အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်
အန္တိခရစ်များက လူတို့ကို ထိန်းချုပ်ဖို့ အသုံးပြုသည့် တတိယမြောက် နည်းနိဿယမှာ သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်။ လူအချို့သည် အပြုသဘောဆောင်သော အရာများ၊ တရားမျှတမှုနှင့် အလင်းကိုသာမက သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်းကို ချစ်မြတ်နိုးသည်။ ၎င်းတို့သည် မိတ်သဟာယပြုဖို့အတွက် သမ္မာတရားကို လိုက်စားပြီး ရှာဖွေသော ညီအစ်ကိုမောင်နှမများကို မကြာခဏဆိုသလို တကူးတက လိုက်ရှာကြသည်။ ဤသည်ကို တွေ့မြင်သောအခါ အန္တိခရစ်၏ ဒေါသမှာ ခြောင်းခြောင်းထွက်တော့သည်။ ၎င်းတို့အတွက်မှာမူ သမ္မာတရားကို လိုက်စားသူတိုင်းသည် ၎င်းတို့၏ မျက်လုံးထဲမှ အပ်တစ်ချောင်း၊ ၎င်းတို့၏နံဘေးမှ ဆူးတစ်ချောင်းပင် ဖြစ်၏။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူအားလုံးကို ၎င်းတို့၏ တိုက်ခိုက်မှုများ၊ ပထုတ်ခြင်းနှင့် ချေမှုန်းခြင်းအား နှာခေါင်းကျည်ပွေ့ တွေ့စေမည်ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် လူတို့အနေဖြင့် ရိပ်စားမိဖို့ သိသာထင်ရှားလှသည့် လူမဆန်သော၊ ရက်စက်ကြမ်းကြုတ်သော နည်းဗျူဟာများဖြင့် ဤလူတို့ကို အသေအချာပင် တိုက်ခိုက်မည်သာမကပေ။ ၎င်းတို့သည် သမ္မာတရားအား မိတ်သဟာယပြုခြင်းပုံစံကို ယူပြီး အနည်းငယ်သော စကားများနှင့် အယူဝါဒများ လူတို့အပေါ် အကဲဖြတ်ချက်ပေးကာ သူတို့ကို ထိုးနှက်မည် ဖြစ်သည်။ ဤအရာက လူတို့အား ၎င်းတို့ ပြုလုပ်နေသည့်အရာက သင့်တော်ပြီး ကျိုးကြောင်းဆီလျော်သည်၊ ၎င်းတို့သည် ကူညီတတ်သည်၊ ၎င်းတို့ ပြုလုပ်နေသည့်အရာ၌ မည်သည့်အရာမျှ အမှားမရှိဟု ထင်စေသည်။ ၎င်းတို့၏ “သင့်တော်ပြီး ကျိုးကြောင်းဆီလျော်သည့်” ဤနည်းစနစ်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ (၎င်းတို့သည် လူတို့အပေါ် အကဲဖြတ်ချက်ပေးပြီး သူတို့ကို ထိုးနှက်ဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုးကားကြပါသည်။) မှန်ပေ၏၊ ၎င်းတို့သည် လူတို့ကို ဖော်ထုတ်ပြီး သူတို့အပေါ် အကဲဖြတ်ချက်ပေးဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုးကားကြသည်။ ယင်းမှာ ၎င်းတို့ အသုံးအပြုဆုံး နည်းစနစ်ဖြစ်၏။ အပေါ်ယံတွင် ဤစကားပြောနည်းမှာ မျှတသည်၊ ကျိုးကြောင်းဆီလျော်ပြီး အတော်ပင် သင့်တော်ဟန် တူသော်လည်း အတွင်းထဲ၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အခြားသူများ အကျိုးရှိဖို့ ကူညီခြင်း မဟုတ်ဘဲ သူတို့ကို ဖော်ထုတ်ဖို့၊ သူတို့အပေါ် အကဲဖြတ်ချက်ပေးဖို့၊ သူတို့ကို ပြစ်တင်ရှုတ်ချဖို့နှင့် သိက္ခာချဖို့သာ ဖြစ်၏။ ယင်းမှာ ၎င်းတို့ပြီးမြောက်ဖို့ ကြိုးပမ်းနေသည့်အရာ ဖြစ်သည်မှာ အသေအချာဖြစ်သည်။ ထို့ကြောင့် ပြဿနာမှာ ၎င်းတို့အစပြုသည့် နေရာ၌ပင် ရှိလေသည်။ ထိုးထွင်းသိမြင်နိုင်သော အမြင်ရှိသည့် လူတို့က ထိုလူတို့သည် သမ္မာတရားကို လိုက်စားပြီး ချစ်မြတ်နိုးသည့်အပြင် သူတို့က အန္တိခရစ်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သောကြောင့် ၎င်းတို့က ဤသို့ပြုလုပ်ခြင်းဖြစ်ကြောင်း သိမြင်နိုင်ကြသည်။ ထို့ပြင် ယင်းမှာ မည်သည့်ခြိမ်းခြောက်မှု ဖြစ်သနည်း။ ထိုသူတို့၏ သမ္မာတရားကိုချစ်ခြင်းက အန္တိခရစ်အား မည်သည့်နည်းဖြင့် ဟန့်တားသနည်း။ (ထိုသူတို့သည် ၎င်းတို့ကို ရိပ်စားမိပြီး ပိုင်းခြားသိမြင်နိုင်ခြင်း ဖြစ်သည်။) မှန်ပေ၏။ ဤသမ္မာတရားချစ်သူများက အန္တိခရစ်တစ်ဦးအပေါ် ဖြစ်ပေါ်စေသည့် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ အန္တိခရစ်လုပ်ဆောင်သည့် မကောင်းမှုတစ်ခုခုက မည်သည့်အရာ ဖြစ်စေကာမူ ထိုသူတို့ ပိုင်းခြားသိမြင်နိုင်ခြင်း ဖြစ်သည်။ သူတို့သည် ၎င်းတို့၏ အနှစ်သာရကို ရိပ်စားမိနိုင်ပြီး ၎င်းတို့ကို ဖော်ထုတ်ခြင်း၊ ၎င်းတို့ကို တိုင်ကြားခြင်းနှင့် ၎င်းတို့ကို ဖော်ထုတ်လိုက်ခြင်း၊ ပြီးလျှင် ၎င်းတို့ကို ပြစ်တင်ရှုတ်ချပြီး ပစ်ပယ်ခြင်းအပြင် ၎င်းတို့ကို အသင်းတော်ထဲမှ ဖယ်ရှားခြင်းကို မည်သည့်နေရာ၊ မည်သည့်အချိန်၌မဆို ပြုလုပ်တတ်ကြသည်။ ထိုသို့ဖြစ်ပျက်ပါက ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းနှင့် အာဏာကို ထာဝရ ဆုံးရှုံးရမည်ဖြစ်ပြီး ၎င်းတို့၏ ကောင်းချီးပေးခံရမည့် အလားအလာမှာ လုံးလုံးလျားလျား ပျက်စီးသွားမည် ဖြစ်သည်။ ဤအကြောင်းကြောင့်ပင် အမြင်မတူသူများပြီးလျှင် သမ္မာတရားကို လိုက်စားသည့် ဤလူတို့သည် အန္တိခရစ်တစ်ဦးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သည်။
သမ္မာတရား လိုက်စားသောလူတို့ကို ထိုးနှက်ရန်နှင့် ထိုသူတို့အပေါ် အကဲဖြတ်ချက်ပေးရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်၍ မိတ်သဟာယပြုချက်ကို အသုံးပြုခြင်းကဲ့သို့သော အဆိုပါ အပြင်ပန်းအားဖြင့် သင့်တော်ဟန်တူသည့် နည်းစနစ်များအပြင် အန္တိခရစ်များသည် ထိုသူတို့အပေါ် ပြင်းထန်သော ဆောင်ရွက်မှုများကိုပင် လုပ်ဆောင်မည်ဖြစ်သည်။ ယင်းတို့မှာ မည်သည့် ပြင်းထန်သော ဆောင်ရွက်မှုများ ဖြစ်သနည်း။ ဥပမာအနေဖြင့် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ တဒင်္ဂပြစ်မှားခြင်းကို မလွတ်တမ်း အသုံးချသည်။ ယင်း၏ အခြေအနေ မည်သည့်အရာဖြစ်စေ၊ ထိုသူသည် ယင်းမှနေ၍ အသိပညာရရှိပြီး နောင်တရနိုင်ခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ထို့ပြင် ထိုသူသည် သမ္မာတရား လိုက်စားသောသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၎င်းတို့သည် ထိုသူအပေါ် အကဲဖြတ်ချက်ပေးပြီး သူ့ကို ပြစ်တင်ရှုတ်ချရန်နှင့် ထိုသူကို ရှင်းလင်းပစ်ရန်အတွက် ထိုပြစ်မှားခြင်း၏ အရေးပါမှုကို ပုံကြီးချဲ့မည်ဖြစ်သည်။ အန္တိခရစ်များက မြက်ပင်ကို ရှင်းပစ်ရန် အမြစ်ကို နုတ်ပယ်ရမည်ဟု တွက်ဆသောကြောင့် ၎င်းတို့သည် ထိုသို့သော လူတို့ကို အသင်းတော်ထဲမှ ရှင်းလင်းပစ်ကြသည်။ ဤသို့ဖြင့် ထိုသူတို့သည် အန္တိခရစ်များ၏ အဆင့်အတန်းအတွက် ခြိမ်းခြောက်မှုဖြစ်ပေါ်စေမည် မဟုတ်ပေ။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအားလုံးသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် အသုံးပြုနိုင်မည့် အမှုအရာများကို မလွတ်တမ်း အသုံးချရာ၌ ကျွမ်းကျင်ကြပြီး အသုံးချပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုသူတို့ကို အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များအဖြစ် ပြစ်တင်ရှုတ်ချကြသည်။ အသေးအဖွဲ စွပ်စွဲချက်မဟုတ်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များမှာ ဘုရားသခင် ရွေးချယ်ထားသော လူများမှ ရွေးချယ်ခြင်းဖြစ်သည်။ ထိုသူတို့အပေါ် အသုံးချဖို့အတွက် သင်သည် အဘယ့်ကြောင့် အမှုအရာများကို အမြဲတမ်း မလွတ်တမ်း အသုံးချနေရမည်နည်း။ ထိုဩဇာကို ရရှိရာ၌ သင်၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ သင်သည် ထိုသူတို့၏ နေရာတွင် ခေါင်းဆောင်အဖြစ် အစားထိုးဝင်ရောက်လိုသောကြောင့် ဖြစ်သလော။ ဆိုးယုတ်သောသူ တစ်ဦးက ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးကို အယောင်ဆောင် ခေါင်းဆောင်နှင့် အန္တိခရစ်တစ်ဦးဟူသည့် ပြစ်မှုဖြင့် စွပ်စွဲပြီးနောက်တွင် သူသည် လက်ရှိ နမူနာများကို စာရင်းပြုစုနိုင်ပြီး ဘုရားသခင် ရွေးချယ်ထားသာ လူများအား ယင်းက အချက်အလက်များနှင့် ကိုက်ညီသည်ဟု ထင်အောင်လုပ်နိုင်လျှင် ဒုက္ခရောက်ပြီဟု အဓိပ္ပာယ်ဆိုက်လေသည်။ ထိုခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် အသင်းတော်မှ ရှင်းလင်းပစ်ခြင်းကို အတော်လေး အလွယ်တကူ ခံရနိုင်သည်။ အယောင်ဆောင်ခေါင်းဆောင် သို့မဟုတ် အန္တိခရစ်တစ်ဦးဖြစ်ခြင်းသည် အလွန်ကြီးမားသော ပြစ်မှုဖြစ်သည့်အတွက် ထိုပြစ်မှုကို သက်သေပြလိုက်သည်နှင့် တရားခံကို ပြစ်ဒဏ်ချမှတ်ပြီး ဘုရားသခင်၌ ယုံကြည်သူတစ်ဦးအဖြစ် သူ၏ သက်တမ်းက ပြီးဆုံးပြီဖြစ်သည်။ ယင်းက ထိုသူတို့ကို တကယ့်ကို ဖျက်ဆီးပစ်မည် မဟုတ်လော။ ဆိုးယုတ်လိုက်လေခြင်းပါတကား။ ထို့ထက်ပို၍ အန္တိခရစ်သည် မိမိကိုယ်ကို ခေါင်းဆောင်တစ်ဦးအဖြစ် အရွေးချယ်ခံရဖို့ အခွင့်အရေးယူပြီး အသင်းတော်ကို ထိန်းချုပ်ပါက ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အန္တိခရစ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်မည်မဟုတ်လော။ သို့ဆိုလျှင် ထိုအသင်းတော်သည် အန္တိခရစ်၏ နိုင်ငံဖြစ်လာမည် မဟုတ်လော။ (ဖြစ်လာပေမည်။) ဤသည်မှာ စိုးရိမ်ဖွယ် အန္တရာယ်တစ်ခု ဖြစ်၏။ ဆိုးယုတ်သောလူတို့နှင့် အန္တိခရစ်များ၌ သမ္မာတရား လိုက်စားသောသူတို့ကို တိုက်ခိုက်ကာ ပထုတ်ခြင်းအတွက် အခြားနည်းနိဿယတစ်ခုခု ရှိသလော။ အချို့က အာဏာဆုပ်ကိုင်ပြီး မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းကို ခိုင်ခံ့စေဖို့အတွက် သမ္မာတရား လိုက်စားသော ညီအစ်ကိုမောင်နှမများကို အန္တရာယ်အရှိဆုံးသော နေရာများ၌ အလုပ်လုပ်ဖို့ စေလွှတ်ကြသည်။ ၎င်းတို့က “ယုံကြည်ခြင်း၌ စိမ်းနေသေးသော ညီအစ်ကို မောင်နှမများ များစွာဖြင့် မကြာမီက တည်ထောင်ထားသော အသင်းတော်တစ်ပါး ရှိ၏။ ၎င်းတို့၌ အခြေခံအုတ်မြစ် မရှိသည့်အပြင် ဉာဏ်ပညာ၌ မပြည့်ဝကြပေ။ ၎င်းတို့သည် ၎င်းတို့ကို ရေလောင်းပေးပြီး ကြည့်ရှုစောင့်ရှောက်ဖို့ရန် သမ္မာတရားအား နားလည်သောသူ တစ်စုံတစ်ဦးကို လိုအပ်သည်။ သင်သည် ရူပါရုံများ၏ သမ္မာတရားကို နားလည်သည်။ ထိုလူသစ်များသည် သူတို့ကို ရေသွားလောင်းပေးဖို့ သင်ကဲ့သို့သော လူတစ်ဦးကို လိုအပ်သည်။ ယင်းအတွက် အခြားမည်သူနှင့်မျှ မကိုက်ညီ” ဟု ဆိုကြသည်။ ထိုသို့ဆိုရင်း အန္တိခရစ်သည် ကွယ်ဝှက်နေသည့် ပြင်းထန်သော ခြိမ်းခြောက်မှုကို အဝေးသို့ ပို့လိုက်ကြသည်။ အမှန်တွင် ၎င်းတို့သည် ထိုသူကို ထိုအသင်းတော်ကို ဦးဆောင်ပြီး အသင်းတော်ကို ထောက်ပံ့ပေးစေဖို့အတွက် အမှန်တကယ် ဤသို့ ပြုနေခြင်းလော။ (မဟုတ်ပါ။) မဟုတ်ပေ။ ထိုနေရာသည် ရန်လိုသော၊ အန္တရာယ်ရှိသော ပတ်ဝန်းကျင်ဖြစ်သောကြောင့် ၎င်းတို့ ထိုသို့ပြုလုပ်ရခြင်း ဖြစ်သည်။ ၎င်းတို့သည် အဆင်းနီသော နဂါးကြီး၏ အလစ်သုတ်ခြင်းကို ထိုသူခံရဖို့ကို စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားရင်း ထိုသူကို အန္တရာယ်ရှိသော တစ်နေရာတွင် အသင်းတော်အလုပ် လုပ်ဆောင်ရန် ထားရှိလေသည်။ ထိုသူ အဖမ်းခံရပါက ထိုအန္တိခရစ်၏ အဆင့်အတန်းကို ခြိမ်းခြောက်မည့်သူ တစ်ဦးမျှ ရှိတော့မည်မဟုတ်ဘဲ အသင်းတော်ကို ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ နည်းဗျူဟာတစ်ခု မဟုတ်လော။ ၎င်းတို့သည် ထိုသူကို လူသစ်များအား ရေလောင်းပေးခြင်းအတွက် ကောင်းကောင်းသင့်တော်သည်ဟူသည့် မူမမှန်သော အကြောင်းပြချက်ဖြင့် အဝေးသို့ ပို့လိုက်သောကြောင့် ၎င်းတို့၏ ယုတ်မာသော ရည်ရွယ်ချက်များကို မည်သူမျှ သိမြင်နိုင်တော့မည် မဟုတ်ပေ။ ယင်းမှာ ၎င်းတို့၏ ကျွမ်းကျင်လိမ္မာခြင်း မဟုတ်လော။ ထို့ပြင် ညီအစ်ကို မောင်နှမများက ထိုအန္တိခရစ်သည် ထိုသို့သော အစီအစဉ်များ ပြုလုပ်ခြင်းကြောင့် တော်ပြီး ဉာဏ်ပညာရှိသည်၊ သူသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်သော လူတစ်ဦးဖြစ်သည်ဟု ထင်ကြသည်။ သို့သော် အမှန်တကယ်မှာ ထိုအန္တိခရစ်သည် ထိုသူတို့ကို လှည့်စားနေပြီး အထင်အမြင်မှားအောင် လုပ်နေခြင်း ဖြစ်သည်။ ထိုအန္တိခရစ်၏ ဤနည်းနိဿယသည် အတော်လေး ရိုးသားဟန်တူ၏။ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာကို မည်သူမျှ ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ဘဲ လူတိုင်းသည် အထင်အမြင်မှားအောင် အလုပ်ခံရလျက် အဆုံးသတ်ရသည်။ အထင်အမြင်မှားအောင် အလုပ်ခံရသောသူတို့က ထိုအန္တိခရစ် ပြုလုပ်နေသည့်အရာသည် တရားမျှတပြီး ကျိုးကြောင်းဆီလျော်သည်၊ ၎င်းက အလုပ်ကို အလေးထားခြင်းကြောင့် ယင်းသို့ ပြုလုပ်နေသည်ဟု ထင်ကြသည်။ သို့သော် ၎င်း၏အကြံကို မည်သူမျှ မရိပ်စားမိနိုင်ချေ။ အန္တိခရစ်များသည် ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ အန္တရာယ်ရှိသည့် နေရာတိုင်းသည် သင့်ကို ၎င်းတို့သွားစေသည့် နေရာပင်ဖြစ်လျက် မိမိတို့ကိုယ်ကို “သင်သည် သမ္မာတရား လိုက်စားသည် မဟုတ်လော။ ထို့ပြင် သင်သည် ငါ့ကိုဆန့်ကျင်သည် မဟုတ်လော။ သင်သည် ငါ့ကို အမြဲတမ်း ရိပ်စားမိနေတတ်ပြီး ငါ့ကိုဆန့်ကျင်၍ အသုံးပြုဖို့ အမှုအရာများကို ယူငင်နေသည်မဟုတ်လော။ ကောင်းပြီ။ သို့ဆိုလျှင် သင့်ကို ဤနေရာမှနေ၍ ချက်ချင်းထွက်သွားစေရန် ဤအခွင့်အရေးကို ငါ အသုံးချမည်။ သင် အဖမ်းခံရလျှင် အကောင်းဆုံးဖြစ်မည်။ သင်သည် မည်သည့်အခါမျှ ကိုယ့်ခြေထောက်ပေါ်ကိုယ် နောက်တစ်ကြိမ် ပြန်ရပ်နိုင်မည်မဟုတ်” ဟု ပြောကြသည်။ အသင်းတော်ထဲတွင် အန္တိခရစ်များက အကွက်ဆင်ပြီး ညှဉ်းပန်းနှိပ်စက်သော လူအများမှာ လိုက်စားမှုတစ်ခုထက် ပိုသောသူတို့ဖြစ်သည်မှာ သေချာ၏။ ဤလူတို့ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ပထုတ်ခြင်းခံနေရစဉ် အန္တိခရစ်များသည် ၎င်းတို့ကို မည်သို့ သဘောထားသနည်း။ ၎င်းတို့က “ဤလူတို့သည် တရားဒေသနာများကို အမြဲတမ်း နားထောင်နေကြသည်။ သူတို့က သမ္မာတရားအချို့ကို နားလည်ကြသည်။ သူတို့ကို ငါ နားထောင်စေ၍ မဖြစ်။ တရားဒေသနာများသည် လူတိုင်းကြားရအောင် ပြန့်သဖြင့် သူတို့အား နားထောင်ခွင့်မပြုရခြင်းအတွက် ရှင်းချက်ထုတ်ရန် မဖြစ်ပေ။ သို့သော် ငါ သူတို့ကို နားထောင်ခွင့်ပြုသည်ဆိုပါစို့။ ထိုတရားဒေသနာများထဲ၌ ပြောသည့်အရာများစွာက အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ထုတ်ဖော်သည့်အတွက် သူတို့က အတော်လေး ကြားပြီး နားလည်သဘောပေါက်မှုနှင့် ပိုင်းခြားသိမြင်နိုင်စွမ်း ရရှိလျှင် ယင်းက ငါ့အတွက် ကောင်းစွာ အဆင်ပြေမည်လော။ ငါသည် တစ်နေ့နေ့တစ်ချိန်ချိန် ခေါင်းဆောင်နေရာမှ ဆင်းပေးလိုက်ရခြင်းဖြင့် အဆုံးသတ်မည် မဟုတ်လော။ ယင်းမှာ အဆင်ပြေမည်မဟုတ်။ ငါက ဦးစွာ လှုပ်ရှားရပေမည်” ဟု မိမိတို့ကိုယ်ကို ဆိုကြသည်။ အန္တိခရစ်တစ်ဦး၌ ထိုသို့သော အကြံရှိသည်နှင့်တစ်ပြိုက်နက် စတင်လှုပ်ရှားတော့သည်။ သမ္မာတရားကို နားမလည်ခဲ့လျှင် လူအနည်းငယ်ကပင် အန္တိခရစ်တစ်ဦးကို ဖော်ထုတ်ခွဲခြားနိုင်ခြင်း မရှိပေ။ သမ္မာတရား လိုက်စားသောလူတို့ စတေးခံနေရစဉ် အန္တိခရစ်များသည် လွတ်မြောက်နေကြသည်မှာ အဘယ့်ကြောင့်နည်း။ အသေအချာ ပါဝင်နေသည့် အကြောင်းရင်းတစ်ခု ရှိ၏။ ထိုလူတို့သည် စိတ်နှလုံးထဲ၌ သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများအား ချစ်မြတ်နိုးခြင်းအနည်းငယ် ရှိကောင်းရှိမည်ဖြစ်ပြီး သမ္မာတရားကို လိုက်စားဖို့ ပြင်းပြသောဆန္ဒ အနည်းငယ် ရှိကောင်းရှိမည်ဖြစ်သော်လည်း သူတို့သည် သူရဲဘောကြောင်လွန်း၏။ သူတို့သည် သမ္မာတရား နားမလည်သည့်အပြင် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး အလွန်မိုက်မဲကြသည်။ သူတို့သည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို မရိပ်စားမိနိုင်သည့်အပြင် ထိုအန္တိခရစ်ကို ဖော်ထုတ်ဖို့ လုံးဝ အားထုတ်၍မရပေ။ ယင်းက ထိုအန္တိခရစ်ကို ဦးစွာ လှုပ်ရှားခွင့်ပေးပြီး သူတို့အား ထိခိုက်အောင်လုပ်သည်ကို ခွင့်ပြုခြင်းဖြစ်သည်။ အကယ်၍ ယင်းသည် ၎င်းတို့ရရှိသည့် ရလဒ် သို့မဟုတ် ၎င်းတို့ရောက်ရှိသည့် အခြေအနေဖြစ်လျှင် ယင်းက မည်ကဲ့သို့ ဖြစ်ပျက်သွားပြီး ဖြစ်မည်နည်း။ ၎င်းတို့သည် ထိုအန္တိခရစ်၏ ရက်ရက်စက်စက် ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) သမ္မာတရား လိုက်စားသည့် လူတို့သည် ဤအရာမှ အဘယ်သင်ခန်းစာကို ယူသင့်သနည်း။ ခေါင်းဆောင် သို့မဟုတ် အလုပ်သမားတစ်ဦးကို ဆက်ဆံပုံနှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး လုပ်ဆောင်သည့်အရာ မှန်ကန်ပြီး သမ္မာတရားနှင့်ညီပါက၊ ၎င်းတို့ကို သင် နာခံနိုင်သည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာ မှားယွင်းပြီး သမ္မာတရားနှင့်မညီပါက၊ ၎င်းတို့ကို သင်မနာခံသင့်ဘဲ ၎င်းတို့ကို သင်ဖော်ထုတ်နိုင်ပြီး၊ ဆန့်ကျင်ကာ ကွဲပြားသော အယူအဆကို တင်ပြနိုင်သည်။ ၎င်းတို့သည် အမှန်တကယ်ဖြစ်သော အလုပ်ကို မလုပ်ဆောင်နိုင်လျှင်၊ သို့မဟုတ် အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်သော မကောင်းမှုများကို လုပ်ဆောင်သည့်အပြင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၊ အယောင်ဆောင် အမှုတော်ဆောင်တစ်ဦး၊ သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ပြခံရပါက သင်သည် သူ့ကို ပိုင်းခြားသိမြင်ကာ ဖော်ထုတ်ပြီး တိုင်ကြားနိုင်သည်။ သို့သော် ဘုရားသခင် ရွေးချယ်ထားသော လူအချို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ အထူးသဖြင့် သူရဲဘောကြောင်ကြ၏၊ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ ဖိနှိပ်ခြင်းနှင့်ညှဉ်းပန်းခြင်းတို့ကို ခံရမည်စိုးသောကြောင့် စည်းမျဉ်းများကို မထိန်းသိမ်းရဲကြပေ။ ၎င်းတို့က “ခေါင်းဆောင်က ကျွန်ုပ်ကို ထုတ်လိုက်ပါက ကျွန်ုပ် အဆုံးသတ်ပြီ။ သူက အယောက်တိုင်းအား ကျွန်ုပ်ကို ဖော်ထုတ်စေပါက သို့မဟုတ် ကျွန်ုပ်ကို ပစ်ပယ်စေပါက ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နိုင်တော့မည် မဟုတ်။ အသင်းတော်မှ ကျွန်ုပ် ထုတ်ပယ်ပါက ဘုရားသခင်က ကျွန်ုပ်ကို လိုချင်မည်မဟုတ်သလို ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်ပါ။ ပြီးလျှင် ကျွန်ုပ်၏ ယုံကြည်ခြင်းသည် အလဟဿ ဖြစ်ပြီးဖြစ်လိမ့်မည် မဟုတ်လော” ဟု ပြောကြသည်။ ထိုသို့သောအတွေးအခေါ်သည် ရယ်ဖွယ်မကောင်းပေသလော။ ထိုသို့သော လူများသည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်သည် သင့်ကို နှင်ထုတ်သောအခါ ဘုရားသခင်ကို ကိုယ်စားပြုမည်လော။ အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်က သင့်အား ညှဉ်းပန်းပြီး နှင်ထုတ်သောအခါ ဤသည်မှာ စာတန်က လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်နှင့် လုံးဝ မသက်ဆိုင်ပေ။ လူတို့သည် အသင်းတော်မှ ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် နှင်ထုတ်ခြင်းခံရသောအခါ ဤသည်မှာ အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသော သူများအားလုံးကြား ပူးတွဲဆုံးဖြတ်ချက်တစ်ခု ရှိသောအခါ ရှင်းလင်းပစ်မှုနှင့် နှင်ထုတ်မှုသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များ၊ ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားစည်းမျဉ်းများနှင့် အလုံးစုံကိုက်ညီသည့်အခါမှသာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ညီသည်။ အယောင်ဆောင် ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ဦးက နှင်ထုတ်ခြင်းကို ခံရခြင်းသည် သင်က ကယ်တင်မခံရနိုင်ခြင်း ဖြစ်သည်ဟု အဘယ်သို့ အဓိပ္ပာယ် ရနိုင်မည်နည်း။ ဤသည်မှာ စာတန်နှင့် အန္တိခရစ်၏ နှိပ်ကွပ်မှုဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို သင်ခံရမည်မဟုတ်ဟု မဆိုလိုပေ။ သင်ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် ဘုရားသခင်အပေါ်တွင် မူတည်သည်။ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရနိုင်ခြင်းရှိမရှိကို မည်သည့်လူသားကမျှ ဆုံးဖြတ်ရန် အရည်အချင်းမပြည့်မီပေ။ ဤအရာကို သင် ရှင်းလင်းစွာသိထားရမည်။ အယောင်ဆောင်ခေါင်းဆောင်နှင့် အန္တိခရစ်က သင့်အား နှင်ထုတ်ခြင်းကို ဘုရားသခင်က နှင်ထုတ်ခြင်းအဖြစ် မှတ်ယူခြင်းသည် ဘုရားသခင်ကို အနက်အဓိပ္ပာယ် ကောက်လွဲခြင်း မဟုတ်လော။ ဟုတ်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို အနက်အဓိပ္ပာယ်ကောက်လွဲရုံသာ မဟုတ်ဘဲ ဘုရားသခင်အား ပုန်ကန်ခြင်းလည်း ဖြစ်သည်။ ဘုရားသခင်အား ပြစ်မှားစော်ကားခြင်းမျိုးလည်း ဖြစ်သည်။ ဘုရားသခင်အား ဤသို့ အနက်အဓိပ္ပာယ်ကောက်လွဲခြင်းသည် မသိနားမလည်ခြင်း၊ မိုက်မဲခြင်း မဟုတ်သလော။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးက သို့မဟုတ် အန္တိခရစ်တစ်ဦးက သင့်အား ထုတ်ပယ်သည့်အခါ သင်သည် အဘယ်ကြောင့် သမ္မာတရားကို မရှာဖွေသနည်း။ သင်သည် ပိုင်းခြားသိမြင်မှုတစ်ခုခု ရရှိရန်အတွက် သမ္မာတရားအား နားလည်သူတစ်ယောက်ယောက်ကို အဘယ်ကြောင့် မရှာဖွေသနည်း။ သင်သည် ဤအရာကို အထက်သို့ အဘယ်ကြောင့် မတိုင်ကြားသနည်း။ ဤအရာက သင်သည် ဘုရားသခင်၏အိမ်တော်၌ သမ္မာတရားက အထွတ်အထိပ်အုပ်စိုးသည်ကို မယုံကြည်ကြောင်း သက်သေပြနေသည်၊ ယင်းက သင်သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိကြောင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦး မဟုတ်ကြောင်း သက်သေပြနေသည်။ သင်သည် ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းကို ယုံကြည်ပါက အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏၊ သို့မဟုတ် အန္တိခရစ်တစ်ဦး၏လက်တုံ့ပြန်ခြင်းကို အဘယ်ကြောင့် ကြောက်ရွံ့သနည်း။ ၎င်းတို့သည် သင်၏ကံကြမ္မာကို သတ်မှတ်နိုင်သလော။ သင်သည် ချင့်ချိန်နိုင်စွမ်းရှိပြီး ၎င်းတို့၏လုပ်ရပ်များက် သမ္မာတရားကို မကိုက်ညီသည်ကို သတိပြုမိနိုင်စွမ်းရှိပါက သမ္မာတရားကို နားလည်သည့် ဘုရားသခင် ရွေးချယ်ထားသောသူများနှင့် အဘယ်ကြောင့် မိတ်သဟာယမပြုသနည်း။ သင့်၌ နှုတ်ရှိသည်၊ သို့ဆိုလျှင် အဘယ့်ကြောင့် ထုတ်မပြောရဲရသနည်း။ အယောင်ဆောင်ခေါင်းဆောင်ကို၊ သို့မဟုတ် အန္တိခရစ်ကို အဘယ်ကြောင့် သင်အလွန် ကြောက်ရွံ့ရသနည်း။ ဤအရာက သင်သည် သူရဲဘောနည်းကာ အသုံးမကျသူတစ်ဦး၊ စာတန်၏ လက်ပါးစေတစ်ဦးဖြစ်ကြောင်း သက်သေပြပေသည်။ အကယ်၍ အယောင်ဆောင်ခေါင်းဆောင် သို့မဟုတ် အန္တိခရစ်တစ်ဦး၏ ခြိမ်းခြောက်ခံရသောအခါ သင်သည် သူ့ကို ပိုကြီးသော အထက်လူကြီးများထံ မတိုင်ရဲလျှင် ဤအရာက သင်သည် စာတန်၏ ချည်နှောင်ခြင်းကို ခံရပြီးသားဖြစ်ကြောင်း၊ သင်သည် ထိုသူနှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြောင်း ပြသည်။ ဤသည်မှာ စာတန်နောက်သို့ လိုက်နေခြင်း မဟုတ်လော။ ဤကဲ့သို့သော လူတစ်ဦးသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ထဲမှတစ်ဦး အဘယ်သို့ ဖြစ်နိုင်မည်နည်း။ သူသည် လူဖျင်းမှလွဲ၍ အခြားမဟုတ်ပေ။ အယောင်ဆောင် ခေါင်းဆောင်များ၊ အန္တိခရစ်များနှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ရှိသောသူအားလုံးမှာ မည်သည့်အခါမျှ အကောင်းတစ်စုံတစ်ရာ မဖြစ်နိုင်ပေ။ သူသည် မကောင်းမှုပြုသူ ဖြစ်၏။ ထိုသို့သောလူတို့သည် နတ်ဆိုး၏ နောက်လိုက်ပါမွှားလေးများအဖြစ် မွေးဖွားလာကြခြင်း ဖြစ်သည်။ ထိုသူတို့သည် စာတန်၏ လက်ပါးစေများ ဖြစ်ပြီး ရွေးနုတ်၍ မရနိုင်လောက်အောင် ဖြစ်၏။ အန္တိခရစ်များ မကောင်းမှု ကျူးလွန်သည်ကို မြင်တွေ့သောအခါ ၎င်းတို့ကို မဖော်ထုတ်ဝံ့သောသူတို့၊ ထိုအန္တိခရစ်များကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်ဖို့ ကြောက်သောသူတို့၊ ၎င်းတို့ကို အကာအကွယ်ပင် ပေးပြီး နာခံသောသူတို့ အားလုံးသည် စဉ်းစားဉာဏ်မရှိသော၊ ပညာမဲ့သော လူတို့ဖြစ်ကြသည် မဟုတ်လော။ အကယ်၍ သင်သည် သမ္မာတရားစည်းမျဉ်းများကို အပြည့်အဝ သိမြင်နားလည်လျက်နှင့် ယင်းတို့ကို ချိုးဖောက်နေသေးကာ ဆိုးယုတ်သောလူများ၊ အန္တိခရစ်များနှင့် မဟာမိတ်ဖွဲ့ခြင်း၊ အုပ်စုဖွဲ့ခြင်းပင် ပြုပါက သင်သည် စာတန်၏ ကြံရာပါနှင့် လက်ပါးစေအဖြစ် ပြုမူနေခြင်း မဟုတ်လော။ သို့ဆိုလျှင် သင်သည် နောက်ဆုံးတွင် ဆိုးယုတ်သောသူနှင့် အန္တိခရစ်များ၏ ကြံရာပါတစ်ဦးအဖြစ် ကိုင်တွယ်ခြင်းခံရသောအခါ ယင်းက သင်နှင့် ထိုက်တန်သည်မဟုတ်လော။ အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်နောက် လိုက်ရမည့်အစား အန္တိခရစ်များနောက်သို့ လိုက်ကာ ၎င်းတို့၏ လက်ပါးစေများ သို့မဟုတ် ကြံရာပါများထဲမှ တစ်ဦးအဖြစ် ပြုမူနေပါက သင်သည် ကိုယ့်သေတွင်းကိုယ် တူးနေခြင်း၊ ကိုယ့်သေမိန့်ကိုယ် လက်မှတ်ရေးထိုးနေခြင်း မဟုတ်လော။ အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို ကျိုးနွံနာခံမည့်အစား ဘုရားသခင်၏ ရန်သူများဖြစ်သည့် အန္တိခရစ်များထံ အညံ့ခံပြီး ခိုလှုံသည့်အပြင် ရလဒ်မှာ ဤအန္တိခရစ်များ၏ ကြိုးကိုင်ခြင်းနှင့် မတရားဖိနှိပ်ခြင်းကို သင်ခံရပါက သင်သည် ကိုယ့်ဒုက္ခကိုယ်ရှာခဲ့ခြင်း ဖြစ်သည်။ သင်သည် ယင်းနှင့် ထိုက်တန်သည်မဟုတ်လော။ အကယ်၍ သင်သည် ထိုအန္တိခရစ်ကို သင်၏ သခင်အဖြစ်၊ သင်၏ ခေါင်းဆောင်အဖြစ်၊ မှီခိုစရာ ပုခုံးအဖြစ် သဘောထားပါက သင်သည် စာတန်ထံ၌ ခိုလှုံနေခြင်း၊ စာတန်နောက် လိုက်နေခြင်းဖြစ်ကာ ယင်းမှာ သင်သည် လမ်းလွဲသွားပြီ၊ လမ်းမှားလိုက်မိပြီဖြစ်ပြီး ပြန်လှည့်စရာမရှိသော လမ်းပေါ်ခြေချမိပြီဟု ဆိုလိုသည်။ အန္တိခရစ်များအပေါ် မည်သည့်သဘောထား သင်၌ ရှိသင့်သနည်း။ သင်သည် ၎င်းတို့ကို ဖော်ထုတ်သင့်ပြီး ၎င်းတို့နှင့် စစ်ခင်းသင့်သည်။ အကယ်၍ သင်တို့ တစ်ဦးနှစ်ဦးသာ ရှိပြီး အန္တိခရစ်များကို သင်တစ်ဦးတည်း ရင်ဆိုင်ဖို့အတွက် အားနည်းလွန်းပါက သင်သည် ဤအန္တိခရစ်များအား တိုင်ကြားရန်နှင့် ဖော်ထုတ်ရန်အတွက် သမ္မာတရားနားလည်သည့် လူအချို့နှင့် အင်အားပေါင်းစည်းသင့်ကာ ၎င်းတို့ ရှင်းလင်းခံရသည်အထိ ဆက်လက်လုပ်ဆောင်သင့်သည်။ လွန်ခဲ့သော နှစ်နှစ်အကြာတွင် တရုတ်ပြည်မကြီးရှိ သင်းအုပ်နယ်ပယ်အချို့တွင် ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ရာထူးမှ ဖယ်ရှားရန် စည်းလုံးခဲ့ကြကြောင်း ငါကြားသိခဲ့ဖူးသည်။ အယောင်ဆောင် အချို့သော ခေါင်းဆောင်များနှင့် အန္တိခရစ်များမှာ ဆုံးဖြတ်ချက်ချသော အဖွဲ့များ၌ ဦးဆောင်သူပင် ဖြစ်ကြသော်လည်း ၎င်းတို့သည်လည်း ထို့အတူ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ ဖယ်ရှားခြင်းခံခဲ့ကြရသည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အထက်မှနေ၍ ခွင့်ပြုချက် စောင့်ဆိုင်းစရာ မလိုပေ။ တကယ့်အလုပ်ကို မလုပ်ဆောင်ခဲ့သည့်အပြင် ညီအစ်ကို မောင်နှမများကို အမြဲတမ်း ညှဉ်းဆဲနေခဲ့သည့်၊ သွေးရူးသွေးတန်း ပြုမူလုပ်ဆောင်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့် လုပ်နေခဲ့သည့် ဤအယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ဘုရားသခင် ရွေးချယ်ထားသော လူတို့က သမ္မာတရားစည်းမျဉ်းများအရ ခွဲခြားဖော်ထုတ်နိုင်ခဲ့ကြကာ ၎င်းတို့ကို မဆိုင်းမတွ ကိုင်တွယ်ဖြေရှင်းခဲ့ကြသည်။ အချို့ကို ဆုံးဖြတ်ချက်ချသော အဖွဲ့များထဲမှ ထုတ်ပစ်ခဲ့ကြပြီး အချို့ကို အသင်းတော်ထဲမှ ရှင်းလင်းပစ်ခဲ့ကြသည်။ ယင်းမှာ ကောင်းမွန်လှပေ၏။ ဤအရာက ဘုရားသခင်ရွေးချယ်ထားသော လူတို့သည် ဘုရားသခင်ကို ယုံကြည်လက်ခံခြင်းဟူသည့် မှန်ကန်သော လမ်းကြောင်းအပေါ် ရပ်တည်ပြီးသား ဖြစ်ကြောင်းပြသည်။ ဘုရားသခင် ရွေးချယ်ထားသော လူအချို့သည် သမ္မာတရားကို နားလည်ပြီးသား ဖြစ်ပြီး ယခုတွင် ဝိညာဉ်ရင့်ကျက်မှု အနည်းငယ်ကို ပိုင်ဆိုင်ထားကြပြီ ဖြစ်သည်။ ၎င်းတို့သည် စာတန်၏ ထိန်းချုပ်ခြင်းနှင့် အရူးလုပ်ခြင်းကို နောက်ထပ်မခံရတော့။ ၎င်းတို့သည် ထ၍ စာတန်၏ ဆိုးယုတ်သော အင်အားစုများနှင့် စစ်ခင်းဝံ့ကြသည်။ ဤအရာက အသင်းတော်အတွင်းရှိ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ အင်အားစုများသည် နောက်ထပ် အသာစီး မရတော့ကြောင်းကိုလည်း ပြလေသည်။ သို့ဖြစ်၍ ၎င်းတို့သည် ၎င်းတို့သည် မိမိတို့၏ စကားများနှင့် လုပ်ဆောင်မှုများ၌ နောက်ထပ် ပြောင်ပြောင်တင်းတင်း မလုပ်ဝံ့ကြတော့ပေ။ ၎င်းတို့သည် မိမိတို့၏ လျှို့ဝှက်ချက်ကို အမှတ်တမဲ့ ဖော်မိလျှင်မိချင်း ၎င်းတို့ကို ကြီးကြပ်ဖို့၊ ၎င်းတို့ကို ပိုင်းခြားသိမြင်ဖို့နှင့် ၎င်းတို့ကို ပစ်ပယ်ဖို့အတွက် တစ်စုံတစ်ဦး ရှိနေမည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် သမ္မာတရား၊ လူသား၏ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် တန်ခိုးအာဏာကို အမှန်တကယ် နားလည်သောသူတို့၏ စိတ်နှလုံးများထဲ၌ ကြီးစိုးသော အဆင့်အတန်း မရှိပေ။ ထိုကဲ့သို့သော လူတို့သည် ထိုအရာများကို အလေးမထားပေ။ လူတစ်ဦးသည် သမ္မာတရားကို လိုလားတက်ကြွစွာ ရှာဖွေပြီး ယင်းအပေါ် မိတ်သဟာယ ပြုနိုင်သောအခါတွင်လည်းကောင်း၊ သူသည် ဘုရားသခင်အား ယုံကြည်သောသူတို့ လျှောက်သင့်သည့် လမ်းကြောင်းနှင့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို မည်သို့ဆက်ဆံသင့်ပုံတို့ကို စတင်၍ ပြန်လည်ချင့်ချိန်ပြီး ပြန်၍သုံးသပ်သောအခါတွင်လည်းကောင်း၊ လူတို့ လိုက်လျှောက်သင့်သောသူမှာ မည်သူဖြစ်ကြောင်း၊ မည်သည့်အပြုအမူများသည် လူသားနောက် လိုက်သောသူတို့၏ အပြုအမူများဖြစ်ပြီး မည်သည်တို့သည် ဘုရားသခင်နောက် လိုက်သောသူတို့၏ အပြုအမူများဖြစ်ကြောင်း စတင်၍ တွေးဆသောအခါတွင်လည်းကောင်း၊ ထို့ပြင် ဤသမ္မာတရားများကို စမ်းတဝါးဝါးရှာပြီး ယင်းတို့ကို နှစ်ကာလအတန်ကြာ တွေ့ကြုံထားပြီးနောက် မသိလိုက်မီတွင်ပင် သမ္မာတရားအချို့ကို နားလည်လာပြီး ပိုင်းခြားသိမြင်တတ်လာသောအခါတွင်လည်းကောင်း ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု အနည်းငယ်၍ ရရှိထားပြီးဖြစ်လိမ့်မည်။ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေနိုင်ခြင်းဟူသည် ဘုရားသခင်အား ယုံကြည်လက်ခံခြင်းဟူသည့် မှန်ကန်သောလမ်းကြောင်းကို ဝင်ရောက်ထားပြီးဖြစ်ခြင်းပင်။
ဘုရားသခင်ရွေးချယ်ထားသော လူတို့အနေဖြင့် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် ပစ်ပယ်နိုင်စွမ်း ရှိသည်မှာ ကောင်းသောအရာတစ်ခု၊ ကောင်းသော ဖြစ်ရပ်တစ်ခု ဖြစ်လေသည်။ ခေါင်းဆောင်အချို့သည် တကယ့်အလုပ်ကို မလုပ်နိုင်ကြပေ။ ၎င်းတို့ပြုလုပ်သမျှမှာ အသင်းတော်အသက်တာ၌ ငြိမ်သက်မှုမရှိသည်အထိ နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်များ လုပ်ခြင်းသာ ဖြစ်သည်။ ညီအစ်ကို မောင်နှမများအားလုံးသည် ယင်းတို့ကို မနှစ်မြို့စရာအဖြစ် သိမြင်ကြပြီး အဆုံးတွင် ၎င်းတို့ကို ပစ်ပယ်ကြသည်။ ထိုသူတို့ ဤသို့ပြုလုပ်သည်မှာ မှန်သလော။ (မှန်ပါသည်။) ခေါင်းဆောင်များအဖြစ် ရွေးချယ်ခံရသော အခြားသူတို့ရှိပြီး အစကနဦးတွင် ညီအစ်ကို မောင်နှမများက “ထိုသူသည် ကျွန်ုပ်တို့ ရွေးချယ်ခဲ့သောသူ ဖြစ်သောကြောင့် သူ၏အလုပ်၌ သူနှင့်အတူ ကျွန်ုပ်တို့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုသည်” ဟု ဆိုကြသည်။ အတန်ကြာပြီးနောက် ထိုသူသည် မှားယွင်းသောရွေးချယ်မှုပင် ဖြစ်လာတော့သည်။ သူသည် ဘုရားသခင်အပေါ် သူ၏ယုံကြည်လက်ခံခြင်း၌ စိတ်အားထက်သန်သော်လည်း သူ၌ ဝိညာဉ်ရေးရာ သိနားလည်မှုမရှိပေ။ သူသည် လွဲချော်မှုများ ရှိတတ်ပြီး မာနထောင်လွှားကာ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်တတ်သည်။ သူသည် အရေးကိစ္စများကို အခြားသူများနှင့် မဆွေးနွေးသည့်အပြင် မည်သည့်အရာကိုမျှ စည်းမျဉ်းများနှင့်အညီ မပြုလုပ်ဘဲ မဆင်မခြင်ပင် ပြုလုပ်တတ်သည်။ ဤအရာက လုံခြုံမှုကျိုးပေါက်မှုများကို ဖြစ်စေနိုင်သည်။ အသင်းတော်၏ ညီအစ်ကိုမောင်နှမများမှာ မကြာခဏ အဖမ်းခံနေရပြီး အသင်းတော်၏အလုပ်က ကြီးမားသော ဆုံးရှုံးနစ်နာမှုများကို ကြုံရလေသည်။ ထိုခေါင်းဆောင်သည် မိမိကိုယ်ကို မဆင်ခြင်သည့်အပြင် မိမိကိုယ်ကို မှန်ကန်သည်ဟု ပြောသည်၊ မိမိကိုယ်ကို ကာကွယ်လျက် ငြင်းခုံသည့်အပြင် တာဝန်ကိုလည်း ရှောင်လွှဲလေသည်။ အဆုံးတွင် ထိုအုပ်စုက သူ့ကို ရာထူးတာဝန်မှ ပြန်လည်ခေါ်ယူစေသည်။ ၎င်းတို့သည် ထိုအခြေအနေကို မှန်ကန်သောနည်းလမ်းဖြင့် ကိုင်တွယ်ခဲ့ကြသည်ဟု သင်ထင်သလော။ (ထင်ပါသည်။) အလွန်မှန်ပေ၏။ ထို့ပြင် ထိုသူကို အရေးယူပြီးနောက် ချက်ချင်းပင် အခြားတစ်ယောက်ကို ရွေးချယ်လိုက်ကာ အတန်ကြာပြီးနောက် ဤသူသည် ထိုအယောင်ဆောင် ခေါင်းဆောင်ထက် များစွာ ပို၍ကောင်းမွန်လျက် ထိုအုပ်စုသည် ပိုင်းခြားသိမြင်နိုင်စွမ်းရှိပြီး ကြီးထွားရင့်သန်လာကြောင်း သက်သေပြသည်မှာ လူတိုင်းအသိဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့ အသက်တာ၌ ကြီးထွားတိုးတက်သည့်ဖြစ်စဉ်ပင် ဖြစ်၏။ ယင်းမှာ အတော်ပင် ပုံမှန်ဖြစ်သည်။ လူတို့သည် နှစ်ပေါင်းများစွာ တရားဒေသနာများကို နားထောင်သောအခါ ၎င်းတို့အားလုံးသည် ပိုင်းခြားသိမြင်မှု ပို၍ရှိလာပြီး ခေါင်းဆောင်နှင့် အမှုဆောင်တိုင်းအတွက် မှန်ကန်သော ရွေးချယ်မှုပြုကြသည်၊ ၎င်းတို့ ရွေးချယ်သောမည်သူမဆို ရာထူးတာဝန်ကို ယူမည့်သူဖြစ်သည်ဟု သင် ထင်သလော။ ထိုသို့ဖြစ်သလော။ (မဟုတ်ပါ။) လူတို့သည် သမ္မာတရားစည်းမျဉ်းများကို နားမလည်သောအခါ ခေါင်းဆောင်တစ်ဦးကို ရွေးချယ်ရာ၌ ၎င်းတို့၏ အာရုံစိုက်မှုသည် ထက်မြက်လျင်မြန်သော ဦးနှောက်ရှိသူတစ်ဦး၊ စကားပြောကောင်းသူ တစ်ဦး၊ ပါရမီရှိသူတစ်ဦးကို ရွေးချယ်ခြင်း၌ အမြဲတမ်း အာရုံစိုက်သည်။ ထိုသူသည် သူ၏ရာထူးတာဝန်၌ အချိန်အတိုင်းအတာတစ်ခုပြီးနောက် အယောင်ဆောင်ခေါင်းဆောင် သို့မဟုတ် အန္တိခရစ်တစ်ဦးဖြစ်မှန်း ထင်ရှားသည့်အချိန်မှသာ လူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း စတင်တိုးတက်လာခြင်း ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုသို့သောလူတစ်ဦးကို ထပ်မံ၍ ရွေးချယ်မည် မဟုတ်တော့ပေ။ သို့ဆိုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်ရာ၌ အတိအကျ မည်သူ့ကို ရွေးချယ်ရမည်နည်း။ သတ်မှတ်ထားသော စည်းမျဉ်းများ မရှိပေ။ လူတစ်ဦးသည် သင့်တော်သော လူတစ်ဦးဟုတ်မဟုတ်နှင့် သူသည် သမ္မာတရားကို လိုက်စားခြင်း ရှိမရှိအပေါ် အများဆုံး မူတည်သည်။ ထိုသို့ဖြစ်၍ လူတစ်ဦးသည် ဆိုးယုတ်သောသူ သို့မဟုတ် အန္တိခရစ်တစ်ဦး ဖြစ်ပါက သူသည် မည်သို့သော လူစားမျိုးဖြစ်ပါစေ ထိုသူ့ကို သင်မရွေးချယ်ရပေ။ ရွေးချယ်ပါက သင်သည် ကိုယ့်သေတွင်းကိုယ် တူးသကဲ့သို့ ဖြစ်လိမ့်မည်။ ယင်းမှာ မမှန်သလော။ (မှန်ပါသည်။)
ငါတို့ ယခုလေးတင် ပြောခဲ့သည့် အကြောင်းအရာကို ပြန်သွားရလျှင် သမ္မာတရားလိုက်စားသူတို့အား အန္တိခရစ်များ၏ တိုက်ခိုက်ပြီး ပထုတ်ခြင်း၌ ယင်းနှင့်ပတ်သက်၍ ပြောစရာရှိသည့်အရာကို အခြေခံအားဖြင့် ငါတို့ ပြောခဲ့ပြီးပြီမဟုတ်လော။ အန္တိခရစ်တို့သည် သမ္မာတရား လိုက်စားသူများကို မည်သို့ ကြဉ်ထားပြီး တိုက်ခိုက်ကြသနည်း။ ၎င်းတို့သည် အခြားလူတို့ကိုတိုက်ခိုက်ရန်၊ ရှုတ်ချရန်၊ အထင်အမြင်မှားစေရန်အတွက် ကျိုးကြောင်းသင့်ပြီး မှန်ကန်သည်ဟု အခြားလူများက မြင်သော နည်းလမ်းများကို မကြာခဏ အသုံးပြုပြီး လွှမ်းမိုးနိုင်စွမ်းရှိရန် သမ္မာတရားအကြောင်း ငြင်းခုံဆွေးနွေးမှုများကိုပင် အသုံးပြုကြသည်။ ဥပမာအားဖြင့် အန္တိခရစ်များက ၎င်းတို့၏ တွဲဖက်များသည် သမ္မာတရားကို လိုက်စားသော လူများဖြစ်ပါက ၎င်းတို့အဆင့်အတန်းကို သူတို့ခြိမ်းခြောက်နိုင်သည်ဟု ထင်သဖြင့် လူတို့ကို အထင်အမြင်မှားစေပြီး လူတို့ကို ၎င်းတို့အား အထင်ကြီးအောင် ပြုလုပ်ရန်အတွက် ထိုအန္တိခရစ်သည် အဆင့်မြင့်သော တရားဒေသနာများကို ဟောပြောပြီး ဝိညာဉ်ရေးရာသဘောတရားများကို ဆွေးနွေးကြလိမ့်မည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ တွဲဖက်များနှင့် တွဲဖက်အမှုဆောင်များကို သေးသိမ်အောင်ပြုလုပ်ပြီး ဖိနှိပ်နိုင်ကြကာ လူတို့အား ၎င်းတို့ခေါင်းဆောင်၏ တွဲဖက်များက သမ္မာတရားကို လိုက်စားသောသူများ ဖြစ်သော်လည်း အစွမ်းအစ၊ အရည်အချင်းနှင့် ပတ်သက်လျှင် ၎င်းတို့သည် ၎င်းတို့၏ ခေါင်းဆောင်နှင့် တန်းတူညီခြင်းမရှိဟု ခံစားရစေရန် ပြုလုပ်နိုင်ကြသည်။ လူအချို့က “ကျွန်ုပ်တို့ခေါင်းဆောင်၏ တရားဒေသနာများက အဆင့်မြင့်ပြီး မည်သူကမျှ မယှဉ်နိုင်” ဟုပင် ပြောကြသည်။ အန္တိခရစ်တစ်ဦးအတွက် ဤသို့သော မှတ်ချက်မျိုးကို ကြားရခြင်းက အလွန့်အလွန် ကျေနပ်ဖွယ်ရာဖြစ်သည်။ ၎င်းတို့က “သင်သည် ကျွန်ုပ်၏ တွဲဖက်ဖြစ်သည်။ သင်၌ သမ္မာတရား စစ်မှန်မှုအချို့ မရှိသလော။ သင်သည် အဘယ့်ကြောင့် ကျွန်ုပ်ကဲ့သို့ နှုတ်ရေးကောင်းခြင်းဖြင့်လည်းကောင်း၊ မြင့်မြတ်ခြင်းဖြင့်လည်းကောင်း စကားမပြောနိုင်ရသနည်း။ သင်သည် ယခုအခါ ကမ်းကုန်အောင် အရှက်ကွဲပြီဖြစ်သည်။ သင့်တွင် အရည်အချင်းမရှိပေ။ သို့တိုင်အောင် ကျွန်ုပ်နှင့် ယှဉ်ပြိုင်ရဲသလော” ဟူ၍ မိမိတို့ဘာသာ စဉ်းစားကြသည်။ ဤသည်မှာ အန္တိခရစ်များက စဉ်းစားသောအရာဖြစ်သည်။ အန္တိခရစ်၏ ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့သည် အခြားလူတို့ကို ဖိနှိပ်ရန်၊ သေးသိမ်စေရန်၊ အခြားလူတို့အထက်တွင် မိမိတို့ကိုယ်ကို ထားရှိရန် တတ်နိုင်သမျှ နည်းလမ်းတိုင်းကို စမ်းသပ်ကြသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသောသူတိုင်း၊ သို့မဟုတ် ၎င်းတို့နှင့်အတူ အလုပ်လုပ်သောသူတိုင်းကို အန္တိခရစ်က ဆက်ဆံသောပုံစံဖြစ်သည်။ အန္တိခရစ်တစ်ဦးက မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ ယင်းသည် သူ၏ တန်ခိုးအာဏာနှင့် အဆင့်အတန်းအပေါ် ဗဟိုပြုပြီး အခြားသူများ၏ အထင်ကြီးခြင်းနှင့် ကြည်ညိုလေးစားမှုကို အရယူဖို့အတွက် ရည်ရွယ်လေသည်။ သူသည် မည်သူ့ကိုမျှ သူ့အား ကျော်လွန်ခွင့်မပြုပေ။ သူ့ထက် ပို၍တော်သောသူတိုင်းသည် သူ၏ သိမ်ငယ်အောင်ပြုလုပ်ခြင်း၊ ပထုတ်ခြင်းနှင့် ဖိနှိပ်ချုပ်ချယ်ခြင်းကို ခံရဖို့ သေချာ၏။ အန္တိခရစ်များသည် သမ္မာတရားကို လိုက်စားသောသူတို့အပေါ် ၎င်းတို့ အသုံးပြုသည့် နည်းလမ်းများအားလုံး၏ နောက်ကွယ်တွင် ရည်ရွယ်ချက်များနှင့် ပန်းတိုင်များရှိကြသည်။ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ရန် ကြိုးစားရမည့်အစား ၎င်းတို့ရည်ရွယ်ချက်သည် ၎င်းတို့၏ ကိုယ်ပိုင်အာဏာနှင့် အဆင့်အတန်းအပြင် ဘုရားသခင်ရွေးချယ်ထားသော လူများ၏ စိတ်နှလုံးထဲမှ ၎င်းတို့၏ နေရာနှင့် ပုံရိပ်တို့ကို ကာကွယ်ရန်ဖြစ်သည်။ ၎င်းတို့၏ နည်းလမ်းများနှင့် အပြုအမူများသည် ဘုရားအိမ်တော်၏ အလုပ်အဖို့ အနှောင့်အယှက်၊ အဖျက်အဆီးများ ဖြစ်သည်။ ယင်းတို့သည် အသင်းတော်အသက်တာအပေါ်တွင်လည်း ပျက်စီးစေသည့် သက်ရောက်မှုရှိသည်။ ဤသည်မှာ အန္တိခရစ်၏ မကောင်းမှုများနှင့်ဆိုင်သည့် အတွေ့ရအများဆုံးသော သရုပ်သကန် မဟုတ်သလော။ ဤမကောင်းမှုများအပြင် အန္တိခရစ်များသည် ပို၍ပင် စက်ဆုပ်ဖွယ်ကောင်းသောအရာကို လုပ်ဆောင်ကြသည်။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူတို့အပေါ် မည်သို့ဩဇာအရှိန်အဝါ ရယူရမည်ကို အဖြေရှာဖို့ အစဉ် ကြိုးစားနေကြခြင်းဖြစ်သည်။ ဥပမာ လူအချို့သည် မထိမ်းမြားမီ ကာမကျူးလွန်ခဲ့လျှင်၊ သို့မဟုတ် အခြားပြစ်မှားမှုအချို့ကျူးလွန်ခဲ့လျှင် အန္တိခရစ်များသည် ထိုသူတို့ကို တိုက်ခိုက်ရန် ဤအရာများကို ခုတုံးအဖြစ် လက်မလွှတ်တမ်း အသုံးချသည်။ ထိုသူများ အပျက်သဘောဆောင်စေရန်အတွက် ၎င်းတို့၏ တာဝန်များထမ်းဆောင်ရာတွင် စိတ်ထက်သန်မှုလျော့ကျစေရန်အတွက် ၎င်းတို့ကို စော်ကားရန်၊ ဖော်ထုတ်ရန်၊ အသရေဖျက်ရန်၊ တံဆိပ်ကပ်ရန် အခွင့်အလမ်းများကို ရှာသည်။ သမ္မာတရားကို လိုက်စားသောသူတို့ အထီးကျန်စေရန် ဘုရားသခင် ရွေးချယ်ထားသောသူများကို ထိုသူတို့အား ခွဲခြားဆက်ဆံရန်၊ ရှောင်ကြဉ်ရန်၊ ငြင်းပယ်ရန်လည်း အန္တိခရစ်များက ပြုလုပ်သည်။ အဆုံးတွင် သမ္မာတရားကို လိုက်စားသော ထိုသူအားလုံးတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာသောအခါ၊ ၎င်းတို့၏ တာဝန်များကို တက်တက်ကြွကြွ ထမ်းဆောင်ခြင်း မရှိတော့သောအခါ၊ စုဝေးပွဲများကို မတက်လိုသောအခါတွင် အန္တိခရစ်များ၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိပြီဖြစ်သည်။ သမ္မာတရားကို လိုက်စားသောသူတို့က ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကို မခြိမ်းခြောက်တော့သည့်အတွက်၊ ၎င်းတို့ကို မည်သူကမျှ မတိုင်ကြားရဲသည့်အတွက်၊ သို့မဟုတ် မဖော်ထုတ်ရဲတော့သည့်အတွက် အန္တိခရစ်များက စိတ်အေးလက်အေး ဖြစ်နိုင်သည်။ အန္တိခရစ်တစ်ဦးက အသင်းတော်ထဲ၌ အမုန်းဆုံးသောသူတို့မှာ သမ္မာတရားကို လိုက်စားသော၊ အထူးသဖြင့် အယောင်ဆောင်ခေါင်းဆောင်နှင့် အန္တိခရစ်တစ်ဦးကို ဖော်ထုတ်ပြီး တိုင်ကြားဝံ့မည့် တရားမျှတစိတ်ရှိသော လူတို့ပင် ဖြစ်ကြသည်။ အန္တိခရစ်တစ်ဦးက ထိုသို့သောလူတို့ကို သူ၏မျက်လုံးထဲမှ တံကျင်များအဖြစ်၊ သူ၏နံဘေးထဲမှ ဆူးများအဖြစ် ရှုမြင်ကြသည်။ အကယ်၍ သူသည် သမ္မာတရားကို လိုက်စားပြီး မိမိ၏တာဝန်အား လိုလိုလားလား ထမ်းဆောင်သောသူ တစ်ဦးကို တွေ့ရှိသွားလျှင် သူ၏စိတ်နှလုံးထဲ၌ ချစ်ခြင်းမေတ္တာ တစ်စက်မျှမရှိဘဲ မလိုမုန်းထားမှုနှင့် ရန်လိုမှုတို့ ပေါ်လာသည်။ အန္တိခရစ်တစ်ဦးသည် သမ္မာတရားကို လိုက်စားသောလူတို့၌ အခက်အခဲများ ရှိပါစေ သို့မဟုတ် အဘယ်သို့ အားနည်းပြီး အပျက်သဘောဆောင်ကောင်း ဆောင်ပါစေ မကူညီရုံ သို့မဟုတ် အားမပေးရုံသာမဟုတ်၊ ယင်းကို ဘေးချိတ်ရုံ ဘေးချိတ်ထားမည် မဟုတ်ပေ။ ထိုအစား ထိုကိစ္စနှင့်ပတ်သက်၍ သူသည် ကျိတ်၍ ပျော်နေမည် ဖြစ်သည်။ ထို့ပြင် တစ်စုံတစ်ယောက်က ထိုသူတို့အပေါ် စွပ်စွဲချက်များ ပြုခဲ့ပြီး သို့မဟုတ် ထိုသူတို့အား ဖော်ထုတ်ခဲ့ပြီးဖြစ်ပါက ထိုသူတို့ကို ပညာပြရန်၊ ထိုသူတို့ကို ပြစ်တင်ရှုတ်ချရန်၊ ထိုသူတို့ ရှေ့ဆက်စရာလမ်းမရှိအောင် ထားရန်နှင့် နောက်ဆုံးတွင် ထိုသူတို့သည် မိမိတို့၏တာဝန်ကို မထမ်းဆောင်နိုင်လောက်အောင် လွန်စွာ အပျက်သဘောဆောင်စေရန် ပြစ်မှုမျိုးစုံဖြင့် ထိုသူတို့ကို စွပ်စွဲလျက် ထိုသူတို့ ရေနစ်စဉ်တွင် ဝါးကူထိုးဖို့ အခွင့်အရေးကို အသုံးချမည်ဖြစ်သည်။ ထိုအခါ အန္တိခရစ်သည် မိမိကိုယ်ကို ဂုဏ်ယူလာပြီး ထိုသူ၏ ကံဆိုးခြင်းအဖြစ်၌ စတင်ပျော်မြူးလေသည်။ ဤအရာမျိုးသည် အန္တိခရစ်များ အကျွမ်းကျင်ဆုံး အရာဖြစ်၏။ သမ္မာတရားကို လိုက်စားသောသူတို့အား ပထုတ်ကာ တိုက်ခိုက်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းသည် ၎င်းတို့၏ အကြီးမားဆုံးသော ကျွမ်းကျင်မှုပင် ဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့အား ထိုမျှလောက် မကောင်းမှုအား ပြုလုပ်နိုင်စွမ်းရှိစေသည့် မည်သည့်အရာကို စဉ်းစားသနည်း။ “အကယ်၍ သမ္မာတရားကို လိုက်စားသောသူတို့က တရားဒေသနာများကို မကြာခဏ နားထောင်လျှင် သူတို့သည် ကျွန်ုပ်၏ လုပ်ဆောင်ချက်များကို တစ်နေ့နေ့ ရိပ်စားမိကောင်း ရိပ်စားမိမည်ဖြစ်ပြီး ထိုအခါ ကျွန်ုပ်ကို ဖော်ထုတ်ပြီး အစားထိုးကြမည်မှာ အသေအချာပင်။ သူတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်နေကြစဉ်တွင် ကျွန်ုပ်၏ အဆင့်အတန်း၊ သိက္ခာနှင့် ဂုဏ်သတင်းသည် ခြိမ်းခြောက်မှုခံနေရသည်။ သူတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ မည်သည့်လိုအင်ဆန္ဒမျှ မရှိစေရန်အတွက် သူတို့ကို အရင်ဦးစွာ တိုက်ခိုက်ပြီး သူတို့ကို အဖျက်အမှောင့်လုပ်ကာ ပြစ်တင်ရှုတ်ချရန်နှင့် အပျက်သဘောဆောင်စေရန်အတွက် နိုင်ကွက်ကို အမိအရယူဖို့ အခွင့်အရေးရှာလျှင် ပိုကောင်းမည်။ ခေါင်းဆောင်များ၊ အမှုဆောင်များသည် သူတို့ကို စက်ဆုပ်ရွံရှာရန်၊ သူတို့ထံမှ မိမိတို့ကိုယ်ကို ကင်းအောင်နေရန်နှင့် သူတို့ကို နောက်ထပ် တန်ဖိုးမထားရန် သို့မဟုတ် မြှင့်တင်မပေးရန်အတွက် ငါသည် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် သမ္မာတရားလိုက်စားသော သူတို့ကြားတွင် ရန်တိုက်ပေးရမည်။ ထိုသို့ဖြင့် သူတို့သည် နောက်ထပ် သမ္မာတရားကို လိုက်စားလိုသော သို့မဟုတ် မိမိတို့၏ တာဝန်များကို ထမ်းဆောင်လိုသော မည်သည့်လိုအင်ဆန္ဒမျှ ရှိမည် မဟုတ်တော့ချေ။ သမ္မာတရား လိုက်စားသောသူတို့ ဆက်လက်၍ အပျက်သဘောဆောင်နေလျှင် အကောင်းဆုံးဖြစ်၏” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ စွမ်းဆောင်ရရှိလိုသည့် ရည်မှန်းချက်ပန်းတိုင် ဖြစ်၏။ အန္တိခရစ်တစ်ဦး သို့မဟုတ် ဆိုးယုတ်သောသူတစ်ဦးက သင့်ကို သူ၏ လိမ်လည်လှည့်စားမှုဖြင့် အကွက်ဆင်သောအခါ၊ သင့်ကို ပြစ်တင်ရှုတ်ချသောအခါနှင့် သင့်ကို အရှက်ကွဲစေသောအခါ မည်သည့်အရာ ဖြစ်ပျက်နေကြောင်း သင်သည် ပိုင်းခြားသိမြင်နိုင်သလော။ စာတန်၏ ပရိယာယ်များကို သင်သည် ရိပ်စားမိနိုင်သလော။ သင်သည် “သူပြောခဲ့သည့်အရာမှာ အတော်လေး မှန်ကန်သည့်ပုံ ရှိသော်လည်း ကျွန်ုပ်သည် အဘယ့်ကြောင့် အပျက်သဘောဆောင်သွားရသနည်း။ ကျွန်ုပ်သည် အဘယ့်ကြောင့် မိမိတာဝန်ကို ထမ်းဆောင်ချင်စိတ် မရှိရသနည်း။ ကျွန်ုပ်သည် အဘယ့်ကြောင့် ဘုရားသခင်နှင့်ပတ်သက်၍ ဒွိဟဖြစ်နေရသနည်း။ သူပြောသည့်အရာ၌ ပြဿနာရှိသလော။ အဘယ့်ကြောင့် ယင်း၌ အပျက်သဘောဆောင်သော သက်ရောက်မှု ရှိခဲ့ရသနည်း။ ကျွန်ုပ်သည် ဘုရားသခင်နှင့်ပတ်သက်၍ အဘယ့်ကြောင့် အထင်လွဲမှားမှုများနှင့် အယူအဆများ ရှိလာကာ ကျိုးနွံနာခံလိုစိတ် နောက်ထပ်မရှိဘဲ ဖြစ်သွားရသနည်း။ ကျွန်ုပ်သည် ဘုရားသခင်အဘို့ မိမိကိုယ်ကို အသုံးခံရန်အတွက် မိမိ၏ ယခင်က စိတ်အားထက်သန်မှုနှင့် သန္နိဋ္ဌာန်တို့ အဘယ့်ကြောင့် နောက်ထပ် မရှိတော့သနည်း။ ထို့ပြင် ကျွန်ုပ်၌ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ အချို့သော ဒွိဟများ ရုတ်တရက် ဖြစ်လာကာ ကျွန်ုပ်၏ ရူပါရုံများက မရှင်းလင်းသကဲ့သို့ ခံစားရသည်။ ဤကဲ့သို့ မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းက မည်သည့်အရာအတွက်ဖြစ်ကြောင်း မသိသည့်အပြင် ဘုရားသခင်အား ယုံကြည်လာသည့် နှစ်အတန်ကြာနှင့် ကျွန်ုပ် ကြုံတွေ့လာသည့် အခက်အခဲများအတွက် ကျွန်ုပ်၌ ပြစရာ မည်သည့်အရာမျှ မရှိသကဲ့သို့ ခံစားရသည်။ ယခုတွင် ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ အမှောင်ထုအနည်းငယ် ရှိနေသည်” ဟူ၍ ပိုင်းခြားသိမြင်နိုင်ဖို့ သင်ယူရမည်။ ယင်းမှာ အနည်းငယ် မူမမှန်ပေ။ အပေါ်ယံတွင် မှန်ကန်ဟန်ရှိသည့် စကားများကို ကြားရခြင်းက ထိုကဲ့သို့သော အကျိုးဆက်များကို ဖြစ်ပေါ်စေရမည်နည်း။ ထိုစကားများ၌ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သင် မခံစားရသလော။ သို့ဆိုလျှင် ယင်းတို့ကို ကြားရသောအခါ သင့်အထဲ၌ ထိုကဲ့သို့သော တုံ့ပြန်ချက်များကို ဖြစ်စေသည်မှာ မည်သည့်စကားမျိုးများ ဖြစ်သနည်း။ ယင်းတို့ကို ကြားရသောအခါ သင့်အား ဘုရားသခင်အပေါ် ယုံကြည်မှု ကင်းမဲ့စေသည်မှာ မည်သည့်စကားမျိုးများ ဖြစ်သနည်း။ ပထမအနေဖြင့် အရာတစ်ခုမှာ သေချာ၏။ အန္တိခရစ်များ၏ စကားများမှာ မြွေကြီးကဲ့သို့ပင် အထင်အမြင် မှားစေ၏။ ၎င်းတို့အားလုံးက လူတို့ကို အပြစ်ပြုဖို့နှင့် ဘုရားသခင်မှ ကင်းကွာအောင်နေပြီး ဘုရားသခင်ကို ပစ်ပယ်ဖို့ သွေးဆောင်ဖြားယောင်းကြသည်။ ၎င်းတို့စကားများ တစ်ခွန်းမျှသည် လူတို့ကို အထောက်အပံ့မပေး သို့မဟုတ် သူတို့ကို အကူအညီမပေးချေ။ ၎င်းတို့၏စကားများသည် မည်သည့်နေရာမှ လာသနည်း။ နတ်ဆိုးဖြစ်သော စာတန်ထံမှ ဖြစ်သည်။ သမ္မာတရားကို လိုက်စားသူတို့အား တိုက်ခိုက်ရန်နှင့် ပြစ်တင်ရှုတ်ချရန်အတွက် အန္တိခရစ်များ အသုံးပြုသည့် စကားများနှင့် ပတ်သက်လာလျှင် သင်တို့သည် ပိုင်းခြားသိမြင်နိုင်သလော။ အန္တိခရစ်များ ကြောက်ရွံ့သည့် တစ်ခုတည်းသောအရာမှာ သမ္မာတရားကို လိုက်စားသောလူများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသောလူများ၊ ဘုရားသခင်နောက်လိုက်ရန်နှင့် ဖန်ဆင်းခံများ၏ တာဝန်ကို ထမ်းဆောင်ရန် ထကြွရပ်တည်သောလူများကို ကြောက်လန့်နေကြသည်။ ၎င်းတို့သည် ဘုရားသခင်ရှေ့သို့ ရောက်လာပြီး သမ္မာတရားကို ရှာဖွေသော လူများကို ကြောက်ရွံ့နေကြသည်။ ဤသည်မှာ ၎င်းတို့ အကြောက်ဆုံးသော အရာဖြစ်၏။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့ သမ္မာတရားလိုက်စားသည့် လမ်းကြောင်းပေါ် ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် အသက်တာ၌ သူတို့၏ ကြီးထွားရင့်သန်မှုမှာ မြန်ဆန်ပြီး ထိုသို့ဖြင့် သူတို့သည် ဝိညာဉ်ရင့်ကျက်မှု ပို၍ပို၍ တိုးပွားလျက် ကြီးထွားလာကြသောကြောင့်ဖြစ်သည်။ ထို့ပြင် သမ္မာတရားသည် လူတို့၏ စိတ်နှလုံးများထဲ၌ စိုးမိုးပြီး သူတို့၏ အသက် ဖြစ်လာသောအခါ ယင်းမှာ အန္တိခရစ်များ၏ နောက်ဆုံးသောနေ့ ဖြစ်လိမ့်မည်။ ထိုအခါ ၎င်းတို့သည် ပြစ်တင်ရှုတ်ချခံရခြင်း၊ ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းအပြင် လုံးလုံးလျားလျား စွန့်ပစ်ခံရခြင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ယင်းမှာ အန္တိခရစ်များက အမုန်းဆုံးအရာသည် သမ္မာတရားလိုက်စားသူတို့ ဖြစ်ရခြင်း အကြောင်းရင်းဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ အမြင်တွင် သမ္မာတရား လိုက်စားသူတို့သည် အမုန်းခံရသော ရန်သူများ၊ မိမိ၏ တိုက်ခိုက်မှုများနှင့် အကျပ်ကိုင်မှုကိုသာမက မိမိ၏ မုန်းတီးခြင်းနှင့် ပစ်ပယ်ခြင်း၊ မိမိ၏ အန္တရာယ်ပြုခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းကို ခံရမည့်သူများ ဖြစ်သည့်အပြင် ထို့ထက်ပင်ပိုသည်မှာ ထိုသူတို့သည် အထင်အမြင်မှားစေခြင်းကို ခံရမည့်သူများ ဖြစ်ကြသည်။ အန္တိခရစ်များသည် သမ္မာတရားကို လိုက်စားသောသူတို့၏ စိတ်နှလုံးများကို အထင်အမြင်မှားစေဖို့၊ ထိန်းချုပ်ဖို့ သို့မဟုတ် အကွက်ဆင်ဖို့အတွက် မည်သို့မျှ မဖြစ်နိုင်သည့်အပြင် ၎င်းတို့သည် ထိုသူတို့ကို ကြုံရာကျပန်း ပြောင်ပြောင်တင်းတင်း ပထုတ်ပြီး တိုက်ခိုက်၍မရပေ။ ထို့ကြောင့် ၎င်းတို့ လုပ်နိုင်သမျှမှာ တိကျမှန်ကန်ပြီး နှစ်လိုဖွယ်ရာဖြစ်သော အရာများကို ပြောခြင်း၊ လူတို့ကို ၎င်းတို့အဆင့်အထိ နိမ့်ကျစေဖို့ နူးညံ့သိမ့်မွေ့သော နည်းဗျူဟာများကို အသုံးပြုခြင်းပင် ဖြစ်သည်။ ထို့ပြင် ထိုလူတို့သည် ၎င်းတို့နှင့်အတူ လိုက်ပါမလာသည့်အပြင် ၎င်းတို့အတွက် အသုံးမဝင်နိုင်ပါက ၎င်းတို့သည် သူတို့ကို ပထုတ်ရန်၊ သူတို့ကို အပျက်သဘော ဆောင်စေပြီး အားနည်းစေရန်၊ မိမိတို့၏တာဝန်ကို ထမ်းဆောင်လိုစိတ် နောက်ထပ်မရှိတော့အောင်ပင် ပြုလုပ်ရန်နှင့် အဆုံး၌ ဘုရားသခင်ကို စွန့်ပစ်စေရန်အတွက် ဆိုးညစ်သော နည်းဗျူဟာမျိုးစုံကို အသုံးချမည်ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အဓိကကျသော ဒုစရိုက်အမှုများထဲမှ တစ်ခုဖြစ်ပြီး ယင်းမှာ ၎င်းတို့၏ သဘာဝအနှစ်သာရအား နောက်ထပ် ခွဲခြားသိမြင်နိုင်သော အင်္ဂါရပ်ပင် ဖြစ်၏။ ယင်းမှာ ၎င်းတို့သဘာဝ၏ မည်သည့်အင်္ဂါရပ် ဖြစ်သနည်း။ ၎င်းတို့၏ တိတ်တဆိတ်အန္တရာယ်ပြုတတ်ခြင်း၊ ၎င်းတို့၏ ကလိမ်ကကျစ်ကျခြင်း၊ ၎င်းတို့၏ မလိုမုန်းထားခြင်းပင် ဖြစ်၏။ အသင်းတော်ထဲ၌ မင်းမူစိုးမိုးခြင်းဟူသည့် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်ကို ကြိုးပမ်းရရှိဖို့အလို့ငှာ အန္တိခရစ်များသည် သမ္မာတရား လိုက်စားသောသူတို့အား အထင်အမြင်မှားစေခြင်း၊ ပထုတ်ပြီး တိုက်ခိုက်ခြင်းကို အစဉ်သဖြင့် အားကိုးကြရသည်။ ၎င်းတို့သည် မိမိတို့၏ ပြောထွက်၍မရသော ရည်မှန်းချက်ပန်းတိုင်ကို ကြိုးပမ်းရရှိဖို့အတွက် ဤအရာကို လုပ်ဆောင်ကာ သမ္မာတရား လိုက်စားသူတိုင်းကို မိမိတို့အထဲ၌ ဘုရားသခင်အပေါ် အထင်လွဲမှားမှုများ ပေါ်ထွက်လာခြင်းဖြင့် အပျက်သဘောဆောင်ပြီး အားနည်းအောင်၊ မိမိတို့၏ ယုံကြည်ခြင်း၌ စိတ်မပါ့တပါဖြစ်လာအောင် ပြုလုပ်လေသည်။ ဤလူတို့အထဲ၌ ဘုရားသခင်အပေါ် အထင်လွဲမှားမှုများနှင့် သူ့အပေါ် မကျေနပ်မှုများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် သမ္မာတရားကို နောက်ထပ် လိုက်စားကြတော့မည် မဟုတ်သကဲ့သို့ မိမိတို့၏ တာဝန်ကို လိုလိုလားလား ထမ်းဆောင်ကြတော့မည် မဟုတ်ပေ။ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်ထံမှ ကင်းကွာအောင်နေကြမည် ဖြစ်သည်။ ထို့ပြင် ယင်းမှာ အန္တိခရစ်တစ်ဦးအတွက် မည်သည့်အရာကို ဆိုလိုသနည်း။ ပထမဆုံးအနေဖြင့် ယင်းမှာ ၎င်းတို့၏ ရာထူးနေရာကို ခြိမ်းခြောက်မည် မဟုတ်သည်ကို ဆိုလိုသည်။ ဒုတိယမှာ ဤအပြုသဘောဆောင်သော ပုဂ္ဂိုလ်များသည် အပျက်သဘောဆောင်ပြီး အားနည်းလာကာ ဘုရားသခင်ထံမှ ကင်းကွာအောင်နေကြသည်နှင့် တစ်ပြိုင်နက် ထိုအန္တိခရစ်သည် လူတို့ကို အထင်အမြင်မှားစေပြီး ဘောင်ခတ်ရန်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ထိန်းချုပ်ရန်အတွက် အသင်းတော်ထဲ၌ စိတ်ကြိုက် မင်းမူကြီးစိုးနိုင်မည် ဖြစ်သည်။ ဤသို့ဖြင့် ထိုသူတို့သည် ၎င်းတို့နောက်သို့ လိုက်မည်၊ ၎င်းတို့ကို ထောက်ခံအားပေးမည်၊ ပြီးလျှင် ၎င်းတို့အား အောက်ကျို့လျက် ဦးညွှတ်မည်ဖြစ်သည်။ ထို့သို့ဖြင့် ထိုအန္တိခရစ်၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိလေပြီ။ ဤသို့ပြုလုပ်ရာတွင် အန္တိခရစ်များသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကြခြင်း ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့ ပြုလုပ်သမျှ၏ ဝိသေသလက္ခဏာမှာ အဘယ်နည်း။ (၎င်းတို့သည် မကောင်းမှုကို လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။) “မကောင်းမှု လုပ်ဆောင်ခြင်း” ဟူသည် ယင်းကို ဖော်ပြရာ၌ အတော်ပင် ကျယ်ပြန့်သော နည်းလမ်းဖြစ်၏။ အတိအကျဆိုရလျှင် ၎င်းတို့သည် လူတို့ကို အနှောင့်အယှက်ပေးနေပြီး ဟန့်တားနေကြကာ သူတို့ကို သမ္မာတရား လိုက်စားခြင်းလမ်းကြောင်းပေါ် လျှောက်လှမ်းခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းခံရခြင်းမှ တားဆီးနေကြသည်။ အန္တိခရစ်တစ်ဦးသည် သမ္မာတရား လိုက်စားနေသော လူတစ်ဦးကို မြင်တွေ့သောအခါ အလွန်ပင် ဒေါသထွက်၏။ ထိုသူတို့ကို သူမုန်း၏။ ထိုအမုန်းတရားက အဘယ်အတိုင်းအတာအထိ ရောက်သနည်း။ ၎င်းတို့သည် လူတစ်ဦးက သမ္မာတရားကို လိုက်စားပြီး ခရစ်တော်နောက်လိုက်နေကာ ၎င်းတို့နောက်လိုက်ခြင်း သို့မဟုတ် ၎င်းတို့ကို ကိုးကွယ်ခြင်း မရှိသည့်အပြင် ၎င်းတို့နှင့် တူညီသောလမ်းကြောင်းပေါ်တွင် မလျှောက်သည်ကို မြင်တွေ့သောအခါ ၎င်းတို့သည် ထိုသူကို ပျောက်ကွယ်သွားအောင် လုပ်ဖို့ တရွရွဖြစ်သောလိုအင်ဆန္ဒဖြင့် ထိုသူကို တိုက်ခိုက်မည်၊ ပထုတ်မည်၊ ပြီးလျှင် ဖိနှိပ်ထိန်းချုပ်မည် ဖြစ်လေသည်။ ယင်းမှာ ၎င်းတို့၏ အမုန်းတရား ရောက်နိုင်သည့် အတိုင်းအတာပင်။ အချုပ်အားဖြင့် အန္တိခရစ်များ၏ ဤသရုပ်သကန်များကို အခြေခံ၍ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ခြင်း သို့မဟုတ် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်း၌ လူတို့အား ဦးဆောင်ခြင်း မရှိသည့်အပြင် ၎င်းတို့သည် လူတို့အား ရေလောင်းပေးခြင်း သို့မဟုတ် အကျိုးပြုခြင်း၊ ၎င်းတို့အား သမ္မာတရားကို ရရှိခွင့်ပေးခြင်း မရှိသောကြောင့် ၎င်းတို့သည် ခေါင်းဆောင်မှုတာဝန်ကို ထမ်းဆောင်နေကြခြင်း မရှိဟု ငါတို့ အဆုံးအဖြတ်ပေးကောင်း ပေးမည်ဖြစ်သည်။ ထိုအစား ၎င်းတို့သည် အသင်းတော်အသက်တာကို အလျဉ်ပြတ်စေပြီး အဖျက်အမှောင့်လုပ်သည်၊ အသင်းတော်၏အလုပ်ကို ဖြိုဖျက်ပြီး ဖျက်ဆီးသည်၊ ပြီးလျှင် သမ္မာတရား လိုက်စားခြင်းနှင့် ကယ်တင်ခြင်းရရှိခြင်းဟူသည့် လမ်းကြောင်းပေါ်ရောက်ဖို့ လူတို့ကို ဟန့်တားသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို လမ်းလွဲစေဖို့နှင့် ၎င်းတို့ကို ကယ်တင်ခြင်းပေးအပ်ခံရဖို့ အခွင့်အရေးအား ဆုံးရှုံးစေဖို့ အလိုရှိသည်။ ဤသည်မှာ အသင်းတော်၏အလုပ်ကို နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းဖြင့် အန္တိခရစ်များ စွမ်းဆောင်ရရှိလိုသည့် အဆုံးစွန်သော ရည်မှန်းချက်ပန်းတိုင် ဖြစ်လေသည်။
ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် အန္တိခရစ်များကို မည်သို့ဆက်ဆံသင့်သနည်း။ ၎င်းတို့သည် ထိုသူတို့ကို ပိုင်းခြားသိမြင်ရမည်၊ ဖော်ထုတ်ရမည်၊ တိုင်ကြားရမည်၊ ပြီးလျှင် ပစ်ပယ်ရမည်။ ထိုမှသာ အဆုံးတိုင်အောင် ဘုရားသခင်နောက် လိုက်ခြင်းနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ဆိုင်၍ မှန်ကန်သော လမ်းကြောင်းအပေါ် ဝင်ရောက်ခြင်းက သေချာနိုင်မည်။ အန္တိခရစ်များသည် ၎င်းတို့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်လာအောင် အခြားသူများကို မည်သို့ အထင်အမြင်မှားစေခဲ့သည်ဖြစ်စေ ထိုသူတို့သည် သင်၏ ခေါင်းဆောင်များမဟုတ်ပေ။ ထိုသူတို့ကို အသိအမှတ်မပြုနှင့်၊ ထို့ပြင် သူတို့၏ ခေါင်းဆောင်မှုကို လက်သင့်မခံနှင့်။ သူတို့ကို ပိုင်းခြားသိမြင်ပြီး ပစ်ပယ်ရမည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် သင့်ကို သမ္မာတရား နားလည်အောင် မကူညီနိုင်သကဲ့သို့ သင့်ကို အထောက်အမလည်း မပေးနိုင် သို့မဟုတ် သင့်အတွက်လည်း မထောက်ပံ့ပေးနိုင်ချေ။ ဤသည်တို့မှာ အဖြစ်မှန်များပင်။ အကယ်၍ သူတို့သည် သင့်ကို သမ္မာတရားစစ်မှန်မှုထဲသို့ ခေါ်ဆောင်မသွားနိုင်လျှင် သူတို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များဖြစ်ဖို့ မသင့်တော်ပေ။ အကယ်၍ သူတို့သည် သင့်ကို သမ္မာတရား နားလည်ခြင်းနှင့် ဘုရားသခင်၏ အလုပ်အား တွေ့ကြုံခြင်းသို့ ခေါ်ဆောင်မသွားနိုင်လျှင် သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သောသူတို့ ဖြစ်ကြပြီး သူတို့ကို သင် ပိုင်းခြားသိမြင်သင့်သည်၊ ဖော်ထုတ်သင့်သည်၊ ပြီးလျှင် ပစ်ပယ်သင့်သည်။ သူတို့ပြုလုပ်သမျှမှာ သူတို့၏နောက် လိုက်အောင် သင့်အား အထင်အမြင်မှားစေရန်နှင့် အသင်းတော်၏ အလုပ်အား လျော့ပါးစေပြီး အဖျက်အမှောင့်လုပ်ဖို့အတွက် သူတို့၏အုပ်စုတွင် ပါဝင်အောင်လုပ်ရန်၊ သူတို့လျှောက်သကဲ့သို့ပင် အန္တိခရစ်များ၏ လမ်းကြောင်းအား လျှောက်ရာတွင် လိုက်ပါလာအောင် သင့်ကို သွေးဆောင်ရန် ဖြစ်သည်။ ထိုသူတို့သည် သင့်ကို ငရဲပြည်သို့ ဆွဲချသွားချင်ကြသည်။ အကယ်၍ သင်သည် သူတို့၏ သရုပ်မှန်ကို မခွဲခြားနိုင်ဘဲ သူတို့သည် သင်၏ ခေါင်းဆောင်များဖြစ်သဖြင့် သူတို့ကို နာခံသင့်ပြီး လိုက်လျောသင့်သည်ဟု ယုံကြည်နေပါက သင်သည် သမ္မာတရားကိုရော ဘုရားသခင်ကိုပါ သစ္စာဖောက်သောသူ ဖြစ်သွားကာ ထိုသို့သော လူတို့သည် ကယ်တင်ခြင်းကို မခံရနိုင်ပေ။ သင်သည် ကယ်တင်ခြင်းခံရလိုပါက အဆင်းနီသော နဂါးကြီးနှင့်ဆိုင်သော အကျပ်အတည်းကို ကျော်လွန်ရမည်သာမက ပြီးလျှင် အဆင်းနီသော နဂါးကြီးကို သိမြင်ဖို့၊ ယင်း၏ အကျည်းတန်သော မျက်နှာကို ရိပ်စားမိဖို့နှင့် ယင်းကို လုံးလုံး ပုန်ကန်ဖို့ လုပ်နိုင်စွမ်းရှိရမည်သာမက သင်ကျော်ဖြတ်ဖို့ အန္တိခရစ်တို့နှင့်ဆိုင်သည့် အကျပ်အတည်းကလည်း ရှိနေသည်။ အသင်းတော်၌ အန္တိခရစ်တစ်ဦးသည် ဘုရားသခင်၏ ရန်သူဖြစ်ရုံသာမက ဘုရားသခင် ရွေးချယ်ထားသောသူများ၏ ရန်သူလည်း ဖြစ်ပေသည်။ သင်သည် အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိပါက အထင်အမြင်မှားစေခြင်းခံရပြီး သိမ်းသွင်းစည်းရုံးခံရနိုင်ကာ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ပြီး ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း ခံရဖို့ ဖြစ်နိုင်ပေသည်။ ထိုသို့ဖြစ်ပါက ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် လုံးလုံး ကျရှုံးပြီးဖြစ်သည်။ ကယ်တင်ခြင်းပေးအပ်ခံရဖို့ လူများသည် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ ဦးစွာ ၎င်းတို့သည် သမ္မာတရားများစွာကို နားလည်ရမည်ဖြစ်ပြီး အန္တိခရစ်တစ်ဦး၏ အနှစ်သာရ၊ စိတ်သဘောထားနှင့် လမ်းကြောင်းတို့ကို ပိုင်းခြားသိမြင်နိုင်ရမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်စဉ် လူများကို မကိုးကွယ်ဖို့၊ သို့မဟုတ် နောက်မလိုက်ဖို့ သေချာစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး တကယ့်အဆုံးထိ ဘုရားနောက်လိုက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်နိုင်သည့် လူများသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်နိုင်ကာ ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်ပေသည်။ ထိုအခါ အချို့က “ကျွန်ုပ်တွင် လောလောဆယ်တွင် ထိုအရာအတွက် သမ္မာတရား မရှိပါက မည်သို့ပြုရမည်နည်း” ဟု ဆိုကြမည်ဖြစ်သည်။ သင်သည် အလျင်အမြန်ပင် မိမိကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ထားရမည်။ လူတို့နှင့် အမှုအရာများထဲသို့ မြင်တွေ့တတ်အောင် သင်ယူရမည်။ အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်ခြင်းသည် ရိုးရှင်းသောကိစ္စ မဟုတ်သကဲ့သို့ ၎င်းတို့၏ အနှစ်သာရကို ရှင်းလင်းစွာမြင်နိုင်ကာ ၎င်းတို့ လုပ်ဆောင်သမျှ နောက်ကွယ်ရှိ လျှို့ဝှက်ကြံစည်မှုများ၊ လှည့်ကွက်များ၊ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို ရိပ်စားမိနိုင်စွမ်းရှိဖို့ လိုအပ်သည်။ ထိုသို့ဖြင့် သင်သည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်း၊ သို့မဟုတ် ထိန်းချုပ်ခြင်းကို ခံရမည်မဟုတ်သကဲ့သို့ ခိုင်မာစွာ ရပ်တည်နိုင်ကာ သမ္မာတရားကို ဘေးကင်းစွာနှင့် လုံခြုံစွာ လိုက်စားနိုင်ပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ရရှိခြင်း လမ်းကြောင်းပေါ်တွင် တည်မြဲနိုင်ပေမည်။ သင်သည် ထိုအန္တိခရစ်များနှင့် ပတ်သက်သော အခက်အခဲကို မကျော်လွန်နိုင်ပါက သင်သည် ကြီးမားသော အန္တရာယ်ရှိနေပြီး အန္တိခရစ်၏ အထင်အမြင်မှားစေခြင်းခံရကာ ဖမ်းဆီးခံရသည့်အပြင် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်လာရနိုင်ဖွယ် ရှိသည်ဟု ဆိုနိုင်ပေသည်။ သင်တို့ကြားတွင် သမ္မာတရား လိုက်စားသည့် လူများကို တားဆီးပြီး ခြေထိုးကြသူအချို့ ရှိနိုင်ချေရှိပြီး ၎င်းတို့သည် လူတို့၏ရန်သူများ ဖြစ်၏။ ဤအရာကို သင်တို့လက်ခံသလော။ ဤအချက်ကို ရင်မဆိုင်ဝံ့သကဲ့သို့ ယင်းကို အမှန်တရားအဖြစ်လည်း လက်မခံဝံ့သူ အချို့ရှိ၏။ သို့သော် အန္တိခရစ်များ၏ လူတို့အား အထင်အမြင်မှားစေခြင်းသည် အသင်းတော်များ၌ အမှန်တကယ် ဖြစ်ပျက်ပြီး မကြာခဏ ဖြစ်ပျက်လေသည်။ လူတို့က ယင်းကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိခြင်းသာဖြစ်သည်။ အကယ်၍ သင်သည် အန္တိခရစ်များနှင့်ဆိုင်သော စစ်ဆေးမှုဖြစ်သည့် ဤစစ်ဆေးမှုကို မအောင်မြင်နိုင်ပါက သင်သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်း ခံရပေသည်၊ သို့မဟုတ် ၎င်းတို့၏ ဆင်းရဲဒုက္ခခံစေခြင်း၊ ညှဉ်းဆဲခြင်း၊ တွန်းထုတ်ခြင်း၊ ဖိနှိပ်ခြင်းနှင့် စော်ကားခြင်းတို့ကို ခံရပေသည်။ နောက်ဆုံးတွင် သင်၏ အလွန်တန်ဖိုးနည်းသည့် သေးငယ်သောဘဝသည် ကြာကြာ တောင့်ခံနိုင်လိမ့်မည် မဟုတ်သကဲ့သို့ ညှိုးခြောက်သွားလိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိတော့မည် မဟုတ်သကဲ့သို့ “ဘုရားသည် ဖြောင့်ပင်မဖြောင့်မတ်ပါ။ အဘယ်မှာ ဘုရားရှိသနည်း။ ဤလောကတွင် တရားမျှတမှုလည်းမရှိ၊ သို့မဟုတ် အလင်းလည်း မရှိသကဲ့သို့ ဘုရား၏ လူသားမျိုးနွယ်အား ကယ်တင်ခြင်းကဲ့သို့သော အရာမျိုးမရှိပါ။ ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ နေ့ရက်များကို အလုပ်သွားခြင်းနှင့် ငွေရှာခြင်းဖြင့် ဖြတ်သန်းပါက ပိုကောင်းဦးမည်” ဟု သင်ပြောလိမ့်မည်။ သင်သည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဘုရားသခင်မှ လမ်းလွဲကာ သူတည်ရှိကြောင်း မယုံကြည်တော့ပေ။ သင်ကယ်တင်ခြင်း ရမည်ဆိုသည့် မျှော်လင့်ချက်တစ်ခုတလေ လုံးဝ ကုန်ဆုံးသွား၏။ ထို့ကြောင့် သင်သည် ကယ်တင်ခြင်း ရရှိနိုင်သည့် နေရာသို့ ရောက်ရှိလိုပါက သင်အောင်မြင်ရမည့် ပထမဆုံး စမ်းသပ်မှုမှာ စာတန်ကို သတိမူမိခြင်းနှင့် ရိပ်စားမိနိုင်ခြင်းဟူသော စမ်းသပ်မှုတစ်ခု ဖြစ်ပြီး သင်သည် ရင်ဆိုင်ပြီး စာတန်ကို ဖော်ထုတ်ကာ စွန့်ပစ်ဖို့ သတ္တိလည်း ရှိရမည်။ သို့ဆိုလျှင် စာတန် အဘယ်မှာရှိသနည်း။ စာတန်သည် သင့်နံဘေးနှင့် သင်၏ ဘက်ပေါင်းစုံတွင် ရှိသည်။ သူသည် သင့်စိတ်နှလုံးအတွင်းတွင်ပင် အသက်ရှင်နေနိုင်သည်။ သင်သည် စာတန်၏ စိတ်သဘောထားအတွင်းတွင် အသက်ရှင်နေပါက သင်သည် စာတန်နှင့် သက်ဆိုင်သည်ဟု ဆိုနိုင်၏။ သင်သည် ဝိညာဉ်လောကနှင့်ဆိုင်သည့် စာတန်နှင့် ဆိုးယုတ်သော ဝိညာဉ်များကို မမြင်နိုင်၊ သို့မဟုတ် မထိတွေ့နိုင်သော်လည်း လက်တွေ့ဘဝတွင် တည်ရှိသည့် စာတန်များနှင့် အသက်ရှင်သော နတ်ဆိုးများသည် နေရာတကာတွင် ရှိ၏။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်သူ မည်သူမဆိုသည် ဆိုးယုတ်ပြီး သမ္မာတရားကို လက်မခံသည့် မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် မည်သည့်အမှုတော်ဆောင်မဆိုသည် အန္တိခရစ်တစ်ဦး၊ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် စာတန်များနှင့် ရှင်သန်နေသည့်နတ်ဆိုးများ ဖြစ်ကြသည် မဟုတ်လော။ ဤလူများမှာ သင်ကိုးကွယ်ပြီး ကြည်ညိုသည့်သူများစင်စစ် ဖြစ်နေနိုင်၏။ ၎င်းတို့မှာ သင့်ကို ဦးဆောင်သော လူများ၊ သို့မဟုတ် သင်၏စိတ်နှလုံးထဲတွင် သင်ကြာမြင့်စွာ လေးစားနေခဲ့ရသူများ၊ ယုံကြည်ကိုးစားပြီး အားကိုးနေခဲ့ရသူများနှင့် မျှော်လင့်နေခဲ့ရသူများ ဖြစ်နိုင်သည်။ သို့သော် စင်စစ်အားဖြင့် ၎င်းတို့သည် သင့်ကိုတားဆီးနေပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်းကို ရရှိခြင်းတို့မှ သင့်ကိုဟန့်တားနေသည့် လမ်းဆို့များဖြစ်သည်။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များဖြစ်ကြ၏။ ၎င်းတို့သည် သင်၏ဘဝနှင့် သင်လျှောက်လှမ်းသည့် လမ်းကြောင်းတို့ကို ထိန်းချုပ်နိုင်ပြီး ကယ်တင်ခြင်း ပေးအပ်ခံရမည့် သင်၏အခွင့်အရေးကို ဖျက်ဆီးနိုင်သည်။ ၎င်းတို့ကို သင်ပိုင်းခြားသိမြင်ခြင်း မရှိနိုင်သကဲ့သို့ မရိပ်စားမိနိုင်ပါက သင်သည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်းနှင့် ၎င်းတို့၏ ဖမ်းဆီးခြင်းကို အချိန်မရွေး ခံရနိုင်ပေသည်။ ထို့ကြောင့် သင်သည် ကြီးမားသော အန္တရာယ် ရှိ၏။ ဤအန္တရာယ်မှ ရုန်းထွက်လွတ်မြောက်အောင် အားမထုတ်နိုင်ပါက သင်သည် စာတန်၏ ယဇ်ပူဇော်ရာ သားကောင်ဖြစ်ပေသည်။ အန္တိခရစ်တစ်ဦး၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းခံရကာ အန္တိခရစ်တစ်ဦး၏ နောက်လိုက်များဖြစ်လာသည့် လူများသည် မည်သို့ပင်ဖြစ်စေကာမူ ကယ်တင်ခြင်းကို မည်သည့်အခါမျှ မရရှိနိုင်ပေ။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း သို့မဟုတ် လိုက်စားခြင်း မရှိသောကြောင့် ၎င်းတို့သည် အထင်အမြင်မှားသွားပြီး အန္တိခရစ်တစ်ဦးနောက်သို့ လိုက်သွားသည်မှာ ရှောင်လွှဲ၍မရနိုင်သော ရလဒ်ဖြစ်သည်။
လူအချို့က ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူ ဖြစ်သည်ဟု ထင်ကြပြီး အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသည်ဟု ဆိုကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အထင်ကြီးနေကြသည် မဟုတ်လော။ အကယ်၍ သင်သည် အစွယ်များထွက်နေပြီး ညံ့ဖျင်းသော လူ့သဘာဝရှိကာ အချို့သော ဒုစရိုက်အမှုများကို ကျူးလွန်ထားသည့် သိသာထင်ရှားသော အန္တိခရစ်တစ်ဦးနှင့် ကြုံတွေ့ရပါက သင်သည် ထိုသူတို့ကို လွယ်လွယ်ကူကူ သတိပြုမိနိုင်မည်။ သို့သော် သင်သည် ဘာသာတရား ကိုင်းရှိုင်းပုံပေါက်ပြီး အပြောအဆို အလွန်သိမ်မွေ့ညင်သာကာ သဘောကောင်းသော လူတစ်ဦးပုံပေါက်သည့် အန္တိခရစ်တစ်ဦး၊ လူတို့၏ အယူအဆများနှင့် ကိုက်ညီသည့် အန္တိခရစ်တစ်ဦးနှင့် ကြုံတွေ့ရပါက ၎င်း၏ သရုပ်အမှန်ကို ခွဲခြားနိုင်သည်ဟု အခိုင်အမာ ဆိုနိုင်ရလောက်အောင် သတ္တိရှိနေဦးမည်လော။ သူတို့ကို အန္တိခရစ်တစ်ဦးအဖြစ် သင် သမုတ်ဝံ့သလော။ အကယ်၍ သင်သည် သူတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိပါက သူတို့ကို လေးစားကြည်ညိုဖို့နှင့် သူတို့ကို သဘောတူထောက်ခံဖို့ သေချာသည်။ ဤသို့ဖြစ်နေလျှင် သူတို့၏ အပြုအမူ၊ သူတို့၏ ထင်မြင်ချက်များနှင့် ရှုမြင်ချက်များ၊ သူတို့၏ လုပ်ဆောင်ချက်များအပြင် သမ္မာတရားအား သူတို့၏ သဘောပေါက်နားလည်မှုကပင် သင့်ကို ဧကန်မုချ လွှမ်းမိုးလိမ့်မည်။ ဤအရာများက သင့်ကို မည်သည့်အတိုင်းအတာအထိ လွှမ်းမိုးမည်နည်း။ သင်သည် ထိုအန္တိခရစ်ကို အားကျမည်၊ အတုခိုးမည်၊ တုပြိုင်မည်၊ နောက်လိုက်မည်ဖြစ်ပြီး ယင်းက သင်၏ အသက်ဝင်ရောက်မှုကို ထိခိုက်မည်ဖြစ်သည်။ ယင်းက သင်၏ သမ္မာတရားလိုက်စားမှုနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို ထိခိုက်မည်။ ယင်းက ဘုရားသခင်အပေါ် သင်၏ သဘောထားကို ထိခိုက်မည် ဖြစ်သည့်အပြင် ဘုရားသခင်အား သင် အမှန်တကယ် ကျိုးနွံနာခံပြီး အဆုံးတိုင်အောင် ဘုရားသခင်နောက် လိုက်ခြင်းရှိမရှိအပေါ် ထိခိုက်မည် ဖြစ်သည်။ နောက်ဆုံးတွင် ထိုအန္တိခရစ်သည် သင်၏ ဘုရားသဖွယ်ကိုးကွယ်ရသူ ဖြစ်လာမည်။ သူသည် သင်၏ စိတ်နှလုံးထဲတွင် နေရာရလာမည်ဖြစ်ပြီး သူ့ထံမှနေ၍ သင် လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သင်သည် ဤအတိုင်းအတာအထိ အထင်အမြင်မှားစေခြင်း ခံရသောအခါ သင်၌ ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်သည် တကယ့်ကို မဖြစ်စလောက်သာ ရှိပေသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲသွားပြီဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ပျောက်ဆုံးသွားပြီဖြစ်ပြီး အန္တရာယ်ထဲ ကျလုနီးနီး ဖြစ်နေပြီ။ ထို့ပြင် ဤသည်မှာ သင့်အတွက် ဘေးအန္တရာယ်တစ်ခုလော၊ သို့မဟုတ် ကောင်းချီးမင်္ဂလာတစ်ခုလော။ ယင်းမှာ ဘေးအန္တရာယ်တစ်ခု ဖြစ်သည်မှာ အသေအချာပင်။ ကောင်းချီးမင်္ဂလာ လုံးဝ မဟုတ်ချေ။ သေးငယ်သော အမှုကိစ္စများ၌ အချို့အန္တိခရစ်များက သင့်ကို ကူညီနိုင်ပြီး သင့်အတွက် အကျိုးကျေးဇူးပေးနိုင်သော်လည်း သို့တည်းမဟုတ် သင့်ကို အသိဉာဏ်ပွင့်လင်းစေဖို့အတွက် စကားများနှင့် အယူဝါဒများကို ဟောပြောနိုင်သော်လည်း သင့်ကို သူတို့ အထင်အမြင်မှားစေပြီးသည်နှင့် တစ်ပြိုင်နက် သူတို့ကို ကိုးကွယ်ပြီး သူတို့နောက်လိုက်သည်နှင့် တစ်ပြိုင်နက် သင် ဒုက္ခရောက်ပြီ။ သင်သည် ကိုယ့်ဒုက္ခကိုယ်ရှာခြင်း ဖြစ်ပြီး ကယ်တင်ခြင်း၌ အခွင့်အရေး ဆုံးရှုံးသွားပြီးဖြစ်လိမ့်မည်။ လူအချို့က “ထိုသူတို့သည် စာတန်တစ်ကောင် သို့မဟုတ် ဆိုးယုတ်သောသူတစ်ဦး မဟုတ်၊ ဝိညာဉ်သဘောရှိသောသူ၊ သမ္မာတရား လိုက်စားသောသူတစ်ဦး ဖြစ်ပုံပေါ်ပါသည်” ဟု ပြောကြသည်။ ဤစကားလုံးများသည် ခိုင်လုံသလော။ (မခိုင်လုံပါ။) အဘယ့်ကြောင့်နည်း။ သမ္မာတရားကို အမှန်စင်စစ် လိုက်စားသောသူ မည်သူမဆိုနှင့်ဆိုလျှင် သူတို့၏ လမ်းညွှန်ချက်၊ အကူအညီ၊ ထောက်ပံ့ပေးခြင်းတို့နှင့်ပတ်သက်သော လွှမ်းမိုးမှု သို့မဟုတ် အကျိုးကျေးဇူးသည် သင့်အား ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်သွားဖို့အတွက် အသုံးတည့်မည်ဖြစ်ကာ ဤသို့ဖြင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို ရှာဖွေကောင်း ရှာဖွေမည်ဖြစ်သည့်အပြင် ဘုရားသခင်၏ ရှေ့မှောက်သို့ သင်လာ၍ သူ့အပေါ် အမှီပြုပြီး သူ့ကိုရှာဖွေတတ်အောင် သင်ယူမည်ဖြစ်သည်။ ထို့ပြင် သူနှင့် သင်၏ ဆက်ဆံရေးသည်လည်း ပို၍နီးစပ်သည်ထက် နီးစပ်လာမည်ဖြစ်၏။ ဆန့်ကျင်ဘက်အားဖြင့် သင်သည် အန္တိခရစ်တစ်ဦး၏ ထားရာနေ စေရာသွားဖြစ်သည်အထိ အန္တိခရစ်တစ်ဦးနှင့် သင်၏ဆက်ဆံရေးက ပို၍ နီးစပ်သည်ထက် နီးစပ်လာပါက မည်သည့်အရာ ဖြစ်လာမည်နည်း။ သင်သည် လမ်းကြောင်းအမှားပေါ် လမ်းလွဲပြီး ကိုယ့်ဒုက္ခကိုယ်ရှာမိလိမ့်မည်။ သင်သည် အန္တိခရစ်တစ်ဦးနှင့် နီးကပ်သော ဆက်ဆံရေးရှိသောအခါ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက ဝေးကွာလာသည်။ ထို့ပြင် ဤအရာ၏ အကျိုးဆက်မှာ အဘယ်နည်း။ ထိုသူသည် သင့်ကို သူ့ရှေ့မှောက်သို့ ခေါ်ဆောင်သွားမည်ဖြစ်ပြီး သင်သည် ဘုရားသခင်ထံမှ ခပ်ခွာခွာနေလိမ့်မည်။ အကယ်၍ သင်၏ စိတ်နှလုံးထဲ၌ ဘုရားသဖွယ်ကိုးကွယ်ရသူတစ်ဦး ရှိလျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ်အပေါ် အယူအဆများ စတင်၍ ထားရှိသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ ဘုရားသဖွယ်ကိုးကွယ်ရသူကို ဖော်ထုတ်သောအခါ သင်သည် ဘုရားသခင်ကို ချက်ချင်းပင် ပုန်ကန်မည်ဖြစ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် သစ္စာဖောက်ခြင်းပင် ရှိကောင်းရှိလာမည်ဖြစ်သည်။ သင်သည် သင်၏ ဘုရားသဖွယ် ကိုးကွယ်ရသူဘက်၌ ရပ်တည်ပြီး ဘုရားသခင်ကို ဆန့်ကျင်မည်ဖြစ်သည်။ ဤအရာသည် မကြာခဏ ဖြစ်ပျက်လေ့ရှိ၏။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် အစားထိုးခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံရသောအခါ သူတို့၏ ကြံရာပါများနှင့် လက်ပါးစေများသည် စတင်၍ သူတို့ဘက်၌ ရပ်တည်ပြီး မကျေမနပ်ပြောကြသည်။ အချို့မှာ အပျက်သဘောပင် ဆောင်လာပြီး ဘုရားသခင်ကို ဆက်၍ မယုံကြည်ကြတော့ပေ။ ဤသည်မှာ ဖြစ်နေကျ မဟုတ်လော။ ထို့ပြင် ၎င်းတို့က ဆက်၍ မယုံကြည်ကြသည်မှာ အဘယ့်ကြောင့်နည်း။ ၎င်းတို့က “ကျွန်ုပ်တို့၏ခေါင်းဆောင် အစားထိုးခံရပြီး နှင်ထုတ်ခံရပြီ။ သို့ဆိုလျှင် သာမန်ယုံကြည်သူတစ်ဦး အနေဖြင့် ကျွန်ုပ်၌ မည်သည့်မျှော်လင့်ချက် ရှိသနည်း” ဟု ပြောကြသည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ၎င်းတို့၏ စကားများက ၎င်းတို့သည် ထိုအန္တိခရစ်နောက်ကို လိုက်နေကြောင်း၊ ၎င်းတို့သည် ထိုအန္တိခရစ်၏ အထင်အမြင်မှားစေခြင်းကို လုံးလုံးလျားလျား ခံရပြီဖြစ်ကြောင်း ပြညွှန်သည်။ ထို့ပြင် ၎င်းတို့ အထင်အမြင်မှားအောင်ပြုခံရခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ထိုအန္တိခရစ်သည် ၎င်းတို့ ကိုးကွယ်နေသည့် ဘုရားသဖွယ်ကိုးကွယ်ရသူ ဖြစ်သွားပြီ။ ထိုအန္တိခရစ်သည် ၎င်းတို့၏ ဘိုးဘေးများကဲ့သို့ ဖြစ်သွားပြီဖြစ်သည်။ ၎င်းတို့၏ ဘိုးဘေးက နှင်ထုတ်ခံရသည်ဖြစ်၍ ၎င်းတို့သည် အဘယ်သို့ ထွက်ခွာမသွားဘဲ နေတော့မည်နည်း။ ၎င်းတို့သည် ထိုအန္တိခရစ်ကိုသာ နာခံကြပြီး ထိုအန္တိခရစ်၏ အပြည့်အဝ ထိန်းချုပ်မှုအောက်တွင် ရှိနေကြသည်။ ၎င်းတို့က ထိုအန္တိခရစ် ပြောသမျှနှင့် လုပ်သမျှသည် မှန်ကန်ပြီး သမ္မာတရားအဖြစ် လက်ခံကာ ကျိုးနွံနာခံသင့်သည်ဟု ထင်သောကြောင့် ဘုရားအိမ်တော်ရှိ တစ်ဦးဦးက ထိုအန္တိခရစ်အား ဖော်ထုတ်ပြီး ပြစ်တင်ရှုတ်ချသည်ကို သည်းမခံကြပေ။ ထိုအန္တိခရစ်ကို ဘုရားအိမ်တော်က နှင်ထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအန္တိခရစ်နောက် လိုက်သောသူတို့က အသင်းတော်ကို စွန့်ခွာဖို့ တာဝန်ယူဆုံးဖြတ်ကြသည်။ “သစ်ပင်လဲလျှင် မျောက်များ ကွဲလွင့်သည်” ဟူသကဲ့သို့ပင်။ ထိုကဲ့သို့သော အရာများက အန္တိခရစ်များနှင့် သူတို့၏ နောက်လိုက်များသည် ဘုရားသခင်၏အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ဖို့ လာခဲ့သော စာတန်၏ အစေခံများပင် ဖြစ်ကြသည်။ ထိုသူတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ ဖွင့်ဟခြင်း၊ ဖော်ထုတ်ခြင်းနှင့် ပစ်ပယ်ခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းမှာ အဆုံးသတ်သွား၏။ အန္တိခရစ်များ၏ နောက်လိုက်များအားလုံး၌ ရှင်းရှင်းလင်းလင်း သိသာမြင်သာသော အင်္ဂါရပ်တစ်ခု ရှိ၏။ မည်သူ့စကားမျှ ၎င်းတို့ကို သဘောပေါက်အောင် မလုပ်နိုင်ပေ။ ၎င်းတို့က အန္တိခရစ်များကိုသာ အရေးစိုက်ကြသည်။ ထို့ပြင် ၎င်းတို့သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆက်၍ နားမထောင်တော့ဘဲ ထိုအန္တိခရစ်ကိုသာ ၎င်းတို့၏ သခင်အဖြစ် အသိအမှတ်ပြုကြသည်။ ဤအရာ၌ ၎င်းတို့သည် အထင်အမြင်မှားစေခြင်း ခံရပြီ မဟုတ်လော၊ ၎င်းတို့သည် ထိန်းချုပ်ခြင်းခံနေရသည် မဟုတ်လော။ အန္တိခရစ်များ၏ နောက်လိုက်များကသာ ထိုအန္တိခရစ်များဘက်မှ ရပ်တည်ဖို့ ကြိုးစားမည်ဖြစ်သည်။ ထိုအန္တိခရစ်များ ဖော်ထုတ်ခြင်းနှင့် ထုတ်ဖော်ခြင်း ခံရသောအခါ ထိုသူတို့နောက်လိုက်သော လူတို့သည် သူတို့အတွက် စိုးရိမ်ကြောင့်ကြလာပြီး သူတို့အတွက် မျက်ရည်ကျကာ သူတို့ကိုယ်စား မကျေမနပ် ပြောသည့်အပြင် သူတို့ကို ကာကွယ်ဖို့ ကြိုးစားကြသည်။ ထိုကဲ့သို့သော အချိန်များတွင် ဘုရားသခင်ကို ၎င်းတို့ မေ့လျော့သွားပြီး ဘုရားသခင်ထံ နောက်ထပ် ဆုမတောင်းတော့ သို့မဟုတ် သမ္မာတရားကို မရှာဖွေတော့ချေ။ ၎င်းတို့လုပ်သမျှမှာ ထိုအန္တိခရစ်များကို ကာကွယ်ခြင်းနှင့် သူတို့အတွက် ဦးနှောက်ခြောက်အောင် စဉ်းစားခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကိုပင် နောက်ထပ် အသိအမှတ် မပြုတော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသလော။ မည်သူ့ကို ၎င်တို့ တကယ်ယုံကြည်ကြသနည်း။ ဤသည်မှာ သိသိသာသာပင် ရှင်းနေပြီးသား ဖြစ်သည်။ ၎င်းတို့ မည်သည့်အရာ ပြောသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ အန္တိခရစ်များ၌ ရည်ရွယ်ချက်တစ်ခုတည်းသာ ရှိသည်။ ယင်းမှာ လူတို့ကို ဦးဆောင်ဖို့၊ ၎င်းတို့၏ သခင်လုပ်ဖို့ဖြစ်ပြီး သူတို့သည် လူတိုင်းကို သူတို့အား ကျိုးကျိုးနွံနွံ လိုက်နာပြီး နာခံစေကာ နောက်ဆုံးတွင် သူတို့ကို ဘုရားကဲ့သို့ သဘောထားစေလိုသည်။ ဤသည်မှာ ပေါလုလျှောက်ခဲ့သည့် လမ်းကြောင်းနှင့် မည်ကဲ့သို့ ကွဲပြားသနည်း။ ပေါလု၏အလုပ်သည် အပြီးသတ်ပိုင်း ရောက်ရှိသောအခါ သူ၏ စိတ်နှလုံးထဲရှိသည့် စကားများကို ပြောခဲ့သည်။ သူ့အတွက် အသက်ရှင်ခြင်းက ခရစ်တော်ဖြစ်သည်ဟု ပေါလုဆိုခဲ့ပြီး ဤအရာကို ပြောရာ၌ သူ၏ရည်ရွယ်ချက်မှာ သခင်၌ ယုံကြည်သောသူ အားလုံးကို သူ့အား အတုခိုးစေဖို့၊ သူ့နောက်လိုက်စေဖို့နှင့် သူ့အား ဘုရားကဲ့သို့ သဘောထားစေဖို့ ဖြစ်ခဲ့လေသည်။ ဤသည်မှာ ဤစကားများကို ပြောရာ၌ ပေါလု၏ ရည်ရွယ်ချက်ဖြစ်ခဲ့သည် မဟုတ်လော။ ထို့ပြင် အကယ်၍ ထိုအန္တိခရစ်များ၏ အလုပ်သည် လူတို့က သူတို့အား ကိုးကွယ်ပြီး နာခံသည့်အဆင့်သို့ အမှန်တယ် ရောက်ရှိပါက ဘုရားသခင်သည် ဤလူတို့၏ စိတ်နှလုံးများထဲ၌ နောက်ထပ် နေရာရတော့မည် မဟုတ်ပေ။ ၎င်းတို့၏ စိတ်နှလုံးများကို ထိုအန္တိခရစ်များက ရယူထားပြီးသား ဖြစ်ပေမည်။ ဤသည်မှာ အကျိုးဆက်ဖြစ်၏။ သင်သည် အန္တိခရစ်တစ်ဦး၏ အထင်အမြင်မှားစေခြင်း ခံရဖို့ မစိုးရိမ်ကြောင်း၊ အန္တိခရစ်တစ်ဦး နောက်လိုက်ဖို့ သင် မကြောက်ရွံ့ကြောင်း ဆိုသော်လည်း ဤသို့ဆိုခြင်း၌ အကျိုးမရှိချေ။ ဤသည်မှာ မရေရာသော စကားပင်ဖြစ်၏။ ဤသည်မှာ သင်သည် သမ္မာတရားကို မလိုက်စားဘဲ လူတို့ကို အမြဲတမ်း ကိုးကွယ်ပြီး နောက်လိုက်နေပါက မသိလိုက်မီတွင်ပင် သင်သည် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်လိမ့်မည် ဖြစ်သောကြောင့်ပင်။ ဘုရားသခင်ကို နှစ်အတန်ကြာ ယုံကြည်လာသော်လည်း အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ကင်းမဲ့သည့်အပြင် သမ္မာတရားနှင့် အသက်ကို ရရှိမထားသည်သာမက ဘုရားသခင်ကို ဆန့်ကျင်သောသူတစ်ဦး ဖြစ်လာခြင်းသည် အန္တိခရစ်များနောက်လိုက်ခြင်း၏ အဆုံးစွန်သော အကျိုးဆက်ဖြစ်ပြီး ယင်းမှာ သင်ဖယ်ရှားရန် အားထုတ်၍မရနိုင်သော အရာတစ်ခု၊ မပြောင်းလဲနိုင်သော အဖြစ်မှန်တစ်ခုပင် ဖြစ်၏။ ယင်းမှာ တစ်စုံတစ်ဦးက လျှပ်စစ်စီးကြောင်းတစ်ခုကို ထိမိသကဲ့သို့ပင်။ ၎င်းတို့သည် ဓာတ်လိုက်ခံရဖို့ သေချာ၏။ အချို့က “ကျွန်ုပ် ထိုအရာကို မယုံကြည်ပါ။ ကျွန်ုပ် မကြောက်ပါ” ဟု ပြောကောင်းပြောမည် ဖြစ်သော်လည်း ယင်းမှာ သင် ယုံကြည်သည်၊ မယုံကြည်သည် သို့မဟုတ် သင် ကြောက်သည်၊ မကြောက်သည်နှင့်ဆိုင်သည့် ကိစ္စတစ်ခု ဟုတ်သလော။ လျှပ်စီးကြောင်းကို ထိကြည့်လော့၊ ကျင်ခနဲဖြစ်သွားပြီ။ သင် ဓာတ်လိုက်ခံရမည်။ ယင်းကို မယုံကြည်ခြင်းက အကူအညီပေးမည် မဟုတ်ပေ။ ယင်းကို မယုံကြည်ခြင်းက မသိနားမလည်မှုဖြစ်သည်။ ထိုသို့ ပြောခြင်းသည် တာဝန်မဲ့သော အရာတစ်ခုဖြစ်၏။ သို့ဖြစ်၍ သင်သည် အန္တိခရစ်တစ်ဦးနောက်သို့ လိုက်ဖို့ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်သည် သမ္မာတရားကို မလိုက်စားဘဲ သင်၏ကြိုးပမ်းမှုများကို ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် အမြဲတမ်း ရည်ရွယ်ထားပါက သင်သည် အန္တိခရစ်များ၏ လမ်းကြောင်းအပေါ် အစပျိုးနေပြီးသား ဖြစ်သည်။ ဤအကျိုးဆက်က ပင်လယ်ထဲတွင် မျောနေသော သင်္ဘောပျက် အပိုင်းအစက ရေမျက်နှာပြင်ပေါ် တက်လာသကဲ့သို့ သူ့ဘာသာသူ တစ်စတစ်စနှင့် ပေါ်လာမည်ဖြစ်သည်။ ဤအရာကို ရှောင်လွှဲ၍မရပေ။ ထိုအန္တိခရစ်များ ပြုလုပ်သည့်အရာမှာ လူတို့ကို သူတို့ရှေ့မှောက်သို့ ခေါ်ဆောင်လာဖို့ ဖြစ်သည်။ သူတို့သည် ၎င်းတို့အား ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို လက်ခံရမည့်အစား၊ သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံရမည့်အစား မိမိတို့၏ ထိန်းချုပ်မှုနှင့် ကြိုးကိုင်ညွှန်ကြားခြင်းကို လက်ခံအောင် ပြုလုပ်ကြသည်။ အန္တိခရစ်များသည် လူတို့ကို စည်းရုံးသိမ်းသွင်းလိုကြသည်။ ၎င်းတို့ကို ရယူလိုကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့အားလုံးကို ထိန်းချုပ်ရန်၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို သူတို့၏ လက်ထဲ၌ ထိန်းချုပ်ရန်ဖြစ်သည်။ သူတို့သည် လူကုန်ကူးသူများ ဖြစ်ကြ၏။ ထို့ပြင် အန္တိခရစ်များသည် လူတို့အား ထိန်းချုပ်ဖို့ သူတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိဖို့ မည်သည့်အရာကို အသုံးချသနည်း။ သူတို့က လူတို့ကိုးကွယ်သော ဝိညာဉ်ရေးရာ အယူဝါဒကို အသုံးချသည်။ ဟုတ်မှန်သယောင်ရှိသော သဘောတရားများကို အသုံးချသည်။ သဘောတရားကို ကိုးကွယ်ခြင်းဟူသည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်နေစိတ်ထားကို ပေါက်တတ်ကရ ပြောပြီး စိတ်ဝင်စားအောင် ကွန့်ညွန့်ဖို့၊ လူတို့အား အထင်အမြင်မှားစေဖို့ ကောင်းကောင်း အသုံးချကြသည်။ အတိုချုပ်အားဖြင့် ထိုသူတို့ပြောသမျှမှာ စကားများနှင့် အယူဝါဒများ၊ အနှစ်မဲ့သော သဘောတရား၊ ဟုတ်မှန်သယောင်ရှိပြီး သမ္မာတရားကို ဆန့်ကျင်သည့် အရာများသာ ဖြစ်၏။ အကယ်၍ လူတို့သည် သမ္မာတရားကို နားမလည်လျှင် အထင်အမြင်မှားအောင် လုပ်ခြင်းခံရမည်မှာ အသေအချာပင်။ အနည်းဆုံး အနေဖြင့် ၎င်းတို့သည် အသိတရားပြန်မရလာမီအထိ အချိန်ကာလတစ်ခုမျှ အထင်အမြင်မှားအောင် လုပ်ခြင်းခံရမည် ဖြစ်သည်။ ၎င်းတို့ တကယ် အသိတရားရလာသည့်အချိန်သည် ထိုအန္တိခရစ်များ၏ ဇာတိရုပ်ကို ဖော်ထုတ်သောအချိန် ဖြစ်ကာ ထိုအချိန်တွင် ၎င်းတို့ အဆုံးစွန် နောင်တရလိမ့်မည်ဖြစ်သည်။ အန္တိခရစ်များနောက်လိုက်သော လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို ဆုံးရှုံးခဲ့သည်မှာ အချိန်ကြာမြင့်ပြီ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် ဘုရားသဖွယ် ကိုးကွယ်ရသူများကို ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ကိုးကွယ်သောကြောင့်၊ လူတို့နောက်ကို လိုက်သောကြောင့်ဖြစ်သည့်အပြင် ၎င်းတို့သည် ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရပြီး ဘုရားသခင်က ၎င်းတို့ကို ထိုသူတို့အား ထုတ်ဖော်ဖို့အတွက် အခြားတစ်ဖက်သို့ ဘေးဖယ်ထားသောကြောင့် ဖြစ်၏။ ထို့ကြောင့် အန္တိခရစ်များနောက်လိုက်ခြင်းသည် အလွန်အမင်း အန္တရာယ်ရှိ၏။ အန္တိခရစ်များကဲ့သို့ပင် အန္တိခရစ်များနောက်လိုက်သော လူတို့ကို ဘုရားသခင် စက်ဆုပ်ရွံရှာမှု အရှိဆုံးဖြစ်သည်။ ထို့ပြင် ဤလူတို့အား အခြားတစ်ဖက်သို့ ဘေးဖယ်ထားရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင် ရွေးချယ်ထားသော လူတို့အနေဖြင့် အသိတရားရလာဖို့၊ ထိုအန္တိခရစ်များကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်နိုင်ဖို့နှင့် ဤအန္တိခရစ်များအား လုံးလုံးလျားလျား ငြင်းပယ်ဖို့ စောင့်ဆိုင်းရန်ဖြစ်ကာ ထိုအချိန်တွင် ထိုအန္တိခရစ်များ၏ အဆုံးသတ် နေ့ရက်များက ရောက်လာပြီဖြစ်လိမ့်မည်။ ထိုအန္တိခရစ်များ ပြုလုပ်သည့် အရာတိုင်းသည် လူတို့အတွက် အန္တရာယ်ရှိသည်မဟုတ်လော။ ထိုသူတို့သည် သမ္မာတရားကို မလိုက်စားဘဲ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်ဖို့ ကြိုးစားကြသည်။ သူတို့သည် လူတို့အား သမ္မာတရား လိုက်စားခွင့်မပြု။ သူတို့သည် ဘုရားသခင်၏ အလုပ်ကို ကျိုးနွံနာခံခြင်းမရှိဘဲ ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို မိမိတို့နောက်လိုက်စေရန် အထင်အမြင်မှားအောင်လုပ်ဖို့ ကြိုးစားကြသည်။ ဤအရာအားလုံးက ထိုအန္တိခရစ်များ၌ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံသည့် စိတ်နှလုံး သို့မဟုတ် သမ္မာတရားအား ချစ်မြတ်နိုးခြင်း မည်သည့်နည်းနှင့်မျှ မရှိကြောင်း ပြသည်။ ထိုအစား သူတို့သည် ဘုရားသခင်အား ဆန့်ကျင်ပြီး ဘုရားသခင် ရွေးချယ်ထားသော လူတို့ကိုရဖို့ ဘုရားသခင်နှင့် တုပြိုင်ရန် မိမိတို့အတွက် အဆင့်အတန်းနှင့် တန်ခိုးအာဏာကို ကြံဖန်လုပ်ယူနိုင်မည့် နည်းလမ်းဟူသမျှကို စဉ်းစားကာ နောက်ဆုံးတွင် ဘုရားသခင်အား ဆန့်ကျင်သည့် သူတို့၏ကိုယ်ပိုင်နိုင်ငံကို ဖန်တီးကြ၏။ ထိုအရာအားလုံးက အန္တိခရစ်များသည် ဘုရားသခင်နှင့် အသေအကြေတိုက်မည့် ရန်သူများ လူဇာတိခံယူလာခြင်း ဖြစ်ကာ ဘုရားသခင်၏ ဖျက်ဆီးခြင်း တကယ်ခံရမည့်သူများ ဖြစ်ကြသည်။ ဘုရားသခင်အား လူတို့၏ ယုံကြည်မှုတွင် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်း ခံရသည်ထက် ပို၍ အန္တရာယ်ရှိသောအရာ မရှိပေ။ အကယ်၍ လူတို့သည် အန္တိခရစ်များနောက်သို့ စတင်လိုက်နေပြီးသားဖြစ်ပါက ၎င်းတို့သည် ထိုအန္တိခရစ်များဘက်၌ လုံးလုံးလျားလျား ရှိနေပြီးသားဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်သွားသော လူတို့ဖြစ်ကြပြီး ဘုရားသခင်နှင့် ဆန့်ကျင်လျက် ရှိနေကြကာ ဤသို့ဖြစ်နေလျှင် ၎င်းတို့၏ အဆုံးသတ်မှာ အလွန်ပင် သိသာထင်ရှားပေသည်။
ယင်းမှာ သမ္မာတရား လိုက်စားသည့်လူများကို အန္တိခရစ်တို့က မည်သို့ ကြဉ်ထားပြီး တိုက်ခိုက်သည့်အကြောင်း မိတ်သဟာယပြုစရာ ရှိသမျှအကုန်နီးပါး ဖြစ်ပေသည်။ သမ္မာတရားကို လိုက်စားသည့် လူများကို ၎င်းတို့ ကြဉ်ထားပြီး တိုက်ခိုက်ရာ၌ ၎င်းတို့၏ရည်ရွယ်ချက်၊ အကြံနှင့် သမ္မာတရား လိုက်စားသည့်လူများကို ၎င်းတို့ ဆက်ဆံသည့် သဘောထား၊ နည်းစနစ်များနှင့် နည်းနိဿယများအပြင် အန္တိခရစ်တို့အပေါ် သမ္မာတရားကို လိုက်စားသည့်လူများ ထားရှိသင့်သည့် ဆောင်ရွက်ပုံနည်းလမ်းများဖြစ်သော ဤအရာတစ်ခုချင်းစီကို အနည်းအကျဉ်း ငါတို့ မိတ်သဟာယပြုပြီးဖြစ်သော်ငြားလည်း အကုန်အစင် မဟုတ်သေးပေ။ လာလတ္တံ့သော မိတ်သဟာယသည် သတ်သတ်မှတ်မှတ်ရှိသော အခြေအနေများ၊ သတ်သတ်မှတ်မှတ်ရှိသော ကိစ္စရပ်များနှင့် လိုက်လျောညီထွေ ဖြစ်သည့်အခါ ဤနယ်ပယ်များရှိ သမ္မာတရား ပါဝင်ပတ်သက်နိုင်ပေသည်။ ထိုကဲ့သို့ သတ်သတ်မှတ်မှတ်ရှိသည့် အကြောင်းအရာကိစ္စကို မိတ်သဟာယပြုသောအခါ ထိုဒေသနာကို ကြားနာသူများ၌ မည်သည့်သဘောထားကို ပိုင်ဆိုင်ရမည်နည်း။ ၎င်းတို့သည် အာရုံစိုက်ရမည်၊ ဘုရားသခင်ရှေ့မှောက်တွင် မိမိတို့ကိုယ်ကို အာရုံမထွေပြားဘဲ ငြိမ်သက်နေရမည်။ အဘယ့်ကြောင့်ဆိုသော် သမ္မာတရား၏ လက္ခဏာသွင်ပြင်တိုင်း၌ သတ်သတ်မှတ်မှတ်ရှိသော ပြောဆိုချက်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ ရှိပြီး တစ်ခုချင်းစီတွင် သတ်သတ်မှတ်မှတ်ရှိသော အကြောင်းအရာနှင့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများ ပါရှိလေသည်။ ထိုမျှမက အကြောင်းအရာတစ်ခုစီ၏ နယ်ပယ်အတွင်းရှိ သမ္မာတရားသာမက လူတို့နားလည်သင့်သည့် သမ္မာတရားများနှင့် ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့် လမ်းကြောင်းတို့ ပါဝင်သည့် အယူအဆအပေါ်အခြေခံသော အရာများကို ရှုထောင့်အမျိုးမျိုးနှင့် နည်းလမ်းအမျိုးမျိုးမှ ငါတို့ပြောကြမည်။ ဤအရာအားလုံးကို ရလဒ်များ မထွက်မီ ရှင်းလင်းသည်အထိ မိတ်သဟာယပြုရန်နှင့် အချိန်ယူ စဉ်းစားရန် လိုအပ်သည်။ လူတစ်ဦး၏ တာဝန်ထမ်းဆောင်ခြင်း၌ ပါဝင်သည့် သမ္မာတရားစည်းမျဉ်းများသည် လူတို့ထင်သလောက် မရိုးရှင်းကြောင်း ငါတို့၏ လက်ရှိ အသေးစိတ်ကျသော မိတ်သဟာယပြုချက်မှနေ၍ ငါတို့တွေ့မြင်ရမည်။ သမ္မာတရားအား နားလည်ခြင်းသည် သဘောပေါက်နားလည်နိုင်စွမ်း မရှိသောသူတို့အတွက် တကယ့်အခက်အခဲကို ရင်ဆိုင်စေသည်။ သမ္မတရားကို နားလည်ခြင်းသည် တက္ကသိုလ်တက်သကဲ့သို့ အခက်အခဲအတိုင်းအတာတစ်ခုခု လိုအပ်သော်လည်း လူတစ်ဦးတွင် သဘောပေါက်နားလည်နိုင်စွမ်း ရှိပါက ခက်ခဲသည်ဟု ထင်ရမည် မဟုတ်ပေ။ လူတစ်ဦးသည် သမ္မာတရားကို ကြားရပြီးနောက် နားလည်နိုင်သရွေ့ ယင်းကို လက်တွေ့လုပ်ဆောင်ဖို့ရန် သူ၌ ပင်ကိုအားဖြင့် လမ်းကြောင်းတစ်ခု ရှိလာမည်ဖြစ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာ၌ လေ့ကျင့်လေလေ လက်တွေ့လုပ်ဆောင်ရာတွင် သူ၏လမ်းကြောင်းက ပို၍ ကျယ်ပြန့်လေလေဖြစ်ပြီး စည်းမျဉ်းများအား ပို၍အတိအကျ နားလည်သဘောပေါက်မှု သူ၌ ရှိလာမည် ဖြစ်သည်။ တစ်ဖက်တွင် ထိုသို့သော အသေးစိတ်ကျသည့် မိတ်သဟာယကို သင်နားမထောင်ဘဲ ခြုံငုံကောက်ချက်ချထားပြီး အယူအဆအပေါ် အခြေတည်သော အရာများကိုသာ နားလည်ပါက လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာလျှင် သင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ သင်သည် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေသည့်အခါ သင်လုပ်သမျှ အရာတိုင်းက မှားနေသည့်ပုံပေါက်မည်ဖြစ်ပြီး သင်သည် မည်သည့်အရာကို လုပ်ဆောင်ပါစေ ယင်းတို့ကို တိကျမှန်ကန်စွာ နားလည်နိုင်ခြင်းမရှိဟု ခံစားရလိမ့်မည်။ သို့ရာတွင် ယခုမူ ထိုသို့သော ခိုင်လုံသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် အသေးစိတ်ဖော်ပြချက်များဖြင့် နယ်ပယ် ကျဉ်းမြောင်းလာပြီး သမ္မာတရားက သီးသန့် ဖြစ်လာသည့်အခါ ယင်းသည် အသေးစိတ်ကျသောကြောင့် သမ္မာတရားကို တစ်ဖန် စတင် လက်တွေ့လုပ်ဆောင်သည့်အခါ သင်သည် များစွာ လွတ်လပ်လိမ့်မည် ဖြစ်သည်။ သာဓကအနေဖြင့် သင့်အား ငါ မှတ်စုစာအုပ်တစ်အုပ် ဝယ်ခိုင်းသည်ဟု ဆိုကြပါစို့။ သင့်အား ယင်း၏အရွယ်အစား၊ အထူအပါးနှင့် ဈေးနှုန်းတို့ကဲ့သို့ အခြေခံလိုအပ်ချက်များသာ ငါပေးပါက သင့်အနေဖြင့် ဤစည်းမျဉ်းများကို နားလည်ဖို့နှင့် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ဖို့ ကြိုးပမ်းအားထုတ်မှု အချို့ လိုကောင်းလိုနိုင်သည်။ သို့သော် မှတ်စုစာအုပ်၏ တိကျသော အရောင်၊ အရွယ်အစား၊ စာမျက်နှာ အရေအတွက်၊ ပုံစံအချိုးအစား အတိအကျကဲ့သို့သော အရာများနှင့် စာရွက်အရည်အသွေး အစရှိသည့် အရာများကို သင့်အား ငါပြောပြပါက ထိုသို့သော အသေးစိတ်အချက်အလက်များဖြင့် ခိုင်းသည်ကို ခံရပြီးနောက် သင်နားလည်သည့် စည်းမျဉ်းများသည် သာ၍ ခိုင်လုံမည် မဟုတ်လော။ ငါသာ သင့်အား စာရွက်တစ်ရွက်ပေးပြီး ထိုစာရွက်နှင့် တစ်ထပ်တည်း အရည်အသွေး၊ အထူအပါး၊ အရောင်၊ အကွက်အရွယ်များနှင့် အရေအတွက် ပါရှိသည့် မှတ်စုစာအုပ်တစ်အုပ်ကို ဝယ်ခိုင်းလျက် သာ၍ တိကျပါက သို့မဟုတ် အင်္ဂါရပ်တစ်ခုချင်းစီအတွက် လက်သင့်ခံနိုင်သော ခြားနားချက်အပေါ် ငါ သတ်မှတ်ချက်များပေးပါက သင် သွားဝယ်သည့်အခါ ရွေးချယ်မှု အမျိုးမျိုးသည် နည်းသွားမည် မဟုတ်လော။ (နည်းသွားမည်ဖြစ်ပါသည်။) သင် လက်တွေ့လုပ်ဆောင်သည့်အခါ ဆီလျော်သော စည်းမျဉ်းများသည် သင့်အတွက် သာ၍ ခိုင်လုံပြီး တိုး၍ ရိုးရှင်းလာသည် မဟုတ်လော။ ဤအရာက သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့် ပတ်သက်လာလျှင် သင့်အား အထောက်အကူပေးမည်လော၊ သို့မဟုတ် ဟန့်တားမည်လော။ (ယင်းက အထောက်အကူပေးလောက်သည်။) အမှန်တွင် သမ္မာတရား၏ အမျိုးမျိုးသော လက္ခဏာသွင်ပြင်များကို သာ၍ ခိုင်လုံစွာနှင့် သာ၍ အသေးစိတ်ကျကျ ပြောထားပြီးဖြစ်သည့်အပြင် သီးသန့်အရေးကိစ္စများ၊ အထူး သရုပ်သကန်များကို မည်သို့ သဘောထားကိုင်တွယ်ရမည်ဟူသော အသေးစိတ်များကိုလည်းကောင်း၊ လက်တွေ့လုပ်ဆောင်နည်းနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်အထိလည်းကောင်း ဤအရာအားလုံးကို သင့်အား စေ့စေ့စပ်စပ် ပြောပြီးဖြစ်သောကြောင့် ယင်းက အထောက်အကူ ဖြစ်လောက်ပေသည်။ သင်သည် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသေးပါက သမ္မာတရားကို သဘောပေါက်နားလည်ဖို့ သင်၌ မည်သည့် စွမ်းရည်မျှ မရှိချေ။
ယခု သင်တို့၌ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ရှိမရှိဟူသည်မှာ သင်တို့အနေဖြင့် သမ္မာတရားကို ရရှိပြီး စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရနိုင်ခြင်း ရှိမရှိဟူသည့်ကိစ္စအတွက် အခရာဖြစ်သည်။ ယခုတွင် တာဝန်တစ်ခုချင်းစီကို ထမ်းဆောင်သည့် အမှုထမ်းများအရ ပြည့်မီသော တာဝန်ထမ်းဆောင်မှုနှင့် ဆက်စပ်သည့် သမ္မာတရားများကို အမျိုးအစားခြောက်မျိုးအဖြစ် ငါ ခွဲခြားသည်အထိ ပြောခဲ့ပြီးပြီ။ ထိုအမျိုးအစားတစ်ခုကို တိကျသော အမျိုးအစားများအဖြစ် ထပ်ဆင့် ခွဲထားပြီး အမျိုးအစားတစ်ခု၌ အသေးစိတ်ကျသော မိတ်သဟာယပြုချက် ခေါင်းစဉ်ခွဲများ ရှိသည်။ သင်တို့၏ကိစ္စတွင် ဤတရားဟောချက်မျိုးနှင့် ထိုသို့သောသမ္မာတရားများအား မိတ်သဟာယပြုချက်က သင်တို့အား သမ္မာတရားကို ပို၍နားလည်စေပြီး လက်တွေ့လုပ်ဆောင်ရမည့် စည်းမျဉ်းများကို ပိုပေးသလော၊ သို့မဟုတ် ယင်းက စည်းမျဉ်းများကို ရှာတွေ့ဖို့ ပို၍ခက်ခဲစေသလော။ (ထိုအရာကြောင့် ကျွန်ုပ်တို့တွင် ပိုများသော စည်းမျဉ်းများရှိသည်။) ယင်းက ပို၍ကြီးမားသော နားလည်ခြင်းသို့ ဆိုက်ရောက်စေသင့်သည်ဖြစ်၍ ငါ၏ အသေးစိတ်ကျသော ဒေသနာသည် သင်တို့အတွက် အသုံးတည့်လောက်သည်။ ယင်းက သင်တို့ကို ပို၍ရှုပ်ထွေးမှုမဟုတ်ဘဲ ပို၍ရှင်းလင်းမှုကို ပေးရမည်။ လူတစ်ဦးသည် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းရှိမရှိသာ အဓိကဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည့် အစွမ်းအစကောင်းရှိသော လူတစ်ဦး အမှန်တကယ်ဖြစ်ပါက သူသည် ပို၍ပို၍ ရှင်းလင်းနားလည်လာမည် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် အစွမ်းအစညံ့ဖျင်းပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပါက သူသည် နားလည်နိုင်စွမ်း ပို၍လျော့နည်းမည်ဖြစ်ပြီး ပို၍ပို၍သာ ရှုပ်ထွေးလာမည် ဖြစ်သည်။ အချို့က “ကျွန်ုပ် အနည်းငယ် နားလည်ခဲ့သည်ဟု ထင်နေကျဖြစ်သော်လည်း ယခုတွင်မူ ကျွန်ုပ်အထဲ၌ မည်သည့်အရာမျှ မရှိတော့သည့်အလား ကြားရလေလေ ရှုပ်ထွေးလေလေ ဖြစ်သည်။ ယင်းမှာ မည်သည့်အရာ ဖြစ်ပျက်နေသနည်း” ဟု ပြောကောင်း ပြောကြမည်။ အကယ်၍ အသက်ဝင်ရောက်မှုအကြောင်း ပြောပြချက်က အသေးစိတ်ကျလွန်းသွားပါက လူတို့တွင် အတွေ့အကြုံကင်းမဲ့ပြီး အစွမ်းအစညံ့ဖျင်းလျှင် နားလည်ဖို့ခက်ခဲသည်။ ပြောပြချက်က အသေးစိတ်ကျလေလေ အစွမ်းအစညံ့ဖျင်းသော လူတို့မှာ ရှေ့မတိုးလေလေ ဖြစ်တတ်သည်။ ၎င်းတို့သည် အဘယ့်ကြောင့် ရှေ့မတိုးဘဲ ရှိတတ်သနည်း။ ဤအရာ၌ အခြေအနေအချို့ရှိ၏။ တစ်ခုမှာ ထိုကဲ့သို့သော လူတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် သမ္မာတရားက မည်သည့်အရာဖြစ်သည် သို့မဟုတ် သီးခြားအခြေအနေ တစ်ခုက မည်သည့်အရာဖြစ်သည်ကို နားမလည်ပေ။ ဤအရာများကို ၎င်းတို့ နားမလည်ပေ။ ဤအနေအထားမှာ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သည့်အနေအထား ဖြစ်၏။ ထိုကဲ့သို့သော လူတို့နှင့်ဆိုလျှင် နောက်ဆုံး ဆောင်ရွက်စရာ တစ်ခုတည်းရှိ၏။ အမိန့်များကို လိုက်နာဆောင်ရွက်ဖို့ စက်ရုပ်တစ်ရုပ်အား လိုအပ်သလို စီစဉ်ညွှန်ကြားသကဲ့သို့ပင် ၎င်းတို့အပေါ် အမှုအရာများ ကျရောက်သောအခါ မည်သည့်အရာ ပြုလုပ်သင့်ကြောင်း ၎င်းတို့အား တိတိကျကျ ပြောပြခြင်းပင်ဖြစ်သည်။ ၎င်းတို့အား စည်းမျဉ်းများကို ထိန်းသိမ်းစေခြင်းသည်ပင် လုံလောက်၏။ ဤနည်းစနစ်က ထိုသို့သော လူတို့၌ ရလဒ်များကို ထွက်ပေါ်စေနိုင်သည်။ ၎င်းတို့အတွက် အခြားနည်းလမ်း မရှိပေ။ လက်ဆုပ်လက်ကိုင် အပြနိုင်ဆုံးသော အရာများအထိ အသေးစိတ်အကျဆုံးပုံစံဖြင့် စကားပြောခြင်း၊ လက်ဆုပ်လက်ကိုင် အပြနိုင်ဆုံးသော အရာများအထိ ရှင်းလင်းပြောပြခြင်း ဟူသည့် ဤနောက်ဆုံးဆောက်ရွက်ချက်ကို ယခု ငါ အသုံးပြုနေသည်။ လူအချို့က ၎င်းတို့သည် နားမလည်သေးဟု ဆိုကြသဖြင့် ငါသည် ဆက်လက်၍ ၎င်းတို့၌ ဖြစ်ပေါ်လာသည့် မည်သည့်အရာမဆို မည်သို့ သဘောထားပြီး ကိုင်တွယ်ရမည်ကို ၎င်းတို့အား တိတိကျကျ ပြောပြမည် ဖြစ်သည်။ ၎င်းတို့အား စည်းမျဉ်းများကို ထိန်းသိမ်းအောင်လုပ်နေခြင်း ဖြစ်သည်။ ဤသည်မှာ ငါတတ်နိုင်သမျှ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၌ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိပေ။ လူတိုင်း၏ အခြေအနေမှာ အတိအကျ တူညီသည်မဟုတ်သော်လည်း ခြားနားချက်က အနည်းငယ်သာ ဖြစ်သည်။ အကယ်၍ သင်တို့သည် ငါ့ကို ထိုခြားနားချက်များ တစ်ခုချင်းစီကို သင်တို့အား တိတိကျကျနှင့် ရှင်းရှင်းလင်းလင်း ပြောခိုင်းသည်ဆိုလျှင် သင်တို့သည် အစွမ်းအစ ညံ့ဖျင်းသောသူ များပြားလွန်းသည်ဖြစ်၍ အားလုံးကို ခြုံငုံနိုင်ဖို့ ငါ့အနေဖြင့် ခက်ခဲပေမည်။ အလုပ်၏ ထိုအပိုင်းကို လုပ်ဆောင်ဖို့အတွက် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိပြီး သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းရှိသော သင်တို့အတွက် လိုအပ်မည်ဖြစ်သည်။ ငါ၏အလုပ်ကို အတော်လေး တာဝန်ယူပြီးသား ဖြစ်သည်။ အားထုတ်ပေးဆပ်နိုင်သမျှမှာ ဤမျှသာဖြစ်သည်။ ငါ တတ်နိုင်သမျှကို လုပ်ဆောင်ပြီးပြီ။ လူဇာတိ၌ရှိသော ဘုရားသခင် လုပ်ဆောင်သည့် အလုပ်အားလုံးနှင့် ပြောသည့် စကားအားလုံးမှာ သာမန်လူတစ်ဦးအတွက် နားလည်နိုင်စရာ ဖြစ်ပြီး ရရှိနိုင်စရာ ဖြစ်၏။ ယင်းမှာ ပုံမှန်လူ့သဘာဝ၏ စဉ်းစားဉာဏ်နှင့် တုံ့ပြန်ချက်များရှိသော လူတို့၌ လုပ်ဆောင်၍ရနိုင်သည့် အတိုင်းအတာဖြစ်၏။ အချို့က “ဘုရားသခင်သည် ထူးဆန်းသော တန်ခိုးများကို ပြုလုပ်မည်မဟုတ်လော” ဟု မေးကြသည်။ ဘုရားသခင်သည် ထူးဆန်းသော တန်ခိုးများကို မပြုလုပ်ပေ။ ဤအရာများအားလုံးကို စစ်မှန်ပြီး လက်တွေ့ကျသော နည်းလမ်းဖြင့် လုပ်ဆောင်ရန် လိုအပ်သည်။ ယင်းမှာ အဆင့်သုံးဆင့်ရှိသည့် ဘုရားသခင်၏ အလုပ်ကဲ့သို့သော ဖြစ်၏။ လူသားမျိုးနွယ်အား ၎င်းတို့၏ အသက်များထဲသို့ ခေါ်ဆောင်သွားဖို့ ၎င်းတို့အတွက် သူ၏ ဥပဒေထုတ်ပြန်ကြေညာချက်ဖြင့် အစပြုလျက် ကားစင်တင်သတ်ခံရခြင်းနှင့် ရွေးနုတ်ခြင်းအမှု လုပ်ဆောင်ခြင်းအထိ၊ ထို့ပြင် ထိုမှနေ၍ ဘုရားသခင်၏ လူဇာတိခံယူခြင်းက လူသားမျိုးနွယ်ကို ကယ်တင်သည့်၊ သမ္မာတရားများအားလုံးကို ဖော်ပြသည့် နောက်ဆုံးသောကာလအထိ အဆင့်တစ်ခုစီတိုင်းကို လူသားနှင့် မျက်နှာချင်းဆိုင် စကားပြောပြီး အလုပ်လုပ်ကာ စစ်မှန်သော၊ လက်တွေ့ကျသော နည်းလမ်းဖြင့် လုပ်ဆောင်လေသည်။ ယင်း၌ မည်သည့် ထူးဆန်းသောတန်ခိုးမျှ မရှိချေ။ အကြီးမားဆုံး ထူးဆန်းသော တန်ခိုးမှာ ဘုရားသခင်သည် ကိုယ်တိုင်ကိုယ်ကျ စကားပြောပြီး အလုပ်လုပ်ခြင်းဖြစ်ပြီး မည်သည့်နည်းလမ်းကို သူအသုံးပြုသည်ဖြစ်စေ နောက်ဆုံးတွင် သူသည် လူတစ်စုကို စုံလင်အောင်ပြုပြီး ရရှိမည့်အကြောင်းပင် ဖြစ်သည်။ ဤအရာသည် ဧကန်မုချ ဖြစ်မြောက်အောင်မြင်မည် ဖြစ်သည်။ ယင်းက အချိန်နှင့်သာဆိုင်၏။ ဤသည်မှာ အကြီးမားဆုံးသော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများဖြစ်ပြီး ဘုရားသခင်သည် လူသား၏ စိတ်နှလုံးထဲ၌ သမ္မာတရားကို အမှုပြုဖို့အတွက် အခြား သဘာဝလွန် နည်းလမ်းကိုမျှ အသုံးချမည် မဟုတ်ပေ။ ယခုတွင် ဤသမ္မာတရားများကို ထိုမျှအသေးစိတ်ဖြင့် မိတ်သဟာယပြုထားပြီး ဖြစ်ကာ အကယ်၍ သင်၌ သဘောပေါက်နားလည်နိုင်စွမ်းရှိပြီး သမ္မာတရားကို လိုက်စားသောသူ အမှန်တကယ် ဖြစ်ပါက၊ ထို့နောက် အမှန်ပင် အလေးဂရုပြုပြီး အနည်းငယ် ကြိုးပမ်းမှုပြုပါက သင့်အနေဖြင့် သမ္မာတရား သို့မဟုတ် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို နားလည်ဖို့ မဖြစ်နိုင်စရာ အကြောင်းမရှိပေ။ မိမိတို့သည် သမ္မာတရားကို ချစ်မြတ်နိုးသည်ဟု ဆိုသောသူ အချို့ရှိသော်လည်း တရားဒေသနာများကို နှစ်ပေါင်းများစွာ ကြားနာပြီးနောက် ၎င်းတို့ အဘယ့်ကြောင့် နားမလည်သေးသနည်း။ ဖြစ်နိုင်ချေနှစ်ခု ရှိ၏။ တစ်ခုမှာ ၎င်းတို့၌ မည်သည့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမျှ လုံးဝ မရှိသည့်အပြင် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း မရှိပေ။ နောက်တစ်ခုမှာ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် ချစ်မြတ်နိုးခြင်းမရှိသည့်အပြင် ယင်းကို လိုက်စားရာ၌ မည်သည့်အခါမျှ ကြိုးပမ်းအားထုတ်မှု မပြုခဲ့ဖူးချေ။ ဤသည်တို့မှာ ဖြစ်နိုင်ချေရှိသော အကြောင်းရင်းနှစ်ခု ဖြစ်သည်။ အခြားသော လူအချို့က ၎င်းတို့သည် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ခြင်း မရှိသေးသည့်အပြင် တရားဒေသနာများစွာကို မကြားနာရသေးဘဲ အတွေ့အကြုံများစွာ မရှိသောကြောင့် သမ္မာတရားကို နားမလည်ကြဟု ဆိုကြသည်။ ဤသည်မှာလည်း နောက်ထပ် အကြောင်းရင်းတစ်ခုဖြစ်၏။ သို့သော်လည်း သင်သည် သမ္မာတရားကို အမှန်တကယ် ချစ်မြတ်နိုးသော လူတစ်ဦးဖြစ်ပါက ဘုရားသခင်ကို သင်ယုံကြည်သည့်နှစ်ကာလ များပြားလာသည်နှင့်အမျှ သမ္မာတရားအား သင်၏ သိနားလည်မှု ပို၍တိုးပွားလာလေ ဖြစ်မည်ဖြစ်ပြီး သင်သည် ဝိညာဉ်ရေးရင့်သန်မှု ပို၍ကြီးထွားလာလေ ဖြစ်မည်တည်း။
သမ္မာတရား၏ မည်သည့်လက္ခဏာသွင်ပြင်ကိုမဆို မိတ်သဟာယပြုရာ၌ ပြဿနာများကို ဖြေရှင်းနိုင်သည့်ပုံစံဖြင့် အပြည့်အဝ တင်ပြဖို့ စကားလုံးအနည်းငယ်မျှထက် ပို၍လိုအပ်သည်။ ယနေ့ခေတ်လူများအဖို့ ယေဘုယျဖြစ်ခြင်းသည် အယူဝါဒသက်သက်၊ သဘောတရားသက်သက် မဟုတ်ချေ။ ထို့ကြောင့် လူများသည် တစ်စုံတစ်ခုကို လက်ခံပြီးသည့်အခါ ယင်းကို ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှု၌ စည်းမျဉ်းများအဖြစ် ပြောင်းလဲဖို့ ငါသည် ၎င်းတို့ကို အဘယ်သို့ နားလည်စေပြီး အဘယ်သို့ တတ်နိုင်စွမ်းစေနိုင်သနည်း။ ငါသည် သာ၍ တိတိကျကျနှင့် များစွာ အသေးစိတ်ကျကျ စကားပြောရမည် ဖြစ်သည်။ ငါသည် ဇာတ်လမ်းတစ်ခုကို ပြောနေသည်ဖြစ်စေ၊ သမ္မာတရားကို မိတ်သဟာယပြုနေသည်ဖြစ်စေ၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ ပြောနေသည်ဖြစ်စေ ၎င်းတို့သည် တစ်ခုလုံး၌ သာ၍ အသေးစိတ်ကျပြီး တိကျရမည်။ တိကျသည့် စကားသည် သင်တို့အဖို့ အကျိုးဖြစ်ထွန်းစေသည်။ ထို့ကြောင့် သင်တို့ အနည်းငယ် သာ၍ နားလည်ဖို့အလို့ငှာ သင်တို့အတွက် ဇာတ်လမ်းများနှင့် နမူနာတို့ကို အကြံထုတ်ရန် ငါ အစဉ် ဦးနှောက်ခြောက်ရမည်ဖြစ်သည်။ ထိုသို့သော နည်းလမ်းဖြင့် ပြုမူဖူးခြင်းရှိမရှိ၊ သို့မဟုတ် ထိုသို့သော လူတစ်ဦးကဲ့သို့ ပြုမူမည်ဟုတ်မဟုတ်၊ သို့မဟုတ် ထိုသို့သော နည်းလမ်းဖြင့် တွေးဖူးခြင်းရှိမရှိ၊ သို့မဟုတ် ထိုသို့သော အခြေအနေတစ်ခုတွင် လှောင်ပိတ်မိဖူးခြင်း ရှိမရှိတို့ကို သိမြင်ဖို့အတွက် သင်တို့၏စိတ်ထဲတွင် မိမိတို့ကိုယ်ကို တိုက်ဆိုင်စစ်ဆေးရန် သင်တို့၌ ပုံစံတစ်ခု ရှိဖို့အလို့ငှာ ငါသည် ဤသမ္မာတရားများအားလုံးကို ဖြစ်ရပ်တိုင်းဖြစ်ရပ်တိုင်း၌ စစ်မှန်ခိုင်လုံစေပြီး ငါမိတ်သဟာယပြုသည့် သမ္မာတရားများကို ငါပြောပြထားသည့် ဖြစ်ရပ်တိုင်းနှင့် ငါပေါင်းစပ်ထားသည်။ ဤသမ္မာတရားများကို သင်တို့ နားထောင်သည့်အခါ သင်သည် ယင်းတို့၌ နစ်မြုပ်နေသည့်အလား ယင်းတို့နှင့်ပတ်သက်၍ သင်၌ ကွက်ကွက်ကွင်းကွင်း နားလည်ခံယူမှုတစ်ခုကို အစဉ်မပြတ် ရနေလေအောင် ငါ ပြုလုပ်လေသည်။ ဤသည်မှာ ငါ ဇာတ်လမ်းများပြောပြီး နမူနာများ ပေးသည့် အကြောင်းအရင်း ဖြစ်သည်။ ဇာတ်လမ်းတစ်ခု စတင်သည်ကို ကြားသည်နှင့် စိတ်မရှည် ဖြစ်လာသည့်သူ အချို့ရှိကြသည်။ “နောက်ထပ် ဇာတ်လမ်းလာပြန်ပြီလား။ ငါက ဘာလဲ၊ သုံးနှစ်သားလေးလား” ဟူ၍ပင်။ သင်သည် အသက်အရ မငယ်ကောင်း မငယ်နိုင်သော်လည်း ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်တွင်မူ သင်သည် သုံးနှစ်ထက်ပင် ငယ်နိုင်သေးသည်။ ယင်းမှာ အကြောင်းအရာအဖြစ်မှန်ပင်။ ထို့ကြောင့် သင်တို့အား သုံးနှစ်ကလေးများအနေဖြင့် ဆက်ဆံသည်မှာ သင်တို့ကို စော်ကားခြင်း မဟုတ်သည့်အပြင် ယင်းမှာ လုံးဝ အလွန်အကျွံ မဟုတ်ချေ။ ငါမြင်ရသလောက်မှာ ယင်းသည် သင်တို့ကို ပိုခန့်မှန်းထားခြင်း ဖြစ်သည်။ သုံးနှစ်သားတစ်ဦးက ကပ်ကြေးသည် ထက်ပြီး မကိုင်ရဟု လူကြီးတစ်ဦး ပြောသည့်အရာကို ကြားသည်နှင့် ဤအရာကို စည်းမျဉ်းတစ်ခုအဖြစ် ၎င်းတို့ အမှတ်ရလိမ့်မည်။ ၎င်းတို့က ယင်းကို ကိုင်မည် မဟုတ်ဘဲ၊ ယင်းတို့နှင့်ဆင်တူသည့် ကိရိယာများ၊ သို့မဟုတ် ဓါးများကိုပင် ကိုင်မည် မဟုတ်ချေ။ ယင်းတို့အားလုံး ထက်သည်ကို ၎င်းတို့ သိကြသည်။ ဤစည်းမျဉ်းကို ကျွမ်းကျင်ပိုင်နိုင်ရမည်ဆိုသည်ကို ၎င်းတို့ သိကြသည်။ သို့ဆိုလျှင် လူများသည် မိမိတို့၏ လက်တွေ့လုပ်ဆောင်ခြင်း၌ အကြိမ်ရေအနည်းငယ် အောင်မြင်စွာ တွေ့ကြုံခံစားပြီးသည့် အရာတစ်ခု၌ စည်းမျဉ်းများကို ရှာတွေ့နိုင်သလော။ တစ်နည်းဆိုသော် ဘုရားသခင်၏ အပြုအမူများ၊ သင့်အပေါ် သူ၏သတ်မှတ်ချက်များနှင့် ကိစ္စရပ်တစ်ခု၌ သူ၏ သတ်မှတ်ထားသော စံနှုန်းများသည် အဘယ်အရာဖြစ်သည် စသည်တို့၏နောက်ကွယ်မှ ရည်ရွယ်ချက်များကို သင်နားလည်နိုင်သလော။ ပုံမှန်လူတစ်ဦး၏ ဉာဏ်ရည်အတိုင်း လိုက်နာပါက ဤအရာများကို သင်နားလည်နိုင်သင့်သည်။ သို့ဆိုလျှင် ငါ အဘယ်အရာကို ပြောပါစေ လူများ နားမလည်သည့် အခြေအနေများမှာ အဘယ်နည်း။ ပထမဦးစွာ ဤအရာ ဖြစ်ပျက်ခြင်း၏ အဓိကအကြောင်းအရင်းမှာ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဂရုတစိုက် ဆုတောင်းရင်းဖြင့် ဖတ်ရှုဖို့ မလိုလားသည်အထိ အသေးအဖွဲနှင့် ကိုယ်ရောစိတ်ပါ ပင်ပန်းရသော အရာများစွာ ကိုင်တွယ်ရန်ရှိသည့် လူများ ရှင်သန်နေထိုင်သည့် ကသုတ်ကရက်နိုင်သော ပတ်ဝန်းကျင်နှင့် ဆက်နွှယ်နေသည်။ ၎င်းတို့သည် သမ္မာတရားအတွက် မည်သည့်အားထုတ်မှုကိုမျှ ဦးမတည်ကြပေ။ ဤသည်မှာ အကြောင်းရင်း၏ လက္ခဏာသွင်ပြင်တစ်ခု ဖြစ်သည်။ အခြားတစ်ဖက်မှာ လူများသည် သမ္မာတရားအတွက် ဆာငတ်ခြင်းနှင့် ချစ်ခြင်း အလွန်နည်းပါးလှသည်မှာ တစ်ဆယ်သည် အပြည့်စုံဆုံး အမှတ်ဖြစ်ပါက သင်တို့၏ သမ္မာတရားကို ချစ်ခြင်း လက်ရှိအတိုင်းအတာသည် အများဆုံး သုံး သို့မဟုတ် ငါးဟု သတ်မှတ်ရမည် ဖြစ်သည်။ ထို့ကြောင့် အဆုံး၌ လူများသည် သမ္မာတရားကို နားမလည်ဘဲ မရရှိရခြင်း အကြောင်းရင်း၏ အကြီးမားဆုံး အစိတ်အပိုင်းမှာ ၎င်းတို့သည် အားထုတ်မှု မပြုရသေးသောကြောင့် ဖြစ်သည့်အပြင် ၎င်းတို့သည် ထိုအရာ၌ မိမိတို့၏ စိတ်မနှစ်ထားရှိသည့်အပြင် သမ္မာတရားကို ထိုမျှ လုံးဝ မချစ်သောကြောင့်လည်း ဖြစ်သည်။ လူတို့၏ သမ္မာတရားအား ချစ်မြတ်နိုးခြင်းက အတိုင်းအတာအားဖြင့် မလုံလောက်ပေ။ ယင်းမှာ စိတ်ဝင်စားမှု အနည်းငယ်မျှသာ ဖြစ်၏။ ချစ်မြတ်နိုးခြင်းအထိ တက်မလာပေ။ ယင်းမှာ လူတို့သည် ဤလောက၌ များစွာသော ဆုတ်ဆိုင်းမှုနှင့် ဒုက္ခဝေဒနာကို ခံစားလာပြီးဖြစ်သဖြင့် ဆက်လက်၍ အသက်မရှင်နိုင်တော့သောကြောင့်၊ ထို့ပြင် ဘုရားသခင်သည် လူတို့အား ကယ်တင်ပြီး သမ္မာတရားအား နေ့စဉ် မိတ်သဟာယပြုလျက် အလုပ်လုပ်နေကြောင်းနှင့် လူသားအား သူဖြည့်ဆည်းပေးသည့် အရာတိုင်း၏ အလျှံပယ်များပြားခြင်းကို ၎င်းတို့ မြင်တွေ့ပြီး ဖြစ်သောကြောင့်၊ ကောင်းသောသူမှာ ဘုရားသခင်ဖြစ်သည်ဟု ၎င်းတို့ခံစားရပြီး သူ၏ နှုတ်ကပတ်တော်များကို ဖတ်ကာ သမ္မာတရားကို အားထုတ်ကြိုးပမ်းလိုစိတ် ရှိလာသောကြောင့်သာ ဖြစ်၏။ ယင်းမှာ ၎င်းတို့၌ရှိသည့် အနည်းငယ်သော စိတ်ဝင်စားမှုဖြစ်သည်။ လူတို့၏ စိတ်နှလုံးများသည် ၎င်းတို့၏အချိန်ကို မည်သည့်အရာတွင် ပို၍ အသုံးပြုသနည်း။ ၎င်းတို့အားလုံးသည် အသေးအဖွဲကိစ္စများစွာ၌ ရှုပ်ထွေးနေကြကာ စိတ်ခံစားမှုဆိုင်ရာများ၊ လူမှုဆက်ဆံရေးဆိုင်ရာများ၊ အဆင့်အတန်းနှင့် ပကာသန၊ လူမှုအဖွဲ့အစည်း၏ ခေတ်ရေစီးကြောင်းဟူသည့် အရေးကိစ္စမျိုးစုံဖြင့် အချိန်ကုန်ကြသည်။ မိမိတို့၏ အစားအသောက်၊ အဝတ်အစား၊ လက်ဝတ်လက်စားနှင့် သွေးသားပျော်ရွှင်မှုများအတွက် မိမိတို့၏အချိန်နှင့် ခွန်အားကို ပို၍ အသုံးပြုသော လူအချို့ပင်ရှိ၏။ ၎င်းတို့သည် ဤအရာများအတွက် အမှန်တကယ် တန်ဖိုးရှိသော နေ့ရက်များကို ဖြုန်းတီးကြပြီး “ကျွန်ုပ်သည် ဘုရားသခင်အဘို့ အသုံးခံနေသည်” ဟု ယင်းကို အမွှမ်းတင်ကြ၏။ နောက်ဆုံးအနှစ်ချုပ်လိုက်သော် ၎င်းတို့သည် ပြန်တွေးကြည့်သောအခါ ဘုရားသခင်သည် မြောက်မြားစွာသော နှုတ်ကပတ်တော်များကို မိန့်မြွက်ခဲ့ပြီး အချိန်ကြာမြင့်စွာ အမှုပြုခဲ့ပြီဖြစ်သည့်တိုင် သမ္မာတရားကို ၎င်းတို့ မရရှိသေးကြောင်း သိနားလည်ရသည်။ ဤသည်မှာ ဘုရားသခင်က ၎င်းတို့အပေါ် သမ္မာတရားကို မပေးအပ်ခဲ့သောကြောင့် မဟုတ်ဘဲ ၎င်းတို့က သမ္မာတရားကို မိမိတို့၏ စိတ်နှလုံးများဖြင့် လက်မခံခဲ့သောကြောင့် သို့မဟုတ် ဘုရားသခင်က သမ္မာတရား မြောက်မြားစွာကို ဖော်ထုတ်ကြောင်း တွေ့ခဲ့သော်လည်း သမ္မာတရားအတွက် လုံ့လမစိုက်ထုတ်ခဲ့သောကြောင့်ပင် ဖြစ်၏။ ယင်းမှာ ဘုရားသခင်အား ၎င်းတို့ယုံကြည်လက်ခံလာသည့် နှစ်ပေါင်းများစွာ၌ ၎င်းတို့အား သမ္မာတရားနှင့် အသက်ကို မရရှိစေသည့်၊ အဆုံး၌ ဖယ်ရှားရှင်းလင်းခြင်းကို ခံရစေမည့်အရာပင် ဖြစ်သည်။
၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၂၂ရက်နေ့။