အချက် ၁၅- ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏ (အပိုင်း ၁)
၁။ အန္တိခရစ်များသည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ
ယနေ့ ကျွန်ုပ်တို့သည် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များဆိုင်ရာ အချက်တစ်ဆယ့်ငါးချက်မြောက်ဖြစ်သည့် ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့အပြင် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏ ဟူသော အကြောင်းအရာကို မိတ်သဟာယဖွဲ့ကြမည်။ ဤအချက်သည် အန္တိခရစ်များက ဘုရားသခင်နှင့် ခရစ်တော်ကို ဆက်ဆံပုံနှင့်ပတ်သက်သည့် သရုပ်သကန်နှစ်မျိုးကို ဖော်ထုတ်ပြပြီး ဤသရုပ်သကန်နှစ်မျိုးသည် အန္တိခရစ်များ၏ အနှစ်သာရကို ကိုယ်စားပြုသည်။ ဤသရုပ်သကန်နှစ်မျိုးလုံးသည် ဘုရားသခင်ကိုယ်တော်တိုင်နှင့် သက်ဆိုင်ပြီး တစ်နည်းအားဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် သက်ဆိုင်ကာ နောက်တစ်နည်းအားဖြင့် ဘုရားသခင်၏ လူဇာတိခံယူထားသော ဇာတိပကတိနှင့် သက်ဆိုင်သည်။ အန္တိခရစ်များသည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြသကဲ့သို့ ကိုယ်တော်၏ လူဇာတိခံယူထားသော ဇာတိပကတိကိုလည်း အသိအမှတ်မပြုကြပေ။ ဤသည်တို့မှာ အန္တိခရစ်များက ဘုရားသခင်အပေါ် ထားရှိသော အမြင်များဖြစ်ပြီး ယင်းတို့သည် အန္တိခရစ်များက ဘုရားသခင်ကို ဆက်ဆံပုံ၏ အဓိကကျသော သရုပ်သကန်များလည်း ဖြစ်ကြသည်။ ယခုလောလောဆယ် ကျွန်ုပ်တို့သည် ဤအဓိကကျသော သရုပ်သကန်နှစ်မျိုး၏ အနှစ်သာရကို မိတ်သဟာယဖွဲ့မည့်အစား အန္တိခရစ်များ၏ ဘုရားသခင်တည်ရှိမှုကို မယုံကြည်ခြင်းသည် မည်သို့သရုပ်သကန်ပြသည်ကို ဦးစွာ ဆွေးနွေးကြစို့။ ဆိုလိုသည်မှာ အန္တိခရစ်များ၌ ဘုရားသခင်အပေါ် ထားရှိသည့် မည်သည့် အတွေးအခေါ်များ၊ အမြင်များ၊ သဘောထားများနှင့် တိကျသော အပြုအမူများ၊ သရုပ်သကန်များနှင့် ချဉ်းကပ်နည်းများက သူတို့ ကိုယ်တော်၏တည်ရှိမှုကို မယုံကြည်ကြောင်း သက်သေပြသည်ကို ဆွေးနွေးကြစို့။ ဤမယုံကြည်မှု၏ တိကျသော သရုပ်သကန်များ ရှိသလော။ အချို့က “အန္တိခရစ်များ၏ ဘုရားသခင်တည်ရှိမှုကို မယုံကြည်ခြင်းဆိုသည်မှာ ဤအချက်ကို အသိအမှတ်မပြုခြင်းနှင့် ဘုရားသခင်၏ တည်ရှိမှုကို ငြင်းပယ်ခြင်းဟု ရိုးရှင်းစွာ အဓိပ္ပာယ်ရပါသည်။ သူတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင်မရှိဟု ယုံကြည်ကြပြီး ဘုရားသခင်၏ ဝိညာဉ်တော်၊ ဘုရားသခင် ကိုယ်တော်တိုင်နှင့် ဖန်ဆင်းရှင်တို့သည် မမြင်နိုင်သည့် အရာများဖြစ်ကာ မတည်ရှိကြဟု ယူဆကြပါသည်။ သူတို့အတွက်မူ ‘ဘုရားသခင်’ ဟူသော အမည်နာမသည် အချည်းနှီးဖြစ်ပြီး လူသားတို့၏ စိတ်ကူးယဉ်ဖန်တီးမှုတစ်ခု ဖြစ်သည်။ ဤသည်မှာ ရှင်းပြရန်နှင့် မိတ်သဟာယဖွဲ့ရန် လွယ်ကူသောအရာတစ်ခု မဟုတ်ပါလော။ ဤသည်က အန္တိခရစ်များ၏ အနှစ်သာရနှင့် မည်သို့ သက်ဆိုင်သနည်း။ ဤအရာ၏ တိကျသော သရုပ်သကန်များ မည်သို့ရှိသနည်း။ ဤသည်မှာ တစ်ဆိတ်ကိုတစ်အိတ်လုပ်ခြင်း မဟုတ်ပါလော။ ယင်းသည် အမှန်တကယ် ထိုမျှ ရှုပ်ထွေးသလော” ဟု ပြောကောင်းပြောနိုင်သည်။ ဤစဉ်းစားတွေးခေါ်ပုံသည် မှန်ကန်သလော။ အကယ်၍ သင်တို့ကို အန္တိခရစ်များ ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ခြင်းဟူသော အကြောင်းအရာနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန် တောင်းဆိုခဲ့ပါလျှင် သင်တို့သည် ယင်းနှင့်ပတ်သက်၍ မည်သို့မိတ်သဟာယဖွဲ့ပြီး မည်သို့စိစစ်ကြမည်နည်း။ ဥပမာအားဖြင့် အထူးတလည် လှည့်ဖြားတတ်သော လူတစ်ဦးကို စဉ်းစားကြည့်လော့။ သင်သည် သူ၏ လှည့်ဖြားတတ်ခြင်း၏ တိကျသော သရုပ်သကန်များကို ပြောပြနိုင်သလော။ အကယ်၍ သင်က “ဤသူသည် အလွန်လှည့်ဖြားတတ်ပြီး အမြဲတမ်း လိမ်ညာပြောဆိုကာ မှန်ကန်သောစကားတစ်ခွန်းမျှ မပြောပါ” ဟုသာ ဆိုလျှင် သင် မိတ်သဟာယဖွဲ့သည်မှာ ပြီးဆုံးပြီဖြစ်မည်လော။ လှည့်ဖြားတတ်ခြင်း၏ တိကျသော အခြေအနေများနှင့် သရုပ်သကန်များမှာ အဘယ်နည်း။ သင်သည် ထိုသူ၏ လှည့်ဖြားတတ်ခြင်းကို မည်သို့ စိစစ်နိုင်မည်နည်း။ သူတို့သည် မိမိတို့၏ နေ့စဉ်ဘဝတွင် ကျင့်ကြံပြုမူရန်နှင့် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် မည်သည့်လုပ်နည်းကိုင်နည်းများကို အသုံးပြုကြသနည်း။ သူတို့သည် လောကနှင့်ဆက်ဆံရန် မည်သည့်နည်းလမ်းများကို အသုံးပြုကြသနည်း။ သူတို့၏ ကိုယ်ကျင့်စရိုက်သည် အဘယ်နည်း။ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် သူတို့၏ အမြင်ရှုထောင့်မှာ အဘယ်နည်း။ ဤသူသည် အလွန်လှည့်ဖြားတတ်ကြောင်းကို မည်သို့ သက်သေပြနိုင်မည်နည်း။ ဤနေရာတွင် အသေးစိတ်အချက်အလက်များ မရှိသလော။ အမှန်တကယ်ပင် အသေးစိတ်အချက်အလက်များ ရှိပေသည်။ ယင်းသည် လှည့်ဖြားတတ်ခြင်းဆိုသည်မှာ အဘယ်အရာဖြစ်သည် သို့မဟုတ် မည်သည့်လုပ်ရပ်များက လှည့်ဖြားတတ်သည်ကို ပြောဆိုရုံမျှသာမဟုတ်ဘဲ ဤဝေါဟာရကို ရှင်းပြရုံမျှသာလည်းမဟုတ်သည့်အပြင် ထိုအစား သူတို့၏ တိကျသော သရုပ်သကန်များ၊ အပြုအမူများ၊ အတွေးအခေါ်များ၊ အမြင်ရှုထောင့်များ၊ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့် သူတို့၏ နည်းလမ်းများ၊ သူတို့၏ အကျင့်စရိုက် အစရှိသည်တို့ကို သင် စိစစ်ရန် လိုအပ်သည်။ လှည့်ဖြားတတ်သောသူတစ်ဦး၏ အဓိကလက္ခဏာရပ်မှာ သူတို့သည် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ မိမိတို့၏စိတ်နှလုံးကို ဖွင့်ဟ၍ မိတ်သဟာယမဖွဲ့ဘဲ၊ မိမိတို့၏ အခင်မင်ဆုံးသူငယ်ချင်းကိုပင် မိမိတို့၏ရင်တွင်းစကားကို မပြောကြားခြင်း ဖြစ်သည်။ သူတို့သည် သာမန်ထက်လွန်ကဲစွာ နားလည်ရခက်သောသူများ ဖြစ်ကြသည်။ အမှန်မှာမူ ထိုသို့သောသူသည် အသက်အရွယ်အားဖြင့် အလွန်ကြီးရင့်ချင်မှ ကြီးရင့်မည်၊ သို့မဟုတ် ကမ္ဘာကြီးနှင့်ပတ်သက်၍ များစွာ သိမြင်ဖူးခြင်း ရှိချင်မှ ရှိမည်၊ သို့မဟုတ် အတွေ့အကြုံပင် နည်းကောင်းနည်းနိုင်သည်၊ သို့တိုင်အောင် သာမန်ထက်လွန်ကဲစွာ နားလည်ရခက်သောသူများ ဖြစ်ကြသည်။ သူတို့သည် အသက်အရွယ်နှင့်မလိုက်အောင် စဉ်းလဲ၏။ ဤသည်မှာ သဘာဝအားဖြင့် လှည့်ဖြားတတ်သောသူတစ်ဦး မဟုတ်ပါလော။ သူတို့သည် မိမိတို့ကိုယ်ကိုယ် အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားကြသဖြင့် မည်သူမျှ သူတို့ကို ထွင်းဖောက်၍ မမြင်နိုင်ပေ။ သူတို့ စကားမည်မျှပင် ပြောစေကာမူ၊ မည်သည့်စကားက မှန်ပြီး မည်သည့်စကားက မှားသည်ကို ခွဲခြားသိမြင်ရန် ခက်ခဲကာ၊ သူတို့ မည်သည့်အချိန်တွင် အမှန်အတိုင်းပြောပြီး မည်သည့်အချိန်တွင် လိမ်ညာပြောသည်ကို မည်သူမျှ ကြိုတင်မှန်းဆ၍ မသိနိုင်ပေ။ ထို့အပြင်၊ သူတို့သည် ဟန်ဆောင်ဖုံးကွယ်ခြင်း၌ အထူးကျွမ်းကျင်ကြသကဲ့သို့ ပရိယာယ်ကြွယ်ဝသော စကားအခြေအတင်ပြောခြင်း၌လည်း အထူးကျွမ်းကျင်ကြသည်။ သူတို့သည် လူတို့အား မှားယွင်းသော အထင်အမြင်များပေးခြင်းဖြင့် အမှန်တရားကို ဖုံးကွယ်ထားတတ်ကြရာ၊ လူအားလုံး မြင်တွေ့ရသည်မှာ သူတို့၏ ဟန်ဆောင်ထားသော ပုံပန်းသဏ္ဌာန်အမှားသာ ဖြစ်သည်။ သူတို့သည် မိမိတို့ကိုယ်ကိုယ် မြင့်မြတ်သောသူ၊ ကောင်းသောသူ၊ သီလရှိသောသူ၊ ဟန်ဆောင်မှုကင်းသောသူ၊ လူတို့နှစ်သက်သဘောကျပြီး အသိအမှတ်ပြုသောသူအဖြစ် ဟန်ဆောင်ကြပြီး နောက်ဆုံးတွင် လူတိုင်းက သူတို့ကို ကြည်ညိုကာ အထင်ကြီးသည့်အဆင့်သို့ ရောက်ရှိကြသည်။ သင်သည် ထိုသို့သောသူတစ်ဦးနှင့် အချိန်မည်မျှကြာအောင် ပေါင်းသင်းဆက်ဆံသည်ဖြစ်စေ၊ သူတို့ ဘာတွေစဉ်းစားနေသည်ကို သင် ဘယ်တော့မျှ သိနိုင်မည်မဟုတ်ပေ။ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် သူတို့၏အမြင်များနှင့် သဘောထားများသည် သူတို့၏စိတ်နှလုံးထဲ၌ ဖုံးကွယ်ထားလျက်ရှိသည်။ ဤအရာများကို မည်သူ့ကိုမျှ သူတို့ ဘယ်တော့မျှ မပြောကြပေ။ သူတို့၏ အရင်းနှီးဆုံးသော အတွင်းလူကိုပင် ဤအရာများနှင့်ပတ်သက်၍ သူတို့ မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြပေ။ သူတို့ ဘုရားသခင်ထံ ဆုတောင်းသောအခါ၌ပင် မိမိတို့၏စိတ်နှလုံးထဲရှိသောအရာကိုဖြစ်စေ၊ ၎င်းတို့နှင့်ပတ်သက်သည့် အမှန်တရားကိုဖြစ်စေ စိတ်ချယုံကြည်စွာ ပြောဆိုချင်မှ ပြောဆိုပေမည်။ ထိုမျှမက သူတို့သည် မိမိတို့ကိုယ်ကို လူ့သဘာဝကောင်းရှိသူ၊ အလွန်ဝိညာဉ်ရေးရာပြည့်သူ၊ သမ္မာတရားကို လိုက်စားရန် ဆက်ကပ်ထားသူအဖြစ် ဟန်ဆောင်ရန် ကြိုးစားကြသည်။ သူတို့၌ မည်သို့သော စိတ်သဘောထားမျိုးရှိသည်ကိုနှင့် သူတို့ မည်သို့သောလူစားမျိုးဖြစ်သည်ကို မည်သူမျှ ထွင်းဖောက်၍ မမြင်နိုင်ပေ။ ဤသည်တို့မှာ လှည့်ဖြားတတ်ခြင်း၏ သရုပ်သကန်များ ဖြစ်ကြသည်။ ဥပမာအားဖြင့် ပျင်းရိသောလူတစ်ဦးကို စဉ်းစားကြည့်လော့။ ပျင်းရိခြင်း၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ အချို့က “ပျင်းရိခြင်းဆိုသည်မှာ မည်သည့်အလုပ်ကိုမျှ လုံးဝမလုပ်ဘဲ၊ တစ်နေ့လုံး ထိုင်နေရုံသာထိုင်နေပြီး လှုပ်ရှားလိုစိတ်မရှိ၊ မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်လိုစိတ်မရှိ၊ စကားပြောလိုစိတ်လည်းမရှိခြင်း ဖြစ်သည်” ဟု ဆိုကြပေမည်။ ဤသည်တို့မှာ ပျင်းရိခြင်း၏ တိကျပြီး အနှစ်သာရရှိသော သရုပ်သကန်များ ဟုတ်သလော။ (မဟုတ်ပါ၊ ဤသည်တို့မှာ အပေါ်ယံ သာမန်ဖြစ်စဉ်အချို့မျှသာ ဖြစ်ပါသည်။) သို့ဆိုလျှင် ပျင်းရိခြင်း၏ အနှစ်သာရကျသော သရုပ်သကန်များမှာ အဘယ်နည်း။ အဓိကအားဖြင့် အဓိကကျသော သရုပ်သကန်နှစ်မျိုး ရှိပါသည်။ ပထမတစ်ချက်မှာ မည်သည့်အခက်အခဲကိုမျှ ခါးစည်းခံလိုစိတ်မရှိခြင်း၊ မိမိတို့လုပ်ဆောင်သမျှအရာ၌ ဝန်တာထားသောစိတ် သို့မဟုတ် တာဝန်ယူစိတ်မရှိခြင်း၊ မိမိတို့၏ခန္ဓာကိုယ် အနည်းငယ် မသက်မသာဖြစ်သည့်အခါတိုင်း သို့မဟုတ် အနည်းငယ်မျှသော အခက်အခဲ သို့မဟုတ် အနည်းငယ် ပင်ပန်းနွမ်းနယ်မှုနှင့် ကြုံတွေ့သည့်အခါတိုင်း စောဒကတက်ခြင်း ဖြစ်သည်။ ဒုတိယတစ်ချက်မှာ မည်သည့်အလုပ်ကိုမျှ လုပ်လိုစိတ်မရှိခြင်း၊ သာယာပျော်ရွှင်သောဘဝကို လိုလားခြင်း၊ အနားယူမှုကို ပိုနှစ်သက်ပြီး အလုပ်လုပ်ရခြင်းကို မကြိုက်ခြင်း၊ မိမိတို့၏အချိန်ကို အချည်းနှီးဖြုန်းတီးပြီး နေ့ရက်များကို လေလွင့်စွာ ဖြတ်သန်းခြင်း၊ ထို့အပြင် အလုပ်လုပ်ရသည့်အခါတိုင်း အဆုံးမရှိ မြည်တွန်တောက်တီးပြီး မည်သူမျှ ရှာမတွေ့နိုင်သောနေရာ၌ ပုန်းကွယ်နေခြင်းတို့ ဖြစ်သည်။ ဤသည်တို့မှာ ပျင်းရိခြင်း၏ အဓိကကျသော သရုပ်သကန်နှစ်မျိုး ဖြစ်သည်။ တိကျသော သရုပ်သကန်များကို ဤနေရာတွင် ငါတို့ ဆွေးနွေးတော့မည်မဟုတ်ချေ။ ဥပမာအားဖြင့် အစားကြီးသောသူတစ်ဦးကို ကြည့်လော့။ အစားကြီးခြင်း၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ ဤသည်မှာ လူ့သဘာဝအတွင်း၌ စိစစ်ရန်နှင့် ပိုင်းခြားသိမြင်ရန် လွယ်ကူသင့်သောအရာတစ်ခု ဖြစ်သင့်သည်၊ ဟုတ်သည် မဟုတ်လော။ (ရုပ်ပိုင်းဆိုင်ရာ သာယာမှုများကို အစဉ်မပြတ် လိုက်စားခြင်း၊ အရသာရှိသောအစားအစာများကို အမြဲစားလိုခြင်း၊ အစားကောင်းစားလိုသော မိမိ၏ အာသီသများကို ဖြည့်ဆည်းခြင်းတို့ ဖြစ်ပါသည်။) (အရသာရှိသော အစားအစာများနှင့် ကြုံတွေ့သည့်အခါ မည်မျှစားစား မတင်းတိမ်နိုင်ခြင်းတို့ ဖြစ်ပါသည်။) ဤသည်တို့မှာ အစားကြီးခြင်း၏ သရုပ်သကန်များ ဖြစ်ကြသည်။ တစ်နေရာတွင် အရသာရှိသောအစားအစာရှိသည်ဟု ကြားပြီးနောက် ယင်းကိုရှာဖွေရန် မည်သည့်အရာကိုမဆို လုပ်ဆောင်သည့်လူများ မရှိသလော။ ဥပမာအားဖြင့် တစ်နေရာတွင် စားသောက်ဆိုင်အသစ်တစ်ခု ဖွင့်လှစ်ပြီး ယင်းဆိုင်က အရသာရှိသော ဟင်းလျာမျိုးစုံကို ရောင်းချသော်လည်း ယင်းသည် အနည်းငယ် ဈေးကြီးပြီး အဝေးတွင်ရှိကာ ထိုနေရာသို့ရောက်ရန် ကားဖြင့် တစ်နာရီမောင်းရသည်ဟု ဆိုကြပါစို့။ လူအများစုက အစားအစာတစ်ခုအတွက် ထိုမျှအဝေးကြီး ခရီးသွားရသည်မှာ မတန်ဟု တွေးကြပေမည်။ သို့သော် အစားအသောက်ကို နှစ်သက်သောသူများမူကား ဤစားသောက်ဆိုင်အကြောင်း ကြားရာတွင် “ကားတစ်နာရီမောင်းရသည်မှာ အဝေးကြီးမဟုတ်ချေ။ ဘဝဆိုသည်မှာ စားခြင်း၊ သောက်ခြင်းနှင့် ပျော်ပါးခြင်းတို့အတွက်သာ မဟုတ်ပါလော။ သွားစားကြစို့” ဟု တွေးကြမည်။ သို့သော် ထိုသူကိုပင် သူ့၏ သင့်လျော်သောအလုပ်ကို ဆောင်ရွက်ရန် တစ်နာရီ ကားမောင်းခိုင်းပါက ထိုသူက “ထိုနေရာသို့သွားလျှင် ငါ ပင်ပန်းမည်မဟုတ်လော။ ထိုနေရာသို့သွား၍ အလုပ်လုပ်ရန် ဤမျှအချိန်များစွာ ကုန်ဆုံးခြင်းသည် ငါ့အတွက် အကျိုးရှိပါမည်လော။ လူဆိုးများနှင့်တွေ့လျှင်ကော။ ကားဆီကုန်သွားလျှင်ကော။ ထိုနေရာတွင် ငါ ဘာစားရမည်နည်း။ အသင့်ပြင်ဆင်ထားသော အစားအစာ ရှိပါမည်လော။ ဒေသခံပတ်ဝန်းကျင်နှင့် ငါ အသားမကျလျှင် မည်သို့လုပ်မည်နည်း။ ညဘက် ငါ အိပ်မပျော်လျှင်ကော” ဟု စတင်၍ ချင့်ချိန်စဉ်းစားလာမည်။ သူ၏ သင့်လျော်သောအလုပ်နှင့်ပတ်သက်လာလျှင် အလွန်အကျွံ စဉ်းစားပြီး နေရာတိုင်းတွင် အခက်အခဲများကိုသာ မြင်သည်။ သို့သော် အရသာရှိသော တစ်စုံတစ်ခုကို စားသုံးခြင်းနှင့် ပတ်သက်လာလျှင်မူကား သူသည် အတားအဆီးအားလုံးကို ကျော်လွှားရန် ဆန္ဒရှိသည်၊ အတားအဆီးတိုင်းသည် ပြဿနာမဟုတ်တော့ဘဲ သူသည် အလွန်အကျွံစဉ်းစားခြင်းကို ရပ်တန့်လိုက်သည်။ ဤသည်တို့မှာ အစားကြီးခြင်း၏ တိကျသော သရုပ်သကန်များ ဖြစ်သည်။ ဤနေရာတွင် ငါသည် ဤအကြောင်းကို အကျဉ်းချုံးဖော်ပြရုံသာ ဖြစ်သည်၊ ဤအကြောင်းကို ငါ ဆက်လက်၍ အကျယ်တဝင့် ပြောတော့မည်မဟုတ်ချေ။
ယနေ့ မိတ်သဟာယဖွဲ့ခြင်း၏ အဓိကအကြောင်းအရာသို့ ပြန်သွားကြစို့။ အန္တိခရစ်များ၏ ဘုရားသခင်တည်ရှိမှုကို မယုံကြည်ခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ သူတို့သည် မည်သည့် တိကျသော အတွေးအခေါ်များ၊ အမြင်ရှုထောင့်များနှင့် အခြေအနေများကို ထုတ်ဖော်ကြသနည်း။ အမှုအရာများ သူတို့အပေါ် ဖြစ်ပျက်သောအခါ ဘုရားသခင်၏ တည်ရှိမှုကို သူတို့ အမှန်တကယ် မယုံကြည်ကြောင်း သက်သေပြသည့် မည်သို့သော သဘောထားများ၊ အမြင်ရှုထောင့်များနှင့် အယူအဆများကို သူတို့ ပိုင်ဆိုင်ကြသနည်း။ ဤသည်မှာ မိတ်သဟာယဖွဲ့ရန် မထိုက်တန်သလော။ အန္တိခရစ်များသည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ။ ဤမယုံကြည်မှု၏ အသေးစိတ်အချက်အလက်များနှင့် တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ (မည်သည့်အရာပင် ဖြစ်ပျက်စေကာမူ ယင်းသည် ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး ကြိုတင်စီစဉ်ထားသည်ဟု သူတို့ မယုံကြည်ကြဘဲ သူတို့သည် ယင်းကို ဘုရားသခင်ထံမှ လက်မခံနိုင်ကြပေ။) (ဘုရားသခင်သည် ကောင်းမြတ်သောသူတို့ကို ဆုလာဘ်ပေးပြီး ဆိုးယုတ်သောသူတို့ကို အပြစ်ဒဏ်ပေးသည်ဟု သူတို့ မယုံကြည်ကြသောကြောင့် သူတို့သည် မကောင်းမှုကို မျက်နှာပြောင်တိုက်၍ ပြုလုပ်ကြသည်။) ဤသည်တို့မှာ တိကျသော သရုပ်သကန်အချို့ ဖြစ်ကြသည်။ အန္တိခရစ်များသည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ။ ဘုရားသခင်၏ တည်ရှိမှုကို ဤသို့မယုံကြည်ခြင်းသည် ငြင်းပယ်ခြင်းတစ်ရပ် ဖြစ်သည်။ သူတို့ ဘုရားသခင်၏ တည်ရှိမှုကို ငြင်းပယ်ကြောင်း သက်သေပြသည့် မည်သည့်အရာကို သူတို့ ငြင်းပယ်ကြသနည်း။ (သူတို့သည် ဖန်ဆင်းရှင်အနေဖြင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ငြင်းပယ်ကြသည်။) (ဘုရားသခင်သည် အရာခပ်သိမ်းကို ထိန်းချုပ်ပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ပိုင်စိုးသည်ကို သူတို့ ငြင်းပယ်ကြသည်။) (ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို သူတို့ ငြင်းပယ်ကြပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအလုပ်သည် လူတို့၏ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်စေနိုင်ကာ သူတို့ကို စာတန်ထံမှ ကယ်တင်နိုင်သည်ကိုလည်း ငြင်းပယ်ကြသည်။) ဤဖော်ပြချက်များအနက် မည်သည့်အချက်က ကိုယ်စားပြုနိုင်စွမ်းရှိပြီး ပို၍ အနှစ်သာရရှိသနည်း။ ဘုရားသခင်၏ ပင်ကိုလက္ခဏာကိုလည်းကောင်း၊ အရာခပ်သိမ်းအပေါ် ကိုယ်တော်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်းကိုလည်းကောင်း ငြင်းပယ်ခြင်းဟူသည့် ဤအချက်နှစ်ချက်သည် ကိုယ်စားပြုသည် မဟုတ်သလော။ ယင်းတို့သည် အနှစ်သာရရှိသော ပြဿနာများ မဟုတ်သလော။ (ဟုတ်ပါသည်။) ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်ခြင်းသည် တစ်နည်းအားဖြင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်ပြုခြင်း ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ယုံကြည်ခြင်းဟူသော ထိုအခြေခံအုတ်မြစ်အပေါ်၌ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသောအချက်ကို လက်ခံခြင်းနှင့် အသိအမှတ်ပြုခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ တည်ရှိမှုကို လုံးလုံးလျားလျား ယုံကြည်ခြင်း မဟုတ်သလော။ ဤအချက်နှစ်ချက်သည် အရေးမကြီးသလော။ (ဟုတ်ပါသည်။) ဤအချက်နှစ်ချက်သည် အနှစ်သာရအရှိဆုံးသော ပြဿနာများ ဖြစ်ကြသည်။ ထို့ကြောင့် အန္တိခရစ်များ၏ ဘုရားသခင်တည်ရှိမှုကို မယုံကြည်ခြင်းကို စိစစ်ရန် ကျွန်ုပ်တို့သည် ရှေးဦးစွာ အချက်နှစ်ချက်ကို စိစစ်ဖို့ လိုအပ်သည်။ ပထမအချက်မှာ အန္တိခရစ်များက ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ အန္တိခရစ်များက ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်း ဖြစ်သည်။ အခြားသော ရှုထောင့်များသည် ဤအချက်နှစ်ချက်အတွင်း၌ ပါဝင်ပြီးဖြစ်သည်။ ယခင်က ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်း၊ သို့မဟုတ် ဘုရားသခင်သည် လူတို့ကို ကယ်တင်နိုင်ကြောင်းတို့ကို အန္တိခရစ်များက အသိအမှတ်မပြုပုံနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤသည်မှာလည်း အမှန်တရားတစ်ရပ် ဖြစ်သည်။ သို့သော် ဤနေရာတွင် ငါပြောနေသည်မှာ အန္တိခရစ်များသည် ဘုရားသခင်ရှိသည်ကို အခြေခံအားဖြင့် မယုံကြည်ကြဘဲ ဘုရားသခင်၏ တည်ရှိမှုကိုလည်း အခြေခံအားဖြင့် မယုံကြည်ကြခြင်း ဖြစ်သည်။ ဤအရာကို အန္တိခရစ်များက ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်မပြုခြင်း၊ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲခြင်းကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်း ဟူသော ရှုထောင့်မှ စိစစ်ခြင်းသည် ပို၍ အစွမ်းထက်ပြီး ကိုယ်စားပြုပေလိမ့်မည်။
က။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်း
အန္တိခရစ်များသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်း ဟူသည့် ပထမအချက်ကို မိတ်သဟာယဖွဲ့ခြင်းဖြင့် စတင်ကြစို့။ ဘုရားသခင်၏ ပင်ကိုလက္ခဏာကား အဘယ်နည်း။ ဖန်ဆင်းခံအားလုံးအဖို့ ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်သည်၊ သို့ဖြစ်လျှင် အရာခပ်သိမ်းအဖို့ ကိုယ်တော်၏ ပင်ကိုလက္ခဏာကား အဘယ်နည်း။ (အရာခပ်သိမ်း၏ အချုပ်အခြာအာဏာရှင် ဖြစ်ပါသည်။) ဤအမည်နာမသည်လည်း တိကျမှန်ကန်သည်၊ သို့တိုင်အောင် ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာကား အဘယ်နည်း။ ဘုရားသခင်ကို ခေါ်ဝေါ်သောအခါ သင်သည် ကိုယ်တော်အား “အရာခပ်သိမ်း၏ အချုပ်အခြာအာဏာရှင်” ဟု တိုက်ရိုက် ရည်ညွှန်းခေါ်ဆိုနိုင်ပါသလော။ ဥပမာအားဖြင့် သင့်အတွက် သင်၏မိခင်၏ ပင်ကိုလက္ခဏာသည် သင့်ကို မွေးဖွား၍ ပြုစုပျိုးထောင်ခဲ့သူ ဖြစ်သကဲ့သို့ပင်ဖြစ်သည်၊ သို့သော် သင်သည် သင်၏မိခင်ကို “ငါ့ကို မွေးဖွား၍ ပြုစုပျိုးထောင်ခဲ့သူ” ဟု ခေါ်ဆိုနိုင်သလော။ (မဟုတ်ပါ။) သင် သူမကို မည်သို့ ခေါ်ဝေါ်သနည်း။ (အမေဟု ခေါ်ပါသည်။) ယင်းသည် သင်၏မိခင်အတွက် သင်၏ ခေါ်ဝေါ်သုံးစွဲသည့်အသုံးအနှုန်း ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်၊ အရာခပ်သိမ်း၏ အချုပ်အခြာအာဏာပိုင်ရှင်၏ အမည်နာမသည် ဘုရားသခင်ဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် ဘုရားသခင်ဟု ခေါ်ဝေါ်ခြင်းခံရနိုင်ပေသည်။ ဖန်ဆင်းခံအားလုံးနှင့် ဖန်ဆင်းခံ မဟုတ်သော အရာအားလုံးအတွက်၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်သည်၊ ကိုယ်တော်၏ ပင်ကိုလက္ခဏာသည် အရာခပ်သိမ်း၏ အချုပ်အခြာအာဏာရှင်ဖြစ်ပြီး ကိုယ်တော်၏ အမည်နာမသည် ဘုရားသခင် ဖြစ်သည်။ ဤအမည်နာမကို ပိုင်ဆိုင်သော ထိုတစ်ပါးတည်းသောသူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်၊ ကိုယ်တော်သည် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်ဟူသော အမည်နာမနှင့် ထိုက်တန်သော ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ပိုင်ဆိုင်သည်။ ယခုလောလောဆယ် “အနှစ်သာရ” ဟူသော စကားလုံးအကြောင်းကို ပြောမည့်အစား ပင်ကိုလက္ခဏာအကြောင်းကိုသာ ပြောကြစို့။ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သော ဘုရားသခင်ကိုယ်တော်တိုင်သည် ဘုရားသခင်၏ အမှုအရာများကို ပြုတော်မူသည်၊ ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြတော်မူသည်၊ ဘုရားသခင်၏ နည်းလမ်းများကို အသုံးပြု၍ လူသားမျိုးနွယ်အားလုံးကို ဦးဆောင်တော်မူပြီး ဘုရားသခင်၏ နည်းစနစ်များကို အသုံးပြုလျက် လူသားမျိုးနွယ်အားလုံးနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲတော်မူသည်။ ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အသိအမှတ်ပြုသောသူတို့အတွက်မူ ဘုရားသခင် ပြုတော်မူသမျှအပေါ် သူတို့၏အမြင်ရှုထောင့်သည် အန္တိခရစ်များ၏အမြင်ရှုထောင့်နှင့် လုံးဝကွဲပြားခြားနားသည်။ အရာခပ်သိမ်းအလယ်၌ ဘုရားသခင် ပြုတော်မူသမျှကို မှန်ကန်စွာ နားလည်နိုင်သောသူတို့သည် ဤအရာမှ ကိုယ်တော်၏ လုပ်ဆောင်ချက်နည်းလမ်းများကို မြင်တွေ့ကြလိမ့်မည်ဖြစ်ပြီး အရာခပ်သိမ်းအလယ်၌ ကိုယ်တော်၏ တည်ရှိမှုနှင့်ပတ်သက်၍ မိမိတို့ကိုယ်ကို ပို၍ အာမခံချက်ပေးကြလိမ့်မည်။ ဆန့်ကျင်ဘက်အားဖြင့် အန္တိခရစ်များက ဤအမှုအရာအားလုံးကို ရှုမြင်သည့် အမြင်၊ နည်းလမ်းနှင့် ရှုထောင့်တို့သည် ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်သောသူတို့နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။ ဤအကြောင်းကြောင့်ပင် အန္တိခရစ်များသည် ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်ရန်၊ သို့မဟုတ် ဤအမှုအရာအားလုံးကို လုပ်ဆောင်နိုင်စွမ်းရှိသော ထိုတစ်ပါးတည်းသောသူသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သောသူဖြစ်သည်ဟု ယုံကြည်ခြင်းထက်၊ ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရားသခင်ဟု ခေါ်ဝေါ်ခြင်းခံထိုက်ပြီး လူတို့က ဘုရားသခင်ဟု ခေါ်ဝေါ်ခြင်းခံထိုက်သည်ဟု ယုံကြည်ခြင်းထက် သေသာသေလိုက်ချင်ကြမည် ဖြစ်သည်။
အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်အားလုံးအလယ်၌ တည်ရှိသော၊ သာမန်မျက်စိဖြင့် မြင်နိုင်သည်ဖြစ်စေ မမြင်နိုင်သည်ဖြစ်စေ အမှုအရာများစွာတို့အတွက် အကယ်၍ လူတို့သည် ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားအားဖြင့် ရှုမြင်ကာ နားလည်ကြလျှင် ဘုရားသခင်သည် အရာခပ်သိမ်းအလယ်၌ လူသားမျိုးနွယ်ကို ဦးဆောင်လျက်ရှိကြောင်းနှင့် ကိုယ်တော်သည် အမှန်တကယ် တည်ရှိတော်မူကြောင်းကို သူတို့ တွေ့ရှိကြလိမ့်မည်။ အရာခပ်သိမ်း၏ ဥပဒေသများနှင့် အရာခပ်သိမ်း၏ ဖြစ်ပေါ်တိုးတက်မှုများသည် မမြင်နိုင်သော၊ ဖော်ပြ၍မရနိုင်သော စည်းမျဉ်းတစ်စုံအတွင်း၌ စီစဉ်ညွှန်ကြားခြင်းနှင့် ကြိုတင်စီစဉ်ခြင်း ခံနေရသောကြောင့် ဤအရာအားလုံးကို စီစဉ်ညွှန်ကြားနိုင်စွမ်းနှင့် ကြိုတင်စီစဉ်နိုင်စွမ်း ရှိသူမှာ မည်သူနည်း။ မည်သည့်ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှ မဟုတ်၊ မည်သည့်သူရဲကောင်းတစ်ဦးတစ်ယောက်မျှလည်း မဟုတ်ဘဲ ဤသည်မှာ သဘာဝအလျောက် ဖြစ်ပေါ်လာခြင်းတစ်ခု မဟုတ်သည်မှာ သေချာသည်။ ထိုအစား မမြင်နိုင်သော်လည်း၊ ကိုင်တွယ်၍မရနိုင်သော်လည်း လူတို့က သိမြင်နိုင်သော၊ ဤအရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသော ထိုတစ်ပါးတည်းသောသူ ဖြစ်သည်။ ဤသူကား မည်သူနည်း။ ဘုရားသခင်ပင် ဖြစ်သည်။ ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်ခြင်းသည် လူတို့ ပိုင်ဆိုင်သင့်သော အနိမ့်ဆုံးသော ဆင်ခြင်တုံတရား မဟုတ်သလော။ ဤသည်မှာ လူတို့ အမှုအရာများကို ရှုမြင်သင့်သော အနိမ့်ဆုံးသော၊ အခြေခံအကျဆုံးသော အမြင်နှင့် ရှုထောင့်တစ်ခု မဟုတ်သလော။ သို့သော် အန္တိခရစ်များမူကား ဤဆင်ခြင်တုံတရား ကင်းမဲ့ကြသောကြောင့် သူတို့သည် အမှုအရာများကို ထိုသို့သော အမြင်နှင့် ရှုထောင့်မှ မရှုမြင်ကြပေ။ သို့ဖြစ်၍ ဘုရားသခင် စီစဉ်ညွှန်ကြားထားသော၊ လူသားမျိုးနွယ်က သိမြင်ရုံသာ သိမြင်နိုင်သော၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ရှင်းလင်းသောစကားဖြင့် တိတိကျကျ မပြောကြားထားသော ဤအမှုအရာများနှင့်ပတ်သက်၍၊ အန္တိခရစ်များက ယင်းတို့ကို တိုက်ဆိုင်မှုများ၊ လူလုပ်အရာများ၊ သဘာဝအလျောက် ဖြစ်ပေါ်လာသောအရာများအဖြစ် ယူဆကြသည် သို့မဟုတ် လူတို့ စိတ်ကူးယဉ်ဖန်တီးပြီး ကြိုးကိုင်ညွန်ကြားထားသော အရာများအဖြစ်ပင် ယူဆကြသည်။ သင်သည် ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ပင် သက်သေခံစေကာမူ၊ ဘုရားသခင်သည် အရာခပ်သိမ်းအလယ်၌ ရှိကြောင်း၊ ဘုရားသခင်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်ကြောင်း၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သောသူသာလျှင် ဤအမှုအရာများကို လုပ်ဆောင်နိုင်ပြီး အရာခပ်သိမ်းကို စနစ်တကျ စီမံခန့်ခွဲနိုင်ကြောင်း၊ ထိုသို့သော အချုပ်အခြာအာဏာပိုင်ရှင်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သောသူဖြစ်ကြောင်း သက်သေပြရန် သင် အချက်အလက်မည်မျှပင် အသုံးပြုစေကာမူ အန္တိခရစ်များက ဤသို့ ရှုမြင်ကြမည်လော။ အန္တိခရစ်များက ဤသို့ နားလည်ကြမည်လော။ (မဟုတ်ပါ။) သင် သက်သေပြရန် အချက်အလက်မည်မျှပင် တင်ပြစေကာမူ အန္တိခရစ်များက ယင်းကို ယုံကြည်မည်လည်းမဟုတ်၊ အသိအမှတ်ပြုမည်လည်း မဟုတ်ပေ။ သူတို့ အပေါ်ယံအားဖြင့် မည်သည့်အရာမျှ မပြောဆိုလျှင်ပင်၊ ယင်းကိုချေပရန် မည်သည့်သက်သေအထောက်အထားမျှ မတင်ပြနိုင်လျှင်ပင် အတွင်းစိတ်ထဲ၌မူ သူတို့သည် ဤအရာကို အကြိမ်တစ်ရာမက ကန့်ကွက်ပြီး အသိအမှတ်ပြုရန် ငြင်းဆိုနေကြပြီး ယင်း၏နောက်တွင် မေးခွန်းအမှတ်အသားများ ဆက်တိုက်ထားရှိနေကြသည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ယုံကြည်သောသူများသည် လူမိုက်များဖြစ်သည်ဟုလည်းကောင်း၊ သူတို့သည် အထင်အမြင်မှားစေခြင်း ခံထားရသည်ဟုလည်းကောင်း၊ ဤသည်မှာ ရင့်ကျက်သောအတွေးအခေါ် ကင်းမဲ့သူများသာ လုပ်ဆောင်ပြီး တွေးတောမည့်အရာဖြစ်သည်ဟုလည်းကောင်း ထင်မြင်ကြသည်။ သူတို့၏အမြင်တွင် လူ၏ လွတ်လပ်သောဆန္ဒသည် လူကိုယ်တိုင်က ထိန်းချုပ်သင့်ပြီး လွတ်လပ်စွာ ဖော်ထုတ်သင့်သည်။ အရာခပ်သိမ်းအလယ်၌ ဖြစ်ပေါ်သော ဖြစ်ရပ်များအပေါ် လူတို့သည် မိမိတို့နှစ်သက်သလို ထင်မြင်ချက်များ ထားရှိသင့်သည်ဟုလည်းကောင်း၊ ဤဖြစ်ရပ်များကို သိပ္ပံနည်းကျနည်းလမ်းများနှင့် သိပ္ပံနည်းကျရှုထောင့်မှ ရှုမြင်သင့်သည်ဟုလည်းကောင်း၊ လူတို့သည် ထိုမျှ အယူမသီးသင့် သို့မဟုတ် အရာရာတိုင်းကို ရှင်းပြရန် ဘုရားသခင်၏ အချုပ်အခြာအာဏာကို အသုံးမပြုသင့် သို့မဟုတ် အရာရာတိုင်းကို ဘုရားသခင်၏ အချုပ်အခြာအာဏာကို အသုံးပြု၍ ်မကိုင်တွယ်သင့်ဟုလည်းကောင်း ထင်ကြသည်။ ဥပမာအားဖြင့် အသင်းတော်၌ ညီအစ်ကိုမောင်နှမများစွာတို့သည် ကိုယ်တော်၏ ကယ်တင်ခြင်းကို လက်ခံရရှိသည့်အချိန်မှစ၍ ဘုရားသခင်ပြုတော်မူသော များပြားလှသော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ကြုံတွေ့ခဲ့ကြသည်။ ထိုအချိန်က ဘုရားသခင် သူတို့ကို မည်သို့ဦးဆောင်ခဲ့သည်ကိုလည်းကောင်း၊ ဤအဖြစ်အပျက်များမှတစ်ဆင့် ဘုရားသခင်သည် ကိုယ်တော်အမှန်တကယ် တည်ရှိကြောင်း သူတို့ကို မည်သို့ပြသခဲ့သည်ကိုလည်းကောင်း၊ ယင်းတို့သည် ကိုယ်တော်က အမှန်တကယ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းကိုလည်းကောင်း၊ ဤအဖြစ်အပျက်များမှတစ်ဆင့် သူတို့ရရှိခဲ့သော ကြီးမားလှသော ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်များကိုလည်းကောင်း သူတို့ သက်သေခံကြသည်။ သက်သေခံချက်များ၌ရော ရုပ်ပိုင်းဆိုင်ရာ သက်သေသာဓကများ၌ပါ သက်သေအထောက်အထားများ ရှိနေပါသည်။ ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်သောသူတို့၏ ယုံကြည်ခြင်းသည် ဤသက်သေခံချက်များနှင့် ရုပ်ပိုင်းဆိုင်ရာ သက်သေသာဓကများအားဖြင့် ပိုမိုခိုင်မာလာသော်လည်း ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်သော အန္တိခရစ်များ၏အမြင်သည် ယင်းတို့ကိုကြားပြီးနောက် ပြောင်းလဲသလော။ (မပြောင်းလဲပါ။) သင် မည်သို့ သိမြင်နိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် သင် မည်မျှပင် မှန်ကန်စွာ ပြောဆိုစေကာမူ သို့မဟုတ် သင်၏သက်သေခံချက်ကို ကိုယ်တိုင်ကိုယ်ကျ အတည်ပြုရန် လူမည်မျှပင် ရှိစေကာမူ အန္တိခရစ်များက ယင်းကို ယုံကြည်မည်မဟုတ်ပေ။ သူတို့က “ငါကိုယ်တိုင် ကြုံတွေ့ခံစားရသည်မှတစ်ပါး ငါ မမြင်ဖူးလျှင် ထိုအရာသည် တည်ရှိမှုမရှိ။ သင်တို့ ကြုံတွေ့ခံစားခဲ့ရသည်မှာ တိုက်ဆိုင်မှုတစ်ခု၊ ကံအားလျော်စွာဖြစ်ခြင်းတစ်ခုသာ ဖြစ်သည်။ လူတိုင်း မိမိတို့ဘဝတွင် အန္တရာယ်ရှိသော သို့မဟုတ် တိုက်ဆိုင်သော အဖြစ်အပျက်များကို မကြုံတွေ့ရသလော။ ဤတိုက်ဆိုင်မှုများနှင့် ကံအားလျော်စွာဖြစ်ခြင်းများ ဖြစ်ပွားခြင်းက ယင်းတို့သည် ဘုရား၏ လုပ်ဆောင်ချက်ဖြစ်ကြောင်း သက်သေပြသလော။ ဤအမှုအရာများကို လုပ်ဆောင်သောသူသည် ဘုရားသခင်ဖြစ်ကြောင်း ယင်းက သက်သေပြသလော။ သင်၏ စိတ်ကူးယဉ်မှုမျှသာ ဖြစ်ကောင်းဖြစ်မည်၊ သင့်ကိုကူညီရန် အကျိုးပြုသူတစ်ဦးဦးရှိခဲ့၍ သင် ကံကောင်းခြင်းမျှသာ ဖြစ်ကောင်းဖြစ်မည်၊ သို့မဟုတ် သင်သေဆုံးရန်အချိန်မတန်သေး၍ ကံကောင်းစွာ လွတ်မြောက်ခဲ့ခြင်းမျှသာ ဖြစ်ကောင်းဖြစ်မည်” ဟု ဆိုကြလိမ့်မည်။ ကြည့်ပါ၊ ဤလူများအပေါ် ဘုရားသခင် ပြုခဲ့သော အမှုအရာများကို သူတို့ အသိအမှတ်ပြုကြသလော။ (သူတို့ အသိအမှတ်မပြုကြပါ။) ညီအစ်ကိုမောင်နှမများအပေါ် ဘုရားသခင် ပြုခဲ့သော ဤအမှုအရာများကို သူတို့ အသိအမှတ်မပြု၊ သို့မဟုတ် မယုံကြည်ကြပေ။ သို့တည်းမဟုတ် ဘုရားသခင်သည် ထိုသို့သောလုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်သည်ဟုလည်း သူတို့ မယုံကြည်ကြ သို့မဟုတ် ညီအစ်ကိုမောင်နှမများ ကြုံတွေ့ခဲ့ရသော အမှုအရာများသည် အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ဟုလည်း မယုံကြည်ကြပေ။ သူတို့က “ဤလောက၌ ထိုသို့သောအမှုအရာများ မည်သို့ တည်ရှိနိုင်မည်နည်း။ အကယ်၍ တည်ရှိခဲ့လျှင်လည်း ယင်းတို့သည် လူသားတို့၏ စိတ်ကူးယဉ်ဖန်တီးမှုများသာ ဖြစ်သည်။ ‘နေ့ခင်းဘက် သင်တွေးတောသည့်အရာကို ညဘက်၌ သင် အိပ်မက်မက်လိမ့်မည်။’ ဟူသည့် ဆိုရိုးစကားအတိုင်းပင် ဖြစ်၏။ ဤအရာများအားလုံးသည် အမြင်မှားမှုများသာ ဖြစ်သည်” ဟု တွေးကြသည်။ ညီအစ်ကိုမောင်နှမများ အချို့သော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများ၊ ဘုရားသခင်၏ အချို့သော အထူးကျေးဇူးတော်များနှင့် ကောင်းချီးမင်္ဂလာများ၊ သာမန်လူတို့ လက်လှမ်းမမီနိုင်သော အချို့အမှုအရာများကို ကြုံတွေ့ခဲ့ကြပုံကို အန္တိခရစ်များ ကြားသောအခါ သူတို့ ယင်းကို မယုံကြည်ကြပေ။ သို့ဖြစ်၍ ညီအစ်ကိုမောင်နှမများ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခံစားနေစဉ် ရရှိသော ဉာဏ်အလင်းရခြင်းနှင့် လမ်းညွှန်မှုကို အန္တိခရစ်များ ယုံကြည်နိုင်မည်လော။ ထိုအရာကိုလည်း သူတို့ မယုံကြည်ကြပေ။ ဘုရားသခင်သည် လူတို့ကို အသိဉာဏ်ပွင့်စေသည်၊ အလင်းပေးသည်၊ ပြီးလျှင် လမ်းညွှန်သည်ဟု သူတို့ မယုံကြည်ကြပေ။ ဤအရာအားလုံးသည် လူ၏စိတ်မှ ထွက်ပေါ်လာသည်ဟုလည်းကောင်း၊ လူ၏ အသိပညာအခြေခံသော ပိုင်းခြားစိတ်ဖြာမှုနှင့် နားလည်မှုမှ ထွက်ပေါ်လာသည်ဟုလည်းကောင်း၊ ဤသည်ကပင် ဤအတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ဖြစ်ပေါ်စေသည်ဟုလည်းကောင်း သူတို့ ထင်ကြသည်။ သူတို့က “အကယ်၍ လူတို့သည် ဤဦးတည်ရာသို့ ကြိုးစားစဉ်းစားပြီး ကြိုးစားအားထုတ်လျှင် သူတို့ အသိပညာအချို့ ရရှိမည်မဟုတ်လော။ အကယ်၍ ငါသည်လည်း ဤကိစ္စ၌ ကြိုးစားအားထုတ်ပြီး ကြိုးစားစဉ်းစားကာ အပြင်းအထန် ချင့်ချိန်စဉ်းစားလျှင် ဆောင်းပါးတစ်ပုဒ်ရေးသကဲ့သို့၊ ငါသည်လည်း အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အချို့ကို အကြံထုတ်နိုင်ပေလိမ့်မည်” ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ညီအစ်ကိုမောင်နှမများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များနှင့် ပတ်သက်လာသည့်အခါတွင်၊ ဘုရားသခင်က သူတို့ကို မည်သို့ဦးဆောင်ခဲ့သည်၊ မည်သို့ အသိဉာဏ်ပွင့်စေပြီး အလင်းပေးခဲ့သည်၊ မည်သို့ တရားစီရင်၍ ပြစ်တင်ဆုံးမခဲ့သည်၊ ပြုပြင်၍ ဆုံးမပဲ့ပြင်ခဲ့သည်၊ ဘုရားသခင်က သူတို့ကို စစ်ကြောရန်နှင့် စစ်ဆေးရန် အခြေအနေများကို မည်သို့စီစဉ်ညွှန်ကြားခဲ့သည်၊ ထို့အပြင် ဤအရာမှ သူတို့ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့နားလည်လာခဲ့သည် အစရှိသော အရာများတွင် ဘုရားသခင်၏ ဤလုပ်ဆောင်ချက်များ တစ်ခုတလေကို အန္တိခရစ်တို့က အသိအမှတ်ပြုခြင်းဖြစ်စေ၊ ယုံကြည်ခြင်းဖြစ်စေ မရှိကြချေ။ ဤအရာအားလုံးသည် မဖြစ်နိုင်ဟု သူတို့ ထင်ကြသည်။ ညီအစ်ကိုမောင်နှမများအကြား ဖြစ်ပျက်သော ဤအဖြစ်အပျက်များကို အန္တိခရစ်များက အသိအမှတ်မပြု သို့မဟုတ် မယုံကြည်ကြပေ။ ဤသည်က အန္တိခရစ်များ၏ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အသိအမှတ်ပြုရန် လုံးဝ ငြင်းဆိုခြင်းဟူသော အနှစ်သာရကို အတည်ပြုသလော။ အမှန်စင်စစ် ဤသည်မှာ အန္တိခရစ်များ၏ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်းဟူသော အနှစ်သာရကို သက်သေပြရန် အစွမ်းအထက်ဆုံးသော သက်သေသာဓက မဟုတ်ပေ။
ငါတို့သည် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများဟူသော နယ်ပယ်ကို ခေတ္တမျှ ကျော်လွန်၍ လူအုပ်စုများကြားနှင့် လက်တွေ့ဘဝထဲရှိ အမျိုးမျိုးသော အမှုအရာများအပေါ် အန္တိခရစ်များ၏ အမြင်ရှုထောင့်များကို ဆန်းစစ်ကြည့်ကြပါစို့။ ဤအမှုအရာများမှာ အဘယ်နည်း။ (လူတို့၏ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနှင့် သေခြင်းအပြင် လူမှုရေးဆိုင်ရာ ပြောင်းလဲမှုများ၊ နိုင်ငံရေး အပြောင်းအလဲများနှင့် ဘေးအန္တရာယ်များ ဖြစ်ပွားခြင်းတို့ ဖြစ်ပါသည်။ အန္တိခရစ်များသည် ဤအရာများထဲမှ မည်သည့်အရာ၌မျှ ဘုရားသခင်၏ အချုပ်အခြာအာဏာကို မသိရှိနိုင်ကြပါ။) (လူတို့၏ ကံကြမ္မာများသည် ဘုရားသခင်၏ လက်တော်ထဲ၌ ရှိသည်ကို အန္တိခရစ်များက မယုံကြည်ကြဘဲ ထိုအစား သူတို့သည် မိမိတို့၏ လက်နှစ်ဖက်ဖြင့် လှပသောဇာတိဒေသတစ်ခုကို ဖန်တီးလိုကြပါသည်။) ဤသည်တို့မှာ ကိစ္စရပ်၏ အနှစ်သာရပါဝင်သော တိကျသည့် သရုပ်သကန်များ ဖြစ်ကြသည်။ လူ့ကံကြမ္မာ၊ အသက်ရှင်ခြင်းနှင့် သေခြင်း၊ လူတစ်ဦးချင်းစီ ဘဝတစ်လျှောက်လုံး ဖြတ်သန်းရသည့် အတွေ့အကြုံအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်၌ ရှိသည်ကို အန္တိခရစ်များ မြင်နိုင်သလော။ သူတို့သည် ဤသည်ကို မမြင်နိုင်ကြပေ။ ဥပမာအားဖြင့် လူ့အဖွဲ့အစည်းအတွင်း၌ လူသိများသော ဆိုရိုးစကားတစ်ခု ရှိသည်၊ “တံတားဆောက်ခြင်းနှင့် လမ်းများပြုပြင်ခြင်းသည် ကြောင်းကျိုးမမြင်ဖြစ်ခြင်းသို့ ဦးတည်စေပြီး လူသတ်သမားများနှင့် မီးရှို့သူများကမူ သူတို့၏ သားစဉ်မြေးဆက်များ တိုးပွားရန် သေချာစေသည်” ဟူ၍ ဖြစ်သည်။ ဤဆိုရိုးစကားသည် တစ်စုံတစ်ခုအတွက် အခြေအမြစ်ရှိသော စည်းမျဉ်းတစ်ခု ဟုတ်သလော။ ယင်းသည် သမ္မာတရား ဟုတ်သလော။ ယင်းသည် အတွေးအခေါ်ဆိုင်ရာ သဘောတရားတစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤဆိုရိုးစကားသည် အဘယ်မှ လာသနည်း။ ဘုရားသခင်ကို ယုံကြည်သောသူတို့ထံမှ မဟုတ်သည်မှာ သေချာပေသည်၊ ယင်းမှာ လူသားမျိုးနွယ် တိုးတက်မှုတစ်လျှောက်လုံးရှိ အမျိုးမျိုးသော လူတို့၏ လူနေမှုအခြေအနေများထဲမှ အပေါ်ယံဖြစ်စဉ်တစ်ခု ဖြစ်သည်။ လောကကြီးသည် တရားမျှတမှု ကင်းမဲ့သည်ဟုလည်းကောင်း၊ လူတစ်ဦး ကောင်းမှုများ ပိုမိုပြုလုပ်လေလေ ကြောင်းကျိုးမမြင်ဖြစ်နိုင်ချေ ပိုများလေဖြစ်ပြီး တုံ့ပြန်ဒဏ်ခတ်ခြင်းကို ပိုမိုရင်ဆိုင်ရလေဖြစ်ကာ လူတစ်ဦး မကောင်းမှု ပိုမိုပြုလုပ်လေလေ လောက၌ ပိုမိုကြီးပွားတိုးတက်ပြီး အောင်မြင်မှု ပိုမိုရရှိလေ ဖြစ်သည်ဟုလည်းကောင်း လူတို့က ယုံကြည်ကြသည်။ လူသားမျိုးနွယ်ကြားရှိ အမျိုးမျိုးသော အရာများ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဥပဒေသများသည် ဤဆိုရိုးစကားနှင့် တစ်နည်းနည်းဖြင့် ကိုက်ညီသလော။ “လူကောင်းတို့ သက်တမ်းတိုပြီး ဆိုးယုတ်သောလူတို့သည် အသက်ရှည်ရှည် နေရသည်” ဟူသော ဆိုရိုးစကားလည်း ရှိသေးသည်။ ဤဆိုရိုးစကားကို မည်သို့သော လူစားမျိုးက ဖန်တီးခဲ့သနည်း။ ဤဆိုရိုးစကားအမျိုးအစားများကို လူတို့က ရှေးဆိုရိုးစကားများအဖြစ် သိကြသည်၊ ဤဆိုရိုးစကားများကို ပြောနိုင်စွမ်းရှိသောသူတို့မှာ မည်သို့သော လူစားမျိုး ဖြစ်သနည်း။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သူများ ဟုတ်သလော။ သူတို့သည် ဘုရားသခင် တည်ရှိမှုကို ယုံကြည်သောသူများ ဟုတ်သလော။ (မဟုတ်ပါ။) လူ့အဖွဲ့အစည်းနှင့် လူတို့ကြားတွင် မအောင်မြင်သော၊ နေရာတိုင်း၌ အတားအဆီးများနှင့် ရင်ဆိုင်ရသော၊ ခက်ခဲကြမ်းတမ်းသော ကံကြမ္မာများနှင့် မပြည့်ဝသော ရည်သန်မျှော်မှန်းချက်များ ရှိကြပြီး မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ကြီးပွားတိုးတက်ခြင်း မရှိသော အဆိုးမြင်ဝါဒီ အမျိုးအစားအချို့ ရှိကြသည်။ သူတို့သည် မိမိတို့ကိုယ်ကို အတော်အသင့် အရည်အချင်းရှိပြီး စွမ်းဆောင်နိုင်သည်ဟု ထင်ကြသည့်တိုင် မိမိတို့ကိုယ်တိုင် အောင်မြင်အောင် လုပ်နိုင်ခြင်း၊ ကြီးပွားတိုးတက်ခြင်း၊ အခြားသူများကို ကျော်လွန်ခြင်း သို့မဟုတ် မိမိတို့၏ ဘိုးဘေးများကို ဂုဏ်ဆောင်ပေးခြင်းတို့ မလုပ်နိုင်ခဲ့ကြပေ။ သူတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ဖယ်ကြဉ်ခံရသည်၊ အနိုင်ကျင့်ခံရသည်၊ ဖိနှိပ်ခံရပြီး ဤအရာအားလုံးမှ လွတ်မြောက်နိုင်စွမ်း ကင်းမဲ့ကြသည်။ နောက်ဆုံးတွင် သူတို့က “လူ့အဖွဲ့အစည်း သို့မဟုတ် လူသားမျိုးနွယ်၌ တရားမျှတမှု မရှိပါ၊ ကောင်းသောသူကို ဆုချပြီး ဆိုးယုတ်သောသူကို အပြစ်ပေးခြင်း သို့မဟုတ် တုံ့ပြန်ဒဏ်ခတ်ခြင်းကဲ့သို့သော အရာမျိုး မရှိပါ၊ လူဆိုးတို့သည် မကောင်းမှုများ ပြုလုပ်သော်လည်း အပြစ်ပေးခြင်း မခံရဘဲ အလှူအတန်းများ ပေးခြင်းနှင့် ဆင်းရဲသားများကို ကူညီခြင်းကဲ့သို့ ကောင်းမှုများစွာ ပြုခဲ့သော လူကောင်းတို့မှာမူ နောက်ဆုံးတွင် ဆုလာဘ်များ မရရှိကြပေ။ သို့ဖြစ်၍ လူကောင်းမလုပ်နှင့်၊ အကျိုးမရှိချေ။ လူကောင်းတို့သည် နောက်ဆုံးတွင် မျက်စိကွယ်ကြရသည်၊ ထိုအစား ဆိုးယုတ်သော လူတစ်ဦးဖြစ်မှရမည်” ဟူ၍ ကောက်ချက်ချကြသည်။ သူတို့သည် လောက၌လည်းကောင်း၊ လူအုပ်စုများ ကြား၌လည်းကောင်း မအောင်မြင်သောကြောင့် လောက၌ တရားမျှတမှုနှင့် တရားစီရင်မှု ကင်းမဲ့ခြင်းအကြောင်းနှင့် လောက၌ ကယ်တင်ရှင် မရှိခြင်းအကြောင်းတို့ကို မြည်တမ်းကြသည်။ မည်သူမျှ သူတို့၏ အားသာချက်များ သို့မဟုတ် ကျွမ်းကျင်မှုများကို မမြင်သည့်အပြင် မည်သူမျှ သူတို့ကို အရေးကြီးသော ရာထူးများ၌ မခန့်ထားသောကြောင့် လူတိုင်းက သူတို့ကို မတရားသဖြင့် ဆက်ဆံခဲ့သည်ဟု သူတို့ ထင်ကြသည်။ သို့ဖြစ်၍ သူတို့သည် လူသားမျိုးနွယ်နှင့် လောကကြီးအကြောင်း မကျေမနပ် ညည်းညူရန် ဤသို့သော မူမမှန်သော သဘောတရားမျိုးကို ဖန်တီးကြသည်။ အမှန်တကယ်တွင် ဤအမျိုးမျိုးသော အရာများ ဖြစ်ပွားခြင်း၏ နောက်ကွယ်၌ အကြောင်းရင်းများ ရှိသလော။ အကြောင်းနှင့်အကျိုး ဆက်နွှယ်မှုများ ရှိသလော။ လုံးဝရှိပေသည်တကား။ အန္တိခရစ်များသည် ဤလူများနှင့် တူညီသော အမြင်ရှိကြသည်၊ သူတို့သည် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ကို မယုံကြည်ကြသကဲ့သို့ ဘုရားသခင်၏ ပင်ကိုလက္ခဏာရှိသော ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲထားသည့် အရာအားလုံးသည် ဖြောင့်မတ်သည်ကိုလည်း မယုံကြည်ကြပေ။ ထို့ကြောင့် အန္တိခရစ်များက ဘုရားသခင် ပြုတော်မူသမျှသည် ကိုယ်တော်၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုသည်ကို အသိအမှတ်မပြုနိုင်ကြရုံသာမက လူ့အဖွဲ့အစည်း၌ ပျံ့နှံ့နေသော မူမမှန်သည့် သဘောတရားများနှင့် မိစ္ဆာဒိဋ္ဌိအယူဝါဒများကိုလည်း ယုံကြည်ကြသည်။ ထိုမူမမှန်သည့် သီအိုရီများနှင့် မိစ္ဆာဒိဋ္ဌိအယူဝါဒများသည် မှန်ကန်သည်ဟု သူတို့ ယုံကြည်ကြပြီး ဤလောက၌ ကြီးပွားတိုးတက်နိုင်သော၊ ကိုးကွယ်ခြင်းနှင့် လိုက်လျှောက်ခြင်း ခံရသောသူတို့သာ သူတို့၏ စိတ်နှလုံးထဲမှ ဘုရားများဟု ခေါ်ဆိုခြင်းခံရနိုင်ပြီး သူတို့၏ စိတ်နှလုံးထဲ၌ ဘုရားများ၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သောသူများ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဥပမာအားဖြင့် တရုတ်ဒဏ္ဍာရီများတွင် အနောက်ဘက်မှ နတ်မိဖုရားကြီး၊ ကျောက်စိမ်းဧကရာဇ်၊ နတ်ရှစ်ပါး၊ ကွမ်ရင်မယ်တော်နှင့် ဗုဒ္ဓဘုရားရှင်ကဲ့သို့သော ထင်ရှားသောပုဂ္ဂိုလ်များ ရှိကြသည်၊ ဤသူတို့မှာ အန္တိခရစ်များက သူတို့၏ စိတ်နှလုံးထဲ၌ အမှန်တကယ် ကိုးကွယ်သောသူများ ဖြစ်ကြသည်။ ဤဒဏ္ဍာရီများတွင် ကျောက်စိမ်းဧကရာဇ်သည် အကြီးမြတ်ဆုံးဖြစ်သည်၊ သူ၌ ကောင်းကင်ဘုံရှိ အပြစ်သားများကို လူ့ဘုံသို့ ချပစ်ခြင်းဖြင့် အပြစ်ပေးနိုင်သော တန်ခိုးအာဏာ ရှိသည်။ အန္တိခရစ်များ ဤသည်ကို ကြားသောအခါ သူ့အပေါ် အလွန်တရာမှ လေးစားကြည်ညိုခြင်းကို ခံစားကြရကာ “ကျောက်စိမ်းဧကရာဇ်သည် အမှန်တကယ် ဘုရားတစ်ဆူပါတကား။ သူ၌ ဘုရားတစ်ဆူ၏ အမူအရာ၊ ဟန်ပန်နှင့် စွမ်းရည်များ ရှိပါပေသည်” ဟု တွေးကြသည်။ သာမန်ပြည်သူလူထုက လှူဖွယ်ပစ္စည်းများ ပူဇော်ဆက်ကပ်ကြသည့် နတ်ဟုခေါ်သောသူတို့နှင့်အတူ ဤဒဏ္ဍာရီများသည် လူတို့အပေါ် နက်နက်ရှိုင်းရှိုင်း စွဲမှားသွားစေကြ၏။ သူတို့က “ဤနတ်ဟုခေါ်သောသူတို့၌ ကြီးမားသော ကျွမ်းကျင်မှုများနှင့် တန်ခိုးများ ရှိကြသည်။ သူတို့သည် ဘုရားများဟူသော ဘွဲ့ထူးနှင့် ထိုက်တန်ကြသည်။ လောက၌ ဖြစ်ပျက်နေသော မတရားမှုများနှင့် မကျေနပ်ဖွယ်ရာ အမှုအရာအားလုံးအပေါ် ကောင်းကင်ဘုံ၌ ဖြေရှင်းချက်တစ်ခု ပေးနိုင်ကြပြီး တစ်စုံတစ်ဦးက တရားမျှတမှုကို ရှာဖွေလျှင် သူတို့ထံမှ အဖြေတစ်ခု ရှာတွေ့နိုင်သည်။ ဥပမာအားဖြင့် ပေါင်ကွန်းနှင့် ကွမ်းကွန်းကဲ့သို့သော သမိုင်းဝင်ပုဂ္ဂိုလ်များသည် ဝိညာဉ်ရေးရာနယ်ပယ်၌ လူသားမျိုးနွယ်အတွက် တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်ကြသည်။ လူတစ်ဦး မတရားပြုခံရပြီး တရားရုံးများက မတရားသောအခါ သူတို့၏အမှုကို ပေါင်ကွန်း သို့မဟုတ် ကွမ်းကွန်း ရှေ့မှောက်သို့ ယူဆောင်လာပါက တရားမျှတမှု ရရှိရန် သူတို့က အာမခံသည်” ” ဟု ယုံကြည်ကြသည်။ ဤရှေးပုံပြင်များထဲမှ ဇာတ်ကောင်များသည် လူသားမျိုးနွယ်အတွက် တရားမျှတမှုကို စီရင်ပေးနိုင်သည်၊ ဆိုးယုတ်သောလူများကို အပြစ်ပေးနိုင်သည်၊ လောကရှိ မတရားမှုအားလုံးကို ပြုပြင်နိုင်ပြီး ဒုက္ခဆင်းရဲ ခံစားနေရကာ ရုန်းကန်နေရသူများကို မျက်ရည်ကျခြင်းမှ တားဆီးပေးနိုင်သည်ဟု လူတို့က ယုံကြည်ကြသည်။ လူ့အဖွဲ့အစည်း၏ အောက်ခြေမှ ဆင်းရဲသားများ၊ အရည်အချင်းမရှိသူများနှင့် အနိုင်ကျင့်ခံရသူများသည် သူတို့၏ ဒုက္ခဆင်းရဲအားလုံးမှ လွတ်မြောက်ရန်နှင့် သူတို့ရင်ဆိုင်နေရသော ညှဉ်းပန်းနှိပ်စက်မှုနှင့် ဖိနှိပ်မှုအားလုံးကို ဖြေရှင်းရန် ဤထင်ရှားသောပုဂ္ဂိုလ်များကို လှူဖွယ်ပစ္စည်းများ ပူဇော်ဆက်ကပ်ခြင်း၊ ယုံကြည်ခြင်းနှင့် လိုက်လျှောက်ခြင်းသာ လိုအပ်သည်ဟု သူတို့ ထင်ကြသည်။ အလားတူပင် အန္တိခရစ်များသည် သူတို့၏ နှလုံးသားနှင့် စိတ်ထဲတွင် ဘုရားများဆိုသည်မှာ ဗောဓိသတ္တနှင့် ဗုဒ္ဓဟုခေါ်သောသူတို့ကဲ့သို့ ဖြစ်သင့်ပြီး လူသားတို့၏ ဒုက္ခအားလုံးကို ဖြေရှင်းပေးကာ လူတို့ကို ဒုက္ခပင်လယ်မှ ကယ်တင်သင့်သည်ဟု ယုံကြည်ကြသည်။ ဥပမာအားဖြင့် ရောဂါကျွမ်းနေကာ ဆေးဝါးကုသ၍ မရနိုင်တော့သည့် မိခင်၏ သားဖြစ်သူ အမျိုးသားတစ်ဦးသည် အလွန်ပင် သားသမီးဝတ်ကျေပွန်သူ ဖြစ်ပြီး မိခင်သေဆုံးသွားမည်ကို မလိုလားသောကြောင့် ကွမ်ရင်ဗောဓိသတ္တ ရုပ်တုတစ်ခုကို နေ့စဉ် အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ အရသာရှိသော အစားအသောက်များနှင့် ဖျော်ရည်များ ပူဇော်ဆက်ကပ်ခဲ့သည်။ ထို့နောက် သူက သူ့မိခင်၏ရောဂါ ပျောက်ကင်းနိုင်ပြီး နောက်ထပ် အနှစ် ၃၀ အသက်ရှင်နိုင်မည်ဆိုလျှင် မိမိအသက်၏ အနှစ်သုံးဆယ်ကို အလဲအလှယ်အနေဖြင့် လိုလိုလားလား စွန့်လွှတ်မည်ဖြစ်ကာ သူ၏ ကျန်ရှိသော ဘဝတစ်လျှောက်လုံး သက်သတ်လွတ်စားသူ ဖြစ်လာမည်ဖြစ်ပြီး သက်ရှိသတ္တဝါတစ်ကောင်၏ အသက်ကို တစ်ဖန် သတ်ဖြတ်ခြင်းမှ အစဉ်သဖြင့် ရှောင်ကြဉ်မည်ဟု သစ္စာပြုခဲ့သည်။ အမွှေးတိုင်ထွန်းညှိခြင်း၊ ဦးညွှတ်ခြင်း၊ ဤသစ္စာပြုခြင်း၊ သူ၏ ရိုးသားသောစိတ်နှလုံးကို ပူဇော်ဆက်ကပ်ခြင်းတို့ ပြီးနောက် သူ၏မိခင်၏ရောဂါ ပျောက်ကင်းသွားခဲ့သည်။ ဤသည်မှာ သူ၏သစ္စာစကားကို ဗောဓိသတ္တက ကြားသိခဲ့သည်ဟု ဆိုလိုသလော။ ယင်းမှာ သူ၏မိခင်သည် နောက်ထပ် အနှစ် ၃၀ အသက်ရှင်ပြီး သူသည် အနှစ် ၃၀ အသက်တိုသွားမည်ဟု ဆိုလိုသလော။ မဟုတ်ချေ။ သို့သော် သူ ယုံကြည်သောကြောင့် ယင်းမှာ မှန်ကန်သည်ဟု သူ ယုံကြည်လက်ခံခဲ့သည်။ ထို့နောက် သူသည် သက်သတ်လွတ်စားသူ ဖြစ်လာခြင်းဖြင့် သူ၏သစ္စာစကားကို စတင်ဖြည့်ဆည်းခဲ့သည်။ တစ်နေ့တွင် သူက “ကျွန်ုပ်၏မိခင် ပျောက်ကင်းသွားပြီ၊ သူမ၏အသက်ရှည်ခြင်းသည်လည်း ပြဿနာ မဟုတ်တော့ပါ၊ သို့ဖြစ်၍ အနာဂတ်တွင် ကျွန်ုပ်၏ သစ္စာစကားကို ဖောက်ဖျက်၍ ရနိုင်မည်လော။ ကြက်ပေါင်တစ်လုံး စား၍ ရနိုင်ပါမည်လော။ အကယ်၍ ကျွန်ုပ် စားချင်လျှင် စားနိုင်သည်” ဟု စဉ်းစားမိသည်။ ကြက်ပေါင်စားပြီးပြီးချင်း သူ နေလို့ကောင်းပြီး သူ၏စိတ်နှလုံးလည်း ငြိမ်သက်မှုကို ခံစားခဲ့ရသော်လည်း နောက်တစ်နေ့တွင် သူသည် အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းကို ခံစားခဲ့ရပြီး ရက်အနည်းငယ်ကြာ နေမကောင်းဖြစ်ကာ ရောဂါသက်သာခြင်း တစ်စက်မျှ မရှိခဲ့ပေ။ စတုတ္ထနေ့တွင် သူက “ဤသည်မှာ ဗောဓိသတ္တထံမှ အပြစ်ဒဏ်လော။ သူမက ကျွန်ုပ်ကို အသားစားခွင့် မပြုခြင်းလော။ ကျွန်ုပ် ယခင်က ပြောခဲ့သော စကားများသည် အမှန်တကယ် အတည်ဖြစ်ခဲ့ပုံရသည်၊ ကျွန်ုပ် အသားစား၍ မရပါတကား” ဟု စဉ်းစားမိသည်။ ဤသည်ကို သူ စဉ်းစားမိသောအခါ အမွှေးတိုင်သုံးတိုင် အမြန် ထွန်းညှိပြီး အရသာရှိသော အစားအစာများစွာကို ပူဇော်ဆက်ကပ်ကာ သူ၏အပြစ်ကို ဝန်ခံခဲ့သည်။ နောက်တစ်နေ့တွင် သူ၏ရောဂါ ပျောက်ကင်းသွားခဲ့သည်။ ဗောဓိသတ္တသည် အလွန် အစွမ်းထက်သည်ကို သူ မြင်သောအခါ “လူတို့ ပြုမူဆောင်ရွက်သောအခါ ဗောဓိသတ္တက ကြည့်ရှုနေသည်။ ကျွန်ုပ် သူမကို လှည့်ဖြားရန် ကြိုးစား၍မဖြစ်၊ ကျွန်ုပ်၏သစ္စာစကားကို စောင့်ထိန်းမှရမည်၊ သို့မဟုတ်ပါက သူမ၏ အပြစ်ဒဏ်ပေးခြင်းကို ရင်ဆိုင်ရလိမ့်မည်” ဟု ပို၍ပင် ခိုင်မာစွာ ယုံကြည်ခဲ့သည်။ ထိုအချိန်မှစ၍ “ဗောဓိသတ္တ” ဟူသော ဘွဲ့အမည်သည် အထွတ်အမြတ်ထားအပ်ပြီး မချိုးဖောက်အပ်ဟု သူ ပို၍ပင် ခံစားခဲ့ရသည်။ သူသည် နေ့စဉ် အမွှေးတိုင်သုံးတိုင် ထွန်းညှိပြီး ပွဲတော်ရက်များနှင့် အားလပ်ရက်များအတွင်း လှူဖွယ်ပစ္စည်းများကို ပူဇော်ဆက်ကပ်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ကျောက်စိမ်းဧကရာဇ်၊ ကွမ်ရင်ဗောဓိသတ္တ၊ ကွမ်းကွန်း အစရှိသည့် လူတို့ လှူဖွယ်ပစ္စည်းများ ပူဇော်ဆက်ကပ်သော ရုပ်တုများသည် ဘုရားများ ဖြစ်သည်ဟူသော ယုံကြည်လက်ခံမှုက ထိုသို့သော လူတစ်ဦး၌ ပိုမိုခိုင်မာလာခဲ့သည်။ သူတို့၏ စိတ်နှလုံးထဲမှ သူတို့၏အဆင့်အတန်းသည် မည်သည့်သံသယ သို့မဟုတ် မယုံသင်္ကာမှုမျှမရှိဘဲ ပို၍ပင် မတုန်လှုပ်နိုင်အောင် ဖြစ်လာခဲ့သည်။ အန္တိခရစ်များသည် ဤအရာများကို မကြုံတွေ့ဖူးလျှင်ပင်ဖြစ်စေ၊ အိမ်၌ ဤရုပ်တုများ သို့မဟုတ် ရွှံ့စေးရုပ်တုများကို လှူဖွယ်ပစ္စည်းများ ပူဇော်ဆက်ကပ်ခြင်း မပြုဖူးလျှင်ပင်ဖြစ်စေ သူတို့၏ လူမှုအသိုင်းအဝိုင်းများ၌ ထိုသို့သောအရာများကို ရံဖန်ရံခါ ကြားသိရဆဲ သို့မဟုတ် ကြုံတွေ့ရဆဲ ဖြစ်သည်။ ဥပမာအားဖြင့် ဗုဒ္ဓဘုရားရှင်က တစ်စုံတစ်ဦး၏ရောဂါကို မည်သို့ကုသပေးခဲ့ပုံကိုဖြစ်စေ၊ ဆိုးယုတ်သော လူများအပေါ် တုံ့ပြန်ဒဏ်ခတ်ခြင်းဖြင့် တရားမျှတမှုကို မည်သို့စီရင်ခဲ့ပုံကိုဖြစ်စေ၊ ဖန်းရွှေဆရာတစ်ဦးက သူတို့အိမ်၌ အချို့အရာများကို အစီအရင် လုပ်ပေးပြီးသည့်နောက် တစ်စုံတစ်ဦး မည်သို့ ချမ်းသာကြွယ်ဝလာခဲ့ပုံကိုဖြစ်စေ၊ အုတ်ဂူများနှင့် သင်္ချိုင်းမြေနေရာ ရွေးချယ်မှုနှင့်ပတ်သက်၍ ဖန်းရွှေဆရာ သို့မဟုတ် ယင်ယန်ဆရာတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးခြင်းက သူတို့၏ သားစဉ်မြေးဆက်များ အရာရှိကြီးများ ဖြစ်လာစေရန် သို့မဟုတ် သူတို့၏ အသက်မွေးဝမ်းကျောင်းများ၌ ကြီးမားသော အောင်မြင်မှုများ ရရှိစေရန် မည်သို့ဦးတည်ခဲ့ပုံကိုဖြစ်စေ အစရှိသည်တို့ကို သူတို့ ကြားသိရသည်။ ဤအရာများသည် အန္တိခရစ်များ၏ စိတ်ထဲ၌ ဘုရားများဆိုသည်မှာ လူတို့ သူတို့၏နေ့စဉ်ဘဝများ၌ ကြုံတွေ့ရပြီး မြင်ရသော ဤဗုဒ္ဓများနှင့် ဧကရာဇ်များဟု ခေါ်သောသူတို့ကဲ့သို့ စွမ်းရည်များနှင့် တန်ခိုးများ ပိုင်ဆိုင်သင့်သည်ဟု စွဲမှတ်သွားစေခဲ့သည်။ ဘုရားများဆိုသည်မှာ လူတို့ လှူဖွယ်ပစ္စည်းများ ပူဇော်ဆက်ကပ်ကြသော ထိုရုပ်တုများကဲ့သို့ ဖြစ်သင့်ပြီး ထိတ်လန့်မှုနှင့် အံ့အားသင့်မှုကို ဖြစ်ပေါ်စေရန် လူတို့ကြား၌ နိမိတ်လက္ခဏာအချို့နှင့် အံ့ဖွယ်အမှုများကို ပြသသင့်သည်ဟုပင် သူတို့ ထင်ကြသည်။ အကယ်၍ ဘုရားတစ်ဆူက ဤသို့မပြုလုပ်ပါက ယင်းကို ဘုရားတစ်ဆူအဖြစ် မသတ်မှတ်သင့်ဟု သူတို့ ထင်ကြသည်။ ဘုရားများနှင့်ပတ်သက်၍ ထိုသို့သော အမြင်များနှင့် နားလည်မှုများ ရှိခြင်းကြောင့် အန္တိခရစ်များအတွက် ဘုရားတစ်ဆူ၏ အယူအဆသည် အဘယ်အရာ ဖြစ်လာသနည်း။ သူတို့၏စိတ်ထဲ၌ ကျောက်စိမ်းဧကရာဇ်ကဲ့သို့ ကောင်းကင်ဘုံ၏ ပညတ်များကို ချိုးဖောက်သောသူတို့ကို အချိန်မရွေး နေရာမရွေး လူ့ဘုံသို့ ချပစ်ရန် ကောင်းကင်ဘုံမှ စစ်သည်တော်များကို စေလွှတ်နိုင်သော ပုဂ္ဂိုလ်သည် အမှန်တကယ် ဘုရားတစ်ဆူဖြစ်ပြီး ဘုရားတစ်ဆူ၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သောသူ ဖြစ်သည်။ သို့တည်းမဟုတ် လူတို့ လှူဖွယ်ပစ္စည်းများ ပူဇော်ဆက်ကပ်ကြသော ရုပ်တုတစ်ခုသည် သူတို့ကို ချမ်းသာကြွယ်ဝလာစေပြီး အရာရှိကြီးများ ဖြစ်လာစေနိုင်သည်၊ အန္တိခရစ်များအတွက်မူ ထိုသို့သော ပုဂ္ဂိုလ်များသည်လည်း ဘုရားများ၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်ရန် ထိုက်တန်သည်ဟု ယူဆခြင်းခံရသည်။ ဤသည်မှာ ဘုရားများ၏ ပင်ကိုလက္ခဏာနှင့်ပတ်သက်၍ အန္တိခရစ်များ၏ အတွင်းစိတ်မှ သိမြင်မှုနှင့် နားလည်မှု ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်သည် အဆင်းနီသော နဂါးကြီး တည်ရှိရာမြေ၌ အလုပ်လုပ်တော်မူသောအခါ၊ ညီအစ်ကိုမောင်နှမအချို့ ဖမ်းဆီးခံရသောအခါ၊ အသင်းတော် ပျက်စီးသောအခါ၊ ဘုရားသခင်၏ အလုပ် အတားအဆီးနှင့် အဖျက်အမှောင့်လုပ်ခြင်း ခံရသောအခါ အန္တိခရစ်များက မည်သို့တွေးကြသနည်း။ “ဤသည်မှာ ဘုရားဖြစ်ပါက အဘယ်ကြောင့် အသင်းတော်၌ ထိုသို့သောအရာများ ဖြစ်ပျက်ရမည်နည်း။ ညီအစ်ကိုမောင်နှမများ ဖမ်းဆီးခံနေရသောအခါ ဘုရားသည် ကောင်းကင်၌ ရူပါရုံများကို ပြသသင့်သည်၊ မိုးကြိုးနှင့် အမျက်ဒေါသကို စေလွှတ်သင့်ပြီး ညီအစ်ကိုမောင်နှမများကို ဖမ်းဆီးနေသော ထိုဆိုးယုတ်သည့် ရဲများကို ကြောက်လန့်သော ကြွက်များကဲ့သို့ ထိတ်လန့်တကြား ထွက်ပြေးစေသင့်သည်။ အဘယ်ကြောင့် ထိုသို့သော ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်ကို ကျွန်ုပ် တစ်ခါမျှ မကြားဖူးရသနည်း။ ဤလူတို့သည် ဘုရားကို လိုက်လျှောက်ပြီး ဘုရား ရွေးချယ်ထားသောလူများ ဖြစ်သောကြောင့် အဘယ်ကြောင့် ဘုရားက သူတို့ကို မကယ်တင်ဘဲ ကာကွယ်စောင့်ရှောက်ခြင်း မရှိသနည်း။ အဆင်းနီသော နဂါးကြီးသည် ဘုရားကို လိုက်လျှောက်သောသူတို့ကို အလွန်ပင် ပြင်းပြင်းထန်ထန်နှင့် ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်သည်။ အဘယ်ကြောင့် ဘုရားသည် လူသားမျိုးနွယ်အတွက် တရားမျှတမှုကို စီရင်ရန် မြေကြီးပေါ်သို့ မကြွလာသနည်း။ ဘုရားက အဆင်းနီသော နဂါးကြီးကို အဘယ်ကြောင့် မတားဆီးသနည်း။ သူက အဆင်းနီသော နဂါးကြီးကို အဘယ်ကြောင့် အပြစ်မပေးသနည်း။ ဘုရား၏ ပင်ကိုလက္ခဏာရှိသော ဘုရားသည် စကားပြောခြင်းနှင့် သမ္မာတရားကို ထောက်ပံ့ပေးခြင်းသာ လုပ်နိုင်သည်မှာ အသေအချာပင် မဖြစ်နိုင်ပါတကား။ ကျောက်စိမ်းဧကရာဇ်၊ ကွမ်ရင်ဗောဓိသတ္တနှင့် ဗုဒ္ဓတို့နှင့် နှိုင်းယှဉ်လျှင် ဘုရား၌ ကြီးမားသော စွမ်းရည်များနှင့် ကျွမ်းကျင်မှုများ မရှိပုံရသည်။ ဘုရား၌ တန်ခိုးနှင့် အာဏာရှိသည်ဟု သူတို့ ဆိုကြသော်လည်း ဤတန်ခိုးနှင့် အာဏာသည် အဘယ်မှာနည်း။ သမ္မာတရားကိုသာ ထောက်ပံ့ပေးနိုင်ပြီး ဘုရား၏ တန်ခိုးနှင့် အာဏာ ကင်းမဲ့သောသူသည် အမှန်တကယ် ဘုရား ဟုတ်သလော။ ညီအစ်ကိုမောင်နှမများ ဖမ်းဆီးခံရတော့မည်ဆိုလျှင် ဘုရားသည် ဆိုးယုတ်သော ရဲများရှေ့၌ တံတိုင်းတစ်ခု တည်ဆောက်သင့်သည်၊ သို့မဟုတ် သူတို့ကို မျက်စိကွယ်စေပြီး ခြေကျိုးစေသင့်သည်၊ သူတို့ကို ရူးသွပ်စေသင့်သည် သို့မဟုတ် ထုံထိုင်းသွားစေသင့်သည်။ အန္တရာယ် မကျရောက်မီ ဘုရားသည် လူတိုင်းကို ကျရောက်တော့မည့် အန္တရာယ်အကြောင်း ရှင်းလင်းစွာ သိစေသင့်သည်၊ သူတို့ အသံတစ်သံ ကြားသင့်သည်၊ ပြင်းထန်သော ခံစားမှုတစ်ခု ခံစားသင့်ပြီး ရှင်းလင်းသော အတွေးတစ်ခု ရှိသင့်သည်။ အဘယ်ကြောင့် ဘုရားက ထိုသို့သောအရာများကို မလုပ်ဆောင်သနည်း။ ဤသို့သော အခြေအနေမျိုး ချဉ်းကပ်လာသောအခါ အဘယ်ကြောင့် သူက မည်သည့် အရိပ်အမြွက်မျှ မပေးသနည်း။ လူတို့ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းနှင့် နှိပ်ကွပ်ခြင်းတို့ကို ခံစားရသောအခါ အဘယ်ကြောင့် ဘုရားက ဤနတ်ဆိုးများနှင့် ဆိုးယုတ်သော ရဲများကို မတားဆီးဘဲ သို့မဟုတ် အပြစ်ဒဏ်မပေးဘဲ နေသနည်း။ သူတို့ ညီအစ်ကိုမောင်နှမများကို လက်ထိတ်ခတ်သောအခါ၊ သူတို့၏ နံပါတ်တုတ်များက သူတို့ကို ရိုက်သောအခါ အဘယ်ကြောင့် ဘုရားက ဘာမျှမလုပ်ဘဲ နေသနည်း။ အကယ်၍ ကျောက်စိမ်းဧကရာဇ် သို့မဟုတ် ကွမ်ရင်ဗောဓိသတ္တသာ ဖြစ်ပါက သူတို့သည် သူတို့၏ နောက်လိုက်များကို ဤသို့ လုံးဝ ဒုက္ခဆင်းရဲခံစားစေမည် မဟုတ်ပေ။ သူတို့သည် ဆိုးယုတ်သော ရဲများကို မျက်စိကွယ်စေလျက်၊ သူတို့၏မျက်နှာများကို ပုံပျက်စေလျက်၊ သူတို့ကို ရူးသွပ်စေလျက်၊ သူတို့၏လက်များနှင့် ခြေထောက်များကို ပုပ်ရိစေလျက်၊ သူတို့ကို သေစေနိုင်သော ရောဂါများ ပေးလျက်၊ သူတို့ကို အချင်းချင်း သတ်ဖြတ်စေလျက် ဧကန်မုချ ကြားဝင်ပြီး ကူညီကြပေလိမ့်မည်။ အဘယ်ကြောင့် ဘုရားက ဤသို့ မလုပ်ဆောင်သနည်း။ ဘုရားသည် အတိအကျ အဘယ်မှာ ရှိသနည်း။ သူ အမှန်တကယ် တည်ရှိသလော။ ပြဿနာများ ဖြစ်လာသောအခါ လူတို့ သူ့ထံ ဆုတောင်းလျှင်ပင် ဘုရားက လူတို့ကို မကယ်တင်သကဲ့သို့ သူတို့ကို အန္တရာယ်မှ လွတ်မြောက်စေရန် အခြေအနေများကိုလည်း မစီစဉ်ပေးပေ။ ဆိုးယုတ်သော ရဲများက ဤအကာအကွယ်မဲ့သော လူများကို ညှဉ်းပန်းနှိပ်စက်သောအခါ သာမန်အသိအရ ဘုရားတစ်ဆူသည် ကြားဝင်ကာ ကူညီသင့်ပြီး လက်ပိုက်၍သာ ကြည့်မနေသင့်ပေ၊ အကြောင်းမှာ ဘုရားများသည် လောက၌ မတရားမှုများကို မြင်တွေ့လိုခြင်း မရှိသည့်အပြင် ဘုရားများသည် လူတို့ကို ဒုက္ခဆင်းရဲမှ ကယ်တင်ရန်နှင့် သတ္တဝါအားလုံးကို ဆင်းရဲဒုက္ခမှ လွတ်မြောက်စေရန် ဖြစ်သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် ယခု ကျွန်ုပ် ယုံကြည်သော ဤဘုရားသည် ထိုသို့သောအရာများကို လုံးဝ မလုပ်ဆောင်သနည်း။ ကျွန်ုပ် ယုံကြည်သော ဘုရားသည် အမှန်တကယ် တည်ရှိပါသလော” ဟူ၍ ဖြစ်သည်။ အမှုအရာများစွာကို ကြုံတွေ့ပြီးနောက် အန္တိခရစ်များသည် အစဉ်သဖြင့် စိတ်ရှုပ်ထွေးပြီး သံသယဖြစ်နေကြသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်နေစဉ်အတွင်း၌ပင် ဗေဒင်ဆရာများနှင့် ယင်ယန်ဆရာများထံ ဟောကြားချက်များအတွက် သွားရောက်ကြပြီး သူတို့၏အနာဂတ်၌ အဘယ်အရာ ရှိနေသည်ကို ကြည့်ရှုရန်၊ သူတို့ ထောင်ကျမည်၊ မကျမည်ကိုဖြစ်စေ၊ သူတို့၏အလုပ် အဆင်ပြေချောမွေ့မည်၊ မချောမွေ့မည်ကိုဖြစ်စေ၊ လူဆိုးတစ်ဦးက သူတို့ကို လက်စားချေရန် ကြိုးစားမည်၊ မကြိုးပမ်းမည်ကိုဖြစ်စေ၊ အကယ်၍ သူတို့၏ကံကြမ္မာ၌ ထောင်ကျကိန်းရှိပါက ထောင်ကျခြင်းမှ ရှောင်ရှားရန် နည်းလမ်းရှိမရှိကိုဖြစ်စေ စစ်ဆေးကြသည်။
ဘုရားသခင်ကို ယုံကြည်ပြီး လိုက်လျှောက်သည့် လုပ်ငန်းစဉ်တွင် အန္တိခရစ်များ၌ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရနှင့်ပတ်သက်၍ အယူအဆများ အမြဲတမ်း ပေါ်ပေါက်လာပြီး ဘုရားသခင်သည် အဘယ်ကြောင့် စကားပြောရုံသာပြောပြီး မည်သည့် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်အမှုများကိုမျှ မပြသသည်ကို သူတို့ အမြဲတမ်း မေးခွန်းထုတ်ကြသည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြသော်ငြား သူတို့၏ရည်ရွယ်ချက်မှာ သမ္မာတရားကို ရှာဖွေရန် သို့မဟုတ် လက်ခံရန် မဟုတ်ဘဲ ထိုအစား သူတို့သည် လေ့လာပြီး စေ့စေ့စပ်စပ် စဉ်းစားဆင်ခြင်သည့် စိတ်ဓာတ်ဖြင့် ဖတ်ရှုကြသည်။ ရလဒ်အနေဖြင့် သူတို့သည် စစ်မှန်သော ယုံကြည်ခြင်းကို မွေးမြူနိုင်ခြင်း မရှိရုံသာမက ထိုအစား ပို၍ သံသယဖြစ်လာကြပြီး သူတို့ ပိုမိုစေ့စေ့စပ်စပ် စစ်ဆေးလေလေ လူ့ဇာတိခံယူသော ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ပိုမိုထားရှိကြလေ ဖြစ်သည်။ သူတို့၏ အဓိကအယူအဆမှာ ခရစ်တော်သည် သဘာဝလွန် လူ့သဘာဝကို ပိုင်ဆိုင်သင့်သည်ဟု သူတို့ ယုံကြည်ခြင်း ဖြစ်သည်။ သူတို့က “အကယ်၍ ခရစ်တော်၌ ပုံမှန်လူ့သဘာဝရှိပြီး နိမိတ်လက္ခဏာ သို့မဟုတ် အံ့ဖွယ်အမှုများကို မပြသပါက သူသည် ဘုရားဖြစ်ကြောင်း မည်သို့ သက်သေပြနိုင်မည်နည်း” ဟု ထင်ကြသည်။ အန္တိခရစ်များ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ ဝိညာဉ်တော်သာ ဘုရားဖြစ်ပြီး နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြသနိုင်သော ဇာတိပကတိသာ ဘုရားဖြစ်သည်။ အကယ်၍ ဇာတိပကတိတစ်ခုသည် ပုံမှန်လူ့သဘာဝကိုသာ ပိုင်ဆိုင်ပြီး နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မပြသပါက သူသည် သမ္မာတရားကို ဖော်ပြနိုင်လျှင်ပင် ဘုရားအဖြစ် မသတ်မှတ်ခြင်းခံရပေ။ ထို့ကြောင့် အန္တိခရစ်များသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရကို အမြဲတမ်း သံသယဖြစ်ကြသည်မှာ အံ့ဩစရာမရှိချေ။ သူတို့အပေါ် မည်မျှပင် အမှုအရာများ ဖြစ်ပျက်သည်ဖြစ်စေ အန္တိခရစ်ဖြစ်သော လူစားမျိုးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားကို ရှာဖွေခြင်းဖြင့် ယင်းတို့ကို ဖြေရှင်းရန် မည်သည့်အခါမျှ မကြိုးစားကြသကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် အမှုအရာများကို မြင်တွေ့ရန်မှာ သာ၍ပင် မကြိုးစားကြပေ၊ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းသည် သမ္မာတရားဖြစ်သည်ကို သူတို့ မယုံကြည်သောကြောင့် လုံးလုံးဖြစ်ပေသည်။ ဘုရားအိမ်တော်က သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ အန္တိခရစ်များသည် လက်မခံဘဲ နေကြပြီး အကျိုးဆက်အနေဖြင့် သူတို့ ရင်ဆိုင်ရသည့် မည်သည့်အခြေအနေ၌မဆို မှန်ကန်သော သဘောထား ကင်းမဲ့ကြသည်၊ အထူးသဖြင့် ဘုရားသခင်နှင့် သမ္မာတရားကို သူတို့ ချဉ်းကပ်ပုံနှင့် ပတ်သက်လာလျှင် အန္တိခရစ်များသည် သူတို့၏အယူအဆများကို ဘေးဖယ်ထားရန် ခေါင်းမာစွာ ငြင်းဆန်ကြသည်။ သူတို့ ယုံကြည်သော ဘုရားသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်သော ဘုရား၊ သဘာဝလွန် ဘုရားတစ်ဆူ ဖြစ်သည်။ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်နိုင်သော မည်သူမဆို၊ ကွမ်ရင်ဗောဓိသတ္တဖြစ်စေ၊ ဗုဒ္ဓဘုရားရှင်ဖြစ်စေ၊ မာဇူဖြစ်စေ၊ သူတို့က ဘုရားများဟု ခေါ်ကြသည်။ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်နိုင်သောသူတို့သာ ဘုရားများ၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သော ဘုရားများဖြစ်ပြီး မပြုလုပ်နိုင်သောသူတို့မှာမူ သူတို့ မည်မျှပင် သမ္မာတရားများစွာကို ဖော်ပြသည်ဖြစ်စေ မဖြစ်မနေ ဘုရားများ မဟုတ်ကြဟု သူတို့ ယုံကြည်ကြသည်။ သမ္မာတရားကို ဖော်ပြခြင်းသည် ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် အနန္တတန်ခိုးဖြစ်သည်ကို သူတို့ နားမလည်ကြဘဲ ထိုအစား နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်ခြင်းသာ ဘုရားများ၏ ကြီးမြတ်သော တန်ခိုးနှင့် အနန္တတန်ခိုးဖြစ်သည်ဟု သူတို့ ထင်ကြသည်။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်က လူတို့ကို သိမ်းပိုက်ပြီး ကယ်တင်ရန် သမ္မာတရားကို ဖော်ပြခြင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများကို ရေလောင်းပေးခြင်း၊ ထိန်းကျောင်းခြင်းနှင့် ဦးဆောင်ခြင်း၊ သူတို့ကို ဘုရားသခင်၏ တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို လက်တွေ့ကျကျ ကြုံတွေ့စေပြီး သမ္မာတရားကို နားလည်လာစေရန်၊ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားစေရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဝတ်ပြုကိုးကွယ်သောသူများ ဖြစ်လာစေရန် အစရှိသည့် ဤလက်တွေ့ကျသောအလုပ်အားလုံးကို အန္တိခရစ်များသည် လူ၏အလုပ်ဖြစ်ပြီး ဘုရားသခင်၏အလုပ် မဟုတ်ဟု သတ်မှတ်ကြသည်။ အန္တိခရစ်များ၏ စိတ်ထဲ၌ ဘုရားများဆိုသည်မှာ ယဇ်ပလ္လင်တစ်ခု၏ နောက်ကွယ်၌ ပုန်းအောင်းပြီး လူတို့ကို သူတို့ထံ ပူဇော်သက္ကာပြုစေသင့်သည်၊ လူတို့ ပူဇော်သော အစားအစာများကို စားသုံးလျက်၊ သူတို့ ထွန်းညှိသော အမွှေးတိုင်များ၏ မီးခိုးကို ရှူရှိုက်လျက်၊ သူတို့ အခက်အခဲကြုံတွေ့သောအခါ ကူညီလက်တစ်ဖက် ဆန့်တန်းပေးလျက်၊ လူတို့ အကူအညီတောင်းပြီး သူတို့၏တောင်းပန်မှုများ၌ ရိုးသားသောအခါ မိမိတို့ကိုယ်ကို အလွန်တန်ခိုးကြီးကြောင်း ပြသပြီး သူတို့ နားလည်နိုင်သော ဘောင်အတွင်း၌ ချက်ချင်းအကူအညီ ပေးကာ သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးသင့်သည်။ အန္တိခရစ်များအတွက်မူ ဤသို့သော ဘုရားတစ်ဆူသာ စစ်မှန်သော ဘုရားဖြစ်သည်။ ယနေ့ ဘုရားသခင် ပြုတော်မူသမျှမှာမူ အန္တိခရစ်များ၏ မထီမဲ့မြင်ပြုခြင်းကို ခံရသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အန္တိခရစ်များ၏ သဘာဝအနှစ်သာရကို ကြည့်ခြင်းအားဖြင့် သူတို့ လိုအပ်သောအရာမှာ ဖန်ဆင်းရှင်က ဖန်ဆင်းခံများအပေါ် ပြုလုပ်သော ရေလောင်းပေးခြင်း၊ ထိန်းကျောင်းခြင်းနှင့် ကယ်တင်ခြင်းအလုပ် မဟုတ်ဘဲ အရာခပ်သိမ်း၌ ကြီးပွားတိုးတက်ခြင်းနှင့် သူတို့၏ဆန္ဒများ ပြည့်စုံခြင်း၊ ဤဘဝ၌ အပြစ်ပေးမခံရရန်နှင့် နောင်လာမည့်လောက၌ ကောင်းကင်ဘုံသို့ သွားရန် ဖြစ်သည်။ သူတို့၏အမြင်နှင့် လိုအပ်ချက်များသည် သမ္မာတရားကို မုန်းတီးသော သူတို့၏အနှစ်သာရကို အတည်ပြုသည်။ အန္တိခရစ်များသည် ကောက်ကျစ်ဆိုးယုတ်မှု၊ သဘာဝလွန်နှင့် အံ့ဖွယ်အမှုများကို နှစ်သက်ကြပြီး စာတန်နှင့် ဆိုးယုတ်သောဝိညာဉ်များ၏ လုပ်ဆောင်ချက်များနှင့် နတ်ဆိုးဆန်သော စကားများတည်းဟူသော အပျက်သဘောဆောင်ပြီး ကောက်ကျစ်ဆိုးယုတ်သည့်အရာများကိုပင် ဘုရားသဘောသဘာဝအဖြစ်လည်းကောင်း၊ သမ္မာတရားအဖြစ်လည်းကောင်း ကိုးကွယ်ကြသည်။ သူတို့သည် ဤအရာများကို သူတို့၏ တစ်သက်တာ ကိုးကွယ်မှုနှင့် လိုက်စားမှုဆိုင်ရာ အရာဝတ္ထုများအဖြစ်လည်းကောင်း၊ လောက၌ လေးစားတန်ဖိုးထားပြီး ဖြန့်ချိသင့်သော အရာများအဖြစ်လည်းကောင်း မှတ်ယူကြသည်။ အကျိုးဆက်အနေဖြင့် သူတို့ ဘုရားသခင်ကို လိုက်လျှောက်နေစဉ်အတွင်း ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်ပတ်သက်သော သူတို့၏အယူအဆများနှင့် အမြင်များသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ အကယ်၍ ထိုသို့သောလူများသည် ဘုရားအိမ်တော်၌ သူတို့၏ရည်မှန်းချက်များကို အထမြောက်အောင်မြင်နိုင်ခြင်း မရှိပါက၊ သူတို့ ရာထူးတိုးမြှင့်ခြင်း သို့မဟုတ် အသုံးပြုခြင်း မခံရဘဲ လျင်မြန်ပြီး ကြီးမားသော အောင်မြင်မှုကို ရရှိရန် ပျက်ကွက်ပါက သူတို့သည် မည်သည့်အချိန်၊ မည်သည့်အခိုက်အတန့်၊ မည်သည့်နေရာ၌မဆို ဘုရားသခင်ကို သစ္စာဖောက်ရန် အသင့်ဖြစ်နေကြလိမ့်မည်။ ဤလူအချို့သည် ၁၀ နှစ်ကြာ ယုံကြည်ခဲ့ကြပြီး အချို့မှာ ၂၀ ကြာ ယုံကြည်ခဲ့ကြကာ သူတို့၌ အခြေခံအုတ်မြစ်ရှိပြီး ဘုရားသခင်ကို စွန့်ခွာမည်မဟုတ်ဟု သင် ထင်ကောင်းထင်လိမ့်မည်၊ သို့သော် အမှန်တကယ်တွင် သူတို့သည် ဘုရားသခင်ကို အချိန်မရွေး သစ္စာဖောက်ပြီး လောကီလောကသို့ ပြန်သွားရန် အသင့်ဖြစ်နေကြသည်။ သူတို့ အသင်းတော်ကို မစွန့်ခွာလျှင်ပင် သူတို့၏ စိတ်နှလုံးများသည် ဘုရားသခင်ထံမှ သွေဖည်ပြီး သစ္စာဖောက်ခဲ့ကြပြီး ဖြစ်သည်။ အခြေအနေပေးသည့်အခါ သို့မဟုတ် အခွင့်အလမ်းများ ပေါ်ပေါက်လာသည့်အခါတိုင်း သူတို့သည် ဘုရားအယောင်ဆောင်များနှင့် နတ်ဆိုးများကို သွားယုံကြည်ကြလိမ့်မည်။ အကယ်၍ သူတို့၌ တစ်ရှိန်ထိုး အောင်မြင်မှုရရှိရန်၊ အရာရှိကြီးတစ်ဦး ဖြစ်လာရန်၊ ကျော်ကြားလာရန်နှင့် ဘုန်းအသရေနှင့် ကြွယ်ဝချမ်းသာမှုကို ခံစားရန် အခွင့်အရေးရှိပါက သူတို့သည် အသင်းတော်ကို စွန့်ခွာပြီး လောကီေ၏ ရေစီးကြောင်းများကို လိုက်လျှောက်ရန် တွန့်ဆုတ်မည်မဟုတ်ပေ။ အန္တိခရစ်အချို့က “အကယ်၍ သူသည် ဘုရားဖြစ်ပါက အဘယ်ကြောင့် သူသည် အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် လိုက်လံဖမ်းဆီးမှုကို ခံရသနည်း။ အကယ်၍ သူသည် ဘုရားဖြစ်ပါက အဘယ်ကြောင့် သူသည် အဆင်းနီသော နဂါးကြီးကို ချေမှုန်းသုတ်သင်ရန် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မပြသသနည်း။ ဘုရား ရွေးချယ်ထားသောလူများစွာတို့သည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသည်။ အဘယ်ကြောင့် ဘုရားက စာတန်၏ ညှဉ်းပန်းနှိပ်စက်မှုမှ သူတို့ကို ကာကွယ်စောင့်ရှောက်ပြီး ကယ်တင်ခြင်း မရှိသနည်း” ဟု မေးခွန်းထုတ်ကြသည်။ ယင်းမှာ ဂျူးဘာသာမှ ဖာရိရှဲများက “အကယ်၍ ယေရှုသည် ဘုရားဖြစ်ပါက အဘယ်ကြောင့် သူ ကားစင်တင်၍သတ်သည်ကို ခံရနိုင်သနည်း။ အဘယ်ကြောင့် သူသည် မိမိကိုယ်ကို မကယ်တင်နိုင်ခဲ့သနည်း” ဟု တွေးခဲ့ကြသကဲ့သို့ပင် ဖြစ်သည်။ အန္တိခရစ်များသည် ဤသည်ကို မည်သည့်အခါမျှ နားမလည်ကြပေ၊ အကြောင်းမှာ သူတို့သည် သမ္မာတရားကို လက်မခံသည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာခပ်သိမ်းကို ဖြစ်မြောက်စေလိမ့်မည်ဟုလည်း မယုံကြည်ကြသောကြောင့် ဖြစ်သည်။ သူတို့သည် သူတို့မြင်တွေ့သောအရာကိုသာ ယုံကြည်ကြပြီး ဘုရားသခင် ပြုတော်မူခဲ့သော အလုပ်အားလုံးမှ ပြသသည့် တန်ဖိုး သို့မဟုတ် အရေးပါမှုအပေါ် ယုံကြည်ခြင်း မရှိကြပေ။ ဘုရားသခင် ဖော်ပြတော်မူသော နှုတ်ကပတ်တော်တိုင်းသည် သမ္မာတရားဖြစ်ပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်များ တစ်ခုချင်းစီသည် ပြည့်စုံပြီး ဖြစ်မြောက်လိမ့်မည်ဟု သူတို့ မယုံကြည်ကြပေ။ ဘုရားသခင်၏ ဉာဏ်ပညာသည် စာတန်၏ လျှို့ဝှက်သော အကြံအစည်များအပေါ် အခြေခံ၍ ကျင့်သုံးခြင်းဖြစ်သည်ကို သို့မဟုတ် ဘုရားသခင်သည် ကိုယ်တော်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို ထုတ်ဖော်ပြသသော အဖြည့်ခံတစ်ခုအဖြစ် အစေခံရန် အဆင်းနီသော နဂါးကြီးကို အသုံးပြုတော်မူသည်ကို သူတို့ မယုံကြည်ကြပေ။ ဘုရားသခင်သည် အရာခပ်သိမ်းကို အချုပ်အခြာအာဏာ ကိုင်စွဲပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာခပ်သိမ်းကို ဖြစ်မြောက်စေသည်ကို သူတို့ မယုံကြည်ကြချေ၊ သို့ဖြစ်၍ အန္တိခရစ်များသည် ဘုရားသခင်ကို ယုံကြည်သူများ ဖြစ်နေသေးသလော။ သူတို့ ယုံကြည်သူများ မဟုတ်ကြချေ။ အန္တိခရစ်များသည် ဘုရားသခင်ကို ငြင်းပယ်ပြီး အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်၊ သူတို့သည် မယုံကြည်သူစစ်စစ်တို့ ဖြစ်ကြသည်။
အန္တိခရစ်များ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အသိအမှတ်ပြုရန် ငြင်းဆန်ခြင်း၏ နောက်ကွယ်ရှိ အဓိကအကြောင်းရင်းများမှာ အဘယ်နည်း။ တစ်ခုမှာ အန္တိခရစ်များ သူတို့၏ အယူအဆများထဲ၌ ဘုရားသခင် ပြုသင့်သည်ဟု ထင်မြင်ယူဆသည့်အတိုင်း လောကရှိ မတရားမှုအားလုံးကို ပြုပြင်တော်မူခြင်းဖြစ်စေ၊ လူသားမျိုးနွယ်အတွက် တရားမျှတမှုကို စီရင်တော်မူခြင်းဖြစ်စေ၊ မကောင်းမှု ပြုသောသူတို့ကို ချက်ချင်း အပြစ်ပေးတော်မူခြင်းဖြစ်စေ ဘုရားသခင်က မလုပ်ဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသော အရာခပ်သိမ်းတို့တွင် မတရားသော ဖြစ်ရပ်များစွာ နေ့စဉ် ဖြစ်ပျက်နေသည့်တိုင် ဘုရားသခင်သည် ဤအရာကို စိတ်ပါဝင်စားပုံမရဘဲ တုံ့ပြန်သည့်အနေဖြင့် စကားတစ်ခွန်းမျှ မပြောချေ၊ သို့မဟုတ် မည်သည့်အရာတစ်ခုမျှ မလုပ်ဆောင်ချေ။ အန္တိခရစ်များ၏ အမြင်တွင် သူတို့ ကြုံတွေ့ရသော အရာများ၏ ဘောင်အတွင်း၌ လောကတွင် ဖြစ်ပျက်နေသည်ကို သူတို့ မြင်တွေ့ရသမျှသည် သူတို့၏အယူအဆများနှင့် မကိုက်ညီသည့်အပြင် ယင်းတို့သည် မဖြစ်ပျက်သင့်ပေ။ အဘယ်ကြောင့် ဤအရာများ မဖြစ်ပျက်သင့်ဟု သူတို့ ထင်ကြသနည်း။ သူတို့က “အကယ်၍ ဘုရား တည်ရှိပါက အဘယ်ကြောင့် သူ ဤအရာများကို ဂရုမစိုက်သနည်း။ အကယ်၍ ဘုရား တည်ရှိပါက အဘယ်ကြောင့် ဆိုးယုတ်သောလူများစွာ ကောင်းမွန်စွာ အသက်ရှင်နေဆဲ ဖြစ်သနည်း။ အဘယ်ကြောင့် ချမ်းသာသူများ ပို၍ချမ်းသာလာပြီး ဆင်းရဲသားများ ပို၍ဆင်းရဲလာရသနည်း။ အဘယ်ကြောင့် ချမ်းသာသူများ နေ့စဉ် စားကောင်းသောက်ဖွယ်များကို စားသုံးကြပြီး အလွန်ပျော်ရွှင်စွာ နေထိုင်ကြသော်လည်း လူများစွာမှာမူ အစားအစာ တောင်းရမ်းနေရဆဲ ဖြစ်သနည်း။ အဘယ်ကြောင့် ဟန်ဆောင်မှုကင်းသော လူများသည် အနိုင်ကျင့်ခံရခြင်း၊ ဖိနှိပ်ခံရခြင်းနှင့် ခေါင်းပုံဖြတ်ခံရခြင်းတို့ကို ခံရသနည်း။ အချို့လူများသည် အလွန်နည်းပါးသော လုပ်ခအတွက် ပင်ပန်းကြီးစွာ ချွေးသံတရွှဲရွှဲဖြင့် တစ်နေ့လျှင် ရှစ်နာရီကျော် အလုပ်လုပ်ကြရသော်လည်း အခြားသူများမှာမူ တစ်နာရီအတွင်း၌ လူတစ်ဦး တစ်သက်တာလုံး ရှာဖွေနိုင်သည်ထက် ပိုမိုရရှိကြသည်မှာ အဘယ်ကြောင့်နည်း။ ဘုရားက ဤလူမှုရေးဆိုင်ရာနှင့် လောကီဆိုင်ရာ မတရားမှုများကို အဘယ်ကြောင့် မဖြေရှင်းပေးသနည်း။ အချို့မှာ မွေးကတည်းက ချမ်းသာကြွယ်ဝသော မိသားစုမှ ပေါက်ဖွားလာကြသော်လည်း အခြားသူများမှာမူ ဆင်းရဲမွဲတေမှုနှင့် ပင်ပန်းနွမ်းနယ်မှုထဲသို့ မွေးဖွားလာရသည်မှာ အဘယ်ကြောင့်နည်း။ လူမှုပတ်ဝန်းကျင်တစ်ခုတည်း၌ မွေးဖွားလာကြလျက်နှင့် အချို့လူများသည် သူတို့၏ဘဝတစ်လျှောက်လုံး ဘုန်းအသရေနှင့် ကြွယ်ဝချမ်းသာမှု၊ သူတို့၏မိသားစုများ၏ အလွန်အမင်း ချစ်ခင်ကြင်နာမှုကို ခံစားနိုင်ကြပြီး အခြားသူများမှာမူ မခံစားနိုင်ကြသည်မှာ အဘယ်ကြောင့်နည်း” ဟု တွေးတောကြသည်။ ဤသည်တို့မှာ အန္တိခရစ်များ၏ စိတ်နှလုံးထဲမှ ထာဝရ ဖြေရှင်း၍မရနိုင်သော ပဟေဠိများ ဖြစ်ကြသည်။ သူတို့ ဘုရားသခင်ကို ယုံကြည်သောကြောင့် သူတို့ ထိုးထွင်းမမြင်နိုင်ဘဲ နားမလည်နိုင်သော အရာအားလုံးနှင့် သူတို့ မဖြေရှင်းနိုင်သော ဤပဟေဠိအားလုံးကို ဘုရားသခင်ထံ အပ်နှံပြီး ကိုယ်တော်က ဖြေရှင်းချက်များ ပေးလာအောင် လုပ်သင့်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ယင်းတို့အတွက် အဖြေများကို ရှာဖွေသင့်ကြောင်း သူတို့ ထင်ကြသည်။ သို့သော် ဘုရားသခင်ကို သုံးနှစ်မှ ငါးနှစ်အထိ ယုံကြည်ပြီးနောက် သူတို့သည် ဤအဖြေများကို ရှာမတွေ့နိုင်ကြဘဲ ရှစ်နှစ်မှ ၁၀ နှစ်အထိ ယုံကြည်ပြီးနောက်တွင်လည်း သူတို့ ရှာမတွေ့နိုင်ကြသေးပေ။ အနှစ် ၂၀ ကြာ ယုံကြည်ပြီးနောက် သူတို့က “အဘယ်ကြောင့် ကျွန်ုပ် မည်သည့်အဖြေမျှ မရရှိသေးသနည်း။ အဘယ်ကြောင့် ဘုရားက ဤပြဿနာများကို မဖြေရှင်းသေးသနည်း။ အဘယ်ကြောင့် ဘုရားက ကွမ်ရင်ဗောဓိသတ္တ သို့မဟုတ် ကျောက်စိမ်းဧကရာဇ်ကဲ့သို့ မပြုမူသနည်း။ ဘုရား၌ ဩဇာအာဏာနှင့် တန်ခိုးရှိသည်၊ ဘုရား၏ ပင်ကိုလက္ခဏာ ရှိသည်၊ သို့ဖြစ်၍ သူ ဤအရာများကို လုပ်ဆောင်သင့်သည်တကား။ အထူးသဖြင့် အသင်းတော်၌ အဘယ်ကြောင့် ဆိုးယုတ်သောလူများ မကြာခဏ ပေါ်ပေါက်လာပြီး နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေကြသနည်း၊ အချို့မှာ လှူဖွယ်ပစ္စည်းများကိုပင် ခိုးယူကြကာ မည်သည့်အကျိုးဆက်မျှ မခံစားရပါတကား။ အချို့လူများ မကြာခဏ လိမ်ညာကြပြီး အချို့မှာ ဘုရား၏ ဆုံးမပဲ့ပြင်ခြင်း သို့မဟုတ် အပြစ်ဒဏ်ပေးခြင်းကို မခံစားရဘဲ အယူအဆများနှင့် အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေကြသည်။ အခြားသူများမှာမူ ဘုရားကို ရုတ်တရက် မယုံကြည်တော့ဘဲ လူ့အဖွဲ့အစည်း၌ အလုပ်သွားလုပ်ကြပြီး နှစ်အနည်းငယ် ကြာပြီးနောက် သူတို့သည် မည်သည့်အခါမျှ အခက်အခဲမကြုံတွေ့ရဘဲ ချမ်းသာကြွယ်ဝလာကြသည်။ အချို့သော ယုံကြည်သူများသည် ဘုရားကို မယုံကြည်သောသူများထက် ပိုဆိုးသောဘဝများဖြင့် နေထိုင်ကြသည်။ အမှန်တကယ်တွင် ဘုရားကို ယုံကြည်သူများသည် ဒုက္ခဆင်းရဲခံစားနေရပြီး သူတို့ထဲမှ များစွာတို့သည် ညှဉ်းပန်းနှိပ်စက်ခံနေရကာ သူတို့၏နေအိမ်များသို့ မပြန်နိုင်ဘဲ ဆင်းရဲမွဲတေမှုနှင့် ဒုက္ခဆင်းရဲထဲ၌ နေထိုင်နေကြရသည်။ ဤသည်မှာ ဘုရားကို ယုံကြည်ခြင်း၏ အဓိပ္ပာယ် မဟုတ်လောက်ဘူး မဟုတ်လော။ ဤသည်မှာ ဘုရားကို လိုက်လျှောက်ခြင်း၏ တန်ဖိုး မဟုတ်လောက်ဘူး မဟုတ်လော။ ဤသည်မှာ ဘုရားက လူတို့ကို ပေးလိုသော နေ့စဉ်ဘဝ မဟုတ်လောက်ဘူး မဟုတ်လော။ လူတို့ သူတို့ မပြီးမြောက်နိုင်သော အရာများနှင့် ကြုံတွေ့ရသောအခါ အဘယ်ကြောင့် ဘုရားက သူတို့ကို ချက်ချင်းနားလည်ပြီး သဘောပေါက်စေရန် ထူးခြားဆန်းကြယ်သော အရာတစ်ခုခုကို မလုပ်ဆောင်သနည်း။ လူတို့ နားမလည်သော အရာများစွာ ရှိပြီး ဘုရားက သူပြုမူသည့်အတိုင်း အဘယ်ကြောင့် ပြုမူသည်ကို မသိကြပေ။ အဘယ်ကြောင့် ဘုရားက လူတို့၏စိတ်နှလုံးများကို လင်းထိန်စေရန် မီးအိမ်တစ်လုံးကို မထွန်းညှိသနည်း။ အဘယ်ကြောင့် သူ လူတို့ကို စိတ်အားထက်သန်မှု မပေးသနည်း။ လူတို့ မကောင်းမှုပြုပြီး နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေသောအခါ ဘုရားသည် ထိုဆိုးယုတ်သောလူများကို ရင်ဆိုင်ပြီး တိုက်ရိုက်ကျိန်ဆဲခြင်းနှင့် သူတို့ကို တုံ့ပြန်ဒဏ်ခတ်ခြင်းကို ရင်ဆိုင်စေခြင်းတို့ မပြုပေ။ ဘုရားက ထိုသို့သောအရာများကို လုပ်ဆောင်သည့် ဖြစ်ရပ်များစွာကို ငါ မမြင်တွေ့ခဲ့ရချေ။ တစ်ခါတစ်ရံ လူတို့သည် ဘုရား၏ ဉာဏ်ပွင့်စေခြင်း၊ အလင်းပေးခြင်းနှင့် ထောက်ပံ့ပေးခြင်းတို့ကို လိုအပ်သည်၊ သို့ဖြစ်၍ အဘယ်ကြောင့် သူတို့ ဘုရားကို မခံစားနိုင် သို့မဟုတ် မမြင်နိုင်ကြသနည်း။ ဘုရားသည် အဘယ်မှာ ရှိသနည်း” ဟူ၍ တွေးတောကြလေသည်။ ဤသို့သော “အဘယ်ကြောင့်” ဟူသမျှသည် အန္တိခရစ်များ၏ စိတ်နှလုံးထဲ၌ အဖြေမရဘဲ ကျန်ရှိနေသည်။ ဤအရာများနှင့် ဖြစ်စဉ်များသည် တိုးတက်ဖို့ မဆိုထားနှင့်၊ မည်သည့်အခါမျှ မပြောင်းလဲဘဲ၊ ပြန်မလှည့်ဘဲ ရှိနေသည်မှာ အဘယ်ကြောင့်ဖြစ်သည်ကို သူတို့ နားမလည်ကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် လူတို့ကို လုံးလုံးလျားလျား ပြောင်းလဲစေသင့်ပြီး သူတို့၏ဘဝတစ်ခုလုံး၊ ဟန်ပန်အမူအရာ၊ အတွေးအခေါ်များ၊ အထူးသဖြင့် သူတို့၏ ဘဝအရည်အသွေးနှင့် သူတို့၏အရည်အချင်းများနှင့် ကျွမ်းကျင်မှုများအားလုံးသည် အပြုသဘောဆောင်သော ဦးတည်ချက်သို့ ဖွံ့ဖြိုးတိုးတက်သင့်သည်ဟု သူတို့ ထင်ကြသည်။ အနှစ် ၁၀ နှစ် သို့မဟုတ် ၂၀ ကြာ စောင့်ကြည့်လေ့လာပြီးနောက် သူတို့သည် ဤပြောင်းလဲမှုများကို အဘယ်ကြောင့် မမြင်နိုင်ကြသနည်း။ လူတို့ သူတို့၏အယူအဆများထဲ၌ စိတ်ကူးယဉ်ကြသော သို့မဟုတ် အိပ်မက်မက်ကြသော အရာများသည် သူတို့ ဘုရားသခင်ကို ယုံကြည်လာပြီးနောက် မည်သည့်အခါမျှ ဖြေရှင်းခြင်း သို့မဟုတ် အကောင်အထည်ဖော်ခြင်း မခံရပေ။ သို့ဖြစ်၍ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်ပြီး လိုက်လျှောက်ခြင်း၏ တန်ဖိုးမှာ အဘယ်နည်း။ ဤမေးခွန်းများသည် အန္တိခရစ်များ၏ စိတ်နှလုံးထဲ၌ ဖြေရှင်းမရဘဲ အဖြေမရဘဲ ကျန်ရှိနေပြီး အန္တိခရစ်များ သူတို့ ဖြစ်လာမည်ဟု ထင်မြင်ယူဆသကဲ့သို့ အကောင်အထည်ေပေါ်ခြင်း သို့မဟုတ် ပြည့်စုံခြင်း မရှိသောကြောင့် အန္တိခရစ်များ စိတ်ထဲ၌ရှိသော ဘုရားသည် မည်သည့်အခါမျှ တည်ရှိသည်မဟုတ်။ ပြီးလျှင် သဘာဝအလျောက်ပင် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်တော်မူသောသူသည် အန္တိခရစ်များ၏ စိတ်ထဲ၌ ထာဝရ ငြင်းပယ်ခြင်းခံရသည်။
အန္တိခရစ်တို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အလွန်အမင်း ရောနှောခြင်းများ ရှိသည်။ အမှန်တကယ်တွင် အန္တိခရစ်တို့သည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြပေ၊ ယင်းမှာ ဟန်ဆောင်မှုချည်းသာ ဖြစ်သည်။ သူတို့သည် ဘာသာတရားမရှိသူများက နတ်ဆိုးများနှင့် ကိုးကွယ်သည့်အရာများကို ကိုးကွယ်ကြသကဲ့သို့ပင် ဘုရားသခင်ကို ယုံကြည်ကြသည်။ ဘုရားသခင် ပြုတော်မူသမျှကို လက်ခံရန် ခက်ခဲသည်ဟု သူတို့ မြင်ကြပြီး သူတို့သည် သံသယများနှင့် မေးခွန်းများကို အစဉ်သဖြင့် စိတ်ထဲ၌ ထားရှိကြသည်။ သူတို့သည် ဤသံသယများနှင့် မေးခွန်းများကို မိမိတို့၏ စိတ်နှလုံးထဲ၌ ဖုံးကွယ်ထားပြီး ယင်းတို့ကို ထုတ်ဖော်ပြောဆိုဝံ့ခြင်း မရှိကြသည့်အပြင် ဟန်ဆောင်ခြင်း၌လည်း ကျွမ်းကျင်ကြသည်၊ သို့ဖြစ်၍ သူတို့ ဘုရားသခင်ကို မည်မျှပင် နှစ်ပေါင်းများစွာ ယုံကြည်ကြသည်ဖြစ်စေ လုံးလုံးလျားလျား မယုံကြည်သူများအဖြစ် ကျန်ရှိနေဆဲ ဖြစ်သည်။ သူတို့သည် ဘုရားသခင်နှင့် သူ၏ လုပ်ဆောင်ချက်အားလုံးကို မိမိတို့၏ စိတ်ကူးယဉ်မှုများ၊ ဘုရားသခင်နှင့်ပတ်သက်သည့် မိမိတို့၏ အမျိုးမျိုးသော စိတ်ကူးစိတ်သန်းများနှင့် အယူအဆများအပြင် အချို့သော ရိုးရာလူ့အသိပညာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အယူအဆများဖြင့် အကဲဖြတ်ကြသည်။ သူတို့သည် ဤအရာများကို အသုံးပြု၍ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ကိုယ်တော် တည်ရှိသည်၊ မရှိသည်ကို အကဲဖြတ်ကြသည်။ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ သူတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ငြင်းပယ်ကြပြီး လူ့ဇာတိခံယူသော ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်မပြုကြပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ပိုင်ဆိုင်ခြင်း ရှိမရှိကို အန္တိခရစ်တို့ တိုင်းတာသည့် စံနှုန်းသည် မှားယွင်းနေသည် မဟုတ်လော။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် အန္တိခရစ်တို့သည် အသိပညာနှင့် ကျော်ကြားသော၊ ကြီးမြတ်သော ပုဂ္ဂိုလ်များကို ကြည်ညိုလေးစားကြသည်၊ သို့ဖြစ်၍ ဤကျော်ကြားသော၊ ကြီးမြတ်သော ပုဂ္ဂိုလ်များထံမှ လာသည့်အရာများအပေါ် သူတို့၌ ကန့်ကွက်ချက်များ သို့မဟုတ် မည်သည့်အလွန်အမင်း မနှစ်မြို့ခြင်းမျှ ဘယ်သောအခါမျှ မရှိကြပေ။ သို့ဆိုလျှင် ကိုယ်တော်သည် ပုံမှန်နှင့် ရိုးရိုးလူတစ်ဦးဖြစ်သည်ကို သူတို့ မြင်တွေ့ရသောအခါ ခရစ်တော်ကို အဘယ်ကြောင့် မထီမဲ့မြင်ပြုကြသနည်း၊ ပြီးလျှင် ခရစ်တော် သမ္မာတရားများစွာကို ဖော်ပြသည်ကို သူတို့ မြင်တွေ့ရသောအခါ အလွန်အမင်း မနှစ်မြို့ခြင်းနှင့် အမုန်းတရားတို့ကို အဘယ်ကြောင့် စတင်၍ ခံစားလာကြသနည်း။ အကြောင်းမှာ သူတို့ ကြည်ညိုလေးစားပြီး နှစ်သက်မြတ်နိုးသည့်အရာသည် လုံးဝ အပြုသဘောဆောင်ခြင်း မရှိသောကြောင့် ဖြစ်သည်၊ ယင်း၏ တစ်စက်တစ်လေမျှပင် အပြုသဘောဆောင်ခြင်း မရှိပေ။ အန္တိခရစ်တို့သည် အဘယ်အရာကို နှစ်သက်ကြသနည်း။ သူတို့သည် ထူးဆန်းထွေလာမှု၊ ကောက်ကျစ်ဆိုးယုတ်မှု၊ ထူးဆန်းသောတန်ခိုးများနှင့် သဘာဝလွန်အရာများကို နှစ်သက်ကြသော်ငြားလည်း ဘုရားသခင်၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၊ လူသားအပေါ် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်၏ ဉာဏ်ပညာ၊ သစ္စာစောင့်သိခြင်း၊ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှာမူ အန္တိခရစ်တို့၏ အမြင်တွင် အားလုံး ပြစ်တင်ရှုတ်ချခြင်း ခံရလေသည်။ ဥပမာအနေဖြင့် ညီအစ်ကိုမောင်နှများ ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိပြီး လက်တွေ့ကျကျ သင်ခန်းစာရရန်အတွက် ဘုရားသခင်သည် အခြေအနေတစ်ခုကို စီစဉ်ညွှန်ကြားခဲ့သည်။ ယင်းမှာ မည်သည့်အခြေအနေဖြစ်သနည်း။ နတ်ဆိုးစွဲခြင်းခံနေခဲ့ရသော လူတစ်ဦးကို ၎င်းတို့ကြား၌ နေစေရန် သူ စီစဉ်ပေးခဲ့သည်။ အစတွင် ဤလူ၏ပြောဆိုပုံနှင့် လုပ်ကိုင်ပုံတို့သည် ပုံမှန်ဖြစ်ပြီး သူ၏ ဆင်ခြင်တုံတရားမှာလည်း ထို့အတူပင်ဖြစ်သည်။ ပြဿနာ ပြုတတ်သည့်ပုံစံ လုံးဝမရှိပေ။ သို့သော် ထိတွေ့ဆက်ဆံသော အချိန်ကာလတစ်ခုအထိ ကြာပြီးနောက်တွင် သူပြောသမျှက အမြီးအမောက်မတည့်ဘဲ ကောင်းမွန်သော တည်ဆောက်မှုနှင့် စနစ်ကျမှု မရှိသည်ကို ညီအစ်ကိုမောင်နှမများက ရှာဖွေတွေ့ရှိလိုက်ရသည်။ သူပြောသမျှက တောင်မကျ မြောက်မကျ ဖြစ်နေခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သဘာဝလွန် အကြောင်းအရာအချို့ ဖြစ်ပေါ်လာသည်။ သူသည် ဤရူပါရုံ၊ ထိုရူပါရုံကို မြင်ခဲ့ရပြီး မည်သို့သောထုတ်ဖော်ခြင်းမျိုး ရရှိခဲ့သည် ဟု ညီအစ်ကိုမောင်နှမများအား အစဉ်သဖြင့် ပြောပြသည်။ ဥပမာ တစ်ရက်တွင် ပေါက်စီလုပ်ရမည်ဟု သူ့ကို ထုတ်ဖော်ပြသည်၊ သူလုပ်ကို လုပ်ခဲ့ရသည်၊ ဤသို့ဖြင့် နောက်တစ်နေ့တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် သူအပြင်သွားဖို့ လိုလာသည်၊ ထို့ကြောင့် ပေါက်စီများကို သူယူသွားခဲ့သည်။ နောက်ပိုင်းတွင် တောင်ဘက်သို့ သွားရမည်၊ ခြောက်မိုင်အကွာတွင် လူတစ်ယောက်က သူ့ကို စောင့်နေသည်ဟု သူ့ကို အိပ်မက်ထဲတွင် ထုတ်ဖော်ပြသည်။ သူ ထွက်ရှာခဲ့သည်။ ထိုနေရာတွင် လမ်းပျောက်နေခဲ့သောသူတစ်ယောက် ရှိနေလေသည်။ ထိုသူအား ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်နှင့်ပတ်သက်၍ သူသက်သေခံပြီး ထိုသူကလည်း လက်ခံ၏။ သူသည် ဗျာဒိတ်တော် အစဉ်သဖြင့် ရရှိနေသည်။ အသံတစ်သံကို အမြဲကြားနေရသည်။ သဘာဝလွန်အရာများက သူ့ထံတွင် အစဉ်ဖြစ်ပျက်နေသည်။ နေ့စဉ် မည်သည့်အရာကို စားမည်၊ မည်သည့်နေရာကိုသွားမည်၊ မည်သည့်အရာကို လုပ်မည်၊ မည်သူနှင့် ဆက်ဆံမည်တို့နှင့် ပတ်သက်လျှင် ပုံမှန်လူ့သဘာဝ အသက်တာ၏ နိယာမများကို သူလိုက်မလျှောက်သကဲ့သို့ အခြေခံအဖြစ် သို့မဟုတ် စည်းမျဉ်းအဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မရှာဖွေပေ၊ သို့မဟုတ် မိတ်သဟာယပြုရန်အတွက် လူတို့ကိုလည်း မရှာဖွေပေ။ သူ၏ ခံစားချက်များအပေါ်သာ အစဉ်သဖြင့် အားကိုးနေပြီး အသံတစ်ခု သို့မဟုတ် ဖွင့်ပြခြင်း သို့မဟုတ် အိပ်မက်တစ်ခုကိုသာ အစဉ်စောင့်နေခဲ့သည်။ ဤလူပုဂ္ဂိုလ်မှာ ပုံမှန်ဟုတ်သလော။ (မဟုတ်ပါ။) သူ တစ်နေ့လျှင် စားသုံးသော အစားအစာသုံးနပ်နှင့် သူ၏နေ့စဉ်ပုံမှန်အလုပ်များတွင် ပုံမှန်ပုံစံများ ရှိပုံရသော်လည်း သူသည် အသံများကို အမြဲတမ်း ကြားနေခဲ့ရသည်။ လူအချို့က သူ့ကို ပိုင်းခြားသိမြင်ခဲ့ကြပြီး ဤသည်တို့မှာ နတ်ဆိုးစွဲခြင်း၏ သရုပ်သကန်များ ဖြစ်သည်ဟု ဆိုခဲ့ကြသည်။ ညီအစ်ကိုမောင်နှမများသည် သူ့ကို တဖြည်းဖြည်း ပိုင်းခြားသိမြင်လာခဲ့ကြရာ တစ်နေ့တွင် သူသည် စိတ်ရောဂါ ရုတ်တရက် ပြန်ထလာပြီး ရူးသွပ်သောစကားများ စတင်ပြောဆိုကာ ဝတ်လစ်စလစ်၊ ဆံပင်ဖရိုဖရဲဖြင့် စိတ်ဖောက်ပြန်၍ ထွက်ပြေးသွားခဲ့သည်။ ထိုသို့ဖြင့် ထိုကိစ္စမှာ နောက်ဆုံးတွင် အဆုံးသတ်ခဲ့လေသည်။ ညီအစ်ကိုမောင်နှမများသည် ယခုအခါ နတ်ဆိုးတစ်ကောင် အလုပ်လုပ်ခြင်းနှင့် နတ်ဆိုးစွဲခြင်း၏ တိကျသော သရုပ်သကန်များကို ထိုးထွင်းသိမြင်မှုနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိကြသည် မဟုတ်လော။ အမှန်ပင် သူတို့ထဲမှ အချို့သည် ထိုသို့သောအမှုများကို ယခင်က ကြုံတွေ့ခဲ့ဖူးပြီး ၎င်းတို့အပေါ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိနှင့်ပြီးဖြစ်သော်လည်း အခြားသူများမှာမူ ဘုရားသခင်ကို ယုံကြည်သည်မှာ အချိန်မကြာသေးသဖြင့် ထိုသို့သောအမှုကိစ္စများကို မကြုံတွေ့ဖူးခဲ့ကြဘဲ အထင်အမြင်မှားစေခြင်း ခံရဖွယ်ရှိခဲ့သည်။ သို့သော် သူတို့ အထင်အမြင်မှားစေခြင်း ခံရသည်ဖြစ်စေ၊ ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသည်ဖြစ်စေ အကယ်၍ ဘုရားသခင်က ဤပတ်ဝန်းကျင်ကို မစီစဉ်ခဲ့ပါက သူတို့သည် နတ်ဆိုးတစ်ကောင်၏ အလုပ် သို့မဟုတ် ပူးကပ်ခြင်းကို အမှန်တကယ် ပိုင်းခြားသိမြင်နိုင်စွမ်း ရှိနိုင်ကြမည်လော။ (မရှိနိုင်ပါ။) သို့ဆိုလျှင် ဘုရားသခင် ဤပတ်ဝန်းကျင်ကို စီစဉ်ပြီး ဤအမှုများကို ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်နှင့် အရေးပါမှုမှာ အတိအကျ အဘယ်အရာ ဖြစ်ခဲ့သနည်း။ ယင်းမှာ သူတို့ကို လက်တွေ့ကျကျ ပိုင်းခြားသိမြင်မှု ရရှိစေရန်နှင့် သင်ခန်းစာတစ်ခု သင်ယူစေရန်၊ နတ်ဆိုးများ၏ အလုပ်ရှိသူများ သို့မဟုတ် နတ်ဆိုးစွဲခြင်းခံရသူများကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သိရှိစေရန် ဖြစ်ခဲ့သည်။ အကယ်၍ လူတို့အား နတ်ဆိုးတစ်ကောင်၏ အလုပ်မှာ အဘယ်အရာ ဖြစ်သည်ကိုသာ ပြောပြခဲ့လျှင် ဥပမာအားဖြင့် ဆရာတစ်ဦးက သူ၏ကျောင်းသားများကို စာအုပ်တစ်အုပ်မှ သင်ကြားပြီး မည်သည့် လက်တွေ့လေ့ကျင့်ခန်း သို့မဟုတ် လေ့ကျင့်မှုမျှ မလုပ်ဆောင်ခိုင်းဘဲ ကျောင်းသုံးစာအုပ် သီအိုရီများအကြောင်းကိုသာ ပြောဆိုသကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး လူတို့သည် အယူဝါဒအချို့နှင့် စကားအချို့ကိုသာ နားလည်ကြပေလိမ့်မည်။ သင် ကိုယ်တိုင် မျက်မြင် ကြုံတွေ့ရကာ မျက်စိဖြင့် တပ်အပ်မြင်ခဲ့ပြီး နားနှင့် ဆတ်ဆတ်ကြားခဲ့ရသောအခါမှသာ ဝိညာဉ်ဆိုး၏ လုပ်ဆောင်မှုသည် အဘယ်သို့ဖြစ်သည်၊ အသေးစိတ်လက္ခဏာများက အဘယ်သို့ဖြစ်သည်ဆိုသည်ကို သင် ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်သည်။ ထို့နောက်တွင် ထိုသို့သော လူတို့ကို ထပ်မံ ကြုံတွေ့သောအခါ ၎င်းတို့ကို သင် ပိုင်းခြားသိမြင်ပြီး ငြင်းပယ်နိုင်လိမ့်မည်။ ထိုကဲ့သို့သော ကိစ္စရပ်များကို သင် သင့်လျော်စွာ ကိုင်တွယ်နိုင်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ထိုသို့သော ပတ်ဝန်းကျင်၌ ရရှိသည့်အရာသည် တစ်နေ့လုံး စုဝေးပွဲများ တက်ရောက်ခြင်းနှင့် တရားဒေသနာများ နားထောင်ခြင်းမှ သင် ရရှိသည့်အရာထက် များစွာ ပို၍ လက်တွေ့ကျသည် မဟုတ်လော။ ပုံမှန်တွေးခေါ်မှုနှင့် ဆင်ခြင်တုံတရား ရှိကြပြီး သမ္မာတရားကို လိုက်စားကြသောလူတို့သည် ဘုရားသခင် ဤအမှုအရာများကို ပြုလုပ်သည့် နည်းလမ်းများအပေါ် မှန်ကန်သော နားလည်မှု ရှိကြလိမ့်မည်။ သူတို့က “အဘယ်ကြောင့် ဘုရားသခင်သည် အသင်းတော်၌ နတ်ဆိုးများ ပေါ်ပေါက်လာရန် ခွင့်ပြုသနည်း။ အဘယ်ကြောင့် ဘုရားသခင်သည် ကျွန်ုပ်ကို ကြိုတင်၍ သတိမပေးခဲ့သနည်း။ အဘယ်ကြောင့် ကိုယ်တော်သည် နတ်ဆိုးများကို ဖယ်ရှားခြင်း မပြုသနည်း” ဟု ဆိုလျက် ညည်းညူကြမည် မဟုတ်ပေ။ သူတို့သည် ဤအမှုအရာများနှင့်ပတ်သက်၍ ညည်းညူကြမည် မဟုတ်ဘဲ ထိုအစား သူတို့သည် ကိုယ်တော်၏ ပြောင်မြောက်ပြီး ဉာဏ်ပညာရှိသော အလုပ်အတွက် ဘုရားသခင်ကို ချီးမွမ်းလျက်၊ ဘုရားသခင်သည် လူသားကို အလွန် ချစ်တော်မူသည်ဟု ဆိုလျက် ကျေးဇူးတင်ကြလိမ့်မည်။ သို့ရာတွင် အန္တိခရစ်တို့သည် သမ္မာတရားကို လက်မခံကြသည့်အပြင် တစ်ချိန်တည်းမှာပင် သူတို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများ၊ စိတ်ကူးစိတ်သန်းများဖြင့် ပြည့်နှက်နေသည်၊ ထို့အပြင် သူတို့သည် မိမိတို့ စိတ်နှလုံးထဲ၌ နတ်ဆိုးများနှင့် ကိုးကွယ်သည့်အရာများကို အမှန်တကယ် ကိုးကွယ်ကြပြီး သူတို့သည် စစ်မှန်သော ဘုရားသခင် ပြုတော်မူသမျှကို မိမိတို့ ကိုးကွယ်သည့်အရာများနှင့် နှိုင်းယှဉ်အကဲဖြတ်ကြသည်။ သို့ဖြစ်၍ ထိုသို့သော အခြေအနေများကို ကြုံတွေ့ရသည့်အခါ သူတို့သည် ဦးစွာ ဤသို့ တွေးတောကြသည်၊ “ဤသည်မှာ ဘုရား၏ အလုပ်လော။ သင်တို့သည် အဘယ်ကြောင့် ထိုမျှ မိုက်မဲရသနည်း။ ဘုရားသည် အသင်းတော်၌ နတ်ဆိုးများ ပေါ်ပေါက်လာရန် မည်သို့ ခွင့်ပြုနိုင်မည်နည်း” ဟူ၍ဖြစ်သည်။ ဤသည်မှာ မှားယွင်းသော နားလည်မှုတစ်ခု မဟုတ်လော။ ပထမဦးစွာ ဤသည်မှာ ဘုရားသခင်၏ အလုပ်ဖြစ်သည်ကို သူတို့ ငြင်းပယ်ကြပြီး ဤသို့လည်း တွေးထင်ကြသည်၊ “ဘုရားသည် ဤသို့ သေချာပေါက် ပြုလုပ်လိမ့်မည် မဟုတ်ပေ။ ဘုရားများသည် လူတို့ ဆင်းရဲဒုက္ခခံစားရရန် အလိုမရှိကြပေ။ ကွမ်ရင်မယ်တော် ဗောဓိသတ္တသည် လူတို့ ဆင်းရဲဒုက္ခ ခံစားနေရသည်ကို မြင်တွေ့ရသောအခါ သူ၏ ရုပ်ပွားတော်များ မျက်ရည်ကျကြသည်၊ သူသည် သတ္တဝါအားလုံးကို ဆင်းရဲဒုက္ခမှ ကယ်တင်လိုသည်၊ လူတိုင်းကို ဗုဒ္ဓ၏ နာမတော်အောက်သို့ ပို့ဆောင်လိုပြီး လူ့လောက၏ ဆင်းရဲဒုက္ခအားလုံးမှ သူတို့ကို သက်သာရာရစေလိုသည်။ ဘုရားများသည် သနားကရုဏာ ကြီးသင့်သည်၊ မိမိတို့ ရွေးချယ်ထားသောလူများကို ဂရုစိုက်သင့်ပြီး အသင်းတော်၌ နတ်ဆိုးများ ပေါ်ပေါက်လာရန် ခွင့်မပြုသင့်ပေ။ ဤသည်မှာ ဘုရား၏ လုပ်ဆောင်ချက် အသေအချာ မဖြစ်နိုင်ပေ” ဟူ၍ ဖြစ်သည်။ ထိုသို့သောအမှုများ ဖြစ်ပွားသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တို့၏ စိတ်နှလုံးထဲ၌ သူတို့သည် ပထမဦးစွာ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပို၍ပင် သံသယဝင်လာကြပြီး တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အကြိမ်တစ်ရာ၊ တစ်ထောင်မက လက်ခံလိုစိတ်မရှိကြသည့်အပြင် ယင်းတို့ကို ဝေဖန်သုံးသပ်ပြီး ပြစ်တင်ရှုတ်ချကြသည်ပင်။ သူတို့သည် ဤအမှုကို ဘုရားသခင်ထံမှ ခံယူသော ညီအစ်ကိုမောင်နှမများကိုလည်း ဤသို့ ဆိုလျက် လှောင်ပြောင်ကြသည်၊ “စဉ်းစားဉာဏ်မရှိသော သင်တို့သည် အရာရာတိုင်း ဘုရား၏ လုပ်ဆောင်ချက်ဖြစ်သည်ဟု ယုံကြည်နေကြဆဲပင်။ ဘုရားတစ်ဆူသည် ဤသို့ ပြုမူလိမ့်မည် မဟုတ်ပေ။ ဘုရားတစ်ဆူသည် သူ၏ သိုးငယ်များကို ကာကွယ်စောင့်ရှောက်ပြီး ဂရုစိုက်သင့်သည်၊ သူ၏ လက်များဖြင့် သူတို့ကို ကွယ်ကာပေးသင့်သည်။ ဘုရားများသည် လူတို့အတွက် ခိုလှုံရာများ ဖြစ်ကြသည်၊ လူတို့သည် ဤဆင်းရဲဒုက္ခအားလုံးကို မခံစားသင့်ပေ။ အပျက်သဘောဆောင်သောအရာများနှင့် မကောင်းသောအရာများအားလုံး လူတို့အပေါ် မဖြစ်ပျက်သင့်ပေ၊ ဘုရားများသည် ထိုသို့ အလုပ်လုပ်ကြသည်” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်တို့၏ စိတ်နှလုံးများသည် ဘုရားသခင်အပေါ် သံသယများ၊ ငြင်းပယ်မှုများ၊ အယူအဆများနှင့် ပြစ်တင်ရှုတ်ချမှုများဖြင့် ပြည့်နှက်နေသည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင် မည်သည့်အရာကိုပင် ပြုလုပ်သည်ဖြစ်စေ၊ သူတို့၏ အမြင်တွင် ယင်းက မှားယွင်းပြီး ဘုရားသခင် ပြုလုပ်သင့်သည့်အရာ မဟုတ်သည့်အပြင် ယင်းမှာ သူတို့ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး ငြင်းပယ်ရန်အတွက် သက်သေအထောက်အထားနှင့် နိုင်ကွက်ဖြစ်နေသည်။ ဤအရာ၌ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် အန္တိခရစ်တို့၏ သဘာဝအနှစ်သာရမှာ လုံးဝ ဖော်ထုတ်ခြင်း ခံရသည်။ ဥပမာအနေဖြင့် ညီအစ်ကိုမောင်နှမများ စီစီပီ၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် ဖိနှိပ်မှုကို ခါးစည်းခံနေရသည့်အခါ ရဲများသည် တံဆိပ်ခတ်သော လျှပ်စစ် သံချောင်းများကို နီရဲလာသည်အထိ အပူပေးပြီး သူတို့၏ ခန္ဓာကိုယ်များပေါ်သို့ ဖိကပ်ကြရာ ယင်းက အလွန်နာကျင်စေသဖြင့် သူတို့ သတိလစ်သွားကြပြီး ရှိနေသူအားလုံး၏ သွေးများ အေးစက်သွားစေသည်။ ဤမြင်ကွင်းကို မြင်တွေ့ရသည့်အခါ အန္တိခရစ်တို့ မည်သို့ တွေးထင်ကြသနည်း။ “ဤစာတန်များနှင့် နတ်ဆိုးများသည် အလွန် ရက်စက်ကြသည်တကား။ သူတို့၌ လူ့သဘာဝမရှိ၊ သနားခြင်း သို့မဟုတ် ကရုဏာသက်ခြင်း မရှိပေ။ သူတို့၏ နည်းလမ်းများသည် အလွန် ရက်စက်ကြမ်းကြုတ်သည်၊ ငါ ကြည့်ပင် မကြည့်ရက်နိုင်ပါတကား။ အကယ်၍ ငါသာ ထိုနေရာ၌ ရှိနေလျှင် ငါသည် တံဆိပ်ခတ်သော လျှပ်စစ် သံချောင်းများကို အေးစေမည်၊ ယင်းတို့ကို ဝါဂွမ်းအဖြစ် ပြောင်းလဲစေပြီး လူတို့၏ ခန္ဓာကိုယ်များပေါ်သို့ ဘုရားတစ်ဆူ၏ လက်က သူ၏ သိုးငယ်များကို ပွတ်သပ်ပေးသကဲ့သို့ ညင်သာစွာ၊ နွေးထွေးစွာ၊ နူးညံ့စွာ ထိတွေ့စေမည်ဖြစ်ပြီး လူတို့ကို သူ၏ ကရုဏာသက်သော စိတ်နှလုံး၊ သူ၏ ချစ်ခြင်းမေတ္တာနှင့် နွေးထွေးမှုကို ခံစားစေသည့်အပြင် သူ့နောက်ကို လိုက်ရန် သူတို့၌ ယုံကြည်ခြင်းနှင့် သန္နိဋ္ဌာန်တို့ကို ပို၍ ဖြစ်ပေါ်စေမည်။ သို့သော် လူသားများသည် လူသားများသာ ဖြစ်ကြသည်၊ ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများနှင့် လူသားများ ထိုမျှ ဆင်းရဲဒုက္ခကြီးစွာ ခံစားနေရသည်ကို ကြည့်နေရစဉ် ကျွန်ုပ်တို့ ဘာမျှမတတ်နိုင်ပေ။ ဘုရားသည် အဘယ်မှာ ရှိနေသနည်း။ ဤစာတန်များနှင့် နတ်ဆိုးများ၏ လက်များကို ဤအချိန်တွင် ဘုရားသည် အဘယ်ကြောင့် မတားဆီးသနည်း။ သူသည် နီရဲနေသည့် တံဆိပ်ခတ်သော လျှပ်စစ် သံချောင်းများကို အဘယ်ကြောင့် အေးမသွားစေသနည်း။ တံဆိပ်ခတ်သော လျှပ်စစ် သံချောင်းများ ညီအစ်ကိုမောင်နှမများအပေါ်သို့ ဖိကပ်သည့်အခါ ဘုရားသည် သူတို့ကို နာကျင်မှု မခံစားရအောင် အဘယ်ကြောင့် မပြုလုပ်သနည်း။ အကယ်၍ ကွမ်ရင်မယ်တော်ဗောဓိသတ္တသာ ဖြစ်ပါက သူသည် ဤသို့ အသေအချာ ပြုလုပ်လိမ့်မည်၊ သူသည် သက်ရှိသတ္တဝါများ အချင်းချင်း ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းကို မြင်တွေ့လိုမည်မဟုတ်၊ သူသည် ယင်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ အနိုင်ကျင့်မှု သို့မဟုတ် နာကျင်မှု အနည်းငယ်မျှပင် ခံစားရသည်ကို မြင်တွေ့လိုမည်မဟုတ်ပေ။ သူသည် သတ္တဝါအားလုံးကို စိတ်ထဲ၌ ထားရှိသည်၊ သူ၏ စိတ်နှလုံးသည် ကောင်းကင်ဘုံထက် ကျယ်ပြန့်ပြီး သူ၏ ချစ်ခြင်းမေတ္တာမှာ အဆုံးမရှိပေ။ ယင်းမှာ အမှန်တကယ် ဘုရားတစ်ဆူ ဖြစ်သည်။ ဘုရားသည် အဘယ်ကြောင့် ဤသို့ မပြုမူသနည်း။ ငါသည် ဘုရားတစ်ဆူ မဟုတ်၊ ငါ၌ ဤစွမ်းရည် မရှိပေ။ အကယ်၍ ငါသာ ဘုရားတစ်ဆူ ဖြစ်ခဲ့လျှင် ငါသည် ငါ၏ လူများကို ဤသို့ ဆင်းရဲဒုက္ခ မခံစားစေရ” ဟူ၍ဖြစ်သည်။ သူတို့အပေါ် မည်သည့်အရာပင် ကျရောက်သည်ဖြစ်စေ အန္တိခရစ်တို့၌ မိမိတို့၏ ကိုယ်ပိုင်အမြင်များ၊ အခိုင်အမာပြောဆိုချက်များ၊ ထင်မြင်ယူဆချက်များနှင့် “ထူးချွန်သော စိတ်ကူးများ” ပင် ရှိကြသည်။ သူတို့အပေါ် မည်သည့်အရာပင် ဖြစ်ပျက်သည်ဖြစ်စေ သူတို့သည် ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘယ်သောအခါမျှ မဆက်စပ်ကြပေ၊ သူတို့သည် ဘုရားသခင်ကို နားလည်ရန်၊ ဘုရားသခင်ကို သက်သေခံရန်၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အတည်ပြုရန်၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သော ဘုရားသခင်၏ အနှစ်သာရသည် မည်သည့်နေရာ၌၊ မည်သို့ ဖော်ပြသည်ကို အတည်ပြုရန် သမ္မာတရားကို ဘယ်သောအခါမျှ မလိုက်စားကြပေ၊ အန္တိခရစ်တို့သည် ဤနည်းအတိုင်း လက်တွေ့မကျင့်သုံးကြပေ။ ထိုအစား သူတို့သည် အလှည့်တိုင်း၌ စာတန်၊ အမျိုးမျိုးသော နတ်ဆိုးများ၊ သို့မဟုတ် ကွမ်ရင်မယ်တော်ဗောဓိသတ္တနှင့် ဗုဒ္ဓတို့၏ ရှုထောင့်အမြင်များကို အသုံးပြု၍ ဘုရားသခင်ကို အကဲဖြတ်ပြီး ယှဉ်ပြိုင်ကြသည်။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ အန္တိခရစ်တို့သည် အချိန်တိုင်း၌ ဘုရားသခင်ကို ငြင်းပယ်ကြသည်၊ ကိုယ်တော်၏ လုပ်ဆောင်ချက်များနှင့် အနှစ်သာရ၊ ကိုယ်တော် ပြုတော်မူသမျှ၏ အဓိပ္ပာယ်နှင့် တန်ဖိုး၊ ယင်းက လူတို့ကို မည်သို့ တည်ဆောက်သည်တို့ကို ငြင်းပယ်ကြသည်။ သူတို့သည် ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင် လူတို့အပေါ် ရရှိစေရန် ရည်ရွယ်သည့် အကျိုးသက်ရောက်မှုနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များ တည်ရှိခြင်းကို ငြင်းပယ်ကြသည်။ ဘုရားသခင် ပြုတော်မူသမျှ၏ အရေးပါမှုနှင့် တန်ဖိုးကို ငြင်းပယ်ခြင်းအားဖြင့် အန္တိခရစ်တို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ငြင်းပယ်နေကြသည် မဟုတ်လော။ (ငြင်းပယ်နေကြပါသည်။) အန္တိခရစ်တို့၏ ဤသရုပ်သကန်များနှင့် အနှစ်သာရ၊ သူတို့ ထုတ်ဖော်သည့် အတွေးအခေါ်များ၊ အမှုအရာများ သူတို့အပေါ် ကျရောက်သည့်အခါ ဘုရားသခင်အပေါ် သူတို့၌ ရှိသော အမျက်ဒေါသ၊ တောင်းဆိုချက်များ၊ မကျေနပ်မှုနှင့် မေးခွန်းများ အစရှိသည်တို့အားလုံးသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အန္တိခရစ်တို့ အသိအမှတ်မပြုခြင်း၏ တိကျသော သရုပ်သကန်များ ဖြစ်ကြသည်။ ဤသည်တို့မှာ အမှန်တရား ဖြစ်လေသည်။
အန္တိခရစ်တို့ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ငြင်းပယ်ခြင်း၏ သရုပ်သကန်များနှင့် ရင်းမြစ်များအကြောင်း ငါတို့ ယခုတင် ပြုလုပ်ခဲ့သော မိတ်သဟာယဖွဲ့ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းမှတစ်ဆင့် အန္တိခရစ်တို့၏ မည်သည့်အနှစ်သာရကို သင်တို့ သတိပြုမိခဲ့ကြသနည်း။ အန္တိခရစ်တို့သည် ဤလောကအပေါ် အဆိုးမြင်စိတ်ရှိပြီး မျှတမှုနှင့် ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးကြသည်ကို သင်တို့ သတိပြုမိနိုင်သလော။ အန္တိခရစ်တို့သည် ကြင်နာသော လူ့သဘာဝ၊ သနားကရုဏာ၊ စာနာမှု၊ ကြီးမြတ်သော ချစ်ခြင်းမေတ္တာနှင့် ကောက်ကျစ်ဆိုးယုတ်မှုကို မုန်းတီးခြင်းတို့ကို ပိုင်ဆိုင်သောလူများ ဖြစ်ကြသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အန္တိခရစ်တို့သည် မည်သို့သော လူစားမျိုး ဖြစ်ကြသနည်း။ (သူတို့သည် သမ္မာတရားကို မုန်းတီးပြီး အလွန်အမင်း မနှစ်မြို့သော၊ အချိန်တိုင်း ဘုရားသခင်ကို ရန်လုပ်သော ဆိုးယုတ်သည့်လူများ ဖြစ်ကြသည်။) ယင်းမှာ ရှုထောင့်တစ်ရပ် ဖြစ်သည်။ အခြား အဘယ်အရာ ရှိသေးသနည်း။ အန္တိခရစ်တို့သည် “တံတားဆောက်ခြင်းနှင့် လမ်းများပြုပြင်ခြင်းသည် ကြောင်းကျိုးမမြင်ဖြစ်ခြင်းသို့ ဦးတည်စေပြီး လူသတ်သမားများနှင့် မီးရှို့သူများကမူ သူတို့၏ သားစဉ်မြေးဆက်များ တိုးပွားရန် သေချာစေသည်” ဟူသော လူ့အဖွဲ့အစည်း၏ ဆိုရိုးစကားကို အတော်ပင် အသိအမှတ်ပြုကြသည် မဟုတ်လော။ ဤသည်မှာ သူတို့သည် လောက၏ အခြေအနေကို ဝမ်းနည်းကြေကွဲပြီး လူသားမျိုးနွယ်ကို သနားကြင်နာနေကြသည်ဟု ဆိုလိုခြင်း မဟုတ်လော။ ဤဆိုရိုးစကားကို သူတို့ သဘောတူခြင်း၏ သဘာဝမှာ အဘယ်နည်း။ ဤဆိုရိုးစကား၌ ကောင်းကင်ဘုံ၏ မတရားမှုအပေါ် ညည်းညူခြင်း တစ်စုံတစ်ရာ မပါဝင်ပေဘူးလော။ သူတို့ ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ကြသော်လည်း အန္တိခရစ်တို့သည် ထိုသို့သော နာကြည်းမှုနှင့် စိတ်ခံစားမှုများကို စွဲကိုင်ထားပြီး ကောင်းကင်ဘုံသည် မတရားကြောင်း ညည်းညူကြသည်၊ “ကောင်းကင်ဘုံသည် မျှတပြီး ကောင်းကင်ဘုံ၌ မျက်စိများ ရှိသည်ဟု ဆိုကြသည် မဟုတ်လော။ သို့ဆိုလျှင် ဤလောက၌ ကောင်းမှုပြုသောသူတို့ အဘယ်ကြောင့် ဆုလာဘ်များ မရိတ်သိမ်းရဘဲ ဆိုးယုတ်သောလူများမူကား ကြီးပွားတိုးတက်နေကြသနည်း။ ဤလောက၌ မျှတမှုသည် အဘယ်မှာ ရှိသနည်း။ ဤလောကရှိ မတရားမှုဆိုင်ရာ ကိစ္စရပ်များသည် မည်သို့ ဖြစ်ပေါ်လာခဲ့သနည်း။ ယင်းမှာ ကောင်းကင်ဘုံသည် မျက်စိကန်းပြီး မတရားသောကြောင့် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤအရာ၌ သွယ်ဝိုက်သော ဆိုလိုရင်းမှာ ဘုရားသခင်နှင့် ပတ်သက်၍ မျှတမှု မရှိသည့်အပြင် ဗုဒ္ဓနှင့် ကွမ်ရင်မယ်တော်တို့သာ မျှတသည် ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်တို့၏ စိတ်နှလုံးများသည် စစ်မှန်သော ဘုရားသခင် ပြုတော်မူသည့်အရာများနှင့်ပတ်သက်၍ နာကြည်းမှု၊ ညည်းညူမှု၊ ငြင်းပယ်မှုနှင့် ပြစ်တင်ရှုတ်ချမှုတို့ဖြင့် ပြည့်နှက်နေသည်။ ဤအရာအားလုံးကို အဘယ်အရာက ဖြစ်ပေါ်စေသနည်း။ ယင်းအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ အန္တိခရစ်တို့၏ အနှစ်သာရကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဤအနှစ်သာရမှာ အဘယ်နည်း။ တိတိကျကျ ပြောရလျှင် အန္တိခရစ်တို့၏ စိတ်နှလုံးများသည် ဘုရားတစ်ဆူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်သော အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဖြင့် ပြည့်နှက်နေသည်၊ စစ်မှန်သော ဘုရားသခင်သည် မည်သို့ အတိအကျ အလုပ်လုပ်ပြီး လူတို့ကို ကယ်တင်သည်ကို သူတို့ မသိကြချေ၊ သို့မဟုတ် နားလည်ခြင်း မရှိကြပေ။ ဘုရားသခင် ပြုတော်မူသမျှအပေါ် သူတို့၏ အကဲဖြတ်မှုသည် မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို အခြေခံသည်။ ဤအရာများမှာ အဘယ်အရာကို အခြေခံသနည်း။ ယင်းတို့သည် စာတန်နှင့် နတ်ဆိုးဘုရင်များက လူသားမျိုးနွယ်ထဲသို့ ထည့်သွင်းပေးခဲ့သော အမျိုးမျိုးသော မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများကို လုံးလုံး အခြေခံသည်။ ဤမိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပယ်မဲ့သောအယူအဆများ မည်မျှပင် ကောက်ကျစ်ဆိုးယုတ်သည်ဖြစ်စေ၊ တစ်ဖက်စောင်းနင်းနိုင်သည်ဖြစ်စေ ယင်းတို့သည် လူတို့၏ အယူအဆများ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီကြပြီး ဤအရာများပင်လျှင် အန္တိခရစ်တို့ ကျင့်ကြံပြုမူရန်နှင့် အမှုအရာအားလုံးကို အကဲဖြတ်ရန် စံနှုန်းများ ဖြစ်လာသည့်အပြင် ဘုရားသခင်ကို အကဲဖြတ်ရန် သူတို့၏ စံနှုန်းလည်း ဖြစ်လာသည်၊ အန္တိခရစ်တို့သည် သူတို့၏ ဇာစ်မြစ်၌ပင် မှားယွင်းနေကြသည်။ အခြား ပို၍ အရေးကြီးသော အကြောင်းရင်းတစ်ခုမှာ အန္တိခရစ်တို့သည် တန်ခိုးအာဏာနှင့် ကြီးကျယ်ခမ်းနားသော အရာများကို နှစ်သက်ကြခြင်း ဖြစ်သည်။ ဥပမာအနေဖြင့် လူတစ်ဦးသည် နန်းတော်တစ်ခု၌ မွေးဖွားပြီး နေ့စဉ် ထိပ်တန်း အထူးခံစားခွင့်ကို မွေ့လျော်ခံစားရကာ အကောင်းဆုံး အစားအစာကို စားသုံးပြီး အကောင်းဆုံး အဝတ်အထည်များကို ဝတ်ဆင်လျက် မည်သည့်အရာမျှ လုပ်ဆောင်ရန် မလိုအပ်ဘဲ မိမိအလိုရှိသမျှကို ရရှိသည်ဟု ဆိုကြပါစို့။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ဤသို့သော ဘဝမျိုးကို လိုက်စားကြသလော။ သာမန်လူတစ်ဦးသည် အားကျခြင်း သို့မဟုတ် မနာလိုခြင်း အနည်းငယ်မျှ ခံစားရလိမ့်မည်ဖြစ်သော်လည်း ထို့နောက် သူတို့ ဤသို့ တွေးကြလိမ့်မည်၊ “ဤသည်မှာ ဘုရားသခင် စီရင်ခန့်ခွဲတော်မူခြင်းသာ ဖြစ်သည်။ ဘုရားသခင် ကျွန်ုပ်တို့ကို မည်သည့်နေရာ၌ ထားရှိသည်ဖြစ်စေ၊ ထိုနေရာ၌ ကျွန်ုပ်တို့ နေထိုင်ကြသည်။ ထိုသို့သော ဘဝမျိုးသည် ကျွန်ုပ်တို့နှင့် မဖြစ်မနေ ကိုက်ညီလိမ့်မည် မဟုတ်ပေ။ ထိုသို့သော ပတ်ဝန်းကျင်၌ ဘုရားသခင်ကို ယုံကြည်နိုင်မည်လော။ သမ္မာတရားကို နားလည်ပြီး ကယ်တင်ခြင်း ခံရနိုင်မည်လော။ ယင်းမှာ ခက်ခဲပေလိမ့်မည်။ ဘုရားသခင် ကျွန်ုပ်တို့အား ပေးသနားသည့်အရာသည် လုံလောက်ပါသည်၊ ကျွန်ုပ်တို့ ဘုရားသခင်ကို ယုံကြည်နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန်၊ ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် နောက်ဆုံးတွင် ကယ်တင်ခြင်းကို ရရှိရန် သင့်လျော်သော အခြေအနေများ၌ ရှိနေသရွေ့ ယင်းမှာ အပျော်ရွှင်ဆုံးအရာ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ သို့သော် အန္တိခရစ်တို့သည် ဤသို့ တွေးကြမည်လော။ (မတွေးကြပါ။) သူတို့ ဤသို့ တွေးကြလိမ့်မည်၊ “အဘယ်ကြောင့် ငါ၏ ဖခင်သည် ဧကရာဇ်တစ်ပါး မဟုတ်ခဲ့ရသနည်း။ အကယ်၍ ငါ၏ ဖခင်သည် သူဌေးကြီးတစ်ဦး သို့မဟုတ် ဧကရာဇ်တစ်ပါး ဖြစ်ခဲ့လျှင် ငါ၏ ဘဝသည် အမှန်တကယ် အသက်ရှင်ရကျိုးနပ်ပေလိမ့်မည်။ အဘယ်ကြောင့် သူ၏ ဖခင်သည် ဧကရာဇ်တစ်ပါး ဖြစ်နေရသနည်း။ အဘယ်ကြောင့် သူသည် အစားအသောက် သို့မဟုတ် အဝတ်အစားအတွက် စိုးရိမ်ပူပန်စရာမလိုဘဲ မိမိအလိုရှိသမျှကို ရရှိကာ ငွေကြေးနှင့် တန်ခိုးအာဏာတို့သည် သူအလိုရှိတိုင်း အစဉ်သဖြင့် အဆင်သင့်ရှိနေလျက် အပူအပင်ကင်းမဲ့သော ဘဝဖြင့် နေထိုင်နေရသနည်း။ ကောင်းကင်ဘုံသည် မတရားပါတကား။ သူသည် ထိုမျှ စွမ်းဆောင်ရည်မရှိသည့်အပြင် သူ၌ မည်သည့် အရည်အချင်း၊ ပညာရေး၊ သို့မဟုတ် ဉာဏ်ရည်ဉာဏ်သွေးမျှ မရှိပေ။ သူသည် ဤအရာအားလုံးကို မည်သည့်အကြောင်းရင်းဖြင့် ရရှိခဲ့သနည်း။ အဘယ်ကြောင့် ငါ မရရှိနိုင်ရသနည်း။ အကယ်၍ ငါသည် ထိုအရာများကို မရရှိနိုင်ဘဲ အခြားသူများ ရရှိနိုင်လျှင် ငါ သူတို့ကို မုန်းတီးမည်။ အကယ်၍ ငါ သူတို့ကို မမုန်းတီးနိုင်လျှင် မတရားသည့်တွက်နှင့် ငါ့အတွက် ကံကြမ္မာဆိုးကို စီစဉ်ပေးသည့်အတွက် ကောင်းကင်ဘုံကို ငါ မုန်းတီးမည်၊ ပြီးလျှင် ငါ၏ ကံဆိုးမှုကို မုန်းတီးမည်၊ ငါ့ကိုတားဆီးနေသော ယုတ်မာသည့်လူကို မုန်းတီးမည်၊ ငါ၏ အိမ်၏ ဖုန်းရွှေမကောင်းခြင်းကို မုန်းတီးမည်” ဟူ၍ ဖြစ်လေသည်။ သူတို့၏ စိတ်ထဲ၌ အဘယ်အရာများ ဖြစ်ပေါ်နေသနည်း။ အန္တိခရစ်တို့၏ စိတ်နှလုံးထဲ၌ မုန်းတီးမှု ပေါ်ပေါက်သည်နှင့်တစ်ပြိုင်နက် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အကြောင်းပြချက်အမျိုးမျိုး သူတို့၏ ပါးစပ်မှ ထွက်ပေါ်လာနိုင်သည်။
အပေါ်ယံအားဖြင့် အန္တိခရစ်တို့သည် အလွန် စေတနာရှိပုံရသော်လည်း အမှန်တကယ်မှာ သူတို့ ကိုးကွယ်ပြီး လိုက်စားသည့်အရာများထဲမှ တစ်ခုမျှ အပြုသဘောဆောင်ခြင်း မရှိပေ။ သူတို့ တရားဟောသည့် စကားပုံများနှင့် ဆိုရိုးစကားများသည် သူတို့ လောက၏ အခြေအနေကို ဝမ်းနည်းကြေကွဲပြီး လူသားမျိုးနွယ်ကို သနားနေကြသကဲ့သို့ သူတို့၏ စိတ်နှလုံးထဲ၌ စေတနာထားရှိကြသကဲ့သို့ ထင်ရစေနိုင်သော်လည်း အမှန်တကယ်တွင် သူတို့သည် လုံးလုံးလျားလျား နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်။ အကယ်၍ သူတို့သည် ဤလောက၌ တန်ခိုးအာဏာရရှိပြီး ထကြွလာမည်ဆိုလျှင် သူတို့သည် မကောင်းမှုပြုလုပ်နိုင်စွမ်း ရှိကြသလော။ သူတို့သည် လူကောင်းများ ဖြစ်နိုင်စွမ်း ရှိကြသလော။ သူတို့သည် ဆိုးရွားလှသော အပြစ်များဖြင့် ပြည့်နှက်နေသည့် လူယုတ်မာများ ဖြစ်ကြသည်။ သူတို့သည် လောက၌ တန်ခိုးအာဏာ မရရှိနိုင်သည့်အပြင် များစွာ ကြီးပွားတိုးတက်ခြင်း မရှိသောကြောင့် သူတို့သည် အနည်းငယ် မတရားသဖြင့်ခံရသည်ဟု ခံစားရပြီးနောက် ဘုရားသခင်ကို ယုံကြည်ကာ နောက်တော်သို့ လိုက်ကြသည်။ သို့ရာတွင် အနှစ်သာရအားဖြင့် သူတို့သည် သမ္မာတရားကို လုံးဝ လိုက်စားလိုစိတ်မရှိသည့်အပြင် အပြုသဘောဆောင်သော အရာများကို အထူးသဖြင့် မချစ်မြတ်နိုးကြပေ၊ ထိုအစား သူတို့သည် အပြုသဘောဆောင်သော အရာများကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ ဆိုးယုတ်သော အင်အားစုများ၊ တန်ခိုးအာဏာ၊ ဇိမ်ခံရသော အသက်ရှင်သန်မှုနှင့် လောက၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းတို့ကို ခုံမင်ကြသည်။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ပိုင်ဆိုင်သော ဘုရားသခင် ဖော်ပြတော်မူပြီး ပြုတော်မူသမျှကို မထီမဲ့မြင်ပြုကြသည့်အပြင် ဤအရာများကို ပြစ်တင်ရှုတ်ချခြင်း၊ ဝေဖန်သုံးသပ်ခြင်းနှင့် အသရေဖျက်ခြင်းတို့ ပြုကြသည်။ ဘုရားသခင်၏ အလုပ်သည် လူတို့အတွက် မည်မျှပင် တန်ဖိုးရှိသည်ဖြစ်စေ၊ အဓိပ္ပာယ်ရှိသည်ဖြစ်စေ သူတို့သည် ယင်းကို အသိအမှတ်ပြုခြင်း သို့မဟုတ် လက်ခံခြင်း မရှိကြပေ။ သူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို လက်မခံကြသည်သာမက သူတို့သည် သတ္တဝါအားလုံးကို ဆင်းရဲဒုက္ခမှ ကယ်တင်နိုင်သော ကယ်တင်ရှင်တစ်ဦးအဖြစ် ဟန်ဆောင်လျက် တံတားဆောက်ပြီး လမ်းများပြုပြင်သူတို့ မျက်စိမကွယ်ရန် သေချာစေနိုင်သော၊ လူသတ်သမားများနှင့် မီးရှို့သူများ အပြစ်ပေးခံရပြီး သားစဉ်မြေးဆက်များ တိုးပွားခြင်း မရှိနိုင်ရန် သေချာစေနိုင်သော၊ လူ့အဖွဲ့အစည်း၏ အောက်ခြေအဆင့်မှ လူများနှင့် ဆင်းရဲဒုက္ခခံစားနေရသူများ နောက်ထပ် ဆင်းရဲဒုက္ခ မခံစားရတော့ဘဲ သူတို့၏ နစ်နာမှုများကို ဖြေရှင်းရန် နေရာတစ်ခု ရှိစေနိုင်သော ဘုရားတစ်ဆူအဖြစ်လည်း မိမိတို့ကိုယ်ကို အယောင်ဆောင်လိုကြသည်။ သူတို့သည် လောကရှိ နာကျင်မှုအားလုံးကို ဖယ်ရှားပြီး လူတို့ကို ဆင်းရဲဒုက္ခမှ ကယ်တင်လိုကြသည်။ အန္တိခရစ်တို့သည် သူတို့၏ စိတ်နှလုံးအနက်ရှိုင်းဆုံး၌ “တစ်လောကလုံးဆိုင်ရာ ချစ်ခြင်းမေတ္တာ” နှင့် အဆုံးမရှိသော “ကြီးမြတ်သည့် ချစ်ခြင်းမေတ္တာ” ကို အမှန်တကယ် ထားရှိကြသည်တကား။ အားလုံးကိုအနှစ်ချုပ်လိုက်သော် အန္တိခရစ်တို့ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အသိအမှတ်မပြုခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းမှာ အတိအကျ အဘယ်အရာ ဖြစ်သနည်း။ သူတို့က ဤသို့ ဆိုကြသည်၊ “ဘုရား မည်သည့်အရာကိုပင် ပြုလုပ်သည်ဖြစ်စေ၊ သူသည် ဘုရားတစ်ဆူနှင့် မတူပေ။ ငါသည် ဘုရားတစ်ဆူနှင့် အတူဆုံး ဖြစ်သည်၊ ငါသည် ဘုရားတစ်ဆူ ဖြစ်ရန် အရည်အချင်းအရှိဆုံး ဖြစ်သည်။ အကြောင်းမှာ ဘုရား ပြုလုပ်သည့်အရာသည် ငါ၏ နှစ်သက်မှုများနှင့် မကိုက်ညီသကဲ့သို့ လူထု၏ နှစ်သက်မှုများနှင့် လိုအပ်ချက်များနှင့်လည်း မကိုက်ညီသောကြောင့် ဖြစ်သည်၊ ငါသာလျှင် လူထု၏ လိုအပ်ချက်များနှင့် စိတ်သဘောထားများကို နားလည်နိုင်သည်၊ ငါသာလျှင် သတ္တဝါအားလုံးကို ဆင်းရဲဒုက္ခမှ ကယ်တင်နိုင်သည်၊ ငါသာလျှင် လူသားမျိုးနွယ်၏ ကယ်တင်ရှင် ဖြစ်နိုင်သည်” ဟူ၍ ဖြစ်သည်။ သူတို့၏ ရည်မှန်းချက်များနှင့် အနှစ်သာရမှာ ဖော်ထုတ်ခြင်း ခံရပြီ မဟုတ်လော။ ထိုသို့သော ရည်မှန်းချက်များနှင့် အနှစ်သာရကို ပိုင်ဆိုင်သော အန္တိခရစ်တို့၏ စစ်မှန်သော ပုံသဏ္ဌာန်မှာ အတိအကျ အဘယ်အရာ ဖြစ်သနည်း။ ယင်းမှာ ကောင်းကင်တမန်မင်း၊ နတ်ဆိုးစာတန် ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ငြင်းပယ်ပြီး ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ၊ အကြောင်းမှာ သူတို့ကိုယ်တိုင် ဘုရားတစ်ဆူ ဖြစ်လိုသောကြောင့် ဖြစ်သည်။ သူတို့၏ အတွေးအခေါ်များသည် ဘုရားတစ်ဆူ တွေးသင့်သည့်အရာ ဖြစ်သည်ဟု သူတို့ ယုံကြည်ကြသည့်အပြင် သူတို့၏ သရုပ်သကန်များ၊ စိတ်သဘောထားနှင့် ကြီးမြတ်သော ချစ်ခြင်းမေတ္တာ၏ အနှစ်သာရသည် ဘုရားတစ်ဆူ ပိုင်ဆိုင်သင့်သည့်အရာဖြစ်သည်ဟု သူတို့ ယုံကြည်ကြသည်။ လောကရှိ မတရားမှုအားလုံးကို မြင်တွေ့ရသည့်အခါ လောက၏ အခြေအနေကို ဝမ်းနည်းကြေကွဲပြီး လူသားမျိုးနွယ်ကို သနားကြင်နာသော စိတ်သဘောထားကို ပိုင်ဆိုင်သူတစ်ဦးသာ ဘုရားတစ်ဆူဖြစ်သည်ဟု သူတို့ ထင်ကြသည်။ သူတို့ ယုံကြည်သော ဘုရားသခင်၌ ဤအရည်အသွေးများ မရှိဟု သူတို့ ထင်ကြသည်၊ သူတို့သာလျှင် ထိုသို့သော စိတ်သဘောထားနှင့် ထိုသို့သော ကြီးမားသည့် စိတ်နှလုံး ရှိကြပြီး ဤသို့သော သူတော်ကောင်းတရားနှင့် ကြီးမြတ်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ကြသည်ဟု သူတို့ ထင်ကြသည်။ ဤသည်မှာ အန္တိခရစ်တို့၏ အနှစ်သာရ ဖြစ်သည်၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို သူတို့ ငြင်းပယ်ခြင်း၏ အမျိုးမျိုးသော သရုပ်သကန်များနှင့် အနှစ်သာရ ဖြစ်သည်။ ထို့ကြောင့် အကယ်၍ သင်သည် အန္တိခရစ်တို့ကို ဘုရားများအဖြစ် ကြည်ညိုလေးစားပြီး ကိုးကွယ်လျှင် သူတို့သည် သင့်အပေါ် နာကြည်းမှု ရှိတော့မည်မဟုတ်ပေ။ အကယ်၍ သင်သည် သူတို့ကို နောက်လိုက်ပြီး သူတို့၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရသည် ဘုရားများ၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရဖြစ်သည်ဟုလည်းကောင်း၊ သူတို့၌ ဗုဒ္ဓကဲ့သို့ တူညီသော စိတ်သဘောထားနှင့် ကြီးမြတ်သော ချစ်ခြင်းမေတ္တာ ရှိသည်ဟုလည်းကောင်း၊ သူတို့သည် ဘုရားများ ဖြစ်သည်ဟုလည်းကောင်း ဆိုလျှင် သူတို့သည် ပျော်ရွှင်ပြီး သင့်အပေါ် လုံးဝ ကျေနပ်ကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တို့၏ အနှစ်သာရ ဖြစ်သည်။ အန္တိခရစ်တို့ ထုတ်ဖော်ပြသည့် ဤအနှစ်သာရသည် ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ နာမတော်နှင့် ကိုယ်တော်၏ အံ့ဖွယ်သော လုပ်ဆောင်ချက်များကို မည်သို့ပင် ချီးမွမ်းထောမနာပြုသည်ဖြစ်စေ၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဘုရားသခင် ပြုတော်မူခဲ့သမျှနှင့် ကိုယ်တော် ပေးဆပ်ခဲ့သည့် အဖိုးအခများအတွက် မည်မျှသက်သေခံသည်ဖြစ်စေ သူတို့သည် စိတ်နှလုံးထဲ၌ ဆန့်ကျင်ဖီဆန်ကြမည်ဖြစ်ပြီး ဤသို့ ဆိုကြလိမ့်မည်၊ “ငါ ဤအရာကို မချီးကျူးနိုင်ပေ။ ငါ ထိုသို့ မမြင်ပါ၊ ယင်းမှာ လူသား၏ အတွေးဆန္ဒနှင့် စိတ်ကူးစိတ်သန်းမျှသာ ဖြစ်သည်” ဟူ၍ဖြစ်သည်။ သင်သည် ဘုရားသခင်၊ ကိုယ်တော်၏ ဉာဏ်ပညာ၊ ကိုယ်တော်၏ အနန္တတန်ခိုး၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ကိုယ်တော်၏ အပင်ပန်းခံသော ရည်ရွယ်ချက်၊ ကိုယ်တော် ပေးဆပ်ခဲ့သည့် အဖိုးအခများအတွက် သက်သေခံသည့်အခါ၊ ပြီးလျှင် ကိုယ်တော်၏ အနှစ်သာရ၊ ကိုယ်တော်၏ ပင်ကိုလက္ခဏာ၊ ဖန်ဆင်းရှင် လူသားမျိုးနွယ်အပေါ် ပြုတော်မူခဲ့သမျှအတွက် သက်သေခံသည့်အခါ လူတစ်မျိုးတစ်စားတည်းသာ စိတ်မသက်မသာ ခံစားရပြီး ယင်းမှာ အန္တိခရစ်တို့ ဖြစ်ကြသည်။ သူတို့ အဘယ်သို့ တွေးထင်ကြသနည်း။ “အဘယ်ကြောင့် သင်သည် ဘုရားအကြောင်းကို အမြဲတမ်း ပြောဆိုနေသနည်း။ ငါသည်လည်း သင့်ကို များစွာ ရေလောင်းပေးပြီး ထောက်ပံ့ပေးခဲ့သည် မဟုတ်လော။ ငါသည် သင့်ကို ချစ်ခင်ခဲ့သည်၊ ကူညီခဲ့သည်၊ သင် ဖျားနာသည့်အခါ သင့်အတွက် ဆေးဝါးများ ဝယ်ပေးခဲ့သည်၊ အခြားသူများ သင့်ကို စွန့်ပစ်သည့်အခါ သင့်ကို ထောက်ပံ့ပေးခဲ့သည်၊ သင်နှင့်အတူ မိတ်သဟာယဖွဲ့ခဲ့သည်၊ သင်နှင့်အတူ အဖော်ပြုပေးခဲ့သည်။ အဘယ်ကြောင့် သင်သည် ငါ့ကို မချီးမွမ်းသနည်း” ဟူ၍ ဖြစ်သည်။ တစ်စုံတစ်ဦးက ဘုရားသခင်အတွက် သက်သေခံသည် သို့မဟုတ် ချီးမွမ်းသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တို့သည် စိတ်မချမ်းမသာ ဖြစ်ကြပြီး မနာလိုဝန်တိုမှုကြောင့် သူတို့ကို မုန်းတီးကြသည်။ ဘုရားသခင်ကို တစ်စုံတစ်ဦးက ချီးမွမ်းသည်ကို ကြားရသည့်အခါ ဘုရားသခင်ကို ပုံမှန်ယုံကြည်သူများ မည်သို့ ခံစားကြရသနည်း။ ပထမဦးစွာ သူတို့သည် ထိုသူ ပြောဆိုခဲ့သည့်အရာနှင့် သူတို့ မိတ်သဟာယဖွဲ့ခဲ့သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို “အာမင်” ဟု ဆိုကြလိမ့်မည်။ ထို့အပြင် သူတို့သည် ဤသို့ တွေးထင်လျက် ဂရုတစိုက် နားထောင်ကြလိမ့်မည်၊ “ဘုရားသခင်သည် သူတို့အပေါ်၌ ထိုသို့ ပြုမူတော်မူခဲ့သည်၊ ဘုရားသခင်သည် အလွန် ကြီးမြတ်တော်မူသည်၊ ကိုယ်တော်သည် လူသားကို အမှန်တကယ် ချစ်တော်မူသည်တကား။ အနာဂတ်တွင် အလားတူ အခြေအနေများကို ကြုံတွေ့ရပါက ငါသည်လည်း သမ္မာတရားကို ရှာဖွေမည်။ သူတို့သည် ထိုသို့ ပြုမူခြင်းဖြင့် ဘုရားသခင်ကို နာကျင်စေခဲ့သည်၊ ငါသည်လည်း အတိတ်က ထိုသို့ ပြုမူခဲ့ဖူးသည်၊ ငါ သတိမထားမိခဲ့ခြင်းသာ ဖြစ်သည်။ ငါသည် ဘုရားသခင်အပေါ် အကြွေးတင်နေသည်တကား။ ဘုရားသခင် ဤသို့ ပြုမူခြင်းသည် လူတို့အတွက် အကျိုးရှိပြီး ငါ နားမလည်ခဲ့ပေ။ ငါ၏ ဝိညာဉ်ရင့်ကျက်မှုသည် ဤသူ၏ ဝိညာဉ်ရင့်ကျက်မှုထက် သေးငယ်ပုံရသည်၊ ငါ၏ နားလည်မှုသည် စင်ကြယ်ခြင်းမရှိ၊ ငါ၏ အရည်အချင်းမှာ ညံ့ဖျင်းလှသည်။ ငါကဲ့သို့သော ဝိညာဉ်ရင့်ကျက်မှု သေးငယ်သောသူကို အသိဉာဏ်ပွင့်စေပြီး လမ်းညွှန်ပေးတော်မူပါရန် ဘုရားသခင်ထံ ငါ ဆုတောင်း၏။ စမ်းသပ်မှုများကို ရင်ဆိုင်ရသည့်အခါ သူတို့သည် အဘယ်ကြောင့် အားမနည်းခဲ့ကြသနည်း။ သူတို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှု ရှိခဲ့သည်။ အကယ်၍ ငါသာ ထိုသို့သော အခြေအနေများကို ရင်ဆိုင်နေရလျှင် ငါသည် အားနည်းသွားမည်ဖြစ်ပြီး လဲပြိုသွားနိုင်ဖွယ်ပင် ရှိသည်။ ဘုရားသခင်သည် ငါ၏ ဝိညာဉ်ရင့်ကျက်မှု သေးငယ်သည်ကို သတိပြုမိပြီး ထိုသို့သော အခြေအနေမျိုးကို ငါ ယခုတိုင် ရင်ဆိုင်ရခြင်း မရှိစေခြင်းဖြင့် ငါ့အပေါ် ကြင်နာမှု ပြတော်မူခဲ့သည်။ ဘုရားသခင် ပြုတော်မူသမျှ ကောင်းမြတ်တော်မူသည်တကား” ဟူ၍ ဖြစ်သည်။ သို့သော် အန္တိခရစ်တို့သည် ဤသည်ကို ကြားရသည့်အခါ မပျော်ရွှင်ကြပေ၊ “အဘယ်နည်း။ ဘုရား ပြုသမျှက ကောင်းသည်ဟု ဆိုသလော။ ဤကောင်းမြတ်ခြင်းက အဘယ်မှာနည်း။ အကယ်၍ ဘုရား ပြုလုပ်သမျှ အလွန်ကောင်းနေလျှင် လူများသည် အဘယ်ကြောင့် အပျက်သဘောဆောင်ပြီး အားနည်းနေကြသနည်း။ အကယ်၍ ဘုရား ပြုလုပ်သမျှ ကောင်းနေလျှင် လူအချို့ အဘယ်ကြောင့် နှင်ထုတ်ခံရသနည်း။ အကယ်၍ ဘုရား ပြုလုပ်သမျှ ကောင်းနေလျှင် ဧဝံဂေလိတရားဟောခြင်းနှင့် တာဝန်များကို ထမ်းဆောင်ခြင်းတွင် အဘယ်ကြောင့် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများ အစဉ်သဖြင့် ရှိနေရသနည်း။ ငါသည် ကောင်းမှုများစွာ ပြုခဲ့သည်၊ ငါသည် ကိုယ်တိုင် အားထုတ်ခဲ့သည်၊ လှူဖွယ်ပစ္စည်းများ ပူဇော်ဆက်ကပ်ခဲ့ပြီး ဧဝံဂေလိတရားဟောသည့်အချိန်တွင် လူများကို ရရှိခဲ့သည်။ အဘယ်ကြောင့် တစ်ဦးတစ်ယောက်မျှ ငါ့ကို မချီးမွမ်းကြသနည်း။ ဘုရားသည် အဘယ်ကြောင့် ငါ့အား အပြန်အလှန်နေဖြင့် တစ်စုံတစ်ခုကို မပေးခဲ့သနည်း၊ ဆုလာဘ်တစ်ခုခုကို မပေးခဲ့သနည်း။ လူများသည် ငါ့ရှေ့တည့်တည့်တွင် ငါ့ကို ချီးကျူးရခြင်းအား ရှက်နေပါက ငါ၏ကွယ်ရာတွင် ၎င်းတို့ ချီးကျူးလျှင်လည်း အဆင်ပြေပါသည်။ အဘယ့်ကြောင့် မည်သူမျှ ငါ့ကို ချီးမွမ်းခြင်း သို့မဟုတ် ချီးကျူးခြင်းများ မပြုကြသနည်း။ ငါ့ထံတွင် ချီးမွမ်းဂုဏ်ပြုဖွယ်တစ်ခုမျှ မရှိသလော” ဟူ၍ ဖြစ်သည်။ သူတို့ စိတ်မချမ်းမသာ ဖြစ်လာကြသည်။ အကယ်၍ တစ်စုံတစ်ဦးက သာမန်လူတစ်ဦးကို ချီးမွမ်းပါက အန္တိခရစ်တို့သည် များစွာ မခံစားရပေ။ သို့သော် တစ်စုံတစ်ဦးက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုး၊ ကြီးမြတ်သော ချစ်ခြင်းမေတ္တာနှင့် ဉာဏ်ပညာ၊ သို့မဟုတ် ဘုရားသခင်၏ ပင်ကိုလက္ခဏာအတွက် သက်သေခံသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တို့သည် အမုန်းတရားနှင့် မနာလိုဝန်တိုခြင်းကို ခံစားကြရသည်။ တစ်စုံတစ်ဦးက ဘုရားသခင်ကို ကျိုးနွံနာခံလိုစိတ်ရှိပြီး သင့်တော်လျောက်ပတ်သော ဖန်ဆင်းခံတစ်ဦး ဖြစ်ရန်နှင့် မိမိတို့၏ စည်းများကို မကျော်လွန်ဘဲ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်၌ ကျိုးနွံနာခံသောသူတစ်ဦး ဖြစ်ရန် လိုလားသည့်အခါတိုင်း အန္တိခရစ်တို့သည် ဤသည်ကို မနှစ်သက်ကြဘဲ “အဘယ်ကြောင့် သင်သည် ဘုရားကို ထိုမျှ လိုလိုလားလားနှင့် တက်ကြွစွာ ကျိုးနွံနာခံသနည်း။ အဘယ်ကြောင့် သင်သည် ငါ ပြောသည့် မည်သည့်အရာကိုမဆို နားထောင်ရန် ထိုမျှ ခက်ခဲနေရသနည်း။ ငါ ပြောသည့်အရာ မှားယွင်းနေခြင်း မဟုတ်ပေ” ဟု ဆိုကြသည်။ သူတို့သည် လူတို့ သူတို့၏ နောက်လိုက်များ ဖြစ်ကြရန်၊ အချိန်တိုင်း သူတို့ကို ချီးမွမ်းကြရန်၊ သူတို့၏ နာမည်များကို သူတို့၏ နှုတ်ဖျား၌ ထားရှိကြရန်၊ သူတို့ကို သူတို့၏ စိတ်နှလုံးထဲ၌ ထားရှိကြရန်၊ သူတို့၏ ကောင်းမြတ်ခြင်းနှင့် အားသာချက်များအကြောင်း အိပ်မက်ပင် မက်ကြရန်၊ ထိုသူတို့ တွေ့ဆုံသည့် လူတိုင်းကို သူတို့အကြောင်း ချီးမွမ်းကြရန် နှစ်သက်ကြသည်။ အကယ်၍ သူတို့ ဖျားနာပြီး လူတို့၏ ရှေ့မှောက်သို့ မထွက်ပေါ်လာပါက လူတို့က “သင်မရှိဘဲ ကျွန်ုပ်တို့ ဘာလုပ်ရမည်နည်း။ သင်မရှိဘဲ ကျွန်ုပ်တို့သည် တစ်ယောက်တစ်ပေါက် ဖြစ်နေကြသည်။ ကျွန်ုပ်တို့သည် ဆက်လက်၍ ယုံကြည်နိုင်ခြင်း သို့မဟုတ် အသက်ရှင်နေထိုင်နိုင်ခြင်း မရှိတော့ပေ” ဟု ပြောကြလိမ့်မည်။ အကယ်၍ အန္တိခရစ်တို့ ဤသည်ကို ကြားခဲ့လျှင် သူတို့သည် အလွန်အမင်း ဝမ်းမြောက်ကြမည်ဖြစ်ပြီး ယင်းကို ကြားရန် သူတို့သည် မည်သည့် ဆင်းရဲဒုက္ခကိုမဆို ခါးစည်းခံလိုစိတ် ရှိမည်ဖြစ်သည့်အပြင် ရက်ပေါင်းများစွာ အစာမစားဘဲ သို့မဟုတ် အိပ်စက်ခြင်းမရှိဘဲ နေရန် လိုလားလိမ့်မည်။ သို့သော် အကယ်၍ မည်သူမျှ သူတို့ကို မချီးမွမ်းပါက၊ သူတို့ကို စံပြပုဂ္ဂိုလ်အဖြစ် မမှတ်ယူပါက၊ သူတို့ကို မကိုးကွယ်ပါက၊ သို့မဟုတ် သူတို့ကို အလေးအနက် မထားပါက သူတို့သည် စိတ်မချမ်းမသာ ဖြစ်ကြပြီး သူတို့၏ စိတ်နှလုံးထဲ၌ အမုန်းတရားကို ထားရှိကြသည်၊ ဤသည်မှာ အန္တိခရစ်စစ်စစ်တစ်ဦး ဖြစ်သည်။ အတိုချုပ်အားဖြင့် အန္တိခရစ်တို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ဘယ်သောအခါမျှ အသိအမှတ်ပြုကြမည်မဟုတ်ပေ။ သူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို လက်မခံကြ၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ပိုင်ဆိုင်သော ထိုတစ်ပါးတည်းသောသူက သူတို့အပေါ် ပြုလုပ်ခဲ့သော အလုပ်ကို သာ၍ပင် လက်မခံကြသကဲ့သို့ ဘုရားသခင် လူသားမျိုးနွယ်အကြား ပြုလုပ်ခဲ့သော အလုပ်အားလုံးကိုလည်း အသိအမှတ်ပြုခြင်း သို့မဟုတ် လက်ခံခြင်း မရှိကြပေ။
ခ။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်းကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်း
နောက်ဆက်တွဲအနေဖြင့် “၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏” ဟူသည့် ဒုတိယမြောက် သရုပ်သကန်ဖြစ်သော အန္တိခရစ်များက ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းကို အသိအမှတ်ပြုရန် ငြင်းဆိုခြင်း အကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ကြစို့။ အန္တိခရစ်တို့အတွက်မူ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သော ဖန်ဆင်းရှင်သည် တကယ်ပင် မတည်ရှိပေ၊ ကိုယ်တော်သည် ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်သည်။ သို့ဆိုလျှင် ဖန်ဆင်းရှင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသည်ဟူသော အချက်ကို အန္တိခရစ်တို့ အသိအမှတ်ပြုနိုင်ကြမည်လော။ သူတို့သည် ဤအချက်ကို အသိအမှတ်မပြုကြသည်မှာ အလွန်ပင် သိသာထင်ရှားပေသည်။ သူတို့သည် ယင်းကို အသိအမှတ် မပြုကြသည့်အပြင် ဤသည်မှာလည်း အဖြစ်မှန်များကို အခြေခံသည်။ အန္တိခရစ်တို့၏ ဘုရားသခင်အပေါ် ယုံကြည်လက်ခံခြင်း၊ အသိပညာနှင့် သဘောပေါက်နားလည်မှုသည် လူ့အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအပေါ်တွင်လည်းကောင်း၊ ကိုးကွယ်သည့်အရာများအပေါ် အချို့သော လူ့အမြင်များနှင့် နားလည်မှုများအပေါ်လည်းကောင်း၊ ထို့အတူ ထိုကိုးကွယ်သည့်အရာများက လူတို့ကို အထင်အမြင်မှားစေရန် အသုံးပြုသည့် မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများအပေါ်တွင်လည်းကောင်း အခြေခံသည်။ အန္တိခရစ်တို့၏ စိတ်နှလုံးထဲရှိ အယူအဆများ၊ စိတ်ကူးစိတ်သန်းများ၊ မိစ္ဆာဒိဋ္ဌိအယူဝါဒများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများနှင့် အခြားအရာများသည် ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသော အချက်နှင့် ကိုက်ညီသလော သို့မဟုတ် ဆန့်ကျင်နေသလော။ ယင်းတို့သည် ဤအချက်နှင့် ဆန့်ကျင်နေကြသည်မှာ ပြောစရာမလိုပေ။ လူတို့ လှူဖွယ်ပစ္စည်းများ ပူဇော်ဆက်ကပ်ကြသော ကိုးကွယ်သည့်အရာများသည် လူသားမျိုးနွယ်အကြား ခိုင်မာသောခြေကုပ်တစ်ခု ရရှိရန်အလို့ငှာ၊ လူ့အယူအဆများ၊ စိတ်ကူးစိတ်သန်းများ၊ နှစ်သက်မှုများနှင့် ကိုက်ညီသော မိစ္ဆာဒိဋ္ဌိအယူဝါဒအချို့နှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာအချို့ကို တင်ပြခြင်းဖြင့် သူတို့ကို အထင်အမြင်မှားစေသည်၊ “ဗုဒ္ဓသည် အကျိုးပြုသည်၊” “ကောင်းကင်ဘုံသည် သက်ရှိအရာများကို ချစ်ခင်မြတ်နိုးသည်၊” “အသက်တစ်ချောင်းကို ကယ်တင်ခြင်းသည် ခုနစ်ဆင့်ရှိသော စေတီတစ်ဆူ တည်ခြင်းထက် သာလွန်သည်၊” နှင့် “ကံပါလျှင် ဖြစ်ရမည်၊ ကံမပါလျှင် အတင်းအကျပ် မပြုလုပ်သင့်ပေ” တို့ကဲ့သို့ အရာများဖြစ်၏။ အခြား အဘယ်အရာ ရှိသေးသနည်း။ (သင့်အထက် သုံးပေအကွာတွင် ဘုရားတစ်ဆူ ရှိသည်။) သင့်အထက် သုံးပေအကွာသည် အဘယ်မှာနည်း။ ယင်းမှာ စာတန်နေထိုင်ရာ လေထဲတွင်ဖြစ်သည်။ ဤ “ဘုရား” မှာ အဘယ်အရာနည်း။ (ယင်းမှာ စာတန်ဖြစ်သည်။) ဗုဒ္ဓဘာသာဝင်များ မကြာခဏ အသုံးပြုလေ့ရှိသော ဆိုရိုးစကားမှာ အဘယ်နည်း။ (ကောင်းမှုပြုလျှင် ကောင်းကျိုးခံစားရမည်၊ မကောင်းမှုပြုလျှင် မကောင်းကျိုးခံစားရမည်၊ ဤအမှုအရာများသည် အကျိုးပေးလိမ့်မည်၊ အချိန်ကား မကျသေးခြင်းသာ ဖြစ်သည်။) လူတို့သည် လောက၌ မကြာခဏ ပြောဆိုလေ့ရှိသော ဤအတော်အတန် အပြုသဘောဆောင်သည့် ဆိုရိုးစကားများနှင့် အတွေးအခေါ်ဆိုင်ရာ သီအိုရီများကို သမ္မာတရားအဖြစ် မှတ်ယူကြသော်လည်း အမှန်တကယ်တွင် ဤစကားများသည် သမ္မာတရား ဟုတ်သလော။ ယင်းတို့နှင့် သမ္မာတရားအကြား တစ်စုံတစ်ရာ ဆက်စပ်မှု ရှိသလော။ (မရှိပါ။) “ကောင်းမှုပြုလျှင် ကောင်းကျိုးခံစားရမည်၊ မကောင်းမှုပြုလျှင် မကောင်းကျိုးခံစားရမည်၊ ဤအမှုအရာများသည် အကျိုးပေးလိမ့်မည်၊ အချိန်ကား မကျသေးခြင်းသာ ဖြစ်သည်” ကဲ့သို့ပင် “ကောင်းမှုပြုလျှင် ကောင်းကျိုးခံစားရမည်” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ “ကောင်းမှု” သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ တရားမျှတမှု၊ သမ္မာတရား၊ သို့မဟုတ် လူ၏ စေတနာအနည်းငယ်မျှလော။ (ယင်းမှာ လူ၏စေတနာ ဖြစ်သည်။) လူ၏ စေတနာအနည်းငယ်မျှသည် အမှန်တကယ် ကောင်းကျိုးဖြင့် အကျိုးပေးခြင်း ခံရသလော။ မလွဲမသွေ ဖြစ်ခြင်းမျိုး မဟုတ်ပေ။ “တံတားဆောက်ခြင်းနှင့် လမ်းများပြုပြင်ခြင်းသည် ကြောင်းကျိုးမမြင်ဖြစ်ခြင်းသို့ ဦးတည်စေသည်” ဟူ၍ဖြစ်သည်။ တံတားဆောက်ခြင်းနှင့် လမ်းများပြုပြင်ခြင်းသည် စေတနာထားသော လုပ်ရပ်များ ဖြစ်သည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ယင်းတို့သည် ကြောင်းကျိုးမမြင်ဖြစ်ခြင်းသို့ ဦးတည်စေသနည်း။ ဤလုပ်ရပ်များအတွက် ဆုလာဘ် ရှိသလော။ (မရှိပါ။) “မကောင်းမှုအတွက် မကောင်းကျိုး”၊ လူသတ်ခြင်းနှင့် မီးရှို့ခြင်းသည် မကောင်းမှုဖြစ်သည်၊ သို့ဆိုလျှင် ယင်းတို့သည် မကောင်းကျိုးဖြင့် အကျိုးပေးခြင်း ခံရသလော။ (မခံရပါ။) အဘယ်ကြောင့် မခံရသနည်း။ “လူသတ်သမားများနှင့် မီးရှို့သူများကမူ သူတို့၏ သားစဉ်မြေးဆက်များ တိုးပွားရန် သေချာစေသည်”ဟူသည့် ဤစကားများသည် “မကောင်းမှုအတွက် မကောင်းကျိုး” ဟူသည်ကို ချေပသည်။ “ဤအမှုအရာများသည် အကျိုးပေးလိမ့်မည်၊ အချိန်ကား မကျသေးခြင်းသာ ဖြစ်သည်”ဟုဆိုရာတွင် “အချိန်ကား မကျသေးခြင်းသာ ဖြစ်သည်” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ အချိန်ကျလာခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ လူတို့ သမ္မာတရားကို နားမလည်သောအခါ သူတို့သည် ဤစကားများနှင့် ဆိုရိုးစကားများကို အပြုသဘောဆောင်သော အရာများနှင့် သမ္မာတရားများအဖြစ် မှတ်ယူကြသည်။ စိတ်နှလုံး ဟာလာဟင်းလင်း ဖြစ်သောသူများနှင့် ဝိညာဉ်ရေးရာ အထောက်အပံ့ မရှိသောသူတို့သည် “အဆင်ပြေပါသည်၊ ဘဝ၌ မျှော်လင့်ချက် ရှိသည်၊ ဤလောက၌ မျှတမှုနှင့် ဖြောင့်မတ်ခြင်း ရှိနေသေးသည်၊ တရားမျှတမှုကို ထိန်းသိမ်းမည့်သူတစ်ဦး ရှိနေသေးသည်။ မျှတသော အဆုံးသတ်တစ်ခု ရရှိရန် ဖြစ်နိုင်သေးသည်၊ ဤအရာအားလုံးအပေါ် အဆုံးအဖြတ် ပေးသည့် ဖော်ပြချက်တစ်ခု နောက်ဆုံးတွင် ချမှတ်ခြင်း ခံရလိမ့်မည်” ဟူ၍ မိမိတို့ကိုယ်ကို နှစ်သိမ့်ရန် ဤမှန်ကန်သည်ဟု ဆိုသော စကားများကို သူတို့၏ ဝိညာဉ်ရေးရာ အထောက်အပံ့အဖြစ်၊ ဝိညာဉ်ရေးရာ နှစ်သိမ့်မှုတစ်မျိုးအဖြစ် ယူမှတ်ကြလေသည်။ ထိုဆိုရိုးများသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်းအပေါ် စစ်မှန်သော နားလည်မှုများ ဟုတ်သလော။ ယင်းတို့သည် ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲသည်ဟူသော အချက်ကို လူတို့ အသိအမှတ်ပြုခြင်း၏ စစ်မှန်သော သရုပ်သကန်များ ဟုတ်သလော။ (မဟုတ်ပါ။) လူတို့ ဆိုကြသော ဆိုရိုးများ သို့မဟုတ် စကားပုံများသည် ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသော အချက်နှင့် ဆက်စပ်သလော။ (မဆက်စပ်ပါ။) အဘယ်ကြောင့် မဆက်စပ်သနည်း။ (ဤစကားများသည် သမ္မာတရား မဟုတ်ပါ။) သင်၏ အဖြေသည် ဤအရာကို သဘောတရားအဆင့်တွင် သက်သေပြသော်လည်း အရင်းခံအကြောင်းမှာ အဘယ်နည်း။ အရင်းခံအကြောင်းသည် ဤအယူဝါဒကဲ့သို့ ရိုးရှင်းခြင်း လုံးဝမရှိ၊ ယင်းကို ဤစာကြောင်းတစ်ကြောင်းတည်းဖြင့် ရှင်းပြရန် ဖြစ်နိုင်ချေ လုံးဝမရှိချေ။ ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်း ကိစ္စသည် ထိုမျှ မရိုးရှင်းသဖြင့် ယင်းကို မည်သို့ နားလည်သင့်သနည်း။ ငါတို့ ယခင်က မိတ်သဟာယ ဖွဲ့ခဲ့သည့်အတိုင်း အန္တိခရစ်တို့သည် ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ကို အသိအမှတ်မပြုကြပေ။ အန္တိခရစ်တို့ မည်သည့်အရာကိုပင် ကြည့်နေသည်ဖြစ်စေ၊ သူတို့သည် ယင်းကို အမြဲတမ်း ပွဲကြည့်ပရိတ်သတ်တစ်ဦး၏ ရှုထောင့်မှလည်းကောင်း၊ ငွေနှင့် တန်ခိုးအာဏာကို အသက်ကဲ့သို့ မှတ်ယူသော ရုပ်ဝါဒီတစ်ဦး၏ ရှုထောင့်မှလည်းကောင်း အစဉ်သဖြင့် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ဆန်းစစ်ကြသည်။ အကယ်၍ လူတစ်ဦးသည် မည်သည့်အရာကိုမဆို ထိုသို့သော ရှုထောင့်နှင့် ရပ်တည်ချက်မှ ကြည့်မည်ဆိုလျှင် ပြဿနာ၏ အနှစ်သာရသည် ပြောင်းလဲသွားမည် မဟုတ်လော။ ယင်းသည် ကွဲပြားသွားမည် မဟုတ်လော။ အကယ်၍ တစ်စုံတစ်ဦးသည် အရာခပ်သိမ်း၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိယာမများနှင့် စည်းမျဉ်းများကို ရုပ်ဝါဒီတစ်ဦး၏ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် နောက်ဆုံးရလဒ်မှာ အဘယ်အရာ ဖြစ်မည်နည်း။ ရုပ်ဝါဒီတစ်ဦး၏ လောကအမြင်သည် လောကီရေးရာ ဆက်ဆံမှုများအတွက် လူ့အတွေးအခေါ်များ၊ နည်းဗျူဟာများ၊ နည်းလမ်းများနှင့် ချဉ်းကပ်နည်းများကို ဖြစ်ပေါ်စေမည် မဟုတ်လော။ ယင်းက ကစားပွဲစည်းမျဉ်းများကို ဖြစ်ပေါ်စေမည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ရလဒ်ဖြစ်ပြီး ပြဿနာ၏ အနှစ်သာရမှာ ဤနေရာ၌ ရှိသည်။
ရုပ်ဝါဒီတစ်ဦးသည် တန်ခိုးအာဏာကို မည်သို့ ရှုမြင်သနည်း။ အကယ်၍ လူတစ်ဦးသည် တန်ခိုးအာဏာ ရရှိလိုပါက ပထမဦးစွာ ၎င်းတွင် နည်းဗျူဟာများ ရှိရန် လိုအပ်သည်၊ ဒုတိယအနေဖြင့် ၎င်းသည် လူအမျိုးမျိုးကို ကြိုးကိုင်နိုင်စွမ်း ရှိရန် လိုအပ်သည်၊ တတိယအနေဖြင့် ၎င်းသည် ရက်စက်ရန် လိုအပ်ပြီး စတုတ္ထအနေဖြင့် ပြောင်းလဲတတ်ရမည်ဟု သူတို့ ယုံကြည်ကြသည်။ ဤသည်မှာ ရုပ်ဝါဒီတစ်ဦး၏ ရှုထောင့်အမြင် မဟုတ်လော။ ဤအရာ၌ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံခြင်း အရိပ်အယောင် တစ်စက်မျှ ရှိသလော။ (မရှိပါ။) ရုပ်ဝါဒီတို့သည် တန်ခိုးအာဏာနှင့်ပတ်သက်၍ ဤအမြင်များကို မည်သို့ ရရှိခဲ့ကြသနည်း။ ဤအမြင်များသည် အန္တိခရစ်တို့၏ အနှစ်သာရမှ ဖြစ်ပေါ်ခဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်တို့၏ မည်သည့်အနှစ်သာရနည်း။ အကယ်၍ အန္တိခရစ်တို့၌ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရ မရှိခဲ့ပါက သူတို့သည် “လူတို့ကို ကြိုးကိုင်ညွှန်ကြားနိုင်စွမ်းရှိခြင်း” ဟူသော စကားလုံးများကို အကြံထုတ်ကြမည်လော ဟူသည်ကို ငါ့ကို ပြောလော့။ သူတို့သည် “နည်းဗျူဟာများ ရှိရန် လိုအပ်သည်” ဟူ၍ တွေးကြမည်လော။ သူတို့သည် “ပြောင်းလဲတတ်ရမည်” ဟု ဆိုကြမည်လော။ အကယ်၍ သူတို့၌ ရက်စက်ကြမ်းကြုတ်သော အနှစ်သာရ မရှိခဲ့ပါက သူတို့သည် “ရက်စက်ရန် လိုအပ်သည်” ဟု ဆိုကြမည်လော။ (ဆိုမည်မဟုတ်ပါ။) ဤသည်မှာ အန္တိခရစ်တို့၏ အနှစ်သာရက ဆုံးဖြတ်ခြင်း ဖြစ်သည်။ သူတို့၏ အနှစ်သာရမှ ဖြစ်ပေါ်သောအမျိုးမျိုးသော အတွေးအခေါ်များသည် သူတို့၏ စိတ်ထဲ၌သာ တည်ရှိသော စိတ်ကူးများမျှသာလော၊ သို့မဟုတ် လောကီရေးရာ ဆက်ဆံမှုများအတွက် သူတို့၏ စည်းမျဉ်းများနှင့် နေ့စဉ်ဘဝ၌ သူတို့၏ ကျင်ကြံပြုမူခြင်းသည် အတူတူပင်လော။ (လောကီရေးရာ ဆက်ဆံမှုများအတွက် သူတို့၏ စည်းမျဉ်းများသည် အတူတူပင် ဖြစ်သည်။) သူတို့သည် မိမိတို့၏ နေ့စဉ်ဘဝများနှင့် လူအုပ်စုများအကြား၌ အစဉ်မပြတ် အနှစ်ချုပ်များ ပြုလုပ်နေကြသည်၊ သို့ဖြစ်၍ သူတို့၏ နည်းဗျူဟာများသည် ပို၍ပို၍ ရင့်ကျက်ပြီး သမ္ဘာရင့်လာကြကာ အဆုံးတွင် အလွန်ဆိုးယုတ်လာကြသည်။ အလွန်ဆိုးယုတ်ခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ အတော်အတန် ရက်စက်ခြင်း၊ အတော်အတန် အကြင်နာမဲ့ခြင်းနှင့် အတော်အတန် အန္တရာယ်ပြုတတ်ခြင်းတို့ကို ဆိုလိုသည်။ သူတို့၏ ရက်စက်မှု၊ အကြင်နာမဲ့မှုနှင့် အန္တရာယ်ပြုတတ်မှုတို့၏ သရုပ်သကန်များသည် သူတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံစေနိုင်မည်လော။ လုံးဝ မနာခံစေနိုင်ပေ။ သို့ဖြစ်၍ သူတို့သည် ငယ်ရွယ်သည်ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ အန္တိခရစ်တို့သည် အရာရာတိုင်းကို မိမိတို့၏ ကိုယ်ပိုင် အတွေးအခေါ်များ၊ နိယာမများ၊ ကစားပွဲစည်းမျဉ်းများ၊ နည်းဗျူဟာများနှင့် အတွေ့အကြုံများကို အခြေခံ၍ ပြုလုပ်ကြသည်။ ဤအရာအားလုံးသည် ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသော အချက်နှင့် ကိုက်ညီသလော သို့မဟုတ် ဆန့်ကျင်နေသလော။ (ဆန့်ကျင်နေပါသည်။) အန္တိခရစ်တို့သည် သူတို့၏ အနှစ်ချုပ်များမှတစ်ဆင့် သူတို့ ဖန်တီးခဲ့သော ဤဥပဒေအားလုံးကို အကောင်အထည်ဖော်သည့်အခါ သူတို့၏ စည်းမျဉ်းနှင့် ရည်မှန်းချက်မှာ အဘယ်နည်း။ သူတို့၏ ကြံရွယ်ချက်မှာ အဘယ်နည်း။ သူတို့က “အကယ်၍ သင်သည် သင်အလိုရှိသည့်အရာကို ရရှိလိုပါက လိုအပ်သည့်အရာမှန်သမျှ လုပ်ဆောင်ရန်၊ အစွမ်းကုန် ကြိုးစားရန်၊ အတော်အတန် ရက်စက်ရန်၊ အတော်အတန် အကြင်နာမဲ့ရန်နှင့် အတော်အတန် အန္တရာယ်ပြုတတ်ရန် သင်ယူရမည်၊ ‘သေးသိမ်သည့် စိတ်ဓာတ်ကြောင့် လူကြီးလူကောင်းတစ်ဦး မဖြစ်သကဲ့သို့ ယောကျာ်းအစစ်အမှန်ဟူသည် ရက်စက်ရမည်။’ ဟူသော ဆိုရိုးစကားအတိုင်းပင် ဖြစ်သည်” ဟု ဆိုကြသည်။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက ဤသို့ ဆိုလိုသည်၊ “ဘုရား၏ အချုပ်အခြာအာဏာဆိုသည်မှာ အဘယ်နည်း။ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများကို စောင့်ဆိုင်းခြင်းဆိုသည်မှာ အဘယ်နည်း။ ထိုသို့သောအရာများ မရှိပေ။ မည်သည့်အရာရှိ သို့မဟုတ် ဧကရာဇ်မင်းသည် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သော နည်းလမ်းများဖြင့် သူတို့ ရောက်ရှိရာနေရာသို့ မရောက်ရှိခဲ့ဘဲ ရှိသနည်း။ ဤရာထူးများသည် တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့မှတစ်ဆင့် ရရှိခြင်း မဟုတ်လော” ဟူ၍ ဖြစ်သည်။ သူတို့၏ ဤရှုထောင့်အမြင်ကို ကြည့်ခြင်းအားဖြင့် အန္တိခရစ်တို့သည် ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသော အချက်ကို အသိအမှတ်ပြုကြသလော။ (မပြုကြပါ။) ဘာသာတရားမရှိသော လောက၌ အန္တိခရစ်တို့သည် ဤရှင်သန်မှုနိယာမအပေါ် ထိုသို့သော ရှုထောင့်အမြင် ရှိကြသည်။ သို့ဆိုလျှင် သူတို့ အသင်းတော်၌ ရှိနေစဉ် သူတို့ ပြုမူဆောင်ရွက်သည့်အခါ အလားတူ နည်းဗျူဟာများကို အသုံးပြုကြမည်လော။ သူတို့သည် အလားတူ ဘဝစည်းမျဉ်းများကို လိုက်နာကြမည်လော။ ဤသည်မှာ အနည်းငယ်မျှပင် ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ အန္တိခရစ်တို့ အသင်းတော်သို့ ရောက်ရှိလာသည့်အခါ၌ပင် သူတို့သည် မိမိတို့ကိုယ်ကို ဘယ်သောအခါမျှ ချုပ်တည်းခြင်း သို့မဟုတ် ပြုပြင်ပြောင်းလဲခြင်း ပြုလုပ်ကြမည်မဟုတ်ပေ၊ သူတို့သည် ဤသည်ကို လုံးဝ ပြုလုပ်ကြမည်မဟုတ်ပေ။ သူတို့က ဤသို့ ဆိုကြသည်၊ “အကယ်၍ သင်သည် အခြားသူများထက် ထူးချွန်လိုပါက နည်းဗျူဟာများ ပိုင်ဆိုင်ရန် သင်ယူရမည်။ လူတိုင်း ရှိနေသည့်အခါ၊ အထူးသဖြင့် အဆင့်အတန်းရှိသောလူများ ရှိနေသည့်အခါ သင်သည် မိမိကိုယ်ကို ထုတ်ဖော်ပြသရန် အစွမ်းကုန် ကြိုးစားရမည်ဖြစ်ပြီး ကြီးကြပ်သူများ၊ ခေါင်းဆောင်များနှင့် အထက်လူကြီးများ ဤသည်ကို မြင်တွေ့စေရမည်။ ထိုအခါ သင်သည် ရာထူးတိုးမြှင့်ခြင်းနှင့် အရေးကြီးသော ရာထူးများ၌ ခန့်အပ်ခြင်း ခံရရန် အခွင့်အလမ်း ရရှိမည်ဖြစ်ပြီး အခြားသူများထက် ထူးချွန်ရန် အခွင့်အလမ်း ရရှိမည်။ ထို့အပြင် သင်သည် လူများအနီးအနား၌ ရှိနေသည့်အခါနှင့် မရှိသည့်အခါ ကွဲပြားစွာ ပြုမူရန် သင်ယူရမည်၊ သင်သည် လှည့်ဖြားမှု၌ ပါဝင်ပတ်သက်ရန် သင်ယူရမည်။ လူတို့၏ ရှေ့မှောက်၌ ကောင်းသောအရာများကို ပြုလုပ်ပြီး ဆိုးရွားသော၊ မကောင်းသော၊ မှောင်မိုက်သော အမှုများနှင့် လူတို့ မနှစ်သက်သည့်အရာများကို လျှို့ဝှက်စွာ ပြုလုပ်ရမည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ သင့်ကို ထွင်းဖောက်မြင်ခွင့် မည်သည့်အခါမျှ မပေးနှင့်။ သင်သည် လူတို့အား သင်၏ အကောင်းဆုံးသောဘက်ကို ပြသရမည်ဖြစ်ပြီး သင်သည် မိမိကိုယ်ကို ကောင်းစွာ ဟန်ဆောင်ရမည်။ သင် အမှန်တကယ် မည်မျှပင် ဆိုးရွားနေစေကာမူ၊ သင်သည် ယင်းကို ကောင်းစွာ ဖုံးကွယ်ထားရမည်။ လူတို့၏ ထောက်ခံမှုကို မဆုံးရှုံးစေနှင့်။ သူတို့၏ ထောက်ခံမှုကို သင် ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် နောက်ကျသွားပြီ၊ ထိုအခါ သင့်၌ အခွင့်အလမ်း မရှိတော့ပေ” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်တို့သည် အသင်းတော်၌လည်း ထိုသို့သော နည်းဗျူဟာများနှင့် ရှင်သန်မှုနိယာမများအတိုင်း နေထိုင်ကြသည်။
အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်းကို တွေ့ကြုံခံစားပြီး သိရှိလာခဲ့ကြသော ညီအစ်ကိုမောင်နှမအားလုံး၏ သက်သေခံချက်များကို အန္တိခရစ်တို့သည် မည်သို့ ရှုမြင်ကြသနည်း။ အန္တိခရစ်တို့က ဤသို့ ဆိုကြသည်၊ “လူတို့၌ ဦးနှောက်၊ အတွေးအခေါ်များနှင့် ပညာရေး ရှိကြပြီး တည်းဖြတ်ခြင်းနှင့် ရေးသားပြုစုခြင်းတို့မှတစ်ဆင့် သူတို့သည် ဤအတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ဖန်တီးခဲ့ကြသည်။ အမှန်တကယ်တွင် ဤအတွေ့အကြုံဆိုင်ရာ သက်သေခံချက်များအားလုံးသည် လူတို့ စိတ်ကူးထားခြင်းသာ ဖြစ်သည်၊ ယင်းတို့အားလုံးသည် အတုအယောင်များသာ ဖြစ်ပြီး ယင်းတို့အားလုံးသည် မဖြစ်နိုင်ပေ။ အကယ်၍ ကျွန်ုပ်သာ လုပ်ကြံဖန်တီးမည်ဆိုလျှင် ကျွန်ုပ်သည်လည်း အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ဖန်တီးနိုင်ပေသည်။ ကျွန်ုပ်သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါး ၁၀ ပုဒ် သို့မဟုတ် အပုဒ် ၂၀ ကို ထုတ်လုပ်နိုင်ပေသည်။ ကျွန်ုပ် ထိုသို့ပြုလုပ်ရန် စိတ်မပါခြင်းသာ ဖြစ်သည်။ သင်တို့၏ သေးငယ်သော အကြံအစည်များကို ကျွန်ုပ် ထွင်းဖောက်မမြင်နိုင်ဟု သင်တို့ ထင်သလော။ သင်တို့သည် မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသရန် ဤသို့ပြုလုပ်နေခြင်းသာ မဟုတ်လော။ သင်တို့သည် ယင်းကို ဘုရားကို သက်သေခံခြင်း၊ ဘုရား၏ နာမတော်ကို သက်သေခံခြင်း၊ ဘုရား၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်း သက်သေခံခြင်းဟူ၍ စကားအလှသုံးကြပြီး သင်တို့သည် ဘုရားအတွက် သက်သေခံနေသည်ဟု ဆိုကြသော်လည်း အမှန်တကယ်တွင် သင်တို့သည် မိမိတို့ကိုယ်ကို သက်သေခံရန်နှင့် အခြားသူများထက် ထူးချွန်ရန်အလို့ငှာသာ ယင်းကို ပြုလုပ်နေခြင်းသာ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင် လူတို့အပေါ် ပြုလုပ်ခဲ့သော အလုပ်နှင့်ပတ်သက်သည့် သက်သေခံချက်အားလုံး၏ မှန်ကန်မှုကို သူတို့ အသိအမှတ်မပြုကြပေ။ ပြင်ပလောကရှိ အမျိုးမျိုးသော ပတ်ဝန်းကျင်များနှင့် အခြေအနေများ၊ နိုင်ငံတစ်နိုင်ငံချင်းစီ၏ အခြေအနေများနှင့် ပတ်သက်လာလျှင် အန္တိခရစ်တို့သည် ဘုရားသခင် မည်သို့ အလုပ်လုပ်နေသည်ကို ထွင်းဖောက်မမြင်နိုင်ကြသည့်အပြင် ဘုရားသခင် ပြင်ပလောက၏ ပတ်ဝန်းကျင်များကို ထိန်းသိမ်းခြင်း၊ ပြောင်းလဲခြင်း၊ သို့မဟုတ် စီစဉ်ညွှန်ကြားခြင်းတို့နှင့် ပတ်သက်လာလျှင် ကိုယ်တော် ဤအရာအားလုံးကို ပြုလုပ်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်အရာဖြစ်သည်ကို သူတို့ ထွင်းဖောက်မမြင်နိုင်ကြပေ။ သူတို့က “‘ဘုရားသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲ၏” ဆိုသည်မှာ အနှစ်မဲ့ပြီး ကြီးကျယ်သော စကားတစ်ခွန်းမျှသာ ဖြစ်သည်။ အမှန်တကယ်တွင် သင်တို့ မည်သည့်နိုင်ငံသို့ပင် သွားရောက်သည်ဖြစ်စေ ထိုနိုင်ငံ၏ အစိုးရကို သင်တို့ နာခံရမည် မဟုတ်လော။ သင်တို့သည် ထိုနိုင်ငံ၏ အစိုးရနှင့် ဥပဒေများ၏ ဘောင်ခတ်မှုများကို လက်အောက်ခံနေရသည် မဟုတ်လော။ ဤသည်မှာ ဘုရား အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲ၏ ဟူသော စကားသည် အသုံးမဝင်တော့ဟု ဆိုလိုခြင်း မဟုတ်လော။ သူ၏ အချုပ်အခြာအာဏာကို သူ မည်သို့ပင် ကျင့်သုံးသည်ဖြစ်စေ ယင်းက မည်သည့်နိုင်ငံ၏ အစိုးရနှင့် ဥပဒေများကိုမဆို ကျော်လွန်နိုင်မည်လော” ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ပြင်ပလောကရှိ ပတ်ဝန်းကျင်နှင့် အခြေအနေသည် အသင်းတော်နှင့် အသင်းတော်၏ အလုပ်အတွက် မသင့်လျော်သည်နှင့်တစ်ပြိုင်နက် အန္တိခရစ်တို့သည် လျှို့ဝှက်စွာ ပျော်ရွှင်ပြီး ထိုအကြောင်းကို ရယ်မောကြကာ၊ သူတို့၏ မကောင်းဆိုးဝါးမျက်နှာများကို ထုတ်ဖော်ပြကြသည်။ အသင်းတော်၏ အလုပ်သည် ချောမွေ့စွာ လည်ပတ်နေပြီး ဘုရားသခင်က ယင်းကို ကောင်းချီးပေးကာ ဦးဆောင်နေချိန်၊ အရာရာတိုင်း လမ်းကြောင်းမှန်ပေါ်၌ ရှိနေချိန်၊ ပြင်ပလောက၏ ပတ်ဝန်းကျင်မှ နှောင့်ယှက်မှု မရှိချိန်၊ ညီအစ်ကိုမောင်နှမများ၏ အခြေအနေများ ပို၍ပို၍ ကောင်းမွန်လာချိန်တွင် အန္တိခရစ်တို့၏ စိတ်နှလုံးများသည် ဂနာမငြိမ်ဖြစ်ပြီး စိတ်မရှည်ကြတော့ပေ၊ သူတို့သည် အလွန်အမင်း မနာလိုဝန်တိုဖြစ်ကြပြီး ကသိကအောက်ဖြစ်ကာ မုန်းတီးကြလေသည်။ အဘယ်ကြောင့် သူတို့ မုန်းတီးကြသနည်း။ သူတို့သည် ဘုရားသခင် ဤအရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲနိုင်သည်ကို မယုံကြည်ကြပေ။ အသင်းတော်သည် ဘုရားသခင်၏ အိမ်တော်ဖြစ်သည်၊ ယင်းမှာ ဘုရားသခင် သူ၏ စီမံခန့်ခွဲမှုအလုပ်ကို ပြုလုပ်သည့်နေရာ၊ ဘုရားသခင် လူသားမျိုးနွယ်ကို ကယ်တင်သည့်နေရာ၊ ဘုရားသခင်၏ အလိုတော် အတားအဆီးမရှိ သွားရောက်သည့်နေရာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ လူတို့၌ အကောင်အထည်ပေါ်ပြီး အတည်ပြုခြင်း ခံရနိုင်သည့်နေရာ ဖြစ်သည်။ အသင်းတော် ကောင်းမွန်စွာ လည်ပတ်နေသည့်အခါ၊ ယင်းက ဘုရားသခင်၏ သြဇာအာဏာ၏ လက်တွေ့ကျမှုကို ပြသသည့်အပြင် ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းဟူသည့် အချက်သည် တည်ရှိပြီး မှန်ကန်ကြောင်းကိုလည်း အတည်ပြုသည်။ ဤအချက် တည်ရှိပြီး အတည်ပြုခြင်း ခံရသည်နှင့်တစ်ပြိုင်နက် ယင်းမှာ အန္တိခရစ်တို့အနေဖြင့် မျက်နှာကို အရိုက်ခံရခြင်း ဖြစ်သည်။ မျက်နှာကို အရိုက်ခံရပြီးနောက် အန္တိခရစ်တို့သည် သူတို့၏ စိတ်နှလုံးထဲ၌ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် နှစ်သိမ့်မှုကို ခံစားကြရသလော၊ သို့မဟုတ် သူတို့သည် အာခံမှုနှင့် ဒေါသထွက်မှုကို ခံစားကြရသလော။ (သူတို့သည် အာခံမှုနှင့် ဒေါသထွက်မှုကို ခံစားကြရပါသည်။) သူတို့၏ စိတ်နှလုံးထဲ၌ သူတို့ အဘယ်အရာကို တွေးတောနေကြသနည်း။ သူတို့သည် ဘုရားသခင်ကို မုန်းတီးပြီး ဘုရားသခင်ကို ငြင်းပယ်ကြသည်။ ဤလူများ နှိပ်ကွပ်ခံရခြင်း၊ ဖိနှိပ်ခံရခြင်းနှင့် ဖယ်ကြဉ်ခံရခြင်းအပြင် လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းတစ်ခုမျှ မရှိခြင်းတို့ကြောင့် အပေါ်ယံတွင် အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများ၏ အခြေအနေသည် သိပ်ကောင်းမွန်ခြင်းမရှိပုံပေါက်လျှင် အန္တိခရစ်တို့သည် မိမိတို့၏ စိတ်နှလုံးတွင် အတော်ပျော်ရွှင်ပြီး ကျေနပ်သော်လည်း ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်အသက်တာ အလုံးစုံတို့ ရှင်သန်ပြီး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသည့်အခါတွင် အန္တိခရစ်တို့ မပျော်ကြချေ။ အဘယ်ကြောင့် သူတို့ မပျော်ရွှင်ကြသနည်း။ အကြောင်းမှာ ဤသည်မှာ သူတို့၏ အယူအဆများနှင့် အလွန် ကွဲလွဲနေပြီး ယင်းမှာ သူတို့ မမျှော်လင့်ထားသည့်အရာ ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပြည့်စုံပြီး အကောင်အထည်ပေါ်ခဲ့ရာ သူတို့၏ အမြင်များကို မှောက်လှန်ပစ်လိုက်သဖြင့် သူတို့ ဝမ်းနည်းကြသည်။ အန္တိခရစ်တို့ ပြသသည့် အတွေးအခေါ်များနှင့် အမြင်များအပြင် သူတို့၏ မကျေနပ်မှုဆိုင်ရာ စိတ်ခံစားမှုများအရဆိုလျှင် သူတို့သည် အဆင်းနီသော နဂါးကြီးနှင့် တူညီသော ရှုထောင့်အမြင်ကို စွဲကိုင်ထားကြသည် မဟုတ်လော။ သူတို့၏ သဘာဝအနှစ်သာရသည် အဆင်းနီသော နဂါးကြီး၏ သဘာဝအနှစ်သာရနှင့် တူညီသည် မဟုတ်လော။ ယင်းမှာ လုံးဝ တူညီပေသည်။
ကမ္ဘာလောကတစ်ခုလုံး၊ အရာခပ်သိမ်းနှင့် ဖန်ဆင်းခံအားလုံး လိုက်နာကြသော နိယာမများနှင့် စည်းမျဉ်းများနှင့်ပတ်သက်၍ အန္တိခရစ်တို့က ဤသို့ တွေးထင်ကြသည်၊ “သဘာဝတရားနှင့် ရာသီဥတုများသည် ရှေးယခင်ကတည်းက ဖြစ်ပေါ်ခဲ့သည်။ အကယ်၍ အချိန်ကြာမြင့်စွာ အေးခဲ့လျှင် ပူလာလိမ့်မည်၊ အကယ်၍ အချိန်ကြာမြင့်စွာ ပူခဲ့လျှင် အေးလာလိမ့်မည်။ သစ်ရွက်များ ကြွေကျရန် အချိန်တန်သည့်အခါ လေတိုက်လျှင် ၎င်းတို့ ကြွေကျလိမ့်မည်။ ဤအရာအားလုံးသည် အလွန် ပုံမှန်မဟုတ်လော။ ဤသည်မှာ ဘုရား၏ အချုပ်အခြာအာဏာ မည်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ ဘုရား သတ်မှတ်ထားသော နိယာမတစ်ခု မည်သို့ ဖြစ်နိုင်မည်နည်း။ ဘုရား၏ နိယာမများက အဘယ်အရာကို ပြုလုပ်နိုင်သနည်း။ လူတို့သည် တိရစ္ဆာန်များစွာကို သတ်ဖြတ်ခဲ့ကြသော်လည်း များစွာသော အကျိုးဆက်မရှိခဲ့ပေ၊ လူသားမျိုးနွယ်သည် ယခင်ကအတိုင်းပင် ဆက်လက်၍ အသက်ရှင်နေဆဲ မဟုတ်လော။ သူတို့က ဘုရားသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ဆိုကြသည်၊ သို့ဆိုလျှင် ဘုရားသည် ယင်းတို့အပေါ် မည်သို့ အချုပ်အခြာအာဏာ ကိုင်စွဲထားသည်ကို ငါ အဘယ်သို့ဖြစ်၍များ မမြင်ရသနည်း။ သူတို့က ဘုရားသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ဆိုကြသော်လည်း အဘယ်ကြောင့် ဆိုးယုတ်သောလူများ အမြဲတမ်း ကြီးပွားတိုးတက်နေပြီး လူကောင်းများမူကား ဘယ်သောအခါမျှ အသာစီးမရကြသနည်း” ဟူ၍ ဖြစ်လေသည်။ အဆုံးတွင် သူတို့ ဤသို့ ကောက်ချက်ချကြသည်၊ “ဤလောက၌ ကယ်တင်ရှင် မရှိပေ၊ လောကကို ကြိုးကိုင်ညွှန်ကြားနေသည်မှာ လူသားမျိုးနွယ်သာ ဖြစ်သည်။ ဤကမ္ဘာလောကကို အုပ်စိုးနေသည်မှာ ကမ္ဘာ၏ နိုင်ငံများမှ ကြီးမြတ်သော ပုဂ္ဂိုလ်များနှင့် ခေါင်းဆောင်များသာ ဖြစ်ပြီး ဤကမ္ဘာလောက၏ မြင်ကွင်းကို ပြောင်းလဲသူများမှာ ထိုလူများသာ ဖြစ်သည်။ ထိုကြီးမြတ်ပြီး အရည်အချင်း ရှိသောလူများ မရှိပါက ကမ္ဘာလောကသည် ပျက်စီးသွားပေလိမ့်မည်။ ဘုရား အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းနှင့် ပတ်သက်၍မူကား ငါ ယင်းကို မမြင်နိုင်ပေ။ ဘုရားသည် ယင်းတို့အပေါ် မည်သို့ အချုပ်အခြာအာဏာ ကိုင်စွဲသနည်း။ အဘယ်ကြောင့် ငါ ဤသည်ကို မခံစားရသနည်း။ အဘယ်ကြောင့် ငါ ဤသည်ကို နားမလည်နိုင်ရသနည်း။ အဘယ်ကြောင့် ဘုရား၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်း၌ လူ့အယူအဆများနှင့် ဆန့်ကျင်သော အရာများစွာ ပါဝင်နေရသနည်း။” သူတို့သည် ယင်းကို အသိအမှတ်ပြုခြင်း သို့မဟုတ် လက်ခံခြင်း မပြုနိုင်ကြပေ။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်း၊ ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည့် နည်းလမ်း၊ သူ၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်း၌ ဘုရားသခင် ထုတ်ဖော်ပြသည့် စိတ်သဘောထား၊ ဘုရားသခင်၏ လုပ်ဆောင်မှုစည်းမျဉ်းများ၊ ဘုရားသခင်၏ အနှစ်သာရ အစရှိသည်တို့နှင့် ပတ်သက်လာလျှင် သမ္မာတရားကို လိုက်စားကြသောသူတို့သည် သူတို့၏ သက်တမ်းတစ်လျှောက်လုံး၌ ဤအရာ၏ အစိတ်အပိုင်း အနည်းငယ်မျှကိုသာ သဘောပေါက်နားလည်နိုင်ကြသည်။ သို့တိုင် ဤသည်မှာ သူတို့ကို ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံစေရန်၊ ဖန်ဆင်းရှင် မိန့်ကြားခဲ့သော နှုတ်ကပတ်တော်အားလုံးကို ကျိုးနွံနာခံစေရန်၊ ဖန်ဆင်းရှင်ကို ဘုရားသခင်အဖြစ် အသိအမှတ်ပြုစေရန် လုံလောက်ပေသည်။ အချို့သောလူတို့က ဤအရာ၏ အစိတ်အပိုင်းအနည်းငယ်မျှကို နားလည်နိုင်ကြလျှင်ပင် သူတို့အနေဖြင့် ယင်းကို အပြည့်အဝ နားလည်ရန် မဖြစ်နိုင်ပေ၊ အကြောင်းမှာ ဘုရားသခင်၏ အလုပ်များစွာတို့သည် ကိုယ်တော်၏ အဆင့်အတန်းနှင့် ပင်ကိုလက္ခဏာမှ ဆောင်ရွက်ခြင်း ဖြစ်ပြီး ဤအလုပ်များနှင့် ဖန်ဆင်းခံလူသားများ၏ အတွေးအခေါ်၊ သိမြင်မှုအကြား ကွဲလွဲချက်တစ်ခု အမြဲတမ်း ရှိနေမည်ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့ သူတို့၏ သက်တမ်းတစ်လျှောက်လုံး၌ ကြုံတွေ့ရသည့်အရာများမှတစ်ဆင့် နားလည်နိုင်သော အနည်းငယ်မျှသော အရာကိုပင် သမ္မာတရားကို လိုက်စားကြသောသူများ၊ ထိုးထွင်းသိမြင်မှုနှင့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိကြသောသူများသာ သဘောပေါက်နားလည်နိုင်ကြသည်။ အရည်အချင်း ညံ့ဖျင်းသောသူများ၊ ထိုးထွင်းသိမြင်မှု ကင်းမဲ့ပြီး သမ္မာတရားကို လုံးဝ မချစ်မြတ်နိုးကြသောသူများအတွက်မူ ဤနားလည်မှု၏ အစိတ်အပိုင်းအနည်းငယ်မျှကိုပင် မရရှိနိုင်ပေ။ ဘုရားသခင်၏ အတွေးအခေါ်များသည် လူ၏ အတွေးအခေါ်များထက် မြင့်မားသည်ဟု မကြာခဏ ဆိုကြသည်။ ဤသည်မှာ လူသားများသည် ဖန်ဆင်းရှင်၏ အတွေးအခေါ်များကို အစဉ်သဖြင့် မမီနိုင်ကြသည့်အပြင် သူတို့ နားလည်မှု၏ အစိတ်အပိုင်းအနည်းငယ်မျှကို ရရှိခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်ဟု ဆိုလိုသည်။ သမ္မာတရားကို လိုက်စားကြသောသူများအတွက်မူ ဤသည်ကို ဘုရားသခင်၏ နောက်ဆုံးအဆင့် အလုပ်ကို လက်ခံသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ကြားနာပြီးနောက် သမ္မာတရားများစွာကို နားလည်ပြီး တွေ့ကြုံခံစားပြီးနောက်မှသာ ရရှိနိုင်သည်၊ ယင်းအတွက် တစ်သက်တာ ကြိုးပမ်းအားထုတ်မှု လိုအပ်သည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အခြေခံအားဖြင့် ငြင်းပယ်ကြသော အန္တိခရစ်တို့အတွက်မူ သူတို့၏ အနှစ်သာရအရ သူတို့သည် သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သော အရာများကို မချစ်မြတ်နိုးကြသည့်အပြင် ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အနှစ်သာရတို့နှင့် သက်ဆိုင်သည့် အရာတစ်ကိုမျှ သာ၍ပင် မချစ်မြတ်နိုးကြသောကြောင့် သူတို့သည် ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းဟူသော အချက်ကို အသိအမှတ်ပြုသည့်အဆင့်သို့ ဘယ်သောအခါမျှ ရောက်ရှိကြမည် မဟုတ်ပေ။ ဤအချက်ကို အသိအမှတ်ပြုခြင်းသည် သမ္မာတရားကို နားလည်ခြင်းနှင့် လိုက်စားခြင်းဟူသော အခြေခံအုတ်မြစ်ပေါ်၌ တည်ဆောက်ထားသော်လည်း အန္တိခရစ်တို့သည် သမ္မာတရားကို ငြင်းပယ်ကြသည်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြဘဲ ဘုရားသခင်ကို မုန်းတီးကြပြီး ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို သာ၍ပင် မုန်းတီးကြသည်။ သို့ဖြစ်၍ သူတို့အတွက် ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းဟူသော အချက်သည် အစဉ်အမြဲ အကယ်မတည်ရှိဘဲ ဖြစ်လိမ့်မည်။ “အကယ်မတည်ရှိ” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဤဉာဏ်မရှိသူများသည် ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းဟူသော အချက်ကို မည်သည့်အခါမျှ မြင်တွေ့ခြင်း သို့မဟုတ် နားလည်ခြင်း ရှိလိမ့်မည်မဟုတ်ဟု ဆိုလိုသည်။ ထို့ကြောင့် သူတို့သည် ယင်းကို သဘောမပေါက်နိုင်ကြပေ။ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းဟူသော အချက်၌ အမှုအရာများစွာ ပါဝင်ပြီး ယင်းက သမ္မာတရားများစွာအပြင် ဘုရားသခင်၏ ဉာဏ်ပညာနှင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့လည်း ပါဝင်ပေသည်။ ကိုယ်တော် အချုပ်အခြာအာဏာ ကိုင်စွဲသည့် အရာရာအလယ်၌ ဘုရားသခင်သည် အရာခပ်သိမ်းကို မည်သို့ စီစဉ်ညွှန်ကြားတော်မူသနည်း။ နည်းလမ်းများ၊ အချိန်ကာလနှင့် ဤအမှုအတွက် ဘုရားသခင်၏ ထည့်သွင်းစဉ်းစားမှုများအရ ကိုယ်တော်၏ စိတ်သဘောသည် ယင်းကို မည်သို့ အစီအစဉ်ချပြီး အသုံးချတော်မူသနည်း။ ဤရှုထောင့်များကို အခြေခံ၍ အကဲဖြတ်ရသော် ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းသည် ရိုးရှင်းသော အမှုတစ်ခု မဟုတ်ပေ၊ အတော်အတန် ရှုပ်ထွေးသော ဆက်စပ်မှုများ ပါဝင်ပတ်သက်နေသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု လုံးဝမရှိဘဲ သမ္မာတရားကို လက်မခံကြသော အန္တိခရစ်တို့ကဲ့သို့သော စဉ်းစားဉာဏ်မဲ့သူများသည် ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည့် နည်းလမ်းကို မည်သည့်အခါမျှ နားလည်ကြမည်မဟုတ်ပေ။ သူတို့သည် ယင်းကို ဘယ်သောအခါမျှ နားလည်ကြမည်မဟုတ်၊ သို့ဆိုလျှင် သူတို့သည် ယင်းကို အသိအမှတ်ပြုနိုင်ကြမည်လော။ (သူတို့ မပြုနိုင်ကြပါ။) အချို့က “သူတို့ နားမလည်နိုင်သောကြောင့် သူတို့ အသိအမှတ်မပြုကြခြင်း ဖြစ်သည်။ အကယ်၍ သူတို့ နားလည်နိုင်ခဲ့မည်ဆိုလျှင် သူတို့ အသိအမှတ်ပြုကြမည် မဟုတ်လော” ဟု ဆိုကြသည်။ ဤသည်မှာ ကောက်ချက်တစ်ခုမျှသာ ဖြစ်သည်၊ ကောက်ချက်များသည် ယုတ္တိဗေဒနှင့် ကိုက်ညီရုံမျှသာ ဖြစ်ပြီး ယင်းတို့သည် အချက်အလက်များနှင့် မလွဲမသွေ ကိုက်ညီခြင်းမျိုး မရှိပေ။ သို့ဆိုလျှင် အချက်အလက်များ၏ အမှန်တရားမှာ အဘယ်နည်း။ အန္တိခရစ်တို့သည် ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းဟူသော အချက်ကို မည်သည့်အခါမျှ အသိအမှတ်ပြုကြမည်မဟုတ်ပေ။ ယခုလောလောဆယ် အန္တိခရစ်တို့အကြောင်း မပြောဘဲ၊ ထိုအစား ကောင်းကင်တမန်မင်း၊ စာတန်၊ နတ်ဆိုး၊ အဆင်းနီသော နဂါးကြီးတို့အကြောင်းကို ပြောကြစို့။ ယင်းက ဘုရားသခင် ရွေးချယ်ထားသောလူများကို ညှဉ်းပန်းနှိပ်စက်သည်၊ အသင်းတော်ကို ပျက်စီးစေသည်၊ ဘုရားသခင်၏ အလုပ်ကို နှောင့်ယှက်သည်။ ဘုရားသခင် ယင်းအပေါ် ဘေးအန္တရာယ်များ ကျရောက်စေသည့်အခါ ယင်းကို ထိတ်လန့်တကြား ဖရိုဖရဲဖြစ်စေပြီး ဗျာများသွားပြီး အကြံအိုက်စေသည့်အခါ မဖြေရှင်းနိုင်တော့ဘဲ နောက်ဆုံးတွင် အသနားခံသည့် စကားတစ်ခွန်းကို ဟလာလေသည်။ “ကျွန်ုပ်သည် ကောင်းကင်ဘုံနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ မတိုက်ခိုက်တော့ပါ” ဟူ၍ဖြစ်သည်။ ဤစကားမှ မည်သည့်သတင်းအချက်အလက်ကို ကောက်ယူနိုင်သနည်း။ အဆင်းနီသော နဂါးကြီးသည် ကောင်းကင်ဘုံ တည်ရှိခြင်းနှင့် ဘုရားသခင် တည်ရှိခြင်းကို အသိအမှတ်ပြုသော်လည်း သူ၏ သဘာဝသည် မပြောင်းလဲပေ၊ သူသည် ဘုရားသခင်၏ တည်ရှိမှုကို အသိအမှတ်ပြုသော်ငြားလည်း ဘုရားသခင်ကို ဆန့်ကျင်ပြီး ကန့်ကွက်နေဆဲ ဖြစ်သည်။ ဘုရားသခင်ကို နိုင်အောင်မတိုက်ခိုက်နိုင်သည့်အခါ သူသည် ကောင်းကင်ဘုံနှင့် နောက်ထပ် မတိုက်ခိုက်တော့ဟု ဆိုလျက် အသနားခံသော်လည်း သူသည် အမှန်တကယ် နှိပ်ကွပ်ခြင်းခံရပြီး အသနားခံနေခြင်းလော။ မဟုတ်ပေ၊ သူ ပြန်လည်ကောင်းမွန်လာသည့်အခါ သူသည် ဆက်လက်၍ တိုက်ခိုက်လိမ့်မည်၊ ဤသည်မှာ သူ၏ သဘာဝဖြစ်ပြီး သူ၏ သဘာဝသည် မပြောင်းလဲပေ။ အန္တိခရစ်တို့၌ ဤတူညီသော သဘာဝ ရှိကြသည်။
အရာခပ်သိမ်းအပေါ် သူ၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်းအတွင်း လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်းကို အန္တိခရစ်တို့သည် မည်သို့ ရှုမြင်ကြသနည်း။ ဤသည်မှာ အလွန် အသေးစိတ်ကျသော ကိစ္စရပ်တစ်ခု ပါဝင်သည်။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်းနှင့် ပတ်သက်လာလျှင် “အရာခပ်သိမ်း” ဟူသော အယူအဆသည် ကြီးမားပြီး ကျယ်ပြန့်လွန်းသည်၊ အန္တိခရစ်တို့သည် ယင်းကို လက်မခံနိုင်ကြပေ၊ သူတို့သည် ယင်းကို မမြင်နိုင်ကြဘဲ ယင်းကို ထွင်းဖောက်မမြင်နိုင်ကြပေ။ သို့ဆိုလျှင် ဘုရားသခင် သူတို့၏ ကိုယ်ပိုင်ကံကြမ္မာများအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားပုံကို အန္တိခရစ်တို့ ကျိုးနွံနာခံကြသလော။ သူတို့ ဤသည်ကို သဘောပေါက်နားလည်ကြသလော။ သူတို့ ဤသည်ကို နားလည်ကြသလော။ သူတို့ ဤသည်ကို အသိအမှတ်ပြုနိုင်ကြမည်လော။ အသိအမှတ်ပြုနိုင်ခြင်း သာ၍ပင် နည်းလေသည်။ အန္တိခရစ်တို့သည် သူတို့၏ လက်တွေ့ဘဝများ၌ ကောင်းသောအရာအားလုံးကို မိမိတို့၏ ကိုယ်ပိုင်ကြိုးပမ်းမှုများမှတစ်ဆင့် ရရှိခဲ့သည်ဟု ယုံကြည်ကြသည်။ ဥပမာအနေဖြင့် အကယ်၍ သူတို့ တက္ကသိုလ်တစ်ခုသို့ ဝင်ခွင့်ရရှိပါက သူတို့သည် ဤသည်ကို သူတို့၏ စာပေလေ့လာမှု၌ ကောင်းမွန်စွာ လုပ်ဆောင်ခြင်းကြောင့်ဟု မှတ်ယူကြပြီး သူတို့သည် ဂုဏ်သိက္ခာရှိသော တက္ကသိုလ်တစ်ခုသို့ တက်ရောက်ရန် မွေးဖွားလာခဲ့သည်ဟု ယုံကြည်ကြသည်။ အကယ်၍ သူတို့သည် ကောင်းမွန်သော ဘဝဖြင့် နေထိုင်နေပြီး ငွေေရှာနိုင်ခဲ့ပါက သူတို့သည် မိမိတို့ကိုယ်ကို ချမ်းသာကြွယ်ဝရန်အတွက် သင့်တော်သူများအဖြစ် မှတ်ယူကြသည်၊ အကြောင်းမှာ ဗေဒင်ဆရာများက သူတို့၌ သာယာဝပြောသော ဘဝရှိမည်ဖြစ်ပြီး အရာရှိတစ်ဦး ဖြစ်လာလောက်အောင်ရော၊ ငွေကြေးအရ အလွန်အဆင်ပြေအောင်ပါ နှစ်မျိုးလုံး ကံကောင်းလိမ့်မည်ဟု သူတို့ကို ပြောကြားခဲ့သောကြောင့် ဖြစ်သည်။ အမှုအရာများ မှားယွင်းသွားသည့်အခါ၊ သို့မဟုတ် သူတို့ မျှော်လင့်ထားသည့်အတိုင်း မဖြစ်သည့်အခါ၊ သူတို့ ဆင်းရဲဒုက္ခခံစားရသည့်အခါ သူတို့ ဤသို့ စတင်၍ ညည်းညူလာကြသည်၊ “အဘယ်ကြောင့် ငါ့အတွက် အမှုအရာများ ထိုမျှ ဆိုးရွားစွာ ဖြစ်ပျက်နေရသနည်း။ အဘယ်ကြောင့် ငါ၏ ကံကြမ္မာ ထိုမျှ ဆိုးရွားနေရသနည်း။ ငါ၏ ကံကြမ္မာမှာ ဆိုးဝါးလှသည်တကား” ဟူ၍ ဖြစ်သည်။ သူတို့သည် ဤအမှုအရာများကို လူ့ရှုထောင့်အမြင်မှ အဓိပ္ပာယ်ဖွင့်ဆိုပြီး ရှုမြင်ကြသည်။ အကယ်၍ အရာရာတိုင်း ချောမွေ့နေပါက သူတို့သည် အလွန် အောက်ခြေလွတ်လာကြပြီး အချိန်ပြည့် မိမိတို့ကိုယ်ကို ကြွားဝါကြကာ ကြမ်းကြုတ်ပြီး ခြိမ်းခြောက်သော ဟန်ပန်ကို ပြုလုပ်လျက် ရိုင်းစိုင်းစွာ၊ မာနထောင်လွှားစွာ ပြုမူကြသည်၊ သို့သော် အမှုအရာများ သူတို့အလိုအတိုင်း မဖြစ်သည့်အခါ သူတို့သည် ဘုရားသခင်နှင့် အခြားလူများကို အပြစ်တင်ကြပြီး အမှုအရာများကို ပြောင်းပြန်လှန်ကာ အခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းရှာဖွေရန် ကြိုးစားကြသည်။ ဘုရားသခင် စီရင်ခန့်ခွဲပြီး ပြုတော်မူသမျှ ကောင်းမြတ်သည်ဟု သူတို့ ဆိုကြသော်လည်း ဆိတ်ကွယ်ရာတွင် သူတို့သည် ဦးနှောက်ခြောက်အောင် စဉ်းစားကြပြီး အမှုအရာများကို ပြောင်းပြန်လှန်ရန်နှင့် အခြေအနေမှ လွတ်မြောက်ရန် သို့မဟုတ် ပြောင်းလဲရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုဖို့ ကြိုးစားလျက် ဤသို့ ဆိုကြသည်၊ “ကျွန်ုပ်၏ ကံကြမ္မာက ဤမျှဆိုးရွားသည်ကိုလည်းကောင်း၊ ကျွန်ုပ်၏ကံ ဤမျှဆိုးဝါးသည်ကိုလည်းကောင်း ကျွန်ုပ် ယုံကြည်ဖို့ ငြင်းဆန်သည်။ လောကကြီး ထိုမျှ မတရားသည်ကိုလည်းကောင်း၊ ကျွန်ုပ်ကဲ့သို့သော အရည်အချင်း ရှိသူတစ်ဦးသည် နောက်ဆုံးတွင် အသိအမှတ်ပြုခြင်း မခံရမည်ကိုလည်းကောင်း၊ ကျွန်ုပ် ထင်ပေါ်ရန်အချိန် မည်သည့်အခါမျှ ရောက်လာမည် မဟုတ်သည်ကိုလည်းကောင်း ကျွန်ုပ် လက်မခံနိုင်ပေ။ အမှန်တကယ်တွင် ကံကြမ္မာဆိုသည်မှာ အခွံ သက်သက်မျှသာ ဖြစ်သည်၊ ယင်းမှာ ဆိုရိုးတစ်ခုမျှသာ ဖြစ်သည်၊ ယင်းသည် လူတစ်ဦး၏ ကိုယ်ပိုင်ကြိုးပမ်းမှုများနှင့် ရုန်းကန်မှုများအပေါ်၌သာ မူတည်သည်။ ‘လူတို့တွင် အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမြတ်ဆုံးသော ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ရမည်။’ ဟူသော ဆိုရိုးအတိုင်းပင် ဖြစ်သည်။ ဤသည်မှာ အမြင့်မြတ်ဆုံးသော အယူဖြစ်သည်၊ ကျွန်ုပ်သည် ဤသည်ကို မည်သည့်အခါမျှ မမေ့သင့်ပါ။ ကျွန်ုပ်သည် မိမိကိုယ်ကို လှုံ့ဆော်ရန် ယင်းကို အသုံးပြုရမည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင် ပြုတော်မူသမျှ ကောင်းမြတ်သည်၊ ဘုရားသခင်သည် အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲပြီး သူတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသည်ဟု သူတို့ အကြိမ်ကြိမ် ဆိုကြသော်လည်း အဆုံးတွင်မူ သူတို့က “လူတို့တွင် အကြီးမြတ်ဆုံးသောသူ ဖြစ်လာရန်အတွက် အကြီးမြတ်ဆုံးသော ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ရမည်။” ဟု ဆိုကြသည်။ အပေါ်ယံတွင် သူတို့သည် ဝိညာဉ်ရေးရာ စကားများကို ပြောဆိုကြသော်လည်း ဆိတ်ကွယ်ရာတွင်မူကား သူတို့ အကောင်အထည်ဖော်သည့်၊ လက်တွေ့လုပ်ဆောင်သည့်၊ လိုက်နာသည့် စည်းမျဉ်းများသည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်၏ အတွေးအခေါ်များ၊ ၎င်း၏ ယုတ္တိဗေဒနှင့် အတွေးများသာ ဖြစ်သည်။ ဤအရာ၌ ကျိုးနွံနာခံခြင်း တစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) ဤသည်မှာ အန္တိခရစ်တို့ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲခြင်းဟူသော အချက်ကို ရှုမြင်ပုံ၊ နားလည်ပုံနှင့် ကိုင်တွယ်ပုံ ဖြစ်သည်။ ဤသရုပ်သကန်များနှင့် ဥပမာများအရ အန္တိခရစ်တို့သည် ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းဟူသော အချက်ကို အသိအမှတ်ပြုပြီး ယုံကြည်ကြသလော၊ သို့မဟုတ် သူတို့သည် ယင်းကို သံသယဝင်ပြီး ပြစ်တင်ရှုတ်ချကြသလော။ (သူတို့သည် ယင်းကို သံသယဝင်ပြီး ပြစ်တင်ရှုတ်ချကြပါသည်။) သူတို့ မည်သို့ပင် ဆိုစေကာမူ သူတို့၏ လက်တွေ့ သရုပ်သကန်များအရဆိုလျှင် အန္တိခရစ်တို့သည် ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲခြင်းဟူသော အချက်ကို အခြေခံအားဖြင့် မထီမဲ့မြင်ပြုကြပြီး ယင်းကို မယုံကြည်ကြပေ။ အချို့သော အန္တိခရစ်တို့သည် အဓိပ္ပာယ်မဲ့သော စကားများကိုပင် ပြောကြသည်၊ “သင်သည် မည်သည့်အရာအတွက်မျှ မကြိုးစားဘဲ ဘုရား၏ အချုပ်အခြာအာဏာကို ဘာသိဘာသာ စောင့်ဆိုင်းနေ၍ မည်သို့ဖြစ်နိုင်မည်နည်း။ သင်တို့သည် ကိုယ့်အစားအစာကိုယ် ချက်ရန် မလိုအပ်ဘူးလော။ သင်တို့သည် ကောင်းကင်မှ ပိုင်မုန့်များ ကျလာမည်ကို ပါးစပ်ဖွင့်၍ စောင့်ဆိုင်းနေနိုင်မည်လော။ ဘုရား မည်သို့ပင် အချုပ်အခြာအာဏာ ကိုင်စွဲစေကာမူ လူတို့သည် ကြိုးစားအားထုတ်ပြီး လုပ်ဆောင်ရန် လိုအပ်နေဆဲ မဟုတ်လော” ဟူ၍ဖြစ်သည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲခြင်းဟူသော အချက်ကို အသိအမှတ်ပြုရန် ငြင်းဆိုသည်သာမက သူတို့သည် ယင်းကို ငြင်းပယ်ပြီး အဓိပ္ပာယ်ကောက်လွဲကြသည်။ ယင်းကို မှားယွင်းစွာ အဓိပ္ပာယ်ကောက်လွဲရာ၌ သူတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူတို့သည် မိမိတို့ အလိုရှိသော အကျိုးအမြတ်အားလုံးအတွက် စဉ်းလဲစွာ တိုက်ခိုက်ရန်အတွက် အခြေခံအကြောင်းပြချက်နှင့် ဆင်ခြေတစ်ခုကို ရှာဖွေနေကြခြင်း ဖြစ်သည်။ အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များအရ ဘုရားသခင်၏ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲခြင်းဟူသော အချက်အပေါ် သူတို့၏ စစ်မှန်သော ရှုထောင့်အမြင်မှာ အဘယ်နည်း။ မယုံကြည်မှု၊ ငြင်းပယ်မှုနှင့် ပြစ်တင်ရှုတ်ချမှုဟူသည့် သူတို့၏ စစ်မှန်သော ရှုထောင့်အမြင် ဖြစ်သည်။
ယနေ့ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သော အချက်နှစ်ချက်တွင် ငါတို့သည် အဓိကအားဖြင့် အန္တိခရစ်တို့ ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ခြင်း၏ သရုပ်သကန်ကို စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည်။ ဤမိတ်သဟာယဖွဲ့ခြင်းကို နားထောင်ပြီးနောက် သင်တို့ နားလည်သဘောပေါက်မှု တစ်စုံတစ်ရာ ရရှိခဲ့ကြသလော။ မည်သည့်လူများ၌ ဤပြဿနာများ ရှိကြသနည်း။ အန္တိခရစ်တို့၏ စိတ်သဘောထားကို ပိုင်ဆိုင်သော်လည်း အန္တိခရစ်တို့၏ အနှစ်သာရကို မပိုင်ဆိုင်ဘဲ ပြောင်းလဲနိုင်သော လူစားမျိုးမှာ အဘယ်နည်း။ တစ်ပုံစံတည်းသော ပြဿနာများ ရှိကြသော်လည်း အန္တိခရစ်တို့၏ အနှစ်သာရကို ပိုင်ဆိုင်ကြပြီး မပြောင်းလဲနိုင်သော၊ ဘုရားသခင်၏ ထာဝရရန်သူများဖြစ်ကြပြီး ကယ်တင်ခြင်းကို ခံရမည့်သူများမဟုတ်ဘဲ ဖျက်ဆီးခြင်းခံရမည့်သူများ ဖြစ်ကြသော လူများမှာ အဘယ်နည်း။ သင်တို့သည်လည်း ဤသရုပ်သကန်များကို ထုတ်ဖော်ပြသကြသလော။ သင်တို့ ပြောင်းလဲနိုင်သည်ဟု သင်တို့ ခံစားကြသလော။ သင်တို့သည် သမ္မာတရားကို လက်ခံပြီး ဤအတွေးအခေါ်များကို ပြောင်းလဲရန်နှင့် အစားထိုးရန် ယင်းကို အသုံးပြုနိုင်ကြပါမည်လော။ (အသုံးပြုနိုင်ပါမည်။) မည်သည့်လူများ မပြောင်းလဲနိုင်ကြသနည်း။ ဇိမ်ခံဘဝများဖြင့် နေထိုင်ကြသော၊ နန်းတော်များကဲ့သို့ အလှဆင်ထားသော အိမ်ကြီးများ၌ နေထိုင်ကြပြီး ဇိမ်ခံကားအများအပြား ပိုင်ဆိုင်ကြသော ဘာသာတရားမရှိသူများကို မြင်တွေ့ရသည့်အခါ စုံစမ်းသွေးဆောင်ခြင်းခံရပြီး ဤသို့ မြည်တမ်းတတ်သော လူစားမျိုး ရှိသည်၊ “ချမ်းသာရသည်မှာ၊ အရာရှိဖြစ်ရသည်မှာ၊ အရည်အချင်းရှိရသည်မှာ ကောင်းလိုက်လေခြင်း။ သူသည် အဘယ်ကြောင့် အလွန်ပင် အရည်အချင်းရှိရသနည်း။ သူသည် အဘယ်ကြောင့် အလွန်ပင် ကံကောင်းရသနည်း။ သူသည် မည်သို့များ ငွေရှာခဲ့သနည်း” ဟူ၍ ဖြစ်၏။ တစ်စုံတစ်ဦး၌ လူမှုအဆင့်အတန်း ရှိသည်ကို သူတို့ မြင်တွေ့သည့်အခါတိုင်း သူတို့သည် အထူးသဖြင့် ထိုသူတို့ကို မြှောက်ပင့်ပြောဆိုခြင်း၊ မျက်နှာလုပ်ခြင်း၊ ဖော်လံဖားရန် ကြိုးစားခြင်းတို့ ပြုလုပ်ကြပြီး သူတို့အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန်၊ မည်သည့်အတိုင်းအတာအထိမဆို ခယရန် လိုလိုလားလား ရှိကြသည်။ သူတို့သည် လူ့အဖွဲ့အစည်းရှိ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို အထူးသဖြင့် ချစ်မြတ်နိုးကြပြီး မကြာခဏ ယင်းတို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်လိုကြကာ ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်ခြင်းက ထိုသို့ပြုလုပ်ခြင်းမှ သူတို့ကို တားဆီးသည့်အခါ စိတ်သောကရောက်ကြရသည်။ ထိုထက်ပို၍ပင် သူတို့သည် လောကက သူတို့ကို နောက်ချန်ထားခဲ့သည်ဟု ခံစားကြရကြောင်း၊ သူတို့သည် အထီးကျန်ကြောင်း၊ သူတို့သည် ကူကယ်ရာမဲ့ကြောင်း၊ သူတို့ကို အားဖြည့်ပေးမည့်အရာ တစ်ခုမျှမရှိကြောင်း၊ နှစ်သိမ့်မှု မရှာဖွေနိုင်ကြောင်း ခံစားကြရပြီး သူတို့ မကြာခဏ စိတ်နှလုံးကြေကွဲကြရသည်။ ငွေကြေးနှင့် တန်ခိုးအာဏာရှိသူများ လူ့အဖွဲ့အစည်း၌ သူတို့၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရင်း အောင်မြင်မှုကို မွေ့လျော်ခံစားနေကြသည်ကို မြင်တွေ့ရသည့်အခါ အလွန်ပင် လေးစားကြည်ညိုပြီး ဤအရာကို မကြာခဏ ချီးကျူးထောမနာပြုကာ ဤသို့ ဆိုတတ်သော အခြားလူစားမျိုးလည်း ရှိသည်၊ “သူတို့ လူတစ်ဦးကို သတ်ခဲ့သော်လည်း သူတို့တွင် ငွေနှင့် အဆက်အသွယ်များ ရှိသောကြောင့် အဖြစ်အနေဖြင့် သုံးလေးရက်သာ အချုပ်ကျခံလိုက်ရပြီး ပြန်ထွက်လာသည်။ ယင်းမှာ တကယ့် စွမ်းဆောင်ရည်ဖြစ်၏” ဟူ၍ဖြစ်သည်။ သူတို့သည် လူ့အဖွဲ့အစည်းရှိ ထိုသို့သောလူများကို အလွန် လေးစားပြီး အထင်ကြီးကြသည်။ လူ့အဖွဲ့အစည်းရှိ ထိလွယ်ရှလွယ်သော နိုင်ငံရေးအကြောင်းအရာများကို အထူးအာရုံစိုက်ပြီး အလွန်အမင်း အရေးစိုက်သည့်၊ နိုင်ငံရေးနှင့် သက်ဆိုင်သော အချို့သော ကိစ္စရပ်များ၌ ပါဝင်ပတ်သက်ရန်နှင့် မိမိတို့ကိုယ်ကို စိတ်နှစ်ထားရန်ပင် အမှန်တကယ် လိုလားသော နောက်ထပ် လူစားတစ်မျိုးလည်း ရှိသေးသည်။ ဤသို့သော လူစားများနှင့် အခြားအလားတူ လူစားများသည် စိတ်ထဲ၌ ဘုရားသခင်အပေါ် အန္တိခရစ်တို့နှင့် တူညီသော သဘောထား ရှိကြသည်၊ သူတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ၊ သူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အသိအမှတ်မပြုကြ သို့မဟုတ် ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသည်ဟူသော အချက်ကို အသိအမှတ်မပြုကြပေ။ ဤလူများသည် အန္တိခရစ်တို့နှင့် တစ်သိုက်တည်း ဖြစ်ကြသည်။ သူတို့သည် အသင်းတော် သို့မဟုတ် ဘုရားသခင်၏ အိမ်တော်နှင့် မသက်ဆိုင်သည့်အပြင် နောက်ဆုံးတွင် ဖယ်ရှားခြင်း ခံကြရလိမ့်မည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်သောသူများနှင့် သင့်မြတ်အောင် မနေနိုင်ကြသည့်အပြင် သူတို့ လျှောက်လှမ်းသော လမ်းခရီးသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ဆန့်ကျင်နေသည်။ ဤလူများအားလုံးသည် အန္တရာယ်ရှိကြသည်၊ သူတို့သည် ယခုအချိန်အထိ မည်သည့်မကောင်းမှုမျှ မပြုလုပ်သေးသည့်တိုင်၊ ဘုရားသခင်ကို ပွင့်လင်းစွာ ငြင်းပယ်ခြင်း၊ ဝေဖန်သုံးသပ်ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း မပြုလုပ်သေးသည့်တိုင် သို့မဟုတ် အသင်းတော်၌ လူတို့ကို ပွင့်လင်းစွာ အထင်အမြင်မှားစေပြီး အဆင့်အတန်းအတွက် ယှဉ်ပြိုင်ခြင်း မပြုလုပ်သေးသည့်တိုင် သူတို့သည် အန္တိခရစ်တို့၏ အနှစ်သာရကို ပိုင်ဆိုင်ကြသည်၊ အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို အခြေခံအားဖြင့် အသိအမှတ်မပြုကြသည့်အပြင် ဘုရားသခင် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသည်ဟူသော အချက်ကို သာ၍ပင် အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ သူတို့သည် ကောက်ကျစ်ဆိုးယုတ်သော အင်အားစုများတွင် ပါဝင်ပြီး စာတန်နှင့် တစ်သိုက်တည်း ဖြစ်ကြသည်။ သူတို့သည် ကောက်ကျစ်ဆိုးယုတ်မှုကို ကြည်ညိုလေးစားကြပြီး နတ်ဆိုးများနှင့် စာတန်က ထောက်ခံအားပေးသည့် မည်သည့် မိစ္ဆာဒိဋ္ဌိအယူဝါဒ သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာကိုမဆို၊ ထို့အပြင် လောက၌ ပေါ်ပေါက်လာသော၊ ရေပန်းစားသော၊ သို့မဟုတ် ပျံ့နှံ့နေသော မည်သည့်ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းကိုမဆို ကြည်ညိုလေးစားကြသည်။ သူတို့သည် ဘုရားအိမ်တော် သို့မဟုတ် အသင်းတော်နှင့် မသက်ဆိုင်သည့်အပြင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ မဟုတ်ကြပေ။ ဤလူများသည် ဘုရားသခင်၏ စစ်မှန်သော ရန်သူများ ဖြစ်ကြသည်၊ သူတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်