အချက် ၁၀- ၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ စည်းမျဉ်းများကို မျက်နှာပြောင်တိုက်၍ မထီမဲ့မြင်ပြုပြီး ဘုရားအိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၄)
၂။ ဘုရားသခင်လူ့ဇာတိခံယူထားသော ဇာတိပကတိကို စက်ဆုပ်ရွံရှာခြင်း
ပြီးခဲ့သည့် မိတ်သဟာယဖွဲ့ခြင်းတွင် ငါတို့သည် အန္တိခရစ်များ၏ ဒသမမြောက် သရုပ်သကန်၏ ဒုတိယမြောက် ခေါင်းစဉ်ခွဲဖြစ်သည့် ဘုရားသခင်လူ့ဇာတိခံယူထားသော ဇာတိပကတိကို စက်ဆုပ်ရွံရှာခြင်း အကြောင်းကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းတွင် မည်သည့်နေရာ၌ ရပ်ခဲ့ကြသနည်း။ (အန္တိခရစ်များက ခရစ်တော်ကို ၎င်းတို့၏ စိတ်နေစိတ်ထားပေါ်မူတည်၍ မည်သို့ ဆက်ဆံကြသည်ကို ဖြစ်ပါသည်။) ငါတို့သည် “ခရစ်တော်ကို ၎င်းတို့ပြုမူဆက်ဆံပုံသည် ၎င်းတို့၏စိတ်နေစိတ်ထားပေါ်တွင် မူတည်၏” ဟူသော အချက်သို့ ရောက်ရှိခဲ့သည်။ မည်သည့်အသွင်အပြင်များကို မိတ်သဟာယဖွဲ့ခဲ့သည်ကို ဦးစွာ ပြန်လည်သုံးသပ်ကြပါစို့။ “စိတ်နေစိတ်ထားပေါ်မူတည်၍” နှင့်ပတ်သက်၍ အခြေအနေမည်မျှကို စိတ်ဖြာလေ့လာဆွေးနွေးခဲ့သနည်း။ (အခြေအနေငါးမျိုး ရှိခဲ့ပါသည်၊ ပြုပြင်ခြင်းတို့ကို ရင်ဆိုင်ရသောအခါ ၎င်းတို့၏အပြုအမူ၊ ခရစ်တော် လိုက်လံဖမ်းဆီးခံရသောအခါ သူ့အပေါ် ၎င်းတို့၏ အပြုအမူ၊ လူ့ဇာတိခံယူသော ဘုရားသခင်အပေါ် ၎င်းတို့ အယူအဆများ ဖြစ်ပေါ်လာသောအခါ၊ ၎င်းတို့ ရာထူးတိုးမြှင့်ခြင်း သို့မဟုတ် ထုတ်ပယ်ခြင်း ခံရသောအခါနှင့် မတူညီသော ပတ်ဝန်းကျင်များကို ရင်ဆိုင်ရသောအခါတို့ ဖြစ်ပါသည်။) ယင်းမှာ အနည်းနှင့်အများ ထိုမျှပင် ဖြစ်သည်။ သင်တို့သည် ဤအသွင်အပြင်များ၏ အကြောင်းအရာကို နားထောင်သောအခါ ထိုအကြောင်းအရာထဲမှ ဖြစ်ရပ်များအကြောင်းကို ကြားရုံမျှ ကြားကြသလော၊ သို့မဟုတ် ၎င်းတို့ကို သင်တို့ကိုယ်တိုင်နှင့် နှိုင်းယှဉ်စစ်ဆေးကြပြီး ဤဖြစ်ရပ်များမှတစ်ဆင့် သမ္မာတရားကို ရရှိကာ နားလည်ကြသလော။ သင်တို့သည် မည်သည့်ရှုထောင့်အမြင်ဖြင့် နားထောင်ကြသနည်း။ (ဘုရားသခင်က ဤအခြေအနေများနှင့် သရုပ်သကန်များကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသောအခါ ကျွန်ုပ်သည် ယင်းတို့ကို ကျွန်ုပ်ကိုယ်တိုင်နှင့် နှိုင်းယှဉ်စစ်ဆေးနိုင်ပါသည်။ တစ်ခါတစ်ရံ ကျွန်ုပ်၏ အပြုအမူသည် အန္တိခရစ်များ၏ သရုပ်သကန်များနှင့် လုံးဝ တူညီခြင်း မရှိနိုင်သော်လည်း ထုတ်ဖော်ပြသော စိတ်သဘောထားနှင့် သဘာဝအနှစ်သာရမှာမူ တူညီပါသည်။) ဖော်ထုတ်ထားသော အခြေအနေများ၊ သရုပ်သကန်များနှင့် အနှစ်သာရများသည် လူတိုင်း၌ မတူညီသော အတိုင်းအတာအထိ တည်ရှိနေသည်။ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သောအခါ မိမိတို့ကိုယ်၌ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ သရုပ်သကန်များကို သတိပြုမိရန် ခက်ခဲသော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်းဆိုင်ရာ သူတို့၏ အတွေ့အကြုံ တဖြည်းဖြည်း နက်ရှိုင်းလာသည်နှင့်အမျှ သူတို့သည် အချို့သော စိတ်သဘောထားများနှင့် အပြုအမူများကို အမှုမဲ့အမှတ်မဲ့ သိရှိလာကြသည်။ ထို့ကြောင့် ငါတို့ ဆွေးနွေးသော အကြောင်းအရာတွင် ပါဝင်သည့် တိကျသော သရုပ်သကန်များသည် လက်ရှိတွင် သင်နှင့် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ သို့မဟုတ် သင်သည် အတိတ်က ထိုသို့သော အပြုအမူများ၌ ပါဝင်ပတ်သက်ခဲ့သည်ဖြစ်စေ၊ မပတ်သက်ခဲ့သည်ဖြစ်စေ ဤအရာက ဤပြဿနာများသည် သင်နှင့် မသက်ဆိုင်ဟု ဆိုလိုခြင်း မဟုတ်ပေ၊ ယင်းက သင်သည် အနာဂတ်တွင် ထိုသို့သောအရာများကို ပြုလုပ်မည်မဟုတ်ဟု ဆိုလိုခြင်းမဟုတ်သကဲ့သို့ သင်သည် ထိုသို့သော စိတ်သဘောထားများနှင့် အပြုအမူများကို မပိုင်ဆိုင်ဟုလည်း ဆိုလိုခြင်းမဟုတ်ပေ။ ငါတို့သည် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်နေခဲ့ကြပြီး ဖြစ်သည်မှာ ယခုအခါတွင် တစ်နှစ်ကျော်ပြီဖြစ်၏။ အကြောင်းအရာတစ်ခုကို မိတ်သဟာယဖွဲ့ရာ၌ တစ်နှစ်ကျော် အချိန်ယူပြီးသည့်တိုင် မပြီးသေးဘဲ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်း၏ အကြောင်းအရာသည် တိကျပြီး စေ့စပ်သေချာသည်ဟု သင်တို့ ထင်သလော။ (စေ့စပ်သေချာပါသည်။) ယင်းမှာ အလွန်အမင်း တိကျပြီး အလွန်အမင်း စေ့စပ်သေချာသည်။ မိတ်သဟာယဖွဲ့ခြင်းသည် ဤအဆင့်သို့ ရောက်ရှိနေသော်လည်း လူများစွာတို့သည် အနည်းငယ်မျှပင် မပြောင်းလဲဘဲ မိမိတို့၏ မူလအပြုအမူများကို ဆက်လက်ပြသနေကြဆဲ ဖြစ်သည်။ ဆိုလိုသည်မှာ ပြောဆိုခဲ့သော စကားများနှင့် ဖော်ထုတ်ခဲ့သော အခြေအနေများ၊ စိတ်သဘောထားများနှင့် အနှစ်သာရများသည် ၎င်းတို့ကို အနည်းငယ်မျှပင် အထောက်အကူ မပြုပေ။ ဤကာလအတွင်း မဆင်မခြင်နှင့် ကိုယ်ကျင့်တရားမဲ့သော အပြုအမူကို ဆက်လက်ပြုမူနေသူများ၊ ထင်ရာစိုင်းပြီး အာဏာရှင်ဆန်စွာ ပြုမူဆောင်ရွက်သူများနှင့် ဇွတ်တရွတ်နိုင်ပြီး ကတ်တီးကတ်ဖဲ့နိုင်စွာ ပြုမူသူများ အချို့ ရှိနေဆဲ ဖြစ်သည်။ ၎င်းတို့သည် ယခင်ကအတိုင်းပင် ရှိနေကြသည်၊ သို့မဟုတ် အဆင့်အတန်းရရှိပြီးနောက် ပို၍ပင် ထကြွသောင်းကျန်းလာကာ မိမိတို့ကိုယ်ကို ပို၍ပင် စေ့စေ့စပ်စပ် ဖော်ထုတ်ကြသည်။ ထို့အပြင် အစဉ်သဖြင့် ထုတ်ပယ်ခြင်းနှင့် ရှင်းလင်းပစ်ခြင်း ခံနေရသော လူအချို့ ရှိနေသည်၊ ဤနေရာတွင် အဘယ်အရာ ဖြစ်ပျက်နေသနည်း။ (အကြောင်းမှာ ဤလူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံခဲ့သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် တရားဒေသနာများစွာကို ကြားခဲ့ပြီးဖြစ်သော်လည်း ၎င်းတို့ကို စိတ်ထဲသို့ မထည့်ခဲ့ကြပေ။) အကြောင်းရင်းများထဲမှ တစ်ခုမှာ ဤလူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံခြင်း ဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသကဲ့သို့ အပြုသဘောဆောင်သော အရာများကို မချစ်မြတ်နိုးကြပေ။ အခြားအကြောင်းရင်းတစ်ခုမှာ ၎င်းတို့သည် သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သော အရာများကို လက်မခံနိုင်ဘဲ အန္တိခရစ်များ၏ အနှစ်သာရကို ပင်ကိုအားဖြင့် ပိုင်ဆိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ငါသည် အန္တိခရစ်များ၏ အမျိုးမျိုးသော အနှစ်သာရများနှင့် သရုပ်သကန်များကို ထိုသို့သော တိကျမှုဖြင့် မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်ခဲ့သော်လည်း ဤအန္တိခရစ်များနှင့် ဆိုးယုတ်သောလူတို့သည် မထိန်းမသိမ်းနိုင်လောက်အောင် ဖြစ်ပြီး ကြောက်ရွံ့ခြင်းမရှိဘဲ မိမိတို့အလိုရှိသမျှကို ပြုလုပ်နေကြဆဲ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အနှစ်သာရအားဖြင့် အဆုံးအဖြတ်ပေးခြင်း မဟုတ်လော။ ဤလူတို့အတွက် မိမိတို့၏ သဘာဝကို ပြောင်းလဲရန် အမှန်တကယ် မဖြစ်နိုင်ပေ၊ ၎င်းတို့သည် တရားဒေသနာ မည်မျှပင် ကြားရသည်ဖြစ်စေ အကျိုးသက်ရောက်မှု မရှိဘဲ ရှိနေကြသည့်အပြင် နောင်တရခြင်းလည်း မရှိကြပေ။ ၎င်းတို့၏ နေ့စဉ်ဘဝများ၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအပေါ် ၎င်းတို့၏ သဘောထားနှင့် ၎င်းတို့ ထမ်းဆောင်သည့် ပုံစံတို့မှ အကဲဖြတ်ရလျှင် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသကဲ့သို့ ၎င်းတို့၏ စိတ်သဘောထားများသည် အနည်းငယ်မျှပင် မပြောင်းလဲခဲ့ပေ၊ ဤစကားများသည် ကျွဲပါးစောင်းတီးခြင်းနှင့်တူသည်၊ လုံးဝ အကျိုးမရှိပေ။ ဤစကားများသည် အန္တိခရစ်များကို အကျိုးသက်ရောက်မှု မရှိသော်လည်း သင်တို့အပေါ် ဆုံးမပဲ့ပြင်သော အကျိုးသက်ရောက်မှု တစ်ခုခု ရှိခဲ့သလော။ ၎င်းတို့သည် အချို့သော အပြုအမူများကို ချုပ်တည်းရန်နှင့် သင်တို့၏ အသိစိတ်နှင့် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများကို မြှင့်တင်ရန် အထောက်အကူပြုခဲ့သလော။ (အနည်းငယ် အထောက်အကူ ပြုခဲ့ပါသည်။) အကယ်၍ ၎င်းတို့သည် တစ်စုံတစ်ဦးအပေါ် ဤအကျိုးသက်ရောက်မှု မရှိခဲ့ပါက သူတို့သည် လူသားများ ဖြစ်ကြသေးသလော။ မဟုတ်ကြတော့ပေ၊ သူတို့သည် နတ်ဆိုးများ ဖြစ်ကြသည်။ ဤစကားများကို ကြားပြီးနောက် လူအများစုသည် အန္တိခရစ်များ၏ အမျိုးမျိုးသော စိတ်သဘောထား အနှစ်သာရများကို အနည်းငယ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိခဲ့ကြပြီး အတွင်းစိတ်နက်ရှိုင်းရာမှ အန္တိခရစ်များ၏ စိတ်သဘောထားများကို မုန်းတီးမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည့်အပြင် မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အနှစ်သာရများကိုလည်း အနည်းငယ် နားလည်မှုနှင့် သိမြင်မှု ရရှိခဲ့ကြသည်မှာ အမှန်ပင်ဖြစ်၏။ ဤသည်မှာ ကောင်းသော လက္ခဏာတစ်ရပ်၊ ကောင်းသောအရာတစ်ခု ဖြစ်သည်။ သို့သော် နားထောင်လေလေ ပို၍ အပျက်သဘောဆောင်လာလေလေ ဖြစ်သော လူများ ရှိသလော။ ဤစကားများကို ကြားသောအခါ သူတို့က “ဇာတ်သိမ်းပြီ။ အန္တိခရစ်များ၏ သရုပ်သကန်များ၊ အခြေအနေများနှင့် စိတ်သဘောထားများကို ဖော်ထုတ်သည့်အခါတိုင်း ယင်းတို့သည် ကျွန်ုပ်၏ သရုပ်သကန်များ၊ အခြေအနေများ၊ စိတ်သဘောထားများနှင့် လုံးဝ တိုက်ဆိုင်နေသည်။ တစ်ကြိမ်မျှပင် ကျွန်ုပ်နှင့် မသက်ဆိုင်ခြင်း မရှိပေ။ အန္တိခရစ်များ၏ စိတ်သဘောထားမှ ကျွန်ုပ်ကိုယ်ကို မည်သည့်အခါတွင် လုံးဝ ခွဲထုတ်နိုင်မည်နည်း။ ကျွန်ုပ်သည် ဘုရားသခင်၏ လူများ၊ ဘုရားသခင်၏ ချစ်မြတ်နိုးသော သားများ၏ သရုပ်သကန်အချို့ကို မည်သည့်အခါတွင် ပြသနိုင်မည်နည်း” ဟု စဉ်းစားကြသည်။ သူတို့ နားထောင်လေလေ၊ ပို၍ အပျက်သဘောဆောင်လာလေလေ၊ လိုက်လျှောက်ရန် လမ်းမရှိဟု သူတို့ ပို၍ ခံစားရလေလေ ဖြစ်သည်။ ဤတုံ့ပြန်မှုသည် ပုံမှန်ဟုတ်သလော။ (မဟုတ်ပါ။) သင်တို့ အပျက်သဘောဆောင်သည်ဟု ခံစားရသလော။ (မခံစားရပါ။) အန္တိခရစ်များ၏ ဤသရုပ်သကန်များနှင့် ဖြစ်ရပ်များကို ငါ ဖော်ထုတ်သည်ကို သင်တို့ ကြားသည့်အခါတိုင်း ယင်းမှာ နာကျင်စေသလော သို့မဟုတ် သက်သောင့်သက်သာမရှိ ဖြစ်စေသလော။ သင်တို့ ရှက်ကြောက်သည်ဟု ခံစားရသလော။ (နာကျင်ပါသည်၊ ကျွန်ုပ်တို့ ရှက်ကြောက်သည်ဟု ခံစားရပါသည်။) သင်တို့၌ မည်သို့သော ခံစားမှုများ ရှိသည်ဖြစ်စေ ယင်းက အပျက်သဘောဆောင်ခြင်းသို့ မဦးတည်သည့်အချက်မှာ ကောင်းသည်၊ သင်တို့ ခိုင်မာစွာ ရပ်တည်ခဲ့ကြသည်။ သို့ရာတွင် အပျက်သဘောမဆောင်ခြင်းသည် မလုံလောက်ပေ၊ ယင်းမှာ ရည်ရွယ်ချက်ကို မအောင်မြင်စေပေ၊ ယင်းမှာ အန္တိမပန်းတိုင် မဟုတ်ပေ။ သင်တို့သည် ဤစကားများမှတစ်ဆင့် သင်တို့ကိုယ်တိုင်ကို သိရှိခြင်းသို့ ရောက်ရှိရန် လိုအပ်သည်။ ယင်းမှာ အပြုအမူ၏ အသွင်အပြင်တစ်ခုကို နားလည်ခြင်းအကြောင်း မဟုတ်ဘဲ သင်တို့၏ ကိုယ်ပိုင် စိတ်သဘောထားနှင့် အနှစ်သာရကို သိရှိခြင်းအကြောင်း ဖြစ်သည်။ ဤနားလည်မှုက သင်တို့ကို ဘဝ၌လည်းကောင်း၊ သင်တို့၏ တာဝန်ကို ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်၌လည်းကောင်း လက်တွေ့ကျင့်သုံးရန် နည်းလမ်းကို ရှာဖွေရန် ထောက်ကူပေးသင့်ပြီး မည်သည့်လုပ်ရပ်များသည် အန္တိခရစ်များ၏ အပြုအမူနှင့် ကိုက်ညီသည်၊ မည်သည့်လုပ်ရပ်များသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကို ထုတ်ဖော်သည်၊ မည်သည့်လုပ်ရပ်များသည် စည်းမျဉ်းနှင့်ညီသည်တို့ကို သိရှိစေသင့်သည်။ အကယ်၍ သင်သည် ဤအရာကို အောင်မြင်နိုင်ပါက သင်သည် ဤစကားများကို အချည်းနှီး နားထောင်ခဲ့ခြင်း မဟုတ်ပေ၊ ယင်းတို့သည် သင်တို့အပေါ် အကျိုးသက်ရောက်မှု ရှိခဲ့သည်။ ဆက်လက်ပြီး ငါတို့သည် အန္တိခရစ်များက လူ့ဇာတိခံယူသော ဘုရားသခင်ကို မည်သို့ ဆက်ဆံကြသည်ဟူသော စတုတ္ထမြောက် သရုပ်သကန်ဖြစ်သည့် ခရစ်တော်ပြောသည့်အရာကို နာရုံမျှသာ ပြုပြီး မလိုက်နာသကဲ့သို့ ကျိုးနွံနာခံခြင်းလည်း မရှိခြင်းအကြောင်းကို မိတ်သဟာယဖွဲ့ကြမည်။
ဃ။ ခရစ်တော်ပြောသည့်အရာကို နာရုံမျှသာ ပြုပြီး မလိုက်နာသကဲ့သို့ ကျိုးနွံနာခံခြင်းလည်း မရှိခြင်း
အန္တိခရစ်များသည် ခရစ်တော်ပြောသည့်အရာကို နာရုံမျှသာပြုပြီး မလိုက်နာသကဲ့သို့ ကျိုးနွံနာခံခြင်းလည်း မရှိကြပေ၊ သို့ဆိုလျှင် ၎င်းတို့သည် မည်သို့ နားထောင်ကြသနည်း။ ဤစကားစုသည် ၎င်းတို့ နားထောင်သည့် သဘောထားကို အနှစ်သာရအားဖြင့် အကျဉ်းချုပ်ဖော်ပြသည်။ လိုက်နာခြင်းလည်းမရှိ၊ စစ်မှန်သော ကျိုးနွံနာခံခြင်းလည်းမရှိပေ။ ၎င်းတို့သည် စိတ်နှလုံးမှ လက်မခံဘဲ မိမိတို့၏ နားများဖြင့်သာ နားထောင်ကြပြီး မိမိတို့၏ စိတ်နှလုံးများဖြင့် နားထောင်ခြင်း သို့မဟုတ် သဘောပေါက်ခြင်း မရှိကြပေ။ စာသားအတိုင်း ကြည့်သော် ဤအပိုင်း၌ အန္တိခရစ်များ၏ အပြုအမူနှင့် စိတ်သဘောထားကို ဤအခြေခံအချက်များဖြင့် အကျဉ်းချုပ် ဖော်ပြနိုင်သည်။ အန္တိခရစ်များ၏ စိတ်သဘောထား အနှစ်သာရ ရှုထောင့်မှကြည့်လျှင် ထိုသို့သောလူများသည် ဘုရားသခင်ထံမှလာသော မည်သည့်အရာကိုမဆိုဖြစ်စေ၊ ဘုရားသခင် သို့မဟုတ် လူသားများက ကောင်းသည်၊ အပြုသဘောဆောင်သည်ဟု မှတ်ယူသော မည်သည့်အရာကိုမဆို၊ သဘာဝတရား၏ နိယာမများနှင့် ကိုက်ညီသော မည်သည့်အရာကိုမဆို မနာခံသကဲ့သို့ အလျှော့ပေးခြင်းလည်း မရှိကြပေ၊ ထိုအစား ၎င်းတို့သည် ထိုသို့သောအရာများကို အထင်သေးပြီး မိမိတို့၏ ကိုယ်ပိုင် ရှုထောင့်အမြင်များနှင့် အမြင်များ ရှိကြသည်။ ၎င်းတို့၏ ရှုထောင့်အမြင်များသည် အပြုသဘောဆောင်သော အရာများ၏ စည်းမျဉ်းများ၊ နိယာမများနှင့် ကိုက်ညီသလော။ မကိုက်ညီပေ။ ၎င်းတို့၏ ရှုထောင့်အမြင်များသည် အဓိကအားဖြင့် သွင်ပြလက္ခဏာနှစ်မျိုး ပါဝင်သည်၊ တစ်ခုမှာ စာတန်၏ နိယာမများဖြစ်ပြီး အခြားတစ်ခုမှာ စာတန်၏ အကျိုးစီးပွားများ၊ သဘာဝအနှစ်သာရတို့နှင့် ကိုက်ညီသော အရာ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိနှင့်ပတ်သက်၍ အန္တိခရစ်များ၏ ရှုထောင့်အမြင်များနှင့် သဘောထားများသည် အနှစ်သာရအရ အဓိကအားဖြင့် အချက်နှစ်ချက် အကျုံးဝင်သည်၊ တစ်ခုမှာ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် နိယာမများဖြစ်ပြီး အခြားတစ်ခုမှာ စာတန်၏ စိတ်သဘောထား အနှစ်သာရ ဖြစ်သည်။ ခရစ်တော်သည် မြေကြီးပေါ်တွင် အမှုတော်အဆင့်တစ်ဆင့်ကို ဆောင်ရွက်သည့်အခါ ဘုရားသခင်၏ ကိုယ်စား စကားပြောဆိုသူဖြစ်၍ ကိုယ်တော်သည် မြေကြီးပေါ်တွင် အမှုတော်အဆင့်တစ်ဆင့်ကို ဆောင်ရွက်သည့် ဘုရားသခင်၏ ဖော်ပြချက်နှင့် လူ့ဇာတိခံယူခြင်းလည်း ဖြစ်၏။ ထိုသို့သော အခန်းကဏ္ဍတစ်ခုအတွက် အန္တိခရစ်များသည် သိချင်စိတ်၊ စေ့စေ့စပ်စပ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ကိုယ်တော့်ကို မျက်နှာလိုအားရလုပ်ပြီး မြှောက်ပင့်ရန် အဆင့်အတန်းရှိသော လူတစ်ဦးကဲ့သို့ ဆက်ဆံခြင်းတို့မှလွဲ၍ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ စစ်မှန်သော ယုံကြည်လက်ခံခြင်းနှင့် နောက်လိုက်ခြင်း မရှိကြသကဲ့သို့ စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် ကျိုးနွံနာခံခြင်းမှာ သာ၍ပင် နည်းပါးသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အမြင်တွင် အရေးမပါဟု ထင်ရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ခရစ်တော်နှင့်ပတ်သက်၍ ကိုယ်တော်၏ အသွင်အပြင်သည် သာမန်နှင့် ပုံမှန်ဖြစ်သည်၊ ကိုယ်တော်၏ အပြောအဆို၊ အပြုအမူနှင့် ဟန်ပန်အမူအရာအပြင် ကိုယ်တော်၏ လူ့သဘာဝ၏ အသွင်အပြင်အားလုံးသည်လည်း သာမန်နှင့် ပုံမှန်ဖြစ်ကြသည်။ ကိုယ်တော် ပြုတော်မူသော အမှု၏ ပုံစံ၊ နည်းလမ်းနှင့် နည်းစနစ်တို့သည် လူတိုင်း၏ အမြင်တွင် အလွန်အမင်း သာမန်၊ ပုံမှန်နှင့် လက်တွေ့ကျသည်ဟု သာ၍ပင် ထင်ရသည်။ ၎င်းတို့သည် သဘာဝလွန်ခြင်းမရှိ၊ အနှစ်မဲ့ခြင်းမရှိ၊ မရေရာခြင်းမရှိသည့်အပြင် လက်တွေ့ဘဝနှင့် ကင်းကွာခြင်းမရှိပေ။ အတိုချုပ်အားဖြင့် အပြင်ပန်းမှကြည့်လျှင် ခရစ်တော်သည် မြင့်မြတ်ပုံမပေါ်ပေ။ ကိုယ်တော်၏ အပြောအဆို၊ လုပ်ရပ်များနှင့် ဟန်ပန်အမူအရာတို့သည် နက်နဲခြင်း သို့မဟုတ် သဘောတရားဆန်ခြင်း မရှိချေ။ လူ့မျက်စိများဖြင့် စောင့်ကြည့်လေ့လာလျှင် မည်သည့်နက်နဲမှုများကိုမျှ မမြင်ရသကဲ့သို့ နားမလည်နိုင်သော အရာတစ်ခုမျှ မရှိပေ၊ ကိုယ်တော်သည် အလွန် လက်တွေ့ကျလွန်းပြီး အလွန် ပုံမှန်ဖြစ်လွန်းသည်။ လူ့ဇာတိခံယူသော ဘုရားသခင် ဆောင်ရွက်ခဲ့သော အမှုအားလုံး၏ အနှစ်သာရနှင့် သဘာဝကို ငါတို့ မဆွေးနွေးမီ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဤအခန်းကဏ္ဍနှင့်ပတ်သက်၍ လူတို့အဖို့ အပြင်ပန်းအားဖြင့် မြင်သာသည့်အရာအားလုံးဖြစ်သော ကိုယ်တော်၏ အပြောအဆို၊ အပြုအမူ၊ ဟန်ပန်အမူအရာ၊ နေ့စဉ်လုပ်ရိုးလုပ်စဉ်၊ ပင်ကိုစရိုက်၊ စိတ်ဝင်စားမှုများ၊ ပညာရေးအဆင့်အတန်း၊ ကိုယ်တော် ဂရုစိုက်ပြီး ဆွေးနွေးသော ကိစ္စများ၊ လူတို့ကို ဆက်ဆံပြီး ပေါင်းသင်းသည့် ကိုယ်တော်၏ နည်းလမ်းအပြင် ကိုယ်တော် ဖော်ပြသည့် အသိပညာဆိုင်ရာ အရာများအစရှိသည်တို့ကို ဆင်ခြင်သုံးသပ်ကြစို့။ ဤအရာအားလုံးသည် လူ၏အမြင်တွင် သဘာဝလွန်ခြင်း၊ မြင့်မြတ်ခြင်း သို့မဟုတ် အနှစ်မဲ့ခြင်း မရှိဘဲ အထူးသဖြင့် လက်တွေ့ကျသည်။ ဤအသွင်အပြင်အားလုံးသည် ခရစ်တော်နောက်လိုက်သော လူတိုင်းအတွက် စမ်းသပ်မှုတစ်ခု ဖြစ်သည်၊ သို့သော် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ေ၍ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောသူတို့မှာမူကား သမ္မာတရားအချို့ကို သူတို့ နားလည်သည်နှင့်တစ်ပြိုင်နက် ခရစ်တော်၏ အပြင်ပန်းရှိ ဤပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော သရုပ်သကန်အားလုံးကို လူ့ဇာတိခံယူထားသော ဘုရားသခင်ဟူသည့် အမျိုးအစားအောက်တွင် အကျဉ်းချုပ်ထား၍ နားလည်ခြင်း၊ သဘောပေါက်ခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ကို ပြုကြလေသည်။ သို့ရာတွင် အန္တိခရစ်များသာ ဤသို့ မပြုလုပ်ကြပေ၊ ၎င်းတို့သည် ယင်းကို မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာ၌ ခရစ်တော်ကဲ့သို့သော အလွန်အမင်း သာမန်ပုဂ္ဂိုလ်တစ်ဦးသည် ၎င်းတို့အတွက် တစ်စုံတစ်ခု ကင်းမဲ့နေသည်ဟု ထင်ရသည်။ အတိအကျ မည်သည့်အရာ ပျောက်ဆုံးနေသနည်း။ အတွင်းစိတ်နက်ရှိုင်းရာ၌ အန္တိခရစ်များက ထိုသို့သော သာမန်လူတစ်ဦးသည် ဘုရားနှင့် သိပ်မတူဟု မကြာခဏ ခံစားရသည်။ ၎င်းတို့က ထိုသို့သော သာမန်လူတစ်ဦးသည် ၎င်းတို့ စိတ်ကူးထားသည့် စစ်မှန်သော ဘုရား၊ ခရစ်တော်တို့နှင့် ထိုက်တန်မည့် နည်းလမ်းဖြင့် ပြောဆိုသင့်သည်၊ ပြုမူသင့်သည်၊ ကျင့်ကြံသင့်သည်ဟုလည်း မကြာခဏ တောင်းဆိုကြသည်။ ထို့ကြောင့် အန္တိခရစ်များ၏ စိတ်နှလုံးများထဲသို့ နက်ရှိုင်းစွာ ကြည့်လျှင် ၎င်းတို့သည် ထိုသို့သော သာမန်လူတစ်ဦးကို ၎င်းတို့၏ သခင်အဖြစ်၊ ၎င်းတို့၏ ဘုရားအဖြစ် လက်ခံရန် လိုလိုလားလား မရှိကြပေ။ ခရစ်တော်၏ အသွင်အပြင်တစ်ခုသည် ပို၍ ပုံမှန်၊ လက်တွေ့ကျပြီး သာမန်ဖြစ်လေလေ၊ အန္တိခရစ်များက ပို၍ စက်ဆုပ်ရွံရှာ၊ မထီမဲ့မြင်ပြုပြီး ရန်လိုစိတ်ဖြင့်ပင် ရှုမြင်လေလေ ဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များအပါအဝင် ခရစ်တော်၏ အပြုအမူ၏ မည်သည့်အသွင်အပြင်နှင့်မဆို စပ်လျဉ်း၍ အန္တိခရစ်များသည် အတွင်းစိတ်နက်ရှိုင်းရာ၌ ယင်းတို့ကို လက်မခံနိုင်ကြသကဲ့သို့ ဆန့်ပင် ဆန့်ကျင်ကြ၏။
ခရစ်တော်၏ အပြောအဆိုတွင် အဘယ်အရာ ပါဝင်သနည်း။ တစ်ခါတစ်ရံ ယင်းမှာ အလုပ်အစီအစဉ်များ ပြုလုပ်ခြင်းအကြောင်း ဖြစ်သည်၊ တစ်ခါတစ်ရံ တစ်စုံတစ်ဦး၏ ချို့ယွင်းချက်များကို ထောက်ပြခြင်း၊ တစ်ခါတစ်ရံ လူအမျိုးအစားတစ်မျိုး၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဖော်ထုတ်ခြင်း၊ တစ်ခါတစ်ရံ ပါဝင်ပတ်သက်သော ပြဿနာများကို စိစစ်ရန် ပြဿနာတစ်ခု၏ အနှစ်သာရနှင့် အသေးစိတ်အချက်အလက်အားလုံးကို ဆန်းစစ်လေ့လာခြင်း၊ တစ်ခါတစ်ရံ ကိစ္စရပ်တစ်ခု၏ အမှားအမှန်ကို တရားစီရင်ခြင်း၊ တစ်ခါတစ်ရံ လူအမျိုးအစားတစ်မျိုးအတွက် အဆုံးသတ်ကို သတ်မှတ်ခြင်း၊ တစ်ခါတစ်ရံ လူအချို့ကို ရာထူးတိုးမြှင့်ခြင်း၊ တစ်ခါတစ်ရံ လူအချို့ကို ထုတ်ပယ်ခြင်း၊ တစ်ခါတစ်ရံ လူအချို့ကို ပြုပြင်ခြင်းနှင့် တစ်ခါတစ်ရံ လူအချို့ကို နှစ်သိမ့်ပြီး တိုက်တွန်းနှိုးဆော်ခြင်းတို့ ဖြစ်သည်။ ကိုယ်တော်၏ အမှုတော်အတွင်း ခရစ်တော် မိန့်မြွက်သည့် လူတို့၏ အသက်စိတ်သဘောထားနှင့် သက်ဆိုင်သော သမ္မာတရားများအပြင် ကိုယ်တော်သည် လူ့အသိပညာ၊ အမျိုးမျိုးသော ပညာရပ်ဆိုင်ရာ နယ်ပယ်တို့နှင့် သက်ဆိုင်သော အကြောင်းအရာအချို့အပြင် အရာရာတိုင်းကိုလည်း မကြာခဏ ထိတွေ့ပြောဆိုတော်မူသည်။ ခရစ်တော်သည် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်၊ ကိုယ်တော်သည် လောကနှင့် ကင်းကွာနေတော်မူသည်မဟုတ်။ ကိုယ်တော်၌ လူသားတည်ရှိမှုနှင့် အသက်တာနှင့် သက်ဆိုင်သော ကိစ္စရပ်အားလုံးအပေါ် အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များ ရှိတော်မူပြီး ကိုယ်တော်သည် ဤကိစ္စရပ်များကို စည်းမျဉ်းများဖြင့် ကိုင်တွယ်တော်မူသည်။ အကယ်၍ ဤစည်းမျဉ်းများသည် လူတို့၏ ရှင်သန်မှု၊ လူတို့၏ အသက်ဝင်ရောက်မှု၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းဟူသော အကြောင်းအရာများနှင့် သက်ဆိုင်ပါက ယင်းတို့အားလုံးသည် သမ္မာတရားများဖြစ်သည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ခရစ်တော် မိန့်မြွက်သည့် လူ့အသိပညာ၊ အတွေးအခေါ်နှင့် အချို့သော ပညာရပ်ဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သော စကားများကို သမ္မာတရားဟု တိုက်ရိုက် ခေါ်ဆို၍မရနိုင်သော်လည်း ယင်းတို့သည် ဤအကြောင်းအရာများနှင့် ပတ်သက်၍ လူသားများ သိရှိသောအရာနှင့် ရှုထောင့်အမြင်၊ သဘောထားနှင့် စည်းမျဉ်းတို့၌ ကွဲပြားသည်။ ဥပမာအားဖြင့် လူသားများသည် အသိပညာရပ်တစ်ခုအပေါ် ရိုသေလေးစားသော သဘောထားကို ခံယူကောင်းခံယူပြီး ယင်းဖြင့် အသက်ရှင်ကောင်း အသက်ရှင်နိုင်သော်လည်း ခရစ်တော်မူကား အသိပညာအမျိုးမျိုးကို စိတ်ဖြာလေ့လာဆွေးနွေးပြီး ပိုင်းခြားသိမြင်နိုင်ကာ ၎င်းတို့ကို မှန်ကန်စွာ သဘောထားပြုမူနိုင်သည်။ ဥပမာအနေနှင့် သင်တို့၏ အတတ်ပညာတစ်ခုခု၌ ကျွမ်းကျင်မှုနှင့် သက်ဆိုင်ရာ အသိပညာကို သင်တို့ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်မှုကို ယူကြည့်လော့။ ဤအသိပညာကို သင်တို့ အသုံးချခြင်းဖြင့် သင်တို့ အဘယ်အရာကို အောင်မြင်နိုင်သနည်း။ သင်တို့၏ တာဝန်ကို ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်၌ ဤအသိပညာကို သင်တို့ မည်သို့ အသုံးချကြသနည်း။ သမ္မာတရားစည်းမျဉ်း တစ်ခုခု ပါဝင်သလော။ အကယ်၍ သင်သည် သမ္မာတရားကို နားမလည်ပါက စည်းမျဉ်းများ မရှိသည့်အပြင် သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရာ၌ အသိပညာကိုသာ အားကိုးသည်။ ငါသည် ထိုအတတ်ပညာ၌ ကျွမ်းကျင်သူတစ်ဦး မဟုတ်ကောင်း မဟုတ်နိုင်ဘဲ သို့မဟုတ် ထိုအသိပညာကို နက်ရှိုင်းစွာ နားလည်မှု မရှိဘဲ ယေဘုယျသဘောတရားကိုသာ သဘောပေါက်ပြီး အခြေခံအချို့ကိုသာ သိရှိသော်လည်း ဤအသိပညာကို ဘုရားသခင်၏ အမှုတော်အတွက် ထိရောက်စွာ အစေခံနိုင်စေမည့် နည်းလမ်းနှင့် စည်းမျဉ်းများဖြင့် မည်သို့ အသုံးချရမည်ကို ငါ သိသည်။ ဤသည်မှာ ကွာခြားချက် ဖြစ်သည်။ အန္တိခရစ်များသည် သမ္မာတရားကို လက်မခံသောကြောင့် ဤအချက်ကို မည်သည့်အခါမျှ မြင်မည်မဟုတ်သကဲ့သို့ ခရစ်တော်၏ အနှစ်သာရသည် အမှန်တကယ် မည်သို့ဖြစ်သည်ကို မည်သည့်အခါမျှ နားလည်မည် မဟုတ်ပေ။ ခရစ်တော်သည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်သည်၊ ဤစကားသည် အတိအကျ မည်သည့်နေရာ၌ အမှန်တကယ် အကောင်အထည်ပေါ်လာပြီး ထင်ရှားသနည်း၊ လူတို့သည် ယင်းကို မည်သို့သဘောထားပြုမူသင့်သနည်း၊ လူတို့သည် ယင်းမှ အဘယ်အကျိုးကျေးဇူးများနှင့် အကျိုးအမြတ်များကို လက်ခံရရှိသနည်း။ အန္တိခရစ်များသည် ဤအသွင်အပြင်ကို မည်သည့်အခါမျှ မြင်မည်မဟုတ်ပေ။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ အရေးအကြီးဆုံး အကြောင်းရင်းတစ်ခု ရှိသည်၊ အန္တိခရစ်များသည် ဘုရားသခင် လူ့ဇာတိခံယူထားသော ဇာတိပကတိကို မည်သို့ပင် ကြည့်ပါစေ ၎င်းတို့သည် လူတစ်ဦးကိုသာ မြင်သည်။ ၎င်းတို့သည် လူ့ရှုထောင့်မှ တိုင်းတာသည်၊ လူ့အသိပညာ၊ အတွေ့အကြုံ၊ ဉာဏ်ရည်၊ အကြံအစည်နှင့် ပရိယာယ်တို့ကို အသုံးပြု၍ ကြည့်သော်လည်း မည်သို့ပင် ကြည့်ပါစေ ဤသူ၌ အထူးအရာတစ်ခုခုကို မမြင်နိုင်သကဲ့သို့ ကိုယ်တော်၌ ဘုရားသခင်၏ အနှစ်သာရရှိသည်ကိုလည်း ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ ငါ့ကို ပြောကြလော့၊ ၎င်းတို့သည် ယင်းကို ပကတိမျက်စိဖြင့် မြင်နိုင်သလော။ (မမြင်နိုင်ပါ။) အကယ်၍ ၎င်းတို့သည် အဏုကြည့်မှန်ဘီလူး သို့မဟုတ် ဓာတ်မှန်ရောင်ခြည်ကို အသုံးပြုလျှင်ကော အဘယ်သို့နည်း။ ထိုအခါ ၎င်းတို့သည် ယင်းကို မြင်နိုင်ချေ သာ၍ပင် နည်းပါးပေလိမ့်မည်။ လူအချို့က “အကယ်၍ ယင်းကို သာမန်မျက်စိဖြင့် သို့မဟုတ် အဏုကြည့်မှန်ဘီလူးဖြင့် မမြင်နိုင်ပါက ဝိညာဉ်ရေးရာနယ်ပယ်နှင့် ထိတွေ့ဆက်ဆံနေသော သူတို့သည် ယင်းကို မြင်နိုင်သလော” ဟု မေးကြသည်။ (မမြင်နိုင်ပါ။) ဝိညာဉ်ရေးရာနယ်ပယ်နှင့် ထိတွေ့ဆက်ဆံနေသောသူတို့သည် ထိုနယ်ပယ်ထဲသို့ မြင်နိုင်ပြီး ဝိညာဉ်များကို သိမြင်နိုင်သည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့သည် လူ့ဇာတိခံယူသော ဘုရားသခင်ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြသနည်း။ သင်တို့သည် စာတန်က ဝိညာဉ်ရေးရာနယ်ပယ်၌ ဘုရားသခင်ကို မြင်နိုင်သည်ဟု ထင်သလော။ (ထင်ပါသည်။) ဘုရားသခင်ကဲ့သို့ပင် စာတန်သည် ဝိညာဉ်ရေးရာနယ်ပယ်၌ တည်ရှိသော်လည်း သူသည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် အသိအမှတ်ပြုသလော။ (မပြုပါ။) သူသည် ဘုရားသခင်နောက် လိုက်သလော သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သလော။ (မယုံကြည်ပါ။) စာတန်သည် ဘုရားသခင်ကို နေ့စဉ် မြင်နိုင်သော်လည်း သူသည် ကိုယ်တော့်ကို မယုံကြည်သကဲ့သို့ ကိုယ်တော့်နောက်လည်းမလိုက်ပေ။ သို့ဖြစ်၍ ဝိညာဉ်ရေးရာနယ်ပယ်နှင့် ထိတွေ့ဆက်ဆံနေသောသူတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်ကို မြင်နိုင်လျှင်ပင် ဤဝိညာဉ်တော်ကို ဘုရားသခင်အဖြစ် အသိအမှတ်ပြုကြမည်လော။ (မပြုပါ။) ဤရှင်းလင်းချက်သည် ပြဿနာ၏ အရင်းမြစ်ကို ဖြေရှင်းပေးသလော။ (ဖြေရှင်းပေးပါသည်။) ဤနေရာတွင် အရင်းမြစ်မှာ အဘယ်နည်း။ (၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်မပြုသကဲ့သို့ ကိုယ်တော့်ကို မကြောက်ရွံ့ကြပေ။) အတွင်းစိတ်နက်ရှိုင်းရာ၌ အန္တိခရစ်များသည် ဘုရားသခင်ကို အသိအမှတ်မပြုကြပေ။ ၎င်းတို့၏ ဘိုးဘေးများ၊ ၎င်းတို့၏ အခြေအမြစ်များကပင် ဘုရားသခင်ကို အသိအမှတ်မပြုခဲ့ကြပေ။ ဘုရားသခင်သည် ၎င်းတို့၏ မျက်စိရှေ့မှောက်၌ ရှိနေလျှင်ပင် ၎င်းတို့သည် ကိုယ်တော့်ကို အသိအမှတ်မပြုသကဲ့သို့ ဝတ်ပြုကိုးကွယ်ခြင်းလည်း မရှိကြပေ။ သို့ဆိုလျှင် အလွန် သာမန်ဖြစ်ပြီး အရေးမပါဟု ထင်ရသော လူ့ဇာတိခံယူသော ဘုရားသခင်ကို ၎င်းတို့သည် မည်သို့ ဝတ်ပြုကိုးကွယ်နိုင်မည်နည်း။ ၎င်းတို့သည် လုံးဝ မကိုးကွယ်နိုင်ပေ။ ထို့ကြောင့် အန္တိခရစ်များ မြင်ရန် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ယင်းမှာ အချည်းနှီး ဖြစ်သည်။ ဘုရားသခင်သည် ကိုယ်တော်၏ အမှုတော်ကို စတင်ခဲ့သည့်အချိန်မှ ယခုအချိန်အထိ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို မိန့်မြွက်ခဲ့ပြီး ထိုသို့သော ကြီးမြတ်သည့်အမှုကို ဆောင်ရွက်ခဲ့သည်။ ဤသည်မှာ လူ့လောက၌ အကြီးမြတ်ဆုံးသော နိမိတ်လက္ခဏာနှင့် အံ့ဖွယ်အမှု မဟုတ်လော။ အကယ်၍ အန္တိခရစ်များက ယင်းကို အသိအမှတ်ပြုနိုင်ခဲ့ပါက ၎င်းတို့သည် လွန်ခဲ့သောအချိန်ကတည်းက ယုံကြည်ခဲ့ကြပြီး ဖြစ်လိမ့်မည်၊ ၎င်းတို့သည် ယခုအချိန်အထိ စောင့်ဆိုင်းခဲ့ကြမည် မဟုတ်ပေ။ “အန္တိခရစ်များသည် ဘုရားသခင်၏ အမှန်တကယ်ဖြစ်သော လုပ်ဆောင်ချက်များကို လုံလောက်စွာ မမြင်တွေ့ရသေးသောကြောင့် ၎င်းတို့သည် လက်မခံဘဲ ရှိနေကြခြင်း ဖြစ်သည်၊ အကယ်၍ ဘုရားသခင်က နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုအချို့ကို ပြသပြီး ဝိညာဉ်ရေးရာနယ်ပယ်သည် အမှန်တကယ် မည်သို့ဖြစ်သည်ကို ၎င်းတို့အား မြင်စေကာ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်ကိုလည်းကောင်း၊ ကိုယ်တော်၏ နှုတ်ကပတ်တော်အားလုံး ပြည့်စုံခဲ့သည်ကိုလည်းကောင်း မြင်တွေ့ခဲ့ပါက ထိုအခါ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုပြီး နောက်လိုက်ကြလိမ့်မည်” ဟု လူအချို့ ထင်သလော။ ယင်းမှာ ထိုသို့ ဖြစ်သလော။ အန္တိခရစ်များသည် ဝိညာဉ်ရေးရာနယ်ပယ်၌ ဘုရားသခင်နှင့် နှစ်ပေါင်းများစွာ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပြီးသည့်နောက်တွင် ယုံကြည်လက်ခံခြင်း မရှိဘဲ နှစ်အနည်းငယ်အတွင်း ရုတ်တရက် ကျိုးနွံနာခံကြမည်လော။ ယင်းမှာ မဖြစ်နိုင်ပေ၊ ၎င်းတို့၏ သဘာဝအနှစ်သာရသည် မပြောင်းလဲနိုင်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် အမှုများစွာကို ဆောင်ရွက်ခဲ့ပြီး နှုတ်ကပတ်တော်များစွာကို မိန့်မြွက်ခဲ့သည့်တိုင် ဤအရာများထဲမှ တစ်ခုမျှ ၎င်းတို့ကို မသိမ်းပိုက်နိုင်သကဲ့သို့ ၎င်းတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကိုလည်း အသိအမှတ်မပြုနိုင်ကြပေ။ ဤသည်မှာ ၎င်းတို့၏ ပင်ကိုသဘာဝ ဖြစ်သည်။ ဤသဘာဝက အဘယ်အရာကို ညွှန်ပြသနည်း။ ယင်းက အန္တိခရစ်များကဲ့သို့သော လူများသည် ဘုရားသခင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို ထာဝရ စစ်တိုက်ကြမည်ဖြစ်ပြီး မည်သို့ပင်ဖြစ်စေ အဆုံးတိုင် တိုက်ခိုက်ကာ သေသည်အထိ မည်သည့်အခါမျှ မရပ်တန့်ဘဲ နေကြမည်ဟု ဆိုလိုသည်။ ၎င်းတို့သည် ဖျက်ဆီးခံရဖို့ ထိုက်တန်သူများ မဟုတ်လော။ “သေသည်အထိ မည်သည့်အခါမျှ မရပ်တန့်ခြင်း” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် အသိအမှတ်ပြုမည့်အစား သေခြင်းကိုသာ ခံယူကြမည်၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံမည့်အစား သေခြင်းကိုသာ ခံယူကြမည်ဟု ဆိုလိုသည်။ ဤသည်မှာ သေခြင်းနှင့် ထိုက်တန်သည်။
အန္တိခရစ်များသည် ခရစ်တော်တည်းဟူသော ဤသာမန်လူနှင့် ပတ်သက်လာလျှင် ကိုယ်တော့်ကို အပြင်ပန်းမှသာမက အတွင်းမှပါ စိစစ်ကြသည်။ ထို့ကြောင့် ခရစ်တော် စကားပြောပြီး ပြုမူဆောင်ရွက်သောအခါ အန္တိခရစ်များသည် အပြုအမူအမျိုးမျိုးကို ပြသကြသည်။ ခရစ်တော်၏ အပြောအဆိုနှင့် လုပ်ရပ်များကို တုံ့ပြန်ရာ၌ အန္တိခရစ်များ ပြသသည့် အမျိုးမျိုးသော သရုပ်သကန်များမှတစ်ဆင့် ၎င်းတို့၏ သဘာဝအနှစ်သာရကို ဖော်ထုတ်ကြစို့။ ဥပမာအားဖြင့် ခရစ်တော်သည် လူတို့နှင့်အတူ အလုပ်နှင့် သမ္မာတရားစည်းမျဉ်းများအကြောင်း မိတ်သဟာယဖွဲ့သောအခါ ကိုယ်တော်သည် တိကျသော လက်တွေ့လုပ်ဆောင်မှုအချို့ကို ထည့်သွင်းပြောဆိုသည်။ ဤအရာများတွင် လူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်အတွင်း တာဝန်တစ်ခုကို မည်သို့ တိတိကျကျ ဆောင်ရွက်ပြီး အကောင်အထည်ဖော်သင့်သည်ဆိုသည်တို့ ပါဝင်သည်။ ယေဘုယျအားဖြင့် ပြောရလျှင် မည်သည့်အလုပ်မျှ သဘောတရားကို ဆွေးနွေးခြင်း၊ ကြွေးကြော်သံများ ဟစ်ကြွေးခြင်း၊ လူတိုင်းကို စိတ်အားထက်သန်လာအောင် မြှောက်ပေးခြင်း၊ ထို့နောက် လူတိုင်းကို သစ္စာဆိုခိုင်းပြီး ယင်းနှင့် အဆုံးသတ်ခြင်းမျိုး မဟုတ်ပေ၊ မိမိတို့တာဝန်နှင့်သက်ဆိုင်သော အလုပ်တိုင်းသည် ရှုပ်ထွေးပြီး တိကျသော အသေးစိတ်အချက်အလက်အချို့ ပါဝင်သည်။ ဥပမာအားဖြင့် မှန်ကန်သောလူကို မည်သို့ ရွေးချယ်ရမည်၊ အမျိုးမျိုးသောလူတို့၏ မတူညီသော အခြေအနေများကို မည်သို့ ကိုင်တွယ်ပြီး သဘောထားပြုမူရမည်၊ တာဝန်ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်အတွင်း ပေါ်ပေါက်လာသော အမျိုးမျိုးသော ပြဿနာများကို စည်းမျဉ်းများအတိုင်း မည်သို့ ကိုင်တွယ်ရမည်၊ ထင်ရာစိုင်းပြီး အာဏာရှင်ဆန်စွာ ပြုမူခြင်း သို့မဟုတ် ဇွတ်တရွတ်နိုင်ပြီး စိတ်ကူးပေါက်သကဲ့သို့ ပြုမူခြင်းမရှိဘဲ လူတို့အကြား သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုကို မည်သို့ ဖြစ်မြောက်အောင်မြင်ရမည်ဟူ စသည့် အမျိုးမျိုးသော အကြောင်းအရာများကို လွှမ်းခြုံထားသည်။ လူတို့သည် ခရစ်တော်က မိတ်သဟာယပြုပြီးဖြစ်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို အကောင်အထည်ဖော်ပြီး သတ်သတ်မှတ်မှတ်ဖြစ်သော စီမံကိန်းများအား ကြီးကြပ်ရန် လိုအပ်သည့်အခါ အခက်အခဲများ ကြုံကောင်းကြုံရနိုင်သည်။ ဆောင်ပုဒ်များကို ဟစ်ကြွေးခြင်းနှင့် အယူဝါဒများကို ဟောခြင်းတို့သည် လွယ်ကူသော်လည်း အမှန်တကယ်ဖြစ်သော လက်တွေ့အကောင်အထည်ဖော်ခြင်းက သိပ်မရိုးရှင်းပေ။ အနည်းဆုံးအနေဖြင့် လူတို့သည် အမှန်တကယ် သွားကာ ဤအလုပ်တာဝန်များကို ဆောင်ရွက်ရန်အတွက် အားထုတ်မှု အသုံးပြုရန် အဖိုးအခပေးပြီး အချိန်သုံးရန် လိုအပ်သည်။ တစ်နည်းအားဖြင့် ဤအရာတွင် သင့်တော်သည့်လူတစ်ဦးချင်းစီကို ရှာခြင်းပါဝင်ပြီး နောက်တစ်နည်းအားဖြင့် ပါဝင်ပတ်သက်သည့် အလုပ်အကိုင်အကြောင်းကို သင်ယူခြင်း၊ အမျိုးမျိုးသော အတတ်ပညာဆိုင်ရာ ကဏ္ဍများနှင့် ဆက်စပ်သည့် သာမန် အသိပညာနှင့် သဘောတရားများကိုလည်းကောင်း၊ လုပ်ငန်း၏ တိကျသော နည်းစနစ်များနှင့် လုပ်နည်းကိုင်နည်းများကိုလည်းကောင်း ရှာဖွေလေ့လာခြင်းတို့ ပါဝင်သည်။ ထို့အပြင် အချို့သော စိန်ခေါ်မှုရှိသည့် ပြဿနာများကိုလည်း ၎င်းတို့ ကြုံကောင်းကြုံရမည်။ ယေဘုယျအားဖြင့် ပုံမှန်လူတို့သည် ဤအခက်အခဲများအကြောင်းကို ကြားရသည့်အခါ ဖိအားတစ်ခုခုကို ခံစားရလျက် အနည်းငယ် တုန်လှုပ်ကြသော်လည်း ဘုရားသခင်ကို သစ္စာစောင့်သိပြီး ကျိုးနွံနာခံသော သူတို့မှာမူ အခက်အခဲများနှင့် ရင်ဆိုင်ရပြီး ဖိအားခံစားရသည့်အခါ မိမိတို့၏ ယုံကြည်ခြင်းများ တိုးပွားရန်အတွက် ဘုရားသခင်ထံ လမ်းပြမှုတောင်းလျှောက်ရင်း ဉာဏ်အလင်းပြမှုနှင့် အကူအညီတို့ကို တောင်းလျှောက်ကာ ရှင်းလင်းသည့် အသိစိတ်တစ်ခု ရရှိရန် ၎င်းတို့၏ သစ္စာစောင့်သိမှုကို ဖြည့်ဆည်းကာ အစွမ်းကုန် အားထုတ်နိုင်ရန်အလို့ငှာ အမှားများ မပြုမိစေဖို့ ကွယ်ကာခြင်းကိုလည်း တောင်းလျှောက်ရင်း မိမိတို့ စိတ်နှလုံးများတွင် တိတ်ဆိတ်စွာ ဆုတောင်းကြလိမ့်မည် ဖြစ်သည်။ သို့သော် အန္တိခရစ်များကဲ့သို့သော လူများမှာမူ ဤကဲ့သို့ မဟုတ်ကြပေ။ ခရစ်တော်ထံမှလာသော အလုပ်တွင် ၎င်းတို့ အကောင်အထည်ဖော်ရန် လိုအပ်သည့် တိကျသော အစီအစဉ်များအကြောင်းကိုလည်းကောင်း၊ အလုပ်က အခက်အခဲအချို့ ရှိသည်ဟုလည်းကောင်း ၎င်းတို့ ကြားရသည့်အခါ စိတ်ထဲတွင် စတင်အတိုက်အခံဖြစ်ပြီး ရှေ့ဆက်လုပ်ဆောင်ရန် မလိုမလား ဖြစ်ကြလေသည်။ ဤမလိုလားသောစိတ်က မည်သည့်အရာနှင့် တူသနည်း။ ၎င်းတို့က “အဘယ်ကြောင့် ကျွန်ုပ်၏ ဘဝတွင် ကောင်းမွန်သည့်အရာများ လုံးဝ ဖြစ်မလာသနည်း။ အဘယ်ကြောင့် ပြဿနာများနှင့် တောင်းဆိုချက်များ ကျွန်ုပ် အမြဲ ရရှိသနည်း။ ကျွန်ုပ်သည် ဖြစ်ဖြစ်မြောက်မြောက် မရှိသောသူအဖြစ် သို့မဟုတ် အမိန့်ပေးရမည့် ကျွန်တစ်ဦးအဖြစ် ယူဆခြင်းခံရသလော။ ကျွန်ုပ်ကို ကြိုးကိုင်ညွှန်ကြားရန် ထိုမျှ မလွယ်ပါ။ ထိုအရာကို သင် ပေါ့ပေါ့တန်တန် ပြောသည်၊ အဘယ်ကြောင့် သင့်ဘာသာ ကြိုးစားမလုပ်ကြည့်သနည်း”ဟု ပြောကြသည်။ ဤသည်မှာ ကျိုးနွံနာခံမှု ဖြစ်သလော။ ဤသည်မှာ လက်ခံသည့် သဘောထား ဖြစ်သလော။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေကြသနည်း။ (အတိုက်အခံလုပ်ခြင်း၊ ဆန့်ကျင်ခြင်း ဖြစ်ပါသည်။) ဤအတိုက်အခံလုပ်ခြင်းနှင့် ဆန့်ကျင်ခြင်းတို့သည် အဘယ်သို့ ထွက်ပေါ်ကြသနည်း။ ဥပမာအနေဖြင့် “အသား ပေါင်ချိန်အနည်းငယ်ကို သွားဝယ်ပြီး အားလုံးအတွက် ဝက်အချိုပေါင်း ဟင်းလျာကို ချက်ပေးလော့”ဟု ပြောလျှင် ဤအရာကို ၎င်းတို့ ဆန့်ကျင်ကြမည်လော။ (ဆန့်ကျင်မည်မဟုတ်ပါ။) သို့သော် “ယနေ့တွင် ထိုမြေကို သွားထွန်ယက်လော့၊ ထွန်ယက်နေစဉ်တွင် သင် အစာမစားနိုင်မီ ဦးစွာပထမ ကျောက်တုံးများကို သင် ဖယ်ရှားပြီးစီးရန် လိုအပ်သည်”ဟု ပြောလျှင် ၎င်းတို့ မလိုမလားဖြစ်လာကြပေမည်။ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခ၊ အခက်အခဲ သို့မဟုတ် ဖိအားပါဝင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မကျေမချမ်းဖြစ်ခြင်းက ပေါ်လာပြီး ရှေ့ဆက်ရန် မလိုမလား ဖြစ်လာကြသည်။ ၎င်းတို့က “အဘယ်ကြောင့် ကျွန်ုပ်အပေါ် ကောင်းမွန်သည့်အရာများ မဖြစ်သနည်း။ လွယ်ကူသည့် သို့မဟုတ် ပေါ့ပါးသည့် အလုပ်တာဝန်များအတွက် အချိန်ကျလာသည့်အခါ ကျွန်ုပ် အဘယ်ကြောင့် လျစ်လျူရှုခံရသနည်း။ ခက်ခဲ၊ ပင်ပန်းသည့် အလုပ် သို့မဟုတ် ညစ်ပတ်သော အလုပ်အတွက် အဘယ်ကြောင့် ကျွန်ုပ် အရွေးခံရသနည်း။ ကျွန်ုပ်က မာယာကင်းပြီး ဩဇာပေးရန် လွယ်သည်ဟု ထင်ရသောကြောင့်လော”ဟု အတိုက်အခံစဖြစ်ကာ ညည်းညူကြလေသည်။ ဤသည်မှာ အတွင်းပိုင်း အတိုက်အခံ စဖြစ်သောနေရာ ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့ အလွန် အတိုက်အခံဖြစ်ကြသနည်း။ “ညစ်ပတ်ပြီး ပင်ပန်းသော အလုပ်”မှာ အဘယ်နည်း။ ဤအရာအားလုံးသည် ၎င်းတို့၏တာဝန် တစ်စိတ်တစ်ပိုင်း ဖြစ်သည်မဟုတ်လော။ တာဝန်ပေးခံရသည့် မည်သူမဆို လုပ်ဆောင်သင့်ပေသည်။ စံရွေးရမည့်အရာ မည်သည့်အရာ ရှိသနည်း။ ထိုအရာသည် ၎င်းတို့အတွက် အမှုအရာများကို တမင်ခက်ခဲစေခြင်း ဖြစ်သလော။ (မဟုတ်ပါ။) သို့သော် ၎င်းတို့အတွက် အမှုအရာများကို တမင်ခက်ခဲစေခြင်း ဖြစ်သည်၊ ၎င်းတို့ကို ကျဉ်းထဲကျပ်ထဲ ရောက်စေခြင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ထို့ကြောင့် ဘုရားသခင်ထံမှ ဤတာဝန်ကို လက်မခံကြသကဲ့သို့ လက်ခံရန် မလိုလားကြချေ။ ဤတွင် မည်သည့်အရာ ဖြစ်နေသနည်း။ အခက်အခဲများကို ၎င်းတို့ ရင်ဆိုင်ရသည့်အခါ၊ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခခံစားရန် လိုအပ်ကာ သက်သာမှုဖြင့် အသက်မရှင်နိုင်တော့သည့်အခါ ၎င်းတို့ အတိုက်အခံဖြစ်လာကြခြင်း ဖြစ်သလော။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သော၊ ညည်းညူမှုကင်းသည့် ကျိုးနွံနာခံခြင်း ဖြစ်သလော။ အခက်အခဲအနည်းငယ်မျှဖြင့် ၎င်းတို့ မလိုမလား ဖြစ်လာကြသည်။ ၎င်းတို့ မလုပ်လိုသည့် မည်သည့်အရာမဆို၊ ခက်ခဲသည်၊ မလိုလားအပ်ဘဲ ဂုဏ်ငယ်စေသည် သို့မဟုတ် အခြားသူများ၏ အထင်သေးခြင်းခံရစေသည်ဟု ၎င်းတို့ ထင်မြင်သည့် မည်သည့်အလုပ်ကိုမဆို ၎င်းတို့သည် ကျိုးနွံနာခံမှု စိုးစဉ်းမျှ မပြဘဲ အပြင်းအထန် အတိုက်အခံလုပ်ကြသည်၊ ကန့်ကွက်ကာ ငြင်းပယ်ကြလေသည်။ ခရစ်တော်၏ စကားများ၊ အမိန့်များ သို့မဟုတ် သူ မိတ်သဟာယပြုသည့် စည်းမျဉ်းများနှင့် ရင်ဆိုင်ရသည့်အခါ ယင်းက ၎င်းတို့အား အခက်အခဲများကို ဖြစ်စေသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့ကို ဆင်းရဲဒုက္ခခံစားရစေဖို့ဖြစ်စေ၊ အဖိုးအခပေးဖို့ဖြစ်စေ လိုအပ်သည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တို့၏ ပထမဆုံးတုံ့ပြန်မှုမှာ ၎င်းတို့၏ စိတ်နှလုံးများတွင် စက်ဆုပ်မှုကို ခံစားလျက် အတိုက်အခံလုပ်ခြင်းနှင့် ငြင်းပယ်ခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့ လုပ်ဆောင်လိုသည့်အရာများ သို့မဟုတ် ၎င်းတို့ကို အကျိုးပြုသည့်အရာများနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့၏ သဘောထားက မတူပေ။ အန္တိခရစ်တို့သည် ဇိမ်ခံစရာကို မွေ့လျော်ခံစားရန်နှင့် ထင်ပေါ်ရန် လိုအင်ဆန္ဒရှိကြသော်လည်း ဇာတိခန္ဓာ၏ ဆင်းရဲဒုက္ခ၊ အဖိုးအခပေးရန် လိုအပ်ချက် သို့မဟုတ် အခြားသူများကို စိတ်အနှောင့်အယှက်ပေးမိမည့် အန္တရာယ်ကိုပင် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဝမ်းသာပြီး ပျော်ရွှင်စွာ လက်ခံရန် လိုလားနေကြသလော။ ထိုအခါ အကြွင်းမဲ့ ကျိုးနွံနာခံခြင်းကို ၎င်းတို့ စွမ်းဆောင်ရရှိနိုင်ကြသလော။ စိုးစဉ်းမျှ မရှိပေ။ ၎င်းတို့၏ သဘောထားမှာ လုံးလုံးလျားလျား မနာခံမှုနှင့် ပေခံနေခြင်း သဘောထားတစ်ခု ဖြစ်လေသည်။ အန္တိခရစ်များကဲ့သို့ လူတို့သည် ၎င်းတို့ မလုပ်ဆောင်လိုသည့်အရာများ၊ ၎င်းတို့၏ နှစ်သက်မှုများ၊ အကြိုက်များ သို့မဟုတ် ကိုယ်ကျိုးများနှင့်မကိုက်သည့် အရာများကို ရင်ဆိုင်ရသည့်အခါ ခရစ်တော်၏ စကားများအပေါ် ၎င်းတို့၏ သဘောထားမှာ ကျိုးနွံနာခံမှု စိုးစဉ်းမျှမရှိဘဲ အကြွင်းမဲ့ ငြင်းပယ်ခြင်းနှင့် အတိုက်အခံလုပ်ခြင်း သဘောထားတစ်ခု ဖြစ်လာသည်။
လူအချို့သည် ခရစ်တော် မိန့်မြွက်သည်ကို နားထောင်နေစဉ် အတွေးများ စတင်ဖြစ်ပေါ်လာသည်၊ “ခရစ်တော်က အဘယ်ကြောင့် ဤသို့ ပြောသနည်း။ ကိုယ်တော်သည် ဤကိစ္စကို ဤအမြင်ဖြင့် မည်သို့ သဘောထားပြုမူနိုင်မည်နည်း။ ကိုယ်တော်သည် ထိုသို့သော ထင်မြင်ယူဆချက်ကို မည်သို့ ထားရှိနိုင်မည်နည်း၊ ကိုယ်တော်သည် တစ်စုံတစ်ခုကို ဤနည်းလမ်းဖြင့် မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်မည်နည်း။ ဤသည်မှာလည်း သမ္မာတရားလော။ ဤအရာများသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များလော။ မထင်ပါ။ သမ္မာကျမ်းစာတွင် ဘုရားသခင် စကားပြောဆိုသည့်ပုံစံကို ဤကဲ့သို့ အသေးစိတ်၍ အရေးမပါသော အကြောင်းအရာများအား အသေးစိတ်မဖော်ပြဘဲ၊ ကျိုးကြောင်းညီညွတ်မှုတစ်မျိုးဖြင့် မတူကွဲပြားစွာ မှတ်တမ်းတင်ထားလေသည်။ ခရစ်တော်သည် အဘယ်ကြောင့် ဤသို့ မိန့်မြွက်သနည်း။ ယင်းမှာ အစဉ်သဖြင့် အသေးစိတ်အချက်အလက်များနှင့် အသေးစိတ်အချက်အလက်များကို စိတ်ဖြာလေ့လာ ဆွေးနွေးခြင်းအကြောင်း ဖြစ်သည်၊ ဘုရားသခင်သည် ဤသို့ အမှန်တကယ် မိန့်မြွက်နိုင်သလော” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါတိုင်း အယူအဆများ မရှိကြဘဲ ၎င်းတို့ တွေးထင်သည်မှာ “ဤအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်၊ ကျွန်ုပ်သည် အသက်၊ ကယ်တင်ခြင်းနှင့် ကောင်းချီးများကို ရရှိရန် ၎င်းတို့အပေါ် အားကိုးရမည်” ဟူ၍ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် ခရစ်တော်နှင့် အမှန်တကယ် အပြန်အလှန်ဆက်ဆံသောအခါ အချို့သော ကိစ္စရပ်များအပေါ် ကိုယ်တော်၏ အမြင်များ၊ မှတ်ချက်များနှင့် သဘောထားများအပြင် အချို့သောလူများကို ကိုင်တွယ်သည့် ကိုယ်တော်၏ နည်းလမ်းများအပေါ် ထင်မြင်ယူဆချက်များ စတင်ဖြစ်ပေါ်လာပြီး ဤထင်မြင်ယူဆချက်များမှာ လူ့အယူအဆများပင် ဖြစ်သည်။ အန္တိခရစ်များသည် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ အယူအဆများ ဖြစ်ပေါ်လာသောအခါ ၎င်းတို့၏ အယူအဆများကို ပြုပြင်ပေးရန် ဘုရားသခင်ထံ ဆုတောင်းကြမည်လော။ လုံးဝ ဆုတောင်းကြမည်မဟုတ်ပေ။ ၎င်းတို့သည် ကျိုးနွံနာခံသော စိတ်နှလုံး စိုးစဉ်းမျှမရှိဘဲ ခရစ်တော်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ ကိုယ်ပိုင် အယူအဆများဖြင့် အဆက်မပြတ် အကဲဖြတ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ခရစ်တော်အပေါ် အယူအဆများ ဖြစ်ပေါ်လာသောအခါ စိတ်ထဲ၌ အတိုက်အခံဖြစ်လာပြီး ခရစ်တော်ကို တဖြည်းဖြည်း ဆန့်ကျင်ရန်လိုလာကြသည်။ ထိုသို့သော ဆန့်ကျင်ရန်လိုခြင်း ပေါ်ပေါက်လာသောအခါ အန္တိခရစ်များသည် ကျိုးနွံနာခံရန် ကြံစည်နေဆဲလော။ ၎င်းတို့သည် လက်ခံရန် ကြံစည်နေဆဲလော။ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ၎င်းတို့သည် “ဟွန်း၊ ယခုအခါတွင် သင်၏ အားနည်းချက်ကို ငါသိပြီ။ သင်က ဘုရားသခင် မဟုတ်လား။ သင်၏ နှုတ်ကပတ်တော်အားလုံးက သမ္မာတရား မဟုတ်ဘူးလား။ တကယ်တမ်းတွင် သင်လည်း အမှုအရာများကို လုပ်ဆောင်သည့်အခါ ကျိုးကြောင်းဆင်ခြင်ပြီးမှ လုပ်ဆောင်ကာ မိမိမျက်စိဖြင့် မြင်ရသည့်အရာအပေါ် အခြေခံ၍ အကြောင်းအရာများကို ဝေဖန်အကဲဖြတ်ခြင်း ဖြစ်သည်။ သင်၏ လုပ်ဆောင်ချက်များသည် ဘုရား၏ အနှစ်သာရနှင့် မကိုက်ညီပါတကား” ဟု တွေးထင်ကာ စတင်၍ အတိုက်အခံလုပ်လာကြသည်။ ၎င်းတို့သည် စိတ်ထဲ၌ မနာခံမှုကို စတင်ခံစားရသည်။ ဤမနာခံမှု ပေါ်ပေါက်လာသောအခါ ယင်းသည် အပြင်ပန်း၌ ထုတ်ဖော်ပြသခြင်း ခံရသည်။ ၎င်းတို့က “သင်ပြောသည့်အရာက မှန်ပုံရသော်လည်း ထိုအကြောင်းကို ဘုရားက ဘာပြောသည်ကို သိရန် ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် စစ်ဆေးရန် လိုအပ်သည်။ ဘုရားက ကျွန်ုပ်ကို မည်သို့ ဦးဆောင်သည်ကို သိရန် ဘုရားထံ ကျွန်ုပ် ဆုတောင်းရန် လိုအပ်သည်။ ဘုရားက ကျွန်ုပ်ကို မည်သို့ လမ်းညွှန်ပြီး ဉာဏ်အလင်းပေးသည်ကို သိရန် ကျွန်ုပ် စောင့်ဆိုင်းပြီး ရှာဖွေရန် လိုအပ်သည်။ သင်ပြောခဲ့သည့်အရာနှင့် ပတ်သက်၍မူ ယင်းမှာ ကျွန်ုပ်၏ စဉ်းစားသုံးသပ်မှု ဘောင်အတွင်း၌ မရှိတော့သည့်အပြင် ယင်းမှာ ကျွန်ုပ်၏ လုပ်ရပ်များအတွက် အခြေခံ မဖြစ်နိုင်တော့ပေ” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသည်မှာ မည်သည့် သရုပ်သကန် ဖြစ်သနည်း။ (ခရစ်တော်ကို ငြင်းပယ်ခြင်း ဖြစ်ပါသည်။) ၎င်းတို့သည် ခရစ်တော်ကို ငြင်းပယ်ကြသော်လည်း အဘယ်ကြောင့် ၎င်းတို့သည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ကို ဖတ်နေကြဆဲ ဖြစ်သနည်း။ (ဘုရားသခင်၊ ၎င်းတို့သည် ကောင်းကင်ဘုံရှိ မရေရာသော ဘုရားသခင်ကိုသာ အသိအမှတ်ပြုပြီး မြေကြီးပေါ်ရှိ ခရစ်တော်ကို ပြောင်ပြောင်တင်းတင်း ငြင်းပယ်ကြသည်ဟု ကျွန်ုပ် ထင်ပါသည်။) အန္တိခရစ်များသည် မြင့်မြတ်ပြီး မမြင်နိုင်သော ဘုရားတစ်ပါးကို ရိုသေလေးစားလျက် အနှစ်မဲ့သော စကားလုံးများနှင့် အယူဝါဒများအတွင်း၌ တသမတ်တည်း အသက်ရှင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ခရစ်တော်၏ မှတ်တမ်းတင်ထားသော မိန့်မြွက်ချက်များဖြစ်သည့် ရေးသားထားသော နှုတ်ကပတ်တော်များကို အလွန် ရိုသေလေးစားပြီး တန်ဖိုးထားကြသော်လည်း အလွန်တရာ သာမန်ဖြစ်သော ခရစ်တော်ကိုမူ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ မည်သည့်အဆင့်အတန်းမျှ လုံးဝမရှိဟု မှတ်ယူကြသည်။ ဤသည်မှာ ကွဲလွဲနေခြင်း မဟုတ်လော။ ၎င်းတို့သည် ခရစ်တော်အပေါ် အယူအဆများ ထားရှိသောအခါ ၎င်းတို့က “ဘုရား၏ နှုတ်ကပတ်တော်များက မည်သည့်အရာပြောသည်ကို သိရန် ကျွန်ုပ် ဆုတောင်းပြီး ရှာဖွေဖို့ လိုအပ်သည်” ဟု ဆိုကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုသာ အသိအမှတ်ပြုပြီး ခရစ်တော်ကိုမူ အသိအမှတ်မပြုဘဲ သူတို့သည် မည်သူတို့ ဖြစ်ကြသနည်း။ (အန္တိခရစ်များ ဖြစ်ကြပါသည်။) ခရစ်တော်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ အယူအဆများ မည်မျှပင် အရေးပါသည် သို့မဟုတ် နက်နဲသည် ဖြစ်စေကာမူ ထိုနှုတ်ကပတ်တော်များကို ပုံနှိပ်လိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အယူအဆများ ပျောက်ကွယ်သွားသည်။ ထိုနှုတ်ကပတ်တော်များသည် စာသားဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုအရာများကို ဘုရားသခင်အဖြစ် ဝတ်ပြုကိုးကွယ်ကြသည်။ ဤသည်မှာ ဖာရိရှဲများနှင့် ဘာသာရေးအသိုင်းအဝိုင်းမှ လူများ ပြုလုပ်ခဲ့သော အမှားတစ်ခုတည်းပင် မဟုတ်လော။ သမ္မာတရားကို နားလည်ရန် ပျက်ကွက်ခြင်းက ဤသရုပ်သကန်များနှင့် အယူအဆများ ပေါ်ပေါက်လာရန် လွယ်ကူစေသည်။ အန္တိခရစ်များသည် အယူအဆများ ဖြစ်ပေါ်လာပြီးနောက် ၎င်းတို့၏ စိတ်နှလုံးများသည် ကျိုးနွံနာခံနိုင်ခြင်း မရှိပေ၊ ကျိုးနွံနာခံခြင်း မရှိဘဲ အတိုက်အခံလုပ်ခြင်းသာ ရှိသည်။
သာမန်လူတို့သည် မည်သည့်အခြေအနေများအောက်တွင် အယူအဆများ ဖြစ်ပေါ်လာကြသနည်း၊ သို့မဟုတ် မည်သို့သော လူစားမျိုးသည် အယူအဆများ ဖြစ်ပေါ်လာရန် အလားအလာ ရှိသနည်း။ အမျိုးအစားတစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်သောသူများဖြစ်ပြီး နောက်တစ်မျိုးမှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိဘဲ သမ္မာတရားကို လက်မခံသောသူများ ဖြစ်သည်၊ ၎င်းတို့သည် အယူအဆများ ဖြစ်ပေါ်လာရန် အလားအလာရှိသည်။ အယူအဆများ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ အတိုက်အခံလုပ်လာကြသည်။ ဥပမာအားဖြင့် ငါသည် ထိုအချိန်က နောက်ခံအခြေအနေ၊ ပတ်ဝန်းကျင်နှင့် လူတို့၏ လိုအပ်ချက်များအပေါ် အခြေခံ၍ တစ်စုံတစ်ခုကို နည်းလမ်းတစ်ခုဖြင့် ပြုလုပ်ရန် လူတို့အား ပြောကောင်းပြောမည်။ နောက်ပိုင်းတွင် အချိန်ကုန်လွန်ပြီး အခြေအနေများ ပြောင်းလဲလာသည်နှင့်အမျှ ထိုကိစ္စကို ကိုင်တွယ်သည့် နည်းလမ်းနှင့် နည်းစနစ်တို့သည်လည်း ပြောင်းလဲသွားနိုင်သည်။ သို့ရာတွင် ဤပြောင်းလဲမှုက အန္တိခရစ်များကို အယူအဆများ ဖြစ်ပေါ်လာရန် အခွင့်အရေးတစ်ခု ပေးသည်၊ “သင်သည် ယခင်က ဤအရာကို ပြောခဲ့ပြီး ယင်းကို သမ္မာတရားအဖြစ် ကြေညာကာ ထိုနည်းအတိုင်း လက်တွေ့လုပ်ဆောင်ရန် လူတို့အား ပြောခဲ့သည်။ ကျွန်ုပ်တို့ နောက်ဆုံးတွင် နားလည်ပြီး ယင်းကို လက်တွေ့လုပ်ဆောင်ကာ လိုက်နာနိုင်ခဲ့သဖြင့် ကောင်းချီးများအတွက် မျှော်လင့်ချက်ရှိသည်ဟု တွေးထင်ခဲ့ကြသည်၊ ယခုတွင် သင်က ကျွန်ုပ်တို့ကို ခြားနားသော နည်းလမ်းဖြင့် ပြုလုပ်ရန် ပြောနေသည်၊ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ သင် ကျွန်ုပ်တို့ကို ညှဉ်းဆဲနေသည် မဟုတ်လော။ သင် ကျွန်ုပ်တို့ကို လူရာမသွင်းခြင်း မဟုတ်လော။ မည်သည့်နည်းလမ်းအတိအကျက ယင်းကို လုပ်ဆောင်ရန် မှန်ကန်သောနည်းလမ်း ဖြစ်သနည်း” ဟူ၍ ဖြစ်သည်။ နည်းစနစ်၊ ချဉ်းကပ်ပုံ သို့မဟုတ် မိန့်ဆိုချက်၌ မည်သည့်ပြောင်းလဲမှုမဆို လူအချို့ကို ဒေါသထွက်စေနိုင်သည်၊ ဤပုဂ္ဂိုလ်များသည် သမ္မာတရားကို လုံးဝနားမလည်ဘဲ နားလည်သဘောပေါက်နိုင်စွမ်း မရှိသောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ပြုသမျှအားလုံးကို ရှေးအမြင်ရှုထောင့်များ၊ ရှေးသဘောတရားများ၊ အချို့သော လူ့ကိုယ်ကျင့်တရားစံနှုန်းများ၊ အသိစိတ်ဆိုင်ရာ စံနှုန်းများနှင့် အချို့သော ယုတ္တိတန်သော တွေးခေါ်မှု၊ လူ့အသိပညာတို့ဖြင့်ပင် တိုင်းတာကြသည်။ ဤအရာအားလုံးသည် ခရစ်တော် မိန့်မြွက်ခဲ့သည့်အရာနှင့် ဆန့်ကျင်သောအခါ သို့မဟုတ် အလယ်၌ ကွဲလွဲမှုများ ပေါ်ပေါက်လာသောအခါ ၎င်းတို့သည် ယင်းကို မည်သို့ ကိုင်တွယ်ရမည်ကို မသိကြတော့ပေ။ မည်သို့ ရှေ့ဆက်ရမည်ကို မသေချာသောအခါ ပုံမှန်လူတို့သည် ရှေးဦးစွာ စိတ်တည်ငြိမ်ပြီး လက်ခံနိုင်သင့်ကာ ထို့နောက် တဖြည်းဖြည်း နားလည်ရန် ရှာဖွေသင့်သည်။ သို့ရာတွင် အန္တိခရစ်များမှာမူ ဤကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ရှေးဦးစွာ အတိုက်အခံလုပ်ပြီးနောက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး ဘုရားသခင်ကို အလွန် ချစ်မြတ်နိုးနေသကဲ့သို့ ပုံပေါ်လျက် မရေရာသော ဘုရားရှေ့၌ ဆုတောင်းကြသည်။ ၎င်းတို့၏ ဆုတောင်းခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ခရစ်တော်၏ နှုတ်ကပတ်တော်များကို ငြင်းပယ်ရန်၊ ခရစ်တော် မိန့်မြွက်ခဲ့သည့်အရာကို ပြစ်တင်ရှုတ်ချပြီး ဝေဖန်ရန်၊ စိတ်သက်သာရာရမှု ရရှိရန်အတွက် လုံလောက်သော သက်သေအထောက်အထားကို ရှာဖွေဖို့ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့က မိမိတို့၏ အယူအဆများကို ဖြေရှင်းသည့်ပုံစံ ဖြစ်သည်။ ဤအရာက ၎င်းတို့၏ အယူအဆများကို ဖြေရှင်းနိုင်ပါသလော။ (မဖြေရှင်းနိုင်ပါ။) အဘယ်ကြောင့် မဖြေရှင်းနိုင်သနည်း။ (အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို လက်မခံသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို ရှာဖွေနေခြင်းမဟုတ်ဘဲ ဘုရားသခင်ကို ငြင်းပယ်ရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။) မှန်ပါသည်၊ ၎င်းတို့သည် မိမိတို့၏ အယူအဆများကို သမ္မာတရားကို လက်ခံသည့် သဘောထားဖြင့်ဖြစ်စေ၊ သမ္မာတရားကို လက်ခံသည့် နည်းလမ်းတစ်ခုဖြင့်ဖြစ်စေ ဖြေရှင်းနေခြင်း မဟုတ်ပေ။ ၎င်းတို့၏ အယူအဆများကို ဘေးဖယ်ထားခြင်း မရှိပေ၊ ယင်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဆက်လက်တည်ရှိနေသည်။ ထို့ကြောင့် ထိုသို့သော လုပ်နည်းကိုင်နည်းသည် ၎င်းတို့၏ အယူအဆများကို မည်သည့်အခါမျှ ဖြေရှင်းနိုင်မည် မဟုတ်သကဲ့သို့ ၎င်းတို့၏ အယူအဆများကို လက်လွှတ်ခွင့်ပေးမည်လည်း မဟုတ်ပေ။ ထိုအစား ဤအယူအဆများသည် အချိန်နှင့်အမျှ စုပုံလာသည်၊ အချိန်ကုန်လွန်ပြီး ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည့်နှစ်များ တိုးပွားလာသည်နှင့်အမျှ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများသည်လည်း တိုးပွားလာသည်။ ထို့ကြောင့် ခရစ်တော်အပေါ်၊ ဤသာမန်လူအပေါ် ၎င်းတို့၏ သဘောထားသည် အယူအဆများဖြင့် တိုး၍တိုး၍ မလွဲမသွေ ဝန်ပိလာလေသည်။ တစ်ချိန်တည်းမှာပင် ခရစ်တော်အပေါ် ၎င်းတို့၏ စိတ်နှလုံးထဲရှိ အတားအဆီးနှင့် ကိုယ်တော့်အပေါ် ၎င်းတို့၏ မကျေနပ်မှုတို့သည်လည်း ကြီးထွားလာသည်။ ဤအတားအဆီးများနှင့် အယူအဆများကို သယ်ဆောင်လျက် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်း၊ စုဝေးပွဲများ တက်ရောက်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းတို့ ပြုလုပ်ရာတွင် ၎င်းတို့သည် အဆုံး၌ အဘယ်အရာကို ရရှိနိုင်မည်နည်း။ ကောင်းချီးများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒများ တစ်နေ့တခြား တိုးပွားလာခြင်းမှလွဲ၍ ၎င်းတို့သည် မည်သည့်အရာကိုမျှ မရရှိကြပေ။
သင်တို့၌ ခရစ်တော်အပေါ် အယူအဆ တစ်စုံတစ်ရာ ရှိကြသလော။ ဘုရားသခင်အပေါ် လူတို့၏ တောင်းဆိုချက်များသည် ခရစ်တော်အပေါ် သူတို့၏ အယူအဆများကို ပုံဖော်သည်။ ဤတောင်းဆိုချက်များသည် အဘယ်မှ လာသနည်း။ ယင်းတို့သည် လူတို့၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများမှ ဖြစ်ပေါ်လာသည်။ သို့ဆိုလျှင် လူတို့သည် မည်သို့သော အယူအဆမျိုးကို ဖြစ်ပေါ်စေသနည်း။ ခရစ်တော်သည် ဤအရာ သို့မဟုတ် ထိုအရာကို ပြောသင့်သည်၊ ကိုယ်တော်သည် အချို့သော နည်းလမ်းများဖြင့် ပြောဆိုကာ ပြုမူသင့်သည်ဟု သူတို့ ယုံကြည်ကြသည်။ ဥပမာအနေဖြင့် လူတစ်ဦးသည် အပျက်သဘောဆောင်ပြီး အားနည်းသည်ဟု ခံစားရသည့်အခါ သူတို့ ဤသို့ တွေးကောင်းတွေးမည်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ မဟုတ်လော။ ဘုရားသခင်သည် ချစ်ခင်တတ်သော မိခင်ကဲ့သို့၊ သနားကြင်နာတတ်သော ဖခင်ကဲ့သို့ ဖြစ်သည်၊ ဘုရားသခင်သည် လူတို့အား နှစ်သိမ့်မှု ပေးသင့်သည်။ ကောင်းကင်ဘုံရှိ ဘုရားသခင်အတွက်မူ မေ့လိုက်ပါ၊ ကိုယ်တော်သည် လက်လှမ်းမမီနိုင်ပေ။ ယခု ဘုရားသခင်သည် မြေကြီးပေါ်သို့ ကြွလာခဲ့ပြီဖြစ်သဖြင့် လူတို့၌ ဤသို့ လွယ်ကူသော လက်လှမ်းမီလာသည်။ ကျွန်ုပ်သည် အပျက်သဘောဆောင်နေသောကြောင့် ဘုရားသခင်၏ ရှေ့မှောက်သို့ သွားပြီး ရင်ဖွင့်ရန် လိုအပ်သည်” ဟူ၍ ဖြစ်လေသည်။ ပြီးလျှင် သူတို့ ရင်ဖွင့်နေစဉ် သူတို့သည် မျက်ရည်များကျကာ သူတို့၏ အခက်အခဲများ၊ အားနည်းခြင်းများအကြောင်းကို ပြောဆိုပြီး သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပွင့်လင်းစွာ ဆွေးနွေးကြသည်။ လူတို့သည် သူတို့၏ စိတ်နှလုံးထဲ၌ အမှန်တကယ် အဘယ်အရာကို ရှာဖွေနေကြသနည်း။ သူတို့သည် နှစ်သိမ့်ခြင်းခံလိုသည်၊ သူတို့သည် နားဝင်ချိုသော စကားများကို ကြားလိုသည်၊ သူတို့၏ ဝမ်းနည်းမှုကို သက်သာစေမည့်၊ သူတို့ကို အားတက်စေမည့်၊ နှစ်သိမ့်မှုကို ဆောင်ကြဉ်းပေးမည့်၊ ပြီးလျှင် သူတို့ကို အပျက်သဘောဆောင်ခြင်းမှ ရပ်တန့်စေမည့် စကားများကို ဘုရားသခင်အား ပြောစေလိုကြသည်။ ယင်းမှာ မမှန်သလော။ အထူးသဖြင့် လူအမျိုးအစားတစ်မျိုးအနေဖြင့် သူတို့သည် ဤစိတ်ကူး စိတ်သန်းကို သိုထားကြသည်။ “လူသားများအတွက်မူ အားနည်းခြင်းနှင့် အပျက်သဘောဆောင်ခြင်းသည် ထိုမျှသာ ဖြစ်သည်၊ သို့သော် ဘုရားသခင်အတွက်မူ စကားတစ်ခွန်းတည်းက လူတစ်ဦးကို လုံးဝ လန်းဆန်းတက်ကြွစေနိုင်ပြီး သူတို့၏ စိတ်နှလုံးထဲရှိ ဒုက္ခများနှင့် ဝမ်းနည်းမှုအားလုံး ချက်ချင်း ပျောက်ကွယ်သွားစေနိုင်သည်။ အားနည်းခြင်းနှင့် အပျက်သဘောဆောင်ခြင်းတို့သည် မီးခိုးကဲ့သို့ ပျောက်ကွယ်သွားမည်ဖြစ်ပြီး သူတို့သည် မည်သည့်အရာကိုမဆို ရင်ဆိုင်ရာ၌ ခွန်အားရှိနိုင်ကာ အားနည်းခြင်း သို့မဟုတ် အပျက်သဘောဆောင်ခြင်း၌ နစ်မြုပ်ခြင်း မရှိတော့ဘဲ သူတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သည်။ သို့ဖြစ်လျှင် ကောင်းပြီ၊ ခရစ်တော်ကို စကားပြောခိုင်းလိုက်ပါ” ဟူ၍ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ငါသည် အဘယ်အရာကို ပြောသင့်သနည်းဟူသည်ကို ငါ့အားပြောလော့။ တစ်ချက်အနေဖြင့် ဤပုဂ္ဂိုလ်သည် အဘယ်ကြောင့် အပျက်သဘောဆောင်နေကြောင်းနှင့် သူတို့ မည်သည့်တာဝန်ကို ထမ်းဆောင်နေကြောင်းတို့ကို ငါ သိရှိရန် လိုအပ်သည်၊ နောက်တစ်ချက်အနေဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်စဉ်၌ လူတစ်ဦး စောင့်ထိန်းသင့်သော စည်းမျဉ်းများနှင့်ပတ်သက်၍ ငါ မိတ်သဟာယဖွဲ့သင့်သည်။ ဤသည်မှာ ရှင်းလင်းစွာ ပြောဆိုခြင်း မဟုတ်လော။ မိုက်မဲပြီး ခေါင်းမာကာ သမ္မာတရားကို လက်မခံသော အချို့သူတို့အတွက်မူ သူတို့ကို လှုံ့ဆော်ရန်၊ သူတို့ကို တိုက်တွန်းအားပေးရန် ဆုံးမပဲ့ပြင်ခြင်းဆိုင်ရာ စကားတစ်ခုခုကို ပြောဆိုရန် လိုအပ်သည်။ တစ်ချိန်တည်းတွင် ဤလူအမျိုးအစား၏ သဘာဝ အနှစ်သာရကို ဖော်ထုတ်ရန်လည်း လိုအပ်သည်၊ သို့မှသာ သူတို့သည် အစဉ်သဖြင့် အပျက်သဘောဆောင်ခြင်း ဆိုသည်မှာ အဘယ်အရာ ဖြစ်သည်နှင့် အဘယ်ကြောင့် သူတို့ ထာဝစဉ် အပျက်သဘောဆောင်နေရသည်ကို နားလည်မည် ဖြစ်သည်။ အကယ်၍ အစဉ်သဖြင့် အပျက်သဘောဆောင်နေသူတို့သည် သမ္မာတရားကို လက်မခံသောသူများ၊ သမ္မာတရားကို မနှစ်သက်သောသူများ ဖြစ်သည်ဟု ငါ ပြောခဲ့လျှင် ဤသည်ကို ကြားပြီးနောက် သူတို့ နှစ်သိမ့်မှု ရှာတွေ့နိုင်မည်လော။ (မတွေ့နိုင်ပါ)။ ငါ ဤသို့ ပြောသည် ဆိုပါစို့။ “အဆက်မပြတ် အပျက်သဘောဆောင်ခြင်းသည် ပုံမှန်ဖြစ်သည်။ ယင်းသည် ကလေးဆန်သော သရုပ်သကန်တစ်ခု ဖြစ်သည်၊ ယင်းသည် လူကြီးတစ်ဦး၏ ဝန်ထုပ်ဝန်ပိုးများကို ကလေးတစ်ဦးက ထမ်းရွက်ရသကဲ့သို့ ဖြစ်ပြီး၊ ဝန်ကြောင့် ထာဝစဉ် အပျက်သဘောဆောင်နေခြင်း ဖြစ်သည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးသည်၊ အသက်ငယ်သည်၊ ပြီးလျှင် များစွာလည်း မကြုံတွေ့ဖူးသေး၊ ထို့ကြောင့် သင် တဖြည်းဖြည်း သင်ယူရန် လိုအပ်သည်။ ထို့အပြင် သင်၏ မိဘများ၌လည်း တာဝန်ရှိသည်၊ သူတို့သည် သင့်ကို ကောင်းစွာ မသင်ကြားခဲ့ပေ၊ ထို့ကြောင့် ဤသည်မှာ သင်၏ အမှား မဟုတ်ပေ” ဟူ၍ ဖြစ်လေသည်။ သူတို့ ထို့နောက် ဤသို့ မေးကောင်းမေးပေမည်၊ “သို့ဆိုလျှင် ကျွန်ုပ်၏ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှာ အဘယ်နည်း” ဟူ၍ဖြစ်သည်။ “ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်ပေ၊ သင် အသက်ငယ်လွန်ပြီး ကောင်းမွန်သော မိသားစု ပတ်ဝန်းကျင်မှ လာသောကြောင့်သာ ဖြစ်သည်၊ သင်သည် အလိုလိုက်ပြီး ပိုးမွေးသလိုမွေးခြင်း ခံရသည်။ နှစ်အနည်းငယ်အတွင်း သင် ကြီးပြင်းလာသည့်အခါ ယင်းသည် ကောင်းသွားပေမည်” ဤသည်ကို ကြားလျှင် သူတို့ နှစ်သိမ့်မှု ခံစားရမည် မဟုတ်လော။ အကယ်၍ ငါသည် ဆက်လက်၍ အားရပါးရ ပွေ့ဖက်ကာ အပြုသဘောဆောင်သော အားပေးမှုအချို့ကို ပေးခဲ့လျှင် သူတို့ အတွင်း၌ နွေးထွေးမှုကို ခံစားရမည် မဟုတ်လော။ ဤနည်းအားဖြင့် သူတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် နွေးထွေးမှုကို တွေ့ကြုံခံစားခဲ့ရသည်ဟု ခံစားကြရပေမည်။ သို့သော် ခရစ်တော်သည် များသောအားဖြင့် ဤကဲ့သို့ ပြုမူလေ့မရှိပေ။ ကိုယ်တော်သည် အသက်ပိုကြီးသော ကလေးများအတွက် နှစ်သိမ့်မှု ပုံစံတစ်မျိုးအနေဖြင့် ထိုသို့ အမှန်တကယ် ပြုကောင်းပြုပေမည်၊ သို့သော် အရွယ်ရောက်ပြီးသူတိုင်းအတွက်မူ ကိုယ်တော်သည် ဤနည်းအတိုင်း ပြုမူမည် မဟုတ်ပေ၊ ထိုသို့ပြုမူခြင်းကို လူမိုက်တစ်ဦးကို လှည့်ဖြားခြင်းဟု ခေါ်တွင်လိမ့်မည်။ ထိုအစား ကိုယ်တော်သည် လိုရင်းကို ပြောဆိုမည်၊ သင့်ကို လမ်းကြောင်းတစ်ခု ပြသမည်၊ အမှန်တကယ် အဘယ်အရာ ဖြစ်ပျက်နေသည်ကို ရှင်းလင်းပြမည်၊ ပြီးလျှင် သင့်ကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပြုမည်။ သင်လျှောက်လှမ်းသော လမ်းကြောင်းသည် သင်မည်သို့သော လူစားဖြစ်သည်အပေါ် မူတည်သည်။ ခရစ်တော် လုပ်ဆောင်သမျှ အရာအားလုံး၏ အနှစ်သာရကို ကြည့်လျှင် ကိုယ်တော်သည် လူတို့ကို လှည့်ဖြားနေခြင်း သို့မဟုတ် ပေါ့ပေါ့တန်တန် သဘောထားနေခြင်း မဟုတ်ပေ၊ သို့သော် သူတို့သည် ဤသည်ကို လက်မခံနိုင်ကြပေ။ သူတို့သည် အဖြစ်မှန်များကို ရင်မဆိုင်ကြပေ၊ သို့တိုင် ဤသည်မှာ ခရစ်တော်၏ အနှစ်သာရ အတိအကျ ဖြစ်သည်၊ ကိုယ်တော်သည် ဤနည်းအတိုင်းသာ ပြုမူနိုင်သည်။ အကယ်၍ လူတို့သည် ဤအရာကို လက်မခံနိုင်ပါက ဤသည်မှာ လူတို့နှင့် ဘုရားသခင်ကြား ပဋိပက္ခတစ်ခုကို ဖန်တီးသည် မဟုတ်လော။ အကယ်၍ သူတို့သည် သူတို့၏ ပန်းတိုင်ကို မအောင်မြင်နိုင်ဘဲ သမ္မာတရားကိုလည်း လက်မခံပါက ဤသည်မှာ အတားအဆီးတစ်ခုကို ဖန်တီးသည် မဟုတ်လော။ (ဟုတ်ပါသည်)။ ဤသည်မှာ လူတို့၏ စိတ်နှလုံးထဲ၌ အမြစ်တွယ်သွားသည်။ လူတို့သည် မူလက ဘုရားသခင်သည် အလွန် ချစ်ခင်တတ်သည်၊ မိခင် သို့မဟုတ် အဘွားကဲ့သို့ နူးညံ့သိမ်မွေ့သည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော် ယခု အမှုအရာများသည် ထိုသို့ မဟုတ်သည်ကို မြင်တွေ့ရပြီး နွေးထွေးမှု အနည်းငယ်မျှပင် မခံစားရသောအခါ သူတို့သည် စိတ်ပျက်သွားကြသည်။ “ခရစ်တော်ထံမှ စကားတစ်ခွန်းတည်းက ကျွန်ုပ်ကို အပျက်သဘောဆောင်ခြင်းမှ ဆွဲထုတ်နိုင်သည်” ဟူသော သူတို့၏ စိတ်ကူး စိတ်သန်းသည် ပြည့်စုံနိုင်မည်လော။ “ခရစ်တော်က ကျွန်ုပ်၏ ပြဿနာများကို ဖြေရှင်းရန် ကြွလာသရွေ့ ကျွန်ုပ် စိတ်ထဲ၌ ချက်ချင်း နွေးထွေးလာမည်ဟု အာမခံသည်၊ ပြီးလျှင် ကျွန်ုပ် ဘယ်တော့မျှ အပျက်သဘောဆောင်တော့မည် မဟုတ်၊ အရာအားလုံး ရှင်းလင်းသွားမည်၊ လမ်းကြောင်းတစ်ခု ပွင့်လာလိမ့်မည်” ဟူ၍ ဖြစ်လေသည်။ ဤစိတ်ကူး စိတ်သန်းသည် လက်တွေ့ကျသလော။ ဤပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်နိုင်မည်လော။ (မဟုတ်ပါ။) ထို့ကြောင့် ဤကိစ္စရပ်တွင် လူတို့သည် သူတို့၏ အယူအဆများနှင့် စိတ်ကူး စိတ်သန်းများကို အစဉ်သဖြင့် အားကိုးနေပါက ယင်းသည် အလုပ်ဖြစ်မည် မဟုတ်ပေ၊ သူတို့သည် ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်ဖြစ်သည်။
လူအချို့သည် မမြင်ကွယ်ရာတွင် အချို့သော အမှုအရာများကို ပြုလုပ်ကြပြီး ငါနှင့် တွေ့သောအခါ ၎င်းတို့က “ကျွန်ုပ် ဆယ်ကျော်သက်အရွယ်တွင် ကာမလွန်ကျူးခြင်းအပြစ်ကို ကျူးလွန်ခဲ့ပါသည်” ဟု ငါ့အား ပြောကြသည်။ ငါက “ဤအကြောင်းကို ငါ့အား မပြောပါနှင့်။ တစ်ကိုယ်ရေတည်း ရိုးသားစွာ ဆုတောင်းပြီး အမှန်တကယ် နောင်တရပါ၊ သို့ဆိုလျှင် ပြဿနာ ပြေလည်သွားမည်ဖြစ်ပြီး ဘုရားသခင်သည် ယင်းကို အောက်မေ့မည် မဟုတ်ပါ။ သင်သည် ငါ့အား မျက်နှာချင်းဆိုင် ပြောရန် မလိုအပ်ပါ၊ ငါသည် ဤအမှုအရာများထဲသို့ နှိုက်နှိုက်ချွတ်ချွတ် မစူးစမ်းပါ” ဟု ဆိုသည်။ ငါက ၎င်းတို့ကို စကားဖြတ်လိုက်သောအခါ ၎င်းတို့သည် ဤသို့ အတွေးများ စတင်ဖြစ်ပေါ်လာသည်၊ “သင်သည် အမှန်တကယ် ဘုရားသခင် ဟုတ်ပါသလော။ ကျွန်ုပ်၏ စိတ်နှလုံးသည် အလွန်ရိုးသားပါသည်၊ မီးကဲ့သို့ တက်ကြွလောင်ကျွမ်းနေသော စိတ်နှလုံးဖြစ်ပြီး သင်က ယင်းကို ရေခဲရေတစ်ပုံးဖြင့် လောင်းချလိုက်သည်။ ကျွန်ုပ်သည် သင်နှင့် ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောဆိုလိုရုံသာ ဖြစ်ပါသည်၊ အဘယ်ကြောင့် သင် နားမထောင်ပေးရသနည်း။ သင် နားထောင်လျှင် ကောင်းမည် ဖြစ်သည်၊ ကျွန်ုပ်၌ ပြောစရာ နောက်ထပ် အသေးစိတ် အချက်အလက်များ ရှိပါသေးသည်” ဟူ၍ ဖြစ်သည်။ ငါက “သင်၏ အပြစ်များကို ဝန်ခံခြင်း၏ အန္တိမပန်းတိုင်မှာ များပြားသော အသေးစိတ်အချက်အလက်များကို ပြန်လည်ပြောပြရန်မဟုတ်ဘဲ နောင်တရရန် ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ စိတ်နှလုံးထဲ၌ နက်ရှိုင်းစွာ အမှန်တကယ် နောင်တရခဲ့ပြီးဖြစ်ပါက ပုံစံမှာ အရေးမကြီးပေ၊ ဤပုံစံအတိုင်း လုပ်ဆောင်ခြင်းသည် အသုံးမဝင်ပေ။ အသေးစိတ်အချက်အလက်များနှင့် အခြေအနေအားလုံးကို ငါ့အား ရှင်းလင်းပြခြင်းသည် သင် နောင်တရခဲ့ပြီးဖြစ်သည်ဟု မဆိုလိုပေ။ အကယ်၍ သင်သည် အမှန်တကယ် နောင်တရခဲ့ပြီးဖြစ်ပါက သင် တစ်စုံတစ်ရာ မပြောလျှင်ပင် သင် နောင်တရပြီးဖြစ်နေဆဲ ဖြစ်သည်။ ပြီးလျှင် အကယ်၍ သင်သည် နောင်တမရသေးပါက သင် ထိုအကြောင်းကို အမှန်တကယ် ပြောလျှင်ပင် အချည်းနှီးသာ ဖြစ်သည်။” ဟု ဆိုသည်။ လူအချို့သည် နားမလည်ကြဘဲ ဘုရားသခင်ကို မယုံကြည်မီ ကာမလွန်ကျူးခြင်း၊ ခိုးယူခြင်း သို့မဟုတ် အခြားသူများကို ပြစ်တင်ရှုတ်ချပြီး အမှုဆင်ခြင်းတို့ကဲ့သို့သော အရာရာတိုင်းကို ငါ ကြားလိုသည်ဟု ထင်မှတ်ကြသည်။ ဤကိုယ်ရေးကိုယ်တာ ဘဝကိစ္စရပ်အားလုံးကို ငါ နားထောင်လိုစိတ်ရှိသည်၊ လူတိုင်း၏ အနက်ရှိုင်းဆုံးသော အတွေးအခေါ်များနှင့် ၎င်းတို့ ပြုလုပ်ခဲ့သော လုပ်ရပ်အားလုံး၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သိရှိလိုပြီး သိမြင်လိုသည်ဟု ၎င်းတို့ ထင်ကြသည်။ ဤသည်မှာ လူ့အယူအဆတစ်ခု မဟုတ်လော။ ၎င်းတို့ မှားယွင်းနေသည်။ ငါသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ၎င်းတို့၏ အနှစ်သာရနှင့် ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်းတို့အကြောင်းကိုသာ သိရှိရန် လိုအပ်သည်၊ ဤသည်မှာ ၎င်းတို့၏ ကယ်တင်ခြင်းဆိုင်ရာ အရေးပါသော ကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည်။ လူတစ်ဦးစီ၏ ပစ္စုပ္ပန်ဘဝ သို့မဟုတ် နောင်ဘဝအကြောင်း သိရှိရန် မလိုအပ်ပေ၊ ထိုသို့သော အသေးစိတ်အချက်အလက်များအတွက် မလိုအပ်ပေ။ လူတို့က ဤသို့ ယူဆကြသည်၊ “သင်သည်လည်း ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည်။ သင်မသိသော အရာအချို့ ရှိသည်၊ သို့ဖြစ်၍ သင်သည် လူတစ်ဦးချင်းစီ၏ မိသားစုနောက်ခံ၊ ၎င်းတို့ ကြီးပြင်းလာခဲ့သည့် ပတ်ဝန်းကျင်နှင့် ကြီးပြင်းစဉ်အတွင်း ဤအထူးအတွေ့အကြုံများကို နားလည်လိုသည် ဖြစ်နိုင်သည်၊ ၎င်းတို့ကို အလုပ်ကိစ္စများအတွက် စေ့စေ့စပ်စပ် သိရှိရန်၊ ၎င်းတို့ကို တရားစီရင်ဖို့နှင့် ဖော်ထုတ်ဖို့ နိုင်ကွက် ရရှိရန် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ထိုသို့ ဖြစ်ပါသလော။ (မဟုတ်ပါ။) ဤအယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို သယ်ဆောင်လျက် လူအချို့သည် ငါနှင့် တွေ့သောအခါ ၎င်းတို့၏ ယခင်လုပ်ရပ်များကို ငါ့အား အမြဲတမ်း ဝေမျှလိုကြပြီး ဤသို့ ဆိုကြသည်၊ “အို၊ သင်မသိပါ၊ ကျွန်ုပ်၏ မိသားစုသည် ယခင်က ဤသို့ ဖြစ်ခဲ့ပါသည်...” ဟူ၍ ဖြစ်သည်။ ငါက “သင်၏ မိသားစုကိစ္စများအကြောင်းကို မပြောပါနှင့်၊ ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း အတွေ့အကြုံအချို့ကို ဝေမျှပါ” ဟု ဆိုသည်။ အခြားသူများက “အို၊ သင်မသိပါ၊ ကျွန်ုပ် ယခင်က ချစ်သူများစွာ ထားခဲ့ဖူးပါသည်” သို့မဟုတ် “ကျွန်ုပ် ယခင်က မည်သူ့ကို အမှုဆင်ခဲ့သည်ကို သင်မသိပါ” ဟု ဆိုကြသည်။ ဤအရာများကို ပြောဆိုခြင်းသည် အကျိုးရှိသလော။ (မရှိပါ။) လူ့ဇာတိခံယူသော ဘုရားသခင်သည် ဤကိစ္စရပ်များကို သိရှိရန် အမှန်တကယ် လိုလားသည်၊ လူတို့အကြားရှိ ဂုဏ်သိက္ခာမဲ့သော အပြုအမူအားလုံးနှင့် လူတို့၏ ဖောက်ပြန်ပျက်စီးသော ဘဝများ၏ အမျိုးမျိုးသော အသေးစိတ် ကဏ္ဍများကို နားလည်ရန် စိတ်အားထက်သန်သည်ဟု ၎င်းတို့ ထင်ကြသည်။ ထိုသို့သောလူများနှင့် ကြုံတွေ့သောအခါ ငါက ၎င်းတို့အား “အကယ်၍ သင်သည် ဝန်ခံပြီး နောင်တရလိုပါက ဘုရားသခင်ရှေ့၌ တစ်ကိုယ်တည်း ဆုတောင်းလော့၊ ငါ့အား မပြောနှင့်။ ငါသည် သင်တို့ကို လက်တွေ့ဘဝ၌ သင်တို့၏ တာဝန်ကို မည်သို့ ကောင်းစွာ ထမ်းဆောင်ရမည်နှင့် ဘုရားသခင်ကို မည်သို့ ဝတ်ပြုကိုးကွယ်ရမည်ကို သင်ကြားပေးရန်၊ သင်တို့ကို ကယ်တင်ခြင်း ရရှိစေဖို့ ကူညီရန်အတွက်သာ တာဝန်ရှိသည်။ ကျွန်ုပ်တို့ တွေ့ဆုံသောအခါ ဤအရာများနှင့် သက်ဆိုင်သည့် မည်သည့်အရာကိုမဆို ပြောဆိုနိုင်သော်လည်း မသက်ဆိုင်သော ကိစ္စရပ်များကို မဖော်ပြခြင်းသည် အကောင်းဆုံး ဖြစ်သည်” ဟု ပြောသည်။ ဤသည်ကို ကြားသောအခါ လူအချို့သည်၊ “ဘုရားသခင်သည် အမှန်တကယ် ချစ်ခြင်းမေတ္တာ ကင်းမဲ့သည်၊ ဘုရားသခင်သည် သည်းခံတတ်သူ မဟုတ်ပေ” ဟု စတင်တွေးထင်ကြသည်။ ၎င်းတို့၏ အမြင်တွင် မည်သို့သော လူစားမျိုး၌ ချစ်ခြင်းမေတ္တာ ရှိသနည်း။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး၊ အခြားလူတို့၏ နေ့စဉ် အသေးအဖွဲကိစ္စများကို အထူးကိုင်တွယ်ဖြေရှင်းသော တစ်စုံတစ်ဦး ဖြစ်သည်။ ငါသည် ထိုသို့သော အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရန် ဖြစ်သလော။ ငါသည် ထိုကိစ္စရပ်များကို လုံးဝ ဂရုမစိုက်။ သင်တို့သည် သင်တို့၏ ဘဝကို မည်သို့ အသက်ရှင်သည်၊ သင်တို့ အဘယ်အရာကို စားသုံးပြီး ဝတ်ဆင်သည်၊ သင်တို့ မည်သို့ ငွေရှာသည်၊ သင်တို့၏ စီးပွားရေးအခြေအနေ၊ သင်တို့၏ အိမ်နီးချင်းများနှင့် မည်သို့ အတူနေထိုင်သည်ဟူသည့် ထိုအရာများထဲမှ တစ်ခုကိုမျှ ငါ ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။ ဤသည်မှာ လူတို့ အယူအဆများ ထားရှိသောအခါ ခရစ်တော်အပေါ် ၎င်းတို့ ထားရှိသည့် သဘောထား ဖြစ်သည်။ အထူးသဖြင့် ၎င်းတို့သည် ခရစ်တော်၏ နှုတ်ကပတ်တော်များအပေါ် အယူအဆများ ဖြစ်ပေါ်လာသောအခါ သို့မဟုတ် ခရစ်တော်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများနှင့် လုံးဝ ဆန့်ကျင်သောအခါ အန္တိခရစ်များသည် ၎င်းတို့၏ အယူအဆများကို လက်လွှတ်ခြင်း သို့မဟုတ် သမ္မာတရားကို လက်ခံခြင်း မပြုသကဲ့သို့ ၎င်းတို့၏ အယူအဆများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်းလည်း မပြုပေ၊ ထိုအစား ၎င်းတို့သည် မိမိတို့၏ အယူအဆများကို စွဲကိုင်ထားပြီး ခရစ်တော် ပြောသည့်အရာကို မိမိတို့၏ စိတ်နှလုံးထဲ၌ တိတ်တဆိတ် ပြစ်တင်ရှုတ်ချကြသည်။
ဤနောက်ဆုံးသောကာလတွင် ဘုရားသခင်သည် နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအလုပ်ကို ဆောင်ရွက်နေသည်။ ဘုရားသခင်၏ နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့လာသည်နှင့်အမျှ ဂီတနှင့်သက်ဆိုင်သော အလုပ်၊ စာနှင့်ပတ်သက်သောအလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ် စသည့် မတူညီသော အတတ်ပညာများနှင့် သက်ဆိုင်သော အလုပ်အနည်းငယ်သည် ဘုရားအိမ်တော်၌ ပေါ်ပေါက်လာခဲ့သည်။ ဤအလုပ်ကို လုပ်ဆောင်နေစဉ်အတွင်း ခရစ်တော်သည်လည်း ဤအတတ်ပညာများနှင့် သက်ဆိုင်သော အလုပ်အချို့၌ ပါဝင်ခဲ့ပြီးဖြစ်သည်၊ အဓိကအားဖြင့် လမ်းညွှန်မှုပေးခြင်းနှင့် အမျိုးမျိုးသော အလုပ်များ၏ ဦးတည်ရာကို ဆုံးဖြတ်ပေးခြင်းအားဖြင့် ဖြစ်သည်၊ ကိုယ်တော်သည် ဤဘောင်အတွင်း၌ အလုပ်လုပ်သည်မှာ ပြောစရာမလိုချေ။ ခရစ်တော်သည် ဤနယ်ပယ်များနှင့် သက်ဆိုင်သော အသိပညာ သို့မဟုတ် ယေဘုယျ အချက်အလက်အချို့နှင့် အကျွမ်းတဝင် မရှိနိုင်ခြင်းမှာ မလွဲမသွေဖြစ်ပြီး ကိုယ်တော် နားမလည်သော အရာအချို့ ရှိကောင်းရှိနိုင်သည်။ ဤသည်မှာ အလွန် ပုံမှန်မဟုတ်လော။ လူအများစုအတွက်မူ ဤသည်မှာ လုံးဝ ပုံမှန်ဟု ထင်ရပြီး အရေးမကြီးသည့်ကိစ္စ ဖြစ်သည်၊ အကြောင်းမှာ လူတိုင်းသည် သင်ယူခြင်းလုပ်ငန်းစဉ်၌ ရှိနေပြီး ဘုရားသခင်၏ ဦးဆောင်မှုအောက်တွင် အလုပ်အမျိုးမျိုးသည် ပို၍ပို၍ ကောင်းမွန်လာနိုင်ရုံသာရှိကာ ပို၍ပို၍ ပြီးစီးသော ထုတ်ကုန်များနှင့် အရည်အသွေးမြင့်သော ရလဒ်များ ထုတ်လုပ်လာနိုင်သောကြောင့် ဖြစ်သည်။ သို့သော် အန္တိခရစ်များအတွက်မူ ဤသည်မှာ သေးငယ်သော ကိစ္စရပ်မဟုတ်ပေ။ ၎င်းတို့က “သင်သည် အချို့သော နယ်ပယ်တစ်ခုနှင့် လုံးဝ အကျွမ်းတဝင်မရှိ၊ မသိနားမလည်သည်ပင် ဖြစ်သည်။ ကျွန်ုပ်တို့ကို ဝင်ရောက်စွက်ဖက်ရန်၊ ညွှန်ကြားပြီး လမ်းညွှန်ရန် သင့်၌ အဘယ်အခွင့်အရေး ရှိသနည်း။ အဘယ်ကြောင့် သင်၏ စကားသည် အဆုံးအဖြတ် ဖြစ်သင့်သနည်း။ အဘယ်ကြောင့် ကျွန်ုပ်တို့အားလုံး သင့်စကားကို နားထောင်သင့်သနည်း။ သင့်ကို နားထောင်ခြင်းသည် မုချမှန်ကန်သလော။ သင့်စကားကို နားထောင်လျှင် လမ်းမှားကို လျှောက်လှမ်းမိမည်မဟုတ်ဘဲ ကျွန်ုပ်တို့၏ အလုပ်တွင် အမှားများလည်း ပြုလုပ်မိမည်မဟုတ် ဟူ၍ ဖြစ်သလော။ ယင်းနှင့်ပတ်သက်၍ ကျွန်ုပ် သိပ်မသေချာပါ” ဟု ဆိုကြသည်။ ခရစ်တော်သည် အလုပ်၌ လမ်းညွှန်မှုပေးသောအခါ လူအချို့သည် ယင်းကို သံသယဖြစ်သော သဘောထားဖြင့် ချဉ်းကပ်ကြသည်၊ “ကိုယ်တော်ပြောသည့်အရာက အဓိပ္ပာယ်ရှိမရှိနှင့် ကျွမ်းကျင်မှု၏ သင့်လျော်သော ဘောင်အတွင်း၌ ရှိမရှိ၊ ပြီးလျှင် ယင်းက ကျွန်ုပ်တို့၏ ကိုယ်ပိုင်စိတ်ကူးများထက် သာလွန်ကောင်းမွန်ခြင်း ရှိမရှိကို ဦးစွာ ကြည့်ကြစို့။ အကယ်၍ ရှိလျှင် ကျွန်ုပ်တို့ ယင်းကို လက်ခံပြီး ကိုယ်တော်၏ လမ်းညွှန်မှုကို လိုက်နာကြမည်၊ မရှိလျှင်မူ ကျွန်ုပ်တို့ အခြားရွေးချယ်မှုတစ်ခု ပြုလုပ်ကြမည်၊ အခြားနည်းလမ်းတစ်ခု ရှာကြမည်” ဟူ၍ ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်များသည် စိတ်ထဲ၌ လုံးဝ မနာခံလိုသော စိတ်ဓာတ်ကို ထားရှိကြသည်၊ “ကျွန်ုပ်တို့သည် ပညာရှင်များဖြစ်ပြီး ဤနယ်ပယ်၌ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ကြပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအလုပ်တာဝန်ကို မျက်စိမှိတ်ပြီးပင် ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။ သင်၏ လမ်းညွှန်မှုကို လိုက်နာခြင်းသည် ဟန်ပြလုပ်ဆောင်ခြင်းမျှသာ ဖြစ်မည် မဟုတ်လော။ အဘယ်ကြောင့် ကျွန်ုပ်တို့သည် သင့်စကားကို နားထောင်သင့်သနည်း။ သင်၏ အကြံပြုချက်များသည် တရားဝင်ပြောဆိုမှုမျှသာ မဟုတ်လော။ အကယ်၍ ကျွန်ုပ်တို့သည် သင့်စကားကို နားထောင်ခဲ့ပါက ယင်းက ကျွန်ုပ်တို့ကို အရည်အချင်း မရှိသူများအဖြစ် ပေါ်လွင်စေမည် မဟုတ်လော။ သို့သော် ယခု လူတိုင်း နားထောင်နေကြပြီး ကျွန်ုပ်သည် ထ၍ သင့်ကို ကန့်ကွက်၍မရပေ၊ အကြောင်းမှာ ဤသည်က ကျွန်ုပ်ကို အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်အရေးယူခြင်းသို့ ဦးတည်သွားနိုင်သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ် ခဏတာ ဟန်ဆောင်မည်၊ နားထောင်နေသကဲ့သို့ ဟန်ဆောင်မည်၊ ဟန်ပြလုပ်ဆောင်မည်၊ နောက်ပိုင်းတွင် မည်သည့်အရာကိုမျှ မထိခိုက်စေဘဲ ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်မည်” ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ ခရစ်တော်သည် သမ္မာတရားစည်းမျဉ်းများကို မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ကိုယ်တော်သည် အမှုအရာများကို မည်မျှပင် ရှင်းလင်းစွာ ရှင်းပြသည်ဖြစ်စေ အန္တိခရစ်များသည် မိမိတို့၏ ကိုယ်ပိုင် သတ်မှတ်ထားသော စိတ်ကူးများ အစဉ်ရှိကြပြီး ၎င်းတို့သည် အတတ်ပညာကို နားလည်သည်၊ ၎င်းတို့သည် ထိုနယ်ပယ်၌ ကျွမ်းကျင်သူများဖြစ်သည်ဟု အစဉ်ယုံကြည်ကြကာ ထို့ကြောင့် ခရစ်တော် မိတ်သဟာယဖွဲ့နေသော သမ္မာတရားစည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို နားလည်နိုင်ခြင်း မရှိကြပေ။ ခရစ်တော်သည် ၎င်းတို့၏ အတတ်ပညာများနှင့် သက်ဆိုင်သော အလုပ်အပေါ် လမ်းညွှန်မှုပေးသည့်အခါတိုင်း ယင်းသည် အန္တိခရစ်များအတွက် ၎င်းတို့၏ စွမ်းရည်များနှင့် အရည်အချင်းများကို ခရစ်တော်နှင့် နှိုင်းယှဉ်သည့် အခိုက်အတန့်တစ်ခု ဖြစ်လာသည်။ သာ၍ပင် ဆိုးသည်မှာ တစ်ခါတစ်ရံ ခရစ်တော်သည် ၎င်းတို့၏ အတတ်ပညာများနှင့် သက်ဆိုင်သော ကိစ္စရပ်များအကြောင်းကို ပြောဆိုသောအခါ အန္တိခရစ်များသည် ယင်းကို ခရစ်တော်က မသိနားမလည်မှုကို ပြသနေသည်ဟု မြင်ကြပြီး ၎င်းတို့သည် ခရစ်တော်ကို တိတ်တဆိတ် လှောင်ပြောင်ကာ စက်ဆုပ်ရွံရှာကြလျက် မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်ဘဲ မိမိတို့၏ အလုပ်၌ ခရစ်တော်၏ လမ်းညွှန်မှုကို ပို၍ပင် အတိုက်အခံလုပ်ပြီး အလွန်အမင်း မနှစ်မြို့ခြင်းကို ခံစားရကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ လုံးလုံးလျားလျား လက်မခံဘဲ ဤသို့ ဆိုကြသည်၊ “သင်က ကျွန်ုပ်တို့ကို ဤသို့လုပ်ပါ၊ ထိုသို့လုပ်ပါဟု ပြောသည်၊ သို့သော် သင် မည်သည့်အရာကို သိသနည်း။ ဤနယ်ပယ်များ၌ ပါဝင်သော အမျိုးမျိုးသော အဆင့်များကို သင် နားလည်ပါသလော။ ၎င်းတို့ မည်သို့ အလုပ်လုပ်သည်ဟူသော တိကျသည့် အသေးစိတ်အချက်အလက်များကို သင် သိပါသလော။ သင်က ကျွန်ုပ်တို့ကို ရုပ်ရှင်ရိုက်ကူးရေး၌ လမ်းညွှန်သည့်အခါ စစ်မှန်စွာ မည်သို့ သရုပ်ဆောင်ရမည် သို့မဟုတ် အသံကို မည်သို့ ဖမ်းယူရမည်ကို သင် သိပါသလော” ဟူ၍ ဖြစ်လေသည်။ ဤကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါတိုင်း အန္တိခရစ်များသည် မိမိတို့၏ စိတ်နှလုံးထဲ၌ အတတ်ပညာတစ်ခုစီတွင် ပါဝင်သော သမ္မာတရားစည်းမျဉ်းများကို စိတ်အားထက်သန်စွာ နားမထောင်ကြပေ။ ထိုအစား ၎င်းတို့သည် စိတ်ထဲ၌ ခရစ်တော်နှင့် တိတ်တဆိတ် ယှဉ်ပြိုင်ကြပြီး ခရစ်တော်ကို လှောင်ပြောင်ရန်နှင့် ပြက်ရယ်ပြုရန် ဘေးမှရပ်ကြည့်သူများအဖြစ်ပင် ရပ်တည်ကြကာ ၎င်းတို့၏ စိတ်နှလုံးများသည် မနာခံမှုဖြင့် ပြည့်နေသည်။ ၎င်းတို့သည် မိမိတို့၏ အလုပ်ကို သွားဆောင်ရွက်သောအခါ ဘုရားသခင် အဘယ်အရာ မိန့်မြွက်ခဲ့သည်ကို သိမြင်ရန် ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း မှတ်စုများကို ဦးစွာ ပြန်လည်သုံးသပ်ခြင်းဖြင့် အပေါ်ယံအားဖြင့် လုပ်ငန်းစဉ်ကို ဝတ်ကျေတမ်းကျေ လုပ်ကြပြီး ထို့နောက် ၎င်းတို့သည် အလုပ်စတင်ကာ အရာရာကို ယခင်နည်းလမ်းဟောင်းအတိုင်းပင် ပြုလုပ်ကြသည်။ လူအချို့က “ဘုရားက ထိုသို့ မပြောခဲ့၊ အဘယ်ကြောင့် သင်တို့ ဤသို့ ပြုလုပ်နေသနည်း” ဟု ဆိုကောင်းဆိုနိုင်သည်။ ထိုအခါ ၎င်းတို့က “ဘုရားက ထိုသို့ မပြောခဲ့ပေ၊ သို့သော် ဘုရားက အခြေအနေအမှန်ကို သိပါသလော။ ကျွန်ုပ်တို့သည် ယင်းကို အမှန်တကယ် ပြီးမြောက်အောင် လုပ်ဆောင်ရမည့်သူများ မဟုတ်လော။ ဘုရားက မည်သည့်အရာကို သိသနည်း။ ဘုရားက စည်းမျဉ်းတစ်ခုကိုသာ ပေးခဲ့သည်၊ သို့သော် ကျွန်ုပ်တို့သည် ယင်းကို အခြေအနေအမှန်အရ ကိုင်တွယ်ရမည်။ ဘုရား ဤနေရာတွင် ရှိနေခဲ့မည်ဆိုလျှင်ပင် ကျွန်ုပ်တို့သည် ယင်းကို ဤနည်းအတိုင်းပင် ကိုင်တွယ်ရမည် ဖြစ်သည်။ ဘုရား၏ နှုတ်ကပတ်တော်များက သမ္မာတရား ပါဝင်သောအခါ ကျွန်ုပ်တို့ နားထောင်ကြသည်၊ သို့သော် ယင်းက ပညာရပ်ဆိုင်ရာ အလုပ်အကြောင်းဖြစ်ပြီး သမ္မာတရား ပါဝင်ခြင်း မရှိသောအခါ ကျွန်ုပ်တို့က အဓိက ဆုံးဖြတ်သူများ ဖြစ်သည်” ဟု ပြန်လည်ဖြေကြားကြသည်။ ၎င်းတို့သည် ဘုရားသခင် မိတ်သဟာယဖွဲ့ခဲ့သော သမ္မာတရားစည်းမျဉ်းများကို နားထောင်ခဲ့ကြပြီး ယင်းတို့နှင့်ပတ်သက်၍ မှတ်စုများ ရေးမှတ်ခဲ့ကြကာ လူတိုင်းသည် လုပ်ငန်းစဉ်ကို ဖြတ်သန်းပြီး မှတ်စုများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး ဖြစ်သည်၊ သို့သော် အမှုအရာများကို မည်သို့ လုပ်ဆောင်သင့်သည်နှင့် ပတ်သက်လာသောအခါ မည်သူက ဆုံးဖြတ်ပိုင်ခွင့် ရှိသနည်း။ ၎င်းတို့၏ ကိစ္စတွင်မူ တန်ခိုးအာဏာကို ကိုင်စွဲထားသည်မှာ သမ္မာတရား မဟုတ်ဘဲ ခရစ်တော် တန်ခိုးအာဏာကိုင်စွဲခြင်းနှင့် သာ၍ပင် မည်သို့မျှ မသက်ဆိုင်ပေ။ သို့ဆိုလျှင် မည်သူက တန်ခိုးအာဏာကို ကိုင်စွဲထားသနည်း။ အန္တိခရစ်တစ်ဦးက တန်ခိုးအာဏာကို ကိုင်စွဲထားသည်၊ ယင်းမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိသော လူသားတစ်ဦး ဖြစ်သည်။ ၎င်းတို့၏ ရှုထောင့်အမြင်တွင် သမ္မာတရားသည် လေနှင့်တူသည်၊ ပေါ့ပေါ့ဆဆ ဖော်ပြပြီးနောက် ပြီးဆုံးသွားသော စကားလုံးများနှင့် အယူဝါဒများမျှသာ ဖြစ်သည်၊ လူတို့သည် မိမိတို့ လုပ်ဆောင်ရန် လိုအပ်သည့် မည်သည့်အရာကိုမဆို၊ မိမိတို့ လုပ်ဆောင်လိုသည့် မည်သည့်ပုံစံကိုမဆို ဆက်လက်လုပ်ဆောင်ကြသည်။ ထိုအချိန်က ၎င်းတို့သည် အလွန်ကောင်းမွန်စွာ သဘောတူခဲ့ကြပြီး ၎င်းတို့၏ သဘောထားသည် အလွန်အမင်း ရိုးသားပုံရသော်လည်း လက်တွေ့ဘဝသို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် အရာရာတိုင်း ပြောင်းလဲသွားသည်၊ ယင်းမှာ ထင်ရသကဲ့သို့ မဟုတ်ခဲ့ပေ။
အန္တိခရစ်များသည် လူ့ဇာတိခံယူသော ဘုရားသခင်အပေါ် အယူအဆများနှင့် အတိုက်အခံလုပ်မှုကို အစဉ်သဖြင့် ထားရှိပြီး စိတ်ထဲ၌ မယုံကြည်သောကြောင့် အခြေခံအားဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ လူ့ဇာတိခံယူသော ဘုရားသခင်ကို အသိအမှတ်မပြုကြပေ၊ ၎င်းတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုသာ ယုံကြည်ကြသည်။ ၎င်းတို့သည် ပေါလုကဲ့သို့ပင် ဖြစ်သည်၊ သူသည် လူ့ဇာတိခံယူသော ယေရှုကို အမှန်တကယ် ယုံကြည်လက်ခံရမည့်အစား အယူအဆများဖြင့် ပြည့်နေခဲ့သည်။ ထို့ကြောင့် သူရေးခဲ့သော ဩဝါဒစာများအားလုံးတွင် သူသည် ယေရှုကို မည်သည့်အခါမျှ သက်သေမခံခဲ့၊ ယေရှု၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မည်သည့်အခါမျှ သက်သေမခံခဲ့သည့်အပြင် သူ၌ ယေရှုအပေါ် ချစ်ခြင်းမေတ္တာ တစ်စုံတစ်ရာ ရှိမရှိကို မည်သည့်အခါမျှ မဆွေးနွေးခဲ့ပေ။ ဤအရာများသည် လူတို့ မြင်နိုင်သောအရာများ ဖြစ်သည်၊ ပေါလုသည် အန္တိခရစ်စစ်စစ်တစ်ဦး ဖြစ်သည်။ ယခု သင်တို့အားလုံးသည် ပေါလုက အန္တိခရစ်တစ်ဦး၏ စံနမူနာတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုနိုင်သည်။ အန္တိခရစ်များ၏ အမျိုးအစားနှင့် သက်ဆိုင်သောသူတို့သည် ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များမှာ သမ္မာတရားဖြစ်ကြောင်း အသိအမှတ်ပြုလျှင်ပင် ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ကြသလော။ ၎င်းတို့သည် ခရစ်တော်ကို ကျိုးနွံနာခံနိုင်ကြသလော။ ၎င်းတို့သည် ခရစ်တော်ကို သက်သေခံနိုင်ကြသလော။ ယင်းမှာ မတူညီသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော် ပြုသမျှအားလုံးကို ကျိုးနွံနာခံနိုင်ကြသလော။ အကယ်၍ ခရစ်တော်သည် အလုပ်ကို စီစဉ်ခြင်း သို့မဟုတ် တာဝန်ပေးခြင်း၊ လူတို့အား မည်သို့ ပြုလုပ်ရမည်ကို ညွှန်ကြားခြင်း ပြုပါက အန္တိခရစ်များ နာခံနိုင်ကြသလော။ ဤကိစ္စရပ်သည် လူတို့ကို အရှင်းလင်းဆုံး ဖော်ထုတ်သည်။ အန္တိခရစ်များ နာခံနိုင်ခြင်း မရှိပေ၊ ၎င်းတို့သည် ခရစ်တော်၏ နှုတ်ကပတ်တော်များကို လျစ်လျူရှုပြီး အရေးမပါသကဲ့သို့ သဘောထားကြသည်။ ထို့ကြောင့် ခရစ်တော်သည် မည်သည့်အလုပ်အတွက်မဆို မည်သို့သော တိကျသည့် လမ်းညွှန်မှုကို ပေးသည်ဖြစ်စေ၊ မည်သို့သော တာဝန်များကို ပေးအပ်သည်ဖြစ်စေ အန္တိခရစ်များသည် ယင်းတို့ကို မည်သည့်အခါမျှ အကောင်အထည်ဖော်မည် မဟုတ်ပေ။ အန္တိခရစ်များသည် ခရစ်တော်ကို ကျိုးနွံနာခံရန် လုံးဝ လိုလိုလားလား မရှိကြပေ။ ကိုယ်တော်သည် အလုပ်ကို မည်သို့ပင် စီစဉ်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများက ပို၍ အမြော်အမြင်ရှိသည်ဟု အစဉ်ယုံကြည်ပြီး မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်များကို လိုက်နာခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု တွေးထင်ကာ ယင်းကို ဆောင်ရွက်ရန် လိုလိုလားလား မရှိကြပေ။ အကယ်၍ သင်က ၎င်းတို့အား “အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ သင်တို့သည် အခြား သုံးလေးဦးနှင့် ပူးပေါင်းဆောင်ရွက်သင့်သည်၊ အတူတကွ တိုင်ပင်သင့်သည်၊ သမ္မာတရားစည်းမျဉ်းများအကြောင်းကို ပို၍ မိတ်သဟာယဖွဲ့သင့်ပြီး ထိုစည်းမျဉ်းများကို မချိုးဖောက်ဘဲ ယင်းတို့အတိုင်း ပြုမူသင့်သည်” ဟု ပြောလျှင် ၎င်းတို့ နားထောင်ကြမည်လော။ ၎င်းတို့သည် လုံးဝ နားမထောင်ကြပေ၊ ၎င်းတို့သည် ဤစကားများကို မိမိတို့၏ စိတ်ထဲမှ လွန်ခဲ့သောအချိန်ကတည်းက စွန့်ပစ်ခဲ့ပြီးဖြစ်ကာ မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိလိုကြသည်။ သင်က ၎င်းတို့အား “အကယ်၍ ဖြေရှင်း၍မရနိုင်သော ပြဿနာတစ်ခု ရှိပါက သင်သည် အထက်ထံမှ ရှာဖွေနိုင်သည်” ဟု ပြောသော်လည်း အမှန်တကယ် ပြဿနာတစ်ခုရှိပြီး လူတိုင်းက အထက်ထံမှ ရှာဖွေရန် စဉ်းစားသောအခါ အန္တိခရစ်များက “အဘယ်ကြောင့် ထိုသို့သော အရေးမပါသည့်ကိစ္စအတွက် မေးမြန်းရမည်နည်။ ယင်းက အထက်ကိုသာ အနှောင့်အယှက်ပေးလိမ့်မည်။ ကျွန်ုပ်တို့ကိုယ်တိုင် ယင်းကို ကိုင်တွယ်နိုင်သည်၊ မေးမြန်းရန် မလိုအပ်ပါ။ ကျွန်ုပ်တွင် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်၊ တစ်စုံတစ်ခု မှားယွင်းသွားပါက ကျွန်ုပ် အကျိုးဆက်များကို ခံယူမည်” ဟု ဆိုကြသည်။ ဤစကားများမှာ အလွန်နားထောင်ကောင်းလှပါသည်တကား၊ သို့သော် တစ်စုံတစ်ခု အမှန်တကယ် မှားယွင်းသွားသောအခါ ၎င်းတို့သည် အကျိုးဆက်များကို အမှန်တကယ် ခံယူနိုင်ကြသလော။ အကယ်၍ အသင်းတော်၏ အလုပ်က ဆုံးရှုံးမှုတစ်ခုကို ခံစားရပါက ၎င်းတို့သည် နောက်ဆက်တွဲအကျိုးဆက်ကို ခံယူနိုင်ကြသလော။ ဥပမာအားဖြင့် အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စုဝေးပွဲများကို စီစဉ်ရာ၌ သတိမမူသောကြောင့် စုဝေးပွဲတစ်ခုအတွင်း ညီအစ်ကိုမောင်နှမများ အဖမ်းခံခဲ့ရပြီး အချို့ကို အပျက်သဘောဆောင်ပြီး အားနည်းကာ တုံ့ဆိုင်းသွားစေပါက ထိုသို့သော တာဝန်ကို မည်သူ ခံယူနိုင်မည်နည်း။ အန္တိခရစ်များသည် ၎င်းတို့၏ စကားများ၌ တာဝန်ယူတတ်ကြသလော။ ၎င်းတို့သည် လုံးဝ တာဝန်မဲ့လိုက်ခြင်း။ ဤသည်မှာ အန္တိခရစ်များ အလုပ်အပေါ် ထားရှိသည့် သဘောထား ဖြစ်သည်။ ငါ့ကို ပြောလော့၊ အန္တိခရစ်များသည် ခရစ်တော် မိန့်မြွက်သော နှုတ်ကပတ်တော်များကို အမှန်တကယ် လက်ခံပြီး ကျိုးနွံနာခံနိုင်ကြပါသလော။ (မနာခံနိုင်ပါ။) အန္တိခရစ်များ၏ စိတ်နှလုံးများတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ခရစ်တော်ကို ကျိုးနွံနာခံခြင်းအပေါ် ၎င်းတို့၏ သဘောထားမှာ မည်သည့်အရာ ဖြစ်သနည်း။ စကားတစ်ခွန်းဖြင့်ဆိုရလျှင် ဆန့်ကျင်ခြင်း ဖြစ်သည်။ ၎င်တို့ ဆန့်ကျင်မြဲ ဆန့်ကျင်နေကြသည်။ ဤဆန့်ကျင်ခြင်းအတွင်းတွင် ပါဝင်သည့် စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ မနာခံခြင်းသည် ယင်းကို ဖြစ်ပေါ်စေသည့်အရာ ဖြစ်သည်။ စိတ်သဘောထားအရ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်သည်၊ မိမိတို့စိတ်နှလုံးများတွင် မနာခံမှု ရှိခြင်းဖြစ်သည်၊ ယင်းမှာ ၎င်းတို့ ကျိုးနွံနာခံလိုစိတ် မရှိခြင်းဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးက ဦးဆောင်ဆုံးဖြတ်မည့်အစား တွဲဖက်ညီစွာ ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်းကောင်း၊ အခြားသူများနှင့် အမှုကိစ္စများအား မည်သို့ဆွေးနွေးရမည်ကိုလည်းကောင်း သင်ယူကြဖို့အလို့ငှာ ဘုရားအိမ်တော်က ခေါင်းဆောင်များနှင့် အမှုဆောင်များကို စေခိုင်းသည့်အခါ အန္တိခရစ်များက မိမိတို့ စိတ်နှလုံးတွင် မည်သည့်အရာကို စဉ်းစားကြသနည်း။ “လူတို့နှင့် အရာရာတိုင်းကို ဆွေးနွေးခြင်းမှာ အလွန်ဒုက္ခများလွန်းသည်။ ဤအရာများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ ငါချနိုင်သည်။ အခြားသူများနှင့် အလုပ်လုပ်ခြင်း၊ ယင်းကို ၎င်းတို့နှင့် ဆွေးနွေးခြင်း၊ စည်းမျဉ်းအတိုင်း အမှုအရာများကို လုပ်ဆောင်ခြင်းတို့သည် အားနည်းပြီး ကသိကအောက်ဖြစ်စရာ ကောင်းလိုက်လေခြင်းပါတကား”ဟူ၍ ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်သည်၊ ၎င်းတို့အဖို့ အရာရာ ရှင်းလင်းသည်၊ ၎င်းတို့တွင် မိမိတို့ကိုယ်ပိုင် ထိုးထွင်းအမြင်များနှင့် အမှုအရာများကို လုပ်ဆောင်နည်းများရှိသည်ဟု အန္တိခရစ်များက တွေးထင်ကြသောကြောင့် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိကြချေ။ လူတို့နှင့် မည်သည့်အရာမျှ ၎င်းတို့ မဆွေးနွေးကြ။ အရာရာကို မိမိတို့သဘောအတိုင်း လုပ်ဆောင်ကြပြီး အခြားမည်သူ့ကိုမျှ အလျှော့မပေးကြချေ။ အန္တိခရစ်များက ၎င်းတို့ ကျိုးနွံနာခံရန် လိုလားလျက်ရှိပြီး အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုလားလျက်ရှိသည်ဟု နှုတ်အားဖြင့် ကြေညာသော်လည်း အပြင်ပန်းတွင် ၎င်းတို့၏ အဖြေများက မည်မျှ ကောင်းမွန်ပုံရပါစေ၊ ၎င်းတို့၏ စကားများက မည်မျှ ကြားကောင်းပါစေ ၎င်းတို့၏ ပုန်ကန်တတ်သော အခြေအနေကို ၎င်းတို့ မပြောင်းလဲနိုင်ကြ၊ ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများကို မပြောင်းလဲနိုင်ကြချေ။ သို့သော် စိတ်ထဲတွင် ၎င်းတို့သည် ကြမ်းကြုတ်ရက်စက်စွာ ဆန့်ကျင်တတ်ကြသည်။ မည်သည့် အတိုင်းအတာထိနည်း။ အသိပညာနှင့်ဆိုင်သည့် ဘာသာစကားဖြင့် ရှင်းပြရလျှင် ဤသည်မှာ မတူကွဲပြားသော သဘာဝနှစ်ခုကို အတူတကွ ထားရှိသည့်အခါ ဖြစ်ပေါ်သည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ပစ်ပစ်ခါခါငြင်းပယ်ခြင်း ဖြစ်သည်၊ ယင်းကို “ဆန့်ကျင်ခြင်း”ဟု ငါတို့ အနက်ပြန်နိုင်သည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထား အတိအကျ ဖြစ်သည်။ အထက်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အထက်ကို ဆန့်ကျင်ရန် နှစ်သက်ကြပြီး မည်သူ့ကိုမျှ မနာခံကြချေ။
အန္တိခရစ်များသည် ခရစ်တော်၏ နှုတ်ကပတ်တော်များနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့၌ သဘောထားတစ်ခုတည်းသာ ရှိသည်၊ ယင်းမှာ မနာခံခြင်း ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့၏ တစ်ခုတည်းသော လုပ်နည်းကိုင်နည်းမှာ ဆန့်ကျင်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ငါက “ငါတို့၏ ခြံဝင်းသည် အတော်ကျယ်ပြီး အရိပ်အာဝါသ မရှိပေ။ ဆောင်းရာသီတွင် နေရောင်သည် နေရာအနှံ့ ထွန်းလင်းသဖြင့် လူတို့ နေပူစာလှုံခွင့် ရကြသော်လည်း နွေရာသီတွင် အနည်းငယ် ပူသည်။ လျင်မြန်စွာ ကြီးထွားပြီး အနာဂတ်တွင် လုံလောက်သော အရိပ်အာဝါသကို ပေးမည့်၊ အတော်အသင့် သန့်ရှင်းပြီး နှစ်လိုဖွယ်ကောင်းသော အပင်များ ဖြစ်သည့် အပင်အချို့ကို ဝယ်ယူကြစို့” ဟု ဆိုသည်။ ဤနေရာတွင် စည်းမျဉ်း မည်မျှ ရှိသနည်း။ (သုံးခုဖြစ်ပါသည်။) တစ်ခုမှာ အပင်များ လျင်မြန်စွာ ကြီးထွားခြင်း၊ နောက်တစ်ခုမှာ အပင်များ သန့်ရှင်းပြီး အတော်အသင့် ကြည့်ကောင်းခြင်း၊ နောက်တစ်ခုမှာ ၎င်းတို့သည် အနာဂတ်တွင် လုံလောက်သော အရိပ်အာဝါသကို ပေးမည်ဖြစ်ပြီး ယင်းမှာ ၎င်းတို့၌ ထူထပ်သော အကိုင်းအခက်များနှင့် အရွက်များ ရှိရမည်ဟု ဆိုလိုသည်။ လူတို့သည် ဤစည်းမျဉ်းသုံးခုကိုသာ အကောင်အထည်ဖော်ရန် လိုအပ်သည်၊ မည်မျှ ဝယ်ရမည်၊ ၎င်းတို့ကို မည်သည့်နေရာ၌ စိုက်ရမည်၊ မည်သည့်အပင်အမျိုးအစားများ ဖြစ်သည်ကိုလည်း ငါ ၎င်းတို့အား အကြောင်းကြားခဲ့သည်။ ဤအလုပ်တာဝန်သည် အကောင်အထည်ဖော်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) ဤသည်မှာ ခက်ခဲသော အလုပ်တာဝန်အဖြစ် သတ်မှတ်သလော။ (မသတ်မှတ်ပါ။) ယင်းမှာ ခက်ခဲသော အလုပ်တာဝန်တစ်ခု မဟုတ်ပေ။ အဘယ်ကြောင့် မခက်ခဲသနည်း။ အပင်များ ရောင်းချသော နေရာများ ရှိသည်၊ ဘုရားအိမ်တော်က ရန်ပုံငွေကို ပံ့ပိုးပေးသည်၊ အပင်များ ဝယ်ယူရန်အတွက် အခြေခံအခြေအနေများအားလုံး ပြည့်စုံနေသည်။ ကျန်ရှိသည်မှာ လူတို့ ယင်းကို ဆောင်ရွက်ရန်သာ ဖြစ်သည်၊ ဤအလုပ်တာဝန်နှင့်ပတ်သက်၍ ခက်ခဲသည့်အရာ တစ်စုံတစ်ရာ မရှိပေ။ သို့သော် အန္တိခရစ်တစ်ဦးအတွက်မူ အခက်အခဲတစ်ခု ရှိသည်၊ “အဘယ်အရာဖြစ်သနည်း။ သစ်ပင်များ ဝယ်မည်ဟုဆိုသလော။ အရိပ်ရရန်နှင့် ပတ်ဝန်းကျင် သာယာလှပစေရုံသက်သက် ငွေကို သုံးမည်လော။ ထိုသို့ပြုခြင်းသည် ဇာတိပကတိ၏ သက်သာမှုကို တပ်မက်ခြင်း မဟုတ်လော။ ထိုငွေသည် ဘုရားသခင်ထံ ပူဇော်သော ပူဇော်သက္ကာဖြစ်သည်၊ ယင်းကို အလွန်ပင် မဆင်မခြင် သုံးစွဲနိုင်မည်လော။ အနည်းငယ် ပူပြင်းသည့်ဒဏ်ကို ခံရခြင်းက အဘယ်၍များ မှားသနည်း။ နေကို ဘုရားသခင်က ဖန်ဆင်းသည်၊ နေပူစာလှုံခြင်းက သင့်ကို သေစေမည်လော။ ထိုအရာကို နေရောင်ခြည်ကို ခံယူ၍ မိုးရေကို ခံစားခြင်းဟု ခေါ်သည်။ သင်သည် နေပူမခံလိုလျှင် အတွင်း၌သာ နေလော့။ ယခုမူကား ဤသက်သာမှုအတွက် သင်က ငွေသုံးလိုသည်တဲ့လော။ သင်သည် အိပ်မက်မက်နေသည်သာ ဖြစ်ရမည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့က ဤသို့ ဆင်ခြင်ကြသည်၊ “ဤကိစ္စတွင် ကျွန်ုပ်တစ်ဦးတည်း ဆုံးဖြတ်ပိုင်ခွင့် မရှိပါ။ တိုက်ရိုက် ကန့်ကွက်လိုက်လျှင်လည်း ကောင်းမည်မဟုတ်ပါ။ ကျွန်ုပ် ပြစ်တင်ရှုတ်ချခြင်း ခံရနိုင်သည့်အပြင် အခြားသူများကလည်း သဘောတူမည် မဟုတ်ပေ။ ထို့ကြောင့် ဤအကြောင်းကို ဆုံးဖြတ်ချက်ချသည့်အဖွဲ့ထံ ကျွန်ုပ် တင်ပြပါမည်။ ထို့အပြင် ညီအစ်ကိုမောင်နှမများကိုလည်း ၎င်းတို့၏ သဘောထားကို ဖော်ပြစေခြင်းသည် အကောင်းဆုံးဖြစ်ပေမည်။ ဆုံးဖြတ်ချက်ချသည့်အဖွဲ့က သဘောတူလျှင် ကျွန်ုပ်တို့ သစ်ပင်များကို ဝယ်မည်။ အကယ်၍ သူတို့ သဘောမတူပါက ညီအစ်ကိုမောင်နှမများ သဘောတူသည့်တိုင်အောင် ကျွန်ုပ်တို့ ဝယ်မည်မဟုတ်ပါ” ဟူ၍ ဖြစ်လေသည်။ ၎င်းတို့သည် လူတိုင်းကို စုဝေးစေပြီး ထိုကိစ္စကို ဖော်ပြကာ ထို့နောက် လူတိုင်းကို ဆွေးနွေးပြီး ၎င်းတို့၏ ထင်မြင်ယူဆချက်များကို ဖော်ပြခိုင်းသည်။ လူတိုင်းက “သစ်ပင်များ ဝယ်ယူခြင်းသည် ကောင်းသောကိစ္စဖြစ်ပြီး လူတိုင်းအတွက် အကျိုးရှိသည်” ဟု ဆိုကြသည်။ အန္တိခရစ်က ဤသည်ကို ကြားသောအခါ “ယင်းသည် မည်သို့များ ကောင်းသောကိစ္စ ဖြစ်ရသနည်း။ လူတိုင်း အကျိုးရှိရုံမျှဖြင့် သင့်တော်နိုင်မည်လော။ လူတိုင်းသည် မည်သူ၏ငွေဖြင့် အကျိုးခံစားနေရသနည်း။ ၎င်းသည် ဘုရားသခင်၏ငွေကို သုံးစွဲခြင်းဖြစ်ရာ ပူဇော်သက္ကာများကို ဖြုန်းတီးခြင်း မဟုတ်လော။ ဤသည်မှာ စည်းမျဉ်းများနှင့် ကိုက်ညီပါသလော” ဟု ဆိုသည်။ လူတိုင်းက “လူတိုင်း၏ အကျိုးအတွက်၊ လူတို့၏ အကျိုးစီးပွားအတွက် ပူဇော်သက္ကာများကို ဖြုန်းတီးခြင်းသည် အနည်းငယ် မလျော်ကန်ရာ ကျသည်ဟု ထင်ရပါသည်” ဟူ၍ တွေးဆကြသည်။ အပြန်ပြန်အလှန်လှန် ဆွေးနွေးပြီးနောက် နောက်ဆုံးဆုံးဖြတ်ချက်မှာ အပင်များ မဝယ်ရန် ဖြစ်သည်။ ထိုငွေကို ချွေတာရမည်၊ မည်သူက အမိန့်ပေးသည်ဖြစ်စေ ယင်းကို မလုပ်ဆောင်နိုင်ပေ။ ထိုသို့သော ဆွေးနွေးမှုတစ်ခုပြီးနောက် ကောက်ချက်တစ်ခု ထွက်ပေါ်လာသည်။ ကောက်ချက်မှာ အဘယ်နည်း။ “ဤတစ်ကြိမ် ခရစ်တော်၏ အမိန့်တော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ နောက်ဆုံးဆုံးဖြတ်ချက်မှာ ဆန့်ကျင်ကန့်ကွက်ရန် ဖြစ်ပြီး၊ ပူဇော်သက္ကာများကို သုံးစွဲမည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်ငွေကိုလည်း တစ်ပြားတစ်ချပ်မျှ ဖြုန်းတီးမည်မဟုတ်ပါ။ တိတိကျကျဆိုရလျှင် ယင်းက ဆိုလိုသည်မှာ သစ်ပင်များကို ဝယ်မည်မဟုတ်၊ ခြံဝင်းကိုလည်း စိမ်းလန်းစိုပြည်အောင် ပြုလုပ်မည်မဟုတ်ဟူ၍ ဖြစ်ပါသည်” ဟူ၍ဖြစ်သည်။ ဤသည်မှာ ချမှတ်ခဲ့သော ဆုံးဖြတ်ချက် ဖြစ်သည်။ သုံးလေးရက် ကြာသောအခါ အပင်များ မဝယ်ရသေးသည်ကို ငါ သတိပြုမိသဖြင့် “အဘယ်ကြောင့် သင်တို့ အပင်များ မဝယ်ကြသေးသနည်း” ဟု ငါ မေးသည်။ “အို၊ ကျွန်ုပ်တို့ မကြာခင် ဝယ်ပါ့မည်” ဟု ဆိုကြသည်။ ရာသီချိန် ရောက်လာပြီး အခြားသူများ၏ အပင်များ အရွက်များ ထွက်နေသည့်အခါ အဘယ်ကြောင့် ၎င်းတို့ တစ်ပင်မျှ မဝယ်ရသေးသနည်း။ စုံစမ်းမေးမြန်းသောအခါ ၎င်းတို့ ဆွေးနွေးပြီးနောက် အပင်များဝယ်ရန် သဘောမတူခဲ့ကြကြောင်း ငါ သိရှိရသည်၊ ငါ၏ စကားများသည် အချည်းနှီး ဖြစ်ခဲ့သည်။ တိုင်ပင်ခြင်း၊ ဆွေးနွေးခြင်းနှင့် ဆန်းစစ်လေ့လာခြင်းတို့ ပြုပြီးနောက် လူတိုင်းသည် ငါ၏ အမိန့်ကို ငြင်းပယ်ရန် စုပေါင်း၍ ဆုံးဖြတ်ခဲ့ကြပြီး ဤသို့ သွယ်ဝိုက်ပြောဆိုကြသည်၊ “ဤနေရာတွင် ကျွန်ုပ်တို့က စီမံဦးစီးသည်။ သင် ဘေးဖယ်နေပါ။ ဤသည်မှာ ကျွန်ုပ်တို့၏ အိမ်ဖြစ်သည်၊ ၎င်းသည် သင်နှင့် သက်ဆိုင်ခြင်းမရှိပါ” ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ မည်သို့သော လုပ်နည်းကိုင်နည်း ဖြစ်သနည်း။ ဤသည်မှာ ဆန့်ကျင်ခြင်း မဟုတ်လော။ ၎င်းတို့သည် မည်သည့်အတိုင်းအတာအထိ ဆန့်ကျင်နေကြသနည်း။ ၎င်းတို့၌ ဘုရားအိမ်တော်၏ ငွေတစ်ပြားတစ်ချပ်ကိုမျှ မဖြုန်းတီးရန်၊ ဘုရားသခင်၏ ပူဇော်သက္ကာများကို မသုံးစွဲရန် အခိုင်အမာပြောဆိုလျက် အခြေခံအကြောင်းပြချက်တစ်ခု ရှိသည်။ ဤအခြေခံအကြောင်းပြချက်နှင့်ပတ်သက်၍ သင်တို့ အဘယ်သို့ ထင်သနည်း။ ဤစကားများ မှန်ကန်သလော။ (မမှန်ကန်ပါ။) လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးပြီး အလွဲသုံးစားပြုသောသူများသည် မကြာခဏဆိုသလို ဤအန္တိခရစ်များပင် ဖြစ်ကြသည်။ ၎င်းတို့သည် ဆုံးဖြတ်ပိုင်ခွင့် ရလိုကြသဖြင့် မိုက်မဲပြီး အသိဉာဏ်ကင်းမဲ့ကာ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောသူတို့ကို အထင်အမြင်မှားစေရန် ဤသဘောတရားတစ်စုကို အကြံထုတ်ကြသည်။ အမှန်စင်စစ် လူအချို့သည် ယင်းကို ယုံစားပြီး ၎င်းတို့၏ စကားများအတိုင်း ပြုမူကြသော်လည်း ခရစ်တော်၏ နှုတ်ကပတ်တော်များမှာမူ အန္တိခရစ်များ၏ အဖျက်အမှောင့်လုပ်ခြင်းနှင့် တမင်ဖျက်ဆီးခြင်းတို့ကို ခံရကာ အကောင်အထည်ဖော်မှု၌ နှောင့်နှေးမှုများကို ဖြစ်စေသည်။ ဤပြဿနာ၏ အရင်းမြစ်မှာ အဘယ်မှာနည်း။ အဓိကအချက်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများသည် အန္တိခရစ်များ၏ ကြောင်သူတော်ဆန်ခြင်းကို ထိုးထွင်းသိမြင်နိုင်ခြင်းမရှိဘဲ ကိစ္စရပ်များ၏ အပေါ်ယံအသွင်အပြင်အားဖြင့် အစဉ်သဖြင့် အထင်အမြင်မှားစေခြင်းကို ခံရကာ အမှုအရာများ၏ အနှစ်သာရကို မသိမြင်နိုင်ခြင်း၌ တည်ရှိသည်။ အန္တိခရစ်များသည် ဤလူတို့အကြား၌ အာဏာရှင်ဆန်စွာ အတားအဆီးများကို ဖြစ်စေပြီး ဘုရားသခင် ရွေးချယ်ထားသောလူများထဲမှ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသူအချို့ကို ၎င်းတို့၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို မကြာခဏ ခံရစေသည်။
ခရစ်တော်က အသင်းတော်၌ ပြုလုပ်သည့် တိကျသော အလုပ်အစီအစဉ်နှင့် အမိန့်တိုင်းတွင် အနှောင့်အယှက်ဖြစ်စေသော အန္တိခရစ်များ မရှိပါက ယင်းတို့ကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်သည်။ သို့ရာတွင် အန္တိခရစ်တစ်ဦးက ဝင်ရောက်စွက်ဖက်သည်နှင့် တစ်ပြိုင်နက် ထိုအလုပ်တာဝန်သည် နှောင့်နှေးသွားပြီး အကောင်အထည်ဖော်နိုင်ခြင်း မရှိတော့ပေ။ တစ်ခါတစ်ရံ ခရစ်တော်က လူတို့အား ဆောင်ရွက်စေလိုသော အစီအစဉ်များနှင့် အမိန့်များကို အန္တိခရစ်များက အကြောင်းပြချက်တစ်ခုခုဖြင့် လုံးဝ ပယ်ချတတ်ကြသည်။ ထိုသို့ပြုလုပ်ရာတွင် ၎င်းတို့သည် လူတိုင်းပါဝင်သော ဆုံးဖြတ်ချက်ချသည့်ပုံစံတစ်ခုကို ကျင့်သုံးကြပြီး “ဤသည်မှာ ညီအစ်ကိုမောင်နှမများ၏ မဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်၊ ယင်းမှာ ကျွန်ုပ်တစ်ဦးတည်း၏ ပြောဆိုချက်မဟုတ်ဘဲ စုပေါင်းဆုံးဖြတ်ချက်၏ ရလဒ်ဖြစ်သည်” ဟု ဆိုကြသည်။ ဤသည်မှာ အဘယ်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ညီအစ်ကိုမောင်နှမများ၏ ဆုံးဖြတ်ချက်များသည် သမ္မာတရားနှင့် ကိုက်ညီကြောင်း၊ ပြဿနာတစ်ရပ် ပေါ်ပေါက်လာသောအခါ ညီအစ်ကိုမောင်နှမတို့၏ စုပေါင်းဆုံးဖြတ်ချက်သည် သမ္မာတရားက အာဏာကိုင်စွဲခြင်းကို ဆိုလိုကြောင်း ယင်းက သွယ်ဝိုက်ညွှန်းဆိုသည်။ သို့သော် တာဝန်ခံ အန္တိခရစ်တစ်ဦးက ခရစ်တော် မိန့်မြွက်သည့်အရာကို ဆန့်ကျင်သောအခါ ဤသည်မှာ သမ္မာတရားက တန်ခိုးအာဏာကို ကိုင်စွဲထားခြင်းလော။ ဤသည်မှာ စင်စစ်အားဖြင့် အန္တိခရစ်က တန်ခိုးအာဏာကို ကိုင်စွဲထားခြင်း ဖြစ်ကြောင်း သိသာထင်ရှားပေသည်။ အန္တိခရစ်တစ်ဦးက အခြေအနေတစ်ခုလုံးကို ထိန်းချုပ်နေသည့်အခါ သမ္မာတရားက တန်ခိုးအာဏာကို ကိုင်စွဲထားသည်ဟု ဆိုခြင်းသည် အဓိပ္ပာယ်မဲ့ပြီး လှည့်ဖြားခြင်း မဟုတ်လော။ အန္တိခရစ်များသည် အမှန်ပင် ဟန်ဆောင်ခြင်း၌ ကျွမ်းကျင်လှပါတကား။ ခရစ်တော်က ၎င်းတို့ကို တစ်စုံတစ်ခု အကောင်အထည်ဖော်ရန် တောင်းဆိုသောအခါ ယင်းမှာ ဘုရားသခင်၏ ပြုလုပ်မှုဖြစ်ကြောင်း၊ ကိုယ်တော်သည် လူတိုင်းအတွက် အလေးထားသောအားဖြင့် ပြုမူနေခြင်းဖြစ်ကြောင်း လူတိုင်းအား သိစေပြီး လူတိုင်းသည် ဘုရားသခင်၏ ကျေးဇူးတော်အတွက် ကျေးဇူးတင်ကြသောအခါ ယင်းက အန္တိခရစ်များကို မနှစ်မြို့စေဘဲ ကသိကအောက် ဖြစ်စေသည်။ ထို့နောက် ၎င်းတို့သည် နှောင့်ယှက်ရန်နှင့် ဖျက်ဆီးရန် နည်းလမ်းများကို ဦးနှောက်ခြောက်အောင် စဉ်းစားကြသည်။ သို့ရာတွင် အကယ်၍ အစပြုလုပ်ဆောင်မှုသည် ၎င်းတို့ထံမှဖြစ်ပြီး အဆုံးတွင် လူတိုင်းက သူတို့ကို နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်၍ အသိအမှတ်ပြုကြမည်ဆိုလျှင် ၎င်းတို့သည် မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခါးစည်းခံရန် လိုလားလျက် ထိုအမှုကို မည်သူ့ထက်မဆို ပို၍ တက်ကြွစွာ အကောင်အထည် ဖော်ကြသည်။ အန္တိခရစ်များကဲ့သို့သော ထိုသို့သောလူများသည် စက်ဆုပ်ရွံရှာဖွယ် မကောင်းလော။ (ကောင်းပါသည်။) ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ (ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ဖြစ်ပါသည်။) အန္တိခရစ်များသည် ဟန်ဆောင်နိုင်စွမ်းရှိကြပြီး အခြားသူများကို အထင်အမြင်မှားစေကာ ဆွဲဆောင်သိမ်းသွင်းရန် လူကောင်းများအဖြစ် ဟန်ဆောင်ကြလျက် မိမိတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသကဲ့သို့ပင် ဟန်ဆောင်ကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ သင်တို့သည် မည်သည့်သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြသနည်း။ သင်တို့သည် ခရစ်တော်ပေးသော နှုတ်ကပတ်တော်များနှင့် အမိန့်များကို ပယ်ချကြသည်။ ၎င်းတို့ကို ကျိုးနွံနာခံကာ အကောင်အထည်ဖော်နိုင်စွမ်းလည်း မရှိကြပေ။ သင်တို့ လက်တွေ့လုပ်ဆောင်သည်ဟု အခိုင်အမာဆိုသော သမ္မာတရားသည် အဘယ်မှာနည်း။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်သူများ ဟုတ်သလော။ သင်တို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် ဆက်ဆံကြသလော။ သင်တို့ယုံကြည်သော ဘုရားသခင်သည် သင်တို့၏ လုပ်ဖော်ကိုင်ဖက်မဟုတ်၊ သင်တို့၏ အလုပ်ဖော်မဟုတ်၊ သင်တို့၏ သူငယ်ချင်းမဟုတ်ပေ၊ ကိုယ်တော်သည် ခရစ်တော် ဖြစ်သည်၊ ကိုယ်တော်သည် ဘုရားသခင် ဖြစ်တော်မူသည်တကား။ သင်တို့ ဤသည်ကို မသိမြင်ကြလေသလော။ ခရစ်တော်၏ နှုတ်ကပတ်တော်များကို အစဉ်သဖြင့် ဆန်းစစ်လေ့လာပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ ယင်းတို့၏ မှန်ကန်မှုကို ပိုင်းခြားသိမြင်ရန် ကြိုးစားလျက် ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆနေခြင်းသည် သင်တို့သည် မှားယွင်းသောနေရာ၌ ရပ်တည်နေခြင်း မဟုတ်လော။ အန္တိခရစ်များသည် လူတို့၏ စကားများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆန်းစစ်လေ့လာရာ၌ ကျွမ်းကျင်ကြပြီး အဆုံးတွင် ၎င်းတို့သည် ဤမရပ်မနားသော စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမှုကို ခရစ်တော်အပေါ်၌ပင် အသုံးချကြသည်။ ခရစ်တော်ကို ဤနည်းလမ်းဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆက်ဆံခြင်းသည် ဘုရားသခင်၏ နောက်လိုက်များလော။ ၎င်းတို့သည် မယုံကြည်သူများမျှသာ မဟုတ်လော။ ၎င်းတို့သည် ခရစ်တော်ကို အစဉ်သဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကြသော်လည်း ခရစ်တော်၏ ဘုရားသဘောသဘာဝ အနှစ်သာရကို ၎င်းတို့ နားလည်နိုင်ကြသလော။ ၎င်းတို့သည် ခရစ်တော်ကို ပို၍ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလေ ၎င်းတို့ ပို၍ သံသယဖြစ်လာလေဖြစ်ပြီး နောက်ဆုံးတွင် ခရစ်တော်သည် သာမန်လူတစ်ဦးဖြစ်သည်ဟု ကောက်ချက်ချကြသည်။ ၎င်းတို့၌ စစ်မှန်သော ယုံကြည်ခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း တစ်စုံတစ်ရာ ကျန်ရှိသေးသလော။ လုံးဝမရှိတော့ပေ။ အန္တိခရစ်တစ်ဦး၏ စိတ်နှလုံးထဲ၌ ခရစ်တော်ကို သာမန်လူတစ်ဦးအဖြစ်မျှသာ မှတ်ယူကြသည်။ ခရစ်တော်ကို လူသားတစ်ဦးအဖြစ် ဆက်ဆံခြင်းသည် ၎င်းတို့အတွက် သဘာဝကျပုံရသဖြင့် ၎င်းတို့သည် ခရစ်တော်၏ နှုတ်ကပတ်တော်များနှင့် အမိန့်များကို လျစ်လျူရှုနိုင်သည်၊ အလေးအနက်မထားဘဲ စုဝေးပွဲများအတွင်း ဆွေးနွေးခြင်းနှင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းအတွက်သာ ထုတ်ဖော်ပြောဆိုနိုင်သည်ဟု ၎င်းတို့ ခံစားကြရသည်။ အဆုံးတွင် အမှုအရာများကို မည်သို့လုပ်ဆောင်ရမည်ကို ဆုံးဖြတ်သူမှာ ဘုရားသခင်မဟုတ်ဘဲ အန္တိခရစ် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်ကို အဘယ်အရာအဖြစ် ရှုမြင်ကြသနည်း။ ၎င်းတို့သည် ကိုယ်တော်ကို သာမန်ခေါင်းဆောင်တစ်ဦးအဖြစ်သာ ရှုမြင်ကြပြီး ခရစ်တော်ကို ဘုရားသခင်အဖြစ် လုံးဝ ဆက်ဆံခြင်းမရှိပေ။ ဤသည်မှာ ပေါလု၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် သဘာဝ အတူတူပင် မဟုတ်လော။ ပေါလုသည် သခင်ယေရှုကို ဘုရားသခင်အဖြစ် မည်သည့်အခါမျှ မဆက်ဆံခဲ့၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မစားသုံးခဲ့သကဲ့သို့ သခင်ယေရှုကို ကျိုးနွံနာခံရန်လည်း မလိုက်စားခဲ့ပေ။ သူက မိမိအသက်ရှင်ခြင်းသည် ခရစ်တော်ဖြစ်သည်ဟု အစဉ်ထင်မှတ်ခဲ့ပြီး သခင်ယေရှုကို အစားထိုးရန် ကြိုးပမ်းခဲ့ကာ အကျိုးဆက်အားဖြင့် သူသည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို လက်ခံရရှိခဲ့သည်။ သင်တို့သည် ခရစ်တော်က လူ့ဇာတိခံယူသော ဘုရားသခင် ဖြစ်ကြောင်း လက်ခံပြီးဖြစ်သည့်အတွက် ခရစ်တော်ကို ကျိုးနွံနာခံသင့်သည်။ ခရစ်တော် မည်သို့ပင် မိန့်မြွက်သည်ဖြစ်စေ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှန်ကန်ခြင်း ရှိမရှိကိုဖြစ်စေ၊ သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိကိုဖြစ်စေ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ဆွေးနွေးခြင်း မပြုဘဲ လက်ခံကာ ကျိုးနွံနာခံသင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်တို့ ဆန်းစစ်လေ့လာပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန်အတွက် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ ကျိုးနွံနာခံပြီး အကောင်အထည် ဖော်ရန်အတွက် ဖြစ်သည်။ အမှုအရာများကို မည်သို့လုပ်ဆောင်သွားရမည်နှင့် အကောင်အထည်ဖော်ရန် အဆင့်များကို မည်သို့ဆုံးဖြတ်ရမည်မှာ သင်တို့ မိတ်သဟာယဖွဲ့ပြီး ဆွေးနွေးရမည့် နယ်ပယ်ဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့ စိတ်နှလုံးတွင် ခရစ်တော်၏ ဘုရားသဘာဝကို အမြဲ သံသယထားပြီး မနာခံသော စိတ်သဘောထား အမြဲ ရှိကြသောကြောင့် ခရစ်တော်က ၎င်းတို့ကို အမှုအရာများ လုပ်ဆောင်ရန် တောင်းဆိုသောအခါ ယင်းတို့ကို အမြဲ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆွေးနွေးကြသကဲ့သို့ ယင်းတို့သည် မှန်ကန်ခြင်း ရှိမရှိ၊ မှားယွင်းခြင်း ရှိမရှိဆိုသည်ကို လူတို့အား မေးမြန်းကြသည်။ ဤသည်မှာ အလွန်ဆိုးရွားသော ပြဿနာလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဤအရာများကို သမ္မာတရားအား ကျိုးနွံနာခံခြင်း ရှုထောင့်အမြင်မှ ချဉ်းကပ်ခြင်း မရှိကြချေ။ ထိုအစား ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြင့် ယင်းတို့ကို ချဉ်းကပ်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထား ဖြစ်သည်။ ခရစ်တော်၏ အမိန့်များနှင့် အလုပ်အစီအစဉ်များကို ၎င်းတို့ ကြားသည့်အခါ ယင်းတို့ လက်ခံကာ ကျိုးနွံနာခံခြင်းမရှိဘဲ စတင် ဆွေးနွေးကြသည်။ မည်သည့်အရာကို ၎င်းတို့ ဆွေးနွေးကြသနည်း။ ကျိုးနွံနာခံခြင်းကို မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို ၎င်းတို့ ဆွေးနွေးကြသလော။ (မဆွေးနွေးပါ။) ခရစ်တော်၏ စကားများနှင့် အမိန့်များက မှန်ကန်ခြင်း ရှိမရှိ၊ မှားယွင်းခြင်း ရှိမရှိဆိုသည်ကို ဆွေးနွေးကြပြီး ယင်းတို့ကို ဆောင်ရွက်သင့်ခြင်း ရှိမရှိဆိုသည်ကို ဆန်းစစ်ကြသည်။ ၎င်းတို့၏ သဘောထားသည် ဤအရာများကို တကယ် ဆောင်ရွက်လိုသည့် သဘောထားဖြစ်သလော။ မဟုတ်ပါ။ ၎င်းတို့သည် ပိုများသောလူတို့ကို မိမိတို့ကဲ့သို့ဖြစ်ရန် ဤအရာများကို မလုပ်ဆောင်ရန် တိုက်တွန်းအားပေးကြသည်။ ယင်းတို့ကို မလုပ်ဆောင်ခြင်းသည် ကျိုးနွံနာခံမှု သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သလော။ မဟုတ်သည်မှာ သိသာသည်။ သို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေကြသနည်း။ (ဆန့်ကျင်နေကြသည်။) ၎င်းတို့ကိုယ်တိုင်က ဘုရားသခင်ကို ဆန့်ကျင်နေကြသည်သာမက စုပေါင်း ဆန့်ကျင်မှုကို မျှော်လင့်စောင့်စားကြသည်။ ဤသည်မှာ ၎င်းတို့ လုပ်ရပ်များ၏ သဘောသဘာဝ ဖြစ်သည် မဟုတ်လော။ စုပေါင်း ဆန့်ကျင်မှုသည် ခရစ်တော်၏ ဆုံးဖြတ်ချက်နှင့် အမိန့်များကို စုပေါင်း ဆန့်ကျင်ရင်း လူတိုင်းကို ၎င်းတို့ကဲ့သို့ ဖြစ်စေခြင်း၊ လူတိုင်းကို ၎င်းတို့ကဲ့သို့ တွေးစေခြင်း၊ ၎င်းတို့ကဲ့သို့ ပြောစေခြင်း၊ ၎င်းတို့ကဲ့သို့ ဆုံးဖြတ်စေခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ လုပ်နည်းလုပ်ဟန် ဖြစ်သည်။ အန္တိခရစ်များ၏ ယုံကြည်လက်ခံမှုမှာ “လူတိုင်းလုပ်လျှင် ပြစ်မှုမဟုတ်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ထိုသို့ဖြစ်ပါက ဘုရားအိမ်တော်က ၎င်းတို့ကို လုပ်နိုင်သည့်အရာ မည်သည့်အရာမျှ ရှိလိမ့်မည်မဟုတ်ဟု တွေးထင်လျက် ၎င်းတို့နှင့်အတူတကွ ဘုရားသခင်ကို ဆန့်ကျင်ရန် အခြားသူများကို ၎င်းတို့ တိုက်တွန်းကြသည်။ ဤသည်မှာ မိုက်မဲသည် မဟုတ်လော။ ဘုရားသခင်ကို ဆန့်ကျင်ရန် အန္တိခရစ်များ၏ ကိုယ်ပိုင် အစွမ်းအစမှာ အလွန် နည်းပါးသည်၊ ၎င်းတို့ တစ်ကိုယ်တည်းသာ ရှိကြသည်။ ထို့ကြောင့် ၎င်းတို့ စိတ်နှလုံးထဲတွင် “ငါသည် လူတစ်စုကို အထင်အမြင်မှားစေပြီး ငါလုပ်သည့်အတိုင်း သူတို့ကို စဉ်းစားကာ ဆောင်ရွက်စေမည်။ ငါတို့အတူတူ ခရစ်တော်၏ စကားများကို ငြင်းကာ ဘုရား၏ နှုတ်ကပတ်တော်များကို ဟန့်တားပြီး အကျိုးဖြစ်ထွန်းလာခြင်း မရှိအောင်တားမည်။ ငါ၏ အလုပ်ကို တစ်စုံတစ်ဦးက လာစစ်ဆေးသည့်အခါ ယင်းကို ဤသို့လုပ်ဆောင်ရန် လူတိုင်း ဆုံးဖြတ်ကြသည်ဟု ငါ ပြောမည်။ ထို့နောက် ယင်းကို သင် မည်သို့ ကိုင်တွယ်မည်ကို ငါတို့ ကြည့်မည်။ သင့်အတွက် ထိုအရာကို ငါလုပ်မည်မဟုတ်။ ဤအရာကို ငါ ဆောင်ရွက်မည်မဟုတ်။ ပြီးလျှင် ငါ့ကို သင် မည်သည့်အရာ လုပ်မည်ဆိုသည်ကို ကြည့်ကြစို့” ဟု တွေးလျက် ဘုရားသခင်ကို စုပေါင်း ဆန့်ကျင်ရန် လူတို့ကို စည်းရုံးဖို့ ၎င်းတို့ ကြိုးစားကြလေသည်။ ၎င်းတို့၌ တန်ခိုးအာဏာရှိသည်၊ ဘုရားအိမ်တော်က ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သကဲ့သို့ ခရစ်တော်လည်း မလုပ်ဆောင်နိုင်ဟု ၎င်းတို့ ထင်ကြသည်။ သင်တို့ အဘယ်သို့ ထင်သနည်း၊ ထိုသို့သောလူစားမျိုးကို ကိုင်တွယ်ရန် လွယ်ကူသလော။ ဤလူစားမျိုးကို မည်သို့ ကိုင်တွယ်သင့်သနည်း။ အရှင်းဆုံးနည်းလမ်းမှာ ၎င်းတို့ကို ထုတ်ပယ်ပြီး စုံစမ်းစစ်ဆေးရန် ဖြစ်သည်။ နတ်ဆိုးတစ်ကောင်က မိမိကိုယ်ကို ထုတ်ဖော်သည်နှင့်တစ်ပြိုင်နက် ယင်းကို ကန်ချက်တစ်ချက်တည်းဖြင့် ဖယ်ရှားရှင်းလင်းလော့၊ သို့ဆိုလျှင် ပြီးဆုံးသွားပြီ ဖြစ်သည်။ ဘုရားအိမ်တော်က သင့်ကို ခေါင်းဆောင်တစ်ဦးဖြစ်ရန် ခွင့်ပြုသော်လည်း သင်သည် ကျိုးနွံနာခံခြင်းမရှိဘဲ ဘုရားသခင်ကို ဆန့်ကျင်ရန်ပင် ရဲတင်းသည်၊ သင်သည် နတ်ဆိုးတစ်ကောင် မဟုတ်လော။ ဘုရားအိမ်တော်က သင့်ကို ခေါင်းဆောင်ရန် တာဝန်ပေးအပ်သည်မှာ သင်သည် လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်နိုင်ရန်၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ကျိုးနွံနာခံနိုင်ရန်နှင့် သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ရန်အတွက် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး ကျိုးနွံနာခံသင့်သည်၊ ဘုရားသခင် မည်သို့ပင် မိန့်မြွက်သည်ဖြစ်စေ သင်သည် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်ခံပြီး အကောင်အထည်ဖော်သင့်သည်၊ ကိုယ်တော့်ကို ဆန့်ကျင်ရန် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းကို သင်၏ တာဝန်အဖြစ် မှတ်ယူခဲ့သည်၊ သို့ဖြစ်လျှင် စိတ်မကောင်းပေ၊ သင့်ကို ထုတ်ပယ်ခြင်းသည် အရှင်းဆုံးသော ဖြေရှင်းနည်း ဖြစ်သည်။ ဘုရားအိမ်တော်၌ သင့်ကို အသုံးပြုရန် အခွင့်အာဏာရှိသကဲ့သို့ သင့်ကို ထုတ်ပယ်ရန်လည်း အခွင့်အာဏာရှိသည်။ လူအချို့က “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးအဖြစ် ကောင်းမွန်စွာ ထမ်းဆောင်နေခဲ့ပါလျက် အဘယ်ကြောင့် ကျွန်ုပ် ထုတ်ပယ်ခံခဲ့ရသနည်း။ ဤသည်မှာ ကြိတ်စရာကုန်၍ မြည်းကိုသတ်ပစ်ခြင်းပင် မဟုတ်လော” ဟု ဆိုကြသည်။ သင် ထုတ်ပယ်ခံခဲ့ရသည့်အခါ သင် အမှန်တကယ် ကောင်းကောင်းမွန်မွန် ထမ်းဆောင်နေခဲ့သလော။ မည်သို့ပင် လေ့ကျင့်ပေးစေကာမူ သင့်လျော်သော အလုပ်တာဝန်များကို အာရုံမစိုက်ဘဲ စိတ်အပြောင်းအလဲမြန်ကာ ကန်ကျောက်ပြီး ကိုက်ခဲသော မြည်းတစ်ကောင်သည် “ကြိတ်စရာ ကုန်သောအခါ” အသတ်ခံရမည်မှာ အမှန်ပင် ဖြစ်သည်။ ယင်းကို မည်သည့်အချိန်တွင် သတ်ရမည်မှာမူ ယင်း၏ စွမ်းဆောင်ရည်အပေါ် မူတည်သည်။ ငါ့ကို ပြောလော့၊ လူတစ်ဦးတလေသည် မြည်းကောင်းတစ်ကောင်ကို လိုလိုလားလား ဖယ်ရှားပစ်မည်လော။ ကြိတ်ခွဲနေစဉ်အတွင်း မြည်းသည် အရေးအကြီးဆုံးနှင့် အရေးအပါဆုံးသော ကူညီသူ ဖြစ်သည်။ ယင်းကို အလိုအပ်ဆုံးအချိန်တွင် မည်သူမဆို မြည်းကို သတ်ရန်၊ ကြိတ်ခွဲခြင်းကို ရပ်တန့်ရန်နှင့် ကောက်နှံမရှိဘဲ နေရန်အထိ မိုက်မဲမည်လော။ မည်သူက ထိုသို့ ပြုလုပ်သနည်း။ (မရှိပါ။) ဤသို့ဖြစ်ပွားမည့် အခြေအနေတစ်ခုတည်းသာ ရှိသည်၊ မြည်းသည် လေ့ကျင့်မှုကို နာခံမည်မဟုတ်ဘဲ ဆက်လက်၍ ရိုင်းစိုင်းစွာ ကန်ကျောက်ပြီး ကိုက်ခဲကာ မည်သည့်အရာကိုမျှ ကြိတ်ခွဲရန် မဖြစ်နိုင်တော့သည့် အခြေအနေဖြစ်၏။ ထိုအခါ သင်သည် ကြိတ်ခွဲခြင်းကို ရပ်ပြီး မြည်းကို သတ်ရမည် ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကိစ္စနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသောသူတို့သည် ယင်းကို ရှင်းလင်းစွာ မြင်နိုင်သည်။ သို့ဆိုလျှင် မနာခံတတ်သော၊ ဆိုဆုံးမရခက်သော၊ မည်သည့်အလုပ်ကိုမျှ အကောင်အထည်မဖော်နိုင်သော အန္တိခရစ်များကို မည်သို့ ကိုင်တွယ်သင့်သနည်း။ အရှင်းဆုံးနည်းလမ်းမှာ ၎င်းတို့ကို ၎င်းတို့၏ ရာထူးနေရာများမှ ဦးစွာ ထုတ်ပယ်ရန် ဖြစ်သည်။ လူအချို့က “ထုတ်ပယ်လိုက်ရုံဖြင့် ပြီးဆုံးသွားပြီလော” ဟု မေးကြသည်။ အဘယ်ကြောင့် အလျင်လိုနေရသနည်း။ ၎င်းတို့၏ အပြုအမူကို စောင့်ကြည့်လော့။ ၎င်းတို့ ထုတ်ပယ်ခံရပြီး ၎င်းတို့၏ တန်ခိုးအာဏာကို ဆုံးရှုံးသွားသည်နှင့်တစ်ပြိုင်နက် အကယ်၍ ၎င်းတို့သည် ဘုရားအိမ်တော်၌ ဆက်လက်၍ အလုပ်လုပ်ပေးနိုင်သေးပါက ၎င်းတို့ကို နှင်ထုတ်မည် မဟုတ်ပေ။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် အလုပ်လုပ်ပေးရမည့်အစား အယူအဆများကို ဖြန့်ဝေခြင်း၊ မကောင်းမှုပြုလုပ်ခြင်းနှင့် နေရာတိုင်း၌ အနှောင့်အယှက်များ ဖန်တီးခြင်းတို့ဖြင့် အရာရာကို ပိုမိုဆိုးရွားစေပါက စည်းမျဉ်းများအရ ၎င်းတို့ကို နှင်ထုတ်ရမည် ဖြစ်သည်။ ခြုံကြည့်သော် အန္တိခရစ်များတွင် ပေါ်လွင်ထင်ရှားသည့် ဤအရာများသည် မနှစ်သက်ဖွယ် ဖြစ်သည် မဟုတ်လော။ (အလွန့်အလွန် မနှစ်သက်ဖွယ် ဖြစ်သည်။) ပြီးလျှင် မည်သည့်အရာက ထိုအရာများကို မနှစ်သက်ဖွယ် ဖြစ်စေသနည်း။ ဤအန္တိခရစ်များသည် ဘုရားသခင်၏ အိမ်တော်တွင် အာဏာသိမ်းလိုကြသည်၊ ခရစ်တော်၏ စကားများကို ၎င်းတို့ အကောင်အထည်ဖော်နိုင်ခြင်း မရှိကြချေ။ ယင်းတို့ကို ၎င်းတို့က ဆောင်ရွက်ကြမည်မဟုတ်။ ခရစ်တော်၏ စကားများကို လူတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိကြသည့်အခါ အခြားသော အခြေအနေမျိုးလည်း ပါဝင်ပတ်သက်နိုင်သည်မှာ အမှန်ဖြစ်သည်။ အချို့သော လူတို့သည် အစွမ်းအစ ညံ့ကြသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြားသည့်အခါ ၎င်းတို့ နားမလည်နိုင်ကြသကဲ့သို့ ယင်းတို့ကို မည်သို့ ဆောင်ရွက်ရမည်ကို မသိကြချေ။ မည်သို့ဆောင်ရွက်ရမည်ကို ၎င်းတို့အား သင်က သင်ပေးလျှင်ပင် ၎င်းတို့ မလုပ်နိုင်ကြသေးချေ။ ဤသည်မှာ ကွဲပြားခြားနားသော ကိစ္စတစ်ခု ဖြစ်သည်။ ယခု ငါတို့ မိတ်သဟာယပြုနေသည့် အကြောင်းအရာသည် အန္တိခရစ်များ၏ အနှစ်သာရ ဖြစ်သည်။ ယင်းသည် အမှုကိစ္စများကို လူတို့ လုပ်နိုင်စွမ်းရှိခြင်း မရှိခြင်း၊ သို့မဟုတ် ၎င်းတို့၏ အစွမ်းအစက မည်သည့်အရာနှင့် တူသည်ဆိုသည်နှင့် မဆက်နွှယ်ပေ။ အန္တိခရစ်များ၏ စိတ်သဘောထား၊ အနှစ်သာရတို့နှင့် ဆက်နွှယ်ပေသည်။ ၎င်းတို့သည် ခရစ်တော်၊ ဘုရားအိမ်တော်၏ အလုပ် အစီအစဉ်များနှင့် သမ္မာတရား စည်းမျဉ်းများကို လုံးဝ ဆန့်ကျင်ကြသည်။ ၎င်းတို့တွင် ကျိုးနွံနာခံမှုမရှိ၊ ဆန့်ကျင်မှုသာ ရှိသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ဖြစ်သည့်အရာ ဖြစ်သည်။
အောက်ပါအခြေအနေသည် ယခင်က ဖော်ပြခဲ့သော အန္တိခရစ်များ၏ သရုပ်သကန်များအနက် မည်သည့်အမျိုးအစားအောက်တွင် ကျရောက်သည်ကို ဆင်ခြင်သုံးသပ်ပြီး ပိုင်းခြားသိမြင်လော့။ နေ့စဉ် မိုးသောက်မှ မိုးချုပ်အထိ အလုပ်လုပ်သော ခေါင်းဆောင်တစ်ဦး ရှိခဲ့ပြီး အတော်လေး တာဝန်ယူတတ်ပုံ ပေါ်သည်။ သို့တိုင် သူ့ကို မြင်ရခဲပြီး သူသည် အလွန်အလုပ်များနေကာ အားလပ်ချိန်မရှိဟု ယူဆရပြီး မိမိ၏တာဝန်ကို ထမ်းဆောင်ရန် အဖိုးအခပေးနေပုံရသည်။ နောက်ပိုင်းတွင် ၎င်းတို့၏ နေထိုင်ရာနေရာများနှင့် ခြံဝင်းထဲ၌ လုပ်စရာအလုပ်များ ရှိလာသောအခါ ငါတို့သည် ထိုအလုပ်၌ ၎င်းတို့ကို လမ်းညွှန်ပေးရန် တစ်စုံတစ်ဦးကို စီစဉ်ပေးခဲ့သည်။ ငါတို့ မရှိသည့်အခါ သူသည် ထိုအလုပ်အတွက် ကူညီလမ်းညွှန်ပေးရန်နှင့် တာဝန်ယူရန် ရှေ့ထွက်လာသင့်သည်၊ သူသည် မိမိက အလျင်ဦးအောင် ဦးဆောင်သင့်သည်။ ဤသည်မှာ ကျိုးကြောင်းဆီလျော်ပြီး သင့်လျော်သည် မဟုတ်လော။ ဤအိမ်မှုကိစ္စများနှင့် အလုပ်တာဝန်များကို ကြီးကြပ်ရန် ငါ အမြဲတမ်း ရှိနေသင့်သလော။ (မဟုတ်ပါ။) အများအားဖြင့် ဤသို့သော ပင်ပန်းသည့် အလုပ်တာဝန်များသည် သမ္မာတရားနှင့် အမှန်တကယ် မသက်ဆိုင်ပေ။ လူတို့သည် လုံ့လဝီရိယရှိရှိ အလုပ်လုပ်ရန်သာ လိုအပ်ပြီး ဖျက်ဆီးတတ်သော လုပ်ရပ်များ၌ မပါဝင်ရန်၊ လိုက်နာတတ်ရန်နှင့် ခိုင်းသည့်အတိုင်း လုပ်ဆောင်ရန်သာ လိုအပ်သည်၊ ယင်းမှာ ရိုးရှင်းပြီး ပြီးမြောက်အောင်မြင်ရန် လွယ်ကူသည်။ နောက်ပိုင်းတွင် ထိုနေရာရှိ အလုပ်တာဝန်များ အခြေခံအားဖြင့် ပြီးစီးသွားသော်လည်း ဆက်လက်လုပ်ဆောင်ရမည့် စီမံခန့်ခွဲမှု လိုအပ်နေဆဲဖြစ်သောအခါ ငါသည် ဤတာဝန်ကို ဤခေါင်းဆောင်ထံ လွှဲပြောင်းပေးခဲ့သည်။ ထိန်းသိမ်းရန် လိုအပ်သည့်အရာအားလုံးကို ကောင်းစွာ ဂရုစိုက်ကြောင်း သေချာစေလျက် ထိုနေရာ၏ သန့်ရှင်းမှုကို ထိန်းသိမ်းရန် သူ့ကို ငါ ပြောခဲ့သည်။ အဓိကအားဖြင့် အရာနှစ်ခု ရှိသည်၊ ပထမအနေဖြင့် သတ်မှတ်ထားသော နေရာအားလုံးနှင့် အခန်းများ၏ အတွင်းအပြင်ကို သန့်ရှင်းသပ်ရပ်စွာ ထားရှိရန်ဖြစ်သည်။ ဒုတိယအနေဖြင့် အပင်များကို ကောင်းစွာ ဂရုစိုက်ရန်ဖြစ်သည်၊ ဥပမာ အသစ်စိုက်ထားသော အပင်များကို မသေစေဖို့အတွက် ရေလောင်းပေးရန်၊ ရာသီအလိုက်နှင့် ယင်းတို့၏ ကြီးထွားမှုအရ လိုအပ်သလို အကိုင်းအခက်များကို ဖြတ်တောက်ရန်နှင့် လိုအပ်သည့်အခါ မြေသြဇာကျွေးရန် ဖြစ်သည်။ ဤအလုပ်တာဝန်နှစ်ခုသာ ဖြစ်သည်၊ ယင်းမှာ များသည်ဟု သင်တို့ ထင်သလော။ ယင်းမှာ ပင်ပန်းဖွယ်ရာ ဖြစ်နိုင်သလော။ (မဟုတ်ပါ။) ဤအလုပ်တာဝန်နှစ်ခုမှာ များပြားခြင်းမရှိပေ၊ လူတစ်ဦးသည် အစာစားပြီး လမ်းလျှောက်ထွက်ရုံမျှဖြင့် ၎င်းတို့ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။ ထို့အပြင် သင်သည် မိမိ၏ ကိုယ်ပိုင်နေထိုင်ရာ ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်ရသည် မဟုတ်လော။ လူသားတစ်ဦးအဖြစ် အသက်ရှင်ခြင်းသည် ဤသို့ပင် ဖြစ်သည်၊ ဤသို့သော အလုပ်တာဝန်များသည် ပုံမှန်လူ့ဘဝအတွက် မရှိမဖြစ် လိုအပ်သည်။ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်နေထိုင်ရာ ပတ်ဝန်းကျင်ကို စီမံခန့်ခွဲရန် လိုအပ်သည်။ အကယ်၍ သင်တို့ မလုပ်ဆောင်ပါက သင်တို့သည် တိရစ္ဆာန်များနှင့် ဘာမျှမခြားပေ။ ထိုအခါ သင်တို့ကို လူသားဟု ခေါ်ဆိုနိုင်ဦးမည်လော။ တိရစ္ဆာန်များသည် ၎င်းတို့၏ ပတ်ဝန်းကျင်ကို မစီမံခန့်ခွဲကြပေ၊ ၎င်းတို့၌ မိမိတို့၏ ကိုယ်ခန္ဓာဆိုင်ရာ လိုအပ်ချက်များအတွက် သတ်မှတ်ထားသော နေရာများ မရှိသကဲ့သို့ စားသောက်ခြင်းနှင့် အိပ်စက်ခြင်းအတွက်လည်း သတ်မှတ်ထားသော နေရာများ မရှိပေ။ လူသားများသည် ဤအပိုင်း၌ တိရစ္ဆာန်များထက် သာလွန်သည်၊ လူသားများသည် မိမိတို့၏ ပတ်ဝန်းကျင်ကို စီမံခန့်ခွဲသည်၊ သန့်ရှင်းမှုကို ဂရုပြုသည်၊ ပြီးလျှင် မိမိတို့၏ ပတ်ဝန်းကျင်အတွက် စံနှုန်းများ ရှိကြသည်။ သို့ဖြစ်၍ ငါက သူ့အား ဤသို့ တောင်းဆိုခြင်းသည် လွန်ကဲခြင်း မဟုတ်ခဲ့ပေ၊ ဟုတ်သည် မဟုတ်လော။ (မှန်ပါသည်။) ဤအလုပ်တာဝန်များကို ပေးအပ်ပြီးနောက် ငါသည် အခြားနေရာတစ်ခုသို့ ထွက်ခွာသွားခဲ့ပြီး ထိုခေါင်းဆောင်သည် တိကျသော အလုပ်ကို ဆောင်ရွက်ရန် ဖြစ်သည်။ တစ်နေ့တွင် ပတ်ဝန်းကျင်ကို မည်သို့ စီမံခန့်ခွဲနေသည်ကို စစ်ဆေးရန် ငါ သွားခဲ့ပြီး လမ်းတစ်လျှောက်တွင် ငါသည် ရင်နာခြင်း၊ စိတ်တိုခြင်းနှင့် ဒေါသထွက်ခြင်းတို့ကို ခံစားခဲ့ရလေသည်တကား။ အဘယ်အရာ ဖြစ်ပျက်ခဲ့သည်ဟု သင်တို့ ထင်သနည်း။ အဘယ်အရာက ဤသို့သော စိတ်ခံစားမှုမျိုးကို ဖြစ်စေနိုင်သနည်း။ (သူသည် ဘုရားသခင်၏ အမိန့်များနှင့် အစီအစဉ်များကို မဆောင်ရွက်ခဲ့ပါ။) အတိအကျပင် ယင်းနှင့်ပတ်သက်၍ ပြောဆိုရန် တစ်ခုတည်းသော နည်းလမ်းမှာ သူသည် ၎င်းတို့ကို အကောင်အထည်မဖော်ခဲ့ခြင်း ဖြစ်သည်။ ငါ မရှိသည့် ကာလအတွင်း ရာသီဥတုသည် အထူးတလည် ခြောက်သွေ့ခြင်း မရှိခဲ့သော်လည်း အသစ်စိုက်ထားသော ပျိုးပင်များစွာတို့၌ အရွက်များ ဝါနေခဲ့ပြီး အချို့မှာ ကြွေကျနေသည်ပင် ရှိသည်။ ဒေါသထွက်စရာမှာ နာမည်ကြီး ပန်းပင်နှစ်ပင်၏ အရွက်များသည် စိမ်းလန်းစိုပြေသောအရောင်မှ ခရမ်းနီရောင်သို့ ပြောင်းသွားပြီး ဝါလုနီးပါး ဖြစ်နေခဲ့သည်။ ဤသည်ကို ကြားရခြင်းက သင်တို့ကို ဒေါသထွက်စေသလော။ သာ၍ပင် ဒေါသထွက်စရာကောင်းသည်မှာ ဝင်ပေါက်ရှိ သန့်ရှင်းသော ဘိလပ်မြေပလက်ဖောင်းသည် ခြင်းတောင်းများ၊ ပလတ်စတစ်အိတ်များ၊ အမှိုက်များ၊ ပြီးစီးသော အလုပ်မှ သစ်သားစများ၊ သံချောင်းများ၊ ကိရိယာများဖြင့် ပြန့်ကျဲနေခဲ့သည်၊ အရာရာတိုင်း ပြန့်ကျဲနေပြီး ညစ်ပတ်ကာ မသပ်မရပ်သော ရှုပ်ပွမှုကို ဖြစ်စေခဲ့သည်။ ထိုသို့သော မြင်ကွင်းကို မြင်လျှင် မည်သူ ဒေါသမထွက်ဘဲ နေမည်နည်း။ ဒေါသမထွက်မည့် လူစားတစ်မျိုးတည်းသာ ရှိသည်၊ ၎င်းတို့မှာ တိရစ္ဆာန်အမျိုးအစားနှင့် သက်ဆိုင်သောသူများဖြစ်ပြီး မိမိတို့၏ ပတ်ဝန်းကျင်အတွက် စံနှုန်းများ သို့မဟုတ် ခံစားလွယ်မှု မရှိဘဲ အနံ့၊ သန့်ရှင်းမှု သို့မဟုတ် သက်သောင့်သက်သာရှိမှုကို ဂရုမစိုက်ဘဲ ကောင်းသည် သို့မဟုတ် ဆိုးသည်ကို လုံးဝ မသိရှိသောသူများ ဖြစ်သည်။ ပုံမှန်လူ့သဘာဝရှိသော၊ မိမိတို့၏ ပတ်ဝန်းကျင်အတွက် စံနှုန်းများရှိပြီး တွေးခေါ်နိုင်စွမ်းရှိသော မည်သူမဆို ထိုသို့သော အခြေအနေကို မြင်လျှင် ဒေါသထွက်ပေမည်။ ထိုနေရာ၌ လူအုပ်ကြီးတစ်အုပ် နေထိုင်ခဲ့သော်လည်း ၎င်းတို့သည် ဤသေးငယ်သော အလုပ်တာဝန်ကိုပင် မကိုင်တွယ်နိုင်ခဲ့ပေ။ ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ကြသနည်း။ ငါ ညွှန်ကြားချက်များ ပေးပြီးနောက် ဤသည်မှာ ၎င်းတို့ ယင်းတို့ကို ဆက်ဆံသည့်ပုံစံ၊ ဤသည်မှာ ၎င်းတို့ ပြုလုပ်ခဲ့သည့်အရာ ဖြစ်သည်။ ဤနေရာရှိ ပတ်ဝန်းကျင်ကို စီမံခန့်ခွဲခြင်းနှင့် ဤအရာအနည်းငယ်ကို ဂရုစိုက်ခြင်းသည် ပင်ပန်းခြင်း မရှိပေ၊ ဟုတ်သည်မဟုတ်လော။ ယင်းသည် သင်၏ မည်သည့်လုပ်ဆောင်မှုကိုမျှ အဟန့်အတား မဖြစ်စေပေ၊ ဟုတ်သည်မဟုတ်လော။ ယင်းသည် သင်၏ စုဝေးပွဲများ၊ ဆုတောင်းခြင်းများ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းကို မထိခိုက်ပေ၊ ဟုတ်သည်မဟုတ်လော။ သို့ဆိုလျှင် အဘယ်ကြောင့် ယင်းကို မလုပ်ဆောင်နိုင်ရသနည်း။ ငါ အနီးအနားတွင် ရှိနေပြီး ကြီးကြပ်ကာ စောင့်ကြည့်နေသောအခါ ဤလူတို့သည် အလုပ်အချို့ကို လုပ်ဆောင်ကြသော်လည်း ငါ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့ ရပ်တန့်သွားကြသည်၊ မည်သူမျှ တာဝန်မယူတော့ပေ။ ဤနေရာတွင် အဘယ်အရာ ဖြစ်ပျက်နေသနည်း။ ၎င်းတို့သည် ဤနေရာကို ၎င်းတို့၏ အိမ်အဖြစ် မှတ်ယူကြသလော။ (မဟုတ်ပါ။) ၎င်းတို့သည် ခရစ်တော်၏ နိုင်ငံတော်သည် ၎င်းတို့၏ နွေးထွေးသော အိမ်ဖြစ်သည်ဟု ဆိုနေဆဲဖြစ်သော်လည်း ယင်းမှာ ၎င်းတို့ အမှန်တကယ် ထင်မြင်သည့်အရာ ဟုတ်သလော။ ယင်းမှာ ၎င်းတို့ အမှန်တကယ် ပြုမူသည့်ပုံစံ ဟုတ်သလော။ မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့နေထိုင်သော ပတ်ဝန်းကျင်ကိုပင် စီမံခန့်ခွဲခြင်း မရှိကြချေ။ ငါ ၎င်းတို့ကို ညွှန်ကြားပြီးသည့်တိုင် မည်သူမျှ တာဝန်မယူ၊ မည်သူမျှ ဂရုမစိုက်ပေ။ အလုပ်လုပ်ရန် ပြောသောအခါ ၎င်းတို့ အနည်းငယ် လုပ်ဆောင်ကြသော်လည်း ပြီးစီးပြီးနောက် ၎င်းတို့သည် ပစ္စည်းကိရိယာများကို ပေါ့ပေါ့ဆဆ ဘေးသို့ ပစ်ထားကြပြီး “ဂရုစိုက်သူ မည်သူမဆို ယင်းကို ကိုင်တွယ်ပါစေ၊ ယင်းမှာ ငါ့အလုပ်မဟုတ်ပေ။ ငါ့ထံတွင် စားစရာနှင့် နေစရာ ရှိသရွေ့ ငါ အဆင်ပြေသည်” ဟု စဉ်းစားကြသည်။ ဤသည်မှာ မည်သို့သော လူ့သဘာဝမျိုး ဖြစ်သနည်း။ ဤသည်မှာ မည်သို့သော ကိုယ်ကျင့်တရားမျိုး ဖြစ်သနည်း။ ထိုသို့သောလူတစ်ဦး၌ ပုံမှန်လူ့သဘာဝ တစ်စွန်းတစ်စမျှပင် ရှိပါသေးသလော။ မည်သည့်ပြောင်းလဲမှုမျှမရှိဘဲ နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ခဲ့ခြင်းသည် အမှန်ပင် စိတ်ကူးမယဉ်နိုင်စရာ ဖြစ်သည်။ ငါသည် သင်တို့အတွက် ဤအရာများကို ပြုလုပ်ရန်၊ အရာရာတိုင်းကို ကောင်းမွန်စွာ စီစဉ်ပေးရန် အလွန်အမင်း ကြိုးစားအားထုတ်ခဲ့သည်။ ငါ ဤနေရာတွင် မနေထိုင်၊ ငါ ယင်းတို့ထဲမှ တစ်ခုကိုမျှ မခံစားပေ၊ ယင်းမှာ သင်တို့အတွက်သာ ဖြစ်သည်။ သင်တို့ ကျေးဇူးတင်ရန် မလိုအပ်ပေ၊ သင်တို့၏ ကိုယ်ပိုင်နေထိုင်ရာ ပတ်ဝန်းကျင်ကို စီမံခန့်ခွဲလိုက်ရုံဖြင့် လုံလောက်သည်၊ အဘယ်ကြောင့် ယင်းကို လုပ်ဆောင်ရန် ထိုမျှ ခက်ခဲနေရသနည်း။ နောက်ပိုင်းတွင် ဤအပြုအမူအတွက် အကြောင်းရင်းတစ်ခု ရှိသည်ကို ငါ သဘောပေါက်သွားသည်။ လူတို့သည် မိမိတို့၏ မိသားစုများနှင့် အသက်မွေးလုပ်ငန်းများကို စွန့်လွှတ်ခဲ့သည်ဖြစ်စေ သို့မဟုတ် မိမိတို့၏ ပညာရေးနှင့် အနာဂတ်အလားအလာများကို စွန့်လွှတ်ခဲ့သည်ဖြစ်စေ ဘုရားအိမ်တော်သို့ လာကြသည်မှာ ငါ့အတွက် ရေရှည်အလုပ်သမားများ ဖြစ်လာရန်မဟုတ်ဘဲ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် တစ်ပြားတစ်ချပ်မျှ မရရှိကြပေ၊ သို့ဖြစ်၍ အဘယ်ကြောင့် ၎င်းတို့သည် ငါ့စကားကို နားထောင်သင့်သနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ငါ့အတွက် ပတ်ဝန်းကျင်ကို စီမံခန့်ခွဲသင့်သနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ဤကြိုးစားအားထုတ်မှုကို ငါ့အတွက် အသုံးခံသင့်သနည်း။ ဤသည်မှာ ၎င်းတို့ တွေးထင်သည့်ပုံစံ ဖြစ်သည်။ မိမိတို့၏ ကိုယ်ပိုင်အလုပ်ကို ကောင်းစွာလုပ်ဆောင်ခြင်းနှင့် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းသည် လုံလောက်သည်၊ မိမိတို့၏ အလုပ်ဘောင်အတွင်းရှိ ကိစ္စရပ်များကို အာရုံစိုက် လုပ်ဆောင်ခြင်းသည် မိမိတို့၏ တာဝန်များကို ပြီးမြောက်စေသည်ဟု ၎င်းတို့ ခံစားကြရသည်။ ငါ တောင်းဆိုသော အခြားမည်သည့်အရာကိုမဆို ၎င်းတို့၏ တာဝန်များနှင့် အတတ်ပညာများနှင့် သက်ဆိုင်သရွေ့ ၎င်းတို့ စဉ်းစားကောင်း စဉ်းစားမည်ဖြစ်သော်လည်း ကျန်အရာများလုပ်ဆောင်ရန်အတွက်ကိုမူ ငါသည် အခြားတစ်စုံတစ်ဦးကို ရှာဖွေသင့်သည်။ သွယ်ဝိုက်ပြောဆိုသော သတင်းစကားမှာ “ကျွန်ုပ်တို့သည် နိုင်ငံတော်၏ လူများဖြစ်သည်၊ ထိုသို့သော ညစ်ပတ်ပြီး ပင်ပန်းသော အလုပ်ကို ကျွန်ုပ်တို့ မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ ကျွန်ုပ်တို့သည် သာလွန်မြင့်မြတ်သော လူသားများဖြစ်သည်၊ ကျွန်ုပ်တို့ကို နိမ့်ကျပြီး ဂုဏ်သိက္ခာမဲ့သော အလုပ်များကို အမြဲတမ်း လုပ်ဆောင်ခိုင်းခြင်းသည် ကျွန်ုပ်တို့၏ ပုံရိပ်ကို ထိခိုက်စေသည်။ ကျွန်ုပ်တို့သည် အဆင့်အတန်း တစ်ခုရှိသော လူများဖြစ်သည်၊ အဘယ်ကြောင့် သင်သည် ကျွန်ုပ်တို့အတွက် အမှုအရာများကို အစဉ်သဖြင့် ခက်ခဲအောင် ပြုလုပ်နေရသနည်း” ဟူ၍ ဖြစ်သည်။ ဤသည်ကို နားလည်ပြီးနောက် လူအများစုသည် အဘယ်ကြောင့် အလုပ်လုပ်ရန် အလွန်အမင်း မနှစ်မြို့ခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် လိုလိုလားလားမရှိခြင်းတို့ ဖြစ်ကြသည်ကိုလည်းကောင်း၊ ၎င်းတို့ အလုပ်လုပ်သောအခါ အဘယ်ကြောင့် မိမိတို့ကိုယ်ကို အခြားသူများနှင့် နှိုင်းယှဉ်ပြီး မိမိတို့၏ တာဝန်များကို ရှောင်လွှဲရန် ပရိယာယ်ကို အသုံးပြုကြသည်ကိုလည်းကောင်း ငါ ထိုးထွင်းသိမြင်မှုအချို့ ရရှိခဲ့သည်၊ အကြောင်းမှာ ၎င်းတို့အများစုသည် သမ္မာတရားကို မလိုက်စားသောကြောင့် ဖြစ်သည်။ သမ္မာတရားကို မလိုက်စားခြင်းသည် သာမန်ပြောဆိုမှုတစ်ခု ဖြစ်သော်လည်း လက်တွေ့တွင် လူများစွာတို့သည် ပင်ကိုအားဖြင့် သက်သောင့်သက်သာရှိမှုကို ချစ်မြတ်နိုးပြီး အလုပ်ကို မုန်းတီးသည့် စိတ်သဘောထား ရှိကြသည်။ ဖြစ်သလိုနေထိုင်သည့် စိတ်ဓာတ်၏ ထိန်းချုပ်ခံရခြင်းနှင့်အတူ ၎င်းတို့သည် သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ အဆင်းနီသော နဂါးကြီး၏ နိုင်ငံ၌ လူတို့ အဆက်မပြတ် အစည်းအဝေးများ ပြုလုပ်ခြင်း၊ သတင်းစာများ ဖတ်ရှုခြင်းနှင့် လက်ဖက်ရည် သောက်သုံးခြင်းတို့ကဲ့သို့ပင် အတူတကွ ထိုင်ခြင်း၊ စကားပြောခြင်းနှင့် ဆွေးနွေးခြင်းကို ဆိုလိုသည်ဟု ယုံကြည်ကြသည်၊ ယင်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်ဟု ၎င်းတို့ ထင်ကြသည်။ လယ်သမားများကဲ့သို့ အလုပ်လုပ်ခြင်းနှင့် အလုပ်လုပ်ပေးခြင်းဟူသည့် အကြောင်းအရာ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် လူများစွာတို့က ဤကဲ့သို့ အသက်ရှင်ခြင်းသည် ငါတို့ ခရစ်ယာန်များနှင့် မည်သို့မျှ မသက်ဆိုင်ဟု ထင်ကြသည်။ ခရစ်ယာန်တစ်ဦး၏ အသက်တာသည် “နိမ့်ကျသော သာယာမှုများ” နှင့် ကင်းကွာသော အသက်တာတစ်ခု ဖြစ်သည်။ သွယ်ဝိုက်သောအားဖြင့် ၎င်းတို့သည် မိမိတို့သည် သန့်ရှင်းရေးလုပ်ခြင်း၊ ပိုးမွှားနှိမ်နှင်းခြင်း၊ လယ်ယာစိုက်ပျိုးခြင်း၊ ကိုင်းဖြတ်ခြင်း၊ ပန်းပင်စိုက်ပျိုးခြင်း စသည်တို့အားလုံးကဲ့သို့သော လောက၏ သာမန်အလုပ်တာဝန်များထက် သာလွန်သည်ဟုလည်းကောင်း၊ ယင်းတို့သည် ၎င်းတို့နှင့်မသက်ဆိုင်ဟုလည်းကောင်း ယုံကြည်ကြသည်၊ ၎င်းတို့သည် ထိုသို့သော နိမ့်ကျသော နေထိုင်မှုပုံစံများကို ကြာမြင့်စွာကပင် ကျော်လွန်ခဲ့ပြီး ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ လူအများစု၏ အခြေအနေ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့သော အခြေအနေမျိုးကို ပြုပြင်ရန် လွယ်ကူသလော။ လူအချို့ကို စက်ပစ္စည်းများ မောင်းနှင်ရန် သင်ယူခိုင်းသောအခါ ယင်းကို အလေးအနက် မထားဘဲ တမင်တကာပင် အလွဲသုံးစား လုပ်ကြသဖြင့် ရက်အနည်းငယ်အတွင်း စက်ကို ပျက်စီးစေကြသည်။ အသစ်ဝယ်ထားသော စက်များ ပျက်စီးသွားပြီး ပြုပြင်စရိတ်မှာလည်း မနည်းပေ။ ၎င်းတို့က ဤသို့ တွေးထင်ကြသည်၊ “သင်က ကျွန်ုပ်ကို သင်ယူခိုင်းခဲ့သည် မဟုတ်လော။ ယခု ကျွန်ုပ် စက်ကို ဖျက်လိုက်ပြီဖြစ်ပြီး စက်မရှိတော့သည့်အတွက် ကျွန်ုပ်၌ အနားယူရန် အကြောင်းပြချက်တစ်ခု ရှိပြီ၊ ဟုတ်သည် မဟုတ်လော။ ကျွန်ုပ် နောက်ထပ် အလုပ်လုပ်ရန် မလိုအပ်တော့ပေ၊ ဟုတ်သည် မဟုတ်လော။ သင်က ကျွန်ုပ်ကို ထပ်ခါထပ်ခါ သင်ယူခိုင်းခဲ့ပြီး ဤသည်မှာ ရလဒ်ဖြစ်သည်။ ဤသည်မှာ သင် မြင်လိုခဲ့သည့်အရာ ဟုတ်သလော” ဟူ၍ ဖြစ်သည်။ အချို့သော စက်များကို ပြုပြင်သည့်စရိတ်သည် အသစ်ဝယ်သည့်စရိတ်နှင့် နီးပါး ကုန်ကျလေသည်။ လူအချို့သည် ထိုသို့သော အမှားများ ပြုလုပ်ပြီးနောက် လုံးဝ စိတ်မကောင်းဖြစ်ခြင်း သို့မဟုတ် အပြစ်ရှိသလို ခံစားရခြင်း မရှိကြပေ။ ဤသည်ကို “ဘုရားအိမ်တော်၏ ငွေတစ်ပြားတစ်ချပ်ကိုမျှ မသုံးစွဲခြင်း၊ အကြောင်းမှာ ယင်းသည် ဘုရားထံ ပူဇော်သက္ကာဖြစ်သောကြောင့် ဖြစ်သည်” ဟူသော အထက်တွင်ဖော်ပြခဲ့သည့် အယူအဆနှင့် သင် နှိုင်းယှဉ်သောအခါ မည်သည့်ပြောဆိုချက်က စိတ်ရင်းအမှန်ဖြင့် ပြောဆိုခြင်းဖြစ်ပြီး မည်သည့်အပြုအမူက လက်တွေ့အရှိတရား ဖြစ်သနည်း။ ၎င်းတို့သည် စက်ပစ္စည်းများကို ဖျက်ပစ်ကြပြီး ပြုပြင်မှုအနည်းငယ်၏ ကုန်ကျစရိတ်သည် စက်အသစ်တစ်လုံး ဝယ်ယူရန် လုံလောက်သည်။ ဤဖြုန်းတီးသော အပြုအမူသည် လက်တွေ့အရှိတရားဖြစ်ပြီး ပူဇော်သက္ကာများကို မဖြုန်းတီးခြင်းနှင့်ပတ်သက်သော ပြောဆိုချက်မှာမူ မှားယွင်းသည်၊ လှည့်ဖြားသည်၊ အထင်အမြင်မှားစေသည်။ အစောပိုင်းက ဆွေးနွေးခဲ့သော ဥပမာကို ရည်ညွှန်းရလျှင် အကယ်၍ ကျွန်ုပ်တို့သည် ယင်းကို အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား သို့မဟုတ် အနှစ်သာရအောက်တွင် အမျိုးအစားခွဲခြားမည်ဆိုလျှင် ယင်းသည် ယနေ့၏ ဆွေးနွေးမှု၏ မည်သည့်ကဏ္ဍနှင့် သက်ဆိုင်မည်နည်း။ ယင်းကို မည်သည့်ကဏ္ဍအောက်တွင် စာရင်းသွင်းမည်နည်း။ ၎င်းတို့က “ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရန် ဤနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်၊ သင်၏ ရေရှည်အလုပ်သမားတစ်ဦး ဖြစ်ရန် မဟုတ်ပါ” ဟု ဆိုကြသည်။ ဤပြောဆိုချက် မှန်ကန်သလော။ သင်တို့သည် သင်တို့၏ တာဝန်ကို ထမ်းဆောင်ရန် ဤနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်၊ သို့သော် ထိုတာဝန်၌ မည်သည့်အရာ ပါဝင်ပြီး မည်သည့်အရာ မပါဝင်သည်ကို မည်သူက အဓိပ္ပာယ်ဖွင့်ဆိုခဲ့သနည်း။ ဤအလုပ်တာဝန်များသည် သင်တို့ လုပ်ဆောင်သင့်သည့်အရာတွင် ပါဝင်သည် မဟုတ်လော။ နေ့စဉ်ဘဝ၌ကဲ့သို့ပင် သင်တို့၏ မိသားစုကို ထောက်ပံ့ဖို့ ငွေရှာရန် အပြင်ထွက်ခြင်းသည် သင်တို့၏ တာဝန် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဟင်းသီးဟင်းရွက်များ လိုချင်ပြီး ကိုယ်တိုင် စိုက်ပျိုးရန် ဆုံးဖြတ်ပါက ယင်းမှာ သင်တို့၏ ရွေးချယ်မှု ဖြစ်သည်၊ သို့သော် ယင်းက အခြားအိမ်မှုကိစ္စများသည် သင်တို့၏ တာဝန်မဟုတ်ဟု ဆိုလိုသလော။ သင်တို့သည် သင်တို့၏ တာဝန်ကို ထမ်းဆောင်ရန် ဤနေရာသို့ ရောက်ရှိနေသည်ဟူသော ပြောဆိုချက်သည် မှန်ကန်သော်လည်း သင်တို့သည် ရေရှည်အလုပ်သမားတစ်ဦး ဖြစ်ရန် ဤနေရာသို့ ရောက်ရှိနေခြင်း မဟုတ်ဟု ဆိုခြင်းမှာမူ ပြဿနာရှိသည်။ “ရေရှည်အလုပ်သမား” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ မည်သူက သင်တို့ကို ထိုသို့ ဆက်ဆံနေသနည်း။ မည်သူမျှ သင်တို့ကို ရေရှည်အလုပ်သမားတစ်ဦးအဖြစ် သတ်မှတ်မနေသကဲ့သို့ ဤအလုပ်တာဝန်များကို လုပ်ဆောင်ခြင်း သို့မဟုတ် အားစိုက်ထုတ်မှု အနည်းငယ်ကို အသုံးခံခြင်းက သင်တို့ကို ထိုသို့ ဖြစ်စေသည်မဟုတ်ပေ။ ငါသည် သင်တို့ကို ရေရှည်အလုပ်သမားတစ်ဦးအဖြစ် မမြင်သကဲ့သို့ ဘုရားအိမ်တော်ကလည်း သင်တို့ကို ထိုသို့ အသုံးမပြုပေ။ သင်တို့သည် သင်တို့၏ တာဝန်ဖြစ်သော အလုပ်ကို ဆောင်ရွက်ခြင်း ဖြစ်သည်၊ ဤအရာအားလုံးသည် သင်တို့၏ တာဝန်ဘောင်အတွင်း၌ ရှိသည်။ သေးငယ်သော အတိုင်းအတာတစ်ခုအရ ဤသည်မှာ သင်တို့၏ နေ့စဉ်ဘဝကို ထိန်းသိမ်းခြင်း၊ သင်တို့၏ ကာယပိုင်းဆိုင်ရာ သုခချမ်းသာနှင့် ပုံမှန်ဇီဝကမ္မဆိုင်ရာ လုပ်ဆောင်ချက်များကို သေချာစေခြင်း၊ သင်တို့ ကောင်းမွန်စွာ အသက်ရှင်ကြောင်း သေချာစေခြင်းနှင့် သက်ဆိုင်သည်။ ပိုကြီးသော အတိုင်းအတာတစ်ခုအရ အလုပ်တာဝန်တိုင်းသည် ဘုရားသခင်၏ အလုပ်တော် ပျံ့နှံ့ခြင်းနှင့် သက်ဆိုင်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် သင်တို့သည် ဤအလုပ်တာဝန်အချို့ကို လုပ်ဆောင်လိုစိတ်ရှိပြီး အခြားအရာများကိုမူ မရှိရသနည်း။ အဘယ်ကြောင့် သင်တို့ ရွေးချယ်ကြသနည်း။ အဘယ်ကြောင့် သင်တို့သည် အားစိုက်ထုတ်မှုအနည်းငယ်ကို အသုံးခံခြင်း၊ သန့်ရှင်းရေးအချို့ လုပ်ဆောင်ခြင်းနှင့် ပတ်ဝန်းကျင်ကို စီမံခန့်ခွဲခြင်းတို့ကို ရေရှည်အလုပ်သမားတစ်ဦး၏ အလုပ်အဖြစ်၊ နိမ့်ကျသော အလုပ်အဖြစ် မှတ်ယူကြရသနည်း။ ဤနေရာ၌ အကြောင်းရင်းတစ်ခု ရှိသည်၊ ခရစ်တော်၏ အမိန့်များနှင့် ကိုယ်တော်၏ တောင်းဆိုချက်အားလုံးနှင့် ပတ်သက်လာသောအခါ လူတို့သည် ၎င်းတို့ လုပ်ဆောင်လိုစိတ်ရှိသော အလုပ်တာဝန်များကို ၎င်းတို့၏ တာဝန်၌ ပါဝင်သည်ဟု မှတ်ယူကြပြီး ၎င်းတို့ လုပ်ဆောင်လိုစိတ်မရှိသော သို့မဟုတ် အတိုက်အခံလုပ်သော အရာများကိုမူ ရေရှည်အလုပ်သမားတစ်ဦး၏ အလုပ်တာဝန်များအဖြစ် မှတ်ယူကြသည်။ ဤသည်မှာ အချက်အလက်များကို လွဲမှားစေခြင်း မဟုတ်လော။ ဤသည်မှာ လူတို့၏ နားလည်မှု၌ သွေဖည်ခြင်းတစ်ခု ဖြစ်သည်။ ဤသွေဖည်မှုကို အဘယ်အရာက ဖြစ်စေသနည်း။ ယင်းမှာ လူတို့၏ နှစ်သက်မှုများ ဖြစ်သည်။ ပြီးလျှင် ဤနှစ်သက်မှုများသည် အဘယ်အရာဘက်သို့ ယိမ်းယိုင်သနည်း။ ၎င်းတို့သည် ဇာတိပကတိ ဆင်းရဲဒုက္ခခံရခြင်း ရှိမရှိအပေါ် မူတည်သည်။ အကယ်၍ ဇာတိပကတိသည် သက်သောင့်သက်သာရှိမှုကို မခံစားနိုင်ပါက၊ အကယ်၍ ယင်းသည် အခက်အခဲ သို့မဟုတ် ပင်ပန်းနွမ်းနယ်မှုကို ခါးစည်းခံရပါက လူတို့သည် အတိုက်အခံလုပ်လာကြသည်။ ၎င်းတို့ လုပ်ဆောင်လိုစိတ်ရှိသော အလုပ်တာဝန်များ၊ စွဲမက်ဖွယ်ကောင်းပြီး လေးစားဖွယ်ဖြစ်သော အရာများကိုမူ အင်တင်တင်ဖြင့် လက်ခံကာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းဟု မှတ်ယူကြသည်။ ဤသဘောထားကို ခရစ်တော်ကို ဆန့်ကျင်ခြင်းအဖြစ် အမျိုးအစားခွဲခြားနိုင်သလော။ လူတို့သည် မိမိတို့ လုပ်ဆောင်လိုစိတ်မရှိသော အလုပ်တာဝန်များကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ငြင်းပယ်ကြသည်၊ သင်တို့ မည်မျှပင် ကောင်းစွာ အကြောင်းပြသည်ဖြစ်စေ ၎င်းတို့သည် ရိုးရှင်းစွာ ငြင်းပယ်ပြီး ဆန့်ကျင်ကြသည်။ လူတို့၏ ဤအခြေအနေများနှင့် ပြဿနာများကို ဖြေရှင်းရန် လွယ်ကူသလော။ ယင်းမှာ လူတစ်ဦးသည် သမ္မာတရားကို မည်မျှ ချစ်မြတ်နိုးသည်အပေါ်၌သာ မူတည်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို လုံးဝမချစ်မြတ်နိုးဘဲ ယင်းကို အလွန်အမင်း မနှစ်မြို့ပါက ၎င်းတို့သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍ သင်တို့သည် ဆင်းရဲဒုက္ခခံရန် စိတ်ပိုင်းဖြတ်ထားပြီး ဇာတိပကတိကို ပုန်ကန်နိုင်ကာ စစ်မှန်သော ကျိုးနွံနာခံခြင်းနှင့် ကျိုးနွံနာခံသော သဘောထားကို ပိုင်ဆိုင်ပါက ဤပြဿနာများကို လွယ်ကူစွာ ပြောင်းလဲနိုင်သည်၊ ဟုတ်သည် မဟုတ်လော။ (မှန်ပါသည်။) လူတစ်ဦး၏ ဘဝ၌ မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ခြင်းဟူ၍ မရှိပေ။ လူအချို့က “အတိတ်မှ ဧကရာဇ်မင်းများသည် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ခဲ့ကြပါ” ဟု ဆိုကြသည်။ ယင်းမှာ အမှန်တကယ် မှန်သလော။ ဧကရာဇ်မင်းအများစုသည် နန်းတော်ဘဝကို ခံစားရင်း ၎င်းတို့ကို နေ့ရက်များအားလုံးကို မကုန်ဆုံးခဲ့ကြပေ။ အချို့သည် ငယ်ရွယ်စဉ်ကတည်းက ကဗျာနှင့် စာပေများကို စတင်လေ့လာခဲ့ကြပြီး မိုးသောက်မှ မိုးချုပ်အထိ အလုပ်လုပ်ခဲ့ကြသည်။ ထီးနန်းတက်ပြီးနောက် ၎င်းတို့သည် လူတို့၏ ဒုက္ခများကို နားလည်ရန် ရုပ်ဖျက်၍ သွားရောက်လည်ပတ်ကြမည်ဖြစ်ပြီး နိုင်ငံတော် အကျပ်အတည်းကာလများအတွင်း အချို့မှာ စစ်မြေပြင်သို့ပင် သွားခဲ့ကြသည်။ ဤကဲ့သို့သော ဧကရာဇ်မင်းများ များစွာမရှိခဲ့သော်လည်း အမှန်ပင် အချို့ ရှိခဲ့သည်။ လူအချို့ ဆိုသကဲ့သို့ မည်သည့်အရာကိုမျှ မည်မည်ရရ မလုပ်ဆောင်သော ဧကရာဇ်မင်းများ ရှိခဲ့လျှင်ပင် ၎င်းတို့သည် အလွန်နည်းပါးခဲ့သည်။ မည်သည့်သင့်လျော်သော အလုပ်ကိုမျှ မလုပ်ဆောင်ဘဲ အကောင်းဆုံးကိုသာ ခံစားရန် အိပ်မက်မက်နေဆဲဖြစ်သော လူတစ်ဦးသည် အချည်းနှီး စိတ်ကူးယဉ်နေခြင်းမျှသာ ဖြစ်သည်။
လူများစွာတို့သည် ကာယလုပ်အားဖြင့် အားစိုက်ထုတ်ခြင်းကို ဂုဏ်သိက္ခာမဲ့သော အရာတစ်ခုအဖြစ် အစဉ်သဖြင့် တွေးထင်ကြသည်။ ဤအမြင် မှန်ကန်သလော။ ထိုသို့သော အားစိုက်ထုတ်မှုကို အလုပ်လုပ်ပေးခြင်းအဖြစ် ရှုမြင်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ အသင်းတော်အလုပ်ကို လုပ်ဆောင်ခြင်းသာ တာဝန်တစ်ရပ်ကို ထမ်းဆောင်ခြင်းဖြစ်သည်ဟု ယုံကြည်သောသူများလည်း ရှိသည်၊ ဤသို့သော နားလည်မှု မှန်ကန်သလော။ (မဟုတ်ပါ။) သင်တို့သည် ဤကိစ္စရပ်ကို အောက်ပါနည်းလမ်းအတိုင်း နားလည်ရမည်။ လူတို့ကို လုပ်ဆောင်ရန် ဘုရားသခင် တောင်းဆိုသောအရာအားလုံးနှင့် ဘုရားအိမ်တော်ရှိ အလုပ်အမျိုးအစား အားလုံးကို လူတို့က ထမ်းဆောင်ရန်လိုအပ်သည်။ အားလုံးက လူတို့၏ တာဝန်များအဖြစ် အကျုံးဝင်သည်။ မည်သည့်အလုပ်ကို လူတို့လုပ်ဆောင်သည်ဖြစ်စေ ဤသည်မှာ ၎င်းတို့ ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည်။ တာဝန်များသည် အလွန်ကျယ်ပြန့်သည့် နယ်ပယ်တစ်ခုကို ခြုံငုံပြီး၊ နေရာများစွာ ပါဝင်သော်လည်း မည်သည့်တာဝန်ကို သင်ထမ်းဆောင်သည်ဖြစ်စေ ရိုးရှင်းစွာဆိုရလျှင် ယင်းမှာ သင်၏ ဝတ္တရားဖြစ်ပြီး သင်လုပ်ဆောင်နေသင့်သည့် အရာတစ်ခုဖြစ်သည်။ သင်၏ စိတ်နှလုံးဖြင့် ကောင်းစွာ ထမ်းဆောင်ရန် သင်ကြိုးပမ်းသရွေ့ ဘုရားသခင်က သင့်ကို အသိအမှတ်ပြုလိမ့်မည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ယောက်အဖြစ် အသိအမှတ်ပြုလိမ့်မည်။ သင် မည်သူဖြစ်စေ သင်၏ တာဝန်ကို အစဉ်သဖြင့် ရှောင်ကြဉ်ရန်၊ သို့မဟုတ် ကွယ်ဝှက်ရန် ကြိုးစားနေလျှင် ပြဿနာတစ်ခုရှိသည်။ လျှော့ပြောရလျှင် သင်သည် အလွန်ပျင်းရိပြီး အလွန်လှည့်ဖြားတတ်သည်၊ သင်သည် အလဟဿနေပြီး အားလပ်ချိန်ကို နှစ်သက်ကာ အလုပ်လုပ်ပေးရခြင်းကို စက်ဆုပ်သည်။ ပို၍လေးနက်စွာ ဆိုရလျှင် သင်သည် သင့်တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိဘဲ သစ္စာစောင့်သိမှုဖြစ်စေ၊ ကျိုးနွံနာခံခြင်းဖြစ်စေ မရှိပေ။ သင်သည် ဤသေးငယ်သော အလုပ်အနည်းငယ်ကို ထမ်းရွက်ရန် ရုပ်ပိုင်းဆိုင်ရာပင် အားထုတ်နိုင်ခြင်း မရှိပါကမည်သည့်အရာ လုပ်နိုင်သနည်း။ မည်သည့်အရာကို သင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်စွမ်း ရှိသနည်း။ အကယ်၍ လူတစ်ဦးသည် အမှန်တကယ် သစ္စာစောင့်သိပြီး သူ၏တာဝန်သိစိတ်ရှိပါက၊ ယင်းကို ဘုရားသခင် တောင်းဆိုနေသရွေ့၊ ထို့ပြင် ယင်းကို ဘုရားသခင်၏ အိမ်တော်မှ လိုအပ်နေသရွေ့ သူ့အား ခိုင်းစေသည့်အရာတိုင်းကို ကိုယ့်ရွေးချယ်မှုကိုယ် မလုပ်ဘဲ သူလုပ်ဆောင်လိမ့်မည်။ ဤသည်မှာ မိမိတတ်နိုင်ပြီး လုပ်ဆောင်သင့်သည့်အရာမှန်သမျှကို တာဝန်ယူပြီး ပြီးမြောက်အောင် ဆောင်ရွက်ရန် မိမိတာဝန်ကို ထမ်းဆောင်ခြင်းစည်းမျဉ်းများထဲမှ တစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။) ပြင်ပတွင် ကာယအလုပ်ကြမ်းကို လုပ်ရသောသူအချို့က သဘောမတူဘဲ “သင်က အမိုးအကာအောက် သင်၏အခန်းထဲတွင် သင်၏တာဝန် ထမ်းဆောင်လျက် တစ်နေ့လုံး အချိန်ကုန်သည်။ ယင်း၌ လုံးဝ ဆင်းရဲဒုက္ခမရှိပေ။ သင်၏ တာဝန်သည် ကျွန်ုပ်တို့၏ တာဝန်ထက် ပို၍ အနေချောင်သည်။ ကျွန်ုပ်တို့၏ နေရာတွင် သင်တို့ နေကြည့်ပါ။ အပြင်၌ နာရီအချို့ကြာ လေထဲမိုးထဲ၌ အလုပ်လုပ်ပြီးနောက်တွင် သင် သည်းခံနိုင်သလားဆိုသည်ကို ကြည့်ကြည့်ကြစို့” ဟူ၍ ပြောသည်။ အမှန်တကယ်တွင် တာဝန်တိုင်းသည် ဆင်းရဲဒုက္ခအချို့ ပါဝင်သည်။ ကာယအလုပ် လုပ်ရသောအလုပ်တွင် ကိုယ်ခန္ဓာဆိုင်ရာ ဆင်းရဲဒုက္ခပါဝင်ပြီး ဉာဏသုံးရသော အလုပ်တွင် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခပါဝင်သည်။ တစ်ခုစီတွင် အခက်အခဲများရှိသည်။ အရာရာတိုင်းက လုပ်ရသည်ထက် ပြောရသည်မှာ ပိုလွယ်ကူသည်။ တစ်ဖက်တွင် လူတို့က အလုပ်တာဝန်တစ်ခုကို အမှန်တကယ် တာဝန်ယူဆောင်ရွက်သည့်အခါ အရေးကြီးသည့်အရာမှာ သူတို့၏ ကိုယ်ကျင့်စရိုက် ဖြစ်ပြီး အခြားတစ်ဖက်တွင် သမ္မာတရားကို သူတို့ ချစ်ခြင်းရှိမရှိဖြစ်၏။ ဦးစွာ လူတို့၏ စရိုက်လက္ခဏာအကြောင်းကို ပြောကြပါစို့။ အကယ်၍ လူတစ်ဦး၌ ကောင်းသောစရိုက်ရှိပါက သူသည် အရာရာတိုင်း၏ အပြုသဘောဆောင်သောဘက်ကို မြင်တတ်သည်၊ အရာများကို အပြုသဘောဆောင်သောရှုထောင့်မှ၊ သမ္မာတရားကို အခြေခံပြီး လက်ခံကာ နားလည်သဘောပေါက်နိုင်ကြသည်။ ယင်းမှာ သူ၏ စိတ်နှလုံး၊ စရိုက်လက္ခဏာနှင့် ဝိညာဉ်တို့က ဖြောင့်မတ်ခြင်းဖြစ်သည်။ ယင်းမှာ စရိုက်လက္ခဏာရှုထောင့်မှ ဖြစ်သည်။ ဆက်လက်၍ လူတစ်ယောက်သည် သမ္မာတရားကို ချစ်ခြင်းရှိမရှိဖြစ်သည့် အခြားကဏ္ဍတစ်ခုအကြောင်း ပြောကြပါစို့။ သမ္မာတရားကို ချစ်ခြင်းသည် သမ္မာတရားကို လက်ခံနိုင်ခြင်းကို ရည်ညွှန်းသည်။ ဆိုလိုသည်မှာ သင်သည် ဘုရားနှုတ်ကပတ်တော်များကို နားလည်သဘောပေါက်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ အလုပ်နှင့်လည်းကောင်း၊ သင်ထမ်းဆောင်ရမည့် တာဝန်နှင့်လည်းကောင်း ပတ်သက်သည့် သင်၏ အမြင်၊ ထင်မြင်ချက်နှင့် ရှုထောင့်တို့သည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည် ဘုရားသခင်ထံမှလာသောတာဝန်ကို လက်ခံနိုင်ဆဲဖြစ်ပြီး ကျိုးနွံနာခံ၍ ရိုးသားလျှင် ဤသည်မှာ လုံလောက်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရန် အရည်အချင်း ပြည့်မီပြီး ယင်းသည် အနည်းဆုံးသော သတ်မှတ်ချက်ဖြစ်သည်။ အကယ်၍ သင်သည် ကျိုးနွံနာခံပြီး စိတ်ရင်းမှန်ပါက အလုပ်တာဝန်တစ်ခုကို ဆောင်ရွက်သောအခါ သင်သည် ဝတ်ကျေတမ်းကျေ ပြုလုပ်မည်မဟုတ်ဘဲ ကလိမ်ဉာဏ်ဆင်လျက် ခိုကပ်မည်လည်း မဟုတ်ပေ၊ ထိုအစား သင်သည် မိမိ၏ စိတ်နှလုံးနှင့် ခွန်အားအားလုံးကို ယင်းထဲသို့ နှစ်ထားမည် ဖြစ်သည်။ အကယ်၍ လူတစ်ဦး၏ အတွင်းစိတ်အခြေအနေသည် မှားယွင်းပြီး ၎င်းတို့၌ အပျက်သဘောဆောင်မှု ပေါ်ပေါက်လာပါက ၎င်းတို့သည် မိမိတို့၏ တိုက်တွန်းနှိုးဆော်မှုကို ဆုံးရှုံးပြီး ဝတ်ကျေတမ်းကျေ ပြုလုပ်လိုကြသည်၊ ၎င်းတို့၏ အခြေအနေ မမှန်ကန်ကြောင်းကို မိမိတို့၏ စိတ်နှလုံးထဲ၌ ကောင်းစွာ သိကြသော်လည်း ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခြင်းဖြင့် ဤသည်ကို ပြုပြင်ရန် မကြိုးစားကြပေ။ ဤကဲ့သို့သောလူများ၌ သမ္မာတရားကို ချစ်မြတ်နိုးခြင်း မရှိဘဲ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် အနည်းငယ်မျှသာ လိုလိုလားလား ရှိကြသည်၊ ၎င်းတို့သည် မည်သည့်အားစိုက်ထုတ်မှုကိုမျှ ပြုလုပ်ရန် သို့မဟုတ် ဆင်းရဲဒုက္ခကို ခံရန် ဆန္ဒမရှိကြဘဲ ကလိမ်ဉာဏ်ဆင်လျက် ခိုကပ်ရန် အစဉ်သဖြင့် ကြိုးစားနေကြသည်။ အမှန်တကယ်တွင် ဘုရားသခင်သည် ဤအရာအားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဖြစ်သည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ကိုယ်တော်သည် ဤလူတို့ကို အရေးမစိုက်ဘဲ နေရသနည်း။ ဘုရားသခင်သည် ကိုယ်တော် ရွေးချယ်ထားသောလူများ နိုးထလာရန်၊ ထိုလူများကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်ရန်နှင့် ၎င်းတို့ကို ဖယ်ရှားရှင်းလင်းရန် စောင့်ဆိုင်းနေခြင်းမျှသာ ဖြစ်သည်။ သို့ရာတွင် ထိုသို့သောလူများသည် မိမိတို့ဘာသာ ဤသို့ တွေးထင်နေဆဲ ဖြစ်သည်၊ “ငါ၏ ဉာဏ်ကောင်းပုံကို ကြည့်ကြလော့။ ငါတို့သည် အစားအစာတစ်ပုံစံတည်းကို စားသုံးကြသော်လည်း အလုပ်လုပ်ပြီးသောအခါ သင်တို့မှာ လုံးဝ မောပန်းနွမ်းနယ်နေကြပြီး ငါမူကား လုံးဝ မပင်ပန်းပေ။ ငါသာလျှင် ဉာဏ်ကောင်းသူ ဖြစ်သည်။ ငါသည် အလုပ်ကို ထိုမျှ မကြိုးစား။ အလုပ်ကို ကြိုးစားသူတိုင်းသည် ငတုံးများသာ ဖြစ်ကြသည်” ဟူ၍ ဖြစ်လေသည်။ ၎င်းတို့အနေဖြင့် ရိုးသားသောလူများကို ဤနည်းလမ်းဖြင့် ရှုမြင်ခြင်းသည် မှန်ကန်သလော။ မမှန်ပေ။ အမှန်တကယ်တွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ ကြိုးစားပမ်းစား အလုပ်လုပ်သောလူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး ဘုရားသခင်ကို ကျေနပ်စေနေခြင်း ဖြစ်သဖြင့် ၎င်းတို့သည် လူအားလုံးထဲတွင် အထက်မြက်ဆုံးသောလူများ ဖြစ်ကြသည်။ အဘယ်အရာက ၎င်းတို့ကို ထက်မြက်စေသနည်း။ ၎င်းတို့က “ဘုရားသခင်က ကျွန်ုပ်ကို မလုပ်ခိုင်းသည့် မည်သည့်အရာကိုမျှ ကျွန်ုပ်မလုပ်ပေ၊ ပြီးတော့ ကိုယ်တော်က ကျွန်ုပ်ကို လုပ်ခိုင်းသည့် အရာအားလုံးကို ကျွန်ုပ်လုပ်သည်။ ကိုယ်တော် ခိုင်းသည့် မည်သည့်အရာကိုမဆို ကျွန်ုပ်လုပ်သည်၊ ကျွန်ုပ်၏ စိတ်နှလုံးနှင့် ခွန်အားအားလုံးကို ယင်း၌နှစ်ထားသည်၊ ပြီးလျှင် ကျွန်ုပ် လုံးဝ ဟန်ပြမလုပ်ပေ။ ကျွန်ုပ်သည် ဤအရာကို မည်သည့်လူတစ်ဦးတစ်ယောက်အတွက်မျှ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ဘုရားသခင်အတွက်သာ လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်ကို အလွန်ချစ်သောကြောင့် ကိုယ်တော့်ကို စိတ်ကျေနပ်မှုရှိစေရန် ကျွန်ုပ် ဤသို့ လုပ်ဆောင်သင့်ပါသည်” ဟု ဆိုကြသည်။ ဤသည်မှာ မှန်ကန်သော စိတ်အခြေအနေ ဖြစ်သည်။ အကျိုးဆက်အားဖြင့် အသင်းတော်က လူတို့ကို ဖယ်ရှားပစ်သောအခါ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ ကလိမ်ကျသောသူအားလုံး ဖယ်ရှားရှင်းလင်းခြင်း ခံရပြီး ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမှုကို လက်ခံသော ထိုရိုးသားသောလူများမှာမူ ကျန်ရစ်ကြသည်။ ထိုရိုးသားသောလူများ၏ အခြေအနေများသည် တိုးတက်နေမြဲ တိုးတက်နေပြီး ၎င်းတို့အပေါ် ကျရောက်သမျှအားလုံး၌ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံကြရသည်။ ပြီးလျှင် အဘယ်အရာက ၎င်းတို့အား ဤကာကွယ်စောင့်ရှောက်မှုကို ရရှိစေသနည်း။ အကြောင်းမှာ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့သည် ရိုးသားသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ အခက်အခဲ သို့မဟုတ် ပင်ပန်းနွမ်းနယ်မှုကို မကြောက်ရွံ့ကြဘဲ ၎င်းတို့ထံ ပေးအပ်သမျှ မည်သည့်အရာကိုမျှ ဇီဇာကြောင်ခြင်း မရှိကြပေ၊ ၎င်းတို့သည် အကြောင်းအရင်းကို မမေးကြဘဲ ခိုင်းသည့်အတိုင်းသာ လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် မည်သည့် စုံစမ်းစစ်ဆေးမှု၊ သို့မဟုတ် ဆန်းစစ်လေ့လာမှုများကိုမျှ မလုပ်ဆောင်ဘဲ သို့မဟုတ် အခြားမည်သည့်အရာကိုမျှလည်း ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ နာခံကြသည်။ ၎င်းတို့၌ စဉ်းစားတွက်ချက်မှုများ မရှိဘဲ အရာရာ၌ နာခံနိုင်စွမ်း ရှိကြသည်။ ၎င်းတို့၏ အတွင်းစိတ်အခြေအနေသည် အစဉ်သဖြင့် အလွန် ပုံမှန်ဖြစ်သည်။ အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ ဘုရားသခင်သည် ၎င်းတို့ကို ကာကွယ်တော်မူသည်၊ နာမကျန်းမှု သို့မဟုတ် ကပ်ရောဂါ ၎င်းတို့အပေါ် ကျရောက်သောအခါ ဘုရားသခင်သည် ၎င်းတို့ကို ကာကွယ်ပေးသည်၊ အနာဂတ်တွင် ၎င်းတို့သည် ကောင်းချီးများကိုသာ ခံစားကြရလိမ့်မည်။ လူအချို့သည် ဤကိစ္စရပ်ကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြပေ။ ရိုးသားသောလူများက မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ ဆင်းရဲဒုက္ခနှင့် ပင်ပန်းနွမ်းနယ်မှုကို လိုလိုလားလား ခါးစည်းခံနေသည်ကို ၎င်းတို့ မြင်သောအခါ ဤရိုးသားသောလူများသည် မိုက်မဲသည်ဟု ၎င်းတို့ ထင်ကြသည်။ ဤသည်မှာ မိုက်မဲခြင်းလောဟူသည်ကို ငါ့ကိုပြောလော့။ ဤသည်မှာ စိတ်ရင်းမှန် ဖြစ်သည်၊ ဤသည်မှာ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ စစ်မှန်သော ယုံကြည်ခြင်းမရှိဘဲ လူတစ်ဦးသည် မည်သည့်အခါမျှ အမှန်တကယ် နားလည်နိုင်ခြင်း သို့မဟုတ် ရှင်းပြနိုင်ခြင်းမရှိမည့် အရာများစွာ ရှိသည်။ သမ္မာတရားကို နားလည်သောသူများ၊ ဘုရားသခင်ရှေ့၌ အစဉ်အသက်ရှင်ပြီး ကိုယ်တော်နှင့် ပုံမှန်ပေါင်းသင်းဆက်ဆံမှုများ ရှိသောသူများနှင့် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံပြီး စစ်မှန်စွာ ကြောက်ရွံ့သောသူများသာလျှင် အမှန်တကယ် အဘယ်အရာ ဖြစ်ပျက်နေသည်ကို ၎င်းတို့၏ စိတ်နှလုံးထဲ၌ အရှင်းလင်းဆုံး သိကြသည်။ အဘယ်ကြောင့် ၎င်းတို့ သိရှိပြီး အခြားသူများ မသိရှိကြသနည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ရိုးသားသောလူများ ဖြစ်ခြင်းတို့မှတစ်ဆင့် အတွေ့အကြုံ ရရှိခြင်းမှ လာသည်။ ဤအတွေ့အကြုံကို မည်သည့်လူကမျှ မပေးနိုင်သကဲ့သို့ မည်သူတစ်ဦးတစ်ယောက်ကမျှ ခိုးယူခြင်း သို့မဟုတ် လုယူခြင်း မပြုနိုင်ပေ။ ဤသည်မှာ ကောင်းချီးတစ်ခု မဟုတ်လော။ ထိုသို့သော ကောင်းချီးမင်္ဂလာကို သာမန်လူတို့ မရရှိနိုင်ပေ။ ပြီးလျှင် အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ အကြောင်းမှာ လူတို့သည် အလွန် လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် ရိုးသားမှု လိုအပ်နေသည်၊ ၎င်းတို့သည် ရိုးသားသောလူများ ဖြစ်နိုင်စွမ်းမရှိဘဲ စစ်မှန်သော စိတ်နှလုံးများ ကင်းမဲ့ကြသဖြင့် ၎င်းတို့ ရရှိသောအရာမှာ အကန့်အသတ်ရှိသည်။ အန္တိခရစ်များအတွက်မှာမူ ထည့်ပြောစရာပင် မလိုတော့ပေ။ အမျိုးမျိုးသော ကိစ္စရပ်များအပေါ် ၎င်းတို့၏ သဘောထားများအပြင် ၎င်းတို့၏ သဘာဝ အနှစ်သာရကို အခြေခံ၍ အထူးသဖြင့် ခရစ်တော်အပေါ် ၎င်းတို့၏ သဘောထားကို အခြေခံ၍ အန္တိခရစ်များကဲ့သို့သော လူများသည် ဤကောင်းချီးမင်္ဂလာကို မည်သည့်အခါမျှ လက်ခံရရှိမည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်။ အကြောင်းမှာ ၎င်းတို့၏ စိတ်နှလုံးများသည် အလွန် ကောက်ကျစ်ဆိုးယုတ်ပြီး စဉ်းလဲသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လူကိုလိုက်၍ လူတို့ကို မတူညီစွာ ဆက်ဆံကြသည်၊ ပုတ်သင်ညိုကဲ့သို့ မိမိတို့၏ အရောင်များကို ပြောင်းလဲကြသည်၊ ၎င်းတို့၏ အတွေးအခေါ်များသည် အစဉ်သဖြင့် လှုပ်ရှားနေကာ အကျိုးအမြတ်မမြင်ဘဲ မည်သည့်အခါမျှ အလုပ်မလုပ်ကြပေ။ ၎င်းတို့သည် ဘုရားသခင်အပေါ် ရိုးသားခြင်းမရှိ၊ သူ့အပေါ် ကျိုးနွံနာခံခြင်းမရှိဘဲ သူနှင့် အရောင်းအဝယ်ပြုလုပ်ခြင်းသာ ပြုလုပ်ကြသည်။ ထိုသို့သော သဘောထားများနှင့် အနှစ်သာရ၏ အကျိုးဆက်မှာ အဘယ်နည်း။ ယင်းမှာ မည်သည့်ကိစ္စရပ်တွင်မဆို ၎င်းတို့သည် အမျိုးမျိုးသော လူများနှင့် အခြေအနေများ၏ အနှစ်သာရအပြင် ဤအခြေအနေများတွင် ပါဝင်သော သမ္မာတရားများကို ထိုးထွင်းသိမြင်နိုင်ခြင်းဖြစ်စေ၊ နားလည်နိုင်ခြင်းဖြစ်စေ မရှိချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ ရှေ့မှောက်၌ ချထားပြီးဖြစ်ကာ ၎င်းတို့သည် ပညာတတ်များဖြစ်ပြီး ဖတ်ရှု၍ ဆန်းစစ်တတ်ကြသည်၊ ဉာဏ်ရည်ရှိကြပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတတ်ကြသည်၊ သို့ဖြစ်၍ အဘယ်ကြောင့် ၎င်းတို့ နားမလည်နိုင်ကြမည်နည်း။ ၎င်းတို့ အသက်မည်မျှပင် ကြီးသည်ဖြစ်စေ၊ အသက် ၈၀ အထိ ဖြစ်လျှင်ပင် ၎င်းတို့ နားလည်ကြမည် မဟုတ်သေးပေ။ အဘယ်ကြောင့် ၎င်းတို့ နားမလည်ကြမည်နည်း။ အရေးအကြီးဆုံး အကြောင်းရင်းမှာ ၎င်းတို့၏ မျက်စိများ ကွယ်နေသောကြောင့် ဖြစ်သည်။ လူအချို့က “သို့သော် ကျွန်ုပ်တို့သည် ၎င်းတို့၏ မျက်စိများကို ဖုံးအုပ်ထားသည်ကို မမြင်ဖူးပါ” ဟု ဆိုကြသည်။ ဖုံးအုပ်ထားခြင်း ခံရသည်မှာ ၎င်းတို့၏ စိတ်နှလုံးများ ဖြစ်သည်။ ဖုံးအုပ်ထားခြင်းခံရသည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးများသည် ဉာဏ်အလင်းမရရှိခြင်း၊ ၎င်းတို့သည် ထာဝစဉ် ဖုံးကွယ်ထားခြင်း ခံရသည်ဟု ဆိုလိုသည်။ ယခင်က “လူတို့၏ စိတ်နှလုံးလည်း ထုံထိုင်းလျက်ရှိ၏” ဟု ဆိုခဲ့သည်။ သို့ဆိုလျှင် အန္တိခရစ်များ၏ စိတ်နှလုံးများကို မည်သူက ထုံထိုင်းစေခဲ့သနည်း။ အမှန်တကယ်တွင် ၎င်းတို့ကို ဉာဏ်အလင်းမပေးခဲ့သူမှာ ဘုရားသခင် ဖြစ်သည်။ သူသည် ၎င်းတို့ကို စုံလင်စေရန် သို့မဟုတ် ကယ်တင်ရန် ရည်ရွယ်ခြင်းမရှိပေ။ သူသည် သင့်လျော်သောအချိန်များ၌၊ အရေးကြီးပြီး အရေးပါသော အခိုက်အတန့်များ၌ ၎င်းတို့ကို အနည်းငယ် ထိန်းချုပ်၍ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်ခြင်းမှ ဟန့်တားရန်အတွက်သာ ကြားဝင်ဆောင်ရွက်ခြင်း ဖြစ်သည်။ သို့သော် အများအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရား၊ သူ့ကို ကျိုးနွံနာခံခြင်း၊ မိမိတို့ကိုယ်ကို သိရှိခြင်းနှင့် သူ့ကို သိရှိခြင်းတို့နှင့် သက်ဆိုင်သော ကိစ္စရပ်များနှင့် ပတ်သက်လာသောအခါ သူသည် ၎င်းတို့ကို မည်သည့်အခါမျှ ဉာဏ်အလင်းမပေးပေ။ လူအချို့က “ထိုသို့ မဟုတ်ပါ။ ကိုယ်တော်က ၎င်းတို့ကို ဉာဏ်အလင်းမပေးဟု ကိုယ်တော် မည်သို့ ဆိုနိုင်မည်နည်း။ အန္တိခရစ်များအဖြစ် သတ်မှတ်ခြင်းခံရသူအချို့သည် အလွန် ပါးနပ်ကြသည်။ တရားဒေသနာတစ်ခုကို နားထောင်ပြီးနောက် သင်က သုံးနာရီကြာအောင် ပြောခဲ့လျှင် ၎င်းတို့က ခြောက်နာရီကြာအောင် ပြောနိုင်ကြသည်။ ယင်းမှာ ဉာဏ်အလင်းရခြင်း မဟုတ်လော” ဟု ဆိုကောင်းဆိုနိုင်သည်။ ၎င်းတို့သည် နာရီမည်မျှကြာအောင် ပြောနိုင်သည်ဖြစ်စေ၊ နာရီ ၃၀ ဖြစ်လျှင်ပင် ယင်းမှာ စကားလုံးများနှင့် အယူဝါဒများ အစုအဝေးမျှသာ ဖြစ်သည်။ ဖာရိရှဲများနှင့် ကျမ်းပြုဆရာများသည် ဤလူများထက် သာ၍ပင် ကောင်းစွာ ပြောနိုင်ကြသည် မဟုတ်လော။ ၎င်းတို့တစ်ဦးစီတိုင်းသည် တရားဟောခြင်း၌ ကျွမ်းကျင်သူများဖြစ်ကြပြီး ၎င်းတို့တစ်ဦးစီတိုင်းသည် စကားအရာ၌ လိမ္မာကြသော်လည်း ယင်းက အဘယ်အကျိုးကျေးဇူး ရှိခဲ့သနည်း။ ဘုရားသခင် ကြွလာသောအခါ ၎င်းတို့သည် ကိုယ်တော်ကို ဆက်လက်၍ အတိုက်အခံလုပ်ပြီး ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ဤအရာက ၎င်းတို့ထံသို့ အဘယ်အရာကို ဆောင်ကြဉ်းပေးခဲ့သနည်း။ ယင်းက ၎င်းတို့ထံသို့ ဖျက်ဆီးခြင်း၊ ပျက်စီးခြင်းနှင့် ကြီးမားသော ကပ်ဘေးတို့ကို ဆောင်ကြဉ်းပေးခဲ့သည်။ အပြင်ပန်းမှကြည့်လျှင် ဘုရားအိမ်တော်ရှိ လူတိုင်းသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေပုံရပြီး လူတစ်ဦးစီတိုင်းသည် တစ်နေ့လျှင် သုံးနပ်စားကာ နေ့ဘက်တွင် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ပြီး ညဘက်တွင် အနားယူကြသည်။ သို့ရာတွင် နှစ်အနည်းငယ်ကြာပြီးနောက် အမျိုးမျိုးသော လူစားများအကြား ကွာခြားချက်များသည် သိသာထင်ရှားလာပြီး မတူညီသော လူအမျိုးအစားများ၏ အဆုံးသတ်များသည် ထုတ်ဖော်ခြင်းနှင့် ခွဲခြားခြင်း ခံရသည်။ လူအချို့သည် ဘုရားသခင်ကို ယုံကြည်သည်ဟု နှုတ်ဖြင့် ကြွေးကြော်ကြသော်လည်း မှန်ကန်သော လမ်းကြောင်းကို မလိုက်လျှောက်ဘဲ ထိုအစား ငရဲသို့ အလျင်အမြန် သွားကြသည်။ အခြားသူများမှာမူ သမ္မာတရားကို ချစ်မြတ်နိုးပြီး ယင်းအတွက် အစဉ်မပြတ် ကြိုးစားကြသဖြင့် ၎င်းတို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ တဖြည်းဖြည်း ဝင်ရောက်ကြသည်။ အချို့သည် သက်သောင့်သက်သာရှိသော ဘဝကို အသက်ရှင်လိုကြပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ တိုး၍တိုး၍ ကလိမ်ကျစ်လာကြကာ အဆုံးစွန်၌ ဖယ်ရှားရှင်းလင်းခြင်း ခံရသည်။ အချို့သည် သမ္မာတရားကို လက်ခံနိုင်ကြပြီး မိမိတို့၏ စိတ်နှလုံးထဲ၌ တိုး၍တိုး၍ ရိုးသားလာကြကာ မိမိတို့၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို တွေ့ကြုံခံစားကြရပြီး ဘုရားသခင်နှင့် လူတို့၏ ချစ်မြတ်နိုးခြင်းကို ခံရသူများ ဖြစ်လာကြသည်။ အချို့သည် စကားလုံးများနှင့် အယူဝါဒများကို ဟောပြောခြင်းအပေါ် အစဉ်သဖြင့် အာရုံစိုက်ကြပြီး ၎င်းတို့၏ တရားဟောခြင်းအားလုံးပြီးနောက် ၎င်းတို့သည် ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရကာ ထို့ကြောင့် ပျက်စီးသွားကြသည်။ အချို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ကြသည်။ ၎င်းတို့သည် တရားဒေသနာများကို ပို၍ နားထောင်လေ၊ ပို၍ စိတ်ရှုပ်ထွေးလေ၊ သမ္မာတရား၌ စိတ်ဝင်စားမှုနည်းပါးပြီး ကျိုးနွံနာခံမှုနည်းပါးလာလေ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် အစဉ်သဖြင့် လိုက်စားပြီး ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရည်မှန်းလျက် တစ်ဇွတ်ထိုးဆန်စွာ ထင်ရာစိုင်း ပြုမူလိုကြသည်၊ ဤသည်မှာ အန္တရာယ်ရှိသည်။ လူအချို့သည် ဘုရားသခင်နောက်သို့ နှစ်အနည်းငယ် လိုက်လျှောက်ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကာ အမှုအရာများစွာကို တွေ့ကြုံခံစားပြီးနောက် ၎င်းတို့သည် သမ္မာတရားများစွာကို နားလည်လာကြပြီး ဘုရားသခင်အပေါ် ယုံကြည်ခြင်း တိုး၍တိုး၍ ရှိလာကာ ကိုယ်တော်၏ အသိအမှတ်ပြုမှုကို ရရှိကြသည်။ ဤလူအားလုံးသည် ဘုရားသခင်ကို ယုံကြည်ကြသည်၊ အသင်းတော်အသက်တာ၌ အသက်ရှင်ကြပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကြသည်၊ သို့ဖြစ်၍ အဘယ်ကြောင့် ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်ကြာပြီးနောက် ၎င်းတို့၏ ရလဒ်များသည် ၎င်းတို့တစ်ဦးစီ၏ အမျိုးအစားအလိုက် ကွဲပြားနေကြသနည်း။ ဤသည်မှာ အဘယ်အရာကို သရုပ်ဖော်သနည်း။ လူတို့၏ သဘာဝ အနှစ်သာရ၌ ကွာခြားချက်များ မရှိသလော။ (ရှိပါသည်။)
သင်တို့ နားထောင်ပြီး စဉ်းစားရန် နောက်ထပ်ကိစ္စတစ်ခု ရှိသေးသည်၊ ယင်းမှာ ငါတို့ ဆွေးနွေးခဲ့သော အန္တိခရစ်များ၏ သရုပ်သကန်များအနက် မည်သည့်အမျိုးအစားအောက်တွင် ကျရောက်သည်ဆိုသည့်အချက် ဖြစ်သည်။ အချို့သော အသင်းတော်များတွင် ရှင်းလင်းစွာပင် အာဏာရှင်ဆန်ဆန်နှင့် ကျိုးကြောင်းမဆီလျော်ဘဲ ပြုမူသော ဆိုးယုတ်သည့်လူများ ရှိကြသည်။ ၎င်းတို့သည် မည်သည့် တိကျခိုင်မာသော အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ကြသည့်တိုင် အာဏာကိုင်စွဲရန် အစဉ်သဖြင့် အလိုရှိကြသည်။ ၎င်းတို့ တာဝန်ယူသော မည်သည့်အလုပ်တွင်မဆို ၎င်းတို့သည် အနှောင့်အယှက်များနှင့် ပျက်စီးမှုတို့ကို ဖန်တီးကြပြီး စည်းမျဉ်းများကို မလိုက်နာကြပေ၊ ၎င်းတို့ ပြုလုပ်သော မည်သည့်အမှုအရာများတွင်မဆို ၎င်းတို့သည် အဖိုးအခကို မည်သည့်အခါမျှ ပေးဆပ်လိုခြင်း မရှိသည့်တိုင် အခြားသူများကို ၎င်းတို့စကား နားထောင်စေရန် အစဉ်သဖြင့် အလိုရှိကြသည်။ အတိုချုပ်အားဖြင့် ထိုသို့သောလူတစ်ဦးသည် အသင်းတော်တစ်ခု၌ ရှိနေသရွေ့ အခြားလူများစွာတို့သည် ၎င်းတို့ကြောင့် အနှောင့်အယှက်ပေးခြင်း ခံရမည်ဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်နှင့် အသင်းတော်၏ စည်းစနစ်သည် ထိခိုက်ပျက်စီးခြင်း ခံရလိမ့်မည်။ ထိုသို့သောလူများသည် မည်သည့် ကြီးမားသော မကောင်းမှုများကိုမျှ ထင်ထင်ရှားရှား မကျူးလွန်ခဲ့သော်လည်း သို့မဟုတ် ညီအစ်ကိုမောင်နှမများကို မထိခိုက်စေခဲ့သော်လည်း ၎င်းတို့၏ လူ့သဘာဝ၊ ၎င်းတို့၏ အနှစ်သာရ၊ အမျိုးမျိုးသော ကိစ္စရပ်များအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များ၊ ညီအစ်ကိုမောင်နှမများအပေါ်၊ ဘုရားအိမ်တော်၏ အလုပ်အပေါ်နှင့် မိမိတို့၏ ကိုယ်ပိုင်တာဝန်များအပေါ် ၎င်းတို့၏ သဘောထားများကို သင် ကြည့်သောအခါ ၎င်းတို့သည် ဆိုးယုတ်သောသူများ၏ အဆင့်အတန်း သက်သက်တွင်သာ ရှိနေကြသည်။ ညီအစ်ကိုမောင်နှမများ မသတိပြုမိမီ ၎င်းတို့ကို ငါ ကြုံတွေ့ပါက ထိုသို့သောလူတစ်ဦးကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ၎င်းတို့ ကြီးလေးသော အမှားကို ကျူးလွန်သည်အထိ သို့မဟုတ် ကြီးမားသော ဘေးအန္တရာယ်ကို ဖြစ်စေသည်အထိ ငါ စောင့်ပြီး ၎င်းတို့ “ကြီးကြီးမားမား ဂယက်ရိုက်သွား” သည့်အခါမှ ၎င်းတို့ကို ရှင်းလင်းပစ်သင့်သလော။ ယင်းမှာ လိုအပ်သလော။ (မလိုအပ်ပါ။) သို့ဆိုလျှင် ငါ အဘယ်အရာ ပြုလုပ်သင့်သနည်း။ အနည်းဆုံးအားဖြင့် ၎င်းတို့ကို ၎င်းတို့၏ တာဝန်မှ ငါ ထုတ်ပယ်သင့်သည်။ နောက်တစ်ခုမှာ အခြားသူများကို မထိခိုက်စေရန် ရှောင်ရှားဖို့အတွက် ၎င်းတို့ကို မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းမှ တားဆီးလျက် ၎င်းတို့ကို ငါ သီးခြားခွဲထားသင့်သည် သို့မဟုတ် ရှင်းလင်းဖယ်ရှားသင့်သည်။ ဘုရားအိမ်တော်၏ အရေးပါသော အလုပ်တွင် ထိုသို့သော ဆိုးယုတ်သည့်လူများ ရှိနေခြင်းကို ခွင့်မပြုပေ၊ ဤစည်းမျဉ်း မှန်ကန်သလော။ ၎င်းတို့ ဖော်ထုတ်ခြင်း မခံရသေးပါက ရှိစေလော့၊ သို့သော် ၎င်းတို့ ထုတ်ဖော်ခြင်းခံရသည်နှင့်တစ်ပြိုင်နက် ရှင်းလင်းစွာ မြင်တွေ့ရပြီး ဆိုးယုတ်သည့်လူများအဖြစ် သတ်မှတ်ခြင်းခံရပါက ၎င်းတို့ကို သန့်စင်ပစ်ခြင်းသည် မှန်ကန်သလော။ (မှန်ပါသည်။) လူအချို့က “ယင်းမှာ အလုပ်မဖြစ်နိုင်ပါ။ သင်က ၎င်းတို့ကို ထိုးထွင်းသိမြင်နိုင်သော်လည်း အခြားသူများကမူ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြချေ။ သူတို့ကို ရှင်းလင်းပစ်ခြင်းသည် အခြားသူများကို ထိခိုက်စေလိမ့်မည်။ သင်က သူတို့ကို ထိုးထွင်းသိမြင်သောကြောင့် ရှင်းလင်းပစ်လိုက်လျှင် သင်တို့တစ်ဦးတည်း ဆုံးဖြတ်ချက်ချရာ မရောက်ပေဘူးလော။ ထိုသို့ပြုလုပ်ခြင်းသည် သမ္မာတရားကို အမှန်တကယ် အာဏာကိုင်စွဲစေခြင်း ဖြစ်သလော။ ကျွန်ုပ်တို့သည် ညီအစ်ကိုမောင်နှမများနှင့် စုဝေး၍ မိတ်သဟာယဖွဲ့ရမည်၊ သူတို့နှင့်အတူ စိတ်ဖြာလေ့လာဆွေးနွေးရမည်၊ မှန်ကန်သော ယုံကြည်လက်ခံမှု ရှိလာစေရန် သူတို့အား ကူညီပေးရမည်၊ အချက်အလက်များကို စုစည်းပြီး ရှေ့ဆက်မလုပ်ဆောင်မီ လူတိုင်း၏ သဘောတူညီချက်ကို ရယူရမည်။ သင်သည် လုပ်ငန်းစဉ်များကို လိုက်နာရန် လိုအပ်ပြီး ထိုသို့မလိုက်နာပါက အသင်းတော်၏ အလုပ်အစီအစဉ်များကို ချိုးဖောက်နေခြင်း မဟုတ်သလော။ ဤသည်မှာ မမှားယွင်းပေဘူးလော။ သင်ကိုယ်တိုင်က ရှေးဦးစွာ အသင်းတော်၏ အလုပ်အစီအစဉ်များကို လိုက်နာစောင့်ထိန်းသင့်သည်၊ သင်သည် ထိုအစီအစဉ်များကို တမင်ဖျက်ဆီး၍ မရနိုင်ပေ။ ထို့အပြင် မည်သည့်အရာပင်ဖြစ်စေ အရာခပ်သိမ်းကို ညီအစ်ကိုမောင်နှမများအတွက် ထောက်ထားသောအားဖြင့် လုပ်ဆောင်ခြင်း မဟုတ်လော။ ထိုသို့ဖြစ်သည့်အတွက်ကြောင့် သင်တို့သည် ညီအစ်ကိုမောင်နှမများအားလုံးကို ဤအကြောင်းအရာအား အပြည့်အဝ သိရှိစေပြီး သမ္မာတရား၏ ဤအပိုင်းနှင့်ပတ်သက်၍ ရှင်းလင်းသွားစေရန် လိုအပ်သည်။ သင်သည် သူတို့ကို စိတ်ရှုပ်ထွေးသွားအောင် လုပ်၍မရပေ၊ ညီအစ်ကိုမောင်နှမများအားလုံး ပိုင်းခြားသိမြင်နိုင်စွမ်း ရှိလာစေရန် သင်တို့ လုပ်ဆောင်ပေးဖို့ လိုအပ်သည်” ဟု ဆိုကောင်းဆိုနိုင်သည်။ အကယ်၍ ဤလုပ်ထုံးလုပ်နည်းများကို မလိုက်နာဘဲ တစ်စုံတစ်ဦးကို ရှင်းလင်းပစ်ရန် ငါ ပြောပါက သင်တို့ မည်သို့ ဆက်လက်လုပ်ဆောင်မည်နည်း။ သင်တို့ အကျပ်ရိုက်သွားမည်၊ ဟုတ်သည် မဟုတ်လော။ သင်တို့ အကျပ်အတည်း ကြုံတွေ့ရသည်ကို မြင်ရမည်ဆိုသည့်အချက်က ထိုသို့သော ရှုထောင့်အမြင်များသည် သင်တို့အလယ်၌ ရှိနေကြောင်း သက်သေပြသည်။ ငါ ပြောနေသည့်အရာသည် ဖြစ်ပျက်ခဲ့ပြီးဖြစ်သည်။ အရေးပါသော အလုပ်နေရာတစ်ခုတွင် မကောင်းသော လူ့သဘာဝရှိသည့် နတ်ဆိုးတစ်ကောင် ရှိခဲ့သည်၊ သူသည် မိမိ၏တာဝန်ကို ထမ်းဆောင်စဉ် အခက်အခဲနှင့် ပင်ပန်းနွမ်းနယ်မှုကို ရှောင်ရှားရန် ကြိုးစားလျက် ကလိမ်ဉာဏ်ဆင်လျက် ခိုကပ်ခဲ့သည်။ သူသည် အသင်းတော်၏ အလုပ်ကို အချိန်ပြည့် အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်ခဲ့ပြီး ပြုပြင်ခံရသောအခါ သူသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာကာ သမ္မာတရားကို လုံးဝ ငြင်းပယ်ခဲ့သည်။ သူသည် ရာထူးကိုင်စွဲပြီး စီမံဦးစီးရန် အစဉ်သဖြင့် အလိုရှိခဲ့သကဲ့သို့ အခြားသူများကိုလည်း အမိန့်ပေးလိုခဲ့ပြီး သူသည် အသင်းတော်၏ အကျိုးစီးပွားကို မည်သည့်အခါမျှ ထည့်သွင်းစဉ်းစားခြင်းဖြစ်စေ၊ စည်းမျဉ်းများကို လိုက်နာခြင်းဖြစ်စေ မရှိဘဲ မိမိ၏ နှစ်သက်မှုများအရသာ ပြုမူခဲ့သည်။ သူ အလုပ်တာဝန် ယူစဉ်ကာလအတွင်း ငါ သူ့ကို လုပ်ဆောင်ရန် ညွှန်ကြားခဲ့သော အမှုအရာအချို့ကို သူ လျစ်လျူရှုခဲ့ပြီး ငါ၏ နှုတ်ကပတ်တော်များကို ပေါ့ပြက်ပြက် စကားများကဲ့သို့ သဘောထားခဲ့သည်။ သူ၏ အလုပ်တာဝန်များကို မလုပ်ဆောင်ခြင်းအပြင် သူသည် အနှောင့်အယှက်များကို ဖြစ်စေခဲ့သည်။ အသင်းတော်သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန်အတွက် အရေးကြီးသော အလုပ်နေရာတစ်ခု ဖြစ်သည်၊ အကယ်၍ သူသည် မိမိ၏တာဝန်ကို ထမ်းဆောင်ရန် မဟုတ်ဘဲ မင်းညီမင်းသားကဲ့သို့ သက်သောင့်သက်သာ နေထိုင်ရန် သို့မဟုတ် စောစီးစွာ အငြိမ်းစားယူခြင်းကို ခံစားရန် လာသည်ဟု ထင်ခဲ့ပါက သူ မှားယွင်းခဲ့သည်။ ဘုရားအိမ်တော်သည် လူမှုဖူလုံရေး အဖွဲ့အစည်းလည်းမဟုတ်၊ ခိုလှုံရာနေရာလည်း မဟုတ်ပေ။ ဤလူကဲ့သို့သော အမှိုက်သရိုက်များသည် ၎င်းတို့ သွားလေရာရာ၌ မည်သည့်နေရာတွင်မျှ ကောင်းကျိုးမပေးပေ၊ ၎င်းတို့သည် မိမိတို့၏ မည်သည့်တာဝန်များတွင်မျှ သစ္စာစောင့်သိခြင်း မရှိဘဲ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေ ပြုမူကာ ရည်ရွယ်ချက်မဲ့စွာ လွင့်မျောနေကြသည်။ သို့ဖြစ်၍ သူ့ကို ချက်ချင်း ရှင်းလင်းပစ်ရန် ငါ ပြောခဲ့သည်။ ဤသည်ကို လက်တွေ့အကောင်အထည်ဖော်ရန် လွယ်ကူခဲ့မည်လော။ (လွယ်ကူပါသည်။) သို့ရာတွင် လူအမျိုးအစားတစ်မျိုးအတွက်မူ ထိုသို့သော ရိုးရှင်းသည့်ကိစ္စရပ်တစ်ခုပင် အကောင်အထည်ဖော်ရန် ခက်ခဲသည်။ ငါ ပြောဆိုပြီး သုံးလအကြာတွင်မှ ဤဆိုးယုတ်သောလူကို နောက်ဆုံးတွင် အတင်းအကျပ် ထွက်သွားခိုင်းခဲ့သည်။ အကြောင်းရင်းမှာ အဘယ်နည်း။ ဤလူကို ရှင်းလင်းပစ်ရန် ငါ အမိန့်ထုတ်ပြန်ပြီးနောက် ထိုအသင်းတော်၏ ခေါင်းဆောင်သည် ထိုအလုပ်တာဝန်ကို “အကောင်အထည်ဖော်” ရန် စတင်ခဲ့သည်။ ၎င်းတို့ မည်သို့ အကောင်အထည် ဖော်ခဲ့သနည်း။ ၎င်းတို့သည် ဆုံးဖြတ်ချက်အပေါ် လူတိုင်း မဲပေးရန်အတွက် စုဝေးပွဲတစ်ခုကို ခေါ်ယူခဲ့သည်။ များစွာသော ဆွေးနွေးမှုများအပြီးတွင် လူအများစုသည် သူ့ကို ရှင်းလင်းပစ်ရန် နောက်ဆုံးတွင် သဘောတူခဲ့ကြသော်လည်း ယင်းကို ဆန့်ကျင်သည့် မဲတစ်မဲ ရှိခဲ့သဖြင့် ထိုကိစ္စကို ဆိုင်းငံ့ထားခဲ့သည်။ ဤခေါင်းဆောင်က ၎င်းတို့သည် သဘောမတူသောသူအပေါ် “အလုပ်လုပ်ပေး” ရန်၊ ၎င်းတို့နှင့် ဆွေးနွေးရန်နှင့် ၎င်းတို့၏ သဘောတူညီချက်ကို ရယူရန် လိုအပ်သည်ဟု ဆိုခဲ့သည်။ ထိုအတောအတွင်း ထိုလူကို ထွက်သွားခိုင်းပြီးပြီလားဟု ငါ နှစ်ကြိမ်တိုင် မေးမြန်းခဲ့ပြီး ထိုခေါင်းဆောင်က ထိုသူသည် မသွားရသေးကြောင်း၊ ၎င်းသည် အချက်အလက်များကို စုစည်းပြီး အကျဉ်းချုပ်နေဆဲ ဖြစ်ကြောင်း ပြန်ဖြေခဲ့သည်။ ငါ၏ နောက်ကွယ်တွင် ၎င်းက “တစ်ယောက်ယောက် သဘောမတူသရွေ့ ငါတို့ သူ့ကို ရှင်းလင်းပစ်၍ မရပါ” ဟုလည်း ဆိုခဲ့ကြသည်။ ဤသို့ပြောရာတွင် ၎င်း၏ ဆိုလိုရင်းမှာ ၎င်းသည် ဤလူကို ရှင်းလင်းပစ်လိုခြင်း မရှိသောကြောင့် ဤအဓိပ္ပာယ်မဲ့သော အကြောင်းပြချက်ကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။ လက်တွေ့တွင် ၎င်းသည် အခြားသူများကို လှည့်ဖြားနေခဲ့ခြင်း ဖြစ်သည်၊ ၎င်းသည် ဤလူကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်ရွံ့ပြီး သူ့ကို ရှင်းလင်းပစ်ရန် မရဲဝံ့ခဲ့ကြပေ။ နောက်ဆုံးတွင် အထက်မှ နောက်ဆုံးသတိပေးချက်တစ်ခု ထွက်ပေါ်လာသည်၊ “ဤလူကို ထွက်သွားခိုင်းရမည်။ အကယ်၍ သူ မသွားလျှင် သင် သွားရမည်။ သင်တို့နှစ်ဦးအနက် တစ်ဦး ထွက်သွားရမည်၊ သင် ရွေးချယ်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်ကို ကြားသောအခါ ၎င်းက “ငါ ထွက်သွား၍မဖြစ်ပါ၊ ငါ့ရာထူးကို ငါ အချိန်အကြာကြီး မခံစားရသေးပါ” ဟု စဉ်းစားခဲ့သည်။ ထိုအခါမှသာ ၎င်းသည် ဤနတ်ဆိုးကို ထွက်သွားခိုင်းခဲ့သည်။ ငါ့ကို ပြောလော့၊ ဤခေါင်းဆောင်သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် ကာကွယ်ခဲ့သနည်း။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ လုပ်နည်းကိုင်နည်း မဟုတ်လော။ ဤသည်မှာ အန္တိခရစ်၏ အပြုအမူ အတိအကျ ဖြစ်သည်။
လူအချို့သည် ဘုရားသခင်ကို ယုံကြည်ကြောင်း အဆက်မပြတ် ကြွေးကြော်ကြသော်လည်း အဖြစ်အပျက်များ ၎င်းတို့အပေါ် ဖြစ်ပျက်သောအခါ ညီအစ်ကိုမောင်နှမတိုင်း၏ ထင်မြင်ယူဆချက်ကို ရှာဖွေကြပြီး ခရစ်တော်၏ ထင်မြင်ယူဆချက်ကိုမူ မည်သည့်အခါမျှ မရှာဖွေကြပေ။ ခရစ်တော် အဘယ်အရာ ပြောသည်၊ သူ၏ ကောက်ချက်မှာ အဘယ်အရာဖြစ်သည်၊ အဘယ်ကြောင့် သူသည် ဤအမှုကို ပြုလုပ်လိုသည် သို့မဟုတ် လူတို့ မည်သို့ ကျိုးနွံနာခံသင့်သည်ကို ၎င်းတို့ မမေးမြန်းကြပေ။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမတိုင်း၏ ထင်မြင်ယူဆချက်ကို ရှာဖွေခဲ့ပြီး ၎င်းတို့၏ ထင်မြင်ယူဆချက်များနှင့် အတွေးအခေါ်အားလုံးကို လေးစားနိုင်စွမ်း ရှိကြသော်လည်း ခရစ်တော်ပြောသော စာကြောင်းတစ်ကြောင်းကိုမျှ လက်မခံကြဘဲ ကျိုးနွံနာခံရန် ရည်ရွယ်ချက် မရှိကြောင်း ပြသကြသည်။ ဤသည်မှာ မည်သို့သော သဘောသဘာဝ ဖြစ်သနည်း။ ၎င်းတို့သည် အန္တိခရစ်များ မဟုတ်လော။ (ဟုတ်ပါသည်။) ဤအခြေအနေတွင် အဘယ်အရာ ဖြစ်ပျက်နေသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ဤကိစ္စရပ်ကို အကောင်အထည်မဖော်ကြသနည်း။ အဘယ်ကြောင့် ၎င်းတို့အတွက် အကောင်အထည်ဖော်ရန် ထိုမျှ ခက်ခဲနေရသနည်း။ ဤအရာအတွက် အကြောင်းရင်းတစ်ခု ရှိသည်။ ၎င်းတို့က “ခရစ်တော်၌ သမ္မာတရားနှင့် ဘုရား၏ အနှစ်သာရ ရှိသည်၊ သို့သော် ယင်းမှာ အားလုံးက ရုံးသုံးစကားများ၊ အယူဝါဒများနှင့် ဆောင်ပုဒ်များမျှသာ ဖြစ်သည်။ တကယ့်ကိစ္စရပ်များနှင့် ပတ်သက်လာသောအခါ သင်သည် မည်သူ့ကိုမျှ လုံးဝ ထွင်းဖောက်မမြင်နိုင်ပေ။ သင်၏ စကားများသည် ငါတို့ နားထောင်ရန်အတွက်သာ ပြောဆိုခြင်းဖြစ်ပြီး စာအုပ်များထဲ၌ ပုံနှိပ်ထားကာ သင်၏ တကယ့်စွမ်းဆောင်နိုင်မှုများနှင့် လုံးဝ မည်သို့မျှ မသက်ဆိုင်ပေ။ သို့ဖြစ်၍ သင်သည် တစ်စုံတစ်ဦးကို ဆိုးယုတ်သောလူ သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်ပါက ယင်းမှာ တိကျမှန်ကန်မည် မဟုတ်ပေ။ အဘယ်ကြောင့် သူသည် ဆိုးယုတ်သည် သို့မဟုတ် အန္တိခရစ်ဖြစ်သည်ကို ငါ မသတိပြုမိခဲ့သနည်း။ အဘယ်ကြောင့် ငါသည် ဤကိစ္စရပ်ကို နားမလည်ရသနည်း” ဟု စဉ်းစားကြသည်။ ဤသည်မှာ ၎င်းတို့ စဉ်းစားသည့်ပုံစံ မဟုတ်လော။ ၎င်းတို့က “သင်သည် ဤလူနှင့် နှစ်ကြိမ်သာ တွေ့ဆုံခဲ့ပြီး သူ စကားအနည်းငယ် ပြောဆိုကာ အမှုတစ်ခု ပြုလုပ်သည်ကို မြင်ရုံဖြင့် သူသည် ဆိုးယုတ်သည်ဟု သင် ဆိုသည်။ ညီအစ်ကိုမောင်နှမများက သူသည် ဆိုးယုတ်သည်ဟု မထင်ကြပေ၊ သင်က မည်သို့ ထင်နိုင်သနည်း။ အဘယ်ကြောင့် သင်၏ စကားများသည် ထိုမျှ ဩဇာသက်ရောက်သင့်သနည်း။ ငါသည် ဤလူထံမှ မည်သည့်ဆိုးယုတ်သော အပြုအမူကိုမျှ မမြင်ဖူးသကဲ့သို့ သူ မည်သည့်မကောင်းမှုများကို ပြုလုပ်ခဲ့သည်ကိုလည်း ငါ မသိပေ၊ သို့ဖြစ်၍ သင် ပြောဆိုသည့်အရာကို ငါ ‘အာမင်’ ဟု မဆိုနိုင်ပေ။ သင် ပြုလုပ်နေသည့်အရာနှင့်ပတ်သက်၍ ငါ၌ အယူအဆများနှင့် သံသယများ ရှိသည်။ သို့သော် အယူအဆများ ရှိနေသော်လည်း ငါသည် ၎င်းတို့ကို ပွင့်ပွင့်လင်းလင်း မဖော်ပြနိုင်ပေ၊ သို့ဖြစ်၍ ငါသည် သွယ်ဝိုက်သော နည်းလမ်းများကို အသုံးပြုရမည်၊ ငါသည် ညီအစ်ကိုမောင်နှမများကို ဤကိစ္စရပ်ကို မဲပေးခြင်းဖြင့် ဆုံးဖြတ်စေမည်။ အကယ်၍ ညီအစ်ကိုမောင်နှမများ သဘောမတူပါက လုပ်ဆောင်စရာ တစ်ခုမျှ မရှိတော့ပေ၊ သင်သည် ၎င်းတို့အားလုံးကိုလည်း အမှန်တကယ် ပြုပြင်နိုင်မည်လော။ ထို့အပြင် သင်သည် ဤလူနှင့် အကြိမ်အနည်းငယ်မျှသာ ထိတွေ့ဆက်ဆံခဲ့ပြီးနောက် သူ့ကို ဆိုးယုတ်သည်ဟု သင် သတ်မှတ်သည်။ အဘယ်ကြောင့် သင် သူ့ကို အခွင့်အရေးအနည်းငယ် မပေးသနည်း။ ညီအစ်ကိုမောင်နှမများသည် အဘယ်မျှ သည်းခံတတ်ပြီး ချစ်ခင်တတ်သည်ကို ကြည့်လော့။ ငါသည် လူဆိုး မဖြစ်နိုင်ပေ၊ ငါသည်လည်း ချစ်ခင်တတ်ပြီး လူတို့ကို အခွင့်အရေးများ ပေးရမည်၊ လူတို့အပေါ် အလွန်လျင်မြန်စွာ ဝေဖန်သုံးသပ်တတ်သော သင်နှင့် မတူပေ။ တစ်စုံတစ်ဦးကို ရှင်းလင်းပစ်ခြင်းသည် ရိုးရှင်းသည်မဟုတ်၊ အကယ်၍ ထိုလူသည် နောက်ပိုင်းတွင် အားနည်းသွားပါက အဘယ်သို့နည်း။ ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ ခရစ်တော်သည် ညီအစ်ကိုမောင်နှမများကို ကာကွယ်သင့်သည်။ သူသည် ညီအစ်ကိုမောင်နှမများ၏ မည်သည့်မိုက်မဲမှုကိုမဆို၊ ပုန်ကန်မှုကိုမဆို၊ မသိနားမလည်မှုကိုမဆို သည်းခံသင့်ပြီး ထိုမျှ ပြတ်သားကာ ချစ်ခြင်းမေတ္တာကင်းမဲ့ခြင်း မဖြစ်သင့်ပေ။ ဘုရားသည် သနားကရုဏာနှင့် ကြွယ်ဝသည်ဟု ဆိုသည် မဟုတ်လော။ ထိုသနားကရုဏာ အဘယ်သို့ ရောက်သွားသနည်း။ သင် မနှစ်သက်သော မည်သူ့ကိုမဆို ဆိုးယုတ်သည်ဟု သတ်မှတ်ပြီး ၎င်းတို့ကို ထွက်သွားစေလိုခြင်းသည် စည်းမျဉ်းများနှင့် လုံးဝ မကိုက်ညီပေ” ဟု ယုံကြည်ကြသည်။ ဤသည်တို့မှာ အယူအဆများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ခရစ်တော်က တစ်စုံတစ်ခုကို ပြုလုပ်သောအခါ သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုကို ချသောအခါ အကယ်၍ ၎င်းတို့က ယင်းကို သဘောမတူပါက အကောင်အထည်ဖော်ရန် ခက်ခဲလာသည်။ ၎င်းတို့သည် ဆန့်ကျင်ရန် အမျိုးမျိုးသော ဆင်ခြေများနှင့် နည်းလမ်းများကို အသုံးပြု၍ အချိန်ဆွဲကြသည်၊ ၎င်းတို့သည် အကောင်အထည် ဖော်ရန် သို့မဟုတ် နာခံရန် ယတိပြတ် ငြင်းပယ်ကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ “အကယ်၍ ငါ ဤအရာကို အကောင်အထည် မဖော်ပါက သင်၏ အလုပ်တာဝန်သည် ပြီးမြောက်အောင်မြင်မည် မဟုတ်” ဟူ၍ ဖြစ်သည်။ ငါ ပြောမည်၊ အကယ်၍ သင်သည် ယင်းကို အကောင်အထည်မဖော်ပါက ငါသည် ခေါင်းဆောင်ဖြစ်ရန် လုပ်ဆောင်နိုင်သော တစ်စုံတစ်ဦးကို ရှာဖွေမည်ဖြစ်ပြီး သင် လာခဲ့သောနေရာသို့ သင် ပြန်သွားေလော့။ ဤကိစ္စရပ်ကို ဤနည်းလမ်းဖြင့် ကိုင်တွယ်သင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါသည် သူ့ကို ထိုသို့ပင် ထွက်သွားခိုင်းခဲ့သည်၊ ရိုးရိုးရှင်းရှင်းနှင့် ထိရောက်စွာပင် မည်သူနှင့်မျှ တိုင်ပင်ရန် မလိုအပ်ခဲ့ပေ။
လူအချို့သည် သမ္မာတရားကို မည်သည့်အခါမျှ နားမလည်ကြဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အစဉ်သဖြင့် သံသယများ ရှိကြသည်။ ၎င်းတို့က “သမ္မာတရားက အာဏာကိုင်စွဲခြင်းသည် ခရစ်က အာဏာကိုင်စွဲခြင်းနှင့် တူညီသလော။ ခရစ်၏ စကားများသည် မလွဲမသွေ အစဉ်မှန်ကန်သည် မဟုတ်ပေ၊ အကြောင်းမှာ သူ၌ လူ့သဘာဝဆိုင်ရာ သွင်ပြင်လက္ခဏာတစ်ခု ရှိသောကြောင့် ဖြစ်သည်” ဟု ဆိုကြသည်။ ၎င်းတို့သည် ခရစ်တော်က အာဏာကိုင်စွဲခြင်းကို လက်မခံနိုင်ကြပေ။ အကယ်၍ ယင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်က အာဏာကိုင်စွဲခြင်း ဖြစ်ခဲ့ပါက ၎င်းတို့၌ မည်သည့်အယူအဆမျှ ရှိမည်မဟုတ်ပေ။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ထိုသို့သောလူများသည် ကောင်းကင်ဘုံရှိ ဘုရားသခင်အပေါ် အနည်းငယ်မျှပင် သံသယမရှိကြသော်လည်း လူ့ဇာတိခံယူသော ဘုရားသခင်အပေါ်၌မူ အစဉ်သဖြင့် သံသယ ဖြစ်နေကြသည်။ ခရစ်တော်သည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီးဖြစ်သည့်တိုင် ၎င်းတို့သည် သူ့ကို လူ့ဇာတိခံယူသော ဘုရားသခင်အဖြစ် အသိအမှတ်မပြုကြပေ။ သို့ဆိုလျှင် ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်းကို ၎င်းတို့ အသိအမှတ်ပြုနိုင်ကြသလော။ ယင်းမှာ ပြောရန် ခက်ခဲသည်။ ထိုသို့သောလူများသည် ခရစ်တော်နောက် လိုက်လျှောက်လျှင်ပင် သူ့အတွက် ၎င်းတို့ သက်သေခံနိုင်ကြသလော။ ၎င်းတို့သည် ခရစ်တော်နှင့် သဟဇာတဖြစ်ကြသလော။ ဤမေးခွန်းများအတွက် မည်သည့် တိကျသော အဖြေမျှ မရှိပေ။ ထိုသို့သောလူများသည် လမ်းခရီးအဆုံးတိုင် လိုက်လျှောက်နိုင်မည် ဟုတ်မဟုတ်မှာလည်း မသေချာပေ။ လူအချို့သည် ဘုရားအိမ်တော်၌ သမ္မာတရားက အာဏာကိုင်စွဲသည်ကို မိမိတို့၏ စိတ်နှလုံးထဲ၌ အပြည့်အဝ အသိအမှတ်ပြုကြသည်။ သို့သော် သမ္မာတရားက အာဏာကိုင်စွဲခြင်းကို ၎င်းတို့ မည်သို့ နားလည်ကြသနည်း။ မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်သည်ဖြစ်စေ ယင်းမှာ ဘုရားအိမ်တော်နှင့် သက်ဆိုင်သရွေ့ လူတိုင်း အတူတကွ ဆွေးနွေးပြီး ဆုံးဖြတ်သင့်သည်ဟု ၎င်းတို့ ထင်ကြသည်။ သဘောတူညီမှုတစ်ခု ရရှိသရွေ့ ရလဒ်မည်သို့ပင်ဖြစ်စေ ယင်းကို အကောင်အထည် ဖော်သင့်သည်။ ယင်းမှာ သမ္မာတရားက အာဏာကိုင်စွဲခြင်းကို ဆိုလိုသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤအမြင် မှန်ကန်သလော။ ဤသည်မှာ အလွန်ကြီးလေးသော အထင်အမြင်လွဲမှားမှုတစ်ခု ဖြစ်သည်၊ ယင်းမှာ အဓိပ္ပာယ်အမဲ့ဆုံးနှင့် အလွန်ယုတ္တိမတန်ဆုံးသော ပြောဆိုချက် ဖြစ်သည်။ သမ္မာတရားသည် အဘယ်မှ လာသနည်း။ ယင်းကို ခရစ်တော်က ဖော်ပြခြင်း ဖြစ်သည်။ ခရစ်တော်တစ်ပါးတည်းသာ သမ္မာတရားဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်မှာမူ မည်သည့်သမ္မာတရားကိုမျှ လုံးဝ မပိုင်ဆိုင်ပေ၊ သို့ဖြစ်၍ လူတို့သည် ဆွေးနွေးတိုင်ပင်ခြင်းဖြင့် သမ္မာတရားကို မည်သို့ ဖြစ်ပေါ်စေနိုင်မည်နည်း။ အကယ်၍ လူတို့သည် ဆွေးနွေးတိုင်ပင်ခြင်းဖြင့် သမ္မာတရားကို ဖြစ်ပေါ်စေနိုင်ခဲ့ပါက ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် သမ္မာတရားကို ပိုင်ဆိုင်ကြောင်း ဆိုလိုပေမည်။ ယင်းမှာ အဓိပ္ပာယ်အမဲ့ဆုံးသော အရာ မဟုတ်လော။ ထို့ကြောင့် သမ္မာတရားက အာဏာကိုင်စွဲခြင်းဆိုသည်မှာ ခရစ်တော်က အာဏာကိုင်စွဲခြင်းကို ဆိုလိုသည်၊ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အာဏာကိုင်စွဲခြင်းကို ဆိုလိုပြီး လူတိုင်းက အာဏာရှိခြင်း သို့မဟုတ် ပြောဆိုပိုင်ခွင့်ရှိခြင်းကို မဆိုလိုပေ။ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယဖွဲ့ရန် အတူတကွ စုဝေးခြင်းသည် မှန်ကန်သည်၊ ဤသည်မှာ အသင်းတော်အသက်တာ ဖြစ်သည်။ သို့သော် ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်း၏ အကျိုးသက်ရောက်မှုမှာ အဘယ်နည်း။ ယင်းမှာ လူတိုင်းကို သမ္မာတရားကို နားလည်စေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိစေရန်၊ လူတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျိုးနွံနာခံနိုင်ပြီး ၎င်းတို့အတိုင်း အလုပ်လုပ်နိုင်စေရန် ဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားမလည်သောကြောင့်သာ ယင်းအကြောင်းကို မိတ်သဟာယဖွဲ့ရန် စုဝေးကြခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို နားလည်ခဲ့ပါက ၎င်းတို့သည် ခရစ်တော်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုက်ရိုက် ကျိုးနွံနာခံနိုင်မည်ဖြစ်သည်၊ ယင်းမှာ စစ်မှန်သော ကျိုးနွံနာခံခြင်း ဖြစ်ပေမည်။ အကယ်၍ တစ်နေ့တွင် ဘုရားသခင် ရွေးချယ်ထားသောလူများအားလုံး သမ္မာတရားကို နားလည်ပြီး အားလုံး သမ္မာတရားကို တိုက်ရိုက် ကျိုးနွံနာခံကာ ချီးမြှောက်ပြီး ခရစ်တော်ကို သက်သေခံနိုင်ပါက ယင်းမှာ ဘုရားသခင် ရွေးချယ်ထားသောလူများ စုံလင်အောင် ပြုလုပ်ခြင်းခံရပြီးဖြစ်သည့် သဘောဆောင်လေသည်။ ယင်းမှာ ဘုရားအိမ်တော်ကို သမ္မာတရားက၊ ခရစ်တော်က အုပ်စိုးကြောင်း သာ၍ပင် သက်သေခံပေမည်။ ထိုသို့သော အချက်အလက်များနှင့် သက်သေခံချက်များသာလျှင် ဘုရားသခင်သည် ကမ္ဘာမြေပေါ်၌ ဘုရင်အဖြစ် အုပ်စိုးခဲ့ပြီးဖြစ်ကြောင်းနှင့် ခရစ်တော်၏ နိုင်ငံတော်သည် ပေါ်ထွန်းခဲ့ပြီးဖြစ်ကြောင်း သက်သေပြပေမည်။ သို့သော် အချို့သော အန္တိခရစ်များနှင့် အယောင်ဆောင်ခေါင်းဆောင်များသည် သမ္မာတရားက အာဏာကိုင်စွဲခြင်းကို မည်သို့ နားလည်ကြသနည်း။ ၎င်းတို့၏ အကောင်အထည်ဖော်မှုတွင် သမ္မာတရားက အာဏာကိုင်စွဲခြင်းဆိုသည်မှာ ညီအစ်ကိုမောင်နှမများက အာဏာကိုင်စွဲခြင်းကို ဆိုလိုသည်။ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ အကယ်၍ ၎င်းတို့ ယင်းကို စေ့စေ့စပ်စပ် သဘောပေါက်နိုင်ပါက ၎င်းတို့၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း လုပ်ဆောင်ကြသည်၊ အကယ်၍ မလုပ်ဆောင်နိုင်ပါက ၎င်းတို့သည် လူအနည်းငယ်နှင့် မိတ်သဟာယဖွဲ့ပြီး အုပ်စုကို ဆုံးဖြတ်စေသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သက်သေပြနိုင်သလော။ အုပ်စု၏ ဆုံးဖြတ်ချက်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မလွဲမသွေ ကိုက်ညီသလော။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားက အာဏာကိုင်စွဲခြင်းကို ဖြစ်ပေါ်စေနိုင်သလော။ ယင်းမှာ ခရစ်တော်က ဘုရားအိမ်တော်၌ အာဏာကိုင်စွဲကြောင်း သက်သေခံနိုင်သလော။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ ထင်မြင်ယူဆချက်များကို ဖော်ပြခွင့်ပြုခြင်း၊ ၎င်းတို့၏ ရှုမြင်ပုံများကို ဆွေးနွေးခြင်းနှင့် နောက်ဆုံးတွင် သဘောတူညီမှုတစ်ခု ရရှိကာ ဆုံးဖြတ်ချက်များ ချမှတ်ခြင်းကို သမ္မာတရားက အာဏာကိုင်စွဲခြင်းအဖြစ် သဘောထားကြပြီး ညီအစ်ကိုမောင်နှမများသည် သမ္မာတရားအတွက် ပြောရေးဆိုခွင့်ရှိသူများဖြစ်၍ သမ္မာတရားကိုယ်၌နှင့် အဓိပ္ပာယ်တကြောင်း ဆိုလိုလေသည်။ ဤသို့ နားလည်ခြင်းသည် မှန်ကန်သလော။ ယင်းသို့မဟုတ်သည်မှာ သိသာထင်ရှားပေသည်၊ သို့သော် အချို့သော အန္တိခရစ်များနှင့် အယောင်ဆောင် ခေါင်းဆောင်များသည် အမှန်ပင် ဤသို့ ပြုမူကြပြီး ယင်းကို ထိုသို့ အကောင်အထည်ဖော်ကြသည်။ ၎င်းတို့သည် ထိုသို့ပြုလုပ်ခြင်းဖြင့် ဒီမိုကရေစီကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်၊ ၎င်းတို့သည် ဒီမိုကရေစီနည်းလမ်းကျ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နေခြင်းဖြစ်ပြီး ယင်းမှာ သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤနည်းလမ်းအတိုင်း လုပ်ဆောင်သင့်သည်ဟု ၎င်းတို့ ထင်ကြသည်။ ဤသို့ ပြုမူခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။ ဒီမိုကရေစီနည်းလမ်းကျ ဆုံးဖြတ်သော ကိစ္စရပ်များသည် သမ္မာတရားနှင့် အလိုအလျောက် ကိုက်ညီသလော။ ယင်းတို့သည် အလိုအလျောက် ဘုရားသခင်ကို ကိုယ်စားပြုသလော။ အကယ်၍ ဒီမိုကရေစီသည် သမ္မာတရား ဖြစ်ခဲ့ပါက ဘုရားသခင် သမ္မာတရားကို ဖော်ပြရန် မလိုအပ်တော့ပေ၊ ဒီမိုကရေစီကို အုပ်စိုးခွင့်ပြုလိုက်ရုံဖြင့် လုံလောက်မည် မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် မည်သို့ပင် ဒီမိုကရေစီကို လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် ဒီမိုကရေစီကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် သမ္မာတရားကို မထုတ်လုပ်နိုင်ပေ။ သမ္မာတရားသည် ဘုရားသခင်ထံမှ၊ ခရစ်တော်၏ ဖော်ပြချက်များမှ လာသည်။ လူသား၏ နည်းလမ်းတစ်ခုသည် လူသား၏ စိတ်ကူးများ သို့မဟုတ် နှစ်သက်မှုများနှင့် မည်မျှပင် ကိုက်ညီသည်ဖြစ်စေ ယင်းသည် သမ္မာတရားကို ကိုယ်စားမပြုနိုင်ပေ။ ဤသည်မှာ အဖြစ်မှန်တစ်ခု ဖြစ်သည်။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ လုပ်နည်းကိုင်နည်းများ၏ အနှစ်သာရမှာ သမ္မာတရားက အာဏာကိုင်စွဲခြင်းဟူသော အယောင်ဆောင်မှုအောက်တွင် ခရစ်တော်ကို လုံးဝ ဘေးဖယ်ထားရန်၊ ခရစ်တော်ကို ဒီမိုကရေစီဖြင့် အစားထိုးရန်နှင့် ခရစ်တော်၏ အုပ်စိုးမှုကို အုပ်စုလိုက် မိတ်သဟာယဖွဲ့ခြင်းနှင့် ဒီမိုကရေစီနည်းကျ အုပ်စိုးမှု နည်းလမ်းဖြင့် အစားထိုးရန် ဖြစ်သည်။ ဤအရာ၏ သဘောသဘာဝနှင့် အကျိုးဆက်များကို လွယ်ကူစွာ ပိုင်းခြားသိမြင်နိုင်သလော။ ထိုးထွင်းသိမြင်တတ်သော လူများသည် ၎င်းတို့ကို မြင်နိုင်သင့်သည်။ အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် ခရစ်တော်ကို ကျိုးနွံနာခံသောသူများ မဟုတ်ဘဲ ကိုယ်တော်ကို ငြင်းပယ်ပြီး ဆန့်ကျင်သောသူများ ဖြစ်ကြသည်။ ခရစ်တော်က အသင်းတော်၌ မည်သည့်အရာကိုမဆို မိတ်သဟာယဖွဲ့သည်ဖြစ်စေ လူတို့သည် နားထောင်ပြီး နားလည်လျှင်ပင် လူတို့က ယင်းကို ဤနားတစ်ဖက်မှဝင်ပြီး ထိုနားတစ်ဖက်မှထွက်ကာ အကောင်အထည်ဖော်ရန် လိုလိုလားလား မရှိကြပေ။ ထိုအစား ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ ပြောဆိုသည့်အရာကို အာရုံစိုက်ကြသည်၊ အဆုံးတွင် အရေးပါသည်မှာ ၎င်းတို့၏ စကားများ ဖြစ်သည်။ လူတို့သည် ခရစ်တော်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိမှာ ဤအယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ ဆုံးဖြတ်ချက်များအပေါ် မူတည်ပြီး လူအများစုသည် ၎င်းတို့နောက်သို့ လိုက်တတ်ကြသည်။ အန္တိခရစ်များသည် အသင်းတော်အလုပ်အပေါ် တင်းကျပ်သော စောင့်ကြည့်မှုကို အကောင်အထည်ဖော်ကြပြီး မိမိတို့ကိုယ်ကိုသာ ဆုံးဖြတ်ချက်များ ချမှတ်ခွင့်ပြုကာ ဘုရားသခင်ကို ပြောဆိုခွင့် သို့မဟုတ် အာဏာကိုင်စွဲခွင့် မပေးကြပေ။ ၎င်းတို့က “ခရစ်က အလုပ်ကို စစ်ဆေးရန်အတွက်သာ ဤနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ သင်သည် သင်ပြောစရာရှိသည်ကို ပြောဆိုပြီး အလုပ်ကို စီစဉ်နိုင်သည်၊ သို့သော် ယင်းကို မည်သို့ အကောင်အထည် ဖော်သည်မှာ ငါတို့အပေါ် မူတည်သည်။ ငါတို့၏ အလုပ်ကို ဝင်မစွက်ဖက်ပါနှင့်” ဟု စဉ်းစားကြသည်။ ဤသည်မှာ အန္တိခရစ်များ ပြုလုပ်သည့်အရာ မဟုတ်လော။ အန္တိခရစ်များသည် “ညီအစ်ကိုမောင်နှမအားလုံး မိတ်သဟာယဖွဲ့ပြီးပြီ” သို့မဟုတ် “ညီအစ်ကိုမောင်နှမအားလုံး အများသဘောတူညီမှုတစ်ခု ရရှိပြီးပြီ” ဟု အစဉ်သဖြင့် ပြောဆိုနေကြသည်၊ ထိုသို့သောစကားများကို ပြောဆိုသောသူများသည် အမှန်တကယ် သမ္မာတရားကို နားလည်ကြသလော။ ညီအစ်ကိုမောင်နှမများဆိုသည်မှာ မည်သူတို့ ဖြစ်သနည်း။ ၎င်းတို့သည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရသော လူတစ်စုမျှသာ မဟုတ်လော။ ၎င်းတို့သည် သမ္မာတရားကို မည်မျှ နားလည်ကြသနည်း၊ သမ္မာတရား လက်တွေ့အရှိတရားကို ၎င်းတို့ မည်မျှ ပိုင်ဆိုင်ကြသနည်း။ ၎င်းတို့သည် ခရစ်တော်ကို ကိုယ်စားပြုနိုင်ကြသလော။ ၎င်းတို့သည် သမ္မာတရား၏ ပြယုဂ်များ ဖြစ်သလော။ ၎င်းတို့သည် သမ္မာတရားအတွက် ပြောရေးဆိုခွင့်ရှိသူများ ဖြစ်နိုင်ကြသလော။ ၎င်းတို့သည် သမ္မာတရားနှင့် မည်သည့်ဆက်စပ်မှု ရှိကြသလော။ (မရှိပါ။) မည်သည့်ဆက်စပ်မှုမျှ မရှိသည့်အတွက် အဘယ်ကြောင့် ထိုသို့သောစကားများကို ပြောဆိုသောသူများသည် ညီအစ်ကိုမောင်နှမများကို အထွတ်အထိပ်အဖြစ် အစဉ်သဖြင့် မှတ်ယူကြရသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း မရှိကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် သမ္မာတရားအတိုင်း မပြောဆိုဘဲ မပြုမူကြသနည်း။ ဤနည်းလမ်းဖြင့် ပြောဆိုသောသူများသည် အဓိပ္ပာယ်မဲ့သောလူများ မဟုတ်လော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး နှစ်ပေါင်းများစွာ တရားဒေသနာများကို နားထောင်ပြီးနောက် ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ နားမလည်ကြဘဲ စစ်မှန်သော ညီအစ်ကိုမောင်နှမများမှာ အဘယ်အရာဖြစ်သည်ကို မမြင်နိုင်ကြပေ။ ၎င်းတို့သည် မျက်စိကန်းနေကြသည် မဟုတ်လော။ ယခုအခါ အားလုံးသည် မိမိတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်းခံရပြီး ဖြစ်သည်၊ များစွာတို့သည် မိမိတို့၏ စစ်မှန်သော ကိုယ်ကျင့်စရိုက်ကို ထုတ်ဖော်ခဲ့ကြပြီးဖြစ်သည်၊ ၎င်းတို့အားလုံးသည် စာတန်၏ အမျိုးအစား ဖြစ်ကြသည်၊ ၎င်းတို့သည် လူ့တိရစ္ဆာန်များ သက်သက်သာ ဖြစ်ကြသည်။ သင်တို့ ဤသည်ကို ရှင်းလင်းစွာ မမြင်နိုင်ကြဘူးလော။ သင်တို့သည် မည်သည့်သမ္မာတရားကိုမျှ လုံးဝ မပိုင်ဆိုင်ကြပေ။ လူအချို့သည် ငါ အန္တိခရစ်များကို စိတ်ဖြာလေ့လာဆွေးနွေးသည်ကို နားထောင်လိုစိတ် မရှိကြပေ။ ၎င်းတို့က၊ “အို၊ အန္တိခရစ်များလောက် အသေးအဖွဲဖြစ်သည့်ကိစ္စကို အမြဲတစေ မပြောပါနှင့်၊ ရှက်ဖွယ်ကောင်းလှသည်။ အဘယ်ကြောင့် ကိုယ်တော်သည် အန္တိခရစ်များကို အမြဲတစေ ခွဲခြမ်းစိတ်ဖြာနေတော်မူရသနည်း” ဟု ဆိုကြသည်။ ၎င်းတို့ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းမပြုဘဲ နေလျှင် ကောင်းမည်လော။ လူတို့ကို ပိုင်းခြားသိမြင်တတ်ရန် သင်ကြားပေးရန်အတွက် ၎င်းတို့ကို ဤနည်းလမ်းဖြင့် စိတ်ဖြာလေ့လာဆွေးနွေးရမည် ဖြစ်သည်။ သို့မဟုတ်ပါက အန္တိခရစ်များ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိစ္ဆာဒိဋ္ဌိ အယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို လွှတ်ထုတ်ပြီး လူများစွာကို အထင်အမြင်မှားစေကာ အသင်းတော်ကိုပင် ထိန်းချုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင် လွတ်လပ်သော နိုင်ငံတော်ကို တည်ထောင်ကြလိမ့်မည်။ ဤကိစ္စရပ်၏ အကျိုးဆက်များ မည်မျှ ဆိုးရွားသည်ကို သင်တို့ ရှင်းလင်းစွာ မြင်ကြသလော။ ခုလေးတင် ငါတို့သည် သမ္မာတရားက အာဏာကိုင်စွဲခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ မိတ်သဟာယဖွဲ့ခြင်းအားဖြင့် လူတို့သည် အန္တိခရစ်များ၏ အဓိပ္ပာယ်မဲ့သော နည်းလမ်းများနှင့် ရယ်ဖွယ်ရာ အမြင်များကို မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်တိုင် အာဏာကိုင်စွဲရန် အစဉ်သဖြင့် အလိုရှိကြပြီး ခရစ်တော်ကို အာဏာကိုင်စွဲခွင့် မပေးလိုကြပေ၊ သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရား၏ အုပ်စိုးမှုကို ဒီမိုကရေစီပုံစံတစ်ခုအဖြစ် ပြောင်းလဲကာ ကိစ္စရပ်များအပေါ် လူတိုင်း အတူတကွ တိုင်ပင်ဆွေးနွေးခြင်းသည် သမ္မာတရားက အာဏာကိုင်စွဲခြင်းဖြစ်သည်ဟု ထောက်ခံပြောဆိုကြသည်။ ဤအရာ၌ စာတန်၏ လှည့်ကွက် မရှိဘူးလော။ သမ္မာတရားသည် လူတိုင်း ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ရရှိနိုင်သော အရာတစ်ခုလော။ သမ္မာတရားကို ဘုရားသခင်က ဖော်ပြခြင်းဖြစ်ပြီး ယင်းသည် ဘုရားသခင်ထံမှ အရင်းခံသည်။ အဘယ်ကြောင့် သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုက်ရိုက် လက်တွေ့မလုပ်ဆောင်နိုင်ကြသနည်း၊ ဘုရားသခင်ကို တိုက်ရိုက် ကျိုးနွံနာခံနိုင်ခြင်း မရှိသနည်း၊ ပြီးလျှင် ဘုရားသခင်၏ အစီအစဉ်များကို တိုက်ရိုက် ကျိုးနွံနာခံနိုင်ခြင်း မရှိသနည်း။ အဘယ်ကြောင့် ခရစ်တော်၏ အမိန့်များကို လူတိုင်း၏ ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ဆုံးဖြတ်ရမည်နည်း။ ဤသည်မှာ စာတန်၏ ကျိတ်ကြံစည်မှု မဟုတ်လော။ အန္တိခရစ်များသည် လူတို့ကို အထင်အမြင်မှားစေရန် သဘောတရားတစ်စုံကို မကြာခဏ ထုတ်လွှတ်ကြပြီး ၎င်းတို့ မည်သည့်အလုပ်တာဝန်ကိုမဆို အကောင်အထည် ဖော်သည်ဖြစ်စေ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို လုံးဝ ချိုးဖောက်လျက် ဆုံးဖြတ်ပိုင်ခွင့် ရှိကြသည်။ အန္တိခရစ်များ၏ သရုပ်သကန်များမှ ကြည့်လျှင် ၎င်းတို့၏ စိတ်သဘောထားသည် အတိအကျအားဖြင့် အဘယ်အရာ ဖြစ်သနည်း။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးပြီး သမ္မာတရားကို ချစ်မြတ်နိုးသောလူများလော။ ၎င်းတို့၌ ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိကြသလော။ (မရှိပါ။) ၎င်းတို့၏ အနှစ်သာရမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် အလွန် မာနထောင်လွှားကြသဖြင့် ဆင်ခြင်တုံတရားအားလုံး ဆုံးရှုံးကြပြီး လူတို့ ရှိသင့်သည့် အခြေခံ အသိတရားနှင့် ဆင်ခြင်တုံတရားပင် ကင်းမဲ့ကြသည်။ ထိုသို့သောလူများသည် လူဟု ခေါ်ဆိုခြင်းကိုခံရရန် မထိုက်တန်ပေ။ ၎င်းတို့ကို စာတန်၏ အမျိုးအနွယ်များဟုသာ ဆိုနိုင်သည်၊ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြသည်။ သမ္မာတရားကို စိုးစဉ်းမျှပင် လက်မခံသော မည်သူမဆိုသည် နတ်ဆိုးတစ်ကောင် ဖြစ်သည်၊ ဤသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ခရစ်တော်၏ နှုတ်ကပတ်တော်များအပေါ် နှိမ့်ချခြင်းလည်းမရှိ၊ မာနထောင်လွှားခြင်းလည်းမရှိသော သဘောထားကို ခံယူသော လူအချို့လည်း ရှိသေးသည်။ ၎င်းတို့သည် အပြည့်အဝလက်ခံကြောင်း ဖော်ပြခြင်းလည်း မရှိသကဲ့သို့ ဆန့်ကျင်ခြင်းလည်း မရှိပေ။ ခရစ်တော်က စကားပြောသောအခါ၊ သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါ၊ လူတစ်ဦးကို ပိုင်းခြားသိမြင်သောအခါ သို့မဟုတ် အလုပ်တာဝန်တစ်ခုကို တာဝန်ပေးအပ်သောအခါ အပေါ်ယံအားဖြင့် ၎င်းတို့သည် နားထောင်ပြီး မှတ်စုများ ရေးမှတ်နေကာ လေးနက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြသပုံရသည်။ ၎င်းတို့သည် အရာရာတိုင်းအကြောင်း စေ့စေ့စပ်စပ် မှတ်စုများ ရေးမှတ်ကြပြီး အမျိုးမျိုးသော အမှတ်အသားများကို ချရေးကြကာ သမ္မာတရားကို အလွန်စိတ်ဝင်စားပြီး ခရစ်တော်ပြောဆိုသည့်အရာကို အလွန်တန်ဖိုးထားပုံ၊ အထူးသဖြင့် သမ္မာတရားကို ချစ်မြတ်နိုးပြီး ခရစ်တော်အပေါ် မယိမ်းမယိုင် သစ္စာစောင့်သိကြသည့်အလား ဖြစ်သည်။ သို့သော် ထိုသို့သောလူတို့၏ သမ္မာတရားအပေါ် သဘောထား၊ ၎င်းတို့၏ စိတ်သဘောထားနှင့် ၎င်းတို့၏ အနှစ်သာရကို ထိုသို့သော အပေါ်ယံဖြစ်စဉ်များမှ မြင်တွေ့နိုင်သလော။ မမြင်တွေ့နိုင်ပေ။ ထိုသို့သောလူများသည် အပြင်ပန်းတွင် မှတ်စုများ ရေးမှတ်ပြီး နားထောင်နေပုံရသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲ၌ အမှန်တကယ် အဘယ်အရာကို တွေးတောနေကြသနည်း။ ၎င်းတို့ မှတ်သားထားသည့် အရာကို ကြည့်သောအခါ ၎င်းတို့က “ဤအရာအားလုံးသည် အဘယ်အရာများနည်း။ အသုံးဝင်သည့်စာကြောင်း တစ်ကြောင်းမျှ မရှိပါ၊ မြင့်မြတ်သည်ဟုဖြစ်စေ၊ သမ္မာတရားနှင့် ကိုက်ညီသည်ဟုဖြစ်စေ ထင်ရသည့်အရာ တစ်ခုမျှ မရှိသကဲ့သို့ ငါ့အတွက် ယုတ္တိတန်ပုံရသည့်အရာလည်း တစ်ခုမျှ မရှိ။ ယင်းကို ငါ ဆုတ်ဖြဲပစ်လိုက်သည်ကမှ ကောင်းဦးမည်” ဟု တွေးလေသည်။ ဤသည်မှာ သဘောထားတစ်မျိုး မဟုတ်လော။ တရားဒေသနာများကို နားထောင်စဉ် ခေါင်းညိတ်ပြီး အမျိုးမျိုးသော မျက်နှာအမူအရာများ ပြုလုပ်ကာ တစ်ချိန်တည်းမှာပင် မှတ်စုများ ရေးမှတ်နေသော လူများစွာကို ငါ မြင်ဖူးသည်၊ သို့သော် နောက်ပိုင်းတွင် ၎င်းတို့သည် ယင်းကို လုံးဝ အလေးအနက် မထားကြတော့ပေ။ ၎င်းတို့ အကောင်အထည် ဖော်သင့်သည့်အရာကို မမှတ်မိကြသကဲ့သို့ ၎င်းတို့၏ စိတ်နှလုံးထဲ၌လည်း မထားရှိကြ သို့မဟုတ် ယင်းအတိုင်း မလုပ်ဆောင်ကြပေ။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာနှင့် ပတ်သက်၍မူ ယင်းမှာ ဖြစ်နိုင်ချေ ပို၍ပင် နည်းပါးသည်။ ၎င်းတို့ အကောင်အထည် ဖော်သင့်သည့်အရာသည် ဘုရားအိမ်တော်၏ အလုပ်နှင့် ၎င်းတို့၏ တာဝန်နှင့် သက်ဆိုင်ပြီး ၎င်းတို့ ဝင်ရောက်သင့်သည့်အရာမှာ ၎င်းတို့၏ ကိုယ်ပိုင်အသက် ဝင်ရောက်မှုနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် အကောင်အထည် ဖော်သင့်သည့်အရာကို အကောင်အထည် မဖော်ကြသည့်အပြင် ၎င်းတို့၏ ကိုယ်ပိုင်ဝင်ရောက်မှုကို သာ၍ပင် အလေးအနက် မထားကြပေ။ ၎င်းတို့က “ခရစ်တော်ပြောဆိုပြီး ဖော်ပြသည့် စာကြောင်းတိုင်းက သမ္မာတရားဖြစ်သည်၊ လူတို့ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်၊ ယင်းတို့အားလုံးက သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဟု ပြောကြသည်။ သို့သော် ငါ မှတ်စုရေးသည့်အကြိမ်တိုင်းတွင် မည်သည့်သမ္မာတရားကိုမျှ သို့မဟုတ် မည်သည့်လမ်းခရီးကိုမျှ ငါ မမြင်သကဲ့သို့ အသက်ဟုလည်း ငါ မခံစားရပေ။ သို့ဆိုလျှင် ခရစ်တော်မှာ ဘုရား၏ အနှစ်သာရရှိသည်ဆိုသော ပြောဆိုချက်က မည်သို့ ပြည့်စုံနိုင်မည်နည်း။ ယင်းသည် မည်သို့ ဖြစ်မြောက်နိုင်မည်နည်း။ ငါ မြင်တွေ့ရသည့်အရာနှင့် မည်သို့ ကိုက်ညီနိုင်မည်နည်း။ အလွယ်တကူတော့ မကိုက်ညီပေ” ဟု ဆိုကြသည်။ လူအချို့က “အကယ်၍ နားထောင်ပြီးနောက် ၎င်းတို့၏ သဘောထားက ဤသို့ဖြစ်ပါက ၎င်းတို့သည့် အဘယ်ကြောင့် မှတ်စုများပင် ရေးမှတ်ခဲ့ကြသနည်း။ ၎င်းတို့၌ သင့်လျော်ပြီး လေးနက်ကာ တာဝန်သိသော သဘောထားရှိပုံ ပေါ်သည်၊ အဘယ်အရာ ဖြစ်ပျက်နေသနည်း” ဟု ဆိုကြသည်။ အကြောင်းရင်းတစ်ခုတည်းသာ ရှိသည်။ အကယ်၍ သမ္မာတရားကို မချစ်မြတ်နိုးဘဲ ယင်းအပေါ် အလွန်အမင်း မနှစ်မြို့သောသူတစ်ဦးသည် ခရစ်တော် စကားပြောသောအခါ အထူးသဖြင့် စိတ်အားထက်သန်ပြီး အာရုံစိုက်ပုံ ပေါ်နိုင်ပါက ၎င်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ စစ်မှန်သော လက်ခံခြင်းမဟုတ်ဘဲ စိတ်မပါ့တပါဖြင့် ဝတ်ကျေတမ်းကျေ ပြုလုပ်ခြင်းမျှသာ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါတိုင်း သို့မဟုတ် ခရစ်တော်နှင့် ထိတွေ့ဆက်ဆံပြီး ကိုယ်တော်နှင့် စကားပြောဆိုသည့်အခါတိုင်း ၎င်းတို့ သိမြင်ခံစားရသည်မှာ ဘုရားသခင်၏ မြင့်မြတ်ခြင်းဟုဖြစ်စေ၊ ဘုရားသခင်နှင့် ပတ်သက်သည့် မတွေးနိုင်အောင် ခက်ခဲနက်နဲမှုဟုဖြစ်စေ၊ အံ့ဩဖွယ်ဖြစ်ခြင်းဟုဖြစ်စေ ခေါ်ဆိုသည့်အရာများ မဟုတ်ဘဲ ကိုယ်တော်၏ လက်တွေ့ကျမှု၊ သာမန်ဖြစ်မှုနှင့် အရေးမပါမှုတို့ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ကိုယ်ပိုင်ရှုမြင်ပုံနှင့် ရပ်တည်ချက်မှ ကြည့်လျှင် ဤသာမန်လူ၏ စကားများကို သမ္မာတရားနှင့်ဖြစ်စေ၊ လမ်းခရီးနှင့်ဖြစ်စေ၊ အသက်နှင့်ဖြစ်စေ ဆက်စပ်ရန် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ ၎င်းတို့ ဤသူကို မည်သို့ပင် ကြည့်စေကာမူ လူသားတစ်ဦးကိုသာ မြင်ကြသည်၊ ၎င်းတို့သည် ကိုယ်တော့်ကို ဘုရားသခင် သို့မဟုတ် ခရစ်တော်အဖြစ် မမှတ်ယူနိုင်ကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် ဤအလွန်တရာမှ သာမန်ဖြစ်သော စကားများကို စောင့်ထိန်းရန်၊ လက်တွေ့လုပ်ဆောင်ရန်နှင့် အသက်ရှင်နေထိုင်ရန်အတွက် လမ်းညွှန်တစ်ခု၊ ဖြစ်တည်မှုအတွက် ပန်းတိုင်တစ်ခု စသည်တို့အနေဖြင့် အသုံးပြုရန် သမ္မာတရားအဖြစ် လုံးဝ မမှတ်ယူနိုင်ပေ၊ ၎င်းတို့သည် ယင်းကို စိတ်ဆင်းရဲဖွယ်အဖြစ် မြင်ကြသည်။ ၎င်းတို့က “ဤသာမန်စကားများထဲတွင် ကျွန်ုပ်သည် အဘယ်ကြောင့် မည်သည့်သမ္မာတရားကိုမျှ မမြင်နိုင်သနည်း။ သင်တို့အားလုံးက မည်သို့ မြင်နိုင်ကြသနည်း။ ဤအရာများသည် သာမန်စကားများသာ မဟုတ်လော။ ယင်းတို့သည် လူ့ဘာသာစကား၊ လူ့စာသား၊ လူ့သဒ္ဒါဖြစ်ပြီး လူ့စကားစုများနှင့် ဝေါဟာရအချို့ကိုပင် အသုံးပြုကာ လူ့စကားပုံအချို့နှင့် ယဉ်ကျေးမှုကဏ္ဍအချို့ကို စိတ်ဖြာလေ့လာ ဆွေးနွေးနေခြင်း ဖြစ်သည်။ ဤစကားများက သမ္မာတရားကို မည်သို့ ပါဝင်နိုင်မည်နည်း။ ကျွန်ုပ် အဘယ်ကြောင့် မမြင်နိုင်ရသနည်း။ သင်တို့အားလုံးက ယင်းသည် သမ္မာတရားဖြစ်သည်ဟု ဆိုသည့်အတွက်ကြောင့် ကျွန်ုပ်လည်း အခြားလူတိုင်းနှင့်အတူ ကြက်တူရွေးကဲ့သို့ လိုက်ရွတ်ဆိုမည်၊ အခြားလူတိုင်း ရေးသားနေသည့်အတွက် ကျွန်ုပ်လည်း မှတ်စုရေးမည်၊ သို့သော် သင်တို့အားလုံးက သူ့ကို သမ္မာတရားအဖြစ် မှတ်ယူနေစဉ်တွင် ကျွန်ုပ်မှာမူ သေချာပေါက် မမှတ်ယူပေ။ ‘သမ္မာတရား’ ဆိုသည်မှာ အလွန်မြင့်မြတ်သော စကားလုံးတစ်လုံးဖြစ်သည်၊ ယင်းသည် အလွန်မြင့်မြတ်သော အရာတစ်ခုခု ဖြစ်ရမည်။ သမ္မာတရားနှင့် ပတ်သက်လာလျှင် ဘုရားနှင့် သက်ဆိုင်သည်၊ ဘုရားနှင့် သက်ဆိုင်လာလျှင် ယင်းသည် ထိုမျှ သာမန်ဖြစ်၍၊ ထိုမျှ အရေးမပါ၍၊ ထိုမျှ ပေါ့ပေါ့ဆဆဖြစ်၍ မရပေ။ ထို့ကြောင့် ကျွန်ုပ် မည်သို့ပင် စေ့စေ့စပ်စပ် စစ်ဆေးပြီး ဆန်းစစ်လေ့လာပါစေ သူ့ထဲတွင် ဘုရား၏ အရိပ်အငွေ့တစ်ခုမှ ကျွန်ုပ် ရှာမတွေ့နိုင်ပေ။ သူ့ထဲတွင် ဘုရား၏ အရိပ်အငွေ့ မရှိလျှင် သူက ကျွန်ုပ်တို့ကို မည်သို့ ကယ်တင်နိုင်မည်နည်း။ ယင်းမှာ မဖြစ်နိုင်ပေ။ သူ၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို မကယ်တင်နိုင်လျှင် သို့မဟုတ် ကျွန်ုပ်တို့ကို အကျိုးမပြုနိုင်လျှင် ကျွန်ုပ်တို့ အဘယ်ကြောင့် သူ့နောက်လိုက်သင့်သနည်း။ ကျွန်ုပ်တို့ အဘယ်ကြောင့် သူ၏ နှုတ်ကပတ်တော်များကို အကောင်အထည် ဖော်သင့်သနည်း။ ကျွန်ုပ်တို့ အဘယ်ကြောင့် သူ၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်သင့်သနည်း” ဟု ဆိုကြသည်။ ယခု ၎င်းတို့သည် အန္တိခရစ်များအဖြစ် မိမိတို့၏ စရိုက်အမှန်ကို ပြသခဲ့ကြပြီးဖြစ်သည် မဟုတ်လော။ အစမှအဆုံးတိုင် ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိအပေါ် ၎င်းတို့၏ သဘောထားမှာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဆက်ဆံသည့်ပုံစံတွင် လက်ခံခြင်း သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိသကဲ့သို့ ယင်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်းမှာ သို့မဟုတ် တွေ့ကြုံခံစားခြင်းမှာ သာ၍ပင် နည်းပါးသည်။ ထိုအစား ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတိုက်အခံလုပ်ခြင်း၊ ဆန့်ကျင်ခြင်းနှင့် ငြင်းပယ်ခြင်း သဘောထားဖြင့် သဘောထားပြုမူကြသည်။ ခရစ်တော်က လူတို့နှင့် စကားပြောဆိုနေသည့်အခါ ၎င်းတို့သည် အင်တင်တင်ဖြင့် မှတ်စုအချို့ကို ရေးမှတ်ကြသော်လည်း အတွင်းစိတ်ထဲ၌မူ ယင်းကို အနည်းငယ်မျှပင် လက်မခံကြပေ။ ခရစ်တော်နှင့် ထိတွေ့ဆက်ဆံပြီးနောက် လူအချို့က “ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် စကားပြောဆိုခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းသည် အမှန်တကယ် ပျော်ရွှင်ဖွယ်ကောင်းသည်” ဟု ဆိုကြသည်။ အန္တိခရစ်က “ကျွန်ုပ်လည်း စမ်းကြည့်ဦးမည်။ ကျွန်ုပ် ခရစ်တော်နှင့် မျက်နှာချင်းဆိုင် စကားပြောကြည့်မည်၊ ခရစ်တော်က လူတို့နှင့် စကားပြောသည့်အခါ သူ၏ မျက်နှာအမူအရာ၊ လုပ်ရပ်များနှင့် ပြောဆိုပုံများက အမှန်တကယ် မည်သို့ရှိသည်ကို ကြည့်မည်။ ထိုအရာမှ လူတစ်ဦး မည်သည့်အရာကို ရရှိနိုင်သည် သို့မဟုတ် ရှာဖွေတွေ့ရှိနိုင်သည်ကိုလည်းကောင်း၊ လူတို့အတွက် အခြေခံအုတ်မြစ်တစ်ခု ချမှတ်ပြီး သူ့ကို စစ်မှန်သောဘုရားအဖြစ် ၎င်းတို့၏ ယုံကြည်လက်ခံမှုကို အတည်ပြုရန်အတွက် အကျိုးရှိမရှိကိုလည်းကောင်း ကျွန်ုပ် ကြည့်မည်” ဟု ဆိုသည်။ ခရစ်တော်နှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များအပေါ် ထိုသို့သော သဘောထားဖြင့် ၎င်းတို့၌ မည်သည့် စစ်မှန်သော လက်တွေ့လုပ်ဆောင်မှု သို့မဟုတ် အကောင်အထည်ဖော်မှု ရှိနိုင်မည်နည်း။ မရှိနိုင်ပေ။ ၎င်းတို့သည် စိတ်ဝင်စားစရာကို လာကြည့်သော ပွဲကြည့်ပရိသတ်များမျှသာ ဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေရန် ဤနေရာသို့ လုံးဝ ရောက်ရှိနေခြင်း မဟုတ်ပေ။ ဤလူတို့ ခရစ်တော်ကို ဆက်ဆံပြီး ကိုယ်တော်နှင့် စကားပြောဆိုသည့် သဘောထားသည် မည်သူ့ကိုမဆို စကားပြောရာ၌ လေးနက်မှုမလိုအပ်ဘဲ လူတိုင်း မိမိတို့အလိုရှိရာကိုသာ ပြောဆိုကြသည့် အိမ်ရှေ့ကွပ်ပျစ်တွင် အတူတကွ စကားစမြည်ပြောနေသော ရပ်ကွက်ထဲမှ အမျိုးသမီးတစ်စုနှင့် အနည်းငယ် တူညီသည်ဟု သင်တို့ ထင်သလော။ ဤလူတို့သည် ခရစ်တော်ကို ထိုနည်းအတိုင်း ဆက်ဆံကြသည်၊ “သင်က သင့်အမြင်များကို ဖော်ပြ၊ ငါက ငါ့အမြင်များကို စွဲကိုင်ထားမည်။ ငါတို့ သဘောထားကွဲလွဲမှုရှိသည်ကို လက်ခံလိုက်ကြစို့၊ သင်က ငါ့ကို နားချဖို့ မမျှော်လင့်နှင့်၊ ငါကလည်း သင့်စကားကို သေချာပေါက် လက်ခံမည် မဟုတ်” ဟူ၍ ဖြစ်သည်။ ယင်းမှာ ထိုသို့သော သဘောထားမျိုး မဟုတ်လော။ ဤသည်မှာ မည်သို့သောသဘောထား ဖြစ်သနည်း။ (မထီမဲ့မြင်ပြုပြီး ရိုသေလေးစားမှုမရှိသော သဘောထား ဖြစ်ပါသည်။) ဤလူတို့သည် ထူးဆန်းကြသည်။ သင်သည် ခရစ်တော်ကို လူ့ဇာတိခံယူသော ဘုရားသခင်အဖြစ် အသိအမှတ်မပြုသည့်အတွက် အဘယ်ကြောင့် သင်သည် ကိုယ်တော့်ကို ယုံကြည်ပြီး နောက်လိုက်နေသနည်း။ အကယ်၍ သင် မယုံကြည်ပါက အဘယ်ကြောင့် အပြီးတိုင် မထွက်ခွာသွားသနည်း။ သင့်ကို မည်သူက ယုံကြည်ရန် အတင်းအကျပ်ခိုင်းစေနေသနည်း။ ဘုရားသခင်ကို ယုံကြည်ရန် သင့်အား မည်သူကမျှ အတင်းအကျပ် ခိုင်းစေနေခြင်း မရှိ၊ ယင်းမှာ သင်၏ ကိုယ်ပိုင်ရွေးချယ်မှု ဖြစ်သည်။
လူအချို့သည် ကိစ္စရပ်တစ်ခုအပေါ် ငါ၏ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်သောအခါ ၎င်းတို့တွင် မတူညီသော ထင်မြင်ယူဆချက်များကို လျင်မြန်စွာ ဖြစ်ပေါ်လာကြသည်၊ “သင်သည် ထိုသို့ တွေးထင်သည်၊ သို့သော် ငါကမူ ဤသို့ တွေးထင်သည်။ ကိစ္စရပ်တစ်ခုစီနှင့်ပတ်သက်၍ သင့်တွင် သင့်စိတ်ကူးအကြံအစည်များ ရှိပြီး ငါ့တွင်လည်း ငါ၏ စိတ်ကူးအကြံအစည်များ ရှိသည်၊ လူတိုင်းတွင် မိမိ၏ ကိုယ်ပိုင်စိတ်ကူးအကြံအစည်များ ရှိကြသည်” ဟူ၍ ဖြစ်သည်။ မည်သို့သောသတ္တဝါမျိုးက ဤသို့ ပြောမည်နည်း။ ဘုရားသခင်က လူတို့အား သမ္မာတရားကို ထောက်ပံ့ပေးသောအခါ ယင်းသည် အငြင်းအခုံ တစ်မျိုးလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပညာရပ်ဆိုင်ရာ သီအိုရီတစ်ခုလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် အဘယ်အရာ ဖြစ်သနည်း။ (၎င်းတို့သည် သမ္မာတရား ဖြစ်ပါသည်။) ပို၍ တိတိကျကျ ပြောလော့။ (ယင်းတို့သည် လူသား၏ ကျင့်ကြံပြုမူမှုအတွက် စည်းမျဉ်းများနှင့် လမ်းညွှန်ချက်၊ လူတို့၏ အသက်တာအတွက် မရှိမဖြစ်လိုအပ်ချက်များ ဖြစ်ပါသည်။) အဘယ်ကြောင့် ဘုရားသခင်က လူတို့အား သမ္မာတရားကို ထောက်ပံ့ပေးသည်ဟု ငါတို့ ဆိုရသနည်း။ ကိုယ်တော်က အသိပညာကို ထောက်ပံ့ပေးသည်ဟု တစ်ခါမျှ ပြောခဲ့ဖူးသလော။ (မပြောဖူးပါ။) အဘယ်ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့ စားသောက်ရန်အတွက် ဖြစ်သည်ဟု ငါတို့ ဆိုရသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ အစာအာဟာရနှင့် တူသည်၊ ယင်းတို့သည် သင်၏ ရုပ်ခန္ဓာကိုယ်ကို ထောက်ပံ့နိုင်ပြီး သင့်ကို အသက်ရှင်ခွင့်ပြုနိုင်သည်၊ ထို့အပြင် ယင်းတို့သည် သင့်ကို ကောင်းမွန်စွာ အသက်ရှင်ခွင့်ပြုသည်၊ ယင်းတို့သည် သင့်ကို လူပီသစွာ အသက်ရှင်ခွင့်ပြုသည်။ ယင်းတို့သည် လူတစ်ဦးအတွက် အသက်ပင် ဖြစ်သည်တကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အသိပညာပုံစံတစ်ခု၊ ကျိုးကြောင်းပြချက်တစ်ခု သို့မဟုတ် ဆိုရိုးစကားတစ်ခု မဟုတ်ပေ။ အသိပညာ၊ ကျိုးကြောင်းပြချက်များနှင့် လူသား၏ ရိုးရာယဉ်ကျေးမှုတို့သည် လူတို့ကိုသာ ဖောက်ပြန်ပျက်စီးစေနိုင်သည်။ လူတို့သည် ယင်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အသက်ရှင်နိုင်သည်၊ သို့သော် အကယ်၍ တစ်စုံတစ်ဦးသည် အသက်ရှင်လိုပြီး စံသတ်မှတ်ချက်နှင့် ကိုက်ညီကာ စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်လာလိုပါက ၎င်းတို့သည် သမ္မာတရားမရှိဘဲ ထိုသို့ အသက်မရှင်နိုင်ပေ။ သို့ဆိုလျှင် သမ္မာတရားသည် အတိအကျအားဖြင့် အဘယ်အရာ ဖြစ်သနည်း။ (ယင်းသည် ကျင့်ကြံပြုမူရန်၊ ပြုမူဆောင်ရွက်ရန်နှင့် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန်အတွက် စံသတ်မှတ်ချက် ဖြစ်ပါသည်။) မှန်သည်၊ ယင်းမှာ ပို၍ တိတိကျကျ ဖြစ်သည်။ အန္တိခရစ်များသည် ယင်းကို ဤနည်းလမ်းဖြင့် ရှုမြင်ကြသလော။ ၎င်းတို့သည် ဤအချက်ကို လက်မခံကြပေ။ ၎င်းတို့သည် ဤအချက်ကို ကန့်ကွက်သည်၊ ခုခံသည်၊ ပြစ်တင်ရှုတ်ချသည်၊ သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရားကို မရရှိနိုင်ပေ။ ၎င်းတို့၏ အတွေးအခေါ်များနှင့် ရှုမြင်ပုံများထဲ၌ ၎င်းတို့က “သင်သည် သာမန်လူတစ်ဦးသာ ဖြစ်သည်။ သင်သည် စကားတစ်ခွန်းပြောပြီး အခြားလူများက သင်၏စကားအတိုင်း သွား၍ လက်တွေ့လုပ်ဆောင်ကြသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ငါက မှန်ကန်သည့်အရာတစ်ခုကို ပြောပြီး လူတို့ကို ထိုအတိုင်း သွား၍ လက်တွေ့လုပ်ဆောင်စေရန် မပြုလုပ်နိုင်ရသနည်း။ အဘယ်ကြောင့် သင်ပြောသည့်အရာက အမြဲတမ်းမှန်ပြီး ငါပြောသည့်အရာက အမြဲတမ်းမှားနေရသနည်း။ အဘယ်ကြောင့် သင်၏စကားများကို သမ္မာတရားအဖြစ် မှတ်ယူပြီး ငါ၏စကားများကိုမူ အသိပညာနှင့် အယူဝါဒများအဖြစ် မှတ်ယူရသနည်း” ဟု တွေးထင်ကြသည်။ မည်သည့်အရာကိုမျှ အခြေခံခြင်း မဟုတ်ပေ၊ ယင်းမှာ အဖြစ်မှန်ဖြစ်ပြီး ယင်းကို အနှစ်သာရအားဖြင့် ဆုံးဖြတ်ခြင်း ဖြစ်သည်။ ခရစ်တော်သည် ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိဖြစ်ပြီး ကိုယ်တော်၏ အနှစ်သာရမှာ ဘုရားသခင် ဖြစ်သည်။ မည်သူမျှ ဤသည်ကို မငြင်းပယ်နိုင်ပေ၊ အန္တိခရစ်များက အသိအမှတ်ပြုရန် သို့မဟုတ် လက်ခံရန် ငြင်းပယ်လျှင်ပင် ၎င်းတို့ ယင်းကို မငြင်းပယ်နိုင်ပေ။ လူသားသည် ခရစ်တော်ထံမှ လှည့်ထွက်ပြီး ကိုယ်တော့်ကို ငြင်းပယ်သည့်အချိန်သည် လူသား၏ ပျက်စီးခြင်းအချိန် ဖြစ်သည်။ ခရစ်တော်နှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များမရှိဘဲ မည်သူတစ်ဦးတစ်ယောက်မျှ ကယ်တင်ခြင်း မခံရနိုင်ပေ။ ဤသည်မှာ အချက်အလက်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်များ၏ ထိုစကားများနှင့် သဘောတရားများသည် လူတို့အား မည်သို့သော တည်ဆောက်မှုမျိုးကို ဖြစ်စေနိုင်မည်နည်း။ အကယ်၍ လူတို့သည် ယင်းတို့ကို လက်မခံပါက မည်သည့်ဆုံးရှုံးမှုကိုမဆို ခံစားရမည်နည်း။ မည်သည့်ဆုံးရှုံးမှုကိုမျှ ခံစားရမည်မဟုတ်ပေ။ အန္တိခရစ်များ၏ စကားများသည် မည်သူ့အပေါ်၌မျှ အပြုသဘောဆောင်သော လွှမ်းမိုးမှုမရှိဘဲ အပျက်သဘောဆောင်သော သက်ရောက်မှုများစွာ ရှိသည်။ အကယ်၍ ခရစ်တော်သည် စကားတစ်ခွန်းမျှ မပြောဘဲ ကြွလာပြီး နှစ်ပေါင်းမည်မျှပင် သာမန်အသက်တာဖြင့် နေထိုင်ပြီးမှ ထွက်ခွာသွားခဲ့ပါက လူသားမျိုးနွယ်သည် အဘယ်အရာကို ရရှိမည်နည်း။ လက်ဝါးကပ်တိုင်ကို ထမ်းခြင်းအပြင် လူသားမျိုးနွယ်သည် အခြားအဘယ်အရာကို ရရှိနိုင်မည်နည်း။ ၎င်းတို့သည် အပြစ်တရားထဲ၌ ဝန်ခံပြီး နောင်တရလျက် အပြစ်တရားထဲ၌ ခွဲထုတ်မရနိုင်အောင် ပိတ်မိနေကာ တိုး၍တိုး၍ စာရိတ္တပျက်ပြားလာပြီး နောက်ဆုံးတွင် ဘုရားသခင်၏ အလုပ် ပြီးဆုံးသောအခါ ၎င်းတို့အားလုံး ဖျက်ဆီးခြင်း ခံရလိမ့်မည်။ ယင်းမှာ လူသားမျိုးနွယ်၏ အဆုံးသတ်ပင် ဖြစ်သည်။ သို့သော် ခရစ်တော် ကြွလာခဲ့ပြီး ဘုရားသခင် လူသားအား ပြောကြားရန် ရည်ရွယ်ခဲ့သော နှုတ်ကပတ်တော်အားလုံးကို ဖော်ပြခဲ့သည်၊ လူသား လိုအပ်သော သမ္မာတရားအားလုံးကို ထောက်ပံ့ပေးခဲ့ပြီး ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လူသားအား ထုတ်ဖော်ပြခဲ့သည်။ ဤသည်မှာ လူသားအတွက် အလှည့်အပြောင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည် မဟုတ်လော။ တစ်နည်းအားဖြင့်ဆိုသော် ခရစ်တော်၏ နှုတ်ကပတ်တော်များသည် လူသားအတွက် အလှည့်အပြောင်းတစ်ခုကို ဖန်တီးပေးခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအလှည့်အပြောင်းမှာ အဘယ်နည်း။ အဓိကအားဖြင့် ယင်းမှာ လူသားများ ပြစ်တင်ရှုတ်ချခြင်းနှင့် ပျက်စီးခြင်းကို ရင်ဆိုင်ရခြင်းမှ ကယ်တင်ခြင်းခံရရန် အခွင့်အရေးနှင့် မျှော်လင့်ချက် ရှိခြင်းသို့ ပြောင်းလဲခြင်း ဖြစ်သည်။ ယင်းမှာ အလှည့်အပြောင်းတစ်ခု မဟုတ်လော။ လူတို့၏ မျှော်လင့်ချက် ရောက်ရှိလာခဲ့ပြီ၊ ၎င်းတို့သည် အရုဏ်ဦးကို မြင်တွေ့ရပြီး ကယ်တင်ခြင်းခံရကာ ရှင်သန်ရန် မျှော်လင့်ချက် ရှိကြသည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖျက်ဆီးပြီး အပြစ်ဒဏ်ပေးသောအခါ ၎င်းတို့သည် ပျက်စီးခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းကို ရှောင်ရှားနိုင်သည်။ သို့ဆိုလျှင် ရှင်သန်နိုင်သော ထိုသို့သော လူသားမျိုးနွယ်အတွက် ခရစ်တော်နှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် ကောင်းသောအရာများလော သို့မဟုတ် ဆိုးသောအရာများလော။ (ကောင်းသောအရာများ ဖြစ်ပါသည်။) ယင်းတို့သည် ကောင်းသောအရာများ ဖြစ်သည်။ အန္တိခရစ်များက ထိုသို့သော ခရစ်တော်၊ ထိုသို့သော သာမန်လူတစ်ဦးအပေါ် ဤမျှလောက် ရန်လိုပြီး စက်ဆုပ်ရွံရှာခြင်းမှာ ၎င်းတို့၏ အနှစ်သာရက ဆုံးဖြတ်ခြင်းကြောင့် ဖြစ်သည်။
လူ့ဇာတိခံ ဘုရားသခင်ကို ၎င်းတို့ ဆက်ဆံရာတွင် အန္တိခရစ်များ၏ နောက်ထပ် သရုပ်သကန်တစ်ခု ရှိသေးသည်၊ ၎င်းတို့က “ခရစ်တော်သည် သာမန်လူတစ်ဦးဖြစ်သည်ကို မြင်လိုက်ရသည့်အခါမှာပင် ကျွန်ုပ်စိတ်ထဲ၌ အယူအဆများ ဖြစ်ပေါ်လာသည်။ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုသည်မှာ ဘုရား၏ ဖော်ပြချက်တစ်ခုဖြစ်သည်၊ ယင်းသည် သမ္မာတရားဖြစ်ပြီး ကျွန်ုပ် ဝန်ခံသည်။ ကျွန်ုပ်တွင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်တစ်အုပ် ရှိပြီး ယင်းနှင့်ပင် လုံလောက်ပြီဖြစ်သည်။ ကျွန်ုပ် ခရစ်တော်နှင့် ထိတွေ့ဆက်ဆံရန် မလိုအပ်ပေ။ အကယ်၍ ကျွန်ုပ်၌ အယူအဆများ၊ အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်း ရှိပါက ဘုရား၏ နှုတ်ကပတ်တော်ကို ဖတ်ရုံမျှဖြင့် ယင်းတို့ကို ဖြေရှင်းနိုင်သည်။ လူ့ဇာတိခံ ဘုရားနှင့် ထိတွေ့ဆက်ဆံပါက အယူအဆများ ဖြစ်ပေါ်ရန် လွယ်ကူပြီး ဤသည်မှာ ကျွန်ုပ် အလွန် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေကြောင်း ပြသလိမ့်မည်။ အကယ်၍ ကျွန်ုပ်သည် ဘုရား၏ ပြစ်တင်ရှုတ်ချခြင်းကို မတော်တဆ ခံရမည်ဆိုလျှင် ကျွန်ုပ်၌ ကယ်တင်ခြင်း မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ကျွန်ုပ်ဘာသာ ဘုရား၏ နှုတ်ကပတ်တော်ကို ဖတ်နေခြင်းက ပိုကောင်းသည်။ လူတို့ကို ကယ်တင်နိုင်သူမှာ ကောင်းကင်ဘုံ၌ရှိသော ဘုရားသာလျှင်ဖြစ်သည်” ဟု ဆိုကြသည်။ ဘုရားသခင်၏ မျက်မှောက်ခေတ် နှုတ်ကပတ်တော်များ၊ မိတ်သဟာယဖွဲ့ခြင်း၊ အထူးသဖြင့် အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရကို ဖော်ထုတ်သည့် ထိုနှုတ်ကပတ်တော်များမှာ အန္တိခရစ်များ၏ စိတ်နှလုံးကို အများဆုံး နာကျင်စေကာ ၎င်းတို့အတွက် စိတ်ဆင်းရဲဖွယ် အကောင်းဆုံး ဖြစ်သည်။ ဤအရာများသည် အန္တိခရစ်များ ဖတ်ရှုရန် မလိုလားဆုံးသော နှုတ်ကပတ်တော်များ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် ကမ္ဘာမြေကြီးမှ မကြာမီ ထွက်ခွာသွားရန်ကို အန္တိခရစ်များက မိမိတို့၏ စိတ်နှလုံးထဲ၌ ဆန္ဒရှိကြသည်၊ ဤသို့ဖြင့် ၎င်းတို့သည် ကမ္ဘာမြေပေါ်၌ မိမိတို့၏ ကိုယ်ပိုင်အာဏာစက်ဖြင့် အုပ်စိုးနိုင်ကြမည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် လူ့ဇာတိခံယူသော ဇာတိပကတိ၊ ဤသာမန်လူသည် ၎င်းတို့အတွက် မလိုလားအပ်သောသူ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် အစဉ်သဖြင့် ဤသို့ ဆင်ခြင်သုံးသပ်ကြသည်၊ “ခရစ်တော်၏ တရားဒေသနာများကို မနာခံမီက ကျွန်ုပ် အရာရာကို နားလည်ပြီး ကဏ္ဍအားလုံး၌ အဆင်ပြေသည်ဟု ခံစားခဲ့ရသည်၊ သို့သော် ခရစ်တော်၏ တရားဒေသနာများကို နားထောင်ပြီးသည့်နောက်၌မူ မတူတော့ပေ။ ယခု ကျွန်ုပ်၌ မည်သည့်အရာမျှ မရှိသကဲ့သို့ ခံစားရသည်၊ ကျွန်ုပ် အလွန် အရေးမပါသည့်အပြင် သနားစရာကောင်းသည်ဟု ခံစားရသည်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ကို ဖော်ထုတ်နေခြင်း မဟုတ်ဘဲ အခြားသူများကို ဖော်ထုတ်နေခြင်းဖြစ်သည်ဟု ၎င်းတို့က ဆုံးဖြတ်ကြပြီး ခရစ်တော်၏ တရားဒေသနာများကို နားထောင်ရန် မလိုအပ်ဟုလည်းကောင်း၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ကို ဖတ်ရှုခြင်းသည် လုံလောက်သည်ဟုလည်းကောင်း ထင်ကြသည်။ အန္တိခရစ်များ၏ စိတ်နှလုံးထဲ၌ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ ဘုရားသခင် လူ့ဇာတိခံယူခြင်းဟူသော အချက်ကို ငြင်းပယ်ရန်၊ ခရစ်တော်က သမ္မာတရားကို ဖော်ပြသည်ဟူသော အချက်ကို ငြင်းပယ်ရန်ဖြစ်ပြီး ဤနည်းလမ်းဖြင့် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်လက်ခံခြင်းအားဖြင့် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် ရှိလာမည်ဖြစ်ကာ ၎င်းတို့သည် အသင်းတော်၌ ဘုရင်များအဖြစ် စိုးစံနိုင်မည်ဖြစ်ပြီး ထိုသို့ဖြင့် ဘုရားသခင်ကို ယုံကြည်ရာ၌ ၎င်းတို့၏ ကနဦးရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဟု တွေးထင်ကြသည်။ အန္တိခရစ်များ၌ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းဟူသော မွေးရာပါ သဘာဝတစ်ခု ရှိသည်၊ ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင်နှင့် မီးနှင့်ရေကဲ့သို့ ဆန့်ကျင်ဖီလာဖြစ်ကာ ထာဝရ သဟဇာတမဖြစ်နိုင်ကြပေ။ ၎င်းတို့သည် ခရစ်တော် တည်ရှိနေသည့် နေ့ရက်တိုင်းသည် ၎င်းတို့ ပေါလွင်ရန် ခက်ခဲမည့်နေ့ရက်ဖြစ်ပြီး ၎င်းတို့သည် ပြစ်တင်ရှုတ်ချခြင်း၊ ဖယ်ရှားရှင်းလင်းခြင်း၊ ဖျက်ဆီးခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း ခံရမည့်အန္တရာယ်၌ ရှိနေသည်ဟု ၎င်းတို့ ထင်ကြသည်။ ခရစ်တော်က စကားမပြောဘဲ အလုပ်မလုပ်သရွေ့၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများက ခရစ်တော်ကို ကိုးစားခြင်း မရှိသရွေ့ အန္တိခရစ်များက အခွင့်သာကြလေသည်။ ၎င်းတို့၌ မိမိတို့၏ စွမ်းဆောင်နိုင်မှုများကို ပြသရန် အခွင့်အရေးတစ်ခု ရှိသည်။ လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် လူအုပ်ကြီးသည် ၎င်းတို့ဘက်သို့ ဘက်ပြောင်းသွားကြမည်ဖြစ်ပြီး အန္တိခရစ်များသည် ဘုရင်များအဖြစ် စိုးစံနိုင်ကြသည်။ အန္တိခရစ်များ၏ သဘာဝအနှစ်သာရမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ခရစ်တော်ကို မုန်းတီးခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သူက ပို၍ ပါရမီရှိသည် သို့မဟုတ် မည်သူက ပို၍ စွမ်းဆောင်နိုင်သည်ကို ခရစ်တော်နှင့် ယှဉ်ပြိုင်ကြသည်၊ ၎င်းတို့သည် မည်သူ၏ စကားများက ပို၍ တန်ခိုးရှိပြီး မည်သူ၏ စွမ်းဆောင်နိုင်မှုများက ပို၍ ကြီးမြတ်သည်ကို ခရစ်တော်နှင့် ယှဉ်ပြိုင်ကြသည်။ ၎င်းတို့သည် ခရစ်တော်ပြုသည့်အရာနှင့် ထပ်တူကျသောအရာကို လုပ်ဆောင်နေကြသဖြင့် ၎င်းတို့နှင့် ကိုယ်တော်သည် လူသားများပင် ဖြစ်လင့်ကစား ခရစ်တော်၏ စွမ်းဆောင်နိုင်မှုများနှင့် ပညာဗဟုသုတသည် သာမန်လူတစ်ဦးထက် မပိုကြောင်း အခြားသူများကို မြင်တွေ့စေရန် ကြိုးစားကြသည်။ အန္တိခရစ်များသည် အရာရာ၌ ခရစ်တော်နှင့် ယှဉ်ပြိုင်ကြပြီး မည်သူက ပိုသာသည်ကို ပြိုင်ဆိုင်ကာ ခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း၊ ကိုယ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ကြောင်းနှင့် ကိုယ်တော်သည် သမ္မာတရား၏ ပြယုဂ်ဖြစ်ကြောင်းဟူသော အချက်ကို ရှုထောင့်တိုင်းမှ ငြင်းပယ်ရန် ကြိုးစားကြသည်။ ၎င်းတို့သည် ခရစ်တော်ကို ဘုရားသခင် ရွေးချယ်ထားသောလူများအကြား၌ အာဏာကိုင်စွဲခြင်းမှ တားဆီးရန်၊ ခရစ်တော်၏ နှုတ်ကပတ်တော်များကို ဘုရားသခင်၏ ရွေးချယ်ထားသောလူများအကြား၌ ဖြန့်ချိခြင်း သို့မဟုတ် အကောင်အထည်ဖော်ခြင်းမှ တားဆီးရန်နှင့် ခရစ်တော် ပြုလုပ်သောအမှုအရာများ၊ လူတို့အပေါ် ကိုယ်တော်၏ တောင်းဆိုချက်များနှင့် မျှော်လင့်ချက်များကိုပင် ဘုရားသခင် ရွေးချယ်ထားသောသူများအကြား၌ အကောင်အထည် ပေါ်ခြင်းမှ တားဆီးရန်အတွက် ကဏ္ဍတိုင်း၌ နည်းလမ်းအမျိုးမျိုးကိုလည်း စဉ်းစားကြသည်။ ခရစ်တော် ရှိနေသောအခါ ၎င်းတို့သည် နှာခေါင်းရှုံ့ခြင်းခံရပြီး အသင်းတော်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရကာ မှောင်မိုက်သော ချောင်တစ်ချောင်တွင် ထားရှိခံရသော လူတစ်စုအလားပင် ဖြစ်လေသည်။ အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များတွင် ငါတို့ မြင်တွေ့နိုင်သည်မှာ အနှစ်သာရနှင့် စိတ်သဘောထားအရ ၎င်းတို့ကို ခရစ်တော်နှင့် သင့်မြတ်အောင် ပြုလုပ်၍မရနိုင်ပေ၊ ၎င်းတို့သည် ကိုယ်တော်နှင့် ကောင်းကင်တစ်ခုတည်းအောက်၌ အတူယှဉ်တွဲ မနေနိုင်ချေ။ အန္တိခရစ်များသည် မွေးကတည်းက ဘုရားသခင်ကို ရန်လိုခဲ့ကြသည်၊ ၎င်းတို့သည် ခရစ်တော်ကို အတိုက်အခံလုပ်ရန်အတွက် သီးသန့် ပေါ်ထွက်လာခြင်းဖြစ်ပြီး ၎င်းတို့သည် ခရစ်တော်ကို အနိုင်ယူပြီး ချေမှုန်းလိုကြသည်။ ၎င်းတို့သည် ခရစ်တော် ပြုလုပ်သောအလုပ်အားလုံး အချည်းနှီးဖြစ်ပြီး မည်သည့်အရာမျှ မဖြစ်မြောက်စေလိုကြ၊ သို့မှသာ အဆုံးတွင် ခရစ်တော်သည် လူများစွာကို မရရှိဘဲ ကိုယ်တော် မည်သည့်နေရာ၌ အလုပ်လုပ်သည်ဖြစ်စေ ရလဒ်မရရှိဘဲ ဖြစ်ပေလိမ့်မည်။ သို့မှသာ အန္တိခရစ်များ ပျော်ရွှင်ကြလိမ့်မည်။ အကယ်၍ ခရစ်တော်က သမ္မာတရားများကို ဖော်ပြပြီး လူတို့သည် ယင်းတို့အတွက် ဆာငတ်ကြလျှင်၊ ယင်းတို့ကို ရှာဖွေကြလျှင်၊ ဝမ်းမြောက်စွာ လက်ခံကြလျှင်၊ ခရစ်တော်အတွက် မိမိတို့ကိုယ်ကို အသုံးခံလိုစိတ် ရှိကြလျှင်၊ အရာရာတိုင်းကို စွန့်လွှတ်လိုပြီး ခရစ်တော်၏ ဧဝံဂေလိတရားကို ဖြန့်ချိလိုလျှင် အန္တိခရစ်များသည် စိတ်ဓာတ်ကျလာပြီး နက်ဖြန်အတွက် မျှော်လင့်ချက် မရှိတော့ဟုလည်းကောင်း၊ ငရဲသို့ ပစ်ချခံရဘိသကဲ့သို့ ၎င်းတို့ ပေါ်လွင်ရန် အခွင့်အရေး မည်သည့်အခါမျှ ရှိတော့မည် မဟုတ်ဟုလည်းကောင်း ခံစားကြရသည်။ အန္တိခရစ်များ၏ ဤသရုပ်သကန်များကို ကြည့်လျှင် ဘုရားသခင်ကို တိုက်ခိုက်ပြီး ကိုယ်တော့်ကို ရန်လိုစိတ်ဖြင့် သဘောထားသည့် ၎င်းတို့၏ ဤအနှစ်သာရကို အခြားတစ်စုံတစ်ဦးက ၎င်းတို့အထဲသို့ သွတ်သွင်းပေးခဲ့ခြင်းလော။ လုံးဝ မဟုတ်ပေ၊ ၎င်းတို့သည် ယင်းနှင့်အတူ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များသည် မွေးကတည်းက နတ်ဆိုး၏ ပြန်လည်ဝင်စားခြင်း၊ ကမ္ဘာမြေသို့ ရောက်လာသော နတ်ဆိုးဖြစ်သည့် လူအမျိုးအစားတစ်ရပ် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်ခံနိုင်မည်မဟုတ်ဘဲ ခရစ်တော်ကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်၊ ခရစ်တော်ကို မည်သည့်အခါမျှ ချီးမြှောက်မည်မဟုတ်၊ သို့မဟုတ် ခရစ်တော်ကို မည်သည့်အခါမျှ သက်သေခံမည် မဟုတ်ပေ။ အပေါ်ယံအားဖြင့် ၎င်းတို့ ခရစ်တော်ကို လူသိရှင်ကြား တရားစီရင်ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း ပြုသည်ကို သင် မြင်တွေ့ရမည်မဟုတ်သော်လည်း ၎င်းတို့သည် လိုက်လျောညီထွေစွာ အားထုတ်မှုအချို့ကို ပြုလုပ်ပြီး အဖိုးအခကို ပေးဆပ်နိုင်သော်လည်း ၎င်းတို့၌ အခွင့်အရေးတစ်ခု ရရှိသည်နှင့်တစ်ပြိုင်နက် အချိန်ကျသောအခါ အန္တိခရစ်များ၏ ဘုရားသခင်နှင့် သင့်မြတ်အောင် ပြုလုပ်၍မရနိုင်ခြင်းသည် ပေါ်လာလိမ့်မည်။ အန္တိခရစ်များ ဘုရားသခင်ကို တိုက်ခိုက်ပြီး လွတ်လပ်သော နိုင်ငံတော်တစ်ခုကို တည်ထောင်သည်ဟူသော အချက်သည် လူသိရှင်ကြား ဖြစ်လာလိမ့်မည်။ ဤအရာအားလုံးသည် အန္တိခရစ်များ ရှိသောနေရာများ၌ ယခင်က ဖြစ်ပျက်ခဲ့ပြီးဖြစ်ကာ ဘုရားသခင် နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအလုပ်ကို ပြုလုပ်သည့် ဤနှစ်များတွင် အထူးသဖြင့် မကြာခဏ ဖြစ်ပွားခဲ့သည်၊ လူများစွာသည် ယင်းတို့ကို တွေ့ကြုံပြီး စောင့်ကြည့်လေ့လာခဲ့ကြပြီးဖြစ်သည်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၇ ရက်