အချက် ၅- ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေကာ သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏

ဖြည့်စွက်ချက်- ဒါ့ပေါင်နှင့် ရှောင်ပေါင်တို့၏ ဇာတ်လမ်း

ယနေ့ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို သတ်သတ်မှတ်မှတ် အစမပြုမီ ဇာတ်လမ်းတစ်ပုဒ်ဖြင့် ငါ အစပြုမည်။ သင်တို့အားလုံး ဇာတ်လမ်းများ နားထောင်ရသည်ကို နှစ်သက်ကြသလော။ (နှစ်သက်ပါသည်။) သို့ဆိုလျှင် ဇာတ်လမ်းများကို နားထောင်ခြင်း၌ စည်းမျဉ်းရှိသလော။ ပြောပြနေသော ဇာတ်လမ်းများတွင် သင်သည် သမ္မာတရား၏ လက္ခဏာသွင်ပြင်တစ်ခုကို သဘောပေါက်နားလည်ခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ဆိုင်သည့် လက္ခဏာသွင်ပြင်တစ်ခုကို နားလည်ခြင်း၊ လူ့သဘာဝအနှစ်သာရ၏ လက္ခဏာသွင်ပြင်တစ်ခုကို သတိပြုမိခြင်း၊ သို့မဟုတ် ထိုဇာတ်လမ်းထဲတွင် လူတို့ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်သင့်သည့် သမ္မာတရား လက်တွေ့ကျမှုကို ရှာဖွေတွေ့ရှိခြင်း ရှိနိုင်ရမည်။ ဤသည်မှာ ဇာတ်လမ်းများ ပြောပြခြင်း၏ အဓိပ္ပာယ် ဖြစ်သည်။ ယင်းမှာ အလဟဿ စကားလျှောက်ပြောခြင်း မဟုတ်သည့်အပြင် အတင်းအဖျင်းပြောခြင်းလည်း သေချာပေါက် မဟုတ်ပေ။ လူအချို့သည် ဇာတ်လမ်းများကို နားထောင်သောအခါ ဖြစ်ရပ်များကိုသာ နားလည်သဘောပေါက်ကြသည်။ ၎င်းတို့သည် မည်သည့် လူအမျိုးအစားများ ဖြစ်သနည်း။ (အစွမ်းအစညံ့ဖျင်းသော လူတို့ဖြစ်ကြသည်။) ညံ့ဖျင်းသော အစွမ်းအစဟူသည်မှာ ၎င်းတို့ အတွေးအခေါ်မရှိသည်ကို ဆိုလိုသည်။ အဓိကအားဖြင့် ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ကြသည်။ ၎င်းတို့သည် မည်သည့်ဇာတ်လမ်းကို နားထောင်သည်ဖြစ်စေ ဖြစ်ရပ်များကိုသာ မှတ်မိနိုင်ကြသည် သို့မဟုတ် ထိုဇာတ်လမ်းမှ စည်းမျဉ်းစည်းကမ်း အနည်းငယ်ကိုသာ သတိပြုမိနိုင်ကြသည်။ သို့သော် ဇာတ်လမ်းထဲမှ လူတို့နားလည်သင့်သည့် သမ္မာတရားအမျိုးမျိုးနှင့် ပတ်သက်လာလျှင် ၎င်းတို့သည် သဘောပေါက်ခြင်း၊ နားလည်ခြင်း သို့မဟုတ် သဘောပေါက်နားလည်ခြင်း မရှိကြပေ။ ဤအပြုအမူသည် ဝိညာဉ်‌ရေးရာ နားလည်သ‌ဘောပေါက်မှု အနည်းဆုံး၏ ညွှန်ပြချက် မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့ တစ်ယောက်တလေသည် ဇာတ်လမ်းတစ်ပုဒ်ကို နားထောင်ပြီးနောက် ဤအပြုအမူမျိုးကို ပြသဖူးသလော။ ယင်းကို ကြားနာပြီးနောက် သိပ်နားမလည်၊ ထိုဇာတ်လမ်းက အဓိပ္ပာယ်မရှိသည့်အပြင် ယင်းကို ပြောပြော၊ မပြောပြော ကိစ္စမရှိဟု ခံစားခြင်းဖြစ်သည်။ ထိုသို့သော လူတို့၌ သဘောပေါက်နားလည်နိုင်စွမ်း ရှိသလော။ သင်တို့သည် ဇာတ်လမ်းတစ်ပုဒ်ကို နားထောင်သောအခါ ထိုဇာတ်လမ်းထဲရှိ ဖြစ်ရပ်များမှနေ၍ အကျိုးကျေးဇူးတစ်ခုခု ရရှိနိုင်သလော။ ယင်းမှ သမ္မာတရားကို နားလည်နိုင်သည်ဖြစ်စေ၊ နားမလည်နိုင်သည်ဖြစ်စေ ဇာတ်လမ်းများ နားထောင်ခြင်းနှင့်ပတ်သက်၍ ငါ ယခုတင် ထုတ်ပြောသွားသော စည်းမျဉ်းကို သင်တို့ နားလည်သင့်သည်။ ကိုင်း၊ ဇာတ်လမ်းကို အစပြုကြစို့။

ရှောင်ပေါင်ဟု‌‌ခေါ်သော ကောင်လေးတစ်ယောက် ရှိခဲ့သည်။ မကြာသေးမီက လူတစ်ဦး သူ့အိမ်သို့ရောက်လာပြီး ဤလူက ရှောင်ပေါင်၏ မိဘများနှင့် မကြာခဏ အပြင်ထွက်ကာ ဧဝံဂေလိတရားဟောလေ့ရှိသည်။ တစ်နေ့တွင် ရှောင်ပေါင်၏ မိဘများသည် ကိစ္စလေးတစ်ခုလုပ်ဖို့ အပြင်ထွက်သွားကြပြီး အိမ်တွင် ထိုလူနှင့် ရှောင်ပေါင်ကို ချန်ထားခဲ့ကြသည်။ ငါတို့၏ ဇာတ်လမ်းက ဤတွင် အစပြု၏။ ရှောင်ပေါင်သည် ထိုလူနှင့် သိပ်မရင်းနှီးသဖြင့် ထိုလူသည် ရှောင်ပေါင်ဆော့ကစားနေစဉ် သွားပြီး သူနှင့်ရင်းနှီးရန် ဆုံးဖြတ်လိုက်သည်။ သူက ရှောင်ပေါင်ကို သိပြီး သူ၏နာမည်ကိုပင် သိသည်ဟု ပြောသည်။ ရှောင်ပေါင် ပျော်ရွှင်သွားပြီး ထိုလူသည် လူဆိုးတစ်ဦးမဖြစ်နိုင်ဟု တွေးလိုက်သည်။ ထို့နောက် ထိုလူက ရှောင်ပေါင်ကို “ရှောင်ပေါင်၊ မင်း၏ မိဘများက သူတို့ စကားပြောစဉ်တွင် ငါ့အကြောင်းကို ပြောဖူးကြသလား” ဟု မေး၏။ ရှောင်ပေါင်က တစ်ခဏ စဉ်းစားလိုက်ပြီး “ကျွန်တော် မသိပါ” ဟု ဆိုသည်။ ထိုလူက “မင်းသည် ရိုးသားသောကလေးတစ်ဦး ဖြစ်သည်။ လိမ္မာသောကလေးများသည် သူတို့သိသည့်အရာကိုသာ ပြောသည်” ဟု ပြောလေသည်။ သူသည် ရှောင်ပေါင်ကို ထပ်မံ၍ “မင်းမိဘများသည် ငါ့အကြောင်းကို ပြောဖူးသလား၊ သို့မဟုတ် မပြောဖူးဘူးလား” ဟု မေးပြန်၏။ ရှောင်ပေါင်က သူမသိကြောင်း ပြောနေသေးသည်။ ထိုလူက ဆက်လက်၍ “ရှောင်ပေါင်၊ လိမ္မာပါ။ အကယ်၍များ မင်း ငါ့ကို အမှန်အတိုင်းပြောလျှင် ချိုချဉ်အနည်းငယ် ကျွေးမည်” ဟု ပြောလေသည်။ ရှောင်ပေါင်က တစ်ခဏမျှ စဉ်းစားလိုက်သော်လည်း သူ မသိကြောင်း ပြောနေဆဲဖြစ်သည်။ ထိုလူက “သူအမှန်ပြောလာအောင် ငါ မည်သို့လုပ်ရပါမည်နည်း” ဟု ချင့်ချိန်စဉ်းစားလိုက်သည်။ သူက တစ်ခဏမျှ စဉ်းစားပြီးနောက် ရှောင်ပေါင်အား “ရှောင်ပေါင်၊ မင်းမိဘများက ဘုရားသခင်ကို ယုံကြည်ကြသည်။ ပြီးတော့ ငါလည်း ယုံကြည်သည်။ ငါက မင်းမိဘများနှင့် အရင်းနှီးမိတ်ဆွေဖြစ်သည်။ ငါတို့သုံးယောက်လုံး ဘုရားသခင်ကို ယုံကြည်ပြီး မင်းလည်း ဘုရားသခင်ကို ယုံကြည်သည်။ ဘုရားသခင်က မည်သို့သောကလေးမျိုးကို နှစ်သက်သည်ကို မင်းသိသလား” ဟု မေးလေသည်။ ရှောင်ပေါင်က ထိုအကြောင်းကို စဉ်းစားပြီး “ကျွန်တော် မသိပါ” ဟု ဖြေ၏။ ထိုလူက “ဘုရားသခင်က မုသားမပြောသော၊ ရိုးသားသော ကလေးများကို နှစ်သက်သည်။ သူတို့ တစ်ခုခုကို သိသည့်အခါ သိသည်ဟုပြောပြီး မသိသည့်အခါတွင် မသိကြောင်းပြောကြသည်။ ယင်းမှာ ရိုးသားသည့် ကလေးဖြစ်ပြီး ထိုသို့သော ကလေးများကို ဘုရားသခင်က နှစ်သက်သည်” ဟု ပြောလိုက်သည်။ ရှောင်ပေါင်က ဤအကြောင်းကို စဉ်းစားပြီးမှ “ကောင်းပြီ” ဟု ဆို၏။ ထိုအခါ သူမသိကြောင်း ဆက်၍ မပြောတော့ပေ။ ထိုလူက ဆက်ပြီး “အကယ်၍များ မင်းက ငါ့ကို အမှန်အတိုင်းပြောလျှင် မင်းသည် ရိုးသားသောကလေးတစ်ဦး၊ ဘုရားသခင် ချစ်သောကလေး ဖြစ်မည်” ဟု ပြောသည်။ ရှောင်ပေါင်က ဤအကြောင်းကို စဉ်းစားလိုက်ပြီး “သို့ဆိုလျှင် ကောင်းပါပြီ” ဟု ဆိုသည်။ ထိုလူက “‘သို့ဆိုလျှင် ကောင်းပါပြီ’ ဟူသည်မှာ မည်သည့်အဓိပ္ပာယ်နည်း” ဟု မေး၏။ ရှောင်ပေါင်က “ယင်းမှာ ကျွန်တော့်မိဘများ ယခင်က ဦးလေးအကြောင်း တစ်ခုခုပြောဖူးကြသည်ဟု ဆိုလိုပါသည်” ဟု ပြောလိုက်တော့သည်။ ထိုအခါ ထိုလူက မည်သည့်အရာကို ပြောခဲ့ကြောင်း ဆက်မေးပြီး ရှောင်ပေါင်ကို ရိုးသားသောကလေးတစ်ဦး ဖြစ်ဖို့နှင့် လိမ်မပြောဖို့ ထပ်ကာတလဲလဲ ပြော၏။ ရှောင်ပေါင်က “ကျွန်တော့်အမေနှင့် အဖေတို့က ဦးလေးသည် လူကောင်းမဟုတ်ကြောင်း ပြောသည်။ ဦးလေးက ထိုမျှမရိုးသားကြောင်း၊ သို့ဖြစ်၍ ဦးလေးနှင့် စကားပြောသည့်အခါတွင် သူတို့ သတိထားသင့်ကြောင်း သူတို့ပြောကြသည်” ဟု ဆိုလေသည်။ ထိုလူက ထပ်ပြီး “မင်းအမေနှင့် အဖေက အခြားမည်သည့်အရာ ပြောခဲ့သေးသနည်း” ဟု မေးပြန်၏။ ရှောင်ပေါင်က “ကျွန်တော် မမှတ်မိတော့ပါ” ဟု ပြန်ဖြေသည်။ “လိမ္မာလိုက်စမ်းပါ” ဟု ထိုလူက ဆို၏။ ထိုအခါ ရှောင်ပေါင်က “ကျွန်တော့်အမေနှင့် အဖေတို့က ဦးလေးကို အကုန်လုံး မပြောပြသင့်ဟု ပြောသည်” ဟု ပြန်ဖြေသည်။ ထို့နောက် ထိုလူက သူ့ကို ဆက်လက် မေးမြန်းပြီး ရှောင်ပေါင်ကလည်း သူ့ကို အများကြီးပြောပြ၏။ ထိုလူသည် ပို၍ပို၍ စိတ်မသက်မသာ ဖြစ်ပြီး ရှောင်ပေါင်အား “ရှောင်ပေါင်၊ မင်းက ဘုရားသခင်ချစ်သော ကလေး၊ အင်မတန်လိမ္မာသော ကလေးတစ်ဦး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မင်းက ရိုးသားသော လူတစ်ဦး ဖြစ်သည့်အပြင် မင်းသိသမျှကိုလည်း ငါ့ကို ပြောပြသောကြောင့် ဖြစ်သည်” ဟု ဆိုလေ၏။ ဤအချိန်တွင် ရှောင်ပေါင်သည် ဤလူကို အစကကဲ့သို့ သတိထားရှောင်ပြီး မဆက်ဆံတော့သည့်အပြင် သူမေးသမျှကို “ကျွန်တော် မသိပါ” ဟု နောက်ထပ် မတုံ့ပြန်တော့ချေ။ သူက ထိုလူအား အရာရာကို ပြောပြချင်သည်မှာ ထိုလူ မသိသောအရာမှန်သမျှကို ရှောင်ပေါင်အား မေးလိုက်ရုံသာလိုလေသည်။ ထိုလူကလည်း ရှောင်ပေါင်ကို “ငါ၏ အိမ်နာမည်မှာ ဒါ့ပေါင်ဖြစ်သည်။ သို့ဆိုလျှင် သင်သိပြီ၊ မင်းကို ရှောင်ပေါင်လို့ခေါ်သကဲ့သို့ ငါ့ကိုလည်း ဒါ့ပေါင်ဟု ခေါ်ကြသည်။ ငါတို့နှစ်ဦးသည် အရင်းနှီးဆုံး မိတ်ဆွေများ မဖြစ်သင့်သလော” ဟု ထုတ်ဖော်ပြောလေသည်။ ရှောင်ပေါင်က “ဖြစ်သင့်ပါသည်” ဟု ဖြေ၏။ သူတို့သည် ဆက်လက်၍ ရောက်တတ်ရာရာဖြင့် အမှုအရာများစွာအကြောင်း ပြောကြကာ ပို၍ စကားပြောလေလေ၊ သူတို့မှာ ပျော်လေလေဖြစ်ကြသည်။ ရှောင်ပေါင်ကလည်း စားစရာချိုချဉ်တချို့ ရပြီး ထိုလူအား သတိထားရှောင်ပြီး မနေတော့ချေ။ ထို့နောက် ထိုလူက ရှောင်ပေါင်ကို “နောင်တွင် အကယ်၍များ မင်းအမေနှင့် အဖေတို့က ငါ့အကြောင်းတစ်ခုခု ထပ်ပြောလျှင် ငါ့ကို ပြန်ပြောပြနိုင်မည်လော” ဟူသည့် ဤတောင်းဆိုချက်ကို ပြုလေသည်။ ရှောင်ပေါင်က “ပြောပါမည်။ အကြောင်းမှာ ကျွန်တော်တို့က ရင်းနှီးသောမိတ်ဆွေများ ဖြစ်သောကြောင့် ဖြစ်သည်” ဟု ဆိုသည်။ ရှောင်ပေါင်သည် ဤလူအား သတိထားရှောင်ပြီး မနေတော့ဘဲ ဤလူသည် သူ့ထံမှလိုချင်သည့် သတင်းအချက်အလက်ကို ရရှိလေတော့သည်။ ထိုနေ့မှစ၍ သူတို့သည် တကယ့် မိတ်ဆွေကောင်းများ ဖြစ်သွားကြလေ၏။ ရှောင်ပေါင်၏ မိခင်နှင့်ဖခင်က ထိုလူအကြောင်း တစ်စုံတစ်ခု ပြောသည့်အခါတိုင်း ရှောင်ပေါင်က သူ့ကို အလျင်အမြန် ပြောပြတတ်သည်။ ထိုလူကလည်း ရှောင်ပေါင်ကို “ငါတို့နှစ်ဦးကြားမှ ကိစ္စကို မင်းအမေနှင့် အဖေကို ငါလုံးဝ ပြောပြမည် မဟုတ်ပါ။ ဤသည်မှာ ငါတို့၏ လျှို့ဝှက်ချက်ဖြစ်သည်။ နောင်တွင် မင်း အရသာရှိသော အစားအစာ တစ်ခုခု သို့မဟုတ် ပျော်စရာကောင်းသော ကစားစရာ တစ်ခုခု လိုအပ်ခဲ့လျှင် မင်းအတွက် ငါ သေချာပေါက် ဝယ်ပေးမည်။ ပြီးလျှင် အကယ်၍များ မင်းအမေနှင့် အဖေကို မင်းမသိစေချင်သည့်အရာ တစ်ခုခုရှိလျှင် မင်းအတွက် ငါ လျှို့ဝှက်ထားပေးမည်” ဟု ကတိပေးလေသည်။ ထို့ကြောင့် ရှောင်ပေါင်သည် ပို၍ပင် စိတ်အေးလက်အေး ဖြစ်ပြီး ထိုလူကို အကြွင်းမဲ့ ယုံကြည်သွားတော့သည်။ သူသည် ဆက်လက်၍ ထိုသူနှင့် စိတ်ရင်းအတိုင်း ဆက်ဆံကာ သူတို့သည် “တကယ့်မိတ်ဆွေကောင်းများ” ဖြစ်သွားကြလေ၏။

ယင်းမှာ ဇာတ်ကြောင်းကုန်စင် ဖြစ်၏။ ယင်း၌ ဇာတ်ကောင်များစွာ မပါဝင်ပေ။ အဓိကဇာတ်ကောင်များမှာ ဒါ့ပေါင်နှင့် ရှောင်ပေါင် ဖြစ်၏။ အကြောင်းအရာကိစ္စ အတိအကျသည် ဒါ့ပေါင်ဟူသည့်လူက ရှောင်ပေါင်ဟူသည့် ကလေးကို အထင်အမြင် မှားစေရန်၊ ဖျောင်းဖျရန်နှင့် သိမ်းသွင်းစည်းရုံးရန် ကြိုးစားကာ သူသိချင်သည့် သတင်းအချက်အလက် တစ်ခုခုကို သူ့အား ပြောပြစေသည့်ပုံကို အဓိကထားသည်။ ယင်းမှာ ဤဇာတ်လမ်းနှင့် အပြန်အလှန်စကားပြောခြင်း အမျိုးအစားပင် ဖြစ်၏။ ဤရိုးရှင်းသော ဇာတ်လမ်းဇာတ်ကွက်နှင့် အပြန်အလှန်စကားပြောခြင်းမှ မည်သည့်အရာကို ငါတို့ မြင်တွေ့နိုင်သနည်း။ ဤတွင် မည်သူ၏ ပင်ကိုစရိုက်များကို အဓိကအားဖြင့် ဆွေးနွေးထားသနည်း။ ယင်းမှာ ကလေး၏ ပင်ကိုစရိုက်လော၊ သို့မဟုတ် လူကြီး၏ ပင်ကိုစရိုက်လော။ (လူကြီး၏ ပင်ကိုစရိုက်ဖြစ်သည်။) သို့ဆိုလျှင် ဤနေရာတွင် မည်သည့်အရာကို ပေါ်လွင်အောင်ပြနေသနည်း။ ထိုဇာတ်လမ်း၏ အဓိက အကြောင်းအရာကိစ္စမှာ အဘယ်နည်း။ အဓိက အကြောင်းအရာကိစ္စမှာ ဤလူကြီးက သူ၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်မြောက်အောင်မြင်ဖို့ နည်းလမ်းအမျိုးမျိုးကို အသုံးပြုသည့်ပုံ ပါဝင်၏။ သူက မည်သည့်နည်းလမ်းများကို အသုံးပြုခဲ့ကြောင်း သင်တို့ နားလည်သလော။ (သိမ်းသွင်းစည်းရုံးခြင်းနှင့် အထင်အမြင်မှားစေခြင်း ဖြစ်ပါသည်။) သူက ထိုသူငယ်ကို သိမ်းသွင်းစည်းရုံးဖို့ မက်လုံးများနှင့် သူ့ကို အထင်အမြင်မှားစေဖို့ သင့်တော်သော စကားလုံးများကို အသုံးပြုကာ သူ့ကို ဆွဲဆောင်သိမ်းသွင်းခြင်းကိုပင် ပြုခဲ့သည်။ ၎င်းက သူ့ကို ဆွဲဆောင်သိမ်းသွင်းရန်အတွက် မည်သည့်အရာကို အသုံးပြုခဲ့သနည်း။ အကျိုးအမြတ်များပင် ဖြစ်ကာ သူသည် အကျိုးအမြတ်များကို အသုံးပြုပြီး ထိုသူငယ်ကို ဆွဲဆောင်သိမ်းသွင်းခဲ့၏။ သိမ်းသွင်းစည်းရုံးခြင်း၊ ဆွဲဆောင်သိမ်းသွင်းခြင်းနှင့် အထင်အမြင်မှားစေခြင်းဖြစ်ကာ ဤအရာ၌ ဆွဲဆောင်သိမ်းသွင်းခြင်းနှင့် အထင်အမြင်မှားစေခြင်း၊ ဆွဲဆောင်သိမ်းသွင်းဖို့အတွက် သင့်တော်သော စကားလုံးများကို အသုံးပြုခြင်း ပါဝင်ပြီး အနည်းငယ် ခြိမ်းခြောက်သော သဘာဝကိုလည်း ဖော်ပြသည်။ ထိုစကားလုံးများကို မှန်သည်ဟု ထင်ရသော်လည်း ဤစကားလုံးများကို မည်သည့်အကြောင်းကြောင့် အသုံးပြုခဲ့သနည်း။ (သူ၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင်မြင်ဖို့ရန် ဖြစ်သည်။) သူ၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်များကို ဖြစ်မြောက်အောင်မြင်ဖို့ ယင်းတို့ကို အသုံးပြုခဲ့သည်။ သူအသုံးပြုခဲ့သည့် နည်းလမ်းများမှာ အခြေခံအားဖြင့် ရှင်းလင်းပေသည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သည့် အပြုအမူဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤအပြုအမူက စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မည်သည့်လက္ခဏာသွင်ပြင်နှင့် ဆိုင်သနည်း။ (ကောက်ကျစ်ဆိုးယုတ်မှုနှင့် ဆိုင်သည်။) လှည့်ဖြားခြင်းအစား ကောက်ကျစ်ဆိုးယုတ်မှုဟု ငါတို့ အဘယ့်ကြောင့် ဆိုရသနည်း။ ကောက်ကျစ်ဆိုးယုတ်မှုသည် လှည့်ဖြားခြင်းထက် ပို၍နက်ရှိုင်းသော အဆင့်အထိ ရောက်လေသည်။ ယင်းမှာ မသိမသာနှင့် ပို၍ ဒုက္ခပေးတတ်သည်၊ ပို၍ သိုသိပ်သည်၊ ပို၍ အထင်အမြင် မှားစေကာ နားလည်ဖို့ ပို၍ ခက်ခဲသည့်အပြင် ကောက်ကျစ်ဆိုးယုတ်မှုအထဲ၌ ဆွဲဆောင်သိမ်းသွင်းခြင်း၊ ဖျောင်းဖျခြင်း၊ သိမ်းသွင်းစည်းရုံးခြင်း၊ မိမိဘက် ပါလာအောင် လုပ်ခြင်း၊ လာဘ်ထိုးခြင်းနှင့် စုံစမ်းသွေးဆောင်ခြင်းတို့ ပါရှိလေသည်။ ဤလုပ်ရပ်များနှင့် အပြုအမူများသည် လှည့်ဖြားခြင်းထက် များစွာ ကျော်လွန်၏။ ယင်းတို့သည် သံသယဖြစ်စရာမရှိ ကောက်ကျစ်ဆိုးယုတ်၏။ ထိုလူက “အကယ်၍ မင်းငါ့ကို မပြောလျှင် ငါ မင်းကို ရိုက်နှက်မည်၊ ကန်ကျောက်မည်၊ သို့မဟုတ် သတ်ပစ်မည်” ဟု မပြောခဲ့ပေ။ သူသည် ထိုနည်းစနစ်မျိုးကို မကျင့်သုံးခဲ့သည့်အပြင် အပြင်ပန်းအားဖြင့် သူသည် မလိုမုန်းထားပုံ မပေါက်ခဲ့ချေ။ သို့သော်လည်း ဤသည်မှာ မလိုမုန်းထားမှုထက် ပို၍ပင် ကြောက်စရာကောင်း၏။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်၏။ ယင်းကို ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်ဟု အဘယ့်ကြောင့် ငါဆိုရသနည်း။ လှည့်ဖြားခြင်းကို ပုံမှန်အားဖြင့် လူအများစုက သတိပြုမိနိုင်သော်လည်း သူ၏နည်းစနစ်မှာ ပို၍ စဉ်းလဲသည်။ အပေါ်ယံတွင် သူသည် လူသား၏ ချစ်ခင်တွယ်တာမှုနှင့် ကိုက်ညီသည့် ယဉ်ကျေးသော အသုံးအနှုန်းကို အသုံးပြုသည်။ သို့သော် အမှန်တွင် စိတ်ထဲ၌ ပို၍ကွယ်ဝှက်ထားသော အရာများ ရှိ၏။ သူ၏ လုပ်ရပ်များနှင့် နည်းစနစ်များသည် လူတို့ အများအားဖြင့် မြင်ရပြီး ကြုံတွေ့ရသော လှည့်ဖြားခြင်းထက် ပို၍ ဖုံးကွယ်ထားကာ မသိမသာနှင့် ပို၍ ဒုက္ခပေးတတ်သည်။ သူ၏ နည်းဗျူဟာများမှာ ပို၍ ဆန်းပြားသည်၊ ပို၍ တမင်လှည့်စားသည်၊ ပြီးလျှင် ပို၍ အထင်အမြင် မှားစေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုပင် ဖြစ်၏။

နေ့စဉ်အသက်တာတွင် အခြားလူတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား၊ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အပြုအမူနှင့်ဆိုင်သည့် ထုတ်ဖော်ပြမှုကို သင်တို့ ခွဲခြားတတ်ပြီး ပိုင်းခြားသိမြင်နိုင်သလော။ လှည့်ဖြားသော လူပုဂ္ဂိုလ်များသည် အတော်အတန် ပညာသားပါနိုင်သော်လည်း သူတို့နှင့် တစ်ခဏမျှ ပေါင်းသင်းဆက်ဆံပြီးနောက်တွင် ၎င်းတို့ကို လူတို့ ရိပ်စားမိနိုင်သည်။ သို့ရာတွင် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား ရှိသောသူတို့ကို ထိုးထွင်းသိမြင်ဖို့ သိပ်မလွယ်လှချေ။ အကယ်၍ အနှစ်သာရ သို့မဟုတ် အကျိုးဆက်များကို မမြင်နိုင်ပါက သင့်အနေဖြင့် ထိုသူတို့ကို ထိုးထွင်းသိမြင်ဖို့ မဖြစ်နိုင်ပေ။ ကောက်ကျစ်ဆိုးယုတ်သော လူပုဂ္ဂိုလ်များသည် လှည့်ဖြားသောသူများထက် မသိမသာနှင့် ပို၍ပင် ဒုက္ခပေးတတ်သည်။ သင်သည် စကားတစ်ခွန်းနှစ်ခွန်းမျှဖြင့် သူတို့အား ထိုးထွင်းသိမြင်ခြင်းငှာ မဖြစ်နိုင်ပေ။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသည့် လူတို့နှင့် ပတ်သက်လာလျှင် အချိန်တစ်ခဏ သို့မဟုတ် တိုတောင်းသော ကာလတစ်ခုအတွင်း ထိုအရာတစ်ခုခုကို ၎င်းတို့ အဘယ့်ကြောင့် ပြုလုပ်နေကြောင်း၊ အဘယ့်ကြောင့် ထိုပုံစံမျိုးအတိုင်း စကားပြောနေကြောင်း သို့မဟုတ် ပြုမူနေကြောင်းကို သင့်အနေဖြင့် ထိုးထွင်းသိမြင်ခြင်း သို့မဟုတ် ကောင်းစွာ သဘောပေါက်ခြင်း ရှိကောင်းရှိမည် မဟုတ်ပေ။ တစ်နေ့တွင် ၎င်းတို့သည် လုံးလုံးလျားလျား ထုတ်ဖော်ခြင်းနှင့် အပြည့်အဝ ဖော်ထုတ်ပြခြင်း ခံရသောအခါ ၎င်းတို့ မည်သည့်လူစားမျိုးဖြစ်ကြောင်းကို ‌နောက်ဆုံးတွင် လူတိုင်း သိရှိသွားမည် ဖြစ်သည်။ ဤသည်မှာ လှည့်ဖြားခြင်းမျှထက် ပို၏။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်၏။ ထို့ကြောင့် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားအား ပိုင်းခြားသိမြင်နိုင်ခြင်းသည် အချိန်ကာလတစ်ခု လိုအပ်ပြီး တစ်ခါတစ်ရံတွင် ယင်းကို လူတစ်ဦး ပိုင်းခြားသိမြင်နိုင်ခြင်း မရှိမီ အကျိုးဆက်များက အရင်ဆုံး ပေါ်လာရမည်ဖြစ်သည်။ ဤသည်မှာ အလျင်အမြန် ပိုင်းခြားသိမြင်နိုင်သည့် အရာတစ်ခု မဟုတ်ပေ။ သာဓကအနေဖြင့် အဆင်းနီသော နဂါးကြီးက ဆယ်စုနှစ်များကြာအောင် လူတို့ကို အထင်အမြင် မှားစေပြီးဖြစ်ကာ ယခုမှသာ လူအနည်းငယ်က ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ်ရှိခြင်း ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် လူတို့ကို အထင်အမြင် မှားစေဖို့အတွက် လူတို့အား အကျိုးပြုခြင်းဟူသည့် အကြောင်းပြချက်နှင့် သဘောထားကွဲလွဲသူများကို ဖယ်ရှားဖို့အတွက် တရားမျှတမှုဟူသည့် အကြောင်းပြချက်တို့ကို လွှင့်ကာ အကောင်းဆုံးဟု ထင်ရပြီး လူတို့၏ အယူအဆများနှင့် အကိုက်ညီဆုံးဖြစ်သော စကားများကို မကြာခဏ ပြောဆိုခြင်းဖြင့် မရေမတွက်နိုင်သော လူကောင်းများကို ဆိုးဆိုးရွားရွား ဒုက္ခပေးခဲ့သည်။ သို့သော် ယင်းက ပြောသည့်အရာနှင့် လုပ်သည့်အရာကို လူတို့အနေဖြင့် မှန်သည်ဟု ထင်ရသောကြောင့် ဤအရာကို အနည်းငယ်ကသာ ပိုင်းခြားသိမြင်နိုင်လေသည်။ ယင်းက လုပ်သမျှသည် တရားပြီး သင့်တင့်လျောက်ပတ်သည်၊ တရားဝင်ပြီး ဆင်ခြင်တုံတရားရှိကာ လူသားဝါဒနှင့် ကိုက်ညီသည်ဟု လူတို့အားလုံးက ထင်ကြသည်။ ရလဒ်အနေဖြင့် ယင်းသည် ဆယ်စုနှစ်များကြာအောင် လူတို့ကို အထင်အမြင် မှားစေခဲ့ပြီ ဖြစ်သည်။ ယင်းသည် လုံးလုံးလျားလျား ဖော်ထုတ်ခံရပြီး ပြိုလဲသောအခါ ယင်း၏ သရုပ်အမှန်သည် နတ်ဆိုး၏ သရုပ်မှန်ဖြစ်ကြောင်းနှင့် ယင်း၏ သဘာဝအနှစ်သာရမှာ ကောက်ကျစ်ဆိုးယုတ်ကြောင်း လူတို့ မြင်တွေ့ကြမည် ဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် လူတို့ကို နှစ်‌ပေါင်းများစွာ အထင်အမြင်မှားစေပြီဖြစ်ကာ အဆင်းနီသော နဂါးကြီး၏ အဆိပ်အတောက်က လူတိုင်း၏အထဲတွင် ရှိနေသည်။ သူတို့သည် ယင်း၏ သားစဉ်မြေးဆက်များ ဖြစ်လာကြသည်။ အဆင်းနီသော နဂါးကြီး ပြုလုပ်ခဲ့ပြီးသော အရာမျိုးများကို သင်တို့ထဲမှ တစ်စုံတစ်ယောက်က ပြုလုပ်နိုင်စွမ်း ရှိသလော။ လူအချို့သည် အဆင်းနီသော နဂါးကြီးကဲ့သို့ စကားပြောကာ အလွန်နှစ်လိုဖွယ်ရာ စကားလုံးများ အသုံးပြုသော်လည်း တကယ့်အလုပ်ကို မလုပ်ကြပေ။ ၎င်းတို့၏ စကားအားလုံးမှာ နှစ်လိုဖွယ်ဖြစ်သော်လည်း မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်ကြပေ။ ထို့ပြင် ၎င်းတို့သည် အထူးသဖြင့် မသိမသာ ဒုက္ခပေးတတ်ခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်းလည်း ရှိလေသည်။ ထိုသို့သောလူတို့နှင့် ပတ်သက်လာလျှင် တစ်ယောက်ယောက်က ၎င်းတို့ကို ပုန်ကန်ပြစ်မှားပါက ၎င်းတို့ လက်လွှတ်မည် မဟုတ်ပေ။ အနှေးနှင့်အမြန်ပင် ၎င်းတို့၏ လက်စားချေဖို့ ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင်မြင်ဖို့ရန် သင့်တော်သော အခွင့်အရေးကို ရှာကာ ထိုသူတို့ကို မည်သည့်နိုင်ကွက်မျှ ပေးမည်မဟုတ်ပေ။ ၎င်းတို့သည် ရှေ့ထွက်ပြီး မိမိတို့၏မျက်နှာကို မပြဘဲနှင့်ပင် ထိုအရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းကောင်း ဖြေရှင်းနိုင်လိမ့်မည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ ကောက်ကျစ်ဆိုးယုတ်သော လူတို့သည် အထူးသဖြင့် သိုသိပ်ပြီး ကွယ်ဝှက်ထားသော စည်းမျဉ်းများ၊ နည်းစနစ်များ၊ ရည်မှန်းချက်များ၊ အကြောင်းရင်းများနှင့် ရည်ရွယ်ချက်များဖြင့် လှုပ်ရှားကြ၏။ ကောက်ကျစ်ဆိုးယုတ်သော လူပုဂ္ဂိုလ်များသည် အခြားသူများကို ဒုက္ခပေးဖို့ လှည့်ကွက်များကို အသုံးချကာ တစ်ခါတစ်ရံတွင် ၎င်းတို့ကိုယ်စား သတ်ပေးဖို့ အခြားသူများကို အသုံးပြုခြင်း၊ တစ်ခါတစ်ရံတွင် အခြားသူများကို အပြစ်ကျူးလွန်ဖို့ရန် သွေးဆောင်ခြင်းဖြင့် သူတို့အား ညှဉ်းပန်းခြင်း၊ တစ်ခါတစ်ရံတွင် အခြားသူများကို ညှဉ်းပန်းဖို့ရန် ဥပဒေများကို အသုံးပြုခြင်း သို့မဟုတ် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းမျိုးစုံကို အားကိုးခြင်းတို့ ပြုလေသည်။ ဤသည်တို့မှာ ကောက်ကျစ်ဆိုးယုတ်မှု၏ သရုပ်သကန်များချည်း ဖြစ်ကာ ယင်းတို့တစ်ခုမျှ တရားသော သို့မဟုတ် ရိုးသားသော နည်းစနစ်မဟုတ်ပေ။ သင်တို့ထဲမှ တစ်ယောက်တစ်လေသည် ဤအပြုအမူများ သို့မဟုတ် ထုတ်ဖော်ချက်များကို ပြသလော။ သင်တို့သည် ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်သလော။ ယင်းတို့သည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို ဖန်တီးကြောင်း သတိပြုမိသလော။ လှည့်ဖြားခြင်းကို ပုံမှန်အားဖြင့် အပြင်ပန်းတွင် မြင်တွေ့နိုင်သည်။ လူတစ်ယောက်က ဝေ့လည်ကြောင်ပတ် စကားပြောသည် သို့မဟုတ် စကားအလှ အသုံးပြုသည်ဖြစ်၍ သူ မည်သည့်အရာ စဉ်းစားနေကြာင်း မည်သူမျှ မမှန်းဆနိုင်ပေ။ ယင်းမှာ လှည့်ဖြားခြင်း ဖြစ်သည်။ ကောက်ကျစ်ဆိုးယုတ်မှု၏ အဓိက ကိုယ်ကျင့်စရိုက်မှာ အဘယ်နည်း။ ယင်းမှာ သူ၏ စကားလုံးများက အထူးသဖြင့် နှစ်လိုဖွယ်ကောင်းသည်ဟု ထင်ရပြီး အပြင်ပန်းတွင် အရာရာ မှန်ကန်ပုံပေါက်ခြင်း ဖြစ်သည်။ မည်သည့်ပြဿနာမျှ ရှိပုံမပေါ်ဘဲ အမှုအရာများသည် မည်သည့်ရှုထောင့်မှမဆို အတော်လေး ကောင်းမွန်ပုံပေါက်လေသည်။ သူက တစ်စုံတစ်ခုကို ပြုလုပ်သောအခါ အထူးတလည်ဖြစ်သော နည်းလမ်းတစ်ခုခု အသုံးပြုသည်ကို သင် မတွေ့မြင်ရသည့်အပြင် အပြန်ပန်းအားဖြင့် အားနည်းချက်များ သို့မဟုတ် အပြစ်အနာအဆာများနှင့် ဆိုင်သည့်လက္ခဏာ မရှိလင့်ကစား သူသည် မိမိ၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်လေသည်။ သူသည် အမှုအရာများကို အလွန်တရာ သိုသိပ်သောပုံစံဖြင့် လုပ်ဆောင်သည်။ ဤသည်မှာ အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေသည့်ပုံ ဖြစ်၏။ ဤကဲ့သို့သော လူတို့နှင့် အရေးကိစ္စများမှာ ပိုင်းခြားသိမြင်ရန် အခက်ဆုံး ဖြစ်လေသည်။ လူအချို့က မကြာခဏပင် သင့်တော်သော အရာများကို ပြောသည်၊ ကောင်းမွန်သည်ဟု ထင်ရသော အကြောင်းပြချက်များကို အသုံးပြုသည်၊ ပြီးလျှင် လူတို့ကို နှစ်ပေါက်တစ်ပေါက်ရိုက်ရန်အတွက် လူ၏ ချစ်ခင်တွယ်တာမှုနှင့် ကိုက်ညီသည့် အချို့သော အယူဝါဒများ၊ ဆိုရိုးစကားများ သို့မဟုတ် လုပ်ရပ်များကို အသုံးချသည်။ ၎င်းတို့သည် မိမိတို့၏ ကွယ်ဝှက်ထားသော ရည်ရွယ်ချက်ကို ဖြစ်မြောက်အောင်မြင်ဖို့ရန် အရာတစ်ခုကို လုပ်ဆောင်နေစဉ် အခြားအရာတစ်ခုကို အယောင်‌ဆောင်လေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သော်လည်း လူအများစုက ဤအပြုအမူများကို လှည့်ဖြားသည်ဟု ယူဆကြသည်။ ကောက်ကျစ်ဆိုးယုတ်မှုအပေါ် လူတို့၏ နားလည်သဘောပေါက်မှုနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းတို့သည် အတော်အတန် နည်းပါး၏။ အမှန်တွင် ကောက်ကျစ်ဆိုးယုတ်မှုသည် လှည့်ဖြားခြင်းထက် ပိုင်းခြားသိမြင်ဖို့ ပို၍ခက်ခဲသည်မှာ ယင်းသည် ပို၍သိုသိပ်ပြီး ယင်း၏ နည်းနစ်များနှင့် လုပ်ရပ်များက ပို၍ ဆန်းပြားသောကြောင့် ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် မိမိအထဲ၌ လှည့်ဖြားသော စိတ်သဘောထားရှိလျှင် ပုံမှန်အားဖြင့် အခြားသူများက ထိုသူနှင့် ပေါင်းသင်းဆက်ဆံသော နှစ်ရက်သုံးရက်အတွင်း သူ၏ လှည့်ဖြားခြင်းကို သတိပြုမိနိုင်သည်၊ သို့မဟုတ် ထိုလူ၏ လုပ်ရပ်များနှင့် စကားများ၌ သူ၏ လှည့်ဖြားသော စိတ်သဘောထား ထုတ်ဖော်ပြမှုကို သတိမူမိနိုင်သည်။ သို့ရာတွင် အကယ်၍ ထိုလူသည် ကောက်ကျစ်ဆိုးယုတ်သည်ဆိုပါက ဤသည်မှာ ရက်အနည်းငယ်အတွင်း ပိုင်းခြားသိမြင်နိုင်သည့် အရာမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် တိုတောင်းသော အချိန်ကာလတစ်ခု၌ ဖြစ်ပျက်သည့် သိသာထင်ရှားသော ဖြစ်ရပ်များ သို့မဟုတ် အထူးအခြေအနေများ တစ်ခုခုမရှိဘဲ သူစကားပြောသည်ကို နားထောင်ရုံမျှဖြင့် မည်သည့်အရာကိုမျှ ပိုင်းခြားသိမြင်နိုင်ဖို့ မလွယ်ကူချေ။ သူက အမြဲတမ်းပင် သင့်တော်သော အရာများကို ပြောဆိုလုပ်ဆောင်ပြီး သင့်တော်သော အယူဝါဒကို တစ်ခုပြီးတစ်ခု ပြောဆိုသည်။ သူနှင့် ပေါင်းသင်းဆက်ဆံသော ရက်အနည်းငယ်ပြီးနောက်တွင် ဤလူသည် အတော်လေး ကောင်းမွန်သည်၊ အမှုအရာများကို စွန့်လွှတ်ပြီး မိမိကိုယ်ကို အသုံးခံနိုင်သည်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသည်၊ ဘုရားသခင်ကိုချစ်သော စိတ်နှလုံးရှိသည်၊ ပြီးလျှင် သူပြုမူသည့်ပုံစံတွင် အသိတရားနှင့် ဆင်ခြင်တုံတရား နှစ်ခုလုံးရှိသည်ဟု သင် ထင်ကောင်းထင်မည် ဖြစ်သည်။ သို့သော် သူသည် အရေးကိစ္စအနည်းငယ်ကို ကိုင်တွယ်ဖြေရှင်းပြီးနောက် သူ၏ ပြောစကားနှင့် လုပ်ရပ်များသည် အမှုအရာ အမြောက်အမြား၊ နတ်ဆိုးဆန်သော ရည်ရွယ်ချက် အမြောက်အမြားနှင့် ရောထွေးနေကြောင်း သင် သိမြင်လေသည်။ ဤလူသည် မရိုးသားဘဲ လှည့်ဖြကာ ကောက်ကျစ်ဆိုးယုတ်သော အရာတစ်ခု ဖြစ်ကြောင်း သင် သဘောပေါက်လေသည်။ သူသည် လူတို့နှင့် ပေါင်းသင်းဆက်ဆံရန်အတွက် သမ္မာတရားနှင့် လျော်ညီပြီး လူ၏ ချစ်ခင်တွယ်တွယ်မှုကို ပိုင်ဆိုင်သည့် သင့်တော်သော စကားလုံးများနှင့် နှစ်လိုဖွယ်ကောင်းသော စကားစုများကို မကြာခဏ အသုံးပြုသည်။ တစ်ဖက်တွင် သူသည် မိမိကိုယ်ကို ဂုဏ်တင်ပြီး အခြားတစ်ဖက်တွင် အခြားသူများကို အထင်အမြင်မှားစေကာ လူတို့ကြားတွင် သိက္ခာနှင့် အဆင့်အတန်းကို စွမ်းဆောင်ရရှိလေသည်။ ထိုသို့သော လူပုဂ္ဂိုလ်များသည် အလွန့်အလွန် အထင်အမြင်မှားစေကာ တန်ခိုးအာဏာနှင့် အဆင့်အတန်းကို ရရှိသည်နှင့်တစ်ပြိုင်နက် လူများစွာကို အထင်အမြင်မှားစေပြီး ဒုက္ခပေးလေသည်။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသည့် လူတို့သည် အလွန်အမင်း အန္တရာယ်ရှိလေ၏။ သင်တို့ပတ်လည်တွင် ထိုကဲ့သို့သောလူများ ရှိသလော။ သင်တို့ကိုယ်တိုင်ရော ဤကဲ့သို့ဟုတ်သလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ယင်းက အဘယ်မျှ ဆိုးဝါးသနည်း။ သမ္မာတရားစည်းမျဉ်း တစ်ခုမျှမရှိဘဲ စကားပြောခြင်းနှင့် ပြုမူလုပ်ဆောင်ခြင်း၊ ပြုမူလုပ်ဆောင်ရန်အတွက် သင်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို လုံးလုံးလျားလျား အားထားခြင်း၊ အခြားသူများက သင့်ကို မရိပ်စားမိနိုင်ဖို့ သို့မဟုတ် သတိမပြုမိနိုင်ဖို့၊ ပြီးလျှင် သင်၏ လူ့သဘာဝနှင့် အဆင့်အတန်းကို အထင်ကြီးမှုနှင့် ‌လေးစားမှုဖြင့် ကြည့်ဖို့အတွက် အခြားသူများကို အထင်အမြင်မှားစေရန်နှင့် ဟန်ဆောင်မှုနောက်ကွယ်၌ အသက်ရှင်ရန် အမြဲအလိုရှိခြင်းသည် ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်လေ၏။ သင်တို့သည် ကောက်ကျစ်ဆိုးယုတ်သော ဤအပြုအမူများကို ရံဖန်ရံခါမှသာ ထုတ်ဖော်ပြသလော သို့မဟုတ် များသောအားဖြင့် ဤကဲ့သို့ ဖြစ်သလော။ ဤသည်မှာ သင်၏ ပကတိအခြေအနေသာ ဖြစ်ပြီး ယင်းကို သင့်အနေဖြင့် ရုန်းထွက်လွတ်မြောက်ရန် ခက်ခဲသလော။ အကယ်၍ ထိုသို့သော နည်းစနစ်မျိုးကို သင် အသုံးချသည်မှာ ရံဖန်ရံခါမှသာ ဖြစ်လျှင် ဤသည်ကို ပြောင်းလဲနိုင်သေးသည်။ သို့သော်လည်း ဤသည်မှာ သင်၏ ပကတိအခြေအနေသာ ဖြစ်ပြီး ပါးပါးနပ်နပ်နှင့် လှည့်ဖြားခြင်းဖြင့် အမြဲတစေ ပြုမူကာ လှည့်ကွက်များကို စဉ်ဆက်မပြတ် အားထားနေလျှင် သင်သည် အလည်ဆုံးသော နတ်ဆိုးပင် ဖြစ်၏။ သင်တို့ကို ငါ အမှန်အကန် ဆိုသည်ကား ဤကဲ့သို့သော လူတို့သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ချေ။

ဇာတ်လမ်းထဲတွင် ဒါ့ပေါင်သည် ရှောင်ပေါင်ကို အထင်အမြင် မှားစေရန်နှင့် ထိုကောင်လေးကို မိမိအား အမှန်အတိုင်း ပြောလာအောင် လုပ်ရန်အတွက် ဤနည်းစနစ်များကို အသုံးပြုသည်။ သူ့ကို ဤသို့ ပြုမူရန် မည်သူသင်ပေးသနည်း၊ ငါ့ကိုပြောလော့။ သူ့ကို မည်သူမျှ မသင်ပေးခဲ့ပေ။ သို့ဆိုလျှင် ဤပရိယာယ်များက မည်သည့်နေရာမှ လာသနည်း။ (သူ၏သဘာဝမှ လာပါသည်။) ယင်းတို့သည် သူ၏ သဘာဝမှ၊ သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရမှ လာသည်။ သူသည် ထိုသို့သောလူစားမျိုးပင် ဖြစ်၏။ သူသည် ကလေးငယ်တစ်ဦးကိုပင် ချမ်းသာမပေးချေ။ စက်ဆုပ်ဖွယ် ကောင်းလိုက်လေခြင်း။ အကယ်၍ သူသည် အမှန်တရားကို သိလိုလျှင် ကလေးငယ်၏ မိဘများကို တိုက်ရိုက်မေးနိုင်သည်၊ သို့မဟုတ် ကိုယ်တိုင်သိရန် တက်ကြွစွာ လုပ်ပြီး သူတို့အား မိမိ၏စိတ်နှလုံးကို ဖွင့်ချပြထားနိုင်သည်။ ထိုအခါ သူတို့က သူ့ကို အမှန်အတိုင်း ပြောကောင်းပြောမည် ဖြစ်သည်။ အခြားသူများ၏ နောက်ကွယ်တွင် ရှက်ဖွယ်ကောင်းပြီး ကိုးရိုးကားရားနိုင်သော ဤအရာများကိုလုပ်ဖို့ ထိုကဲ့သို့သော နည်းစနစ်များကို အသုံးပြုစရာ မလိုပေ။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများ ရှိသော လူတို့ ပြုလုပ်သည့်အရာ ဖြစ်၏။ ယင်းသည် စက်ဆုပ်ရွံရှာဖွယ် ကောင်းသည် မဟုတ်လော၊ ငါ့ကိုပြောလော့။ (စက်ဆုပ်ရွံရှာဖွယ် ကောင်းပါသည်။) သူသည် ကလေးငယ်တစ်ဦးကိုပင် အလွတ်မပေးချေ။ သူသည် ကလေးငယ်ကို အနိုင်ကျင့်ဖို့၊ အရူးလုပ်ဖို့နှင့် လိမ်လည်လှည့်စားဖို့ လွယ်သည်ဟု မြင်သဖြင့် သူ့ကို ဒုက္ခပေးရန် ကျိတ်ကြံလေ၏။ ယခုတွင် သူသည် ရိုးသားကြင်နာတတ်သော လူကြီးတစ်ယောက်ကို တွေ့ပါက ထိုသူကို မည်သို့ ဆက်ဆံမည်နည်း။ ထိုသူကို အလွတ်ပေးနိုင်မည်လော။ လုံးဝ ပေးနိုင်မည်မဟုတ်ပေ။ အကယ်၍ သူသည် သူကိုယ်တိုင်နှင့် အလားတူသော လူတစ်ဦး၊ မိမိ၏ စကားလုံးများနှင့် လုပ်ရပ်များတွင် နည်းဗျူဟာများကို အသုံးချရန် နှစ်သက်သည့် လူတစ်ဦးကို တွေ့ပါက သူမည်သည့်အရာ လုပ်မည်နည်း။ (ထိုလူသည် သူကဲ့သို့ပင် ကောက်ကျစ်ဆိုးယုတ်သည်ကို သိသဖြင့် ထိုသူအား သတိထားရှောင်ကြဉ်နိုင်ကာ မည်သည့်အရာကိုမျှ အလွယ်တကူ ထုတ်ဖော်မည် မဟုတ်ပေ။) သတိထားနေသည့်အပြင် အခြားမည်သည့်အရာ လုပ်ကောင်းလုပ်မည်နည်း။ (ယှဉ်ပြိုင်မည် ဖြစ်ပါသည်။) သူသည် ပွင့်ပွင့်လင်းလင်းနှင့် တိတ်တဆိတ် ယှဉ်ပြိုင်မည်။ ထိုသို့ပင် ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသည့် လူတို့၏ အပြုအမူဖြစ်သည်။ ဤကဲ့သို့သော လူတို့သည် အခြားသူများအား ပွင့်ပွင့်လင်းလင်းနှင့် တိတ်တဆိတ် ယှဉ်ပြိုင်ရသည်ကို နှစ်သက်ပြီး အခွင့်အရေးတိုင်းကို အမိအရ ယူကြသည်။ ၎င်းတို့၌ ထင်ရှားကျော်ကြားသော နီတိရှိကြကာ ဤသို့သော လူတို့ကို သင်ကြုံတွေ့ပြီး ထိုနီတိအား ၎င်းတို့ပြောသည်ကို ကြားလျှင် ၎င်းတို့၌ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိကြောင်း သင် သေချာနိုင်သည်။ ၎င်းတို့က မည်သည့်အရာကို ပြောကြသနည်း။ ဥပမာ တာဝန်ထမ်းဆောင်ဖို့အတွက် ၎င်းတို့သည် အခြားလူတစ်ဦးနှင့် ပူးဆောင်ဆောင်ရွက်ရန် သင် အကြံပြုသောအခါ ၎င်းတို့က “အို ကျွန်ုပ်သည် သူတို့ကို မယှဉ်နိုင်ပါ” ဟု ပြောကြသည်။ ၎င်းတို့၏ ပထမဆုံးအတွေးက “ယှဉ်ပြိုင်ခြင်း” ကိစ္စပင် အမြဲတမ်း ဖြစ်၏။ ၎င်းတို့၏ ပထမဆုံးစိတ်ကူးမှာ လုပ်ငန်းကို ကောင်းစွာလုပ်ဖို့ အခြားသူများနှင့် မည်သို့ ပူးဆောင်ဆောင်ရွက်ရမည် ဟူသည့်ကိစ္စမဟုတ်ဘဲ ထိုသူတို့နှင့် ယှဉ်ပြိုင်ရန်ကိစ္စသာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ထင်ရှားကျော်ကြားသော နီတိဖြစ်၏။ ၎င်းတို့သည် မည်သည့်လူမှုအုပ်စုထဲ၌ ရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ဘာသာတရားမရှိသူများ၊ ညီအစ်ကို မောင်နှမများ၊ သို့မဟုတ် မိသားစုဝင်များကြားထဲတွင် ရှိသည်ဖြစ်စေ ၎င်းတို့၏ တစ်ခုတည်းသော စည်းမျဉ်းမှာ အဘယ်နည်း။ ယင်းမှာ ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အကယ်၍ ၎င်းတို့သည် အခြားသူများကို လူရှေ့သူရှေ့တွင် အနိုင်မယူနိုင်လျှင် တိတ်တဆိတ် အနိုင်ယူမည်ဖြစ်သည်။ ဤစိတ်သဘောထားမျိုးသည် ကောက်ကျစ်ဆိုးယုတ်၏။ လူအချို့သည် အပြင်ပန်းတွင် အခြားသူများနှင့် သာမန်ကာလျှံကာ စကားစမြည် ပြောဆိုနေပုံပေါက်နိုင်သော်လည်း သူတို့၏ စိတ်နှလုံးများထဲတွင် ၎င်းတို့က တိတ်တဆိတ် ပြိုင်ဆိုင်နေကြကာ သူတစ်ပါးကို သွယ်ဝိုက် တိုက်ခိုက်ရန်နှင့် သေးသိမ်စေရန် နည်းလမ်းများနှင့် နည်းပညာအမျိုးမျိုးကို အသုံးချနေကြသည်။ ဤအရာကို ပိုင်းခြားနားလည်နိုင်ခြင်း မရှိသော လူတို့သည် ၎င်းတို့၏ နည်းဗျူဟာများကို ထိုးထွင်းသိမြင်မည် မဟုတ်ဘဲ ၎င်းတို့ ထိုးထွင်းသိမြင်လိုက်သည့် အချိန်တွင် ၎င်းတို့၏ ယှဉ်ပြိုင်ခြင်းက ရလဒ်တစ်ခုသို့ ရောက်ရှိသွားနှင့်ပြီ ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုပင် ဖြစ်၏။ ကောက်ကျစ်ဆိုးယုတ်သော လူတို့သည် အခြားသူများနှင့်‌ ပေါင်းသင်းဆက်ဆံသောအခါ ယင်းမှာ ပေါ်တင်ရော တိတ်တဆိတ်ပါ ယှဉ်ပြိုင်ခြင်း ကိစ္စချည်းသာဖြစ်ကာ အခြားသူများကို အနိုင်ရဖို့၊ ထိုသူတို့ကို အရှုံးပေးစေဖို့နှင့် နောက်ဆုံးတွင် လူတိုင်းကို မိမိတို့အား အလျှော့ပေးလာအောင် လုပ်ဖို့အတွက် အမျိုးမျိုးသော အစီအစဉ်များ၊ လှည့်ကွက်များ သို့မဟုတ် သေချာသော နည်းစနစ်များကို ကျင့်သုံးခြင်းပင် ဖြစ်သည်။ လူသားမျိုးနွယ် စတင်တည်ရှိလာကတည်းက ယခုအချိန်အထိ လူသားမျိုးနွယ်၏ သမိုင်းတစ်လျှောက်လုံးသည် “ယှဉ်ပြိုင်ခြင်း” နှင့် ပြည့်နှက်နေပြီး ဖြစ်သည်။ တိုင်းနိုင်ငံများကြားရှိ ကြီးမားသော အတိုင်းအတာ၌ဖြစ်စေ၊ မိသားစုများကြားရှိ သေးငယ်သော အတိုင်းအတာ၌ဖြစ်စေ၊ လူတို့ကြားရှိ တစ်သီးပုဂ္ဂလအဆင့်၌ဖြစ်စေ ပဋိပက္ခနှင့်မပြည့်နေသည့် အုပ်စု ဟူ၍မရှိပေ။ ယင်းမှာ ပွင့်ပွင့်လင်းလင်း ယှဉ်ပြိုင်မှု မဟုတ်လျှင်ပင် သိုသိုသိပ်သိပ် ဖြစ်သည်။ နှုတ်အားဖြင့် ထိပ်တိုက်ရင်ဆိုင်ခြင်း မဟုတ်လျှင်ပင် ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်သည်။ တရုတ်သမိုင်းတွင် လူမျိုးနွယ်စုအမျိုးမျိုးကြား၌ ရှိခဲ့သည့် အဖြစ်များဆုံးသော စစ်ပွဲများကာလသည် နွေဦးနှင့် ဆောင်းဦးခေတ်အပြင် စစ်ဖက်ပြိုင်နေသော ပြည်နယ်များခေတ် ဖြစ်သည်။ ဆွန်ဇု၏ စစ်တိုက်ခြင်းအနုပညာထဲ၌ ပါဝင်သည့် နည်းဗျူဟာများကဲ့သို့သော စစ်ရေးမဟာဗျူဟာနှင့်ပတ်သက်၍ ထင်ရှားကျော်ကြားသော စာအုပ်အများစုမှာ ထိုခေတ်နှစ်ခေတ် အတောအတွင်း၌ ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ဤသည်တို့အားလုံးကို ထိုအချိန်အတွင်း ရေးသားထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ အသာစီးရယူနည်း သုံးဆယ့်ခြောက်နည်းဟူသည့် စာအုပ်လည်း ရှိပြီး ယင်းက စစ်မက်‌ရေးရာတွင် အသုံးပြုသော နည်းဗျူဟာအမျိုးမျိုးကို မှတ်တမ်းပြုစုထားသည်။ ဤစစ်‌ရေးမဟာဗျူဟာများနှင့် နည်းဗျူဟာများ အချို့ကို ယနေ့တိုင်အောင် အသုံးပြုနေကြဆဲ ဖြစ်သည်။ ယင်းမဟာဗျူဟာ အနည်းငယ်မှာ မည်သည့်အရာများ ဖြစ်သနည်း၊ ငါ့ကိုပြောလော့။ (“မိမိကိုယ်ကို အနာတရဖြစ်စေခြင်း” မဟာဗျူဟာ ဖြစ်ပါသည်။) (“အာရုံလွှဲ” မဟာဗျူဟာ ဖြစ်သည်။) (“နှစ်ဖက်ချွန်သူလျှို” မဟာဗျူဟာ၊ “မြို့ဗလာ” မဟာဗျူဟာနှင့် “ပျားရည်ထောင်ချောက်” မဟာဗျူဟာတို့ ဖြစ်ကြပါသည်။) ၎င်းတို့က “ပျားရည်ထောင်ချောက်”၊ “မြို့ဗလာ”၊ သို့မဟုတ် “အာရုံလွှဲ” တို့ဖြင့် အစပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ထင်ရှားကျော်ကြားသော ဤမဟာဗျူဟာများအားလုံးသည် “ပရိယာယ်” ဖြင့် အဆုံးသတ်သည်။ “ပရိယာယ်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (“နည်းဗျူဟာ” သို့မဟုတ် “စဉ်းလဲသော အကြံအစည်” ဖြစ်သည်။) ယင်းသည် မသိမသာနှင့် ဒုက္ခပေးသော၊ သစ္စာမဲ့သော၊ ကွယ်ဝှက်ထားသော သို့မဟုတ် လျှို့ဝှက်သော နည်းလမ်းတစ်ခုခုကို ညွှန်းဆိုသည်။ ဤ “ပရိယာယ်” များမှာ စီမံရေးဆွဲခြင်းနှင့် မဆိုင်၊ လျှို့ဝှက်ကြံစည်ခြင်းနှင့် ဆိုင်၏။ ဤနည်းလမ်းများ၏ နောက်ကွယ်တွင် မည်သည့်အရာကို ငါတို့ တွေ့ရသနည်း။ စစ်မက်ရေးရာတွင် ၎င်းတို့အသုံးချသော ၎င်းတို့၏ လုပ်ရပ်များ၊ ၎င်းတို့၏ အပြုအမူ၊ ဤနည်းလမ်းများနှင့် အလေ့အထများမှာ လူ့သဘာဝ၊ သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဘုရားသခင်သည် ဤပုံစံအတိုင်း အလုပ်လုပ်သလော။ (မလုပ်ပါ။) လုံးဝ မလုပ်ပေ။ သို့ဆိုလျှင် ဤအလေ့အထများက မည်သူ့ကို ကိုယ်စားပြုသနည်း။ ယင်းတို့က စာတန်နှင့် ကောက်ကျစ်ဆိုးယုတ်သော ဤလူသားများကို ကိုယ်စားပြုသည်။ ကောက်ကျစ်ဆိုးယုတ်သော လူသားများ၏ ဤမဟာဗျူဟာများသည် မည်သည့်နေရာမှ လာသနည်း။ (စာတန်ထံမှ လာပါသည်။) ယင်းတို့ကို စာတန်ဆီမှ ရရှိခြင်းဖြစ်သည်။ ဤအရာကို နားလည်ဖို့အတွက် အချို့တွင် ပြဿနာရှိကောင်းရှိမည် ဖြစ်သောကြောင့် ယင်းတို့ကို နတ်ဆိုးဘုရင်များထံမှ ရရှိသည်ဟု ငါဆိုသင့်သည်။ ထိုအခါ လူတို့နားလည်မည် ဖြစ်သည်။ မည်သူတို့သည် နတ်ဆိုးဘုရင်များ ဖြစ်ကြသနည်း။ ယင်းတို့မှာ လူသားများကြားတွင် စိတ်ဝမ်းကွဲပြားမှုကို ပေါ်ပေါက်စေပြီး ကသောင်းကနင်းဖြစ်ခြင်းကို ဖြစ်ပွားစေဖို့အတွက် ဤလောကထဲ၌ လူဝင်စားလာသော နတ်ဆိုးများနှင့် စာတန်ပင် ဖြစ်ကြသည်။ ယင်းတို့က ဤမဟာဗျူဟာများကို ရေးဆွဲပုံဖော်ခဲ့ကြခြင်း ဖြစ်သည်။ ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော မှတ်တမ်းများထဲတွင် “မြို့ဗလာ” မဟာဗျူဟာ သို့မဟုတ် “အာရုံလွှဲ” မဟာဗျူဟာတို့ကို သူအသုံးပြုကြောင်း သင်တို့ မြင်တွေ့ဖူးသလော။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၌ ဤမဟာဗျူဟာများ ပါဝင်သလော။ ဘုရားသခင်သည် သူ၏အလုပ်ကို စီမံခန့်ခွဲရန် ထိုမဟာဗျူဟာမျိုးကို မည်သည့်အခါမျှ အသုံးမပြုခဲ့ချေ။ ဤမဟာဗျူဟာများကို ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်တစ်ရပ်လုံးက အသုံးပြုကြသည်။ ပို၍ကြီးမားသော အတိုင်းအတာဖြင့် နိုင်ငံတစ်နိုင်ငံ သို့မဟုတ် မင်းဆက်တစ်ဆက်မှသည် ပို၍သေးငယ်သော အတိုင်းအတာဖြင့် လူမျိုးနွယ်စုတစ်စု သို့မဟုတ် ဆွေမျိုးစုတစ်စုအထိအပြင် လူပုဂ္ဂိုလ်များကြားမှ ဆက်နွှယ်မှုများအထိပင် မည်သည့်နေရာ၌မဆို ဖောက်ပြန်ပျက်စီးသော လူ့သဘာဝကို သင် တွေ့ရသည်။ ရန်ပွဲကို သင် တွေ့ရသည်။ ၎င်းတို့သည် မည်သည့်အရာအတွက် တိုက်ခိုက်နေကြသနည်း။ ၎င်းတို့သည် မည်သည့်အရာအတွက် ယှဉ်ပြိုင်နေကြသနည်း။ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ယင်းမှာ တန်ခိုးအာဏာ၊ အဆင့်အတန်းနှင့် အကျိုးအမြတ်အတွက်၊ ဤအရာများကို ရရှိဖို့အတွက်သာလျှင် ဖြစ်၏။ ပို၍များသော လူတို့ကို ထိန်းချုပ်ဖို့ရန် တိုင်းနိုင်ငံတစ်ခုနှင့်တစ်ခု တွန်းလှန်တိုက်ခိုက်ကြသည်။ လူမျိုးနွယ်စုများ အချင်းချင်းလည်း နယ်မြေ၊ လူမျိုးနှင့် အချုပ်အခြာအာဏာအတွက် အချင်းချင်း တိုက်ခိုက်ကြသည်။ လူပုဂ္ဂိုလ်များသည်လည်း သာလွန်ကြီးမြတ်ခြင်းနှင့် အကျိုးအမြတ်အတွက် တိုက်ခိုက်ကြသည်။ လူသားမျိုးနွယ်ရှိသော မည်သည့်နေရာ၌မဆို ပဋိပက္ခရှိသည်။ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်ရှိသော မည်သည့်နေရာ၌မဆို စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ရှိ၍ဖြစ်၏။ လူသားမျိုးနွယ် တစ်ရပ်လုံးသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရပြီဖြစ်သောကြောင့် လောကကြီးသည် ပဋိပက္ခနှင့် သွေးစွန်းခြင်းဖြင့် ပြည့်နေခြင်းဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ပြုလုပ်သည့် အရာတိုင်းတွင် စာတန်စိတ်သဘောထား၏ အနှောင့်အဖွဲ့များမှ မလွတ်မြောက်နိုင်ချေ။ ထို့ကြောင့် လူသားမျိုးနွယ်၏ သမိုင်းတစ်လျှောက်လုံး အနောက်တိုင်း၌ ဖြစ်စေ၊ အရှေ့တိုင်း၌ဖြစ်စေ ယင်း၏ သမိုင်းကာလ အပိုင်းအခြားတိုင်းသည် လူသားမျိုးနွယ်၏ ကောက်ကျစ်ဆိုးယုတ်သော ယှဉ်ပြိုင်ကြိုးပမ်းမှုဆိုင်ရာ ရှုတ်ချဖွယ်ရာ သမိုင်းမှတ်တမ်းပင် ဖြစ်၏။ လူသားများက ဤအရာများကို မွန်မြတ်သည်ဟုပင် သဘောထားကြ၏။ ယနေ့ လူအချို့က တရုတ်နိုင်ငံ၏ အသာစီးရနည်း သုံးဆယ့်ခြောက်နည်းကို လေ့လာနေကြဆဲ ဖြစ်သည်။ သင်တို့သည် ယင်းတို့ကို လေ့လာနေကြသလော။ (မလေ့လာပါ။) အကယ်၍ သင်သည် ဤအရာများကို တမင်တကာ လေ့လာပြီး သင်၏ဉာဏ်ရည် တိုးပွားစေဖို့နှင့် ယင်းတို့ကို သင်၏ ရှင်သန်လွတ်မြောက်ရေး စွမ်းရည်များ ဖြစ်စေဖို့အတွက် ယင်းတို့အထဲမှ အတွေ့အကြုံများ၊ သင်ခန်းစာများ၊ နည်းလမ်းများ၊ နည်းစနစ်များနှင့် နည်းပညာများကို လေ့ကျက်မှတ်သားပါက ယင်းသည် လုံးဝ မှားယွင်း၏။ သင်သည် စာတန်နှင့် မလွဲမသွေ နီးကပ်လာမည်ဖြစ်ကာ ပို၍ပို၍ ကောက်ကျစ်ဆိုးယုတ်လာပြီး ပို၍ပို၍ ဆိုးယုတ်လာမည် ဖြစ်သည်။ သို့သော်လည်း သင်သည် မိမိ၏ရှုထောင့်အမြင်ကို ပြောင်းလဲနိုင်ပြီး ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း စိတ်ဖြာလေ့လာ ဆွေးနွေးနိုင်ခြင်း၊ ပိုင်းခြားသိမြင်နိုင်ခြင်းနှင့် ဖော်ထုတ်နိုင်ခြင်း ရှိပါက မည်သည့်ရလဒ်မျိုးကို ရရှိမည်နည်း။ သင်သည် စာတန်ကို ပို၍ပင် မုန်းပြီး မိမိကိုယ်မိမိ နားလည်ကာ ပို၍ပင် မုန်းမည်ဖြစ်သည်။ ပို၍ပင် ကောင်းမွန်သော အဆုံးသတ်မှာ အဘယ်နည်း။ ယင်းမှာ စာတန်ကို ငြင်းပယ်ပြီး ဘုရားသခင်နောက်သို့ အသေအချာ စိတ်ပိုင်းဖြတ်ကာ လိုက်လျှောက်ခြင်း ဖြစ်သည်။ လူတို့ကို ညွှန်ကြားရန်နှင့် သွတ်သွင်းပေးရန် လူသားမျိုးနွယ်က နှစ်ပေါင်းထောင်ချီ၍ စုဆောင်းထားခဲ့သည့် ဤမည်ကာမတ္တ ရိုးရာယဉ်ကျေးမှုများ၊ အသိပညာနှင့် အယူအဆမျိုးစုံကို စာတန်အသုံးပြုကာ ပို၍နက်ရှိုင်းသော အတိုင်းအတာဖြင့် သူတို့ကို ဖောက်ပြန်ပျက်စီးစေပြီး ထိန်းချုပ်ရန် ရည်ရွယ်လေသည်။ အကယ်၍ သင်သည် ဤအရာများကို ကျွမ်းကျင်ပိုင်နိုင်ပြီး မည်သို့အသုံးပြုရမည် သိပါက သင်သည် သက်ရှိထင်ရှားရှိသော စာတန်တစ်ဦး ဖြစ်လာမည်ဖြစ်ပြီး ဘုရားသခင်၏ လုံးလုံးလျားလျား ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်ဖြစ်၏။

ပြီးခဲ့သော စုဝေးပွဲများအတွင်း ကိုယ့်ကိုယ်ကိုယ် နားလည်သဘောပေါက်မှုနှင့် ပတ်သက်၍ မိတ်သဟာယဖွဲ့သောအခါ လူအများစုက အဖြစ်များဆုံး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည့် မာနထောင်လွှားသော စိတ်သဘောထားနှင့်ဆိုင်သော ပြဿနာကို မကြာခဏ ထုတ်ပြောတတ်ကြပြီး ယင်း၏ ဖြစ်တည်မှုက ပျံ့နှံ့နေလေသည်။ ဖောက်ပြန်ပျက်စီးသော အခြားမည်သည့် စိတ်သဘောထားများသည် အတော်အတန် အဖြစ်များသနည်း။ (လှည့်ဖြားတတ်ခြင်းနှင့် စိတ်နှလုံးမာကျောခြင်း ဖြစ်သည်။) လှည့်ဖြားတတ်ခြင်း၊ စိတ်နှလုံးမာကျောခြင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့မှာ လူတို့ မကြာခဏ ကြုံတွေ့ရသော အရာများ ဖြစ်ကြသည်။ ကောက်ကျစ်ဆိုးယုတ်ခြင်းကို ယေဘုယျအားဖြင့် မြင်တွေ့ရမှု ပိုနည်းပြီး ယင်းကို များစွာ သတိထားမိခြင်း မရှိပေ။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို သတိထားမိဖို့ အခက်ဆုံးဖြစ်ကာ ယင်းမှာ နက်ရှိုင်းစွာ ကွယ်ဝှက်ထားသည့်၊ အတော်ပင် သိုဝှက်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ဖြစ်သည်ဟု ဆိုနိုင်သည် မဟုတ်လော။ ဥပမာ လူနှစ်ဦး အတူနေထိုင်ကြပြီး ၎င်းတို့အနက် မည်သူကမျှ သမ္မာတရားကို ချစ်ခြင်း သို့မဟုတ် လိုက်စားခြင်း မရှိသကဲ့သို့ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ သစ္စာစောင့်သိခြင်း မရှိဟု ဆိုပါစို့။ အပြင်ပန်းတွင် ၎င်းတို့နှစ်ဦးသည် ပြဿနာလုံးဝ မရှိဘဲ သဟဇာတကျကျ အတူနေထိုင်ကြသည်ဟု ထင်ကောင်း ထင်ရနိုင်သည်။ သို့သော်လည်း အတွင်းစိတ်ထဲ၌ ၎င်းတို့မည်သူကမျှ သမ္မာတရားကို မလိုက်စားသည့်အပြင် သင့်အနေဖြင့် မမြင်နိုင်သော်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောအမျိုးမျိုး ရှိနေဆဲဖြစ်သည်။ ယင်းတို့ကို သင် အဘယ့်ကြောင့် မမြင်နိုင်သနည်း။ အဘယ့်ကြောင့်ဆိုသော် ဤသူနှစ်ဦးလုံးသည် မိမိတို့၏ လုပ်ရပ်များတွင် အထူးသဖြင့် လှည့်ဖြားတတ်ပြီး မရိုးဖြောင့်သောကြောင့် ဖြစ်သည်။ သင်သည် သမ္မာတရားကို နားမလည်သည့်အပြင် မည်သည့် ပိုင်းခြားသိမြင်နိုင်စွမ်းမျှ မရှိသဖြင့် ၎င်းတို့ပြဿနာများ၏ အနှစ်သာရကို သင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိပေ။ သင်နားလည်သ‌ဘောပေါက်သော သမ္မာတရားမှာ နည်းပါးပြီး သင်၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းသောကြောင့် သင့်အနေဖြင့် မည်သည့်နည်းနှင့်မျှ သဘောပေါက်နားလည်ဖို့ မဖြစ်နိုင်သည့် ရှုပ်ထွေးသော အရေးကိစ္စများစွာ ရှိကာ သင်သည် အခြားလူတို့ကို ၎င်းတို့၏ အရေးကိစ္စများကို ကူညီဖြေရှင်းပေးခြင်းငှာ မစွမ်းသာပြီဖြစ်သည်။ ခေါင်း‌‌ဆောင်များအဖြစ် သင်တို့သည် ဤကဲ့သို့သော လူတို့ကို ကြုံတွေ့ရသောအခါ မည်သည့်အရာ ပြုလုပ်သင့်သနည်း။ အကယ်၍ သင်သည် ၎င်းတို့ကို ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်ပါက ယင်းကို ၎င်းတို့ အလွယ်တကူ လက်ခံကြမည်လော။ လက်ခံကြမည် မဟုတ်ပေ။ သို့ဆိုလျှင် ထိုသို့သော လူတို့ကို သင် မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းရှိသလော။ ထိုကဲ့သို့သော လူတို့ကို ကိုင်တွယ်ဖြေရှင်းရာ၌ စည်းမျဉ်းက အဘယ်နည်း။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်အတွက် အလုပ်လုပ်ပေးဖို့ နည်းပညာဆိုင်ရာ သို့မဟုတ် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုခုကို ပိုင်ဆိုင်ထားပါက ၎င်းတို့ကို ညီအစ်ကိုမောင်နှမများကဲ့သို့ ဆက်ဆံပြီး ထိုနည်းတူပင် တောင်းဆိုမှုများ ပြုလုပ်သင့်သည်။ သို့ရာတွင် ထိုသို့သော လူတို့က သမ္မာတရား မလိုက်စားသည်ကို တွေ့ရလျှင် ၎င်းတို့သည် မိမိတို့၏ တာဝန်များထမ်းဆောင်ရာတွင် သစ္စာစောင့်သိနိုင်မည်လော။ (စောင့်သိနိုင်မည် မဟုတ်ပါ။) ၎င်းတို့၌ သစ္စာစောင့်သိမှု ကင်းမဲ့ကြောင်း မည်သည့်အပြုအမူက ပြညွှန်သနည်း။ ဤသို့သော လူတို့သည် အမှုအရာများကို အပြသက်သက် လုပ်ဆောင်ရာ၌ တော်ကြသည် မဟုတ်လော။ ဘေးနားတွင် မည်သူမျှ မရှိသောအခါ ၎င်းတို့သည် ကရော်ကမည်လုပ်ပြီး မိမိတို့၏အချိန်ကို ဖြုန်းကြသည်။ တစ်စုံတစ်ယောက် လာသည်ကို ၎င်းတို့ မြင်သောအခါ ကသုတ်ကရက် ကောက်လုပ်ကြသည်။ ၎င်းတို့သည် မေးခွန်းတစ်ပုံတစ်ခေါင်းကြီးကိုပင် ထုတ်ကာ ဤအရာ၊ ထိုအရာသည် လက်သင့်ခံနိုင်ဖွယ်ဖြစ်မဖြစ် မေးတတ်ကြသည်။ ထိုသူ ထွက်သွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ အလုပ်ကို ရပ်လိုက်ကာ မည်သည့်အရာမျှ မလုပ်ဘဲ တင်ပြစရာ မည်သည့်အရေးမျှ မရှိတော့သည်အပြင် မိမိတို့၏ စိတ်နှလုံးထဲတွင် “ငါသည် သင့်ကို ကပြက်ကချော် လုပ်နေခြင်းသာ ဖြစ်သည်။ ငါသည် ထိုမျှ စဉ်းစားဉာဏ်မမဲ့ချေ” ဟုပင် ပြောကြသည်။ ဤသို့သော လူတို့သည် အရာရာကို အပြသက်သက် လုပ်ဆောင်ကြ၏။ ၎င်းတို့သည် အယောင်ဗန်းပြခြင်း၌ အထူးကျွမ်းကျင်ပြီး ဟန်ဆောင်မှု၌ တော်ကာ လူတို့ကို မမှန်ကန်သော ထင်မြင်ချက်ကို ပေးကြသည်။ ၎င်းတို့နှင့် နှစ်ကာလချီ၍ ပေါင်းသင်းဆက်ဆံဖူးသော လူများစွာက ၎င်းတို့၏ မရိုးဖြောင့်သော၊ လှည့်ဖြားတတ်သော အနှစ်သာရကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြချေ။ အခြားသူများက ၎င်းတို့နှင့်ပတ်သက်၍ မေးမြန်းသောအခါ ၎င်းတို့က “ဤသူသည် အတော်ပင် ကောင်းပြီး လူတိုင်းကို ဖော်ရွေစွာ ဆက်ဆံကာ တစ်ဦးတလေကိုမျှ လုံးဝ ဒုက္ခမပေးသည့် လူ့အကြိုက်လိုက်သူတစ်ဦးသာ ဖြစ်၏။ တစ်စုံတစ်ယောက်က အမှားလုပ်မိသောအခါ၌ပင် သူက ထိုသူကို ပြုပြင်ခြင်း မရှိပေ။ သူသည် အခြားသူများကို စဉ်ဆက်မပြတ် တိုက်တွန်းအားပေးပြီး နှစ်သိမ့်ပေးတတ်သည်” ဟုပင် ပြော၏။ ဤလူတို့သည် အခြားသူများနှင့် ‌ပေါင်းသင်းဆက်ဆံမှုများတွင် မည်သည့် နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးချကြသနည်း။ ၎င်းတို့သည် အချိန်အခါနှင့် ကိုက်ညီအောင် သရုပ်ဆောင်ပြီး ပြေပြစ်ပါးနပ်ကာ လူအများစုက ၎င်းတို့ကို လူကောင်းဖြစ်သည်ဟု ဆိုကြသည်။ သင်တို့၏ အနီးအနားတွင် ဤကဲ့သို့သောလူများ ရှိသလော။ (ရှိပါသည်။) လူတိုင်းသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်တတ်ကြသော်လည်း ဤသီးခြားပုဂ္ဂိုလ်များက မိမိတို့ကိုယ်ကို လုံလုံခြုံခြုံ ဖုံးကွယ်ထားကာ မိမိတို့၏ အရေးကိစ္စများကို မည်သူမျှ သတိပြုမိဖို့ မဖြစ်နိုင်အောင် လုပ်ကြသည်။ ဤသည်မှာ ပြဿနာတစ်ခုဖြစ်သည် မဟုတ်လော။ သမိုင်းတွင် ဧကရာဇ်ဘုရင်အချို့သည် မရေမတွက်နိုင်သော မကောင်းမှုများကို ကျူးလွန်ခဲ့ကြသည့်တိုင် နောင်လာနောက်သားများက ၎င်းတို့ကို ပညာရှိသော အုပ်ချုပ်သူများဟု ခေါ်ဆိုနေကြသေးသည်။ လူတို့က ၎င်းတို့နှင့်ပတ်သက်၍ ထိုသို့‌သောအမြင်များ အဘယ့်ကြောင့် ထားရှိကြသနည်း။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့ရန် အားထုတ်ကြိုးပမ်းမှုတစ်ခုခု စိုက်ထုတ်ပြီး အချို့သောအရာများကို လုပ်ဆောင်ခဲ့သည် မဟုတ်လော။ တစ်ဖက်တွင် ၎င်းတို့သည် မိမိတို့၏ နိုင်ငံရေး ဖြစ်ထွန်းအောင်မြင်မှုများအတွက် ကောင်းသောအရာအချို့ကို လုပ်ဆောင်ခဲ့ကြပြီး အခြားတစ်ဖက်တွင် သမိုင်းကို ပုံဖျက်ခဲ့ပြီး မိမိတို့၏ ပြစ်မှုများကို ဖုံးကွယ်ရန်အတွက် မိမိတို့အကြောင်း အမှန်တရားနှင့် အဖြစ်မှန်ကို‌ ရေးသားသောသူတို့ကို သတ်ဖြတ်ခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့သည် ယင်းတို့ကို ဖုံးဖိဖို့ အဘယ်သို့ ကြိုးစားပါစေ ၎င်းတို့၏ လုပ်ရပ်များနှင့်ဆိုင်သည့် မှတ်တမ်းများရှိသည်မှာ သံသယမရှိပေ။ ၎င်းတို့သည် အမှန်တရားကိုသိခဲ့သော လူတိုင်းကို ဖယ်ရှားရှင်းလင်းနိုင်ခြင်း မရှိခဲ့ပေ။ နောက်ဆုံးတွင် ထိုအကြောင်းအရာများကို နောင်လာနောက်သားများက တစ်စတစ်စနှင့် ထုတ်ဖော်ခဲ့ကြသည်။ လူတို့ သိရှိသွားသောအခါ လိမ်လည်လှည့်စားခံရသည်ဟု ခံစားကြရသည်။ ဤသမိုင်းဆိုင်ရာ အချက်အလက်များကို ဖော်ထုတ်ခြင်းအားဖြင့် လူတို့တွင် လူသားမျိုးနွယ်အားလုံးနှင့် ပတ်သက်သည့် အမှန်တရားအပေါ် အသစ်သော နားလည်သဘောပေါက်မှု ရှိသင့်ပေသည်။ မည်သို့သော နားလည်သဘောပေါက်မှုမျိုး ဖြစ်သနည်း။ ဘုရင်မင်းများမှအစ သာမန်ပြည်သူများအထိ လူသားထုတစ်ရပ်လုံးသည် ကောက်ကျစ်ဆိုးယုတ်သူတို့၏ လက်အောက်သို့ ကျရောက်နေကာ တစ်ယောက်ထက်တစ်ယောက် ပို၍ ကောက်ကျစ်ဆိုးယုတ်လာကြသည်အထိ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံနေကြရသည်။ မဆိုးယုတ်သောသူ တစ်ယောက်မျှမရှိ၊ မဆိုးမိုက်သောသူ တစ်ယောက်မျှ မရှိပေ။ ၎င်းတို့အားလုံးသည် ပြစ်မှုများစွာကို ကျူးလွန်ကြပြီးဖြစ်သည်။ ၎င်းတို့အားလုံးသည် အတော်ပင် ကောက်ကျစ်ဆိုးယုတ်ကာ ၎င်းတို့ကြားထဲတွင် ကောင်းသောသူ တစ်ယောက်မျှ မရှိပေ။ အချို့က “မင်းဆက်တိုင်းတွင် ဖြောင့်မတ်သော မင်းမှုထမ်းများ အနည်းငယ်ရှိသည်။ ဖြောင့်မတ်သော ဤမင်းမှုထမ်းများကို ကောက်ကျစ်ဆိုးယုတ်သည်ဟု ယူဆရသ‌လော” ဟု ဆိုကြသည်။ အကယ်၍ သင်သည် ဤဖြောင့်မတ်သော မင်းမှုထမ်းများ၏ သြဇာအာဏာအောက်တွင် ဘုရားသခင်ကို ယုံကြည်လက်ခံပါက သင့်ကို ၎င်းတို့ ဖမ်းမည်၊ မဖမ်းမည်ကို ကြည့်လော့။ အကယ်၍ သင်သည် ၎င်းတို့အား ဘုရားသခင်အကြောင်း သက်သေခံပါက ၎င်းတို့၏ သဘောထားကို အကဲခတ်ကြည့်လော့။ ၎င်းတို့ ကောက်ကျစ်ဆိုးယုတ်ခြင်း ရှိသည်၊ မရှိသည်ကို သင် ချက်ချင်း သိလိမ့်မည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အလုပ်သာမက သူဖော်ပြသည့် သမ္မာတရားက လူတို့ မည်သို့သောသူဖြစ်သည်ကို အခြားအရာအားလုံးထက် ပို၍ ဖော်ထုတ်လေသည်။ အုပ်ချုပ်မင်းလုပ်သူများနှင့် မင်းမှုထမ်းများက အချို့သော နိုင်ငံရေး ဖြစ်ထွန်းအောင်မြင်မှုများကို စွမ်းဆောင်ရရှိခဲ့ခြင်းနှင့် လုပ်ရပ်ကောင်းအချို့ကို လုပ်ဆောင်ခဲ့ခြင်း ရှိကောင်းရှိမည် ဖြစ်သော်လည်း ဤလုပ်ရပ်ကောင်းများ၏ သဘာဝမှာ မည်သည့်အရာဖြစ်သနည်း။ ယင်းတို့မှနေ၍ မည်သူသည် အကျိုးခံစားရသနည်း။ ယင်းတို့မှာ အုပ်ချုပ်မင်းလုပ်သော လူတန်းစားက တောင်းဆိုသည့် လုပ်ရပ်ကောင်းများ ဖြစ်ကြသည်။ ၎င်းတို့လုပ်ဆောင်သော လုပ်ရပ်ကောင်းများမှာ ဘုရားသခင် အသိအမှတ်ပြုသော လုပ်ရပ်ကောင်းများ ဟုတ်သလော။ ဤ “နိုင်ငံရေး ဖြစ်ထွန်းအောင်မြင်မှုများ” သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်အား ကျိုးနွံနာခံခြင်း ဟုတ်သလော။ လုံးဝ မဟုတ်ပေ။ ၎င်းတို့၏ နိုင်ငံရေး ဖြစ်ထွန်းအောင်မြင်မှုများနှင့် လုပ်ရပ်ကောင်းများသည် သမ္မာတရား သို့မဟုတ် ဘုရားသခင်အား ကျိုးနွံနာခံခြင်းနှင့် ဆက်စပ်မှု လုံးဝ မရှိချေ။ ၎င်းတို့လုပ်ဆောင်သည့် လုပ်ရပ်ကောင်းများနှင့် နိုင်ငံရေး ဖြစ်ထွန်းအောင်မြင်မှုများ၌ ရှိသည့်အရာအားလုံးကို ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် အကြောင်းရင်းများက လှုံ့ဆော်လေသည်။ ယင်းတို့အားလုံးကို မိမိတို့ကိုယ်ကို မော်ကွန်းတင်ရန်နှင့် အခြားသူများ၏ ချီးကျူးဂုဏ်ပြုမှု ခံရရန်အတွက် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် လုပ်ရပ်ကောင်းများ မည်မျှကို ဆောင်ရွက်သည်ဖြစ်စေ သို့မဟုတ် နိုင်ငံရေး ဖြစ်ထွန်းအောင်မြင်မှုများ မည်မျှကို ရရှိထားသည်ဖြစ်စေ ၎င်းတို့သည် မကောင်းမှုကို မည်သည့်အခါမျှ ကျူးလွန်ထားခြင်းမရှိဖို့ သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို ပိုင်ဆိုင်ထားခြင်းမရှိဖို့ မဆိုထားဘိ၊ ၎င်းတို့သည် ကြင်နာတတ်သော စိတ်နှလုံးရှိသည့် လူကောင်းများဖြစ်သည်ဟုပင် သက်သေမပြနိုင်ချေ။ ဤလူတို့သည် ဘုရားသခင်၏အမြင်တွင် မည်သည့်လူစားမျိုးဖြစ်ကြောင်း သင် ရှင်းပြီလော။ သင်တို့သည် ကိုယ့်ကိုယ်ကိုယ် နားလည်ရန် ဤအကြောင်းအရာများကို အသုံးပြုနိုင်သ‌လော။ ကောင်းမှုတစ်ခု လုပ်လျှင်လုပ်ချင်း လူတိုင်း မသိသိအောင်လုပ်ပြီး ကြွားလုံးထုတ်ချင်ကာ အပြင်ပန်းအားဖြင့် လူတစ်ဦးသည် မကြွားဝါသင့် သို့မဟုတ် မာနမထောင်လွှားသင့်ကြောင်း၊ လူတစ်ဦးသည် နှိမ့်ချခြင်းဖြင့် ကျင့်ကြံပြုမူသင့်ကြောင်း ပြောနေတတ်သည့် ထိုသို့သော အလေ့အထများကို သင်တို့ လုပ်သလော။ သာဓကအားဖြင့် သင်သည် အမှုဆောင်ဖို့အတွက် အသင်းတော်သစ်တစ်ပါးသို့ သွားသော်လည်း သင်သည် ခေါင်းဆောင်ပိုင်းနေရာတွင် ရှိနေကြောင်း လူတို့ မသိသဖြင့် သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း လူတို့ကိုသိစေဖို့အတွက် ရသမျှနည်းလမ်းကို သင် လုပ်ကြည့်ဖို့လိုအပ်ကာ တစ်ညလုံး ဦးနှောက်ခြောက်အောင် စဉ်းစားလျက် နောက်ဆုံးမှ အဖြေကောင်းတစ်ခုကို စဉ်းစားမိလေသည်။ ထိုအဖြေမှာ မည်သည့်အရာ ဖြစ်သနည်း။ သင်သည် လူတိုင်းကို အစည်းအဝေးတစ်ခုအတွက် စုရုံးစေပြီး “ယနေ့စုဝေးပွဲတွင် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးအဖြစ် စံနှုန်းပြည့်မီခြင်း ရှိမရှိကို မိတ်သဟာယဖွဲ့ကြစို့။ ကျွန်ုပ် စံနှုန်းမပြည့်မီပါက ကျွန်ုပ်ကို သင်တို့ ထုတ်ဖော်ပြီး ဖယ်ရှားနိုင်သည်။ အကယ်၍ ကျွန်ုပ် စံနှုန်းပြည့်မီပါက ဤတာဝန်ကို ကျွန်ုပ် ဆက်ထမ်းဆောင်မည်” ဟု ပြောခြင်းဖြစ်သည်။ ဤသည်ကို လူတိုင်း ကြားရသောအခါ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်မှန်း သူတို့ ချက်ချင်း သိကြလေသည်။ သင်သည် ဤသို့ဖြင့် သင်၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ခဲ့ပြီ မဟုတ်လော။ ဤရည်မှန်းချက်ပန်းတိုင်သည် မည်သည့်နေရာမှ လာသနည်း။ ယင်းသည် သင်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝမှ အရင်းခံသည်။ ရည်မှန်းချက်များရှိခြင်းသည် လူတို့၌ တွေ့နေကျ လက္ခဏာတစ်ခု ဖြစ်သော်လည်း လူတို့အားလုံး၌ ရည်မှန်းချက်များ ရှိစေကာမူ အချို့က မိမိတို့လိုချင်သော ရည်မှန်းချက်ပန်းတိုင်များကို ဖြစ်မြောက်အောင်မြင်ဖို့ရန် မတူညီသော အချိန်များနှင့် မတူညီသော နေရာများတွင် မတူညီသော ဘာသာစကား၊ နည်းစနစ်နှင့် မဟာဗျူဟာအမျိုးမျိုးကို အသုံးပြုကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုပင် ဖြစ်၏။

ကောက်ကျစ်ဆိုးယုတ်သော သဘာဝနှင့်ဆိုင်သည့် ဤအကြောင်းအရာနှင့် စပ်လျဉ်း၍ ငါတို့သည် ဆက်လက်၍ မကြာမကြာ ဆွေးနွေးကြမည်။ ဤသို့ဖြင့် သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့နှင့် ပတ်သက်၍ ပို၍စေ့စပ်သေချာသော နားလည်သဘောပေါက်မှုကို သင်တို့ ရရှိမည်။ တစ်ဖက်တွင် သင်တို့သည် ကိုယ့်ကိုယ်ကိုယ် နားလည်နိုင်မည်ဖြစ်ပြီး အခြားတစ်ဖက်တွင် မတူညီသော လူစားမျိုးတို့ကို ပိုင်းခြားသိမြင်နိုင်မည် ဖြစ်သည်။ သင်တို့သည် သမ္မာတရားထဲသို့ ပို၍နက်ရှိုင်းသော ဝင်ရောက်မှုလည်း ရှိမည်ဖြစ်သည်။ အကယ်၍ ငါသည် ယေဘုယျဆန်သော အယူအဆတစ်ခု သို့မဟုတ် အဓိပ္ပာယ်ဖွင့်ဆိုချက်၏ ကဏ္ဍတစ်ခုကိုသာ မိတ်သဟာယဖွဲ့ပါက သင်တို့၏ နားလည်သဘော‌ပေါက်မှုမှာ အတော်လေး ပေါ့တန်မည်ဖြစ်သည်။ သို့ရာတွင် ငါတို့၏ မိတ်သဟာယဖွဲ့မှုအတွက် ဖြစ်ရပ်မှန်အချို့ကို အသုံးပြုခြင်းနှင့် ဥပမာများပေးခြင်းအားဖြင့် သင်တို့၏ နားလည်သဘောပေါက်မှုသည် ပို၍ နက်ရှိုင်းလာနိုင်သည်။ ဥပမာ ကလေးငယ်နှစ်ယောက် အတူစကားပြောနေကြသည် ဆိုပါစို့။ ကလေးတစ်ယောက်က “ယနေ့ သင်သည် သင်၏အိမ်စာကို လုပ်ခဲ့သလော” ဟု မေးသည်။ ကျန်သည့်ကလေးက “မလုပ်ခဲ့ပါ” ဟု ပြန်ဖြေသည်။ ထိုအခါ ပထမတစ်ဦးက “ကျွန်ုပ်လည်း မလုပ်ခဲ့ပါ” ဟု ဆိုသည်။ သူတို့နှစ်ဦးလုံး အမှန်တရားကို ပြောနေကြသလော။ (ပြောနေကြပါသည်။) သင် မှားသွားပြီ။ သူတို့ထဲမှ တစ်ယောက်သည် လိမ်ညာနေ၏။ ထိုသူသည် စိတ်နှလုံးထဲတွင် မည်သည့်အရာ စဉ်းစားနေသနည်း။ “ငအ၊ ကျွန်ုပ် တကယ်မလုပ်ခဲ့ဟု သင်ထင်သလော။ ကျွန်ုပ် ထိုမျှ မမိုက်မဲပေ။ ကျွန်ုပ် အိမ်စာမလုပ်ခဲ့လျှင် အပြစ်ဒဏ်ပေးခံရမည်။ အဘယ်သို့များ မလုပ်ခဲ့ဘဲ နေနိုင်မည်နည်း။ သင်လည်း အိမ်စာမလုပ်ဖို့အတွက် ကျွန်ုပ်မလုပ်ခဲ့ဟု သင့်အား တမင်သက်သက် ထင်စေခြင်းဖြစ်သည်။ ‌နောက်ဆုံးတွင် သင်သည် အပြစ်ဒဏ်ပေးခံရမည်ဖြစ်ပြီး ကျွန်ုပ်တော့ ကောင်းကောင်းကြီး လှောင်ရယ်နိုင်မည်” ဟူ၍ ဖြစ်သည်။ ဤကလေးသည် ဆိုးသလော။ (ဆိုးပါသည်။) သင်တို့အနက် တစ်ဦးဦးသည် ဤကဲ့သို့သောအရာကို ပြုလုပ်ခဲ့ဖူးသလော။ နောက်ထပ်ဥပမာက ဤသို့ဖြစ်၏။ တနင်္လာနေ့ အတန်းထဲတွင် ကျောင်းသားတစ်ဦးသည် တနင်္ဂနွေနေ့တွင် သူမ ‌ဈေးဝယ်ထွက်ခဲ့ကြောင်း ပြောစဉ် နောက်တစ်ဦးက သူငယ်ချင်းများကို သွားလည်ခဲ့သည်ဟု ဆို၏။ တကယ်တမ်းတွင် သူတို့နှစ်ဦးလုံး အိမ်တွင် စာကျက်နေခဲ့ကြခြင်းဖြစ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံကဲ့သို့ အလွန်အမင်း ယှဉ်ပြိုင်မှုများသော ဝန်းကျင်တစ်ခုတွင် သင်သည် မိမိ၏ပြိုင်ဘက်ကို သာလွန်နိုင်ဖို့အလို့ငှာ သူ့ကို သတိလစ်ဟင်းသွားစေရန် ဤသို့သော အရာများကို ပြောရလေသည်။ ဤသည်မှာ ပရိယာယ်ဟု ခေါ်သည့်အရာ ဖြစ်၏။ ထိုသို့သော အရာများမှာ နေ့စဉ်ဘဝတွင် မဆန်းတော့ပေ။ တစ်ခါတစ်ရံတွင် မိဘများနှင့် သားသမီးများသည် အလားတူသော အပြန်အလှန် ပြောဆိုမှုများ ပြုကြပြီး အလားတူသော စိတ်သ‌ဘောထားများကို ထုတ်ဖော်ကြကာ ယင်းကို သူငယ်ချင်းများကြားတွင်လည်း ထုတ်ဖော်ကြသည်။ ဤစိတ်သဘောထားနှင့်ဆိုင်သည့် ထုတ်ဖော်ပြမှုများကို နေရာတိုင်းတွင် မြင်နိုင်ကာ သင်သည် ယင်းတို့ကိုမြင်ရဖို့ မျက်စိရှင်ရှင်ဖြင့် စောင့်ကြည့်ဖို့သာ လိုသည်။ အဘယ့်ကြောင့် စောင့်ကြည့်ရမည်နည်း။ ယင်းမှာ အချက်အလက်ကို စုဆောင်းရရှိဖို့၊ အကြောင်းမဲ့သက်သက် စကားစမြည်ပြောဖို့၊ အတင်းအဖျင်းပြောဖို့ သို့မဟုတ် ဇာတ်လမ်းများထွင်ဖို့ မဟုတ်ပေ။ ထိုအစား ယင်းသည် သင်၏ ပိုင်းခြားနားလည်နိုင်စွမ်းကို တိုးတက်စေပြီး သင်သည်လည်း အလားတူအပြုအမူများကို ထုတ်ဖော်ပြခြင်း ရှိမရှိ မြင်တွေ့နိုင်ရန်အတွက် အခြားသူများ လုပ်ဆောင်သည့်အရာနှင့် ထုတ်ဖော်ပြသသည့်အရာကို မိမိကိုယ်ကိုနှင့် နှိုင်းယှဉ်ကြည့်ခွင့်ပေးဖို့ ဖြစ်သည်။ သင်သည် တစ်စုံတစ်ယောက်က ဤအပြုအမူမျိုးကို ထုတ်ဖော်ပြသည်ကို တွေ့ရသောအခါ သူ၌ ဤစိတ်သဘောထား ရှိကြောင်း သင် နားလည်မည်ဖြစ်သည်။ သို့သော်လည်း ထိုသို့သော အပြုအမူမျိုးကို သင်လည်း ထုတ်ဖော်ပြသောအခါ သင်၌လည်း ဤစိတ်သဘောထား ရှိကြောင်း သင် သတိထားမိနိုင်မည်လော။ အကယ်၍ သင် သတိမထားမိနိုင်ပါက ထိုသူ၏ စိတ်သဘောထားနှင့်ဆိုင်သည့် သင်၏ နားလည်သဘောပေါက်မှုက မှားလေသည်။ ယင်းကို သင် အမှန်တကယ် နားမလည်ခဲ့သေး၊ သို့မဟုတ် တစ်နည်းအားဖြင့် သင်၌ ဝိညာဉ်ရေးရာ နားလည်သဘော‌ပေါက်မှု မရှိသည့်အပြင် သင်သည် ယင်းကို တိကျမှန်ကန်စွာ နားမလည်ခဲ့သေးပေ။ ဤအကြောင်းအရာများကို ရက်အနည်းငယ်အတွင်း၌ အပြည့်အဝ မဆွေးနွေးနိုင်ချေ။ ယင်းနှင့်ပတ်သက်၍ အနည်းငယ် ဆွေးနွေးခြင်းက သင်တို့ကို အနည်းငယ် ရရှိအောင် အကူအညီပေးမည်ဖြစ်ပြီး သမ္မာတရားနှင့် ပတ်သက်၍ သင်တို့၏ နားလည်သဘော‌ပေါက်မှုက အတော်အတန် နက်ရှိုင်းမည်ဖြစ်သည်။ အကယ်၍ သင်သည် သမ္မာတရားကို စစ်မှန်စွာ ချစ်ပါက ပို၍နက်နဲသော ဝင်ရောက်မှုအဆင့်ကို ရရှိမည်။ သင်၏ အတွေ့အကြုံနှင့် ဝင်ရောက်မှု အတိမ်အနက်သည် သင်၏ နားလည်သဘောပေါက်မှုနှင့် ခွဲမရပေ။ သင်၏ အတွေ့အကြုံနှင့် ဝင်ရောက်မှု အတိမ်အနက်က သင်၏ နားလည်သဘော‌ပေါက်မှု အတိမ်အနက်ကို ပြတ်ပြတ်သားသား အဆုံးအဖြတ်ပေးမည် ဖြစ်သည်။ ထိုနည်းတူစွာ သင်၏ နားလည်သဘော‌ပေါက်မှု အတိမ်အနက်က သင်သည် အဘယ်မျှ နက်နဲစွာ တွေ့ကြုံပြီး ဝင်ရောက်ခဲ့ပြီး ဖြစ်ကြောင်းကိုလည်း ထင်ရှားစေနိုင်သည်။ ဤနှစ်ခုမှာ အပြန်အလှန် ဆက်စပ်နေ၏။ ဤသည်မှာ သမ္မာတရားထဲသို့ ဝင်ရောက်သည့် လမ်းကြောင်းဖြစ်ပြီး သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းဖြင့်သာ လက်တွေ့ကျမှုကို သင် ပိုင်ဆိုင်နိုင်သည်။ ဤအကြောင်းအရာကို ငါတို့ ဤနေရာတွင် အဆုံးသတ်ပြီး ယနေ့မိတ်သဟာယဖွဲ့မှု၏ အဓိကအကြောင်းအရာသို့ ဆက်သွားကြမည်။

အန္တိခရစ်များက လူတို့ကို မည်သို့အထင်အမြင်မှားစေပြီး ဆွဲသွင်း၍ ခြိမ်းခြောက်ကာ ထိန်းချုပ်ပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

၁။ အန္တိခရစ်များက လူတို့အား မည်သို့ အထင်အမြင်မှားစေပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

ပြီးခဲ့သော စုဝေးပွဲတွင် အန္တိခရစ်များ၏ သရုပ်သကန် အမျိုးမျိုးအနက် စတုတ္ထမြောက်အချက်အပေါ် ငါတို့၏ မိတ်သဟာယပြုချက်ကို အပြီးသတ်ခဲ့ကြသည်။ ယနေ့တွင် အန္တိခရစ်များက လူတို့ကို မည်သို့ အထင်အမြင်မှားစေပြီး စည်းရုံးသိမ်းသွင်း၍ ခြိမ်းခြောက်ကာ ထိန်းချုပ်ပုံဟူသည့် အချက်ငါးအပေါ် စတင်၍ မိတ်သဟာယပြုမည်။ အန္တိခရစ်များ၏ သရုပ်သကန်များနှင့်ဆိုင်သည့် ဤလက္ခာဏာသွင်ပြင်၌ ကြိယာလေးလုံး ပါဝင်ပြီး ဤကြိယာလေးလုံးနှင့် အန္တိခရစ်များ၏ အပြုအမူမှနေ၍ သူတို့၏ စိတ်သဘောထားများကို ငါတို့ တွေ့နိုင်သည်။ ပထမဆုံးကြိယာမှာ “အထင်အမြင်မှားစေသည်” ဖြစ်၏။ ဤအရာထဲ၌ မည်သည့် စိတ်သဘောထားမျိုး ပါရှိသနည်း။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်၏။ ယခုအခါတွင် “စည်းရုံးသိမ်းသွင်းသည်” ဟူသည့် စကားလုံးတွင်ကော။ စည်းရုံးသိမ်းသွင်းခြင်းက ပုံမှန်အားဖြင့် နှစ်လိုဖွယ်ကောင်းသော စကားလုံးများကို အသုံးပြုသလော၊ သို့မဟုတ် နှစ်လိုဖွယ်မကောင်းသော စကားလုံးများကို အသုံးပြုသလော။ (နှစ်လိုဖွယ်ကောင်းသော စကားလုံးများ ဖြစ်၏။) သို့ဆိုလျှင် ဤအပြုအမူကို မည်သည့်စိတ်သ‌ဘောထားမျိုးက ထိန်းချုပ်သနည်း။ ကောက်ကျစ်ဆိုးယုတ်မှုပင်။ “ခြိမ်းခြောက်သည်” နှင့် “ထိန်းချုပ်သည်” ဟူသည့် စကားလုံးများကော။ ဤအရာတို့ကို မည်သည့် စိတ်သ‌ဘောထားက ထိန်းချုပ်သနည်း။ (ရက်စက်ကြမ်းကြုတ်မှု ဖြစ်၏။) မှန်သည်၊ ရက်စက်ကြမ်းကြုတ်မှု ဖြစ်၏။ အချက်ငါးမှနေ၍ အန္တိခရစ်တို့၏ စိတ်သဘောထားများကို ငါတို့ တွေ့နိုင်သည်။ ဤအချက်တွင် အန္တိခရစ်များ၏ အခြေခံ သရုပ်သကန်များမှာ အဘယ်နည်း။ (ကောက်ကျစ်ဆိုးယုတ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှု ဖြစ်၏။) ကောက်ကျစ်ဆိုးယုတ်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုဟူသည့် ဤစိတ်သဘောထား နှစ်ခုလုံးသည် အလွန်ပင် အရေးပါပြီး ပေါ်လွင်ထင်ရှား၏။ ဤအပြုအမူနှစ်ခုကို “စည်းရုံးသိမ်းသွင်းသည်” ဟူသည့် စကားလုံးဖြင့် အစပြုလျက် တစ်ခုချင်း ဆွေးနွေးကြစို့။ “စည်းရုံးသိမ်းသွင်းသည်” ဟူသည့် အသုံးအနှုန်းသည် ယေဘုယျအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်း၌ ရိုးသားမှုနှင့် ဆိုင်သည့် သရုပ်သကန်တစ်ခုခု ပါဝင်သလော။ ယင်း၌ ရိုးသားသည့် စကားလုံးတစ်ခုခု ရှိသလော။ (မရှိပါ။) ယင်း၌ ရိုးသားသည့် စကားလုံးမရှိ၊ အတုအယောင်ချည်း ဖြစ်၏။ မိမိပြောသည့်အရာ မှန်ကန်သည်ဟု အခြားသူများ ယုံကြည်အောင်ပြုလုပ်ပြီး ထိုသို့ဖြင့် မိမိကို အခြားသူများက အသိအမှတ်ပြုကာ ယုံကြည်စိတ်ချအောင် ပြုလုပ်ရန်အတွက် ယင်းက မမှန်ကန်သော ထင်မြင်ချက်များ၊ မမှန်ကန်သော ပြောဆိုချက်များနှင့် လှည့်စားသော စကားလုံးများကို အသုံးပြု၏။ ဤသည်မှာ “အထင်အမြင် မှားစေသည်” ဟူသည့် စကားလုံးက ဆိုလိုသည့်အရာ ဖြစ်၏။ အထင်အမြင်မှားစေခြင်း ခံရသောသူတို့သည် သမ္မာတရားကို ရရှိသလော၊ သို့မဟုတ် မှန်ကန်သောလမ်းကြောင်းကို အစပြုသလော။ ၎င်းတို့က ဤအရာတစ်ခုကိုမျှ ဖြစ်မြောက်အောင်မြင်ခြင်း မရှိပေ။ လူတို့အား အထင်အမြင်မှားစေခြင်းဟူသည့် အပြုအမူနှင့် အလေ့အထမှာ အပြုသဘောဆောင်သည်ထက် တကယ်ကို အပျက်သဘောဆောင်၏။ အထင်အမြင် မှားစေခြင်းခံရသောသူတို့မှာ အခြေခံအားဖြင့် လှည့်စားခံရလေပြီ။ ၎င်းတို့သည် တကယ့်အဖြစ်မှန်များ၊ လက်တွေ့အခြေအနေ သို့မဟုတ် မှန်ကန်သော နောက်ခံအကြောင်းရင်းတို့ကို နားမလည်သည့်အပြင် မှားယွင်းသော လမ်းကြောင်းနှင့် ဦးတည်ချက်သာမက မှားယွင်းသော လိုက်လျှောက်ဖို့ လူအရွေးမှားကြ၏။ ဤသည်မှာ အလှည့်စားခံရသော သူတို့အပေါ် အထင်အမြင်မှားစေခြင်းမှ ရရှိသည့် အကျိုးသက်ရောက်မှု ဖြစ်၏။ ယင်းမှာ ‌ဈေးဝယ်ကုန်တိုက်ထဲမှ ကြော်ငြာများနှင့် တူ၏။ ယင်းတို့ကို အလွန်ပင် စိတ်ဝင်စားဖွယ် ရေးသားထားပြီး လူတို့က တွေ့မြင်သောအခါ အမြင်အတိုင်း ဝယ်ယူလိုက်ကြသော်လည်း ဝယ်ယူပြီးသောအခါ ထိုကုန်ပစ္စည်းများကို အသုံးမကျမှန်း တွေ့ရှိကြ၏။ ယင်းမှာ လှည့်စားခံရခြင်း ဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေသည့် နည်းလမ်းဖြင့် ပြုမူခြင်း၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့ကို အထင်အမြင် မှားစေဖို့အတွက် သူတို့သည် မည်သည့်နည်းလမ်းများကို အသုံးပြုသနည်း။ မည်သည့်စကားများကို ပြောသနည်း။ ထို့ပြင် မည်သည့်အရာများကို ပြုလုပ်သနည်း။ သူတို့၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အရင်ဦးဆုံး ပြောကြစို့။ အကယ်၍ သူတို့၌ ရည်ရွယ်ချက် လုံးဝမရှိလျှင် လူတို့ကို စည်းရုံးသိမ်းသွင်းပြီး အထင်အမြင် မှားစေရန်အတွက် ကြိုးပမ်းအားထုတ်ဖို့ သို့မဟုတ် နှစ်လိုဖွယ်ကောင်းသော အရာများကို ပြောဆိုဖို့ လိုမည်လော။ “အချောင်ရသည့် အရာဟူ၍မရှိ” ဟူသည့် ဘာသာတရား မရှိသူများကြားမှ ဆိုရိုးတစ်ခုရှိ၏။ ဤအရာကို သင် ထိုးထွင်းသိမြင်နိုင်ခြင်း မရှိလျှင် အလှည့်စားခံရမည် ဖြစ်သည်။ လောကကြီးသည် ဤမျှပင် ကောက်ကျစ်ဆိုးယုတ်ကာ လူတို့သည် တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်ကြံစည်ပြီး အချင်းချင်း မတရားသဖြင့် အခွင့်ကောင်းယူကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားတို့၏ ဘဝပင်ဖြစ်၏။ အန္တိခရစ်များသည် လူတို့ကို အထင်အမြင် မှားစေရန်အတွက် ဝေ့ဝိုက်သော စကားပြောဆိုခြင်းတွင် အဘယ့်ကြောင့် ကြိုးပမ်းအားထုတ်သနည်း။ သူတို့သည် အာဏာရအောင် ယှဉ်ပြိုင်ပြီး လူတို့ကို ထိန်းချုပ်ရန်ဟူသည့် ရှင်းလင်းသော ရည်ရွယ်ချက်ဖြင့် စကားပြောပြီး ပြုမူလုပ်ဆောင်ကြခြင်း ဖြစ်၏။ ဤသည်ကို သံသယဖြစ်စရာ မရှိပေ။ သူတို့၏ ရည်မှန်းချက်များမှာ နိုင်ငံရေးသမားများ၏ ရည်မှန်းချက်များနှင့် မခြားနားပေ။ သို့ဆိုလျှင် အန္တိခရစ်များသည် လူတို့ကို အထင်အမြင် မှားစေဖို့အတွက် မည်သည့် နည်းဗျူဟာများကို အသုံးပြုသနည်း။ ယင်းကို မည်သို့ လုပ်ဆောင်သနည်း။ ပထမဦးစွာ သင့်အား သူတို့ကို သ‌ဘောကျအောင် လုပ်သည်။ သူတို့အပေါ် အထင်အမြင်ကောင်း ရှိပြီဆိုသည်နှင့် သင်သည် သူတို့နှင့်ပတ်သက်၍ သတိထားရှောင်တော့မည် မဟုတ်တော့ပေ။ သူတို့ကို သင် ယုံကြည်စိတ်ချပြီးလျှင် သူတို့၏ ဦးဆောင်မှုကို လက်ခံကာ လိုလိုလားလား နာခံမည်ဖြစ်သည်။ သင်သည် သူတို့ပြောသမျှနှင့် သင့်အား ခိုင်းသမျှကို နားထောင်လိုစိတ် ရှိမည်ဖြစ်သည်။ ဤနားထောင်လိုစိတ်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ပိုင်းခြားသိမြင်နိုင်စွမ်းကို မကျင့်သုံးခြင်းနှင့် စည်းမျဉ်းများမရှိဘဲ နား‌ထောင်ခြင်းနှင့် နာခံခြင်းကို ဆိုလိုသည်။ အန္တိခရစ်များသည် စကားလုံးများ သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း နည်းလမ်းများကို အသုံးပြုခြင်းဖြင့် လူတို့အား အထင်အမြင်မှားစေခြင်းဟူသည့် အကျိုးရလဒ်ကို ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။ သို့ဆိုလျှင် သူတို့သည် ဤအကျိုးရလဒ်ကို ရရှိဖို့အတွက် ပုံမှန်အားဖြင့် မည်သည့်နည်းလမ်းများကို အသုံးချကြသနည်း။ များသောအားဖြင့် လူ့အယူအဆများသာမက လူ့ခံယူချက်နှင့်ဆိုင်သည့် အယူဝါဒများနှင့် လျော်ညီသည့် စကားလုံးများကို အသုံးပြုကြသည်။ တစ်ခါတစ်ရံတွင် သမ္မာတရားနှင့် လျော်ညီသည့် စကားနှင့် အယူဝါဒအချို့ကိုလည်း ပြောကြသည်။ ဤအရာက လူတို့အား အထင်အမြင် မှားစေခြင်းဟူသည့် သူတို့၏ ရည်မှန်းချက်ပန်းတိုင်ကို သူတို့အနေဖြင့် စွမ်းဆောင်ရရှိရန် လွယ်ကူစေပြီး လူတို့သည်လည်း သူတို့ကို လက်ခံနိုင်ဖွယ် ရှိကြသည်။ ဥပမာ ညီအစ်ကို မောင်နှမများသည် အမှားတစ်စုံတစ်ခု ပြုလုပ်ကာ အသင်းတော်၏အလုပ်အပေါ် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပွားစေပြီး အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်း ခံစားရသောအခါ အန္တိခရစ်များသည် ၎င်းတို့ကို အားပေးရန်နှင့် အကူအညီပေးရန်အတွက် သမ္မာတရားကို မိတ်သဟာယ မပြုကြပေ။ ထိုအစား သူတို့က “လူတို့အနေဖြင့် အားနည်းသည်မှာ ဖြစ်ပျက်နေကျ ဖြစ်စဉ်တစ်ခု ဖြစ်ပြီး ပုံမှန်ဖြစ်၏။ ကျွန်ုပ်သည်လည်း မကြာခဏ အားနည်းတတ်၏။ ဘုရားက ဤအရာများကို မအောက်မေ့” ဟု ဆိုကြသည်။ လက်တွေ့တွင်မူ ဘုရားက ဤအရာများကို အောက်မေ့သည်၊ သို့မဟုတ် မအောက်မေ့သည်ကို သူတို့ သိသလော။ မသိကြပေ။ သူတို့က “ဤကိစ္စကို ကောင်းမွန်စွာ ကိုင်တွယ်ခဲ့ခြင်းရှိရှိ၊ မရှိရှိ အရေးမကြီးပေ။ နောက်တစ်ကြိမ်တွင် ယင်းကို မှန်ကန်အောင်သာ လုပ်ဆောင်လော့။ ဘုရားအိမ်တော်က မသိသည့်အပြင် မည်သူမျှ ယင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်း မဟုတ်ပေ။ အထက်သို့ ငါ မတိုင်သရွေ့ အထက်ပိုင်းခေါင်းဆောင်များက ယင်းနှင့်ပတ်သက်၍ သိမည်မဟုတ်၊ အထက်က လုံးဝသိမည် မဟုတ်သည့်အပြင် ဘုရားလည်း သိမည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားက ဤကိစ္စကို အာရုံစိုက်မည် မဟုတ်ပေ။ ကျွန်ုပ်တို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော လူများ ဖြစ်ကြသည်။ သင်၌ ဖောက်ပြန်ပျက်စီးမှု ရှိသကဲ့သို့ ကျွန်ုပ်လည်း ရှိသည်။ ခေါင်းဆောင်တစ်ဦး အနေဖြင့် ကျွန်ုပ်သည် မိဘသဖွယ်ဖြစ်၏။ သင်တို့ ပြုမိသော မည်သည့်အမှားများမဆို ကျွန်ုပ်၏ တာဝန်ဖြစ်၏။ နုနယ်သော ဝိညာဉ်ရင့်ကျက်မှု ရှိပြီး သင်တို့အား အားပေးခြင်းနှင့် အကူအညီပေးခြင်း မပြုနိုင်သည်မှာ ကျွန်ုပ်၏ အားနည်းချက်ဖြစ်ကာ ယင်းက သင်တို့အား မှားယွင်းသော အရာများ ပြုလုပ်စေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ကျွန်ုပ်၌ ပို၍ကြီးမားသော ဝိညာဉ်ရင့်ကျက်မှု ရှိခဲ့ပါက သင်တို့အား ကျွန်ုပ် ကူညီနိုင်ခဲ့မည်ဖြစ်ပြီး သင်တို့သည် အမှားလုပ်ခဲ့ပြီး ဖြစ်မည်မဟုတ်ပေ။ ဤကိစ္စအတွက် ကျွန်ုပ်၌ တာဝန်ဝတ္တရား ရှိသည်။ ဤအရာက အသင်းတော်၏ အလုပ်အပေါ် ဆုံးရှုံးနစ်နာမှုအနည်းငယ် ဖြစ်ကောင်း ဖြစ်စေခဲ့မည် ဖြစ်သော်လည်း ဤအရာကို ကျွန်ုပ်တို့ကိုယ်တိုင် ်ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ယင်းက ထိုကိစ္စ၏ အဆုံးသတ်ဖြစ်လိမ့်မည်။ ဤကိစ္စကို မည်သူမျှ စုံစမ်းစစ်ဆေးမှု မလုပ်ရ၊ ထို့ပြင် အထက်ပိုင်းသို့ မည်သူမျှ မတိုင်ကြားရပေ။ ယင်းကို သင်နှင့် ကျွန်ုပ်သာ သိပါစေ။ အကယ်၍ ကျွန်ုပ်သည် အခြား ညီအစ်ကိုမောင်နှမများထံ မပြောပြလျှင် မည်သူကမျှ အထက်ပိုင်းသို့ တိုင်ကြားမည်မဟုတ်ဘဲ ထိုကိစ္စက ရပ်ဆိုင်းသွားမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ဆုတောင်းပြီး ဤသို့သောအရာမျိုး သို့မဟုတ် ဤအမှားမျိုးကို ထပ်၍ မည်သည့်အခါမျှ ပြုလုပ်မည်မဟုတ်ဟု ဘုရားရှေ့၌ သစ္စာဆိုဖို့သာ လိုအပ်သည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် ကျွန်ုပ်၌ သင်တို့ကို ကာကွယ်ရန် တာဝန်ရှိသည်။ ဘုရားသည် အလွန်မြင့်မြတ်သဖြင့် ကျွန်ုပ်တို့အနေဖြင့် သူ၏ ကာကွယ်မှုကို တောင်းခံခြင်းသည် လက်တွေ့ကျသလော။ ထို့ပြင် ဘုရားသည် လူတို့၏ အသက်တာထဲရှိ ဤအသေးအဖွဲ ကိစ္စများဖြင့် အလုပ်ရှုပ်မခံသောကြောင့် သင်တို့အား ကာကွယ်ခြင်းဟူသည့် တာဝန်ဝတ္တရားမှာ ‌ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကျွန်ုပ်အပေါ် လုံးလုံးလျားလျား ကျရောက်လေသည်။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုမှာ နုနယ်သဖြင့် အမှားပြုလုပ်ပါက အပြစ်တင်မှုကို ကျွန်ုပ်ခံယူမည်။ မစိုးရိမ်နှင့်၊ တစ်စုံတစ်ရာ အမှန်တကယ် မှားသွားပြီး ယင်းကို အထက်က သိရှိသွားသည့် အချိန်ကျရောက်ပါက သင်တို့အတွက် ကျွန်ုပ်ရပ်တည်ပေးမည်” ဟု ဆိုကြသည်။ ဤသည်ကို လူတို့ ကြားရသောအခါ “ဤသည်မှာ အလွန်ကောင်းပေ၏။ ကျွန်ုပ်သည် တာဝန်ယူရမည်ကို အလွန် စိုးရိမ်ခဲ့သည်။ ဤခေါင်းဆောင်သည် အလွန် ချီးကျူးစရာကောင်း၏” ဟု တွေးကြသည်။ ၎င်းတို့သည် အထင်အမြင် မှားအောင်လုပ်ခြင်း ခံရပြီ မဟုတ်လော။ အန္တိခရစ်များ ပြောခဲ့သည့်အရာ၌ သမ္မာတရားနှင့် လျော်ညီသည့်အရာ တစ်ခုတလေ ရှိသလော။ လူတို့အတွက် အကျိုးပြုသည့် သို့မဟုတ် တည်ဆောက်ပေးသည့် အရာတစ်ခုခု ရှိသလော။ စည်းမျဉ်းများအ‌ပေါ် အခြေခံ၍ အရေးကိစ္စများကို ကိုင်တွယ်သည့်အရာ တစ်ခုခုရှိသလော။ (မရှိပါ။) သို့ဆိုလျှင် ဤသည်တို့မှာ မည်ကဲ့သို့သော စကားများ ဖြစ်သနည်း။ ယင်းတို့မှာ ခံစားချက်များနှင့် မိတ်ဆွေဖြစ်ခြင်းအပေါ် ဦးစားပေးရင်း ရင်းနှီးမှုများကို တည်ဆောက်ရန်၊ အန္တိခရစ်များသည် အထူးသဖြင့် နားလည်ပေးတတ်သည်၊ အထူးသဖြင့် လူတို့အား ခွင့်လွှတ်တတ်ပြီး သည်းခံတတ်သည်ဟု လူတို့ ခံစားရအောင် ပြုလုပ်ရင်း ထိုဆက်ဆံရေးကို တစ်စုံတစ်ခုသော အဆင့်သို့ မြင့်တက်စေရန်အတွက် လူသား၏ ခံယူချက်များ၊ ကိုယ်ချင်းစာစိတ်နှင့် ခွင့်လွှတ်ခြင်းကို အသုံးပြုသည့် စကားများပင် ဖြစ်၏။ သို့သော် ဤအရာ၌ စည်းမျဉ်းများ သို့မဟုတ် သမ္မာတရားများ မရှိပေ။ ဤအပေါ်ယံကြော နားလည်သဘောပေါက်မှုမှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ အမှုအရာများကို ဖော့ပြောခြင်းဖြစ်ကာ ကလေးငယ်တစ်ဦးကို ချော့မော့ခြင်းနှင့် တူ၏။ ဤတွင် မည်သည့် နည်းလမ်းများကို အသုံးပြုထားသနည်း။ လူတို့အား အရူးလုပ်ခြင်းနှင့် အထင်အမြင် မှားစေခြင်းဟူသည့် သူတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့ရန်အတွက် ညီအစ်ကိုမောင်နှမများ၏ အကျိုးကို အထိခိုက်ခံပြီး ဘုရားအိမ်တော်၏ အကျိုးကို သစ္စာဖောက်လျက် ချော့မော့ခြင်း၊ လှည့်စားခြင်း၊ ရင်းနှီးမှုများ တည်ဆောက်ခြင်း၊ အမှုအရာများကို ဖော့ပြောခြင်းနှင့် လူကောင်းယောင်ဆောင်ခြင်း အစရှိသည်တို့အားလုံးကို အသုံးပြုကြသည်။ ဤအရာ၏ နောက်ဆုံးအကျိုးဆက်မှာ အဘယ်နည်း။ ယင်းကြောင့် လူတို့သည် ဘုရားသခင်ထံမှ ကင်းကွာကာ ဘုရားသခင်ကို သတိထားရှောင်ကြဉ်ပြီး အန္တိခရစ်များနှင့် ပို၍ နီးစပ်လာလေသည်။ အထင်အမြင် မှားစေခြင်း ခံရပြီးနောက်တွင်ပင် ဤလူတို့က “ကျွန်ုပ်သည် ထိုအမှားကို ပြုလုပ်ပြီးနောက် အလွန် စိုးရိမ်ခဲ့သည်။ ဘုရားသခင်ထံ ကြိမ်ဖန်များစွာ ဆုတောင်းခဲ့သော်လည်း သူသည် ကျွန်ုပ်ကို မနှစ်သိမ့်ခဲ့ပေ။ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် မတည်ငြိမ်ဘဲ စိတ်ပူပန်ခဲ့ကာ ဘုရားသခင်ထံမှ ဖြေရှင်းချက် ရှာမတွေ့နိုင်ခဲ့ပေ။ သို့သော် ယခု အဆင်ပြေပြီ။ ထိုခေါင်းဆောင်ထံ သွားသရွေ့ ကျွန်ုပ်၏ ပြဿနာများအားလုံး ပြေလည်သွားသည်။ ကျွန်ုပ်၌ ထိုခေါင်းဆောင်မျိုး ရှိသည်မှာ အမှန်တကယ်ကို အတော်ပင် ကံကောင်းသည်။ ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် အခြားသူအားလုံးထက် ပိုကောင်းသည်” ဟု ပြောကြသည်။ ဤအဆင့်တွင် ၎င်းတို့၏ စိတ်နှလုံးနှင့် အမြင်ရှုထောင့်များက ထိုအန္တိခရစ်များထံသို့ ရွှေ့ပြောင်းသွားပြီး ဖြစ်ကာ ၎င်းတို့သည် သူတို့၏ ထိန်းချုပ်ခြင်းကို ခံရပြီဖြစ်သည်။ ၎င်းတို့ကို အန္တိခရစ်များက အဘယ်သို့ ထိန်းချုပ်နိုင်ကြသနည်း။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဤအန္တိခရစ်များထံ၌ စိတ်ချလုံခြုံရသော ခံစားချက်ကို ရှာတွေ့သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မျှဝေခံစားပေးခြင်းကို တွေ့ကြုံရပြီး ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲ၌ ကျေနပ်မှုနှင့် နှစ်သိမ့်မှုကို ခံစားကြရသည်။ ဤအရာက ၎င်းတို့ အထင်အမြင်မှားစေခြင်းကို ခံထားရကြောင်း ပြလေ၏။

အတိတ်တွင် အသင်းတော်တစ်ပါး၌ နောင်တရဟန်မရှိဘဲ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အရာများကို အဆက်မပြတ် ပြုလုပ်နေခဲ့သည့် မကောင်းသော လူ့သဘာဝရှိသည့် လူတစ်ဦးရှိနေကြောင်း အထက်က တွေ့ရှိခဲ့၏။ ထို့ကြောင့် ၎င်းတို့သည် ဒေသန္တရအသင်းတော် ခေါင်းဆောင်အား ဤပုဂ္ဂိုလ်ကို ဖယ်ရှားရန် ပြောခဲ့ကြသည်။ ဒေသန္တရအသင်းတော်ခေါင်းဆောင်က ဤသည်ကို ကြားသောအခါ “သူ့ကို ဖယ်ရှားဖို့လော။ ထိုကိစ္စကို ကျွန်ုပ် စဉ်းစားဖို့လိုသည်။ သူသည် ကျွန်ုပ်၏လူ ဖြစ်ပြီး သူ့ကို ဤအတိုင်းပင် ဖယ်ရှားပစ်လိုက်၍ မရပေ။ သူ့အတွက် ကျွန်ုပ်ရပ်တည်ပေးရမည်။ အခြေအနေအမှန်ကို အထက်က နားမလည်ပေ။ သူ့ကို ဤအတိုင်းပင် ဖယ်ရှားဖို့ ကြိုးစားခြင်းက အမှန်ပင် လွန်လွန်းသည်။ သူသည် အလွန်ပင် ဝမ်းနည်းပက်လက် ဖြစ်သွားမည်” ဟု စဉ်းစားလိုက်၏။ သူသည် ထိုသူကို ဖယ်ရှားဖို့အတွက် နှုတ်အားဖြင့် သ‌ဘောတူခဲ့သော်လည်း သူ၏ စိတ်နှလုံးထဲတွင်မူ ထိုသို့ပြုလိုစိတ် မရှိခဲ့ပေ။ သူက ဤအရာကို မည်သို့ကိုင်တွယ်ခဲ့ကြောင်း သင် ခန့်မှန်းနိုင်သလော။ သူက “အောက်မှလူတို့က သူတို့၏ ခေါင်းဆောင်အဖြစ် ကျွန်ုပ်အပေါ် ကျေနပ်ပြီး အထက်က ကျွန်ုပ်ကို မမုန်းတီးမည့် နည်းလမ်းဖြင့် ကျွန်ုပ်သည် ဤအခြေအနေကို မည်သို့ ကိုင်တွယ်ဖြေရှင်း၍ ရမည်နည်း” ဟု တွေးဆခဲ့သည်။ ယင်းကို စဉ်းစားပြီးနောက် အကြံတစ်ခု ထုတ်ခဲ့သည်။ သူသည် လူတိုင်းကို စုဝေးဖို့ ခေါ်လိုက်ပြီး “ယနေ့ ကျွန်ုပ်တို့ ကိုင်တွယ်ဖြေရှင်းဖို့ အထူးကိစ္စရပ်တစ်ခု ရှိသည်။ မည်သည့်အရာ ဖြစ်သနည်း။ အထက်မှ သူ့အပေါ် သိပ်မကျေနပ်သည့် လူတစ်ဦးရှိကာ သူတို့က ထိုသူ့ကို ဖယ်ရှားချင်ကြသည်။ သို့ဖြစ်၍ ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့သည် မည်သို့ ပြုလုပ်သင့်သနည်း။ ထိုသူ့ကို ဖယ်ရှားဖို့ဖြစ်စေ၊ မဖယ်ရှားဖို့ဖြစ်စေ မဲပေးခြင်းဖြင့် အားလုံး ဆုံးဖြတ်ကြစို့” ဟု ပြောလေသည်။ မဲရလဒ်ကို ရေတွက်ထားကာ လူ ၈၀ မှ ၉၀ ရာခိုင်နှုန်းခန့်က ထိုသူကို ဖယ်ရှားဖို့ သဘောတူသော်လည်း သဘောထားကွဲလွဲသည့် မဲအနည်းငယ် ရှိလေသည်။ ဤအမြင်မတူသူများသည် ထိုဆိုးယုတ်သောသူ၏ အရိုးစွဲနောက်လိုက်များ ဟုတ်မဟုတ်ကိုဖြစ်စေ၊ ၎င်းတို့သည် အခြားသော အကြောင်းရင်းများကြောင့် ထိုသို့ပြုသည်၊ မပြုသည်ကိုဖြစ်စေ ငါတို့ ပြောမည်မဟုတ်၊ မည်သို့ပင်ဆိုစေ လူအချို့က သဘောမတူသဖြင့် အမြင်ရှုထောင့်မှာ တညီတညွတ်တည်း မဖြစ်ခဲ့ပေ။ ထို့နောက် ခေါင်းဆောင်က “မဲအရဆိုလျှင် သဘောထား မတိုက်ဆိုင်မှုများရှိကြောင်း ကျွန်ုပ် သတိပြုမိသည်။ ဤသည်မှာ အရေးပါသော ကိစ္စတစ်ခု ဖြစ်ပြီး ဤသဘောထားများကို ကျွန်ုပ်တို့ လေးစားရမည်။ ကျွန်ုပ်တို့သည် ဒီမိုကရေစီကို ကျင့်သုံးဖို့လိုသည်။ အနောက်တိုင်း ဒီမိုကရေစီစနစ်သည် အဘယ်မျှ ချီးမွမ်းနှစ်လိုဖွယ်ကောင်းသည်ကို ကြည့်လော့။ အသင်းတော်ထဲတွင်လည်း ထိုအတိုင်း ကျင့်သုံးရမည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို စွမ်းဆောင်ရရှိဖို့ရန် ကျွန်ုပ်တို့ အတတ်နိုင်ဆုံး ကြိုးပမ်းရမည်။ ယခုတွင် သဘောထားကွဲလွဲသော မဲအနည်းငယ် ရှိသဖြင့် ဤသူကို ကျွန်ုပ်တို့ ဖယ်ရှား၍မရပေ။ ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများ၏ သဘောထားများကို လေးစားရမည်။ ညီအစ်ကိုမောင်နှမများသည် မည်သူတို့ ဖြစ်ကြသနည်း။ ၎င်းတို့သည် ဘုရားရွေးကောက်ထားသော လူတို့ ဖြစ်ကြ၏။ သူတို့၏ သဘောထားများကို ကျွန်ုပ် လျစ်လျူရှု၍မရပေ။ ဘုရားရွေးကောက်ထားသော လူတို့ထဲမှ တစ်ဦးတည်းကပင် သဘောမတူပါက ဖယ်ရှားခြင်းကို ကျွန်ုပ်တို့ ဆက်လုပ်၍မရ” ဟု ပြော၏။ အမှန်တွင် သူပြောသည့်အရာ၌ အခြေခံအကြောင်းရင်း မရှိ၊ ဘုရားသခင်က ထိုသို့သောအရာမျိုးကို မည်သည့်အခါမျှ မပြောခဲ့ဖူးပေ။ သူသည် အဓိပ္ပာယ်မဲ့သော အရာကို ပြောနေခြင်းသာ ဖြစ်၏။ ထို့နောက်တွင် ဆိုးယုတ်သောသူသည် ဖယ်ရှားခြင်းမခံရသေးကြောင်း အထက်က တွေ့ရှိသောအခါ သူတို့က ‌ဒေသန္တရ‌ခေါင်းဆောင်ကို ထိုကိစ္စနှင့် ပတ်သက်၍ အလောတကြီး ဆောင်ရွက်ခိုင်းတော့သည်။ သူက “ဟုတ်ပါပြီ။ ယင်းမှာ မကြာမီ အပြီးသတ်မည် ဖြစ်သည်” ဟု ဆိုလျက် ကတိပေးလေသည်။ သူ၏ကတိမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သူသည် အချိန်ဆွဲဦးမည်ဟု ဆိုလို၏။ သူက “သင်တို့က ကျွန်ုပ်ကို သူ့အား ဖယ်ရှားဖို့ ခိုင်းနေသော်လည်း ကျွန်ုပ် ထိုသို့ ချက်ချင်း မလုပ်နိုင်ပေ။ အချိန်အတော်အတန် ကျော်လွန်သွားလျှင် သင်တို့သည် ထိုအကြောင်းကို မေ့ပျောက်သည့်အပြင် ကျွန်ုပ်လည်း သူ့ကို ဖယ်ရှားစရာ လိုကောင်းလိုတော့မည် မဟုတ်၊ အဘယ်သူပြောနိုင်မည်နည်း” ဟု စဉ်းစားသည်။ ထို့နောက် သူသည် လူတိုင်းကို နောက်ထပ် အတူတကွ စုဝေးရန်နှင့် နောက်ထပ် မဲပေးရန် ခေါ်ပြန်သည်။ မိတ်သဟာယပြုချက်နှင့် ပိုင်းခြားသိမြင်နိုင်စွမ်းအားဖြင့် ထိုသူကို အမှန်ပင် ဖယ်ရှားရန် လိုအပ်ကြောင်း လူတိုင်းအတွက် ရှင်းလင်းလာသည်။ သဘောထား ကွဲလွဲသောမဲများ လျော့နည်းလာသော်လည်း သူ့အား ဖယ်ရှားခြင်းကို ဆန့်ကျင်သောမဲတစ်မဲ ရှိနေသေးသည်။ ခေါင်းဆောင်က ဤတစ်ကြိမ်တွင်လည်း သူ့ကို မဖယ်ရှားဘဲ “ဆန့်ကျင်သော မဲတစ်မဲ ရှိနေသရွေ့ သူ့ကို ကျွန်ုပ်တို့ ဖယ်ရှား၍မရပါ” ဟု ဆိုလေသည်။ လူအများစုက “အကယ်၍ အထက်က ဖယ်ရှားရန် အမိန့်ပေးပါက သူ့ကို ဖယ်ရှားရမည်။ ဤကိစ္စကို အထက်က ထိုးထွင်းသိမြင်နိုင်သည်မှာ သေချာလောက်သည်မဟုတ်လော။ သူတို့သည် အမှားမလုပ် ခဲ့သည်မှာ သေချာလောက်သည်မဟုတ်လော” ဟု စဉ်းစားကြသည်။ အထက်၏ အစီအမံများကို ကျိုးနွံနာခံခြင်းက စည်းမျဉ်းတစ်ခုလော။ ယင်းက သမ္မာတရားလော။ (ဟုတ်ပါသည်။) ဤသည်မှာ သမ္မာတရားဖြစ်ကြောင်း ဤခေါင်းဆောင်က မသိခဲ့ပေ။ သူသည် မည်သည့်အရာ ပြုလုပ်ခဲ့သနည်း။ သူက “ဆန့်ကျင်သည့် မဲတစ်မဲ ရှိနေသေးသောကြောင့် သူ့ကို ကျွန်ုပ်တို့ ဖယ်ရှား၍မရပေ။ ကျွန်ုပ်တို့သည် ညီအစ်ကိုမောင်နှမများ၏ သဘောထားများကို လုံးလုံးလျားလျား လေးစားရမည်။ ဤသည်ကို အမြင့်ဆုံး လူ့အခွင့်အ‌ရေးဟု ခေါ်သည်” ဟု ဆိုခဲ့သည်။ ထို့နောက် အထက်က ထိုကိစ္စကို နောက်ထပ် စုံစမ်းသောအခါ ခေါင်းဆောင်က ၎င်းတို့ကို ဝတ်ကျေတမ်းကျေပုံစံဖြင့် ဆက်၍ ကိုင်တွယ်ဖြေရှင်းပြီး အချိန်ဆက်ဆွဲခဲ့သည်။ နောက်ဆုံးတွင် သူသည် ထိုဆိုးယုတ်သောသူကို ဖယ်ရှားမည်မဟုတ်ကြောင်း အထက်က တွေ့ရှိသောအခါ သူ့ကိုပါ ရာထူးပြောင်းပြီး ဖယ်ရှားကြတော့သည်။ အထက်က သူ့ကို ခေါင်းဆောင်တစ်ဦး ဖြစ်စေခဲ့သော်လည်း သူက ၎င်းတို့ကို နားမထောင်ခဲ့ပေ။ အထက်က သူ့ကို အသုံးပြုရန်နှင့် တာဝန်ပြောင်းရန် အခွင့်အာဏာရှိ၏။ ဤသည်မှာ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ပင်။ ဤနောက်တွင် သူ့ကို အားပေးထောက်ခံသူများလည်း ဖယ်ရှားခံခဲ့ကြရသည်။ အထက်၏ အစီအစဉ်များကို လူတိုင်း၏ မဲဖြင့်အတည်ပြုရန် လိုသလော။ (မလိုပါ။) အဘယ့်ကြောင့် မလိုသနည်း။ အဘယ့်ကြောင့် မလိုသည်ကို သင်တို့ ရှင်းမပြနိုင်ပေ။ သင်တို့သည် ထိုနားဝေတိမ်တောင် ခေါင်းဆောင်နှင့် အတော်ပင် တူပုံရသည်။ ယင်းသည် မှန်ကန်သည် မဟုတ်လော။ သင်တို့အား ငါ မိတ်သဟာယပြုနေသော ဤစကားများမှာ အယူဝါဒများလော၊ သို့မဟုတ် လက်တွေ့ကျမှုများလော၊ ငါ့ကိုပြောလော့။ (လက်တွေ့ကျမှုများ ဖြစ်ပါသည်။) အကယ်၍ လူတို့သည် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ပြီး အကောင်အထည်ဖော်လျှင် တိကျမှန်ကန်မည်လော။ (တိကျမှန်ကန်မည် ဖြစ်ပါသည်။) အကယ်၍ ယင်းသည် တိကျမှန်ကန်လျှင် ထိုကိစ္စနှင့်ပတ်သက်၍ လူတိုင်း လျှို့ဝှက်မဲပေးပြီး ဆုံးဖြတ်ဖို့ လိုသလော။ (မလိုပါ။) အထက်သည် ဖယ်ရှားဖို့ အမိန့်ပေးခြင်းဖြင့် လူတစ်ဦးကို မတရားသဖြင့် ပြုနိုင်မည်လော။ လုံးဝ ပြုနိုင်မည်မဟုတ်ပေ။ သို့ဆိုလျှင် အထက်က ဤဆိုးယုတ်သောသူအား ဖယ်ရှားဖို့ အမိန့်ပေးပြီး ဤခေါင်းဆောင်က ဆောင်ရွက်ဖို့ ငြင်းဆိုသောအခါ ဤတွင် ပြဿနာမှာ အဘယ်နည်း။ (ပြောင်ပြောင်တင်းတင်း ဖီဆန်ခြင်း ဖြစ်ပါသည်။) ယင်းမှာ ပြောင်ပြောင်တင်းတင်း ဖီဆန်ခြင်းထက်မကဘဲ သီးခြားနိုင်ငံတော် တစ်ခုကို ဖန်တီးခြင်းဖြစ်၏။ အထက်က ထိုဆိုးယုတ်သောသူကို ဖယ်ရှားဖို့ အမိန့်ပေးသောအခါ ဤအယောင်ဆောင်ခေါင်းဆောင်က အချိန်ဆွဲပြီး မဆောင်ရွက်ခဲ့သည့်အပြင် ဆန္ဒမဲပင်ကောက်ခံကာ လူအများ၏ သဘောထားကို ဆန်းစစ်သုံးသပ်ခဲ့သည်။ သူသည် မည်သည့် လူအများ၏ သဘောထားကို သုံးသပ်နေခဲ့သနည်း။ လူအများ၏ သဘောထားဟူသည် အဘယ်နည်း။ အများစုသည် မည်သည့်အရာ ဖြစ်သနည်း။ လူအများစုက သမ္မာတရားကို နားလည်သလော သို့မဟုတ် ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) လူအများစုသည် ပိုင်းခြားသိမြင်နိုင်စွမ်းကိုပင် မပိုင်ဆိုင်သောကြောင့် သမ္မာတရားကို နားလည်သောလူများ ဖြစ်နိုင်မည်လော။ ဤခေါင်းဆောင်က လူအများ၏ သဘောထားကိုပင် ဆန်းစစ်သုံးသပ်ခဲ့သည်။ ယင်းက မည်သည့်ပြဿနာကိုမဆို အမှန်ပင် ဖြေရှင်းနိုင်သလော။ ယင်းသည် လိုအပ်သလော။ လူအများစုသည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး အထက်က ကိုယ်တိုင်ကြီးကြပ်ကာ ဆိုးယုတ်သောသူကို ဖယ်ရှားဖို့ အမိန့်ပေးခဲ့သော်လည်း ဤအန္တိခရစ်က အချိန်ဆွဲသည့်အပြင် သူ့ကို မဖယ်ရှားဘဲ ဆိုးယုတ်သောသူတစ်ဦးကို ခိုလှုံခွင့်ပေးခြင်းနှင့် အကာအကွယ်ပေးခြင်း၊ အသင်းတော်ထဲ၌ နေထိုင်ရန်နှင့် အဖျက်အမှောင့်လုပ်ရန် အခွင့်ပေးခြင်းတို့ ပြုလုပ်ခဲ့သည်။ ဆိုးယုတ်သောလူများ မည်သည့်နေရာ၌ရှိစေ ပရမ်းပတာဖြစ်ခြင်းနှင့် စနစ်တကျမှုကင်းမဲ့ခြင်းတို့ ရှိသည်။ ဘုရားသခင်ရွေးချယ်ထားသော လူများက မိမိတို့၏ တာဝန်များကို ပုံမှန်အတိုင်း မထမ်းဆောင်နိုင်သည့်အပြင် အသင်းတော်အလုပ်လည်း ပုံမှန်အတိုင်း မတိုးတက်နိုင်ပေ။ ဆိုးယုတ်သောလူများအား မဆိုင်းမတွ ဖယ်ရှားခြင်းကသာ အသင်းတော်အလုပ် ပုံမှန်အတိုင်း ရှေ့ဆက်ဖို့ သေချာစေနိုင်သည်။ သို့သော်လည်း အန္တိခရစ်များ အခွင့်အာဏာရှိသော နေရာများတွင် ဘုရားအိမ်တော်၏ အကျိုးကို ထိခိုက်နစ်နာစေသော၊ အဖျက်အမှောင့်များ ဖြစ်ပွားစေသော၊ ကြောင်းကျိုးဆီလျော်မှု မရှိသော ပုံစံဖြင့် ပြုမူသော၊ ထို့ပြင် ရိုးသားမှန်ကန်မှု စိုးစဉ်းမျှမရှိဘဲ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောသူတို့ကို ဖယ်ရှားနိုင်ခြင်း မရှိပေ။ အန္တိခရစ်များသည် အသင်းတော်ထဲတွင် မကောင်းသောအရာများကို ပြုလုပ်ရင်း သောင်းကျန်းကာ ထိုဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို ခိုလှုံခွင့်ပေးပြီး အကာအကွယ်ပေးကြသည်။ ၎င်းတို့သည် မည်သည့်မူမမှန်သောအကြောင်းပြချက်ဖြင့် ဤသို့ ပြုလုပ်သနည်း။ ၎င်းတို့သည် အရာရှိများ ဖြစ်ကြသည်ဟူသည့် မဟုတ်မမှန်သော အကြောင်းပြချက်ဖြင့် ၎င်းတို့သည် အခြားလူတို့၏ သခင်များ ဖြစ်ရမည်ဟူ၍ပင်။ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်ထဲတွင် အရာရှိများအဖြစ် မိမိတို့ကိုယ်ကို ဟန်လုပ်ကြပြီး အခြားလူတို့၏ သခင်များ ဖြစ်ချင်ကြသည်။ လူ၏သခင်သည် အဘယ်သူနည်း၊ ငါ့ကိုပြောလော့။ (ဘုရားသခင်ပင်။) ဘုရားသခင်နှင့် သမ္မာတရားသည် လူ၏သခင်ဖြစ်၏။ ထိုအန္တိခရစ်များမှာ မည်သည့်အရာမျှ မဟုတ်ပေ။ ၎င်းတို့သည် ဤလူတို့၏သခင်များ ဖြစ်ချင်သော်လည်း ၎င်းတို့၏သခင် မည်သူမှန်းပင် မသိကြပေ။ ၎င်းတို့သည် လူလိမ်လူညစ်များ မဟုတ်ကြသလော။ အန္တိခရစ်များသည် လူတို့ကို “ကျွန်ုပ်သည် သင်တို့၏သခင် ဖြစ်နိုင်သည်။ အကယ်၍ သင်တို့၌ နာကြည်းချက်၊ မကျေနပ်ချက်တစ်ခုခု ရှိပါက သို့မဟုတ် သင်တို့သည် မတရားမှု သို့မဟုတ် အခက်အခဲတစ်ခုခုကို တွေ့ကြုံခံစားခဲ့ရပါက သင်တို့၏ ခေါင်း‌ဆောင်တစ်ဦးအဖြစ် ကျွန်ုပ်သည် သင်တို့အတွက် ရှင်းပေးနိုင်သည်” ဟူ၍ ပြောရန် ဤနည်းစနစ်ကို အသုံးပြုကြသည်။ ထိုအခါ သမ္မာတရား သို့မဟုတ် တကယ့်အဖြစ်မှန်ကို နားမလည်သောသူတို့သည် ထိုအန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရသည်။ ၎င်းတို့သည် ထိုသူတို့ကို လိုက်လျှောက်ပြီး ကိုးကွယ်ရမည့် ဘိုးဘေးများနှင့် ဘုရားသခင်အဖြစ် သဘောထားကြသည်။ သမ္မာတရားကို နားလည်သောသူတို့သည် ထိုကဲ့သို့သော အန္တိခရစ်များကို ကြုံတွေ့သောအခါ မည်သို့ ခံစားကြသနည်း။ ၎င်းတို့သည် ထိုသူတို့ကြောင့် စက်ဆုပ်ရွံရှာပြီး အော့ကြောလန်ကာ “သင်သည် ကျွန်ုပ်တို့၏သခင်ဖြစ်ပြီး ကျွန်ုပ်တို့ကို ထိန်းချုပ်လိုသလော။ လုံးဝ မဖြစ်နိုင်ပေ။ သင်သည် ကျွန်ုပ်တို့ကို သင့်ထံသို့ မဟုတ်ဘဲ ဘုရားသခင်ထံသို့ ခေါ်ဆောင်ရန်အတွက် ကျွန်ုပ်တို့၏ ခေါင်းဆောင်အဖြစ် သင့်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်” ဟု ဆိုလေသည်။ ဤသည်မှာ ၎င်းတို့သည် အန္တိခရစ်များ၏ အကြံအစည်များကို ရိပ်စားမိပြီးဖြစ်သည်ဟု ဆိုလိုသည်။ အန္တိခရစ်များက လူတို့ကို ၎င်းတို့၏ သခင်များဖြစ်သည်ဟူသည့် မဟုတ်မမှန်သော အကြောင်းပြချက်ဖြင့် အထင်အမြင်မှားစေကာ ဤသည်မှာ စိတ်ခံစားမှုဆိုင်ရာဖြစ်စေ၊ စိတ်ဓာတ်ရေးရာဖြစ်စေ၊ ဝိညာဉ်ရေးရာဖြစ်စေ၊ အခြားသော လိုအပ်ချက်များဖြစ်စေ သူတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီသည်ဟု သူတို့အား ထင်အောင်လုပ်ခြင်း ဖြစ်သည်။ သမ္မာတရား သို့မဟုတ် တကယ့်အဖြစ်မှန်ကို နားမလည်သောသူတို့သည် အန္တိခရစ်များ၏ အထင်အမြင် မှားစေခြင်းကို မကြာခဏ ခံရသည်မှာ အထင်အမြင် မှားအောင်လုပ်ခြင်း ခံရပြီးနောက်တွင် ၎င်းတို့သည် နောက်ကြောင်း ပြန်လှည့်နိုင်ခြင်းနှင့် ပြန်လည်သုံးသပ်နိုင်ခြင်း မရှိနိုင်သည်သာမက ထိုအန္တိခရစ်များဘက်ကပင် ရပ်တည်ပြီး ခုခံကာကွယ်နိုင်သည့် အတိုင်းအတာအထိပင် ဖြစ်သည်။ ၎င်းတို့သည် အန္တိခရစ်များဘက်က ရပ်တည်ပြီး ခုခံကာကွယ်နိုင်သည်ဟု အချက်က ၎င်းတို့သည် အမှန်တကယ် အထင်အမြင် မှားသွားပြီဖြစ်ကြောင်း အခိုင်အမာ ထင်ရှားစေသည်။ ဤသည်မှာ မှန်ကန်သည်မဟုတ်‌လော။ (မှန်ကန်ပါသည်။) လူတို့သည် ဘုရားသခင်ကို အဘယ့်ကြောင့် ယုံကြည်ကြသနည်း။ ယင်းမှာ ကယ်တင်ခြင်း ရရှိဖို့အတွက် မဟုတ်လော။ အကယ်၍ သင်သည် အန္တိခရစ်များနောက် လိုက်ပါက ဘုရားသခင်ကို အတိုက်အခံလုပ်နေခြင်းနှင့် သူ့ကို သစ္စာမဲ့နေခြင်း မဟုတ်လော။ ဘုရားသခင်အား ရန်လိုသည့် စွမ်းအားများဘက်၌ ရပ်တည်နေခြင်း မဟုတ်လော။ ထိုသို့ဖြစ်နေလျှင် ဘုရားသခင် သင့်ကို အလိုရှိနေဦးမည်လော။ အကယ်၍ သင်သည် ဘုရားသခင်နောက်သို့ အမည်ခံသက်သက် လိုက်နေသော်လည်း လူတစ်ဦးနောက်သို့ လိုက်နေပါက ဘုရားသခင်သည် သင့်ကို မည်သို့ ရှုမြင်ပြီး သင့်ကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။ အကယ်၍ သင်သည် ဘုရားသခင်ကို ငြင်းပယ်လျှင် သူသည် သင့်အား ပစ်ပစ်ခါခါ ငြင်းမည်မဟုတ်လော။ အကယ်၍ လူတို့သည် ဤအယူဝါဒလေးကိုပင် နားမလည်ပါက သမ္မာတရားကို နားလည်နိုင်မည်လော။ ဤလူတို့သည် နားဝေတိမ်တောင် ဖြစ်ကြသည်မဟုတ်လော။

အန္တိခရစ်များအနေဖြင့် လူတို့ကို အထင်အမြင် မှားစေသည်မှာ ရံဖန်ရံခါမှပြသော သရုပ်သကန်တစ်ခု မဟုတ်ပေ။ သူတို့သည် ဤအရာကို မကြာခဏ ပြသည်။ ယင်းမှာ သူတို့၏ အပြောင်းအလဲမရှိသော သရုပ်ဆောင်ခြင်းစည်းမျဉ်း၊ သို့မဟုတ် ယင်းမှာ သူတို့၏ အခြေခံ၊ နည်းစနစ်နှင့် အမှုအရာများ ပြုလုပ်သည့်နည်းလမ်း ဖြစ်သည်ဟု ဆိုကောင်းဆိုနိုင်သည်။ ယင်းမှာ သူတို့၏ လုပ်ဆောင်ချက်များနှင့် ဆိုင်သည့် အပြောင်းအလဲမရှိသော ပုံစံဖြစ်၏။ သို့မဟုတ်ပါက သူတို့ကို မည်သူ လေးစားမည်နည်း။ ပထမဆုံးအနေဖြင့် သူတို့သည် သမ္မာတရားကို နားမလည်ကြပေ။ ဒုတိယအနေဖြင့် သူတို့၌ မကောင်းသော လူ့သဘာဝရှိကြသည်။ တတိယအနေဖြင့် သူတို့သည် ဘုရားကို ကြောက်ရွံ့သော စိတ်နှလုံးလည်း မရှိကြပေ။ သို့ဆိုလျှင် လူတို့အား သူတို့ကို အပြည့်အဝ လိုက်လျောအောင်၊ သူတို့ကို လေးစားအောင်နှင့် သူတို့ကို သဘောကျအောင် မည်ကဲ့သို့ လုပ်နိုင်သနည်း။ သူတို့သည် ကြွားလုံးထုတ်ဖို့အတွက် အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းစနစ်များကို အားထားကာ လူတို့အား သူတို့ကို လေးစားကိုးကွယ်အောင် လုပ်ကြသည်။ သူတို့သည် လူတို့ကို အထင်အမြင် မှားစေဖို့အတွက် ဤနည်းစနစ်များကို အသုံးပြုကာ ၎င်းတို့အား ထိုထိုသော မမှန်ကန်သော ထင်မြင်ချက်များကို ပေးပြီး သူတို့သည် ဝိညာဉ်ရေးဆန်သည်၊ ဘုရားသခင်ကို ချစ်သည်၊ အဖိုးအခပေးသည်၊ မှန်ကန်သော စကားလုံးများကို မကြာခဏ ပြောပြီး မှန်ကန်သော အယူအဆများကို ပေးတတ်သည်၊ ထို့ပြင် ညီအစ်ကို မောင်နှမများ၏ အကျိုးကို ကာကွယ်ပေးတတ်သည်ဟု ၎င်းတို့ သိမြင်အောင် လုပ်ကြသည်။ ထို့နောက်တွင် သူတို့သည် လူတို့အထဲ၌ လေးစားခြင်းနှင့် ကြည်ညိုခြင်း သဘောကို ဖြစ်ပေါ်စေဖို့အတွက် ဤမမှန်ကန်သော ထင်မြင်ချက်များကို အသုံးပြုကာ လူတို့ကို အထင်အမြင်မှားအောင် လုပ်နိုင်ခြင်းနှင့် သူတို့နောက်လိုက်အောင် လုပ်နိုင်ခြင်းဟူသည့် ရည်မှန်းချက်ပန်းတိုင် ဖြစ်မြောက်အောင်မြင်လေသည်။ သူတို့က လူတို့ကို ဤကဲ့သို့ အထင်အမြင် မှားစေသောအခါ သူတို့ပြုလုပ်သော အရာများသည် သမ္မာတရားနှင့် ကိုက်ညီသလော။ သူတို့သည် သင့်လျော်မှန်ကန်သည့် အရာမှန်သမျှကို ပြောသော်လည်း သူတို့ ပြုလုပ်သည့် အရာများက သမ္မာတရားနှင့် မလျော်ညီသည်မှာ အသေအချာပင်။ ပိုင်းခြားနားလည်နိုင်စွမ်း မရှိသောသူတို့က ထိုပြဿနာကို မမြင်နိုင်ပေ။ လူတို့အား အထင်အမြင် မှားစေခြင်းဟူသည့် အနှစ်သာရနှင့်ပတ်သက်၍ သူတို့၏ လုပ်ဆောင်ချက်များကြောင့် လူတို့အနေဖြင့် သူတို့သည် သမ္မာတရားနှင့် မကိုက်ညီသည်ကို မြင်တွေ့ရန်အတွက် ခက်ခဲလေသည်။ အကယ်၍ ဤအရာကို မြင်တွေ့နိုင်ပါက လူတို့သည် သူတို့၏ လိမ်လည်မှုကို ရိပ်စားမိမည် မဟုတ်လော။ လက်တွေ့တွင် သူတို့ ပြုလုပ်သည့်အရာနှင့် သူတို့ ထုတ်ဖော်သည့်အရာမှာ အယောင်ဆောင် ဝိညာဉ်ရေးဆန်ခြင်း ဖြစ်၏။ သို့ဆိုလျှင် အယောင်ဆောင် ဝိညာဉ်ရေးဆန်ခြင်း၏ သရုပ်သကန်မှာ အဘယ်နည်း။ အယောင်ဆောင် ဝိညာဉ်ရေးဆန်ခြင်းနှင့် သက်ဆိုင်သည့် များစွာသော အပြုအမူများ၊ လုပ်ဆောင်ချက်များနှင့် အပြောအဆိုများသည် မှန်ကန်သယောင် ရှိသော်လည်း ယင်းတို့သည် အမှန်တွင် အပြင်ပန်း လုပ်ဆောင်ချက်များသာ ဖြစ်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘာမျှမဆိုင်ပေ။ သခင်ယေရှုကို အတိုက်အခံ လုပ်ခဲ့သည့် ဖာရိရှဲများကဲ့သို့ပင်။ ထိုသူတို့သည် လက်ထဲတွင် ကျမ်းစာများကို ကိုင်ပြီး လမ်းဆုံလမ်းခွများ၌ ကျယ်လောင်စွာဖြင့် “အို ကျွန်ုပ်၏သခင်...” ဟု ပြောလျက် ဆုတောင်းကြကာ လူတို့အား သူတို့၏ ဘာသာတရားကိုင်းရှိုင်းမှုကို ပြကြသည်။ ရလဒ်အနေဖြင့် ယနေ့ခေတ်တွင် “ဖာရိရှဲ” ဟူသည့် သူတော်ကောင်းယောင်ဆောင်သော လူတို့အား အခြားနည်းဖြင့်ခေါ်သော အသုံးအနှုန်း ဖြစ်လာ၏။ ဖာရိရှဲရှေ့တွင် မည်သည့် နာမဝိသေသန လာသနည်း။ သူတော်ကောင်းယောင်ဆောင်သော ဟူသည့် နာမဝိသေသနဖြစ်၏။ အမှန်တွင် “သူတော်ကောင်း ယောင်‌ဆောင်သော” ဟု မပြောဘဲ “ဖာရိရှဲ” ဟူသည့် စကားလုံးကို ပြောသရွေ့ ယင်းမှာ အပြုသဘောဆောင်သော စကားလုံးမဟုတ်မှန်း သင်တို့သိလိမ့်မည်။ ယင်းသည် “လူလိမ်လူညစ်” သို့မဟုတ် “နတ်ဆိုး” နှင့် အတူတူပင်ဖြစ်ပြီး တူညီသောအဓိပ္ပာယ် ဆောင်လေ၏။ အယောင်ဆောင် ဝိညာဉ်ရေးဆန်ခြင်းနှင့် ပတ်သက်၍ ဆိုရလျှင် ယနေ့ခေတ်တွင် လူများစွာက ဝိညာဉ်ရေးဆန်ခြင်းနှင့် ပတ်သက်၍ မပြောကြဘဲ လူတစ်ဦးဦးက ဝိညာဉ်ရေးဆန်ခြင်းဟု ဆိုသောအခါတိုင်းတွင် ထိုရှေ့တွင် မည်သည့်အရာကို ထပ်ဖြည့်တတ်သနည်း။ (အယောင်ဆောင် ဟူသည့် စကားလုံးပင်။) မှန်၏၊ အယောင်ဆောင်ဟူသည့် စကားလုံးပင်။ အခြေအနေအများစုတွင် လူတို့ကို အထင်အမြင်မှားစေသော အန္တိခရစ်များ၏ သရုပ်သကန်များသည် စင်စစ်အားဖြင့် အယောင်ဆောင် ဝိညာဉ်ရေးဆန်ခြင်းဟူသည့် သရုပ်သကန်များ ဖြစ်သည်။ အယောင်ဆောင် ဝိညာဉ်ရေးဆန်ခြင်းနှင့် ဆက်စပ်သည့် စကားလုံးများ၊ လုပ်ဆောင်ချက်များနှင့် အပြုအမူများသည် အတော်လေး ကောင်းမွန်ဟန်၊ ဘာသာတရားကို အတော်လေးကိုင်းရှိုင်းဟန်၊ သမ္မာတရားနှင့် ကိုက်ညီဟန် ရှိလေသည်။ လူတစ်ဦး အားနည်းသည်ကို တွေ့သောအခါ သူတို့သည် မိမိတို့၏ အစားအစာကိုပင် မေ့လျော့ပြီး ထိုသူကို အားပေးကူညီဖို့ အပြေးအလွှား သွားကြသည်။ လူတစ်ဦး မိသားစုထဲတွင် အခြေအနေတစ်ခု ရှိနေကြောင်း သိမြင်ရသောအခါ သူတို့သည် မိမိတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကိုပင် လျစ်လျူရှုပြီး ထိုသူကို အလျင်အမြန် ကူညီကြသည်။ သို့သော်လည်း သူတို့၏ အကူအညီ၌ သင့်တော်သော အချို့စကားလုံးများ သို့မဟုတ် ကြားကောင်းပြီး စာနာတတ်သော စကားလုံးများပြောခြင်း ပါဝင်လင့်ကစား စကားများစွာ ပြောပြီးနောက်၌ တစ်ဖက်လူ၏ တကယ့်အရေးကိစ္စများကမူ ပြေလည်မသွားပါချေ။ သို့ဆိုလျှင် ဤကဲ့သို့ သူတို့ဟန်လုပ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့သည် အထူးသဖြင့် သူတို့၏ အပြုအမူအားဖြင့် စိတ်တို့ထိခြင်းခံကြရပြီး လိုအပ်သောအချိန်များတွင် အားထားရမည့် ဤကဲ့သို့သော ခေါင်းဆောင်တစ်ဦး ရှိခြင်းက အလွန် ကောင်းသည်ဟု ခံစားကြ၏။ ၎င်းတို့သည် အမှန်ပင် ပျော်ရွှင်ကြ၏။ ထို့ကြောင့် အန္တိခရစ်များသည် လူတို့ကို အထင်အမြင် မှားစေဖို့အတွက် စကားလုံးများကိုသာ အသုံးပြုခြင်းမဟုတ်ဘဲ တစ်ချိန်တည်းမှာပင် သူတို့ကို အထင်အမြင် မှားစေရန်၊ မိမိတို့သည် အလွန်မှပင် ဝိညာဉ်ရေးဆန်သည်၊ ထူးခြားအံ့သြလောက်သည်၊ ထို့ပြင် ၎င်းတို့၏ ယုံကြည်စိတ်ချမှု၊ မှီခိုအားထားမှုနှင့် ထိုက်တန်သည်ဟု လူတို့ယုံကြည်အောင် လုပ်ဖို့အတွက် အပြုအမူအမျိုးမျိုးကိုလည်း အသုံးချသည်။ အချို့က “ဘုရားသခင်ကို ယုံကြည်ခြင်းသည် အနည်းငယ် စိတ်ကူးသက်သက်ဖြစ်လွန်းသော်လည်း ကျွန်ုပ်တို့၏ ခေါင်းဆောင်အား ယုံကြည်ခြင်းမှာ လက်တွေ့ဆန်သည်။ ယင်းမှာ အလွန် စစ်မှန်ပြီး မှန်ကန်၏။ သူတို့ကို သင် ထိကိုင်နိုင်သည်၊ မြင်တွေ့နိုင်သည်၊ ပြီးလျှင် သင် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းနေသောအခါ သူတို့ကို သင် တိုက်ရိုက် မေးမြန်းပြီး စကားပြောနိုင်သည်။ ယင်းမှာ အလွန်ပင် ကောင်းလိုက်လေခြင်း” ဟုပင် တွေးကောင်း တွေးကြမည်ဖြစ်သည်။ ထိုသို့သော ရလဒ်မျိုးကို စွမ်းဆောင်ရရှိရာ၌ အန္တိခရစ်များသည် မိမိတို့၏ ရည်မှန်းချက်များကို ပြည့်မြောက်အောင်မြင်ကြပြီး ဖြစ်သော်လည်း သူတို့ အထင်အမြင် မှားအောင်လုပ်ခဲ့သော သူတို့မှာမူ စိတ်မချမ်းမြေ့ဖွယ်ရာ အဆုံးသတ်ရသည်။ အန္တိခရစ်များ၏ အထင်အမြင် မှားစေခြင်းကို အချိန်ကာလတစ်ခုထိ ခံရပြီးနောက်တွင် ဤလူတို့သည် ဘုရားသခင်ရှေ့မှောက်သို့ ပြန်ရောက်လာကြသည်။ ၎င်းတို့သည် မည်သို့ဆုတောင်းရမည် သို့မဟုတ် သူ့ထံတွင် မိမိတို့၏ စိတ်နှလုံးများကို မည်သို့ဖွင့်ဟရမည်ကို မသိတော့ပေ။ ထို့မျှမက ဤလူတို့ အတူတကွ စုဝေးကြသောအခါ အချင်းချင်း မြှောက်ပင့်ကြသည်။ ဝိညာဉ်ရေးဆန်ချင်ယောင် ဆောင်ကြသည်။ ပြီးလျှင် တစ်ဦးနှင့်တစ်ဦး အထင်အမြင် မှားစေပြီး လှည့်စားကြသည်။ အဆုံးတွင် အန္တိခရစ်များက “ကျွန်ုပ်တို့၏ အသင်းတော်ထဲရှိ ညီအစ်ကို မောင်နှမ အယောက်တိုင်းက ဘုရားကိုချစ်ကြသည်။ အရေးကိစ္စများကို ရင်ဆိုင်ရသောအခါ သူတို့အယောက်စီတိုင်းက ပိုင်နိုင်စွာ ကိုင်တွယ်ဖြေရှင်းပေးနိုင်ကြသည်။ သူတို့သည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရလျှင်ပင် မိမိတို့၏ သက်သေခံချက်တွင် အားလုံး ခိုင်မာစွာ ရပ်တည်နိုင်ကြသည်။ ကျွန်ုပ်တို့အထဲတွင် ယုဒတစ်ဦးမျှ ရှိမည်မဟုတ်။ ထိုအရာကို ကျွန်ုပ် အာမခံသည်” ဟုပင် အခိုင်အမာဆိုကြသည်။ အမှန်မှာမူ ၎င်းတို့ အဖမ်းခံရသောအခါ အများစုက ယုဒအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ၎င်းတို့သည် လူဆိုးလူညစ်တစ်သိုက်ပင် မဟုတ်ကြသလော။ အန္တိခရစ်များသည် ညီအစ်ကိုမောင်နှမများကို အရူးလုပ်ဖို့၊ အထင်အမြင် မှားစေဖို့နှင့် လိမ်လည်လှည့်စားဖို့ရန် အနှစ်မဲ့သော စကားများနှင့် ဆောင်ပုဒ်များကို အသုံးပြုကြသည်။ လူအများစုသည် စဉ်းစားဉာဏ်မရှိဘဲ ပညာမဲ့ကာ ပိုင်းခြားနားလည်နိုင်စွမ်း ကင်းမဲ့သည်အပြင် အန္တိခရစ်များကို လက်လွတ်စပယ် ပြုမူခွင့်ပေးကြသည်။ ဘုရားသခင်ရွေးချယ်ထားသော လူတို့အားလုံးက မိမိတို့၏ တာဝန်များကို လုံခြုံသောဝန်းကျင်၌ လုပ်ဆောင်နိုင်ဖို့ သေချာစေရန်ဟူသည့် ရည်မှန်းချက်ဖြင့် အခြေအနေများ ပေါ်လာသောအခါ ယင်းတို့ကို မည်သို့ ကိုင်တွယ်ရမည်နှင့် မည်သည့်အလုပ်ကို လုပ်ဆောင်ရမည်ကို အထက်မှလာသော အလုပ်အစီအစဉ်များက အလေးထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဖမ်းဆီးမှုများနှင့် နှိပ်စက်ညှဉ်းပန်းမှု ရှိလာပါက ဆုံးရှုံးနစ်နာမှုများ နည်းနိုင်သမျှနည်းအောင် လုပ်သင့်သည်။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံး အဖမ်းခံရပြီး ထောင်ကျကာ သူတို့၏ အသင်းတော်အသက်တာ တစ်ခုလုံး ဆုံးရှုံးရပါက ဤသည်မှာ သူတို့၏ အသက်ဝင်ရောက်မှုတွင် အနှုတ်လက္ခဏာသို့ ဦးတည်စေသည် မဟုတ်လော။ ထောင်ထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်ခြင်း မရှိဘဲ လူတစ်ဦး၏အသက်တာ ရင့်ကျက်နိုင်သလော။ သူတို့သည် ဓမ္မသီချင်း အနည်းငယ်ကိုသာ မှတ်မိနိုင်ပြီး နေ့စဉ် သူတို့၏အသက်တာက ထိုစာလုံးအနည်းငယ်ကိုသာ အားကိုးရ၏။ သူတို့ ညအချိန် ဆုတောင်းသောအခါ သူတို့၏ စိတ်နှလုံးထဲ၌သာ အသံတိတ်ဖြင့် ဆုတောင်းနိုင်ပြီး နှုတ်ခမ်းကိုပင် မလှုပ်ဝံ့ကြပေ။ သူတို့၏ စိတ်နှလုံးထဲ၌ ကျန်ရှိသည့် တစ်ခုတည်းသောအရာမှာ “သစ္စာမဖောက်နှင့်။ ယုဒတစ်ဦး မဖြစ်လေနှင့်။ ဘုရားသခင်အတွက် သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ပြီး သူ့ကို ဘုန်းတော်ထင်ရှားစေလော့။ သူ့ကို ဂုဏ်သရေမဖျက်နှင့်” ဟူသည့် အတွေးမျိုးသာ ဖြစ်၏။ အခြားဘာမျှ မရှိ၊ လူတို့တွင် ထိုသို့သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုသာ ရှိတော့သည်။ အန္တိခရစ်များက ဤအရာများကို ထည့်မတွက်ကြပေ။ သူတို့ကို အဘယ့်ကြောင့် အန္တိခရစ်များဟု ခေါ်ရသနည်း။ သူတို့သည် အခြားသူများကို မတရားလုပ်ပြီး ညီအစ်ကို မောင်နှမများကို မျက်တောင်တစ်ချက်မျှ မခတ်ဘဲ ဒုက္ခပေးကြလေသည်။ အထက်မှလာသော အလုပ်အစီအစဉ်များက လူတို့အနေဖြင့် မိမိတို့၏ တာဝန်များကို လုံခြုံသော အခြေအနေအတွင်း လုပ်ဆောင်ရန်နှင့် မတော်တဆမှုများကို အတတ်နိုင်ဆုံး ‌ရှောင်ကြဉ်ရန် သတ်မှတ်ထားသော်လည်း အန္တိခရစ်များက သူတို့၏လုပ်ငန်းများကို လုပ်ဆောင်သောအခါ ဤအလုပ် အစီအစဉ်များကို မလိုက်နာကြပေ။ သူတို့သည် အော်ဟစ်ပြီး မိမိတို့အလိုကျအတိုင်း ကြောင်းကျိုးမမြင်ဘဲ ပြုမူကာ လုံခြုံမှုကို လျစ်လျူရှုကြသည်။ စဉ်းစားဉာဏ်မဲ့သော လူအချို့သည် ပိုင်းခြားနားလည်နိုင်စွမ်း ကင်းမဲ့ပြီး “‌အထက်မှနေ၍ လုံခြုံမှုကို အဘယ့်ကြောင့် အမြဲတမ်း ထုတ်ပြောနေရသနည်း။ ၎င်းတို့သည် အဘယ့်ကြောင့် မတော်တဆမှုများကို အလွန် ကြောက်ရသနည်း။ ဘာများ ကြောက်စရာရှိသနည်း။ အရာရာသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်” ဟု စဉ်းစားကြသည်။ ထိုကဲ့သို့သော အရာများကို ပြောနေသည်မှာ စဉ်းစားဉာဏ်မဲ့သည် မဟုတ်လော။ သင်၏ ဝိညာဉ်ရင့်ကျက်မှုက နုနယ်ကောင်း နုနယ်မည်။ နားလည်သဘောပေါက်မှု ကင်းမဲ့ကောင်း ကင်းမဲ့ပေမည်၊ ထို့ပြင် အရေးကိစ္စများကို ထိုးထွင်းသိမြင်ချင်မှ သိမြင်မိနိုင်မည်။ သို့သော် သင်တို့သည် စဉ်းစားဉာဏ်မဲ့စွာ ပြုမူ၍မရပေ။ လူတို့သည် အချို့သော အခြေအနေများတွင် မည်သို့ စုရုံးသင့်ကြောင်းနှင့် မည်သည့်စည်းမျဉ်းများကို လိုက်နာသင့်ကြောင်း အထက်က စီစဉ်ထားပြီးဖြစ်သည်။ အသေးစိတ်ကျသော ဤအစီအစဉ်များအားလုံးက ဘာအတွက်နည်း။ ယင်းတို့မှာ ဘုရားသခင်ရွေးချယ်ထားသော လူတို့အား ကာကွယ်ဖို့ အတိအကျပင်ဖြစ်ကာ ဤသို့ဖြင့် သူတို့သည် စုရုံးနိုင်ပြီး မိမိတို့၏ တာဝန်များကို ပုံမှန်နှင့် လုံခြုံသောနည်းလမ်းဖြင့် လုပ်ဆောင်နိုင်မည် ဖြစ်သည်။ လုံခြုံမှုက သင်တို့အား ဘုရားသခင်ကို ဆက်လက် ယုံကြည်နိုင်ရန်၊ သင်တို့၏ အသင်းတော်အသက်တာဖြင့် အသက်ရှင်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း စားသောက်ရန် အခွင့်ပေးသည်။ အကယ်၍ သင်၏လုံခြုံမှုကိုပင် ဆုံးရှုံးရပါက သင်သည် အဆင်းနီသော နဂါးကြီး၏ အဖမ်းခံရပြီး ထောင်ထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမထောင်နိုင်ဘဲ သို့မဟုတ် မဖတ်နိုင်ဘဲ ဓမ္မသီချင်းများ မဆိုနိုင်သည့်အပြင် စုဝေးပွဲများလည်း မရှိပါက သင်သည် ဘုရားသခင်ကို အဘယ်သို့ ယုံကြည်နိုင်ဦးမည်နည်း။ သင်သည် အမည်ခံ ယုံကြည်သူတစ်ဦးသာ ဖြစ်လာနိုင်သည်။ အန္တိခရစ်များက ဤကိစ္စများကို ဂရုမစိုက်ပေ။ သူတို့သည် လူတို့၏ သေရေးရှင်ရေးကို ဂရုမစိုက်ပေ။ သူတို့၏ တစ်ကိုယ်ရေ ရည်မှန်းချက်များနှင့် အလိုဆန္ဒများ အထမြောက်ဖို့အလို့ငှာ လူတိုင်းကို “အခြေအနေများကို ကျွန်ုပ်တို့ မကြောက်ပါ။ ကျွန်ုပ်တို့တွင် ဘုရားရှိသည်” ဟု ကြောင်းကျိုးမမြင်ဘဲ ထအော်ဖို့ အားပေးကြသည်။ စဉ်းစားဉာဏ် မရှိသောသူတို့က ဘာကိုမျှ နားမလည်ဘဲ ဤစကားများဖြင့် အထင်အမြင်မှားအောင် အလုပ်ခံရသည်။ လူတိုင်း၌ မရေရာသော၊ ‌ပေါ့တန်သော အတွေးများရှိပြီး “ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်၍ ဘုရားသခင်က ကျွန်ုပ်တို့ကို ကာကွယ်သည်။ အကယ်၍ ကျွန်ုပ်တို့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်ပါက ယင်းမှာ ဘုရားသခင်၏ အခွင့်တော်အရ ဖြစ်သည်” ဟု စဉ်းစားကြသည်။ ဤသည်တို့မှာ အဓိပ္ပာယ်မရှိသော စကားများ မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များနှင့် သမ္မာတရားကို နားမလည်သောသူတို့ ပြုမူသည့်ပုံ ဖြစ်၏။ ညီအစ်ကိုမောင်နှမများက နားလည်ကောင်း နားလည်မည် မဟုတ်သော်လည်း အလုပ်အစီအစဉ်များကို မကြာခဏ မိတ်သဟာယပြုသော ခေါင်းဆောင်များအဖြစ် သင်သည် ဤကိစ္စများကို မသိနားမလည်ဘဲ မနေသင့်ပေ။ သင်သည် လုပ်ငန်းကို အလုပ်အစီအစဉ်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး သင့်ကို နားထောင်သူ ပိုများလေ ကောင်းလေဖြစ်ပြီး လူပိုများလေ သင်၏ပြောပုံဆိုပုံက ပို၍ စိတ်ဝင်စားဖွယ် ကောင်းလေဖြစ်သည်ဟုပင် ထင်မှတ်လျက် သင်၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ဖြည့်ဆည်းဖို့အတွက် အမြဲတမ်း စကားများများ ပြောလိုခြင်း မရှိရပေ။ အန္တိခရစ်များသည် သူတို့လက်အောက်၌ ရှိသောသူတို့ကို စည်းရုံးသိမ်းသွင်းရန်နှင့် သူတို့၏ လမ်းညွှန်ချက်ကို နားထောင်စေရန်အတွက် ပတ်ဝန်းကျင်လုံခြုံမှုကို အလေးထားခြင်း လုံးဝမရှိဘဲ သူတို့အားလပ်သည့် အချိန်တွင် ဤလူတို့ကို စုဝေးစေပြီး နောက်ဆုံးတွင် ဤလူတို့ ကျဆုံးခြင်းသို့ ဦးတည်စေသည်။

အန္တိခရစ်များသည် လူတို့ကို အထင်အမြင် မှားစေရန်အတွက် ကြီးကျယ်ခမ်းနားသော အရာများကို ပြောခြင်းနှင့် အဓိပ္ပာယ်မဲ့သော၊ အယောင်ဆောင် ဝိညာဉ်ရေးဆန်သော၊ အယူအဆဆန်သော အခြေခံသဘောအချို့ကို အသုံးပြုခြင်း၌ ကျွမ်းကျင်ကြသည်။ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သောသူအများကသာ ယင်းတို့ကို နားထောင်ပြီး ၎င်းတို့ကို အဘယ်သို့ ကြိုးကိုင်ညွှန်ကြားကာ ဒုက္ခပြဿနာနှင့် ဖမ်းဆီးခံရမှုကို ပေါ်ပေါက်အောင် လုပ်စေကာမူ အန္တိခရစ်များကို နာခံကြသည်။ ဤဒုက္ခပြဿနာများက မည်သို့ ပေါ်‌လာနိုင်သနည်း။ ယင်းမှာ ဘုရားသခင်က ၎င်းတို့ကို မကာကွယ်သောကြောင့်ဟု အချို့က ပြောကောင်းပြောမည်။ သို့သော် ယင်းမှာ ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ပြောခြင်း မဟုတ်လော။ ဤကိစ္စအတွက် ဘုရားသခင်အပေါ် အပြစ်တင်၍မရပေ။ ဘုရားသခင်က လူတို့အား သူ၏အလုပ်ကို အခြေအနေအမျိုးမျိုး၌ တွေ့ကြုံခွင့်ပေးလေသည်။ အကယ်၍ သင်သည် အလုပ်အစီအစဉ်များအပေါ် အခြေခံ၍ စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်သည့်အပြင် လူမည်မျှ အတူတကွ စုရုံးသည်ဖြစ်စေ ပတ်ဝန်းကျင်အခြေအနေက အခွင့်ပေးသောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း သင်စားသောက်နိုင်ပြီး၊ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံကာ သင်ထမ်းဆောင်သင့်သည် တာဝန်များကို ထမ်းဆောင်နိုင်ပါက ဘုရားသခင်သည် သင့်အား လမ်းပြမည်ဖြစ်ပြီး သင့်အထဲ၌ သူ၏အလုပ်ကို ဆောင်ရွက်မည်ဖြစ်သည်။ အကယ်၍ သင်သည် အထက်မှလာသည့် သတ်မှတ်ချက်များကို ဆန့်ကျင်ပြီး သင့်တစ်ကိုယ်ရေ ဆန္ဒအတိုင်း ကြောင်းကျိုးမမြင်ဘဲ ပြုမူကာ တစ်စုံတစ်ရာ ဖြစ်ပျက်ပါက ယင်းသည် စဉ်းစားဉာဏ်မဲ့ခြင်းနှင့် မသိနားမလည်ခြင်းသာ ဖြစ်၏။ ဘုရားသခင်သည် လူတိုင်းကို စစ်ဆေးရန်အတွက် ထောင်ထဲထည့်ဖို့ မရည်ရွယ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ လူတစ်ဦးတစ်ယောက်စီအနေဖြင့် သူ၏ နှုတ်ကပတ်တော်များကို ကောင်းမွန်စွာ စား‌သောက်ပြီး သူ၏အလုပ်ကို တွေ့ကြုံဖို့ ဖြစ်သည်။ သို့သော်လည်း အန္တိခရစ်များက ဤအရာကို နားမလည်ကြပေ။ သူတို့က မိမိတို့ကိုယ်ပိုင် တွေးခေါ်နိုင်စွမ်းကို ယုံကြည်ကာ ဘုရားသခင်၏ ကာကွယ်ခြင်းရှိလျှင် ဘာမျှ ကြောက်စရာမရှိဟု စဉ်းစားကြသည်။ သူတို့သည် ဘုရားသခင်၏ ကာကွယ်ခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းများအပေါ် နားလည်သဘောပေါက်မှု မရှိသည့်အပြင် စည်းမျဉ်းစည်းကမ်းများကို ကြောင်းကျိုးမမြင်ဘဲ ပုံသေစောင့်ထိန်းကာ ဘုရားသခင်ကို အမြဲတမ်း ကန့်သတ်ကြသည်။ လူများစွာတို့သည် သူတို့ကြောင့် အထင်အမြင် မှားသွားသည့်အပြင် သူတို့နှင့်အတူ ကြောင်းကျိုးမမြင်ဘဲ ပြုမူပြီး အထက်မှလာသော အစီအစဉ်များကို လျစ်လျူရှုကာ ရလဒ်အနေဖြင့် တစ်စုံတစ်ခု ဖြစ်ပျက်လေသည်။ ၎င်းတို့ အဖမ်းခံရပြီး ‌ထောင်ထဲတွင် နှိပ်စက်ခြင်းကို ခါးစည်းခံရသည်။ ဒုက္ခပြဿနာများ ပေါ်ပေါက်သောအခါ ဤလူတို့၌ မည်သည့် ဝိညာဉ်ရင့်ကျက်မှုမျိုး ရှိသနည်း။ ၎င်းတို့၌ စိတ်အားထက်သန်မှု အနည်းငယ်သာ ရှိကြသည်။ ၎င်းတို့သည် အယူဝါဒအနည်းကိုသာ နားလည်ပြီး ဆောင်ပုဒ်အနည်းငယ်ကို ဟစ်ကြွေးနိုင်သော်လည်း ဘုရားသခင်နှင့် ပတ်သက်၍ အသိပညာ လုံးဝမရှိပေ။ သမ္မာတရားနှင့်ပတ်သက်၍ စစ်မှန်သော နားလည်သဘောပေါက်မှု၊ သိမြင်မှု သို့မဟုတ် အတွေ့အကြုံ မရှိသည့်အပြင် လူတို့အား ကယ်တင်ဖို့ ဘုရားသခင် မည်သို့ အလုပ်လုပ်ကြောင်း နားလည်သဘောပေါက်မှု မရှိပေ။ ၎င်းတို့သည် ဘုရားသခင်နောက်လိုက်ဖို့ စိတ်အားထက်သန်မှုကိုသာ အမှီပြုပြီး စိတ်ဓာတ်ကြံ့ခိုင်မှု အနည်းငယ်သာ ရှိသည်။ ဤဝိညာဉ်ရင့်ကျက်မှုမျိုး ရှိသည့် လူတို့သည် အဖမ်းခံရပြီး ထောင်ချခံရသောအခါ သက်သေခံချက် ပေးနိုင်သ‌လော။ လုံးဝ မပေးနိုင်ချေ။ ၎င်းတို့သည် သစ္စာဖောက်လျှင် ဖောက်ချင်း အကျိုးဆက်များက အဘယ်နည်း။ ၎င်းတို့သည် “ဘုရားသည် အနန္တတန်ခိုးရှင် ဖြစ်သည် မဟုတ်လော။ အရာရာတိုင်းသည် သူ၏ လက်ထဲတွင် ရှိသည်ဖြစ်၍ အဘယ့်ကြောင့် ကျွန်ုပ်ကို မကယ်တင်သနည်း။ သူသည် ကျွန်ုပ်ကို အဘယ့်ကြောင့် ဤသို့ဒုက္ခခံစားဖို့ အခွင့်ပေးသနည်း။ ဘုရားတစ်ပါး ရှိပင်ရှိသလော။ ကျွန်ုပ်တို့၌ စိတ်အားထက်သန်မှု များစွာ ရှိသည်မှာ မှားနိုင်သလော။ အကယ်၍ ကျွန်ုပ်တို့၏ ခေါင်းဆောင်များက ကျွန်ုပ်တို့ကို လမ်းလွဲစေခဲ့ပြီးဖြစ်ပါက ဘုရားက ထိုသူတို့ကို အဘယ့်ကြောင့် ဆုံးမပဲ့ပြင်ခြင်း မရှိသနည်း။ ဘုရားက ကျွန်ုပ်တို့ကို အဘယ့်ကြောင့် ဤနေရာသို့ ပို့ဆောင်ခဲ့သနည်း။ သူက ကျွန်ုပ်တို့ကို အဘယ့်ကြောင့် ထိုအခြေအနေမျိုးကို ရင်ဆိုင်ဖို့ အခွင့်ပေးခဲ့သနည်း” ဟူ၍ စတင် တွေးတောလေတော့သည်။ ဘုရားသခင်အား ငြင်းပယ်ခြင်းနောက်တွင် ချက်ချင်းပင် အပြစ်တင်မှု စတင်ပေါ်လာပြီး “ဘုရား၏ လုပ်ဆောင်ချက်များသည် လူသား၏ ဆန္ဒနှင့် မလျော်ညီပေ။ သူ၏ လုပ်ရပ်များက အမြဲတမ်း မမှန်ကန်နိုင်သည့်အပြင် သူသည် သမ္မာတရား ဖြစ်ချင်ဖြစ်ပေမည်” ဟူ၍ ဖြစ်သည်။ အဆုံးတွင် အချိန်ကာလတစ်ခုအထိ များစွာ ဒုက္ခရောက်ပြီး ယင်းကို ခါးစည်းခံရပြီးနောက် ၎င်းတို့သိခဲ့သည် အယူဝါဒအနည်းငယ်နှင့် ၎င်းတို့၌ ရှိခဲ့သည့် စိတ်အားထက်သန်မှု သေးသေးလေးက ပျောက်ဆုံးသွားသည်။ ၎င်းတို့သည် ဘုရားသခင်ကို ငြင်းပယ်ပြီး မိမိတို့၏ ယုံကြည်ခြင်း ပျောက်ဆုံးကာ ယုဒတစ်ဦးပင် ဖြစ်လာသည်။ ထောင်မှ လွတ်လာပြီးနောက် ၎င်းတို့က “ယခုတွင် ကျွန်ုပ်သည် အခြေအနေများနှင့် ပတ်သက်၍ နောက်ထပ် စိုးရိမ်စရာပင် မလိုတော့ပေ။ ဘုရားကို မယုံကြည်သောသူတို့ အဘယ်မျှ ကောင်းကျိုးရှိသည်ကို ကြည့်လော။ သူတို့သည် အပြင်ဘက်တွင် လွတ်လပ်မှုများစွာ ရှိသည်။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် လျှို့ဝှက်စွာ ယုံကြည်နေကြသနည်း။ အကယ်၍ တိုင်းပြည်က ယုံကြည်မှုကို တားမြစ်ပါက ဆက်၍သာ မယုံကြည်တော့နှင့်” ဟုပင် စဉ်းစားလေသည်။ ထို့နောက်တွင် ထိုကဲ့သို့သော လူတို့သည် ဘုရားသခင်ကို ယုံကြည်နိုင်သေးသလော။ (မယုံကြည်နိုင်တော့ပါ။) အဘယ့်ကြောင့် မယုံကြည်နိုင်တော့သနည်း။ ဘုရားသခင်က ၎င်းတို့ကို နောက်ထပ် အလိုမရှိတော့၍ ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို တစ်ကြိမ်တစ်ခါသာ ရွေးချယ်ပြီး သင်သည် သင်၏အခွင့်အရေးကို ဆုံးရှုံးပြီးဖြစ်သောကြောင့် သင့်ကို ဘုရားသခင် ဒုတိယအကြိမ် အလိုရှိတော့မည် မဟုတ်ပေ။ ထိုကဲ့သို့သော လူတို့အဖို့ ကယ်တင်ခြင်းရရှိမည့် မျှော်လင့်ချက်မှာ အဘယ်နည်း။ ယင်းမှာ သုညဖြစ်၏၊ မျှော်လင့်စရာ မကျန်တော့ချေ။ ဤသည်မှာ လူတို့ကို အထင်အမြင် မှားစေဖို့အတွက် လက်လွတ်စပယ် ပြုမူခြင်းနှင့် အယောင်ဆောင် ဝိညာဉ်ရေးဆန်သော အယူအဆအချို့ကို အသုံးပြုခြင်းဖြင့် နောက်ဆုံးတွင် အန္တိခရစ်များ ဖြစ်ပွားစေသည့် အကျိုးဆက်ပင် ဖြစ်ကာ သူတို့ကို အပြင်ပန်း ဝိညာဉ်ရေးဆန်ခြင်းနှင့် စိတ်အားထက်သန်မှုကို လိုက်စားစေသည်။ အကျိုးဆက်မှာ အဘယ်နည်း။ (၎င်းတို့ ပျက်စီးသွားလေသည်။) ဘုရားသခင်က ၎င်းတို့ကို ကယ်တင်သည်၊ မကယ်တင်သည်မှာ ဘုရားသခင်၏ အလုပ်ဖြစ်သော်လည်း အနည်းဆုံးအနေဖြင့် ယခုအခါတွင် ဘုရားသခင်၌ လူတို့၏ ယုံကြည်ခြင်းလမ်းကြောင်းက ဤအဆင့်သို့ ရောက်ရှိသောအခါ ၎င်းတို့၏ အလားအလာနှင့် ပန်းတိုင်သည် အခြေခံအားဖြင့် ပျက်စီးသွားသည့်ပုံ ပေါက်လေ၏။ အရာရာ ပြီးဆုံးသွားသောအခါ ဤအရာကို အဘယ်သူက ဖြစ်ပွားစေသနည်း။ ယင်းကို ဖြစ်ပွားစေသူမှာ အန္တိခရစ်များပင် ဖြစ်၏။ အကယ်၍ ၎င်းတို့သည် ကြောင်းကျိုးမမြင်အောင် မပြုမူဘဲ အလုပ်အစီအစဉ်များနှင့်အညီ ပြုမူလျက် ညီအစ်ကိုမောင်နှမများအား အထက်မှလာသည့် သတ်မှတ်ချက်များအတိုင်း ဦးဆောင်ပြီး လူတိုင်းကို ဘုရားသခင်ထံသို့ ခေါ်ဆောင်ခဲ့ပါက ဤအရာများ ဖြစ်ပျက်သွားခဲ့မည် မဟုတ်ပေ။ ဤလူတို့ ကယ်တင်ခံရဖို့ မျှော်လင့်ချက် ရှိနေနိုင်ဦးမည်လော။ (ရှိနေနိုင်ဦးမည် ဖြစ်ပါသည်။) ဤလူတို့တွင် ကယ်တင်ခြင်းနှင့်ယှဉ်သော မျှော်လင့်ခြင်း ရှိနေဦးမည်ဖြစ်သည်။ အန္တိခရစ်များ၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများသည် အလွန်အမင်း ကြီးမားသောကြောင့် ယင်းတို့ကို ကာကွယ်‌ပေးဖို့နှင့် နားထောင်ပေးဖို့ မည်သူမျှမရှိလျှင် ဘဝသည် ပျင်းစရာ ကောင်းပြီး ငြီးငွေ့ဖွယ်ဖြစ်သည်ဟု သူတို့ ခံစားကြရသည်။ သူတို့သည် မိမိတို့နောက်လိုက်သော ထိုနားဝေတိမ်တောင်ဖြစ်သူများကို ကြိုးကိုင်ညွှန်ကြားရမည့် အသုံးချခံများနှင့် အရုပ်များအဖြစ် ဆက်ဆံပြီး ၎င်းတို့အားလုံးကို မိမိတို့၏ ရှေ့ဆောင်လမ်းပြမှုနောက်သို့ လိုက်စေသည်။ သူတို့က မိမိတို့သည် စွမ်းဆောင်နိုင်ပြီး ပျော်စရာများကို ပိုင်ဆိုင်သည်၊ ထို့ပြင် ဤဘဝကို အသက်ရှင်ရကျိုးနပ်သည်ဟု ခံစားကြသည်။ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းဖို့အလို့ငှာ သူတို့သည် မိမိတို့နောက်လိုက်သောသူတို့ကို အထင်အမြင် မှားစေရန်အတွက် ဝိညာဉ်ရေးဆန်သည်ဟု ဆိုသော၊ ကြားကောင်းသော ဤစကားများကို အသုံးပြုကြလေသည်။ ပြီးလျှင် ထိုသူတို့သည် အထင်အမြင် မှားအောင် လုပ်ခြင်းခံရပြီးသည့်နောက်တွင်၊ မှန်သောလမ်းခရီးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ လမ်းလွဲအောင် လုပ်ခြင်းခံရပြီးနောက်တွင် အန္တိခရစ်တို့နောက် လိုက်ဖို့အတွက် ဘုရားသခင်ထံမှ ခပ်ခွာခွာနေကြပြီး အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ကြလေသည်။ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ဤလူတို့၏ အလားအလာနှင့် ပန်းတိုင်မှာ ပျက်စီးသွားပြီး သူတို့သည် ကယ်တင်ခြင်းရဖို့ မိမိတို့၏ အခွင့်အ‌ရေး ဆုံးရှုံးရသည်။ လူတို့သည် ဘုရားသခင်ကို မှန်မှန်ကန်ကန် မယုံကြည်ဘဲ အခြားလူတို့နောက်သို့ လိုက်သောအခါ အကျိုးဆက်များမှာ အဘယ်နည်း။ ဝိညာဉ်ရေးဆန်ပုံရသောသူ တစ်ဦးဦးကို သင်တို့ အားကျနေသေးသ‌လော။ (အားမကျပါ။) “ဝိညာဉ်ရေးဆန်သည်” ဟူသည့် အသုံးအနှုန်းကို မည်သို့ သဘောရသနည်း။ ယင်းမှာ ပေါ့တန်၏။ လူတို့သည် ဇာတိပကတိ ဖြစ်ကြပြီး ဖန်ဆင်းခံများ ဖြစ်ကြသည်။ အကယ်၍ သင်သည် အမှန်တကယ် ဝိညာဉ်ရေးဆန်လျှင် သင်၏ ဇာတိပကတိက ရှိတော့မည်မဟုတ်၊ ထိုအခါ သင်သည် အဘယ်သို့ ဝိညာဉ်ရေး ဆန်တော့မည်နည်း။ ယင်းသည် အဓိပ္ပာယ်မဲ့သော ပြောဆိုခြင်းသာ မဟုတ်လော။ သို့ဖြစ်၍ “ဝိညာဉ်ရေးဆန်သည်” ဟူသည့် အသုံးအနှုန်းကိုယ်၌က မခိုင်လုံသည်ကို သင်သိမြင်၏။ ယင်းမှာ အဓိပ္ပာယ်မဲ့သော ပြောဆိုခြင်းသာ ဖြစ်သည်။ အနာဂတ်တွင် လူတစ်ဦးဦးက သူသည် ဝိညာဉ်ရေးဆန်ခြင်းကို လိုက်စားနေကြောင်း ပြောသည်ကို သင် ကြားလျှင် ထိုသူကို “သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ခြင်းနှင့် ဘုရားသခင်ရှေ့မှောက်၌ အသက်ရှင်ခြင်းကို လိုက်စားသင့်သည်။ ယင်းက ပို၍ လက်တွေ့ကျ၏။ အကယ်၍ သင်သည် ဝိညာဉ်ရေးဆန်ခြင်းကို လိုက်စားလျှင် ယင်းမှာ တစ်ဖက်ပိတ်လမ်းပင်။ ဝိညာဉ်ရေးဆန်ခြင်းကို လုံးဝ မလိုက်စားနှင့်။ ယင်းမှာ လူတို့လိုက်စားသည့် အရာတစ်ခု မဟုတ်။ ယင်းက တကယ့်ကို မခိုင်လုံပါ” ဟု ပြောလော့။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လက်ခံလာပြီးနောက် အဘယ်သူသည် ဝိညာဉ်ရေးဆန်သော လူတစ်ဦး ဖြစ်လာဖူးသနည်း၊ ငါ့ကိုပြောလော့။ ထင်ပေါ်ကျော်ကြားသော ထိုပုဂ္ဂိုလ်ကြီးများနှင့် ဘာသာရေးနှင့်ဆိုင်သည့် သမ္မာကျမ်းစာ အနက်ဖွင့်သူများသည် ဝိညာဉ်ရေးဆန်သလော။ ထိုသူတို့အားလုံးသည် သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်ကြပြီး မည်သူမျှ ဝိညာဉ်ရေးမဆန်ပေ။ “ဝိညာဉ်ရေးဆန်သည်” ဟူသည့် အသုံးအနှုန်းကို တီထွင်ခဲ့သော လူတို့သည် အခြားသူများကို အထင်အမြင် မှားစေရန်အတွက် အဓိပ္ပာယ်မဲ့သော ဤစကားလုံးကို အသုံးပြုနေကြခြင်း ဖြစ်သည်။ ထိုသူတို့အားလုံး လူလိမ်လူညစ်များနှင့် နတ်ဆိုးများ ဖြစ်သည်။ ထိုကဲ့သို့ အဓိပ္ပာယ်မရှိသော အရာများကို မည်သို့သော လူစားမျိုးက ပြောနိုင်သနည်း။ ထိုသူတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသလော။ (မရှိကြပါ။) အကယ်၍ သင်သည် လူတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်သောအခါ မည်သည့်အရာကို လိုက်စားသင့်သည် သို့မဟုတ် မည်သည့်အရာနှင့် သက်ဆိုင်သင့်သည်ကိုပင် နားမလည်ပါက သမ္မာတရားကို သင် နားလည်နိုင်မည်လော။ သင်သည် ပင်ကိုအားဖြင့် ဖန်ဆင်းခံတစ်ဦး၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရသော လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်၏။ တစ်စုံတစ်ခုနှင့် သက်ဆိုင်ခြင်းနှင့် ပတ်သက်လာသည့်အခါတွင် သင်သည် ဇာတိပကတိနှင့် သက်ဆိုင်၏။ ယင်းမှာ လူသားများ၏ ပင်ကိုအရည်အသွေး ဖြစ်၏။ အကယ်၍ ဇာတိပကတိဆန်ဖို့ ကြိုးပမ်းလျှင် သင်သည် စာတန်နှင့် သက်ဆိုင်သည်မှာ အမှန်ပင်။ ယင်းမှာ ကမ္ဘာလောက၏ လမ်းကြောင်းကို လျှောက်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော လူတို့သည် သမ္မာတရားကို လိုက်စားသင့်သည်မှာ မှန်ကန်၏။ အကယ်၍ လူတို့သည် ဝိညာဉ်ရေးဆန်ဖို့ သို့မဟုတ် ဘုရားသခင်နှင့် သက်ဆိုင်ဖို့ ကြိုးပမ်းလျှင် ဤသည်မှာ ၎င်းတို့ လျော်ညီအောင် နေနိုင်သည့် အရာတစ်ခု ဟုတ်သလော။ ၎င်းတို့ အဘယ်သို့ လိုက်စားသည်ဖြစ်စေ အချည်းနှီးဖြစ်၏။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းအဖို့ မှန်ကန်သောလမ်းကြောင်း မဟုတ်ပေ။ ထို့ကြောင့် ဝိညာဉ်ရေးဆန်ဖို့ သို့မဟုတ် ဘုရားသခင်နှင့် သက်ဆိုင်ဖို့ ကြိုးပမ်းခြင်းသည် ဆောင်ပုဒ်တစ်ခု၊ အယောင်ဆောင် ဝိညာဉ်ရေးရာ သဘောတရားတစ်ခုသာ ဖြစ်ပြီး သမ္မာတရားနှင့် တခြားစီဖြစ်၏။ အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်လိုက်ပါက ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏တာဝန်ကို မှန်မှန်ကန်ကန် ဖြည့်ဆည်းသင့်ကာ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်၍ သူ့ကို ကျေနပ်စေနိုင်အပ်သည်။ ဤသည်မှာ သမ္မာတရားလက်တွေ့ကျမှု ဖြစ်၏။

အန္တိခရစ်များက တရားဒေသနာ မည်မျှနားထောင်သည်ဖြစ်စေ သမ္မာတရားကို နားမလည်နိုင်ကြပေ။ ၎င်းတို့ နားလည်ပြီး ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုနိုင်သည်မှာ အယူဝါဒများသာ ဖြစ်၏။ ၎င်းတို့သည် မိမိတို့ သဘောပေါက်နားလည်ပြီး မှတ်မိနိုင်သည့် ထိုစကားများကို ယူ၍ လူ့အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသည့် ဝိညာဉ်ရေးရာ အယူဝါဒများအဖြစ်သို့ ပြောင်းလဲရန်အတွက် မိမိတို့၏ စိတ်ကူးထဲ၌ စဉ်းစားစိစစ်ပြီးနောက် ယင်းတို့ကို လက်လွတ်စပယ် ဖြန့်ချိကာ အခြားသူများအား ရှင်းပြလေသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ပြီး သမ္မာတရားကို နားမလည်‌သောသူတို့က ဤအရာများကို ကြားရသောအခါ ၎င်းတို့သည် လုံးလုံးလျားလျား နားလည်ပြီး ယင်းတို့ကို လက်ခံလိုစိတ် ရှိကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် အထင်အမြင်မှားအောင် လုပ်ခြင်းခံလိုက်ရပြီး အန္တိခရစ်များကို စတင်၍ ကိုးကွယ်တော့သည်။ ယင်းမှာ ပြဿနာ ဖြစ်ပေါ်လာသည့်အချိန် ဖြစ်၏။ လက်တွေ့တွင်မူ အန္တိခရစ်များက သမ္မာတရားကို လုံးဝ နားမလည်ကြပေ။ အကယ်၍ မှန်ကန်သည်ဟုဆိုသော ၎င်းတို့၏ စကားများကို သင် ဂရုတစိုက် နားထောင်ပြီး ပိုင်းခြားသိမြင်ပါက ယင်းတို့သည် လူ့အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသည့် အနှစ်သာရမရှိသော သဘောတရားများ ဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။ သမ္မာတရားကို နားမလည်သောသူတို့က ဤစကားများသည် တိကျမှန်ကန်သည်ဟု ထင်ပြီး ယင်းတို့ကို အလွယ်တကူ ယုံတတ်ကြသည်မှာ အမှန်ပင်။ သင်တို့သည် ထိုသို့သော အခြေအနေများကို တွေ့ကြုံကြပြီးပြီလော။ သင်တို့သည် ဥပမာ ပေးနိုင်သလော။ အကယ်၍ သင်တို့သည် ဥပမာပေးပြီး စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုရာ၌ ကျွမ်းကျင်သောသူတို့က အခြားသူများကို မည်သို့ အထင်အမြင် မှားအောင် လုပ်နိုင်ကြောင်း ရှင်းလင်းစွာ မြင်တွေ့နိုင်ပါက ဤသည်မှာ သင်တို့သည် ယင်းတို့ကို နားလည်ပြီး လက်တွေ့အသုံးချနိုင်ကြောင်း သက်သေပြသည်။ အကယ်၍ သင်တို့သည် ဥပမာမပေးနိုင်ပါက ယင်းမှာ သင်တို့သည် ယင်းတို့ကို နားမလည်သေးသည့်အပြင် လက်တွေ့လည်း အသုံးမချနိုင်ကြောင်း ညွှန်ပြနေပေသည်။ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုရာ၌ ကျွမ်းကျင်သောသူတို့ကို တွေ့ဆုံသောအခါ သင်တို့သည် ယင်းတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသည်မှာ အသေအချာပင်။ (ကျွန်ုပ်သည် ထိုသို့သော အခြေအနေမျိုး၌ ရောက်ဖူးသည်။ ညီအစ်ကို မောင်နှမများသည် ပြုပြင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို ရင်ဆိုင်ရပြီး ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားမလည်သောအခါ ကျွန်ုပ်ထံ၌ လာရောက်ရှာဖွေကြသည်။ အမှန်တွင်မူ ကျွန်ုပ်သည်လည်း ဘုရားသခင်၏ ရည်ရွယ်ချက် သို့မဟုတ် ဤအရေးကိစ္စများ၏ အနှစ်သာရကို နားမလည်ပါ။ သို့သော် သူတို့ကို ဥပမာအနေဖြင့် “ပြုပြင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အားလုံးမှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းပင် ဖြစ်သည်။ ဤအရာတို့မှာ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် ဘုရားသခင် ကိုင်တွယ်ဖြေရှင်းရန် တစ်စုံတစ်ခုကို ဆောင်ရွက်သည့်ပုံ ဖြစ်သည်” ဟူသည့် အနှစ်သာရမရှိသော စကားအချို့ကို ပြောပြသည်။ ဤအရာကို ပြောနေစဉ်မှာပင် ၎င်းတို့သည် အဘယ့်ကြောင့် ဤအခြေအနေကို ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း၊ သူတို့၏ လုပ်ဆောင်ချက်များနှင့် ထုတ်ဖော်ပြမှုများသည် ဖောက်ပြန်ပျက်စီးသော မည်သည့်စိတ်သဘောထားမျိုးတွင် ပါဝင်ကြောင်း သို့မဟုတ် ယင်းတို့သည် မည်သည့်သဘာဝ ဖြစ်ကောင်းဖြစ်နိုင်ကြောင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်ကြောင်း စသည်တို့ကဲ့သို့သော သူတို့ပြဿနာ၏ အနှစ်သာရကို ကျွန်ုပ်သည် သူတို့အား အပြည့်အဝ မရှင်းပြရသေးကြောင်း၊ ဤအရာများနှင့် အခြားနောက်ထပ်ကို သူတို့အား မိတ်သဟာယ မပြုနိုင်‌သေးကြောင်းတို့ကို ကျွန်ုပ် သတိပြုမိလေသည်။ ကျွန်ုပ်သည် မည်သူ့ကိုမျှ အမှန်တကယ် အထောက်အကူ မပေးသည့် မှန်ကန်သော အယူဝါဒများနှင့် နားထောင်ကောင်းသော ကြွေးကြော်သံ အနည်းငယ်ကိုသာ ပြောပြခဲ့ပါသည်။) ဤသည်မှာ သင်ကိုယ်တိုင်က သမ္မာတရားနှင့် ပတ်သက်၍ ရှင်းလင်းသော နားလည်သဘောပေါက်မှု မရှိသောကြောင့် ဖြစ်သဖြင့် ညီအစ်ကို မောင်နှမများ၏ လက်တွေ့ပြဿနာများကို မဖြေရှင်းနိုင်ခြင်း ဖြစ်၏။ သို့ဆိုလျှင် အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေခြင်းနှင့် ဤအရာအကြားတွင် ကွာခြားမှုရှိသလော။ အန္တိခရစ်များက လူတို့ကို စေတနာဖြင့် ကူညီခြင်းမရှိပေ။ ၎င်းတို့၏ အကြောင်းရင်းနှင့် ရည်ရွယ်ချက်မှာ သူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် ဖြစ်သည်။ အန္တိခရစ်များသည် အမှုအရာများကို ဤကဲ့သို့ လုပ်ဆောင်သည့်အခါတွင်လည်းကောင်း၊ ကြွေးကြော်သံများကို ဟစ်အော်သောအခါတွင်လည်းကောင်း ၎င်းတို့၏ အပြုအမူနှင့် မည်သည့် စိတ်သဘောထားမျိုး ၎င်းတို့ ထုတ်ဖော်သည်ကို ကြည့်လော့၊ ဤသည်မှာ အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းအတွက် သော့ချက်ဖြစ်၏။ လူအချို့၌ သေးငယ်သော ဝိညာဉ်ရင့်သန်မှု ရှိပြီး သမ္မာတရားနှင့် ပတ်သက်၍ ရှင်းလင်းသော နားလည်သဘောပေါက်မှု မရှိပေ။ သူတို့အလုပ်၏ လေးနက်မှုက လိုအပ်သော ရလဒ်များကို စွမ်းဆောင်ရရှိနိုင်ကောင်း ရရှိနိုင်မည် မဟုတ်သော်လည်း လူတို့အား အထင်အမြင်မှားစေဖို့ သို့မဟုတ် ထိန်းချုပ်ဖို့ အကြောင်းရင်း သို့မဟုတ် ရည်ရွယ်ချက်မရှိကြပေ။ သူတို့သည်လည်း လူတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်သွားလိုကြကာ သူတို့၏ လုပ်ဆောင်နိုင်စွမ်းက သူတို့၏ လိုအင်ဆန္ဒကို လိုက်မမီခြင်းသာ ဖြစ်၏။ သူတို့သည် ရှင်းလင်းပြတ်သားသော ရလဒ်များကို စွမ်းဆောင်ရရှိနိုင်ခြင်း မရှိလင့်ကစား သူတို့၌ မှန်ကန်သော ရည်ရွယ်ချက်များရှိကြောင်း သူတို့သည် လူတို့အား ဘုရားသခင်၏ ရှေ့မှောက်သို့ ခေါ်ဆောင်သွားလိုကြောင်း လူတို့ မြင်တွေ့နိုင်သည်။ သို့သော်လည်း အန္တိခရစ်များ၏ ရည်မှန်းချက်မှာ အဘယ်နည်း။ (လူတို့၏ အသိအမှတ်ပြုခြင်းကို ရယူရန်နှင့် သူတို့အား မိမိတို့ကို နားထောင်ပြီး မိမိတို့နောက်သို့ လိုက်စေရန်ဖြစ်သည်။) သို့ဆိုလျှင် သူတို့ ပြောသည့်အရာနှင့် မိမိတို့၏ လိုအင်ဆန္ဒကို လိုက်မီနိုင်စွမ်း မရှိသောသူ ပြောသည့်အရာကြားမှ ကွာခြားချက်မှာ အဘယ်နည်း။ လုပ်ဆောင်နိုင်စွမ်း အားနည်းသောသူသည် သူ၏စိတ်ရင်းအတိုင်း စကားပြောသော်လည်း ပြဿနာ၏ အနှစ်သာရနှင့် အကြောင်းရင်းကို မရိပ်စားမိနိုင်ချေ။ သူသည် ထိုအရာကို ရှင်းလင်းစွာ မိတ်သဟာယ မပြုနိုင်သည့်အပြင် အဆုံးစွန်အားဖြင့် ထိုအရေးကိစ္စကို မဖြေရှင်းနိုင်သကဲ့သို့ အခြားသူများအတွက်လည်း မထောက်ပံ့ပေးနိုင်ချေ။ ယခုတွင် အန္တိခရစ်တစ်ဦး၏ စကားများမှာ အဘယ်နည်း။ ယင်းတို့သည် သူ၏ စိတ်ရင်းမှာ လာသလော။ (မဟုတ်ပါ။) မဟုတ်သည်မှာ သိသာရှင်းလင်း၏။ သူပြောသည့်အရာမှာ အလိမ်အညာများချည်း ဖြစ်၏။ သူသည် အဘယ့်ကြောင့် အလိမ်အညာများကို ဆိုရသနည်း။ သူသည် သင့်ကို လိမ်လည်ပြီး အထင်အမြင်မှားအောင် လုပ်ချင်သည်။ သူ၏ ဆိုလိုရင်းမှာ “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးအနေဖြင့် လုပ်သင့်သည့် အလုပ်ကို လုပ်ပြီးသား ဖြစ်သည်။ ကျွန်ုပ်မိတ်သဟာယ ပြုသင့်သည့်အရာကို မိတ်သဟာယပြုပြီးသား ဖြစ်ပြီး ကျွန်ုပ်ပြောထားသမျှမှာ အမှန်ဖြစ်၏။ အကယ်၍ ယင်းတို့ကို သင် လက်မခံဘဲ ပြဿနာ မပြေလည်သေးလျှင် သင်၏အပြစ်သာ ဖြစ်၏။ ကျွန်ုပ်ကို အပြစ်မတင်နှင့်” ဟူ၍ ဖြစ်သည်။ သူသည် သင်၏ပြဿနာများကို အမှန်တကယ် ဖြေရှင်းလိုခြင်း မဟုတ်ဘဲ ဟန်ပြလုပ်ဆောင်နေခြင်း ဖြစ်ပြီး သူ၏အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် ဤမှန်ကန်သော အရာများကို ပြောရုံမျှတစ်ပါး အခြားမရှိတော့ချေ။ သူသည် ဤအရာများကို မိမိ၏ဆန္ဒမပါဘဲ ပြောခြင်းဖြစ်ပြီး ယင်းတို့ကို ပြောမိလျှင်ပင် မိမိဆန္ဒအလျောက် ပြောနေခြင်းမဟုတ်။ ယင်းမှာ သူ၏စိတ်နှလုံးထဲ၌ အမှန်တကယ် စဉ်းစားနေသည့်အရာ မဟုတ်ပေ။ ထို့ကြောင့် အချို့သော အန္တိခရစ်များက ထုံးစံအတိုင်း မှန်ကန်သော စကားအနည်းငယ်ပြောတတ်အောင် သင်ယူနိုင်ပြီး အခြားသူများအား သူတို့၏ အပျက်သဘောဆောင်ခြင်းကို အောင်မြင်ကျော်လွှားနိုင်ဖို့ အကူအညီ ပေးကြသော်လည်း သူတို့ကိုယ်တိုင် ပြုပြင်ခြင်းကို ရင်ဆိုင်ရသောအခါ သို့မဟုတ် လူစားထိုးခံရသောအခါ အလွန်အမင်း အပျက်သဘော ဆောင်လာကြသည်။ မိမိတို့ကိုယ်ကို လုံးစေ့ပတ်စေ့ မသိနိုင်ကြသည့်အပြင် မိမိတို့ကို ကူညီဖို့အတွက် ညီအစ်ကို မောင်နှမများအပေါ် မှီခိုကြရသည်။ ဤအရာ ဖြစ်ဖူးသလော။ (ဖြစ်ဖူးပါသည်။) ဤအရာမျိုးမှာ အလွန်မကြာခဏ ဖြစ်တတ်သည်။ အန္တိခရစ်တစ်ဦး အခြားသူများကို အမြဲတစေ ဟောသော စကားလုံးများနှင့် အယူဝါဒများက သူကိုယ်တိုင်အတွက်ပင် အထောက်အကူမဖြစ်ပေ။ သို့ဆိုလျှင် ဤစကားများမှာ သူ၏စိတ်နှလုံးထဲမှ လာသလော။ ယင်းတို့မှာ သူ့တကယ့်အတွေ့အကြုံ၏ ရလဒ်ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သူပြောသည့်အရာမှာ စကားလုံးများနှင့် အယူဝါဒများသက်သက် ဖြစ်ပြီး စစ်မှန်သော သူ၏ဝိညာဉ်ရင့်သန်မှုအား ထင်ဟပ်ခြင်း မဟုတ်ပေ။ အခြားသူများကို အကူအညီပေးဖို့ သူလုပ်သည့်အလုပ်တွင် ဟန်ပြလုပ်ဆောင်ဖို့၊ မိမိကို ခေါင်းဆောင်တစ်ဦးအဖြစ် လူတို့ကို အသိအမှတ်ပြုစေဖို့၊ လက်ခံစေဖို့နှင့် ထောက်ခံအားပေးစေဖို့ မမှန်ကန်သော ထင်မြင်ချက်များ၊ လုပ်ဆောင်ချက်များနှင့် အပြုအမူကောင်းကို အသုံးပြုခြင်းတို့သက်သက် ပါဝင်သည်။ လူတို့က သူ့ကို သူတို့၏ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုသောအခါ သူတို့က သူ့ကို အလျှော့ပေးရသည် မဟုတ်လော။ အကယ်၍ သူတို့က သူ့ကို အလျှော့ပေးလျှင် အန္တိခရစ်သည် အဆင့်အတန်းတစ်ခုကို ရရှိသည်မဟုတ်လော။ ထိုအခါ သူ၏အဆင့်အတန်းသည် လုံခြုံပြီမဟုတ်လော။ ဤသည်မှာ သူ၏ ရည်မှန်းချက်အတိအကျပင် ဖြစ်၏။ ခေါင်းဆောင်များနှင့် အမှုဆောင်များ အချို့သည် သမ္မာတရားအား နားလည်သဘောပေါက်မှု ကင်းမဲ့ကြပြီး အလုပ်တာဝန်ကို ကိုင်တွယ်ရာ၌ သူတို့၏ လုပ်ဆောင်နိုင်စွမ်းများက သူတို့၏ လိုအင်ဆန္ဒကို လိုက်မမီပေ။ ဤသည်မှာ အများဆုံးအနေဖြင့် သူတို့၏ သေးငယ်သော ဝိညာဉ်ရင့်သန်မှု လက္ခဏာဖြစ်ပြီး သူတို့သည် အရည်အချင်း ပြည့်မီသော ‌ခေါင်းဆောင်တစ်ဦး မဟုတ်သည့်လက္ခဏာပင် ဖြစ်၏။ သို့သော် အန္တိခရစ်တစ်ဦး အလုပ်လုပ်သောအခါ သူသည် ညီအစ်ကို မောင်နှမများကို အကူအညီ‌ပေးနိုင်ခြင်း သို့မဟုတ် ထောက်ခံအားပေးနိုင်ခြင်း ရှိမရှိကို မစဉ်းစားပေ။ သူသည် မိမိ၏ကိုယ်ပိုင် အဆင့်အတန်းနှင့် အကျိုးအမြတ်ကိုသာ စဉ်းစား၏။ ဤသည်မှာ ဤနှစ်ဦးအကြားမှ ခြားနားချက်ဖြစ်၏။ ၎င်းတို့၏ စိတ်သ‌ဘောထားများက ကွာခြား၏။ ထို့ကြောင့် ထိုအန္တိခရစ်သည် နားထောင်ကောင်းသောစကား အမြောက်အမြားကို ပြောလျှင်ပင် သူ၏ လက်တွေ့ကျမှုကို မထင်ဟပ်ပေ။ သူသည် ယင်းတို့ကို မိမိ၏ဆန္ဒမပါဘဲ ပြောခြင်းဖြစ်သည်။ သူသည် အပြင်ပန်းအားဖြင့် မှန်ကန်သော အယူဝါဒများနှင့် ကြွေးကြော်သံများ တစ်ခုခု သို့မဟုတ် လူတို့ကို အကြံပေးရန်နှင့် ဟန်ပြလုပ်ဆောင်ရန်အတွက် လူ့ခံစားချက်နှင့် ကိုက်ညီသည့် စကားလုံးများ တစ်ခုခုကိုသာ အသုံးပြုနေခြင်း ဖြစ်သည်။ သူသည် အဘယ့်ကြောင့် ဟန်ပြလုပ်ဆောင်ရသနည်း။ ယင်းမှာ အပျက်သဘောဆောင်သော သို့မဟုတ် အားနည်းသောသူ တစ်စုံတစ်ယောက်ကို သူ မြင်တွေ့ပြီး ကူညီဖို့ လျစ်လျူရှုပါက သူသည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နေခြင်း မရှိကြောင်းနှင့် ခေါင်းဆောင်တစ်ဦးအဖြစ် မိမိ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းနေခြင်း မရှိကြောင်း အခြားသူများက ပြောမည်ဖြစ်သည်။ ထိုသို့သော စွပ်စွဲချက်များကို ကြောက်သဖြင့် သူသည် ပြုမူလုပ်ဆောင်ရုံမျှတစ်ပါး အခြားမရှိချေ။ ထို့ကြောင့် သူ၏ ရည်မှန်းချက်မှာ မိမိ၏ တာဝန်များကို လုပ်‌ဆောင်ဖို့သက်သက် မဟုတ်ပေ။ အကယ်၍ ညီအစ်ကို မောင်နှမများ အခက်အခဲ ရင်ဆိုင်ရသောအခါ သူသည် ချက်ချင်း ပေါ်လာပြီး သူတို့ကို အကူအညီပေးခြင်းနှင့် ထောက်ပံ့ပေးခြင်း၊ မိမိ၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းတို့ မရှိလျှင် ထိုသူတို့က သူ့ကို ‌‌ထောက်ခံအားပေးမည် မဟုတ်သည်ကို စိုးရိမ်နေသည်။ လာမည့် ရွေးကောက်ပွဲတွင် သူတို့က သူ့ကို ရွေးချယ်ကောင်း ရွေးချယ်မည် မဟုတ်သည့်အပြင် သူသည် တကယ့်ခေါင်းဆောင် ဖြစ်မည်မဟုတ်ဘဲ အမည်ခံ ဂုဏ်ပုဒ်တစ်ခုသာ ရှိတော့မည်ဖြစ်သည်။ အမည်ခံ ဂုဏ်ပုဒ်သက်သက် ပိုင်ဆိုင်ခြင်းသည် သူ၏ စိတ်နှလုံးထဲ၌ အလိုရှိသည့်အရာ ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သူသည် မည်သည့်အရာကို အလိုရှိသနည်း။ သူက တကယ့်အာဏာနှင့် အဆင့်အတန်းကို အလိုရှိသည်။ သူက ညီအစ်ကို‌ မောင်နှမများကို သူ့အား စိတ်ထဲမှ ကိုးကွယ်ရန်၊ ထောက်ခံအားပေးရန်နှင့် သူ့နောက်လိုက်ရန် အလိုရှိသည်။ ထို့ကြောင့် သူသည် ရွေးကောက်ပွဲတိုင်းတွင် ခေါင်းဆောင်တစ်ဦးအဖြစ် အရွေးခံရရန် ကြိုးပမ်းခြင်းဖြစ်သည်။ ယင်းမှာ သူ၏ ရည်မှန်းချက်ပင် ဖြစ်၏။

ခေါင်းဆောင်များနှင့် အမှုဆောင်များဟုခေါ်သောသူ အချို့သည် ရွေးကောက်ပွဲများ နီးကပ်လာသောအခါ အထူးသဖြင့် စိတ်အားထက်သန်လာကြကာ နေရာတကာတွင် ကိုယ့်ဂုဏ်ကိုယ်ဖော်ကြပြီး မူမမှန်ဘဲ ပြုမူကြသည်။ ဤသို့သောလူတို့သည် အန္တိခရစ်များ၏ အတန်းအစား ဖြစ်ကောင်းဖြစ်နိုင်ကြသည်။ အကယ်၍ ၎င်းတို့သည် ဤသို့ အမှန်ပင် ပြုမူနိုင်ကြလျှင် ယင်းမှာ စက်ဆုပ်ဖွယ်ကောင်း၏။ အသိတရားနှင့် ဆင်ခြင်တုံတရားကို အမှန်တကယ် ပိုင်ဆိုင်သောသူတစ်ဦးသည် အကြောင်းရင်းများ၊ ရည်ရွယ်ချက်များဖြင့် ပြုမူသောအခါ စိတ်နှလုံးထဲတွင် အပြစ်ရှိသည်ဟု အလိုလို ခံစားရမည်ဖြစ်သည်။ မိမိ၏ အသိတရားနှင့် ဆင်ခြင်တုံတရား၏ ချုပ်ထိန်းခြင်းခံရသဖြင့် သူသည် ယခင်က ထိုသို့ စိတ်အားထက်သန်ခြင်း မရှိခဲ့ကြောင်း သဘောပေါက်မည် ဖြစ်ပြီး လူတို့က သူ၏ ရုတ်ချည်း စိတ်အားထက်သန်မှုကို အသေအချာ သတိပြုမိကြမည် ဖြစ်သည်။ သူသည် မိမိကိုယ်ကို စက်ဆုပ်ရွံရှာမှုကိုပင် ခံစားပြီး ထိုသို့ပြုမူရသည်ထက် ရွေးကောက်ပွဲမပြိုင်ဘဲ နေလိုက်ချင်ကြသည်။ ဘုရားသခင်ကို နှစ်ပေါင်းမြောက်မြားစွာ ယုံကြည်လက်ခံလာပြီး ဝိညာဉ်ရင့်သန်မှု အနည်းငယ်နှင့် ရှက်စိတ်အနည်းငယ် ရှိထားပြီးဖြစ်သောကြောင့် အဆုံးတွင် သူသည် မိမိကိုယ်ကို ထိန်းချုပ်နိုင်သည်။ သို့သော် အန္တိခရစ်များကမူ မိမိတို့ကိုယ်ကို မထိန်းချုပ်ကြပေ။ ၎င်းတို့ စိတ်ကြိုက်လုပ်ဆောင်ပြီး သဘောရှိသည့်အတိုင်း ပြုမူကြသည်။ ၎င်းတို့၌ ရည်မှန်းချက်များနှင့် အကြောင်းရင်း၊ ရည်ရွယ်ချက်နှင့် အကြံအစည်အမျိုးမျိုး ရှိကြသည်။ ယင်းကို ၎င်းတို့၏ စိတ်နှလုံးထဲ၌ အကုန်လုံးသိထားသော်လည်း အမှုအရာများကို ဤအတိုင်းပင် မရမက ဆက်လုပ်ကာ မိမိတို့၏ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုသာ အမြဲစဉ်းစားနေကြသည်။ အသင်းတော်အတွက်နှင့် ညီအစ်ကို မောင်နှမများအတွက် အမှုအရာများ လုပ်ဆောင်ခြင်းသည် ကြီးစွာသော ထိခိုက်နစ်နာမှုဖြစ်ပြီး လုပ်ရကျိုးမနပ်ဟု ခံစားကြရသည်။ ထို့ကြောင့် ၎င်းတို့ပြုလုပ်သမျှတွင် မိမိတို့ကိုယ်ကို ဦးထိပ်ထားကြပြီး ထိပ်ဆုံးနေရာကို အမြဲတမ်း ရှာကြသည်။ ရွေးကောက်ပွဲများ တစ်ဖန်ကျင်းပသောအခါ ၎င်းတို့သည် နေရာတကာတွင် မဲဆွယ်ဖို့ အစွမ်းကုန်ကြိုးစားလျက် မိမိတို့ကို ရွေးချယ်ကြဖို့ လူတို့ကို အထင်အမြင် မှားစေပြီး ဆွဲဆောင်သိမ်းသွင်းကာ မဲပေးစဉ်အတွင်း မိမိတို့ကိုယ်မိမိ မဲနှစ်မဲသုံးမဲခန့် လျှို့ဝှက်စွာဖြင့်ပင် ထပ်ဖြည့်ကြသည်။ အန္တိခရစ်များအနေဖြင့် ဤအတိုင်း ပြုမူသည်မှာ စက်ဆုပ်ရွံရှာဖွယ် ကောင်းသည်မဟုတ်လော။ အကယ်၍ ၎င်းတို့၌ ရည်မှန်းချက်များ မရှိခဲ့လျှင် အဘယ့်ကြောင့် ထိုအတိုင်းအတာအထိ ပြုလုပ်မည်နည်း။ ဤသည်မှာ အလုပ်တာဝန်၌ရှိသည့် ရည်မှန်းချက်ဖြစ်သည်မှာ ရှင်းသည် မဟုတ်လော။ တစ်စုံတစ်ယောက်သည် ရည်မှန်းချက်ကြီးသည်ဟု ပြောလိုက်လျှင် ပြောလိုက်ချင်း ယင်းမှာ အပြုသဘောဆောင်ခြင်းတစ်ခုခု မဟုတ်ပေ။ ထိုသို့သောလူတို့ ပြုလုပ်သမျှမှာ စက်ဆုပ်ရွံရှာဖွယ်နှင့် ပြောမထွက်နိုင်အောင် ဆိုးရွားသည်မှာ အသေအချာဖြစ်၏။ အန္တိခရစ်များ ပြုလုပ်သမျှမှာ အတုအယောင်ဖြစ်ပြီး လှည့်စားတတ်သည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင် မှားစေရန်အတွက် အယောင်ဆောင် ပုံပန်းများကို အမြဲတမ်း အသုံးပြုကြသည်။ ထိုအရေးကိစ္စနှင့်ပတ်သက်သည့် အမှန်တရားကို မသိ‌သောသူတို့က ဤအရာကို မြင်တွေ့ပြီး “ခေါင်းဆောင်သည် ဤရက်အနည်းငယ်အတွင်း လုံ့လဝီရိယ မြောက်မြားစွာ စိုက်ထုတ်ထားကာ အအိပ်ပျက်၊ အစားပျက်ဖြစ်လျက် နေ့နေ့ညည အလုပ်လုပ်ပြီး အရာရာ၌ ဦးဆောင်မှု ပြုခဲ့သည်။ သူသည် အတော့်ကို ဒုက္ခခံစားပြီးဖြစ်ကာ အလွန် ခြေကုန်လက်ပန်းကျထားသဖြင့် ကိုယ်အလေးချိန်များစွာ ကျခဲ့ပြီးဖြစ်သည်။ သူသည် ဆံပင်များ ပို၍ပင် ဖြူလာသည်” ဟု စဉ်းစားသည်။ ညီအစ်ကို မောင်နှမအချို့က ဤသည်ကို မြင်တွေ့ပြီး ထိုအန္တိခရစ်အတွက် စိတ်မကောင်းဖြစ်ကာ နောက်ဆုံး ရွေးကောက်ပွဲအတွင်း သူ့အတွက် မဲပေးကြသည်။ ထိုအန္တိခရစ်သည် သူ၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လျှို့ဝှက်ကြံစည်ခြင်းနှင့် နည်းလမ်းများ အသုံးပြုခြင်းကို ဆိုလိုသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည်ကို ဆိုလိုသည်။ ထို့ကြောင့် အန္တိခရစ်များသည် လူတို့ကို စကားဖြင့် အထင်အမြင် မှားစေသည်သာမက ၎င်းတို့သည် မည်မျှ စိတ်အားထက်သန်ကြောင်း၊ မည်မျှ ကျိုးနွံနာခံပြီး ညီအစ်ကိုမောင်နှမများအပေါ် မည်မျှ အရေးထားကြောင်း လူတို့အား တိတ်တဆိတ် ပြောပြသည့် လုပ်ရပ်များနှင့် အပြုအမူများဖြင့်လည်း ကြိမ်ဖန်များစွာ အထင်အမြင်မှားစေသည်။ ၎င်းတို့သည် လူတို့ လက်ခံသင့်သည့် အရည်အချင်း ပြည့်မီသော ခေါင်းဆောင်များ၊ ခေါင်းဆောင်ကောင်းများ ဖြစ်သည်ကို လူတို့အား အသိပေးဖို့အတွက် ထပ်တလဲလဲ ပြောပြဖို့၊ ထပ်တလဲလဲ အသားပေးဖို့အတွက် အမြင်အားဖြင့် ကောင်းမွန်သင့်တော်သည့် ဤ‌ဖော်ထုတ်ပြသမှုများနှင့် အပြင်ပန်းအားဖြင့် အယောင်ဆောင် ပုံပန်းများကို အသုံးပြုသည်။ ဤသည်မှာ ကိုယ်စားလှယ်လောင်းများ မိန့်ခွန်းဟောပြောရင်း၊ မဲဆွယ်စည်းရုံးရင်းနှင့် စည်းရုံးလှုံ့ဆောရင်း နေရာအနှံ့ လှည့်လည်သွားလာကြသည့် ဒီမိုက‌ရေစီနိုင်ငံများရှိ ရွေးကောက်ပွဲများကဲ့သို့ပင် ဖြစ်၏။ ထိုသူတို့သည် မဲပေးမှုဖြစ်စဉ်အတွင်း မသမာသောနည်းကိုပင် အသုံးပြုကြသည်။ သို့သော် ဤလူတို့သည် မရှက်မကြောက်ဘဲ “ယောကျာ်းအစစ်အမှန်ဟူသည် ရက်စက်ရမည်” ဟူသည့် ခံယူချက်နောက်သို့ လိုက်ကြသည်။ ထိုသူတို့သည် ရွေးကောက်ပွဲအနိုင်ရရန် မည်သည့်လိုအပ်သောနည်းလမ်းကိုမဆို အသုံးချကြသည်။ ဤသည်မှာ ဘာသာတရားမရှိသူများ၏ အတွေးအခေါ်နှင့် အမြင်ရှုထောင့်ဖြစ်၏။ ဤအန္တိခရစ်များကလည်း ဤသို့ပြုလုပ်သလော။ လုံးဝ ပြုလုပ်ကြသည်။ အာဏာနှင့် အဆင့်အတန်းအဖို့အလို့ငှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤသူတို့သည် အရာရာ၌ ထက်သန်စွာနှင့် ပြင်းပြစွာ လုပ်ဆောင်ကာ ယင်းတို့ကို ပြီးမြောက်ဖို့ရန် ဦးနှောက်ခြောက်အောင် စဉ်းစားကြသည်။ ၎င်းတို့သည် မိမိတို့၏ ကံကြမ္မာအပေါ် လုံးဝ မရောင့်ရဲကြပေ။ ထို့ကြောင့် အာဏာနှင့် အဆင့်အတန်းအတွက် စိတ်အားထက်သန်မှု ပြင်းပြစွာ ရှိသောသူတို့၊ ဆိုလိုသည်မှာ မိမိတို့၏ ရည်မှန်းချက်များကို မထိန်းချုပ်နိုင်သောသူတို့သည် နောက်ဆုံးတွင် ခေါင်းဆောင်များအဖြစ် အရွေးခံရသည်။ ၎င်းတို့သည် အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်နေခြင်းသာ မဟုတ်။ ၎င်းတို့ကိုယ်တိုင်ပင် အန္တိခရစ်များ ဖြစ်ကောင်းဖြစ်လာနိုင်သည်။ သင်တို့တွင် ရည်မှန်းချက်များ ရှိသလော။ သင်တို့၏ ရည်မှန်းချက်များကို လူ့သဘာဝနှင့် ဆင်ခြင်တုံတရား၏ ဘောင်အတွင်း၌ ထိန်းချုပ်နိုင်သလော။ အကယ်၍ ယင်းတို့ကို ထိန်းချုပ်နိုင်လျှင် သင်သည် အန္တိခရစ်များ၏ လမ်းကြောင်းအား လိုက်လျှောက်ခြင်းဟူသည့် အန္တရာယ်ကို ရှောင်ကြဉ်နိုင်ပြီး အန္တိခရစ်တစ်ဦး ဖြစ်လာကာ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမည်မဟုတ်ပေ။ အကယ်၍ သင်တို့သည် မိမိတို့၏ ရည်မှန်းချက်များက ကြီးမားလွန်းသည်၊ အဆင့်အတန်းအဖို့အလို့ငှာ မည်သည့်နည်းလမ်းကိုမဆို မကြာခဏ အားကိုးလိုက်ရကာ အစားအသောက်ကိုပင် စွန့်လွှတ်လိုစိတ်၊ မည်သည့် ဒုက္ခဆင်းရဲကိုမဆို သည်းခံလိုစိတ်နှင့် စက်ဆုပ်ဖွယ်ကောင်းသော မည်သည့် နည်းစနစ်ကိုမဆို အသုံးချဖို့ပင် အဆင်သင့် ဖြစ်နေသည်ဟု ခံစားရလျှင်၊ အကယ်၍ သင်တို့သည် အရှက်မရှိသည့်အပြင် သင်၏ ရည်မှန်းချက်များကို ချုပ်တည်းရန် ခက်ခဲသည့်အဆင့်သို့ ရောက်ရှိသွားလျှင် ပြဿနာရှိပေပြီ။ သင်သည် အန္တိခရစ်တစ်ဦးဖြစ်သည်မှာ သံသယဖြစ်စရာ မလိုတော့ချေ။ အကယ်၍ သင်သည် အန္တိခရစ်တစ်ဦး၏ သရုပ်သကန်များကိုသာ ပြသလျှင် ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ရှိသေးသည်။ သို့သော် သင်သည် အန္တရာယ်မှ လွတ်ပြီလော။ မလွတ်သေးချေ။ အကယ်၍ သင်သည် အန္တိခရစ်တစ်ဦး၏ ဤသရုပ်သကန်များကို ပြသပါက သင်သည် ဘုရားသခင်အား ဆန့်ကျင်နေသေးသည်၊ သူ့ကို မည်သည့်အချိန်၌မဆို အတိုက်အခံလုပ်ရန်နှင့် ငြင်းပယ်ရန် အဆင်သင့်ဖြစ်နေသည်ဟု ဆိုလိုသည်။ သို့မဟုတ် ဘုရားသခင် ပြုလုပ်ထားသည့် တစ်စုံတစ်ရာသည် သင်၏ အယူအဆများနှင့် မလျော်ညီသောကြောင့် သင်သည် ဘုရားသခင်ကို လေ့လာကောင်း လေ့လာမည်၊ သူ့ကို အထင်အမြင် လွဲကောင်းလွဲမည်၊ သူ့အပေါ် ဝေဖန်ကောင်း ဝေဖန်မည်ဖြစ်ပြီး သူနှင့် ပတ်သက်၍ အယူအဆများကိုပင် ဖြန့်ဝေကောင်း ဖြန့်ဝေမည်ဖြစ်သည်။ ထိုအခါ သင်သည် ဘုရားသခင်ကို ငြင်းပယ်ကောင်း ငြင်းပယ်ပြီး မိမိသဘောအတိုင်း လုပ်ကာ နောက်ဆုံးတွင် ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရကောင်း ခံရနိုင်သည်။ မည်သည့်အချိန်၊ မည်သည့်နေရာ၌မဆို သင်ထုတ်ဖော်သည့် အရာများက သင်၏ စိတ်သဘောထားကို ကိုယ်စားပြုနိုင်သည်။ ထို့ကြောင့် အချိန်တိုင်းနှင့် နေရာတိုင်းတွင် သင်ထုတ်ဖော်သည့် အရာများသည် သင့်စိတ်သဘောထား ထုတ်ဖော်ပြမှုပင် ဖြစ်၏။ ငါတို့သည် အဘယ့်ကြောင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုများအကြောင်းကို အမြဲတမ်း ဆွေးနွေးနေကြသနည်း။ အဘယ့်ကြောင့်ဆိုသော် စိတ်သဘောထား မပြောင်းလဲသော လူတစ်ဦးသည် ဘုရားသခင်၏ ရန်သူဖြစ်၏။ အန္တိခရစ်များအားလုံးသည် လုံးဝဥဿုံ နောင်တမရသည့်အပြင် ဘုရားသခင်ကို ဆန့်ကျင်ပြီး အဆုံးတိုင်အောင် သူ့အား ခုခံတိုက်ခိုက်ဖို့အတွက် ၎င်းတို့၏ အသက်များဖြင့် ရင်း၍ကျိန်ဆိုထားကြသည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကိုလည်းကောင်း၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ကြောင်းကိုလည်းကောင်း၊ ထို့ပြင် ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်နိုင်ကြောင်းကို လည်းကောင်း စိတ်ထဲ၌ အသိအမှတ်ပြုလျှင်ပင် ၎င်းတို့၏ သဘာဝကြောင့် ၎င်းတို့လျှောက်သည့် လမ်းကြောင်းကို မပြောင်းလဲနိုင်သကဲ့သို့ ဘုရားသခင်အား အတိုက်အခံလုပ်ခြင်းနှင့် သူ့အပေါ် ရန်လိုခြင်းဟူသည့် အနှစ်သာရကိုလည်း မပြာင်းလဲနိုင်ကြပေ။

အန္တိခရစ်များ၏ အပြုအမူ၏ အနှစ်သာရမှာ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အထမြောက်စေရန်၊ လူတို့ကို အထင်အမြင် မှားစေပြီး ထောင်ချောက်ဆင်ရန်၊ လူတို့အနေဖြင့် ၎င်းတို့နောက်လိုက်ပြီး ၎င်းတို့ကို ကိုးကွယ်ဖို့အတွက် မြင့်မားသော အဆင့်အတန်းကို ရရှိရန် အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းစနစ်များကို အမြဲတစေ အသုံးပြုခြင်း ဖြစ်သည်။ ၎င်းတို့သည် စိတ်နှလုံးအတွင်းထဲ၌ လူသားမျိုးနွယ်ကို ရရှိဖို့အတွက် ဘုရားသခင်နှင့် တမင်သက်သက် ယှဉ်ပြိုင်နေခြင်း မဟုတ်သည်မှာ ဖြစ်နိုင်သော်လည်း သေချာသော အရာတစ်ခုရှိနိုင်၏။ ၎င်းတို့သည် လူသားများကိုရဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်ခြင်း မရှိလျှင်ပင် လူသားများကြားတွင် အဆင့်အတန်းနှင့် အာဏာကို ရရှိလိုစိတ် ရှိကြသေး၏။ ၎င်းတို့သည် အဆင့်အတန်းရရှိဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်နေခြင်းဖြစ်ကြောင်း ၎င်းတို့ သဘောပေါက်လာပြီး မိမိတို့ကိုယ်ကို အနည်းငယ် ချုပ်တည်းထားသည့် နေ့တစ်နေ့ ရောက်လာလျှင်ပင် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို လိုက်စားဖို့ မတူညီသော နည်းစနစ်များကို အသုံးချနေဦးမည် ဖြစ်သည်။ ၎င်းတို့သည် လူအချို့၏ အသိအမှတ်ပြုခြင်းနှင့် လေးစားသ‌ဘောကျခြင်းကို ရရှိခြင်းအားဖြင့် တရားဝင်သော အဆင့်အတန်းကို ရယူနိုင်မည်ဖြစ်သည်ကို ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့ ရှင်းရှင်းလင်းလင်း သိလေသည်။ အချုပ်ဆိုသော် အန္တိခရစ်များ ပြုလုပ်သမျှသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေခြင်းအဖြစ် အကျုံးဝင်ဟန်တူသော်လည်း ယင်း၏ အကျိုးဆက်မှာ လူတို့ကို အထင်အမြင် မှားစေရန်၊ ထိုသူတို့အား မိမိတို့ကို ကိုးကွယ်ရန်နှင့် မိမိတို့နောက်လိုက်စေရန် ဖြစ်ကာ ဤသို့ဖြစ်နေလျှင် ဤပုံစံအတိုင်း မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းက ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးခြင်းနှင့် သက်သေခံခြင်းပင် ဖြစ်၏။ လူတို့ကို ထိန်းချုပ်ရန်နှင့် အသင်းတော်ထဲတွင် အဆင့်အတန်းနှင့် အာဏာရရှိရန် ၎င်းတို့၏ ရည်မှန်းချက်မှာ မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ ၎င်းတို့သည် အန္တိခရစ်များ လုံးလုံးလျားလျား ဖြစ်ကြ၏။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ ထို့ပြင် လူတို့ကို ဘုရားသခင်က မည်သည့်အရာ လုပ်ခိုင်းသည်ဖြစ်စေ အန္တိခရစ်များသည် မိမိတို့ ပြုလုပ်သင့်သည့်အရာကို ပြုလုပ်ခြင်းမရှိ သို့မဟုတ် မိမိတို့၏ တာဝန်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ တောင်းဆိုချက်များနှင့် လိုက်လျောညီထွေသည့် ပုံစံဖြင့် ထမ်းဆောင်ခြင်းမရှိသကဲ့သို့ သမ္မာတရားတစ်ခုတစ်လေအား နားလည်သဘောပေါက်သည့် ရလဒ်တစ်ခုအဖြစ် မိမိတို့၏ အာဏာနှင့် အဆင့်အတန်း လိုက်စားမှုကိုလည်း အလျှော့မပေးကြပေ။ အစဉ်အမြဲပင် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများက ဆက်လက်၍ တည်ရှိနေဆဲဖြစ်ပြီး ယင်းတို့က ၎င်းတို့၏ စိတ်နှလုံးများတွင် နေရာယူကာ ၎င်းတို့၏ ဖြစ်ခြင်းတစ်ခုလုံးကို ထိန်းချုပ်နေသေးသည့်အပြင် ၎င်းတို့၏ အပြုအမူနှင့် စိတ်ကူးများကို လမ်းညွှန်ပြီး ၎င်းတို့လျှောက်သည့် လမ်းကြောင်းကို အဆုံးအဖြတ်ပေးလေသည်။ ၎င်းတို့သည် အန္တိခရစ် အစစ်များဖြစ်ကြ၏။ အန္တိခရစ်များထံတွင် မည်သည့်အရာကို အများဆုံး တွေ့ရသနည်း။ လူအချို့က “အန္တိခရစ်များသည် လူတို့ကို ရရှိဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်မပြု” ဟု ဆိုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်မပြုခြင်း မဟုတ်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ တည်ရှိမှုကို အမှန်ပင် အသိအမှတ်ပြုပြီး ယုံကြည်လက်ခံကြသည်။ ၎င်းတို့က သူ့နောက်လိုက်ပြီး သမ္မာတရား လိုက်စားလိုစိတ် ရှိသော်လည်း ဘာမျှမတတ်နိုင်သဖြင့် မကောင်းမှုကို ပြုလုပ်နိုင်ကြသည်။ နားထောင်၍ ကောင်းသောအရာ အမြောက်အမြားကို ပြောကောင်းပြောမည် ဖြစ်သော်လည်း အရာတစ်ခုမှာ မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ အာဏာနှင့် အဆင့်အတန်းတို့အတွက် ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့သည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်။ ၎င်းတို့သည် ရှုံးနိမ့်မှုကြောင့်ဖြစ်စေ၊ အဆင်မပြေဖြစ်မှုကြောင့်ဖြစ်စေ၊ ဘုရားသခင်က ၎င်းတို့ကို ဘေးဖယ်ထားသောကြောင့်ဖြစ်စေ၊ ၎င်းတို့ကို ဘုရားသခင်က စွန့်ပစ်ထားသောကြောင့်ဖြစ်စေ အာဏာနှင့် အဆင့်အတန်းအပေါ် ၎င်းတို့၏ လိုက်စားမှုကို မည်သည့်အခါမျှ အလျှော့ပေးကြမည် မဟုတ်ပေ။ အန္တိခရစ်များ၏ သဘာဝမှာ ထိုသို့ပင်ဖြစ်၏။ သို့ဆိုလျှင် အခက်အခဲကို ခံစားရသောကြောင့် သို့မဟုတ် သမ္မာတရားအနည်းငယ်ကို နားလည်လာပြီး ဘုရားသခင်နှင့်ပတ်သက်သည့် သိမြင်မှုအနည်းငယ်ကို ဆည်းပူးမိသောကြောင့် မိမိ၏ နည်းလမ်းများကို ပြောင်းလဲပြီး သမ္မာတရားကို စတင်လိုက်စားသော အန္တိခရစ်တစ်ဦး ရှိဖူးသလော။ သင် မည်သို့ထင်သနည်း။ ထိုသို့သောလူများ ရှိသလော။ ထိုအရာကို ငါတို့ မည်သည့်အခါမျှ မမြင်ဖူးချေ။ အဆင့်အတန်း၊ အာဏာနှင့်ပတ်သက်၍ အန္တိခရစ်များ၏ ရည်မှန်းချက်နှင့် လိုက်စားမှုသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်သည့်အပြင် အာဏာကို စွဲကိုင်မိသည်နှင့် မည်သည့်အခါမျှ လက်လွှတ်တော့မည် မဟုတ်ချေ။ ဤအရာက ၎င်းတို့၏ သဘာဝအနှစ်သာရကို အတိအကျ ဖန်တီးလေသည်။ ထိုသို့သောလူတို့ကို အန္တိခရစ်များအဖြစ် ဘုရားသခင်၏ အဓိပ္ပာယ်ဖွင့်ဆိုရာ၌ အမှားစိုးစဉ်းမျှ မရှိချေ။ ယင်းကို ၎င်းတို့၏ တကယ့်သဘာဝ အနှစ်သာရအားဖြင့် ချမှတ်ထားခြင်းဖြစ်သည်။ လူအချို့က အန္တိခရစ်များသည် လူသားမျိုးနွယ်ကို ရရှိဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်ရန် ကြိုးစားသည်ဟု ယုံကြည်ကောင်း ယုံကြည်ကြလိမ့်မည်။ သို့သော်လည်း တစ်ခါတစ်ရံတွင် အန္တိခရစ်များသည် သူနှင့် ယှဉ်ပြိုင်စရာ မလွဲမသွေ လိုအပ်ခြင်းမျိုး ဟုတ်ချင်မှဟုတ်ပေမည်။ ၎င်းတို့၏ သိမြင်မှု၊ နားပေါက်သဘောပေါက်မှု၊ အဆင့်အတန်းနှင့် အာဏာ လိုအပ်မှုတို့မှာ ပုံမှန်လူတို့နှင့် မတူချေ။ ပုံမှန်လူတို့သည် တစ်ခါတစ်ရံ လွန်စွာ မာနထောင်နိုင်သည်။ အခြားသူများအပေါ် နာမည်ကောင်းရယူဖို့ ကြိုးစားနိုင်သည်။ ထိုသူတို့၏ အကောင်းမြင်ခြင်းခံရအောင် ကြိုးစားနိုင်သည်။ ပြီးလျှင် အဆင့်ကောင်းရရှိရန် ယှဉ်ပြိုင်ဖို့ ကြိုးစားနိုင်သည်။ ဤသည်မှာ ပုံမှန်လူတို့၏ ရည်မှန်းချက်ဖြစ်၏။ အကယ်၍ ၎င်းတို့သည် ခေါင်းဆောင်များအဖြစ် လူစားထိုးခံရကာ မိမိတို့၏ အဆင့်အတန်းကို ဆုံးရှုံးရလျှင် သူတို့အတွက် ခက်ခဲမည် ဖြစ်သော်လည်း သူတို့၏ ပတ်ဝန်းကျင်၌ ပြောင်းလဲမှု၊ သူတို့၏ ဝိညာဉ်ရင့်သန်မှု၌ တိုးတက်မှုအနည်းငယ်၊ သမ္မာတရားထဲသို့ ဝင်ရောက်မှုကို အနည်းငယ် ရရှိခြင်း၊ သို့မဟုတ် သမ္မာတရားအပေါ် ပို၍နက်နဲသော နားလည်သဘောပေါက်မှုအား ရရှိခြင်းရှိပါက သူတို့၏ ရည်မှန်းချက်မှာ တဖြည်းဖြည်းချင်း လျော့ကျသွားမည်ဖြစ်သည်။ သူတို့လျှောက်သည့် လမ်းကြောင်းနှင့် သူတို့ ‌ရှေ့ဆက်လာသည့် ဦးတည်ချက်၌ ပြောင်းလဲမှုတစ်ခု ဖြစ်ပါက အဆင့်အတန်းနှင့် အာဏာနှင့်ပတ်သက်သော သူတို့၏ လိုက်စားမှုက ‌ပျောက်ကွယ်သွားမည်။ သူတို့၏ လိုအင်ဆန္ဒများလည်း တဖြည်းဖြည်း လျော့ပါးသွားမည်။ သို့သော်လည်း အန္တိခရစ်များမှာ ကွဲပြား၏။ ၎င်းတို့သည် အဆင့်အတန်းနှင့် အာဏာအပေါ် မိမိတို့၏လိုက်စားမှုကို မည်သည့်အခါမျှ လက်မလျှော့နိုင်ကြပေ။ မည်သည့်အချိန်တွင်ဖြစ်စေ၊ မည်သည့် ပတ်ဝန်းကျင်၌မဆို၊ မိမိတို့၏နံဘေးတွင် မည်သည့်လူများ ရှိနေသည်ဖြစ်စေ၊ ၎င်းတို့သည် မည်မျှအသက်ကြီးသည်ဖြစ်စေ ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒက မည်သည့်အခါမျှ ပြောင်းလဲသွားမည် မဟုတ်ပေ။ ၎င်းတို့၏ ရည်မှန်းချက် မည်သည့်အခါမျှ ပြောင်းလဲသွားမည် မဟုတ်သည်ကို မည်သည့်အရာက ညွှန်ပြသနည်း။ ဥပမာ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်သည်ဆိုပါစို့။ ၎င်းတို့သည် စိတ်နှလုံးထဲ၌ အသင်းတော်ထဲရှိ လူတိုင်းအား မည်သို့ထိန်းချုပ်နိုင်မည်ကို အမြဲတမ်း စဉ်းစားကြသည်။ အကယ်၍ ၎င်းတို့သည် ခေါင်းဆောင်မလုပ်ရသည့် အခြားအသင်းတော်သို့ ပြောင်းရွှေ့ခံရလျှင် ပုံမှန်နောက်လိုက်တစ်ဦးအဖြစ် ဝမ်းမြောက်ဝမ်းသာစွာ ရှိနေမည်လော။ လုံးဝ မရှိနိုင်ပေ။ ၎င်တို့သည် အဆင့်အတန်း မည်သို့ရယူရမည်နှင့် လူတိုင်းကို မည်သို့ ထိန်းချုပ်ရမည်ကို စဉ်းစားနေဦးမည် ဖြစ်သည်။ ၎င်းတို့ မည်သည့်နေရာ သွားသည်ဖြစ်စေ ရှင်ဘုရင်တစ်ဦးကဲ့သို့ အုပ်ချုပ်လိုသည်။ ၎င်းတို့ကို မည်သူမျှမရှိသော သိုးအုပ်တစ်အုပ်ရှိသည့် နေရာတစ်ခုတွင် ထားရှိလျှင်ပင် ထိုသိုးအုပ်ကို ဦးဆောင်ချင်ဦးမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့ကို ကြောင်များ၊ ခွေးများနှင့်အတူထားလျှင် ကြောင်များ၊ ခွေးများ၏ဘုရင် ဖြစ်ပြီး ထိုတိရစ္ဆာန်များကို အုပ်ချုပ်ချင်မည်ဖြစ်သည်။ ၎င်းတို့သည် ရည်မှန်းချက်ဖြင့် ပြည့်ဝနေသည်မဟုတ်လော။ ထိုသို့သော လူတို့၏ စိတ်သဘောထားသည် နတ်ဆိုးဆန်သည် မဟုတ်လော။ ဤသည်တို့မှာ စာတန်၏ စိတ်သဘောထားများပင် မဟုတ်လော။ စာတန်သည် ထိုကဲ့သို့သော အရာတစ်ခုပင် ဖြစ်၏။ ကောင်းကင်တွင် စာတန်သည် ဘုရားသခင်နှင့်တန်းတူ ရပ်တည်လိုခဲ့ပြီး မြေကြီးသို့ပစ်ချခံရပြီးနောက် သူသည် လူကို ထိန်းချုပ်ရန်၊ လူတို့ မိမိအား ကိုးကွယ်အောင်၊ ဘုရားသခင်ကဲ့သို့ ဆက်ဆံအောင် အမြဲတမ်း ကြိုးစားခဲ့သည်။ အန္တိခရစ်များ၌ စာတန်ဆန်သော သဘာဝရှိသောကြောင့် ၎င်းတို့သည် လူတို့ကို အမြဲတမ်း ထိန်းချုပ်ချင်သည်။ ၎င်းတို့သည် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားအတိုင်း အသက်ရှင်ကြကာ ယင်းသည် ပုံမှန်လူတို့၏ ဆင်ခြင်တုံတရား၏ ဘောင်ကိုကျော်လွန်နှင့်ပြီး ဖြစ်၏။ ဤသည်မှာ အနည်းငယ် မူမမှန်သည်မဟုတ်လော။ ဤမူမမှန်ခြင်းသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ဤအပြုအမူကို ပုံမှန်လူ့သဘာဝ၌ မတွေ့ရလောက်ဟု ဆိုလိုသည်။ သို့ဆိုလျှင် ဤအပြုအမူမှာ မည်သည့်အရာဖြစ်သနည်း။ ယင်းကို မည်သည့်အရာက ထိန်းချုပ်သနည်း။ ယင်းကို ၎င်းတို့၏သဘာဝက ထိန်းချုပ်သည်။ ၎င်းတို့၌ ဆိုးယုတ်သော ဝိညာဉ်၏ အနှစ်သာရရှိကြပြီး ဖောက်ပြန်ပျက်စီးသော ပုံမှန်လူသားမျိုးနွယ်နှင့် မတူချေ။ ဤသည်မှာ ကွာခြားချက်ဖြစ်၏။ အန္တိခရစ်များသည် အာဏာနှင့် အဆင့်အတန်းကို လိုက်စားရာ၌ မည်သည့်အရာကိုမဆို လုပ်ဆောင်မည်ဟူသည့် အချက်က ၎င်းတို့၏ သဘာဝအနှစ်သာရကို ဖော်ထုတ်သည်သာမက ၎င်းတို့၏ အကျည်းတန်သော မျက်နှာထားသည် စာတန်နှင့် နတ်ဆိုးများ၏ မျက်နှာပင် အတိအကျဖြစ်ကြောင်း လူတို့ကိုလည်း ပြသသည်။ ၎င်းတို့သည် အဆင့်အတန်းရဖို့ လူတို့နှင့် ယှဉ်ပြိုင်သည်သာမက အဆင့်အတန်းရဖို့ ဘုရားသခင်ကိုလည်း ယှဉ်ပြိုင်ဝံ့ကြသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောသူတို့ကို မိမိတို့အတွက် အပိုင်ရယူပြီး ထိုသူတို့အား မိမိတို့၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံးလျားလျား ထားရှိသောအခါမှသာ ကျေနပ်မည်ဖြစ်သည်။ အန္တိခရစ်များသည် မည်သည့်အသင်းတော် သို့မဟုတ် မည်သည့်လူအုပ်စုထဲတွင် ရှိသည်ဖြစ်စေ အဆင့်အတန်းကို ရရှိလိုသည်၊ အာဏာစွဲကိုင်လိုသည်၊ ပြီးလျှင် လူတို့အား မိမိတို့ကို နာခံစေလိုသည်။ လူတို့က အလိုရှိရှိ၊ မရှိရှိ သို့မဟုတ် သဘောတူတူ၊ မတူတူ အန္တိခရစ်များသည် အဆုံးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိလိုပြီး လူတို့အား မိမိတို့ကို နာခံပြီး လက်ခံစေလိုကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ သဘာဝ ဖြစ်သည်မဟုတ်လော။ လူတို့က ၎င်းတို့ကို နာခံလိုစိတ် ရှိကြသလော။ ၎င်းတို့ကို ရွေးကောက်ပြီး ထောက်ခံကြသ‌လော။ မဟုတ်ပေ။ သို့သော် အန္တိခရစ်များက အဆုံးသတ် ဆုံးဖြတ်ပိုင်ခွင့် ရရှိလိုဆဲဖြစ်သည်။ လူတို့က သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ အန္တိခရစ်များက ၎င်းတို့ကိုယ်စား စကားပြောပြီး လုပ်ဆောင်ချင်ကြသည်။ အာရုံစိုက်ခံချင်ကြသည်။ ၎င်းတို့သည် အခြားလူများအပေါ် မိမိတို့၏ ထင်မြင်ချက်များကို အတင်းထိုးထည့်ဖို့ပင် ကြိုးစားကြကာ ယင်းကို လူတို့ လက်မခံလျှင်လည်း အန္တိခရစ်များသည် သူတို့ကို လက်ခံအောင်လုပ်ဖို့ ကြိုးစားရင်း ဦးနှောက်ခြောက်မည် ဖြစ်သည်။ ဤသည်မှာ မည်သည့်ပြဿနာ ဖြစ်သနည်း။ ဤသည်မှာ အရှက်ကင်းမဲ့ခြင်းနှင့် မျက်နှာပြောင်တိုက်ခြင်း ဖြစ်၏။ ဤကဲ့သို့သော လူတို့သည် အန္တိခရစ်အစစ်များ ဖြစ်ကြပြီး ၎င်းတို့သည် ခေါင်းဆောင်များ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အန္တိခရစ်များနှင့် အတူတူပင် ဖြစ်၏။ ၎င်းတို့၌ အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရ ရှိကြ၏။

လူအချို့က အသင်းတော်၏ ခေါင်းဆောင်များက မည်သူဖြစ်ကြောင်း၊ ဧဝံဂေလိဖြန့်ဝေရာ၌ မည်သူပါဝင်ကြောင်း၊ ထိုသူတို့အားလုံး မည်သည့်နေရာတွင် နေထိုင်ကြောင်း၊ ၎င်းတို့သည် မည်သူနှင့် ရင်းနှီးသော ဆက်ဆံရေးရှိကြောင်း စသည်တို့အား ရှာဖွေဖော်ထုတ်ခြင်းကို အမြဲတမ်း အလေးထားကြသည်။ စာတန်၏ သူလျှိုများကဲ့သို့ ၎င်းတို့သည် ဤအရာများကို အမြဲတမ်း စပ်စုပြီး ရှာဖွေဖော်ထုတ်နေကြသည်။ ၎င်းတို့သည် ဤအရေးကိစ္စများနှင့် ပတ်သက်၍ အဘယ့်ကြောင့် အမြဲတမ်း အလေးထားကြသနည်း။ လူများစွာတို့က ၎င်းတို့၏ အကြောင်းရင်းများကို သဘောပေါက်နားလည်နိုင်ခြင်း မရှိပေ။ ဤသူတို့သည် အနည်းငယ် တစ်မူထူးသည်ကိုသာ ၎င်းတို့ ခံစားကြသည်။ လူအများစုက ဤအရာများ၌ စိတ်မဝင်စားကြပေ။ သူတို့သည် မိမိတို့၏ကိုယ်ပိုင် တာဝန်များဖြင့် အလုပ်ရှုပ်လှပြီဖြစ်ကာ ဝင်ရောက်စွက်ဖက်ဖို့ အချိန်မရှိကြပေ။ သူတို့သည် မိမိတို့၏ တာဝန်လုပ်ဆောင်ခြင်းကိုသာ အာရုံစိုက်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို စူးစိုက်သဖြင့် မသိလိုက်မီမှာပင် သူတို့၏ စိတ်သဘောထားများ ပြောင်းလဲသွား၏။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ပင်။ သို့ရာတွင် အသင်းတော်နှင့်ပတ်သက်သည့် အရေးကိစ္စမျိုးစုံကို စပ်စုပြီး ရှာဖွေဖော်ထုတ်ရာ၌ အထူးသဖြင့် စိတ်ပါဝင်စားသော လူတစ်မျိုးရှိလေသည်။ ထိုသူသည် ခေါင်းဆောင်တစ်ဦးနှင့် ဆုံမိသောအခါ “သင်တို့သည် အသင်းတော်ထဲမှ ဆိုးယုတ်သော မည်သူမည်ဝါကို မည်ကဲ့သို့ ကိုင်တွယ်ခဲ့သနည်း” ဟု မေးလေသည်။ ‌ခေါင်းဆောင်က “ယင်းကို ကျွန်ုပ်တို့ မည်သို့ ကိုင်တွယ်ခဲ့သည်မှာ သင်၏ကိစ္စလော။ သင်သည် အဘယ်အတွက်များ ဤအရာကို စပ်စုနေသနည်း။ ထိုသူကို သင်သိသလော” ဟု တုံ့ပြန်လေသည်။ ထိုသူက “ကျွန်ုပ် အလေးထား၍သာ ဖြစ်သည်၊ သင်သိသလော။ ဤသည်မှာ ဘုရားအိမ်တော်၏ အရေးကိစ္စတစ်ခု ဖြစ်သည်။ ဘုရားအိမ်တော်သားများ အနေဖြင့် ကျွန်ုပ်တို့သည် သူ့အိမ်တော်၏ အရေးကိစ္စများနှင့်ပတ်သက်၍ စိတ်အားထက်သန်ပြီး အထူးအာရုံစိုက်သင့်ပေသည်။ ထိုသူတို့နှင့် ပတ်သက်၍ ကျွန်ုပ်တို့သည် အဘယ်သို့ ဂရုမစိုက်ဘဲ နေနိုင်မည်နည်း” ဟု ဆို၏။ ခေါင်းဆောင်က “ဤကိစ္စနှင့်ပတ်သက်၍ သင် မစပ်စုသင့်ပေ။ တရားဒေသနာများ နားထောင်ခြင်းနှင့် စုဝေးပွဲများ တက်ရောက်ခြင်းကိုသာ အာရုံစိုက်လော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ခြင်းသည်သာ သင်၏ တကယ့်အရေးဖြစ်၏။ သင့်အနေဖြင့် ဘုရားသခင်အား ကောင်းမွန်စွာ ယုံကြည်လျှင် လုံလောက်ပြီ” ဟု ထိုသူ့ကို ပြောပြသည်။ ထိုသူက “ယင်းသည် မတော်သေးပေ။ ကျွန်ုပ်သည် အလေးထားတတ်ရမည်” ဟု မလျှော့တမ်း ဆက်ပြော၏။ ထိုသူ့ကို မည်သူမျှ မပြောပြသဖြင့် မည်သည့်နေရာသွားပြီး စပ်စုရမည်ကို စဉ်းစားလေသည်။ အထက်ခေါင်းဆောင်များက မိမိတို့၏ အိမ်၌ လုပ်ဆောင်ဆောင်ဖက်များ အစည်းအဝေးတစ်ခုကို ကျင်းပသောအခါ ဝင်ရောက်ပါဝင်ခြင်းက အနည်းငယ် တရားနည်းလမ်းမကျသည့်ပုံ ပေါက်မည်ဟု ခံစားရသောကြောင့် ရေ‌ယူလာပေးချင်ယောင်ဆောင်ပြီး ထိုဆိုးယုတ်သောသူအား နှင်ထုတ်သလော သို့မဟုတ် ဆက်နေခွင့်ပြုသလော ဟူသည်ကို စုံစမ်း၏။ ထိုသူ့ကို မည်သူမျှ မပြောပြသောအခါ အပြင်ထွက်ပြီး တံခါးကို အနည်းငယ်ဟထားပြီး ထိုနေရာ၌ရပ်လျက် ခိုးနားထောင်၏။ ဤသူသည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသည် မဟုတ်လော။ ဟုတ်သည်၊ သူသည် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသည်။ အရပ်သုံးစကားဖြင့်ဆိုရလျှင် ယင်းကို ငါတို့ “ဟိုစပ်စပ် ဒီစပ်စပ်” ပါသည်ဟု ခေါ်၏။ ထိုသို့သောလူတစ်ဦး၌ ရည်မှန်းချက်များရှိသည်မှာ အတိအကျပင်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်ချင်သော်လည်း မဖြစ်နိုင်သောကြောင့် မိမိတို့ကိုယ်ကို ဖြေသိမ့်ဖို့အတွက် အခြားသူများ၏ အရေးကိစ္စများထဲတွင် စွက်ဖက်ခြင်းဖြစ်ကာ တစ်ချိန်တည်းမှာပင် သူသည် များစွာသိထားပြီး ထူးခြားပြောင်မြောက်သော ထိုးထွင်းအမြင်ရှိကြောင်း လူတို့မြင်တွေ့ရန် သေချာအောင် လုပ်နေခြင်း ဖြစ်သည်။ ဤနည်းဖြင့် ထိုသူတို့သည် အနာဂတ်တွင် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရကောင်း ခံရနိုင်သည်။ ခေါင်းဆောင်တစ်ဦး ဖြစ်ရန်အတွက် ထိုသူတို့သည် အရာရာ၌ ပါဝင်လိုကာ အရာရာကို စုံစမ်းပြီး အရာရာကို သိလိုကြသည်။ တစ်နေ့ပြီးတစ်နေ့ ဤအရေးကိစ္စများ၌ ပါဝင်ခြင်းအားဖြင့် မိမိသည် ခေါင်းဆောင်တစ်ဦး ဖြစ်မလာလျှင်ပင် အမှုအရာများအပေါ် တာဝန်ခံဖြစ်နေသေးကာ လူတို့က သူ့ကို အထင်ကြီးအောင် လုပ်ဆောင်နိုင်မည်ဟု ထိုသူတို့ ယုံကြည်ကြသည်။ ထိုသူတို့သည် သမ္မာတရား၌ စိတ်ဝင်စားမှု စိုးစဉ်းမျှပင် မရှိကြပေ။ အခြားသူများ၏ အရေးကိစ္စများ၌ စွက်ဖက်ခြင်းကိုသာ အရေးစိုက်သည်။ သူတို့သိလိုသည့် အရာများ၌ စပ်စုခြင်းကို အထူးလေ့ကျင့်လိုက်စားကြသည်။ ကိစ္စပြဿနာတစ်ခု ရှိသည့်နေရာတိုင်းတွင် ထိုသူတို့ ရှိနေကာ စိတ်အနှောင့်အယှက်ပေးသော ယင်ကောင်တစ်ကောင်ကဲ့သို့ ရစ်သီရစ်သီ လုပ်နေမည်ဖြစ်သည်။ ဤသို့သော လူတို့သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ သူတို့သည် ဤအဆင့်ထိအောင် နားဝေတိမ်တောင် ဖြစ်လင့်ကစား အတော်ပင် တက်တက်ကြွကြွ ရှိကြသည်။ မည်သည့် တကယ့်အလုပ်ကိုမျှ လုပ်ဖို့ရန် မစဉ်းစားကြခြင်းသာ ဖြစ်သည်။ ထိုသူတို့သည် မိမိတို့အိမ်၌ လူတို့ကို ဧည့်ခံခြင်းဟူသည့် တာဝန်ကိုသာ လုပ်ဆောင်ကြသော်လည်း မီးဖိုဆောင်ကြမ်းပြင် ညစ်ပတ်နေလျှင်ပင် တိုက်ချွတ်လိုစိတ် မရှိကြပေ။ ထိုသူတို့က ၎င်းတို့သည် အရေးကြီးကိစ္စများကို ကိုင်တွယ်နေပြီး ကြမ်းတိုက်ခြင်းသည် သာမန်လူတို့လုပ်သည့် အရာတစ်ခု ဖြစ်သည်ဟု ယုံကြည်နေကြသည်။ ထိုသူတို့သည် မိမိတို့၏ အစွမ်းအစမျိုးဖြင့် ထိုမျှ အစေအပါးအလုပ်များကို မလုပ်နိုင်ချေ။ သူတို့သည် လက်တွေ့ကျသော မည်သည့်အလုပ်ကိုမျှ လုံးဝမလုပ်၊ မိမိတို့၏ကိုယ်ပိုင် တာဝန်၏ အစိတ်အပိုင်းဖြစ်သော အလုပ်ကို မကိုင်တွယ်နိုင်၊ မည်သည့်တာဝန်ကိုမျှ ကောင်းစွာ မထမ်းဆောင်နိုင်၊ ပြီးလျှင် အမှုအရာများကို ရိုးသားဖြောင့်မှန်စွာ သို့မဟုတ် သင့်တင့်လျောက်ပတ်သော ပုံစံဖြင့် မလုပ်ကြချေ။ ထိုအစား အသင်းတော်၏ အလုပ်၌သာမက အသင်းတော်‌ခေါင်းဆောင်များ၊ အမှုဆောင်များ၊ ညီအစ်ကိုမောင်နှမများ ပါဝင်သည့် အရေးပါသော ကိစ္စရပ်များ၌ စပ်စုဖို့သာ တက်ကြွကြသည်။ ထိုသူတို့သည် အရာရာ၌ ထင်မြင်သုံးသပ်ချက်များ ပေးချင်ကြပြီး လူတို့က သူတို့ကို နားထောင်လိုစိတ် မရှိပါက “အကယ်၍ သင်သည် ကျွန်ုပ်၏ စကားများကို အရေးမစိုက်ပါက သင် ဆုံးရှုံးရပေလိမ့်မည်” ဟု ပြောတတ်၏။ ဤသည်မှာ မလျော်ကန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် အန္တိခရစ်အချို့သည် ငုပ်လျှိုးနေကြ၏။ ၎င်းတို့၌ မလွဲမသွေ အဆင့်အတန်း ရှိရန် လိုအပ်ခြင်းမျိုး ဟုတ်ချင်မှဟုတ်ပေမည်။ အဆင့်အတန်း မရှိလျှင်ပင် ၎င်းတို့သည် အားမာန်အပြည့်ဖြင့် ဟိုစပ်စပ် ဒီစပ်စပ် ဝင်ပါဦးမည် ဖြစ်သည်။ ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အဆင့်အတန်းကို ရရှိဦးမည်ဆိုပါက အဘယ်မျှပင် ပို၍ဆိုးရွားတော့မည်နည်း။ အဘယ်မျှ ပို၍ပင် ထိန်းမနိုင်သိမ်းမရ ဖြစ်မည်နည်း။ အကယ်၍ ၎င်းတို့သည် မိမိတို့၏ အသက်ထွက်သွားလျှင်ပင် ဂရုစိုက်မည်မဟုတ်ချေ။ ငါ့ကိုပြောလော့၊ အကယ်၍ ထိုသို့သော လူတို့သည် ခေါင်းဆောင်များအဖြစ် အရွေးခံရလျှင် ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်မည်လော။ အန္တိခရစ်အချို့သည် ငုပ်လျှိုးနေကြ၏။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ အန္တိခရစ်များသည် အဆင့်အတန်းရှိမှသာ အန္တိခရစ်များ ဖြစ်လာကြသည် မဟုတ်ပေ။ ၎င်းတို့သည် မူလအစကပင် အန္တိခရစ်များ ဖြစ်ခဲ့ကြသည်။ လူတို့၏ ဝိညာဉ်ရင့်သန်မှု နုနယ်ပြီး သူတို့က ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသောကြောင့် သို့မဟုတ် အချို့သော အသင်းတော်များသည် သမ္မာတရား လိုက်စားသောသူတို့ကို မတွေ့ရှိနိုင်သောကြောင့် သူတို့က အမှုအရာများကို စီစဉ်ပြီး သူတို့၏ခေါင်းဆောင်အဖြစ် စီမံဆောင်ရွက်နိုင်သည့် ဤစိတ်အားထက်သန်သော လူတို့ကို ရွေးချယ်ကြခြင်းသာ ဖြစ်သည်။ လောလောဆယ်တွင် ၎င်းတို့အား ခေါင်းဆောင်များအဖြစ် ရွေးချယ်ခြင်းက မှန်သည်၊ သို့မဟုတ် မှားသည်ကို မဆွေးနွေးကြစို့နှင့်။ ၎င်းတို့ကို အန္တိခရစ်များ ဖြစ်ကြောင်း တွေ့ရှိသောအခါ မည်သည့်အရာ ပြုလုပ်သင့်သည်ကိုသာ အာရုံစိုက်ကြစို့။ ၎င်းတို့ကို ဖော်ထုတ်ပြီး ငြင်းပယ်သင့်သည်။ အကယ်၍ လူတစ်ဦးသည် အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး သူ၏ အလုပ်တာဝန်မှ ဖယ်ရှားခံရပြီဆိုပါက ထိုသို့သော လူတို့ကို အနာဂတ်တွင် ခေါင်းဆောင်များအဖြစ် နောက်ထပ် တင်မြှောက်သင့်သလော။ (မတင်မြှောက်သင့်ပါ။) အဘယ့်ကြောင့်နည်း။ (၎င်းတို့၏ သဘာဝက ပြောင်းလဲမည်မဟုတ်ပါ။) အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်ခံရသော မည်သူ့ကိုမဆို ‌ခေါင်းဆောင်တစ်ဦးအဖြစ် နောက်ထပ် မရွေးချယ်သင့်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ သဘာဝအနှစ်သာရက မပြောင်းလဲနိုင်ပေ။ အန္တိခရစ်များသည် စာတန်အတွက်သာ အလုပ်လုပ်ကြ၏။ ၎င်းတို့သည် စာတန်၏ကျေးကျွန်များသာ ဖြစ်ကြ၏။ ၎င်းတို့သည် သမ္မာတရား၏အကျိုးအလို့ငှာ တစ်စုံတစ်ခု ပြုလုပ်ခြင်း သို့မဟုတ် တစ်စုံတစ်ခု ပြောဆိုခြင်း မည်သည့်အခါမျှ ရှိမည်မဟုတ်ချေ။ အန္တိခရစ်တစ်ဦး၏ အနှစ်သာရမှာ ဘုရားသခင်အား ရန်လိုခြင်း၊ သမ္မာတရားအား အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ယင်းကို ငြင်းပယ်ပြီး မထီမဲ့မြင်ဖြင့် သဘောထားခြင်းပင် ဖြစ်၏။ ၎င်းတို့၏ သဘာဝက ပြောင်းလဲမည်မဟုတ်ပေ။ အကယ်၍ ဤသို့သော လူတို့သည် ယခင်က ခေါင်း‌ဆောင်မဖြစ်ဖူးလျှင် ၎င်းတို့ကို မရွေးချယ်သင့်သည့်အပြင် ယခင်က ခေါင်းဆောင်ဖြစ်ဖူးပြီး ဖယ်ရှားခံခဲ့ရသည်ဆိုပါက အနာဂတ်တွင် ခေါင်းဆောင် ဖြစ်လာလျှင်လည်း ပြောင်းလဲမည်လော။ (ပြောင်းလဲမည် မဟုတ်ပါ။) ၎င်းတို့သည် အန္တိခရစ်များ ဖြစ်နေကြဆဲပင်။ ၎င်းတို့၏ သဘာဝအနှစ်သာရက ဤအရာကို သတ်မှတ်လေ၏။

၂။ အန္တိခရစ်များက လူတို့အား မည်သို့ ဆွဲဆောင်သိမ်းသွင်းပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

လူတို့အား အထင်အမြင်မှားစေသော အန္တိခရစ်များ၏ သရုပ်သကန်များကို ငါတို့ ယခုတင် ဆွေးနွေးခဲ့ကြသည်။ အထင်အမြင်မှားစေခြင်းနှင့် ဆွဲဆောင်သိမ်းသွင်းခြင်းသည် အကြမ်းဖျင်းအားဖြင့် တူညီသောအရာ ဖြစ်သော်လည်း သဘာဝအားဖြင့်လည်းကောင်း၊ နည်းလမ်းအားဖြင့်လည်းကောင်း နှစ်ခုလုံးတွင် ကွာခြားသည်။ အထင်အမြင်မှားစေခြင်းသည် လူတို့အား လမ်းလွဲစေဖို့ အယောင်ဆောင်ပုံပန်းများကို အသုံးပြုခြင်း၊ ယင်းတို့သည် မှန်ကန်သည်ဟု သူတို့အား ယုံကြည်အောင် ပြုလုပ်ခြင်း ဖြစ်သည်။ ဆွဲ‌ဆောင်သိမ်းသွင်းခြင်းသည် လူတို့အား လူတစ်ဦးဦးကို နာခံစေပြီး ၎င်း၏လမ်းကြောင်းကို လိုက်လျှောက်စေဖို့ နည်းလမ်းအချို့ကို တမင်တကာ အသုံးပြုခြင်း ဖြစ်ကာ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အ‌တော်ပင် သိသာထင်ရှား၏။ အထင်အမြင်မှားစေခြင်းနှင့် ဆွဲဆောင်သိမ်းသွင်းခြင်း၌ လူတို့အား အထင်အမြင်မှားစေဖို့ အပြင်ပန်းအားဖြင့် မှန်ကန်သော စကားများကို အသုံးပြုခြင်း၊ လူ့အယူအဆများနှင့် လျော်ညီသည့် အရာများနှင့် သူတို့အား အထင်အမြင်မှားစေဖို့အတွက် လူတို့ လိုလိုလားလား လက်ခံသည့် အရာများအား ပြောဆိုခြင်း ပါဝင်၏။ လူတို့သည် ၎င်းတို့အား ဘုမသိဘမသိ စတင်၍ ယုံကြည်ပြီး လိုက်လျှောက်ကာ ၎င်းတို့နှင့်အတူ ရပ်တည်ပြီး ၎င်းတို့အဖွဲ့ကို ပူးပေါင်းကြသည်။ ဤနည်းအားဖြင့် အန္တိခရစ်များသည် လူတို့ကို မှန်ကန်သော လူအုပ်စုထဲမှ ဆွဲထုတ်ပြီး သူတို့၏ အုပ်စုထဲသို့ ဆွဲခေါ်သွားကြသည်။ တိုတိုပြောရလျှင် လူတို့သည် အန္တိခရစ်များဘက်မှ ထိုလုပ်ဆောင်ချက်မျိုးတို့ကို လက်ခံလျှင် ၎င်းတို့ကို ယုံကြည်ကောင်းယုံကြည်ကာ ကိုးကွယ်ကောင်း ကိုးကွယ်မိနိုင်ပြီး အန္တိခရစ်များ ပြောသမျှကို လက်ခံပြီး နာခံကာ ၎င်းတို့နောက်သို့ အမှုမဲ့အမှတ်မဲ့ဖြင့် စတင်၍ လိုက်လျှောက်နိုင်သည်။ သူတို့သည် အရူးလုပ်ခြင်းနှင့် အယုံသွင်းခြင်းကို ခံရပြီမဟုတ်လော။ အန္တိခရစ်အချို့သည် လူတို့နှင့် ပေါင်းသင်းဆက်ဆံပြီး စကားပြောနေစဉ် သူတို့အား အထင်အမြင် မှားစေရန်နှင့် ဆွဲဆောင်သိမ်းသွင်းရန်ဟူသည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့အတွက် နည်းဗျူဟာအချို့ကို မကြာခဏ အသုံးပြုကာ ရလဒ်အနေဖြင့် အသင်းတော်အတွင်း၌ ကွဲပြားမှုများ၊ အုပ်စုများနှင့် ဂိုဏ်းကွဲများကို ဖြစ်စေသည်။ ဥပမာ အန္တိခရစ်တစ်ဦးသည် တောင်ပိုင်းမှဖြစ်ပြီး တောင်ပိုင်းသား အခြားတစ်ယောက်ကို တွေ့လျှင် ထိုအန္တိခရစ်က “ကျွန်ုပ်တို့ နှစ်ယောက်လုံးက တောင်ပိုင်းသားများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် တစ်ခုတည်းသော မြစ်မှ ရေကို သောက်သုံးရင်း ကြီးပြင်းခဲ့ကြပြီး တစ်ခုတည်းသော ဘာသာစကားကို ပြောကြသည်။ မြောက်ပိုင်းသားများက ကျွန်ုပ်တို့၏ ဘာသာစကားကို မပြောတတ်ကြပေ။ သူတို့နှင့် ရင်းနှီးဖို့ မဖြစ်နိုင်ပေ။ တစ်ပါးတည်းသော ဘုရားကို ကျွန်ုပ်တို့အားလုံး ယုံကြည်သော်လည်း ‌မြောက်ပိုင်းသားများအဖြစ် သူတို့၏ အသက်ရှင်မှု အ‌လေ့အထများက ကျွန်ုပ်တို့၏ အလေ့အထများနှင့် ကွာခြားပြီး ကျွန်ုပ်တို့၏ ပင်ကိုစရိုက်များက သဟဇာတ မဖြစ်ပေ။ ကျွန်ုပ်တို့အတွက် ပြောစရာ ဘာမျှမရှိပေ။ ထို့ကြောင့် သင်နှင့်ကျွန်ုပ်သည် မိသားစုကဲ့သို့ ဖြစ်ပြီး ကျွန်ုပ်တို့ အတူတကွ စည်းလုံးကြဖို့ လိုသည်” ဟု ပြောကောင်း ပြောမည်ဖြစ်သည်။ ဤသည်မှာ ကျိုးကြောင်းသင့်‌လျော်ဟန် ရှိနိုင်ကာ သူတို့သည် ရှုထောင့်တစ်ခုခုကို ပြောနေခြင်းသက်သက်နှင့် တူသော်လည်း အကြောင်းရင်းတစ်ခု၊ ရည်ရွယ်ချက်တစ်ခုဖြင့် ပြောကြခြင်းဖြစ်ပြီး လူတို့အနေဖြင့် ပိုင်းခြားသိမြင်သင့်သည်။ အမှန်တွင်မူ အန္တိခရစ်များ ပြောသည့်အရာသည် သူတို့၏ စိတ်နှလုံးထဲ၌ ရှိသောအရာ မဟုတ်ပေ။ သူတို့သည် အခြေအနေအလိုက် ပြောင်းလဲတတ်သူ ဖြစ်ပြီး သူတို့ စကားပြောနေသော လူပုဂ္ဂိုလ်အပေါ် မူတည်၍ သူတို့၏ စကားလုံးများကို အလိုက်သင့်ပြောကြသည်။ ထိုအန္တိခရစ်က မြောက်ပိုင်းသားများကို တွေ့သောအခါ “မြောက်ပိုင်းသည် အလွန် ကောင်း၏။ ထိုနေရာမှ လေသည် လတ်ဆတ်သည်။ ကျွန်ုပ်သည် တောင်ပိုင်းတွင် မွေးဖွားခဲ့သော်လည်း မြောက်ပိုင်းရေကို သောက်သုံးရင်း ကြီးပြင်းခဲ့သည်။ အနည်းဆုံးအနေဖြင့် ယင်းက ကျွန်ုပ်တို့ကို နီးစပ်စေသည်” ဟု ပြောကောင်းပြောမည်။ ဤသည်ကို မြောက်ပိုင်းသားများက ကြားသောအခါ ထိုအန္တိခရစ်သည် အတော်လေး သဘောကောင်းသော လူတစ်ဦးဖြစ်သည်ဟု ခံစားကောင်း ခံစားမည်ဖြစ်ပြီး သူနှင့် စတင်၍ ပေါင်းသင်းသွားနိုင်သည်။ ထိုအန္တိခရစ်သည် လူတို့ကို အထင်အမြင်မှားစေပြီး ဆွဲဆောင်သိမ်းသွင်းရာ၌ အလွန့်အလွန် ကျွမ်းကျင်ကာ အသင်းတော်ကို အုပ်စုခွဲဖို့ နည်းဗျူဟာ အမျိုးမျိုးကို အသုံးပြုလျက် ထိုအန္တိခရစ်၏ ကိုယ်ကျိုးအဖို့သက်သက်ဖြင့် အုပ်စုဖွဲ့ခြင်းနှင့် မိမိကိုယ်ပိုင် အုပ်စုအင်အားစုဖွဲ့ခြင်းဟူသည့် သူ၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်မြောက်ဖို့အတွက် တောင်ပိုင်းသားများနှင့် မြောက်ပိုင်းသားများကို ကွဲပြားသော အုပ်စုများဖွဲ့စေကြသည်။ အထူးသဖြင့် အသင်းတော် ရွေးကောက်ပွဲများတွင် မြောက်ပိုင်းသား ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦး ရွေးချယ်ခံရနိုင်သည်ကို ထိုအန္တိခရစ် တွေ့ရှိလျှင် တိတ်တိတ်ပုန်း လှုပ်ရှားမှုပြုလုပ်ပြီး မဲများကို ခိုးကြောင်ခိုးဝှက် အစားထိုးကာ နောက်ဆုံးတွင် ရွေးချယ်ခံရသော အသင်းတော် ခေါင်းဆောင်များနှင့် သင်းထောက်များ အားလုံးမှာ တောင်ပိုင်းမှ ဖြစ်သွားတော့သည်။ အန္တိခရစ်များသည် လူတို့ကို အထင်အမြင် မှားစေရန်နှင့် ဆွဲဆောင်သိမ်းသွင်းရန် မည်သည့်အရာကိုမဆို လုပ်ဆောင်လိုကြပြီး ကွဲပြားမှုများနှင့် အုပ်စုများကို ဖြစ်စေကာ အသင်းတော်ကို အုပ်စုခွဲ၍ ထိန်းချုပ်ရန် ဤနည်းလမ်းများကို အသုံးပြုလေသည်။ ထိုသို့ပြုလုပ်ရာ၌ သူတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (သူတို့၏ သီးခြားနိုင်ငံတော်ကို တည်ထောင်ဖို့ဖြစ်ပါသည်။) သီးခြားနိုင်ငံတော်တစ်ခု တည်ထောင်ခြင်း၏ သဘာဝမှာ အဘယ်နည်း။ ယင်းမှာ ခရစ်တော်နှင့် စေ့စပ်၍မရခြင်း၊ မိမိတို့ကိုယ်ကို ဘုရားသခင် ရွေးချယ်ထားသောလူများဟု အခိုင်အမာ ဆိုခြင်းနှင့် ဘုရားသခင်နှင့် တန်းတူရည်တူ ဖြစ်သည့်အလား သူ့ကို ဆန့်ကျင်ရပ်တည်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင်နှင့် ယှဉ်ပြိုင်မှုပြပွဲတစ်ခုကို စင်တင်ပြသနေခြင်းနှင့် တူသည်မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ တကယ်ဖြစ်နေသည့်အရာ အတိအကျပင်။ သို့ဆိုလျှင် အန္တိခရစ်များ ဤသို့ ပြုမူနေခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ သူတို့၏ လုပ်ရပ်များက အသင်းတော်အလုပ်ကို အကြီးအကျယ် နှောင့်ယှက်ပြီး အဖျက်အမှောင့် လုပ်ကာ ယင်းတို့မှာ ဘုရားသခင်၏ စိတ်သဘောထားကို တိုက်ရိုက် ပုန်ကန်ပြစ်မှားသည့် အရာတစ်ခုဖြစ်၏။ ဘုရားသခင်သည် သူတို့ကို အမျက်ဒေါသဖြင့် တုံ့ပြန်မည်ဖြစ်ပြီး ထိုသို့သော အန္တိခရစ်များအားလုံးက အပြစ်ဒဏ်ပေးခြင်းနှင့် ပျက်စီးခြင်းကို မုချ ရင်ဆိုင်ရမည်။ ဤသည်ကို သံသယဖြစ်စရာ မရှိပေ။ ပညတ်တော်ခေတ်တွင် မောရှေကို တရားစီရင်ခဲ့သော ခေါင်းဆောင်အယောက် ၂၅၀ က တိုက်ရိုက် အပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ကြရသည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုကို ကားစင်တင်သတ်ခဲ့သော သူတို့သည်လည်း တိုက်ရိုက် အပြစ်ဒဏ်ပေးခြင်းကို ရင်ဆိုင်ခဲ့ကြသည်။ ထိုသူတို့သည် ကျိန်ခြင်းကို ခံခဲ့ရပြီး ဘဝနိဂုံး မကောင်းခဲ့ကြပေ။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်သည့် အန္တိခရစ်များ၏ အဆုံးသတ်ဖြစ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သောသူတို့အတွက် မလွဲမရှောင်သာသော နိဂုံးပင်ဖြစ်၏။

အန္တိခရစ်များသည် အသင်းတော်ကို ကွဲစေရန် လူတို့အား ဆွဲဆောင်သိမ်းသွင်းဖို့အတွက် ခြားနားသော နည်းလမ်းများကို မည်သို့ အသုံးပြုသနည်း။ ပထမအနေဖြင့် အန္တိခရစ်တစ်ဦးသည် ဆုကျေးဇူးရှိပြီး စကားပြောတတ်ဆိုတတ်သည့် လူတို့ကို ဆွဲဆောင်သိမ်းသွင်းကာ ဦးစွာ ဤလူတို့အား မိမိအပေါ် အကောင်းမြင်စေရန် လုပ်ဆောင်လျက် မိတ်ဆွေဖွဲ့ခြင်းအားဖြင့် မိမိကိုယ်ပိုင်အင်အားစု၏ နယ်ပယ်ကို ချဲ့ထွင်သည်။ သူသည် ဆင်းရဲသောလူများ သို့မဟုတ် အစွမ်းအစနိမ့်ပါးသောသူများ သို့မဟုတ် အတော်ပင် မာယာကင်းသောသူများကို အာရုံစိုက်ကြမည် မဟုတ် သို့မဟုတ် ပထုတ်ခြင်းပင် ပြုလုပ်နိုင်သည်။ သူက လူ့အသိုင်းအဝိုင်းထဲတွင် အဆင့်အတန်းနှင့် စည်းစိမ်ဥစ္စာရှိသော မည်သူ့ကိုမဆို စည်းရုံးသိမ်းသွင်းဖို့ နည်းလမ်းကို စဉ်းစားမည်ဖြစ်လင့်ကစား မိမိတို့ကိုယ်ကို ရိုးသားဖြောင့်မှန်စွာ အသုံးခံသော်လည်း ငွေအနည်းငယ်သာ ရှိသော၊ သို့မဟုတ် နိမ့်ကျသော လူမှုအဆင့်အတန်းရှိသော၊ ဩဇာသက်ရောက်မှု မရှိသည့်အပြင် အခြားသူများ၏ အနိုင်ကျင့်ခြင်းကို အလွယ်တကူ ခံရသောသူတို့ကို အသင်းတော်ထဲတွင် ဒုတိယတန်းစား နိုင်ငံသားများအဖြစ် သတ်မှတ်မည် ဖြစ်လေသည်။ ဤသို့ဖြင့် အသင်သားဒါဇင်အနည်းငယ်သာ ရှိသည့် အသင်းတော်သည် လူတန်းစားနှစ်ခုအဖြစ် မသိမသာ ကွဲသွားသည်။ ဤအတွက် မည်သူ၌ တာဝန်ရှိသနည်း။ (အန္တိခရစ်များပင် ဖြစ်ပါသည်။) အန္တိခရစ်များက ထိုသို့သော အရာများကို ပြုလုပ်မည်ဖြစ်သည်။ အကယ်၍ သမ္မာတရားကို အမှန်တကယ် နားလည်သော ခေါင်းဆောင်ကောင်းတစ်ဦးသည် အသင်းတော်အတွင်းတွင် ဤကဲ့သို့ အခြေအနေတစ်ခု ပေါ်ပေါက်လာသည်ကို တွေ့ရှိလျှင် ယင်းကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုမည်ဖြစ်သည်။ သူသည် အသင်းတော်ထဲရှိ လူတို့ကို ရာထူးအဆင့်အတန်းအားဖြင့် အခွဲခံရဖို့ သို့မဟုတ် သူတို့၏ လူမှုအဆင့်အတန်းကို အခြေခံ၍ အမျိုးအစား သတ်မှတ်ခံရဖို့ ခွင့်ပြုမည် မဟုတ်သကဲ့သို့ အသင်းတော်ကိုလည်း ကွဲပြားစေမည် မဟုတ်ပေ။ ညီအစ်ကိုမောင်နှမများ အားလုံးသည် မည်သည့်နေရာမှ လာသည်ဖြစ်စေ သို့မဟုတ် မည်သည့် လူမှုအဆင့်အတန်း ရှိသည်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ ရှေ့မှောက်၌ ပေါင်းစည်းကြဖို့ သေချာစေမည် ဖြစ်သည်။ တစ်ဖက်တွင်မူ အန္တိခရစ်များသည် ထိုသို့သော ပြဿနာများကို မဖြေရှင်းသည်သာမက ထိုအစား ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ဖြစ်မြောက်ရန် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသုံးချလေသည်။ ၎င်းတို့သည် လူမှုအဆင့်အတန်းနှင့် စည်းစိမ်ဥစ္စာရှိသောသူတို့ကို ရှာဖွေပြီး ဆွဲဆောင်သိမ်းသွင်းကြသည်။ ၎င်းတို့က သူတို့ကို မည်ကဲ့သို့ ဆွဲဆောင်သိမ်းသွင်းသနည်း။ ၎င်းတို့က “သင်၏ လူမှုအဆင့်အတန်းသည် ဘုရားစီမံထားသည့် ဘုရားမှလာသော ကောင်းချီးတစ်ခု ဖြစ်သည်။ သင်သည် ဘုရားအိမ်တော်၌ သင့်တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းဖို့ရန် သင်၏ အနေအထားကို အသုံးပြုသင့်သည်။ ကျွန်ုပ်သည် ယခု ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ကျွန်ုပ်၏ယုံကြည်လက်ခံခြင်းကြောင့် ‌ဒေသထဲတွင် အတော်လေး လူသိများသည်။ ကျွန်ုပ်၏မိသားစုက ကျွန်ုပ်ကို အတော်ပင် နှိပ်စက်ညှဉ်းပန်းကာ ကျွန်ုပ်၏ ‌ခေါင်းဆောင်မှုတာဝန်နှင့် ဆက်စပ်၍ အန္တရာယ်တချို့ရှိ၏။ သင်ကဲ့သို့သော လူတို့အား ကျွန်ုပ်ကို လုံခြုံစေဖို့ အကူအညီပေးရန် ကျွန်ုပ်လိုအပ်သည်။ ကျွန်ုပ်အတွက် ထိုသို့ပြုလုပ်ပေးနိုင်လျှင် အနာဂတ်တွင် ကြီးမားသော ကောင်းချီးများ ရရှိမည်ဖြစ်ပြီး အသက်တာ၌ တိုးတက်မှု မြန်မြန်ဆန်ဆန် ရရှိမည်ဖြစ်သည်” ဟု ပြောကောင်းပြောမည်။ ဤသည်မှာ အန္တိခရစ်များက လူတို့ကို ၎င်းတို့နောက်လိုက်ဖို့ ဆွဲဆောင်သိမ်းသွင်းပြီး မျှားခေါ်သည့်ပုံ ဖြစ်၏။ အကယ်၍ အန္တိခရစ်တစ်ဦးက လူတစ်ဦးကို သဘောကျလျှင် သို့မဟုတ် သူ့ကို အသုံးဝင်သည်ဟု မြင်လျှင် သူ့အနေဖြင့် လွယ်ကူသော တာဝန်များ သို့မဟုတ် လူတို့အာရုံစိုက်ခြင်းကို ခံရနိုင်မည့် တာဝန်များကို ရရှိဖို့အတွက် စီစဉ်ပေးကာ သူ့ကို ထောက်ကူအားပေးဖို့ အစွမ်းကုန် လုပ်ဆောင်သည်။ ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်၌ လူတို့ကို အသုံးပြုရာတွင် ၎င်းတို့အနေဖြင့် စည်းမျဉ်းများ ပြည့်မီသည်ဖြစ်စေ၊ မပြည့်မီသည်ဖြစ်စေ ဂရုမစိုက်ပေ။ ဤသူ၌ လူမှုအဆင့်အတန်း ရှိပြီး ၎င်းတို့အတွက် အသုံးဝင်နိုင်သရွေ့ ထိုသူကို ဆွဲဆောင်သိမ်းသွင်းကြသည်။ အန္တိခရစ်များသည် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များ ဖြစ်မြောက်ရန်အတွက် စည်းစိမ်ဥစ္စာရှိပြီး လူ့အသိုင်းအဝိုင်းထဲတွင် အဆင့်အတန်းရှိသောသူတို့ကို ကပ်သည်၊ မြှောက်ပင့်သည်၊ ပြီးလျှင် ဆွဲဆောင်သိမ်းသွင်းလျက် မိမိတို့၏ အကျိုးအတွက် ချူစားလေသည်။ ၎င်းတို့တွင် ငွေကြေး၊ အာဏာနှင့် အဆင့်အတန်း ရှိသောလူများကို ဆွဲဆောင်သိမ်းသွင်းသည့် ဒုတိယမြောက်နည်းလမ်းတစ်ခု ရှိ၏။ ယင်းမှာ အလိုလိုက်ခြင်း ဖြစ်လေသည်။ ထိုသို့သော လူတို့သည် အသင်းတော်ထဲတွင် အမှားကျူးလွန်ခြင်းကို မကြာခဏ ပြုလုပ်ကာ ညီအစ်ကိုမောင်နှမများ၏ စိတ်အားထက်သန်မှုကို လျော့ကျစေပြီး အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်လေသည်။ အန္တိခရစ်များက ပျော်ပျော်ကြီး လက်ပိုက်ကြည့်နေပြီး ထိုသူတို့ကြိုက်သည့် မည်သည့်မကောင်းမှုကိုမဆို ကျူးလွန်ခွင့်ပေးသည်။ အန္တိခရစ်တစ်ဦး၏ အလိုလိုက်ခြင်း ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ထိုသူတို့ကို ဆွဲဆောင်သိမ်းသွင်းရန်နှင့် ဆွဲဆောင်သိမ်းသွင်းပြီးသည်နှင့် သူတို့ကို အမြတ်ထုတ်ရန်အထိပင် ဖြစ်လေသည်။ အန္တိခရစ်များက သူတို့ကို “သင်တို့က ကျွန်ုပ်ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ထားပြီး ကျွန်ုပ်သည် သင်တို့ကို ဦးဆောင်ဖို့ တာဝန်ရှိသော်လည်း ဤအသင်းတော်ကို ကျွန်ုပ်တစ်ဦးတည်း မပိုင်ပေ။ အသင်းတော်ထဲတွင် ကျွန်ုပ်သဘောအတိုင်း ဆုံးဖြတ်ချက်ချ၍ မဖြစ်ပေ။ သင်တို့လည်း ကူညီဖို့ လိုသည်။ အကယ်၍ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက သင်တို့၌လည်း ပြောရေးဆိုခွင့် ရှိနိုင်သည်။ ဤသည်မှာ ပူးပေါင်းဆောင်ရွက်ခြင်းကို ဆိုလိုသည်” ဟု ဟန်ဆောင်၍ပင် ပြောလေသည်။ ၎င်းတို့က ချမ်းသာကြွယ်ဝသော၊ သြဇာညောင်းသော၊ မိမိတို့ကို အကျိုးကျေးဇူးပြုသော သူတို့အား ဤသို့ ပြောကာ ဤသူတို့ကို ထိန်းချုပ်နိုင်သည့်အဆင့် ရောက်သည်အထိ ဆွဲဆောင်သိမ်းသွင်းဖို့ အစွမ်းကုန် လုပ်ဆောင်သည်။ သို့ရာတွင် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်‌သော်လည်း ငွေကြေး၊ လူမှုအဆင့်အတန်း သို့မဟုတ် အပြင်ပန်းအားဖြင့် အသုံးဝင်နိုင်ခြင်း တစ်ခုခု မရှိသောသူတို့ကိုမူ ပထုတ်ဖို့၊ တိုက်ခိုက်ဖို့၊ သို့မဟုတ် လျစ်လျူရှု၍သာ ထားလိုက်ဖို့ ၎င်းတို့ မရမက ကြိုးစားသည်။ ၎င်းတို့၏ အရေးမလုပ်ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ “အကယ်၍ ကျွန်ုပ်တို့အနည်းငယ်သည် စည်းလုံးညီညွတ်ပြီး သံမဏိခံတပ် ဖြစ်လာပါက သာမန်လူများဖြစ်သော သင်တို့သည် သိသာထင်ရှားသော အကျိုးသက်ရောက်မှု ပြုနိုင်မည်မဟုတ်ဟု ကျွန်ုပ် ခန့်မှန်းသည်။ အကယ်၍ သင်သည် ရိုးသားဖြောင့်မတ်စွာ ပြုမူပြီး ကျွန်ုပ်၏ စကားများကို နားထောင်ပါက သင့်ကို ဆက်လက် ယုံကြည်ခွင့်ပြုမည်။ သို့သော် သင်သည် ဆက်လက်၍ ချီးတီးခေါင်းသန်းရှာခြင်း၊ ကျွန်ုပ်နှင့်ပတ်သက်၍ သင်၏ ထင်မြင်ချက်များကို ဖွင့်ဟပြောဆိုခြင်း၊ သို့မဟုတ် ကျွန်ုပ်ကို အထက်လူများထံ တိုင်ကြားခြင်း ပြုလုပ်ပါက သင့်ကို အပြစ်ဒဏ်ပေးပြီး သင့်ကို နှင်ထုတ်မည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ကြိုတင်ကြံဆချက် ဖြစ်၏။ လူအချို့၌ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး ကြောက်ရွံ့လာကာ “သူတို့ကို ကျွန်ုပ်တို့ ပုန်ကန်ပြစ်မှားခြင်း မလုပ်ရပေ။ သူတို့သည် ကိုယ်ပိုင်အုပ်စု ဖွဲ့ထားပြီးဖြစ်ကာ ကျွန်ုပ်တို့ မတတ်နိုင်တော့။ ကျွန်ုပ်တို့၏ စကားသည် အရာသိပ်မရောက်သည့်အပြင် သူတို့ကို စိတ်အနှောင့်အယှက်ပေးသည့် အရာတစ်ခုခု မတော်တဆ ပြောမိပြီး ခေါင်းဆောင်က ကျွန်ုပ်တို့ကို တကယ်နှင်ထုတ်ပါက ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ဖို့အခွင့်အရေး ဆုံးရှုံးသွားမည် ဖြစ်သည်” ဟု ပြောလေသည်။ ဤလူတို့က အလွန်အမင်း ကြောက်နေကြသည်။ အန္တိခရစ်များက လူတို့ကို ဆွဲဆောင်သိမ်းသွင်းသောအခါ ဤအပြုအမူ၌ ကောက်ကျစ်ဆိုးယုတ်သော၊ ရက်စက်ကြမ်းကြုတ်သော၊ အငြိုးထားသော စိတ်သဘောထား ရှိ၏။ လူတို့ကို ဆွဲဆောင်သိမ်းသွင်းရာ၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၏ ရာထူးနေရာကို ခိုင်မာအောင်လုပ်ရန် ဖြစ်သည်။ အုပ်စုများ သို့မဟုတ် ဂိုဏ်းကွဲများ ဖွဲ့ရာ၌ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၏ အင်အားစုနယ်ပယ်ကို ချဲ့ထွင်ဖို့၊ လူတို့ကို ၎င်းတို့အား အားပေးကူညီစေဖို့ ဖြစ်ကာ ၎င်းတို့၏ အာဏာနှင့် အဆင့်အတန်းကို ပို၍ပင် လုံခြုံအောင်လုပ်ခြင်း ဖြစ်သည်။ သင်တို့အနက် တစ်ယောက်ယောက်က ထိုသို့သော အရေးကိစ္စများကို ကြုံတွေ့ဖူးသလော။ အန္တိခရစ်တစ်ဦးက အသင်းတော်တစ်ပါးကို ထိန်းချုပ်သောအခါ ငွေကြေး၊ အဆင့်အတန်း ရှိသော သို့မဟုတ် ကြီးစိုးခြယ်လှယ်သော မည်သူမဆို ၎င်းတို့ကို ဝန်းရံကြပြီး ၎င်းတို့သည် အတူတကွ ထိန်းချုပ်ကြကာ အုပ်စုတစ်ခု၊ လူ လေးငါးခြောက်ယောက် ပါဝင်သည့် ဂိုဏ်းကွဲတစ်ခု ဖြစ်လာသည်။ မည်သူ့ကိုမျှ ၎င်းတို့၏ ကိစ္စများအား ဖော်ထုတ်ခွင့်မပြုချေ။ ထိုအန္တိခရစ်သည် ဤလူတို့ကို ထိန်းချုပ်ဖို့ ခက်ခဲသောကြောင့် သူတို့ကို ဆွဲဆောင်သိမ်းသွင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် သူတို့ကို အနီးကပ် ဆွဲဆောင်သိမ်းသွင်းပြီး ၎င်းတို့၏ လက်‌ထောက်များအဖြစ် ထားရှိကာ ထိုသို့ဖြင့် မိမိတို့၏ ရာထူးနေရာကို လုံခြုံအောင်လုပ်ရပေမည်။ ထို့အပြင် ဤလူတို့၌ ထိုအန္တိခရစ်အနေဖြင့် အသုံးချနိုင်မည့် တန်ဖိုးတစ်ခု ရှိလေ၏။ သဘောတရားအရ ၎င်းတို့၏ ဆွဲဆောင်သိမ်းသွင်းခြင်းသည် ထိုသူတို့ ငြိမ်သွားပြီး ၎င်းတို့၏ ရာထူးနေရာအတွက် မခြိမ်းခြောက်လာအောင် သူတို့ကို ထိန်းထားဖို့ နည်းလမ်းတစ်ခု ဖြစ်၏။

အန္တိခရစ်များသည် လူတို့အား ဆွဲဆောင်သိမ်းသွင်းခြင်းဟူသည့် ဤလက္ခဏာသွင်ပြင်နှင့် ပတ်သက်၍ သရုပ်သကန်နှစ်မျိုးကို ငါတို့ ယခုတင် ဆွေးနွေးခဲ့ကြသည်။ သင်တို့၏ အသင်းတော်၌ ထိုကဲ့သို့သော အရာများ ဖြစ်ပျက်သ‌လော။ ဤအရာမျိုး ရှိသလော၊ ငါ့ကိုပြောလော့။ (ရှိပါသည်။) သေချာပေါက် ရှိပေ၏။ သို့ဆိုလျှင် လူတို့အား ဆွဲဆောင်သိမ်းသွင်းခြင်းနှင့် ဆက်စပ်သည့် အရာတိုင်းတွင် လူတို့ကို ဆွဲဆောင်သိမ်းသွင်းသည့် အန္တိခရစ်များ၏ သဘာဝကို ပိုင်ဆိုင်သော အခြားသရုပ်သကန်အချို့မှာ အဘယ်နည်း။ သူတို့ကို ဆွဲဆောင်သိမ်းသွင်းခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ အန္တိခရစ်များသည် လူတို့ကို အဘယ့်ကြောင့် ဆွဲဆောင်သိမ်းသွင်းလိုသနည်း။ အကယ်၍ ၎င်းတို့သည် လူတို့ကို ဆွဲဆောင်သိမ်းသွင်းခြင်း မပြုလျှင် လူတို့အား ထိန်းချုပ်ရန်ဟူသည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်မြောက်အောင်မြင်မည်လော။ (ဖြစ်မြောက်အောင်မြင်မည် မဟုတ်ပါ။) ၎င်းတို့သည် မိမိတို့ကို နာခံပြီး မိမိတို့၏ အလိုဆန္ဒနှင့် လျော်ညီသော လူတို့ကို မိမိတို့ရှေ့မှောက်သို့ ခေါ်ဆောင်ရမည်ဖြစ်သည်၊ ဤသို့ဖြင့် ၎င်းတို့သည့် ရာထူးနေရာတစ်ခုကို သိမ်းပိုက်ကာ သြဇာအာဏာကို အသုံးချခံရမည့်သူများ ရှိကောင်းရှိနိုင်မည်ဖြစ်သည်။ အကယ်၍ ၎င်းတို့ကို နာခံသော မည်သူမျှမရှိလျှင် အဆင့်အတန်းနှင့် အာဏာရဖို့ မိမိတို့၏ ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်စွမ်း ကင်းမဲ့‌တော့မည် မဟုတ်လော။ ထို့ကြောင့် ဆွဲဆောင်သိမ်းသွင်း၍ ရသည့် လူစားမျိုးတိုင်းကို ဆွဲဆောင်သိမ်းသွင်းသည့် အခါမှသာ ၎င်းတို့သည် ရာထူးနေရာနှင့် အာဏာကို အရယူနိုင်သည်။ ဆွဲဆောင်သိမ်းသွင်း၍ မရသောသူတို့ကို ၎င်းတို့ မည်သို့ ကိုင်တွယ်ဖြေရှင်းသနည်း။ (ထိုသူတို့ကို ပထုတ်ပြီး တိုက်ခိုက်ကြပါသည်။) ၎င်းတို့သည် ထိုသူတို့ကို စတင်၍ တိုက်ခိုက်ပြီး ပထုတ်ကြသည်။ အသင်းတော်ထဲရှိ ဆွဲဆောင်သိမ်းသွင်း၍ မရသောသူတို့ကို အမည်ခံ “စာရင်းစစ်များ” အဖြစ် ပြောင်းလဲလိုက်သော အန္တိခရစ်များ ရှိဖူးသည်မဟုတ်လော။ အသင်းတော်မှထုတ်သည့် တရားဒေသနာများ၊ ဓမ္မသီချင်းများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်များကို အမှန်ပင် ဤလူတို့အား မပေးကြပေ၊ သို့မဟုတ် အချိန်တိုးချဲ့ထားသော စုဝေးပွဲများနှင့်ပတ်သက်၍ ထိုသူတို့ကို အကြောင်းမကြားကြပေ။ ထိုကဲ့သို့သော အရာများသည် သေချာပေါက် ရှိနေပြီး ယင်းတို့မှာ အန္တိခရစ်များ လုပ်ဆောင်သည့် အရာများချည်း ဖြစ်၏။ အန္တိခရစ်များ၏ တိုက်ခိုက်ခြင်းနှင့် ပထုတ်ခြင်းခံရသောသူတို့၏ နာမည်များမှာ အသင်းတော်မှ ပယ်ဖျက်ခြင်း မခံထားရသေး၊ ထိုသူတို့သည် မိမိတို့၏ သဘောဆန္ဒအလျောက် ထွက်သွားခဲ့ကြခြင်း မဟုတ်သည့်အပြင် စုဝေးပွဲများ တက်‌ရောက်ခြင်းကို ဆန္ဒအလျောက် ရပ်တန့်ပစ်ခဲ့ကြခြင်း မဟုတ်ပေ။ ထိုသူတို့အားလုံးသည် ဘုရားသခင်အပေါ် ရိုးသားဖြောင့်မှန်သော ယုံကြည်သူများ ဖြစ်ကြသော်လည်း အန္တိခရစ်များနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ် ရှိသောကြောင့် သူတို့သည် ပထုတ်ခြင်းကို မကြာခဏ ခံရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များ သို့မဟုတ် တရားဒေသနာများ၊ ဓမ္မသီချင်းများနှင့် အသင်းတော်မှ ထုတ်ပြန်သော အလုပ်အစီအစဉ်အမျိုးမျိုးတို့ကို ချက်ချင်း မရရှိနိုင်သည်သာမက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နိုင်ခြင်းလည်း မရှိတော့ပေ။ တစ်ဖက်တွင် အန္တိခရစ်များ၏ အောက်တွင်ရှိသောသူတို့၊ ဆိုလိုသည်မှာ ၎င်းတို့အား နာခံနိုင်သော၊ ၎င်းတို့၏ ဆွဲဆောင်သိမ်းသွင်းခြင်း ခံထားရပြီး ၎င်းတို့အား အရှုံးပေးအပ်နှံထားသော သူတို့မှာမူ ဘုရားသခင်၏ အိမ်တော်မှ ထုတ်ဝေသည့် စာအုပ်နှင့် ဗီဒီယိုအမျိုးမျိုးကို ဦးစားပေး ရရှိကြကာ မျက်နှာသာပေးသော ဤအထူးခံစားခွင့်ကို ခံစားကြရသည်။ ထို့ကြောင့် အသင်းတော်သည် ပရမ်းပတာအခြေအနေထဲသို့ ကျရောက်သွားပြီး အန္တိခရစ်များ၏ အပြုအမူနှင့် လုပ်ရပ်များကြောင့် ပြိုကွဲရကာ လူတို့၏ စိတ်နှလုံးများ ဆောက်တည်ရာမရ ဖြစ်သွားသည်။

လူတို့ကို ဆွဲဆောင်သိမ်းသွင်းဖို့အတွက် အန္တိခရစ်များ ရှာဖွေသည့်အခြေအနေတစ်ခုခု ရှိသလော။ ၎င်းတို့သည် သမ္မာတရားကို ချစ်ပြီး ဘုရားသခင်အား အမှန်တကယ် ကျိုးနွံနာခံသောသူတို့ကို ဆွဲဆောင်သိမ်းသွင်းသလော။ (မသိမ်းသွင်းပါ။) သမ္မာတရားကို ချစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသောသူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ်ကို ပိုင်ဆိုင်ထားကာ ဆွဲဆောင်သိမ်းသွင်း၍ မရသည့်အပြင် အန္တိခရစ်များနောက်သို့ လိုက်မည်မဟုတ်ပေ။ သို့ဆိုလျှင် အန္တိခရစ်များက မည်သူတို့ကို ဆွဲဆောင်သိမ်းသွင်းသနည်း။ အန္တိခရစ်များသည် အဆင့်အတန်းရှိသော လူတို့ကို မြှောက်ပင့်ရာ၌ ကျွမ်းကျင်သောသူ၊ ကပ်ပါးရပ်ပါးလုပ်ရာ၌ ကျွမ်းကျင်ပြီး အပြောကောင်းသော လူတို့အပြင် မကောင်းမှုများကို ပြုလုပ်ထားပြီး နှင်ထုတ်ခြင်းခံရမည်ကို ကြောက်သဖြင့် ထိုအန္တိခရစ်များအား ကျေနပ်စေဖို့ အစွမ်းကုန် ကြိုးစားသောသူအချို့ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် မျက်နှာသာအပေးဆုံး ဖြစ်သည်။ အန္တိခရစ်များသည် လူတို့ကို ဆွဲဆောင်သိမ်းသွင်းပြီး သူတို့၏ စိတ်နှလုံးများကို စည်းရုံးဖို့ရန် သူတို့အား စောင့်ရှောက်ခြင်းဟူသည့် အနေအထားကို အသုံးချကာ သူတို့ကို ရင်းနှီးလာစေသည်။ သမ္မာတရားကို နားမလည်သော ယုံကြည်သူလူသစ်များမှလွဲ၍ အန္တိခရစ်များ ဆွဲဆောင်သိမ်းသွင်းသည့် လူအများစုသည် သမ္မာတရားကို မချစ်သောလူများ ဖြစ်ကြသည်။ သမ္မာတရားကို မချစ်သောသူအားလုံးသည် အသိတရားနှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ကြသလော။ ထိုသူတို့ မည်သူမျှ မကောင်းကြသည့်အပြင် ထိုသို့သော လူတို့ကို ဘုရားသခင် မရွေးချယ်ပေ။ အန္တိခရစ်များသည် ဤလူတို့ကို ဆွဲဆောင်သိမ်းသွင်းပြီး သူတို့ကို လူပြက်တစ်ဦးကဲ့သို့ ဦး‌ဆောင်လေသည်။ ၎င်းတို့က မိမိတို့သည် အရာရှိနေရာ တစ်နေရာကို ရရှိထားပြီး အဆင့်အတန်းကို ပိုင်ဆိုင်သည်ဟုပင် ထင်မှတ်ကာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အထူးသဖြင့် ကျေနပ်နေကြသည်။ ဤသည်မှာ အရှက်မဲ့သည် မဟုတ်လော။ အန္တိခရစ်များသည် အခြားမည်သည့်လူစားမျိုးကို ဆွဲဆောင်သိမ်းသွင်းသနည်း။ (အတော်လေး ဆိုးယုတ်သော လူ့သဘာဝရှိသည့် လူတို့ကို ဖြစ်ပါသည်။) အတိအကျပင် ဆိုးယုတ်သော လူတို့ကို ဆွဲဆောင်သိမ်းသွင်းသည်။ အန္တိခရစ်များသည် ဆိုးယုတ်သော လူများကို မည်ကဲ့သို့ ဆက်ဆံသနည်း။ ထိုသူတို့ကို ၎င်းတို့ စောင့်ရှောက်သည်။ ဥပမာ အသင်းတော်ထဲတွင် ဆိုးယုတ်သောသူတစ်ဦး ရှိပြီး ဤသူသည် အထူးသဖြင့် ဆိုးယုတ်ကာ ထိုသူရှိသည့်အချိန်တိုင်းတွင် အသင်းတော်ထဲ၌ ဆူပူမှုကို ဖြစ်ပွားစေလျက် လူတိုင်းကို မိမိတို့၏တာဝန် ထမ်းဆောင်ခြင်း၌ အဖျက်အမှောင့် လုပ်သည့်အပြင် အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့် လုပ်သည်ဟု ညီအစ်ကိုမောင်နှမများ အားလုံးက တိုင်ကြားသည် ဆိုပါစို့။ ထိုသူကို တာဝန်ထမ်းဆောင်ဖို့ရန် ထားရှိနေသရွေ့ အသင်းတော်၏အလုပ်က ဆုံးရှုံးနစ်နာမှုကို ခံစားရမည်ဖြစ်သည်။ သို့သော် အန္တိခရစ်များက ထိုသို့ဆိုးယုတ်သော လူများကို အသုံးဝင်သည်ဟု မြင်ပြီး မိမိတို့ကို အစေခံရန် မိမိတို့ဘက်သို့ ဆွဲဆောင်သိမ်းသွင်းကြသည်။ အန္တိခရစ်များက ဆိုးယုတ်သောလူများကို နှင့်ထုတ်ရမည့်အစား စောင့်ရှောက်ကြသည်။ ဆိုးယုတ်သောလူအချို့က အန္တိခရစ်တစ်ဦးကို အားမပေးမှဖြစ်စေ၊ ၎င်းကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိပါမှဖြစ်စေ ၎င်းသည် ထိုသူတို့ကို ကိုင်တွယ်ဖြေရှင်းမည် ဖြစ်သည်။ ဆိုးယုတ်သောသူတစ်ဦးသည ထိုအန္တိခရစ်ကို မြှောက်ပင့်နေသရွေ့၊ အားပေးသရွေ့၊ ပြီးလျှင် မဆန့်ကျင်သရွေ့ ၎င်းက မိမိ၏အင်အားကို ဖြည့်ဖို့အတွက် ထိုသူကို ဆွဲဆောင်သိမ်းသွင်းပြီး စည်းရုံးသိမ်းပိုက်ကြသည်။ သို့ဆိုလျှင် အန္တိခရစ်များသည် သမ္မာတရား မလိုက်စားသော ဤလူတို့နှင့် မည်သို့ အဆင်ပြေသနည်း။ ၎င်းတို့၏ ပေါင်းသင်းဆက်ဆံရေး နည်းလမ်းမှာ အခြေခံအားဖြင့် အပြန်အလှန် မြှောက်ပင့်ခြင်းနှင့် သဘောကျလောက်အောင် ပြောခြင်း ဖြစ်၏။ အန္တိခရစ်များ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ဤဆိုးယုတ်သာလူများသည် ယင်ကောင်များသဖွယ် ၎င်းတို့ကို အုံနေကြသည်။ ၎င်းတို့သည် သမ္မာတရားကို မိတ်သဟာယပြုဖို့ အတူတကွ စုဝေးကြခြင်း မဟုတ်သည်မှာ သေချာသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့အားလုံးသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် ၎င်းတို့မည်သူမျှ သမ္မာတရားကို မိတ်သဟာယပြုခြင်းအားဖြင့် ပြဿနာများကို ဖြေရှင်းဖို့ မကြိုးစားကြသောကြောင့်ပင်။ ၎င်းတို့ပြောသမျှမှာ ဘာသာတရားမရှိသူများ ပြောသည့်အရာများ ဖြစ်ကာ ယင်းတို့သည် အများအားဖြင့် အတင်းအဖျင်းစကားနှင့် ရန်တိုက်ပေးခြင်း၊ အခြားသူများအား သေးသိမ်စေပြီး မိမိတို့ကိုယ်ကို ချီးမြှောက်ခြင်းနှင့် လူတို့အား အပြစ်ဒဏ်ပေးဖို့အတွက် နည်းလမ်းများကို တိုင်ပင်ဆွေးနွေးခြင်းတို့ ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်အား မည်သို့ သတိထားရှောင်ရမည်ကို သင်ယူကြသည်။ အထက်အား မည်သို့ ရင်ဆိုင်ရမည်၊ တစ်စုံတစ်ဦးက မိမိတို့၏ ကိစ္စများကို တိုင်ကြားလိုခြင်းရှိမရှိ မည်သို့ကြိုသိရမည်နှင့် ၎င်းတို့ သိရသည်နှင့်တစ်ပြိုင်နက် မည်သို့ တုံ့ပြန်ရမည်တို့ကို ဆွေးနွေးကြသည်။ ဤသည်တို့မှာ ဆိုးယုတ်သောလူများဟူသည့် ဤဂိုဏ်းက ဆွေးနွေးသည့် အရေးကိစ္စများ ဖြစ်သည်။ ၎င်းတို့ အတူရှိနေသောအခါ မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းကဲ့သို့သော အရာများနှင့်ပတ်သက်၍ မည်သည့်အခါမျှ မိတ်သဟာယ မဖွဲ့ကြသည့်အပြင် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားနှင့် ပတ်သက်၍ မည်သည့်အခါမျှ မိတ်သဟာယ မဖွဲ့ကြပေ။ ဥပမာ ၎င်းတို့သည် အပျက်သဘော ဆောင်လာပြီး အားနည်းသော ညီအစ်ကို မောင်နှမများအား အားပေးခြင်းနှင့် ကူညီခြင်းကဲ့သို့သော တရားဝင်အ‌ရေးကိစ္စများကို မည်သည့်အခါမျှ မဆွေးနွေးကြသည့်အပြင် မိမိတို့၏ တာဝန်များကို လုပ်ဆောင်ခြင်း သို့မဟုတ် အသင်းတော်အလုပ်၏ ကဏ္ဍအချို့နှင့်ဆိုင်သည့် ထိရောက်မှုကို တိုးတက်စေမည့် ဖြေရှင်းချက်များနှင့် လမ်းကြောင်းများကို ရှာဖွေခြင်းအတွက် အားထုတ်မှု မရှိကြချေ။ ၎င်းတို့သည် အထက်ကို မည်သို့ လှည့်စားရမည်နှင့် ဘုရားသခင်၏ အိမ်တော်ကို မည်သို့ လှည့်စားရမည်ကို ပြောဆိုကြပြီး ဘုရားသခင်၏ အိမ်တော်က ၎င်းတို့နှင့် ပတ်သက်သည့် အချက်အလက်များကို မသိအောင် အသေအချာလုပ်ကြသည်။ လူတစ်ဦးတစ်ယောက်သည် အထက်နှင့် ဆက်သွယ်သည် သို့မဟုတ် မိမိတို့၏ အခြေအနေအကြောင်း တိုင်ကြားထားသည်ကို ရှာဖွေတွေ့ရှိလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် ယင်းကို မိမိတို့၏ ရာထူးနေရာအတွက် ခြိမ်းခြောက်မှုတစ်ခု ဟူ၍လည်းကောင်းနှင့် မိမိတို့၏ အရေးကိစ္စများကို ပျက်စီးစေသည် ဟူ၍လည်းကောင်း သတ်မှတ်သည်။ ၎င်းတို့က မည်သူ၌ တာဝန်ရှိကြောင်း မဆုတ်မနစ် စုံစမ်းစစ်ဆေးကာ သံသယရှိသူများကို ရှာဖွေလျက် တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ထိုသူ့ကို သီးသန့်ခွဲထားကာ အခြားတစ်နေရာ ပို့ပြီးနောက် လူတစ်ဦးတလေက မိမိ၏ အခြေအနေကို အထက်သို့ မတိုင်ကြားအောင် တားမြစ်သည့် အမိန့်များကို ထုတ်ပြန်သည်။ ဤအရာက ၎င်းတို့ကို မည်သူမျှ မတိုင်ဝံ့အောင် သေချာစေသည်။ အန္တိခရစ်များသည် ဤနည်းအားဖြင့် အသင်းတော်အပေါ် အလုံးစုံ ထိန်းချုပ်ခြင်းကို ရရှိကြသည်။ အထက်သည် အခြေအနေကို ကြားသိရပြီး ၎င်းတို့၏ အားနည်းချက်ကို ရှာတွေ့ပြီးနောက် ၎င်းတို့အပေါ် စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ကာ နောက်ဆုံးတွင် ၎င်းတို့ကို အစားထိုးသည့် သို့မဟုတ် နှင်ထုတ်သည့် အချိန်အထိ မျက်ကွယ်ရာ၌ မည်သည့်မကောင်းမှုကို ၎င်းတို့ကျူးလွန်ကြောင်း အထက်က သိရဖို့လမ်းစ မရှိပေ။ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများဖြစ်သည့် ဤအုပ်စုသည် လအနည်းငယ်အတွင်းတွင်ပင် အသင်းတော်၏အလုပ်အား ကမောက်ကမ ဖြစ်စေနိုင်ပြီး ညီအစ်ကို မောင်နှမများအား အချင်းချင်း သံသယဝင်အောင်၊ အချင်းချင်း အားနည်းစေအောင်၊ အချင်းချင်း ဖော်ထုတ်အောင်နှင့် တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်အောင် လုပ်ကာ အသင်းတော်ကို ပြိုကွဲစေနိုင်သည်။ ဤသည်မှာ အန္တိခရစ်တို့က လူများအား အထင်အမြင်မှဦးစေပြီး အသင်းတော်ကို ထိန်းချုပ်ခြင်း၏ အကျိုးဆက်ဖြစ်၏။ ဤနည်းအားဖြင့် အန္တိခရစ်များသည် သမ္မာတရား မလိုက်စားသောသူအားလုံးကို အထင်အမြင်မှားစေပြီး အသင်းတော်ကို ထိန်းချုပ်ဖို့အတွက် အသုံးဝင်သည့် ဆိုးယုတ်သောလူအချို့ကိုပင် ဆွဲဆောင်သိမ်းသွင်းလျက် မိမိတို့၏ ရာထူးနေရာနှင့် သြဇာအာဏာကို ခိုင်မာအောင်လုပ်ကြသည်။ အကယ်၍ ဆိုးယုတ်သောလူများက ၎င်းတို့ကို နာခံပါက သူတို့ကို ၎င်းတို့ စောင့်ရှောက်ကြသည်။ မနာခံပါက ၎င်းတို့သည် ဆိုးယုတ်သောလူများကို အရင်ဦးဆုံး ကိုင်တွယ်ဖြေရှင်းကြသည်။ အကယ်၍ ဆိုးယုတ်သောလူများက ၎င်းတို့နောက်လိုက်ပြီး စည်းရုံးခံကာ ဆွဲဆောင်သိမ်းသွင်းခံနိုင်ပါက ၎င်းတို့သည် သူတို့ကို မိမိတို့၏ လူယုံ‌တော်များ၊ မကောင်းသောအရာများ ပြုလုပ်ခြင်း၊ ညီအစ်ကို မောင်နှမများကို စိမ့်ဝင်ထိုးဖောက်ခြင်း၊ မိမိတို့အား မည်သူ ကန့်ကွက်ဆန့်ကျင်ကြောင်း၊ မိမိတို့၏ လုပ်ရပ်များကို မည်သူ ပိုင်းခြားသိမြင်ကြောင်း၊ မိမိတို့၏ မည်သည့်ဒုစရိုက်အမှုများကို တွေ့ရှိထားကြကြောင်းနှင့် မည်သူသည် မိမိတို့၏ ကိစ္စများကို တိုင်ကြားဖို့ အထက်သို့ အမြဲဆက်သွယ်လိုကြောင်း သိရှိအောင် လုပ်ခြင်းအတွက် မိမိတို့၏ သူလျှိုများ ဖြစ်လာခွင့်ပေးသည်။ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများသည် ဤအရေးကိစ္စများကို အထူးသဖြင့် စုံစမ်းစစ်ဆေးကာ ယင်းမှာ ၎င်းတို့ အပူပန်ဆုံးသော အရာဖြစ်၏။ ၎င်းတို့သည် တန်ပြန်‌ရေးအစီအမံများကို မကြာခဏ အတူတကွ ဆွေးနွေးကာ မိမိတို့အား ပိုင်းခြားသိမြင်နိုင်သော သို့မဟုတ် မိမိတို့အား သံသယဝင်သော သူတို့ကို ရန်သူများသဖွယ် ဆက်ဆံကြသည်။ ၎င်းတို့သည် ယနေ့ လူတစ်ဦးကို အပြစ်ဒဏ်ပေးဖို့ အကြောင်းပြချက်များ ရှာပြီး နက်ဖြန်တွင် အခြားလူတစ်ဦးကို အပြစ်ဒဏ်ပေးဖို့ အရှိန်ယူကြသည်။ ၎င်းတို့သည် ဤသူတို့ကို ရှင်းလင်းပစ်ပြီး နှင်ထုတ်ရန် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို လှုံ့ဆော်ဖို့အတွက် အကြောင်းရင်းနှင့် အကြောင်းပြချက်အမျိုးမျိုးကိုပင် အသုံးပြုကြသည်။ အန္တိခရစ်များသည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ ဖြစ်လာသည်နှင့် ဤလုပ်ရပ်များကို လုပ်ဆောင်ကြသည်။ လအနည်းငယ်အတွင်း၌ပင် ၎င်းတို့သည် အသင်းတော်ကို ပရမ်းပတာ အခြေအနေရောက်အောင် ဖန်တီးကာ ယုံကြည်သူလူသစ်များရှိသည့် အသင်းတော်တစ်ပါး၏ အလွန်တက်ကြွသော စိတ်အားထက်သန်မှုကိုပင် မီးကို ရေဖြင့်ငြိမ်းသကဲ့သို့ ကွယ်ပျောက်စေနိုင်သည်။ ထို့ကြောင့် အန္တိခရစ်များသည် အမှန်ပင် ဘုရားသခင်၏ ရန်သူများ ဖြစ်ကြပြီး ဘုရားသခင်ရွေးချယ်ထားသော လူတို့၏ ရန်သူများ ဖြစ်ကြသည်။ ဤသည်မှာ ချဲ့ကားပြောဆိုခြင်း လုံးဝ မဟုတ်။ ယင်းမှာ အလွန့်အလွန် တိကျမှန်ကန်ပေ၏။ အန္တိခရစ်များ သို့မဟုတ် ဆိုးယုတ်သောလူများ အာဏာကိုင်စွဲသည့် နေရာဟူသည် အသင်းတော်အနေဖြင့် ဆိုးညစ်သော ဝန်းကျင်အခြေအနေကို လက်ခံရရှိထားခြင်း ဖြစ်သည်။ အသင်းတော်အသက်တာ လုံးဝမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အား ပုံမှန်စားသောက်ခြင်း မရှိသည့်အပြင် သမ္မာတရားအား မိတ်သဟာယပြုသည့် ဝန်းကျင်အခြေအနေ မရှိပေ။ ထိုအစား ဝန်းကျင်အခြေအနေသည် လျှို့ဝှက်ကြံစည်ခြင်းနှင့် ထိန်းမနိုင် သိမ်းမရသည့် မကောင်းသောအပြုအမူဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ နတ်ဆိုးက ထိန်းချုပ်ထားခြင်းကို ဆိုလိုသည်။ နတ်ဆိုးက ထိန်းချုပ်ထားသောအခါ ရလဒ်ကောင်းတစ်ခုခု ရှိနိုင်သလော။ ဤအရာက ဘုရားသခင်ရွေးချယ်ထားသော လူတို့အပေါ် ဘေးအန္တရာယ်ကိုသာ ဖြစ်စေနိုင်သည်။ ယင်းကို သံသယဖြစ်စရာ မရှိသည်မှာ ကျိန်းသေ၏။

အန္တိခရစ်အချို့သည် ခေါင်းဆောင်မှုတာဝန်ယူဖို့ အသင်းတော်တစ်ပါးသို့ လာရောက်သောအခါ အသင်းတော်ထဲမှ မည်သူသည် အတိတ်တွင် ပြဿနာများကို အထက်သို့ မကြာခဏ တိုင်ကြားခဲ့ပြီးကြောင်း အရင်ဦးစွာ စုံစမ်းစစ်ဆေးသည်။ ၎င်းတို့သည် ထိုကဲ့သို့သော လူတို့ကို မိမိတို့ထံမှ ဝေးဝေးနေစေလိုပြီး ထိုသူတို့က ၎င်းတို့ကို ဧည့်ဝတ်ပြုနိုင်လျှင်ပင် သူတို့၏အိမ်သို့ သွားရောက်နေထိုင်ခြင်း မပြုကြပေ။ အကယ်၍ လူတစ်ယောက်ယောက်က လူတို့ကို ဖော်လံဖားရာ၌ ကျွမ်းကျင်ပြီး ခေါင်းဆောင်အနီးအပါးတွင် အမြဲတစေ ဝန်းရံနေပြီး ကပ်ပါးရပ်ပါး လုပ်နေပါက ထိုသူ၏အိမ်သည် ၎င်းတို့နေဖို့ ရည်ရွယ်သည့်နေရာ ဖြစ်၏။ လူတစ်ယောက်ယောက်က “သူတို့သည် ညီအစ်မနှစ်ဦးကို ဧည့်ဝတ်ပြုနေကြသည်” ဟု ဆိုလျှင် အန္တိခရစ်က “ယင်းမှာ မကောင်းပေ။ သူတို့ကို အခြားတစ်နေရာသို့ ရွှေ့ခိုင်းလော့” ဟု ပြန်ပြောသည်။ ထိုသူက “လူတို့ကို သင်နှစ်သက်သလို ဟိုသည်ရွှေ့ပြောင်းခိုင်း၍ မရပေ။ ထိုညီအစ်မနှစ်ဦးသည် ထိုနေရာနှင့် အတော်လေး သင့်တော်သည်။ သူတို့ကို ရွှေ့ပြောင်းခြင်းက သူတို့၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်နိုင်သည်” ဟု ဆိုသည်။ ၎င်းတို့က “ခေါင်းဆောင်တစ်ဦးအနေဖြင့် ကျွန်ုပ်ပြောသည့်အရာက အထမြောက်ပြီး ကျွန်ုပ်ကို သင် နာခံရမည်” ဟု တုံ့ပြန်၏။ ထို့နောက် ၎င်းတို့က ထိုညီအစ်မနှစ်ဦးကို အတင်းအကျပ် ရွှေ့ခိုင်းသည်။ သူတို့က ဤအိမ်၌နေဖို့ အဘယ့်ကြောင့် မရမက တောင်းဆိုရသနည်း။ ယင်းမှာ ဤမိသားစုသည် မာယာကင်းပြီး အားနည်းကာ ထိုအန္တိခရစ်အတွက် ခြိမ်းခြောက်မှုကို မဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။ မည်သည့် မကောင်းမှုများကို သူတို့ ကျူးလွန်သည်ဖြစ်စေ သို့မဟုတ် လူတို့၏နောက်ကွယ်တွင် သူတို့၏ အပြုအမူက မည်သို့ အတားအဆီးမဲ့သည်ဖြစ်စေ ထိုမိသားစုက သူတို့ကို တိုင်ကြားမည်မဟုတ်ပေ။ ထို့ကြောင့် သူတို့က ဤနေရာမျိုး၌ နေထိုင်ဖို့ မျှော်လင့်နေကြသည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူတို့က သူတို့၏ ဆိုးယုတ်သော အပေါင်းအသင်းများကို ခေါ်လာပြီး ထိုနေရာ၌ မကောင်းမှုများကို ပြုလုပ်ကာ တန်ပြန်ရေးအစီအမံများကို ဆွေးနွေးသည့်အပြင် ဤသူထိုသူကို မည်သို့အပြစ်ဒဏ်ပေးရမည်ကို လျှို့ဝှက်ကြံစည်ကြသည်။ အန္တိခရစ်တစ်ဦး သို့မဟုတ် ဆိုးယုတ်သောသူတစ်ဦး အသင်းတော်၌ ပေါ်လာသောအခါ ၎င်းတို့သည် မိမိတို့နှစ်သက်ပြီး အခွင့်ကောင်းယူရနိုင်မည့် လူတို့ကို ပထမဦးစွာ ရှာကြပြီး မိမိတို့၏အင်အားကို အလျင်ဦးဆုံး တိုးချဲ့ကာ လုံခြုံအောင်လုပ်ကြသည်။ မိမိတို့၏ ရာထူးနေရာကို မထိခိုက်စေရန်အတွက် သမ္မာတရားကို နားလည်သောသူတို့ကို လောလောဆယ်တွင် တစ်ဦးတည်း ချန်ထားကြသည်။ လက်ရှိဖွဲ့စည်းပုံကို အဖျက်အမှောင့် မလုပ်ကြသေးချေ။ မိမိတို့၏ ရာထူးနေရာကို ခိုင်မာအောင်လုပ်ကာ သင့်တော်သော ကြံရာပါများကို ရှာဖွေပြီးနောက် သမ္မာတရားလိုက်စားသော ထိုညီအစ်ကို မောင်နှမများအား အပြစ်ဒဏ်ပေးပြီး ကိုင်တွယ်ဖြေရှင်းရန် တန်ပြန်ရေးအစီအမံများကို စတင်ဆွေးနွေးကြသည်။ ထိုသူတို့ကို ၎င်းတို့ မည်သို့ အပြစ်ဒဏ်‌ပေးပြီး ကိုင်တွယ်ဖြေရှင်းကြသနည်း။ ပထမအနေဖြင့် ၎င်းတို့အား အသိအမှတ်ပြုသောသူ၊ ၎င်းတို့နှင့်ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသောသူနှင့် ၎င်းတို့ အသုံးချနိုင်မည့်သူတို့ကို ဆွဲဆောင်သိမ်းသွင်းကြသည်။ ၎င်းတို့ ဆွဲဆောင်သိမ်းသွင်း၍ မရသောလူ သို့မဟုတ် ၎င်းတို့အား ပိုင်းခြားသိမြင်သောသူတို့ ရှိပါက ထိုသူတို့ကို သီးသန့်ခွဲထားဖို့ သို့မဟုတ် ရှင်းလင်းပစ်ဖို့ အကြောင်းပြချက် သို့မဟုတ် အကြောင်းရင်းကို ရှာကြသည်။ ဤအန္တိခရစ်များ၏ အပြုအမူက မည်သည့်စိတ်သဘောထားမျိုးကို ထုတ်ဖော်သနည်း။ (ရက်စက်ကြမ်းကြုတ်ခြင်းပင်။) ခေါင်းဆောင်တာဝန်များကို ၎င်းတို့ ခံယူသည့်နေရာတိုင်းသည် ဆိုးညစ်သော ဝန်းကျင်အခြေအနေတစ်ခုကို လက်ခံရရှိထားသော နေရာဖြစ်သည်။ အသင်းတော်အသက်တာ၏ ဖွဲ့စည်းပုံမှာ နှောင့်ယှက်ခြင်း ခံရသည်။ အကယ်၍ သင်သည် ၎င်းတို့ကို မနာခံပါက သင်သည် ဖိနှိပ်ခြင်း၊ ချုပ်ချယ်ခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းပင် ခံရမည်ဖြစ်သည်။ အန္တိခရစ်အချို့သည် လူဆိုးလူမိုက်များ၊ လူရမ်းကားများ သို့မဟုတ် လူဆိုးလူညစ်များကဲ့သို့ ပြုမူကြသည်။ ဘုရားသခင်ကို ယုံကြည်လက်ခံပြီးနောက်တွင်ပင် ၎င်းတို့သည် ရာထူးနေရာတစ်ခုကို ရယူချင်နေဆဲ၊ ဘုရားသခင်၏ အိမ်တော်တွင် တင်တင်စီးစီး ပြုမူချင်နေဆဲနှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ထိန်းချုပ်ချင်နေဆဲ ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် အသင်းတော်ကို ကမောက်ကမ ဖြစ်စေကြသည်။ အကယ်၍ လူတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပါက သူတို့သည် ၎င်းတို့၏ အထင်အမြင် မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရမည်ဖြစ်ပြီး နောက်ဆုံးတွင် သူတို့၏ သေဆုံးခြင်းသို့ ဦးတည်သွားမည်ဖြစ်သည်။

အန္တိခရစ်များက လူတို့ကို မည်သို့ ဆွဲဆောင်သိမ်းသွင်းကြောင်း ငါတို့၏ ဆွေးနွေးချက်သည် ပြီးလုနီးပါးရှိပြီ။ ငါဆွေးနွေးခဲ့ပြီးဖြစ်သည့် ဤအ‌ကြောင်းကိစ္စများကို သင်တို့ နားထောင်လာနေသည်နှင့်အမျှ ယင်းတို့သည် ရှားပါးသည့်အရာတစ်ခု ဖြစ်ကြောင်း သင်တို့ ခံစားမိသလော။ သင်တို့သည် “ဤအရာ အမှန်တကယ် ဖြစ်ပျက်နိုင်သလော။ မဖြစ်နိုင်သည် မဟုတ်လော။ ဤသို့သောလူတို့သည် ယုံကြည်သူများကြားတွင် အဘယ်သို့ ရှိနိုင်သနည်း” ဟု စဉ်းစားလျက် သင်သည် အလွန် အံ့အားသင့်သလော။ သင်တို့ကို ငါပြောမည်။ ဤအရာထက်ပင် ပို၍ဆိုးနိုင်၏။ လူတိုင်းသည် အခြားသူများရှေ့တွင် ရှိသောအခါ လူသားပုံသဏ္ဌာန်ကို အယောင်ဆောင်သော်လည်း လူတို့မျက်ကွယ်ရာ၌ သူသည် မည်သည့်ပုံစံရှိသည် ဟူသည့်အရာက သူ၏ စစ်မှန်သော သရုပ်မှန်ကို ထုတ်ဖော်သည်။ အခြားသူများရှေ့၌ သူ၏ စကားများနှင့် လုပ်ဆောင်မှုများမှာ ဟန်ဆောင်ခြင်း၊ အယောင်ဆောင် ပုံဖမ်းခြင်းသာ ဖြစ်၏။ လူတို့မျက်ကွယ်ရာ၌ သူ ပြောသည့်အရာနှင့် လုပ်သည့်အရာက သူ၏ စစ်မှန်သော ပင်ကိုအဖြစ်ကို ထင်ဟပ်စေသည်။ အကယ်၍ လူတစ်ဦးကို လူတို့ရှေ့တွင် ပုံစံတစ်မျိုး မြင်ရပြီး လူတို့မျက်ကွယ်ရာ၌ အခြားပုံစံတစ်မျိုးဖြင့် မြင်ရပါက မည်သည့်အရာသည် အစစ်ဖြစ်ပြီး မည်သည့်အရာက အတုဖြစ်သည်ကို သင်တို့ ပိုင်းခြားသိမြင်သင့်သည် မဟုတ်လော။ အန္တိခရစ်တစ်ဦးသည် လူတို့ရှေ့တွင် အလွန်ယဉ်ကျေးပုံ ပေါက်နိုင်သော်လည်း လူတို့မျက်ကွယ်ရာ၌ ထိုအန္တိခရစ် ပြုလုပ်ခဲ့သည့်အရာကို သူတို့သိပါက ယင်းကို စက်ဆုပ်ရွံရှာဖွယ် ကောင်းသည်ဟု မြင်ကြမည်ဖြစ်သည်။ ထိုအန္တိခရစ်နှင့် ဆက်ဆံရသည်ကို ရှက်စရာဖြစ်သည်၊ သူသည် တည်ကြည်မှုရှိသော လူတစ်ဦးမဟုတ်ဘဲ ယုတ်မာပြီး သိမ်ဖျင်းသည်ဟု ခံစားကြမည်။ ထိုသို့ဖြစ်လျှင် ထိုအန္တိခရစ်သည် ပုံမှန်လူတို့နှင့် အဆင်ပြေနိုင်သလော။ မပြေနိုင်ပေ။ ဤသည်မှာ ပုံမှန်လူတစ်ဦး၌ မကောင်းသော အကျင့်အနည်းငယ် ရှိသည့်ကိစ္စမဟုတ်ဘဲ သူ၏ စိတ်သဘောထားနှင့် ဆိုင်သောကိစ္စ ဖြစ်သည်။ သူ၏ စိတ်သဘောထားကို မြင်တွေ့လျှင် မြင်တွေ့ချင်း သူသည် လူမဟုတ်ဘဲ လူ့တိရစ္ဆာန်တစ်ကောင်၊ နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း သင်တို့ သဘောပေါက်လေသည်။ လူသားများသည် တိရစ္ဆာန်များနှင့် ပေါင်းသင်းဆက်ဆံသောအခါ မည်သည့်အရာကို ခံစားရသနည်း ဟူသည်ကို ငါ့ကိုပြောလော့။ ယင်းမှာ ဝက်တစ်ကောင်ကို အိမ်ထဲခေါ်သွားပြီး သန့်စင်ပေးကာ အဝတ်အစားလေးများ ဝတ်ဆင်ပေးသည့်အပြင် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကဲ့သို့ သဘောထားခြင်းနှင့် တူ၏။ နောက်တစ်နေ့တွင် အိမ်သည် ဝက်ခြံဖြစ်သွားသည်ကို သင် တွေ့ရလေသည်။ သူက သန့်သန့်ရှင်းရှင်း နေဖို့ လုံးဝ ဂရုမစိုက်ဘဲ အိမ်ထဲတွင် စားသောက်ပြီး ကျင်ကြီးကျင်ငယ် သွားလေသည်။ ထိုအခါ သင်သည် ဝက်များကို ဤအတိုင်း ထား၍မရမှန်း သဘောပေါက်တော့၏။ ယင်းတို့သည် တိရစ္ဆာန်များပင်။ အန္တိခရစ်များကဲ့သို့သော လူတို့သည် အပြင်ပန်းတွင် အစွမ်းအစ အနည်းငယ်နှင့် သွန်သင်လေ့ကျင့်ပေးခြင်းခံရမှု အနည်းငယ်ရှိနေသည့်ပုံ ပေါက်နိုင်သည် သို့မဟုတ် တစ်ချိန်က လူ့အသိုင်းအဝိုင်းထဲတွင် ဂုဏ်သတင်းကြီးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ရိုသေလေးစားမှု အနည်းငယ် ရရှိထားကောင်း ရရှိထားမည်။ သို့သော် ၎င်းတို့အများစုမှာ တိရစ္ဆာန်များကဲ့သို့ပင် ဖြစ်ကာ အသိတရားနှင့် ဆင်ခြင်တုံတရားပင် မရှိကြချေ။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ထားကြသလော။ (ပိုင်ဆိုင်မထားကြပါ။) ၎င်းတို့သည် ပုံမှန်လူ့သဘာဝ မရှိလျှင် လူဟု သတ်မှတ်၍ ရနိုင်သေးသလော။ ၎င်းတို့၏ ဦးဆောင်မှုကို သင်တို့ လက်ခံနိုင်သလော။ ညီအစ်ကို မောင်နှမများသည် ထိုကဲ့သို့သော လူတို့၏လက်ထဲသို့ ကျရောက်သွားလျှင် ဘာဖြစ်သွားမည်နည်း။ ထိုသူတို့သည် အထင်အမြင်မှားစေခြင်းနှင့် ဆွဲဆောင်သိမ်းသွင်းခြင်းကို ခံရမည်ဖြစ်ပြီး ဒုက္ခခံစားရမည်မှာ အသေအချာပင်။ အန္တိခရစ်များသည် နတ်ဆိုးများဖြစ်ကြပြီး ၎င်းတို့၌ အသိတရား သို့မဟုတ် ဆင်ခြင်တုံတရား မရှိပေ။ အ‌ပေါ်ယံတွင် ၎င်းတို့ကို အလွန်ပင် ချစ်တတ်သည်၊ နားလည်တတ်သည်၊ ပြီးလျှင် လူအချို့၏ အခက်အခဲများ၊ အားနည်းချက်များနှင့် စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များကို စာနာထောက်ထားသည်ဟု ထင်ရသည်။ လက်တွေ့တွင်မူ ဤသူတို့မှာ ၎င်းတို့ မျက်နှာပေးပြီး ၎င်းတို့ကို မြှောက်ပင့်သော လူတို့ပင် ဖြစ်ကြ၏။ သို့သော် ဤလူတို့က ၎င်းတို့၏ အဆင့်အတန်း သို့မဟုတ် ဂုဏ်သတင်းကို ခြိမ်းခြောက်လျှင် သူတို့သည် ကြင်နာစိတ်ဖြင့်ပင် ဆက်ဆံခံရမည် မဟုတ်ဘဲ သနားညှာတာမှု သို့မဟုတ် သည်းခံမှုတစ်စက်မျှ မရှိဘဲ ပို၍ပင် အငြိုးထားသော နည်းလမ်းများကို အသုံးပြုလျက် စဉ်းလဲစွာ ကိုင်တွယ်ဖြေရှင်းခြင်း ခံရမည်ဖြစ်သည်။ အန္တိခရစ်များ၏ ချစ်ခြင်းမေတ္တာနှင့် သည်းခံခြင်းသည် အပေါ်ယံသာလျှင် ဖြစ်ပြီး ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ လူတို့အား ဘုရားသခင်ထံ ခေါ်ဆောင်သွားရန် လုံးဝ မဟုတ်ဘဲ မိမိတို့ကို ကိုးကွယ်စေရန်နှင့် မိမိတို့နောက်လိုက်စေရန် ဖြစ်သည်။ လူတို့အား ဤနည်းအတိုင်း ထောင်ချောက်ဆင်သည့် ရည်ရွယ်ချက်မှာ မိမိတို့၏ ရာထူးနေရာကို လုံခြုံစေရန်နှင့် လူတို့၏ ကိုးကွယ်မှုနှင့် နောက်လိုက်မှုကို ရရှိရန် ဖြစ်၏။ လူတို့ကို အထင်အမြင် မှားစေရန်နှင့် ဆွဲဆောင်သိမ်းသွင်းရန် အန္တိခရစ်များက မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ သေချာသောအချက်တစ်ခု ရှိ၏။ ၎င်းတို့သည် မိမိတို့၏ အာဏာနှင့် အဆင့်အတန်းအဖို့အလို့ငှာ ဦးနှောက်ခြောက်အောင် စဉ်းစားပြီး လိုအပ်သော မည်သည့်နည်းလမ်းကိုမဆို အသုံးချကြမည် ဖြစ်သည်။ နောက်ထပ် သေချာသည့်အရာမှာ ၎င်းတို့ မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ လုပ်ဆောင်နေခြင်း မဟုတ်သည့်အပြင် မိမိတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းဖို့ လုပ်ဆောင်နေခြင်း မဟုတ်သည်မှာ သေချာ၏။ ထိုအစား အသင်းတော်ထဲတွင် အာဏာစွဲကိုင်ဖို့ဟူသည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိရန် လုပ်ခြင်းသာ ဖြစ်သည်။ ထိုမျှမက ၎င်းတို့ မည်သည့်အရာကို လုပ်သည်ဖြစ်စေ ဘုရားအိမ်တော်၏ အကျိုးကို မည်သည့်အခါမျှ ထည့်မတွက်သကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အကျိုးကို ထည့်မတွက်သည်မှာ မုချဖြစ်သည်။ အန္တိခရစ်များ၏ အဘိဓာန်ထဲတွင် ဤထည့်သွင်းစဉ်းစားခြင်း နှစ်ခုလုံး မရှိပေ။ ၎င်းတို့၌ ပင်ကိုအားဖြင့် ယင်းတို့ လုံးဝမရှိပေ။ ၎င်းတို့၏ ခေါင်းဆောင်မှုက မည်သည့်အဆင့် ရှိသည်ဖြစ်စေ ဘုရားအိမ်တော် သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အကျိုးအတွက် အလေးထားမှု နည်းနည်းမျှပင် မပြချေ။ ၎င်းတို့၏ စိတ်ကူးများနှင့် ရှုထောင့်များတွင် အသင်းတော်၏ အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးမှာ မဆီမဆိုင် ဖြစ်ပြီး ၎င်းတို့ထက် နိမ့်ကျသည်။ ၎င်းတို့က မိမိတို့၏ ရာထူးနေရာနှင့် ကိုယ်ပိုင်အကျိုးကိုသာ စဉ်းစားကြသည်။ ဤအရာအားဖြင့် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်ခြင်းအပြင် သဘာဝအနှစ်သာရမှာ အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသည်ကို မြင်တွေ့နိုင်သည်။ ၎င်းတို့သည် အခြားသူများ၏ သေရေးရှင်ရေးကို စိုးစဉ်းမျှ အာရုံစိုက်ခြင်း မရှိဘဲ မိမိတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအဖို့အလို့ငှာသာ ပြုမူဆောင်ရွက်ကြသည်။ မိမိတို့၏ ရာထူးနေရာအတွက် ခြိမ်း‌ခြောက်မှုပေးသော မည်သူမဆို မသမာသော နှိမ်နင်းခြင်းနှင့် ပထုတ်ခြင်းကို ခံစားရသည့်အပြင် အဆုံးစွန်အထိ အပြစ်ပေးခြင်း ခံရလေသည်။ တစ်ခါတစ်ရံ အန္တိခရစ်များသည် မကောင်းမှုများစွာ ကျူးလွန်ခြင်းအတွက် အတိုင်ခံရပြီး ၎င်းတို့ကို အထက်က သိရှိသွားကာ မိမိတို့၏ ရာထူးနေရာကို ဆုံးရှုံးရတော့မလို ဖြစ်သောအခါ စတင်၍ သည်းထန်စွာ ငိုကြွေးတော့သည်။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် နောင်တရဟန်တူပြီး ဘုရားသခင်ဆီသို့ ပြန်လှည့်လာသည့်ပုံ ပေါက်သော်လည်း ၎င်းတို့မျက်ရည်များ၏ နောက်ကွယ်မှ စစ်မှန်သော အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် မည်သည့်အရာကို အမှန်တကယ် နောင်တရသနည်း။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများ၊ မိမိတို့၏ ရာထူးနေရာနှင့် ဂုဏ်သတင်းကို ဆုံးရှုံးသွားရသဖြင့် ဝမ်းနည်းပြီး ခံစားရခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ မျက်ရည်များ၌ ပါဝင်သည့်အရာ ဖြစ်၏။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏ ရာထူးနေရာကို ခိုင်မာစေရန်၊ မိမိ၏ ကျရှုံးမှုများမှ သင်ယူရန်နှင့် မိမိတို့ တစ်ကျော့ပြန်လာရန်အတွက် နောက်ထပ်ခြေလှမ်းများကို လုပ်ကြံဖန်တီးနေပြီ ဖြစ်သည်။ အန္တိခရစ်များ၏ ဤအပြုအမူမှနေ၍ အကဲဖြတ်ရလျှင် ၎င်းတို့သည် မိမိတို့၏ ပြစ်မှားခြင်းများနှင့် မိမိတို့ ထုတ်ဖော်ထားသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အတွက်ကြောင့် မည်သည့်အခါမျှ နောင်တမရ သို့မဟုတ် စိတ်ဒုက္ခမခံစားရသည့်အပြင် မိမိတို့ကိုယ်မိမိ အမှန်တကယ် သိကျွမ်းခြင်း သို့မဟုတ် နောင်တရခြင်း မရှိမည်မှာ အသေအချာပင်။ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်တော်တွင် ဒူးထောက်ကာ အသည်းအသန် ငိုကြွေးလျက် မိမိတို့ကိုယ်မိမိ ပြန်လည်သုံးသပ်ပြီး ကျိန်ဆဲကောင်း ကျိန်ဆဲမည် ဖြစ်သော်လည်း ဤသည်မှာ လူတို့ကို အထင်အမြင် မှားစေဖို့ ရည်ရွည်သည့် အပေါ်ယံသာဖြစ်ပြီး လူအချို့က ယင်းကို စစ်မှန်သည်ဟုပင် ယုံကောင်းယုံကြမည် ဖြစ်သည်။ ထိုအခိုက်တွင် ၎င်းတို့၏ ခံစားချက်များက အစစ်အမှန် ဖြစ်နိုင်သည်။ သို့သော်လည်း အန္တိခရစ်များသည် မည်သည့်အခါမျှ စစ်မှန်သောနောင်တကို တွေ့ကြုံရမည် မဟုတ်သည်ကို သတိရဖို့လိုသည်။ ၎င်းတို့သည် တစ်နေ့တွင် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရလျှင်ပင် အမှန်တကယ် နောင်တရကြမည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ ကျရှုံးမှုနှင့် မိမိတို့၏ ထမ်းဆောင်မှုကို ဖြစ်ကတတ်ဆန်း လုပ်ပြီး မိမိတို့၏ ဒုစရိုက်အမှုများအားလုံးကို ဖော်ထုတ်ခဲ့မိသည်ကိုသာ အသိအမှတ်ပြုကြမည် ဖြစ်သည်။ အဘယ့်ကြောင့် ငါ ဤသို့ဆိုရသနည်း။ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားနှင့် ဘုရားသခင်ကို မုန်းတီးခြင်းဟူသည့် အန္တိခရစ်များ၏ သဘာဝကို အခြေခံ၍ သမ္မာတရားကို မည်သည့်အခါမျှ လက်ခံကြမည် မဟုတ်ပေ။ ထို့ကြောင့် အန္တိခရစ်များ၏ မိမိကိုယ်ကိုသိမြင်မှုဟူသည်မှာ အမြဲတစေ မှား၏။ ၎င်းတို့သည် အာဏာလုယူဖို့နှင့် ရာထူးနေရာကို ခိုင်မာစေဖို့အတွက် အခွင့်အရေးများကို အမိအရ မယူနိုင်ခဲ့သောကြောင့် လူတို့၏ စိတ်နှလုံးများကို ဆုံးရှုံးရသည်ဟုသာ ဝန်ခံကြမည်။ ၎င်းတို့၏ နောင်တနှင့် ခံစားမှုမှာ ဤအကြောင်းရင်းများကြောင့် ဖြစ်၏။ အန္တိခရစ်များသည် သောကရောက်သောအခါတွင် မျက်ရည်ကျကောင်း ကျနိုင်သော်လည်း အဘယ့်ကြောင့် ငိုကြွေးကြသနည်း။ ၎င်းတို့မျက်ရည်များ၏ နောက်ကွယ်၌ မည်သည့်အရာ ရှိသနည်း။ ၎င်းတို့၏ ဒုစရိုက်အမှုတို့ အမြောက်အမြား ဖော်ထုတ်ခံထားရပြီး မိမိတို့၏ ရာထူးနေရာကို ဆုံးရှုံးသွားရသောကြောင့် ငိုကြွေးခြင်းဖြစ်၏။ အကယ်၍ ၎င်းတို့သည် အမှားကျူးလွန်ခြင်းနှင့် ဘုရားသခင်အပေါ် အကြွေးတင်ရှိသည်ဟု ခံစားရခြင်းကြောင့် အမှန်တကယ် နောင်တရနိုင်ပြီး ငိုကြွေးသည်ဆိုလျှင် ထိုသို့သော ဒုစရိုက်မျိုးစုံကို ကျူးလွန်မည် မဟုတ်ပေ။ ၎င်းတို့၌ အပြစ်ရှိသည်ဟူသော အသိစိတ် ကင်းမဲ့ပြီး မိမိတို့၏ ဒုစရိုက်အမှုများကို ဝန်မခံကြပေ။ ထိုအခါ စစ်မှန်သော နောင်တတရားက အဘယ်သို့ ဖြစ်ပေါ်နိုင်မည်နည်း။ ၎င်းတို့သည် ဒုစရိုက်ကျူးလွန်ပြီးနောက် နောင်တမရကြပေ။ ၎င်းတို့သည် ဥပေက္ခာပြုခြင်းနှင့် ပြည့်ဝကာ မိမိတို့သည် သိက္ခာကျရပြီဖြစ်ပြီး သူများလက်ညှိုးထိုး ခံရအောင် လုပ်မိပြီဟုသာ ခံစားကြသည်။ ၎င်းတို့၏ စိတ်အခြေအနေက အနည်းငယ် ကျဆင်းကောင်း ကျဆင်းသွားနိုင်သည်။ အပြင်ပန်းတွင် မည်သည့်အရာမျှ လွဲမှားမသွားသည့်ပုံ ပေါက်လင့်ကစား အဖြစ်မှန်မှာ ၎င်းတို့သည် စိတ်နှလုံးထဲ၌ ဆေးရွက်ခါးများကို စားမိ၍ ဆွံ့အသွားသော လူတစ်ဦးနှင့် တူလျက် တိတ်တဆိတ် စိတ်ဒုက္ခခံစားကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ခံစားချက်လေပွေများကို ခံစားရပြီး သည်းထန်စွာ ငိုကြွေးကြသော်လည်း စစ်မှန်သော နောင်တတရား မရှိပေ။ ဤသည်မှာ အခြေအနေ အမှန်ဖြစ်၏။ တစ်ခါတစ်ရံတွင် အန္တိခရစ်များက “ကျွန်ုပ်၏ အစွမ်းအစမှာ ညံ့ဖျင်းသောကြောင့် အလုပ်တာဝန်ကို ကောင်းမွန်စွာ မလုပ်ခဲ့မိသည့်အပြင် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း ဟူသည့် အပြုအမူအချို့ကို ကျူးလွန်ခဲ့မိခြင်း ဖြစ်သည်။ ကျွန်ုပ်သည် ဦးဆောင်မှုပြုဖို့ ပျက်ကွက်ခဲ့ပြီး ခေါင်းဆောင်မှုအတွက် မထိုက်တန်ပေ။ ဘုရားက ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ပြီး ကျိန်ဆဲပါစေ။ အကယ်၍ သင်တို့သည် အနာဂတ်တွင် ကျွန်ုပ်ကို ခေါင်းဆောင်မှုအတွက် မရွေးချယ်ဖို့ ဆုံးဖြတ်လျှင်လည်း ကျွန်ုပ် မကျေမနပ် ပြောမည်ဟုတ်” ဟူသည့် နားထောင်ကောင်းသော စကားအချို့ကို ပြောကောင်းပြောမည် ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် ဗြုန်းခနဲ ငိုတော့သည်။ လူအချို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့လျက် ၎င်းတို့ကို သနားကြင်နာမှု ခံစားကာ “မငိုပါနှင့်။ အနာဂတ်တွင် သင့်ကို ကျွန်ုပ်တို့ ထပ်မံ ရွေးချယ်ကြပါမည်” ဟု ပြောလေသည်။ ဤသည်ကို ကြားရသောအခါ ၎င်းတို့ ချက်ချင်းပင် အငိုရပ်တော့သည်။ ၎င်းတို့၏ သရုပ်အမှန်ကို ယခု သင်တို့ တွေ့ပြီလော။ ၎င်းတို့သည် နှစ်လိုဖွယ်ကောင်းသော စကားအနည်းငယ်ကို ပြောလျှင် ယင်းမှာ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့၊ ထိုလူတို့ကို အထင်အမြင် မှားစေဖို့နှင့် လှည့်စားဖို့ဖြစ်ပြီး အချို့က ထို့အတွက်ပင် အနှပ်ခံရသည်။ အန္တိခရစ်များ မျက်ရည်ကျသည့်အခါတိုင်း ယင်း၏ နောက်ကွယ်တွင် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်တစ်ခု သေချာပေါက် ရှိလေသည်။ ၎င်းတို့ကို ကိုးကွယ်သောသူတို့က ၎င်းတို့ကို စတင်မေးခွန်းထုတ်ပြီး ၎င်းတို့၏ အဆင့်အတန်းအတွက် စိတ်မချရတော့သောအခါ ၎င်းတို့ ငိုတော့သည်။ ၎င်းတို့သည် အလွန် စိတ်ကယောက်ကယက်ဖြစ်သဖြင့် မစားနိုင်၊ မအိပ်နိုင်ဖြစ်ကာ ၎င်းတို့၏ မိသားစုထံ “ကျွန်ုပ်သည် ခေါင်းဆောင်မှုတာဝန် မယူရပါက အဘယ်သို့ ဆက်လက်၍ စခန်းသွားနိုင်မည်နည်း” ဟု ထပ်တလဲလဲ ပြောကြသည်။ ၎င်းတို့၏ မိသားစုက “သင်သည် ယခင်က အဆင့်အတန်းမရှိဘဲနှင့်ပင် အဆင်ပြေအောင် နေခဲ့သည်မဟုတ်လော။ အဘယ့်ကြောင့် သင် ဆက်လက်မနေနိုင်ရမည်နည်း” ဟု ပြန်ပြောကြသည်။ ၎င်းတို့က “ကျွန်ုပ်၏ အဆင့်အတန်းကြောင့် မဟုတ်ခဲ့လျှင် ဤအကျိုးအမြတ်များကို ရရှိခဲ့ပြီးဖြစ်မည်လော။ ကျွန်ုပ်တို့ အလွန် ချမ်းသာမည်လော။ သင် အဘယ့်ကြောင့် အလွန် စဉ်းစားဉာဏ်မဲ့ရသနည်း” ဟု ပြန်ပြောသည်။ အချို့က အိမ်၌ ပွင့်ပွင့်လင်းလင်းဖြင့်ပင် “အဆင့်အတန်းမရှိဘဲ အသက်ရှင်ရခြင်း၏ အကျိုးမှာ အဘယ်နည်း။ ဘဝ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ကျွန်ုပ်တို့၏ မိသားစု၌ လူအနည်းငယ်သာ ရှိပြီး အိမ်တွင် ကျွန်ုပ်သည် ဤလူအနည်းငယ်အ‌ပေါ်၌သာ တာဝန်ရှိသည်။ ကျွန်ုပ်သည် အိမ်ထောင်စု၏ အကြီးအကဲတစ်ဦးသာ ဖြစ်ပြီး ကျွန်ုပ်၏ အဆင့်အတန်းက မမြင့်မားပေ။ ကျွန်ုပ်သည် အသင်းတော်ထဲ၌ ရာထူးရာခံ ရှိသင့်သည်။ သို့မဟုတ်လျှင် ကျွန်ုပ်၏ဘဝမှာ အလဟဿ ဖြစ်၏။ ထို့ပြင် အသင်းတော်၌ ဤရာထူးနေရာမရှိဘဲ ကျွန်ုပ်တို့၏ မိသားစု၌ ထိုမျှကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်မည်လော” ဟု ပြောကြသည်။ ပိတ်ထားသော တံခါးများ၏ နောက်ကွယ်တွင် ၎င်းတို့ အမှန်အတိုင်း စကားပြောကြပြီး ၎င်းတို့၏ ရည်မှန်းချက်များက ပွင့်ထွက်လာသည်။ ဤသည်မှာ အရှက်မဲ့သောသူတစ်ဦး မဟုတ်လော။ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းသည် ရံဖန်ရံခါမှဖြစ်သော ပြစ်မှားခြင်းမဟုတ်၊ ယင်းသည် မတော်တဆမဟုတ်။ အကယ်၍ ဤသည်တို့မှာ ရံဖန်ရံခါနှင့် မတော်တဆဖြစ်သည့် မကောင်းသော လုပ်ရပ်များ ဖြစ်ခဲ့ပါက ၎င်းတို့ကို အန္တိခရစ်များဟု သတ်မှတ်မည် မဟုတ်ပေ။ အန္တိခရစ်များက လူတို့ကို ရည်ရွယ်ချက်ရှိရှိ အထင်အမြင်မှားအောင် လုပ်ကြသည်။ ၎င်းတို့ကို စာတန်၏သဘာဝက ထိန်းချုပ်ထားသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် လူတို့ကို အထင်အမြင် မှားအောင်လုပ်ကာ လူတို့ကို ထိန်းချုပ်ဖို့နှင့် နောက်ဆုံးတွင် အာဏာရရှိဖို့အတွက် ဤနည်းလမ်းကို ရည်ရွယ်ချက်ရှိရှိဖြင့် အသုံးပြုရခြင်း အကြောင်းရင်းဖြစ်သည်။ အမှန်အားဖြင့် လူတို့ကို အထင်အမြင်မှားအောင် လုပ်ခြင်းနှင့် ထိန်းချုပ်ခြင်း၌ အန္တိခရစ်တစ်ဦး၏ ရည်ရွယ်ချက်မှာ ထိုသူတို့ကို မိမိတို့အား နားထောင်စေရန်၊ မိမိတို့၏ ဦးဆောင်မှုနောက်သို့ လိုက်စေရန်နှင့် ဘုရားသခင်ထံမှ ကင်းကွာစေရန် ဖြစ်သည်။ ထိုအန္တိခရစ်၏ ရည်မှန်းချက်များမှာ အလွန် ရှင်းလင်း၏။ ၎င်းတို့သည် လူတို့ကိုရအောင် ဘုရားသခင်နှင့် ယှဉ်ပြိုင်ဖို့ ရည်ရွယ်သည်။ ၎င်းတို့၏ လုပ်ရပ်များမှာ ဖောက်ပြန်ပျက်စီးခြင်းအား ခဏတဖြုတ် ထုတ်ဖော်ပြမှုများ မဟုတ်သကဲ့သို့ ယင်းတို့ကို မရည်ရွယ်ဘဲ စိတ်လိုက်မာန်ပါ လုပ်မိခြင်းလည်း မဟုတ်သည့်အပြင် အထူးတလည် အခြေအနေများကြောင့် မလုပ်မဖြစ် လုပ်ရခြင်းလည်း မဟုတ်သည်မှာ အသေအချာပင်။ ယင်းမှာ လုံးလုံးလျားလျားပင် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝ၊ ၎င်းတို့၏ လွန်ကဲသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ၊ ၎င်းတို့၏ မသိမသာနှင့် ဒုက္ခပေးတတ်သော စိတ်ဘောထားနှင့် ၎င်းတို့၏ မြောက်မြားစွာသော အကြံအစည်များကြောင့် ဖြစ်လေသည်။ ယခုတွင် ၎င်းတို့၏ ဤအရာများအား ပြုလုပ်နိုင်စွမ်းကို ၎င်းတို့၏ သဘာဝအနှစ်သာရက ဖန်တီးပေးခြင်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်လက်ခံပြီးနောက် ၎င်းတို့သည် ဤရည်မှန်းချက်များနှင့် အကြံအစည်များကို သိုထားလျက် ဤစိတ်ကူးယဉ်မှုများ စတင်၍ ပြည့်မြောက်လာစေပြီး မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ဖြစ်မြောက်အောင်မြင်ဖို့အတွက် ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် စောင့်စားနေခြင်းသာ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်နှလုံးနှင့်ဆိုင်သည့် အခြေအနေအမှန် ဖြစ်ပြီး နည်းနည်းမျှ မလွဲပေ။

အထက်တွင် ဆွေးနွေးခဲ့သော အကြောင်းအရာမှနေ၍ သင်တို့ ဝင်ရောက်ဖို့လိုသည့် သမ္မာတရားကို နားလည်ထားသင့်သည်။ တစ်ဖက်တွင် ထိုသို့သော အပြုအမူများနှင့် သဘာဝအနှစ်သာရကို ပြသည့် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများကို ပိုင်းခြားသိမြင်သင့်သည်။ အခြားတစ်ဖက်တွင် သင်တို့သည် ဤအပြုအမူများကို ထုတ်ဖော်ပြခြင်းရှိမရှိ သိရဖို့ မိမိကိုယ်မိမိနှင့်လည်း နှိုင်းယှဉ်သင့်သည်။ ယခုတွင် မိမိတို့ပြောသည့်အရာနှင့် အန္တိခရစ်များ၏ အပြောအဆိုကြားတွင် တစ်ပုံစံတည်းဖြစ်ခြင်းကို တွေ့ရှိနိုင်ပါက သို့မဟုတ် အလားတူသော အခြေအနေများတွင် တူညီသော အပြုအမူများကို နှစ်ဦးလုံးက ထုတ်ဖော်ပြပါက သင်ထုတ်ဖော်သော စိတ်သဘောထား သို့မဟုတ် သင်နှင့် အန္တိခရစ်များကြားမှ လက်တွေ့လုပ်ဆောင်မှုတွင် တူညီချက်များကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ ငါ ဆွေးနွေးသွားသည့် နမူနာအချို့မှတစ်ဆင့်ဖြစ်စေ၊ ထိုနမူနာများထဲတွင် ဖော်ပြထားသည့် အသေးစိတ်အချက်များ၊ စကားလုံးများနှင့် လုပ်ရပ်များမှတစ်ဆင့်ဖြစ်စေ ဤနေရာတွင် မိတ်သဟာယပြုသွားသည့် သမ္မာတရားကို သင်တို့ နားလည်နိုင်သလော သို့မဟုတ် ဤနေရာတွင် ဖော်ထုတ်ထားသည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်တို့ နားလည်နိုင်သလော။ သင်တို့သည် ဤကဲ့သို့ နားထောင်နိုင်သလော။ သင်တို့သည် မည်သည့်ရှုထောင့်မှနေ၍ နားထောင်နေသနည်း။ အကယ်၍ သင်တို့သည် ဤစိတ်သဘောထားများနှင့် အန္တိခရစ်များ၏ အနှစ်သာရများကို လုံးလုံးလျားလျား ပိုင်းခြားသိမြင်နေပြီး ဤအပြုအမူများနှင့် ကျင့်ကြံမှုများကို ပွဲကြည့်ပရိသတ်တစ်ဦး၏ ရှုထောင့်မှနေ၍ ကြည့်နေသည်ဆိုလျှင် သမ္မာတရားကို ရရှိနိုင်မည်လော။ (မရရှိနိုင်ပေ။) သို့ဆိုလျှင် သင်တို့သည် မည်သည့်ရှုထောင့်မှနေ၍ နားထောင်သင့်သနည်း။ (မိမိဘာသာ နှိုင်းယှဉ်ကြည့်ခြင်းမှနေ၍ ဖြစ်သည်။) မိမိဘာသာ နှိုင်းယှဉ်ကြည့်ခြင်းသည် အခြေခံအကျဆုံးအရာ ဖြစ်၏။ အခြားအရာ ရှိသေးသလော။ (မိမိကိုယ်ကို သမ္မာတရားနှင့် ပြင်ဆင်ထားခြင်း ဖြစ်သည်။) မှန်၏၊ သင်တို့သည် ငါဆွေးနွေးသည့် ဥပမာတိုင်းတွင် သင်တို့ နားလည်ဖို့လိုသည့် သမ္မာတရားကို နားလည်ရမည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသောသူတို့သည် အချက်အလက်များကိုသာ သဘောပေါက်နားလည်နိုင်သော်လည်း ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိပြီး အစွမ်းအစကောင်းကို ပိုင်ဆိုင်သောသူတို့ကမူ ယင်းတို့မှနေ၍ သမ္မာတရားကို နားလည်ပြီး ရရှိနိုင်သည်။ သင်တို့သည် ဆွေးနွေးပေးထားသည့် ဇာတ်လမ်းများနှင့် ဥပမာများထဲတွင် ပါဝင်သည့် သမ္မာတရားများကို အကျဉ်းချုပ်နိုင်သလော။ အချို့သော ဇာတ်လမ်းများ သို့မဟုတ် ဥပမာများနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်းကို လူတို့အနေဖြင့် မိမိတို့ကိုယ်ကို လက်တွေ့ကျမှုနှင့် ချိတ်ဆက်ဖို့ အကူအညီပေးရန်၊ လက်တွေ့ကျမှုတွင် ထင်ဟပ်သည့် ကိစ္စအမျိုးမျိုးကို ပို၍နားလည်စေရန်နှင့် ဤသမ္မာတရား လက္ခဏာသွင်ပြင်နှင့် ဆက်စပ်သည့် အမျိုးမျိုးသော သရုပ်သကန်များနှင့် အနှစ်သာရများနှင့် ပတ်သက်၍ ၎င်းတို့၏ ထင်မြင်ချက်များကို လေးနက်စေရန် ရည်ရွယ်သည်။ တစ်နည်းဆိုသော် ဤသမ္မာတရား လက္ခဏာသွင်ပြင် သို့မဟုတ် သဘာဝအနှစ်သာရနှင့် ပတ်သက်လာလျှင် သင်သည် တိကျသော ဥပမာ သို့မဟုတ် စိတ်ကူးဖော်ပြချက် တစ်ခုကို စဉ်းစားမည်ဖြစ်သည်။ ထိုသို့ဖြင့် သင်သည် မိမိကိုယ်ကို နားလည်သောအခါ သို့မဟုတ် အခြားသူများကို ပိုင်းခြားသိမြင်သောအခါ အယူအဆသဘော သို့မဟုတ် စာသားသက်သက်ကို ဖတ်ရှုခြင်းထက် သဘောပေါက်နားလည်ရန် ပို၍လွယ်ကူသော၊ ပို၍ လက်တွေ့ကျသော၊ ထို့ပြင် ပို၍ လက်ဆုပ်လက်ကိုင်ပြနိုင်သော ရုပ်လုံးပေါ် နားလည်သဘောပေါက်မှုကို ရရှိမည်ဖြစ်သည်။ အကယ်၍ ယင်းသည် စာသားသက်သက် ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ သင်၌ အတွေ့အကြုံမရှိပါက ထိုစာသားအပေါ် သင်၏ နားလည်သဘောပေါက်မှုမှာ ထိုစာသားများဖြင့်သာ အကန့်အသတ်ရှိနိုင်ပြီး သင်၏ နည်းပါးသော ကိုယ်ပိုင်အတွေ့အကြုံများ၏ ဘောင်ခတ်ခြင်းကို အမြဲခံရနိုင်ကာ ထိုအတိုင်းအတာအတွင်း၌သာ နေရနိုင်သည်။ သို့သော်လည်း ငါသည် ငါ၏ မိတ်သဟာယပြုချက်ထဲတွင် အချို့သော ဥပမာများကို ထပ်ဖြည့်ပြီး ဇာတ်လမ်းအနည်းငယ်၊ ဇာတ်လမ်းသရုပ်ဖော် အနည်းငယ်၊ တိကျသော စကားများ၊ လုပ်ရပ်များနှင့် အပြုအမူများကို စုစည်းပြင်ဆင်ပါက ယင်းသည် ဤလက္ခဏာသွင်ပြင်ထဲရှိ သမ္မာတရားနှင့်ပတ်သက်သည့် သင်၏ နားလည်သဘောပေါက်မှုအပေါ် အထောက်အကူဖြစ်စေသော အကျိုးသက်ရောက်မှု ရှိမည်ဖြစ်သည်။ အကယ်၍ ဤအကျိုးသက်ရောက်မှုကို ရရှိပါက သင်၌ သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်ကို နားလည်သဘောပေါက်ပြီဟု ဆိုလိုသည်။ နားလည်သဘောပေါက်သည်ဟု ယူဆနိုင်ရန်အတွက် သင်သည် နားလည်သဘောပေါက်မှုနှင့်ပတ်သက်၍ မည်သည့်အတိုင်းအတာအထိ ရောက်ရှိရမည်နည်း။ ယင်းသည် ၁၀၀ ရာခိုင်နှုန်းရှိစရာ မလိုသော်လည်း သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်အပေါ် သင်၏ သဘောပေါက်နားလည်ခြင်း၊ အဓိပ္ပာယ်သတ်မှတ်ချက်၊ အယူအဆနှင့် သိမြင်မှုတို့သည် အနည်းဆုံးအနေဖြင့် ခိုင်မာသင့်သည်။ ဤခိုင်မာခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက အတော်အတန် သန့်စင်လာပြီး အခြေခံအားဖြင့် မည်သည့် လူသား၏ သိမြင်မှု၊ အယူအဆများ၊ စိတ်ကူးများ သို့မဟုတ် ထင်ကြေးပေးခြင်းတို့ မရောနှောဘဲ သို့မဟုတ် ဤအရာများ ရောနှောမှု ပို၍နည်းပါးလာခြင်းကို ဆိုလိုသည်။ ဤသည်တို့မှာ ထိုဥပမာများ၌ ရှိသော အကျိုးသက်ရောက်မှုများ ဖြစ်သည်။ ဤဥပမာများထဲမှ အချို့၌ ငါပြောပြသော လူတို့ သို့မဟုတ် အဖြစ်အပျက်များကို သင် သိကောင်းသိမည်၊ သို့မဟုတ် ထိတွေ့ဆက်ဆံခဲ့ပြီး ထိုသို့သော လူတို့နှင့် အတော်လေး ရင်းနှီးကောင်း ရင်းနှီးထားမည်၊ သို့မဟုတ် သင်သည် ထိုသို့သော အဖြစ်အပျက်များနှင့် ထိတွေ့ထားပြီး ထိုသို့သော အရာများကို ပြုလုပ်သော ဤလူတို့၏ ဖြစ်စဉ်တစ်ခုလုံးကိုပင် မျက်မြင်တွေ့ဖူးကောင်း တွေ့ဖူးမည်ဖြစ်သည်။ သို့သော် သမ္မာတရားနှင့်ပတ်သက်၍ သင်၏ နားလည်သဘောပေါက်မှုနှင့် လက်ခံထားမှုအပေါ် ယင်း၏ အကျိုးအမြတ်များမှာ အဘယ်နည်း။ သင်သည် ထိုသို့သော လူတို့နှင့် အတူနေထိုင်ကောင်း နေထိုင်ဖူးမည်၊ ဤကဲ့သို့သော ဇာတ်လမ်းများ ဇာတ်ရည်လည်လာသည်ကို သင် မြင်ဖူးပြီး ဤဇာတ်လမ်းများထဲ၌ ဖြစ်ပျက်ခဲ့သော အရာအားလုံးကို သင်ကိုယ်တိုင် တွေ့ကြုံပြီးသား ဖြစ်နိုင်သော်လည်း သင်သည် သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်ကို နားလည်သည်ဟု သေချာပေါက် ဆိုလိုခြင်းမျိုး ဟုတ်ချင်မှဟုတ်ပေမည်။ ဤသို့ဆိုခြင်းဖြင့် ငါ မည်သည့်အရာကို ဆိုလိုသနည်း။ သင်သည် ငါပြောပြနေသော လူ သို့မဟုတ် အဖြစ်အပျက်ကို သိသောကြောင့် သို့မဟုတ် အကျွမ်းတဝင်ရှိသောကြောင့် ဤနေရာ၌ မိတ်သဟာယပြုထားသည့် အသေးစိတ်အချက်များကိုဖြစ်စေ၊ သမ္မာတရားနှင့် အသေးစိတ် အကြောင်းအရာတို့ကိုဖြစ်စေ သင် နားထောင်စရာမလိုဟု မယူဆနှင့်။ ယင်းသည် အမှားကြီးကြီးတစ်ခု ဖြစ်မည်။ အကယ်၍ ထိုသူသည် သင်နှင့် အတွင်းကျကျ ရင်းနှီးသော လူတစ်ဦးဖြစ်လျှင်ပင် သင်သည် ဤအချိန်တွင် သမ္မာတရားကို နားလည်ပြီးသား၊ သဘောပေါက်ပြီးသား ဖြစ်သည်ဟု မဆိုလိုပေ။ ဤအရာကို ငါ အဘယ့်ကြောင့် သတိပေးနေသနည်း။ ယင်းမှာ သင်တို့ကို အသေးစိတ်အချက်များအပေါ် စိတ်ရှုပ်မခံရအောင် ကာကွယ်ဖို့ဖြစ်သည်။ လူတစ်ဦးက ဤသို့သော အရာတစ်ခု လုပ်သည်ကို သင်တွေ့ပြီး ဘုရားသခင်က သူ့ကို ဥပမာအဖြစ် ဖော်ထုတ်သည့်အခါတိုင်း သင်သည် သူ့ကို လှောင်ပြောင်ပြီး ထိုသို့သော လူတို့ကို အထင်အမြင်သေးသည်။ ဤသည်မှာ သမ္မာတရားအပေါ် ထားရမည့် မှန်ကန်သော သဘောထား ဟုတ်သလော။ (မဟုတ်ပါ။) ဤသည်မှာ မည်သည့်သဘောထား ဖြစ်သနည်း။ ဤသည်မှာ လမ်းလွဲသွားခြင်း မဟုတ်လော။ ဤသည်မှာ အစွဲရှိသော သဘောပေါက် နားလည်မှုဖြစ်၏။ ကွက်ကွက်ကွင်းကွင်း ဖြစ်သော ဤဥပမာများ၊ ဇာတ်လမ်းများနှင့် သတ်သတ်မှတ်မှတ်ဖြစ်သော လူတို့နှင့် ဖြစ်ရပ်များကြောင့် လူတို့၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ခြင်းသည် မည်သည့်ပုံစံရှိသည်ကို လူတိုင်းက အမှန်တကယ် နားလည်သဘောပေါက်နိုင်ကာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သဘာဝအနှစ်သာရတို့၏ ထုတ်ဖော်ခြင်းသည် မည်သည့်ပုံစံရှိသည်ကိုလည်းကောင်း၊ လူတို့၏ သဘာဝအနှစ်သာရသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သဘာဝအနှစ်သာရရှိသည့် လူစားတစ်မျိုးမျိုးက မည်သည့်လမ်းကြောင်းမျိုးကို လျှောက်သည်ကိုလည်းကောင်း၊ သူတို့ မည်သည့်အရာကို နှစ်သက်သည်ကိုလည်းကောင်း၊ သူတို့၏ စိတ်ခံစားချက် အတိုင်းအတာက မည်သို့ရှိသည်ကိုလည်းကောင်း၊ သူတို့ မည်သို့ ပြုမူနေထိုင်ပြီး ကမ္ဘာလောကကို မည်သို့ ဆက်ဆံကာ ဘဝအပေါ် သူတို့၏အမြင်က မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သူတို့၏ စည်းမျဉ်းများမှာ မည်သည့်အရာများ ဖြစ်သည်ကိုလည်းကောင်း၊ ထို့ပြင် ဘုရားသခင်နှင့် သမ္မာတရားအပေါ် သူတို့၏ သဘောထားက မည်သည့်အရာ ဖြစ်နိုင်သည်ကိုလည်းကောင်း ဟူသည်တို့ကို အမှန်တကယ် မျက်မြင်တွေ့ကြုံနိုင်လေသည်။ ဤဥပမာများ၊ သတ်သတ်မှတ်မှတ်ရှိသော ဤပုဂ္ဂိုလ်များနှင့် လက်ဆုပ်လက်ကိုင်ပြနိုင်သော ဖြစ်ရပ်များကြောင့်ပင် လူတို့သည် သမ္မာတရား၏ လက်တွေ့ကျမှုကို လူသား၏ အနှစ်သာရနှင့်ဆိုင်သည့် ဘုရားသခင်၏ ထုတ်ဖော်ခြင်းဖြင့် ပို၍ပေါင်းစပ်နိုင်ကာ ယင်းတို့နှင့် ပတ်သက်၍ အတော်ပင် ပို၍ရှင်းလင်းပြီး ပို၍တိကျမှန်ကန်သော ရှုထောင့်အမြင်ကို ရရှိနိုင်သည်။ သို့ဆိုလျှင် ဤစကားများ၏ နောက်ကွယ်မှ ငါ၏ ဆိုလိုရင်းမှာ အဘယ်နည်း။ ယင်းမှာ သင်သည် ဤဇာတ်လမ်းများကို လျှော့မတွက်သင့် ဟူ၍ဖြစ်သည်။ ငါသည် မည်သည့် ဇာတ်လမ်းမျိုးကို ပြောသည်ဖြစ်စေ၊ ယင်းက မည်သူ့ဇာတ်လမ်းဖြစ်စေ၊ သို့မဟုတ် မည်သည့်လူစားမျိုး၏ ဇာတ်လမ်းဖြစ်စေ ရည်မှန်းချက်ပန်းတိုင် တစ်ခုသာရှိပြီး ယင်းမှာ သင် သမ္မာတရား နားလည်ဖို့ အကူအညီပေးရန် ဖြစ်သည်။ အကယ်၍ သင်သည် ယင်းမှနေ၍ သမ္မာတရားကို ရရှိလျှင် လိုချင်သော အကျိုးသက်ရောက်မှုကို ရရှိပြီးပြီဖြစ်သည်။ ထို့ကြောင့် ဤဇာတ်လမ်းများကို ပထမဆုံးအကြိမ် ကြားဖူးသောအခါ ယင်းတို့က သင့်အား အပေါ်ယံဆန်သော သမ္မာတရားအချို့ကိုသာ နားလည်စေဖို့၊ အပေါ်ယံ အဓိပ္ပာယ် သို့မဟုတ် တိုက်ရိုက်အဓိပ္ပာယ်ကိုသာ နားလည်သ‌ဘောပေါက်စေဖို့ အခွင့်ပေးကောင်းပေးမည်။ သို့သော်လည်း သင်၏ ဝိညာဉ်ရင့်သန်မှု ဆက်လက်ကြီးထွားသည်နှင့်အမျှ၊ သင် အသက်ကြီးလာသည်နှင့်အမျှ အခြေအနေအမျိုးမျိုးအားဖြင့် အသက်တာ၌ သင် ကြီးထွားလာသည်နှင့်အမျှ သင်၏ အသက်တာသည်လည်း တဖြည်းဖြည်း ရင့်ကျက်လာပြီး ဤဇာတ်လမ်းများထဲမှ ဖြစ်ရပ်များနှင့် ဤနေရာ၌ ထင်ဟပ်သည့် လူအမျိုးမျိုးတို့၏ သဘာဝအနှစ်သာရ၊ အပြုအမူနှင့် သရုပ်သကန်တို့နှင့် ပတ်သက်၍ မတူညီသော နားလည်သဘောပေါက်မှုများကို သင် ရရှိမည်ဖြစ်သည်။ ဤနားလည်သဘောပေါက်မှုများက မည်သို့ ဖြစ်လာသနည်း။ ယင်းတို့သည် ဤဇာတ်လမ်းများကိုယ်၌မှ မဟုတ်ဘဲ ဇာတ်လမ်းများ၌ ပါဝင်သည့် သမ္မာတရားများမှ လာခြင်းဖြစ်သည်။ အကယ်၍ ယင်းသည် “ကျားကျားနှင့် အမြဲအော်နေပြီး တကယ်ကျားလာသည့်အချိန်တွင် မည်သူကမျှ မယုံတော့သော ကောင်လေး” ဟူသည့် ပုံပြင်ကဲ့သို့သော ပုံပြင်တစ်ပုဒ်ကို ပြောပြခြင်းမျှသာ ဖြစ်ပါက သင် နားထောင်ပြီးသောအခါ ထိုမျှသာဖြစ်သည်။ ယင်းသည် သမ္မာတရားနှင့် ဘာမျှမဆိုင်ပေ။ ယင်းက လူတို့ကို မည်သို့ပြုမူရမည်ကိုသာ သွန်သင်သည်။ ယင်းသည် အလွန် လွယ်ကူရိုးစင်းပြီး အပေါ်ယံဆန်သည်။ သို့သော် သမ္မာတရားနှင့် ပတ်သက်လာလျှင် ထိုကဲ့သို့သော ဇာတ်လမ်းမျိုး၏ နက်နဲမှုက လူတစ်ဦး အလွယ်တကူ နားလည်နိုင်‌သည့် အပေါ်ယံ အဓိပ္ပာယ်များကို ကျော်လွန်သည်။ ယင်းက လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သဘာဝအနှစ်သာရကို ထည့်သွင်းဖော်ပြကာ လူတို့အား မည်သို့ ပိုင်းခြားသိမြင်ရမည်၊ လူတစ်ဦး၏ လမ်းကြောင်း မည်သို့ ရွေးချယ်ရမည်၊ သမ္မာတရားကို မည်သို့ ချဉ်းကပ်ရမည်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် လူတို့၏ သဘောထားများက မည်သို့ရှိသင့်သည် အစရှိသည်တို့ ပါဝင်၏။ ယင်း၌ လူတို့ ငြင်းပယ်သင့်သည့် အရာနှင့် လက်ခံယုံကြည်သင့်သည့် အရာတို့ ပါဝင်သည်။ အကယ်၍ သင်တို့သည် ဤပုံစံအတိုင်း နားထောင်နိုင်ပါက တရားဒေသနာများကို သင်တို့ ကြားသည့်အခါတိုင်း တစ်စုံတစ်ရာကို ရရှိမည်၊ အလင်းကို ပိုရရှိပြီး သမ္မာတရား၏ လက္ခဏာသွင်ပြင် အမျိုးမျိုးနှင့် ပတ်သက်၍ စည်းမျဉ်းများကို ပို၍ နားလည်ကာ အသက်ဝင်ရောက်မှု အနည်းငယ်ကို တွေ့ကြုံမည်ဖြစ်သည်။ လူတို့သည် အသက်ကြီးရင့်သည်နှင့်အမျှ၊ အချိန်ကုန်လွန်သည်နှင့်အမျှ၊ လူမှုအခြေအနေများ ပြောင်းလဲသည်နှင့်အမျှ၊ ခေတ်ရေစီးကြောင်းများ ပြောင်းသည်နှင့်အမျှ သမ္မာတရားသည် လူတို့၏ စိတ်နှလုံးများထဲတွင် ဆက်လက်အလုပ်လုပ်ပြီး သူတို့သည် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ သမ္မာတရားကို အခြေခံ၍ လူတို့နှင့် အမှုအရာများအား မည်သို့ရှုမြင်ရမည်ကို သိမည်ဖြစ်သည်။ ဤသည်မှာ အသက်ရရှိခြင်းကို ဆိုလို၏။ သမ္မာတရားသည် လူတစ်ဦး၏ အသက် ဖြစ်လာနိုင်၏။ ထို့ကြောင့် ဇာတ်လမ်းတစ်ပုဒ်ကို မည်သည့်အချိန်၌ ပြောပြနေသည်ဖြစ်စေ တစ်ကြိမ်တစ်ခါသာ နားထောင်ပြီး ပြီးသွားပြီဟု သဘောမထားလေနှင့်။ ဆက်၍ နားထောင်ပြီး အကယ်၍ နားမလည်လျှင် ယင်းနှင့်ပတ်သက်၍ မိတ်သဟာယပြုနိုင်သည်။ အကယ်၍ ယင်းကို သင်၏ လက်ရှိအခြေအနေ၌ နားလည်သဘောပေါက်ဖို့ ခက်သည်ဟု သင်မြင်လျှင် သင်၏ ဝိညာဉ်ရင်သန်မှု မလုံလောက်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်မည်။ ထိုသို့ဖြစ်လျှင် သင် သဘောပေါက်နားလည်နိုင်သော အရာကို နားထောင်၍ သင်၏ လက်ရှိ ဝိညာဉ်ရင့်သန်မှုနှင့် ကိုက်ညီသည့်အရာကို ရွေးချယ်လော့။ အကယ်၍ ဇာတ်လမ်းတစ်ပုဒ်ကို ကြားရသောအခါ ရှင်းလင်းနေပုံပေါက်သော်လည်း နောက်တွင် နက်နဲသည်ဟု ထင်ရပါက၊ ယင်းကို သင် သဘောပေါက်နားလည်နိုင်ခြင်း မရှိပါက သို့မဟုတ် ဤအခြေအနေ၌ သင်၏ အတွေ့အကြုံများနှင့် ဘဝအနေအထားများနှင့် မကိုက်ညီပါက ယင်းကို သင်၏ စိတ်နှလုံးထဲ၌ သိမ်းထားပြီး သင် စွဲမှတ်လာအောင် ထားလိုက်ပါ။ နောင်တွင် သင်သည် အလားတူ အခြေအနေများကို ကြုံတွေ့သောအခါ သင့်စိတ်နှလုံးထဲ၌ သိမ်းဆည်းထားသောအရာက တစ်ဖန်ပြန်၍ ထင်ဟပ်လာနိုင်သည်။ ယင်းမှာ သင်လေ့လာထားသည့် ဝေါဟာရနှင့် အသုံးအနှုန်းများ သို့မဟုတ် သင့်ဦးနှောက်က စွဲမှတ်ထားသည့် သတင်းအချက်အလက်ကဲ့သို့ပင် ဖြစ်၏။ ယင်းတို့ကို သင် နေ့စဉ် စဉ်းစားသလော။ မစဉ်းစားသည်မှာ သေချာသလောက်ပင်။ သင်သည် ယင်းတို့ကို တစိမ့်စိမ့်တွေးနေကျ မဟုတ်သော်လည်း ဤအသုံးအနှုန်း၊ ဝေါဟာရ သို့မဟုတ် သတင်းအချက်အလက်နှင့် ဆီလျော်သည့် ဝန်းကျင်အခြေအနေ၌ ရောက်ရှိသောအခါ ယင်းတို့အချို့က စိတ်ထဲပေါ်လာသည်။ လူတို့၌ အမှတ်တရစရာများ ရှိကာ အချို့သောအရာများကို မိမိတို့၏ စိတ်ထဲ၌ အလိုအလျောက် သိမ်းထားသည်။ ဤအရာများကို သင့်အနေဖြင့် နေ့စဉ်အသက်တာ၌ အသုံးပြုဖို့ လုံလောက်ကာ အတော်လေး အကျိုးပြုနိုင်သော်လည်း သင်သည် ယင်းတို့ကို တမင်သက်သက် အသုံးပြုဖို့နှင့် စည်းမျဉ်းများကို တစ်သဝေမတိမ်း လိုက်နာစောင့်ထိန်းဖို့ ကြိုးစားပါက ပို၍ အမှားလုပ်နိုင်ဖွယ်ရှိသည်။ သင်သည် မိမိ၏ ဝိညာဉ်ရင့်သန်မှုနှင့် မိမိတွေ့ကြုံထားသော အခြေအနေများကို အခြေခံ၍ စိစိစစ်စစ် နားထောင်သင့်သည်။ ဤနည်းဖြင့် သင်၏တိုးတက်မှုက ပို၍ မြန်ဆန်လာမည်။ မည်သို့နားထောင်ရမည်ကို သိသောသူတို့က ပို၍ ရရှိကြမည်ဖြစ်သော်လည်း မသိသောသူတို့က အနည်းငယ်သာ ရရှိမည်၊ သို့မဟုတ် မည်သည့်အရာမျှ ရရှိကောင်း ရရှိမည်မဟုတ်ပေ။ ၎င်းတို့သည် ဤဇာတ်လမ်းတစ်ခုတစ်လေကိုမျှ နားမထောင်ချင်၊ ယင်းတို့တစ်ခုတွင်မျှ သမ္မာတရား မပါဝင်ဟုပင် ထင်ကောင်းထင်ပြီး ငါသည် အသုံးမကျသော အာလာပသလ္လာပ ပြောခြင်းနှင့် တစ်ချိန်လုံး အတင်းအဖျင်း ပြောခြင်း ပြုလုပ်မည့်အစား အဘယ့်ကြောင့် သမ္မာတရားအကြောင်း မပြောသနည်းဟုပင် တွေးကောင်းတွေးမည် ဖြစ်သည်။ မည်သို့သော လူအမျိုးအစားက ဤအပြုအမူကို ပြသနည်း။ (ဝိညာဉ်ရေးရာ နားလည်သဘော‌ပေါက်မှု မရှိသောသူတို့ပင်။) ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော လူတို့က ဤအတိုင်း စဉ်းစားကောင်း စဉ်းစားမည်။ ငါ တရားဒေသနာများကို ‌ဟောသောအခါ ဤနေ့စဉ် အကြောင်းအရာများကိုသာ ငါပြောသည်၊ ထိုသို့ဆိုလျှင် သူတို့လည်း ပြောနိုင်သည်ဟု ထင်ကောင်းထင်ကြမည် ဖြစ်သောကြောင့် သူတို့ အခြားလုပ်စရာ မရှိသောအခါ အခြားသူများနှင့် အသုံးမကျသော အာလာပသလ္လာပ ပြောကြသည်။ သင်သည် ငါပြောသည့် ဇာတ်လမ်းများထက် အတင်းအဖျင်းစကားကို ပိုသိနိုင်သော်လည်း သင်၏ ဆွေးနွေးချက်များ၌ သမ္မာတရား ပါဝင်သလော။ (မပါဝင်ပါ။) အကယ်၍ ယင်းတို့၌ သမ္မာတရား မပါဝင်လျှင် လက်လွတ်စပယ် မပြောမိဖို့ ဂရုစိုက်လော့။ သို့မဟုတ်လျှင် သမ္မာတရားနှင့် မဆက်စပ်သည့် အရာများကို ဆွေးနွေးမိကောင်း ဆွေးနွေးမိမည် ဖြစ်သည်။ လူတို့အား သမ္မာတရားကို နားလည်ဖို့ အကူအညီပေးရန် ဇာတ်လမ်းများကို ငါပြောခြင်းဖြစ်သည်။ သင်တို့သည် ငါ့ကို ကြောင်းကျိုးမမြင်ဘဲ အတုမခိုးသင့်ပေ။ သမ္မာတရား ရှာဖွေခြင်း၊ သမ္မာတရား နားလည်ခြင်းနှင့် စည်းမျဉ်းများအတိုင်း အရေးကိစ္စများအား ကိုင်တွယ်ဖို့ ကြိုးပမ်းခြင်းကိုသာ သင်တို့ အာရုံစိုက်သင့်သည်။ သင်၏ အပြော၌ဖြစ်စေ၊ သင်၏ လုပ်ရပ်များ၌ဖြစ်စေ သမ္မာတရားစည်းမျဉ်းများနှင့် ချိန်ညှိခြင်းကို ဦးစားပေးလော့။ ဤနည်းဖြင့် သင်တို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ တဖြည်းဖြည်း ဝင်ရောက်မည်ဖြစ်သည်။

၃။ အန္တိခရစ်များက လူတို့အား မည်သို့ ခြိမ်းခြောက်ပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

လူတို့အား အထင်အမြင် မှားစေပြီး ဆွဲဆောင်သိမ်းသွင်းသော အန္တိခရစ်များ၏ သရုပ်သကန်နှစ်မျိုးအကြောင်း ငါတို့ မိတ်သဟာယ ဖွဲ့ပြီးဖြစ်သည်။ လူတို့အား ၎င်းတို့ ခြိမ်းခြောက်ပုံနှင့်ပတ်သက်၍ ယခု မိတ်သဟာယဖွဲ့ကြစို့။ အန္တိခရစ်များ၏ ဤနည်းစနစ်များသည် တစ်ခုပြီးတစ်ခု ပို၍ ဆိုးရွားလာသည်။ အထင်အမြင်မှားစေခြင်း၊ ဆွဲဆောင်သိမ်းသွင်းခြင်းနှင့် နှိုင်းယှဉ်ကြည့်သောအခါ ဤခြိမ်းခြောက်ခြင်းဟူသည့် စနစ်က ဆန်းပြားမှု ပိုများသလော သို့မဟုတ် ပိုနည်းသလော။ (ပိုနည်းပါသည်။) အကယ်၍ ၎င်းတို့သည် အထင်အမြင်မှားစေခြင်းနှင့် ဆွဲဆောင်သိမ်းသွင်းခြင်းဖြင့် အဆင်မပြေလျှင် ခြိမ်းခြောက်မှုများကို ကျင့်သုံးရတော့သည်။ အန္တိခရစ်တစ်ဦးသည် လူတို့ကို မည်သို့ ခြိမ်းခြောက်သနည်း။ ၎င်းတို့သည် အဘယ့်ကြောင့် ထိုနည်းစနစ်မျိုးကို ကျင့်သုံးရသနည်း။ (၎င်းတို့၏ ရည်မှန်းချက်များ မဖြစ်မြောက်သောကြောင့် ဖြစ်သည်။) ၎င်းတို့၏ ရည်မှန်းချက်များမှာ မဖြစ်မြောက်ပေ။ ခြိမ်းခြောက်ခြင်း၌ အခြားအဓိပ္ပာယ်တစ်ခု ပါဝင်၏။ ယင်းကို ဖော်ပြဖို့ရန် မည်သည့် စကားအသုံးအနှုန်းကို အသုံးပြုနိုင်သနည်း။ (၎င်းတို့၏ သရုပ်အမှန်ကို ပြသခြင်းဖြစ်ပါသည်။) ယင်းမှာ တိကျမှန်ကန်ခြင်း သိပ်မရှိပေ။ နောက်ထပ်အသုံးအနှုန်းတစ်ခုကို ပြောကြည့်လော့။ (အ်ရှက်ရခြင်းကြောင့် စိတ်ဆိုးလာခြင်း ဖြစ်သည်။) ပို၍ နီးစပ်လာပြီ။ ပို၍ သင့်လျော်သော အသုံးအနှုန်းတစ်ခု ရှိသလော။ (စိတ်အနှောင့်အယှက်ဖြစ်ပြီး ဒေါသထွက်ခြင်းဖြစ်ပါသည်။) အတိအကျပင်၊ စိတ်အနှောင့်အယှက်ဖြစ်ပြီး ‌ဒေါသထွက်ခြင်း ဖြစ်၏။ ယင်းမှာ “ရုတ်တရက် ဒေါသူပုန်ထခြင်း” ဟူသည့် အရပ်သုံးဆိုရိုးနှင့် တူ၏။ အဓိပ္ပာယ်မှာ “ကျွန်ုပ်သည် ကြင်နာသော စကားနှင့် ကြမ်းတမ်းသော စကားနှစ်မျိုးလုံးကို ပြောကြည့်ခဲ့ပြီ။ များသောအားဖြင့် သင်တို့ကို မည်သည့်အခါမျှ ကျွန်ုပ် မတရားမလုပ်ခဲ့ချေ။ ကျွန်ုပ်ကို သင် အဘယ့်ကြောင့် နားမထောင်ဘဲ နေရမည်နည်း။ သင် နားထောင်မည် မဟုတ်သောကြောင့် သင်နှင့် ထိုက်တန်သည်ကို သင်ရမည်။ သင့်အပေါ် ခြိမ်းခြောက်မှုများဟူသည့် ဤနည်းဗျူဟာကို ကျွန်ုပ် အသုံးပြုမည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် နည်းဗျူဟာ ပြောင်းလဲကြ၏။ စာတန်၌ နည်းဗျူဟာအမျိုးမျိုးရှိကာ ယင်းတို့အားလုံးမှာ စက်ဆုပ်ဖွယ်ကောင်းသည်။ ခြိမ်းခြောက်မှုများသည် ထုံးစံအတိုင်း ဆွဲဆောင်သိမ်းသွင်းခြင်းနှင့် ပေါင်းစပ်တတ်၏။ အကယ်၍ ၎င်းတို့သည် ခြိမ်းခြောက်မှုများကိုသာ အသုံးပြုပါက လူအချို့သည် မကြောက်သည့်အပြင် ၎င်းတို့ကို နားမထောင်ကြပေ။ ထိုအခါ ၎င်းတို့သည် အခြားရွေးစရာ မရှိဘဲ တစ်ခါတစ်ရံ ဆွဲဆောင်သိမ်းသွင်းခြင်းကို ကျင့်သုံးကောင်း ကျင့်သုံးရတော့မည်။ အကယ်၍ ဤအရာဖြင့် အဆင်မပြေသောအခါ ထိုအရာကို လုပ်ကြည့်ရသည်။ ၎င်းတို့သည် နူးညံ့သော နည်းဗျူဟာနှင့် ကြမ်းတမ်းသော နည်းဗျူဟာ နှစ်မျိုးလုံးကို အသုံးပြုကြသည်။ သို့ဆိုလျှင် အန္တိခရစ်များသည် လူတို့ကို အဘယ့်ကြောင့် ခြိမ်းခြောက်ရသနည်း။ ၎င်းတို့သည် မည်သည့် အခြေအနေများတွင် ခြိမ်းခြောက်မှုများကို ကျင့်သုံးကြရသနည်း။ အကယ်၍ လူနှစ်ဦးသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက် မိမိ၏လမ်းကြောင်းကို ကိုယ်စီလျှောက်ကာ သူတို့ကြားတွင် အကျိုးအမြတ်နှင့်ဆိုင်သည့် ပဋိပက္ခများ မရှိပါက ခြိမ်းခြောက်မှုများကို သူတို့ ကျင့်သုံးမည်လော။ (ကျင့်သုံးမည် မဟုတ်ပါ။) ထိုအခါ ခြိမ်းခြောက်ခြင်းဟူသည့် ဤအပြုအမူနှင့် လက်တွေ့လုပ်ဆောင်မှုသည် မည်သည့်အခြေအနေများတွင် စတင်ပေါ်ပေါက်မည်နည်း။ ယင်းမှာ ၎င်းတို့၏ အကျိုးအမြတ် သို့မဟုတ် ဂုဏ်သတင်းနှင့် ပတ်သက်လာသောအချိန်၊ ၎င်းတို့၏ ရည်မှန်းချက်များ မဖြစ်မြောက်သောအချိန်တွင် ဖြစ်သည်မှာ အမှန်ပင်။ ၎င်းတို့သည် “သင် ငါ့ကို နားကိုမထောင်ဘဲနေမည် မဟုတ်လော။ သို့ဆိုလျှင် သင့်အား အကျိုးဆက်များကို ပြရပေမည်” ဟု စဉ်းစားလျက် လက်နက်ကြီးများကို ထုတ်သုံးတော့သည်။ ဤအကျိုးဆက်များမှာ အဘယ်နည်း။ သင် ကြောက်နေသောအရာတိုင်းပင်ဖြစ်၏။ သင် တွေ့ကြုံခဲ့ပြီးသော ခြိမ်းခြောက်မှုနှင့်ဆိုင်သည့် သာဓကတစ်ခုခုကို သင်တို့ ပြန်အမှတ်ရနိုင်သလော။ (ညီအစ်ကို မောင်နှမများက မိမိတို့အား ကျိုးနွံနာခံခြင်း မရှိသည်ကို တွေ့သောအခါ အန္တိခရစ်အချို့သည် ၎င်းတို့ကို စတင်၍ ဝေဖန်အပြစ်တင်ပြီး ရှုတ်ချကာ “‌ခေါင်းဆောင်များကို ကျိုးနွံနာခံဖို့ ပျက်ကွက်ခြင်းသည် ဘုရားကို ကျိုးနွံနာခံဖို့ ပျက်ကွက်ခြင်းဖြစ်သည်” ဟု ဆိုပြီးလျှင် လူတို့ကို ခြိမ်းခြောက်ဖို့ ဤအရာကို အသုံးချကြသည်။) (တစ်စုံတစ်ယောက်က ခေါင်းဆောင်ပိုင်းကို နားမထောင်ပါက ထိုခေါင်းဆောင်က သူ့အား ဖြုတ်ချဖို့အတွက် မိမိ၏ အာဏာကို အသုံးပြုသည့် အခြားဥပမာတစ်ခုကို ကျွန်ုပ် စဉ်းစားမိသည်။) မည်သို့ဆိုစေ ၎င်းတို့သည် မိမိတို့အား နားမထောင်ခြင်းက အကျိုးဆက်များကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း လူတို့အား နားလည်စေလိုသည်။ သို့ဆိုလျှင် လူတို့အား မိမိတို့ကို နားထောင်စေခြင်းအတွက် ၎င်းတို့၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့က “ခေါင်းဆောင်ပိုင်းအား ကျိုးနွံနာခံခြင်းသည် ဘုရားကို ကျိုးနွံနာခံခြင်းဖြစ်သည်။ အကြောင်းမှာ ခေါင်းဆောင်မှုကို ဘုရားက စီမံခြင်းဖြစ်သောကြောင့်ပင်ဖြစ်၏။ သင်သည် ကျိုးနွံနာခံရမည်။ အကယ်၍ သင်သည် ခေါင်းဆောင်များကို ကျိုးနွံနာခံခြင်း သို့မဟုတ် နားထောင်ခြင်းမရှိပါက ယင်းမှာ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်းနှင့် ဘုရားကို အတိုက်အခံလုပ်ခြင်း ဖြစ်သည်။ ဘုရားကို အတိုက်အခံလုပ်ခြင်း၏ အကျိုးဆက်မှာ ဖယ်ရှားရှင်းလင်းခံရခြင်း ဖြစ်သည်။ မပြင်းထန်သော အခြေအနေများတွင် သင်သည် မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ရန်အတွက် သီးခြားခွဲထားခြင်း ခံရနိုင်သည်။ ဆိုးရွားပြင်းထန်သော အခြေအနေများတွင် သင်သည် အသင်းတော်မှ နှင်ထုတ်ခြင်းပင် ခံရနိုင်သည်” ဟု မကြာခဏ ပြောလေသည်။ ၎င်းတို့သည် မိမိတို့အား လူတို့ကို အတင်းအကျပ် ကျိုးနွံနာခံစေဖို့အတွက် ဖြစ်နိုင်ချေရှိသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် ဤအရာများကို အသုံးချသည်။ ဤမျှမက အခြားသော အန္တိခရစ်အချို့သည် လူတို့ကို မည်သို့ ခြိမ်းခြောက်ကြသနည်း။ မိမိတို့အား ကျိုးနွံနာခံခြင်း မရှိသောသူတို့ကို ဝိုင်းဝန်းဆန့်ကျင်ရန် အခြားသူများကို သွေးထိုးလှုံ့ဆော်ကြသည်။ ထို့ပြင် မိမိတို့အား မနာခံသော သူတို့ကို လူစားထိုးကြသည်၊ သို့မဟုတ် ထိုသူတို့၏ တာဝန်ကို ပြောင်းပေးကြသည်။ လူအချို့က မိမိတို့၌ ထမ်းဆောင်ဖို့ တာဝန်မရှိမည်ကို အမှန်ပင် ကြောက်ရွံ့ကြသည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် ကယ်တင်ခြင်းရဖို့ အခွင့်အရေး ရှိကောင်းရှိမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်ဖို့ ပျက်ကွက်ခြင်းက ထိုအရာကို နုတ်ယူသွားနိုင်သည်ဟု ထင်မြင်ယူဆကြသည်။ အန္တိခရစ်များက မိမိတို့၏ စိတ်နှလုံးထဲတွင် “သင်၏ အားနည်းချက်ကို ငါသိသည်။ သင် ငါ့ကို နားမထောင်ပါက သင့်အား တာဝန်ထမ်းဆောင်စေမည် မဟုတ်” ဟု တွေးတောကြ၏။ ဤလူတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ အရည်အချင်း မပြည့်မီသောကြောင့် သို့မဟုတ် မိမိတို့၏တာဝန်ကို သူတို့ ထမ်းဆောင်ခြင်းက ဘုရားအိမ်တော်၏ အကျိုးကို ထိခိုက်သောကြောင့် သူတို့အား တာဝန်ထမ်းဆောင်ခွင့် မပြုခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့ အဘယ့်ကြောင့် ထိုသို့လုပ်သနည်း။ ယင်းမှာ အမြင်မတူသူများကို ကြဉ်ထားရန်နှင့် လူတို့အား ခြိမ်းခြောက်ပြီး မိမိတို့အား နားထောင်စေဖို့ ဤနည်းစနစ်ကို အသုံးပြုရန်ဖြစ်သည်။ ခြိမ်းခြောက်မှုများနှင့် ပတ်သက်လာလျှင် အန္တိခရစ်များသည် လူတို့ကို ကိုင်တွယ်ဖြေရှင်းရာ၌ သို့မဟုတ် အမှုကိစ္စများကို ကိုင်တွယ်ရာ၌ သမ္မာတရားစည်းမျဉ်းများကို လုံးဝ မလိုက်နာကြပေ။ ထိုအစား ၎င်းတို့သည် လူတို့ကို မိမိတို့အား ကျိုးကျိုးနွံနွံ နာခံပြီး နားထောင်စေရန်နှင့် မိမိတို့အား မည်သည့်ပြဿနာမျှ မပေးရန် သို့မဟုတ် မိမိတို့၏ အရေးကိစ္စများကို မဖျက်ဆီးစေရန်အတွက် ခြိမ်းခြောက်ခြင်း၊ အင်အားနှင့် အကျပ်ကိုင်မှုတို့ကို အသုံးချကြသည်။

အန္တိခရစ်တစ်ဦး၏ ခြိမ်းခြောက်မှုများအား အသုံးပြုခြင်းသည် လူတို့က ၎င်းတို့အား မနာခံခြင်းသက်သက်ကြောင့် သို့မဟုတ် အလေးအနက်မထားဘဲ လျစ်လျူရှုခြင်းသက်သက်ကြောင့် မဟုတ်၊ ယင်းက ကဏ္ဍတစ်ခုသာ ဖြစ်၏။ နောက်ထပ် အကြောင်းရင်းတစ်ခုရှိကာ ဆိုလိုသည်မှာ အခြားသူများက အန္တိခရစ်များ၏ ပြဿနာများကို တွေ့ရှိပြီး ၎င်းတို့ကို ဖော်ထုတ်လိုသောအခါ သို့မဟုတ် အထက်သို့ တိုင်ကြားလိုသောအခါ ၎င်းတို့သည် ထိုအရာကို အထက်က သိရှိကောင်း သိရှိသွားမည်ကိုဖြစ်စေ၊ ပိုများသောလူတို့က သိကောင်းသိသွားမည်ကိုဖြစ်စေ ကြောက်ရွံ့သဖြင့် ၎င်းတို့သည် ဤအရာများကို ဖုံးကွယ်ရန်နှင့် ထိုသူတို့ကို ဖိနှိပ်ရန်အတွက် အစွမ်းကုန် ဆောင်ရွက်ကာ ယင်းတို့ကို ဖော်ထုတ်ခံရဖို့ လုံးဝ အခွင့်မပေးကြချေ။ ပိုများသော လူတို့က သိရှိသွားလျှင် မည်သည့်အရာ ဖြစ်ပျက်သွားမည်နည်း။ သူတို့သည် ထိုအန္တိခရစ်ကို ပစ်ပယ်ပြီး ကျိန်ဆဲကြမည်။ ၎င်းတို့ကို မည်သူမျှ နောက်ထပ် ကိုးကွယ်ကြမည် မဟုတ်တော့ဘဲ ၎င်းတို့သည် မိမိတို့၏ ရာထူးနေရာနှင့် သြဇာအာဏာကို ဆုံးရှုံးရမည်ဖြစ်သည်။ ထို့ကြောင့် လူတို့အား ခြိမ်းခြောက်သည့် ဤနည်းစနစ်ကို အသုံးပြုရာ၌ ထိုအန္တိခရစ်၏ ရည်ရွယ်ချက်မှာ မိမိတို့၏ ရာထူးနေရာနှင့် သြဇာအာဏာကို ကာကွယ်ဖို့လည်း ဖြစ်သည်။ ၎င်းတို့ ဤသို့မလုပ်ပါက ညီအစ်ကို မောင်နှမများက မိမိတို့ကို စတင်၍ ထိုးထွင်းသိမြင်လာမည် ဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် ၎င်းတို့ အရွေးခံရတော့မည် မဟုတ်ဘဲ သာမန်ယုံကြည်သူ တစ်ဦးအဖြစ်သာ လျှော့ချခံရမည်ဖြစ်သည်ဟု ယူဆကြသည်။ ၎င်းတို့အနေဖြင့် သာမန်ယုံကြည်သူတစ်ဦး ဖြစ်သည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့၌ သြဇာအာဏာမရှိ၊ မိမိတို့နောက်လိုက်ဖို့ သို့မဟုတ် မိမိတို့၏ ထောက်ခံသူများဖြစ်လာဖို့ တစ်ဦးမျှမရှိသည့်အပြင် မိမိတို့၏ ရာထူးနေရာနှင့် သြဇာအာဏာ ဖြုတ်ချခံရပြီဖြစ်ကာ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ မပြည့်ဝတော့ဟု ဆိုလိုခြင်းဖြစ်သည်။ ၎င်းတို့သည် သာမန်ယုံကြည်သူ သို့မဟုတ် သာမန်နောက်လိုက်သူ မဖြစ်ချင်သောကြောင့် မိမိတို့အား နားထောင်ဖို့နှင့် နာခံဖို့၊ မိမိတို့အား သြဇာအာဏာနှင့် ရာထူးနေရာ ဆက်လက် ကိုင်စွဲခွင့်ပြုဖို့အတွက် လူတို့ကို ခြိမ်းခြောက်ပြီး အကျပ်ကိုင်ရန်၊ လူတို့ကို ဆက်လက်၍ ထိန်းချုပ်ထားပြီး လူအချို့၏ အားပေးမှုကို ရရှိရန်အလို့ငှာ လူတို့အား ခြိမ်းခြောက်ခြင်းဟူသည့် ဤနည်းစနစ်ကို အသုံးပြုခြင်း ဖြစ်သည်။ ထိုအန္တိခရစ် ပြုသမျှမှာ ၎င်း၏ ရာထူးနေရာနှင့် အဓိကပတ်သက်သည်။ တစ်စုံတစ်ခုသည် မိမိတို့၏ ရာထူးနေရာနှင့် ပတ်သက်လာသည့်အခါတိုင်း ၎င်းတို့သည် ယင်းကို အားသွန်ခွန်စိုက် ကာကွယ်ရန်နှင့် လုံခြုံစေရန် အချို့သော နည်းလမ်းများ သို့မဟုတ် နည်းစနစ်များကို အသုံးချကြမည်ဖြစ်သည်။ အထက်က အချို့သော ကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့ထဲမှ အချို့ကို မေးမြန်းသောအခါ၌ပင် ၎င်းတို့သည် ထိုသူတို့၏မျက်နှာကို စေ့စေ့ကြည့်ပြီး အရှက်မရှိ ဗြောင်လိမ်နိုင်ကြသည်။ ဥပမာ ဤလထဲတွင် ဧဝံဂေလိတရားဟောခြင်းဖြင့် အသင်းတော်သည် လူမည်မျှကို ရရှိကြောင်း အထက်က မေးမြန်းသောအခါ လူတစ်ဦးမျှ မရကြောင်း ထိုအန္တိခရစ် သိထားလျှင်ပင် သူက လိမ်ညာကောင်း လိမ်ညာပြီး လူငါးဦး ရရှိထားသည်ဟု ပြောကောင်းပြောမည်။ အမှန်တရားကို သိသော ညီအစ်ကို မောင်နှမများက ထိုအန္တိခရစ်ကို ထိပ်တိုက်တွေ့ကာ “ထိုလူငါးဦးတို့က လေ့လာစုံစမ်းနေကြခြင်းသာ ဖြစ်သည်။ ကျွန်ုပ်တို့ လူငါးဦး ရသည်ဟု သင် အဘယ့်ကြောင့်ဆိုသနည်း။ အထက်ကို သင် အမှန်အတိုင်း ပြောပြသင့်သည်” ဟု ပြောသောအခါ ထိုအန္တိခရစ်က မည်သည့်အရာကို ပြောသနည်း။ “ကျွန်ုပ်တို့သည် အဘယ့်ကြောင့် လူငါးဦးမရနိုင်ဘဲ နေမည်နည်း။ ကျွန်ုပ်က ငါးဦးရသည်ဟုဆိုလျှင် ငါးဦးဖြစ်သည်။ သင်၏ သဘောထားက အရေးမပါပေ။ ကျွန်ုပ်တို့ တစ်ဦးတစ်ယောက်မျှ မရဟု ဆိုလျှင် ယင်းကို အထက်သို့ ကျွန်ုပ် မည်သို့ ရှင်းပြရမည်နည်း။ ယင်းကို သင် တိုင်ကြားလိုပါက တိုင်ကြားလော့။ သို့သော် သင် အမှန်အတိုင်း ပြောလိုက်လျှင် အထက်က သင့်ကို ပြုပြင်ကောင်း ပြုပြင်မည်ပင်။ သူတို့က ဧဝံဂေလိတရားဟောရာ၌ ပါဝင်သော သင်တို့အားလုံးကို ဖြုတ်ကောင်း ဖြုတ်ချမည်၊ သို့မဟုတ် ဧဝံဂေလိအဖွဲ့ကိုပင် ဖျက်ကောင်း ဖျက်သိမ်းမည် ဖြစ်သည်။ ထိုအခါ သင်သည် သင်၏တာဝန်များကို ထမ်းဆောင်နိုင်မည် မဟုတ်ဘဲ ယင်းအတွက် ကျွန်ုပ် အပြစ်တင်ခံရမည်မဟုတ်” ဟူ၍ ဖြစ်သည်။ ထိုသူက ဤအရာကို ကြားရသောအခါ မှင်တက်သွားပြီး မတိုင်တန်းဝံ့တော့ပေ။ ဤသည်မှာ ခြိမ်းခြောက်မှုမဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ပေါ်တင်ခြိမ်းခြောက်မှု ဖြစ်၍ လူပုံအလယ်တွင် ပြောချလိုက်ခြင်း ဖြစ်သည်။ ဤသည်ကို လူအချို့ ကြားရသောအခါ “ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းတွင် အကျိုးဆက်များရှိသည်။ ငါသည် ရိုးသားပါက ငါ၏တာဝန်ကို ထမ်းဆောင်နိုင်မည် မဟုတ်သည့်အတွက် ယင်းကို တိုင်တန်းတော့မည် မဟုတ်။ လူငါးဦးဟု ငါတို့ အစီရင်ခံရမည်” ဟု စဉ်းစားလေသည်။ လူအချို့မှာ သူတို့၏ စိတ်နှလုံးထဲ၌ ဘဝင်မကျတော့ဘဲ “အကယ်၍ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ မရလျှင် ယင်းမှာ ပကတိအခြေအနေ ဖြစ်ပေသည်။ အထက်က ကျွန်ုပ်တို့ကို ကိုင်တွယ်ဖို့ မည်ကဲ့သို့ ဆုံးဖြတ်သည်ဖြစ်စေ ကျွန်ုပ်တို့ ကျိုးနွံနာခံသင့်သည်” ဟု ဆိုကြသည်။ ဤသည်ကို ကြားရသောအခါ ထိုအန္တိခရစ်၏ သဘောထားမှာ အဘယ်နည်း။ “ကျိုးနွံနာခံခြင်းလော။ ယင်းမှာ အခြေအနေအပေါ် မူတည်သည်။ ဧဝံဂေလိတရားဟောရာ၌ ကျွန်ုပ်တို့ ယခု ရင်ဆိုင်ရသော အခက်အခဲများနှင့် ပတ်သက်၍ အထက်က သိသလော။ ဤအရာနှင့် ပတ်သက်၍ သူတို့ အရေးစိုက်သလော” ဟူ၍ဖြစ်သည်။ အထက်က ဧဝံဂေလိ တရားဟောခြင်း အခြေအနေကို စုံစမ်းစစ်ဆေးသောအခါ သူတို့သည် ပါဝင်သည့် စိန်‌ခေါ်မှုများကို သတိမထားမိခဲ့ကြပေ။ တစ်လတွင် အနည်းဆုံး လူမည်မျှကို ရရှိနိုင်ကြောင်း သူတို့ သိကြပြီး အကယ်၍ ဧဝံဂေလိအဖွဲ့သည် တစ်လတွင် တစ်ဦးတစ်လေမျှကို မရပါက သူတို့ ဖျက်သိမ်းခံရမည်ဟု မည်သည့်အခါမျှ မပြောကြပေ။ သို့ဆိုလျှင် ထိုအန္တိခရစ်က ဤစကားကို မည်သည့်နေရာမှ စိတ်ကူးရလာခဲ့သနည်း။ (၎င်းတို့ ယင်းကို ဖန်တီးလိုက်ခြင်း ဖြစ်ပါသည်။) ၎င်းတို့သည် မိမိတို့၏ အလိမ်အညာများကို ဖုံးကွယ်ရန်၊ ဤလူတို့ကို ထိန်းချုပ်ရန်၊ မိမိတို့၏ အလိမ်အညာများကို အထက်က သို့မဟုတ် ညီအစ်ကိုမောင်နှမများက မရိပ်စားမိအောင် တားဆီးရန်နှင့် ၎င်းတို့ ဖြုတ်ချခြင်း မခံရအောင် မိမိတို့၏ ရာထူးနေရာကို လုံခြုံစေရန်အတွက် ယင်းကို ၎င်းတို့ကိုယ်တိုင် လုပ်ကြံပြောဆိုခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤအတွက်ကြောင့် ထိုမျှ နတ်ဆိုးဆန်သော စကားများကို တီထွင်ဝံ့ကြခြင်း ဖြစ်သည်။ ထိုးထွင်းသိမြင်နိုင်သော လူများက ၎င်းတို့ကို ဖော်ထုတ်နိုင်သော်လည်း ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသောသူတို့က အထင်အမြင်မှားအောင် လုပ်ခြင်းခံရကာ “အမှန်စင်စစ် ဤတာဝန်ကို အလွယ်တကူ မရနိုင်ပေ။ ငါတို့သည် အထက်ကို ရိုးသား၍မရပေ။ အကယ်၍ လူငါးဦးရှိသည်ဟု သင်ပြောပါက ငါးဦးဖြစ်ပေသည်။ ဤလတွင် ငါတို့ လူငါးဦး မရသော်လည်း လာမည့်လတွင် ငါးဦးရအောင် ရည်မှန်းချက်ထားရမည်။ အမှန်တွင်မူ လာမည့်လတွင် ငါးဦးရပါက အလိမ်အညာတစ်ခု ဖြစ်တော့မည်မဟုတ်” ဟု စဉ်းစားကြသည်။ ထိုအန္တိခရစ်သည် လိမ်လည်လှည့်စားမှု၌ ပါဝင်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသောသူတို့လည်း ၎င်းတို့နှင့်အတူ ယင်း၌ ပါဝင်ကြသည်။ ၎င်းတို့သည် လူလိမ်လူညစ်အဖွဲ့ ဖြစ်ကြ၏။ အန္တိခရစ်တစ်ဦးအနေဖြင့် လူတို့ကို ခြိမ်းခြောက်သည့် ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ယင်းမှာ သူတို့ကို မိမိတို့အား နာခံစေပြီး နားထောင်စေရန် ဖြစ်သည်။ ၎င်းတို့သည် လိမ်ညာပြီး မကောင်းမှုကျူးလွန်သည်။ အသင်းတော်ကို ထိန်းချုပ်သည်။ လူတို့ကို အထင်အမြင်မှားစေသည်။ စည်းမျဉ်းများ သို့မဟုတ် လုပ်ငန်းစီမံခန့်ခွဲမှုများကို လိုက်နာခြင်းမရှိဘဲ အလုပ်ကို ဦးစီးဦးရွက် ပြုသည်။ ထို့ပြင် ၎င်းတို့ မည်သို့ မဆင်မခြင် ပြုမူသည်ဖြစ်စေ ညီအစ်ကို မောင်နှမများအား မိမိတို့ကို ဖော်ထုတ်ဖို့ သို့မဟုတ် အထက်သို့ တိုင်ကြားဖို့ အခွင့်မပေးကြပေ။ တစ်စုံတစ်ယော်က ၎င်းတို့ကို အထက်သို့ တိုင်ကြားဖို့ ပြင်ဆင်နေကြောင်း ၎င်းတို့ တွေ့ရှိသောအခါ ယင်းမှာ ခြိမ်းခြောက်မှုများကို ၎င်းတို့ ကျင့်သုံးကြရသောအချိန် ဖြစ်လေသည်။ ထိုလူကို ၎င်းတို့ မည်သို့ ခြိမ်းခြောက်သနည်း။ ၎င်းတို့က “ကျွန်ုပ်တို့သည် အောက်ခြေအဆင့်တွင် အလုပ်လုပ်နေကြကာ အလုပ်က ခက်ခဲပေသည်။ ကျွန်ုပ်တို့သည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခံရခြင်း အန္တရာယ်ကိုပင် ရင်ဆိုင်ရသည်။ ကျွန်ုပ်တို့၏ လက်တွေ့လုပ်ဆောင်မှုက လုပ်ငန်းစီမံခန့်ခွဲမှုများကို လိုက်နာဖို့ အထက်က အမြဲတောင်းဆိုသည်။ ကျွန်ုပ်တို့သည် ဧဝံဂေလိတရားဟောရာ၌ ဆင်းရဲဒုက္ခများစွာကို ခါးစည်းခံပြီး စွန့်စားမှုများစွာ လုပ်ကြသည်။ ရလဒ်များက ညံ့ဖျင်းသောအခါ သင်သည် ယင်းတို့ကို အထက်သို့ အစီရင်ခံလိုသေးသည်။ သင် အစီရင်ခံပြီးသောအခါ သင့်ကို သူတို့ ပြုပြင်ကြမည် ဖြစ်သည်။ သင့်ကို သူတို့ ပြုပြင်ပြီးသောအခါ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးအနေဖြင့် ဖြုတ်ချခံရဖို့ မစိုးရိမ်ပေ။ သင်တို့၌ နောက်ထပ် ထမ်းဆောင်စရာ တာဝန်မရှိတော့မည်ကို စိုးရိမ်ခြင်းဖြစ်သည်။ အကယ်၍ သင်တို့သည် နောက်ထပ် ထမ်းဆောင်စရာ တာဝန်မရှိတော့လျှင် ကျွန်ုပ်ကို အပြစ်မတင်လေနှင့်” ဟု ပြောလေသည်။ ယင်းသည် လွန်စွာ ဆင်ခြင်တုံတရား ရှိသည်ဟု ထင်ရ၏။ ၎င်းတို့က “မည်သူသည် ယင်းကို အမှန်တကယ် အစီရင်ခံလိုသနည်း။ အကယ်၍ သင်တို့ အစီရင်ခံလိုပါက ကျွန်ုပ် တားမည်မဟုတ်။ မည်သို့ပင်ဖြစ်စေ ဤအရာများနှင့်ပတ်သက်၍ လူတိုင်းသိလေသည်။ သင်တို့သည် အထက်ကို အစီရင်မခံပါက ကျွန်ုပ်တို့ကို သူတို့ အပြစ်တင်မည်မဟုတ်ပေ။ အကယ်၍ အစီရင်ခံပါက ကျွန်ုပ်တို့ ပြုပြင်ခြင်းခံရမည်။ သင်တို့သည် ကိုယ့်အတွက်ကိုယ် ရွေးချယ်နိုင်သည်။ အကယ်၍ သင်တို့သည် အထက်ကို အစီရင်ခံလိုက အစီရင်ခံလော့။ ကိုင်း ယင်းကို အစီရင်ခံလိုသူတိုင်း လက်ထောင်ပါလော့” ဟူ၍လည်း ပြောလိုက်သည်။ ၎င်း၏လေသံကို လူတိုင်း ကြားရသောအခါ “ငါသည် ဤအရာကို အမှန်တကယ် အစီရင်ခံဖို့ ခွင့်ပြုခံရသလော၊ သို့မဟုတ် မခံရသလော” ဟု စတင်၍ ချင့်ချိန်စဉ်းစားကြည့်သည်။ စဉ်းစားပြီးနောက် လူအချို့က လက်ထောင်၏။ ဤသည်ကို တွေ့သောအခါ ထိုအန္တိခရစ်က “သင်သည် အစီရင်ခံချင်သေးသလော။ သင်သည် ပြဿနာရှာနေခြင်း မဟုတ်လော။ ကောင်းပြီ။ သင့်ကို ငါမမေ့တော့” ဟု တွေးလေတော့သည်။ ထို့နောက်တွင် ၎င်းတို့က ဤပုဂ္ဂိုလ်ကို ညှဉ်းပန်းရမည့် အခွင့်အရေးများကို စတင်၍ စိတ်ကူးလေသည်။ ၎င်းတို့သည် အကြောင်းပြချက်တစ်ခုကို ရှာကာ “သင်သည် သင့်တာဝန်များကို အခုတစ်လော ထမ်းဆောင်နေစဉ်အတွင်း မည်သည့်ရလဒ်မျှ မရသေးချေ။ သုံးလတိုင်အောင် တာဝန်ထမ်းဆောင်စဉ်အတွင်း ရလဒ်ရရှိမထားသူတိုင်း သူ၏ တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးကို ပြန်လည်ရုပ်သိမ်းခံရမည် ဖြစ်သည်။ သူ၏ စွမ်းဆောင်မှုက တိုးတက်မလာပါက သီးခြားခွဲထားခြင်း ခံရမည်။ အကယ်၍ နောင်တမရသေးလျှင် ဖယ်ထုတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံရမည်ဖြစ်သည်” ဟု ပြော၏။ ထိုအရူး၊ ထိုငကြောက်က ယင်းကို အစီရင်ခံရဲသေးသလော။ ဤသည်ကို ကြားပြီးနောက် သူတို့သည် “ငါ၏အကျိုးအလို့ငှာ ဤအရာကို ငါ အစီရင်ခံတော့မည် မဟုတ်။ ငါ၏ အစီရင်ခံခြင်း၏ အကျိုးမှာ မည်သည့်အရာ ဖြစ်သနည်း။ ငါသည် အစီရင်ခံလိုက်ပါက နှိပ်ကွပ်ခြင်းခံရပြီး ခေါင်းဆောင်ထံမှ လက်တုံ့ပြန်မှုကို ခံစားရမည် ဖြစ်သည့်အပြင် ငါ၏ ညီအစ်ကိုမောင်နှမများက ငါ့ကို ပစ်ပယ်လျှင် ငါသည် အသင်းတော်ထဲ၌ အထီးကျန်နေမည်။ ငါ့အနေဖြင့် ခေါင်းဆောင်ကို နားထောင်ဖို့က ပိုအရေးကြီးသည်။ ဘုရားက မည်သည့်နေရာ၌ ရှိသည်ကိုပင် ငါမသိရ။ သူသည် ငါ၏ သေရေးရှင်ရေးကို အရေးစိုက်နိုင်သလော” ဟု တွေးမိလေသည်။ ထို့ကြောင့် သူတို့သည် ယင်းကို အစီရင်မခံကြတော့ပေ။ သူတို့သည် ထိုအန္တိခရစ်ကြောင့် ကြောက်ရွံ့တုန်လှုပ်သွားကြပြီ မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသူက “ဘုရားကို ပြစ်မှားခြင်းသည် ပြဿနာ ကြီးကြီးမားမား မဟုတ်။ ဘုရားသည် ချစ်တတ်သည်၊ သနားဂရုဏာစိတ်ရှိသည်၊ သည်းခံနိုင်ပြီး စိတ်ရှည်သည်။ သူသည် အလွယ်တကူ အမျက်မထွက် သို့မဟုတ် လူတို့ကို မကျိန်ဆဲသည့်အပြင် အပြစ်ဒဏ်မပေးတတ်ချေ။ သို့သော် ခေါင်းဆောင်ကို ငါ ပုန်ကန်ပြစ်မှားမိပါက ငါ ဒုက္ခခံစားရပေမည်။ ပြဿနာများကို အစီရင်ခံခြင်းက ငါ့ကို မည်သည့်ကောင်းကျိုးမျှ ပေးမည်မဟုတ်။ လူတိုင်း၏ ပစ်ပယ်ခြင်းကိုသာ ငါခံရမည်။ ငါသည် ထိုမျှ စဉ်းစားဉာဏ် မရှိသောအရာကို ငါ မလုပ်နိုင်” ဟု ယူဆလေ၏။ ဤသည်မှာ သူရဲဘောနည်းခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့ သူရဲဘောနည်းသော လူတစ်ဦးကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ သူ့အတွက် စိတ်မကောင်းဖြစ်ထိုက်သလော။ ထိုသို့ သူရဲဘောနည်းသော လူတစ်ဦးကို ထိုအန္တိခရစ်အား ညှဉ်းပန်းခွင့်ပြုဖို့ စာတန်လက်သို့၊ ထိုအန္တိခရစ်၏လက်သို့ အပ်နှံသင့်သည်။ သူသည် ယင်းနှင့် ထိုက်တန်၏။ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် ဘုရားသခင်ကို ကျိုးနွံနာခံဖို့အတွက် ယုံကြည်ခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်ခြင်းနှင့် ခွန်အား ကင်းမဲ့သော်လည်း ထိုအန္တိခရစ်အား ကျိုးနွံနာခံခြင်းနှင့် ပတ်သက်လာလျှင် အထူးခွန်အား ရရှိလာသည်။ သူ့အား စေခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လိုစိတ် ရှိပြီး စိတ်အားထက်သန်မှုနှင့် ပြည့်ဝသည်။ ထိုအန္တိခရစ်က သူ့ကို ခြိမ်းခြောက်ပြီး ခြောက်လှန့်သောအခါ ပြဿနာများကို မတိုင်ကြားဝံ့တော့ပေ။ ဤသည်မှာ သူရဲဘောကြောင်သူ မဟုတ်လော။ ထိုအတွက် အရပ်သုံးစကားမှာ အဘယ်နည်း။ အန္တိခရစ်နှင့် ရင်ဆိုင်ရသောအခါ သဘောလွယ်သူဖြစ်ခြင်းနှင့် အလျှော့ပေးခြင်းပင်ဖြစ်၏။ အသင်းတော်ထဲတွင် အန္တိခရစ်များ၏ ခြိမ်းခြောက်မှုများကြောင့် သဘောလွယ်သူများ ဖြစ်လာသည့် လူအတော်အတန် ရှိနေပါတကား။ ဤလူတို့က “ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည်” ဟူသော စကားရပ်ကို မည်သို့ ကျင့်သုံးရမည်ကို မသိကြပေ။ အန္တိခရစ်က ထိုသူတို့ကို ခြိမ်းခြောက်သောအခါ၊ ပစ်ပယ်သောအခါ သို့မဟုတ် သီးခြားခွဲထားသောအခါ သူတို့တွင် ထောက်ခံအားပေးမှု မရှိသကဲ့သို့ ခံစားကြသည်။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲသည်ကိုဖြစ်စေ၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုဖြစ်စေ မယုံကြည်သည့်အပြင် လူတို့၏ အသက်များသည် ဘုရားသခင်၏ လက်တော်ထဲ၌ ရှိကြောင်း မယုံကြည်ကြပေ။ ထိုအန္တိခရစ်ထံမှ ကြောက်လန့်စေနိုင်သော သို့မဟုတ် ခြိမ်းခြောက်သော စကားတစ်ခွန်းနှစ်ခွန်း ကြားရလျှင် သူတို့ ကြောက်လန့်သွားသည်။ အလျှော့ပေးကြသည်။ ပြီးလျှင် ယင်းကို မတိုင်ရဲကြတော့ပေ။

အန္တိခရစ်တစ်ဦးသည် မိမိတို့၏ အလုပ်ကို အထက်သို့ အစီရင်ခံသောအခါ ‌သူတို့ကို အရှက်မရှိ လိမ်ညာပြီး လှည့်စားသည်။ အမှန်တရားကို သိသူအချို့က ယင်းကို သည်းမခံနိုင်ဘဲ အခြေအနေကို အထက်သို့ တိုင်ကြားလိုသည်။ ထိုအန္တိခရစ်က လူတို့အပေါ် တင်းကျပ်စွာ ထိန်းချုပ်ထားပြီး ထိုသူတို့ကို အနီးကပ် စောင့်ကြည့်သည်။ သူသည် ကိစ္စတစ်ခုကို အထက်သို့ တိုင်ကြားကောင်း တိုင်ကြားလိုသော မည်သူ့ကိုမဆို ချက်ချင်း ရိပ်စားမိနိုင်သည်။ သူသည် အခြားလုပ်စရာ မရှိသောအခါ လူတို့၊ လူတို့၏ စကားများနှင့် မျက်နှာထားများအား အကဲခတ်ခြင်းကို အာရုံစိုက်ကာ မိမိနှင့်ပတ်သက်၍ ထင်မြင်ချက်ရှိသူများ၊ သစ္စာစောင့်သိခြင်း မရှိသူများ၊ မိမိကို မနာခံသူများ၊ မိမိ၏ ရာထူးနေရာအပေါ် ခြိမ်းခြောက်မှု ဖြစ်ပေါ်စေသူများ၊ မိမိကို ဂရုမစိုက်သူ၊ မိမိကို အလေးအနက်ထား မဆက်ဆံသူ၊ မိမိကို လေးစားဂုဏ်ပြုခြင်းဟူသည့် ထိုင်ခုံနေရာကို မပေးသောသူနှင့် အစာစားချိန်အတွင်း မိမိကို အလျင်ဦးအောင် စားခွင့်မပေးသူများကို ရှာလေသည်။ ဤသည်မှာ ထိုလူတို့ ဒုက္ခရောက်ပြီဟူသည့် သဘောသက်ရောက်၏။ အန္တိခရစ်သည် ထိုသို့သော လူများကို ဘာလုပ်သနည်း။ မသိမသာ ဒုက္ခပေးတတ်သော အန္တိခရစ်အချို့သည် မိမိတို့၏ သရုပ်အမှန်ကို ချက်ချင်း မထုတ်ဖော်ပေ။ သင့်အား ကိုင်တွယ်ဖြေရှင်းဖို့ အခွင့်အရေးကို စောင့်ဆိုင်းသည်။ အကယ်၍ ဤအရာက အဆင်မပြေလျှင် ၎င်းတို့က သင်၏အသက်ကို ၎င်းတို့၏ လက်ထဲတွင် ဆုပ်ကိုင်ထားသည်ဟု သင့်အား ခံစားရစေရန် ပြင်းထန်သော ခြိမ်းခြောက်မှုများကို မဖြစ်မနေ ကျင့်သုံးရတော့သည်။ ယုံကြည်သူတစ်ဦး အနေဖြင့် သင်သည် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိ၊ သင်သည် အဆုံးတိုင်အောင် ရောက်နိုင်ခြင်းရှိမရှိ၊ အသင်းတော်ထဲ၌ သင် နေထိုင်နိုင်ခြင်းရှိမရှိ ယင်းတို့အားလုံးက ၎င်းတို့၏ လက်ထဲတွင်ရှိပြီး ၎င်းတို့ထံမှ စကားတစ်ခွန်းသာ လိုသည်။ ၎င်းတို့၌ ဆုံးဖြတ်ပိုင်ခွင့် ရှိ၏။ အကယ်၍ သင် နားမထောင်လျှင်၊ ၎င်းတို့၏ ထိန်းချုပ်မှုကို မနာခံလျှင်၊ ၎င်းတို့ကို အ‌လေးအနက် မထားဘဲ ၎င်းတို့၏ အရေးကိစ္စများကို တိုင်ကြားဖို့ ကြိုးစားမြဲကြိုးစားနေလျှင် သင်သည် ဒုက္ခရောက်တော့မည် ဖြစ်သည်။ ၎င်းတို့က သင့်အား မည်သို့ ညှဉ်းပန်းရမည်ကို စတင် ကြံစည်ကြမည်ဖြစ်သည်။ မိမိတို့၏ အရေးကိစ္စများအား အထက်သို့ တိုင်ကြားသော ညီအစ်ကိုမောင်နှမများ၏ အပြုအမူကို ထိုအန္တိခရစ်က မည်သို့ ရှုမြင်သနည်း။ (တိုင်တောခြင်း အဖြစ်ရှုမြင်သည်။) အတိအကျပင်၊ သူက ယင်းကို အခြေအနေတစ်ခုအား အစီရင်ခံခြင်းအဖြစ် မမြင်ပေ။ တိုင်တောခြင်းအဖြစ် မြင်သည်။ တိုင်တောခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သမ္မာတရားနှင့် ဆန့်ကျင်သော သူပြုလုပ်သည့် အရာမျိုးစုံနှင့် သူ၏ ဒုစရိုက်အမှုများအားလုံးကို အထက်သို့ အစီရင်ခံခြင်း၊ သို့မဟုတ် အခြားသူများမသိသော သူနှင့်ပတ်သက်သည့် အရာများကို အထက်သို့ ဖြစ်ကြောင်းကုန်စင် ပြောပြခြင်းကို ဆိုလိုသည်။ သူက ဤသည်ကို တိုင်တောခြင်းဟု သတ်မှတ်သည်။ သူက တစ်စုံတစ်ယောက် တိုင်တောသည်ကို သိရှိလိုက်သည်နှင့် ထိုသူသည် ညှဉ်းပန်းခံရမည်။ နားဝေတိမ်တောင်နှင့် သူရဲဘောနည်းသော လူအချို့မှာ ထိုအန္တိခရစ်၏ ခြိမ်းခြောက်မှုများကြောင့်၊ သူ၏ ဗိုလ်ကျခြယ်လှယ်ပြီး ယုတ်မာသော နည်းလမ်းများကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြသည်။ အန္တိခရစ်က မည်သူသည် အထက်နှင့် အဆက်အသွယ်ရှိကြောင်း မေးသောအခါ သူတို့ကို မမေးမီတွင်ပင် “ကျွန်ုပ် မဟုတ်ပါ” ဟု အလျင်အမြန် ဖြေရှင်းကြသည်။ အန္တိခရစ်က “သို့ဆိုလျှင် ထိုကိစ္စနှင့်ပတ်သက်၍ အထက်က မည်သို့ သိရသနည်း” ဟု မေးသည်။ သူတို့က ဤအကြောင်းကို စဉ်းစားပြီး “ကျွန်ုပ်လည်း မသိပါ” ဟု ဆိုကြသည်။ အန္တိခရစ်က သူတို့ကို ညှဉ်းပန်းလိုက်သည်မှာ သူတို့သည် အမြဲတစေ ကြောက်ရွံ့လျက် အသက်ရှင်နေရသည်၊ ခြေမကိုင်မိ လက်မကိုင်မိ အမြဲဖြစ်ရသည်၊ ထိုအန္တိခရစ်က မိမိတို့အား အသင်းတော်မှနေ၍ နှင်ထုတ်ကောင်းနှင်ထုတ်မည်ကို စိုးရိမ်နေရသည်အထိပင် ဖြစ်၏။ ထိုသူတို့ စိုးရိမ်ပူပန်ပြီး ကြောက်ရွံ့နေသည်မှာ သူတို့အနေဖြင့် တစ်နေ့တာကို ဖြတ်သန်းဖို့ပင် ခက်ခဲရသည်အထိပင် ဖြစ်သည်။ အန္တိခရစ်က သူတို့ကို ဤသို့ ခြိမ်းခြောက်မထားခဲ့လျှင် သူတို့ ဤမျှ ကြောက်ရွံ့နေမည်လော။ ကြောက်ရွံ့မည်မဟုတ်ပေ။ ထို့အပြင် သူတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ မရှိကြပေ။ သူတို့သည် သူရဲ‌ဘောနည်းပြီး နားဝေတိမ်တောင် ဖြစ်သူများပင်တည်း။ ထိုအန္တိခရစ်ကို ကြုံတွေ့ရသောအခါ သူတို့ အမြီးကုပ်သွားကြသည်။ သူတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှု မရှိသော်လည်း ထိုအန္တိခရစ်ကိုမူ လိုလိုလားလား အလျှော့ပေးကာ သူ၏အမိန့်ကို လုပ်ဆောင်ဖို့ အသင့်ဖြစ်နေကြသည်။ ထိုသူတို့သည် သဘာဝအားဖြင့် စာတန်၏ အစေခံများ ဖြစ်ကြ၏။

လူတို့ကို ခြိမ်းခြောက်ဖို့အတွက် အန္တိခရစ်များ အသုံးပြုသည့် အခြားသော အလေ့အထအချို့မှာ အဘယ်နည်း။ အန္တိခရစ်အချို့သည် သင့်ကို ကန့်သတ်ရန်နှင့် ဘောင်ခတ်ရန်အတွက် မှန်ကန်ပြီး နှစ်သက်ဖွယ် အယူဝါဒအချို့ကို ပြောဆိုရာ၌ ကျွမ်းကျင်ကြသည်။ ၎င်းတို့က “သင်သည် သမ္မာတရားကို မချစ်သလော။ သင်သည် သမ္မာတရားကို ချစ်လျှင် ကျွန်ုပ်ကို နားထောင်ရမည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည် ခေါင်းဆောင်ဖြစ်သည်။ ကျွန်ုပ်ပြောသမျှသည် သမ္မာတရားနှင့် လျော်ညီ၏။ ကျွန်ုပ်ပြောသမျှကို သင် နာခံရမည်။ ကျွန်ုပ်က အရှေ့အရပ်သို့ သွားလော့ဟုဆိုလျှင် သင်သည် အနောက်အရပ်သို့ မသွားရပေ။ ကျွန်ုပ် တစ်စုံတစ်ခုပြောသောအခါ သင်၌ နောက်ထပ်အခြားစိတ်ကူး မရှိရပေ။ သင်၌ မည်သည့် ထင်မြင်ချက်မျှ မရှိရ သို့မဟုတ် ကြောင်းကျိုးမမြင်ဘဲ မစွက်ဖက်ရပေ။ ကျွန်ုပ်ပြောသောအရာမှာ သမ္မာတရားဖြစ်၏” ဟု ဆိုကြသည်။ အကယ်၍ သင်သည် ၎င်းတို့ကို နားမထောင်ပါက ၎င်းတို့သည် သင့်ကို မုန်းကောင်းမုန်းမည် သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း ရှိကောင်းရှိမည်။ မည်သည့် ပြစ်တင်ရှုတ်ချခြင်းမျိုး ဖြစ်သနည်း။ ၎င်းတို့က “သင်သည် သမ္မာတရားကို ချစ်နှစ်သက်သူတစ်ယောက် အမှန်တကယ် မဟုတ်။ အကယ်၍ သင်သည် သမ္မာတရားကို အမှန်တကယ် ချစ်နှစ်သက်ပါက ခေါင်းဆောင်တစ်ဦးအနေဖြင့် ကျွန်ုပ်၏ စကားများမှာ တိကျမှန်ကန်သဖြင့် သင်သည် ယင်းတို့ကို အဘယ့်ကြောင့် နားမထောင်ရမည်နည်း” ဟု ပြောမည်ဖြစ်သည်။ အန္တိခရစ်များသည် သင့်ကို ထိန်းချုပ်ရန်နှင့် ကန့်သတ်ရန်အတွက် မှန်ကန်သည်ဟု ထင်ရသော သဘောတရားများနှင့် အယူဝါဒများကို အသုံးချ၏။ ထိုမျှမက အန္တိခရစ်အချို့က လူတို့ကို ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများအား တာဝန်ယူစေကာ “ကျွန်ုပ်သည် ယခု ခေါင်းဆောင်တစ်ဦး ဖြစ်ကာ ကိုယ်ရေးကိုယ်တာ ကိစ္စအချို့အတွက် အချိန်မရှိချေ။ ထို့ပြင် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ကာ ကျွန်ုပ်၏ အရေးကိစ္စများမှာ ဘုရားအိမ်တော်၏ ကိစ္စများဖြစ်၏။ ဘုရားအိမ်တော်၏ အရေးကိစ္စများမှာလည်း ကျွန်ုပ်၏ ကိစ္စဖြစ်၏။ ကျွန်ုပ်တို့သည် ယင်းတို့ကို အလွန်ရှင်းလင်းစွာ ခွဲခြား၍ မရတော့ပေ။ ထို့ကြောင့် သားသမီးများအား စောင့်ရှောက်ကြည့်ရှုခြင်း၊ စိုက်ပျိုးမွေးမြူရေး၊ ဟင်းသီးဟင်းရွက်များ ရောင်းချခြင်း၊ သို့မဟုတ် အိမ်ဆောက်လုပ်ခြင်း အစရှိသည့် အရာများနှင့် မိသားစု၌ ငွေကြေးအလုံအလောက် မရှိတော့ခြင်း ကဲ့သို့သော အရာများဖြစ်သည့် ကျွန်ုပ်၏ နေအိမ်ရှိ အရေးကိစ္စများ၌ ဝန်ထုပ်ဝန်ပိုးအချို့ကို သင်တို့ ဝိုင်းထမ်းပေးဖို့ လိုသည်။ ဤအရာများမှာ ကျွန်ုပ်၏တာဝန် ဖြစ်နေကျဖြစ်သော်လည်း ယခုတွင် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ကာ ယင်းတို့သည် သင်တို့၏တာဝန် ဖြစ်လာပြီ။ သင်တို့သည် ထိုဝန်ထုပ်ဝန်ပိုးကို မျှဝေတာဝန်ယူရမည်။ သို့မဟုတ်ပါက ကျွန်ုပ်သည် နေအိမ်အရေးများနှင့် ပတ်သက်၍ အမြဲတစေ ပူပန်ရမည်၊ ဤအရေးကိစ္စများကြောင့် အာရုံထွေပြားနေမည်ဖြစ်၍ ကျွန်ုပ်သည် ထိရောက်သော ခေါင်းဆောင်တစ်ဦး ဖြစ်နေနိုင်ဦးမည်လော” ဟု ဆိုလေ၏။ ၎င်းတို့က ပို၍ပြောလေ အရှက်ကင်းမဲ့လာလေ ဖြစ်လာကြသည်။ လူအချို့က ဤအရာကို ကြားပြီး “သင်၏ စိတ်နှလုံးကို ငါတို့ ထောက်ထားရကောင်းမှန်း မသိခဲ့ကြပေ။ ကျွန်ုပ်တို့သည် အမှန်ပင် အကြင်နာမဲ့ခဲ့ကြ၏။ သင်သည် မည်သည့်အရာမျှ ပြောစရာမလို။ ယခုမှစ၍ သင့်နေအိမ်၏ ဝေယျာဝစ္စများကို ငါတို့ တာဝန်ယူမည်” ဟု စဉ်းစားလေသည်။ ဤအန္တိခရစ်များက နေအိမ်ရှိ ၎င်းတို့၏ ကိုယ်ပိုင် အရေးကိစ္စများနှင့် ၎င်းတို့၏ နေ့စဉ်ဘဝ၏ အရေးကိစ္စများအပေါ် မည်သို့များ ကြားကောင်းအောင် အမည်ခံလိုက်သနည်း။ ယင်းတို့ကို “လူတို့၏တာဝန်” ဖြစ်သည်ဟု ၎င်းတို့ ခေါ်၏။ ဆိုလိုသည်မှာ ထိုအန္တိခရစ်များက လူတို့အနေဖြင့် ၎င်းတို့၏မိသားစုအတွက် အလုပ်လုပ်ပေးခြင်း၊ ၎င်းတို့အိမ်‌ထောင်စုရှိ ကလေးလူကြီးများကို အလုပ်အကျွေးပြုခြင်းနှင့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ဘဝအရေးများကို ကိုင်တွယ်ဖြေရှင်းခြင်းဟူသည်တို့ကို ယူပြီး ဤအရာများကို ဘုရားအိမ်‌တော်၏ အ‌ရေးကိစ္စများအဖြစ် ပြောင်းလေသည်။ ယခုတွင် ယင်းတို့သည် ဘုရားအိမ်တော်၏ အရေးကိစ္စများ ဖြစ်သည့်အတွက် လူတိုင်းက မိမိတာဝန်ကိုယ်စီ ယူသင့်သည့်အပြင် ခေါင်းဆောင်က သင့်ကို တစ်စုံတစ်ခု လုပ်စေလိုလျှင် ယင်းမှာ သင်၏တာဝန် ဖြစ်လာသည်။ ဤသည်ကို မှန်ကန်သည်ဟု ထင်ရသည်မဟုတ်လော။ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသော လူတို့က ယင်းကို မှန်ကန်သည်ဟု ထင်ကောင်းထင်မည်။ ခေါင်းဆောင်သည် မိမိအိမ်တွင်း အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်း မပြုနိုင်လောက်အောင် အလုပ်ရှုပ်လွန်းသည့်အပြင် သူတို့ကိုယ်တိုင်၌ အစွမ်းအစညံ့ဖျင်းပြီး မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်နိုင်သည့်အတွက် ခေါင်းဆောင်ကို မိသားစု၏ ဝေယျာဝစ္စ အနည်းငယ်ကိုသာ ကူညီ၍ ဆောင်ရွက်ပေးနိုင်သည်ဟု ထိုသူတို့က ထင်မြင်ကြသည်။ ထို့ကြောင့် သူတို့ အလုပ်မရှုပ်သောအခါတိုင်း ခေါင်းဆောင်၏အိမ်၌ အလုပ်လုပ်ကာ အလုပ်တာဝန်အမျိုးမျိုး၌ အကူအညီပေးကြသည်။ ဤသည်ကို သူတို့၏တာဝန်အား ထမ်းဆောင်နေသည်ဟု သတ်မှတ်၍ရသလော။ ဤသည်ကို လူတို့အား စိတ်ပါလက်ပါ ကူညီနေသည်ဟုသာ မြင်နိုင်သည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အမှန်တကယ် အသုံးခံနေသော၊ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သော လူတို့အတွက် သူတို့၏မိသားစုများ အခက်အခဲကြုံတွေ့ရသောအခါ အသင်းတော်က ထိုသူတို့ကို အကူအညီပေးဖို့နှင့် ထိုသူတို့၏ မိသားစုအရေးကိစ္စများကို တာဝန်ယူဆောင်ရွက်ပေးရန် လူတို့ကို စီမံပေးသည်။ ထိုသို့သော အခြေအနေများတွင် ဤသည်ကို တာဝန်ထမ်းဆောင်ခြင်းဟု အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရသည်။ ယခု အဓိပ္ပာယ်ရှိပြီလော။ အသင်းတော်ထဲရှိ လူတို့ကို အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းဖြင့် အလုပ်ရှုပ်နေသော ထိုအန္တိခရစ်က မိမိ၏ အိမ်ထောင်စု ဝေယျာဝစ္စများကို ညီအစ်ကို မောင်နှမများအတွက် စီစဉ်ပေးကာ ဤသည်မှာ သူတို့၏ တာဝန်ကို ထမ်းဆောင်နေခြင်းလည်း ဖြစ်သည်ဟု အခိုင်အမာဆိုလေ၏။ ညီအစ်ကို မောင်နှမအချို့သည် သမ္မတရားနားလည်မှု ကင်းမဲ့သောကြောင့် အထင်အမြင်မှားအောင် လုပ်ခြင်းခံရပြီး ဤအလုပ်တာဝန်များကို လိုလိုလားလား ဆောင်ရွက်လျက် ထိုသို့လုပ်ရသည်ကို ပျော်နေကြသည်။ နောက်ဆုံးတွင် သူတို့အပေါ်တွင် ခေါင်းဆောင်က ကျေးဇူးရှိသည်ဟုပင် သူတို့ ခံစားရကာ “ခေါင်းဆောင်သည် သူ၏ စိတ်နှလုံးကို ကွဲကြေခံပြီး မိမိတို့အတွက် သူ၏နှုတ်ခမ်းကို ဖွင့်ဟခဲ့ခြင်းဖြစ်သည်။ ငါတို့သည် အလွန်ပင် မထိုက်တန်ပါချေ။ ငါတို့သည် အလုပ်မြောက်မြားစွာ လုပ်ဆောင်ခဲ့ပြီဖြစ်သည့်တိုင် မည်သည့်သမ္မာတရားကိုမျှ ငါတို့ နားမလည်သေးသည်မှာ အဘယ်သို့နည်း” ဟု စဉ်းစားကြသည်။ အကယ်၍ သင်သည် ခေါင်းဆောင်အတွက် တစ်နေကုန် အလုပ်လုပ်ပေးခြင်းဖြင့် မအားမလပ် ဖြစ်နေပြီး စုဝေးပွဲများ တက်‌ရောက်ခြင်း သို့မဟုတ် တရားဒေသနာများအား နားထောင်ခြင်းကို လျစ်လျူရှုပါက သင်သည် သမ္မာတရားကို နားလည်သဘောပေါက်နိုင်မည်လော။ လုံးဝ မဖြစ်နိုင်ပေ။ ဤသည်မှာ သေလောက်အောင် မျက်နှာလိုမျက်နှာရ လုပ်နေခြင်းပင်။ ဤသည်မှာ ထိုအန္တိခရစ်နောက် ပြေးလိုက်နေခြင်းနှင့် ကောက်ကွေ့သော လမ်းကြောင်းပေါ်တွင် လမ်းမှားနေခြင်းဖြစ်သည်။ အန္တိခရစ်သည် မှန်ကန်သည်ဟု ထင်ရသော ပြောဆိုချက်များကို မကြာခဏ အသုံးပြုကာ ယင်းတို့ကို မှန်ကန်သော စကားဖြစ်အောင် ပြင်ဆင်ကာ ပြုပြင်လျက် ဤစကားများသည် အမှန်စင်စစ် သမ္မာတရား၊ သူတို့ လိုက်နာကျင့်သုံးသင့်သော အရာတစ်ခုဖြစ်သည့်အပြင် ဤစကားများကို သူတို့ လက်သင့်ခံသင့်သည်ဟု လူတို့ကို တလွဲယုံကြည်စေသည်။ ထိုနည်းဖြင့် လူတို့အနေဖြင့် ထိုခေါင်းဆောင်လုပ်နေသည့် အရာက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သူတို့ လိုက်လျှောက်နေသည့် အရာက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ပိုင်းခြားသိမြင်ဖို့ မလိုတော့ပေ။ ဤသည်မှာ မှန်ကန်သည်မဟုတ်လော။ ဤသည်ကို အထင်အမြင်မှားစေခြင်းဟု ခေါ်ပြီး ယင်းမှာ လူတို့ကို ခြိမ်းခြောက်ခြင်းလည်း ဖြစ်သည်။ အန္တိခရစ်သည် ဤလူတို့ကို ထိန်းချုပ်ဖို့အတွက် မှန်ကန်သည်ဟု ထင်ရသော သဘောတရားများနှင့် ပြောဆိုချက်များကို အသုံးချလေသည်။ ၎င်းတို့က သူတို့ကို မည်သည့် အတိုင်းအတာအထိ ထိန်းချုပ်ကြသနည်း။ ဤလူတို့သည် ၎င်းတို့အတွက် မိမိတို့ကိုယ်ကို လိုလိုလားလား အသုံးချကြသည်။ ၎င်းတို့အတွက် အရိုးကြေကြေ အရေခန်းခန်း အလုပ်လုပ်ကြသည်။ ပြီးလျှင် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အရေးကိစ္စအားလုံးကို တာဝန်ယူကြသည်။ သူတို့သည် စုဝေးပွဲများသာ အပျက်ခံလိုက်မည်၊ မိမိတို့၏ တာဝန်များကို လျစ်လျူရှုလိုက်မည်၊ မိမိတို့၏ အလုပ်တာဝန်များကို ချန်ရစ်လိုက်မည်၊ ထို့ပြင် ထိုအန္တိခရစ်အတွက် အချိန်ပြည့် အစေခံမှုပေးပြီး အရိုးကြေကြေ အရေခန်းခန်း အလုပ်လုပ်ဖို့ရန်အတွက်သာ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်းအတွက်၊ စုဝေးပွဲနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ခြင်းအတွက် မိမိတို့၏ ကိုယ်ပိုင်အချိန်ကို စတေးလိုက်မည် ဖြစ်သည်။ သူတို့သည် အဘယ့်ကြောင့် ဤသို့ အရိုးကြေကြေ အရေခန်းခန်း အလုပ်လုပ်နိုင်ကြသနည်း။ ဤအတွက် အကြောင်းရင်းရှိ၏။ မည်သည့် အကြောင်းရင်းနည်း။ ယင်းမှာ ထိုအန္တိခရစ်က သူတို့အား “အကယ်၍ သင်သည် ဤအရေးကိစ္စများကိုပင် ကောင်းမွန်စွာ မကိုင်တွယ်နိုင်ပါက မည်သည့်တာဝန်ကို သင် ထမ်းဆောင်နိုင်မည်နည်း။ သင်သည် မိမိ၏ တာဝန်ကို မထမ်းဆောင်နိုင်ပါက သင်သည် ဘုရားအိမ်တော်ဝင်တစ်ဦး ဟုတ်သေးသလော။ ထိုသို့ဖြစ်ပါက သင့်ကို ကျွန်ုပ် မဦးဆောင်ပေ။ အကယ်၍ သင့်ကို ကျွန်ုပ် မဦးဆောင်တော့လျှင် သင်သည် ဘုရားအိမ်တော်၌ စာရင်းဝင်မည် မဟုတ်ပေ။ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံထားရသည့်အတွက် ကျွန်ုပ်သည် ဤအသင်းတော်၏ တံခါးဝဖြစ်သည်။ အသင်းတော်သို့ ဝင်ရောက်လိုသည့် မည်သူမဆို ကျွန်ုပ်၏ အတည်ပြုချက်ကို ရရှိရမည်။ ကျွန်ုပ်၏ သဘောတူညီချက် မပါဘဲ မည်သူမျှ မဝင်ရောက်နိုင်ပေ။ အသင်းတော်သည် တစ်စုံတစ်ယောက်ကို ဖယ်ထုတ်ပစ်တော့မည် ဆိုလျှင်ပင် သူ ထွက်မသွားမီ ကျွန်ုပ်၏ အတည်ပြုချက်ကို ရရှိရမည်။ ထို့ကြောင့် သင်တို့အား ကျွန်ုပ် တာဝန်ပေးသည့် အလုပ်နှင့် သင်တို့အား ကျွန်ုပ် အပ်နှံသည့် အလုပ်တာဝန်များသည် သင်တို့၏တာဝန် ဖြစ်ပေသည်။ အကယ်၍ သင်တို့သည် တာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင်လျှင် ကယ်တင်ခြင်းရဖို့ အခွင့်အရေး ရှိမည်မဟုတ်ပေ။ သင်သည် ဘုရားအိမ်တော်၌ စာရင်းဝင်မည်မဟုတ်” ဟု ရည်ရွယ်ချက်ရှိရှိ ပြောပြသောကြောင့် ဖြစ်၏။ ဤသည်မှာ ခြိမ်းခြောက်မှုမဟုတ်လော။ (ဟုတ်ပါသည်။) လူတို့ကို ခြိမ်းခြောက်ဖို့အတွက် မည်သည့်နည်းစနစ်ကို အသုံးပြုသနည်း။ (မှန်ကန်သော စကားများကို ဖြစ်သည်။) ယင်းမှာ မှန်ကန်သော စကားများ၊ သမ္မာတရားနှင့် လျော်ညီသည်ဟု ထင်ရသည့် စကားများကို အသုံးပြုလျက် လူတို့ကို ခြိမ်းခြောက်ခြင်းပင်။ ဤသည်မှာ ကျွဲတစ်ဖက် နွားတစ်ဖက် ရောထားခြင်း ဖြစ်၏။ ထိုအန္တိခရစ်က မိမိ၏ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်ပန်းတိုင်များကို စွမ်းဆောင်ရရှိဖို့အတွက် တာဝန်ထမ်းဆောင်ခြင်းကို အကြောင်းပြချက်အဖြစ် အသုံးချသည်။ သို့သော် သူ့အတွက် အမှုအရာများ လုပ်ဆောင်ခြင်းသည် တာဝန်ထမ်းဆောင်ခြင်း တကယ်ဟုတ်သလော။ ယင်းသည် လူတို့ လုပ်ဆောင်သင့်သည့် တာဝန်တစ်ခု ဖြစ်သည်ဟု ထင်ရစေဖို့ မလိမ့်တစ်ပတ် လုပ်ပြီးနောက် ညီအစ်ကို မောင်နှမများအနေဖြင့် သူ့အတွက် အရိုးကြေကြေ အရေခန်းခန်း အလုပ်လုပ်ဖို့ တောင်းဆိုရန်အတွက် တာဝန်ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းနှင့် စံနှုန်းများကို အသုံးချခြင်းဖြစ်သည်။ အကယ်၍ သူတို့သည် သူ့အတွက် အရိုးကြေကြေ အရေခန်းခန်း အလုပ်မလုပ်ပါက ကယ်တင်ခြင်းရဖို့ အခွင့်အရေးရှိမည် မဟုတ်ဘဲ အသင်းတော်ထဲမှ ဖယ်ထုတ်ပစ်ခြင်းနှင့် ဘုရားသခင်၏ အိမ်တော်မှ အဆက်အသွယ်ဖြတ်ခြင်း ခံရမည်ဟုပင် သူက ခြိမ်းခြောက်၏။ စဉ်းစားဉာဏ်မဲ့သော၊ ပိုင်းခြားသိမြင်နိုင်စွမ်း မရှိသော ဤလူတို့က အကျိုးဆက်၏ ပြင်းထန်မှုကို ကြားရသောအခါ ထိုခေါင်းဆောင်၏ ုအိမ်ထောင်စု ဝေယျဝစ္စများနှင့် နေ့စဉ်အရေးကိစ္စများအားလုံးကို အလျင်အမြန် တာဝန်ယူကြကာ ပြီးစီးသောအခါ စိတ်သက်သာရာရကြသည်။ သူတို့သည် မိမိတို့ကိုယ်ကို ကျေနပ်လျက် “ယခုတွင် ငါသည် မိမိ၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးပြီ။ ငါသည် လုံးဝ အပျင်းမထူဘဲ ခေါင်းဆောင်၏ စိတ်ဆန္ဒကို အရေးထားလျက်ရှိသည်။ ငါလုပ်ဆောင်ဖို့ ခေါင်းဆောင်က ညွှန်ကြားသမျှတိုင်းကို လုပ်ဆောင်ပြီးပြီဖြစ်ကာ ခေါင်းဆောင်၏ အိမ်ထောင်စု ဝေယျာဝစ္စများအာလုံးကို တာဝန်ယူပြီးပြီ ဖြစ်သည်။ ဤသည်မှာ ဘုရားကို အရေးထားခြင်းကို ဆိုလိုသည်။ ခေါင်းဆောင်ကျေနပ်ကာ ဘုရားလည်း ကျေနပ်သည်။ ယခု ငါ၌ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်ရှိပြီ” ဟုပင် စဉ်းစားလေသည်။ ဤသည်ကို မျှော်လင့်ချက်ဟု ခေါ်သလော။ သူတို့သည် ထိုအန္တိခရစ်၏ ကျေးကျွန်များ ဖြစ်လာကြပြီ မဟုတ်လော။ သူတို့သည် ထိုအန္တိခရစ်၏ လမ်းလွဲ‌အောင် ဦး‌ဆောင်ခြင်းကို ခံရပြီမဟုတ်လော။ ထိုအန္တိခရစ်က ဤနေရာတွင် မည်သည့်အခန်းကဏ္ဍ၌ ပါဝင်နေသနည်း။ သူသည် အဓမ္မခေါ်ဆောင်သူ ပြုမူဆောင်ရွက်နေသည် မဟုတ်လော။ သူ၌ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိပြီး ကောက်ကျစ်ဆိုးယုတ်ခြင်းသည် လိမ်လည်လှည့်ဖြားခြင်းထက် များစွာ ပို၍ဆိုးသည်မှာ အမှန်ပင်။ ထို့အတွက်ကြောင့် သူသည် လူတို့ကို ကန့်သတ်ဖို့၊ သူ၏ ကွယ်ဝှက်ထားသော ရည်မှန်းချက်ကို ဖြစ်မြောက်အောင်မြင်ဖို့၊ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့နှင့် သူတို့၏ အပြုအမူနှင့် အတွေးအခေါ်များကို ထိန်းချုပ်ဖို့အတွက် မည်သည့်အရာ ပြောရမည်နှင့် မည်သည့်အယူအဆ သဘောတရားများကို အသုံးပြုရမည်ကို အပြည့်အဝ သိလေသည်။ သူသည် ဤအရာအားလုံးကို ‌ကောင်းကောင်း နားလည်သဘောပေါက်သည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦးက သူပြောဆိုလုပ်ဆောင်သည့် အရာရာမှနေ၍ စွမ်းဆောင်ရရှိလိုသည့် ရည်မှန်းချက်ပန်းတိုင်များကို စေ့စပ်သေချာစွာ ချင့်ချိန်ပြီး ကြာမြင့်စွာ ကြိုတင်ကြံရွယ်ထားလေသည်။ ဤသည်မှာ သတိမမူမိသည့် အရာတစ်ခုကို ပြောဆိုခြင်း သို့မဟုတ် လုပ်ဆောင်ခြင်း၊ ထို့နောက် မျှော်လင့်မထားသော ရလဒ်ကို စွမ်းဆောင်ရရှိခြင်းဟူသည့် ကိစ္စမဟုတ်သည်မှာ အသေအချာပင်။ ယင်းမှာ ဤကဲ့သို့ လုံးဝ မဟုတ်ပေ။ ထို့ကြောင့် အန္တိခရစ်တစ်ဦး၏ စကားများဖြင့် အထင်အမြင်မှားအောင် လုပ်ခြင်းခံရသည့်အပြင် သူ့အတွက် လိုလိုလားလား အစေခံမှုပေးပြီး အရိုးကြေကြေ အရေခန်းခန်း အလုပ်လုပ်သောသူတို့သည်လည်း ခြိမ်းခြောက်ခံရပြီး ထိုအန္တိခရစ်ထံမှ လေလုံးတစ်မျိုး၏ ဖမ်းစားခြင်းကို ခံရခြင်းဖြစ်သည်။ သူတို့သည် ထိုအန္တိခရစ်အတွက် ထိုအရာများကို လိုလိုလားလား လုပ်ကောင်း လုပ်ကြမည် ဖြစ်သော်လည်း ဤ “လိုလိုလားလားဖြစ်ခြင်း” တွင် ပြဿနာတစ်ခု ရှိသည်မဟုတ်လော။ ယင်းကို မေးခွန်းသင်္ကေတဖြင့် ထားသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ စစ်မှန်သော တာဝန်ထမ်းဆောင်မှု လုံးဝ မဟုတ်ဘဲ လူတို့ကို အထင်အမြင်မှားစေသည့် အယူအဆသဘောထားတစ်ခုခု၊ မှန်ကန်ပြီး ကြားကောင်းသော အကြောင်းပြချက်တစ်ခုခု သို့မဟုတ် လေလုံးတစ်ခုခုဖြင့် အထင်အမြင်မှားအောင် လုပ်ခြင်းခံရခြင်းက ဖြစ်ပေါ်စေသည့် အကျိုးဆက်တစ်ခုသာ ဖြစ်၏။ သူတို့သည် မိမိတို့၏ တာဝန်ကို မထမ်းဆောင်ရနိုင်မည်ကိုလည်းကောင်း၊ နှင်ထုတ်ခံရမည်ကိုလည်းကောင်း၊ ကယ်တင်ခြင်း မခံရမည်ကိုလည်းကောင်း စိုးရိမ်သောကြောင့် ထိုအန္တိခရစ်မှ သူတို့အား သတ်မှတ်ပေးထားသည့် လုပ်ငန်းတာဝန်များကို လိုလိုလားလား လက်ခံကာ သူတို့သည် ဘုရားသခင်အတွက် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေသည်ဟုပင် ထင်မှတ်နေကြသည်။ သူတို့ နားဝေတိမ်တောင် ဖြစ်လိုက်လေခြင်း။

အန္တိခရစ်များ၏ ခြိမ်းခြောက်မှုများက လူတို့အား ၎င်းတို့၏ သရုပ်အမှန်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့်ပေးသည်။ သင်တို့သည် ထိုသို့သော ခြိမ်းခြောက်မှုများကို ပြုလုပ်သလော။ ခြိမ်းခြောက်မှုများနှင့် သတိပေးချက်များ သို့မဟုတ် အကြံပြုချက်တို့တွင် ကွဲပြားမှုရှိသလော။ (ရှိပါသည်။) ဤသည်ကို သင်တို့ ပိုင်းခြားသိမြင်နိုင်ခြင်း ရှိသလော၊ မရှိသလော။ ခြားနားချက်က အဘယ်မှာနည်း။ ဤခြားနားချက်ကို ရှာကြည့်လော့။ သို့ဆိုလျှင် သင်တို့သည် နားလည်ပြီး ပိုင်းခြားသိမြင်နိုင်မည် ဖြစ်သည်။ (ရည်ရွယ်ချက်များက ကွဲပြားသည်။) ရည်ရွယ်ချက်များနှင့် အကြောင်းရင်းများက အသေအချာပင် ကွဲပြား၏။ သို့ဆိုလျှင် အတိအကျ မည်သည့်နေရာ၌ ကွဲပြားသနည်း။ ခြိမ်းခြောက်မှုဟူသည် အဘယ်နည်း။ ခြိမ်းခြောက်မှုတွင် ကောင်းမွန်ပြီး မှန်ကန်သည်ဟု ထင်ကောင်းထင်ရသော စကားများပါဝင်ပြီး လူတို့က ယင်းတို့ကို ကြားရသောအခါ အလွန်အမင်း စိတ်မကောင်း မဖြစ်ကြသော်လည်း ယင်းတို့၏ ရည်ရွယ်ချက်မှာ ကိုယ်‌ရေးကိုယ်တာ အကျိုးအမြတ်ဖြစ်၏။ တစ်ဖက်တွင် အကြံပြုချက်နှင့် သတိပေးချက်များ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့ကို အကူအညီပေးဖို့၊ သူတို့ကို အမှားလုပ်မိခြင်း၊ လမ်းကြောင်းမှ လွဲသွားခြင်း သို့မဟုတ် ကွေ့ပတ်သွားခြင်း၊ အထင်အမြင်မှားအောင် အလုပ်ခံရခြင်းမှ တားဆီးဖို့နှင့် ဆုံးရှုံးမှုများကို ကူညီ၍ လျှော့ချဖို့ရန် သို့မဟုတ် တားဆီးဖို့ရန် ဖြစ်သည်။ ရည်ရွယ်ချက်မှာ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ် မဟုတ်ဘဲ အခြားသူများကို အထောက်အကူပေးဖို့ သက်သက်ဖြစ်၏။ ယင်းမှာ ထိုခြားနားချက် ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာနှင့် ပတ်သက်၍ ပိုင်းခြားသိမြင်ဖို့ သင်ယူရန် လိုသည်။ လူတို့အား ခြိမ်းခြောက်သော အန္တိခရစ်များ၏ သရုပ်သကန်နှင့် ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းကြောင့် သင်တို့သည် အခြားသူများနှင့် စကားပြောနေစဉ် လိုအပ်သည့်အခါ သတိပေးချက်များ မပြောရဲဖို့ မဆိုလိုပေ။ သတိပေးချက် လိုအပ်သောအခါ ပေးလိုက်သင့်သည်။ သတိပေးချက်များနှင့် အကြံပြုချက်မှာ ခြိမ်းခြောက်မှုများနှင့် မတူချေ။ သတိပေးချက်များကို လူတို့အနေဖြင့် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ဖို့အတွက် သူတို့အား ကူညီရန် အမှန်တကယ် ရည်ရွယ်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို အထိခိုက်မခံရဖို့ သေချာစေခြင်း ဖြစ်သည်။ ယင်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ တရားနည်းလမ်းကျ၏။ တစ်ဖက်တွင် ခြိမ်းခြောက်မှုတွင် တရားနည်းလမ်းမကျသော၊ ကွယ်ဝှက်ထားသော ရည်မှန်းချက် ရှိ၏။ ယင်း၌ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်နှင့် တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒ ပါဝင်၏။ ဥပမာ ထိုအန္တိခရစ်သည် အခြားသူများအား သူအိမ်ထောင်စု၏ ဝေယျဝစ္စများကို လုပ်ဆောင်စေသောအခါ သူ၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒမှာ အဘယ်နည်း။ သူသည် အဆင့်အတန်း၏ အကျိုးခံစားမှုများကို ခံစားလိုပြီး သူက မည်သည့်အရာမျှ မလုပ်ဘဲနေစဉ် အခြားသူများအား ညစ်ပတ်ပြီး ပင်ပန်းနွမ်းနယ်သော အလုပ်ကို လုပ်စေခြင်းသာ ဖြစ်၏။ ထို့နောက် တစ်စုံတစ်ယောက်က သူ့ကို တစ်နေ့ အစာသုံးနပ်ပင် ပြင်ဆင်ပေးဖို့ လိုသည်။ သူသည် ယခု ရာထူးနေရာတစ်ခုကို ရရှိထားသဖြင့် သူ၏ ပျော်ရွှင်ခံစားမှုက စတင်ပြီဟု ထင်မြင်ကြသည်။ သို့သော်လည်း လူတို့အား မိမိအတွက် အလုပ်ကို လုပ်စေဖို့ တိုက်ရိုက်ပြောခြင်းက တရားနည်းလမ်း မကျသဖြင့် အန္တိခရစ်က အကြောင်းပြချက်မျိုးစုံကို ဖန်တီးကာ “ယခု ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သဖြင့် ကျွန်ုပ်သည် တာဝန်များဖြင့် အလွန် အလုပ်ရှုပ်သည်။ အကယ်၍ သင်တို့တွင် ဝန်တာစိတ်နှင့် လူ့သဘာဝရှိလျှင် ပူးပေါင်းဆောင်ရွက်ဖို့ သင်ယူသင့်သည်။ သင်တို့ မည်သည့်အရာ လုပ်နိုင်သနည်း။ သင်တို့လုပ်နိုင်သမျှမှာ မိမိကိုယ်ကို အသုံးချခြင်း မဟုတ်လော။ ကျွန်ုပ်၏ အိမ်ရှိ ဟင်းသီးဟင်းရွက်စိုက်ခင်းတွင် အလုပ်လုပ်မည့်သူ တစ်ဦးမျှ မရှိသည့်အပြင် သင်တို့သည် အကူအညီ မပေးကြပေ။ အကယ်၍ သင်တို့ ကူညီပါက သင်တို့၌ ကြင်နာတတ်သော စိတ်နှလုံးရှိကြောင်းနှင့် သင်တို့သည် ကျွန်ုပ်အား ထိုအလုပ်ကို ကူညီခြင်းဖြင့် မိမိတို့၏တာဝန်ကို အမှန်တကယ် ထမ်းဆောင်နေကြခြင်း ဖြစ်ကြောင်း သက်သေပြသည်။ ကျွန်ုပ်သည် သင်တို့၏ ခေါင်းဆောင်ဖြစ်၏။ ကျွန်ုပ်၏ အရေးကိစ္စများမှာ သင်တို့၏ အရေးကိစ္စလည်း မဟုတ်လော။ သင်တို့ လုပ်ဆောင်သင့်သည့် အရာများမှာ သင်တို့၏ အရေးကိစ္စများဖြစ်ပြီး သင်တို့ လုပ်ဆောင်သင့်သည့် အရာများမှာ သင်တို့၏ တာဝန်ပင်မဟုတ်လော” ဟု ဆိုလေသည်။ သူသည် သင်တို့အပေါ် ထိုမျှကြီးလေးသော တာဝန်ကို ထားရှိပြီး ထိုခေါင်းဆောင် ပြောသည့်အရာက ယုတ္တိတန်သည်ဟု သင် စဉ်းစားမိသောအခါ သူ့အတွက် သွား၍ အလုပ်လုပ်လေ၏။ ဤသည်မှာ နှပ်ချခံရခြင်း မဟုတ်လော။ အန္တိခရစ်တစ်ဦးသည် သူ၏ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်များ ရှိကာ ထိုရည်မှန်းချက်ပန်းတိုင်များကို မရရှိမီတွင် အကြောင်းပြချက် သတ်မှတ်ဖို့အတွက် သင့်လျော်သော ဆင်ခြေများနှင့် သဘောတရားများကို ရှာဖို့လို၏။ ထိုအခါ ဤသဘောတရားများကို လက်ခံသောသူတို့က သူ့အတွက် သွား၍ အလုပ်လုပ်ကြကာ သူက သူ၏ ရည်ရွယ်ချက်များကို စွမ်းဆောင်ရရှိပြီးနောက် အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားနိုင်ကြသည်။ ဤသည်မှာ အသင်းတော်ကို ကပ်စားနေသောသူတစ်ဦး မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ အမှန်တကယ် ပကတိအခြေအနေဖြစ်၏။ သူသည် အပျင်းထူပြီး အလုပ်လုပ်လိုစိတ် မရှိဘဲ ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာ ရှိခြင်းနှင့် အဆင့်အတန်း၏ အကျိုးအမြတ်များကို ငမ်းငမ်းတက်လိုချင်သည်။ သူသည် လှည့်စားအမြတ်ထုတ်နေခြင်း ဖြစ်ပြီး သင့်တော်သော စကားများကို ရှာမတွေ့သောအခါ သူတို့နားလည်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အယူဝါဒထဲမှ ယုတ္တိတန်ပြီး ပို၍ အလွယ်တကူ လက်ခံထားသော စကားအသုံးအနှုန်းများကို ကောက်နုတ်ပြောပြသည်။ သူသည် သမ္မာတရားကို နားလည်သဘောပေါက်ခြင်း မရှိသည့်အပြင် စဉ်းစားဉာဏ်မဲ့သောသူတို့ကို အထင်အမြင်မှားစေရန်နှင့် ကန့်သတ်ရန် ဤစကားများကို အသုံးချခြင်းဖြစ်သည်။ ထိုသို့ပြုခြင်းဖြင့် သူသည် မိမိ၏ ကွယ်ဝှက်ထားသော ရည်မှန်းချက်များကို ပြီးမြောက်ကာ လူတို့အား မိမိ၏ ကြိုးကိုင်ညွှန်ကြားခြင်းကို လိုလိုလားလား လက်ခံအောင် လုပ်ကြသည်။ အကယ်၍ ထိုခေါင်းဆောင်၏ စကားများကို အ‌ရေးမစိုက်လျှင် သို့မဟုတ် သူတို့၏ ခေါင်းဆောင်သတ်မှတ်ပေးသော အလုပ်တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့ ပျက်ကွက်လျှင် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့သေးဟုပင် ထင်ကြသည်။ သူတို့သည် ဘုရားကိုပင် ကျေးဇူးတရားတင်ရှိသည်ဟု ခံစားကြပြီး မျက်ရည်များပင် ကျလေသည်။ ဤသည်မှာ အကြီးအကျယ် နားဝေတိမ်တောင်ဖြစ်ခြင်း အဆင့်ပင် မဟုတ်‌လော။ သူတို့သည် အလွန်ပင် နားဝေတိမ်တောင် ဖြစ်သည့်အတွက် စက်ဆုပ်စရာကောင်း၏။

အန္တိခရစ်များသည် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ရရှိဖို့ရန် ခြိမ်းခြောက်မှုများကို အသုံးပြုလျက် မကြာခဏ စကားပြောကြ‌သော်လည်း ၎င်းတို့၏ ခြိမ်းခြောက်မှုများသည် တစ်ခါတစ်ရံတွင် မှန်ကန်သော စကားများနှင့် ညင်သာသော ဟန်ပန်ပုံစံဖြင့် လာကာ မြွေတစ်ကောင်က သင့်ကို တဖြည်းဖြည်းချင်း ရစ်ပတ်နေသည်နှင့် တူ၏။ သင့်ကို ရစ်ပတ်ပြီးသည်နှင့် သူသည် သင်၏အသက်ကို တောင်းဆိုဖို့ အဆင်သင့်ဖြစ်ပြီ။ အခြားအချိန်များတွင် ၎င်းတို့၏ ခြိမ်းခြောက်မှုများမှာ မညင်သာဘဲ ကြမ်းတမ်းပြီး ရက်စက်ကြမ်းကြုတ်ကာ ဝံပုလွေတစ်ကောင် သိုးကို တွေ့ပြီး သူ၏ ရက်စက်ကြမ်းကြုတ်သော အသွင်သဏ္ဌာန်ကို ထုတ်ဖော်သည်နှင့် တူ၏။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ “အကယ်၍ သင် ကျွန်ုပ်ကို နားမထောင်လျှင် သင်သည် သင်၌ ဖြစ်လာမည့်အရာကို ရရှိမည် ဖြစ်ပြီး အကျိုးဆက်များ ဖြစ်ပေါ်လာလျှင် ကိုယ်တိုင် တာဝန်ခံရမည်” ဟု လူတို့အား ပြောပြရန်ဖြစ်၏။ မိမိတို့၏ ခြိမ်းခြောက်မှုများ၌ အန္တိခရစ်များ အသုံးပြုသည့် အပေးအယူလုပ်ခြင်း၏ ထုံးစံဖြစ်သော နည်းလမ်းမှာ အဘယ်နည်း။ ၎င်းတို့သည် လူတို့၏ပန်းတိုင်၊ သူတို့၏တာဝန်၊ သူတို့၏ ရာထူးနေရာနှင့် အသင်းတော်ထဲ၌ ထွက်သွားခြင်း သို့မဟုတ် ဆက်နေခြင်းတို့ကိုပင် ပစ်မှတ်ထားသည်။ အန္တိခရစ်များက လူပုဂ္ဂိုလ်များကို ခြိမ်းခြောက်ဖို့အတွက် ဤနည်းလမ်းများနှင့် အခြားနည်းလမ်းများကို အသုံးချသည်မှာ အမှန်ဖြစ်၏။ သို့သော်လည်း ၎င်းတို့၏ မဟာဗျူဟာများမှာ များသောအားဖြင့် ဤအမျိုးအစားနှစ်ခုထဲ၌ ပါဝင်၏။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် နှစ်လိုဖွယ်ကောင်းသော စကားများဖြင့် ချော့မော့ကာ အခြားအချိန်များတွင် သင့်ကို အတင်းအကျပ်နှင့် မလိုမုန်းထားစွာ ရန်မူမည်ဖြစ်သည်။ အန္တိခရစ်များ၏ ခြိမ်းခြောက်မှုများ၏ ဆိုင်သည့် ရည်ရွယ်ချက်မှာ အဘယ်နည်း။ ပထမဦးဆုံးအနေဖြင့် ၎င်းတို့သည် လူတို့အား မိမိတို့ကို နားထောင်စေလိုသည်။ ၎င်းတို့သည် အခြားလူတို့ထံမှ အကျိုးကျေးဇူးများကို ခံစားရဖို့၊ အဆင့်အတန်း၏ အကျိုးအမြတ်ကို ခံစားရဖို့၊ ပြီးလျှင် ယင်းနှင့်တစ်ပါတည်းလာသည့် အမျိုးမျိုးသော အကျိုးခံစားခွင့်များနှင့် သာယာမှုများကို မွေ့လျော်ဖို့အတွက် ရည်ရွယ်၏။ ဒုတိယအနေဖြင့် ၎င်းတို့သည် မိမိတို့အရေးကိစ္စများ၏ အခြေအနေအမှန်ကို ထုတ်ဖော်ဖို့ သို့မဟုတ် မိမိတို့၏ ရာထူးနေရာကို စိန်ခေါ်ဖို့ မည်သူ့ကိုမျှ အလိုမရှိပေ။ မိမိတို့၏ ရာထူးနေရာကို ခြိမ်းခြောက်သည့် အရာတစ်ခုခုကို လူတို့ ပြုလုပ်ခြင်းကို ၎င်းတို့ သည်းခံမည်မဟုတ်ပေ။ ဥပမာ အချို့သောလူတို့က ၎င်းတို့၏ အခြေအနေကို အထက်ပိုင်းမှလူတို့ထံ တိုင်တန်းလိုပါက သို့မဟုတ် လူအချို့က ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ၎င်းတို့အား ပစ်ပယ်ပြီး ရာထူးမှ ဖယ်ရှားဖို့ရန် ညီအစ်ကို မောင်နှမများနှင့် ပေါင်းစည်းလိုပါက အန္တိခရစ်များသည် ခြိမ်းခြောက်သော နည်းလမ်းများကို ကျင့်သုံးရတော့မည် ဖြစ်သည်။ ခြိမ်းခြောက်ခြင်း၏ ရည်မှန်းချက်ပန်းတိုင်နှင့်ဆိုင်သည့် ကဏ္ဍတစ်ခုမှာ ၎င်းတို့၏ ရာထူးနေရာနှင့် တစ်ပါတည်းလာသည့် အကျိုးကျေးဇူးများစွာကို ခံစားဖို့အတွက် ဖြစ်ကာ အခြားကဏ္ဍတစ်မှာ ၎င်းတို့၏ ရာထူးနေရာကို ကာကွယ်ဖို့ ဖြစ်သည်။ ဤသည်တို့မှာ လူတို့အား ခြိမ်းခြောက်ရာတွင် အန္တိခရစ်များ၌ရှိသော ရည်မှန်းချက်နှစ်ခု အတိအကျဖြစ်၏။ ယင်းတို့နှစ်ခုလုံးမှာ ရာထူးနေရာနှင့် ဆိုင်၏။ အမျိုးမျိုးသော ဤအကျိုးကျေးဇူးအားလုံးသည် မည်သည့်နေရာမှ လာသနည်း။ ယင်းတို့သည်လည်း ၎င်းတို့၏ ရာထူးနေရာမှ လာ၏။ အန္တိခရစ်အချို့က “အကယ်၍ သင်သည် ဤကိစ္စတွင် မလိုက်လျောပါက အကျိုးဆက်များကို ခံစားရမည်” ဟု ပြောကြ၏။ အကယ်၍ တစ်စုံတစ်ယောက်က ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး နားထောင်မည်မဟုတ်ပါက ယင်းကို ကိုင်တွယ်ဖို့ ၎င်းတို့ နည်းလမ်းတစ်ခုကို စဉ်းစားကြသလော။ ဖြစ်လာမည့်အရာကို ၎င်းတို့ ကျိတ်မှိတ်လက်ခံ၍သာ နေမည်မဟုတ်ပေ။ ၎င်းတို့အနေဖြင့် မိမိရာထူးနေရာကို ကာကွယ်စောင့်ရှောက်ဖို့ မျှော်လင့်ချက်တစ်စက်မျှ ရှိနေသရွေ့ ယင်းအတွက် ကျားကုတ်ကျားခဲ ကြိုးစားမည်ဖြစ်သည်။ ရာထူးနေရာအတွက် ၎င်းတို့၏ စိတ်အားထက်သန်မှုသည် လူအများစု၏ စိတ်အားထက်သန်မှုကို ကျော်လွန်၏။ ယင်းမှာ ဝံပုလွေက သိုးတစ်ကောင်ကို မြင်တွေ့သကဲ့သို့ ဖြစ်ကာ မစားမီတွင်ပင် ပါးစပ်မှ သွားရည်စကျလေသည်။ သူ၏မျက်လုံးများက ကြောက်မက်ဖွယ်ရာ ဝင်းလက်သွားပြီး စားရဖို့ စိတ်ကူးကြည့်လေတော့သည်။ ဤသည်မှာ ယင်း၌ရှိသော အာသာပြင်းပြခြင်းမျိုးပင် ဖြစ်၏။ ဤသည်မှာ ယင်း၏ သဘာဝဖြစ်သည် မဟုတ်‌လော။ (ဟုတ်ပါသည်။) အန္တိခရစ်များ၏ ရာထူးနေရာအတွက် အာသာပြင်းပြခြင်းသည် ဝံပုလွေတစ်ကောင်၏ သိုးကောင်အတွက် အာသာပြင်းပြခြင်းနှင့် ဆင်တူကာ ၎င်းတို့၏ မလိုမုန်းထားသော သဘာဝထဲရှိ လိုအပ်မှုတစ်ခု ဖြစ်၏။ ထို့ကြောင့် အခြားသူများအပေါ် ၎င်းတို့၏ ခြိမ်းခြောက်မှုများမှာ မရှိမဖြစ် ရှိလေ၏။

၄။ အန္တိခရစ်များက လူတို့အား မည်သို့ ထိန်းချုပ်ပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

လူတို့အား ထိန်းချုပ်ခြင်းသည် အန္တိခရစ်များ အသုံးချသည့် နည်းဗျူဟာများထဲမှ တစ်ခုဖြစ်၏။ ၎င်းတို့က လူတို့ကို မည်ကဲ့သို့ ထိန်းချုပ်သနည်း။ အန္တိခရစ်များတွင် လူတို့အား ထိန်းချုပ်ရန်အတွက် နည်းလမ်းတစ်စုံထက်မက ရှိ၏။ ၎င်းတို့တွင် နည်းလမ်းအချို့ရှိ၏။ ဤသည်ကို သင်တို့ တွေ့ကြုံဖူးသလော။ လူပုဂ္ဂိုလ်အချို့သည် ခေါင်းဆောင်များအဖြစ် မည်သည့်အခါမျှ အစေခံဖူးခြင်း ရှိချင်မှရှိမည် ဖြစ်သော်လည်း အခြားသူများကို ထိန်းချုပ်ရန် လိုအင်ဆန္ဒတစ်ခု ထားရှိကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးအဖြစ် ပြောင်းလဲလာနိုင်သည့် အစောပိုင်းဉာဉ်များ ဖြစ်၏။ ၎င်းတို့၏ အသက်အရွယ်၊ တည်နေရာ သို့မဟုတ် အခြေအနေများ မည်သို့ရှိပါစေ ၎င်းတို့သည် လူတို့အပေါ် ထိန်းချုပ်မှုကို ကျင့်သုံးလိုကြသည်။ အစာစားခြင်း၊ အလုပ်လုပ်ခြင်းဟူသည့် ကိစ္စများ၌ပင်ဖြစ်စေ၊ ကျွမ်းကျင်မှု သို့မဟုတ် အတတ်ပညာဆိုင်ရာ ကိစ္စများဟူသည့် နယ်ပယ်အမျိုးမျိုး၌ဖြစ်စေ ၎င်းတို့သည် လူတို့ကို မိမိတို့အား နားထောင်စေလိုပြီး နားမထောင်သည့် မည်သူ့ကိုမဆို သည်းခံမည်မဟုတ်ပေ။ ၎င်းတို့သည် အသင်းတော်ထဲ၌ အာဏာကိုင်စွဲလိုသည့် မိမိတို့၏ လိုအင်ဆန္ဒကိုပင် မထိန်းချုပ်နိုင်ပေ။ ၎င်းတို့က ဤအရာကို မိမိတို့၏ တာဝန်နှင့် ဝတ္တရားအား ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းအဖြစ် ရှုမြင်ကာ ဤသည်မှာ မိမိတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒ ဖြစ်ကြောင်း၊ ယင်းမှာ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်ကြောင်း သဘောမပေါက်ဘဲ မိမိတို့သည် ကိုယ့်တာဝန်ကို ကျေပွန်အောင် ထမ်းရွက်နေခြင်းဖြစ်သည်ဟု ထင်မှတ်ကြသည်။ သို့ဆိုလျှင် အန္တိခရစ်တစ်ဦးသည် လူတို့ကို မည်ကဲ့သို့ ထိန်းချုပ်သနည်း။ ဥပမာအနေဖြင့် ၎င်းတို့သည် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသောအခါ ပထမဆုံးနေ့တွင် ၎င်းတို့က “ဤလူတို့၌ နည်းလမ်းမကျသော အစားအသောက် အလေ့အထများနှင့် နေ့တဓူဝ လုပ်ရိုးလုပ်စဉ်များ ရှိသည်။ ပြုလုပ်စရာ အလုပ်များစွာ ရှိ၏။ ‌ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်း၌ အရေးပါသော တာဝန်များပါရှိသည်။ ယင်းမှာ ဝန်ထုပ်ဝန်ပိုးတစ်ခုပါတကား” ဟု စတင်၍ စဉ်းစားတော့သည်။ ထိုအန္တိခရစ်သည် မိမိတို့၏ အခန်းတံခါးကိုပိတ်ကာ တစ်နေကုန် အချိန်ကုန်ဆုံးလျက် စာမူနှစ်မျက်နှာသုံးမျက်နှာ ရေး၏။ ဤစာမူထဲတွင် မည်သည့်အရာ ပါရှိသနည်း။ ပထမဦးစွာ ယင်းမှာ အစာစားခြင်းနှင့် သက်ဆိုင်သည်။ အစာကို တိကျသောအချိန်၊ တိကျသောနေရာ၊ တိကျသော အစာပမာဏကို သုံးဆောင်ရမည်။ အဆာပြေ နံနက်စာကို နံနက် ၆နာရီခွဲတွင်လည်းကောင်း၊ နေ့လည်စာကို မွန်းလွဲ ၁၂နာရီခွဲတွင်လည်းကောင်း၊ ညနေစာကို ညနေ ၆နာရီခွဲတွင်လည်းကောင်း အစာကို တစ်မိနစ်မျှမစော၊ တစ်မိနစ်မျှ နောက်မကျဘဲ ဤသုံးချိန်တွင် သုံးဆောင်ရမည်။ မိုးရွာလျှင်ပင်ဖြစ်စေ၊ မုန်တိုင်း စတင်ကျရောက်လျှင်ပင်ဖြစ်စေ၊ မည်သည့်အခြေအနေများတွင်ဖြစ်စေ အချိန်မှန်ရမည် ဖြစ်သည့်အပြင် ဤစည်းကမ်းများကို ဖောက်ဖျက်ပါက အစာစားရမည်မဟုတ်ပေ။ ထို့ပြင် နေ့တဓူဝ လုပ်ရိုးလုပ်စဉ်များနှင့် ဆိုင်သည့် ကိစ္စလည်းရှိကာ ယင်းမှာ အလွန်အရေးကြီး၏။ ယမန်နေ့ညတွင် သင် အဘယ်မျှညနက်မှ အိပ်ရာဝင်သည်ဖြစ်စေ နံနက်တိုင်း ၆နာရီ ထရမည်။ မွန်းလွဲ ၁ နာရီတွင် နေ့လည်စာ စားပြီးသောအခါ တစ်ခဏနားပြီး ညစဉ် ၁၀ နာရီတိတိတွင် အိပ်ရာဝင်ရမည်။ ၎င်းတို့သည် အစာစားခြင်းနှင့် နေ့စဉ် လုပ်ရိုးလုပ်စဉ်များအတွက် စည်းကမ်းချက်များ ရေးဆွဲပြီးသောအခါ အခြားတိကျသော စည်းမျဉ်းစည်းကမ်းများစွာလည်း ရှိသေးသည်။ သာဓကအားဖြင့် သင်သည် သတ်မှတ်ထားသော နေရာများတွင် စားရမည်ဖြစ်ပြီး စားသောက်နေစဉ် မည်သည့်ဆူညံသံမျှ မပြုလုပ်ရပေ။ လူတစ်ဦးစီသည် သတ်သတ်မှတ်မှတ်ရှိသော အဝတ်ကို ဝတ်ဆင်ဖို့လိုသည် အစရှိသည်တို့ ဖြစ်၏။ ဤစည်းကမ်းများမှာ အလွန်တရာမှ အသေးစိတ်ကျကာ ဘုရားအိမ်တော်ရှိ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များထက်ပင် အသေးစိတ်ပိုကျ၏။ ဤနေ့တဓူဝ၏ အသေးအဖွဲ အချက်အလက်များမှာ သမ္မာတရားနှင့် လုံးဝ မဆိုင်ပေ။ လူတစ်ဦး၏ နေ့စဉ်အသက်တာနှင့် အစာစားခြင်း အလေ့အထများကို စနစ်တကျ စီစဉ်ထားပြီး သင့်လျော်ကာ လူတစ်ဦး၏ ကျန်းမာရေးကို မထိခိုက်သရွေ့ ဤစည်းမျဉ်းအား လိုက်လျှောက်ခြင်းက လုံလောက်ပေမည်။ ထိုမျှ အသေးစိတ်ကျသော စည်းမျဉ်းစည်းကမ်းများ မလိုပေ။ သို့ဆိုလျှင် ထိုအန္တိခရစ်က ထိုမျှ အသေးစိတ်ကျသော စည်းကမ်းများကို အဘယ့်ကြောင့် ဖန်တီးရသနည်း။ သူက “လူတို့အနေဖြင့် အစီအစဉ်တကျ မရှိခြင်းက မကောင်းပေ။ ဤကိစ္စရပ်များကို ဘုရားနှုတ်ကပတ်တော်များထဲ၌ မည်သည့်အခါမျှ ဖော်ပြမထားသည့်အပြင် ဤတိကျသော အသေးစိတ်အချက်များ မပါလျှင် ကျွန်ုပ်တို့၏ အသက်တာများမှာ စည်းကမ်းမဲ့နေမည်၊ ဖွဲ့စည်းပုံ ကင်းမဲ့နေမည်၊ ထို့ပြင် မည်သည့် လူသားပုံသဏ္ဌာန်မျှ ရှိမည်မဟုတ်ပေ။ ယခု ကျွန်ုပ်သည် ခေါင်းဆောင်ဖြစ်သည့်အတွက် သင်တို့အားလုံးကို ကုသပေး၍ရသည်။ သင်တို့သည် လေလွင့်သော သိုးများ မဟုတ်တော့။ သင်တို့ကို စောင့်ရှောက်ပေးမည့်သူ တစ်ဦးရှိပြီ” ဟု ပြောလေသည်။ အဝတ်အထည်၊ အစားအစာ၊ နေထိုင်စရာနှင့် သယ်ယူပို့ဆောင်ရေးတို့ကဲ့သို့သော နေ့စဉ်အသက်တာ၏ အရေးပါသော ကိစ္စနှင့် အရေးမပါသော ကိစ္စနှစ်ခုလုံးကို ခရေစေ့တွင်းကျ စည်းကမ်းသတ်မှတ်ထားသည်။ ထို့နောက် သူက သင့်ကို “လျှို့ဝှက်ချက်” တစ်ခု ပြောပြကာ “ဘုရားနှုတ်ကပတ်တော်များက နေ့စဉ်အသက်တာ၏ တိကျသော ဤအသေးစိတ်အချက်များကို မည်သည့်အခါမျှ ဖော်ပြမထားပေ။ ယင်းနှင့်ပတ်သက်၍ ဘုရားက မပြောခဲ့ရုံဖြင့် ကျွန်ုပ်တို့ မသိသင့်ဟု မဆိုလိုပေ။ မည်သည့်အခါမျှ ဘုရားမပြောပြခဲ့သည့် ဤအသေးစိတ် ကိစ္စများအားလုံးနှင့်ဆိုင်သည့် အလုပ်ကို ကျွန်ုပ်တို့ လူသားများက တာဝန်ယူရမည်” ဟု ဆိုလေသည်။ သူက ဘုရားသခင်၏ နှုတ်ကပတ်တော်များအပြင် သမ္မာတရားကို အစားထိုးရန်နှင့် အခြားသူများကို ဦးဆောင်ရန်အတွက် အသေးစိတ်ကာ တိကျပြတ်သားသော စကားလုံးများဖြင့် ရှင်းလင်းစွာ ဖွင့်ဆိုထားပုံရသည့် စည်းမျဉ်းစည်းကမ်းများ တစ်စုကို ဖန်တီးသည်။ တိကျပြီး ရှင်းရှင်းလင်းလင်း ဖွင့်ဆိုထားသော ဤစည်းမျဉ်းများကို ထုတ်ပြန်ပြီးသောအခါ လူတို့သည် သူ၏ မည်ကာမတ္တ စည်းကမ်းများကို လိုက်နာဖို့ လိုအပ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ဤစည်းကမ်းများကို လိုက်နာဖို့ ပျက်ကွက်လျှင်၊ မနာခံလျှင်၊ လျစ်လျူရှုလျှင် သို့မဟုတ် ဖောက်ဖျက်လျှင် ထိုအန္တိခရစ်က ထိုသူကို ပြုပြင်သည်။ သူ့ကို ပြုပြင်ပြီးသောအခါ ထိုပုဂ္ဂိုလ်သည် ဤစည်းကမ်းများကို လက်ခံပြီး ယင်းတို့ကို ဘုရားသခင်ထံမှ ခံယူရန်အတွက် သေချာစေသည်။ သူသည် သမ္မာတရားကို အစားထိုးပြီး လူတို့ကို ဦးဆောင်ရန်အတွက် ဤအရာများကို အသုံးပြုသည့်အတွက် ထိုလူတို့သည် မည်သည့်လမ်းကြောင်းမျိုးကို လျှောက်ကြမည်နည်း။ သူတို့သည် စည်းမျဉ်းစည်းကမ်းများနှင့် ကျင့်စဉ်များကိုသာ ပုံသေစောင့်ထိန်းလျက် အသွင်အပြင်နောက် လိုက်ခြင်းသက်သက်သာ ဖြစ်မည်။ ထိုသို့သော ‌ခေါင်းဆောင်မှုအောက်တွင် လူတို့က “အကယ်၍ ကျွန်ုပ်သည် ပြင်ပစည်းမျဉ်းများနှင့် လုပ်ရိုးလုပ်စဉ်များကို လိုက်လျှောက်နိုင်ပါက၊ အိပ်ယာထခြင်း၊ အိပ်ယာဝင်ခြင်းနှင့် စားသောက်ခြင်းတို့အတွက် အချိန်ဇယားအတိုင်း လိုက်နိုင်ပါက ယင်းမှာ ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ဆိုလိုသည်မဟုတ်လော။ သို့ဆိုလျှင် ကျွန်ုပ်သည် ကယ်တင်ခံရမည် မဟုတ်လော” ဟူ၍ မိမိတို့၏ ကိုယ်ပိုင်အယူအဆများကို တလွဲယုံကြည်ကောင်း ယုံကြည်မည်ဖြစ်သည်။ ကယ်တင်ခြင်းဟူသည် အမှန်ပင် ထိုမျှရိုးစင်းသလော။ သမ္မာတရားကို အလွန်လွယ်ကူစွာ ရရှိသလော။ သမ္မာတရားသည် လူ၏အပြုအမူနှင့်သာ သက်ဆိုင်သလော။ မသက်ဆိုင်ပေ။ ထိုအန္တိခရစ်သည် လူတို့၏ စိတ်သဘောထားများ၊ သူတို့၏ သမ္မာတရားအား နားလည်သဘောပေါက်မှုနှင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုတို့၌ အပြောင်းအလဲများကို မည်ကဲ့သို့ မှတ်ယူသနည်း။ သူက ဤအရာတို့ကို အများပြည်သူ ငြိမ်ဝပ်ပိပြားရေးကို လိုက်နာခြင်း သို့မဟုတ် တိုင်းပြည်၏ ဥပဒေများကို စောင့်ထိန်းလိုက်နာခြင်းနှင့် ညီမျှသကဲ့သို့ မှတ်ယူသည်။ ဤစည်းမျဉ်းစည်းကမ်းများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထက် ပို၍ မြင့်မားသည်၊ ပို၍ ခိုင်လုံပြီး လက်တွေ့ကျသည်ဟု လူတို့ကို တလွဲယုံကြည်အောင်ပင် သူက လုပ်လေသည်။ အဖြစ်မှန်မှာ သူက လူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် ဤအရာများကို အသုံးပြုကာ သူတို့၏ အပြုအမူကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်သည်။ သူသည် ပြဿနာများကို သမ္မာတရားဖြင့် မဖြေရှင်းသကဲ့သို့ လူတို့ကို သမ္မာတရား စည်းမျဉ်းများအတိုင်း နေထိုင်ရန်၊ ပြုမူလုပ်ဆောင်ရန်နှင့် မိမိတို့၏ တာဝန်များ ထမ်းဆောင်ရန်အတွက် အားမပေးချေ။ ထိုအစား သူက လူတို့လိုက်လျှောက်ရန် စည်းကမ်းများ၊ စည်းမျဉ်းများနှင့် စနစ်များတစ်စုကို မမှန်မကန် ဖန်တီးဖော်ထုတ်သည်။ သူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူက လူတို့ကို မိမိအား လက်ခံစေလိုသည်၊ မိမိကျွမ်းကျင်သည်ဟု ထင်စေလိုသည်၊ ထို့ပြင် ဤစည်းမျဉ်းစည်းကမ်းများကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လိုက်နာခြင်းဖြင့် မိမိ၏ ခေါင်းဆောင်မှုကို လိုက်နာစေလိုသည်။ ဤနည်းဖြင့် သူသည် သူ၏ ရည်မှန်းချက်ပန်းတိုင်များကို ဖြစ်မြောက်အောင်မြင်လေသည်။ လူတို့၏ အပြုအမူကို ချုပ်ထိန်းခြင်းနှင့် စံသတ်မှတ်ခြင်းဖြင့် လူတိုင်းနှင့်ဆိုင်သည့် အရာတိုင်းကို ထိန်းချုပ်ခြင်းဟူသည့် သူ၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ဖို့ ရည်ရွယ်လေသည်။ ထို့ပြင် ပြုမူလုပ်ဆောင်ခြင်းအတွက် သူ၏ အကြောင်းရင်းများနှင့် ပတ်သက်၍ သူ၌ အဆင့်အတန်းရဖို့ သိသာထင်ရှားသော လိုအင်ဆန္ဒ ရှိကောင်းရှိမည် မဟုတ်သော်လည်း နောက်ဆုံးအကျိုးဆက်မှာ သူသည် လူတို့ကို ထိန်းချုပ်ပြီး လူတို့သည် သူ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် လုံးဝအညီ နေထိုင်ပြုမူကြခြင်း ဖြစ်၏။ ထိုသို့သော အခြေအနေမျိုးတွင် သမ္မာတရားသည် လူတို့၏ စိတ်နှလုံးများထဲ၌ နေရာယူသေးသလော။ မယူတော့ပေ။ အန္တိခရစ်များ၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့်အပြင် ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြပေ။ အကယ်၍ သင်သည် သင်၏ အသင်းတော်အသက်တာကို ၎င်းတို့နှင့်အတူတကွ နေထိုင်လျှင် ၎င်းတို့သည် သင့်အား တစ်နေ့တစ်မျိုး လုပ်ခိုင်းပြီး သမ္မာတရားစည်းမျဉ်းများနှင့် ပတ်သက်၍ အခြေခံအားဖြင့် မိတ်သဟာယ ဖွဲ့နိုင်မည်မဟုတ်ချေ။ ထိုအစား ၎င်းတို့က သင် ပုံသေစောင့်ထိန်းဖို့အတွက် စည်းမျဉ်းစည်းကမ်းအမြောက်အမြားကိုသာ ပေးမည်ဖြစ်သည်။ သင်သည် ယင်းတို့ကို လိုက်နာရင်း လုံးဝ ဖတ်ဖတ်မောသွားနိုင်သော်လည်း ယင်းတို့ကို လိုက်နာဖို့ ငြင်းဆန်ပိုင်ခွင့် မရှိချေ။ ၎င်းတို့က သင့်ကို စိတ်ကြိုက်လုပ်ခွင့် ပေးမည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်များက လူတို့ကို ထိန်းချုပ်သည့် နည်းလမ်းတစ်ခု ဖြစ်၏။

အန္တိခရစ်တစ်ဦးက လူတို့၌ မည်သည့်အရာကို အဓိကအားဖြင့် ထိန်းချုပ်သနည်း။ (သူတို့၏ အတွေးအခေါ်ဖြစ်သည်။) မှန်၏။ သူသည် လူတို့၏ အတွေးအခေါ်များကို အဓိကအားဖြင့် ထိန်းချုပ်သည်။ လူတို့ ပြောဆိုလုပ်ဆောင်သည့်အရာကို ထိန်းချုပ်ခြင်းသက်သက် မဟုတ်ပေ။ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းဟူသည့် အကြောင်းပြချက်အောက်တွင် သူသည် သင်၏အတွေးအခေါ်များကို ထိန်းချုပ်ရန်၊ သင့်အား သူ့ကို နာခံပြီး သူ၏ဦးဆောင်မှုနောက်သို့ လိုက်စေရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် သင့်ကို အထင်အမြင်မှားစေဖို့အတွက် အနှစ်သာရမဲ့သော သဘောတရားများနှင့် ကျွမ်းကျင်သော တစ်ပတ်ရိုက်ခြင်းကို အသုံးပြုလေသည်။ ဤသည်မှာ လူတို့အား အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ဆိုလိုသည်။ အကယ်၍ သူ၏ လမ်းညွှန်ချက်များကို သင် မလိုက်လျှောက်ပါက သင်သည် သမ္မာတရားကို ဆန့်ကျင်နေသကဲ့သို့ ခံစားကောင်း ခံစားရမည်ဖြစ်ကာ သူ့အပေါ် အကြွေးတင်ရှိသကဲ့သို့ပင် သို့မဟုတ် သူ့ကို မျက်နှာချင်း မဆိုင်ဝံ့သကဲ့သို့ ခံစားကောင်း ခံစားရမည် ဖြစ်သည်။ ဤသည်မှာ သင်သည် သူ၏ထိန်းချုပ်မှုအောက် ရောက်ရှိပြီဖြစ်ကြောင်း လက္ခဏာတစ်ခု ဖြစ်၏။ သို့သော်လည်း သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိပါက သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို အကြွေးတင်ရှိသည်ဟု သင်ခံစားရသလော။ အကယ်၍ အကြွေးတင်ရှိသည်ဟု မခံစားရပါက သင်၌ အသိတရားနှင့် လူ့သဘာဝ ကင်းမဲ့၏။ အကယ်၍ သင်သည် သင်၏စိတ်နှလုံးထဲတွင် ဘဝင်မကျခြင်းဖြစ်စေ၊ လိပ်ပြာမလုံခြင်းဖြစ်စေ တစ်စက်မျှ မရှိဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည့်အစား ထိုအန္တိခရစ်ကို နာခံနိုင်ပါက ဤသည်မှာ သင်သည် သူ၏ ထိန်းချုပ်မှုအောက်၌ ရှိနေပြီဟု ဆိုလိုသည်။ အန္တိခရစ်၏ ထိန်းချုပ်မှုနှင့်ဆိုင်သည့် အတွေ့ရဆုံးဖြစ်စဉ်မှာ သူ၏ သြဇာအာဏာစက်ကွင်းထဲတွင် သူတစ်ဦးတည်းသာလျှင် အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ အကယ်၍ သူမရှိလျှင် ဆုံးဖြတ်ချက်ချရန် သို့မဟုတ် ကိစ္စတစ်ခုကို ဖြေရှင်းရန် မည်သူမျှ မဝံ့ရဲပေ။ သူမပါလျှင် အခြားသူများသည် မည်သို့ ဆုတောင်းရမည်၊ မည်သို့ ရှာဖွေရမည် သို့မဟုတ် အချင်းချင်း မည်သို့ ဆွေးနွေးတိုင်ပင်ရမည် မသိနားမလည်သည့် လမ်းပျောက်သော ကလေးများကဲ့သို့ ဖြစ်သွားကာ ရုပ်သေးရုပ်များ သို့မဟုတ် လူသေများကဲ့သို့ ပြုမူကြသည်။ လူတို့အား အထင်အမြင်မှားစေပြီး ထိန်းချုပ်ဖို့အတွက် အန္တိခရစ်များ မကြာခဏ ပြောတတ်သည့်အရာနှင့် ပတ်သက်၍ ငါတို့သည် ဤနေရာတွင် အသေးစိတ်ပြောမည် မဟုတ်ပေ။ ၎င်းတို့ အသုံးချသည့် ပြောဆိုချက်နှင့် နည်းဗျူဟာများစွာ မုချရှိနေပြီး ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို အထင်အမြင်မှားအောင် လုပ်ခြင်းခံရသူတို့အပေါ် ပြသထားကြောင်း မြင်တွေ့နိုင်သည်။ ဥပမာတစ်ခု ငါပေးမည်။ မိမိတို့၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ပြီး အပျက်သဘော ဆောင်ခဲလှသော သာမန်အစွမ်းအစရှိပြီး မဆိုးဝါးလှသည့် လူပုဂ္ဂိုလ်အနည်းငယ် ရှိသည်။ သို့ရာတွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ဖို့ အန္တိခရစ်တစ်ဦးနှင့် အချိန်အတန်ကြာ အလုပ်လုပ်ပြီးနောက် ထိုသူတို့သည် ထိုအန္တိခရစ်အပေါ် မှီခိုအားထားလာကြသည်။ သူတို့သည် အရာရာတွင် ထိုအန္တိခရစ်၏ ဦးဆောင်မှုနောက်သို့ လိုက်ရန်ဆန္ဒရှိပြီး ထိုအန္တိခရစ်သည် သူတို့၏ အဓိကအားကိုးရသူ ဖြစ်လာသည်။ သူတို့သည် ဤအန္တိခရစ်နှင့် ဝေးကွာလျှင်ဝေးကွာချင်း သူတို့လုပ်ဆောင်သည့် အရာရာ၌ မထိရောက်တော့ပေ။ ထိုအန္တိခရစ် မရှိလျှင် သူတို့၏ တာဝန်ထမ်းဆောင်မှု၌ တိုးတက်မှု ရပ်တန့်သွားပြီး ပြဿနာတစ်ခုကို ရင်ဆိုင်ရစဉ်တွင်ပင် မိတ်သဟာယဖွဲ့ခြင်းမှ ရလဒ်များ မရရှိနိုင်တော့ချေ။ သူတို့သည် ထိုအန္တိခရစ် ပြန်လာပြီး ယင်းကို ဖြေရှင်းပေးဖို့ကိုသာ စောင့်နိုင်ကြတော့သည်။ အဖြစ်မှန်မှာ ဤလူတို့သည် ထိုအန္တိခရစ်၏ ထိန်းချုပ်မှုမတိုင်မီတွင် သူတို့၏ အစွမ်းအစ၊ အသိဉာဏ်၊ အတွေ့အကြုံနှင့် နောက်ခံအခြေအနေတို့ကြောင့် ထိုအရာမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း နဂိုက ရှိခဲ့သော်လည်း ထိုအန္တိခရစ်၏ ထိန်းချုပ်ခြင်းခံရပြီးနောက် ယခုတွင် သူမရှိဘဲ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ မည်သူမျှ ဆုံးဖြတ်ချက် မချရဲ သို့မဟုတ် ရှင်းလင်းသော ဖြေရှင်းချက်များ မပေးရဲတော့ချေ။ သူတို့၏ အတွေးအခေါ်များက အကျဉ်းချထားခြင်း ခံရသည်ဟု ထင်ရကာ ကိုယ်တစ်ခြမ်း မလှုပ်ရှားတော့သော အခြေအနေ၌ရှိသည့် လူတို့၏ လက္ခဏာများနှင့် ဆင်တူ၏။ ဤလူတို့ကို ထိန်းချုပ်ထားသည့် အန္တိခရစ်သည် သူတို့အား ထိုအပြုအမူမျိုးတို့ကို ပြသစေဖို့အတွက် မည်သည့်အရာများကို ပြုလုပ်ထားသနည်း။ သူတို့အား နှလုံးစိတ်ဝမ်းဖြင့် နာခံစေဖို့အတွက် တိကျပြတ်သားသော အချို့သော ဆိုထုံးများ သို့မဟုတ် ပြောဆိုချက်များ ရှိနှင့်ပြီး ဖြစ်ရမည်မှာ အသေအချာပင်။ ဤလူတို့ လက်ခံထားသည့် ပြောဆိုချက်၊ ရှုထောင့်အမြင် သို့မဟုတ် လုပ်ဆောင်ချက် တစ်ခုခုလည်း ရှိနှင့်ပြီး ဖြစ်ရမည်။ သို့ရာတွင် အန္တိခရစ်များ၌ သမ္မာတရားလက်တွေ့ကျမှု လုံးလုံးလျားလျား ကင်းမဲ့လေသည်။ ၎င်းတို့၏ ပြောဆိုချက်များနှင့် ရှုထောင့်အမြင်များက မှန်နေလျှင်ပင် လူတို့အား အထင်အမြင်မှားစေရန် ရည်ရွယ်ပြီး ယင်းတို့အထဲ၌ မည်သည့်သမ္မာတရား လက်တွေ့ကျမှုကိုမျှ ကိုယ်စားမပြုချေ။ အန္တိခရစ်များသည် အမှန်စင်စစ် ဆုကျေးဇူးနှင့် ပင်ကိုစွမ်းရည်အချို့ကို ပိုင်ဆိုင်ထားသောကြောင့် ၎င်းတို့ကို လူအချို့က လေးစားသဘောကျကြသည်။ သို့ရာတွင် ဤအရည်အချင်းများက ၎င်းတို့၌ သမ္မာတရားလက်တွေ့ကျမှု ပိုင်ဆိုင်သည့် သဘောကို မဆောင်ပေ။ အန္တိခရစ်များအား ကိုးကွယ်သူတို့၌ သမ္မာတရား ကင်းမဲ့ပြီး လူတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသောကြောင့် ထိုသို့လေးစားကြခြင်းဖြစ်ကာ ယင်းမှာ သူတို့က အန္တိခရစ်များနှင့် ထင်ပေါ်ကျော်ကြားပြီး မြင့်မြတ်သော ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်များကိုပင် ကိုးကွယ်ကြသည့် အကြောင်းရင်းဖြစ်၏။ လူအချို့မှာ ထိုအန္တိခရစ်များ၏ အထင်အမြင်မှားအောင် လုပ်ခြင်းခံရနိုင်သော်လည်း ဤသည်မှာ တစ်ခဏသာဖြစ်ပြီး ထိုအန္တိခရစ်များက ဝိညာဉ်ရေးရာ သဘောတရားများနှင့် ပတ်သက်၍သာ ပြောပြနိုင်ကြပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှု မရှိကြောင်း၊ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို ကာကွယ်ပေးဖို့အတွက် မည်သည့်အရာကိုမျှ မလုပ်ဆောင်ဖူးဘဲ သူတော်ကောင်း အယောင်ဆောင်သော ဖာရိရှဲများ အမှန်တကယ် ဖြစ်ကြောင်း သဘောပေါက်နားလည်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့ကို ပစ်ပယ်ပြီး မုန်းကြမည်ဖြစ်သည်။ သမ္မာတရား နားမလည်သောသူတို့ကို အထင်အမြင် မှားစေဖို့အတွက် မိမိတို့၏ ဆုကျေးဇူးများနှင့် နှုတ်ရေးကောင်းခြင်းကို အသုံးချသည့် အန္တိခရစ်များ၏သာဓက အမြောက်အမြားရှိသည်။ ဥပမာ သင်သည် ယုတ္တိတန်သော အကြံတစ်ခုကို အဆိုပြုပါက လူတိုင်းက ဤမှန်ကန်သော အဆိုပြုချက်ကို ဝန်းရံပြီး ယင်းနှင့်ပတ်သက်၍ ဆက်လက် မိတ်သဟာယဖွဲ့သင့်သည့်အပြင် ဤသည်မှာ မှန်ကန်သော လမ်းကြောင်းဖြစ်ကာ မိမိတို့၏ တာဝန်အပေါ် သစ္စာစောင့်သိခြင်းနှင့် တာဝန်ကျေပွန်ခြင်းတို့ကို ထင်ရှားစေသည်။ သို့သော် အန္တိခရစ်တစ်ဦးက ၎င်း၏စိတ်နှလုံးထဲတွင် “ထိုအဆိုပြုချက်ကို ကျွန်ုပ် အဘယ့်ကြောင့် အစက မစဉ်းစားမိခဲ့သနည်း” ဟု တွေးလေသည်။ သူသည် စိတ်နှလုံးထဲတွင် ထိုအဆိုပြုချက် မှန်ကြောင်း ဝန်ခံသော်လည်း ယင်းကို သူ လက်ခံနိုင်သလော။ သူ၏သဘာဝကြောင့် သင်၏ မှန်ကန်သော အကြံပြုချက်ကို လုံးဝ လက်ခံမည်မဟုတ်ပေ။ သင်၏ အကြံပြုချက်ကို ငြင်းပယ်ဖို့ တတ်နိုင်သမျှ အရာအားလုံးကို ပြုလုပ်ပြီးနောက် သင်၏ အဆိုပြုချက်သည် လုံးဝ အလုပ်မဖြစ်ဘဲ သူ၏ အစီအစဉ်ကသာ ပိုကောင်းသည်ဟု သင့်ကို ထင်စေဖို့အတွက် အခြားသော အစီအစဉ်တစ်ခုကို အကြံထုတ်မည်ဖြစ်သည်။ သင်သည် သူမပါဘဲ မလုပ်နိုင်၊ ပြီးလျှင် သူအလုပ်လုပ်မှသာ လူတိုင်း ထိရောက်နိုင်သည်ဟု သင့်အား သူ ခံစားစေချင်သည်။ သူမပါဘဲ မည်သည့်အလုပ်ကိုမျှ မပြီးနိုင်ဘဲ လူတိုင်းက အသုံးမကျသည့်အပြင် မည်သည့်အရာကိုမျှ မပြီးမြောက်နိုင်ပေ။ ထိုအန္တိခရစ်၏ နည်းဗျူဟာမှာ အမြဲတမ်း ထူးခြားပြီး တစ်မူထူးသည်ဟု ထင်ရရန်နှင့် ခမ်းကြီးနားကြီးနိုင်သော ပြောဆိုချက်များကို ပြုလုပ်ရန် ဖြစ်၏။ သူတစ်ပါး၏ ပြောဆိုချက်များ အဘယ်မျှ မှန်ကန်နေသည်ဖြစ်စေ ယင်းတို့ကို သူ ငြင်းပယ်မည်ဖြစ်သည်။ အခြားလူတို့၏ အကြံပြုချက်များက သူ၏ကိုယ်ပိုင် ထင်မြင်ချက်များနှင့် ကိုက်ညီနေလျှင်ပင် ယင်းတို့ကို သူက အလျင်ဦးအောင် အဆိုမပြုခဲ့ပါက မည်သည့်အခါမျှ သူ အသိအမှတ်လည်း မပြု၊ လက်သင့်လည်းခံမည် မဟုတ်ပေ။ ထိုအစား သူက ယင်းတို့ကို သေးသိမ်စေဖို့အတွက် သူတတ်နိုင်သည့် အရာအားလုံးကို ပြုလုပ်ကာ ငြင်းဆိုပြီး ရှုတ်ချလျက် အကြံပြုချက်များပေးသော ထိုလူက သူ၏ ထင်မြင်ချက်များ မှားယွင်းသည်ဟု ခံစားပြီး မိမိ၏အမှားကို ဝန်ခံသည်အထိ ထပ်တလဲလဲ ဝေဖန်အပြစ်တင်နေမည် ဖြစ်သည်။ ထိုအခါမှသာ ထိုအန္တိခရစ်က နောက်ဆုံးတွင် ယင်းကို လက်လွှတ်မည်ဖြစ်သည်။ အန္တိခရစ်များသည် အခြားသူများအား သိမ်ငယ်အောင်လုပ်ရင်း မိမိတို့ကိုယ်ကို ဂုဏ်တင်ရသည်ကို အရသာတွေ့ကာ အခြားသူများအား မိမိတို့ကို ကိုးကွယ်ပြီး ဗဟိုပြုစေဖို့ ရည်ရွယ်လေသည်။ အခြားသူများက နောက်ကွယ်၌သာ ရပ်နိုင်သည့် အချိန်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုသာ ထင်ပေါ်စေကြသည်။ ၎င်းတို့ ပြောသမျှ သို့မဟုတ် လုပ်သမျှမှာ မှန်ပြီး အခြားလူတို့ ပြောသမျှ သို့မဟုတ် လုပ်သမျှမှာ မှား၏။ ၎င်းတို့သည် အခြားသူများ၏ ရှု‌ထောင့်အမြင်များနှင့် လုပ်ဆောင်ချက်များကို ငြင်းဆိုဖို့အတွက် ထူးခြားသော ရှုထောင့်အမြင်များကို မကြာခဏ အဆိုပြုကာ အခြားသူများ၏ အကြံပြုချက်များကို အပြစ်ရှာပြီး အခြားသူများ၏ အဆိုပြုချက်များကို နှောင့်ယှက်ကာ ငြင်းပယ်သည်။ ဤနည်းဖြင့် အခြားလူတို့က ၎င်းတို့ကို နားထောင်ပြီး ၎င်းတို့၏ အစီအစဉ်များအတိုင်း ပြုမူဆောင်ရွက်ရမည်။ ၎င်းတို့က သင့်ကို ထပ်တလဲလဲ ငြင်းရန်၊ သင့်ကို တိုက်ခိုက်ရန်နှင့် သင် အရည်အချင်း မပြည့်မီသကဲ့သို့ ခံစားရစေရန် ဤနည်းလမ်းများနှင့် ဗျူဟာများကို အသုံးပြုခြင်းဖြင့် ၎င်းတို့အား သင် ပို၍ပို၍ ကျိုးနွံနာခံလာအောင်၊ ၎င်းတို့အား ပို၍ လေးစားအောင်နှင့် ပို၍ အထင်ကြီးအောင် ပြုလုပ်ခြင်း ဖြစ်သည်။ ထိုသို့ဖြင့် သင်သည် ၎င်းတို့၏ လုံးလုံးလျားလျား ထိန်းချုပ်ခြင်းကို ခံလာရ၏။ ဤသည်မှာ လူတို့ကို အန္တိခရစ်များ နှိပ်ကွပ်ပြီး ထိန်းချုပ်သည့် လုပ်ငန်းစဉ်ဖြစ်၏။

အန္တိခရစ်တစ်ဦးသည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးချသည်။ ၎င်းတို့နောက်သို့ လူတို့ လိုက်စေသည်မှာ မျက်စိမှိတ်ပြခြင်း သို့မဟုတ် စကားအနည်းငယ်မျှ မဟုတ်။ ယင်းမှာ ထိုမျှ လုံးဝမရိုးစင်းပေ။ လူတို့အား ထိန်းချုပ်ခြင်း သို့မဟုတ် ဝန်ထမ်း‌ရေးရာ ဆုံးဖြတ်ချက်များ၊ ငွေရေးကြေးရေး ကိစ္စများ သို့မဟုတ် ဆုံးဖြတ်ပိုင်ခွင့် အစရှိသည့် သြဇာအာဏာ၏ လက္ခဏာသွင်ပြင်တစ်ခုကို ထိန်းချုပ်ခြင်းဖြစ်စေ ၎င်းတို့သည် မတူညီသော နည်းလမ်းများကို အသုံးပြုမည်ဖြစ်ပြီး ယင်းတို့ကို ရံဖန်ရံခါသာ ပြုလုပ်မည် လုံးဝမဟုတ်ဘဲ မိမိတို့အား လူတို့ လေးစားပြီး ရွေးချယ်သည်အထိ မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ဖို့နှင့် သက်သေခံဖို့အတွက် မရပ်မနား ကြိုးပမ်းမည်ဖြစ်ကာ၊ ထို့နောက်တွင် သြဇာအာဏာသည် ၎င်းတို့အပိုင် ဖြစ်သည်။ ဤရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ဖို့ရန် ၎င်းတို့အတွက် အချိန်အတန်ကြာ ယူလေသည်။ လူတို့အား အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် အန္တိခရစ်တစ်ဦး အသုံးပြုသည့် အခြားနည်းလမ်းမှာ မိမိတို့ကိုယ်ကို အဆက်မပြတ် ကြွားလုံးထုတ်ရန်နှင့် မိမိတို့အကြောင်း လူတိုင်းကို လေ့လာစေပြီး ဘုရားသခင်၏ အိမ်တော်အတွက် ၎င်းတို့၏ အကျိုးပြုဆောင်ရွက်ချက်များနှင့် ပတ်သက်၍ လူတို့ကို ပိုသိစေရန် ဖြစ်သည်။ ဥပမာ ၎င်းတို့က “ကျွန်ုပ်သည် ဧဝံဂေလိတရားဟောရန်အတွက် နည်းလမ်းအချို့ကို မကြာမီက ရထားပြီး ယင်းက ဧဝံဂေလိတရားဟောခြင်း၏ ထိရောက်မှုကို တိုးတက်စေပြီ။ ယခုအခါတွင် အခြားအသင်းတော်အချို့ကလည်း ဤနည်းလမ်းများကို ခံယူကျင့်သုံးနေကြသည်” ဟု ပြောကောင်းပြောမည်။ အဖြစ်မှန်မှာ အသင်းတော်အမျိုးမျိုးက ဧဝံဂေလိဟောပြောသည့် အတွေ့အကြုံ အတော်များများကို ပေါင်းရုံးဖော်ပြထားခြင်း ဖြစ်သော်လည်း ထိုအန္တိခရစ်က သူ၏ မှန်ကန်သော ဆုံးဖြတ်ချက်များနှင့် ပြီးမြောက်အောင်မြင်မှုများနှင့် ပတ်သက်၍ အဆက်မပြတ် ကြွားလျက် လူတိုင်းက သိသည်အထိ သွားလေရာတိုင်း၌ လူတို့အား မိမိအကြောင်းကို အသိပေးကာ မိမိကိုယ်ကို အသားပေးပြီး ထပ်တလဲလဲ ပြောလေသည်။ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ မိမိ၏ကိုယ်ပိုင် ပုံရိပ်နှင့် ဂုဏ်ဒြပ်ကို တည်ဆောက်ရန်၊ ပို၍များသော လူတို့ထံမှ ချီးကျူးမှု၊ ထောက်ခံအားပေးမှုနှင့် လေးစားမှုကို ရှာမှီးရန်နှင့် လူတို့အား အရာရာတိုင်းအတွက် သူ့အား မှီခိုအားထားစေရန် ဖြစ်သည်။ ဤအရာက လူတို့အား အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းဟူသည့် ထိုအန္တိခရစ်၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်စေသည် မဟုတ်လော။ အန္တိခရစ်အများစုသည် ဤနည်းဖြင့် ပြုမူလုပ်ဆောင်လျက် လူတို့အား အထင်အမြင်မှားစေခြင်း၊ ထောင်ချောက်ဆင်ခြင်းနှင့် ထိန်းချုပ်ခြင်းဟူသည့် တာဝန်ကို ယူလေသည်။ မည်သည့်အသင်းတော်၊ မည်သည့်လူမှုရေးဘဝ သို့မဟုတ် မည်သည့်အလုပ်ဝန်းကျင် ဖြစ်စေ၊ အန္တိခရစ်တစ်ဦး ပေါ်ပေါက်လာသည့်အခါတိုင်း လူအများစုက သူ့ကို အမှုမဲ့အမှတ်မဲ့ဖြင့် စတင်၍ ကိုးကွယ်ကြည်ညိုတော့သည်။ သူတို့ စိတ်ရှုပ်ထွေးပြီး လမ်းညွှန်မှုပေးဖို့ တစ်စုံတစ်ယောက်ကို လိုအပ်သည့် အခက်အခဲများကို သူတို့ ကြုံတွေ့သည့်အခါတိုင်း၊ အထူးသဖြင့် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရမည့် အကျပ်အတည်းဆိုက်နေသော အခြေအနေများထဲတွင် သူတို့သည် ဆုကျေးဇူးရှိသော ထိုအန္တိခရစ်ကိုသာ အမှတ်ရကြမည် ဖြစ်သည်။ သူတို့၏ စိတ်နှလုံးများထဲတွင် “ဤနေရာ၌ သူသာ ရှိခဲ့လျှင် အဆင်ပြေမည်။ သူသာလျှင် ငါတို့အား ဤအခက်အခဲကို ကျော်လွှားရန် အကူအညီပေးဖို့အတွက် အကြံဉာဏ်နှင့် အကြံပြုချက်များ ပေးနိုင်သည်။ သူ၌ စိတ်ကူးနှင့် ဖြေရှင်းချက် အများဆုံးရှိ၏။ သူ၏ အတွေ့အကြုံများက ထူးကဲဆန်းစုံမှု အရှိဆုံးဖြစ်၏။ ပြီးလျှင် သူ၏စိတ်က အသွက်လက်ဆုံး ဖြစ်၏” ဟု ထင်မှတ်ကြသည်။ ဤလူတို့က ထိုအန္တိခရစ်ကို ထိုမျှအတိုင်းအတာအထိ ကိုးကွယ်နိုင်သည်ဟူသည့် အချက်သည် ၎င်းတို့၏ ကြွားလုံးထုတ်ခြင်း၊ လုပ်ဆောင်ခြင်းနှင့် မိမိကိုယ်ကို ပြစားဝင့်ဝါခြင်းဟူသည့် ပုံသေနည်းလမ်းနှင့် တိုက်ရိုက် ဆက်စပ်သည် မဟုတ်‌လော။ အကယ်၍ ၎င်းတို့သည် မိမိတို့၏ စကားများနှင့် လုပ်ရပ်များတွင် ကြောင်းကျိုးခိုင်လုံမှုကို ထင်ရှားစေခဲ့လျှင်၊ ၎င်းတို့သည် အာရုံနှစ်မြှုပ်ပြီး အလုပ်ကြိုးစားသည့် လူတစ်ဦးဖြစ်ခဲ့လျှင်၊ ၎င်းတို့သည် စကားကို လျှော့ပြောပြီး အလုပ်ကို ကြိုးစားလုပ်ကာ ကြွားဝါဖို့မဆိုထားနှင့်၊ မည်သည့်အခါမျှ ကြော်ငြာခြင်း သို့မဟုတ် ကြွားလုံးထုတ်ခြင်း ပြစားခြင်း မရှိခဲ့လျှင် လူတို့ကို အထင်အမြင်မှားအောင်နှင့် မိမိတို့အား တန်ဖိုးထားပြီး လေးစားအောင် လုပ်နိုင်မည်မဟုတ်ပေ။ သို့ဆိုလျှင် အတော်ပင် ရိုးသားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ ကြိုးကြိုးစားစား အလုပ်လုပ်သော သူအချို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အဘယ့်ကြောင့် အရွေးခံရခဲသနည်း။ ယင်းမှာ လူအများစု၌ သမ္မာတရားလက်တွေ့ကျမှု ကင်းမဲ့ပြီး ပိုင်းခြားသိမြင်ခြင်း၌ မကျွမ်းကျင်သောကြောင့် ဖြစ်သည်။ လူတို့သည် ဆုကျေးဇူးများ၊ နှုတ်ရေးကောင်းခြင်းနှင့် ကြွားလုံးထုတ်ရသည်ကို ခုံမင်ခြင်းတို့ကို ပိုင်ဆိုင်သောသူတို့ကို မျက်နှာသာပေးတတ်ကြသည်။ ထိုသို့သောသူတို့ကို သူတို့ အထူးသဖြင့် အားကျပြီး အသိအမှတ်ပြုကြကာ ထိုသူတို့နှင့် ပေါင်းသင်းဆက်ဆံရသည်ကို နှစ်သက်ကြသည်။ အကျိုးဆက်အားဖြင့် အန္တိခရစ်များသည် လူအများစု၏ အကိုးကွယ်ခံများနှင့် အလေးစားခံများ ဖြစ်လာကြသည်။ မည်သို့ဆိုစေ အန္တိခရစ်များ၌ လူတို့ကို ထိန်းချုပ်ရန်အတွက် နည်းလမ်းတစ်စုရှိပြီး သူတို့အပေါ် ထိန်းချုပ်မှုကို ရယူဖို့ဟူသည့် အဆုံးစွန်သော ရည်မှန်းချက်ပန်းတိုင် တစ်ခုတည်းဖြင့် လူတို့၏ စိတ်နှလုံးများထဲ၌ မိမိတို့၏ အဆင့်အတန်းနှင့် ပုံရိပ်ကို ထိန်းသိမ်းပြုပြင်ရာ၌ အချိန်နှင့် အင်အားကို ရင်းနှီးမြှုပ်နှံဖို့ ဝန်မလေးပေ။ အန္တိခရစ်တစ်ဦးသည် ဤရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ခြင်း မရှိမီ မည်သည့်အရာ ပြုလုပ်သနည်း။ အဆင့်အတန်းအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ယင်းမှာ သာမန် ခုံမင်ခြင်း သို့မဟုတ် အားကျခြင်းမဟုတ်ပေ။ ယင်းကို အရယူဖို့ရန် ရေရှည်စီမံကိန်း၊ တမင်ရည်ရွယ်သော အကြံဖြစ်၏။ ၎င်းတို့သည် တန်ခိုးအာဏာနှင့် အဆင့်အတန်းအပေါ် အထူးအရေးထားပြီး အဆင့်အတန်းကို လူတို့အား အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းဟူသည့် ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ဖို့ မရှိမဖြစ် လိုအပ်ချက်အဖြစ် ရှုမြင်သည်။ အဆင့်အတန်းကို ၎င်းတို့ ရရှိလိုက်သည်နှင့် ယင်း၏ အကျိုးအမြတ်အားလုံးကို ခံစားခြင်းမှာ ထုံးစံပင်ဖြစ်၏။ ထို့ကြောင့် အန္တိခရစ်၏ လူတို့အား အထင်အမြင်မှားစေပြီး ထိန်းချုပ်နိုင်စွမ်းသည် လုံ့လဝီရိယရှိသော စီမံခန့်ခွဲမှု၏ ရလဒ်ဖြစ်၏။ ၎င်းတို့က ထိုလမ်းကြောင်းကို ကံအားလျော်စွာ ရရှိခြင်းလုံးဝ မဟုတ်ပေ။ ၎င်းတို့ လုပ်သမျှမှာ ရည်ရွယ်ချက်ကြီးမား၏၊ ကြိုတင်ကြံရွယ်ထား၏၊ ပြီးလျှင် ဂရုတစိုက် တွက်ချက်ထား၏။ အန္တိခရစ်များအတွက် တန်ခိုးအာဏာကို ရရှိခြင်းနှင့် လူတို့အား ထိန်းချုပ်ရန်ဟူသည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ခြင်းသည် ဆုလာဘ်ဖြစ်၏။ ယင်းသည် ၎င်းတို့ အလိုချင်ဆုံးရလဒ် ဖြစ်၏။ တန်ခိုးအာဏာနှင့် အဆင့်အတန်းအား ၎င်းတို့လိုက်စားခြင်းသည် တွန်းအားပါ၏၊ ရည်ရွယ်ချက်ကြီးမား၏၊ တမင်ရည်ရွယ်ခြင်း ဖြစ်၏၊ ပြီးလျှင် ခက်ခက်ခဲခဲ စီမံထား၏။ ဆိုလိုသည်မှာ ၎င်းတို့ စကားပြောသောအခါ သို့မဟုတ် ပြုမူလုပ်ဆောင်သောအခါ ၎င်းတို့၌ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ဟူသည့် ပြင်းထန်သောသဘော ရှိကာ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အထူးသဖြင့် ပေါ်လွင်၏။ ဥပမာ ၎င်းတို့သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဟူသည့် အဆင့်တစ်ခုခု ရှိလာခြင်း၊ ဧဝံဂေလိတရားဟောခြင်းဖြင့် လူအရေအတွက်အချို့ကို ရရှိထားခြင်း၊ သို့မဟုတ် ဧဝံဂေလိတရားဟောခြင်းအတွက် အတုယူစရာ နည်းလမ်းအမျိုးမျိုးကို ဖော်ထုတ်ထားခြင်းနှင့် ပတ်သက်၍ ကြွားကြသည်။ ၎င်းတို့သည် မိမိတို့၏ အတွေ့အကြုံများနှင့် အရည်အချင်းများကို ကြွားလုံးထုတ်ကြသည်။ ကြွားဝါသောအခါ ၎င်းတို့၏ စိတ်ကူးမှာ အဘယ်နည်း။ ၎င်းတို့၏ ငုပ်နေသော အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် မည်သည့်စကားလုံးများကို အသုံးပြုသင့်ကြောင်းနှင့် အမှန်တရားကို မုသားဖြင့် မည်ကဲ့သို့ ရောစပ်သင့်ကြောင်းကို စဉ်းစားချင့်ချိန်သည် မဟုတ်လော။ ၎င်းတို့၏ စကားလုံးများမှာ ကြုံရာကျပန်း မဟုတ်ပေ။ ၎င်းတို့ပြောသမျှတွင် ရည်ရွယ်ချက်ရှိပြီး ယင်းမှာ မိမိကိုယ်ကို အမွှမ်းတင်ခြင်းကိစ္စသက်သက် လုံးဝ မဟုတ်ပေ။ ၎င်းတို့၏ စကားလုံးများကို အထူးတလည် ချင့်ချိန်စဉ်းစားပြီး ချိန်ရွယ်ထားသည့်အတိုင်း အဓိပ္ပာယ်ပေါက်ကောင်း ပေါက်မည်ဖြစ်ကာ ရည်မွန်မှုဟူသည့် ပြင်းပြသောသဘောကို ပေါ်လွင်စေသည်။ သာဓကအနေဖြင့် ၎င်းတို့သည် သမ္မာတရားကို နားလည်သော လူပုဂ္ဂိုလ်များကို ကြုံတွေ့ရပါက ၎င်းတို့၏ စိတ်နှလုံးများမှာ သတိရှိနိုးကြားနေကာ မိမိတို့ကို ပိုင်းခြားသိမြင်မည်စိုးလျက် ထိုသူတို့၏ ရှေ့မှောက်တွင် အမှုအရာများကို သာမန်ကာလျှံကာ ပြောဆိုခြင်း သို့မဟုတ် လုပ်ဆောင်ခြင်း ရှိမည်မဟုတ်ပေ။ ၎င်းတို့သည် ပို၍ ထိန်းထိန်းသိမ်းသိမ်း ရှိမည်ဖြစ်သည်။ သို့သော်လည်း ၎င်းတို့သည် ယုံကြည်သူလူသစ်များ သို့မဟုတ် သာမန်ယုံကြည်သူများနှင့် ဆက်ဆံနေပါက ဤလူတို့အား မည်သည့်အရာ ပြောရမည်ကို အသေအချာ ဆင်ခြင်စဉ်းစားမည်ဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဆက်ဆံနေခြင်းဖြစ်ပါက ဤအုပ်စုကို မည်သည့်အရာ ပြောရမည်ကို ချင့်ချိန်စဉ်းစားကြလိမ့်မည်။ အကယ်၍ ၎င်းတို့သည် အတတ်ပညာဆိုင်ရာ သိမြင်မှုကို နားလည်သောသူတို့နှင့် ဆက်ဆံနေပါက ဤလူတို့အား မည်သည့်အရာ ပြောရမည်ကို ဆင်ခြင်မည် ဖြစ်သည်။ ၎င်းတို့သည် ပြင်ပကိစ္စရပ်များတွင် အထူးသဖြင့် လာဘ်မြင်တတ်ကာ မည်သူ့ကို မည်သည့်စကားလုံးဖြင့် ခေါ်ဝေါ်ပြောဆိုရမည်နှင့် မိမိတို့၏ သတင်းစကားကို မည်သို့ ထိထိရောက်ရောက် သိရှိစေရမည်ကို သိကြ၏။ ၎င်းတို့သည် ဤအရာအားလုံးနှင့် ပတ်သက်၍ အထူးသဖြင့် ရှင်းလင်းကြ၏။ တစ်နည်းဆိုသော် အန္တိခရစ်များသည် ပြုမူလုပ်ဆောင်သောအခါ သေချာသော ရည်ရွယ်ချက်များ အမြဲပါရှိကြသည်။ ၎င်းတို့၏ စကားများ၊ လုပ်ဆောင်ချက်များနှင့် နေထိုင်ကျင့်ကြံမှုအပြင် စကားပြောနေစဉ် ၎င်းတို့ ရွေးချယ်အသုံးပြုသည့် တိကျသော အသုံးအနှုန်းသည်ပင်လျှင် တမင်ရည်ရွယ်၏။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးမှု၊ နုနယ်သော ဝိညာဉ်ရင့်ကျက်မှု၊ စဉ်းစားဉာဏ်မရှိခြင်း သို့မဟုတ် မသိနားမလည်မှု ဟူသည့် တဒင်္ဂ ထုတ်ဖော်ချက်အတိုင်း ပြုမူလုပ်ဆောင်ခြင်း၊ ၎င်းတို့ သွားလေရာရာ၌ ပေါက်ကရလေပန်းခြင်း မဟုတ်။ ဤသည်မှာ ယင်း၏ ပကတိအခြေအနေ လုံးဝမဟုတ်ပေ။ ၎င်းတို့၏ နည်းလမ်းများ၊ အမှုအရာများအား ၎င်းတို့ပြုလုပ်ပုံနှင့် ၎င်းတို့၏ စကားရွေးချယ်မှုတို့ကို ဆန်းစစ်ခြင်းဖြင့် အန္တိခရစ်များသည် အတော်ပင် စဉ်းလဲပြီး ကောက်ကျစ်ဆိုးယုတ်ကြောင်း မြင်ရလေသည်။ ၎င်းတို့၏ကိုယ်ပိုင် အဆင့်အတန်းအတွက်နှင့် လူတို့အား ထိန်းချုပ်ရန်ဟူသည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ဖို့အတွက် ၎င်းတို့သည် ကြွားလုံးထုတ်ရန်၊ အရာသေးသေးလေးတိုင်းကို အသုံးချရန် အခွင့်အရေးဟူသမျှကို အမိအရယူကာ အခွင့်အရေးတစ်စက်မျှ အဆုံးရှုံးခံမည် မဟုတ်ပေ။ ထိုကဲ့သို့သော လူတို့သည် ငါ၏ရှေ့တွင် ဤလက္ခဏာများကို ထုတ်ဖော်မည်လော၊ ငါ့ကိုပြောလော့။ (ထုတ်ဖော်မည်။) ထုတ်ဖော်မည်ဟု သင်တို့ အဘယ့်ကြောင့် ဆိုသနည်း။ (၎င်းတို့၏ သဘာဝအနှစ်သာရမှာ ကြွားလုံးထုတ်ခြင်း ဖြစ်သောကြောင့်ပင်။) ကြွားလုံးထုတ်ခြင်းသည် အန္တိခရစ်တစ်ဦး၏ အဆုံးသတ် ရည်မှန်းချက်ပန်းတိုင် ဟုတ်သ‌လော။ ကြွားလုံးထုတ်ရာ၌ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့သည် အဆင့်အတန်းကို ကြိုးပမ်းရရှိလိုကာ ၎င်းတို့ဆိုလိုသည်မှာ ဤသို့ဖြစ်၏။ “ကျွန်ုပ် မည်သူဖြစ်သည်ကို သင် မသိသလော။ ကျွန်ုပ် လုပ်ဆောင်ခဲ့ပြီးသည့် အရာများကို ကြည့်လော့။ ဤကောင်းသော အရာများကို လုပ်ဆောင်ခဲ့သူမှာ ကျွန်ုပ်ဖြစ်၏။ ကျွန်ုပ်သည် ဘုရားအိမ်တော်အတွက် အကျိုးပြုဆောင်ရွက်ချက်များ အတော်လေး လုပ်ဆောင်ခဲ့သည်။ ယခု သင်သိပြီဖြစ်သဖြင့် ပို၍အရေးပါသော အလုပ်ကို သင် ကျွန်ုပ်အား မပေးသင့်သလော။ ကျွန်ုပ်ကို သင် အထင်ကြီးလေးစားသင့်သည် မဟုတ်လော။ သင်ပြုလေသမျှတွင် ကျွန်ုပ်ကို အားထားသင့်သည် မဟုတ်လော” ဟူ၍ဖြစ်သည်။ ဤသည်ကို တမင်ရည်ရွယ်သည် မဟုတ်လော။ အန္တိခရစ်များသည် မည်သူမည်ဝါဖြစ်စေ လူတိုင်းကို ထိန်းချုပ်လိုသည်။ ထိန်းချုပ်ခြင်းအတွက် အခြားအသုံးအနှုန်းမှာ အဘယ်နည်း။ ကြိုးကိုင်ညွှန်ကြားခြင်း၊ လှည့်စားခြင်းဖြစ်ကာ ၎င်းတို့က သင့်ကို အုပ်စိုးလိုခြင်းသာ ဖြစ်၏။ ဥပမာ ညီအစ်ကိုမောင်နှမများက ကောင်းစွာ လုပ်ဆောင်ထားသည့် တစ်စုံတစ်ခုကို ချီးကျူးသောအခါ အန္တိခရစ်တစ်ဦးက ယင်းကို သူလုပ်ခဲ့သည်ဟု ချက်ချင်းပြောကာ လူတိုင်းက သူ့ကို ကျေးဇူးတင်ဖို့အတွက် ထိုသို့ပြောခြင်း ဖြစ်သည်။ အမှန်တကယ် ဆင်ခြင်တုံတရားရှိသော လူတစ်ဦးက ဤကဲ့သို့ ပြုမူမည်လော။ လုံးဝ ပြုမူမည် မဟုတ်ပေ။ အန္တိခရစ်များက ကောင်းသောအရာလေး လုပ်ဆောင်သောအခါ ယင်းနှင့်ပတ်သက်၍ လူတိုင်းက သိရှိရန်၊ ၎င်းတို့ကို အထင်ကြီးပြီး ချီးကျူးရန် အလိုရှိကြကာ ဤအရာက ၎င်းတို့ကို ကျေနပ်စေသည်။ ၎င်းတို့ မည်သည့်အရာ ပြုလုပ်သည်ဖြစ်စေ လူတို့၏ ချီးကျူးစကားများနှင့် ကိုးကွယ်မှုကို ရယူလိုကြကာ ယင်းကိုရရှိဖို့ရန် မည်သည့်အရာကိုမဆို ခါးစည်းခံလိုစိတ် ရှိကြသည်။ အဆင့်အတန်းနှင့် တန်ခိုးအာဏာအဖို့ဆိုလျှင် အန္တိခရစ်များသည် ၎င်တို့၏ ကြွားလုံးထုတ်ခြင်းက စဉ်းစားဉာဏ် ကင်းမဲ့ပုံ‌နေပေါက်လျှင်ပင် သို့မဟုတ် ၎င်းတို့၏ နည်းလမ်းက ရုန့်ရင်းပြီး အခြားသူများ၏ အထင်သေးခြင်း ခံရလျှင်ပင် ကြွားလုံးထုတ်ရန်အတွက် မည်သည့်အခွင့်အရေးကိုမျှ လက်လွှတ်ခံမည် မဟုတ်ပေ။ ၎င်းတို့က ထိုသို့သော အခွင့်အရေးမျိုးတို့ကို လွန်မြောက်စေဦးမည် မဟုတ်ပေ။ ထိုနည်းတူစွာ လူတို့အား ထိန်းချုပ်ခြင်းဟူသည့် ၎င်းတို့၏ ရည်မှန်းချက် ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ဖို့အတွက် လိုအပ်သော မည်သည့်နည်းလမ်းကိုမဆို ၎င်းတို့ အသုံးချပြီး ဤအရာကို ပြီးမြောက်ဖို့ရန် အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့သည် မိမိတို့၏ အကြံအစည်များကို ဖော်ထုတ်ဖို့အတွက် အပတ်တကုတ် ကြိုးစားပြီး ဦးနှောက်ခြောက်အောင် စဉ်းစားကြသည်။ ၎င်းတို့သည် ကောင်းသောအရာတစ်ခု လုပ်ဆောင်သောအခါ ယင်းကို နေရာတကာ၌ မရပ်မနား ကြွားလုံးထုတ်ပြီး ဂုဏ်ဆာကြသည်။ အကယ်၍ အခြားတစ်ယောက်ယောက်ကလည်း ကောင်းသောအရာတစ်ခု လုပ်ဆောင်ထားပါက ၎င်းတို့ မနာလိုဖြစ်ကာ မိမိတို့ပါ နာမည်ကောင်းရယူရန်အတွက် မိမိတို့ကို ထည့်တွက်ရန် သို့မဟုတ် ယင်း၌ ပါဝင်ခဲ့သည်ဟု ပြောဆိုရန်အတွက် တတ်နိုင်သည့်အရာမှန်သမျှကို လုပ်ကြည့်ကြသည်။ အချုပ်အားဖြင့် အန္တိခရစ်များသည် လူတို့ကို ထိန်းချုပ်ရန်အတွက် နည်းဗျူဟာများ ရှိလေသည်။ ယင်းမှာ တဒင်္ဂ လိမ်လည်လှည့်ဖြားခြင်း မဟုတ်သကဲ့သို့ ရံဖန်ရံခါသာ ပြုလုပ်သော လုပ်ရပ်နှစ်ခုသုံးခုမျှသာ လုံးဝ မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် အရာမြောက်မြားစွာ လုပ်ဆောင်ပြောဆိုကြသည်။ ၎င်းတို့၏ စကားများသည် အထင်အမြင်မှားစေ၏၊ ၎င်းတို့၏ လုပ်ရပ်များသည် အထင်အမြင်မှားစေ၏၊ ထို့ပြင် ဤအရာများအား လုပ်ဆောင်ပြောဆိုရာ၌ ၎င်းတို့၏ အဆုံးစွန်သော ရည်မှန်းချက်ပန်းတိုင်မှာ လူတို့ကို ထိန်းချုပ်ဖို့ ဖြစ်လေ၏။

လူတို့ကို ထိန်းချုပ်ရာ၌ အန္တိခရစ်တစ်ဦး၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့၏ စိတ်နှလုံးများထဲ၌ အဆင့်အတန်းနှင့် သြဇာအာဏာကို ရရှိဖို့ဖြစ်သည်။ ၎င်းတို့၌ သြဇာအာဏာနှင့် အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် အဆင့်အတန်းနှင့် ယင်းက ယူဆောင်လာသည့် အကျိုးအမျိုးမျိုးကို ခံစားနိုင်သည်။ သာဓကအနေဖြင့် ပူအိုက်သော ရာသီများတွင် အခြားသူများ လေးအေးစက် တပ်မထားသော အခန်းများ၌ နေစဉ် ၎င်းတို့သည် လေအေးစက်တပ်ထားသော အခန်း၌ နေရသည်။ အစာစားချိန်တွင် အခြားသူများက ဟင်းသီးဟင်းရွက်များနှင့် ထမင်းတစ်ပွဲ စားစဉ် ၎င်းတို့က အသားနှင့် ဟင်းရည်အနည်းငယ်ပါ ထည့်စားခွင့်ရသည်။ ထိုင်ခုံမရှိသော အခန်းထဲသို့ ဝင်သောအခါ အခြားသူများက ကြမ်းပြင်ပေါ်တွင် ထိုင်ရပြီး ၎င်းတို့အတွက် သီးသန့်ထားသည့် တစ်ခုတည်းသော ကုလားထိုင်ကို ချန်ထားရသည်။ ဤအထူးအခွင့်အရေးသည် ၎င်းတို့၏ အဆင့်အတန်းနှင့်ဆိုင်သော ရလဒ်ဖြစ်ပြီး ယင်းနှင့်အတူ ပါလာသည့် အကျိုးအမြတ်များအား မွေ့လျော်ခံစားခြင်းကို အရသာခံကြသည်။ ဤအကျိုးနှင့် ပျော်မွေ့ဖွယ်ရာများသည် ၎င်းတို့၏ ရည်မှန်းချက်များ အထမြောက်ရန် လုံလောက်ဖို့ အလှမ်းဝေးနေသည်မှာ အမှန်ပင်။ ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းက ပေးစွမ်းသည့် ဤရုပ်ဝတ္ထုဆိုင်ရာ အကျိုးကျေးဇူးများသာမက ယင်းက မိမိတို့၏ အတွင်းစိတ်ကမ္ဘာသို့ ယူဆောင်လာသည့် ဝင့်ဝါမှု၊ စိတ်ကျေနပ်မှုနှင့် လုံခြုံသောအသိကိုလည်း လိုအပ်သည်။ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်း၊ သိမ်းသွင်းစည်းရုံးခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံထားရသောသူတို့၏ အပြုအမူများမှာ အဘယ်နည်း။ ထိုသူတို့သည် တစ်ဦးနှင့်တစ်ဦး၏ အဆင့်အတန်း၊ အာဏာ၊ ဆုကျေးဇူးများနှင့် အစွမ်းအစများကိုသာမက မိသားစုနှင့် အတန်းပညာနောက်ခံကိုလည်း နှိုင်းယှဉ်ကြကာ မည်သူက ပို၍ကောက်ကျစ်ဆိုးယုတ်သော စိတ်ကူးများကို ရရှိထားပြီး မည်သူ၏စိတ်က ပို၍သွက်လက်သည်ကို ယှဉ်ပြိုင်ကြသည်။ ဘာသာတရား၏ အန္တိခရစ်များကလည်း မည်သူသည် အကြာဆုံး ဆုတောင်းသည်ကို ယှဉ်ပြိုင်ကြသည်။ အကယ်၍ လူတစ်ယောက်သည် ဆယ်မိနစ်ဆုတောင်းလျှင် နောက်တစ်ယောက်က မိနစ်နှစ်ဆယ် ဆုတောင်းမည်ဖြစ်ပြီး စုဝေးပွဲအတွင်း၌ ထိုသူတို့သည် မရပ်မနား ဆုတောင်းရုံမှအပ အခြားဘာတစ်ခုမျှ လုပ်မည်မဟုတ်ဘဲ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းထဲ၌ တရားစာများကို ရွတ်ဖတ်သောလူတို့နှင့် တူကာ မနားတမ်း တတွတ်တွတ်ရွတ်ကြ၏။ ဘုရားသခင်သည် ထိုသို့သော ဆုတောင်းချက်မျိုးကို နားထောင်သလော။ ထိုသူတို့ ဆုတောင်းသည့်ပုံကို အကဲဖြတ်ကြည့်လျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အပေါ် အလုပ်လုပ်မည် မဟုတ်ပေ။ ထိုသူတို့က မည်သူအကြာဆုံး ဆုတောင်းနိုင်သည်၊ အခြားသူများကို လွှမ်းသွားနိုင်သည့် အကျယ်ဆုံးအသံဖြင့် မည်သူဆုတောင်းနိုင်သည်ကို ကြည့်ကြ၏။ ဤသည်မှာ လုံးလုံးရူးသွပ်ခြင်း မဟုတ်လော။ သူတို့၏ လုပ်ရပ်များမှာ မယုံကြည်နိုင်စရာဖြစ်ပြီး ဆင်ခြင်တုံတရား ကင်းမဲ့၏။ ဤသည်တို့မှာ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံထားရသောသူတို့၌ အဓိကအားဖြင့် မြင်တွေ့ရသော သရုပ်သကန်များ ဖြစ်သည်။ အန္တိခရစ်များက လူတို့ကို ဦးဆောင်သောအခါ ဤသည်မှာ ယင်းက ဖြစ်ပေါ်စေသည့် ရလဒ်ပင် ဖြစ်၏။ ထို့ကြောင့် သင်သည် အန္တိခရစ်တစ်ဦး၏ အထင်အမြင် မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရလျှင် ၎င်းတို့ကို သင် လေးစားမည်၊ ၎င်းတို့နောက်သို့ လိုက်မည်၊ ပြီးလျှင် အရာရာ၌ ၎င်းတို့ကို နာခံမည်။ စကားပြောနေသည်မှာ ဘုရားသခင် ဖြစ်နေလျှင်ပင် အခြားမည်သူ့ကိုမျှ နားထောင်မည်မဟုတ်ပေ။ ဤသည်တို့မှာ သင် ထုတ်ဖော်ပြသည့် အပြုအမူများ ဖြစ်ပေမည်။ အန္တိခရစ်များက လူတို့ကို ထိန်းချုပ်သောအခါ ယင်းမှာ ထိုသူတို့ကို စာတန်အုပ်စိုးနေသကဲ့သို့ ဖြစ်၏။ အကယ်၍ သင်သည် စာတန်၏ ထိန်းချုပ်မှုအောက်၌ ရှိနေပါက၊ ထို့ပြင် သင်၏ စိတ်နှလုံးထဲ၌ လူသားအတွက် တစ်နေရာ၊ စာတန်အတွက် တစ်နေရာ ရှိနေပါက သင့်အပေါ် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်မည် မဟုတ်ပေ။ သင့်ကို သူက စွန့်လွှတ်မည်ဖြစ်သည်။ သင်သည် အန္တိခရစ်များနောက်သို့ လိုက်လိုသည်မဟုတ်လော။ ၎င်းတို့ကို သင် လေးစားလိုသည် မဟုတ်လော။ ၎င်းတို့၏ ထိန်းချုပ်ခြင်းနှင့် ကြိုးကိုင်ညွှန်ကြားခြင်းအား လက်ခံလိုသည် မဟုတ်လော။ သို့ဆိုလျှင် သင်သည် ၎င်းတို့လက်ထဲသို့ လွှဲပြောင်းပေးခြင်း ခံရမည်။ အကယ်၍ သင်က အန္တိခရစ်များ ပြောသမျှမှာ သမ္မာတရားဖြစ်သည်ဟု ထင်မြင်ယူဆပါက သင်သည် ၎င်းတို့ကို နား‌ထောင်ပြီး ၎င်းတို့နောက်သို့ လိုက်နိုင်မည်ဖြစ်ကာ ၎င်းတို့လက်ထဲသို့ လွှဲပြောင်းပေးခြင်း ခံရမည်ဖြစ်သည်။ သို့ရာတွင် သင်သည် အကျိုးဆက်များအတွက် ကိုယ်တိုင် တာဝန်ခံရမည်။ အကယ်၍ တစ်နေ့တွင် သင်သည် ကယ်တင်ခြင်း မရရှိပါက ဘုရားသခင်ကို တာဝန်မခံခိုင်းလေနှင့်၊ သို့မဟုတ် သူ့ကို မကျေမနပ် မပြောလေနှင့်။ ဤသည်မှာ ဘုရားသခင်နှင့် ဘာမျှ မသက်ဆိုင်ပေ။ ယင်းသည် သင်၏ကိုယ်ပိုင် ရွေးချယ်မှုဖြစ်ကာ သင်၏ရွေးချယ်မှုအတွက် အဖိုးအခကို သင် ပေးရမည်။

ငါတို့သည် လူတို့အား ထိန်းချုပ်သော အန္တိခရစ်များ၏ သရုပ်သကန်များနှင့် ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို အနည်းနှင့်အများဆိုသကဲ့သို့ လက်စသတ်လုနီးပြီ။ ထိန်းချုပ်ခံရခြင်းမှာ မည်သည့်အရာကို ဆိုလိုကြောင်း လူတို့ နားလည်ထားရမည်။ အပြင်ပန်းတွင် လူအချို့သည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခြင်း၊ သူ၏ တရားဒေသနာများကို နားထောင်ခြင်း၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ အသင်းတော်အသက်တာဖြင့် နေထိုင်ခြင်းနှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်း ရှိနေကာ ဘုရားသခင်၏ အိမ်တော်ကို သူတို့ စွန့်ခွာမသွားသေးဟု ထင်ကောင်းထင်ရမည် ဖြစ်သည်။ သို့ဆိုလျှင် သူတို့ အဘယ့်ကြောင့် အန္တိခရစ်များ၏ ထိန်းချုပ်ခြင်းကို ခံရသနည်း။ ယင်းမှာ အဓိကအားဖြင့် သူတို့၌ သမ္မာတရား ကင်းမဲ့သောကြောင့် ဖြစ်သည်။ ပထမအနေဖြင့် ဤလူတို့သည် အန္တိခရစ်များ၏ အထင်အမြင် မှားစေခြင်းကို ခံခဲ့ရပြီးနောက် ၎င်းတို့ကို အထူးသဖြင့် လေးစားလာကာ ယင်းက ၎င်းတို့၏ ထိန်းချုပ်မှုကို ခံရစေခြင်းဖြစ်သည်။ ထိန်းချုပ်ခံရခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ၎င်းတို့၏ စိုးမိုးခြယ်လှယ်ခံရခြင်းနှင့် ချည်‌နှောင်ခံရခြင်းကို ဆိုလိုသည်။ သင်သည် သင်၏ တာဝန်များကို ထမ်းဆောင်နေလင့်ကစား တာဝန်ထမ်းဆောင်ရာ၌ သမ္မာတရားစည်းမျဉ်းများကို ရှာဖွေစဉ် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံရသည်။ ၎င်းတို့၏ ပြောဆိုချက်များနှင့် ရှုထောင့်အမြင်များက သင်၏ကိုယ်ပိုင် အယူအဆများ၊ စိတ်ကူးများနှင့် လျော်ညီလေလေ၊ ယင်းတို့ကို တိကျမှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု သင် ယူဆလေလေ ဖြစ်ပြီး သင်သည် သမ္မာတရားစည်းမျဉ်းများအား ရှာဖွေခြင်းကို ရပ်တန့်ပစ်ကာ မိမိဘာသာ စဉ်းစားလိုစိတ်နှင့် သင်၏ လက်တွေ့လုပ်ဆောင်မှုကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံလိုစိတ် မရှိတော့ပေ။ အန္တိခရစ်များ၏ ရှုထောင့်အမြင်များသည် လုံးဝ မမှားယွင်းဟု သင် ယုံကြည်ပြီး ယင်းတို့ကို စိတ်ပါလက်ပါ အတည်ပြုလေသည်။ ဤအရာ မှန်ကန်သောအခါ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အမှန်တကယ် လက်တွေ့လုပ်ဆောင်ပါက သင်သည် စိတ်တထင့်ထင့်ဖြစ်ပြီး နေမထိထိုင်မသာ ခံစားရသည်။ ထိုအန္တိခရစ်များကို စိတ်ပျက်စေမိပြီ၊ ထို့ပြင် ဤနည်းအတိုင်း လုံးဝ ပြုမူလုပ်ဆောင်၍မရဟု သင် ခံစားရသည်။ သင်သည် အန္တိခရစ်များ၏ ပြောဆိုချက်များနှင့် ရှုထောင့်အမြင်များ၏ လုံးလုံးလျားလျား ချည်နှောင်ခံနေရသည် မဟုတ်လော။ သင်သည် အမှုအရာများကို လုပ်ဆောင်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ မည်သို့ အကဲဖြတ်ရမည်၊ မည်သို့ ရှာဖွေရမည် သို့မဟုတ် မည်သို့လိုက်နာစောင့်ထိန်းရမည်ကို မသိချေ။ သင်သည် ထိုအတိုင်း မည်သို့လုပ်ရမည်ကို မသိသည်သာမက လုပ်လည်း မလုပ်ဝံ့ချေ။ မည်သို့လုပ်ရမည်ကို အဘယ့်ကြောင့် မသိသည့်အပြင် အဘယ့်ကြောင့် မဝံ့ရဲရသနည်း။ ထိုအန္တိခရစ်များက စကားပင် မပြောထွက်သေးချေ။ ၎င်းတို့က သင့်အား ဆုံးဖြတ်ချက် မပေးရသေး သို့မဟုတ် နိဂုံးပင် မချုပ်ရသေးသည့်အပြင် သင့်အား ရလဒ်လည်း မပြောရသေး သို့မဟုတ် သင့်အား မည်သည့်လမ်းကြောင်းကိုမျှ မညွှန်ပြရသေးချေ။ ယင်းမှာ သင်သည် သင်၏ သဘောပေါက်နားလည်ခြင်းနှင့်အညီ ပြုမူလုပ်ဆောင်ဖို့ မဝံ့ရဲရသည့် အကြောင်းရင်းဖြစ်ကာ သင်သည် လမ်းမှားလျှောက်မိမည်ကိုလည်းကောင်း၊ အမှားတစ်ခုခု လုပ်မိမည်ကိုလည်းကောင်း ကြောက်နေခြင်းဖြစ်သည်။ သင်သည် ထိန်းချုပ်ခြင်းခံနေရသည် မဟုတ်လော။ သင်သည် အဘယ့်ကြောင့် အမြဲတမ်း လွန်စွာ စိုးရိမ်နေရသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက အမှန်တကယ် မရှင်းလင်းခဲ့သလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင့်အား စည်းမျဉ်းများကို ပြောပြဖို့ သို့မဟုတ် သင့်အား မည်သည့်အရာ လုပ်ရမည်ကို ပြောပြဖို့ ပျက်ကွက်ခဲ့သလော။ သင်သည် အဘယ့်ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မသိကျိုးကျွန်ပြုပြီး အန္တိခရစ်များကို မလျှော့တမ်း နားထောင်သနည်း။ သင်သည် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံနေရပေသည်။ ဥပမာ ငါသည် လူတစ်ဦးကို တံတိုင်းဆောက်လုပ်ဖို့ ခိုင်းလျက် ယင်း၏ အမြင့်၊ အလျားနှင့် တည်နေရာကို သတ်မှတ်ပေးသည်။ ထို့နောက် အန္တိခရစ်တစ်ဦးက လာပြီးလျှင် “ဤတံတိုင်း၏ အမြင့်မှာ သင့်တော်သော်လည်း ဤနေရာတွင် ပြဿနာတစ်ခု ရှိသည်။ အကယ်၍ သင်သည် ယင်းကို ဤအတိုင်းဆောက်လျှင် လေတိုက်သောအခါ ပြိုလဲမည်လော” ဟု ဆိုသည်။ ဤသည်ကို ကြားရသော် ထိုသူက “ယင်းသည် ကောင်းသော အချက်တစ်ခုဖြစ်၏။ ယင်းသည် ပြိုလဲနိုင်မည်လော။ ဘုရားသခင်က မပြောခဲ့သဖြင့် ကျွန်ုပ် ဆောက်လုပ်ဦးမည်မဟုတ်” ဟု ပြောလေသည်။ ထို့နောက်တွင် သူတို့ကို ငါ စုံစမ်းကြည့်သောအခါ ငါက “သင်သည် အဘယ့်ကြောင့် တံတိုင်းကို မဆောက်လုပ်သေးသနည်း။ ရက်အတန်ကြာ လွန်သွားပြီ ဖြစ်သည့်တိုင် တံတိုင်းကို မဆောက်လုပ်ရသေးပေ။ သင်သည် ကိစ္စရပ်များကို အချိန်ဆွဲနေသည် မဟုတ်လော” ဟု မေးသည်။ သူက တစ်စုံတစ်ယောက်သည် တံတိုင်း လေတိုက်၍ ပြိုကျခြင်း ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်စရာအကြောင်းများကို တင်ပြလာခဲ့သည်ဟု ပြန်ဖြေ၏။ အကယ်၍ သူသည် လေနှင့်ပတ်သက်၍ စိုးရိမ်လျှင် ထောက်တိုင်အသုံးပြုဖို့ ငါ ပြောပြပြီး သူကလည်း ဤအရာကို အသေအချာ လေ့လာမှတ်သားထား၏။ ထို့နောက်တွင် ထိုအန္တိခရစ်က သူ့ကို အနှောင့်အယှက်ပေးဖို့ ပြန်လာခဲ့ကာ “တိုင်တစ်တိုင်သည် လုံလောက်သလော။ သင်သည် တိုင်နှစ်တိုင် အသုံးပြုသင့်သလော” ဟု ဆိုလေသည်။ ထိုလူက ဤအရာကို ချိန်ဆလျက် ဘုရားသခင်သည် နှစ်တိုင်မဟုတ်ဘဲ တစ်တိုင်တည်း အသုံးပြုဖို့သာ ပြောခဲ့သည်ဟု စဉ်းစားကာ ဘာလုပ်ရမည်ကို မသိပြန်တော့ချေ။ ထိုအန္တိခရစ်၏ အထင်အမြင် မှားစေခြင်းနှင့် အနှောင့်အယှက်ပေးခြင်းကို ခံရပြီးနောက် ယခင်က ငါပြောခဲ့သည့် စကားများအားလုံးမှာ အချည်းနှီး ဖြစ်သွားသည့်အပြင် သူသည် ဤလုပ်ငန်းတာဝန်ကို ဆက်လက်၍ မဆောင်ရွက်နိုင်တော့ချေ။ ဤအရာသည် ထိုအန္တိခရစ်၏ ထိန်းချုပ်ခံနေရခြင်းနှင့် ညီမျှသည်မဟုတ်လော။ ဤကိစ္စတွင် သူသည် မည်သူ့ကို နားထောင်သင့်သနည်း။ (ဘုရားသခင်ကို ဖြစ်၏။) သို့ဆိုလျှင် သူသည် ဘုရားသခင်၏ စကားများကို အဘယ့်ကြောင့် နားမထောင်ခဲ့သနည်း။ သူသည် နားမထောင်ချင်ခဲ့သလော။ သူသည် နားထောင်ချင်သော်လည်း အန္တိခရစ်များ၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့ခြင်းများထဲမှ တစ်ခု၏ အထင်အမြင်မှားစေခြင်း ခံခဲ့ရသည်။ သူသည် အထင်အမြင်မှားစေခြင်း ခံရသောအခါ ထိုအန္တိခရစ်ကို နာခံကာ ယင်းသည် ၎င်း၏ အပိုင်စီးခြင်းကို ခံရသည်နှင့် တူညီ၏။ အကယ်၍ သူ၏ အပြုအမူနှင့် စိတ်ကူးများမှာ ထိုအန္တိခရစ်၏ ချည်နှောင်ခြင်းနှင့် ဖမ်းချုပ်ခြင်းကို ခံရပါက သူသည် ထိုအန္တိခရစ်၏ ထိန်းချုပ်မှုအောက်၌ ရှိနေပြီဖြစ်သည်။ နောက်ဆုံးတွင် ဤသူသည် သူ၏ တာဝန်ကို ကောင်းမွန်စွာ မဖြည့်ဆည်းခဲ့သည့်အပြင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိခဲ့ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို နားမထောင်ခဲ့ပေ။ ဤရလဒ်ကို မည်သူ ဖြစ်ပွားစေခဲ့သနည်း။ ယင်းမှာ ထိုသူ၏ မသိနားမလည်မှုက ဖြစ်ပွားစေခဲ့ခြင်း ဖြစ်ကာ ထိုအန္တိခရစ်၏ အထင်အမြင်မှားစေခြင်း၊ အဖျက်အမှောင့်လုပ်ခြင်းနှင့် ထိန်းချုပ်ခြင်းမှ ခွဲ၍မရပေ။ သို့ဆိုလျှင် ထိုအန္တိခရစ်က ဤသို့ အနှောင့်အယှက်ပြုခဲ့ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအန္တိခရစ်က ၎င်း၏ ထူးခြားပြောင်မြောက်မှုကို ဖော်ထုတ်ပြလိုခြင်း ဖြစ်ပြီး ၎င်းက အမှန်တကယ် ပြောနေသည့်အရာမှာ “ဘုရားက ဤနေရာ၌ ဤတံတိုင်းကို ဆောက်လုပ်ဖို့ သင့်ကို ပြောသောအခါ သင်သည် သူ့အား အဘယ့်ကြောင့် မစဉ်းမစား နားထောင်ခဲ့သနည်း။ သင်၏ တွေးခေါ်ပုံနည်းလမ်းက အဘယ့်ကြောင့် လွန်စွာ ထုံနရသနည်း။ အကယ်၍ သင်သည် တံတိုင်းကို ဤနေရာ၌ တည်ဆောက်လျှင် လေစတင်၍ တိုက်ခတ်လျှင်တိုက်ခတ်ချင်း ပြိုလဲမည်မဟုတ်လော။ ဘုရားကို နားထောင်ခြင်းက ကျွန်ုပ်အား နား‌ထောင်ခြင်းလောက် မှန်ကန်တိကျခြင်း မရှိပေ။ ကျွန်ုပ်ကို သင် နားထောင်ရမည်။ သင် ကျွန်ုပ်ကို နားထောင်လျှင် ကျွန်ုပ် ကျေနပ်မည်ဖြစ်သည်။ သို့သော် အကယ်၍ သင်သည် ဘုရားကို နားထောင်လျှင် ယင်းသည် ကျွန်ုပ်အတွက် လက်သင့်ခံနိုင်ဖွယ် မဟုတ်သည့်အပြင် ကျွန်ုပ် ကျေနပ်မည်မဟုတ်ပေ။ သင့်အနေဖြင့် ဘုရားကို နားထောင်သည်မှာ အဆင်ပြေမည်မဟုတ်။ ယင်းက ကျွန်ုပ်ကို မည်သို့ ဖြစ်သွားစေမည်နည်း” ဟူ၍ဖြစ်သည်။ ၎င်းက ဤအရာကို တိုက်ရိုက် မပြောခဲ့ချေ။ ၎င်းက အနှောင့်အယှက်ပြုကာ အမှုအရာများကို တမင်သက်သက် မွှေနှောက်သွားခဲ့သည်။ ၎င်း၏ စွက်ဖက်ခြင်းနောက်တွင် အလုပ်က မပြီးမြောက်နိုင်တော့ဘဲ ၎င်းက အမြော်အမြင်ရှိသည် ထင်ရကာ ယင်းက ၎င်းကို ပျော်ရွှင်စေခဲ့သည်။ ဘုရားသခင်က တစ်စုံတစ်ယောက်က တံတိုင်းဆောက်လုပ်ဖို့ ညွှန်ကြားသောအခါ ထိုသူသည် ယင်းကို မဆိုင်းမတွ ဆောက်လုပ်သင့်သော်လည်း ယခုတွင်မူ ရလဒ်မှာ တံတိုင်းကို မဆောက်လုပ်ဖြစ်တော့ချေ။ ဤရလဒ်ကို အဘယ်သူ ဖြစ်ပေါ်စေခဲ့သနည်း။ ယင်းကို ထိုအန္တိခရစ်က ဖြစ်ပေါ်စေခဲ့သည်။ ဤသူသည် အန္တိခရစ်၏ အထင်အမြင် မှားစေခြင်း၊ အဖျက်အမှောင့်လုပ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်၏။ ဤသည်မှာ မြွေက အာဒံနှင့် ဧဝကို သွေးဆောင်သည့်ပုံနှင့် တူညီ၏။ ဘုရားသခင်က အာဒံနှင့် ဧဝအား “အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု လူကို အမိန့်ပေးတော်မူ၏” ဟု မိန့်မြွက်ခဲ့သည်။ ဘုရားသခင်၏ ဤစကားများမှာ သမ္မာတရား ဟုတ်သလော။ ယင်းတို့သည် သမ္မာတရားဖြစ်ပြီး သင်သည် ယင်းတို့၏ အဓိပ္ပာယ်ကို နားလည်ရန် မလိုပေ။ သင်သည် နားထောင်ပြီး ကျိုးနွံနာခံဖို့သာ လိုသည်။ အခြေအနေ မည်သို့ရှိစေ ဘုရားသခင်၏ စကားက မပြောင်းလဲဘဲ ဘုရားသခင်က တစ်စုံတစ်ခုကို သင့်အား လုပ်စေလိုလျှင် လုပ်လော့။ ပိုင်းခြားစိတ်ဖြာမနေနှင့်။ ယင်းကို သင် နားမလည်လျှင်ပင် ဘုရားသခင်၏ စကားမှာ မှန်ကန်ကြောင်း သင်သိရမည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကို သင့်စိတ်နှလုံးထဲ၌ နားလည်ရမည်။ တစ်နည်းဆိုလျှင် သင်သည် ဤသမ္မာတရားကို ပထမဦးဆုံး သိရမည်။ ဘုရားသခင်၏ စကားများသည် သင်၏ကိုယ်ပိုင် အယူဆအဆများနှင့် လျော်ညီသည်ဖြစ်စေ၊ မလျော်ညီသည်ဖြစ်စေ၊ ယင်းတို့ကို သင် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ ထို့ပြင် သင်သည် အဘယ်သို့ နားဝေတိမ်တောင် ဖြစ်ကောင်းဖြစ်သွားသည် ဖြစ်စေ သင်သည် သူ၏ စကားများကို စွဲကိုင်ထားရမည်။ ဤသည်မှာ သင်၏ တာဝန်နှင့် ဝတ္တရားဖြစ်၏။ သင်သည် ဤအရာအပေါ် စိတ်စွဲပြီဆိုသည်နှင့် သင့်အား သွေးဆောင်ဖြားယောင်ဖို့ စာတန်လာသောအခါ သင် ဘာလုပ်သင့်သနည်း။ ဘုရားသခင်၏ စကားများကို ကိုင်စွဲပြီး သူ၏လမ်းခရီးကို လိုက်လျှောက်သင့်သည်။ ဤသည်မှာ အဓိကစည်းမျဉ်း ဖြစ်၏။ စာတန်ပြောသည့်အရာကို မသိကျိုးကျွန်ပြုလော့။ အာဒံနှင့် ဧဝအနေဖြင့် မြွေ၏ စကားများကို နားထောင်ခြင်း၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ သူတို့သည် စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံခဲ့ရသည်။ မှန်သယောင်နှင့် မှားသော၊ မရေရာသော၊ နတ်ဆိုးဆန်သော စကားရပ်တစ်စုတည်းဖြင့် စာတန်သည် အာဒံနှင့် ဧဝ၏ အပြုအမူကို စိုးမိုးခြယ်လှယ်ပြီး ထိန်းချုပ်နိုင်ခဲ့သည်။ ဤသည်မှာ ဘုရားသခင် မမြင်တွေ့လိုသည့် ရလဒ်တစ်ခု ဖြစ်ခဲ့၏။ ထိုစကားများကို ပြောရာ၌ မြွေ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤစကားများအားဖြင့် ယင်းက လူတို့၏ အတွေးအခေါ်များကို ရောထွေးစေလိုသည်၊ သူတို့၏ အပြုအမူကို စိုးမိုးခြယ်လှယ်လိုသည်၊ ပြီးလျှင် ဘုရားသခင်၏ စကားများအား နားထောင်ခြင်းကို ရပ်တန့်စေလိုပြီး စွန့်လွှတ်စေလိုခဲ့သည်။ စိုးမိုးနေသော ဤစိတ်ကူးက လူတို့၏စိတ်ထဲ၌ နေရာယူထားပြီးသည်နှင့် သူတို့သည် ပြညွှန်ထားသော လမ်းကြောင်းကို လိုက်လျှောက်ကြလေသည်။ စာတန်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ “ဘုရားပြောသည့် အရာကို နားမထောင်နှင့်။ သင်သည် ကျွန်ုပ်ကို နားထောင်ရမည်။ သင်သည် ဤအသီးကို စားရမည်” ဟု ပြောရန်ဖြစ်သည်။ ဘုရားသခင်က သူတို့အား ယင်းကို မစားဖို့ ပြောခဲ့သော်လည်း စာတန်ကမူ စားဖို့ ပြောခဲ့သည်။ အဆုံးတွင် အာဒံနှင့် ဧဝသည် ထိုအသီးကို စားခဲ့သလော။ (စားခဲ့ကြသည်။) ဤသည်မှာ စာတန်က လူတို့ကို ထိန်းချုပ်သည့်ပုံ ဖြစ်၏။ သင်သည် အန္တိခရစ်တစ်ဦး၏ နတ်ဆိုးဆန်သော စကားများကို နားထောင်သောအခါ လမ်းပျောက်သွားပြီး သင်၏ ရပ်တည်ချက်များ ဆုံးရှုံးသွားနိုင်ကာ ဘုရားသခင်၏ စကားများအား အရေးမစိုက်တတ်တော့ပေ။ ဤသည်မှာ သင်၏ အပြုအမူနှင့် စိတ်ကူးများက ဤအန္တိခရစ်၏ စိုးမိုးခြယ်လှယ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသည်ဟု ဆိုလိုသည်မဟုတ်လော။ ဤသည်မှာ ထိန်းချုပ်ခြင်း၏ အဓိပ္ပာယ် ဖြစ်သည်။ သင်တို့သည် ထိုသို့သော အခြေအနေမျိုးတို့ကို ကြုံတွေ့ဖူးပြီလော။ စိတ်ရင်းစေတနာမကောင်းသော လူအချို့က သင်သည် အခက်အခဲမရှိဘဲ လုပ်ငန်းတစ်ခုကို လက်စသတ်နေပြီး ရလဒ်များ ရရှိတော့မည့်ဆဲဆဲ၊ ထင်ပေါ်တော့မည့်ဆဲဆဲ ဖြစ်သည်ကို မြင်တွေ့ကာ ဤကိစ္စတွင် သူတို့၏ ပါဝင်ပတ်သက်မှု များစွာ ရှိမည်မဟုတ်ကြောင်း သ‌ဘောပေါက်မိလေသည်။ အကယ်၍ သင်သည် ထင်ပေါ်သွားလျှင် သူတို့ ထင်ပေါ်တော့မည် မဟုတ်သောကြောင့် သင့်အား အထင်အမြင်မှားစေရန်၊ အနှောင့်အယှက်ပေးရန်နှင့် ထိန်းချုပ်ရန်အတွက် အပြင်ပန်းအားဖြင့် ယုတ္တိရှိသော ရှုထောင့်အမြင်များ သို့မဟုတ် မေးခွန်းများကို အဆိုပြုခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် သင်သည် နားဝေတိမ်တောင် ဖြစ်သွားကာ သူတို့၏ စကားများသည်လည်း ယုတ္တိတန်သည်ဟု စဉ်းစားမိသည်။ ဘာလုပ်ရမည် မသိတော့ဘဲ မိမိ၏ တာဝန်ကို ဆက်မလုပ်နိုင်သဖြင့် ရပ်လိုက်တော့သည်။ ဤသည်မှာ စဉ်းစားဉာဏ်မဲ့သည် မဟုတ်လော။ ကနဦးတွင် သင်သည် အထင်အမြင် မှားစေခြင်း မခံခဲ့ရသေးသောအခါ အတော်ပင် အတွေးအမြင် ရှင်းလင်းပြီး ဘာလုပ်ရမည် သိခဲ့သော်လည်း ထိုအန္တိခရစ်က သင့်ကို အဖျက်အမှောင့်လုပ်လိုက်သည်နှင့် သင်သည် ခေါင်းရှုပ်သွားပြီး အမှုအရာများကို မည်ကဲ့သို့ သင့်လျော်သလို ကိုင်တွယ်ရမည် မသိတော့ချေ။ ဤတွင် အရေးကိစ္စမှာ အဘယ်နည်း။ (အထင်အမြင်မှားစေသည်ကို ခံရခြင်း ဖြစ်သည်။) အန္တိခရစ်များ သို့မဟုတ် စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို အလွယ်တကူခံရသော လူတို့သည် ပညာမဲ့ပြီး နားဝေတိမ်တောင်ဖြစ်သော ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်သည့်ပုံနှင့်ဆိုင်သည့် သရုပ်သကန်များနှင့် ပတ်သက်၍ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် လုံလုံလောက်လောက် တိကျသေချာနေသလော။ သင်သည် နားလည်နိုင်သင့်ပြီး အမှုအရာများ သင့်အပေါ် ကျရောက်သောအခါ မိမိ၏စကားများ၊ မိမိ၏လုပ်ရပ်များနှင့် မိမိ၏ အနှစ်သာရတို့ကို ဆင်ခြင်သုံးသပ်ရန်အတွက် ယင်းတို့ကို သမ္မာတရား အမျိုးမျိုးနှင့် နှိုင်းယှဉ်ကြည့်သင့်သည်။ တစ်ချိန်တည်းတွင် သမ္မာတရားအပေါ် ပို၍ရှင်းလင်းသော နားလည်သဘောပေါက်မှုနှင့် လူအမျိုးမျိုးတို့၏ သဘာဝအနှစ်သာရများအပေါ် ပို၍တိကျမှန်ကန်သော နားလည်သ‌ဘောပေါက်မှုကို ရရှိဖို့အလို့ငှာ သင့်ပတ်လည်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို နားလည်ပြီး ပိုင်းခြားသိမြင်ရန် ကြိုးစားသင့်သည်။

ယခုခေတ်တွင် သင်တို့များစွာသည် သမ္မာတရားအမျိုးမျိုး၏ တိကျသေချာသော အခြေအနေများနှင့် သရုပ်သကန်များကို ထိတွေ့နားလည်ထားပြီ ဖြစ်သည်။ သင်တို့သည် ယင်းတို့နှင့် ထိတွေ့နားလည်ထားပြီဟု အဘယ့်ကြောင့် ငါဆိုသနည်း။ ယင်းမှာ အချို့သော အသေးစိတ်အချက်အလက်များကို နားလည်လာပြီ ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် စစ်မှန်သော ဝင်ရောက်မှုမတိုင်မီ အလှမ်းဝေးနေသေးသည်။ နားလည်သဘောပေါက်မှုသည် ဝင်ရောက်မှုနှင့် မညီမျှပေ။ သင်သည် နားလည်သောအခါ ယင်းမှာ သင်၏စိတ်ထဲတွင် ဤအကြောင်းအရာများ၏ အမြင်သဘောထားများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များအပေါ် သင်၏ နားလည်သဘောပေါက်မှုသည် အတော်ပင် တိကျမှန်ကန်ပြီး သမ္မာတရားနှင့် ပို၍ တစ်သမတ်တည်း ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သော်လည်း သင်သည် ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်မှုမှ ဝေးကွာနေသေးသည်။ နားလည်သဘောပေါက်ခြင်း၊ သိမှတ်ခြင်း၊ ဤအကြောင်းအရာများအား သင်၏ အခြေအနေနှင့်၊ သင်၏ပတ်လည်ရှိ လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် ဆက်စပ်နိုင်ခြင်းက သင်၌ ဝင်ရောက်မှုရှိပြီဟု ဆိုလိုခြင်းမဟုတ်ပေ။ ဤသည်တို့မှာ သီးခြား အရာနှစ်ခု ဖြစ်ကြ၏။ လူတစ်ဦးအနေဖြင့် ကယ်တင်ခံရဖို့နှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ရရှိဖို့အတွက် အမျိုးမျိုးသော သမ္မာတရားအားလုံးကို နားလည်သ‌ဘောပေါက်ခြင်းနှင့် အစပြုပြီး သမ္မာတရားလက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းသည် ဤသမ္မာတရားများအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် အစပြု၏။ အကယ်၍ သင်တို့သည် မိမိတို့၏ သဘောပေါက်နားလည်မှုထဲ၌ အခြေခံတစ်ခုခုနှင့် သမ္မာတရားအမျိုးမျိုးထဲ၌ ဝင်ရောက်မှု ရှိခဲ့ပါက ငါ သင်တို့အား ဥပမာများ မေးသောအခါ သင်တို့သည် မိမိကိုယ်တိုင်၏ သရုပ်သကန်များ သို့မဟုတ် သင် သိမြင်ကာ တွေ့ကြုခဲ့ပြီးသော အရာများတချို့ကို ချက်ချင်း သတိရမိနိုင်သည်။ ဤအရာက ငါ၏ မိတ်သဟာယဖွဲ့ခြင်းကို များစွာ ပို၍ လွယ်ကူစေမည်ဖြစ်ပြီး သင်တို့သည် အတွေ့အကြုံများ ရှိနှင့်ပြီးသား ဖြစ်ကာ ထိုအဆင့်ကို ရောက်ရှိနိုင်ခဲ့သောကြောင့် ထိုမျှ အသေးစိတ်ဖြင့် ပြောပြစရာ လိုတော့မည် မဟုတ်ပေ။ သို့သော်လည်း သင်တို့အား ယခု ငါမေးသောအခါ သင်တို့သည် ချက်ချင်း စဉ်းစားရမည်ဖြစ်ပြီး သင်တို့၏ မှတ်ဉာဏ်ကို လှန်လှောစစ်ဆေးပြီး ရှာဖွေဖို့လည်း လိုအပ်သည်။ ဤအရာများကို သင်တို့ မသိသည့်အပြင် သင်တို့ကိုယ်တိုင်က မတွေ့ကြုံဖူးကြောင်း ငါတွေ့ရှိသောအခါ ယင်းတို့ကို ငါ အသေးစိတ် ရှင်းပြရန်လည်းကောင်း၊ ဤအကြောင်းအရာများ၏ အဓိကကျပြီး အနှစ်သာရဖြစ်သော လက္ခဏာသွင်ပြင်များနှင့် ပဓာနကျသော အရေးကိစ္စများကို ရှင်းလင်းရန်လည်းကောင်း၊ သမ္မာတရားအမျိုးမျိုး၏ အသေးစိတ်အချက်များအပေါ် သင်တို့အား အခြေခံ နားလည်သဘောပေါက်မှု ပေးရန်လည်းကောင်း လိုအပ်လေသည်။ ဤသို့ဖြင့် သင်တို့သည် လက်တွေ့လုပ်ဆောင်သောအခါ အယူအဆအပေါ် အခြေခံသော လက္ခဏာသွင်ပြင်များ သို့မဟုတ် အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့်ဆိုင်သော လက္ခဏာသွင်ပြင်များကို ရောထွေးမည် မဟုတ်ပေ၊ ဤသို့ဖြင့် ကျွဲတစ်ဖက် နွားတစ်ဖက် ရောထွေးမိမည် မဟုတ်ပေ၊ သို့မဟုတ် ဤအရာများသည် အလွန်အမင်း ခက်ခဲရှုပ်ထွေးသည်ဟု တွေးထင်မည် မဟုတ်ပေ။ သင်သည် မတူညီသော လက္ခဏာသွင်ပြင်များကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်မည် ဖြစ်သည်။ ဤနည်းဖြင့် ဤအရာများကို နောက်တစ်ကြိမ် ငါ မိတ်သဟာယဖွဲ့သောအခါ လွယ်ကူမည်ဖြစ်သည်။ လောလောဆယ်တွင် သင်တို့သည် အဆင့်မမီသေးသောကြောင့် ယင်းတို့ကို အသေးစိတ်ဖြင့် ငါ အမြဲတမ်း ရှင်းပြရခြင်းဖြစ်သည်။ ငါတို့၏ စုဝေးပွဲများ၌ မိတ်သဟာယဖွဲ့ချက်များ၏ အကြောင်းအရာမည်မျှကို သင်တို့ တွေးဆပြီး နှလုံးသွင်းနိုင်သနည်း။ အကယ်၍ တစ်ဆယ်ရာခိုင်နှုန်း ဖြစ်ပါက သင်တို့သည် ပြောပြစရာ ဝိညာဉ်ရင့်သန်မှုတစ်ခုခုမျှ မရှိသလောက် ဖြစ်ပြီး သုံးဆယ်ရာခိုင်နှုန်း ဖြစ်ပါက အနည်းငယ်မျှသာ နားလည်မိလေပြီ။ အကယ်၍ ငါးဆယ်ရာခိုင်နှုန်း ရောက်ပါက သင်တို့သည် ဝိညာဉ်ရင့်သန်မှုနှင့် ဝင်ရောက်မှုအတန်ငယ် ရှိနေသည်။ သို့သော် ယင်းကို မရောက်နိုင်ပါက သင်တို့၌ မည်သည့် ဝင်ရောက်မှုမျှ မရှိချေ။ သင်တို့ နားလည်သည်မဟုတ်လော။ အကယ်၍ ဤသို့ ငါ မိတ်သဟာယဖွဲ့သောအခါ သင်တို့ နားမလည်သေးလျှင် သင်တို့၏ အစွမ်းအစမှာ နိမ့်ပါးလွန်းပြီး သမ္မာတရားကို နားလည်ဖို့ မည်သို့မျှ မဖြစ်နိုင်ဟု ဆိုလိုသည်။ ကောင်းပြီ၊ ယနေ့အဖို့ ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ထိုအရာဖြင့် နိဂုံးချုပ်သည်။ နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံကြစို့။

၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၇ ရက်

အရှေ့သို့- အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်

နောက်တစ်ခုသို့- အချက် ၆- သူတို့သည် စဉ်းလဲသော နည်းလမ်းများဖြင့် ပြုမူကြ၏၊ ထင်တိုင်းကြဲပြီး အာဏာရှင်ဆန်ကြ၏၊ အခြားသူများနှင့် မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြ၊ ထို့ပြင် အခြားသူများအား သူတို့ကို အတင်းအကျပ် နာခံစေ၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။