အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၂)
၂။ အန္တိခရစ်တို့၏ အကျိုးစီးပွားများ
ယနေ့တွင် အန္တိခရစ်တို့၏ သရုပ်သကန်များတွင်ရှိသော အချက်ကိုးကို ငါတို့ ဆက်လက်၍ မိတ်သဟာယပြုမည်။ ၎င်းတို့၏ သရုပ်သကန်များနှင့်ပတ်သက်သည့် ကိုးခုမြောက်အချက်မှာ အောက်ပါအတိုင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည်။ ပြီးခဲ့သည့်အခေါက်တွင် ငါတို့၏ အကြောင်းအရာကို စတင်ကာ အကျိုးစီးပွားများက မည်သည့်အရာဖြစ်ကြောင်းနှင့်ပတ်သက်၍ မိတ်သဟာယပြုရင်း ပထမအချက်ဖြစ်သည့် ဤအရာ၏ အနည်းငယ်မျှသာ ငါတို့ မိတ်သဟာယပြုခဲ့သည်။ ဒုတိယချက်အတွက် လူတို့၏ အကျိုးစီးပွားများက မည်သည့်အရာဖြစ်ပြီး လူတို့အကျိုးစီးပွားများ၏ အနှစ်သာရက မည်သည့်အရာ ဖြစ်သည်ဟူသည့်အကြောင်းကို ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ငါတို့ မိတ်သဟာယပြုခဲ့သည့် တတိယအချက်မှာ ဘုရားသခင်၏ အကျိုးစီးပွားများက မည်သည့်အရာဖြစ်ပြီး ဘုရားသခင်၏ အကျိုးစီးပွားများနှင့်ပတ်သက်သော အနှစ်သာရက မည်သည့်အရာ ဖြစ်သည်ဟူ၍ ဖြစ်၏။ ဤသည်မှာ အနည်းနှင့်အများဆိုသလို ငါတို့ ဆက်လက်မိတ်သဟာယပြုခဲ့သည့် အချက်သုံးချက်နှင့်ဆိုင်သော အကြောင်းအရာ ဖြစ်သည်။ ပြီးခဲ့သည့်အခေါက်က ငါတို့ မိတ်သဟာယ ပြုခဲ့သည့်အရာမှာ အကျိုးစီးပွားများ၏ အမျိုးမျိုးသော ကဏ္ဍများကို ကောက်ချက်ချကာ လူတို့အား အခြေခံကျသော အယူအဆများအပေါ် သိနားလည်မှုတစ်ခုပေးလျက် အခြေခံအားဖြင့် အယူအဆအပေါ် အခြေတည်သော သမ္မာတရားများဖြစ်သည်။ အထက်တွင်ဆိုခဲ့ပြီးသော အကြောင်းအရာကို ဤအကြိမ်တွင် ငါတို့ နောက်ထပ်ဆက်လက်၍ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေဆန်းစစ်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ငါတို့၏ ကိုးခုမြောက်အချက်အတွက် ငါတို့ မိတ်သဟာယပြုမည့် အကြောင်းအရာမှာ အန္တိခရစ်များ၏ သရုပ်သကန်အမျိုးမျိုးကို မီးမောင်းထိုးပြရန် ရည်ရွယ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤအချက်နှင့်ဆိုင်သည့် ငါတို့၏ မိတ်သဟာယတွင် အန္တိခရစ်များ၏ သရုပ်သကန်များကို ငါတို့ ဆက်လက်၍ အာရုံစိုက်၍ ဆန်းစစ်သွားမည် ဖြစ်သည်။ ငါတို့သည် အန္တိခရစ်များ၏ သဘာဝ အနှစ်သာရနှင့် စိတ်သဘောထားတို့ကို ခွဲခြားဖော်ထုတ်ကာ ဤရှုထောင့်အမြင်မှ ယင်းတို့ကို စိစစ်ဖို့ ကြိုးပမ်းလျက် ၎င်းတို့ကိုယ်တိုင်နှင့်ဆက်စပ်သည့် အမျိုးမျိုးသော အကျိုးစီးပွားများအပေါ် အန္တိခရစ်များ၏ သဘောထားနှင့် အပြုအမူတို့ကို အဓိကအားဖြင့် စိစစ်မည်ဖြစ်သည်။ အန္တိခရစ်များ၏ အမြင်တွင် ၎င်းတို့၏ အကျိုးစီးပွားများနှင့် သက်ဆိုင်သော အရာများက မည်သည့်အရာများဖြစ်သည်ဆိုသည့်အပေါ် မိတ်သဟာယပြုခြင်းအားဖြင့် ငါတို့ အစပြုမည်ဖြစ်သည်။
အန္တိခရစ်များ၏ အမြင်တွင် ဘုရားသခင်၊ ဘုရားအိမ်တော်နှင့် အသင်းတော်တို့သည် အမည်များသာ ဖြစ်သည်။ မည်သည့် တကယ့် တန်ဖိုးမျှမရှိသည့် အမည်နာမများထက် ဘာမျှမပိုသည့်အရာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၊ ဘုရားအိမ်တော်နှင့် အသင်းတော်၏ အကျိုးစီးပွားများကို မထီမဲ့မြင်ပြုခြင်းဖြင့် သဘောထားကြပြီး ထိုအရာများသည် ၎င်းတို့ စဉ်းစားဆင်ခြင်နှင့် မတန်သောအရာ သို့မဟုတ် အာရုံစိုက်ခြင်းနှင့် မထိုက်တန်သောအရာဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အန္တိခရစ်တို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများက ၎င်းတို့အတွက် အဆုံးစွန် အရေးပါမှုရှိသည်။ သို့ဖြစ်၍ အန္တိခရစ်များသည် ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများအတွက် အသင်းတော်၏ အကျိုးစီးပွားများနှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကြာခဏ သစ္စာဖောက်ကြလေသည်။ ယခုတွင် အကျိုးစီးပွားနှင့်ဆိုင်သည့် ကိစ္စရပ်များအပေါ် ၎င်းတို့၏ ရှုထောင့်များနှင့်ဆိုင်သည့် ရှင်းလင်းသော အမြင်တစ်ခုကို လူတို့အား ပေးရန်အလို့ငှာ မည်သည့်အရာများသည် အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့် သက်ဆိုင်သည်ကို ငါတို့ အမျိုးအစားခွဲကာ စိတ်ဖြာလေ့လာဆွေးနွေးကြစို့။ ဦးစွာပထမ အန္တိခရစ်များက မည်သို့ အမည်တပ်ခံရသည်ဖြစ်စေ၊ အန္တိခရစ်များ၊ ဆိုးယုတ်သော လူများ သို့မဟုတ် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သည့် သို့မဟုတ် ထိုသမ္မာတရားအပေါ် ရန်လိုမှုထားရှိသည့် ပုဂ္ဂိုလ်များအဖြစ် အမည်တပ်ခံရသည်ဖြစ်စေ ဤလူစားမျိုးသည် လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်မရှင်ကြပေ။ ၎င်းတို့သည် ဇာတိခန္ဓာဖြင့် အသက်ရှင်ကြပြီး ပုံမှန်လူ့ဘဝ၏ တူညီသော လိုအပ်ချက်များ ရှိကြသည်။ ထို့ကြောင့် ညီအစ်ကို မောင်နှမများကြား သို့မဟုတ် ဘုရားအိမ်တော်နှင့် အသင်းတော်အတွင်း အသက်ရှင်သည့် အန္တိခရစ်များကဲ့သို့သော လူများတွင်လည်း ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးနှင့် ဆက်စပ်သည့် အကျိုးစီးပွားများရှိသည်။ ဤသည်မှာ အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့် ပတ်သက်သည့် ပထမဆုံး ကဏ္ဍခွဲဖြစ်သည့် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေး ဖြစ်သည်။ အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့်ပတ်သက်သည့် ဒုတိယကဏ္ဍခွဲမှာ ၎င်းတို့၏ ဩဇာအာဏာနှင့် ပတ်သက်သည့် ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဖြစ်သည်။ အန္တိခရစ်များ၏ အကျိုးစီးပွားများနှင့် ပတ်သက်သည့် တတိယကဏ္ဍခွဲမှာ ၎င်းတို့၏ အကျိုးအမြတ်နှင့် ပါဝင်ပတ်သက်သည်။ အန္တိခရစ်များ၏ အကျိုးစီးပွားများကို စနစ်တကျမဟုတ်သော၊ ရိုးစင်းသော ပုံစံဖြင့် မိတ်သဟာယပြုခြင်းနှင့် ယှဉ်လျှင် ဤကဏ္ဍခွဲသုံးခုမှတစ်ဆင့် စိစစ်ခြင်းက သာ၍ ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) ဤကဏ္ဍခွဲသုံးခုပေါ် အခြေခံ၍ မိတ်သဟာယပြုရန် သင်တို့ကို ငါ စေခိုင်းလျှင် သင်တို့တွင် ထိုးထွင်းသိမြင်မှု တစ်ခုတလေ ရှိသလော။ သိနားလည်မှုတစ်ခုခုကို သင်တို့ မိတ်သဟာယပြုနိုင်သလော။ (ဒုတိယကဏ္ဍခွဲနှင့် စပ်လျဉ်း၍ ထိုးထွင်းအမြင်အချို့ကို ကျွန်ုပ် မိတ်သဟာယပြုကောင်း ပြုနိုင်မည်ဖြစ်သော်လည်း တစ်ကိုယ်ရေ ဘေးကင်းရေးနှင့် အကျိုးအမြတ်အကြောင်းကို ကျွန်ုပ် သိပ်မရှင်းပါ။) ကောင်းပေပြီ၊ ငါ မိတ်သဟာယပြုနေစဉ် သင်တို့ ရှင်းလင်းစွာ ပြောနိုင်သည့် နေရာတွင် သင်တို့ ဖြည့်စွက်ပေးနိုင်ပြီး သင်တို့ ရှင်းလင်းခြင်းမရှိဟု မြင်သောအရာအပေါ် ငါ မိတ်သဟာယပြုမည်။ ယင်းမှာ အလုပ်ဖြစ်သလော။ (အလုပ်ဖြစ်ပါသည်။)
က။ သူတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေး
အန္တိခရစ်တို့၏ အကျိုးစီးပွားများနှင့်ဆိုင်သော ပထမကဏ္ဍခွဲ ဖြစ်သည့် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးဖြင့် ငါတို့၏ မိတ်သဟာယကို အစပြုမည်။ ဤကဏ္ဍခွဲ၏ အဓိပ္ပာယ်မှာ လူတိုင်းအတွက် ရှင်းနေသင့်သည်။ ထိုအရာသည် လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းမှုနှင့် ဆက်စပ်သည်။ တရုတ်ပြည်မတွင် ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ အန္တရာယ်များသော ပတ်ဝန်းကျင်တွင် အသက်ရှင်ခြင်းဟု ဆိုလိုသည်။ ဘုရားသခင်နောက်လိုက်သည့် လူတိုင်း အဆင်းနီသော နဂါးကြီး၏ အဖမ်းခံရမည့်၊ စီရင်ချက်ချခံရပြီး ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုကို ခံရမည့် အန္တရာယ်ကို နေ့စဉ် ရင်ဆိုင်ရသည်။ အန္တိခရစ်များသည် ခြွင်းချက်မဟုတ်ပေ။ ဘုရားအိမ်တော်တွင် ၎င်းတို့သည် အန္တိခရစ်များအဖြစ် အမျိုးအစားသတ်မှတ်ခြင်းခံရနိုင်သော်လည်း ဘာသာရေး အသိုင်းအဝိုင်းနှင့် မဟာမိတ်ပြုသည့် အဆင်းနီသော နဂါးကြီးကမူ ဘုရားသခင်၏ အသင်းတော်နှင့် သူ ရွေးချယ်ထားသော လူတို့ကို ဖိနှိပ်ရန်နှင့် ညှဉ်းပန်းနှိပ်စက်ရန် စဉ်ဆက်မပြတ် အစွမ်းကုန် လုပ်ဆောင်နေပြီး အန္တိခရစ်များသည်လည်း မိမိတို့ကိုယ်ကို ထိုသို့သော အခြေအနေတစ်ခုတွင် ရှိသည်ကို တွေ့ရှိရကာ အဖမ်းခံရမည့် ခြိမ်းခြောက်မှုမှ လွတ်ကင်းခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးနှင့်ဆိုင်သည့် ပြဿနာကို ၎င်းတို့ မကြာခဏ ကြုံရမည်ဖြစ်သည်။ ဤအရာက အန္တိခရစ်များအနေဖြင့် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးအား မည်သို့ကိုင်တွယ်သည်ဟူသည့် မေးခွန်းကို ထည့်သွင်းစဉ်းစားသည်။ ဤကဏ္ဍခွဲအတွက် ငါတို့သည် အန္တိခရစ်များက ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးအပေါ် ထားရှိသည့် သဘောထားအကြောင်းကို အဓိက မိတ်သဟာယပြုနေကြခြင်း ဖြစ်သည်။ ကောင်းပြီ၊ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ (၎င်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို ကာကွယ်ရန် အစွမ်းကုန် လုပ်ဆောင်ကြပါသည်။) အန္တိခရစ်များသည် ၎င်းတို့၏ ဘေးကင်းမှုကို ကာကွယ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ၎င်းတို့က မိမိတို့ကိုယ်ကို ထင်မြင်သည်မှာ “ငါ၏ လုံခြုံမှုကို အပြည့်အဝ သေချာအောင်လုပ်ဆောင်ရမည်။ မည်သူက အဖမ်းခံရသည်ဖြစ်စေ ငါမဖြစ်ရ” ဟူ၍ ဖြစ်သည်။ ဤအမှုကိစ္စတွင် ၎င်းတို့သည် မကြာခဏ ဘုရားရှေ့သို့လာပြီး ဆုတောင်းကာ ၎င်းတို့ကို ဒုက္ခမှ ကာကွယ်ပေးပါရန် ဘုရားသခင်အား အသနားခံသည်။ ၎င်းတို့သည် မည်သို့ပင်ဖြစ်စေ အသင်းတော်ခေါင်းဆောင်၏ အလုပ်ကို ၎င်းတို့ အမှန်ပင် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟုလည်းကောင်း၊ ဘုရားသခင်က ၎င်းတို့ကို ကာကွယ်သင့်သည်ဟုလည်းကောင်း ခံစားရသည်။ မိမိတို့၏ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံရေးနှင့် အဖမ်းခံရခြင်းမှ ရှောင်ရှားရန်၊ ညှဉ်းပန်းနှိပ်စက်ခြင်းအားလုံးမှ ရှောင်တိမ်းကာ မိမိတို့ကိုယ်ကို ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ခုတွင် နေရာချရန်အလို့ငှာ အန္တိခရစ်တို့သည် မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် မကြာခဏ တောင်းပန်ခယပြီး ဆုတောင်းကြသည်။ မိမိတို့၏ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်လာသည့်အခါတွင်သာ ၎င်းတို့သည် ဘုရားသခင်အပေါ် အမှန်တကယ် အမှီပြုပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ပူဇော်ဆက်ကပ်ကြသည်။ ဤအရာနှင့်ပတ်သက်သည့်အခါ ၎င်းတို့၌ စစ်မှန်သော ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ မှီခိုခြင်းက စစ်မှန်လေ၏။ အသင်းတော်၏ အလုပ်၊ သို့မဟုတ် ၎င်းတို့၏တာဝန်အတွက် စိုးစဉ်းမျှ မစဉ်းစားကြဘဲ ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် ဘုရားသခင် ကာကွယ်ပေးပါရန် တောင်းလျှောက်ရင်းဖြင့်သာ ဘုရားသခင်ထံ သူတို့ ဒုက္ခခံဆုတောင်းကြသည်။ ၎င်းတို့၏ အလုပ်၌ တစ်ကိုယ်ရေ ဘေးကင်းလုံခြုံမှုသည် ၎င်းတို့ကို လမ်းပြသည့် စည်းမျဉ်းဖြစ်သည်။ နေရာတစ်ခုက လုံခြုံလျှင် အန္တိခရစ်များသည် အလုပ်လုပ်ရန် ထိုနေရာကို ရွေးချယ်လိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ ကြီးမားသော “တာဝန်သိစိတ်”နှင့် “သစ္စာစောင့်သိခြင်း” တို့ကို ပြစားလျက် အမှန်ပင် အလွန်တက်ကြွပြီး အပြုသဘောဆောင်သည့်် ပုံစံရှိလိမ့်မည်။ အချို့သောအလုပ်သည် စွန့်စားရခြင်း ပါဝင်ပြီးထိခိုက်မှုဖြစ်ဖွယ်ရှိပါက၊ လုပ်ဆောင်သူသည် အဆင်းနီသော နဂါးကြီး၏ တွေ့ရှိခံရဖွယ်ရှိပါက ၎င်းတို့သည် ဆင်ခြေများပေးပြီး ငြင်းဆန်ကာ ယင်းမှ ထွက်ပြေးဖို့ အခွင့်အရေးရှာကြသည်။ အန္တရာယ်ရှိသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် အန္တရာယ်၏ အရိပ်အယောင်ရှိသည်နှင့်တစ်ပြိုင်နက် ညီအစ်ကို မောင်နှမများကို ဂရုစိုက်ခြင်းမရှိဘဲ ကိုယ်လွတ်ရုန်းပြီး မိမိတို့တာဝန်ကို စွန့်ပစ်မည့်နည်းလမ်းများ တွေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အန္တရာယ်မှ လွတ်စေဖို့သာ ဂရုစိုက်ကြသည်။ စိတ်နှလုံးတွင် ၎င်းတို့ ပြင်ဆင်ထားနှင့်ပြီး ဖြစ်နိုင်သည်။ အန္တရာယ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အသင်းတော်အလုပ် မည်သို့ဖြစ်နေသည်၊ သို့မဟုတ် ယင်းက ဘုရားအိမ်တော်၏ အကျိုးစီးပွားများအား မည်သည့် ဆုံးရှုံးမှုရောက်စေမည်၊ သို့မဟုတ် ညီအစ်ကို မောင်နှမများ၏ ဘေးကင်းလုံခြုံမှုကို ဂရုမစိုက်ဘဲ ၎င်းတို့ လုပ်နေသည့် အလုပ်ကို ချက်ချင်း ရပ်ဆိုင်းလိုက်ကြသည်။ ၎င်းတို့အဖို့ အရေးကြီးသည်မှာ ထွက်ပြေးဖို့ ဖြစ်သည်။ မိမိတို့ကိုယ်ကိုယ် ကာကွယ်မည့် အစီအစဉ်၊ “ဝှက်ဖဲ”ပင် ရှိကြသည်။ ၎င်းတို့အပေါ် အန္တရာယ် ကျရောက်သည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့ အဖမ်းခံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ ကိုယ်ပိုင် ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းဖို့ ရှိသမျှသော တာဝန်ဝတ္တရားမှ မိမိတို့ကိုယ်ကိုယ် ရှင်းလင်းစေပြီး လွတ်ငြိမ်းခွင့်ပေးလျက် ၎င်းတို့ သိသမျှကို ပြောကြလေတော့သည်။ ဤသည်မှာ ၎င်းတို့၌ အသင့်ရှိသော အစီအစဉ်ဖြစ်လေသည်။ ဤလူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် နှိပ်စက်ခံရရန်လိုလားခြင်း မရှိကြချေ။ အဖမ်းခံရမည်ကိုလည်းကောင်း၊ ညှဉ်းဆဲခံရပြီး စီရင်ချက်ချခံရမည်ကိုလည်းကောင်း ၎င်းတို့ စိုးရွံ့ကြသည်။ အမှန်မှာ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံး၌ စာတန်ကို မလွန်ဆန်နိုင်ဖြစ်ကြသည်မှာ ကြာပြီဖြစ်သည်။ ဆိုးယုတ်သော အစိုးရ၏ တန်ခိုးအာဏာကို ၎င်းတို့ ကြောက်လန့်ကြပြီး ၎င်းတို့အပေါ် ကျရောက်မည့် ညှဉ်းဆဲမှုနှင့် ပြင်းထန်သော စစ်ကြောမေးမြန်းမှုကဲ့သို့သော အရာများကို သာ၍ပင် ကြောက်ကြသေးသည်။ ထို့ကြောင့် အန္တိခရစ်တို့နှင့် ပတ်သက်၍ အားလုံး အဆင်ပြေချောမွေ့နေပြီး ၎င်းတို့၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်ခြင်းမရှိ၊ သို့မဟုတ် ယင်းနှင့် ပတ်သက်၍ ပြဿနာမရှိသကဲ့သို့ မည်သည့်ဘေးမျှ ဖြစ်နိုင်ခြေ မရှိပါက ၎င်းတို့သည် မိမိတို့၏ စိတ်ထက်သန်မှု၊ “သစ္စာစောင့်သိခြင်း”နှင့် မိမိတို့၏ ပိုင်ဆိုင်မှုများကိုပင် ပေးကောင်းပေးနိုင်ကြပေမည်။ သို့သော် အခြေအနေများက ဆိုးရွားပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတို့၏ တာဝန်လုပ်ဆောင်ခြင်းအတွက် ၎င်းတို့အချိန်မရွေး အဖမ်းခံရနိုင်ပါက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုက မိမိတို့၏ အရာရှိရာထူးမှ ဖြုတ်ခြင်းခံရနိုင်ပါက၊ သို့မဟုတ် ၎င်းတို့နှင့် ရင်းနှီးသူများ၏ စွန့်ပစ်ခြင်းခံရကောင်း ခံရနိုင်စေမည်ဆိုပါက ၎င်းတို့သည် ဧဝံဂေလိ ဟောကာ ဘုရားသခင်ကို သက်သေခံခြင်းမရှိသကဲ့သို့ မိမိတို့တာဝန်ကို လုပ်ဆောင်ခြင်းမရှိဘဲ အထူးသတိထားကြလိမ့်မည် ဖြစ်သည်။ ဆင်းရဲဒုက္ခ အရိပ်လက္ခဏာ အနည်းငယ်မျှရှိသည့်အခါ ဝေးဝေးကို ရှောင်ကြလေတော့သည်။ ဆင်းရဲဒုက္ခ အရိပ်လက္ခဏာ အနည်းငယ်မျှရှိသည့်အခါ မိမိတို့ ဆက်လုံခြုံပြီး ဘေးကင်းစေရန်အလို့ငှာ ၎င်းတို့၏ ဘုရားနှုတ်ကပတ်တော် စာအုပ်များနှင့် ဘုရားသခင်၌ ယုံကြည်မှုနှင့် ဆက်နွှယ်သည့် မည်သည့်အရာကိုမဆို အသင်းတော်ထံ ချက်ချင်း ပြန်ပို့လိုကြသည်။ ၎င်းတို့သည် အန္တရာယ်များသည် မဟုတ်လော။ အဖမ်းခံရပါက ၎င်းတို့သည် ယုဒဖြစ်လာကြမည် မဟုတ်လော။ အန္တိခရစ်တို့သည် အလွန်အန္တရာယ်မျာပြီး အချိန်မရွေး ယုဒဖြစ်လာနိုင်ပေသည်။ ဘုရားသခင်ကို သစ္စာဖောက်ဖို့ ဖြစ်နိုင်ခြေ အမြဲရှိသည်။ ထို့အပြင် ၎င်းတို့သည် အဆုံးစွန် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကြသည်။ ဤအရာကို အန္တိခရစ်၏ သဘာဝအနှစ်သာရအားဖြင့် ဆုံးဖြတ်ပေသည်။
အချို့က “ဤသရုပ်သကန်များရှိသည့် လူတို့ကို တရုတ်နိုင်ငံ၏ လူမှုရေးအခြေအနေတွင်ရှိသည့် အဆင်းနီသော နဂါးကြီး၏ နိုင်ငံတွင်သာ တွေ့ကောင်းတွေ့နိုင်သည်။ သင် ရေမြေခြားသို့သွားသည့်အခါ နှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် အဖမ်းအဆီးမရှိပါ၊ သို့ဖြစ်၍ တစ်ကိုယ်ရေ ဘေးကင်းရေးက ဆက်စပ်မှုမရှိသောအရာ ဖြစ်လာသည်။ ဤအကြောင်းအရာအတွက် လိုအပ်ချက် ရှိသေးသလော”ဟု ပြောကောင်းပြောမည်။ ထိုအတွက် လိုအပ်ချက်တစ်ခုရှိသည်ဟု သင်တို့ ထင်ကြသလော။ (ထင်ပါသည်။) ရေမြေခြားတွင်ပင် ဘုရားအိမ်တော်၌ တာဝန်များကို ထမ်းဆောင်သည့်လူများစွာတို့သည် ဤအပြုအမူများကို မကြာခဏ ပြသကြသည်။ နိုင်ငံတစ်ခုခု၏ နိုင်ငံရေး အစိုးရစနစ်ကဖြစ်စေ၊ ဘာသာတရားမရှိသူများကဖြစ်စေ၊ ဘာသာရေးအသိုင်းအဝိုင်းကဖြစ်စေ ဘုရားအိမ်တော်ကို တိုက်ခိုက်ကြောင်း၊ အသရေဖျက်ကြောင်းနှင့် ဆန့်ကျင်လှုပ်ရှားမှုများ ပြုကြောင်းဆီသို့ ဆွေးနွေးမှုကို ပြောင်းလိုက်သည်နှင့် လူအချို့သည် နက်နဲသော အကြောက်တရားကို ခံစားရပြီး စိတ်ထဲတွင် သူရဲဘောကြောင်ကြလေသည်။ ဘုရားသခင်ကို မယုံကြည်လျှင် ဤအခိုက်အတန့်တွင် ပိုကောင်းမည်ဖြစ်ပြီး ပိုလွတ်လပ်မည်ဟုပင် ၎င်းတို့ ခံစားကြသည်။ ၎င်းတို့ထဲမှ အချို့သည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်းအတွက် နောင်တရကြပြီး ၎င်းတို့၏ စိတ်နှလုံးများတွင် အချို့သည် အလျင်အမြန် တပ်ခေါက်ဖို့ပင် စဉ်းစားဆင်ခြင်ကြပြီး ယုံကြည်ခြင်းကို စွန့်ဖို့ စိတ်ကူးကို လက်သင့်ခံကြသည်။ ဤကဲ့သို့သော လူများသည် ဤအရာထက် မည်သည့်အရာမျှ အရေးမကြီးဟု ခံစားလျက် ၎င်းတို့၏တစ်ကိုယ်ရေ ဘေးကင်းရေးနှင့်ပတ်သက်သည့် ပူပန်မှုများကို တစ်ချိန်လုံး ထားရှိကြသည်။ ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ၎င်းတို့၏ ဘဝများနှင့် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးတို့သည် ပထမဆုံး ပူပန်စရာများဖြစ်သည်။ ထို့ကြောင့် အသင်းတော်နှင့် ဘုရားသခင်၏ အမှုတော်ကို လောကနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးက မကောင်းပြောပုံ၊ အသရေဖျက်ပုံ၊ ရှုတ်ချပုံတို့နှင့် ရင်ဆိုင်ရသည့်အခါ ဤလူများသည် ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့် ရပ်တည်ခြင်း မရှိကြချေ။ ထိုအစား ဤအရာများဖြစ်ပျက်သည့်အခါ ဘုရားသခင်ကို မကောင်းပြော၊ အသရေဖျက်သည့် အသံများကို ၎င်းတို့ ကြားရသည့်အခါ စိတ်ထဲတွင် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်ကြလေသည်။ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်နှင့် ဘုရားသခင်၊ သူ့အိမ်တော်နှင့် အသင်တော်တို့ကြားတွင် စည်းခြားရန် ဆန္ဒရှိကြသည်။ ထို့အပြင် ဤကဲ့သို့သော အချိန်အခိုက်အတန့်များတွင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြောင်း ဝန်ခံခြင်းက ၎င်းတို့အတွက် ခက်ခဲပြီး စိတ်ဆင်းရဲစရာကောင်းသော အလုပ်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၊ သူ၏ အိမ်တော် သို့မဟုတ် အသင်းတော်နှင့် မည်သည့် ဆက်စပ်မှုမျှ မရှိရန် အသည်းအသန် အလိုရှိကြသည်။ ဤကဲ့သို့သော အချိန်များတွင် ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်သားတစ်ဦး ဖြစ်ခြင်းနှင့်ပတ်သက်၍ စိတ်မသက်မသာဖြစ်ကြပြီး အရှက်ရကာ မိမိတို့ မျက်နှာကိုပင် မပြနိုင်ကြပေ။ ထိုသို့သောလူများသည် ဘုရားသခင်၏ နောက်လိုက်များ အမှန်တကယ် ဖြစ်ကြသလော။ ၎င်းတို့သည် ဘုရားသခင်နောက်လိုက်ရန် အရာရာကို စွန့်လွှတ်ကြပြီးပြီလော။ (မဟုတ်ပါ။) တရုတ်ပြည်မတွင် လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသည့်အခါ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် အဖမ်းအဆီးကို မကြာခဏ ရင်ဆိုင်ရပြီး တစ်ကိုယ်ရေ ဘေးကင်းရေးနှင့်ဆိုင်သည့် ပြဿနာများကို မကြာခဏ ကြုံကြရသည်။ ရေခြားမြေခြား ပတ်ဝန်းကျင်သည် ထိုမျှ မကြမ်းတမ်းသော်လည်း လူတို့သည် အလားတူ အခြေအနေများကို ကြုံကြရဆဲဖြစ်သည်။ ၎င်းတို့သည် ဘာသာရေးအသိုင်းအဝိုင်းထံမှ အသရေဖျက်ခြင်းနှင့် ရှုတ်ချခြင်းတို့ကို ရင်ဆိုင်ရပြီး အသင်းတော်အပေါ် နိုင်ငံအမျိုးမျိုး၏ ဥပေက္ခာပြုခြင်းကိုဖြစ်စေ၊ နားလည်သဘောပေါက်မှု မရှိသည့် စကားအချို့ကိုဖြစ်စေ ရင်ဆိုင်ရမည်ဖြစ်သည်။ အချို့သည် မည်သည့်အရာ လုပ်ဆောင်ရမှန်းမသိကြသကဲ့သို့ ဘုရားသခင်၏ မှန်ကန်မှုကို သာ၍ပင် မေးခွန်းထုတ်လျက် ဘုရားသခင်၏ အမှုတော်က စစ်မှန်ခြင်း ရှိမရှိဆိုသည်နှင့်ပတ်သက်၍ မသေချာမှုများနှင့် သံသယများပင် ရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို မကြာခဏ စဉ်းစားကြသဖြင့် ဘုရားအိမ်တော်တွင် ၎င်းတို့၏ တာဝန်များကို တည်ငြိမ်ပြီး အေးဆေးသော စိတ်နှလုံးတစ်ခုဖြင့် မလုပ်ဆောင်နိုင်ကြပေ။ ဤပုဂ္ဂိုလ်များသည် ၎င်းတို့၏ ဘဝများကို ဘုရားသခင်ထံ အမှန်တကယ် ပေးအပ်ကြပြီးဖြစ်သလော။ (မပေးအပ်ကြပါ။) အချို့က “ရေခြားမြေခြားသို့ ရောက်လာခြင်းသည် အဆင်းနီသော နဂါးကြီး၏ အာဏာစက်မှ လွတ်မြောက်ခြင်းသဘောဖြစ်သည် မဟုတ်လော။ ရေခြားမြေခြားတွင် ဘာသာရေး လွတ်လပ်ခွင့်ရှိသည် မဟုတ်လော။ အရာရာက လွတ်လပ်ပြီး လွတ်မြောက်သည် မဟုတ်လော။ ဘုရားသခင်က ငါတို့ကို ငါတို့၏ တာဝန်များ ထမ်းဆောင်ရန် ရေခြားမြေခြားသို့ ဦးဆောင်လမ်းပြပြီးဖြစ်သည့်အတွက် အလားတူ ကြမ်းတမ်းသည့် အခြေအနေများကို ငါတို့ ရင်ဆိုင်ရန် အဘယ်ကြောင့် လိုအပ်ဦးမည်နည်း။ အဘယ်ကြောင့် ရေခြားမြေခြားတွင် ဤသင်ခန်းစာများကို ငါတို့ သင်ယူကာ ဤဆင်းရဲဒုက္ခကို ကြုံရန် လိုသေးသနည်း”ဟုပင် တွေးကြသည်။ လူအချို့သည် ၎င်းတို့၏ စိတ်နှလုံးများတွင် သံသယများရှိကြပြီး အချို့မှာ သံသယရှိရုံမက “ထိုအရာသည် မှန်သောလမ်းခရီးဖြစ်သည့်အတွက်၊ ဘုရားသခင်၏ အမှုတော် ဖြစ်သည့်အတွက်၊ ကျွန်ုပ်တို့တာဝန်များကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိသော၊ မိမိတို့ကိုယ်ကို ဘုရားသခင်အတွက် အသုံးခံရန် အရာရာကို စွန့်လွှတ်ကြပြီးဖြစ်သည့် ကျွန်ုပ်တို့သည် ဤလောကတွင် အဘယ်ကြောင့် ထိုသို့သော မမျှတသည့် ဆက်ဆံမှုကို သည်းညည်းခံရဦးမည်နည်း”ဟူသကဲ့သို့သော မေးခွန်းများ ထားရှိလျက် အတိုက်အခံလည်းလုပ်ကြသည်။ ၎င်းတို့ နားမလည်ကြပေ။ ၎င်းတို့သည် နားမလည်ကြသည့်အပြင် အခြားအရာအားလုံးထက် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို ဦးစားပေးကြသောကြောင့် ဤသိနားလည်မှုကင်းမဲ့ခြင်းကို ညည်းညူခြင်းနှင့် ဘုရားသခင်အပေါ် ရည်ရွယ်သည့် မေးခွန်းထုတ်ခြင်းအဖြစ်သို့ ပြောင်းလဲသွားစေကြသည်။ ယင်းမှာ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) ရေခြားမြေခြားမှ လူအချို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် စွန့်စားရန်ပင် စိုးရွံ့ကြသည်။ အန္တရာယ်တစ်ခုခု ပါဝင်သည့် တာဝန်တစ်ခုကို အပေးခံရလျှင် “ဤတာဝန်အတွက် ကျွန်ုပ် မသင့်တော်ပါ။ ကျွန်ုပ်၏ မိသားစုသည် တရုတ်ပြည်မတွင် ရှိနေဆဲဖြစ်ပြီး အဆင်းနီသော နဂါးကြီးက ကျွန်ုပ်ကို ရှာတွေ့လျှင် ကျွန်ုပ်အတွက် ဒုက္ခဖြစ်စေမည်မဟုတ်လော”ဟူသကဲ့သို့သော ဆင်ခြေများ ရှာကြသည်။ ၎င်းတို့က ထိုသို့သော တာဝန်များကို ထမ်းဆောင်ရန် ငြင်းပယ်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိန်းသိမ်းရန်၊ မိမိတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို ကာကွယ်ရန်နှင့် ကိုယ့်ဘဝကိုယ် ကယ်တင်ရန် ရွေးချယ်ကြသည်။ မိမိတို့ကိုယ်ကို အပြည့်အဝ ပူဇော်ဆက်ကပ်မည့်အစား ၎င်းတို့၏ တာဝန်များကို လက်ခံရန် အရာရာကို လက်လွှတ်ကာ စွန့်လွှတ်မည့်အစား မိမိတို့ကိုယ်ကိုအတွက် ထွက်ပေါက်တစ်ခုကို ချန်ထားကြသည်။ ဤအရာကို ၎င်းတို့ မစွမ်းဆောင်နိုင်ကြပေ။ ဤသည်မှာ ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့၏ အပြုအမူအချို့ ဖြစ်သည်။ လူအချို့သည် ၎င်းတို့၏ စိတ်နှလုံးများတွင် မသက်မသာ ခံစားရပြီး ဤအရာအကြောင်းကို မကြာခဏ ဆုတောင်းကြသည်။ လူအချို့က စာတန်၏ အင်းအားစုများ အလွန် အားကောင်းပြီး ၎င်းတို့ကဲ့သို့ သာမန်လူတစ်ဦးက အဘယ်သို့ အတိုက်အခံ လုပ်နိုင်မည်နည်းဟု တွေးလျက် ကြောက်ရွံ့ခြင်းနှင့် သူရဲဘောကြောင်ခြင်းတို့ကို မကြာခဏ ခံစားရသည်။ ထို့ကြောင့် ဤအရာနှင့်ပတ်သက်၍ ၎င်းတို့သည် မကြာခဏ ကြောက်ရွံ့ကာ စိုးရိမ်ကြသည်။ အချို့က ၎င်းတို့ အဖမ်းခံရသည်နှင့်တစ်ပြိုင်နက် အသင်းတော် သို့မဟုတ် ဘုရားအိမ်တော်က လုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ ရှိလိမ့်မည်မဟုတ်၊ တစ်စုံတစ်ခုဖြစ်လျှင် မည်သူမျှ ထိရောက်လိမ့်မည် မဟုတ်ဟုပင် ခံစားကြသည်။ ထို့ကြောင့် မိမိတို့ကိုယ်ကို ကာကွယ်ရန်မှာ အရေးအကြီးဆုံးဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ထို့ကြောင့် ၎င်းတို့ အရဲစွန့်ကာ ဘေးအန္တရာယ်များသော တာဝန်တစ်ခုကို ယူရန်လိုအပ်သည့်အခါ ပုန်းကွယ်ကြပြီး မည်သူကမျှ ၎င်းတို့ကို ဖျောင်းဖျ၍မရနိုင်ကြပေ။ ၎င်းတို့က ဘုရားအိမ်တော်က ပေးအပ်ထားသည့် အရေးကြီးသော တာဝန်များကို ငြင်းပယ်ရန် ဆင်ခြေနှင့် အကြောင်းပြချက်မျိုးစုံ ရှာလျက် ၎င်းတို့ အရည်အချင်း ပြည့်မီခြင်းမရှိဟု အခိုင်အမာဆိုကြသည်။ ပတ်ဝန်းကျင်က ကောင်းလျှင် ဤလူများသည် မိုက်ခွက်တစ်ခုဖြင့် ကြီးမားသည့် လူအုပ်ရှေ့ လူမြင်ကွင်းတွင်ပင် ရပ်ကာ “အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သည်။ ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ အသင်းသားတစ်ဦးဖြစ်သည်။ မှန်သောလမ်းခရီးကို လူတိုင်း လာရောက်ကာ စစ်ဆေးနိုင်မည်ဟု ကျွန်ုပ် မျှော်လင့်သည်”ဟူ၍ အော်ဟစ်ကောင်း အော်ဟစ်နိုင်ပေမည်။ ၎င်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးက အန္တရာယ်မရှိသည့်အချိန်တွင် မည်သည့်အကြောက်တရားမျှမရှိဘဲ ဤအရာကို လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးနှင့်ပတ်သက်၍ ခြိမ်းခြောက်မှု သို့မဟုတ် အခြေအနေတစ်ခုခု၏ အရိပ်အမြွက် စိုးစဉ်းမျှ ရှိသည်နှင့်တစ်ပြိုင်နက် သို့မဟုတ် ရုတ်တရက်ဖြစ်သော အခြေအနေများ ဖြစ်ပေါ်သည့်အခါ ၎င်းတို့၏ စိတ်ထက်သန်မှု ပျောက်ကွယ်သွားသည်၊ ၎င်းတို့၏ “သစ္စာစောင့်သိမှု”ပျောက်သွားပြီး ၎င်းတို့၏ “ယုံကြည်ခြင်း”က မှေးမှိန်ပျောက်ကွယ်သွားလေသည်။ ၎င်းတို့သည် မထင်ရှားသော၊ နောက်ကွယ်မှ အလုပ်ကို ဆောင်ရွက်ရန် အစဉ်သဖြင့် ရှာဖွေဖို့ကြိုးစားရင်း၊ ၎င်းတို့ အရဲစွန့်ရပြီး အန္တရာယ်များသောအရာအတွက် တာဝန်ခံရန် လိုအပ်သည့် အလုပ်များနှင့် တာဝန်များကို အခြားသူများအပေါ် တွန်းပို့လျက် ဤနည်းထိုနည်းဖြင့် ထွက်ပြေးရန်သာ သိကြသည်။ ပတ်ဝန်းကျင် တိုးတက်ကောင်းမွန်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စင်ပေါ်မှ လူရွှင်တော်များကဲ့သို့ တစ်ဖန်ပေါ်လာကြသည်။ ၎င်းတို့ အဘယ်ကြောင့် ပြန်ပေါ်လာကြသနည်း။ မိမိတို့ကိုယ်ကို စတင် ပြသရန်၊ လူတို့အား ၎င်းတို့၏ တည်ရှိခြင်းကို သိခွင့်ပေးရန်၊ ဘုရားသခင်အား ၎င်းတို့၏ စိတ်ထက်သန်မှုကို ပြရန်၊ ဘုရားသခင်အား ထိုအခိုက်အတန့်တွင် ၎င်းတို့၏ သစ္စာစောင့်သိမှုကို မြင်ခွင့်ပေးရန်နှင့် တစ်ချိန်တည်းတွင်ပင် ယခင်က ၎င်းတို့ လုပ်ဆောင်ခဲ့သည့်အရာအတွက် ပြန်ထေမိရန် အသည်းအသန်ကြိုးစားရင်း ကျေရာကျေကြောင်း လုပ်ဆောင်ပေးရန် ဖြစ်သည်။ သို့သော် ပတ်ဝန်းကျင်၌ ဒုက္ခပြဿနာ သို့မဟုတ် အပြောင်းအလဲနှင့်ဆိုင်သည့် လက္ခဏာ အနည်းငယ်မျှရှိသည်တွင် ဤလူများသည် တစ်ဖန် ပျောက်ကွယ်ကာ ပုန်းကွယ်ကြလေသည်။
ဧဝံဂေလိအလုပ်ကို စတင်တိုးချဲ့သည့်အချိန်တွင် ဧဝံဂေလိ ဖြန့်ဝေရန် အထူးသဖြင့် ခက်ခဲခဲ့သည်။ ထိုအချိန်တွင် ဧဝံဂေလိ ဟောပြောနိုင်မည့်သူ များစွာမရှိခဲ့သကဲ့သို့ ဟောပြောသည့်သူများမှာ သမ္မာတရားအပေါ် ၎င်းတို့၏ သိနားလည်မှုတွင် အတော်လေး ပေါ့တန်ကြလေသည်။ ၎င်းတို့သည် လူတို့၏ ဘာသာရေးအယူအဆများကို အလွန်ကောင်းစွာ ပိုင်းခြားသိမြင်နိုင်ခဲ့ခြင်း မရှိခဲ့ကြသကဲ့သို့ လူတို့ကို ရရှိရန် ခက်ခဲခဲ့သည်။ ထို့အပြင် ဧဝံဂေလိ ဟောပြောခြင်းသည်လည်း အန္တရာယ်များ ပါရှိသည်။ အတော်အတန် လူ့သဘာဝကောင်းရှိသည့် လူများနှင့် သင် ကြုံရသည့်အခါ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် ထိုဧဝံဂေလိတရားကို လက်ခံရန် ငြင်းကာ နားလိုက်မည်ဖြစ်သော်လည်း သင့်ကို ထိခိုက်နစ်နာစေခြင်း သို့မဟုတ် စော်ကားခြင်းရှိမည် မဟုတ်။ ၎င်းတို့နှင့် အဆက်အသွယ်လုပ်ခြင်းကို သင် ထိန်းသိမ်းလျှင် ၎င်းတို့ကို ရရှိမည့် မျှော်လင့်ချက် ရှိနေဆဲဖြစ်ကောင်းဖြစ်မည်။ ယင်းက ရလဒ်အချို့ ဖြစ်ထွန်းမည်ဖြစ်သည်။ သို့သော် ဆိုးယုတ်သော လူများ သို့မဟုတ် အမျိုးမျိုးသော ဂိုဏ်းဂဏအဖွဲ့အစည်းများမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို သင် ကြုံရသည့်အခါ ဤလူများသည် လက်ခံရန် ငြင်းမည်သာမက ပူးတွဲတိုက်ခိုက်ခြင်းကိုပင် လုပ်ဆောင်မည်ဖြစ်သည်၊ သင်၏ အပြစ်များကို အတင်းဝန်ခံစေမည်ဖြစ်ပြီး သင် ဝန်မခံလျှင် သင့်ကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ကောင်းတိုက်ခိုက်မည် ဖြစ်သည်။ သာ၍ပြင်းထန်သော ကိစ္စများတွင် ၎င်းတို့က သင့်ကို ရဲထံ တိုင်ပင်တိုင်ကြားမည်ဖြစ်ပြီး အချိန်မရွေး အချုပ်ခံရမည့် အန္တရာယ်ဖြစ်စေလျက် ရဲစခန်းဆီသို့ သင့်ကို လွှဲပေးကြမည်ဖြစ်သည်။ အချို့သော အသင်းတော်ခေါင်းဆောင်များသည် ဤကိစ္စရပ်များ၏ ဘောင်ခတ်ခြင်းကို မခံရပေ။ ၎င်းတို့က ၎င်းတို့လုပ်သင့်သည့်အချိန်တွင် ၎င်းတို့၏ တာဝန်များကို ဆက်ထမ်းဆောင်ကြပြီး ဧဝံဂေလိ ဟောခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းတို့တွင်ပင် ဦးဆောင်လမ်းပြကြသည်။ သို့သော် ခေါင်းဆောင်များဟု ခေါ်သောသူများ သို့မဟုတ် ထိုအယောင်ဆောင် ခေါင်းဆောင်များသည် ဤသို့ပြုမူဆောင်ရွက်ခြင်း မရှိကြချေ။ ထိုသို့သော အန္တရာယ်များနှင့် ၎င်းတို့ ရင်ဆိုင်ရသည့်အခါ ၎င်းတို့ကိုယ်တိုင် သွားမည်မဟုတ်ဘဲ အခြားသူများကို စေလွှတ်မည်ဖြစ်သည်။ ဧဝံဂေလိလက်ခံရန် အလားအလာရှိသော သူတစ်ဦးက ဂိုဏ်းဂဏအဖွဲ့အစည်းတစ်ခုခုတွင် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်ကို သိသွားသည့် ခေါင်းဆောင်တစ်ဦးအကြောင်း ကျွန်ုပ် ကြားခဲ့ရသည်။ ထိုသူထံ ဧဝံဂေလိဖြန့်ရန် တစ်စုံတစ်ဦးကို စီစဉ်ဖို့ သူမ ရည်ရွယ်ခဲ့သည်။ ထိုအရာကို အချိန်ယူစဉ်းစားပြီးနောက်တွင် သင့်တော်သည့် လူကို သူမ ရှာမတွေ့နိုင်ခဲ့သကဲ့သို့ သူမကိုယ်တိုင် သွားလိုက်ခြင်းက ပို သင့်လျော်မည်ဟု တွေးခဲ့သည်။ သို့သော် အန္တရာယ်ကို သူမ ကြောက်ရွံ့ပြီး မသွားချင်ခဲ့ပေ။ ထို့ကြောင့် သူမသည် အစားထိုးသွားပေးဖို့အတွက် ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်အရွယ်ရှိသည့် ညီမငယ်တစ်ဦးကို သူမ စီစဉ်ပေးခဲ့သည်။ သင်တို့ မည်သည့်အရာ တွေးထင်ကြသနည်း။ ဤညီမငယ်သွားဖို့အတွက် သူမ စီစဉ်ခဲ့သင့်သလော။ (မစီစဉ်ခဲ့သင့်ပါ။) အဘယ်ကြောင့် သူမ မစီစဉ်ခဲ့သင့်သနည်း။ (အဘယ်ကြောင့်ဆိုသော် ဧဝံဂေလိလက်ခံရန် အလားအလာရှိသူသည် ဂိုဏ်းဂဏအဖွဲ့အစည်းတစ်ခုခုမှ ဘာသာရေး အယူအဆများစွာရှိသည့် ခေါင်းဆောင်တစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။ ထိုညီမငယ်သည် ဝိညာဉ်ရင့်ကျက်မှု သေးငယ်သည်၊ သမ္မာတရားနှင့်ပတ်သက်၍ ပေါ့တန်သော သိနားလည်မှုရှိသည်၊ ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူ၏ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းဖို့ သမ္မာတရားအကြောင်းကို မိတ်သဟာယ မပြုနိုင်သကဲ့သို့ ထိုသူကို သူမ ပြောင်းလဲစေနိုင်မည် မဟုတ်သည်သာမက သူမကိုယ်တိုင်လည်း အထင်အမြင်မှားအောင် လုပ်ခြင်း ခံခဲ့ရနိုင်ပါသည်။) သူမ၏ အသက်အရွယ်ကို စဉ်းစားသည့်အခါ သမ္မာတရားမည်မျှကို ဤညီမငယ်က အမှန်တကယ် နားလည်နိုင်မည်နည်း။ ကျမ်းစာနှင့်ဆိုင်သော အသိပညာမည်မျှ သူမ ပိုင်ဆိုင်ခဲ့သနည်း။ ထိုဂိုဏ်းဂဏအဖွဲ့အစည်းမှ ခေါင်းဆောင်ကို ပြောင်းလဲစေရာတွင် သူမ မည်မျှ ယုံကြည်စိတ်ချမှု ရှိနိုင်မည်နည်း။ သူမ၏ အသက်အရွယ်ကို ထောက်ရှုသော် သူမသည် ဧဝံဂေလိ ဟောပြောရာတွင် အတွေ့အကြုံ များစွာ မရှိခဲ့သည်မှာ သေချာသည်။ ထို့အပြင် သူမသည် ယခုတင် အရွယ်ရောက်လာခဲ့ခြင်းဖြစ်ပြီး အတွေ့အကြုံကင်းမဲ့သည်။ လူကြီးများ၏ အယူအဆများ၊ စိတ်ကူးများနှင့် အခက်အခဲများကို သူမက ရိပ်စားမိနိုင်မည်လော။ (ရိပ်စားမိနိုင်မည် မဟုတ်ပါ။) သေချာပေါက် ရိပ်စားမိနိုင်မည် မဟုတ်ပေ။ သူမ၏ အရွယ်တွင် သူမသည် လူကြီးများ၏ အတွေးများကို ကိုင်တွယ်ရန်အတွက် တကယ်ကို စံမမီပေ။ ငါ့ကို ပြောလော့၊ သူမ၏ အသက်အရွယ်ကို ထောက်ထားဆင်ခြင်သော် ဤညီမငယ်သည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သလော။ (မဟုတ်ပါ။) သူမသည် အကောင်းဆုံး ရွေးချယ်မှု မဟုတ်ပေ။ ထို့ကြောင့် ထိုညီမငယ်ကို စေလွှတ်ခြင်းအားဖြင့် ဤခေါင်းဆောင်တွင် မှန်ကန်သည့် ရည်ရွယ်ချက်ရှိသလော။ (သူမတွင် မှန်ကန်သည့် ရည်ရွယ်ချက် မရှိပါ။) သူမတွင် မှန်ကန်သည့် ရည်ရွယ်ချက်မရှိပေ။ သူမအနေဖြင့် ငယ်ရွယ်သော ညီအစ်မကို မစေလွှတ်ခဲ့သင့်ပေ။ နောက်ပိုင်းတွင် ထိုညီမငယ်သည် ထိုဂိုဏ်းဂဏအဖွဲ့အစည်း၏ ခေါင်းဆောင်နှင့် ထိတွေ့ဆက်ဆံလာရပြီး ထိုသူက လူကောင်းတစ်ဦးမဟုတ်သည်ကို တွေ့ရသည့်အခါ သူမ အထူးတလည်း ကြောက်ရွံ့မိပြီး နောက်တစ်ကြိမ် မသွားရဲတော့ကြောင်း ထုတ်ပြောလျက် ခေါင်းဆောင်ထံ ပြန်လည် သတင်းပို့ခဲ့သည်။ ဤခေါင်းဆောင်က “မဟုတ်ပါ၊ ဤသည်မှာ သင်၏ တာဝန်ဖြစ်ပြီး သင် သွားရမည်”ဟု မရမကပြောလျက် သူမအပေါ် ဖိအားပေးလေသည်။ ထိုညီမငယ်က “ထိုအရာသည် ကျွန်ုပ်၏ တာဝန်ဖြစ်ပြီး ကျွန်ုပ် သွားသင့်သော်လည်း ထိုအရာကို ကျွန်ုပ် မကိုင်တွယ်နိုင်ပါ၊ ကျွန်ုပ် မလုပ်နိုင်ပါ”ဟု ပြောလျက် မျက်ရည်မကျချင်ဘဲကျရလေသည်။ မည်သို့ဆိုစေကာမူ ဤခေါင်းဆောင်က အလျှော့မပေးဘဲ “ထိုအရာကို သင် မလုပ်ဆောင်နိုင်လျှင်ပင် သင် သွားရမည်။ အခြားမည်သူမျှ မရှိပါ၊ ထို့ကြောင့် သင်သွားမှဖြစ်မည်”ဟု ဆက်ပြောသည်။ ဤသည်မှာ မည်သည့်ခေါင်းဆောင်မျိုးဖြစ်သည်ဟု သင်တို့ ထင်သနည်း။ အန္တရာယ်ချဉ်းကပ်လာသည့်အခါ သူမသည် မိမိကိုယ်ကို ကာကွယ်ခဲ့ရုံသာမက သူမ နောက်ဆုတ်ရင်း အခြားသူကိုလည်း အန္တရာယ်ဖြစ်စေသည်။ ဤညီမငယ်က သူမ၏ မတတ်စွမ်းနိုင်ခြင်းကို ဖော်ပြသည့်အပြင် ကြောက်ရွံ့မှုဖြင့် ငိုကြွေးသည့် အခြေအနေတွင်ပင် သူမက သဘောမတူဘဲ ရှိနေဆဲဖြစ်သည်။ ဤသည်မှာ မည်သည့် အယုတ်တမာမျိုး ဖြစ်သနည်း။ ဤသည်မှာ လူသားတစ်ဦး ဖြစ်သလော။ (မဟုတ်ပေ။) လူသားတစ်ဦး မဟုတ်ပေ။ သူမသည် ညီအစ်ကို မောင်နှမများ၏ ဘေးကင်းရေးကို မစဉ်းစားခဲ့ဘဲ သူမ၏ကိုယ်တိုင်အတွက်သာ စဉ်းစားခဲ့သည်။ မိမိတို့ ငွေကြေးရှိသမျှ ဆုံးရှုံးပြီး ဘာမျှမကျန်တော့သည့်အချိန် ၎င်းတို့ကိုယ်ပိုင် ပျော်ရွှင်မှုအတွက် အလဲအလှယ်အနေဖြင့် ၎င်းတို့၏ အချစ်ရဆုံးသောသူများကို စတေးရင်း၊ ၎င်းတို့အနေဖြင့် ခက်ခဲသည့် အချိန်ကာလများကို ခံနိုင်ရည်ရှိပြီး ကပ်ဘေးကို လွတ်မြောက်ခွင့်ရရန်၊ ၎င်းတို့၏ အကြွေးများကို ပြန်ဆပ်ဖို့ အပေါင်ပစ္စည်းအဖြစ် ၎င်းတို့၏ သမီးအရင်းများကို ပေးကမ်းကြသည့် လောင်းကစားလုပ်သော မိဘများကဲ့သို့ပင် သူမသည် သူမ၏ တစ်ကိုယ်ရေ အကျိုးစီးပွားအတွက် အခြားသူများ၏ ဘေးကင်းရေးကိုပင် အလဲအလှယ်လုပ်ခဲ့သည်။ ဤခေါင်းဆောင်သည် မည်သည့် အယုတ်တမာမျိုး ဖြစ်သနည်း။ သူမတွင် လူ့သဘာဝတစ်ခုတလေ ကျန်ရှိသလော။ (မရှိပါ။) သူမတွင် လူ့သဘာဝ တစ်စက်မျှမရှိပေ။ ဤအပြုအမူကို အခြေခံ၍ ဤကဲ့သို့သော လူတို့ကို အန္တိခရစ်များအဖြစ် အမျိုးအစားသတ်မှတ်၍ရသလော။ (ရနိုင်ပါသည်။) လုံးဝ သတ်မှတ်၍ရနိုင်ပေသည်။ လူအချို့က “သူတို့ လုပ်ဆောင်နေသည့်အရာသည် အသင်းတော်၏ အလုပ်အတွက်၊ ဧဝံဂေလိ ဖြန့်ဝေခြင်းအတွက် ဖြစ်သည်။ သူတို့ ရည်ရွယ်သည့်အရာက ကောင်းသည် မဟုတ်လော။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန် ထိုအရာကို သူတို့ လုပ်နေခြင်း မဟုတ်လော။ အဘယ်သို့ဖြစ်ပြီး သူတို့ကို အန္တိခရစ်များအဖြစ် အမျိုးအစားသတ်မှတ်၍ ရနိုင်မည်နည်း”ဟု ပြောကောင်းပြောကြပေမည်။ တစ်ဦးတစ်လေက ဤသို့တွေးဖူးကြသလော။ ဤသို့ အကြောင်းပြချက် ပေး၍ရသလော။ (မရပါ။) သို့ဆိုလျှင် ငါ့ကို ပြောလော့၊ ဤကိစ္စ၏ သဘောသဘာဝမှာ အဘယ်နည်း။ (ဤခေါင်းဆောင်သည် သူမကိုယ်ပိုင် အကျိုးစီးပွားများနှင့် ဘေးကင်းရေးအတွက် အပေးအယူလုပ်သည့်အနေဖြင့် ထိုညီမငယ်၏ အသက်နှင့် ဘေးကင်းရေးကို အသုံးပြုခဲ့သည်။ ဆိုလိုသည်မှာ သူမသည် ထိုညီမငယ်ကို တွင်းတစ်ခုထဲသို့ တမင်တွန်းချခြင်းဖြစ်သည်။ သူမတွင် အထူးရက်စက်သော လူ့သဘာဝ ရှိသည်။) သာ၍ ရှင်းလင်းစွာ ပြောရလျှင် ထိုညီမငယ်က ဤအလုပ်တာဝန်ကို လုံးဝ လုပ်နိုင်စွမ်းမရှိသည်ကို အပြည့်အဝ သိသည့် ဤခေါင်းဆောင်သည် သူမကိုယ်သူမ ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ချက်အတွက် ဤအစီအစဉ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် သူမသည် သူမ၏ တစ်ကိုယ်ရေ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် အခြားလူ၏ အကျိုးစီးပွားနှင့်ဘေးကင်းရေးကို စတေးလျက် သူမကိုယ်ပိုင်တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းနှင့်ပတ်သက်သော ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြရန် ထိုအရာကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ သူမ၏ ရည်ရွယ်ချက်ဖြစ်သည်။ သူမသည် အလုပ်တာဝန်အတွက် အကောင်းဆုံးသော လူကို ရှာလျက် မည်သူက ဤအလုပ်ကို လုပ်နိုင်စွမ်းရှိသည်၊ ဤလူကို မည်သူက ပြောင်းလဲစေနိုင်မည်၊ သို့မဟုတ် မည်သူက ဤအလုပ်ကို ထိရောက်စွာ လုပ်ဆောင်နိုင်မည်ဟူသည်တို့ကို တကယ် မစဉ်းစားခဲ့ပေ။ သူမ လုပ်ရပ်များ၏ အနှစ်သာရမှာ သူမ၏ တာဝန်ကို ထမ်းဆောင်ခြင်းအကြောင်းဖြစ်စေ၊ သူမ၏ သစ္စာစောင့်သိမှု သို့မဟုတ် ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းအကြောင်းဖြစ်စေ မဟုတ်ဘဲ သူမ၏ အထက်လူကြီးများထံ ဖြစ်ကြောင်းကုန်စင် ရှင်းပြနိုင်ရန်နှင့် အခြားသူများကို ထိခိုက်နစ်နာစေလျက်ပင် အခြားသူများ၏ အကျိုးစီးပွားများကို စတေးခြင်းဖြင့် သူမကိုယ်သူမ ထိန်းသိမ်းစောင့်ရှောက်ခြင်းအကြောင်းပင် ဖြစ်သည်။ သူမကိုယ်သူမ ထိန်းသိမ်းစောင့်ရှောက်ပြီး သူမ၏ ကိုယ်ပိုင် ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန်အလို့ငှာ အခြားသူများအား ထိခိုက်နစ်နာစေသည့် နည်းလမ်းတစ်ခုဖြင့် သူမ ပြုမူဆောင်ရွက်ခဲ့သည်။ ဤသည်မှာ ထိုအရာ၏ အနှစ်သာရဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ထိုအရာ၏ အနှစ်သာရဖြစ်သည်။ ထို့ကြောင့် ဤခေါင်းဆောင်၏ လုပ်ရပ်များကို အန္တိခရစ်တစ်ဦး၏ လုပ်ရပ်များအဖြစ် အမျိုးအစားသတ်မှတ်နိုင်သည်။ ဤသည်မှာ ကိစ္စရပ်၏ ရင်းမြစ်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အတိအကျ မှန်ပေသည်။ သင့်တော်သည့်သူများ မရှိသည့်အပြင် ဤညီမငယ်မရှိခဲ့လျှင် ထိုဂိုဏ်းဂဏအဖွဲ့အစည်း ခေါင်းဆောင်အား သူမကိုယ်တိုင် သွား၍ ပြောင်းလဲအောင်လုပ်ရန် စေခိုင်းခြင်းခံရလျှင် သူမ သွားခဲ့မည်လော။ သူမအနေဖြင့် “သင့်တော်သူများ မရှိလျှင် ကျွန်ုပ် သွားမည်။ ကျွန်ုပ် မကြောက်ပါ။ ဤလူကို ရရှိရန် ကျွန်ုပ်၏ အသက်ကို စတေးရမည့်သဘောဆိုလျှင်ပင်၊ ကျွန်ုပ် စွန့်လွှတ်ဖို့ လိုလားနေပါသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ကျွန်ုပ်၏ တာဝန်နှင့် ဝတ္တရားဖြစ်သောကြောင့် ဖြစ်သည်”ဟု ပြောနိုင်ခဲ့မည်လော။ ယင်းကို သူမ လုပ်ဆောင်နိုင်ခဲ့မည်လော။ (လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်ပါ။) သူမ လုပ်ဆောင်နိုင်မည်မဟုတ်ဟု အဘယ်ကြောင့် ငါတို့ ပြောသနည်း။ ဤနေရာတွင် ငါတို့သည် မှန်းဆနေခြင်းမဟုတ်ပေ။ သူမ လုပ်နိုင်မည်မဟုတ်ဟု ပြောခြင်းအားဖြင့် မည်သည့်အရာအပေါ် ငါတို့ အခြေခံနေခြင်း ဖြစ်သနည်း။ (အဘယ်ကြောင့်ဆိုသော် သူမ၏ တာဝန်ကို သူမ လုပ်ဆောင်နေခဲ့ချိန်တွင် ရလဒ်များ စွမ်းဆောင်ရရှိရန်နှင့် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသောသူကို ပြောင်းလဲစေဖို့ အမှန်တကယ် မဟုတ်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမသည် ထိုညီမငယ်ကို စေလွှတ်ခြင်းဖြင့် ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေခဲ့ခြင်းသာ ဖြစ်သည်။ ထိုညီမငယ်မရှိခဲ့လျှင် ဤလူကို ရရှိရန် သူမကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ သွားခဲ့မည် မဟုတ်ပါ။) မှန်ပေသည်၊ ယင်းမှာ ဖြစ်မည့်ပုံစံဖြစ်သည်။ သင့်တော်သည့်သူ မရနိုင်သည်ကို သူမ မြင်ခဲ့လျှင် သူမကိုယ်တိုင် သွားခဲ့မည်မဟုတ်လော။ (ဟုတ်ပါသည်။) သူမသည် သူ၏ တာဝန်ကို အမှန်တကယ် သစ္စာစောင့်သိခဲ့ပြီး သူမ၏ ကိုယ်ပိုင် တစ်ကိုယ်ရေ ဘေးကင်းရေးကို မစဉ်းစားခဲ့လျှင် ထိုညီမငယ်ကို သွားခွင့်ပေးခဲ့မည် မဟုတ်ဘဲ သူမကိုယ်တိုင် သွားခဲ့မည်ဖြစ်သည်။ ထို့ကြောင့် သူမကိုယ်တိုင် မသွားခဲ့ခြင်းဖြင့် ရည်ညွှန်းသည့် ကိစ္စမှာ အဘယ်နည်း။ (သူမသည် သူမ၏ တစ်ကိုယ်ရေ ဘေးကင်းရေးနှင့် အကျိုးစီးပွားများကို ထိန်းသိမ်းစာင့်ရှောက်နေခဲ့ခြင်း ဖြစ်သည်။) မှန်ပေ၏၊ ယင်းမှာ ဖြစ်ခဲ့သည့်ပုံစံဖြစ်သည်။ သူမသည် သူမ၏ တာဝန်ကို အမှန်တကယ် သစ္စာစောင့်သိခဲ့လျှင် ထိုကြီးလေးသောတာဝန်ကို သူမကိုယ်တိုင် ထမ်းရွက်ခဲ့မည် ဖြစ်သည်။ သို့သော် ထိုသို့ သူမ မလုပ်ဆောင်ခဲ့ပေ။ ထိုအစား သူမ၏ နေရာတွင် သွားရောက်ရန် သင့်တော်မှု အနည်းဆုံးသောသူကို သူမ ရွေးချယ်ခဲ့သည်။ အန္တရာယ်မှ သူမကိုယ်သူမ ကာကွယ်ကာ သူမကိုယ်သူမ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်ဆိုင်သည့် သူမ၏ ကိုယ်ပိုင် ရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန်အလို့ငှာ အန္တရာယ်အများဆုံးသော နေရာသို့ သင့်တော်မှုအနည်းဆုံးသောသူကို စေလွှတ်ခြင်းသည် သူမ၏ ရည်ရွယ်ချက်ဖြစ်ခဲ့သလော။ (ဖြစ်ခဲ့ပါသည်။) ဤသည်မှာ အန္တိခရစ်များ၏ အပြုအမူဖြစ်သည်။ ဤသည်မှာ လူတို့ကို စီစဉ်ခြင်းနှင့် ပတ်သက်သည်။
တရုတ်ပြည်မတွင် အဆင်းနီသော နဂါးကြီးသည် ဘုရားသခင်ကို ယုံကြည်သူတို့အား အန္တရာယ်များသော ပတ်ဝန်းကျင်များတွင် မကြာခဏ ထားရှိလျက် တစ်စိုက်မတ်မတ်နှင့် ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်၊ ဖမ်းဆီးပြီး နှိပ်စက်ညဉ်းပန်းခဲ့သည်။ သာဓကအနေဖြင့် အစိုးရက ယုံကြည်သူများကို ဖမ်းဆီးရန် မူမမှန်သော အကြောင်းပြချက် အမျိုးမျိုးကို အသုံးပြုသည်။ အန္တိခရစ်တစ်ဦး နေထိုင်သည့် နယ်မြေတစ်ခုကို ၎င်းတို့ ရှာတွေ့သည့်အခါတိုင်းတွင် အန္တိခရစ်က စဉ်းစားသည့် ပထမဆုံးသောအရာမှာ အဘယ်နည်း။ အသင်းတော်၏ အလုပ်ကို ကောင်းမွန်စွာ စီစဉ်ခြင်းအကြောင်းမဟုတ်ဘဲ ဤအန္တရာယ်များသော အခြေအနေမှ မည်သို့ လွတ်မြောက်ရမည်ဟူ၍ ဖြစ်သည်။ အသင်းတော်က ဖိနှိပ်မှုနှင့် အဖမ်းအဆီးများကို ရင်ဆိုင်ရသည့်အခါ အန္တိခရစ်များသည် နောက်ဆက်တွဲအလုပ်တွင် လုံးဝ ပါဝင်ခြင်း မရှိကြချေ။ အရေးကြီးသည့် အသင်းတော် အရင်းအမြစ်များ သို့မဟုတ် အမှုတော်ဆောင်များအတွက် အစီအစဉ်များကို ၎င်းတို့ မပြုလုပ်ကြချေ။ ထိုအစား ၎င်းတို့ကိုယ်တိုင်အတွက် ဘေးကင်းသော နေရာတစ်ခု အရယူပြီး ပြီးစေလိုက်ဖို့ ဆင်ခြေများနှင့် အကြောင်းပြချက်များကို ရှာကြသည်။ ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးက အာမခံချက်ရှိသည်နှင့်တစ်ပြိုင်နက် အသင်းတော်အလုပ်၊ အမှုတော်ဆောင်များ၊ သို့မဟုတ် အရင်းအမြစ်များကို စီစဉ်ရာတွင် ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်သည်မှာ ရှားလှသည့်အပြင် ကိစ္စရပ်ကို စုံစမ်းမေးမြန်းခြင်းလည်း မရှိ သို့မဟုတ် သတ်သတ်မှတ်မှတ်ဖြစ်သော အစီအစဉ် တစ်ခုမျှလည်း ပြုလုပ်ခြင်း မရှိကြချေ။ ဤအရာကြောင့် အသင်းတော်၏ အရင်းအမြစ်များနှင့် ဘဏ္ဍာငွေများက ဘေးကင်းလုံခြုံသည့် နေရာများသို့ ချက်ချင်း ရွှေ့ပြောင်းခြင်းမခံရဘဲ နောက်ဆုံးတွင် အသင်းတော်အတွက် သိသာထင်ရှားသော ဆုံးရှုံးမှုများဖြစ်စေကာ ပိုများသည့် ညီအစ်ကို မောင်နှမများ ဖမ်းဆီးခံရသည့်အဖြစ်သို့ ရောက်စေလျက် အဆင်းနီသော နဂါးကြီး၏ အများအပြား လုယက်ခြင်းနှင့် သိမ်းဆည်းခြင်းတို့ကို ခံသွားရလေသည်။ ဤသည်မှာ အန္တိခရစ်များက အလုပ်နှင့်ပတ်သက်သည့် ၎င်းတို့တာဝန်ကို ခေါင်းရှောင်ခြင်း ရလဒ်ဖြစ်သည်။ အန္တိခရစ်များ၏ စိတ်နှလုံးအတွင်းထဲတွင် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးက အစဉ်သဖြင့် ဦးစားပေးဖြစ်သည်။ ထိုအရာမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့အတွက် အမြဲပူပန်စရာတစ်ခုဖြစ်သည့် ပြဿနာတစ်ခု ဖြစ်သည်။ ၎င်းတို့က “ငါ ဒုက္ခမရောက်ရ။ မည်သူ အမိခံရသည်ဖြစ်စေ ငါဖြစ်၍ မရပါ။ ငါ အသက်ရှင်နေမှဖြစ်မည်။ ဘုရား၏ အမှု ပြီးစီးသည့်အခါ ဘုရား၏ ဘုန်းအသရေကို မျှဝေခံစားရန် ငါ စောင့်နေဆဲဖြစ်သည်။ ငါ အမိခံရလျှင် ယုဒကဲ့သို့ ပြုမူမည်ဖြစ်ပြီး ငါ့အတွက် ဇာတ်သိမ်းသွားလိမ့်မည်။ ငါ့အတွက် ကောင်းမွန်သည့် အဆုံးသတ် ရှိမည်မဟုတ်ပါ။ ငါ အပြစ်ဒဏ်ပေးခြင်း ခံရလိမ့်မည်ဖြစ်သည်”ဟု မိမိတို့ဘာသာ တွေးကြသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် နေရာသစ်တစ်နေရာသို့ အလုပ်လုပ်ဖို့ သွားသည့်အခါတိုင်းတွင် မည်သူထံတွင် အစိုးရ၏ ရှာဖွေစစ်ဆေးခြင်းမှ ၎င်းတို့ ပုန်းကွယ်ကာ ဘေးကင်းလုံးခြုံမှု ခံစားရနိုင်သည့် အလုံခြုံဆုံးနှင့် အာဏာအရှိဆုံးသော အိမ်ထောင်စုရှိသည်ကို ပထမဆုံး စုံစမ်းမေးမြန်းကြသည်။ ဒုတိယအနေဖြင့် အစားအစာ တစ်နပ်စာတိုင်းတွင် အသားဟင်းပါသည့်နေရာ၊ နွေရာသီတွင် လေအေးပေးစက်ရှိပြီး ဆောင်းရာသီတွင် အပူပေးစက် ရှိသည့်နေရာဖြစ်သော ပိုကောင်းမွန်သည့် အသက်ရှင်နေထိုင်မှု အခြေအနေရှိသည့် အိမ်ထောင်စုများကို ရှာကြသည်။ ထို့အပြင် ယုံကြည်သူများထဲတွင် မည်သူက သာ၍ စိတ်ထက်သန်မှုရှိပြီး ပိုမိုအားကောင်းသော အခြေခံအုတ်မြစ်ရှိသည်၊ ဒုက္ခပြဿနာ ဖြစ်ပေါ်သည့်အခါ ကာကွယ်မှုပေးနိုင်သည့် တစ်စုံတစ်ဦးနှင့်ပတ်သက်၍ ၎င်းတို့က မေးမြန်းစုံစမ်းကြသည်။ ဤကိစ္စရပ်များအားလုံးကို ၎င်းတို့က ပထမဆုံး စုံစမ်းကြသည်။ ၎င်းတို့၏ စုံးစမ်းစစ်ဆေးခြင်းပြီးသည့်နောက်တွင် ၎င်းတို့သည် အခြေချရန် နေရာတစ်ခု ရှာတွေ့ပြီး အပေါ်ယံအလုပ်တစ်ခုခုကို လုပ်ကြသည်၊ စာတစ်စောင်ပို့ကြသည် သို့မဟုတ် သတင်းအချက်အလက်တစ်ခုခု သို့မဟုတ် အလုပ် အစီအစဉ်များကို နှုတ်ဖြင့် အသိပေးကြသည်။ ယခုတွင် အန္တိခရစ်များသည် အလုပ်လုပ်နိုင်စွမ်းရှိသည်ဟု သင် ထင်သလော။ ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးအတွက် ၎င်းတို့ကို ခရေစေ့တွင်းကျနှင့် သပ်ရပ်စွာ ထည့်သွင်းစဉ်းစားကာ စီစဉ်ကြပုံကို သင် ကြည့်သည့်အခါ သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်အား မည်သို့ လုပ်ဆောင်ရမည်ကို ၎င်းတို့ သိပုံရသည်၊ ထိုအရာအား မည်သို့လုပ်ဆောင်ရမည်ကို ၎င်းတို့ စိတ်နှလုံးများတွင် သိသည်ဟု ထင်ကောင်းထင်ရမည်ဖြစ်သည်။ သို့သော် ၎င်းတို့၏ရည်ရွယ်ချက်များက မမှန်ပေ။ ၎င်းတို့သည် တစ်ကိုယ်ရေ အကျိုးအမြတ်ကိုသာ စဉ်းစားကြပြီး သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြချေ။ ၎င်းတို့ လုပ်ဆောင်သည့်အရာက သမ္မာတရားကို ဆန့်ကျင်ပြီး တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်ဖွယ်ဖြစ်သည်ကို ၎င်းတို့ သိလျှင်ပင် အမှုအရာများကို ၎င်းတို့သဘောအတိုင်း မလျှော့တမ်းလုပ်ဆောင်ကာ လက်လွတ်စပယ်နှင့် မဆင်မခြင် ပြုမူဆောင်ရွက်ကြလေသည်။ ၎င်းတို့ လုပ်ဆောင်သမျှသည် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ငှာ ဖြစ်သည်။ မိမိတို့ကိုယ်ကို တည်ငြိမ်စေပြီး ထိခိုက်နစ်နာမည့်နည်းလမ်းမှ လွတ်မြောက်သည်၊ အန္တရာယ်လွန်သွားပြီဟု ခံစားရပြီးနောက်တွင် အန္တိခရစ်တို့သည် အပေါ်ယံဆန်သော အလုပ်တစ်ခုခုကို ဆက်လုပ်ကြသည်။ အန္တိခရစ်များသည် ၎င်းတို့၏ အစီအစဉ်များတွင် အတော်လေး စေ့စပ်တိကျကြသော်လည်း ထိုအရာက မည်သူနှင့် ၎င်းတို့ ဆက်ဆံရသည်ဟူသည့်အပေါ် မူတည်သည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အလွန် ဂရုစိုက်စွာ စဉ်းစားကြသော်လည်း အသင်းတော် အလုပ် သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် တာဝန်များနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်မှုနှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်းတို့ကို ပြသကြပြီး အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား အရိပ်အယောင်တစ်ခုပင်မရှိဘဲ တာဝန်ယူမှု မပြကြပေ။ ၎င်းတို့အနေဖြင့် အန္တိခရစ်များအဖြစ် အမျိုးအစားသတ်မှတ်ခံရခြင်းမှာ ဤအပြုအမူများကြောင့် အတိအကျ ဖြစ်ပေသည်။ ငါတို့သည် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးအတွက် ၎င်းတို့ ကောင်းစွာ သေချာစဉ်းစားပြီး စေ့စပ်တိကျကာ ခိုင်လုံသော အစီအစဉ်များ ပြုလုပ်ကြပုံကို စဉ်းစားရင်း အစွမ်းအစတစ်ခုတည်းအပေါ် အခြေခံ၍ အကဲဖြတ်ရမည်ဆိုလျှင် ၎င်းတို့သည် အစွမ်းအစ ကင်းမဲ့ခြင်းမရှိကြသကဲ့သို့ ၎င်းတို့တွင် စဉ်းစားချင့်ချိန်တတ်ကြပေသည်။ ၎င်းတို့အနေဖြင့် ဘုရားအိမ်တော်၏ အလုပ်ကို ကိုင်တွယ်နိုင်စွမ်း ရှိသင့်ကြပေသည်။ ယခုတွင် ၎င်းတို့၏ တတ်စွမ်းနိုင်ခြင်းကို အခြေခံ၍ ကြည့်လျှင် ၎င်းတို့ကို အန္တိခရစ်များအဖြစ် အမည်မတပ်သင့်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ထိုသို့ အမည်တပ်ခံရကြသေးသနည်း။ ထိုအရာကို ၎င်းတို့၏ အနှစ်သာရအပေါ်၊ သမ္မာတရားကို ၎င်းတို့ လက်ခံကာ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဟူသည့်အပေါ်၊ ၎င်းတို့အနေဖြင့် သမ္မာတရားကို လိုက်စားသော လူများ ဟုတ်မဟုတ်ဟူသည့်အပေါ် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်၊ ၎င်းတို့၏ အစားအသောက်နှင့် ၎င်းတို့၏ ဘေးကင်းရေးတို့နှင့် ပတ်သက်၍ စဉ်းစဉ်းစားစားလုပ်ပြီး တိကျသော စဉ်းစားဆင်ခြင်မှုများနှင့် အစီအစဉ်များကို ပြုလုပ်ကြသည်။ သို့သော် ဘုရားအိမ်တော်၏ အလုပ်နှင့် ပတ်သက်လာသည့်အခါ ၎င်းတို့သည် လုံးလုံး ကွဲပြားသော လူများဖြစ်လာကြသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ အထူးတလည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်လာကြသည်။ ဤသူများသည် သမ္မာတရားကို လိုက်စားသည့် လူများ မဟုတ်ပေ။ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အလုပ်နှင့် အထက်၏ အလုပ်အစီအစဉ်များကို စိစစ်ခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းကြသည်။ ၎င်းတို့သည် ၎င်းတို့ လုပ်ဆောင်လိုသည့်အရာနှင့် မလုပ်ဆောင်လိုသည့်အရာ၊ ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးနှင့် ဆက်စပ်သည့်အရာနှင့် ဆက်စပ်မှု မရှိသည့်အရာဟူ၍ သေချာစွာ ရွေးချယ်စိစစ်ကြလေသည်။ ထို့နောက်တွင် ၎င်းတို့သည် အစားဆိုလျှင် သွက်ပြီး လုပ်ဖို့ဆိုလျှင် နှေးကြောင်းနှင့် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော တာဝန်များကို အာရုံမစိုက်ကြကြောင်းတို့ကို အထက်မှ သိရှိခြင်းကို ရှောင်ရှားရန်သက်သက်အတွက် အန္တရာယ်မရှိသည့် လွယ်ကူသော အလုပ်တစ်ခုခုကို လုပ်ဆောင်ကြသည်။ အလုပ်ကို စီစဉ်ပြီးနောက်တွင် ထိုသတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်က မည်သို့ ဆောင်ရွက်ထားသည်ကို လုံးဝ မေးမြန်းခြင်း သို့မဟုတ် ကြီးကြပ်ခြင်း မရှိကြချေ။ ဥပမာအနေဖြင့် ဘုရားအိမ်တော်က အလှူငွေများနှင့် အမျိုးမျိုးသော အရင်းအမြစ်များနှင့် စပ်လျဉ်း၍ ယင်းတို့ကို မည်သို့ စီစဉ်ရမည်၊ မည်သည့်နေရာတွင် ထားရှိရမည်၊ မည်သို့ လုံခြုံစွာထိန်းသိမ်းရမည်ဆိုသည်နှင့် မည်သူက လုံခြုံစွာထိန်းသိမ်းရမည် ဟူသည်တို့နှင့်ပတ်သက်ပြီး တိကျသော စည်းမျဉ်းများနှင့် စည်းကမ်းများ ရှိသည်။ အခြားတစ်ဖက်တွင် အန္တိခရစ်များသည် ဤအရာ များအကြောင်းကိုသာ ပြောဆိုကြပြီး အစီအစဉ်များ ပြုလုပ်ပြီးသည်နှင့် ပြီးပြီဟု ယူဆလိုက်ကြသည်။ ပတ်ဝန်းကျင်က သင့်တော်သည်ဖြစ်စေ၊ မသင့်တော်သည်ဖြစ်စေ ၎င်းတို့သည် လှည့်ပတ်ကြည့်ရှုရန် အလုပ်ခွင်ကို မည်သည့်အခါတွင်မျှ လည်ပတ်ခြင်းမရှိဘဲ ၎င်းတို့၏ ပါးစပ်များကိုသာ လှုပ်ရှားကြသည်။ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားအိမ်တော်၏ ဤအရင်းအမြစ်များအတွက် သတ်သတ်မှတ်မှတ် ဖြစ်သော အစီအစဉ်များက သင့်တင့်လျောက်ပတ်ခြင်း သို့မဟုတ် ဘေးကင်းလုံခြုံခြင်း ရှိမရှိဟူသည်ကို သဘောမပေါက်ကြသည့်အပြင် မေးမြန်းခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် ဂရုစိုက်ခြင်း မရှိကြချေ။ ထို့ကြောင့် အန္တိခရစ်များအနေဖြင့် ခေါင်းဆောင်ဖြစ်သည့် အချိန်ကာလအတောအတွင်း ၎င်းတို့၏ အလုပ်နယ်ပယ်အတွင်းတွင် ဘုရားနှုတ်ကပတ်တော် စာအုပ်အချို့သည် ဆိုးယုတ်သော လူတို့၏ သိမ်းဆည်းခြင်းခံရသည်။ မမှန်ကန်သော ထားသိုသိမ်းဆည်းမှုကြောင့် စာအုပ်အချို့မှာ မှိုတက်သွားပြီး အချို့သော အခြေအနေများတွင် စာအုပ်အချို့ သို့မဟုတ် အရင်းအမြစ်အချို့မှာ ယင်းတို့ကို မည်သူမျှ ဂရုမစိုက်သည့် နေရာများတွင် ထားရှိခြင်းခံရလေသည်။ အန္တိခရစ်များသည် ဤကိစ္စရပ်များအတွက် သတ်သတ်မှတ်မှတ်ဖြစ်သော အစီအစဉ်များကို ပြုလုပ်ရန် ပျက်ကွက်ကြသည်သာမက ယင်းတို့နှင့်ပတ်သက်၍လည်း သေချာပေါက် သတင်းမေးခြင်း၊ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် မေးမြန်းခြင်း မရှိကြချေ။ ထိုအစား အစီအစဉ်များကို ၎င်းတို့ ပြုလုပ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အလုပ်တာဝန် ပြီးသွားပြီဟု ယူဆလိုက်ကြသည်။ ၎င်းတို့သည် လည်လည်ပတ်ပတ် ပြောဆိုပြီး ထိုမျှသာဖြစ်သည်။ လက်တွေ့ကျသည့် မည်သည့် ရလဒ်ကိုမျှ ရှာဖွေခြင်းမရှိဘဲ ဟန်ဆောင်လုပ်ပြရုံသာ လုပ်ပြကြသည်။ ဤအပြုအမူများမှတစ်ဆင့် အန္တိခရစ်များသည် သစ္စာစောင့်သိမှုကို ပြကြသလော။ (မပြကြပါ။) ၎င်းတို့တွင် သစ္စာစောင့်သိမှု မရှိကြပေ။ အသင်းတော်၏ အမျိုးမျိုးသော အရင်းအမြစ်များကို စီစဉ်ခြင်းနှင့် ပတ်သက်လာသည့်အခါ အန္တိခရစ်များက လုံးဝ မမေးမြန်းကြပေ။ “လုံးဝ မမေးမြန်း”ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့က မည်သည့် အစီအစဉ်ကိုမျှ လုံးဝ ပြုလုပ်ခြင်းမရှိဟု ဆိုလိုသလော။ တစ်စုံတစ်ဦးက အထက်လူကြီးများထံ ၎င်းတို့အား တိုင်ကြားမည်စိုးသဖြင့် လူတို့ကို နှစ်ပေါက်တစ်ပေါက်ရိုက်ရန်အလို့ငှာ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြပြီး အစီအစဉ်များ ပြုလုပ်ကြသည်။ သို့သော် တိတိကျကျ မည်သည့်အလုပ်ကိုမျှ ၎င်းတို့ လုံးဝ မလုပ်ဆောင်ကြပေ။ တိတိကျကျ အလုပ်က မည်သည့်အရာကို ရည်ညွှန်းသနည်း။ ထိုအရာတွင် ဤအရာများကို မည်သည့်နေရာတွင် ထားသင့်သည်၊ ဘေးကင်းလုံခြုံခြင်း ရှိမရှိ၊ ယင်းတို့ကို တစ်စုံတစ်ရာ ဖြစ်ပျက်ခြင်း ရှိမရှိ၊ ကိုက်ဖြတ်တတ်သော သတ္တဝါများ လာပြီး ပစ္စည်းများကို ဝါးစားခြင်းရှိမရှိ၊ ယင်းတို့က ရေလွှမ်းမိုးခြင်း ခံရမည်လော၊ သို့မဟုတ် အခိုးခံရမည်လော၊ လုံခြုံစွာ ထိန်းသိမ်းခြင်းအတွက် တာဝန်ရှိသည့် ပုဂ္ဂိုလ်များက သင့်တော်ခြင်း ရှိမရှိ စသည်တို့ကို ဆုံးဖြတ်ခြင်း ပါဝင်သည်။ သို့သော် အန္တိခရစ်များသည် လုံးဝ မေးမြန်းခြင်း၊ လုံးဝ စုံစမ်းစစ်ဆေးခြင်း ရှိကြသကဲ့သို့ လုံးဝ စိတ်ဝင်စားခြင်း မရှိကြချေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဤအရာများသည် ၎င်းတို့အတွက် မွေ့လျော်ခံစားရမည့် အရာများမဟုတ်ဟု ယုံကြည်ကြသည်။ ယင်းတို့ကို တန်ဖိုးမထားကြသကဲ့သို့ ယင်းတို့ကို မနှစ်သက်ကြပေ။ ယင်းတို့သည် အခြားသူများနှင့်သက်ဆိုင်သည်၊ ဘုရားအိမ်တော်နှင့် သက်ဆိုင်ပြီး ၎င်းတို့နှင့် ဆက်စပ်မှုမရှိပေ။ ၎င်းတို့သည် လုံးဝ အရေးမစိုက်ကြ။ ထိုအရာနှင့်ပတ်သက်၍ ပူပန်လိုသူ မည်သူမဆို စိုးရိမ်ပူပန်ပါစေ ၎င်းတို့က မပူပန်ကြပေ။ အမှုအရာများကို ၎င်းတို့ စီစဉ်ပြီး ထိုမျှဖြင့် ပြီးသွားသည်။ အန္တိခရစ်အချို့သည် ဒုက္ခခံပြီး စီစဉ်ခြင်းပင်မရှိကြပေ။ ဤအလုပ်ကို ကောင်းစွာလုပ်လျှင်ပင် မည်သည့် ဆုလာဘ်မျှ ရမည်မဟုတ်ကြောင်းနှင့် ထိုအရာကို ညံ့ဖျင်းစွာ လုပ်ဆောင်ခြင်းအတွက် မည်သူကမျှ ၎င်းတို့ကို တာဝန်ခံစေမည်မဟုတ်ကြောင်း ယုံကြည်ကြသည်။ ဤမျှလောက် အရေးမပါသည့် တစ်စုံတစ်ရာအတွက် မည်သူ ၎င်းတို့ကို တိုင်ကြားမည်နည်း။ ထိုအတွက် ဘုရားသခင်က ၎င်းတို့ကို အပြစ်ပေးမည်လော။ ၎င်းတို့၏ တာဝန်များအပေါ် အန္တိခရစ်များ၏ သဘောထားနှင့် ရှုထောင့်တို့မှာ ထိုကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြရုံလုပ်ပြကြပြီး ဝတ်ကျေတမ်းကျေပုံစံဖြင့် ကိစ္စများကို ကိုင်တွယ်ကြသည်။ ဤအရာများက ၎င်းတို့၏ ကိုယ်ပိုင် အဆင့်အတန်း သို့မဟုတ် ဘေးကင်းရေးကို မထိခိုက်သရွေ့ ထိုအရာများကို စီမံထားခြင်းရှိမရှိဟူသည်ကို ၎င်းတို့ အရေးမစိုက်ကြချေ။ ဤအရာများ ပျောက်ဆုံးသည်ဖြစ်စေ၊ လျော့နည်းလာသည်ဖြစ်စေ၊ ပျက်စီးသည်ဖြစ်စေ အားလုံးက ၎င်းတို့နှင့် ဆက်စပ်မှုမရှိပေ။ အန္တိခရစ်များ၏ စိတ်တွင် ဘုရားအိမ်တော်၏ အရင်းအမြစ်များကို အများပိုင် ဥစ္စာပစ္စည်းအဖြစ် ယူဆထားသည်။ ယင်းတို့နှင့်ပတ်သက်၍ ၎င်းတို့က ပူပန်ရန် မလိုအပ်၊ ယင်းတို့ကို မည်သို့မျှ အလေးဂရုပြုရန် မလိုအပ်သကဲ့သို့ ယင်းတို့ကို စီမံခန့်ခွဲရန် မည်သည့် အားအင်မျှ သုံးဖို့ မလိုအပ်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များအဖြစ် အန္တိခရစ်များ၏ အချိန်ကာလအတောအတွင်းတွင် ၎င်းတို့၏ တာဝန်အပေါ် ၎င်းတို့၏ ပေါ့ဆမှုကြောင့်၊ တစ်ကိုယ်ရေ ပျော်ရွှင်မှုအပေါ် ၎င်းတို့၏ အာရုံစိုက်ခြင်းနှင့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ပျက်ကွက်မှုကြောင့် ဘုရားအိမ်တော်ရှိ အရင်းအမြစ်အမျိုးမျိုးတို့သည် အဆင်းနီသော နဂါးကြီး၏ လုယက်ခြင်း သို့မဟုတ် သိမ်းဆည်းခြင်းခံရသည် သို့မဟုတ် ဆိုးယုတ်သောလူအချို့၏ သိမ်းခြင်း ခံရလေသည်။ ထိုသို့သော အခြေအနေများစွာ ရှိခဲ့သည်။ လူအချို့က “ထိုသို့သော ရန်လိုသည့် ပတ်ဝန်းကျင်တွင် မည်သူက အရာရာကို အလွန် စေ့စပ်တိကျစွာ အာရုံစိုက်နိုင်မည်နည်း။ မည်သူက ပေါ့ဆမှု အနည်းငယ် သို့မဟုတ် အမှားအနည်းငယ် ပြုလုပ်မိခြင်းကို ရှောင်ရှားနိုင်မည်နည်း”ဟု ပြောကောင်းပြောကြမည်။ ဤသည်မှာ အမှားအနည်းငယ် ပြုလုပ်မိခြင်းအကြောင်းသာ ဖြစ်သလော။ လူတို့အနေဖြင့် မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းကာ သစ္စာစောင့်သိမှု ပြနိုင်မည်ဆိုလျှင် ဤအရင်းအမြစ်များ ဆုံးရှုံးခြင်းက ထိုမျှ ကြီးမားမည်မဟုတ်ဟု ငါ ဆိုဝံ့သည်။ မုချ လျော့နည်းမည်ဖြစ်ပြီး အလုပ်၏ ထိရောက်မှုက များစွာ တိုးတက်မည် ဖြစ်သည်။
အန္တိခရစ်များသည် ကောင်းချီးများရရှိရန် ဘုရားသခင်ကို ယုံကြည်ကြသည်။ ဘုရားအိမ်တော် သို့မဟုတ် ဘုရားသခင်၏ အကျိုးစီးပွားများနှင့် ဆက်စပ်သည့် မည်သည့်အရာကိုမျှ ၎င်းတို့ လုံးဝ စိတ်မဝင်စားကြပေ။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမဆို ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများကို ဗဟိုပြုသည်။ ဘုရားအိမ်တော်၏ အလုပ်သည် ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများ ပါဝင်ခြင်းမရှိလျှင် ၎င်းတို့ တကယ်ကိုပင် အရေးမစိုက်ကြသကဲ့သို့ စုံစမ်းခြင်းမပြုကြပေ။ ၎င်းတို့ တစ်ကိုယ်ကောင်းဆန်လိုက်လိမ့်မည့် ဖြစ်ခြင်းပါတကား။ အချို့သော အန္တိခရစ်များက ခေါင်းဆောင်များအဖြစ် ပြုမူဆောင်ရွက်နေခဲ့ကြချိန်တွင် အဆင်းနီသော နဂါးကြီးသည် ၎င်းတို့၏ ကြီးကြပ်မှု နယ်ပယ်အောက်တွင်ရှိသည့် အလှူငွေ ပမာဏများစွာကို လုယက်ခဲ့သဖြင့် အံ့အားသင့်ဖွယ်ကောင်းသော ပမာဏကို ဆုံးရှုံးခဲ့ရသည်။ သို့သော် ဤအန္တိခရစ်များသည် မိမိတို့ကိုယ်ကို လုံးဝ အပြစ်မတင်ခဲ့ကြပေ။ ထို့နောက်တွင် ၎င်းတို့က “ထိုအရာသည် ကျွန်ုပ်၏ တာဝန်မျှသာ မဟုတ်ပါ။ အဘယ်သို့ဖြစ်ပြီး ယင်းတို့အားလုံးအတွက် ကျွန်ုပ်အပေါ် အပြစ်တင်နိုင်ရသနည်း။ ထို့အပြင် ဤအခြေအနေမျိုးက ရှောင်လွှဲမရနိုင်ပါ”ဟူ၍ပင် ပြောကြလေသည်။ ၎င်းတို့သည် လုံးဝ နောင်တမရကြပေ။ အခြားလူများအပေါ် အပြစ်ပုံချကြပြီး ဆင်ခြေများဖြင့် ပြည့်လျက် မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန် ကြိုးစားကြလေသည်။ ၎င်းတို့သည် မည်သည့်အရာမျိုးများ ဖြစ်ကြသနည်း။ ဤသို့သော လူများသည် နှင်ထုတ်ခံရသင့်သည် မဟုတ်လော။ ၎င်းတို့သည် ကျိန်ခြင်းခံကာ အပြစ်ပေးခံရသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သော သိသာထင်ရှားသည့် အမှားတစ်ခုကို ကျူးလွန်မိပြီးနောက်တွင် ဤအန္တိခရစ်များသည် လုံးဝ နောင်တမရကြပေ။ ၎င်း၏ ပေါ့ဆမှုကြောင့် ဘုရားအိမ်တော်၏ အဖိုးတန်ပစ္စည်းများက အဆင်းနီသော နဂါးကြီး၏ လုယူသွားခြင်းခံရလျှင် ပုံမှန်လူတစ်ဦး၊ လူ့သဘာဝရှိသည့် လူတစ်ဦး၊ ဘုရားသခင်ကို သစ္စာစောင့်သိသည့် လူတစ်ဦး သို့မဟုတ် ဘုရားကိုကြောက်ရွံ့သော စိတ်နှလုံးရှိသည့် လူတစ်ဦးသည် မည်သည့် သရုပ်သကန်ကို ပြသမည်နည်း။ (၎င်းတို့ နောင်တရကြမည်၊ မိမိတို့ကိုယ်ကို အပြစ်တင်ကြမည်ဖြစ်ပြီး ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့ခြင်းမရှိဟု ၎င်းတို့၏ စိတ်နှလုံးတွင် ခံစားမည်ဖြစ်သည်။) ဆက်လက်၍ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြမည်နည်း။ ကျေရာကျေကြောင်း လုပ်ပေးရန် နည်းလမ်းတစ်ခုကို စဉ်းစားကြမည်ဖြစ်သည်။ အကြွေးတင်ရှိခြင်းနှင့် နောင်တစိတ်တစ်ခုကို လှိုက်လှိုက်လှဲလှဲ ခံစားကြမည်ဖြစ်သည်။ အခြားသူများက မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ညည်းညူသည့် စကားတစ်ခွန်းမျှ ပြောမည်မဟုတ်ပေ။ မိမိတို့ကိုယ်ကို ခုခံကာကွယ်မည် မဟုတ်။ ထိုအရာသည် ၎င်းတို့၏ ပေါ့ဆမှု၊ ၎င်းတို့၏ ပြစ်မှားမှုဖြစ်ကြောင်း အသိအမှတ်ပြုကြမည် ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို မည်သည့်အရာ ပြောသည်ဖြစ်စေ၊ ၎င်းတို့ကို ကိုင်တွယ်ရန် ဘုရားအိမ်တော်က မည်သို့မည်ပုံဆုံးဖြတ်သည်ဖြစ်စေ ၎င်းတို့ လက်ခံကြမည်ဖြစ်သည်။ သို့ဆိုလျှင် အန္တိခရစ်များက ဤအရာကို အဘယ်ကြောင့် လက်မခံကြသနည်း။ ၎င်းတို့သည် နှင်ထုတ်ခံရပြီးနောက်တွင် အဘယ်ကြောင့် မကျေနပ်ချက်များနှင့် ပြည့်ကြသနည်း။ ဤအရာက အန္တိခရစ်များ၏ သဘာဝကို ထုတ်ဖော်ပြသည်။ ဤအန္တိခရစ်များသည် ဘုရားအိမ်တော်၏ အလုပ်ကို အင်မတန် သိသာသည့် ဆုံးရှုံးမှုများ ဖြစ်စေသည်မှာ အန္တိခရစ်များက ၎င်းတို့၏ တာဝန်များကို လျစ်လျူရှုခြင်းကြောင့် အခြားသူများထံမှ အလွန်များသော အားထုတ်မှုသည် အချည်းနှီးဖြစ်သွားရပြီး အလွန်များသော အလှူငွေများကို အဆင်းနီသော နဂါးကြီးက ယူဆောင်သွားသည့်တိုင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အပြစ်တင်သည့်စိတ် မခံစားရ၊ အကြွေးတင်သည့်စိတ် မခံစားရသကဲ့သို့ မိမိတို့ကိုယ်ကိုပင် ခုခံကာကွယ်ကြလေသည်။ ၎င်းတို့ကို ဘုရားအိမ်တော်က ကိုင်တွယ်သည့်အခါ ကျိုးနွံနာခံရန် ငြင်းပယ်ကြပြီး ၎င်းတို့၏ အာခံမှုကို နေရာတကာတွင် ပျံ့နှံ့စေကြသည်။ ၎င်းတို့သည် မည်သည့်အရာမျိုးများ ဖြစ်ကြသနည်း။ ဤသည်မှာ သေခြင်းတရားကို လက်ယပ်ခေါ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သေခြင်းတရားကို လက်ယပ်ခေါ်နေခြင်း ဖြစ်သည်။ အန္တိခရစ်များ၏ အနှစ်သာရကို ကြည့်သည့်အခါ ၎င်းတို့၏ သဘာဝ အနှစ်သာရသည် သမ္မာတရားနှင့် ဘုရားသခင်အပေါ် ရန်လိုသည့် သဘာဝ အနှစ်သာရဖြစ်သည်။ ၎င်းတို့သည် လူ့သဘာဝ ကင်းမဲ့သည်။ အသက်ရှင်သည့် မကောင်းဆိုးဝါးများ၊ စာတန်များ၊ လူ့အဝတ်အစားဖြင့် သားရဲတိရစ္ဆာန်များ ဖြစ်သည်။ လူ့သဘာဝရှိသည့် လူတို့က သေးငယ်သော အမှားတစ်ခု ပြုမိသည့်အခါ သို့မဟုတ် တစ်စုံတစ်ခုကို တလွဲပြောမိသည့်အခါ မိမိကိုယ်ကို ပြစ်တင်စိတ်ခံစားကြသည်။ သို့သော် အသက်ရှင်သည့် မကောင်းဆိုးဝါးများ၊ အန္တိခရစ်များက ဤအရာကို မခံစားရပေ။ ထိုသို့သော ကြီးလေးသည့် အမှားတစ်ခုကို ကျူးလွန်မိပြီးနောက်တွင်ပင် ထိုအန္တိခရစ်များသည် မိမိကိုယ်ကို ပြစ်တင်စိတ်တစ်ခုမျှ မခံစားရသကဲ့သို့ မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန်ပင် ကြိုးစားကြသည်။ ထို့ကြောင့် ၎င်းတို့အတွက် သမ္မာတရားမှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့၏ စိတ်နှလုံးများတွင် သမ္မာတရားကို ၎င်းတို့ အသိအမှတ်ပြုကြသလော။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး ဘုရားသခင်သည် သမ္မာတရားဖြစ်၏။ ဤအချက်ကို ၎င်းတို့ အသိအမှတ်ပြုကြသလော။ (အသိအမှတ်မပြုကြပါ။) ထိုအရာကို ၎င်းတို့ အသိအမှတ်မပြုကြသည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် မိမိတို့ကိုယ်ကို သမ္မာတရားအဖြစ်၊ ဘုရားသခင်အဖြစ် ယူဆကြသည်။ ၎င်းတို့မှလွဲ၍ အခြားဘုရားမရှိဟု တွေးထင်ကြသည်။ ဤသည်တို့မှာ နတ်ဆိုးများ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်တို့မှာ နတ်ဆိုးများ၊ နတ်ဆိုးစစ်စစ်များ ဖြစ်သည်။ အသင်းတော်၏ အရင်းအမြစ်များကို အန္တိခရစ်များက လုံးဝ မေးမြန်းခြင်းမရှိကြသကဲ့သို့ ယင်းတို့အတွက် သတ်သတ်မှတ်မှတ်ဖြစ်သော မည်သည့် အစီအစဉ်ကိုမျှ မပြုလုပ်ကြချေ။ သို့သော် ၎င်းတို့ကိုယ်တိုင် တန်ဖိုးရှိသည့် တစ်စုံတစ်ရာကို ပိုင်ဆိုင်ဖို့ ဖြစ်လာလျှင် ထိုအရာကို ၎င်းတို့ အကောင်းဆုံး ဂရုစိုက်ကြလိမ့်မည်မှာ သင် ယုံကြည်စိတ်ချနိုင်သည်။ ၎င်းတို့ အိပ်မောကျရင်း ယောင်သည့်အချိန်တွင်ပင် ထိုအရာအကြောင်း စကားတစ်ခွန်းမျှ ထုတ်ဖော်မည်မဟုတ်သကဲ့သို့ ၎င်းတို့ထံမှ ထိုအရာကို သင် အနိုင်အထက်ပြုမူခြင်းဖြင့်လည်း ရယူနိုင်မည် မဟုတ်။ ထိုအရာကို ၎င်းတို့က အထူးကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်သည်။ သို့သော် ဘုရားအိမ်တော်၏ အရင်းအမြစ်များနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့၏ သဘောထားက လုံးဝ ကွဲပြားသွားသည်။ ၎င်းတို့တွင် ဤသဘောထားမျိုး အမှန်တကယ် ရှိကြသည်။ “ယင်းသည် ကျွန်ုပ်နှင့် အဘယ်ပတ်သက်မှု ရှိသနည်း။ ထိုအရင်းအမြစ်ကို ကျွန်ုပ် မွေ့လျော်ခံစားခွင့်မရှိသကဲ့သို့ ထိုအရာသည် ကျွန်ုပ်နှင့် မသက်ဆိုင်ပါ။ ထိုအရာကို ကျွန်ုပ် ကောင်းစွာ စောင့်ရှောက်လျှင်ပင် အခြားတစ်စုံတစ်ဦး ရကောင်းရသွားနိုင်သည်။ ထိုအရာကို အလွန်ကောင်းစွာ စောင့်ရှောက်ခြင်းအတွက် မည်သည့်အကျိုးရှိသနည်း”ဟူ၍ ဖြစ်သည်။ ဤကိစ္စရပ်ကို ၎င်းတို့၏ တာဝန်အဖြစ် ၎င်းတို့ မယူဆကြပေ။ ဤသည်မှာ လူ့သဘာဝ ချို့တဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအရာသည် လူ့သဘာဝ ချို့တဲ့ခြင်း သရုပ်သကန်တစ်ခု ဖြစ်သည်။ ဤအရာကို မည်သို့ခေါ်သနည်း။ စိတ်ချ၍မရနိုင်ခြင်းဟု ခေါ်သည်။ ဘုရားသခင်က သင့်ကို ဤအလုပ် ပေးအပ်ထားပြီးဖြစ်ကာ သင် ထမ်းဆောင်သင့်သည့် တာဝန်များကို ပေးထားပြီးဖြစ်သည်။ ဤသည်မှာ သင်၏ အလုပ်တာဝန်တွင် ပါဝင်သည်။ သင့်အနေဖြင့် ယင်းတို့ကို တစ်ခုပြီးတစ်ခု ဆောင်ရွက်လျက်၊ ဘုရားသခင် တောင်းဆိုထားသော စည်းမျဉ်းများနှင့် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို လိုက်လျှောက်လျက်၊ ယင်းတို့ကို ကောင်းမွန်စွာ စနစ်တကျစီစဉ်ပေးလျက် ဤကိစ္စရပ်များကို ကောင်းမွန်စွာ ကိုင်တွယ်သင့်သည်။ သို့ဆိုလျှင် သင်၏ တာဝန် ပြီးပြည့်စုံလိမ့်မည်။ သို့သော် အန္တိခရစ်များတွင် ဤတွေးခေါ်မှုအလေ့အထ သို့မဟုတ် စိတ်ကူးရှိကြသလော။ (မရှိကြပါ။) လုံးဝ မရှိကြပေ။ ဤသည်မှာ လူ့သဘာဝ လုံးဝ ကင်းမဲ့ခြင်းတစ်ခု ဖြစ်သည်။ လူ့သဘာဝ ကင်းမဲ့ခြင်း၏ တိကျသော သရုပ်သကန်မှာ အဘယ်နည်း။ ထိုအရာသည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားရှိခြင်းအကြောင်းကိုလည်းကောင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်း၊ ယုံကြည်စိတ်ချမရခြင်း၊ အားကိုး၍မရနိုင်ခြင်းနှင့် မည်သည့်အရာကိုမျှ တာဝန်ပေးအပ်ရန် ထိုက်တန်မှု မရှိခြင်းတို့အကြောင်းကိုလည်းကောင်း အရေးစိုက်ခြင်း မဟုတ်ပေ။
အသင်းတော်အတွင်းတွင် မည်သူက မည်သည့်အလုပ်ကို မည်သည့်နေရာတွင် လုပ်ဆောင်နေသည်၊ ထိုအရာကို ၎င်းတို့က ကောင်းမွန်စွာ လုပ်ဆောင်နေခြင်း ရှိမရှိ၊ ၎င်းတို့၏ တာဝန်ကို ၎င်းတို့က ထိရောက်စွာ ထမ်းဆောင်နေခြင်း ရှိမရှိ၊ နှောင့်ယှက်မှုများ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းများနှင့်ဆိုင်သည့် ဖြစ်ရပ်တစ်ခုတလေ ဖြစ်ပေါ်သလော သို့မဟုတ် ညီအစ်ကို မောင်နှမများ၏ တုံ့ပြန်ချက်က မည်သည့်အရာနှင့်တူသည်ဟူသကဲ့သို့သော အမှုထမ်းများနှင့်ဆိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ အန္တိခရစ်များက လုံးဝ အသေးစိတ် မေးမြန်းခြင်း သို့မဟုတ် ဤအရာများနှင့် စပ်လျဉ်း၍ အစီအစဉ်များ ပြုလုပ်ခြင်း မရှိကြပေ။ သာဓကအနေဖြင့် ဘုရားအိမ်တော်က ပါရမီအမျိုးအစား အမျိုးမျိုးရှိသော ပုဂ္ဂိုလ်များ ပေးရန် တောင်းဆိုသည့်အခါ အန္တိခရစ်များသည် ဥပမာအနေဖြင့် ဤပုဂ္ဂိုလ်များက မိမိတို့၏ ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်တစ်ခု ရှိမရှိ၊ ၎င်းတို့၏ လူ့သဘာဝက မည်သို့ရှိသည်၊ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိ၊ ၎င်းတို့၏ တစ်ဦးချင်းအလိုက်ဖြစ်သော ပါရမီများနှင့် နည်းပညာ ကျွမ်းကျင်မှုတို့က ဘုရားအိမ်တော်က သတ်မှတ်ထားသည့် စံနှုန်းများနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့အနေဖြင့် ပျိုးထောင်ပေးခြင်းနှင့် အရေးကြီးသည့် တာဝန်များကို တာဝန်ယူဆောင်ရွက်ခြင်းတို့နှင့် သင့်တော်ခြင်း ရှိမရှိဟူသည်တို့နှင့်ပတ်သက်သော ဤပုဂ္ဂိုလ်များ၏ အခြေအနေများကို တိတိကျကျ သိရှိရအောင်လုပ်ခြင်းဖြစ်စေ၊ မေးမြန်းခြင်းဖြစ်စေ မရှိဘဲ ဤပုဂ္ဂိုလ်များအကြောင်း တင်ပြချက်စာများကို ခဏမျှသာ သာမန်ကာလျှံကာ ကြည့်ကြလေသည်။ ဤအရာများနှင့် စပ်လျဉ်း၍ အန္တိခရစ်များသည် ဟန်ဆောင်လျက်၊ တင်ပြချက်စာများကို ခဏတာ လေ့လာဆန်းစစ်လျက် ဟန်ဆောင်လုပ်ပြရုံလုပ်ပြပြီး ထိုမျှသာဖြစ်သည်။ ပေးလိုက်သည့် လူတစ်ဦးချင်းနှင့် ၎င်းတို့ အမှန်တကယ် မည်သည့်အခါကမျှ ဆက်ဆံခြင်းမရှိသကဲ့သို့ ၎င်းတို့အပေါ် အသေးစိတ်ကျကျ သို့မဟုတ် နက်နက်နဲနဲ သိနားလည်ရန် မကြိုးစားကြပေ။ ရလဒ်အနေဖြင့် ၎င်းတို့ ရွေးချယ်သည့် လူအများစုသည် မိမိတို့၏ တာဝန်များကို လုပ်ဆောင်ရန် သို့မဟုတ် မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံစိုက်ရန် ပျက်ကွက်ကြသောကြောင့် ဖယ်ရှားရှင်းလင်းခြင်း ခံကြရသည်။ ဤအခြေအနေကို အန္တိခရစ်များက မည်သို့ ရှုမြင်သနည်း။ “ဤတာဝန်များကို ထမ်းဆောင်ရန် ငါ ရာထူးတိုးခံရခြင်းမျိုး မဟုတ်ပါ။ ထိုအရာများနှင့် ငါ မဆိုင်ပါ။ မည်သူသွားသည်ဆိုသည့်အရာက မည်သည့် ကွာခြားမှုကို ဖြစ်စေမည်နည်း။ ကျွန်ုပ်အနေဖြင့် ထောက်ခံစာများကို အသိအမှတ်ပြုကာ ဤလူများကို ပေးလိုက်လျှင် ယင်းကို ငါ၏ အလုပ်အား လုပ်ဆောင်ခြင်းအဖြစ် မှတ်ယူ၍ရသည်။ ထို့အပြင် ရာထူးတိုးခံရမည့် လူတစ်ဦးချင်းစီက ငါ့အပေါ် ကျေးဇူးကြွေးတင်မည်ဖြစ်သည်။ သူတို့က ပြုစုပျိုးထောင်ထိုက်ခြင်း ရှိမရှိဟူသည်မှာ ငါနှင့်မဆိုင်ပါ”ဟူ၍ ဖြစ်သည်။ အန္တိခရစ်များက မသင့်တော်သည့် လူပုဂ္ဂိုလ်များ ပေးလိုက်သဖြင့် ဘုရားအိမ်တော်၏ အလုပ်အတွက် အဟန့်အတားဖြစ်စေလျှင် ၎င်းတို့က တာဝန်တစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ၎င်းတို့အနေဖြင့် တာဝန်များစွာရှိသည်။ သို့သော် ဤနတ်ဆိုးဆန်သော အရာများက စစ်ဆေးမှုတစ်ခုကိုမျှ လုံးဝ မဆောင်ရွက်ကြပေ။ အချို့က “ကြမ်းတမ်းသည့် ပတ်ဝန်းကျင်များရှိသည့် အချို့သော နေရာများတွင် ကျွန်ုပ်တို့သည် လူတို့နှင့် လူချင်း တေ့တေ့ဆိုင်ဆိုင်ဆက်ဆံ၍ မရပါ။ ၎င်းတို့အပေါ် စစ်ဆေးမှုများကို အဘယ်သို့ ကျွန်ုပ်တို့ ဆောင်ရွက်နိုင်မည်နည်း”ဟု ပြောကြသည်။ ပတ်ဝန်းကျင်က မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ ဤကိစ္စရပ်များကို ကိုင်တွယ်ရန် နည်းစနစ်များနှင့် လုပ်နည်းကိုင်နည်းများ ရှိနေဆဲဖြစ်သည်။ ထိုအရာသည် သင်က တာဝန်ယူမှုရှိကာ စစ်မှန်ရိုးသားစွာ ရည်စူးဆက်ကပ်ခြင်း ရှိမရှိဟူသည့်အပေါ် မူတည်သည်။ ယင်းမှာ မှန်သည်မဟုတ်လော။ (မှန်ပါသည်။) သင်၏ သစ္စာစောင့်သိမှုနှင့် တာဝန်ယူခြင်းကို သင် ပေးအပ်လျှင် ရလဒ်က အကောင်းဆုံး မဟုတ်လျှင်ပင် ထိုအရာကို ဘုရားက စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ သိရှိပြီး တာဝန်အတွက် သင်ခေါင်းခံရမည် မဟုတ်ပေ။ သို့သော် သင်၏ သစ္စာစောင့်သိခြင်းနှင့် တာဝန်ယူခြင်းတို့ကို ပေးအပ်ခြင်းမရှိလျှင် မည်သည့်အရာမျှ တလွဲတချော်မဖြစ်ဘဲ အဆုံးတွင် မည်သည့် အကျိုးဆက်ကိုမျှ မဖြစ်စေလျှင်ပင် ထိုအရာကို ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိမ့်မည်။ ဤလုပ်နည်းကိုင်နည်းနှစ်ခု၏ သဘောသဘာဝမှာ ကွဲပြားပြီး ဘုရားသခင်က ယင်းတို့ကို မတူကွဲပြားစွာ သဘောထားမည်ဖြစ်သည်။ လူများပေးခြင်းနှင့် ပတ်သက်လာသည့်အခါ အန္တိခရစ်တို့သည်လည်း ကျိတ်ကြံတတ်ကြသည်။ ၎င်းတို့တွင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သော ရည်ရွယ်ချက်များလည်း ရှိပြီး သစ္စာစောင့်သိမှုကင်းမဲ့ကြသည်။ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေကြသည်ဖြစ်စေ အန္တိခရစ်များတွင် ၎င်းတို့ကိုယ်ပိုင် အပိုင်ကြံခြင်းများ ရှိပြီး စည်းမျဉ်းများကို စောင့်ထိန်းခြင်း မရှိကြပေ။ ထို့အပြင် လက်တွေ့ကျသော အလုပ် ကောင်းစွာ ပြီးစီးရန်အတွက်အလို့ငှာ ၎င်းတို့အနေဖြင့် ၎င်းတို့၏ မျက်နှာများကို ပြရမည်ဖြစ်သည်၊ ပို၍များသော လူများနှင့် တွေ့ဆုံဖို့ ဟိုဟိုသည်သည် ခရီးသွားရမည်၊ အခက်အခဲများကို ခါးစည်းခံကာ စွန့်စားလုပ်ဆောင်ရမည်ဖြစ်သည်။ ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေး ကိစ္စနှင့် တစ်စုံတစ်ရာ ပတ်သက်သည်နှင့်တစ်ပြိုင်နက် အန္တိခရစ်များသည် တစ်ဖန် စတင်အပိုင်ကြံကြပြီး ၎င်းတို့၏ သဘာဝသည် ထုတ်ဖော်ခြင်း ခံရသည်။ မည်သည့်အရာ ထုတ်ဖော်ခြင်းခံရသနည်း။ အလွန်များသော လူတို့နှင့် ဆက်ဆံခြင်းသည် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးအတွက် အန္တရာယ်တစ်ခုဖြစ်ပြီး လူတို့နှင့် ၎င်းတို့ စိတ်ကူးပေါက်သလို ဆက်ဆံ၍မရဟု ၎င်းတို့က ယုံကြည်ကြသည်။ အန္တိခရစ်များသည် ၎င်းတို့ ဆက်ဆံသင့်သည့်လူများကို မဆက်ဆံကြသကဲ့သို့ ၎င်းတို့ တွေ့ဆုံသင့်သည့် လူများကို မတွေ့ဆုံသည့်အပြင် မည်သူနှင့်မျှ တွေ့ဆုံခြင်းမရှိကြ။ ထိုအစား ပုန်းကွယ်ကာ ရိုးရှင်းသော အလုပ်တာဝန်များထက်ပို၍ မည်သည့်အရာကိုမျှ လုပ်ဆောင်ခြင်းမရှိဘဲ အိမ်တွင်းအောင်းရမည့် ဘေးကင်းသော ကွန်းခိုရာတစ်ခုကို ရှာကြသည်။ အလုပ်၏ အခြားကဏ္ဍများ မည်သို့ ကောင်းစွာ လုပ်ဆောင်ထားသည်၊ အဖျက်အမှောင့်ပြုခြင်းများ ဖြစ်စေသည့် လူများရှိမရှိ၊ အလုပ် အစီအစဉ်များ၊ ဘုရားနှုတ်ကပတ်တော်စာအုပ် အမျိုးမျိုး သို့မဟုတ် အသံသွင်းထားသည့် တရားဒေသနာများကို ဖြန့်ဝေထားခြင်း ရှိမရှိဆိုသည်တို့အတွက်မူ အန္တိခရစ်များသည် ဤအရာများနှင့်ပတ်သက်၍ တိကျသော အစီအစဉ်များကိုဖြစ်စေ၊ မေးမြန်းစုံစမ်းခြင်းများကိုဖြစ်စေ လုံးဝ မပြုလုပ်ကြပေ။ ၎င်းတို့အနေဖြင့် သစ္စာစောင့်သိသည်ဟု ယူဆခံရရန် စွန့်စားလုပ်ဆောင်ရမည်၊ ၎င်းတို့၏ မျက်နှာများကို ပြပြီး ဒုက္ခပြဿနာကြုံရမည်ဟု ဆိုခြင်း မဟုတ်ပေ။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ မည်သူ ရှင်းပြနိုင်သနည်း။ (ကနဦး၌ သူတို့က ဤအလုပ်ကို လုပ်ဆောင်ခဲ့ခါစအချိန်တွင် မည်သို့ ကောင်းစွာ လုပ်ဆောင်ရမည်ကိုဖြစ်စေ၊ အကြံပြုထောက်ခံထားသည့် အမှုထမ်းက သင့်တော်ခြင်း ရှိမရှိ ဟူသည်ကိုဖြစ်စေ လုံးဝ မစဉ်းစားခဲ့ကြသကဲ့သို့ မည်သည့်အခါတွင်မျှ စိတ်နှလုံးအကြွင်းမဲ့ ပြုမူဆောင်ရွက်ခြင်း မရှိကြပါ၊ သို့မဟုတ် သူတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း မရှိကြပါ။ ဤအရာများကို သူတို့ လုံးဝ မတွေးကြပါ။) ၎င်းတို့က သစ္စာစောင့်သိမှုကို ယတိပြတ် မပြကြပေ။ ဘုရားသခင်ကို သစ္စာစောင့်သိမှုရှိသော လူတို့ အလုပ်လုပ်ပုံ၏ သဘာဝနှင့် သစ္စာစောင့်သိမှု မရှိသောသူတို့ အလုပ်လုပ်ပုံ၏ သဘာဝတို့ကြားတွင် ကွာခြားချက်တစ်ခု ရှိသည်။ အန္တရာယ်ရှိသည့် ကိစ္စရပ်များကို ၎င်းတို့ နှစ်ဦးလုံး ကြုံရသည့်အခါ သစ္စာစောင့်သိမှုရှိသောသူတို့သည် အန္တရာယ်ကို ရင်ဆိုင်နိုင်ပြီး အလုပ် အစီအစဉ်များကို အကောင်အထည်ဖော်ရန် ဉာဏ်ပညာနှင့် နည်းစနစ်များကို အသုံးပြုလျက် ၎င်းတို့၏ အလုပ်ကို လုပ်ဆောင်နိုင်ကြသည်။ သို့သော် အန္တိခရစ်များကမူ အန္တရာယ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လက်တွေ့ကျသော အလုပ်တွင် ပါဝင်ဆောင်ရွက်ခြင်း မရှိကြသကဲ့သို့ အလုပ်အစီအစဉ်များကို ၎င်းတို့က လုံးဝ အကောင်အထည်ဖော်ခြင်း မရှိကြပေ။ ယင်းမှာ ခြားနားချက် ဖြစ်သည်။ အန္တိခရစ်များက အသင်းတော်၏ အခြေအနေ၊ အလုပ်တာဝန်အမျိုးမျိုး စသည်တို့ကို နှုတ်ဖြင့် မေးမြန်းကောင်း မေးမြန်းနိုင်သော်လည်း ၎င်းတို့၏ မေးမြန်းမှုများကပင်လျှင် လုပ်ရိုးလုပ်စဉ်များသာ ဖြစ်သည်။ ၎င်းတို့သည် အပေါ်ယံအဆင့် အားထုတ်မှုအချို့ကိုသာ ပြုလုပ်နေကြပြီး ထိုအရာနှင့်ပတ်သက်၍ လုံးဝ စေ့စပ်တိကျခြင်း မရှိကြချေ။ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့က လက်တွေ့ကျသော အလုပ်ကို လုပ်နေကြသည်ဟု ထင်ရမည် ဖြစ်သော်လည်း လက်တွေ့တွင် အလုပ်ကို ၎င်းတို့ နားမလည်ကြ၊ မှတ်စုများ မယူကြ၊ ထိုအရာနှင့်ပတ်သက်၍ တွေးဆခြင်းမရှိကြသကဲ့သို့ ဆုတောင်းခြင်း၊ သို့မဟုတ် ရှာဖွေခြင်း မပြုကြပေ။ အလုပ်၏ မတူကွဲပြားသော အစိတ်အပိုင်းများက မည်သို့ တိုးတက်နေသည် သို့မဟုတ် အမှုအရာများ ကောင်းစွာ လုပ်ဆောင်ထားခြင်းမရှိသည့် အပိုင်းများအတွက် မည်သူက တာဝန်ရှိသည် သို့မဟုတ် မည်သည့် အသင်းတော်ခေါင်းဆောင်များက သင့်တော်ခြင်း မရှိနိုင်သည် သို့မဟုတ် မည်သည့်နေရာတွင် အလုပ်ကို အကောင်အထည်ဖော်ခြင်း မရှိသေးသည် ဟူသည်တို့ကို အလေးထားရန် အားစိုက်ထုတ်ခြင်း မပြုကြပေ။ ၎င်းတို့သည် ဤအရာများကို စဉ်းစားခြင်းမရှိ၊ ဟန်ဆောင်လုပ်ပြရုံ လုပ်ပြကြပြီး ပြဿနာများကို ၎င်းတို့ ခွဲခြားဖော်ထုတ်သည့်အခါ မဖြေရှင်းကြချေ။ ခေါင်းဆောင်ဟု ခေါ်သောသူအချို့သည် စုဝေးပွဲများအတွက်သာ လူများကို စုစည်းသည်၊ အခြေအနေနှင့်ပတ်သက်၍ မေးမြန်းပြီး အလုပ်ကို စိစစ်ကာ စုံစမ်းစစ်ဆေးလေသည်။ လက်တွေ့ကျသော အလုပ်တစ်ခုခု ပါဝင်ပြီး ၎င်းတို့ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးရန် လိုအပ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေး အန္တရာယ်ရှိပြီး အခက်အခဲအဆင့်တစ်ခုခု ပါဝင်သည်နှင့်တစ်ပြိုင်နက် ထိုအရာကို ၎င်းတို့က မလုပ်ဆောင်ကြပေ။ ထိုအချိန်တွင် မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအား ဦးစားပေးလျက် အလုပ်ကို ရပ်လိုက်ကြသည်။ ပြဿနာများကို ၎င်းတို့ သတိပြုမိသည့်အချိန်တွင်ပင် တိကျသည့် အစီအစဉ်များကို မပြုလုပ်ကြပေ။ ၎င်းတို့၏ ယုံကြည်ခြင်းအတွက် ၎င်းတို့ လူသိများပြီး အဖမ်းခံရမည့် အန္တရာယ်ရှိလျှင် ဤအလုပ်တာဝန်များကို အခြားသူများထံ ခွဲဝေပေးလိုက်ကြသလော။ မခွဲဝေပေးကြပေ။ ၎င်းတို့သည် ဤအလုပ်တာဝန်များကို လုပ်ဆောင်ရန် အခြားသူများအား မစီစဉ်ပေးကြဘဲ ယင်းမှာ ပြဿနာ ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော လူတို့က မည်သည့်အနှစ်သာရကို ထုတ်ဖော်ပြသနည်း။ ၎င်းတို့သည် သစ္စာစောင့်သိမှု ကင်းမဲ့ကြသည်၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်ကာ အရာရာတွင် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို အလေးထားကြသည်။ ဘုရားအိမ်တော်၏ အလုပ် အစီအစဉ်များကို အကောင်အထည် ဖော်ထားခြင်း ရှိမရှိ သို့မဟုတ် ဘုရားအိမ်တော် အလုပ်၏ တိုးတက်မှုအကြောင်းကို ၎င်းတို့ လုံးဝ မေးမြန်းခြင်း မရှိကြသကဲ့သို့ ဤအရာများနှင့်ပတ်သက်၍ ဂရုမစိုက်ကြချေ။ ၎င်းတို့သည် ၎င်းတို့၏ သစ္စာစောင့်သိမှုကို မပေးအပ်ကြသကဲ့သို့ ၎င်းတို့၏ သစ္စာစောင့်သိမှုကို မပြကြပေ။ ၎င်းတို့အတွက် ဤကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဟန်ဆောင်လုပ်ပြခြင်းသည် လုံလောက်၏။ ဤအရာကို အလုပ်လုပ်နေခြင်းအဖြစ် ၎င်းတို့က ယူဆကြသည်။ အန္တရာယ်က သေးငယ်လျှင် အလုပ်အချို့ကို အင်တင်တင်ဖြင့် ၎င်းတို့ လုပ်ကောင်းလုပ်နိုင်သည်။ သို့သော် အန္တရာယ်က ကြီးမားပြီး ၎င်းတို့ အဖမ်းခံရမည့် ဖြစ်နိုင်ချေတစ်ခု ရှိလျှင် ထိုအလုပ်က မည်မျှ အရေးကြီးသည်ဖြစ်စေ လုပ်ဆောင်ကြမည် မဟုတ်။ ယင်းမှာ အန္တိခရစ်တို့၏ အနှစ်သာရ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက် နေရာများတွင် ၎င်းတို့၏ အကျိုးစီးပွားများက လုံခြုံစိတ်ချရသရွေ့ မည်သူကိုမဆို ၎င်းတို့ သစ္စာဖောက်နိုင်စွမ်းရှိကြသည်။ ၎င်းတို့၏ အကျိုးစီးပွားများကို ဘုရားအိမ်တော်၏ အကျိုးစီးပွားများအား အဆုံးရှုံးခံလျက် စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ ၎င်းတို့အတွက် ၎င်းတို့၏ အကျိုးစီးပွားများက အထွတ်အထိပ်ဖြစ်သည်။ အန္တိခရစ်များသည် တာဝန်တစ်ခုကို ယူသည်နှင့်တစ်ပြိုင်နက် သစ္စာစောင့်သိနိုင်ကြသလော။ (သစ္စာစောင့်သိနိုင်ခြင်း မရှိပါ။) သစ္စာစောင့်သိခြင်းသည် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ၎င်းတို့ ညီအစ်ကို မောင်နှမများ၏ ဘဝများနှင့် ဘေးကင်းရေးကို စဉ်းစားပေးနိုင်ကြသလော။ (မစဉ်းစားပေးနိုင်ကြပါ။) ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးနှင့် ပတ်သက်လာသည့်အခါ အန္တိခရစ်များသည် ၎င်းတို့၏ ညီအစ်ကို မောင်နှမများကို မီးတွင်းထဲသို့ တွန်းချကာ ၎င်းတို့ကို စတေးခံ အသုံးချစရာများအဖြစ် အသုံးပြုလျက် မိမိတို့ကိုယ်ကိုသာ ထိန်းသိမ်းစောင့်ရှောက်ကြလိမ့်မည် ဖြစ်သည်။ ယင်းမှာ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရ ဖြစ်သည်။
၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို စဉ်းစားခြင်းအပြင် အချို့သော အန္တိခရစ်များက မည်သည့်အရာကိုပါ စဉ်းစားကြသနည်း။ ၎င်းတို့က “ယခုအခါတွင် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်သည် သဘောကျစရာ မကောင်းပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏ မျက်နှာများပြခြင်းကိုလည်းကောင်း၊ ဧဝံဂေလိ ဝေမျှခြင်းကိုလည်းကောင်း လျှော့ကြစို့။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် အဖမ်းခံရမည့် အလားအလာနည်းပြီး အသင်းတော်၏ အလုပ် ဖျက်ဆီးခံရမည် မဟုတ်ပါ။ အဖမ်းခံရမည်ကို ကျွန်ုပ်တို့ ရှောင်ရှားလျှင် ယုဒအဖြစ် ပြောင်းသွားမည်မဟုတ်ဘဲ ထို့နောက်တွင် အနာဂတ်၌ ငါတို့ ဆက်လက်၍ တည်ရှိနေနိုင်မည် မဟုတ်လော”ဟု ပြောကြသည်။ ညီအစ်ကို မောင်နှမများကို အထင်အမြင်မှားစေရန် ထိုသို့သော ဆင်ခြေများကို အသုံးပြုသည့် အန္တိခရစ်များ ရှိသည် မဟုတ်လော။ အချို့သော အန္တိခရစ်များသည် သေခြင်းတရားကို အလွန် ကြောက်ရွံ့ကြပြီး ရှက်ဖွယ်ကောင်းသော ဖြစ်တည်မှုများကို အချိန်ဆွဲကြသည်။ ၎င်းတို့က ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုလည်း နှစ်သက်ကြပြီး ခေါင်းဆောင်မှု အခန်းကဏ္ဍများကို ယူရန် လိုလားကြသည်။ ၎င်းတို့က “ခေါင်းဆောင်တစ်ဦး၏ အလုပ်ကို တာဝန်ယူရန် မလွယ်ပါ။ ကျွန်ုပ် ခေါင်းဆောင်တစ်ဦးအဖြစ် ခန့်အပ်ခံရသည်ကို အဆင်းနီသော နဂါးကြီးက သိသွားလျှင် ကျွန်ုပ် နာမည်ကြီးလာမည်ဖြစ်ပြီး အလိုရှိသော စာရင်းတွင် အထည့်ခံရမည်ဖြစ်ကာ ကျွန်ုပ် အမိခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်၏ အသက်က အန္တရာယ်ရှိမည်ဖြစ်သည်”ဟူသည်ကို သိကြသော်လည်း ဤအဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ခံစားရန်အတွက် ဤအန္တရာယ်များကို လျစ်လျူရှုကြသည်။ ခေါင်းဆောင်များအဖြစ် ၎င်းတို့ အစေခံကြသည့်အခါ ၎င်းတို့၏ သွေးသား ပျော်ရွှင်ခြင်းအကြောင်းသာ ဂရုစိုက်ကြပြီး တကယ့်အလုပ်တွင် ပါဝင်ပတ်သက်ခြင်း မရှိကြပေ။ အမျိုးမျိုးသော အသင်းတော်များနှင့် ဆက်နွှယ်မှု အနည်းအကျဉ်းတွင် ပါဝင်ပတ်သက်ခြင်းမှလွဲ၍ အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်ကြပေ။ နေရာတစ်ခုခုတွင် ၎င်းတို့ ပုန်းကွယ်ပြီး မိမိဘာသာ သီးခြားခွဲနေလျက် မည်သူနှင့်မျှ တွေ့ဆုံခြင်းမရှိကြသကဲ့သို့ ညီအစ်ကို မောင်နှမများက ၎င်းတို့၏ ခေါင်းဆောင် အဘယ်သူဖြစ်သည်ကို မသိကြပေ။ ယင်းမှာ ၎င်းတို့ ကြောက်ရွံ့သည့် အတိုင်းအတာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ခေါင်းဆောင်များဖြစ်သည်မှာ အမည်ခံသာဖြစ်သည်ဟု ဆိုခြင်းက မှန်ကန်သည် မဟုတ်လော။ (မှန်ကန်ပါသည်။) ခေါင်းဆောင်များအဖြစ် မည်သည့် လက်တွ့အလုပ်တွင်မျှ ၎င်းတို့ ပါဝင်ခြင်းမရှိကြ။ မိမိတို့ဘာသာ ပုန်းကွယ်ဖို့အကြောင်းသာ ၎င်းတို့ ဂရုစိုက်ကြသည်။ အခြားသူတို့က “ခေါင်းဆောင်ဖြစ်ခြင်းက အဘယ်သို့နည်း” ဟု ၎င်းတို့ကို မေးလျှင် ၎င်းတို့က “ကျွန်ုပ်သည် အလွန့်အလွန် အလုပ်များပြီး ဘေးကင်းရေးအတွက် အိမ်ဆက်တိုက်ပြောင်းနေရသည်။ ဤပတ်ဝန်းကျင်သည် အလွန် နေသားမကျဖြစ်သည်မှာ ကျွန်ုပ်၏ အလုပ်ကိုပင် ကျွန်ုပ် အာရုံမစိုက်နိုင်ပါ”ဟု ပြောလိမ့်မည်။ မျက်လုံးများစွာက ၎င်းတို့ကို စောင့်ကြည့်နေသည်ဟု ၎င်းတို့ အမြဲ ခံစားရပြီး ပုန်းကွယ်ရန် မည်သည့်နေရာ ဘေးကင်းလုံခြုံသည်ကို မသိကြချေ။ ဟန်ဆောင်မှုများ ထားရှိခြင်း၊ မတူကွဲပြားသော နေရာများတွင် မိမိတို့ဘာသာ ပုန်းကွယ်ခြင်းနှင့် တစ်နေရာတွင် ရှိမနေခြင်းတို့မှလွဲ၍ နေ့စဉ် လက်တွေ့ကျသည့် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ကြချေ။ ထိုသို့သော ခေါင်းဆောင်များ တည်ရှိသလော။ (တည်ရှိပါသည်။) မည်သည့် စည်းမျဉ်းများကို ၎င်းတို့ လိုက်လျှောက်ကြသနည်း။ ဤလူများက “ဉာဏ်များသော ယုန်တစ်ကောင်တွင် မြေတွင်းသုံးခုရှိသည်။ ယုန်တစ်ကောင်အတွက် သားရဲတစ်ကောင်၏ တိုက်ခိုက်မှုကို ကာကွယ်ရန်၊ သူ့ဘာသာ ပုန်းကွယ်ရန် မြေတွင်းသုံးတွင်းကို ပြင်ဆင်ရမည်ဖြစ်သည်။ လူတစ်ဦးသည် အန္တရာယ်ကြုံပြီး ထွက်ပြေးလွတ်မြောက်ရမည်ဖြစ်သော်လည်း ပုန်းကွယ်ရမည့်နေရာ တစ်နေရာမျှ မရှိလျှင် ယင်းမှာ လက်ခံနိုင်ဖွယ်ရှိသလော။ ယုန်များမှ ကျွန်ုပ်တို့ သင်ယူရမည်။ ဘုရား ဖန်ဆင်းထားသည့် တိရစ္ဆာန်များတွင် ဤရှင်သန်ရေး စွမ်းရည်ရှိပြီး လူတို့က ၎င်းတို့ထံမှ သင်ယူသင့်သည်”ဟု ပြောကြသည်။ ခေါင်းဆောင်မှု အခန်းကဏ္ဍကို ယူရသည့်အတွက် ဤအယူဝါဒကို ၎င်းတို့ သဘောပေါက်လာကြပြီး သမ္မာတရားကို ၎င်းတို့ နားလည်ပြီးဖြစ်သည်ဟုပင် ယုံကြည်ကြလေသည်။ အမှန်တွင် ၎င်းတို့က အလွန့်အလွန် ကြောက်လန့်ကြသည်။ ၎င်းနေထိုင်သည့် နေရာက ဘေးကင်းလုံခြုံခြင်း မရှိသောကြောင့် ရဲများထံ တိုင်ကြားခြင်းခံရသည့် ခေါင်းဆောင်တစ်ဦးအကြောင်းကိုဖြစ်စေ၊ မိမိတို့၏တာဝန်များကို လုပ်ဆောင်ရန် မကြာခဏ အပြင်ထွက်လွန်းပြီး အလွန်များသော လူတို့နှင့် ဆက်ဆံခဲ့ရသောကြောင့် အဆင်းနီသော နဂါးကြီး၏ သူလျှိုများက ပစ်မှတ်ထားခြင်း ခံရသည့် ခေါင်းဆောင်တစ်ဦးအကြောင်းကိုဖြစ်စေ၊ ဤလူများက ဖမ်းဆီးခြင်းခံရကာ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပုံကိုဖြစ်စေ ၎င်းတို့ ကြားရသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ကြောက်လန့်လာကြသည်။ ၎င်းတို့က “အို မဖြစ်ပါ၊ အဖမ်းခံရမည့် နောက်တစ်ယောက်မှာ ငါများ ဖြစ်လိမ့်မည်လော။ ဤအရာမှ ငါ သင်ယူရမည်။ ငါ အလွန် မတက်ကြွသင့်ပါ။ အသင်းတော် အလုပ်အချို့ကို လုပ်ဆောင်ခြင်းအား ငါ ရှောင်ရှား၍ရနိုင်လျှင် ငါ ရှောင်ရှားလိုက်မည်။ ငါ့မျက်နှာပြခြင်းကို ရှောင်ရှား၍ရနိုင်လျှင် ငါ ရှောင်ရှားလိုက်မည်။ ငါ့အလုပ်ကို ငါ ဖြစ်နိုင်သမျှ နည်းအောင်လုပ်မည်၊ အပြင်ထွက်ခြင်းကို ရှောင်မည်၊ မည်သူမဆိုနှင့် ဆက်ဆံခြင်းကို ရှောင်မည်ဖြစ်ပြီး ငါ ခေါင်းဆောင်ဖြစ်ကြောင်း မည်သူမျှမသိသည်ကို သေချာအောင်လုပ်မည်။ ယနေ့ခေတ်တွင် အခြားတစ်ဦးတစ်ယောက်ကို မည်သူက ဂရုစိုက်ဖို့ တတ်နိုင်မည်နည်း။ အသက်ရှင်နေဖို့သည်ပင် စိန်ခေါ်မှုတစ်ခု ဖြစ်နှင့်ပေပြီ”ဟု တွေးကြသည်။ ခေါင်းဆောင်တစ်ဦး၏ အခန်းကဏ္ဍကို ယူကတည်းက အိတ်တစ်ခုကို သယ်ဆောင်ပြီး ပုန်းကွယ်ခြင်းမှလွဲ၍ မည်သည့်အလုပ်ကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အဖမ်းခံရကာ ပြစ်ဒဏ်ချမှတ်ခံရမည်ကို အမြဲကြောက်သောစိတ်ဖြင့် ရင်တမမ အသက်ရှင်နေကြသည်။ တစ်စုံတစ်ဦးက “သင် အဖမ်းခံရလျှင် အသတ်ခံရလိမ့်မည်။ သင် ခေါင်းဆောင်တစ်ဦး မဟုတ်လျှင်၊ သာမန် ယုံကြည်သူတစ်ဦးသာဖြစ်လျှင် ဒဏ်ငွေအနည်းငယ်မျှ ပေးပြီးနောက်တွင် လွတ်ကောင်းလွတ်မည် ဖြစ်သော်လည်း သင့်အနေဖြင့် ခေါင်းဆောင်တစ်ဦးဖြစ်သည့်အတွက် ပြောရခက်ပေသည်။ အလွန် အန္တရာယ်များသည်။ အဖမ်းခံရသည့် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်အချို့သည် မည်သည့် သတင်းအချက်အလက်ကိုမဆို ပေးဖို့ ငြင်းဆန်ကြပြီး ရဲများက သေသည်အထိ ရိုက်နှက်ခြင်းကို ခံရကြသည်”ဟု ပြောသည်ကို ကြားကြသည်ဆိုပါစို့။ တစ်စုံတစ်ဦးက သေသည်ထိ ရိုက်နှက်ခံရသည်ကို ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အကြောက်တရားက ပြင်းထန်လာပြီး အလုပ်လုပ်ရန် သာ၍ပင် ကြောက်ရွံ့လာကြသည်။ နေ့စဉ် ၎င်းတို့တွေးသမျှအကြောင်းမှာ အဖမ်းခံရခြင်းအား မည်သို့ ရှောင်ရှားရမည်၊ မိမိတို့မျက်နှာများ ပြခြင်းအား မည်သို့ ရှောင်ရှားရမည်၊ စောင့်ကြည့်ခံရခြင်းအား မည်သို့ ရှောင်ရှားရမည်ဆိုသည်နှင့် ၎င်းတို့၏ ညီအစ်ကို မောင်နှမများနှင့် ထိတွေ့ဆက်ဆံရခြင်းအား မည်သို့ ရှောင်ရှားရမည်ဟူသည်တို့ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို ဦးနှောက်ခြောက်ခံ စဉ်းစားကြပြီး မိမိတို့၏ တာဝန်များကို လုံးဝ မေ့လျော့ကြသည်။ ဤသည်တို့မှာ သစ္စာစောင့်သိသော လူများ ဖြစ်ကြသလော။ ဤကဲ့သို့သော လူများသည် အလုပ်တစ်ခုတလေကို ကိုင်တွယ်နိုင်ကြသလော။ (မကိုင်တွယ်နိုင်ကြပါ။) ဤကဲ့သို့သော လူများသည် ကြောက်သာကြောက်တတ်ကြပြီး ဤသရုပ်သကန်တစ်ခုတည်းအပေါ် အခြေခံ၍ အန္တိခရစ်များအဖြစ် ၎င်းတို့ကို ငါတို့ သေချာပေါက် အမည်တပ်၍မရနိုင်သော်လည်း ဤသရုပ်သကန်၏ သဘာဝမှာ အဘယ်နည်း။ ဤသရုပ်သကန်၏ အနှစ်သာရမှာ မယုံကြည်သူတစ်ဦး၏ အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်က လူတို့၏ ဘေးကင်းရေးကို ကာကွယ်ပေးနိုင်ကြောင်း ၎င်းတို့ မယုံကြည်ကြသကဲ့သို့ ဘုရားသခင်အတွက် အသုံးခံရန် မိမိကိုယ်ကို ရည်စူအပ်နှံခြင်းသည် သမ္မာတရားအတွက် မိမိကိုယ်ကို ဆက်ကပ်ခြင်း ဖြစ်ကြောင်းနှင့် ထိုအရာသည် ဘုရားသခင် အသိအမှတ်ပြုသည့် အရာတစ်ခုဖြစ်ကြောင်းတို့ကို ၎င်းတို့ သေချာပေါက် မယုံကြည်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ကို ၎င်းတို့ မကြောက်ကြပေ။ စာတန်နှင့် ဆိုးယုတ်သော နိုင်ငံရေး ပါတီများကိုသာ ကြောက်ကြသည်။ ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့ မယုံကြည်ကြ။ အရာရာက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို မယုံကြည်ကြသကဲ့သို့ သူ့အတွက်လည်းကောင်း၊ သူ၏ လမ်းခရီးကို လိုက်လျှောက်ခြင်းနှင့် သူ၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးစေခြင်းအတွက်လည်းကောင်း အရာရာကို အသုံးခံသည့် လူတစ်ဦးအား ဘုရားသခင် အသိအမှတ်ပြုလိမ့်မည် ဖြစ်သည်ကို သေချာပေါက် မယုံကြည်ကြပေ။ ဤအရာတစ်ခုကိုမျှ ၎င်းတို့ မယုံကြည်ကြပေ။ မည်သည့်အရာကို ၎င်းတို့ ယုံကြည်ကြသနည်း။ ၎င်းတို့အနေဖြင့် အဆင်းနီသော နဂါးကြီး၏ လက်ထဲသို့ ကျရောက်သွားလျှင် မကောင်းသည့် အဆုံးသတ်တစ်ခု တွေ့ကြုံရမည် ဖြစ်ကြောင်း၊ ၎င်းတို့ ပြစ်ဒဏ်ချမှတ်ခံရနိုင်မည့် သို့မဟုတ် ၎င်းတို့၏ အသက်များပင် ဆုံးရှုံးမည့် အန္တရာယ်ရှိနိုင်ကြောင်းကို ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကိုသာ စဉ်းစားကြပြီး အသင်းတော်၏ အလုပ်ကို မစဉ်းစားကြချေ။ ဤလူများသည် မယုံကြည်သူများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကျမ်းစာက မည်သည့်အရာ ပြောသနည်း။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။ (ရှင်မဿဲခရစ်ဝင် ၁၀:၃၉) ဤစကားများကို ၎င်းတို့ ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) မိမိတို့တာဝန်ကို လုပ်ဆောင်စဉ် စွန့်စားရန် စေခိုင်းခြင်းခံရလျှင် မိမိတို့ကိုယ်ကို ပုန်းကွယ်ကာ ၎င်းတို့အား မည်သူမျှ မြင်ခွင့်မပေးရန် ဆန္ဒရှိကြလိမ့်မည် ဖြစ်သည်။ ကိုယ်ပျောက်သောသူ ဖြစ်ချင်ကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့ ကြောက်ရွံ့သည့်အတိုင်းအတာ ဖြစ်သည်။ ဘုရားသခင်သည် လူ၏ အထောက်အပံ့ဖြစ်သည်ကြောင်း၊ အရာရာက ဘုရားသခင်၏ လက်ထဲတွင် ရှိကြောင်း၊ တစ်စုံတစ်ရာ မှားယွင်းလျှင် သို့မဟုတ် ၎င်းတို့ အမှန်တကယ် အဖမ်းခံရလျှင် ထိုအရာကို ဘုရားသခင်က ခွင့်ပြုထားခြင်းဖြစ်ကြောင်းနှင့် လူတို့အနေဖြင့် ကျိုးနွံနာခံသည့် စိတ်နှလုံးများရှိသင့်ကြောင်းတို့ကို ၎င်းတို့က မယုံကြည်ကြပေ။ ဤလူများသည် ဤစိတ်နှလုံးများ၊ ဤသိနားလည်မှု သို့မဟုတ် ဤပြင်ဆင်မှုတို့ မရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) ဤသရုပ်သကန်၏ အနှစ်သာရမှာ မယုံကြည်သူတစ်ဦး၏ အနှစ်သာရ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ပကတိအတိုင်းပင် ဖြစ်၏။ ဤကဲ့သို့သော လူများသည် ထူးထူးခြားခြား ကြောက်တတ်ကြသည်၊ အလွန်အမင်း ကြောက်လန့်ပြီး ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခခံစားရခြင်းနှင့် ၎င်းတို့ထံ မကောင်းသောအရာ တစ်စုံတစ်ခု ဖြစ်ပျက်ခြင်းကို ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် ဂနာမငြိမ်သော ငှက်ကလေးများလောက် ကြောက်လန့်လာပြီး မိမိတို့၏ အလုပ်ကို မထမ်းဆောင်နိုင်ကြတော့ပေ။ အစောပိုင်းက ငါတို့ ပြောခဲ့ကြသည့် ဤလူစားမျိုးသည် လုပ်နိုင်စွမ်းရှိလျှင် မည်သည့်အလုပ်ကိုမျှ တကယ်ကို လုံးဝ လုပ်ဆောင်ခြင်း မရှိကြချေ။ ပြဿနာတစ်ခုရှိသည်ကို ၎င်းတို့ သိလျှင်ပင် ကိုင်တွယ်မည်မဟုတ်။ မိမိတို့ကိုယ်ကိုသာ ကာကွယ်ကြပြီး အထူးတလည် တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်ဖွယ်ဖြစ်ကြသည်။ ဤလူနှစ်မျိုးနှစ်စားလုံးက မယုံကြည်သူများ ဖြစ်ကြသည်။ ပထမအမျိုးအစားမှာ ယုံကြည်စိတ်ချ၍ မရသကဲ့သို့ သစ္စာဖောက်တတ်သည်၊ အခက်အခဲနှင့် ပင်ပန်းနွမ်းလျမှုကို ကြောက်ရွံ့ကြသည်၊ မိမိတို့၏ ခန္ဓာအတွက် ပူပန်ကြပြီး တကယ့်အလုပ်တွင် ပါဝင်ပတ်သက်ခြင်းမရှိကြပေ။ ဒုတိယအမျိုးအစားမှာ ကြောက်တတ်ပြီး ကြောက်လန့်သည်။ တကယ့်အလုပ်ကို မထမ်းဆောင်ဝံ့သကဲ့သို့ အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခံရကာ နှိပ်စက်ညှဉ်းပန်းခြင်းခံရမည်ကို ကြောက်ကြသည်။ ဤလူနှစ်မျိုးနှစ်စားကြားတွင် ခြားနားချက်တစ်ခု ရှိသလော။ (ရှိပါသည်။)
အန္တိခရစ်များက မိမိတို့ကိုယ်တိုင်၏ ဘေးကင်းလုံခြုံမှုအား ကာကွယ်ပုံနှင့်ပတ်သက်၍ သင်တို့ သိသည့် ဥပမာတစ်ခုခု ရှိသလော။ (ဘုရားသခင်၊ ထိုသို့သော ဖြစ်ရပ်တစ်ခု ကျွန်ုပ် သိပါသည်။ မကောင်းသည့်အရာများ လုပ်လျက် သောင်းကျန်းနေသည့် အန္တိခရစ်တစ်ဦး၏ ထိန်းချုပ်ခြင်းခံခဲ့ရသောကြောင့် အဆင်းနီသော နဂါးကြီး၏ ဝင်ရောက်စီးနင်းခြင်းခံခဲ့ရသည့် အသင်းတော်တစ်ပါးရှိပြီး ခေါင်းဆောင်များ၊ သင်းထောက်များနှင့် ညီအစ်ကို မောင်နှမ အနည်းငယ်တို့အားလုံး ဖမ်းဆီးခံခဲ့ရသည်။ ထိုအချိန်တွင် အန္တိခရစ်က အမိခံရမည်ကို စိုးရွံ့ခဲ့သည်။ နောက်ဆက်တွဲကိစ္စကို ကိုင်တွယ်သည့်အလုပ်အတွက် အစီအစဉ်များ ပြုလုပ်ခြင်းမရှိဘဲ ဝေးလံသော နေရာတစ်ခုတွင် သူ ပုန်းအောင်းနေခဲ့သည်။ ဧည့်ခံသော မိသားစုတစ်စုနှင့် နေထိုင်ရန်ပင် သူ ငြင်းခဲ့ပြီး ထိုအစား နေရာတစ်ခု ငှားရန် အလှူငွေများကို မရမက အသုံးပြုခဲ့သည်။ နောက်ပိုင်း အလုပ်အတွက် သင့်တင့်လျောက်ပတ်သည့် အစီအစဉ်များကို သူ မပြုလုပ်ခဲ့သကဲ့သို့ ကွယ်ဝှက်နေသည့် အန္တရာယ်များကို ချက်ချင်း မရှင်းလင်းခဲ့သောကြောင့် ညီအစ်ကို မောင်နှမအချို့ အဖမ်းခံခဲ့ရပြီး အသင်းတော် အလုပ်က မရပ်ချင်ဘဲရပ်လိုက်ရသည်။ အန္တိခရစ်များက အထူးပင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သည်မှာ သိသာထင်ရှားသည်။ သေရေးရှင်ရေး အခိုက်အတန့်အချိန်များတွင် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကိုသာ ကာကွယ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လုံးဝ မကာကွယ်ပါ။) အန္တိခရစ်များသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကြသည်။ ၎င်းတို့၌ ဘုရားသခင်အပေါ် သစ္စာရှိဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းမရှိကြပေ။ ၎င်းတို့သည် ပြဿနာတစ်ခုကို ကြုံရသည့်အခါ မိမိကိုယ်ကိုသာ ကာကွယ်ပြီး ဘေးဆီးရန်ကာကြသည်။ ၎င်းတို့အတွက်မူ မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးထက် မည်သည့်အရာမျှ သာ၍ အရေးမကြီးချေ။ ၎င်းတို့ အသက်ရှင်နိုင်ပြီး အဖမ်းမခံရသရွေ့ အသင်းတော်၏ အလုပ်အဖို့ မည်မျှ ဘေးဖြစ်စေသည်ကို ၎င်းတို့ ဂရုမစိုက်ကြချေ။ ဤလူများ၏ စိတ်သဘောထားသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သည်၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ သို့မဟုတ် အသင်းတော်အတွက် လုံးဝ မစဉ်းစားကြပေ၊ ၎င်းတို့က မိမိတို့၏ ဘေးကင်းလုံခြုံမှုအတွက်သာ စဉ်းစားကြသည်။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်ကြသည်။ ထို့ကြောင့် ထိုသို့သော အရာများသည် ဘုရားသခင်အပေါ် သစ္စာစောင့်သိသည့် သူများနှင့် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်မှုရှိသည့်သူများထံ ဖြစ်ပေါ်သည့်အခါ ၎င်းတို့က ယင်းတို့ကို မည်သို့ ကိုင်တွယ်သနည်း။ ၎င်းတို့ လုပ်ဆောင်သည့်အရာသည် အန္တိခရစ်တို့ လုပ်ဆောင်သည့်အရာနှင့် အဘယ်သို့ ခြားနားသနည်း။ (ဘုရားသခင်ကို သစ္စာစောင့်သိသူများထံ ထိုသို့သော အရာများ ကျရောက်သည့်အခါ ဘုရားအိမ်တော်၏ အကျိူးစီးပွားများကို စောင့်ရှောက်ရန်၊ ဘုရားသခင်၏ အလှူငွေများကို ဆုံးရှုံးမှုများအား ကာကွယ်ရန် ၎င်းတို့ နည်းလမ်းတစ်ခုခု စဉ်းစားကြလိမ့်မည်ဖြစ်ပြီး ဆုံးရှုံးမှုများ နည်းပါးစေရန် ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင် ညီအစ်ကို မောင်နှမများအတွက် လိုအပ်သည့် အစီအစဉ်များကို ပြုလုပ်ကြလိမ့်မည်။ ထိုအချိန်အတောအတွင်းတွင် အန္တိခရစ်များမှာမူ ၎င်းတို့ ကာကွယ်ခြင်းခံရဖို့ ဦးစွာပထမ သေချာအောင် လုပ်ကြသည်။ ၎င်းတို့သည် အသင်းတော်၏ အလုပ် သို့မဟုတ် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသူများ၏ ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ မပူပန်ကြပေ။ အသင်းတော်က အဖမ်းအဆီးများ ရင်ဆိုင်ရသည့်အခါ၊ အကျိုးဆက်အနေဖြင့် အသင်းတော်အလုပ်က ဆုံးရှုံးမှုများ ဖြစ်ပေါ်ရသည်။) အန္တိခရစ်များသည် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင်၏ အလှူငွေများကို စွန့်ပစ်ကြပြီး နောက်ဆက်တွဲကိစ္စကို ကိုင်တွယ်ရန် လူတို့အတွက် မစီစဉ်ပေးကြပေ။ ဤသည်မှာ အဆင်းနီသော နဂါးကြီးအား ဘုရားသခင်၏ အလှူငွေများနှင့် သူ၏ ရွေးချယ်ခြင်းခံရသည့် လူတို့ကို ဖမ်းဆီးခွင့်ပေးခြင်းနှင့် တူသည်။ ဤသည်မှာ ဘုရားသခင်၏ အလှူငွေများနှင့် သူ၏ ရွေးချယ်ထားသောလူတို့အပေါ် ခိုးကြောင်ခိုးဝှက် သစ္စာဖောက်ဖျက်ခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားသခင်ကို သစ္စာစောင့်သိသည့်သူများက ပတ်ဝန်းကျင်တစ်ခုသည် အန္တရာယ် ရှိသည်ကို ရှင်းလင်းစွာ သိသည့်အခါတွင် ၎င်းတို့ကိုယ်တိုင် မဆုတ်ခွာမီ နောက်ဆက်တွဲ အခြေအနေကို ကိုင်တွယ်သည့် အလုပ်ကို လုပ်ဖို့ လိုလားဆဲဖြစ်ကာ ဘုရားအိမ်တော်ကို ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကို ဦးစားမပေးကြပေ။ ငါ့ကိုပြောလော့၊ အဆင်းနီသောနဂါးကြီး၏ ဤကောက်ကျစ်ဆိုးယုတ်သောနိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းတွင် အန္တရာယ်လုံးဝ မရှိဟု မည်သူက သေချာစေနိုင်သနည်း။ မည်သည့်တာဝန်ကို တာဝန်ယူဆောင်ရွက်ပါစေ ယင်းက အန္တရာယ်အချို့ ပါဝင်သည်။ သို့တိုင် တာဝန်ထမ်းဆောင်ခြင်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းထားခြင်းဖြစ်ပြီး ဘုရားသခင်၏ နောက်လိုက်စဉ်တွင် မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အန္တရာယ်ကို ခံယူရမည် ဖြစ်သည်။ အကြင်သူသည် ဉာဏ်ပညာကို အသုံးပြုသင့်ပြီး မိမိ၏ဘေးကင်းလုံခြုံရေးကို သေချာစေဖို့ ချိန်ဆရန် လိုအပ်သော်လည်း မိမိ၏ ကိုယ်ရေးကိုယ်တာ ဘေးကင်းလုံခြုံရေးကို ဦးစားမပေးသင့်ပေ။ ထိုသူသည် ဘုရားအိမ်တော်၏အလုပ်နှင့် ဧဝံဂေလိဖြန့်ဝေခြင်းကို ဦးစားပေးလျက် ဘုရားရည်ရွယ်ချက်များကို အလေးထားသင့်သည်။ မိမိအတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ခြင်းသည် အရေးအကြီးဆုံး အရာဖြစ်ပြီး ဦးစားပေးဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကိုသာ အဓိက ဦးစားပေးကြသည်။ အခြားမည်သည့်အရာမျှ ၎င်းတို့နှင့် မသက်ဆိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ အခြားသူတစ်ဦးကို တစ်စုံတစ်ခုဖြစ်သည့်အခါ၊ ထိုသူ မည်သူဖြစ်နိုင်ပါစေ ၎င်းတို့ ဂရုမစိုက်ကြချေ။ အန္တိခရစ်များ ကိုယ်တိုင် မည်သည့်ဆိုးရွားသည့်အရာမျှ မဖြစ်သရွေ့၊ ၎င်းတို့ စိတ်အေးလက်အေး ဖြစ်ကြသည်။ ၎င်းတို့၌ သစ္စာစောင့်သိခြင်း တစ်စက်မျှ မရှိပေ၊ ယင်းကို အန္တိခရစ်များ၏ သဘာဝ အနှစ်သာရက ဆုံးဖြတ်ပေး၏။ တရုတ်ပြည်မ၏ ပတ်ဝန်းကျင်တွင်၊ မိမိတာဝန်ကို လုပ်ဆောင်နေစဉ် စွန့်စားမှုတစ်ခုတလေကို ရှောင်ရှားရန်နှင့် မကောင်းသည့်အရာ မည်သည့်အရာမျှ မဖြစ်ဖို့ သေချာစေရန် ဖြစ်နိုင်သလော။ သတိအရှိဆုံးသောလူပင်လျှင် ထိုအရာကို အာမမခံနိုင်ပေ။ သို့သော် သတိက လိုအပ်သည်။ ကြိုတင် ကောင်းစွာ ပြင်ဆင်ထားခြင်းသည် ကိစ္စများကို အနည်းငယ် တိုးတက်စေပြီး၊ တစ်စုံတစ်ရာ လွဲချော်သွားသည့်အခါ ဆုံးရှုံးမှုများကို လျော့ပါးစေဖို့ အထောက်အကူပြုနိုင်သည်။ ပြင်ဆင်မှု လုံးဝ မရှိလျှင်၊ ဆုံးရှုံးမှုများက များပြားလိမ့်မည်။ ဤအခြေအနေနှစ်ခုကြားက ကွာခြားချက်ကို သင် ရှင်းရှင်းလင်းလင်း မြင်နိုင်သလော။ ထို့ကြောင့်၊ စုဝေးပွဲများနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ တာဝန်တစ်မျိုးမျိုးကို ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ ဖြစ်စေ၊ သတိရှိခြင်းက အကောင်းဆုံးဖြစ်ပြီး၊ တားဆီးကာကွယ်ရေး စီမံချက်များကို လုပ်ဆောင်ရန် လိုအပ်သည်။ သစ္စာစောင့်သိသည့် လူတစ်ဦးက မိမိတာဝန်ကို ထမ်းဆောင်သည့်အခါ ၎င်းက အနည်းငယ် သာ၍ ပြည့်စုံစွာ၊ စေ့စပ်စွာစဉ်းစားနိုင်သည်။ တစ်စုံတစ်ရာ လွဲချော်သွားသည့်အခါ ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်စေရန်အလို့ငှာ ဤအရာများအပြင် မိမိတို့ လုပ်နိုင်သည့်အရာကို ၎င်းတို့က စီစဉ်လိုကြသည်။ ဤရလဒ်ကို စွမ်းဆောင်ရရှိရမည်ဟု ၎င်းတို့ ခံစားကြသည်။ သစ္စာစောင့်သိမှု ကင်းမဲ့သူတစ်စုံတစ်ဦးသည် ဤအရာများကို ထည့်မတွက်ပေ။ ဤအရာများက အရေးပါခြင်းမရှိဟု ၎င်းတို့ တွေးထင်ပြီး၊ မိမိတို့တာဝန် သို့မဟုတ် အလုပ်အဖြစ် သဘောမထားကြပေ။ တစ်စုံတစ်ရာ လွဲချော်သည့်အခါ၊ မိမိကိုယ်ကို အပြစ်တင်စိတ်တစ်ခုမျှ မခံစားကြရပေ။ ဤသည်မှာ သစ္စာစောင့်သိမှု ကင်းမဲ့ခြင်း သရုပ်သကန်တစ်ခု ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်ကို သစ္စာစောင့်သိမှု မပြကြပေ။ ၎င်းတို့သည် အလုပ်တာဝန်ပေးခံရသည့်အခါ အတော်လေး ဝမ်းမြောက်ဝမ်းသာ လက်ခံကြပြီး ကောင်းမွန်သည့် ကြေညာချက်အချို့ ပြုလုပ်ကြသော်လည်း အန္တရာယ်လာသည့်အခါ အမြန်ဆုံး ထွက်ပြေးသွားကြသည်။ ၎င်းတို့သည် ပြေးရာတွင် ပထမ၊ ရှောင်တိမ်းရာတွင် ပထမဖြစ်သည်။ ဤအရာက ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် စက်ဆုပ်ဖွယ်ဖြစ်ခြင်းတို့သည် အထူးသဖြင့် ဆိုးရွားပြင်းထန်သည်ကို ပြသည်။ ၎င်းတို့တွင် တာဝန်သိစိတ် သို့မဟုတ် သစ္စာစောင့်သိမှု လုံးဝ မရှိကြပေ။ ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ မည်သို့ ထွက်ပြေးပြီး မည်သို့ ပုန်းကွယ်ရမည်ဟူသည်ကိုသာ သိကြကာ မိမိတို့၏ တာဝန်များ သို့မဟုတ် အလုပ်များကို လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ မိမိတို့ကိုယ်ကို ကာကွယ်ခြင်းကိုသာ စဉ်းစားကြသည်။ မိမိတို့၏ ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုအတွက်၊ အန္တိခရစ်များသည် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် သဘာဝကို တစ်သမတ်တည်း ပြသကြသည်။ ဘုရားအိမ်တော်၏ အလုပ် သို့မဟုတ် မိမိတို့ကိုယ်ပိုင် တာဝန်များကို ၎င်းတို့ ဦးစားမပေးကြပေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သာ၍ပင် ဦးစားမပေးကြပေ။ ထိုအစား မိမိတို့ကိုယ်ပိုင် ဘေးကင်းလုံခြုံမှုကိုသာ ဦးစားပေးကြသည်။
ငါတို့ ယခုတင် မိတ်သဟာယပြုခဲ့သည့် ကဏ္ဍခွဲသည် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ဆိုင်သော ကိုးခုမြောက် အချက်ဖြစ်သည့် ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည်ဟူသည့်အရာနှင့် ဆက်စပ်သည် မဟုတ်လော။ (ဆက်စပ်ပါသည်။) မိမိတို့ကိုယ်ကို ကာကွယ်ရန်၊ အန္တရာယ်နှင့် ကိုယ်ခန္ဓာ ဆင်းရဲဒုက္ခခံစားရခြင်းကို ရှောင်ရှားရန်အလို့ငှာ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အလုပ်နှင့် ၎င်းတို့၏ ကိုယ်ပိုင် တာဝန်များအပေါ် ဝတ်ကျေတမ်းကျေဖြစ်သော သဘောထားတစ်ခု ခံယူကြသည်။ တကယ့်အလုပ်ကို လုပ်ဆောင်ခြင်းမရှိဘဲ ရာထူးနေရာများကို ယူကြသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သစ္စာဖောက်ခြင်း မဟုတ်လော။ တစ်ကိုယ်ရေ ဘေးကင်းရေးအတွက် အလဲအလှယ်အနေဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ ဘုရားသခင်၏ အမှုတော်နှင့် ၎င်းတို့၏ ကိုယ်ပိုင် တာဝန်များကို အရေးမထားခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဏ္ဍခွဲတွင် ငါတို့ စိစစ်ကြပြီးဖြစ်သည့် သရုပ်သကန်များက အန္တိခရစ်များ၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သော အနှစ်သာရကို အပြည့်အဝ ဖော်ထုတ်သည်။ ဤနေရာတွင် မည်သည့်အရာကို ငါတို့ အဓိက မိတ်သဟာယ ပြုပြီးဖြစ်သနည်း။ ဒုက္ခရောက်မည်ကို ကြောက်သည့်စိတ်နှင့် မိမိတို့ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ငှာ အန္တိခရစ်များသည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ မဖြည့်ဆည်းကြသကဲ့သို့ ဘုရားသခင်ကို သစ္စာစောင့်သိမှု ဘာဆိုဘာမျှ မပြကြပေ။ ဤသရုပ်သကန်တွင် သမ္မာတရား စစ်မှန်မှု တစ်ခုတလေ ရှိသလော။ ထိုအရာသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ဆုံးရှုံးမှုတစ်ခု မဟုတ်လော။ ဤသည်မှာ လုံးလုံးလျားလျား လူ့သဘာဝ ကင်းမဲ့မှုတစ်ခု ဖြစ်သည်။
ခ။ သူတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်း
မိတ်သဟာယ၏ ဒုတိယကဏ္ဍခွဲဖြစ်သည့် အန္တိခရစ်များ၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်တန်းကို ဆက်ကြစို့။ ဤအရာသည်လည်း အန္တိခရစ်များ၏ အကျိုးစီးပွားများ ပါဝင်ပတ်သက်သည်။ ယခုအခါတွင် အန္တိခရစ်တို့၏ တစ်ကိုယ်ရေ ဘေးကင်းရေး၊ ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်း၊ ပြီးလျှင် ၎င်းတို့ကိုယ်ပိုင် အကျိုးကျေးဇူးများဖြစ်သည့် ငါတို့ ဆွေးနွေးနေသည့် ဤကဏ္ဍခွဲသုံးခုလုံးတွင် ယင်းတို့ထဲမှအားလုံးသည် အန္တိခရစ်များ၏ ကိုယ်ပိုင် အကျိုးစီးပွားများနှင့် ဆက်စပ်သည်။ ဤအရာများသည် ဘုရားအိမ်တော်၏ အလုပ်နှင့် ဆက်စပ်မှုတစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ဆက်စပ်မှုမှာ အဘယ်နည်း။ (အန္တိခရစ်များသည် မိမိတို့ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ကာ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန်အလို့ငှာ အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး အားနည်းစေနိုင်သည်။) အန္တိခရစ်များသည် ၎င်းတို့ ကိုယ်ပိုင် အကျိုးစီးပွားများကို ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ငှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အလုပ်ကို ထိခိုက်နစ်နာစေကြသည်။ အန္တိခရစ်တို့၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သော သဘာဝကို ကြည့်သည့်အခါ ဤလူစားမျိုးက ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို အထူးတလည် ကာကွယ်တတ်ခြင်းအပြင် မည်သည့်အရာကို မြတ်နိုးတန်ဖိုးထားသနည်း။ (၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အလွန်နှစ်သက်ကြသည်။) ယင်းမှာ မှန်ပေ၏။ အန္တိခရစ်များသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အလွန်နှစ်သက်ကြသည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက်သွေးကြော ဖြစ်သည်။ ဘဝက ဂုဏ်သတင်းနှင့် အဆင့်အတန်းမရှိဘဲ အဓိပ္ပာယ်မဲ့သည်ဟု ခံစားရပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းမရှိဘဲ တစ်ခုတလေကို လုပ်ဆောင်ရန် အားအင်မဲ့ကြသည်။ အန္တိခရစ်တို့အတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းနှစ်ခုလုံးသည် ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများနှင့် အတွင်းကျကျ ဆက်နွှယ်သည်။ ယင်းတို့သည် ၎င်းတို့၏ ပျော့ကွက်ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များ လုပ်ဆောင်သမျှတိုင်းသည် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို ဗဟိုပြုလေသည်။ ဤအရာများအတွက် မဟုတ်လျှင် မည်သည့်အလုပ်ကိုမျှ ၎င်းတို့ လုံးဝ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ အန္တိခရစ်များတွင် အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့ အပြင်းအထန် ကြိုးပမ်းနေသည့် ရည်မှန်းချက်၊ ၎င်းတို့ အားထုတ်နေသည့် ဦးတည်ချက်မှာ ဂုဏ်သတင်းနှင့် အဆင့်အတန်းတည်းဟူသော ဤအရာများနှစ်ခုအတွက် ဖြစ်သည်။ တရုတ်ပြည်မကဲ့သို့သော သက်ဦးစံပိုင်အုပ်ချုပ်ရေးနှင့်ဆိုင်သည့် ပတ်ဝန်းကျင်တစ်ခုတွင် ဘုရားသခင်ကို ယုံကြည်သည့်အခါ အန္တိခရစ်များသည် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို သေချာစေရန်အလို့ငှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အလေးထားခြင်း မပြုကြပေ။ ၎င်းတို့ လုပ်ဆောင်သည့်အရာ၏ တစ်စိတ်တစ်ပိုင်းမှာ တန်ခိုးအာဏာကို ခိုင်မာစွာ စွဲကိုင်ကာ အသင်းတော်ကို ထိန်းချုပ်လျက် ၎င်းတို့၏ အစွမ်းရှိသမျှဖြင့် အဆင့်အတန်းကို လိုက်စားကြခြင်း ဖြစ်သည်။ အခြားသော အစိတ်အပိုင်းမှာ ၎င်းတို့သည် ၎င်းတို့တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အမြဲ စကားပြောနေကြသည်၊ အလုပ်လုပ်နေကြသည်၊ ပြေးလွှားအလုပ်များကာ အားသွန်ခွန်စိုက် အလုပ်လုပ်နေကြသည်။ ဤသည်မှာ အန္တိခရစ်များ ပြောဆို၊ လုပ်ဆောင်သမျှတိုင်း ဗဟိုပြုသည့် အဓိကအချက်အချာ ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုအတွက် တကယ့်အလုပ်တစ်ခုမျှ လုံးဝ လုပ်ဆောင်ခြင်း မရှိကြသကဲ့သို့ နိုင်ငံတော် ဧဝံဂေလိတရားကို ပျံ့နှံ့စေရန် တကယ့်အလုပ် တစ်ခုကိုမျှ လုံးဝ မလုပ်ဆောင်ကြပေ။ ၎င်းတို့က အဖိုးအခပေးသည့်အခါ အဘယ်ကြောင့် ၎င်းတို့ အဖိုးအခပေးသည်ကို ကြည့်လော့။ ကိစ္စရပ်တစ်ခုကို ၎င်းတို့ ကြိုးစားပမ်းစား ငြင်းခုံဆွေးနွေးကြသည့်အခါ ထိုအရာကို အဘယ်ကြောင့် ၎င်းတို့ ငြင်းခုံဆွေးနွေးကြသည်ကို ကြည့်လော့။ လူတစ်ဦးကို ၎င်းတို့ ဆွေးနွေးသည့်အခါ၊ သို့မဟုတ် ရှုတ်ချကြသည့်အခါ ၎င်းတို့တွင် မည်သည့် ကြံရွယ်ချက်နှင့် ရည်မှန်းချက် ရှိသည်ကို ကြည့်လော့။ တစ်စုံတစ်ရာနှင့်ပတ်သက်၍ ၎င်းတို့ စိတ်မကောင်းဖြစ်သည့်အခါ၊ သို့မဟုတ် ဒေါသထွက်သည့်အခါ မည်သည့် စိတ်သဘောထားအား ၎င်းတို့ ထုတ်ဖော်ပြသည်ကို ကြည့်လော့။ လူတို့သည် လူတို့၏ စိတ်နှလုံးအတွင်းကို မမြင်နိုင်ကြသော်လည်း ဘုရားသခင်က မြင်နိုင်သည်။ လူတို့ စိတ်နှလုံးများ၏ အတွင်းကို ဘုရားသခင် ကြည့်သည့်အခါ လူတို့ ပြောဆို၊ လုပ်ဆောင်သည့်အရာ၏ အနှစ်သာရကို အကဲဖြတ်ရန် ဘုရားသခင်က မည်သည့်အရာအား အသုံးပြုသနည်း။ ထိုအရာကို အကဲဖြတ်ရန် သူက သမ္မာတရားကို အသုံးပြုသည်။ လူ၏ အမြင်တွင် မိမိ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ခြင်းသည် သင့်တင့်လျောက်ပတ်ပေသည်။ ထို့ကြောင့် ထိုအရာကို ဘုရားသခင်၏ အမြင်တွင် အန္တိခရစ်များ၏ ထုတ်ဖော်ပြချက်နှင့် အမူအရာများ အဖြစ်လည်းကောင်း၊ အန္တိခရစ်များ၏ အနှစ်သာရအဖြစ်လည်းကောင်း အဘယ်ကြောင့် အမည်တပ်ခံရသနည်း။ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သမျှတိုင်းအတွက် တွန်းအားနှင့် လှုံ့ဆော်သောအရာအပေါ် အခြေခံသည်။ ဘုရားသခင်က ၎င်းတို့ လုပ်ဆောင်သည့်အရာအတွက် တွန်းအားနှင့် စိတ်လှုံ့ဆော်မှုတို့ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး အဆုံးတွင် ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအတွက် ဖြစ်ရန် မဆိုထားနှင့်၊ ၎င်းတို့၏ တာဝန်ကို လုပ်ဆောင်ခြင်းအတွက် ဖြစ်ခြင်းထက် ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ဖြစ်သည်ကို ဆုံးဖြတ်သည်။
အန္တိခရစ်များသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားကြသောကြောင့် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထိန်းသိမ်းရန်အလို့ငှာ သေချာပေါက် စကားပြောကာ အလုပ်လုပ်သည်။ ၎င်းတို့သည် အခြားအရာအားလုံးအထက်တွင် ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို တန်ဖိုးထားကြသည်။ ၎င်းတို့ အနီးဝန်းကျင်ရှိ တစ်စုံတစ်ဦးတွင် အစွမ်းအစကောင်းရှိပြီး သမ္မာတရားကို လိုက်စားကာ ဤလူက ညီအစ်ကို မောင်နှမများကြားတွင် ဂုဏ်ဒြပ်တစ်ခုခု ရရှိသည့်အပြင် အဖွဲ့ခေါင်းဆောင်တစ်ဦးအဖြစ် အရွေးခံရပြီး ညီအစ်ကို မောင်နှမများက ဤလူကို အမှန်တကယ် လေးစားကာ အသိအမှတ်ပြုလျှင် အန္တိခရစ်များက မည်သို့ တုံ့ပြန်ကြလိမ့်မည်နည်း။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့ မုချ ဝမ်းသာမည်မဟုတ်သကဲ့သို့ ၎င်းတို့ထဲတွင် မနာလိုမှု ဖြစ်ပေါ်လိမ့်မည်။ အန္တိခရစ်များက မနာလိုမှု ထားရှိလျှင် ငါ့ကို ပြောလော့၊ ၎င်းတို့သည် ဣနြေရရနေထိုင်ကြသလော။ ထိုအရာနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို ၎င်းတို့ လုပ်ဆောင်ရမည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူကို ၎င်းတို့ အမှန်တကယ် အားကျလျှင် မည်သည့်အရာကို လုပ်ဆောင်ကြလိမ့်မည်နည်း။ ၎င်းတို့၏ စိတ်များတွင် “ဤလူတွင် အတော်လေး ကောင်းမွန်သော အစွမ်းအစရှိသည်။ ဤအလုပ်အကိုင်နှင့်ဆိုင်သည့် သိနားလည်မှုတစ်ခုခု ပိုင်ဆိုင်ပြီး ငါ့ထက် ပိုအားကောင်းသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်အတွက် အကျိုးရှိသော်လည်း ငါ့အတွက် အကျိုးမရှိပါ။ ငါ့နေရာကို သူ ယူမည်လော။ တစ်နေ့တွင် ငါ့ကို သူ အမှန်တကယ် အစားထိုးလျှင် ယင်းသည် ဒုက္ခပေးတတ်မည် မဟုတ်လော။ လက်ဦးမှုယူလျက် ငါ ပြုမူဆောင်ရွက်သင့်သည်။ တစ်နေ့တွင် သူက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်လျှင် သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့ ငါ့အတွက် သိပ်လွယ်ကူမည် မဟုတ်ပါ။ အရင်ဆုံး တိုက်ခိုက်ခြင်းက ငါ့အတွက် ပိုကောင်းသည်။ ငါ နှောင့်နှေးပြီး ငါ့ကို ဖော်ထုတ်ခွင့် သူ့ကို ပေးလျှင် အကျိုးဆက်က မည်သည့်အရာဖြစ်မည်ကို မည်သူ သိမည်နည်း။ သို့ဆိုလျှင် အဘယ်သို့ ငါ တိုက်ခိုက်၍ရသနည်း။ ဆင်ခြေတစ်ခုကို ငါ ရှာဖို့လိုသည်၊ အခွင့်အရေးတစ်ခုကို ရှာဖို့လိုသည်”ဟူသော ဤအပိုင်ကြံခြင်းမျိုးကို မုချ ပြုလုပ်ကြမည်ဖြစ်သည်။ ငါ့ကို ပြောလော့၊ လူတို့က တစ်စုံတစ်ဦးကို အပြစ်ပေးလိုလျှင် ထိုသို့အပြစ်ပေးရန် ဆင်ခြေနှင့် အခွင့်အရေးတစ်ခုကို ရှာရသည်မှာ ၎င်းတို့အတွက် လွယ်ကူသည် မဟုတ်လော။ မည်သည့်အရာသည် နတ်ဆိုး၏ နည်းစနစ်များထဲမှ တစ်ခု ဖြစ်သနည်း။ (“မိမိခွေးကို ရိုက်ရန်ဆန္ဒရှိသူသည် တုတ်ကို အလွယ်တကူ ရှာတွေ့လိမ့်မည်”ဟူ၍ ဖြစ်သည်။) အတိအကျပင် “မိမိခွေးကို ရိုက်ရန်ဆန္ဒရှိသူသည် တုတ်ကို အလွယ်တကူ ရှာတွေ့လိမ့်မည်” ဟူ၍ ဖြစ်သည်။ စာတန်၏ လောကတွင် ဤဆင်ခြင်တွေးခေါ်မှုစနစ်မျိုး တည်ရှိပြီး ဤအရာမျိုး ဖြစ်ပျက်ပေသည်။ ဤသည်မှာ ဘုရားသခင်အဖို့ လုံးဝ မတည်ရှိပေ။ အန္တိခရစ်များသည် စာတန်နှင့် သက်ဆိုင်ပြီး ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်ရာတွင် အကျွမ်းကျင်ဆုံး ဖြစ်သည်။ ၎င်းတို့က ဤသို့ တွေးဆကြလိမ့်မည်။ “မိမိခွေးကို ရိုက်ရန်ဆန္ဒရှိသူသည် တုတ်ကို အလွယ်တကူ ရှာတွေ့လိမ့်မည်။ ငါသည် သင်တို့အပေါ် စွပ်စွဲချက်တစ်ခု ထားမည်၊ သင့်ကို အပြစ်ပေးဖို့၊ သင်၏ မာနထောင်လွှားမှုနှင့် မောက်မာမှုတို့ကို ဖိနှိပ်ဖို့နှင့် ညီအစ်ကို မောင်နှမများ သင့်ကို လေးစားသမှုရှိခြင်းနှင့် နောက်တစ်ကြိမ် အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းမှ တားဆီးဖို့ အခွင့်အရေးတစ်ခုကို ရှာမည်ဖြစ်သည်။ ထိုအခါ သင်သည် ငါ့အဖို့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်တော့မည်မဟုတ်၊ ဟုတ်သလော။ ဤအလားအလာရှိသော ပြဿနာကို ဖယ်ရှားရှင်းလင်းပြီး ဤပြိုင်ဘက်ကို ဖယ်ရှားလျှင် ငါသည် စိတ်အေးလက်အေးဖြစ်မည် မဟုတ်လော”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ စိတ်များက ဤကဲ့သို့ ချီတုံချတုံ စဉ်းစားနေလျှင် ပြုမူဆောင်ရွက်ခြင်းမှ အပြင်ပန်းအားဖြင့် ၎င်းတို့ ချုပ်တည်းနိုင်သလော။ အန္တိခရစ်များ၏ သဘာဝကို ထောက်ရှုသော် ၎င်းတို့သည် ဤစိတ်ကူးကို ၎င်းတို့ထဲတွင် သိုဝှက်ထားပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေနိုင်သလော။ လုံးဝ မနေနိုင်ပေ။ ၎င်းတို့အနေဖြင့် ပြုမူဆောင်ရွက်ရန် နည်းလမ်းတစ်ခု မုချ ရှာကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ ရက်စက်မှု ဖြစ်သည်။ ၎င်းတို့သည် ဤကဲ့သို့ တွေးကြသည်သာမက ဤရည်မှန်းချက်ကိုလည်း စွမ်းဆောင်ရရှိလိုကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဦးနှောက်ခြောက်ခံစဉ်းစားရင်း ဤကိစ္စရပ်အပေါ် အသည်းအသန် တွေးဆကြလိမ့်မည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ၎င်းတို့ အလေးမထားကြသကဲ့သို့ အသင်းတော်၏ အလုပ်ကိုလည်း အလေးမထားကြပေ။ ၎င်းတို့၏ လုပ်ရပ်များက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီခြင်းရှိမရှိဟူသည်ကို သာ၍ပင် အရေးမစိုက်ကြချေ။ ၎င်းတို့ တွေးသမျှမှာ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မည်သို့ ထိန်းသိမ်းရမည်၊ ၎င်းတို့၏ တန်ခိုးအာဏာကို မည်သို့ ကာကွယ်ရမည်ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ ပြိုင်ဘက်က ၎င်းတို့၏ အဆင့်အတန်းအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပေါ်စေနှင့်ပြီးဖြစ်သည်ဟု ၎င်းတို့ တွေးကြသည်။ ထို့ကြောင့် ထိုသူကို ဖြုတ်ချဖို့ အခွင့်အရေးတစ်ခု ကြိုးစားရှာကြသည်။ ၎င်းတို့၏ ပြိုင်ဘက်က မိမိတာဝန်ကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် တစ်စိုက်မတ်မတ် လုပ်ဆောင်နေခဲ့သူတစ်ဦးကို ၎င်းတို့ကို တိုင်ပင်ခြင်းမရှိဘဲ အစားထိုးကြောင်းကို ၎င်းတို့ သိသည့်အခါ ၎င်းတို့ ဤအရာကို ၎င်းတို့၏ ပြိုင်ဘက်အပေါ် တစ်စုံတစ်ခုနှင့်ပတ်သက်၍ အပြစ်တင်စွပ်စွဲရန် ပြီးပြည့်စုံသော အခွင့်အရေးတစ်ခုအဖြစ် မြင်ကြလေသည်။ ညီအစ်ကို မောင်နှမများရှေ့တွင် ၎င်းတို့က “လူတိုင်း ယနေ့ ဤနေရာတွင် ရှိသဖြင့် ဤကိစ္စရပ်ကို စိစစ်ဖို့အတွက် တင်ပြကြစို့။ တစ်စုံတစ်ဦးကို ခွင့်ပြုချက်မရှိဘဲ၊ သင်၏ လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် အလုပ်ဖော်များနှင့် ဆွေးနွေးခြင်းမရှိဘဲ အစားထိုးခြင်းသည် အာဏာရှင်ဆန်သော လုပ်ရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အမှားတစ်ခုကို တစ်စုံတစ်ဦးက အဘယ်ကြောင့် ပြုလုပ်မိမည်နည်း။ ၎င်းတို့၏ စိတ်သဘောထားနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိသည် မဟုတ်လော။ ၎င်းတို့ ပြုပြင်ခံရသင့်သည် မဟုတ်လော။ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို စွန့်ပစ်သင့်သည် မဟုတ်လော” ဟု ပြောကြသည်။ ဤကိစ္စကို ၎င်းတို့က မလွတ်တမ်းအသုံးချပြီး ၎င်းတို့၏ ပြိုင်ဘက်ကို မတရားသဖြင့် ပြစ်တင်ဝေဖန်ကာ မိမိတို့ကိုယ်ကို မြှင့်တင်ရန် တစ်ဆိတ်ကိုတစ်အိတ်လုပ်၍ ပြောဆိုကြလေသည်။ လက်တွေ့အရှိတရားတွင် အခြေအနေက ထိုမျှ မပြင်းထန်ပေ။ ပြင်ဆင်ချက် သို့မဟုတ် အစားထိုးခြင်းက စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းသရွေ့ အဖွဲ့ဝင်တစ်ဦး၏ တာဝန်က ပြင်ဆင်ခံရပြီးနောက် သို့မဟုတ် အစားထိုးခံရပြီးနောက်တွင် အစီရင်ခံချက်တစ်ခု ပြုလုပ်ခြင်းက လုံးဝ လက်ခံနိုင်စရာ ဖြစ်သည်။ သို့သော် အန္တိခရစ်များက ဤကိစ္စကို တစ်ဆိတ်ကိုတစ်အိတ်လုပ်၍ ပြောဆိုကြလေသည်။ ၎င်းတို့သည် ၎င်းတို့၏ ပြိုင်ဘက်ကို တမင် တိုက်ခိုက်ပြီး မိမိတို့ကိုယ်ကို ချီးမြှောက်ကြသည်။ ဤသည်မှာ အခြားသူများကို အပြစ်ပေးခြင်းနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့၏ ပြိုင်ဘက်ကို ရက်စက်စွာ ပြုပြင်ပြီး ထိုသူနှင့်ပတ်သက်သည့် ပုံကြီးချဲ့ထားသော စွပ်စွဲချက်များကို ပြုလုပ်ကြသည်။ ဤအကြောင်းကို ကြားပြီးနောက်တွင် ညီအစ်ကို မောင်နှမများက “ဤနေရာတွင် မည်သည့်အရာ ဖြစ်နေသနည်း။ တစ်စုံတစ်ခု မှားနေပုံရသည်။ သူတို့ ပြောနေသည့်အရာသည် လက်တွေ့အရှိတရားနှင့် မကိုက်ညီပါ။ မိမိ၏တာဝန် ပြင်ဆင်ခြင်းခံရသည့်လူသည် ထိုအရာကို တာဝန်သိသိ ထမ်းဆောင်နေခဲ့ခြင်း မဟုတ်ပါ။ ယင်းမှာ လက်ခံထားသည့် အချက်တစ်ခု ဖြစ်သည်။ အသင်းတော်၏ အလုပ်ကို ထိန်းသိမ်းရန်အလို့ငှာ ထိုသူသည် လူစားလဲခံရခြင်း ဖြစ်သည်။ မိမိ၏တာဝန်ကို ဤသို့ ထမ်းဆောင်ခြင်းသည် လေးနက်ပြီး တာဝန်ယူသော လုပ်နည်းကိုင်နည်းတစ်ခုဖြစ်ပြီး သစ္စာစောင့်သိမှုနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ဤအရာကို အာဏာရှင်ဆန်သော လုပ်ရပ်တစ်ခုအဖြစ် အဘယ်ကြောင့် အမည်တပ်ရသနည်း။ ဤသည်မှာ ‘မိမိခွေးကို ရိုက်ရန်ဆန္ဒရှိသူသည် တုတ်ကို အလွယ်တကူ ရှာတွေ့လိမ့်မည်’ ဟူသည့် ကိစ္စတစ်ခုဖြစ်သည်မှာ သိသာပေသည်။” သမ္မာတရား သိနားလည်မှုအချို့နှင့် ပိုင်းခြားသိမြင်မှု အနည်းငယ်ရှိသည့် မည်သူမဆိုက ဤအန္တိခရစ်များသည် ဩဇာသုံးနေပြီး မိမိတို့ ပြိုင်ဘက်အပေါ် ဒေါသဖြင့်မဲနေခြင်းဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သတိပြုမိနိုင်ပေသည်။ ဤသည်မှာ အဘယ်သို့ဖြစ်ပြီး အလုပ်အတွက် တာဝန်ယူခြင်း ဖြစ်သနည်း။ ဤသည်မှာ အဘယ်သို့ဖြစ်ပြီး လူကို ပြုပြင်ခြင်း ဖြစ်သနည်း။ ဤအန္တိခရစ်များက ဘာမျှမဟုတ်သည့်အရာကို ရေးကြီးခွင့်ကျယ် လုပ်နေကြခြင်း ဖြစ်သည်။ ထိုအရာသည် လုံးလုံး လက်တုံ့ပြန်ခြင်းနှင့် ကိုယ်ရေးကိုယ်တာ လက်စားချေခြင်းသာ ဖြစ်သည်။ ဤအရာသည် လူ၏ အလိုဆန္ဒနှင့် စာတန်ထံမှ လာသည်၊ ဘုရားသခင်ထံမှာ မလာပေ။ အလုပ်အတွက်လည်းကောင်း၊ ၎င်းတို့၏ တာဝန်များအတွက်လည်းကောင်း တာဝန်ယူသော သဘောထားတစ်ခုမှ လာခြင်း သေချာပေါက် မဟုတ်ပေ။ ယင်းမှာ ၎င်းတို့၏ ရည်ရွယ်ချက် မဟုတ်။ အန္တိခရစ်များက ၎င်းတို့၏ ရည်ရွယ်ချက်ကို အလွန်ရှင်းလင်းစွာ ဖော်ထုတ်ပြီး လူအချို့က ဤအရာကို မြင်နိုင်ကြသည်။ အန္တိခရစ်များက ယင်းကို သတိပြုမိနိုင်ကြသလော။ (သတိပြုမိနိုင်ကြပါသည်။) ယင်းမှာ အန္တိခရစ်များ၏ ပါးနပ်မှုဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အဆင့်အတန်းကို ကာကွယ်ရာတွင်လည်းကောင်း၊ တစ်ပတ်ရိုက်ရာတွင်လည်းကောင်း၊ လူတို့ကို စည်းရုံးသိမ်းသွင်းရာတွင်လည်းကောင်း၊ အထူးသဖြင့် လူတို့ စိတ်နှလုံးများထဲသို့ “ထိုးထွင်းအမြင်” ရှိရာတွင်လည်းကောင်း အကျွမ်းကျင်ဆုံး ဖြစ်သည်။ ၎င်းတို့က “သင်တို့စိတ်နှလုံးများတွင်ရှိသည့် အတွေးတိုင်းကို ငါ ရိပ်စားမိနိုင်သည်။ သင်တို့သည် သမ္မာတရားကို နားလည်ကောင်း နားလည်ကြမည် ဖြစ်သော်လည်း ငါ့ကို မရိပ်စားမိနိုင်ပါ။ သင်တို့ကို ငါ ရိပ်စားမိနိုင်သည်။ ငါ ပြောသည့်အရာကို မည်သူက လက်ခံယုံကြည်ခြင်းမရှိသည်ကို ငါ ပြောနိုင်သည်”ဟု မိမိတို့ဘာသာ တွေးကြသည်။ သို့သော် ဤအရာတစ်ခုကိုမျှ ၎င်းတို့ ပြောဆိုကြသလော။ မပြောဆိုကြပေ။ လူတိုင်း လက်ခံယုံကြည်စေရန်၊ ၎င်းတို့က ထိုလူကို ပြုပြင်ခြင်းအတွက် ကျိုးကြောင်းသင့်သည်ဟု ထိုသူတို့ကို တွေးထင်စေရန် ကျေနပ်စရာကောင်းသည့် အချို့သော စကားလုံးများနှင့် အသုံးအနှုန်းများကို အသုံးပြုကြလေသည်။ မည်သည့်စကားလုံးများကို ၎င်းတို့ အသုံးပြုကြသနည်း။ ၎င်းတို့က “ကျွန်ုပ်သည် သင့်ကို တစ်ကိုယ်ကောင်းဆန်သည့်၊ ကိုယ်ရေးကိုယ်ရာ ရည်ရွယ်ချက်ကြောင့် ပြုပြင်ခဲ့ခြင်း မဟုတ်ပါ။ အမှန်တွင် ကျွန်ုပ်တို့ကြား၌ ပုဂ္ဂိုလ်ရေး အာဃာတမရှိပါ။ သင့်အနေဖြင့် ထိုလူကို သူ၏ တာဝန်မှ မဆင်မခြင် ဖယ်ရှားသည့်အခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်ခြင်းသာ ဖြစ်သည်။ ယင်းကို ကျွန်ုပ် လျစ်လျူရှု၍ ရနိုင်သလော။ သင့်ကို ထိုအရာကို ကျွန်ုပ် လုပ်ခွင့်ပေးခဲ့လျှင် ကျွန်ုပ်ဘက်မှ တာဝန်မဲ့ခြင်း ဖြစ်မည်။ ကျွန်ုပ်သည် သင့်ကိုဖြစ်စေ၊ တစ်ဦးတလေကိုဖြစ်စေ အထူးတလည် ပစ်မှတ်ထားရန် ဤအရာကို လုပ်ဆောင်နေခြင်း မဟုတ်ပါ။ ကျွန်ုပ်ဘက်က မှားနေလျှင် ညီအစ်ကို မောင်နှမများက ကျွန်ုပ်ကို ဝေဖန်ကာ ပြစ်တင်မောင်းမဲနိုင်သည်။ နောက်လာမည့် ရွေးကောက်ပွဲတွင် ကျွန်ုပ် ဝင်ပြိုင်မည်မဟုတ်ပါ”ဟု ပြောကြသည်။ ဤအရာကို လူအချို့က ကြားသည့်အခါ ၎င်းတို့က လုံးလုံး နားဝေတိမ်တောင် ဖြစ်သွားသည်။ ၎င်းတို့က “သူ့ကို ငါ အထင်လွဲမိပြီထင်သည်။ ရွေးကောက်ပွဲအတွင်းတွင်ပင် ဝင်ပြိုင်ဖို့ပင် သူသည် လိုလားခြင်း မရှိကြပါ။ သူသည် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ရန် ထိုလူကို ပြုပြင်ခဲ့ခြင်း မဟုတ်ပါ၊ ၎င်း၏ လုပ်ရပ်သည် အသင်းတော်အလုပ်အတွက် တာဝန်ယူတတ်သည့် သဘောထားတစ်ခုအပေါ် အခြေခံသည်။ ဤအရာတွင် အပြစ်မရှိပါ”ဟု တွေးထင်ကြလေသည်။ ဤအန္တိခရစ်များသည် လူအချို့ကို တစ်ဖန် အထင်အမြင်မှားစေနိုင်ကြသည်။ အန္တိခရစ်များသည် ဉာဏ်များကြသည် မဟုတ်လော။ (ဉာဏ်များကြပါသည်။) အလွန့်အလွန် ဉာဏ်များကြ၏။ အန္တိခရစ်များက ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်၊ ၎င်းတို့ စိတ်နှလုံး၏ နက်ရှိုင်းရာကို နှိုက်နှိုက်ချွတ်ချွတ် စူးစမ်းလေ့လာပြီး လိုအပ်သည့် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုကြသည်ဟု ဆိုနိုင်ပေသည်။ “သူတို့ကို ပါးရိုက်ပြီးနောက် ချိုမြိန်သော နေ့စွဲတစ်ခုကို ပေးပါ”ဟူသည့် ဆိုရိုးစကားတစ်ခုခု ရှိသည်။ အန္တိခရစ်များသည် ဤနည်းစနစ်ကို အသုံးပြုကြမည် မဟုတ်လော။ သင့်ကို တိုက်ခိုက်ပြီးနောက်တွင် သင့်ကို ချော့ရန်၊ နှစ်သိမ့်ရန်နှင့် ၎င်းတို့က အလွန့်အလွန် စိတ်ရှည်၊ သည်းခံပြီး ချစ်ခင်တတ်သည်ဟု ခံစားစေရန် နှစ်လိုဖွယ်ကောင်းသော စကားအချို့ကို ပြောကောင်းပြောကြမည် ဖြစ်သည်။ နောက်ဆုံးတွင် သင်သည် ၎င်းတို့ကို အသိအမှတ်ပြုကာ “ကြည့်ပါ၊ ဤလူသည် သူ၏ အလုပ်တွင် ထိုသို့သော ရှင်းလင်းသည့် ရည်မှန်းချက်များရှိပြီး ထိုအလုပ်တွင် သူသည် အလွန် ကျွမ်းကျင်ကြသည်။ ကောင်းလိုက်သည့် ပညာပါတကား။ ၎င်းတို့တွင် ခေါင်းဆောင်၏ အရည်အသွေးများရှိသည်မှာ သိသာထင်ရှားပြီး ကျွန်ုပ်တို့အားလုံးသည် သူနှင့် ယှဉ်လိုက်ပါက အရည်အချင်း မပြည့်မီဟု ခံစားရသည်”ဟု ပြောရလေသည်။ ထိုအခါ ဤအန္တိခရစ်များသည် ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိကြပြီးဖြစ်သည် မဟုတ်လော။ ဤသည်တို့မှာ အန္တိခရစ်များ၏ လှည့်ကွက်များဖြစ်သည်။
အန္တိခရစ်များသည် အထူးသဖြင့် ဒုက္ခပေးတတ်ပြီး ဉာဏ်များကြသည်။ ၎င်းတို့ ပြောသမျှတိုင်းကို အသေအချာ စဉ်းစားထားခြင်းဖြစ်သည်။ မည်သူမျှသည် ဟန်ဆောင်ရာတွင် သာ၍ မကျွမ်းကျင်ပေ။ သို့သော် လျှို့ဝှက်ချက်များ ပေါက်ကြားသွားသည်နှင့်၊ ၎င်းတို့ကို အရှိအတိုင်း လူတို့ မြင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကိုယ်တိုင်အတွက် ငြင်းခုံရန် အစွမ်းကုန် လုပ်ဆောင်ကြပြီး အခြေအနေကို ကုစားရမည့် နည်းလမ်းများကို စဉ်းစားကြကာ ၎င်းတို့၏ ပုံရိပ်နှင့် ဂုဏ်သတင်းကို အဖတ်ဆယ်ဖို့ နည်းလမ်းတစ်ခုအဖြစ် အကျပ်အတည်းမှ လွတ်လမ်းထွင်ရန် လှည့်ဖြားကြလေသည်။ အန္တိခရစ်များသည် နေ့စဉ် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက်သာ အသက်ရှင်သည်။ ဂုဏ်အဆင့်အတန်း၏ အကျိုးကျေးဇူးများတွင် ပျော်မွေ့ရန်အတွက်သာ အသက်ရှင်ကြသည်။ ဤအရာကိုသာ ၎င်းတို့စဉ်းစားသည်။ ၎င်းတို့က ရံဖန်ရံခါ အချို့သော အသေးစား ဆင်းရဲဒုက္ခများကို ခံသောအခါ၊ သို့မဟုတ် အချို့သော အသေးအဖွဲအဖိုးအခများကို ပေးဆပ်သောအခါတွင်ပင် ယင်းသည် ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ရရှိရန်အတွက်ဖြစ်သည်။ ဂုဏ်အဆင့်အတန်းကို လိုက်စားခြင်း၊ အာဏာစွဲကိုင်ခြင်း၊ လွယ်ကူသောဘဝရှိခြင်းတို့သည် အန္တိခရစ်များက ဘုရားသခင်ကို ယုံကြည်သည်နှင့် ၎င်းတို့အစဉ် ကြံစည်သော အဓိကအရာများဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ပန်းတိုင်များကို ရရှိသည်အထိ လက်မလျှော့ကြပေ။ ၎င်းတို့၏ မကောင်းမှုများ ဖော်ထုတ်ခံရလျှင် ၎င်းတို့က ထိတ်လန့်တုန်လှုပ်ကြသည်။ မိုးကောင်းကင်က ၎င်းတို့အပေါ် ပြိုကျတော့မည့်အလားဖြစ်သည်။ ၎င်းတို့သည် စား၍မဝင်နိုင်၊ အိပ်၍မပျော်နိုင်ပေ။ ၎င်းတို့သည် အိပ်မွေ့ချခံရသကဲ့သို့ ဖြစ်သည်။ စိတ်ဓာတ်ကျခြင်းကို ခံစားနေရသကဲ့သို့ဖြစ်သည်။ မည်သို့ဖြစ်သည်ကို လူတို့က မေးသောအခါတွင် ၎င်းတို့က မုသားများဖန်တီးပြီး “မနေ့က ကျွန်ုပ်သည် အလွန်အလုပ်ရှုပ်ပြီး တစ်ညလုံး မအိပ်ရပါ။ ထို့ကြောင့် ကျွန်ုပ် အလွန် ပင်ပန်းနေသည်” ဟု ပြောသည်။ သို့သော် အမှန်တကယ်တွင် မည်သည့်အရာမျှ မမှန်ပေ။ အားလုံးက လှည့်စားခြင်း ဖြစ်သည်။ ၎င်းတို့သည် “ငါလုပ်ခဲ့သည့် မကောင်းသောအရာများက ဖော်ထုတ်ခံရပြီဖြစ်သည်။ သို့ဖြစ်၍ ငါ၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို မည်သို့ပြန်ရအောင် လုပ်နိုင်မည်နည်း။ ငါ့ကိုယ်ငါ အဖတ်ဆယ်ဖို့အတွက် မည်သည့်နည်းကို ငါအသုံးပြုနိုင်မည်နည်း။ လူတိုင်းအပေါ် ဤအရာကို ရှင်းပြရန် မည်သည့်လေသံ သုံး၍ရမည်နည်း။ ငါ့ကို လူများ မရိပ်စားမိစေရန် မည်သည့်အရာကို ငါပြော၍ရနိုင်မည်နည်း” ဟူ၍ အစဉ်သဖြင့် တွေးတောနေခြင်းကြောင့် ဤသို့ ခံစားရခြင်းဖြစ်သည်။ ၎င်းတို့သည် အချိန်ကြာသည်အထိ မည်သည့်အရာကိုလုပ်ရမည်ကို အဖြေမရှာနိုင်ပေ။ ထို့ကြောင့် စိတ်ဓာတ်ကျကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ မျက်လုံးသည် တစ်နေရာထဲတွင် ခံစားချက်မဲ့စွာ စိုက်ကြည့်နေသည်။ မည်သည့်အရာကို ကြည့်သည်ကို မည်သူကမျှ မသိပေ။ ပြဿနာများက ၎င်းတို့ကို ဦးနှောက်ခြောက်အောင် စဉ်းစားစေသည်။ အကြောင်းပြချက်ပေါင်းစုံကို ကုန်စင်အောင် စဉ်းစားသည်။ စားချင်သောက်ချင်စိတ် မရှိအောင် ဖြစ်စေသည်။ ဤသို့ဖြစ်သော်လည်း ၎င်းတို့သည် အသင်းတော်အလုပ်ကို ဂရုစိုက်သည့်အသွင် ဟန်ဆောင်နေဆဲဖြစ်ပြီး လူတို့ကို မေးသည်။ “ဧဝံဂေလိအလုပ်က မည်သို့သော အခြေအနေရှိသနည်း။ တရားဟောသည်မှာ မည်မျှ ထိရောက်သနည်း။ ညီအစ်ကိုမောင်နှမများက ယခုရက်ပိုင်းတွင် အသက်ဝင်ရောက်မှု တစ်ခုခု ရခဲ့သလော။ တစ်စုံတစ်ဦးက အနှောင့်အယှက်နှင့် အဖျက်အဆီးများ ပြုနေသလော” ဟူ၍ ဖြစ်သည်။ အသင်းတော်အလုပ်နှင့်ပတ်သက်သည့် ၎င်းတို့၏ ဤမေးမြန်းခြင်းများသည် အခြားသူများအတွက် အပြသဘောအဖြစ် ရည်ရွယ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ပြဿနာများကို အမှန်တကယ် သိခဲ့ပါက ယင်းတို့ကို ဖြေရှင်းနိုင်ခဲ့မည် မဟုတ်သောကြောင့် ၎င်းတို့၏ မေးခွန်းများသည် အသင်းတော်၏ အလုပ်အပေါ် ဂရုစိုက်ခြင်းအဖြစ် အခြားသူများ မြင်စေဖို့ဖြစ်နိုင်သည့် လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာ ဖြစ်လေသည်။ တစ်စုံတစ်ဦးသည် ၎င်းတို့ ဖြေရှင်းဖို့အတွက် အသင်းတော်၏ ပြဿနာများကို တိုင်ကြားလာပါက ၎င်းတို့သည် ခေါင်းခါမည်သာ ဖြစ်သည်။ မည်သည့်အကြံအစည်မျှ ၎င်းတို့အသုံးပြုနိုင်မည် မဟုတ်ဘဲ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဟန်ဆောင်လိုသော်လည်း ဟန်မဆောင်နိုင်ကြသကဲ့သို့ မြင်သာအောင်ပြခြင်းနှင့် ထုတ်ဖော်ခြင်းတို့ကို ခံရဖို့ အန္တရာယ်ရှိမည် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ တစ်ဘဝလုံးတွင် ၎င်းတို့ရင်ဆိုင်ရသည့် အကြီးဆုံး ပြဿနာဖြစ်သည်။ ဤအချိန်တွင် အန္တိခရစ်များသည် “ဤအရာ ဆက်ဖြစ်၍မရပါ”ဟု ပြောသည့်အလား ရံဖန်ရံခါ ခေါင်းခါလျက် ပူသော ပန်းကန်ပြားတစ်ချပ်ပေါ်က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်သည်။ ထို့နောက် ၎င်းတို့က “အဘယ်သို့ဖြစ်ပြီး ငါ အလွန် မိုက်မဲရသနည်း။ ဤကိစ္စရပ်နှင့်ပတ်သက်၍ အဘယ်သို့ဖြစ်ပြီး ငါ မှောက်မှားနိုင်ခဲ့ရသနည်း”ဟု တွေးနေသည့်အလား မိမိတို့ခေါင်းများကို မိမိတို့လက်များဖြင့် ရိုက်ကြလေသည်။ အန္တိခရစ်များက ဤအချက်ကို လက်မခံနိုင်ကြသကဲ့သို့ သက်ပြင်းသာချနိုင်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများကို ဖြည့်ဆည်းရန် ဒုစရိုက်အမှုမျိုးစုံကို ကျူးလွန်ကြလျက် ၎င်းတို့၏ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက်သာ အလုပ်လုပ်ပေးကြသည်၊ ဆင်းရဲဒုက္ခခံကြပြီး အဖိုးအခပေးကြလေသည်။ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ ဖော်ထုတ်ခြင်းခံရခြင်းသည် ရှောင်လွှဲမရသော ရလဒ်တစ်ခု ဖြစ်သည်။ လူတို့သည် သမ္မာတရားကို မလိုက်စားခြင်းမှ အနှေးနှင့်အမြန် ပြိုလဲဖို့ သေချာသည်။ ဤဆိုရိုးစကားသည် အန္တိခရစ်များနှင့်ပတ်သက်၍ အံကိုက် ပြည့်စုံလေသည်။ ဟန်ဆောင်မှုများတွင် ကျွမ်းကျင်ပြီး ကျလောက်အောင် ပြောနိုင်ကာ အခြားသူတို့ကို အထင်အမြင်မှားစေနိုင်သော်လည်း ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က သမ္မာတရားကို နားလည်ပြီး လူတစ်ဦး၏ အနှစ်သာရကို ပိုင်းခြားသိမြင်နိုင်လျှင် အန္တိခရစ်များက မည်မျှ နက်ရှိုင်းစွာ ကွယ်ဝှက်သည်ဖြစ်စေ၊ မကောင်းမှု မည်မျှ လုပ်ဆောင်ကြသည်ဖြစ်စေ ယင်းတို့ကို လုံးဝ ပိုင်းခြားသိမြင်နိုင်ကြသည်။ “မကောင်းမှုကို ဆက်တိုက် လုပ်ဆောင်ခြင်းသည် မိမိကိုယ်ကို ပျက်စီးရာပျက်စီးကြောင်း ဖြစ်စေသည်”ဟူသည်နှင့် “မီးဖြင့် ကစားခြင်းသည် သင့်ကို လောင်စေလိမ့်မည်”ဟူသကဲ့သို့သော ဆိုရိုးစကားနှစ်ခု ရှိသည်။ ဤအရာများမှာ အမှုအရာများ တိုးတက်ဖြစ်ထွန်းခြင်းကို စိုးမိုးသည့် ဓမ္မဓိဋ္ဌာန်ကျသော ဥပဒေသများ၊ အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးအတွက် ဘုရားသခင် ထူထောင်ထားသည့် ဥပဒေသများဖြစ်သည်။ မည်သူကမျှ ထိုအရာများကို ရှောင်လွှဲ၍မရနိုင်ပေ။ အန္တိခရစ်များ၏ အုပ်စိုးမှုအောက်တွင် အသင်းတော်အလုပ်သည် ဆက်ရှိနေသော်လည်း ယင်း၏ ထိရောက်မှုမှာ ကြီးမားစွာ လျော့ပါးသွားပြီဖြစ်သည်။ အရေးကြီးသော အလုပ်တစ်ခုခုကို ဆိုးယုတ်သော ပုဂ္ဂိုလ်များက ထိန်းချုပ်ထားဆဲဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည် ဖော်ထားခြင်း မရှိလေပြီ။ ဘုရားသခင်၏ ရွေးချယ်ထားသောလူတို့သည် အသီးသီး မိမိတို့တာဝန်ကို လုပ်ဆောင်နေကြသော်လည်း စစ်မှန်သည့် ရလာဘ် မရှိသကဲ့သို့ အမျိုးမျိုးသော အလုပ်တာဝန်များက တုံ့ဆိုင်းသွားသည့် အခြေအနေတစ်ခုတွင် ရှိသည်မှာ ကြာပြီဖြစ်သည်။ ဤပြဿနာများ၏ ဖြစ်ကြောင်းရင်းမြစ်မှာ အဘယ်နည်း။ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်များက အသင်းတော်ကို ထိန်းချုပ်ထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ အန္တိခရစ်များအာဏာရှိသည့် မည်သည့်နေရာမဆိုတွင် ၎င်းတို့၏ လွှမ်းမိုးနယ်ပယ်က မည်သို့ရှိသည်ဖြစ်စေ၊ အုပ်စုတစ်စုသာရှိသည်ဖြစ်စေ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတစ်စိတ်တစ်ပိုင်း၏ အသက်ဝင်ရောက်မှုကို လွှမ်းမိုးမည်ဖြစ်သည်။ အသင်းတော်တွင် ၎င်းတို့ အာဏာရှိလျှင် အသင်းတော်အလုပ်နှင့် ဘုရားအလိုတော်သည် ထိုနေရာတွင် နှောင့်ယှက်ခံရသည်။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များသည် အသင်းတော်အချို့တွင် အဘယ်ကြောင့် အကော်အထည် မဖော်နိုင်သနည်း။ ဤသည်မှာ ဤအသင်းတော်များတွင် အန္တိခရစ်များ၏အာဏာ ရှိသောကြောင့် ဖြစ်သည်။ အန္တိခရစ်ဖြစ်သူ မည်သူမဆိုသည် ဘုရားသခင်အတွက် ရိုးသားစစ်မှန်စွာ အသုံးခံမည်မဟုတ်။ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းသည် လုပ်ရိုးလုပ်စဉ်နှင့် ဟန်ပြလုပ်ဆောင်ခြင်းတို့သာ ဖြစ်လိမ့်မည်။ ၎င်းတို့သည် ခေါင်းဆောင်များ၊ အမှုဆောင်များ ဖြစ်လျှင်ပင် တကယ့်အလုပ်ကို လုပ်ဆောင်မည်မဟုတ်။ ပြီးလျှင် ၎င်းတို့သည် အသင်းတော်အလုပ်ကို လုံးဝ ကာကွယ်ခြင်းမရှိဘဲ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက်သာ ပြောဆိုလုပ်ဆောင်လိမ့်မည်။ ဤသို့ဆိုလျှင် အန္တိခရစ်များက တစ်နေကုန် မည်သည့်အရာကို လုပ်ဆောင်သနည်း။ ၎င်းတို့သည် ဟန်ဆောင်လုပ်ကိုင်ပြပြီး ကြွားဝါနေခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ ပါဝင်သောအရာများကိုသာ လုပ်ဆောင်ကြသည်။ အခြားလူများကို အထင်အမြင်မှားစေခြင်း၊ လူတို့ကို ဆွဲဆောင်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြသည်။ ပြီးလျှင် ခွန်အားစုဆောင်းပြီးသည့်အခါ ပို၍များသော အသင်းတော်များကို ဆက်လက်ထိန်းချုပ်ကြလိမ့်မည်။ ၎င်းတို့က ဘုရင်များအဖြစ်သာ အုပ်စိုးလိုကြပြီး အသင်းတော်တို့ ၎င်းတို့၏ သီးခြားနိုင်ငံတော်အဖြစ် ပြောင်းလဲလိုကြသည်။ ၎င်းတို့သည် ကြီးမြတ်သည့် ခေါင်းဆောင်များဖြစ်ဖို့၊ ပြည့်စုံ၍ တစ်ဖက်သတ်ဖြစ်သော အာဏာကို ရဖို့၊ ပို၍များသော အသင်းတော်များကို ထိန်းချုပ်ဖို့သာ လိုလားကြသည်။ အခြားမည်သည့်အရာကိုမျှ စိုးစဉ်းမျှ ဂရုမစိုက်ကြပေ။ ၎င်းတို့သည် ဘုရားအလိုတော်ကို ဆောင်ရွက်ခြင်းရှိမရှိကို ဂရုစိုက်ရန်မဆိုထားနှင့်၊ အသင်းတော်အလုပ်ကို၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုကို အရေးမစိုက်ကြပေ။ ၎င်းတို့သည် မည်သည့်အချိန်တွင် သီးခြား အာဏာကိုင်စွဲနိုင်သည်၊ ဘုရားသခင်ရွေးချယ်ထားသောလူတို့ကို ထိန်းချုပ်နိုင်သည်၊ ဘုရားသခင်နှင့် တန်းတူရပ်တည်နိုင်သည်ကိုသာ အရေးစိုက်သည်။ အန္တိခရစ်များ၏ ဆန္ဒများနှင့် ရည်မှန်းချက်များသည် အမှန်ပင် ကြီးမားလေသည်။ အန္တိခရစ်များသည် မည်မျှ အလုပ်ကြိုးစားသည့်ပုံပေါ်ပါစေ ၎င်းတို့နှစ်သက်သည့်အရာကို လုပ်ဆောင်လျက် ၎င်းတို့၏ ကိုယ်ပိုင် ကြိုးပမ်းအားထုတ်မှုများ၊ ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့နှင့် ဆက်နွှယ်သည့်အရာများနှင့်သာ အလုပ်ရှုပ်နေကြသည်။ ၎င်းတို့၏ တာဝန်ဝတ္တရားများ၊ သို့မဟုတ် ၎င်းတို့ ထမ်းဆောင်သင့်သည့်တာဝန်အကြောင်းကိုပင် မစဉ်းစားကြပေ။ ၎င်းတို့သည် သင့်လျော်မှန်ကန်သည့် မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ကြပေ။ ဤသည်မှာ အန္တိခရစ်များဟူသည့် အရာမျိုးပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ပြီး ဖျက်လိုဖျက်ဆီး လုပ်သည့်နတ်ဆိုးများ၊ စာတန်များ ဖြစ်ကြလေသည်။
အတိတ်ကာလတွင် သူ၏ သက်တမ်းကာလအတွင်းတွင် ငါ အလုပ်တာဝန် ငါးခု ပေးခဲ့သည့် ခေါင်းဆောင်တစ်ဦးရှိခဲ့သည်။ သို့သော် နှစ်လကြာပြီးနောက်တွင် ဤကိစ္စရပ်များထဲမှ တစ်ခုကိုမျှ အကောင်အထည်ဖော်ထားခြင်း မရှိခဲ့ပေ။ အပေါ်ယံတွင် ခေါင်းဆောင်သည် ငုတ်တုတ်ထိုင်ရုံသာ မဟုတ်ဘဲ သူသည် အတော်လေး အလုပ်များပြီး ပင်ပန်းပုံပေါ်ကာ သူ့ကို တစ်ကြိမ်တစ်ခါမျှပင် သင် မြင်ရခဲလေသည်။ ထို့ကြောင့် မည်သည့်အရာဖြင့် သူ အလုပ်များနေခဲ့သနည်း၊ ပြီးလျှင် အဘယ်ကြောင့် သူသည် ငါ တာဝန်ပေးထားသည့် အလုပ်တာဝန်များကို မဖြည့်ဆည်းနိုင်ခဲ့သနည်း။ ဤနေရာတွင် ပြဿနာတစ်ခု ရှိ၏။ ခေါင်းဆောင်သည် အချို့သော အလုပ်တာဝန်များကို ၎င်း၏ တာဝန်များနှင့် သက်ဆိုင်ခြင်းမရှိဟု ယူဆလျက် မလုပ်ချင်ခဲ့သောကြောင့် မလုပ်ခဲ့ပေ။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည်။ ထို့အပြင် အချို့သော အလုပ်တာဝန်များအပေါ်ကိုမူ ကွဲပြားသည့် အယူအဆများ ထားရှိလျက် ယင်းတို့ကို ဘေးဖယ်ထားလေသည်။ အခြားသူများထံမှ အကူအညီ လိုအပ်ပြီး အတော်အတန် ဒုက္ခပေးတတ်လျက် အခက်အခဲအချို့ကို ဖြစ်စေသော ခေါင်းဆောင်များက ကိုင်တွယ်ဖြေရှင်းလိုခြင်း မရှိသည့် အလုပ်တာဝန်များလည်း ရှိသည်။ ဤသည်တို့မှာ ဖြစ်ပေါ်ခဲ့သည့် အခြေအနေများ ဖြစ်သည်။ ထို့ကြောင့် နှစ်လကုန်သွားပြီး အလုပ်တာဝန်တစ်ခုတလေကိုမျှ ပြီးမြောက်ခြင်း မရှိပေ။ လူအချို့က “နှစ်လအတွင်းတွင် ဤအလုပ်တာဝန်အားလုံးကို အပြီးသတ်ရန်မှာ ဖြစ်နိုင်သလော”ဟု ပြောကြသည်။ ဖြစ်နိုင်၏၊ ဤအလုပ်တာဝန်အားလုံးကို နှစ်လတွင် အပြီးသတ်နိုင်ပြီး ဤအလုပ်တာဝန်အများစုကို တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်းတွင် အပြီးသတ်နိုင်သော်လည်း ခေါင်းဆောင်က ယင်းတို့ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့သည်။ အခြားတစ်စုံတစ်ဦးက လွှဲယူပြီး ဤအလုပ်တာဝန်များကို ထမ်းဆောင်သည့်အခါ အလုပ်တာဝန်ငါးခုလုံးကို တစ်ပတ်အတွင်းတွင် ပြီးစီးခဲ့သည်။ ထိုသို့သော ခေါင်းဆောင်တစ်ဦးကို အစားထိုးသင့်သည်ဟု သင် ထင်သလော။ (ထင်ပါသည်။) အထက်မှ ပေးထားသည့် အလုပ်တာဝန်များထဲမှ တစ်ခုကိုမျှ မပြီးမြောက်သော်လည်း အပေါ်ယံတွင် ၎င်းတို့ အတော်လေး အလုပ်များပုံရသည့် ဤကဲ့သို့သော လူတစ်ဦးကို သင်တို့ အမှတ်မထင် တွေ့ရလျှင် ၎င်းသည် အယောင်ဆောင် ခေါင်းဆောင်ဖြစ်ပေသည်။ ထိုသို့သော ပုဂ္ဂိုလ်များကို ချက်ချင်း အစားထိုးသင့်သည်၊ သို့မဟုတ် ဖယ်ရှားရှင်းလင်းသင့်ပေသည်။ ဤစည်းမျဉ်းကို သင်တို့ အဘယ်အရာ တွေးထင်ကြသနည်း။ (ကောင်းပါသည်။) ၎င်းတို့၏ အပြင်ပန်း စိတ်ထက်သန်မှုနှင့် တစ်နေ့လုံး အတော် အလုပ်များပုံရသည့် အချက်ကို မကြည့်နှင့်။ အမှန်တွင် ၎င်းတို့သည် မည်သည့် တကယ့် အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အသေးအဖွဲ ကိစ္စများနှင့် အချိန်ကုန်မြဲကုန်လွန်နေကြသည်။ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့၏ လုပ်ရပ်များသည် အနည်းငယ်သော မတူညီသည့် အတန်းအစားများတွင် ကျရောက်သည်။ ပထမဦးစွာ ၎င်းတို့ ကိုင်တွယ်နိုင်သည်ဟု ယုံကြည်သည့် အလုပ်တာဝန်များ၊ ဘေးကင်းလုံခြုံပြီး အန္တရာယ်များစွာ မရှိသည့် အလုပ်တာဝန်များကို ၎င်းတို့က တာဝန်ယူကြသည်။ “အန္တရာယ်များစွာ မရှိ”ဟူ၍ ဆိုခြင်းဖြင့် မည်သည့်အရာကို ငါ ဆိုလိုသနည်း။ ဤအလုပ်တာဝန်များကို လုပ်ဆောင်ခြင်းဖြင့် အမှားများ ပြုလုပ်မိခြင်းကို ရှောင်ရှားရန် လွယ်ကူသည်၊ အထက်နှင့် ၎င်းတို့ ဆက်ဆံရန် မလိုသကဲ့သို့ အမှုအရာများကို အမှားလုပ်မိခြင်းနှင့် ပြုပြင်ခံရခြင်းတို့အား ၎င်းတို့ ရှောင်ရှားနိုင်သည်ဟု ငါ ဆိုလိုခြင်း ဖြစ်သည်။ ထို့အပြင် ၎င်းတို့ ကျွမ်းကျင်သည့် အလုပ်တာဝန်များ၊ အမှားများ လုပ်မိဖို့ အလားအလာ နည်းသည့် အလုပ်တာဝန်များကို ၎င်းတို့ ကိုင်တွယ်ကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် ကြီးမားသည့် အတိုင်းအတာဖြင့် တာဝန်ယူရခြင်းကို ရှောင်ရှားနိုင်ပြီး ပြုပြင်ခံရခြင်း၊ ရှင်းလင်းပစ်ခံရခြင်း သို့မဟုတ် နှင်ထုတ်ခံရခြင်းမှ မိမိတို့ကိုယ်ကို ကာကွယ်နိုင်ပေသည်။ ဤအလုပ်တာဝန်များသည် အန္တရာယ်ကင်းပြီး တာဝန်ယူရခြင်း မပါဝင်ပေ။ ထို့ကြောင့် ယင်းတို့ကို ၎င်းတို့က တုံ့ပြန်ကာ ကိုင်တွယ်နိုင်ကြသည်။ အမှန်တွင် ဤအရာနှင့် ပတ်သက်၍ ကွယ်ဝှက်ထားသော အရိပ်လက္ခဏာတစ်ခု ရှိသည်။ မည်သူမျှ မမြင်ဘဲ ဤတာဝန်များကို ၎င်းတို့ လုပ်ဆောင်နိုင်မည်ဆိုလျှင် လုပ်ဆောင်ကြမည်လော။ ၎င်းတို့အတွက် တစ်ကိုယ်ရေ အကျိုးအမြတ် မရှိလျှင် လုပ်ဆောင်ကြမည်လော။ မုချ လုပ်ဆောင်ကြမည် မဟုတ်။ မည်သည့် အလုပ်တာဝန်မျိုးကို ၎င်းတို့ နှစ်သက်ကြသနည်း။ အတော် လွယ်ကူ၊ ရိုးရှင်းပြီး အလွန်များစွာ ဆင်းရဲဒုက္ခခံစားရခြင်းမရှိဘဲ ပြီးမြောက်နိုင်သည့် အလုပ်တာဝန်များကို နှစ်သက်ကြသည်။ ထို့အပြင် ၎င်းတို့ စိတ်ဝင်စားပြီး ၎င်းတို့ အယူအဆများနှင့် ကိုက်ညီသည့် တရားဒေသများကို ပိုနားထောင်ကာ အာဂုံဆောင်ရန် လိုလားကြသည်။ ယင်းတို့ကို ၎င်းတို့ နားလည်သည်နှင့်တစ်ပြိုင်နက် ဤတရားဒေသနာများကို အခြားသူများနှင့် ဆွေးနွေးနိုင်ကြသည်။ ဤအရာကို မိမိတို့ကိုယ်ကို ပြစားရန်နှင့် အခြားသူများထံမှ လေးစားမှုကို ရယူရန် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ထို့အပြင် ဤအလုပ်တာဝန်များကို ထမ်းဆောင်ခြင်းက ၎င်းတို့အား ပိုများသော လူတို့နှင့် ဆက်ဆံခွင့်ပေးကာ ၎င်းတို့ အလုပ်လုပ်ရင်း အလုပ်များနေကြောင်း၊ ၎င်းတို့က ခေါင်းဆောင်မှု ရာထူးတစ်ခု ရထားကာ ဤအဆင့်အတန်းနှင့် ပင်ကိုလက္ခာရှိကြောင်းတို့ကို သိစေလျှင် ထိုအလုပ်တာဝန်များကို ၎င်းတို့ လုပ်ဆောင်ကြမည်ဖြစ်သည်။ ဤသဘာဝရှိသည့် အလုပ်တာဝန်များကို ၎င်းတို့က ရွေးကြသည်။ သို့သော် ၎င်းတို့ ထမ်းဆောင်ရန် လိုအပ်သည့် အလုပ်က ရှုပ်ထွေးပြီး ၎င်းတို့ တတ်စွမ်းနိုင်မှုများကို ကျော်လွန်လျှင်၊ တစ်စုံတစ်ဦးက ၎င်းတို့ထက် ပိုမိုကျွမ်းကျင်ပြီး ၎င်းတို့ကျရှုံးလျှင် မျက်နှာပျက်ရမည့်၊ အခြားသူများ၏ အထင်သေးခြင်းခံရမည့် အန္တရာယ်ရှိလျှင် ဤအလုပ်တာဝန်များကို လုပ်ဆောင်ရန် မလိုလားကြချေ။ ၎င်းတို့သည် အလုပ်ကြိုးစားရခြင်း၊ မောပန်းနွမ်းနယ်ခြင်းနှင့် ကောင်းစွာ မလုပ်ဆောင်သည့်အတွက် အရှက်ရရခြင်းတို့ကို ကြောက်ကြသည်။ ထို့အပြင် ၎င်းတို့သည် အထူးသဖြင့် ပျင်းရိကာ အားသွန်ခွန်စိုက်လုပ်ရပြီး ပင်ပန်းသော အလုပ်တာဝန်များမှ ဝေးဝေးတွင် ပုန်းကွယ်လျက် ထိုတာဝန်များကို ရှောင်ရှားတတ်ကြသည်။ ထိုအစား ၎င်းတို့၏ ပုံရပ်များကို တိုးတက်ကောင်းမွန်စေသည့် အလုပ်တာဝန်များ၊ အထက်၏ ရိပ်စားမိခြင်းမခံရဘဲ ၎င်းတို့ ဟန်ဆောင်လုပ်ပြ၍ရပြီး အခြားလူတို့၏ စိတ်နှလုံးများကို သိမ်းသွင်းနိုင်သည့် လွယ်ကူအေးဆေးသော အလုပ်တာဝန်များကို လုပ်ဆောင်ရန် နှစ်သက်ကြသည်။ ဤသည်တို့မှာ အန္တိခရစ်များ၏ ရှိရင်းစွဲ လက္ခဏာများချည်းသာ ဖြစ်သည်။ မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့က စံရွေးကြသည်။ ၎င်းတို့တွင် ကိုယ်ရေးကိုယ်တာ ရွေးချယ်မှုများ၊ အစီအစဉ်များနှင့် အကြံများပင် ရှိသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အစီအစဉ်များကို လုံးဝ တကယ်ကို နာခံခြင်း မရှိကြချေ။ ထိုအစား ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် ရွေးချယ်မှုများ ပြုလုပ်ကြသည်။ အထက်မှ အစီအစဉ်အချို့နှင့်စပ်လျဉ်း၍ ယင်းတို့ကို ၎င်းတို့ သဘောမတူလျှင် လုံးဝ အကောင်အထည်ဖော်ကြလိမ့်မည် မဟုတ်။ ဤကိစ္စရပ်များကို ၎င်းတို့က လုံးဝ ရှုပ်ထွေးအောင်လုပ်ကာ ဟန့်တားနှောင့်ယှက်နေကြပြီး အသင်းတော်တွင်ရှိသည့် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို သတိမပြုမိကြပေ။ အထက်မှလာသော ဤအစီအစဉ်များကို အကောင်အထည် ဖော်ခြင်းသည် လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် ဆန့်ကျင်ကွဲလွဲလျှင် သို့မဟုတ် လူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေလျှင် ယင်းတို့ကို ၎င်းတို့က အကောင်အထည်ဖော်ကြမည်လော။ အကောင်အထည်ဖော်မည် မဟုတ်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့က “အထက်က ဤအရာကို ပြီးစေလိုလျှင် ငါ လုပ်မည် မဟုတ်ပါ။ ငါ လုပ်လျှင်ပင် ထိုအရာကို အထက်မှ အမိန့်ပေးခြင်းဖြစ်သည်ဟု အခိုင်အမာဆိုလျက် အထက်ကို သက်သေပြု၍ လုပ်ရမည်ဖြစ်သည်။ ထိုလူတို့ကို ငါ စိတ်အနှောင့်အယှက်ပေးဖို့ မတတ်နိုင်ပါ”ဟု တွေးကြသည်။ အန္တိခရစ်များသည် ဉာဏ်များသော လူစားမျိုးဖြစ်၏၊ ဟုတ်သည် မဟုတ်လော။ ၎င်းတို့လုပ်သမျှတွင် ပူးပေါင်းကြံစည်ပြီး ရှစ်ကြိမ်၊ ဆယ်ကြိမ်၊ သို့မဟုတ် ထိုထက်ပို၍ပင် တွက်ချက်ကြသည်။ လူစုထဲတွင် တည်ငြိမ်သော ရာထူးများ ရရှိအောင် မည်သို့ပြုလုပ်ရမည်၊ ကောင်းမွန်သော ဂုဏ်သတင်းများနှင့် မြင့်မားသော ဂုဏ်သိက္ခာကို မည်သို့ရရှိရမည်၊ အထက်ကို မည်သို့မျက်နှာလိုမျက်နှာရ လုပ်ရမည်၊ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများက ပံ့ပိုးအောင်၊ ချစ်ခင်လေးစားအောင် မည်သို့ပြုရမည်ဆိုသည်တို့နှင့်ပတ်သက်သည့် အတွေးများက ၎င်းတို့၏ ခေါင်းထဲတွင် ပြည့်နေပြီး ဤရလဒ်များ ရရှိရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ မည်သည့်လမ်းကြောင်းကို ၎င်းတို့လျှောက်နေကြသနည်း။ ၎င်းတို့အတွက်မူ ဘုရားအိမ်တော်၏ အကျိုးစီးပွား၊ အသင်းတော်၏ အကျိုးစီးပွား၊ ဘုရားအိမ်တော်၏ အလုပ်တို့သည် ၎င်းတို့ အဓိက ထည့်သွင်းစဉ်းစားသည့်အရာ မဟုတ်ပေ။ ၎င်းတို့ အလေးထားသည့်အရာများ ဖြစ်ရန်မှာ ပို၍ပင် ဝေးသေး၏။ မည်သည့်အရာကို ၎င်းတို့စဉ်းစားသနည်း။ “ဤအရာအားလုံးက ငါနှင့်မဆိုင်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရောသာ ဖြစ်သည်။ လူတို့သည် ကိုယ့်အတွက်ကိုယ် အသက်ရှင်ရမည်။ မိမိ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အသက်ရှင်ရမည်။ ဤသည်မှာ အမြင့်ဆုံးသော ပန်းတိုင်ပင်။ အကယ်၍ လူတစ်ယောက်သည် သူ့အတွက်သူ အသက်ရှင်သင့်ကြောင်းနှင့် သူ့ကိုယ်သူ ကာကွယ်သင့်ကြောင်းကို မသိလျှင် ငတုံးပင် ဖြစ်တော့၏။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်ပြီး ဘုရားနှင့် သူ့အိမ်တော်၏ အစီအစဉ်များကို နာခံဖို့ ငါ့ကို ပြောလာလျှင် ထိုအရာက ငါ့အတွက် အကျိုးတစ်ခုခုရှိမရှိ၊ ထိုသို့လုပ်ခြင်းဖြင့် အကျိုးကျေးဇူးတစ်ခုခု ရှိမရှိအပေါ်တွင် မူတည်လိမ့်မည်။ ဘုရားအိမ်တော်၏ အစီအစဉ်များကို ကျိုးနွံနာခံခြင်း မရှိသောကြောင့် ငါ ရှင်းလင်းပစ်ခြင်း ခံရနိုင်ချေရှိပြိး ကောင်းချီးများရဖို့ အခွင့်အလမ်းကို ဆုံးရှုံးရနိုင်ချေရှိလျှင် ငါကျိုးနွံနာခံမည်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန်အတွက် အလျော့အတင်းအချို့ လုပ်ရန် မကြာခဏ ရွေးချယ်ကြသည်။ အဆင့်အတန်းအတွက် အန္တိခရစ်များသည် မည်သည့်ဒုက္ခမျိုးကိုမဆို ခံနိုင်သည်၊ ဂုဏ်သတင်းကောင်း ရှိရန်အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်နိုင်စွမ်းရှိသည်ဟု ဆိုနိုင်သည်။ “ကြီးမြတ်သောသူသည် မည်သည့်အချိန်တွင် အလျှော့ပေးပြီး မည်သည့်အချိန်တွင် အလျှော့မပေးရမည်ကို သိသည်” ဆိုသည့် ဆိုရိုးစကားက ၎င်းတို့အတွက် မှန်ကန်ပုံရသည်။ ဤသည်မှာ စာတန်၏ တွေးခေါ်ပုံဖြစ်သည် မဟုတ်လော။ ဤသည်မှာ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စာတန်၏ အတွေးအခေါ်ဖြစ်သည်။ စာတန်၏ အသက်ရှင်သန်ရေး အခြေခံသဘောတရားလည်း ဖြစ်သည်။ ယင်းသည် လုံးလုံး စက်ဆုပ်ဖွယ်ပင် ဖြစ်၏။
အန္တိခရစ်တို့သည် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းကို အခြားမည်သည့်အရာမဆိုထက်ပို၍ အရေးကြီးသည်ဟု သဘောထားကြသည်။ ဤလူတို့သည် လှည်ဖြားတတ်ရုံ၊ ဉာဏ်များရုံနှင့် ကောက်ကျစ်ဆိုးယုတ်ရုံသာမကဘဲ အလွန်အမင်း ကြမ်းတမ်းသည်။ ၎င်းတို့သည် မိမိတို့၏ ဂုဏ်အဆင့်အတန်းကို ထိခိုက်နိုင်ချေရှိသည်ကို သတိပြုမိသောအခါ၊ သို့မဟုတ် လူတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ နေရာကို ဆုံးရှုံးရသောအခါ၊ ဤလူတို့၏ ထောက်ခံမှုနှင့် ချစ်ခင်တွယ်တာမှုတို့ကို ၎င်းတို့ ဆုံးရှုံးရသောအခါ၊ လူတို့သည် ၎င်းတို့အား ကြည်ညိုလေးစားခြင်း၊ အထင်ကြီးခြင်း မရှိတော့ဘဲ လူပုံအလယ်တွင် ၎င်းတို့ အရှက်ရသောအခါ ၎င်းတို့သည် မည်သည့်အရာကို ပြုကြသနည်း။ ၎င်းတို့က ရုတ်တရက် ရန်လိုကုန်ကြသည်။ ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရသည်နှင့် တစ်ပြိုင်နက်မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်ရန် မလိုလားကြတော့ပေ။ ၎င်းတို့လုပ်သမျှ အရာတိုင်းသည် ဝတ်ကျေတမ်းကျေဖြစ်သည်။ ၎င်းတို့၏ မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် စိတ်မဝင်စားကြပေ။ သို့သော် ဤသည်မှာ အဆိုးဆုံး သရုပ်သကန်မဟုတ်ပေ။ အဆိုးဆုံး သရုပ်သကန်မှာ အဘယ်နည်း။ ဤလူတို့သည် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ဆုံးရှုံးရပြီး မည်သူမျှ ၎င်းတို့ကို မလေးစားလျက် မည်သူကမျှ ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို မခံရသည်နှင့်တစ်ပြိုင်နက် မုန်းတီးခြင်း၊ မနာလိုခြင်းနှင့် လက်စားချေခြင်းတို့ ထွက်ပေါ်လာသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိရုံမက ကျိုးနွံနာခံခြင်း တစ်စက်မျှလည်း မရှိပေ။ ထို့အပြင် ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်၊ အသင်းတော်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များကို မုန်းတတ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် အသင်းတော်အလုပ်သည် ပြဿနာများကို ကြုံတွေ့စေရန်၊ ရပ်တန့်သွားစေရန် တောင့်တကြသည်။ ၎င်းတို့သည် အသင်းတော်အပေါ်၊ ညီအစ်ကိုမောင်နှမတို့အပေါ် ရယ်မောလိုကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို ကြောက်ရွံ့သောမည်သူကိုမဆိုကိုလည်း မုန်းတီးကြသည်။ မိမိတို့၏ တာဝန်တွင် သစ္စာစောင့်သိပြီး အဖိုးအခပေးရန် လိုလားသူ မည်သူကိုမဆို ၎င်းတို့က တိုက်ခိုက်ပြီး လှောင်ပြောင်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။ ယင်းသည် မဆိုးယုတ်သလော။ ဤလူများသည် သိသာထင်ရှားစွာပင် ဆိုးယုတ်သောလူများဖြစ်သည်။ အန္တိခရစ်တို့သည် ၎င်းတို့၏အနှစ်သာရ၌ ဆိုးယုတ်သော လူများဖြစ်လေသည်။ စုဝေးပွဲများကို အွန်လိုင်းတွင် ပြုလုပ်သည့်အခါတွင်ပင် အင်တာနက်လိုင်းအားကောင်းသည်ကို ၎င်းတို့ မြင်လျှင် ၎င်းတို့သည် တိတ်တဆိတ်ကျိန်ဆဲပြီး “လိုင်းကျပါစေ။ လိုင်းကျပါစေ။ တရားဒေသနာတွေကို ဘယ်သူမှ မကြားနိုင်ရင် ပိုကောင်းတယ်” ဟူ၍ မိမိတို့ကိုယ်ကို ပြောကြသည်။ ဤလူများသည် မည်သည့်အရာများဖြစ်သနည်း။ (နတ်ဆိုးများဖြစ်သည်။) ၎င်းတို့သည် နတ်ဆိုးများဖြစ်သည်။ အသေအချာပင် ဘုရားအိမ်တော်၏ လူများမဟုတ်ပေ။ ဤနတ်ဆိုးများနှင့် ဆိုးယုတ်သော လူစားမျိုးများသည် မည်သည့်အသင်းတော်တွင် ၎င်းတို့ ရှိကြသည်ဖြစ်စေ ပြဿနာကို ဤနည်းဖြင့် လှုံ့ဆော်ကြသည်။ ပိုင်းခြားသိမြငနိုင်သော လူတို့က ၎င်းတို့ကို ဖော်ထုတ်ကာ ကန်သတ်လျှင်ပင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ခြင်း သို့မဟုတ် မိမိတို့ အမှားများကို ဝန်ခံခြင်း ရှိကြမည် မဟုတ်။ ထိုအရာသည် ၎င်းတို့ အပိုင်းတွင် ခဏတာဖြစ်သော သတိလစ်ဟင်းမှုတစ်ခုသာ ဖြစ်ပြီး ထိုအရာမှ ၎င်းတို့ သင်ယူသင့်သည်ဟုသာ တွေးကြလိမ့်မည်။ နောင်တရရန် လုံးဝ ငြင်းဆန်သည့် ဤကဲ့သို့သော လူတစ်ဦးသည် မည်သူက ၎င်းကို ပိုင်းခြားသိမြင်ကာ ဖော်ထုတ်သည်ဖြစ်စေ ကျိုးနွံနာခံမည် မဟုတ်ပေ။ ၎င်းက ထိုလူအပေါ် လက်တုံ့ပြန်ရန် ကြိုးစားလိမ့်မည် ဖြစ်သည်။ ၎င်းက အနေရခက်သောအခါ ညီအစ်ကို မောင်နှမများကိုလည်း လွယ်ကူသက်သာစေဖို့ အလိုမရှိပေ။ ၎င်း၏ စိတ်နှလုံးထဲတွင် ညီအစ်ကို မောင်နှမများကို မကောင်းသည့်အရာများ ဖြစ်ဖို့ ဆန္ဒရှိလျက် ကျိန်ပင်ကျိန်ဆဲပြီး ဘုရားအိမ်တော်၏ အလုပ်ထဲသို့ ဒုက္ခပြဿနာ ရောက်လာဖို့ ဆန္ဒရှိလျက် ကျိန်ဆဲလေသည်။ ဘုရားအိမ်တော်တွင် တစ်ခုတလေ လွဲချော်သွားသည့်အခါ “ဟွန်း၊ နောက်ဆုံးတော့ တစ်စုံတစ်ခု လွဲချော်သွားပေပြီ။ ဤအရာအားလုံးသည် သင်က ငါ့ကို အစားထိုးခဲ့သောကြောင့် ဖြစ်ပျက်ခြင်းဖြစ်သည်။ အရာရာ တစ်စစီပြိုလဲသွားခြင်းက ကောင်းသည်”ဟု တွေးလျက် တိတ်တဆိတ် ဝမ်းမြောက်ကာ အောင်ပွဲခံသည်။ အခြားသူများ အားနည်းပြီး တိုး၍ အပျက်သဘောဆောင်ကြသည်ကို မြင်ရာတွင် ၎င်းက ဝမ်းသာပြီး နှစ်သက်အားရသည်။ လူတို့ကို သိက္ခာချရန် လှောင်ပြောင်၊ ကဲ့ရဲ့သော စကားများကို ပြောဆိုပြီး “ကျွန်ုပ်တို့ ယုံကြည်သူများသည် ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရန် ကျွန်ုပ်တို့၏ မိသားစုများနှင့် အသက်မွေးအလုပ်များကို စွန့်ကာ ဆင်းရဲဒုက္ခကို ခါးစည်းခံကြသည်။ ဘုရားအိမ်တော်က ကျွန်ုပ်တို့၏ အနာဂတ်များအတွက် အမှန်တကယ် တာဝန်ယူနိုင်သည်ဟု သင် ထင်သလော။ ထိုအကြောင်းကို သင် တွေးဖူးသလော။ ကျွန်ုပ်တို့ ပေးနေသည့် အဖိုးအခသည် ထိုက်တန်ပါသလော။ ယခု ကျွန်ုပ်၏ ကျန်းမာရေး သိပ်မကောင်းပါ၊ ပြီးလျှင် ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် ဖတ်ဖတ်မောစေမိလျှင် ကျွန်ုပ်၏ အိုမင်းသည့်အရွယ်တွင် ကျွန်ုပ်ကို မည်သူက စောင့်ရှောက်လိမ့်မည်နည်း”ဟုပင် ပြောဆိုလျက် အပျက်သဘောဆောင်ပြီး ပျက်စီးခြင်းနှင့်ဆိုင်သော စကားများကိုပင် ဖြန့်လေသည်။ လူတိုင်းက အပျက်သဘောဆောင်ခြင်း ခံစားရစေမည့် အရေးအတွက် ထိုသို့သော အရာများကို ၎င်းက ပြောဆိုလေသည်။ ထိုအခါမှသာ ၎င်းသည် ဝမ်းသာပျော်ရွှင်သည်။ ၎င်းတို့သည် အသုံးမကျသောသူများ ဖြစ်သည် မဟုတ်လော၊ အန္တရာယ်ပေးနိုင်ပြီး ရက်စက်ကြသည် မဟုတ်လော။ ထိုသို့သော လူများသည် အပြစ်ဒဏ် ခံရသင့်ကြသည် မဟုတ်လော။ (ခံရသင့်ပါသည်။) ထိုသို့သောလူများ၏ စိတ်နှလုံးထဲတွင် ဘုရားသခင် အမှန်တကယ် ရှိသည်ဟု သင်တို့ ထင်ကြသလော။ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူများ ဖြစ်ပုံမရကြ၊ ဘုရားသခင်က လူတို့ စိတ်နှလုံး၏ အတွင်းနက်နက်နေရာများအား စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ကို အခြေခံအားဖြင့် ၎င်းတို့က မယုံကြည်ကြပေ။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်လျှင် ထိုသို့သော အရာများကို အဘယ်သို့ဖြစ်ပြီး ပြောနိုင်ကြမည်နည်း။ ထိုအရာမှာ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ကင်းမဲ့သောကြောင့်ဖြစ်သည်ဟု အချို့က ပြောကောင်းပြောနိုင်သည်။ ယင်းမှာ မှန်သလော။ (မမှန်ပါ။) အဘယ်ကြောင့် မမှန်သနည်း။ (ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများတွင် တကယ် မရှိပါ။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရှိကြသည်။) အမှန်တွင် ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိခြင်းကို မယုံကြည်သောကြောင့် ထိုသို့သောအရာများကို ပြောဝံ့ကြခြင်း ဖြစ်သည်။ ဘုရားသခင်က လူတိုင်းအား စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်ကို ၎င်းတို့ သာ၍ပင် ယုံကြည်မှု လျော့နည်းကြသကဲ့သို့ ဘုရားသခင်က စကားနှင့် လုပ်ဆောင်ချက်တိုင်း၊ အတွေးအခေါ်နှင့် စိတ်ကူးတိုင်းအား စောင့်ကြည့်လေ့လာနေသည်ဟူသည်ကို မယုံကြည်ကြပေ။ ဤအရာများကို ၎င်းတို့ မယုံကြည်ကြသောကြောင့်၊ ကြောက်ရွံ့ခြင်း မရှိကြဘဲ ထိုသို့သော နတ်ဆိုးဆန်သော စကားများကို လွတ်လပ်စွာနှင့် မရိုးမဖြောင့် ပြောနိုင်ကြလေသည်။ ဘာသာတရားမရှိသောသူများပင်လျှင် “ကောင်းကင်ဘုံက မျက်လုံးများရှိသည်”ဟူသည်နှင့် “လူက ပြုမူဆောင်ရွက်သည့်အခါ ကောင်းကင်ဘုံက စောင့်ကြည့်နေသည်”ဟူ၍ မကြာခဏ ပြောဆိုကြသည်။ စစ်မှန်သည့် ယုံကြည်ခြင်း အနည်းငယ်မျှပင်ရှိသော မည်သူမဆိုသည် မယုံကြည်သူများ၏ ဤနတ်ဆိုးဆန်သော စကားများကို သာမန်ကာလျှံကာ ပြောဆိုမည် မဟုတ်ပေ။ ဤသို့ စဉ်းစားပြီး ပြောဆိုသော ယုံကြည်သူများအတွက် ပြင်းထန်သည့် အကျိုးဆက်များ ရှိမည် မဟုတ်လော။ ဤအရာ၏ သဘောသဘာဝသည် ပြင်းထန်သည် မဟုတ်လော။ အလွန် ပြင်းထန်၏။ ဘုရားသခင်ကို ၎င်းတို့က ထိုသို့ ငြင်းပယ်နိုင်ခြင်းသည် ၎င်းတို့က ဘုရားအိမ်တော်ထဲသို့ ထိုးဖောက်ဝင်ရောက်သည့် နတ်ဆိုးစစ်စစ်များနှင့် ဆိုးယုတ်သောသူများဖြစ်သည်ဟု ဆိုလိုပေသည်။ နတ်ဆိုးများနှင့် အန္တိခရစ်များသာ ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ကန့်ကွက်ပြောဆိုဝံ့ကြသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများက ဘုရားသခင်၏ အကျိုးစီးပွားများကို ကိုယ်စားပြုပြီး ဘုရားအိမ်တော် လုပ်ဆောင်သမျှတိုင်းသည် ဘုရားသခင်၏ ခေါင်းဆောင်မှု၊ သူ၏ ခွင့်ပြုခြင်းနှင့် သူ၏ လမ်းပြမှုအောက်တွင် ရှိသည်။ ထိုအရာသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အလုပ်နှင့် နီးကပ်စွာ ဆက်စပ်နေပြီး ထိုအရာနှင့် ခွဲ၍မရနိုင်ပေ။ ဘုရားအိမ်တော်၏ အလုပ်ကို ဤသို့ ပွင့်လင်းစွာ ကျိန်ဆဲသောလူများ၊ ၎င်းတို့ စိတ်နှလုံးများတွင် ဘုရားအိမ်တော်ကို အသရေဖျက်ပြီး လှောင်ပြောင်ချင်သော လူများ၊ ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံး အဖမ်းခံရခြင်း၊ အသင်းတော်၏ အလုပ် လုံးဝ တုံ့ဆိုင်းသွားခြင်းနှင့် ယုံကြည်သူများက ၎င်းတို့၏ ယုံကြည်ခြင်းမှ လှည့်ထွက်သွားခြင်းတို့ကို မြင်လိုသူများ၊ ဤအရာ ဖြစ်ပျက်သည့်အခါ ဝမ်းသာမည့်သူများသည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ (နတ်ဆိုးများဖြစ်ပါသည်။) ၎င်းတို့သည် နတ်ဆိုးများဖြစ်၏၊ ဆိုးယုတ်သော မကောင်းဆိုးဝါး ဝင်စားသူများဖြစ်သည်။ သာမန်လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်၊ ၎င်းတို့သည် ရံဖန်ရံခါ ပုန်ကန်တတ်ကြပြီး ၎င်းတို့ အပျက်သဘောဆောင်ကာ အားနည်းသည့်အခါ အနည်းငယ်သော စိတ်ကူးလေးများကို လက်သင့်ခံကြပြီး ထိုမျှသာဖြစ်ကြသော်လည်း အလွန်ဆိုးကြမည်မဟုတ်၊ သို့မဟုတ် ထိုသို့သော ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်သည့် အတွေးအခေါ်များ ဖြစ်ပေါ်မည် မဟုတ်ပေ။ ဤအနှစ်သာရမျိုးသည် အန္တိခရစ်များနှင့် နတ်ဆိုးများတွင်သာ ပါရှိသည်။ အန္တိခရစ်များတွင် ဤစိတ်ကူးများရှိသည့်အခါ ၎င်းတို့ လွဲမှားကောင်းလွဲမှားမည်ဟု ၎င်းတို့က သံသယရှိကြသလော။ (သံသယမရှိကြပါ။) အဘယ်ကြောင့် သံသယမရှိကြသနည်း။ (အဘယ်ကြောင့်ဆိုသော် သူတို့ စဉ်းစားပြီး ပြောဆိုသည့်အရာက သမ္မာတရားဖြစ်သည်ဟု သူတို့က ယူဆကြသောကြောင့် ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို မယုံကြည်ကြ၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ကင်းမဲ့ကြပြီး သူတို့၏ သဘာဝက ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း ဖြစ်သည်။) ယင်းမှာ ၎င်းတို့၏ သဘာဝ အတိအကျဖြစ်သည်။ စာတန်သည် ဘုရားသခင်ကို မည်သည့်အချိန်တွင် ဘုရားသခင်အဖြစ် သဘောထားဆက်ဆံဖူးသနည်း။ ဘုရားသခင်က သမ္မာတရားဖြစ်သည်ဟု မည်သည့်အချိန်တွင် ၎င်းက ယုံကြည်ဖူးသနည်း။ မည်သည့်အခါတွင်မျှ မယုံကြည်ဖူးသကဲ့သို့ မည်သည့်အခါတွင်မျှ ယုံကြည်လိမ့်မည်လည်း မဟုတ်ပေ။ အန္တိခရစ်များ၊ ဤနတ်ဆိုးများသည် အတူတူပင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောမထားကြ သို့မဟုတ် သူ့ကို သမ္မာတရားအဖြစ် မယုံကြည်ကြပေ။ အရာခပ်သိမ်းကို ဖန်ဆင်းပြီး အချုပ်အခြာအာဏာ စွဲကိုင်ထားသူမှာ ဘုရားသခင် ဖြစ်ကြောင်းကို ၎င်းတို့က မယုံကြည်ကြပေ။ ထို့ကြောင့် ၎င်းတို့ ပြောဆိုသည့် မည်သည့်အရာမဆို သမ္မာတရားဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤသို့ မရိုးမဖြောင့် တွေးတောကာ ပြုမူဆောင်ရွက်ကြသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားများက အလားတူ လုပ်ဆောင်ကြသည့်အခါ အတွင်းပိုင်း သဘောကွဲလွဲမှုကို တွေ့ကြုံခံစားကြရသည်။ ၎င်းတို့တွင် အသိစိတ်နှင့် လူ့သိနားလည်မှု ရှိသည်။ ၎င်းတို့၏ အသိစိတ်၊ သိနားလည်မှုနှင့် ၎င်းတို့ နားလည်သည့် သမ္မာတရားတို့က ၎င်းတို့အပေါ် အတွင်းကျကျ သက်ရောက်မှုရှိပြီး ဤအရာက သဘောကွဲလွဲမှု ဖြစ်ပေါ်စေသည်။ ဤသဘောကွဲလွဲမှု ဖြစ်ပေါ်သည့်အခါ မှန်ကန်သောအရာနှင့် မမှန်ကန်သောအရာကြား၊ အမှန်နှင့် အမှား၊ တရားမျှတမှုနှင့် ကောက်ကျစ်ဆိုးယုတ်မှုတို့ကြား တိုက်ပွဲတစ်ခု ဖြစ်ပွားပြီး အဆုံးသတ်တစ်ခုကို ရရှိသည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် ဘုရားသခင်ဘက်တွင် ရပ်တည်ကြစဉ်တွင် သမ္မာတရားကို မလိုက်စားသောသူတို့မှာ စာတန်၏ ကောက်ကျစ်ဆိုးယုတ်သော အင်အားစုများဘက်တွင် ရပ်တည်ကြသည်။ အန္တိခရစ်များ လုပ်ဆောင်သည့် အရာတိုင်းသည် စာတန်နှင့် ပူးပေါင်းဆောင်ရွက်မှုတွင်ရှိသည်။ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းကို ဖြန့်ကြသည်၊ ကောလာဟလများကို ပျံ့နှံ့စေကြပြီး ဘုရားအိမ်တော်ကို လှောင်ပြောင်ကြသည်။ ဘုရားအိမ်တော်၏ အလုပ်ကို ၎င်းတို့က ကျိန်ဆဲပြီး အသရေဖျက်ကာ ညီအစ်ကို မောင်နှမများကို ကျိန်ဆဲကြသည်။ ၎င်းတို့သည် ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် ၎င်းတို့သည် လိပ်ပြာမသန့်ခြင်း တစ်စက်မျှ မရှိဘဲ၊ နောင်တ စိုးစဉ်းမျှ မရှိဘဲ စိတ်အေးလက်အေးပင် ခံစားရပြီး ၎င်းတို့၏ လုပ်ရပ်များက လုံးဝ မှန်ကန်သည်ဟု ယုံကြည်ကြသည်။ ဤအရာက အန္တိခရစ်များ၏ စာတန်ဆန်သော သဘာဝကို အပြည့်အဝ ထုတ်ဖော်ပြပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည့် ၎င်းတို့၏ အကျည်းတန်သော မျက်နှာများကို ထုတ်ဖော်ပြသည်။ ထို့ကြောင့် အန္တိခရစ်များသည် နတ်ဆိုးများနှင့် စာတန်များ စစ်စစ်ဖြစ်သည်ဟု ပြောခြင်းက ချဲ့ကားခြင်း မဟုတ်ပေ။ အန္တိခရစ်များသည် မွေးရာပါ နတ်ဆိုးများဖြစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိသည့်သူများ လုံးဝ မဟုတ်ပေ။ ၎င်းတို့သည် သာမန် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့် လုံးဝ မသက်ဆိုင်ပေ။ အန္တိခရစ်များသည် နတ်ဆိုးဝင်စားသူများဖြစ်ကြသည်၊ မွေးရာပါ ဆိုးယုတ်သော မကောင်းဆိုးဝါးများ ဖြစ်သည်။ ယင်းမှာ ပကတိအတိုင်းပင် ဖြစ်လေသည်။
အန္တိခရစ်များ၏ အဓိက အာရုံစိုက်ရာမှာ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထားရှိရန် ဖြစ်သည်။ ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် ပတ်သက်လာသည့်အခါ အန္တိခရစ်များ တာဝန်ယူဆောင်ရွက်သည့် လုပ်ရပ်များမှာ အဘယ်နည်း။ ၎င်းတို့၏ တစ်ကိုယ်ရေ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို စီမံခန့်ခွဲရန် ၎င်းတို့ မရိုးမဖြောင့် ပြုမူဆောင်ရွက်ကြသည်၊ ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်၊ တွေးနိုင်သမျှအကုန် တွေးကြပြီး မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် လိုလားနေကြသည်။ ဤအရာနှစ်ခုသည် ၎င်းတို့၏ အသက်သွေးကြော၊ ၎င်းတို့၏အရာရာ ဖြစ်သည်။ ဤအရာနှစ်ခုကို ရရှိခြင်းသည် အရာရာကို ရရှိပြီးခြင်းဖြစ်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့လောကတွင် အဆင့်အတန်းနှင့် ဂုဏ်သတင်းအပြင် ၎င်းတို့၏ တစ်ကိုယ်ရေ အကျိုးစီးပွားများသာ ရှိသည်။ အခြားမည်သည့်အရာမျှ ၎င်းတို့အတွက် အရေးမကြီးပေ။ ထို့ကြောင့် အန္တိခရစ်များကဲ့သို့သော လူတို့နှင့် သမ္မာတရား၊ လူ့သဘာဝ၊ တရားမျှတမှု သို့မဟုတ် အပြုသဘောဆောင်သော အရာများအကြောင်း မိတ်သဟာယ ပြုခြင်းသည် အသုံးဝင်သလော။ (အသုံးမဝင်ပါ။) မှန်ပေ၏၊ အသုံးမဝင်ပေ။ ထိုအရာသည် ပြည့်တန်ဆာတစ်ဦးကို အကျင့်သီလကောင်းသော အိမ်တစ်အိမ်တွင် အမျိုးသမီးတစ်ဦး မည်သို့ဖြစ်ရမည်ဆိုသည်နှင့်ပတ်သက်၍ ပြောပြခြင်း သို့မဟုတ် အကျင့်သီလကောင်းသော ဇနီးမယားနှင့် မိခင်တစ်ဦးဖြစ်ရန် သူမကို သွန်သင်ဖို့ ကြိုးစားခြင်းကဲ့သို့ ဖြစ်သည်။ သူမ နားမထောင်ချင်ပေ၊ ထိုအရာကို သူမ မနှစ်သက်သကဲ့သို့ နှစ်မြို့စရာမရှိဟု မြင်သည်။ ထိုအရာကို မည်သို့ နှစ်မြို့စရာမရှိဟု သူမ မြင်သနည်း။ သူမသည် သင့်ကို သူမ၏ စိတ်နှလုံးထဲတွင် ကြိမ်းမောင်းပြီး သင့်ကို လှောင်ရန်၊ သရော်ရန်၊ တိုက်ခိုက်ပြီး ဖယ်ကြဉ်ရန် အခွင့်အရေးများကို အမိအရ အသုံးချလေသည်။ ယနေ့ခေတ်တွင် အသင်းတော်၌ သမ္မာတရားအကြောင်း သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်း သို့မဟုတ် ဘုရားအိမ်တော်၏ အစီအစဉ်များကို နာခံခြင်းကဲ့သို့သော သမ္မာတရားများအကြောင်းကို တစ်စုံတစ်ဦးက မိတ်သဟာယပြုနေသည်ကို ကြားသည်နှင့်တစ်ပြိုင်နက် အထူးသဖြင့် ပုန်ကန်တတ်သော သဘောထားတစ်ခု ပြသကြသည့် လူများရှိသည် မဟုတ်လော။ (ရှိပါသည်။) ရှိလောက်ပေသည်။ ထိုသို့သော အပြုအမူကို ပြသသူများအား စောင့်ကြည့်လေ့လာပြီး ပိုင်းခြားသိမြင်လော့။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် လိုအပ်မှုအကြောင်း သင် မိတ်သဟာယပြုသည့်အခါ ၎င်းတို့က “အရာရာကို ဘုရားက စီစဉ်သည့်အလား ဘုရား၏ အစီအစဉ်များကို ကျိုးနွံနာခံခြင်းအကြောင်း တစ်နေ့လုံး သူတို့ ပြောနေကြပြီး လူတို့တွင် ရွေးချယ်စရာတစ်ခုတလေ လုံးဝပင် မရှိပါ”ဟု တွေးလျက် ပြင်းထန်သည့် စက်ဆုပ်မှုတစ်ခုဖြင့် တုံပြန်ကြသည်။ သမ္မာတရားကိုဖြစ်စေ၊ သဟဇာတကျစွာ ပူးပေါင်းဆောင်ရွက်ရန်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန်နှင့် ၎င်းတို့၏တာဝန်များတွင် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ရန် လိုအပ်ချက်ကိုဖြစ်စေ သင် မိတ်သဟာယ ပြုသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အထူးသဖြင့် စက်ဆုပ်လာကြပြီး နားထောင်ရန် မလိုမလားဖြစ်လာကြသည်။ ၎င်းတို့က အင်တင်တင်ဖြင့် နားထောင်လျှင်ပင် ငြိမ်ငြိမ် မထိုင်နိုင်ကြသကဲ့သို့ တစ်နည်းနည်းဖြင့် ငြိမ်ငြိမ် ထိုင်နိုင်ကြလျှင် ၎င်းတို့ အိပ်မောကျသွားပြီးဖြစ်သည်မှာ သေချာသလောက်နီးနီး ဖြစ်သည်။ သင်သည် သမ္မာတရားအကြောင်းနှင့် ကိစ္စရပ်များကို ကိုင်တွယ်နေချိန် စည်းမျဉ်းများ လိုက်လျှောက်ခြင်း အကြောင်းကို မိတ်သဟာယပြုသည့်အခါ ၎င်းတို့သည် အိပ်ချင်မူးတူး ဖြစ်လာကြပြီး ခေါင်းငိုက်စိုက်ဖြစ်လာကြသည်။ သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်း မရှိဘဲ၊ ပြုပြင်ခြင်းမရှိဘဲ အချိန်တချို့ ကြာပြီးနောက်တွင် ၎င်းတို့ အားအင်အပြည့်ဖြစ်လာကြသည်။ ၎င်းတို့သည် လက်လွတ်စပယ်နှင့် မဆင်မခြင် ပြုမူဆောင်ရွက်ကြသည်၊ တစ်ဖက်သတ် ဆုံးဖြတ်ချက်များ ပြုလုပ်ကြပြီး လက်တစ်ဖက်က ဂုဏ်သတင်းကို ဖမ်းဆုပ်စဉ်တွင် အခြားတစ်ဖက်က အဆင့်အတန်းကို ဖမ်းဆွဲလေသည်။ ၎င်းတို့သည် အခြားမည်သူမဆိုထက် ပိုမြင့်အောင်ခုန်ကာ ပြဿနာမျိုးစုံ ဖန်တီးရာတွင် အရသာတွေ့ကြသည်။ ဤလူများသည် အန္တိခရစ်များချည်းသာ ဖြစ်သည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်ကြပြီး အချိန်မရွေး ကြီးမားသည့် ဒုက္ခပြဿနာ ဖန်တီးနိုင်ကြသည်။
အန္တိခရစ်များ၏ သဘာဝကို ပိုင်ဆိုင်သောသူ မည်သူမဆိုကို အန္တိခရစ်တစ်ဦးအဖြစ် အတန်းအစားသတ်မှတ်သင့်သည်။ ၎င်းတို့ တစ်ဖက်သတ် ပြုမူဆောင်ရွက်လိုသည့်အခါ ၎င်းတို့ကို ချုပ်ထိန်းပြီး တားဆီးသင့်သည်။ ဤအရာကို သံသယရှိရန် မလိုပေ။ အချို့က “သူတို့ကို ကျွန်ုပ်တို့ မတားဆီးနိုင်လျှင် အဘယ်သို့ ဖြစ်မည်နည်း။ ကျွန်ုပ်တို့ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း”ဟု ပြောကောင်းပြောကြမည်။ ၎င်းတို့ကို သေချာပေါက် အောင်မြင်စွာ တားဆီးရန် နည်းလမ်းတစ်ခုကို စာတစ်ကြောင်းမျှဖြင့် သင်တို့ကို ငါ ပြောပြမည်။ ထိုသို့သော အခြေအနေတစ်ခုကို သင် ကြုံရသည့်အခါ “သင်သည် မဆင်မခြင် ပြုမူခြင်း၊ တစ်ဖက်သတ် ဆုံးဖြတ်ချက်များ ပြုလုပ်ခြင်းနှင့် အဆုံးအဖြတ်ပေးခြင်းတို့ကို ရပ်လျှင် သင် သေသွားမည်လော”ဟု ယတိပြတ် ပြောလော့။ ယင်းကို အဘယ်သို့ ထင်သနည်း။ (ကောင်းပါသည်။) အန္တိခရစ်များသည် တစ်ဖက်သတ် ပြုမူဆောင်ရွက်ခြင်းမှ တားဆီးခံရလျှင် အမှန်တကယ် သေဆုံးသွားနိုင်မည်ဟု သင်တို့ ထင်ကြသလော။ (ထင်ပါသည်။) အဘယ်သို့ ဤ“ထင်ပါသည်”ဟူသည့်အရာကို သင်တို့ ရသနည်း။ (အန္တိခရစ်များသည် ၎င်းတို့၏ တကယ့်အနှစ်သာရတွင် ဤကဲ့သို့ ဖြစ်ကြသည်။ ၎င်းတို့က တစ်ဖက်သတ် ပြုမူ၍မရလျှင် စိတ်မချမ်းမြေ့ဖြစ်ကာ အသက်ဆက်မရှင်နိုင်ကြပါ။) အတိအကျပင် ယင်းမှာ ၎င်းတို့၏ အနှစ်သာရတွင် ၎င်းတို့၏ ဖြစ်ခြင်းသာဖြစ်ပြီး ဤနည်းဖြင့် ၎င်းတို့ ပြုမူဆောင်ရွက်နိုင်ခြင်းမရှိလျှင် စိတ်မချမ်းမြေ့ခံစားကြရသည်။ ထို့ကြောင့် ဤလူများသည် ပုံမှန် ဖြစ်ကြသလော။ (ပုံမှန်မဟုတ်ပါ။) ၎င်းတို့သည် ပုံမှန် မဟုတ်ကြပေ။ ပုံမှန်လူတစ်ဦးက မည်သို့ စဉ်းစားမည်နည်း။ “ကျွန်ုပ် တစ်ဖက်သတ် မပြုမူနိုင်လျှင် ကျွန်ုပ် လက်လျှော့လိုက်မည်။ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာ အလွန်ခက်ခဲရသနည်း။ ထိုအရာက ကျွန်ုပ်အတွက် ဘဝကို ပို၍ပင် လွယ်ကူစေသည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ပုံမှန်လူတစ်ဦး တွေးမည့်ပုံ ဖြစ်သည်။ သို့သော် ၎င်းတို့ကို သင်က ဤသို့ပြုမူဆောင်ရွက်ခွင့် မပေးလျှင် အန္တိခရစ်တစ်ဦးသည် စိတ်မချမ်းမြေ့ခံစားရလိမ့်မည် ဖြစ်သည်။ ၎င်းတို့ထဲတွင် နတ်ဆိုးတစ်ကောင် နေထိုင်နေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ၎င်းတို့ကို တစ်ဖက်သတ် ပြုမူဆောင်ရွက်ခွင့်မပေးခြင်းက ၎င်းတို့အား သေလုနီးပါးဖြစ်သည့်အလား ခံစားရအောင် လုပ်နိုင်ပေသည်။ ဤ“သေလုနီးပါး”ဟူသည့်အရာက မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့အနေဖြင့် သေခါနီးဖြစ်သည့်အလား ထိုအရာကို ၎င်းတို့ မခံနိုင် သို့မဟုတ် ၎င်းတို့ ဆက်အသက်မရှင်နိုင်ဟု ခံစားစေရန်အလို့ငှာ နတ်ဆိုးက ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ကို ညှဉ်းဆဲကာ အဖျက်အမှောင့်လုပ်ခြင်းကို ဆိုလိုပေသည်။ ယင်းမှာ ဆိုလိုသည့်အရာဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ရန် ကြိုးစားသည့် အန္တိခရစ်များ၊ ဆိုးယုတ်သော လူများနှင့် ထိုနတ်ဆိုးများအတွက် ၎င်းတို့ထံ ဤစာကြောင်းတစ်ကြောင်းကို ပြောဆိုခြင်းသည် ၎င်းတို့နှင့်အတူ သမ္မာတရားတစ်ခုတလေကို ဆွေးနွေးခြင်းထက် ပို၍ ထိရောက်ပေသည်။ ဤစကားတစ်ခွန်းသည် ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်သည့်အန္တိခရစ်များ၊ ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများကဲ့သို့သော လူများအပေါ် အသုံးဝင်သည်။ ဤလူများထံ သမ္မာတရားကို ပြောဆိုခြင်းသည် အသုံးဝင်သလော။ (အသုံးမဝင်ပါ။) “သင့်အနေဖြင့် သဟဇာတကျကျ ပူးပေါင်းလုပ်ဆောင်ပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ သင်၏ တာဝန်ကို လုပ်ဆောင်ကာ ကိစ္စရပ်များကို ကိုင်တွယ်သင့်သည်” ဟူသည့် ဤစကားမျိုးကို နှစ်များစွာ ပြောဆိုထားပြီးဖြစ်သည်။ ယင်းတို့ကို နားမလည်သောသူ သို့မဟုတ် သတိမရသောသူ တစ်ဦးတလေ ရှိသလော။ မရှိသင့်ပေ။ ထို့ကြောင့် လူအချို့သည် အဘယ်ကြောင့် တစ်ဖက်သတ် ပြုမူဆောင်ရွက်ကြသေးသနည်း။ ဤအရာက အမှုအရာတစ်ခုတည်းကိုသာ ဆိုလိုနိုင်သည်။ ၎င်းတို့က မိမိတို့ကိုယ်ကို မိမိတို့ ထိန်းချုပ်နိုင်ခြင်းမရှိကြ။ ၎င်းတို့က သာမန်လူများ မဟုတ်ကြပေ။ ၎င်းတို့၏ စိတ်များနှင့် နှလုံးသားများက ၎င်းတို့ကို မအုပ်စိုးနိုင်ပေ။ ၎င်းတို့ကို ဤသို့ပြုမူဆောင်ရွက်ရန်၊ အတိအကျအားဖြင့် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ရန်၊ ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်နစ်နာစေရန်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ဆုံးရှုံးမှုများ ခံစားရရန် ပြုလုပ်ဖို့ ၎င်းတို့ကို အုပ်စိုးနေသည့်၊ ကြမ်းတမ်းစွာနှင့် အတင်းအဓမ္မ ညွှန်ကြားနေသည့် အခြားအရာတစ်ခုသည် အထဲတွင် ရှိသည်။ ထိုသို့သော အရာများကို မည်သူက လုပ်ဆောင်နိုင်မည်နည်း။ စာတန်များနှင့် နတ်ဆိုးများသာ လုပ်ဆောင်နိုင်သည်။ ဘုရားသခင်နောက်လိုက်သူများ၊ ပုံမှန်လူများ၊ စစ်မှန်သော ဖန်ဆင်းခံများသည် ထိုသို့သော အရာများကို လုပ်ဆောင်ရန် စိတ်လှုံ့ဆော်မှု ရှိကြမည်မဟုတ်ပေ။ စာတန်များနှင့် နတ်ဆိုးများသာ စိတ်လှုံ့ဆော်မှုရှိကြပြီး ဤအရာများကို တမင်တကာ လုပ်ဆောင်ကြသည်။ ဤပြောဆိုချက်ကို သင် သတိရပြီလော။ (ရပါပြီ။) သို့ဆိုလျှင် ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် ငါတို့ အဆုံးသတ်မည်ဖြစ်သည်။ နှုတ်ဆက်ပါသည်။
၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်