရပ်များဖြင့် ငါတို့ စတင်မည်ဖြစ်ပြီး ထို့နောက် ပို၍ပြင်းထန်သော ကိစ္စရပ်များဆီသို့ တဖြည်းဖြည်း ကူးပြောင်းသွားမည်ဖြစ်သည်။ ပထမဆုံးအနေဖြင့် သံသယဖြစ်ခြင်း၊ ထို့နောက်တွင် ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် သင်္ကာမကင်းဖြစ်ခြင်း၊ သတိထားကာကွယ်ခြင်း၊ တောင်းဆိုမှုများပြုလုပ်ခြင်းနှင့် အပေးအယူလုပ်ခြင်းတို့လည်း ရှိသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (ဘုရားသခင်ကို စမ်းသပ်ခြင်းရှိပါသည်။) ဤအပြုအမူ၏ သဘောသဘာဝမှာ အတော်အတန် ပြင်းထန်သည်။ ငါတို့ ရှေ့ဆက်သည်နှင့်အမျှ အပြုအမူတစ်ခုစီ၏ သဘောသဘာဝသည် ငြင်းပယ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ တရားစီရင်ခြင်း၊ ပြစ်မှားစော်ကားခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ တိုက်ခိုက်ခြင်း၊ ကန့်ကွက်ပြောဆိုခြင်းနှင့် ဆန့်ကျင်ခြင်းတို့အဖြစ် တိုး၍တိုး၍ ပိုပြင်းထန်လာသည်။ ဤဝေါဟာရအချို့သည် အပေါ်ယံအားဖြင့် အတော်အတန် တူညီသော အဓိပ္ပာယ်များရှိသည်ဟု ထင်ရသော်လည်း ပိုမိုနီးကပ်စွာ ဆန်းစစ်ကြည့်သောအခါ ထိုဝေါဟာရများ၏ အနက် သို့မဟုတ် အလေးပေးမှုမှာ ကွဲပြားသည်။ အမျိုးမျိုးသော ရှုထောင့်အမြင်များကို သုံးစွဲခြင်းဖြင့် သို့မဟုတ် အန္တိခရစ်များ၏ ကွဲပြားသော လုပ်နည်းကိုင်နည်းများကို ထည့်သွင်းစဉ်းစားခြင်းဖြင့် ဤဝေါဟာရများ၏ သဘောသဘာဝ၌ ကွဲပြားမှုများကို ငါတို့ ခွဲခြားသိမြင်နိုင်သည်။
(က) သံသယ
သံသယဖြစ်ခြင်း၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် သင်္ကာမကင်းဖြစ်ခြင်းတို့သည် အတော်အသင့် ပဏာမ သရုပ်သကန်များ ဖြစ်ကြသည်။ အချို့လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ “လူ့ဇာတိခံယူသော ဇာတိပကတိသည် အမှန်တကယ် ဘုရားသခင်လော။ သူသည် ငါ့အတွက် လူတစ်ဦးနှင့် တူသည်။ သူ၏ နှုတ်ကပတ်တော်အားလုံးသည် သမ္မာတရားလော။ ယင်းတို့ထဲမှ မည်သည့်အရာက သမ္မာတရားကဲ့သို့ ထင်ရသနည်း။ သူပြောဆိုသည့်အရာအချို့သည် လူသား စကားနှင့် အသိပညာကို ကျော်လွန်ကောင်း ကျော်လွန်နိုင်သည်။ လူတို့သည် နက်နဲသောအရာများနှင့် ပရောဖက်ပြုချက်များကို ရှင်းလင်းစွာ ရှင်းပြကောင်းမရှင်းပြနိုင်သော်လည်း ပရောဖက်များကလည်း ထိုသို့သောအရာများကို မပြောဆိုနိုင်သလော။ ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ဆိုကြသော်လည်း ဘုရားသခင်သည် မည်သို့ ဖြောင့်မတ်သနည်း။ ဘုရားသခင်သည် အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာရှိသည်ဟု ဆိုကြသော်လည်း သို့ဆိုလျှင် စာတန်သည် အဘယ်ကြောင့် မကောင်းမှုများကို အမြဲ ပြုလုပ်နေသနည်း။ စာတန်က ငါတို့ကို ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းသောအခါ၊ ၎င်းက ငါတို့ကို ညှဉ်းပန်းနှိပ်စက်သောအခါ ဘုရားသခင်သည် အဘယ်ကြောင့် ကြားဝင်မစွက်ဖက်သနည်း။ ဘုရားသခင် အဘယ်မှာနည်း။ ဘုရားသခင် အမှန်တကယ် တည်ရှိပါသလော” ဟု တွေးတောလျက် သံသယကို ထားရှိရုံသာ ထားရှိကြသည်။ လူတို့၌ စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့သောအခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အသိအမှတ်မပြုသောအခါ၊ ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရကို မသိရှိသောအခါ၊ ပြီးလျှင် သမ္မာတရားကို နားမလည်သောအခါ ထိုသို့သော သံသယများသည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ပေါ်ပေါက်လာလိမ့်မည်။ သို့ရာတွင် လူတို့သည် ဘုရားသခင်၏ အမှုတော်ကို တဖြည်းဖြည်း တွေ့ကြုံခံစားလာသည်နှင့်အမျှ၊ သမ္မာတရားကို သဘောပေါက်နားလည်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုလာသည်နှင့်အမျှ ဤသံသယများသည် တရွေ့ရွေ့ ပြေလည်သွားပြီး စစ်မှန်သော ယုံကြည်ခြင်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နောက်လိုက်သော လူတိုင်းအတွက် မလွဲမသွေ လျှောက်လှမ်းရမည့် လမ်းကြောင်း ဖြစ်သည်။ သို့သော် ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ပိုင်ဆိုင်သည့် အန္တိခရစ်များအတွက်မူ ၎င်းတို့၏ သံသယများက ပြောင်းလဲနိုင်သလော။ (ပြောင်းလဲ၍မရနိုင်ပါ။) အဘယ်ကြောင့် ၎င်းတို့ကို ပြောင်းလဲ၍မရနိုင်သနည်း။ (အန္တိခရစ်များသည် မယုံကြည်သူများ ဖြစ်ကြသည်၊ ၎င်းတို့က ဘုရားသခင်ကို အသိအမှတ်မပြုကြပါ။) သဘောတရားအရ၊ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသဖြင့် ဘုရားသခင်ကို တစ်စိုက်မတ်မတ် သံသယဖြစ်ကြသည်။ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းမှာ ဤသို့သောလူများသည် ပင်ကိုအားဖြင့် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို လက်ခံရန် ငြင်းပယ်ကြပေသည်။ သို့ရာတွင် ဘုရားသခင် ပြုလုပ်သည့်အရာတိုင်းသည် အပြုသဘောဆောင်ပြီး သမ္မာတရား ဖြစ်သည်။ အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သည့်အပြင် ရန်လိုကြသောကြောင့် ဘုရားသခင် လုပ်ဆောင်သည့် အရာတစ်ခုစီတိုင်းသည် အမှန်တရားတစ်ခုဖြစ်ကြောင်း၊ ယင်းအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်၌ ရှိကြောင်းနှင့် ဘုရားသခင်ကဲ့သို့သော ဘုရားသခင်၏ အချုပ်အခြာအာဏာသည် မုချ တည်ရှိကြောင်းတို့ကို အသိအမှတ်ပြုလျှင်ပင် ဤအရာများက အမှန်တရားများဖြစ်သည်ကို အန္တိခရစ်များက အသိအမှတ်မပြု သို့မဟုတ် လက်မခံကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်နှင့်ပတ်သက်သည့် သံသယများက အစဉ်ထာဝရ တည်ရှိနေသည်။ သိသာရှင်းလင်းစွာပင် ဤအရာများသည် အမှန်တရားများဖြစ်ပြီး လူတိုင်း၏ မျက်မြင်ပင်ဖြစ်သည်။ ပုံမှန်အားဖြင့် အသေးငယ်ဆုံးသော ယုံကြည်ခြင်းရှိသောသူတို့ပင်လျှင် နှစ်ပေါင်းများစွာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားပြီးနောက် ဘုရားသခင်အပေါ် ၎င်းတို့၏ သံသယများ ပပျောက်သွားခဲ့ပြီး ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပေါ်ခဲ့ကြသည်။ အန္တိခရစ်များ တစ်ဦးတည်းသာ ဘုရားသခင်အပေါ် ၎င်းတို့၏ သံသယများကို မပြောင်းလဲနိုင်ပေ။ ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် သဘောတရားအရဤလူပုဂ္ဂိုလ်များသည် သမ္မာတရားကို လက်မခံသော မယုံကြည်သူများ ဖြစ်ကြသော်လည်း အမှန်တကယ်တွင်မူ ယင်းမှာ အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သည့်အပြင် ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ပိုင်ဆိုင်ကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ အခြေခံအကြောင်းရင်း ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာကို လူမည်မျှက အတည်ပြုသည်ဖြစ်စေ သို့မဟုတ် သက်သေခံသည်ဖြစ်စေ၊ သို့မဟုတ် အန္တိခရစ်များ၏ မျက်စိရှေ့တွင် မည်မျှခိုင်လုံသော သက်သေအထောက်အထားတစ်ခုကို ချပြသည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်၏ အနှစ်သာရကို ယုံကြည်ရန် သို့မဟုတ် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာစွဲကိုင်သည်ကို ယုံကြည်ရန် ငြင်းဆန်နေဆဲဖြစ်သည်၊ ဤသည်မှာ အလွန်အမင်း ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ဤအရာကို အချက်တစ်ချက်ဖြင့် သရုပ်ဖော်နိုင်သည်။ အန္တိခရစ်များသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာရှိခြင်းတည်းဟူသော ခိုင်လုံပြီး သိသာထင်ရှားသော အချက်အလက်ကို မြင်သောအခါ ယင်းကို မယုံကြည်သည့်အပြင် အသိအမှတ်လည်းမပြုဘဲ ဘုရားသခင်ကိုပင် သံသယဖြစ်ကြသည်။ သို့ရာတွင် မယုံကြည်သူများ၊ နတ်ဆိုးများနှင့် ဝိညာဉ်ဆိုးများ ပြောဆိုသည့် ဗုဒ္ဓ သို့မဟုတ် နတ်ဒေဝါများဟုခေါ်သော သူတို့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်လာသောအခါ၊ အန္တိခရစ်များ မျက်မြင်မတွေ့ခဲ့ဖူးသည့်အပြင် လက်ဆုပ်လက်ကိုင်ပြနိုင်သော သက်သေအထောက်အထား တစ်ခုမျှ ကင်းမဲ့သည့် လုပ်ဆောင်ချက်များ ဖြစ်သော်လည်း ၎င်းတို့သည် အလွယ်တကူ ယုံကြည်ကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း၏ အစွန်းရောက်သော ထင်ရှားပေါ်လွင်မှုတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ မည်မျှပင် ကြီးမြတ်သည်ဖြစ်စေ သို့မဟုတ် ကမ္ဘာကိုတုန်လှုပ်စေသည်ဖြစ်စေ အန္တိခရစ်များသည် မိမိတို့၏ စိတ်နှလုံးထဲ၌ သံသယများကို အစဉ်မပြတ် ထားရှိလျက် သံသယဖြစ်နေဆဲဖြစ်ပြီး မထီမဲ့မြင်ပြုကြဆဲဖြစ်သည်။ သို့တိုင် နတ်ဆိုးများ သို့မဟုတ် စာတန်က ထူးဆန်းသော တစ်စုံတစ်ရာကို လုပ်ဆောင်သောအခါ ၎င်းတို့သည် သိမ်းသွင်းခြင်း ခံကြရပြီး လေးစားကြည်ညိုစွာဖြင့် ဦးညွှတ်ကြသည်။ ၎င်းတို့သည် ဘုရားသခင် လုပ်ဆောင်သည့်အရာများ မည်မျှပင် ကြီးမြတ်စေကာမူ ဘုရားသခင်၌ ကြောက်ရွံ့ခြင်း သို့မဟုတ် စစ်မှန်သော ယုံကြည်ခြင်း မဖြစ်ပေါ်နိုင်ကြပေ။ ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့သည် စာတန်၏ လုပ်ကြံဖန်တီးမှုအားလုံးကို အလွယ်တကူ ယုံကြည်ကြပြီး ဤအရာများကို စိတ်နှလုံးအကြွင်းမဲ့ ကြည်ညိုကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း၏ ထင်ရှားပေါ်လွင်မှုတစ်ခု ဖြစ်သည်။ အန္တိခရစ်များ ဘုရားသခင်ကို သံသယဖြစ်သည်ဟူသော အမှန်တရားက အမြဲ တည်ရှိနေသည်။ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည်ဟူသည်ကို ၎င်းတို့က မည်သည့်အခါမျှ မယုံကြည်သည့်အပြင်၊ ဘုရားသခင်က သမ္မာတရားဖြစ်သည်ကိုလည်း မည်သည့်အခါမျှ အသိအမှတ်မပြုကြပေ။ မည်မျှများပြားသော လူတို့က သက်သေခံသည်ဖြစ်စေ သို့မဟုတ် ဤအရာများအတွက် မည်မျှများပြားသော သက်သေအထောက်အထားကို တင်ပြသည်ဖြစ်စေ ၎င်းတို့သည် ထိုအရာများကို ဝန်လည်းမခံနိုင်၊ ယုံလည်းမယုံကြည်နိုင်ပေ။ တစ်နည်းအားဖြင့်၊ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား အနှစ်သာရကြောင့် ဖြစ်ပြီး နောက်တစ်နည်းအားဖြင့်၊ ယင်းမှာ ထိုသို့သော ပုဂ္ဂိုလ်များက အမှန်စင်စစ် လူသားမဟုတ်ကြောင်း ညွှန်ပြသည်။ အကြောင်းမှာ ၎င်းတို့၌ ပုံမှန်လူ့သဘာဝ၏ ကြံဆတွေးခေါ်နိုင်စွမ်းကင်းမဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့၌ ပုံမှန်လူ့သဘာဝ၏ ကြံဆတွေးခေါ်နိုင်စွမ်း မပိုင်ဆိုင်ဟု ဆိုခြင်းမှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများ၊ သမ္မာတရားနှင့် အရာခပ်သိမ်းနောက်ကွယ်ရှိ အနှစ်သာရနှင့် ဇာစ်မြစ်တို့အား မှန်ကန်စွာ ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် သိနားလည်မှု ကင်းမဲ့သည်ကို ဆိုလိုသည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ တရားဒေသနာများကို နားထောင်ခြင်းနှင့် ဘုရား နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းမှတစ်ဆင့်ပင်၊၎င်းတို့သည် အတည်မပြုနိုင် သို့မဟုတ် မယုံကြည်နိုင်ဘဲ သံသယ၌ ရှိနေဆဲ ဖြစ်သည်။ သိသာထင်ရှားစွာပင်၊ ဤပုဂ္ဂိုလ်တို့သည် ပုံမှန်လူ့သဘာဝ၏ ကြံဆတွေးခေါ်နိုင်စွမ်း ကင်းမဲ့ကြလေသည်။ ပုံမှန်ကြံဆတွေးခေါ်နိုင်စွမ်း ကင်းမဲ့သောလူများ၊ သမ္မာတရား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပြင် အပြုသဘောဆောင်သောအရာများနှင့် အမှန်တရားများကို သဘောပေါက်နားလည်နိုင်ခြင်းမရှိသော လူတို့သည် လူသားများ ဖြစ်သေးသလော။ (လူသားများ မဟုတ်ကြပါ။) ၎င်းတို့သည် လူသားများ မဟုတ်ကြသော်လည်း တိရစ္ဆာန်များတွင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ကင်းမဲ့သောကြောင့် တိရစ္ဆာန်များဖြစ်သည်ဟုလည်း မဆိုနိုင်ပေ။ ဤပုဂ္ဂိုလ်များတွင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ရှိသောကြောင့် ထိုပြောဆိုချက်က မှန်ကန်နေဆဲဖြစ်သည်။ ဤပုဂ္ဂိုလ်တို့သည် အမှန်စင်စစ် နတ်ဆိုးသဘာဝကို ပိုင်ဆိုင်သည့် အန္တိခရစ်စစ်စစ်များဖြစ်ကြသည်။ သံသယဖြစ်ခြင်းသည် ဘုရားသခင်အပေါ် အန္တိခရစ်များက ထုတ်ဖော်ပြသသည့် အတွေးအခေါ်များထဲရှိ အခြေအနေတစ်ခုဖြစ်ပြီး ယင်းမှာ ၎င်းတို့၏ အပြုအမူ၌ ထုတ်ဖော်သည့် စိတ်သဘောထား အနှစ်သာရတစ်မျိုးလည်းဖြစ်သည်။ ယင်းသည် အပေါ်ယံအကျဆုံး၊ အခြေခံအကျဆုံး၊ အပြင်ပန်းအကျဆုံးနှင့် အတွေ့ရအများဆုံး သရုပ်သကန် ဖြစ်သည်။
(ခ) စိစစ်ခြင်း
အန္တိခရစ်တို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်နှင့်စပ်လျဉ်း၍ သံသယဖြင့် ပြည့်နေကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သူ၏ စိတ်သဘောထားနှင့် သူ၏ အမှုတော်တို့ကို စစ်မှန်စွာ လက်ခံကြသလော။ ၎င်းတို့သည် ဤအရာအားလုံးကို အမှန်တကယ် ကျိုးနွံနာခံကြသလော။ ၎င်းတို့သည် ဘုရားသခင်နောက်ကို စစ်မှန်စွာ လိုက်ကြသလော။ သိသာထင်ရှားစွာပင် အဖြေမှာ မဟုတ်ပါဟူ၍ ဖြစ်သည်။ ဤအရာမှ အဘယ်အရာ ဆက်ဖြစ်သနည်း။ ဤပုဂ္ဂိုလ်များကဘုရားအိမ်တော်သို့ ရောက်လာသောအခါ၊ “ဘုရားက အဘယ်မှာနည်း။ ငါသူ့ကို မမြင်နိုင်ပါ၊ သူ၏ အသံကိုသာ ကြားနိုင်သည်။ အသံကို အကဲဖြတ်ရလျှင် အမျိုးသမီးတစ်ဦး ဖြစ်ပုံရသည်။ စကားများကို အကဲဖြတ်ကြည့်လျှင် သူမသည် စာမတတ်သူမဟုတ်ဘဲ ပညာတတ်တစ်ဦး ဖြစ်ပုံရသည်။ သို့သော် ပြောဆိုပုံဟန်နှင့် သူမ စကားများ၏ အကြောင်းအရာကို အကဲဖြတ်ကြည့်လျှင် သူမ အဘယ်အရာကို ပြောနေသနည်း။ အဘယ်ကြောင့် ရှုပ်ထွေးနေပုံရသနည်း။ နားထောင်ပြီးနောက် လူများစွာတို့က ယင်းမှာ သမ္မာတရားဖြစ်သည်ဟု ဆိုကြသော်လည်း ငါ့အတွက် ထိုအရာက အဘယ်ကြောင့် သမ္မာတရားဖြစ်ပုံမရသနည်း။ ယင်းမှာ လူ့သဘာဝနှင့်ဆိုင်သည့် ကိစ္စများ၊ လူ့စိတ်သဘောထားကိစ္စများ၊ လူတို့က မိမိတို့၏ လုပ်ဆောင်ချက်များ၌ ထုတ်ဖော်သည့် အမျိုးမျိုးသော အခြေအနေများနှင့်ဆိုင်သည့် ကိစ္စများအကြောင်းသာ ဖြစ်သည်။ ဤအရာ၌ အသက်နှင့် လမ်းခရီး ရှိသလော။ ငါ အမှန်တကယ် နားမလည်ပါ။ လူတိုင်းက နားထောင်ပြီးနောက် မိမိတို့၏ တာဝန်များကို သစ္စာရှိစွာ ဖြည့်ဆည်းသင့်သည်၊ ဘုရားကို စိတ်ကျေနပ်စေသင့်ပြီး ကယ်တင်ခြင်းကို လိုက်စားသင့်သည်ဟု ဆိုကြသည်။ လူများစွာတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများကိုပင် ရေးသားပြီး သက်သေခံကြသည်။ ဤလူသည် ဘုရားဖြစ်သလော။ သူမသည် ဘုရားနှင့် တူပါသလော။ သူမ၏ မျက်နှာကို ငါ မမြင်ဖူးပါ။ အကယ်၍ မြင်ဖူးပါက သူမ၏ ရုပ်ကြန်အင်လက္ခဏာများကို ငါ ဖတ်ရှုပြီး တိကျသော အဖြေတစ်ခု ရရှိနိုင်ကောင်း ရရှိနိုင်သည်။ ယခုတွင် သူမ၏ အသံကို ကြားရုံနှင့် သူမပြောဆိုသည့်အရာကို နားထောင်ရုံမျှဖြင့် ငါအနည်းငယ် မသေမချာ ဖြစ်နေဆဲဖြစ်သည်ဟု ခံစားရသည်”ဟု စဉ်းစားကြသည်။ ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်နေကြသနည်း။ ဤသို့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့သည် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး စမ်းသပ်နေကြခြင်း ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ တကယ့်အခြေအနေကို သဘောပေါက်နိုင်ရန်၊ ဤသူက အမှန်တကယ် ဘုရားသခင် ဟုတ်မဟုတ် သိမြင်ရန် စိစစ်နေခြင်း၊ စမ်းသပ်နေခြင်း၊ ကြိုးစားနေခြင်းဖြစ်ပြီး ထို့နောက်တွင် သူနောက်သို့ လိုက်မည်၊ မလိုက်မည်၊ သူ့နောက် မည်သို့ လိုက်ရမည်ဟူသည်တို့ကို ဆုံးဖြတ်ရန် ဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့ ရရှိလိုသော ကောင်းချီးများနှင့် ပန်းတိုင်အတွက်အပြင်၊ မိမိတို့၏ လိုအင်ဆန္ဒများအတွက် ဤလူ၌ အဖြေရှာတွေ့နိုင်မည်လောဟူသည်ကိုလည်းကောင်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် မည်ကဲ့သို့ဖြစ်သည်၊ သူ အမှန်တကယ် တည်ရှိခြင်း ရှိ၊ မရှိ၊ သူ၏ စိတ်သဘောထားက မည်သည့်အရာဖြစ်သည်၊ လူသားများအပေါ် သူ၏ ချဉ်းကပ်ပုံနှင့် သဘောထားက မည်သည့်အရာဖြစ်နေနိုင်သည်ဟူသည်နှင့် သူ့တွင် မည်သည့် အရည်အချင်း၊ ကျွမ်းကျင်မှုနှင့် သြဇာအာဏာမျိုးများရှိသည်ဟူသည်တို့ကို ဤလူမှတစ်ဆင့် တိကျစွာ သိရှိနိုင်မည်လောဟူသည်ကိုလည်းကောင်းသေချာစေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေခြင်း မဟုတ်လော။ သိသာထင်ရှားစွာပင်၊ ထိုသို့ဖြစ်ပေသည်။
ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေသော်လည်း၊ အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အသက်အဖြစ် လက်ခံပြီး မိမိတို့၏ နေ့စဉ်ဘဝများနှင့် အပြုအမူအတွက် လမ်းညွှန်နှင့် ပန်းတိုင်အဖြစ် သဘောထားနိုင်သလော။ (မထားနိုင်ပါ။) သာမန် ဖောက်ပြန်ပျက်စီးသောလူတစ်ဦးသည် ဘုရားသခင်ကို အတန်ကြာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီးနောက် “ဤလမ်းကြောင်းက မှားယွင်းသည်၊ စိတ်နှလုံးထဲ၌ ငါ မသက်မသာ ခံစားရသည်။ ဤနည်းဖြင့် ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမှတစ်ဆင့် အဖြေများကို ငါ ရှာမတွေ့နိုင်ပါ။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးက သူ့ကို မည်သို့ဖြစ်ပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်ရသနည်း။ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမှ အဘယ်အရာကို ရရှိနိုင်သနည်း။ ယုံကြည်သူများက ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသောအခါ ဘုရားသခင်သည် ၎င်းတို့ထံမှ သူ၏ မျက်နှာကို ကွယ်ဝှက်ထားပြီး ၎င်းတို့သည် သမ္မာတရားကို မရရှိနိုင်ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်အတွင်းတွင် လူတို့က လမ်းခရီးကို ရှာတွေ့နိုင်ကာ အသက်ကို ရရှိနိုင်သည်ဟု ဆိုထားသည်။ ငါ ဤနည်းဖြင့် ပြုမူခြင်းက မကောင်းပါ။ သူ့ကို ငါဆက်လက်၍ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေး၍မဖြစ်ပါ”ဟု တွေးတောပေမည်။ ၎င်းတို့သည် တရားဒေသနာများကို နားထောင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည်နှင့်အမျှ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြောင်းကို တဖြည်းဖြည်း သိရှိကြပြီး ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက ၎င်းတို့အနေဖြင့် ဘုရားသခင်နှင့် သဟဇာတမဖြစ်နိုင်၊ မိမိတို့၏ တာဝန်များကို ကောင်းစွာ မဖြည့်ဆည်းနိုင် သို့မဟုတ် မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်နိုင်ကြောင်းကို တဖြည်းဖြည်းပို၍ သိရှိနားလည်လာကြသည်။ လူတို့သည် မိမိတို့၏ တာဝန်များကို ကောင်းစွာ မဖြည့်ဆည်းနိုင်သည့်အကြောင်းရင်းမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပုန်ကန်မှုတို့က ၎င်းတို့ကို တားဆီးနေသောကြောင့်ဖြစ်ပြီး ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း ပြုမူနေကြကာ သမ္မာတရားစည်းမျဉ်းများအတိုင်း ကိစ္စရပ်များကို မကိုင်တွယ်နိုင်ကြသောကြောင့်ဖြစ်သည်ကို ၎င်းတို့ တဖြည်းဖြည်း သိရှိကြလေသည်။ ထို့နောက် ၎င်းတို့က၊ “ငါသည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ မည်သို့ ပြုမူနိုင်မည်နည်း။ ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ပြသသောအခါ ငါမည်သို့ ဖြေရှင်းနိုင်မည်နည်း”ဟု တွေးတောလာကြသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွက် အကောင်းဆုံးဖြေရှင်းနည်းမှာ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်။ သမ္မာတရားထဲသို့ လူတို့ဝင်ရောက်ရန် တိုက်ရိုက်အကျဆုံးနည်းလမ်းမှာ ၎င်းတို့အတွက် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရန်နှင့် ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းအတွက် စည်းမျဉ်းများကို ရှာဖွေရန် ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ပန်းတိုင်များ၊ ဦးတည်ချက်၊ လမ်းကြောင်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများကို ထူထောင်ပေးသည်။ ဤအရာများကို ထူထောင်ပြီးသည်နှင့်တစ်ပြိုင်နက် လူတို့၌ လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိလာပြီး ၎င်းတို့ ပြုမူဆောင်ရွက်သောအခါ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ရန်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြသရန် သို့မဟုတ် အဖျက်အမှောင့်များနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေရန် အလားအလာမရှိတော့ဘဲ ဘုရားသခင်ကို ဆန့်ကျင်ရန် သာ၍ပင် အလားအလာ နည်းပါးသွားသည်။ ထိုသို့သော အတွေ့အကြုံကို ဖြတ်သန်းပြီးနောက် ၎င်းတို့သည် မိမိတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် သင့်လျော်သော လမ်းကြောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကြောင်း၊ ယင်းမှာ ၎င်းတို့ လိုအပ်သော လမ်းကြောင်း၊ ၎င်းတို့ ဝင်ရောက်သင့်သော လမ်းကြောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် အသက်တာအတွက် မှန်ကန်သော လမ်းကြောင်းဖြစ်ကြောင်းနှင့် ယင်းမှာ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် သူ့အပေါ် စောင့်ကြည့်သည့် လုပ်နည်းကိုင်နည်းကို အမြဲတမ်း ခံယူကျင့်သုံးခြင်းထက် များစွာ ပို၍ကောင်းမွန်ကြောင်းကို ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့က ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမှာ အချည်းနှီးဖြစ်ကြောင်းနှင့် တစ်စုံတစ်ဦးသည် သူ့ကို မည်မျှပင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ဖြစ်စေ ယင်းမှာ ၎င်းတို့ ထုတ်ဖော်ပြသသည့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကိုဖြစ်စေ၊ ၎င်းတို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ ပေါ်ပေါက်သည့် ပြဿနာများကိုဖြစ်စေ ဖြေရှင်းပေးမည်မဟုတ်ကြောင်းကို သိရှိနားလည်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းမှ သမ္မာတရားစည်းမျဉ်းများကို ရှာဖွေခြင်းလမ်းကြောင်းသို့ တဖြည်းဖြည်း ကူးပြောင်းကြသည်။ ဤသည်မှာ သာမန် ဖောက်ပြန်ပျက်စီးသော လူသားများအတွက် ပုံမှန်ဝင်ရောက်မှုနည်းလမ်းနှင့် အတွေ့အကြုံဆိုင်ရာ ဖြစ်စဉ် ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်များအတွက်မူ ကွဲပြားသည်။ ၎င်းတို့အနေဖြင့် ဘုရားအိမ်တော်သို့ ဝင်ရောက်ပြီး ယင်း၏ တံခါးခုံကို ကျော်ဖြတ်သည့် ပထမဆုံးနေ့မှစ၍ ၎င်းတို့က၊ “ဘုရားအိမ်တော်ရှိ အရာရာတိုင်းက အလွန်စိတ်ဝင်စားစရာကောင်းသည်။ အရာရာတိုင်းက အလွန်ဆန်းသစ်သည်။ ယင်းမှာ မယုံကြည်သောလောကနှင့် ကွဲပြားသည်။ ဘုရားအိမ်တော်၌ လူတိုင်း ရိုးသားရမည်။ ယင်းမှာ မိသားစုကြီးတစ်ခုနှင့်တူပြီး အလွန်သက်ဝင်လှုပ်ရှားမှုရှိသည်”ဟု စဉ်းစားကြလေသည်။ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီးနောက်၊ ရင်းနှီးကျွမ်းဝင်ကာ စေ့စေ့စပ်စပ် နားလည်ပြီးနောက်တွင် ၎င်းတို့အတွက် ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် အချိန်ကျရောက်ပြီ ဖြစ်သည်။ ၎င်းတို့က၊ “ဘုရားက အဘယ်မှာနည်း။ ဘုရားက အဘယ်အရာကို လုပ်ဆောင်နေသနည်း။ သူ မည်သို့ လုပ်ဆောင်နေသနည်း။ ကောင်းကင်ဘုံရှိ ဘုရားကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည် ခက်ခဲသည်၊ သူသည် နားလည်ရန်ခက်ခဲပြီး ငါတို့က ဤအရာကို စံမမီကြပါ။ သို့သော် ယခုတွင် အဆင်ပြေသော ဖြတ်လမ်းတစ်ခု ရှိသည်။ ဘုရားသည် မြေကြီးပေါ်သို့ ရောက်လာပြီးဖြစ်၍ သူ့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် လွယ်ကူစေသည်”ဟု မိမိတို့ဘာသာ စဉ်းစားကြသည်။ ၎င်းတို့ထဲမှ အချို့သည် ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်နှင့် ထိတွေ့ခွင့်ရရန် ကံကောင်းကြပြီး ဤသူကို မိမိတို့၏ ကိုယ်ပိုင်မျက်စိဖြင့် မြင်တွေ့ရကာ ယင်းက သူ့ကို ၎င်းတို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန်အတွက် ပို၍ပင် အဆင်ပြေစေသည်။ ၎င်းတို့သည် ဤအရာကို မည်သို့ လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် မြေကြီးပေါ်ရှိ ဘုရားသခင်၏ ရွှင်ပျသော စကားစမြည်ပြောဆိုမှုများ၊ မည်သည့်ကိစ္စရပ်များ၌ သူက ပြောဆိုပုံဟန်တစ်မျိုးအား အသုံးပြုသည်ဟူသည်နှင့် မည်သည့်ကိစ္စရပ်များ၌ အခြားတစ်မျိုးကို အသုံးပြုသည်၊ သူ ရယ်မောပြီး ပျော်ရွှင်သော အခြေအနေ၊ ထိုအချိန်များ၌ သူ ပြောဆိုနေသည့်အရာအပြင်၊ သူ မပျော်ရွှင်သောအခါ သို့မဟုတ် ဒေါသထွက်သောအခါ သူ ပြောဆိုသည့်အရာတို့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ၎င်းတို့သည် မည်သည့်အခြေအနေများ၌ သူက လူတို့ကို လျစ်လျူရှုသည် သို့မဟုတ် ၎င်းတို့ကို အတော်အတန်ဖော်ရွေသည်၊ သူက လူတို့ကို မည်သည့်အချိန်၌ ပြုပြင်ပြီး မည်သည့်အချိန်၌ မပြုပြင်သည်၊ သူက မည်သည့်ကိစ္စရပ်များကို အာရုံစိုက်ပြီး မည်သည့်အရာကို ဂရုမစိုက်သည်ဟူသည်ကိုလည်းကောင်း၊ ထလူတို့က သူ့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသောအခါ၊ သူ့ကို လှည့်ဖြားသောအခါ သို့မဟုတ် သူ့နောက်ကွယ်၌ သူ့ကို ထိခိုက်နာကျင်စေသောအခါ သူ သိရှိခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ပိုမိုကျယ်ပြန့်သော သွင်ပြင်လက္ခဏာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီးနောက် အန္တိခရစ်များသည် မြေကြီးပေါ်ရှိ ဘုရားသခင်က အဘယ်အရာကို သုံးဆောင်သည်၊ အဘယ်အရာကို ဝတ်ဆင်သည်ဟူသည်နှင့် သူ၏ နေ့စဉ် လုပ်ရိုးလုပ်စဉ်ကဲ့သို့သော တိကျသည့်အရာများကို နှိုက်နှိုက်ချွတ်ချွတ် ကြိုးစားရှာဖွေကြသည်။ ၎င်းတို့သည် သူ ကြိုက်နှစ်သက်သည့်အရာ၊ သူ သွားလိုသည့်နေရာ၊ သူ ကြိုက်နှစ်သက်သောအရောင်များ သို့မဟုတ် မကြိုက်နှစ်သက်သော အရောင်များ၊ သူက နေသာသော ရာသီဥတု သို့မဟုတ် တိမ်ထူသော ရာသီဥတုကို ပို၍နှစ်သက်ခြင်း ရှိမရှိဟူသည်နှင့် ရာသီဥတုဆိုးသောအခါ သူ အပြင်ထွက်ခြင်း ရှိမရှိဟူသည့် ဤတိကျသော အသေးစိတ်အချက်အလက်အားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ဆောင်ထားသော ဤသူသည် အဘယ်အရာကို လုပ်ဆောင်ရန် ရောက်လာသည်ကို လျစ်လျူရှုလျက် အန္တိခရစ်များက အစမှအဆုံးထိ အမြဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေကြသည်။ ၎င်းတို့က “သင့်အနေဖြင့် ဤနေရာ၌ အဘယ်အရာ လုပ်ဆောင်ရန် ရောက်လာသည်ကို ကျွန်ုပ် ဂရုမစိုက်ပါ။ ကျွန်ုပ် သင့်ကို မြင်သည့်အခါတိုင်း သင်သည် ကျွန်ုပ်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း ခံရမည့်သူ ဖြစ်လာလိမ့်မည်” ဟု ဆိုကြသည်။ ၎င်းတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့်ဆိုင်သည့် ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့က၊ “အကယ်၍ သင်သည် အမှန်တကယ် ဘုရားဖြစ်ကြောင်းကို ငါအတည်ပြုနိုင်ပါက ငါသည် သင့်နောက်သို့ လိုက်ရန် အရာရာတိုင်းကို မြဲမြံစွာနှင့် စိတ်နှလုံးအကြွင်းမဲ့ စွန့်လွှတ်နိုင်သည်။ အကြောင်းမှာ ဘုရားကို ယုံကြည်ခြင်းသည် လောင်းကြေးထပ်ခြင်းနှင့်တူပြီး သင်သည် ဘုရားဖြစ်ကြောင်းနှင့် ဘုရား၏ လူ့ဇာတိခံယူသော ဇာတိပကတိဖြစ်ကြောင်း အခိုင်အမာဆိုသည့်အတွက် သင့်ကို ယုံကြည်ခြင်းသည် သင့်အပေါ် လောင်းကြေးထပ်ခြင်းနှင့် ညီမျှသည်။ ကျွန်ုပ်သည် သင့်ကို မည်သို့ မစေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးဘဲ နေနိုင်မည်နည်း။ အကယ်၍ သင့်ကို ကျွန်ုပ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း မရှိခဲ့ပါက ယင်းမှာ ကျွန်ုပ်အဖို့ မမျှတရာကျမည်ဖြစ်သည်။ အကယ်၍ သင့်ကို ကျွန်ုပ် စေ့စေ့စပ်စပ် မကြည့်ရှုမစစ်ဆေးခဲ့ပါက ကျွန်ုပ်သည် ကျွန်ုပ်၏ ကိုယ်ပိုင်ပန်းတိုင်၊ အလားအလာများနှင့် ကံကြမ္မာအတွက် တာဝန်ယူနေခြင်း ဖြစ်မည်မဟုတ်ပေ။ ကျွန်ုပ်သည် သင့်ကို အဆုံးတိုင်အောင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရမည်”ဟု ပြောကြသည်။ ယနေ့တွင်ပင်၊ ၎င်းတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမှု အားလုံးပြီးသည့်နောက်တွင်၊ ၎င်းတို့သည် မသေမချာ ဖြစ်နေဆဲဖြစ်သည်။ “ဤသူသည် အမှန်တကယ် ခရစ်တော်လော။ သူသည် အမှန်တကယ် လူ့ဇာတိခံ ဘုရားဖြစ်သလော။ အလွန် ရှင်းလင်းခြင်းမရှိပေ။ မည်သို့ပင်ဖြစ်စေ လူများစွာတို့သည် သူ့နောက်သို့ လိုက်နေကြပြီး ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့်ပတ်သက်သော အခြေအနေမှာ အတော်အသင့် အလားအလာကောင်းနေသည်။ ယင်းမှာ ပို၍ ဖြန့်ဝေ၍ရနိုင်ဖွယ်ရှိပုံရသဖြင့် ကျွန်ုပ်သည် မိမိကိုယ်ကို နောက်ကျကျန်ရစ်ခွင့် မပြုသင့်ပေ။ သို့သော် ကျွန်ုပ် သူ့ကို ဆက်လက်၍ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် လိုအပ်နေဆဲ ဖြစ်သည်”ဟူ၍ ဖြစ်၏။ ၎င်းတို့သည် ပြုပြင်၍မရနိုင်ပေ။
အန္တိခရစ်များ၌ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား အနှစ်သာရတစ်ခုရှိသောကြောင့် ၎င်းတို့သည် မိမိတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို မည်သည့်အခါမျှ မရပ်တန့်ကြပေ။ မယုံကြည်သူများ၏ အဖွဲ့အစည်း သို့မဟုတ် အသိုင်းအဝိုင်းတစ်ခုတွင် ၎င်းတို့သည် မိမိတို့၏ အထက်လူကြီးများ ကြိုက်နှစ်သက်သည့်အရာကို ရှာဖွေရင်း၊ ၎င်းတို့၏ အားနည်းချက်များကို ဖော်ထုတ်ရင်းနှင့် ထို့နောက်တွင် ၎င်းတို့ အထက်လူကြီများကို မျက်နှာလိုမျက်နှာရလုပ်ရန်အတွက် မိမိတို့၏ လုပ်ရပ်များကို အံဝင်ခွင်ကျဖြစ်စေပြီး ထိုအထက်လူကြီးများ၏ အကြိုက်ကို ဖြည့်ဆည်းပေးရင်း၊ လူမျိုးစုံကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အသုံးချကြသည်။ ဘုရားအိမ်တော်သို့ ဝင်ရောက်ပြီးနောက် ၎င်းတို့၏ သဘာဝက မပြောင်းလဲဘဲ ရှိနေသည်။ ၎င်းတို့သည် မိမိတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းကို ဆက်လက်လုပ်ဆောင်ကြသည်။ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည် ယုံကြည်သူများ လိုက်လျှောက်သင့်သော လမ်းကြောင်းမဟုတ်သည်ကို ၎င်းတို့ နားလည်ရန် ပျက်ကွက်ကြသည်။ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရာ၌ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မည်သည့်အခါမျှ သဘောပေါက်နားလည်လိမ့်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင် ဖော်ပြသည့်အရာတိုင်းသည် သမ္မာတရားဖြစ်သည်ကို မြင်နိုင်လိမ့်မည် မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ ဤသမ္မာတရားများနှင့် လုပ်ဆောင်ချက်များအားလုံးသည် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက်ဖြစ်သည်ကို နားလည်လိမ့်မည်မဟုတ်ပေ။ အန္တိခရစ်များသည် ဤအချက်ကို မည်သည့်အခါမျှ နားလည်ကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့ မြင်တွေ့သမျှမှာ ဘုရားသခင်၏ ရွေးချယ်ထားသောလူများက စာတန်၏ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် လိုက်လံဖမ်းဆီးခြင်းကို အဆက်မပြတ် ခံစားနေရခြင်းဖြစ်သည်။ ဆိုးယုတ်သောလူတို့က အသင်းတော်အတွင်း၌ ဒုစရိုက်အမှုများကို ကျူးလွန်ပြီး အဖျက်အမှောင့်များ ဖြစ်စေခြင်းနှင့် ဘာသာရေးလောကရှိ အန္တိခရစ်များ၏ အင်အားစုများက ဘုရားသခင်ကို အဆက်မပြတ် အသရေဖျက်ပြီး ပြစ်တင်ရှုတ်ချနေစဉ် ဘုရားသခင်က ဤအရာများထဲမှ မည်သည့်အရာကိုမျှ လုံးဝ မဖြေရှင်းခြင်းတို့ကိုသာ ၎င်းတို့က သတိပြုမိကြသည်။ ထို့ကြောင့် အန္တိခရစ်များသည် ဘုရားသခင် ဖော်ပြသည့် မည်သည့်သမ္မာတရားကိုမဆို လက်ခံရန် အကျောက်အကန် ငြင်းပယ်လျက် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများကို ဆက်လက်ဖက်တွယ်ထားကြသည်။ အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများသည် ဘုရားသခင်ကို ဆန့်ကျင်ရန်အတွက် ၎င်းတို့၏ သက်သေအထောက်အထားများ ဖြစ်လာကြသည်။ အန္တိခရစ်များ၏ အမြင်တွင် ဤသက်သေအထောက်အထားဟုခေါ်သော အရာများသည် ၎င်းတို့က ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို မယုံကြည်ခြင်း သို့မဟုတ် အသိအမှတ်မပြုခြင်း၏ အကြောင်းရင်းများ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံရန် ငြင်းပယ်သောကြောင့်သာလျှင် ဤအချက်အလက်များအောက်၌ ပါရှိသော သမ္မာတရားများ၊ လူတို့ နားလည်သဘောပေါက်သင့်သော သမ္မာတရားများနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သည့်အခါမျှ၊ ဘယ်သောအခါမျှ ၎င်းတို့ မြင်တွေ့ကြမည်မဟုတ်ခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း၏ အကျိုးဆက် ဖြစ်သည်။ ဤအမှန်တရားများနှင့် ရင်ဆိုင်ရသောအခါ သမ္မာတရားကို လိုက်စားသော၊ သမ္မာတရားကို ချစ်မြတ်နိုးသော၊ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းရှိသောသူတို့သည် ဘုရားအိမ်တော်၌ မည်သည့်အရာ ဖြစ်ပေါ်သည်ဖြစ်စေ ဘုရားသခင်ထံမှ အမှုအရာများကို လက်ခံနိုင်ပြီး မှန်ကန်စွာ တုံ့ပြန်နိုင်ကာ ဘုရားသခင်ကို စောင့်ဆိုင်းနိုင်ကြသည်။ ဘုရားသခင်ရှေ့မှောက်၌ မိမိတို့ကိုယ်ကို ငြိမ်သက်စေကာ သူ့ထံ ဆုတောင်းနိုင်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်နားလည်ရန် ကြိုးစားနိုင်ပြီး ဤအရာအားလုံး ဖြစ်ပေါ်ခြင်းနောက်ကွယ်၌ ဘုရားသခင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များ ရှိသည်ကိုလည်း နားလည်သဘောပေါက်နိုင်သည်။ ဆိုးယုတ်သည့်လူများကို ဖော်ထုတ်ရန်နှင့် ပယ်ရှင်းရန်အလို့ငှာ ဘုရားသခင်သည် လူတို့ တွေးတောမည်မဟုတ်သော အမှုအရာများစွာကို လုပ်ဆောင်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ ရွေးချယ်ထားသောလူများကို စုံလင်စေရန်အလို့ငှာနှင့် ၎င်းတို့ကို ပိုင်းခြားသိမြင်မှု ရရှိနိုင်စေပြီး သင်ခန်းစာများ သင်ယူနိုင်စေရန်အလို့ငှာ သူသည် အစေခံမှုပေးရန်အတွက် ဆိုးယုတ်သည့်လူများနှင့် ၎င်းတို့၏ ဒုစရိုက်အမှုများကို အသုံးပြုလေသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် ၎င်းတို့ကို ဖော်ထုတ်ပြီး ပယ်ရှင်းသည်။ နောက်တစ်နည်းအားဖြင့်၊ သူသည် အဘယ်အရာများက အပြုသဘောဆောင်ပြီး အဘယ်အရာများက အပျက်သဘောဆောင်သည်၊ ဘုရားသခင်က မည်သူ့ကို အသိအမှတ်ပြုသည်၊ ဘုရားသခင်က မည်သူ့ကို စက်ဆုပ်ရွံရှာသည်၊ ဘုရားသခင်က မည်သူ့ကို ဖယ်ရှားရှင်းလင်းပြီး မည်သူ့ကို ကောင်းချီးပေးသည်ဟူသည်တို့ကို သူရွေးချယ်ထားသောလူတို့အား မြင်တွေ့စေသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ရွေးချယ်ထားသောလူများ သင်ယူရန် လိုအပ်သော သင်ခန်းစာများ၊ သမ္မာတရားကို လိုက်စားသောသူတို့ ရရှိသင့်သော အပြုသဘောဆောင်သည့် အကျိုးရလဒ်များနှင့် လူတို့ နားလည်သင့်သော သမ္မာတရားများ ဖြစ်ကြသည်။ သို့ရာတွင် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားအနှစ်သာရကြောင့် အန္တိခရစ်များသည် ဤတန်ဖိုးအရှိဆုံးသော အရာများကို မည်သည့်အခါမျှ ရရှိကြလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့၌ အခြေအနေတစ်ခုတည်းသာ ရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ မျက်မှောက်၌ ရှိနေသော်လည်း၊ သူ့ကို သံသယဖြစ်ခြင်းအပြင် သူ့ကို အစဉ်မပြတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေကြလေသည်။ ၎င်းတို့သည် ဤအရာ၏ အခြေခံအကြောင်းရင်းကို နားမလည်လျှင်ပင်၊ သူ့ကို ဆက်လက်၍ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေကြသည်။ အကယ်၍ သင်သည် ၎င်းတို့ကို ပင်ပန်းခြင်း ရှိမရှိ မေးမြန်းပါက ၎င်းတို့က “လုံးဝမပင်ပန်းပါ။ ဘုရားကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည် ပျော်စရာကောင်းသည်၊ စိတ်ဝင်စားစရာကောင်းသည်၊ စိတ်လှုပ်ရှားစရာကောင်းပြီး လုပ်ဆောင်ရန် ဆွဲဆောင်မှုရှိသော အရာတစ်ခု ဖြစ်သည်”ဟု ဆိုကြလိမ့်မည်။ ဤအရာများသည် နတ်ဆိုးဆန်သော စကားများ ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ ရုပ်သွင်ကို ပိုင်ဆိုင်ကြသည်၊ ၎င်းတို့၌ အန္တိခရစ်များ၏ သဘာဝအနှစ်သာရ ရှိသည်။ ၎င်းတို့သည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် ရည်ရွယ်ချက် မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန်တစ်ခုတည်းအတွက်သာ ဤနေရာ၌ ရှိနေကြခြင်း ဖြစ်သည်။
(ဂ) မသင်္ကာမှု
ဆက်လက်၍ ငါတို့သည် ဘုရားသခင်အပေါ် အန္တိခရစ်များ၏ သင်္ကာမကင်းဖြစ်ခြင်းအကြောင်းကို မိတ်သဟာယဖွဲ့ကြမည်။ သင်္ကာမကင်းဖြစ်ခြင်းဟူသည် တိုက်ရိုက် မည်သို့ အဓိပ္ပာယ်ရသနည်း။ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအတွက် တိကျသော သရုပ်သကန်များ၊ အတွေးအခေါ်များနှင့် အပြုအမူအချို့ ရှိသကဲ့သို့ သင်္ကာမကင်းဖြစ်ခြင်းများ၌လည်း အလားတူပင်ဖြစ်သည်ဟု ပြောဆိုခြင်းက လုံးဝ မှန်ကန်ပေသည်။ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီးနောက် အချို့လူတို့သည် ဘုရားသခင်၏ စိတ်သဘောထားက အမှန်တကယ် မည်သည့်အရာဖြစ်သည် သို့မဟုတ် ဘုရားသခင်၌ မည်သည့် စိတ်ခံစားမှုမျိုး ရှိသည်ကို မသိရှိကြသေးသည့်အပြင် ဘုရားသခင် အမှန်တကယ် တည်ရှိခြင်း ရှိမရှိဟူသည်ကို မသေချာကြပေ။ ဤသာမန်လူသည် ခရစ်တော် ဟုတ်မဟုတ် သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရကို သူ ပိုင်ဆိုင်ခြင်း ရှိ၊ မရှိဟူသည်ကို ၎င်းတို့က သာ၍ပင် မဆုံးဖြတ်နိုင်ကြပေ။ ၎င်းတို့သည် ဤအရာများကို နားမလည်သည့်အပြင် မရှင်းမလင်း ဖြစ်နေကြသည်။ နောက်ပိုင်းတွင် ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် ၎င်းတို့ အခွင့်အရေး ရရှိသောအခါ ၎င်းတို့က၊ “တာဝန်များကို လူတို့ ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်းအကြောင်းကို ခရစ်တော်က ငါနှင့် မိတ်သဟာယဖွဲ့ခဲ့သည်။ တစ်စုံတစ်ယောက်က တာဝန်များကို ငါ ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်းအကြောင်းကို ပြောဆိုခဲ့ပြီး ခရစ်တော်က ထိုအကြောင်းကို သိရှိသွားခြင်းများ ဖြစ်နိုင်မည်လော။ ထို့ကြောင့် ငါနှင့် တွေ့ဆုံသောအခါ သူက ထိုအကြောင်းကို ထည့်ပြောခဲ့ခြင်းဖြစ်သလော။ ဤသည်မှာ တစ်စုံတစ်ယောက်က ငါနှင့်ပတ်သက်၍ တိုင်တန်းခဲ့သောကြောင့် မုချဖြစ်ပြီး ခရစ်တော်က သိရှိသွားပြီးနောက် ဖော်ထုတ်ရန် ငါ့ကို သူ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ငါ မည်သည့် လူစားမျိုးဖြစ်သည်ကို သိရှိလျက်နှင့် ခရစ်တော်က ငါ့ကို နှစ်သက်နေဆဲဖြစ်သလော။ သူက ငါ့အပေါ် အလွန်အမင်းမနှစ်မြို့ခြင်းကို ခံစားရသလော၊ သို့မဟုတ် သူက ငါ့ကို အထင်သေးသလော။ ငါ့ကို ထုတ်ပယ်ရန် သူ ပြင်ဆင်နေပါသလော”ဟု စဉ်းစားကြလေသည်။ အတန်ကြာ စောင့်ဆိုင်းပြီး ၎င်းတို့ ထုတ်ပယ်ခြင်း မခံရသည်ကို မြင်သည့်နောက်တွင်၊ ၎င်းတို့က၊ “ဟူး၊ ငါ အလွန် ကြောက်လန့်မိခဲ့သည်။။ ခရစ်တော်က စိတ်သဘောထား သေးသိမ်နိုင်သည်ဟု ငါ တွေးနေခဲ့မိသည်၊ သို့သော် သူက ထိုသို့ မလုပ်ခဲ့ပါ။ ယခုတော့ ငါစိတ်အေးလက်အေးနေနိုင်ပြီ”ဟု တွေးကြလေသည်။ အချို့က၊ “ခရစ်တော်နှင့် ကျွန်ုပ်၏ နောက်ဆုံးတွေ့ဆုံမှုအတောအတွင်းတွင် ကျွန်ုပ်သည် ပညာမတတ်သူတစ်ဦးကဲ့သို့ဖြစ်ခဲ့ပြီး ကျွန်ုပ်၏ စကားက အနည်းငယ် ရှေ့နောက်မညီဖြစ်ခဲ့သည်။ ကျွန်ုပ်၏ သရုပ်မှန်ကို ဖော်ထုတ်မိခဲ့သည်။ ခရစ်တော်က ကျွန်ုပ်အပေါ် မကောင်းသော ထင်မြင်ချက် ရှိသွားလိမ့်မည်လော။ သူက ကျွန်ုပ်ကို နောက်ပိုင်းတွင် ဖယ်ရှားရှင်းလင်းလိမ့်မည်လော။ သူ့ကို ကျွန်ုပ် မတွေ့ရသောအခါ အရာရာ အဆင်ပြေပါသည်။ ကျွန်ုပ်၏ ပြဿနာများမှာ သူနှင့် တွေ့ဆုံသောအခါမှသာ ပေါ်ပေါက်လာသည်။ ကျွန်ုပ် သူ့ကို နောက်တစ်ကြိမ် တွေ့ဆုံရမည်မဟုတ်ပါ။ သူ့ကို မြင်သောအခါ ကျွန်ုပ် ရှောင်ရှားရမည်ဖြစ်ပြီး တတ်နိုင်သမျှ သူနှင့် ဝေးဝေးနေရမည်ဖြစ်ပြီး ကျွန်ုပ်သည် ခရစ်တော်နှင့် ဆက်ဆံခြင်း၊ ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် ရင်းနှီးအကျွမ်းဝင်ခြင်း လုံးဝ မရှိရပါ။ သို့မဟုတ်ပါက သူက ကျွန်ုပ်ကို အထင်သေးကောင်း အထင်သေးနိုင်သည်”ဟု ပြောကောင်းပြောနိုင်သည်။ ဤအရာများသည် မည်သည့် အတွေးများနှင့် လုပ်နည်းကိုင်နည်းများ ဖြစ်သနည်း။ (သင်္ကာမကင်းဖြစ်ခြင်းများဖြစ်သည်။) ဤအရာများသည် သင်္ကာမကင်းဖြစ်ခြင်းများ ဖြစ်ကြသည်။ “နောက်ဆုံး စုဝေးပွဲ၌ ဘုရားက ရိုးရှင်းသော မေးခွန်းတစ်ခု မေးခဲ့သော်လည်း ကျွန်ုပ် ကောင်းစွာ မဖြေဆိုခဲ့ပါ။ ယင်းက ကျွန်ုပ်၏ အပြစ်အနာအဆာများကို ထုတ်ဖော်ပြသခဲ့သည်။ ကျွန်ုပ်၌ အစွမ်းအစကောင်းမရှိဟု ဘုရားက ထင်မြင်သွားပြီး အနာဂတ်တွင် ကျွန်ုပ်ကို ပျိုးထောင်မပေးဘဲ နေလိမ့်မည်လော။ ပြီးခဲ့သည့်တစ်ကြိမ်က တစ်စုံတစ်ယောက်က ကျွန်ုပ်သည် မိုက်မဲကာ မဆင်မခြင် ပြုမူခဲ့သည်ဟု ဆိုလျက် ကျွန်ုပ်ပြုလုပ်ခဲ့သည့်အရာတစ်ခုကို ဖော်ထုတ်ခဲ့သည်။ အကယ်၍ ဘုရားက ဤအကြောင်းကို သိရှိသွားပါက ကျွန်ုပ်ကို အနာဂတ်တွင် စုံလင်စေလိမ့်ဦးမည်လော။ ဘုရား၏ စိတ်ထဲ၌ ကျွန်ုပ်၏ အဆင့်အတန်းမှာ အဘယ်နည်း။ မြင့်သလော သို့မဟုတ် နိမ့်သလော၊ သာလွန်သလော သို့မဟုတ် နိမ့်ကျသလော။ ကျွန်ုပ်သည် မည်သည့်အုပ်စု၌ ပါဝင်သနည်း။ အနာဂတ်တွင် ဘုရားနှင့် ကျွန်ုပ် စကားပြောသည့်အခါတိုင်း ကျွန်ုပ်၏ စကားလုံးများကို အကြမ်းရေးရန် လိုအပ်သည်။ ကျွန်ုပ်သည် ပေါ့ပေါ့ဆဆ စကားပြော၍မရ သို့မဟုတ် စိတ်ထဲရှိသမျှကို ပြော၍မရပါ။ ကျွန်ုပ် ပို၍ စဉ်းစားဆင်ခြင်ရမည်၊ အမှုအရာများကို ပို၍ အချိန်ယူစဉ်းစားရမည်၊ ပို၍ ထည့်သွင်းစဉ်းစားရမည်၊ ကျွန်ုပ်၏ အသုံးအနှုန်းကို ကောင်းစွာ စီစဉ်ဖွဲ့စည်းရမည်ဖြစ်ပြီး ကျွန်ုပ်၏ အထူးချွန်ဆုံးနှင့် အကျွမ်းကျင်ဆုံးသော ဘက်ခြမ်းကို ခရစ်တော်အား တင်ပြရမည်။ ယင်းမှာ အဘယ်မျှ အံ့သြဖွယ်ကောင်းပြီး စုံလင်လိုက်မည်နည်း”ဟု ဆိုသောသူများလည်း ရှိသည်။ ဤသည်မှာလည်း သင်္ကာမကင်းဖြစ်ခြင်းပင် ဖြစ်သည်။
သင်္ကာမကင်းဖြစ်ခြင်းသည် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် နောက်ထပ် လက္ခဏာတစ်ရပ် ဖြစ်သည်။ သံသယဖြစ်ခြင်းနှင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအပြင် အန္တိခရစ်များသည် သင်္ကာမကင်းဖြစ်ခြင်းများကိုလည်း ထားရှိကြသည်။ တိုတိုပြောရလျှင်၊ ၎င်းတို့၏ အတွေးအခေါ်များကို မည်သည့်သွင်ပြင်လက္ခဏာက စိုးမိုးနေသည်ဖြစ်စေ ထိုအရာများထဲမှ တစ်ခုမျှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ရှာဖွေခြင်းတို့နှင့် မည်သည့်ပတ်သက်မှုမျှ မရှိပေ။ သို့ဆိုလျှင် ဤလုပ်နည်းကိုင်နည်းများ၊ အတွေးများ သို့မဟုတ် နည်းလမ်းများသည် အန္တိခရစ်များ၏ စိတ်သဘောထားအနှစ်သာရက ကောက်ကျစ်ဆိုးယုတ်ကြောင်းကို အတည်ပြုနိုင်သလော။ (အတည်ပြုနိုင်ပါသည်။) အန္တိခရစ်များသည် ဘုရားသခင်ကို သံသယဖြစ်နေသည်ဖြစ်စေ၊ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေသည်ဖြစ်စေ သို့မဟုတ် ဘုရားသခင်အပေါ် သင်္ကာမကင်းဖြစ်ခြင်းများကို ထားရှိနေသည်ဖြစ်စေ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားအပေါ် အာရုံစိုက်ရန် အမြဲ ပျက်ကွက်ကြသည်။ ၎င်းတို့သည် မည်သည့်အခါမျှ နောက်ကြောင်းပြန်မလှည့်သည့်အပြင်၊ သမ္မာတရားကို လုံးဝမရှာဖွေဘဲ ဘုရားသခင်နှင့်သက်ဆိုင်သော ကိစ္စရပ်များကို ဆင်ခြင်သုံးသပ်ရန်နှင့် ဘုရားသခင်ကို ဆက်ဆံရန် ဤနည်းလမ်းများကို တစ်စိုက်မတ်မတ် အသုံးပြုကြသည်။ ဤလုပ်ဆောင်ချက်များက မည်မျှပင် ပင်ပန်းစရာဖြစ်ပြီး ခက်ခဲစေကာမူ ၎င်းတို့သည် ထိုအရာများကို မမောနိုင်မပန်းနိုင် ဆက်လက်လုပ်ဆောင်ပြီး ထပ်ခါထပ်ခါ ပြုလုပ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်မျှကြာအောင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခဲ့သည်ဖြစ်စေ သို့မဟုတ် သင်္ကာမကင်းဖြစ်ခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အနေဖြင့် ရလဒ်တစ်ခုတလေကို ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ၎င်းတို့သည် ဤနည်းလမ်းအတိုင်း ဆက်လက်ပြုမူကာ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ထပ်ခါထပ်ခါ ပြုလုပ်လျက် ယခင်ကဲ့သို့ပင် ဤလမ်းကြောင်းကို ဆက်လျှောက်ကြသည်။ ၎င်းတို့က “ဤသည်မှာ ဖန်ဆင်းခံတစ်ဦးက ဘုရားသခင်ကို ဆက်ဆံသင့်သော နည်းလမ်းနှင့် သဘောထားလော။ ဘုရားသခင်ကို ငါ ဆက်ဆံပုံ၏ သဘောသဘာဝမှာ အဘယ်နည်း။ ငါသည် မည်သည့် စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြသနေသနည်း။ သူ့ကိုဤသို့ဆက်ဆံခြင်းသည် သမ္မာတရားနှင့် ကိုက်ညီပါသလော။ ဘုရားသခင်သည် ယင်းကို စက်ဆုပ်ရွံရှာတော်မူပါသလော။ အကယ်၍ ဘုရားသခင် စက်ဆုပ်ရွံရှာသော အမှုအရာများကို ငါ ဆက်လက်ပြုလုပ်နေပါက နောက်ဆုံး ရလဒ်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ငါသည် ဘုရားသခင်၏ စွန့်ပစ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရလိမ့်မည်လော။ အပျက်သဘောဆောင်သော အကျိုးဆက်များ ရှိလိမ့်မည်ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များအတိုင်း အဘယ်ကြောင့် ငါ မပြုမူနိုင်၊ လက်တွေ့မလုပ်ဆောင်နိုင်ရသနည်း”ဟု တွေးတောလျက် မိမိတို့ကိုယ်ကို မည်သည့်အခါမျှ မဆန်းစစ်ကြပေ။ ၎င်းတို့သည် ဤကိစ္စရပ်များကို ဆင်ခြင်သုံးသပ်ကြပါသလော။ (မသုံးသပ်ပါ။) အဘယ်ကြောင့် ၎င်းတို့က မဆင်ခြင်မသုံးသပ်ကြသနည်း။ အကြောင်းမှာ ၎င်းတို့၏ အကျင့်စရိုက်၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့၌ အသိစိတ်မရှိသောကြောင့် ထိုသို့သော အကျိုးအကြောင်းမဆီလျော်သည့်အပြင် အဓိပ္ပာယ်မဲ့သော လုပ်ရပ်များကို ၎င်းတို့က သတိမထားမိဘဲ ဆောင်ရွက်မိကြသည်။ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းက ၎င်းတို့အား မိမိတို့ မည်သူဖြစ်သည် သို့မဟုတ် မိမိတို့ ခံယူသင့်သော နေရာ၊ ရှုထောင့်အမြင်နှင့် အဆင့်အတန်းက အဘယ်အရာဖြစ်သည်ကို မည်သည့်အခါမျှ နားမလည်စေပေ။ ၎င်းတို့က မိမိတို့မှာ သာမန်လူတစ်ဦး၊ ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး သို့မဟုတ် ဘုရားသခင် စက်ဆုပ်ရွံရှာသော စာတန်၏ အပေါင်းအပါနှင့် သားစဉ်မြေးဆက်ဖြစ်သည်ဟု မည်သည့်အခါမျှ မခံစားရကြပေ။ လူတို့ လက်ခံသင့်သော အရာများမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားသခင်က ၎င်းတို့အား ထောက်ပံ့ပေးသော သမ္မာတရားတို့ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်နှင့် တန်းတူရည်တူသဖွယ် သူ့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း မပြုသင့်သကဲ့သို့ အခြားလူတစ်ဦးနှင့် ထိတွေ့ဆက်ဆံသကဲ့သို့ ဘုရားသခင်နှင့် ရယ်မောပြောဆိုခြင်းလည်း မပြုသင့်ပေ။ ဤအရာများသည် မည်သည့် လူသားကမျှ လုပ်ဆောင်မည်မဟုတ်သည့် အရာများဖြစ်သည် မဟုတ်လော။ ဤအချိန်တွင် အန္တိခရစ်များ၏ အကျင့်စရိုက်က ထုတ်ဖော်ခြင်းခံရပြီး အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားအနှစ်သာရက အခြားသူများကို ထိခိုက်စေပြီး မိမိတို့ကိုယ်တိုင်အတွက် အကျိုးကျေးဇူးတစ်စုံတစ်ရာ မပေးသော ဤတန်ဖိုးမဲ့ပြီး အဓိပ္ပာယ်မဲ့သည့် လုပ်ရပ်များ၌ မမောမပန်း ပါဝင်စေလျက် ၎င်းတို့ကို စိုးမိုးလေသည်။ သို့တိုင် ၎င်းတို့သည် လက်မလွှတ်နိုင်ကြပေ။ ဤလမ်းခရီး၏ အမှားကိုလည်းကောင်း၊ ဤလုပ်ရပ်များနောက်ကွယ်ရှိ သဘောသဘာဝကိုလည်းကောင်း သတိမမူဘဲ ရှိနေကြသည်။ ဤကိစ္စ၌ ပါဝင်သော ကြိုးပမ်းအားထုတ်မှု၊ ဆင်းရဲဒုက္ခနှင့် ကျရှုံးမှု ပမာဏ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် မိမိကိုယ်ကို အပြစ်တင်ခြင်း၊ စွပ်စွဲခြင်းနှင့် အကြွေးတင်ရှိခြင်းတို့ကို မခံစားရပေ။ ၎င်းတို့သည် အထက်စီးမှနေ၍ ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ မထီမဲ့မြင်ပြုလျက်၊ သူ့ကို ထပ်ခါတလဲလဲ သံသယဖြစ်ပြီး သင်္ကာမကင်း ဖြစ်နေရင်း ဘုရားသခင်နှင့် တန်းတူရည်တူဖြစ်ဖို့ မရမက လုပ်ဆောင်ကြသည်။၎င်းတို့က ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားနှင့် သူ့ကို ဆက်ဆံပုံတို့မှာ မည်သည့်အခါမျှ မပြောင်းလဲခဲ့ပေ။ အကယ်၍ ၎င်းတို့က သူ့ကို သံသယဖြစ်မနေပါက သူ့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေကြသည်။ အကယ်၍ သူ့ကို ၎င်းတို့က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေခြင်း မရှိပါက သူ့ကို သင်္ကာမကင်း ဖြစ်နေကြသည်။ ယင်းမှာ ၎င်းတို့က နတ်ဆိုးပူးခံရသကဲ့သို့ သို့မဟုတ် စုန်းပြုစားခံရသကဲ့သို့ ဖြစ်သည်။ ဤအရာများသည် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရနှင့်ဆိုင်သည့် သရုပ်သကန်များစွာ ဖြစ်ကြသည်။ အန္တိခရစ်များသည် ပင်ကိုအားဖြင့် ကောက်ကျစ်ဆိုးယုတ်ကြသည်။ အန္တိခရစ်များ၏ အနှစ်သာရကို မရိပ်မိနိုင်သော အချို့လူတို့က၊ “ဘုရားသခင်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအား သင် ရှောင်ကြဉ်၍ မရနိုင်သလော။ သူ့ကို သံသယဖြစ်ခြင်းအား သင် မရပ်တန့်နိုင်သလော။ သူ့အပေါ် သင်္ကာမကင်းဖြစ်ခြင်းအား သင် မရပ်တန့်နိုင်သလော။ အကယ်၍ သင်သည် ဤအရာများကို ပြုလုပ်ခြင်းမှ ရပ်တန့်လိုက်ပါက သမ္မာတရားကို နားလည်နိုင်မည်ဖြစ်ပြီး ဘုရားသခင်ကို ဘုရားသခင်အဖြစ် ဆက်ဆံနိုင်ကာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပေါ်စေနိုင်ပြီး တရားဝင် ဘုရားသခင်၏ လူမျိုးထဲမှ တစ်ဦး ဖြစ်လာနိုင်လိမ့်မည်။ သင်သည် စံချိန်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာရန် အခွင့်အရေး ရရှိလိမ့်မည်ဖြစ်ပြီး ထိုအခါ သင်သည် ဘုရားသခင်၏ ရွေးချယ်ထားသောလူများထဲမှ တစ်ဦး၏ အမည်နှင့် ထိုက်တန်မည် မဟုတ်လော။ ယင်းမှာ အဘယ်မျှ အံ့သြဖွယ်ကောင်းလိုက်မည်နည်း”ဟု ဆိုကောင်းဆိုနိုင်သည်။ သို့ရာတွင် အန္တိခရစ်များက၊ “ကျွန်ုပ်သည် ထိုမျှလောက် မမိုက်မဲပါ။ စံချိန်မီသော ဖန်ဆင်းခံတစ်ဦးဖြစ်ခြင်း၏ အကျိုးကျေးဇူးကား အဘယ်နည်း။ ထိုအရာသည် ပျင်းစရာကောင်းသည်။ ဘုရားကို ကျွန်ုပ် သံသယဖြစ်သည့်အခါ၊ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည့်အခါ၊ သင်္ကာမကင်းဖြစ်သည့်အခါမှသာ စိတ်ဝင်စားစရာကောင်းသည်”ဟု ပြန်ချေပကြသည်။ အန္တိခရစ်များ၏ ဤသရုပ်သကန်မှာ၊ “အခြားလူများကိုလည်းကောင်း၊ ကောင်းကင်ဘုံကိုလည်းကောင်း တိုက်ခိုက်ခြင်းသည် အဆုံးမရှိသော ပျော်ရွှင်မှု၏ ရင်းမြစ်တစ်ခု ဖြစ်သည်”ဟု အဆင်းနီသော နဂါးကြီးက ပြောသကဲ့သို့ပင် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝအနှစ်သာရနှင့်ဆိုင်သည့် တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် စစ်မှန်သော ထင်ဟပ်မှုတစ်ခု ဖြစ်သည်။ အချုပ်အားဖြင့်ဆိုသော် အန္တိခရစ်များသည် အလွန်အမင်း ကောက်ကျစ်ဆိုးယုတ်ကြသည်၊ အဆုံးစွန် ကောက်ကျစ်ဆိုးယုတ်ကြသည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်ခံရန် လုံးလုံးလျားလျား ငြင်းပယ်သောသူတို့သည် ကောက်ကျစ်ဆိုးယုတ်သောလူများ ဖြစ်ကြသည်။ လူများစွာတို့သည် အန္တိခရစ်များကို တစ်နေ့တွင် နောင်တရလိမ့်မည်ဟု တွေးထင်လျက် နောင်တရရန် အခွင့်အရေးတစ်ခု အမြဲပေးလိုကြသည်။ ဤအကြောင်းပြချက်သည် မှန်ကန်သလော။ “ခွေးမြီးကောက် ကျည်တောက်စွပ်” နှင့် “ကျားသစ်သည် သူ၏ အစက်အပြောက်များကို မပြောင်းလဲနိုင်” ဟူသော ဆိုရိုးစကားများအတိုင်းပင် ဖြစ်သည်။ ထို့ကြောင့် သင်သည် အန္တိခရစ်များကို ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် တောင်းဆိုမှုများ ပြုလုပ်ရန် လူသားများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် စံနှုန်းများနှင့် နည်းလမ်းများကို အသုံးမပြု၍မရနိုင်ပေ။ ၎င်းတို့သည် ၎င်းတို့ဖြစ်သည့်အတိုင်းပင် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို မစေ့စေ့စပ်စပ် မကြည့်ရှုမစစ်ဆေးပါက သို့မဟုတ် သံသယမဖြစ်ပါက၊ သို့မဟုတ် သူ့ကို သင်္ကာမကင်း မဖြစ်ပါက ၎င်းတို့သည် ကသိကအောက်နိုင်သည်ဟု ခံစားရသည်။ အကြောင်းမှာ ၎င်းတို့သည် မိမိတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝ၏ စိုးမိုးခြင်းကို ခံရသောကြောင့် ဖြစ်သည်။
(ဃ) သတိထားကာကွယ်ခြင်း
ဆက်လက်၍ သတိထားကာကွယ်ခြင်းအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ အန္တိခရစ်များ၌ အဓိကအကျဆုံးနှင့် အရှင်းလင်းဆုံးသော အတွေးနှင့် ရှုထောင့်အမြင်တစ်ခု ရှိသည်။ ၎င်းတို့က၊ “လူတို့သည် မိမိတို့၏ ကံကြမ္မာများကို ဘုရားက ထိန်းချုပ်ကြောင်း သို့မဟုတ် အချုပ်အခြာအာဏာစွဲကိုင်ကြောင်းကို ခွင့်မပြုရ။ အကယ်၍ ဘုရားက လူတစ်ဦး၏ ကံကြမ္မာကို ထိန်းချုပ်နေပါက ထိုသူအတွက် အဆုံးသတ်ပြီဖြစ်သည်။ လူတို့သည် ပျော်ရွှင်မှုကို ရရှိရန်အလို့ငှာလည်းကောင်း၊ စိုးရိမ်ပူပန်ခြင်းမရှိဘဲ စားသောက်ပြီး ပျော်ရွှင်နိုင်ရန်အလို့ငှာလည်းကောင်း၊ မိမိတို့ကိုယ်ကို ထိန်းချုပ်သူများ ဖြစ်ရမည်။ ဘုရားက လူတို့ကို စားသောက်ပြီး ပျော်ရွှင်ခွင့်မပြုပါ။ သူက ၎င်းတို့ကို ကောင်းမွန်စွာ နေထိုင်ခွင့်မပြုပါ။ သူက အခက်အခဲကိုသာ ခံစားစေသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့၏ ကိုယ်ပိုင်ပျော်ရွှင်မှုကို တာဝန်ယူရမည်။ ကျွန်ုပ်တို့သည် မိမိတို့၏ ကံကြမ္မာများကို ဘုရားထံ အပ်နှံ၍မရသကဲ့သို့၊ အရာရာတိုင်းအတွက် လက်ပိုက်စောင့်ဆိုင်း၍လည်း မရပါ။ ဘုရားက ပြင်ဆင်မှုများပြုလုပ်ပြီး ကျွန်ုပ်တို့ကို ဉာဏ်ပွင့်စေကာ ဦးဆောင်သည်ကိုလည်း ခွင့်ပြု၍မရပါ။ ကျွန်ုပ်တို့အနေဖြင့် ထိုသို့သောလူစားမျိုး ဖြစ်၍မရပါ။ ကျွန်ုပ်တို့၌ လူ့အခွင့်အရေးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့နှင့် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်တို့ ရှိသည်။ ကျွန်ုပ်တို့သည် အရာရာတိုင်းကို ဘုရားထံ သတင်းပို့ရန်လည်းကောင်း၊ အရာရာတိုင်းအပေါ် ဘုရားထံမှ ရှာဖွေရန်လည်းကောင်း မလိုအပ်ပေ။ ယင်းက ကျွန်ုပ်တို့ကို အလွန် အရည်အချင်းမရှိသူများကဲ့သို့ ဖြစ်စေမည်။ လူမိုက်များသာ ထိုသို့ ပြုလုပ်ကြသည်”ဟု ပြောကြသည်။ ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်နေကြသနည်း။ (ဘုရားသခင်ကို သတိထားကာကွယ်နေခြင်းဖြစ်သည်။) အချို့လူတို့က၊ “ ဘုရားရှေ့မှောက်၌ သင် သစ္စာဆိုသောအခါ သတိထားပါ။ သင်၏ စကားလုံးများကို ဂရုတစိုက် စဉ်းစားပါ။ လူ ပြုမူဆောင်ရွက်သောအခါ ကောင်းကင်ဘုံက ကြည့်ရှုနေသည်” ဟု ပြောကြသည်။ အချို့က၊ “အို ဘုရား၊ ကျွန်ုပ်၏ တစ်ဘဝလုံးနှင့် လူငယ်ဘဝကို သင့်ထံ ဆက်ကပ်အပ်နှံပါသည်၊ ကျွန်ုပ်သည် အိမ်ထောင်ဖက် ရှာဖွေတော့မည်မဟုတ် သို့မဟုတ် လက်ထပ်တော့မည်မဟုတ်ပါ” ဟု ဆုတောင်းကြသည်။ သို့သော် ဤသို့ပြောပြီးနောက် ၎င်းတို့ နောင်တရကြပြီး၊ “ဘုရားက ငါ့စကားများကို အထမြောက်စေမည်လော။ အကယ်၍ ငါ အမှန်တကယ် အိမ်ထောင်ဖက် လိုအပ်လာလျှင် သို့မဟုတ် လက်ထပ်လိုလျှင် အဘယ်သို့နည်း။ ဘုရားက ကျွန်ုပ်ကို အပြစ်ပေးမည်လော။ ဤသည်မှာ ဆိုးပေသည်”ဟု စဉ်းစားကြသည်။ ထိုအချိန်မှစ၍ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်ကို ရှောင်ကြဉ်ပြီး အပြစ်ပေးခံရမည်ကို ကြောက်ရွံ့လျက် စိတ်ဓာတ်ကျပြီး ဝမ်းမြောက်ခြင်းကင်းမဲ့လာကြသည်။ ၎င်းတို့ အဘယ်အရာကို လုပ်ဆောင်နေကြသနည်း။ (ဘုရားသခင်ကို သတိထားကာကွယ်နေခြင်းဖြစ်သည်။) အခြားလူစားမျိုးတစ်မျိုးက၊ “ဘုရားအတွက် မိမိကိုယ်ကို အသုံးခံခြင်းသည် လွယ်ကူခြင်း မရှိသည့်အပြင်၊ ရိုးရှင်းခြင်းလည်းမရှိပါ။ သင့်၌ အရန်အစီအစဉ်တစ်ခု ရှိရန် လိုအပ်သည်။ ဘုရားအတွက် အသုံးမခံမီ သင့်ကိုယ်သင်အတွက် ထွက်ပေါက်တစ်ခု ပြင်ဆင်ထားရန် လိုအပ်သည်။ သို့မဟုတ်ပါက သင်၏ အရင်းအမြစ်များ ကုန်ဆုံးသွားသောအခါ ဘုရားက သင့်ကို ဂရုစိုက်မည်မဟုတ်ပေ။ ဘုရားအတွက် သင့်ကိုယ်သင် အသုံးခံခြင်းသည် သင်၏ ကိစ္စဖြစ်သည်။ ဘုရားက အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိခြင်းက အခြားကိစ္စ ဖြစ်သည်။ ဘုရားသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည်။ သူက သင်ကဲ့သို့သော သေးငယ်သည့်လူတစ်ဦးကို တာဝန်ယူလိမ့်မည်လော။ ဘုရားသည် အဓိက ကိစ္စရပ်များကိုသာ တာဝန်ယူသည်။ သူသည် ဤသေးငယ်သော အရာများနှင့်ပတ်သက်၍ ဒုက္ခမခံပေ။ ထို့ကြောင့် သင်သည် သင်၏ ထွက်ပေါက်ကို စီစဉ်ပြီး ပြင်ဆင်ထားရမည်။ အကယ်၍ ဘုရားက သင့်ကို နောက်ပိုင်းတွင် မလိုချင်တော့ဘဲ သင့်ကို စေလွှတ်လိုက်ပါက သူသည် သင့်ကို မည်သည့်သနားကရုဏာမျှ ပြသမည်မဟုတ်ပါ”ဟု ဆိုသည်။ ဤသည်မှာ မည်သည့် တွေးခေါ်မှုမျိုး ဖြစ်သနည်း။ (ဘုရားသခင်အပေါ် သတိထားကာကွယ်ခြင်း ဖြစ်သည်။) လူတို့သည် အလွန် တွက်ချက်တတ်ကြသည်။ အချို့သည် ခေါင်းဆောင်များ ဖြစ်လာပြီးနောက် အဖိုးအခအနည်းငယ် ပေးဆပ်ကြပြီး မိမိတို့ကိုယ်ကို အနည်းငယ် စစ်မှန်စွာ အသုံးခံကြသော်လည်း ၎င်းတို့၏ မကောင်းသော လူ့သဘာဝ၊ စက်ဆုပ်ဖွယ်ကောင်းသော စိတ်သဘောထားနှင့် ၎င်းတို့ ပိုင်ဆိုင်သော အန္တိခရစ်များ၏ စိတ်သဘောထားတို့ကြောင့် ဘုရားအိမ်တော်သို့ များစွာသော ဆုံးရှုံးမှုများကို ဖြစ်စေကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့ နှင်ထုတ်ခြင်းခံရလေသည်။နောက်ပိုင်းတွင် ၎င်းတို့သည် မည်သူ့ကိုမျှ ရင်ဖွင့်ပြောဆိုခြင်းမရှိဘဲ “ကျွန်ုပ်သည် လူတို့ကို အမြဲတမ်း ရင်ဖွင့်ပြောဆိုလေ့ရှိခဲ့သဖြင့် လူတိုင်းက ကျွန်ုပ်နှင့်ပတ်သက်၍ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို သိရှိခဲ့ကြသည်။ သို့သော် ထို့နောက်တွင် တစ်စုံတစ်ယောက်က ကျွန်ုပ်အကြောင်းကို ဘုရားအိမ်တော်သို့ တိုင်ကြားခဲ့ပြီး ကျွန်ုပ် နှင်ထုတ်ခြင်းခံခဲ့ရသည်။ သို့ဖြစ်၍ ယခု ကျွန်ုပ်သည် မိမိကိုယ်ကို ပိတ်ဆို့ရန်၊ ဖုံးကွယ်ရန်နှင့် ခုခံပြောဆိုပြီး ကာကွယ်ရန် သင်ယူရမည်။ ကျွန်ုပ်သည် လူတို့ကို အတွင်းရေး အသိပေးခြင်းနှင့်ပတ်သက်၍ သတိထားရမည်ဖြစ်ပြီး ဘုရားကိုပင် အတွင်းရေး အသိမပေးသင့်ပါ။ ဘုရားက သမ္မာတရားဖြစ်ကြောင်း၊ သူက သစ္စာရှိကြောင်းကို နောက်ထပ် ကျွန်ုပ် မယုံကြည်တော့ပါ။ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများကို သာ၍ပင် ယုံကြည်မှုနည်းပါးသည်။ မည်သူမျှ ကျွန်ုပ်၏ ယုံကြည်မှုနှင့် မထိုက်တန်ပေ။ သမ္မာတရား လိုက်စားသောသူတို့ကို မဆိုထားနှင့်၊ ကျွန်ုပ်၏ မိသားစုဝင်များ၊ ဆွေမျိုးများပင်လျှင် မထိုက်တန်ပါ”ဟုဆိုလျက် မိမိတို့ကိုယ်ကို ကောင်းစွာပြုမူနေထိုင်ရန်နှင့် သိုသိုသိပ်သိပ် နေရန် သင်ယူကြလေသည်။ ၎င်းတို့ အဘယ်အရာကို လုပ်ဆောင်နေကြသနည်း။ (၎င်းတို့သည် သတိထားကာကွယ်နေကြခြင်း ဖြစ်သည်။) အန္တိခရစ်များသည် ပြုပြင်ခြင်း၊ ကျရှုံးခြင်း၊ လဲကျခြင်းနှင့် ထုတ်ဖော်ခံရခြင်းတို့ကို တွေ့ကြုံခံစားရသောအခါ ဤအရာကို သုံးသပ်ပြီး “သူတစ်ပါးကို ထိခိုက်နစ်နာစေလိုသည့်စိတ် မရှိအပ်၊ သို့သော် မိမိကိုယ်ကို ကာကွယ်လိုသည့်စိတ်မူ ရှိရမည်” ဟူသော ဆိုရိုးစကားတစ်ခုကို ထုတ်ဖော်ပြောဆိုကြသည်။ အမှန်တွင် ၎င်းတို့သည် အခြားသူများကို အတော်အတန် ထိခိုက်နစ်နာစေပြီးဖြစ်ကာ အဆုံးတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အယောင်ဆောင်ကာ ဤမှားယွင်းသော အယူအဆကို စိတ်ကူးရကြလေသည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီး ပုံမှန်အခြေအနေများအောက်တွင် မရေမတွက်နိုင်သော ကျရှုံးမှုများနှင့် ဆုတ်ယုတ်မှုများအပြင် ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့် သူ၏ ပြုပြင်ခြင်းတို့ကို တွေ့ကြုံခံစားပြီးနောက်တွင် လူတို့သည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရင်း၊ ပြီးလျှင် မိမိတို့၏ ကျရှုံးမှုများနှင့် ပြိုလဲမှုများ၏ အကြောင်းရင်းများအပြင် မိမိတို့ လိုက်လျှောက်သင့်သော လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းကို ရှာဖွေရင်း ဤကျရှုံးမှုများ၏ သင်ခန်းစာများမှတစ်ဆင့် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ကာ သိရှိကြလေသည်။ သို့ရာတွင် အန္တိခရစ်များက ဤသို့ မပြုလုပ်ကြပေ။ အကြိမ်များစွာ လဲကျပြီး ကျရှုံးပြီးနောက် ၎င်းတို့သည် မိမိတို့၏ အပြုအမူကို ပိုမိုဆိုးရွားစေကြသည်။ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ သံသယများက အရေအတွက်အားဖြင့် တိုးပွားလာပြီး ပိုမိုပြင်းထန်လာသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းသည် ပိုမိုပြင်းထန်လာသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ သင်္ကာမကင်းဖြစ်ခြင်းသည် ပိုမိုနက်ရှိုင်းလာပြီး ထိုနည်းတူစွာ ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်အပေါ် သတိထားကာကွယ်ခြင်းဖြင့် ပြည့်နှက်လာသည်။ ၎င်းတို့၏ သတိထားကာကွယ်ခြင်းသည် စောဒကတက်မှုများ၊ အမျက်ဒေါသ၊ အာခံဖီဆန်မှုနှင့် မခံမရပ်နိုင်ဖြစ်ခြင်းတို့ဖြင့် ပြည့်နှက်နေပြီး ၎င်းတို့သည် ဘုရားသခင်အပေါ် ငြင်းပယ်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကိုပင် တဖြည်းဖြည်း ဖြစ်ပေါ်ကြသည်။ ၎င်းတို့က အန္တရာယ်တိုးလာနေသည် မဟုတ်လော။ (ဟုတ်ပါသည်။)
ဘုရားသခင်အပေါ်တွင်လည်းကောင်း၊ ဘုရားသခင် စီစဉ်ထားသော ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ်တွင်လည်းကောင်း၊ အန္တိခရစ်တို့အား ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အပေါ်တွင်လည်းကောင်း စသည်တို့အပေါ် အန္တိခရစ်တို့၏ သဘောထားကို အကဲဖြတ်ရလျှင် ၎င်းတို့၌ သမ္မာတရားကို ရှာဖွေရန် ရည်ရွယ်ချက် စိုးစဉ်းမျှ ရှိသလော။ ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံရန် ရည်ရွယ်ချက် စိုးစဉ်းမျှ ရှိသလော။ ၎င်းတို့၌ ဤအရာအားလုံးသည် မတော်တဆ မဟုတ်ဘဲ ထိုထက် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိကြောင်း စိုးစဉ်းမျှ ယုံကြည်ခြင်း ရှိသလော။ ၎င်းတို့တွင် ဤနားလည်မှုနှင့် သိမြင်မှု ရှိကြသလော။ မရှိသည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့၏ သတိထားရှောင်ကြဉ်မှု၏ အရင်းအမြစ်သည် ဘုရားသခင်အပေါ် ၎င်းတို့၏ သံသယများမှ လာသည်ဟု ပြော၍ရနိုင်ပေသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ သင်္ကာမကင်းဖြစ်ခြင်း အရင်းအမြစ်သည် ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ သံသယများမှ လာသည်ဟုလည်း ပြော၍ရနိုင်၏။ ဘုရားသခင်အပေါ် ၎င်းတို့၏ စိစစ်ခြင်းအားဖြင့် ဖြစ်ပေါ်လာသော ရလဒ်များက ၎င်းတို့အား ဘုရားသခင်အပေါ် ပို၍ သံသယဖြစ်စေသကဲ့သို့ တစ်ချိန်တည်းတွင်ပင် ဘုရားသခင်ကို ပို၍ သတိထားရှောင်ကြဉ်စေလေသည်။ အန္တိခရစ်တို့၏ တွေးခေါ်မှုမှ ဖြစ်ပေါ်လာသော အတွေးအခေါ်အမျိုးမျိုးနှင့် အမြင်ရှုထောင့်အမျိုးမျိုးအပြင် ဤအတွေးအခေါ်များနှင့် အမြင်ရှုထောင့်တို့၏ စိုးမိုးခြင်းအောက်မှ ဖြစ်ပေါ်လာသော လုပ်နည်းကိုင်နည်းအမျိုးမျိုးနှင့် အပြုအမူအမျိုးမျိုးတို့ကို အကဲဖြတ်ရသော် ဤလူများသည် အလွန်ပင် ဆင်ခြင်တုံတရား မရှိကြချေ။ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ခြင်းမရှိ၊ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မထားရှိနိုင်၊ ဘုရားသခင် တည်ရှိခြင်းကို ၎င်းတို့ လုံးလုံးလျားလျား ယုံကြည်ပြီး အသိအမှတ်ပြုနိုင်ခြင်း မရှိသကဲ့သို့ ဘုရားသခင်သည် ဖန်ဆင်းခြင်းအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားကြောင်း၊ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားကြောင်း မယုံကြည်နိုင်ဘဲ အသိအမှတ်လည်း မပြုနိုင်ပေ။ ဤအရာအားလုံးသည် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား အနှစ်သာရကြောင့် ဖြစ်လေသည်။
၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်