အချက် ၁၄- ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို မိမိတို့၏ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားကြ၏

ယခင်စုဝေးခြင်းတွင် လူတို့၏စိတ်နှလုံးကို ထိန်းချုပ်ခြင်းအပြင် အန္တိခရစ်တို့သည် အသင်းတော် ဘဏ္ဍာရေးကိုလည်း ထိန်းချုပ်ကြသည့်အချက်ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည့် အဓိကအချက်များမှာ အဘယ်အရာများ ဖြစ်သနည်း။ (ကျွန်ုပ်တို့သည် အဓိကအချက်နှစ်ချက်ကို မိတ်သဟာယဖွဲ့ခဲ့ကြပါသည်၊ ပထမအချက်မှာ အသင်းတော်ဆိုင်ရာ ဥစ္စာပစ္စည်းများကို ၎င်းတို့ ပိုင်ဆိုင်ခြင်းနှင့် အသုံးပြုခြင်းကို ဦးစားပေးခြင်းဖြစ်ပြီး ဒုတိယအချက်မှာ လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးခြင်း၊ တလွဲအသုံးပြုခြင်း၊ ချေးငှားခြင်း၊ လိမ်လည်အသုံးပြုခြင်းနှင့် ခိုးယူခြင်းတို့ ဖြစ်ပါသည်။) ဤအဓိကအချက်နှစ်ချက်ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယနေ့ ငါတို့သည် အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များထဲမှ ဆယ့်လေးခုမြောက်အချက်ဖြစ်သော “၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို မိမိတို့၏ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားကြ၏” ဟူသည့်အချက်ကို မိတ်သဟာယဖွဲ့ကြမည် ဖြစ်သည်။ ဤအချက်တွင် အန္တိခရစ်တို့၌ အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိသည်ကို သက်သေပြသည့် မည်သည့်သရုပ်သကန်များ ရှိသည်ကို ကြည့်ကြစို့။ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို မိမိတို့၏ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားကြ၏။ အပေါ်ယံအားဖြင့် “ဘုရားသခင်၏အိမ်တော်” နှင့် “ကိုယ်ပိုင် ပိုင်နက်” ဟူသော ဤအသုံးအနှုန်းနှစ်ခုသည် အန္တိခရစ်တို့ မည်သည့်ဆိုးသွမ်းမှုကို ပြုလုပ်နိုင်သည်ကို အရိပ်အမြွက်မျှ မပြချေ။ “အန္တိခရစ်တို့သည် ဘုရားသခင်၏အိမ်တော်ကို မိမိတို့၏ ကိုယ်ပိုင်အိမ်ကဲ့သို့ သဘောထားကြသည်” ဟု ဆိုခြင်းသည် ဤ “အိမ်” က အတိအကျ မည်သည့်အရာကို ရည်ညွှန်းနေသည်၊ ယင်းသည် အပြုသဘောဆောင်သည် သို့မဟုတ် အပျက်သဘောဆောင်သည်၊ ယင်းကို ချီးကျူးစကားအဖြစ် သုံးနှုန်းနေသည် သို့မဟုတ် မထီမဲ့မြင်ပြုသည့်သဘောဖြင့် သုံးနှုန်းနေသည်ကို အပြင်ပန်း အရိပ်အမြွက် မပြချေ။ သို့သော် “အိမ်” အစား “ကိုယ်ပိုင် ပိုင်နက်” ဟု ပြောင်းလဲသုံးနှုန်းလိုက်ခြင်းက အချို့သော ပြဿနာများ ရှိနေကြောင်း ဖော်ပြနေသလော။ ရှေးဦးစွာ “ကိုယ်ပိုင် ပိုင်နက်” ဆိုသည်က ငါတို့ကို အဘယ်အရာ ပြောပြနေသနည်း။ (အန္တိခရစ်တို့သည် မိမိတို့သာ အဆုံးအဖြတ်ပေးလိုကြသည်။) အခြား အဘယ်အရာ ရှိသေးသနည်း။ (၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်ကို မိမိတို့၏ သြဇာအာဏာ သက်ရောက်သော နယ်ပယ်အဖြစ် သဘောထားကြသည်၊ မိမိတို့၏ အပေါင်းအသင်းရောင်းရင်းများနှင့် မိမိတို့အိမ်သားများကို ပျိုးထောင်ကြပြီး ထို့နောက် အသင်းတော်အပေါ် ထိန်းချုပ်မှုကို ရယူကြသည်။) ဤသည်မှာလည်း အန္တိခရစ်တို့၏ သရုပ်သကန်တစ်ခု ဖြစ်ပါသည်။ အခြား အဘယ်အရာ ရှိသေးသနည်း။ ဤစကားစု၏ အပေါ်ယံအဓိပ္ပာယ်က ၎င်းသည် အန္တိခရစ်တို့၏ သြဇာအာဏာသက်ရောက်သော နယ်ပယ်ဖြစ်ကြောင်း၊ ဤနေရာသည် အန္တိခရစ်တို့ အာဏာကို အသုံးပြုကာ ဩဇာလွှမ်းမိုးသည့်နေရာဖြစ်ကြောင်း၊ အရာအားလုံးကို အန္တိခရစ်တို့က တစ်ဦးတည်း ထိန်းချုပ်၊ ချုပ်ကိုင်ကာ ထိန်းသိမ်းထားသည့်နေရာ ဖြစ်ကြောင်း၊ အန္တိခရစ်တို့သာ အဆုံးအဖြတ်ပေးသည့်နေရာ ဖြစ်ကြောင်းကို ဖော်ပြနေသလော။ (ဟုတ်ပါသည်။) ကျွန်ုပ်တို့သည် ဤစကားစုထဲသို့ ထိုသို့သော အဓိပ္ပာယ်ကို ကောက်ယူနိုင်ပါသည်၊ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များကို ယခင်က ဆွေးနွေးခဲ့ကြသည့်အခါ အန္တိခရစ်တို့၏ အနှစ်သာရကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် ဖော်ထုတ်ခြင်းအကြောင်း များစွာ မိတ်သဟာယဖွဲ့ခဲ့ကြသောကြောင့် ဖြစ်သည်။ ဤသရုပ်သကန်များထဲတွင် အဓိကကျသည်မှာ လူတို့ကို ထိန်းချုပ်ရန်နှင့် အာဏာကို အသုံးပြုရန် အန္တိခရစ်တို့၏ ကြိုးပမ်းမှုများ ဖြစ်သည်။ သို့ရာတွင် အခြားသော အမျိုးမျိုးသော သရုပ်သကန်များလည်း ရှိသည်မှာ အမှန်ပင် ဖြစ်သည်။

သို့ဖြစ်၍ ယခု အန္တိခရစ်တို့၏ “ကိုယ်ပိုင် ပိုင်နက်” ကို ကျင့်သုံးခြင်း၏ ယေဘုယျအဓိပ္ပာယ်ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သောကြောင့် “ဘုရားသခင်၏အိမ်တော်” အားဖြင့် အတိအကျ မည်သည့်အဓိပ္ပာယ်ဖြစ်သည်ကို မိတ်သဟာယဖွဲ့ကြစို့။ သင်တို့၌ ဘုရားသခင်၏အိမ်တော်သည် အဘယ်အရာ ဖြစ်သည်ဟူသော သဘောတရား ရှိသလော။ သင်တို့သည် ၎င်း၏ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပေးနိုင်သလော။ ညီအစ်ကိုမောင်နှမများတစ်စု အတူတကွ စုဝေးခြင်းသည် ဘုရားသခင်၏အိမ်တော် ဖြစ်သလော။ ခရစ်တော်နှင့် ဘုရားသခင်နောက် လိုက်ကြသော လူတို့၏ စုဝေးမှု သို့မဟုတ် စည်းဝေးခြင်းကို ဘုရားသခင်၏အိမ်တော်အဖြစ် သတ်မှတ်သလော။ အသင်းတော် ခေါင်းဆောင်များ၊ သင်းထောက်များနှင့် အဖွဲ့ခေါင်းဆောင်အမျိုးမျိုး ပါဝင်သော စုဝေးမှုကို ဘုရားသခင်၏အိမ်တော်အဖြစ် သတ်မှတ်သလော။ (မသတ်မှတ်ပါ။) ဘုရားသခင်၏အိမ်တော်သည် အမှန်စင်စစ် အဘယ်အရာ ဖြစ်သနည်း။ (ခရစ်တော် အုပ်စိုးသည့် အသင်းတော်သာလျှင် ဘုရားသခင်၏အိမ်တော် ဖြစ်သည်။) (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများအဖြစ် မှတ်ယူသော လူတို့၏ စုဝေးမှုတစ်ခုကိုသာ ဘုရားသခင်၏အိမ်တော်အဖြစ် သတ်မှတ်နိုင်သည်။) ဤအဓိပ္ပာယ်ဖွင့်ဆိုချက်နှစ်ခုသည် တိကျသလော။ သင်တို့သည် ယင်းကို ရှင်းပြနိုင်ခြင်း မရှိ။ သင်တို့ ကြားခဲ့ပြီးသမျှ တရားဒေသနာအားလုံး ပြီးသည့်နောက်မှာပင် ဤမျှ ရိုးရှင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို သင်တို့ မပေးနိုင်ကြချေ။ ထင်ရှားသည်မှာ သင်တို့သည် ဤဝိညာဉ်ရေးရာ အသုံးအနှုန်းများနှင့် ဝေါဟာရများကို အလေးအနက်ထားကာ ကောင်းစွာ ဆင်ခြင်သုံးသပ်လေ့ရှိသည့် အလေ့အထ မရှိကြခြင်းပင် ဖြစ်သည်။ သင်တို့သည် ပေါ့ဆလိုက်လေခြင်း။ သို့ဖြစ်၍ အသေအချာ စဉ်းစားကြလော့။ ဘုရားသခင်၏ အိမ်တော်ဆိုသည်မှာ မည်သည့်အရာ အတိအကျ ဖြစ်သနည်း။ ယင်းကို သဘောတရားအရ သတ်မှတ်ရပါက ဘုရားသခင်၏ အိမ်တော်ဆိုသည်မှာ သမ္မာတရား စိုးမိုးရာနေရာ၊ မိမိတို့၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများက ဘုရားသခင်၏နှုတ်ကပတ်တော်များ ဖြစ်သည့်သူများ၏ စုဝေးရာနေရာဖြစ်၏။ ထိုသို့ဖြစ်သည့်အတွက် အန္တိခရစ်တို့က ဘုရားသခင်၏အိမ်တော်ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားခြင်းသည် ပြဿနာတစ်ရပ် ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်နောက် လိုက်ကြသော ညီအစ်ကိုမောင်နှမများ၏ စုဝေးမှုကို မိမိတို့၏ သြဇာအာဏာသက်ရောက်သော ကိုယ်ပိုင်နယ်ပယ်အဖြစ်၊ မိမိတို့ အာဏာကို ကျင့်သုံးရာနေရာအဖြစ်နှင့် အာဏာကျင့်သုံးခြင်း ခံရသူများအဖြစ် သဘောထားနေကြခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့က ဘုရားသခင်၏အိမ်တော်ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားခြင်းမှ ပိုင်းခြားသိမြင်နိုင်သည့် စာသားအတိုင်း တိုက်ရိုက်အဓိပ္ပာယ်ပင် ဖြစ်သည်။ သင်သည် မည်သည့်ရှုထောင့်မှ ရှင်းပြသည်ဖြစ်စေ၊ ကြည့်ရှုသည်ဖြစ်စေ အန္တိခရစ်တို့က ဘုရားသခင်၏အိမ်တော်ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားခြင်းသည် လူတို့ကို အထင်အမြင်မှားစေရန်၊ ထိန်းချုပ်ရန်နှင့် အကြွင်းမဲ့အာဏာ ကိုင်စွဲရန် ကြိုးစားခြင်းဖြစ်သည့် ၎င်းတို့၏ သဘာဝ အနှစ်သာရကို ဖော်ပြနေသည်။ ဘုရားသခင်၏အိမ်တော်ဆိုသည်မှာ ဘုရားသခင် အလုပ်လုပ်ပြီး စကားပြောကြားရာနေရာ၊ လူများကို ဘုရားသခင်ကယ်တင်သည့်နေရာ၊ ဘုရားသခင် ရွေးချယ်ထားသောလူများက ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံသည့်နေရာ၊ သန့်စင်ခြင်းခံရပြီး ကယ်တင်ခြင်း ရရှိသည့်နေရာ၊ ဘုရားသခင်၏ အလိုတော်နှင့် ရည်ရွယ်ချက်များကို ဟန့်တားနှောင့်ယှက်မှုမရှိဘဲ ဆောင်ရွက်နိုင်သည့် နေရာနှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုဆိုင်ရာ အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ပြီး အထမြောက်စေနိုင်သည့်နေရာ ဖြစ်သည်။ အနှစ်ချုပ်လိုက်ပါက ဘုရားသခင်၏အိမ်တော်သည် ဘုရားသခင်က တန်ခိုးအာဏာ ကိုင်စွဲသည့်နေရာ ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ စိုးမိုးရာနေရာ ဖြစ်သည်။ ယင်းမှာ လူပုဂ္ဂိုလ်တစ်ဦးဦးက အာဏာကို ကျင့်သုံးသည့်နေရာ၊ မိမိ၏လုပ်ငန်းကို ဦးစီးဦးရွက်ပြုရာနေရာ မဟုတ်ပေ၊ သို့မဟုတ် မိမိ၏လိုအင်ဆန္ဒများကိုဖြစ်စေ၊ မဟာအကြံအစည်များကိုဖြစ်စေ စွမ်းဆောင်ရရှိရာနေရာလည်း မဟုတ်ပေ။ သို့သော်လည်း အန္တိခရစ်တို့ လုပ်ဆောင်သောအရာသည် ဘုရားသခင် အလိုရှိသည့်အရာနှင့် အတိအကျ ဆန့်ကျင်ဘက်ဖြစ်သည်၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်လိုသည်ကို ၎င်းတို့ အာရုံမစိုက်၊ ဂရုမပြုကြပေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ လူတို့အလယ်တွင် အသီးသီးစေခြင်း ရှိမရှိကိလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများကို လူတို့အလယ်တွင် နားလည်ကာ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားနိုင်ခြင်း ရှိမရှိကိုလည်းကောင်း ၎င်းတို့ ဂရုမစိုက်ကြပေ၊ ၎င်းတို့၌ အဆင့်အတန်း၊ အာဏာနှင့် ဆုံးဖြတ်ပိုင်ခွင့် ရှိမရှိ၊ ၎င်းတို့၏ ရည်ရွယ်ချက်များ၊ အတွေးအခေါ်များနှင့် လိုအင်ဆန္ဒများ လူတို့အလယ်တွင် အကောင်အထည် ဖော်နိုင်ခြင်း ရှိမရှိကိုသာ ၎င်းတို့ အလေးထားစဉ်းစားကြသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ သြဇာအာဏာသက်ရောက်သော နယ်ပယ်အတွင်း၌ လူမည်မျှက ၎င်းတို့၏ စကားကို နားထောင်ပြီး ၎င်းတို့ကို နာခံကြသည်၊ ၎င်းတို့၌ မည်သို့သော ပုံရိပ်၊ ဂုဏ်သတင်းနှင့် သြဇာအာဏာ ရှိသည်ဟူသည့် ဤအရာများမှာ ၎င်းတို့ စီမံခန့်ခွဲရန် ကြိုးစားသည့် အဓိကကျသော အရာများ အတိအကျဖြစ်ကြပြီး ဤအရာများမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလေးထားဆုံးသောအရာများ ဖြစ်ကြသည်။ ဘုရားသခင်သည် လူသားတို့အလယ်တွင် မိန့်မြွက်ပြီး အမှုပြုတော်မူသည်၊ ကိုယ်တော်သည် လူတို့ကို ကယ်တင်သည်၊ ဦးဆောင်သည်၊ ထောက်ပံ့သည်၊ ၎င်းတို့အား ဘုရားသခင့်ရှေ့မှောက်သို့ ရောက်လာရန်၊ ကိုယ်တော်၏ ရည်ရွယ်ချက်များကို နားလည်ရန်၊ သမ္မာတရား လက်တွေ့ကျမှုထဲသို့ တစ်ဆင့်ပြီးတစ်ဆင့် ဝင်ရောက်ရန်နှင့် ဘုရားသခင်ထံ တဖြည်းဖြည်း ကျိုးနွံနာခံမှုကို ရရှိရန် လမ်းပြတော်မူသည်။ အန္တိခရစ်တို့ လုပ်ဆောင်သမျှ အရာအားလုံးသည် ဤအရာနှင့် အတိအကျ ဆန့်ကျင်နေသည်။ ဘုရားသခင်သည် လူတို့အား ဘုရားသခင့်ရှေ့မှောက်သို့ ရောက်လာစေရန် ဦးဆောင်သည်၊ သို့တိုင်အောင် အန္တိခရစ်တို့သည် ဤလူတို့အတွက် ဘုရားသခင်နှင့် ပြိုင်ဆိုင်ကြပြီး ၎င်းတို့အား မိမိတို့ကိုယ်တိုင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်ရန် ကြိုးပမ်းကြသည်။ ဘုရားသခင်သည် လူတို့အား သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန်နှင့် ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ တစ်ဆင့်ပြီးတစ်ဆင့် ကျိုးနွံနာခံရန် လမ်းပြတော်မူသည်၊ အန္တိခရစ်တို့သည် လူတို့ကို တစ်ဆင့်ပြီးတစ်ဆင့် ထိန်းချုပ်ရန်၊ ၎င်းတို့၏ သွားလာလှုပ်ရှားမှုများကို အမိအရ စောင့်ကြည့်စစ်ဆေးရန်နှင့် ၎င်းတို့အား မိမိတို့၏ အာဏာအောက်သို့ ခိုင်မြဲစွာ ကျရောက်စေရန် ကြိုးပမ်းကြသည်။ အချုပ်အားဖြင့် အန္တိခရစ်တို့ လုပ်ဆောင်သမျှ အရာအားလုံးသည် ဘုရားသခင်နောက် လိုက်သူများကို မိမိတို့နောက် လိုက်သူများ ဖြစ်လာစေရန်အတွက် ဖြစ်သည်၊ သမ္မာတရားကို မလိုက်စားသော နားဝေတိမ်တောင်ဖြစ်သောသူ ထိုလူများကို မိမိတို့အာဏာအောက်သို့ စည်းရုံးသိမ်းသွင်းပြီးနောက် ၎င်းတို့သည် နောက်တစ်ဆင့်တက်ကာ ဘုရားသခင်နောက် လိုက်နိုင်ပြီး မိမိတို့၏ တာဝန်ကို သစ္စာရှိရှိ ထမ်းဆောင်နိုင်သောသူများကို မိမိတို့အာဏာအောက်သို့ စည်းရုံးသိမ်းသွင်းရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းကြကာ အသင်းတော်ရှိ လူတိုင်းကို ၎င်းတို့ပြောသည့်စကား နားထောင်စေပြီး အန္တိခရစ်တို့၏ ဆန္ဒများအတိုင်း အရာခပ်သိမ်းကို အသက်ရှင်၊ ပြုမူ၊ ကျင့်ကြံပြီး လုပ်ဆောင်စေရန် ပြုလုပ်ကြသည်။ ဤသို့ဖြင့် နောက်ဆုံးတွင် ထိုလူများသည် အန္တိခရစ်တို့ ပြောသမျှစကားတိုင်းကို နာခံကာ ၎င်းတို့၏ ဆန္ဒများကို နာခံပြီး ၎င်းတို့၏ တောင်းဆိုချက်များကို နာခံကြလေသည်။ ဆိုလိုသည်မှာ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်ရန် အလိုရှိသည်ဖြစ်စေ၊ ဘုရားသခင် မည်သည့် အကျိုးသက်ရောက်မှုကို ရရှိရန် အလိုရှိသည်ဖြစ်စေ ယင်းမှာ အန္တိခရစ်တို့လည်း ရရှိလိုသည့် ရလဒ်ပင်ဖြစ်၏။ ၎င်းတို့ ရရှိရန် ဆန္ဒရှိသည့် ရလဒ်မှာ လူတို့အား ဘုရားသခင့်ရှေ့မှောက်သို့ လာ၍ ဘုရားသခင်ကို ကိုးကွယ်ရန် မဟုတ်ဘဲ ၎င်းတို့၏ရှေ့မှောက်သို့ လာ၍ ၎င်းတို့ကို ကိုးကွယ်ရန် ဖြစ်သည်။ ခြုံငုံပြောရလျှင် အန္တိခရစ်တို့သည် အာဏာရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ သြဇာအာဏာသက်ရောက်သော နယ်ပယ်အတွင်းရှိ လူတိုင်းနှင့် အရာတိုင်းကို ထိန်းချုပ်ရန် ကြိုးပမ်းကြသည်၊ ၎င်းတို့ ထိန်းချုပ်နိုင်သည့် နယ်ပယ်ကို ထိန်းချုပ်ရန် ကြိုးပမ်းကြသည်၊ ၎င်းတို့သည် အသင်းတော်၊ ဘုရားသခင်၏ အိမ်တော်နှင့် ဘုရားသခင်နောက် လိုက်သောသူများကို ၎င်းတို့၏ အာဏာကို ကျင့်သုံးပြီး စိုးစံနိုင်သည့် နယ်ပယ်ဖြစ်စေရန် ကြိုးပမ်းကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် လူတို့အား ကိုယ်တော့်ရှေ့မှောက်သို့ ဦးဆောင်တော်မူသည်၊ အန္တိခရစ်တို့မူကား လူတို့ကို အထင်အမြင်မှားစေပြီး ထိုလူတို့ကို မိမိတို့ရှေ့မှောက်သို့လည်း ဦးဆောင်လိုကြသည်။ ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် အန္တိခရစ်တို့၏ ရည်ရွယ်ချက်မှာ ဘုရားသခင်နောက် လိုက်သူများကို ၎င်းတို့နောက် လိုက်သူများ ဖြစ်လာစေရန်၊ ဘုရားသခင်၏အိမ်တော်နှင့် အသင်းတော်ကို ၎င်းတို့၏ ကိုယ်ပိုင်အိမ် ဖြစ်လာစေရန် ဖြစ်သည်။ အန္တိခရစ်တို့၌ ဤသို့သော စေ့ဆော်မှုများနှင့် အနှစ်သာရ ရှိသောကြောင့် ဤအန္တိခရစ်များသည် အန္တိခရစ်များဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို ရန်လိုသော မကောင်းဆိုးဝါးများနှင့် စာတန်များဖြစ်ကြောင်းကို ဖော်ပြသည့် မည်သည့် တိကျသော သရုပ်သကန်များနှင့် အပြုအမူများ ၎င်းတို့၌ ရှိသနည်း။ ဆက်လက်၍ အန္တိခရစ်တို့၌ ဘုရားသခင်၏အိမ်တော်ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားကြသည်ကို သက်သေပြသည့် မည်သည့် တိကျသော သရုပ်သကန်မျိုးနှင့် လုပ်နည်းကိုင်နည်းမျိုး ရှိသည်ကို ငါတို့ တိတိကျကျ စိတ်ဖြာလေ့လာဆွေးနွေးကြမည် ဖြစ်သည်။

၁။ အန္တိခရစ်များသည် အာဏာကို လက်ဝါးကြီး အုပ်ထားကြ၏

အန္တိခရစ်တို့က ဘုရားသခင်၏အိမ်တော်ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်နက်အဖြစ် သဘောထားပုံ၏ ပထမဆုံး သရုပ်သကန်မှာ ငါတို့ မကြာခဏ မိတ်သဟာယဖွဲ့ခဲ့ကြသည့် အချက်ဖြစ်ပြီး ယင်းသည် အန္တိခရစ်တို့၏ ထူးခြားသော အနှစ်သာရရှိသည့် သရုပ်သကန်တစ်ခု ဖြစ်သည်၊ အန္တိခရစ်တို့သည် အဆင့်အတန်းကို အခြားအရာအားလုံးထက် ပို၍မြတ်နိုးကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် အဆင့်အတန်းကို အစုံမက်ဆုံး ဖြစ်ကြသနည်း။ အဆင့်အတန်းသည် အဘယ်အရာကို ကိုယ်စားပြုသနည်း။ (အာဏာကို ကိုယ်စားပြုပါသည်။) မှန်သည်၊ ဤသည်မှာ အဓိကအချက် ဖြစ်သည်။ အဆင့်အတန်းရှိမှသာ ၎င်းတို့သည် အာဏာရှိနိုင်ပြီး အာဏာရှိမှသာ ၎င်းတို့သည် အမှုကိစ္စများကို လွယ်ကူစွာ ပြီးမြောက်စေနိုင်သည်၊ အာဏာရှိမှသာ ၎င်းတို့၏ အမျိုးမျိုးသော လိုအင်ဆန္ဒများ၊ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် မျှော်လင့်နိုင်ပြီး လက်တွေ့ဖြစ်လာနိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ အန္တိခရစ်တို့သည် အလွန်စဉ်းလဲကြသည်၊ ၎င်းတို့သည် ထိုသို့သော ကိစ္စရပ်များတွင် အလွန်အမြင်ရှင်းကြသည်၊ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်နက် ဖြစ်စေလိုလျှင် ရှေးဦးစွာ အာဏာကို လက်ဝါးကြီး အုပ်ထားကြရမည်ဖြစ်သည်။ ဤသည်မှာ ထင်ရှားသော သရုပ်သကန်တစ်ခု ဖြစ်သည်။ သင်တို့ ကြုံတွေ့ခဲ့သော၊ ကြားသိခဲ့သော သို့မဟုတ် ကိုယ်တိုင်မျက်မြင်ကြုံတွေ့ခဲ့သော ထိုအန္တိခရစ်များထဲတွင် မည်သူသည် အာဏာကို လက်ဝါးကြီးအုပ်ရန် မကြိုးစားခဲ့သနည်း။ ၎င်းတို့ မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ၊ လှည့်စားခြင်းနှင့် ကောက်ကျစ်စဉ်းလဲခြင်းအားဖြင့် ဖြစ်စေ၊ အပြင်ပန်းအားဖြင့် တည်ငြိမ်ပြီး ဖော်ရွေသည့် ပုံစံအားဖြင့် ဖြစ်စေ၊ ပို၍ ရက်စက်ကြမ်းကြုတ်ပြီး အထူးသဖြင့် ယုတ်ညံ့သော နည်းလမ်းများဖြင့် ဖြစ်စေ၊ အကြမ်းဖက်မှုအားဖြင့် ဖြစ်စေ အန္တိခရစ်တို့၌ ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိသည်၊ အဆင့်အတန်းကို ပိုင်ဆိုင်ရန်၊ ထို့နောက် အာဏာကို ကိုင်စွဲရန် ဖြစ်သည်။ သို့ဖြစ်ရာ ငါ မိတ်သဟာယဖွဲ့လိုသည့် ပထမဆုံးအချက်ဖြစ်သော အရေးအကြီးဆုံးအရာမှာ အန္တိခရစ်တို့သည် အာဏာကို လက်ဝါးကြီးအုပ်ရန် ကြိုးစားကြခြင်းပင် ဖြစ်သည်။ အန္တိခရစ်တို့၏ အာဏာအတွက် လိုချင်စိတ်သည် သာမန်လူများ၏ လိုချင်စိတ်ထက် ကျော်လွန်သည်၊ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် သာမန်လူများ၏ လိုချင်စိတ်ထက် သာလွန်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် သာမန်လူများသည် အခြားသူများက ၎င်းတို့အား အထင်ကြီးစေလိုခြင်း၊ ၎င်းတို့အပေါ် ကောင်းသောအမြင် ရှိစေလိုခြင်းမျှသာ ဖြစ်သည်၊ ၎င်းတို့သည် စကားပြောသည့်အခါ အပေါ်စီးရလိုကြသော်လည်း အကယ်၍ ၎င်းတို့၌ အာဏာနှင့် လူတို့၏ ကိုးကွယ်ခြင်း မရှိပါက ထိုမျှ နာကျင်ခံစားရခြင်း မရှိပေ၊ ၎င်းတို့သည် အာဏာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဖြစ်သလိုနေနိုင်ကြသည်၊ ၎င်းတို့၌ အာဏာကို အနည်းငယ် နှစ်သက်ခြင်းနှင့် တောင့်တခြင်း ရှိကြသော်လည်း အန္တိခရစ်တို့၏ အတိုင်းအတာအထိ မဟုတ်ပေ။ ထိုအတိုင်းအတာမှာ မည်သို့နည်း။ အာဏာမရှိလျှင် ၎င်းတို့သည် အစဉ် စိုးရိမ်ပူပန်သော အခြေအနေတွင် ရှိနေကြပြီး ငြိမ်သက်ခြင်းကို ရှာမတွေ့နိုင်ဘဲ စားမဝင် အိပ်မပျော်ခြင်းကို ခံစားကြရကာ နေ့ရက်တိုင်းသည် ငြီးငွေ့ခြင်းနှင့် ဂနာမငြိမ်ဖြစ်ခြင်းကိုသာ ယူဆောင်လာပုံရသည့်အပြင် ၎င်းတို့၏ စိတ်နှလုံးထဲတွင်မူ ၎င်းတို့ မအောင်မြင်နိုင်သည့် အရာတစ်ခုခု ရှိနေသကဲ့သို့လည်းကောင်း၊ ၎င်းတို့ လွဲချော်သွားသည့် အရာတစ်ခုခု ရှိနေသကဲ့သို့လည်းကောင်း ခံစားရသည်။ သာမန် ဖောက်ပြန်ပျက်စီးသော လူသားများသည် အာဏာရလျှင် ပျော်ရွှင်ကြသော်လည်း ထိုအရာ မရခြင်းကြောင့် အလွန်အမင်း စိတ်ပျက်ခြင်း မရှိကြပေ၊ ၎င်းတို့သည် အနည်းငယ် စိတ်ပျက်သည်ဟု ခံစားရနိုင်သော်လည်း သာမန်လူတစ်ဦး ဖြစ်ရသည်ကိုလည်း ကျေနပ်ကြသည်။ အကယ်၍ အန္တိခရစ်တို့ သာမန်လူဖြစ်ရမည်ဆိုလျှင် ၎င်းတို့ အသက်ဆက်ရှင်နိုင်မည် မဟုတ်ဘဲ ဆက်လက်အသက်ရှင်နိုင်ကြမည် မဟုတ်ပေ၊ ယင်းမှာ ၎င်းတို့ ဘဝ၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်ကို ပျောက်ဆုံးသွားသကဲ့သို့ ဖြစ်ပြီး ရှေ့ဆက်ရမည့် ဘဝခရီးဖြစ်သည့် လမ်းတစ်လျှောက်တွင် မည်သို့ ဆက်လက်လျှောက်လှမ်းရမည်ကို ၎င်းတို့ မသိကြတော့ပေ။ အဆင့်အတန်းရှိမှသာ ၎င်းတို့၏ဘဝသည် အလင်းနှင့် ပြည့်သည်ဟု ၎င်းတို့ ခံစားကြရသည်၊ အဆင့်အတန်းနှင့် အာဏာရှိမှသာ ဘဝသည် ဘုန်းကျက်သရေရှိ၊ ငြိမ်သက်ပြီး ပျော်ရွှင်ဖွယ်ဖြစ်သည်ဟု ၎င်းတို့ ခံစားကြရသည်။ ဤသည်မှာ သာမန်လူများနှင့် မတူဘူး မဟုတ်လော။ ၎င်းတို့ အဆင့်အတန်း ရရှိသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တို့သည် ပုံမှန်မဟုတ်စွာ စိတ်လှုပ်ရှားလာကြသည်။ အခြားသူများက ဤသည်ကို မြင်၍ ဤသို့ စဉ်းစားကြသည်၊ အဘယ်ကြောင့် ၎င်းတို့သည် ယခင်ကနှင့် မတူသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ထိုမျှ မျက်နှာဝင်းပြီး ပြုံးရွှင်နေသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ထိုမျှ ပျော်ရွှင်နေကြသနည်း။ မေးမြန်းကြည့်သောအခါ လက်စသတ်တော့ ဤသည်မှာ ၎င်းတို့ အဆင့်အတန်း ရရှိသောကြောင့် ဖြစ်သည်၊ ၎င်းတို့၌ အာဏာ ရှိသောကြောင့် ဖြစ်သည်၊ ၎င်းတို့၌ ဆုံးဖြတ်ပိုင်ခွင့် ရှိသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် လူများကို အမိန့်ပေး စေခိုင်းနိုင်သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် အာဏာကို ကျင့်သုံးနိုင်သောကြောင့် ဖြစ်သည်၊ ၎င်းတို့၌ ဂုဏ်သိက္ခာ ရှိသောကြောင့် ဖြစ်သည်၊ ၎င်းတို့၌ နောက်လိုက်များ ရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့၌ အဆင့်အတန်းနှင့် အာဏာရှိသောအခါ အန္တိခရစ်တို့၏ စိတ်ပိုင်းဆိုင်ရာ အမြင်တွင် တစ်စုံတစ်ခု ပြောင်းလဲသွားသည်။

အန္တိခရစ်တို့၏ အာဏာအတွက် လိုအင်ဆန္ဒသည် ၎င်းတို့၏ အနှစ်သာရမှာ သာမန်မဟုတ်ကြောင်း ညွှန်ပြသည်၊ ယင်းသည် သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်ပေ။ သို့ဖြစ်၍ ၎င်းတို့ မည်သူ့အလယ်တွင် ရှိနေသည်ဖြစ်စေ အန္တိခရစ်တို့သည် ပေါ်လွင်ရန်၊ မိမိကိုယ်ကို ကြွားဝါရန်၊ မိမိကိုယ်ကို ကြော်ငြာရန်၊ လူတိုင်း ၎င်းတို့၏ ကောင်းကွက်များနှင့် ကောင်းမြတ်ခြင်းများကို မြင်တွေ့ပြီး ၎င်းတို့အား အာရုံစိုက်လာစေရန်နှင့် အသင်းတော်၌ မိမိတို့အတွက် ရာထူးတစ်ခုခုကို ရယူနိုင်ရန် နည်းလမ်းရှာကြိုးပမ်းကြလိမ့်မည်။ အသင်းတော် ရွေးကောက်ပွဲများ ကျင်းပသောအခါ အန္တိခရစ်တို့သည် ၎င်းတို့၏ အခွင့်အရေး ရောက်ရှိလာပြီဟု ခံစားကြရသည်၊ မိမိကိုယ်ကို ကြော်ငြာရန် အခွင့်အရေး၊ မိမိတို့၏ ဆန္ဒများကို လက်တွေ့ဖြစ်လာစေရန် အခွင့်အရေး၊ မိမိတို့၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် အခွင့်အရေး ရောက်ရှိလာပြီ ဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခံရရန် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် အာဏာရရှိရန် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ကြပြီး အာဏာရရှိခြင်းက ၎င်းတို့အတွက် အမှုကိစ္စများကို ပိုမိုလွယ်ကူစွာ ပြီးမြောက်စေလိမ့်မည်ဟု ယုံကြည်ကြသည်။ အဘယ်ကြောင့် ပို၍ လွယ်ကူမည်နည်း။ အန္တိခရစ်တို့ အာဏာမရှိသောအခါ ၎င်းတို့သည် ဖုံးကွယ်ထားပြီး ဟန်ဆောင်သောကြောင့်၊ သင်သည် ၎င်းတို့၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် အနှစ်သာရကို ၎င်းတို့၏ အပြင်ပန်းအသွင်အပြင်မှ ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ၊ ဤသို့ဖြင့် သင်သည် ၎င်းတို့ကို ထွင်းဖောက်မြင်နိုင်မည် မဟုတ်ပေ။ သို့သော် ၎င်းတို့ အဆင့်အတန်းရရှိပြီး အာဏာရှိလာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ပထမဆုံး လုပ်ဆောင်သောအရာမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းကို ခိုင်မာစေရန်၊ မိမိတို့လက်ထဲရှိ အာဏာကို ချဲ့ထွင်ပြီး ခိုင်မာစေရန် ကြိုးပမ်းကြသည်။ ၎င်းတို့၏ အာဏာကို ခိုင်မာစေရန်နှင့် အဆင့်အတန်းကို အားဖြည့်ပေးရန် မည်သည့်နည်းလမ်းများကို ၎င်းတို့ အသုံးပြုကြသနည်း။ အန္တိခရစ်တို့၌ နည်းလမ်းများစွာ ရှိသည်၊ ၎င်းတို့သည် ထိုသို့သော အခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်၊ ၎င်းတို့ အာဏာကို သိမ်းပိုက်ပြီးဖြစ်သည့်အခါ မည်သည့်အရာကိုမျှ မလုပ်ဘဲ နေကြမည် မဟုတ်ပေ။ ၎င်းတို့အတွက်မူ ထိုသို့သော အခွင့်အရေး ရောက်ရှိလာခြင်းသည် အလွန်ပျော်ရွှင်ဖွယ်အချိန်ဖြစ်သည်၊ ထို့ပြင် ၎င်းတို့၏ စဉ်းလဲမှုကို အသုံးချပြီး ၎င်းတို့၏ အရည်အချင်းများကို အစွမ်းကုန် ထုတ်သုံးချိန်လည်း ဖြစ်သည်။ အန္တိခရစ်တစ်ဦး ရွေးကောက်ခံရပြီးနောက် သူသည် ဦးစွာ သူ၏ တိုက်ရိုက် မိသားစုဝင်များနှင့် ဆွေမျိုးများကို စိစစ်သည်၊ မည်သူသည် သူနှင့် နီးနီးစပ်စပ် ဆွေမျိုးတော်စပ်သည်၊ မည်သူသည် သူ့ထံ ကပ်ဖားရပ်ဖား လုပ်သည်၊ မည်သူသည် သူနှင့် ရင်းနှီးသည်၊ ပြီးလျှင် မည်သူသည် သူနှင့် သင့်မြတ်ပြီး စိတ်တူကိုယ်တူဖြစ်သည်တို့ကို စစ်ဆေးသည်။ သူသည် မည်သူက ဖြောင့်မတ်သည်၊ မည်သူက သူ့ဘက်က မရပ်တည်မည့်သူ၊ အကယ်၍ သူသည် ဘုရားသခင်၏အိမ်တော်၏ စည်းကမ်းများနှင့် စည်းမျဉ်းများကို ဆန့်ကျင်သော အရာတစ်ခုခုကို လုပ်ဆောင်ပါက မည်သူက သူ့ကို တိုင်ကြားမည်တို့ကိုလည်း စစ်ဆေးသည်၊ ဤသူများမှာ သူ ရှင်းလင်းဖယ်ရှားပစ်မည့်သူများ ဖြစ်ကြသည်။ ၎င်းတို့ကို စိစစ်ပြီးနောက် သူ ဤသို့ တွေးသည်။ “ငါ၏ ဆွေမျိုးအများစုသည် ငါနှင့် ဆက်ဆံရေးကောင်းသည်၊ ငါတို့ သင့်မြတ်ကြသည်၊ ငါတို့ စိတ်တူကိုယ်တူ ရှိကြသည်။ အကယ်၍ သူတို့ ငါ့လက်အောက်ငယ်သားများ ဖြစ်လာပြီး ငါ သူတို့ကို အသုံးချနိုင်လျှင် ငါ၏ သြဇာလွှမ်းမိုးမှု တိုးပွားလာမည် မဟုတ်လော။ ပြီးလျှင် ဤသည်မှာ အသင်းတော်ထဲ၌ ငါ၏ အဆင့်အတန်းကို တည်ငြိမ်စေမည် မဟုတ်လော။ ‘အရည်အချင်းရှိသူကို မြှင့်တင်ရာတွင် ဆွေမျိုးများကို မရှောင်ကြနှင့်’ ဟု ဆိုရိုးစကားရှိသကဲ့သို့ပင် ဖြစ်သည်။ ဘာသာတရားမရှိသူ အရာရှိများအားလုံးသည် သူတို့ကို ကူညီရန် ရင်းနှီးသော မိတ်ဆွေများနှင့် အပေါင်းအသင်းများကို အားကိုးရသည်။ ယခု ငါသည် အရာရှိဖြစ်ပြီ ဖြစ်သဖြင့် ထိုနည်းတူ လုပ်ရမည်။ ယင်းမှာ စိတ်ကူးကောင်းတစ်ခု ဖြစ်သည်။ ပထမဆုံးအနေဖြင့် ငါ၏ဆွေမျိုးများကို ရာထူးတိုးပေးရမည်။ ငါ၏ မိန်းမနှင့် သားသမီးများမှာမူ ပြောစရာပင်မလိုပါ။ ငါပထမဆုံး လုပ်မည့်အရာသည် သူတို့အတွက် ရာထူးအချို့ကို စီစဉ်ပေးရန်ဖြစ်သည်။ ငါ့မိန်းမက မည်သည့်အရာကို လုပ်မည်နည်း။ အသင်းတော်တွင် လှူဖွယ်ပစ္စည်းများကို စောင့်ရှောက်ခြင်းသည် အရေးပါပြီး အခရာကျသည့် တာဝန်ဖြစ်သည်။ ဘဏ္ဍာရေးဆိုင်ရာ အာဏာက ငါတို့လက်ထဲတွင် ရှိရမည်။ ထိုအခါမှသာ ငါသည် ငွေကို လွတ်လွတ်လပ်လပ်နှင့် အလွယ်တကူ သုံးစွဲနိုင်မည်ဖြစ်သည်။ ဤငွေကို အပြင်လူလက်ထဲ ထည့်ထား၍ မဖြစ်ပါ။ အကယ်၍ ထည့်လားလျှင် ဤသည်မှာ သူတို့၏ ငွေများ ဖြစ်သွားလိမ့်မည်။ ပြီးလျှင် အသုံးစရိတ်ကိုလည်း စောင့်ကြည့်ထိန်းချုပ်လိမ့်မည်။ ဤသည်မှာ အဆင်မပြေပါ။ လက်ရှိစာရင်းများကို စီမံခန့်ခွဲနေသည့်သူသည် ငါ့ဘက်တွင် ရှိသလား။ အပြင်ပန်းတွင် အဆင်ပြေပုံရသည်။ သို့သော် အတွင်းစိတ်ထဲတွင် သူတို့ မည်သို့တွေးနေသည်ကို မည်သူက သိနိုင်မည်နည်း။ မဖြစ်ပါ၊ သူတို့ကို အစားထိုးပြီး ငါ့မိန်းမကို စာရင်းများ စီမံခန့်ခွဲခိုင်းရန် နည်းလမ်းတစ်ခု စဉ်းစားရမည်” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်သည် သူ၏ ဇနီးနှင့် တိုင်ပင်ဆွေးနွေးရာ သူမက ဤသို့ပြောသည်၊ “ဤအရာသည် အလွန်ကောင်းပါသည်။ ယခုအခါတွင် သင်သည် အသင်းတော် ခေါင်းဆောင်ဖြစ်သဖြင့် အသင်းတော် လှူဖွယ်ပစ္စည်းများနှင့် ပတ်သက်လျှင် သင့်ထံတွင် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်မဟုတ်လား။ ယင်းတို့ကို မည်သူကြီးကြပ်ရမည်ကို သင်ဆုံးဖြတ်ပါ” ဟူ၍ ဖြစ်သည်။ အန္တိခရစ်က “သို့ရာတွင် လောလောလတ်လတ်တွင် လက်ရှိစာရင်းများကို စီမံနေသည့်သူကို ထုတ်ပစ်ရန် နည်းလမ်းကောင်း မရှိပါ” ဟု ပြောသည်။ သူ၏ ဇနီးသည် အနည်းငယ် စဉ်းစားပြီးနောက် ဤသို့ ပြောလေသည်။ “ယင်းက လွယ်မည် မဟုတ်လော။ သူသည် ထိုအလုပ်ကို လုပ်နေသည်မှာ အချိန်အတော်ကြာခဲ့ပြီဟု ဆိုပါစို့။ ယင်းမှာ ဆိုးပေသည်။ မကောင်းသော အကြွေးများ၊ ရှုပ်ထွေးသော ငွေစာရင်းများ သို့မဟုတ် ငွေအလွဲသုံးစားလုပ်ခြင်း အခြေအနေများ ရှိနိုင်သည်။ လူတစ်ဦးကို အချိန်အတော်ကြာအောင် တစ်စုံတစ်ရာဖြင့် ယုံကြည်အပ်နှံထားခဲ့သည့်အခါတွင် အမှားများက အလွယ်တကူ ဖြစ်ပျက်သည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့တွင် အရင်းအနှီးရှိသည်ဟု ခံစားရပြီး အခြားလူများကို နားမထောင်တော့ပါ။ ထို့အပြင် စာရင်းများကို စီမံခန့်ခွဲနေသည့်သူသည် အတော်ပင် အိုမင်းနေသည်။ ၎င်းသည် အလွယ်တကူ နားဝေတိမ်တောင်ဖြစ်တတ်ပြီး မကြာခဏ အမှုအရာများကို မေ့လျော့တတ်သည်။ မျက်စိလျှမ်းခြင်းတစ်ခုတလေ ဖြစ်လျှင် ယင်းက ဆုံးရှုံးမှုဖြစ်စေသည်။ ယင်းမှာ အလွန်ပင် အရေးကြီးသည့်အခန်းကဏ္ဍဖြစ်သည်။ သူ့ကို အစားထိုးဖို့လိုသည်” ဟူ၍ ဖြစ်လေသည်။ ပြီးလျှင် မည်သူက ၎င်းတို့အား အစားထိုးရမည်ဟု ပြောသင့်သနည်း။ ဤသူကို အစားထိုးခြင်းနှင့် ပတ်သက်သည့် မည်သည့်စကားမျှ အသင်းတော်ခေါင်းဆောင်ဖြစ်သော သူ၏နှုတ်မှ ထွက်လာ၍ မရပေ။ ညီအစ်ကိုမောင်နှမများသည်သာ အန္တိခရစ်၏ ဇနီးကို အကြံပြုလာသည့် သူများ ဖြစ်ရမည်။ သူ၏ဇနီးက အဆိုပြုချက် ပြုလုပ်သည်နှင့် တစ်ပြိုင်နက် အသင်းတော် လှူဖွယ်ပစ္စည်းများကို သူမထံ တာဝန်ပေးအပ်လိုက်သည်။ သို့သော် အသင်းတော်၏ စည်းမျဉ်းအရ လှူဖွယ်ပစ္စည်းများကို လုံခြုံစွာထိန်းသိမ်းခြင်းသည် တစ်ဦးတည်းဖြင့် မလုပ်ဆောင်နိုင်ဘဲ နှစ်ဦး သို့မဟုတ် သုံးဦးဖြင့် ပူးတွဲလုပ်ဆောင်ရမည်ဖြစ်ပြီး ယင်းက လူတစ်ဦးတစ်ယောက်က လစ်ဟာမှုကို အပြည့်အဝ အသုံးချပြီး ဘုရားသခင်၏အိမ်တော်၏ ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်ခြင်းမှ ရှောင်ရှားရန် အထောက်အကူပြု၏။ ထို့ကြောင့် အန္တိခရစ်သည် သူ၏ ဝမ်းကွဲကို ပူးတွဲထိန်းသိမ်းရန် အကြံပြုထောက်ခံချက်ပေးပြီး သူမသည် ဘုရားသခင်ကို ယုံကြည်သူသက်တမ်းကြာရှည်သူဖြစ်ကြောင်း၊ လှူဖွယ်ပစ္စည်းများစွာ ပေးခဲ့ကြောင်း၊ ဂုဏ်သတင်းကောင်း ရရှိကြောင်းနှင့် ယုံကြည်စိတ်ချရကြောင်း ပြောဆိုသည်။ လူတိုင်းက “ဤနှစ်ဦးလုံးသည် သင်၏ဆွေမျိုးများသာ ဖြစ်သည်။ သင့်မိသားစု၏ ပြင်ပမှ တစ်စုံတစ်ဦးကိုလည်း ထည့်ရမည်” ဟု ပြောကြသည်။ ထို့ကြောင့် အန္တိခရစ်သည် ဘဏ္ဍာငွေကို စီမံခန့်ခွဲပြီး ထိန်းချုပ်ရာတွင် ကူညီရန် နားဝေတိမ်တောင်ဖြစ်သော အသက်ကြီးသည့် ညီအစ်မတစ်ဦးကို အကြံပြုထောက်ခံလေသည်။ ဦးစွာ အန္တိခရစ်သည် ဘဏ္ဍာငွေကို သူ၏မိသားစု၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်စေသည်၊ ထို့နောက်တွင် သူ၏မိသားစုက ဤငွေကို မည်သို့ သုံးစွဲသည်ကိုလည်းကောင်း၊ တိကျသော အကြောင်းစုံအားလုံးကိုလည်းကောင်း စီမံအုပ်ချုပ်သည်၊ ဤအရာအားလုံးအပေါ် ထိန်းချုပ်မှုသည် သူ၏ လက်ထဲတွင် ရှိနေသည်။

ဘဏ္ဍာရေးဆိုင်ရာ အာဏာကို လက်ဝါးကြီးအုပ်ကာ ဥစ္စာပစ္စည်းများကို ထိန်းချုပ်ပြီးနောက်တွင် အန္တိခရစ်သည် သူ၏ ပန်းတိုင်ကို အောင်မြင်ပြီးပြီလော။ မအောင်မြင်သေးပေ။ အရေးအကြီးဆုံးမှာ အသင်းတော်၏ အလုပ်အမျိုးမျိုးကို လုပ်ဆောင်သည့် ကြီးကြပ်ရေးမှူးများကို ထိန်းချုပ်ခြင်း၊ ၎င်းတို့ကို သူ၏ဘက်တော်သားများ ဖြစ်စေခြင်းနှင့် ဆုံးဖြတ်ပိုင်ခွင့် ရှိခြင်း ဖြစ်သည်။ ဤသည်မှာ အရေးအကြီးဆုံး ဖြစ်သည်ဟု အန္တိခရစ်က ခံစားရသည်၊ ယင်းမှာ အောက်ခြေရှိ အဖွဲ့တစ်ခုစီမှ လူများသည် သူပြောသည့်အတိုင်း လုပ်ဆောင်ခြင်း ရှိမရှိနှင့် သူ၏အာဏာသည် အနိမ့်ဆုံး အဆင့်များအထိ ထိုးဖောက်ဝင်ရောက်ခြင်း ရှိမရှိတို့နှင့် သက်ဆိုင်သည်။ သို့ဖြစ်လျှင် သူသည် ဤသည်ကို မည်သို့ လုပ်ဆောင်သနည်း။ သူသည် ကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှုများကို စတင်လုပ်ဆောင်သည်။ ဦးစွာ သူသည် မိတ်သဟာယဖွဲ့ပြီး မူလအဖွဲ့တစ်ခုစီ၏ အလုပ်တွင် အမျိုးမျိုးသော အမှားအယွင်းများ ရှိခဲ့သည်ဟု ဆိုသည်။ ဥပမာအနေဖြင့် ဗီဒီယိုအဖွဲ့နှင့် ပတ်သက်၍ အချို့သော ပြဿနာများ ပေါ်ပေါက်ခဲ့ပြီး အန္တိခရစ်က ဤသို့ ဆိုသည်၊ “ဤပြဿနာများသည် ကြီးကြပ်ရေးမှူးကြောင့် ဖြစ်ရခြင်း ဖြစ်သည်။ ၎င်းတို့၏ အလုပ်တွင် ဤမျှ ကြီးမားသော မျက်စိလျှမ်းမှုများနှင့် ၎င်းတို့ ဖြစ်စေခဲ့သော ကြီးမားသည့် ပြဿနာများမှာ ကြီးကြပ်ရေးမှူးသည် စံနှုန်းပြည့်မီခြင်း မရှိကြောင်းနှင့် အစားထိုးသင့်ကြောင်း သက်သေပင် ဖြစ်သည်၊ အကယ်၍ သူတို့ကို အစားမထိုးလျှင် ဤအလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်။ သို့ဖြစ်လျှင် မည်သူက သူတို့ကို အစားထိုးမည်နည်း။ သင်တို့ စိတ်ထဲတွင် တစ်စုံတစ်ယောက် ရှိသလော။ သင့်တော်သည့်သူ တစ်ဦးတစ်ယောက် ရှိသလော။ အဖွဲ့ထဲတွင် မည်သူက သူတို့လုပ်သည့်အရာ၌ အတော်ဆုံးနည်း” ဟူ၍ ဖြစ်သည်။ လူတိုင်းက အသေအချာ စဉ်းစားပြီး တစ်စုံတစ်ယောက်က “အလွန်တော်သော ညီအစ်ကိုတစ်ယောက် ရှိသည်၊ သို့သော် သူ သင့်တော်ခြင်း ရှိမရှိ ကျွန်ုပ် မသိပါ” ဟု ပြောလေသည်။ အန္တိခရစ်က “သင် မသိလျှင် သူ့ကို မရွေးချယ်နိုင်။ ကျွန်ုပ် သင်တို့အတွက် တစ်ယောက်ကို အကြံပြုထောက်ခံမည်။ ကျွန်ုပ်၏သားသည် အသက် ၂၅ နှစ်ရှိပြီး ကွန်ပျူတာသိပ္ပံဘွဲ့ရ ဖြစ်သည်။ သူသည် အထူးပြုလုပ်ချက်များနှင့် ဗီဒီယို ထုတ်လုပ်ရေးကို အထူးပြုလေ့လာခဲ့သည်။ သူသည် ဘုရားကို ယုံကြည်သူအသစ်ဖြစ်ပြီး သမ္မာတရားကို များများစားစား မလိုက်စားပေ၊ သို့သော် သူ၏ ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းများသည် သင်တို့အားလုံးထက် ပိုကောင်းသည်။ သင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် ကျွမ်းကျင်ပညာရှင်များလော” ဟူ၍ ပြန်ပြောသည်။ လူတိုင်းက “ကျွန်ုပ်တို့သည် သင် ကျွမ်းကျင်ပညာရှင်များဟု ခေါ်ဆိုမည့်သူများ မဟုတ်ပေ၊ သို့သော် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တာဝန်ကို အချိန်ကြာမြင့်စွာ ထမ်းဆောင်နေခဲ့ပြီးဖြစ်ကာ ဘုရားအိမ်တော်၏ ဤအလုပ်နှင့်ဆိုင်သော စည်းမျဉ်းများကို နားလည်ကြသည်။ သူ နားလည်သလော” ဟု ပြောလေသည်။ “သူ နားမလည်လျှင် အရေးမကြီးပါ၊ သူ သင်ယူနိုင်သည်” ဤသည်မှာ လူတိုင်းအတွက် သင့်တင့်လျောက်ပတ်ပုံရပြီး သူပြောသည့်အတိုင်း သူတို့ သဘောတူလိုက်လျောကြကာ သူနှစ်သက်သော မည်သူ့ကိုမဆို ရာထူးတိုးမြှင့်ပေးရန် အားလုံး သဘောတူကြသည်၊ ဤသို့ဖြင့် နောက်ထပ် အရေးကြီးသော တာဝန်တစ်ခုကို အန္တိခရစ်က ထိန်းချုပ်လိုက်သည်။ ထို့နောက် ဧဝံဂေလိအလုပ်သည် ဘုရားအိမ်တော်အတွက် အရေးကြီးကြောင်း၊ ယင်း၏ ကြီးကြပ်ရေးမှူးသည် သူ၏ ဘက်တော်သား တစ်စုံတစ်ယောက် မဟုတ်ကြောင်း အန္တိခရစ်၏ စိတ်ထဲတွင် ပေါ်လာသည်။ သူတို့ကို အစားထိုးရမည်။ သူတို့ကို မည်သို့ အစားထိုးမည်နည်း။ တူညီသော နည်းလမ်းဖြင့် ဖြစ်သည်။ အပြစ်ရှာခြင်းအားဖြင့် ဖြစ်သည်။ အန္တိခရစ်က “ပြီးခဲ့သည့်တစ်ခေါက်က ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူနှင့် ပတ်သက်၍ မည်သို့ ဖြစ်သွားပြီနည်း” ဟု ပြောသည်။ တစ်စုံတစ်ယောက်က ဤသို့ ပြန်ဖြေသည်၊ “တစ်လကြာ ယုံကြည်ပြီးနောက် သူသည် အပျက်သဘောဆောင်သော ဝါဒဖြန့်မှုအချို့ကို ကြားသိပြီး ထိုအရာကို ယုံကြည်လက်ခံခဲ့ကြသည်၊ ထို့ကြောင့် သူတို့ ဆက်မယုံကြည်တော့ပါ” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်က “ထိုသူသည် အဘယ်သို့ဖြစ်၍များ ဆိုင်းမဆင့်ဗုံမဆင့် ဆက်လက်၍ မယုံကြည်တော့သနည်း။ သင်တို့က ရူပါရုံများ၏ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယ မဖွဲ့ခဲ့သောကြောင့် ဖြစ်သလော။ သို့မဟုတ် သင်တို့ ပျင်းရိသောကြောင့်လော၊ သို့မဟုတ် သင်တို့သည် ဆိုးရွားသော ပတ်ဝန်းကျင်ကို ကြောက်ရွံ့ပြီး သင်တို့ကိုယ်တိုင် အန္တရာယ်ကျရောက်စေမည်ကို ကြောက်သောကြောင့်လော၊ ဤအကြောင်းကြောင့်များ သင်သည် အမှုအရာများကို ရှင်းလင်းစွာ မိတ်သဟာယ မဖွဲ့ခဲ့ခြင်းဖြစ်သလော။ သို့မဟုတ် သင်တို့သည် ၎င်းတို့ကို ချက်ချင်း ဂရုမစိုက်ခဲ့ခြင်းကြောင့်လော။ သို့မဟုတ် သင်တို့သည် သူတို့၏ အခက်အခဲများကို ဖြေရှင်းရာတွင် ကူညီရန် ပျက်ကွက်ခဲ့သလော” ဟု မေးသည်။ သူသည် မေးခွန်း တစ်ပုံတစ်ပင်ကို တစ်ခုပြီးတစ်ခု မေးသည်။ အခြားသူများ မည်သို့ပင် ပြန်ဖြေသည်ဖြစ်စေ၊ မည်သို့ပင် ရှင်းပြချက်ပေးသည်ဖြစ်စေ မထူးခြားချေ။ ဧဝံဂေလိအဖွဲ့၏ ကြီးကြပ်ရေးမှူး၌ ပြဿနာများ အလွန်များပြားကြောင်း၊ သူ၏ အပြစ်များမှာ အလွန်ဆိုးရွားကြောင်း၊ သူသည် တာဝန်မဲ့ပြီး အလုပ်အတွက် အရည်အချင်းမပြည့်မီကြောင်း အန္တိခရစ်က မလျှော့တမ်း ပြောဆိုကာ ဤသို့ဖြင့် ထိုသူကို မရမက ဖြုတ်ချလိုက်သည်။ ထိုသူ့ကို ဖြုတ်ချပြီးနောက် အန္တိခရစ်က ဤသို့ ဆိုသည်၊ “ညီအစ်မ မည်သူမည်ဝါသည် ယခင်က ဧဝံဂေလိတရားကို ဟောပြောခဲ့ဖူးပြီး အတွေ့အကြုံလည်း ရှိသည်။ သူ ကောင်းမည်ဟု ငါထင်သည်” ဤသည်ကို ကြားသောအခါ လူများက “သူက သင့်အစ်မဖြစ်သည်။ သူ စကားအပြောကောင်းနိုင်ေသော်လည်း သူ့လူ့သဘာဝ မကောင်းပါ။ သူ့မှာ တကယ့်ကို ဂုဏ်သတင်းဆိုး ရှိသည်၊ သူ့ကို အသုံးမပြုနိုင်ပါ” ဟူ၍ ပြောကြပြီး ညီအစ်ကိုမောင်နှမများက သဘောမတူကြပေ။ အန္တိခရစ်က ဤသို့ ဆိုသည်၊ “သင်တို့ သဘောမတူလျှင် ဧဝံဂေလိအဖွဲ့ကို ဖျက်သိမ်းလိမ့်မည်။ သင်တို့ နောက်ထပ် ဧဝံဂေလိတရားကို မဟောရ၊ သင်တို့သည် ဤတာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်း မရှိကြပေ။ ဤသို့မဟုတ်လျှင် သင့်တော်သော အဖွဲ့ခေါင်းဆောင်တစ်ဦးကို ရွေးချယ်ပါ၊ ငါ့အစ်မက လက်ထောက် အဖွဲ့ခေါင်းဆောင် လုပ်လိမ့်မည်” ဟူ၍ ဖြစ်လေသည်။ ညီအစ်ကိုမောင်နှမများက တစ်စုံတစ်ယောက်ကို ရွေးချယ်ပြီး သူ၏ အစ်မကို လက်ထောက် အဖွဲ့ခေါင်းဆောင် ဖြစ်ခွင့်ပြုရမည်ဟူသော သတ်မှတ်ချက်ဖြင့် အန္တိခရစ်က အင်တင်တင်ဖြင့် သဘောတူလေသည်။ ဤသို့ဖြင့် အများသဘောတူညီမှု ရရှိသဖြင့် ဧဝံဂေလိအဖွဲ့သည် ဆက်လက်တည်ရှိနိုင်ရုံသာ ရှိတော့သည်။

မည်သည့်နေရာတွင်ဖြစ်စေ၊ မည်သည့်အလုပ်နှင့် သက်ဆိုင်သည်ဖြစ်စေ အန္တိခရစ်တို့သည် မိမိတို့၏ အပေါင်းအသင်းရောင်းရင်းများ၊ မိမိတို့၏ ဘက်တော်သားများကို ထည့်ထားရမည်ဖြစ်သည်။ အန္တိခရစ်တို့သည် ခေါင်းဆောင်များဖြစ်လာပြီး အဆင့်အတန်း ရရှိသည်နှင့်တစ်ပြိုင်နက် ပထမဆုံး ဆောင်ရွက်သည့်အရာမှာ အဖွဲ့တစ်ခုစီ၏ အဖွဲ့ဝင်များသည် ၎င်းတို့၏ အသက် ဝင်ရောက်မှုတွင် မည်သို့ လုပ်ဆောင်နေသည်ကို စစ်ဆေးခြင်းဖြစ်စေ၊ ၎င်းတို့၏ အလုပ် မည်သို့ တိုးတက်နေသည်ကို၊ သို့မဟုတ် ၎င်းတို့၏ အလုပ်တွင် ကြုံတွေ့ခဲ့ရသော အခက်အခဲအမျိုးမျိုအား မည်သို့ဖြေရှင်းနိုင်သည်ကို၊ မပြီးပြတ်သေးသော ပြဿနာများ သို့မဟုတ် စိန်ခေါ်မှုများ တစ်စုံတစ်ရာ ရှိမရှိကို ရှာဖွေစုံစမ်းခြင်းဖြစ်စေ မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် လူအင်အား အခြေအနေကိုလည်းကောင်း၊ အဖွဲ့တစ်ခုစီ၏ ခေါင်းဆောင်မှာ မည်သူဖြစ်သည်ကိုလည်းကောင်း၊ အဖွဲ့တစ်ခုစီတွင် မည်သူက သူတို့ကို ဆန့်ကျင်သည်ကိုလည်းကောင်း၊ အနာဂတ်တွင် မည်သည့်လူများက သူတို့၏ အဆင့်အတန်းအတွက် ခြိမ်းခြောက်မှု ဖြစ်လာမည်ကိုလည်းကောင်း ကြည့်ရှုကြသည်။ ၎င်းတို့သည် ထိုသို့သော ကိစ္စရပ်များအကြောင်းကို အတော်အတန် ကောင်းစွာ သိရှိကြသည်၊ သို့သော် အသင်းတော်၏ အလုပ်နှင့်ပတ်သက်သည့် အခြေအနေကို မည်သည့်အခါမျှ မမေးမြန်းကြပေ။ ညီအစ်ကိုမောင်နှမများ၏ အခြေအနေ၊ ၎င်းတို့၏ အသက် ဝင်ရောက်မှု သို့မဟုတ် အသင်းတော် အသက်တာ မည်သို့ရှိသည်ကို ၎င်းတို့ မည်သည့်အခါမျှ မမေးမြန်းကြသည့်အပြင် ဂရုစိုက်လိုစိတ်ပင် ပို၍ နည်းပါးကြသည်။ သို့သော် အဖွဲ့တစ်ခုစီ၏ ကြီးကြပ်ရေးမှူးများနှင့် ပတ်သက်၍မူ ၎င်းတို့ ကောင်းစွာ သိရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ အပေါင်းအသင်းရောင်းရင်းများ ဟုတ်မဟုတ်၊ ၎င်းတို့သည် မိမိတို့နှင့် သင့်မြတ်ခြင်း ရှိမရှိနှင့် ၎င်းတို့သည် မိမိတို့၏ အာဏာ သို့မဟုတ် အဆင့်အတန်းကို ခြိမ်းခြောက်မှု ဖြစ်စေခြင်း ရှိမရှိတို့ ဖြစ်သည်။ ဤအသေးစိတ်အချက်များအားလုံးကို ၎င်းတို့ သိရှိကြပြီး ယင်းတို့ကို အလွန် ရှင်းလင်းစွာ သိရှိနားလည်ထားကြသည်။ အဖွဲ့ထဲမှ အတော်အတန် ဖြောင့်မတ်ပြီး အမှန်အတိုင်း ပြောဆိုသော တစ်စုံတစ်ဦးနှင့်ပတ်သက်၍မူ ထိုသို့သော လူမျိုးကို သတိထား ရှောင်ရမည်ဖြစ်ပြီး မည်သည့်အဆင့်အတန်းမျှ မပေးသင့်ဟု ၎င်းတို့ ယုံကြည်ကြသည်။ သို့တိုင် ၎င်းတို့သည် မြှောက်ပင့်ပြောဆိုရာတွင် ကျွမ်းကျင်သောသူများ၊ ကပ်ဖားရပ်ဖား လုပ်တတ်သောသူများ၊ နှစ်သက်ဖွယ် စကားများ ပြောဆိုပြီး လူတို့၏ အလိုကိုလိုက်သောသူများ၊ အမှုအရာများ လုပ်ဆောင်သည့်အခါတွင် အရိပ်အခြည်ကြည့်၍ လုပ်ဆောင်နိုင်သောသူများကိုမူ မျက်နှာသာပေးကြသည်။ အန္တိခရစ်သည် ထိုသူတို့အပေါ် ထောက်ခံသည်ဟု ခံစားရပြီး ထိုသူတို့အား ရာထူးတိုးမြှင့်ပေးရန်နှင့် အရေးကြီးသော ရာထူးတွင် ထားရန် အစီအစဉ်ရှိသည်။ ၎င်းတို့ သွားလေရာရာသို့ ထိုသူတို့ကို ခေါ်ဆောင်သွားရန်ပင် စဉ်းစားကြကာ ထိုသူတို့ကို တရားဒေသနာများ ပို၍ နားထောင်စေရန် သေချာစေပြီး ထိုသူတို့ကို မိမိ၏ အပေါင်းအသင်းရောင်းရင်းများအဖြစ်သို့ ပျိုးထောင်ကြသည်။ အသင်းတော်ထဲမှ သမ္မာတရားကို လိုက်စားသောသူများ၊ တရားမျှတစိတ် ရှိပြီး အမှန်တရားကို ပြောဆိုဝံ့သောသူများ၊ ဘုရားသခင်ကို အစဉ်တစိုက် ချီးမြှောက်ပြီး ကိုယ်တော့်အတွက် သက်သေခံသောသူများ၊ ကောက်ကျစ်ဆိုးယုတ်သော အင်အားစုများ၊ အဆင့်အတန်း သို့မဟုတ် သြဇာအာဏာကို ဦးမညွှတ်သောသူတို့နှင့် ပတ်သက်၍မူ ၎င်းတို့သည် ထိုသူတို့ကို မိမိတို့၏ စိတ်နှလုံးထဲတွင် သတိထားရှောင်ကြသည်၊ စက်ဆုပ်ရွံရှာကြသည်၊ ခွဲခြားဆက်ဆံကြပြီး ဖယ်ကြဉ်ကြသည်။ သို့သော်လည်း ထိုသူတို့ကို မြှောက်ပင့်သောသူများ၊ အထူးသဖြင့် မိမိတို့၏ မိသားစုဝင်များ၊ အခြား မနီးစပ်ဆွေမျိုးများ၊ ၎င်းတို့ကို ဝန်းရံနိုင်သောသူများကို မိမိတို့၏ လူများအဖြစ် မှတ်ယူကြပြီး မိသားစုသဖွယ် ဆက်ဆံကြသည်။ အန္တိခရစ်၏ အာဏာအောက်တွင် ရှိပြီး ၎င်းတို့ကို ဝန်းရံနေနိုင်သော၊ ၎င်းတို့ အမှုအရာများ လုပ်ဆောင်သည့်အခါတွင် ၎င်းတို့၏ အရိပ်အခြည်ကို ကြည့်၍ လုပ်ဆောင်နိုင်ပြီး အမိန့်နာခံနိုင်သော၊ သူတို့၏ ဆန္ဒများအတိုင်း အကောင်အထည်ဖော်နိုင်သော ထိုသူအားလုံးသည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား၊ လူ့သဘာဝ ကင်းမဲ့ကြပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး စိုးစဉ်းမျှ မရှိကြချေ။ ၎င်းတို့သည် မယုံကြည်သူ တစ်သိုက် ဖြစ်ကြသည်။ မည်မျှဆိုးသောအမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ အန္တိခရစ်သည် ၎င်းတို့ကို ပျိုးထောင်ပြီး ကာကွယ်ကာ မိမိတို့၏ မိသားစုအဖြစ် မှတ်ယူပြီး မိမိတို့၏ အာဏာအောက်သို့ ကျရောက်စေသည်၊ ဤသို့ဖြင့် အန္တိခရစ်၏ ပိုင်နက်သည် ဖွဲ့စည်းဖြစ်ပေါ်လာသည်။

ပြီးလျှင် အန္တိခရစ်၏ ကိုယ်ပိုင် ပိုင်နက်ကို မည်သူတို့ဖြင့် ဖွဲ့စည်းထားသနည်း။ ရှေးဦးစွာ အန္တိခရစ်သည် ဦးသျှောင်၊ ခေါင်းဆောင်ဖြစ်ပြီး ဤပိုင်နက်အတွင်း သူ၏ စကားသည် မေးခွန်းထုတ်စရာ မရှိသော အကြွင်းမဲ့ သြဇာအာဏာရှိသည့် ဘုရင်ဖြစ်သည်။ သူတို့နှင့် သွေးသား တော်စပ်သော လူများ၊ သူတို့၏ မိသားစုဝင် အရင်းအချာများ၊ သူတို့၏ အပေါင်းအသင်းရောင်းရင်းများ၊ အရင်းနှီးဆုံး မိတ်ဆွေများ၊ အမာခံ ချစ်ခင်သူများ၊ သူတို့ကို ဝမ်းပန်းတသာ လိုက်နာပြီး သူတို့ထံမှ အမိန့်နာခံသော အခြားသူများ၊ သူတို့နှင့် ပျော်ရွှင်စွာ ပေါင်းသင်းဆက်ဆံပြီး သူတို့၏ ဒုစရိုက်အမှု လုပ်ဆောင်ခြင်းတွင် ပူးပေါင်းပါဝင်သော နောက်ထပ် အခြားသူများနှင့်၊ ဘုရားအိမ်တော်၏ စီစဉ်မှုများနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို မည်သို့ပင် စည်းမျဉ်းသတ်မှတ်ထားသည်ဖြစ်စေကာမူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများက မည်သို့ ဆိုသည်ဖြစ်စေကာမူ သူတို့အတွက် ဝမ်းပန်းတသာ အလုပ်ကြိုးစားသူများ၊ မိမိကိုယ်ကို စွန့်စားသူများနှင့် အားသွန်ခွန်စိုက်အလုပ်လုပ်သူများ ဖြစ်ကြသည်။ ဤသူများသည် အန္တိခရစ်၏ ပိုင်နက်၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။ အားလုံးကို စုပေါင်းလိုက်လျှင် ၎င်းတို့သည် အန္တိခရစ်၏ အမာခံ နောက်လိုက်များ ဖြစ်ကြသည်။ ပြီးလျှင် အန္တိခရစ်၏ ပိုင်နက်မှ ဤအဖွဲ့ဝင်အားလုံးသည် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်၏ စည်းမျဉ်းစည်းကမ်းများနှင့် စည်းမျဉ်းများအတိုင်း မိမိတို့၏ တာဝန်ကို ထမ်းဆောင်ပြီး အလုပ်တိုင်းကို လုပ်ဆောင်ကြသလော။ ၎င်းတို့သည် ဘုရားသခင် လိုအပ်သည့်အတိုင်း လုပ်ဆောင်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အမြင့်မြတ်ဆုံးသော စည်းမျဉ်းအဖြစ် သဘောထားကြသလော။ (မဟုတ်ပါ။) ထိုသို့သော လူများ အသင်းတော်တွင် ရှိနေသည့်အခါ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အဟန့်အတားမရှိ ရှေ့ဆက်နိုင်သလော။ ရှေ့မဆက်နိုင်ရုံသာမက အန္တိခရစ်ဂိုဏ်း၏ အနှောင့်အယှက်ပေးခြင်း၊ အထင်အမြင်မှားစေခြင်းနှင့် ဖျက်လိုဖျက်ဆီးလုပ်ခြင်းတို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ကိုယ်တော် ဖော်ပြသည့် သမ္မာတရားနှင့် ကိုယ်တော် လူတို့အပေါ် ထားရှိသည့် တောင်းဆိုချက်များကို အသင်းတော်ထဲတွင် အကောင်အထည် မဖော်နိုင်ပေ၊ ယင်းတို့ကို အကောင်အထည် မဖော်နိုင်ပေ။ အန္တိခရစ်၏ ပိုင်နက် တည်ရှိသောအခါ ဘုရားသခင် ရွေးချယ်ထားသော သူများသည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်နိုင်ဖို့ ပို၍ပင် ဝေးစွ၊ ပုံမှန် အသင်းတော် အသက်တာ မရနိုင်ကြသကဲ့သို့ မိမိတို့၏ တာဝန်ကိုလည်း ပုံမှန် မထမ်းဆောင်နိုင်ကြပေ။ အသင်းတော်ရှိ အလုပ်တိုင်းကို အန္တိခရစ်က ထိန်းချုပ်ထားသည်။ ဤသည်မှာ အတိုင်းအတာ သိပ်မများသောနေရာတွင် အန္တိခရစ်၏ အဖျက်အမှောင့်လုပ်ခြင်းသည် ပရမ်းပတာ အခြေအနေကို ဖြစ်စေသည်၊ လူတို့သည် စိုးရိမ်ပူပန်သော အခြေအနေတွင် ရှိနေကြသည်၊ အလုပ်တွင် တိုးတက်မှု မရှိဘဲ လူတို့သည် မိမိတို့၏ အလုပ်ကို မည်သို့ ကောင်းစွာ လုပ်ဆောင်ရမည် သို့မဟုတ် မိမိတို့၏ တာဝန်ကို မည်သို့ ကောင်းစွာ ထမ်းဆောင်ရမည်ကို မသိကြပေ၊ အရာအားလုံးသည် ပရမ်းပတာ ဖြစ်သွားသည်။ ဆိုးရွားသော အခြေအနေများတွင် အလုပ်အားလုံး ရပ်တန့်သွားပြီး မည်သူမျှ စိုးရိမ်မှု သို့မဟုတ် ဂရုစိုက်မှု တစ်စုံတစ်ရာ မပြကြပေ။ လူအနည်းငယ်က ပြဿနာတစ်ခု ရှိနေသည်ကို ပြောနိုင်သော်ငြားလည်း ဤအခက်အခဲသည် အန္တိခရစ်ကြောင့် ဖြစ်ရသည်ဟု ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပေ၊ ၎င်းတို့သည်လည်း အန္တိခရစ်ကြောင့် အနှောင့်အယှက်ပေးခံရပြီး လမ်းပျောက်နေကြကာ မည်သူ မှန်သည်၊ မည်သူ မှားသည်ကို မသိကြပေ၊ အချို့သော ပြဿနာများကို သတိပြုမိနိုင်ပြီး ထုတ်ဖော်ပြောဆိုလိုသော သို့မဟုတ် အလုပ်ကို တာဝန်ယူလိုသော အချို့သူများ ရှိလျှင်ပင် ၎င်းတို့သည် အလုပ်ကို တာဝန်မယူနိုင်ကြပေ။ အန္တိခရစ်သည် ၎င်းတို့ကို ဖော်ထုတ်ရန် ကြိုးစားသော မည်သူ့ကိုမဆို၊ သို့မဟုတ် တရားမျှတစိတ် ရှိပြီး အလုပ်ကို မိမိတို့ကိုယ်တိုင် တာဝန်ယူရန် ကြိုးစားသော မည်သူ့ကိုမဆို နှိပ်ကွပ်သည်။ ပြီးလျှင် ၎င်းတို့ကို နှိပ်ကွပ်ရာတွင် မည်သည့်အတိုင်းအတာအထိ ၎င်းတို့ လုပ်ဆောင်ကြသနည်း။ အကယ်၍ သင်သည် အသံမထွက်ဝံ့လျှင်၊ အကယ်၍ သင် အသနားခံလျှင်၊ အကယ်၍ သင်သည် သူတို့အကြောင်း သတင်းမပေးဝံ့လျှင်၊ အကယ်၍ သင်သည် သူတို့ကို အထက်လူကြီးများထံ မတိုင်ကြားဝံ့လျှင်၊ သို့မဟုတ် သူတို့၏ အလုပ်နှင့်ပတ်သက်သည့် ပြဿနာများကို ထုတ်ဖော်မပြောဆိုလျှင်၊ သို့မဟုတ် သမ္မာတရားကို မိတ်သဟာယမဖွဲ့လျှင်၊ သို့မဟုတ် “ဘုရားသခင်” ဟူသော စကားလုံးကို မပြောဆိုလျှင် အန္တိခရစ်သည် သင့်ကို ချမ်းသာပေးလိမ့်မည်။ အကယ်၍ သင်သည် စည်းမျဉ်းများကို ထိန်းသိမ်းစောင့်ရှောက်ပြီး သူတို့ကို ဖော်ထုတ်လျှင် ၎င်းတို့သည် သင့်ကို နှိပ်စက်ရန် ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့သည် သင့်ကို ပြစ်တင်ရှုတ်ချပြီး နှိပ်ကွပ်ရန် နည်းလမ်းတိုင်းကို အသုံးပြုကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ပိုင်နက်မှ အဖွဲ့ဝင်များကလည်းကောင်း၊ အခြား လှေနံနှစ်ဖက်နင်းသူများနှင့်တကွ အန္တိခရစ်၏ အင်အားစုများကို ကြောက်ရွံ့သော သတ္တိမရှိသည့်၊ သူရဲဘောကြောင်သည့် လူများကိုပင် သင့်ကို ပယ်ချပြီး နှိပ်ကွပ်စေရန် သွေးထိုးလှုံ့ဆော်လိမ့်မည်။ နောက်ဆုံးတွင် ယုံကြည်ခြင်းနှင့် ဝိညာဉ်ရင့်ကျက်မှု သေးငယ်သော အချို့သူများသည် အန္တိခရစ်ကြောင့် ဒူးထောက်ကျဆုံးသွားကြလိမ့်မည်။ ပြီးလျှင် ဤသည်က အန္တိခရစ်ကို ပျော်ရွှင်စေသည်၊ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်ကို အောင်မြင်ပြီးဖြစ်သည်။ ၎င်းတို့ အာဏာရရှိသည်နှင့်တစ်ပြိုင်နက် ဤအာဏာကို လက်ဝါးကြီးအုပ်ရန်နှင့် မိမိတို့၏ အဆင့်အတန်းကို ခိုင်မာစေရန်အလို့ငှာ ၎င်းတို့သည် အသင်းတော်ရှိ အရေးကြီးသော အလုပ်အားလုံးကို မိမိတို့၏ ဆွေမျိုးရင်းချာများနှင့် မိမိတို့နှင့် ဆက်ဆံရေးကောင်းသော သူများကို ပေးရုံသာမက တစ်ချိန်တည်းတွင် သူတို့နှင့် မည်သို့မျှ အဆက်အစပ်မရှိသော အခြားသူများကိုလည်း သူတို့အတွက် အစေခံမှုပေးရန်နှင့် ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားလုပ်ရန် စည်းရုံးကြသည်၊ ရည်ရွယ်ချက်မှာ အနာဂတ်တွင် ၎င်းတို့၏ အဆင့်အတန်းကို လက်လွတ်မခံရစေရန်၊ အစဉ်အမြဲ အာဏာကို မိမိတို့လက်ထဲတွင် ဆုပ်ကိုင်ထားနိုင်ရန် ဖြစ်သည်။ ၎င်းတို့၏ စိတ်ထဲတွင် ၎င်းတို့၏ ပိုင်နက်ထဲ၌ လူများလေ၊ ၎င်းတို့၏ အင်အားစုများ ပိုကြီးမားလေဖြစ်ပြီး ထို့ကြောင့် ၎င်းတို့၏ အာဏာသည် ပို၍ ကြီးမားလေ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ အာဏာ ပို၍ ကြီးမားလေ၊ သူတို့ကို အတိုက်အခံလုပ်နိုင်သောသူများ၊ ငြင်းဆိုနိုင်သောသူများနှင့် သူတို့ကို ဖော်ထုတ်ဝံ့သောသူများသည် ၎င်းတို့ကို ပို၍ ကြောက်ရွံ့ကြလေ ဖြစ်သည်။ ထိုသို့သော လူများသည်လည်း ယခင်ထက် ပို၍ ရှားပါးလာသည်။ လူတို့ ၎င်းတို့ကို ပို၍ ကြောက်ရွံ့လေ၊ ဘုရားအိမ်တော်နှင့် ဘုရားသခင်ကို ယှဉ်ပြိုင်တိုက်ခိုက်ရန် ၎င်းတို့၌ အရင်းအနှီး ပို၍ ရှိလေ ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို မကြောက်ရွံ့တော့ဘဲ ဘုရားအိမ်တော်၏ ကိုင်တွယ်ဖြေရှင်းခြင်း ခံရမည်ကိုလည်း မကြောက်ရွံ့ကြတော့ပေ။ အန္တိခရစ်၏ အာဏာအတွက် လိုအင်ဆန္ဒ၊ အာဏာကို သူတို့ မည်သို့ အသုံးပြုပုံနှင့် သူတို့၏ အမျိုးမျိုးသော အပြုအမူများကို ကြည့်ခြင်းအားဖြင့်၊ အနှစ်သာရအားဖြင့် အန္တိခရစ်သည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်၊ ၎င်းတို့သည် စာတန်နှင့် နတ်ဆိုးဖြစ်သည်။

ပြီးလျှင် အန္တိခရစ်သည် မိမိတို့၏ ကိုယ်ပိုင် ပိုင်နက်ကို တည်ထောင်ပြီးနောက် မည်သည့်အရာကို လုပ်ဆောင်သနည်း။ အသင်းတော်၏ ဧဝံဂေလိအလုပ် မည်သည့်အခြေအနေ ရှိနေသည်နှင့်ပတ်သက်၍ သူတို့ အလွန်အမင်း စိုးရိမ်ပူပန်ကြသလော။ သူတို့ ထိုအရာကို စိုးရိမ်ကြသလော၊ သို့မဟုတ် မေးမြန်းစုံစမ်းကြသလော။ သူတို့သည် စစ်ဆေးရေးခရီးကိုသာ လုပ်ဆောင်သည်၊ ဟန်ပြလုပ်ဆောင်သည်၊ စကားအနည်းငယ်မျှဖြင့် ဝတ်ကျေတမ်းကျေ ဖြစ်ရုံသာ လုပ်ဆောင်ပြီး ထိုမျှသာ ဖြစ်သည်။ သူတို့၏ စစ်ဆေးရေးခရီး၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ညီအစ်ကိုမောင်နှမများ မည်သို့ လုပ်ဆောင်နေကြသည်ကို ကြည့်ရှုရန် ဤကျယ်ပြန့်သော ခရီးစဉ်များကို သူတို့ မည်သည့်ရည်ရွယ်ချက်ဖြင့် စတင်ကြသနည်း။ သူတို့၏ အသက် ဝင်ရောက်မှု မည်သည့်အခြေအနေရှိသည်ကို ဂရုစိုက်သောကြောင့် ဖြစ်သလော။ မဟုတ်ပေ။ သူတို့၏ သြဇာအာဏာ သက်ရောက်သော နယ်ပယ်အတွင်းမှ တစ်စုံတစ်ယောက်သည် သူတို့ကို အတိုက်အခံလုပ်ရန် ရည်ရွယ်ချက် ရှိမရှိ၊ သူတို့ကို သဘောမကျသည့်အနေဖြင့် ကြည့်သော တစ်စုံတစ်ယောက် ရှိမရှိ၊ သို့မဟုတ် သူတို့ကို “ငြင်း” ဆိုဝံ့သော တစ်စုံတစ်ယောက် ရှိမရှိ၊ သို့မဟုတ် အလျှော့မပေးဘဲ သူတို့ပြောသည့်အတိုင်း မလုပ်ဆောင်ဘဲ နေဝံ့သော တစ်စုံတစ်ယောက် ရှိမရှိကို သူတို့ ကြည့်ရှုနေခြင်း ဖြစ်သည်။ သူတို့သည် မိမိတို့ မျက်စိဖြင့် မြင်တွေ့ရမည်၊ သူတို့သည် အခြေအနေကို ကိုယ်တိုင် အကျွမ်းတဝင် ရှိရမည်။ ထိုသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ ထို့အပြင် အန္တိခရစ်သည် သူတို့၏ ပိုင်နက်ကို တည်ထောင်ပြီးနောက် သူတို့သည် မိမိတို့ကိုယ်ကို တရားဝင် ဘုရင်အဖြစ် သတ်မှတ်ကြသည်။ သင်က သူတို့ကို အာဏာရှင်၊ ဒေသခံ အနိုင်ကျင့် ဗိုလ်ကျသူ၊ ဓားပြခေါင်းဆောင်ဟု ဆိုလျှင်လည်း သူတို့၌ အဆင့်အတန်းနှင့် အာဏာရှိနေသရွေ့ သူတို့ ဂရုမစိုက်ပေ။ သူတို့၏ သြဇာအာဏာသက်ရောက်သော နယ်ပယ်အတွင်း၊ သူတို့၏ ပိုင်နက်အတွင်း၌၊ အာဏာအားလုံးသည် သူတို့၏ လက်ထဲတွင် ရှိနေသည်၊ သူတို့ တစ်ဦးတည်းသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ တစ်ချိန်တည်းတွင် သူတို့သည် သူတို့၏ ဂိုဏ်း၏ ကိုးကွယ်ခြင်း၊ အထင်ကြီးလေးစားခြင်းနှင့် တန်ဖိုးထားခြင်းတို့ကိုလည်း ခံစားကြသည့်အပြင် သူတို့၏ မြှောက်ပင့်ပြောဆိုခြင်း၊ အဓိပ္ပာယ်မဲ့သော မြှောက်ပင့်စကားနှင့် သူတို့အား ပေးသော သာလွန်သည်ဟု ခံစားရခြင်းများနှင့် အထူး ခံစားခွင့်များ အားလုံးကိုပင် ခံစားကြသည်။ အန္တိခရစ်သည် သူတို့၏ အာဏာကို လက်ဝါးကြီးအုပ်သည့်အခါ မြင့်သော ရာထူးနေရာမှ စကားပြောဆိုနိုင်ရန်အတွက်သာ ဖြစ်သည်ဟု သင် ထင်သလော။ ထိုသို့သော လိုအင်ဆန္ဒမျိုးကို ကျေနပ်စေရန်မျှသာ ဖြစ်သလော။ မဟုတ်ပေ။ သူတို့သည် ပို၍ မည်မည်ရရဖြစ်သော အရာတစ်ခုကို လိုချင်ကြသည်။ သူတို့၏ ပိုင်နက်ထဲတွင် သူတို့ ခံစားရသော အဆင့်အတန်းနှင့် အာဏာတို့နှင့်အတူ ပါလာသည့် အထူးခံစားခွင့်များ အားလုံးပင် ဖြစ်သည်။ အန္တိခရစ်သည် သူတို့၏ ပိုင်နက်ကို တည်ထောင်ပြီးသည်နှင့်၊ သူတို့၌ အမာခံ နောက်လိုက်များ ရှိသည်နှင့်တစ်ပြိုင်နက် သူတို့၏ နေ့ရက်များသည် ရှေးခေတ် ဧကရာဇ်များထက် ပို၍ ကြီးမားသော သက်သောင့်သက်သာမှုဖြင့် ကုန်လွန်ကြသည်။ သူတို့ မည်သည့်အရာမျှ လုပ်စရာမလိုပေ။ စကားတစ်ခွန်း ပြောလိုက်ရုံဖြင့် သူတို့၏ ဆန္ဒ ပြည့်ဝသွားပြီး စကားတစ်ခွန်းဖြင့် သူတို့ လိုချင်သောအရာများ သူတို့ထံ ရောက်ရှိလာသည်။ ဥပမာအနေဖြင့် အန္တိခရစ်က ဤသို့ ဆိုသည်။ “ယနေ့ ရာသီဥတု ကောင်းသည်။ ကျွန်ုပ်သည် အဘယ်ကြောင့်များ ကြက်သားများစွာ စားလိုစိတ် ဖြစ်ရသနည်း” ဟူ၍ ဖြစ်လေသည်။ မွန်းမတည့်မီပင် တစ်စုံတစ်ယောက်သည် ကြက်သားစွပ်ပြုတ်ကို ချက်ပြီးဖြစ်သည်။ နေ့လယ်စာ စားချိန်တွင် အန္တိခရစ်က ဤသို့ ဆိုသည်။ “ဘုရားကို ယုံကြည်သည့် ကျွန်ုပ်တို့သည် အရက်သောက်၍ မရပါ။ သို့သော် စားသောက်ဖွယ်အချို့ဆိုလျှင်ရော အဘယ်သို့နည်း” ဟူ၍ ဖြစ်လေသည်။ သူတို့၏ ခေါင်းဆောင်၏ စကားကို ကြားသောအခါ အန္တိခရစ်၏ နောက်လိုက်များသည် တစ်စုံတစ်ယောက်ကို စားသောက်ဖွယ်များ ဝယ်ယူရန် ကမန်းကတန်း စေလွှတ်လိုက်သည်။ သူ လိုချင်တာ မှန်သမျှ ရသည်မဟုတ်လော။ သူသည် သူ၏ လက်ဖြန့်လိုက်ရုံ၊ သူ၏ ပါးစပ်ဟလိုက်ရုံဖြင့် အရာများကို သူ၏ထံ ယူဆောင်လာပေးလိမ့်မည်ဖြစ်ပြီး သူ၏ ဆန္ဒများ ပြည့်ဝလိမ့်မည်။ သူ၏ နေ့ရက်များသည် အလွန် သက်သောင့်သက်သာရှိခြင်းဖြင့် ကုန်လွန်သည်။ ထို့နောက် အန္တိခရစ်က ဤသို့ ဆိုသည်။ “ယနေ့ အေးသည်။ မနှစ်က သိုးမွေးအင်္ကျီကို ပိုးဖလံများက စားလိုက်၍ အပေါက်ဖြစ်သွားသည်။ ယင်းကို ကျွန်ုပ် ဝတ်လိုက်လျှင် မသင့်တော်ပါ။ ယင်းသည် ကြည့်မကောင်းပါ။ ယခုနှစ်၏ သိုးမွေးအင်္ကျီ ဘယ်ရောက်နေသည်ကို ကျွန်ုပ် မသိ” ဟူ၍ ဖြစ်လေသည်။ တစ်စုံတစ်ယောက်က သူ့အတွက် သိုးမွေးအင်္ကျီအနည်းငယ် ဝယ်ပေးရန် ကမ်းလှမ်းသောအခါ သူက ယင်းတို့ကို ပေါ့ပေါ့ဆဆ မဝယ်သင့်ကြောင်း၊ သူသည် သန့်ရှင်းသူတို့၏ အမူအကျင့်နှင့် ကိုက်ညီရမည်ဖြစ်ကြောင်းနှင့် ငွေကို စည်းမျဉ်းအတိုင်း သုံးစွဲရမည်ဖြစ်ကြောင်း ပြောဆိုသည်။ ဤသို့ ပြောပြီး မကြာမီပင် တစ်စုံတစ်ယောက်သည် သူ့အတွက် သိုးမွေးအင်္ကျီ အနည်းငယ်ကို ဝယ်လာပေးသည်။ ယင်းတို့ ရောက်ရှိလာပြီးနောက် အကယ်၍ သူ ဘာမှမပြောလျှင် ဤအရာအားလုံးသည် တမင်တကာ လုပ်သကဲ့သို့ ထင်ရမည်ဟု အန္တိခရစ်က ခံစားရသဖြင့် သူ ဤသို့ ဆိုသည်၊ “ဤအရာများကို မည်သူဝယ်လာသနည်း။ ဤသည်မှာ စည်းမျဉ်းများကို ချိုးဖောက်ခြင်း မဟုတ်လော။ ဤအရာက ကျွန်ုပ်ကို အမှားဖြစ်စေမည် မဟုတ်လော။ မည်သူက ယင်းတို့ကို ဝယ်လိုက်သနည်း။ ထိုသူကို ကျွန်ုပ် ပိုက်ဆံပေးမည်” ဟူ၍ ဖြစ်သည်။ သူသည် သူ၏ ဇနီးအား အသင်းတော် လှူဖွယ်ပစ္စည်းများထဲမှ ငွေအချို့ကို ဦးစွာ ထုတ်ယူခိုင်းပြီး နောက်မှ သူ ပိုက်ဆံရသည့်အခါ ပြန်ဆပ်မည်ဟု ပြောဆိုသည်။ အမှန်တကယ်တွင် သူသည် ဤအရာကို ပေါ့ပေါ့ဆဆ ပြောလိုက်ခြင်းသာ ဖြစ်သည်၊ သူ ပြန်ဆပ်ရန် လုံးဝ အစီအစဉ်မရှိပေ။ အန္တိခရစ်သည် သူဆန္ဒရှိသည့်အရာ မှန်သမျှကို အမှန်တကယ်ပင် ရရှိပြီး အသင့်ပြင်ဆင်ပြီးသား အရာအားလုံးကို ခံစားနေသည်။ ပြီးလျှင် သူ၏ စိတ်နှလုံးထဲတွင် ဤအရာများကို ခံစားပြီးနောက် မိမိကိုယ်ကို အပြစ်တင်သော ခံစားချက် တစ်စုံတစ်ရာ ရှိသလော။ သူသည် လိပ်ပြာမလုံခြင်းကို ခံစားရသလော။ (မဟုတ်ပါ။) သူသည် မည်သို့လျှင် လိပ်ပြာမလုံခြင်းကို ခံစားနိုင်မည်နည်း။ ဤသည်မှာ သူ လိုက်စားနေသော အရာ အတိအကျ ဖြစ်သည်။ ၎င်းသည် သူ နေ့ရောညပါ တောင့်တခဲ့သောအရာ ဖြစ်သောကြောင့် သူ မည်သို့ ငြင်းပယ်နိုင်မည်နည်း။ ဤအခွင့်အရေးကို အလဟဿ မဖြစ်စေရ၊ အကယ်၍ သူ အခွင့်ကောင်းမယူလျှင် ယင်းသည် သက်တမ်းကုန်ဆုံးပြီး အချည်းနှီး ဖြစ်သွားလိမ့်မည်။ ယင်းကို အခွင့်ကောင်းယူပြီးသည်နှင့် သူသည် နားထောင်ကောင်းသော စကားတစ်ခုခုကို ပြောဆိုဦးမည်ဖြစ်ရာ ငွေသုံးစွဲသောသူသည် လိုလိုလားလားဖြင့် ထိုသို့ လုပ်ဆောင်ပြီး အခြားမည်သည့် အတွေးမျှ မတွေးဝံ့ပေ။

မိမိတို့၏ ကိုယ်ပိုင် ပိုင်နက်အတွင်းတွင် အန္တိခရစ်တို့သည် မိမိတို့ လက်အောက်ငယ်သားများ ပေးအပ်သော အထူးအခွင့်အရေးအမျိုးမျိုးနှင့် အစေခံမှုအမျိုးမျိုးကို လက်ခံရရှိရုံသာမက မိမိတို့၏ ပိုင်နက်အတွင်းရှိသူများကို မိမိတို့အား အကြွင်းမဲ့ နာခံရန်လည်း လေ့ကျင့်ပေးကြသည်။ ဥပမာအားဖြင့် အန္တိခရစ်တစ်ဦးက လူတိုင်းကို နံနက် ၅ နာရီတွင် အိပ်ရာထခိုင်းလျှင် လူတိုင်းသည် နံနက် ၅ နာရီမတိုင်မီ အိပ်ရာထပြီး ဖြစ်ရမည်။ အိပ်ရာထနောက်ကျသူများသည် ပြုပြင်ခြင်းကို ရင်ဆိုင်ရလိမ့်မည်။ ၎င်းတို့သည် အန္တိခရစ်၏ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရပေမည်။ အစာစားချိန်များတွင် အန္တိခရစ် မထိုင်မချင်း မည်သူမျှ စားပွဲတွင် မထိုင်ဝံ့ကြပေ၊ သူ တူမကိုင်မချင်း အခြားမည်သူမျှ စတင်စားသုံးရန် မဝံ့ပေ။ သူ လုပ်ဆောင်ရန် ဆုံးဖြတ်သည့် မည်သည့်အရာမဆို လုပ်ဆောင်ရမည်သာ ဖြစ်သည်၊ သူ တစ်စုံတစ်ရာကို မည်သို့ပင် လုပ်ဆောင်ရန် ဆုံးဖြတ်သည်ဖြစ်စေ အခြားသူများ လိုက်နာရမည်ဖြစ်ပြီး နာခံမှုမရှိခြင်းကို လက်ခံလိမ့်မည်မဟုတ်ပေ။ သူတိ၏ ပိုင်နက်အတွင်းတွင် သူတို့သည် ခေါင်းဆောင်၊ ဘုရင်ဖြစ်ပြီး သူတို့၏ စကားသည် အပြီးသတ်ဖြစ်သည်၊ လိုက်နာရန် ပျက်ကွက်သူတိုင်း ညှဉ်းပန်းနှိပ်စက်ခြင်း ခံရလိမ့်မည်။ သူတို့၏ လက်အောက်ငယ်သားများသည် သူတို့၏ အမိန့်များကို မေးခွန်းမထုတ်ဘဲ လိုက်နာရန်၊ သူတို့ကို စိုးစဉ်းမျှ ဆန့်ကျင်ရန် မဝံ့ဘဲ သူတို့ အမိန့်ပေးသည့် မည်သည့်အရာမဆို တရားမျှတပြီး တန်ဖိုးရှိကြောင်း၊ ယင်းမှာ သူတို့၏ တာဝန်နှင့် ဝတ္တရားဖြစ်ကြောင်း ယုံကြည်လာသည်အထိ လေ့ကျင့်ပေးခြင်းခံရသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းဟူသော အလံအောက်တွင် အန္တိခရစ်၏ လက်အောက်ငယ်သားများသည် သူတို့ကို မေးခွန်းမထုတ်ဘဲ နာခံကြပြီး အန္တိခရစ်ကို အလွန်အမင်း မြှောက်စားကာ သူတို့၏ ဘုရင်နှင့် အရှင်သခင်အဖြစ် သဘောထားကြသည်။ အကယ်၍ တစ်စုံတစ်ယောက်တွင် အန္တိခရစ်နှင့်ပတ်သက်၍ အတွေးအမြင်များ သို့မဟုတ် ထင်မြင်ယူဆချက်များ ရှိလျှင်၊ အန္တိခရစ်၏ အမြင်များနှင့် ကွဲပြားသော အမြင်များ ရှိလျှင် အန္တိခရစ်တို့သည် ထိုသူတို့ကို ချေပရန်၊ အထင်သေးရန်၊ စိစစ်ရန်၊ ဝေဖန်သုံးသပ်ရန်၊ ပြစ်တင်ရှုတ်ချရန်နှင့် နှိပ်ကွပ်ရန် အစွမ်းကုန်ကြိုးစားမည် ဖြစ်ပြီး ထိုသူသည် သူတို့ကို လုံးလုံးလျားလျား နာခံမှသာ ကျေနပ်ကြလေသည်။ အန္တိခရစ်သည် မိမိ၏ ပိုင်နက်တွင် အလွန် ကြီးပွားတိုးတက်ပြီး မိမိစိတ်ကြိုက် လွတ်လပ်စွာ ရှင်သန်ကြီးထွားကြသည်။ ညီအစ်ကိုမောင်နှမများ ဘုရားသခင်ထံ ပူဇော်ဆက်ကပ်သော အလှူငွေအားလုံးသည် အန္တိခရစ်၏လက်ထဲသို့ ရောက်ရှိသွားပြီး အန္တိခရစ် လိုအပ်သည့် မည်သည့်အရာကိုမဆို ၎င်းတို့က ပံ့ပိုးပေးရသည်။ အန္တိခရစ်ကို စိတ်ကျေနပ်စေရန်နှင့် ပျော်ရွှင်စေရန်အလို့ငှာ ညီအစ်ကိုမောင်နှမများသည် အန္တိခရစ်၏ လိုအပ်ချက်များကို ချက်ချင်း ဖြည့်ဆည်းပေးရသည်။ အန္တိခရစ်သည် ဤလူများကို ကျွန်များသဖွယ် ဖြစ်လာအောင် လေ့ကျင့်ပေးထားလေသည်။ သူတို့ အမြဲတမ်းလိုလို ဟောပြောလေ့ရှိသော တရားများမှာ သူတို့ မည်သို့ ဒုက္ခခံခဲ့ရပြီး သစ္စာစောင့်သိခဲ့သည်ဟူသည့်အချက်နှင့် သက်ဆိုင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေရန်၊ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီစေရန်အလို့ငှာ လူတို့သည် သူတို့ကို မည်သို့ နားလည်ပြီး နာခံသင့်သည်ကို အလေးပေးပြောဆိုကြသည်။ အန္တိခရစ်သည် လူ့အယူအဆများနှင့် စိတ်ကူးစိတ်သန်းများနှင့် လုံးလုံးလျားလျား ကိုက်ညီသော မြင့်မားသည့် တရားဒေသနာများကို ဟောပြောသည်၊ ကြွေးကြော်သံများကို ဟစ်ကြွေးသည်၊ အယူဝါဒများကို တင်ပြပြီး အခြားသူများ၏ ကိုးကွယ်ခြင်းနှင့် အထင်ကြီးလေးစားခြင်းကို ရရှိသည်။ တစ်ချိန်တည်းမှာပင် သူတို့အပေါ် သံသယ၊ ယုံမှားသံသယ သို့မဟုတ် ပိုင်းခြားသိမြင်မှု တစ်စုံတစ်ရာ ပေါ်ပေါက်လာခြင်းမှ ထိရောက်စွာ တားဆီးနိုင်သည့်အပြင် လူတို့အား သူတို့ကို ဖော်ထုတ်ရန် သို့မဟုတ် ပိုင်းခြားသိမြင်ရန် အတွေးများ သို့မဟုတ် မိမိတို့ကိုယ်တိုင် သစ္စာဖောက်ရန် အတွေးများ မရှိစေရန်လည်း တားဆီးသည်။ ဤသည်မှာ သူတို့၏ အာဏာသည် ထာဝစဉ် တည်တံ့မည်ဖြစ်ပြီး အသင်းတော်အတွင်း၌ မည်သည့် ပြောင်းလဲနိုင်သော အချက်မျှမရှိဘဲ ခိုင်မာလာမည်ဖြစ်ကြောင်း သေချာစေသည်။ အန္တိခရစ်သည် အလွန် အမြော်အမြင်ကြီးစွာ စဉ်းစားနေသည် မဟုတ်လော။ သို့ဖြစ်လျှင် ဤလုပ်ဆောင်ချက် အားလုံး၏ နောက်ကွယ်မှ ရည်ရွယ်ချက်မှာ အဘယ်နည်း။ စကားတစ်လုံးတည်းဖြစ်သည်၊ အာဏာပင်တည်း။ သူတို့၏ ပိုင်နက်အတွင်းရှိသူများ ဖြစ်စေ၊ အပြင်ဘက်ရှိသူများ ဖြစ်စေ၊ သူတို့၏ အမာခံ နောက်လိုက်များ ဖြစ်စေ၊ သူတို့ကို ပိုင်းခြားသိမြင်သော ညီအစ်ကိုမောင်နှမများ ဖြစ်စေ အန္တိခရစ် အကြောက်ဆုံးနှင့် အစိုးရိမ်ဆုံးအရာမှာ အဘယ်နည်း။ ဤသူများသည် သမ္မာတရားကို နားလည်လာနိုင်ပြီး ဘုရားသခင် ရှေ့မှောက်သို့ ရောက်လာကာ သူတို့ကို ပိုင်းခြားသိမြင်ပြီး ငြင်းပယ်နိုင်မည်ကို ဖြစ်သည်။ ဤသည်မှာ သူတို့ အကြောက်ဆုံးအရာ ဖြစ်သည်။ လူတိုင်းက သူတို့ကို ငြင်းပယ်လိုက်သည်နှင့်တစ်ပြိုင်နက် သူတို့သည် စစ်တပ်မရှိသော တပ်မှူးတစ်ဦး ဖြစ်လာပြီး သူတို့၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ဆုံးရှုံးကာ သူတို့၏ အာဏာကိုလည်း ရုပ်သိမ်းခြင်းခံရသည်။ ထို့ကြောင့် သူတို့၏ ပိုင်နက်ကို လုံခြုံအောင်ပြုလုပ်ခြင်း၊ သူတို့၏ အမာခံ နောက်လိုက်များကို ချုပ်ကိုင်ထားခြင်း၊ သူတို့နောက်ကို လိုက်သောသူများကို ပြင်းထန်စွာ အထင်အမြင်မှားစေပြီး ထိန်းချုပ်ခြင်း၊ သူတို့ကို မိမိတို့၏ လက်ခုပ်ထဲ၌ မြဲမြံစွာ ဆုပ်ကိုင်ထားခြင်းဖြင့်သာ သူတို့၏ အာဏာကို ခိုင်မာအောင် လုပ်ဆောင်နိုင်မည်ဟု သူတို့ ယုံကြည်ကြသည်။ ဤနည်းအားဖြင့် သူတို့ ခံစားလိုသော အထူးအခွင့်အရေး၊ သူတို့၏ အာဏာက ယူဆောင်လာပေးသော အထူးအခွင့်အရေးကို သူတို့ မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်ကြသည်။ အချို့သော အန္တိခရစ်တို့သည် မိမိတို့၏ ကျင့်ကြံပြုမူမှုနှင့် ဆက်ဆံမှုများတွင် အထူး လိမ္မာပါးနပ်ကြပြီး လူတို့ကို မိမိတို့ဘက်ပါအောင် ဆွဲဆောင်စည်းရုံးရာ၌ ကျွမ်းကျင်ကြသည်။ သူတို့ စီမံခန့်ခွဲသော ပိုင်နက်အတွင်း၌ သူတို့အတွက် တောက်တိုမည်ရ လုပ်ပေးသူများ၊ သူတို့၏ ကုန်ပစ္စည်းဆိုင်ရာ လိုအပ်ချက်များကို ပံ့ပိုးပေးသူများနှင့် သူတို့အတွက် သတင်းအချက်အလက် စုဆောင်းပေးသူများ သို့မဟုတ် အမှုအရာများကို ညှိနှိုင်းပေးသူများ၊ အမျိုးမျိုးသော လူပုဂ္ဂိုလ်များ ရှိကြသည်။ အန္တိခရစ်၏ သြဇာအာဏာ သက်ရောက်သော နယ်ပယ်အတွင်း၌ အစွမ်းအစကောင်းမွန်သူ တစ်ဦးတစ်ယောက်မျှ မရှိလျှင်၊ သမ္မာတရားကို လိုက်စားသူ တစ်ဦးတစ်ယောက်မျှ မရှိလျှင်၊ သမ္မာတရား စည်းမျဉ်းများကို ထိန်းသိမ်းစောင့်ရှောက်သူ တစ်ဦးတစ်ယောက်မျှ မရှိလျှင် အန္တိခရစ်သည် အသင်းတော်ကို ရေရှည် ထိန်းချုပ်မှုကို ထိန်းထားနိုင်ပြီး ဤအသင်းတော်အတွင်းရှိ လူများသည် ပြုပြင်၍မရနိုင်သော အတိုင်းအတာအထိ လုံးလုံးလျားလျား ယိုယွင်းပျက်စီးကာ အထင်အမြင်မှားစေခြင်း ခံရလိမ့်မည်။ အထက်မှ တစ်စုံတစ်ယောက်ကို အလုပ်ကို စုံစမ်းစစ်ဆေးရန် စေလွှတ်လျှင်ပင် အချည်းနှီးသာ ဖြစ်လိမ့်မည်။ အသင်းတော်သည် အန္တိခရစ်၏ ထိန်းချုပ်မှုအောက်တွင် ဩဇာသက်ရောက်နိုင်ခြင်းမရှိဘဲ ဝင်ရောက်၍မရနိုင်သော သူတို့၏ ခိုင်ခံ့သော ခံတပ်ကြီး ဖြစ်လာသည်။ အန္တိခရစ်ကို မည်သူက ဖော်ထုတ်၍ စိစစ်သည်ဖြစ်စေ၊ သမ္မာတရား စည်းမျဉ်းများကို မည်သူက မိတ်သဟာယဖွဲ့သည်ဖြစ်စေ အထင်အမြင်မှားစေခြင်း ခံထားရသူများသည် သူတို့ကို နားကိုထောင်ကြမည် မဟုတ်ပေ။ ထိုအစား သူတို့သည် အန္တိခရစ်၏ ဘက်တွင် ရပ်တည်ကြပြီး သမ္မာတရားကို ဆန့်ကျင်ကာ အန္တိခရစ်ကို ဖော်ထုတ်၍ စိစစ်ခြင်းကို ပြစ်တင်ရှုတ်ချကြလိမ့်မည်။

အန္တိခရစ်၊ သူတို့၏ အမာခံနောက်လိုက်များနှင့် သူတို့၏ ပိုင်နက်အတွင်းရှိ အဖွဲ့ဝင်များသည် ဘုရားအိမ်တော်၏ ကိစ္စရပ်များကို အမြဲတမ်း ဆွေးနွေးပြီး စစ်ဆေးနေကြသည်။ မည်သူက မည်သည့်နေရာသို့ ပြောင်းရွှေ့ခံရသနည်း။ မည်သူ ဖြုတ်ချခံရသနည်း။ အထက်က မည်သူမည်ဝါကို ဖော်ထုတ်ခြင်းနှင့်ပတ်သက်၍ နောက်ထပ် မိတ်သဟာယဖွဲ့ခြင်းနှင့် တရားဒေသနာတစ်ခုကို ထုတ်ပြန်ခဲ့သည်၊ ကျွန်ုပ်တို့ ထုတ်ပြန်သင့်သလော။ မည်သို့ ထုတ်ပြန်မည်နည်း။ မည်သူ့ကို ဦးစွာ ထုတ်ပြန်မည်နည်း၊ ထို့နောက် မည်သူ့ကိုနည်း။ ကျွန်ုပ်တို့ ကြားဝင်ပြီး အချို့သော တည်းဖြတ်ခြင်း သို့မဟုတ် စနစ်ကျအောင်စီစဉ်ခြင်း ပြုလုပ်ရန် လိုအပ်သလော။ မကြာသေးမီက မည်သူသည် အပြင်လူများနှင့် အဆက်အသွယ်ရှိခဲ့သနည်း။ အထက်မှ တစ်စုံတစ်ယောက်ကို စေလွှတ်ခြင်း ရှိသလော။ ထိုသူများထဲမှ တစ်စုံတစ်ယောက်သည် ကျွန်ုပ်တို့၏ အောက်ခြေလူများနှင့် အဆက်အသွယ်ရှိခဲ့သလော ဟူ၍ ဖြစ်သည်။ သူတို့သည် ထိုသို့သော အမှုအရာများကို မကြာခဏ အတူတကွ ဆွေးနွေးကြသည်၊ သူတို့သည် အထက်၏ အလုပ်အစီအစဉ်အားလုံးကို တုံ့ပြန်ရန် တန်ပြန်ဆောင်ရွက်ချက်များ၊ အကြံအစည်များနှင့် နည်းလမ်းများကို ဆွေးနွေးကာ မကြာခဏ လျှို့ဝှက်ကြံစည်ကာ ပူးပေါင်းကြသည်၊ ထိုနည်းတူစွာပင် သူတို့သည် မိမိတို့အောက်ရှိ ညီအစ်ကိုမောင်နှမများ၏ အခြေအနေများကိုလည်း မကြာခဏ ဆွေးနွေးစစ်ဆေးကြသည်။ အန္တိခရစ်နှင့် သူတို့၏ ပိုင်နက်အတွင်းရှိ အဖွဲ့ဝင်များသည် တစ်နေ့လုံး အတူတကွ ပူးပေါင်းကြံစည်နေကြပြီး လျှို့ဝှက်ချက်များဝေမျှ၍ အလွန် ရင်းနှီးကြလေသည်။ သူတို့ အတူရှိနေသည့်အခါ သူတို့သည် သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုဖြစ်စေ မိတ်သဟာယမဖွဲ့ကြပေ၊ အသင်းတော်၏ အလုပ်ကိုဖြစ်စေ၊ မိမိတို့၏တာဝန်ကို မည်သို့ဖြည့်ဆည်းရမည်ကိုဖြစ်စေ၊ အသင်းတော်အလုပ်ကို မည်သို့တိုးမြှင့်ရမည်ကိုဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များ၏ လက်တွေ့ကျမှုထဲသို့ ညီအစ်ကိုမောင်နှမများ၏ ဝင်ရောက်မှုကို မည်သို့လမ်းညွှန်ရမည်ကိုဖြစ်စေ၊ ပြင်ပအခြေအနေများကို မည်သို့တုံ့ပြန်ရမည်ကိုဖြစ်စေ ပို၍ပင် မိတ်သဟာယမဖွဲ့ကြချေ။ သူတို့သည် ဤမှန်ကန်သော အမှုအရာများနှင့်ပတ်သက်၍ မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ဘဲ မည်သူက မည်သူနှင့် ပို၍ရင်းနှီးနေသည်၊ ဤလူများသည် အတူရှိနေသည့်အခါ မည်သူ့အကြောင်း ပြောဆိုကြသည်၊ ခေါင်းဆောင်များ၏ ကွယ်ရာတွင် သူတို့ ပြောဆိုခြင်းရှိမရှိကို ဆန်းစစ်ကြသည်၊ ပြီးလျှင် မည်သူ့မိသားစုက ချမ်းသာသည်၊ သူတို့ တစ်စုံတစ်ရာ အလှူများ ပြုလုပ်ခြင်း ရှိမရှိကို အကဲခတ်ကြသည်။ ဤသည်တို့မှာ သူတို့ သီးသန့်ပြောဆိုလေ့ရှိသော အမှုအရာများဖြစ်ပြီး သူတို့သည် ညီအစ်ကိုမောင်နှမများအပေါ်တွင်လည်းကောင်း၊ အထက်၏ အလုပ်အစီအစဉ်များအပေါ်တွင်လည်းကောင်း အမြဲတမ်း ဝေဖန်သုံးသပ်နေကြသည်၊ သူတို့သည် ညီအစ်ကိုမောင်နှမများနှင့် အထက်ကို ပါးနပ်စွာကိုင်တွယ်ရန် ဖြစ်နိုင်သမျှ အရာအားလုံးကို အမြဲတမ်း လုပ်ဆောင်နေကြသည်။ သူတို့ သီးသန့်လုပ်ဆောင်သောအရာမှာ သိက္ခာမဲ့လေသည်၊ ယင်းက အသင်းတော်ကို အန္တရာယ်မဖြစ်စေလျှင် ညီအစ်ကိုမောင်နှမများကို အန္တရာယ်ဖြစ်စေသည်၊ သူတို့သည် အစွမ်းအစ ကောင်းမွန်ပြီး သမ္မာတရားကို လိုက်စားသော ညီအစ်ကိုမောင်နှမများနှင့်ပတ်သက်၍ အမြဲတမ်း ပူးပေါင်းကြံစည်ခြင်း သို့မဟုတ် ပြဿနာရှာခြင်းများ ပြုလုပ်နေကြပြီး လူကောင်းများကို ချောက်ချရန် သို့မဟုတ် သူတို့ကို နာမည်ဖျက်ရန် အမြဲတမ်း ကြိုးစားနေကြသည်။ အန္တိခရစ်တို့ တစ်စုံတစ်ရာ လုပ်ဆောင်သည့်အခါတိုင်း သူတို့သည် မိမိတို့၏အုပ်စုဝင်လူများနှင့် အမြဲတမ်း ဆွေးနွေးကြသည်၊ ဤနေရာတွင် လျှို့ဝှက်ကြံစည်မှုများနှင့် အကောက်ကြံမှုများ ပါဝင်သည်။ အန္တိခရစ်၏အုပ်စုဝင်များ ပြောဆိုသော မည်သည့်စကားမျှ စိစစ်သုံးသပ်မှုကို မခံနိုင်ပေ၊ သေသေချာချာ စိစစ်သုံးသပ်ပါက ထိုအရာအားလုံးတွင် ပြဿနာများ တွေ့ရှိရသည်။ ပိုင်နက်အပြင်ဘက်မှ လူများနှင့်ပတ်သက်၍မူ သူတို့သည် ချုပ်တည်းထားပြီး သတိထားရှောင်ကြသည်၊ အန္တိခရစ်၏ ပိုင်နက်အတွင်း၌မူ မည်သည့်အရာမျှ ကန့်သတ်ချက်မရှိပေ၊ သူတို့သည် ညီအစ်ကိုမောင်နှမများ၊ ဘုရားအိမ်တော်၏အလုပ်၊ အထက်တန်း ခေါင်းဆောင်များ၊ ဘုရားသခင်ကိုပင် ဝေဖန်သုံးသပ်ကြသည်။ အရာရာသည် ဝေဖန်စရာချည်းသာ ဖြစ်သည်။ သို့သော် ပိုင်နက်အပြင်ဘက်မှ တစ်စုံတစ်ယောက် ရှိနေသည့်အခါ သူတို့သည် မိမိတို့၏စကားများကို ဖုံးကွယ်ထားပြီး၊ ပါးစပ်ပိတ်ထားကာ၊ ထိမ်ချန်ထားပြီး အပြင်လူများ နားမလည်နိုင်သော လျှို့ဝှက်ဘာသာစကားဖြင့်ပင် ပြောဆိုကြသည်။ သူတို့၏ အကြည့်တစ်ချက်တွင် အဓိပ္ပာယ်တစ်ခုရှိသည်၊ ကောက်ကျစ်စဉ်းလဲသော အပြုံးတစ်ခုတွင် အဓိပ္ပာယ်တစ်ခုရှိသည်၊ နှာမှုတ်ခြင်းနှင့် ချောင်းဆိုးခြင်းတစ်ခုတွင်ပင် အဓိပ္ပာယ်တစ်ခုရှိသည်၊ ဤသည်တို့မှာ သူတို့၏ လျှို့ဝှက်သင်္ကေတများအားလုံး ဖြစ်သည်။ တစ်ခါတစ်ရံ သူတို့ ခေါင်းကုတ်ကြသည်၊ တစ်ခါတစ်ရံ နားရွက်ဆွဲကြသည်၊ တစ်ခါတစ်ရံ ခြေထောက်ဆောင့်ကြသည်၊ တစ်ခါတစ်ရံ လက်ပွတ်ကြသည်၊ ထိုအရာအားလုံးတွင် အဓိပ္ပာယ်တစ်ခုရှိသည်။ ဤသည်တို့မှာ အန္တိခရစ်၏ အုပ်စုဝင်များ၏ သာမန်သရုပ်သကန်များဖြစ်ပြီး အသင်းတော်တွင် အာဏာကို လက်ဝါးကြီးအုပ်ပြီးနောက် သူတို့ ပြသသော အမျိုးမျိုးသော အပြုအမူများ ဖြစ်သည်။ သူတို့၏ အမျိုးမျိုးသော အပြုအမူများနှင့် သရုပ်သကန်များကို အကဲဖြတ်သော်၊ သူတို့၏လူ့သဘာဝ ရှုထောင့်မှ စိစစ်သော် ဤလူများသည် မည်သို့သောလူစားမျိုးများ ဖြစ်ကြသနည်း။ သူတို့သည် လှည့်ဖြားတတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်း၏ နောက်လိုက်များ မဟုတ်ကြလော။ (ဟုတ်ပါသည်။) ပြီးလျှင် ဤလူများတွင် တရားမျှတစိတ် တစ်စုံတစ်ရာ ရှိသလော။ သူတို့တွင် အသိစိတ် သို့မဟုတ် ကိုယ်ကျင့်တရား တစ်စုံတစ်ရာ ရှိသလော။ သူတို့ ရိုးသားကြသလော။ မဟုတ်ပေ။ ဤလူများသည် အရှက်မရှိကြပေ။ သူတို့သည် ညီအစ်ကိုမောင်နှမများ ပူဇော်ဆက်ကပ်သောအရာကို စားသုံးကြပြီး ယင်းမှာ သူတို့ရသင့်ရထိုက်သောအရာဟု ထင်မှတ်ကြသည်၊ တစ်ချိန်တည်းမှာပင် သူတို့သည် ဘုရားအိမ်တော်တွင် လွတ်လပ်စွာပြုမူပြီး ရမ်းကားကြကာ ညီအစ်ကိုမောင်နှမများကို ဒုက္ခပေးကြသည်၊ သူတို့သည် အသင်းတော်ကို ယာယီမှီခိုစားသောက်ရုံသာမက နေ့စဉ်နေ့တိုင်း၊ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ထိုသို့ပြုလုပ်ကြသည်။ ဤသူများသည် လူ့အသားကိုစားပြီး လူ့အသွေးကိုသောက်သော နတ်ဆိုးများ မဟုတ်လော။ သူတို့ အရှက်မရှိကြချေ။ အန္တိခရစ်နှင့် သူတို့၏အုပ်စုဝင်များသည် “နိုင်ငံတော်ရေးရာကိစ္စများ” ကို အတူတကွ အမြဲတမ်း ဆွေးနွေးနေကြသည်။ သို့သော် တံခါးပိတ်ဆွေးနွေးမှုများသည် သိက္ခာမဲ့သောအရာများ မဟုတ်ပါလော။ (ဟုတ်ပါသည်။) သူတို့ မည်သည့်အရာကို ပြောဆိုကြသနည်း။ သူတို့ အသင်းတော်၏အလုပ်ကို မိတ်သဟာယ ဖွဲ့ကြသလော။ သူတို့ အသင်းတော်၏အလုပ်ကြောင့် ဝန်ပိသည်ဟု ခံစားရကြသလော။ အချို့နေရာများတွင် အသင်းတော်သည် ကြီးကြပ်မှုအောက်တွင် ရှိနေပြီး ညီအစ်ကိုမောင်နှမများသည် အဆင်းနီသော နဂါးကြီးဖြစ်သော အစိုးရ၏ နောက်ယောင်ခံလိုက်ခြင်းနှင့် စောင့်ကြည့်ခြင်းကို ခံနေရသည်၊ ပြီးလျှင် ညီအစ်ကိုမောင်နှမ အများစုသည်ပင် အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပြီး ဖမ်းဆီးထောင်ချခံရမည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။ သူတို့ ဂရုစိုက်ကြသလော။ ညီအစ်ကိုမောင်နှမများကို သူတို့ ကာကွယ်ရန်၊ ၎င်းတို့ ညှဉ်းပန်းနှိပ်စက်မှုနှင့် ထောင်တွင်းဒုက္ခများမှ ရှောင်ရှားနိုင်ရန် ကူညီမည့် နည်းလမ်းတစ်ခုကို ကြံဆရန် ကြိုးစားကြသလော။ သီးသန့်အနေဖြင့် သူတို့သည် အသင်းတော်၏ စာအုပ်စာတမ်းများ၊ ပိုင်ဆိုင်မှုများ စသည်တို့ကို ကာကွယ်စောင့်ရှောက်ရန်၊ အသင်းတော် ဆုံးရှုံးမှုဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန် မည်သို့လုပ်ဆောင်ရမည်ကို ဆွေးနွေးကြသလော။ အကယ်၍ ယုဒတစ်ဦး အသင်းတော်တွင် ပေါ်ပေါက်လာပါက သူတို့ ချက်ချင်း တုံ့ပြန်ပြီး ထိခိုက်သော ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန်အလို့ငှာ ဘေးကင်းသောနေရာတစ်ခုသို့ လျင်မြန်စွာ စီစဉ်ပေးကြသလော။ သူတို့ ထိုသို့သောအမှုအရာများကို လုပ်ဆောင်ကြမည်လော။ (မဟုတ်ပါ။) လူတို့တွင် အာဏာရှိသည့်အခါ သူတို့ ကောင်းမှုများ လုပ်ဆောင်နိုင်သကဲ့သို့ မကောင်းမှုများကိုလည်း လုပ်ဆောင်နိုင်သည်။ သို့ဖြစ်လျှင် အန္တိခရစ်တွင် အာဏာရှိသည့်အခါ သူတို့ မည်သည့်အရာကို လုပ်ဆောင်သနည်း။ (မကောင်းမှုများဖြစ်ပါသည်။) သူတို့ မည်သို့သော မကောင်းမှုများကို လုပ်ဆောင်ကြသနည်း။ (သူတို့၏စကားကို နားမထောင်သော မည်သူ့ကိုမဆို ညှဉ်းပန်းနှိပ်စက်ရန် နည်းလမ်းများ ရှာကြသည်။ ဘုရားအိမ်တော်က အလုပ်အကြောင်း မေးမြန်းရန် ခေါင်းဆောင်အချို့နှင့် အမှုဆောင်အချို့ကို စေလွှတ်သည့်အခါ သူတို့သည် ထိုသူတို့ကို ရှောင်ရှားရန် နည်းလမ်းတစ်ခု၊ သို့မဟုတ် သူတို့အပေါ် နိုင်ကွက်ယူ၍ ဝေဖန်သုံးသပ်ရန်၊ ပြစ်တင်ရှုတ်ချရန်၊ နည်းလမ်းတစ်ခုကို ရှာဖွေပြီး သူတို့ကို မောင်းထုတ်ရန် အကြောင်းပြချက်များ ရှာဖွေကာ ထိုသူတို့ အလုပ်အကြောင်း မေးမြန်းခြင်းကိုလည်းကောင်း၊ ၎င်းတို့နှင့်ပတ်သက်သည့် ပြဿနာများ ရှာဖွေတွေ့ရှိခြင်းကိုလည်းကောင်း တားဆီးကြသည်။) အချို့သော အန္တိခရစ်တို့သည် လုံးဝဆန့်ကျင်ဘက်ကို လုပ်ဆောင်ကြသည်၊ ညီအစ်ကိုမောင်နှမများက သူတို့၏ပြဿနာများကို တိုင်ကြားမည်ကို ကြောက်ရွံ့သောကြောင့် သူတို့သည် အထက်မှ စေလွှတ်လိုက်သော ခေါင်းဆောင်များကို စောင့်ကြည့်ကြပြီး ကောင်းမွန်သောအစားအစာနှင့် သောက်စရာများဖြင့် ဧည့်ခံကာ အောက်ခြေရှိ ညီအစ်ကိုမောင်နှမများနှင့် ထိတွေ့ခွင့်မပေးဘဲ တားဆီးထားကြသည်။ ခေါင်းဆောင်များက ညီအစ်ကိုမောင်နှမများအကြောင်း မေးမြန်းသည့်အခါ သူတို့က “သူတို့အားလုံး ကောင်းမွန်ကြပါသည်။ ယခုအချိန်တွင် ကျွန်ုပ်တို့၏ ဧဝံဂေလိအလုပ်သည် ချောမွေ့စွာ တိုးတက်နေပါသည်။ ကျွန်ုပ်တို့သည် အကျိုးမပြုသော ပတ်ဝန်းကျင်မှ ပေါ်ပေါက်လာသော ပြဿနာအားလုံးကို ဖြေရှင်းပြီးဖြစ်သည်၊ ကျွန်ုပ်တို့ကို သစ္စာဖောက်သော ယုဒများကိုလည်း နှင်ထုတ်ပြီးဖြစ်သည်၊ ကျွန်ုပ်တို့သည် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ရန် ကြိုးစားသူများကို ကိုင်တွယ်ပြီးဖြစ်ပြီး သူတို့အားလုံးကို ဖယ်ထုတ်ပစ်ပြီးဖြစ်သည်။ ပြီးလျှင် နှုတ်ကပတ်တော် စာအုပ်များကိုလည်း ပုံမှန်အတိုင်း ဖြန့်ဝေပြီးဖြစ်သည်။ မည်သည့်ပြဿနာမျှ လုံးဝမရှိပါ” ဟု ပြန်ဖြေကြသည်။ ဤသို့ပြောဆိုရင်း သူတို့သည် အခြားသူများအကြောင်း အမှုအရာအနည်းငယ်ကိုလည်း တိုင်ကြားကြသည်။ အထက်က သူတို့ကို စုံစမ်းစစ်ဆေးရန် တစ်စုံတစ်ယောက်ကို စေလွှတ်သည့်အခါ အကယ်၍ တစ်စုံတစ်ယောက်က သူတို့ကို တိုင်ကြားသည်ဟု သူတို့ထင်လျှင် နောက်ဆုံးတွင် သူတို့ ဖြုတ်ချခြင်းမခံရဘဲ အန္တရာယ်မှ ကင်းဝေးကြရန်အလို့ငှာ သူတို့သည် အထက်တန်းခေါင်းဆောင်များကို လမ်းလွဲစေရန်နှင့် အန္တိခရစ်ကို တိုင်ကြားသူတွင် ပြဿနာများရှိသည်ဟု သူတို့ကို ထင်မြင်စေရန်အလို့ငှာ ထိုသူ၏ပြဿနာများကို တမင်တကာ တိုင်ကြားကြမည်ဖြစ်ပြီး ခေါင်းဆောင်များ အသင်းတော်အလုပ်၏ အမှန်တကယ် ဖြစ်ပျက်နေသောအရာကို သိရှိနိုင်ခြင်းနှင့် အန္တိခရစ်၏ပြဿနာများကို ရှာဖွေတွေ့ရှိခြင်းမှ တားဆီးကြမည်ဖြစ်သည်။ အန္တိခရစ်၏ ပိုင်နက်ကို ကာကွယ်ခြင်း၌ သူ၏ရည်ရွယ်ချက်မှာ သူ၏အာဏာကို ခိုင်မာစေပြီး ထိရောက်မှုရှိစေရန်ဖြစ်သည်၊ ထို့ကြောင့် သူသည် နောက်လိုက်များ၊ လက်ပါးစေများ၊ အမာခံနောက်လိုက်များနှင့် အပေါင်းအသင်း ရောင်းရင်းများစွာကို ပျိုးထောင်ကြသည်။ ထိုသို့သောလူများကို ပျိုးထောင်ခြင်း၌ သူတို့၏ရည်ရွယ်ချက်မှာ အာဏာကို လုံးလုံးလျားလျား လက်ဝါးကြီးအုပ်ရန်၊ အာဏာ အားနည်းသွားခြင်းကိုဖြစ်စေ၊ မိမိတို့ထံမှ ရုပ်သိမ်းခြင်းကိုဖြစ်စေ တားဆီးရန်ဖြစ်သည်။

အန္တိခရစ်တို့သည် ဘုရားအိမ်တော်ကို မိမိတို့၏ ကိုယ်ပိုင် ပိုင်နက်ကဲ့သို့ သဘောထားကြပြီး ခေါင်းဆောင်ရာထူးရယူပြီးနောက် သူတို့ ပထမဆုံး လုပ်ဆောင်သောအရာမှာ အာဏာကို လက်ဝါးကြီးအုပ်ရန် ဖြစ်သည်။ အန္တိခရစ်တို့ အာဏာကို လက်ဝါးကြီးအုပ်ခြင်းနှင့်ပတ်သက်၍ သင်တို့ တစ်စုံတစ်ရာသော ဖြစ်စဉ်များကို စဉ်းစားမိသလော။ (ယခင်က အန္တိခရစ်တစ်ဦးဖြစ်သော အသင်းတော်ခေါင်းဆောင်တစ်ဦး ရှိခဲ့သည်။ တစ်စုံတစ်ယောက်က သူ၏ပြဿနာများကို ထောက်ပြသည့်အခါတိုင်း သို့မဟုတ် သူ့ကို ဖော်ထုတ်သည့်အခါတိုင်း သူသည် ထိုသူကို နှိပ်ကွပ်ပြီး ထိုသူ၏ ဘုရားနှုတ်ကပတ်တော်စာအုပ်များကို သိမ်းယူလေ့ရှိသည်။ အခြေအနေကို ပိုမိုသိရှိနိုင်ရန် ကျွန်ုပ်သည် သူ၏အသင်းတော်များရှိ အစည်းအဝေးအုပ်စုအချို့သို့ သွားခဲ့သည်။ ထိုအန္တိခရစ်သည် သူ၏ဒုစရိုက်အမှုများ ပေါ်သွားမည်ကို ကြောက်ရွံ့သောကြောင့် ကျွန်ုပ်ကို မောင်းထုတ်ရန် ကြိုးစားခဲ့ပြီး သူ၏ခွင့်ပြုချက်မရှိဘဲ အစည်းအဝေးများကို တိတ်တဆိတ် တက်ရောက်သည်ဟု ကျွန်ုပ်ကို စွပ်စွဲရန် အခွင့်အရေးကို အမိအရအသုံးချခဲ့သည်။ နောက်ပိုင်းတွင် အထက်က စုံစမ်းစစ်ဆေးရန် တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့ပြီး အန္တိခရစ်သည် ကျွန်ုပ်ကို အသရေဖျက်ကာ ကျွန်ုပ်အကြောင်း မကောင်းပြောဆိုသည့်အပြင် ကျွန်ုပ်ကို အကျယ်ချုပ်ပင် ချထားကာ ညီအစ်ကိုမောင်နှမများကို ကျွန်ုပ်နှင့် မပေါင်းသင်းရန် ညွှန်ကြားခဲ့သည်။ ထိုအချိန်က ဤအန္တိခရစ်သည် ခေါင်းဆောင်တစ်ဦးနှင့် အမှုဆောင်တစ်ဦးတို့နှင့် ပူးပေါင်းကာ အသင်းတော်ရှစ်ခုကို ထိန်းချုပ်ခဲ့သည်။ လပေါင်းများစွာ မိတ်သဟာယဖွဲ့ခြင်းနှင့် ပိုင်းခြားသိမြင်ခြင်းတို့နောက်၌ ညီအစ်ကိုမောင်နှမများသည် နောက်ဆုံးတွင် ဤအန္တိခရစ်အုပ်စုကို နှင်ထုတ်ခဲ့ကြသည်။) ဤသည်မှာ အန္တိခရစ်တို့ လည်ပတ်လှုပ်ရှားသည့်ပုံဖြစ်သည်။ အသင်းတော်တွင် သူတို့ မည်သည့်အရာကိုပင် လုပ်ဆောင်သည်ဖြစ်စေ ယင်းမှာ အာဏာကို ဆုပ်ကိုင်ထားရန်နှင့် လူတို့ကို ထိန်းချုပ်ရန် ရည်ရွယ်သည်။ သူတို့သည် မိမိတို့၏ အဆင့်အတန်းနှင့် အာဏာကို ခြိမ်းခြောက်မှုဖြစ်စေသော မည်သူ့ကိုမဆို အထူး သတိထားတတ်ကြသည်။ ထိုသို့သော ကိစ္စရပ်များအတွက် သူတို့၏အာရုံခံစားနိုင်စွမ်းမှာ အလွန် ထက်မြက်ပြီး ဤကိစ္စရပ်များသည် သူတို့အတွက် အဆင်မပြေဖြစ်စေကာ သူတို့၏ရာထူးကို ခြိမ်းခြောက်ကြောင်း ချက်ချင်း သဘောပေါက်ကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ အဘယ်ကြောင့် အန္တိခရစ်တို့သည် ထိုသို့သော ကိစ္စရပ်များကို အလွန် သတိထားတတ်ကြသနည်း။ အဘယ်ကြောင့် အခြားသူများက ယင်းကို မခံစားမိကြသနည်း။ ဤသည်မှာ သူတို့၏ သဘာဝနှင့် သက်ဆိုင်သည်၊ အန္တိခရစ်တို့သာလျှင် ဤအမှုအရာများကို သိရှိနိုင်ကြသည်။ ဤသည်မှာ အချက်တစ်ချက်ကို အတည်ပြုသည်၊ အန္တိခရစ်တို့တွင် ဤသို့သော အနှစ်သာရမျိုး ရှိသည်။ သူတို့၏ အာဏာအတွက် လိုအင်ဆန္ဒမှာ သာမန်ထက်လွန်ကဲပြီး သူတို့တွင် ထူးခြားသော တောင့်တမှုတစ်ခု ရှိသည်။ တစ်စုံတစ်ယောက်သည် သူတို့ ကြီးကြပ်သော အသင်းတော်သို့ ရောက်လာသည့်အခါ သူတို့သည် ထိုသူကို လေ့လာပြီး “ဤသူသည် ငါ၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ခြိမ်းခြောက်မှု ဖြစ်စေသလော။ သူသည် ငါ့ကို ရာထူးတိုးမြှင့်ပေးရန် လာခြင်းလော သို့မဟုတ် ငါ့ကို ဖြုတ်ချရန် လာခြင်းလော။ သူသည် ငါ၏ပြဿနာများကို စုံစမ်းစစ်ဆေးရန် လာခြင်းလော သို့မဟုတ် အလုပ်အကြောင်း ပုံမှန် မိတ်သဟာယဖွဲ့ရန် လာခြင်းလော” ဟု စဉ်းစားကြလိမ့်မည်။ သူတို့သည် ဤအမှုအရာများကို ဦးစွာ သိရှိရန် ကြိုးစားကြသည်။ သူတို့သည် ထိုသို့သော ကိစ္စရပ်များကို အထူး သတိထားတတ်ကြသည်၊ အကြောင်းမှာ သူတို့တွင် အဆင့်အတန်းနှင့် အာဏာအတွက် အထူး ချစ်ခင်တွယ်တာမှုနှင့် လိုအင်ဆန္ဒရှိသောကြောင့် ဖြစ်သည်၊ သူတို့သည် အာဏာနှင့် အဆင့်အတန်းအတွက် အသက်ရှင်ကြသည်။ သူတို့ ထင်မှတ်ကြသည်မှာ အကယ်၍ သူတို့ အာဏာဆုံးရှုံးသွားလျှင်၊ နောက်လိုက်နည်းပါးသွားလျှင်၊ စစ်တပ်မရှိသော တပ်မှူးတစ်ဦး ဖြစ်သွားလျှင် အသက်ရှင်ခြင်းသည် အဓိပ္ပာယ်မဲ့သွားပြီ ဟူ၍ ဖြစ်သည်။ ထို့ကြောင့် သူတို့ ရရှိထားသော အဆင့်အတန်းနှင့် အာဏာနှင့်ပတ်သက်၍ သူတို့သည် အသင်းတော်သုံးခုကို တာဝန်ယူသည်ဖြစ်စေ၊ ငါးခုကို တာဝန်ယူသည်ဖြစ်စေ၊ ဆယ်ခုကို တာဝန်ယူသည်ဖြစ်စေ များလေ ကောင်းလေဟု အန္တိခရစ်တို့က ယုံကြည်ကြသည်။ သူတို့သည် မိမိတို့၏အာဏာကို အခြားသူများထံသို့ လုံးဝ အလျှော့ပေးမည် မဟုတ်ပေ။ ယင်းသည် သူတို့နှင့် ထိုက်တန်သောအရာ၊ သူတို့ တိုက်ပွဲဝင်ခဲ့ရသောအရာ၊ တော်လှန်ခြင်းနှင့် ဗျူဟာတို့မှတစ်ဆင့် သူတို့ ရရှိခဲ့သောအရာဟု သူတို့ ထင်မှတ်ကြသည်။ အကယ်၍ အခြားသူများက ယင်းကို ရယူလိုလျှင် ထိုလူတို့သည် မိမိတို့၏အသက်ကို အလဲအလှယ်ပြုလုပ်ရန် ပြင်ဆင်ထားရမည် ဖြစ်သည်။ ယင်းမှာ အဆင်းနီသော နဂါးကြီးနှင့် တူသည်၊ အကယ်၍ တစ်စုံတစ်ယောက်က သူ၏အာဏာရှင်စနစ်ကို အဆုံးသတ်ရန် ဒီမိုကရေစီ အပြောင်းအလဲကို အကြံပြုပြီး ကွန်မြူနစ်ပါတီကို တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပရန် တိုက်တွန်းလျှင် အဆင်းနီသော နဂါးကြီးက မည်သို့ ပြောမည်နည်း။ “ဒီမိုကရေစီလော။ သင် လူဦးရေ သန်းနှစ်ဆယ်၏ ဦးခေါင်းများနှင့် အလဲအလှယ်လုပ်ရလိမ့်မည်။ ကွန်မြူနစ်ပါတီသည် သူ၏အာဏာကို မရေမတွက်နိုင်သော လူပုဂ္ဂိုလ်များ၏ သွေးဖြင့် ရရှိခဲ့သည်။ အကယ်၍ သင် အာဏာကို သိမ်းယူလိုလျှင် သင်သည် ထိုမျှသောလူများ၏ သွေးနှင့် အသက်များဖြင့် အလဲအလှယ်လုပ်ရလိမ့်မည်” ဟူ၍ ဖြစ်သည်။ အန္တိခရစ်တို့သည်လည်း ထိုနည်းတူပင် ဖြစ်သည်။ အကယ်၍ သင်က သူတို့ကို အာဏာ စွန့်လွှတ်စေလိုလျှင် သူတို့ အလျှော့ပေးရန်အတွက် သမ္မာတရားကို မိတ်သဟာယဖွဲ့ရုံမျှဖြင့် မလုံလောက်ပေ၊ သူတို့သည် သင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ကြလိမ့်မည်။ သူတို့၏နည်းလမ်းများ သို့မဟုတ် နည်းစနစ်များ မည်မျှပင် ယုတ်ညံ့သည်ဖြစ်စေ သူတို့သည် မိမိတို့၏အာဏာကို ကာကွယ်ရမည်သာ ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံး နိုးထလာပြီး သူတို့ကို ဖော်ထုတ်ရန်နှင့် ဖယ်ရှားရန် စည်းလုံးကြသည်မှတစ်ပါး သူတို့ ထိုသို့လုပ်ဆောင်မည် မဟုတ်ပေ။ အန္တိခရစ်တို့သည် အလွန် ကောက်ကျစ်ဆိုးယုတ်လွန်းသည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်ပြီး ကြမ်းကြုတ်သော စိတ်သဘောထားကို အပြည့်အဝ အတည်ပြုပြီး ပုံဖော်ပြသနေသည်။ ထိန်းချုပ်ခံရသူများ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သူတို့ စစ်မှန်စွာ အလျှော့ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ၊ သူတို့ နာခံရန်နှင့် လိုက်လျှောက်ရန် ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အန္တိခရစ်တို့က ဤသည်ကို ဂရုမစိုက်ပေ။ သူတို့သည် လူတို့ကို နှိပ်ကွပ်ရန်နှင့် ထိန်းချုပ်ရန် မိမိတို့၏အာဏာကို မရမက အသုံးပြုကြသည်။ မည်သူမျှ နာခံမှုမရှိဘဲ မနေရ၊ အလျှော့မပေးသော မည်သူမဆို အရေးယူခံရလိမ့်မည်။ ဤသည်တို့မှာ အန္တိခရစ်များ ဖြစ်ကြသည်။

ယခုလေးတင် အန္တိခရစ်တို့ အာဏာကို လက်ဝါးကြီး အုပ်ပုံနှင့်ပတ်သက်သည့် အချို့သော တိကျသည့် လုပ်နည်းလုပ်ဟန်များနှင့် သရုပ်သကန်များကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤလုပ်နည်းလုပ်ဟန်များနှင့် သရုပ်သကန်များမှတစ်ဆင့် အန္တိခရစ်တို့တွင် ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့် အနှစ်သာရရှိသည်ကို ငါတို့ မမြင်နိုင်ကြသလော။ မည်သူက သူတို့ကို ပြောင်းလဲနိုင်မည်နည်း။ သူတို့နှင့် ကျိုးကြောင်းပြပြောဆိုခြင်းဖြင့်ဖြစ်စေ၊ သူတို့၏စိတ်ခံစားချက်များကို ဆွဲဆောင်ခြင်းဖြင့်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ သမ္မာတရားကို တင်ပြခြင်းဖြင့်ဖြစ်စေ၊ သူတို့ကို ပြုပြင်ခြင်းဖြင့်ဖြစ်စေ၊ စစ်မှန်သောစိတ်ခံစားချက်များမှတစ်ဆင့် သူတို့ကို ပြောင်းလဲရန် ကြိုးပမ်းခြင်းဖြင့်ဖြစ်စေ ဤနည်းလမ်းများထဲမှ တစ်ခုခုက သူတို့ကို အာဏာလက်ဝါးကြီးအုပ်သည့် အလေ့အထကို စွန့်လွှတ်စေနိုင်မည်လော။ (မဟုတ်ပါ။) အချို့လူများက ဤသို့ ဆိုကြသည်၊ “အန္တိခရစ်တို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် လူများမျှသာ ဖြစ်သည်။ လူတို့တွင် လူ့စိတ်ခံစားချက်များ ရှိသည်။ အကယ်၍ သင်က သူတို့ကို စိတ်ခံစားမှုဖြင့် ဆွဲဆောင်ပြီး အမှုအရာများကို ယုတ္တိရှိရှိ ရှင်းပြကာ အကောင်းအဆိုးများကို ရှင်းလင်းပြတ်သားစေလျှင် သူတို့ အကြောင်းပြချက်ကို နားလည်သည့်အခါ သူတို့ ထိုသို့သောနည်းလမ်းဖြင့် မပြုမူကောင်း မပြုမူနိုင်ပေ။ သူတို့သည် မိမိတို့၏အမှားများကို ဝန်ခံပြီး နောင်တရကာ အန္တိခရစ်တို့၏လမ်းစဉ်အတိုင်း လျှောက်လှမ်းခြင်းကို ရပ်တန့်ကောင်း ရပ်တန့်လိမ့်မည်။ သူတို့သည် ဘုရားအိမ်တော်အတွင်း၌ မိမိတို့၏ကိုယ်ပိုင် ပိုင်နက်ကို တည်ထောင်ခြင်း၊ ဘုရားအိမ်တော်တွင် အာဏာကို လက်ဝါးကြီးအုပ်ရန် မိမိတို့၏ကိုယ်ပိုင် အမာခံနောက်လိုက်များကို ဆွဲဆောင်ခြင်းနှင့် လူ့သဘာဝနှင့်လည်းကောင်း၊ ကိုယ်ကျင့်တရားတို့နှင့်လည်းကောင်း မကိုက်ညီသော ဤလုပ်ဆောင်ချက်များကို လုပ်ကောင်းလုပ်မည် မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ အန္တိခရစ်တို့ကို ဤနည်းလမ်းဖြင့် လွှမ်းမိုးနိုင်မည်လော။ (မဟုတ်ပါ။) မည်သူက အန္တိခရစ်တစ်ဦးကို ပြောင်းလဲခဲ့ဖူးသနည်း။ အချို့က ဤသို့ ဆိုကြသည်၊ “ဖြစ်နိုင်သည်မှာ သူတို့ ငယ်စဉ်က မိခင်၏ သင့်လျော်သော လေ့ကျင်သင်ကြားပေးခြင်းကို မရရှိခဲ့ဘဲ သူတို့ အလိုလိုက်ခံခဲ့ရခြင်း ဖြစ်မည်။ ယခု အကယ်၍ သူတို့၏မိခင်က သူတို့နှင့် စကားပြောလျှင်ဖြစ်စေ၊ သူတို့မိသားစုထဲတွင် ဂုဏ်သိက္ခာအမြင့်ဆုံးသောသူ သို့မဟုတ် အချိန်အကြာဆုံး ယုံကြည်သူဖြစ်ခဲ့သောသူက သူတို့နှင့် ကျိုးကြောင်းပြပြောဆိုလျှင်ဖြစ်စေ သူတို့သည် အန္တိခရစ်တို့ လုပ်ဆောင်သော အမှုအရာများကို လုပ်ဆောင်ခြင်းမှ ရပ်တန့်ကောင်း ရပ်တန့်သွားနိုင်ပေမည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မှန်သလော။ (မဟုတ်ပါ။) အဘယ်ကြောင့် မမှန်သနည်း။ (သူတို့နှင့် ကျိုးကြောင်းပြပြောဆိုခြင်းသည် အလုပ်မဖြစ်ပေ၊ သင် ပို၍ပြောလေ သူတို့ ပို၍နာကြည်းလေ ဖြစ်သည်။ အကယ်၍ သင်က ထို့နောက် သူတို့ကို ဖော်ထုတ်ပြီး ပြုပြင်လျှင် သူတို့သည် သင့်ကို မုန်းတီးကြလိမ့်မည်။) မှန်သည်။ သူတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အနည်းငယ် မကြားဖူးကြပြီလော။ အချို့သော အန္တိခရစ်တို့သည် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ် ယုံကြည်ခဲ့ပြီးနောက် မည်သည့်ပြောင်းလဲမှုမျှ မရှိပေ။ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတော်များများ ဖတ်ရှုခဲ့ကြသော်လည်း အဘယ်ကြောင့် မည်သည့်ပြောင်းလဲမှုမျှ မရှိခဲ့သနည်း။ အကြောင်းမှာ သူတို့၏စိတ်နှလုံးများသည် ဆိုးညစ်မှုဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်၊ ဘုရားသခင်ပင် သူတို့ကို မကယ်တင်ပေ၊ လူသားတို့သည် မိမိတို့တွင်ရှိသော အသိပညာနှင့် အယူဝါဒ အနည်းငယ်ဖြင့် သူတို့ကို ပြောင်းလဲနိုင်မည်လော။ လူ့အဖွဲ့အစည်းတွင် နိုင်ငံများတွင် ပညာရေးရှိသည်၊ ပြီးလျှင် လူ့အဖွဲ့အစည်းတွင် ဥပဒေများ ရှိသည်၊ ယင်းတို့အားလုံးသည် လူတို့ကို ကောင်းသောသူများဖြစ်ဖို့ သင်ယူရန်နှင့် ပြစ်မှုများကျူးလွန်ခြင်းမှ ရှောင်ရှားရန် အားပေးတိုက်တွန်းသည်။ သို့သော် အဘယ်ကြောင့် ယင်းက လူတို့ကို မပြောင်းလဲနိုင်သနည်း။ နိုင်ငံတော်ပညာရေးနှင့် စနစ်များသည် လူ့အဖွဲ့အစည်းအပေါ် အပြုသဘောဆောင်သော သက်ရောက်မှု တစ်စုံတစ်ရာ ရှိခဲ့သလော။ နိုင်ငံတော်က မြှင့်တင်သော ထိုအရာများတွင် လူသားမျိုးနွယ်အတွက် ပညာရေးဆိုင်ရာ အရေးပါမှု သို့မဟုတ် တန်ဖိုး တစ်စုံတစ်ရာ ရှိပါသလော။ ယင်းတို့ ထိရောက်မှုရှိခဲ့သလော။ (မဟုတ်ပါ။) လူတို့ကို ဆုံးမပဲ့ပြင်ခြင်းအတွက် အမြင့်ဆုံးနှင့် အတင်းကျပ်ဆုံးသော နေရာများဖြစ်သည့် အရွယ်မရောက်သေးသူ ပြုပြင်ထိန်းသိမ်းရေးစခန်းများနှင့် အကျဉ်းထောင်များကဲ့သို့သော နိုင်ငံတစ်နိုင်ငံစီ၏ တရားဥပဒေဌာနများပင်လျှင် ဤအရာများက လူတို့၏အနှစ်သာရကို ပြောင်းလဲစေခဲ့ပါသလော။ အချို့သော မုဒိမ်းကျင့်သူများ၊ သူခိုးများနှင့် လူမိုက်များအား ကြည့်လော့၊ သူတို့ အကြိမ်များစွာ ထောင်ထဲသို့ ဝင်လိုက်ထွက်လိုက် လုပ်နေသည်မှာ အကျင့်ပါနေသော ပြစ်မှုကျူးလွန်သူများ ဖြစ်လာကြသည်၊ သူတို့ နောက်ဆုံးတွင် ပြောင်းလဲသွားကြသလော။ မပြောင်းလဲပေ၊ မည်သူမျှ သူတို့ကို မပြောင်းလဲနိုင်ပေ။ လူတစ်ဦး၏အနှစ်သာရကို ပြောင်းလဲ၍ မရနိုင်ပေ။ ထိုနည်းတူစွာ အန္တိခရစ်တို့၏အနှစ်သာရကိုလည်း ပြောင်းလဲ၍ မရနိုင်ပေ။ အာဏာကို လက်ဝါးကြီးအုပ်သည့် လုပ်နည်းလုပ်ဟန်သည် အန္တိခရစ်တို့၏အနှစ်သာရကို ကိုယ်စားပြုပြီး ဤအနှစ်သာရကို ပြောင်းလဲ၍မရနိုင်ပေ။ ဤပြောင်းလဲ၍မရသော လူစားမျိုးအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ယင်းမှာ သူတို့ကို ပြောင်းလဲရန်နှင့် ကယ်တင်ရန် မိမိ၏အစွမ်းကုန် လုပ်ဆောင်ပြီးနောက် သူတို့၏သဘာဝတွင် အသွင်ပြောင်းလဲမှုတစ်ခုကို ရရှိအောင်မြင်စေခြင်းလော။ ဘုရားသခင်သည် ဤအလုပ်ကို လုပ်ဆောင်တော်မူသလော။ (မလုပ်ပါ။) ဘုရားသခင်သည် ဤသို့သောအလုပ်မျိုးကို လုပ်ဆောင်တော်မမူကြောင်း သင်တို့ နားလည်ပြီးဖြစ်သောကြောင့် သင်တို့သည် အန္တိခရစ်တို့ကို မည်သို့ ကိုင်တွယ်သင့်သနည်း။ (သူတို့ကို ငြင်းပယ်သင့်ပါသည်။) ဦးစွာ ပိုင်းခြားသိမြင်၍ စိစစ်လော့၊ သူတို့ကို ထိုးထွင်းသိမြင်ပြီးသည်နှင့် သူတို့ကို ငြင်းပယ်လော့။ တစ်စုံတစ်ယောက်သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကာ အန္တိခရစ်တစ်ဦးနှင့် တူသည်ဟု ထင်မြင်ခြင်းဖြင့် သင်တို့၏အယူအဆများနှင့် စိတ်ကူးစိတ်သန်းများပေါ်တွင်သာ အခြေခံ၍ ထိုသူကို မပယ်ချနှင့်။ ဤသည်မှာ အလုပ်မဖြစ်ပေ၊ သင်သည် ကြောင်းကျိုးမမြင်၍ မရပေ။ ထိတွေ့ဆက်ဆံခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် ပိုင်းခြားသိမြင်ခြင်းတို့မှတစ်ဆင့် တစ်စုံတစ်ယောက်သည် အန္တိခရစ်ဖြစ်ကြောင်း တဖြည်းဖြည်း အတည်ပြုပြီး အသိအမှတ်ပြုလော့။ ဦးစွာ လူတိုင်းထံ သူတို့ကို မိတ်သဟာယဖွဲ့၍ စိတ်ဖြာလေ့လာပြီး သူတို့ကို ပိုင်းခြားသိမြင်လော့၊ ထို့နောက် အသင်းတော်တွင် သမ္မာတရားကို လိုက်စားပြီး တရားမျှတစိတ်ရှိသောသူများနှင့် ပေါင်းစည်းကာ သူတို့ကို ငြင်းပယ်လော့။ ဦးစွာ သူတို့ကို ပိုင်းခြားသိမြင်၍ စိတ်ဖြာလေ့လာပြီးနောက် သူတို့ကို ငြင်းပယ်ခြင်းသည် အန္တိခရစ်တို့ကို ကိုင်တွယ်ရန် အကောင်းဆုံးသော ချဉ်းကပ်နည်း ဖြစ်သည်။ ကြောင်သူတော်ဆန်ပြီး အတော်အတန် ကောက်ကျစ်စဉ်းလဲသော အချို့သော အန္တိခရစ်တို့နှင့်ပတ်သက်၍ အကယ်၍ သင်သည် သူတို့နှင့် ထိတွေ့ဆက်ဆံခြင်းမှတစ်ဆင့် သူတို့ကို စုံစမ်းစစ်ဆေးပြီး ပိုင်းခြားသိမြင်ခဲ့ကာ သူတို့သည် အန္တိခရစ်များဖြစ်ကြောင်း အတည်ပြုပြီးဖြစ်သော်လည်း ညီအစ်ကိုမောင်နှမများက သူတို့ကို ကောင်းစွာမသိရှိဘဲ သူတို့တွင် စစ်မှန်သော ပိုင်းခြားသိမြင်မှု ကင်းမဲ့နေသေးလျှင်၊ ပြီးလျှင် သင်က ညီအစ်ကိုမောင်နှမများနှင့်အတူ သူတို့ကို မိတ်သဟာယဖွဲ့၍ စိစစ်သည့်အခါ သူတို့သည် သူတို့ အန္တိခရစ်များဖြစ်ကြောင်း မယုံကြည်ခြင်း သို့မဟုတ် အသိအမှတ်မပြုခြင်းတို့ ပြုရုံသာမက “သင်က သူတို့ကို အမြင်စောင်းနေသည်၊ ဤသည်မှာ သင်၏ ပုဂ္ဂိုလ်ရေးအမြင် ဖြစ်သည်” ဟုပင် ပြောဆိုလျှင် သင် ဘာလုပ်သင့်သနည်း။ အကယ်၍ သင်က “မည်သို့ပင်ဖြစ်စေ ကျွန်ုပ် သူတို့ကို ပိုင်းခြားသိမြင်ပြီးဖြစ်သည်။ ကျွန်ုပ် သူတို့ကြောင့် အထင်အမြင်မှားစေခြင်း သို့မဟုတ် ဘောင်ခတ်ခြင်း ခံရမည် မဟုတ်၊ ကျွန်ုပ် သူတို့ပြောသည်ကို နားထောင်မည်မဟုတ်၊ ကျွန်ုပ် သူတို့ကို လုံးဝ နာခံမည်လည်း မဟုတ်။ သင်တို့ သူတို့ကို ပိုင်းခြားသိမြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ ကျွန်ုပ်နှင့် မသက်ဆိုင်။ သူတို့၏ သရုပ်သကန်များနှင့် သူတို့လုပ်ဆောင်သော အမှုအရာများအကြောင်း ကျွန်ုပ် သင်တို့ကို ပြောပြီးပြီ၊ သင်တို့ ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ၊ နားထောင်သည်ဖြစ်စေ မနားထောင်သည်ဖြစ်စေ၊ မည်သို့ဖြစ်စေ ကျွန်ုပ်၏တာဝန် ကျေပွန်ပြီ။ အကယ်၍ သင်တို့ သူတို့ကြောင့် အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းခံရလျှင်၊ အကယ်၍ သင်တို့ သူတို့ပြောသည်ကို နားထောင်ပြီး သူတို့ကို လိုက်လျှောက်လျှင် ထိုအခါ သင်တို့ အကျိုးဆက်များကို ခံထိုက်ပြီး ကံဆိုးထိုက်ခြင်းသာဖြစ်သည်” ဟု ဆိုလျှင် ဤချဉ်းကပ်နည်းသည် လက်ခံနိုင်ဖွယ်ရှိသလော။ ဤသည်မှာ သင်၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဟု မှတ်ယူ၍ရသလော။ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းဟု မှတ်ယူ၍ရသလော။ (မရပါ။) သို့ဖြစ်လျှင် သင် ဘာလုပ်သင့်သနည်း။ ထိုသို့သောအမှုအရာများသည် ရှောင်လွှဲ၍မရနိုင်ပေ၊ ထိုသို့သောကိစ္စရပ်များသည် မုချ ပေါ်ပေါက်လာမည်သာ ဖြစ်သည်။ အချို့သောလူများသည် တရားဒေသနာမည်မျှ ကြားသည်ဖြစ်စေ သမ္မာတရားကို နားလည်နိုင်ခြင်းမရှိဘဲ အန္တိခရစ်တို့၏ သရုပ်သကန်များကို သူတို့ကြားဖူးသော တရားဒေသနာများနှင့် ဆက်စပ်နိုင်ခြင်း သို့မဟုတ် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိကြပေ။ တစ်စုံတစ်ယောက်သည် အန္တိခရစ်ဖြစ်ကြောင်း အလွန်ပင် သိသာထင်ရှားနေသည့်အခါ၌ပင် သူတို့သည် ၎င်းတို့ကို ထိုးထွင်းသိမြင်နိုင်ခြင်းမရှိဘဲ အထင်အမြင်မှားစေခြင်း ခံနေရဆဲဖြစ်သည်။ အန္တိခရစ်တို့က သူတို့ကို ပုဂ္ဂိုလ်ရေးအရ အန္တရာယ်မပြုမချင်း၊ သူတို့ကို ၎င်းတို့ကိုယ်တိုင် နှိပ်ကွပ်ခြင်း၊ သူတို့ကို ဆူပူကြိမ်းမောင်းခြင်း၊ သူတို့ကို ပြုပြင်ခြင်း၊ သို့မဟုတ် သူတို့၏ရှေ့မှောက်၌ပင် ရိုင်းစိုင်းစွာ ပြုမူခြင်းတို့ကို မလုပ်မချင်း သူတို့သည် ထိုသူ အန္တိခရစ်တစ်ဦးဖြစ်ကြောင်း အသိအမှတ်ပြုကြမည် မဟုတ်ပေ။ အခြားသူများက ဖြစ်ရပ်မှန်များကို ပြောဆိုလျှင် သို့မဟုတ် သက်သေအထောက်အထား တင်ပြလျှင်ပင် သူတို့ ယုံကြည်ကြမည် မဟုတ်ပေ။ သူတို့သည် အန္တိခရစ်တို့ လုပ်ဆောင်သောအရာကို မျက်စိဖြင့် တပ်အပ်မြင်တွေ့ရပြီး အန္တိခရစ်တို့၏ မတရားဖိနှိပ်ခြင်းကို ပုဂ္ဂိုလ်ရေးအရ ကြုံတွေ့ခံစားရပြီးမှသာ သူတို့ ဝန်ခံနိုင်ကြသည်။ ဤအခြေအနေနှင့်ပတ်သက်၍ ဘာလုပ်သင့်သနည်း။ (သူတို့ကို အန္တိခရစ်တို့နောက် လိုက်စေပြီး မတရားဖိနှိပ်မှုကို ကြုံတွေ့ခံစားစေလော့၊ မတရားဖိနှိပ်ခံရပြီးမှသာ သူတို့ နိုးထလာကြလိမ့်မည်။) ဤသည်မှာ အနည်းငယ် ကြမ်းတမ်းသည် မဟုတ်လော။ (ဤသည်မှာ သူတို့အပေါ် ကြမ်းတမ်းခြင်းမဟုတ်ပေ။ ထိုသို့သောလူများသည် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် သမ္မာတရားကို နားလည်နိုင်ခြင်းမရှိဘဲ ကိုယ်တိုင်ကိုယ်ကျ မတရားဖိနှိပ်မှုကို ကြုံတွေ့ခံစားခြင်းဖြင့်သာ အသိတရားရရှိပြီး နိုးထလာနိုင်ကြသည်။ ထို့ကြောင့် ဤသည်မှာ ထိုသို့သောလူများကို ကိုင်တွယ်ရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။) ဤသည်မှာ စည်းမျဉ်းတစ်ခု ဖြစ်သည်။ အချို့သောလူများသည် သင်က သူတို့ကို အပြုသဘောဆောင်သောနည်းလမ်းဖြင့် ပြောဆိုသည့်အခါ နားမလည်ကြပေ၊ သူတို့တွင် ယင်းကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့ကြသည်။ ဥပမာအားဖြင့် အကယ်၍ သင်က သူတို့ကို “ထိုနေရာသည် အန္တရာယ်ရှိသည်၊ အကယ်၍ သင် ညဘက် တစ်ယောက်တည်း လမ်းလျှောက်လျှင် သင် ဓားပြတိုက်သူများနှင့် ကြုံတွေ့နိုင်ပေသည်။ ဤသည်မှာ လူအများအပြားအပေါ် ဖြစ်ပွားခဲ့ပြီးပြီ။ ညဘက် လမ်းမလျှောက်နှင့်၊ စောစော ပြန်လာလော့” ဟု ပြောလျှင် သူတို့ မယုံကြည်ဘဲ အဖော်မပါဘဲ ညဘက် တစ်ယောက်တည်း မရမက လမ်းလျှောက်ကြသည်။ ထိုသို့သောအခြေအနေတွင် သင်သည် သူတို့ကို တစ်ယောက်တည်း လမ်းလျှောက်ခွင့်ပြုသော်လည်း သူတို့ အမှန်တကယ် ဒုက္ခမရောက်စေရန် သေချာစေလျက် သူတို့ကို တိတ်တဆိတ် ကာကွယ်ပေးသည်။ ဤသည်မှာ သင်၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ဖြစ်သည်။ အမှန်တကယ် ဒုက္ခပေါ်ပေါက်လာသည့်အခါ သင်သည် သူတို့ကို ကာကွယ်နိုင်ပြီး မည်သည့်ဒုက္ခမျှ သူတို့ထံ မကျရောက်စေရန် တားဆီးနိုင်ကာ သူတို့ကို သင်ခန်းစာတစ်ခု သင်ယူစေပြီး မှတ်ဉာဏ်ထဲတွင် စွဲမှတ်စေရန် ကူညီနိုင်သည်။ နောက်ဆုံးတွင် သူတို့သည် သင် ပြောဆိုခဲ့သောအရာ မှန်ကန်ကြောင်း ယုံကြည်လာကြလိမ့်မည်။ ထို့ကြောင့် အန္တိခရစ်တို့ကြောင့် အထင်အမြင်မှားစေခြင်းခံရပြီး သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ သူတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသောသူများအတွက်မူ သူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားစေရန်အလို့ငှာ ပြင်းထန်သော အန္တရာယ်ကို ခံစားရပြီး သင်ခန်းစာတစ်ခု သင်ယူကာ မှတ်ဉာဏ်ထဲတွင် စွဲမှတ်ထားရမည် ဖြစ်သည်။ နားဝေတိမ်တောင်ဖြစ်ပြီး အကြံပြုချက်ကို လျစ်လျူရှုသောသူများသည် အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုကို ထိုးထွင်းသိမြင်နိုင်ခြင်းမရှိဘဲ အန္တိခရစ်တို့ကို ညီအစ်ကိုမောင်နှမများအဖြစ်ပင် သဘောထားကာ သူတို့နှင့် ထိုသို့ပင် ပေါင်းသင်းဆက်ဆံကြပြီး မေတ္တာဖြင့် ကူညီကြကာ သူတို့ကို စိတ်ရင်းမှန်ဖြင့် ဆက်ဆံလျက်ပင် သူတို့နှင့် စိတ်ရင်းမှန်ဖြင့် စကားပြောဆိုကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် အန္တိခရစ်တို့၏ သားကောင်များ ဖြစ်သွားကြသည်။ အချို့သောလူများသည် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာခြင်းမရှိမီ တစ်ကြိမ်သာမက အကြိမ်ပေါင်းများစွာ အန္တရာယ်ပြုခံရကြရသည်။ ထို့နောက် သင်က သူတို့နှင့် မိတ်သဟာယဖွဲ့ပြီး သူတို့ကို ထောက်ပံ့သည့်အခါ သူတို့ သင့်ကို ယုံကြည်ကြသည်။ ယင်းမှာ ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပြီး အချို့သောလူများသည် ထိုသို့သောအမှုအရာများတွင် ဒုက္ခအနည်းငယ် ခံစားကြရသည်။ ယခင်က ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သော နားဝေတိမ်တောင်သူတစ်ဦး ရှိခဲ့ပြီး ဘုရားအိမ်တော်က အန္တိခရစ်တစ်ဦးကို ဖြုတ်ချသည့်အခါ သူ ကောင်းကောင်းမွန်မွန် မတုံ့ပြန်ခဲ့ပေ။ အန္တိခရစ်၏ ဒုစရိုက်အမှုများသည် သိသာထင်ရှားပြီး ၎င်းသည် အန္တိခရစ်တစ်ဦးအဖြစ်ပင် သတ်မှတ်ခြင်းခံခဲ့ရသည်။ လူတိုင်းက ယင်းကို အသိအမှတ်ပြုခဲ့သော်လည်း သူက အသိအမှတ်မပြုခဲ့ဘဲ မည်သူမျှ သူနှင့် မိတ်သဟာယဖွဲ့၍ မရနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူသည် အန္တိခရစ်နောက်သို့ လိုက်သွားခဲ့သည်။ အချိန်ကာလတစ်ခု ကြာပြီးနောက် ပြင်းထန်သော အန္တရာယ်ကို ခံစားခဲ့ရပြီးနောက် သူ မျက်ရည်များဖြင့် ပြန်လာခဲ့ကာ ထိုအန္တိခရစ်သည် အမှန်တကယ် ဆိုးရွားလှကြောင်း အသိအမှတ်ပြုခဲ့သည်။ အမှန်မှာ ထိုအန္တိခရစ်သည် အမြဲတမ်း ထိုသို့ ဆိုးရွားခဲ့သော်လည်း သူက အန္တိခရစ်အပေါ် ကောင်းသောခံစားချက်ရှိပြီး မျက်နှာလိုမျက်နှာရ လုပ်လိုသောကြောင့် အန္တိခရစ် လုပ်ဆောင်သမျှ အရာအားလုံးကို သူ သည်းခံပြီး လိုက်လျောညီထွေပြုခဲ့သည်။ အန္တိခရစ် အဆင့်အတန်း ဆုံးရှုံးသွားသည့်အခါ သူသည် အန္တိခရစ်နှင့် တန်းတူရည်တူ ပေါင်းသင်းဆက်ဆံခဲ့ပြီး အန္တိခရစ် လုပ်ဆောင်ခဲ့သော အမှုအရာအချို့အပေါ် ထင်မြင်ယူဆချက်များ ရှိလာခဲ့သည်။ သူ၏ရှုထောင့် ပြောင်းလဲသွားပြီး သူသည် ပြဿနာများကို စတင် မြင်တွေ့လာခဲ့သည်။ အဆုံးတွင် အန္တိခရစ်နောက်သို့ ထပ်လိုက်ရန် တောင်းဆိုခံရလျှင်ပင် သူ အတိအလင်း ငြင်းပယ်ခဲ့သည်၊ သူသည် အန္တိခရစ်နောက်သို့ လိုက်မည့်အစား သေရန် ဆန္ဒရှိခဲ့သည်၊ အကြောင်းမှာ သူ ပြင်းထန်သော အန္တရာယ်ကို ခံစားခဲ့ရပြီး အန္တိခရစ်ကို ထိုးထွင်းသိမြင်ခဲ့သောကြောင့် ဖြစ်သည်။ အမှန်မှာ သူ ထိုးထွင်းသိမြင်ခဲ့သောအရာသည် သူ့ထံသို့ အစောပိုင်းက ပြောကြားခဲ့ပြီးဖြစ်သော်လည်း သူ သဘောတူရန် သို့မဟုတ် အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့သည်။ ယင်းကို ရှောင်လွှဲ၍ မရနိုင်ခဲ့ပေ။ ထိုသို့သောလူများအတွက်မူ သူတို့သည် ကွေ့ကောက်သောလမ်းကို လျှောက်လှမ်းရပြီး ပိုမိုသော ဒုက္ခဆင်းရဲကို ခါးစည်းခံရမည်ဖြစ်သည်၊ သူတို့၏ဒုက္ခဆင်းရဲသည် ခံထိုက်သောအရာ ဖြစ်သည်။ အဘယ်ကြောင့် ယင်းသည် ခံထိုက်သောအရာဖြစ်သည်ဟု ငါ ပြောဆိုရသနည်း။ ငါ ဆိုလိုသည်မှာ သင် ကောင်းချီးမင်္ဂလာများ ရှိသော်လည်း ယင်းတို့ကို ခံစားရန် ငြင်းပယ်ပြီး သင် ဒုက္ခဆင်းရဲခံရန် မရမက လုပ်ဆောင်သည့်အခါ ယင်းကို ရှောင်လွှဲ၍ မရနိုင်ပေ၊ သင်သည် ရှေးဦးစွာ ဒုက္ခဆင်းရဲကို ခါးစည်းခံပြီး ဒုက္ခခံစားရမည် ဖြစ်သည်။ ဤသည်မှာ ခံထိုက်သော ဒုက္ခဆင်းရဲ ဖြစ်သည်။

အာဏာကို လက်ဝါးကြီးအုပ်သည့်အခါ အန္တိခရစ်တို့သည် သူတို့ကို မေးခွန်းမထုတ်ဘဲ အဓိကအားဖြင့် အရေးကြီးသော တာဝန်များကို နာခံသောသူများထံ ယုံကြည်စွာ အပ်နှံကြသည်။ ထို့နောက် သူတို့သည် ဝေခွဲမရဆဲဖြစ်နေသော၊ ပုံသွင်း၍ရသော စိတ်များရှိသည့် ထိုလူပုဂ္ဂိုလ်များကို လေ့ကျင့်ပေးပြီး မိမိတို့ဘက်သို့ ဆွဲသွင်းကြသည်။ ဤလူပုဂ္ဂိုလ်များသည် လုံလောက်စွာ လေ့ကျင့်ပေးခံရပြီး အန္တိခရစ်၏ ပိုင်နက်အတွင်းရှိ အဖွဲ့ဝင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်သည် စိတ်ချလက်ချ နေနိုင်သည်။ သူတို့ အသုံးမပြုနိုင်သော ကျန်လူများအတွက်မူ အန္တိခရစ်သည် သူတို့ကို မိမိတို့၏ပိုင်နက်မှ ဖယ်ကြဉ်လျက် လုံးလုံးလျားလျား စွန့်ပစ်ကြသည်။ သူတို့ကို မေးခွန်းမထုတ်ဘဲ နာခံသောသူများအားလုံးသည် သူတို့၏ အမာခံနောက်လိုက်များ၊ သူတို့၏ ပိုင်နက်အတွင်းရှိ သစ္စာရှိသော အဖွဲ့ဝင်များအဖြစ် မှတ်ယူခြင်းခံရသည်။ သူတို့သည် ဤလူပုဂ္ဂိုလ်များကို မိမိတို့၏ နောက်လိုက်များ၊ ဘက်တော်သားများနှင့် အတွင်းလူများအဖြစ် မှတ်ယူကြသည်။ သူတို့၏အာဏာသည် ဤအုပ်စုအတွင်း၌ သြဇာသက်ရောက်သည်၊ ဆိုလိုသည်မှာ ယင်းသည် သူတို့မှတစ်ဆင့် ထိရောက်စွာ ကျင့်သုံးခြင်းခံရသည်။ ထို့ကြောင့် အန္တိခရစ်တို့သည် အာဏာကို လက်ဝါးကြီးအုပ်ပြီး ဘုရားအိမ်တော်ကို မိမိတို့၏ ကိုယ်ပိုင် ပိုင်နက်အဖြစ်သို့ ပြောင်းလဲသည့်အခါ သူတို့သည် များစွာသော အားထုတ်မှုကို မြှုပ်နှံကြသည်ဟု ဆိုနိုင်ပေသည်။ သူတို့သည် ဤအတွက် အမျိုးမျိုးသော လုပ်ဆောင်ချက်များကို ဆောင်ရွက်ပြီး သိသာထင်ရှားသော အဖိုးအခကို ပေးကြရသည်၊ သို့သော် ဤအဖိုးအခ၏ အကျိုးရလဒ်မှာ ဘုရားသခင်နှင့်၊ သမ္မာတရားနှင့်၊ သမ္မာတရားကို လိုက်စားသော ညီအစ်ကိုမောင်နှမအားလုံးနှင့် ရန်ဘက်ဖြစ်ခြင်းပင် ဖြစ်သည်။ ဤအာဏာ၏ တန်ဖိုးနှင့် အရေးပါမှုမှာ အဘယ်နည်း။ ယင်းမှာ အန္တိခရစ်တို့သည် ဘုရားသခင်နှင့် ကိုယ်တော်၏ အိမ်တော်ကို ယှဉ်ပြိုင်တိုက်ခိုက်ရန်၊ မိမိတို့၏ ကိုယ်ပိုင် ခံတပ်များကို တည်ထောင်ရန်၊ အမှီအခိုကင်းသော နိုင်ငံတော်များကို ဖွဲ့စည်းရန်နှင့် ကြီးမားသော အာဏာကို အမှီအခိုကင်းစွာ ကိုင်စွဲရန် အရင်းအနှီးကို ရရှိကြသည်ဟူသောအချက်၌ တည်ရှိသည်။

၂။ အန္တိခရစ်များသည် အခြေအနေများကို ကြိုးကိုင်ညွှန်ကြားကြ၏

ယခင်က အန္တိခရစ်တို့က ဘုရားအိမ်တော်ကို မိမိတို့၏ ကိုယ်ပိုင် ပိုင်နက်ကဲ့သို့ သဘောထားခြင်း၏ ပထမဆုံး သရုပ်သကန်ဖြစ်သည့် အာဏာကို လက်ဝါးကြီးအုပ်ခြင်းအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အာဏာကို လက်ဝါးကြီးအုပ်ခြင်းနှင့်ပတ်သက်၍ အန္တိခရစ်တို့ အာဏာကို မည်သို့ရရှိပုံ၊ ယင်းကိုရရှိပြီးနောက် သူတို့၏ အဆင့်အတန်းကို မည်သို့တည်ငြိမ်အောင်လုပ်ပုံနှင့် ထိုအာဏာကို ဆက်လက်၍ ခိုင်မာအောင်လုပ်ပုံ၊ နောက်ဆုံးတွင် ထိုအာဏာကို သူတို့ မည်သို့အသုံးပြုပုံဟူသော တိကျသည့် အကြောင်းအရာများကို ငါတို့ အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အာဏာကို လက်ဝါးကြီးအုပ်ခြင်းအပြင် အန္တိခရစ်တို့ ဘုရားအိမ်တော်ကို မိမိတို့၏ ကိုယ်ပိုင်ပိုင်နက်ကဲ့သို့ သဘောထားခြင်း၏ ဒုတိယမြောက် တိကျခိုင်မာသော အလေ့အထမှာ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်းပင် ဖြစ်သည်။ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်း၏ တိုက်ရိုက်အဓိပ္ပာယ်သည် နားလည်ရန် လွယ်ကူသင့်သည်၊ သို့ဖြစ်လျှင် “အခြေအနေများ” ဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ အန္တိခရစ်တစ်ဦးသည် အာဏာကို လက်ဝါးကြီးအုပ်ပြီး မိမိ၏ကိုယ်ပိုင်ပိုင်နက်ကို တည်ထောင်ကာ မိမိ၏အမာခံနောက်လိုက်များ၊ ဘက်တော်သားများနှင့် သြဇာသက်ရောက်မှုနယ်ပယ်တို့ကို စုစည်းပြီးနောက် သူသည် အခြားသူများကို သူ၏အလုပ်တွင် ဝင်ရောက်စွက်ဖက်ခွင့် ပြုနိုင်မည်လော။ သူ ကြီးကြပ်သော ကိစ္စရပ်များနှင့် သြဇာသက်ရောက်မှု နယ်ပယ်တွင် အခြားသူများကို ပါဝင်ပတ်သက်ရန် သို့မဟုတ် ဝင်ရောက်စွက်ဖက်ရန် သူခွင့်ပြုနိုင်မည်လော။ (သူသည် ဤသည်ကို ခွင့်မပြုပါ။) အန္တိခရစ်တစ်ဦးအတွက် အာဏာသည် သူ၏အသက် ဖြစ်သည်။ သူ၏ သြဇာသက်ရောက်မှုနယ်ပယ်အတွင်း အရာအားလုံးကို သူကသာ အမိန့်ပေးညွှန်ကြားရမည်။ သူ၏ သြဇာသက်ရောက်မှု နယ်ပယ်အတွင်း မည်သည့်အရာပင် ဖြစ်ပျက်စေကာမူ ပါဝင်ပတ်သက်သော လူများနှင့် ကိစ္စရပ်များ၊ ထိုကိစ္စရပ်များ၏ နောက်ဆုံးအကျိုးဆက်များပါ အားလုံးကို သူကပင် ကြံစည်ပြီး ထိန်းချုပ်ရမည်။ ယင်းသည် သူ၏ဆန္ဒများနှင့် ကိုက်ညီရမည်ဖြစ်ပြီး သူ၏လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးရမည်ဖြစ်ကာ သူ့ကို မည်သည့်ဆုံးရှုံးမှုမျှ မဖြစ်စေရပေ။ ဥပမာအားဖြင့် အကယ်၍ သူသည် အချို့သောကိစ္စရပ်တွင် ဝင်ရောက်စွက်ဖက်ခြင်းဖြစ်စေ၊ ပါဝင်ပတ်သက်ခြင်းဖြစ်စေ၊ ကြိုးကိုင်ညွှန်ကြားခြင်းဖြစ်စေ မပြုဘဲ ယင်းကို ပုံမှန်အတိုင်း သူ့အလိုလို ဖြစ်ပေါ်တိုးတက်ခွင့်ပြုလိုက်လျှင် သူသည် ဂုဏ်သတင်းဆိုး ထွက်လာနိုင်သည် သို့မဟုတ် တစ်စုံတစ်ယောက်၏ တိုင်ကြားခြင်းခံရပြီး ဖြုတ်ချခံရနိုင်သည်၊ ထိုသို့ဆိုလျှင် သူ၏အဆင့်အတန်းသည် ထိခိုက်နိုင်ပြီး သူ ပိုင်ဆိုင်သော အာဏာသည်လည်း ထိုအခါ ပျောက်ကွယ်သွားနိုင်သည်။ ထို့ကြောင့် အသင်းတော်အတွင်း ဖြစ်ပျက်သော ကိစ္စရပ်ကြီးငယ်မဟူ အားလုံးအတွက် အန္တိခရစ်သည် ယင်းတို့ကို သူ့ဘာသာသူ ကိုင်တွယ်ရမှဖြစ်မည်။ ဤကိစ္စရပ်များတွင် သူ၏ဂုဏ်သတင်းနှင့် အဆင့်အတန်းအပြင် သူ၏အာဏာတို့ ပါဝင်သည်။ သူ၏အာဏာနှင့် မသက်ဆိုင်သော ကိစ္စရပ်များနှင့်ပတ်သက်လျှင်မူ သူသည် ယင်းတို့ကို မစုံစမ်းစစ်ဆေးရန် သို့မဟုတ် လျစ်လျူရှုထားရန် ရွေးချယ်ကောင်း ရွေးချယ်နိုင်ပေသည်။ အထူးသဖြင့် ဘုရားအိမ်တော်၏အလုပ်၊ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှု၊ အသင်းတော်အသက်တာနှင့် ထိုကဲ့သို့သော အမျိုးမျိုးသော ကိစ္စရပ်များနှင့်ပတ်သက်၍ ဤအရာများက သူ၏အဆင့်အတန်းနှင့် အာဏာကို မထိခိုက်သရွေ့၊ ပြီးလျှင် ယင်းတို့က အထက်နှင့် သူ၏ အပြန်အလှန်ဆက်ဆံရေးများတွင် မပါဝင်သရွေ့ သူသည် ယင်းတို့ကို ဂရုမစိုက်၊ မစုံစမ်း၊ သို့မဟုတ် စိတ်ဝင်စားမည် မဟုတ်ပေ။ ဥပမာအားဖြင့် ဧဝံဂေလိအဖွဲ့မှ လစဉ်ရရှိသော လူဦးရေသည် သူ့အတွက် အလွန်အရေးကြီးသည်၊ အကြောင်းမှာ ယင်းက သူ၏အဆင့်အတန်းကို သက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။ အကယ်၍ လစဉ် တင်ပြသောအရေအတွက်က သူ၏အဆင့်အတန်းကို အာမခံနိုင်လျှင် သူ၏အဆင့်အတန်းကို ကာကွယ်ရန်အလို့ငှာ သူသည် ထိုအရေအတွက်ကို ရရှိရန် အစွမ်းကုန် ကြိုးပမ်းလိမ့်မည်ဖြစ်လင့်ကစား အခြားကိစ္စရပ်များမှာမူ သူနှင့် မသက်ဆိုင်ဘဲ ရှိနေပေမည်။ ဥပမာအားဖြင့် သူ ကြီးကြပ်သောဧရိယာသည် ပုံမှန်အခြေအနေများအောက်တွင် တစ်လလျှင် လူတစ်ရာ ရသင့်သည်ဟု ဆိုကြပါစို့။ သို့ရာတွင် ပတ်ဝန်းကျင်က ခွင့်မပြုခြင်းကြောင့်ဖြစ်စေ၊ ထိုလတွင် အထူးအခြေအနေများ ဖြစ်ပေါ်ခြင်းကြောင့်ဖြစ်စေ၊ အချို့လူများက သူတို့၏ စုံစမ်းစစ်ဆေးဆဲကာလတွင် ရှိနေသေးခြင်းကြောင့်ဖြစ်စေ ရရှိသောလူဦးရေသည် တစ်ရာမပြည့်ခဲ့လျှင် အန္တိခရစ်သည် ဤကိစ္စတွင် အားစိုက်ထုတ်ပြီး စိုးရိမ်ပူပန်လာသည်။ သူသည် မည်သည့်အရာနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေသနည်း။ ဘုရားသခင်၏ ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ချောမွေ့မှုမရှိသည်ကို သူ မြင်သောကြောင့် ဝန်ပိပြီး စိုးရိမ်ပူပန်နေခြင်းလော။ ဧဝံဂေလိတရားဟောပြောသူများသည် ဝန်တာထားသည့်စိတ် ကင်းမဲ့ပြီး ဝတ်ကျေတမ်းကျေလုပ်နေ၍ သူတို့ကို မည်သို့ရေလောင်းပေးပြီး ယင်းကို မည်သို့ဖြေရှင်းရမည်ကို သူ စိုးရိမ်နေခြင်းလော။ သို့တည်းမဟုတ် ဧဝံဂေလိတရားဟောပြောရန် လူအင်အား လုံလောက်မှုမရှိခြင်းနှင့် ယင်းကို သူ မည်သို့ ပြုပြင်ပြောင်းလဲပြီး တိုးမြှင့်သင့်သည်ကို စိုးရိမ်နေခြင်းလော။ မဟုတ်ပေ၊ သူသည် ဤအရာများအတွက် စိုးရိမ်ပူပန်နေခြင်း မဟုတ်ပေ။ အထက်က သူ၏ လက်သီးပုန်းထိုးသော နည်းလမ်းများကို မသိရှိစေဘဲ ထိုအရေအတွက်ကို တစ်ရာအထိ မည်သို့ရောက်အောင် လုပ်ရမည်ကို သူ စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။ အကယ်၍ တကယ့်ကိန်းဂဏန်းသည် တစ်ရာအစား ရှစ်ဆယ်သာရှိပြီး သူက အမှန်အတိုင်း တင်ပြလိုက်လျှင် အထက်က အခြေအနေကို စုံစမ်းစစ်ဆေးရန်နှင့် ပိုမိုသိရှိအောင်လုပ်ရန် တစ်စုံတစ်ယောက်ကို စေလွှတ်ကောင်း စေလွှတ်နိုင်သောကြောင့် အထက်က တစ်စုံတစ်ရာ မတုံ့ပြန်စေရန် သူသည် အရေအတွက်ကို မည်သို့ တင်ပြနိုင်မည်နည်း။ သူသည် လူ ကိုးဆယ့်ရှစ်ယောက်ဟု တင်ပြသည်။ တစ်စုံတစ်ယောက်က “သင် ဤကဲ့သို့ လိမ်လည်လှည့်ဖြား၍မရ၊ ဤသည်မှာ လှည့်စားခြင်းဖြစ်ပြီး လက်မခံနိုင်စရာဖြစ်သည်” ဟု ပြောသည်။ သူက “အဆင်ပြေပါသည်။ ငါက အဓိကဆုံးဖြတ်သူဖြစ်သည်၊ တစ်စုံတစ်ရာဖြစ်ခဲ့လျှင် ငါ တာဝန်ယူမည်” ဟု ပြန်ပြောသည်။ အဘယ်ကြောင့် သူသည် ဤတိကျသောအရေအတွက်ကို တင်ပြခဲ့သနည်း။ ယင်းနောက်ကွယ်တွင် ပိုမိုနက်ရှိုင်းသော အဓိပ္ပာယ်တစ်ခုခု ရှိသလော။ သူ သေသေချာချာ စဉ်းစားခဲ့သလော။ သူ စဉ်းစားခဲ့သည်။ အမှန်တကယ်အရေအတွက် ရှစ်ဆယ်သာ ရှိသောအခါ လူတစ်ရာဟု တင်ပြခြင်းသည် ကွာခြားချက် အလွန်ကြီးမားပြီး နောက်ပိုင်းတွင် လိမ်လည်မှုကို ဖာထေးရန် ခက်ခဲစေသည်။ သို့ရာတွင် အကယ်၍ သူ ကိုးဆယ့်ရှစ်ယောက်ဟု တင်ပြလျှင် အထက်က တစ်ရာအောက်နည်းသည်ကို မြင်တွေ့မည် ဖြစ်သော်လည်း ယင်းသည် ယုတ္တိရှိသော အရေအတွက်ဟု ထင်ရပြီး အထက်မှ စစ်ဆေးရန် အစဖော်ပေးမည် မဟုတ်သဖြင့် သူ၏အဆင့်အတန်း လုံခြုံမှု ရှိနေမည်ဖြစ်သည်။ တစ်ခါတစ်ရံ အကယ်၍ သူ လူတစ်ရာရလျှင် သူသည် နှစ်ရာဟု တင်ပြဝံ့ပြီး အထက်က တစ်စုံတစ်ယောက်ကို စေလွှတ်၍ စုံစမ်းစစ်ဆေးပါက သူ၌ ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများ ရှိသည်။ အပိုတစ်ရာသည် လက်ရှိတွင် စုံစမ်းဆဲဖြစ်ပြီး နောက်လတွင် ရရှိမည်ဟု သူ အခိုင်အမာဆိုသည်။ အကယ်၍ အထက်က ဤသည်ကို စစ်ဆေးရန် မည်သူ့ကိုမျှ မစေလွှတ်ပါက သူသည် သူ၏ ထောက်ပံ့ဖြည့်ဆည်းမှုများကို ကြွားဝါရန် နည်းလမ်း ရှာဖွေတော့သည်။ တစ်ခါတစ်ရံ အကယ်၍ သူ တစ်လလုံး တစ်ယောက်မျှ မရခဲ့လျှင်ပင် သူသည် လူ သုံးဆယ် သို့မဟုတ် ငါးဆယ်ရသည်ဟု လိမ်လည်တင်ပြပြီး ထို့နောက် နောက်လတွင် ပြန်လည်ဖြည့်ဆည်းရန် နည်းလမ်းရှာဖွေသည်။ အတိုချုပ်ပြောရလျှင် ဧဝံဂေလိတရားဟောပြောခြင်းမှတစ်ဆင့် ရရှိသောလူဦးရေကို တင်ပြသည့်အခါ အန္တိခရစ်သည် ယင်းတို့ကို လှည့်ဖြားရန် ပြောင်းပစ်နိုင်သည်၊ ယင်းတို့နှင့်ပတ်သက်၍ လိမ်ညာနိုင်သည်၊ လှည့်စားနိုင်သည်၊ လက်သီးပုန်းထိုးသော နည်းလမ်းများကို အသုံးပြုနိုင်ပေသည်။ အရေအတွက်ကို မည်သို့တင်ပြပုံ၊ မည်သည့်အရေအတွက်ကို တင်ပြမည်ကို အန္တိခရစ်က တိုက်ရိုက်ညွှန်ကြားသည်။ ဤသည်မှာ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်း မဟုတ်လော။

အန္တိခရစ်သည် သူ၏အဆင့်အတန်းနှင့် အာဏာကို အသုံးပြု၍ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တာဝန်ထမ်းဆောင်ခြင်းကို တစ်သမတ်တည်း ဝင်ရောက်စွက်ဖက်ပြီး အနှောင့်အယှက်ပေးသည်။ သူသည် စည်းမျဉ်းများပေါ်အခြေခံ၍ လုပ်ဆောင်ပြီး မိမိတို့၏တာဝန်ကို ထိရောက်စွာ ထမ်းဆောင်သော မည်သူ့ကိုမဆို ဖိနှိပ်ပြီး ဖယ်ကြဉ်သည်။ ဤသို့ပြုမူခြင်း၌ သူ၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားရန် ဖြစ်သည်၊ သူသည် အလုံးစုံထိန်းချုပ်မှုကို အခိုင်အမာပြုသည်၊ မိမိအောက်ရှိသူများကို နှိပ်ကွပ်ပြီး အထက်ကို လှည့်ဖြားသည်။ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်း၌ သူ၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ သမ္မာတရား ထုတ်ဖော်ခံရခြင်းမှ တားဆီးရန်၊ လူတို့ကို သမ္မာတရား မသိရှိစေရန်၊ အထက်ကို လှည့်စားရန်၊ မိမိအောက်တွင် သူ၏အလုပ်၏ အမှန်တကယ်အခြေအနေကို ဖုံးကွယ်ရန်၊ ပြီးလျှင် သူ တကယ့် အလုပ် တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်း ရှိမရှိနှင့် သူ မည်သို့ အလုပ်လုပ်ဆောင်ခဲ့သည်ကို ဖုံးကွယ်ရန် ဖြစ်သည်။ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်း၌ သူ၏ရည်ရွယ်ချက်မှာ ဖြစ်ရပ်မှန်ကို ဖုံးအုပ်ရန်၊ သမ္မာတရားကို ဖုံးကွယ်ထားရန်၊ သူ၏ ဆိုးယုတ်သော ရည်ရွယ်ချက်များကို ဖုံးကွယ်ရန်၊ ပြီးလျှင် သူ၏ဒုစရိုက်အမှုများ၊ သူ၏အလွန်အမင်း ဆန့်ကျင်ပုန်ကန်သော လုပ်ရပ်များနှင့် သူ တကယ့်အလုပ် တစ်စုံတစ်ရာ မလုပ်ဆောင်သည့်အပြင် မလုပ်ဆောင်နိုင်သည့်အကြောင်း အမှန်တရား စသည်တို့ကို ဖုံးကွယ်ထားရန် ဖြစ်သည်။ ဥပမာအားဖြင့် ဘုရားအိမ်တော်က ငွေပမာဏတစ်ခု လိုအပ်ပြီး သူ၏အသင်းတော်တွင် အလှူငွေ မည်မျှရှိသည်ကို စုံစမ်းသည့်အခါ အန္တိခရစ်သည် ဘုရားအိမ်တော်က မည်မျှလိုအပ်သည်ကို ဦးစွာမေးသည်။ အကယ်၍ သင်က ထောင်ဂဏန်းအနည်းငယ် လိုအပ်သည်ဟု ပြောလျှင် သူ၌ ရာဂဏန်းအနည်းငယ်သာ ရှိသည်ဟု သူ အခိုင်အမာဆိုသည်၊ အကယ်၍ သင်က သောင်းဂဏန်းအနည်းငယ် လိုအပ်သည်ဟု ပြောလျှင် သူ၌ ထောင်ဂဏန်းအနည်းငယ်သာ ရှိသည်ဟု သူ ဆိုသည်။ အမှန်တကယ်တွင် သူသည် အသင်းတော်အလှူငွေ ယွမ်သောင်းပေါင်းများစွာကို ကိုင်ဆောင်ထားပြီး ယင်းကို လက်လွှတ်ရန် ဆန္ဒမရှိပေ။ သူ မကောင်းသောရည်ရွယ်ချက်များ ထားရှိနေခြင်း မဟုတ်လော။ သူ ဘာလုပ်ချင်သနည်း။ သူသည် ဤအလှူငွေများကို ကိုယ်ကျိုးအတွက် အသုံးပြုရန် သိမ်းပိုက်လိုသည်။ ဤသည်မှာ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်းဟု မှတ်ယူနိုင်သလော။ (မှတ်ယူနိုင်ပါသည်။) အန္တိခရစ်သည် အလှူငွေများကိုပင် လက်မလွှတ်သည့်အထိ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားသည်။ အကယ်၍ သင်က သူ၏အသင်းတော်တွင် စာရေးခြင်း၊ ဂီတ၊ သို့မဟုတ် ဗီဒီယိုထုတ်လုပ်ခြင်းတို့၌ ကျွမ်းကျင်သူ တစ်စုံတစ်ယောက် ရှိမရှိ မေးမြန်းလျှင် သူက “ကျွန်ုပ်တို့တွင် အသက် ခုနစ်ဆယ့်ရှစ်နှစ်အရွယ် စာရေးကျွမ်းကျင်သူ တစ်ဦး ရှိပါသည်၊ သူသည် ယခင်က သတင်းထောက်တစ်ဦးဖြစ်ပြီး ပြင်းထန်သော အစာအိမ်ရောဂါရှိသည်” ဟု ပြောကောင်းပြောပေမည်။ အမှန်တကယ်တွင် ဤသူသည် အသက်သုံးဆယ်ကျော် အရွယ်ကောင်းတစ်ဦးသာ ဖြစ်ပြီး မည်သည့်ပြင်းထန်သော အစာအိမ်ဝေဒနာမျှ ခံစားနေရခြင်း မရှိပေ။ အဘယ်ကြောင့် အန္တိခရစ်သည် သူ၏ချုပ်ကိုင်မှုကို မဖြေလျှော့သနည်း။ အဘယ်ကြောင့် သူ မှားယွင်းသော သတင်းအချက်အလက်များကို ပေးသနည်း။ သူသည် အခြေအနေများကို ကြိုးကိုင်ညွှန်ကြားလိုသည်။ ထိုသို့သော အရည်အချင်းရှိသူကို လက်လွှတ်လိုက်ပါက သူ၏အုပ်စိုးမှုကို ထိခိုက်စေမည်ဟု သူ ယုံကြည်သည်၊ သူသည် ဤအရည်အချင်းရှိသော လူပုဂ္ဂိုလ်များကိုလည်း ဆက်လက် ထိန်းသိမ်းထားလိုသည်။ ဤအရည်အချင်းရှိသောလူများသည် အမှန်တကယ် သူနှင့် သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) သို့ဖြစ်လျှင် အဘယ်ကြောင့် သူသည် သူတို့ကို လက်မလွှတ်သနည်း။ ဘုရားအိမ်တော်၏ အလုပ်က ဤကျွမ်းကျင်သူများကို လိုအပ်သည့်အခါ အဘယ်ကြောင့် သူ သူတို့ကို မပေးအပ်ဘဲ သတင်းအချက်အလက်များကိုပင် လိမ်လည်လှည့်ဖြားသည်အထိ ပြုလုပ်သနည်း။ သူသည် သူ၏အဆင့်အတန်းကို လုံခြုံအောင်ပြုလုပ်ရန်အလို့ငှာ လူတို့ကို အထင်အမြင်မှားစေလိုသည်။ သူသည် အမှန်တကယ်ပင် အခြေအနေများကို ကြိုးကိုင်ညွှန်ကြားနေခြင်း ဖြစ်သည်။ ပါဝင်ပတ်သက်သောသူများ ဤတာဝန်များကို ထမ်းဆောင်ရန် ဆန္ဒရှိမရှိ သူ မမေးမြန်းသကဲ့သို့ ဤသူများ၏အခြေအနေများကို ဘုရားအိမ်တော်သို့ အမှန်အတိုင်း တင်ပြခြင်းလည်း မရှိပေ။ ထိုအစား သူသည် သူတို့ကို မိမိကိုယ်ပိုင်အသုံးပြုရန် ထိန်းသိမ်းထားသည်၊ သို့မဟုတ် အကယ်၍ သူ သူတို့ကို အသုံးမပြုလျှင်ပင် ဘုရားအိမ်တော်သို့ သူတို့ကို မပေးအပ်ဘဲ ထားဆဲဖြစ်သည်။ ဥပမာအားဖြင့် အကယ်၍ ဘုရားအိမ်တော်က အသင်းတော်မှ ဗီဒီယိုထုတ်လုပ်သူတစ်ဦး လိုအပ်လျှင် အန္တိခရစ်သည် ဤသည်ကိုမြင်ပြီး “ဗီဒီယိုထုတ်လုပ်ခြင်း၌ ကျွမ်းကျင်သောသူတစ်ဦးကို ပေးခြင်းတွင် ကျွန်ုပ်သည် ထိုသို့သော အခွင့်အလမ်းကောင်းတစ်ခုကို လက်လွှတ်ခံနိုင်မည်လော။ ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲကိုသာ ဖိတ်စေရမည်။ ငါ၏ သမီး၊ သားနှင့် ဆွေမျိုးအနည်းငယ်တို့သည် ဗီဒီယိုထုတ်လုပ်ရေးအကြောင်း အနည်းငယ်ကို နားလည်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ တောင်းဆိုချက်များနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ငါ သူတို့ကိုသာ ပေးလိုက်မည်” ဟု စဉ်းစားသည်။ လူများကို ပံ့ပိုးပေးခြင်းကဲ့သို့သော အခွင့်အရေးကောင်းနှင့် ကြုံတွေ့သည့်အခါ သူသည် သူ၏ဆွေမျိုးများနှင့် မိတ်ဆွေများကို ဦးစားပေးပြီး အပြင်လူများအတွက် မည်သည့်အရာမျှ ချန်ထားခြင်းမရှိပေ။ ဤသည်မှာ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်း မဟုတ်လော။

အထက်တွင်ဖော်ပြခဲ့သော ဥပမာများပေါ်အခြေခံ၍ အန္တိခရစ်က အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်း ဆိုသည်မှာ အတိအကျ မည်သည့်အရာကို ရည်ညွှန်းသနည်း။ အန္တိခရစ်သည် လူတိုင်းနှင့် အရာအားလုံးကို ထိန်းချုပ်ပြီး ကြိုးကိုင်ညွှန်ကြားကာ အလုံးစုံ လွှမ်းမိုးချုပ်ကိုင်မှုကို အခိုင်အမာပြုသည်ဟု ဆိုလိုခြင်း မဟုတ်လော။ အရာအားလုံးသည် သူ၏လက်ထဲတွင်ရှိပြီး အရာအားလုံးတွင် သူကသာ အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်၊ သူသည် အလုံးစုံကို ချုပ်ကိုင်သူ၊ နောက်ကွယ်မှ ညွှန်ကြားပြီး ကြိုးကိုင်ညွှန်ကြားသူ ဖြစ်သည်။ ဤသည်မှာ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်း ဖြစ်သည်။ အထက်က အခြေအနေကို နားလည်ရန် တစ်စုံတစ်ယောက်ကို သူ၏အသင်းတော်သို့ စေလွှတ်ပြီး ဤသူသည် လူအနည်းငယ်နှင့် စကားပြောလိုပြီး ညီအစ်ကိုမောင်နှမများ သူတို့၏ အသက်ဝင်ရောက်မှုနှင့် သူတို့၏ တာဝန်ထမ်းဆောင်မှုတို့တွင် မည်သို့ရှိနေသည်ကို ကြည့်ရှုလိုသည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များနှင့် တရားဒေသနာ မှတ်တမ်းများကဲ့သို့သော ပစ္စည်းများကို ဘုရားသခင် ရွေးချယ်ထားသော လူတစ်ဦးစီတိုင်းထံ ဖြန့်ဝေပြီးခြင်း ရှိမရှိ စစ်ဆေးလိုသည့်အခါ အန္တိခရစ်က “ပြဿနာမရှိပါ၊ ကျွန်ုပ် သင့်ကို ညီအစ်ကိုမောင်နှမအိမ်နှစ်အိမ်သို့ ခေါ်သွားပါမည်” ဟု ဆိုသည်။ ဤလူနှစ်ဦးမှာ မည်သူတို့နည်း။ သူတို့နှစ်ဦးလုံး အန္တိခရစ်၏ ပိုင်နက်အတွင်းမှ လူများ မဟုတ်ကြသလော။ (ဟုတ်ပါသည်။) ဤလူနှစ်ဦးမှာ သူ၏ ညီမနှင့် သူ၏ ယောက်ဖတို့ ဖြစ်ကြသည်။ အထက်မှ စေလွှတ်လိုက်သောသူကို ဤအိမ်နှစ်အိမ်သို့ ခေါ်ဆောင်သွားပြီးနောက် ဤလူနှစ်ဦးက “ကျွန်ုပ်တို့၏ အသင်းတော်အသက်တာသည် အလွန်ကောင်းမွန်ပြီး ကျွန်ုပ်တို့တွင် တရားဒေသနာအမျိုးမျိုး၊ မိတ်သဟာယဖွဲ့ခြင်းအမျိုးမျိုးနှင့် သက်သေခံချက်ဗီဒီယိုအမျိုးမျိုး ရှိပါသည်။ ကျွန်ုပ်တို့၏ အသင်းတော်ခေါင်းဆောင်သည် အသင်းတော်အလုပ်အတွက် ရက်အတော်ကြာ အဝေးရောက်နေခဲ့ပြီး အိမ်ပြန်မရောက်သေးဘဲ ရှိနေခဲ့သည်” ဟု ဆိုကြသည်။ မည်သူပင် သူ၏အသင်းတော်သို့ သွားသည်ဖြစ်စေ သူတို့သည် အခြေအနေအမှန်ကို စိုးစဉ်းမျှ သိရှိနားလည်နိုင်ခြင်းမရှိပေ။ အန္တိခရစ်သည် အသင်းတော်ရှိ စစ်မှန်သော အခြေအနေ၊ ပေါ်ပေါက်ခဲ့သော ပြဿနာများ၊ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေသော ဆိုးယုတ်သည့်လူများ၊ မိမိတို့၏တာဝန်များကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် လုပ်ဆောင်နေသူများ၊ မည်သည့်အလုပ်တာဝန်များတွင် ချွတ်ချော်မှုများ ဖြစ်ပေါ်ခဲ့သည် စသည်တို့နှင့်ပတ်သက်သည့် အရာအားလုံးကို ဖုံးကွယ်ထားသည်။ သင် ထိုနေရာသို့ သွားသည့်အခါ သင် မြင်တွေ့ရသည်မှာ နှစ်သက်ဖွယ်ကောင်းသော မြင်ကွင်းများသာဖြစ်ပြီး အားလုံးမှာ အတုအယောင် အသွင်အပြင်တစ်ခုသာ ဖြစ်သည်။ မှတ်သားဖွယ် အချက်တစ်ချက်သာ ရှိသည်၊ အကယ်၍ အထက်မှ စေလွှတ်လိုက်သောသူက အသင်းတော် လှူဖွယ်ပစ္စည်းများကို သိုလှောင်ရန် သင့်တော်သောနေရာ ရှိမရှိနှင့် လှူဖွယ်ပစ္စည်းအချို့ကို ယူသွားရန် လိုအပ်ခြင်း ရှိမရှိ စုံစမ်းမေးမြန်းပါက အန္တိခရစ်သည် အသင်းတော်လှူဖွယ်ပစ္စည်းများမှာ များများစားစား မရှိကြောင်း အလျင်အမြန် ပြောဆိုသည်။ အခြားအလုပ်အားလုံးနှင့်ပတ်သက်၍ သူသည် အပြုသဘောဆောင်စွာ ပြောဆိုသော်လည်း လှူဖွယ်ပစ္စည်းများနှင့်ပတ်သက်သည့် အခြေအနေနှင့်ပတ်သက်၍မူ ထိုသူ စကားမပြောနိုင်မီ သူက စကားစကို ဖြတ်လိုက်သည်။ အန္တိခရစ်သည် တာဝန်အမျိုးမျိုးကို ထမ်းဆောင်ရန် သင့်တော်သော အသင်းတော်ဝန်ထမ်းများကို ထိန်းချုပ်ထားပြီး တစ်ချိန်တည်းမှာပင် သူတို့ နှစ်သက်သောသူအချို့ကိုဖြစ်စေ၊ ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်ရန် သတ်မှတ်ချက်များနှင့် မကိုက်ညီသောသူများကိုဖြစ်စေ၊ အထူးသဖြင့် လူ့သဘာဝမကောင်းဘဲ ဆိုးယုတ်သောဝိညာဉ်တစ်ခု အလုပ်လုပ်နေသော အချို့လူများကိုဖြစ်စေ၊ အခြေခံအားဖြင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို ကင်းမဲ့သော၊ လူ့သဘာဝသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော၊ မိမိတို့၏တာဝန်များကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် လုပ်ဆောင်သော၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ် ကင်းမဲ့သော၊ ဘာသာတရားမရှိသူများကဲ့သို့ပင် ဖြစ်သော အခြားသူများကိုဖြစ်စေ ပေးအပ်လေ့ရှိသည်။ မိမိတို့၏တာဝန်ကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်းအပြင် ဤလူများသည် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများလည်း ဖြစ်စေပြီး စည်းကမ်းမဲ့သောအပြုအမူများကို လုပ်ဆောင်ကြကာ အချို့မှာ ဒုက္ခဆင်းရဲကို ခါးစည်းမခံနိုင်ဘဲ ဘုရားအိမ်တော်မှ ထွက်ခွာလိုကြသည်။ အချို့မှာ အခြေအမြစ်မရှိသော ကောလာဟလများကိုပင် ဖြန့်ဝေပြီး အယူအဆများကိုလည်း ဖြန့်ချိကြသည်၊ အခြားသူများမှာမူ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ မထမ်းဆောင်ဘဲ ရုပ်မြင်သံကြားဇာတ်လမ်းများ သို့မဟုတ် အခြားအဓိပ္ပာယ်မဲ့သော ဗီဒီယိုအများအပြားကို ကြည့်ရှုလျက် နေ့ရက်များကို ကုန်ဆုံးကြသည်။ ပြီးလျှင် အဆုံးတွင် ဘာဖြစ်သွားသနည်း။ ဤလူများထဲမှ အချို့သည် အဝေးသို့ ပို့ခံရသည်။ အဝေးသို့ပို့ခံရသူများထဲတွင် ကိုးဆယ့်ငါးရာခိုင်နှုန်းကျော်မှာ လူ့သဘာဝမကောင်းကြပေ။ သူတို့၏လူ့သဘာဝ မည်မျှ ဆိုးရွားသနည်း။ အလွန်အမင်း ဆိုးရွားသည်။ သူတို့တွင် လူ့သဘာဝ ကင်းမဲ့ပြီး အချို့မှာ ဘုရားသခင်ကို လုံးဝ မယုံကြည်ကြပေ။ ဤလူများ အဘယ်က လာကြသနည်း။ သူတို့အားလုံးကို အသင်းတော်မှ ပံ့ပိုးပေးခဲ့ခြင်း မဟုတ်လော။ သူတို့ကို အသင်းတော်မှ ပံ့ပိုးပေးခဲ့သောကြောင့် သူတို့ကို ပံ့ပိုးပေးခဲ့သော လူများတွင် ပြဿနာရှိရမည်သာ ဖြစ်သည်။ ဤလူများထဲမှ အချို့သည် အန္တိခရစ်များ ဖြစ်နိုင်ပြီး ပံ့ပိုးပေးခြင်းခံရသော လူပုဂ္ဂိုလ်များသည် အန္တိခရစ်တို့၏ ဆွေမျိုးများ၊ ဘက်တော်သားများ သို့မဟုတ် အမာခံနောက်လိုက်များ ဖြစ်နိုင်ချေကို ပယ်ချ၍ မရနိုင်ပေ။ ဤသည်မှာ အမှန်ပင် မဟုတ်လော။ အမှန်တကယ် လူ့သဘာဝရှိပြီး အသိစိတ် အနည်းငယ် ရှိသော တစ်စုံတစ်ယောက်သည် ပါရမီရှိသော လူပုဂ္ဂိုလ်များကို ပံ့ပိုးပေးခြင်းဟူသော အရေးကြီးသည့်ကိစ္စကို ဂရုတစိုက် ကိုင်တွယ်နိုင်မည်လော။ သူတို့ အနည်းငယ်မျှ တာဝန်ယူနိုင်မည်လော။ သူတို့၏ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်အချို့ကို သူတို့ ဖယ်ရှားရှင်းလင်းနိုင်မည်လော။ လူ့သဘာဝနှင့် အသိစိတ်ရှိသော တစ်စုံတစ်ယောက်သည် ဤသည်ကို လုံးဝ အောင်မြင်ဖြစ်မြောက်နိုင်ပြီး အောင်မြင်ဖြစ်မြောက်နိုင်ခြင်းမရှိသော လူစားတစ်မျိုးတည်းသာ ရှိသည်၊ ယင်းမှာ အန္တိခရစ်များ ဖြစ်ကြသည်။ သူတို့သည် ကောင်းသောအရာအားလုံးကို မိမိတို့အတွက်သာ သိုလှောင်ထားလိုပြီး သူတို့အတွက် အကျိုးမရှိသောအရာ မှန်သမျှကို ပြတ်ပြတ်သားသား ငြင်းပယ်ကာ ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ကြသည်။ ဤသို့သောသူများသည် အန္တိခရစ်များ ဖြစ်ကြသည်။

အန္တိခရစ်တို့သည် အသင်းတော်တွင် အလုံးစုံထိန်းချုပ်မှုကို အခိုင်အမာပြုပြီး ကိစ္စရပ်များကို အမိန့်ပေးညွှန်ကြားရန် အစဉ်သဖြင့် လိုလားခြင်းအပြင် အခြေအနေများကို သူတို့ ကြိုးကိုင်ညွှန်ကြားရာ၌ ပို၍ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ရှုထောင့်တစ်ခု ရှိသေးသည်။ မိမိတို့၏ အမာခံနောက်လိုက်များနှင့်အတူ ပူးပေါင်းကြံစည်နေသော အန္တိခရစ်တို့သည် ဘုရားအိမ်တော်၏ စီစဉ်မှုများကို ကျိုးနွံနာခံနိုင်မည်လော၊ မိမိတို့၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်လော၊ ဘုရားအိမ်တော်၏အလုပ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည်လော၊ ပြီးလျှင် သူတို့၏တာဝန်များနှင့် ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်မည်လော။ (သူတို့ မဖြည့်ဆည်းနိုင်ပါ။) ထို့ကြောင့် သူတို့ အတူတကွ ပူးပေါင်းကြံစည်နေကြသည်ဟု ငါ ပြောခဲ့ခြင်း ဖြစ်သည်။ သူတို့ ပူးပေါင်းကြံစည်သည်ဟု ဆိုလိုက်သည်နှင့် သူတို့ အတူတကွ ပြောဆိုပြီး လုပ်ဆောင်သမျှ အရာအားလုံးတွင် လက်သီးပုန်းထိုးသော လျှို့ဝှက်လုပ်ဆောင်ချက်များ ပါဝင်ကြောင်း ထင်ရှားလာသည်။ အပေါ်ယံအားဖြင့် ဤလူများသည် ဖော်ရွေကြပုံ၊ လူကြီးသူမကို ရိုသေကြပုံ၊ တစ်ဦးနှင့်တစ်ဦး အလွန် ချစ်ခင်ကြင်နာကြပုံ၊ ရည်မွန်ပြီး လေးစားကြပုံ၊ ထို့ပြင် ယဉ်ကျေးပြီး အကျင့်စာရိတ္တကောင်းမွန်ကြပုံ ပေါ်သည်။ အမှန်တကယ်တွင် ယင်းတို့အားလုံးသည် အပေါ်ယံဆန်ကာ လိမ်လည်လှည့်ဖြားပြီး ကြောင်သူတော်ဆန်ခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့် သူတို့သည် တစ်ဦးနှင့်တစ်ဦး ဤမျှ ရည်မွန်ပြီး အဆုံးစွန် လေးစားမှုနှင့် ယဉ်ကျေးမှုကို ပြသနိုင်ကြသနည်း။ ဤအရာအတွက် အကြောင်းရင်းတစ်ခု ရှိသည်။ သူတို့ အတူတကွ ပူးပေါင်းကြံစည်ခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ အလိုတော်ကို လိုက်နာပြီး အသင်းတော်အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အလို့ငှာ မိမိတို့၏အားနည်းချက်များကို ထေမိစေဖို့ တစ်ဦးထံမှတစ်ဦး သင်ယူရန် သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရာတွင် တစ်ဦးကိုတစ်ဦး ထောက်ပံ့ရန် မဟုတ်ပေ။ ထိုအစား ယင်းမှာ အပြန်အလှန် အသုံးချမှု၊ မှီခိုမှုနှင့် ကူညီမှုတို့အတွက် ဖြစ်သည်။ သူတို့ ပူးပေါင်းကြံစည်ကြသည်၊ အကြောင်းမှာ လူများလေ အာဏာပိုရှိလေ ဖြစ်ပြီး အာဏာပိုရှိလေ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုလွယ်ကူလေဖြစ်ကာ ကိုယ်ရေးကိုယ်တာကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် လွယ်ကူစေသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သူတို့ အတူရှိနေသည့်အခါ သူတို့သည် စည်းလုံးသောမိသားစုတစ်ခုကဲ့သို့ အလွန်သင့်မြတ်ကြပုံပေါ်သည်။ သူတို့သည် အသက်ကြီးသော လူပုဂ္ဂိုလ်များကို ယဉ်ကျေးစွာ ခေါ်ဝေါ်ကြပြီး အသက်အရွယ်တူသူများကို “အစ်မ/ညီမ” သို့မဟုတ် “အစ်ကို/ညီ” ဟု ခေါ်ကာ ချစ်ခင်တွယ်တာမှုဖြင့်လည်းကောင်း၊ လူမှုရေးအစဉ်အလာ ပြည့်ဝခြင်းဖြင့်လည်းကောင်း ဤစကားလုံးများကို ပြောကြသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် အခြေအနေမှန်ကို မသိရှိပါက သူတို့၏ ချစ်ခြင်းမေတ္တာ၊ အပြန်အလှန်ကူညီမှုနှင့် တစ်ဦးအပေါ်တစ်ဦး မှီခိုမှုတို့အတွက် သူတို့ကို ချီးကျူးကောင်းပင် ချီးကျူးပေမည်၊ သူတို့သည် အခက်အခဲကြုံတွေ့ချိန်တွင် ကူညီသောလက်တစ်စုံ ကမ်းရန် ဆန္ဒရှိပုံပေါ်ပြီး သူတို့က “ကျွန်ုပ်တို့အားလုံး မိသားစုဝင်များ ဖြစ်ကြသည်၊ ကျွန်ုပ်တို့ တူညီသောဘုရားတစ်ဆူကို ယုံကြည်ကြသည်” ဟု ဆိုလျက် အလွန် ပျော်ရွှင်ပြီး ကျေနပ်နေကြသည်။ သူတို့ စကားပြောဆိုနေစဉ် သူတို့သည် အဓိပ္ပာယ်ပါသော မျက်ရိပ်ပြခြင်းများမှတစ်ဆင့် မိမိတို့၏ ချစ်ခြင်းမေတ္တာကို မျှဝေကြပြီး သူတို့ အမှန်တကယ်ပင် မိသားစုတစ်စု ဖြစ်ကြောင်းနှင့် စည်းလုံးသော အုပ်စုတစ်စု ဖြစ်ကြောင်း ထပ်မံအတည်ပြုကြသည်။ သို့ဖြစ်လျှင် သူတို့ အတူတကွ ပူးပေါင်းကြံစည်သည့်အခါ အတိအကျ မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ဥပမာအားဖြင့် အသက်ကြီးသော ညီအစ်မတစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အထွေထွေမန်နေဂျာဖြစ်ပြီး ကျယ်ပြန့်သော လူမှုရေးရာ ဆက်ဆံမှုများနှင့် အဆက်အသွယ်များ ရှိသည်။ သူသည် အန္တိခရစ်၏ ပိုင်နက်အတွင်းရှိ လူများအတွက် အမှုအရာများစွာကို လုပ်ဆောင်ပေးခဲ့ပြီး လူအများစုသည် သူမထံမှ အကူအညီများ ရရှိခဲ့သောကြောင့် သူတို့က သူမကို သူတို့၏ “အစ်မကြီး” ဟု ရည်ညွှန်းခေါ်ဝေါ်ကြသည်။ တစ်စုံတစ်ယောက်၏အိမ်တွင် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်း ဥပမာ သားတစ်ယောက် တက္ကသိုလ်တက်ခြင်း သို့မဟုတ် သမီးတစ်ယောက် အလုပ်ရှာဖွေခြင်းကဲ့သို့သော ကိစ္စများတွင် သူတို့သည် သေချာပေါက် သူမနှင့် တိုင်ပင်ပြီး ကိစ္စရပ်များကို ဖြေရှင်းရာတွင် သူမ၏အကူအညီကို ရယူကြ၏။ အကယ်၍ တစ်စုံတစ်ယောက် ဆေးရုံတင်ရပြီး အသင်းတော်တွင် ဆေးရုံတွင် အလုပ်လုပ်သော လူတစ်ဦးရှိကာ သူတို့ကို တင်သွင်းလာသောဆေးဝါးများ ရရှိရန် ကူညီနိုင်လျှင် အန္တိခရစ်သည် ဤသူကို ရင်းနှီးသော အတွင်းလူတစ်ဦးအဖြစ်လည်းကောင်း၊ မိသားစုဝင်အဖြစ်လည်းကောင်း လျင်မြန်စွာ မှတ်ယူလိုက်သည်။ သူတို့သည် ထိုသို့သောတာဝန်များကို ကိုင်တွယ်ဖြေရှင်းရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အကျိုးရှိစေရန်နှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော အခြေအနေများကို ဖန်တီးရန် အတူတကွ ပူးပေါင်းကြံစည်ကြသည်။ ထို့ကြောင့် သူတို့ အတူရှိနေသည့်အခါ သူတို့သည် အလွန်အမင်း ဆက်ဆံရေးကောင်းမွန်ပြီး သဟဇာတဖြစ်နေပုံ၊ အလွန် ပျော်ရွှင်နေကြပြီး ဘယ်သောအခါမျှ ရန်မဖြစ်ကြပုံ ပေါ်သည်။ သို့ရာတွင် ဤသဟဇာတဖြစ်မှု၏ နောက်ကွယ်၌ လူတစ်ဦးစီတိုင်းသည် အခြားတစ်ဖက်ကို မည်သို့အသုံးချမည်၊ အခြားသူများကို မည်သို့အသုံးပြုမည်ကို စဉ်းစားသည့်အပြင် အပြန်အလှန်အကျိုးကျေးဇူးများ ဖန်တီးပြီး အခြားသူများ၏ ကျေးဇူးကို ပြန်ဆပ်ရင်း မိမိတို့က အခြားသူများကို မည်သို့ကူညီနိုင်မည်ကို စဉ်းစားလျက် လျှို့ဝှက်စွာ ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များကို သိုဝှက်ထားကြသည်။ အန္တိခရစ်သည် သူတို့၏ပိုင်နက်ကို တည်ထောင်ပြီး သူတို့၏ အမာခံနောက်လိုက်များ ရှိလာပြီးနောက် နေ့စဉ်အသက်တာရှိ အသေးအဖွဲကိစ္စအားလုံးတွင် ကူညီရန် သူတို့၏အဖွဲ့နှင့် သူတို့၏ “မိသားစု” ရှိနေလေသည်။ ဥပမာအားဖြင့် အလုပ်ရှာဖွေခြင်း၊ ကောလိပ်တက်ခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ ပြင်းထန်သောဖျားနာမှုကို ကိုင်တွယ်ဖြေရှင်းခြင်း၊ နေရာပြောင်းရွှေ့ခြင်း၊ သို့မဟုတ် ဖမ်းဆီးခံရပြီးနောက် ထောင်မှလွတ်မြောက်ရန် ကြားဝင်ဖျန်ဖြေသူတစ်ဦးကို ငွေပေး၍ရှာဖွေခြင်းပင်ဖြစ်စေ ဤအရေးကိစ္စအားလုံးကို ကိုင်တွယ်ဖြေရှင်းရန် တစ်စုံတစ်ယောက် ရှိနေသည်။ အန္တိခရစ်၏ရှုထောင့်မှကြည့်လျှင် ဤ “မိသားစုဝင်များ” သည် အသုံးဝင်သည် မဟုတ်လော။ သူတို့ကို အားကိုး၍မရနိုင်ဘူးလော။ သူတို့ တစ်ဦးနှင့်တစ်ဦး မှီခိုပြီး ကူညီ၍မရနိုင်ဘူးလော။ (ရပါသည်။) ထို့ကြောင့် ထိုသို့သောပိုင်နက်အတွင်း၌ မြင်တွေ့ရသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ စည်းမျဉ်းများအဖြစ်ထား၍ အတူတကွ ပေါင်းသင်းဆက်ဆံသောလူများ သို့မဟုတ် မိမိတို့၏ အသိစိတ်အတိုင်း ပြုမူသောလူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း အသက်ရှင်သောလူများ၊ ဘုရားသခင်ကို ကိုးကွယ်သောလူများ၊ တစ်ဦးနှင့်တစ်ဦး ပုံမှန်ပေါင်းသင်းဆက်ဆံသောလူများ၊ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း မိတ်သဟာယ ဖွဲ့သောလူများ၊ မိမိတို့၏စိတ်နှလုံးကို ဖွင့်ဟပြီး မိမိတို့ကိုယ်ကို အရှိအတိုင်း ဖော်ပြသောလူများ၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မိတ်သဟာယဖွဲ့၍ သိရှိသောလူများ၊ သို့မဟုတ် မိမိတို့၏အားနည်းချက်များကို ပြုပြင်ရန် တစ်ဦးထံမှတစ်ဦး သင်ယူသောလူများ မဟုတ်ပေ၊ ထိုသို့သောအရာမျိုး လုံးဝမရှိပေ။ ဤအုပ်စု၊ ဤပိုင်နက်သည် အန္တိခရစ်၏ဂိုဏ်း၏ ပိုင်နက်ဖြစ်သည်၊ ထိုနေရာတွင် သမ္မာတရားက အာဏာကိုင်စွဲခြင်း မရှိ၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်မလုပ်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ စိတ်နှလုံးထဲတွင် မရှိပေ။ ထိုအစား အန္တိခရစ်၏ ဂိုဏ်းသည် ဤနေရာတွင် ကျေနပ်စွာ၊ သက်သောင့်သက်သာဖြစ်စွာနှင့် နှစ်ခြိုက်စွာ နေထိုင်ကြပြီး ယင်းကို မိမိတို့၏ကိုယ်ပိုင်အိမ်အဖြစ် သဘောထားကြသည်။ လက်တွေ့တွင် ဤသည်မှာ ဘုရားအိမ်တော်လည်းမဟုတ်၊ အသင်းတော်လည်းမဟုတ်ပေ၊ ယင်းမှာ လူ့အဖွဲ့အစည်း၊ အန္တိခရစ်၏ဂိုဏ်းသာ ဖြစ်သည်။

အန္တိခရစ်တို့သည် အသင်းတော်ကို မိမိတို့၏ ကိုယ်ပိုင် ပိုင်နက်အဖြစ်သို့ ပြောင်းလဲကာ ယင်းကို လူမှုရေးအုပ်စုတစ်ခုနှင့် မိမိတို့၏ ဂိုဏ်းတစ်ခုအဖြစ် အသွင်ပြောင်းကြသည်။ ၎င်းတို့သည် ဖျက်ဆီးတတ်သော၊ မုန်းတီးဖွယ်ဖြစ်သော လုပ်ဆောင်ချက်များတွင် ပါဝင်လုပ်ဆောင်ကြပြီး ဘာသာတရားမရှိသူတို့၏ နည်းဗျူဟာများ၊ နည်းလမ်းများဖြင့်သာ လုံးလုံး ပြောဆိုကြသည်၊ သို့မဟုတ် ပြုမူကြသည်။ တစ်ဦးစီတိုင်းသည် လျှာအရိုးမရှိ ပြောတတ်သည်၊ စကားပြောဆိုရာတွင် ပေါ့ပျက်ပျက်နိုင်သည်၊ လူမိုက်အကျင့်စရိုက်များနှင့် ပြည့်နှက်နေသည်၊ မသိမသာ ဒုက္ခပေးတတ်ပြီး ကောက်ကျစ်ဆိုးယုတ်ကာ သမ္မာတရားကို လက်ခံရန် ငြင်းပယ်ကြသည်။ အပြင်ပန်းတွင်မူ ၎င်းတို့သည် မိမိတို့ကိုယ်ကို ယဉ်ကျေးသူ၊ သိမ်မွေ့သူ၊ ဖော်ရွေသူ၊ စည်းကမ်းရှိသူများ၊ ကောင်းမွန်စွာ ပြုမူတတ်သူအဖြစ်လည်းကောင်း၊ အစွမ်းအစ၊ ကိုယ်ကျင့်တရားတို့နှင့် ပြည့်စုံသူများအဖြစ်လည်းကောင်း ဟန်ဆောင်ကြသည်။ သို့ရာတွင် ၎င်းတို့တစ်ဦးစီတိုင်းသည် စင်စစ်အားဖြင့် မသိမသာ ဒုက္ခပေးတတ်သည်၊ စဉ်းလဲကာ ယုတ်ညံ့ပြီး ကောက်ကျစ်ဆိုးယုတ်သော စရိုက် ရှိကြသည်။ ၎င်းတို့သည် အတူတကွ လျှို့ဝှက်ပူးပေါင်းကြံစည်ကြပြီး အဆက်အသွယ်များ ထူထောင်ကာ သြဇာလွှမ်းမိုးမှု ပြိုင်ဆိုင်၍ အသုံးအစွဲကြီးခြင်းကို အာရုံစိုက်ပြီး လူ့အဖွဲ့အစည်းအတွင်း လူမှုအသိုင်းအဝိုင်းဆိုင်ရာနှင့် ဝန်ထမ်းရေးရာ ဆက်ဆံရေးများကို အလေးပေးကြသည်။ လူ့အဖွဲ့အစည်းအတွင်း မည်သူက ပို၍ကြီးမားသော သြဇာလွှမ်းမိုးမှုရှိသည်၊ ပို၍မြင့်မားသော အဆင့်အတန်းရှိပြီး ပို၍ ဂုဏ်သိက္ခာရှိသည်၊ ထို့အပြင် မည်သူက ဗျူဟာပိုင်းတွင် အတော်ဆုံးဖြစ်သည်ကို ၎င်းတို့ အာရုံစိုက်ကြသည်။ သူတို့၏ စကားနှင့် အပြုအမူတို့မှနေ၍ သင်တို့အနေဖြင့် စစ်မှန်သော ယုံကြည်လက်ခံခြင်း တစ်ခုတလေကိုမျှ ပိုင်းခြားသိမြင်နိုင်မည် မဟုတ်ပေ။ သူတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအတွက် အသေးငယ်ဆုံးသော နေရာတစ်ခု ရှိသည်ကိုပင် သင်တို့ သာ၍ မြင်နိုင်ဖွယ်မရှိချေ။ သူတို့၏ ယုံကြည်လက်ခံခြင်းသည် ကစားပွဲတစ်ခုနှင့် လိမ်လည်လှည့်ဖြားမှုတစ်ခုမျှသာ ဖြစ်သည်။ ဤကောက်ကျစ်ဆိုးယုတ်သော စရိုက်ရှိသူများသည် အသင်းတော်ကို လူမှုရေးအုပ်စုတစ်ခုအဖြစ်သို့၊ ကောက်ကျစ်ဆိုးယုတ်သော စရိုက်ရှိသူတို့ အတူတကွ လျှို့ဝှက်ပူးပေါင်းကြံစည်ရန် ပိုင်နက်တစ်ခုအဖြစ်သို့ ပြောင်းလဲခဲ့ကြပြီး တစ်ချိန်လုံး စကားကြီးစကားကျယ်များကို အဆက်မပြတ် ပြောဆိုကြကာ ဤသို့ ဆိုကြသည်၊ “ကျွန်ုပ်တို့သည် ဘုရားကို ယုံကြည်သည်၊ ဘုရားအိမ်တော်၌ ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်သည်၊ ဘုရားနောက်သို့ ဤသို့ လိုက်လျှောက်သည်၊ ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများ၏ ကောင်းကျိုးချမ်းသာအတွက် ထိုသို့သောနည်းလမ်းဖြင့် ထောက်ပံ့ဖြည့်ဆည်းသည်၊ သူတို့ကို ဤသို့ ကူညီပြီး ပံ့ပိုးပေးသည်၊ ပြီးလျှင် ဤသို့သောနည်းလမ်း၊ ထိုသို့သောနည်းလမ်းဖြင့် အချင်းချင်း ချစ်ကြသည်” ဟူ၍ ဖြစ်သည်။ လူတို့ကို အထင်အမြင်မှားစေပြီး အမိဖမ်းသော ကောက်ကျစ်ဆိုးယုတ်သည့် နည်းလမ်းများမှတစ်ဆင့် အမျိုးမျိုးသော ယုတ်ညံ့သည့် နည်းလမ်းများနှင့်အတူ၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို အန္တရာယ်ပြုကြသည့်တိုင် ၎င်းတို့က မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေသည်၊ ညီအစ်ကိုမောင်နှမများကို ကူညီနေသည်၊ ဘုရားသခင်ကို ဘုန်းတော်ထင်ရှားစေပြီး ကိုယ်တော့်အတွက် သက်သေခံနေသည်ဟု ယုံကြည်နေကြသည်။ ဤလုပ်ဆောင်ချက်များနှင့် အပြုအမူများ၏ နောက်ကွယ်၌ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားနေသော အန္တိခရစ်တို့၏ အနှစ်သာရ တည်ရှိနေသည်ကို သူတို့ နားလည်သဘောပေါက်ခြင်း အနည်းငယ်မျှ မရှိပေ။ အန္တိခရစ်တို့သည် ဘုရားသခင်နောက် လိုက်သောသူတို့ကို မိမိတို့၏ အာဏာအောက်၌ အမိဖမ်းကြပြီး အသင်းတော်ကို မိမိတို့၏ ကိုယ်ပိုင် ပိုင်နက်အဖြစ်သို့၊ လူမှုရေးအုပ်စုတစ်ခုအဖြစ်သို့၊ စာတန်၏ အာဏာအောက်ရှိ လူတို့၏ အဖွဲ့အစည်းတစ်ခုအဖြစ်သို့ ပြောင်းလဲကြသည်။ ထိုသို့သော အဖွဲ့အစည်းသည် အသင်းတော်တစ်ခုအဖြစ် ဆက်လက် မှတ်ယူ၍ ရနိုင်ဦးမည်လော။ မရနိုင်သည်မှာ သိသာထင်ရှားသည်။ အန္တိခရစ်တို့၏ အပြုအမူသည် လုံးဝကို အော်ဂလီဆန်စေသည် မဟုတ်လော။ သင်တို့ ဤကဲ့သို့သော အန္တိခရစ်တစ်ဦး၏ ဂိုဏ်းကို တစ်ခါမျှ မြင်ဖူးသလော။ သူတို့အလယ်၌ သင် ရှိနေသည့်အခါ သင် မည်သို့ ခံစားရသနည်း။ အပြင်ပန်းတွင်မူ သူတို့သည် ရည်မွန်ပြီး ဖော်ရွေပုံရသည်၊ သို့သော် သူတို့အား သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် မိတ်သဟာယဖွဲ့သည့်အခါ သူတို့ ပြသသော သဘောထားမှာ သူတို့၏ အပြင်ပန်း ရည်မွန်ခြင်း၊ ဖော်ရွေခြင်းတို့နှင့် ဆန့်ကျင်လျက် အထူးသဖြင့် ရွံရှာစက်ဆုပ်ခြင်းနှင့် စိတ်ဝင်စားမှု ကင်းမဲ့ခြင်း ဖြစ်သည်။ သူတို့အား သမ္မာတရားကို သင် မိတ်သဟာယဖွဲ့သည့်အခါ သူတို့က သင့်ကို အပြင်လူတစ်ဦးကဲ့သို့ ခံစားရပြီး အသင်းတော်၏ အလုပ်ကို သင် မိတ်သဟာယဖွဲ့သည့်အခါ သူတို့ သာ၍ပင် ထိုသို့ ခံစားရသည်။ သင်တို့ တာဝန်တစ်ခုကို ထမ်းဆောင်ရာ၌ လက်တွေ့လုပ်ဆောင်သင့်သော သမ္မာတရား စည်းမျဉ်းများနှင့်ပတ်သက်၍ ဆက်လက် မိတ်သဟာယဖွဲ့သည့်အခါ သူတို့သည် မချင့်မရဲဖြစ်ကာ စိတ်မဝင်စားကြတော့ပေ၊ ထိုအချိန်မှာပင် သူတို့၏ နတ်ဆိုးဆန်သော ပုံသဏ္ဌာန်ကို ထုတ်ဖော်ပြကြသည်၊ သူတို့ ခေါင်းကုတ်ကြသည်၊ သမ်းဝေကြသည်၊ သူတို့၏ မျက်လုံးများ မျက်ရည်ဝဲလာကြသည်။ ဤသည်မှာ ပုံမှန်မဟုတ်သည် မဟုတ်လော။ သမ္မာတရားကို သင်မိတ်သဟာယ ပြုသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မကောင်းဆိုးဝါး ပုံသဏ္ဌာန်သည် အဘယ့်ကြောင့် ပေါ်ထွက်လာသနည်း။ ၎င်းတို့တစ်ဦးချင်းစီ၌ ၎င်းတို့၏ စိတ်နှလုံးများတွင် မေတ္တာများများစားစား မရှိသလော။ သမ္မာတရားအကြောင်းကို သင်စတင်မိတ်သဟာယပြုသည့်အခါ ၎င်းတို့က အဘယ်သို့များ စိတ်ပါဝင်စားခြင်း မရှိတော့သနည်း။ ထိုနည်းအားဖြင့် ၎င်းတို့သည် ထုတ်ဖော်ခြင်း မခံရသလော။ အပြင်ပန်း လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ခြင်းအပေါ် ၎င်းတို့၌ ကြီးစွာသော စိတ်ထက်သန်မှုနှင့် သစ္စာစောင့်သိမှုတို့ မရှိသလော။ ၎င်းတို့သည် သစ္စာစောင့်သိပါက ၎င်းတို့သည် စစ်မှန်မှုကို မပိုင်ဆိုင်သလော။ ၎င်းတို့၌ စစ်မှန်မှုရှိပါက သမ္မာတရားကို လူတို့မိတ်သဟာယပြုသည်ကို ကြားသည့်အခါ ၎င်းတို့ပျော်သင့်သည်၊ ယင်းကို ၎င်းတို့ တမ်းတသင့်သည်။ ၎င်းတို့၏ အခြေအနေသည် ဆိုးယုတ်သော ဝိညာဉ်များ၏ ဝင်ပူးခြင်းပင် ဖြစ်ပေါ်ကာ အဘယ်ကြောင့် အစဉ်သဖြင့် ပုံမှန်မဟုတ်သနည်း။ ၎င်းတို့၏ ပုံမှန် သဟဇာတရှိသော ဆက်ဆံမှုများ၊ ၎င်းတို့၏ ယဉ်ကျေးခြင်းနှင့် ဖော်ရွေမှုတို့သည် လုံးဝ အတုအယောင်ဖြစ်ကြောင်း ယင်းက ပြသသည်။ ၎င်းတို့ကို လုံးလုံးလျားလျား ထုတ်ဖော်သည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များနှင့် သူဖော်ပြသည့် သမ္မာတရားများဖြစ်၏။ ထို့နောက် သူတို့၏ဒေါသသည် ပြည့်လျှံလာကာ သူတို့၏အခြေအနေသည် ခါတိုင်းနှင့် အတော်ကို မတူဘဲဖြစ်ကာ သူတို့သည် မကောင်းမှုပြုရန်နှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေရန် စတင်ကြသည်။ ထို့နောက် ဘုရားသခင်က သူတို့ကို စာတန်ထံသို့ ပေးအပ်ပြီး သူတို့နှင့်ပတ်သက်၍ စိတ်မဝင်စားတော့ပေ။ သူတို့၏ မရေမတွက်နိုင်သော ဆိုးယုတ်သောအပြုအမူများတွင် သူတို့၏ စရိုက်မှန်ကို ပြသခဲ့ပြီးဖြစ်သည်။

အန္တိခရစ်တို့က အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်းသည် အမှန်တကယ်ပင် လက်တွေ့အရှိတရားတစ်ခု ဖြစ်သည်။ ပို၍နူးညံ့သိမ်မွေ့သော ဖြစ်ရပ်များတွင် လူတစ်ဦးက လူအချို့ကို ကြိုးကိုင်ညွှန်ကြားပြီး ပြင်းထန်သော ဖြစ်ရပ်များတွင် ဂိုဏ်းတစ်ဂိုဏ်းက အရေအတွက်တစ်ခုမျှ ရှိသော လူများအပြင် အခြားကိစ္စရပ်တိုင်းကိုပါ ကြိုးကိုင်ညွှန်ကြားသည်။ လူတစ်ဦးက ကြိုးကိုင်ညွှန်ကြားနိုင်သည့် အမှုအရာများနှင့် အခြေအနေများ အရေအတွက်သည် အကန့်အသတ်ရှိသည်။ ထို့ကြောင့် မိမိတို့၏ အင်အားစုများကို ချဲ့ထွင်ရန်နှင့် မိမိတို့၏ အဆင့်အတန်းကို လုံခြုံစေရန်အလို့ငှာ အန္တိခရစ်တို့သည် လူတစ်သိုက်ကို လေ့ကျင့်ပေးရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့ကို ကူညီရန်၊ မိမိတို့၏ အဆင့်အတန်းနှင့် အာဏာကို လုံခြုံစေရန်နှင့် အခြေအနေများကို ကြိုးကိုင်ညွှန်ကြားရာတွင် မိမိတို့ကို ကူညီရန်အလို့ငှာ လူတစ်စုကို ဆွဲဆောင်ပြီး ထိန်းချုပ်ရန် လိုအပ်သည်။ အန္တိခရစ်တို့သည် မိမိတို့၏ ဂိုဏ်းကို တည်ထောင်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ သြဇာလွှမ်းမိုးမှု နယ်ပယ်သည် ပို၍ ကြီးမားကျယ်ပြန့်လာပြီး အမှုအရာများကို ပိုမို ကြိုးကိုင်ညွှန်ကြားခွင့်ရကာ ၎င်းတို့၏ ပါဝင်ပတ်သက်မှုလည်း ကျယ်ပြန့်လာသည်။ အကျိုးဆက်အနေဖြင့် ထိခိုက်နစ်နာသူအရေအတွက် တိုးပွားလာသည်။ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားနိုင်စွမ်းရှိသည့် အန္တိခရစ်တစ်ဦး၏ ဂိုဏ်းကို သင်တို့ ကြုံတွေ့ရပါက မည်သည့်အရာကို သင်တို့ လုပ်ဆောင်သင့်သနည်း။ ထိုသို့သော ဂိုဏ်းတစ်ခုကို သင်တို့ မြင်ဖူးသလော။ ဤအုပ်စု၏ အဓိက အဖွဲ့ဝင်များသည် ပုံမှန်အားဖြင့် လူလေးဦး သို့မဟုတ် ငါးဦး သို့မဟုတ် ဆယ်ဦးထက်ပို၍ ပါဝင်သည်။ တစ်ဦးစီတိုင်းသည် အမျိုးမျိုးသော လုပ်ငန်းဆောင်တာများအတွက် တာဝန်ရှိကြသည်။ ဥပမာအားဖြင့် ဝန်ထမ်းအပြောင်းအလဲများတွင် အထူးကျွမ်းကျင်သူများ၊ ဘဏ္ဍာရေးကိုင်တွယ်သူများ၊ အထက်နှင့်ဆက်ဆံသူများ၊ ပြီးလျှင် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ အန္တိခရစ်အတွက် အမှုအရာများကို ချက်ချင်းဖုံးကွယ်ပေးသူများ ရှိကြသည့်အပြင် နောက်ကွယ်မှ အကြံဉာဏ်ပေးသူများ၊ လူတို့ကို အန္တရာယ်ပြုရန် မကောင်းသည့်အရာများ ကြံစည်သူများ၊ ကောလာဟလများ ဖြန့်ဝေရာတွင် အထူးကျွမ်းကျင်သူများ၊ ရန်တိုက်ပေးသူများ၊ မကောင်းမှုပြုသူများကို မကောင်းမှုပြုရန် ကူညီသူများ၊ သတင်းအချက်အလက် စုဆောင်းသူများ၊ ပြီးလျှင် အကျိုးအမြတ်များကို ကြိုးစားရယူကာ ၎င်းတို့အား ဆေးကုသမှုပေးသူများပင် ရှိကြသည်။ အတိုချုပ်ဆိုရသော် ဤအုပ်စုတွင် အခန်းကဏ္ဍမျိုးစုံကို ပါဝင်ဆောင်ရွက်ရန် တစ်စုံတစ်ယောက် ရှိသည်။ အန္တိခရစ်တို့သည် သြဇာလွှမ်းမိုးမှုမရှိသော၊ မာယာကင်းပြီး ရိုးသားသော၊ လူ့အဖွဲ့အစည်းအတွင်း အမှုကိစ္စများကို ကိုင်တွယ်နိုင်စွမ်းမရှိသော လူပုဂ္ဂိုလ်များကို လျစ်လျူရှုကြသည်။ ထိုအစား အဆင့်အတန်း၊ ဂုဏ်သတင်း၊ သြဇာလွှမ်းမိုးမှုနှင့် အရာရှိတစ်ဦးအဖြစ်ဖြစ်စေ၊ လူ့အဖွဲ့အစည်းတွင် စီးပွားရေးကြီးကြီးမားမား လုပ်ဆောင်ရာ၌ဖြစ်စေ အတွေ့အကြုံရှိသည့် ယုံကြည်သူများ၊ လောကတွင် တွေ့ဖူးကြုံဖူးသူများ၊ အမှုအရာများကို ဖြစ်မြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်း ရှိသူများနှင့် ၎င်းတို့အတွက် ကောင်းမွန်သည့်အရာများကို ရယူပေးနိုင်သူများကို အထူးသဖြင့် ပစ်မှတ်ထားကြသည်။ သာဓကအနေဖြင့် ကားတစ်စီးက ယွမ် ၄၀၀၀၀၀ တန်လျှင် ဈေးကွက်ကို ကစားနိုင်သည့် အရည်အချင်းရှိသူတစ်ဦးသည် အန္တိခရစ်အတွက် ကားသစ်နှင့်ညီမျှသော တစ်ပတ်ရစ်ကားတစ်စီးကို ဈေးတစ်ဝက်ဖြင့် ရယူပေးနိုင်သည်။ အကယ်၍ အန္တိခရစ်သည် ထိုသို့သော လူပုဂ္ဂိုလ်တစ်ဦးနှင့် နီးစပ်သွားပါက သူ့ကို ခေါ်ဆောင်မည်လော။ (ဟုတ်ကဲ့။) အန္တိခရစ်တို့သည် ဤကဲ့သို့သော လူများကို ဆွဲဆောင်ခေါ်ယူကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားအိမ်တော်၊ ဘုရားသခင်၏ အမှုတော်နေရာကို လူမှုရေးအုပ်စုတစ်ခုအဖြစ်သို့ ပြောင်းလဲရန် ရည်ရွယ်ကြပြီး ဘုရားသခင်၏အမှုတော်နှင့် သမ္မာတရားတို့သည် လူတို့ကြားတွင် အကောင်အထည်ဖော်၍ မရနိုင်အောင် ပြုလုပ်ကြသည်၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပန်းတိုင်များကို အောင်မြင်ဖြစ်မြောက်လိုကြသည်။ သာမန်ယုံကြည်သူတစ်ဦးသည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ပြီး သူမ၏ မိသားစုနှင့် အသက်မွေးဝမ်းကျောင်းအလုပ်ကို စွန့်လွှတ်နိုင်ကာ မာယာကင်းပြီး ရိုးသားသည့်အပြင် အမှုအရာများကို ကိုင်တွယ်နိုင်စွမ်းမရှိလျှင် အန္တိခရစ်က သူမကို အလိုရှိမည်လော။ (အလိုရှိမည်မဟုတ်ပါ။) အကယ်၍ သူမ၏ ခင်ပွန်းနှင့် သား နှစ်ဦးလုံးတို့သည် စီးပွားရေးလုပ်ငန်းတွင် ငွေရှာနိုင်ကြလျှင်၊ လူ့အဖွဲ့အစည်းတွင် သြဇာလွှမ်းမိုးမှု ရှိကြပြီး မည်သူကမျှ သူတို့ကို အနိုင်မကျင့်ဝံ့လျှင် ဤကဲ့သို့သော သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးသည် အန္တိခရစ်အတွက် တန်ဖိုးတစ်ခုခု ရှိသလော။ အန္တိခရစ်၏ အမြင်တွင် သူမ၌ ပင်ကိုတန်ဖိုး ကင်းမဲ့ကောင်း ကင်းမဲ့နိုင်သော်လည်း သူမ၏ မိသားစုအရမူ သူမသည် အလွန်တန်ဖိုးရှိသည်။ သူမ၌ ငွေကြေးမရှားပါး၊ သူမ၏အိမ်သည် ညီအစ်ကိုမောင်နှမများကို လက်ခံဧည့်ခံနိုင်ပြီး တစ်စုံတစ်ခု ဖြစ်ပေါ်လာလျှင် ထိုကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် သူမ၏ မိသားစုကို အကူအညီ တောင်းခံနိုင်သည်။ ထိုသို့သော ပုဂ္ဂိုလ်သည် အန္တိခရစ်အတွက် တန်ဖိုးရှိသည်။ အန္တိခရစ်သည် ထိုသို့သောလူကို မိမိတို့ဘက်တွင် ရပ်တည်စေရန်နှင့် မိမိတို့၏ အသုံးချခံဖြစ်စေရန်အလို့ငှာ ဆွဲဆောင်ပြီး အထင်အမြင်မှားစေဖို့ ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သည်။ အန္တိခရစ်သည် မိမိတို့အတွက် အသုံးဝင်သော လူတို့ကို တိကျစွာ အကဲဖြတ်သည်။ ၎င်းတို့သည် စစ်မှန်သော ယုံကြည်ခြင်းရှိသူများ၊ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သူများ သို့မဟုတ် ကောင်းမွန်သော စရိုက်လက္ခဏာရှိပြီး တာဝန်ထမ်းဆောင်ရာတွင် သစ္စာစောင့်သိသူများ၊ ထိန်းကျောင်းခြင်းနှင့် ရေလောင်းခြင်းခံရပြီးနောက် တိုးတက်နိုင်ကာ စစ်မှန်စွာ အဖိုးအခပေးနိုင်သူများကို ဂရုမစိုက် သို့မဟုတ် တန်ဖိုးမထားကြပေ။ သင်သည် သာ၍ ဖြောင့်မတ်နိုင်လေ၊ ပြီးလျှင် အသိစိတ်နှင့် ဆင်ခြင်တုံတရား သာ၍ ရှိနိုင်လေ၊ သင့်ကို ၎င်းတို့ သာ၍ ရွံမုန်းလေ ဖြစ်သည်။ သင်သည် အမှန်အတိုင်းနှင့် ပွင့်လင်းစွာ ပြောဆိုဆက်ဆံလျှင် ၎င်းတို့က သင့်ကို ရွံမုန်းကာ စက်ဆုပ်ကြသည်။ သင့်ကို ၎င်းတို့ မြင်သည့်အခါ သင်နှင့် ခပ်ဝေးဝေးတွင်နေကြသည်။ သင်သည် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံလျှင် သင်သည် ၎င်းတို့အတွက် တန်ဖိုးမရှိပါက ၎င်းတို့သည် အပေါ်ယံ နှုတ်ခွန်းဆက်သကြသော်လည်း စိတ်ရင်းမှန်ဖြင့် စကားမပြောကြပေ။ ၎င်းတို့သည် မိမိတို့အတွက် တန်ဖိုးရှိသော၊ မိမိတို့၏ အာဏာနှင့် အဆင့်အတန်းအတွက် အကျိုးရှိသော လူတို့ကိုသာ ပို၍နှစ်သက်ကြသည်။ တစ်စုံတစ်ဦးကို ၎င်းတို့ အသုံးပြုနိုင်လျှင်၊ ထိုသူက ၎င်းတို့ကို အမှုအရာများ ဆောင်ရွက်ရာတွင် ကူညီနိုင်လျှင်၊ အမှန်တရားများကို ဖုံးကွယ်ပေးနိုင်လျှင်၊ ၎င်းတို့အတွက် သင့်တော်သော ဆင်ခြေများကို ရှာဖွေရင်း မကောင်းမှုများ လုပ်ဆောင်ပေးနိုင်လျှင်၊ ပြီးလျှင် မည်သူမျှ သတိမပြုမိဘဲ၊ မည်သူမျှ ဖော်ထုတ်နိုင်ခြင်း သို့မဟုတ် ထွင်းဖောက်သိမြင်နိုင်ခြင်း မရှိဘဲ ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေနိုင်လျှင် ထိုသူသည် ၎င်းတို့၏ အမြတ်ထုတ်ခြင်းနှင့် စုဆောင်းခြင်းခံရမည့်သူ ဖြစ်လာသည်။ တစ်စုံတစ်ဦးသည် မည်သူနှင့် စကားပြောသည်ဖြစ်စေ အမြဲတမ်း မြှောက်ပင့်သော စကားများပြောဆိုကာ အာဏာရှိသူများကို ချီးမွမ်းထောမနာပြုပြီး အဆင့်အတန်းရှိသူ မည်သူ့ကိုမဆို လိုက်လျှောက်ကာ မည်သူ့အပေါ်၌မဆို ပိုင်းခြားသိမြင်မှု မပြလျှင် အန္တိခရစ်က ထိုသူကို အသုံးပြုသလော။ ထိုသို့သော လူသည် အန္တိခရစ်အတွက် တန်ဖိုးရှိသော်လည်း ၎င်းတို့က ထိုသူကို သတိဖြင့်လည်း ဆက်ဆံကြသည်။ ၎င်းတို့ကို မြှောက်ပင့်သောသူတို့ကို အပြည့်အဝ မယုံကြည်ကြသကဲ့သို့ အချို့သော အမှုအရာများကိုလည်း သိခွင့်ပေးမည် မဟုတ်ပေ။ အစည်းအဝေးများကို အဆင့်အတန်းအလိုက် အဆင့်ခွဲခြားထားလျှင် ၎င်းတို့သည် ထိုသို့သော လူပုဂ္ဂိုလ်များကို ပို၍ အရေးကြီးသော စုဝေးပွဲများမှ ဖယ်ထုတ်ထားသည်။ နိမ့်ကျသော အရေးပါမှုရှိသည့် စုဝေးပွဲများ သို့မဟုတ် သာမန် စုဝေးပွဲများမှာ ထိုသို့သော စိတ်တွေဝေသူများ ပါဝင်နိုင်သည့် နေရာများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ အခြားခေါင်းဆောင်တစ်ဦး ပေါ်ထွက်လာလျှင် ဤစိတ်တွေဝေသူများသည် ၎င်းတို့ကို အချိန်မရွေး သစ္စာဖောက်ကောင်း ဖောက်နိုင်ကာ ဖော်ထုတ်ကောင်း ဖော်ထုတ်နိုင်သောကြောင့် ဖြစ်သည်။ အန္တိခရစ်သည် ထိုသို့သော လူများနှင့် ဆက်ဆံရာတွင် စဉ်းလဲပြီး အခြေအနေအပေါ်မူတည်၍ ၎င်းတို့ကို အသုံးချသည်။ ထို့ကြောင့် အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်းနှင့် ပတ်သက်လာလျှင် အန္တိခရစ်သည် အလွန်သတိထားသည်။ ၎င်းတို့သည် ထိုသို့သော ကိစ္စရပ်များကို စနစ်တကျရှိပြီး ချင့်ချိန်တွက်ဆသည့် နည်းလမ်းဖြင့် ကိုင်တွယ်ကာ မည်သို့ပြုမူဆောင်ရွက်ရမည်နှင့် မည်သည့်လူတို့ကို မိမိတို့အကျိုးအတွက် အသုံးချရမည်ကို သေချာစွာ စဉ်းစားသည်။ ၎င်းတို့၏ စိတ်ထဲတွင် ရင်းနှီးသော ဘက်တော်သားများနှင့် သာမန်နောက်လိုက်များကို ခွဲခြားထားသည်။

အန္တိခရစ်သည် အထက်အဆင့်ခေါင်းဆောင်တစ်ဦးဦး သို့မဟုတ် ၎င်းတို့နှင့် အသိအကျွမ်းမရှိသူတစ်ဦးဦးကဲ့သို့သော သူစိမ်းတစ်ဦးနှင့် ထိတွေ့ဆက်ဆံသည့်အခါ ထိုသူ၏အကျင့်စရိုက်၊ ထိုသူတွင် အချို့သော လိုက်စားမှုများ သို့မဟုတ် ဝါသနာများ ရှိမရှိ၊ ထိုသူတွင် စစ်မှန်သောယုံကြည်ခြင်း ရှိမရှိ၊ ဘုရားသခင်ကို ယုံကြည်သည့်သက်တမ်း၊ သမ္မာတရားလက်တွေ့ကျမှု သို့မဟုတ် မိမိတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိမရှိနှင့် အသက်ဝင်ရောက်မှုအတွက် ဝန်တာတစ်ခုကို ထမ်းဆောင်ခြင်း ရှိမရှိတို့ကို ဦးစွာ စုံစမ်းသည်။ ၎င်းတို့သည် သွင်ပြင်လက္ခဏာတိုင်းကို အကဲဖြတ်ကာ စောင့်ကြည့်လေ့လာပြီးနောက် ထိုသူတို့ထံမှ စကားကို အစ်အောက်မေးမြန်းရန်နှင့် ထိုသူတို့ကို စမ်းသပ်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုသည်။ လူတစ်ဦးသည် နားဝေတိမ်တောင်ဖြစ်သည်ကို တွေ့ရှိလျှင် ၎င်းတို့သည် မိမိတို့၏ သတိထားမှုကို လျှော့ချပြီး ထိုသူကို လျစ်လျူရှုလိုက်သည်။ သို့ရာတွင် လူတစ်ဦးသည် လိမ္မာပါးနပ်ပြီး နားလည်ရခက်ပုံပေါ်လျှင် ၎င်းတို့သည် သတိထားရမည်ဟု ခံစားရသည်။ အန္တိခရစ်၏ အခြေအနေများကို ထိန်းချုပ်ခြင်းဆိုသည်မှာ လူအမျိုးအစားအားလုံးကို ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ထားရှိခြင်း အပါအဝင် အရာရာတိုင်းကို ထိန်းချုပ်ကာ အရာရာတိုင်းတွင် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိလိုခြင်း ဖြစ်သည်။ ဘုရားအိမ်တော်၏ စည်းမျဉ်းများသည် အသုံးမဝင်သော စက္ကူတစ်ရွက်ကဲ့သို့ ၎င်းတို့အတွက် အဓိပ္ပာယ်မဲ့သွားပြီး ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် စိတ်သဘောထားတို့သည် လေထုဖြစ်သည့်အလား လုံးဝတည်ရှိခြင်း မရှိတော့ချေ။ ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများသည် လူတို့ကို ထိန်းချုပ်ခြင်းနှင့် လူတို့ကို ၎င်းတို့စကား နားထောင်စေခြင်းထက် ကျော်လွန်သည်။ ၎င်းတို့သည် မိမိတို့၏ သြဇာလွှမ်းမိုးမှုနယ်ပယ်အတွင်း၌ဖြစ်စေ၊ အပြင်၌ပင်ဖြစ်စေ မိမိတို့မျက်စိအောက်တွင် ဖြစ်ပျက်သည့် ကိစ္စရပ်များအပြင် လူတိုင်းကြုံတွေ့ရသည့် အဖြစ်အပျက်တိုင်းကို ထိန်းချုပ်သည်အထိပင် ဖြစ်သည်။ ဤထိန်းချုပ်မှု၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ မိမိတို့၏ အာဏာနှင့် အဆင့်အတန်းအပြင် မိမိတို့၏ ဂုဏ်သတင်းကိုပါ လုံခြုံစေရန် ဖြစ်သည်။ စကားတစ်ခွန်းက အန္တိခရစ်၏ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်းကို အနှစ်ချုပ်ဖော်ပြသည်၊ ယင်းမှာ အရာအားလုံးသည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်သည် မည်သည့်ကိစ္စကိုမဆို ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လျစ်လျူမရှုဝံ့ပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ လျစ်လျူမရှုဝံ့ဘဲ မိမိတို့၏ အဆင့်အတန်း သို့မဟုတ် မိမိတို့၏ သြဇာလွှမ်းမိုးမှု နယ်ပယ်နှင့်သက်ဆိုင်သည့် မည်သည့်အရာကိုမဆို ပါဝင်ပတ်သက်ကာ ဝင်ရောက်စွက်ဖက်လိုကြပြီး မည်သည့်အကျိုးကျေးဇူးကိုမျှ လက်လွတ်မခံကြပေ။ ၎င်းတို့သည် အသင်းတော်အတွင်းရှိ ကိစ္စရပ်များစွာတွင် တက်ကြွစွာ ပါဝင်လိုပြီး အမှုအရာများ မည်သို့တိုးတက်နေသည်ဟူသည့် အခြေအနေကို ဆုပ်ကိုင်ထားလိုကြသည်။ ဥပမာအားဖြင့် အချို့လူများက ၎င်းတို့ကို အမှန်တကယ် နားမထောင်လျှင် သို့မဟုတ် ၎င်းတို့အပေါ် ကျိုးနွံနာခံမှုမရှိဘဲ ၎င်းတို့အပေါ် အစဉ်သဖြင့် ထင်မြင်ချက်များရှိနေလျှင် ထိုသူတို့ကို ညှဉ်းပန်းရန် နည်းလမ်းများရှာကြသည်။ သို့သော် ၎င်းတို့ကို ပြုပြင်ရန် မည်သည့်ဆင်ခြေမျှ ရှာမတွေ့လျှင် မည်သို့ပြုလုပ်ကြသနည်း။ ၎င်းတို့သည် ဘုရားအိမ်တော်မှ ပေးပို့လိုက်သော စာအုပ်များနှင့် တရားဒေသနာ မှတ်တမ်းများကို ထိန်းချုပ်ရန် နည်းလမ်းတစ်ခု ရှာကြသည်။ မည်သူက ၎င်းတို့ကို နာခံသည်ဆိုသည့်အပေါ်မူတည်၍ ဤပစ္စည်းများကို မည်သူက ချက်ချင်းလက်ခံရရှိမည်ကို ၎င်းတို့ ဆုံးဖြတ်ကြသည်။ အကယ်၍ သင်သည် ၎င်းတို့ကို နားမထောင်လျှင် သို့မဟုတ် ထိုအချိန်အတောအတွင်း မနှစ်မြို့ဖွယ်ရာ အပြုအမူကို ပြသလျှင် အရင်းအမြစ်များ နည်းပါးသည်ဟု အကြောင်းပြကာ သင့်ထံသို့ ပေးပို့တော့မည်မဟုတ်ပေ။ အန္တိခရစ်သည် သင်၏အပြုအမူကို စောင့်ကြည့်နေသည်။ အကယ်၍ သင်သည် ထိုအကြောင်းကို ရှင်းလင်းစွာ စဉ်းစားပြီး ထွင်းဖောက်သိမြင်ကာ အန္တိခရစ်၏ စိတ်သဘောကို သဘောပေါက်လျှင်၊ သင်၏အမှားများကို သင်ဆန္ဒအလျောက် ဝန်ခံပြီး အန္တိခရစ်နှင့် နီးစပ်အောင်နေလျှင် ၎င်းတို့က “ဤတစ်ကြိမ်တွင် ဘုရားအိမ်တော်က လူတိုင်းအတွက် လုံလောက်သော အရင်းအမြစ်များကို ပေးပို့လိုက်ပြီး သင်လည်း ပါဝင်သည်” ဟု ပြောရန် ဆင်ခြေတစ်ခုကို ရှာတွေ့လိမ့်မည်။ သို့ရာတွင် အချိန်အတန်ကြာပြီးနောက် သင်သည် တစ်ဖန် ခပ်ခွာခွာနေသည်ကို ၎င်းတို့တွေ့ရှိလျှင် သင့်ကို ဆက်၍ ညှဉ်းပန်းနေဦးမည်သာဖြစ်သည်။ အရင်းအမြစ်အသစ်များ ရောက်ရှိလာသည့်အခါ သင့်ကို အကြောင်းကြားခြင်းပင် ပြုတော့မည်မဟုတ်၊ သင့်ကို မည်သည့်အရာမျှ ပေးတော့မည်မဟုတ်ဘဲ သင်မူလက ပိုင်ဆိုင်ခဲ့သည့်အရာကို သိမ်းယူရန် ဆင်ခြေတစ်ခုကိုပင် ရှာကောင်းရှာပေမည်။ အထူးသဖြင့် အန္တိခရစ်သည် တစ်စုံတစ်ဦးက မိမိတို့၏ မကောင်းမှုများကို နောက်ကွယ်တွင် သိရှိကောင်း သိရှိနိုင်ပြီး မိမိတို့ကို တိုင်ကြားနိုင်သည်ကို သိရှိသွားသည့်အခါ ပထမဦးစွာ သိမ်မွေ့သောနည်းလမ်းကို အသုံးပြုလျက် အလျင်ဦးအောင် မိမိတို့၏အမှားများကို ဝန်ခံပြီး မိမိကိုယ်ကိုသိသောအသိကို မျှဝေကာ လက်ဦးမှုယူ၍ ဆောင်ရွက်ကြသည်။ သိမ်မွေ့သောနည်းလမ်းသည် အလုပ်မဖြစ်သည်ကို အန္တိခရစ် မြင်သည်နှင့်တစ်ပြိုင်နက် ဤသူသည် မိမိတို့ကို တိုင်ကြားကောင်း တိုင်ကြားနိုင်ဆဲဖြစ်သည်ဟု တွေးလျက် မိမိတို့စိတ်ထဲတွင် အနည်းငယ် မလုံမခြုံဖြစ်လာကာ ဤပုဂ္ဂိုလ်ကို ဝိုင်းဝန်းတိုက်ခိုက်ရန်နှင့် အတင်းအကျပ် ခြိမ်းခြောက်ရန် လူအများအပြားကို စုစည်းဖို့ အစွမ်းကုန်ကြိုးစားကြလိမ့်မည်။ ထိုသူသည် အလျှော့ပေးလိုက်လျောပြီး မိမိတို့ကို တိုင်ကြားမည်မဟုတ်ကြောင်း သူ၏ရပ်တည်ချက်ကို လူသိရှင်ကြား ကြေညာသည်အထိ ဤသို့ဆက်လက်လုပ်ဆောင်ပြီး ထိုအခါမှသာ အန္တိခရစ်သည် မိမိ၏လုပ်ဆောင်မှုကို ရပ်တန့်လိုက်သည်။ အချို့ကိစ္စများတွင် အန္တိခရစ်သည် အခြားသူတို့ကိုပင် ဦးစွာ ဖော်ထုတ်ကောင်းဖော်ထုတ်ပေမည်။ အခြားသူတို့က မိမိတို့ကို ဖော်ထုတ်ပြီး တိုင်ကြားမည်ကို စိုးရိမ်သဖြင့် အခြားသူတစ်ဦးကို မှားယွင်းသော စွပ်စွဲချက်များ ပြုလုပ်ပြီး ထိုသူ့အတွက် ထောင်ချောက်ဆင်ရန် တမင်တကာပင် နိုင်ကွက်ကို လက်မလွတ်တမ်း အသုံးချ၍ လက်ဦးမှုယူကာ ဆောင်ရွက်ကြသည်။ နောက်ပိုင်းတွင် ထိုသူကို အထက်နှင့်လည်းကောင်း၊ အသင်းတော်နှင့်လည်းကောင်း အဆက်အသွယ်ဖြတ်တောက်ကာ သီးခြားခွဲထုတ်ပြီး နှင်ထုတ်ရန် ဆင်ခြေတစ်ခုကို ၎င်းတို့ရှာကြသည်။ ယခုတွင် အန္တိခရစ်သည် လုံခြုံသည်ဟု ခံစားရပြီး စိုးရိမ်စရာမရှိတော့ပေ။ ဤသည်မှာ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော ကိစ္စရပ်များတွင် အန္တိခရစ်၏ လုပ်ဆောင်ချက်များသည် သီးခြားဖြစ်ရပ် တစ်ခု သို့မဟုတ် နှစ်ခုမျှသာ သို့မဟုတ် နည်းလမ်းတစ်ခု သို့မဟုတ် နှစ်ခုကိုသာ အသုံးပြုခြင်းထက် ပိုသည်ဟု ဆိုနိုင်သည်။ အခြေအနေများကို ကြိုးကိုင်ညွှန်ကြားရန်၊ မိမိတို့၏ အဆင့်အတန်းကို လုံခြုံစေရန်နှင့် မိမိတို့၏ဩဇာနယ်ပယ်ကို မယိမ်းယိုင်စေရန်အလို့ငှာ အန္တိခရစ်သည် မကောင်းမှုများစွာကို ပြုလုပ်သည်။ ဥပမာအားဖြင့် ၎င်းတို့သည် အသင်းတော်အတွင်းရှိ ဝန်ထမ်းစနစ်များနှင့် စီစဉ်ခန့်ခွဲမှုများကို ပြောင်းလဲပစ်သည်။ လူအများကို ပိုမိုထိန်းချုပ်နိုင်ရန် ညီအစ်ကိုမောင်နှမများကြားတွင် ရန်တိုက်ပေးပြီး ညီအစ်ကိုမောင်နှမများကို အချင်းချင်း တိုက်ခိုက်စေကာ ဝေဖန်သုံးသပ်စေသည်။ တရားမျှတစိတ်ပိုရှိသော ညီအစ်ကိုမောင်နှမအချို့ကို ဝိုင်းဝန်းတိုက်ခိုက်ရန် မိမိတို့၏ နောက်လိုက်များကိုပင် လှုံ့ဆော်သည်။ ၎င်းတို့သည် အထက်က မိမိတို့ကို မည်မျှအထင်ကြီးကြောင်းကိုလည်း ညီအစ်ကိုမောင်နှမများရှေ့တွင် အခိုင်အမာပြောဆိုကြသည်။ ထို့ထက်မက ၎င်းတို့သည် မိမိတို့၏ ထူးချွန်သောအလုပ်အကြောင်း ကြွားဝါပြီး မိမိကိုယ်ကိုသိသောအသိကို ရရှိခဲ့ကြောင်း၊ မိမိတို့၏ပြဿနာများကို ဆန္ဒအလျောက် ထုတ်ဖော်နိုင်ကြောင်း စသည်တို့ကို အခိုင်အမာဆိုလျက် အထက်သို့ စာများရေးသားကြသည်။ အထက်၏ မျက်နှာသာပေးမှုကို ရရှိရန် ကြိုးပမ်းမှုအားလုံးတွင် မိမိတို့၏ ကိုယ်ပိုင်ပြဿနာများအကြောင်း စာများရေးသားကာ အသိပေးကြသည်။ ၎င်းတို့သည် အခြေအနေများကို ကြိုးကိုင်ညွှန်ကြားရန်၊ မိမိတို့၏ အမာခံနောက်လိုက်များကို ထိန်းချုပ်ရန်၊ ညီအစ်ကိုမောင်နှမများကို လှည့်စားရန်နှင့် တစ်ပြိုင်နက်တည်းတွင် ဘုရားအိမ်တော်ကို လှည့်စားရန် နည်းလမ်းများနှင့် နည်းစနစ်အမျိုးမျိုးကို အသုံးပြုကြသည်။ ဤသည်တို့မှာ အသင်းတော်အတွင်း၌ အခြေအနေများကို ထိန်းချုပ်ရန် အန္တိခရစ်များ အသုံးပြုသည့် အမျိုးမျိုးသော အလေ့အကျင့်များ ဖြစ်ကြသည်။ သီးခြားကျင့်သုံးမှုများ များစွာရှိပါသေးသည်မှာ အမှန်ပင် ဖြစ်သော်လည်း ၎င်းတို့ကို ဤနေရာတွင် တစ်ခုချင်း ဖော်ပြမည်မဟုတ်ချေ။ အနှစ်ချုပ်အားဖြင့် အန္တိခရစ်များက အသင်းတော်ကို ထိန်းချုပ်ပုံနှင့်ပတ်သက်သော ဤကိစ္စရပ်များသည် ဖြစ်နေကျဖြစ်ပြီး ၎င်းတို့ပြသသည့် အမျိုးမျိုးသော အလေ့အကျင့်များသည်လည်း ဖြစ်နေကျဖြစ်ပေသည်။

၃။ အန္တိခရစ်များသည် လူတို့၏စိတ်နှလုံးကို စုံစမ်းစစ်ဆေးပြီး ထိန်းချုပ်ကြ၏

အာဏာကို လက်ဝါးကြီးအုပ်ခြင်းနှင့် အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်းအပြင် အန္တိခရစ်တို့က ဘုရားအိမ်တော်ကို မိမိတို့၏ ကိုယ်ပိုင်ပိုင်နက်ကဲ့သို့ သဘောထားပြုမူကြောင်း အခြားမည်သည့်လုပ်ရပ်များက အတည်ပြုနိုင်သနည်း။ အာဏာကို လက်ဝါးကြီးအုပ်ခြင်းနှင့်ပတ်သက်၍ ငါတို့သည် အဓိကအားဖြင့် လူ့ကိစ္စရပ်များ၏ ကဏ္ဍများကို မိတ်သဟာယဖွဲ့ခဲ့ကြပြီး အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်းမှာမူ အဓိကအားဖြင့် ဖြစ်ရပ်များ ဖြစ်ပေါ်တိုးတက်မှုကို ထိန်းချုပ်ခြင်း ဖြစ်သည်။ အန္တိခရစ်တို့၏ အာဏာကို လက်ဝါးကြီးအုပ်ခြင်းသည် အပြင်ပန်း လုပ်ရပ်တစ်ခုဖြစ်ပြီး အခြေအနေများကို ကြိုးကိုင်ညွှန်ကြားခြင်းသည်လည်း လူတို့မြင်နိုင်သော အပြင်ပန်းအရာတစ်ခုပင် ဖြစ်သည်။ ဤကဏ္ဍများသည် ထိန်းချုပ်ရန် လွယ်ကူသည်။ သို့ရာတွင် မည်သူမဆို ထိန်းချုပ်ရန် အလွန်ပင် ခက်ခဲသောအရာတစ်ခု ရှိသည်။ ထိုအရာတစ်ခုမှာ အဘယ်နည်း။ (လူတို့၏စိတ်နှလုံးနှင့် လူတို့၏အတွေးအခေါ်များကို ထိန်းချုပ်ခြင်း ဖြစ်ပါသည်။) ငါ့ကို ပြောလော့၊ ယင်းက မှန်သလော။ (ဟုတ်ပါသည်။) သမ္မာကျမ်းစာက “စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။” (ယေရမိ အနာဂတ္တိကျမ်း ၁၇:၉) ဟု ဆိုသည်၊ ဆိုလိုသည်မှာ လူ့စိတ်နှလုံးသည် ထိန်းချုပ်ရန် အခက်ခဲဆုံးအရာ ဖြစ်သည်။ အန္တိခရစ်တို့သည် အခက်ခဲဆုံးအရာကို ထိန်းချုပ်ရန် ကြိုးပမ်းမည်လော။ သူတို့က “လူ့စိတ်နှလုံးသည် အစဉ်းလဲဆုံးနှင့် ထိန်းချုပ်ရန် အခက်ခဲဆုံးဖြစ်သောကြောင့် ငါ ယင်းကို ထိန်းချုပ်မည်မဟုတ်။ သူတို့ ကြိုက်သလို တွေးကြပါစေ။ ငါ့၌ အာဏာရှိနေသရွေ့၊ လူတို့အပေါ် ငါ ထိန်းချုပ်မှု ရှိနေသရွေ့ လုံလောက်ပြီ။ ငါသည် သူတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူကိုသာ ထိန်းချုပ်မည်၊ ပြီးလျှင် သူတို့၏ အတွေးအခေါ်များကို ဘုရားသခင် စီမံခန့်ခွဲရန် ချန်ထားရမည်။ ငါ့၌ ထိုစွမ်းရည်မရှိ၊ ထို့ကြောင့် ငါ ထိုအရာများနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက် အဖြစ်ခံမည် မဟုတ်” ဟု ပြောနိုင်ကောင်း ပြောနိုင်မည်လော။ အန္တိခရစ်တို့သည် ဤသို့ အလျှော့ပေးမည်လော။ (သူတို့ အလျှော့ပေးမည် မဟုတ်ပါ။) အန္တိခရစ်တို့၏ အနှစ်သာရကို အကဲဖြတ်ကြည့်လျှင် သူတို့၏ ရည်မှန်းချက်မှာ လူတစ်ဦး၏ တစ်ကိုယ်လုံးတစ်စိတ်လုံးကို ထိန်းချုပ်ရန် ဖြစ်သည်။ သူတို့အတွက် ထိန်းချုပ်ရန် အခက်ခဲဆုံးအရာမှာ လူ့စိတ်နှလုံးဖြစ်သော်လည်း ယင်းသည် သူတို့ ထိန်းချုပ်ရန် လိုအင်ဆန္ဒအရှိဆုံးသော အရာလည်း ဖြစ်သည်။ သူတို့သည် လူတို့ကို သူတို့၏ အာဏာအောက်တွင် အမိဖမ်းကြပြီး အရာအားလုံးအပေါ် အလုံးစုံ ထိန်းချုပ်မှု ရယူကြသည်။ ဖြစ်ရပ်များ မည်သည့်ဘက်သို့ ဦးတည်ဖြစ်ပေါ်မည်၊ လူမည်မျှ ပါဝင်ပတ်သက်မည်၊ မည်သည့်ကိစ္စရပ်များကို အကျုံးဝင်စေမည်၊ ဤဖြစ်ရပ်များ ဖြစ်ပေါ်တိုးတက်မှု၏ တစ်လျှောက်လုံးနှင့် အကျိုးဆက်များက မည်သည့်အရာဖြစ်မည်ကို သူတို့ ထိန်းချုပ်ကြကာ အားလုံးသည် သူတို့ စတင်လှုပ်ရှားစေသည့်အရာနှင့် သူတို့၏ စိတ်နှလုံး လိုအင်ဆန္ဒအတိုင်း ဖြစ်ပေါ်တိုးတက်လာသည်။ သို့ရာတွင် အကြောင်းအရာတစ်ခု ရှိသည်၊ အတိအကျပြောရသော် လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် မည်သည့်အရာကို တွေးတောနေကြသနည်း။ သူတို့သည် အန္တိခရစ်တို့နှင့်ပတ်သက်၍ မည်သည့်အရာကို တွေးတောနေကြသနည်း။ သူတို့အပေါ် ကောင်းသော ထင်မြင်ချက် ရှိသလော၊ မရှိသလော။ သူတို့ကို ကြိုက်နှစ်သက်သလော၊ မကြိုက်နှစ်သက်သလော။ သူတို့၏ စိတ်နှလုံးထဲတွင် သူတို့သည် အန္တိခရစ်များဖြစ်သည်ဟု ယုံကြည်ကြသလော။ သူတို့၏ လုပ်ရပ်များကို ပိုင်းခြားသိမြင်ခြင်း သို့မဟုတ် မကျေမချမ်းဖြစ်ခြင်း ရှိသလော။ လူတို့က အပြင်ပန်းအားဖြင့် သူတို့ကို လေးစားမှုပြပြီး မြှောက်ပင့်ပြောဆိုသောအခါ သူတို့၏ စိတ်နှလုံးထဲ၌ အမှန်တကယ် မည်သည့်အရာကို တွေးတောနေကြသနည်း။ သူတို့၏ စိတ်နှလုံးထဲရှိအရာသည် သူတို့၏ အပြင်ပန်းအသွင်အပြင်နှင့် အမှန်တကယ်ပင် ကိုက်ညီမှုရှိသလော။ သူတို့သည် အန္တိခရစ်တို့ကို အမှန်တကယ် နာခံမှုရှိသလော။ ဤသည်မှာ အန္တိခရစ်တို့ကို အလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်စေသော ကိစ္စတစ်ရပ် ဖြစ်သည်။ သူတို့ ပို၍ စိတ်အနှောင့်အယှက်ဖြစ်လေ၊ အဖြေများကို ပို၍ ရှာဖွေလေ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့က ဘုရားအိမ်တော်ကို မိမိတို့၏ ကိုယ်ပိုင်ပိုင်နက်ကဲ့သို့ သဘောထားပြုမူခြင်း၏ တတိယမြောက် သရုပ်သကန်ဖြစ်သည့် လူတို့၏စိတ်နှလုံးကို စုံစမ်းစစ်ဆေးပြီး ထိန်းချုပ်ခြင်းပင် ဖြစ်သည်။

လူတို့၏စိတ်နှလုံးကို စုံစမ်းစစ်ဆေးပြီး ထိန်းချုပ်ခြင်းသည် လွယ်ကူသလော။ စုံစမ်းစစ်ဆေးခြင်းနှင့် ထိန်းချုပ်ခြင်းသည် တစ်စုံတစ်ခုကို လုပ်ဆောင်သည့်အခါ လုပ်ရပ် သို့မဟုတ် အပြုအမူ၏ မတူညီသော အတိုင်းအတာနှစ်ခုကို ကိုယ်စားပြုသည်။ အန္တိခရစ်တစ်ဦးသည် အာဏာကိုင်စွဲပြီး ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်တိုးတက်မှု၏ တစ်လျှောက်လုံးနှင့် ၎င်း၏အကျိုးဆက်ကို ထိန်းချုပ်သည့်အခါ၊ သူသည် ဤအရာများကို ထိန်းချုပ်သည့်အခါ သူ့လက်အောက်ရှိ သို့မဟုတ် သူ၏သြဇာသက်ရောက်မှု နယ်ပယ်အတွင်းရှိ လူများက မိမိတို့၏ စိတ်နှလုံးထဲ၌ အမှန်တကယ် မည်သည့်အရာကို တွေးတောနေကြသည်ကိုလည်းကောင်း၊ သူတို့က သူ့ကို ဘုရားသခင်ကဲ့သို့ သို့မဟုတ် စုံလင်သောသူတစ်ဦးကဲ့သို့ သဘောထားခြင်း ရှိမရှိ၊ သူ့အပေါ် အမုန်းတရား၊ ထင်မြင်ချက်များ၊ သို့မဟုတ် အယူအဆများ ထားရှိခြင်း ရှိမရှိ၊ သူ့ကို ပိုင်းခြားသိမြင်ခြင်း ရှိမရှိ ဟူ၍ လူများက ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမှန်တကယ် မည်သည့်အရာကို တွေးတောနေသည်ကိုလည်းကောင်း ဤအရာများသည် တိုင်းတာရန် အတော်ပင် ခက်ခဲသည်။ သို့ဆိုလျှင် သူ ဘာလုပ်သနည်း။ သူသည် သူ့လက်အောက်ရှိသူများကို စောင့်ကြည့်လေ့လာပြီး ပိုင်းခြားသိမြင်မှု ကင်းမဲ့၍ အမြတ်ထုတ်ရန် လွယ်ကူသော မည်သူ့ကိုမဆို အကျိုးကျေးဇူးများ ပေးသည် သို့မဟုတ် နှစ်လိုဖွယ်ကောင်းသော စကားအနည်းငယ် ပြောဆိုသည်။ ဤလူများသည် ရာဘာဘောလုံးများကဲ့သို့ပင် ဖြစ်သည်။ သင် သူတို့ကို ရိုက်လိုက်တိုင်း သူတို့ ပို၍မြင့်တက်လာပြီး အားအင်ပိုမို စုစည်းမိလာသည်။ သူသည် ထိုသို့သော လူပုဂ္ဂိုလ်များကို ်အသုံးခံများအဖြစ် အသုံးပြုသည်။ သူ သူတို့ကို အသုံးပြု၍ မည်သည့်အရာလုပ်သနည်း။ သူသည် ဤအသုံးခံများကို သူ့အတွက် လူတို့၏စိတ်နှလုံးကို စုံစမ်းစစ်ဆေးစေသည်။ သူက အသုံးခံတစ်ဦးကို “ယခုရက်ပိုင်းတွင် ကျွန်ုပ်တို့၏ အသင်းတော်ရှိ ညီအစ်မလီနှင့် သူ၏သမီးတို့သည် အလှူငွေပေးသည်မှာ နည်းနေခဲ့သည်။ သူတို့သည် အတော်အတန် များပြားစွာ လှူနေကျဖြစ်သော်လည်း ယခုအခါတွင် သူတို့ သိပ်မလာကြတော့ပါ။ သူတို့ ယခုတလော မည်သည့်အရာများ လုပ်ဆောင်နေခဲ့ကြသနည်း။ သူတို့သည် အပြင်လူများနှင့် အဆက်အသွယ်တစ်ခုတလေ ရှိခဲ့ကြသလော။ နေအိမ်တွင် တစ်ခုခုဖြစ်ပျက်နေခြင်း ရှိသလော။ သွားကြည့်ပြီး အကူအညီအချို့ကို ပေးရန် ကမ်းလှမ်းလော့” ဟု ပြောကောင်းပြောနိုင်သည်။ ထိုသူသည် ညီအစ်မလီ၏အိမ်သို့ သွားရောက်ပြီး လှည့်ပတ်ကြည့်ရှုကာ ဤသို့တွေးသည် “ဤနေရာတွင် သူစိမ်းများလည်း မရှိပါ။ ထိုညီအစ်မနှစ်ဦးသည် အေးချမ်းသည့်ဘဝကို အသက်ရှင်နေထိုင်ကြပုံပေါက်သည်။ ၎င်းတို့အနေဖြင့် အခက်အခဲ တစ်ခုခုနှင့် ကြုံတွေ့ထားရပုံလည်း မရှိပါ။ ၎င်းတို့သည် အဘယ်ကြောင့် ကျွန်ုပ်တို့၏ စုဝေးပွဲများကို မတက်သနည်း။ ကျွန်ုပ် ထပ်၍ မေးမြန်းကြည့်ဦးမှ” ဟူ၍ ဖြစ်လေသည်။ ဤသူက “သင်တို့ နေအိမ်တွင် ယခုတလော အလင်းအသစ် တစ်ခုခု ရရှိခဲ့သလော။ ယခုရက်ပိုင်းတွင် ကျွန်ုပ် အားနည်းနေသဖြင့် ကျွန်ုပ်ကို ခဏမျှ မိတ်သဟာယပြုပေးပါ” ဟု တောင်းဆိုသည်။ ထိုသူသည် သမ္မာတရားကို ရှာဖွေရန်နှင့် အကူအညီတောင်းရန် လာရောက်သည်ကို မြင်သောအခါ ညီအစ်မတို့သည် သူနှင့် မိတ်သဟာယဖွဲ့ပြီး ဤသို့ပြောသည် “ယခုတလော ကျွန်ုပ်တို့သည် အလင်းအသစ်တစ်ခု ရရှိထားသည်၊ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သူများသည် အခြားလူများနောက်ကို မလိုက်သင့်ပါ၊ သို့မဟုတ် အခြားသူများအပေါ် အစဉ်သဖြင့် မမှီခိုသင့်ပါဟူ၍ ဖြစ်သည်။ အခက်အခဲများဖြင့် ရင်ဆိုင်ရသောအခါတွင် ကျွန်ုပ်တို့သည် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံ လာရောက်သင့်သည်။ ဤသည်မှာ အမြင့်မားဆုံးသော ဉာဏ်ပညာဖြစ်၏။ လူများကို ယုံကြည်အားထား၍ မရနိုင်ပါ၊ ဘုရားသခင်ကိုသာ ကိုးစား၍ရနိုင်ပါသည်။ သူသည် လူတို့အပေါ် သမ္မာတရား၊ အသက်နှင့် ၎င်းတို့ လျှောက်သင့်သော လမ်းခရီးတို့ကို ပေးအပ်နိုင်သည်။ လူတို့က ဤအရာကို မလုပ်ဆောင်နိုင်ကြ။ ကျွန်ုပ်သည် အခြားသူများအပေါ် အစဉ်သဖြင့် မှှီခိုလေ့ရှိခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ညီအစ်မတစ်ဦးနှင့် မိတ်သဟာယပြုခြင်းမှတစ်ဆင့်...” ဟူ၍ ဖြစ်လေသည်။ “ညီအစ်မတစ်ဦးနှင် မိတ်သဟာယပြုခြင်းမှတစ်ဆင့်လော။ ထိုညီအစ်မသည် အဘယ်မှာနည်း။ သူသည် အပြင်လူတစ်ဦးဖြစ်သလော” ဟု ထိုသူက ပြန်ပြောသည်။ ထိုညီအစ်မက “သူသည် အပြင်လူ အတိအကျ မဟုတ်ပါ။ သူသည် အဝေးတွင် သူ၏တာဝန်ကို နှစ်အတန်ကြာ ထမ်းဆောင်ပြီးသည့်နောက်တွင် ပြန်လာသည့် ကျွန်ုပ်တို့ အသင်းတော်မှ ညီအစ်မတစ်ဦးပင် ဖြစ်သည်” ဟုပြော၏။ ထိုသူက “ယင်းမှာ အပြင်လူတစ်ဦးကို ဆက်သွယ်နေခြင်း ဖြစ်ဆဲပင် မဟုတ်လော။ သင်သည် မဆင်မခြင်ဖြင့် အပြင်လူများနှင့် ပေါင်းသင်းဆက်ဆံသည်။ ထိုကိစ္စကို အသင်းတော်သို့ သင် အစီရင်ခံဖို့ လိုအပ်သည်” ဟု ပြန်ပြောလေသည်။ ဤသတင်းအချက်အလက်ကို စုဆောင်းပြီးသည့်အခါ ထိုသူသည် အရေးကြီးသော သတင်းအချက်အလက်နှစ်ခုကို ဖော်ထုတ်တွေ့ရှိသည်။ ပထမအချက်မှာ ညီအစ်မနှစ်ဦးသည် ခေါင်းဆောင်နှင့် နီးကပ်စွာ မနေလိုဘဲ သူ့အပေါ် ပိုင်းခြားသိမြငနိုင်စွမ်းအချို့ ပြသခဲ့ကြသည်၊ ဒုတိယအချက်မှာ သူတို့သည် အပြင်လူတစ်ဦးနှင့် အဆက်အသွယ်ရှိခဲ့ပြီး ထိုအပြင်လူက သူတို့ကို တစ်စုံတစ်ခု ပြောခဲ့သည်၊ အသေးစိတ်အချက်အလက်များမှာ မရှင်းလင်း၊ ထိုညီအစ်မတို့က ထိုအကြောင်းကို တစ်စုံတစ်ရာ ပြောမည်မဟုတ်၊ သူတို့သည် ယင်းကို တမင်တကာ ဖုံးကွယ်ထားသည်၊ ဆိုလိုသည်မှာ ခေါင်းဆောင်အပေါ် သူတို့၏ သစ္စာစောင့်သိမှု ယိမ်းယိုင်နေပြီး သူ့ကို သတိထားရှောင်နေကြပြီ ဖြစ်သည်။ ဤသူ ပြန်လာပြီး အန္တိခရစ်ထံ သူ၏အစီရင်ခံစာကို တင်ပြသည့်အခါ အန္တိခရစ်သည် ယင်းကို ကြားပြီးနောက် ပျော်ရွှင်မည်လော။ သူက “ကောင်းပေသည်၊ ကျွန်ုပ်၏ လက်အောက်ငယ်သားများသည် နောက်ဆုံးတွင် ကျွန်ုပ်အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ် ပြကြလေပြီ” ဟု တွေးမည်လော။ (တွေးမည်မဟုတ်ပါ။) သူ မည်သို့ တွေးမည်နည်း။ “ဤသည်မှာ မကောင်းပါ။ ထိုညီအစ်မနှစ်ဦးသည် နာခံလေ့ရှိခဲ့ဖူးသည်၊ ၎င်းတို့သည် အသင်းတော်တွင် စစ်မှန်သော ယုံကြည်သူများဖြစ်ပြီး များစွာ လှူဒါန်းခဲ့ကြသည်။ ယခု မည်သူမည်ဝါမှန်း မသိရသော ဤလူက ၎င်းတို့နှင့် စတင်၍ ပေါင်းသင်းဆက်ဆံစဉ်ကတည်းက ထိုနှစ်ယောက်သည် အနည်းငယ် မနာခံဖြစ်လာသည်။ ၎င်းတို့သည် နောင်တွင် လှူဖွယ်ပစ္စည်းများ ဆက်လှူဦးမည်လော။ ဤသည်မှာ ဒုက္ခပေးပြီး အန္တရာယ်များပေသည်” ဟူ၍ ဖြစ်သည်။ အန္တိခရစ်သည် စိတ်မသက်မသာ ခံစားရသည်။ အဘယ်ကြောင့် သူ စိတ်မသက်မသာ ဖြစ်ရသနည်း။ (လူတို့က သူ့ကို ပိုင်းခြားသိမြင်ပြီး သူ့စကားကို နားမထောင်တော့သောကြောင့် ဖြစ်ပါသည်။) အတိအကျပင် လူတို့၏စိတ်နှလုံးသည် သူ၏ ကြိုးကိုင်ညွှန်ကြားမှုနှင့် ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ သူတို့ စိတ်ပြောင်းလဲမှု ဖြစ်ပေါ်နေသောကြောင့် သူ စိတ်မသက်မသာ ခံစားရခြင်း ဖြစ်သည်။ ယခင်က ဤနှစ်ဦးသည် ဟန်ဆောင်မှုကင်းပြီး ရိုးရှင်းကြသည်၊ သူတို့သည် အတော်အတန် နာခံမှုရှိပြီး သူ့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ်သာ ပြသခဲ့ကြကာ သူပြောသမျှကို တစ်ခွန်းမကျန် လက်ခံခဲ့ကြသည်။ ယခုမူ သူတို့ စိတ်ပြောင်းလဲမှု ဖြစ်ပေါ်လာပြီး ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာကာ ခပ်ခွာခွာ နေကြသည်၊ ဖြစ်နိုင်သည်မှာ သူ့ကို ငြင်းပယ်ကောင်း ငြင်းပယ်မည်၊ ပြီးလျှင် သူ့ကို တိုင်ကြားရန်ပင် ရည်ရွယ်ကောင်း ရည်ရွယ်နိုင်သည်။ ယင်းက ဒုက္ခရောက်စေမည်။ ဤသည်မှာ အန္တိခရစ်တို့က လူတို့၏စိတ်နှလုံးကို စုံစမ်းစစ်ဆေးပြီး ထိန်းချုပ်ပုံ၏ တိကျသော သရုပ်သကန်တစ်ခု မဟုတ်လော။

အန္တိခရစ်သည် တစ်စုံတစ်ခု ပုံမှန်မဟုတ်သည်ကို သတိပြုမိသည့်အခါ အခြေအနေကို သိရှိရန်နှင့် ၎င်း၏ အရင်းခံအကြောင်းရင်းများကို နားလည်ရန် သူ၏ ဘက်တော်သားများ သို့မဟုတ် လက်ကိုင်တုတ်များကို လျင်မြန်စွာ စေလွှတ်သည်။ အပြောင်းအလဲ တစ်စုံတစ်ရာ မရှိလျှင်၊ လူတို့သည် ယခင်အတိုင်းပင် ရှိနေပြီး စိတ်ပြောင်းလဲမှု မရှိခဲ့လျှင် သူ စိတ်သက်သာရာရသွားကာ စိတ်မသက်မသာဖြစ်ခြင်း သို့မဟုတ် တင်းမာခြင်း မရှိတော့ပေ။ သို့ရာတွင် တစ်စုံတစ်ခု ပုံမှန်မဟုတ်သည်ကို၊ သူ့အတွက် အမည်မသိအရာတစ်ခု၊ သူ၏ ကြိုးကိုင်ညွှန်ကြားမှုအောက်တွင် မရှိသော၊ သူ စိတ်ကူးထားသည့်အတိုင်း မဟုတ်သော အရာတစ်ခုကို သူတွေ့ရှိလျှင် ထိုအခါ ယင်းမှာ ပြဿနာရှိပြီ။ သူ စိုးရိမ်ကာ ပူပန်လာပြီး သူ အဆောတလျင် တစ်စုံတစ်ခုကို ဆောင်ရွက်လိမ့်မည်။ သူ၏ လုပ်ရပ်များ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူသည် လူတို့ သူနှင့် တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ရန်၊ စိတ်ပြောင်းလဲမှုများ မရှိစေရန် လိုလားသည်။ လူတို့သည် မိမိတို့၏ အတွေးအခေါ်များကို သူ့အား သိစေရမည်ဖြစ်ပြီး သစ္စာစောင့်သိမှု၊ စိတ်ပိုင်းဖြတ်မှုနှင့် ရိုးသားမှုကို ဖော်ပြလျက် သူ့ထံ အဆက်မပြတ် အစီရင်ခံရမည်။ သူသည် လူတို့၏စိတ်နှလုံးထဲမှ ပြောင်းလဲနေသော အတွေးအခေါ်များနှင့် အယူအဆများ၊ သူတို့၏ အတွေးအခေါ်များ၏ ဦးတည်ရာနှင့် စည်းမျဉ်းများကို အဆက်မပြတ် ထိန်းချုပ်ရမည်။ သဘောထားကွဲလွဲမှုကို သိုဝှက်ထားသော မည်သူ့ကိုမဆို သူထောက်လှမ်း သိရှိသည်နှင့်တစ်ပြိုင်နက် သူတို့ကို ပြောင်းလဲရန် သူကြိုးပမ်းရမည်။ ပြောင်းလဲ၍မရနိုင်လျှင်နှင့် မိတ်ဆွေတစ်ဦး မဖြစ်လာနိုင်လျှင် ထိုအစား ရန်သူတစ်ဦး ဖြစ်လာလိမ့်မည်။ သူ၏ရန်သူ ဖြစ်လာခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ သူတို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ခံရလိမ့်မည်။ ဤသည်မှာ လုပ်နည်းကိုင်နည်းတစ်မျိုး ဖြစ်သည်။ နောက်တစ်မျိုးလည်း ရှိသေးသည်။ အန္တိခရစ်သည် သူ့အနီးအနား ရှိသူများနှင့်ပတ်သက်၍ အစဉ်သဖြင့် စိုးရိမ်ကြောင့်ကြတတ်ပြီး သူတို့ကို မည်သည့်အခါမျှ အပြည့်အဝ တိုင်းတာနိုင်ခြင်းမရှိဘဲ လူတို့က သူ့ကို ပိုင်းခြားသိမြင်ပြီး တိုင်ကြားမည်ကို ကြောက်ရွံ့ကာ သူ၏ စိတ်နှလုံးထဲ၌ ဤသို့ပြောနေသည်၊ “ငါ အလှူငွေများကို ခိုးယူလိုက်ပြီး ကိုယ့်စိတ်တိုင်းကျ အမှုအရာများကို လုပ်ဆောင်ခဲ့သည်ကို သင်တို့ မြင်လိုက်သလော။ သင်မြင်ခဲ့လျှင် သင် ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသလော။ သင် ငါ့ကို တိုင်နိုင်သလော” ဟူ၍ ဖြစ်သည်။ အချို့ အန္တိခရစ်များသည် နောက်ကွယ်တွင် ကာမဂုဏ်ပင် လိုက်စားကြပြီး သူတို့ ဤသို့တွေးကြသည် “ဤအကြောင်းများကို မည်သူက သိသနည်း။ ယင်းကို သိသည့်သူများက မည်သည့်အရာများ တွေးနေကြသနည်း။ မည်သို့ပင် ဖြစ်စေ ငါသည် မှားယွင်းသော ထင်မြင်မှုတစ်ခုကို ဖန်တီးကာ ဤလူများကို စမ်းသပ်၍ ၎င်းတို့၏ အတွင်းအကျဆုံး အတွေးများကို အစ်ထုတ်ပြီး ၎င်းတို့ အမှန်တကယ်တွင် မည်သည့်အရာကို တွေးနေသည်ကို ကြည့်လျှင်ကောင်းမည်လော” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်တို့သည် ထိုသို့သော အမှုအရာများကို လုပ်ဆောင်မည်လော။ အန္တိခရစ်တို့ကဲ့သို့ ကောက်ကျစ်ဆိုးယုတ်သော လူများအတွက်မူ ထိုသို့သော အမှုအရာများကို လုပ်ဆောင်ခြင်းသည် ပင်ကိုစရိုက်သဖွယ် ဖြစ်နေသော အကျင့်ဖြစ်သည်၊ သူတို့သည် ထိုအရာ၌ ပင်ကိုပါရမီရှိသူများ ဖြစ်ကြသည်၊ သူတို့သည် ယင်းကို လက်ဖျားခါရလောက်အောင် လုပ်ဆောင်ကြသည်။ အန္တိခရစ်သည် လူများကို စုဝေးစေပြီး “ယနေ့ ကျွန်ုပ် လူတိုင်းကို ဤနေရာသို့ ခေါ်ခြင်းမှာ အခြားရည်ရွယ်ချက်ကြောင့် မဟုတ်ဘဲ၊ ယခုတလော အသင်းတော်၌ ကျွန်ုပ်လုပ်ဆောင်ခဲ့သော အလုပ်တွင် ကျွန်ုပ်၏ အားနည်းချက်များကို ဆန်းစစ်ရန်နှင့် ကျွန်ုပ် ထုတ်ဖော်ပြခဲ့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့်ပတ်သက်၍ ကျွန်ုပ်၏ သိမြင်မှုကို ပြောပြရန်သာ ဖြစ်ပါသည်။ ပွင့်ပွင့်လင်းလင်း ပြောပါ၊ ချုပ်တည်းမထားနှင့်။ ကျွန်ုပ်က သင်တို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပါ။ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းဖြင့် တေ့တေ့ဆိုင်ဆိုင် မိတ်သဟာယဖွဲ့ကြပါစို့။ ကျွန်ုပ် တစ်စုံတစ်ခု လုပ်ခဲ့လျှင် ပြောင်းလဲပါမည်။ မလုပ်ခဲ့လျှင်လည်း ယင်းကို မလုပ်ဆောင်ရန် သတိပေးချက်အဖြစ် မှတ်ယူပါမည်။ ဘုရားအိမ်တော်တွင် အရာအားလုံးသည် ပွင့်လင်းသည်၊ ဖုံးကွယ်ထားခြင်းမရှိ၊ အရှိအတိုင်း ထုတ်ဖော်ထားသည်။ ကျွန်ုပ်တို့သည် အရာအားလုံးကို ဘုရားသခင်ရှေ့မှောက်၌ လုပ်ဆောင်ကြသည်၊ ပြီးလျှင် မည်သူကမျှ အခြားမည်သူ့ကိုမဆို သတိထားရှောင်ရန် မလိုအပ်ပါ။ ညီအစ်ကိုမောင်နှမတို့ စိတ်ချလက်ချ နေကြပါ။ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ခြင်းဖြင့် စတင်ပါမည်။ ယခုတလောတွင် ကျွန်ုပ်၏ ပျင်းရိခြင်းနှင့် ဇာတိပကတိဆိုင်ရာ သက်သာခြင်းကို တပ်မက်ခြင်းတို့ကြောင့် ကျွန်ုပ်၏အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့ပါ။ ဧဝံဂေလိအလုပ်သည် ယခုရက်ပိုင်း အဆင်ပြေကောင်းမွန်ခြင်း မရှိခဲ့ဘဲ အသင်းတော်အသက်တာကိုလည်း ကျွန်ုပ် များစွာ အာရုံမစိုက်နိုင်ခဲ့ပါ။ ကျွန်ုပ်သည် ဧဝံဂေလိအလုပ်နှင့် အလုပ်များနေပြီး အခြားကိစ္စရပ်များအတွက် အချိန်မပေးနိုင်ခဲ့ပါ။ ကျွန်ုပ်၌ တာဝန်ရှိပါသည်မှာ အမှန်ပင်ဖြစ်သည်။ ကျွန်ုပ်၏ စိတ်ကူးစိတ်သန်းများကို အားကိုးလျက်၊ အသင်းတော်အသက်တာသည် ညီအစ်ကိုမောင်နှမတို့၏ မိမိတို့ကိုယ်ကို စည်းကမ်းဖြင့် ထိန်းသိမ်းခြင်းအားဖြင့် ဖြစ်လိမ့်မည်ဟုလည်းကောင်း၊ ကျွန်ုပ် သိပ်ပြီး စိုးရိမ်ပူပန်ရန် မလိုအပ်ဟုလည်းကောင်း ကျွန်ုပ် ယူဆခဲ့သည်။ သင်တို့အားလုံးသည် အရွယ်ရောက်ပြီးသူများ ဖြစ်ကြပြီး ဘုရားနှုတ်ကပတ်တော်များမှာလည်း အလွန်ရှင်းလင်းလှသောကြောင့် ကျွန်ုပ်သည် ဧဝံဂေလိအလုပ်ကို စိတ်ရောကိုယ်ပါ ဆက်ကပ်ခဲ့သည်။ သို့သော် ဧဝံဂေလိအလုပ်ကိုလည်း ကျွန်ုပ် ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့ပါ။ ညီအစ်ကိုမောင်နှမတို့ရှေ့မှောက်၌ ကျွန်ုပ်၏အမှားများကို ဝန်ခံဖို့၊ သင်တို့၏ ခွင့်လွှတ်မှုကို တောင်းခံဖို့၊ ဘုရားသခင်၏ ခွင့်လွှတ်မှုကို တောင်းခံဖို့ လိုအပ်ပါသည်။ ဤနေရာတွင် သင်တို့အားလုံးကို ကျွန်ုပ် ဦးညွှတ်ပါရစေ” ဟု ပြော၏။ လူတိုင်း ဤသည်ကိုမြင်၍ မိမိတို့ဘာသာ ဤသို့တွေးကြသည်၊ “သူ ပြောင်းလဲသွားပြီ၊ သူသည် ယခင်ကကဲ့သို့ ပါးနပ်ပုံမပေါ်တော့။ ယနေ့တွင် သူသည် အဘယ်ကြောင့် အလွန် ရိုးသားစစ်မှန်နေသနည်း။ တစ်ခုခု လွဲနေပြီဖြစ်သည်။ ကျွန်ုပ်သည် အလျင်စလို ကောက်ချက်များမချသင့်။ သူနောက်ထပ် မည်သည့်အရာ ပြောသည်ကို ငါကြည့်မည်” ဟူ၍ဖြစ်သည်။ အန္တိခရစ်သည် သူက နတ်ဆိုးတစ်ကောင်၊ စာတန်တစ်ကောင်ဖြစ်ကြောင်း အသိအမှတ်ပြုကြောင်း၊ တကယ့်အလုပ် တစ်ခုမျှ မလုပ်ဆောင်ခဲ့ကြောင်း ဝန်ခံကြောင်း၊ အထက်၏ မည်သည့်စီရင်ချက်ကိုမဆို လက်ခံရန်နှင့် ညီအစ်ကိုမောင်နှမတို့၏ မည်သည့်ဝေဖန်မှုကိုဖြစ်စေ၊ မည်သည့်ပြစ်တင်ဆုံးမမှုကိုဖြစ်စေ လက်ခံရန် ဆန္ဒရှိကြောင်း ဆက်ပြောသည်။ သူက ထပ်လောင်း၍ ဤသို့ပြောသည်၊ “သူတို့ ကျွန်ုပ်ကို ဖြုတ်ချပြီး ခေါင်းဆောင် မလုပ်စေတော့လျှင်ပင် ကျွန်ုပ်သည် အငယ်ဆုံးသောသူတစ်ဦး ဖြစ်လိုပါသည်။ ကျွန်ုပ်တို့အသင်းတော်မှ ညီအစ်မလီနှင့် သူ့သမီးကို ကျွန်ုပ်၏အလုပ်ကို လွှဲပြောင်းယူရန် ကျွန်ုပ် အကြံပြုပါသည်” ဟု ဖြစ်သည်။ သူသည် သူ၏ဆက်ခံသူကို ရွေးချယ်ပြီးဖြစ်သည်။ သူ၏သဘောထားသည် အတော်အတန် ရိုးသားမှုရှိသည် မဟုတ်လော။ သံသယဖြစ်စရာပင် လိုသေးသလော။ ဤသို့ပြောနေစဉ် သူ စတင်၍ပင် ငိုကြွေးသည်။ ထို့နောက် သူသည် သူ၏ဇနီးကို ခေါ်လာပြီး ဤသို့ပြောသည်၊ “ဤအချိန်အတွင်းတွင် သင်သည်လည်း တကယ့်အလုပ်တစ်ခုမျှ မလုပ်ရသေးပါ။ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းတို့ကိုသာ ဖြစ်စေပြီး ညီအစ်ကိုမောင်နှမများကို မစဉ်းမစားဖြင့်ပင် ပြုပြင်နေသည်။ သင်သည်လည်း ဖြုတ်ချခြင်းခံရသင့်သည်” ဟု ဖြစ်သည်။ အန္တိခရစ်သည် မိမိကိုယ်ကို ဦးစွာ လက်ညှိုးထိုးပြီးနောက် သူ၏မိသားစုကို လက်ညှိုးထိုးကာ လူတို့က သူ ရိုးသားသည်ဟု ခံစားလာအောင် လုပ်ဆောင်သည်။ လူတိုင်း ဤသည်ကိုကြားသောအခါ တစ်စုံတစ်ယောက်က “အမှန်တော့၊ ကျွန်ုပ်တို့ သင်တို့ကို အချိန်အတော်ကြာကတည်းက ပိုင်းခြားသိမြင်နေခဲ့ကြသည်။ သင်တို့ ကိစ္စရပ်များနှင့်ပတ်သက်၍ ကျွန်ုပ်တို့နှင့် မတိုင်ပင်ဘဲ သင်တို့အနည်းငယ်သည် အမှုအရာများကို အတူတကွ သီးသန့် ဆွေးနွေးပြီး ဆုံးဖြတ်ချက်များချသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်စည်းမျဉ်းများနှင့် မကိုက်ညီပါ။ ထို့အပြင် ကျွန်ုပ်တို့ မသိရဘဲ သင်တို့ထဲတွင် မည်သူကခေါင်းဆောင် ဖြစ်မည်ဆိုသည်ကို အပြီးသတ်ဆုံးဖြတ်ချက်ချကြသည်။ ကျွန်ုပ်တို့တွင် သိခွင့်ပင် မရှိကြ။ သင်တို့ ရွေးချယ်သည့်သူသည် တကယ့်အလုပ်ကို လုပ်ဆောင်ရန် ပျက်ကွက်သည်သာမက အဖျက်အမှောင့် လုပ်ခြင်းများကိုပါ ဖြစ်စေသည်၊ သို့သော်လည်း သင်တို့က ၎င်းတို့ကို မဖြုတ်ချပါ” ဟု ပြောလေသည်။ ညီအစ်ကိုမောင်နှမတို့သည် မိမိတို့၏ ထင်မြင်ယူဆချက်များကို တစ်ယောက်ပြီးတစ်ယောက် ပြောဆိုကြသည်။ အန္တိခရစ် ဤသည်ကိုကြားသောအခါ သူက “ဤသည်မှာ မကောင်းပါ။ သို့သော် ၎င်းတို့က ၎င်းတို့၏ စစ်မှန်သော အတွေးများအားလုံးကို တစ်ပြိုင်တည်း ပွင့်အန်သည်မှာ ကောင်းပါသည်။ ဤအရာက ငါ၏ နောင်အလုပ်တွင် အကျိုးပြုလိမ့်မည်။ ၎င်းတို့က ထုတ်ပြောမည့်အစား ငါ့နောက်ကျောကို ဓါးနှင့်ထိုးကာ ငါမသိဘဲ အထက်ကို တိုက်ရိုက်စာရေးတိုင်ကြားပါက ငါသည် ပွဲသိမ်းမည် မဟုတ်လော။ ကံကောင်းထောက်မ၍ ဤနည်းလမ်းကို ငါ အသုံးပြုခဲ့သည်၊ ငါသည် ထက်မြက်ပြီး လျင်မြန်သော အလိုအလျောက် တုံ့ပြန်မှုရှိသည့်အပြင် သူတို့၏ ထင်မြင်ချက်များကို အချိန်မီ သိလိုက်နိုင်သည်” ဟု တွေးလေသည်။ ထို့နောက် သူက ဟန်ဆောင်၍ “ညီအစ်ကိုမောင်နှမတို့၏ ယုံကြည်ကိုးစားမှုအတွက် ကျေးဇူးတင်ပါသည်၊ ယနေ့ ကျွန်ုပ်၏အမှားများကို စိတ်ရင်းအတိုင်း ဝေဖန်ပြစ်တင်သည့်အတွက် ကျေးဇူးတင်ပါသည်။ အနာဂတ်တွင် ကျွန်ုပ် သေချာပေါက် ပြုပြင်ပြောင်းလဲပါမည်။ မပြုပြင်ပြောင်းလဲခဲ့လျှင် ကျွန်ုပ်၏ဦးခေါင်းပေါ်သို့ အပြစ်ဒဏ်ပေးခြင်းနှင့် ကျိန်ခြင်းများ သက်ရောက်ပါစေ” ဟု ကြွေးကြော်သည်။ အန္တိခရစ်၏ လူတို့၏စိတ်နှလုံးကို စုံစမ်းစစ်ဆေးပြီး ထိန်းချုပ်ခြင်းသည် တံခါးများမှ ချောင်းနားထောင်ခြင်းနှင့် ချောင်းကြည့်ခြင်းတို့သာ မဟုတ်ချေ။ ဆိုးရွားသော အခြေအနေများတွင် သူ၌ လျှို့ဝှက်ထားသော လှည့်ကွက်တစ်ခု ရှိသည်။ မည်သို့သော လှည့်ကွက်မျိုးနည်း။ သူသည် ဒီမိုကရေစီနှင့် လွတ်လပ်မှုကို ကျင့်သုံးသည်၊ လူတို့အား လုံလောက်သော လွတ်လပ်စွာပြောဆိုခွင့် ပေးသည်၊ သူတို့၏ ထင်မြင်ယူဆချက်များနှင့် အတွင်းစိတ်ခံစားချက်များကို လွတ်လပ်စွာ ဖော်ပြခွင့်ပြုသည်၊ လူတို့၏ အတွင်းစိတ်ခံစားချက်များသည် တိုင်တန်းချက်များပင် ဖြစ်စေကာမူ ယင်းတို့ကို ထုတ်ဖော်ပြောဆိုရန် အားပေးသည်။ ထို့နောက် သူနှင့် သဘောထားကွဲလွဲသူများ သို့မဟုတ် သူ့အပေါ် ထင်မြင်ချက်များ ရှိသူများ၏ အားနည်းချက်များကို လက်မလွှတ်တမ်း အသုံးချပြီး သူတို့ကို တစ်မုဟုတ်ချင်း ရှင်းလင်းဖယ်ရှားပစ်သည်။ အန္တိခရစ်၏ လုပ်နည်းကိုင်နည်းသည် မည်သို့ထင်ရသနည်း။ ယင်းမှာ အလွန်ပင် ကောက်ကျစ်ဆိုးယုတ်သည်။ ယင်းသည် အဆင်းနီသော နဂါးကြီးနှင့် အနည်းငယ် တူသည်မဟုတ်လော။ သူတို့သည် အနှစ်သာရအားဖြင့် အတူတူပင်ဖြစ်ပြီး တူညီသော သဘာဝအနှစ်သာရကို ရှိကြသည်။ ယင်းမှာ အဆင်းနီသော နဂါးကြီးသည် လုပ်ဆောင်သည့်ပုံစံ မဟုတ်လော။ အန္တိခရစ် မည်သို့ လုပ်ဆောင်သည်ကို မြင်ရခြင်းသည် အဆင်းနီသော နဂါးကြီး၏ ရုပ်ဆိုးအကျည်းတန်သော မျက်နှာကို မြင်ရခြင်းနှင့် တူသည်။

အန္တိခရစ်တို့သည် လူတို့ကို ဆွဲဆောင်ဖြားယောင်းရန်နှင့် လူတို့ကို သူတို့အပေါ် ယုံကြည်စိတ်ချပြီး ရင်ဖွင့်စေရန် နှစ်လိုဖွယ်ကောင်းပြီး မှန်ကန်သော စကားများကို အသုံးပြုရာ၌ ကျွမ်းကျင်ကြသည်။ လူတို့၏ အခြေအနေမှန်များကို ထိုလူတို့ထံမှ စုံစမ်းစစ်ဆေးကာ အစ်အောက်မေးပြီးနောက် ရလဒ်မှာ အဘယ်နည်း။ လူတို့က ဤမှန်ကန်သောစကားများကို သူတို့အား ပြောခဲ့သောကြောင့် အန္တိခရစ်တို့ နောင်တရမည်လော။ သူတို့ လက်မြှောက်အရှုံးပေးမည်လော၊ မကောင်းမှုပြုခြင်းကို ရပ်တန့်မည်လော၊ သူတို့၏ အာဏာကို လက်လွှတ်မည်လော၊ အာဏာအတွက် သူတို့၏ လိုအင်ဆန္ဒကို စွန့်လွှတ်မည်လော၊ သူတို့၏ ပိုင်နက်ကို ဖျက်သိမ်းမည်လော။ မည်သည့်အခါမျှ မလုပ်ပါ။ ထိုအစား သူတို့၏ ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့်လုပ်ဆောင်ကြလိမ့်မည်။ လူတို့၏စိတ်နှလုံးကို ထိန်းချုပ်ရန် သူတို့ တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပြီးနောက် သူတို့နှင့် သဘောထားတိုက်ဆိုင်သူများကို ဆက်လက်ထားရှိပြီး သဘောထားမတိုက်ဆိုင်သူများ အားလုံးကိုမူ ဖယ်ရှားပစ်သည်။ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမအချို့သည် ထိုသို့သော အခြေအနေများအောက်တွင် ဖယ်ထုတ်ပစ်ခြင်းကိုဖြစ်စေ၊ နှင်ထုတ်ခြင်းကိုဖြစ်စေ၊ သူတို့၏ ဘုရားနှုတ်ကပတ်တော် စာအုပ်များ သိမ်းဆည်းခြင်းကို ဖြစ်စေ ခံခဲ့ရသည်ကိုမူ ငါတို့ မပယ်ချနိုင်ပေ။ ဤလူပုဂ္ဂိုလ်များသည် မတရားပြုခံခဲ့ရသည်။ မတရားပြုခံရသော ဤညီအစ်ကိုမောင်နှမများ မည်သို့လုပ်ဆောင်သင့်သနည်း။ ဘုရားအိမ်တော်၌ သူတို့ကို ဤသို့ ညှဉ်းပန်းနှိပ်စက်ခဲ့ကာ ယုံကြည်ရန် မဖြစ်နိုင်အောင် ပြုလုပ်ခဲ့သော အန္တိခရစ်တစ်ဦး ပေါ်လာသောကြောင့် သူတို့ ဘုရားသခင်ကို ယုံကြည်ခြင်းကို ရပ်တန့်သင့်သလော။ သူတို့ ထိုသို့ လုပ်ဆောင်နိုင်သလော။ (သူတို့ ထိုသို့ မလုပ်ဆောင်နိုင်ပါ။) အန္တိခရစ်များကိုဖြစ်စေ၊ အမှောင်စွမ်းအားများကိုဖြစ်စေ၊ ကောက်ကျစ်ဆိုးယုတ်သော စွမ်းအားများကိုဖြစ်စေ အလျှော့ပေးခြင်းသည် သို့မဟုတ် ဦးညွှတ်ခြင်းသည် သင့်လျော်သလော။ ယင်းသည် သင်တို့ ရွေးချယ်သင့်သော လမ်းကြောင်းဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သင်တို့ မည်သည့်လမ်းခရီးကို ရွေးချယ်သင့်သနည်း။ (အန္တိခရစ်များကို ဖော်ထုတ်ပြီး တိုင်ကြားရန် ဖြစ်ပါသည်။) တစ်စုံတစ်ဦးသည် အန္တိခရစ်ဖြစ်ကြောင်း သင် တွေ့ရှိသည့်အခါ ငါ သင့်ကို ပြောမည်၊ အကယ်၍ သူတို့၏ သြဇာလွှမ်းမိုးမှုမှာ ကြီးမားပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များစွာတို့က သူတို့စကားကို နားထောင်ကာ သင်၏စကားကို နားမထောင်လျှင်၊ သူတို့ကို သင် ဖော်ထုတ်လိုက်ပါက သင်သည်လည်း မထူးတော့သည့်အတူတူ အကြဉ်ခံရကောင်းခံရနိုင်လျှင် သို့မဟုတ် ဖယ်ထုတ်ပစ်ခြင်း ခံရကောင်း ခံရနိုင်လျှင် သင်၏ နည်းဗျူဟာကို သေချာစဉ်းစားရမည်။ သူတို့ကို တစ်ဦးတည်း မရင်ဆိုင်နှင့်။ အနိုင်ရနိုင်ချေသည် သင့်ဘက်တွင် မရှိချေ။ သမ္မာတရားကို နားလည်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်းရှိသော လူအနည်းငယ်ကို ဦးစွာ ဆက်သွယ်ပြီး သူတို့နှင့် မိတ်သဟာယဖွဲ့ရန် ရှာဖွေလော့။ သင်တို့ သဘောတူညီချက်တစ်ခု ရရှိလျှင် သမ္မာတရားကို လက်ခံနိုင်ပြီး သဘောတူညီမှုတစ်ခု ရယူနိုင်မည့် နောက်ထပ် ခေါင်းဆောင်နှစ်ဦး သို့မဟုတ် အမှုဆောင်နှစ်ဦးထံ ချဉ်းကပ်လော့။ လူအများ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အန္တိခရစ်ကို ပူးတွဲ ဖော်ထုတ်ပြီး ကိုင်တွယ်လော့။ ဤနည်းအားဖြင့် သင်တို့ အောင်မြင်နိုင်ချေ ရှိသည်။ အကယ်၍ အန္တိခရစ်၏ သြဇာလွှမ်းမိုးမှု အလွန်ကြီးမားလျှင် သင်တို့ အထက်သို့ တိုင်ကြားစာတစ်စောင် ရေးသား၍လည်း ပေးပို့နိုင်သည်။ ဤသည်မှာ အကောင်းဆုံး ချဉ်းကပ်နည်း ဖြစ်သည်။ ခေါင်းဆောင်အချို့နှင့် အမှုဆောင်အချို့က သင်တို့ကို ဖိနှိပ်ရန် အမှန်တကယ် ကြိုးစားလျှင် သင်တို့က သူတို့ကို “အကယ်၍ သင်တို့ ကျွန်ုပ်တို့၏ ဖော်ထုတ်မှုနှင့် တိုင်ကြားမှုကို လက်မခံလျှင် ကျွန်ုပ်တို့ ဤကိစ္စကို အထက်သို့ တင်ပြပြီး သူတိုအား သင်တို့ကို ကိုင်တွယ်စေမည်” ဟု ပြောနိုင်သည်။ ဤသည်က သင်တို့၏ အောင်မြင်နိုင်ချေကို တိုးစေသည်၊ အကြောင်းမှာ သူတို့ သင်တို့ကို ဆန့်ကျင်လှုပ်ရှားရန် မဝံ့ရဲတော့သောကြောင့် ဖြစ်သည်။ အန္တိခရစ်များနှင့် ဆက်ဆံရာတွင် သင်တို့သည် ဤယုံကြည်စိတ်ချရသော ချဉ်းကပ်နည်းကို ကျင့်သုံးရမည်။ တစ်ဦးတည်း ဘယ်တော့မှ မလုပ်ဆောင်နှင့်။ အကယ်၍ သင်တို့၌ ခေါင်းဆောင်အချို့နှင့် အမှုဆောင်အချို့၏ ထောက်ခံမှု မရှိလျှင် သင်တို့ အထက်သို့ တိုင်ကြားစာတစ်စောင် ရေးသား၍ ပေးပို့နိုင်သည်မှတစ်ပါး သင်တို့၏ ကြိုးပမ်းအားထုတ်မှုများသည် ကျရှုံးရန် ကံကြမ္မာပါလာသည်။ အန္တိခရစ်တို့သည် အလွန်ပင် မသိမသာဒုက္ခပေးပြီး စဉ်းလဲကြသည်။ အကယ်၍ သင်တို့၌ လုံလောက်သော သက်သေအထောက်အထား မရှိလျှင် သူတို့ကို ဆန့်ကျင်ရန် ရှောင်ကြဉ်လော့။ သူတို့ကို ကျိုးကြောင်းပြပြောဆိုခြင်းဖြစ်စေ၊ သူတို့နှင့် ငြင်းခုံခြင်းဖြစ်စေ အသုံးမဝင်၊ သူတို့ကို ပြောင်းလဲရန် ကြိုးစားဖို့ မေတ္တာပြခြင်းသည် အကျိုးမရှိဘဲ သူတို့နှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းသည် အလုပ်ဖြစ်မည်မဟုတ်။ သူတို့ကို သင် ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။ သူတို့ကို သင် မပြောင်းလဲနိုင်သည့် အခြေအနေတွင် သင်၏ အကောင်းဆုံး လုပ်ဆောင်သင့်သည့် နည်းလမ်းမှာ သူတို့နှင့် ရင်နှီးပွင့်လင်းစွာ ပြောဆိုဆွေးနွေးခြင်း၊ သူတို့နှင့် ကျိုးကြောင်းပြပြောဆိုခြင်းနှင့် သူတို့ နောင်တရသည်အထိ စောင့်ဆိုင်းခြင်းတို့ မဟုတ်ချေ။ ထိုအစား သူတို့ မသိစေဘဲ သူတို့ကို ဖော်ထုတ်ပြီး တိုင်ကြားလော့၊ အထက်က သူတို့ကို ကိုင်တွယ်စေလော့၊ လူအများကို သူတို့အား ပိုမို၍ ဖော်ထုတ်ရန်၊ တိုင်ကြားရန်၊ ငြင်းပယ်ရန် တိုက်တွန်းအားပေးလော့၊ နောက်ဆုံးတွင် သူတို့ကို အသင်းတော်မှ အမြစ်ပါမကျန် ဖယ်ရှားရှင်းလင်းသည်အထိ ဖြစ်စေလော့။ ဤသည်မှာ ကောင်းသော လုပ်နည်းကိုင်နည်း တစ်ခုမဟုတ်လော။ အကယ်၍ သူတို့က သင်တို့၏ အတွင်းစိတ်သဘောထားများကို အစ်အောက်မေးမြန်းရန်၊ သင်တို့ကို စုံစမ်းစစ်ဆေးရန်၊ သင်တို့ သူတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း တစ်စုံတစ်ရာ ရှိမရှိ ကြည့်ရန် ရည်ရွယ်လျှင်၊ သူတို့ကို သင် အန္တိခရစ်အဖြစ် ခွဲခြားသိမြင်ပြီးဖြစ်ပါက သင် မည်သို့လုပ်ဆောင်သင့်သနည်း။ (ကျွန်ုပ် သူတို့နှင့် အမှန်အတိုင်း မပြောဆိုသင့်ဘဲ လောလောဆယ် သူတို့စကားအတိုင်း လိုက်ပြောသင့်ပြီး ကျွန်ုပ်၏ ပိုင်းခြားသိမြင်နိုင်စွမ်းကို သူတို့ မသိရှိစေဘဲ ထို့နောက် ကျွန်ုပ် သူတို့ကို တိတ်တဆိတ် ဖော်ထုတ်ပြီး တိုင်ကြားသင့်ပါသည်။) ဤလုပ်နည်းကိုင်နည်းသည် မည်သို့ရှိသနည်း။ (ကောင်းပါသည်။) သင်တို့သည် နတ်ဆိုးများနှင့် စာတန်များ၏ အကြံအစည်များကို ထိုးထွင်းသိမြင်ရမည်ဖြစ်ပြီး သူတို့၏ ထောင်ချောက်များကို မတော်တဆ မလှုံ့ဆော်မိစေရန် သို့မဟုတ် သူတို့၏ ချောက်များထဲသို့ မကျရောက်စေရန် ရှောင်ကြဉ်ရမည်။ စာတန်များနှင့် နတ်ဆိုးများနှင့် ဆက်ဆံသည့်အခါ သင်တို့ ဉာဏ်ပညာကို အသုံးပြုရမည်ဖြစ်ပြီး သူတို့နှင့် အမှန်အတိုင်း ပြောဆိုခြင်းမှ ရှောင်ကြဉ်ရမည်။ အကြောင်းမှာ သင်တို့ အမှန်အတိုင်း ပြောဆိုနိုင်သည့်သူများမှာ ဘုရားသခင်နှင့် စစ်မှန်သော ညီအစ်ကိုမောင်နှမများ ဖြစ်သောကြောင့် ဖြစ်သည်။ သင်တို့သည် စာတန်များ၊ နတ်ဆိုးများ၊ သို့မဟုတ် အန္တိခရစ်များနှင့် ဘယ်တော့မှ အမှန်အတိုင်း မပြောဆိုသင့်ချေ။ ဘုရားသခင်သာလျှင် သင်တို့၏ စိတ်နှလုံးထဲ၌ ရှိသည့်အရာကို နားလည်ရန်နှင့် သင်တို့၏ စိတ်နှလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲကာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် ထိုက်တန်သည်။ မည်သူမျှ၊ အထူးသဖြင့် နတ်ဆိုးများနှင့် စာတန်များသည် သင်တို့၏ စိတ်နှလုံးကို ထိန်းချုပ်ရန် သို့မဟုတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန် အရည်အချင်း မပြည့်မီပေ။ ထို့ကြောင့် အကယ်၍ နတ်ဆိုးများနှင့် စာတန်များက သင်တို့ထံမှ အမှန်တရားကို အစ်အောက်မေးမြန်းရန် ကြိုးစားလျှင် သင်၌ “မဟုတ်ဘူး” ဟု ပြောပိုင်ခွင့်၊ ယင်းကို ဖြေကြားရန် ငြင်းပိုင်ခွင့်နှင့် သတင်းအချက်အလက်ကို ထိမ်ချန်ထားပိုင်ခွင့် ရှိသည်။ ဤသည်မှာ သင်၏ အခွင့်အရေး ဖြစ်သည်။ အကယ်၍ သင်က “သင် နတ်ဆိုး၊ သင် ကျွန်ုပ်၏စကားများကို အစ်အောက်မေးမြန်းလိုသည်၊ သို့သော် ကျွန်ုပ် သင်နှင့် အမှန်အတိုင်း မပြောဆို၊ ကျွန်ုပ် သင့်ကို ပြောမည်မဟုတ်။ ကျွန်ုပ် သင့်ကို တိုင်ကြားမည်။ သင် ကျွန်ုပ်ကို မည်သည့်အရာ လုပ်ဆောင်နိုင်သနည်း။ အကယ်၍ သင် ကျွန်ုပ်ကို ညှဉ်းပန်းနှိပ်စက်ဝံ့လျှင် ကျွန်ုပ် သင့်ကို တိုင်ကြားမည်၊ အကယ်၍ သင် ကျွန်ုပ်ကို ညှဉ်းပန်းနှိပ်စက်လျှင် ဘုရားသခင်က သင့်ကို ကျိန်ဆဲပြီး အပြစ်ဒဏ်ပေးလိမ့်မည်” ဟု ပြောလျှင် ထိုသို့ အလုပ်ဖြစ်မည်လော။ (ထိုသို့ အလုပ်မဖြစ်ပါ။) သမ္မာကျမ်းစာက ဤသို့ဆိုသည်၊ “ထို့ကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။” (ရှင်မဿဲခရစ်ဝင် ၁၀:၁၆)။ ထိုသို့သော အခြေအနေများတွင် သင်တို့ မြွေကဲ့သို့ လိမ္မာရမည်၊ သင်တို့ ဉာဏ်ပညာရှိသင့်သည်။ ငါတို့၏ စိတ်နှလုံးများသည် ဘုရားသခင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရန်နှင့် ပိုင်ဆိုင်ရန်သာ သင့်လျော်သည်၊ ကိုယ်တော့်ကိုသာ ပေးအပ်သင့်သည်။ ဘုရားသခင်သာလျှင် ငါတို့၏ စိတ်နှလုံးကို ပိုင်ဆိုင်ရန် ထိုက်တန်သည်၊ စာတန်များနှင့် နတ်ဆိုးများသည် ထိုက်တန်ခြင်းမရှိပေ။ ထို့ကြောင့် အန္တိခရစ်တို့သည် ငါတို့၏ စိတ်နှလုံးထဲ၌ ရှိသည့်အရာ သို့မဟုတ် ငါတို့ တွေးတောနေသည့်အရာကို သိခွင့်ရှိသလော။ သူတို့၌ ထိုအခွင့်အရေး မရှိချေ။ သင်တို့ထံမှ အမှန်တရားကို အစ်အောက်မေးမြန်းရန်နှင့် သင်တို့ကို စုံစမ်းစစ်ဆေးရန် သူတို့ ကြိုးစားခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူတို့သည် သင်တို့ကို ထိန်းချုပ်ရန် ရည်ရွယ်သည်၊ သင်တို့ ဤအရာကို ရှင်းလင်းစွာ သတိပြုမိရမည်။ သို့ဖြစ်၍ သူတို့နှင့် အမှန်အတိုင်း မပြောဆိုနှင့်။ သင်သည် ၎င်းတို့အား ဖော်ထုတ်ပြီး ငြင်းပယ်ရန်၊ ၎င်းတို့၏ ရာထူးမှ ဖြုတ်ချပြီး ၎င်းတို့အား မည်သည့်အခါမျှ အောင်မြင်ခွင့်မပေးရန် ပို၍များသော ညီအစ်ကိုမောင်နှမတို့ကို စည်းလုံးစေရန် နည်းလမ်းများ ရှာဖွေရမည်။ ဘုရားအိမ်တော်၌ နောက်တစ်ကြိမ် အဖျက်အမှောင့်လုပ်ရန်နှင့် အာဏာအသုံးပြုရန် သူတို့ကို မည်သည့်အခွင့်အရေးမျှ မပေးဘဲ အသင်းတော်မှ သူတို့ကို အမြစ်ပါမကျန် ဖယ်ရှားရှင်းလင်းပစ်လော့။

အန္တိခရစ်တို့က လူတို့၏စိတ်နှလုံးကို စုံစမ်းစစ်ဆေးပြီး ထိန်းချုပ်ခြင်းသည် သိသာထင်ရှားသော လက်တွေ့အရှိတရားတစ်ခု ဖြစ်သည်။ အန္တိခရစ်တို့၏ အနှစ်သာရကို အကဲဖြတ်ကြည့်လျှင် ထိုသို့သော လုပ်ဆောင်ချက်များကို ဆောင်ရွက်ခြင်းသည် သူတို့အတွက် သဘာဝအတိုင်း ဖြစ်ပေါ်လာပြီး အတော်ပင် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်ကြောင်း သိသာထင်ရှားသည်။ အသင်းတော်အမျိုးမျိုးတွင် အန္တိခရစ်တို့သည် ညီအစ်ကိုမောင်နှမများကြားထဲသို့ စိမ့်ဝင်ထိုးဖောက်ရန်၊ သတင်းအချက်အလက်များကို စုံစမ်းစစ်ဆေးရန်နှင့် အတွင်းသတင်းအချက်အလက်များကို စုဆောင်းရန် သူတို့၏ လူယုံများကို မကြာခဏ စေလွှတ်သည်။ တစ်ခါတစ်ရံ သူတို့ စုဆောင်းရရှိသော သတင်းအချက်အလက်များသည် အိမ်တွင်း အသေးအဖွဲကိစ္စများ သို့မဟုတ် လူအချင်းချင်းကြားမှ သာမန်စကားစမြည် ပြောဆိုခြင်းများနှင့် သက်ဆိုင်ပြီး ယင်းတို့မှာ လုံးဝ အရေးမကြီးချေ။ သို့ရာတွင် အန္တိခရစ်တို့သည် လူတို့၏ အတွေးအခေါ်များနှင့် ထင်မြင်ယူဆချက်များ၏ ပြောင်းလဲမှုများကို အချိန်မီ သိရှိနားလည်နိုင်ရန်အလို့ငှာ ဤကိစ္စရပ်များအပေါ် အမြဲတမ်း တစ်ဆိတ်ကိုတစ်အိတ်ဖြစ်အောင် လုပ်ကြပြီး ယင်းတို့ကို အတွေးအခေါ်များနှင့် ရှုမြင်ပုံအဆင့်အထိပင် မြှင့်တင်ကြသည်။ ဤသည်မှာ သူတို့ အခြေအနေများနှင့် လူတစ်ဦးချင်းစီ၏ အခြေအနေကို လွယ်ကူစွာ ထိန်းချုပ်နိုင်ရန်၊ တစ်ဦးချင်းစီကို အချိန်မီ တုံ့ပြန်နိုင်ရန် ဖြစ်သည်။ အန္တိခရစ်တို့သည် အာဏာနှင့် အဆင့်အတန်းတို့နှင့်ပတ်သက်သည့် သူတို့၏ လုပ်ရပ်များတွင် အထူးပင် တိကျကြသည်။ မည်သည့်အတိုင်းအတာအထိ တိကျသနည်း။ ကိစ္စရပ်များကို မည်သို့ကိုင်တွယ်ပုံနှင့် ပတ်သက်သည့် တစ်ဦးချင်းစီ၏ ရှုမြင်ပုံအပြင်၊ ရုပ်ဝတ္ထုပစ္စည်းများ၊ ငွေကြေး၊ အဆင့်အတန်း၊ ဘုရားသခင်ကို ယုံကြည်ခြင်း၊ တာဝန်များထမ်းဆောင်ခြင်းနှင့် အလုပ်မှ ထွက်ခြင်းတို့အပေါ်ထားသော သူတို့၏ ရှုမြင်ပုံတို့အားလုံးကို သူတို့က နောကျေအောင် သိလိုကြသည်။ သူတို့ ယင်းကို နောကျေအောင် သိရှိနားလည်ပြီးသည့်နောက်တွင် အန္တိခရစ်တို့သည် လူတို့အတွက် ထောက်ပံ့ရန်၊ လူတို့၏ လွဲမှားသော ရှုမြင်ပုံများကို ပြုပြင်ပြောင်းလဲရန်၊ သို့မဟုတ် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးမပြုကြပေ။ ထိုအစား သူတို့သည် ယင်းကို သူတို့၏ ကိုယ်ပိုင်အဆင့်အတန်း၊ အာဏာနှင့် ပိုင်နက်အတွက် အသုံးချကြသည်။ ဤသည်မှာ အန္တိခရစ်တို့၏ လူတို့၏စိတ်နှလုံးကို စုံစမ်းစစ်ဆေးပြီး ထိန်းချုပ်ခြင်း၏ ရည်ရွယ်ချက် ဖြစ်သည်။ အန္တိခရစ်တို့အတွက်မူ သူတို့လုပ်ဆောင်သမျှ အရာအားလုံးသည် အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသည်ဟု ထင်ရသော်လည်း အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိသည်ဟု ယူဆရသော ဤအရာအားလုံးသည် ဘုရားသခင်က အတိအကျ ပြစ်တင်ရှုတ်ချသော အရာများသာ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို အတိအကျ သစ္စာဖောက်ကြပြီး ဘုရားသခင်နှင့် ရန်ဘက်ဖြစ်ကြသည်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်

အရှေ့သို့- အချက် ၁၃- ၎င်းတို့သည် အသင်းတော်ဘဏ္ဍာရေးအပြင် လူတို့၏စိတ်နှလုံးကိုလည်း ထိန်းချုပ်၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။