အချက် ၁၅- ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏ (အပိုင်း ၂)
ယနေ့တွင် ငါတို့သည် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များထဲမှ ဆယ့်ငါးခုမြောက်အချက်ဖြစ်သည့် ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြ၊ ထို့ပြင် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏ ကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ငါတို့၏ နောက်ဆုံး မိတ်သဟာယဖွဲ့ခြင်းအတွင်း ငါတို့သည် ဤအကြောင်းအရာကို အပိုင်းနှစ်ပိုင်း ခွဲခဲ့သည်။ ပထမပိုင်းမှာ ဘုရားသခင်၏ တည်ရှိမှုကို အန္တိခရစ်များ မယုံကြည်ခြင်း၏ အမျိုးမျိုးသော သရုပ်သကန်များဖြစ်ပြီး ယင်းကို ငါတို့က အချက်နှစ်ချက် ထပ်မံခွဲခဲ့သည်၊ ပထမဦးစွာ အန္တိခရစ်များသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ငြင်းပယ်ခြင်း၊ ဒုတိယအနေဖြင့် အန္တိခရစ်များသည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ငြင်းပယ်ခြင်းတို့ ဖြစ်သည်။ ပြီးခဲ့သည့်အခေါက်က ငါတို့သည် အန္တိခရစ်များက ဘုရားသခင်၏ အနှစ်သာရ သို့မဟုတ် သူ၏ စိတ်သဘောထားကို အသိအမှတ်မပြုပုံ၊ ဘုရားသခင် ပြုလေသမျှသည် သမ္မာတရားဖြစ်ပြီး သူ၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုသည်ကို အန္တိခရစ်များက အသိအမှတ်မပြုပုံနှင့် ဘုရားသခင် ပြုလေသမျှ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်နှင့် သမ္မာတရားကို အန္တိခရစ်များက အသေအချာပင် လက်မခံပုံတို့ကို အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့သည်။ အန္တိခရစ်များသည် စာတန်ကို ကိုးကွယ်ကြသည်၊ စာတန်ကို ဘုရားသခင်အဖြစ် မှတ်ယူကြပြီး ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အနှစ်သာရနှင့် သူပြုလေသမျှကို တိုင်းတာသည့် အခြေခံနှင့် စံနှုန်းအဖြစ် စာတန်၏ စကားများနှင့် ရှုထောင့်အမြင်အားလုံးကို အသုံးပြုကြသည်။ သို့ဖြစ်၍ ၎င်းတို့၏ စိတ်နှလုံးထဲ၌ စာတန်ပြုလုပ်သည့်အရာကို ၎င်းတို့သည် အကြိမ်ကြိမ် ချီးမြှောက်ပြီး ကိုးကွယ်ကြသည်၊ ၎င်းတို့သည် စာတန်၏ လုပ်ဆောင်ချက်များကို ချီးကျူးထောမနာ ပြုကြပြီး ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရနေရာ၌ အစားထိုးရန် စာတန်ကို အသုံးပြုကြသည်။ သာ၍ဆိုးသည်မှာ စာတန်ပြုလေသမျှကို ၎င်းတို့ အသိအမှတ်ပြုခြင်းအပေါ် အခြေခံလျက် ၎င်းတို့သည် အချိန်တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အပေါ် မေးခွန်းထုတ်ပြီး အယူအဆများနှင့် ဝေဖန်သုံးသပ်ချက်များကို ထားရှိကြကာ အဆုံးတွင် ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို ပြစ်တင်ရှုတ်ချကြသည်။ ထို့ကြောင့် ဘုရားသခင်နောက် လိုက်လျှောက်သည့် ဖြစ်စဉ်တွင် အန္တိခရစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်၊ ၎င်းတို့၏ သမ္မာတရား၊ သို့မဟုတ် ၎င်းတို့၏ ဘဝလမ်းညွှန်မှုနှင့် ပန်းတိုင်အဖြစ် လက်မခံကြပေ။ ထိုအစား ၎င်းတို့သည် အချိန်တိုင်း ဘုရားသခင်ကို ဆန့်ကျင်ကြပြီး ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ၊ စာတန်၏ ယုတ္တိဗေဒနှင့် အတွေးအခေါ်များ၊ စာတန်၏ စိတ်သဘောထားနှင့် နည်းလမ်းများကဲ့သို့သော အရာများဖြင့် တိုင်းတာကြသည်။ ဘုရားသခင်နောက် လိုက်လျှောက်သည့် ဖြစ်စဉ်တွင် ၎င်းတို့သည် ဘုရားသခင်ကို အဆက်မပြတ် သံသယဝင်ခြင်း၊ သင်္ကာမကင်းဖြစ်ခြင်း၊ စောင့်ကြည့်ခြင်း၊ အစဉ်မပြတ် ဝေဖန်သုံးသပ်ခြင်းတို့ကို ပြုကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ ကိုယ်တော်ကို မထီမဲ့မြင်ပြုသည်၊ ပြစ်တင်ရှုတ်ချသည်၊ ပြီးလျှင် ငြင်းပယ်ကြသည်။ အန္တိခရစ်တို့ လုပ်ဆောင်သည့် ဤအရာအားလုံးနှင့် ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များသည် ၎င်းတို့သည် ဘုရားသခင်၏ နောက်လိုက်များ၊ စစ်မှန်သော ယုံကြည်သူများ၊ သို့မဟုတ် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးသူများ မဟုတ်ကြောင်း၊ ထိုအစား ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ ရန်သူများဖြစ်ကြောင်း အမှန်ပင် သက်သေပြသည်။ ဤလူတို့သည် ဘုရားအိမ်တော်သို့၊ အသင်းတော်သို့ လာသောအခါ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် သို့မဟုတ် ဘုရားသခင် ရှေ့မှောက်သို့လာပြီး သူ၏ နှုတ်ကပတ်တော်များကို အသက်အဖြစ် လက်ခံရန် ဤနေရာသို့ ရောက်လာကြခြင်း မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် ဤနေရာသို့ အဘယ်အရာ လာလုပ်ကြသနည်း။ ဤလူတို့သည် ဘုရားအိမ်တော်သို့ လာသောအခါ ပထမဦးစွာ ၎င်းတို့သည် အနည်းဆုံးအားဖြင့် ၎င်းတို့၏ စူးစမ်းလိုစိတ်ကို ဖြည့်ဆည်းရန် ကြိုးစားနေကြခြင်း ဖြစ်သည်၊ ဒုတိယအနေဖြင့် ၎င်းတို့သည် ဤရေစီးကြောင်းနောက် လိုက်လိုကြသည်၊ တတိယအနေဖြင့် ၎င်းတို့သည် ကောင်းချီးမင်္ဂလာများကို လိုချင်ကြသည်။ ဤသည်တို့မှာ ၎င်းတို့၏ စိတ်ရင်းများနှင့် ရည်ရွယ်ချက်များဖြစ်ပြီး ထိုမျှသာ ဖြစ်သည်။ အန္တိခရစ်များ၏ သဘာဝအနှစ်သာရအပေါ် အခြေခံ၍ အကဲဖြတ်ရလျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ အသက်အဖြစ် လက်ခံရန် ဘယ်သောအခါမျှ ရည်ရွယ်ခြင်းမရှိ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများအဖြစ် သို့မဟုတ် ၎င်းတို့၏ ဘဝလမ်းညွှန်မှုနှင့် ပန်းတိုင်အဖြစ် မှတ်ယူရန် ဘယ်သောအခါမျှ အစီအစဉ်မရှိသည့်အပြင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အမြင်များကို ပြောင်းလဲရန် သို့မဟုတ် စွန့်လွှတ်ရန်၊ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို ပြောင်းလဲရန် သို့မဟုတ် စွန့်လွှတ်ရန်၊ ဘုရားသခင်ရှေ့မှောက်သို့လာပြီး လုံးလုံးလျားလျား နောင်တရရန်၊ ကိုယ်တော်၏ ရှေ့မှောက်၌ မိမိတို့ကိုယ်ကို ပျပ်ဝပ်ပြီး ကိုယ်တော်ကို ၎င်းတို့၏ ကယ်တင်ရှင်အဖြစ် လက်ခံရန် မည်သည့်အခါမျှ အစီအစဉ်မရှိပေ။ ၎င်းတို့၌ ထိုသို့သော ရည်ရွယ်ချက်များ မရှိပေ။ ၎င်းတို့သည် မိမိတို့ မည်မျှ ကြီးမြတ်ကြောင်း၊ မည်မျှ လုပ်နိုင်စွမ်းရှိကြောင်း၊ မည်မျှ တန်ခိုးကြီးကြောင်း၊ ဆုကျေးဇူးနှင့် ပါရမီရှိကြောင်း၊ ဘုရားအိမ်တော်၏ ထောက်တိုင်နှင့် ကျောရိုးသဖွယ် မည်သို့ ဖြစ်လာနိုင်ကြောင်း စသည်တို့ကို ဘုရားသခင်ရှေ့မှောက်၌ ဆက်လက်၍သာ ကြွားဝါနေကြပြီး ထိုသို့ဖြင့် ဘုရားအိမ်တော်၌ အလွန်အမင်း အထင်ကြီးလေးစားခြင်း ခံရရန်၊ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရရန်၊ ဘုရားအိမ်တော်၌ ရာထူးတိုးမြှင့်ခြင်း ခံရရန်ဟူသော ၎င်းတို့၏ ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်စေရန် ရည်ရွယ်ကြကာ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည်။ ထိုမျှသာမက ၎င်းတို့သည် “ဤဘဝတွင် အဆတစ်ရာနှင့် နောင်ဘဝတွင် ထာဝရအသက်” ဟူသော ၎င်းတို့၏ ရည်မှန်းချက်၊ လိုအင်ဆန္ဒနှင့် အစီအစဉ်ကိုလည်း ဖြည့်ဆည်းလိုကြသည်။ ၎င်းတို့သည် ဤရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် အစီအစဉ်များကို တစ်ခါမျှ စွန့်လွှတ်ခဲ့ဖူးသလော။ ၎င်းတို့သည် ဤပြဿနာများကို မိမိတို့၏ဆန္ဒအလျောက် နားလည်၊ စွန့်လွှတ်ပြီး ဖြေရှင်းနိုင်သလော။ ၎င်းတို့ ဤသို့ပြုလုပ်ရန် မည်သည့်အခါမျှ အစီအစဉ်မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မည်သို့ပင် ဆိုစေကာမူ မည်သို့ပင် ဖော်ထုတ်စေကာမူ ၎င်းတို့သည် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို မိမိတို့ကိုယ်တိုင်နှင့် ဆက်စပ်နိုင်လျှင်ပင် ၎င်းတို့၏ အစီအစဉ်များ၊ အတွေးအခေါ်များနှင့် ရည်ရွယ်ချက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ကိုက်ညီမှုမရှိကြောင်း၊ သမ္မာတရား စည်းမျဉ်းများကို ဆန့်ကျင်ပြီး အန္တိခရစ်များ၏ စိတ်သဘောထား၏ သရုပ်သကန်များဖြစ်ကြောင်း ၎င်းတို့ သိရှိလျှင်ပင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အမြင်များ၊ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ခိုင်မြဲစွာ စွဲကိုင်ထားဆဲဖြစ်ပြီး မိမိတို့ကိုယ်ကို ပြောင်းလဲရန်၊ မိမိတို့၏ အမြင်များကို ပြောင်းပြန်လှန်ရန်၊ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို စွန့်လွှတ်ရန်၊ ဘုရားသခင်၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်ခံဖို့ ဘုရားသခင်ရှေ့မှောက်သို့ လာရန် မည်သည့်အစီအစဉ်မျှ မရှိကြပေ။ ဤလူတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ မာကျောရုံမျှမက မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြသည်၊ ၎င်းတို့သည် လုံးဝ အကျိုးအကြောင်း မဆီလျော်သည့်အဆင့်အထိ မာနထောင်လွှားကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာ၌ ဘုရားသခင် မိန့်မြွက်သော နှုတ်ကပတ်တော်တိုင်းကို အလွန်အမင်း မနှစ်မြို့ပြီး မုန်းတီးကြသည်၊ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝအနှစ်သာရကို ဘုရားသခင် ဖော်ထုတ်ခြင်းနှင့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို သူ ဖော်ထုတ်ခြင်းကို မုန်းတီးကြသည်။ ၎င်းတို့သည် အကြောင်းပြချက်ကောင်း မရှိဘဲ ဘုရားသခင်နှင့် သမ္မာတရားကို မုန်းတီးကြပြီး သမ္မာတရားကို လိုက်စားသူများနှင့် ဘုရားသခင် ချစ်မြတ်နိုးတော်မူသောသူများကိုပင် မုန်းတီးကြသည်။ ဤသည်မှာ အန္တိခရစ်များဖြစ်သည့် ဤလူစားမျိုး၏ စိတ်သဘောထားသည် အမှန်ပင် ကောက်ကျစ်ဆိုးယုတ်ကြောင်းကို အပြည့်အဝ ပြသသည်။ ဘုရားသခင်နှင့် သမ္မာတရားအပေါ် ၎င်းတို့၏ အကြောင်းမဲ့ အမုန်းတရား၊ ရန်လိုမှု၊ ဆန့်ကျင်မှု၊ ဝေဖန်သုံးသပ်မှုနှင့် ငြင်းပယ်မှုတို့ကလည်း အန္တိခရစ်များဖြစ်သည့် ဤလူစားမျိုးသည် အမှန်ပင် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား ရှိကြောင်းကို ငါတို့အား ပြသသည်။
အန္တိခရစ်များ၏ အမျိုးမျိုးသော စိတ်သဘောထားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ပိုင်ဆိုင်သော စိတ်သဘောထားများ၏ စံပြုလောက်သော ဥပမာများဖြစ်ပြီး အန္တိခရစ်များ၏ အမျိုးမျိုးသော စိတ်သဘောထားများ၏ ပြင်းထန်မှုသည် မည်သည့်သာမန် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးတစ်ယောက်၏ စိတ်သဘောထားများထက်မဆို သာလွန်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်မျှပင် နက်ရှိုင်းစွာ သို့မဟုတ် တိကျခိုင်မာစွာ ဖော်ထုတ်စေကာမူ အန္တိခရစ်များသည် ဤအရာကို ငြင်းပယ်ပြီး ပယ်ချကြကာ ယင်းကို သမ္မာတရားအဖြစ်ဖြစ်စေ၊ ဘုရားသခင်၏ အမှုတော်အဖြစ်ဖြစ်စေ လက်မခံကြပေ။ ၎င်းတို့သည် လုံလောက်စွာ ဆိုးယုတ်ခြင်း၊ ရက်စက်ခြင်း၊ ကောက်ကျစ်ခြင်း၊ မကောင်းကြံတတ်ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့သည်သာ နောက်ဆုံးတွင် ခိုင်မြဲစွာ ရပ်တည်ရန်၊ ဤလူ့အဖွဲ့အစည်းနှင့် ဆိုးယုတ်သော ရေစီးကြောင်းများအလယ်တွင် ထင်ရှားပေါ်လွင်ပြီး အဆုံးတိုင်အောင် မိမိတို့၏ နေရာကို ထိန်းသိမ်းထားရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟုသာ အသိအမှတ်ပြုပြီး ယုံကြည်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ယုတ္တိဗေဒ ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များသည် ဘုရားသခင်၏ ဖြောင့်မတ်ပြီး သန့်ရှင်းသော အနှစ်သာရအပေါ်၊ ဘုရားသခင်၏ သစ္စာစောင့်သိခြင်းနှင့် အနန္တတန်ခိုးအပေါ်၊ ဤကဲ့သို့သော အခြားအပြုသဘောဆောင်သည့် အရာများအပေါ် ရန်လိုပြီး မုန်းတီးကြသည်။ လူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အနှစ်သာရနှင့် သူ၏ အမှုတော် အားလုံးအကြောင်း မည်သို့ပင် သက်သေခံစေကာမူ၊ သူတို့သည် မည်မျှပင် တိကျခိုင်မာစွာနှင့် စစ်မှန်စွာ ထိုသို့ပြုလုပ်စေကာမူ အန္တိခရစ်များသည် ယင်းကို လက်မခံကြ၊ ၎င်းတို့သည် ယင်းမှာ ဘုရားသခင်၏ အမှုတော်ဖြစ်ကြောင်း၊ ယင်းအတွင်း၌ ရှာဖွေရန် သမ္မာတရားရှိကြောင်း၊ သို့မဟုတ် ယင်းမှာ လူသားမျိုးနွယ်၏ ဘုရားသခင်အပေါ် သိကျွမ်းမှုအတွက် အကောင်းဆုံးသော ပညာပေးအကြောင်းအရာနှင့် သက်သေခံချက်ဖြစ်ကြောင်းကို အသိအမှတ်မပြုကြပေ။ ဆန့်ကျင်ဘက်အားဖြင့် စာတန်ပြုလုပ်သော မည်သည့်သေးငယ်သောအရာနှင့်မဆို၊ ယင်းမှာ သိလျက်ဖြစ်စေ၊ မသိဘဲဖြစ်စေ အန္တိခရစ်များသည် ယင်းကို လေးစားကြည်ညိုလျက် ပျပ်ဝပ်ကြသည်။ စာတန်ပြုလုပ်သော အမှုအရာများနှင့် ပတ်သက်လာလျှင် အန္တိခရစ်များသည် ဤအရာများကို လူသားမျိုးနွယ်အကြား၌ မြင့်မြတ်သည် သို့မဟုတ် နိမ့်ကျသည်ဟု မှတ်ယူသည်ဖြစ်စေ၊ တညီတညွတ်တည်း လက်ခံ၊ ယုံကြည်၊ ကိုးကွယ်ပြီး လိုက်လျှောက်ကြသည်။ သို့ရာတွင် အန္တိခရစ်များကို စိတ်မငြိမ်မသက်ဖြစ်စေသော အရာတစ်ခု ရှိသည်၊ ဗုဒ္ဓက သူသည် လူတို့ကို သုခဘုံသို့ ကူးမြောက်စေနိုင်သည်ဟု ဆိုခဲ့ပြီး အန္တိခရစ်များက ဤသို့ တွေးကြသည်၊ “ဤသုခဘုံသည် ဘုရား ပြောသော ကောင်းကင်နိုင်ငံတော်နှင့် ကောင်းကင်ဘုံထက် နိမ့်ကျပုံရသည်၊ ယင်းမှာ လုံးဝ စံပြမဟုတ်ပေ။ စာတန်သည် တန်ခိုးကြီးပြီး လူတို့အား အဆုံးမရှိသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်ကာ သူတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒအားလုံးကို ဖြည့်ဆည်းပေးနိုင်သော်လည်း သူ မလုပ်ဆောင်နိုင်သော အရာတစ်ခုမှာ လူတို့အား ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ပြီး ထာဝရအသက်ကို ရရှိစေလျက် လူကို ကတိတစ်ခုပေးခြင်း ဖြစ်သည်။ စာတန်သည် ထိုသို့သော အခိုင်အမာပြောဆိုမှုကို မပြုဝံ့သကဲ့သို့ ဤအရာကိုလည်း မပြီးမြောက်စေနိုင်ပေ” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာ၌ အန္တိခရစ်များသည် ဤသည်မှာ မတွေးဝံ့စရာဖြစ်ကြောင်း ခံစားရပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ယင်းမှာ အနောင်တအရဆုံးသောအရာ ဖြစ်သည်ဟု ခံစားရသည်။ သို့ဖြစ်၍ ဘုရားသခင်နောက်သို့ အင်တင်တင်ဖြင့် လိုက်လျှောက်နေစဉ် ၎င်းတို့သည် သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို မည်သို့ ရရှိနိုင်မည်အကြောင်းနှင့် မည်သူက ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို ဖြည့်ဆည်းပေးနိုင်မည့်အကြောင်းကို ကျိတ်ကြံစည်နေကြဆဲ ဖြစ်သည်။ ၎င်းတို့သည် တွက်ချက်ပြီးရင်း တွက်ချက်ကြကာ နောက်ဆုံးတွင် ဘုရားအိမ်တော်၌ ဆက်လက်နေထိုင်ရန် အလျှော့ပေးလိုက်လျောမှု ပြုလုပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ အန္တိခရစ်များ၏ ဤသရုပ်သကန်များကို အခြေခံ၍ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားနှင့် ရှုထောင့်အမြင်မှာ အဘယ်နည်း။ ၎င်းတို့၌ စစ်မှန်သော ယုံကြည်မှု တစ်စွန်းတစ်စ ရှိသလော။ ၎င်းတို့၌ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အနည်းငယ်မျှပင် အသိအမှတ်ပြုသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးဖြစ်သည်ဟူသော အချက်ကို ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာမှ “အာမင်” ဟု ဆိုနိုင်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ်အကြား၌ ထိုမျှ ကြီးမြတ်သော အမှုကို ပြုခဲ့သည်၊ အန္တိခရစ်များသည် ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးနှင့် ဖြောင့်မတ်သော စိတ်သဘောထားကို ၎င်းတို့၏ စိတ်နှလုံးအတွင်းနက်ရှိုင်းရာမှ ချီးမွမ်းနိုင်သလော။ (မချီးမွမ်းနိုင်ပါ။) အန္တိခရစ်များသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အနှစ်သာရနှင့် သူ၏ အမှုတော်အားလုံးကို ငြင်းပယ်သောကြောင့်သာလျှင် ၎င်းတို့သည် သူ့နောက် လိုက်လျှောက်သည့် ဖြစ်စဉ်အတွင်း မိမိတို့ကိုယ်ကို အစဉ်မပြတ် ချီးမြှောက်ပြီး သက်သေခံကြကာ လူတို့၏ မျက်နှာသာပေးခြင်းနှင့် စိတ်နှလုံးများကို ရရှိရန် ကြိုးစားကြပြီး လူတို့၏ စိတ်နှလုံးများကို ထိန်းချုပ်ပြီး လှောင်ထားရန်ပင် ကြိုးစားကြကာ သူရွေးချယ်ထားသော သူများအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။ ထိုသို့သော သရုပ်သကန်အားလုံးက အန္တိခရစ်များသည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ဘယ်သောအခါမျှ အသိအမှတ်မပြုကြောင်း၊ သို့မဟုတ် လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းသည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိသည်ကို ဝန်မခံကြောင်း သက်သေပြသည်။ ဤသည်မှာ ဘုရားသခင်၏ တည်ရှိမှုနှင့်ပတ်သက်၍ အန္တိခရစ်များ၌ ရှိသော အမြင်များ၊ သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များအကြောင်း ငါတို့ ပြီးခဲ့သည့်အခေါက်က စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည့်အရာ ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်၏ တည်ရှိမှုနှင့်စပ်လျဉ်း၍ ဤအမြင်များနှင့် သရုပ်သကန်များ ရှိသောကြောင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိတည်းဟူသော ခရစ်တော်အပေါ် ၎င်းတို့၏သဘောထားသည် အဘယ်နည်း။ ၎င်းတို့သည် သူ့ကို အမှန်တကယ် ယုံကြည်၊ အသိအမှတ်ပြု၊ သူ့နောက်လိုက်ပြီး သူ့ကို ကျိုးနွံနာခံနိုင်သလော။ (မလုပ်နိုင်ပါ။) ဘုရားသခင်၏ တည်ရှိခြင်းအပေါ် အန္တိခရစ်တို့၏ သဘောထားပြုမူပုံအား အကဲဖြတ်ရသော် ၎င်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်အပေါ် ဤသဘောထားမျိုး ထားရှိသောကြောင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိအပေါ် ၎င်းတို့၏ သဘောထားသည် ဘုရားသခင်၏ ဝိညာဉ်တော်အပေါ်ထားသည့် သဘောထားထက် သာ၍ပင် စက်ဆုပ်ဖွယ်ကောင်းပြီး ပို၍ထင်ရှားကာ ပို၍ပြင်းထန်သော သရုပ်သကန်များ ရှိရမည်မှာ ပြောစရာမလိုပေ။
၂။ အန္တိခရစ်များသည် ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြ၏
ယနေ့တွင် ငါတို့သည် အန္တိခရစ်များက ဘုရားသခင်၏ တည်ရှိမှုကို ၎င်းတို့ မယုံကြည်ခြင်းအပေါ် အခြေခံလျက် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည့် ခရစ်တော်ကို မည်သို့ဆက်ဆံကြသည်ကို မိတ်သဟာယဖွဲ့ကြမည်။ အန္တိခရစ်များသည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြသည်မှာ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားသော အချက်တစ်ခု ဖြစ်သည်။ ဤမိတ်သဟာယဖွဲ့ခြင်း၊ ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်း အားလုံးပြီးသည့်နောက် သင်တို့သည် အန္တိခရစ်များ၏ စိတ်သဘောထားများနှင့် သရုပ်သကန်များကို တိကျခိုင်မာသော နားလည်မှုအချို့ ရရှိခဲ့ပြီးပြီလော။ ၎င်းတို့သည် လူ့ဇာတိခံ ဘုရားသခင် ပြုခဲ့သော အမှုကို၊ သို့မဟုတ် ဘုရားသခင် လူ့ဇာတိခံယူခြင်းဟူသော အချက်ကို လက်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ လက်တွေ့တွင် ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ငြင်းပယ်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် အတိအကျ မည်သို့သော လူစားမျိုး ဖြစ်ကြသနည်း။ တိတိကျကျ ပြောရလျှင် ၎င်းတို့သည် အခွင့်အရေးသမား မယုံကြည်သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ဖာရိရှဲများ ဖြစ်ကြသည်။ ၎င်းတို့ထဲမှ အချို့သည် ရှင်းလင်းစွာ ဆိုးယုတ်ပုံပေါ်ပြီး အခြားသူများမှာမူ နှိမ့်ချပုံပေါ်ကာ သိမ်မွေ့သော၊ ဂုဏ်သိက္ခာရှိသော၊ မြင့်မြတ်သော အပြုအမူ ရှိကြသည်၊ ၎င်းတို့သည် စံပြုလောက်သော ဖာရိရှဲများ ဖြစ်ကြသည်။ ဤလူအမျိုးအစားနှစ်မျိုးနှင့် ပတ်သက်လာလျှင် ဆိုးယုတ်ပုံပေါ်သောသူများနှင့် ဘာသာရေးကိုင်းရှိုင်းပြီး မဆိုးယုတ်ပုံပေါ်သောသူများ၊ အကယ်၍ ၎င်းတို့သည် အခြေခံအားဖြင့် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပါက ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်ဟု ငါတို့ ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ယနေ့ ငါတို့သည် မယုံကြည်သူများက ခရစ်တော်အပေါ် မည်သို့သော အမြင်များနှင့် သဘောထားများ ရှိကြသည်ကိုလည်းကောင်း၊ ခရစ်တော်၏ အမျိုးမျိုးသော ကဏ္ဍများအပေါ် ၎င်းတို့ မည်သို့သော သရုပ်သကန်များကို ပြသကြသည်ကိုလည်းကောင်း၊ ဤသရုပ်သကန်များအားဖြင့် အန္တိခရစ်များ၏ အနှစ်သာရကို ငါတို့ မည်သို့ နားလည်နိုင်သည်ကိုလည်းကောင်း မိတ်သဟာယဖွဲ့နေကြခြင်း ဖြစ်သည်။
က။ အန္တိခရစ်များသည် ခရစ်တော်၏ မူလဇာစ်မြစ်ကို မည်သို့မှတ်ယူပုံ
အထူးပင်ကိုလက္ခဏာတစ်ခုရှိသော သာမန်လူတစ်ဦး ဖြစ်သည့် ခရစ်တော်နှင့် ပတ်သက်လာလျှင် လူတို့သည် အများအားဖြင့် မည်သည့်အရာများကို အလေးအထားဆုံး ဖြစ်ကြသနည်း။ ပထမဦးစွာ လူများစွာတို့သည် သူ၏ မူလအစကို စိတ်ဝင်စားကြသည် မဟုတ်လော။ ယင်းမှာ လူတို့၏ အာရုံစိုက်မှု၏ ဗဟိုချက်တစ်ခု ဖြစ်သည်။ သို့ဖြစ်၍ အန္တိခရစ်များသည် ခရစ်တော်၏ မူလအစကို မည်သို့ ဆက်ဆံကြသည်ကို ဦးစွာ မိတ်သဟာယဖွဲ့ကြပါစို့။ ဤအကြောင်းကို မိတ်သဟာယမဖွဲ့မီ ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါ သူ၏ ဇာတိပကတိ၏ မူလအစ၏ အမျိုးမျိုးသော ကဏ္ဍများကို မည်သို့ စီစဉ်ခဲ့သည်ကို ပြောကြစို့။ လူသိများသည့်အတိုင်း ကျေးဇူးတော်ခေတ်အတွင်း ခရစ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေစွဲယူခြင်း ခံခဲ့ရပြီး အပျိုစင်တစ်ဦးမှ မွေးဖွားခဲ့သည်။ သူသည် အလွန် သာမန်၊ ပုံမှန်ဖြစ်သော မိသားစုတစ်ခုတွင် မွေးဖွားခဲ့ပြီး ယင်းကို ယနေ့ခေတ်အခေါ်အဝေါ်များဖြင့်ဆိုလျှင် သာမန်နိုင်ငံသားများ၏ အိမ်ထောင်စုဟု ခေါ်ဆိုမည် ဖြစ်သည်။ သူသည် ချမ်းသာသော၊ အရာရှိ၊ သို့မဟုတ် ဂုဏ်သရေရှိသော မိသားစုကြီးတစ်ခုတွင် မွေးဖွားခဲ့ခြင်း မဟုတ်ပေ၊ သူသည် တိရစ္ဆာန်တင်းကုပ်တစ်ခုတွင်ပင် မွေးဖွားခဲ့ရာ ယင်းမှာ အလွန် မတွေးဝံ့စရာဖြစ်ပြီး လူတိုင်း၏ စိတ်ကူးစိတ်သန်းများထက် ကျော်လွန်ခဲ့သည်။ ဘုရားသခင်၏ ပထမဦးဆုံး လူ့ဇာတိခံ ဇာတိပကတိ၏ မူလအစ၏ ကဏ္ဍတိုင်းကို ကြည့်လျှင် ဘုရားသခင် လူ့ဇာတိခံယူ၍ မွေးဖွားခဲ့သော မိသားစုသည် အလွန် သာမန်ဖြစ်ခဲ့သည်။ သူ၏ မယ်တော် မာရိသည်လည်း သာမန်ဖြစ်ခဲ့ပြီး ထူးချွန်သောသူတစ်ဦး မဟုတ်ခဲ့သည့်အပြင် သူမသည် အထူးတန်ခိုးများ၊ သို့မဟုတ် ထူးကဲသော၊ တစ်မူထူးခြားသော ပါရမီများကို အသေအချာပင် မပိုင်ဆိုင်ခဲ့ပေ။ သို့ရာတွင် သူမသည် မယုံကြည်သူ သို့မဟုတ် ဘာသာတရားမရှိသူတစ်ဦး မဟုတ်ဘဲ ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်ခဲ့သည်မှာ မှတ်သားထိုက်သည်။ ဤသည်မှာ အလွန် အရေးကြီးသည်။ မာရိ၏ ခင်ပွန်း ယောသပ်သည် လက်သမားတစ်ဦး ဖြစ်ခဲ့သည်။ လက်သမားသည် လက်မှုပညာသည်တစ်မျိုးဖြစ်ပြီး သူ၌ သာမန်ဝင်ငွေတစ်ခု ရှိခဲ့သော်လည်း သူသည် ချမ်းသာကြွယ်ဝခြင်း မရှိသကဲ့သို့ စုမိဆောင်းမိ ပိုက်ဆံများစွာလည်း မရှိခဲ့ပေ။ သို့သော်လည်း သူသည် ဆင်းရဲမွဲတေခြင်းနှင့် အလွန်ကွာဝေးပြီး သူသည် သူ၏ မိသားစု၏ အခြေခံလိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ သခင်ယေရှုသည် ဤသို့သော မိသားစုမျိုးတွင် မွေးဖွားခဲ့သည်၊ ယနေ့ခေတ် ဝင်ငွေနှင့် လူနေမှုအဆင့်အတန်း စံနှုန်းများဖြင့် အကဲဖြတ်ရလျှင် သူ၏ မိသားစုကို လူလတ်တန်းစားဟု မဆိုစလောက်သာ မှတ်ယူနိုင်မည် ဖြစ်သည်။ ထိုသို့သော မိသားစုကို လူသားမျိုးနွယ်အကြား၌ ဆွေကြီးမျိုးကြီးဖြစ်သည် သို့မဟုတ် နိမ့်ကျသည်ဟု မှတ်ယူမည်လော။ (နိမ့်ကျသည်ဟု မှတ်ယူပါမည်။) ထို့ကြောင့် သခင်ယေရှု မွေးဖွားခဲ့သော မိသားစုသည် ကျော်ကြားသော၊ ချမ်းသာသော၊ သို့မဟုတ် အထင်ကရဖြစ်သော မိသားစုနှင့် အလွန်ကွာဝေးပြီး ယနေ့ခေတ်အခါ၌ အထက်တန်းလွှာဟု မှတ်ယူသည့်အဆင့်အတန်းနှင့် သာ၍ပင် ကွာဝေးသည်။ ချမ်းသာသော သို့မဟုတ် အဆင့်အတန်းမြင့်သော မိသားစုများမှ ကလေးများ အပြင်ထွက်သည့်အခါ လူတို့သည် အများအားဖြင့် သူတို့ပတ်လည်၌ ဝိုင်းအုံပြီး သူတို့ပတ်လည်၌ စုရုံးနေကြသော်လည်း သခင်ယေရှု၏ မိသားစုမှာမူ ဆန့်ကျင်ဘက် ဖြစ်ခဲ့သည်။ သူသည် ဇိမ်ခံ လူနေမှုအခြေအနေများ သို့မဟုတ် အရေးပါသော အဆင့်အတန်းမရှိသော မိသားစုတစ်ခုတွင် မွေးဖွားခဲ့သည်။ ယင်းမှာ လူတို့ သတိမမူ၊ လျစ်လျူရှုထားသည့်၊ မည်သူကမျှ ချီးမွမ်းထောမနာ မပြု၊ သို့မဟုတ် ဝန်းရံခြင်းမရှိသည့် အလွန်သာမန် မိသားစုတစ်ခု ဖြစ်ခဲ့သည်။ ထိုအချိန်က ထိုသို့သော နောက်ခံအခြေအနေနှင့် လူမှုပတ်ဝန်းကျင်အောက်တွင် ခရစ်တော်သည် အဆင့်မြင့်ပညာရေးကို လက်ခံရန် သို့မဟုတ် အထက်တန်းစား လူ့အဖွဲ့အစည်း၏ အမျိုးမျိုးသော လူနေမှုပုံစံများ၊ အတွေးအခေါ်များ၊ အမြင်များနှင့် စသည်တို့ဖြင့် လွှမ်းမိုးခြင်းနှင့် ကူးစက်ခြင်းကို ခံရရန် အခြေအနေတွင် ရှိခဲ့သလော။ သူသည် ထိုအခြေအနေတွင် မရှိသည်မှာ သိသာထင်ရှား၏။ သူသည် သာမန်ပညာရေးကို လက်ခံရရှိခဲ့သည်၊ အိမ်၌ ကျမ်းစာများကို ဖတ်ရှုခဲ့သည်၊ သူ၏ မိဘများထံမှ ပုံပြင်များကို နားထောင်ခဲ့ပြီး သူတို့နှင့်အတူ တရားစရပ်၌ ဝတ်ပြုကိုးကွယ်ခြင်းများတွင် တက်ရောက်ခဲ့သည်။ အဘက်ဘက်မှ ကြည့်လျှင် သခင်ယေရှု၏ မူလအစနှင့် သူကြီးပြင်းခဲ့သော ပတ်ဝန်းကျင်သည် ဂုဏ်သတင်းကြီးခြင်းမရှိ၊ သို့မဟုတ် လူတို့ စိတ်ကူးကောင်း စိတ်ကူးနိုင်သကဲ့သို့ ဆွေကြီးမျိုးကြီး မဟုတ်ခဲ့ပေ။ သူကြီးပြင်းခဲ့သော ပတ်ဝန်းကျင်သည် သာမန်လူတစ်ဦး၏ ပတ်ဝန်းကျင်နှင့် တူညီခဲ့သည်။ သူ၏ နေ့စဉ်ဘဝသည် ရိုးရှင်းပြီး သာမန်ဖြစ်ခဲ့သည်၊ သူ၏ လူနေမှုအခြေအနေများသည် သာမန်လူနှင့် ဆင်တူခဲ့သည်၊ ၎င်းတို့သည် အထူးအရာဘာမျှ မဟုတ်ခဲ့ဘဲ သူ၌ လူ့အဖွဲ့အစည်း၏ အထက်တန်းလွှာများ၏ အထူး၊ သာလွန်သော လူနေမှုအခြေအနေများ ကင်းမဲ့ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ပထမဦးဆုံး လူ့ဇာတိခံ ဇာတိပကတိ မွေးဖွားခဲ့သော နောက်ခံအခြေအနေနှင့် သူကြီးပြင်းခဲ့သော ပတ်ဝန်းကျင် ဖြစ်ခဲ့လေသည်။
ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ လိပ်ပိုင်းဆိုင်ရာသည် ယခင်တစ်ကြိမ်နှင့် လုံးဝ ကွဲပြားသော်လည်း သူ၏ မိသားစုနောက်ခံသည် အလားတူ သာမန်ဖြစ်ပြီး အရေးပါသော အဆင့်အတန်းမရှိပေ။ အချို့က “မည်မျှ သာမန်ဖြစ်သနည်း” ဟု မေးကြသည်။ လက်ရှိခေတ်တွင် သာမန်ဆိုသည်မှာ ရိုးရိုး လူနေမှုပတ်ဝန်းကျင်တစ်ခုကို ဆိုလိုသည်။ ခရစ်တော်သည် အလုပ်သမားမိသားစုတစ်ခုတွင် မွေးဖွားခဲ့သည်၊ ဆိုလိုသည်မှာ စားဝတ်နေရေးအတွက် လုပ်အားခကို အားထားရသော၊ မိမိတို့၏ ကိုယ်ပိုင်အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သော်လည်း ချမ်းသာသူများကဲ့သို့ ကြွယ်ဝခြင်းမရှိသော မိသားစုတစ်ခု ဖြစ်သည်။ ခရစ်တော်သည် သာမန်လူများနှင့် ထိတွေ့ဆက်ဆံခဲ့ပြီး သာမန်လူများ၏ ဘဝများနှင့် ထိတွေ့ခဲ့သည်၊ သူသည် ဤသို့သော ပတ်ဝန်းကျင်မျိုးတွင် နေထိုင်ခဲ့ပြီး၊ ထိုအကြောင်းနှင့်ပတ်သက်၍ ထူးခြားသောအရာ တစ်ခုမျှ မရှိခဲ့ပေ။ ယေဘုယျအားဖြင့် အလုပ်သမားမိသားစုများမှ ကလေးများသည် အနုပညာစွမ်းရည်များကို သင်ယူရန် အခြေအနေတွင် ရှိကြသလော။ ၎င်းတို့သည် အထက်တန်းစား လူ့အဖွဲ့အစည်းတွင် ပျံ့နှံ့နေသော အမျိုးမျိုးသော အမြင်များနှင့် ထိတွေ့ရန် အခွင့်အရေး ရရှိကြသလော။ (မရရှိပါ။) ၎င်းတို့သည် အမျိုးမျိုးသော စွမ်းရည်များကို သင်ယူရန် အခြေအနေ မရှိကြရုံသာမက ၎င်းတို့သည် အထက်တန်းစား လူ့အဖွဲ့အစည်းရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့် အပြန်အလှန်ဆက်ဆံရန် အခွင့်အရေးများ သာ၍ပင် မရှိကြပေ။ ဤရှုထောင့်မှကြည့်လျှင် ဤတစ်ကြိမ် ဘုရားသခင် လူ့ဇာတိခံယူ၍ မွေးဖွားခဲ့သော မိသားစုသည် အလွန် သာမန်ဖြစ်သည်။ သူ၏ မိဘများသည် သိက္ခာရှိသော ပုံစံဖြင့် နေ့ရက်များကို ကုန်ဆုံးစေသောသူများဖြစ်ပြီး သူတို့၏ စားဝတ်နေရေးသည် သူတို့၏ အလုပ်အကိုင်များနှင့် အလုပ်များအပေါ် မှီခိုကာ ၎င်းတို့သည် သာမန် လူနေမှုအခြေအနေများကို ပိုင်ဆိုင်ကြသည်။ ထိုသို့သော အခြေအနေများသည် ခေတ်သစ်လူ့အဖွဲ့အစည်းတွင် အတွေ့ရအများဆုံး ဖြစ်သည်။ ဘာသာတရားမရှိသူများ၏ ရှုထောင့်မှကြည့်သော် ခရစ်တော်၏ မွေးဖွားရာ ပတ်ဝန်းကျင်၌ သာလွန်သော အခြေအနေများ မရှိခဲ့ဘဲ သူ၏ မိသားစုနောက်ခံ သို့မဟုတ် လူနေမှုအရည်အသွေး၌ ကြွားဝါစရာ တစ်ခုမျှ မရှိခဲ့ပေ။ အချို့သော ကျော်ကြားသူများသည် စာပေပညာရှင်မျိုးရိုး မိသားစုများတွင် မွေးဖွားကြသည်၊ သူတို့၏ ဘိုးဘေးများသည် ပညာတတ်များနှင့် အဆင့်မြင့် ပညာရှင်များ ဖြစ်ခဲ့ကြသည်။ သူတို့သည် ဤပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ကြပြီး ပညာတတ် မိသားစုတစ်ခု၏ လိုက်ဖက်သော ဟန်ပန်နှင့် အမူအရာ ရှိကြသည်။ ဘုရားသခင်သည် သူ၏ လူ့ဇာတိခံ ဇာတိပကတိအတွက် အလားတူ မိသားစုနောက်ခံတစ်ခုကို ရွေးချယ်ခဲ့သလော။ မရွေးချယ်ခဲ့ပေ။ ဤတစ်ကြိမ်တွင်လည်း လူ့ဇာတိခံဘုရားသခင်သည် ဂုဏ်သရေရှိသော မိသားစုနောက်ခံနှင့် ထင်ရှားသော လူမှုအဆင့်အတန်း ကင်းမဲ့ပြီး သူ၌ သာလွန်သော လူနေမှုပတ်ဝန်းကျင်တစ်ခု ရှိခဲ့ခြင်း သာ၍ပင် နည်းပါးသည်၊ သူ၏ မိသားစုမှာ လုံးဝ သာမန် မိသားစုတစ်ခု ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် အဘယ်ကြောင့် ထိုသို့သော မိသားစု၊ လူနေမှုပတ်ဝန်းကျင်နှင့် ကြီးပြင်းရာနောက်ခံကို ရွေးချယ်ခဲ့သည်ကို ယခုလောလောဆယ် မဆွေးနွေးကြစို့ရဲ့၊ ငါတို့သည် ဤအရာ၏ အရေးပါမှုကို ယခု ပြောဆိုကြမည် မဟုတ်ပေ။ ငါ့ကို ပြောကြလော့၊ အချို့လူတို့သည် ခရစ်တော် တက္ကသိုလ်တက်ခဲ့သည်၊ မတက်ခဲ့သည်ကို စိတ်ဝင်စားခြင်း မရှိကြဘူးလော။ ငါ သင်တို့ကို အမှန်ကို အမှန်အတိုင်း ပြောမည်၊ ငါသည် ကောလိပ်ဝင်ခွင့်စာမေးပွဲ မဖြေဆိုမီ ကျောင်းမှထွက်ခဲ့ပြီး အသက် ၁၇ နှစ်တွင် အိမ်မှ ထွက်ခွာခဲ့သည်။ သို့ဆိုလျှင် ငါ တက္ကသိုလ်တက်ခဲ့သလော။ (မတက်ခဲ့ပါ။) ဤသည်မှာ သင်တို့အတွက် သတင်းဆိုးလော သို့မဟုတ် သတင်းကောင်းလော။ (ဤသည်ကို သိခြင်းသည် ခြားနားမှုတစ်စုံတစ်ရာ မဖြစ်စေဟု ကျွန်ုပ်ထင်သည်၊ ယင်းမှာ ဘုရားသခင်နောက် လိုက်လျှောက်ခြင်းနှင့် မသက်ဆိုင်ပါ။) ယင်းမှာ မှန်ကန်သော ရှုထောင့်အမြင် ဖြစ်သည်။ ငါ ဤအကြောင်းကို ယခင်က ဘယ်သောအခါမျှ မပြောခဲ့ဖူးပေ၊ ငါ တစ်စုံတစ်ခုကို ဖုံးကွယ်ရန် သို့မဟုတ် ဖုံးအုပ်ရန် ကြိုးစားလိုသောကြောင့် မဟုတ်ဘဲ ဤအရာများသည် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် နောက်လိုက်ခြင်းတို့နှင့် လုံးဝ မသက်ဆိုင်သောကြောင့်၊ ပြောရန် မလိုအပ်သောကြောင့် ဖြစ်သည်။ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ မွေးဖွားရာ နောက်ခံအခြေအနေ၊ သူ၏ မိသားစုပတ်ဝန်းကျင်နှင့် သူကြီးပြင်းခဲ့သော ပတ်ဝန်းကျင်တို့သည် ဘုရားသခင်ကိုဖြစ်စေ၊ လူ့ဇာတိခံ ဘုရားသခင်ကိုဖြစ်စေ သိကျွမ်းခြင်းအပေါ် သက်ရောက်မှု မရှိသော်လည်း၊ ဤအရာများနှင့် အမှန်တကယ် မသက်ဆိုင်သော်လည်း အဘယ်ကြောင့် ငါသည် ဤပြဿနာများကို ဤနေရာတွင် ပြောဆိုနေရသနည်း။ ဤသည်မှာ ငါတို့ ယနေ့ စိတ်ဖြာလေ့လာဆွေးနွေးနေသော ခရစ်တော်အပေါ် အန္တိခရစ်များ၏ အမြင်များထဲမှ တစ်ခုနှင့် သက်ဆိုင်နေသည်။ ဘုရားသခင်သည် သူ၏ လူ့ဇာတိခံ ဇာတိပကတိအတွက် ထင်ရှားသော အဆင့်အတန်း၊ မြင့်မြတ်သော ပင်ကိုလက္ခဏာ၊ သို့မဟုတ် ဂုဏ်သရေရှိသော မိသားစုနှင့် လူမှုနောက်ခံကို မရွေးချယ်ခဲ့ပေ၊ သူကြီးပြင်းရန်အတွက် သာလွန်သော၊ အပူအပင်ကင်းသော၊ ကြွယ်ဝသော၊ ဇိမ်ခံ ပတ်ဝန်းကျင်တစ်ခုကို သူ သာ၍ပင် မရွေးချယ်ခဲ့ချေ။ ဘုရားသခင်သည် သူ အဆင့်မြင့်ပညာရေးကို လက်ခံရရှိနိုင်သော သို့မဟုတ် အထက်တန်းစား လူ့အဖွဲ့အစည်းနှင့် ထိတွေ့နိုင်သော မိသားစုနောက်ခံတစ်ခုကိုလည်း မရွေးချယ်ခဲ့ပေ။ ဘုရားသခင် လူ့ဇာတိခံယူသောအခါ သူပြုလုပ်ခဲ့သော ရွေးချယ်မှု၏ ဤကဏ္ဍများကို သုံးသပ်ကြည့်သော် ဤအရာများသည် ခရစ်တော် လာ၍ပြုလုပ်မည့် အမှုကို သက်ရောက်မှု ရှိမည်လော။ (မရှိပါ။) သူ၏ နောက်ပိုင်းအမှု၏ ဖြစ်စဉ်၊ သဘာဝနှင့် ရလဒ်များကို ကြည့်သော် ဤကဏ္ဍများသည် ဘုရားသခင်၏ အမှုတော်အစီအစဉ်၊ အဆင့်များနှင့် ရလဒ်များကို မည်သည့်နည်းနှင့်မျှ သက်ရောက်မှုမရှိဘဲ ဆန့်ကျင်ဘက်အားဖြင့် သူ၏ ရွေးချယ်မှုနှင့်ဆိုင်သော ဤကဏ္ဍများ၌ အားသာချက်တစ်ခု ရှိသည်၊ ဆိုလိုသည်မှာ သူသည် ထိုသို့သော ပတ်ဝန်းကျင်တွင် မွေးဖွားရန် ရွေးချယ်ခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကယ်တင်ခြင်းအတွက် သာ၍ အကျိုးရှိသည်၊ အကြောင်းမှာ ၎င်းတို့ထဲမှ ၉၉ ရာခိုင်နှုန်းသည် အလားတူ နောက်ခံအခြေအနေများမှ လာကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ လူတို့ နားလည်သင့်သော လူ့ဇာတိခံ ဘုရားသခင်၏ မူလအစ၏ အရေးပါမှု ကဏ္ဍတစ်ခု ဖြစ်သည်။
ယခုလေးတင် သင်တို့ ယင်းကို ယေဘုယျ နားလည်မှုတစ်ခု ရရှိစေရန် ခရစ်တော်၏ မွေးဖွားရာ နောက်ခံအခြေအနေနှင့် ပတ်ဝန်းကျင်အကြောင်းကို ရိုးရှင်းပြီး ကျယ်ပြန့်သော အသုံးအနှုန်းများဖြင့် ငါ ပြောဆိုခဲ့သည်။ ဆက်လက်၍ အန္တိခရစ်များသည် လူ့ဇာတိခံ ဘုရားသခင်၏ မူလအစကို မည်သို့ သဘောထားပြုမူကြသည်ကို စိတ်ဖြာလေ့လာဆွေးနွေးကြစို့။ ပထမဦးစွာ အန္တိခရစ်များသည် ခရစ်တော်၏ မွေးဖွားရာ ပတ်ဝန်းကျင်နှင့် နောက်ခံအခြေအနေအပေါ် တိတ်တဆိတ် စက်ဆုပ်ရွံရှာပြီး အာခံစိတ်ကို ခံစားရကြသည်။ အဘယ်ကြောင့် ၎င်းတို့သည် ယင်းကို စက်ဆုပ်ရွံရှာပြီး ဆန့်ကျင်ဖီဆန်စိတ် ခံစားရကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် မိမိတို့အတွင်း၌ အတွေးအခေါ်များနှင့် အယူအဆများကို စွဲကိုင်ထားသောကြောင့် ဖြစ်သည်။ ဤအရာအပေါ် သူတို့၏ ရှုထောင့်အမြင်မှာ အဘယ်နည်း။ “ဘုရားသည် ဖန်ဆင်းရှင်ဖြစ်သည်၊ သူသည် အရာခပ်သိမ်းအထက်တွင် အထွတ်အထိပ်ဖြစ်သည်၊ သူသည် ကောင်းကင်များအထက် လူသားမျိုးနွယ်နှင့် အခြား ဖန်ဆင်းခံအားလုံးအထက်တွင် ရှိသည်။ အကယ်၍ သူသည် ဘုရားဖြစ်ပါက သူသည် လူသားမျိုးနွယ်အကြား၌ အမြင့်ဆုံးနေရာသို့ တက်လှမ်းသင့်သည်” ဟူ၍ ဖြစ်လေသည်။ သူ အမြင့်ဆုံးနေရာသို့ တက်လှမ်းခြင်းအားဖြင့် သူတို့ အဘယ်အရာကို ဆိုလိုသနည်း။ သူသည် လူတိုင်းအထက်၌ ခေါင်းတစ်လုံး သာလွန်သင့်သည်၊ သူသည် ဂုဏ်သရေရှိပြီး မြင့်မြတ်သော မိသားစုကြီးတစ်ခုတွင် မွေးဖွားသင့်ပြီး မည်သည့်အရာကိုမျှ မလိုချင်သင့်၊ သူသည် ပါးစပ်ထဲ၌ ငွေဇွန်းကိုက်လျက် မွေးဖွားလာသင့်သည်၊ အကြွင်းမဲ့ တန်ခိုးအာဏာအပြင် သြဇာအာဏာနှင့် ဩဇာလွှမ်းမိုးမှုကို ပိုင်ဆိုင်သင့်ပြီး အထူးသဖြင့် ချမ်းသာကြွယ်ဝကာ ဘီလီယံနာတစ်ဦး ဖြစ်သင့်သည်ဟု သူတို့ ဆိုလိုသည်။ တစ်ချိန်တည်းမှာပင် သူသည် ဤလောက၌ လူသားများ သိသင့်သမျှ အရာအားလုံးကို သင်ယူလျက် အဆင့်မြင့် ပညာတတ်တစ်ဦး ဖြစ်သင့်သည်။ ဥပမာအားဖြင့် အိမ်ရှေ့စံမင်းသား တစ်ပါးကဲ့သို့ သူသည် တစ်ဦးချင်း သင်ကြားမှုကို လက်ခံရရှိသင့်သည်၊ အထက်တန်းလွှာကျောင်းများကို တက်ရောက်သင့်ပြီး အထက်တန်းစားဘဝကို ခံစားသင့်သည်။ သူသည် သာမန်မိသားစုတစ်ခုမှ ကလေးတစ်ဦး မဖြစ်သင့်ပေ။ ခရစ်တော်သည် လူ့ဇာတိခံ ဇာတိပကတိဖြစ်သောကြောင့် သူ၏ ပညာရေးသည် အခြားသူအားလုံးထက် သာလွန်သင့်ပြီး သူ၏ သင်ကြားရေးဆိုင်ရာ အကြောင်းအရာများသည်လည်း သာမန်လူများ၏ အကြောင်းအရာများနှင့် ကွဲပြားသင့်သည်ဟု သူတို့ တွေးထင်ကြသည်။ ခရစ်တော်သည် ဘုရင်အဖြစ် စိုးစံရန် လာသောကြောင့် သူသည် အုပ်ချုပ်ခြင်းအနုပညာကို သင်ယူသင့်သည့်အပြင် လူသားမျိုးနွယ်ကို အုပ်ချုပ်ပြီး ထိန်းချုပ်ပုံကို သင်ယူသင့်ကာ အသာစီးရယူနည်း သုံးဆယ့်ခြောက်နည်းများကို လေ့လာသင့်ပြီး ဘာသာစကားမျိုးစုံနှင့် အနုပညာစွမ်းရည်အချို့ကို သင်ယူသင့်သည်၊ ဤသို့ဖြင့် ဤအရာများကို သူ၏ အနာဂတ်အမှု၌ အသုံးချနိုင်မည်ဖြစ်ပြီး၊ ဤသို့ဖြင့် သူသည် အနာဂတ်တွင် လူအမျိုးအစားအားလုံးကို အုပ်ချုပ်နိုင်မည် ဖြစ်သည်။ သူတို့အတွက် ထိုသို့သော ခရစ်တော်တစ်ပါးသာလျှင် မြင့်မြတ်ပြီး ကြီးမြတ်ကာ လူတို့ကို ကယ်တင်နိုင်စွမ်း ရှိလိမ့်မည်၊ အကြောင်းမှာ သူသည် လုံလောက်သော အသိပညာနှင့် ပါရမီများကို ပိုင်ဆိုင်မည်ဖြစ်ပြီး ၎င်းတို့ကို ထိန်းချုပ်နိုင်ရန်အလို့ငှာ လူတို့၏ စိတ်ကိုဖတ်နိုင်သည့် လုံလောက်သော စွမ်းရည်တစ်ခုကို ပိုင်ဆိုင်မည် ဖြစ်သောကြောင့်တည်း။ အန္တိခရစ်များသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ၏ မူလအစနှင့်ပတ်သက်၍ ထိုသို့သော အယူအဆများကို စွဲကိုင်ထားကြပြီး သူတို့သည် ဘုရားသခင် လူ့ဇာတိခံယူခြင်းကို လက်ခံနေစဉ် ဤအယူအဆများကို ဆုပ်ကိုင်ထားကြသည်။ ပထမဦးစွာ သူတို့သည် မိမိတို့၏ အယူအဆများကို ဘေးဖယ်မထားဘဲ သူတို့၏ စိတ်နှလုံး နက်ရှိုင်းရာမှ ဘုရားသခင် ပြုသောအရာကို အသစ်တစ်ဖန် သိနားလည်ရန် သို့မဟုတ် သဘောပေါက်နားလည်ရန် မလာကြပေ။ သူတို့သည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် အမြင်များကို မငြင်းပယ်ကြ၊ သို့မဟုတ် သူတို့ စွဲကိုင်ထားသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို နားလည်ရန် မလာကြဘဲ သူတို့သည် ခရစ်တော်နှင့် ဘုရားသခင်၏ လူ့ဇာတိခံသော ဇာတိပကတိကို သိကျွမ်းရန်နှင့် ခရစ်တော် မိန့်မြွက်ပြီး ပြုလုပ်သမျှအရာအားလုံးကို သမ္မာတရားကို ကျိုးနွံနာခံခြင်းဟူသော သဘောထားနှင့် စည်းမျဉ်းဖြင့် လက်ခံရန် မလာကြပေ။ ထိုအစား သူတို့သည် ခရစ်တော် ပြောသမျှအရာတိုင်းကို မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် အမြင်များဖြင့် တိုင်းတာကြသည်။ “ခရစ်တော်၏ ဤပြောဆိုချက်သည် ယုတ္တိမတန်ပေ၊ ထိုစကားတစ်ခွန်းသည် စကားအသုံးအနှုန်း ညံ့ဖျင်းသည်၊ ဤအထဲ၌ သဒ္ဒါအမှားတစ်ခု ရှိသည်၊ ခရစ်တော်သည် အဆင့်မြင့် ပညာတတ်တစ်ဦးမဟုတ်ကြောင်း သိသာလှသည်။ သူသည် သာမန်လူတစ်ဦးကဲ့သို့ ပြောဆိုနေသည် မဟုတ်လော။ ခရစ်တော်သည် ထိုသို့ မည်သို့ ပြောဆိုနိုင်သနည်း။ ယင်းမှာ သူ၏ အမှားမဟုတ်ပေ။ သူသည် အမှန်တကယ်တွင်လည်း ထင်ရှားပေါ်လွင်လိုသည်၊ အခြားသူများ၏ လေးစားခြင်းကို ခံရလိုသည်၊ သို့သော် ယင်းမှာ မဖြစ်နိုင်ပေ၊ သူသည် ဆွေကြီးမျိုးကြီး မိသားစုမှ မလာပေ။ သူ၏ မိဘများသည် သာမန်လူများသာဖြစ်ပြီး သူတို့၏ ပုံစံသည် သူ့ကို အလားတူ လူစားမျိုးဖြစ်ရန် လွှမ်းမိုးခဲ့သည်။ ဘုရားသည် ဤသို့ မည်သို့ ပြုလုပ်နိုင်သနည်း။ ခရစ်တော်၏ စကားအပြောအဆိုနှင့် အမူအရာသည် အဘယ်ကြောင့် အလွန် ကျက်သရေရှိပြီး မြင့်မြတ်ပုံမပေါ်သနည်း။ အဘယ်ကြောင့် သူ၌ လူ့အဖွဲ့အစည်းရှိ ပညာရှင်များနှင့် သိမ်မွေ့သော ပညာတတ်များ၊ လူ့အဖွဲ့အစည်း၏ အထက်တန်းလွှာများမှ မင်းသမီးများနှင့် မင်းသားများ၏ ပြောဆိုပုံနှင့် အမူအရာ မရှိသနည်း။ ခရစ်တော်၏ စကားလုံးများနှင့် လုပ်ရပ်များသည် သူ၏ ပင်ကိုလက္ခဏာနှင့် အဘယ်ကြောင့် ထိုမျှ ကိုက်ညီမှု မရှိပုံပေါ်သနည်း” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်များသည် ခရစ်တော်ကို၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အားလုံးကို၊ သူ လူတို့ကို ဆက်ဆံပုံနှင့် သူ၏ စကားနှင့် အမူအရာတို့ကို ရှုမြင်ပုံ၌ ဤသို့သော ရှုထောင့်အမြင်မျိုးနှင့် ဤသို့သော စောင့်ကြည့်သည့်အမြင်မျိုးကို စွဲကိုင်ထားကြပြီး သူတို့၏ စိတ်နှလုံးထဲ၌ အယူအဆများ မလွဲမသွေ ပေါ်ပေါက်လာကြသည်။ သူတို့သည် ခရစ်တော်ကို ကျိုးနွံနာခံခြင်းမရှိရုံသာမက သူ၏ နှုတ်ကပတ်တော်များကို မှန်ကန်စွာ သဘောထားပြုမူရန်လည်း ပျက်ကွက်ကြသည်။ သူတို့က “ထိုသို့သော သာမန်လူတစ်ဦး၊ ထိုသို့သော အရပ်သားတစ်ဦးသည် ငါ၏ ကယ်တင်ရှင် ဖြစ်နိုင်ပါမည်လော။ သူ ငါကို ကောင်းချီးပေးနိုင်ပါမည်လော။ ငါ သူ့ထံမှ အကျိုးကျေးဇူးတစ်ခုခု ရရှိနိုင်ပါမည်လော။ ငါ၏ ဆန္ဒများနှင့် ရည်မှန်းချက်များ ပြည့်စုံနိုင်ပါမည်လော။ ဤသူသည် အထင်သေးခြင်း ခံရလောက်အောင်ပင် သာမန်ဖြစ်လွန်းသည်” ဟု ပြောကြသည်။ အန္တိခရစ်များသည် ခရစ်တော်ကို ရိုးရိုးဖြစ်ပြီး သာမန်အဖြစ် ပို၍ သိမြင်လေ၊ ခရစ်တော်သည် အလွန် ပုံမှန်ဖြစ်သည်ဟု တွေးလေ၊ သူတို့သည် မိမိတို့ကိုယ်ကို မြင့်မြတ်ပြီး မွန်မြတ်သည်ဟု ပို၍ ခံစားရလေ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အချို့သော အန္တိခရစ်များသည် နှိုင်းယှဉ်မှုများကိုပင် ပြုလုပ်ကြသည်၊ “သင်သည် ငယ်ရွယ်ပြီး မည်သို့ဝတ်စားဆင်ယင်ရမည်ကိုဖြစ်စေ၊ လူအများနှင့် မည်သို့ဆက်ဆံပြောဆိုရမည်ကိုဖြစ်စေ မသိပေ။ လူများထံမှ အကြောင်းအရာများကို လိမ္မာပါးနပ်စွာ အစ်အောက်ယူရပုံကို သင်မသိပေ။ အဘယ်ကြောင့် ဤမျှ တဲ့တိုးဆန်ရသနည်း။ သင်ပြောဆိုသမျှသည် ဘုရားသခင်နှင့် မည်သို့လျှင် တူညီနိုင်မည်နည်း။ သင်ပြောဆိုသမျှသည် သင်သည် ဘုရားသခင်ဖြစ်ကြောင်းကို မည်သို့များ ကိုယ်စားပြုနိုင်မည်နည်း။ သင်၏ လုပ်ဆောင်ချက်များ၊ စကား၊ အပြုအမူ၊ ဟန်ပန်အမူအရာနှင့် ဝတ်စားဆင်ယင်မှုတို့သည် ဘုရားသခင်နှင့် မည်သို့များ တူညီနိုင်မည်နည်း။ ဤအချက်များအနက် တစ်ခုတစ်လေ၌မျှ သင်သည် ဘုရားသခင်နှင့် တူညီသည်ဟု ကျွန်ုပ်မထင်ပေ။ ခရစ်တော်သည် အဆင့်မြင့်ပညာတတ်တစ်ဦး ဖြစ်အပ်သည်၊ ကျမ်းစာကို နှံ့စပ်စွာ သိရှိသင့်ပြီး စကားကိုလည်း ထိမိပိုင်နိုင်စွာ ပြောဆိုအပ်သည်။ သို့သော် သင်မူကား စကားကို ထပ်ကာထပ်ကာ ပြောဆိုတတ်ပြီး တစ်ခါတစ်ရံတွင်လည်း မသင့်တော်သော စကားလုံးများကိုပင် အသုံးပြုတတ်သည်” ဟူ၍ ဖြစ်လေသည်။ ခရစ်တော်နောက် နှစ်ပေါင်းများစွာ လိုက်လျှောက်ပြီးနောက် အန္တိခရစ်များသည် သူတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်မခံခဲ့ရုံသာမက ခရစ်တော်သည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်ဟူသော အချက်ကိုလည်း လက်မခံခဲ့ကြပေ။ ဤသည်မှာ ၎င်းတို့ ခရစ်တော်ကို ၎င်းတို့၏ ကယ်တင်ရှင်အဖြစ် လက်မခံခြင်းနှင့် ညီမျှသည်။ ထိုအစား သူတို့သည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ၊ ဤသာမန်လူကို သူတို့၏ စိတ်နှလုံးထဲ၌ သာ၍ပင် စက်ဆုပ်ရွံရှာကြသည်။ အကြောင်းမှာ သူတို့သည် ခရစ်တော်၌ ထူးခြားသည့်အရာ တစ်ခုမျှ မမြင်သောကြောင့်၊ သူ၏ မူလအစသည် အလွန် သာမန်ပြီး ပုံမှန်ဖြစ်သောကြောင့်၊ သူသည် လူ့အဖွဲ့အစည်း သို့မဟုတ် လူသားမျိုးနွယ်အကြား၌ သူတို့အား အကျိုးကျေးဇူးတစ်စုံတစ်ရာ ဆောင်ကြဉ်းပေးနိုင်ပုံ မပေါ်သောကြောင့်၊ သို့မဟုတ် သူတို့ကို အားသာချက်တစ်ခုခုကို ခံစားခွင့်ပေးနိုင်ပုံမပေါ်သောကြောင့် သူတို့သည် ကိုယ်တော်အပေါ် လက်လွတ်စပယ်နှင့် ပွင့်လင်းစွာ ဝေဖန်သုံးသပ်ရန် စတင်ကြသည်၊ “သင်သည် မည်သူမည်ဝါ၏ မိသားစုမှ ကလေးတစ်ဦးမျှသာ မဟုတ်လော။ သို့ဖြစ်လျှင် သင့်ကို ကျွန်ုပ် ဝေဖန်သုံးသပ်ခြင်းသည် အဘယ်မှာ မှားယွင်းသနည်း။ သင်သည် ကျွန်ုပ်ကို မည်သို့ ပြုနိုင်မည်နည်း။ သင့်တွင် အထင်ကရ မိသားစု သို့မဟုတ် အရာရှိအရာခံဖြစ်သော မိဘများ ရှိခဲ့ပါမူ သင့်ကို ကျွန်ုပ် ကြောက်ကောင်းကြောက်မိပေမည်။ သင်၏ ဤအခြေအနေနှင့် သင့်ကို အဘယ်ကြောင့် ကျွန်ုပ် ကြောက်ရမည်နည်း။ သို့ဖြစ်၍ သင်သည် ဘုရား သက်သေခံထားသော လူ့ဇာတိခံ ဇာတိပကတိဖြစ်သည့် ခရစ်တော်ပင် ဖြစ်နေပါစေ သင့်ကို ကျွန်ုပ် မကြောက်ပေ။ သင့်ကွယ်ရာ၌ပင် သင့်ကို ကျွန်ုပ် ဆက်၍ ဝေဖန်သုံးသပ်မည်ဖြစ်ကာ သင့်အကြောင်းကိုလည်း လွတ်လပ်စွာ မှတ်ချက်ပေးနေမည်ဖြစ်သည်။ အခွင့်အခါရတိုင်း သင်၏ မိသားစုနှင့် မွေးရပ်မြေကို ကျွန်ုပ် စုံစမ်းလေ့လာမည်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ အန္တိခရစ်များ တစ်ဆိတ်ကိုတစ်အိတ်လုပ်ရန် အနှစ်သက်ဆုံးသောအရာများ ဖြစ်ကြသည်။ သူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြဘဲ သူတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများနှင့် မကိုက်ညီသော မည်သည့်အရာကိုမဆို အကြိမ်ကြိမ် ဝေဖန်သုံးသပ်ပြီး ဆန့်ကျင်ကြသည်။ ဤလူတို့သည် ခရစ်တော် ဖော်ပြသောအရာသည် သမ္မာတရားဖြစ်ကြောင်း ကောင်းစွာ သိကြသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် သူတို့သည် သမ္မာတရားကို မလိုက်စားကြသနည်း။ သူတို့သည် အမှန်ပင် ဆင်ခြင်တုံတရားမဲ့ကြလေသည်။
အန္တိခရစ်များသည် အထူးသဖြင့် တန်ခိုးအာဏာနှင့် အဆင့်အတန်းကို ကိုးကွယ်ကြသည်။ အကယ်၍ ခရစ်တော်သည် ချမ်းသာပြီး တန်ခိုးကြီးသော မိသားစုမှ လာခဲ့ပါက ၎င်းတို့သည် မည်သည့်အရာကိုမျှ ပြောဝံ့မည် မဟုတ်ပေ။ သို့သော် ကိုယ်တော်သည် တန်ခိုးအာဏာမရှိသော သာမန်မိသားစုမှ ဖြစ်သောကြောင့် ၎င်းတို့သည် ကိုယ်တော့်ကို လုံးဝ မကြောက်ရွံ့ကြဘဲ ဘုရားသခင်ဖြစ်သည့် ခရစ်တော်ကို ပေါ့ပေါ့ဆဆ လေ့လာပြီး ဝေဖန်သုံးသပ်နိုင်သည်ဟု ၎င်းတို့ ခံစားရကာ ဤအရာနှင့်ပတ်သက်၍ လုံးဝ ပေါ့ပေါ့တန်တန် သဘောထားကြသည်။ အကယ်၍ ၎င်းတို့သည် ဤပုဂ္ဂိုလ်မှာ ဘုရားသခင်၏ လူ့ဇာတိခံသော ဇာတိပကတိဖြစ်သည်ကို အမှန်တကယ် အသိအမှတ်ပြုပြီး ယုံကြည်ခဲ့ပါက ၎င်းတို့ ဤသို့ ပြုမူနိုင်မည်လော။ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ် အနည်းငယ်ရှိသော မည်သူမဆို ဤသို့ ပြုလုပ်မည်လော။ ၎င်းတို့ မိမိတို့ကိုယ်ကို ချုပ်တည်းမည် မဟုတ်လော။ (ဟုတ်ကဲ့။) မည်သို့သော လူစားမျိုးက ဤသို့ ပြုမူနိုင်သနည်း။ ဤသည်မှာ အန္တိခရစ်များ၏ အပြုအမူ မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ သင်တို့သည် ခရစ်တော်၏ အနှစ်သာရမှာ ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး သင်တို့ လိုက်လျှောက်သော ပုဂ္ဂိုလ်မှာ ဘုရားသခင်ဖြစ်သည်ကို အသိအမှတ်ပြုပါက ခရစ်တော်နှင့် သက်ဆိုင်သမျှအရာအားလုံးကို သင်တို့ မည်သို့ သဘောထားပြုမူသင့်သနည်း။ လူတို့၌ စည်းမျဉ်းများ ရှိသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ၎င်းတို့သည် အနည်းငယ်မျှသော ဒွိဟမရှိဘဲ ဤစည်းမျဉ်းများကို အဘယ်ကြောင့် ချိုးဖောက်ဝံ့ကြသနည်း။ ဤသည်မှာ ခရစ်တော်အပေါ် ရန်လိုခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ခရစ်တော်သည် သာမန်မိသားစုတစ်ခုတွင် မွေးဖွားခဲ့သောကြောင့် တစ်ချိန်တည်းမှာပင် ကိုယ်တော်အပေါ် မကျေမနပ်ဖြစ်သည့် အန္တိခရစ်များသည် သူ၏ မိသားစုနှင့် ထိုမိသားစုဝင်များအပေါ်တွင်လည်း ရန်လိုစိတ်ကို ထားရှိကြသည်။ ဤရန်လိုစိတ်သည် ၎င်းတို့၌ ပေါ်ပေါက်နေစဉ် ၎င်းတို့သည် မရပ်တန့် သို့မဟုတ် အနားမယူကြဘဲ ထိုအစား ၎င်းတို့သည် တရားဝင် အလုပ်အကိုင်တစ်ခု၌ ဆောင်ရွက်နေသည့်အလား အခွင့်အရေးရတိုင်း ခရစ်တော်၏ အိမ်ပတ်လည်၌ လျှောက်ပတ်ပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ်ကြသည်၊ “ခရစ်တော် ပြန်ကြွလာပြီလော။ ခရစ်တော် ပေါ်ထွန်းခဲ့သည့် အချိန်မှစ၍ မိသားစု၏ အသက်တာတွင် တစ်စုံတစ်ရာ ပြောင်းလဲမှု ရှိခဲ့ပြီလော” ဟူ၍ဖြစ်သည်။ ၎င်းတို့သည် အခွင့်သာတိုင်း ဤကိစ္စများတွင် ဝင်ရောက်စွက်ဖက်ကြသည်။ ထိုသို့သောလူများသည် မုန်းတီးဖွယ် မကောင်းလော။ ၎င်းတို့သည် ရွံရှာဖွယ် မကောင်းလော။ ၎င်းတို့သည် စက်ဆုပ်ဖွယ် မကောင်းသလော။ ၎င်းတို့သည် အလွန်အမင်း စက်ဆုပ်ဖွယ်ကောင်းပြီး ယုတ်ညံ့လှသည်။ ယခုလောလောဆယ် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း မည်သည့်ပုံစံရှိသည်ကို ဘေးဖယ်ထားပြီး ဤအရာကိုသာ သုံးသပ်ကြည့်ကြစို့၊ ထိုသို့သော အမှုအရာများကို ပြုလုပ်နိုင်ပြီး ထိုသို့သော ယုတ်ညံ့သည့် အတွေးအခေါ်များကို ထားရှိနိုင်သော လူတို့သည် မည်သို့သော ကိုယ်ကျင့်စရိုက်ကို ပိုင်ဆိုင်ရမည်နည်း။ ၎င်းတို့သည် အလွန်အမင်း နိမ့်ကျသော လူ့သဘာဝ ရှိရမည်။ ၎င်းတို့အားလုံးသည် အောက်တန်းစားများဖြစ်ပြီး အလွန်အမင်း စက်ဆုပ်ဖွယ်ကောင်းကာ ယုတ်ညံ့လှသည်။ အကယ်၍ သင်သည် ခရစ်တော်ကို မယုံကြည်ပါက သင်သည် ငါ့ကို ရှင်းလင်းစွာ ပြောနိုင်သည်၊ “သင်သည် ဘုရားနှင့်မတူ၊ သင်သည် လူတစ်ဦးသာ ဖြစ်သည်။ ကျွန်ုပ်သည် သင်၏ နောက်ကွယ်တွင် သင့်အပေါ် ဝေဖန်သုံးသပ်ပြီးပြီ၊ ထိုအကြောင်းနှင့်ပတ်သက်၍ သင် မည်သည့်အရာကို လုပ်နိုင်သနည်း။ ကျွန်ုပ်သည် သင့်ကို ငြင်းပယ်ပြီးပြီ၊ ထိုအကြောင်းနှင့်ပတ်သက်၍ သင် မည်သည့်အရာကို လုပ်နိုင်သနည်း” ဟူ၍ ဖြစ်သည်။ အကယ်၍ သင် မယုံကြည်ပါက ငါသည် သင့်ကို အတင်းအကျပ် ပြုမည်မဟုတ်၊ မည်သူကမျှလည်း သင့်ကို မရမက တိုက်တွန်းမည် မဟုတ်ပေ။ သို့သော် သင်သည် ဤသေးသိမ်သော လုပ်ရပ်များကို တိတ်တဆိတ် လုပ်ဆောင်ရန် မလိုအပ်ပေ။ ယင်းတို့သည် မည်သည့်ရည်ရွယ်ချက်ကို ဆောင်ရွက်သနည်း။ ယင်းတို့သည် သင်၏ ယုံကြည်ခြင်းကို တိုးပွားစေရန် ကူညီနိုင်သလော။ ယင်းတို့သည် သင်၏ အသက်တာ တိုးတက်ရန်၊ သို့မဟုတ် ဘုရားသခင်ကို ပို၍ နားလည်ရန် ကူညီနိုင်သလော။ ယင်းတို့သည် ဤရည်ရွယ်ချက်များထဲမှ တစ်ခုကိုမျှ မဆောင်ရွက်ပေ၊ သို့ဖြစ်၍ အဘယ်ကြောင့် ယင်းတို့၌ ပါဝင်ရသနည်း။ အနည်းဆုံးအနေဖြင့် ထိုသို့သော လုပ်ရပ်များကို လုပ်ဆောင်သူတို့သည် အလွန်အမင်း စက်ဆုပ်ဖွယ်ဖြစ်သော လူ့သဘာဝ ရှိကြသည်၊ သူတို့သည် ခရစ်တော်၏ အနှစ်သာရကို မယုံကြည်ကြ သို့မဟုတ် သူ၏ ပင်ကိုလက္ခဏာကို အသိအမှတ်မပြုကြပေ။ အကယ်၍ သင် မယုံကြည်လျှင် မယုံကြည်နှင့်။ ထွက်သွားလော့။ အဘယ်ကြောင့် ဘုရားအိမ်တော်၌ အချိန်ဆွဲနေရသနည်း။ ဘုရားသခင်ကို မယုံကြည်သည့်တိုင် ကောင်းချီးမင်္ဂလာများကို လိုချင်နေဆဲဖြစ်ကာ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို စွဲကိုင်ထားခြင်းဖြစ်သည့် ဤသည်မှာ အန္တိခရစ်များ၏ စက်ဆုပ်ဖွယ်ကောင်းခြင်း ဖြစ်သည်။ ထိုသို့သောလူများသည် အလွန်အမင်း စက်ဆုပ်ဖွယ် ကောင်းသောကြောင့် ထိုသို့သော “ထူးကဲသော” လုပ်ရပ်များကို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ ငါသည် အိမ်နှင့် အဝေးတွင် ရောက်နေသည်မှာ အနှစ် ၂၀ ကြာ ခဲ့ပြီဖြစ်ပြီး ဤလူတို့သည် ထိုအိမ်ကို အနှစ် ၂၀ ကြာ “ကောင်းစွာ စောင့်ရှောက်” ခဲ့ကြသည်၊ ငါသည် အနှစ် ၃၀ ကြာ အဝေးရောက်နေခဲ့ပြီး သူတို့သည် ယင်းကို အနှစ် ၃၀ ကြာ “စောင့်ရှောက်” ခဲ့ကြသည်။ အဘယ်ကြောင့် သူတို့သည် ထိုမျှ “ကြင်နာ” ပြီး အလဟဿနေကြသည်ကို ငါ အံ့ဩမိသည်။ ငါသည် ဤမေးခွန်း၏ အဖြေကို ရှာတွေ့ခဲ့ပြီး ယင်းမှာ သူတို့သည် ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်လိုကြခြင်း ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ အနှစ်သာရကိုဖြစ်စေ၊ သူပြုခဲ့သမျှ အရာအားလုံးကိုဖြစ်စေ မယုံကြည်ကြပေ။ အပေါ်ယံအားဖြင့် သူတို့သည် စူးစမ်းလိုပြီး စိုးရိမ်ပူပန်ပုံပေါ်သော်လည်း အနှစ်သာရအားဖြင့် သူတို့သည် စောင့်ကြည့်နေပြီး နိုင်ကွက်ကို ရှာဖွေနေကြသည်၊ စိတ်ထဲ၌ သူတို့သည် ရန်လိုသည်၊ ငြင်းပယ်သည်၊ ပြီးလျှင် ပြစ်တင်ရှုတ်ချသည်။ အဘယ်ကြောင့် ဤလူတို့သည် ယုံကြည်နေကြဆဲ ဖြစ်သနည်း။ သူတို့ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်ကား အဘယ်နည်း။ သူတို့သည် ယုံကြည်ခြင်းကို ရပ်တန့်ပြီး ဤနေရာမှ အမြန် ထွက်သွားသင့်သည်။ ဘုရားအိမ်တော်သည် ထိုသို့သောလူများကို မလိုအပ်ပေ။ သူတို့သည် မိမိတို့ကိုယ်ကို အရှက်မရစေသင့်ပေ။ အလားတူ ပတ်ဝန်းကျင်များနှင့် အခြေအနေများအောက်တွင် သင်တို့သည် ထိုအမှုအရာမျိုးကို ပြုလုပ်ကြမည်လော။ အကယ်၍ သင်တို့ ပြုလုပ်နိုင်ခဲ့ပါက သင်တို့သည် သူတို့ကဲ့သို့ပင် ဖြစ်ပြီး ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်ရန် စိတ်ပိုင်းဖြတ်ထားသော၊ သေသည်အထိ မရပ်မနားသော၊ ကိုယ်တော့်ကိုလည်းကောင်း၊ သူ၏ အနှစ်သာရကိုလည်းကောင်း၊ သူ၏ ပင်ကိုလက္ခဏာကိုလည်းကောင်း ငြင်းပယ်ရန် ဘုရားသခင်အပေါ် နိုင်ကွက်နှင့် သက်သေအထောက်အထားတို့ ရှာဖွေရန် ကြိုးစားနေသော အန္တိခရစ်အုပ်စုတစ်စု ဖြစ်သည်။
ဘုရားသခင် မည်သည့်အရာကိုပင် ပြုလုပ်စေကာမူ ကိုယ်တော်သည် မည်သည့်အခါမျှ မမှားပေ။ ကိုယ်တော်သည် သာမန်၊ ပုံမှန် ပတ်ဝန်းကျင်နှင့် နောက်ခံအခြေအနေတစ်ခုတွင် သို့မဟုတ် ဂုဏ်သရေရှိသော ပတ်ဝန်းကျင်နှင့် နောက်ခံအခြေအနေတစ်ခုတွင် မွေးဖွားခဲ့သည်ဖြစ်စေ ဤအရာ၌ အပြစ်တစ်စုံတစ်ရာ ရှိမည်မဟုတ်ဘဲ လူတို့အား ကိုယ်တော်အပေါ် နိုင်ကွက်ကို ရှာတွေ့စေမည့်အကြောင်း တစ်ခုမျှ ရှိမည်မဟုတ်ပေ။ အကယ်၍ သင်သည် ကိုယ်တော်က ခရစ်တော် မဟုတ်ကြောင်း သို့မဟုတ် ကိုယ်တော်၌ ဘုရားသခင်၏ အနှစ်သာရ ကင်းမဲ့ကြောင်း သက်သေပြရန် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိ၌ အပြစ် သို့မဟုတ် သက်သေအထောက်အထား တစ်စုံတစ်ရာကို ရှာဖွေရန် ကြိုးစားပါက သင့်အနေဖြင့် ဒုက္ခခံ ကြိုးစားနေရန် မလိုအပ်ကြောင်း၊ ဒုက္ခခံ ယုံကြည်နေရန် မလိုအပ်ကြောင်း သင့်ကို ငါပြောမည်။ ထွက်သာသွားလော့။ ထိုသို့ဆိုလျှင် သင်သည် ဒုက္ခမှ ကင်းလွတ်မည် မဟုတ်လော။ အဘယ်ကြောင့် ကိုယ့်ဘဝကိုယ် ထိုမျှ ခက်ခဲအောင် ပြုလုပ်ရသနည်း။ ခရစ်တော်ကို စွပ်စွဲရန်၊ ငြင်းပယ်ရန်၊ သို့မဟုတ် ပြစ်တင်ရှုတ်ချရန် ကိုယ်တော်၌ အပြစ် သို့မဟုတ် သက်သေအထောက်အထားကို ရှာဖွေဖို့ ကြိုးစားခြင်းသည် သင်၏ မှန်ကန်သော အလုပ်အကိုင်၊ တာဝန်၊ သို့မဟုတ် ဝတ္တရား မဟုတ်ပေ။ ခရစ်တော် မွေးဖွားခဲ့သော မိသားစု၊ သူကြီးပြင်းခဲ့သော ပတ်ဝန်းကျင်၊ သို့မဟုတ် သူပိုင်ဆိုင်သော လူ့သဘာဝ မည်သို့ပင်ဖြစ်စေ ဤသည်မှာ ဖန်ဆင်းရှင်ဖြစ်သော ဘုရားသခင် ကိုယ်တော်တိုင်၏ ရွေးချယ်မှုဖြစ်ပြီး မည်သူနှင့်မျှ သက်ဆိုင်ခြင်းမရှိပေ။ ဘုရားသခင် ပြုလေသမျှသည် မှန်ကန်သည်၊ ယင်းသည် သမ္မာတရားဖြစ်ပြီး ယင်းကို လူသားမျိုးနွယ်အတွက် ပြုလုပ်ခြင်း ဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် သာမန်မိသားစုတစ်ခုတွင် မဟုတ်ဘဲ နန်းတော်တစ်ခု၌ မွေးဖွားခဲ့ပါက သာမန်လူတစ်ဦး သို့မဟုတ် လူမှုအဆင့်အတန်း နိမ့်ကျသောသူတစ်ဦးသည် ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် အခွင့်အရေး တစ်စုံတစ်ရာ ရှိမည်လော။ သင်၌ အခွင့်အရေး ရှိမည်မဟုတ်ပေ။ သို့ဆိုလျှင် ဘုရားသခင် မွေးဖွားပြီး ကြီးပြင်းရန် ထိုသို့သော နည်းလမ်းကို ရွေးချယ်ခြင်း၌ အမှားတစ်စုံတစ်ရာ ရှိသလော။ ဤသည်မှာ လောက၌ တုနှိုင်းမရသော ချစ်ခြင်းမေတ္တာဖြစ်သည်၊ ယင်းသည် အပြုသဘောအဆောင်ဆုံးသောအရာ ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်များသည် ဘုရားသခင် ပြုခဲ့သော အပြုသဘောအဆောင်ဆုံးသောအရာကို ကိုယ်တော်သည် အနိုင်ကျင့်ရန်နှင့် လှည့်စားရန် လွယ်ကူသည်ဟူသော လက္ခဏာတစ်ခုအဖြစ် ရှုမြင်ကြပြီး ကိုယ်တော့်ကို အစဉ်မပြတ် စောင့်ကြည့်ကာ ကိုယ်တော့်ကို တိုက်ခိုက်ရာတွင် အသုံးချဖို့ နိုင်ကွက်ကို ရှာဖွေလိုကြသည်။ သင်သည် အဘယ်အရာကို စောင့်ကြည့်နေသနည်း။ အကယ်၍ သင်သည် ခရစ်တော်၏ ကိုယ်ကျင့်စရိုက်နှင့် လူ့သဘာဝကိုပင် မယုံကြည်နိုင်ဘဲ သင်သည် ကိုယ်တော့်ကို ဘုရားသခင်အဖြစ် လိုက်လျှောက်ပါက သင်သည် ပြောတော့တစ်မျိုး၊ လုပ်တော့တစ်မျိုး ဖြစ်နေသည် မဟုတ်လော။ သင်သည် ကိုယ့်ဒုက္ခကိုယ် ရှာနေခြင်း မဟုတ်လော။ အဘယ်ကြောင့် ဤကစားပွဲကို ကစားရသနည်း။ ယင်းမှာ ပျော်စရာကောင်းသလော။ နောက်ပိုင်းတွင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို လက်ခံခဲ့သော လူအများစုသည် ဤကိစ္စကို မှန်ကန်စွာ သဘောထားပြုမူနိုင်သည်ကို ငါ သတိပြုမိခဲ့သည်။ အနည်းငယ်မှာ သူတို့ ငါနှင့် ထိတွေ့ဆက်ဆံသောအခါ စူးစမ်းလိုစိတ် ရှိခဲ့ကြသော်လည်း ငါသည် ထိုသို့သောလူများကို ရှောင်ရှားပြီး လျစ်လျူရှုခဲ့သည်။ အကယ်၍ သင်သည် သမ္မာတရားကို လက်ခံနိုင်ပါက ကျွန်ုပ်တို့သည် မိသားစုတစ်စုတည်း ဖြစ်သည်။ အကယ်၍ သင် သမ္မာတရားကို လက်မခံနိုင်ဘဲ ငါ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စုံစမ်းမေးမြန်းရန် အမြဲတမ်း ကြိုးစားနေပါက ထွက်သွားလော့။ ငါသည် သင့်ကို အသိအမှတ်မပြု၊ ငါတို့သည် မိသားစုမဟုတ်၊ ရန်သူများသာ ဖြစ်သည်။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ကြားပြီးနောက်၊ သူ၏ အမှုတော်နှင့် ထိန်းကျောင်းမှုကို နှစ်ပေါင်းများစွာ လက်ခံရရှိပြီးနောက် လူတို့သည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိအပေါ် ထိုသို့သော အတွေးအခေါ်များကို ထားရှိဆဲဖြစ်ပြီး ယင်းတို့အတိုင်းပင် ပြုမူကြမည်ဆိုလျှင် ထိုသို့သောလူများ၌ ဘုရားသခင်ကို ရန်မူလိုသော စိတ်သဘောထားတစ်ခု ရှိသည်ဟု ဆိုရမည်ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ မွေးရာပါ ရန်သူများဖြစ်ပြီး အပြုသဘောဆောင်သော အရာများကို လက်မခံနိုင်ကြပေ။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်က ပေါလုသည် သခင်ယေရှုကို ဆန့်ကျင်ရန် အစွမ်းကုန် ကြိုးစားခဲ့ပြီး ကိုယ်တော့်ကို အရူးအမူး ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဝေဖန်သုံးသပ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကို ပြုလုပ်ခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သခင်ယေရှုသည် သာမန်မိသားစုတစ်ခုတွင် မွေးဖွားခဲ့သောကြောင့်၊ ကိုယ်တော်သည် သာမန်အရပ်သားတစ်ဦးဖြစ်ပြီး ကျမ်းပြုဆရာများနှင့် ဖာရိရှဲများ၏ ပညာရေး၊ သက်ရောက်မှု၊ သို့မဟုတ် ဩဇာလွှမ်းမိုးမှုဟုခေါ်သော အရာကို လက်ခံရရှိခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ ပေါလု၏ အမြင်တွင် ထိုသို့သော ပုဂ္ဂိုလ်သည် ခရစ်တော်ဟု ခေါ်ဆိုခြင်း မခံရထိုက်ပေ။ အဘယ်ကြောင့် မထိုက်တန်သနည်း။ အကြောင်းမှာ ကိုယ်တော်၌ နှိမ့်ချသော ပင်ကိုလက္ခဏာရှိပြီး လူမှုအဆင့်အတန်း များစွာမရှိဘဲ ကိုယ်တော်သည် လူ့အဖွဲ့အစည်းရှိ အောက်တန်းစား လူတန်းစားထဲမှ တစ်ဦးဖြစ်သောကြောင့်၊ သို့ဖြစ်၍ ခရစ်တော် သို့မဟုတ် အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဟု ခေါ်ဆိုခြင်း မခံထိုက်သောကြောင့် ဖြစ်သည်။ ဤအကြောင်းကြောင့် ပေါလုသည် ကိုယ်တော့်ကို ပြစ်တင်ရှုတ်ချပြီး အတိုက်အခံလုပ်ရန်၊ ကိုယ်တော်၏ အမှုကို ဖြိုဖျက်ရန်နှင့် ကိုယ်တော်၏ နောက်လိုက်များကို ဖမ်းဆီးရန် သူ၏ ဩဇာလွှမ်းမိုးမှု၊ ဩဇာတိက္ကမနှင့် အစိုးရကို အသုံးပြုကာ သခင်ယေရှုကို ဆန့်ကျင်ဖို့ ကြိုးပမ်းမှုတိုင်းကို ပြုလုပ်ဝံ့ခဲ့သည်။ သူသည် သခင်ယေရှုကို ဆန့်ကျင်နေစဉ် ပေါလုသည် သူ ဘုရားသခင်၏ အမှုကို ကာကွယ်နေသည်ဟုလည်းကောင်း၊ သူ၏ လုပ်ရပ်များသည် တရားမျှတသည်ဟုလည်းကောင်း၊ သူသည် တရားမျှတသော အင်အားစုတစ်ခုကို ကိုယ်စားပြုသည်ဟုလည်းကောင်း ယုံကြည်ခဲ့သည်။ သူသည် ဘုရားသခင်ကို မဟုတ်ဘဲ သာမန်လူတစ်ဦးကို အတိုက်အခံလုပ်နေသည်ဟု သူ တွေးထင်ခဲ့သည်။ ခရစ်တော်၏ မူလအစကို နိမ့်ကျပြီး မကြီးကျယ်ဟု သူယူဆခဲ့သောကြောင့် အတိအကျပင်လျှင် သူသည် ခရစ်တော်ကို မရိုးမဖြောင့်နှင့် မဆင်မခြင် ဝေဖန်သုံးသပ်ပြီး ပြစ်တင်ရှုတ်ချဝံ့ခဲ့ခြင်းဖြစ်ပြီး သူ၏ လုပ်ရပ်များနှင့်ပတ်သက်၍ သူ၏ စိတ်နှလုံးထဲ၌ အထူးသဖြင့် ငြိမ်သက်ပြီး တည်ငြိမ်သည်ဟု ခံစားခဲ့ရသည်။ သူသည် မည်သို့သော သတ္တဝါမျိုး ဖြစ်သနည်း။ အကယ်၍ သူသည် သခင်ယေရှုမှာ ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်သည်ကို မသိရှိခဲ့လျှင်ပင် သို့မဟုတ် သူ၏ တရားဒေသနာများနှင့် နှုတ်ကပတ်တော်များမှာ ဘုရားသခင်ထံမှ လာသည်ကို မသိခဲ့လျှင်ပင် ထိုသို့သော သာမန်လူတစ်ဦးသည် သူ၏ အလုံးစုံ တိုက်ခိုက်မှုကို ခံထိုက်သလော။ ကိုယ်တော်သည် ဤသို့သော မလိုမုန်းထားသည့် တိုက်ခိုက်မှုကို ခံထိုက်သလော။ ကိုယ်တော်သည် အခြားသူများကို လှည့်ဖြားရန်နှင့် လူများအတွက် ကိုယ်တော်နှင့် ယှဉ်ပြိုင်ရန် ပေါလုက ကောလာဟလများနှင့် မုသားများကို လုပ်ကြံဖန်တီးခြင်းကို ခံထိုက်သလော။ ပေါလု၏ မုသားများသည် အခြေအမြစ်ကင်းမဲ့သည့် မဟုတ်လော။ သခင်ယေရှု၏ လုပ်ရပ်များထဲမှ တစ်ခုခုသည် ပေါလု၏ အကျိုးစီးပွား သို့မဟုတ် အဆင့်အတန်းကို သက်ရောက်မှု ရှိခဲ့သလော။ မရှိခဲ့ချေ။ သခင်ယေရှုသည် လူမှုအဆင့်အတန်း နိမ့်ကျသောသူများအကြား၌ တရားဟောကြားပြီး တရားဒေသနာများကို ပေးခဲ့ကာ တစ်ချိန်တည်းမှာပင် လူအတော်များများက ကိုယ်တော်နောက် လိုက်ခဲ့ကြသည်။ ဤသည်မှာ ပေါလုကဲ့သို့သော လူတစ်ဦး၏ လူနေမှုပတ်ဝန်းကျင်နှင့် လုံးဝ ကွဲပြားသော လောကတစ်ခု ဖြစ်ခဲ့သည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ပေါလုသည် သခင်ယေရှုကို ညှဉ်းပန်းနှိပ်စက်ခဲ့သနည်း။ ဤသည်မှာ သူ၏ အန္တိခရစ် အနှစ်သာရက အလုပ်လုပ်နေခြင်း ဖြစ်သည်။ သူက ဤသို့ တွေးထင်ခဲ့သည်၊ “သင်၏ တရားဒေသနာများ မည်မျှပင် ကြီးကျယ်စေကာမူ၊ မှန်ကန်စေကာမူ၊ သို့မဟုတ် လက်ခံခြင်းခံရစေကာမူ ငါက သင်သည် ခရစ်တော်မဟုတ်ဟု ဆိုလျှင် သင်သည် ခရစ်တော်မဟုတ်ပေ။ အကယ်၍ ငါ သင့်ကို မနှစ်သက်ပါက ငါသည် သင့်ကို ညှဉ်းပန်းနှိပ်စက်မည်၊ သင့်ကို ထင်ရာမြင်ရာ စွပ်စွဲမည်၊ သင့်ကို အဖိုးအခပေးဆပ်စေမည်” ဟူ၍ ဖြစ်သည်။ ခရစ်တော်အနေဖြင့် သူ၏ သာမန်လူ့သဘာဝအတွင်း၌ ပိုင်ဆိုင်ခဲ့သော ဤအရာများသည် ပေါလု၏ တောင်းဆိုချက်များကို မဖြည့်ဆည်းပေးခဲ့သောကြောင့် ပေါလု၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများနှင့်အညီ ပြုလုပ်ခြင်း သို့မဟုတ် ပိုင်ဆိုင်ခြင်း မရှိခဲ့သောကြောင့် ပေါလုကဲ့သို့သော အန္တိခရစ်များသည် ကိုယ်တော့်ကို စဉ်းတောင့်စဉ်းလဲ ဝေဖန်သုံးသပ်ခြင်း၊ ငြင်းပယ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကို လုပ်ဆောင်နိုင်စွမ်း ရှိခဲ့ကြသည်။ အဆုံးတွင် အဘယ်အရာ ဖြစ်ခဲ့သနည်း။ သခင်ယေရှု၏ ဒဏ်ခတ်ခြင်းကို ခံရပြီးနောက် ပေါလုသည် နောက်ဆုံးတွင် “သခင်ကိုယ်တော်သည် အဘယ်သူနည်း” ဟု အသိအမှတ်ပြုခဲ့သည်။ ထို့နောက် သခင်ယေရှုက “ငါကား၊ သင် အတိုက်အခံလုပ်သော ယေရှုဖြစ်သတည်း” ဟု မိန့်တော်မူခဲ့သည်။ ထိုအချိန်မှစ၍ ပေါလုသည် ယေရှုကို ကိုယ်တော်၏ နှိမ့်ချသော ဇာစ်မြစ်ကြောင့် သာမန်လူတစ်ဦးအဖြစ်ဖြစ်စေ၊ ခရစ်တော်နှင့် မတူသောသူတစ်ဦးအဖြစ်ဖြစ်စေ မယုံကြည်တော့ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သခင်ယေရှု၏ အလင်းသည် လူတို့ကို မျက်စိကွယ်စေနိုင်သောကြောင့်၊ ကိုယ်တော်၌ သြဇာအာဏာ ရှိပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်များသည် လူတို့ကို ဒဏ်ခတ်နိုင်ကာ သူတို့၏ စိတ်ဝိညာဉ်များကို ဒဏ်ခတ်နိုင်သောကြောင့် ဖြစ်သည်။ ပေါလုသည် မိမိဘာသာ ဤသို့ တွေးထင်ခဲ့သည်၊ “ယေရှုဟုခေါ်သော ဤပုဂ္ဂိုလ်သည် အမှန်တကယ် ဘုရားဖြစ်နိုင်မည်လော။ သူသည် အသက်ရှင်သော ဘုရား၏ သားတော်တစ်ပါး ဖြစ်နိုင်မည်လော။ သူ လူတို့ကို ဒဏ်ခတ်နိုင်သည်၊ သို့ဖြစ်၍ သူသည် ဘုရားဖြစ်ရမည်။ သို့သော် အချက်တစ်ချက်သာ ရှိသည်၊ လူတို့ကို ဒဏ်ခတ်သောသူမှာ ခရစ်တော်ဟုခေါ်သော ဤသာမန်လူမဟုတ်၊ ဘုရား၏ ဝိညာဉ်တော်သာ ဖြစ်သည်။ သို့ဖြစ်၍ မည်သို့ပင်ဖြစ်စေ သင်သည် ယေရှုဟု ခေါ်ဆိုခြင်းခံရသရွေ့ ငါသည် သင့်ကို ပျပ်ဝပ်လျက် ကိုးကွယ်မည်မဟုတ်။ ငါသည် ကောင်းကင်ဘုံရှိ ဘုရား၊ ဘုရား၏ ဝိညာဉ်တော်ကိုသာ ကိုးကွယ်သည်” ဟူ၍ ဖြစ်သည်။ ဒဏ်ခတခြင်းခံရပြီးနောက်၊ ပေါလု၌ အတွေးတစ်ခု ရှိခဲ့သည်။ သူ ဒဏ်ခတ်ခြင်းခံရခြင်းသည် မကောင်းသောအရာ ဖြစ်သော်လည်း ယင်းက ခရစ်တော်ဟုခေါ်သော လူတစ်ဦး၌ အထူးပင်ကိုလက္ခဏာတစ်ခု ရှိသည်ကိုလည်းကောင်း၊ ခရစ်တော်ဖြစ်လာခြင်းသည် ကြီးမားသော ဂုဏ်တစ်ခု ဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်ဖြစ်လာသူ မည်သူမဆိုသည် အသက်ရှင်သော ဘုရား၏ သားတော်တစ်ပါး ဖြစ်လာနိုင်သည်ကိုလည်းကောင်း၊ ဘုရားထံသို့ တိုးဝင် ချဉ်းကပ်နိုင်သည်ကိုလည်းကောင်း၊ သူတို့၏ ဘုရားနှင့် ဆက်ဆံရေးကို ပြောင်းလဲနိုင်သည်ကိုလည်းကောင်း၊ ထိုသာမန်လူကို ထူးခြားစေနိုင်သည်ကိုလည်းကောင်း၊ ထိုသာမန်လူ၏ ပင်ကိုလက္ခဏာကို ဘုရား၏ သားတော်တစ်ပါး၏ ပင်ကိုလက္ခဏာအဖြစ်သို့ ပြောင်းလဲနိုင်သည်ကိုလည်းကောင်း သူ့အား သဘောပေါက်စေခဲ့သည်။ သူက ဤသို့ တွေးထင်ခဲ့သည်၊ “သင်၊ ယေရှုသည် အသက်ရှင်သော ဘုရား၏ သားတော်တစ်ပါးဖြစ်သော်လည်း ထိုအကြောင်းနှင့်ပတ်သက်၍ အဘယ်အရာက ထိုမျှ အထင်ကြီးစရာကောင်းသနည်း။ သင်၏ ဖခင်သည် ဆင်းရဲသော လက်သမားတစ်ဦးဖြစ်ပြီး သင်၏ မိခင်မှာ သာမန် အိမ်ရှင်မတစ်ဦး ဖြစ်သည်။ သင်သည် သာမန်လူများအကြား၌ ကြီးပြင်းခဲ့ပြီး သင်၏ မိသားစု၌ လူမှုအဆင့်အတန်း နိမ့်ကျကာ သင်ကိုယ်တိုင်၌လည်း အထူးစွမ်းရည်များ မရှိပေ။ သင်သည် ဗိမာန်တော်တစ်ခု၌ တရားဟောခဲ့ဖူးသလော။ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများသည် သင့်ကို အသိအမှတ်ပြုသလော။ သင်သည် မည်သည့်ပညာရေးကို လက်ခံရရှိခဲ့သနည်း။ သင်၏ မိဘများသည် အဆင့်မြင့်သော အသိပညာကို ပိုင်ဆိုင်သလော။ သင့်၌ ဤအရာများထဲမှ တစ်ခုမျှ မရှိသည့်တိုင် သင်သည် အသက်ရှင်သော ဘုရား၏ သားတော်တစ်ပါး ဖြစ်နေဆဲ ဖြစ်သည်။ သို့ဆိုလျှင် ငါ၌ ထိုမျှ အဆင့်မြင့်သော အသိပညာ ရှိပြီး ငါသည် အထက်တန်းစား လူ့အဖွဲ့အစည်းရှိ လူများနှင့် ထိတွေ့ဆက်ဆံကာ ငါ၏ မိဘများသည် အလွန် ပညာတတ်၊ အသိပညာကြွယ်ဝပြီး သူတို့သည် နောက်ခံကောင်းတစ်ခုမှ လာကြသည်ဖြစ်သောကြောင့် ငါ့အတွက် ခရစ်တော်ဖြစ်လာရန် လွယ်ကူမည် မဟုတ်လော” ဟူ၍ ဖြစ်လေသည်။ သူ အဘယ်အရာကို သွယ်ဝိုက်ပြောဆိုနေခဲ့သနည်း။ “အကယ်၍ ယေရှုကဲ့သို့သော လူတစ်ဦးသည် ခရစ်တော်ဖြစ်နိုင်ပါက ငါ၊ ပေါလုသည် အလွန် ထူးကဲသော၊ ဩဇာတိက္ကမရှိသော၊ နှံ့စပ်သော၊ မြင့်မားသော လူမှုအဆင့်အတန်းကို ပိုင်ဆိုင်သောကြောင့် အသက်ရှင်သော ဘုရား၏ သားတော်တစ်ပါးဖြစ်သည့် ခရစ်တော်ဖြစ်ရန် သာ၍ပင် လုပ်နိုင်စွမ်းရှိသည် မဟုတ်လော။ ယေရှု အသက်ရှင်စဉ်အခါက သူသည် တရားဟောသည်၊ ကျမ်းစာများကို ဖတ်သည်၊ နောင်တရခြင်း၏ လမ်းခရီးကို ဖြန့်ဝေသည်၊ နေရာတိုင်းသို့ လမ်းလျှောက်သည်၊ လူတို့၏ အနာများကိုငြိမ်းစေသည်၊ မကောင်းဆိုးဝါးများကို နှင်ထုတ်သည်၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများစွာကို ပြုလုပ်ခဲ့သည်။ ထိုမျှသာဖြစ်သည် မဟုတ်လော။ ထို့နောက် သူသည် အသက်ရှင်သော ဘုရား၏ သားတော်တစ်ပါး ဖြစ်လာပြီး ကောင်းကင်ဘုံသို့ တက်ကြွသွားခဲ့သည်။ ယင်းမှာ မည်မျှ ခက်ခဲနိုင်မည်နည်။ ငါ၊ ပေါလုသည် အသိပညာကြွယ်ဝပြီး မြင့်မြတ်သော လူမှုအဆင့်အတန်းနှင့် ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သည်။ အကယ်၍ ငါသည် ယေရှုပြုခဲ့သကဲ့သို့ လူများအကြား၌ ပို၍ လမ်းလျှောက်မည်ဆိုလျှင်၊ ငါ၏ ကျော်ကြားမှုကို တိုးမြှင့်မည်ဆိုလျှင်၊ နောက်လိုက်များ ပိုမိုရရှိအောင်လုပ်ပြီး လူများကို ပိုမိုအကျိုးပြုမည်ဆိုလျှင်၊ ငါသည် အခက်အခဲများကို ခါးစည်းခံနိုင်၍ အဖိုးအခကို ပေးဆပ်နိုင်ကာ ငါ၏ လူမှုအဆင့်အတန်းကို နှိမ့်ချပြီး တရားဒေသနာများ ပိုမိုဟောကြားကာ အမှုတော်များ ပိုမိုထမ်းဆောင်ပြီး လူများကို ပိုမိုရရှိမည်ဆိုလျှင် ငါ၏ ပင်ကိုလက္ခဏာသည် ပြောင်းလဲသွားမည် မဟုတ်လော။ ငါသည် လူသားမှ ဘုရား၏ သားတော်အဖြစ်သို့ ပြောင်းလဲသွားမည် မဟုတ်လော။ ဘုရား၏ သားတော်သည် ခရစ်တော်မဟုတ်လော။ ခရစ်တော်ဖြစ်ရန် အဘယ်အရာက ထိုမျှ ခက်ခဲသနည်း။ ခရစ်တော်သည် လူမှမွေးဖွားသော လူသားတစ်ဦး မဟုတ်လော။ ယေရှုသည် ခရစ်တော် ဖြစ်လာနိုင်သောကြောင့် အဘယ်ကြောင့် ငါ၊ ပေါလုသည် မဖြစ်နိုင်ရမည်နည်။ ယင်းမှာ အလွန် လွယ်ကူလှသည်။ ယေရှု ပြုလုပ်ခဲ့သမျှကို ငါ ပြုလုပ်မည်၊ သူပြောခဲ့သမျှကို ငါ ပြောမည်၊ သူ လူများအကြား၌ မည်သို့လမ်းလျှောက်ခဲ့ပါစေ ငါလည်း ထိုအတိုင်း လမ်းလျှောက်မည်။ ထိုအခါ ငါသည် ယေရှုနှင့် တူညီသော ပင်ကိုလက္ခဏာနှင့် ရပ်တည်မှုကို ပိုင်ဆိုင်မည် မဟုတ်လော။ ငါသည် ယေရှုပြုခံခဲ့ရသကဲ့သို့ ဘုရား၏ အသိအမှတ်ပြုခြင်းကို ခံရရန် အခြေအနေများနှင့် ကိုက်ညီမည် မဟုတ်လော” ဟူ၍ ဖြစ်လေသည်။ ထို့ကြောင့် ယေရှု၏ ပင်ကိုလက္ခဏာအပေါ် ပေါလု၏ နားလည်မှုနှင့် သိမြင်မှုကို သူ၏ ဩဝါဒစာများမှ မြင်တွေ့ရန် မခက်ခဲပေ။ သူသည် သခင်ယေရှုမှာ အမှုတော်အားဖြင့်လည်းကောင်း၊ အဖိုးအခကို ပေးဆပ်ခြင်းအားဖြင့်လည်းကောင်း၊ အထူးသဖြင့် ကားတိုင်တင်ခြင်းခံရပြီးနောက် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့ခြင်းဖြင့်လည်းကောင်း အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်လာခဲ့သော သာမန်လူတစ်ဦးဖြစ်သည်၊ သူ၏ ပင်ကိုလက္ခဏာသည် နောက်ပိုင်းတွင် ပြောင်းလဲသွားခဲ့သည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့် ပေါလုကဲ့သို့သော လူတို့၏ စိတ်ထဲ၌ သူတို့သည် ယေရှုကို ကမ္ဘာမြေပေါ်၌ ဘုရားသခင် ယူတင်ဝတ်ဆင်သော ဇာတိပကတိအဖြစ်၊ လူသားမျိုးနွယ်အကြား၌ ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိအဖြစ် မည်သည့်အခါမျှ အသိအမှတ်မပြုကြပေ။ သူတို့သည် ခရစ်တော်၏ အနှစ်သာရကို မည်သည့်အခါမျှ အသိအမှတ်မပြုကြပေ။
ယနေ့ခေတ်၏ အန္တိခရစ်များသည် ပေါလုနှင့် တူကြသည်။ ပထမဦးစွာ ၎င်းတို့၌ တူညီသော အတွေးအခေါ်များ၊ ရည်မှန်းချက်များနှင့် နည်းလမ်းများ ရှိကြသည့်အပြင် နောက်ထပ်အရာတစ်ခုဖြစ်သည့် မိုက်မဲခြင်းဟူသော တူညီသည့်လက္ခဏာရပ်လည်း ရှိကြသည်။ ၎င်းတို့၏ မိုက်မဲခြင်းသည် အဘယ်မှ အရင်းခံသနည်း။ ယင်းမှာ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများမှ အရင်းခံသည်။ အန္တိခရစ်များသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိကို ကြည့်သောအခါ မည်သည့်ရှုထောင့်မှဖြစ်စေ ၎င်းတို့သည် ခရစ်တော်၌ ဘုရားသခင်၏ အနှစ်သာရကို မမြင်နိုင်ကြပေ။ ၎င်းတို့ မည်သို့ပင် ကြည့်စေကာမူ ၎င်းတို့သည် ဤအရာမှ သမ္မာတရားကို မရရှိနိုင် သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားကို နားမလည်နိုင်ကြပေ။ ၎င်းတို့ မည်သို့ပင် ကြည့်စေကာမူ ၎င်းတို့သည် ခရစ်တော်မှာ သာမန်လူတစ်ဦးဖြစ်သည်ဟု အမြဲတမ်း ယုံကြည်ကြသည်။ အကယ်၍ ခရစ်တော်သည် အားလုံးမြင်တွေ့ရန် ကောင်းကင်မှ တိုက်ရိုက် ဆင်းသက်ခဲ့ပါက သူသည် သာမန်ဖြစ်မည်မဟုတ်ဟု ၎င်းတို့ တွေးထင်ကြသည်၊ အကယ်၍ ခရစ်တော်၌ မူလအစ သို့မဟုတ် နောက်ခံအခြေအနေ လုံးဝမရှိဘဲ လူများအကြား၌ ရုတ်တရက်ကြီး ပေါ်ထွက်လာခဲ့ပါက ယင်းမှာ အလွန် ထူးကဲပြီး ထူးခြားဆန်းကြယ်လိမ့်မည်ဟု ၎င်းတို့ တွေးထင်ကြသည်။ လူတို့ နားမလည်နိုင်သော၊ ထူးခြားဆန်းကြယ်သော အရာများသည် အန္တိခရစ်များ၏ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် စူးစမ်းလိုစိတ်တို့ကို အတိအကျ ဖြည့်ဆည်းပေးသည့်အရာများ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို ဖော်ပြနိုင်ပြီး ၎င်းတို့အား အသက်ကို ပေးသနားနိုင်သော သာမန်လူတစ်ဦးထက် ထိုသို့သော ခရစ်တော်တစ်ပါးနောက်သို့ လိုက်လိုကြသည်။ ခရစ်တော်သည် လူမှမွေးဖွားခဲ့ပြီး အမှန်ပင် သာမန်လူတစ်ဦး၊ လုံလောက်သော အာရုံစိုက်မှုကို မဆွဲဆောင်နိုင်သော သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော နည်းလမ်းဖြင့် စကားမပြောသော ပုံမှန်၊ လက်တွေ့ကျသော လူတစ်ဦးဖြစ်သောကြောင့်သာလျှင် အန္တိခရစ်များသည် ကိုယ်တော့်ကို အတန်ကြာ စောင့်ကြည့်ပြီးသောအခါ ခရစ်တော် ပြုလေသမျှ၌ ထို့ထက်ပို၍ ဘာမျှမရှိဟု ၎င်းတို့ ယုံကြည်ကြခြင်း ဖြစ်သည်။ နည်းလမ်းအချို့ကို သိရှိသွားပြီးနောက် ၎င်းတို့သည် ခရစ်တော်ကို အတုခိုးရန် စတင်ကြသည်။ ၎င်းတို့သည် သူ၏ လေသံ၊ သူ၏ ပြောဆိုပုံနှင့် သူ၏ အသံနေအသံထားကို အတုခိုးကြသည်။ အချို့သည် သူ၏ အသက်ရှူသံများနှင့် ချောင်းဆိုးသံများကိုပင် တုပလျက် သူအသုံးပြုသော စကားလုံးများ အတိအကျကိုပင် အတုခိုးကြသည်။ လူအချို့က “ဤအတုခိုးခြင်းသည် မသိနားမလည်မှုကြောင့်လော” ဟု မေးကြသည်။ မဟုတ်ပေ။ အဘယ်အရာက ယင်းကို ဖြစ်စေသနည်း။ အန္တိခရစ်များသည် သာမန်စကားလုံးအချို့ကိုသာ ပြောဆိုသော၊ နောက်လိုက်များစွာကို ပိုင်ဆိုင်ပြီး လူများစွာ သူအား ကျိုးနွံနာခံခြင်းရှိသော ခရစ်တော်ကဲ့သို့သော ထိုမျှ သာမန်ဖြစ်သောလူတစ်ဦးကို မြင်သောအခါ ဤကိစ္စနှင့်ပတ်သက်၍ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာ၌ အတွေးအခေါ်အချို့ ပေါ်ပေါက်လာသည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်အတွက် ဝမ်းမြောက်ခြင်း၊ ကိုယ်တော့်အတွက် ပျော်ရွှင်ခြင်းကို ခံစားရပြီး ကိုယ်တော့်ကို ချီးမွမ်းကြသလော၊ သို့မဟုတ် ၎င်းတို့သည် ခံပြင်းဒေါသထွက်ခြင်း၊ မကျေမချမ်းဖြစ်ခြင်း၊ ရန်လိုခြင်း၊ မနာလိုခြင်းနှင့် ငြူစူခြင်းတို့ကို ခံစားရသလော။ (မနာလိုခြင်းနှင့် ငြူစူခြင်းတို့ ခံစားရပါသည်။) ၎င်းတို့က ဤသို့ တွေးထင်ကြသည်၊ “သင်သည် အဘယ်သို့ ဘုရားဖြစ်လာခဲ့သနည်း။ အဘယ်ကြောင့် ငါသည် ဘုရားမဖြစ်ရသနည်း။ သင်သည် ဘာသာစကား မည်မျှ ပြောဆိုနိုင်သနည်း။ သင်သည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြုလုပ်နိုင်သလော။ သင်သည် လူတို့အား အဘယ်အရာကို ယူဆောင်လာပေးနိုင်သနည်း။ သင့်၌ အဘယ်သို့သော ဆုကျေးဇူးများနှင့် ပါရမီများ ရှိသနည်း။ သင့်၌ အဘယ်သို့သော အရည်အချင်းများ ရှိသနည်း။ များစွာသော လူတို့အား သင့်နောက်သို့ လိုက်လာစေရန် သင်သည် အဘယ်သို့ ပြုလုပ်ခဲ့သနည်း။ ထိုမျှလောက်များစွာသော လူတို့ သင့်နောက်သို့ လိုက်ခြင်းသည် သင်၏ အရည်အချင်းများကြောင့်သာ ဖြစ်ခဲ့လျှင် ငါ၏ အရည်အချင်းများဖြင့်မူ ငါ့နောက်သို့ ထို့ထက်မက လိုက်လာကြပေလိမ့်မည်” ဟူ၍ ဖြစ်သည်။ သို့ဖြစ်၍ အန္တိခရစ်များသည် ဤအရာအပေါ် သူတို့၏ ကြိုးပမ်းအားထုတ်မှုများကို အာရုံစိုက်လိုကြသည်။ ထို့ကြောင့် ၎င်းတို့အဖို့ ခရစ်တော်ဖြစ်လာခြင်းသည် အောင်မြင်နိုင်သော အိပ်မက်တစ်ခုဖြစ်သည်ဟူသော ပေါလု၏ အမြင်ကို ၎င်းတို့ လုံးလုံးလျားလျား သဘောတူကြသည်။
ဘုရားသခင်က လူတို့ကို တာဝန်သိသော လူသားများနှင့် တာဝန်သိသော ဖန်ဆင်းခံများ ဖြစ်ရန် ပြောသောအခါ အန္တိခရစ်များသည် ဤစကားများကို အထူးသဖြင့် မထီမဲ့မြင်ပြုကြပြီး ဤသို့ ဆိုကြသည်၊ “ဘုရား ပြောသမျှအရာအားလုံးသည် ကောင်းပြီး မှန်ကန်သည်၊ သို့သော် ကျွန်ုပ်တို့ကို ခရစ်တော်ဖြစ်ခွင့် မပေးခြင်းမှာ မှားယွင်းသည်။ အဘယ်ကြောင့် လူတို့သည် ခရစ်တော် မဖြစ်နိုင်ရမည်နည်း။ ခရစ်တော်သည် ဘုရား၏ အသက်ရှိသော တစ်စုံတစ်ဦးမျှသာ မဟုတ်လော။ သို့ဖြစ်၍ အကယ်၍ ကျွန်ုပ်တို့သည် ဘုရား၏ နှုတ်ကပတ်တော်များကို လက်ခံပြီး သူ၏ ရေလောင်းခြင်းနှင့် ထိန်းကျောင်းမှုကို လက်ခံကာ ဘုရား၏ အသက်ကို ပိုင်ဆိုင်ပါက ကျွန်ုပ်တို့သည်လည်း ခရစ်တော် ဖြစ်လာနိုင်သည် မဟုတ်လော။ သင်သည် လူသားများမှ မွေးဖွားသော သာမန်လူတစ်ဦးဖြစ်ပြီး ငါတို့လည်း ထိုအတိုင်းပင် ဖြစ်သည်။ မည်သည့်အခြေခံဖြင့် သင်က ခရစ်တော်ဖြစ်နိုင်ပြီး ကျွန်ုပ်တို့က မဖြစ်နိုင်ရမည်နည်း။ သင်သည် ဘဝနှောင်းပိုင်းတွင် ခရစ်တော် ဖြစ်လာခဲ့သည် မဟုတ်လော။ အကယ်၍ ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခခံပြီး အဖိုးအခကို ပေးဆပ်ကာ ဘုရားနှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုပြီး ဘုရား၏ အသက်ကို ပိုင်ဆိုင်ကာ ဘုရားပြောသကဲ့သို့ တူညီသော စကားများကို ပြောဆိုပြီး ဘုရားပြုလုပ်လိုသော အရာကို ပြုလုပ်ကာ ဘုရားကို အတုယူပါက ကျွန်ုပ်တို့သည်လည်း ခရစ်တော် ဖြစ်လာနိုင်သည် မဟုတ်လော။ ယင်းနှင့်ပတ်သက်၍ အဘယ်အရာက ထိုမျှ ခက်ခဲသနည်း” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်များသည် ခရစ်တော်နောက်သို့ လိုက်ပြီး ခရစ်တော်၏ သာမန်နောက်လိုက်များ ဖြစ်လာခြင်း သို့မဟုတ် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်ရှိ ဖန်ဆင်းခံများ ဖြစ်ခြင်းကို မပျော်ရွှင်ကြပေ။ သူတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များက သူတို့ကို ဤသို့ တိုက်တွန်းသည်၊ “သာမန်လူတစ်ဦး မဖြစ်နှင့်။ ခရစ်တော်ကို အချိန်တိုင်း လိုက်လျှောက်ခြင်းနှင့် နာခံခြင်းသည် အသုံးမကျခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ခရစ်တော်၏ နှုတ်ကပတ်တော်များနှင့် ဘုရား၏ ကတိတော်များအပြင် သင်သည် ဘုရား၏ သားတော်တစ်ပါး၊ သားဦး၊ ခရစ်တော်ကိုယ်တိုင် ဖြစ်လာရန်၊ ဘုရား၏ ကြီးစွာသော အသုံးပြုခြင်းကို ခံရရန် သို့မဟုတ် ဘုရား၏ နိုင်ငံတော်၌ ထောက်တိုင်တစ်တိုင် ဖြစ်ရန် ကြိုးစားခြင်းကဲ့သို့သော ပိုမိုမြင့်မားသော လိုက်စားမှုများ သင့်ထံတွင် ရှိသင့်သည်။ ထိုပန်းတိုင်များသည် အဘယ်မျှ ကြီးမြတ်ပြီး စိတ်အားထက်သန်ဖွယ် ကောင်းပါသနည်း” ဟူ၍ဖြစ်သည်။ ဤအတွေးအခေါ်များနှင့်ပတ်သက်၍ သင်တို့ မည်သို့ ထင်သနည်း။ ၎င်းတို့သည် မြှင့်တင်ထိုက်သလော။ ၎င်းတို့သည် သာမန်လူတို့ ပိုင်ဆိုင်သင့်သော အရာတစ်ခုလော။ (မဟုတ်ပါ။) အန္တိခရစ်များ၌ ခရစ်တော်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရအပေါ် ဤသို့သော နားလည်မှုမျိုး ရှိသောကြောင့် အတိအကျပင် ၎င်းတို့သည် ခရစ်တော်ကို ဆန့်ကျင်ခြင်း၊ ဝေဖန်သုံးသပ်ခြင်း၊ စမ်းသပ်ခြင်း၊ ငြင်းပယ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းဟူသော ၎င်းတို့၏ စကားလုံးများနှင့် လုပ်ရပ်များကို အလေးအနက်မထားကြခြင်း ဖြစ်သည်။ ၎င်းတို့က ဤသို့ တွေးထင်ကြသည်၊ “လူတစ်ဦးကို ဝေဖန်သုံးသပ်ခြင်းနှင့်ပတ်သက်၍ အဘယ်အရာက ထိုမျှ ကြောက်စရာကောင်းသနည်း။ သင်သည် လူတစ်ဦးမျှသာဖြစ်သည် မဟုတ်လော။ သင်သည် လူတစ်ဦးဖြစ်ကြောင်း သင် ဝန်ခံသည်၊ သို့ဖြစ်၍ သင့်ကို ငါ ဝေဖန်သုံးသပ်ခြင်း၊ အကဲဖြတ်ခြင်း၊ သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း၌ အဘယ်အရာ မှားယွင်းသနည်း။ သင့်ကို ငါ စောင့်ကြည့်ခြင်း သို့မဟုတ် လေ့လာခြင်း၌ အဘယ်အရာ မှားယွင်းသနည်း။ ဤအရာများကို ပြုလုပ်ရန်မှာ ငါ၏ လွတ်လပ်ခွင့် ဖြစ်သည်” ဟူ၍ဖြစ်သည်။ ၎င်းတို့သည် ဤသည်ကို ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း သို့မဟုတ် ကိုယ်တော့်ကို ဆန့်ကျင်ဘက်ပြုခြင်းအဖြစ် မမြင်ကြပေ၊ ယင်းမှာ အလွန် အန္တရာယ်ရှိသော ရှုထောင့်အမြင်တစ်ခု ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များစွာတို့သည် ဤနည်းလမ်းဖြင့် ခရစ်တော်ကို အနှစ် ၂၀ သို့မဟုတ် ၃၀ ကြာ ဆန့်ကျင်ခဲ့ကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ ကိုယ်တော်နှင့် အမြဲတမ်း ယှဉ်ပြိုင်နေကြသည်။ ငါသည် သင့်ကို အမှန်တရားကို ပြောမည်၊ သင် ပြုလုပ်သောအရာမှာ သင်၏ လွတ်လပ်ခွင့်ဖြစ်သည်၊ သို့သော် အကယ်၍ ဘုရားသခင်၏ နောက်လိုက်တစ်ဦးအနေဖြင့် သင်သည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိကို ထိုမျှ စဉ်းတောင့်စဉ်းလဲ ဆက်ဆံပါက၊ အချက်တစ်ချက်မှာ သေချာသည်၊ သင်သည် လူတစ်ဦးကို အခက်ကြုံအောင် လုပ်နေခြင်းမဟုတ်၊ သင်သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ပွက်လောညံအောင် ကန့်ကွက်ပြီး ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုနေခြင်း ဖြစ်သည်၊ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်နေခြင်း ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ၊ စိတ်သဘောထား၊ လုပ်ဆောင်ချက်များ၊ အထူးသဖြင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိတို့နှင့် သက်ဆိုင်သော မည်သည့်အရာမဆိုသည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် သက်ဆိုင်သည်။ အကယ်၍ သင်သည် ခရစ်တော်ကို ထိုမျှ စဉ်းတောင့်စဉ်းလဲ ဆက်ဆံပြီး ကိုယ်တော့်ကို ထိုမျှ စဉ်းတောင့်စဉ်းလဲ ဝေဖန်သုံးသပ်ကာ ပြစ်တင်ရှုတ်ချပါက ငါ သင့်ကို ပြောမည်၊ သင်၏ အဆုံးသတ်သည် အဆုံးအဖြတ်ပေးပြီး ဖြစ်သည်။ ဘုရားသခင်က သင့်ကို ကယ်တင်လိမ့်မည်ဟု မမျှော်လင့်နှင့်။ ဘုရားသခင်သည် ကိုယ်တော့်ကို ပွင့်လင်းစွာ ပွက်ပွက်ညံအောင် ကန့်ကွက်ပြီး ကိုယ်တော့်ကို စဉ်းတောင့်စဉ်းလဲ ဆန့်ကျင်ဘက်ပြုသော တစ်စုံတစ်ဦးကို မကယ်တင်နိုင်ပေ။ ထိုသို့သော ပုဂ္ဂိုလ်သည် ဘုရားသခင်၏ ရန်သူဖြစ်သည်၊ သူသည် စာတန်နှင့် နတ်ဆိုးတစ်ကောင်ဖြစ်ပြီး ဘုရားသခင်သည် ထိုသူကို ကယ်တင်မည်မဟုတ်ပေ။ သင့်ကို ကယ်တင်နိုင်သည်ဟု သင်ထင်သော မည်သူ့ထံသို့မဆို အမြန်သွားလော့။ ဘုရားအိမ်တော်သည် သင့်ကို ချုပ်တည်းမည်မဟုတ်၊ ယင်း၏ တံခါးများသည် ဖွင့်ဟထားသည်။ အကယ်၍ ပေါလုက သင့်ကို ကယ်တင်နိုင်သည်ဟု သင်ထင်ပါက သူ့ထံသို့ သွားလော့၊ အကယ်၍ သင်းအုပ်ဆရာတစ်ဦးက သင့်ကို ကယ်တင်နိုင်သည်ဟု သင်ထင်ပါက သူ့ထံသို့ သွားလော့။ သို့သော် အချက်တစ်ချက်မှာ သေချာသည်၊ ဘုရားသခင်သည် သင့်ကို ကယ်တင်မည်မဟုတ်ပေ။ သင် ပြုလုပ်သောအရာမှာ သင်၏ လွတ်လပ်ခွင့် ဖြစ်သော်လည်း ဘုရားသခင် သင့်ကို ကယ်တင်သည်၊ မကယ်တင်သည်မှာ သူ၏ လွတ်လပ်ခွင့်ဖြစ်ပြီး သူ၌ ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ ဘုရားသခင်၌ ဤတန်ခိုးအာဏာ ရှိသလော။ ကိုယ်တော်၌ ဤဂုဏ်သိက္ခာ ရှိသလော။ (ရှိပါသည်။) လူ့ဇာတိခံ ဘုရားသခင် လူသားများအကြား၌ နေထိုင်သည်၊ ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်း၊ နောက်ဆုံးသော ကာလ၏ အမှုကို ပြုရန် လာကြောင်း သက်သေခံသည်။ အချို့လူတို့သည် ဘုရားသခင်၏ အနှစ်သာရကို အသိအမှတ်ပြုပြီး ကိုယ်တော်နောက်သို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်လျှောက်ကြကာ ၎င်းတို့သည် ကိုယ်တော့်ကို ဘုရားသခင်အဖြစ် ဆက်ဆံပြီး ကျိုးနွံနာခံကြသည်။ အခြားသူများမှာမူ ကိုယ်တော့်ကို အဆုံးတိုင်အောင် ခေါင်းမာစွာ အတိုက်အခံ လုပ်လိုကြသည်၊ “သင်သည် ခရစ်တော်ဖြစ်ကြောင်း လူမည်မျှပင် ယုံကြည်စေကာမူ၊ ငါ ယင်းကို ယုံကြည်မည်မဟုတ်။ သင် မည်သို့ပင် ဆိုစေကာမူ ငါသည် သင့်ကို ဘုရားအဖြစ် စိတ်နှလုံးအကြွင်းမဲ့ မှတ်ယူမည်မဟုတ်။ ဘုရားသခင် အမှန်တကယ် စကားပြောပြီး သင့်ကို သက်သေခံသည်ကို ငါ မြင်တွေ့သည့်အခါမှသာ ကောင်းကင်ဘုံရှိ ဘုရားက မိုးခြိမ်းသံကဲ့သို့သော အသံဖြင့် ငါ့အား ‘ဤသည်မှာ ငါ၏ လူ့ဇာတိခံ ဇာတိပကတိ၊ ငါ၏ ချစ်သား၊ ငါ၏ ချစ်မြတ်နိုးသော သားဖြစ်သည်’ ဟု ကိုယ်တိုင် ပြောသည့်အခါ၌ ငါသည် သင့်ကို ဘုရားအဖြစ် အသိအမှတ်ပြုပြီး လက်ခံမည်။ ကောင်းကင်ဘုံရှိ ဘုရား စကားပြောပြီး သင့်အကြောင်း သက်သေခံသည်ကို ငါ ကိုယ်တိုင် ကြားပြီး မြင်တွေ့သည့်အခါမှသာ သင့်ကို ငါ လက်ခံမည်၊ သို့တည်းမဟုတ်ပါက မဖြစ်နိုင်ပေ” ဟူ၍ ဖြစ်လေသည်။ ထိုသို့သောလူများသည် အန္တိခရစ်များ မဟုတ်လော။ ထိုနေ့ အမှန်တကယ် ရောက်လာသောအခါ သူတို့သည် ခရစ်တော်ကို ဘုရားသခင်အဖြစ် အသိအမှတ်ပြုလျှင်ပင် ယင်းသည် သူတို့၏ အပြစ်ဒဏ်ပေးခြင်းခံရမည့်နေ့ ဖြစ်လိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံ လုပ်ခဲ့ကြသည်၊ ကိုယ်တော့်ကို ပွက်ပွက်ညံအောင် ကန့်ကွက်ခဲ့ကြပြီး ၎င်းတို့သည် အချိန်တိုင်း ကိုယ်တော့်ကို ရန်လိုခဲ့ကြသည်၊ ဤလုပ်ရပ်များကို တစ်ချက်တည်းဖြင့် ပယ်ဖျက်နိုင်ပါမည်လော။ (မပယ်ဖျက်နိုင်ပါ။) သို့ဖြစ်၍ ဤနေရာ၌ မှန်ကန်သော စကားတစ်ခွန်း ရှိသည်၊ ယင်းမှာ ဘုရားသခင်သည် လူတစ်ဦးစီတိုင်းကို သူတို့၏ လုပ်ရပ်များနှင့်အညီ ပြန်လည်ပေးဆပ်မည် ဟူ၍ ဖြစ်သည်။ ဤလူတို့သည် လက်တုံ့ပြန်ခြင်းကို ရင်ဆိုင်ရရုံသာမက ဘုရားသခင် ၎င်းတို့အား ကိုယ်တိုင် စကားပြောသည်ကိုလည်း မည်သည့်အခါမျှ ကြားရမည်မဟုတ်ပေ။ ၎င်းတို့ ထိုက်တန်သလော။ ဘုရားသခင်သည် လူသားများအား မိမိကိုယ်ကို သက်သေခံရန်၊ လူသားများနှင့် စစ်မှန်သော ဖန်ဆင်းခံများထံ ပေါ်ထွန်းရန်၊ သူ၏ စစ်မှန်သော ဇာတိအဖြစ်တော်ကို ထုတ်ဖော်ရန်၊ စကားပြောပြီး စကားလုံးများကို မြွက်ဆိုရန် ဆန္ဒရှိတော်မူသည်။ ကိုယ်တော်သည် နတ်ဆိုးများထံ မပေါ်ထွန်း သို့မဟုတ် နတ်ဆိုးများအား စကားပြောပြီး စကားလုံးများကို မမြွက်ဆိုပေ။ သို့ဖြစ်၍ အန္တိခရစ်များသည် ဘုရားသခင်၏ စစ်မှန်သော ဇာတိအဖြစ်တော်ကို မြင်တွေ့ရန် သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များနှင့် မြွက်ဆိုချက်များကို သူတို့၏ နားဖြင့်ဆတ်ဆတ် ကြားရန် အခွင့်အရေး ဘယ်သောအခါမျှ ရရှိမည်မဟုတ်ပေ။ သူတို့သည် ဤအခွင့်အရေးကို မည်သည့်အခါမျှ ရရှိမည်မဟုတ်ပေ။ သို့ဆိုလျှင် သူတို့သည် အနာဂတ်တွင် ခက်ခဲသောအချိန်ကို ကြုံတွေ့ရမည်လော။ (ကြုံတွေ့ရမည်။) အဘယ်ကြောင့်နည်း။ အန္တိခရစ်များ၊ ဤအရှက်မရှိသော သတ္တဝါများသည် ဘုရားသခင်ကို နေရာတိုင်း၌ ဆန့်ကျင်ပြီး ကိုယ်တော့်ကို ပွက်ပွက်ညံအောင် ကန့်ကွက်ကြကာ သူတို့သည် ကိုယ်တော် ပြုလေသမျှအရာအားလုံးကို မထီမဲ့မြင်ပြုသည်၊ ပြစ်တင်ရှုတ်ချသည်၊ ပြီးလျှင် လှောင်ပြောင်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် သူတို့ကို မည်သို့ ဆက်ဆံမည်နည်။ ကိုယ်တော်သည် သူတို့ကို ကြင်နာစွာ ဆက်ဆံပြီး ခွင့်လွှတ်မည်လော။ ကိုယ်တော်သည် သူတို့ကို ကောင်းချီးပေးမည်လော။ ကိုယ်တော်သည် သူတို့ကို သူ၏ ကတိတော်ကို ပေးမည်လော။ ကိုယ်တော်သည် သူတို့ကို ကယ်တင်မည်လော။ လက်တွေ့ကျကျ ပြောရလျှင် ထိုသို့သောလူများသည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းညွှန်မှုကို လက်ခံရရှိနိုင်သလော။ ဤဘဝတွင် သူတို့သည် ဘုရားသခင်၏ အသိဉာဏ်ပွင့်စေခြင်းနှင့် အလင်းပြခြင်းကိုဖြစ်စေ၊ သူ၏ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကိုဖြစ်စေ၊ သူတို့၏ အသက်အတွက် သူ၏ ထောက်ပံ့မှုကို လက်ခံရရှိမည်မဟုတ်ပေ။ သူတို့သည် ကယ်တင်ခြင်းခံရမည်မဟုတ်ဘဲ နောင်ဘဝတွင် သူတို့သည် သူတို့၏ မကောင်းမှုများအတွက် ကြီးလေးသော အဖိုးအခကို ထာဝရကာလပတ်လုံး ပေးဆပ်ရလိမ့်မည်။ ဤသည်မှာ သူတို့၏ အဆုံးသတ် ဖြစ်သည်။ အန္တိခရစ်များ၏ အဆုံးသတ်သည် ပေါလု၏ အဆုံးသတ်ကဲ့သို့ပင် တစ်ပုံစံတည်း ဖြစ်လိမ့်မည်။
ခ။ အန္တိခရစ်များသည် ခရစ်တော်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို မည်သို့မှတ်ယူပုံ
ယခုလေးတင် ငါတို့သည် အန္တိခရစ်တို့က ခရစ်တော်၏အနှစ်သာရကို ငြင်းပယ်ခြင်း၏ ပထမဆုံးသရုပ်သကန်ဖြစ်သည့် အန္တိခရစ်တို့က ခရစ်တော်၏ ဇာစ်မြစ်ကို မည်သို့သဘောထားသည်၊ ၎င်းတို့က မည်သို့သော အမြင်များနှင့် နားလည်သဘောပေါက်မှုများကို စွဲကိုင်ထားသည်၊ မည်သို့သောလုပ်ရပ်များကို လုပ်ဆောင်သည်တို့ကို မိတ်သဟာယဖွဲ့ကာ စိတ်ဖြာလေ့လာဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ငါတို့သည် ထိုသို့သောလူတို့၏ အနှစ်သာရကို ခွဲခြားဖော်ထုတ်ရန်အလို့ငှာ အန္တိခရစ်တို့၏ အမျိုးမျိုးသော သရုပ်သကန်များကို စိတ်ဖြာလေ့လာဆွေးနွေးခဲ့သည်။ ခရစ်တော်၏ နောက်ထပ် သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည့် သူ၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုနှင့်ပတ်သက်၍ အန္တိခရစ်တို့သည် မည်သို့သော အမြင်များကို စွဲကိုင်ထားကြသနည်း၊ မည်သို့သော လုပ်ရပ်များကို လုပ်ဆောင်ကြသနည်း၊ မည်သို့သော စိတ်သဘောထားများနှင့် အနှစ်သာရများကို ပြသကြသနည်း။ ဆက်လက်၍ ငါတို့သည် အန္တိခရစ်တို့က ခရစ်တော်၏အနှစ်သာရကို ငြင်းပယ်ခြင်း၏ ဒုတိယသရုပ်သကန်ဖြစ်သည့် အန္တိခရစ်တို့က ခရစ်တော်၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို မည်သို့သဘောထားသည်ကို စိတ်ဖြာလေ့လာဆွေးနွေးကြမည်။ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုနှင့်ပတ်သက်လာလျှင် လူအများစု၌ သီးခြားစိတ်ကူးများနှင့် နားလည်သဘောပေါက်မှုများ ရှိသင့်သည်။ ဥပမာအားဖြင့် သုံးရက်ကြာ ရေမသောက်ခြင်း သို့မဟုတ် အစာမစားခြင်း၊ သို့သော် ဆာလောင်ခြင်း သို့မဟုတ် ရေငတ်ခြင်းကို မခံစားရဘဲ အမှန်တကယ်တွင် ယခင်ကထက် ကိုယ်ကာယပိုင်းဆိုင်ရာ ပို၍သန်မာပြီး ပို၍လန်းဆန်းတက်ကြွသည်ဟု ခံစားရခြင်းသည် သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအဖြစ် မှတ်ယူသလော။ သာမန်လူတို့သည် လေးကီလိုမီတာ သို့မဟုတ် ငါးကီလိုမီတာ လမ်းလျှောက်ပြီးနောက် ပင်ပန်းသည်ဟု ခံစားကြရသည်၊ အကယ်၍ ခရစ်တော်သည် ကီလိုမီတာ ၄၀ လမ်းလျှောက်ပြီးသည့်တိုင် ပင်ပန်းသည်ဟု မခံစားရဘဲ၊ သူ၏ခြေထောက်များ မနာကျင်ဘဲ သူသည် လေထက်ပင် ပေါ့ပါးကာ ပို၍လန်းဆန်းတက်ကြွသည်ဟု ခံစားရပါက ဤသည်ကို သာမန်ဖြစ်ပြီး လက်တွေ့ကျသည်ဟု မှတ်ယူနိုင်သလော။ အကယ်၍ ခရစ်တော်သည် အအေးဒဏ်ခံရသည့်အခါ အအေးမမိဘဲ မည်သည့်အခြေအနေအောက်တွင်မျှ မည်သည့်အခါမျှ မဖျားနာပါက၊ အကယ်၍ သူ၏မျက်လုံးများသည် မည်သည့်ပြင်းထန်သောအလင်းရောင်များနှင့် ထိတွေ့သည်ဖြစ်စေ ထိုအလင်းရောင်များထက် အဆ ဒါဇင်ပေါင်းများစွာ ပို၍ပြင်းထန်သောအလင်းကို ထုတ်လွှတ်နိုင်ပါက၊ သူသည် ကွန်ပျူတာကို မည်မျှကြာအောင် ကြည့်သည်ဖြစ်စေ သူ၏မျက်လုံးများ မပင်ပန်းခြင်း သို့မဟုတ် အဝေးမှုန်ခြင်း မဖြစ်ပါက၊ သူသည် နေ၏အလင်းရောင်ကို မည်မျှကြာအောင် ကြည့်သည်ဖြစ်စေ စူးရှသည်ဟု မတွေ့ရှိပါက၊ အခြားသူများ လိုအပ်သော်လည်း ညဘက်လမ်းလျှောက်သည့်အခါ ဓာတ်မီးမလိုအပ်ဘဲ နေ့အချိန်ကုန်လွန်လာသည်နှင့်အမျှ သူ၏မျက်လုံးများ ပို၍တောက်ပလာပါက ဤအရာများကို သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအဖြစ် မှတ်ယူသလော။ ဤအရာများထဲမှ တစ်ခုမျှ မဟုတ်ပေ၊ ဤသည်မှာ လူတို့ မကြာခဏ ထိတွေ့ဆက်ဆံရသော သာမန်အသိစိတ် ဖြစ်သည်။ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုဆိုသည်မှာ အချိန်ကြာမြင့်စွာ ရေမသောက်ဘဲနေပြီးနောက် ရေငတ်သည်ဟု ခံစားရခြင်း၊ များစွာ စကားပြောပြီးနောက် ပင်ပန်းသည်ဟု ခံစားရခြင်း၊ များစွာ လမ်းလျှောက်ပြီးနောက် ခြေထောက်နာသည်ဟု ခံစားရခြင်း၊ ဝမ်းနည်းဖွယ်နှင့် စိတ်နှလုံးကြေကွဲဖွယ် သတင်းကြားရသည့်အခါ ဝမ်းနည်းခြင်းကို ခံစားရပြီး မျက်ရည်ကျခြင်းကို ဆိုလိုသည်၊ ဤသည်မှာ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှု ဖြစ်သည်။ သို့ဆိုလျှင် သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အတိအကျ အဘယ်နည်း။ ဇာတိပကတိ၏ သာမန်လိုအပ်ချက်များနှင့် ပင်ကိုစိတ်များနှင့် ကိုက်ညီပြီး ဤအတိုင်းအတာကို မကျော်လွန်သောအရာသည် သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ သာမန်လူ့သဘာဝ၏ စွမ်းဆောင်နိုင်မှုများနှင့် အတိုင်းအတာ၊ သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား၊ ပျော်ရွှင်ခြင်း၊ အမျက်ထွက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ဝမ်းမြောက်ခြင်းကဲ့သို့သော သာမန်လူ့သဘာဝ၏ စိတ်ခံစားမှုများနှင့် ကိုက်ညီသောအရာသည် သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ အတိုင်းအတာအတွင်း၌ ကျရောက်သည်။ ခရစ်တော်သည် မြေကြီးပေါ်၌ ဘုရားသခင် ယူတင်ဝတ်ဆင်သော ဇာတိပကတိ ဖြစ်သည်၊ သူသည် မည်သည့်သာမန်လူကဲ့သို့မဆို သာမန်စကားပြောဆိုမှုနှင့် အပြုအမူ၊ သာမန် လုပ်ရိုးလုပ်စဉ်နှင့် အချိန်ဇယားတို့ ရှိသည်။ အကယ်၍ သူသည် သုံးရက်သုံးည မအိပ်စက်ပါက သူသည် အိပ်ငိုက်သည်ဟု ခံစားရမည်ဖြစ်ပြီး မတ်တတ်ရပ်နေစဉ်မှာပင် အိပ်စက်လိုစိတ် ရှိပေလိမ့်မည်၊ အကယ်၍ သူသည် တစ်နေ့လုံး အစာမစားပါက၊ သူသည် ဆာလောင်သည်ဟု ခံစားရမည်ဖြစ်ပြီး အကယ်၍ သူသည် အချိန်ကြာမြင့်စွာ လမ်းလျှောက်ပါက သူသည် ပင်ပန်းနွမ်းနယ်မည်ဖြစ်ကာ အမြန်ဆုံး အနားယူလိုက်ချင်တော့သည်။ ဥပမာအားဖြင့် ငါသည် သင်တို့နှင့်အတူ သုံးနာရီ သို့မဟုတ် လေးနာရီကြာ စုဝေးပြီး မိတ်သဟာယဖွဲ့ပြီးနောက် ပင်ပန်းသည်ဟု ခံစားရပြီး ငါလည်း အနားယူရန် လိုအပ်သည်။ ဤသည်မှာ ဇာတိပကတိ၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှု ဖြစ်သည်၊ ယင်းသည် ဇာတိပကတိ၏ လက္ခဏာရပ်များနှင့်လည်းကောင်း၊ သာမန်လူ့သဘာဝ၏ အမျိုးမျိုးသော သရုပ်သကန်များ၊ ပင်ကိုအသိစိတ်များနှင့်လည်းကောင်း လုံးဝ ကိုက်ညီသည်၊ ယင်းသည် သဘာဝလွန်ခြင်း လုံးဝ မဟုတ်ပေ။ ထို့ကြောင့် ထိုသို့သော ဇာတိပကတိ၌ လူ့သဘာဝ၏ သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များစွာ ရှိပြီး ဤဇာတိပကတိ၏ လူ့သဘာဝ၏ ပြင်ပလူနေမှုပုံစံနှင့် ဘဝလုပ်ရိုးလုပ်စဉ်သည် သာမန်ဖြစ်သော၊ ရိုးရိုးလူတိုင်း ထုတ်ဖော်ပြသသည့်အရာနှင့် ခြားနားခြင်းမရှိ၊ ယင်းတို့သည် တစ်ထပ်တည်းတူညီကြသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိသည် လူသားမျိုးနွယ်ကဲ့သို့ တူညီသော ကိုယ်ကျင့်စရိုက်များနှင့် ပုံမှန်၊ လက်တွေ့ကျသော ဘဝပင်ကိုအသိစိတ်များကို ပိုင်ဆိုင်သည်၊ သူသည် လုံးဝ သဘာဝလွန်ခြင်း မဟုတ်ပေ။ လူသားများသည် နံရံများ သို့မဟုတ် ပိတ်ထားသောတံခါးများကို ဖြတ်၍ မသွားနိုင်သကဲ့သို့ လူ့ဇာတိခံ ဘုရားသခင်သည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ လူအချို့က “သင်သည် လူ့ဇာတိခံ ဘုရား မဟုတ်လော။ သင်သည် ခရစ်တော် မဟုတ်လော။ သင်သည် ဘုရား၏အနှစ်သာရကို ပိုင်ဆိုင်သည် မဟုတ်လော။ သော့ခတ်ထားသော တံခါးတစ်ချပ်ဖြင့် သင့်ကို အမှန်တကယ် ချုပ်နှောင်ထားနိုင်သလော။ သင်သည် ပိတ်ထားသောတံခါးများကို ဖြတ်၍ သွားနိုင်သင့်သည်။ လူတို့သည် ငါးကီလိုမီတာ လမ်းလျှောက်ပြီးနောက် ပင်ပန်းသည်ဟု ခံစားကြရသော်လည်း သင်သည် ကီလိုမီတာ ၄၀ လမ်းလျှောက်ပြီးသည့်တိုင် ပင်ပန်းသည်ဟု မခံစားရသင့်ပေ၊ လူတို့သည် တစ်နေ့လျှင် သုံးနပ်စားကြသော်လည်း သင်သည် ရက် ၃၀ ကြာ အစာမစားဘဲ နေနိုင်သင့်သည်၊ သင် စားချင်သည့်အခါမှသာ အစာတစ်နပ်စားပြီး မစားချင်သည့်အခါ မစားဘဲနေကာ စုဝေးပွဲများ၌ တရားဟောနိုင်ဆဲဖြစ်ပြီး အခြားသူများထက် ပို၍လန်းဆန်းတက်ကြွစွာ နေထိုင်နိုင်ဆဲ ဖြစ်သင့်သည်။ နာမကျန်းဖြစ်ခြင်းသည် လူ့ဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း သင်က နာမကျန်း မဖြစ်သင့်ချေ။ အကြောင်းမှာ သင်သည် ခရစ်တော်ဖြစ်သောကြောင့် သင်၌ သာမန်လူများနှင့် ကွဲပြားသော ဘက်ခြမ်းတစ်ခု သင်၌ ရှိသင့်သည်၊ သို့မှသာ သင်သည် ခရစ်တော်ဟု ခေါ်ဆိုခြင်းခံရရန် ထိုက်တန်မည်ဖြစ်ပြီး ဤသည်ကသာ သင်သည် ဘုရား၏အနှစ်သာရကို ပိုင်ဆိုင်ကြောင်း သက်သေပြလိမ့်မည်” ဟု ဆိုကြသည်။ ဤသည်မှာ မှန်ကန်သလော။ (မဟုတ်ပါ။) ယင်းမှာ မည်သို့ မှားယွင်းသနည်း။ ဤအရာများသည် လူ့အယူအဆများနှင့် စိတ်ကူးများသာဖြစ်ပြီး သမ္မာတရား မဟုတ်ပေ။
ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိသည် သာမန်ဖြစ်ပြီး လက်တွေ့ကျသည်၊ သူ၏သာမန်လူ့သဘာဝက ဆောင်ရွက်သော လုပ်ဆောင်ချက်အားလုံးနှင့် သူ၏နေ့စဉ်ဘဝ၊ စကားပြောဆိုမှု၊ အမူအရာအားလုံးတို့သည် အပြုသဘောဆောင်သော အရာများ၏ လက်တွေ့ကျမှုများ ဖြစ်ကြသည်။ အစအဦး၌ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းသောအခါ ကိုယ်တော်သည် ဤသာမန်၊ လက်တွေ့ကျသော ပင်ကိုစိတ်များကို သူတို့အား ပေးသနားခဲ့သည်၊ သို့ဖြစ်၍ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိသည်လည်း ဤနိယာမများကို မည်သည့်အခါမျှ ချိုးဖောက်မည်မဟုတ်ပေ။ ဤသည်မှာ ခရစ်တော်၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုသည် အပြုသဘောဆောင်သော အရာများဖြစ်ရသည့် အကြောင်းရင်းနှင့် အခြေခံအုတ်မြစ် ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး သူတို့၏ သရုပ်သကန်များနှင့် ပင်ကိုစိတ်များအားလုံးကို သူ၏အလိုတော်အတိုင်း အတိအကျ ပြုလုပ်ခဲ့သည်။ ဘုရားသခင်သည် လူကို ဤပင်ကိုစိတ်များကို ပေးခဲ့ပြီး ဤအရာများသည် လူ၏နေ့စဉ်ဘဝ၏ နိယာမများ ဖြစ်သည်၊ ဘုရားသခင်သည် သူ၏လူ့ဇာတိခံယူသော ဇာတိပကတိကို ဤသာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ နိယာမများကို ဆန့်ကျင်စေမည်လော။ ဘုရားသခင်သည် ထိုသို့ ပြုလုပ်မည်မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး လူ့ဇာတိခံယူသော ဇာတိပကတိ၏အနှစ်သာရသည်လည်း ဘုရားသခင်ပင် ဖြစ်သည်၊ သူတို့သည် တူညီသောရင်းမြစ်မှ လာကြသောကြောင့် သူတို့၏လုပ်ရပ်များ၏ စည်းမျဉ်းများနှင့် ရည်ရွယ်ချက်များသည်လည်း တူညီကြသည်။ ခရစ်တော်၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ သရုပ်သကန်များကြောင့် သူသည် ပင်ကိုအားဖြင့် လူအများ၏အမြင်တွင် အလွန်သာမန်ဖြစ်သော လူတစ်ဦး ဖြစ်ပုံပေါက်လေသည်။ အမှုအရာများစွာ၌ သူသည် လူတို့က သူပိုင်ဆိုင်သည်ဟု စိတ်ကူးသည့် ကြိုတင်သိမြင်နိုင်စွမ်းနှင့် အနာဂတ်ကို ကြိုမြင်နိုင်စွမ်းတို့ကို ကင်းမဲ့ပြီး လူတို့ စိတ်ကူးသကဲ့သို့ အရာများကို ပျောက်ကွယ်သွားအောင် သို့မဟုတ် ပေါ်ထွက်လာအောင် မလုပ်ဆောင်နိုင်သည့်အပြင် သာမန်လူများကို ကျော်လွန်ရန်၊ ဇာတိပကတိ၏ စွမ်းဆောင်နိုင်မှုများနှင့် ပင်ကိုစိတ်များကို ကျော်လွန်ရန်၊ သို့မဟုတ် လူတို့ စိတ်ကူးသကဲ့သို့ မည်သည့်လူမျှ မလုပ်ဆောင်နိုင်သော အမှုအရာအချို့ကို ပြုလုပ်ရန် လူသားတို့၏ သာမန်တွေးခေါ်မှုကို ကျော်လွန်ဖို့ သာ၍ပင် တတ်နိုင်စွမ်း မရှိပေ။ ဤစိတ်ကူးများနှင့် ဆန့်ကျင်လျက် လူ၏ ပကတိမျက်စိဖြင့် ကြည့်သော် ဤသာမန်လူသည် သူ၏အလုပ်အစမှ ယခုပစ္စုပ္ပန်အထိ ဘုရားသခင်၏ အငွေ့အသက်တစ်ခုတလေကိုမျှ ထုတ်ဖော်ပြသခြင်း သို့မဟုတ် ပေါ်လွင်ထင်ရှားစေခြင်း မရှိခဲ့ပေ။ လူ၏မျက်စိဖြင့်ကြည့်သော် သူ၏စကားပြောဆိုမှုနှင့် အလုပ်မှလွဲ၍ သူ၏သာမန်လူ့လုပ်ဆောင်ချက်တစ်ခုခု၌ ဘုရားသခင်၏ အရိပ်အယောင်များ သို့မဟုတ် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရ၏ ထုတ်ဖော်ချက်များကို မတွေ့မြင်နိုင်ပေ။ လူတို့သည် သူ့ကို မည်သို့ပင် ကြည့်ရှုပါစေ သူသည် သူတို့အတွက် အမြဲတမ်း သာမန်လူတစ်ဦးဖြစ်ပုံပေါက်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းရင်းမှာ တစ်ခုတည်းသာဖြစ်သည်၊ လူမြင်သောအရာသည် မှန်ကန်သည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိသည် အမှန်စင်စစ် သာမန်၊ လက်တွေ့ကျသော လူတစ်ဦး၊ သာမန်၊ လက်တွေ့ကျသော ဇာတိပကတိတစ်ခု ဖြစ်သည်။ ထိုသို့သော အပြင်ပန်းအားဖြင့် သာမန်ဖြစ်ပြီး လက်တွေ့ကျသော ဇာတိပကတိသည် အခြားလူများကဲ့သို့ပင် အဆင်းနီသော နဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် လိုက်လံဖမ်းဆီးမှုကို တွေ့ကြုံခံစားရပြီး ခေါင်းချစရာနေရာမရှိ၊ သို့မဟုတ် အနားယူစရာနေရာမရှိပေ။ ဤအရာ၌ သူသည် အခြားမည်သည့်လူသားနှင့်မျှ ခြားနားခြင်းမရှိဘဲ သူသည် ခြွင်းချက်မဟုတ်ပေ။ ထိုသို့သော ညှဉ်းပန်းနှိပ်စက်မှုကို တွေ့ကြုံခံစားနေစဉ် သူသည် တတ်နိုင်သည့်နေရာတိုင်း၌ မိမိကိုယ်ကို ကွယ်ဝှက်နေခဲ့သည်၊ သူသည် မိမိကိုယ်ကို ကိုယ်ပျောက်အောင် မလုပ်နိုင်သကဲ့သို့ မြေလျှိုးမိုးပျံ မသွားနိုင်ပေ၊ သူသည် ဤအန္တရာယ်များကို ရှောင်ရှားရန် သဘာဝလွန်တန်ခိုးများကို မပိုင်ဆိုင်ပေ။ သူ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့အကြောင်း သတင်းအချက်အလက်ကို ကြိုတင်ရယူပြီးနောက် အမြန်ဆုံး ထွက်ပြေးရန် ဖြစ်သည်။ အန္တရာယ်ရှိသော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် စိတ်လှုပ်ရှားပြီး ကြောက်ရွံ့သည်ဟု ခံစားကြရသည်၊ ခရစ်တော်သည် ကြောက်စိတ် ခံစားရမည်ဟု သင်တို့ ထင်သလော။ သူသည် စိတ်လှုပ်ရှားမှုကို ခံစားရမည်ဟု သင်တို့ ထင်သလော။ (ဟုတ်ပါသည်။) သင်တို့ မှန်သည်၊ သင်တို့ မည်သို့ သိကြသနည်း။ (မည်သည့်သာမန်လူမဆို ထိုအခြေအနေတွင် စိတ်လှုပ်ရှားလိမ့်မည်။) မှန်သည်။ သင်တို့ ပြောသွားသည်မှာ အလွန်ကောင်းပေသည်။ သင်တို့သည် သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို အမှန်တကယ် နားလည်ကြသည်၊ သင်တို့ ဤသည်ကို အပြည့်အဝ နားလည်ခဲ့ပြီးဖြစ်သည်။ ခရစ်တော်သည်လည်း ဤအခြေအနေများတွင် စိတ်လှုပ်ရှားပြီး ကြောက်ရွံ့သည်ဟု ခံစားရမည် ဖြစ်သော်လည်း သူသည် သူရဲဘောကြောင်မှုကို ပြသမည်လော။ သူသည် အာဏာရပါတီကို ထိတ်လန့်ကြောက်ရွံ့မည်လော။ သူသည် ယင်းနှင့် အလျှော့ပေးလိုက်လျောမည်လော။ မဟုတ်ပေ။ သူသည် စိတ်လှုပ်ရှားပြီး ကြောက်ရွံ့သည်ဟုသာ ခံစားရမည်ဖြစ်ပြီး ဤမကောင်းဆိုးဝါးများ၏တွင်းမှ အမြန်ဆုံး လွတ်မြောက်ရန် ဆန္ဒရှိပေလိမ့်မည်။ ဤအရာအားလုံးသည် ခရစ်တော်၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ သရုပ်သကန်များ ဖြစ်ကြသည်။ တစ်ခါတစ်ရံ မေ့တတ်ခြင်း၊ လူတို့အား မတွေ့သည်မှာ အချိန်ကြာပြီးနောက် ၎င်းတို့၏ နာမည်များအား မေ့သွားခြင်း စသည်ဖြင့် ခရစ်တော်၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ သရုပ်သကန်များ အတော်များများ ရှိနေသေးသည်မှာ ပြောစရာမလိုပေ။ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုသည် သာမန်လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်များ၊ ပင်ကိုစိတ်များ၊ သင်္ကေတများနှင့် အမှတ်အသားများမျှသာ ဖြစ်သည်။ ခရစ်တော်သည် သာမန်၊ လက်တွေ့ကျသော လူ့သဘာဝ၊ ရှင်သန်မှုပင်ကိုစိတ်များနှင့် ဇာတိပကတိ၏ ကိုယ်ကျင့်စရိုက်များ အားလုံးကို ပိုင်ဆိုင်သောကြောင့်သာ သူသည် ပုံမှန် စကားပြောပြီး အလုပ်လုပ်နိုင်သည်၊ လူတို့နှင့် ပုံမှန် အပြန်အလှန် ဆက်ဆံနိုင်သည်၊ လူတို့ကို သာမန်နှင့် လက်တွေ့ကျသော နည်းလမ်းဖြင့် ဦးဆောင်နိုင်ပြီး လူတို့အား သူတို့၏တာဝန်များ၏အလုပ်ကို သာမန်နှင့် လက်တွေ့ကျသောပုံစံဖြင့် ဆောင်ရွက်ရာတွင် လမ်းညွှန်ပြီး ကူညီပေးနိုင်သည်။ ခရစ်တော်၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကြောင့်သာ ဖန်ဆင်းခံလူသားအားလုံးသည် ဘုရားသခင်၏ အလုပ်၏ လက်တွေ့ကျမှုကို ပို၍ခံစားရပြီး ဤအလုပ်မှ အကျိုးခံစားရကာ ယင်းမှ ပို၍မြင်သာပြီး အကျိုးရှိသော အကျိုးအမြတ်များကို လက်ခံရရှိကြခြင်း ဖြစ်သည်။ ခရစ်တော်၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုသည် သာမန်လူ့သဘာဝ၏ အမှတ်အသားများဖြစ်သည်၊ ၎င်းတို့သည် သူ၏လူ့ဇာတိခံယူသော ဇာတိပကတိက သာမန်အလုပ်၊ လုပ်ဆောင်ချက်များနှင့် လူ့ဘဝအားလုံး၌ ပါဝင်ဆောင်ရွက်ရန်အတွက် လိုအပ်ပြီး ဘုရားသခင်နောက် လိုက်သောသူအားလုံး လိုအပ်သည့်အရာ သာ၍ပင် ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်တို့သည် ခရစ်တော်၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို ဤနည်းအတိုင်း နားမလည်ကြပေ။ အန္တိခရစ်တို့သည် ခရစ်တော်ကို သာမန်လူတစ်ဦးမျှသာ ဖြစ်သည်ဟု ယုံကြည်ကြသည်၊ အကြောင်းမှာ သူသည် သာမန်ဖြစ်ပြီး လက်တွေ့ကျကာ လူနှင့် အလွန်တူသောကြောင့် ဖြစ်သည်၊ ယင်းက သူသည် ဘုရား၏သား၊ လူတို့အကြားရှိ ဘုရားသခင်၏ ပြယုဒ် သို့မဟုတ် ခရစ်တော်ဟု ခေါ်ဆိုခြင်းခံရရန် မထိုက်တန်ဟု ဆိုလိုသည်၊ အကြောင်းမှာ သူသည် အလွန် သာမန်ဖြစ်ပြီး လက်တွေ့ကျကာ လူတို့က သူ့၌ ဘုရား၏ အငွေ့အသက် သို့မဟုတ် အနှစ်သာရကို မမြင်နိုင်သည့်အထိ လက်တွေ့ကျသောကြောင့် ဖြစ်သည်။ အန္တိခရစ်တို့က “ထိုသို့သော ဘုရားတစ်ပါးက လူတို့ကို ကယ်တင်နိုင်သလော။ ထိုသို့သော ဘုရားတစ်ပါးသည် ခရစ်တော်ဟု ခေါ်ဆိုခြင်းခံရရန် ထိုက်တန်သလော။ ဤဘုရားသည် ဘုရားနှင့် အလွန်မတူပေ။ ပထမဦးစွာ သဘာဝလွန်ခြင်း၊ ထူးခြားခြင်းနှင့် ဆန်းကြယ်ခြင်း၊ ဒုတိယအနေဖြင့် အစွမ်းတန်ခိုးများရှိခြင်းနှင့် တန်ခိုးကြီးသောစွမ်းအားကို ပြသနိုင်စွမ်းရှိခြင်း၊ တတိယအနေဖြင့် ဘုရားနှင့်တူသော အသွင်အပြင်၊ ဘုရား၏ ပင်ကိုလက္ခဏာ၊ ဂုဏ်သိက္ခာနှင့် အနှစ်သာရကို ပိုင်ဆိုင်ခြင်း စသည်တို့ ဖြစ်သည့် လူ၏အယူအဆများထဲမှ ဘုရား၏ လက္ခဏာရပ်များစွာ သူ၌ ကင်းမဲ့နေသည်။ အကယ်၍ ဤအချက်အလက်များထဲမှ တစ်ခုမျှ သူ့၌ မမြင်နိုင်ပါက သူသည် မည်သို့ ဘုရားဖြစ်နိုင်မည်နည်း။ သူ ထိုစကားအနည်းငယ်ကို ပြောဆိုပြီး ထိုအလုပ်အနည်းငယ်ကို လုပ်ဆောင်ခြင်းက သူသည် ဘုရားဖြစ်သည်ဟု ဆိုလိုသလော။ သို့ဆိုလျှင် ဘုရားဖြစ်လာခြင်းသည် အလွန်လွယ်ကူသည် မဟုတ်လော။ သာမန်၊ ပုံမှန် ဇာတိပကတိတစ်ခုသည် မည်သို့ ဘုရားဖြစ်နိုင်မည်နည်း” ဟု ဆိုကြသည်။ ဤသည်မှာ အန္တိခရစ်တို့ မည်သည့်အခါမျှ လက်မခံနိုင်သည့်အရာ ဖြစ်သည်။
တရုတ်ပြည်မကြီး၌ အဆင်းနီသောနဂါးကြီး၏ ညှဉ်းပန်းနှိပ်စက်မှုကို တွေ့ကြုံခံစားနေစဉ် ငါသည် ညီအစ်ကိုမောင်နှမအချို့နှင့်အတူ မည်သည့်ကိုယ်ပိုင်လွတ်လပ်ခွင့်မျှ မရှိဘဲ ငါတို့သွားလေရာရာ၌ မကြာခဏ ပုန်းအောင်းခဲ့ရသည်။ တစ်ခါတစ်ရံ အန္တရာယ်သတင်းကြားရသည့်အခါ ငါတို့သည် အမြန် ထွက်ပြေးခဲ့ရသည်။ ဤအခြေအနေများအောက်တွင် ငါနှင့်အတူရှိသော လူများထဲမှ တစ်ဦးတစ်ယောက်မျှ အားနည်းသွားခြင်း မရှိခဲ့ပေ။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ သူတို့သည် မိုက်မဲသောကြောင့်လော။ သူတို့သည် အသိဉာဏ်တိမ်သောကြောင့်လော။ မဟုတ်ပေ၊ အကြောင်းမှာ သူတို့သည် လူ့ဇာတိခံယူသော ဘုရားသခင်၏အနှစ်သာရကို ခိုင်မြဲစွာ အသိအမှတ်ပြုခဲ့သောကြောင့် ဖြစ်သည်။ သူတို့သည် ခရစ်တော်၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအပေါ် အယူအဆများ သို့မဟုတ် ပြစ်တင်ရှုတ်ချမှုများ မရှိရုံသာမက ဤအရည်အသွေးများအပေါ် အလေးထားမှုနှင့် နားလည်မှုကိုလည်း ပြသခဲ့ပြီး ၎င်းတို့ကို မှန်ကန်သောနည်းလမ်းဖြင့် သဘောပေါက်ခဲ့ကြသည်။ ခရစ်တော် မည်သို့သောဆင်းရဲဒုက္ခကို ခါးစည်းခံရသည်ဖြစ်စေ သူတို့သည် ကိုယ်တော်နှင့်အတူ ယင်းကို ခါးစည်းခံခဲ့ကြပြီး ခရစ်တော် မည်သို့သော ညှဉ်းပန်းနှိပ်စက်မှုနှင့် လိုက်လံဖမ်းဆီးမှုကို တွေ့ကြုံရသည်ဖြစ်စေ၊ သူတို့သည် မည်သည့်ညည်းညူမှုမျှ မရှိဘဲ ကိုယ်တော်နောက်သို့ လိုက်ခဲ့ကြဆဲဖြစ်ကာ ဤအခြေအနေများကြောင့် မည်သည့်အခါမျှ အားနည်းသွားခြင်း မရှိခဲ့ပေ။ ငါသည် အချို့သောနေရာများသို့ သွားရောက်သည့်အခါမှသာ အန္တရာယ်ရှိသောပတ်ဝန်းကျင်များကို ရှောင်ရှားရန် ငါ အလျင်အမြန် ထွက်ပြေးခဲ့ရကြောင်း၊ နေစရာ အခြားမည်သည့်နေရာမျှ ရှိနိုင်မည်မဟုတ်ကြောင်းနှင့် အနားယူရန် အခြားမည်သည့်နေရာကိုမျှ ရှာမတွေ့နိုင်ကြောင်းကို သိရှိသော လူပုဂ္ဂိုလ်အချို့ ရှိခဲ့သည်၊ သူတို့သည် မိမိတို့ဘာသာ ဤသို့ တွေးထင်ခဲ့ကြသည်၊ “ဟွန်း။ သင်က ခရစ်တော်၊ ဘုရား၏လူ့ဇာတိခံယူသော ဇာတိပကတိဟု အခိုင်အမာဆိုသည်၊ သို့တိုင်အောင် သင်ရောက်နေသည့် သနားစရာအခြေအနေကို ကြည့်ပါဦး။ သင်သည် မည်သို့များ ခရစ်တော်ဖြစ်ထိုက်သနည်း။ သင်သည် မည်သည့်နည်းဖြင့် ဘုရားနှင့်တူသနည်း။ သင်သည် အခြားသူများကို ကယ်တင်နိုင်သည်ဟု သင်ထင်သလော။ သင်သည် ဦးစွာ သင့်ကိုယ်သင် အမြန်ဆုံး ကယ်တင်သင့်သည်။ သင့်နောက်သို့လိုက်ခြင်းက ကောင်းချီးများကို ဆောင်ကြဉ်းပေးနိုင်သလော။ ယင်းမှာ မဖြစ်နိုင်ဟု ထင်ရသည်။ အကယ်၍ သင်၏နှုတ်ကပတ်တော်များက အခြားသူများကို ကယ်တင်နိုင်လျှင်၊ ယင်းတို့က သင့်ကို အဘယ်ကြောင့် မကယ်တင်နိုင်ရသနည်း။ ယခု သင့်ကိုယ်သင် ကြည့်ပါဦး၊ သင့်၌ ခေါင်းချစရာနေရာပင် မရှိဘဲ သင်သည် ငါတို့လူသားများ၊ တန်ခိုးကြီးသော လူများထံမှ အကူအညီကို ရှာဖွေရသည်။ အကယ်၍ သင်သည် ဘုရားဖြစ်ပါက သင်သည် ထိုမျှ သနားစရာ မဖြစ်သင့်ပေ။ အကယ်၍ သင်သည် ဘုရား၏ လူ့ဇာတိခံယူသော ဇာတိပကတိဖြစ်ပါက သင်သည် အိမ်ဟု ခေါ်စရာနေရာမရှိဘဲ မဖြစ်သင့်ပေ” ဟူ၍ ဖြစ်လေသည်။ သို့ဖြစ်၍ ထိုသို့သောလူတို့သည် ဤကိစ္စကို မည်သည့်အခါမျှ နားလည်နိုင်ကြမည် မဟုတ်ပေ။ အကယ်၍ တစ်နေ့တွင် သူတို့သည် နိုင်ငံတော်၏ ဧဝံဂေလိတရားကို နိုင်ငံရပ်ခြား၌ ဖြန့်ဝေနေသည်ကိုလည်းကောင်း၊ နိုင်ငံအသီးသီးရှိ လူများစွာက ယင်းကို လက်ခံနေသည်ကိုလည်းကောင်း၊ အဆင်းနီသောနဂါးကြီး ကျဆုံးသွားသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ နောက်လိုက်များက ဂုဏ်ယူဝင့်ကြွားနိုင်ကြပြီး နောက်ထပ် ညှဉ်းပန်းနှိပ်စက်ခြင်း မခံရတော့သည်ကိုလည်းကောင်း၊ သူတို့သည် အုပ်စိုးပြီး တန်ခိုးအာဏာကိုင်စွဲနေကာ မည်သူမျှ သူတို့ကို အနိုင်ကျင့်ဝံ့ခြင်းမရှိသည်ကိုလည်းကောင်း မြင်တွေ့ပါက သူတို့သည် သူတို့၏ပုံမှန်သဘောထားကို အသေအချာပင် လုံးဝ ပြောင်းလဲလိမ့်မည်ဖြစ်ပြီး ဘုရားသခင် ဇာတိပကတိ၌ စိုးစံခြင်းအပေါ် အယူအဆများ ထားရှိတော့မည်မဟုတ်ပေ။ အဘယ်ကြောင့် ထိုသို့သော ရုတ်တရက်ပြောင်းလဲမှုမျိုး ရှိရမည်နည်း။ ဤလူပုဂ္ဂိုလ်များသည် သူတို့၏မျက်စိဖြင့် မြင်သောအရာကိုသာ အားကိုးကြသည်၊ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များက သမ္မာတရား ဖြစ်ကြောင်း၊ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဖြစ်ကြောင်း၊ သို့မဟုတ် ကိုယ်တော်မိန့်တော်မူသမျှ ပြည့်စုံလာမည်ဖြစ်ကြောင်းကို မယုံကြည်ကြပေ။ ထိုသို့သောလူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသလော။ သူတို့သည် အဘယ်အရာကို ယုံကြည်ကြသနည်း။ (တန်ခိုးအာဏာကို ယုံကြည်ကြသည်။) ခရစ်တော်၌ တန်ခိုးအာဏာ ရှိသလော။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အကြား၌ ခရစ်တော်၌ တန်ခိုးအာဏာ မရှိပေ။ လူအချို့က “ဘုရား၌ သြဇာအာဏာ မရှိဘူးလား။ အကယ်၍ ခရစ်တော်၏အနှစ်သာရက ဘုရားဖြစ်လျှင် အဘယ်ကြောင့် သူက ဘုရား၏သြဇာအာဏာကို မပိုင်ဆိုင်ရသနည်း။ သြဇာအာဏာက တန်ခိုးအာဏာထက် များစွာ ပို၍ကြီးမြတ်သည်၊ သို့ဖြစ်၍ သူ၌လည်း တန်ခိုးအာဏာ ရှိသင့်သည် မဟုတ်လော” ဟု ဆိုကြသည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏အလုပ်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူ့ဇာတိခံယူသော ဘုရားသခင်၏ တာဝန်မှာ အဘယ်နည်း။ အာဏာကို ဝင့်ကြွားရန်လော။ (မဟုတ်ပါ။) ထို့ကြောင့် မည်သည့်သာမန်လူကဲ့သို့မဆို ကိုယ်တော်သည် ဤလောက၏ ငြင်းပယ်ခြင်း၊ စော်ကားခြင်း၊ အသရေဖျက်ခြင်းနှင့် ရန်လိုမုန်းတီးခြင်းတို့ကို ခံရသည်၊ ခရစ်တော်သည် ဤအရာအားလုံးကို ခါးစည်းခံရမည်ဖြစ်ပြီး ကိုယ်တော်သည် ယင်းတို့မှ ကင်းလွတ်ခွင့်မရှိပေ။
သမ္မာတရားကို အမှန်တကယ် လိုက်စားသော သူတို့သည် ခရစ်တော်၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုအပေါ် အယူအဆများ မရှိရုံသာမက ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် ဤသဘောသဘာဝများ၌ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို ပို၍မြင်တွေ့ရပြီး ယင်းတို့မှတစ်ဆင့် ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရနှင့် ဖန်ဆင်းရှင်၏ စစ်မှန်သော အနှစ်သာရကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်လာကြသည်။ ဘုရားသခင်အပေါ် သူတို့၏ နားလည်သဘောပေါက်မှုသည် ပို၍နက်ရှိုင်းလာသည်၊ ပို၍လက်တွေ့ကျလာသည်၊ ပို၍စစ်မှန်လာသည်၊ ပို၍တိကျမှန်ကန်လာသည်။ ဆန့်ကျင်ဘက်အနေဖြင့် အန္တိခရစ်တို့သည် သူ၏သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှု အားလုံးကြောင့် ဤသို့သော ခရစ်တော်နောက်သို့ လိုက်ရန် မလိုလားစိတ်ကို မကြာခဏ ခံစားကြရသည်၊ သူ၌ သဘာဝလွန်စွမ်းရည်များ ကင်းမဲ့ပြီး သာမန်လူများထက် ထူးခြားပေါ်လွင်နေခြင်း မရှိသည့်အပြင် လူသားမျိုးနွယ်ကဲ့သို့ လူနေမှုပတ်ဝန်းကျင်မျိုးကို တွေ့ကြုံခံစားရသည်ဟု တွေးထင်ကြသည်။ အန္တိခရစ်တို့သည် ဤအရာအားလုံးကို ပျော်ရွှင်စွာ လက်ခံရန်နှင့် ယင်းမှ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်ရန် မတတ်နိုင်ရုံသာမက ၎င်းတို့သည် ယင်းကို ပြစ်တင်ရှုတ်ချပြီး ယင်းကို သတိထားရှောင်ကြသည့်အပြင် ယင်းနှင့်ပတ်သက်၍ စွပ်စွဲချက်များ သာ၍ပင် ပြုလုပ်ကြသည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က စည်းမျဉ်းများကို ဆန့်ကျင်သည့်အရာတစ်ခုခုကို ပြုလုပ်သည့်အခါ အကယ်၍ ငါက ထိုအကြောင်းကို မမေးမြန်းဘဲ မည်သူကမျှ ငါ့ကို ထိုအကြောင်း မပြောပါက ငါသည် ထိုအကြောင်းကို သိရှိမည်မဟုတ်ပေ ဤသည်မှာ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ အတိုင်းအတာအတွင်း၌ ကျရောက်သော သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) မှန်ကန်သော နားလည်သဘောပေါက်မှုနှင့် သာမန်လူ့သဘာဝကို ပိုင်ဆိုင်သောသူတို့သည် ထိုကိစ္စကို ငါ့အား အသေအချာ စေ့စေ့စပ်စပ် ရှင်းပြမည်ဖြစ်ပြီး ထို့နောက် ငါ သင့်တော်သည်ဟု မြင်သည့်အတိုင်း သူတို့ကို ကိုင်တွယ်ဖြေရှင်းရန် ငါ့ကို ခွင့်ပြုပေလိမ့်မည်။ အန္တိခရစ်တို့သည် လုံးဝ ဆန့်ကျင်ဘက်ကို ပြုလုပ်ကြသည်၊ ၎င်းတို့သည် ငါ့ကို သူတို့၏မျက်စိများဖြင့် စောင့်ကြည့်ကြပြီး ငါ့ထံမှ အရာများကို လှည့်ပတ်မေးမြန်းခြင်းနည်းလမ်းဖြင့် ငါ့ကို စမ်းသပ်ကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့ဘာသာ ဤသို့ တွေးထင်ကြသည်၊ “သင်က ဤကိစ္စအကြောင်း မသိသည့်အတွက် ယင်းကို ကိုင်တွယ်ရန် လွယ်ကူစေသည်၊ သင်သာ ထိုအကြောင်းကို အမှန်တကယ် သိခဲ့ပါက သင့်ကို ကိုင်တွယ်ရန် အကြံအစည်တစ်ခု ငါ့မှာ ရှိခဲ့ပြီး သင်သာ မသိခဲ့ပါက သင့်ကို ကိုင်တွယ်ရန် နောက်ထပ် အကြံအစည်တစ်ခု ငါ့မှာ ရှိခဲ့သည်၊ အဓိက ပြဿနာတစ်ခုအတွက် ငါက ယင်းကို ပြဿနာငယ်တစ်ခုကဲ့သို့ ဖြစ်အောင် ပြောဆိုမည်ဖြစ်ပြီး ထို့နောက် ယင်းကို ဘာမျှမဟုတ်သည့်အရာအဖြစ်သို့ လျှော့ချကာ သင့်ကို လုံးဝ မသိအောင်ထားပြီး ဤကိစ္စကို ပြီးပျောက်သွားစေမည်၊ သင်က ဤပြဿနာကို မသိသည့်အတွက် သင်သည် ရှေ့ဆက်၍ ထိုအကြောင်းကို သိရန်မလိုအပ် သို့မဟုတ် သိရှိရမည်မဟုတ်ပေ။ ငါက ယင်းကို တာဝန်ယူမည်။ တစ်နေ့တွင် သင် ထိုအကြောင်းကို သိရှိသည့်အခါ ယင်းမှာ ငါ ရည်ရွယ်သည့်အတိုင်း ဖြစ်ပျက်ပြီး ဖြစ်လိမ့်မည်၊ ထိုအခါ သင်က ငါ့ကို ဘာလုပ်နိုင်ဦးမည်နည်း” ဟူ၍ဖြစ်လေသည်။ ခရစ်တော်ကို ဤပုံစံဖြင့် မည်သည့်လူများက ဆက်ဆံကြသနည်း။ ၎င်းတို့သည် လူကောင်းများလော။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသော လူများလော။ ၎င်းတို့၌ လူ့သဘာဝနှင့် တည်ကြည်မှု ရှိသလော။ (မရှိပါ။) အချို့သောအမှုအရာများကို ပြုလုပ်ခဲ့သော ခေါင်းဆောင်အချို့ ရှိခဲ့သည်၊ ၎င်းတို့သည် အသင်းတော်၌ လူပုဂ္ဂိုလ်များကို ထင်ရာမြင်ရာ ရာထူးတိုးပေးခဲ့သည်၊ ၎င်းတို့သည် လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးခဲ့ပြီး အလွန်အကျွံပင် မဆင်ခြင်သော ဝယ်ယူမှုများ ပြုလုပ်ခဲ့ကာ ငွေမည်မျှ သုံးစွဲသည်ဖြစ်စေ၊ မည်မျှအရေးကြီးသော ပြဿနာများ ပေါ်ပေါက်သည်ဖြစ်စေ ၎င်းတို့သည် ထိုအကြောင်းကို စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ ငါ ထိုနေရာသို့ အကြိမ်များစွာ သွားခဲ့ပြီး ၎င်းတို့သည် ဤအရာများနှင့်ပတ်သက်၍ ငါ့ကို ဘယ်တော့မှ မတိုင်ပင်ခဲ့သကဲ့သို့ မမေးမြန်းခဲ့ပေ၊ ၎င်းတို့သည် မိမိတို့ဘာသာ ဆုံးဖြတ်ချက်များ ချခဲ့ကြသည်၊ ၎င်းတို့သည် ငါ့ကို မည်သည့်စိစစ်မှုကိုမျှ လုပ်ဆောင်ခွင့် မပေးခဲ့သည့်အပြင် ငါက သူတို့ထံမှ သတင်းအချက်အလက်ကို မရမက မေးမြန်းခဲ့ရသည်။ ၎င်းတို့သည် ငါ့ကို ပြင်ပလူတစ်ဦးကဲ့သို့ ဆက်ဆံခဲ့သည်၊ “သင်ရောက်ရှိလာပြီ ဖြစ်သောကြောင့် သင်၏မျက်မှောက်၌ မြင်နိုင်သည့်အရာများကိုသာ သင့်ထံ အစီရင်ခံပါမည်။ သင်၏ကွယ်ရာတွင် ကျွန်ုပ်တို့လုပ်ဆောင်ခဲ့သည့် အမှုအရာများနှင့် ပတ်သက်၍မူ ယင်းတို့အနက် တစ်ခုတစ်လေကိုမျှ သိရှိရန် ကြိုးပမ်းဖို့ စိတ်ကူးပင်မယဉ်လေနှင့်။ သင့်အနေဖြင့် ဝင်ရောက်စွက်ဖက်ရန် သို့မဟုတ် စုံစမ်းမေးမြန်းရန်ကို ကျွန်ုပ်တို့ ခွင့်ပြုမည်မဟုတ်ပေ” ငါ မည်မျှအကြိမ်များစွာ သွားရောက်လည်ပတ်သည်ဖြစ်စေ ၎င်းတို့သည် ငါ့ကို မည်သည့်စုံစမ်းမေးမြန်းမှုကိုမျှ မည်သည့်အခါကမျှ ခွင့်မပြုခဲ့ပေ။ ငါက မေးခွန်းများ စတင်မေးမြန်းလာမည်ကို ကြောက်ရွံ့သဖြင့် ၎င်းတို့သည် လှည့်ဖြားမှု၌ ပါဝင်ဆောင်ရွက်ကာ မမှန်သော၊ နားထောင်၍ကောင်းသော စကားများဖြင့် အမှန်တရားကို တမင်တကာ ဖုံးကွယ်ခဲ့ကြသည်။ ၎င်းတို့သည် အတူတကွ ပူးပေါင်းကြံစည်ခဲ့ကြသည်၊ အများသဘောတူညီမှုတစ်ခု ရရှိခဲ့ကြပြီး အချင်းချင်း မျက်ရိပ်မျက်ကဲပြခဲ့ကြသည်၊ ၎င်းတို့သည် တစ်သဘောတည်း ညီညွတ်စွာ ရပ်တည်ခဲ့ကြပြီး အချင်းချင်း ကာကွယ်ပေးလျက် တစ်ဦး၏ ပြဿနာများကို တစ်ဦးက သတင်းမပို့ခဲ့ကြပေ။ ငါ့ကွယ်ရာတွင် ၎င်းတို့လုပ်ဆောင်နေသည့်အရာများကို ငါ သိရှိသွားပြီး ၎င်းတို့ကို တာဝန်ခံစေလိုသည့်အခါ ၎င်းတို့သည် မည်သူ့မှာ တာဝန်ရှိသည်ကို မပြောဘဲ နားမလည်ဟန်ဆောင်ကာ ငါ့ကို စကားပရိယာယ်သုံးလျက် အချင်းချင်း ဆက်လက်၍ ကာကွယ်ပေးနေခဲ့ကြသည်။ ၎င်းတို့သည် မည်သည့်အမှားကို ကျူးလွန်ခဲ့သနည်း။ ၎င်းတို့က ဤသို့ တွေးထင်ခဲ့သည်၊ “သူ၏သာမန်၊ ရိုးရှင်းသော တွေးခေါ်မှုနှင့် သာမန်၊ ပုံမှန်လူ့သဘာဝမှလွဲ၍ ခရစ်တော်ဖြစ်သည့် ဤသာမန်လူ၌ ဝါကြွားစရာ တစ်ခုမျှမရှိ၊ သဘာဝလွန်တန်ခိုးများလည်း မရှိပေ။ ထိုသို့ဖြစ်သည့်အတွက် ငါတို့သည် သင့်ကွယ်ရာတွင် လှုပ်ရှားမှုငယ်အချို့ကို ပြုလုပ်နိုင်ပြီး ငါတို့၏ကိုယ်ပိုင်လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ရာတွင် စိတ်အေးလက်အေး နေနိုင်သည်။ ငါတို့သည် အသင်းတော်၏ငွေကို ထိန်းချုပ်ထားသည်၊ သို့ဖြစ်၍ ငါတို့ လိုချင်သမျှကို ဝယ်မည်သာဖြစ်သည်။ လက်မှတ်တစ်စောင် လိုအပ်သည့်အခါ ငါတို့ လုံးဝ ရှာဖွေရန်မလိုအပ်၊ ငါတို့သည် ဝယ်ယူမှုများကို စိစစ်ရန်မလိုအပ်ဘဲ မိမိတို့သဘောအတိုင်း ထင်ရာမြင်ရာ လက်မှတ်ထိုးလိုက်ရုံသာဖြစ်ပြီး ပေါ့ပေါ့ဆဆပုံစံဖြင့် ငွေကို သုံးစွဲနိုင်သည်။ ခရစ်တော်က ဘုရား မဟုတ်လော။ သင်က ဤအမှုအရာများကို ကိုင်တွယ်ထိန်းသိမ်းထားနိုင်သလော။ ငါတို့သည် ငါတို့သဘောအတိုင်း ပြုလုပ်မည်၊ သင်ရှိနေသည့်အချိန်မှလွဲ၍ ကျန်အချိန်များ အားလုံးသည် ငါတို့၏ ကြီးစိုးရာနယ် ဖြစ်သည်” ဟူ၍ဖြစ်လေသည်။ ၎င်းတို့သည် ခရစ်တော်၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို မည်သို့ သဘောထားပြုမူခဲ့ကြသနည်း။ ၎င်းတို့သည် ကိုယ်တော်အား အနိုင်ကျင့်ရန် လွယ်ကူသော သူတစ်ဦးအဖြစ် မှတ်ယူခဲ့ကြသည် မဟုတ်လော။ ၎င်းတို့က ဤသို့ တွေးထင်ခဲ့သည်၊ “သင်၌ ပုံမှန်လူ့သဘာဝ ရှိနေသရွေ့ ငါတို့သည် သင့်အား အနိုင်ကျင့်ရမည်ကို မကြောက်ပေ။ အကယ်၍ သင်၌ သဘာဝလွန် လူ့သဘာဝ မရှိပါက ငါတို့သည် သင့်ကို မကြောက်ပေ” ဟူ၍ ဖြစ်လေသည်။ ၎င်းတို့သည် မည်သို့သော လူစားမျိုးများ ဖြစ်ခဲ့ကြသနည်း။ အကယ်၍ သူတို့၏လူ့သဘာဝအရ အကဲဖြတ်မည်ဆိုလျှင် ၎င်းတို့ကို လူကောင်းများအဖြစ် မှတ်ယူမည်လော။ ၎င်းတို့ကို ကိုယ်ကျင့်တရားနှင့် လူ့သဘာဝကို ပိုင်ဆိုင်သောလူများအဖြစ် မှတ်ယူမည်လော။ ၎င်းတို့ကို မြင့်မြတ်သော တည်ကြည်မှုကို ပိုင်ဆိုင်သောလူများအဖြစ် မှတ်ယူမည်လော။ ၎င်းတို့သည် အမှန်တကယ်တွင် အဘယ်အရာများ ဖြစ်ခဲ့ကြသနည်း။ ၎င်းတို့သည် ကိုယ်ကျင့်တရားပျက်သူတစ်စု မဟုတ်ခဲ့သလော။ ဤလူတို့သည် ဘုရားအိမ်တော်၌ အလုပ်လုပ်သည့်အခါ မည်သူ့ကို ကိုယ်စားပြုခဲ့ကြသနည်း။ ၎င်းတို့သည် လူကိုပင် ကိုယ်စားမပြုဘဲ စာတန်ကို ကိုယ်စားပြုခဲ့ကြသည်။ ၎င်းတို့သည် စာတန်အတွက် အမှုအရာများကို ပြုလုပ်ခဲ့ကြသည်၊ ၎င်းတို့သည် သူ၏အစေခံများနှင့် ကြံရာပါများ ဖြစ်ခဲ့ကြသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ရန်နှင့် ဖျက်ဆီးရန် ဤနေရာ၌ ရှိနေခဲ့ကြသည်၊ ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်နေခြင်းမဟုတ်ဘဲ မကောင်းမှုကို ကျူးလွန်နေခြင်း ဖြစ်လေသည်။ စာတန်၏ ဤကြံရာပါအုပ်စုသည် ဘုရားသခင်၏ ရွေးချယ်ထားသောလူများကို ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ပြီး ညှဉ်းဆဲသော အဆင်းနီသောနဂါးကြီးနှင့် မည်သို့ ကွာခြားခဲ့သနည်း။ အဆင်းနီသောနဂါးကြီးသည် ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိပကတိသည် သာမန်လူတစ်ဦးမျှသာ ဖြစ်ကြောင်း၊ ကိုယ်တော်သည် လုံးဝ ကြောက်စရာမကောင်းကြောင်း မြင်သောကြောင့် သူသည် ကိုယ်တော်အား ဖမ်းဆီးရန် ထင်ရာမြင်ရာ ကြိုးစားပြီး ကိုယ်တော်အား ဖမ်းမိသည်နှင့် တစ်ပြိုင်နက် သူသည် ကိုယ်တော်အား သတ်ရန် ကြိုးစားပေလိမ့်မည်။ စာတန်၏ ဤကြံရာပါများ၊ ဤအန္တိခရစ်တို့သည် ခရစ်တော်ကို ထိုနည်း၎င်းပင် ဆက်ဆံခဲ့ကြသည် မဟုတ်လော။ သူတို့၏ အနှစ်သာရသည် တူညီသည် မဟုတ်လော။ (ဟုတ်ပါသည်။) သူတို့၏ယုံကြည်ခြင်း၌ သူတို့သည် ခရစ်တော်ကို အဘယ်အရာအဖြစ် မှတ်ယူခဲ့ကြသနည်း။ ၎င်းတို့သည် ကိုယ်တော်အား ဘုရားသခင်အဖြစ် ယုံကြည်ခဲ့ကြသလော သို့မဟုတ် လူသားတစ်ဦးအဖြစ် ယုံကြည်ခဲ့ကြသလော။ အကယ်၍ ၎င်းတို့သည် ခရစ်တော်ကို ဘုရားသခင်အဖြစ် မှတ်ယူခဲ့ပါက ၎င်းတို့သည် ကိုယ်တော်အား ဤသို့ ဆက်ဆံမည်လော။ (မဟုတ်ပါ။) ရှင်းပြချက်တစ်ခုတည်းသာ ရှိသည်၊ ၎င်းတို့သည် ခရစ်တော်ကို လူသားတစ်ဦးအဖြစ်၊ သူတို့သဘောအတိုင်း ပေါ့ပေါ့ဆဆ တရားစီရင်နိုင်၊ လှည့်စားနိုင်၊ ကစားနိုင်၊ မထီမဲ့မြင်ပြုနိုင်ပြီး ဆက်ဆံနိုင်သောသူတစ်ဦးအဖြစ် မြင်ခဲ့ကြသည်၊ ယင်းက ၎င်းတို့သည် အလွန်ရဲတင်းခဲ့ကြောင်း ဆိုလိုသည်။ အကယ်၍ ငါတို့သည် ထိုသို့သော ရဲတင်းသည့်လူများကို အမျိုးအစားခွဲခြားမည်ဆိုလျှင် ၎င်းတို့ကို ဖန်ဆင်းခံများ၊ ဘုရားသခင် ရွေးချယ်ထားသောလူများ၊ ကိုယ်တော်၏ နောက်လိုက်များ၊ ကိုယ်တော်က စုံလင်အောင် ပြုနိုင်သော လူများနှင့် ကိုယ်တော်က ကယ်တင်နိုင်သော လူများဟူသည့် အမျိုးအစားနှင့် အုပ်စုထဲတွင် ထည့်နိုင်သလော။ (မထည့်နိုင်ပါ။) ထိုသို့သော အမှိုက်သရိုက်ကို အဘယ်နေရာတွင် ထားသင့်သနည်း။ စာတန်၏စခန်းထဲ၌ ဖြစ်သည်။ ဤအုပ်စုထဲမှ လူများကို အန္တိခရစ်များအဖြစ် သတ်မှတ်သည်။ ၎င်းတို့သည် ခရစ်တော်ကို သာမန်လူတစ်ဦးကဲ့သို့ ဆက်ဆံခဲ့ပြီး သူတို့၏ သြဇာအာဏာသက်ရောက်မှု နယ်ပယ်အတွင်း၌ တစ်ဇွတ်ထိုးနှင့် မဆင်မခြင် ပြုမူကာ အကြွင်းမဲ့ တန်ခိုးအာဏာကို ကိုင်စွဲခဲ့ပြီး ဤသို့ တွေးထင်ခဲ့သည်၊ “မည်သည့်ပြဿနာပင်ဖြစ်စေ၊ ငါက သင့်ထံမှ မရှာဖွေ သို့မဟုတ် သင့်ကို ထိုအကြောင်း အကြောင်းမကြားသရွေ့ သင်က ဝင်ရောက်စွက်ဖက် ပိုင်ခွင့်မရှိဘဲ သင်က ထိုအကြောင်းကို မည်သည့်အခါမျှ သိရှိမည်မဟုတ်ပေ” ဟူ၍ ဖြစ်သည်။ ငါ့ကို ပြောကြလော့၊ ခရစ်တော်၌ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းပိုင်ခွင့် ရှိသလော။ (ရှိပါသည်။) ဤသို့ပြုလုပ်ရန် သင့်လျော်သောနည်းလမ်းမှာ အဘယ်နည်း။ (သူတို့ကို အသင်းတော်မှ နှင်ထုတ်ခြင်း ဖြစ်ပါသည်။) ဤသည်မှာ အန္တိခရစ်များနှင့် စာတန်များကို ကိုင်တွယ်ဖြေရှင်းရမည့်ပုံစံ ဖြစ်သည်၊ ၎င်းတို့အား သက်ညှာမှု မပြရပေ။ ဤကဲ့သို့သော လူတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အခါ ဘုရားသခင် မည်သည့်အရာပြုလုပ်သည်ဖြစ်စေ၊ ကိုယ်တော်သည် လူတို့အား သမ္မာတရားကို မည်သို့ထောက်ပံ့သည်ဖြစ်စေ၊ ကိုယ်တော်သည် မည်သည့်အလုပ်ကိုပင် လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် ဤအရာကို ဂရုမစိုက်ကြပေ။ အကယ်၍ ၎င်းတို့၌ တန်ခိုးအာဏာ ကင်းမဲ့ပါက ၎င်းတို့သည် ယင်းကို ရရှိရန် နည်းလမ်းများကို စဉ်းစားကြပြီး ၎င်းတို့ အာဏာရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ခရစ်တော်နှင့် တန်းတူရပ်တည်ရန်၊ လောကကို ကိုယ်တော်နှင့်အတူ ခွဲဝေရန်၊ မည်သူက သာလွန်သည်ကို ကြည့်ဖို့ ယှဉ်ပြိုင်ရန်နှင့် ကိုယ်တော်နှင့်အတူ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ရန် ကြိုးပမ်းကြသည်။ သူတို့၏ သြဇာအာဏာသက်ရောက်မှု အတိုင်းအတာအတွင်း၌၊ ၎င်းတို့သည် ခရစ်တော်ကို စိန်ခေါ်လိုကြပြီး ဤသို့ ဆိုကြသည်၊ “သင်၏စကားနှင့် ငါ၏စကား၊ မည်သည့်စကားက ပို၍ဩဇာ ရှိသည်ကို ငါမြင်လိုသည်။ ဤအသင်းတော်သည် ငါ၏နယ်မြေဖြစ်၏။ အသင်းတော်၏ငွေကို ငါအလိုရှိသလို သုံးစွဲမည်၊ ငါကြိုက်နှစ်သက်ရာကို ဝယ်ယူမည်၊ ကိစ္စအရပ်ရပ်ကိုလည်း ငါ့သဘောအတိုင်း စီမံခန့်ခွဲမည်။ ငါက မကောင်းဟု သတ်မှတ်လိုက်သောသူသည် မကောင်းသောသူသာ ဖြစ်သည်။ ငါအသုံးပြုလိုသူကို အသုံးပြုမည်ဖြစ်ပြီး ငါ အသုံးပြုရန် ရွေးချယ်ထားသူများကို မည်သူမျှ ထိပါးခွင့်မရှိချေ။ အကယ်၍ တစ်စုံတစ်ဦးက ထိပါးခဲ့လျှင် ထိုကိစ္စကို ငါ မည်သည့်အခါမျှ ငြိမ်ခံနေမည်မဟုတ်။ ဘုရား ကိုယ်တိုင်ကပင် ထိုသို့ပြုလုပ်စေလိုသည်ဟု ဆိုစေကာမူ ငါသည် ခွင့်ပြုမည်မဟုတ်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ကိုယ့်သေတွင်းကိုယ်တူးနေခြင်း မဟုတ်လော။
အကယ်၍ လူတို့သည် ဘုရားသခင်၏ လူ့ဇာတိခံယူသော သာမန်နှင့် လက်တွေ့ကျသော လူ့သဘာဝမှတစ်ဆင့် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို ပို၍နားလည်လာပြီး ဘုရားသခင်၏ လက်တွေ့ကျမှုနှင့် အနှစ်သာရကို ပို၍ရှင်းလင်းပြီး တိကျသော နားလည်သဘောပေါက်မှု ရရှိလာပါက ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများနှင့် လူ့သဘာဝကို ပိုင်ဆိုင်သောသူများ ဖြစ်ကြသည်။ သို့ရာတွင် လူအချို့သည် သူ၏သာမန်၊ လက်တွေ့ကျသော ဘက်ခြမ်းကြောင့် ခရစ်တော်ကို ဘုရားသခင်အဖြစ် မမှတ်ယူကြပေ။ ၎င်းတို့သည် ကိုယ်တော်၏ ရှေ့မှောက်၌ ပို၍ရိုင်းစိုင်းပြီး ရဲတင်းစွာ ပြုမူကြသည်၊ ၎င်းတို့သည် လွတ်လပ်စွာ ပြုမူရန် ပို၍ရဲဆေးတင်လိုက်ကြပြီး ခရစ်တော်ကို သာလွန်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူများကို ထိန်းချုပ်ရန်ဟူသော အတွေးအခေါ်များကို ပို၍ပိုင်ဆိုင်လာကြသည်။ ၎င်းတို့သည် ခရစ်တော်ကို မထီမဲ့မြင်ပြုရန်နှင့် ယှဉ်ပြိုင်ရန်အတွက် အရင်းအနှီးနှင့် ခရစ်တော်ကို လူသားတစ်ဦးအဖြစ် မှတ်ယူရန်အတွက် သက်သေအထောက်အထား ရှိသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် ဤသက်သေအထောက်အထားကို ရရှိပြီးနောက် ခရစ်တော်ကို ကြောက်ရွံ့ရန် မလိုအပ်တော့ကြောင်း၊ ကိုယ်တော်အား လွတ်လပ်စွာ ဝေဖန်နိုင်ကြောင်း၊ ကိုယ်တော်နှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောပြီး ရယ်မောနိုင်ကာ ကိုယ်တော်နှင့် တန်းတူရပ်တည်နိုင်ကြောင်း၊ သူတို့၏ အိမ်တွင်းရေးရာများနှင့် ကိုယ်ရေးကိုယ်တာ စိုးရိမ်မှုများကို ကိုယ်တော်နှင့် ဆွေးနွေးနိုင်ကြောင်း တွေးထင်ကြသည်။ အချို့က ဤသို့ပင် ဆိုကြသည်၊ “ကျွန်ုပ်၏ အတွင်းစိတ်အတွေးများ၊ အားနည်းချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင့်အား ကျွန်ုပ် မျှဝေခဲ့ပြီးဖြစ်သည်၊ သို့ဖြစ်၍ သင်၏ အခြေအနေအကြောင်း ကျွန်ုပ်ကို ပြောပြပါ။ ဘုရားကို မယုံကြည်မီနှင့် ယုံကြည်ပြီးနောက် ကျွန်ုပ်၏ အတွေ့အကြုံများအကြောင်း သင့်အား ကျွန်ုပ် ပြောပြခဲ့ပြီးဖြစ်သည်၊ ဘုရား၏အလုပ်ကို ကျွန်ုပ် မည်သို့လက်ခံခဲ့ကြောင်း သင့်အား ကျွန်ုပ် ပြောပြခဲ့ပြီးဖြစ်သည်၊ သို့ဖြစ်၍ သင်၏အတွေ့အကြုံများကို ကျွန်ုပ်အား မျှဝေပါ” ဟူ၍ ဖြစ်လေသည်။ ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်ရန် ကြိုးပမ်းနေကြသနည်း။ ၎င်းတို့သည် လူ့ဇာတိခံယူသော ဘုရားသခင်ကို အလွန်သာမန်ပြီး ပုံမှန်အဖြစ် မြင်ကာ ကိုယ်တော့်အား မိသားစုဝင်တစ်ဦး၊ ပေါင်းဖော်တစ်ဦး၊ မိတ်ဆွေတစ်ဦး၊ သို့မဟုတ် အိမ်နီးချင်းတစ်ဦးအဖြစ်သို့ ပြောင်းလဲရန် ဆန္ဒရှိနေကြသည် မဟုတ်လော။ ခရစ်တော်သည် မည်မျှပင်သာမန်ဖြစ်ပြီး လက်တွေ့ကျပါစေ သူ၏အနှစ်သာရသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ သူ၏အသက် မည်မျှပင်ဖြစ်စေ၊ သူသည် အဘယ်နေရာ၌ မွေးဖွားခဲ့သည်ဖြစ်စေ၊ သူ၏ အရည်အချင်းများနှင့် အတွေ့အကြုံသည် သင်နှင့် နှိုင်းယှဉ်လျှင် မည်သို့ပင်ဖြစ်စေ၊ သူသည် သင့်အတွက် မြင့်မြတ်သည် သို့မဟုတ် မထင်မရှား ပေါ်ထွန်းသည်ဖြစ်စေ သူသည် သင်နှင့် အမြဲတမ်း ကွဲပြားလိမ့်မည်ဖြစ်ကြောင်း မည်သည့်အခါမျှ မမေ့လေနှင့်။ ဤသည်မှာ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ သူသည် အပြင်ပန်းအားဖြင့် သာမန်နှင့် လက်တွေ့ကျသော ဇာတိပကတိ၌ အသက်ရှင်တော်မူသော ဘုရားသခင် ဖြစ်သည်၊ သူ၏ အနှစ်သာရသည် သင်နှင့် ထာဝရ ကွဲပြားသည်၊ သူ၏ အနှစ်သာရသည် လူသားမျိုးနွယ် အားလုံးအထက်၌ ထာဝရကာလပတ်လုံး အစဉ်အမြဲ ရှိတော်မူသော အထွတ်အထိပ်ဖြစ်သော ဘုရားသခင်၏အနှစ်သာရ ဖြစ်သည်။ ဤသည်ကို မမေ့လေနှင့်။ အပေါ်ယံအားဖြင့် သူသည် သာမန်နှင့် ပုံမှန်လူတစ်ဦးဖြစ်ပုံပေါက်သည်၊ သူသည် ခရစ်တော်ဟု ခေါ်ဆိုခြင်းခံရပြီး သူ၌ ခရစ်တော်၏ ပင်ကိုလက္ခဏာ ရှိသည်၊ သို့သော် အကယ်၍ သင်သည် သင်၏ယုံကြည်ခြင်း၌ ကိုယ်တော်အား လူသားတစ်ဦးအဖြစ် မှတ်ယူပြီး ကိုယ်တော်အား သာမန်လူတစ်ဦးအဖြစ်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တစ်ဦးအဖြစ် ရှုမြင်ပါက သင်သည် အန္တရာယ် ရှိနေပြီဖြစ်သည်။ ခရစ်တော်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့သည် မည်သည့်အခါမျှ မပြောင်းလဲပေ၊ သူ၏အနှစ်သာရသည် ဘုရားသခင်၏အနှစ်သာရ ဖြစ်ပြီး သူ၏ ပင်ကိုလက္ခဏာသည် အစဉ်သဖြင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာ ဖြစ်သည်။ သူသည် သာမန်၊ လက်တွေ့ကျသော ဇာတိပကတိ၏အခွံအတွင်း၌ အသက်ရှင်တော်မူသည်ဟူသောအချက်က သူသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်သည်ဟု မဆိုလိုသကဲ့သို့ လူသားများသည် သူ့ကို ကြိုးကိုင်ညွှန်ကြားနိုင်သည် သို့မဟုတ် ထိန်းချုပ်နိုင်သည်ဟု မဆိုလိုပေ၊ သို့မဟုတ် ၎င်းတို့သည် ကိုယ်တော်နှင့် တန်းတူဖြစ်နိုင်သည် သို့မဟုတ် တန်ခိုးအာဏာအတွက် ကိုယ်တော်နှင့် ယှဉ်ပြိုင်နိုင်သည်ဟု မဆိုလိုပေ။ လူတို့သည် သူ့ကို လူသားအဖြစ် မြင်နေသရွေ့၊ လူ့နည်းလမ်းများနှင့် လူ့အမြင်ရှုထောင့်များကို အသုံးပြု၍ သူ့ကို တိုင်းတာနေသရွေ့၊ သူ့ကို မိတ်ဆွေတစ်ဦး၊ တန်းတူတစ်ဦး၊ လုပ်ဖော်ကိုင်ဖက်တစ်ဦး၊ သို့မဟုတ် အထက်အရာရှိတစ်ဦးအဖြစ်သို့ ပြောင်းလဲရန် ကြိုးစားနေသရွေ့ ၎င်းတို့သည် မိမိတို့ကိုယ်ကို အန္တရာယ်ရှိသော အခြေအနေတစ်ခု၌ ထားရှိနေကြခြင်း ဖြစ်ပေသည်။ အဘယ်ကြောင့် အန္တရာယ်ရှိသနည်း။ အကယ်၍ သင်သည် ခရစ်တော်ကို သာမန်နှင့် ပုံမှန်လူသားတစ်ဦးအဖြစ် ရှုမြင်ပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် စတင်၍ ပေါ်ထွက်လာလိမ့်မည်။ သင် ခရစ်တော်ကို လူသားအဖြစ် မှတ်ယူသည့်အချိန်မှစ၍ သင်၏ ဒုစရိုက်အမှုများသည် စတင်၍ ပေါ်ထွက်လာတော့မည်။ ဤသည်မှာ အန္တရာယ်ရှိသောအပိုင်း မဟုတ်လော။ လူတို့သည် ခရစ်တော်ကို လူသားအဖြစ် မြင်နေသရွေ့၊ သူသည် သာမန်ဖြစ်ပြီး လက်တွေ့ကျသည်၊ သူသည် လှည့်စားရန် လွယ်ကူသည်၊ သူသည် လူသားမျိုးနွယ်ကဲ့သို့ပင် ဖြစ်သည်ဟု တွေးထင်နေသရွေ့ ၎င်းတို့သည် ဘုရားသခင်ကို မကြောက်ရွံ့ကြဘဲ ဤအချိန်တွင် ဘုရားသခင်နှင့် သူတို့၏ဆက်ဆံရေးသည် ပြောင်းလဲသွားသည်။ ဤဆက်ဆံရေးသည် အဘယ်အရာအဖြစ်သို့ ပြောင်းလဲသွားသနည်း။ သူတို့၏ဆက်ဆံရေးသည် ဖန်ဆင်းခံလူသားတစ်ဦးနှင့် ဖန်ဆင်းရှင်၏ဆက်ဆံရေး မဟုတ်တော့ပေ၊ ယင်းသည် နောက်လိုက်တစ်ဦးနှင့် ခရစ်တော်၏ဆက်ဆံရေး မဟုတ်တော့ပေ၊ ယင်းသည် ကယ်တင်ခြင်းခံရသောသူတစ်ဦးနှင့် ဘုရားသခင်၏ ဆက်ဆံရေး မဟုတ်တော့ဘဲ ယင်းအစား စာတန်နှင့် အရာခပ်သိမ်း၏ အချုပ်အခြာအာဏာရှင်တို့၏ ဆက်ဆံရေး ဖြစ်လာသည်။ လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ကြပြီး ကိုယ်တော်၏ရန်သူများ ဖြစ်လာကြသည်။ သင်သည် ခရစ်တော်ကို လူသားအဖြစ် ရှုမြင်သည့်အခါ သင်သည် ဘုရားသခင်ရှေ့မှောက်၌ သင်၏ကိုယ်ပိုင် ပင်ကိုလက္ခဏာကိုလည်း ပြောင်းလဲလိုက်ပြီး ကိုယ်တော်၏အမြင်တွင် သင်၏တန်ဖိုးကိုလည်း ပြောင်းလဲလိုက်သည်၊ သင်သည် သင်၏ အလားအလာများနှင့် ကံကြမ္မာကို သင်၏ မိမိကိုယ်ကိုအလိုလိုက်ခြင်း၊ ပုန်ကန်ခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် မာနထောင်လွှားခြင်းတို့ဖြင့် လုံးဝ ဖျက်ဆီးလိုက်သည်။ ဘုရားသခင်သည် သင်က ဖန်ဆင်းခံတစ်ဦး၊ ခရစ်တော်၏ နောက်လိုက်တစ်ဦး၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံခဲ့သောလူတစ်ဦး ဖြစ်သည်ဟူသော အခြေခံပေါ်၌သာ သင့်ကို အသိအမှတ်ပြုမည်၊ လမ်းညွှန်မည်၊ အသက်နှင့် ကယ်တင်ခြင်းရရှိရန် အခွင့်အရေးကို ပေးသနားမည် ဖြစ်သည်။ သို့တည်းမဟုတ်ပါက ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပြောင်းလဲသွားလိမ့်မည်။ လူတို့သည် ဘုရားသခင်၊ ခရစ်တော်ကို လူတစ်ဦးအဖြစ် မှတ်ယူသည့်အခါ ၎င်းတို့သည် ပြက်လုံးလုပ်နေကြသည် မဟုတ်လော။ လူတို့သည် ပုံမှန်အားဖြင့် ဤသည်ကို ပြဿနာတစ်ခုအဖြစ် မမြင်ကြဘဲ ၎င်းတို့က “ခရစ်တော်က သူသည် သာမန်နှင့် ပုံမှန်လူတစ်ဦး ဖြစ်သည်ဟု ပြောခဲ့သဖြင့် သူ့ကို လူတစ်ယောက်ကဲ့သို့ ဆက်ဆံခြင်းဖြင့် မည်သည့်အရာ မှားယွင်းနေသနည်း” ဟု တွေးထင်ကြသည်။ အမှန်တကယ်တွင် ဤအရာ၌ မည်သည့်အမှားမျှမရှိသော်လည်း ယင်း၌ ဆိုးရွားသော အကျိုးဆက်များ ရှိသည်။ ခရစ်တော်ကို လူတစ်ဦးကဲ့သို့ ဆက်ဆံခြင်းသည် သင့်အတွက် အကျိုးကျေးဇူးများစွာ ရှိသည်။ တစ်ဖက်တွင် ယင်းက သင်၏ရပ်တည်မှုကို မြှင့်တင်ပေးသည်၊ အခြားတစ်ဖက်တွင် ယင်းက သင်နှင့် ဘုရားသခင်အကြား အကွာအဝေးကို ကျဉ်းမြောင်းစေသည်၊ ထို့အပြင် သင်သည် ဘုရားသခင်၏ ရှေ့မှောက်၌ ထိုမျှ ချုပ်တည်းနေမည် မဟုတ်ဘဲ ပေါ့ပါးလွတ်လပ်သည်ဟု ခံစားရလိမ့်မည်။ သင်သည် သင်၏လူ့အခွင့်အရေးများ၊ လွတ်လပ်ခွင့်နှင့် သင်၏တည်ရှိမှု၏ တန်ဖိုးကို ပိုင်ဆိုင်မည်ဖြစ်ပြီး သင်၏ကိုယ်ပိုင်တည်ရှိမှုကို ခံစားရလိမ့်မည်၊ ယင်းမှာ ကောင်းသည် မဟုတ်လော။ အမှန်တကယ် လူတစ်ဦးကို ဤနည်းလမ်းဖြင့် ဆက်ဆံခြင်း၌ မည်သည့်အမှားမျှမရှိပေ၊ ယင်းက သင်၌ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုရှိကြောင်း ပြသသည်။ လူတစ်ဦးသည် လွယ်လွယ်ကူကူ ဦးမညွှတ်သင့်ပေ၊ လူတို့သည် မည်သည့်လူကိုမျှ ပေါ့ပေါ့တန်တန် ဒူးထောက်ခြင်း၊ အလျှော့ပေးခြင်း၊ သို့မဟုတ် မိမိတို့၏နိမ့်ကျမှုကို ဝန်ခံခြင်း မပြုသင့်ပေ၊ ဤအရာများသည် လူသားရှင်သန်မှု၏ နိယာမများနှင့် လူ၏ ကစားပွဲစည်းမျဉ်းများ မဟုတ်လော။ လူများစွာသည် ဤနိယာမများနှင့် ကစားပွဲစည်းမျဉ်းများကို ခရစ်တော်နှင့် သူတို့၏ အပြန်အလှန်ဆက်ဆံမှုများတွင် အသုံးချကြသည်။ ဤသည်မှာ ဒုက္ခကို ဆိုလိုပြီး ဘုရားသခင်၏စိတ်သဘောထားကို ပုန်ကန်ပြစ်မှားရန် အလွန်အလားအလာရှိသည်။ ဤသည်မှာ လူမျိုးမရွေး၊ လူသားမျိုးနွယ်ဝင်အားလုံး၏ သဘာဝအနှစ်သာရသည် တူညီသောကြောင့် ဖြစ်သည်။ ခရစ်တော်တစ်ဦးတည်းသာ လူသားမျိုးနွယ်နှင့် ကွဲပြားသည်။ ခရစ်တော်၌ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှု၏ ရုပ်သွင်ရှိပြီး သာမန်၊ လက်တွေ့ကျသော လူ့သဘာဝ၏ လူနေမှုပုံစံများနှင့် လုပ်ရိုးလုပ်စဉ်များကို ပိုင်ဆိုင်သော်လည်း သူ၏အနှစ်သာရသည် မည်သည့်ဖောက်ပြန်ပျက်စီးသော လူသားနှင့်မျှ မတူပေ။ ဤအကြောင်းကြောင့်သာ သူသည် သူ၏ နောက်လိုက်များက သူတောင်းဆိုသောနည်းလမ်းဖြင့် သူ့ကို ဆက်ဆံရန် အရည်အချင်းပြည့်မီသည်။ ခရစ်တော်မှလွဲ၍ အခြားမည်သည့်လူကမျှ လူတို့ထံမှ တောင်းဆိုချက်များ ပြုလုပ်ရန် ဤနည်းလမ်းများနှင့် စံနှုန်းများကို အသုံးပြုဖို့ အရည်အချင်းပြည့်မီခြင်း မရှိပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ခရစ်တော်၏ အနှစ်သာရသည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သောကြောင့်လည်းကောင်း၊ အကြောင်းမှာ ခရစ်တော်၊ ဤသာမန်၊ ပုံမှန်လူသည် ဘုရားသခင် ယူတင်ဝတ်ဆင်ထားသော သာမန်ဇာတိပကတိတစ်ခုနှင့် လူသားများအကြားရှိ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သောကြောင့်လည်းကောင်း ဖြစ်သည်။ ဤအချက်တစ်ခုတည်းကို အခြေခံ၍ပင် ခရစ်တော်ကို လူတစ်ဦးအဖြစ် မြင်ခြင်းသည် မမှန်ကန်ပေ၊ သူ့ကို လူတစ်ဦးကဲ့သို့ ဆက်ဆံခြင်းသည် သာ၍ပင် မမှန်ကန်ပေ၊ သူ့ကို လူတစ်ဦးဖြစ်သည့်အလား လှည့်စားခြင်း၊ ကစားခြင်းနှင့် ဆန့်ကျင်တိုက်ခိုက်ခြင်းသည် သာ၍ပင် ဆိုးရွားသည်။ အန္တိခရစ်များ၊ သမ္မာတရားကို စက်ဆုပ်ရွံရှာသော ဤကောက်ကျစ်ဆိုးယုတ်သည့် လူပုဂ္ဂိုလ်တစ်စုသည် ဤအရေးကြီးသော ပြဿနာနှင့် ရှင်းလင်းသော အမှားကို ထာဝရ သတိမမူမိဘဲ နေကြသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ အကြောင်းမှာ သူတို့၏သဘာဝအနှစ်သာရသည် အန္တိခရစ်၏ အနှစ်သာရ ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာနယ်ပယ်၌ ဘုရားသခင်နှင့် တိုက်ခိုက်ကြသည်၊ ကိုယ်တော်နှင့် အဆင့်အတန်းအတွက် ယှဉ်ပြိုင်ကြသည်၊ ကိုယ်တော်အား ဘုရားသခင်အဖြစ် မည်သည့်အခါမျှ မခေါ်ဝေါ်ကြ၊ သို့မဟုတ် ကိုယ်တော်အား ထိုသို့ မဆက်ဆံကြပေ။ ဘုရားအိမ်တော်၌ ၎င်းတို့သည် ဤအပြုအမူကို ထပ်မံပြုလုပ်ကြပြီး ခရစ်တော်ကို ထိုပုံစံမျိုးဖြင့် ဆက်ဆံကြသည်။ သူတို့၏ဘိုးဘေးသည် ဘုရားသခင်ကို ဤနည်းလမ်းဖြင့် ဆက်ဆံခဲ့သည်၊ သို့ဖြစ်၍ ၎င်းတို့သည် ဤနည်းလမ်းဖြင့် မပြုမူဘဲ မနေနိုင်ခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ ၎င်းတို့သည် ဤနည်းလမ်းဖြင့် မပြုမူဘဲ မနေနိုင်သည့်အတွက်၊ သူတို့၏သဘာဝအနှစ်သာရကို သေချာစွာသိရှိပြီး ဖြစ်သည့်အတွက် ထိုသို့သောလူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရနိုင်သေးသလော။ ၎င်းတို့သည် ဘုရားအိမ်တော်မှ ရှင်းလင်းပြီး နှင်ထုတ်ခြင်း ခံရမည့်သူများ မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံးက ငြင်းပယ်ခြင်း ခံရမည့်သူများ မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားအိမ်တော်က ထိုသို့သောလူပုဂ္ဂိုလ်များကို ပြစ်တင်ရှုတ်ချခြင်း၊ ဖယ်ထုတ်ပစ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းအပေါ် သင်တို့၌ အယူအဆများ ရှိနေသေးသလော။ (မရှိပါ။) ၎င်းတို့သည် သနားစရာကောင်းသလော။ (မကောင်းပါ။) ၎င်းတို့သည် အဘယ်ကြောင့် သနားစရာ မကောင်းသနည်း။ ၎င်းတို့သည် မုန်းတီးဖွယ်ကောင်းပြီး စက်ဆုပ်ဖွယ် ကောင်းသောကြောင့် ၎င်းတို့သည် သနားစရာ မကောင်းခြင်း ဖြစ်ပေသည်။
ဂ။ အန္တိခရစ်များက ခရစ်တော်၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုကို မည်သို့မှတ်ယူပုံ
အန္တိခရစ်တို့က ခရစ်တော်၏ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို မည်သို့သဘောထားပြုမူသည်ကို နည်းလမ်းများစွာဖြင့် ပေါ်လွင်ထင်ရှားစေပြီး ငါတို့သည် ခုလေးတင် တိကျသောဥပမာအချို့ကို ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။ ငါတို့သည် ဤကဏ္ဍနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ဤနေရာ၌ အဆုံးသတ်မည်။ ခရစ်တော်၏ နောက်ထပ်သွင်ပြင်တစ်ခုဖြစ်သည့် သူ၏နှိမ့်ချမှုနှင့် ပုန်းကွယ်မှုနှင့်ပတ်သက်၍ အန္တိခရစ်တို့သည် သူတို့၏ ထူးခြားသော စိတ်သဘောထားအနှစ်သာရကို ပြသနေဆဲဖြစ်ပြီး ၎င်းတို့သည် ခရစ်တော်၏သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို သူတို့ဆက်ဆံရာ၌ ပြုမူသကဲ့သို့ တူညီသော အနှစ်သာရပိုင်းဆိုင်ရာ သရုပ်သကန်များနှင့် ချဉ်းကပ်မှုများကို ပိုင်ဆိုင်ကြသည်။ ၎င်းတို့သည် ဤအရာများကို ဘုရားသခင်ထံမှ မခံယူနိုင်သေးသကဲ့သို့ ယင်းတို့ကို အပြုသဘောဆောင်သော အရာများအဖြစ် လက်မခံနိုင်သေးဘဲ ယင်းအစား ၎င်းတို့သည် ယင်းတို့ကို စက်ဆုပ်ရွံရှာကြသည်၊ ၎င်းတို့သည် ယင်းတို့ကို လှောင်ပင် လှောင်ပြောင်ပြီး ပြစ်တင်ရှုတ်ချကာ ထို့နောက်တွင် ၎င်းတို့သည် ယင်းတို့ကို ငြင်းပယ်ကြသည်။ ယင်းမှာ အဆင့်သုံးဆင့် ဖြစ်သည်၊ ပထမဦးစွာ ၎င်းတို့သည် စောင့်ကြည့်သည်၊ ထို့နောက် ၎င်းတို့သည် ပြစ်တင်ရှုတ်ချသည်၊ နောက်ဆုံးတွင် ၎င်းတို့သည် ငြင်းပယ်သည်။ ဤအရာအားလုံးသည် အန္တိခရစ်တို့၏ လုပ်နေကျလုပ်ရပ်များ ဖြစ်သည်၊ ဤသည်ကို အန္တိခရစ်တို့၏အနှစ်သာရက အဆုံးအဖြတ်ပေးသည်။ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုဆိုသည်မှာ အဘယ်နည်း။ စာသားအရှိအတိုင်းဆိုလျှင် နားလည်ရန် မခက်ခဲသင့်ပေ၊ ယင်းမှာ မိမိကိုယ်ကို ကြွားဝါရန် မကြိုက်ခြင်း၊ မိမိကိုယ်ကို ကိုယ်ရည်မသွေးခြင်း၊ ခပ်လျှိုလျှိုနေခြင်းနှင့် မထင်မရှား နေခြင်းကို ဆိုလိုသည်။ ဤသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏စိတ်သဘောထားနှင့် ဘုရားသခင် နဂိုမူလ ပင်ကိုစရိုက်နှင့် သက်ဆိုင်သည်။ အသွင်အပြင်အရဆိုလျှင် လူတို့အတွက် သတိပြုမိရန် မခက်ခဲသင့်ပေ၊ ခရစ်တော်၌ ရည်မှန်းချက်မရှိ၊ ကိုယ်တော်သည် အာဏာကို သိမ်းပိုက်ရန် မကြိုးစား၊ ကိုယ်တော်၌ အာဏာအတွက် လိုအင်ဆန္ဒမရှိ၊ ကိုယ်တော်သည် လူတို့၏စိတ်နှလုံးကို လှောင်ပိတ်ခြင်း မရှိသကဲ့သို့ သူတစ်ပါး၏စိတ်ကို ဖတ်ခြင်းကိုလည်း မလေ့လာပေ၊ ခရစ်တော်သည် ရိုးရှင်းစွာ၊ ပွင့်လင်းစွာ၊ ရှင်းလင်းစွာ စကားပြောသည်၊ လူတို့၏စစ်မှန်သော အတွေးများကို ချော့မော့မေးမြန်းရန် စူးစမ်းသောစကားများ သို့မဟုတ် လှည့်ကွက်များကို မည်သည့်အခါမျှ အသုံးမပြုပေ။ အကယ်၍ လူတို့သည် တစ်စုံတစ်ခုကို ပြောလိုပါက သူတို့ ပြောနိုင်သည်၊ မပြောလိုပါက ကိုယ်တော်သည် သူတို့ကို အတင်းအကျပ်မပြုပေ။ ခရစ်တော်သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အမျိုးမျိုးသော အခြေအနေများကို ဖော်ထုတ်သည့်အခါ ကိုယ်တော်သည် တိုက်ရိုက်စကားပြောပြီး ယင်းတို့ကို ရှင်းရှင်းလင်းလင်း ထောက်ပြသည်၊ ထို့အပြင် ခရစ်တော်၏ အမှုအရာများကို ကိုင်တွယ်ပုံနည်းလမ်းသည် အလွန်ရိုးရှင်းသည်။ ငါနှင့် အပြန်အလှန် ဆက်ဆံဖူးသောသူတို့၌ ဤသို့သော အထင်အမြင် ရှိသင့်သည်၊ “ကိုယ်တော်သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် ပရိယာယ် တစ်စုံတစ်ရာမျှ မရှိဘဲ အတော်အတန် ရိုးဖြောင့်တော်မူ၏။ အဆင့်အတန်း ရှိသော်ငြားလည်း မည်သည့်အုပ်စုတွင်မဆို သာလွန်သည်ဟူသော စိတ်ရှိဟန် မတူပေ” ဟု ပြောသင့်သည်။ ဤပြောဆိုချက်သည် အမှန်တကယ် မှန်ကန်သည်၊ ငါသည် အခြားသူများရှေ့တွင် ထင်ပေါ်ခြင်း သို့မဟုတ် ငါ့ကျော်ကြားမှုကို တိုးပွားစေခြင်းကို မနှစ်သက်ပေ။ အကယ်၍ ငါ၌ ဤအဆင့်အတန်း အမှန်တကယ် ကင်းမဲ့ပြီး ဘုရားသခင်က ငါ့ကို သက်သေမခံခဲ့ပါက ငါ၏ ရှိရင်းစွဲ ပင်ကိုစရိုက်သည် လူအုပ်၏နောက်တွင် နေရန်ဖြစ်သည်၊ ငါ့ကိုယ်ငါ မြင်သာအောင် မလုပ်လို၊ ငါ၌ အချို့သော အထူးကျွမ်းကျင်မှုများ ရှိလျှင်ပင် အခြားသူများကို မသိစေလိုပေ၊ အကြောင်းမှာ အကယ်၍ လူတို့ သိရှိပါက ၎င်းတို့သည် ငါ့နောက်သို့ လျှောက်လိုက်နေမည်ဖြစ်ကာ ယင်းမှာ စိတ်အနှောင့်အယှက်ပေးကာ ကိုင်တွယ်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ငါ မည်သည့်နေရာသို့ပင် သွားပါစေ လူတို့သည် စတင်၍ ငါ့နောက် တကောက်ကောက် လျှောက်လိုက်သည်နှင့် တစ်ပြိုင်နက် ငါသည် သူတို့ကို ပထုတ်ရန် နည်းလမ်းများကို ရှာဖွေသည်၊ လိုအပ်သည့်အခါ ကိစ္စရပ်များကို ဆွေးနွေးပြီး မလိုအပ်သည့်အခါ သူတို့ လုပ်သင့်သည့်အရာကို လုပ်ဆောင်ရန် သူတို့ကို သူတို့၏ သင့်လျော်သောနေရာများသို့ အမြန်ဆုံး ပြန်ပို့ပေးသည်။ ဖောက်ပြန်ပျက်စီးသော လူတို့အတွက် ဤသည်မှာ မတွေးဝံ့စရာပင် ဖြစ်သည်၊ “ကျွန်ုပ်တို့ လူသားများသည် ကိုယ်တော့်ကို အလွန်အမင်း ချစ်၍ ထောက်ခံကြပါ၏။ ကျွန်ုပ်တို့သည် ကိုယ်တော့်အပေါ်၌ အလွန် ချစ်ခင်စွဲလမ်းကြပါ၏။ အဘယ်ကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဤချစ်ခင်တွယ်တာမှုကို လက်မခံသနည်း” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အဘယ်စကားနည်း။ ငါသည် သင်တို့အား ငါပြောသင့်သည့်အရာကို ပြောခဲ့ပြီး ငါညွှန်ကြားရမည့်အရာကို ညွှန်ကြားခဲ့ပြီးဖြစ်သည်၊ သို့ဖြစ်၍ သင်တို့ လုပ်သင့်သည့်အရာကို သွားလုပ်ကြလော့၊ ငါ့နားတွင် ဝိုင်းအုံမနေကြနှင့်၊ ငါ မနှစ်သက်ပေ။ လူတို့၏အမြင်တွင် ၎င်းတို့က ဤသို့ တွေးထင်ကြသည်၊ “ဘုရားသခင်၊ ထိုမျှကြီးမားသောအလုပ်ကို လုပ်ဆောင်ပြီးဖြစ်၍ သင်သည်လည်း မကြာခဏ မိမိကိုယ်ကို ကျေနပ်သည်ဟု မခံစားရဘူးလား။ နောက်လိုက်များစွာရှိသည့်အတွက် သင်လည်း အမြဲတမ်း သာလွန်သည်ဟု မခံစားရဘူးလား။ သင်က အမြဲတမ်း အထူးအခွင့်အရေးများကို ခံစားလိုစိတ် မရှိဘူးလား” ဟူ၍ ဖြစ်လေသည်။ ငါက ငါ မည်သည့်အခါမျှ ထိုသို့ မခံစားခဲ့ရဟု ဆိုသည်၊ ငါ့၌ နောက်လိုက်များစွာ ရှိသည်ကို ငါ မည်သည့်အခါမျှ သတိမထားမိပေ၊ ငါသည် သာလွန်သည်ဟု မခံစားရ၊ ငါ့ရပ်တည်မှု မည်မျှမြင့်မားသည်ကို ငါ သိနားလည်ခြင်းမရှိပေ။ ငါ့ကို ပြောကြလော့၊ အကယ်၍ သာမန်လူတစ်ဦးသည် ထိုသို့သောအခြေအနေ၌ ရှိနေပါက သူသည် နေ့စဉ်နေ့တိုင်း မည်မျှဘဝင်ခိုက်နေမည်နည်း။ သူတို့သည် ဘာစားရမည်၊ ဘာဝတ်ရမည်ကို မသိတော့မည် မဟုတ်လော။ သူတို့သည် တစ်နေ့လုံး ကောင်းကင်၌ ပျံဝဲနေမည် မဟုတ်လော။ သူတို့သည် သူတို့ပတ်လည်၌ လူများ ဝိုင်းအုံနေရန် အမြဲတမ်း မျှော်လင့်နေမည် မဟုတ်လော။ (ဟုတ်ပါသည်။) အထူးသဖြင့် စွမ်းရည်အချို့ကို ပိုင်ဆိုင်သောသူတို့သည် အစည်းအဝေးများ ကျင်းပရန် နည်းလမ်းများကို အစဉ်သဖြင့် ရှာဖွေကြကာ မိန့်ခွန်းပြောချိန်အတွင်းတွင် အာရုံစိုက်မှုနှင့် ဩဘာပေးခြင်း ခံစားချက်ကို နှစ်သက်၍ ယင်းက အသားစားခြင်းနှင့် ဝိုင်သောက်ခြင်း၏ ပျော်ရွှင်မှုထက် သာလွန်သည်ဟု တွေးထင်ကြသည်။ ကျွန်ုပ်တွေးမိသည်၊ ကျွန်ုပ်သည် အဘယ်ကြောင့် ထိုသို့ မခံစားရသနည်း။ အဘယ်ကြောင့် ယင်းကို ကောင်းသည်ဟု မခံစားရသနည်း။ ထိုခံစားချက်ကို ကျွန်ုပ် အဘယ်ကြောင့် မနှစ်သက်ရသနည်း။ လောကီ ဂီတလောကတွင် စွမ်းရည်အနည်းငယ် ရှိသောသူများ၊ အထူးသဖြင့် သီဆိုကခုန်နိုင်သောသူများကို နတ်ဘုရားမများ၊ နတ်ဘုရားများ၊ ဂီတဘုရင်များ၊ ဂီတဘုရင်မများ၊ ဖခင်များ၊ မိခင်များနှင့် အဘိုးများဟုပင် ခေါ်ကြသည်။ ဤအရာများသည် ကောင်းသော ဘွဲ့အမည်များ မဟုတ်ပေ။ ထို့အပြင် အချို့လူတို့သည် သူတို့ကို “ရှောင်ကဝမ်” သို့မဟုတ် “ရှောင်လီ” ဟု ခေါ်သည့်အခါ မကျေမနပ်ဖြစ်ကြသည်၊ ယင်းက သူတို့၏ ဝါရင့်မှုကို နိမ့်ကျစေသည်ဟု တွေးထင်ကြပြီး သူတို့၏ ဝါရင့်မှုကို ပြောင်းလဲရန် နည်းလမ်းများကို ရှာဖွေကြကာ အနာဂတ်တွင် လူတို့က သူတို့ကို ဘုရင် သို့မဟုတ် ဘုရင်မဟု ခေါ်ဆိုစေရန် ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ယုံကြည်သူများသည် ဘာသာတရားမရှိသူများကဲ့သို့ မမိုက်ရိုင်းသင့်ကြောင်း၊ သူတို့ကို ဘုရား၊ ဘုရင် သို့မဟုတ် ဘုရင်မဟု မခေါ်သင့်ကြောင်း၊ သူတို့သည် အနေအထိုင်အေးဆေးပြီး နှိမ့်ချရမည်ဖြစ်ကြောင်း လူအချို့က ဆိုကြသည်။ သူတို့သည် မိမိတို့ကိုယ်ကို နှိမ့်ချသူဟု တိုက်ရိုက်ခေါ်ဆိုခြင်းသည် အနည်းငယ် ရိုင်းသည်၊ ယင်းမှာ အတော်ပင် မသေးငယ် သို့မဟုတ် မနိမ့်ကျဟု ယုံကြည်ကြသောကြောင့် သူတို့သည် မိမိတို့ကိုယ်ကို သေးငယ်သော၊ အလွန်သေးငယ်သော၊ ဖုန်မှုန့်၊ အငယ်လေးဟု ခေါ်ဆိုကြပြီး အချို့က သဲပွင့်နှင့် နာနိုမီတာဟုပင် ခေါ်ဆိုကြသည်။ ၎င်းတို့သည် သမ္မာတရားကို အာရုံမစိုက်ဘဲ အဆင့်အတန်း နိမ့်ကျမှုအပေါ်၌သာ စဉ်းစားကြံဆကြသည်၊ မြက်ပင်ငယ်၊ အညှောက်ဟူသော အမည်များနှင့်၊ မြေကြီး၊ ရွှံ့၊ မစင် စသည်တို့ကိုပင် ခေါ်ဆိုကြသည်။ ဤအမည်များသည် တစ်ခုထက်တစ်ခု ပို၍မနှစ်မြို့ဖွယ်ကောင်းပြီး နိမ့်ကျသော်လည်း ၎င်းတို့သည် တစ်စုံတစ်ခုကို ပြောင်းလဲနိုင်သလော။ ဤအမည်များ ရှိသောလူတို့သည်လည်း အလွန်မာနထောင်လွှားပြီး ဆိုးသွမ်းကာ အချို့မှာ ဆိုးယုတ်သောလူများပင် ဖြစ်သည်ကို ငါ မြင်တွေ့ရသည်။ ထိုသို့အမည်ပေးခံရသောသူတို့သည် သေးငယ်သွားခြင်း သို့မဟုတ် နှိမ့်ချသွားခြင်း မရှိရုံသာမက မောက်မာလျက်၊ ကောက်ကျစ်ဆိုးယုတ်လျက်၊ မလိုမုန်းထားလျက် ရှိနေဆဲ ဖြစ်သည်။
ဘုရားသခင်သည် မြေကြီးပေါ်၌ အလုပ်လုပ်ရန် ပထမဆုံးအကြိမ် လူ့ဇာတိခံယူသောအခါ ကိုယ်တော်၏ အလုပ်သည် ရိုးရှင်းပြီး တိုတောင်းခဲ့သော်လည်း ယင်းသည် လူသားမျိုးနွယ်၏ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်ပြီး အရေးကြီးသော အလုပ်အဆင့်တစ်ခု ဖြစ်ခဲ့သည်။ သို့ရာတွင် သခင်ယေရှုသည် လက်ဝါးကပ်တိုင်၌ ကားစင်တင်ခံရပြီးနောက် ကိုယ်တော်သည် အသက်ပြန်ရှင်လာပြီး ကောင်းကင်ဘုံသို့ တက်ကြွသွားခဲ့ကာ လူသားမျိုးနွယ်ထံ နောက်တစ်ဖန် ပေါ်ထွန်းတော်မမူခဲ့ပေ။ အဘယ်ကြောင့် ကိုယ်တော်သည် လူသားမျိုးနွယ်ထံ နောက်တစ်ဖန် ပေါ်မထွန်းခဲ့သနည်း။ ဤသည်မှာ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှု ဖြစ်သည်။ သာမန်လူ့ကျိုးကြောင်းဆင်ခြင်မှုအရ၊ ဘုရားသခင်သည် လူ့ဇာတိခံယူပြီး သုံးဆယ့်သုံးနှစ်ခွဲကြာ ဆင်းရဲဒုက္ခခံခဲ့သည်၊ လူသားမျိုးနွယ်၏ငြင်းပယ်ခြင်း၊ အသရေဖျက်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ စော်ကားခြင်း စသည်တို့ကို ခါးစည်းခံခဲ့ပြီး ကိုယ်တော်သည် လက်ဝါးကပ်တိုင်၌ ကားစင်တင်ခံရ၍ အသက်ပြန်ရှင်လာပြီးနောက် သူ၏အောင်ပွဲနှင့် ဘုန်းအသရေ၏အသီးအပွင့်များကို ခံစားရန် လူတို့အကြားသို့ ပြန်လာသင့်ခဲ့သည်။ ကိုယ်တော်သည် နောက်ထပ် သုံးဆယ့်သုံးနှစ်ခွဲ သို့မဟုတ် ထို့ထက်ပို၍ပင် အသက်ရှင်သင့်ခဲ့ပြီး လူသားမျိုးနွယ်က ကိုယ်တော်အား ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကြည်ညိုခြင်း၊ ကိုယ်တော်နှင့်ထိုက်တန်သော အဆင့်အတန်းနှင့် အထူးခံစားခွင့်တို့ကို ခံစားသင့်ခဲ့သည်။ သို့ရာတွင် ဘုရားသခင်သည် ဤသို့ မလုပ်ဆောင်ခဲ့ပေ။ ဤအလုပ်အဆင့်တွင် ဘုရားသခင်သည် မည်သည့်အခမ်းအနားမျှမရှိဘဲ သိုသိုသိပ်သိပ်ဖြင့် တိတ်ဆိတ်စွာ ကြွလာခဲ့ပြီး စွမ်းရည်အနည်းငယ် ရှိသည့်အခါတိုင်း မိမိတို့ကိုယ်ကို ထင်ရှားပေါ်လွန်အောင် လုပ်တတ်သော လူသားများနှင့်မတူဘဲ ဘုရားသခင်သည် လောကကြီးအား “ငါ ဤနေရာ၌ ရှိသည်၊ ငါသည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်” ဟု ကြွေးကြော်လိုမည်မဟုတ်ပေ။ ဘုရားသခင်သည် မိမိအတွက် ဤကဲ့သို့သော စကားတစ်ခွန်းကိုမျှ မမြွက်ဆိုခဲ့ဘဲ မြင်းဇောင်းတစ်ခု၌ တိတ်ဆိတ်စွာ မွေးဖွားခဲ့သည်။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် လာခဲ့သော ပညာရှိသုံးဦးမှလွဲ၍ သခင်ယေရှုခရစ်တော်၏ ကျန်ရှိသောဘဝသည် ဆင်းရဲဒုက္ခများနှင့် ပြည့်နှက်နေခဲ့ပြီး ယင်းမှာ သူ၏လက်ဝါးကပ်တိုင်၌ ကားစင်တင်ခံရခြင်းဖြင့်သာ အဆုံးသတ်ခဲ့သည်။ ဘုရားသခင်သည် ဘုန်းအသရေကို ရရှိခဲ့ပြီး လူ၏အပြစ်များကို ခွင့်လွှတ်ခဲ့သည်၊ ယင်းက ကိုယ်တော်သည် လူသားမျိုးနွယ်အတွက် ကြီးမြတ်သောလုပ်ရပ်တစ်ခုကို ဆောင်ရွက်ခဲ့ကြောင်း ဆိုလိုသည်၊ အကြောင်းမှာ ကိုယ်တော်သည် လူတို့ကို အပြစ်နှင့် ဒုက္ခပင်လယ်မှ လွတ်မြောက်ရန် ကူညီခဲ့သောကြောင့်ဖြစ်ပြီး ကိုယ်တော်သည် လူသားမျိုးနွယ်၏ ရွေးနုတ်ရှင် ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်သည် လူသားမျိုးနွယ်၏ဝတ်ပြုကိုးကွယ်ခြင်း၊ လေးစားကြည်ညိုခြင်းနှင့် ပျပ်ဝပ်ခြင်းတို့ကို ခံစားသင့်သည်မှာ ကျိုးကြောင်းဆီလျော်သည်။ သို့ရာတွင် ဘုရားသခင်သည် အသံတစ်စုံတစ်ရာမပြုဘဲ သိုသိုသိပ်သိပ်နှင့် တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်။ လွန်ခဲ့သော အနှစ်နှစ်ထောင်အတွင်း ဘုရားသခင်၏ အလုပ်သည် အစဉ် ဖြန့်ဝေနေခဲ့သည်။ ဤဖြန့်ဝေခြင်း၏ ဖြစ်စဉ်သည် ဆင်းရဲဒုက္ခ၊ သွေးထွက်သံယိုမှု၊ လူသားမျိုးနွယ်အားလုံး၏ ပြစ်တင်ရှုတ်ချခြင်း၊ အသရေဖျက်ခြင်းတို့နှင့် ပြည့်နှက်နေခဲ့သည်။ သို့သော် ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏သဘောထား မည်သို့ပင်ဖြစ်စေ ကိုယ်တော်သည် သမ္မာတရားကို ဆက်လက်ဖော်ပြခဲ့ပြီး လူကို ကယ်တင်ခြင်းဆိုင်ရာ သူ၏အလုပ်ကို မည်သည့်အခါကမျှ စွန့်လွှတ်ခဲ့ခြင်းမရှိပေ။ ထို့အပြင် ဤအနှစ်နှစ်ထောင်အတွင်း ဘုရားသခင်သည် မိမိကိုယ်ကို ကြေညာရန်၊ သခင်ယေရှုသည် သူ၏လူ့ဇာတိခံယူသော ဇာတိပကတိဖြစ်ကြောင်းနှင့်၊ လူသားမျိုးနွယ်သည် ကိုယ်တော်အား ဝတ်ပြုကိုးကွယ်ပြီး လက်ခံသင့်ကြောင်း ဆိုရန် ရှင်းလင်းသောစကားများကို မည်သည့်အခါကမျှ အသုံးမပြုခဲ့ပေ။ ဘုရားသခင်သည် လူအများ နောင်တရစေရန်၊ ဘုရားသခင်ရှေ့မှောက်သို့ လာရောက်စေရန်၊ ကိုယ်တော်၏ကယ်တင်ခြင်းကို လက်ခံစေရန်နှင့် ထိုသို့ဖြင့် သူတို့၏အပြစ်များ ခွင့်လွှတ်ခြင်းကို ရရှိစေရန်အလို့ငှာ ကောင်းကင်နိုင်ငံတော် ဧဝံဂေလိတရားကို တိုင်းနိုင်ငံအားလုံးနှင့် နေရာအားလုံးသို့ ဟောကြားရန် သူ၏အစေခံများကို စေလွှတ်ခြင်းတည်းဟူသော အရှင်းဆုံးနည်းလမ်းကိုသာ အသုံးပြုသည်။ ဘုရားသခင်သည် ကိုယ်တော်က ကြွလာမည့် မေရှိယဖြစ်ကြောင်း ဆိုရန် မည်သည့်အပိုစကားကိုမျှ မည်သည့်အခါမျှ အသုံးမပြုခဲ့ပေ၊ ယင်းအစား ကိုယ်တော်ပြုခဲ့သမျှသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ဖြစ်ကြောင်း၊ သခင်ယေရှု၏ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ကိုယ်ပိုင်ကယ်တင်ခြင်းဖြစ်ကြောင်း၊ သခင်ယေရှုသည် လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခဲ့ကြောင်းနှင့်၊ ကိုယ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ကြောင်းကို အချက်အလက်များမှတစ်ဆင့် သက်သေပြခဲ့သည်။ ပစ္စုပ္ပန် လူ့ဇာတိခံယူခြင်းတွင် ဘုရားသခင်သည် တူညီသောပုံစံနှင့် ပုံသဏ္ဌာန်ဖြင့် လူတို့အကြားသို့ ကြွလာခဲ့သည်။ ဇာတိပကတိ၌ ဘုရားသခင်၏ကြွလာခြင်းသည် လူသားမျိုးနွယ်အတွက် ကြီးမားသောကောင်းချီးတစ်ခု၊ မယုံနိုင်လောက်အောင် ရှားပါးသောအခွင့်အရေးတစ်ခုဖြစ်ပြီး သာ၍ပင် ယင်းသည် လူသားမျိုးနွယ်၏ ကံကောင်းခြင်း ဖြစ်သည်။ သို့သော် ဘုရားသခင်ကိုယ်တော်တိုင်အတွက် ယင်းက အဘယ်အရာကို ဆိုလိုသနည်း။ ယင်းသည် အနာကျင်ဆုံးအရာ ဖြစ်သည်။ သင်တို့ ဤသည်ကို နားလည်နိုင်သလော။ ဘုရားသခင်၏အနှစ်သာရသည် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ပိုင်ဆိုင်သော ဘုရားသခင်သည် ပင်ကိုအားဖြင့် မာနထောင်လွှားမှုကို ကင်းမဲ့ပြီး ယင်းအစား ကိုယ်တော်သည် သစ္စာရှိသည်၊ သန့်ရှင်းသည်၊ ဖြောင့်မတ်သည်။ လူသားမျိုးနွယ်အကြားသို့ ကြွလာခြင်းအားဖြင့် ကိုယ်တော်သည် လူ၏အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းက ကိုယ်တော်ကယ်တင်လိုသော ထိုလူအားလုံးသည် ကိုယ်တော်မုန်းတီးပြီး စက်ဆုပ်ဖွယ်ဟု မြင်သောသူများဖြစ်သည်ဟု ဆိုလိုသည်။ ဘုရားသခင်၌ မာနထောင်လွှားသော စိတ်သဘောထား၊ ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် လှည့်ဖြားတတ်ခြင်းတို့ ကင်းမဲ့သည်၊ ကိုယ်တော်သည် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးသည်၊ ကိုယ်တော်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်၊ သို့သော် ကိုယ်တော်ရင်ဆိုင်ရသောအရာမှာ ကိုယ်တော်၏ အနှစ်သာရနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး ရန်လိုသော လူသားတစ်စု အတိအကျပင် ဖြစ်သည်။ ဘုရားသခင်သည် အဘယ်အရာကို အများဆုံး ပေးသနည်း။ သူ၏ချစ်ခြင်းမေတ္တာ၊ စိတ်ရှည်ခြင်း၊ သနားကရုဏာနှင့် သည်းခံခြင်းတို့ ဖြစ်သည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၊ သနားကရုဏာနှင့် သည်းခံခြင်းတို့သည် သူ၏နှိမ့်ချမှုနှင့် ပုန်းကွယ်မှု ဖြစ်ကြသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က “ဘုရားသခင်သည် ဤမျှကြီးမြတ်သော အမှုတော်ကို ဆောင်ရွက်တော်မူ၍ ကြီးမြတ်လှသော ဘုန်းအသရေကို ရရှိတော်မူကာ များစွာသော အရာများအပေါ်၌ အချုပ်အခြာအာဏာ ကိုင်စွဲတော်မူပါလျက် အဘယ်ကြောင့် မိမိကိုယ်ကို ထုတ်ဖော်တော်မမူသနည်း သို့မဟုတ် ကြေညာတော်မမူသနည်း” ဟု တွေးထင်သည်။ လူသားများအတွက် ဤသည်မှာ လက်ဖျောက်တစ်ချက် တီးလိုက်သကဲ့သို့ လွယ်ကူပုံရသည်၊ သူတို့သည် ကောင်းမှုတစ်ခုပြုလုပ်သည့်အခါ ယင်းကို ဆယ်ဆ ချဲ့ကားသည်၊ သူတို့သည် ကောင်းမှုအနည်းငယ် ပြုလုပ်သည့်အခါ ယင်းကို နှစ်ဆ သို့မဟုတ် သုံးဆ ဖောင်းပွစေသည်၊ ယင်းကို အဆုံးမရှိ ချဲ့ကားပြီး သူတို့ ထိုသို့ပြုလုပ်သည့်အရာနှင့်ပတ်သက်သော အသေးစိတ် ပိုများလေ၊ ပိုကောင်းလေဟု တွေးထင်ကြသည်။ သို့သော် ဤအရာများသည် ဘုရားသခင်၏အနှစ်သာရ၌ မရှိပေ။ ဘုရားသခင် မည်သို့ပင်ပြုလုပ်ပါစေ ယင်း၌ လူ၏ “အရောင်းအဝယ်များ” ဟုခေါ်သောအရာ တစ်ခုမျှမရှိပေ၊ ဘုရားသခင်သည် တစ်စုံတစ်ခုကို တောင်းခံလိုခြင်းမရှိ၊ ကိုယ်တော်သည် လူသားများခေါ်ဆိုသကဲ့သို့ “လျော်ကြေးကို မရှာဖွေ” ပေ။ ဘုရားသခင်၌ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် ရှိသကဲ့သို့ အဆင့်အတန်းအတွက် လိုအင်ဆန္ဒမရှိ၊ ကိုယ်တော်က “ငါသည် ဘုရားသခင်ဖြစ်သည်၊ ငါအလိုရှိသလို ငါလုပ်ဆောင်သည်၊ ငါမည်သို့ပင် လုပ်ဆောင်ပါစေ၊ သင်တို့သည် ငါ၏ကောင်းမြတ်ခြင်းကို အမှတ်ရရမည်၊ သင်တို့သည် ငါလုပ်ဆောင်သောအရာများကို နှလုံးသွင်းပြီး ငါ့ကို အမြဲတမ်း အမှတ်ရရမည်” ဟု မပြောပေ။ ဘုရားသခင်၌ ဤသို့သောအနှစ်သာရမျိုး အတိအကျ ကင်းမဲ့သည်၊ ကိုယ်တော်၌ ရည်မှန်းချက်မရှိ၊ ကိုယ်တော်၌ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ မာနထောင်လွှားသော စိတ်သဘောထား မရှိဘဲ ကိုယ်တော်သည် မိမိကိုယ်ကို မကြေညာပေ။ အချို့က “ကိုယ်တော်သည် မိမိကိုယ်ကို မကြေညာလျှင် လူတို့သည် ကိုယ်တော်သည် ဘုရားသခင် ဖြစ်တော်မူကြောင်းကို အဘယ်သို့ သိနိုင်ကြမည်နည်း။ ကိုယ်တော်၌ ဘုရားသခင်၏ အဆင့်အတန်း ရှိတော်မူသည်ကို သူတို့သည် အဘယ်သို့ မြင်နိုင်ကြမည်နည်း” ဟု ဆိုကြသည်။ ယင်းမှာ မလိုအပ်ပေ၊ ဤသည်မှာ ဘုရားသခင်၏အနှစ်သာရက စွမ်းဆောင်နိုင်သည့်အရာ ဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်၏အနှစ်သာရကို ပိုင်ဆိုင်သည်၊ ကိုယ်တော်သည် မည်မျှပင်နှိမ့်ချပြီး ပုန်းကွယ်နေပါစေ၊ ကိုယ်တော်သည် မည်မျှလျှို့ဝှက်စွာ အလုပ်လုပ်ပါစေ၊ ကိုယ်တော်သည် လူသားမျိုးနွယ်အပေါ် သနားကရုဏာနှင့် သည်းခံခြင်းကို မည်သို့ပင် ပြသပါစေ လူတို့အပေါ် သူ၏နှုတ်ကပတ်တော်များ၊ အလုပ်၊ လုပ်ရပ်များ စသည်တို့၏ အဆုံးစွန်သော အကျိုးသက်ရောက်မှုသည် ဖန်ဆင်းခံလူသားများက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်း၊ ဖန်ဆင်းရှင်ကို ပျပ်ဝပ်၍ ကိုးကွယ်ခြင်း၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လိုလိုလားလား ကျိုးနွံနာခံခြင်းတို့ ဖြစ်ရန် သေချာသည်။ ဤသည်ကို ဘုရားသခင်၏အနှစ်သာရက အဆုံးအဖြတ်ပေးသည်။ ပြီးလျှင် အန္တိခရစ်တို့ မစွမ်းဆောင်နိုင်သောအရာမှာ ဤအရာ အတိအကျပင် ဖြစ်သည်။ ၎င်းတို့၌ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများရှိသည့်အပြင် မာနထောင်လွှားသော၊ ရက်စက်ကြမ်းကြုတ်သော၊ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများလည်း ရှိသည်၊ ၎င်းတို့၌ သမ္မာတရား ကင်းမဲ့သော်လည်း ၎င်းတို့သည် လူတို့ကို ပိုင်ဆိုင်ပြီး ထိန်းချုပ်လိုနေဆဲဖြစ်ကာ လူတို့ကို သူတို့အား ကျိုးနွံနာခံပြီး ဝတ်ပြုကိုးကွယ်စေလိုနေဆဲ ဖြစ်သည်။ အန္တိခရစ်တို့၏ အနှစ်သာရကို အခြေခံ၍ အကဲဖြတ်ရသော် ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကြသည် မဟုတ်လော။ အန္တိခရစ်တို့သည် ဘုရားသခင် ရွေးချယ်ထားသော လူများအတွက် ကိုယ်တော်နှင့် ယှဉ်ပြိုင်ကြသည်၊ ဘုရားသခင်သည် သူတို့နှင့် ယှဉ်ပြိုင်မည်လော။ ဘုရားသခင်၌ ဤအနှစ်သာရ ရှိသလော။ ဘုရားသခင်သည် ဖန်ဆင်းခံလူသားများ၏ ဝတ်ပြုကိုးကွယ်ခြင်းနှင့် ကျိုးနွံနာခံခြင်းကို ယင်းအတွက် ယှဉ်ပြိုင်ခြင်းဖြင့် ရရှိပါသလော။ (မရရှိပါ။) ကိုယ်တော်သည် ယင်းကို မည်သို့ ရရှိသနည်း။ ဖန်ဆင်းခံများကို ဘုရားသခင်က ဖန်ဆင်းထားသည်၊ လူသားမျိုးနွယ် အဘယ်အရာ လိုအပ်သည်၊ အဘယ်အရာပိုင်ဆိုင်သင့်သည်၊ လူသားမျိုးနွယ် မည်သို့အသက်ရှင်သင့်သည်ကို ဖန်ဆင်းရှင်သာလျှင် သိသည်။ ဥပမာအားဖြင့် လူတစ်ဦးက စက်တစ်ခုကို ဖန်တီးခဲ့သည်ဆိုပါစို့။ ယင်း၏ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများ၊ ယင်းကို မည်သို့ပြုပြင်ရမည် ဟူသည်တို့ကို ယင်းကို တီထွင်သူသာလျှင် သိသည်၊ စက်၏အတုကို ပြုလုပ်ရန် ကြိုးပမ်းသူမည်သူမျှ မသိပေ။ အလားတူပင် လူသားမျိုးနွယ်ကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်၊ လူတို့ အဘယ်အရာလိုအပ်သည်ကို ဘုရားသခင်သာလျှင် သိသည်၊ ဘုရားသခင်သာလျှင် လူသားမျိုးနွယ်ကို ကယ်တင်နိုင်သည်၊ ဘုရားသခင်သာလျှင် ဖောက်ပြန်ပျက်စီးသောလူသားများကို စစ်မှန်သော လူသားများအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။ ဘုရားသခင်သည် ဤအရာအားလုံးကို ကိုယ်တော်၏ ဩဇာအာဏာဖြင့်ဖြစ်စေ၊ မိမိကိုယ်ကို ကြေညာခြင်းများ၊ မိမိအတွက် ရှင်းချက်ထုတ်ခြင်းများဖြင့်ဖြစ်စေ၊ လူတို့ကို ဖိနှိပ်ခြင်း၊ အထင်အမြင်မှားစေခြင်း၊ သို့မဟုတ် ထိန်းချုပ်ခြင်းတို့ဖြင့်ဖြစ်စေ မပြုလုပ်ပေ၊ ဘုရားသခင်သည် ဤနည်းလမ်းများနှင့် နည်းစနစ်များကို အသုံးမပြုပေ၊ စာတန်နှင့် အန္တိခရစ်တို့သာ ထိုသို့ ပြုလုပ်ကြသည်။
များစွာသော မိတ်သဟာယဖွဲ့ပြီးနောက် ဘုရားသခင်၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုအပေါ် သင်တို့၏ နားလည်သဘောပေါက်မှုမှာ အဘယ်နည်း။ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုဆိုသည်မှာ အဘယ်နည်း။ ပုန်းကွယ်မှုဆိုသည်မှာ ကိုယ်တော်၏ ပင်ကိုလက္ခဏာကို တမင်တကာ ဖုံးကွယ်ခြင်း၊ ကိုယ်တော်၏အနှစ်သာရနှင့် စစ်မှန်သောအခြေအနေများကို တမင်တကာ ဖုံးကွယ်ခြင်းလော။ (မဟုတ်ပါ။) နှိမ့်ချမှုဆိုသည်မှာ ဟန်ဆောင်ထားသောနည်းလမ်းတစ်ခုဖြင့် အယောင်ဆောင်သော အရာတစ်ခုလော။ ယင်းမှာ မိမိကိုယ်ကို ချုပ်တည်းခြင်းလော။ ယင်းမှာ ဟန်ဆောင်ခြင်းလော။ (မဟုတ်ပါ။) လူအချို့က “ကိုယ်တော်သည် လူဇာတိခံယူထားသော ဘုရားသခင် ဖြစ်တော်မူပါလျက် ဤမျှ မြင့်မြတ်သော အဆင့်အတန်းရှိသူတစ်ဦးက ဤသို့ သာမန်သောအဝတ်အစားကို အဘယ်သို့ ဝတ်ဆင်နိုင်မည်နည်း” ဟု ဆိုကြသည်။ ငါက ငါသည် သာမန်လူတစ်ဦးသာဖြစ်ပြီး သာမန်ဘဝဖြင့် အသက်ရှင်နေသည်၊ ငါနှင့်ပတ်သက်သမျှသည် သာမန်ဖြစ်သည်၊ သို့ဖြစ်၍ ငါက သာမန်အဝတ်အစားများကို အဘယ်ကြောင့် မဝတ်နိုင်ရမည်နည်းဟု ဆိုသည်။ အချို့က “ကိုယ်တော်သည် လူဇာတိခံယူထားသော ဘုရားသခင်၊ ခရစ်တော် ဖြစ်တော်မူ၏။ ကိုယ်တော်၏ အဆင့်အတန်းသည် မြင့်မြတ်တော်မူသည်၊ မိမိကိုယ်ကို သေးသိမ်အောင် မလုပ်ပါနှင့်” ဟု ဆိုကြသည်။ ငါက မည်သည့်သေးသိမ်အောင်လုပ်ခြင်းနည်းဟု ဆိုသည်။ ငါ့ကိုယ်ငါ အထင်ကြီးလွန်းခြင်း သို့မဟုတ် သေးသိမ်အောင် လုပ်ခြင်း မရှိပေ၊ ငါသည် ငါ၏ဖြစ်ခြင်းသာဖြစ်သည်၊ ငါလုပ်သင့်သည့်အရာကို ငါလုပ်ဆောင်ပြီး ငါပြောသင့်သည့်အရာကို ငါပြောသည်၊ ယင်း၌ မည်သည့်အမှားရှိသနည်း။ အထင်ကြီးလွန်းခြင်း သို့မဟုတ် သေးသိမ်အောင်လုပ်ခြင်း နှစ်ခုစလုံး မမှန်ကန်ပေ၊ အထင်ကြီးလွန်းခြင်းသည် မာနထောင်လွှားခြင်းဖြစ်ပြီး သေးသိမ်အောင်လုပ်ခြင်းသည် ဟန်ဆောင်ခြင်းနှင့် လှည့်ဖြားခြင်း ဖြစ်သည်။ အချို့က “လူ့ဇာတိခံယူသော ဘုရားသခင်သည် နာမည်ကြီးတစ်ဦး၏အမူအရာ ရှိသင့်ပြီး သင်၏စကားပြောဆိုမှုနှင့် အပြုအမူတို့သည် ကျက်သရေရှိသင့်သည်။ လူ့အဖွဲ့အစည်းအတွင်းရှိ တန်ခိုးသြဇာရှိသော အမျိုးသမီးများ၏ ဆံပင်ပုံစံများ၊ ဝတ်စားဆင်ယင်မှုများနှင့် မိတ်ကပ်လိမ်းခြယ်မှုများကို ကြည့်ပါဦး။ ထိုသူများမှာ အဆင့်အတန်းရှိသောလူများ၊ လူတို့ အထင်ကြီးလေးစားကြရသူများ ဖြစ်ကြသည်” ဟု ဆိုကြသည်။ ငါက အဆင့်အတန်းဟူသည်မှာ မည်သည့်အရာဖြစ်သနည်းဟု ဆိုသည်။ လူများက ငါ့ကို အထင်ကြီးလျှင် အဘယ်အရေးကြီးသနည်း။ ယင်းကို ငါမနှစ်သက်။ ငါ့ကို သင် အထင်ကြီးလျှင် ယင်းကို ငါက ရွံရှာဖွယ်ရာနှင့် အော်ဂလီဆန်ဖွယ်ရာဟု မြင်သည်။ ငါ့ကို သင် သေချာပေါက် အထင်မကြီးရပေ။ အခြားသူများက “လူ့အဖွဲ့အစည်းအတွင်းရှိ ထိုအမျိုးသမီး စီးပွားရေး လုပ်ငန်းရှင်များကို ကြည့်ပါဦး။ သူတို့သည် အလွန်ဂုဏ်သရေရှိ၍ တင့်တယ်စွာ ဝတ်စားဆင်ယင်ကြသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့သည် တန်ခိုးသြဇာရှိသော အထက်တန်းလွှာ ပုဂ္ဂိုလ်များဖြစ်ကြောင်း သိနိုင်၏။ ကိုယ်တော်သည် အဘယ်ကြောင့် သူတို့ထံမှ သင်ခန်းစာမယူသနည်း” ဟု ဆိုကြသည်။ ငါမနှစ်သက်သည့်အရာတစ်ခုကို ငါ အဘယ်ကြောင့် သင်ယူရမည်နည်း။ ငါသည် မိမိ၏အသက်အရွယ်နှင့် လိုက်ဖက်သော အဝတ်အစားကို ဝတ်သည်၊ ငါသည် အဘယ့်ကြောင့် ဟန်ဆောင်ရမည်နည်း။ ငါသည် အခြားသူများထံမှ အဘယ်ကြောင့် သင်ယူရမည်နည်း။ ငါသည် ငါသာလျှင်ဖြစ်ပြီး မည်သူ့အတွက်များ ဟန်ဆောင်နေရမည်နည်း။ ယင်းက လှည့်ဖြားခြင်း မဟုတ်လော။ ငါ့ကို ပြောကြလော့၊ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏ ပင်ကိုလက္ခဏာနှင့်ကိုက်ညီရန် မည်သို့သောပုံသဏ္ဌာန်၊ ရုပ်သွင်၊ စကားပြောဆိုမှုနှင့် အပြုအမူမျိုး ရှိသင့်သနည်း။ သင်တို့၌ ဤအတွက် စံနှုန်းများ ရှိသလော။ သင်တို့၌ ရှိရမည်၊ သို့တည်းမဟုတ်ပါက သင်တို့သည် ခရစ်တော်ကို ထိုသို့သောနည်းလမ်းဖြင့် ရှုမြင်မည်မဟုတ်ပေ။ ငါ၌ ကိုယ့်စံနှုန်းနှင့်ကိုယ် ရှိသည်၊ ငါ့စံနှုန်းများသည် သမ္မာတရားစည်းမျဉ်းများ၏ အတိုင်းအတာကို ကျော်လွန်သလော။ (မကျော်လွန်ပါ။) အဘယ်ကြောင့် လူအချို့သည် ငါဝတ်ဆင်သမျှ သို့မဟုတ် စားသုံးသမျှအပေါ် အစဉ် အယူအဆများရှိကြပြီး ငါ့အပေါ် အဆက်မပြတ် အကျဉ်းချုပ်သုံးသပ်ကာ အဆုံးအဖြတ်များ ချမှတ်နေကြသနည်း၊ ယင်းမှာ စက်ဆုပ်ဖွယ် မကောင်းသလော။ အဘယ်ကြောင့် ၎င်းတို့သည် ငါ့ကို ဤနည်းလမ်းဖြင့် မြင်ကြသနည်း။ သူတို့၏အမြင်တွင် ခရစ်တော်ပြုလုပ်သမျှသည် မှားယွင်းသည်၊ ယင်းသည် အားလုံး အပျက်သဘောဆောင်သည်၊ ယင်းနှင့်ပတ်သက်၍ အမြဲတမ်း မသင်္ကာစရာတစ်ခုခု ရှိနေသည်။ ၎င်းတို့သည် အလွန်ပင် ကောက်ကျစ်ဆိုးယုတ်လိုက်မည့် ဖြစ်ခြင်းပါတကား။ ဘုရားသခင်၏ဝိညာဉ်တော်မှ၊ ဘုရားသခင် ကိုယ်တော်တိုင်၏အနှစ်သာရမှ၊ လူ့ဇာတိခံယူသော ဘုရားသခင်၏လူ့သဘာဝအထိ ဘုရားသခင်၏ ဤအမျိုးမျိုးသော ပင်ကိုလက္ခဏာများ၊ အမျိုးမျိုးသော အမြင်ရှုထောင့်များ တသီတတန်းမှ အကဲဖြတ်ရသော် ဘုရားသခင်၏အနှစ်သာရအတွင်း၌ မာနထောင်လွှားခြင်း သို့မဟုတ် စာတန်၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ တစ်ခုမျှမရှိဘဲ လူ၏အဆင့်အတန်းအတွက် တွန်းအားဟုခေါ်သောအရာ သာ၍ပင် မရှိပေ။ ဘုရားသခင်၏ဝိညာဉ်တော်မှ သူ၏လူ့ဇာတိခံယူသော ဇာတိပကတိအထိ ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရမှလွဲ၍ ဘုရားသခင်၏ အရာအားလုံး၏ အထင်ရှားဆုံးလက္ခဏာမှာ သူ၏နှိမ့်ချမှုနှင့် ပုန်းကွယ်မှု ဖြစ်သည်။ ဤနှိမ့်ချမှုသည် ဟန်ဆောင်ထားခြင်း မဟုတ်၊ ဤပုန်းကွယ်မှုသည် တမင်တကာ ရှောင်တိမ်းခြင်း မဟုတ်၊ ဤသည်မှာ ဘုရားသခင်၏အနှစ်သာရ၊ ဤသည်မှာ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ဘုရားသခင်သည် ဝိညာဉ်ရေးရာနယ်ပယ်၌ဖြစ်စေ၊ လူသားတစ်ဦးအဖြစ် လူ့ဇာတိခံယူသည်ဖြစ်စေ သူ၏အနှစ်သာရသည် မပြောင်းလဲပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် ဤအချက်ကိုအခြေခံ၍ လူ့ဇာတိခံယူသော ခရစ်တော်၌ ဘုရားသခင်၏အနှစ်သာရ ရှိသည်ကို မမြင်နိုင်ပါက သူတို့သည် မည်သို့သောလူစားမျိုး ဖြစ်သနည်း။ ၎င်းသည် ဝိညာဉ်ရေးရာနားလည်သဘောပေါက်မှု ကင်းမဲ့သည်၊ ၎င်းတို့သည် မယုံကြည်သူတစ်ဦး ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် နှိမ့်ချမှုနှင့် ပုန်းကွယ်မှုဖြစ်သော ဘုရားသခင်၏ အနှစ်သာရကို ကြည့်ရှုပါက လူတို့က ဤသို့ တွေးထင်သည်၊ “ဘုရားသခင်သည် ဤမျှကြီးမားသော သြဇာအာဏာ ရှိပုံမပေါ်ပေ။ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်သည်ဟု ဆိုခြင်းသည် သိပ်ယုံကြည်ဖွယ်ရာ မရှိလှဘဲ ကိုယ်တော်သည် တန်ခိုးကြီးသည်ဟု ဆိုခြင်းက ပို၍ စိတ်ချရပေမည်။ ကိုယ်တော်၌ ဤမျှကြီးမားသော သြဇာအာဏာ မရှိသောကြောင့် လူသားမျိုးနွယ်အပေါ် အချုပ်အခြာအာဏာ မည်သို့ကိုင်စွဲထားနိုင်မည်နည်း။ ကိုယ်တော်သည် ဘုရားသခင်၏ အဆင့်အတန်းနှင့် ပင်ကိုလက္ခဏာကို ဘယ်သောအခါမျှ မပြသသောကြောင့် စာတန်ကို အောင်နိုင်နိုင်မည်လော။ ဘုရားသခင်၌ ဉာဏ်ပညာရှိသည်ဟု ဆိုကြ၏။ ဉာဏ်ပညာသည် အရာခပ်သိမ်းကို ဆုံးဖြတ်နိုင်သလော။ ဉာဏ်ပညာနှင့် အနန္တတန်ခိုးတို့တွင် အဘယ်အရာက ပို၍ ကြီးမြတ်သနည်း။ ဉာဏ်ပညာသည် အနန္တတန်ခိုးကို လွှမ်းမိုးနိုင်သလော။ ဉာဏ်ပညာသည် အနန္တတန်ခိုးအပေါ် သြဇာသက်ရောက်စေနိုင်သလော” ဟူ၍ ဖြစ်လေသည်။ လူတို့သည် ဤအရာကို စဉ်းစားကြံဆကြသော်လည်း ယင်းကို ထိုးထွင်းမမြင်နိုင် သို့မဟုတ် နားမလည်နိုင်ကြပေ။ လူအချို့သည် သူတို့၏စိတ်နှလုံးထဲ၌ သံသယအချို့ကို စွဲကိုင်ထားပြီး ထို့နောက် ယင်းတို့ကို တဖြည်းဖြည်း စဉ်းစားဆင်ခြင်ကြသည်၊ သူတို့၏ အတွေ့အကြုံများမှတစ်ဆင့် ဤကိစ္စကို အဆက်မပြတ် ရှာဖွေပြီး နားလည်ရန် ကြိုးစားကြကာ သူတို့သည် အတွေ့အကြုံအရ သိမြင်နားလည်မှုအချို့ကို အမှုမဲ့အမှတ်မဲ့ဆိုသလို ရရှိကြသည်။ အန္တိခရစ်တို့သာလျှင် ဘုရားသခင်၏အနှစ်သာရ၏ ဤသွင်ပြင်အားလုံး၊ ဤသရုပ်သကန်အားလုံးနှင့် ကိုယ်တော်၏လုပ်ရပ်အားလုံးကို သံသယဝင်ပြီးနောက် ဤသည်မှာ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုဖြစ်ကြောင်း၊ ဤသည်မှာ ဘုရားသခင်နှင့်ပတ်သက်၍ ချစ်ခင်နှစ်လိုဖွယ် ကောင်းသောအရာ ဖြစ်ကြောင်းကို နားလည်ရန် ပျက်ကွက်ရုံသာမက ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်အပေါ် သံသယများပိုမိုရရှိပြီး ဘုရားသခင်ကို ပိုမိုဆိုးရွားစွာ ပြစ်တင်ရှုတ်ချကြသည်။ ၎င်းတို့သည် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏အချုပ်အခြာအာဏာကို သံသယဝင်သည်၊ ဘုရားသခင်က စာတန်ကို အနိုင်ယူနိုင်သည်ကို သံသယဝင်သည်၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်နိုင်သည်ကို သံသယဝင်သည်၊ ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်ကို အောင်မြင်စွာ ပြီးမြောက်နိုင်သည်ကို သံသယဝင်သည်၊ ဘုရားသခင်က သူ၏ဘုန်းအသရေဖြင့် မြောက်မြားစွာသော လူတို့ထံ မိမိကိုယ်ကို ထုတ်ဖော်ပြမည်ဟူသောအချက်ကို သာ၍ပင် သံသယဝင်ကြသည်။ ဤအရာများကို သံသယဝင်ပြီးနောက် ၎င်းတို့သည် အဘယ်အရာကို ပြုလုပ်ကြသနည်း။ ၎င်းတို့သည် ဤအရာများကို ငြင်းပယ်ကြသည်။ သို့ဖြစ်၍ အန္တိခရစ်တို့က “ခရစ်တော်၏ နှိမ့်ချခြင်းနှင့် ပုန်းကွယ်နေခြင်းသည် အဓိပ္ပာယ်မရှိပေ။ ယင်းတို့သည် ချီးမွမ်းခြင်းနှင့်ဖြစ်စေ၊ ထောမနာပြုခြင်းနှင့်ဖြစ်စေ မထိုက်တန်သည့်အပြင် ဘုရားသခင်၏ အနှစ်သာရ မဟုတ်ပေ။ ထိုသို့သော နှိမ့်ချခြင်းနှင့် ပုန်းကွယ်နေခြင်းသည် ဘုရားသခင်၏ အရာအားလုံး မဟုတ်ပေ။ ခရစ်တော်၏ နှိမ့်ချခြင်းနှင့် ပုန်းကွယ်ခြင်းသည် သူ မစွမ်းဆောင်နိုင်ခြင်း၏ သရုပ်သကန်များ ဖြစ်၏။ လောက၌ လူတစ်ဦးတစ်ယောက်တွင် အဆင့်အတန်း အနည်းငယ်ရှိသရွေ့ ထိုသူသည် ဘုရင်၊ မှူးမတ်၊ သို့မဟုတ် ဧကရာဇ်အဖြစ် သရဖူဆောင်းကြ၏။ ခရစ်တော်သည် သူ၏နိုင်ငံတော်ကို တည်ထောင်ခဲ့ပြီး နောက်လိုက်များစွာလည်း ရှိနေပြီဖြစ်ကာ တစ်ချိန်တည်းတွင် ဧဝံဂေလိအလုပ်သည်လည်း အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေသည်။ ယင်းက ခရစ်တော်၏ တန်ခိုးအာဏာ တိုးပွားလာနေသည်ဟု အဓိပ္ပာယ် မသက်ရောက်သလော။ သို့သော် သူ၏အပြုအမူများအရ အကဲဖြတ်ရသော် သူသည် မိမိ၏တန်ခိုးအာဏာကို တိုးပွားစေရန် သို့မဟုတ် ထိုသို့သော တန်ခိုးအာဏာကို ပိုင်ဆိုင်ရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ဤတန်ခိုးအာဏာနှင့် ခရစ်တော်၏ နိုင်ငံတော်ကို ပိုင်ဆိုင်ရန် စွမ်းဆောင်နိုင်ခြင်း မရှိသကဲ့သို့ပင် ဖြစ်နေ၏။ သို့ဆိုလျှင် သူ့နောက်သို့လိုက်ခြင်းဖြင့် ကျွန်ုပ်သည် ကောင်းချီးမင်္ဂလာများကို ရရှိနိုင်မည်လော။ ကျွန်ုပ်သည် နောင်လာမည့်ခေတ်၏ အရှင်သခင် ဖြစ်လာနိုင်မည်လော။ ကျွန်ုပ်သည် မြောက်မြားစွာသော နိုင်ငံများနှင့် လူမျိုးများအပေါ် အုပ်စိုးနိုင်မည်လော။ သူသည် ဤလောကဟောင်း၊ ဤဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ဖျက်ဆီးနိုင်မည်လော။ ခရစ်တော်၏ သာမန်ရုပ်သွင်ကို ကြည့်ရသော် သူသည် ကြီးမားသော အမှုအရာများကို မည်သို့ပြီးမြောက်အောင်မြင်နိုင်မည်နည်း” ဟု ပြောလေသည်။ ထိုသို့သောသံသယများသည် အန္တိခရစ်တို့၏ စိတ်နှလုံးထဲ၌ အမြဲတမ်း ပေါ်ပေါက်နေသည်။ ခရစ်တော်၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုသည် ဖောက်ပြန်ပျက်စီးသော လူသားအားလုံး၊ အထူးသဖြင့် အန္တိခရစ်တို့ လက်မခံနိုင်၊ အသိအမှတ်မပြုနိုင် သို့မဟုတ် မမြင်နိုင်သောအရာများ ဖြစ်သည်၊ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှိမ့်ချမှုနှင့် ပုန်းကွယ်မှုကို ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရအပေါ် သူတို့၏ သံသယများအတွက် သက်သေအထောက်အထားအဖြစ်လည်းကောင်း၊ ဘုရားသခင်၏သြဇာအာဏာကို ငြင်းပယ်ရန်အတွက် သက်သေအထောက်အထားနှင့် နိုင်ကွက်အဖြစ်လည်းကောင်း မှတ်ယူကြပြီး ထိုသို့ဖြင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရ၊ ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ကြသည်။ ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ပြီးနောက် အန္တိခရစ်တို့သည် သူတို့၏စီရင်ပိုင်ခွင့်အတွင်းရှိ ဘုရားသခင် ရွေးချယ်ထားသောလူများကို ကရုဏာမထားဘဲ၊ သက်ညှာမှုမရှိဘဲ၊ ကြောက်ရွံ့ခြင်းမရှိဘဲ စတင်ပြုမူဆောင်ရွက်ကြပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင်စွမ်းရည်များ၊ ကျွမ်းကျင်မှုများ၊ သို့မဟုတ် ရည်မှန်းချက်များကို အနည်းငယ်မျှပင် ငြင်းပယ်ခြင်း သို့မဟုတ် သံသယဝင်ခြင်း မရှိကြပေ။ သူတို့၏ သြဇာလွှမ်းမိုးမှုနယ်ပယ်အတွင်း၊ သူတို့လုပ်ဆောင်နိုင်သည့် နယ်ပယ်အတွင်း၌ အန္တိခရစ်တို့သည် သူတို့၏လက်သည်းများကို ဆန့်ထုတ်ကြသည်၊ သူတို့ထိန်းချုပ်နိုင်သောသူတို့ကို ထိန်းချုပ်ပြီး သူတို့အထင်အမြင်မှားစေနိုင်သောသူတို့ကို အထင်အမြင်မှားစေသည်၊ ၎င်းတို့သည် ခရစ်တော်နှင့် ဘုရားသခင်ကို လုံးဝ ထည့်မစဉ်းစားဘဲ ဘုရားသခင်၊ ခရစ်တော်နှင့် ဘုရားအိမ်တော်တို့နှင့် လုံးဝ ပြတ်စဲကြသည်။
အန္တိခရစ်တို့က ခရစ်တော်၏နှိမ့်ချမှုနှင့် ပုန်းကွယ်မှုကို မည်သို့သဘောထားကြောင်းဟူသည့် ဤအချက်နှင့်ပတ်သက်လာလျှင် ငါတို့သည် အဓိကအားဖြင့် အဘယ်အရာကို မိတ်သဟာယဖွဲ့နေကြသနည်း။ လူတို့နားလည်သင့်သော ဘုရားသခင်၏နှိမ့်ချမှုနှင့် ပုန်းကွယ်မှုသည် အန္တိခရစ်တို့၏အမြင်တွင် သူတို့အလိုရှိသမျှကို လုပ်ဆောင်ရန်နှင့် ဘုရားအိမ်တော်၌ လွတ်လပ်သောနိုင်ငံတော်တစ်ခုကို တည်ထောင်ရန်အတွက် အကျိုးအရှိဆုံး အခြေအနေများ ဖြစ်ကြသည်။ ဘုရားသခင်သည် ဇာတိပကတိ၌ ပုန်းကွယ်နေပြီး နောက်ဆုံးသောကာလ၌ ဤအလုပ်အဆင့်သည် ကျေးဇူးတော်ခေတ်၏အလုပ်အဆင့်နှင့် ပုံစံအားဖြင့် ကွဲပြားသည်။ ဘုရားသခင်သည် ဤအဆင့်တွင် အံ့ဖွယ်အမှုများနှင့် နိမိတ်လက္ခဏာများကို မပြုလုပ်သော်လည်း ကိုယ်တော်သည် များစွာပိုသော၊ မရေမတွက်နိုင်သော နှုတ်ကပတ်တော်များကို မိန့်မြွက်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင် မည်သို့ပင်အလုပ်လုပ်ပါစေ၊ ကိုယ်တော်သည် လူ့ဇာတိခံယူနေသရွေ့ ကိုယ်တော်၏အလုပ်ကို ဆောင်ရွက်ခြင်းနှင့်အတူ ကြီးမားသော အရှက်ခွဲခံရခြင်းသည် ပါလာသည်။ ဘုရား၏သဘောသဘာဝ အနှစ်သာရကို ပိုင်ဆိုင်သော ဤသို့သောဘုရားသခင်တစ်ပါးတည်းသာလျှင် သူ၏အလုပ်ကို လုပ်ဆောင်ရန် သာမန်လူတစ်ဦးဖြစ်လာဖို့ အမှန်တကယ် နှိမ့်ချပြီး မိမိကိုယ်ကို ပုန်းကွယ်နိုင်သည်၊ အကြောင်းမှာ ကိုယ်တော်သည် နှိမ့်ချမှုနှင့် ပုန်းကွယ်မှု၏အနှစ်သာရကို ပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် စာတန်သည် ဤသည်ကို လုံးဝ မတတ်နိုင်ပေ။ စာတန်သည် လူသားများအကြား၌ အလုပ်လုပ်ရန် မည်သို့သောဇာတိပကတိမျိုးကို ယူတင်ဝတ်ဆင်မည်နည်း။ ပထမဦးစွာ ၎င်းသည် ခန့်ညားထည်ဝါသောရုပ်သွင် ရှိမည်ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မည်၊ လှည့်ဖြားတတ်မည်၊ ကောက်ကျစ်ဆိုးယုတ်မည်၊ ထို့နောက် လူတို့ကို ကစားရန်နှင့် ကြိုးကိုင်ညွှန်ကြားရန် အမျိုးမျိုးသော ပရိယာယ်များနှင့် နည်းစနစ်များကို ကျွမ်းကျင်ရမည်ဖြစ်ပြီး အမျိုးမျိုးသော လှည့်ဖြားသည့် လှည့်ကွက်များနှင့်အတူ ၎င်းသည် အတော်အတန်ပင် သနားညှာတာမှုကင်းမဲ့ပြီး မလိုမုန်းထားစိတ်ရှိရမည်။ ၎င်းသည် လူတို့အကြား၌ မိမိကိုယ်ကို အဆက်မပြတ် မြင်သာအောင်လုပ်ရမည်ဖြစ်ပြီး တစ်စုံတစ်ယောက်က ၎င်းကို မသိမည်ကို ကြောက်ရွံ့သဖြင့် နေရာတိုင်း၌ လူအများအာရုံစိုက်ခံရအောင် လုပ်ရမည်ဖြစ်ပြီး ၎င်းသည် သူ၏ကျော်ကြားမှုကို တိုးမြှင့်ရန်နှင့် မိမိကိုယ်ကို မြှင့်တင်ရန် အမြဲတမ်း ကြိုးစားရမည်။ လူတို့က နောက်ဆုံးတွင် ၎င်းကို ဘုရင် သို့မဟုတ် ဧကရာဇ်ဟု ခေါ်သည့်အခါ ၎င်းသည် ကျေနပ်လိမ့်မည်။ ဘုရားသခင်ပြုလုပ်သောအရာသည် စာတန်ပြုလုပ်သောအရာနှင့် အတိအကျ ဆန့်ကျင်ဘက် ဖြစ်သည်။ ဘုရားသခင်သည် စိတ်ရှည်ခြင်းကို ကျင့်သုံးပြီး ပုန်းကွယ်နေဆဲဖြစ်ကာ ကိုယ်တော် ဤသို့ပြုလုပ်နေစဉ် လူတို့က သမ္မာတရားကို နားလည်နိုင်ရန်၊ ကယ်တင်ခြင်း ခံရနိုင်ရန်၊ ပုံမှန်လူ့သဘာဝနှင့် ပုံမှန်လူ့အသက်တာရှိသော စစ်မှန်သောဖန်ဆင်းခံများ ဖြစ်လာရန်အလို့ငှာ ဖန်ဆင်းရှင်၏သနားကရုဏာနှင့် မေတ္တာကျေးဇူးတော်ကို အသုံးပြု၍ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏အသက်ကို လူတို့အတွင်း၌ အလုပ်လုပ်ပေးသည်။ ဘုရားသခင် ပြုလုပ်သောအရာသည် လူသားမျိုးနွယ်အတွက် အဖိုးမဖြတ်နိုင်သော်လည်း ဘုရားသခင်သည် ယင်းကို သူ၏ကိုယ်ပိုင်တာဝန်အဖြစ် မှတ်ယူသည်။ သို့ဖြစ်၍ ကိုယ်တော်သည် ကိုယ်တိုင်လူ့ဇာတိခံယူပြီး မိခင် သို့မဟုတ် ဖခင်ကဲ့သို့ လူတို့ကို မမောမပန်း ထောက်ပံ့သည်၊ ကူညီသည်၊ ပံ့ပိုးသည်၊ ဉာဏ်ပွင့်စေသည်၊ အလင်းပေးသည်။ ကိုယ်တော်သည် လူတို့ကို ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ ရိုက်နှက်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်းတို့ကိုလည်း လုပ်ဆောင်သည့်အပြင် သူတို့ တစ်နေ့ပြီးတစ်နေ့ ပြောင်းလဲလာသည်ကိုလည်းကောင်း၊ တစ်နေ့ပြီးတစ်နေ့ ပုံမှန်အသင်းတော်အသက်တာဖြင့် အသက်ရှင်သည်ကိုလည်းကောင်း၊ တစ်နေ့ပြီးတစ်နေ့ အသက်တာ၌ ကြီးထွားလာသည်ကိုလည်းကောင်း စောင့်ကြည့်သည်မှာ မှန်ပေသည်။ ထို့ကြောင့် ဘုရားသခင်ပြုလုပ်သမျှသည် အပြုသဘောဆောင်သော အရာများ၏ လက်တွေ့အရှိတရား ဖြစ်သည်။ လူသားမျိုးနွယ်အကြား၌ လူသားများသည် ဘုရားသခင်ပေးဆပ်ခဲ့သော အဖိုးအခများ၊ သူ၏တန်ခိုးကြီးမှုနှင့် သူ၏ဘုန်းအသရေကို ချီးမွမ်းကြသော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ကိုယ်တော်က လူတို့အား “ငါသည် လူသားမျိုးနွယ်အတွက် ဤအရာ၊ ထိုအရာကို ပြုလုပ်ခဲ့ပြီး ငါသည် များစွာ အနစ်နာခံခဲ့သည်၊ လူတို့သည် ငါ့ကို ချီးမွမ်းပြီးထောမနာပြုရမည်” ဟု မည်သည့်အချိန်က ပြောခဲ့ဖူးသနည်း။ ဘုရားသခင်၌ လူသားမျိုးနွယ်အတွက် ထိုသို့သောတောင်းဆိုချက်များ ရှိသလော။ မရှိပါ။ ဤသည်မှာ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ ဘုရားသခင်သည် လူတို့နှင့် အလဲအလှယ်လုပ်ရန် အခြေအနေများကို မည်သည့်အခါမျှ အသုံးမပြုခဲ့ဘဲ “ငါသည် ခရစ်တော်ကို သင်တို့အကြား၌ ထားရှိခဲ့ပြီး သင်တို့သည် သူ့အား ကောင်းမွန်စွာ ဆက်ဆံရမည်၊ သူ၏နှုတ်ကပတ်တော်များကို နားထောင်ရမည်၊ သူ့ကို ကျိုးနွံနာခံပြီး သူနောက်သို့ လိုက်ရမည်။ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်မှုများကို မဖြစ်စေနှင့်၊ သူက သင်တို့ကို လုပ်ဆောင်ရန် ပြောသမျှကို လုပ်ဆောင်လော့၊ သူက သင်တို့ကို မည်သို့လုပ်ဆောင်ရန် ပြောသည်ကို လုပ်ဆောင်လော့၊ အရာအားလုံး ပြီးမြောက်သည့်အခါ သင်တို့အားလုံး ဂုဏ်ပြုခြင်း ခံရလိမ့်မည်” ဟု ဆိုခဲ့ခြင်း မရှိပေ။ ဘုရားသခင်သည် ထိုသို့သောအရာကို တစ်ခါမျှ ပြောခဲ့ဖူးသလော။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်လော။ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် လူတို့ကို သွေးဆောင်ရန်၊ ဘောင်ခတ်ရန်၊ ထိန်းချုပ်ရန်နှင့် လူတို့နှင့်ပတ်သက်သော အရာအားလုံးကို ကျွမ်းကျင်ပိုင်နိုင်ရန်၊ လူတို့ကို ဘုရားသခင်ထံမှ ထွက်ခွာပြီး မိမိတို့ရှေ့မှောက်သို့ လာရောက်စေရန် အမျိုးမျိုးသော နည်းလမ်းများကို အမြဲတမ်း ကြိုးစားနေကြသူများမှာ အန္တိခရစ်များ ဖြစ်ကြသည်။ သေးငယ်သောအမှုတစ်ခုခုကို ပြုလုပ်သည့်အခါတိုင်း နေရာတိုင်း၌ ကြွေးကြော်ပြီး ကြေညာကြသူများမှာ အန္တိခရစ်များ ဖြစ်ကြသည်။ အန္တိခရစ်တို့သည် ဘုရားသခင်၏နှိမ့်ချမှုနှင့် ပုန်းကွယ်မှုကို နားလည်ခြင်း၊ လက်ခံခြင်း၊ ချီးမွမ်းခြင်း သို့မဟုတ် ထောမနာပြုခြင်းတို့ကို မတတ်နိုင်ရုံသာမက ယင်းအစား ၎င်းတို့သည် ဤအရာများကို မထီမဲ့မြင်ပြုပြီး ပြစ်မှားစော်ကားကြသည်။ ဤသည်ကို အန္တိခရစ်တို့၏ စိတ်သဘောထားအနှစ်သာရက အဆုံးအဖြတ်ပေးသည်။
ယနေ့ ငါတို့သည် အန္တိခရစ်တို့က ခရစ်တော်၏ အနှစ်သာရကို ငြင်းပယ်ပုံ၏ သရုပ်သကန်သုံးမျိုးကို မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ ငါတို့၏မိတ်သဟာယကို ဤနေရာ၌ အဆုံးသတ်ကြစို့။ သင်တို့၌ မေးခွန်းတစ်ခုတလေ ရှိပါသေးသလော။ (မရှိပါ။) ကောင်းပြီ၊ နှုတ်ဆက်ပါသည်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်
အောက်ခြေမှတ်စု(များ)-
က။ တရုတ်စကားပြောသူများသည် မိမိတို့ထက် ငယ်ရွယ်သူများ၏ မျိုးရိုးအမည် အရှေ့၌ “ရှောင်” ကို ထည့်သုံးကြသည်။