အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂)
ဖြည့်စွက်ချက်- ပုံမှန်လူ့သဘာဝ၏ သွင်ပြင်လက္ခဏာသုံးရပ်ကို အတိုချုံးဆွေးနွေးချက်
ဤတစ်ကြိမ်တွင် ငါတို့၏ မိတ်သဟာယ၌ ဇာတ်လမ်းများကို ပြောမည်မဟုတ်။ မကြာခဏ ဆွေးနွေးသည့် အကြောင်းအရာတစ်ခုဖြစ်သည့် လူ့သဘာဝသည် မည်သည့်အရာဖြစ်သည် ဆိုသည်နှင့် ငါတို့ အစပြုမည်။ ယခင်က ဤအကြောင်းအရာကို ငါတို့ များစွာပြောခဲ့ပြီး ယခုလည်း ပြောပြန်သည်။ ဤသည်မှာ မကြာခဏ ပြောဆိုသည့် အကြောင်းအရာတစ်ခုဖြစ်သည်။ နေ့စဉ်အသက်တာတွင် နေ့စဉ်နေ့တိုင်း ကြုံရသည့် ကိစ္စတစ်ခုဖြစ်သည်။ နေ့စဉ်နေ့တိုင်း နဖူးတွေ့ဒူးတွေ့ဖြစ်၍ တွေ့ကြုံနိုင်သည့် အကြောင်းအရာတစ်ခုဖြစ်သည်။ အကြောင်းအရာမှာ လူ့သဘာဝသည် မည်သည့်အရာဖြစ်သည် ဟူ၍ဖြစ်သည်။ လူ့သဘာဝတွင် အရေးကြီးသောအရာအချို့ အကျုံးဝင်သည်။ နေ့စဉ်အသက်တာတွင် လူ့သဘာဝ၏ အတွေ့ရအများဆုံး သရုပ်သကန်များမှာ အဘယ်နည်း။ (သမာဓိနှင့် ဂုဏ်သိက္ခာ ဖြစ်သည်။) အခြားမည်သည့်အရာရှိသနည်း။ အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြစ်သည်။ မှန်သလော။ (မှန်ပါသည်။) ထိုအရာများကို သင်တို့ မကြာခဏပြောဆိုသည်။ သင်တို့ မကြာခဏ ပြောဆိုခြင်းမရှိသည့် အခြားမည်သည့်အရာများရှိသနည်း။ ဆိုလိုသည်မှာ လူ့သဘာဝနှင့်ပတ်သက်၍ သင်တို့ပြောဆိုလေ့ရှိရာတွင် အခြေခံများဖြင့် သင်တို့မပြောဖြစ်သည့် အကြောင်းအရာများမှာ အဘယ်နည်း။ အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ သမာဓိနှင့် ဂုဏ်သိက္ခာဟူသည့် ဤအကြောင်းအရာများသည် ပုံမှန်ကြုံတွေ့ရသည့် ရင်းနှီးပြီးသားဖြစ်သော အားထား၍ရသည့် အရာများဖြစ်သည်။ သင်တို့ မကြာခဏဆွေးနွေးသော အသိစိတ်၊ ဆင်ခြင်တုံတရား၊ သမာဓိ၊ ဂုဏ်သိက္ခာနှင့် သင်တို့၏ လက်တွေ့ဘဝများကြားတွင် ဆက်စပ်မှုမည်မျှကြီးမားသနည်း။ ထိုအကြောင်းအရာက သင်တို့၏ လက်တွေ့အသက်တာများတွင် သင်တို့၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုကို အဘယ်သို့ တည်ဆောက်စရာဖြစ်စေပြီး ကူညီပေးခဲ့သနည်း။ မည်မျှ အကျိုးပြုခဲ့သနည်း။ ဤသို့ဆိုလျှင် သင်တို့ နေ့စဉ်၊ ပုံမှန်လူသားအသက်တာအပေါ် နီးကပ်စွာ ဆက်နွှယ်နေသည့် အခြားမည်သည့်အရာများ ရှိသနည်း။ အနည်းငယ်ကို ငါပြောမည်။ ယင်းတို့သည် သင်တို့ပုံမှန်ကြုံရသည့် အကြောင်းအရာများ မဟုတ်မဟုတ်ကို ငါတို့ ကြည့်မည်။ လူ့သဘာဝပါဝင်သည့် ငါတို့၏ အကြောင်းအရာနှင့်ပတ်သက်၍ ရှေးဦးစွာ ထိုအချက်အလက်က အပြုသဘောဆောင်ခြင်း ရှိမရှိ၊ အပျက်သဘောဆောင်ခြင်း ရှိမရှိ၊ ပုံမှန်လူ့သဘာဝနှင့် ဆက်နွှယ်ခြင်း ရှိမရှိ၊ ပုံမှန်မဟုတ်သော လူ့သဘာဝနှင့် ဆက်နွှယ်ခြင်း ရှိမရှိဆိုသည်ကို ငါတို့ ဘေးဖယ်ထားမည်။ ငါတို့ ယခုပြောခဲ့သည့် အရာများအပြင် လူတို့၏ နေ့စဉ်အသက်တာများတွင် အမျိုးစုံသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို လူတို့၏ ပြုမူဆက်ဆံပုံ၌ ၎င်းတို့၏ သဘောထားတစ်ခုရှိသည်။ ထိုတစ်ခုမဟုတ်သလော။ ယင်းတွင် လူ့သဘာဝ မပါဝင်သလော။ (ပါဝင်ပါသည်။) နောက်တစ်ခုရှိသည်။ ယင်းမှာ လူတို့၏ နေ့စဉ်အသက်တာများတွင် ၎င်းတို့၏ တစ်ကိုယ်ရေပတ်ဝန်းကျင်များကို ၎င်းတို့ကြီးကြပ်စီမံမှု ဖြစ်သည်။ နောက်တစ်ခုရှိသည်။ လူတို့သည် ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့ရာတွင် ၎င်းတို့၏ သဘောထားနှင့် အပြုအမူဖြစ်သည်။ ဤအချက်သုံးချက်မှာ လူ့သဘာဝနှင့် ဆက်နွှယ်သလော။ (ဆက်နွှယ်ပါသည်။) ယင်းတို့အားလုံး ဆက်နွှယ်သည်။ ယခု ငါတို့ဆွေးနွေးမည့် အကြောင်းအရာအတွက် သမ္မာတရားအား လူ၏ လိုက်စားမှု၊ ဘုရားသခင်အပေါ် မိမိ၏ ယုံကြည်မှုတွင် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နည်းနှင့် အမျိုးမျိုးသော စည်းမျဉ်းများအားလုံးကို ထိန်းသိမ်းနည်းဟူသည့် အကြောင်းအရာများကို ဘေးဖယ်ထားပြီး လူ့သဘာဝအကြောင်းကိုသာ ပြောဆိုမည်။ ဤသို့ဆိုလျှင် လူ့သဘာဝအပေါ် ထိုအချက်သုံးချက်၏ ဆက်စပ်မှုသည် မည်မည်ရရ ရှိသလော။ (ရှိပါသည်။) ထိုအချက်သုံးချက်မှာ အဘယ်နည်း။ ယင်းတို့ကို ပြန်လည်ဖော်ပြပါ။ (ပထမတစ်ခုမှာ လူတို့၏ နေ့စဉ်အသက်တာများတွင် အမျိုးစုံသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို လူတို့၏ ပြုမူဆက်ဆံပုံ၌ ၎င်းတို့၏ သဘောထားဖြစ်သည်။ ဒုတိယတစ်ခုမှာ လူတို့၏ နေ့စဉ်အသက်တာများတွင် ၎င်းတို့၏ တစ်ကိုယ်ရေပတ်ဝန်းကျင်များကို ၎င်းတို့ကြီးကြပ်စီမံမှုဖြစ်သည်။ တတိယတစ်ခုမှာ လူတို့၏ နေ့စဉ်အသက်တာများတွင် လူတို့သည် ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့ရာတွင် ၎င်းတို့၏ သဘောထားနှင့် အပြုအမူဖြစ်သည်။) ပြီးလျှင် ထိုအချက်သုံးချက်တွင် မည်သည့်အရာပါဝင်သနည်း။ (လူ့သဘာဝဖြစ်သည်။) ဤအချက်သုံးချက်တွင် လူ့သဘာဝ ပါဝင်သည်ဟုလည်းကောင်း၊ လူ့သဘာဝနှင့် ဆက်နွှယ်သည်ဟုလည်းကောင်း ငါတို့အဘယ်ကြောင့်ဆိုသနည်း။ ဤသုံးခုကို ငါတို့အဘယ်ကြောင့် အာရုံစိုက်ကြမည်နည်း။ အသိစိတ်နှင့် ဆင်ခြင်တုံတရားအပိုင်းကို ငါတို့ အဘယ်ကြောင့်မပြောသနည်း။ ဤသုံးချက်ကို ပြောရန်အတွက် ငါတို့အများအားဖြင့် ဆွေးနွေးသည့် ကဏ္ဍများကို အဘယ်ကြောင့် ဘေးဖယ်ထားသနည်း။ ဤသုံးချက်သည် ငါတို့ ယခင်က ဆွေးနွေးခဲ့သည့် လူ့သဘာဝနှင့် ဆက်နွှယ်သည့် အသိစိတ်၊ ဆင်ခြင်တုံတရား၊ သမာဓိနှင့် ဂုဏ်သိက္ခာထက် ပို၍ အဆင့်မြင့်သလော၊ သို့မဟုတ် ပို၍ အခြေခံကျသလော။ (ပို၍ အခြေခံကျပါသည်။) ဤသို့ဆိုလျှင် ဤအရာများကို ဆွေးနွေးခြင်းသည် သင်တို့ကို သိမ်ငယ်စေသလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ယင်းတို့ကို ငါတို့ အဘယ်ကြောင့် ဆွေးနွေးမည်နည်း။ (ယင်းတို့သည် လက်တွေ့ကျသောကြောင့်ဖြစ်သည်။) ယင်းတို့သည် ပို၍ လက်တွေ့ကျသည်။ ဤသည်မှာ သင်တို့တွင်ရှိသည့် အကြောင်းရင်းလော။ ဤအကြောင်းကို ငါတို့ အဘယ်ကြောင့်ပြောဆိုမည်နည်း။ အဘယ်ကြောင့်ဆိုသော် ပြဿနာများကို ငါတွေ့သောကြောင့် ဖြစ်သည်။ ၎င်းတို့တွင် ရှိသည့် အခြေအနေများနှင့် လူတို့၏ နေ့စဉ်အသက်တာများတွင် ပြသသော အပြုအမူအမျိုးမျိုးနှင့်ပတ်သက်ပြီး လူတို့၏ လက်တွေ့ဘဝများနှင့် နီးကပ်စွာ ဆက်စပ်နေသည့် ပြဿနာအနည်းငယ်ကို ငါတွေ့ရှိခဲ့သည်။ ပြီးလျှင် မိတ်သဟာယအတွက် ယင်းတို့ကို တစ်ခုချင်း ချပြရန် လိုအပ်သည်။ လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် လက်တွေ့ဘဝကိုလည်းကောင်း၊ ပုံမှန်လူ့သဘာဝနှင့် နေ့စဉ်အသက်တာ၏ အပြုအမူအမျိုးမျိုးကိုလည်းကောင်း ဘေးဖယ်ပြီး သမ္မာတရားကို၊ ဘုရားသခင်ချစ်သည့်သူတစ်ဦးဖြစ်ခြင်းကဲ့သို့သော အလွန်လေးနက်သော သမ္မာတရားများကိုသာ ဇွဲနပဲကြီးစွာ လိုက်စားလျှင် ယင်းသည် မည်သည့်ပြဿနာကို ဖြစ်စေမည်နည်းဆိုသည်ကို ငါ့ကို ပြောလော့။ တစ်စုံတစ်ယောက်သည် သမ္မာတရားအပေါ် မိမိ၏ လိုက်စားမှုတွင် သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်နိုင်သည့် အခြေခံလိုအပ်ချက်မှာ အဘယ်နည်း။ (၎င်းတို့သည် လက်တွေ့ဘဝတွင် ယင်းကို လုပ်ဆောင်ရမည်။) အခြားမည်သည့်အရာ ရှိသေးသနည်း။ (ပုံမှန်လူ့သဘာဝကို ၎င်းတို့ လိုအပ်သည်။) မှန်သည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ရမည်။ ယင်းသည် အသိစိတ်၊ ဆင်ခြင်တုံတရား၊ သမာဓိနှင့် ဂုဏ်သိက္ခာအပြင် ငါတို့ ယခုပြောခဲ့သည့် အချက်သုံးချက်ပါဝင်သည်။ တစ်စုံတစ်ယောက်သည် လူ့သဘာဝနှင့်ပတ်သက်သည့် ဤအချက်သုံးချက်တွင် စံနှုန်းအတိုင်း မလုပ်ဆောင်နိုင်လျှင်၊ သို့မဟုတ် ပုံမှန်ဖြစ်ခြင်းကို မရရှိနိုင်လျှင် သမ္မာတရားအား လိုက်စားခြင်းနှင့် ရှာဖွေခြင်းအကြောင်း ပြောဆိုခြင်းသည် အနည်းငယ် အနှစ်ကင်းမဲ့လိမ့်မည်။ သမ္မာတရားအား လိုက်စားခြင်း၊ သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ခြင်းကို လိုက်စားခြင်း၊ ကယ်တင်ခြင်းကို လိုက်စားခြင်းဟူသည့် ဤအရာတို့သည် လူတိုင်းမရရှိနိုင်ဘဲ သမ္မာတရားကိုချစ်ပြီး ပုံမှန်လူ့သဘာဝရှိသည့် လူနည်းစုသာ ရရှိနိုင်သည်။ အကြင်သူသည် ပုံမှန်လူ့သဘာဝရှိသည့်သူတစ်ဦးက မည်သည့်အရာအား ပိုင်ဆိုင်သင့်သည်ကိုဖြစ်စေ၊ မည်သည့်အရာ လုပ်ဆောင်သင့်သည်ကိုဖြစ်စေ၊ အချို့သောလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့်ပတ်သက်ပြီး မည်သည့်သဘောထားမျိုးနှင့် အမြင်ရှုထောင့်မျိုးအား ပိုင်ဆိုင်သင့်သည်ကို မသိလျှင် ထိုသူသည် သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ခြင်းကို ရရှိနိုင်စွမ်းရှိသလော။ သမ္မာတရားကို သူ၏လိုက်စားမှုက ရလဒ်များ ဖြစ်ထွန်းနိုင်သလော။ ဝမ်းနည်းစရာကောင်းစွာပင် မရရှိနိုင်ပေ။
က။ အမျိုးစုံသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို လူတို့၏ ပြုမူဆက်ဆံပုံ၌ ၎င်းတို့၏ သဘောထား
လူတို့၏ နေ့စဉ်အသက်တာများတွင် အမျိုးစုံသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို လူတို့၏ ပြုမူဆက်ဆံပုံ၌ ၎င်းတို့၏ သဘောထားဟူသည့် လူ့သဘာဝပါဝင်သည့် ပထမအချက်ကို မိတ်သဟာယပြုခြင်းဖြင့် ငါတို့ အစပြုမည်။ "နေ့စဉ်အသက်တာများ" ဆိုသည်မှာ မည်သည့်အရာအား ဆိုလိုသည်ကို လူတိုင်းနားလည်သည်။ အသေးစိတ်ဖော်ပြရှင်းလင်းဖို့ မလိုပေ။ ဤသို့ဆိုလျှင် လူ့သဘာဝနှင့် ဆက်နွှယ်သည့် အဓိကလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှာ အဘယ်နည်း။ ဆိုလိုသည်မှာ ယင်းတွင် ပုံမှန်လူ့သဘာဝ၏ အဆင့်သို့ မြင့်တက်သော၊ ယင်း၏ နယ်ပယ်နှင့် ဆက်စပ်သော၊ ယင်းအကြောင်းနှင့် စပ်လျဉ်းသော မည်သည့်အရာရှိသနည်း။ (လူများ၊ အမှုအရာများနှင့် ထိတွေ့ဆက်ဆံခြင်းဖြစ်သည်။) ယင်းမှာ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သင်ယူသင့်သည့် အသိပညာနှင့် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများလည်းရှိသည်။ ပြီးလျှင် နေ့စဉ် အသက်ရှင်ခြင်းအတွက် အထွေထွေအသိပညာရှိသည်။ ဤသည်တို့မှာ ပုံမှန်လူ့သဘာဝရှိသူတစ်ဦး နားလည်ပြီး ပိုင်ဆိုင်သင့်သည့် အပိုင်းများအားလုံး ဖြစ်သည်။ ဥပမာ လူအချို့သည် လက်သမားအတတ်၊ သို့မဟုတ် ပန်းရံအတတ်ကို သင်ယူကြပြီး အခြားလူတို့မှာ ကားမောင်းခြင်း၊ သို့မဟုတ် ကားပြင်ခြင်းကို သင်ယူကြသည်။ ဤသည်တို့မှာ ကျွမ်းကျင်မှုများ၊ လက်မှုပညာများဖြစ်သည်။ ဤသို့သော လက်မှုပညာကို သိခြင်းသည် ထိုလက်မှုပညာ၏ အတတ်ပညာပိုင်းဆိုင်ရာ အသက်မွေးမှုလုပ်ငန်းတွင် ကျွမ်းကျင်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် ကျွမ်းကျင်သူတစ်ဦးအဖြစ် သတ်မှတ်ခံရရန်အတွက် မည်သည့်အဆင့်နှင့် မည်သည့်စံနှုန်းအထိ ကျွမ်းကျင်မှုတစ်ခုကို သင်ယူရမည်နည်း။ အနည်းဆုံးအနေဖြင့် ပြီးဆုံးသွားသောထုတ်ကုန်တစ်ခုကို လက်ခံနိုင်ဖွယ်ဖြစ်သည့် စံနှုန်းအထိ ထုတ်လုပ်နိုင်ရမည်။ အလွန်ပင် ဖြစ်ကတတ်ဆန်းဖြစ်သော အလုပ်ကို လုပ်သောသူအချို့ရှိသည်။ ၎င်းတို့လုပ်ဆောင်သည့်အလုပ်များသည် စံမမီပေ။ မရှုမြင်နိုင်သည့်အဆင့်အထိပင် ဖြစ်သည်။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ယင်းသည် ၎င်းတို့၏ အသက်မွေးမှုလုပ်ငန်းအပေါ် ၎င်းတို့၏ သဘောထားနှင့် ဆိုင်သည်။ လူအချို့သည် တာဝန်သိသော သဘောထားမရှိ။ ၎င်းတို့က "ငါပြုလုပ်သောအရာသည် အလုပ်ဖြစ်လျှင် ရပြီဖြစ်သည်။ ယင်းနှင့် နှစ်အနည်းငယ်ကြာ ဖြစ်အောင်သာလုပ်ဆောင်ပါ။ ပြီးလျှင် ပြင်လိုက်ပါ" ဟူ၍ တွေးသည်။ ဤအမြင်မျိုးသည် ပုံမှန်လူ့သဘာဝရှိသောသူတို့ ပိုင်ဆိုင်သင့်သည့်အရာ ဖြစ်သလော။ (မဟုတ်ပါ။) လူအချို့သည် ပျော်ပျော်နေသေခဲဖြစ်သည့်၊ ဥပေက္ခာပြုသည့် သဘောထားများရှိသည်။ "ရပြီ" ဆိုသည်မှာ ၎င်းတို့အတွက် အဆင်ပြေသည်။ ဤသည်မှာ တာဝန်မသိတတ်သော သဘောထားဖြစ်သည်။ အမှုအရာများကို အလွန် ပေါ့ပေါ့ဆဆနှင့် တာဝန်မဲ့စွာ ကိုင်တွယ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုအတွင်းရှိ အရာတစ်ခု ဖြစ်သည်။ ယင်းမှာ လူတို့ မကြာခဏ ရည်ညွှန်းသည့် စက်ဆုပ်ဖွယ်ကောင်းမှု ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့် ကိစ္စရပ်များအားလုံးတွင် ၎င်းတို့က “မှန်လုနီးပါးဖြစ်သည်”နှင့် “အတော် နီးစပ်သည်”ဆိုသည်အထိ လုပ်ဆောင်ကြ၏။ ယင်းသည် “ဖြစ်နိုင်သည်” “ဖြစ်ကောင်းဖြစ်နိုင်မည်”၊ “ငါးခုထဲမှ လေးခု” ဆိုသည့် သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကြ၏၊ အနည်းဆုံး လုပ်ဆောင်ရမည်ကို စိတ်ကျေနပ်ကြသကဲ့သို့ ဖြီးဖြန်း၍ လုပ်ဆောင်ရခြင်းကို ကျေနပ်ကြလေသည်။ အမှုအရာများကို အလေးအနက်ထားရာတွင် သို့မဟုတ် စေ့စပ်ခြင်းတွင် အကျိုးမရှိဟု ၎င်းတို့ မြင်ကြပြီး သမ္မာတရားစည်းမျဉ်းများကို ရှာဖွေခြင်း၌ သာ၍အကျိုးမရှိဟု ၎င်းတို့ မြင်ကြလေသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်း၌ ရှိသည့် အရာတစ်ခုဖြစ်သည် မဟုတ်လော။ ယင်းသည် ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်တစ်ခုလော။ မဟုတ်ပေ။ ယင်းကို မာနထောင်လွှားမှုဟု ခေါ်ဆိုခြင်းသည် မှန်ကန်သကဲ့သို့ အကျင့်ပျက်သည့်အရာဟု ခေါ်ဆိုခြင်းမှာလည်း လုံးဝ ဆီလျော်၏။ သို့သော် ယင်းကို အပြည့်အဝ အတိအကျဖော်ပြဖို့ရာ၊ လုံလောက်မည့် တစ်ခုတည်းသော စကားလုံးမှာ “စက်ဆုပ်ဖွယ်” ဖြစ်သည်။ လူအများစု၌ ၎င်းတို့အတွင်းတွင် စက်ဆုပ်ဖွယ်ကောင်းမှု ရှိသည်မှာ အတိုင်းအတာ အမျိုးမျိုးသာ ကွဲပြားလေသည်။ ကိစ္စအားလုံး၌ ၎င်းတို့သည် အမှုအရာများကို ဝတ်ကျေတမ်းကျေ၊ ပေါ့ပေါ့ဆဆပုံစံနှင့် လုပ်ဆောင်လိုပြီး ၎င်းတို့ လုပ်ဆောင်သမျှတိုင်းတွင် လှည့်ဖြားမှု အငွေ့အသက်တစ်ခု ရှိလေသည်။ ၎င်းတို့သည် တတ်နိုင်သည့်အခါ အခြားသူများကို လိမ်လည်လှည့်စားသည်၊ တတ်နိုင်သည့်အခါ ဖြတ်လမ်းလိုက်ကြပြီး တတ်နိုင်သည့်အခါ အချိန်ခိုကြသည်။ ၎င်းတို့က မိမိဘာသာ စဉ်းစားကြသည်။ “ထုတ်ဖော်ခံရခြင်းကို ငါ ရှောင်ကြဉ်သရွေ့၊ ပြဿနာများမဖြစ်သရွေ့၊ ဖြေရှင်းချက်ပေးရန် မခေါ်ခံရသရွေ့ ဤအရာကို ငါ ဖြစ်သလို လုပ်နိုင်သည်။ အလွန်ကောင်းစွာလုပ်ဆောင်ဖို့မလို။ ယင်းသည် အလွန်ဒုက္ခများလွန်းသည်” ဟူ၍ ဖြစ်သည်။ ထိုသို့သော လူတို့သည် မည်သည့်အရာကိုမျှ ကျွမ်းကျင်သည်အထိ မတတ်မြောက်ကြသကဲ့သို့၊ ၎င်းတို့၏ လေ့လာမှုများတွင် ဝါယမစိုက်ထုတ်ခြင်း မရှိကြချေ၊ သို့မဟုတ် ဒုက္ခခံပြီး အဖိုးအခပေးဆပ်ခြင်း မရှိကြချေ။ ၎င်းတို့သည် အကြောင်းအရာတစ်ခုကို အပေါ်ယံသာ ထိတွေ့ပြီး သိစရာရှိသည့်အရာအားလုံးကို ၎င်းတို့ သင်ယူလေ့လာပြီးဖြစ်သည်ဟု ယုံကြည်လျက် မိမိတို့ကိုယ်ကို ထိုအရာတွင် ကျွမ်းကျင်သည်ဟု ဆိုကြလေသည်၊ ထို့နောက် ၎င်းတို့၏လမ်းတစ်လျှောက် ကမောက်ကမဖြစ်စေဖို့ ဤအရာအပေါ် မှီခိုကြလေသည်။ ဤသည်မှာ အခြားလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် လူတို့ ထားရှိသော သဘောထားတစ်ခု ဖြစ်သည် မဟုတ်လော။ ယင်းသည် ကောင်းမွန်သော သဘောထား ဖြစ်သလော။ မဟုတ်ပေ။ ရိုးရှင်းစွာပြောရလျှင် ယင်းက “အိုးနင်းခွက်နင်းနှင့်ပင် ပြီးမြောက်သွားစေခြင်း” ဖြစ်သည်။ ထိုသို့သော စက်ဆုပ်ဖွယ်ကောင်းမှုသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးထဲတွင် တည်ရှိလေသည်။ ၎င်းတို့၏ လူ့သဘာဝတွင် စက်ဆုပ်ဖွယ်ကောင်းမှုရှိသော လူတို့သည် ၎င်းတို့လုပ်သမျှတွင် ဖြစ်သလို ပြုလုပ်သည့်အမြင်နှင့် သဘောထားကို မှတ်ယူကြသည်။ ထိုသို့သော လူများသည် မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်း ရှိသလော။ မထမ်းဆောင်နိုင်ပါ။ ၎င်းတို့သည် အမှုကိစ္စများကို စည်းမျဉ်းဖြင့် လုပ်ဆောင်နိုင်သလော။ ပို၍ပင် လုပ်ဆောင်နိုင်ချေမရှိပေ။
လူအချို့သည် ၎င်းတို့လုပ်ဆောင်သမျှတိုင်းတွင် တည်တည်တံ့တံ့ မရှိဘဲ ဖြစ်ကတတ်ဆန်းနိုင်သည်၊ ဝတ်ကျေတမ်းကျေဆန်ပြီး တာဝန်မသိတတ်ပေ။ ဥပမာ ကားမောင်းသင်သည့်တိုင် ကားမောင်းသောအခါတွင် မည်သည့်အရာအား အာရုံစိုက်ရမည်၊ သို့မဟုတ် မည်သည့်အရှိန်က အင်ဂျင်ကို ထိခိုက်သည်ဆိုသည်ကို အတွေ့အကြုံရှိသော ကားမောင်းသမားများအား လုံးဝမမေးသောသူအချို့ရှိသည်။ ၎င်းတို့သည် မမေးပေ။ ကားသာမောင်းသည်။ ပြီးလျှင် ရလဒ်အနေဖြင့် ကားကို ဖျက်ဆီးလေသည်။ ၎င်းတို့သည် ကားကို ကန်ကျောက်ပြီး "ဤကားသည် မတောင့်ပေ။ ငါ့အား မာစီဒီး၊ သို့မဟုတ် ဘီမမ်ဒဗလျူပေးပါ။ ဤအိုဟောင်းသော အသုံးမကျသည့်ကားသည် အလုပ်ဖြစ်မည်မဟုတ်။ ခေတ်နောက်ကျနေပြီ ဖြစ်သည်" ဟု ပြောသည်။ ယင်းသည် မည်သည့်သဘောထားနည်း။ ၎င်းတို့သည် ရုပ်ဝတ္ထုပစ္စည်းများကို အမြတ်တနိုး ဂရုစိုက်မှုဖြင့် မကိုင်တွယ်ပေ။ ပြီးလျှင် ယင်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားဖို့ မစဉ်းစားဘဲ တမင်တကာ ဖျက်ဆီးပြီး ပျက်စီးစေသည်။ လူအချို့သည် ဖြစ်ကတတ်ဆန်းနိုင်သော၊ တာဝန်ကို ဂရုမစိုက်သောဘဝများကို ရှင်သန်နေထိုင်သည်။ ၎င်းတို့သည် ဖြစ်ကတတ်ဆန်း၊ ပေါ့ဆသောပုံစံဖြင့် အရာရာတိုင်းကို တစ်နေကုန်လုပ်ဆောင်သည်။ ဤသည်တို့မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ (အာရုံမစိုက်သောလူများဖြစ်သည်။) "အာရုံမစိုက်သောလူများ" ဆိုသည်မှာ ချိုသာစွာပြောသောပုံစံဖြစ်သည်။ "၎င်းတို့ကို ပေါ့ဆသောလူများ" ဟု ခေါ်ဆိုသင့်သည်။ "ယုတ်သောလူများ" ဆိုသည်ကလည်း သင့်တော်သည်။ ဤသည်မှာ လွန်သလော။ မြင့်မြတ်သောလူများနှင့် ယုတ်ညံ့သောလူများကြားတွင် မည်သို့ ခွဲခြားသိမြင်နိုင်သနည်း။ တာဝန်များအပေါ် ၎င်းတို့၏ သဘောထားနှင့် လုပ်ရပ်များကိုသာ ကြည့်လော့။ ပြီးလျှင် အမှုကိစ္စများ ဖြစ်ပေါ်သောအခါ အမှုအရာများကို ၎င်းတို့ သဘောထားသည့်၊ ပြုမူသည့် ပုံစံကို ကြည့်လော့။ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာရှိသောလူတို့သည် ၎င်းတို့၏ လုပ်ရပ်များတွင် စေ့စပ်သည်။ တာဝန်သိသည်။ ပြီးလျှင် ဇွဲလုံ့လရှိသည်။ ပြီးလျှင် ၎င်းတို့သည် အဖိုးအခပေးဆပ်လိုစိတ်ရှိသည်။ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ မရှိသည့်လူများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် ဂရုမစိုက်ဘဲ ပေါ့ပေါ့ဆဆ နိုင်ကြသည်၊ လှည့်ကွက်အချို့ကို အစဉ် လုပ်ဆောင်ကြသည်၊ အိုးနင်းခွက်နင်းနှင့် ပြီးမြောက် သွားဖို့သာ အစဉ်လိုလားကြသည်။ မည်သည့်နည်းပညာကို ၎င်းတို့ လေ့လာသည်ဖြစ်စေ ဇွဲလုံ့လရှိစွာ မသင်ယူပေ။ ၎င်းတို့သည် ယင်းကို သင်ယူရန် မတတ်နိုင်ပေ။ ပြီးလျှင် လေ့လာရာတွင် အချိန်မည်မျှကုန်ပါစေ ၎င်းတို့သည် လုံးလုံး မသိနားမလည်လျက် ရှိနေသည်။ ဤသူတို့မှာ ကိုယ်ကျင့်စရိုက် နိမ့်ကျသောလူများ ဖြစ်သည်။ လူအများစုသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ဆန်ကြသည်။ ထိုတွင် မည်သည့်စိတ်သဘောထားက လွှမ်းမိုးနေသနည်း။ (ဆန်ကုန်မြေလေးဖြစ်ခြင်း ဖြစ်သည်။) ဆန်ကုန်မြေလေးဖြစ်သောလူများသည် ၎င်းတို့၏ တာဝန်ကို မည်သို့သဘောထားသနည်း။ အသေအချာပင် ၎င်းတို့သည် တာဝန်အပေါ် မှန်ကန်သော သဘောထားမရှိ။ တာဝန်အပေါ် အသေအချာပင် ဝတ်ကျေတမ်းကျေဆန်ကြသည်။ ဤသည်မှာ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝမရှိဟု ဆိုလိုသည်။ အလွန်အမင်း ဆန်ကုန်မြေလေးဖြစ်သောသူတို့သည် တိရစ္ဆာန်များကဲ့သို့ ဖြစ်သည်။ အိမ်မွေးတိရစ္ဆာန်အဖြစ် ခွေးတစ်ကောင်မွေးခြင်းကဲ့သို့ ဖြစ်သည်။ သင်က ခွေးကို စောင့်မကြည့်လျှင် အရာဝတ္တုများကို ကိုက်ဝါးပြီး သင်၏ ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများအားလုံးကို ဖျက်ဆီးလိမ့်မည်။ ဤသို့ဆိုလျှင် ဆုံးရှုံးမှုဖြစ်လိမ့်မည်။ ခွေးများသည် တိရစ္ဆာန်များဖြစ်သည်။ အရာဝတ္ထုများကို အမြတ်တနိုး ဂရုစိုက်မှုဖြင့် ကိုင်တွယ်ဖို့ မတွေးပေ။ ၎င်းတို့နှင့် သင်ငြင်းခုံ၍မရပေ။ ၎င်းတို့ကို ကိုင်တွယ်ရမည်သာ ဖြစ်သည်။ သင်က မကိုင်တွယ်ဘဲ တိရစ္ဆာန်တစ်ကောင်ကို သောင်းကျန်းခွင့်ပြုပြီး သင့်ဘဝကို အဖျက်အမှောင့် လုပ်ခွင့်ပေးလျှင် သင်၏ လူ့သဘာဝ၌ တစ်စုံတစ်ခု လိုနေသည်ကို ပြသည်။ ဤသို့ဆိုလျှင် သင်သည် တိရစ္ဆာန်တစ်ကောင်နှင့် များစွာမကွာခြားပေ။ သင်၏ ဉာဏ်ရည်ဉာဏ်ကဲက နိမ့်လွန်းသည်။ သင်သည် အလကားလူဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့ကို မည်သို့ကောင်းစွာ ကိုင်တွယ်သနည်း။ သင်သည် သတ်မှတ်ချက်ဘောင် အချို့အတွင်း၌ ၎င်းတို့ကို ကန့်သတ်ရန်၊ သို့မဟုတ် လှောင်အိမ်ထဲ၌ ထားရန် စဉ်းစားဖို့လိုပြီး တစ်ရက်စီတွင် သတ်မှတ်ထားသော အချိန်နှစ်ချိန်၊ သို့မဟုတ် သုံးချိန် ထွက်ခွင့်ပြုဖို့လိုသည်။ ဤသို့ဖြင့် ၎င်းတို့သည် အတော်အသင့်ဖြစ်သော လှုပ်ရှားမှုကို ရသည်။ ဤသည်မှာ ၎င်းတို့၏ အကြောင်းမဲ့ကိုက်ဝါးခြင်းကို ဟန့်တားလိမ့်မည်ဖြစ်ပြီး ၎င်းတို့ ကျန်းမာနေစေရန် လေ့ကျင့်ခန်းလည်း ပြုလုပ်စေလိမ့်မည်။ ဤသို့ဖြင့် ခွေးသည် ကောင်းစွာကိုင်တွယ်ခြင်းခံရပြီး သင့်ပတ်ဝန်းကျင်လည်း အကာအကွယ်ရသည်။ လူတစ်ဦးသည် သူတွေ့ကြုံသောအရာများကို မကိုင်တွယ်နိုင်ဘဲ မှန်ကန်သော သဘောထားမရှိလျှင် သူ၏ လူ့သဘာဝတွင် တစ်စုံတစ်ခု လိုအပ်နေသည်။ ပုံမှန်လူ့သဘာဝ၏ စံနှုန်းကို မမီနိုင်ပေ။ သို့မဟုတ် အချက်အပြုတ်နှင့်ပတ်သက်လျှင် သာမန်လူတို့သည် ကြော်လှော်သောအခါတွင် ဆီအနည်းငယ်ကိုသာ အသုံးပြုသော်လည်း များစွာအသုံးပြုသော အမျိုးသမီးအချို့ရှိသည်။ သင်က ချမ်းသာနေလျှင်ပင် ဆီကို ဖြုန်းတီး၍မရပေ။ သင့်တင့်မှုရှိသောပမာဏကို သင်အသုံးပြုရမည်။ သို့သော် ဤအမျိုးသမီးများသည် ယင်းကို ဂရုမစိုက်ပေ။ ၎င်းတို့သည် ကြော်လှော်သောဟင်းထဲသို့ လက်ချော်ပြီး ဆီများစွာလောင်းထည့်မိလျှင် ၎င်းတို့သည် ပိုသည့်ဆီများကို ခပ်ထုတ်ပြီး မြေပေါ်သို့သာ ပစ်ချလိုက်သည်။ ဤသည်မှာ ဖြုန်းတီးခြင်း မဟုတ်လော။ ရုပ်ဝတ္ထုပစ္စည်းများအပေါ် ထိုသဘောထား ရှိသူတစ်ဦးကို လူအများက မည်သို့ခေါ်သနည်း။ "အသုံးအဖြုန်းကြီးသောသူ"၊ သို့မဟုတ် စော်ကားသည့်အနေဖြင့် "လက်ဖွာသူ" ဟူ၍ ဖြစ်သည်။ ရုပ်ဝတ္ထုပစ္စည်းများသည် မည်သည့်နေရာမှ လာသနည်း။ ဘုရားသခင်က ပေးခြင်းဖြစ်သည်။ လူအချို့က ၎င်းတို့၏ ပစ္စည်းများကို ၎င်းတို့ ကြိုးစားပမ်းစား ရှာဖွေသိုမှီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် ဘုရားသခင်က ပေးခြင်းမဟုတ်လျှင် သင်မည်မျှ ကြိုးစားပမ်းစား ရှာဖွေသိုမှီးနိုင်သနည်း။ သူသည် သင့်အား အသက်ကိုပေးခဲ့သည်။ သူသည် သင့်အား အသက်ကိုမပေးခဲ့လျှင် သင်သည် မည်သည့်အရာကိုမျှ ရမည်မဟုတ်ဘဲ သင်သည် မည်သည့်အရာမျှ ဖြစ်မည်မဟုတ်။ ဤသို့ဆိုလျှင် သင်၏ ထိုရုပ်ဝတ္ထုပစ္စည်းများ သင့်ထံတွင် ရှိနိုင်သေးသလော။ ဘုရားသခင်သည် သင့်အား သာမန်အိမ်ထောင်စုတစ်ခုထက်ပို၍ ပေးခဲ့ကောင်း ပေးခဲ့နိုင်သည်။ သို့သော် သင်က ယင်းကို ဖြုန်းတီးသည့် သဘောထားနှင့် အမြင်သည် မှန်ကန်သော သဘောထား ဟုတ်သလော။ လူ့သဘာဝနှင့်ပတ်သက်လျှင် ဤအရာကို မည်သို့အမျိုးအစားခွဲရမည်နည်း။ ဤသို့သောသူတစ်ဦးသည် လူ့သဘာဝနိမ့်ကျသည်။ အသုံးအဖြုန်းကြီးခြင်း၊ အရာဝတ္ထုများကို ဖြုန်းတီးခြင်း၊ အရာဝတ္ထုများကို အမြတ်တနိုး ဂရုစိုက်မှုဖြင့် ကိုင်တွယ်ဖို့ မသိခြင်းဟူသည့် ဤသို့သောသူတွင် ပုံမှန်လူ့သဘာဝမရှိ။ လူအချို့သည် ဘုရားအိမ်တော်ရှိ အရာဝတ္ထုများကို ဂရုတစိုက် ကိုင်တွယ်ရန် စဉ်းပင်မစဉ်းစားပေ။ တစ်စုံတစ်ခုကို ဘုရားအိမ်တော်က ပိုင်သည်။ ၎င်းတို့က ဤအရာကို မြင်သည်။ သို့တိုင်အောင် မိုးရွာတော့မည်ဆိုလျှင်၊ ထိုအရာက စိုစွတ်သွားလျှင် မကောင်းမည်ဖြစ်လျှင် ၎င်းတို့က မည်သို့တွေးသနည်း။ "စိုစွတ်လျှင် အရေးမကြီး။ ယင်းမှာ ငါ၏ ပစ္စည်းလည်း မဟုတ်။ ထားလိုက်မည်" ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် ထွက်သွားလိမ့်မည်။ ထိုသဘောထားကို မည်သို့ခေါ်သနည်း။ တစ်ကိုယ်ကောင်းဆန်ခြင်း ဖြစ်သည်။ ၎င်းတို့၏ စဉ်းစားမှုတွင် ဖြောင့်မှန်သလော။ မဖြောင့်မှန်လျှင် ၎င်းတို့သည် မည်သည့်အရာဖြစ်သနည်း။ (ကလိမ်ကကျစ်ကျခြင်း ဖြစ်သည်။) လူတစ်ဦးသည် မဖြောင့်မှန်လျှင် သူသည် ကလိမ်ကကျစ်ကျခြင်း မဟုတ်လော။ မိမိတို့၏ တွေးခေါ်မှုတွင် မဖြောင့်မှန်သောသူတို့၌ ပုံမှန်လူ့သဘာဝ ရှိသလော။ အသေအချာပင်မရှိ။ ငါတို့၏ ပထမအချက်ဖြစ်သည့် အမျိုးစုံသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို လူတို့၏ ပြုမူဆက်ဆံပုံ၌ ၎င်းတို့၏ သဘောထားတွင် အကြောင်းအရာမည်မျှကို ယခု ငါတို့ ပြောဆိုပြီးခဲ့သနည်း။ ဆန်ကုန်မြေလေးဖြစ်ခြင်း၊ လူဖျင်းရှိသည်။ အခြားမည်သည့်အရာရှိသနည်း။ (ယုတ်ပြီး ကလိမ်ကကျစ်ကျခြင်း ဖြစ်သည်။) အလွန်ပင် အရပ်သုံးဖြစ်သောစကားဖြစ်သည့် သင်တို့၏ နေ့စဉ်အသက်တာတွင် ဤစကားမျိုးကို မိမိကိုယ်ကို ပြန်လည်သုံးသပ်သောအခါ၊ သိမြင်လာသောအခါ၊ စိစစ်သောအခါတွင် သင်တို့ အသုံးပြုကြသလော။ (အသုံးမပြုပါ။) မည်သူမျှ အသုံးမပြုပေ။ ဤသို့ဆိုလျှင် မည်သည့်စကားများကို သင်တို့ အသုံးပြုသနည်း။ ခမ်းကြီးနားကြီးနိုင်သော ဝေါဟာရများကို သင်တို့ပြောဆိုသည်။ ဤသို့သော နေ့စဉ်သုံးဘာသာစကားကို မည်သူကမျှ အသုံးမပြု။
လူများစွာတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် မိမိကိုယ်ကို အလွန်ကြီးကျယ်ခမ်းနားသည်ဟု ခံစားကြရသည်။ အထူးသဖြင့် ကျွမ်းကျင်မှုနှင့် အတတ်ပညာပိုင်းဆိုင်ရာ နားလည်ကျွမ်းကျင်မှုရှိသူများ၊ သို့မဟုတ် အဆင့်မြင့်ဘွဲ့ရှိသူများပင် ၎င်းတို့သည် သာမန်လူတို့၏ အထက်တွင်ရှိသည်ဟု ခံစားရသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကျေနပ်လျက် "ငါသည် လောကတွင် ငါရှိခဲ့သော ခိုင်မာသည့် အသက်မွေးအလုပ်ကိုပင် စွန့်ပစ်ခဲ့သည်။ အခမဲ့စားသောက်ရန်အတွက် ဘုရားအိမ်တော်သို့ ငါလာခဲ့ခြင်းမဟုတ်။ ငါကဲ့သို့ ကျွမ်းကျင်မှုရှိသောသူတစ်ဦးသည် ဘုရားအိမ်တော်တွင် ကူညီထောက်ပံ့မှုတစ်ခုကို ပြုလုပ်နိုင်သည်။ ငါသည် မိမိကိုယ်ကို အသုံးခံပြီး ဘုရားအတွက် ဒုက္ခခံသည်။ အုပ်စုလိုက်နေထိုင်မှုတွင် ဤသာမန်လူတို့နှင့် အတူနေ၊ အတူစားပင် ပြုလုပ်သည်။ ငါ၏ အရည်အသွေးက ကြီးကျယ်ခမ်းနားလိုက်လေခြင်း" ဟူ၍ တွေးသည်။ ၎င်းတို့သည် အထူးပင် ဂုဏ်ပြုထိုက်သော သမာဓိရှိသည်ဟုလည်းကောင်း၊ အခြားသောလူတိုင်းထက် ပို၍ မြင့်မြတ်သည်ဟုလည်းကောင်း ၎င်းတို့က တွေးကြသည်။ ၎င်းတို့သည် ဤအရာကို စဉ်ဆက်မပြတ် ဝမ်းမြောက်ကြသည်။ အမှန်တွင် ၎င်းတို့၏ လူ့သဘာဝတွင် လိုအပ်နေသောအရာများစွာရှိသည်။ ပြီးလျှင် ယင်းကို ၎င်းတို့မသိရုံသာမကဘဲ ၎င်းတို့သည် အလွန်တော်သည်ဟုလည်းကောင်း၊ ၎င်းတို့၏ ပင်ကိုစရိုက်သည် သာမန်လူတို့ထက်ပို၍ ကြီးကျယ်ခမ်းနားသည်ဟုလည်းကောင်း တွေးလျက် ဝမ်းသာပီတိဂွမ်းဆီ ထိနေကြသည်။ အမှန်တွင် "ပုံမှန်လူ့သဘာဝ"ဆိုသည်တွင် "လူ့သဘာဝ"၏ ရှေ့တွင်ရှိသည့် "ပုံမှန်"ဟူသည့် စကားလုံး၏ အဓိပ္ပာယ်သတ်မှတ်ချက်အတိုင်း လုပ်ဆောင်နိုင်သောအရာတစ်ခုမျှ ထိုနေရာ၌ မရှိပေ။ ထိုနေရာတွင် မည်သည့်အရာကမျှ ထိုစံနှုန်းမပြည့်မီပေ။ အရာရာတိုင်းက အလွန်ပင် စံချိန်မမီပေ။ ၎င်းတို့၏ အသိစိတ်လော။ ၎င်းတို့တွင် မရှိပေ။ ၎င်းတို့၏ ပင်ကိုစရိုက်လော။ မကောင်းပေ။ ၎င်းတို့၏ သမာဓိနှင့် အရည်အချင်းများလော။ မည်သည့်အရာမျှ လုံးဝ မကောင်းပေ။ လူတိုင်းက အတူတွနေထိုင်ကြရာတွင် အချို့လူတို့သည် တန်ဖိုးရှိသည့် တစ်စုံတစ်ခု ရှိသောအခါ လူမြင်ကွင်းတွင် မထားရဲပေ။ အဘယ်ကြောင့်နည်း။ တစ်ပိုင်းမှာ အခြားလူများကို ၎င်းတို့ မယုံကြည်ဘဲ အခြားတစ်ပိုင်းမှာ လူများစွာရှိသည့်နေရာတွင် စိတ်မချရသည့်လူတို့ရှိပြီး အချို့မှာ ခိုးဝှက်တတ်ခြင်း ရှိကောင်းရှိနိုင်သည်။ ၎င်းတို့သည် ခိုးယူခြင်းပင် ပြုလုပ်နိုင်သည်။ ဤလူတို့သည် ညံ့ဖျင်းသော ပင်ကိုစရိုက်ရှိသည်။ လူအချို့သည် အစာစားသောအခါ အကြီးဆုံးသောတစ်လုတ်စာကို ယူဖို့ ရည်ရွယ်လုပ်ဆောင်ကြသည်။ ပြီးလျှင် ၎င်းတို့၏နောက်၌ မစားရသေးသောသူ မည်မျှကျန်ရှိပါစေ ယင်းတို့ကို ဗိုက်ပြည့်အောင် စားကြသည်။ ယင်းသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ခြင်းမဟုတ်လော။ အစာစားသောအခါတွင် အခြားလူများကို ထည့်တွက်သောသူအချို့ရှိသည်။ ဤသည်မှာ မည်သည့်အရာကို ပုံဖော်သနည်း။ ထိုသို့ထည့်တွက်သောသူများသည် အခြားလူတို့ကို စိတ်ထဲထားသော ကျိုးကြောင်းသင့်သည့်လူများ ဖြစ်သည်ကို ပြသည်။ အခြားလူများအတွက် အချို့ကို ချန်ရန်အတွက် ၎င်းတို့သည် အနည်းငယ် လျှော့စားလိမ့်မည်။ ဤသည်မှာ အရည်အသွေးရှိခြင်းကို ဆိုလိုသည့်အရာဖြစ်သည်။ ဘုရားအိမ်တော်တွင် လူအချို့၌ လူ့သဘာဝရှိပြီး အချို့မှာမူ အနည်းငယ်စံမမီပေ။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ စံနှုန်းများကိုပင် မမီပေ။ ငါပြောခဲ့သည့် အပြုအမူအများကို ကြည့်လျှင် သင်တို့ထဲ၌ ပုံမှန်လူ့သဘာဝရှိသည့်သူများစွာရှိသလော။ သို့မဟုတ် များစွာမရှိသလော။ ဤသို့သောအပြုအမူများကို သင်တို့ ပြလေ့ရှိသောအခါ ယင်းတို့သည် ပြဿနာများဖြစ်သည်ကို သင်တို့ သတိထားမိနိုင်စွမ်းရှိသလော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို သင်ထုတ်ဖော်သောအခါ ယင်းကို သင်သတိမူမိသလော။ သတိမူမိလျှင်၊ ခံစားမိနိုင်လျှင်၊ ပြောင်းလဲမှုလုပ်လိုစိတ်ရှိလျှင် သင့်၌ အမှန်ပင် လူ့သဘာဝအနည်းငယ်ရှိသည်။ ပုံမှန်ဖြစ်ခြင်းကို မရရှိသေးခြင်းသာ ရှိသည်။ သင်က သတိမူမိခြင်းပင် မရှိလျှင် သင့်ကို လူ့သဘာဝရှိသူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သလော။ မသတ်မှတ်နိုင်ပေ။ ဤသည်မှာ ကောင်းသောလူ့သဘာဝ၊ သို့မဟုတ် ဆိုးသောလူ့သဘာဝနှင့်လည်းကောင်း၊ ပုံမှန်ဖြစ်သောလူ့သဘာဝ၊ သို့မဟုတ် ပုံမှန်မဟုတ်သော လူ့သဘာဝနှင့်လည်းကောင်း မသက်ဆိုင်ပေ။ သင့်တွင် လူ့သဘာဝမရှိ။ ဥပမာ ထမင်းစားပွဲများတွင် ဝက်သားပေါင်းပန်းကန် ထွက်လာသည်ကိုမြင်ပြီး အဆီဖြစ်စေ၊ အသားဖြစ်စေ စတင်ဆွဲယူကာ အားလုံးကုန်မသွားမချင်း မရပ်သည့်သူအချို့ရှိသည်။ အစားအစာအတွက် တိုက်ခိုက်ကြသည့် တိရစ္ဆာန်များကို သင်တို့ မြင်ဖူးသလော။ (မြင်ဖူးပါသည်။) ထိုမြင်ကွင်းအတိုင်းပင်ဖြစ်သည်။ သို့သော် တိရစ္ဆာန်များဖြင့် ဖြစ်သည်။ လူသားများဆိုလျှင် ထိုတိုက်ခိုက်မှုသည် ပုံမှန်လူ့သဘာဝတွင် ပါဝင်သလော။ (ပုံမှန်လူ့သဘာဝမဟုတ်ပါ။) ပုံမှန်လူ့သဘာဝရှိသူတို့က မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ (၎င်းတို့ရရှိသည့်အရာကို ကျေနပ်လိမ့်မည်ဖြစ်ပြီး လောဘကြီးမည် မဟုတ်ပါ။) ဤသို့ပြောသည်မှာ အလွန်ပင် အဖြစ်မှန်ဖြစ်သော ပုံစံဖြစ်သည်။ ဤသို့ဆိုလျှင် မည်သို့ လောဘမကြီးဘဲ ရှိနိုင်သနည်း။ ဤပြဿနာအပေါ် မည်သည့်အတွေးများနှင့် မည်သည့်သဘောထားက ပုံမှန်လူ့သဘာဝရှိသည့် လူတို့ ရှိသင့်သည့်အတွေးအခေါ် ပါဝင်သနည်း။ မည်သည့်တစ်ခုဖြင့် တိကျမှန်ကန်စွာ ဆက်လက်၍ ပြုမူဆောင်ရွက်နိုင်သနည်း။ ရှေးဦးစွာ သင်၏ စဉ်းစားပုံသည် မှန်ကန်ရမည်။ ဥပမာ အမျိုးသမီးတစ်ယောက်က "ယနေ့တွင် ဝက်သားပေါင်း များစွာရှိသည်။ ငါသည် ထပ်၍စားလိုသည်။ သို့သော် ညီအစ်ကိုများက အနားတွင်ရှိသည်ကို ကြည့်ပြီး အနည်းငယ်ရှက်ရွံ့မိသည်။ မည်သည့်အရာကို ငါလုပ်ဆောင်သင့်သနည်း။ ၎င်းတို့က မယူမချင်း ငါစားဖို့စောင့်ရမည်ထင်သည်။ ငါကဲ့သို့သော ဂုဏ်သရေရှိအမျိုးသမီးတစ်ယောက်က မည်သို့ဖြစ်၍များ အလွန်ပင် အစားကြီးသူ ဖြစ်နိုင်ရသနည်းဟု အခြားလူများအား ငါ မတွေးသွားစေလိုပေ။ အလွန်ပင် ရှက်ဖွယ်ကောင်းလိုက်မည့်ဖြစ်ခြင်း" ဟု တွေးပေမည်။ အမျိုးသမီးများသည် ယေဘုယျအားဖြင့် အနည်းငယ် စိတ်ထိခိုက်လွယ်သောကြောင့် ဤသို့တွေးခြင်းသည် အမျိုးသမီးတစ်ယောက်အတွက် ပုံမှန်ဖြစ်လိမ့်မည်။ အမျိုးသားအများစုက "ဝက်ပေါင်းသည် အလွန်ပင်ကောင်းလှသည်။ ငါသည် ကိုယ့်အတွက် အနည်းငယ် ထပ်ယူလိုက်ဦးမည်" ဟု တွေးလိမ့်မည်။ အခြားလူများထင်သည့်အရာကို အရေးမစိုက်ဘဲ မိမိတို့၏တူဖြင့် ပထမဆုံးလှမ်းယူသည်မှာ ၎င်းတို့သာ ဖြစ်လိမ့်မည်။ သို့သော် အမျိုးသားအချို့သည် ဤထက်ပို၍ ဆင်ခြင်တုံတရားရှိသည်။ တစ်ကိုက်စားပြီးနောက်တွင် ၎င်းတို့က "ငါ၏နောက်တွင် မစားရသေးသောသူများစွာ ရှိသည်။ အစာစားသည်ကို တော်လိုက်ပြီး အခြားလူများအတွက် အချို့ကို ချန်ရမည်" ဟု တွေးကြည့်သည်။ ၎င်းတို့က ဤသို့ တွေးနိုင်ပြီး လုပ်ဆောင်နိုင်သည် ဆိုသည့်အချက်က ၎င်းတို့သည် ဆင်ခြင်တုံတရားရှိသောသူဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့တွင် ပင်ကိုအားဖြင့် ပုံမှန်လူ့သဘာဝရှိသည်ဟုလည်းကောင်း ပြသည်။ လူအချို့က အဓိပ္ပာယ်မရှိစွာ လမ်းလွဲကြသည်။ "ဘုရားသခင်သည် လူတို့အား ဝက်ပေါင်းကို မစားစေလိုပေ။ ထို့ကြောင့် ငါသည် တစ်ကိုက်ပင် ကိုက်မည်မဟုတ်။ ဤသည်မှာ ငါ့တွင် လူ့သဘာဝပို၍ပင်ရှိသည်ဟု ဆိုလိုသည်မဟုတ်လော" ဟူ၍ ဖြစ်သည်။ ယင်းသည် အဓိပ္ပာယ်မရှိသော စဉ်းစားပုံဖြစ်သည်။ ဤဥပမာဖြင့် မည်သည့်အရာကို ငါ ထင်ရှားစေခြင်းဖြစ်သနည်း။ လူတို့သည် အမျိုးစုံသောလူတိုင်း၊ ဖြစ်ရပ်တိုင်း၊ အမှုအရာတိုင်းအပေါ် မှန်ကန်သောသဘောထားကို ခံယူသင့်သည်ဟူ၍ ဖြစ်သည်။ လူ့သဘာဝ၏ ဆင်ခြင်တုံတရား၊ အသိစိတ်၊ သမာဓိနှင့် ဂုဏ်သိက္ခာ၏ ရှုထောင့်မှ လက်ခံဆောင်ရွက်သော အတွေးမှတစ်ဆင့် ဤမှန်ကန်သော သဘောထားကို ရရှိသည်။ သင်သည် ဤစိတ်နေစိတ်ထားမျိုးဖြင့် လက်တွေ့လုပ်ဆောင်လျှင် အခြေခံအားဖြင့် ပုံမှန်လူ့သဘာဝနှင့် ကိုက်ညီလိမ့်မည်။
လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် ထားရှိသောသဘောထားသည် ၎င်းတို့၏ နေ့စဉ်အသက်တာတွင် လူများနှင့် အမှုအရာများဖြင့် ထိတွေ့ဆက်ဆံခြင်းက ပေါ်လွင်စေသည့်ပုံစံသာဖြစ်သည်။ ဤသရုပ်သကန်များသည် သင်လုပ်ဆောင်ရမည် ဖြစ်သည့်အလုပ်နှင့် များစွာသက်ဆိုင်ခြင်း မရှိကောင်းမရှိနိုင်ပေ၊ သို့မဟုတ် ယင်းတို့သည် ထိုအရာနှင့် အလှမ်းဝေးကောင်း ဝေးနိုင်သည်။ သို့သော် ဘုရားသခင်အပေါ် ယုံကြည်မှုသည် အနှစ်မမဲ့ပေ။ ဘုရားသခင်ကို ယုံကြည်သူတို့သည် လေဟာနယ်တစ်ခုတွင် အသက်မရှင်ဘဲ လက်တွေ့ဘဝတွင် အသက်ရှင်သည်။ ၎င်းတို့သည် လက်တွေ့ဘဝဖြင့် မကင်းကွာရပေ။ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများအပေါ်ဖြစ်စေ၊ သာမန်ဉာဏ်ပညာ၊ သို့မဟုတ် တစ်စုံတစ်ခုနှင့်ပတ်သက်သည့် အသိပညာအပေါ်ဖြစ်စေ လူတို့တွင် မည်သည့်သဘောထားနှင့် စဉ်းစားပုံမျိုးရှိသင့်သနည်း။ ပြီးပြီးရောနေသည့် စိတ်နေစိတ်ထားကို အမြဲတမ်းရှိခြင်းသည် မှန်သလော။ လူအချို့သည် ဤအရာများနှင့်ပတ်သက်၍ အစဉ်သဖြင့် စိတ်ထွေပြားနေသည်။ ယင်းသည် အလုပ်ဖြစ်မည်လော။ ၎င်းတို့၏ အမြင်ရှုထောင့်တွင် ပြဿနာတစ်ခုမရှိသလော။ ၎င်းတို့အမြင်ရှုထောင့်ရှိ ပြဿနာတစ်ခုမှာ ယင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထို့အပြင် ယင်းသည် ၎င်းတို့၏ ပင်ကိုစရိုက်နှင့်သက်ဆိုင်သည်။ အဆင်းနီသော နဂါးကြီးသည် တရုတ်ပြည်ကို နှစ်ထောင်ချီကြာသည်အထိ အုပ်စိုးခဲ့သည်။ စစ်ဆင်ရေးများ၊ ရုန်းကန်လှုပ်ရှားမှုများကို အစဉ်ပါဝင်လုပ်ဆောင်သည်။ ယင်းသည် စီးပွားရေးကို မဖွံ့ဖြိုးစေပေ။ သာမန်လူတို့၏ ဘဝများအတွက် မတွေးပေ။ နောက်ဆုံးတွင် ပြည်သူတို့သည် လေလွင့်နေရင်းဖြင့်သာ ဆန်ကုန်မြေလေးဖြစ်ခြင်းမျိုး ဖြစ်လာခဲ့ကြသည်။ ၎င်းတို့လုပ်ဆောင်သမျှတိုင်းတွင် ဝတ်ကျေတမ်းကျေဆန်ကြသည်။ အမြင်ကျဉ်းသည့် ရှုထောင့်တစ်ခုကို စိတ်တွင်ထားကြသည်။ ၎င်းတို့၏ ပညာသင်ကြားမှုတစ်ခုမျှတွင် ထူးချွန်ဖို့ မရည်ရွယ်ကြသကဲ့သို့ ယင်းကိုလည်း မရရှိနိုင်ကြပေ။ ၎င်းတို့သည် အစဉ်သဖြင့် အမြင်ကျဉ်းသော ရှုထောင့်ဖြင့် လည်ပတ်နေကြသည်။ ဈေးကွက်က လိုအပ်သောအရာကို ၎င်းတို့ကြည့်သည်။ ပြီးနောက်တွင် ငွေအမြောက်အမြားကို ၎င်းတို့ မရမချင်း ထည့်တွက်စဉ်းစားမှု တစ်ခုမျှမရှိဘဲ ယင်းကို အလျင်စလိုထုတ်လုပ်သည်။ ၎င်းတို့သည် ဤအခြေခံအုတ်မြစ်မှ ဆက်၍ ဖွံ့ဖြိုးခြင်းမရှိပေ၊ သို့မဟုတ် သိပ္ပံဆိုင်ရာ သုတေသနကို ဆက်၍မလုပ်ပေ၊ သို့မဟုတ် ပို၍ပြည့်စုံသော ထူးကဲမှုအတွက် ကြိုးပမ်းခြင်းမရှိပေ။ အဆုံးသတ်ရလဒ်မှာ အခြားကဏ္ဍများအပါအဝင် တရုတ်ပြည်၏ အသေးစား စက်မှုလုပ်ငန်းများ၊ အကြီးစားစက်မှုလုပ်ငန်းများသည် ကမ္ဘာ့စင်မြင့်ပေါ် တင်နိုင်သည့် တီထွင်ဆန်းသစ်သော ထုတ်ကုန်များမရှိပေ။ သို့တိုင်အောင် တရုတ်လူမျိုးတို့သည် လေလုံးထွားကြသည်။ "ငါတို့တွင် တရုတ်ပြည်၌ နှစ် ၅၀၀၀ ကြာ အကောင်းဆုံး ရိုးရာယဉ်ကျေးမှုရှိသည်။ ငါတို့ တရုတ်လူမျိုးများသည် ကြင်နာပြီး အလုပ်ကြိုးစားသည်" ဟူ၍ ဖြစ်သည်။ ဤသို့ဆိုလျှင် တရုတ်ပြည်သည် အဘယ်ကြောင့် လူတို့အား လိမ်ညာရန် ကုန်ပစ္စည်းအတုများကို ဆက်တိုက် ပြုလုပ်နေသနည်း။ အဘယ်ကြောင့် ၎င်းတို့၌ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စရာ မရှိလုနီးပါးဖြစ်သနည်း။ ထိုနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ တရုတ်ပြည်တွင် တီထွင်ဆန်းသစ်သော ထုတ်ကုန်များရှိသလော။ တရုတ်လူမျိုးတို့တွင် "တီထွင်ဆန်းသစ်သော " အရာတစ်ခု အမှန်ပင်ရှိသည်။ ပြီးလျှင် ယင်းမှာ တုပခြင်း၊ အတုပြုလုပ်ခြင်းတွင်၊ လှည့်ဖြားမှုတွင် ၎င်းတို့၏ ကျွမ်းကျင်မှုဖြစ်သည်။ ယင်းတွင် ၎င်းတို့၏ ဆန်ကုန်မြေလေးဖြစ်ခြင်းက တည်ရှိနေသည်။ အချို့က "ကိုယ်တော်သည် ကျွန်ုပ်တို့ကို အဘယ်ကြောင့် ဤသို့ သရုပ်ဖော်ရသနည်း။ ဤသည်မှာ ကျွန်ုပ်တို့ကို သေးသိမ်စေပြီး အောက်ကျစေသည်ဟု မထင်သလော" ဟု ပြောလိမ့်မည်။ ဤသို့ ဖြစ်သလော။ တရုတ်လူမျိုးတို့ပြုလုပ်သောအရာအချို့ကို ကြည့်လျှင် အမှန်ပင် ဤသို့ဖြစ်ကောင်းဖြစ်နေနိုင်သည်။ ဈေးကွက်ထဲတွင် သို့မဟုတ် သာမန်လူတို့အထဲတွင် မိမိတို့၏ သင့်လျော်သောအလုပ်ကို အာရုံစိုက်သော တရုတ်လူမျိုး တစ်ဦးတလေရှိသလော။ အလွန်အနည်းငယ်သာရှိပြီး အာရုံစိုက်ဖို့ ကြိုးစားသောသူတို့သည် လူမှုပတ်ဝန်းကျင်က မည်မျှကောင်းကျိုးမျှ မပြုသည်ကိုလည်းကောင်း၊ မိမိတို့၏ သင့်လျော်သောအလုပ်ကို အာရုံစိုက်သော သူတို့အပေါ်တွင် မည်သည့်ကောင်းကျိုးမျှ ဖြစ်မလာသည်ကိုလည်းကောင်း ၎င်းတို့မြင်သောအခါတွင် စိတ်မပါကြတော့ပေ။ ၎င်းတို့သည် ကြိုးစားခြင်းကို ရပ်တန့်ပြီး လက်လျှော့လိုက်ကြသည်။
အခြားသော လူများ၊ အဖြစ်အပျက်များနှင့် အမှုကိစ္စများကို လူတို့ဆက်ဆံရာ၌ ၎င်းတို့ထုတ်ဖော်ပြလေ့ရှိသည့် သဘောထား၊ အတွေးအခေါ်များနှင့် ထင်မြင်ချက်တို့ဖြစ်သော လူ့သဘာဝနှင့် နီးစပ်ဆက်နွှယ်နေသည့် အရာများသည် အလွန် ထိထိမိမိ ဖော်ပြနေသည်။ ယင်းတို့သည် အဘယ်အရာကို ထိထိမိမိ ဖော်ပြနေသနည်း။ လူတစ်ဦး၏ ကိုယ်ကျင့်စရိုက်ကို မည်သို့မြင်တွေ့နိုင်ကြောင်းနှင့် ထိုသူသည် ရည်မွန်ပြီး တည်ကြည်သောသူ ဟုတ်မဟုတ်တို့ကို ယင်းတို့က ဖော်ပြနေသည်။ ရည်မွန်ပြီး တည်ကြည်ခြင်းဆိုသည်မှာ အဘယ်နည်း။ အစဉ်အလာအတိုင်း နေခြင်းသည် ရည်မွန်ပြီး တည်ကြည်သလော။ ကြည်သာပြီး ယဉ်ကျေးခြင်းသည် ရည်မွန်ပြီး ရည်မွန်ပြီး တည်ကြည်သလော။ (မဟုတ်ပါ။) စည်းကမ်းများအား အတိအကျ လိုက်နာခြင်းသည် ရည်မွန်ပြီး တည်ကြည်သလော။ (မဟုတ်ပါ။) ဤအရာထဲမှ မည်သည့်အရာမျှ မဟုတ်။ ဤသို့ဆိုလျှင် ရည်မွန်ပြီး တည်ကြည်ခြင်းဆိုသည်မှာ အဘယ်နည်း။ တစ်စုံတစ်ယောက်သည် အမှန်တကယ် ရည်မွန်ပြီး တည်ကြည်သောသူ ဖြစ်ပါက မည်သည့်အရာကို ၎င်းတို့လုပ်ပါစေ ၎င်းတို့သည် ထိုထိုသော စိတ်နေစိတ်ထားတစ်ခုဖြင့် ယင်းကို လုပ်ဆောင်ကြသည်။ “ဤအမှုကိစ္စ လုပ်ဆောင်ရသည်ကို ငါကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ယင်းက ငါ၏စိတ်ဝင်စားမှု နယ်ပယ်အတွင်း ကျရောက်သည်ဖြစ်စေ၊ ငါစိတ်ဝင်စားမှု အနည်းငယ်သာ ရှိသည့်အရာတစ်ခု ဖြစ်သည်ဖြစ်စေ ယင်းမှာ ငါ့ကို လုပ်ဆောင်ဖို့ ပေးထားခြင်းဖြစ်၍ ယင်းကို ငါကောင်းစွာ လုပ်ဆောင်မည်။ ယင်းကို အစမှ စတင်လေ့လာမည်ဖြစ်ပြီး အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေသဘောထားဖြင့် ယင်းကို တစ်ဆင့်ချင်း ငါတာဝန်ယူ ဆောင်ရွက်မည်။ အဆုံးတွင် လုပ်ငန်းဆောင်တာ၌ ငါမည်မျှဆောင်ရွက်ပြီးစီးပါစေ ငါသည် အစွမ်းကုန် ဆောင်ရွက်ပြီး ဖြစ်လိမ့်မည်။” ယုတ်စွအဆုံးအနေဖြင့် လက်တွေ့အကျဆုံး သဘောထား၊ စိတ်နေစိတ်ထားမျိုးကို သင်ပိုင်ဆိုင်ရမည်။ လုပ်ငန်းဆောင်တာတစ်ခုကို သင်တာဝန်ယူ ဆောင်ရွက်သည့် အချိန်ကတည်းက သင်သည် ယင်းကို စိတ်ရှုပ်ရှုပ်နှင့် လုပ်ဆောင်ပြီး ယင်းနှင့် ပတ်သက်၍ နည်းနည်းမျှ ဂရုမစိုက်ပါက ယင်းကို သင်သည် အလေးအနက် သဘောမထားသည့်အပြင် ဆီလျော်သော အရင်းအမြစ်များကို မှီငြမ်းခြင်း၊ အသေးစိတ်ကျသည့် ပြင်ဆင်ချက်များကို လုပ်ဆောင်ခြင်း မရှိပါက၊ သို့မဟုတ် အခြားသူများကို ရှာဖွေပြီး တိုင်ပင်ခြင်းမရှိပါက၊ ပြီးလျှင် ထို့ထက်ပို၍ ယင်းလုပ်ငန်းဆောင်တာ၌ သင်သည် ဤကျွမ်းကျင်မှု၊ သို့မဟုတ် ဤအလုပ်အကိုင်တွင် တစ်ဖက်ကမ်းခတ်ခြင်းကို ကြိုးပမ်းရရှိကာ အစဉ် တိုးတက်နိုင်ဖို့အလို့ငှာ ဤအရာကို အချိန်တိုးမြှင့်၍ မလေ့လာဘဲ ယင်းအပေါ် မထီမဲ့မြင်လုပ်သော သဘောထား၊ ယင်းအပေါ် သင်၏ပြုမူခြင်း၌ ပြီးစလွယ်လုပ်သော သဘောထားတစ်ခုကို ထိန်းသိမ်းထားပါက ဤသည်မှာ သင်၏လူ့သဘာဝ၌ ပြဿနာ တစ်ခုဖြစ်ပေသည်။ ဤသည်မှာ တော်စွလျော်စွ ကြုံရာကျပန်း လုပ်နေခြင်းသာဖြစ်သည် မဟုတ်လော။ အချို့က “သင်ကျွန်ုပ်ကို ဤတာဝန်မျိုး ပေးသည့်အခါ ကျွန်ုပ်မကြိုက်” ဟု ပြောကြသည်။ ယင်းကို သင်မကြိုက်ပါက လက်မခံနှင့်။ ယင်းကို လက်ခံလျှင်မူ သင်သည် အလေးအနက်ထားကာ တာဝန်သိသည့် သဘောထားဖြင့် ထိုတာဝန်ကို ချဉ်းကပ်သင့်သည်။ ယင်းမှာ သင်၌ ရှိသင့်သည့် သဘောထားမျိုးဖြစ်သည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝရှိသူများ ပိုင်ဆိုင်သင့်သည့်အရာ မဟုတ်လော။ ရည်မွန်ခြင်းနှင့် တည်ကြည်ခြင်းဆိုသည်မှာ ဤအရာဖြစ်သည်။ ဤပုံမှန်လူ့သဘာဝ၏ ရှုထောင့်တွင် ယုတ်စွအဆုံးအနေဖြင့် သင်သည် လက်တွေ့ကျမှုရှိခြင်း သဘောထားများ၊ အလွန်စိတ်ထက်သန်ခြင်းနှင့် တာဝန်သိခြင်းတို့နှင့်အတူ အာရုံစိုက်မှု၊ တာဝန်ကျေပွန်မှုနှင့် အဖိုးအခ ပေးလိုစိတ်တစ်ခုတို့ကို လိုအပ်သည်။ ဤအရာများကို ရှိခြင်းသည် လုံလောက်၏။
အသင်းတော်တွင် လူမျိုးစုံရှိသည်။ သမ္မာတရားကို ချစ်သူတို့သည် ပို၍ကောင်းသော လူ့သဘာဝရှိပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ၎င်းတို့ ထုတ်ဖော်သောအခါတွင် အလွယ်တကူပင် ပြုပြင်ကြသည်။ သမ္မာတရားကို မချစ်သူတို့သည် အလွန်ပို၍ဆိုးသော လူ့သဘာဝရှိကြသည်။ လူတစ်ဦးသည် အားထုတ်မှုမရှိဘဲ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ် တာဝန်မသိတတ်လျှင် ၎င်းတို့သည် ချီးကျူးခြင်းခံရရန် မထိုက်တန်ဘူးမဟုတ်လော။ ထိုသို့သော လူ့သဘာဝသည် ထိုက်တန်မှုကင်းမဲ့ပြီး တန်ဖိုးမရှိပေ။ နိမ့်ကျသည်။ သင်က ဘုရားသခင်ကို ယုံကြည်သည်။ သင့်အပေါ် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်စေ၊ အသင်းတော်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်စေ သင်၏ တာဝန်ပေးစေခိုင်းချက်ကို ဝတ်ကျေတမ်းကျေဆန်ပြီး တာဝန်မသိတတ်သော သဘောထားဖြင့် ချဉ်းကပ်လျှင် သင့်သဘောထားသည် ပုံမှန်လူ့သဘာဝ ရှိသည့်သူတစ်ဦး ရှိသင့်သည့် သဘောထားဖြစ်သလော။ လူအချို့က "ညီအစ်ကိုမောင်နှမများက ကျွန်ုပ်ကို ပေးအပ်သည့်အလုပ်များကို ကျွန်ုပ်အလေးအနက် မထားပါ။ သို့သော် ဘုရားသခင်က ကျွန်ုပ်ကို ပေးအပ်သောအလုပ်များတွင် ကျွန်ုပ် အောင်မြင်မည်ဟု အာမခံသည်။ ယင်းတို့ကို ကျွန်ုပ်ကောင်းစွာ ပြုမူမည်" ဟု ဆိုကောင်းဆိုနိုင်သည်။ ယင်းသည် မှန်ကန်သော ခံယူချက်ဖြစ်သလော။ (မဟုတ်ပါ။) မည်သည့်ပုံစံဖြင့် မဟုတ်သနည်း။ စိတ်မချရသကဲ့သို့ အကျင့်ကောင်း ချို့တဲ့သူတစ်ဦး၊ မိမိ၏ လူ့သဘာဝတွင် ဤအရာများ မရှိသောသူတစ်ဦးသည် မည်သူ့အပေါ် ဖြောင့်မှန်နိုင်သနည်း။ မည်သူ့အပေါ်မျှ မဖြောင့်မှန်နိုင်ပေ။ ၎င်းတို့၏ ကိုယ်ပိုင်အရေးကိစ္စများကိုပင် လိမ်ညာပြီး အပေါ်ယံသာလုပ်ဆောင်သည်။ ဤသို့သောလူသည် ယုတ်ပြီး တန်ဖိုးမဲ့သည်မဟုတ်လော။ တစ်စုံတစ်ယောက်သည် အားစိုက်ထုတ်နိုင်ပြီး ၎င်းတို့ လုပ်ဆောင်ရန် အခြားလူများက တာဝန်ပေးစေခိုင်းသည့် အရာများအပေါ် တာဝန်ယူကာ အသိအမှတ်ပြုချီးမွမ်းထိုက်လျှင် ဘုရားသခင်ထံမှ ၎င်းတို့ လက်ခံခဲ့သည့် တာဝန်ပေးစေခိုင်းချက်အပေါ် အလွန်ပို၍ဆိုးစွာ လုပ်ဆောင်မည်လော။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူတစ်ဦးသည် သမ္မာတရားကို နားလည်လျှင် ဘုရားသခင်ထံမှ ထိုသူခံယူခဲ့သော တာဝန်ပေးစေခိုင်းချက်နှင့် မိမိတာဝန်အား ထမ်းဆောင်မှုတွင် ပို၍ဆိုးစွာ မလုပ်ဆောင်လောက်ပေ။ ၎င်းတို့သည် အကျင့်ကောင်းကင်းမဲ့သော အသိစိတ် မရှိသည့်သူများထက် သေချာပေါက် အလွန်ပို၍ ကောင်းစွာ လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ ၎င်းတို့၏ အကျင့်စရိုက်ရှိ ကွာခြားမှုဖြစ်သည်။ လူအချို့က "သင်က ကျွန်ုပ်အား ခွေးတစ်ကောင်၊ ကြောင်တစ်ကောင်ကို ဂရုစိုက်ဖို့ပြောလျှင် ကျွန်ုပ် အလေးအနက်ထားမည်မဟုတ်။ သို့သော် ဘုရားအိမ်တော်အတွက် အရေးကြီးသောကိစ္စတစ်ခုဖြင့် တာဝန်ပေးခြင်း ခံရလျှင် ကျွန်ုပ်သည် ယင်းကို သေချာပေါက် ကောင်းစွာထမ်းဆောင်မည်" ဟု ဆိုသည်။ ဤသည်မှာ ကျိုးကြောင်းညီညွတ်သလော။ (မညီညွတ်ပါ။) အဘယ်ကြောင့် မညီညွတ်သနည်း။ တစ်စုံတစ်ယောက်သည် သူ၏ တာဝန်ပေးစေခိုင်းချက်က မည်သည့်အရာဖြစ်နိုင်ပါစေ ကြီးမားသောကိစ္စ၌ရော၊ သေးငယ်သောကိစ္စ၌ပါ မှန်ကန်သော အမြင်ရှုထောင့်ရှိလျှင်၊ သူသည် စိတ်ရင်းတွင် မှန်ကန်ပြီး အရည်အသွေး၌ မြင့်မြတ်လျှင်၊ သမာဓိရှိပြီး စိတ်ချရလျှင်၊ ကျင့်ကြံပြုမူရာ၌ ကိုယ်ကျင့်တရား အပြုအမူရှိလျှင် ယင်းသည် တန်ဖိုးရှိပြီး ကွဲပြားသည်။ ဤသို့သောလူတို့သည် မည်သည့်ကိစ္စကိုမဆို သူ၏ ကိုယ်ကျင့်တရားအပြုအမူနှင့် အသိအမှတ်ပြုထိုက်ခြင်းနှင့် ကိုင်တွယ်သည်။ ကိုယ်ကျင့်တရားမရှိသော၊ အသိအမှတ်ပြုဖို့ မထိုက်တန်သော သူတစ်ဦးက "ဘုရားသခင်သည် ငါ့အား တစ်စုံတစ်ခုကို တိုက်ရိုက်တာဝန်ပေးစေခိုင်းလျှင် ငါသည် ယင်းကို သေချာပေါက် ကောင်းစွာ ကိုင်တွယ်မည်" ဟု ဆိုခဲ့လျှင် ယင်းသည် မှန်ကန်လိမ့်မည်လော။ ယင်းသည် အနည်းငယ် ဟိတ်ဟန်များလွန်းပြီး လှည့်ဖြားခြင်းဖြစ်လိမ့်မည်။ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမရှိဘဲ သင့်ကို အခြားလူများက အဘယ်သို့ ယုံကြည်ထိုက်နိုင်သနည်း။ သင်၏ စကားများက မစစ်မှန်သည့်ပုံစံရှိသည်။ ယင်းတို့သည် လှည့်ကွက်တစ်ခု ဖြစ်သည်။ ဘုရားအိမ်တော်တွင် နေရာတစ်ခုကို စောင့်ရန်အတွက် တစ်ချိန်က ခွေးငယ်နှစ်ကောင်ရှိခဲ့သည်။ ၎င်းတို့ကို ကြည့်ရှုစောင့်ရှောက်ဖို့ တစ်စုံတစ်ယောက်ကို စီစဉ်ထားခဲ့သည်။ သူသည် သူ၏အပိုင်ကဲ့သို့ ၎င်းတို့ကို ကြည့်ရှုစောင့်ရှောက်ပြီး ကိုင်တွယ်သည်။ ထိုလူသည် ခွေးများကို အလွန်အမင်းနှစ်သက်ခြင်းမရှိ။ သို့သော်လည်း ၎င်းတို့ကို ကောင်းကောင်း ကြည့်ရှုစောင့်ရှောက်သည်။ ခွေးတစ်ကောင်က ဖျားနာသောအခါ သူသည် ၎င်းကို ကုသပေးပြီး ရေချိုးပေးကာ အချိန်မှန် အစာကျွေးသည်။ ခွေးများကို သူ မနှစ်သက်ကောင်း မနှစ်သက်နိုင်သော်လည်း ဤခွေးများကို ကြည့်ရှုစောင့်ရှောက်ခြင်းအား သူ၏ တာဝန်ပေးစေခိုင်းချက်နှင့် တာဝန်အဖြစ် မှတ်ယူသည်။ ထိုနေရာတွင် လူ့သဘာဝ၌ရှိသင့်သောအရာတစ်ခု မရှိသလော။ ထိုသူသည် လူ့သဘာဝရှိသည်။ ထို့ကြောင့် သူသည် ကောင်းစွာ လုပ်ဆောင်ခဲ့သည်။ ခွေးနှစ်ကောင်သည် အခြားလူတစ်ယောက် ကြည့်ရှုစောင့်ရှောက်ရန် အပေးခံလိုက်ရပြီး ထိုလအတွင်းတွင်ပင် ၎င်းတို့သည် သနားစရာကောင်းလောက်အောင် ပိန်လှီကြလေသည်။ မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။ ခွေးများ ဖျားနာသောအခါ မည်သူကမျှ ဂရုမစိုက်ခဲ့၊ သို့မဟုတ် သတိမထားမိခဲ့ပေ။ ပြီးလျှင် ၎င်းတို့၏ စိတ်ဆင်းရဲခြင်းက ၎င်းတို့၏ အစာစားချင်စိတ်ကို ထိခိုက်ခဲ့သည်။ ဤသည်မှာ ၎င်းတို့ အဆုံးတွင် အလွန်ပိန်သွားရသည့် ပုံစံဖြစ်သည်။ ဤသည်မှာ ထိုလူက ၎င်းတို့ကို ကြည့်ရှုစောင့်ရှောက်သည့်ပုံစံဖြစ်သည်။ လူတို့ကြားတွင် ခြားနားမှုတစ်ခုရှိသလော။ (ရှိပါသည်။) မည်သည့်နေရာတွင်နည်း။ (၎င်းတို့၏ လူ့သဘာဝတွင်ဖြစ်သည်။) ခွေးများကို ကောင်းစွာ ကြည့်ရှုစောင့်ရှောက်ခဲ့သောသူသည် သမ္မာတရား အရေအတွက်များစွာတို့ကို နားလည်ခဲ့သလော။ မလွဲမသွေ ဤသို့ဖြစ်ခြင်းမျိုး မဟုတ်ပေ။ ပြီးလျှင် ၎င်းတို့ကို အားရလောက်အောင် ကြည့်ရှုစောင့်ရှောက်ခဲ့ခြင်း မရှိသူသည် ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ ပို၍အချိန်ကာလတိုတောင်းခြင်းမျိုး ဟုတ်ချင်မှ ဟုတ်ပေမည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ထိုလူနှစ်ဦးကြား၌ ဤသို့ ကြီးမားသောကွာခြားချက်ရှိသနည်း။ ကွာခြားသည်မှာ ၎င်းတို့၏ အကျင့်စရိုက် ဖြစ်နေသောကြောင့် ဖြစ်သည်။ လူအချို့သည် စိတ်ချရသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် တစ်စုံတစ်ယောက်အား ကတိပေးသောအခါတွင် ထိုအရာအား လုပ်ဆောင်ရသည်ကို ၎င်းတို့ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ၎င်းတို့သည် အဆုံး၌ မိမိတို့ကိုယ်ကို စာရင်းရှင်းနိုင်လိမ့်မည်။ တာဝန်တစ်ခုကို ၎င်းတို့ တာဝန်ယူသောအခါ တစ်လှမ်းချင်း ပြီးအောင်သေချာပေါက် လုပ်ဆောင်သည်။ အခြားလူများက ၎င်းတို့ကို ချီးကျူးလေးစားသည့်အတိုင်း ၎င်းတို့ လုပ်ဆောင်သည်။ ၎င်းတို့၏ ခံယူချက်အတိုင်း လုပ်ဆောင်သည်။ ၎င်းတို့တွင် အသိစိတ်ရှိပြီး ထိုအသိစိတ်ဖြင့် အရာအားလုံးကို တိုင်းတာသည်။ လူအချို့တွင် အသိစိတ်မရှိပေ။ ၎င်းတို့သည် ကတိပေးပြီးနောက်တွင် ကတိတည်ရန်အတွက် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ၎င်းတို့က "၎င်းတို့သည် ငါ့ကို ယုံကြည်ခဲ့သည်။ ၎င်းတို့၏ ယုံကြည်မှုကို ထိန်းသိမ်းရန် ကောင်းစွာလုပ်ဆောင်ရမည်" ဟု မပြောပေ။ ဤသည်မှာ ၎င်းတို့တွင်ရှိသည့် စိတ်နှလုံးမဟုတ်သကဲ့သို့ ၎င်းတို့တွေးသည့် ပုံစံမဟုတ်ပေ။ ယင်းသည် လူ့သဘာဝ၌ ကွဲပြားခြင်းတစ်ခုမဟုတ်လော။ ငါ့ကို ပြောလော့။ ကောင်းစွာလုပ်ဆောင်ခဲ့သူသည် ထိုသို့လုပ်ဆောင်ရန် အချိန်ကုန် လူပန်းဖြစ်သည်ဟု မြင်သလော။ သူသည် အလွန်အမင်းမောပန်းသည်၊ သို့မဟုတ် အချိန်ကုန် လူပန်းဖြစ်သည်ဟု မမြင်ခဲ့ပေ။ မည်သို့ကောင်းစွာလုပ်ဆောင်ရမည်ကို အဖြေရှာဖို့ ကြိုးစားလျက် ဦးနှောက်ခြောက်မခံပေ။ ပြီးလျှင် ထိုကိစ္စအတွက် မကြာခဏ ဆုမတောင်းပေ။ မည်သည့်အရာသည် လုပ်ဆောင်ရန် သင့်လျော်သည့်အရာဖြစ်မည်ကို ၎င်းတို့စိတ်နှလုံး၌ သိခဲ့သည်။ ထို့ကြောင့် ထိုဝန်ထုပ်ဝန်ပိုးကို ၎င်းတို့ ယူခဲ့သည်။ ဝန်ထုတ်ဝန်ပိုးကို ထမ်းလိုစိတ် မရှိသူသည်လည်း တာဝန်ကို လက်ခံခဲ့ကာ လက်ခံပြီးသည်နှင့် စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုဟု မြင်သည်။ ခွေးများက ဟောင်သောအခါ ၎င်းတို့သည် စိတ်တိုပြီး ခွေးများကို "ဟောင်ရဲလျှင် ဟောင်လိုက်လော့။ နောက်တစ်ကြိမ်ဟောင်လျှင် ငါသည် သင့်ကို အသေကန်ပစ်မည်" ဟူ၍ အပြစ်ဖော်ဆုံးမသည်။ ဤတွင် လူ့သဘာဝမတူညီမှုတစ်ခု ရှိသည်မဟုတ်လော။ ရှိသည်။ ကြီးသောအရာတစ်ခု ဖြစ်သည်။ လူအချို့တွင် ၎င်းတို့ကို သင်က တစ်စုံတစ်ခု တာဝန်ပေးသောအခါ စိတ်တိုစရာ၊ စိတ်အနှောင့်အယှက် ဖြစ်စရာတစ်ခုဟုလည်းကောင်း၊ လွတ်လပ်မှုအနည်းငယ်သာ ပေးသည်ဟုလည်းကောင်း မြင်သည်။ "နောက်ထပ်အလုပ်တစ်ခုဖြစ်သလော။ ကျွန်ုပ်၌ လုပ်စရာများစွာရှိနေပြီ ဖြစ်သည်။ ကျွန်ုပ်သည် ဤနေရာတွင် လတ်လျားလတ်လျား နေနေခြင်းသာ မဟုတ်" ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ထိုအရာကို ဘေးဖယ်ထားရန်၊ ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ မဖြည့်ဆည်းခြင်းအတွက် မိမိတို့ကိုယ်ကို ခွင့်လွှတ်ရန် ဆင်ခြေမျိုးစုံပေးသည်။ ၎င်းတို့တွင် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသကဲ့သို့ မိမိတို့ကိုယ်ကိုလည်း မဆန်းစစ်ပေ။ ဤအစား ၎င်းတို့၏ ညံ့ဖျင်းသော လူ့သဘာဝကို ခွင့်လွှတ်စေရန် မှန်ကန်ကြောင်း ရှင်းချက်ထုတ်ခြင်းများနှင့် ဆင်ခြေများကို ပေးသည်။ ဤသည်မှာ လူ့သဘာဝညံ့ဖျင်းသောသူများ ပြုမူသည့်ပုံစံဖြစ်သည်။ ဤသို့ဆိုလျှင် ဤသို့သောသူတစ်ဦးသည် သမ္မာတရားစစ်မှန်မှုကို ဝင်ရောက်နိုင်သလော။ (မဝင်ရောက်နိုင်ပါ။) အဘယ်ကြောင့်နည်း။ သမ္မာတရားကို ၎င်းတို့မချစ်သကဲ့သို့ အပြုသဘောဆောင်သော အရာများကို ၎င်းတို့ မချစ်ပေ။ ဤသည်မှာ မမှန်သလော။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝကိုလည်း မပိုင်ဆိုင်သကဲ့သို့ အပြုသဘောဆောင်သောအရာများ၏ စစ်မှန်မှုကိုလည်း မပိုင်ဆိုင်ပေ။ ၎င်းတို့အတွင်းတွင် ထိုအနှစ်သာရမရှိ။ ဤသို့ဆိုလျှင် သမ္မာတရားနှင့် ပုံမှန်လူ့သဘာဝကြား ဆက်နွှယ်မှုမှာ အဘယ်နည်း။ တစ်စုံတစ်ယောက်အနေဖြင့် သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ရန်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သူ၏ လူ့သဘာဝအတွင်းထဲ၌ မည်သည့်အရာရှိရမည်နည်း။ ပထမဦးစွာ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိရမည်။ မည်သည့်အရာကို ၎င်းတို့လုပ်ဆောင်နေသည်ဖြစ်စေ မှန်ကန်သော သဘောထား၊ မှန်ကန်သော စဉ်းစားပုံ၊ မှန်ကန်သော အမြင်ရှုထောင့်ရှိရမည်။ ဤအရာများဖြင့်သာ ပုံမှန်လူ့သဘာဝရှိနိုင်သည်။ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းအားဖြင့်သာ သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်သည်။
ခ။ မိမိတို့၏ တစ်ကိုယ်ရေ ပတ်ဝန်းကျင်များကို လူတို့၏ ကြီးကြပ်အုပ်ချုပ်မှု
ဒုတိယအချက်သည် နေ့စဉ်အသက်တာတွင် မိမိတို့၏ တစ်ကိုယ်ရေ ပတ်ဝန်းကျင်များကို လူတို့၏ ကြီးကြပ်အုပ်ချုပ်မှု ဖြစ်သည်။ ဤအချက်သည် ပုံမှန်လူ့သဘာဝ၏ မည်သည့်နယ်ပယ်နှင့် ပတ်သက်နေသနည်း။ (မိမိ၏ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်၏ နယ်ပယ်နှင့် ပတ်သက်ပါသည်။) ယင်းသည် မည်သည့်အရာ ပါဝင်သနည်း။ အဓိကအားဖြင့် ကျယ်ပြန့်သော နယ်ပယ်နှစ်ခု ပါဝင်သည်။ မိမိ၏ တစ်ကိုယ်ရေအသက်တာအထိသာ ဆက်နွှယ်သည့် နေထိုင်ရာ ပတ်ဝန်းကျင်နှင့် မိမိ မကြာခဏ ထိတွေ့သည့် အများနှင့်ဆိုင်သော ပတ်ဝန်းကျင်များဖြစ်သည်။ ပြီးလျှင် အတိအကျဆိုလျှင် ဤကျယ်ပြန့်သော နယ်ပယ်နှစ်ခုက မည်သည့်အရာ ပါဝင်သနည်း။ မိမိ၏ ဘဝနေမှုပုံစံအပြင် မိမိ၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ကို စီမံမှုတို့ဖြစ်သည်။ ထပ်၍ အသေးစိတ်ရှင်းပြရလျှင် လူတစ်ဦး၏ ဘဝနေမှုပုံစံက မည်သည့်အရာ ပါဝင်သနည်း။ အလုပ်နှင့် အနားယူခြင်း၊ စားနေကျအစားအသောက်၊ ပြီးလျှင် နေ့စဉ် ကျန်းမာရေးကို ထိန်းသိမ်းခြင်းတို့ကဲ့သို့သောအရာများ၊ ပြီးလျှင် နေ့စဉ်ဘဝနှင့်ပတ်သက်သည့် ဘုံအသိပညာတို့ပါဝင်သည်။ ပထမတစ်ခုဖြစ်သော အလုပ်နှင့် အနားယူခြင်းဖြင့် ငါတို့ အစပြုမည်။ ယင်းတို့ကို ပုံမှန်၊ အစီအစဉ်တကျဖြစ်သောပုံစံဖြင့်သာ လုပ်ဆောင်သင့်သည်။ မိမိ၏အလုပ်က ညနက်သည်အထိနေဖို့၊ သို့မဟုတ် အချိန်ပိုလုပ်ဖို့ လိုအပ်သည့်အခါကဲ့သို့သော အထူးအခြေအနေများမှ လွဲ၍ အလုပ်နှင့် အနားယူခြင်းသည် အများအားဖြင့် ပုံမှန်ဖြစ်ပြီး အစီအစဉ်တကျဖြစ်သည်။ ယင်းသည် မှန်သောနည်းဖြစ်သည်။ ညတွင် မအိပ်ဘဲနေရသည်ကို ပို၍နှစ်သက်သည့်သူအချို့ရှိသည်။ ၎င်းတို့သည် ညတွင် မအိပ်ဘဲ အမှုအရာမျိုးစုံဖြင့် အလုပ်ရှုပ်ကြသည်။ မနက်အစောပိုင်းတွင် အခြားလူများက အိပ်ရာမှထပြီး အလုပ်ကို မစမချင်း ၎င်းတို့က အိပ်ရာမဝင်ပေ။ ပြီးလျှင် အခြားလူများက ညတွင် အိပ်ရာဝင်သောအခါ ယင်းသည် ၎င်းတို့ထပြီး အလုပ်လုပ်သည့် အချိန်ဖြစ်သည်။ ဤသို့သောလူများမရှိသလော။ အခြားလူများနှင့် အစဉ်သဖြင့် သဟဇာတ မဖြစ်ပေ။ အစဉ်သဖြင့် ထူးခြားနေသည်။ ဤသို့သောလူတို့သည် ဆင်ခြင်တုံတရားသိပ်မရှိပေ။ လူတိုင်း၏ ပုံမှန်လှုပ်ရှားမှုများသည် အထူးဖြစ်ရပ်များရှိသော်ငြားလည်း သာမန်အခြေအနေများတွင် အခြေခံအားဖြင့် ကိုက်ညီနေသင့်သည်။ နောက်တစ်ခုသည် အဘယ်နည်း။ (စားနေကျအစားအစာ ဖြစ်သည်။) ပုံမှန်လူ့သဘာဝ၏ စားနေကျအစားအစာ လိုအပ်ချက်များကို ရရှိရန် လွယ်ကူသည်မဟုတ်လော။ (လွယ်ကူပါသည်။) ဤတစ်ခုက လွယ်ကူသည်။ သို့ရာတွင် လူတို့၌ စားနေကျအစားအစာနှင့်ပတ်သက်ပြီး မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်အနည်းငယ် ရှိသည်မဟုတ်လော။ လူအချို့က "ဘုရားသခင်ကို ငါတို့ ယုံကြည်သည်။ ပြီးလျှင် အရာရာတိုင်းက သူ့လက်ထဲတွင်ရှိသည်။ အစာအိမ်ကို ထိခိုက်စေနိုင်သည့် စားပုံမျိုးမရှိ။ ငါတို့၏ လွတ်လွတ်လပ်လပ် အချုပ်အချယ်ကင်းစွာဖြင့် ငါတို့နှစ်သက်သမျှကို စားမည်။ ဘုရားသခင်က ငါတို့ကို ကာကွယ်နေသောကြောင့် ယင်းသည် ပြဿနာမဟုတ်ပေ" ဟု ဆိုသည်။ ဤသို့သော နားလည်မှုရှိသည့် လူများမရှိသလော။ ဤတွင် တစ်စုံတစ်ခုက အနည်းငယ် လွဲချော်နေသည်မဟုတ်လော။ ဤသို့သော နားလည်မှုသည် ပုံမှန်မဟုတ်။ ထိုသို့သော နားလည်မှု ရှိသောသူတို့သည် ၎င်းတို့၏ စဉ်းစားပုံတွင် ပုံမှန်မဟုတ်ပေ။ အသက်ရှင်ခြင်းအတွက် ပုံမှန်၊ ဘဝပေးအသိ ဗဟုသုတနှင့် ဇာတိပကတိအတွက် အလေးထားမှုပြခြင်းကို ရောထွေးသော အခြားလူများရှိသည်။ အသက်ရှင်ခြင်းအတွက် ဘဝပေးအသိ ဗဟုသုတကို အာရုံစိုက်ခြင်းသည် ဇာတိပကတိကို အလေးထားမှုပြခြင်းဟု ယုံကြည်ကြသည်။ ယင်းကို ယုံကြည်သောသူများ မရှိသလော။ (ရှိပါသည်။) ဥပမာ လူအချို့သည် အစာအိမ်ပြဿနာရှိပြီး အစပ်များ၊ မအီမသာဖြစ်စေသော အရာများကို မစားပေ။ ၎င်းတို့အား "ယင်းသည် အတိုင်းအချင့်ဖြင့် စားသုံးသည့် သင်နှစ်သက်သော ပုံစံဖြစ်သည်။ သင်သည် ဇာတိပကတိအတွက် အလေးထားမှုပြသနေခြင်း ဖြစ်သည်။ ယင်းကို သင်ပုန်ကန်ရန် လိုသည်။ ထိုသို့သော အစားအစာများသာ ရှိသည့်နေရာများသို့ သင်သွားမိမည်ဖြစ်ပြီး ယင်းတို့ကို သင်စားဖို့ လိုအပ်သည်။ အဘယ်သို့ သင်မစားဘဲနေနိုင်မည်နည်း" ဟု ပြောသောသူအချို့ ရှိသည်။ ထိုနားလည်မှုမျိုး ရှိသည့်လူများမရှိသလော။ (ရှိပါသည်။) လူအချို့သည် ဇာတိပကတိကို ပုန်ကန်ရန်အတွက် အချို့သောအရာကို မစားနိုင်သည့်တိုင် အီလည်လည်ဖြစ်သည်အထိ မရမကစားသည်။ ငါက "သင်မစားလိုလျှင် မစားဘဲနေခွင့်ရှိသည်။ သင်မစားလျှင် မည်သူကမျှ သင့်ကို ရှုတ်ချမည်မဟုတ်" ဟု ပြောသည်။ ၎င်းတို့က "မဖြစ်ပေ။ ကျွန်ုပ်စားရမည်" ဟု ဆိုသည်။ ဤသို့ဆိုလျှင် ၎င်းတို့၏ အီလည်လည်ဖြစ်ခြင်းသည် ထိုက်တန်သည်။ ၎င်းတို့သည် ကိုယ့်ပြဿနာကိုယ်ရှာခြင်း ဖြစ်သည်။ မိမိတို့ကိုယ်ကိုအတွက် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်သည်။ ထို့ကြောင့် ယင်းတို့ကို ထိန်းသိမ်းရမည်မှာ ၎င်းတို့ ဖြစ်သည်။ ဤသို့ဆိုလျှင် ထိုအရာကို မစားလျှင် မှားမည်လော။ (မှားမည်မဟုတ်ပါ။) မှားလိမ့်မည်မဟုတ်ပေ။ သီးသန့်ကျန်းမာရေးအခြေအနေများရှိသည့် အခြားလူတို့သည် အချို့သောအစားအစာများနှင့် ဓာတ်မတည့်ပေ။ ထိုအရာများကို ၎င်းတို့ရှောင်ပြီး မစားဖို့လိုသည်။ အချို့မှာ ငရုတ်သီးမှုန့်နှင့် ဓာတ်မတည့်သောကြောင့် မစားသင့်ပေ။ သို့တိုင်အောင် မရမကစားသည်။ ယင်းသည် ဇာတိပကတိကို ပုန်ကန်ခြင်းကို ဆိုလိုသည်ဟု ယုံကြည်လျက် ယင်းတို့ကို ဆက်လက်၍ စားသည်။ ယင်းသည် လွဲချော်နေသော နားလည်မှုတစ်ခုမဟုတ်လော။ ဟုတ်သည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို စားဖို့ မသင့်တော်လျှင် မစားသင့်ပေ။ မည်သည့်အတွက် ၎င်းတို့၏ ခန္ဓာကိုယ်ကို တွန်းလှန်တိုက်ခိုက်နေသနည်း။ ဤသည်မှာ ၎င်းတို့အနေဖြင့် မဆင်မခြင်လုပ်ဆောင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ထိုစည်းမျဉ်းစည်းကမ်းကို ထားရှိဖို့ မလိုသကဲ့သို့ ၎င်းတို့၏ ဇာတိပကတိကို ထိုပုံစံဖြင့် ပုန်ကန်ဖို့မလိုပေ။ လူတိုင်းက ကိုယ်ပိုင် ရုပ်ပိုင်းဆိုင်ရာ အခြေအနေရှိသည်။ လူအချို့တွင် မကောင်းသောအစာအိမ်ရှိသည်။၊ အချို့တွင် အားနည်းသောနှလုံးရှိသည်။ အချို့မှာ အမြင်အာရုံအားနည်းသည်။ အချို့မှာ ချွေးထွက်လွယ်သည်။ အချို့မှာ လုံးဝ ချွေးမထွက်။ လူတိုင်း၏ အခြေအနေက ကွဲပြားသည်။ သင်သည် သင်ကိုယ်တိုင်၏ အခြေအနေကို အခြေခံပြီး ပြင်ဆင်ညှိနှိုင်းမှုများ ပြုလုပ်ရမည်။ ဤဖြစ်ရပ်များကို စာကြောင်းတစ်ကြောင်းဖြင့် သဘောထားထင်ဟပ်အောင် ဖော်ပြနိုင်သည်။ ဘဝတွင် ဘဝပေးအသိအနည်းငယ်ကို သင်ယူလော့။ ဤတွင် "ဘဝပေးအသိ" ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မည်သည့်အရာကို စားခြင်းက သင့်အတွက် အန္တရာယ်ရှိသည်၊ မည်သည့်အရာကို စားခြင်းက သင့်အတွက် ကောင်းသည်ဆိုသည်ကို သိဖို့လိုသည်ဟု အဓိပ္ပာယ်ရသည်။ တစ်စုံတစ်ခုက အရသာမကောင်းသော်လည်း သင့်ကျန်းမာရေးအတွက် ကောင်းလျှင် သင့်ကျန်းမာရေးအတွက် ယင်းကိုစားရမည်။ တစ်စုံတစ်ခုက အရသာရှိသော်လည်း သင်စားသောအခါ နေထိုင်မကောင်းဖြစ်လျှင် မစားနှင့်။ ယင်းသည် ဘဝပေးအသိဖြစ်သည်။ ထို့အပြင် လူတို့သည် ကျန်းမာနေရန်အတွက် ဘဝပေးအသိ နည်းလမ်း အနည်းငယ်ကိုလည်း သိရမည်။ နှစ်တစ်နှစ်၏ ရာသီဥတုလေးခုတွင် အချိန်၊ ဒေသတွင်း ဥတုရာသီ၊ ရာသီတို့ကို သင်စားသည့်အရာများအပေါ် လမ်းညွှန်စေစားစေလော့။ ဤသည်မှာ အဓိကစည်းမျဉ်းတစ်ခုဖြစ်သည်။ သင်၏ ကိုယ်ခန္ဓာကို မတိုက်ခိုက်နှင့်။ ဤသည်မှာ ပုံမှန်လူ့သဘာဝရှိသူများ ရှိသင့်သည့် အတွေးနှင့် နားလည်မှုဖြစ်သည်။ လူအချို့တွင် အူရောင်ရောဂါရှိပြီး မအီမသာဖြစ်စေသည့်အစားအစာများ စားသောအခါ ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားကြရသည်။ ထို့ကြောင့် ထိုအရာများကို မစားနှင့်။ သို့တိုင်အောင် လူအချို့က "ငါသည် မကြောက်ပါ။ ဘုရားသခင်က ငါ့ကို ကွယ်ကာနေသည်" ဟု ဆိုပြီး အစာစားပြီးနောက်တွင် ရလဒ်အနေဖြင့် ဝမ်းလျှောရောဂါကို ခံစားကြရသည်။ ယင်းသည် ဘုရားသခင်က ၎င်းတို့ကို စမ်းသပ်ပြီး စစ်ဆေးနေခြင်းဖြစ်သည်ဟုပင် ပြောကြသည်။ ၎င်းတို့သည် အဓိပ္ပာယ်မရှိသောသူများ မဟုတ်လော။ အဓိပ္ပာယ်မရှိသောသူများ မဟုတ်လျှင် ၎င်းတို့သည် အကျိုးဆက်ကို အလေးမထားဘဲ အစာစားသော ဆိုးရွားသော အစားကြီးသူများဖြစ်သည်။ ဤသို့သောလူများတွင် ပြဿနာများစွာရှိသည်။ ၎င်းတို့၏ အစာစားချင်စိတ်ကို မထိန်းနိုင်ဘဲ "ငါသည် မကြောက်ပါ။ ဘုရားသခင်က ငါ့ကို ကွယ်ကာနေသည်" ဟု ဆိုသည်။ ပြဿနာအပေါ် ၎င်းတို့၏ နားလည်မှုမှာ အဘယ်သို့နည်း။ ယင်းသည် လွဲချော်နေသည်။ သမ္မာတရားကို ၎င်းတို့ နားမလည်ပေ။ သို့တိုင်အောင် မစဉ်းမစားဖြင့် ယင်းကို အသုံးချဖို့ ကြိုးစားသည်။ ၎င်းတို့တွင် အူရောင်ရောဂါရှိသော်လည်း လက်လွတ်စပယ်စားသည်။ ပြီးလျှင် အကျိုးဆက်အနေဖြင့် ဝမ်းလျှောသောအခါ ၎င်းတို့က ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို စမ်းသပ်ပြီး စစ်ဆေးနေခြင်းဖြစ်သည်ဟု ဆိုခြင်းသည် စည်းမျဉ်းစည်းကမ်းများကို မစဉ်းမစား အသုံးချနေခြင်းမဟုတ်လော။ ဤသို့ အဓိပ္ပာယ်မရှိသောသူက ဤသို့သော မဟုတ်တမ်းတရားတစ်ခုကို ပြောဆိုခြင်းသည် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းမဟုတ်လော။ ဤသို့ အဓိပ္ပာယ်မရှိသောသူတွင် သန့်ရှင်းသောဝိညာဉ်တော်က အမှန်တကယ် အလုပ်လုပ်မည်လော။ (မလုပ်ပါ။) သမ္မာတရားကို သင်နားမလည်လျှင် အမှုအရာများအပေါ် စည်းမျဉ်းစည်းကမ်းများကို မစဉ်းမစားဖြင့် အသုံးမချရပေ။ ဘုရားသခင်သည် မည်သူ့ကိုမဆို လက်လွတ်စပယ် စမ်းသပ်မှုများ တွေ့ကြုံခံစားမည်လော။ သေချာပေါက် ပြုလုပ်မည်မဟုတ်။ သင်သည် ယင်းအတွက်ပင် အရည်အချင်းမပြည့်မီပေ။ သင်၏ ဝိညာဉ်ရင့်ကျက်မှုက ထိုအဆင့်အထိ မရောက်သေးပေ။ ထို့ကြောင့် ဘုရားသခင်က သင့်ကို စမ်းသပ်မှုများခံရအောင် လုပ်မည်မဟုတ်ပေ။ မည်သည့်အစားအစာက မိမိအား နေထိုင်မကောင်းဖြစ်စေမည်ကို မသိသူတစ်ယောက်သည် ညံ့ဖျင်းသော ဉာဏ်ပညာရှိသည့် ငတုံးငအတစ်ယောက်ဖြစ်သည်။ ညံ့ဖျင်းသော ဆင်ခြင်တုံတရားနှင့် ဉာဏ်ပညာ ရှိသောသူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်သလော။ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်သလော။ (နားမလည်နိုင်ပါ။) ဤသို့ဆိုလျှင် ဘုရားသခင်သည် ဤသို့သောသူတစ်ဦးကို စမ်းသပ်မှုများ ခံရစေမည်လော။ ခံရစေမည်မဟုတ်။ ဤသည်မှာ ဆင်ခြင်တုံတရားမဲ့ပြီး အဓိပ္ပာယ်မရှိသောအရာကို ပြောဆိုခြင်းဟူသည့်အရာ ဖြစ်သည်။ ဘုရားသခင်က လူတို့ကို စစ်ကြောခြင်းတွင် စည်းမျဉ်းများရှိသည်။ သမ္မာတရားကို ချစ်ပြီး လိုက်စားသောသူတို့ကို၊ ဘုရားသခင် အသုံးပြုမည်ဖြစ်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်သောသူတို့ကို ဦးတည်သည်။ သူ၏နောက်သို့လိုက်ပြီး သူ့အပေါ် သက်သေခံနိုင်သော စစ်မှန်သည့်ယုံကြည်ခြင်းရှိသူတို့ကို စမ်းသပ်မှုများခံရစေသည်။ သက်သာခြင်းနှင့် သာယာကြည်နူးမှုကိုသာ ရှာပြီး သမ္မာတရားကို လုံးဝ မလိုက်စားသော မည်သူကမျှ၊ အမှုအရာများအပေါ် လွဲချော်နေသော စိုးရိမ်ကြောင့်ကြမှုရှိသည့် မည်သူကမျှ သေချာပေါက် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုမရှိပေ။ ဤသို့ဆိုလျှင် ဘုရားသခင်က ၎င်းတို့ကို စမ်းသပ်မှုများ ခံရအောင် လုပ်မည်လော။ လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။
လူအချို့သည် တရုတ်တိုင်းရင်းဆေးများ၊ သို့မဟုတ် ကျန်းမာစေသော အစားအစာများကို ရရှိနိုင်ကြသည်။ ယင်းတို့ကို ၎င်းတို့က အလေးအနက်မထားဘဲ သုံးဆောင်ကြသည်။ အမျိုးသမီးအချို့သည် ၎င်းတို့၏ မျက်နှာပေါ်တွင် အသားအရေကို ကာကွယ်သော၊ အသားအရေကို ဖြူစေပြီး တင်းရင်းစေသော အရာများကို မကြာခဏ လိမ်းကြသည်။ ၎င်းတို့သည် မိတ်ကပ်လူးလျက် နေ့စဉ် အချိန်နှစ်နာရီကုန်ဆုံးပြီး မိတ်ကပ်ကို ဖျက်ရာတွင် အချိန်သုံးနာရီ ကုန်ဆုံးသည်။ ပြီးလျှင် အဆုံးတွင် ၎င်းတို့၏ အသားအရေသည် မမှတ်မိနိုင်တော့သည်အထိ ပျက်စီးလေသည်။ ၎င်းတို့က "အသက်အရွယ်အလျောက် အလှတရား မှေးမှိန်လာခြင်း၏ သဘာဝနိယာမကို မည်သူမျှ မကျော်လွှားနိုင်ပါ။ ကျွန်ုပ်၏ ဤရင့်ရော်နေသော အသားအရေကိုသာ ကြည့်ပါ" ဟုပင် ဆိုလိမ့်မည်။ အမှန်မှာ ၎င်းတို့သည် မိမိတို့၏ မျက်နှာကို လက်မဆော့နေခဲ့လျှင် အလွန်အသက်ကြီးသည့်ပုံ ပေါက်မည်မဟုတ်။ ၎င်းတို့ကို ကြီးရင့်စေသည်မှာ ထိုထုတ်ကုန်များကို လိမ်းခြင်းကြောင့်ပင်ဖြစ်သည်။ ယင်းကို သင်တို့ မည်သို့မြင်သနည်း။ (၎င်းတို့က ကိုယ့်ဒုက္ခကိုယ်ရှာခြင်းသာ ဖြစ်သည်။) ၎င်းတို့သည် မိမိတို့နှင့်တန်ရာကိုရခြင်း ဖြစ်သည်။ ပုံမှန်လူ့သဘာဝ၌ အသက်ရှင်ခြင်းအတွက် ဘဝပေးအသိ ဗဟုသုတ အချို့ရှိပြီး ယင်းကို သဘောပေါက်ဖို့ လိုသည်။ ယင်းမှာ ဥပမာ အေးသောခြေထောက်သည် ခါးနာခြင်းကိုဖြစ်စေသည်၊ သို့မဟုတ် စောစောစီးစီး အနီးမှုန်ခြင်းကို မည်သို့ကုသသင့်သည်၊ သို့မဟုတ် ကွန်ပြူတာရှေ့၌ အလွန်ကြာရှည်စွာထိုင်ခြင်း၏ ထိခိုက်မှုများက မည်သည့်အရာတို့ ဖြစ်သည်တို့ကဲ့သို့သော မိမိ၏ ကျန်းမာရေးကို ဂရုစိုက်စောင့်ရှောက်ပြီး နာမကျန်းဖြစ်ခြင်းကို ရှောင်ကြဉ်ခြင်းနှင့်ပတ်သက်သည့် ဘဝပေးအသိ ဗဟုသုတ ဖြစ်လေသည်။ မိမိ၏ ကျန်းမာရေးအတွက် ဤသို့သော ဘဝပေးအသိ ဂရုစိုက်စောင့်ရှောက်မှုကို အနည်းငယ် နားလည်သင့်သည်။ အချို့က "ဘုရားသခင်ကို ယုံကြည်ရန်အတွက် သင်သည် သူ၏ နှုတ်ကပတ်တော်များကိုသာ ဖတ်ရမည်ဖြစ်သည်။ ထိုဘဝပေးအသိ ကျန်းမာရေးထောက်ပံ့မှုကိစ္စများအားလုံးကို သင်ယူခြင်း၏ အသုံးဝင်မှုမှာ အဘယ်နည်း။ လူတစ်ဦး၏ ဘဝသက်တမ်းကို ဘုရားသခင်က အဆုံးအဖြတ်ပေးသည်။ ကျန်းမာရေးထောက်ပံ့မှု အသိပညာမည်မျှက မည်သည့်ကောင်းကျိုးမျှရှိမည်မဟုတ်။ သင်သေဖို့ အချိန်ကျသောအခါ မည်သူကမျှ သင့်ကို မကယ်တင်နိုင်ပေ" ဟု ဆိုကောင်းဆိုနိုင်သည်။ အပေါ်ယံတွင် မှန်သည်ဟုထင်ရသော်လည်း အမှန်တွင် အနည်းငယ် အဓိပ္ပာယ် မဲ့လေသည်။ ယင်းသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသူတစ်ယောက်က ပြောမည့်အရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ထပ်ခါတလဲလဲပြောပြီးဖြစ်သော စကားများ၊ အယူဝါဒများကို တတွတ်တွတ်ပြောရန် သင်ယူပြီး ဝိညာဉ်ရေးရှိသည့်ပုံစံရှိသည်။ အမှန်တွင် ရှင်းလင်းသော သဘောပေါက်နားလည်မှုလုံးဝမရှိ။ ၎င်းတို့အပေါ်တွင် အမှုအရာများ ဖြစ်ပျက်သောအခါ စည်းမျဉ်းစည်းကမ်းများကို အသုံးချရန် မဆင်မခြင် ကြိုးစားပြီး မည်သည့်သမ္မာတရားကိုမျှ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ တတ်နိုင်သမျှ ကောင်းမွန်စွာ စကားပြောသည်။ ဥပမာ လူအချို့က ၎င်းတို့ကို ပြောင်းဖူးအုတ်ဂျုံယာဂုသည် အာဟာရဖြစ်သည်၊ ကျန်းမာရေးအတွက် ကောင်းသည်ဟု ပြောကောင်းပြောနိုင်သည်။ ယင်းကို ၎င်းတို့က နားလည်မည်မဟုတ်။ သို့သော် ဝက်ပေါင်းက ကျန်းမာရေးနှင့်ညီညွတ်သည်ဟု တစ်စုံတစ်ယောက်က ပြောသည်ကို ၎င်းတို့ ကြားသည်နှင့် တစ်ပြိုင်နက် ထိုဝက်ပေါင်းကို နောက်တစ်ကြိမ်မြင်သောအခါတွင် ဗိုက်ပြည့်အောင် စားလိမ့်မည်။ ၎င်းတို့သည် ဝါးစားလျက် "ငါ မည်သည့်အရာကို လုပ်နိုင်မည်နည်း။ ဤအရာကို ငါစားဖို့ လိုသည်။ ငါ၏ ကျန်းမာရေးအတွက် ဖြစ်သည်" ဟုပင် ဆိုလိမ့်မည်။ ဤသို့ပြောသည်မှာ လှည့်ဖြားသောအရာ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် လှည့်ဖြားမှုဖြစ်သည်။ ပုံမှန်လူ့သဘာဝရှိသူတို့ ပိုင်ဆိုင်သင့်သည့်အရာကို ပိုင်ဆိုင်ခြင်း၊ လူတို့သိသင့်သည့်အရာကို သိခြင်း၊ သင်၏ အသက်အရွယ်နှင့် လိုက်လျောညီထွေသည့် ဘဝအဆင့်တွင် သိရမည့်အရာကို သိခြင်းတို့သည် ပုံမှန်လူ့သဘာဝရှိခြင်းဟူသည့် အရာ ဖြစ်သည်။ အသက် နှစ်ဆယ်ဝန်းကျင် ရှိသောလူအချို့သည် လက်လွတ်စပယ်စားသောက်သည်။ ၎င်းတို့သည် အေးခဲနေသောနေ့တွင် ရေခဲတုံးများကို စားလိမ့်မည်။ ၎င်းတို့၏ လူကြီးသူမများက ယင်းအားမြင်ရသည်ကို ကြောက်ရွံ့ပြီး ၎င်းတို့အား ဗိုက်နာမည်ဟုပြောလျက် ရပ်ရန် တိုက်တွန်းသည်။ "ဗိုက်နာမည်လော။ ကျွန်ုပ် ဘာမှဖြစ်မည်မဟုတ်ပါ"၊ "ကျွန်ုပ်ကို ကြည့်ပါ။ ကျွန်ုပ်သည် ကျန်းမာရေးဒေါင်ဒေါင်မြည်သည်" ဟု ၎င်းတို့က ဆိုသည်။ ၎င်းတို့၏ အသက်အရွယ်တွင် ဤသို့သောအရာများကို ၎င်းတို့မသိ။ ၎င်းတို့ အသက်လေးဆယ်ဖြစ်သည်အထိ စောင့်ပြီး ထိုအချိန်၌ ရေခဲတုံးကို စားရန် ၎င်းတို့ကိုပေးလော့။ ၎င်းတို့ စားမည်လော။ (စားမည်မဟုတ်။) အသက်ခြောက်ဆယ်သို့ ၎င်းတို့ရောက်သောအခါ ရေခဲစားခြင်းကို ထားလော့၊ ရေခဲအနီးသို့ လာရန်ပင် ကြောက်လိမ့်မည်။ ၎င်းတို့၏ ခန္ဓာကိုယ်သည် ရေခဲ၏ အအေးဒဏ်ကို ခံနိုင်ရည် ရှိမည်မဟုတ်။ ယင်းကို ဘဝသင်ခန်းစာများကို သင်ယူခြင်းဖြစ်သည့် အတွေ့အကြုံဟုခေါ်သည်။ ခြောက်ဆယ်အရွယ် ရှိသည့်သူတစ်ဦးသည် သူ၏ အစာအိမ်က ရေခဲတုံးများစွာအား ခံနိုင်ရည် မရှိသည်ကိုလည်းကောင်း၊ သူ၏ ကိုယ်ခန္ဓာက ဒဏ်မခံနိုင်သည်ကိုလည်းကောင်း၊ ယင်းတို့က သူ့အား နေမကောင်း ဖြစ်စေမည်ကိုလည်းကောင်း မသိသေးလျှင် ထိုအရာကို မည်သို့ခေါ်သနည်း။ သူသည် ပုံမှန်လူ့သဘာဝ၌ ချို့တဲ့သလော။ သူသည် ရှင်သန်ခဲ့သော အတွေ့အကြုံ၌ ချို့တဲ့သည်။ အသက်ခြောက်ဆယ်ဝန်းကျင် ရှိသူတစ်ဦးက အအေးသည် ခါးအတွက်မကောင်းသည်ကိုလည်းကောင်း၊ အေးသောခြေထောက်သည် ခါးနာစေသည်ကိုလည်းကောင်းမသိသေးလျှင် သူသည် ထိုအသက်ခြောက်ဆယ်ဝန်းကျင်ကို မည်သို့အသက်ရှင်ခဲ့ခြင်း ဖြစ်ရော့မည်နည်း။ သူသည် အိုးနင်းခွက်နင်းဖြင့် ဖြတ်သန်းခဲ့ခြင်းသာ ဖြစ်ရမည်။ လူအချို့သည် အသက်လေးဆယ်ကျော်အရွယ်တွင် ဘဝနှင့်ပတ်သက်ပြီး ဘဝပေးအသိ ဖြစ်သောအရာများစွာကို နားလည်ကြသည်။ ဥပမာ ဘဝပေးအသိကျန်းမာရေး ဗဟုသုတဖြစ်သည်။ ပြီးလျှင် ၎င်းတို့၌ ရုပ်ဝတ္ထုပစ္စည်းများ၊ ငွေကြေး၊ အလုပ်တို့နှင့်ပတ်သက်၍၊ ပြီးလျှင် ၎င်းတို့၏ ဆွေမျိုးများ၊ လောက၏ အရေးကိစ္စများ၊ ဘဝ စသည်တို့နှင့် ပတ်သက်၍ မှန်ကန်သော အမြင်အနည်းငယ်ရှိကြသည်။ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့သည် ရှင်းလင်းသော နားလည်မှုရှိကြသည်။ ပြီးလျှင် ဘုရားသခင်ကို ၎င်းတို့ မယုံကြည်လျှင်ပင် ဤအရာများကို ၎င်းတို့ထက် ငယ်သူများထက် အနည်းငယ်ပို၍ နားလည်သေးသည်။ ဤသည်တို့မှာ အမှန်နှင့် အမှားခွဲခြားတတ်သည့် အသိစိတ်ရှိသူများ၊ အတွေးအခေါ်က ပုံမှန်ဖြစ်သူများဖြစ်သည်။ ၎င်းတို့၏ နှစ်ဆယ်ကျော်အရွယ်ကတည်းက ၎င်းတို့ အသက်ရှင်ခဲ့သော ဆယ်စုနှစ်နှစ်ခုတွင် အမှုအရာများစွာကို ၎င်းတို့ နားလည်ခဲ့သည်။ ယင်းတို့ထဲမှ အချို့မှာ သမ္မာတရားနှင့် နီးစပ်သည်။ ဤသည်မှာ ၎င်းတို့သည် သဘောပေါက်နားလည်နိုင်စွမ်းရှိသူများ၊ အစွမ်းအစကောင်းသူများဖြစ်သည်ဆိုသည်ကို ပြလေသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူဖြစ်လျှင် သမ္မာတရားစစ်မှန်မှုအပေါ် ၎င်းတို့၏ ဝင်ရောက်မှုသည် ပို၍ မြန်ဆန်စွာ ရောက်ရှိလာမည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်နှစ်ဆယ်တွင် များစွာကို ၎င်းတို့ တွေ့ကြုံခဲ့ပြီး အပြုသဘောဆောင်သောအရာ အနည်းငယ်ကို ရရှိပြီးလိမ့်မည် ဖြစ်သောကြောင့်တည်း။ ၎င်းတို့၏ အတွေ့အကြုံများသည် ဘုရားသခင်ပြောသည့် သမ္မာတရားစစ်မှန်မှုနှင့် တစ်သမတ်တည်းဖြစ်လိမ့်မည်။ သို့ရာတွင် ထိုလူ၏ လူ့သဘာဝ၌ များစွာချို့တဲ့နေပြီး မှန်ကန်သော အမြင်များမရှိလျှင်၊ သို့မဟုတ် ပုံမှန်လူ့သဘာဝ၏ အတွေးအခေါ်များမရှိလျှင်၊ ဘဝနှင့်ပတ်သက်၍လည်းကောင်း၊ ထိုနှစ်နှစ်ဆယ်တွင် ဖြစ်ပေါ်သော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့်ပတ်သက်၍လည်းကောင်း ပုံမှန်လူ့သဘာဝ၏ ဉာဏ်ပညာ သာ၍ပင် မရှိလျှင် ထိုသူသည် ထိုနှစ်များကို အချည်းနှီး အသက်ရှင်ခဲ့ခြင်း ဖြစ်လိမ့်မည်။ ငါရောက်ရှိခဲ့သောနေရာအချို့တွင် အသက်ကြီးသူ ညီအစ်မအချို့က မချက်ပြုတ်တတ်သည်ကို တွေ့ရသည်။ အစပ်အဟပ်တည့်သော အစားအစာကိုပင် ၎င်းတို့ မစီစဉ်နိုင်ပေ။ ကြော်သင့်သည့်အရာကို ဟင်းရည်ပြုလုပ်ပြီး ဟင်းရည်ထဲသို့ ထည့်သင့်သည့်အရာကို ကြော်ကြသည်။ ခြံထွက်သီးနှံများက ရာသီအလိုက် ပြောင်းလဲသော်လည်း ၎င်းတို့၏ စားပွဲတွင် ရှိသည်မှာ အစဉ်သဖြင့် တစ်ပုံစံတည်းသော ဟင်းအနည်းငယ်သာဖြစ်သည်။ ထိုနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ယင်းသည် အမှန်ပင် ဉာဏ်ပညာကင်းမဲ့ခြင်း ဖြစ်သည်။ မမှန်သလော။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ အစွမ်းအစကင်းမဲ့နေခြင်း ဖြစ်သည်။ မုန်လာထုပ်နှင့် အာလူးကဲ့သို့သော အရာများဖြစ်သည့် ၎င်းတို့၏ နေ့စဉ်ဘဝတွင် ကြုံရသည့် စားသောက်ကုန်အမျိုးမျိုးကိုပင် မချက်ပြုတ်နိုင်ပေ။ ၎င်းတို့သည် အရိုးရှင်းဆုံးသောတာဝန်ကို လုပ်ဆောင်နိုင်ခြင်းမရှိသကဲ့သို့ ဖြစ်မြောက်အောင် မလုပ်ဆောင်နိုင်ပေ။ ပြီးခဲ့သော နှစ်ငါးဆယ်၊ ခြောက်ဆယ်ကို ၎င်းတို့ မည်သို့အိုးနင်းခွက်နင်း ပြီးမြောက်သွားခဲ့သနည်း။ ၎င်းတို့၏ စိတ်နှလုံးက ၎င်းတို့၏ ဘဝနှင့်ပတ်သက်၍ တောင်းဆိုမှုများ မရှိခြင်းမှာ အမှန်ပင် ဖြစ်နိုင်သလော။ လူတစ်ဦးက သူလုပ်ဆောင်သမျှတိုင်းတွင် အတွေ့အကြုံကို မရရှိနိုင်လျှင် ထိုသို့သောသူတစ်ဦးက မည်သည့်တာဝန်ကို ကောင်းစွာလုပ်ဆောင်နိုင်သနည်း။ အမှန်မှာ လူတို့သည် အချိန်ခဏကြာ အားထုတ်မှုပြု၍ လေ့ကျင့်လျှင် အမှုအရာများကို လုပ်ဆောင်ရန် သင်ယူနိုင်သည်။ လူတစ်ယောက်သည် နှစ်အနည်းငယ်ကြာ လေ့လာပြီးနောက် တစ်ခုမျှ မလုပ်နိုင်သေးလျှင် သူ၏ ဉာဏ်ပညာနှင့် အစွမ်းအစက အလွန်ဆိုးဝါးနေခြင်း ဖြစ်ရမည်။
ယခုတွင် သန့်ရှင်းမှုနှင့်ပတ်သက်သော စီမံခြင်းအကြောင်းကို အနည်းငယ်ပြောကြစို့။ အိမ်များ၏ ပတ်ဝန်းကျင်တို့တွင် အလွန်ပင်ရှုပ်ပွနေသော နေရာနှစ်ခုသို့ အခုရက်ပိုင်း၌ ငါသွားခဲ့သည်။ ထိုနေရာတွင် အရာရာတိုင်းသည် နဂိုက အလွန်ပင် အစီအစဉ်တကျဖြစ်သည်။ ဤသို့ဆိုလျှင် ထိုနေရာများသည် အဘယ်သို့ "ဝက်ခြံ"များ ဖြစ်သွားခဲ့သနည်း။ အကြောင်းရင်းမှာ ထိုနေရာရှိလူများသည် မည်သို့ကောင်းစွာကိုင်တွယ်စီမံရမည်ကို မသိခြင်းဖြစ်သည်။ ၎င်းတို့တွင် သန့်ရှင်းမှုအတွက် ပုံမှန်လူ့သဘာဝ၏အသိစိတ်နှင့် သတ်မှတ်ချက်များ မရှိပေ။ ၎င်းတို့သည် ပျင်းရိခြင်းသက်သက် မဟုတ်။ ထိုထက်ပို၍ ၎င်းတို့သည် ထိုသို့သော အခြေအနေများ၌ နေထိုင်ရခြင်းကို ကျင့်သားရသွားခြင်းဖြစ်သည်။ ၎င်းတို့သည် စည်းကမ်း၊ သို့မဟုတ် ကန့်သတ်ချက်မရှိဘဲ မြေပြင်တွင် အမှိုက်ကို ဖွပြီး ပစ္စည်းများကို နေရာတကာ ချထားသည်။ နေရာတစ်ခုကို ၎င်းတို့ ရှင်းလင်းပြီးသောအခါ တစ်ရက်၊ သို့မဟုတ် နှစ်ရက်သာ သန့်ရှင်းအောင် ထားနိုင်သည်။ ရက်အနည်းငယ်ကြာပြီးနောက်တွင် အလွန်ရှုပ်ပွပြီး ညစ်ပတ်သည်မှာ ကြည့်ဖို့ပင် ခက်ခဲသည်။ ငါ့ကို ပြောလော့။ ထိုသို့သော ပတ်ဝန်းကျင်ကို မည်သို့ခေါ်သနည်း။ ပြီးလျှင် ထိုနေရာရှိလူတို့သည် ထိုသို့သော အခြေအနေများ၌ မြိန်မြိန်ရှက်ရှက် စားသောက်နိုင်ပြီး အိပ်ပျော်နိုင်သည်။ ထိုသူတို့သည် မည်သည့်လူများဖြစ်သနည်း။ ၎င်းတို့သည် ဝက်များကဲ့သို့ဖြစ်သည် မဟုတ်သလော။ ၎င်းတို့သည် သန့်ရှင်းမှု၊ ၎င်းတို့၏ ပတ်ဝန်းကျင်၊ စနစ်တကျ ဖွဲ့စည်းမှု၊ စီမံမှုတို့နှင့်ပတ်သက်၍ သတိပြုခြင်းမရှိသကဲ့သို့ နားလည်မှု လုံးဝမရှိပေ။ မည်မျှညစ်ပတ်ပါစေ၊ ရှုပ်ပွပါစေ ၎င်းတို့ သတိမထားမိပေ။ ယင်းသည် ၎င်းတို့ကို စိတ်အနှောင့်အယှက် မပေးပေ။ ယင်းနှင့်ပတ်သက်ပြီး စိတ်မပူဘဲ တုန်လှုပ်ခြင်းမရှိ။ စေ့စပ်မှုမရှိဘဲ၊ သတ်မှတ်ချက်များမရှိဘဲ ၎င်းတို့နေထိုင်နေခဲ့ပြီးသည့်အတိုင်း ဆက်လက်နေထိုင်ကြသည်။ အချို့သောနေရာများတွင် ၎င်းတို့၏ သန့်ရှင်းမှုနှင့် ပတ်ဝန်းကျင်ကို ကောင်းစွာ ဂရုစိုက်သည်။ ပြီးလျှင် ထိုနေရာရှိလူများသည် သန့်ရှင်းမှုကို ဂရုစိုက်သည်ဟုလည်းကောင်း၊ ၎င်းတို့၏ ပတ်ဝန်းကျင်အား စီမံရကောင်းမှန်းကို ၎င်းတို့သိသည်ဟုလည်းကောင်း သင်ထင်လိမ့်မည်။ သို့သော် ၎င်းတို့သည် စစ်ဆေးမှုများမတိုင်မီ နေရာကို သန့်ရှင်းရန် လူတို့ကို ကြို၍စေလွှတ်နေခြင်းဖြစ်သည်ကို ရုတ်တရက် ဝင်ရောက်စစ်ဆေးမှုတစ်ခု မပြုမချင်း မည်သူမျှ မသိပေ။ သင်က ၎င်းတို့ကို သင်လာမည်ဟု ကြိုပြောထားလျှင် ထိုနေရာသည် သန့်ရှင်းနေဖို့ သေချာသည်။ ၎င်းတို့ကို သတိမပေးဘဲ သင်သွားလျှင် သေချာပေါက် ညစ်ပတ်ပြီး ရှုပ်ပွနေသည့် မတူညီသော ပတ်ဝန်းကျင်တစ်ခုကို သင်တွေ့လိမ့်မည်။ မိန်းကလေးအချို့၏ အခန်းများတွင် အဝတ်များနှင့် ဖိနိပ်များ ပွနေသည်။ ပြီးလျှင် အပြင်တွင်လည်း ပေါက်ပြားနှင့် ပေါက်ချွန်းကဲ့သို့သော အလုပ်ကြမ်းပစ္စည်းများကို အဝတ်များနှင့်အတူ စုပုံထားသည်။ ထိုနေရာရှိ လူအချို့က ၎င်းတို့သည် အလွန်အလုပ်ရှုပ်နေသည်မှာ သန့်ရှင်းရေးလုပ်ဖို့ အချိန်မရဟုပင် ပြောကောင်းပြောနိုင်သည်။ ဤသည်မှာ ၎င်းတို့အလုပ်ရှုပ်နေပုံ ဖြစ်သလော။ ၎င်းတို့သည် အသက်ရှူဖို့ပင် အချိန်မရှိသလော။ မရှိလျှင် ဤသည်မှာ အလုပ်ရှုပ်ခြင်းဖြစ်သည်မှာ အမှန်ပင်။သို့သော် သေချာသည်မှာ ၎င်းတို့သည် ထိုမျှ အလုပ်မရှုပ်ဘူး မဟုတ်လော။ ၎င်းတို့၏ နေရာကို စီမံခြင်းသည် မည်သည့်အရာကများ အလွန်ခက်ခဲနေသနည်း။ သန့်ရှင်းသော၊ သေသပ်သော ပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းသည် မည်သည့်အရာကများ အလွန် ခက်ခဲပင်ပန်းသနည်း။ ဤသည်မှာ လူ့သဘာဝနှင့် တစ်ခုခုသက်ဆိုင်ခြင်းရှိသလော။ လူတို့သည် "ဝက်ခြံ"တစ်ခု၌ နေထိုင်ရခြင်းကို အဘယ်ကြောင့် အလွန်ကြိုက်ရသနည်း။ ဤသို့သော ပတ်ဝန်းကျင်တစ်ခုတွင် အဘယ်ကြောင့် အလွန်ပင် စိတ်အေးနေရသနည်း။ ၎င်းတို့သည် ဤသို့သောပတ်ဝန်းကျင်အပေါ် အဘယ်သို့များ လုံးလုံး ဥပေက္ခာပြုနေနိုင်သနည်း။ ထိုနေရာတွင် မည်သည့်အရာ ဖြစ်နေသနည်း။ ကောင်းစွာ စီမံခြင်းမရှိသော ပတ်ဝန်းကျင်များ၏ အကြောင်းရင်းမှာ အဘယ်နည်း။ ငါသည် တစ်နေရာရာသို့ ရံဖန်ရံခါသွားပြီး ၎င်းတို့အား ကြိုပြောလျှင် ၎င်းတို့က သန့်ရှင်းသေသပ်အောင် ပြုလုပ်လိမ့်မည်။ သို့သော် ထိုနေရာသို့ ငါမကြာခဏသွားလျှင် သန့်ရှင်းခြင်းကို ရပ်လိမ့်မည်။ ၎င်းတို့က "ကိုယ်တော်သည် ဤနေရာသို့ မကြာခဏလာသည်။ ထို့ကြောင့် လုပ်ရိုးလုပ်စဉ်များကို ဘေးချိတ်ထားလိုက်တော့မည်။ ဤသည်မှာ ကျွန်ုပ်တို့၏ ပကကိအခြေအနေပင်ဖြစ်သည်။ အချိန်ပြည့် သန့်ရှင်းနေရခြင်းသည် ပင်ပန်းနွမ်းနယ်ဖွယ်ဖြစ်သည်။ မည်သူက အားအင်ရှိသနည်း။ ကျွန်ုပ်တို့သည် တစ်နေကုန် အလွန်အလုပ်ရှုပ်နေသည်မှာ ခေါင်းဖြီးရန်ပင် အချိန်မရှိ" ဟု ဆိုကြသည်။ ၎င်းတို့သည် ဤသို့ မှန်ကန်ကြောင်းပြဆိုသည်။ အခြားမည်သည့်အရာများကို ၎င်းတို့ ပေးသနည်း။ "ဤသည်တို့အားလုံးမှာ ယာယီသာဖြစ်သည်။ ပြည့်စုံစွာ အစီအစဉ်တကျဖြစ်ရန် ပြုလုပ်ဖို့ မလိုပေ။ လက်ရှိအခြေအနေလည်း အလုပ်ဖြစ်မည်ဖြစ်သည်" ဟူ၍ ဖြစ်သည်။ အမှန်ပင် အရာရာတိုင်းက ယာယီဖြစ်သည်။ သို့သော် သင်သည် ရွက်ဖျင်တဲတစ်ခု၌ နေထိုင်နေလျှင်ပင် စောင့်ရှောက်ရဦးမည် ဖြစ်သည်မဟုတ်လော။ ယင်းသည် ပုံမှန်လူ့သဘာဝဖြစ်သည်။ ထိုပုံမှန်လူ့သဘာဝ အနည်းငယ်မျှပင် မရှိလျှင် သင်သည် သားရဲတိရစ္ဆာန်များနှင့် အဘယ်သို့ ကွာခြားသနည်း။
ဘုရားအိမ်တော်တွင် တောင်များနှင့် ရေပြင်အနီး၌ အလွန်ကောင်းသော နေရာတွင်ရှိနေသည့် ဘုရားကျောင်းတစ်ခုရှိသည်။ ထိုနေရာတွင် လမ်းမကြီးတစ်ခု ခင်းပြီးဖြစ်သည်။ ပြီးလျှင် သစ်ပင်များက အနီးရှိမြစ်တွင် စီတန်းနေသည်။ ရှုခင်းကြည့်သည့် အဆောက်အဦးငယ်တစ်ခုပင်ရှိပြီး ယင်းနှင့်ကပ်လျက်တွင် အလှဆင်ထားသော ကျောက်များရှိသည်။ အမှန်ပင် အလွန်လှပသည်။ တစ်နေ့တွင် ထိုသန့်ရှင်းသောလမ်းပေါ်၌ သေးငယ်သော၊ အဝါရောင်အရာဝတ္ထုတစ်ခုကို အဝေးမှနေ၍ ငါတွေ့ခဲ့သည်။ နီးလာသောအခါ ယင်းသည် လိမ္မော်သီးခွံတစ်ခု ဖြစ်သည်ကို ငါတွေ့ရသည်။ မည်သူက သူ၏ အမှိုက်ကို ထိုနေရာ၌ သာမန်ကာလျှံကာ ပစ်လိုက်သည်ကို မည်သူသိမည်နည်း။ ပြီးလျှင် သန့်ရှင်းထားပြီးသားဖြစ်သော ရှုခင်းသာ အဆောက်အဦးငယ်တွင်လည်း တစ်စုံတစ်ယောက်က နေကြာစေ့များ စားထားကာ အခွံများကို ကြမ်းပြင်နေရာအနှံ ပစ်ထားသည်။ ငါ့ကို ပြောလော့။ ထိုသူသည် စည်းကမ်းများကို သိသူတစ်ဦးဖြစ်သလော။ ပုံမှန်လူ့သဘာဝတွင် မိမိ၏ သန့်ရှင်းမှုနှင့် ပတ်ဝန်းကျင်အတွက် သတ်မှတ်ထားသော စံနှုန်းများရှိသလော၊ သို့မဟုတ် မရှိသလော။ လူအချို့က "ကျွန်ုပ်သည် မည်သည့်ပုံစံဖြင့် စံနှုန်းများ မရှိသနည်း။ ညနေတိုင်း ကျွန်ုပ်၏ ခြေကို ဆေးသည်။ လူအချို့က မဆေးပေ။ လူအချို့သည် မနက်၌ အိပ်ရာထသောအခါ ၎င်းတို့၏ မျက်နှာကိုပင် မဆေးပေ" ဟု ဆိုကောင်းဆိုနိုင်သည်။ သင်၏ ခြေထောက်က သန့်ရှင်းကောင်းသန့်ရှင်းနိုင်သည်။ ဟုတ်ပါပြီ။ သို့သော် သင်၏ အလုပ်ပတ်ဝန်းကျင်က အဘယ်ကြောင့် ဝက်ခြံကဲ့သို့ ဖြစ်သနည်း။ သင်၏ ထိုသန့်ရှင်းခြင်းသည် မည်သည့်သဘောသက်ရောက်သနည်း။ အများဆုံးအနေဖြင့် သင်က အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်သည်ကို ပြသည်။ သင်သည် အရာအားလုံးကို စီမံလိုသည်။ သင်သည် ခြံဝင်းတစ်ခုကိုပင် မစီမံနိုင်လျှင် အဘယ်သို့ အရာအားလုံး၏ အရှင်သခင်ဖြစ်နိုင်မည်နည်း။ ယင်းသည် အရှက်ကင်းမဲ့သည်မှာ အမှန်ပါတကား။ ဤလူတို့ မစီမံနိုင်သည်မှာ ၎င်းတို့၏ ပတ်ဝန်းကျင်သာမဟုတ်။ ၎င်းတို့၏ တစ်ကိုယ်ရေသန့်ရှင်းမှုကိုပင် မစီမံနိုင်ဘဲ မြေပြင်ပေါ်သို့ အမှိုက်ပစ်သည်။ ၎င်းတို့သည် အဘယ်သို့ ဤအကျင့်ကို ရလာသနည်း။ ၎င်းတို့သည် အသီးခွံများအား မြေဩဇာဟု ခေါ်ဆိုခြင်းအားဖြင့် ယင်းတို့ကို မြေကြီးပေါ်သို့ ပစ်ချခြင်းအား မှန်ကန်ကြောင်း ရှင်းချက်ထုတ်ကောင်း ထုတ်နိုင်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ယင်းတို့ကို မြေဩဇာအပုံ၊ သို့မဟုတ် အမှိုက်ပုံးထဲသို့ မပစ်သနည်း။ အဘယ်ကြောင့် လမ်းပေါ်၊ သို့မဟုတ် ထိုရှုခင်းသာ အဆောက်အအုံငယ်အထဲတွင် ပစ်သနည်း။ ရှုခင်းသာ အဆောက်အအုံသည် မြေဩဇာထားရန် နေရာဖြစ်သလော။ ယင်းသည် စည်းကမ်းများကို အလေးမထားခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် လူ့သဘာဝ၊ ဆင်ခြင်တုံတရားနှင့် ကိုယ်ကျင့်တရား အပြုအမူ လွန်စွာ ခေါင်းပါးခြင်း ဖြစ်သည်။ ၎င်းတို့သည် ယုတ်သောလူများဖြစ်သည်။ ငါ့ကို ပြောလော့။ ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှိသလော။ ယင်းကို မည်သို့တားဆီးနိုင်သနည်း။ ကြီးကြပ်ခြင်းက အလုပ်ဖြစ်မည်လော။ အမှုအရာများကို မည်သူကများ ဤသို့စောင့်ကြည့်နိုင်သနည်း။ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ (၎င်းတို့ကို ဒဏ်ငွေရိုက်ပါ။) ဟုတ်သည်။ ယင်းသည် နောက်ဆုံးကျင့်သုံးမှုဖြစ်သည်။ သင့်လျော်သော စနစ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ ဒဏ်ခတ်မခံရခြင်း မရှိရတော့ပေ။ ဤလူတို့သည် အလွန် ဆန်ကုန်မြေလေး ဖြစ်ခြင်းသာဖြစ်သည်။ ၎င်းတို့သည် ပြုပြင်၍ မရနိုင်။ အချို့သောနေရာများတွင် ဆွေးနေသော ကတ်ထူပုံးများ၊ ဆွေးနေသော ဘုတ်ပြားများ၊ နေရာတကာတွင် ပွနေသော စက္ကူအပိုင်းအစများရှိပြီး ယင်းတို့ကို နောက်ပိုင်းတွင် အသုံးပြုရန် ထားခြင်းဖြစ်သည်ဟု ထိုနေရာရှိ လူတို့က ဆိုကြသည်။ ယင်းတို့သည် အသုံးဝင်သောအရာများ ဖြစ်သည်ဆိုလျှင် အဘယ်ကြောင့် အမျိုးအစားခွဲပြီး သပ်ရပ်စွာ ဆင့်ပုံမထားသနည်း။ ဤသို့ဆိုလျှင် ပို၍ကြည့်ကောင်းပြီး နေရာကျယ်သွားမည်မဟုတ်လော။ လူအများစုသည် စီမံမှုကို မသိကြပေ။ ၎င်းတို့၏ နေရာများတွင် အရာဝတ္ထုများကို စနစ်တကျမရှိစွာဖြင့် ပုံပြီး ဖြန့်ကျဲထားသည်မှာ နေရာလွတ်မရှိသည်အထိပင် ဖြစ်သည်။ အစုအပုံများက ကြီးလာသည်နှင့်အမျှ ပို၍ပွလာသည်။ ပြီးလျှင် ရှုပ်ပွခြင်းနှင့်အတူ ညစ်ပတ်ခြင်းပါလာသည်။ နောက်ဆုံးတွင် ထိုနေရာက အမှိုက်ပုံဖြစ်လာပြီး မြင်သူတိုင်းက ရွံရှာကြသည်။ ဤသို့သော ပတ်ဝန်းကျင်များ၌ နေထိုင်သူတို့သည် ပုံမှန်လူ့သဘာဝရှိသလော။ ၎င်းတို့သည် မိမိတို့နေထိုင်သည့် ပတ်ဝန်းကျင်ကိုပင် ကောင်းစွာ ကိုင်တွယ်စီမံခြင်း မပြုလုပ်နိုင်လျှင် အစွမ်းအစရှိသောလူများ ဖြစ်သလော။ ဤသို့သောလူများနှင့် သားရဲတိရစ္ဆာန်များကြားတွင် မည်သည့်ကွာခြားမှု ကျန်ရှိသနည်း။ လူအများစုသည် ၎င်းတို့ နေထိုင်သည့် နေရာများအား မည်သို့စီမံရမည်ကို မသိသည့် အကြောင်းရင်း၏ တစ်စိတ်တစ်ပိုင်းမှာ မည်သူကမျှ သန့်ရှင်းမှုနှင့်သက်ဆိုင်သည့် အသိမရှိသကဲ့သို့ မည်သူကမျှ မိမိပတ်ဝန်းကျင်အား မည်သို့စီမံရမည်ကို မသိခြင်းကြောင့် ဖြစ်သည်။ ဤအရာများကို ၎င်းတို့ မစဉ်းစားမိပေ။ ပြီးလျှင် ၎င်းတို့သည် လူတို့၏ နေထိုင်ရာပတ်ဝန်းကျင်သည် မည်သည့်အရာ ဖြစ်သင့်သည်ဆိုသည်ကို သတိမမူမိပေ။ ၎င်းတို့သည် တိရစ္ဆာန်များကဲ့သို့ ဖြစ်သည်။ ၎င်းတို့နေထိုင်သင့်သည့် ပတ်ဝန်းကျင်အမျိုးအစားကို သတိမမူမိပေ။ အခြားအပိုင်းမှာ စီမံသူများက ဤအရာများအား မည်သို့စီမံရမည်ကို မသိခြင်းနှင့်သက်ဆိုင်သည်။ စီမံသူများသည် ဤအရာများအား မည်သို့စီမံရမည်ကို မသိသကဲ့သို့ စီမံခံရသောသူများသည်လည်း ဤအရာများနှင့်ပတ်သက်ပြီး အလျင်ဦးအောင် စီမံဆောင်ရွက်ခြင်းမရှိ၊ သို့မဟုတ် သတိပြုမိခြင်းမရှိ။ အဆုံးတွင် လူတိုင်း၏ "ပူးပေါင်းလုပ်ဆောင်မှု"ဖြင့် နေရာက "ဝက်ခြံ" အဖြစ်သို့ ပြောင်းလဲသွားသည်။ ဤလူတို့သည် နေရာတစ်ခုအနီးတွင် အချိန်အတန်ကြာ နေပြီးသောအခါ ငါသည် "ဤနေရာက အဘယ်ကြောင့် မည်သည့်အခါကမျှ မသန့်ရှင်းရသနည်း။ အဘယ်ကြောင့် အိမ်တစ်ခုကဲ့သို့ မည်သည့်အခါကမျှ မထင်ရသနည်း" ဟူသည့် ခံစားချက်တစ်ခုဖြင့် ပြန်လာခဲ့ရသည်။ ငါ့ကို ပြောလော့၊ ဤသို့သောနေရာတစ်ခုကို မြင်တွေ့ခြင်းသည် လူတစ်ဦး၏ စိတ်အခြေအနေကို မြှင့်တင်ပေးနိုင်သလော။ (မမြှင့်တင်ပေးနိုင်ပါ။) ထိုနေရာသို့ သွားခြင်းသည် သင်တို့အား ကောင်းသော စိတ်အခြေအနေဖြစ်စေမည်လော။ (ယင်းနှင့်ပတ်သက်ပြီး ခံစားချက်သိပ်ရှိမည် မဟုတ်ပါ။) ယင်းသည် သင်တို့၏ အမှန်တကယ် တုံ့ပြန်မှုဖြစ်လိမ့်မည်။ ခံစားချက်သိပ်မရှိခြင်းဖြစ်သည်။ ထိုနေရာများရှိ နေရာအနည်းငယ်အတွက် ငါအစီအစဉ်များချခဲ့ပြီး အလုပ်ပြီး၍ ပစ္စည်းများကို ပြန်လည်အစီအစဉ်တကျ ပြုလုပ်ပြီးသောအခါတွင် လူတိုင်းက မြင်ကွင်းကို နှစ်သက်ကြသည်။ သို့တိုင်အောင် ရက်အနည်းငယ်ကြာပြီးနောက်တွင် တစ်ဖန် ရှုပ်ပွလာပြန်သည်။ သန့်ရှင်းမှုကို ထိန်းသိမ်းရမည်ဆိုလျှင် အလုပ်ကို စီမံရန်အတွက် သင့်တော်သောသူတစ်ဦးကို ငါရှာရမည်။ ဤသည်မှာ လူအများစုက အလွန်ပင် မသန့်ရှင်းပြီး ၎င်းတို့လုပ်ဆောင်နေသည့် မည်သည့်အလုပ်မဆို၌ ရှုပ်ပွအောင် လုပ်ဆောင်ခြင်းကြောင့် ဖြစ်သည်။ လူအချို့သည် ဟင်းသီးဟင်းရွက်များကို ခူးပြီး ယင်းတို့ကို ဆေးကြောရန် သင့်တော်သောနေရာကို မသိ။ ဆေးကြောရန် သန့်ရှင်းသောနေရာကို ၎င်းတို့ မရမကရှာသည်။ ယင်းကြောင့် ထိုနေရာက ရလဒ်အနေဖြင့် ညစ်ပတ်သွားသည်။ ယင်းကို မြင်ရပြီး သင်မည်သို့ ခံစားရမည်နည်း။ ဤလူတို့သည် သားရဲတိရစ္ဆာန်တစ်အုပ်မဟုတ်သလော။ ၎င်းတို့သည် လူ့သဘာဝ လုံးဝ မရှိကြပါတကား။ သန့်ရှင်းမှုအတွက် မည်သည့်အရာကိုမျှ ဂရုမစိုက်သကဲ့သို့ မိမိတို့၏ ပတ်ဝန်းကျင်အား မည်သို့စီမံရမည်ကို မသိသည့် ဤလူတို့ကို ကြည့်ခြင်းသည် သင့်အား စိတ်ဆိုးရန် နှိုးဆွလိမ့်မည်။ ဤလူတို့သည် နေထိုင်ရန်အတွက် အရာရာတိုင်းကို ကောင်းစွာ ပြုပြင်ထားသည့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ပေးခြင်းခံရသည်။ နွေဦးရာသီတွင် ပန်းမျိုးစုံနှင့် မြက်များထွက်ပေါ်လာသည်။ တောင်များ၊ ရေပြင်များနှင့် ရှုခင်းသာအဆောက်အအုံငယ်တစ်ခုရှိသည်။ အလုပ်လုပ်ရန် နေရာများ၊ နေထိုင်ရန် နေရာများနှင့် သာယာအဆင်ပြေမှုမျိုးစုံရှိသည်။ ကောင်းလိုက်လေခြင်း။ သို့သော် ယင်းသည် အဘယ်သို့ ဖြစ်သွားသနည်း။ ၎င်းတို့က တန်ဖိုးမထားပေ။ ကြင်နာမှုကို ၎င်းတို့ အသိအမှတ်မပြု။ ၎င်းတို့က "ဤသည်မှာ အများစုထက်ပို၍ ကောင်းသောနေရာတစ်ခုဖြစ်သည်။ သို့သော် အနည်းနှင့်အများ ကျေးလက်ဒေသတစ်ခုဖြစ်သည်။ မြေကြီးက မြက်နှင့် ရွှံ့မှလွဲ၍ ဘာမျှမရှိ" ဟု တွေးကြသည်။ ထိုစိတ်နေစိတ်ထားဖြင့် ၎င်းတို့သည် ထိုနေရာကို မဆင်မခြင် ဖျက်ဆီးကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ပတ်ဝန်းကျင်ကို စီမံဖို့ မစဉ်းစားခဲ့ပေ။ ထိုသို့သောလူ့သဘာဝသည် အရည်အသွေး ကင်းမဲ့လိုက်လေခြင်း။ လူ့သဘာဝက ပိုင်ဆိုင်သင့်သည့်ထိုအရာများကို မပိုင်ဆိုင်ပေ။ ထိုလူတို့သည် ၎င်းတို့၏ နေထိုင်ရာပတ်ဝန်းကျင်၏ ကဏ္ဍအမျိုးမျိုးကို အခြေခံအကျဆုံးပုံစံဖြင့်ပင် ကိုင်တွယ်စီမံခြင်းမပြုနိုင်ပေ။ ငါ့ကို ပြောလော့၊ လူတို့သည် ၎င်းတို့နေထိုင်သည့် ဤသို့သော ပတ်ဝန်းကျင်ကောင်းတစ်ခုကို တန်ဖိုးထားဖို့ အဘယ်သို့ မစဉ်းစားဘဲနေနိုင်သနည်း။ ယင်းကို ဂရုစိုက်ရန် အဘယ်သို့ မစဉ်းစားဘဲ နေနိုင်သနည်း။ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် တာဝန်များနှင့် အလွန်အလုပ်ရှုပ်နေပြီး အချိန်မရှိခြင်း ဖြစ်သလော။ သို့မဟုတ် ၎င်းတို့တွင် အခြားမည်သည့်အရာ ဖြစ်နေသနည်း။ လူတိုင်းက တာဝန်များနှင့် အလုပ်ရှုပ်နေသည် မဟုတ်လော။ သင်တို့ထက်ပိုဆိုးသော ပတ်ဝန်းကျင်များ၌ နေသောသူအချို့ရှိသည်။ သို့တိုင်အောင် ၎င်းတို့၏နေရာကို အလွန်ကောင်းစွာ ဂရုစိုက်သည်။ လူတို့သည် ယင်းကိုမြင်ပြီး လက်မထောင်ပြကာ ၎င်းတို့ကို အထင်ကြီးပြီး လေးစားကြသည်။ ထို့နောက်တွင် သင်တို့၏ နေထိုင်ရာ ပတ်ဝန်းကျင်ရှိသည်။ အခြားလူများက အတွင်းသို့ ဝင်ဖို့ပင်မလိုပေ။ အပြင်ပန်းကို တစ်ချက်ကြည့်ရုံမျှဖြင့် ၎င်းတို့က သင့်အား အထင်သေးသည်။ ဤသည်မှာ သင်ကိုယ်တိုင်၏ လုပ်ဆောင်မှုမဟုတ်လော။ သင်၏ လုပ်ရပ်များနှင့် အပြုအမူများသည် သင်နေထိုင်သော ဤမနှစ်မြို့ဖွယ် စုတ်ချာသော ပတ်ဝန်းကျင်ကို ဖြစ်စေခဲ့သည်။ သင်နေထိုင်သော ပတ်ဝန်းကျင်ကို လူတို့မြင်သောအခါ ၎င်းတို့အနေဖြင့် သင်၏ အနှစ်သာရအား မြင်ခြင်းနှင့် တူညီသည်။ ဤသို့ဆိုလျှင် သင့်အား အထင်သေးခြင်းအတွက် ၎င်းတို့ကို အပြစ်တင်နိုင်သလော။ လူတစ်ဦးသည် အဆင့်မြင့်သည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ၊ မြင့်မြတ်သည်ဖြစ်စေ၊ ယုတ်သည်ဖြစ်စေ ယင်းတို့ကို အခြားလူတို့၏ အကဲဖြတ်ချက်များဖြင့် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ သူကိုယ်တိုင် အသက်ရှင်နေထိုင်သည့်အရာအားဖြင့် ဆုံးဖြတ်သည်။ သင်က ပုံမှန်လူ့သဘာဝ၏ အရာများကို ပိုင်ဆိုင်လျှင် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်။ သင်၏ မြင့်မြတ်သော အရည်အသွေးကို ထင်ရှားစေနိုင်မည်။ ပြီးလျှင် အခြားလူများက သင့်အား အလိုအလျောက် တန်ဖိုးထားပြီး အထင်ကြီးမည်။ ထိုအရာများကို သင်မပိုင်ဆိုင်လျှင်၊ သန့်ရှင်းမှုနှင့်ပတ်သက်သည့် ဘဝပေးအသိကို သင်နားမလည်လျှင်၊ သင့်ပတ်ဝန်းကျင်အား မည်သို့ ဂရုစိုက်ရမည်ကို မသိဘဲ "ဝက်ခြံ" ထဲတွင် သင်၏နေ့ရက်များအားလုံးကို နေထိုင်ကာ ယင်းနှင့်ပတ်သက်ပြီး အလွန်ကျေနပ်နေလျှင် ယင်းသည် သင်၏ သားရဲတိရစ္ဆာန်အရည်အသွေးကို ထုတ်ဖော်လေသည်။ ဤသည်မှာ သင်သည် ယုတ်ပြီး နိမ့်ကျသည်ဟု ဆိုလိုသည်။ ပုံမှန်လူ့သဘာဝက ရှိသင့်သည့် အတွေးအခေါ်၊ အမြင်များ၊ သတ်မှတ်ချက်နှင့် လိုက်စားမှု တစ်စွန်းတစ်စမျှ မရှိဘဲ၊ ထိုအရာများတစ်ခုမျှ မရှိဘဲ ဤသို့ ယုတ်ပြီး နိမ့်ကျသည့် လူ့သဘာဝဖြင့် ဤသို့သော ယုတ်ပြီး နိမ့်ကျသူတစ်ဦးသည် သမ္မာတရားကို နားလည်နိုင်သလော။ သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်နိုင်သလော။ (မဝင်ရောက်နိုင်ပါ။) မဝင်ရောက်နိုင်ဟု သင်တို့လည်းထင်သည်။ အဘယ်ကြောင့် မဝင်ရောက်နိုင်သနည်း။ လူအချို့က "ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်သည့်နှစ်များတွင် ထိုလောကီအရာများအားလုံးကို ကျွန်ုပ်တို့ထံမှ ဖယ်ရှားပြီးဖြစ်သည်မှာ ကြာပြီဖြစ်သည်။ ထိုအရာများကို ကျွန်ုပ်တို့ ဂရုမစိုက်။ 'အရည်အသွေးရှိသည့် ဘဝကို နေထိုင်ခြင်း' ဆိုသည်က လောကီအရာတစ်ခုဖြစ်သည်" ဟု ဆိုလိမ့်မည်။ ဤသို့ပြောသူများ မရှိသလော။ ဤသို့ဆိုလျှင် သင် အသက်ရှူသောလေသည် လောကီအရာတစ်ခု ဖြစ်သလော။ သင်ဝတ်ဆင်သော အဝတ်များ၊ သင်အသုံးပြုသော ရုပ်ဝတ္ထုပစ္စည်းများအားလုံးတို့သည် လောကီအရာများ ဖြစ်သလော။ သင်သည် စုဝေးဖို့အတွက် အပြင်တွင် နေရာတစ်ခုခုကို အဘယ်ကြောင့်မရှာသနည်း။ အဘယ်ကြောင့် အခန်းတစ်ခုထဲတွင် စုဝေးသနည်း။ ဤအရာကို ပြောသောသူတို့သည် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ငါသည် သင့်အား အမှန်တရားတစ်ခုကို ပြောမည်။ ဤသို့သောသူတစ်ဦးသည် သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်လိုလျှင် သူ့အတွက် ခက်ခဲလိမ့်မည်။ လူတစ်ဦးသည် သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်လိုလျှင် ပထမဦးစွာ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ရမည်။ ထို့အပြင် ပုံစံတစ်ခုနှင့်သက်ဆိုင်သောအရာတစ်ခုကို လိုက်စားပြီး အရည်အသွေး၊ နည်းဟန်များနှင့် ကိုယ်ကျင့်တရားရှိသည့်ဘဝကို ရည်ရွယ်ရန် မိမိတို့ဘဝရှိ ထိုမကောင်းသောအလေ့အကျင့်များကို ဖယ်ရှားရမည်။ ဤသည်မှာ ဆီလျော်သော ပြောဆိုနည်း ဖြစ်သလော။ ဤသို့ဆိုလျှင် ဤပြဿနာများကို ပြုပြင်ရန် လွယ်ကူသလော။ လူတစ်ဦး၏ဘဝတွင် မိမိ၏ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲပြီး မကောင်းသော အလေ့အကျင့်ကို စွန့်ခွာဖို့ မည်မျှကြာသနည်း။ ဤအရာသို့ အမြန်ဆုံး ဝင်ရောက်ရန် မည်သည့်နည်းလမ်းကို အသုံးပြုရမည်နည်း။ အပြစ်ဒဏ်ပေးခြင်းအပြင် မည်သည့်နည်းလမ်းများရှိသနည်း။ (အပြန်အလှန် ကြီးကြပ်ခြင်းဖြစ်သည်။) အပြန်အလှန်ကြီးကြပ်ခြင်းသည် နည်းလမ်းတစ်ခု ဖြစ်သည်။ လူတို့က လက်ခံခြင်းရှိမရှိသည် အဓိကကျသည်။ ငါမြင်သည်မှာ ဒဏ်ငွေစည်းကြပ်ခြင်းသည် အစွမ်းထက်သော လှုပ်ရှားမှုဖြစ်ပြီး အမှန်ပင် ထိရောက်မှုရှိသောအရာဖြစ်သည်။ ငွေကြေးဒဏ်ငွေများကို သင်ကိုင်တွယ်လိုက်သည်နှင့် တစ်ပြိုင်နက် လူတို့၏ အကျိုးစီးပွားများကို သင်ကိုင်တွယ်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အကျိုးစီးပွားထိခိုက်ကောင်း ထိခိုက်နိုင်သည်ကို ကြောက်ရွံ့သည့်အတွက် လိုက်နာဖို့ကလွဲ၍ ရွေးချယ်စရာမရှိ။ ဤသည်မှာ ဒဏ်ငွေစည်းကြပ်ခြင်းမှ ရရှိသည့်အရာ ဖြစ်သည်။ သို့သော် ဤလူတို့ဖြင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် အဘယ်ကြောင့် မည်သည့်အရာကိုမျှ မရရှိသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် ပုံမှန်လူ့သဘာဝမရှိသောကြောင့်၊ သို့မဟုတ် သမ္မာတရားကို လက်ခံခြင်းအတွက် လိုအပ်သော အခြေအနေများ မရှိသောကြောင့် ဖြစ်သည်။ ဤအတွက်ကြောင့် ၎င်းတို့နှင့်ပတ်သက်လျှင် သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းသည် ထိရောက်မှုမရှိသော နည်းလမ်းဖြစ်ခြင်း ဖြစ်သည်။ မည်သည့်အလုပ်ပတ်ဝန်းကျင်တွင်မဆို ပထမဦးစွာ အရာဝတ္ထုများကို အမျိုးအစားအလိုက်ခွဲရန်၊ ဒုတိယအနေဖြင့် သေသပ်မှုကို ထိန်းသိမ်းရန်၊ တတိယအနေဖြင့် သန့်ရှင်းမှုနှင့် ရှင်းလင်းမှုကို ထိန်းသိမ်းရန်၊ ထို့အပြင် အမှိုက်ရှင်းလင်းသည့် အလေ့အကျင့်ကို ပျိုးထောင်ရန်တို့ကို သင်ယူလော့။ ယင်းသည် ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သည့်အရာ ဖြစ်သည်။
ဆံပင်ကို ဖြီးပြီး ကျွတ်သွားသော ဆံခြည်မျှင်များကို ဦးစွာ မလှည်းကျင်းဘဲ အပြင်ထွက်သော အမျိုးသမီးအချို့ရှိသည်။ ၎င်းတို့သည် ဤသို့ နေ့စဉ်လုပ်ဆောင်သည်။ ဤသို့သော အလေ့အကျင့်ကို ပြောင်းလဲနိုင်သလော။ သင့်ဆံပင်ကို ဖြီးပြီးသည့်အချိန်တွင် ချက်ချင်း သန့်ရှင်းပြီး ရှင်းလင်းရမည်။ အခြားလူများရှင်းရန် ချန်မထားနှင့်။ သင်၏ကိုယ်ပိုင်ပတ်ဝန်းကျင်ကို သင့်ဘာသာ ကောင်းစွာစီမံလော့။ သင့်ပတ်ဝန်းကျင်ကို ကောင်းစွာစီမံလိုလျှင် သင်ကိုယ်တိုင်မှ စတင်ရမည်။ သင်၏ကိုယ်ပိုင်နေရာကို ဦးစွာ ရှင်းလင်းလော့။ ထို့အပြင် လူတစ်ဦးသည် မိမိနေထိုင်သည့် အများပြည်သူဆိုင်ရာ ပတ်ဝန်းကျင်တို့နှင့်ပတ်သက်ပြီး နိုင်ငံကြီးသားပီသရမည်။ ဥပမာ လူတို့နေထိုင်ပြီး အနားယူသည့်နေရာများကို စီမံရန် တာဝန်သည် လူတိုင်းအပေါ် ကျရောက်သင့်သည်။ သင်သည် မြေပေါ်တွင် လိမ္မော်ခွံသုံးလေးခုတွေ့လျှင် ကောက်ပြီး အမှိုက်ပုံးထဲသို့သာ ပစ်လော့။ အချို့သော အလုပ်လုပ်သည့် နေရာများတွင် အလုပ်ပြီးသောအခါ နေရာတကာတွင် သစ်သားပြားများ၊ သစ်သားလွှာများ၊ သံချောင်းများ၊ သံများရှိသည်။ ထိုနေရာသို့သွားပြီး သင်ဂရုမစိုက်လျှင် သံချောင်းပေါ်သို့ အလွယ်တကူ နင်းမိနိုင်သည်။ အလွန့်အလွန်ပင် အန္တရာယ်မကင်းပေ။ ၎င်းတို့သည် အလုပ်ပြီးသည်နှင့် အဘယ်ကြောင့် ရှင်းလင်းပြီး သန့်ရှင်းအောင်မလုပ်သနည်း။ မည်သည့် မနှစ်မြို့ဖွယ် အလေ့အကျင့်မျိုး ဖြစ်သနည်း။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့သည် မိမိကိုယ်ကို ရှင်းပြနိုင်သလော။ ဤသို့သော ရှုပ်ပွပြီး ညစ်ပေသည့် အလုပ်နေရာကို မြင်လျှင် လူတို့က မည်သို့ထင်မည်နည်း။ ဤသည်မှာ သားရဲတိရစာ္ဆန်များက ၎င်းတို့အလုပ်ကို လုပ်သည့်ပုံစံမဟုတ်လော။ လူ့သဘာဝရှိသူတို့သည် အလုပ်တစ်ခုပြီးသောအခါ၌ ကောင်းစွာသန့်ရှင်းရေးလုပ်ရမည်ဖြစ်ပြီး အလုပ်ကို လူများက လုပ်ခဲ့သည်ဆိုသည်ကို အခြားလူများက တစ်ချက်ကြည့်ရုံဖြင့် သိလိမ့်မည်။ သားရဲတိရစ္ဆာန်များသည် သန့်ရှင်းရေးလုပ်ခြင်းက ၎င်းတို့ခေါင်းပေါ်သို့ မရောက်ဘဲ ၎င်းတို့နှင့် မသက်ဆိုင်သည့်အလား အလုပ်တစ်ခုပြီးနောက်တွင် သန့်ရှင်းရေးမလုပ်ပေ။ ယင်းသည် မည်သည့်ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သနည်း။ အလုပ်တစ်ခု ပြီးသည့်နောက်တွင် သန့်ရှင်းရေးမလုပ်သောသူများစွာကို ငါတွေ့ဖူးသည်။ ၎င်းတို့အားလုံး၌ ဤမကောင်းသောအလေ့အကျင့်ရှိသည်။ ၎င်းတို့၏ အလုပ်များပြီးသောအခါ ၎င်းတို့သည် အမှိုက်အားလုံးကို သန့်ရှင်းရေးလုပ်ရန် လူတစ်ယောက်ကို စီစဉ်ရမည်ဟု ၎င်းတို့အား ငါနေ့စဉ်ပြောသည်။ နေ့စဉ် သန့်ရှင်းရေးလုပ်လော့။ ထိုသို့ဆိုလျှင် အလုပ်နေရာက သန့်ရှင်းလိမ့်မည်။ ဤသို့သောအလေ့အကျင့်ကို ၎င်းတို့ ပျိုးထောင်ရမည်။ ဘဝအလေ့အကျင့်တစ်ခုကို ပျိုးထောင်ရန် အကြင်သူသည် ပတ်ဝန်းကျင်တစ်ခုကို ထိန်းသိမ်းခြင်းအားဖြင့် အစပြုရမည်။ ထို့နောက် ယင်းကို အသားကျသည်အထိ စောင့်ရမည်။ ထို့နောက် တစ်နေ့တွင် ထိုပတ်ဝန်းကျင်က ပြောင်းလဲသောအခါ တစ်စုံတစ်ခုက မသန့်ရှင်းကြောင်း မြင်ရသည်ကို သူကိုယ်တိုင် စိတ်မအေးနိုင်ဖြစ်လိမ့်မည်။ ဤသည်မှာ နိုင်ငံခြားတွင် သုံးနှစ်၊ သို့မဟုတ် ငါးနှစ်ကြာနေထိုင်ခဲ့ပြီး အရာရာတိုင်းက ထိုနေရာတွင် ပိုသာသည်ဟု ထင်သောလူအချို့တို့ကဲ့သို့ ဖြစ်သည်။ ၎င်းတို့၏ ဇာတိမြို့သို့ ပြန်လာသောနေ့ရက်သို့ ရောက်လာပြီး ၎င်းတို့သည် ရုတ်ခြည်း ထူးခြားဆန်းပြားလာသကဲ့သို့ ခံစားရသည်။ ၎င်းတို့သည် သန့်ရှင်းမှုကို အရေးမစိုက်သော အခြားသူများကို၊ မသန့်ရှင်းသောနေအိမ်ဖြင့် လူများကို အထင်သေးစွာကြည့်သည်။ ရေမချိုးဘဲ ရက်အနည်းငယ်နေခြင်းကိုပင် ၎င်းတို့ မခံနိုင်ပေ။ ဤအရာကို စေစားသည်မှာ ၎င်းတို့၏ ပတ်ဝန်းကျင်မဟုတ်လော။ ယင်းသည် ဖြစ်ပျက်သည့်ပုံစံဖြစ်သည်။ ထို့ကြောင့် သင်၏ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် သင့်ပတ်ဝန်းကျင်အား စီမံခြင်းအားဖြင့် သင်အစပြုရမည်။ ယင်းသည် သင့်တာဝန်ကို ထမ်းဆောင်ရာတွင် သက်သောင့်သက်သာ ရှိရန် နည်းဖြစ်သည်။ ယင်းသည် ပုံမှန်လူ့သဘာဝ ရှိသည့်သူများ ပိုင်ဆိုင်သင့်သောအရာလည်း ဖြစ်သည်။ ငါရောက်ခဲ့သည့် နေရာအချို့တွင် အလွန်ရှုပ်ပွနေသော၊ ဖရိုဖရဲဖြစ်နေသော မိန်းကလေးများ၏ အခန်းကို တွေ့ခဲ့သည်။ လူအချို့က "ကိုယ်တော်က ကျွန်ုပ်တို့ကို သန့်ရှင်းသပ်ရပ်စေလိုသည်။ စစ်သင်တန်းပေးစခန်းကဲ့သို့ ဖြစ်သင့်သလော"ဟု ဆိုနိုင်သည်။ ထိုအရာအားလုံးအတွက် မလိုပေ။ နေ့စဉ် သင့်အိပ်ရာကို သိမ်းပြီး အခန်းကို သန့်ရှင်းရေးလုပ်လော့။ သန့်ရှင်းခြင်းကို ထိန်းသိမ်းလော့။ ယင်းကို အလေ့အကျင့်လုပ်လော့။ ဤအရာများကို သင်နေ့စဉ်လုပ်ဆောင်ပြီး ယင်းတို့က အလေ့အကျင့်ဖြစ်လာလျှင်၊ သတ်မှတ်ချက်ဖြစ်လာလျှင်၊ အစာစားခြင်းကဲ့သို့ အလိုအလျောက်ဖြစ်လာလျှင် ဤသို့သော နေ့စဉ်ဘဝအလေ့အကျင့်မျိုးကို သင် ပျိုးထောင်ပြီးဖြစ်မည်ဖြစ်ပြီး သင့်ပတ်ဝန်းကျင်အတွက် သင်၏ သတ်မှတ်ချက်များသည် အဆင့်မြင့်သွားလိမ့်မည်။ အဆင့်မြင့်သွားသောအခါတွင် သင်၏ ဟန်ပန်အမူအရာတစ်ခုလုံး၊ သင်၏ စိတ်ပိုင်းဆိုင်ရာ ရှုမြင်သုံးသပ်ချက်၊ သင်၏ နှစ်သက်မှု၊ သင်၏ လူ့သဘာဝ၊ သင်၏ ဂုဏ်သိက္ခာတို့အားလုံး မြင့်တက်လိမ့်မည်။ သို့သော် သင်သည် လူတို့အတွက် မဟုတ်ဘဲ သားရဲတိရစ္ဆာန်တစ်ကောင်၏ သားရဲတွင်းနှင့်ပိုတူသော နေရာတစ်ခုဖြစ်သည့် "ဝက်ခြံ"တစ်ခု၌ သင်နေထိုင်လျှင် လူသားပုံသဏ္ဌာန်ကို သင်မပိုင်ဆိုင်ပေ။ ဥပမာ လူအချို့သည် အခန်းတစ်ခန်းကို ဝင်ရာ၌ အခန်းနှင့် ကြမ်းပြင်က သန့်ရှင်းသည်ကို မြင်သောအခါတွင် အပြင်၌ အချိန်ခဏကြာ ၎င်းတို့ဖိနပ်ရှိ အညစ်အကြေးများကို ခြစ်ထုတ်လိမ့်မည်။ ၎င်းတို့သည် မသန့်ရှင်းဟု ခံစားရဆဲဖြစ်မည်။ ထို့ကြောင့် ဆက်လက်၍ ၎င်းတို့သည် အခန်းထဲသို့ မဝင်မီတွင် ဖိနပ်ကို ချွတ်လိမ့်မည်။ အခန်းပိုင်ရှင်က ၎င်းတို့သည် သူ့အပေါ် မည်မျှသန့်ရှင်းပြီး လေးစားမှုရှိသည်ကို မြင်သောအခါတွင် သူသည်လည်း ၎င်းတို့ကို လေးစားလိမ့်မည်။ အခြားသောလူတို့က ရွှံ့များခဲနေသော ဖိနပ်များဖြင့် ဝင်ပစ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ရွှံ့ပေခြင်းနှင့်ပတ်သက်၍ လုံးဝ တွေးမည်မဟုတ်။ ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ လုံးဝ ခံစားချက်မရှိ။ ၎င်းတို့သည် ပင်ကိုအားဖြင့် စည်းကမ်းများအား အရေးမစိုက်သည်ကို အခန်းပိုင်ရှင်က မြင်သည်။ သူသည် ၎င်းတို့ကို ဆိုးရွားစွာ ရှုမြင်သောကြောင့် ၎င်းတို့ကို သူအထင်သေးသည်။ နောင်တွင် အခန်းထဲသို့ ဝင်ခွင့်ပြုမည်မဟုတ်။ ၎င်းတို့အား အပြင်တွင် စောင့်ခိုင်းလိမ့်မည်။ ပြီးလျှင် ထိုအရာက သွယ်ဝိုက်ညွှန်းဆိုမည့်အရာမှာ ဤကဲ့သို့ ဖြစ်သည်။ "အတွင်းသို့ သင်ဝင်ဖို့ မထိုက်တန်။ ဝင်လျှင် နေရာကို ဖျက်ဆီးလိမ့်မည်။ သန့်ရှင်းရေးလုပ်ရာတွင် ငါကုန်ဆုံးမည့်အချိန်က ကြာလိုက်မည်ဖြစ်ခြင်း" ဟူ၍ ဖြစ်သည်။ သူသည် ၎င်းတို့ကို လေးစားမည်မဟုတ်။ ၎င်းတို့သည် လူသားပုံသဏ္ဌာန်အား မပိုင်ဆိုင်သည်ကို သူမြင်သောအခါ သူသည် ၎င်းတို့ကိုပင် လေးစားမည်မဟုတ်။ လူတစ်ယောက်သည် သူ၏ဘဝ၌ ဤအဆင့်သို့ရောက်လျှင် သူသည် လူသားပင်ဖြစ်သေးသလော။ အိမ်မွေးတိရစ္ဆာန်တစ်ကောင်သည် ထိုသူထက် ပို၍ သာသောအရာတစ်ခုဖြစ်သည်။ ထို့ကြောင့် လူတို့သည် လူသားဟု ခေါ်ခံရရန်အတွက် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ရမည်။ ပြီးလျှင် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ရန်အတွက် ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ရမည်။ တစ်စုံတစ်ယောက်သည် မည်သည့်နေရာ၌ နေသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ စည်းကမ်းများကို လိုက်နာရမည်။ သူ၏နေရာနှင့် သန့်ရှင်းမှုကို ဂရုစိုက်ရမည်။ ပြီးလျှင် တာဝန်သိစစ်ရှိရမည်ဖြစ်ပြီး ကောင်းသောဘဝအလေ့အကျင့်များရှိရမည်။ သူလုပ်ဆောင်သမျှတိုင်းတွင် အာရုံစိုက်ပြီး လေးနက်မှုရှိရမည်။ ပြီးလျှင် ကောင်းစွာလုပ်ဆောင်ပြီး စံနှုန်းပြည့်သည်အထိ ဆက်လက်လုပ်ဆောင်ရမည်။ ဤသို့ဖြင့် သင်သည် ဖြောင့်မှန်ပြီး သင့်တင့်လျောက်ပတ်သည်၊ လူကောင်းတစ်ယောက် ဖြစ်သည်ဆိုသည်ကို သင်၏တာဝန်ထမ်းဆောင်မှုနှင့် လူများ၊ အမှုအရာများကို သင်ကိုင်တွယ်ဖြေရှင်းသောပုံစံတွင် လူတို့က မြင်လိမ့်မည်။ ၎င်းတို့သည် သင့်အပေါ် လေးစားလိမ့်မည်။ ပြီးလျှင် သဘာဝအလျောက် သင့်ကို လေးစားလာလိမ့်မည်။ ၎င်းတို့သည် သင့်အား အထင်ကြီးပြီး တန်ဖိုးလည်းထားလိမ့်မည်။ ထို့ကြောင့် သင့်အား အရူးလုပ်မည်မဟုတ်၊ သို့မဟုတ် အနိုင်ကျင့်မည်မဟုတ်။ ၎င်းတို့သည် သင့်အား လှောင်ပြောင်ခြင်းဖြစ်စေ၊ အထင်သေးခြင်းဖြစ်စေ တစ်ခုတလေမျှမရှိဘဲ လေးနက်သည့်ဟန်ပန်ဖြင့် စကားပြောလိမ့်မည်။ ငါ၏ အသွင်အပြင်ကို လူတို့က မည်သို့မြင်သည်ကို ငါမသိ။ သို့သော် ငါ၌ ခံစားချက်တစ်ခုအမှန်ပင်ရှိသည်။ လူအများစုကို ငါကြုံတွေ့ရသောအခါ ၎င်းတို့က ရယ်စရာများကို မပြောပေ၊ သို့မဟုတ် ကရော်ကမည် မပြောဆိုပေ။ ယင်းမှာ အဘယ်ကြောင့်ဆိုသည်ကို ငါမသိ။ လူတို့က "ကိုယ်တော်သည် အလွန်လေးနက်သောသူတစ်ဦးပင်ဖြစ်သည်။ ကိုယ်တော်၏စကားနှင့် လုပ်ရပ်များတွင်လည်း လေးနက်သည်။ ကိုယ်တော်သည် ဖြောင့်မတ်သောသူတစ်ဦး ဖြစ်သည်။ ကိုယ်တော်နှင့် အပြန်အလှန် ဆက်ဆံသောအချိန်တွင် ကျွန်ုပ်သည် ဟာသလုပ်ရဲမည်မဟုတ်။ ကိုယ်တော်သည် ထိုသို့သောသူမျိုးမဟုတ်သည်မှာ မြင်မြင်ကတည်းက သိသာထင်ရှားပါသည်" ဟူ၍ ခံစားမိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်သည် နေရာတစ်ခုသို့သွားပြီး လူတို့နှင့် စကားပြောသောအခါ၊ စကားစမြည်ပြောသောအခါ၊ လူတို့နှင့် အပြန်အလှန် ဆက်ဆံသောအခါ သင်၏လူ့သဘာဝနှင့် ကိုယ်ကျင့်တရား၌ တစ်စုံတစ်ခုရှိသည်ဟု ၎င်းတို့က ခံစားရလျှင် ယင်းသည် မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့ ရှင်းလင်းစွာ မပြောကောင်းမပြောနိုင်သော်လည်း သင်နေ့ရက်တိုင်းစဉ်းစားသည့်အရာက မည်သည့်အရာဖြစ်သည်ကို သင်သိလိမ့်မည်။ ပြီးလျှင် အမှုအရာများကို သင်ရှုမြင်ပုံနှင့် လူတို့နှင့် ထိတွေ့ဆက်ဆံပုံအတွက် စည်းမျဉ်းများနှင့် စံနှုန်းများ အစဉ်ရှိလိမ့်မည်။ ယင်းသည် သူတစ်ပါးတို့နှင့် သင်ထိတွေ့ပြီး အပြန်အလှန် ဆက်ဆံပုံဖြစ်လျှင် သင်သည် အလွန်ဆင်ခြင်မျှော်တွေးသည်၊ သင်လုပ်ဆောင်သမျှတိုင်းတွင် အလွန်အလေးအနက်ထားပြီး ဆင်ခြင်မျှော်တွေးသည်၊ ဤသည်မှာ သင်က အလွန်စည်းမျဉ်းနှင့် ညီသည်ဆိုသည့် သဘောဖြစ်သည်ဟု ၎င်းတို့က ဆိုလိမ့်မည်။ ဤသည်မှာ အဆုံးတွင် ၎င်းတို့၌ မည်သည့်ခံစားချက်ကို လှုံ့ဆော်ပေးမည်နည်း။ ယင်းကို ဖြည်းညှင်းစွာ စဉ်းစားတွေးတောလော့။ သင်၏ ကျင့်ကြံပြုမူမှုတွင် ပုံမှန်လူ့သဘာဝ ရှိသူများရှိသင့်သည့် အရာများဖြင့် ပြင်ဆင်ထားလျှင် လူတို့က သင့်နောက်ကွယ်၌ သင့်အား မည်သို့အကဲဖြတ်နိုင်သည်ဆိုသည်က အရေးမကြီးပေ။ သင်က ဖြောင့်မတ်သော၊ ဆင်ခြင်မျှော်တွေးသောသူဖြစ်သည်၊ မြင့်မြတ်သော အကျင့်ကောင်းရှိသော၊ အမှုအရာအားလုံးအပေါ် လေးနက်ပြီး တာဝန်သိစိတ်ရှိသည့် သဘောထားရှိသောသူတစ်ဦးဖြစ်သည်ဟု ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ခံစားရလျှင် ၎င်းတို့သည် သင်နှင့် အချိန်အတန်ကြာ ထိတွေ့ပြီး အပြန်အလှန်ဆက်ဆံပြီးနောက် သင့်ကို အသိအမှတ်ပြုပြီး သင့်ကို အထင်ကြီးလာလိမ့်မည်။ ထို့နောက် သင်သည် လူတစ်ဦးအနေဖြင့် တစ်စုံတစ်ခု ထိုက်တန်မှုရှိလိမ့်မည်။ ၎င်းတို့သည် သင်နှင့် အချိန်အတန်ကြာ ထိတွေ့ဆက်ဆံပြီးနောက် သင်က မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်သည်ကိုလည်းကောင်း၊ သင်သည် မည်သည့်အရာကိုမျှ သင်ယူလိုစိတ် မရှိဘဲ ပျင်းရိပြီး အစားကြီးသည်ကိုလည်းကောင်း၊ သင်၏ စံနှုန်းများက သင်၏ လုပ်ဆောင်နိုင်စွမ်းကို ကျော်လွန်သည်ကိုလည်းကောင်း၊ သင်သည် အလွန်ပင် မတော်လောဘရှိပြီး တစ်ကိုယ်ကောင်းဆန်ကာ အခြားသောအရာများ ရှိသည်ကိုလည်းကောင်း၊ သင်သည် သန့်ရှင်းမှုကို အလေးမထားဘဲ သင့်ပတ်ဝန်းကျင်အား ဂရုစိုက်ဖို့ မစဉ်းစားသည်ကိုလည်းကောင်း တွေ့မြင်လျှင်၊ သင်လုပ်ဆောင်သမျှတိုင်းတွင် နည်းလမ်းများအား မသိသည်ကိုလည်းကောင်း၊ သင်သည် အလွန်ပင် အစွမ်းအစ ညံ့ဖျင်းသည်ကိုလည်းကောင်း၊ သင်သည် အသိအမှတ်ပြုခံရဖို့ မထိုက်တန်သည်ကိုလည်းကောင်း၊ သင့်ကိုပေးသော မည်သည့်တာဝန်ကိုမဆို ကောင်းစွာမလုပ်ဆောင်နိုင်သည်ကိုလည်းကောင်း ၎င်းတို့မြင်လျှင် သင်သည် လူတို့အတွက် လုံးဝ အရေးပါမည်မဟုတ်သကဲ့သို့ လူတစ်ဦးအဖြစ် လူရာဝင်လိမ့်မည်မဟုတ်။ အခြားလူများအတွက် လုံးဝ အရေးမပါခြင်းသည် အရေးမကြီးပေ။ ခြုံငုံကြည့်လျှင် အရေးပါသည်မှာ သင်သည် စိတ်နှလုံး၊ သို့မဟုတ် ဝိညာဉ်မရှိဘဲ သားရဲတိရစ္ဆာန်ကဲ့သို့ ဘုရားသခင်၏ စိတ်နှလုံး၌ သင်သည် ယုတ်မာခြင်း၊ နိမ့်ကျခြင်း၊ တန်ဖိုးမဲ့ခြင်းလည်းဖြစ်လျှင် သင် ဒုက္ခရောက်ပြီဖြစ်သည်။ သင်သည် ကယ်တင်ခံရခြင်းနှင့် အလွန်ဝေးကွာဆဲ ဖြစ်သည်။ ကိုယ်ကျင့်စရိုက်က စံနှုန်းမပြည့်သည့်၊ အပြောနှင့် လုပ်ရပ်များက အလုံးစုံ စည်းမျဉ်းစည်းကမ်းမရှိသည့်၊ သားရဲတိရစ္ဆာန်ကဲ့သို့ဖြစ်သည့် မည်သူမဆိုအတွက် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသလော။ ငါမြင်သည်မှာ ၎င်းတို့သည် အန္တရာယ်ကျရောက်နေပြီ ဖြစ်သည်။ ၎င်းတို့သည် အနှေးနှင့် အမြန် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။
ဂ။ ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့ဆက်ဆံရာ၌ လူတို့၏ သဘောထားနှင့် အပြုအမူ
ငါတို့၏ တတိယအချက်မှာ လူတို့၏ နေ့စဉ်အသက်တာတွင် ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့ဆက်ဆံရာ၌ လူတို့၏ သဘောထားနှင့် အပြုအမူဖြစ်သည်။ ဤသည်မှာ မည်သည့်အသက်အရွယ်ရှိသည်ဖြစ်စေ အခြားလူများကြားတွင် နေထိုင်သည့်လူတိုင်း ရင်ဆိုင်ရမည့် ပြဿနာတစ်ခုဖြစ်သည်။ ယင်းသည် မည်သည့် လူ့သဘာဝရှုထောင့် ပါဝင်သနည်း။ အကြင်သူ၏ ဂုဏ်သိက္ခာ၊ ရှက်စိတ်နှင့် ကျင့်ကြံပြုမူသည့်ပုံစံတို့ပါဝင်သည်။ အချို့သူတို့သည် ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့ဆက်ဆံခြင်းကို အလွန် သာမန်ကာလျှံကာဖြင့် ရှုမြင်သည်။ သူတို့သည် မည်သည်မှမဖြစ်သမျှကာလပတ်လုံး အရေးကြီးသောအရာမဟုတ်ဟု ခံစားတတ်ကြသည့်အပြင် မည်သူမျှ တဏှာရမ္မက်အတွေးများကို အလိုလိုက်ခြင်း သို့မဟုတ် ဆိုးယုတ်သောခံစားချက် အချို့ကို ဖော်ပြခြင်း မရှိပါ။ ပုံမှန်လူသားဆန်မှုရှိသော လူတစ်ဦးတွင် ထိုကဲ့သို့အတွေးများ ရှိသင့်ပါသလား။ ယင်းမှာ ပုံမှန်လူသားဆန်မှု လက္ခဏာတစ်ရပ် ဖြစ်ပါသလား။ သင်သည် အိမ်ထောင်ပြုနိုင်သည့် အရွယ်သို့ ရောက်ရှိလာသည်နှင့် ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့ဆက်ဆံမှုရှိလာပြီး ချစ်ကြိုက်မှုရှိသော ဆက်ဆံရေးရှိလိုကြသည်၊ ပုံမှန်အတိုင်း အတည်တကျ ချစ်ခင်စုံမက်ကြလျှင် မည်သူမျှ ဝင်ရောက်စွက်ဖက်မည်မဟုတ်ပါ။ သို့သော်လည်း အချို့သူတို့သည် ချစ်ကြိုက်မှုရှိသော ဆက်ဆံရေးမရှိလိုပေ။ သူတို့သည် သူတို့မျက်စိတွင် သဘောကျသည့်သူ တစ်ယောက်ယောက်နှင့် ရက်ပေါင်းအနည်းငယ် အပျော်ရည်းစားထားလိုကြသည်၊ ၎င်းတို့စိတ်ဝင်စားပြီး သူ၏နှစ်သက်မှုနှင့် ကိုက်ညီသည့်သူတစ်ဦးကို တွေ့သည်နှင့် တစ်ပြိုင်နက် စတင်၍ ကိုယ်ရည်သွေးကြသည်။ သူတို့ မည်သို့ ပြသကြသနည်း။ မျက်ခုံးလှုပ်ပြကြသည်၊ မျက်စိမှိတ်ပြကြသည်၊ သို့မဟုတ် သူတို့စကားပြောသည့်အခါ သူတို့၏စကားထဲမှာ လေသံပြောင်းလဲလာကြသည် သို့မဟုတ် သီးသန့်နည်းလမ်းတစ်ခုကို သူတို့ပြုလုပ်လာကြသည် သို့မဟုတ် သူတို့ကို သတိပြုမိလာအောင် ရယ်စရာစကားများ စတင်ပြောဆိုလာကြသည်၊ ဤသို့ဖြင့် သူတို့ပြသကြပါသည်။ ပုံမှန်အားဖြင့် ဤသို့မဟုတ်သော လူတစ်ယောက်သည် ဤအပြုအမူများကို ထုတ်ဖော်သည့်အခါ သူ၏ နှစ်သက်မှုနှင့် ကိုက်ညီသည့် ဆန့်ကျင်လက်လိင်ဖြစ်သူအချို့ အနီးအနားတွင် ရှိနေသည်ကို သင့်အနေဖြင့် သေချာသိရှိနိုင်သည်။ ထိုလူများမှာ မည်သူများဖြစ်ကြသနည်း။ ၎င်းတို့သည် ညံ့ဖျင်းသည့် ပုံစံဖြင့် ကျင့်ကြံပြုမူကြသည်၊ သို့မဟုတ် အမျိုးသားများနှင့် အမျိုးသမီးများကြားတွင် ပြတ်သားသောကန့်သတ်ချက်များ မထားရှိကြဟု သင်ပြောဆိုကောင်းပြောဆိုနိုင်သည်၊ သို့သော် သူတို့သည် မနှစ်မြို့ဖွယ် အမူအရာတစ်စုံတစ်ရာမှ မပြသကြပါ။ အချို့သူများက သူတို့သည် အလေးအနက်မထားကြဟု ပြောဆိုကောင်းပြောဆိုနိုင်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် သူတို့သည် သိက္ခာမဲ့သော ပုံစံဖြင့် ပြုမှုနေထိုင်ကြသည်၊ အလေးအနက်မထားကြသူတို့သည် မိမိကိုယ်မိမိ လေးစားဖို့ စိတ်ကူးမရှိကြပေ။ အချို့သူတို့သည် နေ့စဉ်နိစ္စဓူဝဘဝတွင် ဤထူးခြားသောလက္ခဏာများကို ထုတ်ဖော်ကြသော်လည်း သူတို့၏တာဝန်များ စွမ်းဆောင်မှုကို မထိခိုက်ပါ၊ သူတို့၏အလုပ် ပြီးဆုံးမှုကိုလည်း မထိခိုက်ပါ၊ ထို့ကြောင့် ၎င်းမှာ တကယ့်ပြဿနာတစ်ခု ဖြစ်ပါသလား။ “၎င်းတို့၏သမ္မာတရား လိုက်စားမှုကို အဟန့်အတားမပြုသမျှကာလပတ်လုံး ယင်းကို တစ်စုံတစ်ရာ ပြောဆိုဆွေးနွေးရန် လိုအပ်သလား” ဟု အချို့သူများက ပြောနေကြပါသည်။ ၎င်းသည် မည်သည့်အရာနှင့် ဆက်စပ်နေသနည်း။ လူတစ်ယောက် လူသားဆန်မှု၏ အရှက်နှင့် ဂုဏ်သိက္ခာဖြစ်သည်။ လူတစ်ယောက်၏ လူသားဆန်မှုသည် အရှက်နှင့် ဂုဏ်သိက္ခာ မရှိဘဲ မဖြစ်နိုင်ပေ၊ ယင်းတို့မရှိဘဲ သူတို့၏လူသားဆန်မှုသည် ပုံမှန်လူသားဆန်မှု မဖြစ်နိုင်ပေ။ အချို့သူတို့သည် ယုံကြည်စိတ်ချရသည်၊ စိတ်အားထက်သန်မှုရှိပြီး တာဝန်ယူကြသည်။ သူတို့လုပ်ဆောင်သမျှတိုင်းတွင် အလုပ်ကို ကြိုးစားလုပ်ကြသည်၊ မည်သည့်အကြီးစား ပြဿနာမျှမရှိ။ သို့သော်လည်း သူတို့သည် သူတို့၏ဘဝများမှ ဤရှုထောင့်ကို လေးလေးနက်နက် မထားကြ။ သင်သည် ဆန့်ကျင်ဘက်လိင်ရှိသူတစ်ဦးကို အပျော်ရည်းစားထားသည့်အခါ ယင်းမှာ အပြုသဘောဆောင်သလော သို့မဟုတ် ထိခိုက်စေသလော။ သင် အပျော်ရည်းစားထားသူတစ်ဦးသည် သင်နှင့် အတည်တကျချစ်ခင်စုံမက်လာလျှင် မည်သို့ဖြစ်လာမည်နည်း။ “ယင်းမှာ ငါလိုချင်သည့်အရာ မဟုတ်ဘူး”ဟု သင်ပြောကောင်းပြောနိုင်သည်။ ကောင်းပြီ၊ သင်လိုချင်သည့်အရာ မဟုတ်မှန်းသိလျက်နှင့် တစ်ယောက်ယောက်ကို အပျော်ရည်းစားထားနေလျှင် သင်သည် ၎င်းတို့ကို ဆော့ကစားနေခြင်း မဟုတ်သလော။ သင်သည် ၎င်းတို့ကို ဒုက္ခပေးနေခြင်း ဖြစ်သည်။ ဤသည်မှာ ကိုယ်ကျင့်တရား အသိစိတ် အတန်ငယ် ကင်းမဲ့ခြင်းဖြစ်သည်။ ဤသို့လုပ်ဆောင်သည့် လူများသည် ကိုယ်ကျင့်စရိုက် ညံ့ဖျင်းသည်။ ထို့အပြင် သင်သည် ဤဆက်ဆံရေးကို ရှေ့ဆက်သွားရန် မရည်ရွယ်၊ ယင်းကို အလေးအနက်လည်း မထားသည့်အပြင် သင့်အနေဖြင့် ဆန့်ကျင်ဘက် လိင်ဖြစ်သူတစ်ဦးကို ဆက်လက်မျက်ခုံးပင့်ပြနေလျှင်၊ မျက်စိမှိတ်ပြနေလျှင်၊ ပျော်ရွှင်စရာနှင့် ဟာသသဘောဖြင့် ကိုယ်ရည်သွေးနေလျှင်၊ သင့်တွင် စတိုင်ရှိကြောင်း၊ သင်သည် ခန့်ညားကြောင်း၊ သို့မဟုတ် လှပကြောင်း ပြသရန် အရာခပ်သိမ်းလုပ်ဆောင်နေလျှင်၊ သင်သည် ဤသို့ ကိုယ်ရည်သွေးနေလျှင် သင် အမှန်တကယ် မည်သည့်အရာကို လုပ်နေသနည်း။ (လူများကို သွေးဆောင်ဖြားယောင်းခြင်းဖြစ်ပါသည်။) ဤတွင် သွေးဆောင်ဖြားယောင်းရန် ရည်ရွယ်ချက်ရှိသည်။ ယခု ဤသို့သွေးဆောင်ဖြားယောင်းသည့် အမူအရာသည် မြင့်မြတ်သော သို့မဟုတ် အကျည်းတန်ရုပ်ဆိုးသော အရာတစ်ခု ဖြစ်ပါသလား။ (ယင်းမှာ အကျည်းတန်ရုပ်ဆိုးသော အရာတစ်ခုသာ ဖြစ်ပါသည်။) ယင်းသည် ဂုဏ်သိက္ခာတစ်စုံတစ်ရာ မရှိခြင်းဖြစ်သည်။ ဤလောကတွင် မည်သည့်လူအမျိုးအစားက အခြားလူများကို ဖြားယောင်းသွေးဆောင်သနည်း။ ပြည့်တန်ဆာများ၊ လျှပ်ပေါ်လော်လည်သော အမျိုးသမီးများ၊ လူဆိုးများဖြစ်သည်။ ဤလူတို့သည် အရှက်တရားကို မသိကြပေ။ အရှက်တရားကို မသိခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ၎င်းတို့သည် ဂုဏ်သရေပျက်ခြင်းကို အာရုံမခံစားနိုင်ခြင်းကို ဆိုလိုသည်။ သမာဓိ၊ အရှက်တရား၊ ဂုဏ်အပြင် သိက္ခာနှင့် ဂုဏ်သတင်းတို့ဖြစ်သည့် ယင်းတို့ထဲမှ တစ်ခုကိုမျှ ၎င်းတို့ ဂရုမစိုက်ပေ။ ဤသို့သောလူတို့သည် ကြွားဝါခြင်းနှင့် ကလူကျီစယ်ခြင်းတို့ကို ပြုမူကြသည်။ လူတစ်ဦး၊ သို့မဟုတ် နှစ်ဦးနှင့် ကလူကျီစယ်ခြင်းသည် ၎င်းတို့အတွက် မလုံလောက်ပေ။ ပြီးလျှင် ရှစ်ယောက်၊ သို့မဟုတ် ဆယ်ယောက်ကို အလွန်အကျွံဖြစ်သည်ဟု ၎င်းတို့ မမြင်ပေ။ ၎င်းတို့ကို ပျော်စေရန် ထောင်ချီ၊ သောင်းချီ၍ လိုအပ်လိမ့်မည်။ အချို့သော အိမ်ထောင်ရှင် အမျိုးသမီးများသည် သားသမီးနှစ်ယောက်ရရှိပြီးဖြစ်ကာ ယင်းကို အိမ်ပြင်ပရှိ မည်သူကမျှ မသိပေ။ ၎င်းတို့သည် လူတို့အား အဘယ်ကြောင့် မသိစေသနည်း။ ၎င်းတို့သည် အိမ်ထောင်ကျပြီးဖြစ်ကာ ကြင်သူရှိပြီးဖြစ်သည်ဟု ပြောသည်နှင့် ၎င်းတို့၏ ကလူကျီစယ်မှုများတွင် ထပ်၍ အောင်မြင်မှုတစ်ခုတလေ မရှိတော့မည်ကိုလည်းကောင်း၊ ၎င်းတို့၏ ညှို့ယူဖမ်းစားမှုနှင့် ဆွဲဆောင်မှုအား ဆုံးရှုံးရမည်ကိုလည်းကောင်း ၎င်းတို့ကြောက်ကြသောကြောင့် ဖြစ်သည်။ ဤအတွက်ကြောင့် ၎င်းတို့သည် ယင်းနှင့်ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းကို ရှိမည်မဟုတ်ချေ။ ဤသို့သောလူတို့သည် ဂုဏ်သရေပျက်ခြင်းကို အာရုံမခံစားနိုင်ခြင်း မဟုတ်သလော။ လူတစ်ဦး၏ လူ့သဘာဝထဲတွင် ဤသို့သောအရာများရှိလျှင် ယင်းသည် ပုံမှန်ဟုတ်သလော။ မဟုတ်ပေ။ ဤအရာ၏ သွယ်ဝိုက်ညွှန်းဆိုချက်မှာ သင့်တွင် ဤသို့သော လူ့သဘာဝနှင့် ဤသို့သော အပြုအမူများရှိလျှင် သင်သည် ပုံမှန်လူ့သဘာဝနှင့်ပတ်သက်ပြီး ချို့တဲ့နေသည်၊ ယင်းတွင် အရှက်နှင့် ဂုဏ်သိက္ခာချို့တဲ့နေသည်ဟူ၍ ဖြစ်သည်။ လူအချို့သည် ဆန့်ကျင်ဘက်လိင်အနီး၌ ရှိသည်နှင့် ဆံပင်ကို ပွတ်သပ်ပြီး အဝတ်အစားများကို ဆန့်သည်၊ သို့မဟုတ် ပါးနီခြယ်သပြီး ပေါင်ဒါပုတ်ကာ မိမိတို့ကိုယ်ကို အတတ်နိုင်ဆုံး အလှပြင်ရန် ကြိုးစားသည်။ ဤတွင် ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့၏ ပန်းတိုင်မှာ ဖြားယောင်းသွေးဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ ပုံမှန်လူ့သဘာဝတွင် မရှိသင့်သည့် အရာတစ်ခုဖြစ်သည်။ ဤသို့ လူတို့ကို ဖြားယောင်းသွေးဆောင်ပြီး မည်သည့်အရာကိုမျှ မခံစားရဘဲ ဤအရာသည် အလွန်ပင် သာမန်ဖြစ်ကာ အဆန်းတကြယ်မဟုတ်ဟု ထင်ခြင်း၊ အရေးမကြီးဟု ထင်ခြင်းသည် ရှက်စိတ်ကင်းမဲ့ခြင်းနှင့် လုပ်သင့်သည့်အရာ၊ မလုပ်သင့်သည့်အရာကိုပင် မသိခြင်းဖြစ်သည်။ ယွမ်တစ်သောင်းပေးလျှင် လုံးလုံး ဝတ်လစ်စလစ်ဖြင့် လမ်းကို သွားချည်ပြန်ချည် လျှောက်လိုစိတ် ရှိသောသူအချို့ရှိသည်။ ၎င်းတို့သည် မည်သည့်လူအမျိုးအစားဖြစ်သနည်း။ ၎င်းတို့သည် ရှက်စိတ်မရှိသောလူများဖြစ်သည်။ ၎င်းတို့သည် အရှက်မရှိဘဲ ပိုက်ဆံအတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်လိမ့်မည်။ သမာဓိ၊ ကိုယ်ကျင့်စရိုက်၊ ရှက်စိတ်၊ ဂုဏ်သိက္ခာတို့သည် ၎င်းတို့အတွက် မည်သည့်အဓိပ္ပာယ်မျှမရှိဘဲ တန်ဖိုးမဲ့သည်။ အခြားလူများကို ၎င်းတို့ ကြွားဝါပြီး ဖြားယောင်းသွေးဆောင်နိုင်သည့်အစွမ်းသည် ၎င်းတို့၏ ပင်ကိုစွမ်းရည်ဖြစ်သည်ဟု ခံစားရသည်။ ပြီးလျှင် ၎င်းတို့၏ တစ်ခုတည်းသော ဝမ်းမြောက်မှုက ပို၍များသောလူတို့၏ နှစ်သက်မှုကိုရရှိပြီး ပို၍များသောလူတို့အား ၎င်းတို့ကို ရရရှိအောင် ကြိုးစားအားထုတ်စေခြင်း ဖြစ်သည်။ ယင်းသည် ထိုသို့သော အမျိုးသမီးတစ်ဦးအတွက် အမြင့်ဆုံးသော ဂုဏ်ဖြစ်သည်။ ယင်းသည် ၎င်းတို့ တန်ဖိုးထားသည့်အရာ ဖြစ်သည်။ ဂုဏ်သိက္ခာ၊ ရှက်စိတ်၊ သို့မဟုတ် ကိုယ်ကျင့်စရိုက်ကဲ့သို့သောအရာများကို ၎င်းတို့ တန်ဖိုးမထားပေ။ ဤသည်မှာ လူ့သဘာဝကောင်းဖြစ်သလော။ (မဟုတ်ပါ။) ဤအပြုအမူများကို သင်တို့ ပြသခဲ့ဖူးသလော။ (ပြသခဲ့ဖူးပါသည်။) ဤသို့ဆိုလျှင် ယင်းတို့ကို ထိန်းသိမ်းနိုင်သလော။ ယင်းတို့ကို အချိန်အများစုတွင် သင်တို့ ထိန်းသိမ်းနိုင်သလော၊ သို့မဟုတ် အချိန်အနည်းစုတွင်သာ ထိန်းသိမ်းနိုင်သလော။ သင်တို့ကိုယ်သင်တို့ ချုပ်တည်းနိုင်စွမ်းရှိသလော။ မိမိတို့ကိုယ်ကို ချုပ်တည်းနိုင်သူတို့သည် မိမိ၏စိတ်နှလုံးက အရှက်ကို သိသောသူတို့ဖြစ်သည်။ လူတိုင်းတွင် စိတ်လိုက်မာန်ပါ ဖြစ်သည့်၊ ယိုယွင်းပျက်စီးသည့် အချိန်အခိုက်အတန့်တို့ရှိသည်။ သို့သော် မိမိကိုယ်ကို ချုပ်တည်းနိုင်သူတို့တွင် ဤသို့ဖြစ်သောအခါ ၎င်းတို့လုပ်ဆောင်နေသည့်အရာသည် မမှန်ကန်သည်ကိုလည်းကောင်း၊ ၎င်းတို့အား သိက္ခာကျစေသည်ကိုလည်းကောင်း၊ ၎င်းတို့သည် ချက်ချင်းနောက်ပြန်လှည့်ရမည်ကိုလည်းကောင်း၊ ၎င်းတို့သည် ဤအရာကို လုပ်ဆောင်၍ မဖြစ်တော့သည်ကိုလည်းကောင်း ခံစားရသည်။ နောက်ပိုင်းတွင် ဤသို့သောအရာတစ်ခုကို ၎င်းတို့ နောက်တစ်ဖန်ကြုံရသောအခါ မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်ကြသည်။ သင်၏ လူ့သဘာဝအတွင်း၌ ဤမျှပင် မိမိကိုယ်ကို ချုပ်တည်းနိုင်စွမ်း မရှိလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆင့်ခေါ်ခြင်းခံရသောအခါ မည်သည့်အရာကို သင်ပုန်ကန်နိုင်မည်နည်း။ အချို့သူတို့သည် နှစ်လိုဖွယ်ကောင်းသောရုပ်ရည်မျိုးကို ပင်ကိုအားဖြင့် ပိုင်ဆိုင်ကြပြီး ဆန့်ကျင်ဘက် လိင်ဖြစ်သူများက မိမိတို့အား ရရှိအောင် ကြိုးစားအားထုတ်ခြင်းခံရသည်ကို စဉ်ဆက်မပြတ် တွေ့ရှိနေရသည်။ ၎င်းတို့အား လူအများအပြားက ရရှိအောင် ကြိုးစားအားထုတ်လေလေ ပို၍ ကိုယ်ရည်သွေးနိုင်သည်ဟု ၎င်းတို့ ခံစားရလေလေ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် အန္တရာယ်မရှိလေဘူးလော။ ဤသို့သော အခြေအနေမျိုးတွင် သင့်အနေဖြင့် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (ဤထောင်ချောက်ကို မှတ်သားပြီး ရှောင်ရှားပါ။) ယင်းမှာ အမှန်စင်စစ် ထောင်ချောက်တစ်ခုဖြစ်ပြီး ယင်းကို သင့်အနေဖြင့် ရှောင်ရှားရမည်။ သင် မရှောင်ရှားပါက လူတစ်ဦးသည် သင့်ကို ထောင်ချောက်ဆင်ဖမ်းပြီးဖြစ်သည်ကို သင် ကောင်းစွာတွေ့ရှိကောင်း တွေ့ရှိနိုင်မည်ဖြစ်သည်။ သင် ထောင်ချောက်ဆင်ဖမ်းခြင်း မခံရမီ သင့်အနေဖြင့် ဤထောင်ချောက်မျိုးကို ရှောင်ရှားရန်လိုအပ်သည်။ ယင်းကို မိမိကိုယ်ကို ချုပ်တည်းခြင်းဟု ခေါ်သည်။ မိမိကိုယ်ကိုချုပ်တည်းမှု ရှိသည့် လူများတွင် ရှက်စိတ်နှင့် ဂုဏ်သိက္ခာရှိသည်။ ရှက်စိတ်နှင့် ဂုဏ်သိက္ခာ မရှိသူများသည် ၎င်းတို့ကို သွေးဆောင်ဖြားယောင်းသည့် မည်သူမဆို၏ သွေးဆောင်ခြင်းကို ခံရနိုင်သည်။ ပြီးလျှင် လူတစ်ယောက်က ၎င်းတို့ကို ရရှိအောင် ကြိုးစားအားထုတ်သည့်အခါတိုင်းတွင် ထောင်ချောက်ထဲသို့ သက်ဆင်းသည်။ ဤသည်မှာ ဒုက္ခရောက်သည့် သဘောဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် တမင်တကာ ကိုယ်ရည်သွေးမည်၊ အလှဆင်မည်၊ ဝတ်စားဆင်ယင်မည်၊ ၎င်းတို့ကို ပိုမိုခန့်ညားစေသည့်၊ ပိုမိုဆွဲဆောင်မှုရှိပြီး လှပစေနိုင်သည့် မည်သည့်အဝတ်အစားမဆို ၎င်းတို့ဝတ်ဆင်မည်၊ အထူးသဖြင့် ယင်းတို့ကို ဝတ်ဆင်ရန် ၎င်းတို့ရွေးချယ်မည်၊ ယင်းတို့ကို နေ့စဉ်နေ့တိုင်း ဝတ်ဆင်မည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် အန္တရာယ်ရှိပြီး ၎င်းတို့မှာ အခြားသူများကို သွေးဆောင်ဖြားယောင်းရန် တမင်တကာ ကြိုးစားအားထုတ်နေသော သူများဖြစ်ကြောင်း ဖော်ပြနေသည်။ သင်သည် ဤအဝတ်အစားများနှင့် အလွန်မျက်စိဖမ်းစားဖွယ် ဖြစ်နေလျှင်၊ အလွန်စွဲမက်စရာကောင်းနေလျှင် သင်၏ ဇာတိပကတိကို ပုန်ကန်ပြီး ဤသို့သော အဝတ်များ ဝတ်ဆင်ခြင်းအား စွန့်လွှတ်ရမည်။ သင့်အနေဖြင့် ဤအရာနှင့်ပတ်သက်၍ စိတ်ပိုင်းဖြတ်ထားပါက ဤအရာကို သင်လုပ်ဆောင်နိုင်သည်။ သို့သော် သင်သည် ဤစိတ်ပိုင်းဖြတ်ချက် မရှိဘဲ လက်တွဲဖော်တစ်ဦး ရှာဖွေလိုပါက လက်တွဲဖော်တစ်ဦး ရှာလိုက်လော့။ အခြားသူတစ်ဦးကို ကလူကျီစယ်ခြင်းမရှိဘဲ တစ်ယောက်နှင့်တစ်ယောက် ပုံမှန်အပြန်အလှန်ဆက်ဆံလော့။ သင်သည် လက်တွဲဖော်တစ်ဦး ရှာဖွေနေခြင်း မဟုတ်သော်လည်း အခြားသူများကို ကလူကျီစယ်နေဆဲဖြစ်ပါက ယင်းကို ရှက်စိတ်မရှိခြင်းဟု သတ်မှတ်ခေါ်ဆိုနိုင်ပါသည်။ သင့်အနေဖြင့် သင်ရွေးချယ်သည့်အရာကို ရှင်းလင်းစွာသိရှိရမည်။ သင်တို့အားလုံး စည်းမျဉ်းများကို လိုက်နာနိုင်သလော။ (ကျွန်ုပ်တို့တွင် ဤစိတ်ပိုင်းဖြတ်ချက် ရှိပါသည်။) သင့်တွင် ဤစိတ်ပိုင်းဖြတ်ချက် ရှိပါက သင့်တွင် စွမ်းအား၊ စိတ်ဓာတ်လှုံ့ဆော်မှု ရှိပြီး ယင်းတို့ကို လိုက်နာရန် လွယ်ကူလိမ့်မည်။ အချို့သူများသည် သဘာဝအလျောက် အခြေခံအားဖြင့် သိက္ခာရှိကြသည့်အပြင် ဘုရားသခင်ကို ယုံကြည်ခြင်းရရှိပြီးသည့်နောက်တွင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး လမ်းမှန်ကို လျှောက်ကြသည်။ ထို့ကြောင့် ၎င်းတို့တွင် ထိုကဲ့သို့သောလိုအင်ဆန္ဒများ မရှိကြသည့်အပြင် ၎င်းတို့ကို ကလူကျီစယ်ရန် အားထုတ်သော မည်သူ့ကိုမျှ တုံ့ပြန်ခြင်းမရှိပါ။ အခြားသူများမှာ ယင်းကို တစ်စုံတစ်ရာ အလေးမထားသော်လည်း အချို့သူများမှာ ဤအရာကို အတော်အသင့် ထိခိုက်ခံစားနိုင်ရနိုင်ဖွယ်ရှိသည်။ အချို့သူများမှာ ဤစိတ်ပိုင်းဖြတ်ချက် ရှိပုံပေါ်သော်လည်း ၎င်းတို့ အမှန်စင်စစ် စိတ်ပိုင်းဖြတ်ချက် ရှိမရှိကို ၎င်းတို့ကိုယ်တိုင်ပင်လျှင် ခွဲခြားသိမြင်နိုင်ခြင်း မရှိသေးပါ။ ဆန့်ကျင်ဘက်လိင်နှင့် အပြန်အလှန်ဆက်ဆံခြင်းနှင့် ပတ်သက်၍ ဤအရာမှာ သင် မှန်မှန်ကန်ကန် ကိုင်တွယ်ဆောင်ရွက်ရမည့်အရာဖြစ်ပြီး ပြန်လည်ဆန်းစစ်ရမည့်အရာဖြစ်သည့်အပြင် ဤအရာမှာ ပုံမှန်လူ့သဘာဝ၏ ဂုဏ်သိက္ခာနှင့် အရှက်တရား၏ အစိတ်အပိုင်းအဖြစ် ဖော်ထုတ်ရမည်ဖြစ်သည်။ ရှက်စိတ်ကင်းမဲ့ခြင်းသည် လူ့သဘာဝကင်းမဲ့ခြင်းနှင့် မည်သို့ဆက်နွှယ်နေသနည်း။ အကြင်သူသည် ရှက်စိတ်မရှိလျှင် လူ့သဘာဝမရှိဟု ပြောပါက တရားနည်းလမ်းကျပေသည်။ လူ့သဘာဝကင်းမဲ့သူတိုင်းသည် အဘယ်ကြောင့် သမ္မာတရားကို မချစ်သနည်း။ လူ့သဘာဝကို ပိုင်ဆိုင်လျှင် သမ္မာတရားကို လိုက်စားနိုင်သည်ဟု ငါတို့ အဘယ်ကြောင့်ဆိုသနည်း။ ငါ့ကို ပြောလော့။ ရှက်စိတ် မရှိသူတို့သည် မည်သည့်အရာက ကောင်းပြီး မည်သည့်အရာက မကောင်းဟူသည်ကို သိကြသလော။ (မသိပါ။) ဤသို့ဆိုလျှင် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်ကာ သမ္မာတရားကို ချိုးဖောက်သော မကောင်းသည့်အရာများကို ၎င်းတို့ လုပ်ဆောင်သောအခါ မိမိကိုယ်ကို အပြစ်တင်ခြင်းတစ်ခုတလေကို ၎င်းတို့ ခံစားရသလော။ (မခံစားရပါ။) ၎င်းတို့၏ အသိစိတ်က ၎င်းတို့ကို အပြစ်ဖော်ဆုံးမခြင်း မပြုလျှင် လမ်းမှန်ပေါ်သို့ ၎င်းတို့ရောက်နိုင်သလော။ သမ္မာတရားကို ၎င်းတို့ လိုက်စားနိုင်သလော။ မျက်နှာပြောင်သော၊ အရှက်ကင်းမဲ့သောလူတို့သည် ထုံထိုင်းသည်။ အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သောအရာများကို၊ သို့မဟုတ် ဘုရားသခင်က ချစ်သည့်အရာနှင့် သူရွံမုန်းသည့်အရာတို့ကို ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်ခြင်းမရှိ။ ထို့ကြောင့် ဘုရားသခင်က လူတို့အား ရိုးသားရန် ပြောသောအခါ ၎င်းတို့က "လိမ်ညာပြောခြင်းက မည်သည့်ပြဿနာရှိသနည်း။ မုသားတစ်ခုကို ပြောခြင်းက အောက်တန်းကျခြင်းမရှိ" ဟု ဆိုကြသည်။ အရှက်မရှိသောသူတစ်ဦးက ဤသို့သောအရာတစ်ခုကို ပြောမည်မဟုတ်လော။ ရှက်စိတ်ရှိသူတစ်ဦးက ရိုးသားရန် ပျက်ကွက်ပြီး လူတိုင်းက သိသွားခဲ့လျှင် သူ၏ မျက်နှာသည် ရှက်သွေးဖြန်းခြင်း မရှိသလော။ သူသည် စိတ်အတွင်းတွင် မသက်မသာ မဖြစ်သလော။ (ဖြစ်ပါသည်။) အရှက်မဲ့သောသူဆိုလျှင် အဘယ်သို့ ဖြစ်သနည်း။ "ရိုးသားသူဖြစ်ခြင်း၊ အခြားလူများက ထင်သည့်အရာ၊ ငါသည် ၎င်းတို့အပေါ်တွင် ရှိသည့်တန်ဖိုး သို့မဟုတ် ၎င်းတို့အပေါ် ငါ မည်မျှဩဇာညောင်းသည်ဟူသည့် အရာတစ်ခုကမျှ ငါ့အတွက် အရေးမပါ" ဟူ၍တည်း။ ၎င်းတို့ ဂရုမစိုက်ပေ။ ဤသို့ဆိုလျှင် သမ္မာတရားကို ၎င်းတို့ လိုက်စားနိုင်သေးသလော။ ၎င်းတို့သည် အလိမ်အညာများပြောပြီးနောက်တွင် စိတ်နှလုံး၌ အနေရခက်သလော၊ သို့မဟုတ် မိမိကိုယ်ကို အပြစ်တင်မှုကို ခံစားရသလောဆိုသည်ကို ၎င်းတို့အား သင်မေးလျှင် ၎င်းတို့က "ငြိမ်းချမ်းသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ မိမိကိုယ်ကို အပြစ်တင်မှုဆိုသည်မှာ အဘယ်နည်း။ အဘယ်ကြောင့် ဤအရာက အလွန်ဒုက္ခပေးရမည်နည်း" ဟု ဆိုလိမ့်မည်။ ၎င်းတို့သည် ဤသို့ သတိမူမိခြင်းမရှိ။ ဤသို့သော မခိုင်လုံသော အကြောင်းပြချက်ရှိသူတစ်ဦးက ဘုရားသခင်နောက်သို့ လိုက်နိုင်သလော။ သမ္မာတရားကို လိုက်စားနိုင်သလော။ သမ္မာတရားကို မလိုက်စားပေ။ ၎င်းတို့အတွက် အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သော အရာများကြားတွင်၊ သမ္မာတရားနှင့် သမ္မာတရားကို ချိုးဖောက်သောအရာကြားတွင် စည်းများမရှိပေ။ အားလုံးက အတူတူပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လူတိုင်းက အားထုတ်လျှင်၊ တာဝန်ထမ်းဆောင်လျှင်၊ အဖိုးအခပေးဆပ်လျှင် အဆင်ပြေလိမ့်မည်ဟု ၎င်းတို့က ထင်ကြသည်။ ဤအရာများအား ခွဲခြားသိမြင်စေသည့်အရာ မရှိပေ။ ဘုရားသခင်အား အာခံသည့်အရာတစ်ခုကို ၎င်းတို့ လုပ်ဆောင်ပြီးသောအခါ၊ သမ္မာတရားစည်းမျဉ်းများအား ချိုးဖောက်သောအရာတစ်ခုကို ၎င်းတို့ လုပ်ဆောင်ပြီးသောအခါ၊ အခြားသူတစ်ယောက်၏ အကျိုးစီးပွားများအပေါ် ဆုံးရှုံးမှုဖြစ်စေသည့် အရာတစ်ခုကို ၎င်းတို့ လုပ်ဆောင်ပြီးသောအခါ၊ သို့မဟုတ် အသင်းတော်အလုပ်ကို နှောင့်ယှက်သည့်အရာတစ်ခုကို ၎င်းတို့ လုပ်ဆောင်ပြီးသောအခါ မိမိကိုယ်ကို အပြစ်တင်မှုကို မခံစားရပေ။ ၎င်းတို့သည် မိမိကိုယ်ကို အပြစ်တင်မှု လုံးဝမရှိ။ ဤတွင် ၎င်းတို့သည် ရှက်စိတ်ကင်းမဲ့နေသည်မဟုတ်လော။ ရှက်စိတ်မရှိသူတို့သည် ဤသို့သောအရာများကို ပိုင်းခြားသိမြင်ခြင်းမရှိ။ ၎င်းတို့အတွက် ၎င်းတို့အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းနှင့်သာ သက်ဆိုင်သည်။ မည်သည့်စည်းမျဉ်းမျှ မရှိပေ။ အကဲဖြတ်မှုများပြုလုပ်ရန် သမ္မာတရားကို အသုံးပြုဖို့ မလို။ ထို့ကြောင့် ရှက်စိတ်မရှိသူတို့သည် သမ္မာတရားကို နားလည်ရန်၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ ဤသည်မှာ ရှက်စိတ်မရှိခြင်းနှင့် လူ့သဘာဝကင်းမဲ့ခြင်းကြား ဆက်နွှယ်မှု ဖြစ်သည်။ ဤသို့ဆိုလျှင် ဤအရာကို သင်တို့အဘယ်ကြောင့် မပြောနိုင်သနည်း။ သင်တို့အားလုံးက "ကိုယ်တော်ဟောသည့်အရာသည် သမ္မာတရားနှင့် များစွာ သက်ဆိုင်ခြင်းမရှိ။ ယင်းနှင့် အလွန်ပင် အလှမ်းဝေးသည်။ ကျွန်ုပ်တို့သည် ပုံမှန်အားဖြင့် ဤအရာများကို ရှင်းလင်းစွာ မြင်နိုင်သည်။ ထို့ကြောင့် ကိုယ်တော် ထိုအကြောင်း ပြောသည်ကို ကျွန်ုပ်တို့ လိုအပ်သေးသလော" ဟု တွေးနေကြသည်။ သမ္မာတရားနှင့် သက်ဆိုင်ခြင်းမရှိဟု သင်တို့ ခံစားရလျှင် သမ္မာတရား စစ်မှန်မှုမည်မျှကို သင်တို့ ဝင်ရောက်ပြီး ဖြစ်သနည်း။ ပုံမှန်လူ့သဘာဝကို သင်တို့ အသက်ရှင်နေထိုင်သလော။ သင်တို့သည် သမ္မာတရားနှင့် လူသဘာဝရှိသောသူတို့ အမှန်ပင် ဖြစ်လာပြီလော။ သင်တို့သည် ဝိညာဉ်ရင့်ကျက်မှု သေးငယ်လွန်းပြီး ဤအရာများကို အဖြေပင်မရှာနိုင်ပေ။ ထို့ကြောင့် မည်သည့်သမ္မာတရားစစ်မှန်မှု ရှိနိုင်သနည်း။
ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဆယ်ခုထဲမှ တစ်ခုက ဆိုသည်။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိပြီး၊ ထို့အပြင် ခံစားချက်များ ရှိသည်။ ထိုသို့ဖြင့် ဘုရားသခင်ကို အစေခံချိန်တွင် ဆန့်ကျင်ဘက်လိင် အသင်းသား နှစ်ဦးအား အဖော်မပါဘဲ၊ အတူတကွ အလုပ်လုပ်ခြင်းကို လုံးဝ တားမြစ်ထား၏။ ထိုသို့လုပ်ဆောင်နေသည်ကို အမိခံရသူ မည်သူမဆိုသည် ခြွင်းချက်မရှိ ထုတ်ပယ်ခြင်းခံရလိမ့်မည်။ ဤစီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ကို လူတို့မည်သို့ မှတ်ယူသနည်း။ အမျိုးသားတစ်ဦးသည် အမျိုးသမီးသုံးဆယ်ကျော်ဖြင့် မသင့်လျော်သော ဆက်ဆံရေးများရှိခဲ့လျှင် ဤအရာကို ကြားသောသူတို့က မည်သို့ခံစားရမည်ဆိုသည်ကို ငါ့အားပြောလော့။ (၎င်းတို့သည် ယုံရခက်လိမ့်မည်။) သင်သည် ယင်းကိုကြားရခြင်းအား အံဩလိမ့်မည်။ "အလို၊ အလွန်များလှပါတကား။ ယင်းသည် ရွံရှာဖွယ်ပင် မဟုတ်လော" ဟူ၍ အံ့အားသင့်လိမ့်မည်။ ထိုလူက သင့်အားပြောပြသောအခါတွင် သူသည် မည်သည့်ခံစားချက်ရှိမည်နည်း။ (သူ့အတွက် အရေးမကြီးသည့်ပုံစံဖြင့် ပြုမူခဲ့လိမ့်မည်။) ယင်းသည် သူ့အတွက် ထူးထူးခြားခြားမရှိ ဖြစ်နေလိမ့်မည်။ ယနေ့ မည်သည့်အရာစားသည်ကို သူ့အား မေးလော့။ "ထမင်းဖြစ်သည်"။ အမျိုးသမီးမည်မျှနှင့် တွဲခဲ့သည်ကို မေးလော့။ "သုံးဆယ်၊ သို့မဟုတ် သုံးဆယ်ကျော်ဖြစ်သည်"။ ထိုနှစ်ခုကို တစ်ပုံစံတည်းသောလေသံ၊ စိတ်နေစိတ်ထားတို့ဖြင့် သူပြောလိမ့်မည်။ ဤသို့သော လူ့သဘာဝရှိသူအတွက် ကယ်တင်ခြင်းတစ်ခုတလေ ရှိသလော။ ဘုရားသခင်ကို သူယုံကြည်လျှင်ပင် သူ့အတွက် ကယ်တင်ခြင်း မရှိပေ။ ဤသို့သောအရာတစ်ခုကို ရှေ့နောက်မစဉ်းစားဘဲ ပြောသောအခါ၌ ရှက်ရမည်ကို အဘယ်သို့ သူမသိနိုင်ရသနည်း။ ယင်းသည် အောက်တန်းကျသော အမှုကိစ္စတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် သူသည် အဘယ်သို့ ရှေ့နောက်မစဉ်းစားဘဲ ပြောနိုင်ရသနည်း။ ငါ့ကို ပြောလော့။ သူ့တွင် ရှက်စိတ်တစ်ခုတလေ ကျန်ရှိသလော။ မကျန်ရှိပေ။ သူ့လူ့သဘာဝအတွင်းရှိ အသိစိတ်၏ သိမြင်နားလည်မှုသည် ထုံထိုင်းနေပြီဖြစ်ကာ သိမြင်နားလည်ခြင်းမရှိတော့ပေ။ ဤသည်မှာ အကျင့်စာရိတ္တ ပျက်ပြားခြင်းကိစ္စသက်သက်မဟုတ်။ အရှက်၊ သို့မဟုတ် ဂုဏ်သိက္ခာ မရှိသူတို့သည် လူများမဟုတ်တော့ပေ။ အပြင်ပန်းတွင် လူနှင့်တူဆဲဖြစ်သော်လည်း တစ်စုံတစ်ခုကို ၎င်းတို့ ကိုင်တွယ်ရသည်နှင့် တစ်ပြိုင်နက် ပြိုလဲတော့သည်။ ၎င်းတို့သည် အရှက်အား သိမြင်မှုမရှိဘဲ မည်သည့်အရာကိုမဆို လုပ်နိုင်စွမ်းရှိသည်။ ဤသည်မှာ ၎င်းတို့သည် လူများမဟုတ်တော့ဟု ဆိုလိုသည်။ ဤအမှုကိစ္စများအပေါ် ငါတို့ပြောဆိုမှုကို ဤတွင် အဆုံးသတ်ကြစို့။
ယနေ့ ငါတို့ဆွေးနွေးခဲ့သည့် ပုံမှန်လူ့သဘာဝ၏ ကဏ္ဍသုံးခုကို အချိန်ယူ စဉ်းစားတွေးတောလော့။ ယင်းတို့သည် အရေးကြီးသလော။ ပုံမှန်လူ့သဘာဝရှိ ဤအရာများသည် သမ္မာတရားအား လိုက်စားမှုနှင့် အဆက်အစပ်မရှိဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ယင်းတို့သည် သမ္မာတရားအား လိုက်စားခြင်းနှင့် မည်သို့သက်ဆိုင်သနည်း။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦး၏ လူ့သဘာဝသည် စေ့စပ်ခြင်း၊ တာဝန်သိစိတ်၊ သို့မဟုတ် မိမိတို့၏ လုပ်ရပ်များတွင် အာရုံစူးစိုက်နိုင်စွမ်းတို့အား မပိုင်ဆိုင်လျှင်၊ ၎င်းတို့၌ ဤသို့သော လူ့သဘာဝမရှိလျှင် ဘုရားသခင်အား ၎င်းတို့ယုံကြည်မှုနှင့် သမ္မာတရား လိုက်စားမှုတွင် မည်သည့်အရာကို ၎င်းတို့ ရရှိနိုင်သနည်း။ နှစ်ကာလများတစ်လျှောက်တွင် သမ္မာတရား အတော်များများကို၊ နယ်ပယ်တိုင်းရှိ သမ္မာတရားများကို ငါတို့ မိတ်သဟာယပြုခဲ့ပြီး ဖြစ်သည်။ လူတို့သည် တာဝန်သိသော စိတ်နေစိတ်ထားဖြင့် ဤသမ္မာတရားများကို အားမထုတ်လျှင်၊ သို့မဟုတ် မမှတ်ယူလျှင်၊ အရာရာတိုင်းကို ဖြစ်သလိုစုပေါင်းပြီး မည်သည့်အရာကိုမျှ တာဝန်သိစွာ မလုပ်ဆောင်လျှင် ဤသို့ဖြင့် သမ္မာတရားအား နားလည်မှုကို ၎င်းတို့ ရရှိနိုင်သလော။ လူအချို့က "သမ္မာတရားကို ကျွန်ုပ်နားလည်ဖို့ မလုပ်ဆောင်နိုင်လျှင် ဤအယူဝါဒများနှင့် အခေါ်အဝေါ်များကို ကျက်မှတ်ထားလိုက်၍ မရနိုင်သလော" ဟု ဆိုသည်။ သင်သည် အဆုံး၌ ဤနည်းဖြင့် သမ္မာတရားကို ရနိုင်မည်လော။ ဤပုံမှန်လူ့သဘာဝမျိုးကို သင်မပိုင်ဆိုင်သကဲ့သို့ သင့်လူ့သဘာဝအတွင်းရှိ ဤအရာများကို မပိုင်ဆိုင်လျှင်၊ ဆိုလိုသည်မှာ သင်သည် အမှုအရာများအပေါ် တာဝန်ကျေပွန်သော၊ စေ့စပ်သော၊ အလွန်လေးနက်သော၊ တာဝန်သိစိတ်ရှိသော သဘောထားမရှိလျှင် သင့်အတွက် သမ္မာတရားသည် အယူဝါဒများနှင့် ရေပန်းစားသော စကားလုံးများအဖြစ်သို့ ပြောင်းသွားသည်။ စည်းမျဉ်းစည်းကမ်းများအဖြစ်သို့ ပြောင်းသွားသည်။ သမ္မာတရားကို သင်မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားကို သင်နားမလည်နိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် သင့်တစ်ကိုယ်ရေဘဝ၏ ပတ်ဝန်းကျင်၊ လုပ်ရိုးလုပ်စဉ်လုပ်ငန်း၊ ပုံစံတို့ကို ကောင်းစွာ မစီမံနိုင်လျှင် သမ္မာတရားပါဝင်သည့် အမျိုးမျိုးသော စည်းမျဉ်းများနှင့် ဆိုရိုးစကားများသို့ သင်ဝင်ရောက်နိုင်မည်လော။ ဝင်ရောက်နိုင်မည်မဟုတ်။ ထို့အပြင် လူတို့သည် အသက်တာတွင် အပြုသဘောဆောင်သောအရာများကို ချစ်ရမည်။ ပြီးလျှင် အပျက်သဘောဆောင်သောအရာများနှင့် ကောက်ကျစ်ဆိုးယုတ်သောအရာများအပေါ်တွင် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲ၌ အော့နှလုံးနာသည့်၊ စက်ဆုပ်ရွံရှာသည့် သဘောထားကို ခံယူထားရမည်။ ဤသည်မှာ သမ္မာတရားအနည်းငယ်သို့ ဝင်ရောက်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ဤသည်မှာ သမ္မာတရားအား သင်လိုက်စားရာတွင် မှန်ကန်သောသဘောထားနှင့် သင့်လျော်သော စိတ်နေစိတ်ထားရှိရမည်ဟု ဆိုလိုသည်။ သင်သည် ဖြောင့်မတ်သော၊ လေးနက်သောသူတစ်ဦး ဖြစ်ရမည်။ ဤသို့သောလူတို့သာ သမ္မာတရားကို ရနိုင်သည်။ တစ်စုံတစ်ဦးသည် ကောက်ကျစ်ဆိုးယုတ်သော အရာများစွာကိုလည်းကောင်း၊ ဘုရားသခင်ကို ပုန်ကန်ပြီး သမ္မာတရားကို ချိုးဖောက်သည့်အရာများစွာကိုလည်းကောင်း လုပ်ဆောင်သည့်အခါတွင် စိတ်နှလုံး၌ ရှက်စိတ်မရှိဘဲ ထုံထိုင်းလျက်ရှိပြီး သတိမမူမိသည့်အပြင် ဤသည်မှာ အရေးမကြီးဟု ထင်လျှင် သမ္မာတရားသည် ၎င်းတို့အတွက် အသုံးဝင်မှုတစ်ခုတလေရှိသလော။ လုံးဝ အသုံးမဝင်ပေ။ သမ္မာတရားသည် ၎င်းတို့အပေါ် အကျိုးသက်ရောက်မှုမရှိသကဲ့သို့ ၎င်းတို့ကို မချုပ်ထိန်းနိုင်၊ အပြစ်ဖော်မဆုံးမနိုင်၊ လမ်းမပြနိုင်၊ သို့မဟုတ် ဦးတည်ချက်နှင့် လမ်းကြောင်းကို ထောက်မပြနိုင်ပေ။ ဤသည်မှာ ၎င်းတို့သည် ဒုက္ခရောက်ပြီဆိုသည့် သဘောဖြစ်သည်။ ရှက်စိတ်ပင်မရှိသူသည် သမ္မာတရားကို မည်သို့နားလည်နိုင်သနည်း။ လူတစ်ယောက်အနေဖြင့် သမ္မာတရားကို နားလည်နိုင်ရန်အတွက် ရှေးဦးစွာ စိတ်နှလုံးတွင် အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သောအရာများအပေါ် အသိတရားရှိရမည်။ ၎င်းတို့သည် အပျက်သဘောဆောင်သော၊ သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သောအရာတစ်ခုကို ပြောခြင်း၊ သို့မဟုတ် ကြုံတွေ့ခြင်းကို အလွန်ရွံရှာစက်ဆုပ်ကြသည်။ ပြီးလျှင် ၎င်းတို့ကိုယ်တိုင်က ထိုသို့သောအရာကို လုပ်ဆောင်လျှင် ရှက်ပြီး စိတ်မသက်မသာဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားအပေါ် ချစ်ခြင်းကို ခံစားရပြီး ၎င်းတို့၏ စိတ်နှလုံးအတွင်းသို့ သမ္မာတရားကို လက်ခံနိုင်သည်။ ၎င်းတို့သည် မိမိကိုယ်ကို ချုပ်တည်းပြီး ၎င်းတို့၏ မှားယွင်းသော အခြေအနေများကို နောက်ပြန်လှည့်ရန်အတွက် သမ္မာတရားကို အသုံးပြုနိုင်သည်။ ဤသည်တို့မှာ ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သော အရာများ မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာများကို ပိုင်ဆိုင်လျှင် လူတစ်ဦးအနေဖြင့် သမ္မာတရားကို လိုက်စားရန် လွယ်ကူမလာသလော။ တစ်စုံတစ်ယောက်က ဤအရာများကို လုံးဝ မပိုင်ဆိုင်လျှင် သမ္မာတရားအား လိုက်စားခြင်းအကြောင်းပြောဆိုခြင်းသည် အနှစ်မရှိသော ပြောဆိုမှုသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံး၌ အပြုသဘောဆောင်သောအရာများမရှိဘဲ ယင်းကို မည်သို့လုပ်ဆောင်နိုင်သနည်း။ သင်၏ ပုံမှန်လူ့သဘာဝက ဤအရာများကို မပိုင်ဆိုင်မချင်း သမ္မာတရားက သင်၏ အတွင်း၌ အမြစ်တွယ်မည်မဟုတ်။ ဖူးပွင့်မည်မဟုတ်။ အသီးအပွင့် ဖြစ်ထွန်းမည်မဟုတ်ပေ။ ထိုအချိန်မတိုင်မချင်း သက်ရောက်မှု ဖြစ်ပေါ်လိမ့်မည်မဟုတ်။ သမ္မာတရားကို သင်နားလည်ပြီးသောအခါ သင်၏ အတွေးကို ပြောင်းပြီး သင်၏ အပြုအမူကို ချုပ်တည်းနိုင်လိမ့်မည်။ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော အတွေးများက အစဉ်ပို၍ နည်းပါးလာမည်။ ဤသည်မှာ စစ်မှန်သော ပြောင်းလဲမှု ဖြစ်သည်။
ယနေ့ ငါတို့ဆွေးနွေးပြီးသည့် ပုံမှန်လူ့သဘာဝ၏ ဤသရုပ်သကန်မည်မျှကို သင်တို့ ပိုင်ဆိုင်ကြသနည်း။ မည်မျှ ကင်းမဲ့သနည်း။ မည်သည့်အရာကို သင်တို့ ပိုင်ဆိုင်သနည်း။ (ရှက်စိတ်ဖြစ်ပါသည်။) ရှက်စိတ်ဟူသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ ရှက်စိတ်သည် သင်တို့ အနည်းဆုံးပိုင်ဆိုင်သင့်သည့်အရာ ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသနည်း။ သင်တို့အားလုံးတွင် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့်ပတ်သက်၍ တာဝန်သိသော၊ စေ့စပ်သော စိတ်နေစိတ်ထားနှင့် သဘောထားတစ်ခုရှိသလော။ သင်တို့သည် လုပ်ဆောင်သမျှတွင် ဖြစ်ကတတ်ဆန်းနိုင်ပြီး လုပ်ချင်ကိုင်ချင်စိတ်မရှိခြင်း၊ အချောင်ခိုခြင်းသာဖြစ်သည်ကို ငါမြင်သည်။ ပြီးလျှင် သင်တို့လုပ်ဆောင်သည့် ဤအရာများကို ငါမြင်သောအခါ ငါ၏ စိတ်နှလုံးတွင် ပူပင်သောက ကြီးထွားလာသည်။ ဤပြဿနာများကို သင်တို့ဘာသာ ရှာဖွေတွေ့ရှိနိုင်သလော။ ယင်းတို့ကို ရှာဖွေတွေ့ရှိသောအခါ စိတ်ပူသလော။ (စိတ်ပူပါသည်။) မည်သည့်ပုံစံဖြင့် စိတ်ပူသနည်း။ ဤအကြောင်းကို ပြောလော့။ (ဘုရားသခင်၏ မိတ်သဟာယကို ယခု ကျွန်ုပ်ကြားပြီးသောအခါ ကျွန်ုပ်တွင် လူ့သဘာဝများစွာ မရှိသည်ကိုလည်းကောင်း၊ ကျွန်ုပ်အသက်တာတွင် တာဝန်နှင့် ဖြစ်ရပ်များအပေါ် အလေးမထားသည့် စိတ်နေစိတ်ထား ရှိခဲ့သည်ကိုလည်းကောင်း ခံစားရသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ သတ်မှတ်ချက်များ၏ စံနှုန်းများဖြင့် အလွန်အလှမ်းဝေးသည်။ အနည်းငယ် ထိတ်လန့်ဖွယ်ရာ ဖြစ်သည်။) သင့်လူ့သဘာဝတွင် များစွာချို့တဲ့နေသည်။ ဤသို့ ဖြစ်သလော။ သင်သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့ပြီး သမ္မာတရားများစွာကို ကြားခဲ့သည့်တိုင် လူ့သဘာဝ၏ အခြေခံအကျဆုံးသောအရာများကိုပင် မရှိဟု ခံစားရသည်။ သင်သည် အဘယ်သို့ ပူပင်သောကမရောက်ဘဲ နေနိုင်မည်နည်း။ လူအချို့သည် နည်းပညာကျွမ်းကျင်မှု အနည်းငယ် ရှိကြသော်လည်း ၎င်းတို့လုပ်ဆောင်သမျှတိုင်းက ဖြစ်ကတတ်ဆန်းဖြစ်သည်။ အားလုံးက သတ်မှတ်ချက်အောက်သို့ လျော့နည်းပြီး စံနှုန်းပြည့်မီခြင်း မရှိသကဲ့သို့ အဆင့်မြင့်ဖြစ်သော၊ စံသတ်မှတ်ချက်ဖြစ်သော နည်းလမ်းများက မည်သည့်အရာ ဖြစ်သည်ကို မစူးစမ်းပေ။ ဤသည်မှာ ၎င်းတို့သည် ခေတ်နောက်ပြန်ဆွဲနေခြင်း မဟုတ်လော။ ဥပမာ ၎င်းတို့သည် တစ်ခါက တံခါးတစ်ခုကို တပ်ဆင်ရန် ခိုင်းစေခြင်းခံရပြီး ၎င်းတို့က "ကျွန်ုပ်၏ ဇာတိမြို့တွင်ရှိသော တံခါးအများစုမှာ တစ်ချပ်ဖွင့် တံခါးများဖြစ်သည်"ဟု ဆိုသည်။ ၎င်းတို့၏ ဇာတိဖြစ်သည့် ထိုနေရာငယ်သည် စံနှုန်းကို သတ်မှတ်ခြင်းမရှိ။ ၎င်းတို့သည် မြို့ကြီးများတွင် စီးပွားရေးလုပ်ငန်းများနှင့် လူအနေအဆောက်အအုံများရှိ တံခါးပုံစံများကို ကြည့်ပြီး ထို့နောက်တွင် အခြေအနေ၏ လက်တွေ့အရှိတရားကို အခြေခံကာ ၎င်းတို့၏အလုပ်ကို လုပ်သင့်သည်။ သို့တိုင်အောင် ဤနေရာတွင် ၎င်းတို့က မိမိတို့၏ သဘောထားကို ထုတ်ပြောပြီး "ကျွန်ုပ်တို့သည် ဇာတိမြို့တွင် နှစ်ချပ်ဖွင့်တံခါးများကို မပြုလုပ်ပါ။ ပြီးလျှင် ဤနေရာ၌ လူများစွာလည်းမရှိ။ ၎င်းတို့သည် တိုး၍ဝင်လိုက်နိုင်သည်" ဟု ဆိုသည်။ အခြားလူတစ်ယောက်က "လူတို့ တိုးဝင်နေကြသည်မှာ ကြာလာလျှင် တံခါးဘောင် ပျက်စီးလိမ့်မည်။ ဤအရာကို ဆွေးနွေးကြစို့။ ခြွင်းချက်အနေဖြင့် ဤတစ်ကြိမ်တွင် နှစ်ချပ်ဖွင့်တံခါးပြုလုပ်ပါ။၊ အဆင်ပြေသလော" ဟု ဆိုသည်။ ထို့နောက် ၎င်းတို့က "မလုပ်ပါ။ တစ်ချပ်ဖွင့် တံခါးများကို ကျွန်ုပ်ပြုလုပ်သည်။ နှစ်ချပ်ဖွင့်တံခါးများကို မလုပ်နိုင်။ မည်သို့လုပ်ရမည်ကို သိသည်မှာ ကျွန်ုပ်လော၊ သို့မဟုတ် သင်လော။ ကျွန်ုပ်ဖြစ်သည်။ ထို့ကြောင့် ဤတွင် ကျွန်ုပ်အား သင်အဘယ်ကြောင့် နားမထောင်မည်နည်း။ ကျွန်ုပ်အား သင်နားထောင်ရမည်" ဟု ဆိုသည်။ ၎င်းတို့ကို အခြေအနေအရ အလုပ်လုပ်ဖို့ ပြောခဲ့သည်။ သို့သော် ၎င်းတို့သည် နားမထောင်ဘဲ သေးငယ်သောတံခါးပြုလုပ်ရန် မရမကလုပ်ဆောင်သည်။ ဤသည်မှာ ကသီလင်တမဖြစ်သလော။ အလင်းဝင်စေရန်အတွက်နှင့် နေရာအား ကျဉ်းသည်ဟု မခံစားရစေရန် အတွင်းနှင့်အပြင်ကြား၌ မှန်ကာတစ်ခုတပ်ဆင်ရန် စေခိုင်းသောအခါ ၎င်းတို့က "အဘယ်ကြောင့် မှန်တပ်ဆင်မည်နည်း။ ယင်းသည် ပို၍ လုံခြုံမှုနည်းပါးသွားမည် မဟုတ်သလော။ ကျွန်ုပ်သည် မှန်တပ်ဆင်မည်မဟုတ်။ ဤတံခါးနှစ်ချပ်က အဆင်ပြေလိမ့်မည်။ ဤသည်မှာ ကျွန်ုပ်၏ ဇာတိမြို့တွင် အသုံးပြုသော တစ်ခုတည်းသော တံခါးအမျိုးအစားဖြစ်သည်" ဟု ဆိုသည်။ ၎င်းတို့သည် အခြားလူများကို ဖိနှိပ်ရန်အတွက် အစဉ်သဖြင့် "ကျွန်ုပ်၏ ဇာတိမြို့တွင်"၊ "အိမ်တွင်"၊ “နည်းပညာပိုင်းတို့ကို ကျွန်ုပ် လေ့လာပြီးဖြစ်သည်" ဟူသကဲ့သို့သော အရာများဖြင့် ထပ်ခါထပ်ခါ ရှင်းချက်ထုတ်နေကြသည်။ ထိုအရာများသည် သမ္မာတရား ဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့အနေဖြင့် ပြင်ပအမှုကိစ္စများအပေါ် ဤသို့သော သဘောထားကို ခံယူခြင်းသည် ၎င်းတို့၏ လူ့သဘာဝအတွင်း၌ မည်သည့်အရာ ချို့တဲ့နေသနည်း။ ဆင်ခြင်တုံတရား ဖြစ်သည်။ အတိအကျဆိုလျှင် ၎င်းတို့၏ ဆင်ခြင်တုံတရား၌ မည်သည့်အရာမျိုးက ချို့တဲ့နေခြင်း ဖြစ်ရမည်နည်း။ ထိုးထွင်းအမြင်ဖြစ်သည်။ ၎င်းတို့၏ ဇာတိမြို့ရှိ အရာရာတိုင်းက မှန်သည်ဟုလည်းကောင်း၊ ယင်းသည် အမြင့်ဆုံးဖြစ်သည့်အရာအားလုံး ဖြစ်သည်ဟုလည်းကောင်း၊ အမှန်တရားအားလုံး ဖြစ်သည်ဟုလည်းကောင်း ၎င်းတို့ အစဉ်ခံစားရသည်။ ၎င်းတို့၏ ဆင်ခြင်တုံတရားက ညံ့ဖျင်းသည်မဟုတ်လော။ ပုံမှန်ဆင်ခြင်တုံတရားက မည်သည့်ပုံစံရှိသင့်သနည်း။ ပုံမှန်ဆင်ခြင်တုံတရားဖြင့်ဆိုလျှင် ၎င်းတို့သည် "ကျွန်ုပ်သည် ဤလုပ်ငန်းတွင် နှစ်များစွာ လုပ်ကိုင်ခဲ့ပြီးဖြစ်သော်လည်း များစွာ မမြင်တွေ့ရသေးပေ။ ဤသည်မှာ ကျွန်ုပ်၏ ဇာတိမြို့တွင် ကျွန်ုပ်တို့အားလုံး တံခါးများကို ပြုလုပ်သည့်ပုံစံဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် တံခါးများက မည်မျှကြီးသည်ကို ကြည့်ကြစို့။ ကျွန်ုပ်တို့အားလုံးသည် ဤနေရာတွင်ရှိသည့်လူများ လုပ်သည့်အရာအတိုင်း လိုက်လံလုပ်ဆောင်မည်။ ဤသည်မှာ မတူညီသောနေရာတစ်ခုဖြစ်ပြီး ဤအလုပ်တွင် ငါသည် အလိုက်သင့်နေသင့်သည်" ဟု ဆိုလိမ့်မည်။ ယင်းသည် ဆင်ခြင်တုံတရားမဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် ဤသို့သောသူသည် ဤဆင်ခြင်တုံတရားရှိသလော။ မရှိပေ။ ၎င်းတို့သည် ဆင်ခြင်တုံတရား တစ်ခုမျှ မရှိပေ။ အဆုံးတွင် ယင်းကို မည်သို့ကိုင်တွယ်ခဲ့ရသနည်း။ အလုပ်ကို ပြန်လည်လုပ်ဆောင်ခဲ့ရသည်။ အလုပ်ကို ပြန်လည်လုပ်ဆောင်ခြင်းသည် ဆုံးရှုံးမှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဟုတ်သည်။ ဤသို့သော အမှုကိစ္စများနှင့်ဆိုင်သော ဖြစ်ရပ်များစွာရှိသလော။ ရှိသည်။ ထိုသူသည် လုံးလုံးလျားလျားပင် ခေါင်းမာသည်။ မည်မျှခေါင်းမာသနည်း။ မည်သူပြောသည့်အရာကိုမျှ ၎င်းတို့ နားမထောင်။ ငါပြောသည့်အရာကိုပင် ၎င်းတို့နားမထောင်ပေ။ ပြီးလျှင် ၎င်းတို့သည် ငါ့ကိုလည်း ဆန့်ကျင်ဘက်ပြောဆိုသည်။ ငါက "သင်သည် ပြောင်းလဲဖို့လိုသည်။ မပြောင်းလဲလျှင် ဤအလုပ်သည် သင့်အတွက်မဟုတ်" ဟု ဆိုသည်။ ၎င်းတို့က "ကိုယ်တော်က ကျွန်ုပ်ကို မလိုအပ်လျှင်ပင် ကျွန်ုပ်သည် ဤအရွယ်ရှိသော တံခါးကို ပြုလုပ်မည်" ဟု ပြောရဲသည်။ ယင်းသည် မည်သည့်စိတ်သဘောထား ဖြစ်သနည်း။ ပုံမှန် လူ့သဘာဝဖြစ်သလော။ (မဟုတ်ပါ။) ပုံမှန် လူ့သဘာဝမဟုတ်။ ဤသို့ဆိုလျှင် မည်သည့်လူ့သဘာဝဖြစ်သနည်း။ ငါမြင်သည်မှာ ၎င်းတို့သည် သားရဲတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဖြစ်သည်။ နွားထီးတစ်ကောင်က ရေဆာနေသကဲ့သို့ ဖြစ်သည်။ လှည်းထဲတွင် ကုန်ပစ္စည်း၊ သို့မဟုတ် လူမည်မျှကို ထိုနွားက သယ်နေသည်ဖြစ်စေ ရေအိုင်၊ သို့မဟုတ် မြစ်တစ်ခုကို မြင်သည်နှင့်တစ်ပြိုင်နက် လှည်းကို ထိုနေရာသို့ တန်းတန်းမတ်မတ် ဆွဲသွားလိမ့်မည်။ လူအရေအတွက် မည်မျှကမျှ ထိုနွားကို ဆွဲမခေါ်နိုင်ပေ။ ငါတို့ပြောဆိုနေသည်မှာ တိရစ္ဆာန်တစ်ကောင်ဖြစ်သည်။ လူတို့တွင်လည်း ဤစိတ်သဘောထားမျိုးရှိသလော။ ၎င်းတို့၌ ရှိသောအခါတွင် ယင်းသည် ပုံမှန်လူ့သဘာဝမဟုတ်ဘဲ အန္တရာယ်ရှိသည်။ ၎င်းတို့သည် သင့်ကို ငြင်းဆန်ရန်၊ နားထောင်နေခြင်းကို ရပ်တန့်ရန် ဆင်ခြေတစ်ခုရှာလိမ့်မည်။ ၎င်းတို့သည် အလွန်ခေါင်းမာပြီး မိုက်မဲသည်။ နေ့စဉ်အသက်တာတွင် ဤသို့သောအမှုကိစ္စများရှိနေပြီး သင်က နှိမ့်ချစွာဖြင့် လက်ခံတတ်သော၊ အခြားလူတို့၏ ထင်မြင်ချက်များကို လက်ခံရန် အသင့်ဖြစ်သော သဘောထားတစ်ခုမရှိလျှင်၊ လေ့လာသည့် သဘောထားတစ်ခုမရှိလျှင် သမ္မာတရားကို သင်မည်သို့ လက်ခံနိုင်မည်နည်း။ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ နှစ်ချပ်ဖွင့်တံခါးကို ပြုလုပ်ခြင်းက ပို၍သင့်တော်မည်ဟု လူတိုင်းက ဆိုသည်။ သင်သည် ယင်းကိုပင် မလုပ်နိုင်ပေ။ ပြီးလျှင် ယင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် နီးစပ်မှုပင် မရှိပေ။ သင်သည် ကျိုးကြောင်းခိုင်လုံသော အကြံပြုချက်ကိုပင် နားထောင်မည်မဟုတ်။ သမ္မာတရားနှင့်သက်ဆိုင်သော အရာတစ်ခုကို သင်နားထောင်နိုင်မည်လော။ ခါတိုင်းကဲ့သို့ပင် သင် နားထောင်မည်မဟုတ်။ ဤသို့သော စိတ်သဘောထားတစ်ခုကို ပိုင်ဆိုင်သောသူအတွက် နားဝင်မည်မဟုတ်။ ယင်းသည် ထိုသူအတွက် ဒုက္ခအကြီးအကျယ် ကျရောက်သည့်သဘော ဖြစ်သည်။ မိမိ၏ လူ့သဘာဝသည် ဤဆင်ခြင်တုံတရားမျိုးကိုပင် မပိုင်ဆိုင်လျှင် မည်သည့်သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သနည်း။ ၎င်းတို့ နေ့စဉ်အလုပ်ရှုပ်နေသည့်ထိုအရာများကို မည်သူ့အတွက် ၎င်းတို့ လုပ်ဆောင်သနည်း။ ၎င်းတို့ကိုယ်တိုင်၏ နှစ်သက်မှုများအရ၊ ၎င်းတို့ကိုယ်တိုင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများအရ လုပ်ဆောင်ခြင်းသက်သက်ဖြစ်သည်။ နေ့စဉ် ၎င်းတို့တွင် နေ့စဉ်အသက်တာ၌ ၎င်းတို့အနီး၌ရှိသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် ဤအမြင်မျိုးရှိသည်။ "ကျွန်ုပ် အလိုရှိသည့်အရာကို လုပ်ဆောင်မည်။ ကျွန်ုပ် ထင်သည့်အရာကို လုပ်ဆောင်မည်။ ကျွန်ုပ် ယုံကြည်သည့်အတိုင်း လုပ်ဆောင်မည်" ဟူ၍ ဖြစ်သည်။ ဤအရာကို မည်သို့ခေါ်သနည်း။ တစ်နေကုန် ၎င်းတို့စဉ်းစားနေသမျှသည် မကောင်းမှုသက်သက်သာ ဖြစ်သည်။ ၎င်းတို့သည် ပင်ကိုအားဖြင့် အလွန်ဆိုးယုတ်လျှင် ၎င်းတို့၏ လုပ်ရပ်များက အဘယ်သို့နည်း။ အတွေးများအားလုံးက ဆိုးယုတ်သော်လည်း လုပ်ရပ်များအားလုံးက သမ္မာတရားနှင့် ညီဆဲဖြစ်သည့်သူမျိုး ရှိသလော။ ဤသည်မှာ မမှန်ပေ။ ဤသည်မှာ ရှေ့နောက်မညီခြင်း ဖြစ်လိမ့်မည်။ ၎င်းတို့၏ အတွေးများအားလုံးက ဆိုးယုတ်ပြီး ၎င်းတို့စတင်ခဲ့သည့်နေရာကလည်း ဆိုးယုတ်မှုသက်သက်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့လုပ်ဆောင်သည့်အရာသည် ယုတ်စွအဆုံး အောက်မေ့ဂုဏ်ပြုခြင်း ခံရမည်မဟုတ်။ အောက်မေ့ဂုဏ်ပြုခြင်း မခံရသည့်အရာများထဲတွင် အချို့မှာ အနှောင့်အယှက်များ၊ အဖျက်အမှောင့်များဖြစ်သည်။ အချို့မှာ ဖျက်ဆီးတတ်သည်။ အခြားသောအရာများမှာမူ အလွန်ဆိုးဝါးခြင်းမရှိ။ ဤအရာများကို အလေးအနက် ထားမည်ဆိုလျှင် ယင်းတို့သည် ရှုတ်ချခြင်းခံရလိမ့်မည်ဖြစ်သည်။ ဤသဘောတရားပင် ဖြစ်သည်။
လူအချို့တွင် မှားယွင်းသောအမြင်တစ်မျိုး၊ အခြားလူများက အလွန်ရွံရှာဖွယ်ရာ ဖြစ်သည်ဟု မြင်သော အမြင်တစ်မျိုးရှိသည်။ ဤလူတို့တွင် ဆုကျေးဇူး၊ သို့မဟုတ် အားသာချက်အနည်းငယ်ရှိသည်၊ သို့မဟုတ် လက်မှုပညာတစ်ခု၊ အရည်အချင်းတစ်ခုခု ရှိနိုင်သည်၊ သို့မဟုတ် နယ်ပယ်တစ်ခုခုတွင် အထူးအရည်အချင်းတစ်ခုရှိသည်။ ပြီးလျှင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်လာပြီးနောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဂုဏ်ရှိသောလူများဟု ထင်မြင်ကြသည်။ ဤသဘောထားသည် မှန်ကန်သလော။ ဤအမြင်ကို မည်သို့ထင်သနည်း။ ယင်းသည် ပုံမှန်လူ့သဘာဝ၏ အတွေးအခေါ်နှင့် သက်ဆိုင်သောအရာတစ်ခု ဖြစ်သလော။ မဟုတ်ပေ။ ဤသို့ဆိုလျှင် မည်သည့်အယူအဆမျိုးနည်း။ ယင်းသည် ဆင်ခြင်တုံတရား မကင်းမဲ့နေသလော။ (ကင်းမဲ့နေပါသည်။) ၎င်းတို့က "ငါသည် ဤလက်မှုပညာကို သိသောကြောင့် သာမန်လူတို့ထက်ပိုမြင့်သည်။ ဘုရားအိမ်တော်တွင် ငါသည် သာမန်လူတို့ထက် သာသည်။ ငါသည် လက်မှုပညာပိုင်းနှင့် အရည်အချင်းကို ပိုင်ဆိုင်သော ယောက်ျားတစ်ယောက် ဖြစ်သည်။ ငါသည် စကားပြောကောင်းသူဖြစ်ပြီး ပင်ကိုစွမ်းရည်ရှိသည်။ ငါသည် ဘုရားအိမ်တော်တွင် အလွန်ပင် အထင်ကြီးဖွယ်ဖြစ်သည်။ ငါသည် လူတိုင်းထက်သာသည်။ မည်သူကမျှ ငါ့ကို အမိန့်မပေးနိုင်။ မည်သူကမျှ ငါ့ကို ဦးမဆောင်နိုင်။ မည်သူကမျှ ငါ့ကို မည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ အမိန့်မပေးနိုင်။ ငါ့တွင် ဤကျွမ်းကျင်မှုရှိသည်။ ထို့ကြောင့် ငါအလိုရှိသည့်အရာကို ငါလုပ်ဆောင်မည်။ စည်းမျဉ်းများအား အရေးစိုက်ဖို့ မလို။ ငါလုပ်သမျှသည် မှန်ကန်ပြီး သမ္မာတရားနှင့်ညီသည်"ဟု ယုံကြည်သည်။ ဤအမြင်ကို အဘယ်သို့ထင်သနည်း။ ဤသို့သောလူများ မရှိသလော။ ဤသို့သောလူတို့သည် လူနည်းစုမဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ရန်အတွက် ဘုရားအိမ်တော်သို့လာသည်။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ၎င်းတို့၏ အားသာချက်များ၊ သို့မဟုတ် ကျွမ်းကျင်မှုများကို အသုံးပြုလျှင် အဆင်ပြေလိမ့်မည်။ သို့သော် ၎င်းတို့သည် မိမိကိုယ်ကို ကြွားလုံးထုတ်ရန်အတွက် လာခြင်းဖြစ်လျှင် ယင်းသည် မတူသော သဘာဝတစ်ခု၏ ပြဿနာဖြစ်သည်။ "မိမိကိုယ်ကို ကြွားလုံးထုတ်ခြင်း" ဟု အဘယ်ကြောင့်ခေါ်သနည်း။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သူများကို မိုက်မဲသည်၊ မည်သည့်အရာမျှ မဟုတ်ဟု မြင်သည်။ ၎င်းတို့၏ အတွေးအခေါ်၌ တစ်စုံတစ်ခု လွဲနေပြီမဟုတ်သလော။ ၎င်းတို့၏ ဆင်ခြင်တုံတရားတွင် တစ်စုံတစ်ခု မမှားယွင်းနေသလော။ ဤသည်မှာ အမှုအရာများ၏ တကယ့် ပကတိအခြေအနေ ဖြစ်သလော။ ဘုရားသခင်ကို ယုံကြည်သူတို့သည် အမှန်ပင် တန်ဖိုးမဲ့သလော။ (မမဲ့ပါ။) ဤသို့ဆိုလျှင် ထိုလူတို့သည် ၎င်းတို့အား အဘယ်ကြောင့် ထိုသို့မြင်မည်နည်း။ အဘယ်ကြောင့် ထိုသို့အတွေးမျိုး ရှိမည်နည်း။ မည်သည့်အရာက ထိုသို့သောအတွေးကို ဖြစ်ပေါ်စေသနည်း။ ဘာသာတရားမရှိသူများထံမှ ၎င်းတို့ သင်ယူသလော။ ဘုရားသခင်ကို ယုံကြည်သူတို့သည် မည်သည့်အရာမျှ မဟုတ်ဟုလည်းကောင်း၊ ၎င်းတို့အားလုံးသည် အိမ်ရှင်မများ၊ အိမ်ရှင်ထီးများ ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့အားလုံးက တောသားများဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် လူ့အဖွဲ့အစည်း၏ အောက်လွှာမှဖြစ်သည်ဟုလည်းကောင်း ထိုသူတို့က ထင်ကြသည်။ ၎င်းတို့၏ အမြင်သည် အဆင်းနီသော နဂါးကြီး၏ အမြင်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူတို့သည် စွမ်းဆောင်ရည် မရှိဟုလည်းကောင်း၊ လူ့အဖွဲ့အစည်းတွင် လမ်းဖောက်ထွက်နိုင်ခြင်း မရှိဟုလည်းကောင်း၊ ၎င်းတို့အတွက် ပြင်ပတွင် လမ်းကြောင်းမရှိသောကြောင့်၊ သွားစရာမည်သည့်နေရာမျှမရှိသောကြောင့်သာ ဘုရားသခင်ကို ယုံကြည်လာကြခြင်း ဖြစ်သည်ဟုလည်းကောင်း ထင်မြင်ကြသည်။ ၎င်းတို့တွင် အရည်အချင်းတစ်ခုခု ရှိသောကြောင့်၊ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုအကြောင်းကို အနည်းငယ်သိသောကြောင့်၊ သို့မဟုတ် နည်းပညာပိုင်း ကျွမ်းကျင်မှုတစ်ခုခု ရှိသောကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်တွင် ပင်ကိုစွမ်းရည်ရှိသူ ဖြစ်သည်ဟု ထင်မြင်ကြသည်။ ထိုအတွေးသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) မည်သည့်အရာ မှားယွင်းနေသနည်း။ ဘုရားအိမ်တော်တွင် ကျွမ်းကျင်သောလူတစ်ဦးမျှ မရှိဟု ၎င်းတို့ ယုံကြည်သည်။ ပြီးလျှင် ၎င်းတို့၏ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု အနည်းငယ်ဖြင့် ၎င်းတို့သည် အာဏာကိုင်စွဲလိုပြီး အမှုအရာအများအပေါ် အဆုံးအဖြတ် ပေးပိုင်ခွင့်ရှိလိုသည်။ ပြင်ပတွင် ဤသို့သောလူများရှိသလော။ သင်တို့အနီးတွင်၊ သို့မဟုတ် သင်တို့ရင်းနှီးသော၊ သိသောသူတို့အထဲတွင် ဤသို့သောလူများရှိသလော။ နယ်ပယ်တစ်ခုခုတွင် ကျွမ်းကျင်သောလူအချို့ရှိသည်။ ၎င်းတို့အား အဖွဲ့ခေါင်းဆောင်၊ သို့မဟုတ် ကြီးကြပ်ရေးမှူးအဖြစ် လုပ်ဆောင်စေသောအခါ၌ ၎င်းတို့သည် အရာရှိရာထူးတစ်ခုကို ရလိုက်သကဲ့သို့ ခံစားရသည်။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိသည်ဟုလည်းကောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ၎င်းတို့ကဲ့သို့ မည်သူကမျှ မစောင့်ရှောက်၊ သို့မဟုတ် ၎င်းတို့ထက်ပို၍ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သူကမျှ မကာကွယ်ဟုလည်းကောင်း၊ မည်သူကမျှ ၎င်းတို့ကဲ့သို့ သစ္စာစောင့်သိခြင်း မရှိဟုလည်းကောင်း ခံစားရသည်။ ၎င်းတို့သည် အရာရာတိုင်းတွင် စီမံပြီး ပါဝင်လုပ်ဆောင်လိုသည်။ သို့သော် မည်သည့်အရာကိုမျှ ၎င်းတို့ ကောင်းစွာ မစီမံသကဲ့သို့ သမ္မာတရားစည်းမျဉ်းများကိုလည်း မရှာပေ။ ငါပြောသည့်အရာကိုပင် နားမထောင်ပေ။ ပြင်ပတွင် ဤသို့သောလူများရှိသလော။ (ရှိပါသည်။) ဤသို့သောသူများရှိသည်။ ၎င်းတို့တွင်ရှိသော ကျွမ်းကျင်မှုတစ်ခုခု၏ ခေါင်းစဉ်အောက်တွင် လူတိုင်းကို ၎င်းတို့ စီမံလိုပြီး အာဏာကိုင်စွဲလိုသည်။ ဥပမာ ညီအစ်ကိုမောင်နှမအချို့က ၎င်းတို့မနှစ်သက်သည့်အရာတစ်ခုကို လုပ်ဆောင်သောအခါ ၎င်းတို့က "ဤလူတို့ကို ငါတို့ စီမံထိန်းချုပ်ဖို့ လိုသည်။ ၎င်းတို့သည် တရားလွန်နေသည်" ဟု ဆိုလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သူများက ပြဿနာတစ်ခုရှိသောအခါ သမ္မာတရားကို ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ရမည်။ ဤသည်မှာ စစ်တပ်ဆိုင်ရာ ချုပ်ကိုင်မှုကို ကျင့်သုံးရမည့် စစ်စခန်းတစ်ခုမဟုတ်။ အသင်းတော်ရှိ အမှုကိစ္စများ၌ ပြဿနာများကို ဘုရားနှုတ်ကပတ်တော်အကြောင်း မိတ်သဟာယဖွဲ့ခြင်းနှင့် လူတို့အား သမ္မာတရားကို နားလည်အောင်လုပ်ဆောင်ပေးခြင်းတို့ဖြင့်သာ ဖြေရှင်းနိုင်သည်။ သမ္မာတရားကို လက်မခံဘဲ ထင်ရာမြင်ရာဖြင့် ပြောင်းလဲလွယ်စွာလုပ်ဆောင်သောသူတို့သည် ပြုပြင်ခြင်းခံရကောင်း ခံရနိုင်သည်။ ဆုံးမပဲ့ပြင်ခြင်းခံရကောင်း ခံရနိုင်သူများမှာ သမ္မာတရားအား လက်မခံရန် စိတ်ပိုင်းဖြတ်ထားသူတို့သာဖြစ်သည်။ သိသာထင်ရှားစွာပင် သမ္မာတရားစစ်မှန်မှုမရှိသော ကြီးကြပ်ရေးမှူးအဖြစ်ဖြစ်စေ၊ ခေါင်းဆောင်များ၊ အမှုဆောင်များအဖြစ်ဖြစ်စေ အစေခံခဲ့သော်လည်း ဘုရားအိမ်တော်တွင် အစဉ် အာဏာကိုင်စွဲလိုပြီး အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိလိုသောသူအချို့ရှိသည်။ ဤလူတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသလော။ ၎င်းတို့သည် သက်မွေးပညာ၏ နည်းလမ်းအနည်းငယ်ကိုသာ သိပြီး သမ္မာတရားကို စိုးစဉ်းမျှပင် နားမလည်ပေ။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် သာမန်လူထက်ပို၍ သာသည်ဟု ထင်မြင်လျက် အသုံးဝင်ပြီး အစွမ်းအစရှိသည်ဟု ထင်ကြသည်။ ပြီးလျှင် အာဏာရှိသည့်နေရာမှနေ၍ အသင်းတော်တွင် ၎င်းတို့အလိုရှိသည့်အရာကို လုပ်ဆောင်လိုသည်။ တစ်ဦးတည်းသာ အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိလိုသည်။ ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများကို မရှာဖွေဘဲ ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း၊ ၎င်းတို့၏ နှစ်သက်မှုများအတိုင်း လုပ်ဆောင်ကြသည်။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား မဟုတ်သလော။ ဤသို့သောလူတို့သည် ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားရှိသလော။ ၎င်းတို့တွင် တစ်စွန်းတစ်စမျှမရှိ။ ပုံမှန်လူ့သဘာဝအပေါ် ငါတို့၏ မိတ်သဟာယကို ဤတွင် အဆုံးသတ်မည်။
အန္တိခရစ်များသည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ မည်သို့ကျိုးနွံနာခံစေပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
၃။ မိမိတို့၏အလုပ်၌ အခြားလူတို့အား ဝင်ရောက်စွက်ဖက်ခွင့်၊ စုံစမ်းမေးမြန်းခွင့်၊ သို့မဟုတ် မိမိတို့ကို ကြီးကြပ်ခွင့် ပေးရန် အန္တိခရစ်တို့၏ ငြင်းဆန်မှုကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း
ငါတို့၏ ပြီးခဲ့သော မိတ်သဟာယ၏ အကြောင်းအရာမှ ရှေ့ဆက်ရလျှင် အန္တိခရစ်များက ပေါ်လွင်စေသည့် နည်းအမျိုးမျိုးထဲမှ အချက်ရှစ်ဖြစ်သည့် ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် ဟူ၍ ဖြစ်သည်။ ဤအချက်ကို အခန်းငယ်လေးခုအဖြစ် ငါတို့ ခွဲခြားခဲ့သည်။ ငါတို့၏ ပြီးခဲ့သော စုဝေးပွဲတွင် အခန်းငယ်နှစ်ခုကို ငါတို့ဆွေးနွေးခဲ့သည်။ ပထမတစ်ခုမှာ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းမရှိခြင်းဖြစ်သည်။ ဒုတိယတစ်ခုမှာ ၎င်းတို့၌ လူတို့ကို ထိန်းချုပ်ပြီး သိမ်းပိုက်ရန် လိုအင်ဆန္ဒနှင့် ရည်မှန်းချက်တို့ ရှိနေခြင်းဖြစ်သည်။ တတိယတစ်ခုမှာ အဘယ်နည်း။ ၎င်းတို့တာဝန်ယူလုပ်ဆောင်သော မည်သည့်အလုပ်မဆိုတွင် အခြားလူတို့အား ဝင်ရောက်စွက်ဖက်ခွင့်၊ စုံစမ်းမေးမြန်းခွင့်၊ သို့မဟုတ် မိမိတို့ကို ကြီးကြပ်ခွင့် ပေးရန် ၎င်းတို့၏ ငြင်းဆန်မှု ဖြစ်သည်။ ၎င်းတို့တာဝန်ယူလုပ်ဆောင်သော မည်သည့်အလုပ်မဆို၌ မည်သည့်အရာ ပါဝင်ကောင်းပါဝင်နိုင်သနည်း။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်က တာဝန်ခံရနိုင်သည့် မည်သည့်အလုပ်အစီအစဉ်မဆို ပါဝင်ပြီး အဖွဲ့ကြီးကြပ်ရေးမှူး၊ သို့မဟုတ် အဖွဲ့ခေါင်းဆောင်တစ်ဦးက တာဝန်ခံရနိုင်သည့် အလုပ်လည်း ပါဝင်သည်။ ယင်းသည် နယ်ပယ်တစ်ခုခုတွင် အတတ်ပညာပိုင်းဆိုင်ရာအလုပ်၊ သို့မဟုတ် လူတစ်ဦးတည်း၏ အလုပ်လည်း ဖြစ်နိုင်သည်။ အလုပ်တစ်ခုတလေကို တာဝန်ယူလုပ်ဆောင်သော ဤသူသည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင် ဖြစ်နိုင်သည်၊ သို့မဟုတ် သာမန်ညီအစ်ကိုမောင်နှမတစ်ယောက် ဖြစ်နိုင်သည်။ ၎င်းတို့သည် အခြားလူတို့အား ဝင်ရောက်စွက်ဖက်ခွင့်၊ စုံစမ်းမေးမြန်းခွင့်၊ သို့မဟုတ် မိမိတို့ကို ကြီးကြပ်ခွင့် ပေးရန် ငြင်းဆန်လျှင် ၎င်းတို့ရောက်ရှိနေသည်မှာ မည်သည့်အခြေအနေဖြစ်သနည်း။ မည်သည့်အပြုအမူက ဤငြင်းဆန်မှုနှင့် ဆက်နွှယ်နေသနည်း။ ဤသည်မှာ အန္တိခရစ်များ၏ ရှစ်ခုမြောက် သရုပ်သကန်ထဲသို့ ကျရောက်သည့် အခြားအပြုအမူတစ်ခုဖြစ်သည်။ ၎င်းတို့အနှစ်သာရ၏ အခြားထုတ်ဖော်မှုတစ်ခုဖြစ်သည်။ တာဝန်တစ်မျိုးစီတွင် အတတ်ပညာပိုင်းဖြစ်သော အလုပ်တစ်ခုခုရှိပြီး အသက်ဝင်ရောက်မှု တိုက်ရိုက်ပါဝင်ပတ်သက်သော အလုပ်တစ်ခုခုရှိသည်။ အတတ်ပညာပိုင်းအလုပ်တွင် နည်းပညာ၊ အသိပညာ၊ သင်ယူမှု၊ ဝန်ထမ်းစီမံခန့်ခွဲမှုတို့ကဲ့သို့သော ကဏ္ဍအားလုံးပါဝင်သည်။ ဤသည်တို့အားလုံးမှာ ယင်းတွင် ပါဝင်သည်။ လူအချို့သည် အလုပ်တစ်ခုကို တာဝန်ယူပြီး ယင်းကို မိမိတို့ဘာသာ စတင်အလုပ်လုပ်သည်။ အခြားလူများနှင့် မဆွေးနွေးပေ။ ပြီးလျှင် ၎င်းတို့၌ အခက်အခဲများရှိသောအခါ အခြားလူများ၏ ကူညီပံ့ပိုးမှုကို မရှာလိုပေ။ ၎င်းတို့သည် တစ်ဦးတည်းသော စီရင်သူဖြစ်လိုပြီး အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိလိုသည်။ အခြားလူများက ၎င်းတို့ကို အနည်းငယ်ကူညီဖို့ မျှော်လင့်လျက် သူတို့၏ အယူအဆများနှင့် ကူညီပံ့ပိုးမှုကို ပေးနိုင်သော်လည်း ၎င်းတို့က လက်ခံသလော။ (လက်မခံပါ။) ၎င်းတို့ လက်မခံနိုင်ပေ။ ယင်းသည် မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် အခြားလူတို့အား ဝင်ရောက်စွက်ဖက်ခွင့်၊ စုံစမ်းမေးမြန်းခွင့်၊ သို့မဟုတ် မိမိတို့၏ တာဝန်ထမ်းဆောင်မှုကို ကြီးကြပ်ခွင့်ပေးရန် ၎င်းတို့ ငြင်းဆန်သည်မှာ မည်သည့်စိတ်သဘောထားက ၎င်းတို့ကို အုပ်စိုးနေခြင်းဖြစ်သနည်း။ ၎င်းတို့က "ဤအလုပ်အကိုင်အကြောင်းကို ငါသိပြီး သဘောတရားကိုလည်း သိသည်။ အသင်းတော်က ငါ့အား ဤအလုပ်ကို တာဝန်ပေးခဲ့သည်။ ထို့ကြောင့် ငါ့ဘာသာ လုပ်ဆောင်မည်" ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် အလုပ်နှင့်ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမဆို၊ သို့မဟုတ် အလုပ်တိုးတက်မှုကို အခြားလူများအား ထုတ်ဖော်ပြောဖို့ ငြင်းဆန်ခြင်းအား မှန်ကန်ကြောင်း ရှင်းချက်ထုတ်ရန်အတွက် ဤအလုပ်အကိုင်ကို ၎င်းတို့နားလည်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် အတွင်းလူဖြစ်သည်ဟုလည်းကောင်း မကြာခဏ အခိုင်အမာဆိုကြသည်။ ၎င်းတို့သည် အလုပ်တွင် ဖြစ်ပေါ်လာသော နမော်နမဲ့ဖြစ်ခြင်းများ၊ အမှားများ၊ သို့မဟုတ် မတော်တဆထိခိုက်မှုများနှင့်ပတ်သက်၍ပင် အခြားလူများကို အသိမပေးလိုပေ။ တစ်စုံတစ်ယောက်က ဤသို့သောအရာတစ်ခုကို သိပြီး စုံစမ်းမေးမြန်းလိုသည်နှင့်၊ ပါဝင်ပတ်သက်လိုသည်နှင့်၊ သို့မဟုတ် ပို၍သိအောင် လုပ်ဆောင်လိုသည်နှင့် ၎င်းတို့က အဖြေပေးရန် ငြင်းဆန်ပြီး "ငါ့အလုပ်၏ နယ်ပယ်အတွင်းရှိသော အရာများသည် ငါ၏ ပိုင်နက်ဖြစ်သည်။ သင့်တွင် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ပိုင်ခွင့်မရှိ။ အသင်းတော်က သင့်အား ဤအလုပ်ကို တာဝန်မပေးခဲ့ပါ။ ငါ့ကို တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး ငါသည် ယင်းကို လျှို့ဝှက်ထားရမည်" ဟု ဆိုသည်။ ဤသည်မှာ ကျိုးကြောင်းဆီလျော်သော ရှင်းချက်ထုတ်ခြင်း ဖြစ်သလော။ "လျှို့ဝှက်ထားခြင်း"သည် ၎င်းတို့အနေဖြင့် မှန်သလော။ (မမှန်ပါ။) အဘယ်ကြောင့် မမှန်သနည်း။ အလုပ်တွင် ဖြစ်ပေါ်သော အလုပ်၏အခြေအနေ၊ နမော်နမဲ့ဖြစ်ခြင်းများ၊ ပြဿနာများအကြောင်းကိုလည်းကောင်း၊ ယင်း၏ အစီအစဉ်နှင့် ဦးတည်ချက်တို့ကိုလည်းကောင်း အခြားလူများနှင့် မိတ်သဟာယဖွဲ့ခြင်းသည် သတင်းအချက်အလက် ပေါက်ကြားခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ဖြစ်ပေါ်လာခဲ့လျှင် အသင်းတော်၏ ဘေးကင်းလုံခြုံမှုကို ထိခိုက်စေမည့်၊ အခြားလူများကို ပြောရန် မသင့်လျော်မည့် အချို့သော သီးသန့်အချက်အလက်များမှ လွဲ၍ ယင်းသည် သတင်းအချက်အလက် ပေါက်ကြားခြင်း မဟုတ်ပေ။ ထိုသို့သော အခြေအနေများတွင် ယင်းတို့ကို မပြောခြင်းသည် ကိစ္စမရှိပေ။ သို့သော် ၎င်းတို့သည် ကျိုးကြောင်းပြချက်အဖြစ် ၎င်းတို့၏ လျှို့ဝှက်ကိစ္စကို အသုံးပြုနေလျှင်၊ ၎င်းတို့အလုပ်နယ်ပယ်အတွင်းကျရောက်သော မည်သည့်အရာကိုမဆို အခြားလူများအား သိကို သိခွင့်မပေးလျှင်၊ သာမန်ညီအစ်ကိုမောင်နှမများထံမှရော၊ ခေါင်းဆောင်များနှင့် အမှုဆောင်များထံမှပါ မေးမြန်းစုံစမ်းခြင်းများ၊ မေးခွန်းထုတ်ခြင်း၊ သို့မဟုတ် သတင်းအချက်အလက် တောင်းခံခြင်းများကို အတိုက်အခံပြုပြီး ငြင်းဆန်လျှင် ထိုနေရာ၌ မည်သည့်ပြဿနာရှိသနည်း။ ဥပမာ ၎င်းတို့သည် တစ်စုံတစ်ခုကို နည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်လိုခြင်း ရှိကောင်းရှိနိုင်သည်။ တစ်စုံတစ်ယောက်က ၎င်းတို့အား "သင်သည် ဤသို့လုပ်ဆောင်လျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများတွင် ဆုံးရှုံးမှုဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး သင်သည် လမ်းကြောင်းလွဲလိမ့်မည်။ ဤအစား ဤသို့ ငါတို့လုပ်ဆောင်လျှင် အဘယ်သို့နည်း" ဟု ပြောသည်။ ၎င်းတို့က "သင်ပြောသကဲ့သို့ ငါလုပ်ဆောင်လျှင် ငါ၏ နည်းလမ်းက မကောင်းဟု အခြားလူများကို ပြမည်မဟုတ်လော။ ပြီးလျှင် ဤအလုပ်နှင့်ပတ်သက်သော နာမလည်ကောင်းကို သင်ရမည်မဟုတ်လော။ အလုပ်ဖြစ်မည်မဟုတ်။ သင်၏နည်းလမ်းအတိုင်း လိုက်၍ လုပ်ဆောင်ရန် သဘောတူခြင်းထက် လမ်းကြောင်းသာ လွဲလိုက်ချင်သည်။ ငါ၏ နည်းလမ်းကို ဖက်တွယ်ထားရမည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားတွင် ဆုံးရှုံးမှု ဖြစ်ပေါ်မည်လောဆိုသည်ကို ငါဂရုမစိုက်။ အရေးကြီးသည်မှာ ငါ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းဖြစ်သည်။ အရေးကြီးသည်မှာ ငါ၏ သိက္ခာဖြစ်သည်" ဟူ၍ မိမိတို့ဘာသာ တွေးသည်။ ၎င်းတို့လုပ်ဆောင်သည့်အရာက မှားလျှင်ပင် ၎င်းတို့သည် မှားလိုက်မည်ဖြစ်ပြီး မည်သူ့ကိုမျှ ဝင်ရောက်စွက်ဖက်ခွင့်ပြုမည်မဟုတ်။ ယင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားမဟုတ်သလော။ (ဟုတ်ပါသည်။) အခြားလူများကို ဝင်ရောက်စွက်ဖက်ခွင့်မပြုခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။ မိမိ၏ ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများမှာ ၎င်းတို့အတွက် အရေးကြီးသည့်အရာ မဟုတ်သကဲ့သို့ ဘုရားအိမ်တော်၏ အလုပ်သည် ၎င်းတို့၏ အာရုံစိုက်ရာမဟုတ်ပေ။ ထိုစည်းမျဉ်းအတိုင်း ၎င်းတို့အလုပ်မလုပ်ပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ရေအကျိုးစီးပွားများ၊ ၎င်းတို့၏ အဆင့်အတန်းနှင့် သိက္ခာတို့အပေါ် အာရုံစိုက်၍ အလုပ်လုပ်သည်။ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားများသည် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ကိုယ်ပိုင်အကျိုးစီးပွားများအတွက် အစေခံရမည်။ ဤအတွက်ကြောင့် အခြားလူများအား ၎င်းတို့၏အလုပ်ကို ဝင်ရောက်စွက်ဖက်ခွင့်၊ သို့မဟုတ် စုံစမ်းမေးမြန်းခွင့်မပြုခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က ၎င်းတို့အလုပ်ကို ဝင်ရောက်စွက်ဖက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အဆင့်အတန်းနှင့် အကျိုးစီးပွားများသည် ခြိမ်းခြောက်ခြင်းခံရမည်ဟုလည်းကောင်း၊ ၎င်းတို့၏ အားနည်းချက်များ၊ ချို့ယွင်းချက်များအပြင် ၎င်းတို့အလုပ်ရှိ ပြဿနာများ၊ ဖောက်ပြန်မှုများသည် ဖော်ထုတ်ခြင်းခံရဖွယ် ရှိသည်ဟုလည်းကောင်း ၎င်းတို့ ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အခြားလူတို့အား ၎င်းတို့၏အလု်ပကို ဝင်ရောက်စွက်ဖက်ခြင်းအား ငြင်းဆန်ဖို့ စိတ်ပိုင်းဖြတ်ထားသည်။ ၎င်းတို့သည် ပြီးလျှင် အခြားမည်သူမဆို၏ ပူးပေါင်းလုပ်ဆောင်ခြင်း၊ သို့မဟုတ် ကြီးကြပ်ခြင်းကို လက်မခံပေ။
အန္တိခရစ်တစ်ဦးက မည်သည့်အလုပ်ကို ပါဝင်လုပ်ဆောင်သည်ဖြစ်စေ အထက်က ယင်းအကြောင်းကိုပိုသိပြီး စုံစမ်းမေးမြန်းမှုများပြုမည်ကို သူကြောက်သည်။ အထက်က အလုပ်၏ အခြေအနေကို၊ သို့မဟုတ် ဝန်ထမ်းစီမံခန့်ခွဲမှုကို စုံစမ်းမေးမြန်းမှုများပြုလျှင် ၎င်းတို့သည် အသေးအဖွဲကိစ္စအနည်းငယ်အား၊ အထက်ကသိခြင်းအားဖြင့် မည်သည့်အကျိုးဆက်မျှ ရှိမည်မဟုတ်သည့်အတွက် ထိုသူတို့သိလျှင် ကိစ္စမရှိဟု ၎င်းတို့ယုံကြည်သော အနည်းငယ်သောအရာများအား ဝတ်ကျေတမ်းကျေ ရှင်းပြခြင်းသာ ပြုလိမ့်မည်။ အထက်က ကျန်သည့်အရာများအား ဖိ၍စုံစမ်းမေးမြန်းလျှင် အထက်သည် ၎င်းတို့၏တာဝန်ကို၊ ၎င်းတို့၏ "အတွင်းရေးကိစ္စများကို" စွက်ဖက်နေသည်ဟု ယုံကြည်လိမ့်မည်။ ၎င်းတို့သည် အထက်အား မည်သည့်အရာကိုမျှ ထပ်၍ ပြောမည်မဟုတ်ဘဲ တုံးအယောင် ဟန်ဆောင်ပြီး လှည့်ဖြားကာ ဖုံးကွယ်လိမ့်မည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ကြီးကြပ်မှုကို ငြင်းဆန်နေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) တစ်စုံတစ်ယောက်က ၎င်းတို့၏ ပြဿနာတစ်ခုကို သိရှိသွားပြီး ၎င်းတို့အား ဖော်ထုတ်ကာ အထက်ကို တင်ပြမည်ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်မည်နည်း။ ၎င်းတို့သည် ယင်းကို ပိတ်ဆို့လိမ့်မည်။ ကြားဝင်နှောင့်ယှက်လိမ့်မည်။ ခြိမ်းခြောက်မှုများပင် ပြုလုပ်လိမ့်မည်။ "သင်သည် ဤအရာကို ပြောပြီး ဤအတွက်ကြောင့် ငါတို့သည် အထက်၏ ပြုပြင်ခြင်းကို ခံရလျှင် သင်၌ အပြစ်ရှိသည်။ တစ်စုံတစ်ယောက်က ပြုပြင်ခြင်းခံရမည်ဆိုလျှင် သင်ဖြစ်လိမ့်မည်" ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အမှီအခိုကင်းသော နယ်မြေတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားနေသည်မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အထက်အား စုံစမ်းမေးမြန်းခြင်းများပင် ပြုခွင့်မပေးပေ။ ပြီးလျှင် ၎င်းတို့၏ အလုပ်နယ်ပယ်အတွင်းကျရောက်သော အရာများအကြောင်းကို မည်သူကမျှ သိပိုင်ခွင့်မရှိ၊ သို့မဟုတ် ထိုအရာများအကြောင်းကို ၎င်းတို့အား မေးပိုင်ခွင့်မရှိပေ။ အကြံပြုချက်များကို ပို၍ပင် ပေးခွင့်မရှိချေ။ ၎င်းတို့သည် အလုပ်အစီအစဉ်တစ်ခုကို လက်ဝယ်၌ ရရှိခဲ့လျှင် ထိုအလုပ်၏ နယ်ပယ်အတွင်း ကျရောက်သော ကိစ္စများနှင့်ပတ်သက်ပြီး ၎င်းတို့သာ အဆုံးအဖြတ်ပေးနိုင်သည်။ ၎င်းတို့သာ ကြားဝင်စေ့စပ်ပေးနိုင်သည်။ ၎င်းတို့သာ ၎င်းတို့ကျေနပ်သလို လုပ်ဆောင်ပြောဆိုနိုင်သည်။ ပြီးလျှင် ၎င်းတို့ မည်သို့ပြုမူလုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၌ ယင်းအတွက် ကျိုးကြောင်းပြချက်ရှိသည်။ တစ်စုံတစ်ယောက်က စုံစမ်းမေးမြန်းမှုများ ပြုလုပ်သည်နှင့် ၎င်းတို့သည် မည်သည့်ဆောင်ရွက်ပုံနည်းလမ်းကို အသုံးချသနည်း။ ဝတ်ကျေတမ်းကျေဖြစ်မှုနှင့် ဖုံးကွယ်မှုများဖြစ်သည်။ အခြားမည်သည့်အရာ ရှိသနည်း။ (လှည့်ဖြားမှုဖြစ်သည်။) မှန်သည်။ လှည့်ဖြားမှုဖြစ်သည်။ ၎င်းတို့သည် သင့်အား အယောင်ဆောင်ထားသော အသွင်အပြင်ပင် ပြသလိမ့်မည်။ ဥပမာ အသင်းတော်တစ်ခုခုတွင် ခေါင်းဆောင်၊ သို့မဟုတ် ဧဝံဂေလိသင်းထောက်တစ်ဦးသည် တစ်လကြာသည့်အချိန်အတွင် ၎င်းတို့တာဝန်ယူရသည့် အသင်းတော်၌ သိသာထင်ရှားစွာပင် လူသုံးယောက်သာ ရရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အခြားသော အသင်းတော်များထက် အလွန်ပင်ပို၍ နည်းသည်။ ယင်းကို အထက်အား ရှင်းလင်းပြဖို့ မဖြစ်နိုင်ဟု ၎င်းတို့ ခံစားရသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်သနည်း။ ၎င်းတို့၏ အလုပ်ကို တင်ပြသောအခါ၌ ထိုဂဏန်းသုံးခု၏ နောက်၌ သုညတစ်လုံးထည့်၍ လူသုံးဆယ်ရခဲ့သည်ဟု ၎င်းတို့ပြောသည်။ အခြားသောသူတစ်ယောက်က ဤအရာကို သိပြီး ၎င်းတို့အား "ယင်းသည် လှည့်ဖြားမှုမဟုတ်လော" ဟု မေးသည်။ ၎င်းတို့က "လှည့်ဖြားမှု ဖြစ်သလော။ အဘယ်ကြောင့်နည်း။ ဤအတွက် ဖာထေးပေးရန် နောက်လ၌ လူသုံးဆယ်ကို ငါတို့ရသည်နှင့် အဆင်ပြေလိမ့်မည်မဟုတ်လော" ဟု ဆိုသည်။ ဤအတွက် ၎င်းတို့၌ ကျိုးကြောင်းပြချက်ရှိသည်။ အခြားသူတစ်ယောက်ယောက်က ဤကိစ္စကို အလေးအနက်ထားပြီး အဖြစ်မှန်တို့ကို အထက်သို့ တင်ပြလိုလျှင် ထိုသူသည် ၎င်းတို့အတွက် ပြဿနာဖြစ်အောင် လုပ်နေသည်ဟုလည်းကောင်း၊ ထိုသူသည် ၎င်းတို့ကို ရန်ရှာနေခြင်း ဖြစ်သည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုသူကို ဖိနှိပ်ပြီး ကိုင်တွယ်လိမ့်မည်။ ထိုသူအတွက် ပြဿနာဖြစ်အောင် ပြုလုပ်လိမ့်မည်။ ဤတွင် ၎င်းတို့သည် လူတို့ကို အပြစ်ဒဏ်ပေးနေခြင်း မဟုတ်လော။ မကောင်းမှု လုပ်ဆောင်နေခြင်း မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့အလုပ်တွင် သမ္မာတရားစည်းမျဉ်းများကို မည်သည့်အခါမျှမရှာပေ။ ဤသို့ဆိုလျှင် အလုပ်လုပ်ခြင်း၌ ၎င်းတို့၏ ပန်းတိုင်သည် အဘယ်နည်း။ ၎င်းတို့၏ အဆင့်အတန်းနှင့် စားဝတ်နေရေးအတွက် စိတ်ချရအောင် ပြုလုပ်နေခြင်း ဖြစ်သည်။ မည်သည့်မကောင်းသောအရာများကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့လုပ်ဆောင်သည့်အရာအတွက် ရည်ရွယ်ချက်နှင့် အကြောင်းရင်းကို လူတို့အား မပြောပေ။ ၎င်းတို့သည် ယင်းတို့ကို လုံးလုံး လျှို့ဝှက်ထားရမည် ဖြစ်သည်။ ထိုအရာများသည် ၎င်းတို့အတွက် သက်ဆိုင်သူသာ ကြည့်ခွင့်ရှိသော အချက်အလက်များ ဖြစ်သည်။ ဤသို့သောလူတို့အတွက် အထိမခံဆုံးသော အကြောင်းအရာမှာ အဘယ်နည်း။ ဤသည်မှာ သင်က ၎င်းတို့အား "လတ်တလောတွင် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ သင်၏ တာဝန်ထမ်းဆောင်မှုသည် ရလဒ်တစ်ခုခု ဖြစ်ထွန်းပြီးဖြစ်သလော။ သင့်အလုပ်ရှိသော နယ်ပယ်၌ အနှောင့်အယှက်၊ သို့မဟုတ် အဖျက်အမှောင့်တစ်ခုခုရှိခဲ့သလော။ ယင်းတို့ကို သင်မည်သို့ ကိုင်တွယ်ခဲ့သနည်း။ သင်သည် သင်၏အလုပ်နှင့်ပတ်သက်၍ ရှိသင့်သောနေရာတွင် ရှိနေသလော။ သင့်တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နေသလော။ သင်ပြုလုပ်ခဲ့သော အလုပ်ဆုံးဖြတ်ချက်များသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများတွင် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပြီးဖြစ်သလော။ အရည်အချင်းမပြည့်မီသော ခေါင်းဆောင်များကို အစားထိုးပြီးပြီလော။ သမ္မာတရားကို အတော်အတန်လိုက်စားနေသော အစွမ်းအစကောင်းသူတို့ကို ရာထူးတိုးပေးပြီး ပျိုးထောင်ပြီးပြီလော။ သင့်အား အာခံသောသူတို့ကို ဖိနှိပ်ပြီးပြီလော။ သင့်ထံတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ပတ်သက်၍ မည်သည့်သိကျွမ်းမှုရှိသနည်း။ သင်သည် မည်သည့်လူအမျိုးအစားဖြစ်သနည်း" ဟု မေးသောအချိန်တွင် ဖြစ်သည်။ ဤသည်တို့မှာ ၎င်းတို့အတွက် အထိမခံဆုံးသော အကြောင်းအရာများဖြစ်သည်။ ဤမေးခွန်းများအား အမေးခံရခြင်းသည် ၎င်းတို့အကြောက်ရွံ့ဆုံးအရာ ဖြစ်သည်။ ထို့ကြောင့် သင်က ၎င်းတို့အား မေးသည်ကို စောင့်နေမည့်အစား ယင်းတို့ကို ဖုံးကွယ်ရန် အခြားအကြောင်းအရာတစ်ခုကို ၎င်းတို့ အလျင်စလို ရှာလိမ့်မည်။ ၎င်းတို့သည် နည်းမျိုးစုံဖြင့် သင့်ကို လမ်းလွဲအောင်ပြုလုပ်လိုပြီး ဤအခြေအနေက လက်ရှိ၌ အမှန်တကယ်တွင် မည်သည့်အရာဖြစ်သည်ကို သင်မသိစေရန် တားဆီးလိုသည်။ ၎င်းတို့သည် အစဉ်သဖြင့် သင့်အား အမှောင်ထဲတွင် ထားရှိသည်။ ၎င်းတို့သည် ၎င်းတို့၏အလုပ်တွင် အမှန်တကယ်၌ မည်မျှခရီးရောက်ပြီးသည်ဆိုသည်ကို သင်မသိစေရန် အစဉ်တားဆီးလိုသည်။ ထိုနေရာတွင် ပွင့်လင်းမြင်သာမှု အနည်းငယ်မျှပင် မရှိ။ ဤသို့သောလူတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းရှိသလော။ ဘုရားသခင်အပေါ် ကြောက်ရွံ့မှုရှိသလော။ မရှိပေ။ ၎င်းတို့သည် မည်သည့်အခါမျှ အလုပ်ကို အလျင်ဦးအောင် မတင်ပြသကဲ့သို့ ၎င်းတို့အလုပ်ရှိ မတော်တဆထိခိုက်မှုများကိုလည်း အလျင်ဦးအောင် မတင်ပြပေ။ ၎င်းတို့သည် မိမိတို့အလုပ်တွင် ကြုံရသည့် အခက်အခဲများနှင့် စိတ်မရှင်းမှုတို့နှင့်ပတ်သက်၍ မည်သည့်အခါမျှ မေးမြန်းခြင်းဖြစ်စေ၊ ရှာဖွေခြင်းဖြစ်စေ၊ ဖွင့်ပြောခြင်းဖြစ်စေ မရှိကြေချေ။ သို့သော် အခြားလူတို့ကို လိမ်လည်လျက်၊ လှည့်ဖြားလျက်ဖြင့် ထိုအရာများကို ဖုံးကွယ်သည်အထိ လုပ်ဆောင်သည်။ ၎င်းတို့၏အလုပ်တွင် ပွင့်လင်းမြင်သာမှု လုံးဝမရှိ။ အထက်က ၎င်းတို့အား အဖြစ်မှန်တင်ပြချက်နှင့် ရှင်းလင်းမှုပေးရန် ဖိအားပေးသောအခါမှသာ ၎င်းတို့က အင်တင်တင်ဖြင့် အနည်းငယ်ပြောလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းပါဝင်သည့် မည်သည့်ကိစ္စကိုမဆို ပြောခြင်းထက် သေသာသေလိုက်မည် ဖြစ်သည်။ ယင်းတို့နှင့်ပတ်သက်၍ စကားတစ်ခွန်းမပြောမီတွင် သေလိမ့်မည်ဖြစ်သည်။ ဤအစား ၎င်းတို့သည် နားမလည်ဟန်ဆောင်သည်။ ယင်းသည် အန္တိခရစ်၏ စိတ်သဘောထားတစ်ခု မဟုတ်သလော။ ဤသည်မှာ မည်သည့်လူအမျိုးအစား ဖြစ်သနည်း။ ဤပြဿနာမျိုးသည် အလွယ်တကူ ပြေလည်သလော။ အထက်က ၎င်းတို့၏ အလုပ်တွင် ၎င်းတို့အား လမ်းပြမှုပေးလျှင် ယင်းအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဝတ်ကျေတမ်းကျေဆန်ခြင်း ဖြစ်သည်။ ၎င်းတို့သည် သဘောတူသည့်ပုံစံရှိပြီး မှတ်စုစာအုပ်၊ သို့မဟုတ် ကွန်ပျူတာကိုပင်ထုတ်ယူကာ အားမာန်အပြည့်ဖြင့် ရေးမှတ်လိမ့်မည်။ သို့သော် ရေးမှတ်ပြီးသည်နှင့် လမ်းပြမှုကို ၎င်းတို့နားလည်ပြီး အလုပ်လုပ်မည်လော။ (မဟုတ်ပါ။) ၎င်းတို့သည် သင်မြင်ရန် ဂိုက်ပေးနေခြင်းဖြစ်သည်။ သင့်အား အထင်အမြင်မှားစေရန် ဟန်ပြနေခြင်း ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ်တွင် မည်သည့်အရာကို တွေးနေသနည်း။ "ဤအလုပ်ကိုလုပ်ရန် ငါ့အားပေးခဲ့ခြင်း ဖြစ်သည့်အတွက် ငါပြောသည့်အတိုင်း ဖြစ်ရမည်။ ငါလုပ်ချင်သည့်အရာကို မည်သူကမျှ ဝင်မစွက်ဖက်နိုင်။ ‘ဒေသန္တရအမှုဆောင်များသည် ဗဟိုအမှုဆောင်များထက် ပို၍ အခွင့်အာဏာ ရှိကြသည်။’ ထို့ကြောင့် ငါ့တွင် ဤလုပ်ပိုင်ခွင့်ရှိသည်။ ဤသို့မဟုတ်လျှင် ငါ့ကို မကိုင်တွယ်ခိုင်းနှင့်။ ငါ့အား အလုပ်ထုတ်လိုက်ပါ" ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့တွေးသည့်အရာ ဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်ပုံဖြစ်သည်။ ယင်းသည် မည်သည့် စိတ်သဘောထားနည်း။ အန္တိခရစ်၏ စိတ်သဘောထားမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဒုက္ခရောက်မည့် သဘောဖြစ်သည်။ သင်သည် ဝင်ရောက်စွက်ဖက်ခွင့်၊ သို့မဟုတ် စုံစမ်းမေးမြန်းခွင့် မရှိသကဲ့သို့ စုံစမ်းစစ်ဆေးပြီး မေးခွန်းများမေးခွင့်လည်းမရှိပေ။ ၎င်းတို့သည် ယင်းတို့နှင့်ပတ်သက်လျှင် အလွန်ပင် ထိခိုက်လွယ်သည်။ ၎င်းတို့က "ဤသည်မှာ အထက်က ငါ၏ ပြဿနာများကို စစ်ဆေးပြီး ငါ့အလုပ်ကို စစ်ဆေးဖို့ ကြိုးစားနေခြင်းလော။ မည်သူက ထုတ်ပြောလိုက်သနည်း" ဟူ၍ တွေးသည်။ ထိတ်ထိတ်ပျာပျာ ဖြစ်လျက် ၎င်းတို့အား ဖော်ခဲ့သူမှာ မည်သူဖြစ်သည်ကို အဖြေရှာရန်အတွက် အလျှော့မပေးသော အားစိုက်ထုတ်မှု ပြုကြသည်။ အဆုံးတွင် ၎င်းတို့သံသယရှိသည်မှာ လူနှစ်ဦးတည်းသာ ကျန်တော့သည်။ ပြီးလျှင် ၎င်းတို့သည် ထိုသူတို့အား နှင်လွှတ်လိုက်သည်။ ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။
အန္တိခရစ်စိတ်သဘောထား၏ အဓိကဝိသေသလက္ခဏာမှာ အဘယ်နည်း။ အဆင့်အတန်းကို ကိုင်စွဲခြင်းနှင့် အခြားလူတို့ကို ထိန်းချုပ်ခြင်းဖြစ်သည်။ ၎င်းတို့သည် အခြားလူတို့ကို ထိန်းချုပ်ရန်အတွက် အဆင့်အတန်းကို ရယူသည်။ ၎င်းတို့၌ အဆင့်အတန်းရှိသရွေ့ ၎င်းတို့သည် လူတို့ကို ၎င်းတို့၏ ထိန်းချုပ်မှုအောက်၌ တရားဝင်ထားရှိလိမ့်မည်။ ၎င်းတို့သည် ဤသို့ တရားဝင်လုပ်ဆောင်မည်ဟု ငါအဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏အလုပ်ကို ၎င်းတို့အား ဘုရားအိမ်တော်က ချပေးခဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ယင်းကို လုပ်ဆောင်ရန်အတွက် ညီအစ်ကိုမောင်နှမများက ရွေးချယ်ခြင်းခံခဲ့ရသည်။ ဤသို့ဖြင့် ၎င်းတို့သည် ယင်းကို လုပ်ဆောင်ရာ၌ တရားဝင်ဖြစ်သည်ဟု ခံစားရမည်မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဤအရာသည် အရင်းအနှီးပြုစရာတစ်ခုအဖြစ် ၎င်းတို့အတွက် အသုံးကျလာသည်ဟု ၎င်းတို့၏ စိတ်တွင် တွေးတောလေသည်။ "ငါ့ကို သင်တို့ရွေးချယ်ခဲ့ခြင်း မဟုတ်လော။ ငါ့ကို ရွေးချယ်ခဲ့လျှင် ငါ့ကို ယုံကြည်ရမည်။ 'လူတစ်ဦးကို အသုံးပြုပါက၊ သံသယမရှိနှင့်၊ သံသယရှိပါက မသုံးနှင့်' ဟူသည့် ဘာသာတရားမရှိသူများ၏ ဆိုရိုးစကားတစ်ခုရှိသည်” ဟူ၍ဖြစ်သည်။ ဤတွင် ၎င်းတို့သည် စာတန်ဆန်သော နီတိတစ်ခုကိုပင် အသုံးချလေသည်။ ဤဆိုရိုးစကားသည် သမ္မာတရားဖြစ်သလော။ (မဟုတ်ပါ။) ယင်းသည် စာတန်ဆန်သော မိစ္ဆာဒိဋ္ဌိအယူနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာတစ်ခုဖြစ်သည်။ သင်သည် ၎င်းတို့အလုပ်ကို စုံစမ်းမေးမြန်းလျှင် ၎င်းတို့က "'လူတစ်ဦးကို အသုံးပြုပါက၊ သံသယမရှိနှင့်၊ သံသယရှိပါက မသုံးနှင့်။' သင်သည် ငါ့ကို အသုံးပြုလျှင် ငါ့ကို သံသယရှိ၍မရ။ ငါသည် မည်သည့်လူအမျိုးအစားဖြစ်သည်ကို သင်မသိလျှင်၊ ငါ့ကို မရိပ်စားမိနိုင်လျှင် ငါ့ကို အသုံးမပြုနှင့်။ သို့သော် သင်က ငါ့ကို အသုံးပြုနေသည်။ ဤသို့ဖြစ်သည်ကို ထောက်သော် ငါသည် ဤနေရာ၌ ခိုင်မာစွာ ရပ်တည်ရမည်။ ငါပြောသည့်အရာအတိုင်း ဖြစ်ရမည်" ဟူသကဲ့သို့သော သဘောတရားကို ထုတ်ပြောလိမ့်မည်။ အလုပ်ကိစ္စအားလုံးတွင် ၎င်းတို့ပြောသည့်အရာအတိုင်း ဖြစ်ရမည်။ ၎င်းတို့ကို ခွင့်မပြုခြင်းသည်၊ သို့မဟုတ် ၎င်းတို့အတွက် တွဲဖက်ရှာခြင်းသည်၊ သို့မဟုတ် အခြားလူများအား ၎င်းတို့ကို ကြီးကြပ်စေပြီး လမ်းပြစေခြင်းသည် အလုပ်ဖြစ်မည်မဟုတ်။ တစ်စုံတစ်ယောက်က ၎င်းတို့အလုပ်ကို စစ်ဆေးရန် လာလျှင် ၎င်းတို့က လက်မခံဟုသာ ပြောသည်။ ၎င်းတို့က မှားယွင်းသည့် မည်သည့်အရာကိုမျှမလုပ်ခဲ့သဖြင့် စစ်ဆေးဖို့ မလိုအပ်ဟု ခံစားရသည်။ လုပ်ပိုင်ခွင့်ဖြင့် ၎င်းတို့သည် အခြားလူတို့ကိုလည်းကောင်း၊ အလုပ်နေရာကိုလည်းကောင်း၊ အသင်းတော်အလုပ်ကိုလည်းကောင်း ထိန်းချုပ်ရန် ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကို အကျိုးရှိရှိအသုံးချလေသည်။ ၎င်းတို့သည် အမှီအခိုကင်းသော နယ်မြေတစ်ခုကို တည်ဆောက်နေခြင်းမဟုတ်လော။ အန္တိခရစ်တစ်ဦးမဟုတ်လော။ ဘုရားအိမ်တော်သည် ၎င်းတို့အား ဤအလုပ်ကို လုပ်စေပြီး ဤတာဝန်ကို ထမ်းဆောင်စေနိုင်သော်လည်း အာဏာရှင်တစ်ဦးအဖြစ် အာဏာကိုင်စွဲစေမည် မဟုတ်ပေ။ ဤသို့သောသူတစ်ဦးသည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ဘုရားအိမ်တော်၏ အစီအစဉ်များကို နားလည်မှုမလွဲခဲ့သလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ရမည့်အစား အဘယ်ကြောင့် အဆင့်အတန်းနှင့် အာဏာကို အစဉ်ဆုပ်ကိုင်နေသနည်း။ (၎င်းတို့သည် အန္တိခရစ်စိတ်သဘောထား၏ အုပ်စိုးခြင်းကို ခံရသောကြောင့် ဖြစ်ပါသည်။) မှန်သည်။ ယင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။ အသင်းတော်က ၎င်းတို့အတွက် အလုပ်စီစဉ်ပေးသောအခါ အဘယ်ကြောင့် နားလည်မှုလွဲသနည်း။ ၎င်းတို့သည် ပင်ကိုအားဖြင့် လူတို့ကို ထိန်းချုပ်လိုသောကြောင့် ဖြစ်သည်။ ယင်းသည် ၎င်းတို့၏ သဘာဝအနှစ်သာရဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ ပကတိအခြေအနေဖြစ်သည်။ ၎င်းတို့အတွက် အလုပ်စီစဉ်ပေးပြီး ၎င်းတို့က ယခုအခါတွင် ၎င်းတို့၌ အာဏာနှင့် အဆင့်အတန်းရှိသဖြင့် ၎င်းတို့၏ ပိုင်နက်ကို ချုပ်ကိုင်နိုင်သည်ဟု ခံစားရလိမ့်မည်။ ၎င်းတို့၏ ပိုင်နက်သို့ သင်သွားလျှင် ၎င်းတို့ပြောသည့်အရာကို သင်လုပ်ဆောင်ရသည်။ ဥပမာ တစ်ခါက ဘုရားအိမ်တော်သည် ခေါင်းဆောင်တစ်ဦးအား အန္တိခရစ်တစ်ဦး၏အလုပ်ကို သွားရောက်စစ်ဆေးရန် စီစဉ်ခဲ့သည်။ ထိုခေါင်းဆောင်နှင့် အန္တိခရစ်တို့နှစ်ဦးလုံးသည် အသင်းတော်ခေါင်းဆောင်များဖြစ်သည်။ အဆင့်တူသည်။ အန္တိခရစ်က "သင်သည် အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်သကဲ့သို့ ကျွန်ုပ်သည်လည်း အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ကျွန်ုပ်တို့သည် အဆင့်တူညီသည်။ သင်သည် ကျွန်ုပ်ကို ဝင်ရောက်မစွက်ဖက်နှင့်။ ကျွန်ုပ်လည်း သင့်ကို ဝင်ရောက်စွက်ဖက်မည်မဟုတ်။ ကျွန်ုပ်နှင့် မိတ်သဟာယမဖွဲ့နှင့်။ သင်သည် ဤသို့လုပ်ဆောင်ပိုင်ခွင့်မရှိ။ ကျွန်ုပ်တို့၏အသင်းတော်၌ မည်သို့အခြေအနေရှိသည်ကို သင်မေးလိုသည်။ အထက်က သင့်အား ညွှန်ကြားခဲ့သလော။ ကျွန်ုပ်အား အထောက်အထားပြပါ" ဟု ဆိုသည်။ ခေါင်းဆောင်က "အထက်က ကျွန်ုပ်ကို သတင်းစကားတစ်ခုသာ ပါးခိုင်းလိုက်သည်။ သင်မယုံလျှင် သွား၍မေးပါ" ဟု ဆိုသည်။ အန္တိခရစ်က "ဤသို့ဆိုလျှင် ကျွန်ုပ်နှင့် မိတ်သဟာယဖွဲ့ပြီး ကျွန်ုပ်အပေါ် စွပ်စွဲမှုများပြုရန် အခွင့်ကို မည်သည့်အရာက သင့်အား ပေးသနည်း။ ကျွန်ုပ်၏အလုပ်တွင် ကျရောက်သောအရာများအကြောင်းကို စုံစမ်းမေးမြန်းဖို့ သင့်အား မည်သည့်အရာက အခွင့်ပေးသနည်း။ သင့်တွင် ဤသို့လုပ်ဆောင်ရန် အဆင့်အတန်းမရှိ" ဟု ဆိုသည်။ ဤစကားများသည် သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဤသည်မှာ မည်သည့်လုပ်နည်းလုပ်ဟန်ဖြစ်သနည်း။ အန္တိခရစ်တစ်ဦးသာ လုပ်ဆောင်မည့် လုပ်နည်းလုပ်ဟန်ဖြစ်သည်။ ဘာသာတရားမရှိသူများကြားတွင် ဆိုရိုးစကားတစ်ခု ရှိသည်။ "ခွန်အားကြီးသူက မှန်၏" ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သူ့အဆင့်က ပိုမြင့်သည်၊ မည်သူ့ အင်အားစုက ပိုကြီးသည်၊ မည်သူက ပို၍ အရည်အချင်း ရှိသည်ဆိုသည်ကို ကြည့်ရန် ယှဉ်ပြိုင်ကြသည်။ ပို၍များသောလူတို့ကို မည်သူက ကြီးကြပ်သည်ကို ကြည့်ရန် ယှဉ်ပြိုင်ကြသည်။ ဘုရားအိမ်တော်တွင် အန္တိခရစ်များက ဤကဲ့သို့သောအရာများကို ကြည့်ရန် အခြားလူများနှင့် ယှဉ်ပြိုင်ကြသည်။ ၎င်းတို့သည် နေရာမှား၍ ရောက်လာသည်မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပိုင်ဆိုင်သော်လည်း အန္တိခရစ် မဟုတ်သော သူတစ်ဦးသည် သူနှင့်တူသောအဆင့်ရှိသည့် အသင်းတော်ခေါင်းဆောင်တစ်ဦးကို ကြုံရသောအခါ ပုံမှန်အားဖြင့် ဤသို့တွေးမည်လော။ တစ်စုံတစ်ခုကို သူ ထုတ်ဖော်လိမ့်မည်။ သို့သော် သူသည် ထိုအသင်းတော်ခေါင်းဆောင်ဖြင့် ပုံမှန် မိတ်သဟာယပြုနိုင်လိမ့်မည်။ "သင်သည် ကျွန်ုပ်အလုပ်နှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုများပြုနိုင်သည့် အနေအထားတွင် ရှိသလော" ဟု လုံးဝ ပြောမည်မဟုတ်။ သူသည် ဤသို့ပြောမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သူသည် ပုံမှန်ဆင်ခြင်တုံတရား ရှိသောကြောင့် ဖြစ်သည်။ ပြီးလျှင် သူ၌ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးရှိသည်။ ပုံမှန်ဆင်ခြင်တုံတရား ရှိသူတစ်ဦးသည် မည်သို့ ပြုမူမည်နည်း။ သူသည် "ကျွန်ုပ်တို့အား အသင်းတော်ကို ဦးဆောင်ခိုင်းခြင်းသည် ဘုရားသခင်က ကျွန်ုပ်တို့ကို ချီးမြှောက်နေခြင်း ဖြစ်သည်။ ယင်းသည် သူ၏ တာဝန်ပေးစေခိုင်းချက်ဖြစ်သည်။ ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်။ ဘုရားသခင်က ဤအရာကို လုပ်ဆောင်ရန် ကျွန်ုပ်တို့အား တာဝန်ပေးစေခိုင်းခဲ့ခြင်း မရှိလျှင် ကျွန်ုပ်တို့သည် မည်သည့်အရာမျှဖြစ်မည်မဟုတ်။ ဤသည်မှာ အရာရှိရာထူး အမျိုးအစားတစ်ခုခုမဟုတ်။ အသင်းတော်အလုပ်အကြောင်းကိုလည်းကောင်း၊ ညီအစ်ကိုမောင်နှမများ၌ အခြေအနေ မည်သို့ရှိသည်ကိုလည်းကောင်း၊ ကျွန်ုပ်၏ အလုပ်အတွေ့အကြုံကိုလည်းကောင်း သင်နှင့် ကျွန်ုပ် မိတ်သဟာယဖွဲ့နိုင်ပါသည်" ဟူ၍ တွေးလိမ့်မည်။ အန္တိခရစ်တစ်ဦးသည် ဤအရာများကို အခြားလူများနှင့် မိတ်သဟာယဖွဲ့မည်လော။ ဖွဲ့မည်မဟုတ်။ ၎င်းတို့သည် ယင်းတို့ကို လုံးဝ ထုတ်ဖော်မည်မဟုတ်။ ဤအတွက်ကြောင့် အန္တိခရစ်များ၏ အင်္ဂါရပ်တစ်ခုမှာ သာမန်လူတို့ထက် ကျော်လွန်သည့် အဆင့်အတန်းနှင့် အာဏာကို လိုချင်သည့် လိုအင်ဆန္ဒ ဖြစ်ခြင်းဖြစ်သည်။ ထို့အပြင် ဤအတွက်ကြောင့် ၎င်းတို့သည် သာမန်လူတို့ထက်ပို၍ ကောက်ကျစ်ပြီး မသိမသာအန္တရာယ်ရှိခြင်းဖြစ်သည်။ ၎င်းတို့၏ ကောက်ကျစ်မှုနှင့် မသိမသာအန္တရာယ်ရှိမှုက မည်သည့်နေရာ၌ ပေါ်လွင်သနည်း။ (၎င်းတို့သည် သင့်အား မည်သည့်အရာကိုမျှမပြောပါ။ ၎င်းတို့သည် သင့်အား မည်သည့်အရာကိုမျှ တိုက်ရိုက်မပြောပါ။) အမှုကိစ္စတိုင်းက လျှို့ဝှက်ချက်တစ်ခုဖြစ်သည်၊ အခြားလူများကို ၎င်းတို့ မပြောသင့်သည့်အရာတစ်ခု ဖြစ်သည်ဟု ၎င်းတို့ ခံစားရခြင်းဖြစ်သည်။ အမှုကိစ္စတိုင်းတွင် ၎င်းတို့သည် အခြားလူများကို သတိထားရှောင်ကြဉ်သည်။ အရာရာတိုင်းကို သိုသိပ်ထားပြီး ကာကွယ်ကာ ဖုံးကွယ်ထားသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အခြားလူများနှင့် ဆက်ဆံရာ၌ ပုံမှန်ဖြစ်သော အပြန်အလှန်ဆက်ဆံမှုနှင့် ဆွေးနွေးပြောဆိုမှု ရှိနိုင်သလော။ စိတ်နှလုံးမှနေ၍ တစ်စုံတစ်ခုကို ၎င်းတို့ ပြောနိုင်သလော။ မပြောနိုင်ပေ။ ၎င်းတို့သည် ဖုံးကွယ်နေသော အခြေအနေအား သင်ခန့်မှန်းခြင်းမရှိစေရန်အတွက် အပေါ်ယံဆန်သည့် ရိုးအီနေသောစကားများနှင့် ချိုသာသောစကားအနည်းငယ်ကိုသာ ပြောသည်။ သင်သည် ၎င်းတို့နှင့် အချိန်အတန်ကြာ ထိတွေ့ဆက်ဆံပြီးနောက်တွင် "အသွင်အပြင်အရ ဤလူသည် ဆိုးယုတ်သည်ဟု မထင်ရ။ သို့သော် သူ၏ စိတ်နှလုံးသည် အခြားလူတို့နှင့် အလွန်ဝေးကွာသည်ဟု ငါ အဘယ်ကြောင့် အစဉ်ခံစားရသနည်း။ သူနှင့် ထိတွေ့ဆက်ဆံရသည်မှာ အစဉ်သဖြင့် အဘယ်ကြောင့် အလွန် ကသိကအောက်ဖြစ်သနည်း။ သူသည် နားမလည်နိုင်ဟူသည့် ခံစားချက်ကို ငါအစဉ်ခံစားရသည်" ဟူ၍ ခံစားမိလိမ့်မည်။ သင့်တွင် ထိုခံစားချက်ရှိသလော။ (ရှိပါသည်။) ယင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် လူတိုင်းကို သတိထားရှောင်ကြဉ်သည်။ အဘယ်ကြောင့် ၎င်းတို့ သတိထားရှောင်ကြဉ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မြင်သည်မှာ မည်သူမဆိုက ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်ဖွယ်ရှိသည်။ ၎င်းတို့သည် ဂရုမစိုက်လျှင်၊ သတိမရှိလျှင် ၎င်းတို့တွင် အမှန်တကယ်၌ မည်သည့်အရာ ဖြစ်နေသည်ကို၊ ၎င်းတို့၏ သရုပ်မှန်ကို အခြားလူများအား သိကောင်း သိစေနိုင်ပြီး ဤသို့ဆိုလျှင် ၎င်းတို့၏ အဆင့်အတန်းက မတည်တံ့နိုင်ဖြစ်လိမ့်မည်။ ထို့ကြောင့် ၎င်းတို့အလုပ်နှင့် တာဝန်၏ အခြေအနေကို စစ်ဆေးမေးမြန်းသော၊ သို့မဟုတ် ၎င်းတို့၏ တစ်ကိုယ်ရေအခြေအနေကို မေးမြန်းသောသူတစ်ယောက်ကို ၎င်းတို့ ရင်ဆိုင်ရသောအခါ ၎င်းတို့တတ်နိုင်သမျှကို ဖုံးကွယ်ပြီး ၎င်းတို့တတ်နိုင်သမျှကို အပြီးသတ်လိမ့်မည်။ အပြီးမသတ်နိုင်သည့်အရာကို ဖော့ပြောရန် နည်းလမ်းတစ်ခုရှာလိမ့်မည်၊ သို့မဟုတ် ၎င်းတို့သည် သင့်ထံမှ ပုန်းကွယ်နေလိမ့်မည်။ အန္တိခရစ်အချို့တွင် တစ်မျိုးတစ်မည်ဖြစ်နေသော စိတ်သဘောထားတစ်ခုရှိသည်။ အခြားလူများကြားတွင် ၎င်းတို့နေထိုင်သော်လည်း မည်သူနှင့်မဆို ပုံမှန်ဆက်ဆံရေးရှိနေခြင်းကို သင်မြင်ရမည်မဟုတ်။ ၎င်းတို့သည် အခြားလူများနှင့် ပုံမှန်ဆက်ဆံပြောဆိုမှုမရှိ။ ၎င်းတို့သည် နေ့စဉ် မိမိတို့ဘာသာနေပြီး အစာစားချိန်၌ ပေါ်လာကာ ထို့နောက်တွင် နောက်တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။ ၎င်းတို့သည် အစဉ်သဖြင့် ကိုယ်ယောင်ဖျောက်နေကြသည်။ ၎င်းတို့သည် အခြားလူများနှင့် အဘယ်ကြောင့် အပြန်အလှန်မဆက်ဆံသနည်း။ ၎င်းတို့သည် ၎င်းတို့မိသားစုကို မည်သည့်အရာမဆို ပြောလိမ့်မည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ညီအစ်ကိုမောင်နှမများကို မည်သည့်အရာမျှ ပြောစရာမရှိသနည်း။ ဘာသာတရားမရှိသူများတွင် ဆိုရိုးစကားတစ်ခုရှိသည်။ "စကားများပါက အမှားများတတ်သည်။"ဟူ၍ ဖြစ်သည်။ ဤသို့သောလူတို့သည် ဤသက်ဝင်ယုံကြည်မှုကို စိတ်နှစ်မြှုပ်ထားကြသည်။ ၎င်းတို့သည် ပေါ့ဆစွာ စကားမပြောမိအောင်နေသည်။ ၎င်းတို့ပြောသည့်အရာတစ်ခုက ၎င်းတို့၏ လှည့်ကွက်ကို ပေါ်သွားစေနိုင်ကာ ၎င်းတို့၏ အားနည်းချက်တစ်ခုကို ဖော်ထုတ်စေနိုင်ဖို့ များသောကြောင့် ဖြစ်သည်။ မည်သည့်စကားက အခြားလူများကို ၎င်းတို့အား အထင်သေးစေနိုင်ကာ ၎င်းတို့တွင် အမှန်တကယ်၌ မည်သည့်အရာဖြစ်ပျက်နေသည်ကို အခြားလူများအား သိစေနိုင်သည်ကို မသိရပေ။ ထို့ကြောင့် ၎င်းတို့သည် အခြားလူများကို ရှောင်ရန် တတ်နိုင်သမျှ လုပ်ဆောင်သည်။ ၎င်းတို့၏ ဤရှောင်ကြဉ်ခြင်းသည် မတော်တဆဖြစ်သလော၊ သို့မဟုတ် အတွင်း၌ ယင်းကို ချုပ်ကိုင်သောအရာတစ်ခုရှိသလော။ ထိုနေရာတွင် ယင်းကို ချုပ်ကိုင်နေသောအရာတစ်ခု ရှိသည်။ ထိုအရာသည် တရားမျှတပြီး ဂုဏ်ပြုထိုက်သလော၊ သို့မဟုတ် ကလိမ်ကကျစ်ဖြစ်သလော။ (ကလိမ်ကကျစ် ဖြစ်ပါသည်။) ကလိမ်ကကျစ်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့ ပြုမူသည့် တစ်ခုတည်းသောနည်းလမ်းမဟုတ်ပေ။ ၎င်းတို့သည် အလွန်ရှင်းလင်းစွာ ပြောဆိုနိုင်ပြီး စကားပြောနိုင်သော်လည်း အချိန်အများစုတွင် အခြားလူများနှင့် ပုံမှန် ဆက်သွယ်ပြောဆိုခြင်း၊ သို့မဟုတ် အပြန်အလှန်ဆက်ဆံခြင်းမရှိ။ သို့ရာတွင် တစ်ခါတစ်ရံ၌ ၎င်းတို့သည် အလွန် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုနိုင်ပြီး စကားပြောနိုင်သော်လည်း မည်သည့်အရာများကို ၎င်းတို့ပြောဆိုသနည်း။ ၎င်းတို့၏ အကြောင်းအရာမှာ အဘယ်နည်း။ ၎င်းတို့သည် စကားများနှင့် အယူဝါဒများကို ဟောလျက် မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးကြသည်။ ၎င်းတို့သည် တကယ့်အလုပ်ကို လုပ်နိုင်ပြီး တကယ့်ပြဿနာများကို ဖြေရှင်းနိုင်သည်ဟု ဆိုသော်လည်း အမှန်တွင် ၎င်းတို့၌ တကယ့်ကျွမ်းကျင်မှုတစ်ခုမျှမရှိပေ။ ၎င်းတို့၌ မည်သည့်အားနည်းချက်များ ရှိသည်၊ ၎င်းတို့၌ မာနထောင်လွှားသော စိတ်သဘောထား ရှိမရှိတို့ကို မေးလျှင် ၎င်းတို့က "ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲတွင် မည်သူက မာနမထောင်လွှားသနည်း" ဟု ဆိုလိမ့်မည်။ ထိုတွင် ကြည့်လော့။ ၎င်းတို့၏ မာနထောင်လွှားမှုသည်ပင် အခြေပြုချက်ရှိသည်။ ၎င်းတို့၏ မာနထောင်လွှားမှုက အလွန်ပင် သင့်လျော်သည့်အလား ယင်းအတွင်းတွင် လူတိုင်းပါဝင်သည်။ သမ္မာတရားကို ၎င်းတို့ မည်သည့်အခါမျှ ရှာဖွေမည်မဟုတ်သကဲ့သို့ အလုပ်တွင် ပြဿနာ၊ သို့မဟုတ် အခက်အခဲတစ်ခုတလေရှိသည်ကို ၎င်းတို့ သိမြင်ပုံမရပေ။ သင်သည် ၎င်းတို့ကို မေးခြင်းအားဖြင့် တကယ့်အခြေအနေကို သိလာမည်မဟုတ်။ ၎င်းတို့သည် လုပ်စရာမရှိသောအခါ၌ တိတ်ဆိတ်စွာ ထိုင်နေလိမ့်မည်ဖြစ်ပြီး ၎င်းတို့စကားပြောသောအခါတိုင်းတွင် ၎င်းတို့၏ အရည်အချင်းများအကြောင်းကို ပြောနေလိမ့်မည်။ ၎င်းတို့သည် မည်သည့်အခါမျှ ဖွင့်ပြောခြင်းမရှိ။ ၎င်းတို့အတွင်း၌ မည်သည့်ပုန်ကန်မှုရှိသည်ကိုဖြစ်စေ၊ မည်သည့်အလွန်အကျူးဖြစ်သော လိုအင်ဆန္ဒများ ရှိသည်ကိုဖြစ်စေ၊ ဘုရားသခင်နှင့် မည်သို့ အပေးအယူလုပ်ဖို့ ကြိုးစားသည်ကိုဖြစ်စေ၊ မည်သူ့အား ၎င်းတို့ လိမ်ညာခဲ့သည်ကိုဖြစ်စေ၊ အလုပ်လုပ်ရာ၌ ၎င်းတို့၏ ရည်မှန်းချက်များက မည်သည့်အရာဖြစ်သည်ကိုဖြစ်စေ လုံးဝ မပြောပေ။ ဤကိစ္စများကို ၎င်းတို့ မည်သည့်အခါမျှ ထုတ်မပြောဘဲ အခြားလူများက ထုတ်ပြောသောအခါ၌ ၎င်းတို့က စိတ်မဝင်စားပေ။ ၎င်းတို့အလုပ်နယ်ပယ်အတွင်းရှိသောအရာများနှင့် သက်ဆိုင်သော မေးခွန်းများတွင်ပင် ၎င်းတို့သည် သာမန်ကာလျှံကာပုံစံနှင့် အနည်းငယ်သာ ပြောဆိုလိမ့်မည်။ အချုပ်အားဖြင့်ဆိုလျှင် မည်သည့်အချိန်အတိုင်းအတာမဆိုအထိ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံလာသူ မည်သူမဆိုက အမှုထမ်းနှင့်ပတ်သက်သည်ဖြစ်စေ၊ အတတ်ပညာပိုင်းဆိုင်ရာ လေ့ကျင့်မှုနှင့် ပတ်သက်သည်ဖြစ်စေ၊ အလုပ်တိုးတက်မှုနှင့်ပတ်သက်သည်ဖြစ်စေ ၎င်းတို့တာဝန်နယ်ပယ်အတွင်းရှိ မည်သည့်အရာမဆိုအကြောင်းကို ပိုမိုသိရှိအောင် လုပ်လိုလျှင် အလွန်ပင် အခက်အခဲဖြစ်လိမ့်မည်။ သင်သည် မည်သည့်ရှုထောင့်မှ ချဉ်းကပ်သည်ဖြစ်စေ၊ သင်သည် သင့်မေးခွန်းကို သွယ်ဝိုက်၍ စကားရိပ်သန်းကာမေးရန် ကြိုးစားသည်ဖြစ်စေ၊ တိုက်ရိုက်မေးသည်ဖြစ်စေ၊ ၎င်းတို့နှင့် ရင်းနှီးသည့်သူတစ်ဦးကို မေးသည်ဖြစ်စေ ရလဒ်များကို လွယ်ကူစွာ ရရှိမည်မဟုတ်ပေ။ အလွန်ပင် အချိန်ကုန်ခက်ခဲပင်ပန်းသည်။ ယင်းသည် မသိမသာဖြင့် ဒုက္ခပေးသည်မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ထံမှ အမှုအရာများကို အရှိအတိုင်း အချက်အလက်တစ်ခုခု ရယူခြင်းသည် အဘယ်ကြောင့်အလွန် အချိန်ကုန်ခက်ခဲပင်ပန်းသနည်း။ ၎င်းတို့သည် အကြောင်းအရာများကို အဘယ်ကြောင့် အလွန်တင်းကျပ်စွာ သိုသိပ်ထားသနည်း။ ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်းနှင့် စားဝတ်နေရေးတွင် လုံခြုံစိတ်ချလိုသည်။ ၎င်းတို့က "ဤအဆင့်အတန်းကို ရရန်၊ ယနေ့ ငါရောက်ရှိနေသည့်နေရာသို့ ရောက်ရန် လွယ်ကူသောအရာမဟုတ်။ ခဏတာ ပေါ့ဆသောအချိန်၌ အမှားတစ်ခုကို လုပ်ခြင်းအားဖြင့် မိမိကိုယ်ကို အရူးလုပ်မိခဲ့လျှင် ငါ့အတွက် ဒုက္ခရောက်မည့်သဘောမဟုတ်လော။ ပြီးလျှင် ဘုရားအိမ်တော်က ငါလုပ်ဆောင်ခဲ့သော မကောင်းသောအရာများကို သိခဲ့လျှင် ၎င်းတို့သည် ငါ့အား ကိုင်တွယ်မည် ဟုတ်မဟုတ်ကို မည်သူသိမည်နည်း" ဟူ၍ ယုံကြည်သည်။ ပွင့်လင်းခြင်း၊ ရိုးသားသူဖြစ်ခြင်း၊ တာဝန်တစ်ခုကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်းတို့ကို သင်မည်မျှပြောသည်ဖြစ်စေ ၎င်းတို့ နားဝင်လိမ့်မည်လော။ နားဝင်လိမ့်မည်မဟုတ်။ ၎င်းတို့အတွက် အယူတစ်ခုသာရှိသည်။ နှုတ်မစောင့်က ပျက်စီးရ ဟူ၍ ဖြစ်သည်။ သင်က အခြားလူများကို အရာရာ ပြောပြလျှင် သင်သည် အရည်အချင်းမရှိသော၊ အသုံးမကျသောလူဖြစ်သည်။ ယင်းသည် ၎င်းတို့၏ အယူဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ သဘောထားဖြစ်သည်။
အန္တိခရစ်သည် မည်သည့်အလုပ်ကို လုပ်နေသည်ဖြစ်စေ အခြားလူတို့အား ဝင်ရောက်စွက်ဖက်ခွင့်၊ စုံစမ်းမေးမြန်းခွင့်ပေးရန် ၎င်းတို့ ငြင်းဆန်ပြီး ဘုရားအိမ်တော်အား ၎င်းတို့ကို ကြီးကြပ်ခွင့်ပေးရန် ပို၍ပင် ငြင်းဆန်သည်။ ဤသို့လုပ်ဆောင်ရာ၌ ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့သည် အဓိကအားဖြင့် ဘုရားသခင်ရွေးချယ်သောလူများကို ထိန်းချုပ်လိုသည်။ ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကို ကာကွယ်ထားလိုသည်။ ဤသည်မှာ ၎င်းတို့သည် ၎င်းတို့၏ အသက်မွေးမှုကို ကာကွယ်ထားခြင်းကို ဆိုလိုသည်။ ယင်းသည် ၎င်းတို့၏ အဓိက ပန်းတိုင်ဖြစ်သည်။ သင်တို့သည် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်လျှင်၊ ဘုရားအိမ်တော်က သင်တို့၏အလုပ်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းပြီး ကြီးကြပ်သည်ကို သင်တို့ ကြောက်သလော။ ဘုရားအိမ်တော်သည် သင်တို့၏အလုပ်၌ ပျက်ယွင်းခြင်းများနှင့် အမှားများကို ရှာဖွေတွေ့ရှိပြီး သင်တို့အား ပြုပြင်မည်ကို သင်တို့ ကြောက်သလော။ အထက်က သင်တို့၏ စစ်မှန်သော အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ကို သိကျွမ်းသွားပြီးသည့်နောက် ၎င်းတို့သည် သင်တို့ကို ကွဲပြားသည့် အမြင်ဖြင့် မြင်ကာ သင်တို့ကို ရာထူးတိုးခြင်းအတွက် မစဉ်းစားမည်ကို ကြောက်သလော။ သင့်တွင် ဤကြောက်ရွံ့မှုများရှိလျှင် သင်၏ စိတ်ပါဝင်စားမှုများသည် အသင်းတော်အလုပ်အတွက် မဟုတ်သည်ကို သက်သေပြသည်။ သင်သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အလုပ်လုပ်နေခြင်းဖြစ်သည်။ ဤသည်မှာ သင့်တွင် အန္တိခရစ်၏ စိတ်သဘောထားရှိသည်ကို သက်သေပြသည်။ သင်သည် အန္တိခရစ်၏ စိတ်သဘောထားရှိလျှင် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နိုင်ချေ ရှိသည်။ အန္တိခရစ်များက ဖြစ်ပေါ်စေသည့် မကောင်းမှုအားလုံးကို ကျူးလွန်တတ်သည်။ သင်၏ စိတ်နှလုံးတွင် သင်၏အလုပ်ကို ကြီးကြပ်နေသော ဘုရားအိမ်တော်ကို ကြောက်ရွံ့ခြင်းမရှိလျှင်၊ အထက်မှ မေးခွန်းများ၊ စုံစမ်းမှုများအပေါ် စစ်မှန်သော အဖြေများကို ပံ့ပိုးပေးနိုင်လျှင်၊ မည်သည့်အရာကိုမျှ မဖုံးကွယ်ထားဘဲ သင်သိသမျှပြောနိုင်လျှင်၊ သင်ပြောသည့်အရာက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သင်ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးခြင်းက မည်သို့ဖြစ်စေ၊ သင်က အန္တိခရစ်တစ်ဦး စိတ်သဘောထားကို ထုတ်ဖော်ပြသည်ဆိုလျှင်ပင် သင်က အန္တိခရစ်တစ်ယောက်အဖြစ် လုံးဝ သတ်မှတ်ခံရမည်မဟုတ်ပေ။ အဓိကအချက်သည် သင်က သင်ကိုယ်တိုင်၏ အန္တိခရစ်စိတ်သဘောထားကို သိနိုင်ခြင်းရှိမရှိ၊ ဤပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ခြင်း ရှိမရှိပင်ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်သူဖြစ်လျှင် သင်၏ အန္တိခရစ်စိတ်သဘောထားကို ပြုပြင်နိုင်သည်။ သင်က အန္တိခရစ်၏ စိတ်သဘောထားရှိသည်ကို ကောင်းစွာသိသည့်တိုင် ယင်းကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေလျှင်၊ ဖြစ်ပေါ်လာသော ပြဿနာများကို ဖုံးကွယ်ဖို့ပင်ဖြစ်စေ၊ လိမ်ညာဖို့ပင်ဖြစ်စေ၊ တာဝန်ကို ခေါင်းရှောင်ဖို့ပင်ဖြစ်စေ ကြိုးစားလျှင်၊ ပြီးလျှင် ပြုပြင်ခြင်းကို ခံရသောအခါ သမ္မာတရားကို လက်မခံလျှင် ဤသည်မှာ ကြီးလေးသော ပြဿနာတစ်ခုဖြစ်သည်။ သင်က အန္တိခရစ်နှင့် မခြားနားပေ။ သင်က အန္တိခရစ် စိတ်သဘောထားရှိသည်ကို သိလျက် အဘယ်ကြောင့် ယင်းကို ရင်မဆိုင်ရဲသနည်း။ သင်သည် ယင်းကို အဘယ်ကြောင့် ပွင့်လင်းစွာ ချဉ်းကပ်၍ “အထက်က ကျွန်ုပ်၏ အလုပ်အကြောင်း မေးမြန်ပါက၊ ကျွန်ုပ်သိသမျှကို ပြောမည်။ ပြီးလျှင် ကျွန်ုပ်ပြုခဲ့သည့် ဆိုးသောအရာများထင်ရှားလာကာ၊ ၎င်းတို့သိသွားသည်နှင့် တစ်ပြိုင်နက် အထက်က ကျွန်ုပ်ကို မသုံးတော့ဘဲ ကျွန်ုပ်၏ ဂုဏ်အဆင့်အတန်း ဆုံးရှုံးရပါက ကျွန်ုပ်ပြောစရာရှိသည့်အရာကို ကျွန်ုပ် ရှင်းရှင်းလင်းလင်း ပြောဦးမည်”ဟု မပြောနိုင်ရသနည်း။ သင်၏အလုပ်ကို ဘုရားအိမ်တော်က ကြီးကြပ်ပြီး မေးခွန်းထုတ်မည်ကို ကြောက်ခြင်းက သင်သည် သမ္မာတရားထက် သင်၏ ဂုဏ်အဆင့်အတန်းကို သင်ပို၍ တန်ဖိုးထားကြောင်း သက်သေပြလေသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား မဟုတ်သလော။ အရာအားလုံးထက် ဂုဏ်အဆင့်အတန်းကို ချစ်မြတ်နိုးခြင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။ သင်သည် ဂုဏ်အဆင့်အတန်းကို အဘယ်ကြောင့် အလွန် တန်ဖိုးထားရသနည်း။ ဂုဏ်အဆင့်အတန်းမှ မည်သည့်အကျိုးအမြတ်များ ရနိုင်သနည်း။ ဂုဏ်အဆင့်အတန်းက သင့်အား ဘေးဒုက္ခ၊ အခက်အခဲများ၊ အရှက်ရခြင်းနှင့် နာကျင်မှုတို့ကိုသာ ဆောင်ကြဉ်းပေးလျှင် သင်သည် ယင်းကို တန်ဖိုးထားဦးမည်လော။ (မထားပါ။) ဂုဏ်အဆင့်အတန်းရှိခြင်းမှရသော အကျိုးအမြတ်များစွာရှိသည်။ အခြားလူများထံမှ အားကျမှု၊ လေးစားမှု၊ အထင်ကြီးမှုနှင့် မြှောက်ပင့်ခြင်းတို့အပြင် ၎င်းတို့၏ လေးစားအားကျခြင်းနှင့် ကြည်ညိုခြင်းတို့ကဲ့သို့သော အရာများဖြစသည်။ သင်၏ ဂုဏ်အဆင့်အတန်းက ယူဆောင်ပေးသော သာလွန်ခြင်း၊ အခွင့်ထူးခံစားခွင့်တို့နှင့် သက်ဆိုင်သော အသိစိတ်လည်း ရှိသည်။ ယင်းတို့က ဂုဏ်သိက္ခာနှင့် မိမိကိုယ်ကို တန်ဖိုးထားစိတ်တို့ကို ပေးသည်။ ထို့အပြင် ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များနှင့် အထူးအကျိုးခံစားခွင့်တို့ကဲ့သို့ အခြားသူများ မခံစားရသည့်အရာများကိုလည်း သင်ခံစားနိုင်သည်။ ဤအရာများအားလုံးသည် သင် တွေးပင်မတွေးဝံ့သည့် အရာများဖြစ်ပြီး သင်၏အိပ်မက်များထဲ၌ တောင့်တနေခဲ့သည့် အရာများဖြစ်သည်။ ဤအရာများကို သင် တန်ဖိုးထားသလော။ ဂုဏ်အဆင့်အတန်းသည် ပေါ့တန်ရုံသာရှိပြီး တကယ့်အဓိပ္ပာယ် မရှိလျှင်၊ ယင်းကို ကာကွယ်ခြင်းက မည်သည့်ရည်ရွယ်ချက်မျှ မရှိလျှင် ယင်းကို တန်ဖိုးထားသည်မှာ မိုက်မဲသည် မဟုတ်လော။ ဇာတိပကတိ၏ အကျိုးစီးပွားများနှင့် ပျော်မွေ့မှုများတို့ကဲ့သို့သော အရာများကို သင်လက်လွှတ်နိုင်လျှင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့သည် သင့်ကို ချည်နှောင်ထားတော့မည် မဟုတ်ပေ။ ထို့ကြောင့် ဂုဏ်အဆင့်အတန်းကို တန်ဖိုးထားခြင်းနှင့် ်လိုက်စားခြင်းတို့နှင့် ဆက်နွှယ်သော ပြဿနာများကို ဖြေရှင်းရန်အတွက် မည်သည့်အရာကို ဦးစွာဖြေရှင်းရမည်နည်း။ ဦးစွာ မကောင်းမှုကို ပြုလုပ်ခြင်းနှင့် လှည့်စားခြင်းတွင် ပါဝင်လုပ်ဆောင်ခြင်း၊ ကွယ်ဝှက်ခြင်းနှင့် ဖုံးဖိခြင်းတို့အပြင်၊ ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များကို ပျော်မွေ့ခံစားဖို့အလို့ငှာ၊ ဘုရားအိမ်တော်၏ ကြီးကြပ်ခြင်း၊ စုံစမ်းမေးမြန်းခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့ကို ငြင်းဆိုခြင်းတို့နှင့်ပတ်သက်သည့် ပြဿနာ၏ သဘာဝကို ရိပ်စားမိလော့။ ဤသည်မှာ ဘုရားသခင်ကို ဗြောင်ကျကျ ခုခံခြင်းနှင့် ဆန့်ကျင်ခြင်း မဟုတ်လော။ ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များကို အငမ်းမရဖြစ်ခြင်း၏ သဘာဝနှင့် အကျိုးဆက်တို့ကို သင် ရိပ်စားမိနိုင်ပါက ဂုဏ်အဆင့်အတန်းကို လိုက်စားခြင်းနှင့်ပတ်သက်သည့် ပြဿနာသည် ပြေလည်သွားလိမ့်မည်။ ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များကို အငမ်းမရဖြစ်ခြင်း၏ အနှစ်သာရကို သင်မရိပ်စားမိနိုင်လျှင် ဤပြဿနာသည် မည်သည့်အခါမျှ ပြေလည်သွားလိမ့်မည် မဟုတ်ချေ။
သင်တို့သည် အလုပ်လုပ်ပြီး တာဝန်များကို ထမ်းဆောင်ရန် လက်တွဲလုပ်ကိုင်သလော။ ကြီးကြပ်မှုကို သင်တို့ လက်ခံသလော။ အခြားလူများက ဝင်ရောက်စွက်ဖက်ခြင်း၊ သို့မဟုတ် စုံစမ်းမေးမြန်းခြင်းများမပြုစေရန် တစ်စုံတစ်ခုကို သင်တို့ လုပ်ခဲ့သလော။ တစ်စုံတစ်ယောက်က စုံစမ်းမေးမြန်းခြင်းများပြုလျှင် သင်က ထိုသူအား အတိုက်အခံပြုပြီး "ငါ၏အလုပ်ကို ကြားဝင်စွက်ဖက်နေရအောင် သင့်ကိုယ်သူမည်သူများ ထင်နေသနည်း။ ငါသည် အဆင့်အတန်းတွင် သင့်ထက် အဆင့်တစ်ခုပိုမြင့်သည်။ ပြီးလျှင် ငါ၏အလုပ်တွင် ငါပြောသည့်အတိုင်းဖြစ်သည်။ အထက်က စုံစမ်းမေးမြန်းမှုများကို မပြုခဲ့။ ထို့ကြောင့် မည်သည့်အရာက သင့်အား လုပ်ပိုင်ခွင့်ပေးသနည်း" ဟု ဆိုသလော။ ဤသို့သော အရာမျိုး ပြောဖူးသလော။ အန္တိခရစ်များ၏ အဓိက စိတ်သဘောထားမှာ အဘယ်နည်း။ အဆင့်အတန်းကို သိမ်းပိုက်ပြီး အာဏာကို ဆုပ်ကိုင်ခြင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို အကျိုးရှိစေသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို အလေးထားခြင်းမှ ဖြစ်ပေါ်သော မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ ဝတ်ကျေတမ်းကျေဆန်ခြင်းနှင့် လှည့်ဖြားခြင်း၊ ဖြစ်သလိုလုပ်ဆောင်ခြင်းတို့ဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းတွင် ၎င်းတို့၏ လုပ်ငန်းဆောင်တာ၌ အလွန်အားမာန်တက်ကြွစွာ အလုပ်ရှုပ်နေသည့်ပုံစံ ရှိသော်လည်း ၎င်းတို့လုပ်ဆောင်သည့်အရာများကို ကြည့်လော့။ ယင်းတို့သည် ပထမအနေဖြင့် တိုးတက်မှုမရှိ။ ဒုတိယအနေဖြင့် ထိရောက်မှုမရှိ။ တတိယအနေဖြင့် အကျိုးသက်ရောက်မှု သိပ်မရှိ။ ယင်းတို့သည် အလွန်ရှုပ်ပွနေသည်။ ၎င်းတို့ လက်မလွှတ်သည့်အရာ တစ်ခုသာရှိသည်။ ယင်းမှာ အာဏာကို ဆုပ်ကိုင်ပြီး လက်မလွှတ်ရန်အတွက် ၎င်းတို့၏အလုပ်ကပေးသော အခွင့်အရေးကို အသုံးချခြင်းဖြစ်သည်။ ၎င်းတို့သည် အာဏာရှိနေသရွေ့ အဆင်ပြေသည်။ မည်သည့်အလုပ်ကို ၎င်းတို့ လုပ်ဆောင်နေသည်ဖြစ်စေ၊ ယင်းမှာ အတတ်ပညာနှင့်သက်ဆိုင်သည်ဖြစ်စေ၊ ပြင်ပအရေးကိစ္စများနှင့် သက်ဆိုင်သည်ဖြစ်စေ၊ နည်းပညာကျွမ်းကျင်မှု၊ သို့မဟုတ် အခြားသော ကဏ္ဍများနှင့် သက်ဆိုင်သည်ဖြစ်စေ အားလုံးတွင် ပွင့်လင်းမြင်သာမှုမရှိပေ။ ဤပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်းသည် မတော်တဆဖြစ်သလော။ မဟုတ်ပေ။ မတော်တဆဖြစ်ခြင်းသည် စိတ်သဘောထားနှင့်မဆိုင်ဘဲ အစွမ်းအစကင်းမဲ့ခြင်းနှင့် အလုပ်အားမည်သို့ လုပ်ရမည်ကို မသိခြင်းနှင့်သက်ဆိုင်သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ဤစိတ်သဘောထားသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်ဟု ငါဆိုသနည်း။ ၎င်းတို့သည် တမင်ရည်ရွယ်၍ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ၎င်းတို့အတွင်း၌ ရည်ရွယ်ချက်တစ်ခုရှိသည်။ ၎င်းတို့သည် သင့်အား ဤအရာများကို မသိစေရန် သတိရှိရှိဖြင့် လုပ်ဆောင်ပြီး သတိရှိရှိဖြင့် သင့်ထံမှ ဖုံးကွယ်ကာ သင့်အား မတွေ့ရန် ရှောင်သည်။ ၎င်းတို့သည် သင့်အား ၎င်းတို့၏ စကားနှင့် ဆက်သွယ်ပြောဆိုမှုကို နည်းနိုင်သမျှနည်းအောင် ပြုလုပ်သည်။ ၎င်းတို့သည် သင်နှင့် အပြန်အလှန်စကားပြောဆိုမှုကို နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်သည်။ ဤအရာများကို ၎င်းတို့၏ ဖော်ထုတ်ပြမှုအား နည်းနိုင်သမျှနည်းအောင် လုပ်ဆောင်သည်။ ဤသို့ဖြင့် သင်က ၎င်းတို့ကို အစဉ်အပြစ်တင်နေမည်မဟုတ်။ ပြီးလျှင် ၎င်းတို့ကို စုံစမ်းမေးမြန်းနေမည်မဟုတ်။ ဤသို့ဖြင့် သင်သည် အမှန်တကယ်တွင် မည်သည့်အရာဖြစ်နေသည်ကို များစွာ သိမည်မဟုတ်။ ဤသို့ဖြင့် ၎င်းတို့၏ သရုပ်မှန်ကို သင်သိမြင်မည်မဟုတ်ပေ။ ဤသည်မှာ တမင်ရည်ရွယ်ခြင်းမဟုတ်သလော။ ယင်းတွင် ရည်ရွယ်ချက်တစ်ခု မရှိသလော။ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့သည် သင့်အား လှည့်စားလိုသည်။ ဖြီးဖြန်း၍ လှည့်ဖြားလိုသည်။ ၎င်းတို့သည် သင့်အား အတုအယောင်အသွင်အပြင်ကိုပေးကာ အမှုအရာများ၏ တကယ့် ပကတိအခြေအနေကို သင်မသိအောင် လုပ်ဆောင်သည်။ ဤသို့ဖြင့် ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်းကို ရယူပြီးဖြစ်လိမ့်မည်။ ယင်းက ၎င်းတို့ကို ကျေနပ်စေလိမ့်မည်။ ဤသည်မှာ ယင်း၏ သဘာဝမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သတိရှိရှိဖြင့် လှည့်ဖြားသည့်၊ လိမ်လည်သည့်၊ အမှုအရာများကို ဖုံးကွယ်သည့် အန္တိခရစ်များ၏ စိတ်သဘောထား ဖြစ်သည်။ အားလုံးမှာ သတိရှိသည်။ ငါ့ကို ပြောလော့။ လူတို့အား အလွန်အလုပ်ရှုပ်စေပြီး အခြားလူများနှင့် တွေ့ရန်အချိန် မရှိဖြစ်စေသည့် မည်သည့်အလုပ်အစီအစဉ်ရှိသနည်း။ မရှိပေ။ မှန်သလော။ စားရန်၊ အိပ်ရန် အချိန်မရှိသကဲ့သို့ အခြားလူများနှင့် တွေ့ဆုံရန် အချိန်လုံးဝမရှိသည်အထိ အလွန်အလုပ်ရှုပ်စေသော အလုပ်အစီအစဉ်မရှိပေ။ အမှုအရာများက ထိုမျှ အလုပ်မရှုပ်သေးပေ။ ထိုအရာများအတွက် အချိန်ကို မရရအောင် ဖယ်ထား၍ရနိုင်သည်။ ဤသို့ဆိုလျှင် ဤလူများသည် အဘယ်ကြောင့် အချိန်မရှိသနည်း။ ၎င်းတို့သည် သင်နှင့် မတွေ့လိုပေ။ ၎င်းတို့အလုပ်နှင့်ပတ်သက်ပြီး သင့်အား စုံစမ်းစစ်ဆေးမှုများ မပြုလုပ်စေလိုပေ။ ယင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား မဟုတ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့သည် မည်သည့် လူအမျိုးအစားဖြစ်သနည်း။ မယုံကြည်သူများ မဟုတ်လော။ ဟုတ်သည်။ အန္တိခရစ်တစ်ဦးချင်းစီတိုင်းသည် မယုံကြည်သူဖြစ်သည်။ မဟုတ်လျှင် ဘုရားအိမ်တော်၏ အလုပ်ကို သိမ်းယူမည်မဟုတ်၊ သို့မဟုတ် ဘုရားနောက်သို့လိုက်သူများကို ၎င်းတို့၏ ကိုယ်ပိုင်အာဏာအောက်၌ ထိန်းချုပ်မည်မဟုတ်။ ဤသို့သောအရာမျိုးတို့ကို ၎င်းတို့ လုပ်ဆောင်မည်မဟုတ်ပေ။ မယုံကြည်သူများ၏ ပထမအပြုအမူမှာ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သည်ဟူသော အကြောင်းပြချက်ဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် လျှို့ဝှက်ကြံစည်သည်။ ၎င်းတို့သည် ရဲတင်းပြီး မဆင်မခြင်ပြုလုပ်ကာ လုံးဝ မကြောက်ပေ။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုသည် စစ်မှန်သော ယုံကြည်မှုမဟုတ်ဘဲ ဆောင်ပုဒ်တစ်ခုသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းလုံးဝ မရှိ။
လူအချို့သည် ၎င်းတို့အလုပ်ကို တစ်စုံတစ်ယောက်က ကြားဝင်စွက်ဖက်ပြီး ကြီးကြပ်ရန် ရည်ရွယ်သည်ကို ကြားသည်နှင့်တစ်ပြိုင်နက် မည်သည့်သဘောထားကို ခံယူကြသနည်း။ "ကြီးကြပ်ခြင်းက အဆင်ပြေပါသည်။ ကြီးကြပ်မှုကို ကျွန်ုပ်လက်ခံသည်။ စုံစမ်းမေးမြန်းမှုများ ပြုခြင်းကလည်း ကိစ္စမရှိ။ သို့သော် သင်က အမှန်တကယ်ပင် ကျွန်ုပ်ကို ကြီးကြပ်လျှင် ကျွန်ုပ်၏ အလုပ်ကို ရှေ့ဆက်လုပ်ရန် ဖြစ်နိုင်မည်မဟုတ်။ ကျွန်ုပ်သည် လွတ်လပ်စွာ ဆောင်ရွက်စီမံနိုင်စွမ်း ရှိတော့မည် မဟုတ်ပါ။ သင်က အစဉ်သဖြင့် ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး ကျွန်ုပ်အား ထိုဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သူဖြစ်အောင် ထားရှိလျှင် ကျွန်ုပ်သည် အလုပ်လုပ်နိုင်မည်မဟုတ်။ 'ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း'" ဟူ၍ ဖြစ်သည်။ ဤသည်မှာ သဘောတရားတစ်ခုမဟုတ်လော။ ယင်းသည် အန္တိခရစ်များ၏ သဘောတရားတစ်ခု ဖြစ်သည်။ ဤအရာကိုပြောသောသူသည် မည်သည့်သဘောထား ရှိသနည်း။ ယင်းက အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သလော။ "ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း" ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အထက်က စုံစမ်းမေးမြန်းမှုများ ပြုခြင်းကိုပင် ၎င်းတို့ သည်းခံမည်မဟုတ်။ အထက်က စုံစမ်းမေးမြန်းမှုများ မပြုခဲ့လျှင် သင့်လုပ်ရပ်များက သမ္မာတရားကို ချိုးဖောက်မည် မဟုတ်လော။ သင်သည် စုံစမ်းမေးမြန်းမှုများကြောင့် မှားယွင်းသောတစ်စုံတစ်ခုကို လုပ်ဆောင်မည်လော။ အထက်က သင့်အလုပ်ကို လွဲချော်စေမည်လော။ ငါ့ကို ပြောလော့။ အထက်က အလုပ်နှင့်ပတ်သက်၍ လမ်းပြခြင်း၊ စုံစမ်းမေးမြန်းမှုများပြုခြင်း၊ ကြီးကြပ်ခြင်းမှာ ပို၍ ကောင်းစွာ လုပ်ဆောင်သည်ကို မြင်ရန်ဖြစ်သလော၊ သို့မဟုတ် ပို၍ဆိုးရွားစွာ လုပ်ဆောင်သည်ကို မြင်ရန်ဖြစ်သလော။ (ပိုကောင်းစွာ လုပ်ဆောင်သည်ကိုမြင်ရန် ဖြစ်သည်။) ဤသို့ဆိုလျှင် လူအချို့သည် ဤတိုးတက်သော ရလဒ်များကို အဘယ်ကြောင့် လက်မခံသနည်း။ (၎င်းတို့သည် အန္တိခရစ် စိတ်သဘောထား၏ အုပ်စိုးခြင်းကို ခံရသည်။) မှန်သည်။ ယင်းသည် ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မထိန်းနိုင်ပေ။ လူတစ်ယောက်သည် ၎င်းတို့တာဝန်ယူရသည့် အလုပ်ကို စုံစမ်းမေးမြန်းမှုများပြုသည်နှင့် တစ်ပြိုင်နက် ယင်းသည် ၎င်းတို့ကို စိတ်မချမ်းမသာဖြစ်စေသည်။ ၎င်းတို့၏ အကျိုးစီးပွားများကို အခြားလူများသို့ ပေးရလိမ့်မည်၊ ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကိုလည်း ပေးရလိမ့်မည်ဟု ၎င်းတို့ ခံစားရသည်။ ထို့ကြောင့် ၎င်းတို့သည် ကသိကအောက် ဖြစ်ကြသည်။ ၎င်းတို့၏ အစီအစဉ်များနှင့် လုပ်ထုံးလုပ်နည်းများကို ကစဉ့်ကလျားဖြစ်အောင် ပြုလုပ်ခြင်းခံရသည်ဟု ၎င်းတို့ ခံစားရသည်။ ယင်းသည် ၎င်းတို့အတွက် အလုပ်ဖြစ်မည်လော။ အထက်က တစ်စုံတစ်ယောက်ကို ရာထူးတိုးပေးပြီး ထိုသူအား ၎င်းတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်စေလျှင် ၎င်းတို့က "ဤလူကို ငါအသုံးပြုဖို့ အစီအစဉ်မရှိ။ သို့သော် အထက်က သူသည်တော်သည်ဟု အခိုင်အမာဆိုပြီး ရာထူးတိုးပေးခဲ့သည်။ ဤအရာကို ငါသိပ်မနှစ်သက်ပေ။ သူနှင့် မည်သို့အတူတကွ ပူးပေါင်းလုပ်ဆောင်ရမည်နည်း။ အထက်က သူ့ကို အသုံးပြုလျှင် ငါ နုတ်ထွက်လိုက်မည်" ဟူ၍ တွေးသည်။ ၎င်းတို့သည် စကားဖြင့် ဤသို့ပြောသော်လည်း အမှန်တွင် ၎င်းတို့အဆင့်အတန်းကို လက်လွှတ်နိုင်မည်လော။ လက်လွှတ်နိုင်မည် မဟုတ်။ ၎င်းတို့လုပ်ဆောင်နေသည့်အရာမှာ ထိပ်တိုက်ရင်ဆိုင်နေခြင်းဖြစ်သည်။ ၎င်းတို့အဆင့်အတန်းကို ခြိမ်းခြောက်သော၊ ၎င်းတို့ကို မီးမောင်းထိုးမပေးသော၊ ၎င်းတို့၏ လက်ရှိအခြေအနေကို တမင်ဖျက်ဆီးသော အလုပ်ကို လုပ်သည့် မည်သူ့မဆိုကို ၎င်းတို့ သဘောတူမည်လော။ သဘောတူမည်မဟုတ်။ ဥပမာ အထက်က တစ်စုံတစ်ယောက်ကို ရာထူးတိုးပေးသောအခါ၊ သို့မဟုတ် တစ်စုံတစ်ယောက်ကို အစားထိုးသောအခါ ၎င်းတို့သည် မည်သို့ထင်သနည်း။ "မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပါတကား။ ၎င်းတို့သည် ငါ့ကို အသိပေးတိုင်ပင်ခြင်းပင် မရှိပေ။ အခြားသောအရာများအားလုံးကို ထားလော့။ ငါသည် ခေါင်းဆောင်ဖြစ်ဆဲဖြစ်သည်။ ၎င်းတို့သည် ငါ့ကို အဘယ်ကြောင့် ကြို၍ တစ်စုံတစ်ခု မပြောသနည်း။ အဘယ်ကြောင့်နည်း။ ငါသည် လုံးဝ အရေးမပါသကဲ့သို့ပင် ဖြစ်သည်" ဟူ၍ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သင်သည် မည်သူနည်း။ ယင်းသည် သင့်အလုပ်ဖြစ်သလော။ ပထမဦးစွာ ယင်းသည် သင့်ပိုင်နက်မဟုတ်။ ဒုတိယအနေဖြင့် ဤလူတို့သည် သင့်နောက်သို့မလိုက်။ ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ၎င်းတို့အတွက် အလွန်အရေးပါရမည်နည်း။ ယင်းသည် သမ္မာတရားနှင့် ညီသလော။ မည်သည့် သမ္မာတရားနည်း။ လူတစ်ဦးကို အထက်က ရာထူးတိုးပေးခြင်း၊ သို့မဟုတ် လူတစ်ဦးကို ၎င်းတို့က အစားထိုးခြင်းအတွက် စည်းမျဉ်းများရှိသည်။ လူတစ်ဦးကို အထက်က အဘယ်ကြောင့် ရာထူးတိုးပေးသနည်း။ အလုပ်အတွက် လိုအပ်သောကြောင့် ဖြစ်သည်။ အထက်က လူတစ်ဦးကို အဘယ်ကြောင့် အစားထိုးသနည်း။ အလုပ်အတွက် မလိုအပ်တော့သောကြောင့် ဖြစ်သည်။ သူသည် အလုပ်ကို မလုပ်နိုင်ပေ။ သင်သည် ထိုသူကို လူစားမထိုးသကဲ့သို့ အထက်ကိုပင် လူစားထိုးခွင့်မပေးလျှင် သင်သည် အသိခေါက်ခက် အဝင်နက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့က "အထက်က လူတစ်ဦးကို ထုတ်ခြင်းသည် ကျွန်ုပ်အား ဂုဏ်သရေပျက်စေခြင်းပါတကား။ တစ်စုံတစ်ယောက်ကို လူစားလဲဖို့ ၎င်းတို့ ရည်ရွယ်လျှင် ကျွန်ုပ်ကို နှစ်ကိုယ်ကြား ပြောသင့်သည်၊ ပြီးလျှင် ကျွန်ုပ်က လုပ်ဆောင်လိုက်မည်ဖြစ်သည်။ ယင်းသည် ကျွန်ုပ်၏ အလုပ်ဖြစ်သည်။ ကျွန်ုပ်အပေါ် ကျရောက်သည့် အပိုင်းဖြစ်သည်။ ကျွန်ုပ်သည် ထိုသူကို လူစားထိုးလျှင် ကျွန်ုပ်သည် လူတို့အပေါ် မည်မျှထိုးထွင်းသိမြင်မှု ရှိသည်ကိုလည်းကောင်း၊ တကယ့်အလုပ်အား ကျွန်ုပ်လုပ်နိုင်သည်ကိုလည်းကောင်း လူတိုင်းကို ပြလိမ့်မည်။ ယင်းသည် ဂုဏ်ရှိလိုက်မည်ဖြစ်ခြင်းပါတကား" ဟု ဆိုကြသည်။ သင်တို့သည် ဤသို့ တွေးသလော။ လူအချို့သည် နာမည်ကောင်းနှင့် ဂုဏ်ကို အလိုရှိပြီး ဤသို့ ကျိုးကြောင်းပြချက်များ ပေးကြသည်။ ယင်းသည် အလုပ်ဖြစ်မည်လော။ အဓိပ္ပာယ်ရှိသလော။ တစ်ဖက်တွင် ဘုရားအိမ်တော်သည် ယင်း၏အလုပ်ကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်သည်။ အခြားတစ်ဖက်တွင် အခြေအနေများ၏ အရှိအတိုင်း လုပ်ဆောင်သည်။ အဆင့်ဆင့် အမိန့်ပေးခြင်းကို ဘေးချိတ်ထားခြင်းဟူသည် မဖြစ်နိုင်။ အထူးသဖြင့် အထက်၏ ရာထူးတိုးခြင်း၊ လူစားထိုးခြင်းများ၊ သို့မဟုတ် အလုပ်စီမံကိန်းတစ်ခုခုအတွက် အထက်၏ လမ်းပြမှုနှင့် ညွှန်ကြားချက်များနှင့် ပတ်သက်သည့်အခါတွင် ဤသို့သော အခြေအနေများ၌ အဆင့်ဆင့်အမိန့်ပေးခြင်းကို ဘေးမချိတ်သည့် ကိစ္စသည် သာ၍ပင် အရေးကြီးလေသည်။ ဤသို့ဆိုလျှင် အန္တိခရစ်တစ်ဦးသည် ဤ"အမှား"များကို အဘယ်ကြောင့်ရှာသနည်း။ တစ်ခုမှာ သေချာသည်။ သမ္မာတရားကို ၎င်းတို့ နားမလည်သောကြောင့် ဘုရားအိမ်တော်၏ အလုပ်ကို ၎င်းတို့၏ လူသားဦးနှောက်နှင့် ပြင်ပလောကတွင် ရှိသော ထိုတွေးခေါ်ပုံနည်းလမ်းများဖြင့် အကဲဖြတ်ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ အဓိကပန်းတိုင်က မိမိကိုယ်ကို ထိန်းသိမ်းခြင်းအဖြစ် ဆက်လက် တည်ရှိနေပြီး ၎င်းတို့သည် ကိုယ့်ဂုဏ်နှင့်ကိုယ် ရရှိရမည်ဖြစ်သည်။ ၎င်းတို့သည် လုပ်ဆောင်သမျှတိုင်းတွင် လိမ္မာပါးနပ်သည်။ ၎င်းတို့၌ အပြစ်အနာအဆာတစ်ခုတလေ၊ သို့မဟုတ် အားနည်းချက်တစ်ခုတလေ ရှိသည်ကို ၎င်းတို့အောက်ရှိလူများအား မြင်ခွင့်မပေးနိုင်ပေ။ အပေါ်ယံအသွင်အပြင်တို့ကို မည်သည့်အတိုင်းအတာထိ ၎င်းတို့ ထိန်းထားမည်နည်း။ အခြားလူများက ၎င်းတို့အား ဖောက်ပြန်ပျက်စီးခြင်း၊ သို့မဟုတ် အားနည်းချက်များ တစ်ခုမျှမရှိဘဲ အမှားကင်းသည်ဟု မြင်လိမ့်မည်ဖြစ်သည်အထိ ဖြစ်သည်။ အထက်က ၎င်းတို့ကို အသုံးပြုသင့်သည်မှာ၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့အား ရွေးချယ်သင့်သည်မှာ သင့်တော်သည်ဟု အခြားလူတို့က မြင်လိမ့်မည်။ ၎င်းတို့သည် စုံလင်သောသူ ဖြစ်သည်ဟု မြင်လိမ့်မည်။ ယင်းမှာ ၎င်းတို့ ဖြစ်စေလိုသည့်ပုံစံ မဟုတ်လော။ ယင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား မဟုတ်လော။ (ဟုတ်ပါသည်။) ဟုတ်သည်။ ယင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ဖြစ်သည်။
ယခု ငါတို့၏ မိတ်သဟာယသည် ၎င်းတို့၏အလုပ်တွင် အခြားလူတို့အား ဝင်ရောက်စွက်ဖက်ခွင့်၊ စုံစမ်းမေးမြန်းခွင့်၊ သို့မဟုတ် မိမိတို့ကို ကြီးကြပ်ခွင့် ပေးရန် ၎င်းတို့ ငြင်းဆန်ကြသည် ဟူသည့် အန္တိခရစ်များ၏ အဓိကအပြုအမူများထဲမှ တစ်ခုဖြစ်သည်။ ၎င်းတို့အလုပ်ကို နောက်ဆက်တွဲလုပ်ရန်၊ သို့မဟုတ် ပို၍ သိရအောင်လုပ်ရန်၊ သို့မဟုတ် ကြီးကြပ်ရန်အတွက် ဘုရားအိမ်တော်က မည်သည့်အစီအစဉ်များကို ပြုလုပ်သည်ဖြစ်စေ ယင်းတို့ကို ကဖျက်ယဖျက်လုပ်ပြီး ငြင်းဆန်ရန် နည်းလမ်းမျိုးစုံကို ၎င်းတို့ အသုံးချလိမ့်မည်။ ဥပမာအားဖြင့် လူအချို့သည် အထက်က ပရောဂျက်တစ်ခု တာဝန်ပေးသည်ကို ခံရသောအခါ တိုးတက်မှုလုံးဝမရှိဘဲ အချိန်အတန်ကြာသွားသည်။ ၎င်းတို့သည် ထိုအလုပ်ကို လုပ်ဆောင်နေခြင်း ရှိမရှိ၊ သို့မဟုတ် အခြေအနေမည်သို့ရှိသည်၊ သို့မဟုတ် ကြားဖြတ်ဝင်ရောက်သော အခက်အခဲဖြစ်စေ၊ ပြဿနာဖြစ်စေ တစ်ခုတလေရှိမရှိတို့ကို အထက်အား မပြောပေ။ ၎င်းတို့သည် တုံ့ပြန်မှုမရှိ။ အချို့အလုပ်သည် အရေးတကြီးဖြစ်ပြီး နှောင့်နှေး၍မရ။ သို့တိုင်အောင် အလုပ်ကိုမပြီးဘဲ အချိန်ကြာရှည်စွာလုပ်ဆောင်လျက် အချိန်ဆွဲသည်။ ဤသို့ဆိုလျှင် အထက်က စုံစမ်းမေးမြန်းမှုများ ပြုရမည်။ အထက်က ဤသို့လုပ်ဆောင်သောအခါ ဤလူတို့က စုံစမ်းမေးမြန်းမှုများကို မခံနိုင်အောင် ရှက်ဖွယ်ဖြစ်သည်ဟု မြင်ပြီး စိတ်နှလုံး၌ အတိုက်အခံဖြစ်ကြသည်။ "ကျွန်ုပ်သည် ဤအလုပ်ကို တာဝန်ပေးခြင်းခံရသည်မှာ ဆယ်ရက်ခန့်သာရှိသည်။ ရင်းနှီးကျွမ်းဝင်မှု မရှိသေးပေ။ အထက်က စုံစမ်းမေးမြန်းမှုများ ပြုနေပြီဖြစ်သည်။ လူတို့အပေါ် ၎င်းတို့၏ သတ်မှတ်ချက်များသည် မြင့်လွန်းခြင်းပင်ဖြစ်သည်" ဟူ၍ ဖြစ်သည်။ ၎င်းတို့ကို ကြည့်လော့၊ စုံစမ်းမေးမြန်းခြင်းတွင် အမှားများရှာနေကြခြင်းဖြစ်သည်။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ငါ့ကို ပြောလော့၊ အထက်က စုံစမ်းမေးမြန်းမှုများ ပြုခြင်းသည် အလွန်ပင် သာမန်ဖြစ်သည်မဟုတ်လော။ ယင်း၏ တစ်ပိုင်းမှာ အလုပ်တိုးတက်မှု၏ အခြေအနေအကြောင်းနှင့် ဖြေရှင်းရန် မည်သည့်အခက်အခဲများ ကျန်ရှိသည်ကိုပါ ပို၍သိလိုခြင်းဖြစ်သည်။ ထိုအရာအပြင် ဤအလုပ်ကို ၎င်းတို့ တာဝန်ပေးခဲ့သောလူများက မည်သည့်အစွမ်းအစမျိုး ရှိသည်ကိုလည်းကောင်း၊ ပြဿနာများကို ၎င်းတို့ အမှန်တကယ်ဖြေရှင်းနိုင်ပြီး အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည်၊ မလုပ်ဆောင်နိုင်မည်ကိုလည်းကောင်း ပို၍သိလိုခြင်းဖြစ်သည်။ အထက်က အဖြစ်မှန်များကို အရှိအတိုင်း သိလိုသည်။ အချိန်အများစုတွင် ၎င်းတို့သည် ထိုသို့သောအခြေအနေများတွင် စုံစမ်းမေးမြန်းမှုများ ပြုသည်။ ယင်းသည် ၎င်းတို့ လုပ်ဆောင်သင့်သော အရာတစ်ခုမဟုတ်သလော။ ပြဿနာများအား မည်သို့ဖြေရှင်းရမည်ကို သင်မသိသကဲ့သို့ အလုပ်အား သင်မကိုင်တွယ်နိုင်မည်ကို အထက်က စိတ်ပူသည်။ ဤအတွက်ကြောင့် ၎င်းတို့က စုံစမ်းမေးမြန်းမှုများပြုရခြင်း ဖြစ်သည်။ အချို့သောလူတို့သည် ဤသို့သော စုံစမ်းမေးမြန်းခြင်းများကို အလွန်ပင် အတိုက်အခံဖြစ်ပြီး စက်ဆုပ်သည်။ ၎င်းတို့သည် လူတို့အား စုံစမ်းမေးမြန်းမှုများ ပြုခွင့်ပေးလိုစိတ်မရှိဘဲ လူတို့က ဤသို့ပြုသရွေ့ ၎င်းတို့သည် အတိုက်အခံဖြစ်ပြီး အစဉ်သဖြင့် သံသယများဖြစ်ကာ "၎င်းတို့သည် အဘယ်ကြောင့် အစဉ်သဖြင့် စုံစမ်းမေးမြန်းမှုများပြုပြီး ပို၍သိရှိရန် စူးစမ်းနေသနည်း။ ငါ့ကို မယုံကြည်ဘဲ အထင်သေးခြင်းလော။ ငါ့ကို မယုံကြည်လျှင် သူတို့သည် ငါ့ကို အသုံးမပြုသင့်" ဟူ၍ အစဉ် အပြန်အလှန်စဉ်းစားသည်။ အထက်၏ စုံစမ်းမေးမြန်းခြင်းနှင့် ကြီးကြပ်ခြင်းကို ၎င်းတို့ လုံးဝ နားမလည်ဘဲ အတိုက်အခံပြုသည်။ ဤသို့သော လူများ၌ ဆင်ခြင်တုံတရားရှိသလော။ ၎င်းတို့သည် အဘယ်ကြောင့် အထက်ကို စုံစမ်းမေးမြန်းမှုများပြုခွင့်၊ ၎င်းတို့ကို ကြီးကြပ်ခွင့် မပြုသနည်း။ ထို့အပြင် ၎င်းတို့သည် အဘယ်ကြောင့် အတိုက်အခံဖြစ်ပြီး အာခံသနည်း။ ဤတွင် ပြဿနာက အဘယ်နည်း။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် ထိရောက်မှုရှိမရှိ၊ အလုပ်တိုးတက်မှုကို နှောင့်နှေးစေမည် ဟုတ်မဟုတ် ဆိုသည်ကို ၎င်းတို့ ဂရုမစိုက်။ ၎င်းတို့တာဝန်ကို ထမ်းဆောင်သောအခါ၌ သမ္မာတရားစည်းမျဉ်းများကို မရှာဖွေဘဲ ၎င်းတို့အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ ရလဒ်များအကြောင်းကို၊ သို့မဟုတ် အလုပ်၏ ထိရောက်မှုကို မတွေးပေ။ ပြီးလျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လုံးဝ မတွေးပေ။ ဘုရားသခင် ရည်ရွယ်ပြီး တောင်းဆိုသည့်အရာများကိုဆိုလျှင် ပို၍ပင် မတွေးပေ။ ၎င်းတို့၏ အတွေးမှာ "ငါ၏ တာဝန်ကို ထမ်းဆောင်ခြင်းအတွက် ငါ့တွင် ကိုယ်ပိုင်နည်းလမ်းများ၊ လုပ်ရိုးလုပ်စဉ်များရှိသည်။ ငါ့ကို အလွန်အကျွံမတောင်းဆိုနှင့်၊ သို့မဟုတ် အလွန်အသေးစိတ် မတောင်းဆိုနှင့်။ ငါ၏တာဝန်ကို လုပ်ဆောင်နိုင်ခြင်းက လုံလောက်နေပြီ ဖြစ်သည်။ ငါသည် အလွန်မောပန်းနွမ်းနယ်၍၊ သို့မဟုတ် ဒုက္ခခံ၍ မရပါ" ဟူ၍ ဖြစ်သည်။ ၎င်းတို့အလုပ်ကို ပိုသိရန် အထက်က စုံစမ်းမေးမြန်းခြင်းများ၊ ကြိုးပမ်းမှုများကို ၎င်းတို့ နားမလည်ပေ။ ၎င်းတို့၏ ဤနားလည်မှုကင်းမဲ့ခြင်းတွင် မည်သည့်အရာ လိုအပ်နေသနည်း။ ကျိုးနွံနာခံခြင်းကို လိုအပ်နေခြင်း မဟုတ်လော။ တာဝန်သိစိတ်ကို လိုအပ်နေခြင်းမဟုတ်လော။ သစ္စာစောင့်သိမှုလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းတွင် အမှန်တကယ်ပင် တာဝန်သိပြီး သစ္စာစောင့်သိလျှင် ၎င်းတို့အလုပ်အပေါ် အထက်၏ စုံစမ်းမေးမြန်းမှုများကို ငြင်းပယ်မည်လော။ (ငြင်းပယ်မည်မဟုတ်။) ၎င်းတို့ နားလည်နိုင်လိမ့်မည်။ ၎င်းတို့က အမှန်တကယ် နားမလည်နိုင်လျှင် ဖြစ်နိုင်ချေတစ်ခုသာရှိသည်။ ၎င်းတို့တာဝန်ကို ၎င်းတို့၏ အသက်မွေးမှု၊ စားဝတ်နေရေးအဖြစ်မြင်ပြီး ယင်းအပေါ်၌ အရင်းအနှီးပြုကာ ၎င်းတို့ထမ်းဆောင်သည့်တာဝန်ကို ဆုလာဘ်ရယူရန် အခြေအနေနှင့် အလဲအလှယ်တစ်ခုအဖြစ် အစဉ်မှတ်ယူသည်။ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ၎င်းတို့၏တာဝန်၊ ၎င်းတို့၏ ဝတ္တရားအဖြစ် မှတ်ယူရန် ကြိုးပမ်းခြင်းလုံးဝမရှိဘဲ အထက်နှင့် အဆင်ပြေရန် သိက္ခာရှိသော အလုပ်အနည်းငယ်ကိုသာ လုပ်လိမ့်မည်။ ထို့ကြောင့် အထက်က ၎င်းတို့အလုပ်ကို စုံစမ်းမေးမြန်းမှုများ ပြုသောအခါ၊ သို့မဟုတ် ကြီးကြပ်သောအခါ ၎င်းတို့သည် စက်ဆုပ်သော၊ အတိုက်အခံဖြစ်သော စိတ်နေစိတ်ထားသို့ ရောက်ရှိသွားသည်။ ဤသို့ မဟုတ်သလော။ (ဟုတ်ပါသည်။) ဤပြဿနာသည် မည်သည့်နေရာမှ အရင်းခံသနည်း။ ယင်း၏ အနှစ်သာရမှာ အဘယ်နည်း။ အလုပ်စီမံကိန်းအပေါ် ၎င်းတို့၏ သဘောထားမှာ မှားယွင်းနေခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ထိရောက်မှုနှင့် အကျိုးစီးပွားများအကြောင်းကို တွေးရမည့်အစား ဇာတိပကတိဆိုင်ရာ အေးဆေးမှုနှင့် သက်သာမှုကိုသာ၊ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်ကိုသာ တွေးသည်။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် လုံးဝ မကြိုးစားပေ။ ၎င်းတို့တွင် အမှန်ပင် အသိစိတ်နှင့် ဆင်ခြင်တုံတရားအနည်းငယ်ရှိခဲ့လျှင် အထက်၏ စုံစမ်းမေးမြန်းခြင်းများနှင့် ကြီးကြပ်ခြင်းကို နားလည်နိုင်လိမ့်မည်။ ၎င်းတို့သည် စိတ်နှလုံးမှနေ၍ "အထက်က စုံစမ်းမေးမြန်းမှုများပြုခြင်းသည် ကောင်းသောအရာ ဖြစ်သည်။ သို့မဟုတ်လျှင် ငါသည် ကိုယ့်အလိုဆန္ဒအတိုင်းလုပ်ဆောင်လျက် လမ်းလွဲနေလိမ့်မည်။ ဤသို့ဆိုလျှင် အလုပ်၏ ထိရောက်မှုကို ကြန့်ကြာစေမည်၊ သို့မဟုတ် ဖြစ်ကတတ်ဆန်းပင် လုပ်မိလိမ့်မည်။ အထက်က မိတ်သဟာယဖွဲ့ပြီး အမှုအရာများကို စစ်ဆေးသည်။ တကယ့်ပြဿနာများကို အမှန်တကယ် ဖြေရှင်းခဲ့သည်။ ယင်းမှာ ကောင်းလိုက်လေခြင်းပါတကား " ဟူ၍ ပြောနိုင်လိမ့်မည်။ ဤသည်မှာ သူသည် တာဝန်သိသောသူတစ်ဦး ဖြစ်သည်ကို ပြလိမ့်မည်။ ၎င်းတို့က အလုပ်ကို ၎င်းတို့ဘာသာ တာဝန်ယူလုပ်ဆောင်လျှင်၊ အမှားတစ်ခု၊ သို့မဟုတ် မတော်တဆထိခိုက်မှုတစ်ခု ဖြစ်ပျက်ခဲ့ပြီး ဘုရားအိမ်တော်၏ အလုပ်အတွက် ဆုံးရှုံးမှုဖြစ်ကာ ကုသရန် ဖြစ်နိုင်မည်မဟုတ်လျှင် ယင်းသည် ၎င်းတို့ မခံယူနိုင်သည့် တာဝန်ဖြစ်မည်ကို ၎င်းတို့ ကြောက်ရွံ့သည်။ ယင်းသည် တာဝန်သိစိတ်တစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။) တာဝန်သိစိတ်တစ်ခုဖြစ်ပြီး ၎င်းတို့၏ သစ္စာစောင့်သိမှုကို ဖြည့်ဆည်းနေသည့် လက္ခဏာတစ်ခုဖြစ်သည်။ ၎င်းတို့၏အလုပ်ကို အခြားလူများက စုံစမ်းစစ်ဆေးမှုများ ပြုခွင့်မပေးသူတို့၏ စိတ်တွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ "တာဝန်ပေးခြင်း ခံရသည်မှာ ငါဖြစ်သည်ကို ကြည့်လျှင် ဤအလုပ်သည် ငါ၏ ကိစ္စဖြစ်သည်။ ငါ၏ ကိုယ်ပိုင်ကိစ္စနှင့်ပတ်သက်လျှင် ငါက အဆုံးအဖြတ်ပေးသည်။ မည်သူ့ကိုမျှ ပါဝင်ပတ်သက်ဖို့ ငါမလိုအပ်ပါ" ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို မိမိတို့ဘာသာ စဉ်းစားပြီး ၎င်းတို့၏ ပင်ကိုစရိုက်က စေစားသည့်အတိုင်း ၎င်းတို့လုပ်ဆောင်လိုသည့်အရာကို လုပ်ဆောင်သည်။ ၎င်းတို့သည် ၎င်းတို့အား အကျိုးဖြစ်စေမည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ ပြီးလျှင် ကိစ္စများကို မည်သူ့ကိုမျှ မေးမြန်းခွင့်မပြု။ အရေးကိစ္စတို့၏ အမှန်တကယ်အခြေအနေကို မည်သူ့ကိုမျှ သိခွင့်မပြု။ သင်က ၎င်းတို့အား "ထိုအလုပ်တာဝန်က အခြေအနေ အဘယ်သို့ရှိသနည်း" ဟု မေးလျှင် ၎င်းတို့က "စောင့်ပါ" ဟု ပြောမည်။ ထို့နောက် သင်က " တိုးတက်မှုအခြေအနေ မည်သို့ရှိနေသနည်း" ဟု မေးလျှင် ၎င်းတို့က "ပြီးလုပြီ" ဟု ပြောမည်။ သင်က ၎င်းတို့ကို မည်သည့်အရာမေးသည်ဖြစ်စေ စကားတစ်လုံး၊ နှစ်လုံးသာ ပြောလိမ့်မည်။ ၎င်းတို့သည် တစ်ကြိမ်တွင် စကားအနည်းငယ်သာ ထုတ်ပြောလိမ့်မည်ဖြစ်ပြီး ထိုထက်မပိုပေ။ တိကျသော၊ သတ်သတ်မှတ်မှတ်ဖြစ်သော ဝါကျတစ်ကြောင်းကို ၎င်းတို့ပေးမည်မဟုတ်။ ဤသို့သောလူများကို စကားပြောရခြင်းသည် စက်ဆုပ်ဖွယ်ဖြစ်သည်ဟု မမြင်သလော။ ၎င်းတို့သည် သင့်အား မည်သည့်အရာကိုမျှ မပြောလိုသည်မှာ သိသာသည်။ သင်က မေးခွန်းများ ထပ်မေးလျှင် ၎င်းတို့က "အမှုကိစ္စများကို ကျွန်ုပ် မလုပ်ဆောင်နိုင်သည့်အလား ထိုအသေးအဖွဲကိစ္စများကို သင်ဆက်တိုက်မေးနေသည်။ ကျွန်ုပ်သည် တာဝန်နှင့် မသင့်တော်သကဲ့သို့ဖြစ်သည်" ဟူ၍ စိတ်မရှည်ဖြစ်ကြသည်။ ၎င်းတို့သည် လူတို့ကို မေးခွန်းများ မေးခွင့်ပြုလိုစိတ် မရှိခြင်းပင်ဖြစ်သည်။ သင်က ၎င်းတို့အား ဆက်၍မေးနေလျှင် ၎င်းတို့က "သင့်အတွက် ကျွန်ုပ်သည် မည်သည့်အရာ ဖြစ်သနည်း။ ဆရာလုပ်ရန် မြည်း၊ သို့မဟုတ် မြင်းတစ်ကောင်ကောင်ဖြစ်သလော။ သင် ကျွန်ုပ်ကို မယုံကြည်လျှင် ကျွန်ုပ်ကို အသုံးမပြုနှင့်။ ကျွန်ုပ်ကို အသုံးပြုလျှင် ကျွန်ုပ်ကို ယုံကြည်ရမည်။ ကျွန်ုပ်ကို ယုံကြည်ခြင်းဆိုသည်မှာ သင်က စုံစမ်းမေးမြန်းခြင်းများ အစဉ်မပြုလုပ်သင့်သည်ကို ဆိုလိုခြင်းဖြစ်သည်" ဟု ပြောလိမ့်မည်။ ဤသည်မှာ ၎င်းတို့တွင်ရှိသော သဘောထားမျိုးဖြစ်သည်။ ၎င်းတို့သည် အလုပ်အစီအစဉ်ကို ၎င်းတို့လုပ်ဆောင်ရမည့် တာဝန်အဖြစ် မှတ်ယူသလော။ (မမှတ်ယူပါ။) အန္တိခရစ်များသည် ၎င်းတို့၏ တာဝန်ကို အလုပ်အဖြစ် မမှတ်ယူဘဲ ကောင်းချီးများနှင့် ဆုလာဘ်တစ်ခုကို ရယူရန် အလဲအလှယ်လုပ်သည့်အရာအဖြစ် မှတ်ယူသည်။ ၎င်းတို့သည် အလုပ်လုပ်ပေးရုံမျှဖြင့် ကျေနပ်ကြသည်။ ယင်းကို ကောင်းချီးများဖြင့် လဲလှယ်လိုသည်။ ဤအတွက်ကြောင့် ၎င်းတို့သည် ဝတ်ကျေတမ်းကျေဆန်သော သဘောထားဖြင့် အလုပ်လုပ်ခြင်း ဖြစ်သည်။ တစ်ဖက်တွင် ၎င်းတို့သည် အခြားလူများကို ၎င်းတို့၏ အလုပ်တွင် ကြားဝင်စွက်ဖက်ခြင်း မပြုစေလိုရခြင်း၏ တစ်စိတ်တစ်ဒေသမှာ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့်မာနကို ထိန်းသိမ်းရန်အတွက် ဖြစ်သည်။ ၎င်းတို့ထမ်းဆောင်သည့်တာဝန်နှင့် ၎င်းတို့လုပ်သည့်အလုပ်ကို ၎င်းတို့ ပိုင်ဆိုင်သည်ဟုလည်းကောင်း၊ ယင်းတို့သည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ ဖြစ်သည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ဤအတွက်ကြောင့် ၎င်းတို့သည် အခြားလူများကို ဝင်ရောက်စွက်ဖက်ခွင့် မပြုခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင် ၎င်းတို့သည် အလုပ်ကို ကောင်းစွာလုပ်ဆောင်ပြီးခဲ့လျှင် ၎င်းတို့သည် ယင်းအတွက် အသိအမှတ်ပြုခံရဖို့ တောင်းဆိုနိုင်သည်။ ဆုချီးမြှင့်ခံရဖို့ တောင်းခံနိုင်သည်။ တစ်စုံတစ်ယောက်က ကြားဝင်စွက်ဖက်လျှင် ၎င်းတို့တစ်ဦးတည်းသာ အသိအမှတ်ပြုခံရမည် မဟုတ်တော့။ အခြားလူများက ၎င်းတို့၏ နာမည်ကောင်းကို လုယူမည်ကို ၎င်းတို့ ကြောက်ရွံ့ကြသည်။ ဤအတွက်ကြောင့် ၎င်းတို့၏အလုပ်၌ အခြားလူများက ဝင်ရောက်စွက်ဖက်ခြင်းကို ၎င်းတို့ လုံးဝ ခွင့်ကို မပြုခြင်းဖြစ်သည်။ အန္တိခရစ်ကဲ့သို့သော ဤလူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး မယုတ်မာသလော။ မည်သည့်တာဝန်ကို ၎င်းတို့ လုပ်ဆောင်နေသည်ဖြစ်စေ ယင်းသည် ၎င်းတို့၏ အတွင်းရေးကိစ္စများကို ကိုင်တွယ်နေသကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို ၎င်းတို့ဘာသာ လုပ်ဆောင်သောအခါ၌ မည်သည့်အခြေအနေရှိသည်ဖြစ်စေ အခြားလူများကို ဝင်ရောက်စွက်ဖက်ခွင့်ကို မပြုပေ၊ သို့မဟုတ် ပါဝင်လုပ်ဆောင်ခွင့်ကို မပြုပေ။ ၎င်းတို့သည် ကောင်းစွာလုပ်ဆောင်လျှင် အခြားလူတစ်ယောက်က နာမည်ကောင်းနှင့် အလုပ်ရလဒ်များကို ဝေမျှခံစားဖို့တောင်းဆိုသည်ကို ခွင့်မပြုရန်အတွက် နာမည်ကောင်းကို ၎င်းတို့သာ ရယူမည်ဖြစ်သည်။ ဤသည်မှာ ဒုက္ခမပေးသလော။ ယင်းသည် မည်သည့် စိတ်သဘောထားဖြစ်သနည်း။ စာတန်၏ စိတ်သဘောထားဖြစ်သည်။ စာတန် ပြုမူဆောင်ရွက်သည့်အခါတွင် အခြားမည်သူ၏ ဝင်ရောက်စွက်ဖက်မှုကိုမျှ ခွင့်မပြုပေ။ ၎င်းလုပ်ဆောင်သမျှ၌ ဆုံးဖြတ်ပိုင်ခွင့်ရှိလိုပြီး အရာရာကို ထိန်းချုပ်လိုကာ မည်သူမျှ မကြီးကြပ်ရပေ၊ သို့မဟုတ် မေးမြန်းခြင်းတစ်ခုတလေ မပြုရပေ။ တစ်ဦးတလေက ဝင်ရောက်စွက်ဖက်ပါက၊ သို့မဟုတ် ကြားဝင်နှောင့်ယှက်ပါက ဤသည်မှာ သာ၍ပင် လက်သင့်ခံနိုင်ဖွယ် မရှိပေ။ ဤသည်မှာ အန္တိခရစ်တစ်ဦး ပြုမူဆောင်ရွက်သည့် ပုံစံဖြစ်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ မည်သူမျှ မေးမြန်းခြင်းတစ်ခုတလေ ပြုခွင့်မရှိသကဲ့သို့ နောက်ကွယ်တွင် ၎င်းတို့ မည်သို့စီမံဆောင်ရွက်ပါစေ မည်သူမျှ ဝင်ရောက်စွက်ဖက်ခွင့် မရှိချေ။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အပြုအမူဖြစ်သည်။ တစ်ဖက်တွင် ၎င်းတို့သည် အလွန်အမင်း မာနထောင်လွှားသည့် စိတ်သဘောထား ရှိသောကြောင့်ဖြစ်ပြီး အခြားတစ်ဖက်တွင် ဆင်ခြင်တုံတရား အလွန်အမင်း ကင်းမဲ့သောကြောင့် ဤသို့ ၎င်းတို့ ပြုမူဆောင်ရွက်ခြင်းဖြစ်ပေသည်။ ၎င်းတို့သည် ကျိုးနွံနာခံခြင်း လုံးလုံး ကင်းမဲ့ကြသကဲ့သို့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ၎င်းတို့အား ကြီးကြပ်ခွင့်၊ သို့မဟုတ် ၎င်းတို့၏ အလုပ်ကို ကြည့်ရှုစစ်ဆေးခွင့် မပြုကြပေ။ ဤသည်တို့သည် ဧကန်အမှန် မကောင်းဆိုးဝါးတစ်ဦး၏ လုပ်ရပ်များဖြစ်ကာ၊ သာမန်လူတစ်ဦး၏ လုပ်ရပ်များနှင့် လုံးလုံး ကွာခြားလေသည်။ အလုပ်လုပ်သည့်သူ မည်သူမဆိုသည် အခြားသူများ၏ ပူးပေါင်းဆောင်ရွက်ခြင်းကို လိုအပ်သည်။ အခြားလူများ၏ အကူအညီ၊ အကြံပြုချက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ၎င်းတို့ လိုအပ်သည်။ ပြီးလျှင် ကြီးကြပ်သည့်သူ၊ သို့မဟုတ် စောင့်ကြည့်သည့်သူ တစ်စုံတစ်ဦးရှိပါက ဤသည်မှာ မကောင်းသည့်အရာတစ်ခု မဟုတ်ပေ။ ယင်းမှာ လိုအပ်ပေသည်။ အလုပ်၏ တစ်စိတ်တစ်ပိုင်းတွင် အမှားများဖြစ်လာပြီး ယင်းတို့သည် စောင့်ကြည့်နေသည့် လူများ၏ ခွဲခြားဖော်ထုတ်ခြင်းကို ခံရပြီး ချက်ချင်း ပြုပြင်ခြင်းခံရကာ အလုပ်တွင်ဖြစ်သော ဆုံးရှုံးမှုများကို ရှောင်လွှဲပါက ဤသည်မှာ ကြီးမားသော အထောက်အကူတစ်ခု မဟုတ်သလော။ ထို့ကြောင့် ထက်မြက်သော လူများက အမှုအရာများကို လုပ်ဆောင်သည့်အခါတွင် အခြားလူများ၏ ကြီးကြပ်ခံရခြင်း၊ စောင့်ကြည့်လေ့လာခံရခြင်းနှင့် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခံရခြင်းတို့ကို နှစ်သက်ကြသည်။ မတော်တဆ အမှားတစ်ခု တကယ် ဖြစ်ပေါ်လာပြီး ဤလူများက ယင်းကို ထောက်ပြနိုင်ကာ ထိုအမှားကို ချက်ချင်း ပြုပြင်နိုင်ခဲ့ပါက ဤသည်မှာ များစွာ လိုလားအပ်သော အဆုံးသတ်တစ်ခု မဟုတ်လော။ ဤလောကထဲရှိ မည်သူတစ်ဦးတစ်ယောက်မျှ အခြားသူများ၏ အကူအညီ မလိုသည့်သူ မရှိချေ။ အော်တစ်ဇင်ရောဂါရှိသူ၊ သို့မဟုတ် စိတ်ဓာတ်ကျနေသူများသာ မိမိဘာသာ လုပ်ဆောင်ရခြင်းကို၊ အခြားသောလူများနှင့် ထိတွေ့မှု၊ သို့မဟုတ် ပြောဆိုဆက်ဆံမှု မရှိခြင်းကို နှစ်သက်ကြသည်။ လူများသည် မွေးရာပါ အထီးကျန်စိတ်ဝေဒနာ၊ သို့မဟုတ် စိတ်ကျရောဂါ ခံစားနေရသည့်အခါ ၎င်းတို့သည် ပုံမှန် မဟုတ်တော့ပေ။ မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။ လူများ၏ စိတ်နှင့် ဆင်ခြင်တုံတရားတို့သည် ပုံမှန်ဖြစ်သော်လည်း ၎င်းတို့သည် အခြားသူများနှင့် ဆက်သွယ်ပြောဆိုလိုခြင်းသာ မရှိလျှင်၊ ၎င်းတို့ လုပ်သည့် မည်သည့်အရာကိုမျှ လူများကို မသိစေလိုလျှင်၊ ၎င်းတို့သည် လျှို့ဝှက်စွာ၊ အတွင်းရေးဆန်စွာ လုပ်ဆောင်လိုပြီး နောက်ကွယ်၌ လှုပ်ရှားလိုလျှင် အခြားမည်သူမဆို ပြောဆိုသည့်အရာကိုမျှ နားမထောင်လျှင် ထိုသို့သော လူများသည် အန္တိခရစ်များဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အန္တိခရစ်များဖြစ်သည်။
တစ်ခါက အသင်းတော်တစ်ခု၏ ခေါင်းဆောင်ကို ငါတွေ့သောအခါ ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်မှုတွင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သူ့အား ငါမေးခဲ့သည်။ ငါက "လက်ရှိတွင် အသင်းတော်၌ အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်နေသောသူ တစ်ယောက်တလေ ရှိသလော" ဟု မေးသည်။ သူပြောသည့်အရာကို သင် မှန်းဆနိုင်သလော။ "အခြေအနေအားလုံးက အဆင်ပြေပါသည်။ ပြဿနာမရှိ" ဟူ၍ ဖြစ်သည်။ ငါက "ညီအစ်မ မည်သူမည်ဝါသည် သူမတာဝန်တွင် မည်သို့အခြေအနေရှိသနည်း" ဟု မေးသည်။ သူက "အဆင်ပြေသည်" ဟု ဆိုသည်။ ထို့နောက် ငါက "ဘုရားသခင်ကို သူမ ယုံကြည်ခဲ့သည်မှာ နှစ်မည်မျှရှိသနည်း" ဟု မေးသည်။ သူက "ကိစ္စမရှိပါ" ဟု ပြောသည်။ ငါက "ဤစားပွဲသည် ဤနေရာတွင် မရှိသင့်။ ရွှေ့ရမည်" ဟု ပြောသည်။ သူက "ကျွန်ုပ် စဉ်းစားလိုက်မည်" ဟု ဆိုသည်။ ငါက "ဤမြေကွက်က ရေလောင်းဖို့ မလိုအပ်သလော" ဟု ပြောသည်။ သူက "ယင်းကို ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့မည်" ဟု ဆိုသည်။ ငါက "ဤသည်မှာ ဤနှစ်တွင် ဤမြေကွက်၌ သင်စိုက်ပျိုးခဲ့သော သီးနှံဖြစ်သည်။ နောက်နှစ်တွင် ဤသီးနှံကိုပင် စိုက်ပျိုးမည်လော" ဟု ပြောသည်။ သူက "ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်ချသည့် အဖွဲ့၌ အစီအစဉ်ရှိသည်" ဟု ဆိုသည်။ ယင်းတို့မှာ သူပေးသော အဖြေမျိုးတို့ဖြစ်သည်။ ယင်းတို့ကို ကြားသောအခါတွင် သင့်အား မည်သည့်ခံစားချက်ပေးသနည်း။ ယင်းတို့တွင် တစ်စုံတစ်ခုကို သင်နားလည်သလော။ သတင်းအချက်အလက်တစ်ခုခုကို ရသလော။ (လုံးဝ မရပါ။) သူသည် သင့်အား နှပ်ချသည်ကိုလည်းကောင်း၊ သင့်အား ငတုံးငအ၊ ပြင်ပလူအဖြစ် မှတ်ယူနေသည်ကိုလည်းကောင်း ချက်ချင်းသိနိုင်သည်။ ပြင်ပလူက အတိအကျမည်သူ ဖြစ်သည်ကို သူမသိပေ။ ဤအရာကို ဘာသာတရားမရှိသူများက "အိမ်ရှင်အဖြစ် ပြုမူနေသော ဧည့်ခံသူ" ဟု ခေါ်သည်။ သူကိုယ်တိုင်၏ ပင်ကိုလက္ခဏာကို သူမသိပေ။ ငါက "ဤနေရာတွင် လူပေါင်းများစွာ နေထိုင်နေကြသည်။ လေက ကောင်းစွာ လည်ပတ်မှုမရှိ။ ပန်ကာတစ်ခုကို ဆင်သင့်သည်၊ သို့မဟုတ်လျှင် ဤနေရာတွင် အလွန်ပူလိမ့်မည်။ ပြီးလျှင် လူတို့သည် အပူရှပ်ဖွယ်ရှိလိမ့်မည်" ဟု ဆိုသည်။ သူက "ယင်းကို ကျွန်ုပ်တို့ ဆွေးနွေးမည်" ဟု ဆိုသည်။ ငါ သူ့ကို ပြောသမျှကို သူက ဆွေးနွေးရန် လိုအပ်နေသည်။ မိတ်သဟာယဖွဲ့ရန်နှင့် အသေအချာ စဉ်းစားရန်လည်း လိုအပ်နေသည်။ မည်သည့် အစီအစဉ်များကို ငါပြုလုပ်သည်ဖြစ်စေ၊ မည်သည့်အရာကို ငါပြောသည်ဖြစ်စေ၊ သူ့အတွက် အရေးမကြီးပေ။ သူ့အတွက် ယင်းတို့သည် အစီအစဉ်များ၊ သို့မဟုတ် အမိန့်များမဟုတ်။ ပြီးလျှင် ယင်းတို့ကို သူ အကောင်အထည် မဖော်ခဲ့ပေ။ ဤသို့ဆိုလျှင် ငါ၏ စကားများကို မည်သည့်အရာအဖြစ် သူမှတ်ယူခဲ့သနည်း။ (သူ စဉ်းစားသုံးသပ်ရန် အကြံပြုချက်များအဖြစ် ဖြစ်သည်။) သူ စဉ်းစားသုံးသပ်ရန် အကြုံပြုချက်များကို ငါပေးခဲ့ခြင်းဖြစ်သလော။ မဟုတ်ပေ။ ငါသည် သူ့ကို မည်သည့်အရာ သူလုပ်ဆောင်သင့်သည်ကို၊ မည်သည့်အရာ သူလုပ်ရမည်ကို ငါပြောနေခြင်း ဖြစ်သည်။ ငါပြောနေသည့်အရာကို သူနားမလည်ခဲ့ခြင်း ဖြစ်သလော။ သူနားမလည်ခဲ့လျှင် သူ၏ ပင်ကိုလက္ခဏာသည် မည်သည့်အရာဖြစ်သည်ကို မသိသော၊ သို့မဟုတ် မည်သည့်တာဝန်အား သူထမ်းဆောင်နေသည်ကို မသိသော ဉာဏ်မရှိသူ ဖြစ်သည်ဟု ဆိုလိုသည်။ လေအအေးပေးစက်၊ သို့မဟုတ် လေထွက်ပေါက်မရှိဘဲ ထိုနေရာတွင် လူများစွာနေထိုင်နေကြသည်။ ပန်ကာတစ်ခုကို မတပ်ဆင်သည့်အတွက် သူသည် မည်မျှ ဉာဏ်ရှိနေနိုင်သနည်း။ သူသည် ချက်ချင်း အိမ်ပြန်သင့်သည်။ သူသည် အမှိုက်ဖြစ်သည်။ ဘုရားအိမ်တော်က အမှိုက်ကို အလိုမရှိ။ လူတို့သည် မည်သည့်အရာမဆိုနှင့် ပတ်သက်၍ အရာရာတိုင်းကို မသိသော်လည်း သင်ယူနိုင်သည်။ ငါနားမလည်သော အရာအချို့ရှိသည်။ ထို့ကြောင့် "ယင်းကို လုပ်ဆောင်ရန် မည်သည့်အရာက နည်းလမ်းကောင်းတစ်ခုဖြစ်သည်ဟု သင်တို့ ထင်ကြသနည်း။ သင်တို့၏ အကြံပြုချက်များကို လွတ်လပ်စွာ ပေးနိုင်သည်"ဟူ၍ ယင်းတို့ကို အခြားလူများနှင့် ငါဆွေးနွေးသည်။ နည်းလမ်းတစ်ခုခုက အကောင်းဆုံးဖြစ်သည်ဟု လူအချို့က ထင်လျှင် ငါက "ကောင်းပြီ။ သင်ပြောသည့်အတိုင်း လုပ်ကြစို့။ မည်သို့ပင်ဖြစ်စေ မည်သည့်အရာအား ငါတို့လုပ်သင့်သည်ကို ငါသေချာ မတွေးရသေးပေ။ သင်ပြောသည့်အရာအတိုင်း ငါတို့လုပ်ဆောင်မည်" ဟု ဆိုသည်။ ယင်းသည် ပုံမှန်လူ့သဘာဝ၏ စဉ်းစားပုံ မဟုတ်လော။ ဤသည်မှာ အခြားလူများနှင့် သင့်မြတ်သည်ဟု ဆိုလိုသည့်အရာ ဖြစ်သည်။ လူတို့သည် အခြားလူများနှင့် သင့်မြတ်ခြင်းတွင် မည်သူက သာလွန်သည်၊ မည်သူက နိမ့်ကျသည်၊ သို့မဟုတ် မည်သူက ထင်ပေါ်ပြီး မည်သူက မထင်ပေါ်သည်၊ သို့မဟုတ် အမှုအရာများအပေါ် မည်သူက ဆုံးဖြတ်ပိုင်ခွင့် ရှိသည်တို့ကြား၌ ခွဲခြားမှု မပြုရပေ။ ဤခွဲခြားမှုများကို ပြုလုပ်ဖို့ မလိုအပ်ပေ။ မည်သူ၏ နည်းလမ်းက မှန်ကန်ပြီး သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသည်ဖြစ်စေ ယင်းမှာ အရေးစိုက်ရမည့်သူ ဖြစ်သည်။ သင်တို့သည် ဤသို့လုပ်ဆောင်နိုင်စွမ်း ရှိသလော။ (ရှိပါသည်။) ဤသို့လုပ်ဆောင်နိုင်စွမ်း မရှိသောသူအချို့ ရှိသည်။ အန္တိခရစ်များက ဤသို့လုပ်ဆောင်နိုင်စွမ်းမရှိ။ ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့်ကိုသာ မလျှော့တမ်း တောင်းဆိုသည်။ ယင်းသည် မည်သည့်အရာမျိုးဖြစ်သနည်း။ အခြားလူများက တင်ပြသောအရာများသည် ကျိုးကြောင်းသင့်လျှင်ပင် ၎င်းတို့အတွက် အလုပ်မဖြစ်ပေ။ မှန်ကန်ပြီး ကျိုးကြောင်းသင့်သည်ကို ၎င်းတို့သိသော်လည်း အခြားသူတစ်ဦးတလေက အဆိုပြုသည့် မည်သည့်အရာကိုမျှ လိုက်နာမည်မဟုတ်။ တစ်စုံတစ်ခုကို အဆိုပြုသည်မှာ ၎င်းတို့ ဖြစ်သရွေ့ ၎င်းတို့ပျော်ရွှင်သည်။ ဤသေးငယ်သောကိစ္စတွင်ပင် ၎င်းတို့သည် ပြိုင်ဘက်ကင်းဖို့အတွက် ယှဉ်ပြိုင်ကြိုးစားသည်။ ယင်းသည် မည်သည့်စိတ်သဘောထားနည်း။ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် အဆင့်အတန်း၊ ကျော်ကြားမှု၊ ဂုဏ်တို့အပေါ်တွင် အလွန်အကျွံ တန်ဖိုးထားသည်။ မည်မျှ တန်ဖိုးထားသနည်း။ ထိုအရာများသည် ၎င်းတို့အတွက် ၎င်းတို့၏အသက်ထက်ပင် ပိုအရေးကြီးသည်။ ၎င်းတို့၏ အသက်စွန့်ရမည်ဆိုလျှင်ပင် ၎င်းတို့၏ အဆင့်အတန်းနှင့် ကျော်ကြားမှုကို အကာအကွယ်ပေးလိမ့်မည်။
အန္တိခရစ်တို့သည် ၎င်းတို့လုပ်သည့် မည်သည့်အလုပ်မဆို၌ အခြားလူများ၏ ဝင်ရောက်စွက်ဖက်မှု၊ စုံစမ်းမေးမြန်းမှုများ၊ သို့မဟုတ် ကြီးကြပ်မှုတို့ကို တားမြစ်သကဲ့သို့ ဤတားမြစ်ချက်သည် နည်းအချို့တွင် ပေါ်လွင်လေသည်။ တစ်ခုမှာ ရိုးရိုးရှင်းရှင်း ငြင်းဆိုခြင်း ဖြစ်သည်။ “ကျွန်ုပ် အလုပ်လုပ်နေချိန်တွင် ဝင်ရောက်စွက်ဖက်ခြင်း၊ စုံစမ်းမေးမြန်းခြင်းနှင့် ကျွန်ုပ်ကို ကြီးကြပ်ခြင်းတို့ကို ရပ်ပါ။ ကျွန်ုပ်လုပ်သည့် မည်သည့်အလုပ်မဆိုသည် ကျွန်ုပ်၏ တာဝန်ဖြစ်သည်။ လုပ်ရမည့်ပုံနှင့်ပတ်သက်၍ ကျွန်ုပ်၌ အကြံရှိပြီးဖြစ်သလို ကျွန်ုပ်ကို စီမံခန့်ခွဲဖို့ မည်သူ့ကိုမျှ ကျွန်ုပ် မလိုအပ်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မကွယ်မထောင့် ငြင်းဆန်ခြင်း ဖြစ်သည်။ နောက်ထပ် သရုပ်သကန်မှာ “ဟုတ်ပါပြီ။ မိတ်သဟာယပြုပြီး အလုပ်ကို မည်သို့လုပ်သင့်သည်ကို ကြည့်ကြပါစို့”ဟု ပြောလျက် သဘောပေါက်လက်ခံလွယ်သည့် အသွင်ဖြစ်သည်၊ သို့သော်လည်း အခြားသူများက အမှန်တကယ် စုံစမ်းမေးမြန်းပြီး ၎င်းတို့အလုပ်ကြောင်း ပိုသိရဖို့ ကြိုးစားသောအခါ သို့မဟုတ် ထိုသူတို့က ပြဿနာအနည်းငယ်ကို ထောက်ပြပြီး အကြံပြုချက်အနည်းငယ် ပေးသောအခါ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ (၎င်းတို့သည် သဘောပေါက်လက်ခံခြင်း မရှိပါ။) မှန်ပေသည်။ ၎င်းတို့သည် လက်ခံဖို့ တကယ်ကို ငြင်းဆိုကြသည်။ ၎င်းတို့သည် အခြားသူများ၏ အကြံပြုချက်များကို ငြင်းပယ်ဖို့ မူမမှန်သော အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာကြသည်။ ၎င်းတို့သည် အမှားကို အမှန်၊ အမှန်ကို အမှားသို့ပြောင်းသော်လည်း အမှန်မှာမူ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် ယုတ္တိကို အတင်းသွတ်သွင်းနေကြောင်း၊ ကြီးကျယ်သည့် စကားများကို ပြောနေကြောင်း၊ ၎င်းတို့ပြောနေသည့်အရာမှာ သဘောတရား သက်သက်သာ ဖြစ်ကြောင်း ၎င်းတို့၏စကားများ၌ အခြားလူများပြောဆိုသည့်အရာ၏ စစ်မှန်မှုတစ်ခုမျှ မရှိကြောင်း ၎င်းတို့ သိကြလေသည်။ သို့သော် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ကာကွယ်ဖို့၊ ၎င်းတို့သည် မှားကြောင်းနှင့် အခြားလူများက မှန်ကန်ကြောင်း ကောင်းစွာ သိလျက်နှင့် အခြားလူများ၏ အမှန်ကို အမှားအဖြစ်သို့ ပြောင်းလဲကာ မိမိတို့၏ ကိုယ်ပိုင်အမှားကို အမှန်အဖြစ်သို့ ပြောင်းလဲဆဲဖြစ်သည်။ ပြီးလျှင် ၎င်းတို့ရှိသည့်နေရာတွင် မှန်ကန်ပြီး သမ္မာတရားနှင့်ကိုက်ညီသည့် အမှုကိစ္စများကို မိတ်ဆက်ပေးဖို့၊ သို့မဟုတ် လက်တွေ့အကောင်အထည်ဖော်ဖို့ ခွင့်မပြုဘဲ ဆက်လက် ဆောင်ရွက်ကြလေသည်။ ၎င်းတို့သည် အသင်းတော်အလုပ်ကို ကစားပွဲတစ်ခုအဖြစ်၊ ရီစရာတစ်ခုအဖြစ် မမှတ်ယူနေသလော။ ၎င်းတို့သည် စုံစမ်းမေးမြန်းမှုများနှင့် ကြီးကြပ်မှုကို လက်ခံရန် မငြင်းဆန်နေသလော။ ၎င်းတို့သည် သင့်အား "သင်သည် ကျွန်ုပ်အလုပ်ကို ဝင်ရောက်စွက်ဖက်ခွင့်မရှိ" ဟု ပြောခြင်းအားဖြင့် ၎င်းတို့၏ ဤ "တားမြစ်မှု" ကို ပြောင်ပြောင်တင်းတင်း မဖော်ပြပေ။ ဤသည်မှာ ၎င်းတို့ပေါ်ပေါက်သည့်ပုံစံမဟုတ်ဘဲ ၎င်းတို့၏ စိတ်နေစိတ်ထားဖြစ်သည်။ ၎င်းတို့သည် လှည့်ကွက်အချို့ကို အသုံးပြုမည်ဖြစ်ပြီး အပြင်ပန်း၌ အလွန်ပင် ဘာသာတရားကိုင်းရှိုင်းသည့် ပုံစံရှိသည်။ ၎င်းတို့က "ကျွန်ုပ်တို့သည် အမှန်တကယ်ပင် အကူအညီ လိုအပ်နေသည့် သဘောဖြစ်နေသည်။ ထို့ကြောင့် ယခု သင်ရောက်နေသောကြောင့် ကျွန်ုပ်တို့နှင့် အနည်းငယ် မိတ်သဟာယဖွဲ့ပါ" ဟူ၍ ဆိုလိမ့်မည်။ ၎င်းတို့သည် စစ်မှန်မှုရှိသည်ဟု ၎င်းတို့ထက် အဆင့်မြင့်သော ခေါင်းဆောင်က ယုံကြည်လိမ့်မည်။ ထို့ကြောင့် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ကာ အခြေအနေများအကြောင်းကို အရှိအတိုင်း ပြောလိမ့်မည်။ ခေါင်းဆောင်ပြောသည်ကို ၎င်းတို့ ကြားသည်နှင့် ၎င်းတို့က "ယင်းသည် အမှုအရာများကို သင်မြင်ပုံဖြစ်သည်။ ဤသို့ဆိုလျှင် သင့်အမြင်ကို ချေပပြီး မဟုတ်မမှန်ကြောင်းပြရန်အတွက် သင်နှင့် ကျွန်ုပ်ငြင်းခုံဆွေးနွေးရမည်။ သင့်ကို အရှက်ရစေမည်" ဟူ၍ တွေးလိမ့်မည်။ ယင်းသည် လက်ခံသည့် သဘောထားဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သည့်သဘောထား ဖြစ်သနည်း။ ၎င်းတို့လုပ်ဆောင်သည့်အလုပ်တွင် အခြားလူများက ဝင်ရောက်စွက်ဖက်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ သို့မဟုတ် ကြီးကြပ်ခြင်းကို လိုက်နာရန် ငြင်းဆန်ခြင်း ဖြစ်သည်။ အန္တိခရစ်များက ဤသို့လုပ်ဆောင်မည်ကို ကြည့်လျှင် ၎င်းတို့သည် လူတို့ကို အဘယ်ကြောင့် ဟန်လုပ်ပြပြီး လက်ခံသည့်သဘောထားကို ဟန်ဆောင်သနည်း။ ၎င်းတို့သည် ဤနည်းဖြင့် လူတို့အား လှည့်ဖြားမည်ဆိုသည်က ၎င်းတို့ အဘယ်မျှပင် အလွန်စဉ်းလဲကြောင်းကို ပြသည်။ လူတို့က ၎င်းတို့အား ရိပ်စားမိမည်ကို ၎င်းတို့ကြောက်သည်။ အထူးသဖြင့် လက်ရှိအချိန်တွင် ပိုင်းခြားသိမြင်နိုင်စွမ်း အတိုင်းအတာတစ်ခု ရှိသည့် လူအချို့ရှိသည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦးက အခြားလူများ၏ ကြီးကြပ်မှုနှင့် အကူအညီကို တဲ့တိုးငြင်းဆန်လျှင် လူတို့သည် သိနိုင်မည်ဖြစ်ပြီး ၎င်းတို့ကို ရိပ်စားမိနိုင်မည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ၎င်းတို့၏ ဂုဏ်နှင့် အဆင့်အတန်းကို ဆုံးရှုံးလိမ့်မည်။ ပြီးလျှင် နောင်တွင် ၎င်းတို့အနေဖြင့် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်အဖြစ် အရွေးခံရဖို့ လွယ်ကူမည်မဟုတ်ပေ။ ထို့ကြောင့် ပို၍အဆင့်မြင့်သော ခေါင်းဆောင်တစ်ဦးက ၎င်းတို့အလုပ်ကို စစ်ဆေးသောအခါ ၎င်းတို့က လက်ခံဟန်ဆောင်ပြီး ကျေနပ်ဖွယ်ဖြစ်သော၊ အလိုကိုဖြည့်သော အရာများအားပြောကာ "ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် မည်မျှဘာသာတရား ကိုင်းရှိုင်းသည်၊ သမ္မာတရားကို မည်မျှရှာဖွေသည်ကို ကြည့်ပါ။ ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် ကျွန်ုပ်တို့၏ အသက်တာများနှင့် အသင်းတော်အလုပ်ကို ကြည့်ရှုစောင့်ရှောက်နေသည်။ သူသည် သူ့တာဝန်ကို ထမ်းဆောင်ခြင်းတွင် တာဝန်ခံယူမှုရှိသည်။ နောက်ရွေးကောက်ပွဲတွင် သူ့ကို ငါတို့ တစ်ဖန်ရွေးချယ်မည်" ဟူ၍ လူတိုင်းအား တွေးစေသည်။ မည်သူမျှ မမြင်မိသောအရာမှာ ပိုမိုအဆင့်မြင့်သော ခေါင်းဆောင်က ထွက်ခွာသွားသည်နှင့် အန္တိခရစ်က ဤသို့သောအရာတစ်ခုကို ပြောလိမ့်မည်။ "အလုပ်ကို စစ်ဆေးခဲ့သည့် ထိုသူပြောသည့်အရာက လက်သင့်ခံနိုင်ဖွယ်ရာ ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့အသင်းတော်ရှိ အခြေအနေများနှင့် မလွဲမသွေ သင့်တော်ခြင်းမျိုး ရှိချင်မှရှိပေမည်။ အသင်းတော်တိုင်းတွင် အခြေအနေများက မတူပေ။ သူပြောသည့်အရာကို ကျွန်ုပ်တို့ အလုံးစုံလိုက်လုပ်၍ မဖြစ်။ ကျွန်ုပ်တို့၏ တကယ့်အခြေအနေကို ထည့်စဉ်းစားပြီး စဉ်းစားသုံးသပ်ရမည်။ စည်းမျဉ်းစည်းကမ်းများကို မစဉ်းမစားအသုံးချ၍ မဖြစ်" ဟူ၍ ဖြစ်သည်။ ပြီးလျှင် လူတိုင်းက ယင်းသည် မှန်သည်ဟု တွေးမိသွားသည်။ ၎င်းတို့သည် အထင်အမြင်မှားအောင် ပြုလုပ်သည်ကို ခံရပြီးမဖြစ်သလော။ အန္တိခရစ် လုပ်ဆောင်သည့်အရာ၏ တစ်ပိုင်းမှာ ကျေနပ်ဖွယ်ဖြစ်သော စကားများကို ပြောဆိုပြီး အခြားလူတို့၏ ကြီးကြပ်မှုကို လက်ခံဟန်ဆောင်ခြင်း ဖြစ်သည်။ ထို့နောက် ချက်ချင်းပင် ၎င်းတို့သည် အဖွဲ့တွင်းတွင် အထင်အမြင်မှားစေခြင်း၊ အယူဝါဒသွတ်သွင်းခြင်းအလုပ်ကို စတင်လုပ်ဆောင်သည်။ ၎င်းတို့သည် ဤနည်းလမ်းနှစ်ပိုင်းကို တစ်ပြိုင်နက် အကောင်အထည်ဖော်သည်။ ၎င်းတို့တွင် လှည့်ကွက်များရှိသလော။ အမှန်ပင် များစွာရှိသည်။ အပြင်ပန်းတွင် ၎င်းတို့သည် ကောင်းစွာ ပြောဆိုပြီး လက်ခံဟန်ဆောင်ကာ ၎င်းတို့သည် အလုပ်အပေါ် အတော်အတန် တာဝန်ရှိသည်ဟု အလွန်ခံစားရသည်ဟုလည်းကောင်း၊ ၎င်းတို့၏ ရာထူးနှင့် အဆင့်အတန်းကို လက်လွှတ်နိုင်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် အာဏာရှင်မဟုတ်ဘဲ အထက်မှ၊ သို့မဟုတ် အခြားသောလူများထံမှ ကြီးကြပ်မှုကို လက်ခံနိုင်သည်ဟုလည်းကောင်း လူတိုင်း ယုံကြည်စေရန် လုပ်ဆောင်သည်။ ပြီးလျှင် ၎င်းတို့သည် ထိုသို့လုပ်ဆောင်သောအခါတွင် အမှုအရာများ၏ အားသာချက်၊ အားနည်းချက်များကို ညီအစ်ကိုမောင်နှမများ "ရှင်းလင်းစေရန်" လုပ်ဆောင်ပြီး အခြေအနေအမျိုးမျိုးကို "ရှင်းလင်းစေရန်" လုပ်ဆောင်သည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ အခြားသူများ ဝင်ရောက်စွက်ဖက်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ သို့မဟုတ် ကြီးကြပ်ခြင်းကို လက်မခံဖို့နှင့် ၎င်းတို့ ထိုသို့ပြုမူဆောင်ရွက်ခြင်းသည် ခိုင်လုံကြောင်း၊ မှန်ကန်ကြောင်း၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် ကိုက်ညီကာ၊ လုပ်ရပ်စည်းမျဉ်းများနှင့် ကိုက်ညီကြောင်း၊ ပြီးလျှင် ခေါင်းဆောင်အနေဖြင့် ၎င်းတို့သည် စည်းမျဉ်း လိုက်နာကြောင်းကို ညီအစ်ကိုမောင်နှမများ တွေးစေဖို့ ဖြစ်လေသည်။ အမှန်တွင် အသင်းတော်၌ လူအနည်းငယ်သာလျှင် သမ္မာတရားကို နားလည်ကြသည်။ အများစုသည် သေချာပေါက် ချင့်ချိန်နိုင်စွမ်း မရှိကြချေ။ သူတို့သည် ဤအန္တိခရစ်ကို သူ၏အရှိအတိုင်း မမြင်နိုင်ကြသကဲ့သို့၊ သူ၏ အထင်အမြင်မှားစေခြင်းကို အလိုအလျောက် ခံကြရသည်။ ဥပမာ လူအချို့သည် သီးသန့် အကြောင်းပြချက်တစ်ခုခုကြောင့် ညတွင် မအိပ်ကြပေ။ ၎င်းတို့သည် တစ်ညလုံး မအိပ်ဘဲ နေသည်။ လူနှစ်မျိုးနှစ်စားရှိသည်။ ယင်းတို့တွင် ထိုမအိပ်ခြင်းက မတူညီသော ပုံစံနှစ်မျိုးဖြင့် ပေါ်လွင်သည်။ ပထမတစ်မျိုးက နေ့ခင်းပိုင်းတွင် အိပ်၍ရသည်နှင့် အနည်းငယ်အိပ်စက်ဖို့ အခွင့်အရေးရှာသည်။ ၎င်းတို့ ညမအိပ်ခဲ့သည်ကို အခြားလူများအား သိခွင့်မပေး။ ယင်းမှာ အခြေအနေတစ်ခုဖြစ်သည်။ အမှုအရာများ၏ ပကတိအခြေအနေဖြစ်သည်။ ယင်းနောက်ကွယ်တွင် ရည်ရွယ်ချက်မရှိ။ အခြားလူအမျိုးအစားက အစာစားသည့်အချိန်များတွင် ငိုက်မျဉ်းပြီး လူတိုင်းအား "ယမန်နေ့ညက ကျွန်ုပ် မအိပ်ခဲ့ပါ" ဟု ပြောသည်။ လူတစ်ယောက်က "အဘယ်ကြောင့် မအိပ်ခဲ့သနည်း" ဟု မေးပြီး သူက "အွန်လိုင်း စုဝေးပွဲတစ်ခုရှိခဲ့ပြီး အလုပ်တွင် ပြဿနာတချို့ကို ကျွန်ုပ်တွေ့ခဲ့သည်။ ထိုပြဿနာများကို ဖြေရှင်းလျက် တစ်ညလုံး မအိပ်ဘဲနေခဲ့သည်" ဟု ဆိုသည်။ ၎င်းတို့သည် တစ်ညလုံးမအိပ်ခဲ့သည်ကို မရပ်မနားဆက်လက်၍ ကြေညာသည်။ ၎င်းတို့သည် တစ်ညလုံး မအိပ်ဘဲနေရန် တွန့်ဆုတ်သလော။ အဘယ်ကြောင့် အဖွဲ့ကို ရှင်းလင်းပြနေသနည်း။ ထိုရှင်းပြချက်အတွင်းတွင် တစ်စုံတစ်ခုရှိသလော။ ၎င်းတို့၏ ပန်းတိုင်က အဘယ်နည်း။ အခြားလူများ မသိနိုင်မည်ကို ကြောက်ပြီး ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာကို တစ်လောကလုံးအား အသိပေးလိုသည်။ ၎င်းတို့သည် ဒုက္ခခံခဲ့သည်ကိုလည်းကောင်း၊ တစ်ညလုံး မအိပ်ဘဲနေခဲ့သည်ကိုလည်းကောင်း၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် အဖိုးအခပေးဆပ်လိုစိတ် ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့သည် သက်သာမှုကို မတပ်မက်သည်ကိုလည်းကောင်း လူတိုင်းအား သိစေလိုသည်။ ဤအရာဖြင့် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ ကရုဏာနှင့် အသိအမှတ်ပြုခြင်းကို ရယူဖို့ ရည်ရွယ်သည်။ ၎င်းတို့သည် အပေါ်ယံ စွမ်းဆောင်မှုကို ပြုလုပ်ခြင်းအားဖြင့် လူတို့၏ စိတ်နှလုံးကို စည်းရုံးသိမ်းသွင်းသည်။ ဤသို့လုပ်ဆောင်ခြင်းတွင် ၎င်းတို့သည် အခြားလူများအား ၎င်းတို့ကို အထင်ကြီးစေသည်။ ပြီးလျှင် လူတို့၏ စိတ်နှလုံး၌ ဂုဏ်သိက္ခာကို ၎င်းတို့ ရရှိသည်။ ၎င်းတို့သည် အဆင့်အတန်းရှိသည်နှင့် ဩဇာအာဏာဖြင့် စကားပြောဖို့ သေချာသည်။ ၎င်းတို့သည် ဩဇာအာဏာဖြင့် စကားပြောသည်နှင့် တစ်ပြိုင်နက် အဆင့်အတန်းဖြင့် လိုက်ပါလာသော အထူးအကျိုးခံစားခွင့်ကို ခံစားနိုင်မည်မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဤအခွင့်အလမ်းကို လက်မလွှတ်တမ်း အသုံးချခဲ့သည်ဟု သင်ထင်သလော။ သင်တို့သည် မအိပ်ရသေးသောအခါ၊ သို့မဟုတ် ညနက်သည်အထိ မအိပ်ဘဲနေသောအခါတွင် အခြားလူများကို ပြောသလော။ (ပြောပါသည်။) ပြောသောအခါတွင် ယင်းသည် မရည်ရွယ်ဘဲ ဖြစ်သလော၊ သို့မဟုတ် ယင်းနောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခုခု ရှိသလော။ သင်က တစ်စုံတစ်ယောက်ကို ပေါ့ပေါ့တန်တန်ပြောခြင်းသာ ဖြစ်သလော၊ သို့မဟုတ် ကိုယ်ရည်သွေးလျက် ကြီးကျယ်သော ကြေညာမှုကို ပြုနေခြင်း ဖြစ်သလော။ (ပေါ့ပေါ့တန်တန်ပြောခြင်း ဖြစ်သည်။) ပေါ့ပေါ့တန်တန်ဖြစ်စွာ ပြောခြင်းနောက်ကွယ်တွင် ရည်ရွယ်ချက်မရှိ။ ယင်းသည် စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခုကို မညွှန်ပြပေ။ တမင်တကာ ပြောခြင်းနှင့် မရည်ရွယ်ဘဲ ပြောဆိုခြင်းတွင် လုံးဝ မတူညီသော သဘာဝတစ်ခုရှိသည်။ အန္တိခရစ်တစ်ဦးက ပြုမူဆောင်ရွက်သောအခါ အပေါ်ယံ၌ သူသည် အခြားလူများ၏ ဝင်ရောက်စွက်ဖက်ခြင်းနှင့် စုံစမ်းမေးမြန်းခြင်းများကို လက်ခံသည့်ပုံစံရှိသည်ဖြစ်စေ၊ ယင်းတို့ကို တဲ့တိုးငြင်းပယ်နေသည်ဖြစ်စေ မည်သည့်အရာဖြစ်သည်ဖြစ်စေ သူလုပ်နေသည့်အရာနောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် အဆင့်အတန်းနှင့် အာဏာကို ဆုပ်ကိုင်နေခြင်း ဖြစ်သည်။ ယင်းကို လက်လွှတ်မည်ကို မဟုတ်။ ယင်းသည် ၎င်းတို့၏ ရည်ရွယ်ချက်မဟုတ်လော။ (ဟုတ်ပါသည်။) မှန်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကြိုးစားရယူခဲ့ရသော အာဏာ၊ ၎င်းတို့၏ ကြိုးစားရယူခဲ့ရသော အဆင့်အတန်းနှင့် ဂုဏ်သိက္ခာတို့ကို အာရုံမစိုက်မိသော အချိန်တစ်ခဏ၌ သာမန်ကာလျှံကာ လွတ်ထွက်သွားခွင့် လုံးဝ ပြုမည်မဟုတ်။ ၎င်းတို့သည် မည်သူ့ကိုမျှ ၎င်းတို့အလုပ်ကို ဝင်ရောက်စွက်ဖက်ခြင်း၊ သို့မဟုတ် ၎င်းတို့အလုပ်အကြောင်းကို စုံစမ်းမေးမြန်းခြင်းအားဖြင့် ၎င်းတို့၏ အင်အားစုနှင့် လွှမ်းမိုးမှုကို အားနည်းစေမည် မဟုတ်ပေ။ ၎င်းတို့သည် ဤသို့ ယုံကြည်သည်။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်း၊ အလုပ်အစီအစဉ်တစ်ခုကို တာဝန်ယူလုပ်ဆောင်ခြင်းသည် အမှန်တကယ်၌ တာဝန်တစ်ခုမဟုတ်၊ ပြီးလျှင် ယင်းကို ဝတ္တရားတစ်ခုအဖြစ် လုပ်ဆောင်ဖို့မလိုအပ်ဘဲ ဤအစား ယင်းသည် အာဏာတစ်ခုကို ပိုင်ဆိုင်ခြင်း၊ လူအနည်းငယ်ကို ၎င်းတို့၏ ကွပ်ကဲမှုအောက်၌ ထားရှိခြင်းဖြစ်သည် ဟူ၍ ဖြစ်သည်။ အာဏာရှိလျှင် ၎င်းတို့သည် မည်သူနှင့်မျှ တိုင်ပင်ဆွေးနွေးဖို့ မလိုတော့ဘဲ ယခုတွင် ကြီးကြပ်ရန် အခွင့်အရေးနှင့် အာဏာရှိသည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ တာဝန်အပေါ် ၎င်းတို့၌ ရှိသည့် သဘောထားမျိုး ဖြစ်သည်။
အထက်က ၎င်းတို့၏ အလုပ်နှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းသောအခါ၌ ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်သောသူအချို့ရှိသည်။ ၎င်းတို့သည် သမ္မာတရားကို ရှာသူတစ်ဦး ဖြစ်သည့်အလား အပေါ်ယံစွမ်းဆောင်မှုတစ်ခုကို ပေးပြီး အရေးမကြီးသော ကိစ္စအနည်းငယ်ကိုမေးသည်။ ဥပမာအနေဖြင့် သိသာထင်ရှားစွာပင် အနှောင့်အယှက်၊ အဖျက်အမှောင့်တစ်ခုနှင့် ညီမျှသော ဖြစ်ရပ်တစ်ခုရှိလျှင် ယင်းအား ဖြစ်ပွားစေသူသည် ကိုင်တွယ်ခံရသင့်၊ မသင့်ကို အထက်အား ၎င်းတို့ မေးလိမ့်မည်။ ထိုသို့သောအရာက ၎င်းတို့အလုပ်၏ တစ်စိတ်တစ်ပိုင်း မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းအကြောင်းကို အထက်အား မေးရာ၌ ၎င်းတို့သည် မည်သည့်အရာကို အလိုရှိခြင်း ဖြစ်သနည်း။ ၎င်းတို့က ဤသို့သော ကိစ္စများအကြောင်းကိုပင် မေးလျှင် ၎င်းတို့သည် အလဟဿ နေနေခြင်းမဟုတ်၊ အလုပ်လုပ်နေခြင်းဖြစ်သည်ဟူသော သက်သေဖြစ်သည်ဟု သင့်အား ပြသရန်အတွက် ၎င်းတို့၏ အပြင်ပန်းပုံစံအား သင့်အား ပေးဖို့ ရည်ရွယ်သည်။ ၎င်းတို့သည် သင့်အား အထင်အမြင်မှားစေရန်အတွက် အပြင်ပန်းပုံစံ တစ်ခုကို လုပ်ကြံဖန်တီးနေခြင်းသာ ဖြစ်သည်။ အမှန်မှာ ၎င်းတို့၏ စိတ်နှလုံးတွင် တကယ့်ပြဿနာအချို့ရှိပြီး ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားအား မည်သို့မိတ်သဟာယပြုရမည်ကို မသိသကဲ့သို့ မည်သည့်စည်းမျဉ်းများအား ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည်ကိုလည်း မသိပေ။ လူတို့အား ကိုင်တွယ်ခြင်းနှင့် အမှုကိစ္စများအား ကိုင်တွယ်ခြင်းတွင်ပါ ၎င်းတို့အတွက် မရှင်းလင်းသော အရာများ ရှိသော်လည်း ယင်းတို့အကြောင်းကို ၎င်းတို့ လုံးဝ မမေး၊ သို့မဟုတ် မရှာဖွေပေ။ ၎င်းတို့စိတ်နှလုံး၌ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့မသေချာသည်ကို ကြည့်လျှင် ယင်းတို့အကြောင်းကို အထက်အား မမေးသင့်သလော။ (မေးသင့်ပါသည်။) ၎င်းတို့သည် ယင်းတို့အကြောင်းကို မသေချာသကဲ့သို့ မရိပ်စားမိနိုင်သော်လည်း ဆက်လက်၍ မစဉ်းမစား လုပ်ဆောင်သည်။ ယင်း၏ အကျိုးဆက်များမှာ မည်သည့်အရာ ဖြစ်မည်နည်း။ မည်သည့်အရာ ဖြစ်မည်ကို ၎င်းတို့ ကြိုတင်ခန့်မှန်းနိုင်သလော။ အကျိုးဆက်များအတွက် တာဝန်ခံနိုင်မည်လော။ တာဝန်ခံနိုင်မည်မဟုတ်ပေ။ ဤသို့ဆိုလျှင် ဤအရာများအကြောင်းကို ၎င်းတို့ အဘယ်ကြောင့် မမေးသနည်း။ ၎င်းတို့မမေးခြင်း၌ ၎င်းတို့စဉ်းစားနေသည့် အကြောင်းများရှိသည်။ တစ်ခုမှာ အထက်က ၎င်းတို့၏ အကြောင်းသိသွားမည်ကို ၎င်းတို့ ကြောက်ခြင်း ဖြစ်သည်။ "ဤအသေးအဖွဲကိစ္စကိုပင် ငါမကိုင်တွယ်နိုင်ဘဲ ဤအရာနှင့်ပတ်သက်ပြီး မေးရမည်ဆိုလျှင် ငါ၏ အစွမ်းအစက အလွန်ကောင်းခြင်းမရှိဟု အထက်က ထင်လိမ့်မည်။ ဤသည်မှာ အထက်က ငါ့ကို တန်းတန်းမတ်မတ်ပင် ရိပ်စားမိစေမည်မဟုတ်လော" ဟူ၍ ဖြစ်သည်။ ၎င်းတို့က အမှန်တကယ် မေးမြန်းပြီး အထက်၏ ဆုံးဖြတ်ချက်က ၎င်းတို့၏ ကိုယ်ပိုင်အမြင်နှင့် ကွဲလွဲနေပြီး မတူညီလျှင် ၎င်းတို့သည် ရွေးချယ်ရန် ဖိအားပေးခြင်းခံရမည်ဟုဆိုကာ ၎င်းတို့ စဉ်းစားနေသည့် အချက်လည်းရှိသည်။ အထက်ကပြောသည့်အရာကို ၎င်းတို့ မလုပ်လျှင် အထက်က ၎င်းတို့သည် အလုပ်စည်းမျဉ်းများကို ချိုးဖောက်နေသည်ဟု ဆိုလိမ့်မည်။ ၎င်းတို့လုပ်လျှင် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားတို့၌ ဆုံးရှုံးမှုဖြစ်ပေါ်မည်။ ထို့ကြောင့် ၎င်းတို့က မမေးပေ။ ယင်းကို ထည့်သွင်းစဉ်းစားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဟုတ်သည်။ ဤအရာများကို ထည့်သွင်းစဉ်းစားသော ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ (အန္တိခရစ်များဖြစ်ပါသည်။) ၎င်းတို့သည် အမှန်ပင် အန္တိခရစ်များဖြစ်သည်။ မည်သည့်အရာတွင်မဆို ၎င်းတို့သည် ယင်းအကြောင်းကို မေးသည်ဖြစ်စေ၊ မမေးသည်ဖြစ်စေ၊ ယင်းအကြောင်း ထုတ်ပြောသည်ဖြစ်စေ၊ စဉ်းစားရုံသာဖြစ်စေ သမ္မာတရားကို မရှာဖွေပေ၊ သို့မဟုတ် ထိုအရာကို စည်းမျဉ်းများနှင့်အညီ မမှတ်ယူပေ။ အရာအားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကိုသာ ရှေ့တန်းတင်သည်။ ၎င်းတို့၏ စိတ်နှလုံး၌ အထက်က စုံစမ်းမေးမြန်းပြီး သိခွင့်ပေးနိုင်သောအရာများနှင့် အထက်ကို ၎င်းတို့ လုံးဝ မသိစေလိုသောအရာများဖြစ်သည့် စာရင်းတစ်ခုရှိသည်။ ထိုအပိုင်းတို့ကို ၎င်းတို့က ဘောင်ခတ်ထားပြီး အမျိုးအစားနှစ်ခုအဖြစ် ခွဲထားသည်။ ၎င်းတို့သည် အထက်နှင့် အဆင်ပြေစေရန်အတွက် ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်မှု မဖြစ်စေနိုင်သော ထိုအသေးအဖွဲကိစ္စများအကြောင်းအား အထက်နှင့် အလျင်စလို ပြောဆိုလိမ့်မည်။ သို့သော် ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်နိုင်သော အရာများတွင်မူ စကားတစ်ခွန်းမျှ ပြောမည်မဟုတ်။ အထက်က ထိုအရာများအကြောင်းကို မေးလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်မည်နည်း။ အထက်ကို နှပ်ချရန်အတွက် စကားအနည်းငယ်ကို အသုံးပြုလိမ့်မည်။ ၎င်းတို့က အတိုက်အခံပြုခြင်းဖြစ်သည်ဟု မြင်နိုင်သည့်အရာတစ်ခုမျှမရှိဘဲ သင့်အတွက် များပြားလှသော ကတိသစ္စာများဖြစ်သည့် "ကောင်းပြီ။ ကျွန်ုပ်တို့ ဆွေးနွေးမည်...။ ကျွန်ုပ်တို့ ဆက်လက်ရှာဖွေနေမည်..." ဟူ၍ ဆိုလိမ့်မည်။ အသွင်အပြင်အရ ၎င်းတို့က အတော်အတန် ကျိုးနွံနာခံသည်။ သို့သော် အမှန်မှာ ၎င်းတို့၌ ကိုယ်ပိုင် တွက်ချက်မှုများရှိသည်။ ၎င်းတို့သည် အထက်ကို ဆုံးဖြတ်ချက်ချခွင့်ပေးဖို့ အစီအစဉ်မရှိ။ ၎င်းတို့သည် အထက်၏ အကြံပြုချက်များကို တောင်းခံပြီး အထက်ကို ဆုံးဖြတ်ချက်များ ချမှတ်စေဖို့၊ သို့မဟုတ် အထက်မှ လမ်းကြောင်းတစ်ခုခုကို ရှာဖို့ အစီအစဉ်မရှိပေ။ ၎င်းတို့၌ ဤသို့သော အစီအစဉ်များမရှိ။ ၎င်းတို့သည် အထက်ကို ကြားဝင်စွက်ဖက်ခွင့်၊ သို့မဟုတ် အမှန်တကယ်၌ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သိခွင့် မပြုလိုပေ။ အထက်က သိသည်နှင့် ထိုအခါ၌ ၎င်းတို့အတွက် မည်သည့်ခြိမ်းခြောက်မှုဖြစ်မည်နည်း။ (၎င်းတို့၏ အဆင့်အတန်းကို ၎င်းတို့ စိတ်ချရမည်မဟုတ်။) ၎င်းတို့၏ အဆင့်အတန်းကို စိတ်ချရမည် မဟုတ်ရုံသာမကဘဲ ၎င်းတို့၏ အစီအစဉ်များနှင့် ပန်းတိုင်တို့သည် အလုပ်ဖြစ်နိုင်တော့မည် မဟုတ်ပေ။ ဤသို့ဖြင့် ၎င်းတို့၏ မကောင်းမှု လုပ်ဆောင်ခြင်းတွင် ကျိုးကြောင်းခိုင်လုံတော့မည် မဟုတ်တော့ပေ။ ၎င်းတို့၏ ကိုယ်ပိုင်အစီအစဉ်များအတိုင်း ကျိုးကြောင်းခိုင်လုံစွာ၊ ပွင့်လင်းစွာ၊ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နိုင်မည် မဟုတ်တော့ပေ။ ဤသည်မှာ ၎င်းတို့ ရင်ဆိုင်ရမည့် ပြဿနာဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့ကို အကျိုးဖြစ်စေမည့်ပုံစံဖြင့် မည်သို့ပြုမူလုပ်ဆောင်ရမည်ကို ၎င်းတို့ သေချာသိနိုင်သလော။ ၎င်းတို့တွင် ယင်းနှင့်ပတ်သက်ပြီး ၎င်းတို့၏ အတွေးများ၊ တွက်ချက်မှုများ သေချာပေါက် ရှိသည်။ သင်တို့လည်း ဤသို့သောအရာများကို ရင်ဆိုင်ရသည်ဟု မြင်သလော။ ဤသို့ဆိုလျှင် ယင်းတို့နှင့်ပတ်သက်ပြီး သင်တို့ မည်သို့ထင်သနည်း။ ယင်းတို့ကို မည်သို့ သဘောထားသနည်း။ ငါ ဥပမာတစ်ခုပေးမည်။ ခေါင်းဆောင်ဖြစ်လာပြီး အလွန်ပင် စိတ်ထိန်းမနိုင်သိမ်းမရ ဖြစ်ခဲ့သောသူတစ်ယောက်ရှိသည်။ သူသည် အခြားလူများ၏ အထင်ကြီးမှုကို ရရန်အတွက် ၎င်းတို့ရှေ့တွင် ကိုယ်ရည်သွေးခြင်းကို အစဉ်နှစ်သက်ခဲ့သည်။ သူသည် သူနှင့်သိခဲ့သော၊ ပိုက်ဆံချေးလိုသော ဘာသာတရားမရှိသူတစ်ယောက်နှင့် ဆုံမိသည်။ ဘာသာတရားမရှိသူက သူ၏ ကိစ္စကို အလွန်သနားစဖွယ်ဖြစ်စွာ အသနားခံပြောဆိုခဲ့သဖြင့် ခေါင်းဆောင်က တစ်ခဏတာ စိတ်လှုပ်ရှားမှုဖြင့် စိတ်လိုက်မာန်ပါ လိုက်လျောခဲ့သည်။ ထို့နောက်တွင် သူသည် တည်ငြိမ်စွာဖြင့် စနိုးစနောင့်ဖြစ်ခြင်းမရှိဘဲ တွေးမိသည်။ "ငါသည် အသင်းတော်၏ ခေါင်းဆောင်ဖြစ်သည်။ အသင်းတော်၏ ပိုက်ဆံနှင့်ပတ်သက်၍ ငါ၌ ဆုံးဖြတ်ချက်ချခွင့် ရှိသင့်သည်။ ဘုရားအိမ်တော်နှင့်၊ အသင်းတော်နှင့်၊ လှူဖွယ်ပစ္စည်းများနှင့် သက်ဆိုင်သောအရာများတွင် ငါ၌ အာဏာရှိသည်။ ထို့ကြောင့် ငါပြောသည့်အရာသည် အဓိကကျသည်။ ဘဏ္ဍရေးသည် ငါစီမံဖို့ ဖြစ်သည်။ ပြီးလျှင် ဝန်ထမ်းခန့်အပ်ခြင်း ကိစ္စများသည်လည်း ငါစီမံဖို့ဖြစ်သည်။ ယင်းတို့အားလုံးကို ငါဆုံးဖြတ်ချက်ချပိုင်ခွင့် ရှိသည်" ဟူ၍ ဖြစ်သည်။ ထို့ကြောင့် သူသည် ဘုရားအိမ်တော်၏ ပိုက်ဆံကို ဘာသာတရားမရှိသူတစ်ယောက်အား ချေးလိုက်သည်။ ချေးပြီးသည်နှင့် သူသည် အနည်းငယ် အနေရခက်ပြီး ဤအကြောင်းကို အထက်အား ပြောသင့်မပြောသင့် သူစဉ်းစားသည်။ သူပြောလျှင် အထက်က ဤကိစ္စကို သဘောမတူကောင်းမတူနိုင်ပေ။ ထို့ကြောင့် သူသည် အထက်ကို လှည့်စားရန်အတွက် အလိမ်အညာများကို စတင်၍ လုပ်ကြံဖန်တီးပြီး ဆင်ခြေများပေးသည်။ အထက်က သူ့အား သမ္မာတရားစည်းမျဉ်းများကို မိတ်သဟာယဖွဲ့သော်လည်း သူက ဤအရာကို အရေးမစိုက်ပေ။ ဤသည်မှာ လှူဖွယ်ပစ္စည်းများကို လျှို့ဝှက်စွာဖြင့် အလွဲသုံးစား ပြုလုပ်သည့် ဒုစရိုက်အမှုကို သူကျုးလွန်ခဲ့ပုံဖြစ်သည်။ ဤသို့သောသူသည် အဘယ်ကြောင့် လှူဖွယ်ပစ္စည်းများအပေါ် မကောင်းသောအကြံအစည်များ ပြုလုပ်ရဲသနည်း။ သင်သည် အသင်းတော်ခေါင်းဆောင်တစ်ဦးမျှသာ ဖြစ်သည်။ သင်၌ လှူဖွယ်ပစ္စည်းများကို စီမံပိုင်ခွင့်ရှိသလော။ လှူဖွယ်ပစ္စည်းများနှင့် ဘဏ္ဍရေးကိစ္စများအပေါ် သင်၌ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသလော။ သင်သည် ပုံမှန်လူ့သဘာဝနှင့် ဆင်ခြင်တုံတရားရှိသူ၊ သမ္မာတရားအား လိုက်စားသူတစ်ဦး ဖြစ်လျှင် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို အဘယ်သို့ သဘောထားသင့်သနည်း။ လှူဖွယ်ပစ္စည်းများနှင့် သက်ဆိုင်သော ကိစ္စများနှင့်ပတ်သက်၍ ဘုရားအိမ်တော်က မည်သည့်အရာကို ဆုံးဖြတ်မည်ကို ကြည့်ရန်အတွက် အထက်အား လွှဲပြောင်းပေးသင့်သည် မဟုတ်လော။ ဤသို့သော အကြီးစားကိစ္စတစ်ခုနှင့်ပတ်သက်ပြီး အထက်က သိခွင့်မရှိသလော။ ဟုတ်သည်။ ဤသည်မှာ စိတ်နှလုံးတွင် သင်ရှင်းလင်းသင့်သော အရာတစ်ခုဖြစ်သည်။ ယင်းသည် သင်ပိုင်ဆိုင်သင့်သော ဆင်ခြင်တုံတရား ဖြစ်သည်။ ဘဏ္ဍရေးကိစ္စများ၊ အကြီးစား၊ အသေးစားကိစ္စများနှင့်ပါ ပတ်သက်သောအခါတွင် အထက်က သိပိုင်ခွင့်ရှိသည်။ အထက်က မမေးလျှင် တစ်မျိုးတစ်မည်ဖြစ်သည်။ မေးလျှင်မူ မှန်ကန်စွာ ဖြေရမည်။ ပြီးလျှင် အထက်က ဆုံးဖြတ်သည့် မည်သည့်အရာကိုမဆို ကျိုးနွံနာခံသင့်သည်။ ဤသည်မှာ သင့်တွင် ရှိသင့်သော ဆင်ခြင်တုံတရားမျိုး မဟုတ်လော။ (ဟုတ်ပါသည်။) သို့တိုင်အောင် အန္တိခရစ်များက ဤအရာကို စွမ်းဆောင်နိုင်သလော။ (မစွမ်းဆောင်နိုင်ပါ။) ယင်းသည် အန္တိခရစ်များနှင့် ပုံမှန်လူတို့ကြား ကွာခြားချက် ဖြစ်သည်။ ထိုအရာကို အထက်က သဘောတူမည် မဟုတ်ခြင်းကလည်းကောင်း၊ ၎င်းတို့၏ ဂုဏ်သိက္ခာ ထိခိုက်နစ်နာမည်ကလည်းကောင်း ရာနှုန်းပြည့်ဖြစ်နိုင်ချေ ရှိသည်ဟု ၎င်းတို့တွေးထင်လျှင် ယင်းကို ဖုံးကွယ်ရန်၊ အထက်မှ ယင်းအကြောင်းကို မသိစေရန် နည်းလမ်းမျိုးစုံကို ကြံဖန်လိမ့်မည်။ ၎င်းတို့အောက်၌ရှိသော လူတို့အပေါ်တွင်ပင် အတင်းအကျပ် ဖိအားပေးမည်ဖြစ်ပြီး "တစ်စုံတစ်ယောက်က ဤအရာကို ချပြလျှင် သူသည် ငါ့ကို ဆန့်ကျင်သည်။ သူတော့ ငါနှင့် ထိပ်တိုက်တွေ့တော့မည်။ မည်သည့်အရာ ဖြစ်ချင်ဖြစ်ပါစေ သူ့ကို ငါကိုင်တွယ်မည်" ဟု ဆိုသည်။ ပြီးလျှင် ၎င်းတို့ထံမှ ထိုကြောက်စရာကောင်းသော စကားများကြောင့် မည်သူကမျှ အမှုကိစ္စကို အထက်သို့ မတင်ပြရဲပေ။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ လုပ်ဆောင်သနည်း။ ၎င်းတို့က "ဤသည်မှာ ငါ၏ အာဏာ၏ နယ်ပယ်အောက်တွင်ရှိသည်။ ငါ၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်အတွင်းရှိ လူများ၊ ငွေ၊ ပစ္စည်းများကို ထိထိရောက်ရောက် အသုံးချပြီး ဖြန့်ချိရန် ငါ့တွင် လုပ်ပိုင်ခွင့်ရှိသည်" ဟု ယုံကြည်သည်။ ၎င်းတို့၏ ထိထိရောက်ရောက် အသုံးချမှုနှင့် ဖြန့်ချိမှုအတွက် စည်းမျဉ်းများမှာ အဘယ်နည်း။ ၎င်းတို့သည် အစီအစဉ်များကို စိတ်ထင်သလို ပြုလုပ်သည်။ မည်သည့်စည်းမျဉ်းကိုမျှ မလိုက်နာဘဲ ငွေနှင့် ပစ္စည်းများကို ထင်ရာမြင်ရာ အသုံးပြုပြီး ပေးကမ်းသည်။ ၎င်းတို့သည် ဤအရာများကို လက်လွတ်စပယ် အချည်းနှီးကုန်စေပြီး ဖြုန်းတီးသည်။ ပြီးလျှင် အခြားမည်သူကမျှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိ။ ၎င်းတို့သည် အားလုံးအပေါ် ဆုံးဖြတ်ပိုင်ခွင့် ရှိမှဖြစ်မည်။ ဤသည်မှာ ၎င်းတို့ တွေးသည့်ပုံစံ မဟုတ်လော။ ၎င်းတို့က ဤအရာကို အလွန်တိကျပြတ်သားသော ဝေါဟာရများနှင့် ကျယ်လောင်စွာ ပြောဆိုမည် မဟုတ်သည်မှာ မှန်သည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးတွင် ဤသည်မှာ ၎င်းတို့ တွေးနေသည့်အရာ သေချာပေါက် ဖြစ်သည်။ "ရာထူးနေရာရှိခြင်းသည် မည်သည့်အဓိပ္ပာယ် ဖြစ်သနည်း။ ငွေကြေးနှင့်၊ မပြတ် အစားစားရခြင်း၊ အဝတ်အစားဝတ်ဆင်ခြင်းတို့နှင့်သာ သက်ဆိုင်သည် မဟုတ်လော။ ယခုတွင် ငါသည် ရာထူးအာဏာတွင်ရှိသည်။ ငါ့၌ ထိုအဆင့်အတန်းရှိသည်။ ငါ ကျေနပ်သလို လုပ်ဆောင်ရန် ငါ၏ အာဏာကို အကျိုးရှိရှိ အသုံးမချလျှင် ငါသည် နုံအမည်မဟုတ်လော" ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ ယုံကြည်သည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ၎င်းတို့တွင် ဤသို့သော စိတ်သဘောထား ရှိသောကြောင့် ဖြစ်ပြီး ၎င်းတို့သည် ၎င်းတို့ စိတ်ကူးပေါက်နိုင်သည့် မည်သည့်နည်းလမ်း၊ နည်းစနစ်များဖြင့်မဆို သိက္ခာစောင့်ထိန်းမှု စိုးစဉ်းမျှ မရှိဘဲ၊ မည်သည့်အကျိုးဆက်ကိုမျှ အရေးမစိုက်ဘဲ ဤသို့သော အမှုကိစ္စကို ဖုံးကွယ်ရဲသည်ဟု ၎င်းတို့ ယုံကြည်သောကြောင့် ဖြစ်သည်။ ဤသို့ မဟုတ်သလော။ (ဟုတ်သည်။) မှန်သည်၊ မမှန်သည်ကိုဖြစ်စေ၊ လုပ်ဆောင်ရန် သင့်လျော်သည့်အရာမှာ မည်သည့်အရာ ဖြစ်သည်ကိုဖြစ်စေ၊ စည်းမျဉ်းများက မည်သည်တို့ ဖြစ်သည်ကိုဖြစ်စေ ၎င်းတို့ အကဲမဖြတ်ပေ။ ဤအရာများကို ၎င်းတို့ ထည့်မစဉ်းစားပေ။ ၎င်းတို့ထည့်စဉ်းစားသည့် တစ်ခုတည်းသောအရာမှာ မည်သူက ၎င်းတို့၏ အကျိုးစီးပွားကို စောင့်ရှောက်မည်ဆိုသည်ကို ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် မသိမသာဖြင့် ဒုက္ခပေးသော၊ တစ်ကိုယ်ကောင်းဆန်သော၊ ယုတ်မာသော အရာတစ်ခုပါတကား။ မည်မျှ ယုတ်မာသနည်း။ စကားတစ်ခွန်းဖြင့် ဖော်ပြနိုင်သည်။ ၎င်းတို့သည် အရှက်မရှိ။ ထိုလူများသည် သင့်လူများမဟုတ်သကဲ့သို့ ထိုအရာများကလည်း သင့်အရာ မဟုတ်။ ထိုပိုက်ဆံသည် သင်၏ ပိုက်ဆံ ပို၍ပင် မဟုတ်။ သို့တိုင်အောင် သင်သည် သင်၏ ကိုယ်ပိုင်ကဲ့သို့ ယူဆောင်လိုသည်။ သင်ကျေနပ်သလို စီမံခန့်ခွဲလိုသည်။ အခြားလူများက ယင်းအကြောင်းကို သိခွင့်ပင်မရှိ။ သင်က ထိုအရာများကို အချည်းနှီးကုန်စေပြီး ဖြုန်းတီးလျှင်ပင် အခြားလူများက စုံစမ်းမေးမြန်းခွင့်မရှိ။ သင်သည် မည်သည့်အခြေအနေအထိ ဖြစ်နေသနည်း။ အရှက်မရှိခြင်းအထိပင် ဖြစ်သည်။ အရှက်မရှိခြင်း မဟုတ်လော။ (ဟုတ်သည်။) ယင်းသည် အန္တိခရစ်တစ်ဦးဖြစ်သည်။ ပိုက်ဆံနှင့်ပတ်သက်သောအခါတွင် သာမန်လူက ချိုးဖောက်မည်မဟုတ်သည့် မည်သည့်စည်းမျိုး ရှိသနည်း။ ယင်းတို့သည် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများ ဖြစ်သည်၊ လှူဖွယ်ပစ္စည်းများကို ဘုရားသခင် ရွေးချယ်ထားသောလူများက ဘုရားသခင်ကို ပေးခြင်းဖြစ်သည်၊ ထို့ကြောင့် ယင်းတို့ကို ဘုရားသခင်ပိုင်ဆိုင်သည်၊ လူအချို့က ဆိုနိုင်သကဲ့သို့ ယင်းတို့သည် ဘုရားသခင်၏ "ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုများ" ဖြစ်သည်ဟူ၍ ၎င်းတို့က ထင်ကြသည်။ ဘုရားသခင် ပိုင်ဆိုင်သည့်အရာကို သာမန်လူများက မပိုင်ဆိုင်သကဲ့သို့ မည်သူကမျှ မပိုင်ဆိုင်ပေ။ ဘုရားအိမ်တော်၏ အရှင်သခင်မှာ မည်သူနည်း။ (ဘုရားသခင်ဖြစ်ပါသည်။) ဟုတ်သည်။ ဘုရားသခင် ဖြစ်သည်။ ဘုရားအိမ်တော်တွင် မည်သည့်အရာ ပါဝင်သနည်း။ အသင်းတော်တစ်ခုစီရှိ ဘုရားသခင် ရွေးချယ်ထားသောလူများပါဝင်ပြီး အသင်းတော်တစ်ခုစီ၏ ထောက်ပံ့မှုများနှင့် ပိုင်ဆိုင်မှုပစ္စည်းအားလုံးတို့လည်း ပါဝင်သည်။ ဤအရာအားလုံးတို့ကို ဘုရားသခင် ပိုင်ဆိုင်သည်။ ယင်းတို့ကို လူတစ်ဦးက လုံးဝ မပိုင်ဆိုင်သကဲ့သို့ ယင်းတို့ကို မည်သူကမျှ အပိုင်စီးခွင့်မရှိ။ အန္တိခရစ်က ဤသို့ တွေးမည်လော။ လှူဖွယ်ပစ္စည်းများကို စီမံသူ မည်သူမဆိုက ယင်းတို့ကို ပိုင်ဆိုင်သည်၊ ယင်းတို့ကို ဆွဲယူရန် အခွင့်အရေးရှိသည့် မည်သူမဆိုက ပိုင်ဆိုင်သည်၊ လူတစ်ယောက်က ခေါင်းဆောင်ဖြစ်လျှင် ယင်းတို့ကို ခံစားပိုင်ခွင့်ရှိသည်ဟု ၎င်းတို့က ယုံကြည်သည်။ ဤအတွက်ကြောင့် ၎င်းတို့သည် ခွန်အားရှိသမျှဖြင့် အဆင့်အတန်းကို စဉ်ဆက်မပြတ် လိုက်စားနေခြင်း ဖြစ်သည်။ အဆင့်အတန်းကို ၎င်းတို့ ရပြီးသည်နှင့် ၎င်းတို့၏ မျှော်လင့်ချက်အားလုံးက နောက်ဆုံးတွင် အကောင်အထည်ပေါ်သွားသည်။ အဆင့်အတန်းကို အဘယ်ကြောင့် ၎င်းတို့ လိုက်စားသနည်း။ သင်သည် ၎င်းတို့အား ဘုရားသခင်ရွေးချယ်ထားသောလူများကို စေ့စပ်သေချာစွာ ဦးဆောင်ရာတွင် ၎င်းတို့၏လုပ်ရပ်များနောက်၌ စည်းမျဉ်းများထားရှိခိုင်းသည့်တိုင် အသင်းတော်၏ ပိုင်ဆိုင်မှုပစ္စည်းများ၊ သို့မဟုတ် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကိုမူ ထိခွင့်မပေးလျှင် ၎င်းတို့သည် အထက်သို့တက်ရန် တိုးဝှေ့ကြိုးပမ်းရာ၌ အလွန်တက်တက်ကြွကြွ ဆောင်ရွက်ဦးမည်လော။ လုံးဝ တက်ကြွမည်မဟုတ်။ ၎င်းတို့သည် ငြိမ်သက်စွာဖြင့် စောင့်မည်ဖြစ်ပြီး အမှုကိစ္စများကို ဖြစ်သမျှအကြောင်း အကောင်းဟူ၍ ထားလိုက်မည်ဖြစ်သည်။ ၎င်းတို့က "ငါ အရွေးခံရလျှင် အလုပ်ကို ကောင်းစွာလုပ်ပြီး တာဝန်ကို ကောင်းစွာထမ်းဆောင်မည်။ အရွေးမခံရလျှင် မည်သူ့ကိုမျှ မျက်နှာလုပ်မည် မဟုတ်။ ယင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ ပြောမည်၊ လုပ်ဆောင်မည်မဟုတ်" ဟု တွေးသည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် အသင်းတော်၏ ပိုင်ဆိုင်မှု ပစ္စည်းအားလုံးကို စေစားပြီး မွေ့လျော်ခံစားပိုင်ခွင့်ရှိသည်ဟု အန္တိခရစ်က ထင်သောကြောင့် အတိအကျပင် အဆင့်အတန်းကိုရပြီး အဆင့်အတန်းက သယ်ဆောင်လာသော အရာရာတိုင်းကို ခံစားရန်အတွက် အရှက်ကင်းမဲ့သည်အထိ အထက်သို့တက်ဖို့ ကြိုးပမ်းရာ၌ ဦးနှောက်ခြောက်ခံကြခြင်း ဖြစ်သည်။ အရှက်ကင်းမဲ့ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဂုဏ်အသရေပျက်သော အရာများအား လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ အရှက်မဲ့ခြင်းဆိုသည်မှာ ဤအဓိပ္ပာယ်ဖြစ်သည်။ တစ်စုံတစ်ယောက်က ၎င်းတို့အား "သင်လုပ်ဆောင်နေသည့် အရာသည် အလွန်ပင် ဂုဏ်အသရေပျက်သည်" ဟု ပြောခဲ့လျှင် ၎င်းတို့က ဂရုစိုက်မည်မဟုတ်ဘဲ "မည်သည့်အရာက ဂုဏ်အသရေပျက်သနည်း။ မည်သူက အဆင့်အတန်းကို မနှစ်သက်သနည်း။ အဆင့်အတန်းရှိခြင်းက၊ ပိုက်ဆံကို ချုပ်ကိုင်နိုင်ခြင်းက မည်သို့ခံစားရသည်ကို သင်သိသလော။ ထိုဝမ်းမြောက်မှုကို သင်သိသလော။ ထိုအခွင့်ထူးခံစားချက်ကို သင်သိသလော။ သင် မြည်းစမ်းပြီးပြီလော" ဟု တွေးသည်။ ဤသည်မှာ ၎င်းတို့၏စိတ်နှလုံးရှိ လျှို့ဝှက်သောနေရာတွင် အန္တိခရစ်တို့က အဆင့်အတန်းကို ရှုမြင်ပုံ ဖြစ်သည်။ အန္တိခရစ်တစ်ဦးက အဆင့်အတန်းကို ရရှိသည်နှင့် အရာရာတိုင်းကို ချုပ်ကိုင်လိုလိမ့်မည်။ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကိုလည်း ၎င်းတို့၏ ထိန်းချုပ်မှုအောက် ထားရှိလိမ့်မည်။ ၎င်းတို့သည် အထက်ကို လုံးဝ တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ငွေကြေးကုန်ကျသော အသင်းတော်အလုပ်၏ မည်သည့်အပိုင်းအတွက်မဆို ဆုံးဖြတ်ပိုင်ခွင့်ရှိလိုသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ပိုက်ဆံ၏ အရှင်သခင်ဖြစ်လာပြီး ဘုရားအိမ်တော်က ၎င်းတို့၏ အိမ်ဖြစ်လာသည်။ ၎င်းတို့သည် ယင်းအပေါ်တွင် အဆုံးအဖြတ်ပေးပိုင်ခွင့်၊ မည်သည့်အရာ ဖြစ်မည်ဆိုသည်ကို စေစားခွင့်၊ ၎င်းတို့ စိတ်ကျေနပ်သလို ဤသူ၊ ထိုသူအား ပေးပိုင်ခွင့်၊ တစ်ခုချင်းစီတိုင်းအား မည်သို့သုံးစွဲမည်ဆိုသည်ကို စေစားခွင့်တို့ ရှိသည်။ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများနှင့်ပတ်သက်လျှင် ၎င်းတို့သည် မည်သည့်အခါမျှ စည်းမျဉ်းများနှင့်အညီ ဂရုစိုက်စွာ၊ သတိထားလျက် ပြုမူလုပ်ဆောင်ခြင်းမရှိ။ ဤအစား ၎င်းတို့သည် အလွန်အကျွံ သုံးစွဲသူများဖြစ်ကာ ၎င်းတို့ပြောသည့်အရာသည် အဓိကကျလေသည်။ ဤသို့သောသူတစ်ဦးသည် အန္တိခရစ်စစ်စစ် ဖြစ်သည်။
တစ်ခါက ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို လျှို့ဝှက်စွာဖြင့် အလွဲသုံးစားပြုလုပ်ခဲ့သည့်သူတစ်ဦး ရှိသည်။ ယင်းသည် ကြီးလေးသည့် ပြဿနာတစ်ခု ဖြစ်သည်။ သာမန် ပြစ်မှားမှုတစ်ခုမဟုတ်။ သူ၏ သဘာဝအနှစ်သာရနှင့်သက်ဆိုင်သော ပြဿနာဖြစ်သည်။ သူသည် အရေးကိစ္စအချို့ကို ကိုင်တွယ်စဉ်တွင် ဘာသာတရားမရှိသူများနှင့် အပြန်အလှန်ဆက်ဆံသောအခါ သူ့တွင် ငွေကြေးနှင့် အာဏာရှိသည်ဟု လူတို့ထင်စေရန်အတွက် ကိုယ်ရည်သွေးပြလျက်ရှိသည်။ အကျိုးဆက်အနေဖြင့် လူတို့သည် သူ့ထံမှ ပိုက်ဆံချေးယူကြသည်။ ဤသူသည် ၎င်းတို့ကို မငြင်းဆန်ရုံတင်မကဘဲ ၎င်းတို့အား ပိုက်ဆံချေးငှားခြင်းကို အမှန်ပင် ကတိလွန်ခဲ့သည်။ ထို့နောက်တွင် ဘုရားအိမ်တော်အပေါ် လှည့်ဖြားသည့် နည်းဗျူဟာများကို အသုံးချပြီး ဤသို့လုပ်ဆောင်ခဲ့သည်။ ဤသူတွင် ကြီးလေးသော ပြဿနာတစ်ခုရှိသည်။ ဤသို့သော အကြီးစားကိစ္စတွင် သင်သည် အထက်သို့ အစီရင်ခံစာတစ်ခု ပြုလုပ်ပြီး အဖြစ်မှန်တို့ကို ရှင်းပြသင့်သည်။ သင်၏ ကိုယ်ပိုင်နာမည်ကောင်းနှင့် ဂုဏ်သိက္ခာအတွက် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို အသုံးပြုပြီး လူတို့နှင့် ဆက်ဆံ၍ မရပေ။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည့် ဆင်ခြင်တုံတရားရှိသောသူတစ်ယောက်က ၎င်းတို့နှင့် ကြုံတွေ့သောအခါ ဤသို့သော ကိစ္စများကို ကိုင်တွယ်မည့် ပုံစံဖြစ်သည်။ သို့သော် ယင်းသည် အန္တိခရစ်များ လုပ်ဆောင်သည့်အရာ ဖြစ်သလော။ ၎င်းတို့ကို အန္တိခရစ်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အနည်းငယ်မျှပင် မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၊ သမ္မာတရား၊ ဘုရားနှုတ်ကပတ်တော်တို့ကို ခေါင်းထဲမထည့်ဘဲ ဆန္ဒရှိသလို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် လုံးဝ အမှန်တကယ် ကျိုးနွံနာခံခြင်းမရှိဘဲ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွား၊ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို နေရာပေးသည်။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များ၊ အမှုဆောင်များကို အထင်အမြင်မှားစေရန်အတွက် လှည့်ဖြားသောနည်းများကို အသုံးချကြသည်။ ဤသို့ဖြင့် ဘာသာတရားမရှိသူများအား ပိုက်ဆံချေးငှားသည်။ ယင်းသည် ၎င်းတို့၏ ပိုက်ဆံဖြစ်သလော။ စကားအနည်းငယ်မျှဖြင့် ၎င်းတို့သည် ချေးငှားလိုက်သည်။ ယင်းသည် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများဖြင့် လက်ဆောင်တစ်ခု ပြုလုပ်ခြင်း မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သည့်အရာတစ်ခုဖြစ်သည်။ ပြီးလျှင် လူအချို့မှာ ဤသို့သောအရာများကို အမှန်ပင် ပြုလုပ်ခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ဤသို့လုပ်ဆောင်နိုင်ရန်မှာ ၎င်းတို့၏ စိတ်သဘောထားသည် ရဲတင်းသော စိတ်သဘောထားဖြစ်ရမည်။ ဆိုးဝါးစွာပင် မာနထောင်လွှားပြီး အလွန်ပင် မသိမသာ ဒုက္ခပေးခြင်းလည်းရှိသည်။ ၎င်းတို့သည် မိုက်မဲသည်မှာလည်း ထင်ရှားသည်။ ကမ်းကုန်အောင် မိုက်မဲသည်။ ၎င်းတို့သည် လည်လွန်းသည့်ဘီး ချေးသင့်ဖို့ သေချာသည်။ ငါ့ကို ပြောလော့။ ဤသို့သောလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ (၎င်းတို့ကို နှင်ထုတ်သင့်သည်။) ဤမျှလော။ နှင်ထုတ်ခြင်းလော။ ဆုံးရှုံးမှုများအတွက် မည်သူက ပြန်လည်ပေးဆပ်မည်နည်း။ ၎င်းတို့ကို ထိခိုက်မှုအတွက် လျော်ကြေးပေးစေရမည်။ ထို့နောက် နှင်ထုတ်ရမည်။ အန္တိခရစ်များသည် ဤသို့သောအရာကို လုပ်ဆောင်နိုင်သည်မှာ အရှက်မရှိ မျက်နှာမပြောင်သလော။ ၎င်းတို့သည် ကောင်းကင်တမန်မင်းနှင့် မည်သို့ ကွာခြားသနည်း။ ကောင်းကင်တမန်မင်းသည် "ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ပြုလုပ်သည်မှာ ငါဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ ထိန်းချုပ်ဖို့ ဖြစ်သည်" ဟူ၍ ပြောင်ပြောင်တင်းတင်း ဆိုလိမ့်မည်။ သူသည် လူသားမျိုးနွယ်ကို စိတ်ထင်သလို နင်းချေပြီး ဖျက်ဆီးသည်။ အန္တိခရစ်သည် အာဏာရပြီးသည်နှင့် "သင်တို့အားလုံး ငါ့ကို ယုံကြည်ပြီး ငါ့နောက်လိုက်ရမည်။ ဤနေရာတွင် ငါအုပ်စိုးပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ အမှုကိစ္စအားလုံးတွင် ငါ့ဆီသို့လာပါ။ ပြီးလျှင် အသင်းတော် ပိုက်ဆံကို ငါ့ထံသို့ ယူဆောင်လာပါ" ဟု ဆိုသည်။ လူအချို့က "ကျွန်ု်ပတို့သည် အဘယ်ကြောင့် သင့်အား အသင်းတော်ပိုက်ဆံကို ပေးသင့်သနည်း" ဟု ဆိုပြီး အန္တိခရစ်က "ငါသည် ခေါင်းဆောင်ဖြစ်သည်။ ဤအရာကို ငါစီမံပိုင်ခွင့်ရှိသည်။ အရာရာတိုင်းကို ငါစီမံရမည်။ လှူဖွယ်ပစ္စည်းများလည်း အပါအဝင်ဖြစ်သည်" ဟု ဆိုကြသည်။ ထို့နောက်တွင် ၎င်းတို့သည် အရာရာတိုင်းအပေါ် စီမံထိန်းချုပ်သည်။ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုတွင် မည်သည့်ပြဿနာများ၊ သို့မဟုတ် အခက်အခဲများ ရှိသည်ကို၊ သို့မဟုတ် မည်သည့် တရားဒေသနာနှင့် ဘုရားနှုတ်ကပတ်တော်စာအုပ်များ လျော့နည်းနေသည်ကို အန္တိခရစ်များက ဂရုမစိုက်ပေ။ ၎င်းတို့ အမှန်တကယ် ဂရုစိုက်သည့်အရာမှာ အသင်းတော်ငွေကို မည်သူက ထိန်းသိမ်းစောင့်ရှောက်နေသည်၊ ယင်းမှာ မည်မျှရှိသည်၊ မည်သို့အသုံးပြုသည်ဆိုသည်တို့ကို ဖြစ်သည်။ ထိုအသင်းတော်၏ ဘဏ္ဍရေးအခြေအနေကို အထက်က စုံစမ်းမေးမြန်းလျှင် ၎င်းတို့သည် အသင်းတော်ငွေကို လွှဲပြောင်းမပေးရုံသာမကဘဲ အဖြစ်မှန်ကိုပင် အထက်ကို သိခွင့်ပေးမည်မဟုတ်။ အဘယ်ကြောင့် ဤသို့ မလုပ်ဆောင်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်အတွက် အသင်းတော်ငွေကို အလွဲသုံးစားလုပ်ပြီး ယူလိုသောကြောင့်ဖြစ်သည်။ အန္တိခရစ်များသည် ရုပ်ဝတ္ထုပစ္စည်းများ၊ ပိုက်ဆံနှင့် အဆင့်အတန်းတို့ကို စိတ်အဝင်စားဆုံး ဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းတွင် "ဘုရားကို ကျွန်ုပ် ယုံကြည်သည်။ လောကီရေးရာကို ကျွန်ုပ်မလိုက်စားသကဲ့သို့ ပိုက်ဆံကို မတပ်မက်ပါ" ဟူ၍ ၎င်းတို့စကားပြောသည့် ပုံစံကဲ့သို့ သေချာပေါက် မဟုတ်ပေ။ ၎င်းတို့သည် ၎င်းတို့ပြောသည့်အတိုင်း လုံးဝ မဟုတ်ပေ။ ၎င်းတို့သည် အဘယ်ကြောင့် အဆင့်အတန်းကို အစွမ်းကုန် လိုက်စားပြီး ထိန်းသိမ်းသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့စီရင်ပိုင်ခွင့်ရှိသည့် အရာရာတိုင်းကို ပိုင်ဆိုင်လိုသည်၊ သို့မဟုတ် ထိန်းချုပ်လိုပြီး သိမ်းယူလိုသောကြောင့် ဖြစ်သည်။ အထူးသဖြင့် ပိုက်ဆံနှင့် ရုပ်ဝတ္ထုပစ္စည်းများကို ဖြစ်သည်။ ၎င်းတို့သည် ဤပိုက်ဆံနှင့် ဤရုပ်ဝတ္ထုပစ္စည်းများကို ၎င်းတို့အဆင့်အတန်း၏ အကျိုးအမြတ်များကဲ့သို့ နှစ်သက်ခံစားသည်။ ၎င်းတို့သည် အမည်ခံအရ၊ အဖြစ်မှန်အရ စာတန်၏ သဘာဝအနှစ်သာရရှိပြီး အမှန်ပင် ကောင်းကင်တမန်မင်းထံမှ ဆင်းသက်သူများ ဖြစ်သည်။ အဆင့်အတန်းကို လိုက်စားပြီး ပိုက်ဆံကို တန်ဖိုးထားသူ အားလုံးသည် အသေအချာပင် ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရ၌ ပြဿနာတစ်ခု ရှိသည်။ ၎င်းတို့တွင် အန္တိခရစ် စိတ်သဘောထားသာ ရှိခြင်းကဲ့သို့ မရိုးရှင်းပေ။ ၎င်းတို့သည် အလွန်ရည်မှန်းချက်ကြီးသည်။ ဘုရားအိမ်တော်၏ ငွေကို ထိန်းချုပ်လိုသည်။ ၎င်းတို့ကို အလုပ်ကိစ္စတစ်ခုအတွက် တာဝန်ယူခိုင်းလျှင် ဦးစွာ အခြားလူများကို ဝင်ရောက်စွက်ဖက်ခွင့်မပြုသကဲ့သို့ အထက်မှ စုံစမ်းမေးမြန်းခြင်း၊ သို့မဟုတ် ကြီးကြပ်ခြင်းကိုလည်း လက်ခံမည်မဟုတ်။ ထို့အပြင် ၎င်းတို့သည် မည်သည့်အလုပ်ကိစ္စမဆို၏ ကြီးကြပ်သူများဖြစ်သောအခါ မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးရန်၊ ကာကွယ်ရန်၊ မြှင့်တင်ရန် နည်းလမ်းများရှာလိမ့်မည်။ ၎င်းတို့သည် အစဉ်သဖြင့် ထိပ်ဆုံးရောက်လိုသည်။ အခြားလူများကို အုပ်ချုပ်ပြီး ချုပ်ကိုင်သောသူများ ဖြစ်လိုသည်။ ၎င်းတို့သည် ပိုမိုမြင့်သော အဆင့်အတန်းကိုလည်း ကိုင်စွဲကာ ယင်းအတွက် ယှဉ်ပြိုင်လိုသည်။ ပြီးလျှင် ဘုရားအိမ်တော်၏ အစိတ်အပိုင်းတိုင်းကိုပင် ထိန်းချုပ်လိုသည်။ အထူးသဖြင့် ဘုရားအိမ်တော်၏ ပိုက်ဆံကိုဖြစ်သည်။ အန္တိခရစ်များသည် ပိုက်ဆံကို အထူးပင်ချစ်သည်။ ပိုက်ဆံကို ၎င်းတို့မြင်သောအခါ ၎င်းတို့၏ မျက်လုံးက ဝင်းလက်လာသည်။ ၎င်းတို့၏ စိတ်တွင် ပိုက်ဆံအကြောင်းကို အစဉ် စဉ်းစားနေပြီး ယင်းအပေါ် အားထုတ်သည်။ ဤသည်တို့အားလုံးမှာ အန္တိခရစ်တို့၏ လက္ခဏာများနှင့် အချက်ပြမှုများဖြစ်သည်။ သင်သည် ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့လျှင်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အခြေအနေတို့ကို သိဖို့ ကြိုးစားပြီး ၎င်းတို့မည်မျှက အားနည်းပြီး အပျက်သဘောဆောင်သည်၊ ၎င်းတို့တစ်ဦးချင်းစီက တာဝန်တွင် မည်သည့်ရလဒ်များကို ရရှိသည်၊ ၎င်းတို့ထဲမှ မည်သူတို့က ၎င်းတို့တာဝန်နှင့် မသင့်တော်သည်တို့ကဲ့သို့သော မေးခွန်းများကို မေးလျှင် အန္တိခရစ်များက စိတ်ဝင်စားမည်မဟုတ်။ သို့သော် ငွေပမာဏ၊ မည်သူက ကာကွယ်ပေးနေသည်၊ မည်သည့်နေရာတွင် သိမ်းထားသည်၊ ယင်း၏ ကုဒ်နံပါတ်များ စသည်တို့ဖြစ်သည့် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများနှင့် ပတ်သက်သောအခါတွင် ဤသည်မှာ ၎င်းတို့ ဂရုအစိုက်ဆုံးဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် ဤအရာများကို ထူးခြားစွာပင် ပိုင်နိုင်သည်။ ယင်းတို့ကို အလွန်အကျွမ်းတဝင်ရှိသည်။ ဤသည်မှာလည်း အန္တိခရစ်တစ်ဦး၏ လက္ခဏာဖြစ်သည်။ အန္တိခရစ်များသည် ကြားကောင်းသောစကားများကို ပြောရာ၌ အတော်ဆုံး ဖြစ်သော်လည်း တကယ့်အလုပ်ကို မလုပ်ပေ။ ဤအစား ၎င်းတို့၌ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများအား မွေ့လျော်ရန် အတွေးများက အစဉ်နေရာယူနေသည်။ ငါ့ကို ပြောလော့။ အန္တိခရစ်များက ကိုယ်ကျင့်တရား ကင်းမဲ့သည်မဟုတ်လော။ ၎င်းတို့တွင် လူ့သဘာဝလုံးဝမရှိ။ ၎င်းတို့သည် လုံးလုံးလျားလျားပင် နတ်ဆိုးများဖြစ်သည်။ ၎င်းတို့အလုပ်တွင် အခြားလူများ၏ ဝင်ရောက်စွက်ဖက်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ ကြီးကြပ်ခြင်းတို့ကို အစဉ်တားမြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ ရှစ်ခုမြောက်သရုပ်သကန်က ပြသသည့် တတိယအပြုအမူဖြစ်သည်။
လွန်ခဲ့သော အချိန်ကာလတစ်ခုက နိုင်ငံတစ်နိုင်ငံရှိ အသင်းတော်တစ်ခုသည် အဆောက်အဦးတစ်ခုကို ဝယ်ခဲ့ပြီး အသစ်ပြုပြင်ရန် လိုအပ်ခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပင် ထိုနိုင်ငံရှိ အသင်းတော်ခေါင်းဆောင်က သူမ၏ သရုပ်မှန်ကို မပြရသေးသည့် အန္တိခရစ်တစ်ဦး ဖြစ်နေခဲ့သည်။ ထိုအန္တိခရစ်က အသစ်ပြုပြင်ရန်အတွက် မည်သူကမျှ ကောင်းစွာမသိသည့် လူတစ်ယောက်ကို အသုံးပြုခဲ့သည်။ ပြီးလျှင် ထိုသူသည် သူမနှင့် မည်သည့်ဆက်ဆံရေးမျိုးရှိသည်ကို မည်သူမျှ မသိခဲ့ပေ။ ရလဒ်အနေဖြင့် ထိုဆိုးယုတ်သူသည် အခြေအနေကို အသုံးချခဲ့ပြီး မသုံးစွဲသင့်သည့် ပိုက်ဆံများစွာက အသစ်ပြုပြင်သည့် အချိန်အတွင်း ဖြုန်းတီးခြင်း ခံခဲ့ရသည်။ အိမ်နှင့်အတူပါသည့် အသုံးပြု၍ရသော ပရိဘောဂအချို့ရှိသည်။ ယင်းတို့အားလုံးကို ရှင်းလင်းပြီး အသစ်များနှင့် အစားထိုးခဲ့သည်။ ထို့နောက်တွင် ရှင်းလင်းပစ်လိုက်သည့် ပရိဘောဂအဟောင်းများကို ထိုဆိုးယုတ်သူက ပိုက်ဆံရရန် ရောင်းစားပစ်လိုက်သည်။ ယင်းတို့သည် အမှန်တကယ် ပျက်စီးနေခြင်းမရှိ။ အသုံးပြု၍ ရနိုင်သေးသည်။ သို့သော် ထိုဆိုးယုတ်သူသည် ပိုက်ဆံရရန်အတွက်၊ အခြေအနေကို အကျိုးရှိရှိ အသုံးချရန်အတွက် အသစ်များကို ဝယ်ယူရာတွင် ငွေများ ထပ်၍ သုံးစွဲခဲ့သည်။ အန္တိခရစ်သည် ဤအရာများကို သိသလော။ သိသည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ထိုသူက ဤသို့လုပ်ဆောင်ခြင်းကို ခွင့်လွှတ်ပေးခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မူမမှန်သော ဆက်ဆံရေးတစ်ခုရှိခဲ့ခြင်းကြောင့် ဖြစ်ရမည်။ လူအချို့က ပြဿနာကို မြင်ပြီး အခြေအနေမည်သို့ရှိသည်ကို ကြည့်ရန်အတွက် ဆောက်လုပ်ရေးကို နောက်ဆက်တွဲလိုက်လုပ်ပြီး စစ်ဆေးမည် ဖြစ်သည်။ ၎င်းတို့သည် ဆောက်လုပ်ရေးကို ကြည့်ရှုမည်ဟု ပြောသည်နှင့် တစ်ပြိုင်နက် ထိုအန္တိခရစ်က စိုးရိမ်ပြီး ပူပင်သောကရောက်ကာ "မဖြစ်ပါ။ ပြီးစီးရန် သတ်မှတ်ထားသည့်အချိန်ကို မရောက်သေးပါ။ မည်သူကမျှ ကြည့်ခွင့်မရှိ" ဟု ဆိုသည်။ သူမ၏ တုံ့ပြန်မှုသည် အလွန်ပြင်းထန်သည်၊ အလွန်ပင် ထိလွယ်ရှလွယ်သည်။ ဤအတွင်းတွင် တစ်စုံတစ်ခု ဖြစ်ပျက်နေသလော။ (ဖြစ်ပျက်နေပါသည်။) ထိုလူတို့သည် ယခုတွင် အနည်းငယ် စိုးရိမ်ကာ ကိစ္စကို ဆွေးနွေးကြသည်။ "ဤသည်မှာ ဖြစ်မည်မဟုတ်။ သူမသည် ကျွန်ုပ်တို့အား ဆောက်လုပ်ရေးကို ကြည့်ကို ကြည့်ခွင့်မပြု။ ဤတွင် အသေအချာပင် ပြဿနာတစ်ခုရှိသည်။ ဆောက်လုပ်ရေးနေရာသို့ ကျွန်ုပ်တို့ သွား၍ကြည့်ရှုရမည်" ဟူ၍ ဖြစ်သည်။ သို့သော် အန္တိခရစ်က အလုပ်ကို ပေးအပ်ရန် အချိန်မကျမချင်း အမြင်မခံသေးပေ။ ငါ့ကို ပြောလော့။ ထိုလူတို့သည် နားဝေတိမ်တောင် မဖြစ်သလော။ အန္တိခရစ်က ဆောက်လုပ်ရေးကို ကြည့်ခွင့်မပေးသည့် အချက်က တစ်စုံတစ်ခု ဖြစ်ပျက်နေသည်ဆိုသည်ကို သက်သေပြသည်။ ၎င်းတို့သည် အထက်သို့ ကမန်းကတန်း တင်ပြဖို့ သို့မဟုတ် အတူတကွ သူမကို ထုတ်ဖို့၊ သို့မဟုတ် ဆောက်လုပ်ရေးကို အတင်းသွားရောက်ကြည့်ရှု၍ စစ်ဆေးဖို့ လိုအပ်သည်။ ယင်းမှာ ၎င်းတို့၏ တာဝန်ဖြစ်သည်။ ၎င်းတို့သည် ထိုတာဝန်ကို မယူနိုင်လျှင် ဤသည်မှာ ၎င်းတို့သည် အသုံးမဝင်သော၊ အရည်အချင်းမရှိသော လူကြောက်များဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ ထိုအရည်အချင်းမရှိသော လူကြောက်များသည် မလျှော့တမ်း လုပ်ဆောင်ခြင်းမရှိ။ ယင်းသည် ၎င်းတို့၏ ကိုယ်ပိုင်အိမ်ရှိ ပြဿနာမဟုတ်သောကြောင့် လျစ်လျူသာရှုလိုက်ကြသည်။ ဤသည်မှာ ၎င်းတို့ တစ်ကိုယ်ကောင်းဆန်ပြီး တာဝန်မသိတတ်ပုံဖြစ်သည်။ အလုပ်ကို အပ်သောအခါ၌ ပြဿနာတစ်ခုရှိသည်ကို ဗီဒီယိုတစ်ခုမှ တစ်ဆင့် ငါတွေ့ခဲ့ရသည်။ မည်သည့်ပြဿနာကို ငါမြင်ခဲ့ရသနည်း။ အစည်းအဝေးအခန်း၏ အလယ်တွင် စားပွဲတစ်လုံးရှိသည်။ ထိုစားပွဲ၏ ပတ်လည်တွင် ကြီးကျယ်ခမ်းနားသော ရုံးများတွင် အသုံးပြုသည့်ခုံများကဲ့သို့သော သားရေထိုင်ခုံများ ရှိသည်။ ငါထိုင်သည့် ထိုင်ခုံများသည် အားလုံး ပုံမှန်ထိုင်ခုံများဖြစ်သည်။ ဤသို့ဆိုလျှင် ထိုသာမန်လူတို့သည် ထိုသို့သော ကြီးကျယ်ခမ်းနားသည့်အရာများကို အသုံးပြုသင့်သလော။ (မပြုသင့်ပါ။) ထိုနှစ်ဦး ဆင်ခဲ့သည်မှာ ထိုပရိဘောဂမျိုးဖြစ်ပြီး ထိုနေရာရှိ လူတို့က ထိုထိုင်ခုံများ၌ ထိုင်ရသည်ကို အလွန်ကျေနပ်ကြသည်။ ပြဿနာကို ငါရှာဖွေတွေ့ရှိသည်နှင့် ထိုလူလိမ်လူညစ်ကို ငါဆင့်ခေါ်ပြီး ကိစ္စကို စတင်စုံစမ်းစစ်ဆေးသည်။ တစ်ခန်းစီတွင် နေရာတိုင်း၌ စစ်ဆေးကြည့်ခြင်းက ပြဿနာများစွာနှင့် ငွေကြေးဆိုင်ရာ ဆုံးရှုံးမှုများစွာ ပေါ်လွင်ခဲ့သည်။ အိမ်၏ နဂိုပရိဘောဂအချို့မှာ အသုံးပြု၍ရနိုင်သော်လည်း ထိုဆိုးယုတ်သူသည် ယင်းတို့မှတစ်ဆင့် ပိုက်ဆံရရန်အတွက် ယင်းတို့ကို အပြင်ဆွဲထုတ်ပြီး ရောင်းချခဲ့သည်။ ထို့အပြင် သူသည် ထို ဈေးမြင့်သော ပရိဘောဂအသစ်များကို ဝယ်သောအခါ၌ ပိုက်ဆံရခဲ့သည်။ ထို့အပြင် အသင်းတော်တွင် မရှိသင့်သည့် ပစ္စည်းကိရိယာအချို့ကို တပ်ဆင်ခဲ့သည်။ ထိုဆိုးယုတ်သူသည် မည်သူနှင့်မျှ တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ဤသို့ လုပ်ဆောင်ခဲ့သည်။ သူသည် ဤသို့လုပ်ဆောင်သောအခါ အန္တိခရစ်က သိသလော။ သိဖို့များသည်။ သူသည် ဆောက်လုပ်ရေးနေရာသို့ နေ့စဉ်သွားပြီး ယင်းကို မြင်ပြီးဖြစ်သည့်နောက်တွင် တိုင်ကြားခြင်းမရှိဘဲ သူ၏ ဖြုန်းတီးမှုကို ခွင့်လွှတ်ပေးခဲ့သည်။ ရဲတင်းလှပါတကား။ သူမသည် ဘုရားသခင်ကို ယုံကြည်သူ ဖြစ်သလော။ ဘုရားသခင်ကို နှစ် ၂၀ ကြာ ယုံကြည်ပြီးနောက်တွင် သူမသည် ဤသို့ ရွံရှာဖွယ်ဖြစ်ပြီး ထိုသို့သောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည်။ သူမသည် မည်သို့သောသူမျိုးနည်း။ သူမသည် လူပုဂ္ဂိုလ်တစ်ဦးမဟုတ်။ ဘာသာတရားမရှိသူများထဲရှိ လူကောင်းတို့ပင် ဤသို့ မလုပ်ဆောင်။ အကျင့်ပျက်လိုက်လေခြင်း။ အထက်က သူမကို ဆောက်လုပ်ရေးအလုပ်နှင့် ပတ်သက်သည့် အရာများအား မေးသည့်အခါတိုင်းတွင် သူမသည် အထက်ကို လှည့်စားရန်အတွက် နုံအဟန်ဆောင်ပြီး အမှုအရာများကို ကာဆီးပြီး ဖုံးဖိသည်။ ပြီးလျှင် အဆုံးတွင် ပြဿနာများစွာ ဖြစ်ပေါ်လာသည်။ ဤသို့ဆိုလျှင် သူမကို နှင်ထုတ်ပြီး ဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရန် ပိုက်ဆံရှာဖို့ အလုပ်တစ်ခု ရှာစေလျှင် လွန်မည်လော။ (လွန်မည်မဟုတ်ပါ။) ငါ့ကို ပြောလော့။ ထိုအန္တိခရစ်သည် ပိုက်ဆံကို ပြန်ပေးနိုင်လျှင်ပင် ဤဘဝ၌ ငြိမ်းချမ်းမှုကို သူမ ရှာတွေ့မည်လော။ အေးဆေးသော အချိန်တစ်ခုကို ရနိုင်သလော။ ငါ စိတ်မကောင်းပေ။ သူမသည် သူမ၏ ဘဝတစ်ခုလုံး စိတ်ဆင်းရဲလျက် ကုန်ဆုံးရမည်။ သူမ၏ လုပ်ရပ်များကြောင့် ဤသို့ဖြစ်လာမည်ကို သူမ သိခဲ့လျှင် ယခင်က အဘယ်သို့သောအကြောင်းကြောင့် ထိုသို့ ပြုမူလုပ်ဆောင်ခဲ့သနည်း။ အစကတည်းက အဘယ်ကြောင့် ဤသို့ လုပ်ဆောင်ခဲ့သနည်း။ သူမက ဘုရားသခင်ကို တစ်နှစ်၊ နှစ်နှစ်ကြာသာ ယုံကြည်ခဲ့ပြီး ဘုရားအိမ်တော်ရှိ စည်းကမ်းများကိုလည်းကောင်း၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိခြင်းက မည်သည့်အရာကို ဆိုလိုသည်ကိုလည်းကောင်း၊ သစ္စာစောင့်သိမှုက မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း မသိခြင်းမျိုး မဟုတ်။ ဘုရားသခင်ကို သူမ ယုံကြည်သည့် ထိုနှစ်ကာလများအားလုံးပြီးနောက်တွင် သူမသည် လုံးဝ မပြောင်းလဲပေ။ ပြီးလျှင် သူမသည် အစေခံမှု အနည်းငယ် ပေးနိုင်ခဲ့သော်လည်း ဤသို့သောမကောင်းမှုကို လုပ်ဆောင်ခဲ့ဆဲ ဖြစ်သည်။ ထိုမျှ စက်ဆုပ်ဖွယ်ဖြစ်ခြင်းကြောင့် သူမသည် ဖယ်ရှားရှင်းလင်းခံရပြီး ကျိန်ဆဲခြင်း ခံရသင့်သည်။
အန္တိခရစ်များသည် ၎င်းတို့အလုပ်လုပ်သည့်ပုံစံတွင် တူညီသည့်အရာတစ်ခုရှိသည်။ မည်သည့်အလုပ်ကို ၎င်းတို့ လုပ်နေသည်ဖြစ်စေ အခြားလူများကို ဝင်ရောက်စွက်ဖက်ခြင်း၊ သို့မဟုတ် စုံစမ်းမေးမြန်းခြင်းမပြုရန် တားမြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် အမှုအရာများကို ကွယ်ဝှက်ပြီး ဖုံးဖိလိုသည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို ကြံစည်နေရမည်။ ၎င်းတို့အလုပ်ရှိ ပြဿနာများကို လူတို့အား ရှာဖွေတွေ့ရှိခွင့်မပြု။ ၎င်းတို့သည် အမှုအရာများကို ဖြောင့်မှန်ပြီး ရိုးသားသောနည်းဖြင့်၊ သမ္မာတရား၊ စည်းမျဉ်းများနှင့် ညီသောနည်းဖြင့်၊ ရှင်းလင်းသော အသိစိတ်ဖြင့် လုပ်ဆောင်လျှင် မည်သည့်အရာကို ၎င်းတို့ စိုးရိမ်ရမည်နည်း။ ယင်းတွင် မည်သည့်အရာကို ထုတ်ပြော၍မရနိုင်မည်နည်း။ အဘယ်ကြောင့် အခြားလူများကို စုံစမ်းမေးမြန်းခွင့်နှင့် ဝင်ရောက်စွက်ဖက်ခွင့် မပြုသနည်း။ မည်သည့်အရာကို ၎င်းတို့ စိုးရိမ်နေသနည်း။ မည်သည့်အရာကို ကြောက်နေသနည်း။ ၎င်းတို့သည် တစ်စုံတစ်ခုကို ကြံစည်နေသည်မှာ ရှင်းသည်။ အလွန်ပင် သိသာသည်။ အန္တိခရစ်သည် ပွင့်လင်းမြင်သာမှု လုံးဝမရှိဘဲ အလုပ်လုပ်သည်။ ၎င်းတို့သည် မကောင်းသော တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါ ယင်းကို ကွယ်ဝှက်ပြီး ဖုံးကွယ်ရန် နည်းလမ်းများကို စဉ်းစားကာ အယောင်ဆောင် အသွင်အပြင်များကို လုပ်ကြံဖန်တီးသည်။ ပြောင်တင်းသော လှည့်ဖြားမှုကိုပင် လုပ်ဆောင်သည်။ ဤအရာ၏ ရလဒ်များမှာ အဘယ်နည်း။ ဘုရားသခင်က အရာအားလုံးကို စိစစ်သည်။ ပြီးလျှင် အခြားလူများက တစ်စုံတစ်ခုကို အချိန်အတန်ကြာ မသိနိုင်သော်လည်း၊ အချိန်တစ်ခုအထိ အထင်အမြင်မှားစေခြင်း ခံရနိုင်သော်လည်း ဘုရားသခင်က ယင်းကို ထုတ်ဖော်သည့် နေ့ရက်သို့ ရောက်လာလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် အားလုံးက ပေါ်ပေါ်ထင်ထင်ဖြစ်သည်။ အားလုံးသည် ထုတ်ဖော်ခြင်းခံရသည်။ သင့်အနေဖြင့် ဘုရားသခင်အပေါ် တစ်စုံတစ်ခုကို ဖုံးကွယ်ထားခြင်းသည် အသုံးမဝင်ပေ။ သူသည် အနန္တတန်ခိုးရှိသည်။ သူသည် သင့်ကို ထုတ်ဖော်ရန် ဆုံးဖြတ်သောအခါ အားလုံးသည် လူအများရှေ့တွင် ရှင်းလင်းစွာ ချပြခြင်း ခံရမည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသော၊ ကောင်းကင်တမန်မင်း၏ သဘာဝကို ပိုင်ဆိုင်သော အန္တိခရစ်များသာ၊ ထိုဉာဏ်ထိုင်းသောသူများသာ "အမှုအရာများကို ငါလုံးဝ ဖွင့်မပြောသရွေ့၊ သင့်အား ဝင်ရောက်စွက်ဖက်ခွင့်၊ စုံစမ်းမေးမြန်းခွင့် မပြုသရွေ့၊ အမှုအရာများအား ကြီးကြပ်ခွင့်မပြုသရွေ့ မည်သည့်အရာကိုမျှ သင်သိမည်မဟုတ်။ ဤအသင်းတော်ကို ငါ အပြည့်အဝ ထိန်းချုပ်နိုင်မည်" ဟု ယုံကြည်လိမ့်မည်။ ၎င်းတို့သည် ဘုရင်များအဖြစ် အုပ်ချုပ်လျှင် အခြေအနေကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ကြသည်။ အမှုအရာများက အမှန်တကယ်၊ စစ်မှန်စွာ ဤသို့ဖြစ်သလော။ ဘုရားသခင်က အနန္တတန်ခိုးရှိသည်ကို ၎င်းတို့ မသိ။ ၎င်းတို့၏ လိမ္မာပါးနပ်ခြင်းသည် ၎င်းတို့ဘာသာ ကြေညာခြင်းဖြစ်သည်။ ဘုရားသခင်က အရာအားလုံးကို စိစစ်သည်။ ဥပမာ သင်သည် ယနေ့ မကောင်းမှု လုပ်ခဲ့သည်။ ဘုရားသခင်က ယင်းကို စိစစ်သည်။ သို့သော် သူသည် သင့်ကို မထုတ်ဖော်ပေ။ သူသည် သင့်အား နောင်တရရန် အခွင့်အရေးပေးနေသည်။ သင်သည် မနက်ဖြန်တွင် နောက်တစ်ဖန် မကောင်းမှုပြုလုပ်သည်။ သင်က ယင်းကို ရှင်းလင်းမပြသေးပေ၊ သို့မဟုတ် နောင်တမရသေးပေ။ ဘုရားသခင်က သင့်အား အခွင့်အရေးပေးပြီး သင်နောင်တရရန် စောင့်ဆဲဖြစ်သည်။ သို့တိုင်အောင် သင်က နောင်တမရဘဲ ရှိနေလျှင် ဘုရားသခင်က သင့်အား ထိုအခွင့်အရေးကို ပေးလိုမည်မဟုတ်။ သူသည် သင့်အား စက်ဆုပ်မည်ဖြစ်ပြီး ရွံရှာမည်။ သူ၏ စိတ်နှလုံးအတွင်းထဲ၌ သင့်ကို ကယ်တင်လိုမည် မဟုတ်။ ပြီးလျှင် သူသည် သင့်ကို လုံးလုံး စွန့်ပစ်လိမ့်မည်။ ဤသို့ဆိုလျှင် သူသည် သင့်အား မိနစ်ပိုင်းအတွင်း ထုတ်ဖော်မည်ဖြစ်သည်။ သင်က အမှုအရာများကို မည်သို့ ဖုံးကွယ်ပါစေ၊ သို့မဟုတ် ဤအရာကို တားဆီးပါစေ အကျိုးရှိမည်မဟုတ်။ သင့်လက်က မည်မျှကြီးပါစေ မိုးကောင်းကင်ကို ကာဆီးနိုင်သလော။ သင်သည် မည်မျှ အစွမ်းအစရှိပါစေ ဘုရားသခင်၏ မျက်လုံးတို့ကို ဖုံးနိုင်သလော။ (မဖုံးနိုင်ပါ။) ယင်းတို့သည် လူ၏ မိုက်မဲသော အယူအဆများဖြစ်သည်။ ဘုရားသခင်က အမှန်တကယ်တွင် မည်မျှ အနန္တတန်ခိုးရှိသည်ဆိုသည်နှင့်ပတ်သက်ပြီး လူတို့သည် သူ၏ နှုတ်ကပတ်တော်များ၌ ဤအရာကို အနည်းငယ်ခံစားနိုင်ပြီးသား ဖြစ်သည်။ ထို့အပြင် ကြီးစွာသော မကောင်းမှုကို ပြုလုပ်ခဲ့ပြီး ဘုရားသခင်ကို တိုက်ရိုက်ဆန့်ကျင်သော ဤဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ဝင်အားလုံးသည် အပြစ်ဒဏ်အမျိုးမျိုးကို ခံရပြီးဖြစ်ကာ ဤအရာကို မြင်သူအားလုံးသည် အလုံးစုံ လက်ခံယုံကြည်ပြီး ယင်းကို ဒဏ်ခတ်ခံရခြင်းအဖြစ် အသိအမှတ်ပြုကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းက ပုန်ကန်ပြစ်မှားမှုအား လုံးဝ သည်းမခံသည်ကို ဘာသာတရားမရှိသူများပင် မြင်နိုင်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သူတို့သည် ဤအရာကို ပို၍ပင် မြင်နိုင်သင့်သည်။ ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းနှင့် ဉာဏ်ပညာသည် တိုင်းတာ၍မရနိုင်ပေ။ လူသားသည် ယင်းတို့ကို ရှင်းလင်းစွာ မြင်ရန် မဖြစ်နိုင်။ သီချင်းတစ်ပုဒ်ရှိသည်။ အဘယ်သို့ ဖြစ်သနည်း။ ("ဘုရားသခင်၏ နည်းလမ်းများ ဉာဏ်မမီနိုင်") ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို အမှန်တကယ် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ သင်၏ စိတ်မှန်းများ၊ သို့မဟုတ် မှန်းဆချက်များကို မလိုအပ်ပေ။ ထိုစကားများကို သင်ယုံကြည်ဖို့သာ လိုသည်။ ဤသို့ဆိုလျှင် ထိုသို့သော မိုက်မဲသောအရာများကို သင်လုပ်ဆောင်မည်မဟုတ်။ လူတို့အားလုံးက မိမိတို့ကိုယ်ကို လိမ္မာပါးနပ်သည်ဟု ထင်မြင်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ မျက်လုံးကို သစ်ရွက်ဖြင့် ဖုံးပြီး "ကိုယ်တော် ကျွန်ုပ်ကို မြင်နိုင်သလော" ဟု ဆိုသည်။ ဘုရားသခင်က "သင်၏ အလုံးစုံကို ငါမြင်နိုင်ရုံသာမကဘဲ သင့်စိတ်နှလုံးကိုပင် မြင်သည်။ လူသားကမ္ဘာသို့ သင်အကြိမ်မည်မျှ ရောက်ရှိပြီးသည်ကိုပင် မြင်သည်" ဟု ဆိုသည်။ လူတို့က အံ့အားသင့်ကြသည်။ သင့်ကိုယ်သင် လိမ္မာပါးနပ်သည်ဟု မထင်နှင့်။ "ဘုရားသခင်က ဤအရာကိုမသိ။ ထိုအရာကို မသိ။ ညီအစ်ကိုမောင်နှမ တစ်ယောက်မျှ မမြင်ခဲ့။ မည်သူမျှ မသိ။ ငါ့တွင် ငါ၏ အကြံအစည်လေးရှိသည်။ ငါသည် မည်မျှပါးနပ်သည်ကို ကြည့်လော့" ဟု မထင်မြင်နှင့်။ သမ္မာတရားကို နားမလည်သော၊ သို့မဟုတ် ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာဖြစ်သည်ကို မယုံကြည်သော ဤလောကရှိ မည်သည့်လူတို့ကမျှ ပါးနပ်ခြင်းမရှိ။ ၎င်းတို့သည် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ အဆုံးတွင် အားလုံးက အမှားဖြစ်သည်။ အားလုံးက သမ္မာတရားကို ချိုးဖောက်သည်။ အားလုံးက ဘုရားသခင်ကို အာခံသည်။ ပါးနပ်သောသူ တစ်မျိုးသာ ရှိသည်။ မည်သည့်အမျိုးအစားနည်း။ ဘုရားသခင်က အားလုံးကို စိစစ်သည်ကိုလည်းကောင်း၊ အရာအားလုံးကို မြင်နိုင်သည်ကိုလည်းကောင်း၊ အရာအားလုံးအပေါ် အချု်ပအခြာအာဏာ ဖြစ်သည်ကိုလည်းကောင်း ယုံကြည်သော အမျိုးအစား ဖြစ်သည်။ ဤသို့သောလူတို့သည် အလွန်အကျွံပင် ပါးနပ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့လုပ်ဆောင်သမျှအားလုံးတွင် ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသောကြောင့် ဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သမျှတိုင်းသည် သမ္မာတရားနှင့် ညီသည်။ ဘုရားသခင်က အသိအမှတ်ပြုသည်။ ဘုရားသခင်၏ ကောင်းချီးများနှင့် ကိုက်ညီသည်။ လူတစ်ဦးသည် ပါးနပ်သည်၊ မပါးနပ်သည်ဆိုသည်မှာ သူသည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်းရှိမရှိအပေါ် မူတည်သည်။ သူပြောသည့်အရာ၊ လုပ်ဆောင်သည့်အရာသည် သမ္မာတရားနှင့် ညီမညီအပေါ်တွင် မူတည်သည်။ သင်၌ "ဤကိစ္စနှင့်ပတ်သက်ပြီး ဤသည်မှာ ငါထင်မြင်သည့်အရာ ဖြစ်သည်။ ယင်းသည် ငါလုပ်ဆောင်လိုသည့်အရာ ဖြစ်သည်။ ယင်းသည် ငါ့ကို အကျိုးရှိစေမည် ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် အခြားလူများကို ငါ ဖွင့်မပြောလိုသကဲ့သို့ သိလည်းမသိစေလိုပေ" ဟူသည့် ဤအယူအဆရှိလျှင် ယင်းသည် မှန်ကန်သော စဉ်းစားပုံ ဟုတ်သလော။ (မဟုတ်ပါ။) ယင်းသည် မှန်ကန်သော စဉ်းစားပုံ မဟုတ်သည်ကို သင်သဘောပေါက်သောအခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် သင့်ကိုယ်သင် သင်ခန်းစာပေးရန် သင့်မျက်နှာကို ကောင်းကောင်းဖြတ်ရိုက်သင့်သည်။ သင်က မပြောလျှင် ဘုရားသခင်က သိမည်မဟုတ်ဟု ထင်သလော။ အမှန်မှာ သင်က ထိုအတွေးရှိနေစဉ်တွင် ဘုရားသခင်က သင့်စိတ်နှလုံးကို သိသည်။ သူသည် မည်သို့ သိသနည်း။ ဘုရားသခင်သည် လူ၏ သဘာဝအနှစ်သာရကို ထိုးထွင်းသိမြင်ပြီး ဖြစ်သည်။ ဤသို့ဆိုလျှင် သူသည် ဤကိစ္စတွင် သင့်အား အဘယ်ကြောင့် မဖော်ထုတ်သနည်း။ သူက မဖော်ထုတ်လျှင်ပင် သင်သည် သင့်ဘာသာ တဖြည်းဖြည်းချင်း နားလည်နိုင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ၏ နှုတ်ကပတ်တော်များစွာကို သင်စားသောက်ပြီးသောကြောင့် ဖြစ်သည်။ သင့်တွင် အသိစိတ်၊ ဆင်ခြင်တုံတရား၊ စိတ်နှင့် ပုံမှန် အတွေးအခေါ်ရှိသည်။ မည်သည့်အရာက မှန်သည်၊ မှားသည်ကို သင့်ဘာသာ အဖြေရှာနိုင်သင့်သည်။ ဘုရားသခင်က သင့်အား အမှုအရာများကို ဖြည်းညှင်းစွာ အသေအချာစဉ်းစားရန်အတွက်၊ သင်သည် မိုက်မဲသည်၊ မမိုက်မဲသည်ကို ကြည့်ရန်အတွက် အချိန်နှင့် အခွင့်အရေးတစ်ခု ပေးနေသည်။ အမှုကိစ္စကို ရက်အနည်းငယ်ကြာ စဉ်းစားပြီးနောက်တွင် ရလဒ်များကို သင်မြင်လိမ့်မည်။ ထိုအခါတွင် သင်သည် မိုက်မဲပြီး နုံအသည်ကိုလည်းကောင်း၊ ထိုအမှုကိစ္စကို ဘုရားသခင်အပေါ် ဖုံးကွယ်ဖို့ မကြိုးစားသင့်သည်ကိုလည်းကောင်း သိလိမ့်မည်။ အမှုကိစ္စအားလုံး၌ သင်သည် ဘုရားသခင်အပေါ် အရာရာတိုင်းကို ချပြသင့်ပြီး ပွင့်လင်းသင့်သည်။ ဤသည်မှာ ဘုရားသခင်ရှေ့တွင် ထိန်းသိမ်းသင့်သော အနေအထားနှင့် စိတ်အခြေအနေဖြစ်သည်။ သင်က ဖွင့်မပြောသောအခါတွင်ပင် သင်သည် ဘုရားရှေ့တွင် ပွင့်လင်းသည်။ ဘုရားသခင်၏ ရှုထောင့်တွင် သင်က ဖွင့်ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ အဖြစ်မှန်များကို သူသိသည်။ သင်က ယင်းကို မရိပ်စားမိနိုင်လျှင် အလွန်ပင် မမိုက်မဲသလော။ ဤသို့ဆိုလျှင် သင်သည် အဘယ်သို့ပါးနပ်သူတစ်ယောက် ဖြစ်နိုင်သနည်း။ ဘုရားသခင်ထံ သင့်ကိုယ်သင် ဖွင့်ပြခြင်းအားဖြင့် ဖြစ်သည်။ ဘုရားသခင်သည် အရာရာတိုင်းကို စိစစ်ပြီး သိသည်ဆိုသည်ကို သင်သိသည်။ ထို့ကြောင့် သင့်ကိုယ်သင် လိမ္မာပါးနပ်သည်ဟု မထင်မြင်နှင့်။ ပြီးလျှင် သူ မသိကောင်းမသိနိုင်ဟု မထင်နှင့်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးကို တိတ်တဆိတ် ကြည့်ရှုလေ့လာသည်မှာ သေချာသည့်အတွက် ပါးနပ်သောသူတို့သည် အနည်းငယ်ပို၍ ပွင့်လင်းသင့်သည်။ အနည်းငယ်ပို၍ သန့်စင်သင့်သည်။ ရိုးသားသင့်သည်။ ယင်းသည် လုပ်ဆောင်ရန် အမြော်အမြင်ရှိသောအရာ ဖြစ်သည်။ သင်သည် လိမ္မာပါးနပ်သည်ဟု အစဉ်ခံစားရခြင်း၊ သင်၏ ကိုယ်ပိုင်လျှို့ဝှက်ချက်လေးများကို အစဉ်ထားရှိလိုခြင်း၊ လူသိမခံသည့် အခြေအနေအနည်းငယ်ကို ထိန်းသိမ်းရန် အစဉ်ကြိုးစားခြင်းတို့သည် မှန်ကန်သော စဉ်းစားပုံဖြစ်သလော။ အခြားသောလူများနှင့် ဤသို့ဖြစ်ခြင်းသည် ကိစ္စမရှိပေ။ အဘယ်ကြောင့်ဆိုသော် လူအချို့သည် အပြုသဘောဆောင်သော ကိုယ်ကျင့်စရိုက် ရှိသူများမဟုတ်သကဲ့သို့ သမ္မာတရားကို မချစ်သောကြောင့် ဖြစ်သည်။ ဤသို့သောလူများနှင့် သင်သည် အနည်းငယ် ထိမ်ချန်ထားနိုင်သည်။ ၎င်းတို့အပေါ် သင်၏ စိတ်နှလုံးကို လှစ်မပြနှင့်။ ဥပမာ သင်မုန်းတီးသောသူတစ်ယောက်ရှိပြီး သူ့နောက်ကွယ်တွင် သင်က သူ့အကြောင်းမကောင်းပြောသည် ဆိုပါစို့။ ဤအကြောင်းကို သူ့အား သင်ပြောသင့်သလော။ မပြောနှင့်။ ထိုသို့သောအရာကို နောက်တစ်ဖန် မလုပ်သည်ကပင် လုံလောက်သည်။ သင်က ယင်းအကြောင်းကို ပြောလျှင် သင်တို့နှစ်ဦးကြား ဆက်ဆံရေးကို ထိခိုက်မည်။ သင့်စိတ်နှလုံး၌ သင်သည် မကောင်းသည်ကိုလည်းကောင်း၊ သင်သည် အတွင်းတွင် ညစ်ပေပြီး ကောက်ကျစ်ဆိုးယုတ်သည်ကိုလည်းကောင်း၊ သင်သည် အခြားလူတို့အပေါ် မနာလိုဖြစ်သည်ကိုလည်းကောင်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်နှင့်ပတ်သက်၍ ယှဉ်ပြိုင်ရန်အတွက် လူတစ်ယောက်ကို နာမည်ဖျက်ရန် ထိုသူ့နောက်ကွယ်တွင် သူ၏ မကောင်းကြောင်းကို ပြောသည်ကိုလည်းကောင်း သင်သိသည်။ ယုတ်မာလိုက်လေခြင်း။ သင်သည် ဖောက်ပြန်ပျက်စီးသည်ကို အသိအမှတ်ပြုသည်။ သင်လုပ်ဆောင်ခဲ့သည်အရာက မှားသည်ကိုလည်းကောင်း၊ သင့်သဘာဝက ကောက်ကျစ်ဆိုးယုတ်သည်ကိုလည်းကောင်း သင်သိသည်။ ထို့နောက် သင်က ဘုရားရှေ့သို့လာပြီး "အို ဘုရားသခင်၊ ကျွန်ုပ် လျှို့ဝှက်လုပ်ဆောင်ခဲ့သောအရာသည် ကောက်ကျစ်ဆိုးယုတ်ပြီး ယုတ်မာသောအရာတစ်ခု ဖြစ်သည်။ ကိုယ်တော်၏ ခွင့်လွှတ်မှုကို ကျွန်ုပ်တောင်းဆိုပါသည်။ ကျွန်ုပ်ကို ဦးဆောင်ရန် ကိုယ်တော်ကို တောင်းလျှောက်ပါသည်။ ကျွန်ုပ်ကို အပြစ်ဆိုရန် ကိုယ်တော်ကို တောင်းလျှောက်ပါသည်။ ထိုသို့သောအရာကို နောက်တစ်ဖန်မလုပ်ဆောင်ရန် ကျွန်ုပ် ကြိုးပမ်းပါမည်" ဟူ၍ ဆုတောင်းသည်။ ဤသို့လုပ်ဆောင်ခြင်းက အဆင်ပြေသည်။ လူများနှင့် အပြန်အလှန်ဆက်ဆံခြင်းများ၌ နည်းနိဿယအချို့ကို သင်သုံးနိုင်သော်လည်း ဘုရားသခင်အပေါ် သင့်စိတ်နှလုံးထဲ ရှိသည့်အတိုင်းသာ ပြောဆိုခြင်း အကောင်းဆုံးဖြစ်ပြီး သင်သည် ရည်ရွယ်ချက်များကို သိုထားပြီး နည်းနိဿယများကို သုံးပါက သင်သည် ဒုက္ခရောက်လိမ့်မည်။ သင့်စိတ်ထဲ၌ "ဘုရားသခင်က ကျွန်ုပ်ကို အထင်ကြီးဖို့နှင့် အတွင်း၌ ကျွန်ုပ်တွေးနေသည့်အရာကို မသိဖို့ ကျွန်ုပ် မည်သည့်အရာကိုပြောရမည်နည်း။ မည်သည့်အရာကို ပြောလျှင် မှန်မည်နည်း။ ကျွန်ုပ် များစွာ သိုသိပ်ရမည်၊ အနည်းငယ် ပရိယာယ်ကြွယ်ရမည်၊ နည်းစနစ်တစ်ခု ရှိရမည်။ သို့ဆိုလျှင် ဘုရားသခင်သည် ကျွန်ုပ်ကို အထင်ကြီးလိမ့်မည်။" ဟု သင် အမြဲတွေးသည်။ သင်ထိုသို့ အမြဲတွေးနေသည်ကို ဘုရားသခင်က သိမည် မဟုတ်ဟု သင်တွေးထင်သလော။ ဘုရားသခင်သည် သင်တွေးသည့်အရာမှန်သမျှကို သိသည်။ ထိုသို့ တွေးခြင်းသည် ခြေကုန်လက်ပန်းကျစေသည်။ ရိုးသားစွာနှင့် အမှန်တကယ် ပြောခြင်းသည် များစွာသာ၍ ရိုးရှင်းပြီး သင့်ဘဝကို သာ၍လွယ်ကူစေသည်။ သင်သည် ရိုးသားပြီး စင်ကြယ်ကြောင်း၊ သင်သည် ပွင့်လင်းစွာ ဖော်ပြကြောင်း ဘုရားသခင်က ပြောလိမ့်မည်။ ပြီးလျှင် ယင်းက အလွန့်အလွန် တန်ဖိုးရှိပေသည်။ သင်၌ ပွင့်လင်းသော စိတ်နှလုံးတစ်ခုနှင့် ရိုးသားသော သဘောထား တစ်ခုရှိပါက သင် အလွန်အကျွံဖြစ်သွားပြီး မိုက်မဲစွာ ပြုမူသည့်အချိန်များ ရှိလျှင်ပင် ဤသည်မှာ ဘုရားသခင်အဖို့ ပြစ်မှားခြင်းမဟုတ်ပေ။ ယင်းက သင် အလွန် တွက်ချက်တတ်ခြင်းထက် သာပြီး သင်၏မကြာခဏ တွေးဆခြင်းနှင့် စီမံခြင်းထက် သာပေသည်။ အန္တိခရစ်များသည် ဤအရာများကို စွမ်းဆောင်နိုင်သလော။ (မစွမ်းဆောင်နိုင်ပါ။)
အန္တိခရစ်လမ်းကြောင်းကို လျှောက်သောသူအားလုံးသည် အန္တိခရစ် စိတ်သဘောထားရှိသောသူများဖြစ်သည်။ ပြီးလျှင် အန္တိခရစ်စိတ်သဘောထား ရှိသောလူတို့ လျှောက်သောအရာမှာ အန္တိခရစ်တို့၏လမ်းကြောင်းဖြစ်သည်။ သို့တိုင်အောင် အန္တိခရစ်စိတ်သဘောထားရှိသောလူများနှင့် အန္တိခရစ်များကြားတွင် ကွာခြားချက်အနည်းငယ်ရှိသည်။ လူတစ်ယောက်သည် အန္တိခရစ် စိတ်သဘောထားရှိပြီး အန္တိခရစ်လမ်းကြောင်းကို လျှောက်လျှင် သူသည် အန္တိခရစ်ဖြစ်သည်ဟု မလွဲမသွေ ညွှန်ပြခြင်းမျိုး ဖြစ်ချင်မှဖြစ်မည်။ သို့သော် သူသည် နောင်တမရသကဲ့သို့ သမ္မာတရားကို လက်မခံနိုင်လျှင် အန္တိခရစ်အဖြစ်သို့ ရောက်ရှိသွားနိုင်သည်။ အန္တိခရစ်လမ်းကြောင်းကို လျှောက်သောသူတို့အနေဖြင့် နောင်တရရန် မျှော်လင့်ချက်နှင့် အခွင့်အရေးတစ်ခုရှိဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အန္တိခရစ်များ မဖြစ်သေးသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မကောင်းသောအရာမျိုးစုံကို ပြုလုပ်ပြီး အန္တိခရစ်အဖြစ် အမျိုးအစားသတ်မှတ်ခံရကာ ဤသို့ဖြင့် ချက်ချင်း ရှင်းလင်းပစ်ခံရပြီး နှင်ထုတ်ခံရလျှင် နောင်တရဖို့ အခွင့်အရေးရရှိတော့မည်မဟုတ်ပေ။ အန္တိခရစ်လမ်းကြောင်းကို လျှောက်သောသူတစ်ယောက်သည် မကောင်းမှုများစွာကို မလုပ်ဆောင်ရသေးလျှင် ဤသည်မှာ သူသည် အနည်းဆုံးအနေဖြင့် ဆိုးယုတ်သူတစ်ဦး မဟုတ်သေးသည်ကို ပြသည်။ သူသည် သမ္မာတရားကို လက်ခံနိုင်လျှင် ထိုသူအတွက် မျှော်လင့်ချက် ခပ်ရေးရေးရှိသည်။ မည်သို့ဖြစ်စေ သမ္မာတရားကို လက်မခံလျှင် သူသည် မကောင်းမှုမျိုးစုံကို မလုပ်ခဲ့လျှင်ပင် ကယ်တင်ခြင်းခံရဖို့ အလွန်အခက်အခဲဖြစ်လိမ့်မည်။ အန္တိခရစ်တစ်ဦးသည် အဘယ်ကြောင့် ကယ်တင်ခြင်းမခံရနိုင်သနည်း။ သမ္မာတရားကို စိုးစဉ်းမျှပင် လက်မခံသောကြောင့် ဖြစ်သည်။ ဘုရားအိမ်တော်က ရိုးသားသူတစ်ဦး ဖြစ်ခြင်းအကြောင်းကိုလည်းကောင်း၊ မည်သို့ဖွင့်ပြပြီး ပွင့်လင်းရမည်၊ ပြောစရာရှိသည့်အရာကို ထုတ်ပြောပြီး လှည့်ဖြားမှုကို လုပ်ဆောင်ခြင်း မပြုရဆိုသည်တို့အကြောင်းကိုလည်းကောင်း မည်သို့ မိတ်သဟာယဖွဲ့သည်ဖြစ်စေ သူသည် လက်မခံနိုင်ခြင်းပင်ဖြစ်သည်။ လူတို့သည် ရိုးသားခြင်းအားဖြင့် အခွင့်အရေး ဆုံးရှုံးကြရသည်ဟုလည်းကောင်း၊ သမ္မာတရားကို ပြောခြင်းသည် မိုက်မဲသည်ဟုလည်းကောင်း သူသည် အစဉ်ခံစားရသည်။ သူသည် ရိုးသားသူတစ်ဦး မဖြစ်ရန် စိတ်ပိုင်းဖြတ်ထားသည်။ ဤသည်မှာ အန္တိခရစ်တို့၏ သဘာဝဖြစ်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြိုသကဲ့သို့ မုန်းတီးခြင်းဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံလျှင် မည်သို့ ကယ်တင်ခံရနိုင်သနည်း။ အန္တိခရစ်လမ်းကြောင်းကို လျှောက်သူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်လျှင် ထိုသူနှင့် အန္တိခရစ်ကြား ရှင်းလင်းသော ခြားနားချက်တစ်ခုရှိသည်။ အန္တိခရစ်အားလုံးသည် သမ္မာတရားအနည်းငယ်ကိုပင် လက်မခံသောလူများဖြစ်သည်။ မှားယွင်းသော၊ သို့မဟုတ် ဆိုးယုတ်သောအရာ မည်မျှကို ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ အသင်းတော်အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများအပေါ် ၎င်းတို့ သင့်စေခဲ့သော ဆုံးရှုံးမှုများက မည်မျှကြီးမားသည်ဖြစ်စေ ၎င်းတို့သည် မည်သည့်အခါမျှ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိမြင်မည်မဟုတ်။ ၎င်းတို့သည် ပြုပြင်ခြင်းခံရလျှင်ပင် မည်သည့်သမ္မာတရားကိုမျှ လုံးဝ လက်မခံပေ။ ဤအတွက်ကြောင့် အသင်းတော်က ၎င်းတို့အား ဆိုးယုတ်သူများအဖြစ်၊ အန္တိခရစ်များအဖြစ် အမျိုးအစားသတ်မှတ်ခြင်း ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် အများဆုံးအနေဖြင့် သူ၏ လုပ်ရပ်များက စည်းမျဉ်းများကို ချိုးဖောက်ပြီး သမ္မာတရားနှင့် မညီသည်ကိုသာ ဝန်ခံလိမ့်မည်။ သို့တိုင်အောင် သူသည် မကောင်းမှုကို တမင်လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် ဘုရားသခင်ကို တမင်အာခံခဲ့သည်ဟူ၍ မည်သည့်အခါမျှ လုံးဝ ဝန်ခံမည်မဟုတ်။ ၎င်းတို့သည် အမှားများကိုသာ ဝန်ခံမည်ဖြစ်သော်လည်း သမ္မာတရားကို လက်ခံမည်မဟုတ်။ ထို့နောက်တွင် ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ လုံးဝ လက်တွေ့မလုပ်ဆောင်ဘဲ ယခင်ကကဲ့သို့ မကောင်းမှုကို ဆက်လက် လုပ်ဆောင်မည်ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် သမ္မာတရားကို လုံးဝ လက်မခံဆိုသည့်အချက်ကို ကြည့်လျှင် အန္တိခရစ်များ၏ သဘာဝအနှစ်သာရသည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်းဖြစ်သည်ဆိုသည်ကို မြင်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သည်မှာ နှစ်မည်မျှကြာသည်ဖြစ်စေ ဘုရားသခင်ကို အစဉ်အာခံသူများအဖြစ် ရှိနေသည်။ အခြားတစ်ဖက်တွင် သာမန်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တို့အားလုံးသည် အန္တိခရစ်၏ စိတ်သဘောထားတစ်ခု ရှိနိုင်သည်။ သို့သော် ၎င်းတို့နှင့် အန္တိခရစ်များကြားတွင် ကွာခြားချက်တစ်ခုရှိသည်။ ဘုရားသခင်၏ တရားစီရင်သည့်၊ ဖော်ထုတ်သည့် နှုတ်ကပတ်တော်များကို ကြားပြီးနောက်တွင် ယင်းတို့ကို အလေးအနက်ထားပြီး ထပ်ခါထပ်ခါ ဆင်ခြင်တွေးတောသော၊ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်သော လူအချို့ရှိသည်။ ထို့နောက်တွင် ၎င်းတို့သည် "ဤသို့ဆိုလျှင် ဤသည်မှာ အန္တိခရစ်၏ စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ အန္တိခရစ်လမ်းကြောင်းကို လျှောက်ခြင်းဟူသည့်အရာ ဖြစ်သည်။ လေးနက်လိုက်သည့် ပြဿနာပါတကား။ ငါ့တွင် ထိုအခြေအနေများနှင့် အပြုအမူများရှိသည်။ ငါ့တွင် ထိုအနှစ်သာရမျိုးရှိသည်။ ငါသည် ထိုလူမျိုးဖြစ်သည်" ဟု သတိပြုမိနိုင်သည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုအန္တိခရစ် စိတ်သဘောထားကို ဖယ်ရှားပြီး အမှန်တကယ် နောင်တရကောင်းရနိုင်ပုံကို စဉ်းစားသုံးသပ်သည်။ ဤသို့ဖြင့် အန္တိခရစ်လမ်းကြောင်းကို မလျှောက်ရန် ၎င်းတို့၏ စိတ်ကို ပိုင်းဖြတ်နိုင်သည်။ ၎င်းတို့၏ အလုပ်နှင့် ဘဝတွင် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ် ၎င်းတို့၏ သဘောထားတွင် ၎င်းတို့၏ ကိုယ်ပိုင်လုပ်ရပ်များနှင့် အပြုအမူများအပေါ်၊ ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိရသည့်အကြောင်းအရင်းအပေါ်၊ ၎င်းတို့သည် စာတန်ဆန်သော စိတ်သဘောထားနှင့် အစဉ်နေထိုင်နေသည့် အကြောင်းအရင်းအပေါ်၊ ၎င်းတို့သည် ဇာတိပကတိနှင့် စာတန်ကို မပုန်ကန်နိုင်သည့် အကြောင်းအရင်းအပေါ် ဆင်ခြင်သုံးသပ်နိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ဆုတောင်းလိမ့်မည်။ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံလိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ၊ စာတန်၏ စွမ်းအားမှ ၎င်းတို့ကို ကယ်တင်ရန် ဘုရားသခင်ကို အနူးအညွတ် တောင်းပန်လိမ့်မည်။ ၎င်းတို့သည် ဤအရာကိုလုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ချက် ရှိခြင်းသည် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်သည်ဆိုသည်ကို သက်သေပြသည်။ ၎င်းတို့သည် ထို့အတူပင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ထုတ်ဖော်ပြီး ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း လုပ်ဆောင်သည်။ ခြားနားချက်မှာ အန္တိခရစ်တစ်ဦးသည် အမှီအခိုကင်းသော နိုင်ငံတော်ကို တည်ဆောက်ရန် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများသာ ရှိခြင်းမဟုတ်။ မည်သို့ဖြစ်စေ သမ္မာတရားကိုလည်း လက်ခံမည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်၏ ပျော့ကွက်ဖြစ်သည်။ အခြားတစ်ဖက်တွင် အန္တိခရစ်စိတ်သဘောထားရှိသူတစ်ဦးက သမ္မာတရားကို လက်ခံနိုင်လျှင်၊ ဘုရားသခင်ထံဆုတောင်းပြီး အားကိုးနိုင်လျှင်၊ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားလိုလျှင်၊ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်လိုလျှင် ထိုဆုတောင်းချက်နှင့် ထိုစိတ်ပိုင်းဖြတ်ချက်သည် သူ၏ အသက်ဝင်ရောက်မှုအပေါ် မည်သည့်နည်းလမ်းတို့ဖြင့် အကျိုးပြုမည်နည်း။ ယင်းသည် အနည်းဆုံးအနေဖြင့် သူ့ကိုယ်သူ ပြန်လည်သုံးသပ်စေမည်ဖြစ်ပြီး သူ၏တာဝန်ကို ထမ်းဆောင်သောအခါတွင် သူ့ကိုယ်သူ သိမြင်စေမည်။ ပြီးလျှင် ပြဿနာများအား ဖြေရှင်းရန်အတွက် သမ္မာတရားကို အသုံးပြုစေမည်။ ဤသို့ဖြင့် သူ၏တာဝန်ကို ကျေနပ်ဖွယ်ဖြစ်စွာ ထမ်းဆောင်ကောင်း ထမ်းဆောင်လာနိုင်သည်။ ဤသည်မှာ ထိုသူအား အကျိုးပြုစေမည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ထို့အပြင် သူ၏တာဝန်ကို ထမ်းဆောင်ခြင်းက ပေးသည့် လေ့ကျင့်မှုဖြင့် သူသည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် စတင်နိုင်လိမ့်မည်။ မည်သည့်အခက်အခဲများကို သူကြုံတွေ့ရပါစေ သမ္မာတရားကို ရှာနိုင်လိမ့်မည်။ သမ္မာတရားအား လက်ခံခြင်းကို အာရုံစိုက်ပြီး လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ တဖြည်းဖြည်းချင်းဖြင့် သူ၏ စာတန်ဆန်သော စိတ်သဘောထားကို ဖယ်ရှားနိုင်လိမ့်မည်။ ပြီးလျှင် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုးကွယ်လာနိုင်လိမ့်မည်။ သူသည် ဤသို့သော လက်တွေ့လုပ်ဆောင်မှုဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်သည်။ အန္တိခရစ်စိတ်သဘောထားရှိသူတို့သည် ဖောက်ပြန်ပျက်စီးမှုကို ရံဖန်ရံခါ ထုတ်ဖော်နိုင်သည်။ ၎င်းတို့သည် မရည်ရွယ်ဘဲ ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့၏ အကျိုးစီးပွားအတွက် ပြောဆိုပြုမူနိုင်ဆဲ ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း အလုပ်လုပ်ဆဲဖြစ်နိုင်သည်။ သို့သော် ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ထုတ်ဖော်နေသည်ကို သဘောပေါက်သည်နှင့် တစ်ပြိုင်နက် အလွန်နောင်တရလိမ့်မည်။ ဘုရားသခင်ထံ ဆုတောင်းလိမ့်မည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်သူ၊ ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံသူဖြစ်သည်ဆိုသည်ကို သက်သေပြသည်။ ၎င်းတို့သည် အသက်ဝင်ရောက်မှုအား လိုက်စားနေသည်ကို သက်သေပြသည်။ လူတစ်ဦးသည် နှစ်မည်မျှအတွေ့အကြုံရှိသည်ဖြစ်စေ၊ ဖောက်ပြန်ပျက်စီးမှု မည်မျှကို ထုတ်ဖော်သည်ဖြစ်စေ သူသည် အဆုံးတွင် သမ္မာတရားကို လက်ခံနိုင်မည်ဖြစ်ပြီး သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်နိုင်လိမ့်မည်။ သူသည် ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံသူ ဖြစ်သည်။ ဤအရာအားလုံးကို သူလုပ်ဆောင်သောအခါတွင် သူသည် မှန်သောလမ်းခရီးပေါ်တွင် သူ၏ အခြေခံအုတ်မြစ်ကို ချထားပြီးဖြစ်သည်ဆိုသည်ကို ထင်ရှားစေသည်။ သို့သော် အန္တိခရစ်လမ်းကြောင်းကို လျှောက်သောသူအချို့သည် သမ္မာတရားကို လက်မခံနိုင်ပေ။ ၎င်းတို့အတွက် ကယ်တင်ခြင်းသည် အန္တိခရစ်များကဲ့သို့ပင် ရရှိနိုင်ရန် ခက်ခဲလိမ့်မည်။ ဤသို့သောသူတို့သည် အန္တိခရစ်များကို ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များကို ကြားသောအခါ မည်သည့်အရာကိုမျှ မခံစားရဘဲ စိတ်မဝင်စားသကဲ့သို့ တို့ထိခြင်းလည်းမခံရပေ။ မိတ်သဟာယက အန္တိခရစ်စိတ်သဘောထားအကြောင်းအရာကို ရောက်သွားသောအခါတွင် ၎င်းတို့သည် အန္တိခရစ် စိတ်သဘောထား ရှိသည်ကိုလည်းကောင်း၊ အန္တိခရစ်လမ်းကြောင်းကို လျှောက်နေသည်ကိုလည်းကောင်း ဝန်ခံလိမ့်မည်။ ၎င်းတို့သည် ဤအကြောင်းကို အလွန်ကောင်းစွာ ပြောဆိုလိမ့်မည်။ သို့သော် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် အချိန်ကျသောအခါ ၎င်းတို့သည် လုပ်ဆောင်ရန် ငြင်းဆန်ဦးမည်ဖြစ်သည်။ ၎င်းတို့၏ အန္တိခရစ်စိတ်သဘောထားကို အမှီပြုလျက် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း လုပ်ဆောင်လိမ့်ဦးမည်။ သင်က ၎င်းတို့အား "သင်သည် အန္တိခရစ်စိတ်သဘောထားကို ထုတ်ဖော်သောအခါ စိတ်နှလုံးတွင် ရုန်းကန်ရပါသလား။ သင်၏ အဆင့်အတန်းကို ကာကွယ်ပေးရန်အတွက် သင်စကားပြောသောအခါတွင် မိမိကိုယ်ကို အပြစ်တင်ခြင်းကို ခံစားရပါသလား။ အန္တိခရစ်စိတ်သဘောထားတစ်ခုကို သင်ထုတ်ဖော်သောအခါ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ပြီး သိမြင်လာပါသလား။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအကြောင်းကို သင်သိသည်နှင့်တစ်ပြိုင်နက် စိတ်နှလုံး၌ ကြီးစွာနောင်တရပါသလား။ ထို့နောက်တွင် သင်သည် လုံးဝ နောင်တရပါသလား၊ သို့မဟုတ် ပြောင်းလဲပါသလား" ဟု မေးလျှင် ၎င်းတို့သည် အဖြေမရှိရန် သေချာသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဤသို့သော အတွေ့အကြုံများ၊ ကြုံတွေ့မှုများ တစ်ခုတလေမျှ မရှိသောကြောင့် ဖြစ်သည်။ မည်သည့်အရာကိုမျှ ၎င်းတို့ ပြောနိုင်မည်မဟုတ်။ ဤသို့သောလူတို့သည် စစ်မှန်သော နောင်တကို ရနိုင်စွမ်းရှိသလော။ အသေအချာပင် လွယ်ကူမည်မဟုတ်။ သမ္မာတရားကို အမှန်တကယ် လိုက်စားသူတို့သည် ၎င်းတို့ကိုယ်တိုင်တွင် အန္တိခရစ်စိတ်သဘောထားကို ထုတ်ဖော်ခြင်းတစ်ခုခုအားဖြင့် ဝမ်းနည်းရလိမ့်မည်ဖြစ်ပြီး စိတ်သောကရောက်လိမ့်မည်။ ၎င်းတို့သည် "ဤစာတန်ဆန်သော စိတ်သဘောထားကို ငါအဘယ်ကြောင့် မဖယ်ရှားနိုင်ရသနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ငါအဘယ်ကြောင့် အစဉ်ထုတ်ဖော်နေသနည်း။ ငါ၏ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် အဘယ်ကြောင့် အလွန်ခေါင်းမာပြီး ခွဲခြား၍မရနိုင်သနည်း။ သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ရန် အဘယ်ကြောင့် အလွန်ခက်သနည်း" ဟု တွေးလာလိမ့်မည်။ ဤသည်မှာ ၎င်းတို့၏ ဘဝအတွေ့အကြုံသည် မလေးနက်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် လုံးဝ များစွာ မဖြေရှင်းရသေးသည်ကိုလည်းကောင်း ပြသည်။ ဤအတွက်ကြောင့် တစ်စုံတစ်ခုက ၎င်းတို့ထံသို့ ကျရောက်သောအခါ ၎င်းတို့စိတ်နှလုံးရှိ တိုက်ပွဲသည် ပြင်းထန်စွာဖြစ်ပွားရခြင်းနှင့် ထိုညှဉ်းပန်းမှု၏ အပြင်းဆုံးဒဏ်ကိုလည်း ခံရခြင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားကို ဖယ်ရှားရန် စိတ်ပိုင်းဖြတ်ချက်ရှိသော်လည်း ၎င်းတို့စိတ်နှလုံးတွင် ထိုစိတ်သဘောထားနှင့် ဖြစ်သည့် တိုက်ပွဲမရှိဘဲ အသေအချာပင် မနေနိုင်ပေ။ ပြီးလျှင် ထိုတိုက်ပွဲဝင်နေသော အခြေအနေက တစ်ရက်ပြီးတစ်ရက် ပြင်းထန်လာသည်။ ပြီးလျှင် ၎င်းတို့၏ မိမိတို့ကိုယ်ကို သိမြင်မှုသည် ပိုမိုနက်နဲလာသောအခါ၊ ၎င်းတို့သည် မည်မျှနက်နဲစွာ ဖောက်ပြန်ပျက်စီးနေသည်ကို မြင်သောအခါ ၎င်းတို့သည် သမ္မာတရားကို ရရန် ပို၍ပင် တောင့်တသည်။ ပြီးလျှင် သမ္မာတရားကို ပို၍ပင် တန်ဖိုးထားပြီး ၎င်းတို့သည် မိမိတို့ကိုယ်ကိုနှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိခြင်းဖြစ်စဉ်တစ်လျှောက်တွင် အနှောင့်အယှက်ကင်းစွာဖြင့် သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု၌ တဖြည်းဖြည်းချင်း ကြီးထွားမည်ဖြစ်ပြီး ၎င်းတို့၏ အသက်စိတ်သဘောထားက စတင်၍ အမှန်တကယ် ပြောင်းလဲလိမ့်မည်။ ၎င်းတို့သည် ဤပုံစံဖြင့် တွေ့ကြုံရန် ဆက်လက်ကြိုးစားလျှင် ၎င်းတို့၏ အခြေအနေသည် တစ်နှစ်ပြီးတစ်နှစ် ပိုပို၍ ကောင်းလာလိမ့်မည်။ အဆုံး၌ ၎င်းတို့သည် ဇာတိပကတိကို ကျော်လွှားပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားနိုင်လိမ့်မည်။ သမ္မာတရားကို မကြာခဏ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို ရရှိနိုင်လိမ့်မည်။ အသက်ဝင်ရောက်မှုသည် မလွယ်ကူပေ။ ယင်းသည် သေတော့မည်ဖြစ်သည့်သူတစ်ဦးကို ပြန်လည်အသက်သွင်းသကဲ့သို့ပင် ဖြစ်သည်။ လူတစ်ဦး ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည့်တာဝန်မှာ သမ္မာတရားကို မိတ်သဟာယပြုခြင်း၊ ၎င်းကို ပံ့ပိုးပေးခြင်း၊ ၎င်းကို ထောက်ကူပေးခြင်း သို့မဟုတ် ၎င်းကို ပြုပြင်ပေးခြင်းတို့ဖြစ်သည်။ သူသည် ယင်းကို လက်ခံပြီး ကျိုးနွံနာခံနိုင်လျှင် သူ့အတွက် မျှော်လင့်ချက်ရှိသည်။ သူသည် ရုန်းထွက်လွတ်မြောက်ရန် အတော်အတန် ကံကောင်းနိုင်ပြီး အမှုအရာများက လုံးလုံးလျားလျား ပျက်စီးသွားရခြင်းမျိုး ဖြစ်မည် မဟုတ်ချေ။သို့သော် သူသည် သမ္မာတရားကို လက်ခံဖို့ ငြင်းဆန်ပြီး မိမိကိုယ်ကို လုံးဝ မသိလျှင် သူသည် အန္တရာယ်ရှိနေပြီ ဖြစ်သည်။ အန္တိခရစ်အချို့သည် ဖယ်ရှားရှင်းလင်းခံရပြီးနောက်တွင် မိမိတို့ကိုယ်ကို မသိဘဲ တစ်နှစ်၊ နှစ်နှစ်နေသည်။ ပြီးလျှင် ၎င်းတို့၏ အမှားကိုလည်း အသိအမှတ်မပြုပေ။ ဤသို့သောဖြစ်ရပ်တွင် ၎င်းတို့၌ အသက်ရှိသည့် လက္ခဏာလုံးဝ မကျန်ရစ်ပေ။ ယင်းသည် ၎င်းတို့၌ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် မရှိတော့ဆိုသည့် သက်သေဖြစ်သည်။ သင်တို့သည် ပြုပြင်ခြင်း ခံရသောအခါ သမ္မာတရားကို လက်ခံနိုင်သလော။ (လက်ခံနိုင်ပါသည်။) ဤသို့ဆိုလျှင် မျှော်လင့်ချက်ရှိသည်။ ယင်းသည် ကောင်းသောအရာ ဖြစ်သည်။ သမ္မာတရားကို သင်လက်ခံနိုင်လျှင် သင်သည် ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်တစ်ခုရှိသည်။
သင်သည် ကယ်တင်ခြင်းခံရလိုလျှင် အခက်အခဲများစွာကို ကျော်ဖြတ်ရမည်။ မည်သည့်အခက်အခဲများ ဖြစ်သနည်း။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် မရပ်မနား တိုက်ပွဲ ဖြစ်ပြီး စာတန်နှင့် အန္တိခရစ်တို့၏ စိတ်သဘောထားနှင့် တိုက်ပွဲ ဖြစ်သည်။ ယင်းသည် သင့်ကို ထိန်းချုပ်လိုသည်။ သင်က ယင်းကို ခါချပစ်လိုသည်။ ယင်းသည် သင့်ကို အထင်အမြင်မှားစေလိုသည်။ သင်က ယင်းကို စွန့်ပစ်လိုသည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိမြင်လာပြီးနောက်တွင် ခါမချနိုင်သည်ကို တွေ့ရလျှင် စိတ်သောကရောက်ပြီး ဝေဒနာခံစားရမည်။ ပြီးလျှင် သင်ဆုတောင်းလိမ့်မည်။ တစ်ခါတစ်ရံတွင် အချိန်အတန်ကြာပြီဖြစ်ကာ စာတန်၏ စိတ်သဘောထားအား သင်ခါမချနိုင်သေးသည်ကို မြင်သောအခါ၌ မျှော်လင့်ချက်မရှိတော့ဟု သင်ခံစားရမည်ဖြစ်သော်လည်း အရှုံးပေးမည်မဟုတ်။ ပြီးလျှင် သင်သည် အလွန်ပင် အပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျလျက် ဆက်သွား၍မဖြစ်ဟုလည်းကောင်း၊ သင်သည် ဆက်လက်၍ ကြိုးစားနေရမည်ဟုလည်းကောင်း ခံစားရလိမ့်မည်။ တာဝန်ထမ်းဆောင်ခြင်း ဖြစ်စဉ်နှင့် ဘုရားအမှုတော်ကို တွေ့ကြုံခြင်း ဖြစ်စဉ်တွင် လူတို့၌ ပမာဏအားဖြင့် မတူညီသော စိတ်အတွင်းပိုင်း တုံ့ပြန်မှုများရှိသည်။ အချုပ်အားဖြင့်ဆိုလျှင် အသက်ရှိသူတို့သည် သမ္မာတရားကို လိုက်စားသူတို့ဖြစ်ပြီး ၎င်းတို့သည် စိတ်အတွင်းတွင် စဉ်ဆက်မပြတ် ပြောင်းလဲနေသည်။ ၎င်းတို့၏ စဉ်းစားပုံနှင့် အမြင်များတွင်၊ ၎င်းတို့၏ အပြုအမူနှင့် လက်တွေ့လုပ်ဆောင်မှုများတွင်၊ ပြီးလျှင် ၎င်းတို့စိတ်အတွင်းထဲရှိ ရည်ရွယ်ချက်များ၊ အယူအဆများ၊ အတွေးအခေါ်များတွင်ပင် စဉ်ဆက်မပြတ် ကပြောင်းကပြန် ဖြစ်နေလိမ့်မည်။ ထို့အပြင် မည်သည့်အရာကမှန်သည်၊ မည်သည့်အရာက မှားသည်ကိုလည်းကောင်း၊ မည်သည့်မှားယွင်းသောအရာများကို ၎င်းတို့ လုပ်ဆောင်ခဲ့သည်ကိုလည်းကောင်း၊ စဉ်းစားပုံတစ်ခုခုက မှန်သည်၊ မှားသည်ကိုလည်းကောင်း၊ အမြင်တစ်ခုခုက သမ္မာတရားနှင့် ညီမညီကိုလည်းကောင်း၊ ပုံစံတစ်ခုခုဖြင့် ပြုမူဆောင်ရွက်ခြင်း နောက်ကွယ်၌ရှိသော စည်းမျဉ်းများက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ညီမညီကိုလည်းကောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသူ၊ သမ္မာတရားကို ချစ်သူဟုတ်မဟုတ်ကိုလည်းကောင်း ၎င်းတို့ ပို၍ ရှင်းလင်းစွာဖြင့် ခွဲခြားသိမြင်လိမ့်မည်။ ဤအရာများသည် ၎င်းတို့စိတ်နှလုံးတွင် တဖြည်းဖြည်းချင်းဖြင့် ပို၍၊ ပို၍ ရှင်းလင်းလာလိမ့်မည်။ ဤသို့ဆိုလျှင် ဤရလဒ်များရရှိခြင်းကို မည်သည့်အခြေခံအုတ်မြစ်ပေါ်၌ တည်ဆောက်သနည်း။ သမ္မာတရားများကို ၎င်းတို့နားလည်သည်နှင့်အမျှ သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ခြင်း အခြေခံအုတ်မြစ်ဖြစ်သည်။ အန္တိခရစ်များသည် ပြောင်းလဲမှုကိုပင် မရရှိနိုင်သည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်စွမ်း မရှိခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့ နားလည်နိုင်သော်လည်း လက်တွေ့မလုပ်ဆောင်ပေ။ ပြီးလျှင် သမ္မာတရားကို ကြားသောအခါ လက်တွေ့မလုပ်ဆောင်ပေ။ ၎င်းတို့သည် သမ္မာတရားကို အယူဝါဒအဖြစ် နားလည်ပြီး လက်ခံခြင်း ဖြစ်နိုင်သည်။ သို့သော် ၎င်းတို့သည် ၎င်းတို့နားလည်နိုင်သည့် ထိုအယူဝါဒနှင့် စည်းမျဉ်းစည်ကမ်းအနည်းငယ်တို့ကိုပင် လက်တွေ့လုပ်ဆောင်နိုင်သလော။ အနည်းငယ်မျှပင် မလုပ်ဆောင်နိုင်ပေ။ သင်က ၎င်းတို့ကို အတင်းခိုင်းစေလျှင်ပင်၊ ၎င်းတို့သည် ခြေကုန်လက်ပန်းကျအောင် ကြိုးစားလျှင်ပင် ယင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်ဦးမည်မဟုတ်ပေ။ ဤအတွက်ကြောင့် ၎င်းတို့အတွက် သမ္မာတရားသို့ ဝင်ရောက်ခြင်းသည် ထာဝရအနှစ်မဲ့ခြင်းအဖြစ် ကျန်ရှိနေသည်။ အန္တိခရစ်တစ်ဦးသည် ရိုးသားသူတစ်ဦး ဖြစ်ခြင်းအကြောင်းကို မည်မျှပြောနိုင်သည်ဖြစ်စေ၊ သူ၏ အားထုတ်မှုတို့က မည်မျှကြီးသည်ဖြစ်စေ သူသည် ရိုးသားသောပြောဆိုမှုတစ်ခုကို မပြုလုပ်နိုင်သေးပေ။ ပြီးလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များအား အလေးထားကြောင်းကို ၎င်းတို့ မည်သို့ပြောသည်ဖြစ်စေ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော၊ ယုတ်မာသော ကြံရွယ်ချက်များကို လက်လွှတ်ဦးမည်မဟုတ်ပေ။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်သည့် အမြင်မှနေ၍ လုပ်ဆောင်သည်။ ကောင်းသောအရာ တစ်ခုကို၊ ၎င်းတို့အား အကျိုးအမြတ်ရှိစေမည့်အရာတစ်ခုကို ၎င်းတို့ မြင်သောအခါ ၎င်းတို့က "ငါ့ကို ပေးပါ။ ယင်းမှာ ငါ့အပိုင်ဖြစ်သည်" ဟု ဆိုသည်။ ၎င်းတို့၏ အဆင့်အတန်းအတွက် အကျိုးအမြတ်ရှိစေမည့် မည်သည့်အရာကိုမဆို ပြောဆိုပြီး ၎င်းတို့အတွက် အကျိုးအမြတ်ရှိစေမည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရဖြစ်သည်။ ၎င်းတို့သည် အလွန် စိတ်ထက်သန်သည့် အချိန်တစ်ခဏတွင် သမ္မာတရားအနည်းငယ်ကို နားလည်သည်ဟု ခံစားရနိုင်သည်။ ၎င်းတို့သည် စိတ်အားထက်သန်မှုဖြစ်ပြီး လူသိများသော စကားအနည်းငယ်ကို ဟစ်ကြွေးသည်။ "ကျွန်ုပ်သည် လက်တွေ့လုပ်ဆောင်ပြီး ပြောင်းလဲရန်၊ ဘုရားသခင်ကို စိတ်ကျေနပ်အောင် လုပ်ရန်လိုသည်" ဟူ၍ ဖြစ်သည်။ သို့တိုင်အောင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အချိန်ကျသောအခါ ၎င်းတို့ လုပ်ဆောင်သလော။ မလုပ်ဆောင်ပေ။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ စစ်မှန်သော ဥပမာမည်မျှအပါအဝင်၊ သမ္မာတရားများ၊ အမှန်တရားများကို အရှိအတိုင်း မည်မျှဟောပြောသည်ဖြစ်စေ အန္တိခရစ်တစ်ဦးကို မပြောင်းလဲစေနိုင်သကဲ့သို့ သူ၏ ရည်မှန်းချက်ကိုလည်း မယိမ်းယိုင်စေနိုင်ပေ။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ ကိုယ်ကျင့်စရိုက်နှင့် လက္ခဏာတစ်ခုဖြစ်သည်။ ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ လုံးဝ လက်တွေ့လုပ်ဆောင်မည်မဟုတ်။ ၎င်းတို့သည် ကောင်းမွန်စွာ စကားပြောသောအခါ၌ အခြားလူများကြားဖို့အတွက် ဖြစ်ပြီး မည်သို့ ကောင်းစွာပြောသည်ဖြစ်စေ ယင်းသည် ကြီးကျယ်ပြီး အနှစ်မဲ့သော စကားပြောဆိုမှု ပုံစံဖြစ်သည်။ ယင်းသည် ၎င်းတို့အတွက် သဘောတရားဖြစ်သည်။ ဤသို့သောလူတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို အမှန်တကယ် မည်သို့နေရာပေးသနည်း။ ငါသည် သင်တို့ကို ပြောပြီးဖြစ်သည့် မည်သည့်အရာက အန္တိခရစ်၏ သဘာဝအနှစ်သာရ ဖြစ်သနည်း။ (သမ္မာတရားအပေါ် မုန်းတီးမှုဖြစ်သည်။) မှန်သည်။ သမ္မာတရားကို ၎င်းတို့ မုန်းတီးသည်။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်မှု၊ ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် ယုတ်မာမှု၊ ၎င်းတို့၏ မာနထောင်လွှားမှု၊ ရက်စက်မှု၊ အဆင့်အတန်းနှင့် ကြွယ်ဝမှုကို ၎င်းတို့ မတရားသိမ်းယူမှု၊ အခြားလူများအပေါ် ၎င်းတို့၏ ထိန်းချုပ်မှုတို့သည် အမြင့်ဆုံး သမ္မာတရားဖြစ်သည်၊ အမြင့်ဆုံး အတွေးအခေါ်ဖြစ်သည်၊ အခြားမည်သည့်အရာကမျှ ထိုအရာများကဲ့သို့ မမြင့်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် အဆင့်အတန်းကို ရပြီး လူတို့ကို ထိန်းချုပ်နိုင်သည်နှင့် ၎င်းတို့ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်ကာ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများအားလုံးတို့သည် ဖြစ်မြောက်နိုင်ချေရှိလာသည်။ ဤသည်မှာ အန္တိခရစ်၏ အဆုံးစွန်ပန်းတိုင်ဖြစ်သည်။
အန္တိခရစ်တို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးသည်။ သင့်အနေဖြင့် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူကို သမ္မာတရားအား လက်ခံပြီး လက်တွေ့လုပ်ဆောင်စေရန် ပြုလုပ်ဖို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ဤသို့ လုပ်ဆောင်ခြင်းသည် နွားကို သစ်ပင်တက်ခိုင်းခြင်း၊ သို့မဟုတ် ဝံပုလွေကို ကောက်ရိုးစားခိုင်းခြင်းနှင့် ညီမျှသည်။ ယင်းသည် ၎င်းတို့အား မဖြစ်နိုင်သည့်အရာကို တောင်းဆိုနေခြင်း ဖြစ်မည်လော။ သင်သည် တစ်ခါတစ်ရံတွင် ဝံပုလွေတစ်ကောင်က သိုးများနှင့်အတူရောနှောရန် သိုးအုပ်အတွင်းသို့ ထိုးဖောက်ဝင်သည်ကို တွေ့လိမ့်မည်။ ၎င်းသည် လှည့်ကွက်ပြုလုပ်ပြီး သိုးကိုစားရန်အတွက် အခွင့်အရေးကို စောင့်ဆိုင်းလျက်ရှိသည်။ ၎င်း၏ သဘာဝသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်။ အလားတူပင် အန္တိခရစ်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်စေခြင်းသည် ဝံပုလွေအား ကောက်ရိုးစားခိုင်းပြီး ၎င်း၏ သိုးကိုစားသည့် ဗီဇကို စွန့်ပစ်ခိုင်းခြင်းနှင့် ညီမျှသည်။ မဖြစ်နိုင်ပေ။ ဝံပုလွေသည် အသားစားသတ္တဝါများဖြစ်သည်။ ၎င်းတို့သည် သိုးကိုစားသည်။ တိရစ္ဆာန်မျိုးစုံကို စားသည်။ ယင်းသည် ၎င်းတို့သဘာဝဖြစ်သည်။ ပြောင်းလဲ၍မရပေ။ တစ်စုံတစ်ယောက်က "ကျွန်ုပ်သည် အန္တိခရစ် ဟုတ်မဟုတ်ဆိုသည်ကို မသိ။ သို့သော် သမ္မာတရားအား မိတ်သဟာယပြုသည်ကို ကျွန်ုပ်ကြားသည့်အချိန်တိုင်းတွင် ကျွန်ုပ်၏ စိတ်နှလုံးသည် အမျက်ခြောင်းခြောင်းထွက်ပြီး မုန်းတီးသည်။ ကျွန်ုပ်ကို ပြုပြင်မည့် မည်သူကိုမဆို ပို၍ပင် မုန်းတီးသည်" ဟု ဆိုလျှင် ယင်းသည် အန္တိခရစ်ဖြစ်သလော။ (ဟုတ်ပါသည်။) တစ်စုံတစ်ယောက်က "သင့်အပေါ်၌ အမှုအရာများ ကျရောက်သောအခါ သင်သည် သမ္မာတရားကို ကျိုးနွံနာခံပြီး ရှာဖွေရမည်" ဟု ဆိုပြီး ထိုပထမလူက "ကျိုးနွံနာခံတဲ့လား၊ သွားသေလိုက်ပါလား။ ဆက်၍ စကားမပြောနှင့်" ဟု ဆိုသည်။ ယင်းသည် မည်သို့သောအရာမျိုးနည်း။ ဒေါသစိတ်ရှိခြင်းလော။ (မဟုတ်ပါ။) ယင်းသည် မည်သည့်စိတ်သဘောထားနည်း။ (သမ္မာတရားကို မုန်းတီးခြင်းဖြစ်သည်။) ၎င်းတို့သည် ယင်းအကြောင်းပြောဆိုမှုကိုပင် သည်းခံမည်မဟုတ်သကဲ့သို့ သမ္မာတရားကို သင် မိတ်သဟာယပြုသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ သဘာဝက ပွင့်ထွက်ပြီး ၎င်းတို့၏ သရုပ်မှန်ကို ပြသသည်။ ၎င်းတို့သည် သမ္မာတရားအား ရှာဖွေခြင်း၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအကြောင်း ပြောဆိုမှုတစ်ခုတလေအား ကြားရခြင်းကို မနှစ်သက်ပေ။ ၎င်းတို့၏ မနှစ်သက်ခြင်းမှာ မည်မျှကြီးသနည်း။ ဤသို့သောပြောဆိုမှုကို ၎င်းတို့ကြားသောအခါ ၎င်းတို့သည် ပွင့်ထွက်ကြသည်။ ၎င်းတို့၏ ယဉ်ကျေးမှုက ပျောက်ကွယ်သွားသည် ၎င်းတို့သည် လျှို့ဝှက်ချက်ကို ထုတ်ပြရန် မကြောက်ပေ။ ယင်းမှာ ၎င်းတို့၏ မုန်းတီးမှုက မည်မျှကြီးပုံ ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) သမ္မာတရားသည် ဆိုးယုတ်သူအတွက် မရည်ရွယ်ပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သော၊ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ချစ်သော ထိုလူတို့အတွက် ရည်ရွယ်သည်။ သမ္မာတရားသည် ထိုလူတို့အား သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ရန် တောင်းဆိုသည်။ အန္တိခရစ်အနှစ်သာရရှိသော၊ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများအပေါ် အလွန်အမင်း ရန်လိုသော ထိုကောက်ကျစ်ဆိုးယုတ်သူတို့အတွက်မူ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်ခံမည်မဟုတ်ပေ။ ဘုရားသခင်ကို ၎င်းတို့ နှစ်မည်မျှ ယုံကြည်သည်ဖြစ်စေ၊ တရားဒေသနာမည်မျှကို ၎င်းတို့ကြားသည်ဖြစ်စေ သမ္မာတရားကို ၎င်းတို့ လက်ခံမည်မဟုတ်၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မည်မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သောကြောင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်းကောင်း၊ သမ္မာတရားအကြောင်းကို ပို၍ ကြားရသောအခါ၌ ၎င်းတို့ နားလည်လိမ့်မည်ဟုလည်းကောင်း မထင်နှင့်။ ယင်းသည် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သကဲ့သို့ မုန်းတီးသူတို့သည် စာတန်၏ အမျိုးအစားနှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်။ မည်သူကမျှ ၎င်းတို့ကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်ကို သစ္စာဖောက်ပြီးနောက် ကောင်းကင်တမန်မင်းကဲ့သို့ပင်ဖြစ်သည်။ ဘုရားသခင်သည် ကောင်းကင်တမန်မင်းကို ကယ်တင်မည်ဟု ဆိုသည်ကို သင်တို့ ကြားဖူးသလော။ ဘုရားသခင်သည် ဤသို့ လုံးဝ မပြောခဲ့။ ဤသို့ဆိုလျှင် ဘုရားသခင်က စာတန်ကို မည်သည့်အရာ လုပ်ဆောင်ခဲ့သနည်း။ သူသည် စာတန်ကို လေထဲသို့ ပစ်ချခဲ့ပြီး ကမ္ဘာပေါ်တွင် သူ့ကို အစေခံစေကာ စာတန်လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်စေသည်။ စာတန်က အစေခံမှုပေးခြင်း ပြီးဆုံးသောအခါ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် ပြီးဆုံးသောအခါ၌ သူသည် စာတန်ကို ဖျက်ဆီးလိမ့်မည်။ ထိုမျှသာ ဖြစ်လိမ့်မည်။ ဘုရားသခင်က ယင်းနှင့်ပတ်သက်ပြီး ဖြည့်စွက်ချက်တစ်ခု ပြောသလော။ (မပြောပါ။) အဘယ်ကြောင့် မပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းသည် တစ်နည်းအားဖြင့် အသုံးဝင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီး တစ်ခုသောအရာကို ပြောခြင်းသည် မလိုလားအပ်သောအရာဖြစ်မည်။ အန္တိခရစ်၏ သဘာဝအနှစ်သာရက မည်သည့်အခါမျှ မပြောင်းလဲနိုင်သည်ကို ဘုရားသခင်က ရိပ်စားမိပြီးဖြစ်သည်။ ယင်းမှာ ပကတိအခြေအနေ ဖြစ်သည်။
အန္တိခရစ်တစ်ဦးကို သင်တို့ ကြုံရသောအခါ မည်သို့ဆက်ဆံသင့်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များ၊ သို့မဟုတ် အန္တိခရစ်များ၏ စရိုက်လက္ခဏာရှိသည်ဟု ဖော်ပြခြင်းခံရပြီး လူစားထိုးခြင်းခံရသော ခေါင်းဆောင်အချို့ရှိသည်။ ၎င်းတို့ထဲမှ တစ်ယောက်သည် အချိန်အတန်ကြာပြီးနောက်တွင် အလုပ်ကို အတော်အတန် လုပ်နိုင်ဆဲဖြစ်သည်ဟုလည်းကောင်း၊ သူသည် ကြားကာလတွင် နောင်တရခဲ့ပြီး ကောင်းစွာ ထမ်းဆောင်နေသည်ဟုလည်းကောင်း ညီအစ်ကိုမောင်နှမများက သတင်းပို့ခဲ့သည်။ အတိအကျအားဖြင့် သူသည် အပြုအမူပိုင်းတွင် ကောင်းစွာ စွမ်းဆောင်နေသလော၊ ချိုသာသော ပုံစံဖြင့် စကားပြောဆိုနေသလော၊ သူ၏ ကဏ္ဍတွင် ပို၍ စည်းကမ်းရှိလာခြင်းလောဆိုသည်ကို သိပ်မရှင်းလင်းပေ။ သူသည် ကောင်းစွာ ထမ်းဆောင်နေသည်ဟု ညီအစ်ကိုမောင်နှမများက ပြောသည့်အတွက်၊ အချို့အလုပ်တွင် လူအင်အား ချို့တဲ့နေသည်ကို ထောက်၍ အလုပ်တစ်ခုခုကို သူလုပ်ဆောင်သင့်သည်ဟု စီစဉ်ခဲ့သည်။ ရလဒ်အနေဖြင့် နှစ်လမကြာမီတွင် ညီအစ်ကိုမောင်နှမများက အစီရင်ခံစာတစ်ခုပြုလုပ်ခဲ့သည်။ "သူ့ကို ချက်ချင်း လူစားလဲပါ။ သူသည် ကျွန်ုပ်တို့ကို မခံမရပ်နိုင်အောင် ဖိနှိပ်နေသည်။ သူ့ကို လူစားမထိုးလျှင် ကျွန်ုပ်တို့၏ တာဝန်များကို ကျွန်ုပ်တို့ ထမ်းဆောင်နိုင်မည်မဟုတ်" ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သို့ဖြစ်စေ သူ့ကို အသုံးပြုခြင်းအား သဘောတူမည်မဟုတ်။ မည်သူ့ကို ခေါင်းဆောင်အဖြစ် ၎င်းတို့ ရွေးကောက်သည်ဖြစ်စေ သူဖြစ်လိမ့်မည် မဟုတ်ပေ။ သူသည် ယခင်ကအတိုင်း အကျင့်ပျက်သောသူ ဖြစ်ခဲ့သည်။ သူသည် အပြောကောင်းသော်လည်း အမှန်တွင် အနည်းငယ်မျှ မပြောင်းလဲခဲ့ပေ။ မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ သူ၏ သဘာဝသည် လုံးလုံး ဖော်ထုတ်ခြင်းခံခဲ့ရသည်။ ဤအမှုကိစ္စကို မည်သို့ ကိုင်တွယ်သင့်သည်ဟု သင်ထင်သနည်း။ ညီအစ်ကိုမောင်နှမများက တုံ့ပြန်မှုပြင်းထန်သည်မှာ ၎င်းတို့သည် အမှန်ပင် ပိုင်းခြားသိမြင်မှုအနည်းငယ် ရှိခဲ့သည်ဆိုသည်ကို သက်သေပြသည်။ လူအချို့သည် သူ၏ အထင်အမြင်မှားအောင် ပြုလုပ်ခြင်းကို ခံရသည်။ ပြီးလျှင် အထက်မှ သူ့ကို ကိုင်တွယ်ပြီးနောက်တွင် လူအချို့က သူ့ကို ခုခံကာကွယ်ပေးကြသည်။ နောက်ပိုင်းတွင် သူသည် နောင်တရပြီးဖြစ်သည်ဟု လူအချို့က ဆိုသည်။ ထို့ကြောင့် သူသည် နောက်တစ်ကြိမ် ရာထူးတိုးပေးခြင်း ခံရသည်။ အချိန်အတန်ကြာပြီးနောက်တွင် သူသည် လုံးလုံး ထုတ်ဖော်ခြင်းခံရသည်။ ညီအစ်ကိုမောင်နှမများသည် ယခုအခါတွင် သူ့ကို လုံးဝ ရိပ်စားမိပြီးဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် သူ့ကို ဖြုတ်ချရန်အတွက် အတူတကွ စုပေါင်းကြသည်။ ဤလူတို့သည် ယခုတွင် ပိုင်းခြားသိမြင်ကြသည်ဆိုသည်ကို အထက်က မြင်ခဲ့သည်။ ၎င်းတို့ကို အလဟဿရေလောင်းခဲ့ခြင်း မဖြစ်ပေ။ ထို့ကြောင့် သူ့ကို အသုံးပြုရန် ၎င်းတို့အားလုံးက သဘောမတူသည်ကို ထောက်ပြီး အထက်က သူ့ကို လူစားထိုးခဲ့သည်။ ၎င်းတို့၏ ပိုင်းခြားသိမြင်မှုက မည်သည့်နေရာက လာသနည်း။ (သမ္မာတရားကို နားလည်ခြင်းမှလာသည်။) ဟုတ်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်ခဲ့သည်။ ပိုင်းခြားသိမြင်မှုသည် သမ္မာတရားအား နားလည်ခြင်းမှ လာသည်။ ယင်းသည် သမ္မာတရားဖြစ်ပြီး ထိုနေရာတွင် ဘုရားသခင်အုပ်စိုးနေဆဲ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ပိုင်းခြားသိမြင်မှုမှာ အချိန်မီပင် ဖြစ်သည်။ သူအထုတ်ခံရပြီးနောက်တွင် ညီအစ်ကိုမောင်နှမများက သူ၏ ထိန်းချုပ်မှုကို မခံရတော့ပေ။ လူတို့သည် သူ၏ ဖိနှိပ်မှုအောက်တွင် များစွာ ဒုက္ခခံခဲ့ရသည်။ သူ့တွင် လူ့သဘာဝလုံးဝ မရှိ။ သူ၏ သင့်လျော်သောအလုပ်ကို မလုပ်ဆောင်ခဲ့ဘဲ ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်မှုကို နှောင့်ယှက်ခဲ့သည်။ သူသည် ၎င်းတို့ကို မတရားသဖြင့်ဆက်ဆံပြီး သူ၏ အာဏာဖြင့် ၎င်းတို့ကို နှိပ်စက်သည်။ မည်သူက ယင်းကို သဘောတူမည်နည်း။ တုံးအသောသူ ဖြစ်သည်။ ဤသို့သောလူတို့သည် လူစားထိုးခြင်းခံရသောအခါ ပြီးနောက်တွင် ယင်းနှင့်ပတ်သက်ပြီး ခံစားချက်တစ်ခုခုရှိကြသလော။ ပြီးခဲ့သည့်အခေါက်က ထိုသူသည် အထက်က ထုတ်ပယ်ခြင်းကို ခံရသည်။ ဤတစ်ကြိမ်တွင် သူသည် ညီအစ်ကိုမောင်နှမများ၏ ဖြုတ်ချခြင်းကို ခံရသည်။ ဆန္ဒပြ၍ စင်ပေါ်မှ နှင်ချခံရသည်။ ဤသို့ထွက်သွားသည်မှာ မက်မောဖွယ်ကောင်းသည့်ပုံစံမဟုတ်။ သူသည် နဂိုက ရာထူးနေရာတစ်ခုကို ရှာဖွေလိုခဲ့သည်။ လက်တွေ့တွင် မရရှိခဲ့ဘဲ အောက်သို့တစ်ခါတည်း ထိုးစိုက်ကျသွားသည်။ ပြီးလျှင် သူ၏ နဂိုပုံစံသို့ ပြန်လည်တွန်းထိုးခြင်းခံရသည်။ သူသည် သူ့ကိုယ်သူ ပြန်လည်သုံးသပ်ခြင်းကို မပြုလုပ်ခဲ့သင့်သလော။ (ပြုလုပ်ခဲ့သင့်သည်။) သူသည် သာမန်လူတစ်ယောက် ဖြစ်ခဲ့လျှင်၊ အလွန်အမင်းဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့်သူသာ ဖြစ်ခဲ့လျှင် သူသည်လည်း သူ့ကိုယ်သူ ပြန်လည်သုံးသပ်ပြီး ဖြစ်လိမ့်မည်မဟုတ်လော။ (ဟုတ်သည်။) ပြန်လည်သုံးသပ်ခြင်း မရှိသော လူအမျိုးအစားတစ်ခုရှိသည်။ ၎င်းတို့သည် မှန်သည်၊ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာမဆိုက မှန်သည်ဟု ထင်ကြသည်။ အမှန်တရားများကို ၎င်းတို့ လက်မခံပေ။ အပြုသဘောဆောင်သောအရာများကို ၎င်းတို့ လက်မခံပေ။ ပြီးလျှင် ၎င်းတို့အပေါ် အခြားလူများ၏ အကဲဖြတ်ချက်များကို ၎င်းတို့ လက်မခံပေ။ ဤသည်တို့မှာ အန္တိခရစ်၏ စိတ်သဘောထား အနှစ်သာရ ရှိသောသူတို့ ဖြစ်သည်။ အန္တိခရစ်တို့သည် ၎င်းတို့ချည်းသက်သက်ဆိုလျှင် မိမိကိုယ်ကို ပြန်လည်သုံးသပ်ရကောင်းမှန်း မသိပေ။ ဤအစား မည်သည့်အရာကို ၎င်းတို့ စားမြုံ့ပြန်သနည်း။ "ဟွန်း၊ ငါ နောက်တစ်ကြိမ် အောင်မြင်ပေါက်ရောက်သည့် နေ့ရက်သို့ ရောက်လာလိမ့်မည်။ ငါ၏ လက်ထဲသို့ သင်တို့ရောက်သည်အထိ စောင့်လော့။ ထို့နောက်တွင် ငါ သင်တို့အား ညှဉ်းပန်းမည့်ပုံကို သင်တို့တွေ့လိမ့်မည်" ဟူ၍ ဖြစ်သည်။ ၎င်းတို့တွင် ဤသို့လုပ်ဆောင်ရန် အခွင့်အရေးရှိမည်လော။ (ရှိမည်မဟုတ်။) ၎င်းတို့တွင် အခွင့်အရေး မရှိတော့ပေ။ ညီအစ်ကိုမောင်နှမများက သမ္မာတရားများကို ပိုပို၍ နားလည်သည်နှင့်အမျှ လူအမျိုးမျိုး၏ အခြေအနေအမျိုးမျိုးတို့အားလုံးကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်သောအခါ၊ အထူးသဖြင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်သောအခါ အန္တိခရစ်အနေဖြင့် မကောင်းမှုပြုလုပ်ရန် ကျန်ရှိသည့်နေရာသည် ပိုပို၍ သေးငယ်လာလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် မကောင်းမှုပြုလုပ်ရန် အခွင့်အရေး ပိုပို၍ နည်းလာလိမ့်မည်။ တစ်ကျော့ပြန်လာဖို့ ကြိုးစားရန် ၎င်းတို့အနေဖြင့် လွယ်ကူသောအရာ ဖြစ်မည်မဟုတ်။ ၎င်းတို့သည် အထက်က ပိုင်းခြားသိမြင်မှုအကြောင်းကို အနည်းငယ်လျှော့၍ဟောပြီး ၎င်းတို့မည်သူဖြစ်သည်ကို ပိုင်းခြားသိမြင်မှု မရှိတော့မည့်အရေးကို မျှော်လင့်သည်။ ဤသို့သော သမ္မာတရားများအား မိတ်သဟာယပြုသည်ကို ၎င်းတို့ ကြားသောအခါ ၎င်းတို့အတွက် ပြီးဆုံးသွားပြီကို ၎င်းတို့ သိပြီး ၎င်းတို့ တစ်ကျော့ပြန်လာရန် မျှော်လင့်ချက်မရှိတော့ဟု ထင်မြင်ကြသည်။ ၎င်းတို့က "သူတို့ ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်နေသည့်အရာသည် မှန်ကန်သည်။ ငါ၏ အခြေအနေကို အပြည့်အဝ ထင်ဟပ်သည်။ ငါ မည်သို့ပြောင်းလဲသင့်သနည်း။ ငါသည် ဤသို့ ဆက်လက်၍ ကျင့်ကြံပြုမူနေလျှင် ငါ၏ အဆုံးသတ်ဖြစ်မည်မဟုတ်လော။ ငါသည် ပယ်ဖျက်ခြင်းခံရမည်။ ကောင်းကင်တမန်မင်း၏ လမ်းကြောင်းနှင့် ဘုရားသခင်အား ရန်မူသည့် လမ်းကြောင်းကို လျှောက်ခြင်းက မည်သည့်ကောင်းကျိုးရရှိနိုင်သနည်း" ဟူ၍ စားမြုံ့မပြန်ပေ။ ၎င်းတို့သည် ဤသို့ ပြန်လည်တွေးတောခြင်းတို့ ရှိမည်လော။ (ရှိမည်မဟုတ်။) ၎င်းတို့သည် ပြန်လည်တွေးတောမည်မဟုတ်။ ၎င်းတို့သည် အသေအချာပင် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်မည်မဟုတ်သကဲ့သို့ မိမိကိုယ်ကို သိဖို့ ကြိုးစားမည်မဟုတ်။ ထိုအစား ၎င်းတို့သည် သေသည်အထိ နောင်တရမည် မဟုတ်ချေ။ ယင်းသည် ၎င်းတို့၏ သဘာဝဖြစ်သည်။ သမ္မာတရားကို သင်မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့ကို နှိုးဆွမည်မဟုတ်၊ သို့မဟုတ် နောင်တရစေမည်မဟုတ်။ နောင်တရမဘဲ ထွက်ပေါက်တစ်ခုရှိသလော။ (မရှိပါ။) ၎င်းတို့သည် နောင်တမရပေ။ ၎င်းတို့သည် ခါးသီးသော အဆုံးသတ်အထိ၊ ၎င်းတို့ မိမိဘာသာ ရှာဖွေသော ပျက်စီးခြင်းအထိ ၎င်းတို့လမ်းကြောင်းနောက်သို့ လိုက်ကြသည်။ ယင်းသည် အန္တိခရစ်တို့၏ သဘာဝက ချမှတ်သောအရာ ဖြစ်သည်။
အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းအကြောင်းအရာကို ငါတို့ ဤတစ်ချိန်လုံး ပြောဆိုနေခဲ့ကြသည်။ အန္တိခရစ်ဖြစ်သူများက နားထောင်နေစဉ်တွင် မည်သည့်ခံစားချက်ရှိမည်ဟု သင်တို့ ထင်သနည်း။ စုဝေးရန် အချိန်ကျသောအခါတွင် ၎င်းတို့သည် မခံမရပ်နိုင်သော ညှဉ်းပန်းမှုကို ခံစားရပြီး စိတ်နှလုံး၌ အတိုက်အခံဖြစ်ကြသည်။ ၎င်းတို့သည် အန္တိခရစ်များမဟုတ်သလော။ (ဟုတ်ပါသည်။) ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် သာမန်လူတစ်ယောက်သည် သူ့၌ အန္တိခရစ်၏ စိတ်သဘောထားရှိသည်ကို သိသောအခါ သူသည် စိတ်ထက်သန်စွာဖြင့် ပို၍ကြားလိုပြီး နားလည်လိုသည်။ သူသည် နားလည်သွားသည်နှင့် ယင်းသည် ပြောင်းလဲမှုကို သူ လိုက်စားနိုင်သောအချိန်ဖြစ်သည်။ သူသည် နားမလည်လျှင် သွေဖည်သွားလိမ့်မည်ဟု ထင်သည်။ ပြီးလျှင် အန္တိခရစ်များ၏ လမ်းကြောင်းပေါ်သို့ သူခြေချသော၊ ကြီးမားသော မကောင်းမှုကို ကျူးလွန်ပြီး ပွင့်အန်ထွက်ကာ ဤသို့ဖြင့် ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး ဆုံးရှုံးမည်၊ ပျက်စီးသွားမည်ဖြစ်သော နေ့ရက်သို့ ရောက်လာနိုင်သည်ဟု ထင်သည်။ သူသည် ဤအရာကို ကြောက်ရွံ့သည်။ အန္တိခရစ်၏ စိတ်နေစိတ်ထားက ဤသို့မဟုတ်ပေ။ သူသည် ပိုင်းခြားသိမြင်မှုနှင့်ပတ်သက်သည့် ဤသို့သောတရားဒေသနာများအကြောင်းကို အခြားလူများပြောဆိုခြင်း၊ ကြားနာခြင်းအား တားဆီးရန်ကိုသာ အသည်းအသန် လုပ်ဆောင်သည်။ သူသည် လူတိုင်းအား နားဝေတိမ်တောင်ဖြစ်ပြီး ပိုင်းခြားသိမြင်ခြင်းမရှိ ဖြစ်စေလိုသည်။ ပြီးလျှင် သူ၏ အထင်အမြင်မှားအောင် ပြုလုပ်ခြင်းကို ခံရစေလိုသည်။ ယင်းမှာ သူ့အား ပျော်စေမည့်အရာ ဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ အကြီးဆုံးဆန္ဒမှာ အဘယ်နည်း။ သင်တို့သည် အာဏာရရှိလိုသလော။ (မရရှိလိုပါ။) သင်တို့၏ စိတ်နှလုံးတွင် မရရှိလိုပေ။ သို့သော် တစ်ခါတစ်ရံတွင် ယင်းသည် စိတ်ထဲတွင် သင်နှစ်သက်မည့်အရာတစ်ခုအဖြစ် ဖြစ်ပေါ်သည်။ ထို့ကြောင့် အမှန်တွင် ယင်းသည် သင်လုပ်ဆောင်လိုသည့် အရာတစ်ခုဖြစ်သည်။ သင့်စိတ်အတွင်းတွင် ခံစားချက်အရဖြစ်သော ဆန္ဒတစ်ခု ရှိနေနိုင်သည်။ ထိုသူမျိုးမဖြစ်ရန်၊ ထိုလမ်းကြောင်းကို မလျှောက်ရန် သင့်စိတ်နှလုံး၌ တောင့်တခြင်း ရှိနေနိုင်သည်။ သို့သော် သင်၌ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သင့်ကို လမ်းလွဲစေပြီး တွန်းအားပေးသည်။ သင်၏ အဆင့်အတန်းနှင့် လွှမ်းမိုးမှုကို သင်မည်သို့ကာကွယ်မည်၊ လူမည်မျှကို သင်ထိန်းချုပ်နိုင်သည်၊ အခြားလူများ၏ အထင်ကြီးမှုကို ရရန် ဩဇာအာဏာဖြင့် မည်သို့စကားပြောရမည်တို့ကို စဉ်းစားလျက် သင်၏ စိတ်ကို အားစိုက်သည်။ ဤအရာများကို သင်အစဉ် စဉ်းစားသောအခါ သင်၏ စိတ်နှလုံးက သင်၏ ထိန်းချုပ်မှုအောက်၌ မရှိတော့ပေ။ မည်သည့်အရာက ယင်းကို ထိန်းချုပ်နေသနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။) ဟုတ်သည်။ ယင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်။ အကြင်သူသည် သူ၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများ၏ အရေးကိစ္စများအကြောင်းကို တစ်နေကုန် စားမြုံ့ပြန်သည်။ သူသည် အခြားလူများနှင့် အစဉ်ရုန်းကန်လျက်ရှိသည်။ ပြီးလျှင် ထိုရုန်းကန်မှုများ၏ ဖြစ်စဉ်တွင် မည်သည့်အရာကိုမျှ သူမရရှိပေ။ ယင်းသည် သူ့အတွက် အလွန်ပင် နာကျင်ဖွယ်ဖြစ်သည်။ သူသည် ဇာတိပကတိနှင့် စာတန်အတွက်သာ အသက်ရှင်သည်။ ထို့ကြောင့် အကြင်သူသည် သူ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ဘုရားသခင်တွက် အသက်ရှင်ရန် စိတ်ပိုင်းဖြတ်သော်လည်း သူ့အပေါ်၌ အမှုအရာများ ကျရောက်သောအခါ အဆင့်အတန်းနှင့် သူ၏ အကျိုးစီးပွားများအတွက် နောက်တစ်ဖန် ရုန်းကန်သည်။ သူ့အား အလွန့်အလွန် ပင်ပန်းစေသည့် အပြန်အလှန်ရုန်းကန်မှုဖြစ်ကာ ယင်းထံမှ မည်သည့်အရာကိုမျှ မရရှိပေ။ ငါ့ကို ပြောလော့။ ယင်းမှာ ခြေကုန်လက်ပန်းကျဖွယ် အသက်ရှင်နေထိုင်နည်း မဟုတ်သလော။ (ဟုတ်ပါသည်။) သူသည် တစ်ရက်ပြီးတစ်ရက် ဤသို့နေထိုင်သည်။ သူသတိမထားမိခင်တွင်ပင် ဆယ်စုနှစ်များအထိ ကြာသွားသည်။ လူအချို့သည် ဘုရားသခင်ကို ဆယ်နှစ်၊ သို့မဟုတ် နှစ်နှစ်ဆယ် ယုံကြည်ကြသည်။ သမ္မာတရားမည်မျှကို ၎င်းတို့ ရရှိပြီးကြသနည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်မျှပြောင်းလဲခဲ့သနည်း။ တစ်ရက်ချင်းစီတွင် မည်သူအတွက် ၎င်းတို့ အသက်ရှင်သနည်း။ မည်သည့်အရာအတွက် ၎င်းတို့ အလုပ်ရှုပ်ခံသနည်း။ မည်သည့်အရာအတွက် ၎င်းတို့ ဦးနှောက်ခြောက်ခံသနည်း။ အားလုံးက ဇာတိပကတိအတွက် ဖြစ်သည်။ ဘုရားသခင်က "သူ၏ စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက်ရှိသည်" ဟူ၍ ပြောဆိုခဲ့သည်။ ထိုစကားများထဲတွင် အမှားတစ်ခုရှိသလော။ ယင်းတို့ကို မြည်းစမ်းလော့။ အရသာခံကြည့်လော့။ ထိုစကားများကို သင်စဉ်းစားသောအခါ၊ သင်တွေ့ကြုံသောအခါ မကြောက်ရွံ့သလော။ သင်က "ကျွန်ုပ်သည် ကြောက်ရွံ့မှုအချို့ကို အမှန်ပင် ခံစားရသည်။ အပြင်ပန်းတွင် ကျွန်ုပ်သည် တစ်နေကုန် ပေးဆပ်သည်။ စွန့်ပစ်သည်။ ကိုယ့်ကိုယ်ကိုယ် အသုံးခံသည်။ ဒုက္ခခံသည်။ ယင်းသည် ကျွန်ုပ်၏ ဇာတိပကတိခန္ဓာက လုပ်ဆောင်သည့်အရာ ဖြစ်သည်။ သို့သော် ကျွန်ုပ်စိတ်နှလုံး၏ အတွေးများအားလုံးသည် ဆိုးယုတ်သည်။ ယင်းတို့အားလုံးသည် သမ္မာတရားကို ဆန့်ကျင်သည်။ ကျွန်ုပ်လုပ်ဆောင်သည့်အရာများစွာတွင် ကျွန်ုပ်၏ ကြံရွယ်ချက်၊ ကျွန်ုပ်၏ ရည်ရွယ်ချက်နှင့် ကျွန်ုပ်၏ ပန်းတိုင်တို့သည် ကျွန်ုပ်၏ ကိုယ်ပိုင်စိတ်ကူးများရှိ မကောင်းမှုကို လုပ်ဆောင်ခြင်း သက်သက်ဖြစ်သည်" ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် မည်သည့်အရာ ဖြစ်ပေါ်သနည်း။ မကောင်းမှုများဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က ယင်းတို့ကို အမှတ်ရမည်လော။ လူအချို့က "ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်နှစ်ဆယ်ကြာ ယုံကြည်ခဲ့သည်။ အရာရာတိုင်းကို ကျွန်ုပ် စွန့်လွှတ်ခဲ့ပြီး ဘုရားသခင်က အမှတ်မရသေးပေ" ဟု ဆိုကောင်းဆိုနိုင်သည်။ ၎င်းတို့သည် ဝမ်းနည်းပြီး နာကျင်ရသည်။ မည်သည့်အရာက ၎င်းတို့ကို နာကျင်စေသနည်း။ ဘုရားသခင်သည် လူအပေါ် အမှန်ပင် တင်းကျပ်လျှင် လူသည် ကြွားဝါစရာမည်သည့်အရာမျှ ရှိမည်မဟုတ်။ ဤအရာအားလုံးမှာ ဘုရားသခင်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ သနားကရုဏာ ဖြစ်သည်။ ဘုရားသခင်သည် လူကို အလွန်ပင် သည်းခံသည်။ စဉ်းစားကြည့်လော့။ ဘုရားသခင်သည် အလွန်သန့်ရှင်းသည်။ အလွန်ဖြောင့်မတ်သည်။ အလွန် အနန္တတန်ခိုးရှိသည်။ ပြီးလျှင် ဘုရားသခင်သည် သူ့နောက်သို့ လိုက်သောသူတို့က တစ်နေကုန် လုံးလုံးလျားလျား ဆိုးယုတ်သော အတွေးများ၊ သမ္မာတရားကို ဆန့်ကျင်သော အတွေးများ၊ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်တို့၏ အကျိုးစီးပွားများနှင့် သက်ဆိုင်သော ကိစ္စများအကြောင်း လုံးလုံးဖြစ်သော အတွေးများကို တွေးသည့်အခါတွင် သူသည် စောင့်၍သာ ကြည့်နေသည်။ ဘုရားသခင်သည် သူ၏နောက်လိုက်များက သူ့အား ဤသို့ဆန့်ကျင်ပြီး သစ္စာဖောက်နေသည်ကို သည်းခံမည်လော။ လုံးဝ သည်းခံမည်မဟုတ်။ လူတို့သည် ဤအယူအဆများ၊ အတွေးများ၊ ရည်ရွယ်ချက်များ၊ စေ့ဆော်မှုများ၏ လွှမ်းမိုးခြင်းကို ခံရပြီး ဘုရားသခင်ကို ပုန်ကန်ကာ ဆန့်ကျင်လျက် အမှုအရာများကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ကြသည်။ ထိုစဉ်တွင် ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေပြီး ဘုရားအမှုတော်နှင့် ပူးပေါင်းလုပ်ဆောင်နေသည်ဟု တစ်ချိန်လုံး ကြွားဝါနေကြသည်။ ဤအရာအားလုံးကို ဘုရားသခင်က မြင်ပြီး သူသည် သည်းခံရဦးမည် ဖြစ်သည်။ သူမည်သို့ သည်းခံသနည်း။ သမ္မာတရားကို သူပံ့ပိုးသည်။ ရေလောင်းပြီး ဖော်ထုတ်သည်။ သူသည် ဉာဏ်အလင်းဖွင့်ပြပြီး အလင်းလည်းပေးသည်။ လမ်းပြသည်။ ရိုက်နှက်ဆုံးမပြီး ဆုံးမပဲ့ပြင်သည်။ ပြီးလျှင် ထိုဆုံးမပဲ့ပြင်မှုက ပြင်းထန်သောအခါ သူသည် စိတ်ချစေရန် အားပေးခြင်းကိုပင် ပြုလုပ်ရမည်ဖြစ်သည်။ ဘုရားသခင်သည် ထိုအရာအားလုံးကို လုပ်ဆောင်သည်မှာ စိတ်ရှည်လိုက်ရော့မည့်ဖြစ်ခြင်းပါတကား။ သူသည် ဤလူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးမျိုးအပေါ်၊ ၎င်းတို့၏ မတူညီသော ထုတ်ဖော်မှုများ၊ အပြုအမူများ၊ အယူအဆများအားလုံးက ဆိုးယုတ်သည်ဆိုသည့် အချက်အပေါ် စောင့်ကြည့်နေသည်။ ပြီးလျှင် သူသည် ယင်းကို သည်းခံနိုင်ဆဲ ဖြစ်သည်။ ပြောလော့။ လူက ယင်းကို လုပ်ဆောင်နိုင်မည်လော။ (လုပ်ဆောင်နိုင်မည်မဟုတ်ပါ။) မိဘများက ၎င်းတို့ သားသမီးများအပေါ် ပေးသည့် စိတ်ရှည်မှုသည် စစ်မှန်သည်။ သို့သော် အမှုအရာများက သည်းမခံနိုင်လောက်အောင် ဖြစ်လာသောအခါတွင် မိဘများသည် သားသမီးများကို စွန့်ပစ်နိုင်သေးသည်၊ သို့မဟုတ် ဆက်နွှယ်မှုများကိုပင် ဖြတ်တောက်နိုင်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က လူတစ်ဦးကို ပေးသည့် စိတ်ရှည်မှုဆိုလျှင် အဘယ်သို့နည်း။ သင်အသက်ရှင်သည့် တစ်ရက်ချင်းစီသည် ဘုရားသခင်က သူ၏ စိတ်ရှည်မှုကို သင့်အားပေးသည့် နေ့ရက်ဖြစ်သည်။ ယင်းသည် သူ၏ စိတ်ရှည်ပုံဖြစ်သည်။ ထိုစိတ်ရှည်မှုအတွင်းတွင် မည်သည့်အရာရှိသနည်း။ (ချစ်ခြင်းဖြစ်သည်။) ချစ်ခြင်းသက်သက်မဟုတ်။ သူသည် သင့်အပေါ် မျှော်လင့်ချက်တစ်ခုရှိသည်။ ထိုမျှော်လင့်ချက်သည် အဘယ်နည်း။ သူလုပ်ဆောင်သည့် အမှုမှတစ်ဆင့် ရလဒ်နှင့် ဆုလာဘ်တစ်ခုကို သူမြင်ကောင်းမြင်နိုင်ပြီး လူအား သူ၏ ချစ်ခြင်းကို မြည်းစမ်းစေနိုင်ရန် ဖြစ်သည်။ လူ၌ ဤသို့သော ချစ်ခြင်းရှိသလော။ မရှိပေ။ သင်ကြားခြင်းနှင့် ပညာရေးအနည်းငယ်မျှဖြင့်၊ ဆုကျေးဇူး၊ သို့မဟုတ် ပင်ကိုစွမ်းရည်အနည်းငယ်မျှဖြင့် လူတစ်ဦးသည် အခြားလူများထက် အဆင့်အတန်းပို၍ မြင့်မြတ်သည်ဟုလည်းကောင်း၊ သာမန်လူတို့သည် သူ့အနီးသို့ လုံးဝ မလာနိုင်ဟုလည်းကောင်း ခံစားရသည်။ ယင်းသည် လူ၏ ရွံရှာဖွယ်ကောင်းမှုဖြစ်သည်။ ယင်းသည် ဘုရားသခင် ပြုမူဆောင်ရွက်ပုံ ဟုတ်သလော။ အလွန်ပင် ဆန့်ကျင်ဘက်ဖြစ်သည်။ ဤသို့ တွေးကြည့်၍ပင်မရနိုင်သော ညစ်ပေသည့်၊ အလွန် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် ဘုရားသခင် ကယ်တင်သည့်သူများ ဖြစ်သည်။ ထို့အပြင် သူသည် ၎င်းတို့နှင့်အတူ နေထိုင်ပြီး ၎င်းတို့နှင့် တေ့တေ့ဆိုင်ဆိုင် စကားပြောသည်။ ၎င်းတို့ကို ပံ့ပိုးသည်။ လူက ဤသို့ မလုပ်ဆောင်နိုင်ပေ။
အောက်ပါအကြောင်းအရာသည် နောက်ထပ်ပြဿနာတစ်ခုအပေါ် ဆက်လက်၍ မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်။ လူအချို့သည် သက်သေခံသောအခါတွင် "ကျွန်ုပ်အပေါ်သို့ အမှုအရာများ ဖြစ်ပျက်သည့်အခါတိုင်းတွင် ဘုရားသခင်၏ ချစ်ခြင်းနှင့် သူ၏ ကျေးဇူးတော်ကို ကျွန်ုပ်တွေးပြီး တို့ထိခြင်းခံရသည်။ ဤအရာများကို ကျွန်ုပ်တွေးသည့်အချိန်တိုင်းတွင် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်း ရပ်တန့်သွားသည်" ဟု ဆိုသည်။ ဤပြောဆိုချက်သည် ကောင်းသည်ဟုလည်းကောင်း၊ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ထုတ်ဖော်ပြခြင်းတို့၏ ပြဿနာကို အမှန်တကယ် ဖြေရှင်းပေးနိုင်သည်ဟုလည်းကောင်း လူအများစုက ခံစားကြရသည်။ ဤစကားများသည် အမှန်ပင် ခိုင်လုံမှုရှိသလော။ မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်း၊ သူ၏ အနန္တတန်ခိုး၊ လူအပေါ် သူ၏ သည်းခံခြင်း၊ ပြီးလျှင် လူ၌ သူလုပ်ဆောင်သောအမှုအားလုံးသည် လူတစ်ဦးတည်းကိုသာ တို့ထိနိုင်သည်။ သူ၏ လူ့သဘာဝဖြစ်သည့် အပိုင်း၊ သူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြစ်သည့်အပိုင်းကိုသာ တို့ထိနိုင်သည်။ သို့ရာတွင် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းနိုင်သကဲ့သို့ လူ့လိုက်စားမှု၏ ပန်းတိုင်နှင့် ဦးတည်ချက်ကိုလည်း မပြောင်းလဲနိုင်ပေ။ ဤအတွက်ကြောင့် ဘုရားသခင်က နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ခြင်း ဖြစ်သည်။ သူသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ဖော်ပြကာ ပံ့ပိုးပေးသည်။ ဘုရားသခင် လုပ်ဆောင်သော အရေးပါဆုံးသောအရာမှာ အဘယ်နည်း။ သူသည် သမ္မာတရားကို ဖော်ပြကာ ပံ့ပိုးပေးပြီး လူကို တရားစီရင်ကာ ပြစ်တင်ဆုံးမသည်။ သူသည် သူ၏ လုပ်ရပ်များဖြင့်၊ သို့မဟုတ် သူလုပ်ဆောင်သောအရာများဖြင့် သင့်ကို မတို့ထိလိုပေ။ သင့်လိုက်စားမှု၏ ဦးတည်ချက်နှင့် ပန်းတိုင်ကို မပြောင်းလဲလိုပေ။ သူသည် ဤသို့ အလုပ်လုပ်မည်မဟုတ်။ ဘုရားသခင်က သူသည် လူအပေါ် မည်မျှစိတ်ရှည်သည်၊ သို့မဟုတ် လူကို မည်သို့ကယ်တင်သည်၊ ပေးဆပ်မှု မည်မျှကြီးသည်တို့နှင့်ပတ်သက်၍ မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ဘုရားသခင်က မည်သည့်ပုံစံဖြင့် ဆိုသည်ဖြစ်စေ ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန် သူ၏ ရည်ရွယ်ချက်ကို လူတို့နားလည်စေရန်သာ လုပ်ဆောင်လိုသည်။ သူပြောသည်ကို ကြားရသည့်အတွက် လူတို့က အလွန်ပင် တို့ထိခြင်းခံရသောကြောင့် လူတို့၏ စိတ်နှလုံးကို ပျော့ပြောင်းစေပြီး ၎င်းတို့အား ပြောင်းလဲစေရန် ထောက်ကူပေးဖို့ ထိုအရာများကို သူပြောခြင်းမဟုတ်။ ဤသို့ လုပ်ဆောင်၍ မရနိုင်ပေ။ အဘယ်ကြောင့် မရနိုင်သနည်း။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူ၏ သဘာဝအနှစ်သာရဖြစ်ပြီး ထိုသဘာဝအနှစ်သာရသည် လူတို့ ရှင်သန်ရပ်တည်ရန် အမှီပြုသည့် အခြေခံအုတ်မြစ်ဖြစ်သည်။ ယင်းသည် အနည်းငယ်နှိုးဆော်ခြင်းဖြင့် ပြောင်းလဲမည့် မကောင်းသော ဓလေ့၊ သို့မဟုတ် အလေ့အကျင့် မဟုတ်ပေ။ လူတစ်ယောက်သည် ပျော်ရွှင်သည်နှင့် တစ်ပြိုင်နက်၊ သို့မဟုတ် အသိပညာအနည်းငယ်ရရှိသည်နှင့်၊ သို့မဟုတ် စာအုပ်အချို့ဖတ်သည်နှင့် ထိုသဘာဝအနှစ်သာရသည့် ပြောင်းလဲမည်မဟုတ်။ ယင်းသည် ဖြစ်နိုင်မည်မဟုတ်ပေ။ လူ၏ သဘာဝကို မည်သူကမျှ မပြောင်းလဲနိုင်ပေ။ အကြင်သူသည် သမ္မာတရားကို လက်ခံခြင်းနှင့် ရရှိခြင်းအားဖြင့်သာ ပြောင်းလဲနိုင်သည်။ သမ္မာတရားတစ်ခုတည်းကသာ လူတို့ကို ပြောင်းလဲနိုင်သည့်အရာ ဖြစ်သည်။ သင်သည် သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို ရရှိလိုလျှင် သမ္မာတရားကို လိုက်စားရမည်။ ပြီးလျှင် သမ္မာတရားကို လိုက်စားရန် ဘုရားသခင်ပြောဆိုသည့် သမ္မာတရားအမျိုးမျိုးကို ရှင်းလင်းစွာ နားလည်ခြင်းဖြင့် အစပြုရမည်။ အယူဝါဒကို နားလည်ပြီးဖြစ်လျှင် သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု လူအချို့က ယုံကြည်ကြသည်။ ဤသည်မှာ သေချာပေါက် မှားယွင်းသည်။ သင်က ဘုရားသခင်အား ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် အယူဝါဒကို နားလည်ပြီး ဝိညာဉ်ရေးရာ သဘောတရားအနည်းငယ်အကြောင်းကို ပြောနိုင်လျှင် သမ္မာတရားကို သင်နားလည်ပြီးဖြစ်သည်ဆိုသည်မှာ မမှန်ပေ။ ယခု အသေအချာ တွေးတောကြည့်လော့။ သမ္မာတရားသည် အတိအကျဆိုရလျှင် မည်သည့်အရာကို ရည်ညွှန်းသနည်း။ သမ္မာတရားကို နားမလည်သောသူများစွာရှိသည်ဟု ငါ အဘယ်ကြောင့် အစဉ်ပြောနေသနည်း။ ၎င်းတို့က "ဘုရားနှုတ်ကပတ်တော်၏ အဓိပ္ပာယ်ကို ငါနားလည်နိုင်လျှင် သမ္မာတရားကို ငါနားလည်ပြီးဖြစ်သည်ဟု ဆိုလိုသည်" ဟုလည်းကောင်း၊ "ဘုရားနှုတ်ကပတ်တော်အားလုံးသည် မှန်သည်။ ယင်းတို့အားလုံးသည် ငါတို့၏ စိတ်နှလုံးအတွင်းသို့ ပြောဆိုသည်။ ထို့ကြောင့် ယင်းတို့သည် ငါတို့၏ တူညီသောဘာသာစကားဖြစ်သည်" ဟု လည်းကောင်း ထင်ကြသည်။ ထိုပြောဆိုချက်သည် မှန်သလော၊ သို့မဟုတ် မမှန်သလောဟူသည်ကို ငါ့ကိုပြောလော့။ သမ္မာတရားကို နားလည်ခြင်းဆိုသည်မှာ အမှန်တကယ်တွင် မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ဟု ငါတို့ အဘယ်ကြောင့် ဆိုသနည်း။ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို ငါတို့ ဦးစွာ အနည်းငယ် ပြောဆိုမည်။ သမ္မာတရားသည် အပြုသဘောဆောင်သောအရာများအားလုံး၏ လက်တွေ့ကျမှု ဖြစ်သည်။ ဤသို့ဆိုလျှင် ဤအပြုသဘောဆောင်သောအရာများ၏ လက်တွေ့ကျမှုက လူနှင့် မည်သို့ဆက်နွှယ်သနည်း။ (ဘုရားသခင်၊ ကျွန်ုပ်နားလည်သည်မှာ လူတစ်ယောက်က သမ္မာတရားကို နားလည်သည့်အခါတွင် ပြသသည့်ပုံစံမှာ သူသည် မည်သည့်လူများ၊ ဖြစ်ရပ်များ၊ အမှုကိစ္စများကို ကြုံသည်ဖြစ်စေ သူ့၌ စည်းမျဉ်းများရှိပြီး ယင်းတို့ကို မည်သို့ဆက်ဆံရမည်ကို သိခြင်း၊ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း ရှိခြင်းဖြစ်သည်။ သမ္မာတရားသည် သူ၏ အခက်အခဲများကို ဖြေရှင်းနိုင်ပြီး သူ၏ အသက်တာ၌ လက်တွေ့ကျမှု ဖြစ်လာနိုင်သည်။ အယူဝါဒအပေါ် လူတစ်ဦး၏ နားလည်မှုသည် သမ္မာတရားအား နားလည်ခြင်း မဟုတ်ဟုသာ ဘုရားသခင်က ပြောဆိုနေခြင်း ဖြစ်သည်။ သူသည် သမ္မာတရားကို နားလည်ပြီးဖြစ်သကဲ့သို့ ခံစားရသော်လည်း သူ၏ တကယ့်အသက်တာ၌ ရှိသော မည်သည့်ပြဿနာနှင့် အခက်အခဲများကိုမျှ မဖြေရှင်းနိုင်ပေ။ ယင်းအတွက် သူ့၌ လမ်းကြောင်းမရှိ။ သူသည် အမှုကိစ္စများကို သမ္မာတရားနှင့် ချိတ်ဆက်၍မရနိုင်ပါ။) ယင်းသည် သမ္မာတရားကို နားမလည်ခြင်း ဟူသည့်အရာ ဖြစ်သည်။ ယခုပြောခဲ့သည့်အရာ၏ တစ်ပိုင်းက အလွန်ပင် ကွက်တိကျသည်။ သမ္မာတရား ဆိုသည်မှာ အဘယ်နည်း။ (သမ္မာတရားသည် လူတို့အား လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကို ရရှိစေနိုင်သည်။ စည်းမျဉ်းများဖြင့် လုပ်ဆောင်စေနိုင်သည်။ လူတို့၏ အခက်အခဲများကို ဖြေရှင်းနိုင်သည်။) မှန်သည်။ သမ္မာတရားစည်းမျဉ်းများနှင့် မိမိကိုယ်ကို နှိုင်းယှဉ်ကြည့်ပြီး ယင်းတို့နှင့်အညီ လက်တွေ့လုပ်ဆောင်ရန်ဖြစ်သည်။ ယင်းမှာ လမ်းကြောင်း ဖြစ်သည်။ ယင်းသည် သမ္မာတရားအား နားလည်ခြင်းကို သက်သေပြသည်။ သင်က အယူဝါဒကိုသာ နားလည်ပြီး သင့်၌ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ယင်းကို အသုံးမချနိုင်သကဲ့သို့ စည်းမျဉ်းများကို မရှာနိုင်လျှင် ယင်းသည် သမ္မာတရားအား နားလည်ခြင်းတစ်ခု မဟုတ်ပေ။ သမ္မာတရားဆိုသည်မှာ အဘယ်နည်း။ သမ္မာတရား ဆိုသည်မှာ အမှုကိစ္စအားလုံးကို လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များ ဖြစ်သည်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) သမ္မာတရားကို သင်တို့နားမလည်ဟု ငါဆိုသောအခါ သင်တို့သည် တရားဒေသနာများထံမှ အယူဝါဒကိုသာ သိမြင်လာခဲ့သည်ဟု ငါဆိုခြင်းဖြစ်သည်။ ယင်းအတွင်း၌ရှိသော သမ္မာတရား၏ စည်းမျဉ်းများနှင့် စံသတ်မှတ်များကိုဖြစ်စေ၊ သင်၌ ဖြစ်ပျက်သည့် မည်သည့်အမှုကိစ္စများက ထိုသမ္မာတရားရှုထောင့် ပါဝင်သည်ကိုဖြစ်စေ၊ မည်သည့်အခြေအနေများ ပါဝင်သည်ကိုဖြစ်စေ သင်မသိသကဲ့သို့ ထိုသမ္မာတရား ရှုထောင့်အား မည်သို့အသုံးချရမည်ကိုလည်း သင်မသိပေ။ ဤအရာတစ်ခုတလေကိုမျှ သင်မသိ။ ဥပမာ သင်တို့က မေးခွန်းတစ်ခုကို မေးသည်ဆိုပါစို့။ သင်တို့က မေးခွန်းကို မေးခြင်းသည် ဆက်စပ်သည့် သမ္မာတရားအား သင်တို့နားမလည်ဟု ဆိုလိုသည်။ ယင်းအကြောင်းကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် ယင်းကို နားလည်မည်လော။ (နားလည်မည်ဖြစ်ပါသည်။) မိတ်သဟာယဖွဲ့ပြီးနောက်တွင် အနည်းငယ် နားလည်ကောင်း နားလည်နိုင်သည်။ သို့သော် သင်၌ အလားတူအရာတစ်ခု ထပ်မံဖြစ်ပျက်သောအခါတွင် နားမလည်နိုင်လျှင် ယင်းသည် သမ္မာတရားအား အမှန်တကယ် နားလည်ခြင်းမဟုတ်။ ထိုသမ္မာတရား၏ စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များကို သင်မသိပေ။ ယင်းတို့ကို သင်သဘောမပေါက်ပေ။ သင်နားလည်ပြီးဖြစ်သည်ဟု ထင်သော သမ္မာတရားတစ်ခုရှိနိုင်သည်။ သို့သော် ယင်းက ကိုင်တွယ်သည့် လက်တွေ့ကျမှုများက မည်သည့်အရာ ဖြစ်သည်၊ ယင်းက ချိန်ရွယ်သည့် လူ၏ အခြေအနေများက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့နှင့် ပတ်သက်၍ ထိုသမ္မာတရားကို သင်နားလည်ပြီးဖြစ်လျှင် သင်ကိုယ်တိုင်၏ အခြေအနေကို ယင်းနှင့် နှိုင်းယှဉ်ချိန်ဆ ကြည့်နိုင်သလော။ နှိုင်းယှဉ်ချိန်ဆ မကြည့်နိုင်လျှင် သင်၏ တကယ့်အခြေအနေက မည်သည့်အရာဖြစ်သည်ကို သင်လုံးဝ မသိပေ။ ဤသို့ဆိုလျှင် သင်၏ နားလည်ခြင်းမှာ သမ္မာတရားကို နားလည်ခြင်းဟုတ်သလော။ (မဟုတ်ပါ။) သမ္မာတရားအား နားလည်ခြင်းမဟုတ်။ သမ္မာတရား၏ ရှုထောင့်တစ်ခုနှင့်လည်းကောင်း၊ စည်းမျဉ်းများနှင့်လည်းကောင်း ပတ်သက်သောအခါတွင် မည်သည့်အမှုကိစ္စများနှင့် မည်သည့်အခြေအနေများက ထိုသမ္မာတရားပါဝင်သည်ကို သင်သိလျှင်၊ မည်သည့်လူအမျိုးအစားများ၊ သို့မဟုတ် သင့်ကိုယ်ပိုင်အခြေအနေများရှိ မည်သည့်အခြေအနေက ထိုသမ္မာတရားနှင့် ဆက်နွှယ်သည်ဆိုသည်ကို သင်သိပြီး ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကိုလည်း အသုံးပြုနိုင်လျှင် ဤသည်မှာ သမ္မာတရားကို သင်နားလည်သည်ဟု ဆိုလိုသည်။ သင်က တရားဒေသနာတစ်ခုကို ကြားစဉ်တွင် ယင်းကို နားလည်သည်ဟု ခံစားရသည့်တိုင် သင့်အား မိတ်သဟာယဖွဲ့ရန် တောင်းဆိုသောအခါ သင်က သင်ကြားသည့်စကားကိုသာ သံယောင်လိုက်ပြောလျှင်၊ အခြေအနေများ၊ တကယ့်အနေအထားများနှင့်ပတ်သက်၍ ယင်းအကြောင်းကို မပြောဆိုနိုင်သကဲ့သို့ ရှင်းမပြနိုင်လျှင် သင်၏ နားလည်မှုသည် သမ္မာတရားအား နားလည်ခြင်းဟုတ်သလော။ မဟုတ်ပေ။ ယင်းသည် သမ္မာတရားကို နားလည်ခြင်းဟူသည့်အရာ မဟုတ်။ ဤသို့ဆိုလျှင် အချိန်အများစုတွင် သမ္မာတရားကို သင်တို့ နားလည်သလော၊ သို့မဟုတ် နားမလည်သလော။ (နားမလည်ပါ။) အဘယ်ကြောင့် နားမလည်သနည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် သမ္မာတရားအများစုတွင် ယင်းတို့ကို ကြားနာခြင်းမှတစ်ဆင့် အယူဝါဒကိုသာ နားလည်လာခဲ့ခြင်းကြောင့်ဖြစ်သည်။ သင်တို့လုပ်နိုင်သမျှမှာ ယင်းကို စည်းမျဉ်းစည်းကမ်းအဖြစ် ပုံသေစောင့်ထိန်းခြင်း ဖြစ်သည်။ ယင်းကိုမည်သို့ အလိုက်သင့်အသုံးချရမည်ကို မသိ။ သင့်အပေါ်သို့ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သင်သည် မှင်တက်နေသည်။ သင့်အပေါ်သို့ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သင်နားလည်သည့် အယူဝါဒအနည်းငယ်ကို ထိုဖြစ်ရပ်၌ ထိထိရောက်ရောက် အသုံးမချနိုင်ပေ။ ယင်းသည် အသုံးမဝင်ပေ။ ယင်းသည် သမ္မာတရားအား နားလည်ခြင်း ဟုတ်သလော၊ သို့မဟုတ် မဟုတ်သလော။ (မဟုတ်ပါ။) ယင်းသည် သမ္မာတရားအား နားမလည်ခြင်းဟူသည့် အရာ ဖြစ်သည်။ သမ္မာတရားကို သင်နားမလည်လျှင် အဘယ်သို့နည်း။ သင်သည် အထက်သို့ ကြိုးပမ်းတက်လှမ်းရမည်။ အဖြေရှာရန် ဒုက္ခခံရမည်။ သင့်လူ့သဘာဝ၌ ရှိရမည့်အရာ အနည်းငယ်ရှိသည်။ သင့်အနေဖြင့် သင်ယူပြီး လုပ်ဆောင်နိုင်သည့်အရာ၌ တာဝန်ကျေပွန်ပြီး စေ့စပ်ရမည်။ သင်က သမ္မာတရားကို လိုက်စားလိုသော်လည်း ပုံမှန်လူတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိလျှင် သမ္မာတရားကို မည်သည့်အခါမျှ နားလည်နိုင်မည်မဟုတ်။ သင်၏ ယုံကြည်မှုက နားဝေတိမ်တောင်ဖြစ်သော ယုံကြည်မှုဖြစ်သည်။ ဤသည်မှာ သင်၏ အစွမ်းအစပေါ်တွင် မူတည်ခြင်းမရှိ။ သင်က ဤလူ့သဘာဝမျိုးကို ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင်သာ မူတည်သည်။ သင် ပိုင်ဆိုင်လျှင် သင့်အစွမ်းအစက အလယ်အလတ် ဖြစ်လျှင်ပင် အခြေခံသမ္မာတရားများကို နားလည်နိုင်ဆဲ ဖြစ်သည်။ ဤသည်မှာ အနည်းဆုံးအနေဖြင့် သမ္မာတရားနှင့် ဆက်စပ်သည်။ သင်က အလွန်ကောင်းသော အစွမ်းအစရှိလျှင် သင်နားလည်သောအရာသည် သမ္မာတရား၏ လေးနက်သော အဆင့်များတွင် ရှိသည့် အရာများ ဖြစ်နိုင်သည်။ ဤသို့ဆိုလျှင် သင်သည် သမ္မာတရားအတွင်းသို့ ပို၍ နက်နဲစွာ ဝင်ရောက်နိုင်လိမ့်မည်။ ဤသည်မှာ သင်၏ အစွမ်းအစနှင့် ဆက်စပ်သည်။ သို့သော် သင့်လူ့သဘာဝ၌ တာဝန်သိခြင်းနှင့် စေ့စပ်ခြင်းသဘောထားမရှိလျှင်၊ သင်က အစဉ်သဖြင့် မရေရာ၊ မသေချာလျှင်၊ နားဝေတိမ်တောင်ဖြစ်လျှင်၊ မရှင်းမလင်းဖြစ်သည့် စိတ်အခြေအနေ၌ အစဉ်ရှိနေလျှင်၊ အမှုကိစ္စအားလုံးနှင့် ပတ်သက်ပြီး မရှင်းလင်းလျှင်၊ ဝေဝါးပြီး ဝတ်ကျေတမ်းကျေဆန်လျှင် သင့်အတွက်မှာမူ သမ္မာတရားသည် အစဉ်သဖြင့် စည်းမျည်းစည်းကမ်းများနှင့် အယူဝါဒတို့ ဖြစ်လိမ့်မည်။ သမ္မာတရားကို သင်ရနိုင်မည်မဟုတ်။ ဤအရာအား ငါပြောသည်ကို ကြားပြီး ယခုတွင် သင်တို့သည် သမ္မာတရားအား လိုက်စားခြင်းက ခက်ခဲသည်ဟု ခံစားရသလော။ ခက်ခဲသည့် အတိုင်းအတာတစ်ခုရှိသည်။ သို့သော် ယင်းက ကြီးသောအတိုင်းအတာ ဖြစ်နိုင်သည်၊ သို့မဟုတ် သေးငယ်သော အတိုင်းအတာဖြစ်နိုင်သည်။ သင်က တွေးတောပြီး အားစိုက်ထုတ်လျှင် ခက်ခဲသည့် အတိုင်းအတာက လျော့နည်းသွားမည်ဖြစ်ပြီး သမ္မာတရားအနည်းငယ်ကို သင်ရလိမ့်မည်။ သမ္မာတရားအတွင်းသို့ သင် အားမစိုက်ထုတ်ဘဲ အယူဝါဒနှင့် အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများကိုသာ အားစိုက်ထုတ်လျှင် သမ္မာတရားကို သင် ရနိုင်မည်မဟုတ်။
ဤသမ္မာတရားများနှင့်ပတ်သက်၍ ငါ၏ စနစ်တကျဖြစ်သော မိတ်သဟာယမှတစ်ဆင့် တစ်စုံတစ်ခု၏ ဆိုလိုရင်းကို သင်တို့ ရိပ်စားမိပြီးသလော။ သဘောပေါက်မှုတစ်ခုခု ရရှိပြီလော။ ကောလိပ်သင်ရိုးညွှန်းတမ်းတစ်ခုခု၏ အသိပညာ၏ အဓိကအပိုင်းတွင် ရှိသည့်အရာများထက် သမ္မာတရား ရှုထောင့်တစ်မျိုးမျိုးရှိ အရာများတွင် ပို၍အသေးစိတ်ကျသောအရာများ မရှိသလော။ (ရှိပါသည်။) အသေးစိတ်အချက်အလက် အလွန်များသည်။ လူတို့သည် သင်ယူလေ့လာစရာများကို အလွတ်ကျက်မှတ်ပြီး နားလည်နိုင်သရွေ့ ဆက်တိုက်လေ့ကျင့်ခြင်းနှင့် လက်တွေ့ အတွေ့အကြုံမှတစ်ဆင့် နှစ်အနည်းငယ်အားထုတ်ရုံမျှဖြင့် နားလည်သဘောပေါက်နိုင်သည်။ တက္ကသိုလ်ပညာရပ်တစ်ခုခုကို သင်ယူရာတွင် လူတစ်ဦးသည် အချိန်နှင့် အားအင်ကို သုံးစွဲခြင်းအားဖြင့်၊ အနည်းငယ် တွေးတောခြင်းဖြင့် တဖြည်းဖြည်းချင်း ကျွမ်းကျင်တတ်မြောက်နိုင်သည်။ သို့သော် သမ္မာတရားကို နားလည်ရန်အတွက် သင့်ဦးနှောက်ကို အသုံးပြုခြင်းသက်သက်က အလုပ်ဖြစ်မည်မဟုတ်။ သင့်စိတ်နှလုံးကို အသုံးပြုရမည်။ ဘုရားနှုတ်ကပတ်တော်များကို သင့်စိတ်နှလုံးဖြင့် မတွေးတောလျှင်၊ သို့မဟုတ် သင့်စိတ်နှလုံးဖြင့် မတွေ့ကြုံလျှင် သမ္မာတရားကို နားလည်နိုင်မည်မဟုတ်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသော၊ တာဝန်သိသော၊ သဘောပေါက်နားလည်နိုင်စွမ်း ရှိသောသူတို့သာ သမ္မာတရားကို လက်လှမ်းမီနိုင်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော၊ အစွမ်းအစနည်းသော၊ သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သောသူတို့သည် မည်သည့်အခါမျှ သမ္မာတရားကို လက်လှမ်းမီနိုင်မည်မဟုတ်။ သင်တို့သည် အာရုံမစိုက်သောလူများ ဖြစ်သလော၊ သို့မဟုတ် စေ့စပ်တိကျသောသူများဖြစ်သလော။ (အာရုံမစိုက်သောလူများ ဖြစ်ပါသည်။) ယင်းသည် အန္တရာယ်မရှိသလော။ သင်တို့သည် စေ့စပ်တိကျနိုင်သလော။ (စေ့စပ်တိကျနိုင်ပါသည်။) ယင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ ယင်းအား ကြားရသည်ကို ငါနှစ်သက်သည်။ အစဉ်သဖြင့် မလုပ်နိုင်ဟု မပြောနှင့်။ သင်ကြိုးစားမကြည့်မချင်း မည်သို့သိမည်နည်း။ သင်သည် စွမ်းဆောင်နိုင်သင့်သည်။ သင်တို့လိုက်စားမှု၌ရှိသော သင်တို့၏ လက်ရှိ စိတ်ပိုင်းဖြတ်မှုနှင့် သဘောထားဖြင့် အခြေခံသမ္မာတရားများကို သင်တို့ နားလည်ဖို့ မျှော်လင့်ချက်ရှိသည်။ ယင်းသည် ဖြစ်မြောက်နိုင်သည်။ လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးကို အသုံးပြုပြီး ပေးဆပ်လိုစိတ်ရှိသရွေ့၊ သူ၏ စိတ်နှလုံးတွင် သမ္မာတရားဆီသို့ ဦးတည်ပြီး ကြိုးစားသရွေ့ သန့်ရှင်းသောဝိညာဉ်တော်က ထိုသူကို အလုပ်လုပ်ပြီး စုံလင်အောင် ပြုလုပ်လိမ့်မည်။ သူသည် မိမိစိတ်နှလုံးတွင် သမ္မာတရားဆီသို့ ဦးတည်ပြီး ကြိုးစားမှု မရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်မည်မဟုတ်။ သတိရလော့။ လူတစ်ဦးအနေဖြင့် သမ္မာတရားကို နားလည်ရန်အတွက် သူသည် တက်ကြွစွာဖြင့် အားစိုက်ထုတ်ပြီး ပေးဆပ်ရမည်။ သို့သော် ဤသည်မှာ အလိုရှိသော ရလဒ်များ၏ တစ်ဝက်ကိုသာ ရရှိနိုင်သည်။ လူတို့ ပူးပေါင်းလုပ်ဆောင်သင့်သည့် အပိုင်းကိုသာ ရရှိနိုင်သည်။ အခြားတစ်ဝက်မှာ သမ္မာတရားအား နားလည်ခြင်း၏ အရေးပါသော အပိုင်းဖြစ်သည်။ ယင်းကို လူတို့ စံမမီဘဲ ယင်းကို စွမ်းဆောင်ရရှိရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် စုံလင်အောင်ပြုခြင်းတို့ကို အမှီပြုရမည်။ အသိပညာကို ဆည်းပူးခြင်းနှင့် သိပ္ပံအကြောင်း သင်ယူလေ့လာခြင်းတို့နှင့် ပတ်သက်သောအခါတွင် အားထုတ်ခြင်းကို အမှီပြုခြင်းက လုံလောက်သော်လည်း သမ္မာတရားကို နားလည်ခြင်းက ဤသို့မဟုတ်သည်ကို သင်မေ့လျော့၍မရပေ။ စိတ်ကိုသာ အမှီပြုခြင်းက အသုံးမဝင်။ မိမိစိတ်နှလုံးကို အသုံးပြုရမညဖြစ်ပြီး ပေးဆပ်ရမည်။ ပေးဆပ်ခြင်းအားဖြင့် မည်သည့်အရာကို ရရှိသနည်း။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုအတွက် အခြေခံအုတ်မြစ်မှာ အဘယ်နည်း။ ဘုရားသခင်က အလုပ်မလုပ်မီတွင် လူတစ်ဦး၏ စိတ်သည် လုံလုံလောက်လောက် စေ့စပ်တိကျရမည်။ သူ၏ စိတ်နှလုံးသည် လုံလုံလောက်လောက် ငြိမ်သက်ပြီး အခြေကျရမည်။ လုံလုံလောက်လောက် ပွင့်လင်းရမည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုက သိမ်မွေ့သည်။ ပြီးလျှင် ယင်းကို မြည်းစမ်းဖူးခဲ့သူများက သိသည်။ သမ္မာတရားဆီသို့ ဦးတည်၍ ကြိမ်ဖန်များစွာ အားစိုက်ထုတ်သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို မကြာခဏ ခံစားနိုင်သည်။ ထို့ကြောင့် ၎င်းတို့တာဝန်ကို ထမ်းဆောင်ခြင်းတွင် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းမှာ ချောမွေ့သည်။ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးတွင် အစဉ်သဖြင့် တရွေ့ရွေ့ ရှင်းလင်းမှု ရှိသည်။ အတွေ့အကြုံမရှိသောလူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို မခံစားနိုင်သကဲ့သို့ မှန်ကန်သောလမ်းကြောင်းကို မည်သည့်အခါမျှ မမြင်နိုင်ပေ။ အမှုအရာအားလုံးသည် ၎င်းတို့အတွက် ဝေဝါးပြီး မှေးမှိန်သည်။ လမ်းမှန်က မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့မသိပေ။ အမှန်တွင် သမ္မာတရားအား နားလည်မှုတစ်ခုကို ရရှိရန်၊ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ရှင်းလင်းစွာမြင်ရန် မခက်ပေ။ မိမိ၏ စိတ်နှလုံး၌ ထိုအခြေအနေများရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်လိမ့်မည်။ သို့သော် သင့်စိတ်နှလုံးက ဤအခြေအနေများထဲမှ ထွက်လာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်။ ဤသည်မှာ စိတ်ကူးသက်သက်၊ သို့မဟုတ် မရေရာခြင်းမဟုတ်။ သင်သည် ထိုအခြေအနေများရှိပြီး သင့်စိတ်နှလုံးက ထိုအနေအထားများရှိလျှင် သင်က ရှာဖွေလျှင်၊ အားထုတ်လျှင်၊ တွေးတောလျှင်၊ ဆုတောင်းလျှင် သန့်ရှင်းသောဝိညာဉ်တော်က သင့်၌ အလုပ်လုပ်လိမ့်မည်။ သို့သော် သင်က အာရုံမစိုက်လျှင်၊ အဆင့်အတန်းကို လိုက်စားလိုကာ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အစဉ် ရုန်းကန်လိုလျှင်၊ အစဉ်သဖြင့် ပုံကြီးချဲ့လိုပြီး အသွင်သဏ္ဌာန်အတွက် သင်၏ အားထုတ်မှုကို အသုံးချလိုလျှင်၊ သင်သည် အစဉ်သဖြင့် ဘုရားသခင်ကို ကြိုးစားရှောင်နေလျှင်၊ ပုန်းနေလျှင်၊ ရှောင်ကြဉ်နေပြီး ငြင်းပယ်နေလျှင်၊ မပွင့်လင်းလျှင်၊ ဘုရားသခင်ထံ ဖွင့်မပြသော စိတ်နှလုံးတစ်ခုရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်မည် မဟုတ်။ သူသည် သင့်ကို သတိပြုမိမည်မဟုတ်။ ပြီးလျှင် သူသည် သင့်ကို ပြစ်တင်မောင်းမဲမည်ပင် မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ ပြစ်တင်မောင်းမဲမှုကိုပင် မတွေ့ကြုံဖူးသောသူတစ်ယောက်သည် သမ္မာတရားကို မည်မျှ နားလည်နိုင်သနည်း။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ခုကို လုပ်ဆောင်ရာ၌ လမ်းမှန်နှင့် လမ်းမှားကို သင်သိစေရန် သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို ပြစ်တင်မောင်းမဲသည်။ သူသည် သင့်အား ဤသို့သော ခံစားချက်တစ်ခု ပေးသောအခါ သင်က ထိုခံစားချက်မှ နောက်ဆုံးတွင် မည်သည့်အရာကို ရရှိသနည်း။ အမှန်နှင့်အမှားကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိပြီးဖြစ်လိမ့်မည်။ ပြီးလျှင် သင်သည် "ထိုနည်းလမ်းသည် မှားသည်။ စည်းမျဉ်းများနှင့် မညီ။ ယင်းကို ငါလုပ်၍မဖြစ်" ဟူ၍ တစ်ချက်ကြည့်ရုံမျှဖြင့် ထိုအရာနှင့်ပတ်သက်ပြီး အလွန် ရှင်းလင်းလိမ့်မည်။ ထိုအရာဖြင့် သင်သည် စည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်ကို၊ ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်၊ သမ္မာတရားက အမှန်တကယ်တွင် မည်သည့်အရာ ဖြစ်သည်ကို ရှင်းလင်းစွာ သိလိမ့်မည်။ ထို့ကြောင့် သင်လုပ်ဆောင်သင့်သည့်အရာကို သိလိမ့်မည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်မလုပ်လျှင်၊ သူသည် သင့်အား ထိုသို့သော ဆုံးမပဲ့ပြင်မှုကို မပေးလျှင် သင်သည် ထိုသို့သောအရာများနှင့်ပတ်သက်သောအခါတွင် ရှင်းလင်းမှုမရှိဘဲ နားဝေတိမ်တောင် အခြေအနေ၌ ထာဝရရှိနေလိမ့်မည်။ ယင်းတို့သည် သင့်အပေါ်သို့ ဖြစ်ပျက်သောအခါ သင်သည် မှင်တက်နေလိမ့်မည်။ ယင်းတို့သည် သင့်အပေါ်သို့ ဖြစ်ပျက်သောအခါ မည်သည့်အရာ ဖြစ်သည်ကို သင်သိမည်မဟုတ်။ ပြီးလျှင် သင်၏ စိတ်နှလုံး၌ အလွန်ပင် မပြတ်မသားဖြစ်လိမ့်မည်။ မည်သည့်အရာ လုပ်ဆောင်သင့်သည်ကို သင် ရှင်းလင်းမည်မဟုတ်။ သင်သည် စိတ်သောကရောက်လျက် ပေါက်ကွဲနိုင်သည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်က အဘယ်ကြောင့်အလုပ်မလုပ်သနည်း။ သင့်အတွင်းရှိ စိတ်အခြေအနေအချို့က မမှန်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ပြီးလျှင် သင်က အတိုက်အခံပြုနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သည့်အရာနှင့် သင်အတိုက်အခံ ပြုသနည်း။ သင်က မှားယွင်းသော အမြင်၊ သို့မဟုတ် အယူအဆတစ်ခုခုကို ဖက်တွယ်နေလျှင် ဘုရားသခင်က အလုပ်လုပ်မည်မဟုတ်ဘဲ ထိုအယူအဆ၊ သို့မဟုတ် အမြင်က မှားသည်ဆိုသည်ကို သင်သဘောပေါက်သည့် မည်သည့်အချိန်ထိမဆို စောင့်ဆိုင်းလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုအခြေခံအုတ်မြစ်မှသာ အလုပ်လုပ်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်သောအခါ မည်သည့်အရာက မှန်သည်၊ မှားသည်ဆိုသည်ကို သင့်အား သတိရှိရှိဖြင့် သိစေခြင်း၌ သူ မရပ်တန့်ပေ။ ထိုအစား လမ်းကြောင်းက မည်သည့်အရာဖြစ်သည်၊ ဦးတည်ချက်၊ ရည်ရွယ်ချက်နှင့် သင့်နားလည်မှုက သမ္မာတရားနှင့် မည်မျှဝေးကွာသည်ဆိုသည်တို့ကို သူသည် သင့်အား ရှင်းလင်းစွာ မြင်စေသည်။ သူသည် သင့်အား ဤအရာကို ရှင်းလင်းစွာ သိစေသည်။ သင်တို့သည် ဤသို့သော ကြုံတွေ့မှုများ ရှိခဲ့ဖူးသလော။ လူတစ်ဦးသည် ဤသို့သော အတိအကျကြုံတွေ့မှုများ၊ သို့မဟုတ် အတွေ့အကြုံများမရှိဘဲ ဘုရားသခင်ကို ဆယ်နှစ်၊ သို့မဟုတ် နှစ်နှစ်ဆယ် ယုံကြည်ခဲ့လျှင် သူသည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ အာရုံမစိုက်သောသူမျိုး ဖြစ်သည်။ သူသည် နှုတ်ဖြင့် အယူဝါဒများ၊ ရေပန်းစားသောစကားလုံးများ အနည်းငယ်ကိုသာ မကြာခဏ ထပ်ခါထပ်ခါ ပြောနိုင်ပြီး ပြဿနာများကို သူတို့၏ ထိုအနည်းငယ်သော နည်းဗျူဟာများ၊ ရိုးရှင်းသော နည်းနိဿယများဖြင့်သာ ဖြေရှင်းနိုင်သည်။ ဤအတွက် သူသည် တိုးတက်မှု အနည်းငယ်သာရှိဖို့ သေချာသည်။ သမ္မာတရားကို မည်သည့်အခါမျှ နားလည်မည် မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်က သူ့အပေါ်၌ အလုပ်လုပ်မည်မဟုတ်။ ဤသို့ အာရုံမစိုက်သောလူများအတွက် သမ္မာတရားသည် လုံးဝ လက်လှမ်းမမီနိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့ကို ဉာဏ်အလင်းဖွင့်ပြလျှင်ပင် ၎င်းတို့ နားမလည်နိုင်ပေ။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ထဲတွင် အလုပ်လုပ်မည် မဟုတ်ပေ။ အဘယ်ကြောင့် အလုပ်မလုပ်မည်နည်း။ ဘုရားသခင်က မျက်နှာလိုက်ခြင်းလော။ မဟုတ်ပေ။ ဤသို့ဆိုလျှင် အကြောင်းရင်းက အဘယ်နည်း။ ၎င်းတို့၏ အစွမ်းအစက နည်းပါးလွန်းသောကြောင့်၊ ၎င်းတို့ လက်လှမ်း မမီနိုင်သောကြောင့် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်လျှင်ပင် သမ္မာတရားကို ၎င်းတို့ နားမလည်ပေ။ တစ်စုံတစ်ခုက စည်းမျဉ်းတစ်ခုဖြစ်သည်ဟု ၎င်းတို့ကို ပြောလျှင် ၎င်းတို့တွင် ယင်းကို နားလည်နိုင်စွမ်းရှိမည်လော။ ရှိမည်မဟုတ်။ ထို့ကြောင့် ဘုရားသခင်က ဤသို့ လုပ်ဆောင်မည်မဟုတ်။ သင်တို့သည် ဤအရာနှင့် ကြုံတွေ့ဖူးသလော။ သမ္မာတရားသည် မျက်နှာမလိုက်ပေ။ သင်က လိုက်စားသောအခါ၊ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေသောအခါ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်မည်ဖြစ်ပြီး သမ္မာတရားကို သင်ရရှိမည်။ သို့သော် သင်က ပျင်းရိပြီး သက်သာမှုကို တပ်မက်လျှင်၊ သမ္မာတရားနှင့်ပတ်သက်၍ အားမထုတ်လိုလျှင် သင်က မည်သူဖြစ်ကောင်းဖြစ်နိုင်ပါစေ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်မည်မဟုတ်။ သမ္မာတရားကို သင်ရရှိနိုင်မည် မဟုတ်။ ယခု သင်တို့နားလည်သလော။ သင်တို့သည် လက်ရှိတွင် သမ္မာတရားကို လိုက်စားနေသလော။ သမ္မာတရားကို မည်သူလိုက်စားသည်ဖြစ်စေ သမ္မာတရားကို ရရှိသည်။ ပြီးလျှင် နောက်ဆုံးတွင် သမ္မာတရားကို ရရှိသူတို့သည် အဖိုးထိုက်ရတနာများ ဖြစ်လာလိမ့်မည်။ သမ္မာတရားကို မရနိုင်သူတို့သည် မည်သည့်အကျိုးမျှမရှိဘဲ ၎င်းတို့ကို အားကျနိုင်သည်။ ဤအခွင့်အရေးကို ၎င်းတို့ လွဲချော်လျှင် ယင်းသည် ပျောက်သွားလိမ့်မည်။
သမ္မာတရားကို လိုက်စားရန် အကောင်းဆုံးအချိန်ကာလမှာ မည်သည့်အချိန်နည်း။ ဘုရားသခင်က လူ့ဇာတိဖြင့် အလုပ်လုပ်နေသည့်၊ သင်နှင့် တေ့တေ့ဆိုင်ဆိုင် စကားပြောပြီး မိတ်သဟာယဖွဲ့နေသည့်၊ သင့်အား အကြံပေးပြီး ကူညီနေသည့် ဤအချိန်ကာလဖြစ်သည်။ ဤသည်မှာ အကောင်းဆုံး အချိန်ကာလဖြစ်သည်ဟု ငါအဘယ်ကြောင့်ဆိုသနည်း။ လူ့ဇာတိခံဘုရားသခင်၏ အမှုနှင့် စကားတို့သည် သင့်အား သန့်ရှင်းသောဝိညာဉ်တော်၏ ရည်ရွယ်ချက်များကို အပြည့်အဝ နားလည်စေရန် ထောက်ကူပေးနိုင်သောကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်လုပ်ပုံကို သင့်အား သိခွင့်ပေးနိုင်သောကြောင့် ဖြစ်သည်။ လူ့ဇာတိခံဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်၏ စည်းမျဉ်းများ၊ ပုံစံများ၊ နည်းလမ်းများနှင့် နည်းဟန်များကို အလုံးစုံနားလည်နိုင်ပြီး ယင်းတို့အကြောင်းကို သင့်အား ပြောပြသည်။ ဤသို့ဖြင့် သင်သည် သင့်ဘာသာ စမ်းတဝါးဝါးဖြစ်နေဖို့ မလိုပေ။ ဤဖြတ်လမ်းကို လိုက်ပြီး သင်သည် ချက်ချင်း ရောက်နိုင်လိမ့်မည်။ လူ့ဇာတိခံဘုရားသခင်က စကားပြောခြင်းကို ရပ်ပြီး သူ၏အမှုကို ပြီးဆုံးသောအခါ သင့်ဘာသာ စမ်းတဝါးဝါး လုပ်ဆောင်ရမည်။ ဤလူ့ဇာတိခံ ဇာတိပကတိနေရာတွင် အစားထိုးပေးနိုင်မည့်သူ၊ မည်သည့်အရာ လုပ်ဆောင်ရမည်၊ မည်သည့်နေရာသို့ ဦးတည်ရမည်၊ မည်သည့်လမ်းမျိုးကို လျှောက်ရမည်တို့ကို တိကျပြတ်သားစွာ သင့်အား ပြောပြနိုင်သူ မည်သူမျှမရှိ။ ထိုအရာများကို သင့်အား ပြောပြနိုင်သူမရှိ။ လူတစ်ယောက်က မည်မျှ ဝိညာဉ်ရေးရှိပါစေ မလုပ်ဆောင်နိုင်ပေ။ ဤအရာ၏ ဥပမာများရှိသည်။ နှစ်နှစ်ထောင်ကြာ ယုံကြည်နေခဲ့သော ယေရှုကို ယုံကြည်သူများကဲ့သို့ပင် ဖြစ်သည်။ ယင်းတို့ထဲမှ အချို့မှာ ယခုအခါတွင် ဓမ္မဟောင်းကျမ်းကို ဖတ်ပြီး ပညတ်တော်ကို ထိန်းသိမ်းရန် ခြေတစ်လှမ်းနောက်ဆုတ်ပြီး အချို့မှာ ကားတိုင်တို့ကို ထမ်းသည်။ သို့တိုင်အောင် ၎င်းတို့၏ အခန်းတွင် ပညတ်တော်ဆယ်ပါးကို ချိတ်ဆွဲသည်။ ပြီးလျှင် စည်းမျဉ်းစည်းကမ်းများနှင့် ပညတ်တော်တို့ကို ပုံသေစောင့်ထိန်းသည်။ ၎င်းတို့သည် အဆုံးတွင် မည်သည့်အရာကို ရခဲ့သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်သော်ငြားလည်း ဘုရားသခင်၏ တိကျပြတ်သားသော နှုတ်ကပတ်တော်များ မရှိလျှင် လူတို့က အစဉ်စမ်းတဝါးဝါးသာ ဖြစ်နေသည်။ တိကျပြတ်သားသော နှုတ်ကပတ်တော်များ မရှိခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ လူတို့က စမ်းတဝါးဝါးဖြစ်ပြီး ရရှိသည့်အရာသည် မရေရာပေဟု ဆိုလိုသည်။ သင့်အား သေချာမှုကို ပေးနိုင်ပြီး ဤသို့လုပ်ဆောင်သည်မှာ သင့်အတွက် မှန်သည်၊ ထိုသို့လုပ်ဆောင်သည်မှာ မှားသည်ဟု ပြောနိုင်သည့်သူ မည်သူမျှမရှိ။ သင့်အား ထိုသို့ပြောနိုင်သည့်သူ တစ်ယောက်မျှမရှိ။ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို ဉာဏ်အလင်းဖွင့်ပြပြီး ယင်းက မှန်သည်ဟု သင်ယုံကြည်လျှင်ပင် ဘုရားသခင်က အသိအမှတ်ပြုသလော။ သင်သည်လည်း မသေမချာဖြစ်သည် မဟုတ်လော။ (မသေချာပါ။) လွန်ခဲ့သော နှစ်နှစ်ထောင်က သခင်ယေရှု ချန်ရစ်ထားခဲ့ပြီး ကျမ်းစာ၌ မှတ်တမ်းတင်ခဲ့သော သခင်ယေရှု၏ ထိုစကားများနှင့်ပတ်သက်၍ ယခု နှစ်နှစ်ထောင် ကြာပြီးနောက်တွင် သခင့်ကို ယုံကြည်သူများသည် သူပြန်ကြွလာခြင်းနှင့် သက်ဆိုင်သည့် အမှုကိစ္စမျိုးစုံကို ရှင်းပြချက်များပေးပြီးဖြစ်ကာ အတိအကျ ရှင်းလင်းချက်မှာ အမှန်တကယ်တွင် မည်သည့်အရာ ဖြစ်သည်ကိုပင် သိသူမည်သူမျှမရှိ။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဤအမှုအဆင့်ကို လက်ခံရန်မှာ အလွန်ပင် ခက်ခဲပင်ပန်းလှသည်။ ဤသည်မှာ မည်သည့်အရာကို ပြသနည်း။ တိကျပြတ်သားစွာ ပြောဆိုခြင်းမရှိသော မသေချာမတိကျသည့် ဤစကားများတွင် လူဆယ်ဦး၌ ရှင်းပြချက်ဆယ်ခုရှိပြီး လူတစ်ရာ၌ ရှင်းပြချက်တစ်ရာရှိသည်။ လူတိုင်းတွင် ကိုယ်ပိုင် မှန်ကန်ကြောင်း ထင်ရှားစေသောအချက်များနှင့် အကြောင်းပြချက်များ ရှိလေသည်။ မည်သည့်ရှင်းပြချက်က တိကျမှန်ကန်သနည်း။ ဘုရားသခင်က စကားမပြောသရွေ့၊ ကောက်ချက်ချမှုတစ်ခုကို မပေးသရွေ့ လူပြောသည့် မည်သည့်အရာကမျှ အရေးမပါပေ။ သင်၏ ဂိုဏ်းခွဲက မည်မျှကြီးနိုင်ပါစေ၊ အဖွဲ့ဝင် မည်မျှရှိပါစေ ဘုရားသခင်အတွက် အရေးပါသလော။ (မပါပါ။) ဘုရားသခင်က သင်၏ အင်အားစုကို မကြည့်။ ဘုရားသခင် လုပ်ဆောင်သည့်အရာကို ကမ္ဘာပေါ်ရှိ လူတစ်ယောက်မျှ လက်မခံနိုင်လျှင်ပင် ယင်းသည် မှန်ကန်ပြီး သမ္မာတရားဖြစ်သည်။ ဤသည်မှာ ထာဝရ မပြောင်းလဲသော အမှန်တရား ဖြစ်သည်။ ဘာသာတရားများ၊ ဂိုဏ်းဂဏများအားလုံးက ဤသို့၊ ထိုသို့ ရှင်းပြသည်။ ပြီးလျှင် အဆုံး၌ မည်သည့်အရာ ဖြစ်ပျက်သနည်း။ သင်၏ ရှင်းလင်းပြချက်က တစ်ခုတလေ အသုံးဝင်သလော။ (မဝင်ပါ။) ဘုရားသခင်က စာတစ်ကြောင်းဖြင့် ချေပသည်။ သင်က မည်သို့ပင် ဆက်လက်၍ ရှင်းပြပါစေ ဘုရားသခင်က သင့်ကို အာရုံစိုက်မည်လော။ (မစိုက်ပါ။) အဘယ်ကြောင့် ဘုရားသခင်က သင့်ကို အာရုံမစိုက်မည်နည်း။ ဘုရားသခင်သည် အမှုတော်သစ်အား လုပ်ဆောင်ခြင်းကို စတင်ခဲ့ပြီး ယခုတွင် နှစ် သုံးဆယ်နီးနီး ဆက်လက်လုပ်ဆောင်နေခဲ့သည်။ ထိုလူတို့က မည်သို့ မာနထောင်လွှားစွာဖြင့် ဆူညံစွာ တောင်းဆိုပါစေ သူသည် ၎င်းတို့ကို အရေးစိုက်မည်လော။ (အရေးစိုက်မည်မဟုတ်ပါ။) သူသည် အရေးစိုက်မည်မဟုတ်။ ဘာသာတရားထဲရှိ လူတို့က "ကိုယ်တော်က သူတို့ကို အရေးမစိုက်လျှင် ထိုလူတို့သည် ကယ်တင်ခြင်းမခံရနိုင်သလော" ဟု ဆိုလိမ့်မည်။ အမှန်မှာ ဘုရားနှုတ်ကပတ်တော်တို့က ရှေးယခင်ကတည်းက အရာရာတိုင်းကို ရှင်းလင်းအောင် ပြုလုပ်ပြီးဖြစ်ကာ သူပြောသည့်အတိုင်း ဖြစ်ရလေသည်။ ဘာသာရေးလောကက အင်အားစုမည်မျှရှိပါစေ အသုံးဝင်မည်မဟုတ်။ ၎င်းတို့၏ အရေအတွက်က မည်မျှကြီးပါစေ ၎င်းတို့၌ သမ္မာတရားရှိသည်ဟု သက်သေမပြပေ။ ဘုရားသခင်က သူလုပ်ဆောင်သင့်သည့်အတိုင်း လုပ်ဆောင်သည်။ မည်သည့်နေရာတွင် သူစတင်လုပ်ဆောင်သင့်သည်ဖြစ်စေ ယင်းသည် သူစတင်လုပ်ဆောင်သည့်နေရာ ဖြစ်သည်။ မည်သူ့ကို သူရွေးချယ်သင့်သည်ဖြစ်စေ ယင်းသည် သူရွေးချယ်သည့်သူဖြစ်သည်။ သူသည် ဘာသာရေးလောက၏ လွှမ်းမိုးခြင်းနှင့် ဘောင်ခတ်ခြင်းကို ခံရသလော။ (မခံရပါ။) အနည်းငယ်မျှပင် မခံရပေ။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ဖြစ်သည်။ သို့တိုင်အောင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဘုရားသခင်နှင့် ကျိုးကြောင်းပြပြောဆိုလိုပြီး သူ့ကို တစ်နေကုန် ရှင်းလင်းချက်များပေးလိုသည်။ ဤသည်မှာ အကျိုးတစ်ခုတလေ ရှိသလော။ ၎င်းတို့သည် ကျမ်းစာ၏ နှုတ်ကပတ်တော်များကိုပင် ၎င်းတို့ စိတ်ထင်သလို အနက်ပြန်ဆိုကြသည်။ ၎င်းတို့သည် သိသာစွာပင် ယင်းတို့၏ ဆက်စပ်အကြောင်းအရာကို မကြည့်ဘဲ ယူပြီး ယင်းတို့ကို ၎င်းတို့၏ တစ်ဘဝလုံးပင် ဖက်တွယ်ထားလိုကာ ယင်းတို့ကို ဖြည့်ဆည်းရန် ဘုရားသခင်ကို စောင့်ဆိုင်းနေကြသည်။ ၎င်းတို့သည် အိပ်မက်မက်နေခြင်း ဖြစ်သည်။ အကြင်သူသည် ဘုရားနှုတ်ကပတ်တော်၌ သမ္မာတရားကို မရှာလျှင်၊ ဤအရာ၊ ထိုအရာကို လုပ်ဆောင်ရန် ဘုရားသခင်ကို အစဉ် တောင်းဆိုလိုလျှင် ထိုသူသည် ဆင်ခြင်တုံတရား ရှိသေးသလော။ သူသည် မည်သည့်အရာကို လုပ်ဆောင်ရန် ကြိုးစားနေသနည်း။ သူသည် ပုန်ကန်လိုသလော။ ဘုရားသခင်နှင့် ယှဉ်ပြိုင်လိုသလော။ ကပ်ဘေးကြီး ဖြစ်ပျက်လာသောအခါ လူတိုင်း အံ့ဩမှင်တက်ကြလိမ့်မည်။ ၎င်းတို့သည် အချည်းနှီး ငိုကြွေးပြီး အော်ဟစ်ကြလိမ့်မည်။ ဤသို့ ဖြစ်မည်မဟုတ်လော။ ဟုတ်သည်။
ယခုအချိန်သည် အကောင်းဆုံးသော အချိန်ကာလဖြစ်သည်။ ဘုရားသခင်က လူတို့ကို ကယ်တင်ပြီး စုံလင်အောင်ပြုလုပ်သည့် အချိန်ဖြစ်သည်။ ဤအချိန်ကာလနှင့် သင်လွဲချော်ပြီး "ဘုရားသခင်ပြောခဲ့သည့် ထိုအရာက မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအချိန်က မေးခဲ့လျှင် ပိုကောင်းလိမ့်မည်။ ယခု၌ ငါ မေး၍ မရတော့ပါ။ ဤသို့ဆိုလျှင် ဆုသာတောင်းတော့မည်။ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်လိမ့်မည်။ ဤသည်မှာ အတူတူပင်ဖြစ်သည်" ဟူ၍ တွေးသည့်နေ့သို့ရောက်သည်အထိ မစောင့်နှင့်။ အတူတူပင်ဖြစ်မည်လော။ (မဖြစ်ပါ။) အတူတူပင်ဖြစ်မည်ဆိုလျှင် ဤနှစ်နှစ်ထောင်တွင် သခင့်ကို ယုံကြည်ခဲ့သည့် လူတို့သည် ယခု ၎င်းတို့ ဖြစ်နေသည့်အတိုင်း ဖြစ်မည်မဟုတ်။ ဒုတိယထောင်စုနှစ်၏ ပထမတစ်ဝက်အချိန်ကာလအတွင်းတွင် သန့်ရှင်းသူများဆိုသူတို့က ရေးခဲ့သည့်စကားများကိုသာ ကြည့်လော့။ ယင်းတို့သည် မည်မျှ ပေါ့တန်လိုက်သနည်း။ မည်မျှ သနားစဖွယ်ဖြစ်သနည်း။ ယခုတွင် ဘာသာတရားများနှင့် ဂိုဏ်းဂဏများအားလုံးရှိ လူတို့ သီဆိုသော ဓမ္မသီချင်းစာအုပ်ထူထူ တစ်အုပ်ရှိပြီး ထိုဓမ္မသီချင်းများက ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးခံစားရခြင်းအကြောင်းတို့ကိုသာ ပြောဆိုသည်။ ထိုအရာနှစ်ခုသာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်နှင့် သက်ဆိုင်သော သိမြင်မှု ဟုတ်သလော။ မဟုတ်ပေ။ ယင်းတွင် အနည်းငယ်သော သမ္မာတရားတစ်ခုတလေရှိသလော။ (မရှိပါ။) ကမ္ဘာပေါ်ရှိ လူတို့ကို ဘုရားသခင် ချစ်သည်ကိုသာ သူတို့သိသည်။ ကမ္ဘာလောကတွင် အစဉ်ရှိနေသည့်၊ မည်သည့်အခါမျှ မပြောင်းလဲသည့် ဆိုရိုးစကားတစ်ခုရှိသည်။ "ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်၏" ဟူ၍ ဖြစ်သည်။ ယင်းသည် ၎င်းတို့သိသည့် တစ်ခုတည်းသော စာကြောင်းဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က လူတို့ကို မည်သို့ ချစ်သနည်း။ ယခုတွင် ဘုရားသခင်သည် ၎င်းတို့ကို စွန့်ပစ်ပြီး ဖယ်ရှားရှင်းလင်းသည်။ သူသည် ချစ်ခြင်းမေတ္တာဖြစ်သေးသလော။ ၎င်းတို့အမြင်အရဆိုလျှင် မဟုတ်တော့ပေ။ ထို့ကြောင့် ၎င်းတို့သည် သူ့ကို ပြစ်တင်ရှုတ်ချသည်။ ထိုသူသည် သမ္မာတရားကို မလိုက်စားသကဲ့သို့ ယင်းသည် သနားစဖွယ်အကောင်းဆုံးသောအရာ ဖြစ်သည်ကို နားမလည်နိုင်ပေ။ လက်ရှိအချိန်တွင် အလွန်ကြီးသော အခွင့်အလမ်းတစ်ခုရှိသည်။ ဘုရားသခင်သည် ကိုယ်တိုင်ကိုယ်ကျ သမ္မာတရားကို ဖော်ပြပြီး လူတို့ကို ကယ်တင်ရန် လူ့ဇာတိခံယူခဲ့သည်။ သင်က သမ္မာတရားကို မလိုက်စားသကဲ့သို့ မရရှိလျှင် အလွန်ပင် စိတ်မကောင်းဖွယ်ရာ ဖြစ်လိမ့်မည်။ သင်က သမ္မာတရားကို လိုက်စားခဲ့ပြီး အားမာန်တက်ကြွစွာ လိုက်စားခဲ့သည့်တိုင် အဆုံး၌ နားလည်ရန် ပျက်ကွက်ခဲ့လျှင် သင်၌ ရှင်းလင်းသော အသိစိတ်ရှိလိမ့်မည်။ အနည်းဆုံးအနေဖြင့် သင်သည် မိမိကိုယ်ကို စိတ်ပျက်စေမည် မဟုတ်။ သင်တို့သည် ယခုတွင် သင်တို့လိုက်စားမှုကို အစပြုပြီး ဖြစ်သလော။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းသည် သမ္မာတရားကို လိုက်စားခြင်းအဖြစ် အကျုံးဝင်သလော။ ယင်းသည် ပူးပေါင်းလုပ်ဆောင်မှုတစ်မျိုးအဖြစ် အကျုံးဝင်သည်။ သို့သော် သမ္မာတရားအား လိုက်စားမှုကို ရရှိခြင်း၊ သမ္မာတရားအား လိုက်စားခြင်းအဖြစ် အကျုံးဝင်ခြင်းတို့နှင့်ပတ်သက်လျှင် မပြည့်မီသေးပေ။ ယင်းသည် အပြုအမူတစ်မျိုး၊ လုပ်ဆောင်မှုတစ်မျိုးသာ ဖြစ်သည်။ ယင်းသည် သမ္မာတရား လိုက်စားသည့် သဘောထားကို ပိုင်ဆိုင်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် တစ်စုံတစ်ခုသည် သမ္မာတရားကို လိုက်စားခြင်းအဖြစ် မည်သို့ အကျုံးဝင်နိုင်သနည်း။ သမ္မာတရားကို နားလည်ခြင်းဖြင့် သင်အစပြုရမည်။ သမ္မာတရားကို သင်နားမလည်လျှင်၊ မည်သည့်အရာကိုမျှ အလေးအနက်မထားလျှင်၊ သင့်တာဝန်ကို ဖြစ်သလိုလုပ်လျှင်၊ သမ္မာတရားကို လုံးဝ မရှာဖွေဘဲ၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများကို အာရုံမစိုက်ဘဲ သင်ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လျှင် သမ္မာတရားကို သင်နားလည်နိုင်မည်လော။ သမ္မာတရားကို သင်နားမလည်လျှင် မည်သို့ လိုက်စားနိုင်မည်နည်း။ မမှန်သလော။ (မှန်ပါသည်။) သမ္မာတရားကို မလိုက်စားသူတို့မှာ မည်သည့်လူအမျိုးအစားဖြစ်သနည်း။ ၎င်းတို့သည် ငတုံးငအများဖြစ်သည်။ ဤသို့ဆိုလျှင် သမ္မာတရားကို အဘယ်သို့ လိုက်စားရသနည်း။ သမ္မာတရားကို နားလည်ခြင်းအားဖြင့် အစပြုရမည်။ သမ္မာတရားကို နားလည်ရန်မှာ အားသွန်ခွန်စိုက်ပြုလုပ်ရခြင်း ဖြစ်သလော။ မဟုတ်ပေ။ သင်နှင့် ထိတွေ့သည့် ပတ်ဝန်းကျင်များနှင့် သင်ထမ်းဆောင်သည့်တာဝန်တို့ဖြင့် အစပြုလော့။ ပြီးလျှင် သမ္မာတရားစည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ပြီး လေ့ကျင့်လော့။ ဤအရာကို လုပ်ဆောင်ခြင်းသည် သင်က သမ္မာတရား လိုက်စားခြင်းလမ်းကို စတင်လျှောက်လှမ်းနေပြီဆိုသည်ကို ပြသည်။ ရှေးဦးစွာ ဤစည်းမျဉ်းများမှ စတင်၍ ရှာဖွေ၊ တွေးတော၊ ဆုတောင်းလော့။ ပြီးလျှင် ဉာဏ်အလင်းဖွင့်ပြမှုကို အနည်းငယ်ချင်းစီ ရယူလော့။ သင်ရသည့် ဉာဏ်အလင်းဖွင့်ပြမှုသည် သင်နားလည်သင့်သည့် သမ္မာတရား ဖြစ်သည်။ ရှေးဦးစွာ သင်၏ တာဝန်ထမ်းဆောင်မှုမှတစ်ဆင့် သမ္မာတရားကို ရှာဖွေလော့။ ပြီးလျှင် သမ္မာတရားစည်းမျဉ်းများအတိုင်း လုပ်ဆောင်မှုကို လိုက်စားလော့။ ဘဝတွင် သင်ကြုံတွေ့ရသည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပြင် သင့်တာဝန်၏ နယ်ပယ်အတွင်းကျရောက်သော အမှုအရာများတို့ဖြစ်သည့် ဤအရာများအားလုံးသည် လက်တွေ့ဘဝဖြင့် ခွဲခြား၍ မရနိုင်ပေ။ ထိုအမှုအရာများဖြင့် အစပြုပြီး သမ္မာတရားစည်းမျဉ်းများအား နားလည်အောင်လုပ်ဆောင်လော့။ ထိုအခါတွင် သင်၌ အသက်ဝင်ရောက်မှု ရှိလိမ့်မည်။
၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်