အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃)
ဖြည့်စွက်ချက်- ဆုကျေးဇူးများ
ဤမိတ်သဟာယ၏ အဓိကအကြောင်းအရာကို ငါ ဆက်၍ မဆွေးနွေးမီ ဇာတ်လမ်းတစ်ခုကို ပြောပြမည်။ မည်သည့်ဇာတ်လမ်းမျိုး ငါပြောပြသင့်သနည်း။ အကယ်၍ ထိုဇာတ်လမ်းသည် လူတို့အပေါ် သက်ရောက်မှုမရှိလျှင် သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သောသူတို့အား အသက်ဝင်ရောက်မှုနှင့် ဘုရားသခင်ကို သိကျွမ်းခြင်းတို့အရ တည်ဆောက်မှုမပေးလျှင် သို့မဟုတ် အကျိုးမပြုလျှင် ထိုဇာတ်လမ်းကို ပြောပြခြင်းသည် အကျိုးမရှိတော့ပေ။ ဇာတ်လမ်းတစ်ခုကို ငါ ပြောမည်ဆိုလျှင် ထိုဇာတ်လမ်းသည် ယင်းကိုယ်၌ပင် အတော်အတန် တည်ဆောက်စရာ ဖြစ်ရမည်။ ယင်းသည် တန်ဖိုးနှင့် အဓိပ္ပာယ်ရှိရန် လိုအပ်သည်။ သို့ဖြစ်၍ ယနေ့ ဤဇာတ်လမ်း နားထောင်ကြည့်ပြီး ယင်းသည် သင်တို့အတွက် တည်ဆောက်စရာဖြစ်ကာ အထောက်အကူပြုနိုင်ခြင်း ရှိမရှိဟူသည်ကို ကြည့်ကြလော့။ အချို့ဇာတ်လမ်းများမှာ အဖြစ်မှန်များ ဖြစ်ကြစဉ်တွင် အခြားဇာတ်လမ်းများမှာမူ တကယ့်ဖြစ်ရပ်မှန်များမှ အတုခိုးထားသော လုပ်ကြံဖန်တီးမှုများ ဖြစ်ကြသည်။ ယင်းတို့သည် မမှန်ကန်သော်လည်း ဘဝ၌ မကြာခဏ တွေ့မြင်ရတတ်သဖြင့် လက်တွေ့အရှိတရားနှင့် ကင်းကွာနေခြင်းမျိုး မဟုတ်ပေ။ ယင်းတို့သည် လုပ်ကြံဖန်တီးထားသည်ဖြစ်စေ၊ မဖန်တီးထားသည်ဖြစ်စေ၊ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်ဖြစ်စေ၊ မဖြစ်ပျက်ခဲ့သည်ဖြစ်စေ အားလုံးသည် လူတို့၏ဘဝနှင့် နီးကပ်စွာ ဆက်စပ်လျက်ရှိကြသည်။ သို့ဖြစ်လျှင် ထိုသို့သော ဇာတ်လမ်းများကို သင်တို့အား အဘယ်ကြောင့် ပြောပြရသနည်း။ (ကျွန်ုပ်တို့ သမ္မာတရားကို နားလည်နိုင်ကြစေရန်အလို့ငှာ ဖြစ်ပါသည်။) မှန်ပေသည်။ ယင်းတို့မှနေ၍ သင်တို့ သမ္မာတရားကို၊ လက်တွေ့ဘဝ၌ လူတို့သိရှိရန် ခက်ခဲသော သမ္မာတရားအချို့ကို နားလည်နိုင်ကြစေရန် ဖြစ်သည်။ သမ္မာတရားနှင့် ဘုရားသခင်အပေါ် လူတို့၏ သိမြင်မှုကို လက်တွေ့အရှိတရားသို့ နီးစပ်အောင် ဆောင်ကြဉ်းပေးရန်လည်းကောင်း၊ ၎င်းတို့အနေဖြင့် သမ္မာတရားနှင့် ဘုရားသခင်ကို နားလည်ဖို့ ပို၍ လွယ်ကူစေရန်လည်းကောင်း ဇာတ်လမ်းပြောခြင်းကို ငါတို့ အသုံးပြုကြစို့။
ငါသည် လူတို့နှင့် အချိန်ကာလကြာမြင့်စွာ များစွာ ထိတွေ့ဆက်ဆံသည့်အခါ ထူးဆန်းပြီး ရယ်စရာကောင်းသော ဖြစ်ရပ်များသည် မလွဲမသွေ ဖြစ်လာတတ်သည်။ ဤဇာတ်လမ်းသည် ယခုနှစ် နွေဦးရာသီတွင် ဖြစ်ပွားခဲ့သည်။ ဆောင်းရာသီ ဆုတ်ခွာ၍ နွေဦးရာသီသို့ ချဉ်းကပ်လာသည်နှင့်အမျှ ရာသီဥတုသည် တဖြည်းဖြည်း ပို၍ အအေးလျော့လာခဲ့ပြီး အပင်အမျိုးမျိုးတို့သည် နေရောင်ခြည်နှင့် မိုးရေတို့ဖြင့် တစ်နေ့တခြား ကြီးထွားလျက် အညှောက်ပေါက်လာခဲ့ကြသည်။ ထိုအပင်များထဲမှ အချို့သည် အလေ့ကျပေါက်သောအပင်များ ဖြစ်ပြီး အချို့မှာ စိုက်ပျိုးထားသော အပင်များ ဖြစ်ကြသည်။ တိရစ္ဆာန်များစားသုံးရန် အပင်များ၊ လူသားများစားသုံးရန် အပင်များနှင့် တိရစ္ဆာန်ရော လူသားပါ စားသုံးနိုင်သော အပင်များ ရှိခဲ့သည်။ ယင်းသည် စိမ်းလန်းစိုပြည်ပြီး သက်ဝင်လှုပ်ရှားနေသော ရှုခင်းဖြစ်သည့် နွေဦးရာသီအချိန်၏ မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။ ဤနေရာမှ ဇာတ်လမ်းစတင်လေသည်။ တစ်နေ့တွင် ငါသည် အထူးလက်ဆောင်တစ်ခုကို အံ့အားသင့်စွာ လက်ခံရရှိခဲ့သည်။ မည်သည့် လက်ဆောင်မျိုးဖြစ်သနည်း။ အလေ့ကျပေါက် အရွက်တစ်အိတ် ဖြစ်သည်။ ငါ့ကို ပေးသောသူက “ဒါကတော့ ‘ကျိချိုက်’ ပါပဲ။ စားလို့ရပြီး ကိုယ်တော်၏ ကျန်းမာရေးအတွက် ကောင်းပါသည်။ ကိုယ်တော် ကြက်ဥနှင့် မွှေကြော်ကြော်စား၍ရသည်” ဟု ပြောသည်။ ကောင်းပေပြီ။ ထို့နောက် ငါသည် ယခင်က ငါဝယ်ထားသည့် ကျိချိုက် နှင့် နှိုင်းယှဉ်ကြည့်လိုက်သည်၊ ထိုသို့ပြုလုပ်ပြီး မကြာမီမှာပင် ပြဿနာတစ်ခု ပေါ်လာတော့သည်။ မည်သည့်အရာဖြစ်မည်ကို သင်တို့ ခန့်မှန်းနိုင်ကြသလော။ ငါသည် ‘ထူးဆန်းသောအရာ’ တစ်ခုကို ကြုံတွေ့ခဲ့ရသည်။ မည်သည့်ထူးဆန်းသောအရာ ဖြစ်သနည်း။ နိုင်ငံခြားမှ ကျိချိုက် အရွက်သည် တရုတ်ပြည်မှ ကျိချိုက် အရွက်နှင့် ပုံပန်းသဏ္ဌာန် မတူပေ။ ဤနေရာတွင် တစ်ခုခုမှားနေသလော။ (မှားနေပါသည်။) အကယ်၍ ယင်းသည် အတူတူပင်ဖြစ်ခဲ့ပါက ပုံပန်းသဏ္ဌာန် တူညီသင့်သည်၊ သို့ဖြစ်၍ ပုံပန်းသဏ္ဌာန် မတူကြောင်း တွေ့ရှိရာတွင် ပထမဆုံး စိတ်ထဲပေါ်လာသည့် အရာမှာ အဘယ်အရာ ဖြစ်မည်နည်း။ ဤသည်မှာ ကျိချိုက် ဟုတ်သလော၊ သို့မဟုတ် မဟုတ်ဘူးလော။ ငါ သေချာမသိနိုင်ခဲ့ပေ။ ထိုသူအား အကြောင်းစုံကို ငါမေးမြန်းရန် လိုအပ်မည် မဟုတ်လော။ သို့ဖြစ်၍ နောက်ပိုင်းတွင် ငါသည် သူ့ထံသွား၍ “ဤသည်မှာ ကျိချိုက် အရွက် ဖြစ်ကြောင်း သင်သေချာသလော” ဟု မေးခဲ့သည်။ သူသည် ဤသည်ကို စဉ်းစားဆင်ခြင်ပြီးနောက် “အိုး၊ ဤအရာက ကျိချိုက် ဟုတ်မဟုတ် ကျွန်ုပ် မသေချာပါ” ဟု ပြန်ပြောသည်။ သူ မသေချာလျှင်၊ ငါ့အား မည်သို့ဖြစ်ပြီး သူ လက်ဆောင်ပေးနိုင်ခဲ့သနည်း။ ငါ့အား အဘယ်ကြောင့် ပေးဝံ့ခဲ့သနည်း။ ကံကောင်းစွာဖြင့် ငါသည် ယင်းကို ဤအတိုင်း မစားခဲ့ပေ။ နှစ်ရက်ကြာပြီးနောက် ယင်းသည် အမှန်တကယ်ပင် ကျိချိုက် မဟုတ်ကြောင်း ငါသေချာသွားခဲ့သည်။ ထိုသူက အဘယ်သို့ ပြောခဲ့သနည်း။ သူက “ဤအရာ ကျိချိုက် မဟုတ်သည်ကို ကိုယ်တော် မည်သို့ သိရှိသွားသနည်း။ ကျွန်ုပ် မသေချာသော်လည်း ထားလိုက်ပါတော့။ မစားပါနှင့်” ဟု ပြောသည်။ ထိုသို့သောအရာကို စားသုံး၍ ရနိုင်သေးသလော။ (မရနိုင်ပါ။) ယင်းကို စားသုံး၍ မရနိုင်ပေ။ ငါက “သင် မသေချာသော်လည်း သင်က အလွန်ကြင်နာသည့်အတွက် ကျွန်ုပ် စွန့်စားပြီး စားလိုက်ပါမည်” ဟု ပြောလျှင် အဆင်ပြေသလော။ (မပြေနိုင်ပါ။) ထိုသို့ပြုမူခြင်း၏ သဘောသဘာဝမှာ အဘယ်နည်း။ ယင်းသည် မိုက်မဲမည်လော။ (မိုက်မဲမည်ဖြစ်ပါသည်။) ဟုတ်သည်၊ ဤသည်မှာ မိုက်မဲခြင်းပင် ဖြစ်သည်။ ကံအားလျော်စွာပင် ငါသည် ယင်းကို မစားသုံးခဲ့ဘဲ အမှုအရာများကို ငါ ထပ်မံ၍ စူးစမ်းခြင်း မပြုတော့သဖြင့် ထိုကိစ္စကို ဤမျှသာ ထားလိုက်သည်။
အချိန်တစ်ခုကြာပြီးနောက် လယ်ကွင်းများတွင် အလေ့ကျပေါက်သောအပင် မျိုးစုံတို့သည် စတင်ပေါက်ရောက်လာကြသည်။ ရှည်သောအပင်၊ ပုသောအပင်၊ ပန်းပွင့်သောအပင်၊ ပန်းမပွင့်သောအပင်၊ အရောင်အသွေးစုံလင်ပြီး ပုံသဏ္ဌာန် အမျိုးမျိုးရှိသော အပင်များ ဖြစ်ကြသည်။ ယင်းတို့သည် အရေအတွက် တိုးပွားလာပြီး တစ်နေ့တခြား ပို၍ထူထပ်လာကာ ပို၍ပင် ပုံပန်းသဏ္ဌာန်ကျလာကြသည်။ တစ်နေ့တွင် ငါသည် နောက်ထပ် လက်ဆောင်အိတ်တစ်လုံးကို လက်ခံရရှိခဲ့သည်၊ သို့သော် ဤတစ်လုံးမှာ ကျိချိုက် အိတ်မဟုတ်ပေ။ ထိုအစား ‘တရုတ်ဒေါန’ များ ပါရှိပြီး ယခင်လက်ဆောင်ပေးသူထံမှပင် ဖြစ်သည်။ သူသည် နောက်ထပ်အိတ်တစ်လုံးကို ကြင်နာစွာ ပေးပို့ခဲ့ပြီး ထိုအိတ်နှင့်အတူ “ဤအရာကို စားကြည့်ပါ။ တရုတ်ဒေါနရွက်ဖြစ်သည်။ အအေးမိခြင်းကို ပျောက်ကင်းစေပြီး ကိုယ်တော် ကြက်ဥနှင့်လည်း မွှေကြော်ကြော်စားလို့ရသည်” ဟူသော ညွှန်ကြားချက်များလည်း ပါရှိသည်။ ငါ ကြည့်လိုက်သည်။ ဤသည်မှာ နှစ်အလိုက် ပေါက်သော ဒေါန မဟုတ်လော။ တရုတ်ဒေါနသည် တရုတ်ပြည်၏ နေရာဒေသများစွာတွင် တွေ့ရှိရပြီး ယင်း၏အရွက်များတွင် အထူးမွှေးရနံ့တစ်ခု ရှိသည်၊ သို့သော် ထိုသူပို့လိုက်သည့်အရာမှာ ထိုသို့မဟုတ်ပေ။ ယင်းကို တရုတ်ဒေါနအဖြစ် မည်သို့ အသိအမှတ်ပြု၍ ရနိုင်မည်နည်း။ အရွက်များမှာ အနည်းငယ် ဆင်တူသော်လည်း တရုတ်ဒေါန ဟုတ်သလော၊ သို့မဟုတ် မဟုတ်ဘူးလော။ ငါ့ကို ပေးသောသူအား ငါမေးကြည့်ရာ၊ သူက မသိဟု ပြောသည်။ ဤသို့ပြောခြင်းဖြင့် သူက လုံးလုံးလျားလျား ခေါင်းရှောင်လိုက်လေသည်။ သူက ဤသို့မေးလေသည်။ “ကိုယ်တော် ဘာလို့ အခုထိ တစ်ခုမျှ မစားသေးသနည်း။ ဤအရာ မည်သည့်အရာဖြစ်သည်ကို ကျွန်ုပ် မသေချာသော်လည်း ကိုယ်တော် အချို့ကို စားရမည်။ အချို့ကို ကျွန်ုပ် စားပြီးဖြစ်ကာ တကယ်ကို အရသာရှိသည်” ဟူ၍ ဖြစ်သည်။ သူ မသေချာသော်လည်း ငါ့ကို စားရန် တိုက်တွန်းနေသည်။ ငါ မည်သည့်အရာ လုပ်ဆောင်သင့်သည်ဟု သင်တို့အားလုံးက ထင်ကြသနည်း။ ငါသည် ယင်းကို မဖြစ်မနေ စားသင့်သလော။ (မစားသင့်ပါ။) ယင်းကို အသေအချာပင် မစားသုံးခဲ့သင့်ပေ၊ အကြောင်းမှာ ယင်းကို ပေးပို့သောသူသည်ပင် မည်သည့်အရာ ဖြစ်သည်ကို မသိသောကြောင့် ဖြစ်သည်။ အကယ်၍ ငါသည် အရဲစွန့်ပြီး အသစ်အဆန်းတစ်ခုခုကို မြည်းစမ်းကြည့်ရန် စားသုံးလိုက်လျှင် ဘာမှမဖြစ်ကောင်း ဖြစ်မည်မဟုတ်၊ အကြောင်းမှာ ယင်းကို စားသုံးဖူးသူက အဆင်ပြေမည်ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။ သို့သော် အဆင်ပြေသည်ဟု ထင်မြင်ပြီး မသိနားမလည်ဘဲ စားသုံးခြင်းသည် မည်သည့်ဆောင်ရွက်ပုံနည်းလမ်းဖြစ်သနည်း။ ယင်းသည် အမှုအရာများကို ကြောင်းကျိုးမမြင်ဘဲ လုပ်ဆောင်ခြင်း မဟုတ်လော။ မည်သို့သော လူစားမျိုးသည် ထိုသို့သော အမှုအရာများကို ကြောင်းကျိုးမမြင်ဘဲ လုပ်ဆောင်နည်း။ ကြမ်းတမ်းပြီး မဆင်မခြင်နိုင်သော သူတစ်ဦးသာလျှင် ဤသို့ပြုလုပ်လိမ့်မည်။ “ဘယ်လိုပဲဖြစ်ဖြစ် အရေးမကြီးပါ။ အနည်းနှင့်အများ တော်လောက်ပါသည်” ဟု ထင်သောသူမျိုး ဖြစ်သည်။ ငါ ဤသို့ပြုလုပ်သင့်သည်ဟု သင်တို့ ထင်ကြသလော။ (မထင်ပါ။) အဘယ်ကြောင့် မထင်နည်း။ စားစရာများ အလွန်ပေါများလှသည်၊ အဘယ်ကြောင့် မသိကျွမ်းသော အပင်တစ်မျိုးကို စားသုံးရန် စွန့်စားရမည်နည်း။ အစာခေါင်းပါးသော ကာလများတွင် အမှန်တကယ် စားစရာမရှိတော့သည့်အခါ စားသုံးကြည့်ရန် အလေ့ကျပေါက် အရွက်အမျိုးမျိုးကို တူးဖော်နိုင်ပြီး အန္တရာယ်အချို့ကိုလည်း စွန့်စားနိုင်သည်။ ဤသို့သော အခြေအနေများတွင် မသိကျွမ်းသော အပင်တစ်မျိုးကို စားသုံးနိုင်မည်ဖြစ်သည်။ သို့သော် ယခုသည် ထိုသို့သော အခြေအနေများထဲမှ တစ်ခုဖြစ်သလော။ (မဟုတ်ပါ။) သင်စားသုံးနိုင်သော အရာများ အလွန်ပေါများလှသည်၊ သို့ဖြစ်လျှင် အလေ့ကျပေါက် အရွက်စိမ်းများကို အဘယ်ကြောင့် တူးဖော်နေရမည်နည်း။ မမြင်နိုင်၊ မထိတွေ့နိုင်သကဲ့သို့ စိတ်ကူးယဉ်မျှသာဖြစ်သော အကျိုးအမြတ် အနည်းငယ်အတွက် စွန့်စားရန် လိုအပ်ပါသလော။ (မလိုအပ်ပါ။) သို့ဖြစ်၍ ငါသည် ယင်းကို မစားသုံးရန် ဆုံးဖြတ်ခဲ့သည်။ ကံအားလျော်စွာ ငါသည် ယင်းကို မစားသုံးခဲ့သကဲ့သို့ အမှုအရာများကို ထပ်မံ၍လည်း ငါစူးစမ်းခြင်းမပြုတော့သည့်အပြင် ထိုကိစ္စကိုလည်း ဤမျှသာ ထားလိုက်တော့သည်။
အချိန်အတန်ငယ် ကြာပြီးနောက် ထိုသူသည် ငါ့ကို နောက်ထပ် လက်ဆောင်တစ်ခု ပေးခဲ့သေးသည်။ ဤသည်မှာ တတိယအကြိမ် ဖြစ်သည်။ ဤတစ်ကြိမ် လက်ဆောင်မှာ အတော်ပင် ထူးခြားသည်။ ယင်းသည် မြေကြီးမှ ပေါက်ရောက်ခဲ့ခြင်း မဟုတ်သကဲ့သို့ သစ်ပင်ပေါ်မှ သစ်သီးလည်း မဟုတ်ပေ။ ယင်းမှာ အဘယ်အရာ ဖြစ်သနည်း။ စက္ကူအိတ်တစ်ခုထဲတွင် သေသပ်စွာ ထုပ်ပိုးထားသော ငှက်ဥနှစ်လုံးဖြစ်ပြီး အိတ်ပေါ်တွင် “ဘုရားသခင်အတွက် ငှက်ဥများ”ဟု ရေးသားထားသည်။ ရယ်စရာကောင်းသည် မဟုတ်လော။ စက္ကူအိတ်ကို ငါ ဖွင့်လိုက်သည့်အခါ ဥနှစ်လုံး၏ အခွံများတွင် လှပသော အရောင်များ ခြယ်သထားသည်ကို ငါ တွေ့လိုက်ရသည်။ ယခင်က ဤကဲ့သို့သော အရာမျိုးကို ငါ တစ်ခါမျှ မမြင်ဖူးသောကြောင့် မည်သည့်ငှက်အမျိုးအစားက ဥထားသည်ကို ငါ မပြောနိုင်ခဲ့ပေ။ အင်တာနက်ပေါ်တွင် အချက်အလက်များကို ရှာဖွေကြည့်ရန် ငါ စဉ်းစားမိသော်လည်း မည်သည့် သဲလွန်စမျှ ငါ ရှာ၍မရခဲ့ပေ၊ အကြောင်းမှာအလားတူ ပုံစံနှင့် အရောင်ရှိသည့် ဥများစွာ ရှိနေသဖြင့် အရွယ်အစားနှင့် အရောင်ကို အခြေခံ၍ ၎င်းတို့ကို ခွဲခြားသတ်မှတ်ရန် နည်းလမ်းမရှိသောကြောင့် ဖြစ်သည်။ ထိုငှက်ဥများသည် မည်သည့်ငှက်အမျိုးအစား၏ ဥများဖြစ်သည်ကို ထိုသူအား ငါ မေးမြန်းရာတွင် တစ်စုံတစ်ရာ အကျိုးရှိမည်ဟု သင်တို့ထဲမှ တစ်ဦးတလေက တွေးထင်သလော။ (မတွေးထင်ပါ။) အဘယ်ကြောင့် မတွေးထင်ရသနည်း။ (သူလည်း သိမည်မဟုတ်ပါ။) သင်တို့ မှန်းဆကြသည့်အတိုင်းဖြစ်၏။ သူလည်း သိမည်မဟုတ်ပေ။ ထို့ကြောင့် ငါ သူ့ကို မမေးခဲ့ပေ။ အကယ်၍ ငါ မေးခဲ့ပါက သူ့ကို ငါ စိတ်မကောင်း ဖြစ်စေမည်ဖြစ်ပြီး သူက “ငါသည် အလွန် စေတနာထားပြီး ဂရုစိုက်နေသော်လည်း ကိုယ်တော်က ကျွန်ုပ်ကို သံသယဝင်နေဆဲဖြစ်သည်။ အဘယ်ကြောင့် ကိုယ်တော်က ယင်းတို့ကို အင်တာနက်ပေါ်တွင် ရှာဖွေရန် လိုအပ်ရသနည်း။ ကျွန်ုပ်က ကိုယ်တော်စားဖို့ ပေးသည့်အတွက် စားသာစားလိုက်ပါလော့” ဟူ၍ တွေးခဲ့လိမ့်မည်ဖြစ်သည်။ ငါသည် ထိုဥများကို စားခဲ့သင့်သည် သင်တို့ ထင်သလော။ သို့မဟုတ် မစားသင့်ဟု သင်တို့ထင်သလော။ (စားသင့်သည်ဟု မထင်ပါ။) အကယ်၍ သူက ထိုဥကို သင်တို့အား ပေးခဲ့ပါက သင်တို့ စားခဲ့ကြမည်လော။ (စားမည်မဟုတ်ပါ။) ငါလည်း စားမည်မဟုတ်။ ဤဥများသည် ငှက်များ ပေါက်ဖွားရန်နှင့် မျိုးပွားရန်အတွက် ဖြစ်သည်။ ယင်းတို့ကို စားခြင်းသည် ရက်စက်ရာကျမည် မဟုတ်လော။ (ရက်စက်စရာကျပါမည်။) ငါ ထိုသို့ မလုပ်ဆောင်နိုင်ခဲ့ပါ၊ ထို့ကြောင့် ငှက်ဥများ ကိစ္စကိုလည်း ထိုအတိုင်းသာ ထားလိုက်သည်၊ သို့သော် ထိုသို့သောအရာများက ဆက်လက်၍ ဖြစ်ပျက်နေခဲ့သည်။
တစ်နေ့တွင် ငါသည် တစ်နေရာရှိ လက်ရန်းတစ်ခုပေါ်တွင် အခြောက်လှန်းထားသော တရုတ်ဒေါနနှင့်တူသည့် နှစ်စဉ်ပေါက် ဒေါနအချို့ကို တွေ့ရှိခဲ့ရာ ညီအစ်မတစ်ဦးအား ယင်းကို မည်သည့်အရာအတွက် အသုံးပြုသည်ကို ငါ မေးမြန်းခဲ့သည်။ သူက “ဤသည်မှာ အရင်တစ်ခေါက်က ကိုယ်တော့်ကို ထိုလူပေးခဲ့သည့် တရုတ်ဒေါန အမျိုးအစားနှင့် တူတူပင်ဖြစ်သည် မဟုတ်လော။ တရုတ်ဒေါနသည် အစိုဓာတ်ကို ဖယ်ရှားနိုင်ပြီး အအေးမိခြင်းကို ပျောက်ကင်းစေနိုင်သည်။ ကိုယ်တော်သည် အအေးဒဏ်ကို မခံနိုင်သူ မဟုတ်လော။ ယင်းကို အခြောက်ခံပြီးသည်နှင့် အအေးမိခြင်းကို ပယ်ရှားရန်အတွက် ရေနွေးဖြင့် ကိုယ်တော် ခြေထောက်စိမ်ရာတွင် အသုံးပြုရန် သိမ်းဆည်းထားမည်ဟု ထိုလူ ပြောခဲ့သည်”ဟု ပြန်ပြောသည်။ ယင်းကို ကြားရသည့်အခါ ငါ၏ တုံ့ပြန်မှုမှာ မည်သို့ဖြစ်မည်ဟု သင်တို့အားလုံး ထင်ကြသနည်း။ စကားတစ်လုံးတည်း ဖြစ်သည်။ (အာစေးမိသွားသည်။) မှန်ပေသည်။ ငါ အာစေးမိသွားခဲ့သည်။ ဤသို့သော အခြေအနေများတွင် ဤလူသည် မည်မျှ ဂရုစိုက်တတ်ကြောင်းကိုလည်းကောင်း၊ သူသည် အမှန်တကယ်ပင် အထူးကြိုးစားအားထုတ်ခဲ့ကြောင်းကိုလည်းကောင်း ငါ ပြန်လည်သုံးသပ်ခဲ့သင့်သည် မဟုတ်လော။ ငါ မည်သို့ဖြစ်၍ အာစေးမိသွားခဲ့ရသနည်း။ ဤလူသည် ဤကိစ္စရပ်များနှင့်ပတ်သက်၍ ယခင်က အကြိမ်အနည်းငယ် သိမြင်နားလည်မှု မရှိခဲ့ဘဲ ထို့နောက်တွင် “ကျွန်ုပ်က ကိုယ်တော့်ကို အရွက်စိမ်းများနှင့် ဥများ စားသုံးရန် ပေးခဲ့သော်လည်း ကိုယ်တော်က ၎င်းတို့ကို မစားသုံးခဲ့ပါ၊ ထို့ကြောင့် ငါ၏ ကြိုးပမ်းမှုများ အချည်းနှီး မဖြစ်စေရန်အလို့ငှာ ကိုယ်တော် ခြေထောက်ရေနွေးစိမ်ရန် တရုတ်ဒေါနအချို့ကို ငါ အခြောက်လှန်းပေးခဲ့သည်” ဟု ပြောဆိုသည့်အလား သူ၏ လုပ်နည်းကိုင်နည်းကို ပြောင်းလဲခဲ့ခြင်းသာ ဖြစ်သည်။ ဤမြင်ကွင်းကို ထောက်ရှု၍ ငါသည် အမှန်တကယ်ပင် အာစေးမိသွားခဲ့သည်။ နောက်ပိုင်းတွင် ငါက ယခုအခါ ဆေးဆိုင်များစွာတွင် တရုတ်ဒေါနကို သိုလှောင်ထားကြောင်း၊ သင်အလိုရှိသလောက် ဝယ်ယူနိုင်ကြောင်း၊ ယင်းသည် ထုပ်ပိုးမှုအမျိုးမျိုးဖြင့် လာကြောင်း၊ နိုင်ငံအမျိုးမျိုးမှ ထုတ်လုပ်ပြီး ကျန်းမာရေးနှင့်ညီညွတ်စွာ ပြုပြင်ထားကြောင်း အခြားသူတစ်ဦးကို ပြောပြနေခဲ့သည်။ ယင်းသည် ထိုသူ ငါ့ကို ပေးပို့ခဲ့သည့်အရာထက် များစွာ ပိုကောင်းသည်၊ သို့ဖြစ်၍ ယင်းကို လမ်းဘေးမှ ခူးဆွတ်ပြီးနောက် နေပူတွင် အခြောက်လှန်းရန် လက်ရန်းများပေါ်တွင် တင်ထားခြင်းသည် အချည်းနှီး ကြိုးပမ်းမှုတစ်ခု မဟုတ်လော။ အကယ်၍ သူက ယင်းကို အခြောက်လှန်းပြီး ငါ့ကို ပေးပါက ငါ လိုချင်မည်ဟု သင် ထင်သလော။ (မထင်ပါ။) ငါ မလိုချင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ လက်ရန်းများပေါ်တွင် ဒေါနရွက်တစ်ခုတလေမျှ မရှိတော့ပေ။ အကြောင်းမှာ ငါ ပြောခဲ့သည့်အရာကို သူ ပြန်ကြားသွားခဲ့ပြီး သူက ထိုအရွက်ကို မပို့တော့သောကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် လယ်ကွင်းထဲ၌ အလေ့ကျပေါက်သောအရွက်စိမ်းများ ပိုမိုများပြားလာသည့်အခါ ထိုအရွက်များကို ရှားပါးသည်ဟု မမှတ်ယူကြတော့ခြင်းဖြစ်ရမည်။ ထို့ကြောင့် မည်သူကမျှ ငါ့ကို အလေ့ကျပေါက်သော အရွက်စိမ်းများ ပေးပို့ခြင်း မပြုတော့ပေ။ ပြီးလျှင် ထိုအချိန်အတောအတွင်း ငှက်ဥများသည်လည်း သားပေါက်သွားပြီးဖြစ်၍ နောက်ထပ် စုဆောင်း၍ မရနိုင်တော့ဟု ငါ ထင်သည်၊ ထို့ကြောင့် ယခုအချိန်ထိ ငါသည် နောက်ထပ် ငှက်ဥများ သို့မဟုတ် အလေ့ကျပေါက်သော အရွက်စိမ်းများကို လက်ခံရရှိခြင်း မရှိတော့ပေ။ ယင်းမှာ ငါ၏ ဇာတ်လမ်းဖြစ်သည်။
စုစုပေါင်းအားဖြင့် ဇာတ်လမ်းထဲတွင် ဖြစ်ရပ်လေးခု ရှိခဲ့ပြီး အားလုံးမှာ ငါ့ထံသို့ ပစ္စည်းများ ပေးပို့ခြင်းနှင့် သက်ဆိုင်သည်။ နှစ်ခုမှာ အမည်မသိ အလေ့ကျပေါက်သော အရွက်စိမ်းများ ပေးပို့ခြင်းနှင့် သက်ဆိုင်သည်၊ တစ်ခုမှာ အမည်မသိ ငှက်ဥများ ပေးပို့ခြင်းနှင့် သက်ဆိုင်ပြီး နောက်တစ်ခုမှာ နေလှန်းထားသော “တရုတ်တိုင်းရင်းဆေး” နှင့် သက်ဆိုင်သည်။ ဤအရာများအကြောင်း ပြောဆိုခြင်းသည် အနည်းငယ် ရယ်စရာကောင်းသည်ဟု ထင်ကောင်းထင်ရနိုင်သော်လည်း ဖြစ်ရပ်များ ကိုယ်၌အရ ယင်းတို့ကို ကြားသိရပြီးနောက် သင်တို့သည် ထင်မြင်ချက်တစ်ခုတလေ ရှိခဲ့လျှင် ယင်းတို့မှာ အဘယ်နည်း။ ယင်းတို့ထဲတွင် သင်တို့ နားလည်သင့်သော သို့မဟုတ် ယူမှတ်သင့်သော တစ်စုံတစ်ရာ၊ သင်တို့ သင်ယူသင့်သော သင်ခန်းစာ တစ်စုံတစ်ရာ ရှိသလော။ သင်တို့ နားထောင်နေစဉ်တွင် သင်တို့အားလုံး မည်သည့်အရာကို စဉ်းစားနေခဲ့ကြသနည်း။ ငါ ပြန်ပြောပြခဲ့သည့် အရာများသည် သီးသန့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ဦးတည်ခဲ့သလော။ သေချာပေါက် မဟုတ်ပေ။ သို့သော်ငြားလည်း အကယ်၍ ယင်းတို့သည် သီးသန့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ဦးတည်ခဲ့ခြင်း မဟုတ်ပါက အဘယ်ကြောင့် ယင်းတို့အကြောင်းကို ငါ ပြောဆိုနေရသနည်း။ ယင်းသည် အဓိပ္ပာယ်ရှိသလော။ သို့မဟုတ် အချည်းနှီးဖြစ်သော စကားမျှသာ ဖြစ်ပါသလော။ (မဟုတ်ပါ။) သင်တို့က ယင်းကို အချည်းနှီးဖြစ်သော စကားအဖြစ် မယူဆသည့်အတွက် ငါ အဘယ်ကြောင့် ပြောဆိုနေသည်ကို သင်တို့ သိကြသလော။ ဤလူသည် အဘယ်ကြောင့် ထိုသို့သော အမှုအရာများကို လုပ်ဆောင်ခဲ့သနည်း။ သူ့ အပြုအမူ၏ သဘောသဘာဝမှာ အဘယ်နည်း။ သူ၏ ကြံရွယ်ချက်မှာ အဘယ်နည်း။ ဤနေရာတွင် ပြဿနာများမှာ အဘယ်နည်း။ ယင်းတို့ကို ဆက်စပ်အကြောင်းအရာဖြင့် ဖော်ပြရန် လိုအပ်သလော။ အကယ်၍ သင်တို့သည် လူတို့ကိုလည်းကောင်း၊ ဖြစ်ရပ်များ ကိုယ်၌၏ သဘောသဘာဝကိုလည်းကောင်း ဆက်စပ်အကြောင်းအရာဖြင့် ထိုးထွင်းသိမြင်လျှင် သမ္မာတရားကို သင်တို့ နားလည်နိုင်ပေလိမ့်မည်။ ဤအမှုအရာများကို လုပ်ဆောင်ခဲ့သော ထိုလူ၌ ကောင်းသော ရည်ရွယ်ချက်များ ရှိခဲ့သည်ဟု သင်တို့ ထင်သလော။ သို့မဟုတ် မကောင်းသော ရည်ရွယ်ချက်များ ရှိခဲ့သည်ဟု သင်တို့ ထင်သလော။ (ကောင်းသော ရည်ရွယ်ချက်များရှိခဲ့ပါသည်။) ဦးစွာပထမအနေဖြင့် အချက်တစ်ချက်မှာ သေချာသည်။ သူသည် စေတနာကောင်း ရှိခဲ့သည်။ သူ၏ ကောင်းမွန်သော ရည်ရွယ်ချက်များနှင့် ပတ်သက်၍ မည်သည့်အရာ မှားယွင်းနေသနည်း။ ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းသည် သင်က ဂရုစိုက်တတ်သည်ဟု အဓိပ္ပာယ်ရသလော။ (ရချင်မှ ရပေမည်။) အကယ်၍ ကောင်းမွန်သော ရည်ရွယ်ချက်များသည် တစ်စုံတစ်ခုကို လုပ်ဆောင်ရန်အတွက် တစ်စုံတစ်ဦး၏ ကြံရွယ်ချက်ဖြစ်ပါက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ မသန့်ရှင်းမှုသည် သေချာပေါက် ကင်းမဲ့သလော။ ကင်းမဲ့ခြင်း မရှိပါ။ သို့ဆိုလျှင် သင်တို့အားလုံးကို ငါ မေးသည်၊ အကယ်၍ သင်သည် သင်၏ မိဘများအပေါ် ရိုသေပြီး နာခံပါက အဘယ်ကြောင့် ၎င်းတို့ စားသုံးရန် ဤအရာများကို မပေးပို့သနည်း။ သို့မဟုတ် အကယ်၍ သင်သည် သင်၏ အထက်လူကြီးများနှင့် ခေါင်းဆောင်များကို နှစ်သက်ပြီး ဂရုစိုက်ပါက အဘယ်ကြောင့် ၎င်းတို့ စားသုံးရန် ဤကဲ့သို့သော အရာများကို မပေးသနည်း။ အဘယ်ကြောင့် သင်သည် ထိုသို့ပြုလုပ်ရန် မဝံ့မရဲဖြစ်ခဲ့ရသနည်း။ အကြောင်းမှာ တစ်စုံတစ်ခု မှားယွင်းသွားမည်ကို သင် ကြောက်ရွံ့သောကြောင့် ဖြစ်သည်။ သင်သည် သင်၏ မိဘများ၊ သင်၏ ခေါင်းဆောင်များနှင့် သင်၏ အထက်လူကြီးများအား ထိခိုက်နစ်နာစေမည်ကို ကြောက်ရွံ့သည်၊ သို့ဆိုလျှင် သင်သည် ဘုရားသခင်အား ထိခိုက်နစ်နာစေမည်ကို မကြောက်ရွံ့သလော။ သင်၏ ရည်ရွယ်ချက်များမှာ အဘယ်နည်း။ သင်၏ ကြင်နာမှုတွင် အဘယ်အရာ ပါဝင်သနည်း။ သင်သည် ဘုရားသခင်ကို လှည့်ဖြားရန် ကြိုးစားနေသလော။ သင်သည် သူ့ကို ပြက်တီးပြက်ချော်လုပ်ရန် ကြိုးစားနေသလော။ ဝိညာဉ်ရေးရာဖြစ်ခြင်းဖြစ်သည့် ဘုရားသခင်အပေါ် ထိုသို့သော အမှုအရာများကို သင် လုပ်ဆောင်ဝံ့မည်လော။ အကယ်၍ ဘုရားသခင်၏ ဇာတိပကတိသည် ပုံမှန်လူ့သဘာဝ၏ ဇာတိပကတိအတိုင်း ဖြစ်သည်ကို သင် တွေ့မြင်ပြီး သူ့ကို ကြောက်ရွံ့ရမည့်အစား ထိုသို့သော အမှုအရာများကို သင် လုပ်ဆောင်ဝံ့ခဲ့ပါက သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိမည်လော။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိခဲ့ပါက ထိုသို့သော အမှုအရာများကို သင် လုပ်ဆောင်ခြင်းသည် အမှန်တကယ်ပင် သင် ဂရုစိုက်ခြင်း ဖြစ်မည်လော။ ယင်းမှာ ဂရုစိုက်ခြင်း မဟုတ်ပေ။ ဘုရားသခင်ကို လှည့်ဖြားခြင်းနှင့် ပြက်တီးပြက်ချော်လုပ်ခြင်းဖြစ်ပြီး သင် အလွန်ပင် ရဲတင်းခြင်း ဖြစ်သည်။ သင်သည် အမှန်တကယ် တာဝန်ယူတတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါက တစ်စုံတစ်ခုကို ဘုရားသခင်ထံ မယူဆောင်မီ မည်သည့်အရာမျှ မှားယွင်းခြင်းမရှိကြောင်း သေချာစေရန် အဘယ်ကြောင့် သင်ကိုယ်တိုင် ဦးစွာ စားသုံးပြီး မြည်းစမ်းကြည့်ခြင်း မပြုသနည်း။ အကယ်၍ သင်သည် ထိုအရာကို သင်ကိုယ်တိုင် စားသုံးပြီး မြည်းစမ်းကြည့်ခြင်းမရှိဘဲ ဘုရားသခင်ထံ တိုက်ရိုက် ယူဆောင်လာပါက ဤသည်မှာ ဘုရားသခင်ကို ပြက်တီးပြက်ချော်လုပ်ခြင်း မဟုတ်လော။ ဤသို့ပြုလုပ်ခြင်းဖြင့် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနေသည်ဟု သင် မခံစားရသလော။ ဤသည်မှာ ဘုရားသခင် မေ့လျော့နိုင်သော တစ်စုံတစ်ရာ ဖြစ်သလော။ ထိုအရာကို သင် မေ့လျော့လျှင်ပင် ဘုရားသခင်က မေ့လျော့လိမ့်မည် မဟုတ်။ ဤကဲ့သို့သော တစ်စုံတစ်ခုကို လုပ်ဆောင်သည့်အခါ သင့်စိတ်ထဲတွင် မည်သည့်အရာ ဖြစ်ပေါ်နေသနည်း။ သင်သည် ထိုအရာကို မမြည်းစမ်းခဲ့သကဲ့သို့ သင့်တွင် သိပ္ပံနည်းကျ အထောက်အထား မရှိပေ။ သို့တိုင် သင်သည် ထိုအရာကို ဘုရားသခင်အားပေးဝံ့သည်။ ဤသည်မှာ တာဝန်ယူသော အပြုအမူ ဖြစ်သလော။ အကယ်၍ သင်သည် ဘုရားသခင်ကို ထိခိုက်နစ်နာစေခဲ့ပါက သင် မည်သည့်တာဝန်ကို ယူမည်နည်း။ ဥပဒေက သင့်ကို အရေးမယူလျှင်ပင် ဘုရားသခင်က သင့်ကို ထာဝရ အပြစ်ဒဏ်ပေးမည်ဖြစ်သည်။ သင်သည် ဤအမှိုက်သရိုက်ကို ဘာသာတရားမရှိသော ခေါင်းဆောင်များနှင့် အရာရှိများထံ ပေးရန် လက်သင့်ခံနိုင်ဖွယ်ဖြစ်သည်ဟုပင် ထင်မည်မဟုတ်ဘဲ ယင်းကို သိက္ခာကျသည်ဟု ယူဆမည်ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်ထံ ထိုအရာကိုပေးရာတွင် မည်သည့် ရည်ရွယ်ချက်မျိုးတို့ သင့်တွင် ရှိမည်နည်း။ ငါ၏ တန်ဖိုးသည် အလွန် နည်းပါးသလော။ အကယ်၍ သင်သည် သင်၏သူဌေးအား အလေ့ကျပေါက်သော အရွက်စိမ်းအိတ်တစ်အိတ် ပေးမည်ဆိုပါက သူ မည်သို့ ထင်မည်နည်း။ “ငါသည် ထိုမျှသာ တန်ဖိုးရှိသလော။ လူများက ငါ့ကို ငွေကြေးနှင့် နာမည်ကြီးတံဆိပ်ဖြင့် ပစ္စည်းများ ပေးကြသည်၊ သင်က ငါ့ကို ပေါင်းပင်လက်တစ်ဆုပ်စာသာ ပေးသည်” ဟူ၍ ဖြစ်သည်။ သင်သည် ထိုအရာကို လုပ်ဆောင်နိုင်စွမ်း ရှိမည်လော။ သေချာပေါက် လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်။ သို့သော် အကယ်၍ ထိုအရာကို သင် လုပ်ဆောင်ခဲ့ပါက မည်သည့်အရာကို သင် စိုးရိမ်မည်နည်း။ သင် ပထမဆုံး စဉ်းစားရမည့်အရာမှာ “သူဌေးက မည်သည့်အရာကို နှစ်သက်သနည်း။ ဤအရာကို သူလိုအပ်သလော။ သူ မလိုအပ်ဘဲ ငါက သူ့ကို ပေးနေသေးလျှင် သူသည် ငါ့ကို အခက်တွေ့အောင် လုပ်လိမ့်မည်လော။ သူသည် ငါ့ကို အလုပ်တွင် အနိုင်ကျင့်ပြီး နှိပ်စက်မည်လော။ အမှုအရာများ ဆိုးရွားသွားလျှင် ယိုးမယ်ဖွဲ့ပြီး ငါ့ကို မသိမတတ်ကြောင်း ပေါ်အောင်လုပ်ခြင်းဖြင့် အလုပ်ထုတ်မည်လော” ဟူ၍ ဖြစ်သည်။ ဤအရာ တစ်ခုတလေကို သင် စဉ်းစားမိပါသလော။ (စဉ်းစားမိပါသည်။) အကယ်၍ သင်သည် သင်၏ သူဌေးကို နှစ်သက်သဘောကျစေလိုပါက သူ့ကို ပထမဆုံး သင် ပေးသင့်သည့်အရာမှာ အဘယ်နည်း။ (သူကြိုက်နှစ်သက်သောအရာ တစ်စုံတစ်ခုဖြစ်သည်။) သူကြိုက်နှစ်သက်သောအရာ တစ်စုံတစ်ခုကို ပေးရုံမျှသည် မလုံလောက်ပေ။ ဥပမာအားဖြင့် အကယ်၍ သူသည် ယခု ခွက်တစ်လုံး လိုအပ်ပါက သင် သူ့ကို ပေးဖို့ ခွက်တစ်လုံးဝယ်ရန် ယွမ် ၁၀ သို့မဟုတ် ၂၀ သုံးနိုင်သလော။ (မသုံးနိုင်ပါ။) သင်သည် သူ့ကို ရွှေကဲ့သို့သောအရာ တစ်စုံတစ်ခု၊ ငွေကဲ့သို့သောအရာ တစ်စုံတစ်ခု၊ ပွဲတိုးသောအရာ တစ်စုံတစ်ခုကို ပေးရမည်။ သင်ကိုယ်သင်အတွက် ဝယ်ယူရန် တွန့်ဆုတ်မည့်အရာ တစ်စုံတစ်ခုကို သူ့အား အဘယ်ကြောင့် ပေးသနည်း။ (သူ့ကို နှစ်သက်စေရန်ဖြစ်သည်။) သူ့ကို နှစ်သက်သဘောကျစေခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ပထမဦးစွာ အနည်းဆုံးအားဖြင့် သူသည် သင့်ကို သူ၏ စောင့်ရှောက်မှုအောက်တွင် ထားနိုင်ပြီး သူ ကိုင်စွဲသော အာဏာဖြင့် သင့်ကို ကာကွယ်နိုင်ကာ သင်၏ အလုပ်နှင့် လစာကို တည်ငြိမ်ပြီး လုံခြုံအောင် ပြုလုပ်ပေးနိုင်သည်။ အနည်းဆုံးအနေဖြင့့် သူသည် သင့်ကို အခက်တွေ့အောင် လုပ်မည်မဟုတ်။ သို့ဖြစ်၍ သင်သည် သူ့ကို အမည်မသိ အလေ့ကျပေါက်သော အရွက်စိမ်းများကို မည်သည့်အခါမျှ လက်ဆောင်ပေးမည် မဟုတ်။ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် သင်၏ သူဌေးကိုပင် ထိုသို့ မလုပ်ဆောင်နိုင်ပေ။ သို့ဆိုလျှင် ငါ့ကို ပေါင်းပင်များ ပေးခဲ့သော ထိုလူသည် အဘယ်ကြောင့် ငါ့ကို ထိုသို့ လုပ်ဆောင်ခဲ့သနည်း။ အကျိုးဆက်များကို သူစဉ်းစားခဲ့သလော။ သေချာပေါက် မစဉ်းစားခဲ့ပေ။ အဘယ်ကြောင့် မစဉ်းစားခဲ့သနည်း။ အချို့က “ကိုယ်တော်က ကျွန်ုပ်တို့ကို ညှဉ်းဆဲမည် မဟုတ်သောကြောင့် ဖြစ်သည်”ဟု ပြောကြပေမည်။ ထိုမျှ ရိုးရှင်းသလော။ ငါက သူ့ကို အခက်တွေ့အောင် လုပ်မည်မဟုတ်သောကြောင့် ဖြစ်သလော။ သူသည် ဤကဲ့သို့သော ပစ္စည်းများကို အဘယ်သို့ဖြစ်၍ ပေးဝံ့ခဲ့သနည်း။ (သူ၏ ရည်ရွယ်ချက်များ ကောင်းသည်ဟု သူထင်ခဲ့သည်။) မှန်ပေ၏။ သူသည် သူ၏ အကျည်းတန်မှုနှင့် ကောက်ကျစ်ဆိုးယုတ်မှုအားလုံးကို ကောင်းမွန်သော ရည်ရွယ်ချက်များအောက်တွင် ဖုံးကွယ်ထားခဲ့သည်၊ ဆိုလိုသည်မှာ “ကျွန်ုပ်က ကိုယ်တော့်အပေါ် စေတနာများ ထားရှိသော်လည်း အခြားသူများကမူ မထားရှိကြပါ။ ဤအလေ့ကျပေါက်သော အရွက်စိမ်းများကို ကြည့်ပါ။ ကိုယ်တော့်အတွက် မည်သူက တူးဖော်ပေးခဲ့သနည်း။ ကျွန်ုပ် မဟုတ်ခဲ့ပါသလော” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သို့သော သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မည်သို့သော စိတ်နေစိတ်ထားမျိုး ဖြစ်သနည်း။ ဤကောင်းမွန်သော ရည်ရွယ်ချက်များသည် လူ့သဘာဝနှင့် ကိုက်ညီသလော။ အကယ်၍ ယင်းတို့သည် လူ့သဘာဝနှင့်ပင် မကိုက်ညီပါက သမ္မာတရားနှင့် ကိုက်ညီနိုင်သလော။ (မကိုက်ညီနိုင်ပါ။) ထိုအရာများသည် သမ္မာတရားနှင့် အဝေးဆုံး ဖြစ်နိုင်ပေမည်။ ဤကောင်းမွန်သော ရည်ရွယ်ချက်များမှာ အဘယ်နည်း။ ယင်းတို့သည် အမှန်တကယ် ကောင်းမွန်သော ရည်ရွယ်ချက်များ ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းတို့၌ မည်သည့် သဘောထားမျိုး ပါဝင်နေသနည်း။ မည်သည့် မစင်ကြယ်မှုများနှင့် အနှစ်သာရများ ပါဝင်သနည်း။ လောကအတွေ့အကြုံ အနည်းငယ်သာရှိသော သင်တို့ လူငယ်များပင်လျှင် သင်တို့၏ သူဌေးအား ကြုံရာကျပန်း လက်ဆောင်များ ပေး၍မရကြောင်း နားလည်ကြသည်၊ အကျိုးဆက်များကို သင်တို့ စဉ်းစားရမည်ဖြစ်သည်။ သို့ဖြစ်၍ အသက်လေးဆယ်ကျော် သို့မဟုတ် ငါးဆယ်ကျော်အရွယ် အထူးပင် အတွေ့အကြုံရင့်ကျက်သော လူတစ်ဦးက ငါ့ကို ထိုသို့သော အရာများကို ပေးပါက သင်တို့အမြင်တွင် ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ထိုအရာသည် ဤနေရာ၌ ငါတို့ ဆွေးနွေးရန် ထိုက်တန်သလော။ (ထိုက်တန်ပါသည်။) သို့ဖြစ်၍ အားလုံး အနှစ်ချုပ်လိုက်သည့်အခါတွင် ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ထိုလူသည် ငါ့ကို အလေ့ကျပေါက်သော အရွက်စိမ်းအချို့ကို သာမန်ကာလျှံကာ ပေးခဲ့ပြီး သူကိုယ်တိုင်ပင် ယင်းတို့မှာ မည်သည့်အရာဖြစ်သည်ကို မသိဘဲ ငါ့ကို စားသုံးခိုင်းခဲ့သည်။ ထိုအရာများက ထိုသို့သော အလေ့ကျပေါက်သော အရွက်စိမ်းမျိုးနှင့် မတူကြောင်းကို ငါ ပြောသည့်အခါ သူသည် ငါ့ကို မစားသုံးရန် ချက်ချင်းပြောဆိုခဲ့သည်။ ပြီးလျှင် ထိုမျှသာ မဟုတ်ပေ။ သူသည် ငါ့ကို စားသုံးရန် နောက်ထပ် အလေ့ကျပေါက်သော အရွက်စိမ်းတစ်မျိုးကို ပေးပို့ခဲ့သည်။ ထိုအရွက်စိမ်းများကို ငါ မစားခဲ့ဘဲ သူက “အနည်းငယ် စားကြည့်ပါ၊ အရသာရှိပါသည်။ ကျွန်ုပ် မြည်းစမ်းပြီးပြီ” ဟု ပြောသည်။ ယင်းမှာ မည်သည့် သဘောထားမျိုး ဖြစ်သနည်း။ (ရိုသေမှုမရှိသကဲ့သို့ တာဝန်မဲ့သော သဘောထား ဖြစ်ပါသည်။) မှန်ပေ၏။ ဤသဘောထားကို သင်တို့အားလုံး ခံစားရသလော။ (ခံစားရပါသည်။) ယင်းသည် စေတနာထားခြင်း ဖြစ်သလော။ ဤနေရာတွင် စေတနာထားသည့်အရာ တစ်ခုမျှ မရှိပေ။ သူသည် မည်သည့်အရာမျှ ကုန်ကျခြင်းမရှိဘဲ တစ်စုံတစ်ခုကို ကြုံရာကျပန်း ရရှိခဲ့ပြီးနောက် ယင်းကို ပလတ်စတစ်အိတ်တစ်ခုထဲတွင် ထည့်ကာ ငါ့ကို ပို့ပေးခဲ့ပြီး စားခိုင်းခဲ့သည်။ အကယ်၍ သင်သည် သိုးများနှင့် ယုန်များကို ကျွေးမွေးရန် အလေ့ကျပေါက်သော အရွက်စိမ်းအချို့ကို ခူးဆွတ်မည်ဆိုလျှင်ပင် “တိရစ္ဆာန်များက ဤအရာကို စားလျှင်အဆိပ်သင့်နိုင်သလော”ဟု တွေးဆရဦးမည်ဖြစ်သည်။ ယင်းမှာ သင် ထည့်သွင်းစဉ်းစားသင့်သောအရာ တစ်စုံတစ်ခု မဟုတ်လော။ အကယ်၍ သင်သည် တိရစ္ဆာန်များကို ကျွေးမွေးသည့်အခါ စွန့်စားရန် ဆန္ဒရှိမည်မဟုတ်လျှင် မည်သည့်အလေ့ကျပေါက်သော အရွက်စိမ်းတစ်စည်းကိုမဆို ယူပြီး ငါ့ကို အဘယ်သို့များ စားဖို့ ပေးနိုင်မည်နည်း။ ယင်းမှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ပြဿနာ၏ သဘောသဘာဝမှာ အဘယ်နည်း။ သင်တို့ နားလည်ကြသလော။ ထိုသို့သော သူတစ်ဦးက ငါ့ကို ဤသို့ ဆက်ဆံပါက သူသည် သူ၏ လက်အောက်ငယ်သားများ သို့မဟုတ် လမ်းပေါ်တွင်ရှိသည့် သာမန်လူတစ်ဦးဟု သူယူဆသော တစ်စုံတစ်ဦးကို မည်သို့ ဆက်ဆံမည်ဟု သင်တို့ ထင်ကြသနည်း။ ယင်းမှာ သာမန်ကာလျှံကာ ပြက်တီးပြက်ချော်လုပ်နေခြင်းမျှသာ ဖြစ်သည်။ ယင်းမှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်သည်။ သူ့ကို လူကောင်းတစ်ဦးအဖြစ် မှတ်ယူ၍ရနိုင်သလော။ (မှတ်ယူ၍မရနိုင်ပါ။) သူ့ကို လူကောင်းတစ်ဦးအဖြစ် မမှတ်ယူရပေ။ လူတို့၏ ခန္ဓာကိုယ်များနှင့် အသက်များကို အလေးအနက်မထားခြင်း၊ ထိုအရာများနှင့်ပတ်သက်၍ လောင်းကစားလုပ်ပြီးနောက် မည်သည့်အရာမျှ မခံစားရခြင်း၊ ပြီးလျှင် အမှန်တကယ်ပင် လိပ်ပြာမလုံမှု လုံးဝမရှိဘဲ ထိုအရာကိုပင် အကြိမ်ကြိမ် ထပ်ခါထပ်ခါ လုပ်ဆောင်နိုင်ခြင်း ဤသည်မှာ အမှန်ပင် ထူးဆန်းလှသည်။
ဇာတ်လမ်းအစတွင် သင်တို့ သိပ်အာရုံမစိုက်မိကောင်း မစိုက်မိနိုင်သော စကားအနည်းငယ်ကို ငါ ပြောခဲ့သည်။ ထိုအလေ့ကျပေါက်သော အရွက်စိမ်းများထဲမှ အချို့သည် လူသားများ စားသုံးရန်ဖြစ်ကြောင်း၊ အချို့သည် တိရစ္ဆာန်များ စားသုံးရန်ဖြစ်ကြောင်း၊ အချို့မှာမူ လူသားရော တိရစ္ဆာန်ပါ စားသုံးရန်ဖြစ်ကြောင်း ငါ ပြောခဲ့သည်။ ဤသည်မှာ “လူသိများသော စကားရပ်” တစ်ခုဖြစ်ပြီး ထိုအတွက် ရင်းမြစ်တစ်ခု ရှိသည်။ ယင်းသည် မည်သည့်နေရာမှ လာသည်ကို သင်တို့ သိကြပါသလော။ ယင်းသည် ဇာတ်လမ်းတစ်ခုကို သွယ်ဝိုက်ညွှန်းဆိုခြင်း ဖြစ်သည်။ ယင်းသည် ထိုဇာတ်လမ်းထဲ၌ ဤလက်ဆောင်အနည်းငယ်ကို ပေးခဲ့သော လူထံမှ လာခြင်းဖြစ်သည်။ ဤလူသည် စိုက်ပျိုးရေးကို တာဝန်ယူခဲ့ပြီး သူသည် ပြောင်းအမျိုးအစား သုံးမျိုးကို စိုက်ပျိုးခဲ့သည်။ မည်သည့်အမျိုးအစား သုံးမျိုးဖြစ်သနည်း။ လူတို့စားသုံးသော အမျိုးအစား၊ တိရစ္ဆာန်များ စားသုံးသော အမျိုးအစားနှင့် လူရော တိရစ္ဆာန်ပါ စားသုံးသော အမျိုးအစားဟူ၍ ထိုသုံးမျိုး ဖြစ်သည်။ ဤပြောင်းအမျိုးအစား သုံးမျိုးမှာ အတော်ပင် စိတ်ဝင်စားစရာ ကောင်းသည်။ ယင်းတို့အကြောင်းကို ယခင်က သင်တို့ကြားဖူးကြသလော။ သင်တို့ မကြားဖူးကြသကဲ့သို့ ယင်းတို့သည် ရှားပါးသောအရာတစ်ခု ဖြစ်သည်နှင့်အမျှ ငါ ကြားဖူးခြင်းမှာလည်း ပထမဆုံးအကြိမ် ဖြစ်သည်။ အဆုံးတွင်မူ ထိုပြောင်းများကို စိုက်ပျိုးခဲ့သော လူတို့သည် အလွန် တာဝန်မဲ့ခဲ့သောကြောင့် ပြောင်းအမျိုးအစား သုံးမျိုးတို့သည် ရောထွေးသွားခဲ့ကြသည်။ တိရစ္ဆာန်များ စားသုံးရမည့် ပြောင်းများကို လူတို့အား ကျွေးမွေးခဲ့စဉ်တွင် လူသားများ စားသုံးရမည့် ပြောင်းများကိုမူ တိရစ္ဆာန်များအား ကျွေးမွေးခဲ့သည်။ ယင်းတို့ကို စားသုံးပြီးနောက် လူတိုင်းက ပြောင်းသည် လက်မခံနိုင်စရာဖြစ်ကြောင်း၊ ကောက်နှံကဲ့သို့ အရသာမရှိဘဲ မြက်နံ့အနည်းငယ် ထွက်ကြောင်း ညည်းညူခဲ့ကြသည်။ ပြောင်းစိုက်ပျိုးခဲ့သော လူတို့ လုပ်ဆောင်ခဲ့သည့်အရာမှာ အဘယ်နည်း။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် တာဝန်မဲ့မှုကြောင့် ၎င်းတို့သည် လူသားများ စားသုံးရမည့်အရာနှင့် တိရစ္ဆာန်များ စားသုံးရမည့်အရာတို့ကို ရောထွေးခဲ့ကြရာ မည်သူကမျှ ထိုနှစ်ခုကို ခွဲခြား၍မရနိုင်တော့ဘဲ ၎င်းတို့အနေဖြင့် မျိုးစေ့များ ထပ်မံဝယ်ယူပြီး အစကနေ တစ်ဖန်ပြန်လည် စိုက်ပျိုးခဲ့ကြရသည်။ ဤအလုပ်ကို မည်သို့ ဆောင်ရွက်ခဲ့သည်ဟု သင်တို့အားလုံး ထင်ကြသနည်း။ ဤသို့သော လူစားမျိုးတို့သည် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် စည်းမျဉ်းများ မရှိကြသလော။ (မရှိကြပါ။) ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် သမ္မာတရားကို ၎င်းတို့ ရှာဖွေကြသလော။ (မရှာဖွေကြပါ။) ၎င်းတို့ ပြုမူပုံတွင် ဤကဲ့သို့သော သဘောထားဖြင့် လူတိုင်းအပေါ် အလွန် ရိုသေမှုကင်းမဲ့ပြီး တာဝန်မဲ့နေသဖြင့် ဤကဲ့သို့သော လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ မည်သို့ ထင်မြင်ကြသနည်း။ သမ္မာတရားအပေါ် ၎င်းတို့၏ ချဉ်းကပ်ပုံမှာ အဘယ်နည်း။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရားသည် မည်မျှ လေးနက်မှုရှိသနည်း။ ဘုရားသခင်၏ ပင်ကိုလက္ခဏာသည် မည်မျှ အရေးပါသနည်း။ ၎င်းတို့ သိကြသလော။ (မသိကြပါ။) ထိုသို့သော အဓိကကျသည့် ကိစ္စရပ်များအကြောင်း ၎င်းတို့ မသိသင့်သလော။ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့ မသိကြသနည်း။ ယင်းသည် ၎င်းတို့၏ စိတ်သဘောထားနှင့် သက်ဆိုင်သည်။ ထိုစိတ်သဘောထားကား အဘယ်နည်း။ (ယင်းမှာ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်ပါသည်။) ထိုအရာမှာ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်ပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သည့်အရာ၏ သဘောသဘာဝကို သတိမပြုမိကြဘဲ မည်သည့်အခါမျှ တွေးဆရန် သို့မဟုတ် ရှာဖွေရန် မကြိုးစားကြသကဲ့သို့ အမှုအရာများကို လုပ်ဆောင်ပြီးနောက်တွင် မိမိတို့ကိုယ်ကို ဆန်းစစ်ခြင်းလည်း မပြုကြပေ။ ထိုအစား မိမိတို့၌ ကောင်းမွန်ပြီး မှန်ကန်သော ရည်ရွယ်ချက်များ ရှိနေသရွေ့ မည်သူကမျှ ၎င်းတို့ကို ကြီးကြပ်ရန် သို့မဟုတ် ဝေဖန်ရန် မလိုအပ်ဟု ၎င်းတို့ ထင်မြင်လျက် မိမိတို့လုပ်ဆောင်လိုသည့်အရာမှန်သမျှကို လုပ်ဆောင်ကြသည်၊ ၎င်းတို့၏ တာဝန်နှင့် ဝတ္တရားများ ကောင်းမွန်စွာ ဖြည့်ဆည်းပြီးဖြစ်သည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ထိုသို့ ဟုတ်သလော။ အချို့လူများက “ကိုယ်တော် ပြောပြပြီးသော ဇာတ်လမ်းကို ကျွန်ုပ်တို့ နားလည်ပါသည်၊ သို့သော် ကျွန်ုပ်တို့ အစိုးရိမ်ဆုံးဖြစ်သော အပိုင်းကိုမူ ကျွန်ုပ်တို့ နားမလည်သေးပါ၊ ယင်းမှာ ဤကဲ့သို့သော အမှုအရာမျိုး ဖြစ်ပျက်ခြင်းအပေါ် ကိုယ်တော်၏ သဘောထားမှာ အဘယ်နည်း။ ထိုသို့သော အမှုအရာများကို လုပ်ဆောင်သောသူအပေါ် ကိုယ်တော်၏ သဘောထားမှာ အဘယ်နည်း။ ယင်းသည် အမျက်ဒေါသ၊ ပစ်ပယ်ခြင်းနှင့် ရွံရှာစက်ဆုပ်ခြင်း ဖြစ်ပါသလော။ သို့မဟုတ် ကိုယ်တော်သည် ဤကဲ့သို့သော လူစားမျိုးကို နှစ်သက်ပါသလော” ဟု ပြောကြသည်။ (ယင်းမှာ အလွန်မုန်းတီးစက်ဆုပ်ခြင်း ဖြစ်ပါသည်။) ဤကဲ့သို့သော အရာမျိုးကို အလွန်မုန်းတီးစက်ဆုပ်သင့်သည် မဟုတ်လော။ (အလွန်မုန်းတီးစက်ဆုပ်သင့်ပါသည်။) အကယ်၍ ဤသို့သော အရာမျိုး သင်တို့ထံ ဖြစ်ပျက်ခဲ့ပါက သင်တို့ အဘယ်အရာကို ထင်မြင်ကြမည်နည်း။ ကြင်နာတတ်သော သူတစ်ဦးက သင့်အား အမည်မသိ အရာအချို့ကို အကြိမ်ကြိမ် ပေးအပ်ပြီး “ထိုအရာများကို စားပါ၊ သင်၏ ခန္ဓာကိုယ်အတွက် ကောင်းပါသည်၊ ယင်းတို့က သင်၏ ကျန်းမာရေးဂရုစိုက်ရန် ကူညီပေးလိမ့်မည်၊ ယင်းတို့ကို စားသုံးပါ၊ သင်၏ ရုပ်ရည်နှင့် တက်ကြွမှုတို့ကို တိုးတက်ကောင်းမွန်စေလိမ့်မည်။ ကျွန်ုပ်၏စကားကို နားထောင်ခြင်းသည် ကောင်းသော ရွေးချယ်မှုဖြစ်သည်” ဟု သင့်အား အလွန် ကြိုးစားအားထုတ်၍ ဖျောင်းဖျသည်ဟု ဆိုကြစို့။ အကယ်၍ စိစစ်အတည်ပြုပြီးနောက် ထိုအရာများသည် တန်ဖိုးမရှိဖြစ်နေပါက သင် မည်သည့်အရာကို တွေးထင်မည်နည်း။ (ထိုနေရာတွင် ကျွန်ုပ်သာဆိုလျှင် ဤလူစားမျိုးနှင့် နောက်ထပ် ပတ်သက်လိုတော့မည် မဟုတ်ပါ။ ကျွန်ုပ်သည် သူနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်ဖြစ်ပြီး အာစေးမိသွားပေမည်။ ထိုသို့သော ခံစားချက်မျိုး ဖြစ်မည်ဖြစ်သည်။) ထိုသို့သော လူများကို ရွံရှာမုန်းတီးပြီး စက်ဆုပ်သင့်သည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ အမျက်ထွက်ခြင်း၊ ဝမ်းနည်းခြင်း သို့မဟုတ် နာကျင်ခြင်းတို့ကို ခံစားသင့်သလော။ (အကျိုးမရှိပါ။) အကျိုးမရှိပေ၊ ဟုတ်သလော။ “ဤလူသည် သမ္မာတရားကို နားမလည်သောကြောင့် ဤသို့ ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်သည်” ဟု ပြောသောသူများ ရှိသည် မဟုတ်လော။ လူအများစုသည် သမ္မာတရားကို နားမလည်ကြပေ၊ သို့တိုင် ၎င်းတို့ထဲမှ မည်မျှသည် ထိုသို့သော အမှုအရာများကို လုပ်ဆောင်နိုင်စွမ်း ရှိကြသနည်း။ လူတို့သည် တစ်ဦးနှင့်တစ်ဦး ကွဲပြားကြသည် မဟုတ်လော။ (ကွဲပြားကြပါသည်။) လူတို့ ကွဲပြားကြသည်။ ယင်းမှာ လူတို့ အချင်းချင်း ဆက်ဆံကြသည့်အခါနှင့် အတူတူပင် ဖြစ်သည်။ ရုပ်ဝတ္ထုပစ္စည်းများ ဖလှယ်ကြသည့်အခါ အချို့လူများသည် မျှတမှုနှင့် ကျိုးကြောင်းဆီလျော်မှုကို ရှာဖွေကြသည်။ ဤလူတို့သည် တစ်ဖက်လူကို ၎င်းတို့အပေါ် အနည်းငယ် အခွင့်ကောင်း ယူခွင့်ပြုလျှင်ပင် ၎င်းတို့အတွက် အရေးမကြီးပေ။ ဤနည်းအားဖြင့် ၎င်းတို့၏ ဆက်ဆံရေးက တည်တံ့ခိုင်မြဲလေသည်။ ၎င်းတို့သည် လူ့သဘာဝကို ပိုင်ဆိုင်ကြပြီး အနည်းငယ် အခွင့်မသာခြင်းသည် ကြီးမားသော ဆင်းရဲဒုက္ခမဟုတ်ဟု ခံစားကြသည်။ အခြားလူများမှာမူ လူ့သဘာဝ ကင်းမဲ့ကြပြီး အခြားသူများအပေါ် အမြဲ အခွင့်ကောင်း ယူချင်ကြသည်။ အခြားသူများနှင့် ၎င်းတို့၏ ဆက်ဆံခြင်းများသည် အခြားသူများ၏ ထိခိုက်နစ်နာမှုများကြားမှ ၎င်းတို့ကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်ရန် သက်သက်သာ ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သင့်ထံမှ အကျိုးအမြတ်အချို့ကို နှိုက်ယူနိုင်ပါက သင့်ကို ကျေနပ်နှစ်သက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး သင်နှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားမည် ဖြစ်သော်လည်း အကယ်၍ ၎င်းတို့ မနှိုက်ယူနိုင်ပါက သင့်ကို မောင်းထုတ်လိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် သင့်အပေါ် ရိုးသားမှုတစ်ခုမျှ မပြကြပေ၊ ထိုသို့သော လူများ၌ လူ့သဘာဝ မရှိပေ။
ယနေ့ ပြောပြခဲ့သော ဇာတ်လမ်းထဲတွင်ကဲ့သို့ လက်ဆောင်များ ပေးသော လူစားမျိုးကို သင်တို့ မည်သို့ ထင်မြင်ကြသနည်း။ ဤကဲ့သို့သော လူတို့သည် အဘယ့်ကြောင့် ပစ္စည်းလက်ဆောင်များ ဖန်တီးကြသနည်း။ ယင်းသည် တိုက်ဆိုင်မှုတစ်ခုလော။ အကယ်၍ နှစ်ပေါင်းများစွာအတွင်း တစ်ကြိမ် ဖြစ်ပျက်ခဲ့ပါက ယင်းသည် တိုက်ဆိုင်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အချိန်ကာလတစ်ခုအတွင်း တူညီသောအရာ လေးကြိမ် ဖြစ်ပျက်ပါက ယင်းကို တိုက်ဆိုင်မှုတစ်ခုအဖြစ် မှတ်ယူ၍ ရနိုင်သေးသလော။ (မရနိုင်ပါ။) သူ၏ ဤအပြုအမူသည် မတော်တဆ ဖြစ်ခဲ့ခြင်း မဟုတ်သကဲ့သို့ ထိုသို့သော စိတ်သဘောထားမျိုးကိုလည်း ဖောက်ပြန်ပျက်စီးခြင်းကို ခဏတာ ထုတ်ဖော်ခြင်းနှင့် ဖော်ပြခြင်းဟု ခေါ်ဆို၍မရနိုင်ပေ။ သို့ဆိုလျှင် သူ၏ အပြုအမူနှင့်ဆိုင်သည့် သဘောသဘာဝမှာ အဘယ်နည်း။ ငါတို့ အစောပိုင်းက ပြောခဲ့သည့်အတိုင်း သူ၏ အပြုအမူသည် အရိုအသေကင်းမဲ့သည်၊ တာဝန်မဲ့သည်၊ မဆင်မခြင်နိုင်သည်၊ ကမူးရှူးထိုးလုပ်ကာ စိတ်လိုက်မာန်ပါဖြစ်ပြီး ယဉ်ကျေးမှုကင်းမဲ့သော စိတ်သဘောထား ရှိသည်။ သို့ဖြစ်၍ သူ အဘယ်ကြောင့် ထိုသို့ ပြုလုပ်ခဲ့သနည်း။ အဘယ်ကြောင့် သူသည် ထိုအရာများကို အခြားမည်သူ့ကိုမျှ မပေးဘဲ ငါ့ကိုသာ ပေးခဲ့သနည်း။ ငါ၏ ကွဲပြားသော ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့သည် ငါ့ကို ဤလက်ဆောင်များ လက်ခံရရှိရန် အရည်အချင်း ပြည့်မီစေခဲ့ခြင်းဖြစ်သည်။ ယင်းက လက်ဆောင်များ ပေးခဲ့သော ထိုသူ၏ ရည်ရွယ်ချက်နှင့် သူလုပ်ဆောင်ခဲ့သည့်အရာ၏ သဘောသဘာဝတို့ကို ပေါ်လွင်စေသလော။ သူ၏ ရည်မှန်းချက်မှာ အဘယ်နည်း။ (မျက်နှာလိုမျက်နှာရ လုပ်ရန်ဖြစ်သည်။) မှန်ပေသည်။ သူ၏ ဤမျက်နှာလိုမျက်နှာရ လုပ်ခြင်းကို ဖော်ပြရန် အတိကျဆုံးသော စကားလုံးမှာ အဘယ်နည်း။ ထိုအရာသည် အဆင့်အတန်းမရှိသော လှည့်ကွက်တစ်ခု ဖြစ်သည်။ မျက်နှာလိုမျက်နှာရ လုပ်ခြင်းနှင့် အချောင်သမားဝါဒ ဖြစ်သည်။ ယင်းမှာ သင်နှင့်ပတ်သက်၍ မျက်နှာလိုမျက်နှာရလုပ်ခြင်း၊ သင်သတိမပြုမိဘဲ သူ တူးထားပြီးသော တွင်းထဲသို့ သင့်ကို ဆွဲဆောင်သွင်းယူလျက် သင့်အား သူနှင့်ပတ်သက်၍ စိတ်ကျေနပ်စေခြင်းနှင့်ဆိုင်သည့် ပါးနပ်သော နည်းလမ်းတစ်ခု ဖြစ်နေချိန် အမှန်တကယ်တွင်မူ သူသည် အနည်းငယ်မျှပင် ရိုးသားမှုမရှိပေ။ သူသည် မည်သည့်အဖိုးအခမျှ မပေးဘဲ မိမိ၏ ကိုယ်ပိုင်ရည်မှန်းချက်များကို အောင်မြင်စေလိုပေသည်။ သူသည် အကျိုးဆက်များကို အသေးစိတ်တစ်ခုမျှ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဤသို့ပြုလုပ်ခဲ့ပြီး သူ အခမဲ့ ကောက်ယူရရှိခဲ့သော တစ်စုံတစ်ခုကို သင့်အား ပေးခဲ့ကာ သင့်အား သူက ဂရုစိုက်တတ်သည်ဟု ခံစားစေပြီး သင့်ကို ပျော်ရွှင်သော အခြေအနေတစ်ခုသို့ သွေးဆောင်ခေါ်ငင်ခဲ့သည်။ ဤသည်မှာ အမှန်တကယ် မည်သည့်အရာကို ဆိုလိုသနည်း။ တစ်ပြားတစ်ချပ်မျှပင် မသုံးစွဲဘဲ သူ၏ နစ်နာဆုံးရှုံးမှုဖြင့် သင်က ကြီးမားစွာ အကျိုးခံစားခဲ့ရသည်ဟု သင့်ကို သူခံစားစေခဲ့သည်ဟု ဆိုလိုပေသည်။ ယင်းမှာ သင့်ကို လူနုံလူအတစ်ဦးအဖြစ် သဘောထားခြင်းဖြစ်ကြောင်း သိသာပေသည်။ ယင်းမှာ ထိုသို့ ဆိုလိုသည် မဟုတ်လော။ သူက “ငါ တစ်ပြားတစ်ချပ်မျှ မသုံးစွဲပါ၊ ငါ အပင်ပန်းမခံပါ။ ကိုယ်တော့်အတွက် ငါ့မှာ ရိုးသားမှု မရှိပါ။ ကိုယ်တော် ငါ့ကို သတိရနေစေရန် တစ်စုံတစ်ခုကို ငါ ပေးလိုက်မည်၊ သို့မှသာ ကိုယ်တော်က ငါ့ကို ကြင်နာတတ်သည်၊ ဂရုစိုက်တတ်သည်၊ သစ္စာစောင့်သိသည်၊ ငါ့စိတ်နှလုံးထဲတွင် ကိုယ်တော့်အပေါ် ချစ်ခြင်းမေတ္တာ ရှိသည်ဟု ထင်မြင်ပေလိမ့်မည်”ဟု မိမိဘာသာ တွေးနေလေသည်။ သူသည် ဤကဲ့သို့ဖြစ်သည်ဟု သင့်အား တလွဲ ယုံကြည်စေခြင်းသည် အဆင့်မရှိသော လှည့်ကွက်တစ်ခုဖြစ်ပြီး ယင်းမှာ အချောင်သမားဝါဒလည်း ဖြစ်သည်။ မည်သည့်အဖိုးအခမျှ မပေးဘဲ သို့မဟုတ် မည်သည့်ရိုးသားမှုမျှ မရှိဘဲ အကြီးမားဆုံးသော အကျိုးအမြတ်နှင့် အကြီးမားဆုံးသော အကျိုးကျေးဇူးအတွက် ကြင်နာမှုဟုခေါ်သည့် အပေါဆုံးသောအရာကို အသုံးပြုခြင်းသည် အဆင့်မရှိသော လှည့်ကွက်တစ်ခု ဖြစ်သည်။ သင်တို့ထဲမှ တစ်ဦးတလေက ဤသို့ ပြုမည်လော။ လူတိုင်း ပြုလုပ်ကြသည်။ သင်တို့သည် သူလုပ်ဆောင်ခဲ့သည့်အရာမျိုးကို မလုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သော်လည်း အကယ်၍ သင်တို့၌ အခွင့်အရေးရှိခဲ့ပါက သင်တို့ ပြုလုပ်ကြပေမည်။ ယင်းမှာ ဤသို့သော လူစားမျိုးတို့နှင့် ဆက်ဆံရာတွင် ငါ ကောက်ချက်ချခဲ့သော ပထမဆုံးအချက်ဖြစ်သည်၊ အတိအကျဆိုရသော် ၎င်းတို့သည် အဆင့်မရှိသော လှည့်ကွက်များတွင် အလွန် တော်ကြခြင်း ဖြစ်သည်။ ၎င်းတို့ ယုံကြည်သည်မှာ ဘုရားသခင် မဟုတ်ပေ။ ၎င်းတို့ နောက်ကလိုက်သည်မှာ ၎င်းတို့ကို အကျိုးပြုမည့်သူ၊ ကောင်းချီးပေးမည့်သူ၊ နောက်ကလိုက်ထိုက်သည်ဟု ၎င်းတို့ ထင်မြင်သောသူ တစ်စုံတစ်ဦး ဖြစ်သည်။ ဤဖြစ်ရပ်တစ်ခုက ဤလူစားမျိုး၏ ယုံကြည်ခြင်းနှင့် ၎င်းတို့ အမှန်တကယ် မည်သည့်ပုံစံရှိသည်ဟူသော အမှန်တရားကို လုံးဝ ဖော်ထုတ်ခဲ့သည်။ ဘုရားသခင်အပေါ် ချစ်ခြင်း၊ သစ္စာစောင့်သိခြင်းနှင့် ကျိုးနွံနာခံခြင်းတို့နှင့်ပတ်သက်သော ထိုသို့သောလူတို့၏ နားလည်မှုသည် အလွန် ရိုးရှင်းလွန်းပြီး ၎င်းတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုမှုကို ရရှိရန်နှင့် ကောင်းချီးမင်္ဂလာများ လက်ခံရရှိရန် အဆင့်မရှိသော လှည့်ကွက်တစ်ခု၏ နည်းလမ်းကို အသုံးပြုလိုကြသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် ရိုးသားစစ်မှန်ကြသလော။ ၎င်းတို့သည် မည်သည့်နည်းနှင့်မဆို ဘုရားသခင်ကို ကြောက်ရွံ့ကြသလော။ (မကြောက်ရွံ့ကြပါ။) သို့ဆိုလျှင် အခြားအရာများမှာ သာ၍ပင် မဖြစ်နိုင်တော့ပေ။ ဤသည်မှာ ငါ ကောက်ချက်ချခဲ့သော ပထမဆုံးအချက် ဖြစ်သည်။ သင်တို့အမြင်တွင် ငါ မှန်ပါသလော။ (မှန်ပါသည်။) ငါသည် သူ့ကို မမျှမတ သမုတ်နေခြင်း ဖြစ်သလော။ ငါသည် တစ်ဆိတ်ကို တစ်အိတ်လုပ်နေခြင်း ဖြစ်သလော။ လုံးဝ မဟုတ်ပေ။ သူ၏ အနှစ်သာရကို ကြည့်သည့်အခါ ယင်းထက် များစွာ ပို၍ ဆိုးရွားသည်။ အနည်းဆုံးအနေဖြင့် သူသည် ဘုရားသခင်ကို လှည့်ဖြားပြီး ကပြက်ကချော်လုပ်နေခြင်းဖြစ်သည်။
ငါ ကောက်ချက်ချခဲ့သော ဒုတိယအချက်မှာ ထိုသို့သော လူတို့ထံမှ မြင်တွေ့နိုင်သည့်အရာ ဖြစ်သည်။ လူ့စိတ်နှလုံးသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ ငါ့ကို ပြောလော့၊ ဤထိတ်လန့်ဖွယ်ရာကား အဘယ်နည်း။ လူ့စိတ်နှလုံးသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု ငါ အဘယ်ကြောင့် ဆိုရသနည်း။ (ဤလူသည် ကောင်းချီးများ ရရှိဖို့ဖြစ်သော သူ၏ ရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒကို ဖြည့်ဆည်းရန်အလို့ငှာ ဘုရားသခင်ကို မျက်နှာချိုသွေးသည်၊ ပြီးနောက် သူသည် တာဝန်မဲ့ကာ ဤအရာများကို ဘုရားသခင်က စားသုံးပြီးနောက် သူ၏ ခန္ဓာကိုယ်၌ မည်သို့ ဖြစ်မည်ကိုဖြစ်စေ၊ အကျိုးဆက်များက မည်သည့်အရာများက ဖြစ်လိမ့်မည်ကိုဖြစ်စေ ထည့်တွက်စဉ်းစားခြင်း မရှိပေ။ သူသည် သူ၏ မိသားစုကို စားဖို့အတွက် ပေးသည့် မည်သည့်အရာမဆို၏ အကျိုးဆက်များကို အမြဲ စဉ်းစားလိမ့်မည်ဖြစ်သော်လည်း ဘုရားသခင်ကို တစ်စုံတစ်ခု ပေးသည့်အခါတွင်မူ အကျိုးဆက်များကို လုံးဝ မစဉ်းစားချေ။ သူသည် ဘုရားသခင်ကို မျက်နှာချိုသွေးခြင်းဖြင့် မိမိ၏ ကိုယ်ပိုင်ရည်မှန်းချက်များအား မည်သည့်နည်းဖြင့်ရရ စွမ်းဆောင်ရရှိရန်အတွက်သာ ထိုသို့ လုံးလုံးလျားလျား လုပ်ဆောင်ခြင်း ဖြစ်သည်။ သူသည် အထူးပင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကြောင်း၊ သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်အတွက် နေရာတစ်ခုမျှမရှိကြောင်းနှင့် ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ မဆက်ဆံကြောင်း မြင်တွေ့နိုင်သည်။) သွယ်ဝိုက်သောအားဖြင့် ဆိုရလျှင် ယင်းမှာ ငါ့ကို လူသားတစ်ဦးကဲ့သို့ သဘောမထားခြင်းဟု ဆိုလိုသည် မဟုတ်လော။ ထိုသို့ ပြော၍ ရနိုင်ပါသလော။ (ရနိုင်ပါသည်။) အလွန် ကြောက်မက်ဖွယ်ကောင်းသော ရည်ရွယ်ချက်များပါတကား။ (ဟုတ်ပါသည်၊ သူသည် ဘုရားသခင်ကို မိမိ၏ ဆွေမျိုးရင်းချာတစ်ဦးကဲ့သို့ ဆက်ဆံလျှင်ပင် ဘုရားသခင်ကို လှည့်ဖြားမည် မဟုတ်ပါ။) ယင်းမှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ အကယ်၍ တစ်စုံတစ်ဦးသည် သင်၏ မိတ်ဆွေဖြစ်ပါက သူတို့သည် သင့်ကို ထိုသို့ ဆက်ဆံမည်လော။ ဆက်ဆံမည် မဟုတ်။ ၎င်းတို့က မည်သည့်အရာ စားဖို့ကောင်းသည်ကို သင့်အား ပြောပြကြမည်ဖြစ်ပြီး တစ်စုံတစ်ခုကို စားသုံးခြင်းအတွက် ဘေးထွက်ဆိုးကျိုးများ ရှိခဲ့ပါက ယင်းကို မစားသုံးဖို့ သင့်အား အပြင်းအထန် တားမြစ်ကြမည်ဖြစ်သည်။ ယင်းမှာ မိတ်ဆွေများပင် လုပ်ဆောင်နိုင်သည့်အရာတစ်ခု ဖြစ်သည်။ သို့သော် ဤလူသည် ထိုသို့ လုပ်ဆောင်နိုင်သလော။ မလုပ်ဆောင်နိုင်ပေ။ သူသည် ငါ့အပေါ် ထိုသို့သော အရာတစ်ခုကို လုပ်ဆောင်ခဲ့သည့်အတွက် သင်တို့ကိုလည်း သေချာပေါက် လုပ်ဆောင်မည် ဖြစ်သည်။ သူနှင့်ပတ်သက်၍ အခြား မည်သည့် ထိတ်လန့်ဖွယ်ရာများ ရှိသေးသနည်း။ (သူသည် အလွန်အမင်း တွက်ချက်တတ်သည်။ သူသည် ယင်းကို အပေါ်ယံ စေတနာထားခြင်းဖြင့် ဖုံးကွယ်ထားသော်လည်း အတွင်းထဲတွင်မူ သူ တတ်နိုင်သမျှ ဈေးအပေါဆုံးသောအရာမှ အကြီးမားဆုံးသော အကျိုးအမြတ်ကို ထုတ်ယူရန်ကြိုးစားရင်း ကြံစည်နေပြီး ယင်းမှာ ထိတ်လန့်ဖွယ်ရာ ဖြစ်သည်။) ထိုသို့ ရှုမြင်ခြင်းသည် ကောင်းပေသည်။ အစောပိုင်းတွင် သင် ရည်ညွှန်းခဲ့သည့်အရာမှာ သူ၏ တစ်ကိုယ်ကောင်းဆန်သောဘက်ခြမ်း ဖြစ်စဉ်တွင် ဤသည်မှာမူ သူ၏ ကြံစည်မှုကို ရည်ညွှန်းသည်။ သင်တို့အားလုံး ပြောပြီးသည့်အရာဖြင့် စဉ်းစားသည့်အခါ လူတစ်ဦး၏ စိတ်အတွင်းမှလာသော ဤအရာများ၊ သူတို့၏ လူ့သဘာဝမှ ထုတ်ဖော်ပြသသော ဤအရာများဖြစ်စေ၊ ၎င်းတို့ ထိတွေ့နိုင်သောအရာများဖြစ်စေ၊ မထိတွေ့နိုင်သော အရာများဖြစ်စေ၊ အခြားသူများ မြင်နိုင်သောအရာများဖြစ်စေ၊ မမြင်နိုင်သောအရာများဖြစ်စေ၊ အနက်မဖွင့်ဆိုနိုင်သော အရာများဖြစ်စေ ယင်းတို့သည် မည်သည့်နေရာမှ လာသနည်း။ ယင်းတို့ကို မိဘများက သင်ကြားပေးခြင်းဖြစ်သလော။ ကျောင်းတွင် သင်ကြားပေးထားခြင်း ဖြစ်သလော။ သို့မဟုတ် လူ့အဖွဲ့အစည်းက ပျိုးထောင်ပေးခြင်းလော။ ယင်းတို့သည် မည်သို့ ဖြစ်ပေါ်လာသနည်း။ အချက်တစ်ချက်မှာ သေချာသည်။ ယင်းတို့သည် မွေးရာပါဖြစ်သည့် အရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ ငါ ဆိုရသနည်း။ မွေးရာပါဖြစ်သော အရာများသည် မည်သည့်အရာနှင့် ဆက်စပ်သနည်း။ ယင်းတို့သည် လူတစ်ဦး၏ သဘာဝ အနှစ်သာရနှင့် ဆက်စပ်ပေသည်။ သို့ဖြစ်၍ သူ့အနေဖြင့် ဤသို့ တွေးတောခြင်းသည် ကြာရှည်စွာ ကြိုတင်ကြံရွယ်မှုတစ်ခုလော၊ သို့မဟုတ် ရုတ်တရက် ပေါ်ပေါက်လာသော စိတ်ကူးတစ်ခုလော။ သူသည် အခြားတစ်စုံတစ်ဦး လုပ်ဆောင်သည့် တစ်စုံတစ်ရာကို မြင်၍ လှုံ့ဆော်ခံရခြင်း ဖြစ်သလော၊ သို့မဟုတ် အချို့သော အခြေအနေများအောက်တွင် သူသည် ထိုသို့ လုပ်ဆောင်ရန် လိုအပ်ခဲ့ခြင်းလော။ သို့မဟုတ် ထိုသို့ လုပ်ဆောင်ရန် သူ့ကို ငါ ညွှန်ကြားခဲ့ခြင်း ဖြစ်သလော။ ဤအရာများ တစ်ခုမျှ မဟုတ်ပေ။ ဤသေးငယ်သော အမှုအရာများသည် အပြင်ပန်းတွင် သာမန်ဖြစ်သည်ဟု ထင်ကောင်းထင်ရနိုင်သော်လည်း ဤအမှုအရာ တစ်ခုချင်းစီ၏ နောက်ကွယ်မှ သဘောသဘာဝမှာမူ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ပေ။ ဤအမှုအရာများကို လုပ်ဆောင်ခဲ့သော လူသည် ယင်းတို့ကို လုပ်ဆောင်ခြင်း၏ အကျိုးဆက်များကို သိရှိနိုင်ခဲ့သလော။ မသိရှိနိုင်ခဲ့ပေ။ အဘယ်ကြောင့် မသိရှိနိုင်ခဲ့သနည်း။ သင်သည် သင်၏ သူဌေးကို ပေးဖို့အတွက် လမ်းဘေးဆိုင်တစ်ဆိုင်မှ စျေးပေါသော ပစ္စည်းတစ်ခုကို ဝယ်သည်ဆိုပါစို့။ ယင်းကို မပေးမီတွင် သင်သည် ကိစ္စရပ်များကို ဆန်းစစ်ပြီး “သူဌေးက ဤပစ္စည်းကို လမ်းဘေးဆိုင်မှာ ရှာတွေ့နိုင်သလော။ သူသည် အွန်လိုင်းတက်ပြီး ထိုအရာက မည်မျှပေးရသည်ကို သိရှိအောင်လုပ်နိုင်သလော။ ထိုအရာအား မည်မျှပေးရသည်ကို တစ်ဦးတလေက သူ့ထံ ထုတ်ပြောနိုင်သလော။ ထိုအရာကို သူ တွေ့သည်နှင့်တစ်ပြိုင်နက် ငါ့အပေါ် သူ မည်သို့ ထင်လိမ့်မည်နည်း”ဟု မိမိကိုယ်ကို မေးသည် မဟုတ်လော။ ဤသည်တို့မှာ သင် ဆန်းစစ်ရမည့်အရာများ မဟုတ်လော။ သင်သည် ပထမဆုံး ဆန်းစစ်မည်ဖြစ်ပြီး ထို့နောက်တွင်မှ ယင်းကို ဝယ်ယူပေမည်။ ဆန်းစစ်ပြီးနောက် ဤပစ္စည်းကို လက်ဆောင်ပေးခြင်းသည် မလိုလားအပ်သော အကျိုးဆက်များ ဖြစ်စေမည်ဟု သင် ခံစားရပါက သင် ပေးဦးမည်လော။ သင် သေချာပေါက် ပေးမည်မဟုတ်။ အကယ်၍ သင်သည် ဤပစ္စည်းကို သင်၏ သူဌေးအား ပေးခြင်းသည် စရိတ်စက နည်းမည်ဖြစ်ပြီး သင်၏ သူဌေးကို ပျော်ရွှင်စေမည်ဟု ထင်မြင်ပါက ထိုအရာကို သင် သေချာပေါက် ပေးပစ်မည်ဖြစ်သည်။ သို့သော် ဇာတ်လမ်းထဲမှ ဤသူသည် ဤအရာများ တစ်ခုကိုမျှ မဆန်းစစ်ခဲ့ပေ။ သို့ဆိုလျှင် သူ မည်သည့်အရာကို စဉ်းစားနေခဲ့သနည်း။ သူ စဉ်းစားနေခဲ့သည့် အရာအားလုံးမှာ ဤသည်သာ သူ၏ ရည်ရွယ်ချက်များအား စွမ်းဆောင်ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟူ၍ ဖြစ်သည်။ ယခုအခါ ထိုအရာကို စိစစ်ခြင်းအားဖြင့် ဤကိစ္စ၏ သဘောသဘာဝက ပေါ်ထွက်လာသည်။ ဤကိစ္စ၏ သဘောသဘာဝမှတစ်ဆင့် မည်သည့်အရာကို မြင်တွေ့နိုင်သနည်း။ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံခြင်းမှတစ်ဆင့် လူတို့၌ မြင်တွေ့ရက ဒုတိယရလဒ်မှာ ၎င်းတို့၏ စိတ်နှလုံးများသည် ကြောက်မက်ဖွယ်ကောင်းခြင်း ဖြစ်သည်။ ထိုသို့သော လူတို့ ထုတ်ဖော်ပြသသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားက ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ အလိုအလျောက်ဖြစ်သည်ဖြစ်စေ ယင်းနှင့်ပတ်သက်၍ ကောက်ချက်တစ်ခု ဆွဲ၍ရနိုင်သလော။ လူ့စိတ်နှလုံးကို အလွန် ကြောက်မက်ဖွယ်ကောင်းအောင် မည်သည့်အရာက ဖြစ်စေသနည်း။ ယင်းသည် အလွန် မခံစားတတ်သောကြောင့်ဖြစ်သလော။ မခံစားတတ်သောသူသည် သိမြင်မှု ကင်းမဲ့သောသူ ဖြစ်သည်။ ၎င်းတို့ကို မခံစားတတ်သောသူအဖြစ် ဖော်ပြခြင်းသည် တိကျမှန်ကန်မည်လော။ (တိကျမှန်ကန်မည် မဟုတ်ပါ။) သို့ဆိုလျှင် ထိုအရာသည် မသိနားမလည်မှုကြောင့်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် အကြောင်းတရားကို နောက်ဆုံး၌ မည်သည့်အရာဟု မှတ်ယူသင့်သနည်း။ လူတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားများ ဖြစ်သည်ဟု မှတ်ယူသင့်သည်။ လူတို့၏ ထိတ်လန့်ဖွယ်ရာသည် အဘယ်မှာ တည်ရှိသည်ကို သင်တို့ကို ငါ ပြောပြရမည်။ ယင်းမှာ နတ်ဆိုးတို့သည် သူတို့၏ စိတ်နှလုံးထဲ၌ ကျိန်းဝပ်နေကြသည်ဟူသော အချက်၌ တည်ရှိသည်။ ယင်းနှင့်ပတ်သက်၍ သင်တို့အားလုံး မည်သို့ ခံစားရပါသနည်း။ နတ်ဆိုးတို့သည် လူတို့၏ စိတ်နှလုံးထဲ၌ ကျိန်းဝပ်နေကြသည်ဟု ငါ အဘယ်ကြောင့် ဆိုရသနည်း။ သင်တို့၏ သိနားလည်မှုမှာ အဘယ်နည်း။ ဤသည်မှာ ထိတ်လန့်ဖွယ်ကောင်းသော ပြောဆိုချက်တစ်ခုဟု သင်တို့ မထင်သလော။ ထိုအရာကို ကြားရသည့်အခါ သင်တို့ မကြောက်လန့်ကြသလော။ သင်တို့၏ စိတ်နှလုံးထဲ၌ နတ်ဆိုးတို့ ကျိန်းဝပ်နေသည်ဟု သင်တို့ ယခင်က မတွေးခဲ့ကြပေ။ သင်တို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည်ဟုသာ သင်တို့ တွေးထင်ခဲ့ကြသော်လည်း သင်တို့ထဲ၌ နတ်ဆိုးများ ကျိန်းဝပ်နေသည်ကို သင်တို့ မသိခဲ့ကြပေ။ ယခု သင်တို့ သိကြပေပြီ။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု မဟုတ်လော။ ငါသည် မှန်ကန်စွာ သိမြင်သည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) ဤသည်မှာ ပြဿနာ၏ အရင်းအမြစ်ကို ရှင်းပြသည် မဟုတ်လော။ (ဟုတ်ပါသည်။) နတ်ဆိုးတို့သည် လူတို့၏ စိတ်နှလုံးထဲ၌ ကျိန်းဝပ်နေကြသည်ဟု ငါ အဘယ်ကြောင့် ဆိုရသည်ကို တွေးဆကြလော့။ ထိုအကြောင်းကို စဉ်းစားကြလော့။ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောလူတစ်ဦးသည် ဘုရားသခင်ကို ဤသို့ လှည့်ဖြားမည်လော။ ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းလော။ ဤသည်မှာ သိသိကြီးနှင့် ဘုရားသခင်ကို အတိုက်အခံပြုခြင်းဖြစ်ပြီး သူ့ကို ဘုရားသခင်ကဲ့သို့ လုံးဝ မဆက်ဆံခြင်း ဖြစ်သည်။ ယခုအခါ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် မြေကြီးပေါ်သို့ ကြွလာခဲ့ပြီဖြစ်သဖြင့် လူနှင့် ဘုရားသခင်ကြားက ဆက်ဆံရေးမှာ အဘယ်နည်း။ အထက်လူကြီးနှင့် လက်အောက်ငယ်သား ဆက်ဆံရေးလော။ မိတ်ဆွေကဏ္ဍလော။ ဆွေမျိုးတော်စပ်ခြင်းလော။ ထိုအရာသည် အမှန်တကယ် မည်သည့် ဆက်ဆံရေးမျိုး ဖြစ်သနည်း။ သင်သည် ဤဆက်ဆံရေးကို မည်သို့ ကိုင်တွယ်ပြီး ချဉ်းကပ်သနည်း။ ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံပြီး သဟဇာတကျကျ ပေါင်းသင်းသည့်အခါ သင်၌ မည်သည့် စိတ်နေစိတ်ထားမျိုး ပိုင်ဆိုင်သင့်သနည်း။ ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရန် သင့်စိတ်နှလုံးထဲ၌ မည်သည့်အရာကို ထားရှိသင့်သနည်း။ (ကြောက်ရွံ့ခြင်းဖြစ်သည်။) ကြောက်ရွံ့ခြင်းသည် လူတိုင်းအတွက် လက်တွေ့မကျပုံရသည်။ (ထိတ်လန့်ခြင်းဖြစ်သည်။) ထိတ်လန့်ခြင်းကို စွမ်းဆောင်ရရှိနိုင်ခြင်း မရှိပေ။ အကယ်၍ သင်သည် ငါ့ကို သာမန်လူတစ်ဦးအဖြစ်၊ အသိအကျွမ်းတစ်ဦးအဖြစ်သာ အချင်းချင်း ကောင်းစွာ နားမလည်သေးဘဲ မိတ်ဆွေဖြစ်ရန် မလုံလောက်သေးသူအဖြစ် သဘောထားပါက ငါတို့ကြားမှ ဆက်ဆံရေးသည် သဟဇာတကျပြီး ချစ်ကြည်ရင်းနှီးမှု မည်သို့ ရရှိနိုင်မည်နည်း။ အသိစိတ်ရှိသော လူတစ်ဦးသည် ထိုသို့သော အမှုအရာများကို သင့်တင့်လျောက်ပတ်စွာ မည်သို့ လုပ်ဆောင်ရမည်ကို သိသင့်သည်။ (လေးစားမှု ရှိရန် လိုအပ်သည်။) ဤသည်မှာ သင် အနည်းဆုံး ရှိသင့်သည့်အရာ ဖြစ်သည်။ လူနှစ်ဦး တွေ့ဆုံကြသည်ဆိုပါစို့။ ၎င်းတို့သည် အချင်းချင်း မရင်းနှီးသေးသကဲ့သို့ တစ်ဦး၏အမည်ကို တစ်ဦး မသိကြသေးပေ။ အကယ်၍ ၎င်းတို့ထဲမှ တစ်ဦးက အခြားတစ်ဦးသည် ဟန်ဆောင်မှုကင်းသည်ကို မြင်ပြီး သူ့ကို ပြက်တီးပြက်ချော်လုပ်လိုပါက ဤသည်မှာ အနိုင်ကျင့်ခြင်း မဟုတ်လော။ အနိမ့်ဆုံးသော လေးစားမှုမျှပင် မရှိပါက လူ့သဘာဝ တစ်စုံတစ်ရာ ကျန်ရှိဦးမည်လော။ လူတို့ အချင်းချင်း သဟဇာတကျကျ ပေါင်းသင်းဆက်ဆံရန်အတွက် မည်သည့် အငြင်းပွားမှုများ သို့မဟုတ် ပဋိပက္ခများ ပေါ်ပေါက်သည်ဖြစ်စေ ၎င်းတို့သည် အနည်းဆုံး အချင်းချင်း လေးစားရမည်။ လေးစားမှုသည် ကျင့်ကြံပြုမူခြင်း၏ အခြေခံကျသော ဘဝပေးအသိဖြစ်ပြီး လူသားအားလုံးကြားတွင် အနိမ့်ဆုံး လေးစားမှုရှိသည်။ သို့ဆိုလျှင် လူတို့သည် ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံသည့်အခါ ဤလေးစားမှု တည်ရှိသလော။ အကယ်၍ သင်သည် ဤအဆင့်ကိုပင် မရောက်ရှိနိုင်ပါက သင့်စိတ်ထဲ၌ ဘုရားသခင်နှင့် သင်ကြားမှ ဆက်ဆံရေးသည် အမှန်တကယ် မည်သည့်အရာ ဖြစ်သနည်း။ ထိုအခါ မည်သည့် ဆက်ဆံရေးမျှ လုံးဝ မရှိပေ။ ပြင်ပလူတစ်ဦး၏ ဆက်ဆံရေးမျှပင် မရှိပေ။ ထို့ကြောင့် လက်ဆောင်များပေးခဲ့သော ထိုလူသည် ဘုရားသခင်ကို ဤသို့ ဆက်ဆံနိုင်ခဲ့သည်။ သူသည် ဘုရားသခင်ကို မလေးစားရုံသာမက သူ့ကို လှည့်လည်းလှည့်ဖြားလိုခဲ့သည်။ သူ၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို လေးစားသင့်သည် သို့မဟုတ် သူ၏ ကျန်းမာရေးကိုလည်းကောင်း၊ လက်ဆောင်များကို စားသုံးခြင်း၏ အကျိုးဆက်များကိုလည်းကောင်း ဂရုတစိုက်နှင့် စေ့စေ့စပ်စပ် ထည့်သွင်းစဉ်းစားသင့်သည်ဟု သူ မခံစားရပေ။ ဤအရာများသည် သူ၏ ထည့်သွင်းစဉ်းစားမှုများ နယ်ပယ်အတွင်း၌ မရှိခဲ့ပေ။ ဘုရားသခင်ကို လှည့်ဖြား၍ သူ၏မျက်နှာသာရရန် လှည့်ကွက်များအသုံးပြုရုံမျှက သူ့အတွက် လုံလောက်ခဲ့သည်၊ သူ့အတွက် အကောင်းဆုံးအရာမှာ ဘုရားသခင်ကို လှည့်ဖြားနိုင်ခြင်း ဖြစ်သည်။ ယင်းမှာ သူ၏ စိတ်နှလုံး ဖြစ်သည်။ လူ၌ ထိုသို့သော စိတ်နှလုံးရှိခြင်းသည် ဆိုးရွားသည် မဟုတ်လော။ ထိတ်လန့်ဖွယ်ရာ ဖြစ်ပေသည်။
အချို့သောသူတို့သည် ဘုရားသခင်ကို ယုံကြည်ကြပြီး အပြင်ပန်းအားဖြင့် သူ့နောက်လိုက်ကြသည်ဟု ထင်ရသည်။ သို့သော် သူတို့၏ စိတ်နှလုံး အတွင်းထဲတွင် ၎င်းတို့ လျှောက်လှမ်းခဲ့သော လမ်းကြောင်းနှင့် ပေးဆပ်ခဲ့သော အဖိုးအခတို့ကို တစ်ခါမျှ ပြန်လည်သုံးသပ်ခဲ့ဖူးသလော။ ဘုရားသခင်က ၎င်းတို့အား ယုံကြည်အပ်နှံထားသော တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိဟူသည်ကို ၎င်းတို့ ဆန်းစစ်ပြီး ရှာဖွေခဲ့ကြသလော။ ဘုရားသခင်ကို ဆက်ဆံရာတွင် လူတို့၏ သဘောထားသည် အတိအကျအားဖြင့် မည်သည့်အရာဖြစ်သနည်း။ ဘုရားသခင်ကို ဆက်ဆံရာ၌ လူတို့ လုပ်ဆောင်သည့် ဤအမှုအရာများတွင် ထုတ်ဖော်ပြသော စိတ်သဘောထားအားလုံးကို မဆိုထားနှင့်၊ လူတို့ ပြသပြီး ထုတ်ဖော်သည့် အမျိုးမျိုးသော အမှုအရာများနှင့် အတွင်းအကျကျ ကြံစည်မှုတို့ကိုပင် အကဲဖြတ်ရလျှင် လူတို့သည် ဘုရားသခင်အတွက် မည်သည့်အရာကို လုပ်ဆောင်ပြီးကြပြီနည်း။ မိမိတို့ကိုယ်တိုင်အဖို့ အကျိုးရှိသော အရာများအတွက် အဖိုးအခ ပေးဆပ်ခြင်းနှင့် စေ့စေ့စပ်စပ် ထည့်သွင်းစဉ်းစားခြင်းမှလွဲ၍ ဘုရားသခင်အပေါ် လူတို့၏ သဘောထားများက အဘယ်အရာဖြစ်ပြီး သူ့ကို ၎င်းတို့ ဆက်ကပ်သည့်အရာမှာ အဘယ်အရာဖြစ်သနည်း။ ကြံစည်ခြင်း၊ အတွက်အချက်ပြုခြင်း၊ သတိထားရှောင်ခြင်းနှင့် မထီမဲ့မြင်ပြုသော သဘောထားများသာ ဖြစ်သည်။ မထီမဲ့မြင်ပြုခြင်းသည် သဘောထားတစ်ခုဖြစ်ပြီး ဤသဘောထားမှ ပေါ်ပေါက်လာသော အပြုအမူကို ကြိယာတစ်ခုအဖြစ် ဖော်ပြရလျှင် အဘယ်အရာဖြစ်သနည်း။ “လှောင်ပြောင်ခြင်း” ဖြစ်သည်။ ဤစကားလုံးကို သင်တို့ ကြားဖူးကြသလော။ (ကြားဖူးပါသည်။) “လှောင်ပြောင်ခြင်း” မှာ အတော်အတန် သမားရိုးကျဆန်သော အသုံးအနှုန်း ဖြစ်သည်။ အရပ်သုံးစကားဖြင့် ငါတို့ မည်သို့ ပြောကြသနည်း။ “ကျီစားခြင်း”၊ “တစ်စုံတစ်ယောက်ကို လှည့်စားခြင်း”၊ “တစ်စုံတစ်ယောက်ကို ကျီစယ်ခြင်း” ဟု ငါတို့ ပြောကြသည်။ သင်သည် သူတို့အတွက် နှိမ့်ချသည်၊ သင်သည် ဟန်ဆောင်မှုကင်းပုံရသည်၊ သူတို့၏ အမြင်တွင် သင်သည် မည်သည့်အရာမျှ မဟုတ်ဘဲ သင့်ကို ၎င်းတို့က ပေါ်ပေါ်တင်တင် လှောင်ပြောင်ဝံ့ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသို့သော စိတ်သဘောထား ရှိသောသူတစ်ဦးအတွက်၊ သူ၏ စိတ်နှလုံးထဲ၌ ကျိန်းဝပ်နေသည်မှာ ကောင်းကင်တမန်လော၊ သို့မဟုတ် နတ်ဆိုးလော။ (နတ်ဆိုး ဖြစ်ပါသည်။) နတ်ဆိုး ဖြစ်သည်။ အကယ်၍ သူတို့သည် ဘုရားသခင်ကို ဤသို့ ဆက်ဆံနိုင်ပါက သူတို့သည် အမှန်တကယ် မည်သည့်အရာများ ဖြစ်ကြသနည်း။ ဘုရားနှုတ်ကပတ်တော်များကို သူတို့ လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ ဘုရားနှုတ်ကပတ်တော်များကို သူတို့ ကျိုးနွံနာခံနိုင်ကြသလော။ ဥပမာအားဖြင့် ငါ့ကို လက်ဆောင်များ ပေးပို့ခဲ့သော ထိုသူကဲ့သို့သော တစ်စုံတစ်ဦးသည် သမ္မာတရားကို မရှာဖွေသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း နားမလည်ပေ။ ဘုရားသခင်က လူသားအပေါ် မည်သည့်အရာ တောင်းဆိုသည်၊ ဘုရားသခင်က မည်သည့်အရာကို မြင်လိုသည်၊ သို့မဟုတ် လူသားထံမှ မည်သည့်အရာကို ဘုရားသခင် ရရှိလိုသည်ဟူသည်တို့ကို အနည်းငယ်မျှပင် သူ မသိရှိပေ။ သူသည် ၎င်းတို့ကို မည်သို့ မျက်နှာချိုသွေးပြီး လှည့်ဖြားရမည်ကိုသာ အာရုံစိုက်လျက်၊ မိမိ၏ ပန်းတိုင်များ စွမ်းဆောင်ရရှိစေမည့် မည်သည့်နည်းလမ်းဖြင့်မဆို ၎င်းတို့ကို ဆက်ဆံလျက် မိမိ၏ သူဌေးနှင့် ဆက်ဆံနေသော လူတစ်ဦးကဲ့သို့ပင်ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် အမှန်တကယ် မည်သည့်အရာဖြင့် အသက်ရှင်နေသနည်း။ သူသည် သူ၏ ခေါင်းဆောင်များကို မျက်နှာချိုသွေးခြင်းဖြင့် စက်ဆုပ်ဖွယ်ကောင်းသော ဘဝတစ်ခုကို ဆက်လက်ရှင်သန်နေရင်း မြှောက်ပင့်ခြင်းအားဖြင့် အသက်ရှင်နေထိုင်သည်။ သူသည် ငါ့ကို အဘယ်ကြောင့် ဤသို့သော “ဂရုစိုက်မှု” နှင့် “ကြင်နာမှု” ကို ပေးကမ်းခဲ့သနည်း။ သူသည် မပေးဘဲမနေနိုင်ခဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ဤအရာနှင့်ပတ်သက်၍ ငါ မည်သို့ ခံစားရမည်ကို သူ ကြိုတင်ခန့်မှန်းနိုင်ခဲ့မည်လော။ (မခန့်မှန်းနိုင်ပါ။) မှန်ပေသည်။ သူ နားမလည်ခဲ့ပေ။ သူသည် ပုံမှန် လူသား မှတ်ဉာဏ် လုံးဝ ကင်းမဲ့နေသည်။ သူ၏ အပြုအမူနှင့် စိတ်သဘောထားအား ငါ မည်သို့ သိမြင်နိုင်မည်၊ သတ်မှတ်နိုင်မည်၊ သို့မဟုတ် အကဲဖြတ်နိုင်မည်ကို သူ မသိခဲ့သကဲ့သို့ ဂရုလည်းမစိုက်ခဲ့ပေ။ မည်သည့်အရာကို သူ ဂရုစိုက်သနည်း။ သူသည် မိမိ၏ ရည်မှန်းချက်ပန်းတိုင်များ စွမ်းဆောင်ရရှိရန် ငါ့အား မည်သို့ မျက်နှာချိုသွေးပြီး သူ့အပေါ် အကောင်းမြင်စေရန်ကိုသာ ဂရုစိုက်သည်။ ယင်းမှာ အမှုအရာများကို လုပ်ဆောင်ရာတွင် သူ၏ ရည်ရွယ်ချက် ဖြစ်သည်။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုး ဖြစ်သနည်း။ ဤသည်မှာ စစ်မှန်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောလူတစ်ဦး လုပ်ဆောင်မည့်အရာ ဟုတ်သလော။ သင်သည် နှစ်ပေါင်းများစွာ အသက်ရှင်ပြီးဖြစ်ရာ သင် နားလည်သင့်ပေသည်။ ပထမအနေဖြင့် ငါသည် သင်၏ မျက်နှာချိုသွေးခြင်းကို မလိုအပ်။ ဒုတိယအနေဖြင့် ငါသည် သင့်အား ငါ့ထံ တစ်စုံတစ်ရာ လက်ဆောင်ပေးအပ်စေဖို့ မလိုအပ်။ တတိယနှင့် အရေးအကြီးဆုံးမှာ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သင်၏ ရည်ရွယ်ချက်များနှင့် ပန်းတိုင်များက မည်သည့်အရာများဖြစ်သည်ဖြစ်စေ သင် လုပ်ဆောင်သည့်အရာ၏ သဘောသဘာဝက မည်သည့်အရာဖြစ်စေ ဤအရာအားလုံးကို ငါ သတ်မှတ်ပြီး ကောက်ချက်ချသည်ကို သင် နားလည်သင့်သည်။ ယင်းမှာ သင် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးနောက် ပြီးဆုံးသွားသည့် ကိစ္စမဟုတ်ပေ၊ ဆန့်ကျင်ဘက်အားဖြင့် သင်၏ ရည်ရွယ်ချက်များနှင့် စေ့ဆော်ချက်များသည် မည်သည့်အရာဖြစ်သည်ကို ငါ ရှင်းရှင်းလင်းလင်း မြင်တွေ့မှဖြစ်မည်။ ငါသည် သင်၏ စိတ်သဘောထားကိုသာ ကြည့်သည်။ အချို့က “ကိုယ်တော်သည် လူတို့အပေါ် အလွန် အပြောအဆိုကြမ်းလှသည်” ဟု ပြောလိမ့်မည်မှာ သေချာသလောက်ဖြစ်သည်။ ငါ အပြောအဆိုကြမ်းသလော။ ငါ လုံးဝ ထိုသို့ မထင်ပေ။ ငါ လုံးဝ အပြောအဆိုမကြမ်းသောကြောင့် အချို့သောသူတို့က အခြေအနေကို အခွင့်ကောင်းယူရန် ကြိုးစားကြခြင်း ဖြစ်သည်။ ယင်းမှာ ထိုသို့ မဟုတ်လော။ အချို့သောသူတို့သည် ငါနှင့် ထိတွေ့ဆက်ဆံမိသည်နှင့် တစ်ပြိုင်နက် “ငါက ကိုယ်တော့်ကို သာမန်လူတစ်ဦးအဖြစ်သာ မြင်သည်။ ကိုယ်တော့်ကို များစွာ အာရုံစိုက်ရန် မလိုအပ်ပါ။ ကိုယ်တော်က ငါနှင့် အတော့်ကို တူသည်။ ကိုယ်တော်လည်း တစ်နေ့ သုံးနပ် အစာစားသည်၊ ပြီးလျှင် ကိုယ်တော်၌ တစ်စုံတစ်ရာသော သြဇာအာဏာ သို့မဟုတ် တန်ခိုး ရှိသည်ကို ငါမမြင်ပါ။ ကိုယ်တော့်ကို ငါ မည်သို့ပင် ဆက်ဆံပါစေ ကိုယ်တော် ဘာမျှ ပြောစရာ ရှိမည်မဟုတ်။ ကိုယ်တော် ငါ့ကို ဘာလုပ်နိုင်မည်နည်း”ဟု တွေးဆကြသည်။ ဤသည်မှာ မည်သည့် တွေးခေါ်ပုံမျိုး ဖြစ်သနည်း။ ယင်းသည် မည်သည့်နေရာမှ လာသနည်း။ လူတစ်ဦး၏ စိတ်သဘောထားမှ လာသည်။ လူတို့သည် အဘယ်ကြောင့် ထိုသို့သော စိတ်သဘောထား ရှိကြသနည်း။ အကြောင်းမှာ သူတို့၏ စိတ်နှလုံးထဲ၌ ကျိန်းဝပ်နေသည့် နတ်ဆိုးများရှိနေသောကြောင့် ဖြစ်သည်။ သူတို့၏ စိတ်နှလုံးထဲ၌ နတ်ဆိုးတို့ ကျိန်းဝပ်နေသဖြင့် ဘုရားသခင် မည်မျှ ကြီးမြတ်သည်ဟု သူတို့ ထင်မြင်သည်ဖြစ်စေ၊ ဘုရားသခင်၏ အဆင့်အတန်း မည်မျှ မြင့်မြတ်သည်ဟု သူတို့ ထင်မြင်သည်ဖြစ်စေ၊ ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန် သမ္မာတရားကို ဖော်ပြသည်ဟု သူတို့ မည်သို့ပင် ယုံကြည်သည်ဖြစ်စေ၊ သူတို့၏ ကျေးဇူးတင်ရှိခြင်းအကြောင်းကို နှုတ်ဖြင့် မည်မျှပင် ဖော်ပြသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးဆပ်ရန် သူတို့၏ လိုလားမှုကို မည်သို့ပင် ညွှန်ပြသည်ဖြစ်စေ သူတို့၏ တာဝန်ကို ထမ်းဆောင်ရမည့် အချိန်ရောက်သည့်အခါ သူတို့၏ စိတ်နှလုံးထဲ၌ နတ်ဆိုးတို့က ကြီးကြပ်လိမ့်မည်ဖြစ်ပြီး အလုပ်စလုပ်သည်မှာ ထိုနတ်ဆိုးတို့ပင် ဖြစ်သည်။ သင်တို့အမြင်တွင် မည်သို့သော လူစားမျိုးသည် ဘုရားသခင်ကိုပင် လှည့်ဖြားပြီး လှောင်ပြောင်ဝံ့သနည်း။ (နတ်ဆိုး ဖြစ်ပါသည်။) နတ်ဆိုး ဖြစ်၏၊ ဤမျှမှာ သေချာပေသည်။
အစောပိုင်း ငါတို့၏ မိတ်သဟာယတွင် စာတန်နှင့် ဘုရားသခင်ကြား မည်သည့်စကားဝိုင်းမှနေ၍ စာတန်၏ စိတ်သဘောထားကို ငါတို့ မြင်တွေ့နိုင်သနည်း။ ဘုရားသခင်က “စာတန်၊ သင် အဘယ်အရပ်က လာသနည်း။” ဟု ပြောခဲ့သည်။ စာတန်က မည်သို့ ဖြေကြားခဲ့သနည်း။ (“မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာပါသည်။” (ယောဘ ၁:၇)) ယင်းသည် မည်သည့် စကားမျိုး ဖြစ်သနည်း။ (နတ်ဆိုးစကား ဖြစ်ပါသည်။) နတ်ဆိုးစကား ဖြစ်သည်။ အကယ်၍ စာတန်သည် ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ ဆက်ဆံခဲ့ပါက “ဘုရားသခင်က ကျွန်ုပ်ကို မေးလေပြီ။ ထို့ကြောင့် ကျွန်ုပ် မည်သည့်နေရာမှ လာခဲ့သည်ကို ကောင်းမွန်စွာ ပြုမူသော နည်းလမ်းဖြင့် ငါပြောပြမည်” ဟု ဆိုပေလိမ့်မည်။ ယင်းသည် အသိတရားရှိစွာ ပြောဆိုခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် ပုံမှန် လူ့အတွေးအခေါ်နှင့် ကိုက်ညီသော ဝါကျတစ်ကြောင်း ဖြစ်သည်။ ပြည့်စုံသော ဝါကျတစ်ကြောင်း၊ သဒ္ဒါနည်းကျပြီး ချက်ချင်း နားလည်နိုင်သော ဝါကျတစ်ကြောင်း ဖြစ်သည်။ ယင်းမှာ စာတန် ပြောခဲ့သောအရာဖြစ်သလော။ (မဟုတ်ပါ။) သူမည်သည့်အရာကို ပြောခဲ့သနည်း။ “မြေကြီးပေါ်တွင် ခေါက်တုံ့ခေါက်ပြန်၊ အနိမ့်အမြင့် သွားလာရာမှ လာပါသည်။” (ယောဘ ၁:၇) ဤဝါကျကို သင်တို့ နားလည်သလော။ (နားမလည်ပါ။) ယခုအချိန်အထိပင် မည်သူမျှ ယင်း၏အဓိပ္ပာယ်ကို နားမလည်ကြသေးပေ။ သို့ဆိုလျှင် စာတန်သည် မည်သည့်နေရာမှ လာခဲ့သနည်း။ သူသည် မည်သည့်နေရာတွင် ခေါက်တုံ့ခေါက်ပြန် သွားလာနေခဲ့သနည်း။ သူသည် မည်သည့်နေရာမှ လာခဲ့ပြီး မည်သည့်ဘက်သို့ သွားနေခဲ့သနည်း။ ဤမေးခွန်းများအတွက် ပြည့်စုံခိုင်လုံသော အဖြေများ တစ်စုံတလေ ရှိသလော။ ယနေ့ထက်တိုင်အောင် သမ္မာကျမ်းစာကို အနက်ဖွင့်ဆိုသူတို့သည် အမှန်တကယ် မည်သည့်နေရာမှ စာတန် လာခဲ့သည်ကိုဖြစ်စေ၊ ဘုရားသခင်ရှေ့မှောက်သို့ ရောက်ရှိပြီး ကိုယ်တော်နှင့် စကားပြောရန် အချိန်မည်မျှ ကြာမြင့်ခဲ့သည်ကိုဖြစ်စေ အဖြေရှာနိုင်ခြင်း မရှိသေးပေ။ ဤအရာများ တစ်ခုကိုမျှ မသိရှိရသေးပေ။ သို့ဆိုလျှင် စာတန်သည် ဘုရားသခင်၏ မေးမြန်းခြင်းကို အဘယ်သို့ ထိုသို့သော လေသံဖြင့်နှင့် ထိုသို့သော အသုံးအနှုန်းဖြင့် ဖြေကြားနိုင်ခဲ့သနည်း။ ဘုရားသခင်သည် သူ့ကို အလေးအနက်ထား၍ မေးခွန်းထုတ်ခဲ့သလော။ (ထုတ်ခဲ့ပါသည်။) သို့ဆိုလျှင် သူသည် အလားတူ ပုံစံဖြင့် ဖြေကြားခဲ့သလော။ (မဖြေကြားခဲ့ပါ။) ဘုရားသခင်ကို ဖြေကြားရာတွင် သူသည် မည်သည့် သဘောထားကို ခံယူခဲ့သနည်း။ လှောင်ပြောင်ခြင်း သဘောထားတစ်ခု ဖြစ်သည်။ ယင်းမှာ သင်က တစ်စုံတစ်ယောက်ကို “သင် ဘယ်ကလာသလဲ”ဟု မေးပြီး သူက “ခန့်မှန်းကြည့်ပါ” ဟု ပြန်ဖြေသည့်အခါနှင့် တူသည်။ “ငါ မခန့်မှန်းနိုင်ပါ” ဟု သင် ဆိုသည်။ သင် မခန့်မှန်းနိုင်သည်ကို သူ သိသော်လည်း သင့်ကို မည်သို့ပင်ဖြစ်စေ ခန့်မှန်းခိုင်းသည်။ သူသည် သင့်ကို ကျီစယ်နေခြင်းသာ ဖြစ်သည်။ တစ်စုံတစ်ယောက်ကို ကပြက်ကချော်လုပ်ခြင်း သို့မဟုတ် ၎င်းတို့ကို လှောင်ပြောင်ခြင်းဟု ရည်ညွှန်းသည်မှာ ဤသဘောထားပင် ဖြစ်သည်။ သူသည် စစ်မှန်ရိုးသားမှုမရှိသကဲ့သို့ သင့်ကို သိစေလိုခြင်းလည်း မရှိပေ။ သူသည် သင့်ကို လှည့်စားပြီး သင့်ကို ကျီစယ်လိုခြင်းသာ ဖြစ်သည်။ စာတန်သည် အတိအကျ ထိုသို့သော စိတ်သဘောထားမျိုး ရှိသည်။ အချို့သောလူတို့၏ စိတ်နှလုံးထဲ၌ ကျိန်းဝပ်နေသည့် နတ်ဆိုးများရှိသည်ဟု ငါ ပြောခဲ့သည်။ ဤသည်မှာ ဘုရားသခင်ကို သူတို့ ဆက်ဆံပုံဖြစ်သည် မဟုတ်လော။ သူတို့၏ အလုပ်များခြင်း၊ အမှုအရာများ လုပ်ဆောင်ခြင်းနှင့် ရံဖန်ရံခါ အချို့သောဆင်းရဲဒုက္ခခံပြီး အဖိုးအခ အနည်းငယ် ပေးဆပ်ခြင်းဟူသော အပြင်ပန်း အသွင်အပြင်ကို ကြည့်သည့်အခါ သူတို့သည် ထိုသို့သော လူစားမျိုးဟု ထင်ရမည်မဟုတ်ပေ။ သူတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိပုံရသည်။ သို့သော် ဘုရားသခင်နှင့် သမ္မာတရားကို သူတို့ ဆက်ဆံပုံ သဘောထားများမှနေ၍ သူတို့၏ စိတ်နှလုံးထဲ၌ ကျိန်းဝပ်နေသည်မှာ နတ်ဆိုးဖြစ်ကြောင်း သင် မြင်တွေ့ရပြီး ထိုမျှသာ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ မေးခွန်းများကိုပင် တိုက်ရိုက် မဖြေကြားနိုင်ကြပေ။ သူတို့သည် သင် အဖြေကို ရှာမတွေ့နိုင်တော့ဘဲ သူတို့ ပြောဆိုနေသည့်အရာကို နားလည်နိုင်စွမ်း မရှိတော့သည်အထိ မြွေများကဲ့သို့ ဝေ့လည်ကြောင်ပတ်လုပ်တတ်သော လူစားမျိုးဖြစ်သည်။ ဤသည်တို့မှာ အမှန်တကယ် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ သူတို့သည် ဘုရားသခင်ကို ဆက်ဆံရာတွင် ရိုးသားစစ်မှန်နိုင်ကြသလော။ ဘုရားသခင်ကို သူတို့ ဆက်ဆံသည့် မထီမဲ့မြင်ပြုခြင်းနှင့် အထင်အမြင်သေးခြင်း သဘောထားဖြင့် ထိုသို့သော လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်တွေ့လုပ်ဆောင်နိုင်ကြသလော။ (မလုပ်ဆောင်နိုင်ကြပါ။) အဘယ်ကြောင့် မလုပ်ဆောင်နိုင်ကြသနည်း။ အကြောင်းမှာ သူတို့၏ စိတ်နှလုံးထဲ၌ နတ်ဆိုးများ ကျိန်းဝပ်နေသောကြောင့် ဖြစ်သည်။ ထိုသို့ မဟုတ်သလော။ (ဟုတ်ပါသည်၊ သူတို့သည် ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ လုံးဝ မဆက်ဆံကြပါ။) ယင်းမှာ ဤလူတို့၏ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ သူတို့ မြင်တွေ့ရသော ဘုရားသခင်၏ တည်ကြည်မှု၊ နှိမ့်ချမှု၊ သာမန်ဖြစ်မှုနှင့် လက်တွေ့ကျမှုတို့သည် ဘုရားသခင်ကို ချစ်ခင်နှစ်လိုဖွယ်ဖြစ်စေသည့်အရာများ မဟုတ်ဟု သူတို့၏ စိတ်နှလုံးထဲ၌ ထင်မြင်နေခြင်း၌ သူတို့၏ ကောက်ကျစ်ဆိုးယုတ်မှု တည်ရှိလေသည်။ သို့ဆိုလျှင် ယင်းတို့ကား အဘယ်အရာများဖြစ်နည်း။ ဤအရာများသည် ဘုရားသခင်၏ အားနည်းချက်များ ဖြစ်သည်၊ လူတို့ကို အယူအဆများ ဖြစ်ပေါ်စေတတ်သော နယ်ပယ်များ ဖြစ်သည်၊ ယင်းတို့သည် မိမိတို့ ယုံကြည်သော ဘုရားသခင်တွင်ရှိသည့် အကြီးမားဆုံးသော မစုံလင်မှုများ ဖြစ်သည်၊ ယင်းတို့သည် ချို့တဲ့မှုများ၊ ပြဿနာများနှင့် အမှားအယွင်းများ ဖြစ်သည်ဟု သူတို့က ထင်မြင်ကြသည်။ ဤကဲ့သို့သော လူများကို မည်သို့ မှတ်ယူသင့်သနည်း။ ဤသည်မှာ ဘုရားသခင်ကို သူတို့ ဆက်ဆံသည့် နည်းလမ်းနှင့် သဘောထား ဖြစ်သည်။ ထိုအရာသည် ဘုရားသခင်က ရှက်ဖွယ်ကောင်းသည်ဟု မြင်သော်လည်း သူတို့ကိုယ်တိုင်အတွက်မူ မည်သည့်အရာဖြစ်သနည်း။ ထိုအရာမှ တစ်စုံတစ်ရာ အကျိုးအမြတ်ကို သူတို့ရရှိသလော။ ယင်းသည် သူတို့ကိုယ်တိုင်အတွက်လည်း စော်ကားမှုတစ်ခု ဖြစ်သည်။ ငါသည် အဘယ်ကြောင့် ထိုသို့ ဆိုရသနည်း။ သာမန်လူတစ်ဦးအနေဖြင့် အကယ်၍ တစ်စုံတစ်ယောက်က သင့်ကို စားစရာတစ်ခုခုကို သာမန်ကာလျှံကာ ပေးခဲ့ပြီး သင်သည် ကိစ္စရပ်၏ အဖြစ်မှန်များကို ဂရုမစိုက်ဘဲ၊ အကြောင်းစုံကိုပင် မမေးမြန်းဘဲ လူနုံလူအတစ်ဦးကဲ့သို့ ယူ၍ စားသုံးခဲ့ပါက ယင်းမှာ သင်၏ လူ့သဘာဝ၌ တစ်စုံတစ်ရာ ချို့တဲ့နေသည်ကို ညွှန်ပြနေမည် မဟုတ်လော။ မိမိ၏ လူ့သဘာဝ၌ တစ်စုံတစ်ရာ ချို့တဲ့နေသောသူသည် ပုံမှန်လူတစ်ဦး ဟုတ်သလော။ မဟုတ်ပေ။ အကယ်၍ လူ့ဇာတိခံ ခရစ်တော်သည် ဤသို့သော ပုံမှန် လူ့သဘာဝမျိုးကိုပင် မပိုင်ဆိုင်ခဲ့ပါက သူသည် တစ်ဦးတလေ၏ ယုံကြည်လက်ခံခြင်းနှင့် ထိုက်တန်လိမ့်ဦးမည်လော။ ထိုက်တန်လိမ့်မည် မဟုတ်။ လူ့ဇာတိခံ ဘုရားသခင်၏ လူ့သဘာဝနှင့်ဆိုင်သည့် လက္ခဏာများကား အဘယ်နည်း။ သူ၏ ဆင်ခြင်တုံတရား၊ အတွေးအခေါ်နှင့် အသိစိတ်တို့သည် ပုံမှန်အဖြစ်ဆုံး ဖြစ်သည်။ သူသည် အကဲဖြတ်နိုင်စွမ်းကို ပိုင်ဆိုင်သလော။ (ပိုင်ဆိုင်ပါသည်။) အကယ်၍ ငါ၌ ထိုအရာ မရှိခဲ့ပါက အကယ်၍ ငါသည် သာမန်အသိတရား သို့မဟုတ် ထိုးထွင်းသိမြင်မှု တစ်စုံတစ်ရာမရှိဘဲ အဖြစ်အပျက်များ ငါ့အပေါ် ကျရောက်သည့်အခါ တွေးခေါ်နိုင်စွမ်းမရှိသော နမော်နမဲ့လူတစ်ဦးသာ ဖြစ်ခဲ့ပါက ငါ့ကို ပုံမှန်လူသားတစ်ဦးအဖြစ် မှတ်ယူနိုင်ဦးမည်လော။ ယင်းမှာ ချို့ယွင်းသော လူ့သဘာဝ ဖြစ်မည်၊ ပုံမှန် လူ့သဘာဝ မဟုတ်ပေ။ ထိုသို့သော သူကို ခရစ်တော်ဟု ခေါ်ဆိုနိုင်ပါမည်လော။ ဘုရားသခင် လူ့ဇာတိခံယူခဲ့ချိန်တွင် သူသည် ထိုသို့သော ဇာတိပကတိကို ရွေးချယ်မည်လော။ (ရွေးချယ်မည် မဟုတ်ပါ။) သေချာပေါက် ရွေးချယ်မည် မဟုတ်။ အကယ်၍ ငါသည် ဂရုမစိုက်ဘဲ ထိုသို့လုပ်ဆောင်ခဲ့ပါက ထိုသို့သော ဘုရားသခင်၊ လူ့ဇာတိခံ ဘုရားသခင်ဟု သိကြသော သူသည် နာခံလိုက်လျှောက်ထိုက်မည်လော။ နာခံလိုက်လျှောက်ထိုက်မည် မဟုတ်သကဲ့သို့ သင်တို့သည် မှားယွင်းသော လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားကြပေမည်။ ဤသည်မှာ ငါ၏ ရှုထောင့်အမြင်မှလာသည့် ရှုထောင့်တစ်ခု ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ သင်တို့၏ ရှုထောင့်အမြင်မှနေ၍ သင်သည် သူ့ကို ဘုရားသခင်အဖြစ်၊ သင် နာခံလိုက်လျှောက်သည့်အရာအဖြစ် မှတ်ယူပြီး သူ၏ နောက်လိုက်တစ်ဦးအနေဖြင့် သူ့ကို ဤသို့ သင်ဆက်ဆံပါက သင့်အနေဖြင့် သင့်ကိုယ်သင် မည်သည့်နေရာ၌ ထားရှိနေခြင်း ဖြစ်သနည်း။ ယင်းသည် သင့်အတွက် ရှက်ဖွယ်ကောင်းသည် မဟုတ်လော။ (ရှက်ဖွယ်ကောင်းပါသည်။) အကယ်၍ သင့်အမြင်တွင် သင် ယုံကြည်သော ဘုရားသခင်သည် သင်၏ လေးစားမှုနှင့် အလွန်ပင် မထိုက်တန်သည့်တိုင် သင် သူ့ကို ယုံကြည်နေဆဲဖြစ်ပါက ယင်းက သင့်ကို မည်သည့်အရာ ဖြစ်စေမည်နည်း။ သင်သည် နားဝေတိမ်တောင် ဖြစ်သလော။ သင်သည် မရှင်းမလင်းဖြစ်နေသော နောက်လိုက်တစ်ဦးလော။ သင့်ကိုယ်သင် အရှက်ရစေမည် မဟုတ်လော။ (အရှက်ရစေပါမည်။) သို့သော် အကယ်၍ ပုံမှန် လူ့သဘာဝ၏ ဤသွင်ပြင်လက္ခဏာအားလုံးကို သူ ပိုင်ဆိုင်ကြောင်း၊ သူသည် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ကြောင်း သင် ထင်မြင်ကာ ထိုသို့ပင် သင် လုပ်ဆောင်နေဆဲဖြစ်ပါက သင်သည် ဘုရားသခင်ကို အရှက်တကွဲ ဖြစ်စေသည် မဟုတ်လော။ ရှုထောင့်အမြင်နှစ်ခုလုံးက ခိုင်လုံမှုရှိသည်။ သင့်အနေဖြင့် ထိုအရာကို ဘုရားသခင်၏ ရှုထောင့်မှ ကြည့်သည့်ဖြစ်စေ၊ လူ၏ ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ပြဿနာကို မြင်တွေ့နိုင်သည်၊ ပြီးလျှင် ဤနေရာတွင်ရှိသည့် ပြဿနာမှာ ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သည်။ ထိုသို့ဖြစ်သည် မဟုတ်ပါလော။ (ဟုတ်ပါသည်။) လူသားရှုထောင့်အမြင်မှနေ၍ သူ့ကို ဘုရားသခင်ဟု သင် မှတ်ယူပြီးနောက် သူ့ကို ဤသို့ ဆက်ဆံပါက သင်သည် ဘုရားသခင်ကို ပေါ်ပေါ်တင်တင် အရှက်ရစေခြင်း ဖြစ်သည်။ သူသည် ဘုရားသခင်မဟုတ်ဘဲ လူသားတစ်ဦး ဖြစ်သည်ဟု သင် ထင်မြင်သော်လည်း သူ့နောက်သို့ သင် လိုက်နေဆဲဖြစ်ပါက ယင်းမှာ ဆန့်ကျင်ကွဲလွဲမှုတစ်ခု ဖြစ်မည်မဟုတ်လော။ သင့်ကိုယ်သင် အရှက်ရစေမည် မဟုတ်လော။ ဤသွင်ပြင်လက္ခဏာနှစ်ခုကို တွေးဆလော့။ ငါ မှန်ပါသလော။ ထိုသို့ ဖြစ်သည်မဟုတ်လော။ လူတို့သည် အဘယ်ကြောင့် ဤအရာများကို မစဉ်းစားနိုင်ကြသနည်း။ သူတို့အနေဖြင့် အဘယ်ကြောင့် ဤသို့ ပြုမူနေကြဆဲ ဖြစ်သနည်း။ သမ္မာတရားကို သူတို့ နားမလည်သောကြောင့်မျှသာ ဖြစ်သလော။ ယင်းကို အလွန်နက်ရှိုင်းစွာ ငါတို့ မဆွေးနွေးကြစို့နှင့်။ အစွမ်းအစနှင့်ဆိုင်သော ရှုထောင့်အမြင်မှ ကြည့်လျှင်ပင် သူတို့သည် စဉ်းစားဉာဏ်မရှိသော လူညံ့များ ဖြစ်ကြသည်။ အဘယ်ကြောင့် သူတို့ကို စဉ်းစားဉာဏ်မရှိဟု ငါ ဆိုရသနည်း။ မည်သည့်ဉာဏ်ကို ငါ ရည်ညွှန်းနေခြင်း ဖြစ်သနည်း။ ယင်းမှာ တွေးခေါ်ခြင်းနှင့် ပတ်သက်သည်။ တစ်စုံတစ်ခုကို မစဉ်းစားဘဲ လုပ်ဆောင်ခြင်း၊ ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆရန် မသိခြင်း၊ သင် လုပ်ဆောင်နေသည့်အရာ၏ သဘောသဘာဝကို သို့မဟုတ် သင် ယင်းကို လုပ်ဆောင်သင့်သည်၊ မလုပ်ဆောင်သင့်သည်ကို ထည့်သွင်းစဉ်းစားရကောင်းမှန်း မသိခြင်းသည် စဉ်းစားဉာဏ် မရှိခြင်းဖြစ်သည်။ မည်သည့်အရာမျိုးတွင် စဉ်းစားဉာဏ်မရှိသနည်း။ တိရစ္ဆာန်များနှင့် သားရဲများ၌ စဉ်းစားဉာဏ်မရှိကြပေ၊ သို့သော် လူသားတို့သည် ဤအရာများကို ထည့်သွင်းစဉ်းစားကြပေမည်။ လူတို့သည် ရုတ်တရက် စိတ်လိုက်မာန်ပါဖြင့် မိုက်မဲသော အမှုအရာများကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သော်လည်း မိုက်မဲသည့် အမှုအရာများကိုသာ အကြိမ်ကြိမ် ထပ်ခါထပ်ခါ လုပ်ဆောင်ပါက သူတို့ကို စဉ်းစားဉာဏ်မဲ့သူများအဖြစ် သတ်မှတ်နိုင်ပေသည်။ စဉ်းစားဉာဏ်မဲ့သောသူသည် ဆင်ခြင်တုံတရား ချို့တဲ့သောသူ သို့မဟုတ် အရပ်သုံးစကားဖြင့်ဆိုလျှင် ခေါင်းမကောင်းသောသူ ဖြစ်သည်။ သို့သော် သူတို့၏ တစ်ကိုယ်ကောင်းဆန်မှုမှာ ထင်ရှားပြီး သူတို့၏ ဉာဏ်များသော လှည့်ကွက်များမှာလည်း လုံးဝ ချို့တဲ့ခြင်း မရှိချေ၊ ယင်းကြောင့် လူတို့၏ စိတ်နှလုံးထဲ၌ နတ်ဆိုးတို့ ကျိန်းဝပ်နေကြသည်ဟု ငါ ဆိုရခြင်း ဖြစ်သည်။
“လက်ဆောင်ပေးခြင်း” ကိစ္စကို မိတ်သဟာယပြုရန် ထုတ်ဖော်ပြောဆိုခြင်းသည် တစ်ဆိတ်ကို တစ်အိတ်လုပ်ခြင်းဖြစ်သည်ဟု သင်တို့အားလုံး ထင်ကြသလော။ အကယ်၍ ယင်းကို ငါ မိတ်သဟာယမပြုဘဲ ကြုံရာကျပန်းသာ ဖော်ပြခဲ့ပါက၊ ယင်းကို နားထောင်ပြီးနောက် သင်တို့အပေါ် ဤအကျိုးတရားတစ်ခုတလေ ရှိခဲ့မည်လော။ (ရှိခဲ့မည် မဟုတ်ပါ။) အလွန်ဆုံးအနေဖြင့်၊ နားထောင်ပြီးနောက်တွင် သင်တို့က၊ “ဤလူသည် အဘယ်သို့ဖြစ်ပြီး ထိုသို့သော အမှုအရာတစ်ခုကို လုပ်ဆောင်နိုင်ခဲ့သနည်း။ ငါသည် ထိုသို့သော အမှုအရာများကို မလုပ်ဆောင်ပါ။ ပြင်ပတွင် လူမျိုးပေါင်းစုံ အမှန်တကယ် ရှိသည်တကား” ဟု တွေးဆမိပေမည်။ အလွန်ဆုံးအနေဖြင့်၊ ယင်းမှာ သင်တို့ တွေးကြမည့်အရာဖြစ်သည်။ သင်တို့သည် ထိုအကြောင်း အနည်းငယ် ပြောဆိုကောင်းပြောဆိုနိုင်ပြီး ထိုမျှသာ ဖြစ်မည်။ သို့သော် သင်တို့တွင် ယင်းကို ထိုသို့သော နက်ရှိုင်းသည့် သိနားလည်မှု ရှိကြမည်လော။ (ရှိမည် မဟုတ်ပါ။) သင်တို့သည် ယင်းအပေါ် ထိုသို့သော နက်ရှိုင်းသည့် သိနားလည်မှုရှိမည် မဟုတ်ပေ။ သို့ဆိုလျှင်၊ ငါ၏ စကားများသည် သင်တို့အား မည်သည့် အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးသနည်း။ မည်သည့်သမ္မာတရားကို သင်တို့ ရရှိပြီးဖြစ်သနည်း။ ပထမဦးစွာ၊ ငါသည် သင်တို့ကို သတိပေးရမည်မှာ၊ လူနှင့် ဘုရားသခင်ကြားတွင်၊ မည်သည့် ဆက်ဆံရေးမျိုးက တည်ထောင်ရန် အကောင်းဆုံး ဖြစ်သနည်း။ တစ်စုံတစ်ဦးသည် ဘုရားသခင်ထံ ချဉ်းကပ်သည့်အခါ၊ သူနှင့် ရင်းနှီးစွာ ထိတွေ့ဆက်ဆံသည့်အခါ ၎င်းတို့သည် ဘုရားသခင်နှင့် မည်သို့ ပေါင်းသင်းဆက်ဆံသင့်သနည်း။ ဤအတွက် စည်းမျဉ်းများကို ရှာဖွေရန် လိုအပ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့အပြင်၊ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးနောက်၊ လူတို့၏ နေ့စဉ်ဘဝများတွင် ဇာတ်လမ်းထဲတွင်ရှိသည့် ထိုသူ လုပ်ဆောင်ခဲ့သည့်အရာနှင့် သဘောသဘာဝတူသော မည်သည့်အဖြစ်အပျက်များ ဖြစ်ပွားပြီးဖြစ်သနည်း။ ဤမေးခွန်းများသည် ဆင်ခြင်သုံးသပ်ထိုက်သည် မဟုတ်လော။ တစ်စုံတစ်ဦးသည် သင်ခန်းစာတစ်ခု ယူပြီး “ဘုရားသခင်သည် အသေးအဖွဲ အမှားများကိုပင် သည်းမခံပါ၊ ထို့ကြောင့် ဤသည်မှာ အလွန် ဆိုးရွားလှသည်။ ငါတို့အနေဖြင့် သူ့ထံ မချဉ်းကပ်ခြင်း၊ သူနှင့် ရင်းနှီးစွာ မထိတွေ့မဆက်ဆံခြင်း၊ သူနှင့် အဆက်အဆံမလုပ်ခြင်းသည် ပိုကောင်းသည်။ သူသည် ပေါ့ပေါ့ဆဆ ဆက်ဆံခံရမည့်သူ မဟုတ်ပါ။ အကယ်၍ သင် မှားယွင်းပါက၊ သူသည် ထိုကိစ္စကို အလွန်အကျွံပြောဆိုမည်ဖြစ်ပြီး သင် အကြီးအကျယ် ဒုက္ခရောက်သွားလိမ့်မည်။ ငါ သူ့ကို မည်သည့်အရာမျှ ပေးမည်မဟုတ်သည်မှာ သေချာသည်”ဟု ပြောဆိုနိုင်မည်လော။ ဤသို့ တွေးခြင်းသည် လက်ခံနိုင်ဖွယ် ရှိသလော။ (လက်ခံနိုင်ဖွယ်မရှိပါ)။ အမှန်တွင်၊ သင်တို့ စိုးရိမ်ရန် မလိုအပ်ပေ။ ငါတို့သည် ရင်းနှီးစွာ ထိတွေ့ဆက်ဆံရန် အခွင့်အရေးများစွာ မရရှိကြသကဲ့သို့၊ အချင်းချင်း ထိတွေ့ဆက်ဆံရန် အခိုက်အတန့်များမှာ သာ၍ပင် နည်းပါးလှသည်၊ ထို့ကြောင့် ဤသည်မှာ သင်တို့ စိုးရိမ်ရန် လိုအပ်သော ကိစ္စမဟုတ်ပေ။ အကယ်၍ ငါသည် တစ်နေ့နေ့တွင် သင်တို့နှင့် ထိတွေ့ဆက်ဆံဖြစ်ပါက၊ စိုးရိမ်ခြင်းမရှိနှင့်။ သင့်ကို ငါ လျှို့ဝှက်ချက်တစ်ခု ပြောပြမည်။ သင်သည် ငါနှင့် ပေါင်းသင်းဆက်ဆံသည်ဖြစ်စေ၊ သီးသန့် ဆုတောင်းပြီး ရှာဖွေသည်ဖြစ်စေ၊ နံပါတ်တစ် လျှို့ဝှက်ချက်မှာ အဘယ်နည်း။ သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ငါနှင့် ဉာဏ်ချင်းမပြိုင်နှင့်။ အကယ်၍ သင်၌ တိုက်ခိုက်လိုသော သဘော ရှိပါက၊ ငါနှင့် ခပ်ကင်းကင်းနေလော့။ မျက်စိတစ်မှိတ်အတွင်း အကြံအစည်များစွာကို ဖန်တီးလျက် အလွန်ဉာဏ်များစွာဖြင့် စကားပြောသည့် သူအချို့ရှိပြီး၊ ၎င်းတို့ ပြောဆိုသည့် ဝါကျတိုင်းသည် မစင်ကြယ်မှုများဖြင့် ရောနှောနေသည်၊ အကယ်၍ ၎င်းတို့ ပိုမို ပြောဆိုပါက၊ မည်သည့်စကားလုံးများက မှန်ကန်ပြီး မည်သည့်စကားလုံးများက မှားယွင်းသည်ကို သင် သိနိုင်မည်မဟုတ်ပေ။ ထိုသို့သော သူတို့သည် ငါ့အနီးသို့ မည်သည့်အခါမျှ မလာရ။ သင်သည် ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံပြီး သူနှင့် ပေါင်းသင်းဆက်ဆံသည့်အခါ၊ သင် လုပ်ဆောင်သင့်သော အဓိက နံပါတ်တစ်အချက်နှင့် လိုက်နာသင့်သော အဓိက နံပါတ်တစ် စည်းမျဉ်းမှာ အဘယ်နည်း။ ဘုရားသခင်ကို သင် ဆက်ဆံရာတွင် ရိုးသားသော စိတ်နှလုံး ရှိလော့။ ထို့အပြင်၊ ရိုသေလေးစားမှုကို သင်ယူလော့။ ရိုသေလေးစားမှုသည် ယဉ်ကျေးခြင်း မဟုတ်။ မျက်နှာချိုသွေးခြင်း သို့မဟုတ် မျက်နှာလိုမျက်နှာရလုပ်ခြင်း မဟုတ်သကဲ့သို့၊ ကပ်ပါးရပ်ပါးလုပ်ခြင်း သို့မဟုတ် မြှောက်ပင့်ဖားယားလုပ်ခြင်းလည်း မဟုတ်ပေ။ သို့ဆိုလျှင် ယင်းသည် အတိအကျအားဖြင့် မည်သည့်အရာ ဖြစ်သနည်း။ (ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ သဘောထားခြင်း ဖြစ်ပါသည်။) ဘုရားသခင်ကို ဘုရားသခင်ကဲ့သို့ သဘောထားခြင်းသည် အဓိကကျသော စည်းမျဉ်းတစ်ခု ဖြစ်သည်။ အချက်အလက်များမှာမူ မည်သို့နည်း။ (ဘုရားသခင်၏ စကားကို နားထောင်ရန် သင်ယူလော့။) ယင်းမှာ လက်တွေ့လုပ်ဆောင်ခြင်း၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ အချို့သောသူတို့သည် ငါနှင့် ထိတွေ့ဆက်ဆံပြီး ငါ့စကားကို ဖြတ်ပြောကြသည်။ ထို့ကြောင့် ၎င်းတို့ကို အပြီးပြောစေပြီးမှ ငါ ဆက်ပြောသည်။ ငါ စကားပြောသည့်အခါ ၎င်းတို့သည် ငါ့ကို မည်သို့ ဆက်ဆံသနည်း။ ၎င်းတို့သည် မျက်စိမှိတ်၍ နားထောင်ကြသည်။ ဤအရာက မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ယင်းမှာ “သင် ပြောနေသည့်အရာက အဓိပ္ပာယ်မရှိပါ။ သင် မည်သည့်အရာကို သိသနည်း” ဟု ပြောနေသကဲ့သို့ ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ သဘောထား ဖြစ်သည်။ အရာရာကို ငါ သိကောင်းမသိနိုင်သော်လည်း ငါ၌ စည်းမျဉ်းများ ရှိသည်။ ငါ သင်ယူပြီးသည့်အရာ၊ မြင်တွေ့ပြီးသည့်အရာ၊ နားလည်နိုင်သည့်အရာများအပြင်၊ ငါ သိသော စည်းမျဉ်းများကို သင့်အား ငါ ပြောပြပြီး၊ ထိုအရာမှ များစွာ သင် ရရှိနိုင်သည်။ သို့သော် အကယ်၍ သင်သည် ငါ့ကို ဘာမျှမသိဟု တွေအစဉ် စောင်းငဲ့ကြည့်နေပြီး၊ ငါ့စကားကို ဂရုတစိုက် နားမထောင်ပါက၊ မည်သည့်အရာကိုမျှ သင် ရရှိလိမ့်မည်မဟုတ်။ သင်သည် မိမိဘာသာ သိအောင်သာလုပ်ရလိမ့်မည် ဖြစ်သည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ သို့ဖြစ်၍၊ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို နားထောင်ရန် သင်ယူရမည်။ သင်တို့ နားထောင်သည့်အခါ၊ သင်တို့၏ အမြင်များကို ဖော်ပြရာတွင် သင်တို့ကို ငါ ကန့်သတ်သလော။ မကန့်သတ်ပေ။ ငါ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် မေးခွန်းများ တစ်ခုတလေ ရှိမရှိ သင်တို့အားလုံးကို ငါ မေးပြီး အကယ်၍ တစ်စုံတလေတွင် မေးခွန်းရှိပါက၊ ငါ ချက်ချင်း ဖြေကြားပြီး ထိုမေးခွန်းများတွင်ပါဝင်သော စည်းမျဉ်းများကို သင်တို့အား ပြောပြသည်။ တစ်ခါတစ်ရံတွင် ငါသည် သင်တို့ကို စည်းမျဉ်းများကိုသာ ပြောပြသည်မဟုတ်ဘဲ၊ သွင်ပြင်လက္ခဏာတစ်ခုစီကို အသေးစိတ်ဖော်ပြလျက် သင်တို့ မည်သည့်အရာ လုပ်ဆောင်သင့်သည်ကို တိုက်ရိုက် ပြောပြသည်။ ငါ နားမလည်သည့် နယ်ပယ်အချို့ရှိသော်လည်း၊ ငါ၌ ငါ၏ ကိုယ်ပိုင်စည်းမျဉ်းများ ရှိပြီး ထိုသို့သော ကိစ္စရပ်များအပေါ် ငါ၌ ငါ၏ ကိုယ်ပိုင်အမြင်များနှင့် ကိုင်တွယ်ဖြေရှင်းနည်းများ ရှိသည်။ ထို့ကြောင့် ငါသည် ကောင်းမွန်သော အမြင်များနှင့် စည်းမျဉ်းများဟု ငါ ထင်မြင်သည့်အရာများကို အခြေခံ၍ သင်တို့ကို သင်ကြားပေးနေခြင်း ဖြစ်သည်။ ငါသည် အဘယ်ကြောင့် သင်တို့ကို သင်ကြားပေးနိုင်သနည်း။ အကြောင်းမှာ သင်တို့သည် ဤအရာများကိုပင် နားမလည်ကြသောကြောင့် ဖြစ်သည်။ ဤမေးခွန်းများကို ဖြေကြားပြီးသည်နှင့်တစ်ပြိုင်နက်၊ နောက်ထပ် မေးခွန်းများတစ်ခုတလေ ရှိမရှိဟူသည်ကို ငါ တစ်ဖန်မေးမည်ဖြစ်သည်။ အကယ်၍ ရှိပါက၊ ငါ နှောင့်နှေးခြင်းမရှိဘဲ ထပ်မံဖြေကြားပေးမည်။ ငါသည် သင့်အား ငါ့စကားကို နားထောင်စေချင်ရုံမျှသာ မဟုတ်။ သင့်ကို စကားပြောရန် အခွင့်အရေး ငါ ပေးသည်။ သို့သော် သင် ပြောဆိုသည့်အရာသည် ကျိုးကြောင်းဆီလျော်ရမည်ဖြစ်သည်။ အဓိပ္ပာယ်မရှိသော စကားများ မဖြစ်စေရသကဲ့သို့ အချိန်ဖြုန်းခြင်းလည်း မဖြစ်စေရပေ။ တစ်ခါတစ်ရံ၊ ငါသည် စိတ်မရှည်သဖြင့် အချို့သောသူတို့၏ စကားကို ဖြတ်ပြောတတ်သည်။ မည်သည့် အခြေအနေများတွင်နည်း။ ဝါကျငါးကြောင်းဖြင့် ပြော၍ရနိုင်သည့်အရာကို ဝါကျဆယ်ကြောင်းဖြင့် ပြောလျက် ၎င်းတို့ စကားကြောရှည်သည့်အခါတွင် ဖြစ်သည်။ အမှန်တကယ်တွင်၊ ယင်းတို့ကို ကြားသည်နှင့် တစ်ပြိုင်နက် ငါ နားလည်သည်။ နောက်ထပ် မည်သည့်အရာလာမည်ကို ငါ သိသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် မည်သည့်အရာကိုမျှ နောက်ထပ် ပြောဆိုရန်မလိုပေ။ တိုတိုနှင့် လိုရင်းကိုပြောလော့။ အခြားသူများ၏ အချိန်ကို မဖြုန်းနှင့်။ သင် စကားပြောပြီးသည်နှင့်၊ သင့်အား ငါ အဖြေပေးမည်ဖြစ်ပြီး မည်သည့်အရာ လုပ်ဆောင်ရမည်၊ မည်သည့်စည်းမျဉ်းများအတိုင်း လုပ်ဆောင်ရမည်ကို သင့်အား ငါ ပြောပြမည်။ ယင်းမှာ ထိုကိစ္စ၏ အဆုံးသတ်ဖြစ်သင့်သည် မဟုတ်လော။ သို့သော် အချို့သောသူတို့သည် ဤသည်ကို နားမလည်နိုင်ဘဲ၊ “မဟုတ်ပါ၊ ကိုယ်တော် ကျွန်ုပ်ကို လေးစားရမည်၊ ကျွန်ုပ်တို့၏ လေးစားမှုသည် အပြန်အလှန် ဖြစ်သည်။ ကိုယ်တော် စကားပြောပြီးဖြစ်သော်လည်း ကျွန်ုပ်၏ အမြင်ကို ကျွန်ုပ် ဖော်ပြ၍ မပြီးသေးပါ။ ကျွန်ုပ်၏ အမြင်မှာ ဤသို့ဖြစ်သည်၊ အစမှ ကျွန်ုပ် ပြန်ပြောရမည်” ဟု ဆိုကြသည်။ ၎င်းတို့၏ အမြင်များကို ငါ မသိဟု ယုံကြည်လျက် ၎င်းတို့သည် မိမိတို့၏ အမြင်များကို အစဉ် ဖော်ပြလိုကြသည်။ အမှန်တွင်မူ၊ ၎င်းတို့ စကားစပြောသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ အမြင်များ မည်သည့်အရာဖြစ်သည်ကို ငါ သိသည်။ သို့ဆိုလျှင် ၎င်းတို့ ဆက်လက်ပြောဆိုရန် လိုအပ်သေးသလော။ မလိုအပ်ပေ။ အချို့သောသူတို့သည် ဉာဏ်ရည် အလွန်နိမ့်ကျသဖြင့် ဝါကျနှစ်ကြောင်းသာ လိုအပ်သော ကိစ္စအတွက် ဆယ်ကြောင်းဖြင့် ပြောကြပြီး၊ ၎င်းတို့ကို ငါ ဖြတ်မပြောပါက၊ ၎င်းတို့ ဆက်လက်ပြောဆိုနေမည် ဖြစ်သည်။ အခြားသူတိုင်းက နားလည်ပြီးဖြစ်သည်။ ငါ နားမလည်သေးသလော။ သို့သော် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖော်ပြလိုကြဆဲဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ ဉာဏ်ရည်နိမ့်ကျရုံနိမ့်ကျသည်သာ မဟုတ်။ ၎င်းတို့၏ ဆင်ခြင်တုံတရားသည်လည်း အားနည်းလှသည်။ ဤသို့သော လူတို့ကို သင်တို့ ကြုံတွေ့ဖူးကြသလော။ (ကြုံတွေ့ဖူးပါသည်။) ၎င်းတို့သည် ညံ့ဖျင်းသော ဆင်ခြင်တုံတရားရှိပြီး ဉာဏ်ရည်နိမ့်ကျသော်လည်း ထက်မြက်သည်ဟု ထင်မြင်ကြသည်။ ယင်းမှာ စက်ဆုပ်ဖွယ်ဖြစ်သည် မဟုတ်လော။ ရွံရှာဖွယ်ကောင်းပြီး စက်ဆုပ်ဖွယ်ကောင်းလှသည်။ လူတို့သည် ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံသည့်အခါ၊ ပထမအချက်မှာ သူ့ကိုရိုးသားသော စိတ်နှလုံးဖြင့် ဆက်ဆံရန် ဖြစ်သည်။ ဒုတိယအချက်မှာ လူတို့အနေဖြင့် ရိုသေလေးစားမှုကို သင်ယူရမည် ဖြစ်သည်။ တတိယနှင့် အရေးအကြီးဆုံးအချက်မှာ သမ္မာတရားကို ရှာဖွေရန် သင်ယူခြင်း ဖြစ်သည်။ ယင်းမှာ အရေးအကြီးဆုံးဖြစ်သောအရာ မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် သမ္မာတရားကို မရှာဖွေပါက ဘုရားသခင်ကို ယုံကြည်ရခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ သူ့ကို ယုံကြည်ခြင်း၏ တန်ဖိုးသည် အဘယ်အရာနည်း။ ထိုသို့ယုံကြည်ခြင်းတွင် အဓိပ္ပာယ်မှာ မည်သည့်နေရာတွင် ရှိသနည်း။ ဤအချက်မှာ လူအများစု စံမမီသည့်အရာတစ်ခု ဖြစ်သောကြောင့် အဘယ်ကြောင့် ယင်းကို ထုတ်ဖော်ပြောဆိုရသနည်း။ ယင်းမှာ အနာဂတ်အတွက် ပြင်ဆင်မှုတစ်ခု ဖြစ်သည်။ နောင်တွင် အနာဂတ်တွင် ဤအမှုအရာမျိုးများ သင်တို့အပေါ် ဖြစ်ပျက်သည့်အခါ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ဖို့ သင်တို့ သင်ယူရန် လိုအပ်သည်။
အသင်းတော်၌ ငါသည် လူများစွာတို့နှင့် ထိတွေ့ဆက်ဆံလာခဲ့ရပြီး၊ ၎င်းတို့ထဲမှ အချို့ကို အမှုအနည်းငယ် လုပ်ဆောင်ရန် ငါ တာဝန်ပေးခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက်၊ ၎င်းတို့သည် ငါ တာဝန်ပေးခဲ့သည့်အရာအားလုံးကို မှတ်သားထားကြောင်းနှင့် ယခုအခါ တစ်ခုချင်းစီကို အကောင်အထည်ဖော်နေဆဲဖြစ်ကြောင်း ပြသလျက်၊ ငါ့ကို တုံ့ပြန်ချက် ပေးခဲ့ကြသည်။ ငါ့ကို ၎င်းတို့ တွေ့ဆုံသည့်အခါ၊ ငါ့ကို ပြီးပြည့်စုံသည့် နောက်ဆုံးအခြေအနေ ပြောပြလျက်၊ အကောင်အထည်ဖော်မှု၏ တိုးတက်မှုအကြောင်း၊ မည်သည့်ကိစ္စရပ်များကို ရှာဖွေရန် လိုအပ်ကြောင်းနှင့် မည်သည့်အရာများသည် အဖြေကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ငါ့ကို အစီရင်ခံခဲ့ကြသည်။ ၎င်းတို့သည် အသေးစိတ်အချက်အလက်များကို အလွန်ရှင်းလင်းစွာ ရှင်းပြခဲ့ကြပြီး၊ တစ်ခါတစ်ရံ အနည်းငယ် အသေးအဖွဲဖြစ်သော်လည်း၊ ၎င်းတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို သဘောထားရာတွင် အလေးအနက်ထားပြီး တာဝန်ယူကြောင်းနှင့် ၎င်းတို့၏ တာဝန်များ၊ ဝတ္တရားများနှင့် မလွဲမသွေထမ်းဆောင်ရမည့် ဝတ္တရားများက မည်သည့်အရာများဖြစ်သည်ကို သိရှိကြောင်း ၎င်းတို့၏ သဘောထားများက ပြသခဲ့သည်။ အချို့သောသူတို့မှာမူ ကွဲပြားသည်။ ငါက ၎င်းတို့ကို အလုပ်နှစ်ခု တာဝန်ပေးခဲ့ပြီး၊ ထိုအလုပ်များကို ၎င်းတို့က မိမိတို့၏ မှတ်စုစာအုပ်များထဲတွင် ချရေးခဲ့ကြသော်လည်း၊ တစ်ပတ်ကြာပြီးနောက်၊ မည်သည့်အရာကိုမျှ ၎င်းတို့ အကောင်အထည်မဖော်သေးသည့်အခါ၊ ထိုအကြောင်းကို ၎င်းတို့အား ငါ မေးမြန်းသည့်အခါမှသာ ၎င်းတို့ သတိရကြသည်။ ပြီးနောက် ၎င်းတို့သည် အရာအားလုံးကို မိမိတို့၏ မှတ်စုစာအုပ်များထဲတွင် တစ်ဖန်ပြန်လည် ချရေးခဲ့ကြသည်။ နောက်တစ်ပတ်ကြာပြီးနောက်၊ အဘယ်ကြောင့် ကိစ္စ မပြီးပြတ်သေးသည်ကို ၎င်းတို့အား ငါမေးမြန်းသည့်အခါ၊ ၎င်းတို့က ဤအခက်အခဲ၊ ထိုအခက်အခဲဟု အကြောင်းပြချက်များ ပေးပြီးနောက်၊ အရာအားလုံးကို သူတို့၏ မှတ်စုစာအုပ်များထဲသို့ တစ်ဖန် လုံ့လဝီရိယရှိစွာ ချရေးခဲ့ကြပြန်သည်။ အရာအားလုံးကို ၎င်းတို့က မည်သည့်နေရာ၌ ချရေးခဲ့ကြသနည်း။ (၎င်းတို့၏ မှတ်စုစာအုပ်များထဲတွင် ဖြစ်ပါသည်။) သို့သော် ၎င်းတို့သည် မည်သည့်အရာကိုမျှ မိမိတို့၏ စိတ်ထဲ၌ မမှတ်သားခဲ့ကြပေ။ ဤသည်မှာ လူမှားတာဝန်ပေးခြင်း ဖြစ်သည် မဟုတ်လော။ ဤလူတို့သည် လူသား မဟုတ်ကြပေ။ ၎င်းတို့ကို ငါ ယုံကြည်အပ်နှံခဲ့သည့် မည်သည့်အရာမဆို နားတစ်ဖက်မှဝင် နားတစ်ဖက်မှထွက်သွားသည်။ ၎င်းတို့က ထိုအရာကို လုံးဝ အလေးအနက်မထားခဲ့ကြပေ။ လူတို့ကို ငါ တာဝန်ပေးသည့် အသင်းတော်အလုပ်နှင့် သက်ဆိုင်သော အချို့ကိစ္စရပ်များအပါအဝင်၊ သီးခြားအသက်မွေးဝမ်းကျောင်းတစ်ခု သို့မဟုတ် အထွေထွေရေးရာများနှင့် သက်ဆိုင်သော အလုပ်အားလုံးသည် ၎င်းတို့ စွမ်းဆောင်ရရှိနိုင်သည့် နယ်ပယ်အတွင်း၌သာ ရှိသည်။ ၎င်းတို့အား အခက်တွေ့စေဖို့ မည်သည့်အရာကိုမျှ ရည်ရွယ်ခြင်း မရှိပေ။ သို့ရာတွင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များကို အမှုအရာများ လုပ်ဆောင်ရန် ငါ ယုံကြည်အပ်နှံသည့်အခါ မကြာခဏဆိုသလို၊ ၎င်းတို့အများစုသည် စေခိုင်းချက်တာဝန်ကို ဆောင်ရွက်ပြီးနောက်တွင် ငါ့ကို အစီရင်ခံခြင်း မရှိခဲ့ကြသကဲ့သို့၊ အလုပ်၏ အခြေအနေနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ ငါ ပြန်မကြားခဲ့ရပေ။ ယင်းကို စီစဉ်ထားခြင်း ရှိမရှိ၊ မည်သို့ လုပ်ဆောင်ထားသည်၊ မည်သည့်အမှားများ ဖြစ်ပွားခဲ့သည်၊ လက်ရှိရလဒ်များဟူသော ဤအရာများထဲမှ တစ်ခုတလေအကြောင်းကိုမျှ ၎င်းတို့ လုံးဝ ပြန်လည်အစီရင်ခံခြင်း မရှိ သို့မဟုတ် ရှာဖွေခြင်းတို့ကို မဆောင်ရွက်ခဲ့ကြပေ။ ၎င်းတို့နှင့်ဆိုင်သော တာဝန်ပေးစေခိုင်းချက်များကို၎င်းတို့ ဘေးဖယ်ထားကြပြီး၊ ရလဒ်များ တစ်ခုတလေအကြောင်းကိုမျှ ငါ ကြားသိခွင့်ပင် မရခဲ့ပေ။ အချို့သောသူတို့၌ သာ၍ပင် ဆိုးရွားသော ပြဿနာတစ်ခု ရှိခဲ့သည်၊ ယင်းမှာ၊ ၎င်းတို့သည် ငါ တာဝန်ပေးခဲ့သည့်အရာအား အကောင်အထည်ဖော်ခြင်း မရှိသည့်အပြင်၊ မနေ့က ၎င်းတို့ မည်သည့်နေရာသို့ သွားခဲ့ပြီး မည်သည့်အရာကို လုပ်ဆောင်ခဲ့သည်၊ တစ်မြန်နေ့က ၎င်းတို့ မည်သည့်အရာများကို လုပ်ဆောင်ခဲ့သည်၊ ယခု မည်သည့်အရာကို လုပ်ဆောင်နေသည်ဟူသည်တို့ကို ငါ့အား ပြောပြလျက် ငါ့ကို မျက်နှာချိုသွေးပြီး လှည့်ဖြားရန်လည်း လာကြလေသည်။ ဟန်ဆောင်ခြင်းနှင့် တစ်ပတ်ရိုက်ခြင်းတို့၌ ၎င်းတို့ မည်မျှ တော်သည်ကို ကြည့်လော့။ ၎င်းတို့အနေဖြင့် ငါ သေသေချာချာ တာဝန်ပေးခဲ့သည့်အရာများ တစ်ခုကိုမျှ မလုပ်ဆောင်ခဲ့ကြဘဲ၊ ထိုအစား အရေးကြီးသော အလုပ်များမှာ လုံးဝ ဖရိုဖရဲဖြစ်နေစဉ် အသုံးမဝင်သော အလုပ်များဖြင့်သာ မိမိတို့ကိုယ်ကိုယ် အလုပ်ရှုပ်စေခဲ့ကြသည်။ ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်များကို လုံးဝ လျစ်လျူရှုခဲ့ကြပြီး၊ လိမ်လည်မှုနှင့် လှည့်ဖြားမှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။
အပင်စိုက်ခြင်းကို ကြီးကြပ်ရသော လူတစ်ဦး ရှိခဲ့သည်။ သူ့ကို ငါက၊ “ဤနှစ်တွင် ကြည့်ကောင်းသည့် အရွက်စိမ်းအချို့ ရှိသည်။ မျိုးစေ့တစ်ခုတလေကို သင် ချန်ထားသလော” ဟု မေးခဲ့သည်။ “ချန်ထားပါသည်” ဟု သူ ပြန်ဖြေသည်။ ငါက “လွန်ခဲ့သည့် အချိန်တုန်းက အရွက်စိမ်းအားလုံးကို သူတို့ ရိတ်သိမ်းခဲ့ပြီး မည်သည့်မျိုးစေ့မျှ မချန်ခဲ့ကြဟု ငါ ထားရသည်” ဟု ပြောသည်။ သူက “သူတို့ ရိတ်သိမ်း၍ မပြီးသေးပါ။ နည်းနည်း ကျန်ပါသေးသည်” ဟု ပြောသည်။ ထို့နောက် ငါက “ကျန်နေသည့် အရွက်စိမ်းများမှာ အဘယ်မှာနည်း။ ငါ ကြည့်ပါရစေငါ့ကို” ဟု မေးခဲ့သည်။ သူက “အော်။ ကောင်းပေပြီ။ ကျွန်ုပ် အရင် သွားစစ်ဆေးလိုက်ပါဦးမည်” ဟု ပြောသည်။ သူသည် အမှန်တကယ် မျိုးစေ့တစ်ခုတလေကို ချန်ထားခဲ့သလော သို့မဟုတ် မချန်ထားခဲ့သလော။ သူ မချန်ထားခဲ့ပေ။ သူ ပြောခဲ့သော ဤစကားအနည်းငယ်ထဲမှ၊ သူ၏ ပထမဆုံးပြောဆိုချက်ဖြစ်သော “ချန်ထားပါသည်” ဆိုသည်မှာ လိမ်ညာမှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ပြီးလျှင် သူ၏ ဒုတိယပြောဆိုချက်ဖြစ်သော “သူတို့ ရိတ်သိမ်း၍ မပြီးသေးပါ။ နည်းနည်း ကျန်ပါသေးသည်” ဆိုသည်မှာ လိမ်ညာမှုတစ်ခု မဟုတ်လော။ မျိုးစေ့များကို ၎င်းတို့ ချန်ထားခြင်းရှိမရှိဟူသည်ကို သူ မသိခဲ့ဘဲ၊ “ကျွန်ုပ် အရင် သွားစစ်ဆေးလိုက်ပါဦးမည်” ဟု ပြောခဲ့သည်။ သို့ဖြစ်၍ ဤတတိယပြောဆိုချက်မှာ နောက်ထပ် လိမ်ညာမှုတစ်ခုပင် ဖြစ်သည်။ လိမ်ညာမှုများသည် ပြောဆိုချက်တစ်ခုပြီးနောက်တစ်ခုတွင် ပို၍ ဆိုးရွားလာသည်။ သူသည် လိမ်ညာမှု တစ်ခုအပေါ်တစ်ခု ထပ်ဆင့်ကာ၊ တဖြည်းဖြည်း ပို၍ နက်ရှိုင်းသည်ထက် နက်ရှိုင်းလာသည်။ အလိမ်အညာများဖြင့် ပြည့်နေသည့် နှုတ်ပါတကား။ သင်တို့အားလုံးသည် အလိမ်အညာများဖြင့် ပြည့်နေသည့် နှုတ်ရှိသော သူတစ်ဦးနှင့် ဆက်ဆံရန် လိုလားနေကြမည်လော။ (လိုလားကြမည် မဟုတ်ပါ။) လိမ်ညာမှုများနှင့် ပြည့်နေသောသူများနှင့် စကားပြောဆိုပြီး အလုပ်လုပ်သည့်အခါ သင် မည်သို့ ခံစားရသနည်း။ သင် ဒေါသထွက်သလော။ သူသည် မည်သူကိုမဆို လှည့်ဖြားဝံ့သော သတ္တိရှိခဲ့သည်။ ငါ မသိဟု သူ ထင်မြင်ခဲ့ပါက သူ မှားသည်။ ထိုကိစ္စရပ်သည် လှည့်ဖြားထိုက်သလော။ အလွန်လှည့်ဖြားတတ်ခြင်းဖြင့် သူသည် မည်သည့်အရာကို ရရှိမည်နည်း။ သူ ပြုမူပုံတွင် ဤသဘောထားကို သင် မြင်တွေ့ပါက၊ သူသည် သင့်ကို ဤသို့ ဆက်ဆံခဲ့ပါက၊ သင် မည်သို့ ခံစားရမည်နည်း။ အခြေခံအားဖြင့် လူတစ်ဦး ပြောဆိုသည့်အရာ၏ ၉၉ ရာခိုင်နှုန်းသည် လိမ်ညာမှုဖြစ်ပါက၊ ၎င်းတို့အနေဖြင့် အတင်းပြောနေသည်ဖြစ်စေ၊ အလုပ်အကြောင်း သို့မဟုတ် အရေးကြီးသော ကိစ္စရပ်များအကြောင်း ပြောဆိုနေသည်ဖြစ်စေ၊ သို့မဟုတ် သမ္မာတရားကို မိတ်သဟာယပြုနေသည်ဖြစ်စေ၊ ထိုသူသည် မျှော်လင့်ချက် ကင်းမဲ့နေပြီ ဖြစ်သည်။ သူသည် မည်သူ့ကိုမဆို လှည့်ဖြားနိုင်သည်။ ယင်းက သူ့ကို မည်သည့်အရာ ဖြစ်စေသနည်း။ ဘုရားသခင်ကို အချိန်မည်မျှကြာ သူ ယုံကြည်ပြီးဖြစ်သနည်း။ အချို့သော ဘာသာတရားမရှိသူတို့က၊ “ကျွန်ုပ် သိရသရွေ့” သို့မဟုတ် “စိတ်ထဲရှိသည့်အတိုင်း ပြောရလျှင်” ဟု အစဉ် ပြောဆိုတတ်ကြပြီး၊ ထိုအကြောင်းပြချက်ဖြင့် ၎င်းတို့သည် မှန်ကန်သောအရာ တစ်စုံတစ်ခုကို ပြောဆိုနေကြသည်။ ထိုလူသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်ကာတရားဒေသနာများစွာကို နားထောင်ခဲ့သော်လည်း၊ သူသည် သမ္မာတရားနှင့်ဆိုင်သည့် စကားတစ်ခွန်းကိုမျှပင် မပြောနိုင်ခဲ့ပေ။ သူ ပြောဆိုခဲ့သည့်အရာအားလုံးက လိမ်ညာမှုတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် သူသည် မည်သည့် သတ္တဝါမျိုး ဖြစ်သနည်း။ စက်ဆုပ်ဖွယ်ကောင်းပြီး ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ ဤသို့သော လူများစွာ ရှိသလော။ သင်တို့သည် ဤသို့ ဖြစ်ကြသလော။ သင်တို့သည် ငါနှင့် ထိတွေ့ဆက်ဆံသည့်အခါ၊ မည်သည့် အခြေအနေများအောက်တွင် ငါ့ကို သင်တို့ လိမ်ညာကြမည်နည်း။ အကယ်၍ ဘေးအန္တရာယ်တစ်ခုခုကို သင်တို့ ဖြစ်စေခဲ့ပြီး၊ အကျိုးဆက်များက ဆိုးရွားကြောင်းနှင့် သင် နှင်ထုတ်ခံရနိုင်ကြောင်းကို သိပါက၊ ထိုအရာကို အခြားသူများက ဖော်ပြသည်နှင့် တစ်ပြိုင်နက်၊ ဖုံးဖိရန် သင် လိမ်ညာပေမည်။ ထိုသို့သော ကိစ္စမျိုးအတွက် မည်သူမဆို လိမ်ညာနိုင်သည်။ အခြား မည်သည့်အရာနှင့်ပတ်သက်၍ လူတို့ လိမ်ညာနိုင်သေးသနည်း။ ၎င်းတို့၏ ပုံရိပ်ကို မြှင့်တင်ရန်နှင့် အခြားသူများ၏ အထင်ကြီးခြင်းခံရရန် လိမ်ညာခြင်း ဖြစ်သည်။ ထို့နောက် မိမိတို့၏ အလုပ်၌ အရည်အချင်းမပြည့်မီကြောင်း သိသော်လည်း၊ အထက်ထံ ထိုအကြောင်းကို ပြောလျှင် ထုတ်ပယ်ခံရမည်ကို အလွန် ကြောက်ရွံ့သောကြောင့် ပွင့်ပွင့်လင်းလင်း မပြောကြားသောသူများလည်း ရှိသည်။ ၎င်းတို့၏ အလုပ်ကို အထက်ထံ အစီရင်ခံသည့်အခါ၊ ၎င်းတို့သည် အခြားသူများကို မှားယွင်းသော ထင်မြင်ချက်တစ်ခု ရှိစေလျက်၊ ပြဿနာကို ဖြေရှင်းရမည့် နည်းလမ်းများအား ရှာဖွေသယောင်ဟန်ဆောင်ကြသည်။ သူတို့ ပြောဆိုသည့်အရာအားလုံးမှာ အလိမ်အညာတစ်ခုဖြစ်ပြီး၊ ၎င်းတို့သည် အခြေခံအားဖြင့် အလုပ်လုပ်နိုင်စွမ်း မရှိကြပေ။ အကယ်၍ အချို့သော မေးခွန်းများကို ၎င်းတို့ မမေးမြန်းပါက၊ အထက်က ကွဲလွဲချက်များကို သတိပြုမိပြီး ၎င်းတို့အား ထုတ်ပယ်မည်ကို ကြောက်ရွံ့သောကြောင့်၊ အလျင်အမြန် ဟန်ဆောင်ကြသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်တို့၏ စိတ်နေစိတ်ထား ဖြစ်သည်။
ငါ ယခုလေးတင် မိတ်သဟာယပြုခဲ့သော ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းသုံးချက်ကို ဆင်ခြင်သုံးသပ်လော့။ မည်သည့်အချက်ကို သင်တို့ မလုပ်ဆောင်နိုင်သကဲ့သို့ မည်သည့်အချက်ကို စွမ်းဆောင်ရရှိရန် သင်တို့အတွက် လွယ်ကူသနည်း။ အမှန်တွင်၊ ထိုအရာများထဲမှ တစ်ခုကိုမျှ အမှန်တကယ် အကောင်အထည်ဖော်ရန် မလွယ်ကူပေ။ အကြောင်းမှာ လူတို့၏ စိတ်နှလုံးများတွင် နတ်ဆိုးများ ကျိန်းဝပ်နေကြသောကြောင့် ဖြစ်သည်။ သင့်စိတ်နှလုံးထဲမှ နတ်ဆိုးကို သင် နှင်ထုတ်ပြီးသည့်နောက်တွင်သာ ယင်းတို့ကို သင် စွမ်းဆောင်ရရှိနိုင်လိမ့်မည် ဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံးတွင်ရှိသည့် နတ်ဆိုးနှင့် တိုက်ခိုက်ရမည်ဖြစ်ပြီးအကယ်၍ အကြိမ်တိုင်း သင် အောင်နိုင်ပါက၊ ယင်းတို့ကို သင် စွမ်းဆောင်ရရှိနိုင်သည်။ အကယ်၍ အကြိမ်တိုင်း သင် ရှုံးနိမ့်ပြီး ထိုနတ်ဆိုး၏ ဖမ်းဆီးခြင်းကို ခံရပါက၊ ယင်းတို့ကို သင် ပြီးမြောက်အောင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။ စည်းမျဉ်းများထဲမှ မည်သည့်အရာကိုမျှ သင် အကောင်အထည်ဖော်နိုင်မည် မဟုတ်ပေ။ အကယ်၍ သင်တို့သည် ငါနှင့် ပေါင်းသင်းဆက်ဆံခြင်း သို့မဟုတ် ထိတွေ့ဆက်ဆံခြင်းရှိသည့်အခါတွင်သာမက၊ ညီအစ်ကိုမောင်နှမများနှင့် သင်တို့၏ ပုံမှန် ထိတွေ့ဆက်ဆံမှုများတွင်လည်း ဤစည်းမျဉ်းများကို လိုက်နာလျက် အချက်သုံးချက်လုံးကို ပြီးမြောက်အောင်မြင်နိုင်ပါက၊ လူတိုင်းသည် ဤအရာမှ အကျိုးကျေးဇူး ရရှိမည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခု ဇာတ်လမ်း ပြီးဆုံးသွားပြီဖြစ်သဖြင့်၊ အဓိကအကြောင်းအရာကို ဆက်သွားကြပါစို့။
အန္တိခရစ်များက မည်သို့ကောက်ကျစ်ဆိုးယုတ်ပုံ၊ အန္တရာယ်ပေးပုံနှင့် လှည့်ဖြားပုံတို့ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
ပြီးခဲ့သည့်အကြိမ်က ငါတို့သည် အန္တိခရစ်များ၏ သတ္တမမြောက် သရုပ်သကန်ဖြစ်သော ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်ဖြားတတ်သည်ဟူသည့်အချက်ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤအကြောင်းအရာကို နှစ်ကြိမ်တိုင်တိုင် မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ပထမဦးဆုံး ဆွေးနွေးမှုမှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝနှင့်ပတ်သက်၍ ဖြစ်သည်။ ထိုဆွေးနွေးမှု၏ အလေးပေးသောအချက်မှာ အဘယ်နည်း။ (သမ္မာတရားကို ရန်လိုခြင်းနှင့် စက်ဆုပ်မုန်းတီးခြင်း ဖြစ်ပါသည်။) အန္တိခရစ်များသည် သမ္မာတရားနှင့် ဘုရားသခင်တို့နှင့် ကိုက်ညီသော အပြုသဘောဆောင်သည့်အရာအားလုံးကို မုန်းတီးလျက် သမ္မာတရားအပေါ် ရန်လိုပြီး စက်ဆုပ်မုန်းတီးကြသည်။ ယင်းမှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သော ပထမဦးဆုံးနှင့် အဓိကကျသည့် သရုပ်သကန် ဖြစ်သည်။ ပထမဦးဆုံး ဆွေးနွေးမှုမှာ အန္တိခရစ်များက အဘယ်အရာကို စက်ဆုပ်မုန်းတီးသည်ဟူသည့်အကြောင်း ဖြစ်သည်။ သာမန်လူတို့သည် အပျက်သဘောဆောင်သောအရာများနှင့် ကောက်ကျစ်ဆိုးယုတ်သော အင်အားစုများကို စက်ဆုပ်မုန်းတီးကြသည်။ ၎င်းတို့သည် ညစ်ညမ်းသော၊ မှောင်မိုက်သော၊ ကောက်ကျစ်ဆိုးယုတ်သော အရာများကို စက်ဆုပ်မုန်းတီးကြသည်။ သို့ရာတွင် ဤအရာနှင့် ဆန့်ကျင်လျက် အန္တိခရစ်တစ်ဦး၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝနှင့်ဆိုင်သည့် ပထမဦးဆုံး သရုပ်သကန်၏ အခိုင်မာဆုံးသော သက်သေအထောက်အထားမှာ ၎င်းတို့သည် အပျက်သဘောဆောင်သောအရာများကို စက်ဆုပ်မုန်းတီးခြင်း မဟုတ်ဘဲ သမ္မာတရားနှင့်လည်းကောင်း၊ ဘုရားသခင်တို့နှင့်လည်းကောင်း ဆက်စပ်သော အပြုသဘောဆောင်သည့်အရာအားလုံးကို စက်ဆုပ်မုန်းတီးခြင်း ဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်စပ်လျဉ်းသည့် ပထမဦးဆုံး ခိုင်မာသော သက်သေအထောက်အထား ဖြစ်သည်။ ငါတို့၏ ဒုတိယဆွေးနွေးမှုမှာ အန္တိခရစ်တစ်ဦး၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သော သရုပ်သကန်များနှင့်စပ်လျဉ်းသည့် ဒုတိယခိုင်မာသော သက်သေအထောက်အထားအကြောင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို စက်ဆုပ်မုန်းတီးပါက အဘယ်အရာကို ၎င်းတို့ ချစ်မြတ်နိုးကြသနည်း။ (အပျက်သဘောဆောင်သောအရာများ ဖြစ်ပါသည်။) ပုံမှန်လူ့သဘာဝရှိသော လူတို့သည် အဘယ်အရာကို ချစ်မြတ်နိုးကြသနည်း။ တရားမျှတမှု၊ ကြင်နာမှုနှင့် အလှတရားတို့ကို ချစ်မြတ်နိုးကြသည့်အပြင် လူ့သဘာဝနှင့်သက်ဆိုင်သော ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်း၊ လူတို့အတွက် အပြုသဘောဆောင်ပြီး အကျိုးရှိသော ဘဝပေးအသိနှင့် အသိပညာ၊ အရာခပ်သိမ်းအတွက် ဘုရားသခင် ထူထောင်ထားသော နိယာမများနှင့် စည်းမျဉ်းများ၊ ဘုရားသခင်၏ ပညတ်တရားများနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၊ ဘုရားသခင် ဖော်ပြထားသော သမ္မာတရားများနှင့် ဘဝနေနည်းအားလုံးအပြင်၊ ဘုရားသခင်နှင့် ဆက်စပ်သော အခြားအရာများအပါအဝင် ဘုရားသခင်ထံမှလာသော အပြုသဘောဆောင်သည့်အရာအားလုံးကို ချစ်မြတ်နိုးကြသည်။ အန္တိခရစ်တစ်ဦး၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝသည် ဤအရာနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို မကြိုက်နှစ်သက်ကြပေ။ ၎င်းတို့ အဘယ်အရာကို ကြိုက်နှစ်သက်ကြသနည်း။ (လိမ်ညာမှုများနှင့် လှည့်ဖြားမှုများ ဖြစ်ပါသည်။) မှန်ပေသည်၊ ပူးပေါင်းကြံစည်မှုများ၊ အကြံအစည်များ၊ လောကီရေးရာ ကိစ္စရပ်များအတွက် နည်းလမ်းအမျိုးမျိုး၊ လူတို့ကို မြှောက်ပင့်ခြင်း၊ ဖော်လံဖားခြင်း၊ ထို့အပြင် ရန်ဖြစ်ခြင်း၊ အဆင့်အတန်းနှင့် ဩဇာအာဏာတို့နှင့်အတူ လိမ်ညာမှုများနှင့် လှည့်ဖြားမှုများကို ကြိုက်နှစ်သက်ကြသည်။ ၎င်းတို့သည် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ဆန့်ကျင်သော ဤအပျက်သဘောဆောင်သည့်အရာအားလုံးကို ချစ်မြတ်နိုးကြသည်။ ယင်းက အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို တိကျစွာ အတိအကျ ဖော်ပြနေသည်။ ဤသက်သေအထောက်အထားများသည် လက်ခံနိုင်ဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသက်သေအထောက်အထားအားလုံးသည် လက်ခံနိုင်ဖွယ်ဖြစ်သော်လည်း ပြည့်စုံသည်ဟု မှတ်ယူ၍မရနိုင်သေးသည့် အပိုင်းနှစ်ပိုင်းသာ ရှိပေသည်။ ယနေ့တွင် အန္တိခရစ်များက ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်ဖြားတတ်ပုံနှင့်ဆိုင်သည့် တတိယအပိုင်းကို ဆက်လက်၍ ဆွေးနွေးကြမည်။ ဤတတိယအပိုင်းသည် ပထမနှင့် ဒုတိယအပိုင်းတို့နှင့် သေချာပေါက် ကွဲပြားသော်လည်း ယင်းတို့နှင့် ဆက်စပ်နေသည်။ မည်သို့ ဆက်စပ်နေသနည်း။ အပိုင်းသုံးပိုင်းလုံးသည် ဤအနှစ်သာရဖြစ်သော အန္တိခရစ်၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို ဆွေးနွေးကြသည်။ မည်သို့ ကွဲပြားသနည်း။ ဤအပိုင်းတွင် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝက ချစ်မြတ်နိုးပြီး လိုအပ်သည့်အရာများအပြင် ၎င်းတို့ မုန်းတီးသည့်အရာများသည် ယခင်အပိုင်းနှစ်ပိုင်း၌ ဆွေးနွေးခဲ့သည့်အရာများနှင့် ကွဲပြားသည်။ အကြောင်းအရာ ကွဲပြားပေသည်။ ဤကွာခြားချက်မှာ အန္တိခရစ်များသည်လည်း အပြုသဘောဆောင်သည့်အရာအချို့ကို ကြိုက်နှစ်သက်သည် သို့မဟုတ် အပျက်သဘောဆောင်သည့်အရာအချို့ကို ၎င်းတို့လည်း မုန်းတီးသည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ ယင်းမှာ ၎င်းတို့ ချစ်မြတ်နိုးသော သို့မဟုတ် လိုအပ်သောအရာသာမက ဤအန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အင်အားစုက တန်ဖိုးထားသည့်အရာအထိ မြင့်တက်သွားသော အခြားအပိုင်းတစ်ခု ပါဝင်နေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့ ကိုးကွယ်သောအရာ သို့မဟုတ် လေးစားသောအရာဖြစ်သည်။ လူအချို့က “ ‘တန်ဖိုးထားခြင်း’ ‘ကိုးကွယ်ခြင်း’ နှင့် ‘လေးစားခြင်း’ ကဲ့သို့သော ဝေါဟာရများကို အပြုသဘောဆောင်သောအရာများကို ရည်ညွှန်းရန် အသုံးပြုသင့်သည်။ သို့ဖြစ်၍ ထိုဝေါဟာရများကို အန္တိခရစ်များအပေါ် မည်သို့ အသုံးပြုနိုင်မည်နည်း။ ဤဝေါဟာရများသည် သင့်လျော်ပါသလော” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤဝေါဟာရများသည် ချီးကျူးဂုဏ်ပြုခြင်းမဟုတ်သကဲ့သို့ ရှုတ်ချခြင်းသဘောလည်း မဟုတ်ပေ။ ယင်းတို့သည် ကြားနေဝေါဟာရများ ဖြစ်ကြသည်။ ထို့ကြောင့် ယင်းတို့ကို ဤနေရာ၌ အသုံးပြုခြင်းသည် မည်သည့်စည်းမျဉ်းကိုမျှ ချိုးဖောက်ခြင်းမရှိသကဲ့သို့ လက်သင့်ခံနိုင်သောအရာ ဖြစ်သည်။
၃။ အန္တိခရစ်များ ကိုးကွယ်ပြီး လေးစားအားကျသော အရာများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
အန္တိခရစ်များက မည်သည့်အရာကို ကိုးကွယ်ကာ လေးစားကြသနည်း။ ဦးစွာပထမ ၎င်းတို့က သမ္မာတရား၊ ဘုရားသခင် သို့မဟုတ် ဘုရားသခင်နှင့် ဆက်စပ်သည့် နှစ်သက်ဖွယ်သောအရာ သို့မဟုတ် ကောင်းမြတ်သော အရာတစ်ခုခုကို ကိုးကွယ်ခြင်းမဟုတ်သည်မှာ သေချာသည်။ သို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့က အတိအကျ ကိုးကွယ်ကြသနည်း။ တစ်ခုတလေကို သင်တို့ စဉ်းစားနိုင်ကြသလော။ သင်တို့ကို ငါ အရိပ်အမြွက်တစ်ခု ပေးမည်။ သခင့်ကို ယုံကြည်သည့် ဘာသာတရားတွင်ရှိသော ထိုလူတို့သည် ခရစ်ယာန်ဘာသာထဲသို့ မည်သို့ သက်ဆင်းရောက်ရှိကြသနည်း။ ၎င်းတို့သည် ယခုတွင် အဘယ်ကြောင့် ဘာသာတရားတစ်ခုအဖြစ်၊ ဂိုဏ်းဂဏတစ်ခုအဖြစ် သွင်ပြင်လက္ခဏာဆောင်ပြီး ဘုရားသခင်၏ အသင်းတော်အဖြစ်၊ ဘုရားအိမ်တော် သို့မဟုတ် ဘုရားအမှုတော်၏ ရည်မှန်းချက်အဖြစ် သွင်ပြင်လက္ခဏာမဆောင်ရသနည်း။ ၎င်းတို့တွင် ဘာသာရေး သွန်သင်မှုများရှိသည်။ ၎င်းတို့သည် တစ်ချိန်က ဘုရားသခင် ပြုခဲ့သည့် အမှုနှင့် တစ်ချိန်က ဘုရားသခင် ပြောဆိုခဲ့သည့် စကားများကို စာအုပ်တစ်အုပ်အဖြစ်၊ သင်ကြားရေး ပစ္စည်းများအဖြစ် ပြုစုပြီး ထို့နောက်တွင် ကျောင်းများဖွင့်ကာ အမျိုးမျိုးသော ဓမ္မပညာရှင်များကို စုဆောင်းပြီး လေ့ကျင့်ပေးကြသည်။ ဤဓမ္မပညာရှင်များက မည်သည့်အရာကို လေ့လာကြသနည်း။ ထိုအရာသည် သမ္မာတရား ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လေ့လာကြသနည်း။ (ဓမ္မပညာဆိုင်ရာ အသိပညာဖြစ်သည်။) ၎င်းတို့သည် ဘုရားသခင်၏ အမှုတော် သို့မဟုတ် ဘုရားသခင် ပြောဆိုထားသည့် သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှမရှိသော ဓမ္မပညာဆိုင်ရာ အသိပညာနှင့် သဘောတရားများကို လေ့ကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဓမ္မပညာဆိုင်ရာ အသိပညာနှင့် အစားထိုးကြပြီး ယင်းမှာ ခရစ်ယာန်ဘာသာ သို့မဟုတ် ကတ်သလစ် အယူဝါဒထဲသို့ ၎င်းတို့ သက်ဆင်းကျရောက်သည့်ပုံစံ ဖြစ်သည်။ ဘာသာတရားတွင် မည်သည့်အရာကို တန်ဖိုးထားသနည်း။ ဘုရားကျောင်းတစ်ခုသို့ သင် သွားပြီး တစ်စုံတစ်ဦးက သင့်ကို ဘုရားသခင်အား အချိန်မည်မျှကြာ သင်ယုံကြည်ပြီး ဖြစ်သည်ကို မေးမြန်းကာ သင်က ယုံကြည်ခါစသာရှိသည်ဟု ပြောဆိုလျှင် ၎င်းတို့က သင့်ကို အာရုံစိုက်မည်မဟုတ်ပေ။ သို့သော် သင်သည် ကျမ်းစာနှင့် ဝင်သွားပြီး “ကျွန်ုပ်သည် အကြင်မည်သော ဓမ္မပညာ ကျမ်းစာကျောင်းမှ ယခုတင် ဘွဲ့ရခဲ့သည်”ဟု ပြောလျှင် ၎င်းတို့က သင့်ကို ဂုဏ်ထူးဆောင်ခုံတွင် ထိုင်ရန် ဖိတ်ခေါ်ကြလိမ့်မည်။ သင်သည် သာမန် ယုံကြည်သူတစ်ဦးဖြစ်လျှင်၊ သင့်ထံ၌ ထင်ပေါ်သော လူမှုရေး အဆင့်အတန်းတစ်ခု မရှိလျှင် သင်နှင့်ပတ်သက်၍ ၎င်းတို့က ဒုက္ခခံမည် မဟုတ်ပေ။ ဤသည်မှာ ခရစ်ယာန်ဘာသာဖြစ်ပြီး ယင်းမှာ ဘာသာရေးလောက၏ ပကတိအခြေအနေ ဖြစ်သည်။ အသင်းတော်တွင် တရားဟောပြီး အဆင့်အတန်း၊ ရာထူးနှင့် ဂုဏ်သိက္ခာရှိသောသူတို့သည် ဓမ္မပညာဆိုင်ရာ အသိပညာနှင့် သဘောတရားများ ပိုင်ဆိုင်ဖို့ ဓမ္မပညာ ကျမ်းစာကျောင်းများတွင် လေ့ကျင့်ထားကြသည့် လူတစ်စုဖြစ်ပြီး ၎င်းတို့သည် အခြေခံအားဖြင့် ခရစ်ယာန်ဘာသာကို ထိန်းသိမ်းသည့် အဓိကအဖွဲ့အစည်း ဖြစ်သည်။ ခရစ်ယာန်ဘာသာသည် ထိုသို့သောလူများကို စင်ပေါ်ရောက်ကာ တရားဟောရန်၊ နေရတကာတွင် ဧဝံဂေလိ ဖြန့်ပြီး အလုပ်ကို လုပ်ဆောင်ရန် လေ့ကျင့်ပေးသည်။ ဤဓမ္မပညာ ကျောင်းသားများ၊ တရားဟောသည့် သင်းအုပ်များနှင့် ဓမ္မပညာရှင်များကဲ့သို့သော ပါရမီရှင်များကြောင့် ခရစ်ယာန်ဘာသာ၏ ယနေ့ထိတိုင် ဆက်လက်တည်ရှိမှုကို သေချာစေသည်ဟု ၎င်းတို့က ယုံကြည်ကြပြီး ဤလူများသည် ခရစ်ယာန်ဘာသာ တည်ရှိခြင်း၏ တန်ဖိုးနှင့် အရင်းအနှီးဖြစ်လာကြသည်။ အသင်းတော်တစ်ပါး၏ သင်းအုပ်ဆရာသည် ဓမ္မပညာ ကျမ်းစာကျောင်းတစ်ကျောင်း၏ ဘွဲ့ရတစ်ဦး ဖြစ်လျှင်၊ သမ္မာကျမ်းစာကို ကောင်းစွာ ဆွေးနွေးတတ်လျှင်၊ ဝိညာဉ်ရေးရာ စာအုပ်အချို့ကို ဖတ်ရှုပြီးဖြစ်ကာ အသိပညာနှင့် အပြောကောင်းခြင်းအချို့ရှိလျှင် ထိုအသင်းတော်၏ တက်ရောက်သူဦးရေ စည်ကားလိမ့်မည်ဖြစ်ပြီး အခြားအသင်းတော်များထက် များစွာ သာ၍ ကျော်ကြားလာလိမ့်မည်ဖြစ်သည်။ ခရစ်ယာန်ဘာသာတွင်ရှိသည့် ဤလူတို့က မည်သည့်အရာကို လေးစားကြသနည်း။ အသိပညာ၊ ဓမ္မပညာဆိုင်ရာ အသိပညာဖြစ်သည်။ ဤအသိပညာသည် မည်သည့်နေရာမှ လာသနည်း။ ရှေးကာလမှ လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်သည် မဟုတ်လော။ ရှေးကာလတွင် ကျမ်းစာများ ရှိခဲ့ပြီး ထိုကျမ်းစာများကို မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းခဲ့ကြကာ ယင်းမှာ ယနေ့အထိတိုင် လူတိုင်းက ထိုကျမ်းစာများကို ဖတ်ရှုကာ သင်ယူကြပုံဖြစ်သည်။ လူတို့သည် သမ္မာကျမ်းစာကို အခန်းအမျိုးမျိုး ခွဲကြသည်၊ မတူညီသော ပုံစံများဖြင့် ပြုစုကြပြီး လေ့လာ၍ သင်ယူရန် တိုက်တွန်းကြသော်လည်း ၎င်း၏ သမ္မာကျမ်းစာလေ့လာမှုသည် ဘုရားသခင်ကို သိရှိဖို့အတွက် သမ္မာတရားကို နားလည်ရန်မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ဖို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန်လည်း မဟုတ်ပေ။ ထို့ထက် သမ္မာကျမ်းစာ၏ အသိပညာနှင့် နက်နဲမှုများကို လေ့လာရန်၊ မည်သည့်အချိန်ရှိ မည်သည့်ဖြစ်ရပ်များသည် ဗျာဒိတ်ကျမ်းပါ မည်သည့် ပရောဖက်ပြုချက်အား ပြည့်စုံစေပြီးဖြစ်သည်ကို သိရှိရန်နှင့် ကြီးမားသော ဘေးဒုက္ခများနှင့် နှစ်တစ်ထောင်ကာလသည် မည်သည့်အချိန်တွင် ရောက်ရှိလာမည်ကို သဘောပေါက်နားလည်ရန် ဖြစ်သည်။ ဤအရာများကို ၎င်းတို့က လေ့လာကြသည်။ ၎င်းတို့၏ လေ့လာမှုသည် သမ္မာတရားနှင့် ဆက်စပ်မှုရှိသလော။ (မရှိပါ။) သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှမရှိသည့် အရာများကို အဘယ်ကြောင့် ၎င်းတို့ လေ့လာကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ လေ့လာလေ၊ နားလည်သည်ဟု ၎င်းတို့ ခံစားရလေဖြစ်ပြီး စကားများနှင့် အယူဝါဒများဖြင့် ၎င်းတို့ ပြင်ဆင်လေ၊ ၎င်းတို၏ အရည်အချင်းများ သာ၍ မြင့်မားလေ ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ အရည်အချင်းများ သာ၍ မြင့်မားလေ၊ ၎င်းတို့၏ စွမ်းရည်များ သာ၍ ကြီးမားလေဟု ခံစားရပြီး ၎င်းတို့အနေဖြင့် မိမိတို့၏ ယုံကြည်ခြင်းတွင် နောက်ဆုံး၌ ကောင်းချီးခံစားရလိမ့်မည်ဖြစ်ကြောင်း၊ သေပြီးနောက်တွင် ကောင်းကင်ဘုံသို့ သွားရလိမ့်မည်ဖြစ်ကြောင်း သို့မဟုတ် အသက်ရှင်သူသည် သခင်ဘုရားနှင့် ဆုံတွေ့ဖို့ ကောင်းကင်သို့ ချီဆောင်ခံရလိမ့်မည်ဖြစ်ကြောင်း သာ၍ ယုံကြည်လေ ဖြစ်ကြသည်။ ဤသည်တို့မှာ ဘုရားနှုတ်ကပတ်တော်များနှင့် လုံးဝ မကိုက်ညီသည့် ၎င်းတို့၏ ဘာသာရေး အယူအဆများ ဖြစ်သည်။
ဘာသာရေးလောက၏ သင်းအုပ်များနှင့် အကြီးအကဲများအားလုံးသည် သမ္မာကျမ်းစာဆိုင်ရာ အသိပညာနှင့် ဓမ္မပညာကို လေ့လာသောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သော သူတော်ကောင်းယောင်ဆောင်သည့် ဖာရိရှဲများ ဖြစ်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် အသင်းတော်၌ ပုန်းကွယ်နေသော အန္တိခရစ်များနှင့် မည်သို့ ကွာခြားကြသနည်း။ ဆက်လက်၍ ထိုနှစ်ဦးကြားရှိ ဆက်နွှယ်မှုအကြောင်းကို ပြောကြစို့။ ခရစ်ယာန်ဘာသာနှင့် ကက်သလစ်ဘာသာတို့၌ သမ္မာကျမ်းစာ၊ ဓမ္မပညာ၊ ဘုရားသခင်၏ အမှုတော်သမိုင်းကိုပင် လေ့လာသောသူတို့သည် အမှန်တကယ် ယုံကြည်သူများ ဟုတ်ကြသလော။ ၎င်းတို့သည် ဘုရားသခင်ပြောသည့် သူ၏ ယုံကြည်သူများနှင့်လည်းကောင်း၊ နောက်လိုက်များနှင့်လည်းကောင်း ကွာခြားကြသလော။ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် ယုံကြည်သူများ ဖြစ်ကြသလော။ မဟုတ်ပေ၊ ၎င်းတို့သည် ဓမ္မပညာကို လေ့လာကြသည်၊ ဘုရားသခင်ကို လေ့လာကြသော်လည်း ဘုရားသခင်နောက်သို့ မလိုက်ကြ သို့မဟုတ် သူ့ကို သက်သေမခံကြပေ။ ၎င်းတို့၏ ဘုရားသခင်ကို လေ့လာခြင်းသည် သမိုင်း၊ ဒဿနိကဗေဒ၊ ဥပဒေ၊ ဇီဝဗေဒ သို့မဟုတ် နက္ခတ္တဗေဒကို လေ့လာသောသူတို့နှင့် အတူတူပင် ဖြစ်သည်။ ၎င်းတို့က သိပ္ပံ သို့မဟုတ် အခြားဘာသာရပ်များကို မကြိုက်နှစ်သက်ကြဘဲ ဓမ္မပညာကို လေ့လာရန် ၎င်းတို့ အထူးတလည် ကြိုက်နှစ်သက်ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်ကို လေ့လာရန် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့်တိုလီမုတ်စများကို ရှာဖွေခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိနိုင်ကြသလော။ လုံးဝ မတွေ့ရှိနိုင်ကြပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ နားလည်နိုင်ကြသလော။ (နားမလည်နိုင်ကြပါ။) အဘယ်ကြောင့်နည်။ အကြောင်းမှာ ၎င်းတို့သည် စကားလုံးများ၊ အသိပညာ၊ ဒဿနိကဗေဒ၊ လူ့စိတ်နှင့် လူ့အတွေးအခေါ်များဖြင့် အသက်ရှင်နေကြသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ မြင်တွေ့ရမည်မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းကိုလည်း ခံရမည်မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို မည်သို့ သတ်မှတ်သနည်း။ မယုံကြည်သူများအဖြစ်၊ ဘာသာတရားမရှိသူများအဖြစ် သတ်မှတ်သည်။ ဤဘာသာတရားမရှိသူများနှင့် မယုံကြည်သူများသည် ဘုရားသခင်ကို ယုံကြည်သူများအဖြစ်၊ ခရစ်ယာန်များအဖြစ် ဟန်ဆောင်လျက် ခရစ်ယာန်အသိုင်းအဝိုင်းဟု ခေါ်ဆိုကြသည့်အရာအတွင်း၌ ရောနှောနေထိုင်ကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် ဘုရားသခင်အတွက် စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်း ရှိကြသလော။ ၎င်းတို့၌ စစ်မှန်သော ကျိုးနွံနာခံခြင်း ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ အချက်တစ်ချက်မှာ သေချာသည်။ ၎င်းတို့ထဲမှ အတော်များများသည် မိမိတို့စိတ်နှလုံးများထဲ၌ ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ။ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းခဲ့ပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာစွဲကိုင်သည်ကို ၎င်းတို့ မယုံကြည်ကြသကဲ့သို့ ဘုရားသခင်က လူ့ဇာတိခံယူနိုင်သည်ကို သာ၍ပင် ယုံကြည်မှုနည်းကြသည်။ ဤမယုံကြည်ခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ သံသယဝင်ခြင်းနှင့် ငြင်းပယ်ခြင်းကို ဆိုလိုသည်။ ဘုရားသခင် ပြောဆိုထားသည့် ပရောဖက်ပြုချက်များ၊ အထူးသဖြင့် ကပ်ဘေးများနှင့်သက်ဆိုင်သော ပရောဖက်ပြုချက်များ ပြည့်စုံလာမည် သို့မဟုတ် ဖြစ်ပေါ်လာမည်ကို မျှော်လင့်ခြင်းမရှိသည့် သဘောထားကိုပင် ၎င်းတို့ ခံယူကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ သဘောထားဖြစ်ပြီး ၎င်းတို့၏ ယုံကြည်ခြင်းဟုခေါ်ဆိုကြသည့်အရာ၏ အနှစ်သာရနှင့် စစ်မှန်သော သဘောသဘာဝ ဖြစ်သည်။ ဤလူတို့သည် ဓမ္မပညာနှင့်ဆိုင်သည့် ဘာသာရပ်နှင့် အသိပညာကိုလည်းကောင်း၊ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် သမိုင်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း အထူးတလည် စိတ်ဝင်စားသောကြောင့် ဘုရားသခင်ကို လေ့လာကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဓမ္မပညာကို လေ့လာသော ပညာတတ်အုပ်စုသက်သက်သာ ဖြစ်ကြသည်။ ဤပညာတတ်များသည် ဘုရားသခင်၏ တည်ရှိမှုကို မယုံကြည်ကြပေ။ သို့ဖြစ်၍ ဘုရားသခင်က အမှုပြုရန် ကြွလာသောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ပြည့်စုံလာသောအခါ ၎င်းတို့ မည်သို့ တုံ့ပြန်ကြသနည်း။ ဘုရားသခင်က လူ့ဇာတိခံယူပြီး အမှုတော်သစ်ကို စတင်ခဲ့ကြောင်း ၎င်းတို့ ကြားသိရသောအခါ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ အဘယ်နည်း။ “မဖြစ်နိုင်ပါ” ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ နာမတော်သစ်နှင့် ဘုရားသခင်၏ အမှုတော်သစ်ကို ဟောပြောသည့် မည်သူမဆို၊ ထိုသူကို ၎င်းတို့က ရှုတ်ချကြပြီး သတ်ပစ်ရန် သို့မဟုတ် ဖယ်ရှားရှင်းလင်းရန်ပင် အလိုရှိကြသည်။ ဤသည်မှာ မည်သည့် သရုပ်သကန်မျိုး ဖြစ်သနည်း။ ဤသည်မှာ သမားရိုးကျ အန္တိခရစ်တစ်ဦး၏ သရုပ်သကန် မဟုတ်လော။ ၎င်းတို့နှင့် ရှေးခေတ် ဖာရိရှဲများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်များအကြား ကွာခြားချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်အပေါ်၊ နောက်ဆုံးသောကာလထဲက ဘုရားသခင်၏ တရားစီရင်ခြင်းအပေါ်၊ ဘုရားသခင် လူ့ဇာတိခံယူခြင်းအပေါ် ရန်လိုကြပြီး၊ ထို့ထက်ပင်သာ၍ ဘုရားသခင်၏ ပရောဖက်ပြုချက်များ ပြည့်စုံခြင်းကို ရန်လိုကြသည်။ ၎င်းတို့က “အကယ်၍ သင်သည် လူ့ဇာတိမခံယူပါက၊ ဝိညာဉ်ခန္ဓာပုံစံဖြင့် ရှိနေပါက သင်သည် ဘုရားဖြစ်သည်။ အကယ်၍ သင်သည် လူ့ဇာတိခံယူပြီး လူတစ်ဦးဖြစ်လာပါက သင်သည် ဘုရားမဟုတ်သကဲ့သို့ သင့်ကို ကျွန်ုပ်တို့ အသိအမှတ်မပြုပါ” ဟု ယုံကြည်ကြသည်။ ဤသည်မှာ အဘယ်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ၎င်းတို့အနေဖြင့် ဤနေရာ၌ ရှိနေသရွေ့ ဘုရားသခင်ကို လူ့ဇာတိခံယူခွင့်ပြုမည်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤသည်မှာ သမားရိုးကျ အန္တိခရစ်တစ်ဦး မဟုတ်လော။ ဤသည်မှာ စစ်မှန်သော အန္တိခရစ်တစ်ဦး ဖြစ်သည်။ ဘာသာရေးလောကသည် ဤ အငြင်းအခုံမျိုး၌ ပါဝင်ပတ်သက်သလော။ ဤအငြင်းအခုံ၏ အသံသည် ကျယ်လောင်ပြီး အလွန်အားကောင်းကာ “ဘုရားသခင် လူ့ဇာတိခံယူခြင်းသည် မှားယွင်းပြီး မဖြစ်နိုင်ပါ။ အကယ်၍ သူသည် လူ့ဇာတိခံယူပါက အတုအယောင် ဖြစ်ရမည်” ဟု ဆိုကြသည်။ “သူတို့သည် လူသားတစ်ဦးကို သိသာထင်ရှားစွာ ယုံကြည်နေကြသည်။ ၎င်းတို့သည် အထင်အမြင်မှားစေခြင်း ခံနေရခြင်းသာ ဖြစ်သည်” ဟု ဆိုသော လူအချို့လည်း ရှိသည်။ အကယ်၍ ၎င်းတို့က ဤသို့ ပြောဆိုနိုင်ပါက လွန်ခဲ့သော အနှစ်နှစ်ထောင်က သခင်ယေရှု ပေါ်ထွန်းပြီး အမှုပြုခဲ့ချိန် ၎င်းတို့ ရှိနေခဲ့ပါက သခင်ယေရှုကို ၎င်းတို့ ယုံကြည်ကြမည် မဟုတ်ပေ။ ယခု ၎င်းတို့သည် သခင်ယေရှုကို ယုံကြည်ကြသော်လည်း အမှန်တွင် သခင်ယေရှု၏ နာမတော်၊ “သခင်ယေရှု” ဟူသော စကားလုံးနှစ်လုံးကိုသာ ယုံကြည်ကြခြင်းဖြစ်ပြီး ကောင်းကင်ဘုံရှိ မရေရာသော ဘုရားတစ်ဆူကို ယုံကြည်ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူများ မဟုတ်၊ မယုံကြည်သူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှု၊ ဘုရားသခင် လူ့ဇာတိခံယူခြင်းနှင့် ဘုရားသခင်၏ ဖန်ဆင်းခြင်းအမှုတော်တို့ကို မယုံကြည်ကြသကဲ့သို့၊ လက်ဝါးကပ်တိုင်၌ ကားစင်တင်သတ်ခံရခြင်းမှတစ်ဆင့် လူသားမျိုးနွယ်အားလုံးအတွက် ဘုရားသခင်၏ ရွေးနုတ်ခြင်းအမှုတော်ကို သာ၍ပင် မယုံကြည်ကြပေ။ ၎င်းတို့ လေ့လာသော ဓမ္မပညာသည် ဘာသာရေးဆိုင်ရာ သီအိုရီ သို့မဟုတ် ကျမ်းတစ်စောင်တစ်မျိုးသာ ဖြစ်ပြီး လူတို့ကို အထင်အမြင်မှားစေသော ဖြစ်နိုင်ဖွယ်ရှိပုံရသည့် မှားယွင်းသော အယူဝါဒများထက် မပိုပေ။ ခရစ်ယာန်ဘာသာထဲက ဤဓမ္မပညာဆိုင်ရာ ပညာရှင်များဟု ခေါ်သူများသည် ငါတို့ အသင်းတော်တွင်ရှိသည့် အန္တိခရစ်များနှင့် မည်သည့် မလွဲမသွေဖြစ်သော ဆက်စပ်မှုရှိသနည်း။ ၎င်းတို့၏ အမျိုးမျိုးသော အပြုအမူများနှင့် ငါတို့ ဆွေးနွေးသည့် အန္တိခရစ်များ၏ သဘာဝ အနှစ်သာရကြားတွင် ဆက်စပ်မှုမှာ အဘယ်နည်း။ ၎င်းတို့အကြောင်းကို အဘယ်ကြောင့် ပြောဆိုဆွေးနွေးရသနည်း။ ခရစ်ယာန်ဘာသာတွင်ရှိသည့် လူများအကြောင်းကို ယခုအချိန်တွင် မဆွေးနွေးသေးဘဲ ဆိုင်းငံ့ထားကြပါစို့။ ထိုအစား အန္တိခရစ်များအဖြစ် အမျိုးအစား သတ်မှတ်ခံရသူများက သမ္မာတရားအား သဘောထားကြပုံကို ကြည့်ကြစို့၊ ပြီးလျှင် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားမှနေ၍ မည်သည့်အရာကို ၎င်းတို့ အမှန်တကယ် တန်ဖိုးထားကြသည်ကို ကြည့်ကြစို့။ ပထမဆုံးအနေဖြင့် သမ္မာတရားအချို့ကို ၎င်းတို့သဘောပေါက်ပြီးနောက်တွင် ဤသမ္မာတရားများကို မည်သို့နားလည်ကြသနည်း။ ဤသမ္မာတရားများကို ၎င်းတို့က မည်သို့ သဘောထားကြသနည်း။ ဤသမ္မာတရားများကို လက်ခံခြင်းအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဤစကားများကို ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းအဖြစ် ၎င်းတို့ လက်ခံကြသလော၊ သို့မဟုတ် ယင်းတို့ကို သဘောတရားအမျိုးအစားတစ်ခုအဖြစ် ၎င်းတို့က မိမိကိုယ်ကို ပြင်ဆင်ကြပြီး ထို့နောက် အခြားသူများထံ သွားဟောကြသလော။ (၎င်းတို့က ထိုအရာများကို ဟောပြာရမည့် သဘောတရားတစ်မျိုးအဖြစ် သဘောထားကြပါသည်။) ၎င်းတို့သည် ထိုအရာများကို သင်ယူ၊ စိစစ်ပြီး လေ့လာရမည့် သဘောတရားတစ်မျိုးအဖြစ် သဘောထားကြပြီး လေ့လာပြီးနောက်တွင် ထိုအရာများကို ၎င်းတို့၏ စိတ်နှင့် အတွေးများတွင် သင်ယူကြသည်။ ယင်းတို့ကို ၎င်းတို့က မှတ်မိကြသည်၊ ဆွေးနွေးနိုင်ကြပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်ကြကာ ထို့နောက် နေရာတိုင်း၌ ထုတ်ပြကြသည်။ ၎င်းတို့ မည်မျှကြာ ဆက်ပြောဆိုဆွေးနွေးနေသည်ဖြစ်စေ သင် မမြင်ရသည့်အရာတစ်ခု ရှိ၏။ အယူဝါဒမည်မျှကို ၎င်းတို့ ပြောဆိုသည်ဖြစ်စေ၊ မည်မျှကောင်းစွာ ၎င်းတို့ ပြောနိုင်သည်ဖြစ်စေ၊ လူမည်မျှကို ၎င်းတို့ စကားပြောသည်ဖြစ်စေ၊ မည်သို့ ကျွမ်းကျင်စွာပြောသည်ဖြစ်စေ၊ အကြောင်းအရာ မည်မျှပါဝင်သည်ဖြစ်စေ၊ သို့မဟုတ် ထိုအရာက သမ္မာတရားနှင့်အညီ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ထိုအရာများမှ မည်သည့်ရလဒ်ကိုမျှ သင် မမြင်ရပေ။ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုကို သင် မမြင်ရပေ။ ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ ၎င်းတို့က သမ္မာတရားကို လက်မခံကြပေ။ သမ္မာတရားကို မည်သည့်အရာအဖြစ် ၎င်းတို့က သဘောထားကြလေပြီနည်း။ မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ဖို့ တန်ဆာပလာတစ်ခုအဖြစ် ဖြစ်သည်။ ဥပမာအနေဖြင့် ဘုရားသခင်က လူတို့အား ရိုးသားရန် ပြောပြီး၊ ရိုးသားသောလူတစ်ဦးက မည်သည့် သရုပ်သကန်များရှိသည်၊ ရိုးသားသော လူတစ်ဦးက မည်သို့ ပြောဆို၊ ပြုမူကာ မိမိတာဝန်ကို ထမ်းဆောင်သင့်သည်ဟူသည်တို့ကို ရှင်းပြသည်။ ဤအရာကို နားထောင်ပြီးနောက်တွင် ၎င်းတို့၏ တုံ့ပြန်ချက်မှာ အဘယ်နည်း။ ဤစကားများက ၎င်းတို့အပေါ် မည်သည့် သက်ရောက်မှုရှိသနည်း။ ဦးစွာပထမ ၎င်းတို့က ဤစကားများကို လုံးဝ လက်မခံကြပေ။ ၎င်းတို့၏သဘောထားမှာ အဘယ်နည်း။ “ကျွန်ုပ် ထိုအရာကို နားလည်သည်။ ရိုးသားသော လူတို့က မလိမ်ကြပါ၊ ရိုးသားသော လူတို့က အခြားသူများကို အမှန်တရား ပြောပြီး မိမိတို့ စိတ်နှလုံးများကို ဖွင့်ဟနိုင်ကြသည်။ ရိုးသားသောလူတို့က မိမိတို့ တာဝန်များကို ဝတ်ကျေတမ်းကျေ မဟုတ်ဘဲ သစ္စာစောင့်သိစွာ ထမ်းဆောင်ကြသည်” ဟူ၍ ဖြစ်၏။ ၎င်းတို့က ဤစကားများကို ၎င်းတို့၏ စိတ်နှလုံးများတွင် သဘောတရားတစ်ခုအဖြစ် ထိန်းသိမ်းထားကြသည်။ ဤသဘောတရားမျိုးသည် ၎င်းတို့၏ စိတ်နှလုံးများတွင် အမြစ်တွယ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ပြောင်းလဲစေနိုင်သလော။ (မပြောင်းလဲစေနိုင်ပါ။) သို့ဆိုလျှင် ထိုအရာကို ၎င်းတို့က အဘယ်ကြောင့် သတိရကြသေးသနည်း။ ၎င်းတို့က ဤစကားများ၏ မှန်ကန်မှုကို နှစ်သက်ကြပြီး အခြားသူများထံမှ သာ၍အလေးထားမှုကို ရရှိလျက် မိမိတို့ကိုယ်ကို ပြရုပ်တင်ဖို့အတွက် ဤမှန်ကန်သော သဘောတရားများကို အသုံးပြုကြသည်။ လူတို့က အလွန်အလေးထားကြသည့်အရာမှာ မည်သည့်အရာနည်း။ မှန်ကန်သည့် စကားများကို ကျွမ်းကျင်ပိုင်နိုင်စွာနှင့် အသေးစိတ် ပြောတတ်သည့် ၎င်းတို့၏ စွမ်းရည်ဖြစ်သည်။ ယင်းမှာ ဤလူတို့ အလိုရှိသည့်အရာဖြစ်သည်။ ဤစကားများကို ကြားပြီးနောက်တွင် ၎င်းတို့က အလေးအနက်ထားကြပြီလော။ (မထားကြသေးပါ။) အဘယ်ကြောင့် မထားကြသနည်း။ အဘယ်သို့ဖြစ်ပြီး သင်တို့ ပြောနိုင်သနည်း။ (ယင်းတို့ကို ၎င်းတို့က လက်တွေ့မလုပ်ဆောင်ကြပါ။) အဘယ်ကြောင့် ၎င်းတို့က လက်တွေ့မလုပ်ဆောင်ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “သို့ဆိုလျှင် ဤအရာများသည် ဘုရား၏ စကားများဖြစ်သလော။ ရိုးရှင်းပေသည်၊ ယင်းတို့ကို တစ်ကြိမ် ကြားပြီးနောက်တွင် ငါ မှတ်မိသည်။ ရိုးသားသော လူတစ်ဦးက မည်သို့ ပြုမူသင့်သည်ဟူသည်ကို တစ်ကြိမ်ကြားပြီးနောက်တွင် ငါ ရွတ်ပြနိုင်သည်။ သင်တို့အားလုံးက ထိုအရာကို မှတ်စုယူပြီး တွေးဆရန် လိုအပ်ကြဆဲဖြစ်သော်လည်း ငါ မလိုအပ်ပါ”ဟု တွေးကြသည်။ ၎င်းတို့က ဘုရားနှုတ်ကပတ်တော်များကို သဘောတရားတစ်မျိုး သို့မဟုတ် အသိပညာတစ်မျိုးအဖြစ် ယူဆကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ရိုးသားသောလူတစ်ဦး မည်သို့ဖြစ်ရမည်ကို မတွေးဆကြ၊ ၎င်းတို့သည် ဤအရာနှင့် မိမိတို့ကိုယ်ကို မယှဉ်ကြည့်ကြပေ၊ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့်ပတ်သက်၍ ၎င်းတို့ မည်သို့စံမမီသည် သို့မဟုတ် ရိုးသားသောလူတစ်ဦးဖြစ်ခြင်း စည်းမျဉ်းများကို ဆန့်ကျင်သည့် မည်သည့်လုပ်ရပ်များအား ၎င်းတို့ လုပ်ဆောင်မိသည်ဟူသည်ကို မြင်တွေ့ရန် ၎င်းတို့က မိမိတို့၏ လုပ်ရပ်များကို မဆန်းစစ်ကြပေ။ ပြီးလျှင် ၎င်းတို့က “ဤသည်တို့မှာ ဘုရားနှုတ်ကပတ်တော်များဖြစ်သောကြောင့် သမ္မာတရားဖြစ်သည်။ လူတို့အနေဖြင့် ရိုးသားသင့်သည်။ ထို့ကြောင့် ရိုးသားသော လူတစ်ဦးဖြစ်ရန်အလို့ငှာ မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်ကို စိတ်ကျေနပ်စေသည့် နည်းလမ်းတစ်ခုဖြင့် ငါ အဘယ်သို့ ပြုမူဆောင်ရွက်နိုင်သနည်း။ မရိုးသားသည့် မည်သည့်အရာကို ငါ လုပ်ဆောင်မိပြီနည်း။ မည်သည့် အပြုအမူများသည် ရိုးသားသောလူတစ်ဦး၏ အပြုအမူများ မဟုတ်သနည်း”ဟူ၍ လုံးဝ မစဉ်းစားကြပေ။ ၎င်းတို့သည် ဤကဲ့သို့ စဉ်းစားကြသလော။ (မစဉ်းစားကြပါ။) သို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ စဉ်းစားကြသနည်း။ ၎င်းတို့က “သို့ဆိုလျှင် ဤသည်မှာ ရိုးသားသောလူတစ်ဦး ဖြစ်သည်လော။ ဤသည်မှာ သမ္မာတရားဖြစ်သည်လော။ ဤသည်မှာ သဘောတရားတစ်ခု၊ ဆောင်ပုဒ်တစ်ခုသာဖြစ်သည် မဟုတ်လော။ မြင့်မားသော ကိုယ်ကျင့်တရား သဘောလက္ခဏာကိုသာ ခံယူလော့၊ ယင်းကို လက်တွေ့လုပ်ဆောင်ရန် မလိုအပ်ပါ”ဟု တွေးကြသည်။ ၎င်းတို့က အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်ကြသနည်း။ ၎င်းတို့က “ငါ့ စိတ်နှလုံးတွင် ရှိသည့် မည်သည့်အရာကိုမဆို အခြားသူတို့အား ငါ ပြောပြလျှင် ငါ့ကိုယ်ငါ ဖော်ထုတ်နေခြင်း ဖြစ်မည်မဟုတ်လော။ ငါ့ကိုယ်ငါ ဖော်ထုတ်ပြီး အခြားသူတို့က ငါ့ကို ရိပ်စားမိလျှင် ငါ့ကို အထင်ကြီးကြလိမ့်ဦးမည်လော။ ငါ စကားပြောလျှင် အခြားသူတို့က နားထောင်ကြလိမ့်ဦးမည်လော။ ဘုရားနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်မှာ ရိုးသားသော လူတစ်ဦးက မလိမ်ညာနိုင်ဟူ၍ ဖြစ်သည်။ လိမ်ညာခြင်းမရှိဘဲ လူတို့၏ စိတ်နှလုံးများတွင် လူတစ်ဦး၏ ကိုယ်ပိုင်အတွင်းရေး မကျန်ဘဲ နေမည်မဟုတ်လော။ ယင်းမှာ အခြားသူတို့အား ငါ့ကို ရိပ်စားမိခွင့်ပေးခြင်းဖြစ်မည် မဟုတ်လော။ ထိုသို့ အသက်ရှင်ခြင်းသည် မိုက်မဲမည် မဟုတ်လော”ဟု ခံစားကြသည်။ ဤသည်မှာ ၎င်းတို့၏ ရှုထောင့်ဖြစ်သည်။ မှန်ကန်မည်ဟု ၎င်းတို့ ယူဆသည့် သဘောတရားတစ်ခုကို ၎င်းတို့က လက်ခံသည့်အခါ ၎င်းတို့၏ စိတ်နှလုံးများတွင် အယူအဆများ ရသွားသည်ဟု ထိုအရာက ဆိုလိုပေသည်။ ဤအယူအဆများမှာ မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်သည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ ဤစကားများက ၎င်းတို့အပေါ် မည်သည့် သက်ရောက်မှုများ ရှိနိုင်သည်၊ ယင်းတို့က ၎င်းတို့ကို ပေးသည့် ကောင်းကျိုးများနှင့် ဆိုးကျိုးများဟူသည်တို့ကို ၎င်းတို့က ပထမဆုံးအနေဖြင့် စိစစ်ကြသည်။ ထိုစကားများကို ၎င်းတို့ စိစစ်ပြီး ယင်းတို့က ၎င်းတို့အား ကောင်းကျိုးမပေးသည်ကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က “ဤကဲ့သို့ ငါ လက်တွေ့လုပ်ဆောင်၍ မဖြစ်ပါ။ ဤအရာကို ငါ လုပ်ဆောင်မည် မဟုတ်ပါ။ ငါ ထိုမျှ မမိုက်မဲပါ။ ငါသည် သင်တို့လောက် မိုက်မဲကာ ရိုးအမည် မဟုတ်ပါ။ မည်သည့်အချိန်တွင်ဖြစ်စေ ငါ့ကိုယ်ပိုင် အမြင်များကို ငါ အမြဲ ဆုပ်ကိုင်ထားပြီး ငါ့ကိုယ်ပိုင် အမြင်များကို ထိန်းသိမ်းရမည်။ သင့်ထံတွင် အစီအစဉ်ပေါင်း တစ်ထောင်ရှိကောင်း ရှိနိုင်သော်လည်း ကျွန်ုပ်တွင် စည်းမျဉ်းတစ်ခု ရှိသည်။ ငါ့စိတ်နှလုံးတွင်ရှိသည့် အကြံအစည်ကို ငါ ဖော်ထုတ်၍မဖြစ်ပါ။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းသည် လူနုံလူအများအတွက် ဖြစ်သည်”ဟု စဉ်းစားကြသည်။ တစ်နည်းအားဖြင့် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ၎င်းတို့ ငြင်းပယ်ကြသည်။ နောက်တစ်နည်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦးကဲ့သို့၊ ဝိညာဉ်ရေးရာ ပြည့်ဝသော လူတစ်ဦးကဲ့သို့ မိမိတို့အပေါ် လူတို့က သာ၍ ရှုမြင်အောင်ပြုလုပ်လျက် မိမိတို့ကိုယ်ကို ပြရုပ်တင်ရန် အတော်ပင် ပဓာနကျသော စကားရပ်အချို့ကို မှတ်မိကြလေသည်။ ဤသည်မှာ ၎င်းတို့ စိတ်နှလုံးများတွင် တွက်ချက်ကြသည့် အရာဖြစ်သည်။
အန္တိခရစ်တို့သည် သမ္မာတရားကို ကြားပြီးနောက် ထိုသမ္မာတရားအပေါ် ထားရှိသော တုံ့ပြန်မှုမှနေ၍၊ ၎င်းတို့သည် သမ္မာတရားကို စိတ်ဝင်စားခြင်းမရှိသကဲ့သို့ ချစ်မြတ်နိုးခြင်းမရှိသည်မှာ သိသာထင်ရှားသည်။ ၎င်းတို့သည် အဘယ်အရာကို ချစ်မြတ်နိုးကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပို၍ စုံလင်စွာ၊ ပို၍ ဂုဏ်သိက္ခာရှိစွာ၊ ပို၍ တင့်တယ်စွာ ပြင်ဆင်နိုင်ပြီး လူတို့ကို မိမိတို့အား ပို၍ ကိုးကွယ်စေနိုင်သော မှန်ကန်သည့်၊ ဆန်းသစ်သည့်၊ အနည်းငယ် ပို၍ အဆင့်မြင့်ယဉ်ကျေးဖွယ်ရာဖြစ်သော သဘောတရားပိုင်းဆိုင်ရာ အသိပညာကို ချစ်မြတ်နိုးကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအရာနှင့်ပတ်သက်၍ အဘယ်အရာက ကောက်ကျစ်ဆိုးယုတ်သနည်း။ သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာအကြောင်းကို အန္တိခရစ်တစ်ဦးက မိတ်သဟာယဖွဲ့သည်ဖြစ်စေ လူတို့ကို အထင်အမြင်မှားစေရန်နှင့် မိမိတို့နောက်သို့ လိုက်စေရန်အတွက် ဖြစ်နိုင်ဖွယ်ရှိပုံရသော သဘောတရားတစ်စုံ သို့မဟုတ် မှန်ကန်သော စကားလုံးများကို အစဉ်သဖြင့် ဖန်တီးနိုင်ကြသည်။ ဤသည်မှာ စာတန်လောက်ပင် ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ ကောက်ကျစ်ဆိုးယုတ်မှုသည် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အကြံအစည်များ၊ ကြိုတင်ကြံရွယ်မှုများနှင့် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုကို ဆောင်ရွက်ရန်အတွက် သဘောတရားပိုင်းဆိုင်ရာ အခြေခံအကြောင်းရင်းတစ်ခု ရှာတွေ့ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းတည်းဟူသော အလံကို ဝှေ့ယမ်းလိုသည့် ပြည့်စုံသော အစီအစဉ်အစုတစ်ခုတို့၌ ထင်ရှားသည်။ ဤသည်မှာ အန္တိခရစ်၏ ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် မိမိတို့ကိုယ်ကို ကြွားဝါရန်အတွက်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကြောင်းအရာနှင့်မသက်ဆိုင်ဘဲ ကိုးကားကြသည်။ မိတ်သဟာယဖွဲ့ခြင်းများနှင့် တရားဒေသနာများကို ၎င်းတို့ နားထောင်ပြီး မိမိတို့ အသုံးပြုနိုင်သော ဆန်းသစ်သည့် စကားစုတစ်ခုကို ကြားသိရသောအခါ ချက်ချင်း မှတ်သားထားလိုက်ကြသည်။ လူနုံလူအများက ထိုသို့သော အပြုအမူကို မြင်တွေ့ပြီး “သူတို့သည် တရားဒေသနာတစ်ခုကို ကြားသည့်အခါတိုင်း မှတ်စုများ မှတ်သားလျက် ဖြောင့်မတ်ခြင်းတရားအတွက် အဘယ်မျှ ဆာလောင်မွတ်သိပ်လိုက်ပါသနည်း။ အရေးကြီးသောအချက်တိုင်းကို မှတ်သားထားလျက် သူတို့၌ ဝိညာဉ်ရေးရာ နားလည်မှု အဘယ်မျှ ရှိရမည်နည်း” ဟု တွေးထင်ကြသည်။ ၎င်းတို့၏ မှတ်စုမှတ်သားခြင်းသည် အခြားလူတို့၏ မှတ်စုမှတ်သားခြင်းနှင့် တူသလော။ မတူပါ။ အချို့လူတို့က၊ “ဤသည်မှာ ကောင်းသော ပြောဆိုချက်တစ်ခု ဖြစ်သည်။ ကျွန်ုပ် နားမလည်ပါ၊ သို့ဖြစ်၍ ကျွန်ုပ်၏ လက်တွေ့လုပ်ဆောင်မှုတွင် လမ်းကြောင်းတစ်ခုနှင့် စည်းမျဉ်းများ ရှိရန်အလို့ငှာ ယင်းကို မှတ်သားထားပြီး နောက်ပိုင်းတွင် လက်တွေ့လုပ်ဆောင်ရာ၌ ကျင့်သုံးရန် လိုအပ်သည်”ဟု စဉ်းစားကြသောကြောင့် မှတ်စုများ မှတ်သားကြခြင်း ဖြစ်သည်။ အန္တိခရစ်သည် ဤသို့ စဉ်းစားသလော။ ၎င်းတို့၏ စေ့ဆော်မှုမှာ အဘယ်နည်း။ ၎င်းတို့က “ယနေ့ သင်တို့ မည်သူမျှ မကြားဖူးသော သမ္မာတရားဆိုင်ရာ အချက်တစ်ခုကို ငါ မှတ်သားထားခဲ့ပြီး မည်သူ့ကိုမျှ ငါ ပြောပြမည်မဟုတ်သကဲ့သို့ အခြားသူများနှင့်လည်း ထိုအကြောင်းကို မိတ်သဟာယပြုမည်မဟုတ်ပါ။ ထိုအရာကို ငါ နားလည်သွားပြီဖြစ်ပြီး တစ်နေ့နေ့တွင် ထိုအကြောင်းကို သင်တို့အားလုံးအား ငါ ပြောပြပြီး သမ္မာတရားကို ငါ အမှန်တကယ် နားလည်ကြောင်း သင်တို့အား သိစေရန် ကြွားဝါမည်ဖြစ်ကာ လူတိုင်းက ၎င်းတို့၏ ထောက်ခံမှုကို ပြသကြလိမ့်မည်” ဟု စဉ်းစားကြသည်။ အန္တိခရစ်တို့သည် ဤသို့ မှတ်စုများ မှတ်သားပြီး ၎င်းတို့၏ မှတ်စုများက အတော်အတန် မှန်ကန်တိကျသောကြောင့် ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးပြီး ဆာငတ်ကြသည်ဟု သင်တို့ ထင်ကောင်းထင်နိုင်သည်။ သို့သော် မှတ်စုများ မှတ်သားပြီးသည့်နောက် အဘယ်အရာ ဖြစ်ပျက်သနည်း။ ၎င်းတို့သည် မိမိတို့၏ မှတ်စုစာအုပ်ကို ပိတ်လိုက်ပြီး ထိုမျှသာ ဖြစ်သည်။ တစ်နေ့တွင် ၎င်းတို့ တရားဟောဆရာတစ်ဦး ဖြစ်လာပြီး အဘယ်အရာ ဟောပြောရမည်ကို မသိသောအခါ မိမိတို့၏ မှတ်စုစာအုပ်ကို အလျင်အမြန် လှန်လှောကြည့်ရှုကြသည်၊ မိမိတို့၏ တရားဒေသနာနှင့်ဆိုင်သည့် အကြောင်းအရာကို စုစည်းကြသည်၊ ထိုအရာကို ဖတ်ရှုသည်၊ အလွတ်ကျက်မှတ်သည်၊ မိမိတို့စိတ်ထဲ၌ အားလုံး ရှင်းလင်းသွားသည်အထိ အလွတ် ပြန်လည်ရေးသားကြသည်။ ထိုအခါမှသာ ၎င်းတို့က မိမိတို့၌ နောက်ဆုံးတွင် “သမ္မာတရား” ရှိပြီဖြစ်ပြီး ၎င်းတို့ သွားသည့်နေရာတိုင်းတွင် ကြွားဝါပြောဆိုနိုင်ပြီဟု တွေးထင်လျက် “မိမိတို့ကိုယ်ကို ယုံကြည်စိတ်ချမှုရှိသည်” ဟု ခံစားကြရသည်။ ဤလူတို့ ပြောဆိုသည့်အရာ၏ လက္ခဏာရပ်တစ်ခုမှာ ထိုအရာသည် အနှစ်မဲ့သော အယူဝါဒများ၊ အကြောင်းပြချက်များနှင့် စည်းမျဉ်းစည်းကမ်းများချည်းသာ ဖြစ်နေခြင်း ဖြစ်သည်။ သင်တို့၌ တိကျသော အခက်အခဲများ ရှိသောအခါ သို့မဟုတ် ပြဿနာများကို တွေ့ရှိပြီး ၎င်းတို့ထံမှ ဖြေရှင်းချက်များကို ရှာဖွေသောအခါ ၎င်းတို့သည် ရှင်းလင်းစွာနှင့် ယုတ္တိရှိစွာ ပြောဆိုလျက် အယူဝါဒတစ်ပြုံတစ်မကိုသာ သင်တို့အား ပေးနေဆဲ ဖြစ်သည်။ အကယ်၍ ယင်းကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ၎င်းတို့အား မေးမြန်းပါက ၎င်းတို့ ပြောရမည့်စကားမသိကြတော့ပေ။ အကယ်၍ ၎င်းတို့သည် ယင်းကို ရှင်းလင်းစွာ မပြောဆိုနိုင်ပါက ဆိုးရွားသော ပြဿနာတစ်ခု ရှိနေပြီဖြစ်ပြီး ထိုအရာက ၎င်းတို့အနေဖြင့် သမ္မာတရားကို နားမလည်ကြောင်း သက်သေပြပေသည်။ သမ္မာတရားကို နားမလည်သောသူများနှင့် သမ္မာတရားကို မချစ်မြတ်နိုးသောသူတို့သည် ထိုသမ္မာတရားကို ပြောဆိုချက်တစ်မျိုး သို့မဟုတ် သဘောတရားတစ်မျိုးအဖြစ်သာ မကြာခဏ သဘောထားကြသည်။ နောက်ဆုံးတွင် အဘယ်အရာ ဖြစ်ပျက်သနည်း။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးနောက်တွင်၊ ၎င်းတို့အပေါ် တစ်စုံတစ်ရာ ကျရောက်သောအခါ ထိုအရာကို ၎င်းတို့ ရိပ်စားမိနိုင်ခြင်းမရှိပေ။ ၎င်းတို့ကျိုးနွံနာခံနိုင်ခြင်းမရှိသကဲ့သို့သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို မသိကြပေ။ တစ်စုံတစ်ယောက်က ၎င်းတို့နှင့် မိတ်သဟာယပြုသောအခါ ၎င်းတို့ တုံ့ပြန်သည့် “ကျော်ကြားသော ဆိုရိုးစကား” တစ်ခု ရှိသည်။ “မည်သည့်အရာကိုမျှ ကျွန်ုပ်အား မပြောပါနှင့်၊ မည်သည့်အရာကိုမဆို ကျွန်ုပ်နားလည်ပါသည်။ ကျွန်ုပ် တရားဟောပြောနေစဉ်အခါက သင်တို့သည် လမ်းပင် မလျှောက်တတ်သေးပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ “ကျော်ကြားသော ဆိုရိုးစကား” ဖြစ်သည်။ ၎င်းတို့သည် အရာရာကို နားလည်သည်ဟု အခိုင်အမာ ဆိုကြသည်။ သို့ဖြစ်၍ ပြဿနာများ ပေါ်ပေါက်သည့်အခါတိုင်း အဘယ်ကြောင့် ၎င်းတို့ အကျပ်ရိုက်ကြသနည်း။ နားလည်သောသူတစ်ဦးအနေဖြင့် သင်တို့သည် အဘယ်ကြောင့် အရေးယူဆောင်ရွက်ခြင်း မရှိနိုင်သနည်း။ အဘယ်ကြောင့် ဤကိစ္စရပ်က သင်တို့ကို အဟန့်အတားဖြစ်စေပြီး စိတ်ရှုပ်ထွေးစေသနည်း။ သမ္မာတရားကို သင်တို့ နားလည်သလော၊ နားမလည်သလော။ အကယ်၍ သင်တို့ နားလည်ပါက အဘယ်ကြောင့် လက်မခံနိုင်ရသနည်း။ အကယ်၍ သင်တို့ နားလည်ပါက အဘယ်ကြောင့် ကျိုးနွံနာခံနိုင်ခြင်း မရှိသနည်း။ သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် လူတို့ ပထမဦးဆုံး ပြုလုပ်သင့်သည့်အရာမှာ အဘယ်နည်း။ ၎င်းတို့ကျိုးနွံနာခံသင့်ပေသည်၊ အခြားမည်သည့်အရာမျှ မရှိပေ။ လူအချို့က “အရာရာကို ကျွန်ုပ် နားလည်ပါသည်။ ကျွန်ုပ်နှင့် မိတ်သဟာယမဖွဲ့ပါနှင့်။ အခြားသူများထံမှ အကူအညီ ကျွန်ုပ် မလိုအပ်ပါ”ဟု ဆိုကြသည်။ ၎င်းတို့ကို ကူညီရန် မလိုအပ်ပါက ကိစ္စမရှိပေ။ သို့သော် စိတ်မကောင်းစရာအချက်မှာ ၎င်းတို့ အားနည်းသောအခါ ၎င်းတို့ နားလည်သော ထိုအယူဝါဒများသည် အနည်းငယ်မျှပင် အသုံးမဝင်တော့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကိုပင် မထမ်းဆောင်လိုကြတော့ဘဲ မိမိတို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်ရန် ဆိုးယုတ်သော ဆန္ဒတစ်ခုလည်း ပေါ်ပေါက်လာသည်။ ဓမ္မပညာဆိုင်ရာ သဘောတရားများကို နှစ်ပေါင်းများစွာ ဟောပြောပြီးနောက် ထိုကဲ့သို့ပင် ၎င်းတို့သည် ယုံကြည်ခြင်းကို ရပ်တန့်လိုက်ကြပြီး ထိုသို့ပင် ထွက်သွားကြသည်။ ၎င်းတို့၌ ဝိညာဉ်ရင့်ကျက်မှု တစ်ခုတလေ ရှိသလော။ (မရှိပါ။) ဝိညာဉ်ရင့်ကျက်မှုမရှိလျှင် အသက်မရှိပေ။ အကယ်၍ သင်တို့၌ အသက်ရှိပါက အဘယ်ကြောင့် ထိုသို့ သေးငယ်သည့်ကိစ္စရပ်တစ်ခုကို မကျော်လွှားနိုင်ရသနည်း။ သင်တို့သည် အတော်ပင်စကားပြောကောင်းသည် မဟုတ်လော။ သို့ဆိုလျှင် သင်တို့ကိုယ်သင်တို့ ဖျောင်းဖျကြလော့။ သင်တို့ကိုယ်သင်တို့ပင် အယုံသွင်းနိုင်ခြင်းမရှိပါက၊ သင်တို့ နားလည်သည်မှာ အတိအကျ အဘယ်အရာ ဖြစ်သနည်း။ သမ္မာတရား ဖြစ်သလော။ သမ္မာတရားသည် လူတို့၏ တကယ့်အခက်အခဲများကို ဖြေရှင်းပေးနိုင်ပြီး လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း ဖြေရှင်းပေးနိုင်သည်။ သင်တို့ နားလည်သော ထို “သမ္မာတရားများ” သည် အဘယ်ကြောင့် သင်တို့၏ ကိုယ်ပိုင် အခက်အခဲများကိုပင် မဖြေရှင်းပေးနိုင်ရသနည်း။ သင်တို့ နားလည်သည့်အရာသည် အတိအကျ အဘယ်အရာ ဖြစ်သနည်း။ ထိုအရာသည် အယူဝါဒများသာ ဖြစ်သည်။
အန္တိခရစ်များ၏ သတ္တမမြောက် သရုပ်သကန်ဖြစ်သော ၎င်းတို့က ကောက်ကျစ်ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်ဖြားတတ်သည်ဟူသည့်အချက်နှင့်စပ်လျဉ်း၍၊ ဤသရုပ်သကန်၏ တတိယအပိုင်းဖြစ်သော အသိပညာနှင့် ကျမ်းတတ်ပညာကို ၎င်းတန်ဖိုးထားသည်ဟူသည့်အကြောင်းကို ငါ ယခုလေးတင် ပြောဆိုခဲ့သည်။ အန္တိခရစ်များသည် အသိပညာနှင့် ပညာအရည်အသွေးကို တန်ဖိုးထားသည်၊ ဤအရာနှင့်ပတ်သက်၍ အဘယ်အရာက သူတို့၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားကို သရုပ်ဖော်နိုင်သနည်း။ အသိပညာနှင့် ပညာအရည်အသွေးကို တန်ဖိုးထားခြင်းသည် ၎င်းတို့၌ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရရှိကြောင်း ဆိုလိုသည်ဟု အဘယ်ကြောင့် ဆိုရသနည်း။ ငါတို့သည် ဤနေရာ၌ အချက်အလက်များကို သေချာပေါက် ပြောဆိုရမည်ဖြစ်သည်။ ငါတို့က အနှစ်မဲ့သော စကားများ သို့မဟုတ် သဘောတရားများကိုသာ ဆွေးနွေးခဲ့သည့်အလား၊ လူတို့သည် ဤအရာအပေါ် တစ်ဖက်သတ်ခံယူကာ ဤအရာအပေါ် စေ့စပ်သော သိနားလည်မှုကို လျော့နည်းကောင်းလျော့နည်းသွားနိုင်သည်။ ပထမဦးစွာ သမိုင်းတွင် ပို၍ ရှေးကျသော အရာတစ်ခုခုဖြင့် အစပြုကြစို့။ ငါ စကားပြောနေစဉ် ငါ၏ စကားများကို အန္တိခရစ်များ၏ လုပ်ဆောင်ချက်များ၊ အပြုအမူများနှင့် တိုက်ဆိုင်စစ်ဆေးကြလော့။ ပြီးလျှင် အန္တိခရစ်များ၏ သရုပ်သကန်များနှင့် အနှစ်သာရနှင့်လည်း တိုက်ဆိုင်စစ်ဆေးကြလော့။ လွန်ခဲ့သော အနှစ်နှစ်ထောင်က ဖာရိရှဲများအကြောင်းကို ဦးစွာ ပြောကြစို့။ ထိုအချိန်က ဖာရိရှဲများသည် သူတော်ကောင်းယောင်ဆောင်သောသူများ ဖြစ်ကြသည်။ ဘုရားသခင်သည် ပထမဦးဆုံးအကြိမ် လူ့ဇာတိခံယူပြီး ပေါ်ထွန်းကာ အမှုပြုခဲ့ချိန်တွင်၊ ဖာရိရှဲများသည် သမ္မာတရားကို တစ်စက်မျှ လက်မခံခဲ့ကြရုံသာမက သခင်ယေရှုကိုပင် ပြင်းထန်စွာ ရှုတ်ချပြီး ဆန့်ကျင်ခဲ့ကြကာ၊ ထိုသို့ဖြင့်ဘုရားသခင်၏ ကျိန်ခြင်းကို ခံခဲ့ကြရသည်။ ဤအရာက ဖာရိရှဲများသည် အန္တိခရစ်များ၏ စံပြုလောက်သော ကိုယ်စားပြုသူများဖြစ်ကြောင်း အတည်ပြုနိုင်သည်။ “အန္တိခရစ်များ” ဟူသည်မှာ ဖာရိရှဲများအတွက် နောက်ထပ်အမည်တစ်ခု ဖြစ်လာခဲ့ပြီး အနှစ်သာရအားဖြင့် ဖာရိရှဲများသည် အန္တိခရစ်များကဲ့သို့သော လူစားမျိုးပင် ဖြစ်ကြသည်။ ထို့ကြောင့် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို စိတ်ဖြာလေ့လာဆွေးနွေးရန် ဖာရိရှဲများဖြင့် အစပြုခြင်းသည် ဖြတ်လမ်းတစ်ခုဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်တစ်ဦး၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း လူတို့အား ပြသခဲ့သည့် အဘယ်အရာများကို ဖာရိရှဲများက ပြုလုပ်ခဲ့ကြသနည်း။ အန္တိခရစ်များသည် အသိပညာနှင့် ပညာအရည်အသွေးကို တန်ဖိုးထားကြောင်း ငါ ယခုလေးတင် ဖော်ပြခဲ့သည်။ အသိပညာနှင့် ပညာအရည်အသွေးသည် မည်သည့်လူများနှင့် နီးကပ်စွာ ဆက်စပ်နေသနည်း။ ဤအရာများ၏ ပြယုဂ်များမှာ မည်သူတို့ ဖြစ်သနည်း။ ၎င်းတို့သည် မဟာဘွဲ့နှင့် ပါရဂူဘွဲ့ ကျောင်းသားများကို ရည်ညွှန်းသလော။ မရည်ညွှန်းပေ၊ ယင်းမှာ အလွန်အလှမ်းကွာသွားပေမည်။ ၎င်းတို့သည် ဖာရိရှဲများကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဖာရိရှဲများက သူတော်ကောင်းယောင်ဆောင်ရသည့် အကြောင်းရင်း၊ ကောက်ကျစ်ဆိုးယုတ်ကြသည့်အကြောင်းရင်းမှာ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် အသိပညာကို နှစ်သက်ကြခြင်း ကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ကျမ်းစာကိုသာ လေ့လာကြပြီး ကျမ်းဆိုင်ရာ အသိပညာကို လိုက်စားကြသည့်တိုင် သမ္မာတရား သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို လုံးဝ လက်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ ဘုရားသခင်ထံ ဆုမတောင်းကြသကဲ့သို့ သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် မိတ်သဟာယပြုခြင်း မရှိကြပေ။ ထိုအစား ဘုရားသခင် ပြောဆိုကာ လုပ်ဆောင်ပြီးသောအရာကို လေ့လာရင်း၊ ထိုသို့ဖြင့် အခြားသူတို့အား သွန်သင်ပေးရန် ဘုရားနှုတ်ကပတ်တော်များကို သဘောတရားတစ်ခု၊ အယူဝါဒတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လျက် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ လေ့လာကြသည်။ ယင်းကို ပညာရပ်ဆိုင်ရာ လေ့လာမှုဟု ခေါ်သည်။ ၎င်းတို့သည် အဘယ်ကြောင့် ပညာရပ်ဆိုင်ရာ လေ့လာမှုကို လုပ်ဆောင်ကြသနည်း။ မည်သည့်အရာကို ၎င်းတို့ လေ့လာနေကြသနည်း။ ၎င်းတို့၏ အမြင်တွင် ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များ သို့မဟုတ် ဘုရားသခင်၏ ဖော်ပြချက် မဟုတ်သကဲ့သို့ သမ္မာတရား သာ၍ပင် မဟုတ်ချေ။ ထို့ထက် ပညာအရည်အသွေးတစ်မျိုးဖြစ်သည် သို့မဟုတ် ဓမ္မပညာဆိုင်ရာ အသိပညာဟုပင် ဆိုနိုင်သည်ဟူ၍ ဖြစ်၏။ ၎င်းတို့၏ အမြင်တွင် ဤအသိပညာ၊ ဤပညာအရည်အသွေးကို ဖြန့်ဖြူးခြင်းသည် ဘုရားသခင်၏ လမ်းခရီးကို ဖြန့်ဝေခြင်း၊ ဧဝံဂေလိကို ဖြန့်ဝေခြင်းဖြစ်သည်။ ဤသည်မှာ တရားဟောခြင်းဟု ၎င်းတို့ ခေါ်ဆိုသည့်အရာဖြစ်သော်လည်း ၎င်းတို့ ဟောသမျှမှာ ဓမ္မပညာဆိုင်ရာ အသိပညာဖြစ်သည်။
ဖာရိရှဲများ၏ ကောက်ကျစ်ဆိုးယုတ်သော ကဏ္ဍများက မည်သို့ ထင်ရှားသနည်း။ ပထမဦးစွာ ဖာရိရှဲတို့က လူ့ဇာတိခံ ဘုရားသခင်ကို မည်သို့ ဆက်ဆံခဲ့သည်ဟူသည့်အချက်ဖြင့် ငါတို့၏ ဆွေးနွေးမှုကို အစပြုကြစို့။ ထို့နောက်တွင် သင်တို့သည် အနည်းငယ် ပို၍ နားလည်ကောင်း နားလည်နိုင်မည်ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်အကြောင်း ပြောရမည်ဆိုလျှင်၊ လွန်ခဲ့သော အနှစ်နှစ်ထောင်က လူ့ဇာတိခံ ဘုရားသခင်သည် မည်သည့် မိသားစုနှင့် နောက်ခံအခြေအနေမျိုးတွင် မွေးဖွားခဲ့သည်ကို ငါတို့ ဦးစွာ ပြောဆိုရပေမည်။ ပထမဦးစွာ သခင်ယေရှုသည် ကြွယ်ဝချမ်းသာသော မိသားစုတွင် လုံးဝ မွေးဖွားခဲ့သည် မဟုတ်ပေ။ သူ၏ မျိုးရိုးသည် အလွန်ထင်ရှားကျော်ကြားခြင်း မရှိခဲ့။ သူ၏ မွေးစားဖခင် ယောသပ်သည် လက်သမားတစ်ဦးဖြစ်ပြီး သူ၏ မယ်တော် မာရိသည် သာမန် ယုံကြည်သူတစ်ဦး ဖြစ်ခဲ့သည်။ သူ့ မိဘများ၏ ပင်ကိုလက္ခဏာနှင့် လူမှုအဆင့်အတန်းသည် သခင်ယေရှု မွေးဖွားခဲ့သော မိသားစုနောက်ခံကို ကိုယ်စားပြုပြီး သူသည် သာမန်မိသားစုတစ်ခုတွင် မွေးဖွားခဲ့သည်မှာ သိသာထင်ရှားပေသည်။ “သာမန်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သာမန်လူထုကို ရည်ညွှန်းသည်။ လူ့အဖွဲ့အစည်း၏ အောက်ခြေအဆင့်ရှိ သာမန်အိမ်ထောင်စုတစ်ခုကို ရည်ညွှန်းပြီး မြင့်မြတ်သော မိသားစုများနှင့် လုံးဝပတ်သက်ခြင်းမရှိ၊ အရေးပါသော အဆင့်အတန်းနှင့် အနည်းငယ်မျှပင် မဆက်စပ်သည့်အပြင် အထက်တန်းလွှာလည်း သေချာပေါက် မဟုတ်ပေ။ မည်သည့် ထင်ရှားကျော်ကြားသော လူမှုအဆင့်အတန်း သို့မဟုတ် ထူးခြားသော မိသားစုနောက်ခံမျှ မရှိဘဲလျက် သာမန်မိဘများဖြင့် သာမန်မိသားစုတစ်ခုထဲသို့ မွေးဖွားခဲ့သည်။ သခင်ယေရှု၏ မွေးဖွားခြင်းနှင့်ဆိုင်သော နောက်ခံနှင့် မိသားစုသည် သာမန်အရိုးရှင်းဆုံးဖြစ်ခဲ့သည်မှာ သိသာထင်ရှားပေသည်။ သခင်ယေရှုသည် အထူးပညာရေးတစ်ခုခုကို သင်ယူခဲ့ရကြောင်း သမ္မာကျမ်းစာက မှတ်တမ်းတင်ထားသလော။ သူသည် ဓမ္မတက္ကသိုလ်တစ်ခုခုမှ ပညာရေးကို သင်ယူခဲ့သလော။ ယဇ်ပုရောဟိတ်အကြီးတစ်ဦး၏ လေ့ကျင့်သင်ကြားမှုကို သူ ခံယူခဲ့သလော။ ပေါလုကဲ့သို့ စာအုပ်များစွာကို သူဖတ်ရှုခဲ့သလော။ သူသည် လူမှုအထက်တန်းလွှာ သို့မဟုတ် ယုဒဘာသာ၏ ယဇ်ပုရောဟိတ်အကြီးများနှင့် အနီးကပ် ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် ပေါင်းသင်းဆက်ဆံခြင်း ရှိခဲ့သလော။ မရှိခဲ့ပေ။ သခင်ယေရှု မွေးဖွားရာမိသားစု၏ လူမှုအဆင့်အတန်းကို ကြည့်ခြင်းအားဖြင့် သူသည် ယုဒလူမျိုး ကျမ်းတတ်များနှင့် ဖာရိရှဲများ၏ အထက်တန်းအလွှာနှင့် ထိတွေ့ဆက်ဆံရလိမ့်မည်မဟုတ်ကြောင်း သိသာထင်ရှားသည်။ သူသည် အခြေခံအားဖြင့် သာမန်ယုဒလူမျိုးများကြား၌သာ နေထိုင်ရန် ကန့်သတ်ခြင်း ခံခဲ့ရသည်။ ရံဖန်ရံခါ သူသည် တရားဇရပ်သို့ သွားရောက်ခဲ့ပြီး သူတွေ့ဆုံခဲ့သော လူများအားလုံးမှာ သာမန်လူများသာ ဖြစ်ကြသည်။ ဤသည်မှာ အဘယ်အရာကို ပြသသနည်း။ သခင်ယေရှု ကြီးပြင်းလာသည်နှင့်အမျှ၊ သူ၏ အမှုတော်ကို တရားဝင် မထမ်းဆောင်မီ သူ ကြီးပြင်းလာခဲ့သော နောက်ခံအခြေအနေသည် မပြောင်းလဲဘဲ ရှိနေခဲ့သည်။ အသက် တစ်ဆယ့်နှစ်နှစ် နောက်ပိုင်းတွင် လူ့အဖွဲ့အစည်း သို့မဟုတ် ဘာသာရေးလောက၏ အထက်တန်းစားများနှင့် ပေါင်းသင်းဆက်ဆံရန် အခွင့်အရေး ရရှိဖို့ မဆိုထားနှင့်၊ သူ၏ အိမ်ထောင်စုက ချမ်းသာကြွယ်ဝလာခြင်း မရှိခဲ့သကဲ့သို့ သူသည်လည်း ချမ်းသာသူတစ်ဦး ဖြစ်မလာခဲ့ပေ။ ပြီးလျှင် သူ၏ ကြီးပြင်းလာစဉ်ကာလအတောအတွင်း အဆင့်မြင့်ပညာရေးကို သင်ယူရန် အခွင့်အရေးလည်း သူ မရရှိခဲ့ပေ။ ဤအရာက နောင်လာနောက်သားများအတွက် အဘယ်သတင်းစကားကို ပေးသနည်း။ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော ဤသာမန်နှင့် ပုံမှန်လူပုဂ္ဂိုလ်သည် အဆင့်မြင့်ပညာရေးကို သင်ယူရန် အခွင့်အရေးဖြစ်စေအခြေအနေဖြစ်စေ မရှိခဲ့ပေ။ သူသည် သာမန်လူများကဲ့သို့ပင် ဖြစ်ခဲ့သည်။ သူသည် သာမန်လူမှုပတ်ဝန်းကျင်တစ်ခု၊ သာမန်မိသားစုတစ်ခု၌ အသက်ရှင်နေထိုင်ခဲ့ပြီး သူနှင့်ပတ်သက်၍ ထူခြားသည့်အရာ မည်သည့်အရာမျှ မရှိခဲ့ပေ။ ဤအကြောင်းကြောင့်ပင် ထိုကျမ်းတတ်များနှင့် ဖာရိရှဲများသည် သခင်ယေရှု၏ တရားဒေသနာများနှင့် လုပ်ဆောင်ချက်များအကြောင်းကို ကြားသိပြီးနောက် ထရပ်ကာ သူ့ကို ပွင့်လင်းစွာ တရားစီရင်ခြင်း၊ ပြစ်မှားစော်ကားခြင်းနှင့် ရှုတ်ချခြင်းတို့ကို ပြုဝံ့ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့၏ ရှုတ်ချမှုအတွက် အဘယ်အခြေခံအကြောင်းရင်း ၎င်းတို့၌ ရှိခဲ့သနည်း။ ယင်းမှာ ဓမ္မဟောင်းကျမ်း၏ ပညတ်တရားများနှင့် စည်းမျဉ်းစည်းကမ်းများအပေါ် အခြေခံခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ပထမဦးစွာ သခင်ယေရှုသည် သူ၏ တပည့်တော်များကို ဥပုသ်နေ့အား မစောင့်ထိန်းရန် ဦးဆောင်ခဲ့သည်။ သူသည် ဥပုသ်နေ့၌ပင် အလုပ်လုပ်ခဲ့သည်။ ထို့အပြင် သူသည် ပညတ်များနှင့် စည်းမျဉ်းစည်းကမ်းများကို မစောင့်ထိန်းခဲ့သကဲ့သို့ ဗိမာန်တော်သို့လည်း မသွားခဲ့ပေ။ အပြစ်သားများနှင့် သူ ကြုံရသောအခါ၊ အချို့လူများက ထိုသူတို့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို သူ့အား မေးမြန်းခဲ့ကြသော်လည်း သူသည် ပညတ်တရားအတိုင်း ထိုသူတို့ကို မကိုင်တွယ်ခဲ့ဘဲ ထိုအစား သနားကြင်နာမှု ပြသခဲ့သည်။ သခင်ယေရှုလုပ်ဆောင်ချက်များ၏ ဤသွင်ပြင်လက္ခဏာတစ်ခုမျှ ဖာရိရှဲများ၏ ဘာသာရေးဆိုင်ရာ အယူအဆများနှင့် မကိုက်ညီခဲ့ပေ။ ၎င်းတို့သည် သမ္မာတရားကို မချစ်မြတ်နိုးသောကြောင့် သခင်ယေရှုကို မုန်းတီးခဲ့ကြသည်။ ၎င်းတို့သည် သခင်ယေရှုက ပညတ်တရားအား ချိုးဖောက်သည်ဟူသော အကြောင်းပြချက်ကို အမိအရအသုံးချပြီး သူ့ကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ကြကာ သူ့ကို အသေသတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အကယ်၍ သခင်ယေရှုသည် ထင်ရှားကျော်ကြားပြီး အောင်မြင်သော မိသားစုတစ်ခုတွင် မွေးဖွားခဲ့ပါက၊ အကယ်၍ သူသည် အဆင့်မြင့်ပညာတတ်တစ်ဦး ဖြစ်ခဲ့ပါက၊ အကယ်၍ သူသည် ဤကျမ်းတတ်များ၊ ဖာရိရှဲများနှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့ပါက ထိုအချိန်က အမှုအရာများသည် နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သကဲ့သို့ သူ၏အပေါ်၌ ဖြစ်ပျက်ခဲ့မည် မဟုတ်ပေ။ ထိုအရာများပြောင်းလဲသွားကောင်း ပြောင်းလဲသွားနိုင်ပါသည်။ သူ၏ သာမန်ဖြစ်မှု၊ သူ၏ ပုံမှန်ဖြစ်မှုနှင့် သူ၏ မွေးဖွားရာနောက်ခံတို့ကြောင့်ပင် သူသည် ဖာရိရှဲများ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ သခင်ယေရှုကို ပြစ်တင်ရှုတ်ချခြင်းအတွက် ၎င်းတို့၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ထာဝရကာလပတ်လုံး မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ဟု သူတို့ ယုံကြည်ခဲ့ကြသည့် ၎င်းတို့ စွဲကိုင်ထားသော ထိုစည်းမျဉ်းစည်းကမ်းများနှင့် ပညတ်များပင် ဖြစ်သည်။ ဖာရိရှဲတို့သည် ၎င်းတို့ သဘောပေါက်နားလည်သော ဓမ္မပညာဆိုင်ရာ သဘောတရားများကို အသိပညာအဖြစ်လည်းကောင်း၊ လူတို့ကို အကဲဖြတ်ရန်နှင့် ပြစ်တင်ရှုတ်ချရန်အတွက် တန်ဆာပလာတစ်ခုအဖြစ်လည်းကောင်း စွဲကိုင်ထားခဲ့ကြပြီး သခင်ယေရှုအပေါ်၌ပင် ထိုအရာကို အသုံးပြုခဲ့ကြသည်။ ဤသည်မှာ သခင်ယေရှု ပြစ်တင်ရှုတ်ချခြင်း ခံခဲ့ရပုံ ဖြစ်သည်။ လူတစ်ဦးကို ၎င်းတို့ အကဲဖြတ်သည့် သို့မဟုတ် ဆက်ဆံသည့်ပုံစံသည် ထိုလူ၏ အနှစ်သာရအပေါ်၌ဖြစ်စေ၊ ထိုသူ ဟောပြောသည့်အရာက သမ္မာတရား ဟုတ်မဟုတ်ဟူသည့်အပေါ်၌ဖြစ်စေ လုံးဝ မမူတည်ခဲ့သကဲ့သို့ထိုသူ ပြောဆိုသော စကားများ၏ ရင်းမြစ်အပေါ်တွင် သာ၍ပင် မမူတည်ပေ။ ဖာရိရှဲတို့က လူတစ်ဦးကို အကဲဖြတ်သည့် သို့မဟုတ် ပြစ်တင်ရှုတ်ချသည့်ပုံစံသည် ၎င်းတို့ သဘောပေါက်နားလည်သော ဓမ္မဟောင်းကျမ်းထဲက စည်းမျဉ်းစည်းကမ်းများ၊ စကားလုံးများနှင့် အယူဝါဒများအပေါ်၌သာ မူတည်ခဲ့သည်။ သခင်ယေရှု ပြောဆိုပြီး လုပ်ဆောင်ခဲ့သည့်အရာသည် အပြစ်တစ်ခု သို့မဟုတ် ပညတ်တရားကို ချိုးဖောက်ခြင်းမဟုတ်ကြောင်းကို ဖာရိရှဲတို့က မိမိတို့စိတ်နှလုံးထဲ၌ သိရှိခဲ့ကြသော်လည်း သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြဆဲဖြစ်သည်။ အကြောင်းမှာ သူ ဖော်ပြခဲ့သော သမ္မာတရားများ၊ သူ ပြုခဲ့သော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုများက လူများစွာတို့ကို သူ့နောက်သို့လိုက်စေခဲ့ပြီး သူ့ကို ချီးမွမ်းစေခဲ့သောကြောင့် ဖြစ်သည်။ ဖာရိရှဲတို့သည် သူ့အပေါ် ပို၍ပို၍ မုန်းတီးလာခဲ့ကြပြီး သူ့ကို ရှင်းပစ်ရန်ပင် အလိုရှိခဲ့ကြသည်။ သခင်ယေရှုက ကြွလာမည့် မေရှိယဖြစ်သည်ကို ၎င်းတို့ အသိအမှတ်မပြုခဲ့ကြသကဲ့သို့ သူ၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားရှိကြောင်းကိုလည်း အသိအမှတ်မပြုခဲ့ကြပေ။ သူ၏ အမှုတော်သည် သမ္မာတရားနှင့် ကိုက်ညီကြောင်းကို သာ၍ပင် အသိအမှတ်မပြုခဲ့ကြပေ။ ၎င်းတို့သည် သခင်ယေရှုကို ရဲတင်းလွန်းသော စကားများ ပြောဆိုကာ နတ်ဆိုးတို့၏ မင်းဖြစ်သော ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးများကို နှင်ထုတ်သည်ဟူ၍ တရားစီရင်ခဲ့ကြသည်။ ဤအပြစ်များကို သခင်ယေရှုအပေါ် ၎င်းတို့ ပုံချနိုင်ခဲ့ခြင်းက ၎င်းတို့အနေဖြင့် သူ့အပေါ် မည်မျှ မုန်းတီးကြောင်း ပြသနေသည်။ ထို့ကြောင့် သခင်ယေရှုကို ဘုရားသခင် စေလွှတ်ခဲ့ကြောင်း၊ သူသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း၊ သူသည် မေရှိယဖြစ်ကြောင်းကို ပြင်းထန်စွာ ငြင်းပယ်ရန် ၎င်းတို့ လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့ ဆိုလိုသည့်အရာမှာ၊ “ဘုရားသည် ဤသို့သောနည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်မည်လော။ အကယ်၍ ဘုရားက လူ့ဇာတိခံယူခဲ့ပါက သူသည် အလွန်ရှိန်လောက်သော အဆင့်အတန်းရှိသည့် မိသားစုတစ်ခုတွင် မွေးဖွားခဲ့ရပေမည်။ ပြီးလျှင် သူသည် ကျမ်းတတ်များနှင့် ဖာရိရှဲများထံမှ သင်ကြားမှုကို လက်ခံရပေမည်။ သူသည် သမ္မာကျမ်းစာကို စနစ်တကျ လေ့လာရပေမည်၊ ကျမ်းစာဆိုင်ရာ အသိပညာကို သဘောပေါက်နားလည်ရမည်၊ ‘လူ့ဇာတိခံ ဘုရား’ ဟူသောအမည်ကို ခံယူနိုင်ခြင်းမပြုမီ သမ္မာကျမ်းစာပါ အသိပညာအားလုံးနှင့် ပြည့်စုံရပေမည်” ဟူ၍ ဖြစ်သည်။ သို့သော် သခင်ယေရှုသည် ဤအသိပညာနှင့် ပြင်ဆင်ထားခြင်း မရှိခဲ့ပေ။ သို့ဖြစ်၍ ၎င်းတို့က “ပထမဦးစွာ သင်သည် ထိုသို့ အရည်အချင်းမပြည့်မီပါ။ သို့ဖြစ်၍ သင်သည် ဘုရားမဖြစ်နိုင်ပါ၊ ဒုတိယအနေဖြင့် ဤကျမ်းစာဆိုင်ရာ အသိပညာမရှိဘဲ သင်သည် ဘုရားဖြစ်နိုင်ဖို့ မဆိုထားနှင့်၊ ဘုရား၏ အမှုတော်ကို မဆောင်ရွက်နိုင်ပါ။ တတိယအနေဖြင့် သင်သည် ဗိမာန်တော်အပြင်ဘက်၌ အမှုမပြုရပါ။ သင်သည် ယခု ဗိမာန်တော်၌ အမှုမပြုဘဲ အပြစ်သားများအကြား၌ အစဉ် ရှိနေပါသည်။ သို့ဖြစ်၍ သင် လုပ်ဆောင်သော အမှုသည် သမ္မာကျမ်းစာ၏ နယ်ပယ်ထက် ကျော်လွန်နေပါသည်။ ယင်းက သင်ဘုရားဖြစ်ဖို့ သာ၍ပင် မဖြစ်နိုင်အောင် ဖြစ်စေသည်” ဟု ဆိုလျက် သူ့ကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ၎င်းတို့ရှုတ်ချခြင်း၏ အခြေခံအကြောင်းရင်းသည် မည်သည့်နေရာမှ လာသနည်း။ သမ္မာကျမ်းစာမှ၊ လူသား၏စိတ်မှ၊ ပြီးလျှင် ၎င်းတို့ လက်ခံရရှိထားသည့် ဓမ္မပညာဆိုင်ရာ ပညာရေးမှ ဖြစ်သည်။ ၎င်းတို့သည် အယူအဆများ၊ စိတ်ကူးထင်မြင်မှုများနှင့် အသိပညာများဖြင့် ပြည့်လျှမ်းနေကြသောကြောင့်၊ ဤအသိပညာသည် မှန်ကန်ရမည်၊ သမ္မာတရားဖြစ်ရမည်၊ အခြေခံအကြောင်းရင်း ဖြစ်ရမည်ဖြစ်ပြီး မည်သည့်အချိန်တွင်မျှ ဤအရာများကို ဘုရားသခင် ဆန့်ကျင်မည်မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။ သမ္မာတရားကို ၎င်းတို့ ရှာဖွေခဲ့ကြသလော။ မရှာဖွေခဲ့ကြပေ။ အဘယ်အရာကို ၎င်းတို့ ရှာဖွေခဲ့ကြသနည်း။ ဝိညာဉ်ခန္ဓာပုံစံဖြင့် ပေါ်ထွန်းသော သဘာဝလွန် ဘုရားတစ်ဆူကို ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် တို့သည် ဘုရားသခင်၏ အမှုတော်အတွက် ကန့်သတ်ချက်ဘောင်များကို သတ်မှတ်ခဲ့ကြသည်။ သူ၏ အမှုတော်ကို ငြင်းပယ်ခဲ့ကြပြီး လူ၏ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် အသိပညာတို့နှင့်အညီ ဘုရားသခင်က မှန်သည်၊ မှားသည်ကို တရားစီရင်ခဲ့ကြသည်။ ပြီးလျှင် ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ ပြစ်တင်ရှုတ်ချခဲ့ကြရုံသာမက လူ့ဇာတိခံ ဘုရားသခင်ကိုလည်း လက်ဝါးကပ်တိုင်၌ သံမှိုစွဲရိုက်နှက်ခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်ကို အကဲဖြတ်ရန် ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် အသိပညာတို့ကို အသုံးပြုခြင်းမှ ဖြစ်လာသည့်အရာဖြစ်ပြီး ဤသည်မှာ ၎င်းတို့နှင့်ပတ်သက်၍ ကောက်ကျစ်ဆိုးယုတ်သည့်အရာ ဖြစ်သည်။
အသိပညာနှင့် ပညာအရည်အသွေးအပေါ် ဖာရိရှဲတို့၏ တန်ဖိုးထားခြင်းမှ အကဲဖြတ်သည့်အခါ၊ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုသည် မည်သည့်နေရာ၌ တည်ရှိသနည်း။ ယင်းမှာ မည်သို့ ထင်ရှားသနည်း။ ငါတို့သည် ထိုသို့သောလူတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို မည်သို့ ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးနိုင်မည်နည်း။ အသိပညာနှင့် ပညာအရည်အသွေးအပေါ် ရိုသေလေးစားခြင်းကို သိရှိထားပြီးဖြစ်ကာ အသေးစိတ် ပြောဆိုရန် မလိုအပ်ပေ။ သို့ဆိုလျှင် ဤနေရာ၌ ထုတ်ဖော်ပြထားသော ကောက်ကျစ်ဆိုးယုတ်သည့် သဘာဝသည် အတိအကျအားဖြင့် အဘယ်အရာ ဖြစ်သနည်း။ ထိုသို့သောလူတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို ငါတို့အနေဖြင့် မည်သို့ စိတ်ဖြာလေ့လာဆွေးနွေးပြီး ရိပ်စားမိနိုင်မည်နည်း။ တစ်စုံတစ်ဦးက ထုတ်ပြောလော့။ (သူတို့သည် ဘုရားသခင်၏ အနှစ်သာရကို ဆန့်ကျင်ရန် အယူအဆဆိုင်ရာ အသိပညာကို အသုံးပြုကြသည်။ ဤသည်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သော သရုပ်သကန်များထဲမှ တစ်ခု ဖြစ်ပါသည်။) ဆန့်ကျင်ခြင်းသည် လုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ သို့ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့ ဆန့်ကျင်ခဲ့ကြသနည်း။ ဆန့်ကျင်ခြင်းတွင် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား အနည်းငယ် ပါဝင်သော်လည်း သင်သည် ကောက်ကျစ်ဆိုးယုတ်မှုကို ထည့်သွင်းစဉ်းစားခြင်း မရှိသေးပေ။ ၎င်းတို့သည် အဘယ်ကြောင့် ဆန့်ကျင်ခဲ့ကြသနည်း။ ထိုအရာမှာ သူ့ကို ၎င်းတို့ နှစ်သက်ခြင်း သို့မဟုတ် မနှစ်သက်ခြင်းနှင့် သက်ဆိုင်ခဲ့သလော။ ၎င်းတို့က၊ “ဘုရားသည် ကောင်းကင်ဘုံ၊ တတိယကောင်းကင်ဘုံ၌ ရှိသင့်သည်။ အားလုံး၏ လေးစားခြင်းခံရသင့်သည်၊ လူသားများက လက်လှမ်းမမီနိုင်၊ သူတို့အတွက် နားလည်ရခက်ခဲသောသူ လူသားမျိုးနွယ်အားလုံး၊ ဖန်ဆင်းခံ သတ္တဝါအားလုံး၊ စကြဝဠာရှိ သက်ရှိသတ္တဝါအားလုံးကပင် အားကိုးရမည့်သူဖြစ်သင့်သည်။ ယင်းမှာ ဘုရားဖြစ်၏။ ယခု ဘုရား ကြွလာပြီဖြစ်သော်လည်း၊ သင်သည် လက်သမားတစ်ဦး၏ အိမ်၌ မွေးဖွားခဲ့သည်။ သင်၏ မိဘများသည် သာမန်လူများသာ ဖြစ်ကြပြီး သင်သည် တင်းကုပ်တစ်ခု၌ပင် မွေးဖွားခဲ့သည်။ သင်၏ မွေးဖွားရာနောက်ခံသည် သာမန်မျှသာမဟုတ်၊ သာမန်အောက်နှင့် အများသူငှာအောက် တစ်ဆင့်နိမ့်သည်။ ဤအရာကို လူတို့က မည်သို့ လက်ခံနိုင်မည်နည်း။ အကယ်၍ ဘုရားသည် အမှန်တကယ် ကြွလာခဲ့မည်ဆိုပါက၊ သူသည် ဤသို့ ကြွလာနိုင်မည်မဟုတ်ပါ” ဟု ယုံကြည်လျက်၊ ဤဘုရားသခင်မျိုးကို မနှစ်မသက်ဖြစ်ခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်ကို လူတို့ ဘောင်ခတ်သည့်ပုံစံ မဟုတ်လော။ လူတိုင်းက ဘုရားသခင်ကို ဤသို့ ဘောင်ခတ်ကြသည်။ အမှန်တွင် သခင်ယေရှုက သာမန်လူတစ်ဦးမဟုတ်ကြောင်း၊ သခင်ယေရှု ပြောခဲ့သည့်အရာ မှန်ကန်ကြောင်းနှင့် သူ့ကို လူတို့စွပ်စွဲခဲ့သော အပြစ်အချို့သည် အချက်အလက်များနှင့် အမှန်တကယ် မကိုက်ညီကြောင်းကိုလည်း စိတ်ထဲတွင် ၎င်းတို့ ရေးတေးတေး ခံစားခဲ့ကြရသည်။ သခင်ယေရှုသည် နာမကျန်းဖြစ်သောသူတို့ကို ကျန်းမာစေနိုင်ပြီး နတ်ဆိုးများကို နှင်ထုတ်နိုင်ခဲ့သည်။ ပြီးလျှင် သူ ပြောဆိုကာ ဟောပြောခဲ့သော နှုတ်ကပတ်တော်များနှင့် တရားဒေသနာများ၌ ၎င်းတို့သည် မည်သည့်အမှားကိုမျှ ရှာမတွေ့နိုင်ခဲ့သကဲ့သို့ မည်သည့်အရာကိုမျှ အမိအရ အသုံးမချနိုင်ခဲ့ကြပေ။ သို့သော် ၎င်းတို့သည် ထိုအရာကို လက်မခံနိုင်ခဲ့ကြသေးသည့်အပြင် မိမိတို့၏ စိတ်နှလုံးထဲ၌ “ဤသည်မှာ ဘုရား အမှန်တကယ် ဖြစ်သည့်ပုံစံလော။ ဘုရားသည် ကောင်းကင်ဘုံ၌ အလွန်ကြီးမြတ်တော်မူသည်။ သို့ဖြစ်၍ သူသည် လူ့ဇာတိခံယူပြီး မြေကြီးပေါ်သို့ ကြွလာပါက သာ၍ပင် ကြီးမြတ်သင့်သည်၊ လူအားလုံး၏ လေးစားကြည်ညိုခြင်းကို ခံရသင့်သည်၊ မြင့်မြတ်သော မိသားစုများအကြား၌ သွားလာသင့်သည်၊ ကျလောက်အောင် စကားပြောဆိုသင့်ပြီး လူသား အပြစ်အနာအဆာ သို့မဟုတ် အားနည်းချက် တစ်ခုမျှကိုပင် လုံးဝ မထုတ်ဖော်ပြသင့်ပါ။ ထို့အပြင် သူသည် ဗိမာန်တော်ရှိ ဘာသာရေးခေါင်းဆောင်များကို ချိုးနှိမ်ရန် သူ၏ အသိပညာ၊ သူ၏ ပညာအရည်အသွေးနှင့် သူ၏ ကျွမ်းကျင်မှုများကို ဦးစွာ အသုံးပြုသင့်သည်။ သူသည် ဤလူတို့ကို ဦးစွာ စည်းရုံးသိမ်းသွင်းသင့်သည်။ ယင်းမှာ ဘုရား၏ ရည်ရွယ်ချက် ဖြစ်ပေမည်” ဟု သံသယဝင်နေဆဲ ဖြစ်သည်။ သခင်ယေရှု လုပ်ဆောင်ခဲ့သည့်အရာနှင့်စပ်လျဉ်း၍ ၎င်းတို့လက်မခံခဲ့ကြသကဲ့သို့ ဤအချက်ကိုလည်း လက်ခံရန် သို့မဟုတ် အသိအမှတ်ပြုရန် အလိုမရှိခဲ့ကြပေ။ ဤအချက်ကို အသိအမှတ်ပြုရန် အလိုမရှိခြင်းသည် ပြဿနာကြီးတစ်ခု မဟုတ်ပေ။ ၎င်းတို့၏ အတွင်းစိတ်ထဲ၌ သာ၍ပင် ဆိုးရွားသောအရာတစ်ခုကို ၎င်းတို့ ပိုင်ဆိုင်ခဲ့ကြသည်။ အကယ်၍ ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးသည် ဘုရားဖြစ်ခဲ့ပါက ဘာသာရေးခေါင်းဆောင်အားလုံး ဘုရားဖြစ်နိုင်ကြမည်ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကိုယ်တိုင်ထက် ဘုရားနှင့် ပို၍တူကြမည်ဖြစ်ကာ အားလုံးသည် သခင်ယေရှုထက် ခရစ်တော်ဖြစ်ရန် သာ၍ အရည်အချင်းပြည့်မီကြမည်။ ဤသည်မှာ စိတ်အနှောင့်အယှက်ပေးသောအရာ မဟုတ်လော။ (ဟုတ်ပါသည်။) သခင်ယေရှုကို ၎င်းတို့ ပြစ်တင်ရှုတ်ချနေစဉ်တွင်ပင် ဤတစ်ကြိမ်၌ သူ၏ လူ့ဇာတိခံယူခြင်းအတွက် ဘုရားသခင် ရွေးချယ်ခဲ့သော ဇာတိပကတိနှင့်သက်ဆိုင်သည့် နောက်ခံအခြေအနေ၏ သွင်ပြင်လက္ခဏာတိုင်းကိုလည်း ဆန့်ကျင်ပြီး အထင်အမြင်သေးနေခဲ့ကြသည်။ ဖာရိရှဲများ၏ ကောက်ကျစ်ဆိုးယုတ်မှုက မည်သည့်နေရာ၌ တည်ရှိသည်ကို ငါတို့ မဆွေးနွေးရသေးပေ။ ငါတို့၏ မိတ်သဟာယကို ဆက်ကြစို့။
ဘုရားသခင်သည် သာမန်လူတစ်ဦးအဖြစ် လူ့ဇာတိခံယူသည်။ ယင်းမှာ ဘုရားသခင်သည် အရာခပ်သိမ်းအထက် မြင့်မြတ်သော ပုံသဏ္ဌာန်၊ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတို့မှ မိမိကိုယ်ကို နှိမ့်ချပြီး လုံးဝသာမန်လူတစ်ဦး ဖြစ်လာခြင်းကို ဆိုလိုသည်။ သူသည် သာမန်လူတစ်ဦး ဖြစ်လာသောအခါ ထင်ရှားကျော်ကြားပြီး ချမ်းသာသော မိသားစုတွင် မွေးဖွားရန် သူ မရွေးချယ်ခဲ့ပေ။ သူ၏ မွေးဖွားရာနောက်ခံသည် အလွန်သာမန်ဖြစ်ပြီး နုံချာသည်ပင် ဖြစ်သည်။ အကယ်၍ ငါတို့သည် ဤကိစ္စရပ်ကို သာမန်လူတစ်ဦး၏ ရှုထောင့်မှ၊ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် လူ့သဘာဝရှိသော တစ်စုံတစ်ဦး၏ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် ဘုရားသခင် လုပ်ဆောင်သမျှအားလုံးက လူတို့၏ ရိုသေလေးစားခြင်းနှင့် ချစ်မြတ်နိုးခြင်းတို့ကို ခံထိုက်သည်။ လူတို့သည် ယင်းကို မည်သို့ ဆက်ဆံသင့်သနည်း။ (ရိုသေလေးစားခြင်းဖြင့် ဖြစ်ပါသည်။) ဘုရားသခင်နောက်သို့ လိုက်သော သာမန်နှင့် ပုံမှန်လူတစ်ဦးသည် ဘုရားသခင်က မြင့်မြတ်သော အဆင့်အတန်းမှ အထူးသာမန်ဖြစ်သော လူတစ်ဦးအဖြစ်သို့ မိမိကိုယ်ကို နှိမ့်ချသည့်အချက်အတွက် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို ချီးမွမ်းသင့်သည်။ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ကွယ်ဝှက်မှုသည် အလွန် ချစ်ခင်နှစ်လိုဖွယ်ကောင်းလှသည်။ ဤသည်မှာ မည်သည့် ဖောက်ပြန်ပျက်စီးသောလူကမျှ သို့မဟုတ် မည်သည့် နတ်ဆိုးများနှင့် စာတန်ကမျှ မစွမ်းဆောင်နိုင်သည့်အရာ ဖြစ်သည်။ ဤသည်မှာ အပြုသဘောဆောင်သော အရာလော သို့မဟုတ် အပျက်သဘောဆောင်သော အရာလော။ (အပြုသဘောဆောင်သော အရာဖြစ်ပါသည်။) ဤအပြုသဘောဆောင်သောအရာ၊ ဤဖြစ်စဉ်နှင့် ဤအချက်သည် အတိအကျအားဖြင့် အဘယ်အရာကို သရုပ်ဖော်ပြသနည်း။ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ကွယ်ဝှက်မှု၊ ဘုရားသခင်၏ ချစ်ခင်ဖွယ်ကောင်းခြင်းနှင့် နှစ်လိုဖွယ်ဖြစ်ခြင်းတို့ ဖြစ်သည်။ နောက်ထပ်အချက်တစ်ချက်မှာ ဘုရားသခင်သည် လူတို့ကို ချစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စစ်မှန်သည်၊ အတုအယောင်မဟုတ်ပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အနှစ်မဲ့သော စကားမဟုတ်၊ ဆောင်ပုဒ်တစ်ခုမဟုတ်၊ လှည့်စားမှုတစ်ခုလည်း မဟုတ်ဘဲ၊ စစ်မှန်ပြီး အဖြစ်မှန် ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံယူပြီး လူသားမျိုးနွယ်၏ အထင်လွဲမှားမှုများအပြင် ၎င်းတို့၏ ပြက်ရယ်ပြုခြင်း၊ အသရေဖျက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့ကို ခါးစည်းခံရသည်။ သူသည် မိမိကိုယ်ကို နှိမ့်ချပြီး သာမန်လူတစ်ဦး ဖြစ်လာသည်၊ အသွင်အပြင်၌ မြင့်မြတ်ခြင်းမရှိ၊ အထူးပါရမီများ မရှိသကဲ့သို့ နက်နဲသော အသိပညာ သို့မဟုတ် ပညာအရည်အသွေးလည်း သေချာပေါက် မရှိပေ။ အဘယ်ရည်ရွယ်ချက်အတွက်နည်း။ သူ ရွေးချယ်ထားပြီး ကယ်တင်ရန် ရည်ရွယ်ထားသော လူတို့ထံသို့ ဤပင်ကိုလက္ခဏာနှင့်လည်းကောင်း၊ ၎င်းတို့အတွက် အလွယ်ကူဆုံး ချဉ်းကပ်၍ရနိုင်မည့် လူ့သဘာဝဆိုင်ရာ အသွင်အပြင်ဖြင့်လည်းကောင်း ချဉ်းကပ်ရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင် ပြုလုပ်သော ဤအရာအားလုံးသည် သူ ပေးဆပ်ခဲ့သော အဖိုးအခ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) အခြားတစ်ဦးတလေက ဤအရာကို ပြုလုပ်ဆောင်နိုင်မည်လော။ မည်သူမျှ လုပ်ဆောင်နိုင်မည်မဟုတ်။ ဥပမာအားဖြင့် အလှအပကို အထူးချစ်မြတ်နိုးသော အချို့အမျိုးသမီးများသည် အမြဲတမ်း မိတ်ကပ်လိမ်းခြယ်ကြပြီး မိတ်ကပ်မပါဘဲ အပြင်မထွက်ကြပေ။ အကယ်၍ သင်တို့သည် ထိုသို့သော အမျိုးသမီးတစ်ဦးကို မျက်နှာပြောင်ဖြင့် အပြင်ထွက်ရန် သို့မဟုတ် မိတ်ကပ်မပါဘဲ စင်မြင့်ပေါ်တက်ပြီး ပေါ်လာရန် တောင်းဆိုပါက သူ လုပ်နိုင်မည်လော။ သူ လုပ်နိုင်မည်မဟုတ်။ ဤကိစ္စတွင် သူသည် အရှက်ခွဲခံရခြင်းပင် မဟုတ်သေးပေ။ မိတ်ကပ်မပါဘဲ အပြင်ထွက်ခြင်းမျှက သူအတွက် မဖြစ်နိုင်သောအရာ ဖြစ်သည်။ ထိုမာနအနည်းငယ်၊ ထိုဇာတိပကတိဆိုင်ရာ အကျိုးအမြတ်အနည်းငယ်ကိုပင် သူ လက်မလွှတ်နိုင်ပေ။ သို့ဆိုလျှင် ဘုရားသခင်နှင့်ပတ်သက်၍ကော အဘယ်သို့နည်း။ ဘုရားသခင်သည် လူ့အဖွဲ့အစည်း၏ အနိမ့်ဆုံးအလွှာတွင် သာမန်အဖြစ်ဆုံးသော လူတစ်ဦးအဖြစ် မွေးဖွားရန် မိမိကိုယ်ကို နှိမ့်ချသောအခါ သူ အဘယ်အရာကို စွန့်လွှတ်သနည်း။ သူ၏ ဂုဏ်သိက္ခာကို စွန့်လွှတ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် သူ၏ ဂုဏ်သိက္ခာကို စွန့်လွှတ်နိုင်ရသနည်း။ (လူတို့ကို ချစ်ရန်နှင့် ကယ်တင်ရန်အလို့ငှာ ဖြစ်ပါသည်။) ယင်းမှာ လူတို့ကို ချစ်ရန်နှင့် ကယ်တင်ရန်အလို့ငှာ ဖြစ်ပြီး၊ ယင်းက ဘုရားသခင်၏ စိတ်သဘောထားကို ထုတ်ဖော်ပြသခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤသည်မှာ ဂုဏ်သိက္ခာ ဆုံးရှုံးခြင်းနှင့် မည်သို့ ပါဝင်ပတ်သက်သနည်း။ ဤကိစ္စရပ်ကို မည်သို့ ရှုမြင်သင့်သနည်း။ လူအချို့က “ဘုရားသခင်က အဘယ်ဂုဏ်သိက္ခာကို ဆုံးရှုံးသနည်း။ ကိုယ်တော်သည် လူ့ဇာတိခံယူပြီးသည့်နောက်တွင်ပင် ဘုရားသခင်၏ ပင်ကိုလက္ခဏာ ကိုယ်တော်၌ ရှိနေဆဲ မဟုတ်လော။ ကိုယ်တော့်ကိုလိုက်လျှောက်ပြီး ကိုယ်တော်၏ တရားဒေသနာကို နားထောင်သောလူများ ကိုယ်တော်၌ ရှိနေဆဲ မဟုတ်လော။ ကိုယ်တော်သည် ဘုရားသခင်၏ ကိုယ်ပိုင်အမှုတော်ကို ဆောင်ရွက်နေဆဲ မဟုတ်လော။ အဘယ်ဂုဏ်သိက္ခာကို ကိုယ်တော် ဆုံးရှုံးသနည်း” ဟု ဆိုကြသည်။ ဤ “ဂုဏ်သိက္ခာ ဆုံးရှုံးခြင်း” တွင် သွင်ပြင်လက္ခဏာများစွာ ပါဝင်သည်။ တစ်နည်းအားဖြင့်၊ ဤအရာအားလုံးကို လုပ်ဆောင်ခြင်းအတွက် ဘုရားသခင်၏ အရင်းခံအကြောင်းမှာ လူတို့အတွက် ဖြစ်သော်လည်း လူတို့က ယင်းကို နားလည်နိုင်ကြသလော။ သူ့နောက်သို့ လိုက်သောလူများပင်လျှင် ထိုအရာကို နားမလည်နိုင်ကြပေ။ ဤသိနားလည်မှုကင်းမဲ့ခြင်း၌ အဘယ်အရာ ပါဝင်သနည်း။ အထင်လွဲမှားခြင်း၊ အဓိပ္ပာယ်ကောက်လွဲခြင်းနှင့် အချို့သောလူများထံမှ ထူးဆန်းသောအကြည့်များ သို့မဟုတ် မထီမဲ့မြင်ပြုသောအကြည့်များ ပါဝင်သည်။ ဘုရားသခင်သည် ဝိညာဉ်ရေးရာနယ်ပယ်တွင်ရှိသည်၊ အရာခပ်သိမ်းအလယ်၌ ရှိပြီး လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်၏ ခြေအောက်၌ တည်ရှိကြသည်။ သို့သော် ယခုတွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီးဖြစ်သဖြင့်၊ ယင်းမှာ သူသည် လူတို့နှင့် တန်းတူရည်တူအဖြစ် ပတ်ဝန်းကျင်တစ်ခုတည်း၌ အသက်ရှင်နေခြင်းနှင့် ညီမျှသည်။ သူသည် လူသားမျိုးနွယ်၏ ပြက်ရယ်ပြုခြင်း၊ အသရေဖျက်ခြင်း၊ အထင်လွဲမှားခြင်းနှင့် လှောင်ပြောင်သရော်ခြင်းတို့အပြင် ၎င်းတို့၏ အယူအဆများ၊ ရန်လိုမုန်းတီးမှုနှင့် တရားစီရင်ခြင်းတို့ကို ရင်ဆိုင်ရမည်ဖြစ်သည်။ ဤသည်တို့မှာ သူ ရင်ဆိုင်ရမည့်အရာများ ဖြစ်ကြသည်။ သူသည် ဤအရာများကို ရင်ဆိုင်နေစဉ်တွင်၊ သူ၌ ဂုဏ်သိက္ခာတစ်ခုတလေ ရှိသည်ဟု သင်တို့ ထင်သလော။ ဘုရားသခင်၏ ပင်ကိုလက္ခဏာအရ သူသည် ဤအရာများကို မခံစားသင့်ပေ။ လူတို့သည် ဘုရားသခင်ကို ဤသို့ မဆက်ဆံသင့်သကဲ့သို့ သူသည်လည်း ဤအရာများကို သည်းခံနေစရာမလိုပေ။ ဤသည်တို့မှာ ဘုရားသခင် သည်းခံသင့်သည့်အရာများ မဟုတ်ပေ။ သို့သော် ဘုရားသခင်ကလူ့ဇာတိခံယူသောအခါ သူသည် ထိုအရာများကို လက်ခံရမည်ဖြစ်သည်။ ဤအရာအားလုံးကို သူ သည်းခံရမည်ဖြစ်ပြီး မည်သည့်အရာမျှ ချန်လှပ်ထားခြင်း မရှိပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သာယာနာပျော်ဖွယ်ကောင်းသော စကားများစွာ ပြောဆိုနိုင်သော်လည်း လူ့ဇာတိခံ ဘုရားသခင်ကိုမူ ၎င်းတို့ အလေးမထားကြပေ။ ၎င်းတို့က “ဘုရားသခင် လူ့ဇာတိခံယူခြင်းလော။ သင်သည် မည်သည့် ထူးခြားမှုမျှမရှိဘဲ အလွန် သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သည်။ သင်သည် ငါ့ကို မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ဟု ထင်ရသည်” ဟု တွေးထင်ကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမဆို ပြောဝံ့ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ် သို့မဟုတ် ၎င်းတို့၏ ဂုဏ်သတင်းနှင့် ပတ်သက်လာသောအခါ မည်သည့်တရားစီရင်ခြင်း သို့မဟုတ် ပြစ်တင်ရှုတ်ချမှုကိုမဆို ၎င်းတို့ ပြောဆိုဝံ့ကြသည်။ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူသောအခါ သူသည် လူသားများနှင့် ထိတွေ့ဆက်ဆံပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့်အတူ နေထိုင်သောအခါ ဤအဆင့်အတန်းရှိပြီး ဤပင်ကိုလက္ခဏာကို မွေ့လျော်ခံစားသော်လည်း တစ်ချိန်တည်းမှာပင် သူ၏ ပင်ကိုလက္ခဏာကြောင့် သူ့အပေါ် ကျရောက်လာသော အရှက်ရခြင်း အမျိုးမျိုးကို သူ အမှန်တကယ် ခါးစည်းခံရမည်ဖြစ်သည်။ သူသည် သူ၏ ဂုဏ်သိက္ခာအားလုံးကို ဆုံးရှုံးရသည်၊ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က သူ့အပေါ် ပြုမူဆောင်ရွက်သော ရှုပ်ထွေးမှု၊ အထင်လွဲမှားမှု၊ သံသယ၊ စမ်းသပ်မှု၊ ပုန်ကန်မှု၊ တရားစီရင်မှု၊ တစ်မင်လိမ်လည်လှည့်စားခြင်း စသည်တို့အားလုံးကို ရင်ဆိုင်လျက် ဘုရားသခင် ပထမဦးဆုံး ခါးစည်းခံရမည့်အရာ ဖြစ်သည်။ သူသည် ဤအရာအားလုံးကို ခါးစည်းခံရမည်၊ ယင်းမှာ သူ၏ ဂုဏ်သိက္ခာ ဆုံးရှုံးခြင်း ဖြစ်သည်။ အခြားအဘယ်အရာ ရှိသေးသနည်း။ လူ့ဇာတိခံယူခြင်းနှင့် ဝိညာဉ်တော်အကြား အနှစ်သာရအားဖြင့် ခြားနားမှုမရှိပေ။ ဤသည် မှန်သလော။ (မှန်ပါသည်။) အနှစ်သာရအားဖြင့် ခြားနားမှုမရှိပေ။ သို့သော် သွင်ပြင်လက္ခဏာတစ်ခု ရှိသည်။ ဇာတိပကတိသည် ဝိညာဉ်တော်ကို မည်သည့်အခါမျှ အစားမထိုးနိုင်ပေ။ ဆိုလိုသည်မှာ ဇာတိပကတိသည် သူ၏ လုပ်ငန်းဆောင်တာများစွာတွင် ကန့်သတ်ခြင်း ခံရသည်။ ဥပမာအားဖြင့် ဝိညာဉ်တော်သည် အာကာသကို ဖြတ်သန်းသွားလာနိုင်သည်။ အချိန်၊ ရာသီဥတု သို့မဟုတ် ပတ်ဝန်းကျင်အမျိုးမျိုး၏ သက်ရောက်မှု မခံရဘဲ နေရာတိုင်း၌ ရှိနေနိုင်စဉ်တွင် ဇာတိပကတိမှာမူ ဤကန့်သတ်ချက်များကို ခံရသည်။ ဘုရားသခင်၏ ဂုဏ်သိက္ခာ၌ အဘယ်ဆုံးရှုံးမှု ဖြစ်ခဲ့သနည်း။ ဤကိစ္စရပ်၌ အခက်အခဲမှာ အဘယ်နည်း။ ဘုရားသခင်ကိုယ်တော်တိုင်၌ ဤစွမ်းရည်ရှိသော်လည်း သူသည် ဇာတိပကတိ၏ ကန့်သတ်ခြင်းကို ခံရသောကြောင့် သူ၏ အမှုတော်ကာလအတောအတွင်း သူသည် အမှုတော် ပြီးဆုံးသည်အထိ လူ့ဇာတိ၏ အမှုတော်ကို တာဝန်သိစွာ၊ တိတ်ဆိတ်စွာနှင့် နာခံမှုရှိစွာ ထိန်းထားရပေမည်။ ဘုရားသခင်သည် လူ့ဇာတိဖြင့် အမှုပြုနေချိန်အတောအတွင်းတွင် ဘုရားသခင်နှင့် သက်ဆိုင်၍ လူတို့ မြင်တွေ့နိုင်သောအရာ၊ မိမိတို့၏ အယူအဆများအတွင်း၌ ၎င်းတို့ သဘောပေါက်နားလည်နိုင်သော အရာမှာ ၎င်းတို့၏ မျက်စိဖြင့် မြင်တွေ့နိုင်သော ဤလူ့ဇာတိပင် ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့၏ စိတ်ကူးစိတ်သန်းများနှင့် အယူအဆများအတွင်း၌ ဘုရားသခင်၏ ကြီးမြတ်မှု၊ အနန္တတန်ခိုး၊ ဉာဏ်ပညာနှင့် ဩဇာအာဏာတို့ပင်လျှင် အချို့သော ကန့်သတ်ချက်များကို ခံထားရသည် မဟုတ်လော။ (ဟုတ်ပါသည်။) ကြီးမားသော အတိုင်းအတာအထိ ထိုအရာများသည် အချို့သော ကန့်သတ်ချက်များကို ခံထားရသည်။ ဤကန့်သတ်ချက်များကို အဘယ်အရာက ဖြစ်ပေါ်စေသနည်း။ (လူ့ဇာတိခံယူခြင်းက ဖြစ်ပေါ်စေပါသည်။) ဤကန့်သတ်ချက်များသည် သူ လူ့ဇာတိခံယူခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ လူ့ဇာတိခံယူခြင်းသည် ဘုရားသခင်ကိုယ်တိုင်အတွက် ဒုက္ခတစ်မျိုးကို ဖြစ်ပေါ်စေသည်ဟု ဆိုနိုင်သည်။ “ဒုက္ခ” ဟူသော စကားလုံးကို ဤနေရာ၌ အသုံးပြုရန် အနည်းငယ် မတိကျသည်မှာ အမှန်ဖြစ်သော်လည်း ဤသို့ ဆိုခြင်းသည် သင့်လျော်ပေသည်။ ဤသို့သာ ဆိုနိုင်သည်။ ဤဒုက္ခသည် ဘုရားသခင်အပေါ် လူတို့၏ သိနားလည်မှုနှင့် ဘုရားသခင်ကို ချစ်ရန်နှင့် ကျိုးနွံနာခံရန်အလို့ငှာ ဘုရားသခင်နှင့် လူတို့၏ စစ်မှန်သော ပေါင်းသင်းဆက်ဆံခြင်းနှင့် အပြန်အလှန်ဆက်ဆံခြင်းတို့အပေါ် အကျိုးသက်ရောက်မှုတစ်ခုခု ရှိသလော။ (ရှိပါသည်။) ထိုအရာက အကျိုးသက်ရောက်မှုတစ်ခုခု ရှိပေသည်။ လူတစ်ဦးသည် ဘုရားသခင်၏ လူ့ဇာတိကို မြင်ပြီးသရွေ့၊ ဘုရားသခင်၏ လူ့ဇာတိနှင့် ဆက်ဆံနေခဲ့သရွေ့၊ ဘုရားသခင်၏ လူ့ဇာတိက စကားပြောသည်ကို ကြားပြီးသရွေ့၊ ၎င်းတို့၏ တစ်သက်တာတွင် ဘုရားသခင်၏ ပုံသဏ္ဌာန်၊ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ စိတ်သဘောထားတို့သည် ဤလူ့ဇာတိ၌ ၎င်းတို့ အသိအမှတ်ပြု၊ မြင်တွေ့ပြီး နားလည်သည့်အရာတွင် ထာဝစဉ် ရှိနေနိုင်ဖွယ်ရှိသည်။ ဤသည်မှာ ဘုရားသခင်အတွက် မျှတခြင်း မရှိပေ။ ဤသည်မှာ ထိုသို့ မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအရာသည် ဘုရားသခင်အတွက် မမျှတပေ။ သို့ဆိုလျှင် ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာ လုပ်ဆောင်နေသေးသနည်း။ အကြောင်းမှာ ဘုရားသခင် လူ့ဇာတိခံယူခြင်းအားဖြင့်သာ လူတို့ကို ဘုရားသခင် သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်း၏ အကောင်းဆုံးသော အကျိုးကျေးဇူးများကို ရရှိနိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်က ဤလမ်းကြောင်းကို ရွေးချယ်ခြင်းဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူပြီး လူတို့ကို သူ၏ နှုတ်ကပတ်တော်များ ကြားခွင့်ပေးလျက်၊ သူ၏ လှုပ်ရှားမှုတိုင်းကို မြင်တွေ့ခွင့်ပေးလျက်၊ သူ၏ စိတ်သဘောထား၊ သူ၏ ပင်ကိုစရိုက်၊ သူ၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းများကိုပင် မြင်တွေ့ခွင့်ပေးလျက် လူတို့အလယ်တွင် မျက်နှာချင်းဆိုင် အသက်ရှင်သည်။ လူတို့သည် ဤစိတ်သဘောထားနှင့် ဤဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်းများကို မျက်မြင်တွေ့ကြုံသောအခါ ဘုရားသခင်၏ အနှစ်သာရအပေါ် လူတို့၏ နားလည်သဘောပေါက်မှုက ထိခိုက်ကာ လူတို့၏ သဘောပေါက်နားလည်မှုက ကန့်သတ်ခြင်းခံရလျက် အယူအဆများ ဖြစ်ပေါ်လာနိုင်သော်လည်း ဘုရားသခင်သည် လူတို့၏ အထင်လွဲမှားခြင်းကို ခံရမည်ကို ပို၍ နှစ်သက်ပြီး လူတို့ကို ကယ်တင်ခြင်းနှင့်ဆိုင်သည့် အကောင်းဆုံးသော အကျိုးကျေးဇူးများအား ရရှိနိုင်မည့် ဤနည်းလမ်းကိုပင် ရွေးချယ်လေသည်။ ထို့ကြောင့် ဘုရားသခင်၏ မူလသဘောသဘာဝ၊ ဘုရားသခင်၏ စစ်မှန်သော ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့ကို လူတို့၏ သိနားလည်မှု ရှုထောင့်မှကြည့်လျှင် သူသည် သူ၏ ဂုဏ်သိက္ခာကို စွန့်လွှတ်စတေးခဲ့ပြီး ဖြစ်သည်။ ဤသို့ ဆိုနိုင်သည် မဟုတ်လော။ ယင်းမှာ ဤရှုထောင့်မှ ဖြစ်သည်။ ထိုအရာကို သေချာတွေးဆလော့။ ဘုရားသခင် ပေးဆပ်ခဲ့ပြီး လုပ်ဆောင်ခဲ့သည့်အရာ၏ သွင်ပြင်လက္ခဏာအမျိုးမျိုးတွင်၊ လူတို့၏ သိနားလည်မှုအရ ဖာရိရှဲများနှင့် အန္တိခရစ်တို့၏ ထိုသဘောတရားများနှင့် ဆောင်ပုဒ်များနှင့် ညီမျှသည့်အရာ တစ်ခုခု ရှိသလော။ တစ်ခုမျှ မရှိ။ ဥပမာအားဖြင့် ဖာရိရှဲတို့က “ဘုရားသည် ဂုဏ်အသရေရှိသည်”ဟု ဆိုသောအခါ ဤဂုဏ်အသရေရှိခြင်းကို ၎င်းတို့ မည်သို့ နားလည်ခဲ့ကြသနည်း။ ဘုရားသခင်၏ ဂုဏ်အသရေရှိခြင်းသည် ၎င်းတို့၏ အမြင်၌ မည်သို့ သဘောပေါက်သင့်သနည်း။ သူသည် မြင့်မြတ်သည်ဟူ၍သာ ဖြစ်သည်။ “ဘုရားသည် ဂုဏ်အသရေရှိသည်၊ ဘုရားသည် အလွန် ဂုဏ်အသရေရှိသည်” ဟူသည်မှာ အယူဝါဒတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်၏ ဂုဏ်အသရေရှိခြင်းသည် အဘယ်အရာဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသနည်း။ အကယ်၍ ဘုရားသခင်သည် ကမ္ဘာလောကသို့ ကြွလာခဲ့ပါက သူသည် ထင်ရှားသော အဆင့်အတန်း၊ ထိပ်တန်းအဆင့်ရှိသော အသိပညာနှင့် အရည်အချင်း၊ ထိပ်တန်းအဆင့်ရှိသော စွမ်းရည်၊ ပထမတန်းစား စကားပြောစွမ်းရည်နှင့် ပထမတန်းစားဖြစ်ပြီး ရွေးချယ်စရာကောင်းသော အသွင်အပြင် ရှိရမည်ဟူ၍ ဖြစ်သည်။ ၎င်းတို့ ယုံကြည်ခဲ့သော ထိုဂုဏ်အသရေရှိခြင်းမှာ အဘယ်နည်း။ ယင်းမှာ လူတို့ မြင်တွေ့နိုင်သည့်အရာ ဖြစ်သည်။ ဤဂုဏ်အသရေရှိခြင်းမျိုးသည် စာတန် ပြုလုပ်သည့်အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်က ထိုသို့ မလုပ်ဆောင်ပေ။ ဘုရားသခင်၏ ဤရွေးချယ်ထားသောလူများအတွက် မည်သည့် လူစားမျိုးများအား ဘုရားသခင် ရွေးချယ်ခဲ့သည်ကိုလည်းကောင်း၊ စာတန်၏ လောကမှ ထူးချွန်သော အထက်တန်းလွှာများသည် မည်သည့် လူစားမျိုးများဖြစ်သည်ကိုလည်းကောင်း ကြည့်လော့။ ဤသို့ နှိုင်းယှဉ်ခြင်းအားဖြင့် မည်သည့် လူစားမျိုးကို ဘုရားသခင် ကယ်တင်ပြီး မည်သည့် လူစားမျိုးက ကယ်တင်၍မရနိုင်သည်ကို သင်တို့ သိရှိကြလိမ့်မည်။ အထူးသဖြင့် မာနထောင်လွှားသော၊ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူသော၊ ဆုကျေးဇူးရှိပြီး ပါရမီရှိသောသူတို့သည် သမ္မာတရားကို လက်ခံရန် အလားအလာ အနည်းဆုံးဖြစ်ကြသည်။ ၎င်းတို့၏ ပြောဆိုချက်သည် အသိပညာနှင့် ပြည့်နှက်နေသည်၊ အလွန့်အလွန် စကားပြောကောင်းပြီး လူတို့အား မိမိတို့ကို ကိုးကွယ်ပြီး လေးစားအားကျစေသော်လည်း ၎င်းတို့၏ ဆိုးရွားသော အားနည်းချက်မှာ သမ္မာတရားကို လက်မခံခြင်းဖြစ်ပြီး ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ဘဲ မုန်းတီးကြလေသည်။ ယင်းက ၎င်းတို့အနေဖြင့် ပျက်စီးခြင်းလမ်းကြောင်းအား လျှောက်လှမ်းကြလိမ့်မည်ကို ဆုံးဖြတ်ပေးသည်။ ထို့နောက်တစ်ဖန် ဘုရားသခင်၏ ရွေးချယ်ထားသောလူများထဲမှ မည်သူကမျှ အထူးဆုကျေးဇူးများ သို့မဟုတ် ပါရမီများ မရှိကြသော်လည်း ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ကြသည်၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြသည်၊ ဘုရားသခင်နောက်သို့ လိုက်ရန် မိမိတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို စွန့်လွှတ်နိုင်ကြပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားကြသည်။ ဤသူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသော လူအမျိုးအစားများ ဖြစ်ကြသည်။ ဘာသာတရားမရှိသူတို့သည် မည်သူ့ကို ကိုးကွယ်ကြသနည်း။ ၎င်းတို့အားလုံးသည် အဆင့်မြင့် ပညာတတ်များနှင့် ထင်ရှားသော မိသားစုအဆင့်အတန်းရှိသည့် လူတို့ကို ကိုးကွယ်ကြသည်။ ဆုကျေးဇူးများ၊ အထူးကျွမ်းကျင်မှုများနှင့် မိသားစုအဆင့်အတန်းတို့နှင့်စပ်လျဉ်း၍ ဤအရာများထဲမှ မည်သည့်အရာမျှ ငါတို့တွင် မရှိပေ။ ငါတို့ အတူတူပင် ဖြစ်ကြသည်။ ဤအရာနှင့်ပတ်သက်၍ သင်တို့ အဘယ်အရာကို တွေးထင်ကြသနည်း။ ဘုရားသခင်သည် ထိုသို့သောအမှုအရာများကို လုပ်ဆောင်ခြင်းမရှိပေ။ ယင်းမှာ ထိုမျှ ရိုးရှင်းသလော။ အဘယ်ကြောင့် ဘုရားသခင်သည် ဤသို့ မစီစဉ်ခဲ့သနည်း။ ဤအရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ရှိ၏။ လူတစ်ဦးက မည်သည့်မိသားစု၌ မွေးဖွားမည်၊ မည်သည့်အသိပညာကို သင်ယူနိုင်မည်ဟူသည်တို့ကို စီစဉ်ရန်မှာ ဘုရားသခင်အတွက် အလွန် လွယ်ကူလှသည်။ ဘုရားသခင်သည် ဤသို့ ပြုမူဆောင်ရွက်နိုင်သလော။ (ဆောင်ရွက်နိုင်ပါသည်။) သူ အမှန်ပင် ဆောင်ရွက်နိုင်၏။ သို့ဆိုလျှင် အဘယ်ကြောင့် ဘုရားသခင်သည် ငါတို့ကို ချမ်းသာကြွယ်ဝပြီး ထင်ရှားသော မိသားစုများ၌ မွေးဖွားရန် မစီစဉ်ပေးခဲ့သနည်း။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော ထုတ်ဖော်ပြသခြင်း ဖြစ်ပြီး သမ္မာတရားကို နားလည်သောသူတို့သာလျှင် ဤကိစ္စရပ်ကို ရိပ်စားမိနိုင်ကြသည်။ ဘုရားသခင် လူ့ဇာတိခံယူပြီးနောက် လူတို့၏ အယူအဆများ မည်မျှပင် ကြီးမားသည်ဖြစ်စေ၊ သူ၏ အမှုတော်၌ မည်မျှကြီးမားသည့် အခက်အခဲများကို ဘုရားသခင် တွေ့ကြုံရသည်ဖြစ်စေ၊ သူ ရင်ဆိုင်ရသော အတားအဆီးများ မည်မျှပင် ကြီးမားသည်ဖြစ်စေ၊ သူ ခံရသော ပြက်ရယ်ပြုခြင်းနှင့် အသရေဖျက်ခြင်းတို့က မည်မျှပင် ကြီးမားသည်ဖြစ်စေ၊ ဤသို့ လူ့ဇာတိခံယူပြီးနောက် သူ၏ ဂုဏ်သိက္ခာ မည်မျှပင် ဆုံးရှုံးသည်ဖြစ်စေ သူ အရေးစိုက်သလော။ အရေးမစိုက်ပေ။ သို့ဆိုလျှင် သူသည် အဘယ်အရာကို အရေးစိုက်သနည်း။ အကယ်၍ သင်တို့သည် ဤအချက်ကို နားလည်နိုင်ပါက ဘုရားသခင် ချစ်ခင်နှစ်လိုဖွယ်ကောင်းသည်တို့ သင်တို့ အမှန်တကယ် သိရှိကြပေသည်။ ဘုရားသခင်က အဘယ်အရာကို အရေးစိုက်သနည်း။ ဤအဖိုးအခကို ပေးဆပ်ပြီး ဤမျှကြီးမားသော ကြိုးပမ်းအားထုတ်မှုကို လုပ်ဆောင်ရာ၌ ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်မှာ အဘယ်နည်း။ အတိအကျအားဖြင့် အဘယ်အရာအတွက် သူ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သနည်း။ (ဘုရားသခင် ရွေးချယ်ခဲ့သော ဤလူစုက ဘုရားသခင်ကို ပို၍ နားလည်နိုင်ရန်၊ သူ၏ လူ့ဇာတိခံ ဇာတိပကတိမှတစ်ဆင့် ဘုရားသခင်နှင့် ပို၍ ကောင်းမွန်စွာ ထိတွေ့ဆက်ဆံနိုင်ရန်၊ ထို့နောက် ဘုရားသခင်အပေါ် စစ်မှန်သော သိနားလည်မှု ရှိလာစေရန်အလို့ငှာ ဖြစ်ပါသည်။) ဘုရားသခင်အပေါ် သိနားလည်မှု ရှိခြင်း။ သို့ဆိုလျှင် ဤသည်မှာ ဘုရားသခင်အတွက် အတော်အတန် အကျိုးရှိနေဆဲ ဖြစ်သလော။ ဘုရားသခင်သည် ဤရည်မှန်းချက်တစ်ခုတည်းအတွက် အလွန်များစွာ ပေးဆပ်ခဲ့ခြင်း ဖြစ်သလော။ ဟုတ်သလော သို့မဟုတ် မဟုတ်သလော။ လူတို့ကို ဘုရားသခင်အား နားလည်စေရန်အတွက်သာ ဘုရားသခင်သည် အနှစ်ခြောက်ထောင်ကြာအောင် အပင်ပန်းခံ၍ အမှုပြုခဲ့သလော။ ငါ့ကို ပြောကြလော့၊ ဘုရားသခင်က လူတို့ကို ဖန်ဆင်းပြီးနောက်၊ လူသားမျိုးနွယ်သည် ဘုရားသခင်နှင့် ခပ်ကင်းကင်းနေပြီး စာတန်နောက်သို့ လိုက်ခဲ့ကြကာ လူသားတိုင်း သက်ရှိနတ်ဆိုးတစ်ကောင်ကဲ့သို့ မိမိတို့၏ အသက်တာများကို စတင်၍ ကုန်ဆုံးစေခဲ့သည့်နောက်၊ မည်သူသည် အပျော်ရွှင်ဆုံး ဖြစ်ခဲ့သနည်း။ (စာတန် ဖြစ်ပါသည်။) မည်သူက သားကောင် ဖြစ်ခဲ့သနည်း။ (လူတို့ ဖြစ်ပါသည်။) သို့ဆိုလျှင် မည်သူသည် အဝမ်းနည်းဆုံး ဖြစ်ခဲ့သနည်း။ (ဘုရားသခင် ဖြစ်ပါသည်။) သင်တို့သည် အဝမ်းနည်းဆုံး ဖြစ်ခဲ့ကြသလော။ (မဟုတ်ပါ။) အမှန်တကယ်တွင် မည်သူကမျှ ဤအရာများကို ရိပ်စားမိနိုင်ခြင်း မရှိပေ။ မည်သူကမျှ ဤအရာများကို မိမိတို့ဘာသာ မသိရှိကြပေ။ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာက မည်သည့်အရာ ဖြစ်လာသည်ဖြစ်စေ ၎င်းတို့ လက်ခံကြသည်။ သင်တို့က ၎င်းတို့အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် တောင်းဆိုသောအခါ ဤအရာက မည်သည့်ကောင်းကျိုးမျှ မပြုနိုင်ဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအတိုင်း မဆုတ်မနစ် အသက်ရှင်နေထိုင်ကြပြီး ဘုရားသခင်ကို အစဉ်သဖြင့် ပုန်ကန်ခဲ့ကြသည်။ အဝမ်းနည်းဆုံးနှင့် နှလုံးအကြေကွဲဆုံးသောသူမှာ အမှန်ပင် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်။ လူသားတည်ရှိမှု၏ လက်ငင်းအခြေအနေ သို့မဟုတ် ၎င်းတို့၏ အသက်တာ ကောင်းမကောင်းဟူသည်တို့ကို ဘုရားသခင် ဂရုစိုက်သည်ဟု သင်တို့ ထင်သလော။ (သူ ဂရုစိုက်ပါသည်။) ဘုရားသခင်သည် အပူပန်ဖြစ်ပြီး ပါဝင်ပတ်သက်နေသော လူတို့ကမူ ယင်းကို မခံစားရနိုင်သကဲ့သို့ မိမိတို့ဘာသာလည်း အမှန်တကယ် နားမလည်ကြပေ။ ဤလောက၌ အသက်ရှင်နေထိုင်လျက်၊ လူသားမျိုးနွယ်သည် လွန်ခဲ့သော အနှစ်တစ်ရာက ဤသို့ပင် ဖြစ်ခဲ့ပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပွားများလျက်၊ ဤသို့ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်နေထိုင်ကြရင်း၊ လူအချို့ ကာင်းစားကာ လူအချို့ ဆင်းရဲကြရင်း ယခုအခါ၌လည်း ဤသို့ပင် ရှိနေဆဲဖြစ်သည်။ ဘဝသည် အနိမ့်အမြင့် အတက်အကျများနှင့် ပြည့်နှက်နေသည်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လူတို့ ရောက်ရှိလာကြသည်။ မတူညီသော အဝတ်အစားများကို ဝတ်ဆင်ကြသည်၊ တူညီသော အစားအစာကို စားသုံးကြသော်လည်း လူမှုဖွဲ့စည်းပုံနှင့် စနစ်များက တဖြည်းဖြည်း ပြောင်းလဲသွားသည်။ လူတို့သည် မျက်မှောက်ခေတ်သို့ အမှတ်တမဲ့ ရောက်ရှိလာကြသည်။ ၎င်းတို့ သတိပြုမိကြပါသလော။ သတိမပြုမိကြပေ။ သို့ဆိုလျှင် မည်သူသည် အသတိပြုမိဆုံး ဖြစ်သနည်း။ (ဘုရားသခင် ဖြစ်ပါသည်။) ဤကိစ္စရပ်နှင့်ပတ်သက်၍ ဂရုအစိုက်ဆုံးသောသူမှာ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင် မမေ့လျော့သော အရာများထဲမှ တစ်ခုမှာ သူ ဖန်ဆင်းခဲ့သော လူတို့ မည်သို့ အသက်ရှင်နေထိုင်ကြသည်၊ လူတို့ အသက်တာများ၏ လက်ရှိအခြေအနေက အဘယ်အရာဖြစ်သည်၊ ၎င်းတို ကောင်းမွန်စွာ အသက်ရှင်နေထိုင်ခြင်း ရှိမရှိ၊ လူတို့ အဘယ်အရာ စားသုံးကာ ဝတ်ဆင်ကြသည်၊ ၎င်းတို့၏ အနာဂတ် မည်သည့်အရာကဲ့သို့ ဖြစ်မည်ဟူသည်နှင့်လူတို့က မိမိတို့စိတ်နှလုံးထဲ၌ နေ့စဉ် အဘယ်အရာကို တွေးတောကြသည်ဟူသည့်အချက်တို့ ဖြစ်သည်။ အကယ်၍ လူအားလုံးက နေ့စဉ် တွေးတောနေသည့်အရာသည် ဆိုးယုတ်မှုဖြစ်ပါက၊ သဘာဝတရား၏ နိယာမများကို မည်သို့ ပြောင်းလဲပြီး ဆန့်ကျင်ရမည်၊ ကောင်းကင်ဘုံကို မည်သို့တိုက်ခိုက်ရမည်၊ လောက၏ ဆိုးယုတ်သော ရေပန်းစားမှုနောက်သို့ မည်သို့လိုက်ရမည်ဟူသည်တို့သာ ဖြစ်ပါက ဘုရားသခင်က ဤအရာကို ကြည့်ရှုပြီး ကောင်းသည်ဟု ခံစားရသလော။ (မခံစားရပါ။) သို့ဆိုလျှင် ဘုရားသခင်က စိတ်မကောင်းဖြစ်ကာ ထိုမျှသာဖြစ်သလော။ သူသည် ဤအရာနှင့်ပတ်သက်၍ တစ်စုံတစ်ရာ လုပ်ဆောင်ရန် မလိုအပ်သလော။ (လိုအပ်ပါသည်။) လူတို့အနေဖြင့် လူပုံသဏ္ဌာန်နှင့်အညီ အသက်ရှင်နေထိုင်နိုင်ကာ ဘုရားသခင်လည်း စိတ်သက်သာရာရရန်အလို့ငှာ သူသည် ဤလူတို့အား ကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်စေရန်၊ မိမိကိုယ်ကို ကျင့်ကြံပြုမူခြင်း၏ စည်းမျဉ်းများကို နားလည်စေရန်၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန်၊ သဘာဝတရား၏ နိယာမအားလုံးကို၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် စီမံခန့်ခွဲမှုတို့ကို ကျိုးနွံနာခံရန်တို့ကို ၎င်းတို့အား သိစေရန် နည်းလမ်းတစ်ခု ရှာဖွေရပေမည်။ အကယ်၍ ဘုရားသခင်သည် ဤလူတို့ကို စွန့်ခွာသွားလျှင်ပင်၊ ၎င်းတို့သည် စာတန်ထံမှ မည်သည့်ဒုက္ခကိုမျှ မခံစားရဘဲ ထိုသို့သော ပတ်ဝန်းကျင်၌ ပုံမှန်အတိုင်း ဆက်လက်၍ အသက်ရှင်နေထိုင်နိုင်ကြဆဲဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပြီး လူပုံသဏ္ဌာန်နှင့်အညီ အသက်ရှင်နေထိုင်နိုင်ကြသည်ကို စာတန် မြင်သောအခါ လုံးဝ အရှက်ရပြီး ရှုံးနိမ့်သွားသည်။ သို့ဖြစ်၍ သူသည် ဤလူတို့ကို လုံးဝ စွန့်ပစ်ပြီး ၎င်းတို့ကို နောက်တစ်ဖန် လုံးဝ အာရုံမစိုက်တော့ပေ။ သို့ဆိုလျှင် စာတန်က မည်သူ့ကို ဂရုစိုက်သနည်း။ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားသောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုဘဲ ဘုရားသခင်ထံ ဆုမတောင်းသောသူများ၊ မိမိတို့၏ တာဝန်ကို စိတ်မပါ့တပါ ထမ်းဆောင်သောသူများနှင့် အိမ်ထောင်ပြုရန်၊ မိသားစုတစ်ခု တည်ထောင်ရန်နှင့် အသက်မွေးဝမ်းကျောင်းတစ်ခု တည်ဆောက်ရန်အတွက် တစ်စုံတစ်ယောက်ကို အမြဲတမ်း ရှာဖွေလိုသောသူများကိုသာ ဂရုစိုက်သည်။ သူသည် ဤလူတို့ကို ဘုရားသခင်၏ ဖယ်ရှားရှင်းခြင်းခံရသည်ထိ သွေးဆောင်ဖြားယောင်းရန်၊ ဘုရားသခင်ထံမှ ခပ်ကင်းကင်းနေစေရန်၊ မိမိတို့၏ တာဝန်ကို မထမ်းဆောင်စေရန်နှင့် ဘုရားသခင်ကို သစ္စာဖောက်စေရန်အတွက် အထင်အမြင်မှားစေလိုသည်။ ထိုအခါ သူသည် လုံးလုံးလျားလျား ပျော်ရွှင်လေသည်။ သမ္မာတရားကို သင်တို့ မလိုက်စားလေ၊ သူ ပို၍ ပျော်ရွှင်လေ ဖြစ်သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို သင်တို့ ပို၍ လိုက်စားလေ၊ သင်တို့အနေဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ ပို၍ ဝတ်ကျေတမ်းကျေ ဖြစ်လေ၊ သူ ပို၍ ပျော်ရွှင်လေ ဖြစ်သည်။ အကယ်၍ သင်တို့သည် ဘုရားသခင်နှင့် ခပ်ကင်းကင်းနေပြီး ဘုရားသခင်ကို သစ္စာဖောက်ပါက သူ သာ၍ပင် ပျော်ရွှင်လာသည်။ ဤသည်မှာ စာတန်၏ စိတ်နေစိတ်ထား မဟုတ်လော။ အန္တိခရစ်တို့၏ စိတ်နေစိတ်ထားသည် ဤကဲ့သို့ မဟုတ်လော။ စာတန်အမျိုးအစားအားလုံး၌ ဤစိတ်နေစိတ်ထား ရှိကြသည်။ ဘုရားသခင်ကို လေးနက်စွာ ယုံကြည်ခြင်းမရှိဟု ၎င်းတို့ မြင်သောသူ မည်သူ့ကိုမဆို၊ အသိပညာ သင်ယူခြင်းနှင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းအပေါ် အာရုံစိုက်သောသူ မည်သူ့ကိုမဆို၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ မိမိတို့၏ သင့်လျော်သော အလုပ်ကို ဂရုမစိုက်သောသူ မည်သူ့ကိုမဆို ၎င်းတို့က သွေးဆောင်ဖြားယောင်းလိုကြသည်။ ၎င်းတို့သည် ဤသို့သောလူများနှင့် တွေ့ဆုံသောအခါ ထိုသူတို့နှင့် အသုံးအနှုန်းတစ်ခုတည်းကို မျှဝေသုံးစွဲကြသည်။ ၎င်းတို့ အတူတကွ ရှိနေသောအခါ ပြောစရာများစွာ ရှိကြပြီး မည်သည့်စိုးရိမ်ကြောင့်ကြမှုမျှမရှိဘဲ မိမိတို့၏ စိတ်ထဲရှိသည့်အတိုင်း လွတ်လပ်စွာ ပြောဆိုကြသည်။ ဤလူတို့က သမ္မာတရားကို မလိုက်စားသည်ကို ဘုရားသခင် မြင်သောအခါ သူ မည်သို့ ခံစားရသနည်း။ သူ စိုးရိမ်သောက ခံစားရသည်။ ထို့ကြောင့် ဘုရားသခင် ပေးဆပ်ခဲ့သော ဤအဖိုးအခအားလုံး၏ အကြောင်းတရားမှာ အဘယ်နည်း။ ယင်းမှာ လူသားမျိုးနွယ်အပေါ် သူ၏ စိုးရိမ်ပူပန်မှု၊ ဂရုစိုက်မှုနှင့် ပူပန်သောကတို့ကြောင့် ဖြစ်သည်။ ဘုရားသခင်သည် လူတို့နှင့်ပတ်သက်၍ မိမိ၏ စိတ်နှလုံးတွင် ဤစိုးရိမ်ပူပန်မှုများ၊ ဂရုစိုက်မှုများနှင့် ပူပန်သောကများကို သယ်ဆောင်ထားပြီး လူတို့အပေါ် ထိုသို့သော သဘောထားမျိုးကို ဘုရားသခင် ပိုင်ဆိုင်သောကြောင့် သူ၏ အမှုတော်သည် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်လာရသည်။ လူတို့၏ အမြင်၌ ဘုရားသခင်သည် နှိမ့်ချပြီး ကွယ်ဝှက်နေသည်ဖြစ်စေ၊ သူသည် လူတို့ကို အမှန်တကယ် ချစ်သည်ဖြစ်စေ၊ သူသည် သစ္စာရှိသည်ဖြစ်စေ၊ ကြီးမြတ်သည်ဖြစ်စေ၊ ဤအဖိုးအခအားလုံးက ထိုက်တန်ပြီး အကျိုးခံစားရနိုင်သည်ဟု ဘုရားသခင် ယုံကြည်သည်။ ဤအကျိုးခံစားခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ သူ၏ စိတ်နှလုံးထဲ၌ သူ စိုးရိမ်ပူပန်နေသည့်အရာများက နောက်တစ်ဖန် ဖြစ်ပျက်လိမ့်မည်မဟုတ်ကြောင်း၊ သူ၏ စိတ်နှလုံးထဲ၌ သူ စိုးရိမ်ပူပန်နေသော လူတို့သည် သူ၏ ရည်ရွယ်ချက်များအတိုင်း၊ သူ သင်ကြားပြသပြီး လမ်းညွှန်ခဲ့သော နည်းလမ်းနှင့် ဦးတည်ချက်အတိုင်း အသက်ရှင်နေထိုင်နိုင်ကြမည်ဖြစ်ပြီး ဤလူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရတော့မည်မဟုတ်၊ ၎င်းတို့သည် ဆင်းရဲဒုက္ခ၌ နောက်ထပ် အသက်ရှင်နေထိုင်ရတော့မည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ စိုးရိမ်ပူပန်မှုများ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး ဘုရားသခင် စိတ်သက်သာရာရလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာအားလုံးနှင့်စပ်လျဉ်း၍ သူ၏ အဓိက အကြောင်းရင်းခံက မည်သည့်အရာပင်ဖြစ်စေ၊ သူ၏ အစီအစဉ်က မည်မျှပင် ကြီးမားသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ဤအရာအားလုံးသည် အပြုသဘောဆောင်သော အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာအားလုံးသည် အပြုသဘောဆောင်သော အရာများ ဖြစ်ကြသည်။ ဘုရားသခင် အမှုပြုသည့်နည်းလမ်းက လူတို့အတွက် မထင်မရှားဖြစ်သည်ဖြစ်စေ၊ ဖော်ပြရန် ထိုက်တန်သည်ဖြစ်စေ၊ မထိုက်တန်သည်ဖြစ်စေ၊ လူတို့ကို တရားစီရင်ရန်နှင့် ကယ်တင်ရန် ဘုရားသခင် အမှုပြုသည့်နည်းလမ်းအပေါ် လူတို့က မည်သို့ပင် ဝေဖန်သည်ဖြစ်စေ၊ ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာအားလုံးနှင့် သူ ပေးဆပ်နိုင်သော အဖိုးအခအားလုံးမှ အကဲဖြတ်သည့်အခါ၊ ဘုရားသခင်သည် ချီးမွမ်းခြင်းခံသည် မဟုတ်လော။ (ခံထိုက်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်သည် ကြီးမြတ်သလော သို့မဟုတ် သေးနုတ်သလော။ (ကြီးမြတ်ပါသည်။) အလွန် ကြီးမြတ်ပေ၏။ လူသားမျိုးနွယ်အကြား၌ ထိုသို့သော အဖိုးအခကို မည်သူမျှ မပေးဆပ်နိုင်ပေ။ လူအချို့က “လူသားမျိုးနွယ်အကြား၌ မိခင်မေတ္တာသည် အကြီးမြတ်ဆုံး ဖြစ်သည်” ဟု ဆိုကြသည်။ မိခင်မေတ္တာသည် ဤမျှလောက် ကြီးမြတ်သလော။ ယေဘုယျအားဖြင့် ကလေးများသည် မိမိတို့၏ ကိုယ်ပိုင်ဘဝများကို အမှီအခိုကင်းစွာ နေထိုင်ပြီးသည့်နောက် ၎င်းတို့ ပြည့်စုံလုံလောက်သရွေ့၊ ၎င်းတို့၏ မိခင်များသည် ၎င်းတို့နှင့်ပတ်သက်၍ ရေးကြီးခွင့်ကျယ်မလုပ်ကြတော့ပေ။ အမှန်တကယ်တွင် ၎င်းတိုအနေဖြင့် မိမိတို့ကလေးများနှင့်ပတ်သက်၍ ရေးကြီးခွင့်ကျယ်လုပ်ချင်လျှင်ပင် မလုပ်နိုင်ကြပေ။ သို့ဆိုလျှင် ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို မည်သို့ ဆက်ဆံသနည်း။ သူသည် ထိုအရာကို နှစ်ပေါင်းမည်မျှကြာ ခါးစည်းခံပြီးဖြစ်သနည်း။ ဘုရားသခင်သည် ယင်းကို အနှစ်ခြောက်ထောင်ကြာအောင် ခါးစည်းခံရပြီးဖြစ်ကာ ယခုအချိန်အထိပင် လက်မလျှော့သေးပေ။ ထိုစိုးရိမ်ပူပန်မှုနှင့် ပူပန်သောကအနည်းငယ်မျှအတွက် ဘုရားသခင်သည် ထိုသို့ကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့သည်။ ထိုသို့သော ကြီးမားသည့်အဖိုးအခသည် ဖာရိရှဲများနှင့် အန္တိခရစ်တို့၏ အမြင်၌ မည်သည့်အရာနှင့် တူသနည်း။ ထိုအရာသည် ၎င်းတို့၏ ရှုတ်ချခြင်း၊ ၎င်းတို့၏ ဝေဖန်ခြင်း၊ ၎င်းတို့၏ ပြစ်မှားစော်ကားခြင်းကိုပင် ခံရသည်။ ဤရှုထောင့်မှကြည့်လျှင် ထိုအန္တိခရစ်တို့သည် သဘာဝအားဖြင့် ကောက်ကျစ်ဆိုးယုတ်ကြသည် မဟုတ်လော။ (ကောက်ကျစ်ဆိုးယုတ်ကြပါသည်။) ဘုရားသခင်သည် ထိုသို့သော ချီးမွမ်းထိုက်သည့် အမှုအရာများကို လုပ်ဆောင်ခဲ့ပြီး ဘုရားသခင်၏ အနှစ်သာရနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည် လူတို့၏ ချီးမွမ်းခြင်းကို အလွန် ခံထိုက်သည်။ ၎င်းတို့သည် သူ့ကို မချီးမွမ်းကြရုံသာမက ပြစ်တင်ရှုတ်ချရန်နှင့် တရားစီရင်ရန် ဆင်ခြေအမျိုးမျိုးနှင့် သဘောတရားအမျိုးမျိုးကိုပင် အသုံးပြုကြပြီး သူသည် ခရစ်တော်ဖြစ်ကြောင်းကိုပင် အသိအမှတ်ပြုရန် ငြင်းပယ်ကြသည်။ ဤလူတို့သည် မုန်းတီးဖွယ်ကောင်းကြသည် မဟုတ်လော။ (မုန်းတီးဖွယ် ကောင်းကြပါသည်။) ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကြသည် မဟုတ်လော။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အပြုအမူမှ အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် အသိပညာနှင့် သညာတို့ကို ကိုးကွယ်ကြသည် မဟုတ်လော။ ၎င်းတို့သည် တန်ခိုးအာဏာနှင့် အဆင့်အတန်းကို ကိုးကွယ်ကြသည် မဟုတ်လော။ (ကိုးကွယ်ကြပါသည်။) တစ်စုံတစ်ခုက အပြုသဘောဆောင်လေ၊ လူတို့၏ ချီးမွမ်းခြင်း၊ အောက်မေ့ခြင်းနှင့် ဖြန့်ဝေခြင်းတို့ကို ခံထိုက်လေ၊ အန္တိခရစ်တို့၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရလေ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝနှင့်ဆိုင်သည့် ထုတ်ဖော်ပြသချက်တစ်ခု ဖြစ်သည်။ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှု အတိုင်းအတာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် လူအများစုထက် ကျော်လွန်သည်ဟု ဆိုရပေမည်။
ပေါလုနှင့်ပတ်သက်သော ဆွေးနွေးမှုတစ်ခုဖြင့် ဆက်ကြစို့။ ပေါလုသည် မည်သည့် မိသားစုမျိုးတွင် မွေးဖွားခဲ့သနည်း။ သူသည် ပညာတတ်မိသားစု၊ ပညာဗဟုသုတကြွယ်ဝသော မိသားစုတစ်ခုတွင် မွေးဖွားခဲ့သည်။ ထိုသို့သော မိသားစုတွင် သူမွေးဖွားခဲ့ပြီး သူ၏ မွေးဖွားရာနောက်ခံသည် ကောင်းသည်ဟု မှတ်ယူခြင်း ခံခဲ့ရသည်။ သူသည် အဆင့်မြင့်ပညာတတ်တစ်ဦး ဖြစ်ခဲ့သည်။ လက်ရှိစံနှုန်းများအရ သူသည် ဓမ္မပညာကို လေ့လာသောသူ သို့မဟုတ် တက္ကသိုလ်တက်သောသူမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ဆိုလျှင် သူ၏ အသိပညာနှင့် လေ့လာသင်ယူမှုသည် လူအများစုထက် ပို၍ မြင့်မားခဲ့ပါသလော။ (ပိုမြင့်မားသည်။) ပေါလု၏ အသိပညာနှင့် လေ့လာသင်ယူမှုမှ ကြည့်လျှင် သခင်ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို သူ အသိအမှတ်ပြုရန် လွယ်ကူခဲ့မည် မဟုတ်လော။ (လွယ်ကူခဲ့မည် ဖြစ်ပါသည်။) အလွန် လွယ်ကူသည်။ သို့သော် အဘယ်ကြောင့် သူသည် သခင်ယေရှုကို ခရစ်တော်အဖြစ် အသိအမှတ်မပြုခဲ့သနည်း။ (သူသည် အသိပညာကို ကိုးကွယ်ခဲ့ပြီး သခင်ယေရှုသည် သူ့လောက် အသိပညာမရှိဟု ခံစားခဲ့ရသောကြောင့် သူ့ကို အသိအမှတ်မပြုခဲ့ခြင်း ဖြစ်ပါသည်။) ဤသို့ ပြောဆိုခြင်းသည် အလွန် ရိုးရှင်းလွန်းသည်။ အကယ်၍ သခင်ယေရှုသည် သူ့လောက် အသိပညာမရှိခဲ့ပါက သူသည် သခင်ယေရှုကို အသိအမှတ်ပြုနိုင်မည်မဟုတ်ပေ။ အကယ်၍ သခင်ယေရှု၌ အသိပညာ အမှန်တကယ် ရှိခဲ့ပါက သူသည် သခင်ယေရှုကို အသိအမှတ်ပြုနိုင်ကောင်း ပြုနိုင်မည်ဖြစ်သည်။ ဤသည်မှာ တစ်စိတ်တစ်ပိုင်း ကောက်ချက်ဆွဲခြင်း အနည်းငယ် ဖြစ်သည်။ ယခုတွင် အန္တိခရစ်တို့က အသိပညာကို ကိုးကွယ်သည်ဟုသာ ငါတို့ ဆိုကြသည်။ ဆိုလိုသည်မှာ လူတို့စကားကို နားထောင်ပြီး လူများနှင့် ကိစ္စရပ်များကို ၎င်းတို့ ကိုင်တွယ်ဖြေရှင်းသောအခါ အသိပညာနှင့် လေ့လာသင်ယူမှုတို့ကို ၎င်းတို့ ကိုးကွယ်ကြောင်း အခြားသူများအား မြင်တွေ့ခွင့်ပြုသည့် သဘောထားအမြင်တစ်ခု ရှိကြသည်။ ဥပမာအားဖြင့် အကယ်၍ သင်တို့၏ စကားများက အလွန် ယုတ္တိရှိလျှင်၊ အဆင့်မြင့်လျှင်၊ ပါးနပ်လျှင်၊ ဉာဏ်မမီနိုင်ဖွယ်ရာဖြစ်ပြီး စိတ်ကူးသက်သက် ဖြစ်လျှင် ဤသည်မှာ သူ ကြိုက်နှစ်သက်သည့်အရာ အတိအကျ ဖြစ်သည်။ စိတ်ကူးသက်သက်ဖြစ်ပြီး ယုတ္တိဗေဒ၊ ဒဿနိကဗေဒနှင့်လည်းကောင်း၊ သင်ယူလေ့လာမှုတစ်ခုခုနှင့်လည်းကောင်း ကိုက်ညီခြင်း၊ ဤသည်မှာ သူ အလိုရှိသည့်အရာ အတိအကျ ဖြစ်သည်။ သခင်ယေရှုသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်ပြီး သူ မိန့်တော်မူသမျှအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားများ ဖြစ်ကြသည်။ သို့ဆိုလျှင် အသိပညာနှင့် သင်ယူလေ့လာမှုရှိသော လူတို့သည် ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများကို ကြည့်သောအခါ မည်သို့ အကဲဖြတ်ကြသနည်း။ “သင် ပြောသော စကားများသည် အလွန် ရိုင်းစိုင်းပြီး အပေါ်ယံဆန်လှသည်။ ယင်းတို့သည် ဘုရားကို ယုံကြည်ခြင်းနှင့်ပတ်သက်သော အသေးအဖွဲကိစ္စများသာ ဖြစ်သည်။ ယင်းတို့သည် နက်နဲခြင်းလည်းမရှိ၊ ဉာဏ်မမီနိုင်ခြင်းလည်းမရှိပါ။ နက်နဲသောအရာများ မရှိပါ။ သို့တိုင် ယင်းတို့သည် သမ္မာတရားဖြစ်သည်ဟု သင် ဆိုသေးသည်။ သမ္မာတရားနှင့်ပတ်သက်၍ အဘယ်အရာက ထိုမျှ အဆင့်မြင့်နေသနည်း။ ဤအရာများကို ကျွန်ုပ်လည်း ပြောနိုင်သည်” ဟူ၍ ဖြစ်သည်။ အန္တိခရစ်တို့သည် ဤအရာကို မယုံကြည်ကြသလော။ (ဟုတ်ပါသည်။) ၎င်းတို့က “သင် ပြောနေသည့်အရာများသည် နောက်ဆုံးတွင် ကျွန်ုပ်၏ အသိပညာထက် မြင့်သည်၊ နိမ့်သည်ကို ကျွန်ုပ် ကြည့်ပါရစေ” ဟု စဉ်းစားလျက် ဤသို့ ချိန်ဆကြသည်။ ထိုအရာများကို ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက် “သင်သည် မူလတန်းကျောင်းသားတစ်ဦးနှင့် တူသည်။ ကျွန်ုပ်က ကောလိပ်ကျောင်းသားတစ်ဦး ဖြစ်သည်၊ သို့ဖြစ်၍ သင်သည် ကျွန်ုပ်လောက် မတော်ပါ” ဟု ဆိုလျက် ထိုအရာများကို စိန်ခေါ်ကြသည်။ ထို့နောက် ၎င်းတို့က “သင်သည် သဒ္ဒါကို နားမလည်ဟု ထင်ရပြီး တစ်ခါတစ်ရံ သင် စကားပြောစဉ် အသုံးပြုသော စကားလုံးများသည် မသင့်လျော်ပါ။ သင်သည် ဘုရားနှင့် မတူဟု ထင်ရသည်”ဟု ဆိုလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အမှားအချို့ကို ရှာဖွေကြသည်။ သူ့အနေဖြင့် ဘုရားသခင် ဟုတ်မဟုတ်ဟူသည်ကို သိမြင်ရန် သူ၏ အသွင်အပြင်ကို ကြည့်ကြသည်၊ ၎င်းတို့သည် သူ၏ နှုတ်ကပတ်တော်များ၏ အကြောင်းအရာကို နားမထောင်ကြ၊ ဖော်ပြသည့်အရာသည် သမ္မာတရား ဟုတ်မဟုတ်ဟူသည်ကို ၎င်းတို့ နားမထောင်ကြ၊ သို့မဟုတ် ထိုနှုတ်ကပတ်တော်များက ဘုရားသခင်ထံမှ လာခြင်း ဟုတ်မဟုတ်ကို နားမထောင်ကြပေ။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်မှု ကင်းမဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် အန္တိခရစ်တို့၌ နောက်ထပ် လက္ခဏာရပ်တစ်ခုလည်း ရှိသည်၊ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်မှု ကင်းမဲ့ကြသည်။ အကြောင်းမှာ အသိပညာနှင့် လေ့လာသင်ယူမှုတို့ကို ၎င်းတို့ တန်ဖိုးထားသောကြောင့် သမ္မာတရားကို နားမလည်ကြပေ။ ၎င်းတို့အနေဖြင့် သမ္မာတရားကို မည်သည့်အခါမျှ နားလည်နိုင်မည် မဟုတ်ပေ။ ဤလူတို့သည် ဝိညာဉ်ရေးရာ သိနားလည်မှု ကင်းမဲ့သော အမျိုးအစားများ ဖြစ်ရန် ကံဇာတာပါလာကြသည်။ ၎င်းတို့သည် ဘုရားသခင် ပြောသော ဝါကျတိုင်းကို ချိန်ဆရန် မိမိတို့၏ အသိပညာကို အသုံးပြုကြသည်။ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်ကြသလော။ ဤသည်မှာ သမ္မာတရားဖြစ်ကြောင်းကို ၎င်းတို့ သိနိုင်ကြသလော။ ဘုရားသခင်ပြောခဲ့သာ ဤနှုတ်ကပတ်တော်အားလုံးသည် သမ္မာတရားဖြစ်သည်ဟု နောက်ဆုံးတွင် ၎င်းတို့ ကောက်ချက်ချပြီး ပြောနိုင်ကြသလော။ ဤအရာကို ၎င်းတို့ အသိအမှတ်ပြုနိုင်ကြသလော။ ဤအရာကို ၎င်းတို့ အသိအမှတ်မပြုနိုင်ကြပေ။ သို့ဆိုလျှင် ၎င်းတို့၏ အမြင်၌ လူ့ဇာတိခံ ဘုရားသခင်ကို မည်သို့ ရှုမြင်ကြသနည်း။ ၎င်းတို့က “ကျွန်ုပ် မည်သို့ပင် ကြည့်သည်ဖြစ်စေ သူသည် လူသားတစ်ဦး ဖြစ်သည်။ ကျွန်ုပ် မည်သို့ပင် ကြည့်သည်ဖြစ်စေ ဘုရား၏ အရည်အသွေးကို ကျွန်ုပ် မမြင်နိုင်ပါ။ ကျွန်ုပ် မည်သို့ပင် နားထောင်သည်ဖြစ်စေ သူ၏ မည်သည့်စကားများက သမ္မာတရားနှင့် ကိုက်ညီပြီး မည်သည့်စကားများက သမ္မာတရားဖြစ်သည်ကို ကျွန်ုပ် မခွဲခြားနိုင်ပါ” ဟု တွေးကြသည်။ ထို့ကြောင့် ၎င်းတို့၏ စိတ်နှလုံးအတွင်း နက်ရှိုင်းသောနေရာ၌ ၎င်းတို့က “အကယ်၍ သင်၌ အသစ်အဆန်းတစ်ခုခု ရှိပြီး သင့်ထံမှ သဘောတရားအချို့ကို ကျွန်ုပ် ရရှိနိုင်ကာ အရင်းအနှီးအချို့ကို စုဆောင်းနိုင်မည်ဆိုလျှင် ယခုလောလောဆယ် သင့်နောက်သို့ ကျွန်ုပ် လိုက်မည်ဖြစ်ပြီး ရလဒ်က အဘယ်အရာဖြစ်သည်ကို ကြည့်မည်”ဟု စဉ်းစားကြသည်။ သို့သော် ၎င်းတို့သည် သခင်ယေရှုကို မိမိတို့၏ စိတ်နှလုံးအတွင်းမှ လက်ခံနိုင်ကြသလော။ (လက်မခံနိုင်ကြပါ။) ၎င်းတို့သည် သူ့ကို လုံးဝ လက်ခံကြမည် မဟုတ်ပေ။ အဘယ်ကြောင့် ၎င်းတို့ လက်မခံကြသနည်း။ ဤအရာ၏ အကြောင်းတရားမှာ အဘယ်နည်း။ အသိပညာကို ၎င်းတို့ အလွန်အမင်း ကြိုက်နှစ်သက်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ကြိုက်နှစ်သက်မှုနှင့် သူတို့ ပြင်ဆင်ထားပြီး သင်ယူခဲ့သော အသိပညာသည် ၎င်းတို့၏ မျက်စိများနှင့် ၎င်းတို့၏ စိတ်ကို ကွယ်စေပြီး ဘုရားသခင် ပြုလုပ်ခဲ့သမျှအားလုံးကို မမြင်အောင် တားဆီးသည်။ ဘုရားသခင် မိန့်တော်မူသည့်အရာသည် သမ္မာတရားဖြစ်ကြောင်း ထင်ရှားနေသည့်တိုင်၊ ဘုရားသခင် ပြုလုပ်ခဲ့သော အမှုတော်သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ရှင်းလင်းစွာ ဖော်ပြသည့်တိုင် ၎င်းတို့က မမြင်နိုင်ကြပေ။ အဘယ်ကြောင့် မမြင်နိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အသိပညာနှင့် သင်ယူလေ့လာမှုသည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ၊ စိတ်ကူးစိတ်သန်းများနှင့် အဆုံးအဖြတ်များဖြင့် ၎င်းတို့ကို ပြည့်စေသောကြောင့် ဖြစ်သည်။ အဆုံးတွင် သူတို့သည် တရားဒေသနာများကို မည်သို့ပင် နားထောင်သည်ဖြစ်စေ သို့မဟုတ် ဘုရားသခင်နှင့် မည်သို့ပင် ထိတွေ့ဆက်ဆံသည်ဖြစ်စေ ဘုရားသခင် မိန့်တော်မူသည့်အရာကို သူတို့ နားမလည်နိုင်ကြပေ၊ ဤပုဂ္ဂိုလ် ပြောဆိုခဲ့သည့်အရာသည် လူတို့ကို ပြောင်းလဲစေနိုင်သည်ကို သို့မဟုတ် ယင်းမှာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို လက်ခံရန် မဆိုထားနှင့်။ ဤသည်မှာ သူတို့ မည်သည့်အခါမျှ လက်မခံနိုင်သည့်အရာ ဖြစ်သည်။ သူတို့သည် ယင်းကို မည်သည့်အခါမျှ လက်မခံနိုင်ပေ၊ ဤသည်မှာ ပေါလုကဲ့သို့ပင် သူတို့ ကယ်တင်ခြင်းမခံရရန် ကံကြမ္မာပါလာခြင်း ဖြစ်သည်။ ပေါလုသည် သခင်ယေရှု ခရစ်တော်ဖြစ်ကြောင်း ဝန်ခံခဲ့ပါသလော။ သူသည် အဆုံး၌ပင် ယင်းကို ဝန်မခံခဲ့ပေ။ လူအချို့က “ဒမာသက်မြို့သို့ သွားရာလမ်း၌ သူ ဒဏ်ခတ်ရိုက်ချခြင်းခံရသောအခါ သခင်ဘုရားကို သူ မခေါ်ခဲ့ဘူးလား။ သူ ဝန်ခံခဲ့သင့်သည်။ သူ ဝန်မခံခဲ့ဟု မည်သို့ ဆိုနိုင်မည်နည်း” ဟု ဆိုကြသည်။ အချက်တစ်ချက်က ပေါလုသည် သခင်ယေရှုခရစ်တော်ကို သူ၏ ကယ်တင်ရှင်အဖြစ် မည်သည့်အခါမျှ အသိအမှတ်မပြုခဲ့ကြောင်း သက်သေပြသည်။ ယင်းမှာ သူ ဒဏ်ခတ်ခြင်းခံရပြီးသည့်နောက်မှာပင် သူသည် ခရစ်တော်ဖြစ်ရန် ကြိုးစားခြင်းကို ဆက်လက်၍ လိုက်စားခဲ့ခြင်း ဖြစ်သည်။ ခရစ်တော်သည် လူတို့ ပေါ့ပေါ့ဆဆ ဖြစ်လာနိုင်သည့် တစ်စုံတစ်ဦးလော။ ခရစ်တော်သည် လူသားတစ်ဦးအဖြစ် လူ့ဇာတိခံယူသော ဘုရားသခင် ဖြစ်သည်။ သူသည် ဘုရားသခင်ဖြစ်ပြီး မည်သူမျှ သူတို့ အလိုရှိသောကြောင့်သာ သူ ဖြစ်လာနိုင်မည်မဟုတ်ပေ။ မည်သူသည် ခရစ်တော် မဖြစ်ချင်ဘဲ နေမည်နည်း၊ သို့သော် ယင်းမှာ လူသားများ ပြုလုပ်နိုင်သည့်အရာ ဟုတ်ပါသလော။ ဤသည်မှာ လူတို့ ပြုလုပ်လိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်ပေ။ ပေါလုသည် ခရစ်တော်ဖြစ်ရန်ပင် အလိုရှိခဲ့သည်။ ပေါလု၏ လိုက်စားမှုမှ ကြည့်လျှင် သခင်ယေရှုသည် ခရစ်တော်နှင့် သခင်ဖြစ်ကြောင်း သူ အသိအမှတ်ပြုနိုင်ခဲ့မည်လော။ (မပြုနိုင်ခဲ့ပါ။) သို့ဆိုလျှင် သူသည် သခင်ယေရှု၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းကို မည်သည့်နေရာ၌ သတ်မှတ်ခဲ့သနည်း။ ဘုရားသခင်၏ သားတော်အဖြစ် ဖြစ်သည်။ ဘုရားသခင်၏ သားတော်ကား အဘယ်နည်း။ ယင်းမှာ “သင်သည် ဘုရားမဟုတ်၊ သင်သည် ဘုရား၏ သားတစ်ပါးဖြစ်သည်၊ သင်သည် ဘုရားထက် ငယ်သည်၊ သင်သည် ကျွန်ုပ်တို့နှင့် တူညီသည်၊ ကျွန်ုပ်တို့သည် ဘုရား၏ သားများဖြစ်ပြီး သင်သည်လည်း ဘုရား၏ သားတစ်ပါး ဖြစ်သည်၊ သို့သော် ဘုရားသည် သင့်အား မတူညီသော တာဝန်ပေးစေခိုင်းချက်တစ်ခု ပေးခဲ့ပြီး သင်သည် မတူညီသော အမှုတော်ကို ဆောင်ရွက်ခဲ့သည်။ အကယ်၍ ဘုရားသည် ကျွန်ုပ်အား ဤအလုပ်ကို ပေးခဲ့ပါက ကျွန်ုပ်လည်း ယင်းကို ပြုလုပ်နိုင်ပြီး ထမ်းဆောင်နိုင်မည် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သခင်ယေရှုခရစ်တော်သည် ဘုရားသခင်ဖြစ်သည်ဟူသောအချက်ကို ပေါလု အသိအမှတ်မပြုခဲ့ကြောင်း ဆိုလိုသည် မဟုတ်လော။ (ဆိုလိုပါသည်။) သူ၏ ယုံကြည်ခြင်းရှိသော ဘုရားသည် ကောင်းကင်ဘုံ၌ ရှိသည်၊ ဤခရစ်တော်သည် ဘုရားမဟုတ်၊ ဘုရား၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းသည် ဤခရစ်တော်နှင့် မည်သို့မျှ မသက်ဆိုင်ဟု သူ ယုံကြည်ခဲ့သည်။ သူ၏ သိနားလည်မှုနှင့် သခင်ယေရှုအပေါ် သူ၏ သဘောထားသည် မည်သို့ ဖြစ်ပေါ်လာခဲ့သနည်း။ ယင်းတို့သည် သူ၏ အသိပညာနှင့် စိတ်ကူးစိတ်သန်းများမှ ကောက်ချက်ချခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုအရာများကို မည်သို့ ကောက်ချက်ချခဲ့သနည်း။ မည်သည့်ဝါကျ၌ ထိုအရာများကို သူ မြင်တွေ့ခဲ့သနည်း။ သခင်ယေရှုက “ငါ့အဘသည် ဤသို့ သို့မဟုတ် ထိုသို့ ဖြစ်တော်မူသည်” ဟူသည်နှင့် “ငါသည် ကောင်းကင်ဘုံရှိ ငါ့အဘအားဖြင့် ဤအရာ သို့မဟုတ် ထိုအရာကို လုပ်ဆောင်သည်”ဟူသည်တို့ကို မိန့်တော်မူခဲ့ပြီး သူက ဤအရာကို ကြားပြီး၊ “သင်သည်လည်း ဘုရားကို ဘုရားဟု ရည်ညွှန်းသလော။ သင်သည်လည်း ကောင်းကင်ဘုံရှိ ဘုရားကို အဘဟု ရည်ညွှန်းသလော။ ထိုသို့ဖြစ်လျှင် သင်သည် ဘုရား၏ သားတစ်ပါး ဖြစ်သည်လော”ဟု စဉ်းစားခဲ့သည်။ ဤသည်မှာ လူ့ဦးနှောက်၏ စိတ်ကူးစိတ်သန်းတစ်ခုဖြစ်သည် မဟုတ်လော။ ဤသည်မှာ အသိပညာရှိသောလူများ ချမှတ်သည့်ကောက်ချက်တစ်ခု ဖြစ်သည်၊ “အကယ်၍ သင်သည် ကောင်းကင်ဘုံရှိ ဘုရားကို အဘဟု ခေါ်ပြီး ကျွန်ုပ်တို့လည်း သူ့ကို အဘဟု ခေါ်ပါက ကျွန်ုပ်တို့သည် ညီအစ်ကိုများ ဖြစ်ကြသည်။ သင်သည် သားဦးဖြစ်ပြီး ကျွန်ုပ်တို့သည် ဒုတိယသားများ ဖြစ်ကြသည်၊ ကောင်းကင်ဘုံရှိ ဘုရားသည် ကျွန်ုပ်တို့၏ တူညီသော ဘုရားဖြစ်သည်။ သို့ဖြစ်၍ သင်သည် ဘုရားမဟုတ်၊ ကျွန်ုပ်တို့အားလုံးသည် တူညီသည့် အဆင့်အတန်းတွင် ဖြစ်ကြသည်။ ထို့ကြောင့် မည်သူ ဆုချီးမြှင့်ခြင်းခံရမည်၊ မည်သူ အပြစ်ပေးခြင်းခံရမည်၊ ၎င်းတို့၏ အဆုံးသတ်က မည်သို့ဖြစ်မည်ဟူသည်တို့ကို နောက်ဆုံးတွင် ဆုံးဖြတ်သောသူမှာ သခင်ယေရှုခရစ်မဟုတ်၊ ကောင်းကင်ဘုံရှိ ဘုရားဖြစ်သည်” ဟူ၍ ဖြစ်သည်။ ပေါလု၏ ဤကောက်ချက်များနှင့် အဓိပ္ပာယ်မဲ့သော ရှုထောင့်များအားလုံးသည် ဓမ္မပညာနှင့် အသိပညာကို လေ့လာပြီးနောက် သူ၏ စိတ်ကို အသုံးပြု၍ အကဲဖြတ်ခြင်းနှင့် ဆန်းစစ်ခြင်းအားဖြင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ရလဒ်ဖြစ်ခဲ့သည်။
ပေါလုသည် အသိပညာကို အသက်ကယ်ကောက်ရိုးတစ်ခုအဖြစ်၊ သူ၏ အရင်းအနှီးအဖြစ်၊ သာ၍ပင် သူ၏ လိုက်စားမှုပန်းတိုင်အဖြစ် မှတ်ယူခဲ့သည်။ အကယ်၍ ပေါလုက အသိပညာကို မကိုးကွယ်ခဲ့ဘဲ ယခင်က သူသင်ယူခဲ့သော အသိပညာကို စွန့်လွှတ်နိုင်ခဲ့မည်ဆိုလျှင်၊ သခင်ယေရှုကို သခင်အဖြစ်၊ နောက်သို့လိုက်၍ရနိုင်သောသူအဖြစ်၊ သမ္မာတရားကို ဖော်ပြနိုင်သောသူအဖြစ် မှတ်ယူပြီး နာခံကာ လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရားအဖြစ် သခင်ယေရှု၏ နှုတ်ကပတ်တော်များကို မှတ်ယူခဲ့မည်ဆိုလျှင် အကျိုးဆက်မှာ ကွဲပြားသွားမည် ဖြစ်သည်။ ပေတရုသည် သခင်ဘုရားကို သုံးကြိမ်တိုင် ငြင်းပယ်နိုင်ခဲ့ခြင်းမှာ တစ်နည်းအားဖြင့် သူ ကြောက်ရွံ့ခဲ့သောကြောင့် ဖြစ်ပြီး နောက်တစ်နည်းအားဖြင့် သူသည် သခင်ယေရှုကို အဖမ်းခံရပြီး ဆင်းရဲဒုက္ခခံစားနေရသော သာမန်လူတစ်ဦးအဖြစ် မြင်တွေ့ခဲ့သောကြောင့် ဖြစ်သည်။ သူ၏ စိတ်နှလုံးထဲ၌ အားနည်းချက် ရှိခဲ့သည်၊ ယင်းမှာ အလွန်ဆိုးရွားသော ချို့ယွင်းချက် မဟုတ်ခဲ့ပေ။ သခင်ယေရှုကို ခဏတာ သူ ငြင်းပယ်နိုင်ခဲ့ခြင်းသည်လည်း အလွန်ဆိုးရွားသော ချို့ယွင်းချက် မဟုတ်ခဲ့ပေ။ ဤသည်မှာ လူတစ်ဦး၏ အဆုံးသတ်ကို နောက်ဆုံးတွင် အဆုံးအဖြတ်ပေးနိုင်သည့် သက်သေအထောက်အထား မဟုတ်ပေ။ ၎င်းတို့၏ အဆုံးသတ်ကို နောက်ဆုံးတွင် ဆုံးဖြတ်သောအရာမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် ၎င်းတို့ သဘောထားခြင်းရှိမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် ၎င်းတို့ လက်ခံ၊ နာခံပြီး လက်တွေ့ကျင့်သုံးနိုင်ခြင်း ရှိမရှိဟူသည့်အရာ ဖြစ်သည်။ ပေါလုနှင့် ပေတရုသည် လုံးဝကွဲပြားသော ဥပမာနှစ်ခု ဖြစ်ကြသည်။ ပေတရုသည် တစ်ချိန်က အားနည်းခဲ့သည်၊ တစ်ချိန်က သခင်ဘုရားကို သူ ငြင်းပယ်ခဲ့ပြီး တစ်ချိန်က သခင်ဘုရားကို သံသယဝင်ခဲ့သော်လည်း နောက်ဆုံးရလဒ်မှာ ပေတရုက စုံလင်ခြင်းသို့ ရောက်ခဲ့ခြင်း ဖြစ်သည်။ ပေါလုသည် သခင်ဘုရားအတွက် အလုပ်လုပ်ခဲ့ပြီး နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခခံခဲ့သည်။ သူ့အနေဖြင့် သရဖူတစ်ခုကို လက်ခံရရှိနိုင်ခဲ့သင့်သည်မှာ ကျိုးကြောင်းဆီလျော်သော်လည်း၊ အဘယ်ကြောင့် သူသည် ဘုရားသခင်၏ အပြစ်ပေးခြင်းကို ခံသွားခဲ့ရသနည်း။ သူနှင့် ပေတရု၏ အဆုံးသတ်များက အဘယ်ကြောင့် ကွဲပြားခဲ့သနည်း။ ဤသည်မှာ လူတစ်ဦး၏ သဘာဝအနှစ်သာရနှင့် ၎င်းတို့ လိုက်စားသော လမ်းကြောင်းအပေါ် မူတည်သည်။ ပေါလု၏ သဘာဝအနှစ်သာရမှာ အဘယ်နည်း။ အနည်းဆုံးအားဖြင့် ကောက်ကျစ်ဆိုးယုတ်မှုဟူသော အချက်တစ်ချက် ရှိသည်။ သူသည် အသိပညာနှင့် အဆင့်အတန်းကို အရူးအမူး လိုက်စားခဲ့သည်၊ ဆုလာဘ်များနှင့် သရဖူတစ်ခုကို လိုက်စားခဲ့ပြီး သမ္မာတရားကို လုံးဝမလိုက်စားဘဲ ထိုသရဖူအတွက် ဟိုသည်ပြေးလွှားခဲ့သည်၊ အလုပ်လုပ်ပြီး အဖိုးအခကို ပေးဆပ်ခဲ့သည်။ ထို့အပြင် သူ၏ အမှုတော်ကာလတစ်လျှောက်လုံးတွင် သူသည် သခင်ယေရှု၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ သက်သေမခံခဲ့သကဲ့သို့ သခင်ယေရှုက ခရစ်တော်ဖြစ်ကြောင်း၊ ဘုရားသခင်ဖြစ်ကြောင်း သို့မဟုတ် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ကို ကိုယ်စားပြုကြောင်းနှင့် သူပြောဆိုသော နှုတ်ကပတ်တော်အားလုံးသည် ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များဖြစ်ကြောင်းကိုလည်း သူ သက်သေမခံခဲ့ပေ။ ပေါလုက ဤအရာများကို နားမလည်နိုင်ခဲ့ပေ။ သို့ဆိုလျှင် ပေါလု လျှောက်လှမ်းခဲ့သော လမ်းကြောင်းမှာ အဘယ်နည်း။ သူသည် အသိပညာနှင့် ဓမ္မပညာကို ခေါင်းမာစွာ လိုက်စားခဲ့သည်၊ သမ္မာတရားကို အတိုက်အခံလုပ်ခဲ့သည်၊ သမ္မာတရားကို လက်ခံရန် ငြင်းပယ်ခဲ့ပြီး သူ၏ အဆင့်အတန်းကို စီမံခန့်ခွဲရန်၊ ထိန်းသိမ်းရန်နှင့် တည်ငြိမ်စေရန် အလုပ်လုပ်ဖို့အတွက် သူ၏ ဆုကျေးဇူးများနှင့် အသိပညာကို အသုံးပြုခဲ့သည်။ သူ၏ နောက်ဆုံးအဆုံးသတ်မှာ အဘယ်နည်း။ သူ မသေဆုံးမီတွင် မည်သည့် အပြစ်ဒဏ် သူ ရရှိခဲ့သည် သို့မဟုတ် သူ၌ မူမမှန်သော သရုပ်သကန်တစ်ခု ရှိမရှိဟူသည်ကို သင်တို့ အပြင်ပန်းမှ မြင်ကောင်းမမြင်နိုင်သော်လည်း သူ၏ နောက်ဆုံးအဆုံးသတ်သည် ပေတရုနှင့် ကွဲပြားခဲ့ပေသည်။ ဤ “ကွဲပြားမှု” သည် အဘယ်အရာအပေါ် မူတည်ခဲ့သနည်း။ အချက်တစ်ခုမှာ လူတစ်ဦး၏ သဘာဝအနှစ်သာရဖြစ်ပြီး အခြားတစ်ခုမှာ ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်း ဖြစ်သည်။ သခင်ယေရှုအပေါ် ပေါလု၏ သဘောထား၊ ရှုထောင့်နှင့်ပတ်သက်၍ သူ၏ အတိုက်အခံလုပ်ခြင်းသည် ပုံမှန်လူတို့၏ အတိုက်အခံလုပ်ခြင်းနှင့် မည်သို့ ကွဲပြားခဲ့သနည်း။ ထို့အပြင် ပေါလုက သခင်ဘုရားကို ငြင်းပယ်ခြင်း၊ ပစ်ပယ်ခြင်းနှင့် ပေတရုက အားနည်းခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ကြောင့် ဘုရားသခင်၏ နာမတော်ကို ငြင်းပယ်ခြင်း၊ သခင်ဘုရားကို သုံးကြိမ်တိုင် အသိအမှတ်မပြုခြင်းတို့အကြား ကွာခြားချက်မှာ အဘယ်နည်း။ ပေါလုသည် သူ၏ အမှုတော်ကို ဆောင်ရွက်ရန် အသိပညာ၊ ပညာဗဟုသုတနှင့် သူ၏ ဆုကျေးဇူးများကို အသုံးပြုခဲ့သည်။ သူသည် သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်ခဲ့သကဲ့သို့ ဘုရားသခင်၏ လမ်းခရီးကိုလည်း မလိုက်လျှောက်ခဲ့ပေ။ ထို့ကြောင့် သူ့အနေဖြင့် ဟိုသည်ပြေးလွှားပြီး အလုပ်လုပ်ခဲ့သော ကာလတွင် သို့မဟုတ် သူ၏ ဩဝါဒစာများတွင် သူ၏ အားနည်းချက်ကို သင်တို့ မြင်တွေ့နိုင်ခဲ့ကြသလော။ သင်တို့ မမြင်တွေ့နိုင်ခဲ့ပေ၊ ဟုတ်သည်မဟုတ်လော။ သူသည် လူတို့အား မည်သို့ပြုလုပ်ရမည်ကို အကြိမ်ကြိမ် သင်ကြားပေးခဲ့ပြီး လူတို့အား ဆုလာဘ်များ၊ သရဖူများနှင့် ကောင်းသော ပန်းတိုင်တစ်ခုကို ရရှိရန် လိုက်စားဖို့ အားပေးခဲ့သည်။ သူ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အတွေ့အကြုံဆိုင်ရာ အသိပညာ သို့မဟုတ် အတွေ့အကြုံ မရှိခဲ့ပေ။ သို့ရာတွင် ပေတရုသည် သူ၏ လုပ်ဆောင်ချက်များ၌ အလွန် သိုသိပ်ခဲ့သည်။ သူ၌ ထိုနက်နဲသော သဘောတရားများ သို့မဟုတ် အလွန်ကျော်ကြားသော ဩဝါဒစာများ မရှိခဲ့ပေ။ သူသည် သမ္မာတရားအပေါ် စစ်မှန်သော သဘောပေါက်နားလည်မှုနှင့် လက်တွေ့လုပ်ဆောင်မှုအချို့ကို ပိုင်ဆိုင်ခဲ့သည်။ သူ၏ အသက်တာ၌ အားနည်းခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို တွေ့ကြုံခဲ့ရသော်လည်း စမ်းသပ်မှုများစွာပြီးနောက် ဘုရားသခင်နှင့် သူတည်ဆောက်ခဲ့သော ဆက်ဆံရေးမှာ လူနှင့် ဘုရားသခင်အကြား ဆက်ဆံရေးဖြစ်ပြီး ယင်းမှာ ပေါလုနှင့် လုံးဝ ကွဲပြားခဲ့သည်။ ပေါလုသည် အလုပ်လုပ်ခဲ့သော်လည်း သူ ပြုလုပ်ခဲ့သည့်မည်သည့်အရာကမျှ ဘုရားသခင်နှင့် မသက်ဆိုင်ခဲ့ပေ။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သူ၏ အမှုတော်၊ သူ၏ ချစ်ခြင်းမေတ္တာ သို့မဟုတ် လူသားမျိုးနွယ်အပေါ် သူ၏ ကယ်တင်ခြင်းတို့နှင့်ပတ်သက်၍ သက်သေမခံခဲ့သကဲ့သို့ လူတို့အပေါ် ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် သူ၏ တောင်းဆိုချက်များနှင့်ပတ်သက်၍ သာ၍ပင် သက်သေမခံခဲ့ပေ။ သခင်ယေရှုက ဘုရားသခင်၏ သားတော်ဖြစ်ကြောင်းကိုပင် လူတို့ကို သူ မကြာခဏ ပြောကြားခဲ့ပြီး နောက်ဆုံးတွင် ဘုရားသခင်ကို သုံးပါးတစ်ဆူအဖြစ် လူတို့အား ရှုမြင်စေခဲ့သည်။ “သုံးပါးတစ်ဆူ” ဟူသော ဝေါဟာရသည် ပေါလုထံမှ အစပြုခဲ့သည်။ အကယ်၍ “အဘနှင့် သား” ကဲ့သို့သော အရာမျိုး မရှိပါက “သုံးပါးတစ်ဆူ” ရှိနိုင်မည်လော။ မရှိနိုင်ပေ။ လူ၏စိတ်ကူးစိတ်သန်းများက အလွန် “များပြားဆန်းစုံ” လှသည်။ သင်တို့သည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို နားမလည်နိုင်ပါက ကြောင်းကျိုးမမြင်ဘဲ အဆုံးအဖြတ်များ မချနှင့် သို့မဟုတ် ကြောင်းကျိုးမမြင်သော အကဲဖြတ်ချက်များ မပြုလုပ်နှင့်။ သခင်ယေရှု၏ နှုတ်ကပတ်တော်များကိုသာ နားထောင်ပြီး သူ့ကို ဘုရားသခင်အဖြစ်၊ လူ့ဇာတိဖြင့် ပေါ်ထွန်းပြီး လူသားတစ်ဦး ဖြစ်လာသော ဘုရားသခင်အဖြစ် သဘောထားလော့။ ဤသို့ သဘောထားခြင်းသည် ပို၍ ဓမ္မဓိဋ္ဌာန်ကျသည်။
ဘုရားသခင်သည် သူ၏ အမှုတော်၏ ဤအဆင့်တွင် အမျိုးသမီးအဖြစ် လူ့ဇာတိခံယူတော်မူကြောင်းကို ပထမဆုံး သက်သေခံခဲ့သောအခါ လူများစွာတို့သည် ယင်းကို လက်မခံနိုင်ခဲ့ကြဘဲ ဤအရာ၌ အကျပ်ရိုက်ခဲ့ကြသည်။ ၎င်းတို့က “ပြောဆိုလျက်ရှိသော နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားများ ဖြစ်ကြသည်၊ လုပ်ဆောင်လျက်ရှိသော အမှုတော်သည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းဖြစ်သည်၊ ဤအရာများသည် ဘုရားသခင်၏ အမှုတော်ကဲ့သို့ ထင်ရပြီး ဤပုဂ္ဂိုလ်သည် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ကြောင်းကို ငါဝန်ခံနိုင်သည်။ ဤလိင်အမျိုးအစားကို လက်ခံရန် မလွယ်ကူခြင်းသာ ဖြစ်သည်”ဟု ခံစားခဲ့ကြသည်။ သို့သော် ဤနှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်သောကြောင့် ၎င်းတို့က သူ့ကို အင်တင်တင်ဖြင့် လက်ခံနေဆဲဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ “သူ့အနေဖြင့် အမှန်တကယ် ဘုရားသခင် ဟုတ်မဟုတ်ကို သိမြင်ရန် ငါအရင်ဆုံး သူ့နောက်လိုက်မည်”ဟု စဉ်းစားကြသည်၊ လူများစွာတို့သည် ဤနည်းလမ်းဖြင့် လိုက်လျှောက်ခဲ့ကြသည်။ လူသားမျိုးနွယ်ကို ဘုရားသခင် ဖန်ဆင်းခြင်းသည် ကျားနှင့်မ ဟူသော လိင်နှစ်မျိုး၌ ရှိပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည်လည်း ခြွင်းချက်မရှိ၊ ကျားဖြစ်စေ၊ မဖြစ်စေ ဖြစ်သည်။ ရုတ်တရက် တစ်နေ့တွင် တစ်စုံတစ်ဦးက ငါ့အား၊ “ဤတစ်ကြိမ် လူ့ဇာတိခံယူခြင်းသည် အမျိုးသမီးဖြစ်သည်ကို မည်သို့ နားလည်နိုင်မည်နည်း” ဟု မေးခဲ့သည်။ ငါက “ကောင်းပြီ၊ ထိုအရာကို သင်တို့ မည်သို့ ရှုမြင်သနည်း။ ဘုရားသခင်သည် လူတို့၏ အယူအဆများနှင့်အညီ ပြုမူဆောင်ရွက်ခြင်းမရှိပါ။ အကယ်၍ ဤအရာကို ဘုရားသခင် ပြုလုပ်ခဲ့ကြောင်း သင်တို့ သေချာပါက ဘုရားသခင် ပြုလုပ်သည့်အရာကို သင်တို့ မစူးစမ်းသင့်ပါ။ အကယ်၍ သင်တို့ နားမလည်ပါက စောင့်ဆိုင်းသင့်သည်။ သင်တို့ ရှာဖွေပြီး ရလဒ်များ မရရှိသေးပါက သင်တို့ ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိကိုသာ ကြည့်လော့။ အကယ်၍ သင်တို့ ကျိုးနွံနာခံနိုင်ပါက သင်တို့ ဆင်ခြင်တုံတရားရှိသည်။ သို့သော် ဤအကြောင်းကြောင့် သင်တို့ အကျပ်ရိုက်ပြီး ဘုရားသခင် ပြုလုပ်ခဲ့သမျှအားလုံးကို ငြင်းပယ်ပါက ဆင်ခြင်တုံတရားမရှိပေ၊ သင်တို့သည် ဘုရားသခင်ကို ယုံကြည်သည့် စစ်မှန်သော ယုံကြည်သူတစ်ဦး မဟုတ်ပေ။ သင်တို့ မှန်ကန်သည်ဟု ရှုမြင်ပြီး သင်တို့၏ အယူအဆများနှင့် ကိုက်ညီသော အမှုအရာဆယ်ခုကို ဘုရားသခင် လုပ်ဆောင်သော်လည်း အကယ်၍ အမှုအရာတစ်ခုက သင်တို့၏ အယူအဆများနှင့် မကိုက်ညီပါက အမှုအရာဆယ်ခုလုံးကို သင်တို့ မှောက်လှန်ပစ်သည်။ ဤသည်မှာ မည်သည့် ယုတ်မာသောအရာမျိုး ဖြစ်သနည်း။ ဤသည်မှာ နတ်ဆိုးတစ်ကောင် မဟုတ်လော”ဟု ပြန်ဖြေခဲ့သည်။ ဤသို့ ငါ မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့က “ဟုတ်ပါသည်၊ သို့ဆိုလျှင် ကျွန်ုပ် ယခု ယင်းကို လက်ခံသင့်သည်”ဟု ဆိုကြသည်။ ငါ၏ မိတ်သဟာယကို နိဂုံးချုပ်ပြီးနောက် ၎င်းတို့သည် ချက်ချင်း နားလည်သဘောပေါက်ပြီး လက်ခံခဲ့ကြသည်။ ၎င်းတို့၏ အစွမ်းအစက အတော်လေး ကောင်းသည် မဟုတ်လော။ ကောင်းသည်ဟု ဆိုကြစို့။ ၎င်းတို့က “ဘုရားသည် ယောက်ျားနှင့် မိန်းမကို ဖန်ဆင်းခဲ့ပြီး ဘုရားက ပထမအကြိမ် လူ့ဇာတိခံယူခဲ့ချိန်တွင် ယောက်ျားတစ်ဦး၊ ဘုရား၏ သားတစ်ပါး ဖြစ်ခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် အမျိုးသမီးအဖြစ် လူ့ဇာတိခံယူခဲ့သည်။ ယင်းမှာ ဘုရား၏ သမီးတစ်ပါး ဖြစ်မည်မဟုတ်လော။ ငါ၏ နားလည်ပုံနည်းလမ်း မှန်ကန်ခြင်း ရှိမရှိဟူသည်ကို ငါ့အား သိခွင့်ပေးကြလော့။ လူတို့သည် သားသမီးများရသောအခါ သားနှင့် သမီး နှစ်ဦးလုံးကို အလိုရှိကြသည်။ ဘုရားသည်လည်း နှစ်ဦးလုံးကို အလိုရှိသလော”ဟု ဆက်လက်၍ ဆိုကြသည်။ ငါသည် ၎င်းတို့အား မည်သို့ ပြန်ဖြေပြီး ဤကိစ္စရပ်ကို ရှင်းပြခဲ့သင့်သနည်း။ ဤကိစ္စရပ်ကို အလေးအနက်ထားသင့်သည် မဟုတ်လော။ ယင်းကို အမှန်ပြင်ရန် လိုအပ်သည် မဟုတ်လော။ ၎င်းတို့ ပြောဆိုနေသည့်အရာနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိသလော။ ပြဿနာတစ်ခု ရှိပေသည်။ ၎င်းတို့က “ဘုရား၌ သခင်ယေရှုတည်းဟူသော သားတစ်ပါးရှိပြီး ဤတစ်ကြိမ် လူ့ဇာတိခံယူခြင်းသည် အမျိုးသမီးဖြစ်သည်၊ သို့ဖြစ်လျှင် ထိုအခြေအနေ၌ ယင်းမှာ သူ၏ သမီးဖြစ်သည်။ သို့ဆိုလျှင် ဘုရား၌ သားတစ်ပါးနှင့် သမီးတစ်ပါး ရှိသည်၊ သူ၌ နှစ်ဦးလုံး ရှိသည်၊ သို့ဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်အတွက် မလိုအပ်တော့ပါ။ သန့်ရှင်းသော အဘ၊ သန့်ရှင်းသော သားနှင့် သန့်ရှင်းသော သမီး ရှိသည်၊ ဤသုံးပါးတစ်ဆူရှိသည်၊ ဤသည်မှာ အဘယ်မျှ သင့်လျော်ပြီး ဂုဏ်သိက္ခာရှိလိုက်သနည်း။ သမီးတစ်ပါးမရှိဘဲ ပြည့်စုံမည်မဟုတ်ပါ”ဟု ဆိုကြသည်။ ယင်းကို နားထောင်ပြီးနောက် သင်တို့ မည်သို့ ခံစားရသနည်း။ ရယ်ရမည်လော သို့မဟုတ် ငိုရမည်လောဟူသည်ကို သင်တို့ မသိကြပေ။ ငါ့ကို ပြောကြလော့၊ ဤသည်မှာ ပြက်လုံးတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) လူ့ဇာတိခံယူခြင်းအပေါ် ၎င်းတို့၏ သိနားလည်မှုနှင့် ပေါလု၏ နားလည်မှုအကြား ခြားနားမှု တစ်ခုခု ရှိသလော။ (မရှိပါ။) ခြားနားမှု မရှိပေ။ အကယ်၍ လူတို့သည် ဘုရားသခင်အပေါ် သိနားလည်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အထူးသဖြင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရဆိုင်ရာ ကိစ္စရပ်များကို ချဉ်းကပ်ရာ၌ ကောက်ချက်များနှင့် အကျိုးသင့်အကြောင်းသင့် တွက်ဆချက်များ ပြုလုပ်ရန် မိမိတို့၏ ပါးနပ်မှု၊ စိတ်ကူးစိတ်သန်းများနှင့် အယူအဆများအပေါ် အမြဲအားကိုးပြီး ယင်းတို့ကို အချို့သော ရှုထောင့်အမြင်များဖြင့် ၎င်းတို့က အသုံးချပါက ဤသည်မှာ ဒုက္ခပေးသောအရာ ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် အမှားများ ပြုလုပ်မိကာ ပြဿနာများနှင့် ကြုံတွေ့ကြလိမ့်မည်။ သို့ဆိုလျှင် ဤကိစ္စရပ်ကို ကိုင်တွယ်ရန် အသင့်လျော်ဆုံးသော နည်းလမ်းမှာ အဘယ်နည်း။ အချို့ကိစ္စရပ်များသည် ပို၍ နက်နဲပြီး စိတ်ကူးသက်သက် ဖြစ်သည်။ ယင်းတို့သည် လူတို့အတွက် နားလည်ရန် မလွယ်ကူသကဲ့သို့ ဤပြဿနာ၏ အနှစ်သာရနှင့် အရင်းခံအကြောင်းကို ရိပ်စားမိရန် မလွယ်ကူပေ။ ဤအရာများတွင် သမ္မာတရား ပါဝင်ခြင်းမရှိပါက သို့မဟုတ် သမ္မာတရားကို သင်တို့၏ လိုက်စားမှုအား မထိခိုက်ပါက အဘယ်အရာ သင်တို့ ပြုလုပ်သင့်သနည်း။ ယင်းတို့ကို ဦးစွာ စွန့်လွှတ်လော့။ ယင်းတို့ကို စူးစမ်းရှာဖွေခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ ယင်းတို့သည် သင်တို့ စူးစမ်းရှာဖွေရမည့်အရာ မဟုတ်ပေ။ သင်တို့ လုပ်ဆောင်ရန် လိုအပ်သမျှမှာ အသက်ဝင်ရောက်မှုအပေါ် အာရုံစိုက်ပြီး သင်တို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန် ဖြစ်သည်။ တစ်နေ့တွင် သင်တို့သည် ဤကိစ္စရပ်များကို အလိုအလျောက် နားလည်လာကြလိမ့်မည်။ လူအချို့က ထိုအရာများကို မစွန့်လွှတ်နိုင်သကဲ့သို့ စူးစမ်းရှာဖွေလိုသည်ဟု ဆိုကြသည်၊ ယင်းမှာ ဒုက္ခဖြစ်စေတတ်သည်။ သင်တို့အနေဖြင့် ထိုအရာများကို မစူးစမ်းမရှာဖွေရပေ။ လူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အဆင့်အတန်းတို့ ပါဝင်ပတ်သက်သော ကိစ္စရပ်များကို စူးစမ်းရှာဖွေသည့် သဘောထားဖြင့် မချဉ်းကပ်ရပေ။ အကယ်၍ သင်တို့ ဆက်လက်၍ စူးစမ်းရှာဖွေပါက ယင်းက ဆိုးရွားသော အကျိုးဆက်များကို ဖြစ်ပေါ်စေလိမ့်မည်။ ဆိုးရွားသော ကိစ္စများတွင် သင်တို့သည် ဘုရားသခင်ကို ပြစ်မှားစော်ကားကြလိမ့်မည်။ လူတို့သည် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ ပါဝင်ပတ်သက်သော ကိစ္စရပ်များကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ ရိုးရှင်းစွာ နေလော့၊ သင့်အနေဖြင့် ဤကိစ္စရပ်နှင့်ပတ်သက်၍ အတော်အတန် မရှင်းလင်းလျှင်ပင်၊ အချက်တစ်ချက်မှာ သေချာ၏။ သူသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်၊ သူသည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းဖြစ်သည်၊ သူ ဖော်ပြသည့်အရာသည် သမ္မာတရားဖြစ်သည်၊ လူတို့ လက်ခံသင့်သည့်အရာသည် သမ္မာတရားဖြစ်ပြီး သမ္မာတရားကို ရရှိရန် လုံလောက်ပေသည်။
အန္တိခရစ်တို့၏ သဘာဝအနှစ်သာရကို ကြည့်သည့်အခါ၊ ၎င်းတို့ အကိုးကွယ်ဆုံးသောအရာမှာ အဘယ်နည်း။ အဆင့်မြင့်၊ အနှစ်မဲ့သော၊ စိတ်ကူးသက်သက်ဖြစ်သော ဓမ္မပညာဆိုင်ရာ သီအိုရီများဟုခေါ်သည့် အရာများ ဖြစ်သည်။ ၎င်းတို့အတွက် ဤသီအိုရီများသည် အလွန့်အလွန် တန်ဖိုးရှိသည်။ ဤအရာများကို ၎င်းတို့က အလွန် တန်ဖိုးထားပြီး ချစ်မြတ်နိုးကြသည်။ လူအုပ်ထဲမှ ထင်ပေါ်ရန်အလို့ငှာ ဤအရာများကို ရရှိမည့် နည်းလမ်းမျိုးစုံကို ၎င်းတို့ စဉ်းစားကြသည်။ ၎င်းတို့သည် ဤအရာများကို အခြေခံအားဖြင့် သမ္မာတရားမဟုတ်ကြောင်း မသိရှိကြဘဲ မိမိတို့၏ စိတ်နှလုံးထဲ၌ မှတ်သားထားပြီး အရင်းအနှီးအဖြစ်၊ မိမိတို့ကိုယ်ပိုင် ဘဝပန်းတိုင်များကို အကောင်အထည်ဖော်ရန် လှေကားထစ်များအဖြစ် ရှုမြင်ကြသည်။ သို့သော် ၎င်းတို့သည် ဤဓမ္မပညာဆိုင်ရာ သီအိုရီများဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ရန် နှစ်သက်ကြသည်။ ထိုအရာများသည် ၎င်းတို့၏ ကြိုတင်စိတ်ကူးထားသော အယူအဆများ ဖြစ်လာပြီး ၎င်းတို့က ထိုအရာများကို သမ္မာတရားအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် ဖော်ပြသော သမ္မာတရားများကို လေ့လာရန် ဤဓမ္မပညာဆိုင်ရာ အသိပညာကို အသုံးပြုကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် ဖော်ပြသော သမ္မာတရားများသည် ၎င်းတို့ ထောက်ခံသော ဓမ္မပညာဆိုင်ရာ သီအိုရီများနှင့် မကိုက်ညီသည်ကို မြင်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းမှ မိမိတို့ကိုယ်ကို မတားဆီးနိုင်ကြပေ။ ထိုသို့ပြုလုပ်ရန် သမ္မာကျမ်းစာဆိုင်ရာ အခြေခံအကြောင်းရင်း ရှိသည်ဟု ၎င်းတို့ ယုံကြည်လျက် မိမိတို့၏ စိတ်နှလုံးထဲ၌ ကြောက်ရွံ့ခြင်းကို မခံစားရကြပေ။ ၎င်းတို့ထဲမှ အချို့က၊ “ဘုရား၏ နှုတ်ကပတ်တော်များသည် အလွန် ငြီးငွေ့ဖွယ်ကောင်းလှသည်။ အချို့မှာ ယုတ္တိမတန်ပါ၊ အချို့မှာ သဒ္ဒါမမှန်ပါ၊ သူ အသုံးပြုသော ဝေါဟာရအချို့ပင်လျှင် သိပ်မကိုက်ညီပါ”ဟု ဆိုလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပင် ပြစ်တင်ရှုတ်ချကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိစစ်ကာ လေ့လာရန် မိမိတို့ ပိုင်ဆိုင်သော အသိပညာနှင့် ပညာအရည်အသွေးကို အသုံးပြုလျက် မိမိတို့၏ ဦးနှောက်များနှင့် အတွေးအခေါ်များအတွင်း၌သာ အသက်ရှင်ကြသည်။ ၎င်းတို့ထဲမှ များစွာတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ဘုရားသခင်က အချို့သောလူများကို မည်သို့ သတ်မှတ်သည် သို့မဟုတ် အချို့သောလူများအတွက် မည်သည့်ပန်းတိုင်များကို သူ ဆုံးဖြတ်သည်ဟူသည်ကို ရှာဖွေရန် မိမိတို့၏ စိတ်ကူးစိတ်သန်းများနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုပင် အသုံးပြုကြပြီး ထို့နောက်တွင် သမ္မာကျမ်းစာပြောသည့်အရာအတိုင်း ထိုအရာများကို စိစစ်ပြီး ပြစ်တင်ရှုတ်ချကြသည်။ ဤသို့ဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စတင်၍ ငြင်းပယ်ကြလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ စိစစ်ပြီး ပြစ်တင်ရှုတ်ချသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပေါ်လေသည်။ ယင်းမှာ အဘယ်အရာဖြစ်သည်ကို သင်တို့ သိကြသလော။ လူတို့သည် ဘုရားသခင်ကို စိစစ်ပြီး လေ့လာသောအခါ၊ လူတို့၌ ပြစ်တင်ရှုတ်ချခြင်း စိတ်နေစိတ်ထားတစ်ခု ပေါ်ပေါက်လာသောအခါ သန့်ရှင်းသောဝိညာဉ်တော်က ဤလူတို့ကို ပစ်ပယ်ပြီး ၎င်းတို့၌ အမှုမပြုတော့ပေ။ ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု မဟုတ်လော။ သန့်ရှင်းသောဝိညာဉ်တော် အမှုမပြုသောအခါ ယင်းမှာ အဘယ်အရာအား နိမိတ်ပြသည်ကို သင်တို့ သိကြသည်။ သန့်ရှင်းသောဝိညာဉ်တော် အမှုမပြုသောအခါ သူသည် ဤလူတို့ကို ရှောင်ရှားသည်။ ယင်းမှာ သူတို့ စွန့်ပစ်ခြင်းခံရခြင်းနှင့် ညီမျှသည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် ၎င်းတို့ကို ကယ်တင်လိမ့်မည် မဟုတ်ပေ။ အကြောင်းရင်းကို ငါတို့ စိစစ်၍ရသည်။ ၎င်းတို့၏ ဘဝ ထက်ဝက်ကြာ မိမိတို့ကိုယ်ကို ခိုင်ခံ့စေခဲ့သော ဤဓမ္မပညာဆိုင်ရာ သီအိုရီများသည် မည်သည့်နေရာမှ လာသနည်း။ ၎င်းတို့သည် မည်သူ့ကို ကိုယ်စားပြုသနည်း။ ၎င်းတို့သည် ဤအရာနှင့်ပတ်သက်၍ စိတ်နှလုံးထဲ၌ မရှင်းလင်းကြပေ။ အမှန်တွင် ဤအရာများသည် ဘုရားသခင်ထံမှ လုံးဝ မဟုတ်သကဲ့သို့ လူသား သိနားလည်မှုစစ်စစ်လည်း မဟုတ်ပေ။ ယင်းတို့သည် လူတို့၏ မှားယွင်းသော အဓိပ္ပာယ်ဖွင့်ဆိုချက်များဖြစ်ပြီး ထို့ကြောင့် စာတန်ထံမှဖြစ်ကာ စာတန်ကို လုံးဝ ကိုယ်စားပြုသည်ဟု ဆိုနိုင်သည်။ ဤဓမ္မပညာဆိုင်ရာ အသိပညာ၌ အခြားအဘယ်အရာ ပါဝင်သေးသနည်း။ သမ္မာကျမ်းစာ၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အနက်ပြန်မှုများအပြင် လူတို့၏ ယုတ္တိဗေဒနှင့် ဆင်ခြင်တုံတရား၊ လူတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအပြင် လူတို့၏ အတွေ့အကြုံများ၊ ကျင့်ဝတ်များ၊ ကိုယ်ကျင့်တရားများနှင့် ဒဿနိကဗေဒဆိုင်ရာ အတွေးအခေါ်များ ပါဝင်သည်။ ၎င်းတို့သည် ဘုရားသခင် မိန့်တော်မူသည့်အရာကို အကဲဖြတ်ရန်နှင့် သူ၏ အမှုတော်ကို အကဲဖြတ်ရန် ဤအရာများကို အသုံးပြုသောအခါ ဘုရားသခင်အပေါ် ဆက်ဆံရာ၌ စာတန်ဘက်တွင် သိသိသာသာ ရပ်တည်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့ထံမှ မိမိ၏ မျက်နှာကို ကွယ်ဝှက်ပြီး သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့ကို စွန့်ပစ်သည်။ သင်တို့သည် ဤအရာကို တွေ့ကြုံဖူးကြသလော။ အတိတ်တွင်၊ လူအချို့သည် ဤအရာနှင့်စပ်လျဉ်း၍ မိမိတို့၏ အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြပြီး “ဘုရားသခင်ကို ပထမဆုံး ကျွန်ုပ် စတင်ယုံကြည်ခဲ့ချိန်တွင်၊ ဘုရားသခင်ကို လေ့လာရန် စိတ်အားထက်သန်ခဲ့သည်။ သူ ပြောသည့်အရာ၊ သူ၏ နှုတ်ကပတ်တော်အသုံးပြုပုံ၊ လူတို့ကို သူဆက်ဆံပုံ၊ မည်သူ့အပေါ် သူကောင်းသည်၊ မည်သည့် လူစားမျိုးကို သူနှစ်သက်သည် သို့မဟုတ် မုန်းတီးသည်ဟူသည်တို့ကို ကျွန်ုပ် လေ့လာခဲ့သည်။ ဤလေ့လာမှုအားလုံး၏ အကျိုးဆက်အနေဖြင့် ကျွန်ုပ်၏ စိတ်နှလုံးသည် မှောင်မိုက်လာခဲ့သည်။ ကျွန်ုပ်၏ ဆုတောင်းချက်များ၌ ဘုရားသခင်ကို ကျွန်ုပ် မခံစားနိုင်ခဲ့၊ ကျွန်ုပ်၏ စိတ်နှလုံးထဲရှိ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်း အခြေအနေသည် ပျောက်ကွယ်သွားခဲ့ပြီး ငြိမ်သက်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်းကို ကျွန်ုပ် နောက်ထပ် မခံစားရတော့ပေ။ ကျွန်ုပ်၏ စိတ်နှလုံးကို ဖိထားသော ကျောက်တုံးတစ်တုံး ရှိနေသကဲ့သို့ ဖြစ်ခဲ့သည်”ဟု ဆိုခဲ့ကြသည်။ သင်တို့သည် ထိုသို့သော အတွေ့အကြုံမျိုး ရှိခဲ့ဖူးသလော။ (ရှိခဲ့ဖူးပါသည်။) ဘုရားသခင်ကို အဆက်မပြတ် လေ့လာသောသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ထံမှ မည်သည့် ဉာဏ်အလင်းပွင့်ခြင်း သို့မဟုတ် အလင်းပေးခြင်းကိုမျှ မရရှိကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းပင်လျှင် မည်သည့်အလင်းကိုမျှ မဆောင်ကြဉ်းပေးပေ။ အန္တိခရစ်တို့သည် ဘုရားသခင်ကို လေ့လာရာ၌ ကျွမ်းကျင်ကြသော်လည်း သမ္မာတရားကို လုံးဝ လက်မခံကြပေ။ အသင်းတော်၌ ၎င်းတို့သည် ပုံမှန် လူအချင်းချင်း ဆက်ဆံရေးတစ်ခုတလေမျှ မရှိကြဘဲ အခြားသူတို့ကို ဩဝါဒပေးရန် ၎င်းတို့အထက်၌ မိမိတို့ကိုယ်ကို အမြဲတမ်း နေရာချထားကြသည်။ ၎င်းတို့သည် မိမိတို့၏ အသိပညာနှင့်ပတ်သက်၍ မကြာခဏ ကြွားဝါကြပြီး သာမန် ညီအစ်ကိုမောင်နှမများကို အထင်သေးကြသည်။ အကယ်၍ အန္တိခရစ်တစ်ဦးသည် သင်နှင့် ထိတွေ့ဆက်ဆံပြီး သင် ပညာကောင်းစွာ မတတ်ကြောင်း သူ သိရှိသွားပါက သင်တို့ကို အရေးလုပ်မည်မဟုတ်။ အကယ်၍ သင်သည် အသင်းတော်ခေါင်းဆောင် သို့မဟုတ် အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ရန် စံနှုန်းများကို ပြည့်မီသည့်တိုင် ၎င်းတို့က သင့်ကို အသုံးပြုမည်မဟုတ်။ မည်သည့် လူစားမျိုးကို ၎င်းတို့က အသုံးပြုကြသနည်း။ လူမှုအဆင့်အတန်း၊ အာဏာ၊ အသိပညာနှင့် ဆုကျေးဇူးများရှိသည့် စကားပြောကောင်းသော လူတို့ကို ၎င်းတို့က ရှာဖွေကြသည်။ ၎င်းတို့သည် ထိုသို့သောလူများကို အာရုံစိုက်ကြပြီး စတင်အသုံးပြုကြသည်။ အကယ်၍ လူတို့ကို ရွေးချယ်ရန်နှင့် အသုံးပြုရန်မှာ ၎င်းတို့အပေါ် မူတည်ပါက ၎င်းသည် စကားပြောကောင်းသော၊ အဆင့်မြင့်ပညာတတ်၊ အသိပညာရှိပြီး လူ့အဖွဲ့အစည်း၌ အဆင့်အတန်းရှိသော ပုဂ္ဂိုလ်များကိုသာ ရွေးချယ်ကြသည်။ ထိုသို့သောလူများသည် သမ္မာတရားကို မလိုက်စားသည့်တိုင် သို့မဟုတ် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်နိုင်သည့်တိုင် ၎င်းတို့သည် ထိုသူတို့ကို ကြိုက်နှစ်သက်နေဆဲ ဖြစ်သည်။ ဤသည်မှာ အဘယ်အရာကို ညွှန်ပြသနည်း။ ၎င်းတို့သည် အချင်းချင်း အမျိုးအစားတူ ဖြစ်ကြသည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့ တူရာတူရာ စုတတ်ကြခြင်း ဖြစ်သည်။ အချို့သော အန္တိခရစ်တို့သည် အချို့သော စကားလုံးများနှင့် အယူဝါဒများကို နားလည်ပြီးနောက် တရားဒေသနာများ ဟောပြောခြင်းကို လက်တွေ့ကျင့်သုံးရန် ၎င်းတို့ တတ်နိုင်သမျှ နည်းလမ်းတိုင်းကို စဉ်းစားကြသည်။ ၎င်းတို့သည် မည်သည့်အတိုင်းအတာအထိ လက်တွေ့ကျင့်သုံးကြသနည်း။ ကျွမ်းကျင်စွာနှင့် ကျယ်ပြန့်စွာ စကားပြောဆိုနိုင်သည့်အတိုင်းအတာအထိ၊ မှတ်စုများမသုံးဘဲ စင်မြင့်ပေါ်တက်ပြီး တစ်ကြိမ်လျှင် နာရီပေါင်းများစွာ စကားပြောဆိုနိုင်သည့်အတိုင်းအတာအထိ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အလုပ်လုပ်ခြင်းဖြစ်သည်၊ ဤသည်မှာ သူတို့၏ ဂုဏ်ကျက်သရေအရှိဆုံးသော အခိုက်အတန့်၊ မိမိတို့ကိုယ်ကို အကောင်းဆုံး ထုတ်ဖော်ပြသနိုင်သည့်အချိန် ဖြစ်သည်ဟု ထင်ကြသည်။ သူတို့သည် ထိုသို့သော အခွင့်အရေးများကို ဖမ်းဆုပ်ပြီး မည်သည့်အခါမျှ လက်မလွှတ်ကြပေ။ သို့ရာတွင် ဘုရားသခင် မကြာခဏ မိတ်သဟာယဖွဲ့သော အကြောင်းအရာများ၊ ပုံမှန်လူ့သဘာဝနှင့်သက်ဆိုင်သော အရာများ၊ လူတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားနှင့်သက်ဆိုင်သော အရာများနှင့် သာမန်လူတို့၏ လက်တွေ့ဘဝများ၌ လူ့သဘာဝနှင့် အနီးကပ်ဆုံး သက်ဆိုင်သော အရာများနှင့်ပတ်သက်၍မူ ဤအရာများသည် လူတို့အတွက် အသေးအဖွဲဖြစ်ပြီး အရေးမပါသော အသေးစိတ်အချက်များကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းနှင့် နီးကပ်စွာ ဆက်စပ်နေသည်။ အန္တိခရစ်တို့သည် ဤအရာများကို မည်သို့ မှတ်ယူကြသနည်း။ ၎င်းတို့က ထိုအရာများကို စိတ်နှလုံးထဲမှ မထီမဲ့မြင်ပြုကြသည်၊ ဤနှုတ်ကပတ်တော်များကို ၎င်းတို့ အလေးအနက်မထားကြဘဲ ဤကိစ္စရပ်များကို မိမိတို့၏ စိတ်နှလုံးထဲ၌ ပြစ်တင်ရှုတ်ချကြကာ အဓိပ္ပာယ်မဲ့သည်ဟု ခံစားကြရသည်။ သင်တို့သည် သမ္မာတရား လက်တွေ့ကျမှုနှင့်ပတ်သက်၍ မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ဥပမာအားဖြင့် ရိုးသားသောလူတစ်ဦး ဖြစ်ခြင်း၊ သစ္စာစောင့်သိသောလူတစ်ဦး ဖြစ်ခြင်း သို့မဟုတ် လက်တွေ့ကျပြီး တာဝန်သိသောလူတစ်ဦး ဖြစ်ခြင်းတို့ကဲ့သို့သော ဤအရာများနှင့်ပတ်သက်၍ မည်သို့ပင် သင်တို့ မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့၏ ရှုထောင့်အမြင်သည် မပြောင်းလဲဘဲ ရှိနေသည်။ ၎င်းတို့သည် စကားပြောကောင်းသောသူ၊ ပါရမီနှင့် ပြည့်လျှံနေပုံရပြီး အထူးစွမ်းရည်များရှိသောသူ သို့မဟုတ် အခြားသောစကားအမျိုးမျိုးဖြင့် ပြောဆိုခြင်း၊ ထူးကဲသော လျင်မြန်မှုဖြင့် ဖတ်ရှုနိုင်ခြင်း၊ ဓာတ်ပုံရိုက်သကဲ့သို့ မှတ်ဉာဏ်ရှိခြင်း စသည်တို့ကဲ့သို့သော သဘာဝလွန် စွမ်းရည်များရှိသောသူတစ်ဦးပင် ဖြစ်လိုကြသည်။ အကယ်၍ ဤစွမ်းရည်များကို ၎င်းတို့လည်း ပိုင်ဆိုင်ခဲ့ပါက ၎င်းတို့၏ စိတ်နှလုံးများသည် ဝမ်းမြောက်ခြင်းနှင့် ပြည့်နှက်နေပေလိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံးအတွင်းနက်နက်နေရာများတွင် ၎င်းတို့သည် ဤအရာများကို လိုက်စားပြီး တန်ဖိုးထားကြသည်။ ဥပမာအားဖြင့် ငါသည် တစ်စုံတစ်ခုကို ပြောဆိုပြီးသည်နှင့် ခဏအကြာတွင် ယင်းကို မေ့သွားသည်။ ငါ လူတိုင်းကို မေးသောအခါ အခြားမည်သူမျှလည်း မမှတ်မိကြပေ။ သင်တို့ မြင်သည် မဟုတ်လော၊ ငါတို့၏ မှတ်ဉာဏ်များသည် အတော်လေး ဆင်တူကြသည် မဟုတ်လော။ (ဆင်တူပါသည်။) သို့သော် အန္တိခရစ်တို့သည် ဤအရာကို မြင်သောအခါ ၎င်းတို့က၊ “သင်၏ မှတ်ဉာဏ်သည်လည်း မကောင်းပါတကား။ ထိုဝိညာဉ်ရေးရာ ပုဂ္ဂိုလ် မည်သူမည်ဝါကို ကြည့်ပါ၊ သူတို့သည် အလွန်လျင်မြန်စွာ ဖတ်ရှုနိုင်ပြီး သူတို့၌ ဓာတ်ပုံရိုက်သကဲ့သို့ မှတ်ဉာဏ်ရှိသည်။ သင်သည် ခရစ်တော်ဖြစ်သည်၊ သင်သည် တစ်ချက်ကြည့်ရုံဖြင့် စာကြောင်းမည်မျှကို ဖတ်ရှုနိုင်သနည်း” ဟု ဆိုကြသည်။ ငါက “ငါ၌ ထိုသဘာဝလွန် စွမ်းရည်မရှိပါ။ တစ်ခါတစ်ရံ ငါသည် ဝါကျတစ်ကြောင်းကို ဖတ်ပြီးနောက် မမှတ်မိဘဲ ယင်းကို ထပ်မံ၍ ဖတ်ရသည်” ဟု ဆိုသည်။ ၎င်းတို့က “ဘုရားသည် အနန္တတန်ခိုးရှင် ဖြစ်သည်ဟု ယူဆရသည် မဟုတ်လော” ဟု ဆိုကြသည်။ ဤသည်မှာ ၎င်းတို့ အယူအဆများ စတင်၍ ဖြစ်ပေါ်လာပုံ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်ကို မည်သို့ ရှုမြင်ကြသနည်း။ “လူ့ဇာတိခံ ဘုရားသည် လုံးလုံးလျားလျား သာမန်ဖြစ်ပြီး လုံးဝပုံမှန်ဖြစ်သော လူတစ်ဦးသာ ဖြစ်သည်။ သူ၏ မှတ်ဉာဏ်သည် မကောင်းပါ၊ သူ၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံသည် ထိုမျှ မကောင်းပါ၊ သူသည် မည်သည့်ကဏ္ဍတွင်မဆို ဘုရားနှင့် မတူဟု ထင်ရသည်”ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် တစ်စုံတစ်ယောက်က ဘုရားသခင်ကို ချစ်ခြင်းအကြောင်း ဟောပြောသည်ကို ကြားသောအခါ “အကယ်၍ ထိုဝိညာဉ်ရေးရာ ပုဂ္ဂိုလ် မည်သူမည်ဝါ သို့မဟုတ် ထိုကျော်ကြားသော ပုဂ္ဂိုလ် မည်သူမည်ဝါသည် ဘုရားဖြစ်ခဲ့ပါက ကျွန်ုပ်သည် သူ့ကို လက်ခံပြီး ချစ်နိုင်မည် ဖြစ်သည်။ သို့သော် အကယ်၍ ဤလက်ရှိ ခရစ်တော်သည် ဘုရားဖြစ်ပါက သူသည် ဘုရားနှင့် လုံးဝမတူသောကြောင့် ကျွန်ုပ် သူ့ကို မချစ်နိုင်ပါ”ဟု စဉ်းစားကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားဖြစ်ရန်အတွက် လူတစ်ဦးသည် ဘုရားနှင့် တူရမည်၊ သူသည် ဘုရားကဲ့သို့ ပြောဆို၊ ပြုမူပြီး ကြည့်ကောင်းရမည်၊ သို့မှသာ လူတို့က သူ့ကို မြင်သောအခါ မည်သည့်အယူအဆမျှ လုံးဝ ရှိမည်မဟုတ်ဟူ၍ ဖြစ်သည်၊ ဤသည်မှာ ၎င်းတို့ တွေးထင်သည့်အရာ ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ၎င်းတို့က “ပထမဦးစွာ သင်သည် သဘာဝလွန် စွမ်းရည်များကို မပိုင်ဆိုင်ပါ။ ဒုတိယအနေဖြင့် သင်၌ အထူးအရည်အချင်းများ မရှိပါ။ တတိယအနေဖြင့် သင်၌ ကြီးမြတ်သော အမှုအရာများကို ပြီးမြောက်စေသော လောကရှိ ထိုလူတို့၏ ဆုကျေးဇူးများ မရှိပါ။ သင်သည် မည်သည့်နည်းလမ်းနှင့်မျှ ထူးခြားခြင်းမရှိပါ၊ သို့ဖြစ်၍ သင် ပြောဆိုသည့်အရာကို ကျွန်ုပ် အဘယ်ကြောင့် နားထောင်သင့်သနည်း။ အဘယ်ကြောင့် သင့်ကို ကျွန်ုပ် လေးစားသင့်သနည်း။ အဘယ်ကြောင့် သင့်ကို ကျွန်ုပ် ကျိုးနွံနာခံသင့်သနည်း။ ကျွန်ုပ် မကျိုးနွံနာခံနိုင်ပါ”ဟု စဉ်းစားကြသည်။ ဤသည်မှာ အဘယ်ပြဿနာ ဖြစ်သနည်း။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားမလည်လျှင်ပင်၊ သာမန်လူတစ်ဦး၏ အသိတရားနှင့် ဆင်ခြင်တုံတရား ရှိနေသင့်သေးသည်။ လူတို့၌ အယူအဆများ ရှိပြီး ဘုရားသခင်သည် ထိုအတွက် ၎င်းတို့ကို ရှုတ်ချခြင်းမရှိပေ။ သို့သော် လူတို့သည် အယူအဆများကို စွဲကိုင်ထားပြီး ဘုရားသခင်ကို တမင်တကာ အတိုက်အခံလုပ်ကာ ပြစ်တင်ရှုတ်ချသောအခါ ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားကို အလွယ်တကူ ပုန်ကန်ပြစ်မှားပေသည်။ အန္တိခရစ်တို့သည် ဘုရားသခင်ကို လွတ်လပ်စွာ ပြစ်တင်ရှုတ်ချပြီး အတိုက်အခံလုပ်နိုင်ခြင်းမှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အသိပညာကို ရရှိပြီးနောက် ၎င်းတို့သည် ဘုရားသခင်နှင့် သူ၏ မြင့်မြတ်ခြင်း၊ အနှစ်သာရ၊ ဩဇာအာဏာနှင့် အနန္တတန်ခိုးတို့နှင့်ပတ်သက်၍ ပို၍ ထူးကဲဆန်းစုံသော၊ ပို၍ ကျယ်ပြန့်သော၊ ပို၍ ပြည့်စုံသော စိတ်ကူးစိတ်သန်းအချို့ ရှိလာကြသည်။ ထို့နောက် ၎င်းတို့သည် ဤစိတ်ကူးစိတ်သန်းများကို ၎င်းတို့ မြင်တွေ့နိုင်ပြီး ထိတွေ့ဆက်ဆံနိုင်သော ဘုရားသခင်နှင့် တိုက်ဆိုင်စစ်ဆေးရန် ကြိုးစားကြသည်။ ၎င်းတို့ တိုက်ဆိုင်စစ်ဆေးနိုင်ကြသလော။ မည်သည့်အခါမျှ တိုက်ဆိုင်စစ်ဆေးနိုင်မည် မဟုတ်ပေ။ ဘုရားသခင်ကို ၎င်းတို့ ပို၍ လေ့လာလေ၊ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို ပို၍ ငြင်းပယ်လေဖြစ်ပြီး ဘုရားသခင်ကို ပြစ်တင်ရှုတ်ချကာ အတိုက်အခံလုပ်နိုင်လေ ဖြစ်သည်၊ ဤသည်မှာ မလွဲမသွေ ဖြစ်သည်။
သမ္မာကျမ်းစာ၌ သင်တို့ မြင်တွေ့ခဲ့သည့်အရာနှင့် ဘုရားသခင်၏ လက်ရှိ မိန့်မြွက်ချက်အားလုံးမှ ကြည့်သည့်အခါ၊ ဘုရားသခင်သည် ဆုကျေးဇူးများ၊ သင်ယူလေ့လာမှုနှင့် အသိပညာတို့ကို ထောက်ခံအားပေးသလော။ (ထောက်ခံအားပေးခြင်း မရှိပါ။) ဆန့်ကျင်ဘက်အနေဖြင့် ဘုရားသခင်သည် လူ့အသိပညာနှင့် သင်ယူလေ့လာမှုတို့ကို စိတ်ဖြာလေ့လာဆွေးနွေးသည်။ ဘုရားသခင်သည် ဆုကျေးဇူးများကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ သူသည် သဘာဝလွန် စွမ်းရည်များနှင့် အထူးအရည်အချင်းများကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ ဆုကျေးဇူးများ၊ သဘာဝလွန် စွမ်းရည်များနှင့် အထူးအရည်အချင်းများသည် အသက်ကို လုံးဝ ကိုယ်စားမပြုကြောင်း သင်တို့ နားလည်သင့်သည်။ ယင်းတို့က အသက်ကို ကိုယ်စားမပြုဟု ဆိုရာ၌ အဘယ်အရာကို ဆိုလိုသနည်း။ ဤအရာများသည် သမ္မာတရားကို လူတို့ရရှိခြင်း၏ အကျိုးဆက်မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤအရာများသည် အမှန်တကယ်တွင် မည်သည့်နေရာမှ လာသနည်း။ ဘုရားသခင်ထံမှ လာသလော။ မဟုတ်ပေ၊ ဘုရားသခင်သည် လူတို့အား အသိပညာ သို့မဟုတ် သင်ယူလေ့လာမှုကို မပေးအပ်သကဲ့သို့ သမ္မာတရားကို ၎င်းတို့လိုက်စားနိုင်စေရန်အလို့ငှာ လူတို့အား ပို၍များသော ဆုကျေးဇူးများကိုလည်း သေချာပေါက် သူမပေးပေ။ ဘုရားသခင်သည် ဤနည်းလမ်းဖြင့် ပြုမူဆောင်ရွက်ခြင်းမရှိပေ။ ငါ ဤသို့ ပြောလိုက်သည့်အတွက် သင်တို့ ယခု နားလည်ကြသည် မဟုတ်လော။ သို့ဆိုလျှင် အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှုသည် မည်သည့်နေရာ၌ ထင်ရှားသနည်း။ ၎င်းတို့သည် ဆုကျေးဇူးများ၊ သင်ယူလေ့လာမှုနှင့် အသိပညာတို့ကို မည်သို့ ရှုမြင်ကြသနည်း။ ၎င်းတို့က ဤအရာများ၊ အထူးသဖြင့် ဆုကျေးဇူးများနှင့် သဘာဝလွန် စွမ်းရည်များကို တန်ဖိုးထားသည်၊ လိုက်လျှောက်သည်၊ လိုပင်လိုချင်ကြသည်။ အကယ်၍ သင်သည် အန္တိခရစ်တစ်ဦးအား “သင်၌ သဘာဝလွန် စွမ်းရည်များ ရှိပါက သင်သည် နတ်ဆိုးများကို ဆွဲဆောင်လိမ့်မည်”ဟု ဆိုပါက ၎င်းတို့က “ကျွန်ုပ်မကြောက်ပါ” ဟု ဆိုလိမ့်မည်။ သင်က “သို့ဆိုလျှင် အနာဂတ်တွင် သင့်အတွက် ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက် ရှိတော့မည်မဟုတ်၊ သင်သည် ငရဲ၏ ဆယ့်ရှစ်ထပ်မြောက်အလွှာသို့၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်ခြင်းခံရလိမ့်မည်” ဟု တုံ့ပြန်လိမ့်မည်ဖြစ်ပြီး ၎င်းတို့က “ကျွန်ုပ် မကြောက်ပါ” ဟု ဆိုလိမ့်ဦးမည်ဖြစ်သည်။ အကယ်၍ သင်သည် ၎င်းတို့ကို မတူညီသော ဘာသာစကားဆယ်မျိုးဖြင့် စကားပြောစေနိုင်ပြီး အခြားသူများက ၎င်းတို့ကို ကြည်ညိုလေးစားရန်အလို့ငှာ ကြွားဝါစေနိုင်ပါက ၎င်းတို့သည် သဘောတူပြီး လိုလိုလားလား ရှိကြပေမည်။ ဘုရားသခင်သည် ပုံမှန်လူ့သဘာဝအတွင်း၌ အလွန် သာမန်ဖြစ်စွာ စကားပြောပြီး အလွန် လက်တွေ့ကျကျ အလုပ်လုပ်သည်။ ၎င်းတို့သည် ဤအမှု၏ နည်းလမ်း၊ ပုံစံနှင့် အကြောင်းအရာကို လက်မခံကြပေ။ ယင်းကို မထီမဲ့မြင်ပြုကြသည်။ လူတို့အနေဖြင့် ဤကိစ္စရပ်များကို မည်သို့ ပိုင်းခြားသိမြင်သင့်သနည်း။ ဥပမာအားဖြင့် အချို့လူများသည် အခြားသောဘာသာစကားများဖြင့် ပြောဆိုနိုင်သည်။ သင်တို့သည် ဤအချက်ကို လက်ခံနိုင်ကြသလော။ ယင်းမှာ ပုံမှန်ဖြစ်သည်ဟု သင်တို့ ထင်သလော သို့မဟုတ် ထူးဆန်းသည်ဟု ထင်သလော။ (ထူးဆန်းပါသည်။) ထို့ကြောင့် ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားရှိသော ဘောင်အတွင်း၌ ဤသည်မှာ လက်မခံနိုင်ဖွယ် ဖြစ်သည်။ အရောင်များ၊ ပုံသဏ္ဌာန်များ၊ မျက်နှာများ၊ အမည်များကဲ့သို့သော အရာရာတိုင်းကို မှတ်မိပြီး စာအုပ်တစ်အုပ်၏ စာမျက်နှာ ရာပေါင်းများစွာကို ဖတ်ပြီးနောက် ယင်းကို အစမှအဆုံး ပြန်လည်ပြောပြလျက် မှတ်မိနိုင်သောသူတစ်ဦးကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးနှင့် ထိတွေ့ဆက်ဆံပြီးနောက် သင်တို့သည် ပုံမှန်မဟုတ်သော အရာတစ်ခုခုနှင့် ကြုံတွေ့ခဲ့ရသကဲ့သို့ မခံစားရသလော။ (ခံစားရပါသည်။) သို့သော် အန္တိခရစ်တို့သည် ဤအရာများကို ကြိုက်နှစ်သက်ကြသည်။ ငါ့ကို ပြောကြလော့၊ သင်တို့သည် ဘာသာရေးလောက၌ရှိသောသူများ၊ ဧဝံဂေလိတရားဟောပြောသူများ၊ တရားဟောဆရာများနှင့် သင်းအုပ်များဟုခေါ်သော၊ စုပေါင်း၍ ဖာရိရှဲများဟု သိကြသောသူတို့နှင့် ထိတွေ့ဆက်ဆံသောအခါ ဤလူတို့သည် သင်တို့၏ စိတ်နှလုံးက လိုအပ်သည့်အရာဖြစ်သည်ဟု သင်တို့ ခံစားရသလော၊ သို့မဟုတ် လက်တွေ့ကျသော ဘုရားသခင်သည် သင်တို့၏ စိတ်နှလုံး လိုအပ်သည့်အရာ ဖြစ်သလော။ (ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံခြင်းသည် ကျွန်ုပ်တို့၏ စိတ်နှလုံးများ လိုအပ်သည့်အရာ ဖြစ်ပါသည်။) ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော ဘုရားသခင်သည် သင်တို့၏ အတွင်းစိတ် လိုအပ်ချက်များနှင့် ပို၍ နီးစပ်သည် မဟုတ်လော။ သို့ဆိုလျှင် သင်တို့သည် ဖာရိရှဲများနှင့် ထိတွေ့ဆက်ဆံသောအခါ ခံစားရပုံ အကောင်းအဆိုးများနှင့် ယင်းက အကျိုးကျေးဇူးတစ်ခုခု ဆောင်ကြဉ်းပေးခြင်း ရှိမရှိဟူသည်တို့ကို ပြောပြကြလော့။ (အကယ်၍ ကျွန်ုပ်သည် ဖာရိရှဲများနှင့် ထိတွေ့ဆက်ဆံပါက အတုအယောင်ဖြစ်ပြီး အလှမ်းဝေးသည်ဟု ခံစားရသည်။ သူတို့ ပြောဆိုသည့်အရာများသည် အလွန် အနှစ်မဲ့ပြီး မှားယွင်းသည်၊ ယင်းကို အလွန်အကျွံ နားထောင်ခြင်းသည် ပျို့အန်ချင်စရာ ဖြစ်လာပြီး သူတို့နှင့် နောက်ထပ် မထိတွေ့မဆက်ဆံလိုတော့ပါ။) ဖာရိရှဲများ ဖော်ပြသော သဘောထားများသည် မှန်ကန်သလော သို့မဟုတ် အဓိပ္ပာယ်မဲ့သလော။ (အဓိပ္ပာယ်မဲ့ပါသည်။) ၎င်းတို့ သဘောထားများ၏ သဘာဝက အဓိပ္ပာယ်မဲ့သည်။ ထို့အပြင် ၎င်းတို့ ပြောဆိုသည့်အရာများသည် အများအားဖြင့် လက်တွေ့ကျသလော သို့မဟုတ် အနှစ်မဲ့သလော။ (အနှစ်မဲ့ပါသည်။) လူအများစုသည် ၎င်းတို့ ပြောဆိုသော အဓိပ္ပာယ်မဲ့ပြီး အနှစ်မဲ့သောအရာများအပြင် စိတ်ကူးစိတ်သန်းနှင့် အယူအဆဆိုင်ရာ အရာများကို ကြားရခြင်းအား စက်ဆုပ်ရွံရှာကြသလော သို့မဟုတ် နှစ်သက်ကြသလော။ (လူအများစုက ဤအရာများ ကြားရခြင်းကို စက်ဆုပ်ရွံရှာကြပါသည်။) လူအများစုက ၎င်းတို့ကို မကြိုက်နှစ်သက်ကြသကဲ့သို့ နားထောင်လိုစိတ် မရှိကြပေ။ ၎င်းတို့၏ သဘောထားများနှင့် စကားများကို ကြားသိကာ ၎င်းတို့၏ စိတ်သဘောထားနှင့် အတုအယောင်ဖြစ်ပြီး သူတော်ကောင်းယောင်ဆောင်သော ၎င်းတို့၏ အပြုအမူကို သတိပြုမိပြီးနောက် သင်တို့၏ စိတ်နှလုံးထဲ၌ မည်သည့်အရာကို ခံစားရသနည်း။ သင်တို့ ပို၍ နားထောင်လိုစိတ် ရှိကြသလော။ သင်တို့သည် ၎င်းတို့နှင့် ပို၍ နီးစပ်ရန်၊ ၎င်းတို့နှင့် နက်နဲသော ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန်နှင့် ၎င်းတို့အကြောင်း ပို၍ နားလည်ရန် လိုလားကြပါသလော။ (မလိုလားပါ။) သင်တို့သည် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံလိုစိတ် မရှိကြပေ။ အဓိကပြဿနာမှာ ၎င်းတို့၏ စကားများက အလွန် အနှစ်မဲ့ပြီး သီအိုရီများနှင့် ဆောင်ပုဒ်များဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။ အချိန်အတော်ကြာ နားထောင်ပြီးနောက် ၎င်းတို့ပြောဆိုနေသည့်အရာနှင့်ပတ်သက်၍ သင်တို့ နားမလည်နိုင်ဘဲ ရှိနေဆဲ ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ စိတ်သဘောထားသည် အတုအယောင်ဖြစ်ပြီး ဟန်ဆောင်တတ်သည်။ ၎င်းတို့သည် နှိမ့်ချဟန်ဆောင်ကြသည်၊ သည်းခံဟန်ဆောင်ကြပြီး ချစ်ခင်ဟန်ဆောင်ကြသည်၊ အထူးသဖြင့် “ကိုးကွယ်ယုံကြည်” သူတစ်ဦး၊ အတွေ့အကြုံရင့်သော ယုံကြည်သူတစ်ဦး၏ အမူအရာ ရှိဟန်ဆောင်ကြသည်။ သင်တို့သည် ၎င်းတို့၏ စစ်မှန်သော သဘောသဘာဝကို နောက်ဆုံးတွင် မြင်တွေ့သောအခါ စက်ဆုပ်ရွံရှာမှုကို ခံစားရသည်။ သင်တို့အနေဖြင့် ငါနှင့် နက်ရှိုင်းသော ထိတွေ့ဆက်ဆံမှု များများစားစား မရှိခဲ့ကြပေ။ ငါပေးခဲ့သော တရားဒေသနာများကို သင်တို့ မည်သို့ တွေ့ရှိကြသနည်း။ ယင်းတို့နှင့် ဖာရိရှဲများ ပြောဆိုသည့်အရာတို့ကြား ခြားနားမှု ရှိသလော။ (ရှိပါသည်။) မည်သည့် ခြားနားချက် ရှိသနည်း။ (ဘုရားသခင်၏ တရားဒေသနာများသည် လက်တွေ့ကျပါသည်။) ယင်းမှာ အခြေခံအချက် ဖြစ်သည်။ ထို့အပြင် ငါ ပြောဆိုသည့်အရာသည် သင်တို့၏ လက်တွေ့လုပ်ဆောင်မှု၊ အတွေ့အကြုံများနှင့် သင်တို့၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့်လည်းကောင်း၊ လက်တွေ့ဘဝ၌ ကြုံတွေ့ရသော ကိစ္စရပ်များ၏ အသွင်အပြင်အမျိုးမျိုးနှင့်လည်းကောင်း သက်ဆိုင်ပေသည်။ ယင်းမှာ လက်တွေ့မကျသကဲ့သို့ မရေရာသည့်အရာ မဟုတ်ပေ။ ထို့အပြင် ငါဆွေးနွေးသော သမ္မာတရားတစ်ခုစီ သို့မဟုတ် ကိစ္စရပ်များအပေါ် ငါခံယူသော သဘောထားအမြင်တစ်ခုစီသည် လက်တွေ့ကျသလော သို့မဟုတ် အနှစ်မဲ့သလော။ (လက်တွေ့ကျပါသည်။) အဘယ်ကြောင့် လက်တွေ့ကျသည်ဟု သင် ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းသည် လက်တွေ့ဘဝမှ မသွေဖည်သောကြောင့် ဖြစ်သည်။ ယင်းသည် လက်တွေ့ဘဝကို ကျော်၍ အနှစ်မဲ့သော သီအိုရီများကို ထုတ်ဖော်ပြောဆိုခြင်းအကြောင်း မဟုတ်ပေ။ ယင်းအားလုံးသည် လက်တွေ့ဘဝရှိ လူတို့၏ ပိုင်းခြားသိမြင်မှု၊ နားလည်မှုနှင့် လက်တွေ့လုပ်ဆောင်မှု၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်စဉ် အမျိုးမျိုးသော ပြဿနာများနှင့် ကြုံတွေ့ရသောအခါ ၎င်းတို့၌ ပေါ်ပေါက်လာသော အခြေအနေများနှင့် သက်ဆိုင်သည်။ တိုတိုပြောရလျှင် ထိုအရာသည် လူတို့က ဘုရားသခင်၌ မိမိတို့၏ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်ပုံ၊ ဘုရားသခင်ကို ယုံကြည်သော ၎င်းတို့၏ အသက်တာများနှင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်စဉ် ၎င်းတို့၏ အခြေအနေအမျိုးမျိုးနှင့်သက်ဆိုင်သော အကြောင်းအရာများ ပါဝင်သည်။ ငါတို့သည် ကမ္ဘာဦးကျမ်း သို့မဟုတ် ဟေရှာယအနာဂတ္တိကျမ်းကို အနှစ်မဲ့စွာ ရှင်းလင်းတင်ပြရန် သမ္မာကျမ်းစာကို မထုတ်ယူကြသကဲ့သို့ ဗျာဒိတ်ကျမ်းနှင့်ပတ်သက်၍လည်း အနှစ်မဲ့စွာ ငါတို့ မပြောဆိုကြပေ။ ငါသည် ဗျာဒိတ်ကျမ်းကို ဖတ်ရှုခြင်းအား အမုန်းဆုံးဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ မပြောဆိုလိုပေ။ ယင်းနှင့်ပတ်သက်၍ ပြောဆိုခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ အကယ်၍ မည်သည့်ကပ်ဘေး ကျရောက်ခဲ့သည်ကို သင်တို့အား ငါပြောခဲ့ပါက ယင်းမှာ သင်တို့နှင့် အဘယ်သို့ သက်ဆိုင်မည်နည်း။ ယင်းမှာ ဘုရားသခင်၏ အမှု ဖြစ်သည်။ ဘုရားသခင်၏ အမှု ပြည့်စုံလျှင်ပင်၊ သင်တို့ကို မည်သို့ သက်ရောက်မှုရှိမည်နည်း။ သင်တို့ဘာသာသင်တို့ ရှိကြလိမ့်ဦးမည် မဟုတ်လော။ အကယ်၍ မည်သည့်ကပ်ဘေး ကျရောက်ခဲ့သည်ကို သင်တို့အား ငါပြောခဲ့ပါက သင်တို့သည် သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားနိုင်မည်လော။ ယင်းမှာ ထိုမျှ အံ့ဩဖွယ်ဖြစ်မည်လော။ ဖြစ်မည်မဟုတ်။ ထို့ကြောင့် လူတို့သည် အဆုံးတိုင် လိုက်လျှောက်သောအခါ အသီးသီးက မိမိတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်း ခံရလိမ့်မည်။ သမ္မာတရားကို လက်ခံနိုင်သောသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းအား နှစ်သက်သောသူများနှင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်သောသူများသည် ခိုင်မာစွာ ရပ်တည်ကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် သို့မဟုတ် တရားဒေသနာများကို နားထောင်ရန် မလိုလားသောသူများ၊ သမ္မာတရားကို လက်ခံရန် တစ်စိုက်မတ်မတ် ငြင်းပယ်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရန် မလိုလားသောသူများသည် နောက်ဆုံးတွင် ထုတ်ဖော်ခံရာကာ ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ ၎င်းတို့အနေဖြင့်စုဝေးပွဲများကို တက်ရောက်ပြီး တရားဒေသနာများကို နားထောင်ကြသော်လည်း သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့လုပ်ဆောင်ခြင်းမရှိကြပေ။ မပြောင်းလဲဘဲ ရှိနေကြပြီး တရားဒေသနာများကို နားထောင်ခြင်းအား အလွန်အမင်း မနှစ်မြို့ကြပေ။ ထိုတရားဒေသနာများကို ၎င်းတို့က နားထောင်လိုစိတ် မရှိကြပေ။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ၌ပင် ယင်းမှာ မည်သည့်အခါမျှ မပြောင်းလဲဘဲ ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ဖြစ်သည်။ ဤလူတို့သည် မယုံကြည်သူများသက်သက် ဖြစ်ကြသည်။ ဘုရားသခင်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်သောလူများသည် မယုံကြည်သူများနှင့် မကြာခဏ ပေါင်းသင်းဆက်ဆံပြီး အတူတကွ နေထိုင်ပါက ၎င်းတို့ မည်သို့ ခံစားရမည်နည်း။ ၎င်းတို့အနေဖြင့် အကျိုးကျေးဇူး သို့မဟုတ် တည်ဆောက်စရာရှိမည်မဟုတ်သည်သာမက၊ ထိုသူတို့အပေါ် ၎င်းတို့၏ စိတ်နှလုံးထဲမှ ပို၍ပို၍ စက်ဆုပ်ရွံရှာမှုကိုလည်း ခံစားရပေမည်။ သင်တို့သည် ဖာရိရှဲများနှင့် ထိတွေ့ဆက်ဆံပြီး ၎င်းတို့ စကားပြောသည်ကို ကြားရသည်၊ ၎င်းတို့က ရှင်းလင်းစွာနှင့် ယုတ္တိရှိစွာ စကားပြောသည်၊ အမျိုးမျိုးသော စည်းမျဉ်းစည်းကမ်းအားလုံးကို နားလည်နိုင်သောပုံစံဖြင့် ၎င်းတို့က ရှင်းပြသည်၊ ၎င်းတို့၏ နှုတ်ကပတ်တော်များက နက်နဲသော သီအိုရီများ ပါဝင်ပုံရသည်ကို သင်တို့ တွေ့ရှိသော်လည်း ဂရုတစိုက် ဆန်းစစ်လေ့လာသောအခါ ယင်းထဲမှ တစ်ခုကမျှ သမ္မာတရား လက်တွေ့ကျမှု မဟုတ်ဘဲ အားလုံးသည် အနှစ်မဲ့သော သီအိုရီမျှသာ ဖြစ်သည်ဟု ဆိုကြပါစို့။ ဥပမာအားဖြင့် သုံးပါးတစ်ဆူ၏ သီအိုရီ၊ ဓမ္မပညာ၊ ဘုရားသခင်နှင့်ပတ်သက်သော သီအိုရီများ၊ ကောင်းကင်ဘုံ၌ ကောင်းကင်တမန်များနှင့်အတူ ဘုရားသခင် မည်သို့ရှိသည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် သခင်ယေရှုနှင့်အတူရှိသော အခြေအနေတို့ကို ဆွေးနွေးကြသည်။ ဤပြောဆိုမှုအားလုံးကို ကြားပြီးနောက်တွင် သင်တို့ မည်သို့ ခံစားရမည်နည်း။ ရလဒ်က ဒဏ္ဍာရီပုံပြင်များကို နားထောင်ခြင်းနှင့် ဆင်တူပေမည်။ သို့ဆိုလျှင် အန္တိခရစ်တို့သည် ဤကိစ္စရပ်များကို နားထောင်ခြင်းနှင့် ဆွေးနွေးခြင်းကို အဘယ်ကြောင့် နှစ်သက်ကြသနည်း။ ပြီးလျှင် ထိုသို့သော ပုဂ္ဂိုလ်များနှင့် ထိတွေ့ဆက်ဆံရန် ၎င်းတို့ အဘယ်ကြောင့် လိုလားကြသနည်း။ ဤသည်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှု မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုမှ အဘယ်အရာကို သတိပြုမိနိုင်သနည်း။ စိတ်ထဲတွင်၊ ၎င်းတို့သည် လိုအပ်ချက်တစ်ခုခု ရှိကြသည်။ ယင်းက ၎င်းတို့အား ဤအသိပညာနှင့် လေ့လာသင်ယူမှုတို့ကို ကိုးကွယ်စေပြီး ဖာရိရှဲများ ပိုင်ဆိုင်သော ဤအရာများကို ကိုးကွယ်စေသည်။ သို့ဆိုလျှင် ၎င်းတို့၏ လိုအပ်ချက်မှာ အဘယ်နည်း။ (အခြားသူများ၏ အထင်ကြီးလေးစားခြင်းကို ခံရရန် ဖြစ်ပါသည်။) ၎င်းတို့သည် အခြားသူများ အထင်ကြီးလေးစားရန် လိုအပ်သည်သာမက ၎င်းတို့၏ စိတ်နှလုံးအတွင်းနက်နက်နေရာများ၌ ၎င်းတို့အနေဖြင့် လူစွမ်းကောင်းများ ဖြစ်ရန်၊ သာလွန်သော ပုဂ္ဂိုလ်များ သို့မဟုတ် အသိပညာဗဟုသုတနှံ့စပ်သော ကျော်ကြားသူများ ဖြစ်ရန် အမြဲ အလိုရှိကြသည်။ ၎င်းတို့က သာမန်လူများ တကယ်ကို မဖြစ်လိုကြပေ။ လူစွမ်းကောင်းများ ဖြစ်ရန် ၎င်းလိုအင်ဆန္ဒသည် အဘယ်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ အရပ်သုံးစကားဖြင့် ဆိုရလျှင် ၎င်းတို့က လက်တွေ့အရှိတရားနှင့် အဆက်ပြတ်နေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဥပမာအားဖြင့် လူအများစုသည် အလွန်ဆုံးအနေဖြင့်၊ “ငါသာ လေယာဉ်ပျံပေါ်၌ ကောင်းကင်တွင် မြင့်မားစွာ ပျံသန်းနိုင်လျှင် ကောင်းမည်” ဟု ဆန္ဒရှိကောင်း ရှိနိုင်သည်။ ၎င်းတို့၌ ထိုသို့သော ဆန္ဒ ရှိနိုင်သည် မဟုတ်လော။ သို့သော် အန္တိခရစ်တို့၏ ဆန္ဒမှာ အဘယ်နည်း။ “တစ်နေ့နေ့တွင် ငါသည် အတောင်ပံများ ပေါက်ပြီး အဝေးတစ်နေရာသို့ ပျံဝဲသွားချင်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့၌ ထိုသို့သော ပြင်းပြသည့်ဆန္ဒများ ရှိသည်၊ သင်၌ ရှိသလော။ (မရှိပါ။) အဘယ်ကြောင့် မရှိသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းမှာ လက်တွေ့မကျသောကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် အတောင်ပံကြီးနှစ်ခု တပ်ဆင်ထားသည့်တိုင် ပျံသန်းနိုင်မည်လော။ သင်သည် ထိုသို့သော သတ္တဝါအမျိုးအစား မဟုတ်ပေ၊ မှန်သလော။ (မှန်ပါသည်။) အန္တိခရစ်တို့ကဲ့သို့သော လူများသည် မိမိတို့၏ စိတ်ကူးစိတ်သန်းများအပေါ် အမြဲ အားကိုးကြပြီး မိမိတို့၏ လိုအင်ဆန္ဒများကို စဉ်ဆက်မပြတ် လိုက်စားကြသည်။ ၎င်းတို့ ကယ်တင်ခြင်း ခံရနိုင်သလော။ (မခံရနိုင်ပါ။) ဤသူတို့သည် ဘုရားသခင် ကယ်တင်သော လူအမျိုးအစား မဟုတ်ပေ။ ဘုရားသခင်သည် သမ္မာတရားကို ချစ်မြတ်နိုးသောသူများ၊ လက်တွေ့အရှိတရားကို အာရုံစိုက်သောသူများနှင့် သမ္မာတရားကို လက်တွေ့ကျသောပုံစံဖြင့် လိုက်စားသောသူများကို ကယ်တင်သည်။ လူစွမ်းကောင်းများ သို့မဟုတ် သာလွန်သော ပုဂ္ဂိုလ်များ ဖြစ်ရန် စဉ်ဆက်မပြတ် အလိုရှိသောသူတို့သည် စိတ်မနှံ့သူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ပုံမှန်လူများ မဟုတ်ကြသကဲ့သို့ ဘုရားသခင်က ၎င်းတို့ကို ကယ်တင်လိမ့်မည် မဟုတ်ပေ။
အန္တိခရစ်တို့သည် လူ့ဇာတိခံ ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံသောအခါ ထူးဆန်းသော မေးခွန်းများကို မေးလေ့ရှိကြသည်။ ထိုသို့သော မေးခွန်းများကို ၎င်းတို့ မေးနိုင်ခြင်းသည် နက်ရှိုင်းစွာ အမြစ်တွယ်နေသော ၎င်းတို့၏ လိုအပ်ချက်များနှင့် မိမိတို့၏ စိတ်နှလုံးထဲ၌ ကိုးကွယ်သည့်အရာကို ကိုယ်စားပြုသည်။ ကနဦးအစတွင် လူ့ဇာတိခံ ဘုရားသခင်အကြောင်း သက်သေခံသည့်အခါ လူအချို့က၊ “ဘုရားသည် အိမ်၌ သမ္မာကျမ်းစာကို ဖတ်ပါသလော။ ယင်းမှာ ကျွန်ုပ်ကိုယ်တိုင်အတွက် မေးနေခြင်း မဟုတ်ပါ၊ အမှန်တကယ်တွင် ကျွန်ုပ်သည် ဤကိစ္စရပ်နှင့်ပတ်သက်၍ သိချင်စိတ်ပြင်းပြခြင်း မရှိပါ။ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများ ကိုယ်စား မေးမြန်းနေခြင်းသာ ဖြစ်သည်။ သူတို့ထဲမှ များစွာတို့၌လည်း ဤအတွေး ရှိကြသည်။ အကယ်၍ ဘုရားသည် သမ္မာကျမ်းစာကို အမှန်တကယ် မကြာခဏ ဖတ်ရှုပါက သမ္မာကျမ်းစာအကြောင်း ပြောဆိုနိုင်ခြင်းနှင့် သမ္မာတရားကို ဖော်ပြနိုင်ခြင်းသည် အတော်လေး ပုံမှန်ဖြစ်သည်ဟု သူတို့၏ စိတ်နှလုံးထဲ၌ ဆင်ခြင်သုံးသပ်နေကြသည်။ သို့ရာတွင် အကယ်၍ ဘုရားသည် သမ္မာကျမ်းစာကို မဖတ်ဘဲ ရှင်းပြနိုင်နေဆဲဖြစ်ပါက ယင်းမှာ အံ့ဖွယ်အမှုတစ်ခု ဖြစ်ပေလိမ့်မည်။ ထိုအခါ သူသည် အမှန်တကယ် ဘုရားဖြစ်ပေလိမ့်မည်”ဟု အမြဲ စုံစမ်းမေးမြန်းခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ဤသို့ အတိအကျ စကားလုံးဖွဲ့ဆိုခဲ့ခြင်း မဟုတ်သည်မှာ အမှန်ဖြစ်၏။ ၎င်းတို့က၊ “ဘုရားသည် အိမ်၌ သမ္မာကျမ်းစာကို ဖတ်ပါသလော” ဟု တိုက်ရိုက် မေးခဲ့ကြသည်။ သင်တို့ အဘယ်သို့ ထင်မြင်ကြသနည်း။ ယင်းကို ငါ ဖတ်သင့်သလော သို့မဟုတ် မဖတ်သင့်သလော။ ယင်းကို သင်တို့ ဖတ်ကြသလော။ အကယ်၍ သင်တို့သည် ယေရှုကို မယုံကြည်ဖူးပါက၊ ယင်းကို မဖတ်ခြင်းသည် အတော်လေး ပုံမှန်ဖြစ်ပေလိမ့်မည်။ ယုံကြည်ပြီးဖြစ်သော လူတို့သည် ယင်းကို ဖတ်ကြသလော။ (ဖတ်ကြပါသည်။) ယုံကြည်ပြီးဖြစ်သောသူတို့သည် သေချာပေါက် ဖတ်ကြသည်။ ငါသည် ယေရှုကို ယုံကြည်ခြင်းဖြင့် စတင်ခဲ့သည်၊ သို့ဖြစ်၍ သမ္မာကျမ်းစာကို အဘယ်သို့ဖြစ်ပြီး ငါ မဖတ်ဘဲ နေနိုင်မည်နည်း။ အကယ်၍ ယင်းကို ငါ မဖတ်ခဲ့ပါက အဘယ်သို့နည်း။ (ယင်းမှာလည်း ပုံမှန်ပင် ဖြစ်ပါသည်။) သမ္မာကျမ်းစာကို ဖတ်ခြင်းသည် ပုံမှန်ဖြစ်သည်၊ မဖတ်ခြင်းသည်လည်း ပုံမှန်ပင် ဖြစ်သည်မှာ အမှန်ဖြစ်၏။ ယင်းကို ဖတ်ခြင်း သို့မဟုတ် မဖတ်ခြင်းသည် အဘယ်အရာကို ဆုံးဖြတ်ပေးသနည်း။ အကယ်၍ ငါသည် ဤအနေအထား၌ မရှိခဲ့ပါက သမ္မာကျမ်းစာကို ငါ ဖတ်ဖူးခြင်း ရှိမရှိဟူသည်ကို မည်သူ ဂရုစိုက်မည်နည်း။ (ဂရုစိုက်မည်မဟုတ်ပါ။) ငါအဘယ်အရာကို ဖတ်ဖူးသည်ကို မည်သူမျှ စုံစမ်းမေးမြန်းမည် မဟုတ်ပေ။ ဤအထူးအနေအထား၌ ရှိနေသောကြောင့် လူအချို့သည် ဤကိစ္စရပ်ကို လေ့လာကြခြင်း ဖြစ်သည်။ ၎င်းတို့က “သူသည် ငယ်စဉ်က သမ္မာကျမ်းစာကို ဖတ်ခဲ့ဖူးပါသလော” ဟု မေးလျက် အမြဲ စပ်စုနေကြသည်။ အတိအကျအားဖြင့် အဘယ်အရာကို ၎င်းတို့ သိလိုကြသနည်း။ ယင်းကို ငါ ဖတ်ဖူးခြင်း ရှိမရှိဟူသည့်အပေါ် မူတည်၍ ဖြစ်နိုင်ခြေရှိသော ရှင်းပြချက်နှစ်ခု ရှိသည်။ အကယ်၍ ငါသည် ယင်းကို ဖတ်ဖူးပါက သမ္မာကျမ်းစာကို ရှင်းပြနိုင်ခြင်းသည် ကြီးမားသည့်ကိစ္စ မဟုတ်ဟု ၎င်းတို့ ခံစားကြရသည်။ သို့ရာတွင် ငါက သမ္မာကျမ်းစာကို မဖတ်ဖူးဘဲ ယင်းကို ရှင်းပြနိုင်နေဆဲဖြစ်ပါက ယင်းမှာ အတော်အတန် ဘုရားနှင့်တူသောအရာဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အလိုရှိသော ရလဒ် ဖြစ်သည်။ ၎င်းတို့သည် ဤအရာ၏ အခြေခံအကြောင်းရင်းကို သိလိုကြသည်။ ၎င်းတို့က “အကယ်၍ သင်သည် သမ္မာကျမ်းစာကို မဖတ်ဖူးဘဲ ဤမျှ ငယ်သောအရွယ်၌ ဆွေးနွေးနိုင်နေဆဲဖြစ်ပါက ယင်းမှာ စုံစမ်းစစ်ဆေးထိုက်သည်။ ဤသည်မှာ ဘုရားဖြစ်၏” ဟု တွေးကြသည်။ ယင်းမှာ ၎င်းတို့၏ သဘောထားအမြင်ဖြစ်ပြီး ဘုရားသခင်ကို ဤပုံစံဖြင့် ၎င်းတို့က လေ့လာကြသည်။ ယခု ကျမ်းစာ ကျွမ်းကျင်သော ထိုဖာရိရှဲများကို ဆင်ခြင်သုံးသပ်ကြည့်လော့။ ၎င်းတို့သည် ကျမ်းစာ၏ နှုတ်ကပတ်တော်များကို အမှန်တကယ် နားလည်ခဲ့ကြသလော။ ကျမ်းစာမှ သမ္မာတရားကို ၎င်းတို့ ရှာဖွေတွေ့ရှိခဲ့ကြသလော။ (မတွေ့ရှိခဲ့ပါ။) ယခု ငါ့အား သမ္မာကျမ်းစာကို ဖတ်ဖူးခြင်း ရှိမရှိ မေးခဲ့သောသူတစ်ဦးတလေက ဤအကြောင်းကို စဉ်းစားခဲ့သလော။ အကယ်၍ ၎င်းတို့အနေဖြင့် ဆင်ခြင်သုံးသပ်ခဲ့ပါက ဤကိစ္စရပ်ကို ၎င်းတို့ စဉ်ဆက်မပြတ် စုံစမ်းနေမည်မဟုတ်။ အလွန် မိုက်မဲသည့်အရာတစ်ခုကို ၎င်းတို့ ပြုလုပ်မည်မဟုတ်ပေ။ သမ္မာတရားကို နားမလည်သောသူ သို့မဟုတ် ဝိညာဉ်ရေးရာ နားလည်မှု မရှိသောသူ၊ ဘုရားသခင်၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာကို ထိုးထွင်းမမြင်နိုင်သော လူတို့သည် အဆုံး၌ ယင်းကို ဖြေရှင်းရန် ထိုသို့သော နည်းလမ်းတစ်ခုကို အားကိုးကြသည်။ ဤနည်းလမ်းသည် ထိုကိစ္စကို ဖြေရှင်းနိုင်သလော။ မဖြေရှင်းနိုင်ပေ။ ယင်းသည် သိလိုစိတ်ပြင်းပြမှု အနည်းငယ်ရှိသည့် ပြဿနာလေးကိုသာ ဖြေရှင်းနိုင်သည်။ အမှန်တွင် ငါသည်လည်း သမ္မာကျမ်းစာကို ဖတ်သည်။ ယုံကြည်သူများထဲတွင် မည်သူသည် သမ္မာကျမ်းစာကို မဖတ်ဘဲ နေသနည်း။ ငါက ထိုသမ္မာကျမ်းစာကို အခြေခံကျကျ ဖတ်ရှုသည်။ အနည်းဆုံးအားဖြင့် ဓမ္မသစ်ကျမ်းမှ ခရစ်ဝင်ကျမ်းလေးစောင်ကို ငါဖတ်သည်။ ဗျာဒိတ်ကျမ်းနှင့် ကမ္ဘာဦးကျမ်းကို လှန်လှောကြည့်ပြီး ဟေရှာယအနာဂတ္တိကျမ်းကို ကြည့်ရှုသည်။ ဖတ်ရှုရန် ငါ အနှစ်သက်ဆုံးမှာ အဘယ်အရာဖြစ်သည်ဟု သင်တို့ ထင်သနည်း။ (ယောဘဝတ္ထု ဖြစ်ပါသည်။) အတိအကျပင်ဖြစ်၏။ ယောဘဝတ္ထုပါ ဇာတ်လမ်းသည် ပြည့်စုံပြီး တိကျသည်၊ နှုတ်ကပတ်တော်များသည် နားလည်ရန် လွယ်ကူသည်၊ ထို့အပြင် ဤဇာတ်လမ်းသည် တန်ဖိုးရှိပြီး ယနေ့ခေတ်လူတို့အတွက် အထောက်အကူဖြစ်စေနိုင်ကာ တည်ဆောက်စရာ ဖြစ်စေနိုင်သည်။ ယောဘ၏ ဇာတ်လမ်းသည် နောင်လာနောက်သားများအပေါ် ကြီးမားသော သက်ရောက်မှု အမှန်ရှိခဲ့ကြောင်းကို အချက်အလက်များက ယခုတွင် ပြသခဲ့ပြီးဖြစ်သည်။ ၎င်းတို့သည် ယောဘမှတစ်ဆင့် သမ္မာတရားများစွာကို နားလည်ခဲ့ကြသည်၊ ဘုရားသခင်အပေါ် သူ၏ သဘောထားအပြင် သူအပေါ် ဘုရားသခင်၏ သဘောထားနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်တို့မှ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ဘုရားသခင်ကို ယုံကြည်ပြီးနောက် ၎င်းတို့ လျှောက်လှမ်းသင့်သော လမ်းကြောင်းအမျိုးအစားကို နားလည်ခဲ့ကြသည်။ လူတို့အနေဖြင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် အချို့သော နည်းလမ်းများအပြင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ဆိုင်သည့် အချို့သော နည်းလမ်းများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ရန် ယောဘဝတ္ထုကို နောက်ခံအဖြစ် ငါ အသုံးပြုသည်။ ဤဇာတ်လမ်းသည် အမှန်တကယ် တန်ဖိုးရှိသည်။ ယင်းမှာ လူတစ်ဦးက မိမိ၏ အားလပ်ချိန်၌ ဖတ်ရှုသင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်က လူ့ဇာတိခံယူသည်ကို လူအချို့က မြင်တွေ့ပြီး ဘုရားသခင်၏ လက်တွေ့ကျမှုနှင့် ပုံမှန်ဖြစ်မှုကို မျက်မြင်တွေ့ရှိသောအခါ သူသည် အမှန်တကယ် ဘုရားသခင် ဟုတ်မဟုတ်ဟူသည်ကို သို့မဟုတ် အနာဂတ်တွင် အဘယ်အရာ ဖြစ်မည်ကို အပြည့်အဝ မတွက်ဆနိုင်ကြပေ။ သို့ရာတွင် သမ္မာတရားအချို့ကို နားလည်ပြီးနောက် ၎င်းတို့သည် ဤမေးခွန်းများကို လက်လွှတ်လိုက်ကြသည်။ ၎င်းတို့သည် ဤကိစ္စရပ်များကို စူးစမ်းရှာဖွေခြင်း သို့မဟုတ် အရေးစိုက်ခြင်းကို ရပ်တန့်ပြီး မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်း၊ မိမိတို့ လျှောက်လှမ်းသင့်သော လမ်းကြောင်းကို ကောင်းစွာ လျှောက်လှမ်းခြင်းနှင့် မိမိတို့ လုပ်ဆောင်သင့်သော အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်းတို့အပေါ် အာရုံစိုက်ကြသည်။ သို့သော် လူအချို့အတွက်မူ ဤအရာကို ၎င်းတို့ မည်သည့်အခါမျှ လက်လွှတ်ကြလိမ့်မည် မဟုတ်။ ၎င်းတို့က ထိုအရာကို မရမက လေ့လာကြသည်။ သင်တို့ အဘယ်သို့ ထင်မြင်ကြသနည်း၊ ဤကိစ္စရပ်ကို ငါ တာဝန်ယူသင့်သလော။ ယင်းကို ငါ အရေးစိုက်သင့်သလော။ ယင်းကို အာရုံစိုက်ရန် မလိုအပ်ပေ။ သမ္မာတရားကို လက်ခံသောသူတို့သည် ယင်းကို စူးစမ်းရှာဖွေခြင်းအား အလိုအလျောက် ရပ်တန့်ကြစဉ်တွင်၊ သမ္မာတရားကို လက်မခံသောသူတို့မှာမူ ယင်းကို ဆက်လက်၍ လုပ်ဆောင်နေကြသည်။ ဤစူးစမ်းရှာဖွေခြင်းသည် အဘယ်အရာကို ညွှန်ပြသနည်း။ စူးစမ်းရှာဖွေခြင်းသည် အတိုက်အခံလုပ်ခြင်း ပုံစံတစ်မျိုး ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ဆိုရိုးစကားတစ်ခု ရှိသည်။ အတိုက်အခံလုပ်ခြင်း၏ ရလဒ်မှာ အဘယ်နည်း။ (သေခြင်း ဖြစ်ပါသည်။) အတိုက်အခံလုပ်ခြင်းက သေခြင်းသို့ ဦးတည်စေသည်။
အချို့သော အန္တိခရစ်တို့သည် ဤအမှုတော်အဆင့်ကို လက်ခံပြီးဖြစ်သော်လည်း လူ့ဇာတိခံ ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်သော အမှုတော်၌ သဘာဝလွန် အချက်တစ်ခုခု ရှိမရှိ၊ ပုံမှန်လူ့သဘာဝ၏ ဘောင်ကို ကျော်လွန်သော အချက်များ ရှိမရှိ၊ သူ၏ ပင်ကိုလက္ခဏာကို ဘုရားသခင်အဖြစ် သက်သေပြနိုင်သော အချက်များ ရှိမရှိဟူသည်တို့ကို မကြာခဏ အရေးထားတတ်ကြသည်။ ၎င်းတို့သည် ငါ၏ စကားပြောပုံ၊ ငါစကားပြောစဉ် ငါ၏ အမူအရာနှင့် အကြည့်၊ ငါ၏ လုပ်ဆောင်ချက်များနှင့် စည်းမျဉ်းများကို မမောမပန်း လေ့လာလျက် ဤကိစ္စရပ်များကို မကြာခဏ စူးစမ်းရှာဖွေကြသည်။ ဤစူးစမ်းရှာဖွေမှုအတွက် အဘယ်အရာကို ၎င်းတို့ အသုံးပြုကြသနည်း။ ယင်းကို ၎င်းတို့က မိမိတို့နားလည်သဘောပေါက်သည့် ထင်ရှားပြီး ကြီးမြတ်သောလူတို့၏ ပုံသဏ္ဌာန် သို့မဟုတ် စံနှုန်းနှင့် တိုင်းတာပြီး လေ့လာကြသည်။ အချို့က “သင်သည် လူ့ဇာတိခံ ဘုရားဖြစ်သောကြောင့် သင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရသည် သာမန်လူတို့နှင့် သေချာပေါက် ကွဲပြားရမည်။ သို့ဆိုလျှင် သင်သည် အဘယ်အရာတွင် တော်သနည်း။ သင့်နောက်သို့ ကျွန်ုပ်တို့ လိုက်ရန်နှင့် သင့်ကို နာခံရန်၊ သင့်ကို ကျွန်ုပ်တို့၏ ဘုရားအဖြစ် လက်ခံရန် လုံလောက်သော အဘယ်အထူးအရည်အသွေးများ သင်၌ ရှိသနည်း” ဟုပင် မေးကြသည်။ ဤမေးခွန်းသည် ငါ့ကို အမှန်ပင် အဖြေရခက်သွားစေသည်။ ရိုးရိုးသားသား ပြောရလျှင် ငါသည် မည်သည့်အရာတွင်မျှ မတော်ပေ။ ငါ၌ အရပ်ရှစ်မျက်နှာကို မြင်နိုင်သော မျက်စိများ သို့မဟုတ် အရပ်ရှစ်မျက်နှာမှ ကြားနိုင်သော နားများ မရှိပေ။ စာသားများကို ဖတ်ရှုခြင်းနှင့် ပတ်သက်လာလျှင် ငါသည် တစ်ချက်ကြည့်ရုံဖြင့် စာကြောင်းဆယ်ကြောင်းကို မဖတ်နိုင်သကဲ့သို့ ဖတ်ပြီး ခဏအကြာတွင် ငါဖတ်ခဲ့သည့်အရာကို မေ့သွားသည်။ ဂီတအကြောင်း ငါ အနည်းငယ် သိသော်လည်း ပုံနှိပ်ဂီတသင်္ကေတစာရွက်ကို မဖတ်တတ်ပေ။ အခြားတစ်စုံတစ်ယောက်က သီချင်းတစ်ပုဒ်ကို အကြိမ်အနည်းငယ် ဆိုပါက ငါလိုက်ဆိုနိုင်သော်လည်း ယင်းကို တော်သည်ဟု သတ်မှတ်၍ရသလော။ ငါသည် အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ ပြောဆိုခြင်း သို့မဟုတ် အချို့သော ဘာသာစကားတစ်မျိုးမျိုးကို ပြောဆိုခြင်းကဲ့သို့သော အထူးအရည်အချင်းတစ်ခုခု ရှိသလော။ ငါသည် ဤအရာများထဲမှ တစ်ခုတလေကိုမျှ မလုပ်ဆောင်နိုင်ပေ။ သို့ဆိုလျှင် အဘယ်အရာတွင် ငါ တော်သနည်း။ ငါသည် ဂီတ၊ ပန်းချီ၊ အက၊ စာပေ၊ ရုပ်ရှင်နှင့် ဒီဇိုင်းတို့အကြောင်း အနည်းငယ် သိသည်။ ငါ၌ ဤနယ်ပယ်များနှင့်ဆိုင်သည့် အပေါ်ယံနားလည်မှု ရှိသည်။ ကျွမ်းကျင်သူများနှင့် သီအိုရီများကို ဆွေးနွေးသောအခါ ယင်းမှာ ငါ့အတွက် ဗန်းစကားများသာ ဖြစ်သည်။ သို့သော် ထိုအရာကို ငါ မြင်သောအခါ နားလည်နိုင်သည်။ ဥပမာအားဖြင့် ဗိသုကာဒီဇိုင်း၌ ပညာရပ်ဆိုင်ရာနှင့် နည်းပညာဆိုင်ရာ အချက်အလက်များ ပါဝင်ပါက ငါ နားမလည်ပေ။ သို့ရာတွင် အရောင်အသွေးများနှင့် ပုံစံများ၏ လိုက်ဖက်ညီမှုအကြောင်းဖြစ်လျှင်မူ ငါအနည်းငယ် သိပြီး ထိုးထွင်းသိမြင်မှုအချို့ ရှိသည်။ သို့သော် ငါသည် ဤနယ်ပယ်၌ ကျွမ်းကျင်သူ သို့မဟုတ် အရည်အချင်းရှိသူတစ်ဦး ဖြစ်လာရန် လေ့လာနိုင်ခြင်း ရှိမရှိမှာမူ ငါမလေ့လာခဲ့ဖူးသောကြောင့် ပြောရန် ခက်ခဲသည်။ လူတို့ လက်ရှိ လက်လှမ်းမီနိုင်သည့်အရာ၊ ဂီတ၊ စာပေ၊ အကနှင့် ရုပ်ရှင်၊ ငါတို့ အသင်းတော်၏ ပညာရပ်ဆိုင်ရာ အလုပ်၏ ဘောင်အတွင်းရှိ အရာများကို ဆင်ခြင်သုံးသပ်လျှင် အနည်းငယ် သင်ယူခြင်းသည် ငါ့အား အခြေခံနားလည်မှုတစ်ခု ပေးနိုင်သည်။ အချို့က “ယခု ကျွန်ုပ်သည် သင်၏ နောက်ခံအကြောင်းအရာကို သိပြီ၊ သင်၌ အခြေခံနားလည်မှုတစ်ခုသာ ရှိသည်”ဟု ဆိုကောင်းဆိုနိုင်သည်။ ငါသည် မမှန်မကန်သောစကားကို မပြော။ အမှန်ပင် ငါ၌ အခြေခံနားလည်မှုတစ်ခုသာ ရှိသည်။ သို့ရာတွင် သင်တို့ သဘောမပေါက်နိုင်သော အရာတစ်ခုရှိပြီး ယင်းမှာ ငါ၏ အထူးကျွမ်းကျင်မှု ဖြစ်ကောင်းဖြစ်နိုင်သည်။ အဘယ်အထူးကျွမ်းကျင်မှု ဖြစ်သနည်း။ အချို့သော နယ်ပယ်တစ်ခုနှင့်သက်ဆိုင်သော ပညာရပ်သည် မည်သို့ဖြစ်သည်၊ အချို့သော အနုပညာတစ်ခုကို မည်သို့ ဖော်ပြသည်၊ ယင်း၌ ပါဝင်သော ဘောင်နှင့် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ဟူသည်တို့ကို ငါနားလည်သည်။ ဤအရာများကို ကျွမ်းကျင်ပြီးနောက် ဤအသုံးဝင်သော အရာများကို အသင်းတော်၏ အလုပ်၌ မည်သို့ အသုံးချရမည်၊ ယင်းတို့ကို ဧဝံဂေလိအလုပ်အတွက် အစေခံစေပြီး နောက်ဆုံးသော ကာလနှင့်ဆိုင်သည့် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ဝေရာ၌ ထိရောက်မှု ရရှိစေရန် မည်သို့အသုံးပြုရမည်ကို ငါသိသည်။ ဤသည်မှာ အထူးကျွမ်းကျင်မှုတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) ယနေ့ခေတ်တွင် လူသားမျိုးနွယ် အချို့တဲ့ဆုံးအရာနှင့်ပတ်သက်၍ လူတို့အား မြင်တွေ့ကာ လက်ခံခွင့်ပေးလျက် မှန်ကန်သည့် နည်းလမ်းများကို အသုံးပြုပြီး ဆီလျော်သော သမ္မာတရားကို အသိပေးနိုင်ပါက၊ ဤသည်မှာ အထိရောက်ဆုံး ဖြစ်သည်။ အကယ်၍ သင်သည် လူတို့ လက်ခံနိုင်သော နည်းလမ်းတစ်ခုကို ခံယူကျင့်သုံးပြီး သမ္မာတရားကို ရှင်းလင်းစွာ တင်ပြနိုင်ကာ ဘုရားသခင်၏ အမှုတော်ကို ရှင်းပြနိုင်ပါက၊ အားလုံးက ပုံမှန်လူသား တွေးခေါ်မှုကလက်ခံပြီး သဘောပေါက်နိုင်သည့် နည်းလမ်းတစ်ခုဖြင့်ဖြစ်ပါက၊ ဤသည်မှာ လူတို့အတွက် အလွန့်အလွန် အကျိုးရှိသည်။ အကယ်၍ ငါတို့သည် ငါတို့ ပိုင်ဆိုင်သော အပေါ်ယံအသိပညာကို အသုံးပြုပြီး ဤအသုံးဝင်သော အရာအားလုံးကို အသုံးချပါက ဤသို့သော အထူးကျွမ်းကျင်မှုကို ပိုင်ဆိုင်ရန် လုံလောက်ပေသည်။ ငါသည် အမှုအရာတစ်ခု၌ ထူးချွန်သည်၊ ထိုအရာကို သင်တို့ သိရှိပြီးပြီလော။ (ဘုရားသခင်သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ရာ၌ ထူးချွန်ပါသည်။) သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် သာမန်အရည်အချင်းတစ်ခုအဖြစ် သတ်မှတ်သလော။ ယင်းမှာ အထူးကျွမ်းကျင်မှုတစ်ခု မဟုတ်လော။ သို့ဆိုလျှင် ငါသည် အဘယ်အရာတွင် တော်သနည်း။ ငါသည် သင်တို့အားလုံးအတွင်းရှိ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ရှာဖွေတွေ့ရှိရာ၌ ထူးချွန်သည်။ အကယ်၍ ငါသည် ဤအရာ၌ မတော်ခဲ့ပါက ငါ့ကို ပြောကြလော့၊ သင်တို့နှင့်ပတ်သက်၍ ပြဿနာများ ပေါ်ပေါက်သည့်အခါတိုင်း ထိုပြဿနာများက မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သို့မဟုတ် သဘာဝအနှစ်သာရအား ထုတ်ဖော်ပြသည်ကို ငါ မသိခဲ့ပါက ငါ မည်သို့ အမှုပြုနိုင်မည်နည်း။ ယင်းမှာ မဖြစ်နိုင်ပေ။ သင်တို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ရှာဖွေတွေ့ရှိခြင်းသည် ငါ အတော်ဆုံးအရာဖြစ်သည်ဟု ဆိုခြင်းက မှန်ကန်သလော။ (မှန်ကန်ပါသည်။) ယင်းမှာ ငါ အတော်ဆုံးအရာ ဖြစ်သင့်သည်။ ငါသည် လူတစ်ဦးချင်းစီ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ၎င်းတို့၏ သဘာဝအနှစ်သာရကို ခွဲခြားသတ်မှတ်ရာ၌ အတော်ဆုံး ဖြစ်သည်။ ငါသည် တစ်စုံတစ်ဦး လျှောက်လှမ်းသော လမ်းကြောင်းနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားကို သူတို့၏ သဘာဝအနှစ်သာရအပေါ် အခြေခံ၍ ပိုင်းခြားသိမြင်ရာတွင် ထူးချွန်သည်။ ထို့နောက် ၎င်းတို့၏ သရုပ်သကန်များ၊ အပြုအမူများနှင့် အနှစ်သာရတို့မှတစ်ဆင့် ငါသည် ၎င်းတို့၏ တိကျသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းကာ ၎င်းတို့၏ ပြဿနာများကို ကူဖြေရှင်းပေးပြီး ထိုပြဿနာများမှ လွတ်မြောက်ရန် ကူညီလျက် ၎င်းတို့အား သမ္မာတရားကို မိတ်သဟာယဖွဲ့သည်။ အမှန်တွင် ဤသည်မှာ ကျွမ်းကျင်မှုတစ်ခု မဟုတ်ပေ။ ငါ၏ အမှုတော်ဖြစ်သည်။ ယင်းမှာ ငါ၏ တာဝန်ဘောင်အတွင်း ကျရောက်သော အလုပ် ဖြစ်သည်။ သင်တို့သည် ဤအရာ၌ ကျွမ်းကျင်ကြသလော။ (မကျွမ်းကျင်ကြပါ။) သို့ဆိုလျှင် သင်တို့သည် အဘယ်အရာ၌ ကျွမ်းကျင်ကြသနည်း။ (ဖောက်ပြန်ပျက်စီးမှုကို ပြသရာ၌ ကျွမ်းကျင်ပါသည်။) သင်တို့သည် ဖောက်ပြန်ပျက်စီးမှုကို ပြသရာ၌ ကျွမ်းကျင်သည်ဟု ဆိုခြင်းမှာ မတိကျပေ။ သမ္မာတရားကို ကြားပြီးနောက် သင်တို့က တို့ထိမှုမခံစားရခြင်း၊ ယင်းကို ပေါ့ပေါ့တန်တန် သဘောထားခြင်းနှင့် သင်တို့၏ တာဝန်ကို ထမ်းဆောင်စဉ် ထိုတာဝန်ကို အလေးအနက်မထားဘဲ ဝတ်ကျေတမ်းကျေ ပုံစံဖြင့် လုပ်ဆောင်ရာ၌ ကျွမ်းကျင်ကြသည်။ ထိုသို့ မဟုတ်လော။ (ဟုတ်ပါသည်။) ငါသည် သင်တို့အား ဤအရာများကို ပွင့်လင်းစွာ ပြောဆိုသည်။ ဖာရိရှဲများနှင့် အန္တိခရစ်တို့သည် သင်တို့အား ဤသို့သော နည်းလမ်းဖြင့် စကားပြောဆိုနိုင်ကြသလော။ (မပြောဆိုနိုင်ပါ။) ၎င်းတို့သည် ဤသို့ လုံးဝ မပြောဆိုကြပေ။ အဘယ်ကြောင့် မပြောဆိုကြသနည်း။ ၎င်းတို့က ထိုအရာကို ရှက်ဖွယ်ကောင်းသောအရာ၊ လူ့သဘာဝ၌ ချို့တဲ့မှုတစ်ခု၊ သီးသန့်ဖြစ်တည်မှုနှင့် လူတစ်ဦး၏ နောက်ခံအကြောင်းအရာ ကိစ္စရပ်တစ်ခုအဖြစ် မှတ်ယူကြသည်။ ၎င်းတို့က “ငါ၏ နောက်ခံအကြောင်းအရာကို အခြားသူများအား မည်သို့ သိခွင့်ပြုနိုင်မည်နည်း။ အကယ်၍ ထိုသို့ ဖြစ်ခဲ့ပါက ငါသည် ဂုဏ်သိက္ခာ၊ သမာဓိနှင့် အဆင့်အတန်းအားလုံး ဆုံးရှုံးမည် မဟုတ်လော။ သို့ဆိုလျှင်ငါ မည်သို့ ကျင့်ကြံပြုမူရတော့မည်နည်း”ဟု ဆိုကြသည်။ ၎င်းတို့၏ အဆိုအရ ၎င်းတို့သည်လည်း အသက်မရှင်တော့ဘဲ နေလိုက်မည်ဖြစ်သည်။ ထို့ကြောင့် ငါ၏ အခြေအနေကို သင်တို့နှင့် ဤသို့ ပွင့်လင်းစွာ မျှဝေပြီးနောက် ယင်းမှာ သင်တို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် သက်ရောက်မှုရှိသလော။ (မရှိပါ။) သင်တို့၌ ယင်းနှင့်ပတ်သက်၍ အတွေးအခေါ်အချို့ ရှိလျှင်ပင်၊ ငါ မကြောက်။ အဘယ်ကြောင့် ငါ မကြောက်သနည်း။ အတွေးအခေါ်အချို့ ရှိခြင်းသည် ပုံမှန်ဖြစ်သည်၊ ယာယီ ဖြစ်သည်။ လူတို့သည် အမြင်ဆိုင်ရာ၊ အကြားဆိုင်ရာ လှည့်စားမှုများကို အခါအားလျော်စွာ တွေ့ကြုံရနိုင်သည်။ ယာယီဖြစ်သော၊ လွဲမှားသော နားလည်မှု သို့မဟုတ် ခဏတာ အထင်လွဲမှားမှုတစ်ခုနှင့်ဆိုင်သည့် ဖြစ်နိုင်ခြေက အမြဲ ရှိနေသည်။ ယင်းမှာ လူတို့အနေဖြင့် ဤအကြောင်းကြောင့် အိမ်ပေါ်ကဆင်းသွားကြမည် သို့မဟုတ် အပျက်သဘောဆောင်ပြီး အားနည်းလာမည်ဟု ဆိုလိုသလော။ သို့သော် သင်သည် သမ္မာတရားကို စစ်မှန်စွာ လိုက်စားသော တစ်စုံတစ်ဦးဖြစ်ပါက သင်တို့သည် ခဏတာ အယူအဆများကြောင့် ဘုရားသခင်ကို ငြင်းပယ်နိုင်မည်လော သို့မဟုတ် ဘုရားသခင်ကို စွန့်ခွာနိုင်မည်လော။ စွန့်ခွာနိုင်မည်မဟုတ်။ သမ္မာတရားကို စစ်မှန်စွာ လိုက်စားသော လူတို့သည် ဤကိစ္စရပ်များကို မှန်ကန်စွာ ချဉ်းကပ်ပြီး သဘောပေါက်နားလည်နိုင်ကြသည်။ ၎င်းတို့သည် ဤအချက်အလက်များကို ပုံမှန်အတိုင်း မသိစိတ်ဖြင့် လက်ခံနိုင်ကြပြီး ၎င်းတို့ကို ဘုရားသခင်အပေါ် စစ်မှန်သော အသိပညာ၊ ဓမ္မဓိဋ္ဌာန်ကျပြီး တိကျသော အသိပညာတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲနိုင်ကြသည်။ ဤသည်မှာ သမ္မာတရားကို စစ်မှန်သော နားလည်မှု ဖြစ်သည်။ တစ်နေ့တွင် တစ်စုံတစ်ဦးက “လူ့ဇာတိခံ ဘုရားသည် အလွန် သနားစရာကောင်းသည်၊ သူသည် သမ္မာတရားကို ပြောဆိုခြင်းမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ပါ”ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသည်မှာ မည်သို့သော လေသံမျိုး ဖြစ်သနည်း။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ လေသံ ဖြစ်သည်။ သင်တို့သည် ၎င်းတို့နှင့် သဘောတူပါသလော။ (သဘောမတူပါ။) အဘယ်ကြောင့် သင်တို့ သဘောမတူသနည်း။ (သူတို့ ပြောသည့်အရာသည် ဖြစ်မှန်မဟုတ်ပါ။) ၎င်းတို့ ပြောသည့်အရာက အဖြစ်မှန်ဖြစ်သည်။ သူ၏ မိန့်မြွက်ချက်၌ သမ္မာတရားကို ဖော်ပြနိုင်ခြင်းမှလွဲ၍ လူ့ဇာတိခံ ဘုရားသခင်က အခြားအရာတစ်ခုတလေအား မည်သို့လုပ်ဆောင်ရမည်ကို မသိပေ။ သူ၌ သီးခြားကျွမ်းကျင်မှုတစ်ခု မရှိပေ။ ဤသည်မှာ သနားစရာကောင်းသလော။ သင်တို့အနေဖြင့် ထိုသို့ ထင်မြင်ကြသလော။ (မထင်မြင်ပါ။) သို့ဆိုလျှင် သင်တို့ အဘယ်သို့ ထင်မြင်ကြသနည်း။ လူအချို့က “ဘုရားသခင်သည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်လျက် သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သောကြောင့်သာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အဖြစ် ကျွန်ုပ်တို့က ကယ်တင်ခြင်းကို ရရှိရန် အခွင့်အရေး ရှိကြခြင်းဖြစ်သည်။ သို့မဟုတ်ပါက ကျွန်ုပ်တို့အားလုံးသည် ငရဲ၌ အဆုံးသတ်ကြပေလိမ့်မည်။ ကျွန်ုပ်တို့သည် ယခု ကြီးမားသော အကျိုးကျေးဇူးတစ်ခုကို ရရှိနေကြသည်၊ ဒါကြောင့် ထိုအရာကို တိတ်တဆိတ် မွေ့လျော်ခံစားကြစို့” ဟု ဆိုကြသည်။ သင်တို့၌ ဤခံစားချက် ရှိသလော။ (ရှိပါသည်။) သို့သော် လူအချို့မှာမူ ကွဲပြားကြသည်။ ၎င်းတို့က “ဘုရားသည် စကားပြောရုံသာ ပြောနေသည်၊ သူ့၌ သဘာဝလွန်သော အရာတစ်ခုမျှ မရှိပါ။ ကျွန်ုပ် အဘယ်အရာကို ရရှိနေသနည်း။ ကျွန်ုပ်၌ ဘုရားနှင့်ပတ်သက်၍ ကိုယ်ပိုင်အယူအဆများနှင့် အတွေးအခေါ်များ ရှိပြီး ဘုရားကို သူ၏ နောက်ကွယ်၌ ဝေဖန်သော်လည်း ဘုရားသည် ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ခြင်းမရှိခဲ့ပေ။ ကျွန်ုပ်သည် ဆင်းရဲဒုက္ခ မခံစားခဲ့ရသကဲ့သို့ အပြစ်ပေးခြင်းလည်း မခံခဲ့ရပါ” ဟု ခံစားကြရသည်။ တဖြည်းဖြည်းနှင့် ၎င်းတို့၏ ရဲတင်းမှုက ကြီးထွားလာပြီး မည်သည့်စကားကိုမဆို ၎င်းတို့က ပြောဆိုဝံ့ကြသည်။ လူအချို့က “ဤသည်မှာ သင်တို့ လူ့ဇာတိခံ ဘုရားကို သိကျွမ်းသင့်သည့်ပုံစံ ဖြစ်သည်၊ သူ စကားပြောသောအခါ၊ အမှုပြုပြီး သမ္မာတရားကို ဖော်ပြသောအခါ ယင်းမှာ အတွင်း၌ အမှုပြုနေသော ဘုရား၏ ဝိညာဉ်တော်ဖြစ်ပြီး ဇာတိပကတိသည် အခွံတစ်ခု၊ တန်ဆာပလာတစ်ခုမျှသာ ဖြစ်သည်။ စစ်မှန်သော အနှစ်သာရမှာ ဘုရား၏ ဝိညာဉ်တော်ဖြစ်သည်။ စကားပြောနေသည်မှာ ဘုရား၏ ဝိညာဉ်တော် ဖြစ်သည်။ ဘုရား၏ ဝိညာဉ်တော်မဟုတ်လျှင်၊ ဇာတိပကတိသည် ထိုနှုတ်ကပတ်တော်များကို ပြောဆိုနိုင်မည်လော” ဟု ဆိုကြသည်။ သင်တို့ နားထောင်သောအခါ ဤစကားများသည် မှန်ကန်ပုံရသော်လည်း ယင်းတို့က အဘယ်အဓိပ္ပာယ်ကို ဆောင်ကြဉ်းသနည်း။ (ပြစ်မှားစော်ကားခြင်း ဖြစ်ပါသည်။) မှန်သည်၊ ပြစ်မှားစော်ကားခြင်းဖြစ်သည်၊ ရက်စက်ကြမ်းကြုတ်သည့် စိတ်သဘောထားပါတကား။ ၎င်းတို့သည် အဘယ်အရာကို ပြောရန် ကြိုးစားနေကြသနည်း။ “သင်သည် အလွန် မထင်မရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သင်၌ မြင့်မြတ်သော အသွင်အပြင် မရှိ၊ သင်သည် အင်မတန် အထင်ကြီးစရာမကောင်းပေ။ သင်၏ ပြောဆိုချက်သည် ကျွမ်းကျင်ပြောင်မြောက်ခြင်း သို့မဟုတ် သီအိုရီပိုင်းဆိုင်ရာ ရှုပ်ထွေးနက်နဲခြင်း မရှိပေ၊ သင်သည် တစ်စုံတစ်ခုကို မပြောဆိုမီ ယင်းကို စဉ်းစားရသည်။ သင်သည် လူ့ဇာတိခံ ဘုရား မည်သို့ ဖြစ်နိုင်မည်နည်း။ အဘယ်ကြောင့် သင်သည် ဤမျှ ကောင်းချီးခံစားရပြီး ကံကောင်းရသနည်း။ အဘယ်ကြောင့် ကျွန်ုပ်သည် လူ့ဇာတိခံ ဘုရား မဟုတ်ရသနည်း” ဟူ၍ ဖြစ်သည်။ အဆုံး၌ ၎င်းတို့က “အမှုပြုပြီး စကားပြောနေသည်မှာ ဘုရား၏ ဝိညာဉ်တော်သာဖြစ်သည်။ လူ့ဇာတိသည် ဝိညာဉ်တော်၏ ထွက်ပေါက်၊ တန်ဆာပလာတစ်ခုမျှသာ ဖြစ်သည်” ဟု ဆိုကြသည်။ ဤအရာကို ပြောဆိုခြင်းက ၎င်းတိုအား တန်းတူညီမျှခံစားရစေသည်။ ယင်းမှာ မနာလိုခြင်းဖြစ်ပြီး မုန်းတီးခြင်းကို ဖြစ်ပေါ်စေသည်။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ “အဘယ်သို့ဖြစ်၍ သင်သည် လူ့ဇာတိခံ ဘုရား ဖြစ်ရသနည်း။ အဘယ်ကြောင့် သင်သည် ဤမျှ ကံကောင်းရသနည်း။ သင်သည် ဤအကျိုးကျေးဇူးကို မည်သို့ ရရှိခဲ့သနည်း။ အဘယ်ကြောင့် ထိုအရာကို ကျွန်ုပ် မရရှိခဲ့သနည်း။ သင်သည် ကျွန်ုပ်ထက် တစ်ခုတလေ ပို၍တော်သည်ဟု ကျွန်ုပ် မထင်ပါ။ သင်သည် လုံလောက်အောင် ကျွမ်းကျင်ပြောင်မြောက်ခြင်း မရှိ၊ သင်သည် အဆင့်မြင့်ပညာတတ် မဟုတ်၊ သင်သည် ကျွန်ုပ်ကဲ့သို့ ရုပ်မချောသကဲ့သို့ ကျွန်ုပ်ကဲ့သို့ အရပ်မရှည်ပါ။ သင်သည် ကျွန်ုပ်ထက် မည်သို့ ပို၍ကောင်းသနည်း။ အဘယ်သို့ဖြစ်၍ သင်သည် လူ့ဇာတိခံ ဘုရား ဖြစ်ရသနည်း။ အဘယ်ကြောင့် ကျွန်ုပ် မဟုတ်ရသနည်း။ အကယ်၍ သင်သည် လူ့ဇာတိခံ ဘုရားဖြစ်ပါက လူများစွာတို့လည်း ဖြစ်ကြသည်။ ကျွန်ုပ်သည်လည်း ဤအတွက် တိုက်ခိုက်ရပေမည်။ လူတိုင်းက သင်သည် ဘုရားဖြစ်သည်ဟု ဆိုကြသည်။ ထိုအရာနှင့်ပတ်သက်၍ ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှမရှိပါ။ သို့သော် ဤကဲ့သို့ သင့်ကို ငါ ဝေဖန်ရဦးမည်ဖြစ်သည်။ ဤသို့ပြောဆိုခြင်းက ကျွန်ုပ်၏ အမုန်းတရားကို ပြေစေသည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ရာထူးအတွက် ယှဉ်ပြိုင်ရန်အလို့ငှာ မည်သည့်အရာကိုမဆို ပြောဝံ့ကြသည်။ ဤသည်မှာ သေခြင်းကို ရှာဖွေနေခြင်း မဟုတ်လော။ သူ ဘုရားသခင်ဖြစ်သည်ကို သင် လက်မခံလိုပါက မည်သူက သင့်ကို အတင်းအကျပ် ပြုနေသနည်း။ ငါသည် သင့်ကို အတင်းအကျပ် ပြုလုပ်ခဲ့သလော။ ငါသည် သင့်ကို အတင်းအကျပ် မပြုခဲ့ပေ၊ ဟုတ်ပါသလော။ ပထမဦးစွာ ငါသည် သင့်အား လက်ခံရန် တောင်းပန်ခြင်း မပြုခဲ့ပေ။ ဒုတိယအနေဖြင့် ငါသည် သင့်အား အတင်းအကျပ် လက်ခံစေရန်အစွန်းရောက်သော နည်းလမ်းများကို အသုံးမပြုခဲ့ပေ။ တတိယအနေဖြင့် သင် လက်ခံရမည်၊ သို့မဟုတ်ပါက သင် အပြစ်ပေးခြင်းခံရမည်ဟု သင့်အား ပြောကြားလျက် ဘုရားသခင်၏ ဝိညာဉ်တော်က ကြားဝင်စွက်ဖက်ခြင်း မရှိခဲ့ပေ။ ဘုရားသခင်သည် ဤသို့ ပြုလုပ်ခဲ့သလော။ မပြုလုပ်ခဲ့ပေ။ သင်၌ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိသည်၊ လက်မခံရန် သင် ရွေးချယ်နိုင်သည်။ ထို့ကြောင့် သင် လက်မခံလိုပါက အဘယ်ကြောင့် သင် မည်သို့ဆိုစေ လက်ခံသွားခဲ့ရသနည်း။ သင်သည် ကောင်းချီးမင်္ဂလာများကို ရှာဖွေနေခြင်းမျှသာ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများကို အလိုရှိကြသော်လည်း လက်မခံနိုင်ကြ သို့မဟုတ် နာခံနိုင်ခြင်း မရှိကြ သို့မဟုတ် လိုလားခြင်းမရှိဟု ခံစားနေရဆဲ ဖြစ်သည်။ သို့ဆိုလျှင် သူအဘယ်အရာကို ၎င်းတို့ လုပ်ဆောင်သနည်း။ ၎င်းတို့သည် ထိုသို့သော မလိုမုန်းထားသည့် စကားများကို ပြောဆိုကြသည်။ သင်တို့သည် ဤစကားမျိုးများကို ယခင်က ကြားဖူးကြသလော။ ငါသည် လူအချို့အကြား၌ ထိုစကားများကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ထက်မက ကြားခဲ့ဖူးသည်။ လူအချို့က “ငါတို့သည် သင်နှင့်အတူ ဘုရားကို စတင်ယုံကြည်ခဲ့ကြသည်။ ထိုအချိန်က သင်သည် ငယ်ရွယ်ပြီး ဘုရား၏ နှုတ်ကပတ်တော်များကို မကြာခဏ ချရေးခဲ့သည်။ နောက်ပိုင်းတွင် သင်က တရားစဟောခဲ့သည်။ သင်သည် သာမန်လူတစ်ဦးမျှသာ ဖြစ်သည်။ သင်၏ နောက်ခံအကြောင်းအရာကို ငါတို့ သိကြသည်” ဟု စဉ်းစားကြသည်။ ငါ၌ မည်သို့သော နောက်ခံအကြောင်းအရာမျိုး ရှိသနည်း။ ငါသည် သာမန်လူတစ်ဦးမျှသာ ဖြစ်သည်။ ယင်းမှာ ငါနှင့်ပတ်သက်သော အမှန်တရား ဖြစ်သည်။ ငါသည် သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်ကာ ယနေ့ ငါ့နောက်သို့ လိုက်သည့် ဤမျှများပြားသော လူများ ရှိနိုင်သောကြောင့်သာ သင် လိုလားမှုမရှိခြင်း ဖြစ်သည် မဟုတ်လော။ အကယ်၍ သင် လိုလားမှုမရှိပါက မယုံကြည်နှင့်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ဖြစ်သည်၊ ငါသည် ငါ၏ တာဝန်ကို မရှောင်လွှဲနိုင်၊ ငါ၌ ဆင်ခြေမရှိသကဲ့သို့ နာကျင်စေသော သို့မဟုတ် ထိခိုက်နစ်နာစေသော မည်သည့်အရာကိုမျှ ငါ လုပ်ဆောင်ခြင်းမရှိခဲ့ပေ။ သို့ဆိုလျှင် အဘယ်ကြောင့် သင်သည် ငါ့ကို ဤသဘောထားအမြင်ဖြင့် ဆက်ဆံသနည်း။ အကယ်၍ သင်သည် လိုလားမှုမရှိပါက မယုံကြည်နှင့်။ သင် ယုံကြည်လိုသောသူ မည်သူ့ကိုမဆို ယုံကြည်လော့၊ ငါ့နောက်သို့ မလိုက်နှင့်။ ငါသည် သင့်ကို အတင်းအကျပ်မပြုလေပြီ။ အဘယ်ကြောင့် သင်သည် ငါ့နောက်သို့ လိုက်နေသနည်း။ အချို့သည် စုံစမ်းစစ်ဆေးရန် ငါ့အိမ်သို့ပင် လာခဲ့ကြသည်။ ၎င်းတို့သည် အဘယ်အရာကို စုံစမ်းစစ်ဆေးနေခဲ့ကြသနည်း။ ၎င်းတို့က ငါ့အား “သင် အိမ်ပြန်ပါသလော။ သင်၏ အိမ်၌ ယခုလက်ရှိ စီးပွားရေးအခြေအနေ မည်သို့ ရှိသနည်း။ သင်၏ မိသားစုဝင်များသည် အဘယ်အရာကို လုပ်ဆောင်ကြသနည်း။ သူတို့ အဘယ်မှာ ရှိကြသနည်း။ သူတို့၏ ဘဝများက မည်သို့ ရှိကြသနည်း”ဟု မေးခဲ့ကြသည်။ လူအချို့သည် ငါ့အိမ်ရှိ အပိုအိပ်ရာဖုံးတစ်ခု သို့မဟုတ် စောင်တစ်ထည်ကိုပင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ရန် လုံးဝ လိုလားခြင်းမရှိကြပေ။ အဘယ်ကြောင့် ၎င်းတို့က လိုလားခြင်းမရှိကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က “ဘုရားသည် ဤသို့ မဖြစ်သင့်ပါ။ ဘုရားသည် ဤမျှ သေးငယ်ခြင်း၊ ဤမျှ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျခြင်း၊ ဤမျှ သာမန်ဖြစ်ပြီး ရိုးရိုးဖြစ်ခြင်း မဖြစ်သင့်ပါ။ သူသည် အလွန် သာမန်ဖြစ်သည်၊ ကျွန်ုပ်တို့က သူ့ကို ဘုရားအဖြစ် အသိအမှတ်မပြုနိုင်သည့်အထိ သာမန်ဖြစ်နေသည်” ဟု စဉ်းစားသောကြောင့် ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်မှု ကင်းမဲ့သော သင်၏ အမြင်များသည် ဘုရားသခင်ကို အသိအမှတ်ပြုနိုင်သလော။ အကယ်၍ ဘုရားသခင်သည် သင့်အား ဤအရာကို ပြောရန် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့်တိုင် သင်သည် သူ့ကို အသိအမှတ်ပြုနိုင်မည် မဟုတ်သေးပေ။ သင်သည် ဘုရားသခင်၏ စစ်မှန်သော ပုဂ္ဂိုလ်ကို မြင်တွေ့ရန် ထိုက်တန်သလော။ အကယ်၍ ဘုရားသခင်က သူ ဘုရားသခင်ဖြစ်ကြောင်း သင့်အား ရှင်းလင်းစွာ ပြောသည့်တိုင် သင်က လက်ခံမည်မဟုတ်ပေ။ သူ့ကို သင် အသိအမှတ်ပြုနိုင်မည်လော။ ဤလူတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့၏ သဘာဝမှာ အဘယ်နည်း။ (ကောက်ကျစ်ဆိုးယုတ်မှု ဖြစ်ပါသည်။) ဤလူတို့သည် ငါ့ကို အမှန်ပင် အမြင်ကျယ်စေသည်။
ဘုရားသခင်၏ အမှုတော်ကို စတင်ထမ်းဆောင်သည့်အချိန်မှစ၍ ဤပင်ကိုလက္ခဏာနှင့် ရာထူးအဆင့်အတန်းဖြင့် ငါ၏အမှုတော်ကို ငါဆောင်ရွက်သည်နှင့်အမျှ အချို့သော ပုဂ္ဂိုလ်များနှင့် ငါ ထိတွေ့ဆက်ဆံခဲ့ရသည်။ ဤမျိုးစုံကွဲပြားသော “အရည်အချင်းရှိသောလူများ” နှင့် ရင်ဆိုင်ရသောအခါ လူသားတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် စကားလုံးနှစ်လုံး ဖြစ်သည့် “ဆိုးယုတ်ခြင်း”နှင့် “ကောက်ကျစ်ဆိုးယုတ်ခြင်း”တို့နှင့် ခွဲခြား၍မရနိုင်ကြောင်း ငါ သတိပြုမိပြီးဖြစ်သည်။ ဤစကားလုံးနှစ်ခုလုံးက ယင်းတွင် ပါဝင်ပေသည်။ ၎င်းတို့သည် ငါ့ကို အဘယ်ကြောင့် နေ့တိုင်း လေ့လာကြသနည်း။ ၎င်းတို့သည် ငါ၏ ပင်ကိုလက္ခဏာကို အသိအမှတ်ပြုရန် အဘယ်ကြောင့် လိုလိုလားလား မရှိကြသနည်း။ ယင်းမှာ ငါသည် အလွန် သာမန်ဖြစ်ပြီး ပုံမှန်လူတစ်ဦး ဖြစ်သောကြောင့် မဟုတ်လော။ အကယ်၍ ငါသည် ဝိညာဉ်ခန္ဓာပုံစံဖြင့် ရှိနေခဲ့လျှင် ၎င်းတို့ ထိုသို့ပြုရဲကြမည်လော။ ၎င်းတို့သည် ငါ့ကို ဤနည်းအတိုင်း လေ့လာဝံ့မည် မဟုတ်ပေ။ အကယ်၍ ငါ၌ အချို့သော လူမှုအဆင့်အတန်းရှိသည့်အပြင် အထူးစွမ်းရည်များ၊ ကြီးမြတ်သောလူတစ်ဦး၏ ပုံရိပ်နှင့် သွင်ပြင်တို့ရှိပြီး အတော်အတန် ဆိုးယုတ်သော၊ အာဏာပြသော၊ ရက်စက်သော စိတ်သဘောထားတစ်ခု ရှိခဲ့လျှင် ဤလူတို့သည် ငါ့အိမ်သို့ လာ၍ စုံစမ်းစစ်ဆေးကာ ငါ့ကို လေ့လာဝံ့ကြမည်လော။ လုံးဝ လေ့လာဝံ့ကြမည်မဟုတ်ပေ။ ၎င်းတို့က ငါ့ကို ရှောင်ရှားကြပေမည်။ ငါ လာနေသည်ကို မြင်သောအခါ ၎င်းတို့ ပုန်းကြမည်ဖြစ်ပြီး ငါ့ကို သေချာပေါက် လေ့လာဝံ့ကြမည်မဟုတ်ပေ၊ ဟုတ်သလော။ သို့ဆိုလျှင် ၎င်းတို့သည် ငါ့ကို ဤနည်းဖြင့် အဘယ်ကြောင့် လေ့လာနိုင်ကြသနည်း။ ၎င်းတို့က ငါ့ကို လွယ်ကူသော ပစ်မှတ်တစ်ခုအဖြစ် မြင်ကြသည်။ လွယ်ကူသော ပစ်မှတ်ဖြစ်ခြင်းက အဘယ်အရာ ပါဝင်သနည်း။ ယင်းမှာ ငါသည် အလွန် သာမန်ဖြစ်လွန်းသည်ဟု ဆိုလိုသည်။ “သာမန်” ဟူသည်မှာ အဘယ်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ “သင်သည် လူတစ်ဦးမျှသာ ဖြစ်သည်၊ ဘုရား မည်သို့ ဖြစ်နိုင်မည်နည်း။ ဘုရား၌ ရှိသင့်သော အသိပညာ၊ သင်ယူလေ့လာမှု၊ ဆုကျေးဇူးများ၊ အရည်အချင်းများနှင့် စွမ်းရည်များ သင် လုံးဝ ကင်းမဲ့သည်။ သင်သည် ဘုရားနှင့် မည်သို့ တူသနည်း။ သင်သည် သူ့ကဲ့သို့မဟုတ်ပေ။ ထို့ကြောင့် သင်ဘုရား ဖြစ်သည်ကို လက်ခံရန်၊ သင့်နောက်သို့ လိုက်ရန်၊ သင်၏ စကားများကို နားထောင်ရန်နှင့် သင့်ကို ကျိုးနွံနာခံရန် ကျွန်ုပ်အတွက် ခက်ခဲသည်။ ကျွန်ုပ်သည် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ရန် လိုအပ်သည်၊ သင့်ကို စောင့်ကြည့်ရန်၊ သင့်ကို မျက်ခြေမပြတ် စောင့်ကြည့်ရန်နှင့် သင့်လျော်ခြင်းမရှိသော မည်သည့်အရာကိုမျှ သင့်ကို ပြုလုပ်ခွင့်မပေးရန် လိုအပ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်ရန် ကြိုးစားနေကြသနည်း။ အကယ်၍ ငါ၌ လူမှုရေးအဆင့်အတန်းနှင့် ကျော်ကြားမှု အဆင့်တစ်ခုခု ရှိခဲ့လျှင် ဥပမာအားဖြင့် ငါသည် ပထမတန်းစား အဆိုတော်တစ်ဦးဖြစ်ပြီး တစ်နေ့တွင် ငါသည် ဘုရားသခင်၊ ခရစ်တော်ဖြစ်ကြောင်း သက်သေခံခဲ့လျှင် အနည်းဆုံး လူအချို့က ယုံကြည်လက်ခံကြမည် မဟုတ်လော။ ငါ့ကို လေ့လာသော လူအရေအတွက်သည် အတော်အတန် ပို၍ နည်းပါးသွားပေမည်။ ငါသည် သာမန်ဖြစ်ခြင်း၊ ပုံမှန်ဖြစ်ခြင်း၊ လက်တွေ့ကျခြင်းနှင့် အလွန် သာမညဖြစ်ခြင်းဟူသော အချက်ကပင် လူများစွာတို့ကို ထုတ်ဖော်ပြလိုက်ခြင်း ဖြစ်သည်။ ယင်းက ၎င်းတို့၌ အဘယ်အရာကို ထုတ်ဖော်ပြသနည်း။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုကို ထုတ်ဖော်ပေသည်။ ဤကောက်ကျစ်ဆိုးယုတ်မှုသည် မည်သည့်အတိုင်းအတာအထိ ရှိသနည်း။ ယင်းမှာ ၎င်းတို့ကို ငါ ဖြတ်လျှောက်သွားသောအခါ ငါ၏ နောက်ကျောတွင် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ရှာဖွေလျက်၊ ငါ၏ စကားနှင့်အတူ ထူးဆန်းသောတန်ခိုး တစ်ခုခု ပါရှိခြင်း ရှိမရှိဟူသည်ကို စစ်ဆေးလျက် ငါ့ကို အချိန်ကြာမြင့်စွာ ၎င်းတို့ လေ့လာမည့်အဆင့်အထိ ရှိသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ “ဤစကားများသည် အဘယ်မှ လာသနည်း။ ယင်းတို့ကို သင်ယူခဲ့ခြင်းလော။ ဖြစ်နိုင်ပုံမရပါ၊ သူသည် လေ့လာရန် အချိန်ရှိသည်ဟု မထင်ရပါ။ သူသည် လတ်တလောနှစ်များအတွင်း အလွန် ပြောင်းလဲသွားခဲ့သည်၊ သင်ယူထားသော အရာတစ်ခုနှင့် မတူပေ။ သို့ဆိုလျှင် ဤစကားများသည် အဘယ်မှ လာသနည်း။ နားလည်ရန် ခက်ခဲသည်၊ ငါ သတိထားရန် လိုအပ်သည်”ဟု မကြာခဏ ဆင်ခြင်သုံးသပ်ကြပြီး ဆက်လက်၍ လေ့လာနေကြသည်။ စဉ်ဆက်မပြတ် လေ့လာသောသူတို့သည် ငါနှင့် ပါဝင်ပတ်သက်ခြင်း၊ ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် မျက်နှာချင်းဆိုင် စကားပြောဆိုခြင်း မပြုကြပေ။ ၎င်းတို့သည် ငါ့နောက်ကွယ်၌ အမြဲ စဉ်းစားသုံးသပ်နေကြပြီး ငါ၏ နှုတ်ကပတ်တော်များ၌ အမှားများကို ရှာဖွေရန်နှင့် နိုင်ကွက်ယူရန် အမြဲ အလိုရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ အယူအဆများနှင့် မကိုက်ညီသော ဝါကျတစ်ကြောင်းကို ရက်နှင့်ချီ လေ့လာနိုင်ပြီး အနည်းငယ် တင်းမာသော မှတ်ချက်တစ်ခုက ၎င်းတို့၌ အယူအဆတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။ ဤအရာများသည် အဘယ်မှ လာသနည်း။ လူတို့၏ စိတ်များနှင့် အသိပညာတို့မှ လာသည်။ ဘုရားသခင်ကို လေ့လာနိုင်သော၊ ဘုရားသခင်အကြောင်း မှန်းဆရန် မိမိတို့၏ အတွေးများကို စဉ်ဆက်မပြတ် အသုံးပြုနိုင်သော ထိုသူတို့သည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသည့် လူများအဖြစ် ၎င်းတို့ကို သတ်မှတ်၍ ရနိုင်သလော။ လုံးဝ သတ်မှတ်၍ရနိုင်ပေသည်။ သင့်တွင် အချိန်နှင့် အားအင်ရှိသည်ကို မြင်ရသည့်အခါ သမ္မာတရားကို သင် တွေးဆနိုင်မည်ဆိုလျှင် အလွန်ကောင်းပေမည်။ မည်သည့်သမ္မာတရားသည် သင့်အား မိတ်သဟာယဖွဲ့ရန်နှင့် တွေးတောဆင်ခြင်ရန် အချိန်အနည်းငယ် မကုန်စေဘဲနေမည်နည်း။ သင့်အနေဖြင့် ဤတစ်သက်တာတွင် အကုန်အစင် တွေးဆနိုင်မည်မဟုတ်သည့် အလွန်များပြားသော သမ္မာတရားများ ရှိပေသည်။ လူတစ်ဦး နားလည်ရန် လိုအပ်သော သမ္မာတရားများ အလွန်များလွန်းပေသည်။ ၎င်းတို့သည် ဤကိစ္စရပ်နှင့်ပတ်သက်၍ မည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ မခံစားရသည့်တိုင် ထိုပြင်ပနှင့် အပေါ်ယံကိစ္စရပ်များကို မည်သည့်အခါမျှ ၎င်းတို့က မမေ့လျော့ဘဲ အမြဲလေ့လာနေကြသည်။ ၎င်းတို့သည် ငါ စကားပြောသည်နှင့်တစ်ပြိုင်နက် မျက်တောင်ခတ်ကြပြီး ငါ၏ သွင်ပြင်လက္ခဏာကို စိုက်ကြည့်ကာ ငါ၏ လုပ်ဆောင်ချက်များနှင့် အမူအရာများကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး ၎င်းတို့၏ စိတ်နှလုံးထဲ၌ “သူသည် ဤအသွင်အပြင်တွင် ဘုရားနှင့် တူသလော။ သူ၏ ပြောဆိုချက်သည် ဘုရားနှင့် မတူပေ၊ သူ၏ အကြည့်သည် အတော်လေး မကိုက်ညီပေ။ ငါ သူ့ကို မည်သို့ နားလည်သဘောပေါက်နိုင်မည်နည်း။ သူ၏ စိတ်နှလုံးအတွင်း နက်နက်နေရာများတွင် ငါ့အကြောင်း မည်သည့်အရာ သူ စဉ်းစားသည်ကို ငါ မည်သို့ မြင်နိုင်မည်နည်း။ သူသည် ဤကိစ္စရပ်၊ ထိုကိစ္စရပ်နှင့်ပတ်သက်၍ မည်သည့်အရာ စဉ်းစားသနည်း။ ငါ့ကို သူ မည်သို့ သတ်မှတ်သနည်း”ဟု ဆင်ခြင်သုံးသပ်နေကြသည်။ ၎င်းတို့သည် ဤအတွေးများကို အမြဲ ထားရှိကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ (ကောက်ကျစ်ဆိုးယုတ်ပါသည်။) ဤသည်မှာ ကယ်တင်၍မရပေ။ ကောက်ကျစ်ဆိုးယုတ်လွန်းပေသည်။
စစ်မှန်သော လူသားတစ်ဦးသည် လူ့သဘာဝ၊ အသိစိတ်၊ ပုံမှန်လူ့အတွေးအခေါ်၊ လက်တွေ့ဘဝတို့နှင့် ကိုက်ညီသော၊ ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသော၊ လွဲချော်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်ခြင်း ကင်းသော၊ စိတ်ကူးသက်သက်မဟုတ်သော၊ အနှစ်မဲ့ခြင်းမရှိသကဲ့သို့ သဘာဝလွန်မဟုတ်သော အရာများကို ချစ်မြတ်နိုးပြီး လိုက်စားသည်။ ဤအရာများနှင့်စပ်လျဉ်း၍ ပုံမှန်လူတစ်ဦးသည် ဤအရာများကို အပြုသဘောဆောင်သော အရာများအဖြစ် သဘောထားလျက် တန်ဖိုးထားခြင်း၊ မှန်ကန်စွာ ကိုင်တွယ်ခြင်းနှင့် ထုံးစံအတိုင်း လက်ခံခြင်းတို့ကို ပြုလုပ်နိုင်သင့်သည်။ ဆန့်ကျင်ဘက်အားဖြင့် စားခြင်း၊ ဝတ်ခြင်း၊ အမိုးအကာ၊ သယ်ယူပို့ဆောင်ရေး၊ အပြုအမူနှင့် နေထိုင်ပြုမူပုံကဲ့သို့သော လက်တွေ့ဘဝ၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများနှင့် နီးကပ်စွာ ဆက်စပ်နေသည့် ဤသမ္မာတရားများနှင့် ရင်ဆိုင်ရသောအခါ ယင်းတို့ကို သေးသိမ်စေသည်၊ လျစ်လျူရှုပြီး အလေးမထားကြပေ။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၏ နှစ်သက်မှုများနှင့်လည်းကောင်း၊ သဘာဝအနှစ်သာရနှင့်လည်းကောင်း သက်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ တစ်စုံတစ်ရာသည် ပို၍ အပြုသဘောဆောင်လေ၊ ဘုရားသခင် ချစ်မြတ်နိုးသောအရာတစ်ခု၊ သူအလိုရှိသောအရာတစ်ခုနှင့် သူပြုလုပ်သောအရာတစ်ခု ဖြစ်လေဖြစ်ပြီး ထိုအရာသည် ဘုရားသခင်၏ ရည်ရွယ်ချက်များထဲ၌ လူတို့ စွမ်းဆောင်ရရှိပြီး လက်ခံစေရန် သူမျှော်လင့်သည့်အရာနှင့် ပို၍ ကိုက်ညီလေ၊ ဤလူတို့က ယင်းကို ပို၍ မေးခွန်းထုတ်လေ၊ လေ့လာလေ၊ ဆန့်ကျင်ပြီး ပြစ်တင်ရှုတ်ချလေ ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ အလွန်အမင်း ကောက်ကျစ်ဆိုးယုတ်ပေသည်။ အန္တိခရစ်တို့သည် ဘာသာတရားမရှိသူများကြားတွင် အတော်လေး လူကြိုက်များသည်။ အကယ်၍ ငါသည် ဘာသာတရားမရှိသူများထဲတွင် ရှိခဲ့လျှင် အန္တိခရစ်များနှင့် လူ့ဇာတိခံ ဘုရားသခင်တို့ကြား မည်သည့်အရာက ဘာသာတရားမရှိသူများ၏ ပို၍ မဆိုင်းမတွ လက်ခံခြင်းကို ခံရမည်နည်း။ (အန္တိခရစ်များ ဖြစ်ပါသည်။) အဘယ်ကြောင့်နည်း။ ဘာသာတရားမရှိသူများသည် ဖြောင့်မတ်သောလူများကို နှစ်သက်ကြသလော သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သောလူများကို နှစ်သက်ကြသလော။ (ကောက်ကျစ်ဆိုးယုတ်သောလူများကို နှစ်သက်ကြပါသည်။) ၎င်းတို့သည် မြှောက်ပင့်ပြီး မျက်နှာလို မျက်နှာရလုပ်သူများကို နှစ်သက်ကြသလော သို့မဟုတ် ရိုးသားသောသူများကို နှစ်သက်ကြသလော။ (မြှောက်ပင့်ပြီး မျက်နှာလိုမျက်နှာရလုပ်သူများကို နှစ်သက်ကြပါသည်။) အတိအကျပင်၊ ၎င်းတို့သည် ထိုသို့သော ပုဂ္ဂိုလ်များကို မျက်နှာသာပေးကြသည်။ အကယ်၍ သင်သည် အုပ်စုတစ်ခုအတွင်းရှိ အမျိုးမျိုးသော လူအချင်းချင်း ဆက်ဆံရေးများကို စီမံခန့်ခွဲရန်အတွက် နည်းစနစ်များအား မည်သို့ အသုံးပြုရမည်ကို မသိပါက နည်းစနစ်များမှတစ်ဆင့် အမျိုးမျိုးသော လူတို့အား မည်သို့ ကြိုးကိုင်ညွှန်ကြားရမည် သို့မဟုတ် ထိန်းချုပ်ရမည် မသိပါက ထိုအုပ်စုသည် သင့်ကို လက်ခံနိုင်မည်လော။ အကယ်၍ သင်သည် အလွန် တည်ကြည်လွန်းလျှင်၊ အမှန်တရားကို အမြဲပြောဆိုလျှင်၊ ပြဿနာများစွာ၏ အနှစ်သာရကို ထိုးထွင်းသိမြင်မိနိုင်ပြီးနောက် သင် ထိုးထွင်းသိမြင်ကာ နားလည်ခဲ့သော အမှန်တရားများကို ထုတ်ဖော်ပြောဆိုလျှင် တစ်ဦးတလေက ယင်းကို လက်ခံနိုင်မည်လော။ လက်ခံနိုင်မည်မဟုတ်၊ ဤလောက၌ မည်သူကမျှ ထိုအရာကို လက်မခံနိုင်ပေ။ ဤလောက၌ အမှန်တရားကို ပြောဆိုရန် မမျှော်လင့်နှင့်။ ထိုသို့ပြောဆိုခြင်းသည် ဒုက္ခပြဿနာကို ဆောင်ကြဉ်းလိမ့်မည် သို့မဟုတ် ဘေးအန္တရာယ်ကို ဖြစ်စေလိမ့်မည်။ ရိုးသားသောလူတစ်ဦးဖြစ်ရန် မမျှော်လင့်နှင့်၊ ထိုသို့ဖြစ်ခြင်း၌ အနာဂတ်မရှိပေ။ အန္တိခရစ်များကော အဘယ်သို့နည်း။ ၎င်းတို့သည် လိမ်ညာမှုများ ပြောဆိုရာ၌ ထူးချွန်ကြသည်၊ မိမိတို့ကိုယ်ကို ကျွမ်းကျင်စွာ ရုပ်ဖျက်ပြီး ပြရုပ်တင်ကြကာ မိမိတို့ကိုယ်ကို ကြီးကျယ်သော၊ ဂုဏ်သိက္ခာရှိသော၊ မွန်မြတ်သောသူအဖြစ် ပြင်ဆင်လျက် လူတို့အား သူတို့ကို ကိုးကွယ်စေကြသည်။ ၎င်းတို့သည် ဤအရာများ၌ ထူးချွန်ကြပြီး ၎င်းတို့ နှစ်သက်သည့်အရာမှာ အလားတူပင်ဖြစ်သည်။ ၎င်းတို့သည် အနှစ်မဲ့သော အသိပညာနှင့် သင်ယူလေ့လာမှုတို့ကို ဆွေးနွေးခြင်းအပြင် ဆုကျေးဇူးများနှင့် နည်းဗျူဟာများကို နှိုင်းယှဉ်ခြင်းအား နှစ်သက်ကြသည်။ ဥပမာအားဖြင့် ကုမ္ပဏီတစ်ခု သို့မဟုတ် လူအုပ်စုတစ်ခုတွင် အမြင့်ဆုံးသော အသိပညာနှင့် လေ့လာသင်ယူမှုတို့သည် အဓိကအရာ မဟုတ်သကဲ့သို့ ထိုကုမ္ပဏီ၌ လူတစ်ဦး၏ ရာထူးကို ဆုံးဖြတ်ရာတွင် အဓိကအချက်လည်း မဟုတ်ပေ။ အဓိကအချက်မှာ အဘယ်နည်း။ (နည်းဗျူဟာများနှင့် ပါရမီဖြစ်ပါသည်။) အတိအကျပင် ယင်းမှာ နည်းဗျူဟာများနှင့် ပါရမီဖြစ်သည်။ ဤအရာများမရှိဘဲ ကျယ်ပြန့်သော သင်ယူလေ့လာမှုကို ပိုင်ဆိုင်ခြင်းသည် အသုံးမဝင်ပေ။ ဥပမာအားဖြင့် သင်သည် ပင်လယ်ရပ်ခြားမှ ပြန်လာပြီးဖြစ်ကာ အိမ်ပြန်ရောက်သည့်အခါ ဤလူအုပ်စုအတွင်းရှိ ကစားပွဲစည်းမျဉ်းများကို လုံးဝ မသိနားမလည်ဟု ဆိုကြပါစို့။ အကယ်၍ သင်သည် ပင်လယ်ရပ်ခြား ကုမ္ပဏီများ၏ ကျင့်ကြံပြုမူခြင်းအတွက် စည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အခြေခံသဘောတရားများကို ကျင့်သုံးပါက သင်သည် ရှေ့မတိုးသာအောင် ဖြစ်သွားလိမ့်မည်။ ယင်းမှာ ပကတိအခြေအနေ မဟုတ်သလော။ (ဟုတ်ပါသည်။) ယင်းမှာ ပကတိအခြေအနေပင် ဖြစ်သည်။ သင့်တွင် နည်းဗျူဟာများ ရှိရမည်ဖြစ်ပြီး ပိုမိုမြင့်မားသော ရာထူးသို့ တက်လှမ်းရန်အတွက် ဆိုးယုတ်ကာ ကောက်ကျစ်ဆိုးယုတ်ရမည် ဖြစ်သည်။ ယင်းမှာ အချို့သော အမျိုးသမီးများကဲ့သို့ပင် ဖြစ်သည်၊ ၎င်းတို့ကို ထောက်ပံ့ရန် ခင်ပွန်းတစ်ဦး ရှိနေသော်လည်း ၎င်းတို့က မကျေနပ်ကြပေ။ ထင်ပေါ်ရန်နှင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရရှိရန်အလို့ငှာ ၎င်းတို့သည် လိုအပ်သော မည်သည့်နည်းလမ်းကိုမဆို အားကိုးကြသည်။ ၎င်းတို့သည် မျက်နှာတစ်ချက်မပျက်ဘဲ သို့မဟုတ် မိမိတို့၏ ခင်ပွန်းများ သို့မဟုတ် မိသားစုများအတွက် အပြစ်ရှိစိတ် သို့မဟုတ် အကြွေးတင်စိတ် ခံစားရခြင်းမရှိဘဲ မြှောက်ပင့်ပြီး မျက်နှာလိုမျက်နှာရလုပ်ခြင်းတို့ကိုပင် လုပ်ဆောင်ကြကာ လိုအပ်သည့်အခါ ဧည့်ခံဖျော်ဖြေပေးလေသည်။ သင်သည် ထိုသို့ ပြုလုပ်နိုင်မည်လော။ ယင်းမှာ သင့်အတွက် စက်ဆုပ်ဖွယ်ကောင်းသည်ဟု ထင်ရပြီး သင် မလုပ်ဆောင်နိုင်ပေ။ သို့ဆိုလျှင် ၎င်းတို့အကြား၌ သင်သည် ပိုမိုမြင့်မားသော ရာထူးသို့ မည်သို့ တက်လှမ်းနိုင်မည်နည်း။ နည်းလမ်းမရှိပေ။ ထိုအရာအားလုံးသည် မိမိ၏ စိတ်ဝိညာဉ်ကို သစ္စာဖောက်ခြင်းနှင့် အမျိုးမျိုးသော ကောက်ကျစ်ဆိုးယုတ်သည့် နည်းလမ်းများကို အသုံးပြုခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ အမှုအရာများအား ထိုသို့ လုပ်ဆောင်ခြင်းနည်းလမ်းကို သင် နှစ်သက်သလော။ (မနှစ်သက်ပါ။) သင်သည် ယခု မနှစ်သက်ဟု ဆိုသော်လည်း တစ်နေ့တွင် အတိုင်းအတာတစ်ခုအထိ သင် တွန်းအားပေးခြင်းခံရသောအခါ ယင်းကို နှစ်သက်လာလိမ့်မည်။ အကယ်၍ လူတို့က သင့်ကို တစ်နေ့လုံး အနိုင်ကျင့်ပြီး ညှဉ်းပန်းနှိပ်စက်လျှင်၊ သင် အခက်တွေ့စေဖို့ လုပ်ဆောင်လျှင်၊ သင်နှင့်ပတ်သက်၍ အပြစ်ရှာပြီး သင့်ကို မောင်းထုတ်လိုလျှင် သင်သည် မိမိ၏ အလုပ်ကို ထိန်းသိမ်းထားရန်အလို့ငှာ မိမိ၏ ခန္ဓာကိုယ်ကို ရောင်းစားရပေမည်။ ၎င်းတို့အသုံးပြုသော မည်သည့် ကောက်ကျစ်ဆိုးယုတ်သည့် လှည့်ကွက်များကိုမဆို သင် သင်ယူရမည်ဖြစ်ပြီး အဆုံးတွင် သင်သည် ၎င်းတို့ကဲ့သို့ပင် ဖြစ်လာလိမ့်မည်။ ယခုတွင် သင်က “ကျွန်ုပ်သည် ထိုနည်းဗျူဟာအစုံကို မကြိုက်ပါ။ ထိုသို့သော လူစားမျိုး ကျွန်ုပ် မဖြစ်ချင်ပါ။ ကျွန်ုပ် ထိုမျှ ကောက်ကျစ်ဆိုးယုတ်ခြင်း မရှိပါ။ ကျွန်ုပ်၏ ခန္ဓာကိုယ်ကို ကျွန်ုပ် မရောင်းစားလိုပါ။ ကျွန်ုပ်သည် ငွေကို မကြိုက်ပါ၊ စားရန်နှင့် ဝတ်ရန် လုံလောက်စွာ ရှိခြင်းသည် လုံလောက်ပါသည်” ဟု မျက်နှာထားတင်းတင်းဖြင့် ကြေညာသည်။ သင်သည် မည်သို့သော လူစားမျိုး ဖြစ်သနည်း။ သင်သည် ဘာမျှမဟုတ်ပေ။ သင်သည် စာတန်က ဖောက်ပြန်ပျက်စီးစေပြီးသောအရာပင် ဖြစ်သည်။ သင်သည် မိမိကိုယ်ကို အစိုးရနိုင်သည်ဟု ထင်မြင်သလော။ လူတို့သည် ပတ်ဝန်းကျင်နှင့်အညီ ပြောင်းလဲကြသည်၊ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပြီး ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ငွေနှင့် စုံစမ်းသွေးဆောင်ခြင်းမျိုးစုံကို သင် တကယ်ပင် မကျော်လွှားနိုင်ပေ။ အကယ်၍ သင်သည် ထိုပတ်ဝန်းကျင်၌ ရှိခဲ့လျှင် သင့်ကိုယ်သင် မထိန်းချုပ်နိုင်သည့်အတိုင်းပင် ဖြစ်ပေမည်။ ယခုတွင် ဘာသာတရားမရှိသူများ၏ အဆင့်သည် အသားကြိတ်စက်တစ်ခုကဲ့သို့ ဖြစ်သည်။ လူတစ်ဦးက ကြိတ်ခြင်းခံရသည်နှင့်တစ်ပြိုင်နက် ရှင်သန်ရန် နည်းလမ်းမရှိပေ။ ယခုတွင် ဘုရားအိမ်တော်၌ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ ကာကွယ်မှုနှင့်အတူ မည်သူကမျှ သင့်ကိုအနိုင်ကျင့်ခြင်းမရှိဘဲ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်သည်။ သင်သည် အလွန် ကောင်းချီးခံစားရသည်၊ သို့ဖြစ်၍ တိတ်ဆိတ်စွာ မွေ့လျော်ခံစားလော့။ အကယ်၍ သင်သည် သင်၏တာဝန်ကို ကောင်းစွာမထမ်းဆောင်ဘဲ ပြုပြင်ခြင်းအနည်းငယ်နှင့် ရင်ဆိုင်ရပါက မတရားခံရသည်ဟု သင် မခံစားသင့်ပေ။ ကြီးမားသော ကောင်းချီးမင်္ဂလာများကို သင် ရရှိပြီးဖြစ်သည်။ ယင်းကို သင် မသိသလော။ (သိပါသည်။) ငါ့ကို ပြောလော့၊ “အသားကြိတ်စက်”ထဲ၌ ရှိနေရခြင်းသည် ဘာသာတရားမရှိသူများအတွက် မည်သည့်အရာနှင့်တူသနည်း။ ၎င်းတို့သည် သေလျှင် ပိုကောင်းပေမည်။ ဘုရားအိမ်တော်၌ သင် ခါးစည်းခံရသော ဆင်းရဲဒုက္ခအနည်းငယ်သည် လူတို့ ခါးစည်းခံသင့်သည့်အရာ ဖြစ်သည်၊ ယင်းမှာ အလွန် နာကျင်ခြင်း လုံးဝ မရှိပေ။ သို့ရာတွင် လူတို့သည် ကျေနပ်ရောင့်ရဲခြင်းမရှိကြသကဲ့သို့ မည်သို့ပင် ပြုပြင်ခြင်းခံရသည်ဖြစ်စေ နောင်တရလိုစိတ် မရှိကြပေ။ သို့သော် ၎င်းတို့ကို အိမ်သို့ ပြန်လွှတ်သောအခါ ၎င်းတို့အနေဖြင့် အလွန် ဆိုးယုတ်ပြီး ဆိုးရွားသည်ဟု ခံစားကြရသောကြောင့် ဘာသာတရားမရှိသူများထံသို့ ပြန်သွားရန် မလိုလားကြပေ။ သေခြင်းနှင့် အမှန်တကယ် ရင်ဆိုင်ရသောအခါ လူတို့သည် မသေလိုကြပေ။ လူတိုင်းက အသက်ကို တန်ဖိုးထားပြီး “ကောင်းသောသေခြင်းထက် ဆိုးသောဘဝက ပိုကောင်းသည်” ဟူသော စည်းမျဉ်းကို လိုက်နာကြသည်။ မိမိတို့၏ အုတ်ဂူကို မြင်သည်နှင့်တစ်ပြိုင်နက် မျက်ရည်ကျကြသည်။ ဘာသာတရားမရှိသူများအကြား၌ ရှင်သန်ရန် မလွယ်ကူကြောင်းကို လူတို့ ယခု သိကြသည်။ အကယ်၍ သင်သည် ဂုဏ်သိက္ခာဖြင့် နေထိုင်ပြီး သင်၏ စွမ်းရည်များကို အခြေခံ၍ အသက်မွေးဝမ်းကျောင်းပြုလိုပါက ထိုသို့ပြုလုပ်ရန် နည်းလမ်းမရှိပေ။ စွမ်းရည်များရှိရုံတစ်ခုတည်းနှင့် မလုံလောက်ပေ။ အောင်မြင်ရန်အတွက် သင်သည် ကောက်ကျစ်ဆိုးယုတ်ရမည်၊ ဆိုးယုတ်ရမည်ဖြစ်ပြီး အတော်အတန် ယုတ်မာရမည်ဖြစ်သည်။ အဘယ်အရာကို သင် ပိုင်ဆိုင်သနည်း။ လူအချို့က “ကျွန်ုပ်၌ ယခု ကောက်ကျစ်ဆိုးယုတ်မှု အနည်းငယ် ရှိသော်လည်း ဆိုးယုတ်မှုက မလုံလောက်ပါ”ဟု ဆိုကြသည်။ ယင်းမှာ လွယ်ကူသည်။ သင့်ကိုယ်သင် “အသားကြိတ်စက်” ထဲ၌ ထည့်လိုက်လော့၊ ပြီးလျှင် တစ်လမပြည့်မီ သင်သည် ဆိုးယုတ်လာလိမ့်မည်။ အကယ်၍ သင်သည် လူကောင်းတစ်ဦးဖြစ်ပါက ၎င်းတို့က သင့်ကို သတ်လိုကြလိမ့်မည်။ သင်သည် ၎င်းတို့ကို ချမ်းသာပေးသော်လည်း ၎င်းတို့က သင့်ကို ချမ်းသာပေးမည်မဟုတ်။ သို့ဖြစ်၍ သင်သည် အသက်ရှင်ရန်အလို့ငှာ ပြန်လည်တိုက်ခိုက်ရမည် ဖြစ်သည်။ သင် ဆိုးယုတ်သွားသည်နှင့်တစ်ပြိုင်နက် နောက်ပြန်လှည့်စရာအကြောင်း မရှိတော့ဘဲ သင်သည်လည်း နတ်ဆိုးတစ်ကောင် ဖြစ်လာသည်။ ကောက်ကျစ်ဆိုးယုတ်ခြင်းသည် ဤနည်းဖြင့် ဖွဲ့စည်းဖြစ်ပေါ်လာသည်။ ဘာသာတရားမရှိသူများ၏ လောကသည် အလွန် မှောင်မိုက်ပြီး ကောက်ကျစ်ဆိုးယုတ်သည်။ လူတို့သည် အမှောင်ထုနှင့် ကောက်ကျစ်ဆိုးယုတ်ခြင်း၏ စာတန်ဆန်သော လွှမ်းမိုးမှုမှ မည်သို့ ရုန်းထွက်လွတ်မြောက်နိုင်ကြမည်နည်း။ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်းကို ရရှိရန် သမ္မာတရားကို နားလည်ဖို့ လိုအပ်သည်။ ယခု သင်သည် ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သဖြင့် ကယ်တင်ခြင်းခံရပြီး စာတန်၏ စွမ်းအားမှ လွတ်မြောက်လိုပါက ယင်းမှာ ရိုးရှင်းသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် သင်ယူရမည်၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိရမည်၊ အမှုအရာများစွာကို ထိုးထွင်းသိမြင်ရမည်ဖြစ်ပြီး ထို့အပြင် သင်၏ အမူအကျင့်ဆိုင်ရာ စည်းမျဉ်းများသည် တစ်နည်းအားဖြင့် အမြော်အမြင်ရှိရမည်ဖြစ်ကာ နောက်တစ်နည်းအားဖြင့် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း မရှိရပေ။ ထို့အပြင် ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အမြဲ မကြိုးပမ်းနှင့် သို့မဟုတ် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားရန် စဉ်ဆက်မပြတ် မရှာဖွေနှင့်။ စားရန် လုံလောက်ပြီး ငတ်မသေရုံမျှသည် လုံလောက်ပေသည်။ သင်သည် ကွယ်ကာခြင်း ခံရရန်အလို့ငှာ ဤနည်းဖြင့် ကျေးဇူးတော် ပေးသနားခြင်းခံရဖို့အတွက် တောင်းလျှောက်လျက် ဘုရားသခင်ထံ ဆုတောင်းရန် လိုအပ်သည်။ အကယ်၍ သင်သည် လွန်ကဲသော လိုအင်ဆန္ဒများကို အမြဲထားရှိပါက ယင်းမှာ ယုတ္တိတန်ခြင်းမရှိသကဲ့သို့ ဘုရားသခင်က သင်၏ ဆုတောင်းချက်များကို အလေးဂရုပြုမည် မဟုတ်ပေ။
အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝနှင့်စပ်လျဉ်း၍၊ ယနေ့တွင် ငါတို့သည် အန္တိခရစ်များ ကိုးကွယ်သည့်အရာဖြစ်သော တတိယမြောက် သရုပ်သကန်ကို အဓိကအားဖြင့် မိတ်သဟာယဖွဲ့နေကြခြင်း ဖြစ်သည်။ အန္တိခရစ်များသည် အဘယ်အရာကို ကိုးကွယ်ကြသနည်း။ (အသိပညာနှင့် သင်ယူလေ့လာမှု ဖြစ်ပါသည်။) အသိပညာနှင့် သင်ယူလေ့လာမှုအပြင်နောက်ထပ်အရာတစ်ခုမှာ ဆုကျေးဇူးများ ဖြစ်သည်။ အသိပညာနှင့် သင်ယူလေ့လာမှုတွင် အဘယ်အရာများ ပါဝင်သနည်း။ ယင်းတို့တွင် လောက၌ လေ့လာကြသော ထိုစာအုပ်များထဲတွင် တွေ့ရှိရသည့်အရာ၊ အသိပညာနှင့်ဆက်စပ်သော လုပ်ငန်းများ၌ ပါဝင်ခြင်းမှ ရရှိသော အတွေ့အကြုံအပြင်၊ ကိုယ်ကျင့်တရား၊ လူ့သဘာဝ၊ အပြုအမူ စသည်တို့နှင့်စပ်လျဉ်း၍ လူ့အဖွဲ့အစည်း၌ ဟောပြောကြသည့် အမျိုးမျိုးသော ကန့်သတ်ချက်များ၊ စည်းမျဉ်းစည်းကမ်းများ ပါဝင်သည်။ ထို့အပြင်၊ ယင်းတို့တွင် သိပ္ပံပညာရပ်နယ်ပယ်အမျိုးမျိုးမှ အသိပညာများ ပါဝင်သည်။ ဥပမာအားဖြင့်၊ လူအချို့သည် ဘုရားနှုတ်ကပတ်တော်များ၌ ဖော်ပြထားသော လူဝင်စားခြင်းကို မယုံကြည်ကြပေ။ သို့သော် တစ်နေ့တွင် သိပ္ပံဆိုင်ရာ သုတေသနက လူသေဆုံးပြီးနောက် ခန္ဓာကိုယ်မှ တစ်စုံတစ်ခု ထွက်ခွာသွားပြီး လူ၏ကိုယ်အလေးချိန်သည် ဝိညာဉ်၏အလေးချိန် ဖြစ်နိုင်ဖွယ်ရှိသော ပမာဏတစ်ခုအထိ လျော့ကျသွားသောကြောင့် လူတို့၌ ဝိညာဉ်ရှိကြောင်း ရှာဖွေတွေ့ရှိပါက ၎င်းတို့သည် ယင်းကို ယုံကြည်ကောင်း ယုံကြည်ကြပေမည်။ ဘုရားသခင်က မည်သို့ပင် ပြောသည်ဖြစ်စေ၊ ၎င်းတို့ မယုံကြည်ကြသော်လည်း သိပ္ပံပညာရှင်များက တစ်စုံတစ်ခုကို ကိုယ်အလေးချိန်အပေါ် အခြေခံ၍ အကဲဖြတ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့က သိပ္ပံပညာကိုသာ ယုံကြည်ကိုးစားကြသည်။ လူအချို့သည် နိုင်ငံ၊ အစိုးရနှင့် ဆက်စပ်ရာသတင်းအချက်အလက်များ၊ သီအိုရီများနှင့် ကျော်ကြားသော ပုဂ္ဂိုလ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုသာ ယုံကြည်ကြသည်။ ဤအရာများကိုသာ ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သွန်သင်ခြင်း၊ လမ်းပြခြင်း သို့မဟုတ် မိန့်မြွက်ချက်များကို အလေးအနက်မထားကြပေ။ သို့သော် ကျော်ကြားသူတစ်ဦး စကားပြောသည်ကို ကြားသည်နှင့်တစ်ပြိုင်နက် ချက်ချင်း လက်ခံပြီး ထိုသူတို့ကို ကိုးကွယ်ကာ ထိုသူတို့၏ စကားများကို ဖြန့်ဝေကြသည်။ ဥပမာအားဖြင့်၊ ဘုရားသခင်က လူတို့အတွက် နေ့စဉ် ချပေးခဲ့သော မန္နမုန့်ကို သိုလှောင်ထား၍မရနိုင်ဘဲ လတ်ဆတ်တော့မည်မဟုတ်သောကြောင့် နောက်တစ်နေ့တွင် မစားသုံးသင့်ဟု ပြောခဲ့သော်လည်း ၎င်းတို့သည် ဘုရားသခင်၏ စကားများကို မယုံကြည်ခဲ့ကြပေ။ ၎င်းတို့က “အကယ်၍ ဘုရားက မန္နမုန့်ကို မပို့ဘဲနေလျှင် ငါတို့ ဗိုက်ဆာကြမည် မဟုတ်လော”ဟု တွေးထင်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့က ထိုမန္နမုန့်များကို စုဆောင်းကာ သိုထားဖို့ နည်းလမ်းရှာဖွေခဲ့ကြသည်။ ဘုရားသခင်က ဒုတိယနေ့တွင် မန္နမုန့်ကို ပို့ပေးခဲ့ပြီး ၎င်းတို့သည် ယင်းကို ဆက်လက်၍ စုဆောင်းခဲ့ကြသည်။ ဘုရားသခင်သည် တတိယနေ့တွင် မန္နမုန့်ကို ပို့ပေးခဲ့ပြီး ၎င်းတို့သည် ဆက်လက်၍ စုဆောင်းခဲ့ကြသည်။ ဘုရားသခင်သည် နေ့စဉ် ထိုစကားများကိုပင် ပြောခဲ့ပြီး ၎င်းတို့က မိမိတို့ကို ဘုရားသခင် ညွှန်ကြားခဲ့သည့်အရာနှင့် ဆန့်ကျင်သော နည်းလမ်းဖြင့် တသမတ်တည်း ပြုမူခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ စကားများကို မည်သည့်အခါမျှ မယုံကြည်ခဲ့သကဲ့သို့ နားမထောင်ခဲ့ကြပေ။ တစ်နေ့တွင် သိပ္ပံပညာရှင်တစ်ဦးက သုတေသနပြုလုပ်ပြီး “အကယ်၍ မန္နမုန့်ကို တစ်နေ့တည်း၌ မစားသုံးဘဲ နောက်တစ်နေ့အတွက် ချန်ထားခဲ့လျှင် အပြင်ပန်း၌ လတ်ဆတ်ပုံရလျှင်ပင်၊ ယင်း၌ စားသုံးမိပါက အစာအိမ်ရောဂါကို ဖြစ်စေနိုင်သည့် ဘက်တီးရီးယားများ ပါဝင်သည်” ဟု ဆိုခဲ့သည်။ ထိုနေ့မှစ၍ ၎င်းတို့သည် စုဆောင်းခြင်းကို ရပ်တန့်ခဲ့ကြသည်။ ၎င်းတို့အတွက်မူ သိပ္ပံပညာရှင်တစ်ဦး၏ ပြောဆိုချက်တစ်ခွန်းသည် ဘုရားသခင်၏ ပြောဆိုချက်ဆယ်ခွန်းထက် ပို၍ အားကောင်းသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းကို နှုတ်ဖြင့် ဝန်ခံခဲ့ကြပြီး ဘုရားသခင်ကို အသိအမှတ်ပြုကာ ဘုရားသခင်နောက်သို့ လိုက်ပြီး ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာများကို ရရှိရန် ဆန္ဒရှိခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဘုရားသခင်၏ ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် ကွယ်ကာခြင်းကို အကြိုက်တွေ့လျက်၊ ဘုရားသခင် ပေးသနားသော ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို မွေ့လျော်ခဲ့ကြသော်လည်း ထိုအရာမှလွဲ၍ ဘုရားသခင် ပြောခဲ့သည့်အရာ၊ သူညွှန်ကြားခဲ့သည့်အရာ၊ အမိန့်ပေးခဲ့သည့်အရာ သို့မဟုတ် ၎င်းတို့ကို တာဝန်ပေးစေခိုင်းခဲ့သည့်အရာတို့နှင့်ဆိုင်သည့် ဝါကျတစ်ကြောင်းကိုမျှ ၎င်းတို့ နားမထောင်ခဲ့ကြပေ။ အကယ်၍ ဩဇာအာဏာနှင့် ရာထူးအဆင့်အတန်းရှိသည့် အသိပညဗဟုသုတနှံ့စပ်သော လူတစ်ဦးက တစ်စုံတစ်ခုကို ပြောဆိုခဲ့လျှင် သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာတစ်ခုကို မြွက်ဆိုခဲ့လျှင်၊ ၎င်းတို့သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ချက်ချင်း လက်ခံခဲ့ကြသည်။ ဤနေရာတွင် အဘယ်အရာ ဖြစ်ပျက်နေသနည်း။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သည် အလွန် ကောက်ကျစ်ဆိုးယုတ်ပေသည်။ ဥပမာအားဖြင့်၊ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်သောကြောင့် ကန်စွန်းဥများကို ကြက်ဥနှင့်အတူ မစားရန် လူအချို့ကို ငါပြောခဲ့သည်။ ငါ၏ ပြောဆိုချက်သည် အဘယ်အရာကို အခြေခံသနည်း။ ငါသည် အကြောင်းမဲ့ ပြောနေခြင်းမဟုတ်။ ဤအရာနှစ်ခုလုံးကို တစ်ချိန်တည်း၌ စားသုံးခြင်းဖြင့် အစာအဆိပ်သင့်သောလူများ၏ ဖြစ်ရပ်များ ရှိခဲ့သည်။ ဤသည်ကို ကြားပြီးနောက် ပုံမှန်လူတစ်ဦး၏ တုံ့ပြန်မှုမှာ အဘယ်အရာ ဖြစ်မည်နည်း။ ၎င်းတို့က “အနာဂတ်တွင် ကန်စွန်းဥများကို ကျွန်ုပ် စားသောအခါ ကြက်ဥများကို စားတော့မည်မဟုတ်ပါ။ အနည်းဆုံး နောက်နှစ်နာရီ သို့မဟုတ် သုံးနာရီအတွင်း ကြက်ဥများကို မစားတော့ပါ” ဟု တွေးကြလိမ့်မည်။ ၎င်းတို့သည် ယင်းကို အလေးအနက်ထားပြီး မိမိတို့၏ စားသောက်မှုအလေ့အထများကို ပြောင်းလဲကြလိမ့်မည်။ သို့ရာတွင် လူအချို့က ယင်းကို မယုံကြည်ကြပေ။ ၎င်းတို့က “ကြက်ဥနှင့် ကန်စွန်းဥများကို အတူတကွ စားသုံးခြင်းမှ အစာအဆိပ်သင့်ခြင်းလော။ ယင်းမှာ မဖြစ်နိုင်ပါ။ ထိုအရာများကို ကျွန်ုပ်အတူတကွ စားသုံးမည်၊ ကျွန်ုပ် အစာအဆိပ်သင့်ခြင်း ရှိမရှိ သင် ကြည့်ပါလေ” ဟု ဆိုကြပေမည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ (ကောက်ကျစ်ဆိုးယုတ်သောသူ ဖြစ်ပါသည်။) ဤသူသည် အနည်းငယ် ယုတ်မာသည်ဟု ငါ မြင်သည်။ ဤအရာတစ်ခုကို ငါ ပြောဆိုပြီး ၎င်းတို့က ထိုအရာများကို မရမက အတူ စားသုံးကြသည်။ ဤသည်မှာ ယုတ်မာခြင်းပါတကား။ ၎င်းတို့သည် တရားနည်းလမ်းကျပြီး မှန်ကန်ကာ အပြုသဘောဆောင်သော အရာကို အထူးသဖြင့် ဆန့်ကျင်သည်၊ ယှဉ်ပြိုင်သည်၊ အတိုက်အခံလုပ်သည်၊ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ပေသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ကောက်ကျစ်ဆိုးယုတ်မှုနှင့် အာဏာကို တန်ဖိုးထားသည်။ နတ်ဆိုးများနှင့် စာတန်များက မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် မည်သည့်အရာကို ထုတ်ဖော်ပြောဆိုသည်ဖြစ်စေ လူတို့သည် ယင်းကို မေးခွန်းမထုတ်ဘဲ လက်ခံနိုင်ကြစဉ်တွင် ဘုရားသခင်က သမ္မာတရားများစွာကို ဖော်ပြသည့်အခါတွင်မူ ယင်းတို့ကို လက်ခံလိုစိတ်မရှိဘဲ အယူအဆများစွာကိုပင် ဖြစ်ပေါ်စေကြသည်။ ဤတွင် နောက်ထပ် ဥပမာတစ်ခု ရှိသည်။ အမေရိကန်ပြည်ထောင်စုရှိ ကျေးလက်ဒေသများစွာ၌ သားရဲတိရစ္ဆာန်များ မကြာခဏ လှည့်လည်သွားလာသော ရှေးကျသောသစ်တောများ ရှိသည်။ အပြင်ထွက်သည့်အခါ အဖော်တစ်ဦး ပါရှိသင့်ပြီး လိုအပ်သည်မှလွဲ၍ ညဘက်တွင် အပြင်မထွက်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ အကယ်၍ သင် အပြင်ထွက်ရန် လိုအပ်ပါက သင်သည် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရမည်၊ တစ်စုံတစ်ဦးနှင့်အတူ သွားရမည် သို့မဟုတ် ကိုယ်ကိုကိုယ်ကာကွယ်သည့် လက်နက်များကို ဆောင်ထားရမည်ဖြစ်သည်။ နောင်တရခြင်းထက် လုံခြုံခြင်းက ပိုကောင်းသည်။ လူအချို့က “မည်သည့်အရာမျှ ဖြစ်လိမ့်မည်မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်ကို ကာကွယ်ပေးပါလိမ့်မည်”ဟု ဆိုကြသည်။ ဤသည်မှာ ဘုရားသခင်ကို စမ်းသပ်နေခြင်း မဟုတ်လော။ ဤကြိုတင်ကာကွယ်မှုများကို ပြုလုပ်ခြင်းသည် လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်၌ ဦးခေါင်းတစ်ခု၊ နှလုံးသားတစ်ခုနှင့် စိတ်ဝိညာဉ်တစ်ခု ရှိသည်။ သို့ဖြစ်၍ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်မှုကို အဘယ်ကြောင့် မရမကတောင်းဆိုရသနည်း။ ဘုရားသခင်ကို မစမ်းသပ်နှင့်။ သင် လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်လော့။ အကယ်၍ သင်သည် လူလေးဦး သို့မဟုတ် ငါးဦးအဖွဲ့ကပင် မကိုင်တွယ်နိုင်သော ကြမ်းတမ်းခက်ထန်သည့် သားရဲတိရစ္ဆာန်တစ်ကောင်နှင့် မမျှော်လင့်ဘဲ ကြုံတွေ့ရပါက အသက်ရှင်ကောင်း ရှင်နိုင်သည်။ ယင်းမှာ ဘုရားသခင်၏ ကွယ်ကာခြင်း ဖြစ်သည်။ လူအချို့သည် ဝံပုလွေများကို အမှန်ပင် တွေ့မြင်ခဲ့ပြီးဖြစ်ကာ ဝံပုလွေများနှင့် ဝက်ဝံများ အူသံကို ကြားခဲ့ပြီးဖြစ်သည်။ ဤသားရဲတိရစ္ဆာန်များ၏ တည်ရှိမှုကို အတည်ပြုခဲ့ပြီးဖြစ်သည်။ သို့ဖြစ်၍ သားရဲတိရစ္ဆာန်များနှင့် ကြုံတွေ့ရန် လွယ်ကူသောကြောင့် ညဘက်တွင် အပြင်မထွက်ရန် ငါပြောသောအခါ ငါသည် ကြံဖန်ပြောနေခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ငါသည် လူတို့ကို ကြောက်လန့်စေရန် ကြိုးစားနေခြင်း မဟုတ်ပေ။ လူအချို့သည် ဤအရာကို ကြားပြီးနောက် “ကျွန်ုပ် ပို၍ သတိထားသင့်သည်။ ကျွန်ုပ် အပြင်ထွက်သည့်အခါ အဖော်တစ်ဦးကို ရှာဖွေမည် သို့မဟုတ် သားရဲတိရစ္ဆာန်များနှင့် ကြုံတွေ့ရမည်စိုး၍ ကိုယ်ကိုကိုယ်ကာကွယ်သည့် လက်နက်တစ်ခုကို ဆောင်ထားမည်” ဟု ဆိုကြသည်။ လူအချို့က ဤအရာကို ကြားပြီးနောက် အလေးအနက်ထားပြီး ယုံကြည်ကာ လက်ခံပြီး ထို့နောက်တွင် ငါ ပြောခဲ့သည့်အရာကို လက်တွေ့လုပ်ဆောင်ရန် ဆက်လက်လုပ်ဆောင်ကြသည်။ ဤသည်မှာ ရိုးရှင်းသော လက်ခံခြင်းဖြစ်သည်။ ယင်းထက် ပို၍လွယ်ကူနိုင်မည် မဟုတ်ပေ။ သို့ရာတွင် နားမထောင်ရန် ငြင်းပယ်သော လူအမျိုးအစားတစ်မျိုး ရှိသည်။ ၎င်းတို့က “အဘယ်ကြောင့် ကျွန်ုပ်သည် သားရဲတိရစ္ဆာန်တစ်ကောင်ကို တစ်ခါမျှ မမြင်ဖူးရသနည်း။ သူတို့ အဘယ်မှာ ရှိကြသနည်း။ တစ်ကောင် ထွက်လာပါစေ၊ ကျွန်ုပ် ရင်ဆိုင်ပြီး မည်သူက ပို၍ ကြမ်းတမ်းသည်ကို ကြည့်မည်။ သားရဲတိရစ္ဆာန်များနှင့်ပတ်သက်၍ အဘယ်အရာသည် ထိုမျှ ကြောက်စရာကောင်းသနည်း။ သင်တို့အားလုံးသည် သေးငယ်သော ယုံကြည်ခြင်းဖြင့် ကြောက်တတ်ကြခြင်းသာ ဖြစ်သည်။ ကျွန်ုပ်၏ ယုံကြည်ခြင်းကို ကြည့်ပါ၊ ကျွန်ုပ်သည် ဝက်ဝံများကို မကြောက်ပါ”ဟု ဆိုကြသည်။ ၎င်းသည် အကြောင်းမဲ့သက်သက် လျှောက်သွားနေပြီး တစ်ယောက်တည်း တမင်တကာ အပြင်ထွက်ကြသည်။ အစာစားပြီးနောက် ၎င်းတို့သည် အပြင်၌ လမ်းလျှောက်ထွက်ရမည်ဖြစ်ပြီး တစ်ယောက်တည်း မရမက သွားကြသည်။ အခြားသူများက ၎င်းတို့နှင့်အတူ သွားဖို့ အဖော်တစ်ဦးကို ရှာဖွေရန် အကြံပြုသောအခါ ၎င်းတို့က “မဖြစ်နိုင်ပါ၊ အဘယ်ကြောင့် အဖော်တစ်ဦးကို ကျွန်ုပ် လိုအပ်ရမည်နည်း။ အဖော်တစ်ဦးရှိခြင်းသည် ကျွန်ုပ်ကို တန်ဖိုးမရှိသူကဲ့သို့ ဖြစ်စေလိမ့်မည်။ ကျွန်ုပ် တစ်ယောက်တည်း အပြင်ထွက်မည်”ဟု ပြန်ပြောကြသည်။ ၎င်းတို့အနေဖြင့် ထိုအရာကို စမ်းလုပ်ကြည့်မှဖြစ်မည်ဖြစ်သည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့အနေဖြင့် သားရဲတိရစ္ဆာန်များနှင့် ကြုံတွေ့ခြင်း ရှိမရှိကို ပြောပင်မပြောဘဲနေကြစို့။ ထိုသို့သော ကိစ္စရပ်များအပေါ် ၎င်းတို့၏ သဘောထားသည် ပြဿနာဖြစ်စေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ပြဿနာမှာ အဘယ်နည်း။ (ထိုသို့သော လူတစ်ဦး၏ စိတ်သဘောထားသည် ကောက်ကျစ်ဆိုးယုတ်ပါသည်။) သင်သည် ၎င်းတို့နှင့် လေးနက်သော ကိစ္စရပ်များအကြောင်း ပြောဆိုရန် ကြိုးစားပြီး ၎င်းတို့သည် ယင်းကို ဟာသတစ်ခုကဲ့သို့ သဘောထားကြသည်။ ထိုသို့သောလူများနှင့် စကားပြောဆိုရာ၌ အကျိုးတစ်စုံတစ်ရာ ရှိသလော။ ဤသို့သောလူများသည် သားရဲတိရစ္ဆာန်များထက် ပိုဆိုးသည်။ ၎င်းတို့နှင့် ပတ်သက်၍ စိတ်အနှောင့်အယှက်ခံရန် မလိုအပ်ပေ။
အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားရှိသူများသည် အသိပညာ၊ သင်ယူလေ့လာမှု၊ ဆုကျေးဇူးများနှင့် အချို့သော အထူးပါရမီများကို အထူးသဖြင့် အာရုံစိုက်တတ်ကြောင်း၊ ၎င်းတို့သည် အထူးပါရမီရှိသူများကို အထူးသဖြင့် အားကျလေးစားပြီး တန်ဖိုးထားကြောင်း၊ ထိုသို့သောလူများ ပြောဆိုသည့်အရာကို ၎င်းတို့ လုံးဝ ရိုသေကြောက်ရွံ့ပြီး နာခံကြောင်းတို့ကို ယခုတင် ငါတို့ ပြောဆိုခဲ့ကြသည်။ လူတို့အတွက် အကျိုးရှိပြီး ပုံမှန်လူ့သဘာဝရှိသူများ ပိုင်ဆိုင်ရန် လိုအပ်သော သာမန်အသိပညာ၊ ထိုးထွင်းသိမြင်မှုနှင့် စစ်မှန်သော သင်ယူလေ့လာမှု၊ သို့မဟုတ် ပုံမှန်လူ့အတွေးအခေါ်အတွင်း နားလည်နိုင်သော လက်တွေ့ကျပြီး အပြုသဘောဆောင်သော အရာများအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် ယင်းတို့ကို အာရုံမစိုက်ဘဲ မထီမဲ့မြင်ပြုကြသည်။ စုဝေးပွဲများအတွင်းတွင် ဤနှုတ်ကပတ်တော်များနှင့် သမ္မာတရားများကို မိတ်သဟာယဖွဲ့သည့်အခါတိုင်း ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်နေကြသနည်း။ ခေါင်းကုတ်ကြသည်၊ အချို့မှာ မျက်လုံးမှေးစင်းသွားသည်။ ထုံထိုင်းကာ ဉာဏ်ထိုင်းပုံရကြပြီး အချို့မှာ အတွေးလွန်နေပုံရသည်။ ဘုရားအိမ်တော်သည် လေးနက်သော ကိစ္စရပ်များကို ဆွေးနွေးလေ ၎င်းတို့က စိတ်ဝင်စားမှု နည်းပါးလာလေ ဖြစ်သည်။ ဘုရားအိမ်တော်က သမ္မာတရားအကြောင်းကို မိတ်သဟာယဖွဲ့လေ ၎င်းတို့သည် ပို၍ ငိုက်မျဉ်းပြီး အိပ်ချင်စိတ်ဖြစ်ပေါ်လေ ဖြစ်သည်။ ဤလူတို့သည် သမ္မာတရားကို လုံးဝ စိတ်ဝင်စားမှုမရှိသည်မှာ သိသာထင်ရှားသည်။ ဤမယုံကြည်သူများသည် ကယ်တင်၍မရနိုင်တော့သည် မဟုတ်လော။ ဘာသာတရား၌ ၎င်းတို့ ရှိနေခဲ့စဉ်တွင် လူအချို့သည် အခြားသူများက အခြားသော ဘာသာစကားဖြင့် ပြောဆိုသည်ကို ကြားရခြင်း သို့မဟုတ် ထူးဆန်းသောအရာများကို မျက်မြင်တွေ့ရှိခြင်းကိုသာ နှစ်သက်ခဲ့ကြပြီး မယုံနိုင်စရာအရာများကို မြင်တွေ့ခြင်းက ၎င်းတို့၏ စိတ်ဓာတ်ကို ချက်ချင်း မြှင့်တင်ပေးခဲ့သည်။ လူအချို့သည် ငါ့ကို မြင်သောအခါ “ကျွန်ုပ်သည် ဝိဇ္ဇာဘွဲ့ဖြင့် ဘွဲ့ရခဲ့ပြီး ဒဿနိကဗေဒကို အဓိကသင်ယူခဲ့သည်။ သင်ကော အဘယ်အရာကို လေ့လာခဲ့သနည်း”ဟု ပြောဆိုရန် နှစ်သက်ကြသည်။ ငါက “ငါသည် သီးခြားဘာသာရပ် တစ်ခုတလေကိုမျှ မလေ့လာခဲ့ပါ။ စာလုံးအနည်းငယ်ကိုသာ ငါ နားလည်ပြီး စာအုပ်များကို ဖတ်နိုင်ပါသည်” ဟု ဆိုသည်။ ၎င်းတို့က “သို့ဆိုလျှင် သင်သည် စံမမီပါ” ဟု ဆိုကြသည်။ ငါက “ဤအရာကို နှိုင်းယှဉ်ခြင်းသည် အသုံးမဝင်ပါ၊ သို့သော် ခဏတာ မိတ်သဟာယဖွဲ့ကြပါစို့။ သင်၌ လက်ရှိ အခက်အခဲတစ်ခုခု ရှိပါသလော” ဟု ပြန်ပြောသည်။ ၎င်းတို့သည် မည်သို့ တုံ့ပြန်ကြသနည်း။ “ဟွန်း၊ ကျွန်ုပ်၌ အဘယ်အခက်အခဲများ ရှိသနည်း။ ကျွန်ုပ်၌ မည်သည့်အခက်အခဲမျှ မရှိပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်များကို အလွန်ကောင်းမွန်စွာ ထမ်းဆောင်နေပါသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့နှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့သည် သရဲပူနေသည့်အလား သန်းဝေကာ မျက်ရည်များကျလျက် စိတ်ဝင်စားမှု ပျောက်ဆုံးသွားကြသည်။ အကယ်၍ ငါသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆက်လက်ဖော်ထုတ်ပါက ၎င်းတို့အနေဖြင့် နောက်ထပ် နားမထောင်လိုတော့ဘဲ မိမိတို့၏ ခွက်ကို ကိုင်ပြီး ထွက်သွားကြသည်။ ငါသည် ၎င်းတို့နှင့် တန်းတူရည်တူ ပေါင်းသင်းဆက်ဆံပြီး စကားပြောဆိုရန် ပို၍ ကြိုးစားလေ ၎င်းတို့သည် ငါ့ကို ပို၍ အထင်သေးလေ ဖြစ်သည်။ ဤသည်မှာ စေတနာကောင်းကို တန်ဖိုးထားရန် ပျက်ကွက်ခြင်း မဟုတ်လော။ ကားမောင်းတတ်သော သူတစ်စုံတစ်ဦး ရှိခဲ့သည်။ ငါက “သင် ကားမောင်းနေသည်မှာ နှစ်ပေါင်းမည်မျှရှိပြီနည်း” ဟု မေးခဲ့သည်။ သူက “ကျွန်ုပ်သည် ကောလိပ်မှ ဘွဲ့ရပြီးနောက် အလုပ်လုပ်ပြီး နှစ်နှစ်အကြာတွင် ကားတစ်စီး ဝယ်ခဲ့သည်” ဟု ဆိုခဲ့သည်။ ငါက “သို့ဆိုလျှင် သင်သည် နှစ်အတော်ကြာ ကားမောင်းနေပြီးဖြစ်သည်။ ငါသည် ကားမမောင်းတတ်သေးပါ”ဟု ဆိုခဲ့သည်။ ဤသို့ပြောဆိုခြင်းသည် တန်းတူရည်တူ ပေါင်းသင်းဆက်ဆံခြင်း မဟုတ်လော။ ယင်းမှာ ပုံမှန်လူ့သဘာဝရှိသော လူတို့၏ စကားပြောဆိုခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်ကို ကြားပြီးနောက် သူက “ဟမ်။ သင်သည် ကားမမောင်းတတ်သေးဘူးလော။ သို့ဆိုလျှင် သင် အဘယ်အရာကို လုပ်နိုင်သနည်း” ဟု ဆိုခဲ့သည်။ ငါက “ငါ များများစားစား မလုပ်နိုင်ပါ။ ငါသည် ကားထဲ၌ စီးတတ်ရုံသာ သိပါသည်” ဟု ဆိုခဲ့သည်။ ငါက သူ့အား “သင်သည် လက်ရှိတွင် အဘယ်တာဝန်ကို ထမ်းဆောင်နေသနည်း” ဟု မေးခဲ့သည်။ သူက “ကျွန်ုပ်သည် ဘဏ္ဍာရေးနှင့် စာရင်းကိုင်အလုပ်ကို လုပ်နေပါသည်။ ကျွန်ုပ်၏ စိတ်ထဲတွင် ဂဏန်းများနှင့် ပြည့်နေသည်။ ကောလိပ်၌ ကျွန်ုပ်သည် သင်္ချာဘာသာ၌ ထူးချွန်ခဲ့ပြီး သိပ္ပံဘာသာရပ်များ၌ အားအကောင်းဆုံး ဖြစ်ခဲ့သည်။ ကျွန်ုပ်သည် ချင်းဟွာ သို့မဟုတ် ပီကင်းတက္ကသိုလ်သို့ တက်ရောက်ရန် အလားအလာ ရှိခဲ့သည်” ဟု ဆိုခဲ့သည်။ ငါက “ငါသည် သင်္ချာ၌ အလွန်ညံ့သည်။ ကိန်းဂဏန်းများက ငါ့ကို ခေါင်းကိုက်စေသည်။ ငါသည် စကားလုံးများကို လေ့လာခြင်း၊ ဝေါဟာရများကို သင်ယူခြင်း၊ ထိုသို့သောအရာများကို ပို၍နှစ်သက်သည်” ဟု ဆိုခဲ့သည်။ သူက “ထိုအရာကို သင်ယူခြင်းသည် အသုံးမဝင်ပါ။ ဝိဇ္ဇာဘာသာရပ်များကို လေ့လာသောလူတို့သည် ယေဘုယျအားဖြင့် အနာဂတ်မရှိကြပါ”ဟု ဆိုခဲ့သည်။ သူပြောခဲ့သည့်အရာကို ကြည့်လော့။ ယင်း၌ ပုံမှန်လူ့ဆင်ခြင်တုံတရား တစ်ခုတလေ ပါဝင်သလော။ (မပါဝင်ပါ။) ငါသည် သူနှင့် ထိုသို့တည်ငြိမ်ပြီး ဖော်ရွေသောပုံစံဖြင့် စကားပြောဆိုကာ ထိတွေ့ဆက်ဆံသောအခါ သူသည် ကိစ္စရပ်ကို မှန်ကန်စွာ သဘောမထားနိုင်ခဲ့ပေ။ ထိုအစား သူသည် ငါ့ကို အထင်သေးပြီး သေးသိမ်စေခဲ့သည်။ အကယ်၍ သူသည် အဆင့်အတန်း သို့မဟုတ် အသိပညာရှိသော တစ်စုံတစ်ဦးနှင့် ကြုံတွေ့ခဲ့ပါက ကွဲပြားကောင်း ကွဲပြားပေမည်။ အတူတကွ အချိန်အနည်းငယ် ကုန်ဆုံးပြီးနောက် သူက၊ “ကျွန်ုပ်သည် ဘုရားနှင့် ရင်းနှီးလာခဲ့ပြီးဖြစ်သည်။ သူနှင့် စကားစမြည်ပြောခဲ့ပြီးဖြစ်ကာ သူနှင့် ထိတွေ့ဆက်ဆံခဲ့ပြီးဖြစ်သည်”ဟု ခံစားလာရသည်။ ယခုတွင် သူ့အနေဖြင့် အရင်းအနှီးအချို့ ရှိသည်ဟု တွေးထင်ပေမည်။ အကျိုးဆက်အနေဖြင့် သူ၏ လေသံသည် ပြောင်းလဲသွားပေလိမ့်မည်။ တစ်ခါတွင်၊ ငါက သူ့အား “တစ်စုံတစ်ယောက်သည် သူတို့၏ တာဝန်များကို နောက်ထပ် မထမ်းဆောင်လိုတော့ဘဲ အိမ်ပြန်လိုသည်ဟု ကျွန်ုပ် ကြားခဲ့သည်။ ထိုသူ အိမ်ပြန်သွားခဲ့ပါသလော” ဟု မေးခဲ့သည်။ သူက “အိုး၊ ထိုသူလော။ သူက အိမ်ပြန်ဖို့ မည်သည့်အချိန်တွင်မျှ ရည်ရွယ်ခြင်းမရှိခဲ့ပါ” ဟု ပြန်ပြောခဲ့သည်။ ဤသည်မှာ မည်သည့် လေသံမျိုး ဖြစ်သနည်း။ ယင်းမှာ ပြောင်းလဲသွားခဲ့သလော။ ငါသည် သူ့ကို ပထမဆုံး တွေ့ခဲ့ချိန်တွင်၊ သူသည် ငါ့ကို နားလည်၍မရနိုင်ဟု ခံစားခဲ့ရသည်။ သူသည် မထင်မရှား အသက်ရှင်လျက် ရိုသေဖွယ်ရာဖြစ်ပြီး မိမိကိုယ်ကို ကောင်းစွာ ပြုမူခဲ့သည်။ ယခုတွင် သူသည် ပို၍ ရင်းနှီးလာသောအခါ သူ၏ အမြီးက ထောင်လာသည်။ ဤသည်မှာ မည်သည့်လေသံမျိုး ဖြစ်သနည်း။ သူသည် ငါနှင့် စကားပြောဆိုသည်နှင့်အမျှ သူနှင့်အတူ အနည်းငယ် အာခံခြင်း၊ ဂရုမစိုက်ခြင်း၊ လျစ်လျူရှုခြင်းနှင့် သေးသိမ်နှိမ့်ချသော သဘောထားတစ်ခုကို ဆောင်ထားသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝရှိသောသူ တစ်စုံတစ်ဦးဖြစ်သလော။ (မဟုတ်ပါ။) သာမန်၊ ပုံမှန်လူတစ်ဦးသည် သင်နှင့် ပုံမှန်အတိုင်း ဆက်သွယ်ပြောဆိုနိုင်သည်။ ယင်းမှာ ပုံမှန်အဖြစ်ဆုံးသောအရာ ဖြစ်သည်။ အကယ်၍ သူသည် သင့်ကို အနိုင်ကျင့်လျှင်၊ သင့်ကို ဖိနှိပ်လျှင် သို့မဟုတ် သင့်ကို သေးသိမ်စေလျှင် မည်သို့ ခံစားရသနည်း။ သင့်ကို ဤသို့ ဆက်ဆံခြင်းသည် သူ၌ ပုံမှန်လူ့သဘာဝတစ်ခုခုကို ပေါ်လွင်စေသလော။ ငါ့ကို ပြောလော့၊ အကယ်၍ ဤသို့သော တစ်စုံတစ်ယောက်သည် ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ဦး၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းရှိသော တစ်စုံတစ်ယောက် သို့မဟုတ် သူ၏ အထက်အရာရှိ သို့မဟုတ် အကြီးအကဲနှင့် ကြုံတွေ့ရပါက သူသည် ထိုသူတို့ကို ဤနည်းအတိုင်း ချဉ်းကပ်ဝံ့မည်လော။ ချဉ်းကပ်ဝံ့မည်မဟုတ်။ သူသည် မိမိကိုယ်ကို ရည်ညွှန်းရန်လည်းကောင်း၊ ဤလူတို့နှင့် စကားပြောဆိုရန်လည်းကောင်း၊ လက်အောက်ငယ်သား၊ အောက်ခြေဝန်ထမ်း၊ အစေခံ၊ နှိမ့်ချသောသူ၊ သာမန်ပြည်သူ သို့မဟုတ် အောက်တန်းစားကဲ့သို့သော အမည်နာမများကို ခံယူရလျက် စိတ်အားထက်သန်စွာ ပျပ်ဝပ်ပေမည်။ ဘာသာတရားမရှိသူများအကြား၌ ထိပ်တန်းအရာရှိများသည် ၎င်းတို့အောက်ရှိ လူတို့ကို နင်းခြေကြပြီး သင်သည် မည်သူမျှမဟုတ်သူ ဖြစ်သဖြင့်၊ မည်သူက တည်ငြိမ်ပြီး ဖော်ရွေသောပုံစံဖြင့် သင်နှင့် စကားစမြည်ပြောဆိုမည်နည်း။ ၎င်းတို့သည် ပျော်ရွှင်သောအခါ သင်နှင့် ရံဖန်ရံခါ စကားပြောဆိုလျှင်ပင်၊ ၎င်းတို့သည် သင့်ကို မည်သို့မျှ အရေးမထားကြပေ။ ၎င်းတို့သည် အကြောင်းရင်းမရှိဘဲ သင့်ကို စီးပိုးလျက် လူထက်နိမ့်ကျသော တစ်စုံတစ်ခုအဖြစ် သဘောထားကြသည်။ ငါသည် ထိုသူနှင့် တည်ငြိမ်ပြီး ဖော်ရွေသောပုံစံဖြင့် စကားပြောဆိုကာ စကားစမြည်ပြောသောအခါ အပြုသဘောဆောင်သော တုံ့ပြန်မှုတစ်ခုကို မရရှိနိုင်သည်သာမက၊ မထီမဲ့မြင်ပြုခြင်း၊ သေးသိမ်စေခြင်း၊ မထီလေးစားပြုခြင်းနှင့် လှောင်ပြောင်ခြင်းတို့ကိုလည်း ရင်ဆိုင်ရသည်။ ယင်းမှာ ထိုသူနှင့် ငါ၏ ထိတွေ့ဆက်ဆံပုံနည်းလမ်း၌ တစ်စုံတစ်ခု မှားယွင်းနေသောကြောင့်လော သို့မဟုတ် သူ၏ စိတ်သဘောထား၌ ပြဿနာတစ်ခု ရှိသောကြောင့်လော။ (ထိုသူ၏ စိတ်သဘောထားသည် အလွန် မာနထောင်လွှားသောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်၊ ငါလည်း ထိုအတိုင်းပင် စဉ်းစားနေခဲ့သည်။ ငါသည် လူတိုင်းကို တစ်ပုံစံတည်း ဆက်ဆံသည်။ သို့ဆိုလျှင် အဘယ်ကြောင့် အချို့က မှန်ကန်စွာ တုံ့ပြန်စဉ်တွင် အခြားသူများက ထိုသို့မတုံ့ပြန်ကြသနည်း။ လူတို့ကို ယေဘုယျအားဖြင့် အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်သည်။ အခြားသူများကို မည်သို့ လေးစားရမည်ကို သိသောသူ၊ ဘုရားသခင်နှင့် သူတို့၏ ဆက်ဆံရေးကို နားလည်ပြီး မိမိတို့ မည်သူဖြစ်သည်ကို သိသော လူ့သဘာဝရှိသူများနှင့် မိမိကိုယ်ကို သိသောအသိကင်းမဲ့သည့် ကောက်ကျစ်ဆိုးယုတ်ပြီး မာနထောင်လွှားသူများ ဖြစ်သည်။ ငါ့ကို ပြောလော့၊ လူ့အရေခွံကို ဝတ်ဆင်ထားသော်လည်း မိမိမည်သူဖြစ်သည်ကိုပင် မသိသော တစ်စုံတစ်ရာကို သင် အဘယ်အရာဟု ခေါ်ဆိုသနည်း။ ယင်းမှာ ဆင်ခြင်တုံတရားမရှိသော သားရဲတိရစ္ဆာန်တစ်ကောင် ဖြစ်သည်။ နောက်တစ်ကြိမ်တွင် ငါက၊ “လွန်ခဲ့သော ရက်အနည်းငယ်က ကိုင်တွယ်ရန် သင့်ကို ငါ ညွှန်ကြားခဲ့သော ကိစ္စရပ်သည် မည်သို့ ဖြစ်သွားခဲ့သနည်း။ ထိုအရာများကို သင် ကိုင်တွယ်ခဲ့ပါသလော”ဟု သူ့ကို မေးခဲ့သည်။ သူက “သင် အဘယ်အရာကို ပြောနေသနည်း”ဟု ပြန်ပြောခဲ့သည်။ ငါက “ထိုအရာအနည်းငယ်ဖြစ်သည်။ ယင်းတို့ကို သင်တို့ ဂရုစိုက်ခဲ့ပါသလော။ ယင်းတို့ကို ကိုင်တွယ်ခဲ့ပါသလော” ဟု ဆိုခဲ့သည်။ ငါသည် သူ့ကို နှစ်ကြိမ် သတိပေးခဲ့ပြီး သူသည် နောက်ဆုံး၌ “အိုး၊ သင်က ထိုအရာများကို ပြောနေသည်လော။ ယင်းတို့ကို လွန်ခဲ့သော အချိန်ကြာမြင့်စွာက ကျွန်ုပ် ကိုင်တွယ်ပြီးပါပြီ” ဟူ၍ အမှတ်ရသွားသည်။ ပထမစကားလုံး “အိုး”က မည်သည့် လေသံမျိုးကို ဖော်ပြသနည်း။ တစ်ဖန် ယင်းမှာ မထီမဲ့မြင်ပြုသော လေသံဖြစ်ပြီး သူ၏ နတ်ဆိုးဆန်သော သဘာဝက တစ်ဖန် ပေါ်ထွက်လာသည်။ သူ၏ သဘာဝသည် မပြောင်းလဲဘဲ ရှိနေခဲ့သည်။ သူသည် ထိုသို့သော ယုတ်ညံ့သည့် လူစားမျိုးသာ ဖြစ်သည်။ ယင်းကို သူ မည်သို့ ကိုင်တွယ်ခဲ့သည်ကို ငါဆက်လက်၍ မေးမြန်းခဲ့ပြီး သူက နောက်ထပ် အသေးစိတ်အချက်များမပါရှိဘဲ “လူအချို့က ထိုအရာကို ကြည့်ရှုစစ်ဆေးပြီး ထိုသို့ ကိုင်တွယ်ခဲ့သည်”ဟု ပြန်ပြောခဲ့သည်။ အကယ်၍ ငါသည် ပို၍ တိကျသောအချက်များအတွက် မေးမြန်းရန် ကြိုးစားခဲ့လျှင်၊ ယင်းတို့ကို စစ်စစ်ပေါက်ပေါက် မေးခဲ့လျှင်ပင် မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်ပေ။ ငါသည် သူ့အား အလုပ်တာဝန်တစ်ခုကို ကိုင်တွယ်ရန် ညွှန်ကြားခဲ့သည်။ ငါ၌ အသိပေးခံရပိုင်ခွင့် မရှိသလော။ (ရှိပါသည်။) သို့ဆိုလျှင် သူ၏ တာဝန်မှာ အဘယ်နည်း။ ငါ့ထံမှ အလုပ်တာဝန်ကို လက်ခံပြီးနောက် ထိုတာဝန်အား မည်သို့ ကိုင်တွယ်ခဲ့သည်ကို သူ ပြန်လည်သတင်းပို့ရန် လိုအပ်သည် မဟုတ်လော။ (လိုအပ်ပါသည်။) သို့သော် သူသည် ပြန်လည်သတင်းမပို့ခဲ့ဘဲ တစ်လျှောက်လုံး မည်သည့်နောက်ဆုံးရသတင်းကိုမျှ ငါ မရရှိနိုင်ခဲ့ပေ။ ငါသည် ဤကိစ္စရပ်ကို မည်သို့ ကိုင်တွယ်ထားခဲ့သည်ကို စုံစမ်းမေးမြန်းရန် တစ်စုံတစ်ယောက်ကိုသာ စေလွှတ်နိုင်ခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမျှမရှိသေးပေ။ ငါ၏ စိတ်နှလုံးထဲ၌ ငါက “ကောင်းပြီ၊ သင့်ကို ငါ အမှတ်ရနေမည်။ သင်သည် ယုံကြည်စိတ်ချထိုက်သူ မဟုတ်ပါ။ ငါသည် သင့်ကို မည်သည့်အရာကိုမျှ မအပ်နှံနိုင်ပါ။ သင်သည် အများယုံကြည်လက်မခံနိုင်မှု အလွန် ကင်းမဲ့သည်”ဟု တွေးခဲ့သည်။ ဤသည်မှာ မည်သည့် နတ်ဆိုးမျိုး ဖြစ်သနည်း။ ထိုသို့သော ပုဂ္ဂိုလ်တစ်ဦး၏ စိတ်သဘောထားမှာ အဘယ်နည်း။ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ သင်သည် သူ့ကို တန်းတူရည်တူအဖြစ် ဆက်ဆံသောအခါ၊ သူနှင့်အတူ အမှုအရာများကို ယဉ်ကျေးစွာ ဆွေးနွေးပြီး ချစ်ကြည်ရန် ကြိုးစားသောအခါ သူသည် ယင်းကို မည်သို့ သိမြင်သနည်း။ သူသည် ယင်းကို သင်၏ အရည်အချင်းမရှိခြင်းနှင့် အားနည်းခြင်းအဖြစ်၊ သင့်ကို သဘောလွယ်သူအဖြစ် ရှုမြင်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုစစ်စစ် ဖြစ်သည်။ ဤသို့သော ကောက်ကျစ်ဆိုးယုတ်သည့် လူစားမျိုးသည် ပျံ့နှံ့ခြင်းမရှိသော်လည်း အသင်းတော်တိုင်း၌ တည်ရှိနေသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် မာကျောသည်၊ မာနထောင်လွှားသည်၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြဘဲ ၎င်းတို့၏ စိတ်သဘောထားများက ရက်စက်ကြမ်းကြုတ်သည်။ ဤသို့သောလူများက ကောက်ကျစ်ဆိုးယုတ်ကြောင်းကို အတည်ပြုသည်မှာ ဤစိတ်သဘောထားများနှင့် အပြုအမူများ အတိအကျ ဖြစ်ပေသည်။ ၎င်းတို့သည် ကြင်နာမှု၊ သည်းခံမှု၊ စိတ်ရှည်မှုနှင့် ချစ်ခြင်းမေတ္တာကဲ့သို့သော ပုံမှန်လူ့သဘာဝ၏ အပြုသဘောဆောင်သော သွင်ပြင်လက္ခဏာများကို မနှစ်သက်သည်သာမက ဆန့်ကျင်ဘက်အားဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ခွဲခြားဆက်ဆံမှုနှင့် မထီမဲ့မြင်ပြုခြင်းတို့ကို ထားရှိကြသည်။ ထိုသို့သောလူများ၏ စိတ်နှလုံးအတွင်းတွင် အဘယ်အရာ တည်ရှိသနည်း။ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အလွန်အမင်း ကောက်ကျစ်ဆိုးယုတ်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့်ဆိုင်သော နောက်ထပ် သရုပ်သကန်တစ်ခု ဖြစ်သည်။
ယနေ့တွင် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သရုပ်သကန်များနှင့်ပတ်သက်၍ မိတ်သဟာယပြုသည့် အကြောင်းအရာသည် ယခင် မိတ်သဟာယနှစ်ခုနှင့် အနည်းငယ် ကွဲပြားပြီး တစ်ခုစီသည် သွင်ပြင်လက္ခဏာတစ်ခုကို အလေးပေးသည်။ ငါ့ကို ပြောလော့၊ အန္တိခရစ်များ၏ စိတ်နှလုံးအတွင်း နက်ရှိုင်းသောနေရာ၌ ၎င်းတို့သည် အသိပညာ၊ သင်ယူမှု၊ ဆုကျေးဇူးများနှင့် အထူးပါရမီများကို အထွတ်အမြတ်ထားကြသည်။ ဤအရာများအတွက် နက်ရှိုင်းသော လေးစားမြတ်နိုးမှုကို ၎င်းတို့ ခံစားကြရသည်။ သို့ဆိုလျှင် ၎င်းတို့၌ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ (မရှိပါ။) အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့ ပြောင်းလဲနိုင်သည်ဟု အချို့က ဆိုကောင်းဆိုနိုင်သည်။ ၎င်းတို့ ပြောင်းလဲကြလိမ့်မည်လော။ ပြောင်းလဲမည်မဟုတ်၊ ၎င်းတို့ မပြောင်းလဲနိုင်။ ဘုရားသခင်၏ နှိမ့်ချမှုနှင့် ကွယ်ဝှက်မှု၊ သူ၏ စစ်မှန်သော ချစ်ခြင်းမေတ္တာ၊ သူ၏ သစ္စာစောင့်သိခြင်းနှင့် လူသားမျိုးနွယ်အပေါ် သူ၏ သနားကရုဏာနှင့် ကြည့်ရှုစောင့်ရှောက်ခြင်းတို့ကို မထီမဲ့မြင်ပြုခြင်းသည် ၎င်းတို့၏ သဘာဝ၌ ရှိသည်။ အခြားအဘယ်အရာ ရှိသေးသနည်း။ ၎င်းတို့သည် လူသားများအကြား၌ အသက်ရှင်သော ဘုရားသခင်၏ ပုံမှန်ဖြစ်မှုနှင့် လက်တွေ့ကျမှုကို မထီမဲ့မြင်ပြုကြပြီး ထို့ထက်ပင်ပို၍ အသိပညာ၊ သင်ယူလေ့လာမှု၊ သိပ္ပံအတတ်၊ ဆုကျေးဇူးများနှင့် သက်ဆိုင်ခြင်းမရှိသော သမ္မာတရားအားလုံးကို စက်ဆုပ်ရွံရှာကြသည်။ ထိုသို့သောလူများကို ကယ်တင်ခံရနိုင်သလော။ (ကယ်တင်မခံရနိုင်ပါ။) အဘယ်ကြောင့် ၎င်းတို့ ကယ်တင်မခံရနိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုခု၏ ခဏတာ ထုတ်ဖော်ပြသခြင်း မဟုတ်ဘဲ ၎င်းတို့၏ သဘာဝအနှစ်သာရကို ထုတ်ဖော်ပြသခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ အခြားသူများက ၎င်းတို့ကို မည်သို့ပင် အကြံပေးသည်ဖြစ်စေ သို့မဟုတ် သမ္မာတရား မည်မျှကို ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ဤအရာများထဲမှ တစ်ခုမျှ ၎င်းတို့ကို မပြောင်းလဲစေနိုင်ပေ။ ဤသည်မှာ ယာယီဝါသနာတစ်ခု မဟုတ်ဘဲ ဤအရာများအတွက် ၎င်းတို့အတွင်း၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသော လိုအပ်ချက်တစ်ခု ဖြစ်သည်။ ၎င်းတို့အနေဖြင့် အသိပညာ၊ သင်ယူလေ့လာမှု၊ ဆုကျေးဇူးများနှင့် အထူးပါရမီများကို အတိအကျ လိုအပ်သောကြောင့် ဤအရာက ၎င်းတို့အား ထိုအရာများကို တန်ဖိုးထားစေသည်။ တန်ဖိုးထားခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဤအရာများနောက်လိုက်ပြီး ရရှိရန်အတွက် မည်သည့်အဖိုးအခကိုမဆို ပေးရန် ၎င်းတို့ လိုလားနေခြင်းကိုဆိုလိုသည်၊ ယင်းမှာ တန်ဖိုးထားခြင်းက သွယ်ဝိုက်ညွှန်းဆိုသည့်အရာ ဖြစ်သည်။ ဤအရာများမှာ ၎င်းတို့ တန်ဖိုးထားသောအရာများဖြစ်သောကြောင့် ဤအရာများကို ရရှိရန်အလို့ငှာ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး ယင်းတို့ကို ရရှိရန် မည်သည့်အဖိုးအခကိုမဆို ပေးလိုစိတ်ရှိကြသည်။ အချို့က၊ “ဘုရားက ကျွန်ုပ်ကို လုပ်ဆောင်ရန် တောင်းဆိုသမျှသည် အဆင်ပြေပါသည်။ ဘုရားက ကျွန်ုပ်ကို သမ္မာတရား လိုက်စားရန် မတောင်းဆိုသရွေ့ ကျွန်ုပ်သည် ဘုရားကို ကျေနပ်စေနိုင်သည်”ဟူ၍ပင် ဆိုကြသည်။ ဤအတွက် ၎င်းတို့ မျှော်လင့်ကြသည်။ ဤလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မည်သည့်အခါမျှ လက်ခံကြလိမ့်မည် မဟုတ်။ ၎င်းတို့အနေဖြင့် တရားဒေသနာများကို ငြိမ်သက်စွာ နားထောင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလျက် ထိုနေရာ၌ ထိုင်နေလျှင်ပင် ဤအရာများမှ ၎င်းတို့ ရရှိသည့်အရာမှာ သမ္မာတရား မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ဓမ္မပညာဆိုင်ရာ အသိပညာကို အသုံးပြု၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လေ့လာရင်း၊ ၎င်းတို့အတွက် သမ္မာတရားကို ရရှိရန် မဖြစ်နိုင်အောင် ဖြစ်စေလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူ့အယူအဆများနှင့် စိတ်ကူးစိတ်သန်းများနှင့် အမြဲ တိုင်းတာကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ အသိပညာ၊ သင်ယူလေ့လာမှုနှင့် သတင်းအချက်အလက် သို့မဟုတ် နက်နဲမှုတစ်မျိုးမျိုးကို ရရှိရန် မျှော်လင့်ကြသည်။ လူအများစုက မသိရှိသည့် သင်ယူလေ့လာမှုတစ်မျိုးမျိုးကို ၎င်းတို့ တောင့်တပြီး ရှာဖွေကြသည်။ လူတို့ မသိရှိသော ဤသင်ယူလေ့လာမှုကို ရရှိပြီးနောက်တွင် ၎င်းတို့အနေဖြင့် ပို၍ လေးစားဖွယ်ကောင်းပြီး ပို၍ အားရကျေနပ်ဖွယ်ဖြစ်သော ဘဝတစ်ခုကို နေထိုင်နိုင်ရန်၊ လူတို့အကြား၌ ပို၍ ဂုဏ်သိက္ခာရှိပြီး ပို၍ အဆင့်အတန်းရှိရန်၊ လူတို့အား ၎င်းတို့အပေါ် ပို၍ ယုံကြည်စေပြီး ပို၍ ကိုးကွယ်စေရန် ဤသင်ယူလေ့လာမှုနှင့် အသိပညာဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ကာ ပြရုပ်တင်ရန် အချည်းနှီး မျှော်လင့်လျက် ယင်းကို လှည့်လည်ကြွားဝါကြသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ လုပ်ဆောင်ခဲ့သော အရေးပါသည့်အရာအချို့၊ ဂုဏ်ကျက်သရေရှိသည်ဟု ၎င်းတို့မှတ်ယူသော အရာများအပြင်၊ ၎င်းတို့ ကြွား၍ရပြီး မိမိတို့၏ ကိုယ်ပိုင်စွမ်းရည်နှင့် ထူးခြားမှုကို ကြွားလုံးထုတ်ရန် အသုံးပြုနိုင်သော၊ အထင်ကြီးစရာကောင်းသည်ဟု ၎င်းတို့ ယုံကြည်သော အရာများကို မမောနိုင်မပန်းနိုင်အောင် ကြွားဝါကြသည်။ ၎င်းတို့ သွားသည့်နေရာတိုင်း၌ တူညီသော သီအိုရီတစ်စုံကို ဟောပြောကြသည်။ ဤလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ပင် ဖတ်ရှုသည်ဖြစ်စေ သို့မဟုတ် စုဝေးပွဲများကို တက်ရောက်ပြီး တရားဒေသနာများကို မည်သို့ ကြားသည်ဖြစ်စေ သမ္မာတရားကို နားမလည်နိုင်ကြပေ။ သမ္မာတရားအနည်းငယ်ကို ၎င်းတို့ သဘောပေါက်လျှင်ပင်၊ ယင်းကို လုံးဝ လက်တွေ့လုပ်ဆောင်ကြလိမ့်မည် မဟုတ်။ ဤသည်မှာ ထိုသို့သောလူများ၏ အနှစ်သာရဖြစ်ပြီး မည်သူကမျှ မပြောင်းလဲနိုင်သော အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့တွင် အခြားသူများ မပိုင်ဆိုင်သော တစ်စုံတစ်ခုက ပင်ကိုအားဖြင့် ပါလာသောကြောင့် ဖြစ်ပြီး၊ ၎င်းတို့ ချစ်မြတ်နိုးသည့်အရာမှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရနှင့် ဆက်စပ်နေသည်။ ဤသည်မှာ ၎င်းတို့၏ အလွန်ဆိုးရွားသော အပြစ်အနာအဆာဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံရန်၊ ပေါလု၏ လမ်းကြောင်းကို လိုက်လျှောက်ရန်နှင့် အဆုံးတိုင်အောင် သမ္မာတရားနှင့် ဘုရားသခင်ကို ဆန့်ကျင်ရန် ကံပါလာပြီး ဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို မချစ်မြတ်နိုးသောကြောင့် ဖြစ်သည်၊ ထိုသမ္မာတရားကို ၎င်းတို့ မည်သည့်အခါမျှ လက်ခံကြလိမ့်မည် မဟုတ်ပေ။
အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်မှုကို သင်တို့ တွေ့ကြုံပြီးပြီလော။ သင်တို့၏ အနီးဝန်းကျင်တွင် ဤသို့သောလူများ ရှိသလော။ သင်တို့သည် ထိုသို့သောလူများနှင့် ထိတွေ့ဆက်ဆံခဲ့ပြီးဖြစ်သလော။ ငါတို့သည် ဤအကြောင်းအရာကို ဆွေးနွေးရင်း စုဝေးပွဲများစွာ၌ အဘယ်ကြောင့် အချိန်ကုန်ဆုံးခဲ့ရသနည်း။ ပုံမှန်အားဖြင့် လူတို့သည် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းအကြောင်း ပြောဆိုသောအခါ၊ ၎င်းတို့က မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်းနှင့် လှည့်ဖြားမှု စိတ်သဘောထားများအား ဖော်ပြသည်ကို ငါ မကြာခဏ ကြားရသည်။ သို့ရာတွင် ကောက်ကျစ်ဆိုးယုတ်ခြင်းအကြောင်း လူတို့ ပြောဆိုသည်ကို ကြားရခဲသည်။ ယခုတွင် ငါတို့သည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားအကြောင်း မိတ်သဟာယဖွဲ့သည်နှင့်အမျှ၊ တစ်စုံတစ်ဦး၏ စိတ်သဘောထားက ကောက်ကျစ်ဆိုးယုတ်သည်ဟု လူတို့ ပြောဆိုသည်ကို ငါ မကြာခဏ ကြားရသည်။ သင်တို့သည် သိနားလည်မှုအချို့ကို ရရှိပြီးဖြစ်သည်ဟု ထင်ရသည်။ အတိတ်တွင်၊ လူတို့သည် မိမိတို့ကိုယ်ကို သိကျွမ်းခြင်းအကြောင်း ပြောဆိုသောအခါ၊ မာနထောင်လွှားခြင်းကို အမြဲ ၎င်းတို့ ထုတ်ပြောကြသည်။ ထိုအရာကို ယခုကြည့်လျှင်၊ မည်သည့်စိတ်သဘောထားက ပို၍ ပြင်းထန်သနည်း၊ မာနထောင်လွှားခြင်းလော သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်ခြင်းလော။ (ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်ပါသည်။) မှန်ပေသည်။ အတိတ်တွင်၊ လူတို့သည် ကောက်ကျစ်ဆိုးယုတ်ခြင်းပြဿနာ၏ ပြင်းထန်မှုကို အသိအမှတ်မပြုခဲ့ကြပေ။ အမှန်တွင် ကောက်ကျစ်ဆိုးယုတ်ခြင်း၏ စိတ်သဘောထားနှင့် အနှစ်သာရသည် မာနထောင်လွှားခြင်းထက် ပို၍ ပြင်းထန်သည်။ အကယ်၍ လူတစ်ဦး၏ စိတ်သဘောထားနှင့် သဘာဝအနှစ်သာရသည် ပြင်းထန်စွာ ကောက်ကျစ်ဆိုးယုတ်ပါက၊ သင့်ကို ငါ ပြောမည်။ သင်သည် ထိုသူနှင့် ထိတွေ့ဆက်ဆံခြင်းကို ရှောင်ကြဉ်ရမည်။ ဝေးဝေးနေလော့။ ထိုသို့သောလူများသည် မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းကြလိမ့်မည် မဟုတ်။ ကောက်ကျစ်ဆိုးယုတ်သောလူများနှင့် ပေါင်းသင်းဆက်ဆံပြီး ထိတွေ့ဆက်ဆံခြင်းမှ သင် အဘယ်အကျိုးကျေးဇူးများကို ရရှိနိုင်မည်နည်း။ အကျိုးကျေးဇူးများ မရှိသော်လည်း သင်၌ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှုကို တွန်းလှန်ရန် “ပဋိပစ္စည်းများ” ရှိပါက၊ သင်သည် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံ၍ ရကောင်းရနိုင်သည်။ သင်၌ ဤအာမခံချက် ရှိသလော။ (မရှိပါ။) အကယ်၍ သင်၌ ဤအာမခံချက် မရှိပါက၊ အဘယ်ကြောင့် သင်သည် ထိုသို့သောလူများနှင့် ထိတွေ့ဆက်ဆံခြင်းကို ရှောင်ကြဉ်သင့်သနည်း။ အကြောင်းမှာ ကောက်ကျစ်ဆိုးယုတ်ခြင်း၏ နောက်ကွယ်၌ အခြားအရာနှစ်ခုဖြစ်သည့် တစ်စိမ့်စိမ့်အန္တရာယ်ပြုတတ်ခြင်းနှင့် လှည့်ဖြားတတ်ခြင်းတို့ ရှိသောကြောင့် ဖြစ်သည်။ သမ္မာတရားကို နားလည်မှုကင်းမဲ့ပြီး အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်မှု ကင်းမဲ့သော လူအများစုသည် အလွယ်တကူ အထင်အမြင်မှားစေခြင်း ခံရသည်။ သင်သည် ၎င်းတို့၏ ထိန်းချုပ်ခြင်းကိုသာ ခံရနိုင်ပြီး အဆုံးတွင် သင်သည် ၎င်းတို့၏ သုံ့ပန်း ဖြစ်လာသည်။ ၎င်းတို့၏ သုံ့ပန်းဖြစ်လာခြင်းသည် နည်းလမ်းနှစ်မျိုးဖြင့် ဖြစ်နိုင်သည်။ ၎င်းတို့ကို သင် မအနိုင်ယူနိုင်ဘဲ သင်၏ စိတ်နှလုံးထဲ၌ လက်မခံနိုင်ဖြစ်နေသော်လည်း၊ လိုအပ်ချက်ကြောင့် ၎င်းတို့ကို နှုတ်ဖြင့် ကျိုးနွံနာခံရမည် ဖြစ်သည်၊ သို့မဟုတ် သင်သည် ၎င်းတို့၏ လုံးဝ ထိန်းချုပ်ခြင်းကို ခံရသည့် အခြားနည်းလမ်းတစ်ခု ရှိသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝ၌ လူတို့ မသိရှိသော တစ်စုံတစ်ခု ရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သင့်အား ၎င်းတို့စကားကို နားထောင်စေရန်၊ ၎င်းတို့ တရားနည်းလမ်းကျကြောင်း၊ မှန်ကန်ကြောင်းနှင့် အပြုသဘောဆောင်ကြောင်း သင့်ကို ယုံကြည်စေရန် အမျိုးမျိုးသော နည်းလမ်းများ၊ ပြောဆိုချက်များ၊ နည်းစနစ်များ၊ နည်းဗျူဟာများ၊ နည်းလမ်းများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများကို အသုံးပြုနိုင်ပြီး၊ ၎င်းတို့အနေဖြင့် မကောင်းမှုပြုလျှင်ပင်၊ သမ္မာတရားစည်းမျဉ်းများကို ချိုးဖောက်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြလျှင်ပင်၊ အဆုံး၌ ၎င်းတို့သည် အမှုအရာများကို ပြောင်းလဲစေပြီး လူတို့အား ၎င်းတို့ မှန်ကန်သည်ဟု ထင်မြင်စေမည် ဖြစ်သည်။ ၎င်းတို့၌ ဤစွမ်းရည် ရှိသည်။ ဤစွမ်းရည်မှာ အဘယ်နည်း။ ယင်းမှာ အလွန်အမင်း အထင်အမြင်မှားစေတတ်ခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်ခြင်းဖြစ်သည်။ ၎င်းတို့သည် အလွန်အမင်း အထင်အမြင်မှားစေတတ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့ နှစ်သက်သောအရာ၊ မနှစ်သက်သောအရာ၊ အလွန်အမင်း မနှစ်မြို့သောအရာ၊ တန်ဖိုးထားပြီး ကိုးကွယ်သော အရာများသည် အချို့သော လွဲချော်သည့် သဘောထားအမြင်များဖြင့် ဖွဲ့စည်းထားသည်။ ဤသဘောထားအမြင်များသည် ၎င်းတို့အတွင်း၌ သီအိုရီအစုံတစ်ခုကို သယ်ဆောင်ပြီး၊ ယင်းတို့အားလုံးသည် သာမန်လူတို့အတွက် ချေပရန် ခက်ခဲသော ဖြစ်နိုင်ဖွယ်ရှိပုံရသည့် မှားယွင်းသော အယူဝါဒများ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံဘဲ မိမိတို့၏ ကိုယ်ပိုင်အမှားများအတွက် ခေတ်မီဆန်းပြားသော အကြောင်းပြချက်များကိုပင် တင်ပြနိုင်သောကြောင့် ဖြစ်သည်။ သမ္မာတရား လက်တွေ့ကျမှုမရှိဘဲ၊ သင်သည် ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဖြင့် ၎င်းတို့ကို မယုံကြည်မလက်ခံစေနိုင်ပေ။ အဆုံးစွန်သော ရလဒ်မှာ ၎င်းတို့သည် သင့်ကို စကားမပြောနိုင်အောင်ဖြစ်စေလျက်၊ တဖြည်းဖြည်း ၎င်းတို့ကို မလွန်ဆန်နိုင်ဖြစ်စေရင်း သင့်ကို ချေပရန် ၎င်းတို့၏ အနှစ်မဲ့သော သီအိုရီများကို အသုံးပြုလေသည်။ ထိုသို့သောလူများ၏ ကောက်ကျစ်ဆိုးယုတ်ခြင်းသည် ၎င်းတို့က အလွန်အမင်း အထင်အမြင်မှားစေတတ်ကြသည်ဟူသော အချက်၌ တည်ရှိသည်။ သိသာရှင်းလင်းစွာပင်၊ ၎င်းတို့သည် ဘာမျှမဟုတ်သကဲ့သို့ ၎င်းတို့ထမ်းဆောင်သမျှ တာဝန်တိုင်းကို ကမောက်ကမဖြစ်စေကြသည်။ သို့တိုင် အဆုံး၌ ၎င်းတို့အား ကိုးကွယ်ရန်၊ ၎င်းတို့၏ ခြေများတွင် “ဒူးထောက်ရန်” အချို့သောလူတို့ကို ၎င်းတို့က အထင်အမြင်မှားစေနိုင်ကြဆဲဖြစ်ပြီး လူတို့အား ၎င်းတို့ကို နာခံစေနိုင်ကြဆဲဖြစ်သည်။ ဤလူစားမျိုးသည် အမှားကို အမှန်၊ အနက်ကို အဖြူဖြစ်အောင် ပြောင်းလဲနိုင်သည်။ သူသည် အမှန်တရားနှင့် မုသားကို ပြောင်းပြန်လှန်နိုင်သည်၊ သူလုပ်ဆောင်ခဲ့သော မကောင်းမှုများကို အခြားသူများအပေါ် ပုံချနိုင်ပြီး အခြားသူများ၏ ကောင်းမှုများအတွက် ဂုဏ်ကို မိမိကိုယ်ပိုင်အဖြစ် ရယူနိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ သင်သည် ၎င်းတို့ အမှန်တကယ် မည်သူဖြစ်သည်ကို မသိဘဲ စိတ်ရှုပ်ထွေးလာသည်။ ၎င်းတို့၏ စကားများ၊ လုပ်ရပ်များနှင့် အသွင်အပြင်တို့ဖြင့် အကဲဖြတ်သည့်အခါ၊ သင်က “ဤလူသည် သာမန်ထက်ထူးခြားသည်။ ကျွန်ုပ်တို့သည် ၎င်းတို့နှင့် နှိုင်းယှဉ်၍မရနိုင်ပါ”ဟု တွေးကောင်း တွေးပေမည်။ ဤသည်မှာ အထင်အမြင်မှားစေခြင်းကို ခံရခြင်း မဟုတ်လော။ သင် အထင်အမြင်မှားစေခြင်း ခံရသည့်နေ့သည် သင် အန္တရာယ်ကျရောက်သည့်နေ့ ဖြစ်သည်။ အခြားသူများကို အထင်အမြင်မှားစေသော ဤလူစားမျိုးသည် အလွန်သာ ကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ ၎င်းတို့၏ စကားများကို နားထောင်သူ မည်သူမဆိုသည် အထင်အမြင်မှားစေခြင်းနှင့် အနှောင့်အယှက်ပေးခြင်းကို ခံရနိုင်ပြီး အချိန်ကာလတစ်ခုကြာ ပြန်လည်နာလံထူရန် ခက်ခဲသည်ကို တွေ့ရှိရသည်။ အချို့သော ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ပြီး ၎င်းတို့သည် အထင်အမြင်မှားစေသူများဖြစ်ကြောင်း မြင်တွေ့နိုင်ကာ ၎င်းတို့ကို ဖော်ထုတ်ပြီး ငြင်းပယ်နိုင်သော်လည်း အထင်အမြင်မှားစေခြင်း ခံရသော အခြားသူများကမူ “မဟုတ်ပါ၊ ဘုရားအိမ်တော်သည် သူ့အပေါ် မမျှမတဆက်ဆံနေခြင်းဖြစ်သည်။ ကျွန်ုပ်သည် သူ့အတွက် ရပ်တည်ပေးရမည်”ဟု ဆိုလျက် ၎င်းတို့ကို ကာကွယ်ပင်ကာကွယ်ပေးနိုင်သည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ သိသာရှင်းလင်းစွာပင် ၎င်းတို့သည် အထင်အမြင်မှားစေခြင်း ခံရသော်လည်း ၎င်းတို့ကို အထင်အမြင်မှားစေခဲ့သော ထိုသူကို ၎င်းတို့ ကာကွယ်ပြီး မှန်ကြောင်းပြကြသည်။ ဤသူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း လူသားတစ်ဦးနောက်သို့ လိုက်သောသူများ မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သည်ဟု အခိုင်အမာ ဆိုကြသော်လည်း အဘယ်ကြောင့် ၎င်းတို့သည် ဤပုဂ္ဂိုလ်ကို ဤသို့ ကိုးကွယ်ပြီး အထူးသဖြင့် ကာကွယ်ပေးကြသနည်း။ အကယ်၍ ၎င်းတို့သည် ထိုသို့သော သိသာထင်ရှားသည့် ကိစ္စရပ်ကို သတိမပြုမိနိုင်ပါက အတိုင်းအတာတစ်ခုအထိ အထင်အမြင်မှားစေခြင်း ခံရပြီးဖြစ်သည် မဟုတ်လော။ အန္တိခရစ်သည် လူတို့အား လူသားများနှင့် မတူတော့သည့်အထိ သို့မဟုတ် ဘုရားသခင်နောက်သို့ လိုက်ရန် စိတ်မရှိတော့သည့်အထိ အထင်အမြင်မှားစေခဲ့သည်။ ထိုအစား ၎င်းတို့သည် အန္တိခရစ်ကို ကိုးကွယ်ပြီး သူ့နောက်သို့ လိုက်ကြသည်။ ဤလူများသည် ဘုရားသခင်ကို သစ္စာဖောက်နေခြင်း မဟုတ်လော။ အကယ်၍ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူက သင့်ကို မရရှိသေးဘဲ အန္တိခရစ်က သင်၏ စိတ်နှလုံးကို ရရှိခဲ့ပြီးဖြစ်ကာ သင်သည် သူ့နောက်သို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်ပါက ယင်းမှာ ၎င်းတို့က သင့်ကို ဘုရားအိမ်တော်မှ ခေါ်ဆောင်သွားခဲ့ပြီးဖြစ်ကြောင်း သက်သေပြသည်။ သင်သည် ဘုရားသခင်၏ ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းမှ၊ ဘုရားအိမ်တော်မှ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်သည် သင့်ကို ကြိုက်သည့်အတိုင်း ကြိုးကိုင်ပြီး ကစားနိုင်သည်။ ၎င်းတို့သည် သင်နှင့် ကစားပြီးသွားသောအခါ သင့်ကို နောက်ထပ် အလိုရှိတော့မည်မဟုတ်ဘဲ အခြားသူများကို အထင်အမြင်မှားစေရန် ဆက်လက်လုပ်ဆောင်ကြလိမ့်မည်။ အကယ်၍ သင်သည် ၎င်းတို့၏ စကားများကို ဆက်လက်နားထောင်ပြီး ၎င်းတို့အတွက် အမြတ်ထုတ်ရန် တန်ဖိုးရှိနေပါက ၎င်းတို့သည် သင့်ကို အချိန်အတန်ကြာအောင် ဆက်လက်၍ လိုက်လျှောက်ခွင့်ပြုကောင်း ပြုပေမည်။ သို့ရာတွင် အကယ်၍ ၎င်းတို့သည် သင့်၌ အမြတ်ထုတ်ရန် တန်ဖိုးတစ်ခုတလေကို နောက်ထပ် မမြင်တော့ပါက၊ အကယ်၍ ၎င်းတို့သည် သင့်ကို နောက်ထပ် အရေးထားမှု တစ်ခုတလေမျှ မရှိတော့ပါက၊ သင့်ကို စွန့်ပစ်ကြလိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းသို့ ပြန်လာနိုင်သေးသလော။ (မလာနိုင်ပါ။) အဘယ်ကြောင့် နောက်ထပ် သင် မယုံကြည်နိုင်တော့သနည်း။ အဘယ်ကြောင့်ဆိုသော်သင်၏ ကနဦးယုံကြည်ခြင်းက မရှိတော့သောကြောင့် ဖြစ်သည်။ ယင်းမှာ ကွယ်ပျောက်သွားပြီဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များက လူတို့ကို အထင်အမြင်မှားစေပြီး ထိခိုက်နစ်နာစေပုံဖြစ်သည်။ ၎င်းတို့သည် စာတန်က အာဒံနှင့်ဧဝကို အထင်အမြင်မှားစေခဲ့သည့်အတိုင်းပင် လူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် ၎င်းတို့၏ ဆုကျေးဇူးများနှင့်အတူ လူတို့ ကိုးကွယ်သော အသိပညာနှင့် သင်ယူလေ့လာမှုတို့ကို အသုံးပြုကြသည်။ အန္တိခရစ်များ၏ သဘာဝအနှစ်သာရ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့၏ သဘာဝအနှစ်သာရထဲ၌ ၎င်းတို့ နှစ်သက်သော၊ မုန်းတီးသော၊ အထွတ်အမြတ်ထားသော အရာ မည်သည့်အရာဖြစ်စေ အချက်တစ်ချက်မှာ သေချာပေသည်။ ၎င်းတို့ နှစ်သက်သောအရာနှင့် လူတို့ကို အထင်အမြင်မှားစေရန် ၎င်းတို့ အသုံးပြုသောအရာသည် သမ္မာတရားနှင့် ဆန့်ကျင်သည်၊ သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှမရှိသကဲ့သို့ ဘုရားသခင်ကို ရန်ဘက်ပြုသည်။ ဤမျှလောက်မှာ သေချာပေသည်။ ဤအရာကို အမှတ်ရလော့၊ အန္တိခရစ်များသည် ဘုရားသခင်နှင့် မည်သည့်အခါမျှ သဟဇာတမဖြစ်နိုင်ပေ။
ငါ့ကို ပြောလော့၊ မည်သည့်လူစားမျိုးသည် အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့်ဆိုင်သည့် လက္ခဏာများနှင့် အမှတ်အသားများကို ပြသသနည်း။ (ဆုကျေးဇူးများရှိသောလူများ ဖြစ်ပါသည်။) အခြားမည်သူ ရှိသေးသနည်း။ (ကြွားဝါရန် နှစ်သက်သောသူများ ဖြစ်ပါသည်။) ကြွားဝါရန် နှစ်သက်သောသူများ၊ ယင်းမှာ လုံလောက်အောင် ကောက်ကျစ်ဆိုးယုတ်မှု မရှိပေ။ ၎င်းတို့သည် ကြွားဝါရန် နှစ်သက်ကောင်းနှစ်သက်နိုင်သော်လည်း အခြားသူများကို ထိန်းချုပ်ရန် လိုအင်ဆန္ဒမရှိကြ၊ ထိုမျှအထိ ၎င်းတို့ မလုပ်ဆောင်ကြသေးပေ။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ယင်းကို အသေးစိတ် စဉ်းစားလော့။ ဤယုတ်ညံ့သူသည် အန္တိခရစ်တစ်ဦးဖြစ်ကြောင်း ၎င်းတို့အတွင်းရှိ အမျိုးမျိုးသော အပြုအမူများနှင့် ညွှန်ပြချက်များမှ စောလျင်စွာ သင့်အား ရှာဖွေတွေ့ရှိခွင့်ပြုသော လက္ခဏာများနှင့် အမှတ်အသားများကို မည်သည့်လူများက ပြသသနည်း။ (အဆင့်အတန်းကို ချစ်မြတ်နိုးသော မာနထောင်လွှားသည့်လူများ ဖြစ်ပါသည်။) မာနထောင်လွှားခြင်းနှင့် အဆင့်အတန်းကို ချစ်မြတ်နိုးခြင်းသည် အနည်းငယ် ဆက်စပ်မှုရှိသော်လည်း ဤသည်မှာ လုံလောက်သည့် အတိုင်းအတာအထိ မဟုတ်ပေ။ တစ်စုံတစ်ခုအကြောင်း ငါ ပြောဆိုမည်၊ သင်တို့ နားထောင်ပြီး ဤအချက်သည် အရေးပါခြင်း ရှိမရှိ ကြည့်ရှုလော့။ လူအချို့သည် သမ္မာတရားနှင့်လည်းကောင်း အပြုသဘောဆောင်သော အရာများနှင့်လည်းကောင်း ကွဲပြားသော သဘောထားအမြင်များကို စဉ်ဆက်မပြတ် ထုတ်ဖော်ပြောဆိုကြသည်။ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့သည် လူအများ၏ အာရုံစိုက်မှုကို ရရှိရန်နှင့် အခြားသူများထက် ထင်ရှားပေါ်လွင်ရန် အမြဲ အလိုရှိပုံရသော်လည်း ဤသည်မှာ မလွဲမသွေ ထိုသို့ဖြစ်သည်မဟုတ်ပေ။ ၎င်းတို့၏ သဘောထားအမြင်များက ထိုသို့သော အပြင်ပန်းအပြုအမူကို ဖြစ်ပေါ်စေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အမှန်တွင် ၎င်းတို့သည် ထိုသို့သော သဘောထားအမြင်များကို အမှန်တကယ် စွဲကိုင်ထားပါက ဆိုးရွားသော ပြဿနာတစ်ခု ရှိပေလိမ့်မည်။ ဥပမာအားဖြင့်၊ လူတိုင်းက၊ “ကျွန်ုပ်တို့သည် ဤကိစ္စရပ်ကို ဘုရားသခင်ထံမှ လက်ခံရမည်။ အကယ်၍ ကျွန်ုပ်တို့ နားမလည်ပါက ဦးစွာ ကျိုးနွံနာခံသင့်သည်”ဟု ဆိုလျက် အတူတကွ မိတ်သဟာယပြုနေပြီး လူတိုင်းက ဤသည်ကို သဘောတူညီသောအခါ ဤသဘောထားအမြင်သည် မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဤလက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းသည် လမ်းကြောင်းလွဲနေသလော။ (လမ်းကြောင်းမလွဲပါ။) သို့ဆိုလျှင် အန္တိခရစ်တစ်ဦး၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် လက္ခဏာများနှင့် အမှတ်အသားများ ၎င်းတို့တွင်ရှိကြောင်းကို ပြသသည့် မည်သည့် စကားပုံစံမျိုးများကို လူတို့က ပြောဆိုကြသနည်း။ “ကျိုးနွံနာခံခြင်းက တစ်ချက်ဖြစ်သည်၊ သို့သော် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သင်တို့ နားလည်ရမည် မဟုတ်လော။ အရာရာတိုင်းကို အလေးအနက်ထားပါ၊ မှန်သလော။ သင်တို့သည် နားဝေတိမ်တောင်ဖြင့် ကျိုးနွံနာခံ၍မရပါ၊ ဘုရားက ကျွန်ုပ်တို့ကို သာမန်ကာလျှံကာ ကျိုးနွံနာခံရန် မတောင်းဆိုပါ”ဟူ၍ ဖြစ်သည်။ ဤသည်မှာ အကြောင်းပြချက်တစ်မျိုး မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့က “အကယ်၍ ကျွန်ုပ်တို့ နားမလည်သောအရာ တစ်စုံတစ်ခု ရှိပါက နားလည်သော တစ်စုံတစ်ဦးနှင့် မိတ်သဟာယဖွဲ့ခြင်းကို ရှာဖွေလျက် စိတ်ရှည်စွာ ကျွန်ုပ်တို့ စောင့်ဆိုင်းနိုင်သည်။ ယခု ကျွန်ုပ်တို့ထဲမှ မည်သူမျှ နားမလည်ကြသကဲ့သို့ မိတ်သဟာယဖွဲ့ရန် နားလည်သော မည်သူ့ကိုမျှ ကျွန်ုပ်တို့ ရှာမတွေ့နိုင်ပါ။ သို့ဖြစ်၍ ဦးစွာ ကျိုးနွံနာခံကြပါစို့” ဟု ဆိုကြသည်။ အန္တိခရစ်များ၏ သဘောထားအမြင်မှာ အဘယ်နည်း။ “အသင် ပျော့ညံ့သူတစ်သိုက်တို့၊ အရာရာတိုင်းကို ကျိုးနွံနာခံပြီး အရာရာတိုင်း၌ ဘုရားစကားကို နားထောင်နေကြသည်။ ငါ့စကားကို နားထောင်ကြပါ။ အဘယ်ကြောင့် မည်သူကမျှ ငါ့ကို မဖော်ပြခဲ့သနည်း။ သင်တို့ကို နက်နဲသော ထင်မြင်ယူဆချက်တစ်ခု ငါ တင်ပြပါရစေ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အဆင့်မြင့်သော အမြင်များကို မျှဝေလိုကြသည်။ ၎င်းတို့သည် သမ္မာတရားကို လူတို့ လက်တွေ့လုပ်ဆောင်ခြင်းအား ဆန့်ကျင်ကြသည်၊ သမ္မာတရားစည်းမျဉ်းများကို လူတို့ လိုက်နာစောင့်ထိန်းခြင်းအား ဆန့်ကျင်ကြသည်။ ၎င်းတို့သည် အမြဲ မာနထောင်လွှားချင်ကြသည်၊ ရန်စလိုကြသည်၊ ဆိုးယုတ်သော လှည့်ကွက်များကို အသုံးပြုလိုကြသည်၊ အဆင့်မြင့်သော အမြင်များကို မျှဝေလိုကြပြီး လူတို့အား ၎င်းတို့ကို ကွဲပြားစွာ ရှုမြင်စေလိုကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားနှင့်ဆိုင်သည့် လက္ခဏာတစ်ခု မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ အမှတ်အသား မဟုတ်လော။ လူတိုင်းအတွက် ကျိုးနွံနာခံခြင်းသည် အဘယ်ကြောင့် မှားယွင်းသနည်း။ ၎င်းတို့က မိုက်မဲစွာ ကျိုးနွံနာခံလျှင်ပင် ဤသည်မှာ မှားယွင်းသလော။ ဘုရားသခင်က ပြစ်တင်ရှုတ်ချမည်လော။ (ပြစ်တင်ရှုတ်ချမည် မဟုတ်ပါ။) ဘုရားသခင်က ပြစ်တင်ရှုတ်ချမည် မဟုတ်ပေ။ ၎င်းတို့အနေဖြင့် ရုတ်တရက် ဝင်ရောက်စွက်ဖက်ပြီး နှောင့်ယှက်ရန် အဘယ်လုပ်ပိုင်ခွင့် ရှိသနည်း။ လူတို့က ဘုရားသခင်အား ကျိုးနွံနာခံကြသည်ကို မြင်သောအခါ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဒေါသထွက်ကြသလော။ လူတို့က ဘုရားသခင်အား ကျိုးနွံနာခံကြသည်ကို ၎င်းတို့ မျက်မြင်တွေ့ရှိသောအခါ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့က မည်သည့်အကျိုးကျေးဇူးမျှ မရရှိခြင်း၊ လူတို့က ၎င်းတို့ကို မနာခံခြင်း၊ ၎င်းတို့စကားကို နားမထောင်ခြင်း၊ ၎င်းတို့၏ အကြံဉာဏ်ကို မရှာဖွေခြင်းတို့ကြောင့် မကျေမချမ်းဖြစ်ကာ စိတ်ကျေနပ်ခြင်းမရှိကြဘဲ ၎င်းတို့ စိတ်မချမ်းမြေ့ဖြစ်လာကြသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ “သင်တို့သည် မည်သူ့ကို ကျိုးနွံနာခံကြသနည်း။ သမ္မာတရားကို ကျိုးနွံနာခံကြသလော။ သမ္မာတရားကို ကျိုးနွံနာခံခြင်းသည် ကောင်းပါသည်၊ သို့သော် ထိုသမ္မာတရားကို ကျွန်ုပ်တို့လေ့လာရန် လိုအပ်သည်။ သို့ဆိုလျှင် သမ္မာတရားကား အဘယ်နည်း။ သင်တို့သည် မှန်ကန်သောနည်းလမ်းဖြင့် ကျိုးနွံနာခံကြပါသလော။ အနည်းဆုံးအနေဖြင့် အကြောင်းစုံကို သင်တို့ နားလည်သင့်သည် မဟုတ်လော”ဟု စဉ်းစားလျက် အတိုက်အခံလုပ်ကြသည်။ ဤသည်မှာ ၎င်းတို့၏ အကြောင်းပြချက် မဟုတ်လော။ ၎င်းတို့သည် အဘယ်အရာကို လုပ်ဆောင်ရန် ကြိုးစားနေကြသနည်း။ ၎င်းတို့သည် အမှုအရာများကို လှုံ့ဆော်ရန်၊ လူတို့ကို အထင်အမြင်မှားစေရန် အလိုရှိကြသည်။ အချို့သော ထုံထိုင်းသည့်၊ ဉာဏ်ထိုင်းပြီး မိုက်မဲသည့်လူများသည် ဤသည်ကို ကြားသောအခါ အထင်အမြင်မှားစေခြင်း ခံလာရစဉ်တွင်၊ ပိုင်းခြားသိမြင်မှုရှိသူများကမူ “သင်တို့ မည်သည့်အရာကို လုပ်ဆောင်နေကြသနည်း။ ကျွန်ုပ် ဘုရားသခင်အား ကျိုးနွံနာခံသည်ကို သင်တို့ မနာလိုဖြစ်ပြီး ငြူစူနေကြသလော။ ဘုရားသခင်ကို ကျွန်ုပ် ကျိုးနွံနာခံသောအခါ သင်တို့ စိတ်မချမ်းမြေ့ဖြစ်ပြီး သင်တို့ကို ကျွန်ုပ် နာခံသောအခါတွင်မူ ကျေနပ်နေကြသလော။ လူတိုင်းက သင်တို့ကို နာခံပြီး သင်တို့စကားကို နားထောင်ကာ သင်တို့ပြောသမျှကို လုပ်ဆောင်လျှင်သာ မှန်ကန်ပါသလော။ သင်တို့ပြောသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီပါသလော”ဟု ဆိုလျက် ၎င်းတို့ကို ချေပကြသည်။ ဤသည်ကို မြင်သောအခါ ၎င်းတို့က “လူအချို့က ပိုင်းခြားသိမြင်မှု ရှိသည်၊ ယခုတွင်တော့ ကျွန်ုပ် စောင့်ဆိုင်းမည်”ဟု တွေးကြသည်။ တိုတိုပြောရလျှင်၊ လူတိုင်းက သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်နေသောအခါ ၎င်းတို့က ထွက်သွားရန် မစောင့်နိုင်အောင်ဖြစ်ကြသည်။ လူတိုင်းက ဘုရားသခင်ကို ပို၍ နာခံလေ၊ ဘုရားအိမ်တော်၏ စီစဉ်မှုများကို ပို၍ ကျိုးနွံနာခံလေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ပို၍ လက်တွေ့လုပ်ဆောင်လေ၊ အလုပ်စီစဉ်ညွှန်ကြားချက်များနှင့် စည်းမျဉ်းများအတိုင်း ကိစ္စရပ်များကို ပို၍ ကိုင်တွယ်လေ ၎င်းတို့သည် ပို၍ စိတ်မသက်မသာဖြစ်ကာ စိတ်မချမ်းမသာဖြစ်ပြီး စိတ်ပူလေ ဖြစ်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရနှင့်ဆိုင်သည့် လက္ခဏာတစ်ခု ဖြစ်သည်။ လူတိုင်းက ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်သရွေ့ ၎င်းတို့သည် စိတ်မသက်မသာဖြစ်ပြီး ဂနာမငြိမ်ဖြစ်ကြသည်။ ဤသည်မှာ ပြဿနာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ မည်သူကမျှ ဘုရားနှုတ်ကပတ်တော်များကို မဖတ်ရှုလျှင် သို့မဟုတ် ထိုနှုတ်ကပတ်တော်များကို လူတို့ ဖတ်ရှုပြီး ယင်းတို့အကြောင်း မိတ်သဟာယမဖွဲ့လျှင်၊ လူတို့သည် အန္တိခရစ်များကိုသာ နားထောင်လျှင် ထိုအန္တိခရစ်များက ဝမ်းမြောက်ကြသည်။ ဤသည်မှာ မည်သည့်ပြဿနာကို သရုပ်ဖော်နေသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်းကို မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ကြပေ။ လူတိုင်းက ဘုရားနှုတ်ကပတ်တော်များအကြောင်းကို တည်ငြိမ်စွာ မိတ်သဟာယဖွဲ့နေသရွေ့၊ မည်သူကမျှ ၎င်းတို့အား အာရုံမစိုက်ကြောင်း၊ ၎င်းတို့စကားကို နားမထောင်ကြောင်း၊ ထိုသူတို့၏ ကိုးကွယ်မှုကို ၎င်းတို့ မရရှိနိုင်ကြောင်း၊ ၎င်းတို့၏ အဆင့်အတန်းက ခြိမ်းခြောက်ခံရပြီး အန္တရာယ်ရှိနေကြောင်းတို့ကို အန္တိခရစ်များက မြင်သောအခါ၊ ယင်းမှာ ၎င်းတို့က သင်တို့ကို အထင်အမြင်မှားစေရန်နှင့် အဖျက်အမှောင့်လုပ်ရန် မိစ္ဆာဒိဋ္ဌိအယူဝါဒ သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူဝါဒတစ်ခုကို အဆိုပြုလျက်၊ သင်တို့ ယခုတင် ဆွေးနွေးခဲ့သည့်အရာက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မသေချာအောင် ပြုလုပ်ရင်း၊ ဝင်ရောက်နှောင့်ယှက်ကြလေသည်။ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် နောက်ဆုံးတွင် တစ်စုံတစ်ခုကို လူတိုင်းက နားလည်သွားသည့်အခါတွင်ပင် ၎င်းတို့သည် အခြေအနေကို ကမောက်ကမဖြစ်စေဖို့ နတ်ဆိုးဆန်သော စကားအနည်းငယ်ကို ပြောဆိုကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထား မဟုတ်လော။ ဤကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားသည် မည်သည့်သရုပ်သကန်နှင့် ညီမျှသနည်း။ (သမ္မာတရားအပေါ် ရန်လိုခြင်းနှင့် ညီမျှပါသည်။) အတိအကျပင်ဖြစ်သည်။ လူတိုင်းက သမ္မာတရားကို ပို၍ နားလည်လေ ၎င်းတို့က ပို၍ စိတ်ဆိုးလေ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားအပေါ် ရန်လိုခြင်း မဟုတ်လော။ ဤသည်မှာ ကိုက်ညီမှုရှိသည် မဟုတ်လော။ (ကိုက်ညီမှုရှိပါသည်။) သင်တို့သည် ဤသို့သောလူများနှင့် ကြုံတွေ့ရပြီး ဖြစ်သလော။ လူတိုင်း တစ်စုံတစ်ခုအကြောင်း မိတ်သဟာယဖွဲ့နေစဉ် ၎င်းတို့သည် အချိန်ကြာမြင့်စွာ နှုတ်ဆိတ်မြဲနှုတ်ဆိတ်နေကြသည်။ နောက်ဆုံး၌ မိတ်သဟာယ၌ ရှင်းလင်းပြတ်သားမှုအချို့ ရှိလာသောအခါ ၎င်းတို့သည် ထွက်ပေါ်လာကြပြီး ထိုသို့ထွက်ပေါ်လာပြီးနောက် ဤလူတို့အတွက် အမှုအရာများကို ခက်ခဲစေရန် စိန်ခေါ်သည့် မေးခွန်းတစ်ခုကို တင်ပြကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ “သင်တို့ကို ကျွန်ုပ် ပြပါရစေ၊ ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို သင်တို့အား မြင်တွေ့ခွင့်ပေးမည်။ သင်တို့က သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ကြသည်၊ သင်တို့သည် ကျွန်ုပ်စကားကို နားမထောင်၊ ကျွန်ုပ်ကို လျစ်လျူရှုကြသည်၊ သင်တို့သည် ကျွန်ုပ်ကို ဂရုမစိုက်ကြသကဲ့သို့ ကျွန်ုပ်ကို အာရုံမစိုက်ကြသောကြောင့် သင်တို့ ဆက်လက်မိတ်သဟာယဖွဲ့ရန်နှင့် သင်တို့အားလုံးကို ရောထွေးသွားစေရန် ခက်ခဲသော မေးခွန်းတစ်ခုကို ကျွန်ုပ် မေးမည်”ဟု ပြောဆိုရန် ဖြစ်သည်။ ဤသည်မှာ နတ်ဆိုးတစ်ကောင် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ နတ်ဆိုးတစ်ကောင်၊ စစ်မှန်သော အန္တိခရစ်တစ်ဦး ဖြစ်သည်။
လူအချို့သည် တစ်စုံတစ်ဦးက အပျက်သဘောဆောင်သည် သို့မဟုတ် အားနည်းသည်ကို ကြားသည့်အခါတိုင်း အထူးသဖြင့် ဝမ်းသာကြသည်။ အထူးသဖြင့် တစ်စုံတစ်ဦးက အသင်းတော်အသက်တာအား အဖျက်အမှောင့်လုပ်နေသည်ကို မြင်သောအခါ၊ တစ်စုံတစ်ဦးက အသင်းတော်အလုပ်ကို ကမောက်ကမဖြစ်စေဖို့ မကောင်းမှုများ လုပ်ဆောင်နေသည်ကို မြင်သောအခါ သို့မဟုတ် တစ်စုံတစ်ဦးက ကြောင်းကျိုးမမြင်ဘဲ ပြဿနာလှုံ့ဆော်နေသည်ကို မျက်မြင်တွေ့ရှိသောအခါ ၎င်းတို့သည် အထူးသဖြင့် ဝမ်းသာကြပြီး မီးရှူးမီးပန်းများ ဖောက်ကာ ဂုဏ်ပြုရန် အလွန်သာ စိတ်အားထက်သန်ကြသည်။ ထိုသို့သောလူများနှင့်ပတ်သက်၍ အဘယ်ပြဿနာရှိနေသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် အခြားသူများ၏ ကံအကြောင်းမလှမှုတွင် အလွန် ဝမ်းမြောက်ကြသနည်း။ ဤအရေးကြီးသောအချိန်၌ အဘယ်ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်ပေးလျက် ဘုရားသခင်၏ ဘက်၌ မရပ်တည်နိုင်ကြသနည်း။ ထိုသို့သောလူများသည် မယုံကြည်သူများ မဟုတ်လော။ ၎င်းတို့သည် စာတန်၏ အစေခံများ မဟုတ်လော။ သင်တို့အားလုံးသည် ထိုသို့သော အပြုအမူများကို သင်တို့ ပြသခြင်း ရှိမရှိ ဆင်ခြင်သုံးသပ်သင့်ပြီး သင်တို့အနီးဝန်းကျင်၌ ဤသို့သောလူများ ရှိမရှိကိုလည်း စစ်ဆေးကာ ထိုသို့သော ပုဂ္ဂိုလ်များကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ကြည့်ရှုသင့်သည်၊ အထူးသဖြင့် ဆိုးယုတ်သောလူများက ဒုစရိုက်အမှုများ လုပ်ဆောင်နေသည်ကို သင်တို့ မြင်သောအခါ သင်တို့၏ သဘောထားမှာ အဘယ်နည်း။ သင်တို့သည် အဖြစ်အပျက်ကို မွေ့လျော်ခံစားနေသော ဘေးမှရပ်ကြည့်သူတစ်ဦးမျှသာဖြစ်သလော သို့မဟုတ် သင်တို့သည်လည်း ဤလမ်းခရီးအတိုင်း လျှောက်လှမ်းနိုင်ကြမည်လော။ သင်တို့သည် ထိုသို့သောလူတစ်ဦးလော။ လူအချို့သည် ဤနည်းလမ်းဖြင့် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ကြမည် မဟုတ်ပေ။ ၎င်းတို့သည် လူတို့၌ ကောင်းမြတ်မှုကို မြင်တွေ့ရန် မနှစ်သက်ကြ၊ လူတိုင်း ၎င်းတို့ထက် ပိုဆိုးသောအခါ ၎င်းတို့ ပို၍နှစ်သက်ကြသည်။ ထိုအခါတွင် ၎င်းတို့ ဝမ်းမြောက်မှုကို ခံစားကြရသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံသော တစ်စုံတစ်ယောက် ပြုပြင်ခြင်းခံရသည်ကို မြင်သောအခါ သို့မဟုတ် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော တစ်စုံတစ်ဦးက ပြစ်မှားသောအခါ ၎င်းတို့က တိတ်တဆိတ် ဝမ်းမြောက်ပြီး “အင်း၊ သင့်နေ့ရက်လည်း ရောက်လာပေပြီ။ သင်က ဘုရားအတွက် သင့်ကိုယ်သင် အသုံးခံသည်၊ ယင်းသည် သင့်အတွက် မည်သို့အလုပ်ဖြစ်နေသနည်း။ သင် မတရားခံခဲ့ရသည် မဟုတ်လော။ ဆုံးရှုံးမှုကို သင် ခံစားခဲ့ရပြီ မဟုတ်လော။ သင့်ကိုယ်သင် အသုံးခံခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ သင်သည် အမှန်အတိုင်း အမြဲပြောသည်။ ယခုတွင် သင် ပြုပြင်ခံနေရသည် မဟုတ်လော။ သင်နှင့် ထိုက်တန်ပေသည်”ဟု ဆိုကြသည်။ အဘယ်ကြောင့် ၎င်းတို့ အလွန် ဝမ်းမြောက်ကြသနည်း။ ၎င်းတို့သည် အခြားသူများ၏ ကံအကြောင်းမလှသောဖြစ်ရပ်၌ ဝမ်းမြောက်မှုကို ရှာဖွေနေခြင်း မဟုတ်လော။ ထိုသို့သောလူများသည် စိတ်ထားမမှန်ကြသည် မဟုတ်လော။ တစ်စုံတစ်ယောက်က ဘုရားအိမ်တော်၏ အလုပ်၌ အဖျက်အမှောင့်များ ဖြစ်စေသည်ကို မြင်သောအခါ ၎င်းတို့ ပျော်ရွှင်ကြသည်။ ဘုရားအိမ်တော်၏ အလုပ်က ဆုံးရှုံးမှုကို ခံစားရသည်ကို မြင်သောအခါ ၎င်းတို့ ပျော်ရွှင်ကြသည်။ အဘယ်အရာက ၎င်းတို့ကို ပျော်ရွှင်စေသနည်း။ ၎င်းတို့က “နောက်ဆုံးတွင် ကျွန်ုပ်ကဲ့သို့ သမ္မာတရားကို မချစ်မြတ်နိုးသော၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဆုံးရှုံးမှုဖြစ်စေခဲ့ပြီး မိမိကိုယ်ကို အပြစ်တင်စိတ် လုံးဝမခံစားရသော တစ်စုံတစ်ယောက် ရှိနေပြီ”ဟု တွေးကြသည်။ ယင်းမှာ ၎င်းတို့ကို ပျော်ရွှင်စေသည့်အရာ ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ အလွန့်အလွန် ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ သင်တို့အလယ်၌ ဤသို့သောလူများ ရှိသလော။ အများအားဖြင့် သီချင်းတစ်ပုဒ်ကို မညည်းတတ်သော လူအချို့ရှိသော်လည်း ၎င်းတို့သည် တစ်စုံတစ်ယောက် အမှားလုပ်သည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ရုတ်တရက် သီချင်းစဆိုပြီး ၎င်းတို့၏ ခန္ဓာကိုယ်များကို ယိမ်းနွဲ့ကာ အလွန် ကျေနပ်ပုံရလျက် “ယနေ့တွင်နောက်ဆုံး၌ သတင်းကောင်းအချို့ ကျွန်ုပ် ရရှိခဲ့သည်။ ကျွန်ုပ် အလွန် ပျော်ရွှင်သည်၊ ကျွန်ုပ် ထမင်းနှစ်ပန်းကန် ပိုစားမည်”ဟု စဉ်းစားကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးမှုများ ခံစားခဲ့ရသောကြောင့် မျက်ရည်တစ်စက်မျှ ကျမည်မဟုတ်သကဲ့သို့ တစ်စက္ကန့်မျှ ဝမ်းနည်းမည်မဟုတ်ပေ။ မိမိကိုယ်ကို အပြစ်တင်စိတ်၊ ဝမ်းနည်းခြင်း သို့မဟုတ် နာကျင်ခြင်းကို ၎င်းတို့ မခံစားရကြပေ။ ထိုအစား ၎င်းတို့သည် တစ်စုံတစ်ယောက်၏ အမှားက ဘုရားအိမ်တော်၏ အကျိုးစီးပွားများအား ဆုံးရှုံးမှုများဆီသို့ ဦးတည်စေခဲ့ပြီး ဘုရားသခင်၏ နာမတော်ကို အရှက်ရစေခဲ့သောကြောင့် ဝမ်းသာပျော်ရွှင်ပြီး ကျေနပ်မှုကို ခံစားကြရသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝကို ပိုင်ဆိုင်ခြင်းနှင့်ဆိုင်သည့် လက္ခဏာတစ်ခု မဟုတ်လော။ ဤသည်မှာလည်း လက္ခဏာတစ်ခု ဖြစ်ပေသည်။
ဧဝံဂေလိအဖွဲ့များတွင် အချို့မှာ စကားပြောကောင်းသူများဖြစ်သည်ဟု ဆိုကြသည်။ ၎င်းတို့သည် နှစ်ပေါင်းများစွာ တရားဒေသနာများကို နားထောင်ခဲ့ကြပြီး အယူဝါဒတစ်စုံကို အကျဉ်းချုပ်ခဲ့ကြသည်။ ၎င်းတို့ သွားသည့်နေရာတိုင်း၌ ကြွားဝါသောစကားများနှင့် ပြည့်နေကြသည်။ တရားဟောသောအခါ စကားထစ်ငေါ့ခြင်းမရှိ။ ယင်းက ၎င်းတို့၏ ကိုယ်ပိုင်ဆုကျေးဇူးများနှင့် အဟောအပြောကောင်းခြင်းကို အပြည့်အဝ ထင်ရှားစေသည်။ လူအချို့သည် ထိုသို့သော ပုဂ္ဂိုလ်များကို အတော်လေး အရည်အချင်းရှိသည်ဟု မြင်ပြီး ၎င်းတို့နောက်သို့ လိုက်ရန် ဆုံးဖြတ်ကြသည်။ အဆုံး၌ ထိုသူတို့က အဘယ်အရာကို ပြောဆိုကြသနည်း။ “ကျွန်ုပ်တို့သည် ထိုသူ၏ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်သောကြောင့် အထက်မှလာသော တရားဒေသနာများကို နားထောင်ရန် မလိုအပ်ပါ။ ကျွန်ုပ်တို့သည် ဘုရား၏ နှုတ်ကပတ်တော်များကိုလည်း နားထောင်ရန် မလိုအပ်ပါ။ ထိုသူ၏ မိတ်သဟာယဖွဲ့ခြင်းက ထိုအရာများကို အစားထိုးသည်” ဟူ၍ ဖြစ်သည်။ ဤလူတို့သည် အန္တရာယ်၌ ရှိနေကြသည် မဟုတ်လော။ (ရှိနေကြပါသည်။) ဤလူတို့သည် ကြီးမားသော အန္တရာယ်၌ ရှိနေကြသည်။ ၎င်းတို့က အန္တိခရစ်များ၏ လုပ်ရပ်များနှင့် အပြုအမူများအပြင် ၎င်းတို့၏ မိုက်ရိုင်းမှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် ကောက်ကျစ်ဆိုးယုတ်မှုတို့ကို ချစ်မြတ်နိုးကြသည်။ ၎င်းတို့သည် အန္တိခရစ်များ ချစ်မြတ်နိုးသည့်အရာကို ချစ်မြတ်နိုးပြီး အန္တိခရစ်များ အလွန်အမင်း မနှစ်မြို့သည့်အရာကို အလွန်အမင်း မနှစ်မြို့ကြပေ။ အန္တိခရစ်များ ဟောပြောသော အသိပညာ၊ သင်ယူလေ့လာမှု၊ အယူဝါဒများနှင့် အမျိုးမျိုးသော ဓမ္မပညာဆိုင်ရာ သီအိုရီများ၊ မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူဝါဒများကို ချစ်မြတ်နိုးကြသည်။ ၎င်းတို့က ဤအရာများကို ကိုးကွယ်ကြသည်။ မည်သည့်အတိုင်းအတာအထိ ကိုးကွယ်ကြသနည်း။ ညဘက်၌ အိပ်မက်မက်ရင်းပင် ဤစကားများကို ယောင်ပြောကြသည်။ ဤသည်မှာ ဆိုးရွားသလော။ ၎င်းတို့၏ ကိုးကွယ်မှုက ဤအဆင့်သို့ ရောက်ရှိသောအခါ ဤလူတို့သည် ဘုရားသခင်နောက်သို့ လိုက်နိုင်ကြသေးသလော။ အချို့က “ယင်းမှာ မှားပါသည်။ သူတို့သည် အသင်းတော်၌ ရှိနေဆဲဖြစ်သည်၊ ဘုရားသခင်ကို ယုံကြည်နေဆဲဖြစ်သည်”ဟု ဆိုကောင်းဆိုနိုင်သည်။ ၎င်းတို့၌ အခွင့်အရေး မရှိကြသေးခြင်းဖြစ်သည်။ ၎င်းတို့ ကိုးကွယ်လိုသော ပုဂ္ဂိုလ် သို့မဟုတ် အရာဝတ္ထုကို ၎င်းတို့ ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ၎င်းတို့ အချိန်မရွေး စွန့်ခွာနိုင်ပေသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ပိုင်ဆိုင်ခြင်းနှင့်ဆိုင်သည့်လက္ခဏာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့သည် ထိုသို့သောလူများကို မြင်သောအခါ ပိုင်းခြားသိမြင်နိုင်ကြသလော။ (ပိုင်းခြားသိမြင်နိုင်ပါသည်။) အတိတ်တွင် ထိုသို့သော ကိစ္စရပ်များ၏ ဆိုးရွားသောသဘာဝကို သင်တို့ မသိရှိခဲ့ကြပေ။ ယခု သင်တို့သည် ထိုသို့သောလူများနှင့် တစ်ဖန် ကြုံတွေ့သောအခါ သင်တို့၏ စိတ်ထဲ၌ ၎င်းတို့နှင့်ပတ်သက်၍ မေးခွန်းများ ရှိနေဦးမည်လော။ ၎င်းတို့ကို သင်တို့ လျစ်လျူရှုကြမည်လော။ (လျစ်လျူရှုမည် မဟုတ်ပါ။) သို့ဆိုလျှင် သင်တို့သည် ထိုသို့သောလူများနှင့်စပ်လျဉ်း၍ ပိုင်းခြားသိမြင်မှုအချို့ ရရှိခဲ့ပြီးဖြစ်သလော။ (ရရှိခဲ့ပြီးဖြစ်ပါသည်။) ဤသည်တို့မှာ ၎င်းတို့ ထုတ်ဖော်ပြသသော လက္ခဏာများနှင့် သတင်းအချက်အလက်အချို့ ဖြစ်သည်။ ဆိုလိုသည်မှာ ဤလူတို့သည် အခွင့်အရေး သို့မဟုတ် အဆင့်အတန်းတစ်ခု ရှိသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် တစ်စုံတစ်ယောက်က ၎င်းတို့ကို အထင်အမြင်မှားစေသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို အချိန်မရွေး၊ နေရာမရွေး သစ္စာဖောက်နိုင်သည်။ လူတို့သည် ၎င်းတို့၏ ထုတ်ဖော်ပြသချက်များနှင့် ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို မြင်တွေ့နိုင်သလော။ လူတို့ မြင်တွေ့နိုင်သော သဲလွန်စအချို့ ရှိသလော။ (ရှိပါသည်။) ရှိသင့်ပေသည်။ ဤအရာများကို ငါ မဖော်ပြခဲ့ပါက သင်တို့က “မည်သူသည် ဤအမှတ်အသားများကို ပြသသနည်း။ မည်သူသည် ဤလက္ခဏာများကို ထုတ်ဖော်ပြသနည်း။ မည်သူမျှ မရှိပါ၊ ကျွန်ုပ် မည်သူ့ကိုမျှ မမြင်သေးပါ”ဟု တွေးထင်ကောင်း တွေးထင်ပေမည်။ ဤလက္ခဏာများနှင့်ပတ်သက်၍ ငါ၏ ဆွေးနွေးမှုမှတစ်ဆင့် ထိုသို့သောလူများ တည်ရှိကြောင်းကို သင်တို့ သိရှိရပြီးဖြစ်သည် မဟုတ်လော။ ၎င်းတို့ထဲမှ အချို့မှာ နောက်လိုက်များဖြစ်ပြီး အချို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ပိုင်ဆိုင်ခြင်းနှင့်ဆိုင်သည့် တတိယမြောက် လက္ခဏာ ဖြစ်သည်။
အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ပိုင်ဆိုင်သောလူများသည် ၎င်းတို့အားလုံးတွင် ရှိသည့် နောက်ထပ် ထူးခြားသော လက္ခဏာတစ်ခု ရှိသည်။ ဤလူတို့သည် သမ္မာတရားကို ချစ်မြတ်နိုးပြီး မှန်သောလမ်းခရီးကို တောင့်တဟန်ဆောင်ကာ တရားဒေသနာများကို တက်ရောက်ရန်၊ သမ္မာတရားနှင့်သက်ဆိုင်သော အမျိုးမျိုးသော အသိပညာနှင့် အကြောင်းအရာများကို သင်ယူရန်၊ ဓမ္မပညာဆိုင်ရာ သီအိုရီများနှင့် အသိပညာကို ပြင်ဆင်ရန် လာကြသည်။ ထို့နောက် ၎င်းတို့သည် ဤသီအိုရီများနှင့် အသိပညာကို အသုံးပြု၍ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် စကားစစ်ထိုးပွဲများတွင် ပါဝင်ကြပြီး၊ အချို့သော ပုဂ္ဂိုလ်များကို ပြစ်တင်ရှုတ်ချရန်၊ အခြားသူများကို အထင်အမြင်မှားစေရန်နှင့် အယုံသွင်းရန်၊ အချို့သောလူတို့အား ထောက်ပံ့ခြင်း၊ အကူအညီပေးခြင်းနှင့် ရေလောင်းပေးခြင်းဟုခေါ်သော အရာများကိုပင် လုပ်ဆောင်ရန် ထိုအရာများကို အသုံးပြုကြသည်။ သို့ရာတွင် ၎င်းတို့က သမ္မာတရားကို ချစ်မြတ်နိုးသူများ မဟုတ်ကြောင်း အချက်တစ်ချက်က ရှင်းလင်းသွားစေသည်။ ထိုအချက်မှာ အဘယ်နည်း။ ဤလူတို့သည် မည်သို့ပင် မိမိတို့ကိုယ်ကို ပြင်ဆင်ပြီး ဟောပြောသည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ကိုယ်ကို အသင့်ပြင်ဆင်လျက် အမှုအရာများကို ဆေးနွေးကာ ပြောဆိုရုံမျှ ပြောဆိုကြသော်လည်း သမ္မာတရားစည်းမျဉ်းများအတိုင်း ကိစ္စရပ်များကို မည်သည့်အခါမျှ မကိုင်တွယ်ကြပေ။ “မည်သည့်အခါမျှ” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် မှန်သောစကားတစ်ခွန်းကိုမျှ မပြောဆိုနိုင်ခြင်း၊ တစ်ခါမျှ ရိုးသားမှုမရှိခဲ့ခြင်းနှင့် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို စွန့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဖိုးအခအား မည်သည့်အခါမျှ မပေးခဲ့ခြင်းတို့ကို ဆိုလိုသည်။ မည်သည့်အချိန်အခါသမယတွင်ဖြစ်စေ ၎င်းတို့ ပြောဆိုပြုမူသည့်အခါ မိမိတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့အတွက် အစဉ်အမြဲ အမြင့်ဆုံး ကြိုးပမ်းအားထုတ်မှုကို ပြုလုပ်ကြသည်။ အပြင်ပန်း၌ ၎င်းတို့သည် အဖိုးအခကို ပေးဆပ်ပြီး သမ္မာတရားကို ချစ်မြတ်နိုးပုံရသော်လည်း ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရက မပြောင်းလဲဘဲ ရှိနေသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ တစ်နည်းအားဖြင့် ဤလူတို့သည် မိမိတို့၏ လုပ်ရပ်များ၌ သမ္မာတရားစည်းမျဉ်းများကို မည်သည့်အခါမျှ မရှာဖွေကြပေ။ နောက်တစ်နည်းအားဖြင့် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို သိလျှင်ပင်၊ လက်တွေ့မလုပ်ဆောင်ကြပေ။ ဤသည်မှာ ၎င်းတို့က အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ပိုင်ဆိုင်ကြသည့် လက္ခဏာတစ်ခု ဖြစ်သည်။ ၎င်းတို့၌ အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဧဝံဂေလိတရားကို ဟောပြောခြင်းတာဝန်အား ၎င်းတို့ထမ်းဆောင်သည်ဖြစ်စေ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်သည်ဖြစ်စေ ၎င်းတို့၏ ထူးခြားသောလက္ခဏာရပ်မှာ အဘယ်နည်း။ ၎င်းတို့သည် မှန်ကန်သော အယူဝါဒများကိုသာ ရှင်းလင်းစွာ ပြောဆိုနိုင်သော်လည်း မှန်ကန်သောအရာများကို မည်သည့်အခါမျှ မလုပ်ဆောင်ကြပေ။ ယင်းမှာ ၎င်းတို့၏ ထူးခြားသောလက္ခဏာရပ် ဖြစ်သည်။ ၎င်းတို့သည် အယူဝါဒများကို မည်သူမဆိုထက် ပို၍ ရှင်းလင်းစွာ ပြောဆိုသော်လည်း အမှုအရာများကို မည်သူမဆိုထက်ပို၍ ဆိုးရွားစွာ လုပ်ဆောင်ကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရကို ပိုင်ဆိုင်ခြင်းနှင့်ဆိုင်သည့် စတုတ္ထမြောက် လက္ခဏာ ဖြစ်သည်။ သင်တို့ အနီးဝန်းကျင်၌ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရရှိသော လူများစွာ ရှိမရှိဟူသည်ကို သင်တို့ကိုယ်တိုင် စစ်ဆေးပြီး အကဲဖြတ်ကြလော့။ ဤအရာများကို ငါ စာရင်းပြုစုပြီးနောက်တွင်၊ သင်တို့အနီးဝန်းကျင်၌ ထိုသို့သောလူများ အတော်များများ ရှိမရှိကို သင်တို့ ဆန်းစစ်ကောင်း ဆန်းစစ်နိုင်သည်။ ၎င်းတို့သည် ရာခိုင်နှုန်းမည်မျှ ပါဝင်သနည်း။ ခေါင်းဆောင်များ ပိုများသလော သို့မဟုတ် သာမန်ယုံကြည်သူများ ပိုများသလော။ သင်တို့ထဲမှ အချို့ကခေါင်းဆောင်များသာ အန္တိခရစ်များ ဖြစ်လာမည့် အခွင့်အရေးရှိသည်ဟု ယခင်က တွေးထင်ခဲ့ကြသည် မဟုတ်လော။ (ယခင်က ထိုသို့ တွေးခဲ့ပါသည်။) သို့ဆိုလျှင် ဤသဘောထားအမြင်သည် ယခု ပြောင်းလဲသွားပြီလော။ အန္တိခရစ်များသည် ၎င်းတို့၌ အဆင့်အတန်းရှိသောကြောင့် အန္တိခရစ်များ ဖြစ်လာကြခြင်းမဟုတ်ပေ။ ၎င်းတို့၌ အဆင့်အတန်းမရှိသည့်အခါ၌ပင် ၎င်းတို့သည် ဤယုတ်ညံ့သူ ဖြစ်ခဲ့ကြသည်။ မထင်မှတ်ဘဲ ၎င်းတို့သည် ခေါင်းဆောင်ရာထူးရသွားကြပြီး သင့်လျော်သော အပူချိန်နှင့် မြေဆီလွှာတို့ဖြင့် လျင်မြန်စွာ ကဇော်ဖောက်ကာ ၎င်း၏ စစ်မှန်သော သဘောသဘာဝကို ထုတ်ဖော်ပြသသည့် မှိုတစ်မျိုးကဲ့သို့ အန္တိခရစ်များအဖြစ် ၎င်းတို့၏ စစ်မှန်သော အင်္ဂါရပ်များက လျင်မြန်စွာ ဖော်ထုတ်ခံရခြင်းသာ ဖြစ်သည်။ အကယ်၍ သင့်လျော်သော ပတ်ဝန်းကျင်တစ်ခု မရှိပါက ၎င်းတို့၏ သဘာဝအနှစ်သာရ ဖော်ထုတ်ခြင်းခံရဖို့ အနည်းငယ် ပို၍ကြာမြင့်ကောင်း ကြာမြင့်ပေမည်။ သို့သော် ဤပို၍နှေးကွေးသော ထုတ်ဖော်ပြသခြင်းက ၎င်းတို့၌ ထိုသဘာဝ ကင်းမဲ့သည်ဟု မဆိုလိုပေ။ ထိုသို့သော သဘာဝဖြင့် လူတို့သည် မလွဲမသွေ ပြုမူကြလိမ့်မည်ဖြစ်ပြီး အမှုအရာများကို ထုတ်ဖော်ပြသကြလိမ့်မည်ဖြစ်ကာ ဤထုတ်ဖော်ပြထားသော အပြုအမူများသည် အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရနှင့်ဆိုင်သည့် လက္ခဏာများနှင့် အမှတ်အသားများ ဖြစ်ကြသည်။ ဤလက္ခဏာများနှင့် အမှတ်အသားများကို ၎င်းတို့ ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို အန္တိခရစ်များအဖြစ် သတ်မှတ်၍ရနိုင်ပေသည်။
ငါ့ကို ပြောလော့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကိစ္စရပ်များကို သမ္မာတရားစည်းမျဉ်းများအတိုင်း ကိုင်တွယ်ခြင်းသည် အမျိုးမျိုးသော ဆင်ခြေများနှင့် အကြောင်းပြချက်များ လိုအပ်သလော။ (မလိုအပ်ပါ။) လူတစ်ဦး၌ ရိုးသားသော စိတ်နှလုံးရှိသရွေ့ သမ္မာတရားကို သူလက်တွေ့လုပ်ဆောင်နိုင်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောလူတို့သည် အမျိုးမျိုးသော ဆင်ခြေများကို စိတ်ကူးရကြသလော။ ဥပမာအားဖြင့် ၎င်းတို့သည် တစ်စုံတစ်ရာကို မှားယွင်းစွာ လုပ်ဆောင်မိသောအခါ၊ စည်းမျဉ်းများကို ဆန့်ကျင်ပြီး တစ်စုံတစ်ယောက်က ၎င်းတို့ကို ပြုပြင်ပေးသောအခါ ၎င်းတို့ နားထောင်နိုင်ကြသလော။ နားမထောင်ကြပေ။ ၎င်းတို့ နားမထောင်သည့်အချက်သည် ရှိသမျှအရာအားလုံး ဖြစ်သလော။ ၎င်းတို့သည် မည်သို့ ကောက်ကျစ်ဆိုးယုတ်ကြသနည်း။ (၎င်းတို့က သင်တို့အား မိမိတို့ မှန်ကန်သည်ဟု ထင်မြင်စေလျက် သင်တို့ကို အယုံသွင်းရန် ဆင်ခြေတစ်ခုကို ရှာဖွေကြပါသည်။) ၎င်းတို့သည် သင်၏ အယူအဆများနှင့်လည်းကောင်း၊ စိတ်ကူးစိတ်သန်းများနှင့်လည်းကောင်း ကိုက်ညီသော ရှင်းလင်းချက်တစ်ခုကို ရှာဖွေကြလိမ့်မည်။ ထို့နောက်၊ သင့်ကို ယုံကြည်လက်ခံစေဖို့၊ ၎င်းတို့နှင့်အတူ လိုက်ပါစေရန်နှင့် ၎င်းတို့ မှန်ကန်ကြောင်း သင့်ကို စစ်မှန်စွာ ယုံကြည်စေဖို့အတွက် သင် အသိအမှတ်ပြုပြီး လက်ခံနိုင်သော၊ သမ္မာတရားနှင့် ကိုက်ညီသော ဝိညာဉ်ရေးရာ သီအိုရီတစ်စုံကို အသုံးပြုကြလိမ့်မည်။ အားလုံးမှာ လူတို့အား အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် ၎င်းတို့၏ ပန်းတိုင်ကို အောင်မြင်ရန်အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အမှန်ပင် ကောက်ကျစ်ဆိုးယုတ်ခြင်းဖြစ်၏။ သိသာရှင်းလင်းစွာပင်၊ ၎င်းတို့သည် တစ်စုံတစ်ခုကို မှားယွင်းစွာ လုပ်ဆောင်ပြီးဖြစ်သည်၊ ၎င်းတို့၏ လုပ်ရပ်များ၌ စည်းမျဉ်းများနှင့် သမ္မာတရားကို ဆန့်ကျင်ပြီးဖြစ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ကြပြီးဖြစ်သော်လည်း ၎င်းတို့သည် သီအိုရီဆိုင်ရာ အကြောင်းပြချက်တစ်စုံကို စိတ်ကူးရကြသည်။ ဤသည်မှာ အမှန်တကယ် ကောက်ကျစ်ဆိုးယုတ်ပေသည်။ ယင်းမှာ ဝံပုလွေတစ်ကောင်က သိုးတစ်ကောင်ကို စားခြင်းနှင့်တူသည်။ သိုးများကို စားခြင်းသည် မူလက ဝံပုလွေ၏ သဘာဝ၌ ရှိခဲ့ပြီး ဘုရားသခင်သည် သိုးများကို စားရန် ဤတိရစ္ဆာန်အမျိုးအစားကို ဖန်ဆင်းခဲ့သည်။ သိုးများသည် သူ၏ အစာ ဖြစ်သည်။ သို့သော် စားပြီးနောက် ဝံပုလွေသည် အမျိုးမျိုးသော ဆင်ခြေများကို ရှာဖွေနေဆဲ ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ သင်တို့တွင် အတွေးတစ်ခုတလေ ရှိသလော။ သင်က၊ “ငါ့သိုးကို သင် စားခဲ့ပြီး ယခုတွင် ထိုသိုးကို သင် စားသင့်ကြောင်း၊ ထိုသို့စားခြင်းက ကျိုးကြောင်းဆီလျော်ပြီး သင့်တော်ကြောင်းနှင့် မင်းကို ကျေးဇူးတောင် တင်သင့်သေးကြောင်း ငါ့ကို သင်က တွေးထင်စေချင်နေသည်” ဟု စဉ်းစားသည်။ သင် ဒေါသထွက်သည် မဟုတ်လော။ ( ဒေါသထွက်ပါသည်။) သင် ဒေါသထွက်နေစဉ် မည်သည့် အတွေးများရှိသနည်း။ သင်က၊ “ဤသူသည် အလွန် ကောက်ကျစ်ဆိုးယုတ်ပါတကား။ ထိုအရာကို သင် စားချင်လျှင် စားပါလေ။ ယင်းမှာ သင်ဖြစ်သည့်အရာသာ ဖြစ်သည်။ ငါ့သိုးကို စားခြင်းက တစ်ကြောင်းဖြစ်သော်လည်း၊ အကြောင်းပြချက်များ၊ ဆင်ခြေများ တစ်ပုံတစ်ပင်ကိုပင် စိတ်ကူးရပြီးအပြန်အလှန်အနေဖြင့် သင့်အား ကျေးဇူးတင်ရှိရန် ငါ့ကို တောင်းဆိုနေသည်။ ဤသည်မှာ အမှန်အမှားကို ရှုပ်ထွေးစေခြင်းမဟုတ်လော”ဟု စဉ်းစားလေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ဝံပုလွေတစ်ကောင်က သိုးတစ်ကောင်ကို စားလိုသောအခါ အဘယ်ဆင်ခြေများကို သူရှာတွေ့သနည်း။ ဝံပုလွေက “သိုးငယ်၊ ယနေ့ ကျွန်ုပ် သင့်ကို စားရမည်။ အကြောင်းမှာ မနှစ်က သင် ကျွန်ုပ်ကို စော်ကားခဲ့သည့်အတွက် သင့်ကို ကျွန်ုပ် လက်စားချေရန် လိုအပ်သောကြောင့် ဖြစ်သည်”ဟု ဆိုသည်။ သိုးငယ်က မတရားခံရသည်ဟု ခံစားလျက် “ကျွန်ုပ် မနှစ်က မွေးပင်မမွေးသေးပါ”ဟု ဆိုသည်။ ဝံပုလွေသည် သူစကားမှားပြောမိပြီး သိုးငယ်၏ အသက်ကို မှားတွက်မိကြောင်း သဘောပေါက်သောအခါ သူက “ကောင်းပြီ၊ ယင်းကို ကျွန်ုပ်တို့ ထည့်တွက်မည် မဟုတ်ပါ။ သို့သော် သင့်ကို ကျွန်ုပ် စားမြဲစားရဦးမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ပြီးခဲ့သည့်တစ်ကြိမ်က ဤမြစ်ရေကို ကျွန်ုပ်သောက်ခဲ့ချိန်တွင် သင်က ရေကို ညစ်ပတ်စေခဲ့သောကြောင့် သင့်ကို ကျွန်ုပ် လက်စားချေရန် လိုအပ်သည်”ဟု ဆိုသည်။ သိုးငယ်က “ကျွန်ုပ်သည် မြစ်၏အောက်ပိုင်း၌ ရှိပြီး သင်က အပေါ်ပိုင်း၌ ရှိသည်။ ကျွန်ုပ်သည် အပေါ်ပိုင်းရှိ ရေကို မည်သို့ ညစ်ပတ်စေနိုင်မည်နည်း။ အကယ်၍ သင်က ကျွန်ုပ်ကို စားလိုလျှင် စားသာစားလိုက်ပါလော့။ အမျိုးမျိုးသော ဆင်ခြေများကို မရှာဖွေပါနှင့်” ဟု ဆိုသည်။ ယင်းမှာ ဝံပုလွေ၏ သဘာဝ ဖြစ်သည်။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဝံပုလွေ၏ ကောက်ကျစ်ဆိုးယုတ်မှုသည် အဆင်းနီသော နဂါးကြီး၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့် တူညီသလော။ (တူညီပါသည်။) ဤသရုပ်ဖော်ချက်သည် အဆင်းနီသော နဂါးကြီးနှင့် အသင့်တော်ဆုံးဖြစ်သည်။ အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်ကို ယုံကြည်သောလူတို့အား ဖမ်းဆီးလိုသည်။ ဤလူတို့ကို ရာဇဝတ်မှုများဖြင့် ၎င်းက စွဲချက်တင်လိုသည်။ သို့ဖြစ်၍ ၎င်းသည် ဦးစွာ အချို့သော ဟန်ဆောင်မှုများကို ဖန်တီးသည်။ အချို့သော ကောလာဟလများကို လုပ်ကြံဖန်တီးပြီးနောက် ကမ္ဘာလောကတစ်ခုလုံးက ထကြွပြီး သင်တို့ကို ပြစ်တင်ရှုတ်ချစေရန်အလို့ငှာ ထိုအရာများကို ကမ္ဘာလောကသို့ ထုတ်လွှင့်သည်။ ၎င်းသည် ဘုရားသခင်ကို ယုံကြည်သောသူတို့အား “ပြည်သူ့ငြိမ်ဝပ်ပိပြားရေးကို နှောင့်ယှက်ခြင်း”၊ “နိုင်ငံတော်လျှို့ဝှက်ချက်များကို ပေါက်ကြားစေခြင်း”နှင့် “နိုင်ငံတော်အာဏာကို ဖြိုဖျက်ခြင်း” ကဲ့သို့သော စွဲချက်များစွာ ချမှတ်သည်။ ရာဇဝတ်ပြစ်မှုအမျိုးမျိုးကို သင်တို့ကျူးလွန်ခဲ့သည်ဟု ၎င်းက ကောလာဟလများကိုလည်း ဖြန့်ဝေပြီး သင်တို့ကို ဤစွဲချက်များ ချမှတ်လေသည်။ ယင်းစွဲချက်များကို ဝန်ခံရန် သင်တို့ ငြင်းပယ်ပါက အဆင်ပြေသလော။ ယင်းမှာ သင်က ထိုစွဲချက်များကို ဝန်ခံခြင်း၊ မခံခြင်းနှင့်ဆိုင်သည့် ကိစ္စလော။ မဟုတ်ပေ။ သင်တို့ကို ဖမ်းဆီးရန် ၎င်းက စိတ်ပိုင်းဖြတ်ပြီးသည်နှင့်တစ်ပြိုင်နက် သိုးတစ်ကောင်ကို စားရန် စိတ်ပိုင်းဖြတ်ထားသော ဝံပုလွေတစ်ကောင်ကဲ့သို့ပင် အမျိုးမျိုးသော ဆင်ခြေများကို ရှာဖွေသည်။ အဆင်းနီသော နဂါးကြီးသည် အမှန်တွင် မကောင်းမှုတစ်ခုခုကို အခြားလူများက ပြုလုပ်ခဲ့ချိန်တွင် ထိုအရာများကို ငါတို့ လုပ်ဆောင်ခဲ့သည်ဟု အခိုင်အမာဆိုလျက် အချို့သော ဟန်ဆောင်မှုများကို ဖန်တီးသည်။ ၎င်းက အသင်းတော်ကို အပြစ် လွှဲချပြီး အမှုဆင်သည်။ ၎င်းကို သင်က အကျိုးသင့်အကြောင်းသင့် ပြော၍ရနိုင်သလော။ (မရနိုင်ပါ။) အဘယ်ကြောင့် အကျိုးသင့်အကြောင်းသင့် ပြော၍မရနိုင်သနည်း။ သင်သည် ၎င်းကို ရှင်းလင်းစွာ အကျိုးသင့်အကြောင်းသင့် ပြော၍ရနိုင်သလော။ သင်သည် ၎င်းကို အကျိုးသင့်အကြောင်းသင့်ပြောပြီး အခြေအနေကို ရှင်းပြခြင်းဖြင့် ၎င်းသည် သင့်ကိုဖမ်းဆီးမည်မဟုတ်ဟု တွေးထင်သလော။ သင်သည် ၎င်းကို အကောင်းမြင်လွန်းပေသည်။ သင် စကားပြော၍ မပြီးမီ ၎င်းသည် သင့်ကို ဆံပင်ဖြင့် ဆွဲကိုင်ပြီး သင်၏ ဦးခေါင်းကို နံရံနှင့် ဆောင့်ကာ ထို့နောက်၊ “ငါ အဘယ်သူဖြစ်သည်ကို သင်သိသလော။ ငါက နတ်ဆိုးတစ်ကောင်ဖြစ်သည်”ဟု သင့်ကို ပြောလိမ့်မည်။ ထို့နောက်တွင် နေ့ချီ၊ ညချီ တလှည့်စီ စစ်ဆေးမေးမြန်းခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့နှင့်အတူ ပြင်းထန်စွာ ရိုက်နှက်လိမ့်မည်ဖြစ်ပြီး ထို့နောက် သင်သည် ကောင်းစွာပြုမူလာလိမ့်မည်။ ဤအချိန်၌ သင်သည်၊ “ဤတွင် ကျိုးကြောင်းဆင်ခြင်စရာနေရာ မရှိပါ။ ဤသည်မှာ ထောင်ချောက်တစ်ခုဖြစ်သည်”ဟု သဘောပေါက်လိမ့်မည်။ အဆင်းနီသော နဂါးကြီးသည် သင်နှင့် အကျိုးသင့်အကြောင်းသင့် မပြောပေ။ ၎င်းသည် ထိုဟန်ဆောင်မှုများကို မရည်ရွယ်ဘဲ၊ မတော်တဆ ဖန်တီးသည်ဟု သင် တွေးထင်သလော။ ၎င်း၏ နောက်ကွယ်၌ ပူးပေါင်းကြံစည်မှုတစ်ခု ရှိပြီး ၎င်းက နောက်ထပ်လှုပ်ရှားမှုကို စီစဉ်ထားပြီးဖြစ်သည်။ ဤသည်မှာ ၎င်း၏ လုပ်ရပ်များအတွက် နိဒါန်းတစ်ခုမျှသာ ဖြစ်သည်။ လူအချို့က “သူသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆက်စပ်သည့် ကိစ္စရပ်များကို နားမလည်ပါ။ ထိုအရာကို သူ့အား ငါရှင်းပြလိုက်လျှင် အားလုံး အဆင်ပြေသွားလိမ့်မည်”ဟု တွေးထင်နေဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအရာကို ရှင်းလင်းစွာ သင်ရှင်းပြနိုင်သလော။ ၎င်းက သင် မလုပ်ဆောင်ခဲ့သော တစ်စုံတစ်ရာအတွက် သင့်ကိုအမှုဆင်ခဲ့သည်။ အမှုအရာများကို ရှင်းလင်းစွာ သင် ရှင်းပြနိုင်သေးသလော။ ၎င်းက သင့်ကို အမှုဆင်သောအခါ ယင်းကို သင် မလုပ်ဆောင်ခဲ့ကြောင်း ၎င်းက မသိခဲ့သလော။ ထိုအရာကို မည်သူလုပ်ဆောင်ခဲ့ကြောင်း ၎င်းက မသိဘဲနေသလော။ ၎င်းက အလွန်ကောင်းစွာ သိပေသည်။ သို့ဆိုလျှင် ၎င်းသည် အပြစ်ကို သင့်အပေါ် အဘယ်ကြောင့် ပုံချသနည်း။ ၎င်းက ဖမ်းဆီးနေသောသူမှာ သင် ဖြစ်သည်။ ၎င်းက အပြစ်ကို သင့်အပေါ် ပုံချချိန်တွင် သင် မတရားဆက်ဆံခံရသည်ကို ၎င်းက မသိဟု သင် ထင်သလော။ ၎င်းသည် သင့်ကို မတရားဆက်ဆံလိုပြီး ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်လိုခြင်း ဖြစ်သည်။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။
အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရရှိသူ မည်သူမဆိုသည် ၎င်းတို့၏ အနှစ်သာရ၌ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံကြသကဲ့သို့ ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရည်ရွယ်ချက်လည်း မရှိကြပေ။ ၎င်းတို့၌ သမ္မာတရား သိနားလည်မှုကင်းမဲ့သည်ဟု သင် တွေးထင်ပြီး ထိုသမ္မာတရားအကြောင်းကို ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ရန် ကြိုးပမ်းပါက ရလဒ်အနေဖြင့် အဘယ်အရာ ဖြစ်ပျက်လိမ့်မည်နည်း။ သင် ရှေ့မတိုးသာအောင် ဖြစ်သွားလိမ့်မည်။ မှားယွင်းသောလူကို သင် ရှာတွေ့ပြီးဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံသော တစ်စုံတစ်ယောက် မဟုတ်သကဲ့သို့ သင်သည် ၎င်းတို့နှင့် မိတ်သဟာယမဖွဲ့သင့်ပေ။ ထိုအစား ၎င်းတို့ကို သင်ခန်းစာတစ်ခု ပေးပြီး “သင်သည် သင်၏ တာဝန်ထမ်းဆောင်ကို အချိန်မည်မျှကြာ ထမ်းဆောင်ပြီးဖြစ်သနည်း။ သင်၏ တာဝန်ကို အရေးမပါသော ကိစ္စရပ်တစ်ခုအဖြစ် သင် မည်သို့ သဘောထားနိုင်ရသနည်း။ ယင်းမှာ သင်၏ ကိုယ်ပိုင်အလုပ်လော။ သင်သည် မည်သူ့ကို စိန်ခေါ်နေသနည်း။ သင်သည် ငါ့ကို ဆန့်ကျင်နေခြင်းမဟုတ်၊ ဘုရားသခင်နှင့် သမ္မာတရားကို ဆန့်ကျင်နေခြင်း ဖြစ်သည်” ဟု ဆိုလျက် ပြင်းထန်စွာ ပြောဆိုသင့်သည်။ သင်သည် ၎င်းတို့ကို သင်ခန်းစာတစ်ခု ပေးရန် လိုအပ်သည် မဟုတ်လော။ ၎င်းတို့နှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းသည် အသုံးဝင်သလော။ အသုံးမဝင်ပေ။ အဘယ်ကြောင့် အသုံးမဝင်သနည်း။ ၎င်းတို့သည် ဝံပုလွေများဖြစ်ပြီး လမ်းပျောက်သော သို့မဟုတ် လမ်းလွဲသော သိုးများ မဟုတ်ကြပေ။ ဝံပုလွေတစ်ကောင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ မလုပ်ဆောင်နိုင်ပေ။ ဝံပုလွေတစ်ကောင်၏ သဘာဝမှာ အဘယ်နည်း။ (ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်ပါသည်။) ၎င်းသည် သိုးတစ်ကောင်ကို မြင်သည့်အခိုက်တွင် စတင်သွားရည်ကျပြီး ၎င်း၏ မျက်လုံးများက အရသာရှိသော အစာ၏ ပုံရိပ်များနှင့် ပြည့်နှက်နေကာ သိုးသည် ၎င်း၏ အစာဖြစ်ဖို့ သေချာပေသည်။ ယင်းမှာ ၎င်း၏ သဘာဝဖြစ်သည်၊ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ အကယ်၍ သင်က ၎င်းအား “သိုးများသည် အလွန် သနားစရာကောင်းပြီး နူးညံ့သည်။ ကျေးဇူးပြု၍ သူတို့ကို မစားပါနှင့်။ စားရန်အတွက် အခြား ကြမ်းတမ်းသော တိရစ္ဆာန်တစ်ကောင်ကို ရွေးချယ်ပါ၊ အဆင်ပြေသလော” ဟု ပြောပါက ၎င်းက နားလည်နိုင်သလော။ နားမလည်နိုင်ပေ။ ယင်းမှာ ၎င်း၏ သဘာဝ ဖြစ်သည်။ လူအချို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ အမျိုးမျိုးသော ဆင်ခြေများကို ရှာဖွေကြသည်၊ ယင်းမှာ ၎င်းတို့၏ သဘာဝ ဖြစ်သည်။ ဤသဘာဝကား အဘယ်နည်း။ ယင်းမှာ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ၎င်းတို့၏ လုပ်ရပ်များသည် မည်မျှ ယုတ်ညံ့သည်ဖြစ်စေ၊ ပုန်ကန်သည်ဖြစ်စေ သို့မဟုတ် စည်းမျဉ်းများကို ဗြောင်ကျကျ ဆန့်ကျင်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့၏ သိက္ခာကို အဖတ်ဆယ်ချင်ကြဆဲဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ ဆန့်ကျင်လျှင်ပင် ယင်းကို ကြီးကျယ်ခမ်းနားပြီး ဂုဏ်သိက္ခာရှိသောပုံစံဖြင့် လုပ်ဆောင်လိုကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း မဟုတ်လော။ သမ္မာတရားကို ချိုးဖောက်ခြင်းသည် အပြုသဘောဆောင်သော အရာလော သို့မဟုတ် အပျက်သဘောဆောင်သော အရာလော။ (အပျက်သဘောဆောင်သော အရာဖြစ်ပါသည်။) အပျက်သဘောဆောင်သောအရာ တစ်စုံတစ်ခုကို ကြီးကျယ်ခမ်းနားပြီး ဂုဏ်သိက္ခာရှိကာ ဂုဏ်ယူဖွယ်ကောင်းသောပုံစံဖြင့် မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ ဤသွင်ပြင်လက္ခဏာနှစ်ခုကို ပေါင်းစပ်ရန် ကြိုးစားခြင်းသည် အနည်းငယ် ကသိကအောက်နိုင်သည် မဟုတ်လော။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရရှိသူတို့၏ အပြုအမူနှင့် သရုပ်သကန် ဖြစ်သည်။ ထိုအရာသည် ရှေ့နောက်မညီဖြစ်ပုံရသော်လည်း ယင်းမှာ ၎င်းတို့ ဆောင်ရွက်သည့် ပုံစံသာဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားနှင့် ၎င်းတို့ ထုတ်ဖော်ပြသသည့်အရာ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားအတွက် မုန်းတီးမှုကို ထားရှိပြီး ယင်းကို မည်သည့်အခါမျှ လက်မခံကြပေ။ ဤသည်တို့မှာ အန္တိခရစ်များဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝအနှစ်သာရ ဖြစ်သည်။ အန္တိခရစ်များ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရတွင် အချက်မည်မျှ ရှိသနည်း။ (လေးချက် ရှိပါသည်။) စုစုပေါင်း လေးချက် ရှိသည်။ ဤလက္ခဏာလေးခုသည် ပိုင်းခြားသိမြင်ရန် သင်တို့အတွက် လုံလောက်သည် မဟုတ်လော။ ကောက်ကျစ်ဆိုးယုတ်ခြင်းတွင် မသိမသာအန္တရာယ်ပေးတတ်ခြင်းနှင့် လှည့်ဖြားခြင်းတို့က ပင်ကိုအားဖြင့် ပါဝင်သည်။ ဤမသိမသာ အန္တရာယ်ပေးတတ်ခြင်းနှင့် လှည့်ဖြားခြင်းတို့သည် အဆုံးစွန်သို့ ရောက်ရှိသောအခါ ယင်းတို့ကို ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားအဖြစ် သတ်မှတ်ပေသည်။ အန္တိခရစ်များသည် ဤ ကောက်ကျစ်ဆိုးယုတ်သည့် စိတ်သဘောထားမျိုးကို သရုပ်ထင်စေကြသည်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်