အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့ တစ်ကိုယ်ရေ ထင်ပေါ်ကျော်ကြားမှုအတွက် ဖလှယ်လျက် ထိုအကျိုးစီးပွားများကို သစ္စာပင် ဖောက်ကြသည် (အပိုင်း ၅)
၂။ အန္တိခရစ်တို့၏ အကျိုးစီးပွားများ
ဂ။ မိမိတို့ကိုယ်ပိုင် အကျိုးအမြတ်များအတွက် လျှို့ဝှက်ကြံစည်ခြင်း
ယနေ့တွင် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ဆိုင်သည့် အချက်ကိုးနှင့်လည်းကောင်း၊ အန္တိခရစ်များ၏ အကျိုးစီးပွားနှင့်ဆက်စပ်သော ဤအချက်၏ တစ်စိတ်တစ်ပိုင်းနှင့်လည်းကောင်း ပတ်သက်သော ငါတို့၏ မိတ်သဟာယကို ငါတို့ ဆက်ဆွေးနွေးကြမည်။ ပြီးခဲ့သည့်အခေါက်တွင် အန္တိခရစ်များ၏ အကျိုးစီးပွားနှင့်သက်ဆိုင်သော တတိယအချက်ဖြစ်သည့် အကျိုးအမြတ်များအကြောင်းကို ငါ မိတ်သဟာယပြုခဲ့သည်။ ထိုအချက်တွင် သွင်ပြင်လက္ခဏာအချို့၏ တိကျသော သရုပ်သကန်များကို ငါ စာရင်းပြုစုခဲ့ပြီး အန္တိခရစ်များ၏ အပြုအမူ၊ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်များ၊ ဤအတွေးအခေါ်များနှင့် အမြင်များ၏ ထိန်းချုပ်မှုအောက်တွင် ၎င်းတို့ လုပ်ဆောင်သည့် အမျိုးမျိုးသော အမှုအရာများကို အဓိက ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ငါသည် သွင်ပြင်လက္ခဏာနှစ်ခုနှင့်ပတ်သက်၍ ပြီးခဲ့သည့်အခေါက်တွင် မိတ်သဟာယပြုခဲ့သည်။ ပထမမှာ ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အလွဲသုံးစားပြုခြင်းဖြစ်ပြီး ဒုတိယမှာ ၎င်းတို့အား အစေခံစေကာ ၎င်းတို့အတွက် အလုပ်လုပ်စေရန် ညီအစ်ကို မောင်နှမများကို အသုံးပြုခြင်းဖြစ်သည်။ ဤသည်တို့မှာ အန္တိခရစ်များက ၎င်းတို့ကိုယ်ပိုင် အကျိုးအမြတ်များအတွက် ကြံစည်ခြင်းနှင့်ဆိုင်သည့် တိကျသော သရုပ်သကန်နှစ်ခု ဖြစ်သည်။ ယခုတွင် ဤအရာများနှင့်ပတ်သက်၍ ငါ မိတ်သဟာယပြုပြီးဖြစ်သဖြင့် အန္တိခရစ်များ၏ သဘာဝ အနှစ်သာရအပေါ် သိနားလည်မှုတစ်ခု သင်တို့ ရှိကြသလော။ ၎င်းတို့၏ စိတ်သဘောထားနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့် စပ်လျဉ်း၍ဖြစ်စေ အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များအရ ဖောက်ပြန်ပျက်စီးသော လူသားများကြားတွင် ကြီးမားသည့် ခြားနားချက် အမှန်တကယ် မရှိပေ။ ၎င်းတို့ သာ၍ ဆင်တူခြင်းက ၎င်းတို့ ကွဲပြားခြားနားခြင်းထက် သာ၍ အလေးသာသည်။ ၎င်းတို့တွင် ကောင်းမွန်သည့် လူ့သဘာဝရှိမရှိ၊ သို့မဟုတ် ဆိုးယုတ်သည့် လူ့သဘာဝ ရှိမရှိဟူသည့်အရာတွင်သာ ၎င်းတို့ ကွဲပြားကြပြီး သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားနှင့် ပတ်သက်လာသည့်အခါတွင်သာ ထင်ရှားပေါ်လွင်သော ခြားနားချက်တစ်ခု ရှိပေသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အတူတူချည်းသာ ဖြစ်သော်လည်း အန္တိခရစ်များသည် သမ္မာတရားကို မုန်းတီးနိုင်စွမ်း ရှိကြသည်၊ ဘုရားသခင်ကို အတိုက်အခံ လုပ်နိုင်စွမ်းရှိကြသည်၊ ဘုရားသခင်ကို ဝေဖန်နိုင်စွမ်းရှိကြပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားနိုင်စွမ်း ရှိကြကာ မကောင်းမှုလုပ်နိုင်စွမ်းလည်း ရှိကြသည့်အပြင် အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်နိုင်စွမ်း ရှိကြလေသည်။ ဤသည်တို့မှာ အန္တိခရစ်များနှင့် သာမန်ဖောက်ပြန်ပျက်စီးသော လူသားများက ထင်ထင်ရှားရှား ခြားနားကြသည့် နယ်ပယ်များဖြစ်သည်။ လူတိုင်းတွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသည်။ သို့သော် ၎င်းတို့က မကောင်းမှု မလုပ်ဆောင်သကဲ့သို့ အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့် မလုပ်သည့်အပြင် ဘုရားသခင်ကို တိုက်ရိုက် ထိပ်တိုက်တွေ့ခြင်း မရှိသေးလျှင် အန္တိခရစ်တစ်ဦးအဖြစ် ၎င်းတို့ကို သတ်မှတ်၍မရနိုင်ပေ။ ဖောက်ပြန်ပျက်စီးသော လူသားများသည် တူညီသည့် သို့မဟုတ် အလားတူဖြစ်သည့် အတွေးများ၊ အမြင်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသော်လည်း တစ်စုံတစ်ဦး၏ လူ့သဘာဝ အနှစ်သာရသည် ဆိုးယုတ်သော လူတစ်ဦး၏ လူ့သဘာဝ မဟုတ်လျှင်၊ ယင်းမှာ ၎င်းနှင့် အန္တိခရစ်တို့ကြား ထင်ရှားပေါ်လွင်သည့် ခြားနားချက်တစ်ခု ဖြစ်သည်။ လူအများစုက ဤခြားနားချက်ကို မမြင်နိုင်သကဲ့သို့ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိသော လူများနှင့် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်သော လူတို့အား အတူစုကာ ၎င်းတို့ကို အန္တိခရစ်များအဖြစ် သတ်မှတ်ဆုံးဖြတ်ကြလေသည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် လူကောင်းများကို ထိခိုက်နစ်နာစေဖို့ လွယ်ကူသည်။ အန္တိခရစ်များ၏ အနှစ်သာရကို သင်တို့ ရှင်းလင်းစွာ နားမလည်လျှင် ထိုအရာမှာ သင်တို့အနေဖြင့် မိမိကိုယ်ကို နားလည်ရန်အတွက်လည်း ကြီးမားသည့် အဟန့်အတားတစ်ခု ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အန္တိခရစ်တစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် တူညီသည်ကို မြင်လျှင် မိမိသည် အန္တိခရစ်တစ်ဦး ဖြစ်သည်ဟု သင် တွေးထင်လိမ့်မည် ဖြစ်ပြီး မိမိရောက်နေသည့် လမ်းကြောင်းမှာ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းနှင့် တူညီသည်ကို မြင်လျှင် သင်က အန္တိခရစ်တစ်ဦးဖြစ်သည်ဟုလည်း တွေးထင်လိမ့်မည် ဖြစ်သည်။ အမှုအရာများကို သင် လုပ်ဆောင်သည့် နည်းလမ်း၊ သင်၏ အတွေးအခေါ်များနှင့် အမြင်များက အန္တိခရစ်တစ်ဦး၏ နည်းလမ်း၊ အတွေးအခေါ်များ၊ အမြင်များနှင့် တူညီနေသည်ကို သင် မြင်လျှင် သင့်ကိုယ်သင် အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်ဦးမည် ဖြစ်သည်။ သင်သည် ဤနည်းလမ်းသုံးခုဖြင့် သင့်ကိုယ်သင် အန္တိခရစ်တစ်ဦးအဖြစ် မြင်လျှင် သင့်ကိုယ်သင် အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်လိမ့်မည်။ ဤအရာက မည်သည့်အကျိုးဆက်များကို ဖြစ်စေလိမ့်မည်နည်း။ သင်သည် အတိုင်းအတာတစ်ခုခုထိ မုချ အပျက်သဘော ဆောင်လာလိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် လက်လျှော့မိလိမ့်မည်။ ထိုသို့သော ပုံစံဖြင့် သင့်ကိုယ်သင် သိနားလည်ခြင်းသည် အတော်အတန် လွဲချော်ပေသည်။ သို့ဖြစ်၍ သင်၏ အန္တိခရစ် စိတ်သဘောထားကို နားလည်ရန် မလိုအပ်လေသလော။ မဟုတ်ပေ၊ လိုအပ်သည်မှာ အမှန်ဖြစ်၏။ အန္တိခရစ်များ၏ စိတ်သဘောထားများကို မိတ်သဟာယပြုခြင်းနှင့် စိစစ်ခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့အနေဖြင့် မိမိကိုယ်ကို နှိုင်းယှဉ်မှုများ ပြုလုပ်နိုင်စေရန်နှင့် မိမိကိုယ်ကို အမှန်တကယ် သိနားလည်သည့် အဆင့်သို့ ရောက်စေရန် ဖြစ်သည်။ သင့်ထံတွင် သာမန် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည်ဟု သင် နားလည်ရုံသာနားလည်သော်လည်း အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိသည်ကို သတိမပြုမိလျှင် သင့်ကိုယ်သင် သိနားလည်မှုသည် အလွန် ပေါ့တန်ပြီး တစ်ဖက်သတ်ဆန်လွန်းပေသည်။ ထိုအရာသည် ဖြစ်သင့်သည့်အရာ မဟုတ်ပေ။ သင်တို့သည် ဤအရာကို ယခု သတိပြုကောင်းပြုမိနိုင်မည်မဟုတ်။ လူအများစုက “ငါသည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်နေခြင်းမရှိသကဲ့သို့ အန္တိခရစ်တစ်ဦး မဟုတ်သည့်အပြင် အန္တိခရစ်တစ်ဦး၏ အနှစ်သာရလည်း မရှိပါ။ ထို့ကြောင့် ငါ့ထံတွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိကြောင်း၊ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို ငါ လျှောက်နိုင်စွမ်းရှိကာ အန္တိခရစ်တစ်ဦး ဖြစ်ကောင်းဖြစ်လာမည်ဖြစ်ကြောင်း သိနားလည်သည့် အဆင့်သို့ ရောက်ရန် ငါ့အတွက် မလိုအပ်ပါ။ ဤသည်မှာ မိမိကိုယ်ကို ငါ၏ သိနားလည်မှုဖြစ်ခဲ့လျှင် ငါသည် ငါ့ကိုယ်ငါ သိက္ခာချနေခြင်း ဖြစ်မည် မဟုတ်လော”ဟု တွေးကြသည်။ ထိုသို့ဖြင့် သင်တို့သည် အန္တိခရစ်များကို ဖော်ထုတ်ခြင်းနှင့်ပတ်သက်သည့် ဤအကြောင်းအရာများကို သိပ်စိတ်မဝင်စားကြပေ။ သင် စိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မဝင်စားသည်ဖြစ်စေ သင်သည် သမ္မာတရားကို လိုက်စားသော လူတစ်ဦးဖြစ်လျှင် နောက်ဆုံးတွင် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာများနှင့် ဤဆိုရိုးများကို သင် တဖြည်းဖြည်း တိုး၍ သိနားလည်လာသည့်နေ့တစ်နေ့ ရောက်လာလိမ့်မည်။ မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုကို မိတ်သဟာယပြုသော်လည်း ၎င်းတို့တွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိပုံ သို့မဟုတ် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို ၎င်းတို့ လျှောက်ကြပုံတို့နှင့်ပတ်သက်၍ ဘာဆိုဘာမျှ မပြောဆိုကြသည့် လူအချို့ကို ငါ ကြားပြီးဖြစ်သည်။ ၎င်းတို့၏ အတွေးအခေါ်များ၊ အမြင်များနှင့် စိတ်သဘောထားတို့သည် အန္တိခရစ်တစ်ဦး၏ အတွေးအခေါ်များ၊ အမြင်များနှင့် စိတ်သဘောထားတို့နှင့် အတိအကျ တူညီသည်မှာ သိသာထင်ရှားပေသည်။ ယင်းတို့သည် တထေရာတည်း ဖြစ်သည်။ သို့သော် ဤအရာကို ၎င်းတို့က နားမလည်ကြပေ။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ပုန်ကန်ကြောင်း၊ ၎င်းတို့၏ လူ့သဘာဝသည် သိပ်မကောင်းကြောင်းနှင့် သမ္မာတရားကို ၎င်းတို့ ထိုမျှမချစ်ကြောင်းတို့ကိုသာ ၎င်းတို့ နားလည်နိုင်သဖြင့် ဤသည်မှာ လူအများစု၏ မိမိတို့ကိုယ်ကို သိနားလည်မှုအတိုင်းအတာသည် အလွန်ပေါ့တန်ကြောင်း လုံလောက်သည့် သက်သေဖြစ်၏။ အမှန်တွင် ၎င်းတို့ ထင်ရှားစေပြီး ထုတ်ဖော်ပြသည့်အရာမှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်ပြီး ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းဖြစ်သော်လည်း ဤအရာကို ၎င်းတို့က နားမလည်ကြပေ။ ၎င်းတို့က အဘယ်ကြောင့် နားမလည်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် အန္တိခရစ်၏ စိတ်သဘောထားနှင့် ဆက်စပ်သည့် အမျိုးမျိုးသော သရုပ်သကန်များကို ၎င်းတို့ နားမလည်သောကြောင့် ဖြစ်သည်။ ပြီးလျှင် ၎င်းတို့တွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ရှိကြောင်း သို့မဟုတ် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းပေါ်တွင် ၎င်းတို့ ိရောက်နေကြောင်းကို ပြောရန် စိုးရွံ့သည့် လူများစွာပင် ရှိကြလေသည်။ ထိုအရာကို ၎င်းတို့က နားလည်လျှင်ပင် မပြောဝံ့ကြချေ။ ၎င်းတို့က ထိုအရာကို ထုတ်ပြောလျှင် ၎င်းတို့ ကျိန်ခြင်းခံရသည့်အလား၊ သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်း ခံရသည့်အလားဖြစ်လေသည်။ အမှန်တွင် ထိုအရာကို သင်ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ သင်၏ အခြေအနေသည် အတူတူပင် ဖြစ်သည် မဟုတ်လော။ ထိုအရာက သင့်ထံတွင် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသည်ဟူသည့် အချက်ကို ပြောင်းလဲပေးနိုင်သလော။ မပြောင်းလဲပေးနိုင်ပေ။ ဤအရာကို သင် နားမလည်သည့်အချက်က သမ္မာတရားအပေါ် သင်၏ သဘောပေါက်နားလည်မှုမှာ အလွန် ပေါ့တန်ကြောင်းနှင့် သင့်ထံတွင် သင့်ကိုယ်သင် စစ်မှန်သည့် သိနားလည်မှု မရှိကြောင်းကို သက်သေပြပေသည်။
၃။ စားစရာ၊ သောက်စရာနှင့် အခြားသော တပ်မက်ဖွယ်ကောင်းသော အရာများကို လိမ်လည်၍ ရယူရန် မိမိတို့၏ ရာထူးဂုဏ်သိမ်ကို အသုံးချခြင်း
ဆက်လက်၍ အန္တိခရစ်များက ၎င်းတို့ကိုယ်ပိုင် အကျိုးအမြတ်များအတွက် ကြံစည်ခြင်းနှင့်ဆိုင်သော တတိယ သရုပ်သကန်အကြောင်းကို ငါတို့ မိတ်သဟာယပြုမည်။ စားစရာ၊ သောက်စရာနှင့် အခြားသော တပ်မက်ဖွယ်ကောင်းသော အရာများကို လိမ်လည်၍ ရယူရန် မိမိတို့၏ ရာထူးဂုဏ်သိမ်ကို အသုံးချခြင်း ဖြစ်သည်။ “မိမိတို့၏ ရာထူးဂုဏ်သိမ်ကို အသုံးချခြင်း”ကို ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် အောင်လံအောက်တွင် စားစရာ၊ သောက်စရာနှင့် အခြားသော တပ်မက်ဖွယ်ကောင်းသော အရာများကို လိမ်လည်၍ ရယူခြင်းဟုလည်း ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သည်မှာ ပြောစရာမလိုချေ။ ယခင်က ဤအချက်ကို သင်တို့ ကြိုးစားတွေးဆကာ စဉ်းစားဖူးကြသလော။ (မစဉ်းစားဖူးကြပါ။) ဤလူစားမျိုးကို သင်တို့ မြင်ဖူးကြသလော။ ဤလူစားမျိုးနှင့် စပ်လျဉ်း၍ သင်တို့တွင် အယူအဆတစ်ခုတလေ ရှိသလော။ မနှစ်မြို့ခြင်း သို့မဟုတ် စက်ဆုပ်ခြင်းနှင့်ဆိုင်သည့် ခံစားချက်တစ်ခုခု သင်တို့တွင် ရှိကြသလော။ ဤလူစားမျိုးအတွက် အထင်သေးခြင်းကို သင်တို့ ခံစားရသလော။ (ခံစားရပါသည်။) ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့၏ လူ့သဘာဝက မည်သည့်အရာနှင့်တူသနည်း။ ၎င်းတို့က ဤအရာများကို အဘယ်ကြောင့် လုပ်ဆောင်ကြသနည်း။ ဘုရားသခင်ကို ယုံကြည်ရာတွင် ၎င်းတို့၏ ရှုထောင့်အမြင်မှာ အဘယ်နည်း။ ဤလူစားမျိုးသည် ဘုရားသခင် ကယ်တင်သည့် တစ်စုံတစ်ဦးဖြစ်သလော။ နောက်ဆုံး စိစစ်မှုတွင် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှု ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ၎င်းတို့၏ မိသားစုများနှင့် အသက်မွေးအလုပ်များကို စွန့်လွှတ်ကြပြီးဖြစ်ကာ ဆင်းရဲဒုက္ခကို ခံစားခြင်းနှင့် အဖိုးအခပေးခြင်း အမူအရာများကို ပြသကြပြီး ဖြစ်သော်လည်း နောက်ဆုံး စိစစ်မှုတွင် စားစရာ၊ သောက်စရာနှင့် အခြားသော တပ်မက်ဖွယ်ကောင်းသော အရာများကို လိမ်လည်၍ ရယူရန် မိမိတို့၏ ရာထူးဂုဏ်သိမ်ကို အသုံးချခြင်း၌ ၎င်းတို့၏ ရည်မှန်းချက်မှာ မည်သည့်အရာဖြစ်သနည်း။ ဤအရာကို ၎င်းတို့ လုပ်ဆောင်သည့်အခါ ဘုရားသခင်က အလွန် မုန်းတီးပြီး သဘောကျခြင်းမရှိသည်ကို ၎င်းတို့ သိကြသလော။ ဤမေးခွန်းများကို သင်တို့ ယခင်က စဉ်းစားဖူးကြသလော။ အမှန်ပြောရလျှင် သင်တို့ အများစုက မစဉ်းစားဖူးကြပေ။ အဘယ်ကြောင့် သင်တို့ မစဉ်းစားဖူးကြသနည်း။ အချို့က “လူ့အဖွဲ့အစည်းတွင် ဤကဲ့သို့သော လူများစွာရှိသည်။ ထို့ကြောင့် ဘုရားအိမ်တော်တွင် ၎င်းတို့ အနည်းငယ်ရှိသည်မှာ အရေးကြီးကိစ္စတစ်ခု မဟုတ်ပါ။ ထို့အပြင် ကျွန်ုပ်တို့ကိုယ်တိုင်က မလွဲမသွေ လုံးလုံးလျားလျား ဖြူစင်ခြင်းမျိုး မဟုတ်ပါ”ဟု ပြောကြသည်။ သင့်ကိုယ်သင် သမ္မာတရား လိုက်စားသူအဖြစ် ယူဆသည့်တိုင်အောင် သင်၏ ကိုယ်ပိုင် လုပ်ဆောင်ချက်များ၊ အတွေးအခေါ်များနှင့် စိတ်ကူးများအပြင် အခြားသူတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများကို ယူကာ ယင်းတို့နှင့် သမ္မာတရားကြား ချိတ်ဆက်ခြင်း၊ သမ္မာတရား၏ ရှုထောင့်အမြင်ကို အသုံးပြု၍ ယင်းတို့ကို ရှုမြင်ကာ သတ်မှတ်ခြင်း မရှိပေ။ ထို့ကြောင့် သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး ဖြစ်နေသေးသလော။ ဘုရားသခင်ကို သင်၏ ယုံကြည်မှုတွင် သင် နားလည်လာပြီးဖြစ်သည့် သမ္မာတရားများသည် သင့်အတွက် တန်ဖိုးရှိကာ အဓိပ္ပာယ်ရှိသေးသလော။ အဓိပ္ပာယ်မရှိပေ။ ဝိညာဉ်ရေးရာ သိနားလည်မှု မရှိချိန်တွင် ဝိညာဉ်ရေးရာပြည့်ဝသယောင် ဟန်ဆောင်သောသူ အားလုံးတွင် အတုအယောင် ဝိညာဉ်ရေးရာပြည့်ဝမှုရှိကြပြီး စည်းမျဉ်းစည်းကမ်းများကို တစ်သဝေမတိမ်း လိုက်နာလျက် သို့မဟုတ် စကားများနှင့် အယူဝါဒများကို ပြောဆိုလျက် တစ်နေ့လုံး အချိန်ကုန်နေခြင်းမှလွဲ၍ မည်သည့်အရာကိုမျှ အရေးမစိုက်ကြပေ။ ယင်းမှာ ရှေးခေတ် ပညာရှင်များ လုပ်ဆောင်ခဲ့ကြသည့် “ပညာရှိများ၏ စာအုပ်များ လေ့လာခြင်းအား မိမိကိုယ်ကို အပြည့်အဝ ရည်စူးဆက်ကပ်ကြပြီး ပြင်ပကိစ္စရပ်များကို အာရုံမစိုက်ကြခြင်း”နှင့် ဆင်တူပေသည်။ ဝိညာဉ်ရေးရာပြည့်ဝသယောင် ဟန်ဆောင်သော လူတို့သည် အခြားလူများလုပ်ဆောင်သည့် မည်သည့်အရာမဆိုက ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း၊ အခြားလူတို့ မည်သို့မည်ပုံ တွေးထင်သည်မှာ အခြားလူတို့၏ ကိစ္စဖြစ်ကြောင်း စဉ်းစားကြပြီး ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ လူတို့အား မည်သို့ ပိုင်းခြားသိမြင်ရမည်၊ အမှုအရာများကို မည်သို့ ရိပ်စားမိကာ ဘုရားသခင်၏ ရည်ရွယ်ချက်များအား မည်သို့နားလည်ရမည် ဟူသည်တို့ကို သင်ယူရန် ငြင်းဆန်ကြလေသည်။ လူအများစုမှာ ဤကဲ့သို့ ဖြစ်ကြသည်။ တရားဒေသနာတစ်ခုကို နားထောင်ပြီးသည့်အချိန် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်အချိန်တွင် ၎င်းတို့သည် စာရွက်ပေါ် ရေးမှတ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံများထဲတွင် မှတ်သားထားကြပြီး ထိုအရာကို ၎င်းတို့က မည်ကာမတ္တ အာရုံစိုက်ပြီးနောက်တွင် မေ့လားလိုက်၍ရသည့် အယူဝါဒများ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများအဖြစ် သဘောထားကြလေသည်။ ၎င်းတို့၏ အနီးဝန်းကျင်တွင် ဖြစ်ပျက်သည့်အရာများ သို့မဟုတ် ၎င်းတို့ အနီးအနားတွင်ရှိသည့် လူများ၌ တွေ့ရသည့် အမျိုးမျိုးသော အပြုအမူများနှင့် သရုပ်သကန်များက ဤသမ္မာတရားများနှင့် မည်သို့ဆက်စပ်သည်ဆိုသည့်အရာအတွက်မူ ၎င်းတို့၏ စိတ်နှလုံးများတွင် မည်သည့်အခါတွင် စဉ်းစားခြင်းမရှိ သို့မဟုတ် ဤအရာကို တွေးဆရန် ကြိုးစားခြင်း မရှိသကဲ့သို့ ဆုတောင်းခြင်း သို့မဟုတ် ရှာဖွေခြင်းလည်း မရှိပေ။ လူအများစု၏ ဝိညာဉ်ရေးရာ အသက်တာများသည် ဤအခြေအနေမျိုးတွင် ရှိကြ၏။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားထဲ ဝင်ရောက်ရာတွင် နှေးကွေးပြီး အပေါ်ယံဆန်ကြသည်။ ၎င်းတို့၏ ဝိညာဉ်ရေးရာ အသက်တာသည် အလွန့်အလွန် ငြီးငွေ့ဖွယ်ကောင်းသည်။ စည်းမျဉ်းစည်းကမ်းများကို ၎င်းတို့ လိုက်လျှောက်ရုံမျှ လိုက်လျှောက်ကြပြီး အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ပုံအတွက် စည်းမျဉ်းများ မရှိပေ။ လူများစွာနှင့် စပ်လျဉ်း၍ ၎င်းတို့၏ ဝိညာဉ်ရေးရာ အသက်တာသည် လက်တွေ့ဘဝနှင့် ကင်းကွာပြီး အနှစ်မဲ့သည်ဟု ဆိုနိုင်ပေသည်။ ထို့ကြောင့် ဆိုးယုတ်သော လူများနှင့် အန္တိခရစ်များ၏ အရှက်မရှိ ဗြောင်ကျသော အပြုအမူများနှင့် သရုပ်သကန်များနှင့် ပတ်သက်လာသည့်အခါတွင်ပင် အဓိပ္ပာယ်ဖွင့်ဆိုချက် တစ်ခုတလေ ရှိဖို့ဆိုထားနှင့် မည်သည့်အယူအဆမျှ လုံးဝ မရှိသကဲ့သို့ မည်သည့်စိတ်ကူးမျှ မရှိ သို့မဟုတ် မည်သည့်ပိုင်းခြားသိမြင်နိုင်စွမ်းမျှ မပြကြပေ။ မိမိတို့၏ကိုယ်ပိုင် အကျိုးအမြတ်တစ်ခုချင်းအတွက် ကြံစည်ရာတွင် အန္တိခရစ်များ၏ အပြုအမူများ၊ သရုပ်သကန်များ၊ ဆိုရိုးများနှင့် စပ်လျဉ်း၍ သင်တို့သည် အတန်အသင့် ပမာဏကို မြင်ပြီးဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သင်တို့၏ စိတ်နှလုံးများတွင် ၎င်းတို့က အတိအကျ မည်သည့် လူစားမျိုးများဖြစ်သည်၊ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် သမ္မာတရားကို ၎င်းတို့ ရရှိနိုင်ခြင်း ရှိမရှိ၊ ၎င်းတို့က သမ္မာတရားကို လိုက်စားသည့် လူများ ဟုတ်မဟုတ်ဆိုသည်နှင့် အခြားမေးခွန်းမျိုးကို တွေးဆရန် လုံးဝ မကြိုးစားကြလေပြီ။ ထို့ထက် သင်သည် မိမိ လုပ်ဆောင်သမျှတိုင်းတွင် ဟန်ဆောင်လုပ်ပြရင်း တစ်နေ့လုံး အလဟဿ ယောင်ပေပေလုပ်နေပြီး သမ္မာတရားကို ရရှိနိုင်ရန် သို့မဟုတ် သမ္မာတရား စစ်မှန်မှုကို နားလည်ကာ ဝင်ရောက်နိုင်ရန် မကြိုးစားပေ။ အန္တိခရစ်များသည် ၎င်းတို့၏ကိုယ်ပိုင် အကျိုးအမြတ်များအတွက် ကြံစည်ရန် ၎င်းတို့၏ ရာထူးကို အသုံးပြုကြပြီး ဘုရားအိမ်တော်၌ လိမ်လည်မှုမှတစ်ဆင့် လိုချင်ဖွယ်ရာ ပစ္စည်းမျိုးစုံကို ရရှိရန် ဘုရားသခင်ကို ယုံကြည်ခြင်းအား ဟန်ဆောင်မှုတစ်ခုအဖြစ် အသုံးပြုကြလေသည်။ ဤလိုချင်ဖွယ်ရာ ပစ္စည်းများတွင် ပင်ကိုအားဖြင့် အစားအစာ၊ သောက်စရာအပြင် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအချို့နှင့် ထိုသို့သောအရာ ပါဝင်သည်။ ထိုသို့သော လူတို့၏ အနှစ်သာရမှာ ယခင်က ငါတို့ ပြောဆိုခဲ့ကြသည့် အန္တိခရစ်များ၏ ရုပ်ဝါဒ အနှစ်သာရနှင့် အတူတူပင် ဖြစ်သည်။ လူတစ်မျိုးတစ်စားတည်း၏ စရိုက်လက္ခဏာပင် ဖြစ်သည်။ ၎င်းတို့သည် ရုပ်ဝတ္ထုဆိုင်ရာ အကျိုးခံစားခွင့်မျိုးစုံကို မွေ့လျော်ရန်သာ ကြိုးစားကြသည်။ သမ္မာတရားကို မလိုက်စားကြသကဲ့သို့ ကောင်းမှုများကို သာ၍ပင် မပြင်ဆင်ကြပေ။ ၎င်းတို့သည် သမ္မာတရား လိုက်စားသည့်ပုံသာ ဟန်ဆောင်ကြပြီး အပေါ်ယံအားဖြင့် လိုက်စားသည့်ပုံပေါ်ကြသည်။ ၎င်းတို့ စိတ်နှလုံးများ၏ အချက်အချာတွင် ၎င်းတို့ လိုက်စားသည့်အရာမှာ အခြေခံအားဖြင့် ၎င်းတို့၏ စိတ်များတွင် စဉ်ဆက်မပြတ် ရှိနေသည့် စားခြင်း၊ သောက်ခြင်းနှင့် ကောင်းကောင်း ပြုစုခံရခြင်းတို့နှင့်ပတ်သက်သည့် ဇာတိပကတိဆိုင်ရာ ပျော်ရွှင်မှုများ ဖြစ်သည်။ ဤလူစားမျိုး အတော်များများသည် နေရာအနှံ့အပြားတွင် ရှိပေသည်။ အသင်းတော်တိုင်းတွင် တစ်ဦး သို့မဟုတ် နှစ်ဦး ရှိဖို့ အလားအလာရှိပြီး ထို့ထက်ပင် ရှိကောင်းရှိနိုင်သည်။ ယနေ့တွင် ဤလူများ၏ သရုပ်သကန်များ၊ အပြုအမူနှင့် အနှစ်သာရတို့အကြောင်းကို အယူအဆဆိုင်ရာ သဘောတရားတစ်ခုအနေဖြင့် ငါ ပြောလိမ့်မည် မဟုတ်။ ပထမဆုံးအနေဖြင့် သတ်သတ်မှတ်မှတ်ရှိသော သရုပ်ဖော်သည့် အခြေအနေအနည်းငယ်အကြောင်းကို ငါ ပြောမည်ဖြစ်ကာ သင်တို့ကို နားထောင်ခွင့်ပေးမည်၊ ထိုအရာမှ ထိုးထွင်းအမြင်များ ရရှိခွင့်ပေးပြီး ဤကဲ့သို့သော လူများက ငါတို့ မိတ်သဟာယပြုနေခဲ့သည့် ဤအချက်နှင့် မည်သို့ဆက်စပ်သည်ဆိုသည်ကိုလည်းကောင်း၊ ၎င်းတို့က စားစရာ၊ သောက်စရာ၊ ငွေနှင့် ရုပ်ဝတ္ထုဆိုင်ရာ ပစ္စည်းများကို လိမ်လည်လှည့်ဖြားလျက် ရယူရန် ၎င်းတို့၏ ရာထူးကို အသုံးပြုပြီး ဘုရားသခင်ကို ယုံကြည်ခြင်း အောင်လံလွှင့်ခြင်း ရှိမရှိ ဟူသည်ကိုလည်းကောင်း မြင်ခွင့်ပေးမည်။ ဤလူစားမျိုးကို ပိုင်းခြားသိမြင်ရန် ကြိုးစားလော့။ ထို့နောက်တွင် သင် ထိတွေ့ဆက်သွယ်လာရသည့် လူများတွင် ငါတို့ ပြောနေခဲ့သည့် ဤသရုပ်သကန်များ ရှိမရှိဟူသည်ကို စဉ်းစားလော့။ တစ်ဦးတလေကို စဉ်းစားမိလျှင် ဥပမာအနည်းငယ်ကိုလည်း သင်တို့ ပေးနိုင်သည်။ ငါ့ကို ပြောလော့၊ ဥပမာများပေးခြင်းက ပိုကောင်းသလော သို့မဟုတ် ဤကဲ့သို့ ခြုံငုံ၍သာ မိတ်သဟာယပြုခြင်းက ပိုကောင်းသလော။ (ဥပမာများပေးခြင်းက ပိုကောင်းပါသည်။) ဥပမာပေးခြင်း၏ အပြုသဘောဆောင်သည့် ရှုထောင့်မှာ မည်သည့်အရာဖြစ်သနည်း။ ဦးစွာပထမအနေဖြင့် လူအများစုသည် ဤဇာတ်ကြောင်းများနှင့် လက်တွေ့ဘဝ အခြေအနေများကို နားထောင်ရန် လိုလားနေကြသည်။ ထိုအရာများတွင် ဇာတ်ကောင်များနှင့် ဇာတ်လမ်းဇာတ်ကွက်တစ်ခုရှိပြီး လူအများစုက ထိုအရာများကို စိတ်ဝင်စားဖွယ်အဖြစ် မြင်ကြသည်။ ထိုအရာမှာ သင်၏ တစ်ကိုယ်ရေ အတွေ့အကြုံအကြောင်း ပြောပြသကဲ့သို့သာ ဖြစ်သည်။ ထိုအကြောင်းကို သင်က ဆောင်းပါးတစ်ပုဒ်ရေးလျှင် လူတို့က ပုံမှန်အားဖြင့် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဖတ်ရှုကြလိမ့်မည်ဖြစ်ပြီး ထိုမျှသာဖြစ်သည်။ သို့သော် ထိုအကြောင်းကို ရုပ်ရှင်တစ်ကား သို့မဟုတ် ဇာတ်စင်ပေါ်တင်ဆက်သည့် ပြဇာတ်တစ်ပုဒ်အဖြစ် ဖန်တီးလျှင် ပိုများသော လူတို့က ကြည့်ရှုကြလိမ့်မည်ဖြစ်ပြီး တစ်ကြိမ်မက ကြည့်ရှုကြမည် ဖြစ်သည်။ ဤသို့ဖြင့် လူတို့သည် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာ သို့မဟုတ် ဆီလျော်မှုရှိသည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပို၍ စေ့စပ်စွာ၊ ပိုမို ရှင်းလင်းပြတ်သားမှုဖြင့် ကြည့်ကြလိမ့်မည်ဖြစ်ပြီး ထိုအရာက ၎င်းတို့အပေါ် သာ၍နက်ရှိုင်းသည့် ထင်မြင်ချက်တစ်ခုကို ပေးလိမ့်မည်ဖြစ်သည်။ ထို့အပြင် တိကျသည့် ဥပမာအချို့ကို ပေးခြင်းက လူတို့အား သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုစီနှင့် ၎င်းတို့ကြားတွင် နှိုင်းယှဉ်မှုများနှင့် ဆက်စပ်မှုများကို သာ၍ တိကျမှန်ကန်စွာ ပြုလုပ်ဖို့ ကူညီပေးသည်။
အကြောင်းအရာ ၁ - စားစရာနှင့် သောက်စရာအတွက် ရှာဖွေခိုးယူရန်အလို့ငှာ အလုပ်လုပ်ယောင်ဆောင်ခြင်း
ပထမဆုံးအနေဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့အတွက် တွေ့နေကျဖြစ်သည့် ဥပမာအချို့ကို ပေးကြစို့။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမျိုးမျိုးသော ညီအစ်ကို မောင်နှမများကို ကြုံတွေ့ရပြီး ကောင်းမွန်သည့်အရာအချို့ကို ၎င်းတို့ ရှာဖွေတွေ့ရှိသည့် အလုပ်နေရာသစ်တစ်ခုဆီသို့ လာကြကာ “ဤအရာများသည် ကောင်းမွန်သည့်အရာများဖြစ်သည်။ ငါ့ထံတွင် အဘယ်ကြောင့် ယင်းတို့ မရှိရသနည်း”ဟု တွေးကြသည်။ ၎င်းတို့စိတ်ထဲတွင် ဆိုးရွားသော အတွေးများရှိကြသည် မဟုတ်လော။ ၎င်းတို့၏ လောဘသည် ခေါင်းပြူထွက်လာပြီဖြစ်သည်။ လောဘက ခေါင်းပြူထွက်လာသည်နှင့်တစ်ပြိုင်နက် ဤယုတ်ညံ့ပြီး အရှက်မဲ့သော လူယုတ်မာများသည် ခရီးတစ်ထောက်နားကာ ထိုနေရာတွင် အလုပ်လုပ်ပြီး ထွက်မသွားဖို့ ရှိသမျှဆင်ခြေတိုင်းကို ရှာဖွေကြလေသည်။ ထွက်မသွားရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ မည်သည့်အရာ ဖြစ်သနည်း။ (ထိုသို့ဖြင့် တစ်နေ့တွင် ၎င်းတို့က အခွင့်အရေး ယူနိုင်ရန်ဖြစ်သည်။) မှန်ပေ၏၊ ၎င်းတို့က အခွင့်အရေး ယူချင်ကြပေသည်။ ဤအခွင့်အရေးကို ၎င်းတို့ မရလျှင် ည၌ ကောင်းစွာ အိပ်ပျော်လိမ့်မည် မဟုတ်။ ၎င်းတို့က အခြားတစ်နေရာရာသို့ သွားလျှင် တစ်စုံတစ်ဦးက ဤအခွင့်အရေးရသွားမည်ဖြစ်ပြီး ဤအခွင့်အရေးကို ၎င်းတို့ တစ်ဖန်ရရှိမည် မဟုတ်သည်ကို စိုးရိမ်ကြသောကြောင့် ထိုနေရာတွင် တရားဟောကာ အလုပ်လုပ်ရန် ဆင်ခြေတစ်ခု ရှာကြလေသည်။ အမှန်တွင် ၎င်းတို့၏ စိတ်နှလုံးများက ဤလိုချင်ဖွယ်ရာ ပစ္စည်းများအကြောင်းကို အမြဲ စဉ်းစားနေကြပြီး ၎င်းတို့၏ မျက်လုံးများက ဤလိုချင်ဖွယ်ရာ ပစ္စည်းများကို အမြဲ အာရုံစိုက်နေကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ထိုနေရာတွင် အခြေချလိုက်ကြပြီး ညီအစ်ကို မောင်နှမအများစုက ၎င်းတို့ကို ခင်မင်ကြသည်။ ၎င်းတို့က တရားဟောဆရာများဖြစ်သည်ကို သိကြပြီး ၎င်းတို့ကို ကိုးကွယ်ကာ ကြည်ညိုလေးစားကြလေသည်။ ယခုအချိန်သည် ဤခေါင်းဆောင်နှင့် အမှုဆောင်များက ၎င်းတို့ လိုချင်သည့်အရာ တစ်စုံတစ်ခုရှိသည်ကို ထုတ်ပြောရမည့်အချိန်ဖြစ်သောကြောင့် ထိုအကြောင်းအရာကို အစပျိုးရန် မတူကွဲပြားသည့် နည်းလမ်းမျိုးစုံကို စဉ်းစားကြသော်လည်း ၎င်းတို့ ပြောလေ၊ စိုးရိမ်ကြောင့်ကြလေ ဖြစ်ကြသည်။ ၎င်းတို့က “ဤအရာကို တောင်းဆိုခြင်းအား ငါ အဘယ်သို့ လုပ်ဆောင်သင့်သနည်း။ ဤအရာကို ငါ ကြိုက်ပြီး လိုချင်သည်ကို ညီအစ်ကို မောင်နှမများအား ငါ သိခွင့်ပေး၍မဖြစ်ပါ။ ၎င်းတို့ ဆန္ဒအလျောက် ထိုအရာကို ငါ့အား ပေးအောင် ငါလုပ်ရမည်။ ထိုအရာကို ငါ တောင်းဆိုနေသည်ဟု သူတို့ တွေးထင်သွားအောင် လုပ်၍မဖြစ်ဘဲ ထို့ထက် ထိုအရာသည် ငါ့ကို ၎င်းတို့က လိုလိုလားလား ပေးသည့်အရာတစ်ခုဖြစ်ပြီး ငါ ရဖို့ ထိုက်တန်သည့်အရာတစ်ခုဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်ဟု တွေးထင်အောင် လုပ်ရမည်”ဟု မိမိတို့ဘာသာ တွေးဆကြသည်။ ဤသို့ တွေးဆပြီးသည့်နောက်တွင် ၎င်းတို့က ညီအစ်ကို မောင်နှမများအား “လတ်တလောတွင် သင်တို့၏ အသက်ဝင်ရောက်မှုက အဘယ်သို့နေသနည်း”ဟု မေးကြသည်။ ညီအစ်ကို မောင်နှမများက “သင် ရောက်လာကတည်းက ကျွန်ုပ်တို့၏ အသင်းတော် အသက်တာသည် တိုးတက်ခဲ့ကာ လူတိုင်းက လန်းဆန်းတက်ကြွကြသည်”ဟု ပြောလေသည်။ “သင်တို့ လန်းဆန်းတက်ကြွရသည့် အချက်မှာ သင်တို့၏ ဝိညာဉ် ပိုကောင်းလာသည့် အခြေအနေကို ဆိုလိုသည်။ သင်တို့၏ လုပ်ငန်းလည်း အဆင်ပြေနေသည်။ ဘုရားအလိုတော် ရှိလျှင် အနာဂတ်၌ သင်တို့၏ လုပ်ငန်းက သာ၍ပင် အဆင်ပြေလိမ့်မည်”ဟူ၍ ခေါင်းဆောင်များနှင့် အမှုဆောင်များက စကားပြောနေစဉ် ၎င်းတို့သည် စကားဝိုင်းကို ၎င်းတို့ အလိုရှိသည့်အရာဆီသို့ လမ်းကြောင်းပေးကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ထိုအရာအား အလိုရှိသည်မှာ ညီအစ်ကို မောင်နှမများအတွက် သိသာထင်ရှားလာသည့်အခါ ခေါင်းဆောင်နှင့် အမှုဆောင်များအနေဖြင့် ၎င်းတို့သွားသည့်အခါ ၎င်းတို့နှင့်အတူ တချို့တဝက်ကို ယူသွားသင့်ကြောင်း ပြောကြလေသည်။ ခေါင်းဆောင်နှင့် အမှုဆောင်များက “မဟုတ်ပါ၊ ငါ တစ်ခုမျှ မယူနိုင်ပါ။ ဤအရာသည် စည်းမျဉ်းများနှင့် မကိုက်ညီပါ။ ဘုရားက ဝမ်းသာမည် မဟုတ်ပါ”ဟု ပြောသည်။ ညီအစ်ကိုမောင်နှမများက “ကိစ္စမရှိပါ။ သင် တချို့တဝက် ယူထိုက်ပါသည်” ဟုပြောလျှင် “ကျွန်ုပ် ယူထိုက်လျှင်ပင် မယူနိုင်ပါ” ဟူ၍ ပြန်ပြောလေသည်။ ဤအရာကို ပြောဆိုပြီးနောက်တွင် ညီအစ်ကို မောင်နှမများက ထိုအရာကို ၎င်းတို့အား အမှန်တကယ် မပေးမည်ကို စိုးရိမ်ကြသောကြောင့် ၎င်းတို့၏ ကောင်းမြတ်ခြင်းအတွက် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ကျေးဇူးတင်စေရန်အတွက် အချို့သောအရာများကို ဝေ့ဝိုက်သောနည်းလမ်းဖြင့် ပြောဆိုကြစဉ် တစ်ချိန်တည်းတွင်ပင် ညီအစ်ကို မောင်နှမများက ၎င်းတို့အား တချို့တဝက်ပေးရမည်ကို သတိရဖို့အတွက် မိမိတို့ လိုချင်သည့်အရာကို အလျင်ဦးအောင် တင်ပြကြလေသည်။ ထို့နောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဆိုလိုသည့်အရာမှာ ညီအစ်ကို မောင်နှမများအတွက် သိသာထင်ရှားလာပြီး ၎င်းတို့က “ထိုကိစ္စကို ယခု မပြောကြပါစို့နှင့်။ သင် ထွက်သွားသည့်အခါ ကျွန်ုပ်တို့ ပြော၍ရပါသည်”ဟု ပြောကြလေသည်။ ညီအစ်ကို မောင်နှမများက ဤသို့ပြောသည်ကို ခေါင်းဆောင်များနှင့် အမှုဆောင်များက ကြားသည့်အခါ ၎င်းတို့၏ စိတ်နှလုံးများက အလွန့်အလွန် ဝမ်းသာသွားပြီး “အတိုင်းထက်အလွန်ဖြစ်ပေသည်။ နောက်ဆုံးတွင် ငါ လိုချင်သည့်အရာကို ရလိမ့်မည်”ဟု တွေးကြလေသည်။ ထို့နောက် ၎င်းတို့က “မနက်ဖြန် ငါချက်ချင်း ထွက်သွားလျှင် ထိုအရာကို ငါ လိုချင်သည်မှာ အလွန် သိသာလွန်းသွားလိမ့်မည်။ ထိုအစား နှစ်ရက် သို့မဟုတ် သုံးရက်အတွင်းတွင် ငါ ထွက်ခွာမည်”ဟု တွေးကြသည်။ နောက်ဆုံးတွင် တတိယနေ့ရက် ရောက်လာသည့်အခါ ၎င်းတို့ ထွက်သွားစဉ်တွင် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို အလွန်လေးလံသည့် အထုပ်တစ်ခုကို ပေးကြသည်။ ထိုအထုပ်မှာ ၎င်းတို့ လိုချင်သည့်အရာဖြစ်သည်ကို ခေါင်းဆောင်များနှင့် အမှုဆောင်များက မြင်ကြသော်လည်း မမြင်ချင်ယောင်ဆောင်ကြပြီး မငြင်းကြပေ။ စကားတစ်ခွန်းမျှ မပြောဘဲ ထိုအထုပ်ကိုသာ ယူလိုက်ကြသည်။ ဤသည်တို့မှာ မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ၎င်းတို့သည် လိုချင်ဖွယ်ရာ ပစ္စည်းများကို ရရှိရန် ကြံစည်ရာတွင် မိမိတို့၏ အလုပ်ကို လမ်းကြောင်းတစ်ခုအဖြစ်လည်းကောင်း၊ ၎င်းတို့၏ အားသွန်ခွန်စိုက် လုပ်ရသောအလုပ်ကို နည်းစနစ်အဖြစ်လည်းကောင်း အသုံးပြုသည့် လူများဖြစ်ပြီး ညီအစ်ကို မောင်နှမများထံမှ ပစ္စည်းများကို မတရားသဖြင့် တောင်းဆိုကြသောသူများဖြစ်သည်။ ဤသည်မှာ လိမ်လည်မှုတစ်မျိုး ဖြစ်သည် မဟုတ်လော။ ၎င်းတို့ အလုပ်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အခြားသူတို့ကို ကလိမ်ကျခြင်းဖြင့် လိုချင်ဖွယ်ရာ ပစ္စည်းများကို ရရှိရန် ဖြစ်သည်။ လိုချင်ဖွယ်ရာ တစ်ခုခုရှိပြီး ၎င်းတို့ လိုချင်သည့်အရာတစ်ခု ရှိသည့် နေရာတစ်ခုကို ၎င်းတို့ ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည်ခရီးတစ်ထောက် နားကာ ထွက်မသွားချင်ကြပေ။ မိမိတို့၏ နေအိမ်အတွက် ကောင်းမွန်သည့် ပစ္စည်းရှိသမျှကို ယူကြသည်။ နှစ်အတန်ကြာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ပြီးနောက်တွင် ၎င်းတို့၏ နေအိမ်တွင်ရှိသည့် ပစ္စည်းများစွာမှာ ညီအစ်ကို မောင်နှမများထံမှ ကလိမ်ကကျစ် ရယူထားခြင်းဖြစ်သည်။ ၎င်းတို့ထဲမှ အချို့သည် ညီအစ်ကို မောင်နှမများထံမှ လျှို့ဝှက်ထားသော မိသားစု ချက်နည်းပြုတ်နည်းများ သို့မဟုတ် ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်းများကို ကလိမ်ကကျစ် ရယူခဲ့ကြပြီး ၎င်းတို့အချို့က ဒေသထွက် အထူးထုတ်ကုန်များကို ကလိမ်ကကျစ် ရယူခဲ့ကြသည်။ ဘုရားသခင်ကို ဤလူတို့၏ ယုံကြည်မှုသည် ၎င်းတို့က အပြန်အလှန်အနေဖြင့် မည်သည့်အရာမျှ မတောင်းဆိုဘဲ တစ်နေရာမှ တစ်နေရာသို့ သွားပြီး အလုပ်ကို လုပ်ဆောင်သကဲ့သို့ ထင်ရသော်လည်း အမှန်တွင် ၎င်းတို့သည် ညီအစ်ကို မောင်နှမများထံမှ လိုချင်ဖွယ်ရာ ပစ္စည်းများစွာကို ကလိမ်ကကျစ် ရယူထားကြပြီး ဖြစ်သည်။
ခေါင်းဆောင်တစ်ဦးက အသင်းတော် တစ်ပါးပါးဆီသို့ ရောက်ရှိပြီးသည့်နောက်တွင် ထိုဒေသတွင်ရှိသည့် ဇီးသီးများက နိုင်ငံအနှံ့အပြားတွင် ကျော်ကြားသည်ကို မြင်ပြီး “ငါ ဇီးသီးများကို စားရသည်ကို ကြိုက်သည်။ ဤနေရာတွင်သာ ငါ မွေးခဲ့လျှင် နေ့တိုင်း ဇီးသီးစားရမည်ဖြစ်သော်လည်း ကံအကြောင်းမလှစွာပင် ရက်ပေါင်းများစွာ ငါနေ၍မရသကဲ့သို့ ဇီးသီးများကလည်း မမှည့်သေးပါ။ မည်သည့်အချိန်တွင် ငါ စားနိုင်မည်နည်း။ ငါ သိပြီ။ ဇီးသီးများ မှည့်သည်အထိ နေဖို့ အကြောင်းပြချက်တစ်ခု ငါ ရှာ၍ရပြီး ထို့နောက်တွင် ယင်းတို့ကို ငါ စားနိုင်မည်ဖြစ်သည်၊ မဟုတ်လော”ဟု မိမိတို့ဘာသာ တွေးကြလေသည်။ ထို့နောက်တွင် ၎င်းတို့က ဤနေရာတွင်ရှိသည့် ညီအစ်ကို မောင်နှမ အများစုသည် မကောင်းသည့် အခြေအနေတွင် ရှိပြီး ၎င်းတို့အလုပ်တွင် မည်သည့်အရာကိုမျှ ပြီးမြောက်ခြင်းမရှိသောကြောင့် ဤနေရာတွင် သူ ရေရှည် နေရာယူရမည်ဖြစ်ပြီး သူ မထွက်ခွာမီ အလုပ်၏ ကိစ္စတစ်ခုစီတိုင်း အဆင်ပြေအောင် ပြင်းပြင်းထန်ထန် ကြိုးစားရမည်ဟု ဆိုလျက် ဆင်ခြေပေးကြသည်။ သို့သော် ယင်းမှာ ၎င်း၏ စိတ်နှလုံးတွင် အမှန်တကယ် စဉ်းစားနေသည့်အရာ ဖြစ်သလော။ (မဟုတ်ပါ။) သူ၏ စိတ်နှလုံးတွင် သူသည် အပိုင်ကြံနေသည်။ “ဇီးသီးများ မှည့်ပြီး အချို့ကို ငါ ယူသွားနိုင်သည့် မည်သည့်အချိန်မဆို ယင်းသည် ငါ ထွက်သွားမည့်အချိန် ဖြစ်သည်”ဟူ၍ ဖြစ်သည်။ သူ၏ စိတ်နှလုံးသည် ဤအတွေးဖြင့် ပြည့်နေပြီး ထိုအရာကြောင့် သူသည် ထိုနေရာတွင် ခရီးတစ်ထောက်နားကာ နေရာချထားခြင်း ဖြစ်လေသည်။ ထိုနေရာ၌ သူ ရှိနေသည့်အချိန်အတောအတွင်းတွင် သူသည် အချို့သော စကားများနှင့် အယူဝါဒများကို ဟောကာ အပေါ်ယံအဆင့် ကိစ္စအချို့ကို လုပ်ဆောင်သော်လည်း အလုပ်ကိစ္စတွင် များစွာ ပြီးမြောက်ခြင်းမရှိပေ။ နောက်ဆုံးတွင် ဇီးသီးများ မှည့်ကာ သူ၏ စိတ်နှလုံးသည် ပျော်ရွှင်မှုဖြင့် ပြည့်လျှမ်းသွားသည်။ “နောက်ဆုံးတွင် ဇီးသီးများကို ငါ စားနိုင်လေပြီ။ နောက်ဆုံးတွင်တော့ ငါ အိမ်မက်မက်နေခဲ့သည့် နေ့ရက် ရောက်လာပေပြီ”ဟူ၍ဖြစ်သည်။ ဇီးသီးများ မှည့်သည်နှင့်တစ်ပြိုင်နက် သူက စတင် စားသုံးလိုက်ပြီး တစ်ချိန်တည်းတွင် “ဤနေရာတွင် ဇီးသီးများကို နေ့စဉ် စားသုံးခြင်းသက်သက်က ငါ့အတွက် အဆင်မပြေပါ။ ဇီးသီးများကို စားဖို့သက်သက် ငါ မနေနိုင်ပါ။ ညီအစ်ကို မောင်နှမများက သတိထားမိလျှင် အဘယ်သို့ဖြစ်မည်နည်း။ သူတို့ ငါ့ကို တချို့တဝက် ထည့်ပေးလိုက်ရန် လုပ်ဆောင်ဖို့ နည်းလမ်းအား ငါ စဉ်းစားရမည်။ သူတို့ ငါ့ကို မပေးလျှင် ဤကိစ္စကို ဆက်လုပ်ဆောင်စေရန် ငါ ပြင်းပြင်းထန်ထန် ကြိုးစားပြီး တစ်စုံတစ်ခုကို ပြောရမည်”ဟူ၍ ၎င်း၏ စိတ်နှလုံးတွင် ပြန်ပြောင်းစဉ်းစားနေသည်။ သူက ဇီးသီးများ စားချင်သည်ကို ထိုနေရာတွင် နေထိုင်သည့် ညီအစ်ကို မောင်နှမများက မြင်သည်နှင့်တစ်ပြိုင်နက် ၎င်း ထွက်သွားသည့်အခါ ယူသွားဖို့ တချို့တဝက် ပေးမည်ဟု ပြောကြသည်။ ဤအရာကို ၎င်းက ကြားသည့်အခါ ဝမ်းသာသွားသော်လည်း ၎င်း၏ နှုတ်ကမူ “ကျွန်ုပ် ယူသွားနိုင်မည် မဟုတ်ပါ။ ထိုအရာသည် စည်းမျဉ်းများနှင့် မကိုက်ညီပါ။ ယုံကြည်သူများက ဤအရာကို တပ်မက်၍မရပါ။ ကျွန်ုပ်သည် သင်တို့အပေါ် အခွင့်အရေးယူခြင်း ဖြစ်မည် မဟုတ်လော။ သင်တို့ကို အခမပေးဘဲ ထိုအရာကို ကျွန်ုပ် မယူနိုင်ပါ။ ကျွန်ုပ် ထွက်သွားသည့်အခါ ထိုအတွက် သင်တို့ကို ကျွန်ုပ် ပေးချေပါမည်”ဟု ပြောသည်။ သူပြောသည့် ဤစကားများသည် စကားလုံးများသာ ဖြစ်သည်။ သူက ဗိုက်ပြည့်သည်အထိ အတော်များများကို စားပြီး သွားဖို့အချိန် ကျလာသည့်အခါ သူ၏ စိတ်နှလုံးထဲတွင် သူက “သူတို့ ငါ့ကို တစ်ခုတလေမျှ မပေးဘဲနေလိမ့်မည်လော သို့မဟုတ် မကောင်းသည့် အလုံးအချို့ကိုသာ ပေးလိမ့်မည်လော။ အလုံးကြီးများ၊ ကောင်းသည့်အလုံးများကို ငါ စားချင်သည်”ဟု အမြဲ စဉ်းစားနေဆဲဖြစ်သည်။ သူ ထွက်မသွားမီ နှစ်ရက်အလိုတွင် သူသည် “ဇီးသီးများအားလုံးကို အတော်လေး ခူးထားပြီးပြီ မဟုတ်လော။ ယင်းတို့သည် နောက်နှစ် မည်သည့်အချိန်တွင် မှည့်လိမ့်မည်နည်း”ဟု အမြဲ ပြောနေကြသည်။ ယင်းအားဖြင့် သူသည် ညီအစ်ကို မောင်နှမများအား သူ့အတွက် တချို့တဝက် ထည့်ပေးလိုက်ရန် မမေ့လျော့ဖို့ သူက သတိပေးနေသည့် သဘောဖြစ်သည်။ ထိုအရာကို ကြားသည်နှင့် တစ်ပြိုင်နက် ညီအစ်ကို မောင်နှမများအားလုံးက “ကြည့်ရသည်မှာ သူ မသွားမီ သူ့အတွက် တချို့တဝက်ကို ငါတို့ လုံးဝ ထည့်ပေးလိုက်ရမည်ဖြစ်ပြီး သူ့ကို ပေးဖို့ ကောင်းသည့် အလုံးများကို ငါတို့ ခူးရမည့်ပုံဖြစ်သည်။ မဟုတ်လျှင် သူသည် ငါတို့ကို ပြဿနာရှာကောင်း ရှာနိုင်သည်”ဟူ၍ နားလည်သွားကြသည်။ နောက်ဆုံးတွင် သူ သွားရသည့်အချိန် ရောက်လာသည့်အခါ ညီအစ်ကို မောင်နှမများက သူနှင့်အတူ ယူသွားဖို့အတွက် သေတ္တာကြီးသုံးခုကို ပေးကြသည်။ ထိုအရာများကို သူ့ဘာသာ မသယ်နိုင်သဖြင့် သူ့အောက်မှ အခြားသူများကို ကူညီခိုင်းရသည်။ သူ ထွက်မသွားမီတွင်ပင် စားနိုင်သမျှ သူ စားသွားသည်။ ထိုသို့စားခြင်းက သူ့ကို နေမကောင်းဖြစ်စေလျှင်ပင် တန်သည်ဟု သူခံစားသည်။ သူ ထွက်သွားပြီးနောက် ယင်းတို့အား မစားနိုင်တော့မည်ကို သူ စိုးရိမ်သည်။ သူ ထွက်သွားချိန်တွင် အင်တင်တင် ဖြစ်နေဆဲဖြစ်ပြီး သူက “ဤအကြိမ်တွင် အတန်အသင့်မျှသာ ငါရခဲ့သည်။ နောက်နှစ် ဤအချိန်တွင် ငါ တစ်ဖန် လာမည်။ အလွန် စောစီးစွာ ငါ လာရန် မလိုသော်လည်း အလွန်နောက်ကျစွာ ငါ လာ၍ မဖြစ်ပါ။ ဇီးသီးများ မှည့်သည့်အချိန်တွင်သာ ငါ လာသင့်သည်။ ထိုသို့ဖြင့် လတ်ဆတ်သည့် အသီးအချို့ကို ငါ စားနိုင်ပြီး အသီးများခြောက်သွားသည့်အခါ ခြောက်သည့်အသီးအချို့ကို စား၍ရသည်။ ထွက်သွားသည့်အခါ ငါနှင့်အတူ အချို့ကိုလည်း ယူသွား၍ရသည်”ဟု တွေးလေသည်။ သူသည် ဤအရာကို အလွန် အသေးစိတ်ကျကျ တွက်ချက်နေသည် မဟုတ်လော။ သူ၏ စိတ်နှလုံးက စဉ်းစားသမျှမှာ ဤအရာများဖြစ်သည်။ သူသည် လိုချင်ဖွယ်ရာဖြစ်သော အရာများကို ရရှိရန် အခွင့်အရေးယူခြင်းနှင့် အကြံအစည်များ လုပ်ဇာတ်ခင်းခြင်းအပြင် သူ့ကို အကျိုးပြုသည့် အရာများကို ညီအစ်ကို မောင်နှမများထံမှ ကလိမ်ကျယူရန်အကြောင်းကို အမြဲ စဉ်းစားနေသည်။ သူသည် မိမိမြင်သည့် လိုချင်ဖွယ်ရာဖြစ်သော မည်သည့်အရာကိုမျှ မသိကျိုးကျွန်ပြုလိမ့်မည် မဟုတ်ပါ။ ထိုအရာက မထင်ပေါ်သည့် အရာတစ်စုံတစ်ခုဖြစ်လျှင်ပင် သူ့ကို ဆွဲဆောင်ပြီး သူ့စိတ်တွင် စွဲနေသရွေ့ နောက်ဆုံးတွင် သူ၏ လက်ထဲသို့ ကျရောက်သွားဖို့ သေချာပေသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အပြုအမူဖြစ်သည် မဟုတ်လော။ ဤလူစားမျိုးများ၏ လူ့သဘာဝနှင့် စရိုက်လက္ခဏာတို့သည် အထူးသဖြင့် ယုတ်ညံ့သည် မဟုတ်လော။ ဤလူစားမျိုးသည် အပေါ်ယံတွင် အခက်အခဲကို မည်မျှကောင်းစွာ ခံစားနိုင်ပြီး အဖိုးအခပေးနိုင်သည်ဖြစ်စေ၊ မည်မျှကောင်းစွာ မိမိတို့၏ မိသားစုကို စွန့်လွှတ်ပြီး မိမိတို့၏ အသက်မွေးအလုပ်ကို စွန့်လွှတ်နိုင်သည်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဖြစ်သည်ဟု ပြော၍ရနိုင်သလော။ လုံးဝ မရပေ။ ဤလူများသည် ဘုရားသခင်ကို ယုံကြည်ခြင်း အောင်လံကို လွှင့်ထူခြင်းဖြင့် စားစရာနှင့် သောက်စရာများကို လိမ်လည်မှုဖြင့် ရယူသောလူစားမျိုးများ ဖြစ်သည်။
လူအချို့သည် ဧဝံဂေလိ ဖြန့်ဝေကာ အလုပ်လုပ်ရန် နေရာမျိုးစုံသို့ သွားပြီး ၎င်းတို့ အိမ်ပြန်လာသည့်အခါ နေရာအသီးသီးမှ အမျိုးမျိုးသော ဒေသထွက် အထူးထုတ်ကုန်များ သို့မဟုတ် ညီအစ်ကို မောင်နှမများထံမှ ၎င်းတို့ မတရားသဖြင့် တောင်းယူခဲ့ကြသည့် ပစ္စည်းများကိုပင် ယူလာကြလေသည်။ ထိုအရာသည် ဒီဇိုင်နာ အဝတ်အစားဖြစ်စေ၊ လျှပ်စစ်ပစ္စည်းဖြစ်စေ၊ ၎င်းတို့ကို ဆွဲဆောင်သရွေ့ မသိကျိုးကျွန် မပြုကြသကဲ့သို့ ထိုအရာကိုရဖို့ တောင်းဆိုကြလေသည်။ သင်က မပေးလျှင် သင့်ကို ပြုပြင်ဖို့ ဆင်ခြေမျိုးစုံကို ၎င်းတို့က အကြံထုတ်ကြလိမ့်မည်၊ သင့်ကို ၎င်းတို့ အဘယ်ကြောင့် ပြုပြင်သည်ကို သင့်အား နားလည်စေလိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် သင်က ထိုအရာကို ၎င်းတို့အား ပေးသည်အထိ အလျှော့ပေးလိမ့်မည် မဟုတ်ပေ။ ဤလူများသည် မိမိတို့တာဝန်ကို ထမ်းဆောင်သည့် အောင်လံကို လွှင့်ထူခြင်းဖြင့် မိမိတို့အတွက် လိုချင်ဖွယ်ရာ ပစ္စည်းမျိုးစုံကို ကလိမ်ကကျစ် ရယူကြပြီး ဤလိုချင်ဖွယ်ရာ ပစ္စည်းများကို ရယူရန် ကြိုးစားနေချိန်တွင် မဆုတ်မနစ်လုပ်ဆောင်ကြသည်။ တစ်ခါတစ်ရံတွင် ညီအစ်ကို မောင်နှမများက ၎င်းတို့အား တစ်စုံတစ်ရာကို အနည်းငယ် ပေးကြသော်လည်း ထိုအရာက ငွေကြေးများစွာ မတန်သည်ကို ဤလူများက စဉ်းစားမိကာ “မလုပ်ပါနှင့်၊ ကျေးဇူးတင်ပါသည်။ ဘုရားသခင်က ကျွန်ုပ်ကို ကြွယ်ဝစွာ ကောင်းချီးပေးပြီးဖြစ်သည်။ မည်သည့်အရာကိုမျှ ကျွန်ုပ် မလိုချင်ပါ”ဟု ပြောကြသည်။ ၎င်းတို့သည် ငြင်းဆိုရန် ဤစကားမျိုးများကို အသုံးပြုကြပြီး ညီအစ်ကို မောင်နှမများအား ၎င်းတို့ကို ခင်မင်ကာ အထင်ကြီးစေဖို့ လှည့်စားကြလေသည်။ သို့သော် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ပေးသည့် အရာသည် ဤလူတို့ အိမ်မက်မက်ခဲ့ရသည့် အရာတစ်ခုနှင့် ၎င်းတို့ လိုအပ်ကာ စဉ်ဆက်မပြတ် စဉ်းစားကြသည့် အရာတစ်ခု ဖြစ်မည်ဆိုလျှင် ဤအရာများကို ၎င်းတို့ မြင်သည့်အခါ အလွဲသုံးစား လုပ်ချင်ကြပြီး ၎င်းတို့ လုံးဝ ချုပ်တည်းထားကြမည် မဟုတ်ပေ။ အချို့သော အမျိုးသမီးများသည် ညီအစ်ကို မောင်နှမများ ပိုင်ဆိုင်သည့် အလှပြင်ပစ္စည်းများ၊ ဝတ်ကောင်းစားလှများနှင့် အကောင်းစား ဖိနပ်များကို အလွဲသုံးစားလုပ်ပြီး အမျိုးသားအချို့က ညီအစ်ကို မောင်နှမများ ပိုင်ဆိုင်သည့် အသုံးအဆောင်များ၊ မော်တော်ဆိုင်ကယ်များ သို့မဟုတ် လျှပ်စစ်ပစ္စည်းများကို ကလိမ်ကကျစ်ရယူကြသည်။ ၎င်းတို့သည် လိုချင်ဖွယ်ရာ ပစ္စည်းတိုင်းကို ပိုင်ဆိုင်ဖို့ လှုပ်ရှားကြသည်။ ညီအစ်ကို မောင်နှမများက မည်သည့် အကောင်းစား ပစ္စည်းများရှိသည်ဖြစ်စေ၊ ထိုအရာက ဤလူများကို ဆွဲဆောင်သရွေ့ ထိုအရာကို လိမ်လည်ခြင်းဖြင့် ရယူမည့် နည်းလမ်းမျိုးစုံကို စဉ်းစားကြလိမ့်မည်။ ထို့အပြင် ဤလူများသည် အတူတကွ ညစာစားစေဖို့အတွက် မူမမှန်သော အကြောင်းပြချက်မျိုးစုံကို စိတ်ကူးရကြပြီး ဆင်ခြေမျိုးစုံရှာကာ အစားအစာနှင့် သောက်စရာများကို တဝတပြဲစားလေသည်။ မည်သည့် အတိုင်းအတာထိ ရှိသနည်း။ ၎င်းတို့ သွားသည့်နေရာတိုင်းတွင် မည်သူ၏ မိသားစု၌ ငွေရှိပြီး မည်သူ၏ မိသားစုက ကောင်းစွာ စားရသည်ကို ကြည့်ကြပြီးနောက် ထိုမိသားစုနှင့် နေကာ ထွက်မသွားကြပေ။ ထို့နောက်တွင် ၎င်းတို့သည် လုပ်ဖော်ဆောင်ဖက်များအတွက် စုဝေးပွဲများပြုလုပ်ရန်နှင့် ညစာစားပွဲများပြုလုပ်ရန် မူမမှန်သည့် အကြောင်းပြချက်မျိုးစုံကို စိတ်ကူးရကြလေသည်။ ပြီးလျှင် ညစာစားပွဲတစ်ခုစီတွင် ၎င်းတို့၏ အဖွင့်စကားများမှာ မည်သည့်အရာများဖြစ်သနည်း။ “ကျွန်ုပ်တို့၏ ယနေ့ စုဝေးပွဲသည် နိုင်ငံတော်နှင့်ဆိုင်သော စုဝေးပွဲတစ်ခု ဖြစ်သည်။ ဤထမင်းစားပွဲသည် နိုင်ငံတော်စားပွဲတော်၏ ရှေ့ပြေး အမြည်းကို ကျွန်ုပ်တို့အား ပေးသည်”ဟူ၍ ဖြစ်၏။ ၎င်းတို့ကို ဖော်လံဖားသောလူတို့က “အာမင်။ ဘုရားကို ကျေးဇူးတင်ပါသည်”ဟု အလောတကြီး ပြောကြသည်။ မိမိတို့ သွားသည့်နေရာတိုင်းတွင် အစားအသောက်ကို တဝတပြဲစားသည့် ခေါင်းဆောင်နှင့် အမှုဆောင်များဟုခေါ်သော သူအချို့ရှိသည်။ အစားအစာတိုင်းတွင် အာဟာရဖြစ်သော ပါဝင်ပစ္စည်းများ ရှိရမည်ဖြစ်ပြီး ငါးနှင့် အသားများ ပါရှိရမည် ဖြစ်ကာ ဟင်းလျာများကပင်လျှင် အပတ်တိုင်း ပြောင်းလဲနေမှရမည်ဖြစ်သည်။ ဟင်းပွဲများ ထပ်နေ၍ မဖြစ်ပါ။ ညစာစားပြီးနောက်တွင် ထိပ်တန်းလက်ဘက်ရည်ကို ၎င်းတို့ သောက်မှရမည်ဖြစ်ပြီး “လက်ဘက်ရည် မသောက်ဘဲ ကျွန်ုပ် နေ၍မရပါ။ ကျွန်ုပ်သည် နေ့တိုင်း များပြားသည့် အလုပ်ပမာဏကို လုပ်ဆောင်ရပြီး ညဉ့်နက်သန်းခေါင် အလုပ်လုပ်ရသည်။ နိုးကြားနေစေရန် လက်ဘက်ရည် အနည်းငယ်မျှ ကျွန်ုပ် မသောက်လျှင် ညပိုင်းတွင် အလုပ်လုပ်နိုင်မည် မဟုတ်ပါ”ဟု ပြောလျက် ဆင်ခြေများပေးကြသည်။ ဤသည်မှာ ၎င်းတို့၏ နှုတ်မှ ပြောသည့်အရာဖြစ်သော်လည်း ၎င်းတို့၏ စိတ်နှလုံးများတွင် မည်သည့်အရာကို ၎င်းတို့ စဉ်းစားနေကြသနည်း။ “ယနေ့ ငါ့တွင် ရှိသည့် ရာထူးကို ရဖို့ မလွယ်ခဲ့ပါ။ ဩဇာအာဏာ အနည်းငယ် ငါ မသုံးသင့်သလော။ ပြီးလျှင် ဘဝတွင် သာ၍ ကောင်းသည့် အရာအချို့ကို ငါ မွေ့လျော်ခံစားဖို့ အိမ်မက်မက်ခဲ့သည်။ ထို့ကြောင့် ယခု ဤအရာများကို မွေ့လျော်ခံစားရန် နည်းလမ်းမျိုးစုံကို ငါ အကြံထုတ်နေသင့်သည် မဟုတ်လော။ ယခု ငါ့တွင်ရှိသည့် တန်ခိုးအာဏာကို အသုံးမပြုလျှင် ထိုတန်ခိုးအာဏာ မရှိတော့သည့်အခါ ထိုသို့ တစ်ဖန်လုပ်ဆောင်ဖို့ အခွင့်အရေးရှိမည် မဟုတ်ပါ။ ငါ တတ်နိုင်သမျှ စားသောက်နေသင့်သည်။ ဤရာထူး ငါ မရှိတော့သကဲ့သို့ ဤအရာများကို မွေ့လျော်ခံစားနိုင်ခြင်း မရှိမည့် နေ့ရက်တစ်ရက် ရောက်လာလိမ့်မည်လော ဟူသည်ကို မည်သူ သိသနည်း။ ငါသည် ဤအခွင့်အရေး ရှိလိမ့်မည် မဟုတ်တော့ပါ။ ထိုအခါတွင် ငါ၏ ဘဝတစ်ခုလုံးက အချည်းနှီးဖြစ်မည် မဟုတ်လော”ဟူ၍ ဖြစ်သည်။ ဤလူစားမျိုးများသည် အလုပ်လုပ်နေခြင်း အောင်လံကို လွှင့်ထူခြင်းဖြင့် အစားအသောက်များကို လိမ်လည်လျက် ရယူကြသည်။ ၎င်းတို့သည် အလုပ်အနည်းငယ် လုပ်ဆောင်ကာ စကားနှင့် အယူဝါဒ အနည်းငယ်ကို ဟောပြောပြီးနောက် လိုချင်ဖွယ်ရာ ပစ္စည်းများကို ကလိမ်ကကျစ် ယူချင်ပြီး အစားကောင်းများကို စားချင်ကြလေသည်။
နေရာတစ်ခုခုတွင် အလုပ်လုပ်ခဲ့သည့် လူတစ်ဦး ရှိခဲ့ပြီး ထိုဒေသတွင်နေထိုင်သည့် ညီအစ်ကို မောင်နှမများက ဤလူအတွက် နေ့တိုင်း ကြက်တစ်ကောင်သတ်ပေးရသည်။ သူသည် နေ့တိုင်း တစ်နေ့ ကြက်တစ်ကောင် စားသည့် အကျင့်တစ်ခု ရလာလေသည်။ ဤအရာကို ကြားပြီးနောက်တွင် သင်တို့ မည်သို့ ခံစားကြသနည်း။ (စက်ဆုပ်ရပါသည်။) ညီအစ်ကို မောင်နှမများက ကြက်များကို ကြက်ဥများရဖို့အတွက် မွေးမြူကြပြီး ကြက်တစ်ကောင်ကို အိုမင်းသွားသည့်အခါတွင်သာ သတ်ကြလေသည်။ ထိုလူရောက်ကတည်းက ဥစားကြက်များပင်လျှင် အသတ်ခံရပြီး အကျိုးဆက်အနေဖြင့် ကြက်များ နည်းသည်ထက် နည်းသွားပြီး ညီအစ်ကို မောင်နှမများက မတတ်နိုင်ကြတော့ပေ။ နောက်ပိုင်းတွင် သူသည် အထုတ်ခံရပြီး အိမ်ပြန်သွားသော်လည်း ဒုက္ခပေးသော ဤအပြစ်အနာအဆာကို ပြောင်းလဲနိုင်ခြင်း မရှိသေးပေ။ သူစားဖို့ သူ၏ ဇနီးကို နေ့တိုင်းကြက်တစ်ကောင် သတ်ခိုင်းသည်။ သို့မဟုတ်လျှင် သူ၏ဇနီးနှင့် စကားများလေသည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ ကြက်သားစားခြင်းက သူ၏ ဖြစ်ခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပြီဖြစ်သည်။ သူသည် ထိုကြက်သားကို နေ့တိုင်း အစာစားသည့်အခါတိုင်းတွင် စားလေသည်။ ထုတ်ပယ်ခံရပြီးနောက်တွင်ပင် ကြက်သားကို သူ စားဦးမှဖြစ်မည် ဖြစ်သည်။ သူသည် ထိုအရာအပေါ် မှီခိုလာသည်။ ဤလူတွင် ပြဿနာတစ်ခု ရှိသည် မဟုတ်လော။ သင်မည်သို့ ထင်သနည်း၊ ဤလူစားမျိုးများသည် ကောင်းမြတ်သလော။ (မကောင်းမြတ်ပါ။) တိုတိုပြောရလျှင် အကြိမ်တိုင်းတွင် ညီအစ်ကို မောင်နှမများ၏ ပိုင်ဆိုင်မှုများ မတရားသဖြင့် တောင်းယူရန်နှင့် အကြိမ်တိုင်းတွင် အစားအသောက်များကို လိမ်လည်မှုဖြင့် ရယူရန်အတွက် ဘုရားသခင်ကို ယုံကြည်သည့် အောင်လံကို လွှင့်ထူပြီး မိမိတို့၏ တာဝန်များကို လုပ်ဆောင်သည့် လမ်းကြောင်းတစ်လျှောက်တွင် ဖြစ်ပေါ်သည့် အခွင့်အရေးများကို အသုံးချသည့်သူ မည်သူမဆိုသည် မကောင်းသည့် လူများဖြစ်သည်။ ၎င်းတို့၏ အနှစ်သာရသည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရဖြစ်သည်။ ၎င်းတို့အနေဖြင့် အလုပ်လုပ်ရန် မည်သည့်နေရာသို့သွားသည်ဖြစ်စေ သို့မဟုတ် မည်သည့် အလုပ်မျိုးကို လုပ်သည်ဖြစ်စေ ၎င်းတို့ကို လက်ခံဖို့ အတော်အတန် ချမ်းသာပြီး အတော်အတန် ဇိမ်ရှိရှိ နေထိုင်ကြသည့် အိမ်ရှင် မိသားစုများကို ပထမဆုံး ရွေးချယ်ကြသည်။ ဤနေရာများကို ရှာဖွေရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ကောင်းစွာ စားပြီး ကောင်းမွန်သည့် အိမ်တစ်အိမ်တွင် နေထိုင်ရန် ဖြစ်သည်။ ဇာတိပကတိကို ဖြည့်ဆည်းရန် ဖြစ်သည်။ ကောင်းကျိုးမပြုသည့် ပတ်ဝန်းကျင်ကြောင့် ၎င်းတို့ နေထိုင်၍မရသည့် နေရာအချို့ရှိသော်လည်း ၎င်းတို့သည် မိမိတို့၏ လောဘနှင့် မိမိတို့၏ ဤအတွေးအခေါ်များကို လက်လွှတ်ကြလိမ့်မည်လော။ လက်လွှတ်ကြမည် မဟုတ်။ ၎င်းတို့ကို လက်ခံမည့် ဤကဲ့သို့သော အခြားနေရာများကို ရှာကြလိမ့်မည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဤလူများသည် နိုင်ငံခြား အရပ်ဒေသများတွင် အလုပ်ကို နှစ်ကာလအတန်ကြာ လုပ်ဆောင်ပြီးနောက်တွင် လုံးဝ မတူကွဲပြားသည့်ပုံပေါ်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ အိမ်ပြန်လာသည့်အခါ ထိုနေရာတွင်ရှိသည့် ညီအစ်ကို မောင်နှမများက ၎င်းတို့ကို မှတ်မိကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ မျက်နှာများက ပိုပြည့်လာကြလိမ့်မည်။ ၎င်းတို့၏ ဗိုက်များက ပိုပူလာကြလိမ့်မည်။ ၎င်းတို့ သာ၍ ကောင်းစွာ ဝတ်စားကြလိမ့်မည်။ ၎င်းတို့သည် သာ၍ ဇီဇာကြောင်ကြလိမ့်မည်ဖြစ်ပြီး ဟိတ်ဟန်လုပ်ကြလိမ့်မည်။ ၎င်းတို့၏ အသက်တာ ကြီးထွားမှုသည် အဘယ်သို့ ဖြစ်လာလိမ့်မည်နည်း။ ၎င်းတို့၏ အသက်တာသည် လုံးဝ ကြီးထွားလိမ့်မည် မဟုတ်။ ၎င်းတို့သည် ကောင်းကောင်း စားပြီး ကောင်းကောင်းသာ ဝတ်ကြလိမ့်မည်။ ဝလာကြလိမ့်မည်ဖြစ်ပြီး ပါးစုန့်ဖောင်းကာ ဗိုက်ရွှဲသည့်အဆင့်ထိ အစာစားကြပြီးဖြစ်လိမ့်မည် ဖြစ်သည်။ တရုတ်ပြည်မကဲ့သို့သော ဆိုးရွားသည့် ပတ်ဝန်းကျင်တစ်ခုတွင် လူတစ်ဦးက မည်သည့်တာဝန်ကို လုပ်ဆောင်သည်ဖြစ်စေ ထိုအရာသည် စိတ်သောကရောက်စေသည့် အရေးကိစ္စတစ်ခု ဖြစ်သည်။ ၎င်းတို့အနေဖြင့် တစ်ခါတစ်ရံ ကောင်းစွာ အစားကောင်းစားနိုင်ပြီး ၎င်းတို့ကို လက်ခံသည့် ချမ်းသာသော မိသားစုများ ရှိကောင်းရှိနိုင်သော်လည်း ကိုယ်အလေးချိန် တက်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ပါးစုန့်ဖောင်းကာ ဗိုက်ရွှဲသည်အထိ စားနိုင်သည့်သူများမှာ မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ (အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မက်မောသည့်လူများ ဖြစ်သည်။) ၎င်းတို့ မည်သည့်အရာ စားသောက်လိမ့်မည်ဆိုသည်နှင့် တစ်နေ့ ထမင်းသုံးနပ်တွင် မည်သည့်အရာ မွေ့လျော်ခံစားရလိမ့်မည်ဟူသည်ကို အမြဲ စဉ်းစားနေသည့်သူများ ဖြစ်သည်။ ဤလူစားမျိုးများက အစားကောင်း မစားရလျှင် အလုပ်လုပ်ချင်စိတ်မရှိ သို့မဟုတ် မိမိတို့တာဝန်များကို ထမ်းဆောင်ချင်စိတ် မရှိကြပေ။ ၎င်းတို့၏ ဗိုက်က တင်းတိမ်ခြင်းမရှိလျှင် ၎င်းတို့၏ စိတ်က တည်ငြိမ်ခြင်းမရှိပေ။ “ယနေ့ ငါ သိပ်အားရလောက်အောင် မစားရပေ။ အသားလုံးဝ မပါသည့်အပြင် အစာစားပြီးနောက်တွင် သင်တို့က ငါ့ကို လက်ဘက်ရည်မတိုက်ခဲ့ပါ။ ထို့ကြောင့် သင်တို့ကို ငါ လျစ်လျူရှုမည်။ အသင်းတော် အလုပ်နှင့်ပတ်သက်၍ သင်တို့ မိတ်သဟာယပြုသည့်အခါ ငါ စကားပြောလိမ့်မည် မဟုတ်။ ငါသည် သင်တို့အပေါ် လက်တုံ့ပြန်မည်။ သင်တို့အနေဖြင့် ငါကို အစားကောင်းများ မကျွေးလည်း ရသည်ဟု မည်သူပြောသနည်း။ ဤကဲ့သို့သော အစားအစာကို ငါ စားရမည်ဖြစ်သည့်တိုင် သင်တို့သည် ငါ့အား သင်တို့နှင့်အတူ မိတ်သဟာယဖွဲ့စေချင်သေးသည်။ မဖြစ်နိုင်ပါ”ဟူ၍ ဖြစ်သည်။ ဤသည်မှာ စိတ်ထဲတွင် ၎င်းတို့ တွေးသည့်အရာဖြစ်သော်လည်း ထိုအရာကို ၎င်းတို့ ထုတ်မပြောနိုင်ပေ။ ၎င်းတို့က “မနေ့ညက ငါ အလွန်ညနက်သည်အထိ အလုပ်လုပ်ရင်း နေခဲ့သည်။ ထို့ကြောင့် ဤနေ့လည်တွင် တစ်မှေးအိပ်မှရမည်ဖြစ်သည်”ဟုသာ ပြောကြသည်။ ၎င်းတို့သည် လူလိမ်ကြီးတစ်ဦး ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် မွန်းလွဲပိုင်း လေးနာရီ သို့မဟုတ် ငါးနာရီထိ အိပ်စက်ကြပြီး ၎င်းတို့ကို စောင့်ဆိုင်းနေသည့်လူများစွာ ရှိသော်လည်း ၎င်းတို့ မထချင်ကြပေ။ ရုတ်တရက်ဆိုသလို ၎င်းတို့က ပန်းသီးများကို အနံ့ရကြပြီး တစ်ကိုက် မစားရမည်ကို စိုးလျက် အိပ်ရာမှ ရုတ်တရက် ခုန်ထကြလေသည်။ ဤသည်မှာ ၎င်းတို့ အလုပ်လုပ်ပုံဖြစ်ပြီး ဤသည်မှာ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ပုံ ဖြစ်သည်။ ဤလူများက မည်သည့်နေရာသို့ သွားသည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ မည်သို့ စားသောက်သည်ဖြစ်စေ၊ သို့မဟုတ် တရားဒေသနာများကို မည်သို့ နားထောင်သည်ဖြစ်စေ ၎င်းတို့၏ ကြံရွယ်ချက်များနှင့် ရည်ရွယ်ချက်များကို ၎င်းတို့ ပြောင်းလဲလိမ့်မည်မဟုတ်သကဲ့သို့ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို လက်လွှတ်ကြလိမ့်မည် မဟုတ်ပေ။ ရုပ်ဝတ္ထုပစ္စည်းများအားလုံးသည် ဤဘဝတွင် ၎င်းတို့ လိုက်စားမှု၏ ရည်မှန်းချက်ဖြစ်သည်။ ကောင်းစွာ စားခြင်း၊ ကောင်းစွာ ဝတ်ဆင်ခြင်းနှင့် ကောင်းမွန်သည့် အကျိုးခံစားခွင့်ကို မွေ့လျော်ခံစားခြင်းတို့သည် ဤဘဝတွင် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုနှင့်ဆိုင်သည့် ရည်မှန်းချက်များဖြစ်သည်။ ဤဘဝတွင် ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ကောင်းမွန်သည့် အရာများကို ၎င်းတို့ အဆက်မပြတ် စားနိုင်လျှင်၊ ဝတ်ကောင်းစားလှများကို ဝတ်ဆင်နိုင်ပြီး အိမ်ကောင်းများတွင် နေထိုင်နိုင်သည့်အပြင် ညီအစ်ကို မောင်နှမများအား ၎င်းတို့ကို ပံ့ပိုးခိုင်းနိုင်လျှင်၊ ဤအရာများကို ၎င်းတို့က လိမ်လည်ခြင်းဖြင့် ရယူနိုင်လျှင် ဤဘဝတွင် ၎င်းတို့ စိတ်ကျေနပ်လိမ့်မည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤလောကတွင် ပုံမှန် အလုပ်တစ်ခုတွင် အလုပ်ကြိုးစားခြင်းသည် လူတစ်ဦးအား ငွေများစွာ ရစေလိမ့်မည် မဟုတ်ကဲ့သို့ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ခြင်းဖြင့် ငွေရှာရန် မလွယ်ကူပေ။ ၎င်းတို့အနေဖြင့် ဤကဲ့သို့သော အရာများကို မွေ့လျော်ခံစားနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့၏ စိတ်များတွင် ထိုအရာကို အချိန်ယူစဉ်းစားပြီးနောက်တွင် ၎င်းတို့အနေဖြင့် များစွာ အားထုတ်ရန် မလိုအပ်သည်နှင့်အမျှ ဘုရားသခင်ကို ယုံကြည်ခြင်းက အကောင်းဆုံးဖြစ်သည်ဟု ၎င်းတို့ စဉ်းစားကြဆဲဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်ရန် လိုအပ်သမျှမှာ စကားအနည်းငယ် ပြောဆိုခြင်း၊ အနည်းငယ် ဟိုသည် ပြေးလွှားခြင်းနှင့် အန္တရာယ်ရှိသောအရာ အနည်းငယ်ကို တာဝန်ယူခြင်းသာဖြစ်ပြီး ထို့နောက်တွင် ကောင်းစွာ စားကာ ဝတ်စားဆင်ယင်နိုင်ကြသည်။ လူများစွာအား ၎င်းတို့အတွက် အလုပ်အကျွေးပင် ပြုခိုင်းနိုင်ကြပြီး အရေးပါသောလူတစ်ဦးကဲ့သို့ ဆက်ဆံခံရခြင်းကို မွေ့လျော်ခံစားနိုင်ကြပေသည်။ ဤကဲ့သို့ အသက်ရှင်ခြင်းသည် နှစ်သက်ပျော်ရွှင်ဖွယ်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့အနေဖြင့် ထိုက်ထိုက်တန်တန် ကောင်းချီးခံစားရပြီးဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် “ဘုရားက ကျွန်ုပ်တို့ကို အလွန်များစွာ၊ အလွန် ထိုက်ထိုက်တန်တန်နှင့် လူက တောင်းဆိုဖူးသည်ထက်ဖြစ်စေ၊ ဆန္ဒပြုဖူးသည်ထက်ဖြစ်စေ သာ၍ ဆုကျေးဇူးပေးပြီး ဖြစ်သည်” ဟူသကဲ့သို့သော မရိုးသားသည့်အရာများကို ညီအစ်ကို မောင်နှမများရှေ့တွင် မကြာခဏ ပြောဆိုကြလေသည်။ ဤစကားများက မှန်ကန်သော်လည်း ၎င်းတို့၏ တစ်ကိုယ်ရေ လိုက်စားမှုများနှင့် စရိုက်လက္ခဏာ၊ ၎င်းတို့၏ အတွေးအခေါ်များ၊ ကြံရွယ်ချက်များ၊ ရည်ရွယ်ချက်များနှင့် လုံးဝ ကိုက်ညီမှု မရှိပေ။ ၎င်းတို့ ပြောသမျှ အရာရာတိုင်းက လူတို့ကို လှည့်စားသည်။ ၎င်းတို့၏ အလုပ်များခြင်း၊ မိမိတို့ကိုယ်ကို အသုံးခံခြင်းနှင့်ဆိုင်သည့် အပေါ်ယံ သွင်ပြင်မှာလည်း လူတို့ကို လှည့်စားဖို့ချည်းသာ ဖြစ်သည်။ ၎င်းတို့ စိတ်နှလုံးများတွင် ရှိသည့် တွက်ချက်မှုများ၊ ကြံရွယ်ချက်များနှင့် လောဘတို့သည်သာ စစ်မှန်သည်။ ဤသည်မှာ ဤလူတို့၏ စရိုက်လက္ခဏာဖြစ်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ဤရုပ်ဝတ္ထုဆိုင်ရာ ပျော်ရွှင်မှုများက ၎င်းတို့၏ စိတ်နှလုံးများတွင် ထိပ်ဆုံးနေရာကို ယူထားပြီး ၎င်းတို့က ထိုအရာများကို လုံးဝ လက်လွှတ်ကြမည် မဟုတ်သည့်အပြင် ယင်းတို့နှင့်ပတ်သက်၍ လုံးဝ မေ့လျော့ကြမည် မဟုတ်ချေ။ သမ္မာတရားနှင့်ပတ်သက်၍ သင် မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ သင် မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့အနေဖြင့် ဤလောဘနှင့် ဤလိုအင်ဆန္ဒများကို ခေါင်းမာစွာ ဖက်တွယ်ရင်း၊ ဤကြံရွယ်ချက်များနှင့် ရည်ရွယ်ချက်များကို ထားရှိရင်းဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်ကြလိမ့်မည်။ ပြီးလျှင် ၎င်းတို့တွင် အဆင့်အတန်း ရှိသည်ဖြစ်စေ၊ အဆင့်အတန်း မရှိသည်ဖြစ်စေ ၎င်းတို့၏ ကြံရွယ်ချက်များက ပြောင်းလဲလိမ့်မည် မဟုတ်ပေ။
အကြောင်းအရာ ၂ - နိုင်ငံရပ်ခြားမသွားနိုင်ခြင်းကြောင့် မကျေမချမ်းဖြစ်ခြင်း
တရုတ်ပြည်မတွင် ငါ အလုပ်လုပ်နေခဲ့ချိန်တွင် ငါတို့နှင့်အတူ နိုင်ငံခြားသွားနိုင်မည်ဟု တွေးထင်ပြီး ထိုအရာနှင့်ပတ်သက်၍ အလွန်ဝမ်းသာနေခဲ့သည့် ခေါင်းဆောင်တစ်ဦး ရှိခဲ့သည်။ သူက “ငါ နောက်ဆုံးတွင် အောင်မြင်သွားလေပြီ။ ဘုရားနှင့်ပတ်သက်သည့် ကြီးစွာသော ကောင်းချီးများကို နောက်ဆုံးတွင် ငါ မွေ့လျော်နိုင်ပြီ။ ယခင်က ဘုရားနှင့်ပတ်သက်၍ ငါ ဆင်းရဲဒုက္ခ ခံစားခဲ့ရသည်။ ယနေ့တွင် နောက်ဆုံး၌ ငါ ဆုလာဘ်ချီးမြှင့်ခြင်း ခံရလေပြီ။ ဤအရာနှင့် ငါ ထိုက်တန်သည်။ အနည်းဆုံးအနေဖြင့် ငါသည် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး များစွာသော ဆင်းရဲဒုက္ခကို ငါ တွေ့ကြုံရပြီးဖြစ်သည်။ ထို့ကြောင့် ဤကောင်းမွန်သည့်အရာကို ကြုံကြိုက်ရသည့်အခါ ငါ ပါဝင်သင့်သည်။ ဤလိုချင်ဖွယ်သော အရာကို ငါ မွေ့လျော်ခံစားရသင့်သည်”ဟု တွေးခဲ့သည်။ ဤသည်မှာ သူ တွေးခဲ့သည့်အရာ ဖြစ်သည်။ သို့သော် သူနှင့်အတူ အချိန်ကာလတစ်ခုကြာ ရင်းနှီးပြီးသည့်နောက်တွင် သူ ပြောဆို၊ လုပ်ဆောင်သည့်အရာများ၌ သူသည် စည်းမျဉ်းနှင့်မညီကြောင်း၊ သူ့ထံတွင် ကောင်းမွန်သည့် လူ့သဘာဝမရှိကြောင်း၊ ကောင်းချီးခံစားရဖို့ သူ၏ ကြံရွယ်ချက်နှင့် လိုအင်ဆန္ဒတို့သည် အတော်လေး အားကောင်းပြီး သူသည် တစ်ခါတစ်ရံ ပြုပြင်ခြင်းခံရန် လိုအပ်ကြောင်းတို့ကို ငါ သတိထားမိခဲ့သည်။ အကြိမ်အချို့ ပြုပြင်ခံရပြီးနောက်တွင် သူက “ယခုအခါတွင် ဤကိစ္စ၌ ငါတော့ သွားပေပြီ။ အထက်က ငါ့ကို ရိပ်စားမိပြီဖြစ်ပြီး နိုင်ငံခြားသွားဖို့ တစ်ဖန် မပြောကြလေပြီ။ ငါ နိုင်ငံခြားသို့ သွားရမည့် မျှော်လင့်ချက် မရှိသည့်ပုံရသည်”ဟု တွေးမိလေသည်။ သူသည် ဤအရာများကို သူ၏ စိတ်နှလုံးတွင် စဉ်ဆက်မပြတ် ပြန်ပြောင်းတွေးနေမိခဲ့သည်။ အမှန်တွင် သူသည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး မဟုတ်ကြောင်း၊ နိုင်ငံခြားသွားရန် အခြေခံအားဖြင့် မသင့်တော်ကြောင်းနှင့် နိုင်ငံခြားသို့ သွားခဲ့လျှင်ပင် မည်သည့်အလုပ်ကိုမျှ သူ လုပ်နိုင်မည် မဟုတ်ကြောင်းကို ငါတို့ မြင်နိုင်ခဲ့သောကြောင့် ထိုအကြောင်းကို သူနှင့် မပြောခဲ့ကြပေ။ သူ့တွင် နိုင်ငံခြားသွားရမည့် မျှော်လင့်ချက်မရှိဟု သူ ခံစားရသောကြောင့် အခြားအစီအစဉ်များကို သူ စလုပ်ခဲ့သည်။ တစ်နေ့တွင် သူသည် အပြင်ထွက်သွားပြီး လုံးဝ ပြန်မလာတော့ပေ။ “ကျွန်ုပ်သည် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး အလုပ်အချို့ကို လုပ်ဆောင်ခဲ့သည်။ ယခုအခါတွင် သင်တို့က နိုင်ငံခြား သွားနေကြသော်လည်း သင်တို့နှင့်အတူ သွားဖို့ ကျွန်ုပ် အရည်အချင်းမရှိပါ။ နောက်နေ့များတွင် ဤအရာအတွက် ကျွန်ုပ်ပြေရာပြေကြောင်း ပြုရင်း အချိန်ကုန်ဆုံးပါမည်။ ဘုရားသခင်က ကျွန်ုပ်ကို အလွန် မုန်းတီးသောကြောင့် သူ့ကို ကျွန်ုပ် စွန့်ခွာမည်။ သူ မုန်းတီးသည့် လူတစ်ဦးကို ကျွန်ုပ် ကြည့်စေမည်မဟုတ်ပါ။ ကျွန်ုပ် ပုန်းနေလိုက်ပါမည်”ဟု ပြောထားသည့် စာတစ်စောင်ကိုသာ သူ ချန်ခဲ့သည်။ ဤစကားလုံးများက အဓိပ္ပာယ် ရှိသည့်ပုံပေါ်ပြီး ယင်းတို့နှင့်ပတ်သက်၍ ကြီးမားသည့် ပြဿနာ မရှိသည့်ပုံပေါက်သည်။ ဆက်လက်၍ သူက “ကျွန်ုပ်မွေးကတည်းက ဤပုံစံသာ ဖြစ်ခဲ့သည်။ ကျွန်ုပ် မည်သူနှင့် နေသည်ဖြစ်စေ အသုံးချခံရသည်။ အခြားသူများနှင့်အတူ ကျွန်ုပ် ဆင်းရဲဒုက္ခကို ခံစားရသော်လည်း ၎င်းတို့နှင့်အတူ ကောင်းချီးများကို မွေ့လျော်ခံစားရခြင်း မရှိပါ”ဟု ပြောလေသည်။ ဤအရာအားဖြင့် မည်သည့်အရာကို သူ ဆိုလိုသနည်း။ (သူသည် ဘုရားသခင်၏ အသုံးချခြင်းခံခဲ့ရသည်ဟု တွေးထင်ခဲ့ပါသည်။) ယင်းမှာ သူ အတိအကျ ဆိုလိုသည့်အရာဖြစ်သည်။ အထူးသဖြင့် သူက “မည်သူနှင့် ကျွန်ုပ် နေသည်ဖြစ်စေ ထိုသူနှင့်အတူ ဆင်းရဲဒုက္ခကိုသာ ကျွန်ုပ် ခံစားရသည်။ ထိုသူနှင့်အတူ ကောင်းချီးများကို ကျွန်ုပ် မမွေ့လျော်ရပါ”ဟု ပြောသည့်အခါတွင် သူ ဆိုလိုသည့်အရာမှာ “ကျွန်ုပ်သည် သင်တို့နှင့်အတူ ဆင်းရဲဒုက္ခများစွာ ခံစားရပြီးဖြစ်ကာ အရဲစွန့်ရခြင်းများစွာကို တာဝန်ယူရပြီးဖြစ်သည့်တိုင် သင်တို့နှင့်အတူ ကောင်းချီးများကို မွေ့လျော်ခံစားရမည့် အချိန်ရောက်သည့်အခါ သင်တို့က မလိုမလား ဖြစ်နေကြသည်”ဟူ၍ ဖြစ်ပေသည်။ ဤစကားများကို ပြောခြင်းဖြင့် သူသည် ညည်းညူနေခြင်းဖြစ်ပြီး ဤကိစ္စ၏ အကျိုးဆက်အဖြစ် သူ့အထဲတွင် မကျေမချမ်းမှုက ဖြစ်ပေါ်ခဲ့ပြီဖြစ်သည်။ သူ၏ နှုတ်ဖြင့် သူက “ဘုရားသည် ကျွန်ုပ်ကို စက်ဆုပ်မုန်းတီးသည်။ ဘုရားကို ကျွန်ုပ် စွန့်ခွာမည်။ သူ့ကို ကျွန်ုပ် စက်ဆုပ်မှု ခံစားစေမည်မဟုတ်ပါ”ဟု ဆိုသော်လည်း သူ၏ စိတ်နှလုံးတွင် သူသည် အမှန်တကယ် မကျေမချမ်း ဖြစ်လေသည်။ “သင်တို့သည် ကောင်းချီးများ မွေ့လျော်ခံစားရန် နိုင်ငံခြားသို့ သွားနေကြခြင်းဖြစ်ပြီး ကျွန်ုပ်ကို ဖယ်ရှားချင်နေကြသည်”ဟူ၍ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့်အရာ ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ငါတို့ သူ့ကို ပြုပြင်ခဲ့သည်မှာ သမ္မာတရားကို သူ မလိုက်စားခဲ့သောကြောင့် သို့မဟုတ် သူ ပြောဆို၊ လုပ်ဆောင်သည့်အရာတွင် စည်းမျဉ်းနှင့်မညီသောကြောင့် မဟုတ်ဘဲ သူ့ကို ဖယ်ရှားချင်သောကြောင့် ဖြစ်သည်ဟု သူက တွေးထင်ခဲ့သည်။ သူ့ထံတွင် ပြဿနာတစ်ခု ရှိခဲ့သည်ကို သူ နားမလည်ခဲ့ပေ။ ထိုအစား သူက “ငါသည် သင်နှင့်အတူ ဆင်းရဲဒုက္ခ ခံစားခဲ့သည်။ ထို့ကြောင့် သင်နှင့်အတူ ကောင်းချီးများကို မွေ့လျော်ခံစားရသင့်သည်။ သင်သည် ငါ့ကို နိုင်ငံတော်ထဲသို့ လုံးဝ ဝင်ရောက်ခွင့်ပေးရမည်ဖြစ်ပြီး နိုင်ငံတော်သားများထဲမှ တစ်ဦး ဖြစ်လာခွင့်ပေးရမည်။ ငါ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ သင်သည် ငါ့ကို မည်သည့်အခါတွင်မျှ မစွန့်ပစ်သင့်ပါ”ဟု တွေးလေသည်။ ဤသည်မှာ သူ တွေးခဲ့သည့်အရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤစဉ်းစားခြင်း နည်းလမ်း၏ အနှစ်သာရမှာ အဘယ်နည်း။ (ထိုအရာသည် သရဖူတစ်ခုအတွက် အလဲအလှယ်အနေဖြင့် ဘုရားသခင်နှင့် အပေးအယူတစ်ခု ပြုလုပ်ရန် ကြိုးစားခဲ့ချိန်က ပေါလုကဲ့သို့သော အနှစ်သာရ ဖြစ်သည်။) ယင်းမှာ မှန်ပေသည်၊ ပေါလု၏ အနှစ်သာရဖြစ်သည်။ သူသည် သရဖူတစ်ခုရကာ ကောင်းချီးခံစားရဖို့အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခဲ့သည်၊ ဘုရားသခင်နောက် လိုက်ခဲ့သည်၊ ဆင်းရဲဒုက္ခကို ခံစားခဲ့ပြီး အဖိုးအခတစ်ခု ပေးခဲ့သည်။ သူသည် စစ်မှန်သည့် ယုံကြည်ခြင်းမရှိသကဲ့သို့ သမ္မာတရားကို မလိုက်စားခဲ့ပေ။ သူသည် ဘုရားသခင်နှင့် အပေးအယူများကို ဆောင်ရွက်ရန်သာ ကြိုးစားခဲ့သည်။ အပေးအယူမဖြစ်လျှင် သူသည် ကောင်းချီးမခံစားရသကဲ့သို့ ဆိုးရွားသည့် အခြေအနေတွင်ရှိသည်ဟု ခံစားရလျှင် သူသည် ဒေါသထွက်လာသည်၊ ကိစ္စတစ်ခုလုံးက သေချာပေါက် ဖြစ်လမ်းမရှိသော ကိစ္စတစ်ခုဖြစ်သည်ဟု ခံစားရပြီး ဂရုမစိုက်ဘဲ ဇွတ်လုပ်ပြီး သူ၏ စိတ်နှလုံးတွင် မကျေမချမ်းမှု ဖြစ်ပေါ်လေသည်။ ဤသည်တို့မှာ သူ စကားပြောစဉ် ပြသခဲ့သည့် အရာများဖြစ်သည်။ ဤလူသည် ဆက်လက်၍ မည်သည့်အရာကို လုပ်ဆောင်သနည်း။ နောက်ပိုင်းတွင် ဤလူသည် စီးပွားရေးလုပ်ငန်း လုပ်ဆောင်ချင်ခဲ့ပြီး ငယ်ရွယ်သော အမျိုးသမီးအချို့ကို သူ့အား ဝန်းရံစေခဲ့သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းမရှိဟု သူ မပြောခဲ့သော်လည်း သူသည် သူ၏ တာဝန်ကို မထမ်းဆောင်ခဲ့သည့်အပြင် ဘုရားသခင်၏ နောက်လိုက်တစ်ဦး မဟုတ်ခဲ့ပေ။ သူသည် အနည်းငယ် ပြုပြင်ခံရရုံဖြင့် ဘုရားသခင်နောက် လိုက်ဖို့ သူ၏ အခွင့်အရေးကို စွန့်လွှတ်ပြီးနောက် စီးပွားရေးလုပ်ငန်း သွားလုပ်မည်ဟု မည်သူကမျှ မတွေးဖူးခဲ့ပေ။ သူ၏ ဒေါသထွက်သော ပြောဆိုပြုမူပုံနှင့် ယခင်က သူ့ကိုယ်သူ ပြခဲ့သည့် ပုံစံတို့မှာ မတူကွဲပြားသော လူနှစ်ဦးကဲ့သို့ ဖြစ်လေသည်။ ဤသည်မှာ သူ၏ သဘာဝက သူ့ဘာသာ ပေါ်လာခြင်းဖြစ်သည်။ ယခင်က သင့်တော်သည့် အခြေအနေ မရှိခဲ့သောကြောင့် ဤအရာကို မလုပ်ခဲ့ခြင်းသက်သက် ဖြစ်သည်။ ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်၏။ နောက်ထပ် ရှုထောင့်တစ်ခုမှာ သူသည် မိမိ၏ ပကတိအခြေအနေကို ဖုံးကွယ်ထားခဲ့သည်၊ ယင်းမှာ သူမဟုတ်သည့်ပုံစံ ဟန်ဆောင်ခဲ့ပြီး ထိုအရာကို မလုပ်ဆောင်ရန် ချုပ်တည်းထားခဲ့သည်။ သင်သည် အမှန်တကယ် လူကောင်းတစ်ဦးဖြစ်လျှင် မည်သည့် အခြေအနေကို သင် ကြုံရသည်ဖြစ်စေ သင်၏ နေရာ၌ သင် ဦးစွာပထမ ခိုင်မာစွာ ရပ်တည်ရမည်ဖြစ်ပြီး သင် အဘယ်သူဖြစ်သည်ကို သိရမည်။ ထို့အပြင် လူ့သဘာဝတစ်ခုခု အမှန်တကယ် ရှိသော လူတို့သည် လူ့သဘာဝကင်းမဲ့သည့် အရာများနှင့် မကောင်းမှုများကို လုပ်ဆောင်နိုင်ကြသလော။ (မလုပ်ဆောင်နိုင်ပါ။) လုံးဝ မလုပ်ဆောင်နိုင်ပေ။ ဤကိစ္စရပ်မှနေ၍ လူတို့သည် သမ္မာတရားကို လက်မခံနိုင်သည့်အခါ ထိုအရာသည် အပုန်ကန်ဆုံးသော အရာဖြစ်ပြီး ၎င်းတို့ အန္တရာယ်အများဆုံး ဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံနိုင်လျှင် မယုံကြည်သူများဖြစ်သည်။ ဤကဲ့သို့သော လူတစ်ဦး၏ ကောင်းချီး ခံစားရဖို့ဖြစ်သည့် လိုအင်ဆန္ဒသည် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလျှင် ဘုရားသခင်ကို ၎င်းက စွန့်ခွာလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်း လိုက်စားသောအရာမှာ ကောင်းချီးခံစားရဖို့နှင့် ကျေးဇူးတော်ကို မွေ့လျော်ခံစားဖို့ ဖြစ်သောကြောင့် ဖြစ်သည်။) ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း သမ္မာတရားကို မလိုက်စားကြပေ။ ၎င်းတို့အတွက် ကယ်တင်ခြင်းသည် အဆင်တန်ဆာတစ်ခုနှင့် ကြားကောင်းသည့် စကားတစ်လုံး ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးက လိုက်စားသည်မှာ ဆုလာဘ်များ၊ သရဖူတစ်ခုနှင့် လိုချင်ဖွယ်ရာ ဖြစ်သော အရာများဖြစ်သည်။ ၎င်းတို့သည် ဤအရာကို ဤဘဝတွင် အဆတစ်ရာ လိုချင်ကြပြီး နောင်ဘဝတွင် ထာဝရအသက်ကို ရရှိလိုကြသည်။ ဤအရာများကို ၎င်းတို့ မရရှိနိုင်လျှင် ယုံကြည်ကြလိမ့်မည် မဟုတ်။ ၎င်းတို့၏ သရုပ်အမှန် ပေါ်ထွက်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို စွန့်ခွှာကြလိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့ ယုံကြည်သည်မှာ ဘုရားသခင်၏ အမှုတော် မဟုတ်သကဲ့သို့ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများ မဟုတ်သည့်အပြင် ဖန်ဆင်းခံတစ်ဦးအဖြစ် မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ မဆိုထားနှင့် ၎င်းတို့ လိုက်စားသည်မှာ ကယ်တင်ခြင်းမဟုတ်ပေ။ ထို့ထက် ယင်းမှာ ပေါလုကဲ့သို့ပင် ကြွယ်ဝစွာ ကောင်းချီးခံစားရဖို့၊ ကြီးမားသည့် တန်ခိုးအာဏာကို ကိုင်စွဲဖို့၊ ကြီးမားသည့် သရဖူတစ်ခုကို ဆင်မြန်းဖို့နှင့် ဘုရားသခင်ကဲ့သို့ တူညီသည့်အဆင့်တွင် ရှိဖို့ဖြစ်သည်။ ဤသည်တို့မှာ ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများဖြစ်သည်။ ထို့ကြောင့် ဘုရားအိမ်တော်၌ အကျိုးကျေးဇူး သို့မဟုတ် လိုချင်ဖွယ်ရာဖြစ်သော အရာတစ်ခုခု ရှိသည့်အချိန်တိုင်းတွင် ထိုအရာကို အရယူရန် ၎င်းတို့ တိုက်ပွဲဝင်ကြသည်၊ လူတို့အား ၎င်းတို့၏ အရည်အချင်းများနှင့် ဝါရင့်မှုအတိုင်း အဆင့်အတန်း စတင်သတ်မှတ်ကြပြီး “ကျွန်ုပ် အရည်အချင်း ပြည့်မီသည်။ ဤအရာနှင့်ဆိုင်သည့် ဝေစုကို ကျွန်ုပ် ရသင့်သည်။ ထိုအရာကို ရရန် ကျွန်ုပ် တိုက်ပွဲဝင်ရမည်”ဟု အပြန်ပြန်အလှန်လှန် စဉ်းစားလေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်တွင် မိမိတို့ကိုယ်ကို အထင်ကရ နေရာတစ်ခုတွင် ထားရှိကြပြီးနောက် ဘုရားအိမ်တော်၏ ဤအကျိုးကျေးဇူးများကို ၎င်းတို့ မွေ့လျော်ခံစားခြင်းကသာ သင့်တော်သည်ဟု တွေးထင်ကြလေသည်။ ဥပမာအားဖြင့် နိုင်ငံခြားသို့ သွားခြင်းကိစ္စတွင်၊ ထိုလူ၏ ပထမဆုံးသော အတွေးမှာ သူ့အနေဖြင့် ပါဝင်ရသင့်သည်၊ လူအများစုက သူ့လောက် မတော်ကြ၊ သူ့လောက် ဆင်းရဲဒုက္ခများစွာကို ခံစားခဲ့ရခြင်းမရှိ၊ သူ့လောက် အရည်အချင်းမပြည့်မီကြ၊ သူ့လောက် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ခြင်း မရှိကြသကဲ့သို့ သူ့လောက် အချိန်ကြာကြာ ခေါင်းဆောင်တစ်ဦး မဖြစ်ခဲ့ဟူ၍ ဖြစ်သည်။ သူသည် မိမိကိုယ်ကို အဆင့်အတန်း သတ်မှတ်ရန် ဆင်ခြေတိုင်းနှင့် အကဲဖြတ်ခြင်း နည်းလမ်းတိုင်းကို အသုံးပြုခဲ့သည်။ လူတို့ကို သူ မည်သို့ အဆင့်အတန်း သတ်မှတ်သည်ဖြစ်စေ သူသည် မိမိကိုယ်ကို အရှေ့တွင်လည်းကောင်း၊ အရည်အချင်းပြည့်မီသူများ၏ အဆင့်အတန်းများတွင်လည်းကောင်း ထားရှိလေသည်။ နောက်ဆုံးတွင် ဤအကျိုးခံစားခွင့်ကို သူ မွေ့လျော်ခံစားသင့်ခြင်းသည်သာ သင့်တော်သည်ဟု သူ ခံစားခဲ့သည်။ ဤအရာကို သူ မရသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် သူ၏ အကျိုးစီးပွားတွင်ရှိသော ကောင်းချီးခံစားကာ အမှုအရာများကို ရရှိမည့် သူ၏ စိတ်ကူးယဉ်အိပ်မက်က အစိတ်စိတ် အမြွှာမြွှာကွဲသည်နှင့်တစ်ပြိုင်နက် ထိုအရာနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို သူ လုပ်ဆောင်မည်၊ ဒေါသထွက်လာမည်၊ သမ္မာတရားကို ကျိုးနွံနာခံကာ ရှာဖွေခြင်းထက် ဘုရားသခင်ကို ကျိုးကြောင်းပြပြောဆိုမည်ဖြစ်သည်။ သူ၏ စိတ်နှလုံးက သူ လိုက်စားသည့် ဤအရာများနှင့် ပြည့်နှင့်ပြီးသားဖြစ်ကာ သူ လိုက်စားသည့် အရာများသည် သမ္မာတရားနှင့် လုံးဝ သဟဇာတမဖြစ်သည်မှာ သိသာထင်ရှားပေသည်။ သူ့အနေဖြင့် အလုပ်မည်မျှလုပ်ဆောင်ခဲ့သည်ဖြစ်စေ သူ၏ ရည်မှန်းချက်နှင့် ကြံရွယ်ချက်မှာ ပေါလု၏ ရည်မှန်းချက်နှင့် ကြံရွယ်ချက်များ ဖြစ်ခဲ့သည့်အတိုင်းပင် သရဖူတစ်ခု ရရှိရန်ထက် ဘာမျှမပိုသကဲ့သို့ ထိုအရာကို သူက တင်းကျပ်စွာ ဖက်တွယ်ပြီး မည်သည့်အခါတွင်မျှ မစွန့်လွှတ်ပေ။ သူအား သမ္မာတရားဖြင့် မည်သို့မိတ်သဟာယ ပြုပေးသည်ဖြစ်စေ၊ သူ့အနေဖြင့် မည်သို့ပြုပြင်ခံရ၊ ဖော်ထုတ်ခံရပြီး စိစစ်ခံရသည်ဖြစ်စေ၊ ကောင်းချီးခံစားရဖို့ဖြစ်သော ကြံရွယ်ချက်ကို ခေါင်းမာစွာ သူ ဖက်တွယ်ထားပြီး လက်မလွှတ်ပေ။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သူ မရရှိသကဲ့သို့ ကောင်းချီးခံစားဖို့ဖြစ်သည့် သူ၏ လိုအင်ဆန္ဒ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားသည်ကို မြင်သည့်အခါ သူသည် အပျက်သဘောဆောင်လာပြီး ရပ်တည်ချက်ကို ပြင်ဆင်ပြောင်းလဲလာသည်၊ သူ၏ တာဝန်ကို စွန့်ပစ်ကာ ထွက်ပြေးသွားလေသည်။ သူသည် သူ၏ တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းခြင်း မရှိခဲ့ သို့မဟုတ် နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေရာတွင် ကောင်းမွန်သည့် အစေခံမှုကို မပေးခဲ့သည့်အပြင် ဤအရာက သူသည် ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်ခြင်း မရှိခဲ့ကြောင်း၊ အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိကြောင်းနှင့် စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် တစ်စက်မျှ မရှိခဲ့ကြောင်းကို အပြည့်အဝ ထုတ်ဖော်ပြလေသည်။ သူသည် သိုးအုပ်ထဲတွင် ချောင်းနေသည့် သိုးရေခြုံသော ဝံပုလွေတစ်ကောင်သာ ဖြစ်သည်။ နောက်ဆုံးတွင် မယုံကြည်သူ စစ်စစ်ဖြစ်သော လူတစ်ဦးသည် လုံးလုံးလျားလျား ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရကာ ယုံကြည်သူတစ်ဦးအဖြစ် သူ၏ဘဝသည် အဆုံးသတ်လာခဲ့ပေသည်။ ဤသည်မှာ အခြေအနေတစ်ခု ဖြစ်သည်။
ဤသည်မှာ သီးခြားဖြစ်သော အခြေအနေတစ်ခု မဟုတ်ပေ။ ဤသည်မှာ နိုင်ငံခြား သွားခြင်းကိစ္စကြောင့် မှောက်မှားကာ ထုတ်ဖော်ခံရသည့် တစ်ဦးတည်းသော လူမဟုတ်ပေ။ ငါတို့ ယခုတင် ပေးသည့် ဥပမာမှာ အမျိုးသားတစ်ဦးအကြောင်း ဖြစ်သော်လည်း အမျိုးသမီးတစ်ဦး၏ ဥပမာလည်း ရှိ၏။ ကနဦးတွင် အစီအစဉ်မှာ ဤအမျိုးသမီးကိုလည်း ငါတို့နှင့်အတူ နိုင်ငံခြားသို့ လိုက်ခွင့်ပေးရန် ဖြစ်သည်။ ဤအရာဖြစ်ပျက်သည့်အခါ သူသည် စိတ်ထဲတွင် အလွန် ဝမ်းသာပြီး ထိုကိစ္စအတွက် စတင် စီစဉ်ကာ ပြင်ဆင်ခဲ့သည်။ သို့သော် အဆုံးတွင် အကြောင်းရင်း အမျိုးမျိုးကြောင့် သူ မသွားနိုင်ခဲ့ပေ။ ထိုအချိန်သည် အခြေအနေက အလွန် အန္တရာယ်များသောကြောင့် သူသည် အသိပေးခြင်းမခံခဲ့ရ။ တစ်ခါက လုပ်ဖော်ကိုင်ဖက်များအတွက် အစည်းအဝေးတစ်ခုတွင် သူက ဤဆုံးဖြတ်ချက်ကို သိသွားသည်။ ဤအရာကို စိစစ်လော့။ ဤအမျိုးသမီးက သိသွားသည့်အခါ အကျိုးဆက်က မည်သည့်အရာ ဖြစ်မည်နည်း။ (လူတစ်ဦးတွင် ပုံမှန်လူတစ်ဦး၏ တွေးခေါ်မှုရှိခဲ့လျှင် သိရှိသွားပြီးနောက်တွင် သူ့အနေဖြင့် အလွန် ကြီးမားသည့် တုံ့ပြန်မှုတစ်ခု ရှိနိုင်ဖွယ် ရှိမည်ဖြစ်သည်။ သူနိုင်ငံခြား မသွားနိုင်ရခြင်းမှာ အခြေအနေက အန္တရာယ်များသောကြောင့် ဖြစ်သည်ဟု စဉ်းစားမည်ဖြစ်ပြီး ထိုကိစ္စကို မှန်ကန်စွာ ကိုင်တွယ်နိုင်ကြမည် ဖြစ်သည်။ သို့သော် ဤအမျိုးသမီးက သိရှိသွားလျှင်မူ သူသည် ဒေါသထွက်ကောင်းထွက်လာနိုင်ပြီးဖြစ်ကာ ဘုရားသခင်နှင့် ကျိုးကြောင်းပြပြောရန် ကြိုးစားကောင်းကြိုးစားပြီးဖြစ်နိုင်သည်။) ယင်းမှာ မှန်ပေသည်။ သင်တို့သည် ဤလူစားမျိုး၏ စရိုက်လက္ခဏာကို အတော်အတန် သဘောပေါက်လေပြီ။ ဤသည်မှာ ဤလူစားမျိုး၏ ပကတိအခြေအနေဖြစ်သည်။ ထိုကိစ္စက မည်သည့်အရာဖြစ်စေ ၎င်းတို့သည် အနာခံမည် မဟုတ်ဘဲ ထို့ထက် အခွင့်ကောင်းယူကြမည် ဖြစ်သည်။ အရာရာတွင် ၎င်းတို့သည် အခြားသူအားလုံးထက် သာလွန်ရမည်ဖြစ်ပြီး အခြားသူအားလုံးထက် တော်ရမည်ဖြစ်သည်။ အရာရာတွင် ၎င်းတို့က အတော်ဆုံး ဖြစ်ရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် လိုချင်ဖွယ်ရာဖြစ်သော အရာတိုင်းကို ရရှိရမည်ဖြစ်ပြီး တစ်စုံတစ်ရာတွင် ဝေစုတစ်ခုရှိခြင်းသည် ၎င်းတို့အတွက် လက်မခံနိုင်ဖွယ်ဖြစ်သည်။ အမျိုးသမီးက ဤကိစ္စရပ်ကို သိသွားပြီးနောက်တွင် ထိုအခိုက်၌ သူ ဒေါသထွက်ကာ ဝုန်းဒိုင်းကြဲလျက် မြေပေါ် လူးလိမ့်လေသည်။ သူ၏ မကောင်းဆိုးဝါး ဘက်ခြမ်းက ပေါ်လွင်နေခဲ့ပြီး သူ၏ လုပ်ဖော်ကိုင်ဖက်များကို သူက ဩဝါဒပေးကာ သူတို့အား ဒေါသဖြင့် မဲလေသည်။ သူ၏ ဒေါသသည် မည်သည့်နေရာမှ လာခဲ့လေသနည်း။ သူသည် ညီအစ်ကို မောင်နှမများကို ဒေါသထွက်သည့်အလား ထင်ရသော်လည်း သူ အမှန်တကယ် ဒေါသထွက်သည်မှာ မည်သူနည်း။ (ဘုရားသခင်ကို သူ ဒေါသထွက်ခြင်းဖြစ်ပါသည်။) ဤသည်မှာ ဖြစ်နေခဲ့သည့်အရာ ဖြစ်သည်။ ထို့နောက်တွင် သူ ဒေါသ၏ အကြောင်းတရားမှာ မည်သည့်အရာ ဖြစ်သနည်း။ ထိုအရာ၏ ရင်းမြစ်မှာ မည်သည့်အရာနည်း။ (သူ၏ လိုအင်ဆန္ဒ မပြည့်သောကြောင့် ဖြစ်သည်။) လိုချင်ဖွယ်ရာဖြစ်သော အရာတစ်ခုကို သူ မရရှိခဲ့သကဲ့သို့ သူ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ သူသည် ဤအကြိမ် အခွင့်ကောင်းယူရာတွင် မအောင်မြင်ခဲ့ပေ။ ထို့ထက် အခြားလူတို့က အခွင့်အရေးရသွားပြီး သူ မပါဝင်နိုင်ခဲ့သောကြောင့် ဒေါသထွက်ရသည်။ သူ မည်သို့မျှ ဟန်မဆောင်နိုင်တော့ပေ။ သူ၏ စိတ်နှလုံး မကျေနပ်ချက်နှင့် မကျေမချမ်း ဖြစ်ခြင်းအားလုံးကို သူ ထွက်ပေါက်ရှာကာ လွှတ်လိုက်သည်။ အတိတ်တွင် သူသည် အထက်က မည်သည့်အရာ လုပ်ဆောင်နေခဲ့သည်ကို ပထမဆုံး အမြဲ သိရှိရမှဖြစ်သည်။ သူသည် အထက်နှင့် အမြဲ အဆက်အသွယ်ရှိချင်ခဲ့ပြီး ညီအစ်ကို မောင်နှမများနှင့် ထိတွေ့ဆက်ဆံခဲ့ခြင်း မရှိပေ။ သူသည် မိမိကိုယ်ကို သာမန် အဖွဲ့ဝင်တစ်ဦးအဖြစ် မဟုတ်ဘဲ အဆင့်မြင့် ပုဂ္ဂိုလ်ကျော်တစ်ဦးအဖြစ် အမြဲ သဘောထားခဲ့သည်။ ထို့ကြောင့် ဤအကြိမ်တွင် သူလည်း နိုင်ငံခြားသွားသင့်သည်ဟု တွေးခဲ့သည်။ အခြားမည်သူမျှ မသွားသင့်လျှင် သူ သွားသင့်သည်ဟူ၍ ဖြစ်၏။ သူသည် အဓိက သွားသင့်သောသူဖြစ်ပြီး သူ့အနေဖြင့် ဤပုံစံဖြင့် ဆက်ဆံခြင်းခံရသည့် ပျော်ရွှင်မှုခံစားသင့်သည်။ ဤသည်မှာ သူ၏ စိတ်နှလုံးက အမှန်တကယ် တွေးသည့်အရာဖြစ်ခဲ့သည်။ ယခုတွင် သူသည် ဤပုံစံဖြင့် ဆက်ဆံခြင်းခံရသည့် ပျော်ရွှင်မှု ခံစားရမည်မဟုတ်ကြောင်း၊ ဤနှစ်ကာလများတွင် သူ ခံစားခဲ့ရသည့် ဆင်းရဲဒုက္ခအားလုံးက အချည်းနှီးသာဖြစ်ခဲ့ကြောင်းကို သူ မြင်ခဲ့ရသည်။ သူ့အနေဖြင့် ဒုက္ခသုခခံ၍ ရယူနိုင်ခဲ့သည့် အဆင့်အတန်းနှင့် သူ လိုချင်ခဲ့သည့် အကျိုးခံစားခွင့်တစ်ခုမျှ သူ့တွင် မရှိခဲ့ပေ။ ချက်ချင်းပင် ဤအရာများအားလုံးသည် အချည်းနှီးအဖြစ်သို့ ပြိုကွဲသွားသည်။ မယုံကြည်နိုင်ဖွယ်ရာပင် သူသည် ထိုမျှပမာဏရှိသည့် လိုချင်ဖွယ် အရာတစ်ခုကို ကလိမ်ကျမယူနိုင်ခဲ့ပေ။ မယုံကြည်နိုင်ဖွယ်ရာပင် သူ ဘေးချိတ်ခြင်းခံရသည်။ ထို့ကြောင့် ဘုရားသခင်၏ စိတ်နှလုံးတွင် မြင့်မားသည့် နေရာတစ်ခုကို သူ နေရာယူခဲ့ခြင်း မရှိသည့်အပြင် သူသည် သာမန်လူတစ်ဦးဖြစ်သည်ဟု သူ စဉ်းစားခဲ့သည်။ သူ၏ စိတ်နှလုံးရှိ ခုခံကာကွယ်သော စည်းက လုံးဝ ပြိုလဲသွားပြီး သူ ဟန်မဆောင်တော့ကဲ့သို့ အမှုအရာများကို မဖုံးကွယ်တော့ပေ။ သူသည် စတင် သောင်းကျန်းလာသည်၊ လူတို့ကို အော်ဟစ်လာသည်၊ ရင်ဖွင့်သည် ဒေါသထွက်ပြီး အခြားသူများက မည်သည့်အရာကို ပြောသည် သို့မဟုတ် မည်သို့မြင်သည်ကို ဂရုမစိုက်ဘဲ သူ့အတွက် ဗီဇအရ ဖြစ်သောအရာကို ဖော်ထုတ်လေသည်။ ထို့နောက်တွင် တာဝန်တစ်ခု ထမ်းဆောင်ရန် အဖွဲ့တစ်ဖွဲ့ထံသို့ သူ စေလွှတ်ခြင်းခံခဲ့ရသည်။ သူ၏ တာဝန်ကို သူ ထမ်းဆောင်နေစဉ်တွင် မကောင်းသည့်အရာများစွာ လုပ်ဆောင်ခဲ့ပြီး အဖွဲ့တွင်ရှိသည့် ညီအစ်ကို မောင်နှမများက နောက်ဆုံးတွင် သူ နှင်ထုတ်ခံရဖို့ တောင်းဆိုသည့် စာတစ်စောင်ကို အတူတကွ ရေးခဲ့ကြသည်။ သူ နှင်ထုတ်ခံရသည့် အကြောင်းတရားမှာ မည်သည့်အရာနည်း။ သူလုပ်ဆောင်ခဲ့သည့် မကောင်းမှုက အလွန်ပင် များလွန်းလှသဖြင့် အားလုံးကို စကားရပ်တစ်ခုဖြင့် ရေးသားဖော်ပြရန်မှာ မဖြစ်နိုင်ကြောင်း ညီအစ်ကိုမောင်နှမများက ထပ်ဆင့်ပြောပြခဲ့ကြသည်။ တစ်နည်းအားဖြင့် သူက မကောင်းမှုများစွာ လုပ်ဆောင်ခဲ့ပြီး သူ လုပ်ဆောင်ခဲ့သည့်အရာ၏ သဘောသဘာဝက အလွန်ဆိုးရွားခဲ့သည်။ ထိုအရာကို စာတစ်ကြောင်း သို့မဟုတ် နှစ်ကြောင်းမျှဖြင့် ရှင်းလင်းစွာ သိရှိစေ၍ မရနိုင်သကဲ့သို့ အဖြစ်အပျက်တစ်ခု သို့မဟုတ် နှစ်ခုမျှဖြင့် အသေးစိတ်ပြန်ပြော၍ မရနိုင်ပေ။ သူသည် မရေတွက်နိုင်သော ဆိုးယုတ်သည့်အရာများကို လုပ်ဆောင်ခဲ့ပြီး ထိုအရာက လူတို့အား ဒေါသထွက်စေခဲ့သောကြောင့် အသင်းတော်က သူ့ကို နှင်ထုတ်ခဲ့သည်။ သူ လုပ်ဆောင်ခဲ့သည့် ဤဆိုးယုတ်သောအရာများကို နိုင်ငံခြားသွားခြင်း ကိစ္စမဖြစ်ပေါ်မီတွင် လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် ထိုကိစ္စဖြစ်ပေါ်ပြီးနောက်တွင် သူသည် ဤအရာများကို အဘယ်ကြောင့် လုပ်ဆောင်နိုင်စွမ်းရှိခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် နိုင်ငံခြားသွားသည့် ကိစ္စသည် သူ အလိုရှိသည့်အတိုင်း ဖြစ်မလာခဲ့သောကြောင့် ဖြစ်သည်။ သူ လုပ်ဆောင်ခဲ့သည့် ဆိုးယုတ်သော အရာများနှင့် သူ ထုတ်ဖော်ခဲ့သည့် အကျည်းတန်မှုတို့သည် ဤလိုချင်ဖွယ်သော အရာကို သူ မရခဲ့ရုံကြောင့် ဖြစ်ခဲ့သည့် လက်စားချေခြင်းနှင့် ထွက်ပေါက်ရှာခြင်းတစ်မျိုး ဖြစ်သည်။ ငါ့ကို ပြောလော့၊ သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး လူ့သဘာဝရှိသည့် လူတစ်ဦးက ဤကဲ့သို့သော အခြေအနေတစ်ခု ကြုံရသည့်အခါ သမ္မာတရားများစွာကို သူနားမလည်လျှင်ပင် သူသည် ဤသရုပ်သကန်များ ဖြစ်ပေါ်နိုင်စွမ်း ရှိသလော။ ဤအရာများကို ၎င်းတို့ ထုတ်ဖော်နိုင်စွမ်း ရှိကြသလော။ လူ့သဘာဝ အနည်းငယ်၊ အသိစိတ် အနည်းငယ်နှင့် ရှက်စိတ်အနည်းငယ်ရှိသောသူ မည်သူမဆိုသည် ဤအရာကို လုပ်ဆောင်လိမ့်မည် မဟုတ်ဘဲ မိမိတို့ကိုယ်ကို ချုပ်ထိန်းလိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံးက မပျော်ရွှင်သော်လည်း ကျေနပ်ခြင်း မရှိသကဲ့သို့ အနည်းငယ် နာကျင်သော်လည်း ၎င်းတို့ သာမန်လူတစ်ဦးသာ ဖြစ်သည့်အကြောင်း၊ ဤအရာကိုရရှိရန် ၎င်းတို့ မတိုက်ခိုက်သင့်ကြောင်း၊ ဘုရားသခင်ကို ယုံကြည်သောသူတို့အနေဖြင့် သမ္မာတရားကို လိုက်စားသင့်ကြောင်း၊ အရာရာတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံသင့်ကြောင်း၊ ၎င်းတို့တွင် မည်သည့် ရွေးချယ်မှုမျှ မရှိသင့်ကြောင်းနှင့် လူတို့သည် ဖန်ဆင်းခံများဖြစ်ကာ မည်သို့မျှ အထင်ကြီးလောက်စရာ မရှိကြောင်းတို့ကို ၎င်းတို့ စဉ်းစားကြလေသည်။ ၎င်းတို့သည် နှစ်ရက်ကြာ ဝမ်းနည်းနေကြလိမ့်မည် ဖြစ်သော်လည်း ထို့နောက် ယင်းကို အတိတ်တွင် ထားခဲ့လိုက်မည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ ယုံကြည်သင့်သည့်အတိုင်း ယုံကြည်ကြလိမ့်ဦးမည်ဖြစ်ပြီး မကောင်းမှုကို ပြုလုပ်ကြလိမ့်မည် မဟုတ်၊ သို့မဟုတ် ဤကိစ္စရပ်ကြောင့် လက်တုံ့ပြန်ကြလိမ့်မည် မဟုတ်သကဲ့သို့ ဤကိစ္စရပ်ကြောင့် ထွက်ပေါက်ရှာကြလိမ့်မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သမ္မာတရားကို မလိုက်စားသောလူများနှင့် မိမိ၏ စရိုက်လက္ခဏာက အလွန်ဆိုးရွားသောလူတို့သည် သေးငယ်သည့် ကိစ္စရပ်တစ်ခုကြောင့်သက်သက်ဖြင့် ယခင်က ၎င်းတို့တွင် လုံးဝ မရှိသည့် ဤမကောင်းသော လုပ်ဆောင်ချက်များအားလုံးကို ပြသနိုင်စွမ်း ရှိကြလေသည်။ ဤအရာက ပြဿနာကို ရှင်းပြပေသည်။ ဤလူစားမျိုး၏ လူ့သဘာဝ အနှစ်သာရကို ထိုအရာက ရှင်းပြသည်။ ပြီးလျှင် ဤလူစားမျိုး၏ စစ်မှန်သော လိုက်စားမှုကို ရှင်းပြသည်။ အတိအကျဆိုရလျှင် ၎င်းတို့၏ စစ်မှန်သော စရိုက်သည် ဤကိစ္စအပေါ် ထုတ်ဖော်ပြခြင်းမှတစ်ဆင့် လုံးဝ ထင်ရှားပေါ်လွင်သွားခြင်း ဖြစ်သည်။ ဦးစွာပထမ ၎င်းတို့၏ အနှစ်သာရသည် အန္တိခရစ်တစ်ဦး၏ အနှစ်သာရ လုံးလုံးလျားလျား ဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် သမ္မာတရားကို မလိုက်စားဖူးသကဲ့သို့ မိမိတို့ကိုယ်ကို ကယ်တင်ခြင်း ခံရမည့်သူအဖြစ် တစ်ကြိမ်တစ်ခါမျှ သဘောမထားကြသည့်အပြင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်း မရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား မလိုက်စားကြပေ။ အဆင့်အတန်းနှင့် ပျော်ရွှင်မှုကိုသာ လိုက်စားကြသည်။ ၎င်းတို့သည် ကောင်းမွန်သည့် အကျိုးခံစားခွင့်ကိုသာ လိုက်စားပြီး ဘုရားသခင်နှင့် တူညီသည့် အဆင့်တွင်ရှိဖို့သာ လိုက်စားအားထုတ်ကြသည်။ ဘုရားသခင် မွေ့လျော်ခံစားသည့် မည်သည့်အရာမဆို ၎င်းတို့လည်း မွေ့လျော်ခံစားကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်နောက် အချည်းနှီး လိုက်နေကြခြင်း မဟုတ်ပေ။ ဤသည်တို့မှာ ၎င်းတို့ လိုက်စားသည့်အရာများဖြစ်သည်။ ဤသည်မှာ ဤလူစားမျိုး၏ သဘာဝ အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော စရိုက်ဖြစ်ပြီး ၎င်းတို့ စိတ်နှလုံးများ၏ အတွင်းပိုင်း စိတ်အခြေအနေ ဖြစ်သည်။ ဤကိစ္စက ဤအမျိုးသမီးအတွက် အနှစ်နှစ်ဆယ် ယုံကြည်ခြင်းကို အဆုံးသတ်သွားစေခဲ့သည်။ အားလုံးက အလဟဿဖြစ်သွားလေသည်။
ငါ့ကို ပြောလော့၊ ဤလူနှစ်ဦးသည် မည်သည့်နေရာတွင် ယခု ရှိသင့်သနည်း။ အသင်းတော်တွင်လော သို့မဟုတ် အခြားတစ်နေရာရာတွင်လော။ (ဘာသာတရားမရှိသူများ၏ လောကတွင် ဖြစ်ပါသည်။) အဘယ်ကြောင့် ထိုသို့ သင်တို့ ပြောသနည်း။ ဤအရာကို သင်တို့ မည်သို့ ဆုံးဖြတ်ခဲ့သနည်း။ သင်တို့၏ စကားများက မည်သည့်အရာအပေါ် အခြေခံသနည်း။ (အဘယ်ကြောင့်ဆိုသော သူတို့သည် မယုံကြည်သူများ ဖြစ်သောကြောင့်ဖြစ်ပြီး ဘုရားသခင်၌ သူတို့၏ ယုံကြည်မှုသည် ဖန်ဆင်းခံများအဖြစ် သူတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအား လိုက်စားဖို့ ရည်ရွယ်ချက်အတွက် မဟုတ်သောကြောင့်ဖြစ်သည်။ အဆုံးတွင် ဤကဲ့သို့သော လူများသည် သူတို့၏ ယုံကြည်ခြင်းတွင် ခိုင်မာစွာ မရပ်တည်နိုင်သကဲ့သို့ လောကသို့သာ ပြန်သွားနိုင်သည်။) အဆုံးတွင် ၎င်းတို့သည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ခိုင်ခိုင်မာမာ မရပ်တည်နိုင်သော်လည်း ထိုအရာသည် အဆုံးသတ် မဟုတ်သေးပေ။ သို့ဆိုလျှင် အဘယ်သို့ဖြစ်ပြီး ၎င်းတို့ ပျောက်ကွယ်သွားကြလေပြီနည်း။ စိတ်ထဲတွင် ၎င်းတို့ စဉ်းစားနေသည့်အရာကို သင် ကြည့်ရမည်။ ၎င်းတို့အနေဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် လှုပ်ရှားမှုတစ်ခုခု ဖြစ်နေသည့်အချိန်တွင်သာ ဤကဲ့သို့သော အရာများကို လုပ်ဆောင်နိုင်ပြီး ဤကဲ့သို့သော ရွေးချယ်မှုများကို လုပ်ဆောင်နိုင်ကြလေသည်။ ၎င်းတို့အား ဤကဲ့သို့သော လမ်းကြောင်းတစ်ခုကို ရွေးချယ်စေခဲ့သည့် ဤကိစ္စရပ်ကို ၎င်းတို့က မည်သည့်နည်းဖြင့် စိစစ်ကာ အကဲဖြတ်ခဲ့ကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ၎င်းတို့က “ငါသည် ဘုရားကို ဤနှစ်ကာလများတစ်လျှောက်လုံး ယုံကြည်ပြီးဖြစ်ကာ ဆင်းရဲဒုက္ခများစွာကို ခံစားရပြီးဖြစ်သည်။ ငါ ကျော်ကြားလာနိုင်မည့် နေ့ကို ငါ အမြဲ တောင့်တခဲ့သည်။ အထက်နှင့်အတူ ရှိခြင်းဖြင့် ငါ ကျော်ကြားလာနိုင်ပြီး အသိအမှတ်ပြုခြင်း ခံရနိုင်ပေသည်။ ယခုတွင် ငါသည် နောက်ဆုံး၌ နိုင်ငံခြားသွားဖို့ အခွင့်အရေးတစ်ခု ရှိလေပြီ။ ဤသည်မှာ ကြီးမားပေသည်။ ဤသည်မှာ ဘုရားကို မယုံကြည်မီတွင် ငါ လုံးဝ မတွေးဝံ့ခဲ့သည့်အရာတစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားကို ယုံကြည်ခြင်းအားဖြင့် သရဖူတစ်ခု ရရှိခြင်းနှင့် အတူတူပင်ဖြစ်သော်လည်း လက်စသတ်တော့ ငါသည် ထိုသို့သော ကြီးမားသည့် လိုချင်ဖွယ်ရာကိစ္စနှင့် တစ်စိတ်တစ်ပိုင်း ဖြစ်လိမ့်မည် မဟုတ်ပေ။ ထိုအရာကို ငါ မရရှိနိုင်ပေ။ ယခင်က ငါသည် ဘုရား၏ စိတ်နှလုံးတွင် တိကျသော နေရာတစ်ခုရှိသည်ဟု ထင်ခဲ့သော်လည်း ယင်းမှာ မမှန်သည်ကို ငါ ယခု မြင်ရသည်။ ဘုရားနောက်လိုက်ခြင်းမှ မည်သည့် လိုချင်ဖွယ်သော အရာတစ်ခုကိုမျှ ငါ မရနိုင်သည့်ပုံရသည်။ နိုင်ငံခြားသို့ သွားခြင်းကဲ့သို့သော ကြီးမားသည့် ကိစ္စတစ်ခုနှင့် ပတ်သက်လာသည့်အခါ သူတို့က ငါ့ကို မစဉ်းစားကြပါ။ ထို့ကြောင့် အနာဂတ်တွင် သရဖူတစ်ခု ငါ ရမည့် အခွင့်အရေး သာ၍ပင် နည်းသွားသည် မဟုတ်လော။ ထိုသရဖူအား မည်သူရမည်မှာ မသေချာသကဲ့သို့ ရမည့်သူမှာ ငါဖြစ်ဖို့ မျှော်လင့်ချက် မရှိသည့်ပုံရသည်”ဟု တွေးကြလေသည်။ မျှော်လင့်ချက်မရှိဟု ၎င်းတို့ စဉ်းစားမိသည့်အခါ ဘုရားသခင်နောက် ၎င်းတို့ လိုက်လိုကြလိမ့်ဦးမည်လော။ ယခင်က ဆင်းရဲဒုက္ခကို ခံစားခြင်းနှင့် အဖိုးအခပေးခြင်းတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့က ထိုသို့ ပြုမူကြပြီး ထိုသို့ မိမိတို့ကိုယ်ကို ထင်ရှားစေကြသည်မှာ ထိုမျှော်လင့်ချက်အနည်းငယ်ကြောင့်၊ ၎င်းတို့ စိတ်နှလုံးများတွင် ၎င်းတို့ စွဲကိုင်ထားသည့် ထိုစိတ်ကူးအနည်းငယ်ကြောင့်သာ ဖြစ်သည်။ ယခု ၎င်းတို့၏ မျှော်လင့်ချက်များက တစ်စစီပြိုကွဲပြီး ၎င်းတို့၏ စိတ်ကူးများက အချည်းနှီးဖြစ်သွားသဖြင့် ၎င်းတို့ ဆက်လက် ယုံကြည်နိုင်ကြသလော။ ဘုရားအိမ်တော်တွင် နေထိုင်ကာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ၎င်းတို့ ဆက်လက် ကျေနပ်ရောင့်ရဲနိုင်ကြသလော။ ၎င်းတို့အနေဖြင့် မည်သည့်အရာမျှ မရရှိသည့်အပြင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန် လိုလားနိုင်ကြသလော။ အန္တိခရစ်များ၏ ရည်မှန်းချက်များနှင့် အလိုဆန္ဒများက အလွန်ကြီးမားသည်မှာ ၎င်းတို့အနေဖြင့် ၎င်းတို့၏ အားထုတ်မှုများနှင့် ၎င်းတို့ ပေးသည့် အဖိုးအခက ဤရလဒ်ရှိရန်အတွက် လုံးဝ လိုလားကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့ အိမ်မက်မက်သည့်အရာမှာ ၎င်းတို့ ပေးသည့် အဖိုးအခနှင့် ၎င်းတို့၏ အားထုတ်မှုများအတွက် အလဲအလှယ်အနေဖြင့် သရဖူတစ်ခုနှင့် လိုချင်ဖွယ်သော အရာများကို ရရှိစေဖို့ဖြစ်သည်၊ ဘုရားအိမ်တော်တွင် မည်သည့် လိုချင်ဖွယ်သော အရာရှိသည်ဖြစ်စေ ၎င်းတို့က ဝေစုတစ်ခု ရသင့်သည်ဟူ၍ ဖြစ်သည်။ အခြားလူတို့က မရရှိလျှင် ကိစ္စမရှိသော်လည်း ၎င်းတို့က ရကိုရရမည်ဖြစ်သည်။ ထိုသို့သော ပြင်းထန်သည့် ရည်မှန်းချက်နှင့် လောဘတို့ရှိသည့် လူများသည် အပြန်အလှန်အနေဖြင့် မည်သည့်အရာမျှ မရရှိဘဲ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်ကာ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မရရှိဘဲ အားထုတ်နိုင်ကြသလော။ ဤအရာကို ၎င်းတို့က လုံးဝ ဖြစ်မြောက်အောင် လုပ်နိုင်ကြပေ။ လူအချို့က “သမ္မာတရားကို သူတို့ လိုက်စားကြပါစေ။ သမ္မာတရားများစွာကို သူတို့ နားထောင်ပြီးသည်နှင့်တစ်ပြိုင်နက် ထိုအရာကို သူတို့က ဖြစ်မြောက်အောင် လုပ်နိုင်ကြမည် မဟုတ်လော”ဟု ပြောကြသည်။ “ဘုရားသခင်က သူတို့ကို ပြစ်တင်ဆုံးမပြီး တရားစီရင်လျှင် ထိုအရာက သူတို့ကို ပြောင်းလဲစေမည် မဟုတ်လော”ဟု ပြောသည့် အခြားသူများရှိသည်။ ဤသည်မှာ မှန်ကန်သလော။ ဘုရားသခင်က ဤကဲ့သို့သော လူများကို ပြစ်တင်ဆုံးမကာ တရားစီရင်ခြင်း မရှိသကဲ့သို့ ဤကဲ့သို့သော လူများကို မကယ်တင်ပေ။ ဤသည်တို့မှာ သူ ဖယ်ရှားရှင်းလင်းမည့် လူစားမျိုး အတိအကျ ဖြစ်သည်။ ငါ ပြောခဲ့သည့်အရာနှင့် သင်တို့ ယခုတင် ပြောသွားခဲ့သည့်အရာကို ယှဉ်ကြည့်လျှင် မည်သည့်အရာ ကွာခြားသနည်း။ သင်တို့ ပြောခဲ့သည့်အရာသည် ၎င်းတို့ စိတ်နှလုံးများ၏ စစ်မှန်သော လှုပ်ရှားမှု ဖြစ်သလော။ ထိုအရာသည် ဤလူစားမျိုး၏ အနှစ်သာရနှင့်ဆိုင်သော သရုပ်သကန် ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သင်တို့ ပြောသည့်အရာသည် မည်သည့်အရာ ဖြစ်သနည်း။ (ခံစားချက်များနှင့် အနှစ်မဲ့သည့် သဘောတရားများဖြစ်သည်။) သင်တို့ ပြောသည့်အရာ၏ သဘာဝမှာ စိစစ်မှုနှင့် အကဲဖြတ်မှုဆီသို့ အနည်းငယ် ယိမ်းယိုင်ပြီး သဘောတရားအရ ယင်းတို့ကို အကဲဖြတ်ကာ သတ်မှတ်နေခြင်းဖြစ်သည်။ ထိုအရာသည် ၎င်းတို့၏ စစ်မှန်သော အတွေးများနှင့် ထုတ်ဖော်ချက်များ မဟုတ်သကဲ့သို့ ၎င်းတို့၏ စစ်မှန်သော အမြင်များလည်း မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိသည့် ဤလူစားမျိုး၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ၎င်းတို့ မရရှိခဲ့သည့် လိုချင်ဖွယ်သောအရာတစ်ခု၊ ၎င်းတို့ မွေ့လျော်ခံစားခဲ့ရခြင်းမရှိသည့် အကျိုးကျေးဇူးတစ်ခု သို့မဟုတ် ၎င်းတို့ မရခဲ့သည့် အကျိုးအမြတ်တစ်ခု ရှိလျှင် ၎င်းတို့ ဒေါသထွက်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရား လိုက်စားခြင်းတွင် ၎င်းတို့၏ ယုံကြည်ချက် ဆုံးရှုံးကြသည်။ ဘုရားသခင်ကို ယုံကြည်ရန် မလိုမလားဖြစ်ကြသည်၊ ထွက်ပြေးချင်ကြပြီး မကောင်းသည့်အရာများကို လုပ်ဆောင်လိုကြသည်။ ၎င်းတို့အနေဖြင့် ထွက်ပေါက်ရှာကာ လက်တုံ့ပြန်မှုရရန်အလို့ငှာ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ အထင်လွဲမှုများနှင့် ဘုရားသခင်အတွက် ၎င်းတို့၏ မကျေမချမ်းဖြစ်မှုများကို ဖွင့်ထုတ်ရန်အလို့ငှာ မကောင်းသည့် အရာများကို လုပ်ဆောင်ကြလေသည်။ ဤလူများသည် ကိုင်တွယ်ခံရသင့်သလော။ ၎င်းတို့ကို အသင်းတော်တွင် ၎င်းတို့၏ တာဝန်ကို ဆက်လက် ထမ်းဆောင်ခွင့်ပေးသင့်သလော။ (မပေးသင့်ပါ။) သို့ဆိုလျှင် ဤလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ (၎င်းတို့ နှင်ထုတ်ခံရသင့်သည်။) နိုင်ငံခြား မသွားရသောကြောင့် ယုံကြည်ခြင်းကို ရပ်တန့်ခဲ့သည့်သူ တစ်ဦးတလေ ရှိသလော။ (ရှိပါသည်။) ဤလူစားမျိုးသည် မည်သည့်အရာ ဖြစ်သနည်း။ (မယုံကြည်သူများဖြစ်သည်။ ၎င်းတို့အနေဖြင့် ကောင်းချီးခံစားရခြင်းကို လိုက်စားရန်အလို့ငှာသာ ဘုရားသခင်ကို ယုံကြည်ကြပြီး ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒတို့ ဖြည့်ဆည်းခြင်းမခံရသည့်အခါ ဘုရားသခင်ကို သစ္စာဖောက်ကြသည်။) ဤကဲ့သို့သော သေးငယ်သည့် အရာကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအား ရပ်တန့်ပစ်နိုင်ကြသည်။ ဤကဲ့သို့သော လူများကို စစ်မှန်သည့် ယုံကြည်မှုရှိသည် သို့မဟုတ် မှားယွင်းသည့် ယုံကြည်မှုရှိသည်ဟု ဆို၍ မရနိုင်ပေ။ ၎င်းတို့၏ အကျင့်စရိုက်က အလွန်နိမ့်ကျသည်။
အကြောင်းအရာ ၃ - ကျေးလက်ဒေသရှိ နေအိမ်သို့ ပြန်လာပြီးနောက်တွင် ဆက်လက်ရှင်သန်နေထိုင်ရန် မဖြစ်နိုင်သည်ကို မြင်ရခြင်း
အချို့သောလူများသည် ကျေးလက်ဒေသတွင် မွေးဖွားကြပြီး ၎င်းတို့၏ မိသားစုများတွင် စားဝတ်နေရေးအတွက် ငွေကြေးများစွာ မရှိကြပေ။ ၎င်းတို့နေ့စဉ်အသက်တာတွင်သုံးစွဲသည့် ပစ္စည်းများသည် ရိုးရှင်းပြီး မာကျောသည့် ခုတင်တစ်လုံး၊ ဗီရိုတစ်လုံးနှင့် စားပွဲတစ်လုံးမှလွဲ၍ ၎င်းတို့အိမ်တွင် အခြားပရိဘောဂများ မရှိပေ။ ၎င်းတို့အိမ်ကြမ်းပြင်ကို အုတ်နှင့်ဖြစ်စေ၊ မြေကြီးနှင့်ဖြစ်စေ ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းတို့တွင် ကွန်ကရစ်ကြမ်းပြင်ပင် မရှိကြပေ။ ၎င်းတို့၏ ဘဝအခြေအနေများက အလွန်နိမ့်ကျ၏။ ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် ၎င်းတို့သည် ဧဝံဂေလိ ဖြန့်ဝေခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ကြပြီး ချမ်းသာကြွယ်ဝသည့် အချို့သော ဒေသများသို့ သွားရောက်ကြလေသည်။ အမျိုးသမီးတစ်ဦးသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ မောင်နှမအများစုက မိမိတို့၏ အိမ်များတွင် သစ်သားကြမ်းခင်းများဖြစ်စေ၊ ကြွေပြားခင်းများဖြစ်စေ ခင်းထားသည်ကို မြင်တွေ့ခဲ့သည်။ နံရံများတွင် နံရံကပ်စက္ကူများ ကပ်ထားသည်၊ ၎င်းတို့၏ အိမ်များသည် အလွန်သန့်ရှင်းပြီး ၎င်းတို့က နေ့စဉ် ရေချိုးနိုင်ကြသည်။ ထို့အပြင် ၎င်းတို့၏ အိမ်များတွင် ရုပ်မြင်သံကြားစင်များ၊ ကြီးမားသော ဗီရိုများ၊ ဆိုဖာများနှင့် လေအေးပေးစက်များဖြစ်သည့် ပရိဘောဂပစ္စည်းများ အများအပြားရှိသည်။ ၎င်းတို့၏ အိပ်ခန်းများတွင် နာမည်ကျော်ဆီမွန်းမွေ့ရာများ ရှိပြီး ၎င်းတို့၏ မီးဖိုချောင်များတွင် ရေခဲသေတ္တာ၊ မိုက်ခရိုဝေ့၊ မီးဖို၊ မီးအိုး၊ မီးဖိုခန်းသုံး မီးခိုးစုပ်စက် စသည့် မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိုး ပြည့်နှက်နေသည်။ ထိုအရာများကို မြင်ရသည်မှာ မူးဝေစရာပင် ဖြစ်သည်။ ထို့အပြင် ဤသို့သော မြို့ကြီးများတွင် တစ်လွှာနှင့်တစ်လွှာကြား သူမ ဓာတ်လှေကားစီး၍ အတက်အဆင်း လုပ်နိုင်သည့် နေရာအချို့လည်း ရှိသည်။ ဤနေရာသည် သူမ၏ အမြင်ကို ဖွင့်ပေးခဲ့ပြီး ထိုနေရာတွင် တစ်ခဏကြာ အလုပ်လုပ်ကာ ဧဝံဂေလိကို ဖြန့်ဝေပြီးနောက် သူမ ပြန်ချင်စိတ် မရှိတော့ပေ။ ဤသို့ဖြစ်ရသည်မှာ အဘယ်ကြောင့်နည်း။ သူမက “ငါ့မိသားစု၏ မြေသားဖြင့်ဆောက်ထားသောအိမ်သည် ဤနေရာနှင့် မည်သည့်နည်းနှင့်မျှ ယှဉ်၍မရပါ။ ငါတို့အားလုံးက ဘုရားကို ယုံကြည်ကြသည်။ သို့ဆိုလျှင် အဘယ်သို့ဖြစ်ပြီး ဤလူများက ငါ၏မိသားစုထက် သာ၍ အလွန်ကောင်းစွာ အသက်ရှင်နေထိုင်ရသနည်း။ ဤလူများ၏ ဘဝက ကောင်းကင်ဘုံကဲ့သို့ ဖြစ်သည်။ ငါ့မိသားစုမှာ ဝက်ခြံထဲတွင် နေထိုင်ကြရသည်။ ဤလူများထက် များစွာ ပို၍ဆိုးရွားလှသည်”ဟု တွေးမိလေသည်။ ဤသို့နှိုင်းယှဉ်ပြီးနောက် သူမသည် စိတ်ထိခိုက်ပြီး ဤနေရာကို ပို၍ကြိုက်နှစ်သက်လာကာ အိမ်ပြန်လိုစိတ် သာ၍ပင် လျော့နည်းသွားသည်။ သူမက “ဤနေရာတွင် ငါ ရေရှည်အလုပ်လုပ်နိုင်မည်ဆိုလျှင် အိမ်ပြန်ရန် လိုတော့မည်မဟုတ်၊ ဟုတ်ပါသလော။ ထိုမြေတွင်းသည် လူနေထိုင်ရန် မသင့်တော်ပါ”ဟု တွေးလေသည်။ သူမသည် ထိုမြို့ကြီးတွင် ကာလအတန်ကြာ နေထိုင်ခဲ့ပြီး မြို့သူမြို့သားများကဲ့သို့ စားသောက်ရန်၊ ဝတ်စားဆင်ယင်ရန်နှင့် မြို့သူမြို့သားများကဲ့သို့ အသက်ရှင်နေထိုင်ရန် သင်ယူခဲ့သည်။ ထိုနေ့ရက်များ အတောအတွင်းတွင် ဘဝက အလွန် ကောင်းမွန်သည်ဟု သူမ ခံစားမိသည်။ ငွေရှိခြင်းက ကောင်းမွန်လှသည်။ ဆင်းရဲခြင်းက လူတို့အား အနာဂတ်မရှိစေပေ။ ဆင်းရဲသားများသည် အခြားသူများ၏ အထင်သေးခြင်းကို ခံရပြီး မိမိတို့ကိုယ်ကို မိမိတို့ပင် အထင်သေးမိကြသည်။ ထိုအကြောင်းကို သူမ စဉ်းစားလေ အိမ်ပြန်ချင်စိတ် လျော့နည်းလေဖြစ်သော်လည်း သူမ လုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှ မရှိခဲ့ပေ။ သူသည် အိမ်သို့သာ ပြန်ခဲ့ရသည်။ အိမ်သို့ရောက်ပြီးနောက်တွင် သူမ၏ စိတ်နှလုံးထဲတွင် ရောထွေးနေသော ခံစားချက်များကို ခံစားမိပြီး ထိုခံစားချက်များကို လက်ခံရန် အလွန်ခက်ခဲခဲ့သည်။ အိမ်အတွင်းသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက် ကြမ်းပြင်သည် မြေသား ဖြစ်နေသည်ကို သူမ မြင်လိုက်ရပြီး မီးဖိုခုတင်ပေါ်တွင် ထိုင်လိုက်သောအခါ အလွန်မာကျောကာ မသက်မသာ ခံစားရသည်။ နံရံများကို လက်ဖြင့် ထိလိုက်သောအခါတွင်လည်း သူမ၏လက်က ဖုန်မှုန့်များ ပေကျံကုန်သည်။ သူမ စားလိုသော အရသာရှိသည့် အစားအစာတစ်ခုခုကို ပြောလိုက်သောအခါတွင်လည်း မည်သူကမျှ ထိုအစားအစာ၏ အမည်များကို နားမလည်ကြသကဲ့သို့ ညအိပ်ရာ မဝင်မီ ရေချိုးလိုသည့်အခါတွင်လည်း ရေချိုးရန် လိုအပ်သော မည်သည့်အသုံးအဆောင်ပစ္စည်းမျှ မရှိပေ။ ဤကဲ့သို့ အသက်ရှင်နေထိုင်ရခြင်းသည် အလွန်နိမ့်ကျသည်ဟု သူ ထင်မိပြီး မိမိလိုချင်သည့်အရာ တစ်ခုတလေကိုမျှ မဝယ်ပေးနိုင်လောက်အောင် ဆင်းရဲသော မိဘများအပေါ် အာဃာတထားကာ အမြဲဒေါသထွက်လေ့ရှိသည်။ ပြန်လာပြီးကတည်းက သူမသည် လူသစ်တစ်ဦးအဖြစ် လုံးလုံးပြောင်းလဲသွားသကဲ့သို့ ဖြစ်သည်။ ပြီးလျှင် သူမသည် သူမ၏ မိသားစုဝင်များကို မနှစ်မြို့သည့် မျက်လုံးဖြင့် ကြည့်ရှုပြီး သူမ၏နေအိမ်တွင်ရှိသည့် အရာရာတိုင်းကို မနှစ်မြို့သည့် မျက်လုံးဖြင့်ကြည့်ရှုကာ အလွန်တောကျလွန်းသဖြင့် ထိုနေရာတွင် သူမ မနေထိုင်နိုင်တော့သကဲ့သို့ ဆက်နေထိုင်လျှင် မကျေနပ်ချက်များကြောင့် သူမ သေသွားလိမ့်မည်ဟု တွေးနေမိသည်။ အိမ်မှ ထွက်လာခဲ့ခြင်းက သူမ၏ အမြင်ကို ဖွင့်ပေးခဲ့ပြီးဖြစ်သော်လည်း ထိုအရာက သူမ၏မိဘများအား သူမအပေါ် အလွန်ဒေါသထွက်စေလျက် မကောင်းသည့်အရာတစ်ခု ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် သူမ၏ ခေါင်းထဲသို့ အတွေးတစ်ခု ဝင်လာခဲ့သည်။ “ငါ့မိဘများ ဘုရားကို မယုံကြည်ခဲ့လျှင်၊ ငါသည်လည်း ဘုရားကို မယုံကြည်ခဲ့လျှင် ငါတို့ဘဝများသည် အခုထက် မုချ ပိုကောင်းမွန်မည်ဖြစ်သည်။ နာမည်ကျော်ဆီမွန်း အိပ်ရာများပေါ် ငါတို့ မအိပ်နိုင်ခဲ့လျှင်ပင် အနည်းဆုံးအနေဖြင့် ပို၍ ကောင်းကောင်းမွန်မွန် ငါတို့ စားနိုင်ခဲ့မည်ဖြစ်ပြီး ကြမ်းပြင်ပေါ်တွင် ကြွေပြားများ ခင်းနိုင်ခဲ့မည်ဖြစ်သည်”ဟူ၍ ဖြစ်၏။ သူမက ဤအရာကို ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရလဒ်တစ်ခု ဖြစ်ကြောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ ဆင်းရဲရမည့်သဘော ဖြစ်ကြောင်း၊ ဘုရားသခင်ကို ယုံကြည်လျှင် ကောင်းမွန်သောဘဝ ရှိနိုင်မည်မဟုတ်ကြောင်းနှင့် ကောင်းမွန်သော အစားအစာများကို စားနိုင်မည်မဟုတ်၊ သို့မဟုတ် ဝတ်ကောင်းစားလှများကို ဝတ်ဆင်နိုင်မည်မဟုတ်ဟု သူမ ထင်မြင်ခဲ့သည်။ ထိုအချိန်မှစ၍ ပြည်နယ်အချို့တွင် တစ်စုံတစ်ရာကို ဖြစ်မြောက်အောင်မြင်ခဲ့သည့် ဤထူးချွန်သော သူရဲကောင်းဆန်သည့် အမျိုးသမီးသည် ချုံးချုံးကျသွားပြီး တစ်နေ့လုံး အိပ်ငိုက်နေခဲ့သည်။ သူမသည် မနက်ခင်းတွင် အိပ်ရာထရန် ကြိုးစားရပြီး ပထမဆုံး သူမ လုပ်သည့်အရာမှာ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ကာ မိတ်ကပ်လိမ်းခြယ်ပြီးနောက် မြို့ကြီးပြကြီးရှိ လူတို့ ဝတ်ဆင်လေ့ရှိသော အဝတ်အစားများကို ဝတ်ဆင်ခြင်း ဖြစ်သည်။ ထို့နောက် သူမသည် မျက်နှာရှစ်ခေါက်ချိုးဖြင့် ဤကျေးလက်ဘဝမှ လွတ်မြောက်ပြီး မြို့ကြီးပြကြီးတွင် ရှိသည့် လူများကဲ့သို့ အသက်ရှင်နေထိုင်နိုင်မည့် အချိန်ကို အချိန်ယူ စဉ်းစားနေခဲ့သည်။ သူမ ဟောပြောလေ့ရှိသော တရားဒေသနာများနှင့် သူမ၏ စိတ်ပိုင်းဖြတ်ချက်များက အားလုံး ပျောက်ကွယ်သွားခဲ့သည်။ ထိုအရာအားလုံးကို သူမ မေ့လျော့သွားခဲ့ပြီဖြစ်သည်။ သူမအနေဖြင့် ယုံကြည်သူတစ်ဦး ဟုတ်မဟုတ်ကိုပင် သူမမသိတော့ပေ။ ဤသည်မှာ သူမ မည်မျှ မြန်မြန် ပြောင်းလဲသွားခဲ့ပုံဖြစ်သည်။ သူမ၏ အမြင် အနည်းငယ်ပွင့်သွားပြီး သူမ၏ နေထိုင်မှု ပတ်ဝန်းကျင်နှင့် ဘဝအဆင့်အတန်းများ ပြောင်းလဲသွားခဲ့သောကြောင့် သူမ ထုတ်ဖော်ခြင်းခံခဲ့ရသည်။
ယခင်က ဤအမျိုးသမီးသည် တရားဟောကာ အလုပ်ကို လုပ်ဆောင်ရင်း နေရာတကာ သွားခဲ့သည်။ သူမတွင် ခိုင်မာသော စိတ်ပိုင်းဖြတ်ချက်နှင့် ကြီးမားသော ခွန်အားများ ရှိခဲ့သော်လည်း ဤသည်တို့မှာ အပြင်ပန်းသာဖြစ်သည်။ စိတ်ထဲတွင် သူမ မည်သည့်အရာကို လိုက်စားသည်၊ မည်သည့်အရာကို နှစ်သက်ပြီး သူမက မည်သည့် လူစားမျိုးဖြစ်သည်ဟူသည်တို့ကို သူမကိုယ်တိုင် မသိခဲ့ပေ။ မြို့ကြီးတစ်မြို့သို့ သွားရောက်ခဲ့သည့် အတွေ့အကြုံတစ်ခုက သူမ၏ ဘဝအခြေအနေကို အကြီးအကျယ် ပြောင်းလဲစေခဲ့ပြီး ချမ်းသာသောဘဝနေထိုင်မှုပုံစံတစ်ခုကို တွေ့ကြုံခံစားရသည့် အချိန်ကာလတစ်ခုက သူမ၏ ဘဝ ဦးတည်ချက်ကို လုံးဝ ပြောင်းလဲသွားစေခဲ့ပြီဖြစ်သည်။ အကြောင်းရင်းမှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ သူမကို မည်သူက ပြောင်းလဲစေခဲ့သနည်း။ ထိုသူမှာ ဘုရားသခင် မဟုတ်နိုင်ပေ၊ ဟုတ်နိုင်သလော။ မဟုတ်သည်မှာ အမှန်ဖြစ်၏။ သို့ဆိုလျှင် အကြောင်းရင်းက မည်သည့်အရာဖြစ်သနည်း။ ပတ်ဝန်းကျင်က သူမကို ထုတ်ဖော်ခဲ့သောကြောင့်၊ သူမ၏ သဘာဝအနှစ်သာရကို ထုတ်ဖော်ခဲ့ပြီး သူမ၏ လိုက်စားမှုများနှင့် သူမရှိနေသည့် လမ်းကြောင်းကို ထုတ်ဖော်ခဲ့သောကြောင့် ဖြစ်သည်။ မည်သည့် လမ်းကြောင်းပေါ်တွင် သူမ ရှိနေခဲ့သနည်း။ ထိုအရာမှာ သမ္မာတရားကို လိုက်စားသောလမ်းကြောင်း မဟုတ်သကဲ့သို့ ပေတရု၏ လမ်းကြောင်းလည်း မဟုတ်သည့်အပြင် ကယ်တင်ခြင်းခံရပြီး စုံလင်စေခြင်းခံရသူတို့၏ လမ်းကြောင်းလည်း မဟုတ်ပေ၊ သို့မဟုတ် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရန် ကြိုးစားသောလမ်းကြောင်းလည်း မဟုတ်ပေ။ ထို့ထက် အန္တိခရစ်၏ လမ်းကြောင်းသာ ဖြစ်သည်။ ဂဃဏနဆိုရလျှင် အန္တိခရစ်၏ လမ်းကြောင်းသည် ဂုဏ်သတင်းကို လိုက်စားခြင်း၊ အဆင့်အတန်းကို လိုက်စားခြင်းနှင့် ရုပ်ဝတ္ထုပစ္စည်းဆိုင်ရာ စည်းစိမ်များကို လိုက်စားခြင်းပင်ဖြစ်သည်။ ဤသည်မှာ ဤကဲ့သို့သောလူတို့၏ အနှစ်သာရဖြစ်သည်။ အကယ်၍ ဤအရာများက သူမ လိုက်စားခဲ့သည့်အရာများ မဟုတ်ဘဲ သူမသည် သမ္မာတရားကို လိုက်စားသောသူဖြစ်ခဲ့လျှင် ဤကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေတစ်ခုတွင် သေးငယ်သည့် ပြောင်းလဲမှုတစ်ခုက သူမကို လုံးဝ ထုတ်ဖော်မည်မဟုတ်ပေ။ အလွန်ဆုံးအနေဖြင့် သူမ၏စိတ်နှလုံးသည် အနည်းငယ် အားနည်းမည်၊ သူမ အနည်းငယ် စိတ်မချမ်းမသာဖြစ်မည်ဖြစ်ပြီး ထိုအရာက သူမအတွက် အနည်းငယ် နာကျင်စရာဖြစ်မည် သို့မဟုတ် သူမတွင် မိုက်မဲသော သရုပ်သကန်အချို့ ရှိမည်ဖြစ်သော်လည်း ထိုသို့သော သိသာထင်ရှားသော ပုံစံဖြင့် ထုတ်ဖော်ခံရသည်အထိ ဖြစ်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့ လိုက်စားမှုများ၏ အနှစ်သာရမှာ အဘယ်နည်း။ ၎င်းတို့သည် ဘာသာတရားမရှိသူများကဲ့သို့ပင် တစ်ပုံစံတည်းသော အရာများကို လိုက်စားကြပြီး ဤလောကတွင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဆိုးယုတ်သော ရေပန်းစားမှုများကို လိုက်စားသူမည်သူမဆိုကဲ့သို့ပင် တစ်ပုံစံတည်းသော အရာများကို လိုက်စားကြသည်။ ၎င်းတို့သည် ဘာသာတရားမရှိသူများ၏ ခေတ်ဆန်သော ဖက်ရှင်ကျသော အဝတ်အစားများကို နှစ်သက်ကြ၏။ ဘာသာတရားမရှိသူများက ဆိုးယုတ်သော ရေပန်းစားမှုများ လိုက်စားကြပုံကို နှစ်သက်ကြပြီး ဇာတိပကတိနှင့်ဆိုင်သည့် လွန်ကဲသော ဘဝနေထိုင်မှုပုံစံတစ်ခု ရှိခြင်းကို ဘာသာတရားမရှိသူများ၏ စွဲလမ်းခြင်းအား ပို၍ပင် နှစ်သက်ကြ၏။ ထို့ကြောင့် သူမ၏ ပတ်ဝန်းကျင်တွင် ပြောင်းလဲမှုတစ်ခုဖြင့် ဤအမျိုးသမီး၏ ဘဝအပေါ် အမြင်နှင့် ဤလောကအပေါ်လည်းကောင်း၊ ဘဝအပေါ်လည်းကောင်း သူမ၏ သဘောထားက လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူမက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းသည် အရေးအကြီးဆုံး မဟုတ်ကြောင်းနှင့် လူတို့သည် ဤလောက၌ အသက်ရှင်စဉ်တွင် ဇာတိပကတိကို မွေ့လျော်ခံစားသင့်ပြီး ဘဝကို မွေ့လျော်ခံစားသင့်ကြောင်း၊ ရေပန်းစားမှုများကို လိုက်စားသင့်ပြီး လမ်းလျှောက်သွားစဉ် လူတို့၏ အာရုံကို ဖမ်းစားနိုင်ပြီး အခြားသူများကို အားကျစေကာ လူတို့အား မိမိတို့ကို ကိုးကွယ်စေသည့် လူ့အဖွဲ့အစည်းတွင်ရှိသော ဩဇာတိက္ကမနှင့် ပြည့်စုံပြီး နှစ်လိုဖွယ်ကောင်းသည့် ပုဂ္ဂိုလ်များကဲ့သို့ ဖြစ်သင့်ကြောင်း တွေးထင်လေသည်။ အချို့သောသူတို့သည် သာ၍များသော ပတ်ဝန်းကျင်များကို ကြုံရပြီးနောက် လူမျိုးစုံနှင့် ထိတွေ့ဆက်ဆံရပြီး ၎င်းတို့၏ အမြင်ပွင့်လာပြီးနောက်တွင် သမ္မာတရားကို လိုက်စားသောကြောင့်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သောကြောင့်လည်းကောင်း ဤဆိုးယုတ်သော ရေပန်းစားများနှင့် လူသားမျိုးနွယ်ကို ပို၍ ရိပ်စားမိနိုင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် လောကီလူတို့ရှိသည့် လမ်းကြောင်းကို သာ၍ စက်ဆုပ်မုန်းတီးနိုင်ကြသည့်အပြင် ၎င်းတို့ကို ဘုရားသခင် ညွှန်ပြသောလမ်းအား လိုက်လျှောက်ရန် ထိုလမ်းကြောင်းကို ပိုင်းခြားသိမြင်နိုင်လာကာ လုံးဝ စွန့်လွှတ်နိုင်ကြသည်။ သမ္မာတရားကို မလိုက်စားသောသူများနှင့် အန္တိခရစ်၏ အနှစ်သာရရှိသည့် လူများမှာမူ၊ ၎င်းတို့၏ အမြင်ပွင့်ပြီး မတူကွဲပြားသည့် ပတ်ဝန်းကျင်များကို ကြုံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများက လျော့ပါးသွားခြင်း မရှိရုံသာမက ပို၍ပင် ကြီးထွားကာ ကြီးမားလာကြသည်။ ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများ ကြီးမားလာပြီးနောက်တွင် ကောင်းမွန်သည့် အရာများကို မွေ့လျော်ခံစားပြီး ငွေနှင့် ဩဇာလွှမ်းမိုးမှု ရှိသည့် လောကထဲတွင်ရှိသော ထိုလူများ၏ ဘဝများကို ဤလူများက ပို၍ပင် အားကျလာကြသည်။ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ယုံကြည်သူများ၏ ဘဝများကို မထီမဲ့မြင်ပြုသော အထင်သေးစိတ် ဖြစ်ပေါ်လာကြသည်။ ၎င်းတို့က ယုံကြည်သူအများစုသည် လောကကို လိုက်စားခြင်းမရှိ၊ ငွေကြေး မရှိ၊ အဆင့်အတန်းမရှိ၊ ဩဇာလွှမ်းမိုးမှု မရှိသကဲ့သို့ ကမ္ဘာလောကကို များစွာ မြင်ဖူးကြခြင်းမရှိ၊ ဘာသာတရား မရှိသူများလောက် ဩဇာတိက္ကမနှင့် ပြည့်စုံခြင်းမရှိ၊ ဘာသာတရား မရှိသူများလောက် ဘဝကို ကောင်းစွာ မည်သို့မွေ့လျော်ခံစားရမည်ကို နားမလည်ကြသကဲ့သို့ ဘာသာတရားမရှိသူများလောက် ကြွားဝါခြင်းမရှိဟု ထင်မြင်ကြသည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ဆန့်ကျင်မှုနှင့် ရန်လိုမုန်းတီးမှုက ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ကြီးထွားလာကြသည်။ ထို့ကြောင့် အန္တိခရစ်၏ အနှစ်သာရှိသည့် လူများစွာအတွက်၊ ဘုရားသခင်ကို ယုံကြည်လာသည့် အချိန်မှစ၍ ယခုအချိန်ထိ ၎င်းတို့သည် အမှန်တကယ် အန္တိခရစ်၏ အနှစ်သာရရှိသူများ ဟုတ်မဟုတ်ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။ သို့သော် သင့်လျော်သော ပတ်ဝန်းကျင် ရောက်လာသည့်တစ်နေ့တွင် ထိုအရာက ၎င်းတို့ကို ထုတ်ဖော်လိမ့်မည် ဖြစ်သည်။ ထုတ်ဖော်ခံရသည့်လူတို့သည် ထုတ်ဖော်ခြင်းမခံရသေးချိန်တွင် ၎င်းတို့သည်လည်း ယခင်က စည်းမျဉ်းစည်းကမ်းများကို လိုက်နာခဲ့ကြပြီး လုပ်ဆောင်သင့်သည်အတိုင်း လုပ်ဆောင်ခဲ့ကြသည်။ ဘုရားအိမ်တော်က ၎င်းတို့အား မည်သည့်အရာကို လုပ်ဆောင်ခိုင်းသည်ဖြစ်စေ ၎င်းတို့ လုပ်ဆောင်ခဲ့ကြပြီး ၎င်းတို့သည် ဆင်းရဲဒုက္ခကို သည်းခံနိုင်ခဲ့ကြကာ အဖိုးအခပေးနိုင်ခဲ့ကြသည်။ ၎င်းတို့သည် တာဝန်သိသူများ၊ မှန်ကန်သော လမ်းကြောင်းပေါ်ရှိသည့် လူများနှင့် ဘုရားသခင်ကို ယုံကြည်သူများ၏ ပုံသဏ္ဌာန်နှင့် ဟန်ပန်ကို ပိုင်ဆိုင်သူများ ဖြစ်သည်ဟု ထင်ရသည်။ သို့သော် ၎င်းတို့အနေဖြင့် အပြင်ပန်းအရ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၏ အနှစ်သာရနှင့် ၎င်းတို့ရှိနေသည့် လမ်းကြောင်းသည် အချိန်ကာလ၏ စမ်းသပ်မှု သို့မဟုတ် မတူကွဲပြားသော ပတ်ဝန်းကျင်များ၏ စမ်းသပ်မှုကို ခံနိုင်ရည်မရှိပေ။ လူတစ်ဦးသည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်သည်ဖြစ်စေ၊ ထိုသူ၏ ယုံကြည်မှုတွင် မည်မျှခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုရှိသည်ဖြစ်စေ သူသည် အန္တိခရစ်၏ အနှစ်သာရရှိပြီး အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းပေါ်တွင် ရှိနေလျှင် ထိုသူသည် မလွဲမသွေ ရုပ်ဝတ္ထုဆိုင်ရာစည်းစိမ်များကို လိုက်စားလိမ့်မည်၊ အသုံးအဖြုန်းကြီးသော ဘဝနေထိုင်မှုပုံစံကို လိုက်စားလိမ့်မည်၊ ကြွယ်ဝချမ်းသာသော ရုပ်ဝတ္ထုဆိုင်ရာ အကျိုးခံစားခွင့်ကို ရရှိအောင် အားထုတ်လိမ့်မည်ဖြစ်သည့်အပြင် လိုချင်တပ်မက်ဖွယ်ရာမျိုးစုံကို လိုက်စားလိမ့်မည်ဖြစ်ကာ တစ်ချိန်တည်းတွင် အသက်ရှင်နေထိုင်ခြင်းအတွက် လောကီလူတို့၏ သဘောထားနှင့် လုပ်နည်းကိုင်နည်းတို့ကို အားကျနေလိမ့်မည်။ ဤသည်မှာ သေချာပေသည်။ ထို့ကြောင့် လူတိုင်းသည် ယခုအခါတွင် တရားဒေသနာများကို နားထောင်နေကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်နေကြကာ မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေကြသော်လည်း၊ ဤအရာများကို လုပ်ဆောငလင့်ကစား သမ္မာတရားကို မလိုက်စားသောသူတို့သည် မလွဲမသွေ ရုပ်ဝတ္ထုပစ္စည်းများကို ရရှိအောင် အားထုတ်ကြလိမ့်မည်။ ဤအရာများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဦးစားပေးဖြစ်လိမ့်မည်ဖြစ်ပြီး သင့်လျော်သော ပတ်ဝန်းကျင် သို့မဟုတ် အခြေအနေ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ လိုအင်ဆန္ဒများက ကြီးထွားကာ ပေါ်ထွက်လာကြလိမ့်မည်။ ဤအခြေအနေသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ယင်းမှာ ၎င်းတို့ ထုတ်ဖော်ခံရမည့်အချိန် ဖြစ်သည်။ အကယ်၍ လူတို့သည် သမ္မာတရားကို မလိုက်စားပါက အနှေးနှင့်အမြန် ဤနေ့ရက်သည် ၎င်းတို့အတွက် ရောက်ရှိလာလိမ့်မည်။ သမ္မာတရားကို လိုက်စားသောလူများ၊ သမ္မာတရားကို နားလည်သူများနှင့် သမ္မာတရားက မိမိတို့၏ အခြေခံအုတ်မြစ်ဖြစ်သော လူများအတွက်မူ ဤစုံစမ်းသွေးဆောင်မှုများနှင့် ပတ်ဝန်းကျင်များ ရောက်ရှိလာသောအခါ ၎င်းတို့သည် ယင်းတို့ကို မှန်ကန်စွာ ချဉ်းကပ်နိုင်ကြသည်။ ယင်းတို့ကို ငြင်းပယ်ကာ ဘုရားသခင်အား ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မြဲစွာ ရပ်တည်နိုင်ကြသည်။ ဤစုံစမ်းသွေးဆောင်မှုများ ရောက်လာသောအခါ ၎င်းတို့သည် အပြုသဘောဆောင်သော အရာက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် အပျက်သဘောဆောင်သော အရာက မည်သည့်အရာဖြစ်သည်ဆိုသည်ကို ခွဲခြားသိမြင်နိုင်ပြီး ထိုအရာက မိမိတို့လိုချင်သော အရာတစ်ခု ဟုတ်မဟုတ်ဟူသည်ကို သိရှိနိုင်ကြသည်။ ဤအရာသည် အချို့သော အမျိုးသမီးများက မိမိတို့ကို ရရှိအောင် အားထုတ်သော ယောက်ျားများ၌ မည်မျှပင်ငွေကြေးရှိပါစေ စိတ်မဝင်စားကြသည့် အခြေအနေကဲ့သို့ပင် ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့က စိတ်မဝင်စားကြသနည်း။ အကြောင်းမှာ ထိုယောက်ျားများတွင် ကောင်းမွန်သော စရိုက်လက္ခဏာ မရှိသောကြောင့် ဖြစ်သည်။ အချို့သော အမျိုးသမီးများသည် မိမိတို့ကို ရရှိအောင် အားထုတ်သော ချမ်းသာကြွယ်ဝသည့် ယောက်ျားများ မရှိသောကြောင့် လက်တွဲဖော်ကို မရှာဖွေကြခြင်း ဖြစ်သည်။ ငွေရှိသည့် ယောက်ျားတစ်ဦးက ၎င်းကို ရရှိအောင် အားထုတ်ပြီး ယွမ် ၂၀၀၀၀ တန် ဒီဇိုင်းနာဝတ်စုံကို ဝယ်ပေးလျှင် ထိုအမျိုးသမီးများသည် စိတ်ဝင်စားလာမည် ဖြစ်ပြီး ယွမ် ၁၀၀၀၀၀ တန် မင့်ခ်သားမွေးကုတ်အင်္ကျီ၊ ကြီးမားသောစိန်တစ်လုံး၊ လှပသောအိမ်ကြီးနှင့် ကားတစ်စီးကို ဝယ်ပေးလျှင် ၎င်းတို့သည် ချက်ချင်းပင် ထိုသူနှင့် လက်ထပ်ရန် လိုလားနေကြမည်ဖြစ်သည်။ ထို့ကြောင့် ဤအမျိုးသမီးများက လက်မထပ်ဟု ပြောလေ့ရှိခဲ့ကြသည်မှာ မှန်သလော၊ သို့မဟုတ် မှားသလော။ ထိုအရာသည် အလိမ်အညာတစ်ခုဖြစ်သည်။ ထို့ကြောင့် လောကီကို မလိုက်စားသကဲ့သို့ လောကီဆိုင်ရာ အလားအလာများနှင့် ပျော်ရွှင်မှုများကို မလိုက်စားဟု ပြောဆိုသော လူများစွာ ရှိကြသော်လည်း ယင်းမှာ ၎င်းတို့၏ ရှေ့တွင် စုံစမ်းသွေးဆောင်မှုများ မရှိသောအခါမျိုး၊ အခြေအနေမပေးသောအခါမျိုးတွင်သာဖြစ်သည်။ အခြေအနေပေးလာသည်နှင့် ၎င်းတို့သည် ထိုအထဲသို့ နက်ရှိုင်းစွာ ကျရောက်သွားကြလိမ့်မည်ဖြစ်ပြီး မည်သို့မျှ ရုန်းထွက်လွတ်မြောက်အောင် အားထုတ်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ထိုအရာမှာ ငါတို့ ယခုတင်ပေးခဲ့သည့် ဥပမာအတိုင်းပင် ဖြစ်သည်။ ထိုအမျိုးသမီးသည် မိမိကိုယ်ကို ထိုအခြေအနေမှ လွတ်မြောက်အောင် အားမထုတ်ခဲ့ပေ။ မြို့ပြဘဝ၏ ပျော်ရွှင်မှုကို ခဏတာ မွေ့လျော်ခံစားပြီးနောက် သူမသည် မိမိကိုယ်ကို မည်သူမည်ဝါဖြစ်သည်ကို မသိဘဲ လမ်းပျောက်သွားခဲ့သည်။ အကယ်၍ သူမသည် နန်းတော်တစ်ခုတွင် ထားရှိခြင်းခံခဲ့ရပါက သူမ၏ ဂုဏ်သတင်းကို မညစ်ညမ်းစေဖို့အတွက် သူမ၏ မိဘများကို အမြန်ဆုံး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခိုင်းခဲ့မည်လော။ ဤကဲ့သို့သော လူများသည် မိမိတို့၏ ပျော်ရွှင်မှု၊ ဂုဏ်သတင်း၊ လွန်ကဲသော ဘဝနေထိုင်မှုပုံစံနှင့် ဘဝ၏ မြင့်မားသော အဆင့်အတန်းအတွက် မိုက်မဲသော မည်သည့်အရာကိုမဆို လုပ်နိုင်စွမ်းရှိကြသည်။ ၎င်းတို့သည် တန်ဖိုးမဲ့ပြီး ယုတ်ညံ့သော စရိုက်လက္ခဏာများ ရှိကြသည်။ ဤကဲ့သို့သော လူများသည် တစ်ကြိမ်တစ်ခါမျှ သမ္မာတရားကို လိုက်စားဖူးသလော။ (မလိုက်စားဖူးပါ။) ထို့နောက် သူမ ဟောပြောခဲ့သော တရားဒေသနာများသည် မည်သည့်နေရာမှ ရောက်လာသနည်း။ သူမတွင် ဟောရမည့် တရားဒေသနာများ ရှိသလော။ သူမ ဟောပြောခဲ့သည်မှာ တရားဒေသနာများ မဟုတ်ဘဲ အယူဝါဒ ဖြစ်သည်။ သူမသည် တရားဒေသနာများ ဟောနေခြင်းမဟုတ်ဘဲ ဟန်ဆောင်နေခဲ့ပြီး လူများကို အထင်အမြင်မှားစေခြင်း ဖြစ်သည်။ သူမအနေဖြင့် တရားဒေသနာများစွာ ဟောကြားခဲ့ပါလျက် အဘယ်သို့ဖြစ်ပြီး မိမိကိုယ်တိုင်၏ ပြဿနာများကိုပင် ဖြေရှင်းနိုင်ခြင်း မရှိသနည်း။ ဤအခြေအနေသို့ ရောက်ရှိလာနိုင်သည်ကို သူမ သိခဲ့သလော။ အမှုအရာများကို သူမ ရှင်းလင်းစွာ မြင်ခဲ့သလော။ သူမသည် တရားဒေသနာများစွာ ဟောကြားခဲ့သည့်တိုင် မြို့ကြီးတွင် ခဏတာ ဘဝကို မွေ့လျော်ခံစားပြီးနောက် ဤကဲ့သို့သော စုံစမ်းသွေးဆောင်မှုများကို မကျော်လွှားနိုင်ခဲ့သကဲ့သို့ မိမိ၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်နိုင်ခဲ့ပေ။ သို့ဆိုလျှင် သူမ ဟောကြားခဲ့သည်မှာ တရားဒေသနာများ ဟုတ်သလော။ မဟုတ်သည်မှာ သိသာပေသည်။ ဤသည်မှာ တတိယအကြောင်းအရာ ဖြစ်သည်။
အကြောင်းအရာ ၄ - အကြွေးများကို ပေးချေရန်အတွက် လှူဖွယ်ပစ္စည်းများကို ကလိမ်ကကျစ်ကျစွာ အသုံးချခြင်း
ယခင်က တရုတ်ပြည်မကြီး၌ ငါ ရှိနေခဲ့ချိန်တွင် လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံရန်အတွက် ငါတို့ အနည်းငယ် လုံခြုံစိတ်ချရသော နေရာတစ်ခု ရှာဖွေရန် လိုအပ်ခဲ့သည်။ ထို့ကြောင့် အိမ်ရှင်မိသားစုတစ်စုကို ငါတို့ ရှာခဲ့သည်။ ဤမိသားစုသည် ငါတို့ကို ဧည့်ခံရန် လိုလားနေခဲ့ပြီး ထိုနေရာကို ကူညီ၍ ကာကွယ်ပေးခဲ့သည်။ သို့သော် အချိန်အတန်ကြာပြီးနောက် ထိုမိသားစုက “ဤနေရာတွင် ရေရှည်တွေ့ဆုံဖို့ သင်တို့ စီစဉ်နေကြပုံရသည်။ ငါ့အိမ်မှလွဲ၍ အခြားနေရာတွင် သင်တို့ တွေ့ဆုံ၍ မရပါ။ ထို့ကြောင့် ငါသည် အခြေအနေကို ကောင်းစွာ အသုံးချရန် အခွင့်ကောင်းယူသင့်သည်။ ထိုသို့မဟုတ်လျှင် ငါသည် မိုက်မဲသူတစ်ဦးဖြစ်မည် မဟုတ်လော” ဟု စတင်စဉ်းစားခဲ့သည်။ တစ်ကြိမ်တွင် လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံရန် ငါတို့ စုဝေးနေပြီး တက်ရောက်သူအားလုံး မရောက်သေးမီတွင်ပင် လူတစ်ဦးသည် ရေရာသော အကြောင်းရင်း မရှိဘဲ အိမ်ရှင်မိသားစုထံ ရောက်လာပြီး ဧည့်ခန်းထဲတွင် ထိုင်နေကာ ထွက်မသွားခဲ့ပေ။ အိမ်ရှင်မိသားစုက ထိုလူသည် အကြွေးတောင်းရန် လာခြင်းဖြစ်ပြီး ၎င်းတို့သည် လွန်ခဲ့သော နှစ်အနည်းငယ်က ထိုသူ၏ ပိုက်ဆံကို ချေးယူခဲ့ကာ ပြန်မဆပ်ရသေးကြောင်း လာပြီးပြောလေသည်။ ဤနေရာတွင် မည်သည့်အရာဖြစ်နေသည်ဟု သင်တို့ ထင်သနည်း။ ထိုသူသည် စောစောစီးစီး လာခဲ့၍လည်း ရနိုင်သည် သို့မဟုတ် နောက်ကျမှလည်း လာ၍ရနိုင်သည်။ သို့သော် ထိုသူသည် တိုက်တိုက်ဆိုင်ဆိုင်ပင် ဤအချိန်အတိအကျတွင် အကြွေးတောင်းရန် ရောက်လာခြင်း ဖြစ်သည်။ ဤသည်မှာ မတော်တဆဖြစ်ရပ်တစ်ခုသာ ဖြစ်သလော၊ သို့မဟုတ် တစ်စုံတစ်ဦးက ဤသို့ဖြစ်ရန် တမင်တကာ စီစဉ်ထားခဲ့ခြင်း ဖြစ်သလော။ သံသယမဖြစ်ဘဲ မနေနိုင်အောင်ဖြစ်ရသည်။ ဤနေတွင် မသင်္ကာဖွယ်ရာ တစ်စုံတစ်ခုဖြစ်ပျက်နေသည်။ မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ထိုမိသားစုသည် မကောင်းသော ရည်ရွယ်ချက်များရှိပြီး ထိုလူကို လာရန် တမင်တကာ ခေါ်ခဲ့ခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) ငါက “သူ့ကို ချက်ချင်း ဤနေရာမှ ထွက်သွားခိုင်းပါ” ဟု ပြောခဲ့သည်။ ထိုမိသားစုက “သူ့ကို မပေးမချင်း သူ ထွက်သွားမည်မဟုတ်ပါ” ဟု ပြန်ပြောသည်။ ငါက “သင်တို့သည် သူ့ကို အဘယ်ကြောင့် ပြန်မဆပ်ရသနည်း”ဟု မေးမြန်းခဲ့သည်။ ထိုမိသားစုက ၎င်းတို့တွင် ငွေရှိလျှင်ပင် ပေးမည်မဟုတ်ကြောင်း သွယ်ဝိုက်ညွှန်းဆိုလျက် တောင်စဉ်ရေမရပြောကာ ချေးထားသည့်ငွေကို ၎င်းတို့ အလကားရယူလိုကြသည်။ အကြွေးတောင်းခံသူသည် ထိုနေရာတွင် စောင့်နေခဲ့ပြီး အခြားလုပ်ဖော်ကိုင်ဖက်အချို့ ရောက်လာတော့မည့်အချိန်ထိပင် မထွက်သွားခဲ့သေးပေ။ အိမ်ရှင်မိသားစုသည် မည်သည့်အရာကို လုပ်ဆောင်ရန် စီစဉ်နေခဲ့သနည်း။ ဤသည်မှာ ကြိုတင်ကြံစည်ထားသော အကြံတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) နောက်ပိုင်းတွင် ငါက တစ်စုံတစ်ဦးကို ထိုမိသားစုအား ငွေပေးခိုင်းခဲ့ပြီး အကြွေးတောင်းသူကို ချက်ချင်း မောင်းထုတ်ခိုင်းလိုက်သည်။ ၎င်းတို့ကို ငွေပေးပြီးနောက်တွင် အကြွေးတောင်းသူသည် နာရီဝက်အတွင်း ထွက်သွားခဲ့၏။ ဘဝပေးအသိစိတ်အရ ထိုအကြွေးတောင်းသူသည် ပြန်မလာလောက်ဟု သိရသော်လည်း ဤကိစ္စမှာ မပြီးဆုံးသေးပေ။ တစ်လကြာပြီးနောက်တွင် အကြွေးတောင်းသူသည် လုပ်ဖော်ကိုင်ဖက်များ အစည်းအဝေးမတိုင်မီ တစ်ဖန် ပြန်ရောက်လာပြန်သည်။ အိမ်ရှင်မိသားစုက ပြီးခဲ့သည့်အခေါက်တွင် အကြွေးအားလုံးမဟုတ်ဘဲ တချို့တဝက်သာ ပေးချေထားခဲ့သည်ဟု ပြောဆိုခဲ့သည်။ ဤသို့ပြောဆိုခြင်းဖြင့် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ဘုရားအိမ်တော်ကို ထိုမိသားစုအတွက် တစ်ဖန် အကြွေးပေးချေစေရန် ဖြစ်သည်။ ပြီးခဲ့သည့် အကြိမ်ကကဲ့သို့ပင် ၎င်းအား ငွေပေးပြီးနောက်တွင် အကြွေးတောင်းသူ ထွက်ခွာသွားခဲ့သည်။ ထိုအချိန်မှစ၍ ငါတို့သည် ထိုမိသားစု၏ အကြွေးကို နှစ်ကြိမ်ခွဲ၍ ပေးချေပြီးသားဖြစ်သောကြောင့် ထိုနေရာသို့ ငါတို့ တွေ့ဆုံရန် သွားသည့်အခါတိုင်းတွင် အကြွေးတောင်းသူသည် လုံးဝ ထပ်မလာတော့ပေ။ ၎င်းတို့အနေဖြင့် ငွေကို တစ်ပြိုင်နက်တည်း အများအပြားတောင်းလျှင် ငါတို့က ပေးချေရန် သဘောတူမည် မဟုတ်သည်ကို စိုးရိမ်သောကြောင့် ၎င်းတို့က ငွေကို နှစ်ကြိမ်ခွဲ၍ တောင်းခဲ့ခြင်းဖြစ်သည်။ ဤငွေကို မည်သို့ ရှုမြင်သင့်သနည်း။ ဘုရားအိမ်တော်က ထိုမိသားစုအား ငွေချေးပေးခဲ့ခြင်းလော၊ သို့မဟုတ် ထိုမိသားစုက ၎င်းတို့ကို ထိုငွေပေးအောင် ဘုရားအိမ်တော်အား ကြိုးကိုင်ညွှန်ကြားခဲ့ခြင်းလော။ (သူတို့သည် ဘုရားအိမ်တော်ကို ကြိုးကိုင်ညွှန်ကြားခဲ့ခြင်းဖြစ်သည်။) အမှန်မှာ ထိုမိသားစုသည် ၎င်းတို့ကို ငွေပေးအောင် ဘုရားအိမ်တော်အား လှည့်စားခဲ့ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဘုရားအိမ်တော်က ၎င်းတို့အား အဘယ်ကြောင့် ငွေပေးခဲ့သနည်း။ ၎င်းတို့အား ငွေမပေးဘဲ ငါတို့ နေ၍ရသည် မဟုတ်လော။ အမှန်တွင်တော့ ငါတို့အနေဖြင့် ၎င်းတို့ကို ငွေမပေးဘဲ နေခြင်းသည် ကျိုးကြောင်းသင့်ကာ ဥပဒေနှင့်အညီ ဖြစ်နိုင်သော်လည်း ယင်းမှာ လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ဆုံခွင့်ရနိုင်မည်မဟုတ်သည့် သဘောဖြစ်ပေမည်။ သို့ဆိုလျှင် ၎င်းတို့အား ငွေပေးရာတွင် ငါတို့၏ အကြောင်းပြချက်မှာ အဘယ်နည်း။ ထိုအချိန်က ငါ၏ အတွေးမှာ ဤငွေကို နေရာငှားရမ်းခအဖြစ် သဘောထားရန်ဖြစ်သည်။ အကယ်၍ ငါတို့သည် ဟိုတယ် သို့မဟုတ် အားကစားကွင်းတစ်ခုကို ငှားရမ်းပါက ထိုအရာကလည်း ငွေကုန်ကြေးကျမည် မဟုတ်လော။ ထိုနေရာများတွင် ငါတို့ တွေ့ဆုံ၍ မရနိုင်သကဲ့သို့ လုံခြုံမှုလည်း မရှိပေ။ ဤနေရာတွင်မူ ထိုမိသားစုက ဤနေရာကို ကူညီကာကွယ်ပေးပြီး ငါတို့၏ ဘေးကင်းလုံခြုံမှုကို အာမခံပေးထားသည်။ ထို့ကြောင့် ၎င်းတို့၏အကြွေးကို ပေးချေရန် ငွေအနည်းငယ် သုံးစွဲခြင်းသည် ဘုရားအိမ်တော်အတွက် သင့်တင့်လျောက်ပတ်သလော။ (သင့်တင့်လျောက်ပတ်ပါသည်။) ငွေကို ပွင့်လင်းမြင်သာသည့်ပုံစံဖြင့် ပေးခြင်းမဟုတ်သည်သာ ရှိပေသည်။ သို့သော် အဆင်းနီသော နဂါးကြီး၏နိုင်ငံကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုတွင် ဤအရာမျိုးကို လုပ်ဆောင်ရန် မကြာခဏ လိုအပ်ပေသည်။
အချို့သောလူများသည် ဆိုးယုတ်သော လူ့သဘာဝရှိကြပြီး ဧည့်ခံသည့်တာဝန်ကို လုပ်ဆောင်လိုစိတ် လုံးဝ မရှိကြပေ။ ငါတို့က ၎င်းတို့ကို ငါတို့ရှိသည့်နေရာအား ကာကွယ်ရန် အသုံးပြုကြသည်။ ထို့ကြောင့် ငါတို့သည် ၎င်းတို့အား အခြေအနေကို အခွင့်ကောင်းယူခွင့် ပေးရမည်ဖြစ်သည်။ သို့သော် ၎င်းတို့က အခွင့်အရေးယူပြီးနောက် ကယ်တင်ခြင်းကို ရရှိနိုင်ကြသေးသလော။ မရနိုင်ပေ။ ဘုရားသခင်က ၎င်းတို့ကို ကယ်တင်မည်မဟုတ်ခြင်း မဟုတ်ဘဲ ဤလူစားမျိုးက ကယ်တင်ခြင်းကို မရနိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သူ့ကိုမဆို လှည့်စားပြီး အခွင့်အရေးယူကြသည်။ ၎င်းတို့၏တာဝန်များကို ၎င်းတို့ထမ်းဆောင်ပြီး ကောင်းမှုအချို့ကို ပြင်ဆင်ရန် ကြိုးစားသောအခါ ၎င်းတို့သည် လိုချင်ဖွယ်ဖြစ်သောအရာ တစ်စုံတစ်ခုကို ထိုအရာမှ လိမ်လည်ရယူကြပြီး မည်သူနှင့် ထိတွေ့ဆက်ဆံရသည်ဖြစ်စေ ၎င်းတို့က အစဉ် အခွင့်ကောင်းယူခြင်းနှင့် ဘယ်သောအခါမျှ အနစ်နာမခံခြင်း ဟူသော စည်းမျဉ်းကို လိုက်နာကြသည်။ ဤသည်မှာ ဘုရားအိမ်တော်၌ တာဝန်များကို ထမ်းဆောင်ခြင်းအတွက် ၎င်းတို့လိုက်လျှောက်သော စည်းမျဉ်းဖြစ်သည်။ သို့ဆိုလျှင် ဤ “ကောင်းမှုများ”သည် မည်သည့်နေရာမှ လာသနည်း။ ဤလူများက မိမိတို့ဘာသာ ကောင်းမှုများကို ပြင်ဆင်ခြင်းထက် ဘုရားအိမ်တော်က ယင်းတို့ကို ဝယ်ယူပြီး ပေးဆောင်ထားခြင်းဖြစ်သည်။ ၎င်းတို့သည် ကောင်းမှုများကို မပြင်ဆင်ကြပေ။ ၎င်းတို့က နေရာတစ်ခုကို ပေးသည်။ ဘုရားအိမ်တော်က ငွေကုန်ကြေးကျခံကာ ထိုငွေကို နေရာငှားရမ်းခအဖြစ် သဘောထားသည်။ ဤသည်မှာ ကောင်းမှုများနှင့် မည်သည့်ပတ်သက်မှုမျှ မရှိသကဲ့သို့ ၎င်းတို့၏ ကောင်းမှုတစ်ခုလည်း မဟုတ်ပေ။ လူတစ်ဦးသည် ဘုရားအိမ်တော်မှ ငွေကြေး သို့မဟုတ် ပစ္စည်းများကို လိမ်လည်လှည့်ဖြားလျက် ကြိုးစားရယူရန်အလို့ငှာ ဘုရားအိမ်တော်ကိုယ်စား ညီအစ်ကိုမောင်နှမများအတွက် နေရာထိုင်ခင်းပေးသည်ဟူသော အောင်လံကို လွှင့်ထူသည့်အခါ ထိုအရာသည် မည်သည့်အပြုအမူမျိုး ဖြစ်သနည်း။ ဤလူစားမျိုးတွင် မည်သည့် စရိုက်လက္ခဏာမျိုး ရှိသနည်း။ ၎င်းတို့၏အပြုအမူသည် ဘုရားသခင်၏ အောက်မေ့သတိရခြင်းကို ခံရနိုင်စွမ်း ရှိသလော။ လူတို့၏စိတ်နှလုံးများနှင့် ဘုရားသခင်၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏ စရိုက်လက္ခဏာသည် မည်သည့်အဆင့်တွင် ရှိနေသနည်း။ ကောင်းမှုများကို ပြင်ဆင်ခြင်းသည် သင် ပြင်ဆင်ရမည့် အရာတစ်ခု ဖြစ်သည်။ သင်သည် သင်၏ ခရီးပန်းတိုင်အတွက် ကောင်းမှုများကို ပြင်ဆင်ပြီး သင်လုပ်ဆောင်သမျှသည် အခြားသူများအတွက် မဟုတ်ဘဲ သင်ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ သင် လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ခြင်းဖြင့် ဆုလာဘ်တစ်ခုကို သင် ရရှိပြီးသားဖြစ်ကာ သင် ရရှိရန် ရည်ရွယ်သည့် လိုချင်ဖွယ်သော အရာကို ရရှိပြီးဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် သူ၏ စိတ်နှလုံးတွင် သင့်ကို မည်သို့မြင်သနည်း။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ မဆိုထားနှင့်၊ သမ္မာတရားကို ရရှိရန် သို့မဟုတ် အသက် ရရှိရန်မဟုတ်ဘဲ မိမိ၏ အကျိုးစီးပွားတွင်ရှိသည့် တစ်စုံတစ်ရာကို ရရှိရန် ကောင်းမွန်သည့်အရာများကို လုပ်ဆောင်ပေသည်။ ဤကဲ့သို့သောလူများကို ဘုရားသခင်က ကယ်တင်နိုင်သေးသလော။ မကယ်တင်နိုင်ပေ။ ၎င်းတို့သည် သေးငယ်သည့် ကောင်းမှုကိုသာ ပြင်ဆင်ပြီး သေးငယ်သည့် ဝတ္တရားနှင့် တာဝန်ကို ထမ်းဆောင်သည့်တိုင် ဘုရားအိမ်တော်မှ ပေးငွေကို လက်ဖြန့်၍ တောင်းခံကြသည်။ ဘုရားအိမ်တော်ကို ကျသင့်ငွေ လောဘကြီးစွာ တောင်းခံကြသည်။ ဘုရားအိမ်တော်ကို လှည့်စားပြီး လိုချင်ဖွယ်သောအရာများကို ရရှိရန် နည်းမျိုးစုံ စဉ်းစားကြကာ စီးပွားရေးလုပ်ငန်း လုပ်နေကြသည့်အလား လုံးဝ အထိခိုက်အနစ်နာ မခံရလေအောင် အသေအချာ လုပ်ဆောင်ကြသည်။ ထိုသို့ဖြင့် ဤကောင်းမှုသည် ကောင်းမှုမဟုတ်ပေ။ ဒုစရိုက်အမှုတစ်ခု ဖြစ်သွားပြီဖြစ်ကာ ဘုရားသခင်သည် ထိုအရာကို အောက်မေ့မည် မဟုတ်သည်သာမက ကယ်တင်ခံရမည့် ဤလူတို့၏ ရပိုင်ခွင့်ကို ပပျောက်စေကာ ပယ်ဖျက်မည်ဖြစ်သည်။ ထိုအိမ်ရှင်မိသားစုက ဘုရားအိမ်တော်အား ၎င်းတို့၏ အကြွေးကို ၎င်းတို့အတွက် ဆပ်ခိုင်းသည့်အခါ ထိုအရာသည် အနည်းငယ် လိမ်လည်သည့် သဘာဝ ရှိသည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ၎င်းတို့က ငွေလိုချင်သည့်အခါ ရိုးသားသည့် နည်းလမ်းတစ်ခုဖြင့် မလုပ်ဆောင်ပေ။ ထို့ထက် အမှုအရာများကို အတင်းအကျပ်တောင်းယူရန် အခွင့်အရေးကို လက်မလွှတ်တမ်း အသုံးချလျက် လိမ်လည်သည့်သဘာဝရှိသော နည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်ကြသည်။ ဘုရားသခင်အတွက် အလှူငွေများကို အတင်းအကျပ် တောင်းယူကြသည့်သူများကို ဘုရားသခင်က ကယ်တင်သလော။ (မကယ်တင်ပါ။) ဤလူများသည် နောင်တရပြီး စစ်မှန်သော ယုံကြည်လက်ခံမှုရှိလျှင် ကယ်တင်ခြင်းခံရသင့်သလော။ (ကယ်တင်ခြင်းမခံရသင့်ပါ။) အဘယ်ကြောင့်နည်း။ (ဤလူတို့သည် ဘုရားအိမ်တော်အပေါ် လိမ်လည်လှည့်ဖြားလျက် ပြုမူနိုင်သည့်အချက်က ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် နေရာမရှိသည့် သဘောဖြစ်သည်။ ၎င်းတို့သည် မယုံကြည်သူစစ်စစ်များ ဖြစ်သည်။) မယုံကြည်သူများသည် နောင်တရကြလိမ့်မည်လော။ အန္တိခရစ်များဖြစ်သည့် မယုံကြည်သူ အမျိုးအစားများက နောင်တရကြလိမ့်မည်မဟုတ်။ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားသည် ၎င်းတို့ လုပ်ဆောင်သမျှ၏ အလယ်ဗဟိုတွင်ရှိပြီး သေလျှင်ပင် ၎င်းတို့ လုံးဝ နောင်တရကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့အနေဖြင့် တစ်စုံတစ်ရာကို အမှားလုပ်မိကြောင်း ဝန်မခံကြသကဲ့သို့ မကောင်းမှုပြုမိပြီဖြစ်ကြောင်းကိုလည်း ဝန်မခံကြပေ။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်အရာအတွက် နောင်တရကြမည်နည်း။ နောင်တရခြင်းသည် လူ့သဘာဝ ရှိသည့်လူများ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည့်လူများနှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးမှုကို ရှင်းလင်းစွာ သိမြင်ပြီး ဝန်ခံနိုင်သော လူများအတွက် ဖြစ်သည်။ ထိုအိမ်ရှင်မိသားစုသည် သေးငယ်သော တာဝန်ကို ထမ်းဆောင်ခဲ့ချိန်တွင် ထိုအရာမှ လိုချင်ဖွယ်သော အရာတစ်ခုကို ကလိမ်ကကျစ်ယူခဲ့ပြီး ဤကဲ့သို့သော အခွင့်အရေးတစ်ခုကိုပင် လက်လွတ်မခံခဲ့ပေ။ ၎င်းတို့သည် လူလိမ်ကြီးများ ဖြစ်ကြသည်။ ဤသည်မှာ စတုတ္ထအကြောင်းအရာ ဖြစ်သည်။
အကြောင်းအရာ ၅ - ဘုရားအိမ်တော်တွင် အလုပ်လုပ်ခြင်းအတွက် လုပ်အားခ တောင်းဆိုခြင်း
တရုတ်ပြည်မတွင် အတော်လေး အန္တရာယ်များပြီး စွန့်စားရသည့် အလုပ်အချို့ရှိကာ ထိုအလုပ်များကို ဆောင်ရွက်ရန် ဉာဏ်ရည်ဉာဏ်သွေးနှင့် အရည်အချင်းအချို့ရှိသည့် လူများ လိုအပ်သည်။ ထိုအချိန်က ဤအရည်အချင်းများရှိသည့် လူတစ်ဦး ရှိခဲ့သည်။ ထို့ကြောင့် သူ့ကို အလုပ်တစ်ခုခုလုပ်ဖို့အတွက် အထက်က စီစဉ်ပေးခဲ့သည်။ သူသည် ဤအလုပ်ကို လုပ်ကိုင်နေစဉ် တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။ သူ့အနေဖြင့် ထိုအလုပ်ကို စတင်လုပ်ကိုင်သည်နှင့်တစ်ပြိုင်နက် သူ၏ ပုံမှန်အလုပ်ကို နေ့စဉ်သွားလုပ်နိုင်ခြင်း မရှိတော့သကဲ့သို့ သူ၏ မိသားစုမှာ အဆင်ပြေဖို့ အနည်းငယ် ခက်ခဲနေကြောင်း ပြောကြားခဲ့သည်။ ဘုရားအိမ်တော်က သူ့ကို နေထိုင်မှုစရိတ်အဖြစ် ငွေကြေးအချို့ ပေးခဲ့ပြီး သူသည် ထိုအရာနှင့်ပတ်သက်၍ အလွန်ဝမ်းသာကာ ပေးအပ်ထားသော အလုပ်ကို လက်ခံလုပ်ကိုင်ခဲ့သည်။ သို့သော် သူ၏ အလုပ် စွမ်းဆောင်ရည်မှာ သာမန်သာ ရှိခဲ့သည်။ အချိန်ကာလတစ်ခု ကြာပြီးနောက်တွင် သူ၏ မိသားစုသည် အဆင်ပြေဖို့ အခက်အခဲများ မရှိတော့သော်လည်း အခြားကိစ္စတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူသည် ထိုကိစ္စကို ဘုရားအိမ်တော်သို့ တင်ပြခဲ့ပြီး သူ အဆင်ပြေသည်ကို သေချာစေရန် ဘုရားအိမ်တော်က သူ့ကို နေထိုင်မှုစရိတ်အဖြစ် နောက်ထပ်ငွေကြေးအချို့ကို ပေးခဲ့သည်။ သူသည် သူ၏ အလုပ်ကို ဆက်လက်လုပ်ကိုင်ရန် အင်တင်တင်ဖြင့် သဘောတူခဲ့သော်လည်း ထိုအလုပ်ကို သူ မည်မျှကောင်းစွာ လုပ်ဆောင်ခဲ့သနည်း။ ယင်းမှာ အလွန်ရှုပ်ထွေးနေခဲ့သည်။ သူသည် တစ်စုံတစ်ရာကို လုပ်ချင်စိတ် ရှိလျှင် အနည်းငယ်လုပ်ပြီး လုပ်ချင်စိတ်မရှိလျှင် လုံးဝမလုပ်ခဲ့ပေ။ ဤအရာကြောင့် အလုပ်က နှောင့်နှေးခဲ့ပြီး အသင်းတော်အလုပ်က ဆုံးရှုံးမှုအချို့ ခံစားခဲ့ရကာ ထိုအရာကို အခြားသူများက သွားပြုပြင်ပေးခဲ့ရသည်။ နောက်ပိုင်းတွင် သူ့အား အလုပ်ကို အားထုတ်လုပ်ကိုင်ရန်နှင့် သူ့ထံတွင်ရှိသည့် မည်သည့်အခက်အခဲများကိုမဆို ဆက်လက် ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောပြရန် ဘုရားအိမ်တော်က သူ့ကို ဆက်သွယ်ခဲ့သည်။ သူသည် ဘုရားအိမ်တော်ကို တိုက်ရိုက် တေ့တေ့ဆိုင်ဆိုင် မပြောခဲ့ဘဲ ညီအစ်ကိုမောင်နှမအနည်းငယ်ကို သီးသန့် ပြောဆိုခဲ့သည်။ “ကျွန်ုပ် ချို့တဲ့သည်မှာ နေထိုင်မှုစရိတ်လော။ ဤငွေအနည်းငယ်က မည်သည့် ကြီးမားသော ပြဿနာကို ဖြေရှင်းနိုင်မည်နည်း။ ဤအလုပ်ကို လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်သည် ဘုရားအိမ်တော်အတွက် ထိုမျှကြီးမားသည့်ပြဿနာကို ဖြေရှင်းပေးနေသည်။ ဘုရားအိမ်တော်သည် ကျွန်ုပ်အတွက် ကြီးမားသော ပြဿနာများကို ဖြေရှင်းပေးသင့်သည်။ ယခု ကျွန်ုပ်၏သားသည် ကျူရှင်အတွက် ငွေမရှိသကဲ့သို့ ဤပြဿနာ ပြေလည်မသွားသေးပါ။ ကျွန်ုပ် ချို့တဲ့နေသည်မှာ ဤငွေအနည်းငယ် မဟုတ်ပါ”ဟူ၍ ဖြစ်သည်။ ဤစကားများသည် သူ အမှန်တကယ် တွေးခဲ့သောအရာ ဖြစ်သော်လည်း ဘုရားအိမ်တော်ကို တေ့တေ့ဆိုင်ဆိုင် ပြောပြဖို့ အားမထုတ်နိုင်ခဲ့ပေ။ ထိုအစား သူ သီးသန့် ရင်ဖွင့်ခဲ့ချိန်တွင် ထိုအရာ ထုတ်ဖော်ခြင်းခံရသည်။ ဤအခြေအနေကို မည်သို့ ဖြေရှင်းသင့်သနည်း။ ဘုရားအိမ်တော်က သူ့ကို ဆက်လက် အသုံးပြုသင့်သလော သို့မဟုတ် အခြားတစ်ယောက်ကို ရှာသင့်သလော။ (အခြားတစ်ယောက်ကို ရှာသင့်ပါသည်။) အဘယ်ကြောင့်နည်း။ သူ၏စရိုက်လက္ခဏာနှင့် အနှစ်သာရတို့က ထုတ်ဖော်ပြခံရနှင့်ပြီးဖြစ်သည်။ သူသည် ဘုရားအိမ်တော်အား သူ၏မိသားစု စားဝတ်နေရေးကို ထောက်ပံ့ပေးစေလိုသည်သာမက သူ့သား၏ကျူရှင်ခကိုလည်း ပေးစေလိုခဲ့သည်။ နောက်ပိုင်းတွင် သူသည် သူ၏ဇနီး နာမကျန်းဖြစ်နေသည်ဟု ပြောပြီး ဘုရားအိမ်တော်အား သူမ၏ ဆေးကုသစရိတ်ကို ပေးစေလိုခဲ့သည်။ သူသည် ထပ်၍ ထပ်၍ တောင်းဆိုနေခြင်း မဟုတ်လော။ ဘုရားအိမ်တော်အတွက် ဤသေးငယ်သောအရာကို လုပ်ဆောင်ပေးခြင်းဖြင့် ကြီးမားသော ပံ့ပိုးမှုကို သူ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ဘုရားအိမ်တော်က သူလိုအပ်သမျှကို ခြင်းချက်မရှိ ထောက်ပံ့ပေးသင့်ကြောင်း သူ တွေးထင်ခဲ့သည်။ သူ့အနေဖြင့် သာမန်အလုပ်တစ်ခုလုပ်ပါက သူ၏သားကို တက္ကသိုလ်သို့ပို့ရန် ထောက်ပံ့နိုင်မည်လော။ သူ့ဇနီး၏ ဆေးကုသစရိတ်ကို တတ်နိုင်မည်လော။ သေချာပေါက် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဘုရားအိမ်တော်တွင် ဤအလုပ်အနည်းငယ်ကို လုပ်ဆောင်ချိန်တွင် သူသည် အဘယ်ကြောင့် ဘုရားအိမ်တော်ထံမှ ငွေကြေးကို စဉ်ဆက်မပြတ် တောင်းဆိုခဲ့သနည်း။ မည်သည့်အရာကို သူ စဉ်းစားနေခဲ့သနည်း။ ထိုကိစ္စနှင့်ပတ်သက်၍ သူ၏အမြင်မှာ အဘယ်နည်း။ သူမရှိဘဲနှင့် ဘုရားသခင်၏အိမ်တော်တွင် ထိုအလုပ်ကို လုပ်မည့်သူ တစ်ယောက်မျှမရှိဟု သူ ထင်မြင်ခဲ့သည်။ ထို့ကြောင့် ဘုရားအိမ်တော်ထံမှ ငွေကြေးပိုမိုတောင်းခံရန် အကြောင်းပြချက်များ ရှာဖို့ ဤအခွင့်အရေးကို သူယူရမည်၊ ထိုအရာကို အချည်းနှီး လက်လွတ်မခံသင့်သကဲ့သို့ ဤအခွင့်အရေးကို လက်လွတ်ခဲ့လျှင် နောက်ထပ်ရနိုင်တော့မည် မဟုတ်ဟု သူ တွေးထင်ခဲ့သည်။ ဤသည်မှာ သူဆိုလိုသည့်အရာ ဖြစ်သည် မဟုတ်လော။ ဤအလုပ်ကို လုပ်ဆောင်ခြင်းသည် အလုပ်လုပ်ပြီး ငွေရှာခြင်းနှင့်တူသည်၊ ထို့ကြောင့် ဘုရားအိမ်တော်ထံမှ ငွေညှစ်သင့်သည်ဟု သူ ထင်မြင်ခဲ့သည်။ နောက်ပိုင်းတွင် ဘုရားအိမ်တော်ထံမှ ငွေညှစ်၍မရနိုင်ကြောင်း သိရှိသွားသောအခါ သူသည် သူ၏အလုပ်ကို မလုပ်တော့ပေ။ ဤသည်မှာ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်လူတစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။)
ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သော လူများသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်စဉ်တွင် ဆင်းရဲဒုက္ခ ခံစားရမည်ကို မကြောက်ရွံ့ကြပေ။ လူအချို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ် ၎င်းတို့ မိသားစု၏အခက်အခဲများကို မဖော်ပြကြပေ။ ဆင်းရဲသောဒေသများတွင် နေထိုင်သောလူအချို့သည် ဧည့်ခံခြင်းတာဝန်များကို ထမ်းဆောင်ကြပြီး ညီအစ်ကိုမောင်နှမများ လာရောက်ကာ စားစရာဆန်မရှိသည့်အခါ ငွေထွက်ချေးကြသော်လည်း ဘာမျှမပြောကြပေ။ အကယ်၍ ၎င်းတို့က တစ်စုံတစ်ရာပြောလျှင် ဘုရားအိမ်တော်က ၎င်းတို့အား ငွေပေးနိုင်မည်လား။ (ပေးနိုင်ပါသည်။) ဘုရားအိမ်တော်သည် ညီအစ်ကိုမောင်နှမများအား ဧည့်ခံရန်အတွက် ၎င်းတို့ လိုအပ်သောအရာများကို ထောက်ပံ့နိုင်စွမ်းရှိသည်။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် မည်သည့်အရာမျှ မပြောကြသနည်း။ အကယ်၍ သင်က ၎င်းတို့အား ငွေပေးလျှင် ၎င်းတို့က ငြင်းပယ်ကြမည်ဖြစ်သည်။ ငွေထွက်ချေးပြီးနောက်တွင် ထိုငွေကို ၎င်းတို့ဘာသာ ဖြည်းဖြည်းချင်း ပြန်ဆပ်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်ထံမှ ငွေမလိုချင်ကြပေ။ အန္တိခရစ်များမှာမူ အတိအကျပင် ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ မလုပ်ရသေးမီကပင် သတ်မှတ်ချက်များကို ချမှတ်ပြီး လက်ဖြန့်တောင်းလေ့ရှိကြသည်။ လက်ဖြန့်တောင်းခြင်းက ၎င်းတို့အတွက် အဘယ်သို့ဖြစ်ပြီး အလွန်လွယ်ကူသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ထိုမျှ “မိမိကိုယ်ကို ယုံကြည်မှု”ဖြင့် လက်ဖြန့်တောင်းနိုင်ကြသနည်း။ ထိုကဲ့သို့သော လူများသည် အရှက်မရှိကြပေ၊ ဟုတ်ပါသလော။ ၎င်းတို့သည် ငွေအချို့ကို တောင်းခံပြီးနောက် ထပ်လိုချင်ကြသည်။ အကယ်၍ ၎င်းတို့ကို ငွေမပေးလျှင် မည်သည့်အလုပ်ကိုမျှ လုပ်ကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် တောယုန်ကို မမြင်မချင်း သိမ်းငှက်ကို လွှတ်လိမ့်မည်မဟုတ်ပေ။ “သင်တို့ ငါ့ကို အခပေးသမျှလောက် ငါအလုပ်လုပ်မည်။ အကယ်၍ သင်တို့က ငါ့ကို အခမပေးလျှင် သင်တို့အတွက် အခြားအလုပ်တစ်ခုတလေကို ငါ့အား လုပ်ဆောင်ခိုင်းဖို့ကို မေ့လိုက်ပါ။ ဤသည်မှာ ငါ့အတွက် အလုပ်တစ်ခုဖြစ်ပြီး အကယ်၍ ငါ့အတွက် အကျိုးကျေးဇူးမရှိလျှင် ထိုအလုပ်ကို ငါ လုပ်လိမ့်မည်မဟုတ်ပါ။ ငါသည် ငါ၏တာဝန်ကို ထမ်းဆောင်ဖို့ အန္တရာယ်နှင့် ရင်ဆိုင်သည်၊ ထို့ကြောင့် ငါ့အတွက် တစ်စုံတစ်ရာ ရှိရမည်ဖြစ်ပြီး ထိုအရာသည် ငါပေးဆပ်သည့် အတိုင်းအတာနှင့် ကိုက်ညီရမည်။ ငါသည် နစ်နာ၍ မဖြစ်ပါ”ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့နှင့် ထိုက်တန်သည်ဟု ခံစားသောအရာများကို တောင်းဆိုရမည်ဖြစ်ပြီး ထိုအရာကို တောင်းဆိုရန် ဆင်ခြေများကို ရှာဖွေရမည်ဖြစ်သည်။ ထိုအရာကို တောင်းဆိုရန် ၎င်းတို့သည် ဦးနှောက်ခြောက်ခံ စဉ်းစားရမည်ဖြစ်ပြီး ထိုအရာကို တောင်းဆိုဖို့ နည်းလမ်းမျိုးစုံ စဉ်းစားရသည်။ အကယ်၍ ထိုအရာကို ၎င်းတို့အား ပေးနိုင်လျှင် ပို၍ကောင်းပြီး အကယ်၍ မပေးထားလျှင် ၎င်းတို့သည် အရာရာကို ဘေးချိတ်ကာ စွန့်ခွာသွားကြမည်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့က မည်သည့်ဆုံးရှုံးမှုကိုမျှ ခံစားရလိမ့်မည် မဟုတ်ပေ။ ဤအရာအပြင် ဘုရားအိမ်တော် လုပ်ဆောင်သည့် ဤအလုပ်အားလုံးက အန္တရာယ်ရှိကြောင်း၊ ဘုရားအိမ်တော်က ၎င်းတို့တောင်းဆိုသော အရာများကို မပေးပါက ၎င်းတို့က ထိုအကြောင်း တိုင်ကြားမည်ကို ဘုရားအိမ်တော်က စိုးရွံ့ရမည်ဖြစ်ကြောင်း၊ ပြီးလျှင် ဘုရားအိမ်တော်တွင် အခြားသင့်တော်သူ မည်သူမျှမရှိသဖြင့် ၎င်းတို့ကို အသုံးပြုရမည် ဖြစ်ကြောင်းနှင့် ၎င်းတို့ကို အသုံးပြုပါက ဘုရားအိမ်တော်က ၎င်းတို့ကို အခကြေးငွေပေးရမည်ဖြစ်ကြောင်း ၎င်းတို့က စဉ်းစားကြလေသည်။ ဤသည်မှာ အနည်းငယ် လိမ်လည်သည့်သဘာဝ မဟုတ်လော။ ဤသည်မှာ အနည်းငယ် ခေါင်းပုံဖြတ်သည့်သဘာဝ ဖြစ်သည် မဟုတ်လော။ ဤကဲ့သို့သော လူများကို ယုံကြည်သူများအဖြစ် ယူဆ၍ရသလော။ ဤသည်တို့မှာ ဘုရားအိမ်တော်နှင့် မသက်ဆိုင်သော မယုံကြည်သူများဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ မိတ်ဆွေများပင် မဟုတ်ပေ။ အသင်းတော်၏ မိတ်ဆွေများက ယုံကြည်သူများအနေဖြင့် ကြီးမြတ်သော လူများဖြစ်သည်ကို မြင်သောအခါ ၎င်းတို့သည် ထိုသူများကို ကူညီကာကွယ်ပေးကြပြီး အချို့သောအရာများကို ကူလုပ်ပေးကြသည်။ ဤကဲ့သို့သော လူများသည် အနည်းငယ် ကောင်းချီးခံစားရနိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အန္တိခရစ်များသည် လိုချင်ဖွယ်သောအရာများကို ရရှိရန်သက်သက် ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့အနေဖြင့် လိုချင်ဖွယ်သောအရာများကို မရရှိနိုင်ပါက မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်ကြမည်မဟုတ်၊ မည်သည့်ဝတ္တရားကိုမျှ ဆောင်ကြမည်မဟုတ်သကဲ့သို့ မိမိတို့ကိုယ်ကို လုံးဝ အသုံးခံကြလိမ့်မည် မဟုတ်ပေ။ ဘုရားအိမ်တော်က တာဝန်တစ်ခုကို ထမ်းဆောင်ရန် ၎င်းတို့အတွက် စီစဉ်ပေးသောအခါ ၎င်းတို့က ပထမဦးစွာ မည်သည့်လိုချင်ဖွယ်သောအရာများ ပေးသည်ကို မေးမြန်းကြပြီး လိုချင်ဖွယ်သောအရာ တစ်ခုမျှ မပေးပါက ထိုတာဝန်ကို ထမ်းဆောင်ကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့နှင့် ဘာသာတရားမရှိသောသူများ၏ လောကတွင်ရှိသော လူလိမ်များကြားတွင် မည်သည့်ကွာခြားချက် ရှိသနည်း။ ဤသူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းခံရပြီး ကောင်းချီးပေးခြင်းကို ခံစားလိုကြသေးသည်။ ၎င်းတို့သည် မဖြစ်နိုင်သော အရာများကို တောင်းဆိုနေကြခြင်း မဟုတ်လော။ ဤလူများက ယုတ်ညံ့သော စရိုက်လက္ခဏာများနှင့် အရှက်မဲ့ခြင်း မရှိပါက ၎င်းတို့၏ စိတ်နှလုံးများသည် ထိုသို့သော မူမမှန်သည့် ပြုမူဆောင်ရွက်ပုံနည်းလမ်းများကို မည်သို့အကြံထုတ်နိုင်စွမ်း ရှိကြမည်နည်း။ ၎င်းတို့က မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် ဤသဘောထားမျိုး မည်သို့များ ရှိနိုင်မည်နည်း။ သင်တို့သည် ဤအရာများကို လုပ်ဆောင်နိုင်စွမ်း ရှိကြသလော။ (ကျွန်ုပ်တို့လည်း လုပ်ဆောင်နိုင်စွမ်းရှိပါသည်။) မည်သည့် အတိုင်းအတာအထိရှိသနည်း။ အကန့်အသတ်တစ်ခု ရှိသလော။ ထိုအရာက အလွန်ဆိုးရွားပြီး ဤအရာများကို ဆက်လက်မလုပ်ဆောင်နိုင်တော့ဟု မည်သည့်အချိန်တွင် သင် ထင်မြင်သနည်း။ (တစ်ခါတစ်ရံတွင် ကျွန်ုပ်၏စိတ်နှလုံးသည် အပြစ်တင်ခြင်းကို ခံစားရပြီး ကျွန်ုပ်၏အသိစိတ်က လိပ်ပြာမသန့်ဖြစ်ရသည်။ အခြားသူများက ကျွန်ုပ်လုပ်ခဲ့သောအရာများအား ဖော်ထုတ်မည်ကို ကြောက်ရွံ့သောကြောင့် ထိုအရာများကို ကျွန်ုပ် မလုပ်တော့သည့် အချိန်များလည်း ရှိသည်။) လူတို့က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်း၏စရိုက်လက္ခဏာသည် အလွန့်အလွန် အရေးကြီးသည်။ လုံးဝ အရှက်မရှိသော လူတစ်ဦးသည် မကောင်းသည့် မည်သည့်အရာမျိုးကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသည်။ ထိုသူသည် လုံးလုံးလျားလျား ဆိုးယုတ်သော လူတစ်ဦးဖြစ်သည်။ သူလုပ်ဆောင်သော အရာတိုင်းတွင် အကန့်အသတ်မရှိသကဲ့သို့ သူသည် မိမိ၏အသိစိတ်နှင့်အညီ ပြုမူဆောင်ရွက်ခြင်းမရှိပေ။ မိမိ၏ လူ့သဘာဝတွင် အသိစိတ်မရှိသောသူတို့သည် မည်သည့် လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့သည် သားရဲတိရစ္ဆာန်များနှင့် မကောင်းဆိုးဝါးများ ဖြစ်ကြပြီး ဘုရားသခင်က ၎င်းတို့ကို ကယ်တင်လိမ့်မည်မဟုတ်ပေ။ ဘုရားသခင်က သူ၏အမှုတော်ကို ဆောင်ရွက်နေစဉ် ဘုရားသခင်၏ အလှူငွေများကို လိမ်လည်လှည့်ဖြားလျက် ရယူကာ ဘုရားသခင်အတွက် ဖြစ်သည့် အလှူငွေများကို အတင်းအကျပ် တောင်းဆိုနိုင်စွမ်း ရှိသည့်လူများနှင့် ဘုရားအိမ်တော်မှ အခကြေးငွေတောင်းသော လူတို့သည် လူကောင်းများမဟုတ်ပေ။ ထိုသူတို့က ဘုရားအိမ်တော်သည် လှည့်စားရလွယ်ပြီး ဘုရားအိမ်တော်တွင် ရှိသည့် အရာများကို စောင့်ရှောက်ရန်အတွက် မည်သူမျှ တာဝန်မရှိဟူ၍လည်းကောင်း၊ ဘုရားအိမ်တော်တွင်ရှိသည့် အရာများကို မည်သူမျှ မပိုင်၊ ထို့ကြောင့် ၎င်းတို့က ဤအရာများကို ပိုင်ဆိုင်နိုင်ပြီး မိမိတို့ကြိုက်သည့်အတိုင်း လိမ်လည်လှည့်ဖြားလျက် ယူငင်၍ရသည်ဟု ထင်မှတ်ကြသည်။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့က အကျိုးအမြတ် ရရှိပြီးဖြစ်သည်ဟု တွေးထင်ကြသည်။ ဤအကျိုးအမြတ်သည် ရရှိရန် အမှန်တကယ် ထိုမျှလွယ်ကူသလော။ သင်ရရှိသော အကျိုးအမြတ်သည် မကြီးမားသော်လည်း ထိုအကျိုးအမြတ်ကို ရရှိခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ သင်၏အသက် ဆုံးရှုံးရခြင်းပင်ဖြစ်သည်။
အကယ်၍ လူတစ်ဦးတွင် အမှန်တကယ် လူ့သဘာဝအချို့နှင့် ကိုယ်ကျင့်တရား အနည်းငယ်မျှ ရှိပါက ဤအရာများကို ၎င်းတို့ လုပ်ဆောင်နိုင်စွမ်း ရှိကြလိမ့်မည်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း သူ့ကို လိမ်လည်လှည့်ဖြားပြီး သူ့အတွက်ဖြစ်သော အလှူငွေများကို အတင်းအကျပ် တောင်းဆိုယူနိုင်စွမ်း ရှိကြသည်။ သင်သည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ သင်သည် လူတစ်ဦးပင် ဖြစ်သလော။ မကောင်းဆိုးဝါးများသာ ဤအရာမျိုးများကို လုပ်ဆောင်ကြသည်။ သားရဲတိရစ္ဆာန်များက ဤအရာများကို မလုပ်ဆောင်ကြပေ။ ခွေးကိုသာ ကြည့်လော့။ ခွေးပိုင်ရှင်က မွေးမြူထားပြီး ခွေးက သူ၏ အိမ်ကို ကာကွယ်ပေးသည်။ မကောင်းသော လူတစ်ဦး လာလျှင် ခွေးက သတိပေးသံပေးပြီး ထိုသူကို တိုက်ခိုက်သည်။ သူ့ပိုင်ရှင်၏ ပစ္စည်းများ ယူသည့် မည်သူကိုမဆို သူက လိုက်သည်။ သူ့ပိုင်ရှင်၏ အိမ်တွင်ရှိသည့် ကြက်၊ ဘဲနှင့် ငန်းများ ထွက်ပြေးသွားလျှင် ခွေးက ကူရှာပေးသည်။ သူ့ပိုင်ရှင်၏ အိမ်တွင်ရှိသည့် ဝက်များ ရန်ဖြစ်နေလျှင် ခွေးက ဝင်ရောက်ဖြန်ဖြေပေးသည်။ ဝက်များကို သူ့ပိုင်ရှင်က စောင့်ကြည့်စေလိုကြောင်း ခွေးက သိသည်။ ထို့ကြောင့် သူသည် ဤတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်။ ခွေးက သူ၏ပိုင်ရှင်ကို ကျိုးကြောင်းပြပြောပြီး "ကျွန်ုပ်က သင့်အတွက် ဝက်များကို စောင့်ကြည့်ပေးခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်ကို ကြက်တစ်ကောင်ကောင် သို့မဟုတ် တစ်စုံတစ်ရာကို စားဖို့ မပေးသည်မှာ အဘယ်သို့ ဖြစ်သနည်း"ဟု မပြောပေ။ ဤအရာကို သူက လုံးဝ မပြောပေ။ ခွေးတစ်ကောင်ပင်လျှင် သူ့ပိုင်ရှင်၏ အိမ်ကို ကာကွယ်ပေးနိုင်ပြီး ဆုလာဘ်မရှိဘဲ သူ၏ပိုင်ရှင်အတွက် တာဝန်များကို ထမ်းဆောင်နိုင်သည်။ သို့သော် ဤလူများသည် တိရစ္ဆာန်များကိုပင် မမီကြပေ။ တာဝန်အနည်းငယ်ကို ထမ်းဆောင်ပြီးနောက် ၎င်းတို့ နစ်နာရလေပြီဟု တွေးထင်ကြပြီး တာဝန်အချို့ကို ကောင်းစွာ ဖြည့်ဆည်းကာ အားထုတ်မှုအချို့ လုပ်ဆောင်ပြီးနောက်တွင် ၎င်းတို့သည် ကသိကအောက်ဖြစ်ကာ စီစဉ်မှုသည် မညီမျှကြောင်းနှင့် ၎င်းတို့ အသုံးချခံရပြီးဖြစ်သည်ဟု ခံစားကြသည်။ ထို့ကြောင့် ထိုအရာကို ညီမျှစေရန် နည်းလမ်းမျိုးစုံကို စဉ်းစားကြသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သောအခါ ဘုရားသခင်က သင့်ကို ကာကွယ်ပေးပြီး ဦးဆောင်ကာ သင့်အပေါ် သမ္မာတရားများစွာ ပေးသနားသည်။ သင်သည် အဘယ်သို့ဖြစ်ပြီး သူ့ကို ကျေးဇူးဆပ်ဖို့ မစဉ်းစားနိုင်ရသနည်း။ သင်သည် သူ့ကို ကျေးဇူးဆပ်ရန် မစဉ်းစားကြသော်လည်း ဘုရားသခင်က ထိုကိစ္စကို အတင်းအကျပ် တောင်းဆိုခြင်းမရှိပေ။ သို့သော် သင်သည် သေးငယ်သော တာဝန်ကို ထမ်းဆောင်ချိန်တွင် ထိုထမ်းဆောင်မှုအတွက် ထပ်တူထပ်မျှ ပြန်ရရန် မျှော်လင့်လျက် ဘုရားသခင်ထံသို့ သွားသည်။ သင်သည် သေးငယ်သော တာဝန်ကို ထမ်းဆောင်သည့်အခါ အမှုအရာများကို အတင်းအကျပ်တောင်းယူလိုပြီး တစ်စုံတစ်ရာကို လိမ်လည်လှည့်ဖြားလျက် ရယူချင်သည်။ သင်သည် ထိုအရာအတွက် ထေမိစေဖို့ နည်းလမ်းမျိုးစုံ စဉ်းစားသည်။ သင်သည် ကိုယ်သေတွင်းကိုယ်တူးနေခြင်း မဟုတ်လော။ ဘုရားသခင်က သင့်အား ပေးခဲ့သည့်အရာ များပြားလှသည်မဟုတ်လော။ လူတို့၏ သရုပ်သကန်များအရ၊ ၎င်းတို့သည် မည်သည့်အရာနှင့် ထိုက်တန်သနည်း။ လူတို့သည် ယနေ့ မွေ့လျော်ခံစားပြီး ပိုင်ဆိုင်သည့်အရာများကို ၎င်းတို့ ထိုက်တန်ခဲ့ကြသောကြောင့် ရရှိကြခြင်းဖြစ်သလော။ မဟုတ်ပေ။ ထိုအရာများသည် ဘုရားသခင်က သင့်အပေါ် ပေးသနားသည့် အရာများနှင့် သူက သင့်ကို ကောင်းချီးပေးသော အရာများ ဖြစ်သည်။ သင်သည် များစွာ ကျေးဇူးပြုခံရပြီးသားဖြစ်သည်။ ဘုရားသခင်သည် အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ သင့်အပေါ် အသက်၊ သမ္မာတရားနှင့် လမ်းခရီးကို ပေးသနားခဲ့သည်။ သင်သည် သူ့ကို မည်သို့ ပြန်ဆပ်ပြီးပြီနည်း။ သင်သည် သင့်တာဝန်များနှင့် ဝတ္တရားများကို အနည်းငယ်မျှ ထမ်းဆောင်သည့်အခါ ထိုအရာကို လက်ခံရန် ခက်ခဲပြီး ဆုံးရှုံးမှုတစ်ခုခု သင် ခံစားရပြီးဖြစ်သည်ဟု စိတ်ထဲတွင် ခံစားရကာ ထိုအရာအတွက် ထပ်တူထပ်မျှ ပြန်ရရန် နည်းလမ်းမျိုးစုံကို သင် စဉ်းစားလေသည်။ အကယ်၍ သင်သည် ထိုအရာအတွက် ထပ်တူထပ်မျှ ပြန်ရရန် လုပ်ဆောင်လိုပါက ဘုရားသခင်က သင့်အား တစ်စုံတစ်ခုကို အပြန်အလှန်အနေဖြင့် ပေးနိုင်သော်လည်း ယင်းကို ရရှိပြီးနောက်တွင် သင်သည် ကယ်တင်ခံရနိုင်လိမ့်ဦးမည်လော။ ဤလူများက အဘယ်အရာ အရေးအကြီးဆုံးဖြစ်ပြီး အဘယ်အရာက တန်ဖိုးအရှိဆုံးဖြစ်သည်ကို သိရှိလာကြမည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ အန္တိခရစ်၏ အနှစ်သာရ ရှိသောလူတို့သည် သမ္မာတရား၏ တန်ဖိုးကို ဘယ်သောအခါမျှ သိရှိကြလိမ့်မည် မဟုတ်။ ၎င်းတို့၏ အဆုံးသတ် ထုတ်ဖော်ခံရသည့် နေ့ရက်၊ အရာရာ ထုတ်ဖော်ခံရပြီး လူသိရှင်ကြား ဖြစ်သွားသည့် နေ့ရက်ရောက်လာသောအခါ ၎င်းတို့ သိကြလိမ့်မည်။ ထိုအခါ အလွန် နောက်ကျသွားမည် မဟုတ်လော။ အရာခပ်သိမ်း၏ အဆုံးသတ်သည် နီးကပ်နေပြီဖြစ်ပြီး အရာအားလုံး ဆိတ်သုဉ်းသွားလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏သမ္မာတရားသာလျှင် ထာဝရတည်ရှိနေလိမ့်မည်။ သမ္မာတရားကို ပိုင်ဆိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သူများသည် သူ၏ နှုတ်ကပတ်တော်များနှင့်အတူ၊ သူ၏သမ္မာတရားနှင့်အတူ ထာဝရတည်ရှိနေကြလိမ့်မည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များ၏ တန်ဖိုးနှင့် တန်ခိုးဖြစ်သည်။ သို့သော် အန္တိခရစ်များသည် ဤအချက်ကို ဘယ်သောအခါမျှ ရှင်းလင်းကြလိမ့်မည် မဟုတ်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း အောင်လံကို လွင့်ခြင်းဖြင့် အမျိုးမျိုးသော အကျိုးအမြတ်များအတွက် ကြံစည်ရန် နည်းလမ်းမျိုးစုံကို စဉ်းစားလိမ့်မည်ဖြစ်ပြီး ဖြစ်နိုင်သမျှနည်းလမ်းတိုင်းကို သုံးကြလိမ့်မည်ဖြစ်ကာ ဘုရားသခင်၏ အလှူငွေများကို ရယူရန်၊ အလွဲသုံးစားလုပ်ပြီး သိမ်းယူရန်အတွက် ပို၍ပင် အဆင်ခြင်မဲ့စွာ လိမ်လည်လှည့်ဖြားသော နည်းလမ်းများကို အသုံးပြုလိမ့်မည်။ ဤလူများ၏ လုပ်ရပ်များနှင့် အပြုအမူများအားလုံးကို ဘုရားသခင်၏ မှတ်တမ်းစာအုပ်တွင် အသေးစိတ် အတိအကျ ရေးမှတ်ထားသည်။ ၎င်းတို့၏ အဆုံးသတ်ကို ထုတ်ဖော်မည့် နေ့ရက်ရောက်လာသောအခါ ဘုရားသခင်သည် ဤမှတ်တမ်းများကို အခြေခံ၍ လူတစ်ဦးချင်းစီ၏ အဆုံးသတ်ကို ဆုံးဖြတ်လိမ့်မည်။ ဤအရာများအားလုံးသည် အမှန်ဖြစ်၏။ သင် ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ဤအရာအားလုံး ထုတ်ဖော်ခံရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ပဉ္စမမြောက် အကြောင်းအရာဖြစ်သည်။ ဤလူသည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ သူ၏ စရိုက်လက္ခဏာသည် မြင့်မြတ်သလော၊ သို့မဟုတ် ယုတ်ညံ့သလော။ (ယုတ်ညံ့ပါသည်။) ဘုရားသခင်၏ အမြင်တွင် သူသည် ဂုဏ်သရေရှိသော လူတစ်ဦး မဟုတ်ပေ။ သူသည် ယုတ်ညံ့ပေသည်။ သူ့ကို “ယုတ်ညံ့သူ”တစ်ဦးအဖြစ် အတိုကောက် ရည်ညွှန်းထားသည်။
အကြောင်းအရာ ၆ - အစားအစာနှင့် အဝတ်အထည်တို့အတွက် ရာထူးရရှိရန် ခက်ခဲပင်ပန်းစွာ ကြိုးစားအားထုတ်ခြင်း
ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် လူများစွာတို့သည် အမြဲပင် အဆင့်အတန်းကို လိုက်စားပြီး ၎င်းတို့အပေါ် လူတို့ အထင်ကြီးခြင်းရှိစေဖို့ အားထုတ်ကြသည်။ ဘုရားအိမ်တော်တွင် ၎င်းတို့သည် လူအုပ်ထဲမှ အမြဲ ထင်ပေါ်ချင်ကြပြီး လူအုပ်၏ ခေါင်းဆောင်နေရာတွင် ရှိချင်ကြသည်။ ဤအရာများအတွက် ၎င်းတို့သည် မိသားစုများကို ပစ်ပယ်ကာ အလုပ်အကိုင်များကို စွန့်လွှတ်ကြသည်၊ ဒုက္ခဆင်းရဲကို ခံစားပြီး အဖိုးအခပေးကြပြီးနောက် နောက်ဆုံးတွင် ၎င်းတို့၏ အလိုဆန္ဒ ပြည့်ကာ ခေါင်းဆောင်တစ်ဦး ဖြစ်လာကြသည်။ ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက် ဤလူတို့၏ ဘဝများက အမှန်တကယ် ခြားနားသွားသည်။ ၎င်းတို့သည် ၎င်းတို့ ဝတ်စားဆင်ယင်ပုံနှင့် ဖီးလင်ပြင်ဆင်ပုံမှသည် စကားပြောဆို၊ ပြုမူဆောင်ရွက်ပုံများအထိ ရာထူးအာဏာရှိသော လူတို့ပုံစံနှင့်ဆိုင်သည့် မိမိတို့စိတ်ထဲတွင် ရှိနေကျ ပုံရိပ်နှင့် ဟန်ပန်များ၏ သွင်ပြင်လက္ခဏာတိုင်းကို ပေါ်လွင်စေကြသည်။ ၎င်းတို့သည် အရာရှိတစ်ဦးကဲ့သို့ မည်သို့ စကားပြောရမည်ကို သင်ယူကြသည်၊ လူများကို မည်သို့ ဩဇာပေးရမည်ကို သင်ယူကြပြီး မိမိတို့၏ ကိုယ်ရေးကိုယ်တာ အရေးကိစ္စများကို ၎င်းတို့အတွက် လူတို့အား မည်သို့ ကိုင်တွယ်ခိုင်းရမည်ဆိုသည်ကို သင်ယူကြလေသည်။ ရိုးရှင်းစွာပြောရလျှင် ၎င်းတို့သည် မည်သို့ အရာရှိဖြစ်ရမည်ကို သင်ယူကြလေသည်။ ၎င်းတို့သည် တစ်နေရာသို့ ခေါင်းဆောင်တစ်ဦးအဖြစ် သွားရောက်သည့်အခါ အရာရှိတစ်ဦးအဖြစ် သွားသည့် သဘောဖြစ်သည်။ အရာရှိဖြစ်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့က “အစားအစာနှင့် အဝတ်အထည်တို့အတွက် ရာထူးရရှိရန် ခက်ခဲပင်ပန်းစွာ ကြိုးစားအားထုတ်ခြင်း” ဖြစ်သည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုများနှင့် သက်ဆိုင်သော ကိစ္စတစ်ခုဖြစ်သည်။ ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက် ၎င်းတို့၏ ဘဝနှင့်ပတ်သက်သည့် မည်သည့်အရာသည် ယခင်နှင့် ကွာခြားသွားသနည်း။ ၎င်းတို့စားသောက်၊ ဝတ်ဆင်သောအရာနှင့် အသုံးပြုသော အရာများ ကွာခြားသွားသည်။ ၎င်းတို့ အစာစားသည့်အခါ အာဟာရပြည့်ဝပြီး အရသာရှိရန် အထူးဂရုစိုက်လာသည်။ ၎င်းတို့ဝတ်ဆင်သော အဝတ်အစားများ၏ အမှတ်တံဆိပ်နှင့် ဟန်ပန်တို့ကို အထူးဂရုစိုက်လာသည်။ တစ်နေရာတွင် တစ်နှစ်ကြာ ခေါင်းဆောင်တစ်ဦးဖြစ်ပြီးနောက်တွင် ၎င်းတို့သည် ဝဖြိုးလာကြပြီဖြစ်သည်။ ခေါင်းမှခြေထိ နာမည်ကြီး ဒီဇိုင်နာများ၏ အဝတ်အစားများကို ၎င်းတို့ ဝတ်ဆင်ကြသည်။ ပြီးလျှင် ၎င်းတို့၏ ဖုန်း၊ ကွန်ပျူတာနှင့် ၎င်းတို့အိမ်ရှိ အသုံးအဆောင်ပစ္စည်းများသည် တန်ဖိုးကြီး အမှတ်တံဆိပ်များချည်းသာ ဖြစ်သည်။ ခေါင်းဆောင်မဖြစ်မီတွင် ၎င်းတို့၌ ဤအခြေအနေများ ရှိခဲ့သလော။ (မရှိခဲ့ပါ။) ခေါင်းဆောင် ဖြစ်လာပြီးနောက် ၎င်းတို့သည် ငွေရှာရန် အားမထုတ်ခဲ့ကြပေ၊ သို့ဆိုလျှင် ဤပစ္စည်းများအားလုံးကို ဝယ်ယူရန် ငွေများကို မည်သည့်နေရာမှ ၎င်းတို့ ရရှိခဲ့ကြသနည်း။ ညီအစ်ကိုမောင်နှမများက ဤပစ္စည်းများကို ၎င်းတို့ထံ လှူဒါန်းခဲ့သလော သို့မဟုတ် ဘုရားအိမ်တော်က ဤပစ္စည်းများကို ၎င်းတို့အတွက် ခွဲဝေသတ်မှတ်ပေးခဲ့သလော။ ဘုရားအိမ်တော်က ခေါင်းဆောင်နှင့် အမှုတော်ဆောင်တိုင်းထံ ဤပစ္စည်းများကို ခွဲဝေသတ်မှတ်ပေးသည်ကို သင်တို့ ကြားဖူးသလော။ (မကြားဖူးပါ။) သို့ဆိုလျှင် ယင်းတို့ကို ၎င်းတို့က မည်သို့ရရှိခဲ့ကြသနည်း။ မည်သို့ပင်ဖြစ်စေ ဤပစ္စည်းများသည် ၎င်းတို့၏ ကိုယ်ပိုင်အားထုတ်မှုဖြင့် ၎င်းတို့ ရရှိခဲ့ခြင်းမဟုတ်ပေ။ ထို့ထက် ထိုအရာများသည် ၎င်းတို့ အဆင့်အတန်းရရှိကာ အဆင့်အတန်း၏ အကျိုးကျေးဇူးကို မွေ့လျော်ခံစားရသည့်နေရာ ဖြစ်သည့် “အရာရှိ”တစ်ဦး ဖြစ်လာပြီးနောက်တွင် အခြားသူတို့ကို ခြိမ်းခြောက်ငွေညှစ်ခြင်းအားဖြင့်လည်းကောင်း၊ လိမ်လည်ခြင်းနှင့် သိမ်းယူခြင်းတို့မှတစ်ဆင့်လည်းကောင်း ရရှိခဲ့သည့်အရာများဖြစ်သည်။ နေရာတိုင်းရှိ အသင်းတော်များတွင် သင်တို့ ထိတွေ့ဆက်ဆံလာခဲ့သော ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ အဆင့်အမျိုးမျိုးထဲတွင် ဤကဲ့သို့သောလူများ တစ်ဦးတလေ ရှိသလော။ ၎င်းတို့ ကနဦး ခေါင်းဆောင်ဖြစ်လာချိန်တွင် မည်သည့်အရာမျှ မရှိကြသော်လည်း သုံးလမပြည့်မီတွင်ပင် ၎င်းတို့၌ တန်ဖိုးကြီး အမှတ်တံဆိပ်နာမည်ရှိသည့် ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းများ ရှိလာကြသည်။ ခေါင်းဆောင် ဖြစ်လာပြီးနောက်တွင် အချို့လူများက ၎င်းတို့အနေဖြင့် အဆင့်မြင့် အကျိုးခံစားခွင့်ကို မွေ့လျော်ခံစားသင့်ကြောင်း၊ ၎င်းတို့ အပြင်ထွက်သည့်အခါ ကားစီးသင့်ကြောင်း၊ ၎င်းတို့အသုံးပြုသော ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းများသည် သာမန်လူများ အသုံးပြုသည့်အရာများထက် ပိုကောင်းသင့်ကြောင်း၊ တန်ဖိုးကြီး အမှတ်တံဆိပ်ဖြစ်ရမည်ဖြစ်ပြီး မော်ဒယ်အဟောင်းဖြစ်လျှင် အသစ်နှင့် အစားထိုးရမည်ဖြစ်ကြောင်း တွေးထင်ကြလေသည်။ ဘုရားအိမ်တော်တွင် ဤစည်းမျဉ်းများ ရှိသလော။ ဘုရားအိမ်တော်တွင် ဤစည်းမျဉ်းများ မည်သည့်အခါမျှ မရှိခဲ့သကဲ့သို့ ထိုသို့ထင်မြင်သော ညီအစ်ကိုမောင်နှမ တစ်ဦးမျှ မရှိပေ။ သို့ဆိုလျှင် ဤခေါင်းဆောင်များ မွေ့လျော်ခံစားနေရသော ဤအရာများသည် မည်သည့်နေရာမှ လာသနည်း။ တစ်ချက်မှာ ၎င်းတို့သည် ဤအရာများကို ညီအစ်ကိုမောင်နှမများအား အတင်းအကျပ် တောင်းဆိုခြင်းဖြင့်လည်းကောင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို လုပ်ဆောင်နေသည်ဟူသည့် အောင်လံကို လွှင့်ထူခြင်းအားဖြင့် ချမ်းသာသောသူတို့အား ဤပစ္စည်းများကို ၎င်းတို့အတွက် ဝယ်ယူခိုင်းစေခြင်းဖြင့်လည်းကောင်း ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၎င်းတို့သည် အလှူငွေများကို အလွဲသုံးစားလုပ်ကာ ခိုးယူခြင်းဖြင့် ဤအရာများကို ၎င်းတို့ကိုယ်တိုင် ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့သည် အစားအစာနှင့် သောက်စရာကို ကလိမ်ကကျစ် ရယူသည့် လူဖျင်းလူညံ့များ ဖြစ်ကြသည် မဟုတ်လော။ ဤသည်မှာ ငါမျှဝေခဲ့သည့် ယခင်ကိစ္စအနည်းငယ်ထဲမှ လူများနှင့် ကွဲပြားမှုတစ်ခုတလေရှိသလော။ (မရှိပါ။) ၎င်းတို့တွင် တူညီသည့်အရာ မည်သည့်အရာရှိသနည်း။ ၎င်းတို့အားလုံးသည် အတင်းအကျပ် တောင်းဆိုခြင်းဖြင့် အလှူငွေများကို အလွဲသုံးစားလုပ်ကာ ရယူဖို့ မိမိတို့၏ရာထူးကို အသုံးပြုကြသည်။ လူအချို့က “ဘုရားအိမ်တော်တွင် အလုပ်လုပ်ခြင်းနှင့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုတော်ဆောင်တစ်ဦး ဖြစ်ခြင်းဖြင့် ဤအရာများကို မွေ့လျော်ခံစားရန် ၎င်းတို့ အရည်အချင်းပြည့်မီကြသည် မဟုတ်လော။ ၎င်းတို့သည် အလှူငွေများကို ဘုရားသခင်နှင့်အတူ ဝေပုံကျယူရန် အရည်အချင်း ပြည့်မီကြသည်မဟုတ်လော”ဟု ပြောကြသည်။ ငါ့ကို ပြောလော့၊ ၎င်းတို့ အရည်အချင်းပြည့်မီကြသလော။ (မပြည့်မီပါ။) အကယ်၍ ဘုရားအိမ်တော်၏ အလုပ်ကို လုပ်ရန် ၎င်းတို့အနေဖြင့် ပစ္စည်းအချို့ ဝယ်ယူရန် လိုအပ်ပါက ဤကိစ္စတွင် ဘုရားအိမ်တော်၌ ထိုအရာများကို ဝယ်ယူနိုင်သည်ဟု ပြောသည့် စည်းကမ်းများရှိ၏။ သို့သော် ဤလူများသည် စည်းကမ်းများ၏ သတ်မှတ်ချက်များအတွင်းတွင် ပစ္စည်းများကို ဝယ်ယူကြခြင်းဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့က ထိုသို့ ဝယ်ယူနေခြင်း မဟုတ်ကြောင်း ပြသသည့် မည်သည့်အရာကို သင်တို့မြင်သနည်း။ (အကယ်၍ ၎င်းတို့သည် အလုပ်အတွက် ထိုအရာကို အမှန်တကယ် လိုအပ်ပါက အသုံးပြု၍ရနိုင်သရွေ့ ပစ္စည်းတစ်ခုက ကောင်းမွန်သည်ဟု ၎င်းတို့ စဉ်းစားကြမည်ဖြစ်သော်လည်း အန္တိခရစ်များ လိုက်စားသည်မှာ တန်ဖိုးကြီး ဒီဇိုင်နာ ပစ္စည်းများဖြစ်ပြီး အရာအားလုံးထဲမှ အကောင်းဆုံးကို သုံးစွဲကြသည်။ ဤအချက်မှ အကဲဖြတ်ရလျှင် ၎င်းတို့သည် ဤအရာများကို မွေ့လျော်ခံစားရန် မိမိတို့၏ အဆင့်အတန်းကို အသုံးပြုနေကြကြောင်း မြင်နိုင်ပါသည်။) မှန်ပေသည်။ အကယ်၍ ထိုအရာကို အလုပ်အတွက် လိုအပ်ပါက တစ်စုံတစ်ရာမှာ အသုံးပြု၍ရနိုင်သရွေ့ ကောင်းမွန်ပေသည်။ ၎င်းတို့သည် ထိုသို့သော ဆန်းပြားပြီး ဈေးကြီးသည့် ပစ္စည်းများကို အသုံးပြုရန် အဘယ်ကြောင့် လိုအပ်သနည်း။ ထို့အပြင် ၎င်းတို့က ဤပစ္စည်းများကို ဝယ်ယူသည့်အခါ အခြားသူများသည် ဆုံးဖြတ်ချက်တွင် ပါဝင်ပြီး သဘောတူခဲ့ကြသလော။ ဤသည်မှာ ပြဿနာတစ်ခုဖြစ်သည် မဟုတ်လော။ အကယ်၍ အခြားသူများက ဆုံးဖြတ်ချက်တွင် ပါဝင်ခဲ့ပါက ၎င်းတို့အားလုံးသည် ထိုတန်ဖိုးကြီး ပစ္စည်းများကို ဝယ်ယူရန် သဘောတူနိုင်ခဲ့ကြမည်လော။ လုံးဝမဖြစ်နိုင်ပေ။ ၎င်းတို့က အလှူငွေများကို ခိုးယူခြင်းဖြင့် ဤအရာများကို ရရှိခဲ့သည်မှာ အလွန် သိသာထင်ရှားပေသည်။ ဤသည်မှာ ရှင်းရှင်းကြီးပင် ဖြစ်သည်။ ထို့အပြင် ဘုရားအိမ်တော်၌ စည်းကမ်းတစ်ခုရှိ၏။ အသင်းတော်အသီးသီးက အလှူငွေများကို စောင့်ရှောက်သည်ဖြစ်စေ၊ အလုပ်နှင့်ပတ်သက်၍ တွဲဖက်လုပ်ဆောင်သည်ဖြစ်စေ ထိုအရာက လူတစ်ဦးတည်း၏ အလုပ် လုံးဝ မဟုတ်ပေ။ သို့ဆိုလျှင် ဤလူများသည် တစ်ဦးချင်းအနေဖြင့် အလှူငွေများကို မိမိတို့ စိတ်ကြိုက် အသုံးပြုပြီး သုံးစွဲနိုင်ခဲ့ကြသည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ စည်းမျဉ်းများနှင့် မကိုက်ညီပေ။ ၎င်းတို့ လုပ်ဆောင်သည့် ဤအရာများ၏ သဘာဝမှာ အလှူငွေကို ခိုးယူခြင်းနှင့်ဆိုင်သည့် သဘာဝဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အခြားလူတို့ကို အကြောင်းကြားရန် မဆိုထားနှင့်၊ အခြားခေါင်းဆောင်များနှင့် အမှုဆောင်များ၏ သဘောတူညီမှုနှင့် အသိအမှတ်ပြုခြင်းတို့ကို မယူဘဲ၊ ပြီးလျှင် ၎င်းတို့ လုပ်ဆောင်နေသည့်အရာကို အခြားမည်သူကမျှ မသိဘဲ ဤပစ္စည်းများကို ၎င်းတို့ ဝယ်ယူပြီး ရယူကြလေသည်။ ဤအရာ၏ သဘောသဘာဝသည် ခိုးယူခြင်းနှင့် အနည်းငယ် ဆင်တူသည်မဟုတ်လော။ ဤအရာကို အလှူငွေများအား ခိုးယူခြင်းဟု ခေါ်သည်။ ခိုးယူခြင်းသည် လိမ်လည်လှည့်ဖြားခြင်း ဖြစ်သည်။ အဘယ်ကြောင့် လိမ်လည်လှည့်ဖြားခြင်းဟု ခေါ်သနည်း။ အကြောင်းမှာ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ကို လုပ်ဆောင်ခြင်း အလံအား လွှင့်ထူခြင်းဖြင့် ဤဆန်းပြားသော ပစ္စည်းများကို ဝယ်ယူပြီး ရရှိခဲ့ခြင်းကြောင့် ဖြစ်သည်။ ဤအပြုအမူမျိုးကို လိမ်လည်မှုဟု ခေါ်ပြီး လိမ်လည်လှည့်ဖြားခြင်းဟု ခေါ်သည်။ ဤသို့သတ်မှတ်ခြင်းဖြင့် ငါသည် လွန်လွန်းသွားပြီလော။ ငါသည် ဘာမျှမဟုတ်သည့်အရာကို ရေးကြီးခွင့်ကျယ်လုပ်နေခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ဤအရာမျှသာမက ဤခေါင်းဆောင်ဟု ဆိုသူများသည် တစ်နေရာတွင် ခဏကြာနေပြီးနောက် ထိုနေရာရှိ ညီအစ်ကိုမောင်နှမများက ကမ္ဘာလောကတွင် မည်သည့်အလုပ်ကို လုပ်ဆောင်နေသည်၊ မည်သည့် လူမှုဆက်ဆံရေးများ ရှိကြသည်၊ ပြီးလျှင် ဤလူများထံမှ မည်သည့်အကျိုးကျေးဇူးများကို ၎င်းတို့ လိမ်လည်ယူငင်နိုင်သည်ဆိုသည်နှင့် မည်သည့် အဆက်အသွယ်များအား ၎င်းတို့ အသုံးပြုနိုင်သည်ကို အလွန်ရှင်းလင်းစွာ သိရှိရန် တစေ့တစောင်း အကဲခတ်ကြသည်။ ဥပမာအနေဖြင့် မည်သည့် ညီအစ်ကို မောင်နှမများက ဆေးရုံတွင် အလုပ်လုပ်သည်၊ အစိုးရဌာနအတွက် အလုပ်လုပ်သည်၊ သို့မဟုတ် ဘဏ်တွင် အလုပ်လုပ်သည်၊ သို့မဟုတ် မည်သူက စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်၊ မည်သူ၏ မိသားစုက စတိုးဆိုင်တစ်ဆိုင်ပိုင်သည်၊ ကားတစ်စီးပိုင်သည်၊ သို့မဟုတ် အိမ်ကြီးတစ်လုံးရှိသည်စသည်ဖြင့် ၎င်းတို့သည် ထိုအရာများကို အလွန်ရှင်းလင်းစွာ သိရှိဖို့ တစေ့တစောင်း အကဲခတ်နေကြသည်။ ဤအရာများသည် ဤခေါင်းဆောင်များ၏ အလုပ်နယ်ပယ်အတွင်းတွင် ရှိသလော။ ၎င်းတို့သည် ဤအရာများကို သိရှိရန် တစေ့တစောင်း အကဲခတ်နေခြင်းသည် မည်သည့်အရာကို လုပ်ဆောင်နေခြင်းဖြစ်သနည်း။ ၎င်းတို့သည် ၎င်းတို့အတွက် အစေခံမှုပေးစေဖို့၊ ၎င်းတို့ကို အစေခံစေဖို့နှင့် အဆင်ပြေမှုများ ပေးစေဖို့အတွက် ဤဆက်သွယ်မှုများကို အသုံးပြုလိုပြီး လောကတွင် အထူးရာထူးရှိသည့် ဤညီအစ်ကိုမောင်နှမများကို အသုံးပြုလိုကြလေသည်။ ၎င်းတို့အနေဖြင့် အသင်းတော်၏ အလုပ်ကို လုပ်ဆောင်ပြီး ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့၏ အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယပြုဖို့အတွက် ဤအရာကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သင်တို့ ထင်သလော။ ယင်းမှာ ၎င်းတို့လုပ်ဆောင်နေသည့်အရာ ဖြစ်သလော။ ၎င်းတို့လုပ်ဆောင်နေသည့် ဤအရာများအားလုံး၏ နောက်ကွယ်တွင် ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ရှိသည်။ စစ်မှန်သော ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်လုပ်သည့်အခါ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းခြင်းအား အာရုံစိုက်ကြပြီး အသင်းတော် အလုပ်ကို ကောင်းစွာလုပ်ဆောင်ခြင်းအား အာရုံစိုက်ကြသည်။ ၎င်းတို့သည် အသင်းတော်အလုပ်နှင့် ပတ်သက်မှု မရှိသည့်အရာများကို အာရုံမစိုက်ကြပေ။ အသင်းတော်တွင် မည်သူက မိမိ၏တာဝန်ကို ရိုးသားစွာ ထမ်းဆောင်နေသည်၊ မည်သူက မိမိ၏တာဝန်တွင် ထိရောက်မှုရှိသည်၊ မည်သူက သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်သည်ဆိုသည်နှင့် မည်သူသည် မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိသည်ဟူသည်တို့အား မေးမြန်းခြင်းကိုသာ ၎င်းတို့ အာရုံစိုက်ကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုသူတို့ကို ရာထူးတိုးပေးပြီး နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်ဖြစ်စေသောလူများကို စုံစမ်းစစ်ဆေးကာ ထိုသူတို့ကို စည်းမျဉ်းနှင့်အညီ ကိုင်တွယ်ဖြေရှင်းကြသည်။ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်သူများသာလျှင် စစ်မှန်သော ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ကြသည်။ အန္တိခရစ်များသည် ဤအရာများကို လုပ်ဆောင်ကြသလော။ (မလုပ်ဆောင်ကြပါ။) ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် လိုချင်ဖွယ်ဖြစ်သောအရာများကို ရယူရန်နှင့် မိမိတို့၏ ကိုယ်ကျိုးစီးပွားအတွက် အမှုအရာများကို လုပ်ဆောင်ကြပြီး ပြင်ဆင်မှုများ ပြုလုပ်ကြသော်လည်း အသင်းတော်၏အလုပ်ကို အားစိုက် မလုပ်ဆောင်ကြသကဲ့သို့ အလေးမထားကြပေ။ ထို့ကြောင့် ၎င်းတို့သည် တစ်နေရာရာတွင် ၎င်းတို့၏ ခြေကုပ်ကို ရရှိပြီးနောက်တွင် မည်သည့်ညီအစ်ကိုမောင်နှမများက ၎င်းတို့အတွက် မည်သည့်အစေခံမှုကို ပေးနိုင်သည်ကို အတော်အတန် သိရှိသွားကြသည်။ ဥပမာအနေဖြင့် ဆေးဝါးစက်ရုံတွင် အလုပ်လုပ်သည့် မည်သူမဆိုသည် ၎င်းတို့ မကျန်းမာသည့်အခါ အခမဲ့ဆေးဝါးများကို ပေးနိုင်ပြီး ပြည်ပမှ တင်သွင်းသော အရည်အသွေးမြင့်သည့် ဆေးဝါးများကို ပေးနိုင်သည်။ ဘဏ်တွင် အလုပ်လုပ်သည့် မည်သူမဆိုက ၎င်းတို့အတွက် ငွေသွင်းငွေထုတ်များ လုပ်ဆောင်ရာတွင် အဆင်ပြေစေနိုင်သည် စသည်တို့ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို အလွန်ရှင်းလင်းစွာ စုံစမ်းသိရှိသွားကြသည်။ ၎င်းတို့သည် ဤလူများ၏ လူ့သဘာဝက ကောင်းသည်၊ မကောင်းသည်ကို အလေးမထားဘဲ မိမိတို့၏ရှေ့တွင် ဤလူများကို စုစည်းကြသည်။ ဤလူများက ၎င်းတို့နောက်လိုက်ကာ ၎င်းတို့၏အကူများနှင့် လက်ထောက်များ ဖြစ်ရန် လိုလားနေသရွေ့ အန္တိခရစ်များက ၎င်းတို့ကို လိုချင်ဖွယ်သောအရာများ ပေးလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို နီးကပ်စွာထားကာ ပြုစုပျိုးထောင်ကာ ကာကွယ်ပေးကြလိမ့်မည် ဖြစ်ပြီး တစ်ချိန်တည်းတွင် ဤလူများသည် အသင်းတော်၌ ဤအန္တိခရစ်များ၏ ရာထူးကို ခိုင်မာစေရန်နှင့် ဤအန္တိခရစ်များ၏ အင်အားစုများကို ထိန်းသိမ်းရန် အလုပ်လုပ်ကြလေသည်။ ထို့ကြောင့် အသင်းတော် ခေါင်းဆောင်တစ်ဦးက စစ်မှန်သည့် အလုပ် လုပ်နေခြင်းရှိမရှိကို သင် သိလိုသည့်အခါ ထိုအသင်းတော်ရှိ ညီအစ်ကို မောင်နှမများ၏ စစ်မှန်သော အခြေအနေအကြောင်းနှင့် အသင်းတော်အလုပ် မည်သို့ရှိသည်ကို ၎င်းတို့အား မေးမြန်းလော့။ ပြီးလျှင် ၎င်းတို့က စစ်မှန်သည့် အလုပ်ကို လုပ်ဆောင်သူတစ်ဦး အမှန်တကယ် ဟုတ်မဟုတ်ဟူသည်ကို ရှင်းလင်းစွာ သင် မြင်နိုင်လိမ့်မည်။ လူအချို့သည် အသင်းတော်ရှိ ညီအစ်ကို မောင်နှမများ၏ မိသားစု ကိစ္စများနှင့် အသက်ရှင်နေထိုင်မှု အခြေအနေများကို ရှင်းလင်းစွာ သိရန် တစေ့တစောင်း အကဲဖြတ်ကြသည်။ ၎င်းတို့အား မည်သူက ဆေးဝါးစက်ရုံတွင် အလုပ်လုပ်သည်၊ မည်သူ၏ မိသားစုက စတိုးဆိုင်တစ်ဆိုင် ပိုင်သည်၊ မည်သူ၏ မိသားစုက ကားတစ်စီးရှိသည်၊ မည်သူ၏ မိသားစုက စီးပွားရေးလုပ်ငန်းကြီးတစ်ခု လုပ်နေသည် သို့မဟုတ် မည်သူက မည်သည့်ဒေသဆိုင်ရာဌာနတွင်မဆို အလုပ်လုပ်ပြီး ညီအစ်ကိုမောင်နှမများအတွက် အမှုအရာများကို လုပ်ဆောင်ပေးနိုင်သည် ဟူသည်တို့ကို သင် မေးလျှင် ၎င်းတို့က တိကျစွာ ပြောပြနိုင်ကြသည်။ မည်သူက သမ္မာတရား လိုက်စားသည်၊ မည်သူက မိမိတာဝန်တွင် ဝတ်ကျေတမ်းကျေဖြစ်သည်၊ မည်သူက အန္တိခရစ်ဖြစ်သည်၊ မည်သူက လူတို့ကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားသည်၊ မည်သူက ဧဝံဂေလိ ဝေမျှရာတွင် ထိရောက်သည် သို့မဟုတ် ဒေသတွင်းတွင် ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသည့်သူ မည်မျှရှိသည်ဟူသည်တို့ကိုမူ ၎င်းတို့က ဤအရာများကို မသိကြပေ။ ဤလူများသည် မည်သည့် လူစားမျိုး ဖြစ်ကြသနည်း။ ၎င်းတို့သည် မိမိတို့ရှိရာနေရာ၌ လူမှုဆက်နွှယ်မှုအားလုံးကို အသုံးပြုလိုကြပြီး လူမှုအသိုင်းအဝိုင်းငယ်တစ်ခု ဖြစ်လာစေရန် ယင်းတို့ကို ပေါင်းစည်းလိုကြသည်။ ထို့ကြောင့် ဤခေါင်းဆောင်များ ရှိရာနေရာကို အသင်းတော်တစ်ပါးဟု ခေါ်ဆို၍မရနိုင်ပေ။ ထိုအရာကို ၎င်းတို့ လုပ်ဆောင်ပြီးသည့်နောက်တွင် လှုမှုရေးအဖွဲ့တစ်ခု ဖြစ်လာပြီဖြစ်သည်။ ဤလူများ အတူတကွ စုဝေးသည့်အခါ ၎င်းတို့သည် မိမိတို့၏ နှလုံးများကို ဖွင့်ဟကာ အချင်းချင်း၏ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုကို မိတ်သဟာယပြုခြင်း မရှိကြပေ။ ထိုအစား မည်သူတွင် ပိုမိုအားကောင်းသော အဆက်အသွယ်များရှိသည်၊ မည်သူက လူမှုအဖွဲ့အစည်းတွင် မြင့်မားသည့် အဆင့်အတန်းရှိပြီး အလွန်ဖြစ်မြောက်အောင်မြင်သည်၊ မည်သူသည် လူမှုအဖွဲ့အစည်းတွင် လူသိများသည်၊ မည်သူက လူ့အဖွဲ့အစည်းတွင် ဩဇာလွှမ်းမိုးမှုရှိပြီး မည်သူက ခေါင်းဆောင်အတွက် အထူးအဆင်ပြေသော ဝန်ဆောင်မှုများနှင့် လိုချင်ဖွယ်ဖြစ်သော အရာများအား ပေးနိုင်သည်ဟူသည်တို့ကို ကြည့်ကြသည်။ ဤလူများက မည်သူများ ဖြစ်သည်ဖြစ်စေ ၎င်းတို့သည် ခေါင်းဆောင်၏ စိတ်နှလုံးတွင် အဆင့်အတန်း ရှိကြသည်။ ဤသည်မှာ အန္တိခရစ်များက လုပ်ဆောင်သည့်အရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်များ လုပ်ဆောင်နေကြသည့်အရာမှာ မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့သည် အသင်းတော်ကို တည်ဆောက်နေခြင်း ဖြစ်သလော။ ၎င်းတို့သည် အသင်းတော်ကို ဖြိုချကာ ဖျက်ဆီးနေကြခြင်းဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် လွတ်လပ်သော နိုင်ငံတော်၊ မိမိတို့ကိုယ်ပိုင် သီးသန့်အဖွဲ့နှင့် အုပ်စုကို ဖန်တီးနေကြခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ လုပ်ဆောင်သည့်အရာ ဖြစ်သည်။
ငါသည် နှစ်ပေါင်းများစွာ သင်တို့နှင့် အဆက်အသွယ် ရှိပြီးဖြစ်သော်လည်း သင်တို့၏ မိသားစုများက မည်သည့်အရာ လုပ်ဆောင်သည်၊ သင်တို့၏ မိသားစုများက မည်မျှ ချမ်းသာသည်ဆိုသည်နှင့် သင်တို့၏ နောက်ခံများက မည်သည့်အရာ ဖြစ်သည်ဟူသည်တို့အကြောင်းကို ငါ မေးမြန်းသလော။ (မမေးမြန်းပါ။) ဤအရာများကို ငါ အဘယ်ကြောင့် မမေးသနည်း။ ထိုအရာများကို မေးမြန်းရာတွင် အဓိပ္ပာယ်မရှိပေ။ ဘုရားအိမ်တော်သည် လူ့အဖွဲ့အစည်း မဟုတ်။ သင့်အနေဖြင့် အခြားသူများကို ကပ်ပါးရပ်ပါးလုပ်ရန် သို့မဟုတ် အခြားသူများနှင့် အဆက်အသွယ်များရအောင် မျက်နှာလိုမျက်နှာရလုပ်ရန် မလိုအပ်ပေ။ ဤအရာများအကြောင်းကို မေးမြန်းခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် လုံးဝ ဆက်နွှယ်မှုမရှိပေ။ ဘုရားအိမ်တော်ကို လူ့အဖွဲ့အစည်းအဖြစ်သို့ မပြောင်းလဲနှင့်။ သင်၏ မိသားစု နောက်ခံက မည်သည့်အရာဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ မည်သည့် ပတ်ဝန်းကျင်တွင် သင် အသက်ရှင်နေထိုင်သည်ဖြစ်စေ၊ ထိုအရာက မြို့ကြီးတစ်ခုတွင်ဖြစ်စေ၊ ကျေးလက်တောနယ် ဒေသတစ်ခုတွင်ဖြစ်စေ အရေးမကြီးပေ။ သင်သည် သမ္မာတရားကို မလိုက်စားလျှင် လူ့အဖွဲ့အစည်း၌ မည်မျှ မြင့်မားသည့် အဆင့်အတန်းတစ်ခု သင် ရှိနေကျဖြစ်စေ အရေးမကြီးပေ။ ယင်းကို ငါ ကြည့်လိမ့်မည် မဟုတ်။ လူတို့နှင့် ငါ စကားစမြည်ပြောသည့်အခါ ၎င်းတို့၏ မိသားစု အခြေအနေအကြောင်းကို ငါ လုံးဝ မမေးမြန်းလေပြီ။ ထိုအကြောင်းကို ၎င်းတို့က ပြောရန် လိုလားလျှင် ငါ နားထောင်သော်လည်း လူတို့ကို အသုံးချဖို့အတွက် သတင်းအချက်အလက် တစ်မျိုးမျိုးကို ရယူဖို့ ကြိုးစားရန်မဆိုထားနှင့်၊ ဤအရာများကို ငါ မေးကိုမေးရမည့် အရေးကြီးသော သတင်းအချက်အလက်အဖြစ် ငါ လုံးဝ သဘောမထားပေ။ သို့သော် အန္တိခရစ်များက ဤအရာများအကြောင်းကို မေးမြန်းသည့်အခါ ၎င်းတို့က စကားစမြည်ပြောဆိုရန်သက်သက်အတွက် ထိုအရာကို လုပ်ဆောင်နေခြင်း သေချာပေါက် မဟုတ်ပေ။ ထို့ထက် ၎င်းတို့သည် လိုချင်ဖွယ်သော အရာအချို့ကို ရယူရန် ထိုအရာကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ဥပမာအနေဖြင့် မည်သူမဆို၏ မိသားစုက ကျန်းမာရေးထုတ်ကုန်များ ရောင်းချသည့် ဆိုင်တစ်ဆိုင်ပိုင်ဆိုင်ပြီး ၎င်းတို့အား ကျန်းမာရေးထုတ်ကုန်များကို လက်ကားဈေးနှုန်းဖြင့် ဝယ်ယူခွင့်ပေးနိုင်လျှင် ၎င်းတို့သည် ထိုမိသားစုကို ကပ်ပါးရပ်ပါး လုပ်လာကြသည်။ သို့မဟုတ် ကောင်းမွန်သောပစ္စည်းများကို ၎င်းတို့အား ကူညီဝယ်ယူပေးနိုင်သည့် မိတ်ဆွေတစ်ဦးရှိသည့် မည်သူမဆိုကို ၎င်းတို့က မှတ်မိကြလိမ့်မည်။ ၎င်းတို့သည် ဤ “အဆက်အသွယ်များ” နှင့် အထူးပါရမီရှင်များဟု ၎င်းတို့ တွေးထင်သည့် လူများ၏ စာရင်းကို စနစ်တကျ ထိန်းသိမ်းထားပြီး အရေးကြီးသော အချိန်များတွင် အသုံးပြုကြသည်။ ဤလူများအားလုံးသည် ပါရမီရှိကြပြီး ၎င်းတို့အတွက် အလွန် အသုံးဝင်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) သမ္မာတရားကို မလိုက်စားသကဲ့သို့ လောကီနှင့်လည်းကောင်း၊ စာတန်နှင့်လည်းကောင်း သက်ဆိုင်သည့် လူများသည် ဤအရာများကို အသက်နှင့် သမ္မာတရားထက် ပိုမိုအရေးကြီးသည်ဟု မြင်ကြသည်။ လူတစ်ဦးဦးသည် လူ့အဖွဲ့အစည်းတွင် သာမန် အလုပ်သမားတစ်ဦးဖြစ်နေကျဖြစ်လျှင် ဤအရာကို ခေါင်းဆောင်တစ်ဦးက ကြားသည်နှင့်တစ်ပြိုင်နက် ထိုသူသည် မိမိ၏ ယုံကြည်ခြင်းတွင် မည်မျှ လိုက်စားသည်ဖြစ်စေ ၎င်းက ထိုသူကို မည်သည့်အာရုံမျှ မစိုက်ချင်သော်လည်း တစ်စုံတစ်ဦးက အထူးလုံခြုံရေးအဖွဲ့ဝင်ဖြစ်ပြီး သူ၏ မိသားစုက ချမ်းသာကြောင်း၊ သာလွန်သော ဘဝနေထိုင်မှုပုံစံတစ်ခုရှိကာ ထိပ်ဆုံးတွင် ဘဝကို အသက်ရှင်နေထိုင်သည်ကို မြင်ပြီး ၎င်းက ထိုသူကို ဖော်လံဖားလျှင် ဤသည်မှာ ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။) သင်တို့သည် ဤဆက်ဆံမှုမျိုးကို ခံရဖူးသလော။ ဤဆက်ဆံမှုမျိုးကို ခံရပြီးနောက်တွင် သင်တို့သည် စိတ်ထဲ၌ မည်သည့်အရာကို စဉ်းစားကြသနည်း။ ဘုရားအိမ်တော်၌ ချစ်ခြင်းမေတ္တာ သို့မဟုတ် နွေးထွေးမှုမရှိဟု သင်တို့ ခံစားရသလော။ အန္တိခရစ်များသည် ဘုရားအိမ်တော်ကို ကိုယ်စားပြုသလော။ ဘုရားအိမ်တော်ကို ၎င်းတို့ ကိုယ်စားမပြုကြပေ။ စာတန်ကို ကိုယ်စားပြုကြ၏။ ၎င်းတို့ ပြုမူဆောင်ရွက်ကာ ကျင့်ကြံပြုမူပုံနှင့် ၎င်းတို့၏ အနှစ်သာရသည် စာတန်နှင့် သက်ဆိုင်သည်ချည်းသာ ဖြစ်ပြီး သမ္မာတရားနှင့် လုံးဝ ပတ်သက်ခြင်းမရှိပေ။ ၎င်းတို့က မိမိတို့ကိုယ်ကိုယ်သာ ကိုယ်စားပြုကြသည်။ ဤ “အဆက်အသွယ်များ”ကို လက်ဝယ်ရရှိပြီးပြီး ယင်းတို့ကို ဆက်သွယ်ပြီးနောက်တွင် ၎င်းတို့အတွက် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို ကိုင်တွယ်ခိုင်းဖို့ သို့မဟုတ် ၎င်းတို့ မိသားစုဝင်များအတွက်ပင် အလုပ်ကို စီစဉ်ခိုင်းဖို့အတွက် ဤအဆက်အသွယ်များကို အသုံးပြုကြသည့် အန္တိခရစ်အချို့လည်း ရှိသည်။ ငါ့ကိုပြောလော့၊ ဤအရာမျိုး ဖြစ်ပျက်တတ်သလော။ (ဖြစ်ပျက်ပါသည်။) အန္တိခရစ်များအားလုံးသည် ဤအရာများကို အလွန် လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ အသိစိတ်မရှိသည့်လူ၊ အရှက်မရှိသည့်လူနှင့် တစ်ကိုယ်ကောင်းဆန်ပြီး အဆုံးစွန် ယုတ်ညံ့သည့် လူတစ်ဦးက မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိသည်။ ၎င်းတို့သည် သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် ကိုယ်ကျင့်တရား အပြုအမူ၊ လူတစ်ဦး၏ အသိစိတ်နှင့် လုံးဝ ဆန့်ကျင်ကွဲလွဲသည့် မည်သည့်အရာမျိုးကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ထို့ကြောင့် အန္တိခရစ်များ၏ အမြင်တွင် ၎င်းတို့၏ အတွင်းရေးကိစ္စများကို ကိုင်တွယ်ရန်၊ အကျိုးအမြတ်များကို ရယူရန် ၎င်းတို့၏ ရာထူးကို အသုံးပြုခြင်းနှင့် ထိုသို့သော အရာမျိုးသည် လောကတွင် ပုံမှန်အဖြစ်ဆုံးသော အရာဖြစ်ပြီး ထိုအရာကို ယင်းတို့ကို ထုတ်ဖော်ပြောဆိုခြင်း၊ ဝေဖန်ပိုင်းခြားခြင်း သို့မဟုတ် နားလည်သဘောပေါက်ခြင်း မပြုသင့်ပေ။ ထိုအရာသည် မယုံကြည်သူများက “အစားအစာနှင့် အဝတ်အထည်တို့အတွက် ရာထူးရရှိရန် ခက်ခဲပင်ပန်းစွာ ကြိုးစားအားထုတ်ပါ”ဟု ပြောသည့် ပုံစံကဲ့သို့ပင်ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းအားဖြင့် အန္တိခရစ်များ လိုက်စားသည့် ရည်မှန်းချက်ပန်းတိုင်လည်း ဖြစ်သည်။ ၎င်းတို့၏ လိုက်စားမှုကဲ့သို့ပင် ထိုအရာသာ ကျိုးကြောင်းသင့်သည့်အလား ညီအစ်ကိုမောင်နှမများအား အမှုအရာများကို ခြိမ်းခြောက်လုပ်ဆောင်ခိုင်းဖို့ မိမိတို့ပိုင်ဆိုင်သည့် အာဏာကို အသုံးပြုပြီး ၎င်းတို့၏ ရာထူးကို အသုံးပြုရင်းနှင့် စည်းမျဉ်းများနှင့် ကိုက်ညီခြင်းမရှိသည့် အလေ့အထများနှင့် တောင်းဆိုချက်များကို ညီအစ်ကိုမောင်နှမများထံ တင်ပြလျက် မိမိတို့ကိုယ်ကို အပြစ်တင်စိတ် တစ်စက်မျှမရှိဘဲ ဤဦးတည်ချက်ဖြင့် ကြိုးစားအားထုတ်လျက် ရှိကြသည်။ ချင့်ချိန်နိုင်စွမ်းကင်းမဲ့သည့် နားဝေတိမ်တောင်ဖြစ်သော လူအချို့သည် မိမိတို့ အလိုဆန္ဒမပါဘဲ ဤခေါင်းဆောင်များ၏ အသုံးချခြင်းနှင့် ဩဇာပေးခြင်းခံကြရပြီး ထိုခေါင်းဆောင်များအတွက် အမှုအရာများကို လုပ်ဆောင်ပေးဖို့ မိမိတို့ကိုယ်ပိုင် ငွေကို အသုံးပြုကြသော်လည်း မည်သည့်အရာမျှ မပြောနိုင်ကြသကဲ့သို့ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့က မိမိတို့၏တာဝန်ကို ထမ်းဆောင်ကာ ကောင်းမှုများကို ပြင်ဆင်နေခြင်းဖြစ်သည်ဟု တွေးထင်ကြသည့် လူအချို့ပင် ရှိနိုင်သည်။ သင့်ကို ငါ ပြောမည်။ စင်စစ်အားဖြင့် သင်သည် မှားယွင်း၏။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် သင်သည် ကောင်းမှုများကို ပြင်ဆင်နေခြင်း မဟုတ်။ ထို့ထက် သင်သည် မကောင်းသည့် လူတစ်ဦးကို မကောင်းသည့် အရာများကို လုပ်ဆောင်ရာတွင် အကူအညီ ပေးနေခြင်းဖြစ်ပြီး ဆိုးယုတ်သော လူတစ်ဦး၏ တတ်စွမ်းနိုင်ခြင်းကို တိုးပွားစေခြင်းဖြစ်သည်။ ဤအရာကို ငါ အဘယ်ကြောင့် ပြောသနည်း။ ဤအရာများကို သင် လုပ်ဆောင်သည့်အခါ စည်းမျဉ်များနှင့် မကိုက်ညီပေ။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း မဟုတ်ပေ။ သင်သည် အန္တိခရစ်တစ်ဦးအား ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်များအတွက် ကူညီကြံစည်ပေးနေခြင်း ဖြစ်ပြီး ၎င်းတို့အတွက် အတွင်းရေး ကိစ္စများကို ကူညီကိုင်တွယ်ပေးနေခြင်း ဖြစ်သည်။ ဤသည်မှာ သင်၏ တာဝန် မဟုတ်။ သင်၏ ဝတ္တရား မဟုတ်။ သင့်ကို ဘုရားသခင် ပေးခဲ့သည့် တာဝန်ပေးစေခိုင်းချက် မဟုတ်သကဲ့သို့ ဘုရားအိမ်တော်၏ အလုပ်လည်း မဟုတ်ပေ။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် သင်သည် စာတန်ကို ဂရုတစိုက်ကူညီနေခြင်းနှင့် စာတန်အတွက် အလုပ်လုပ်နေခြင်း ဖြစ်သည်။ စာတန်အတွက် အလုပ်လုပ်ပေးခြင်းအတွက် ဘုရားသခင်က သင့်ကို အောက်မေ့သတိရလိမ့်မည်လော။ (သတိရလိမ့်မည် မဟုတ်ပါ။) ထိုသို့ဆိုလျှင် ဘုရားသခင်က မည်သည့်အရာကို အောက်မေ့သတိရလိမ့်မည်နည်း။ ကျမ်းစာတွင် စကားရပ်တစ်ခုရှိ၏။ သခင်ယေရှု ပြောခဲ့သည်မှာ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီ။” (ရှင်မဿဲခရစ်ဝင် ၂၅:၄၀) ဤသည်မှာ ဘုရားသခင်က ချမှတ်ခဲ့သည့်အရာ ဖြစ်သည်။ ဤစကားများသည် မည်သည့်အရာကို ဆိုလိုသနည်း။ အကယ်၍ သင်တို့သည် ညီအစ်ကို မောင်နှမများအနက် အနိမ့်ကျဆုံးသော သူတို့အတွက် တစ်စုံတစ်ရာ လုပ်ဆောင်ပေးနိုင်လျှင် ထိုအရာသည် မုချဧကန် စည်းမျဉ်းများနှင့်အညီလည်းကောင်း၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီလည်းကောင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ လူတစ်ဦး၏ အဆင့်အတန်းက မည်မျှမြင့်မားသည်ဟူသည်ကို သင် ကြည့်ရမည့်အစား စည်းမျဉ်းနှင့်အညီ သင် လုပ်ဆောင်ပေသည်။ လူအချို့သည် အဆင့်အတန်းရှိသူများအတွက်သာ အမှုအရာများကို လုပ်ဆောင်ကြသည်၊ အားထုတ်ပြီး အလုပ်လုပ်ကာ စိတ်ထက်သန်စွာ ထောက်ပံ့ကြသော်လည်း အဆင့်အတန်းမရှိသည့် လူတစ်ဦးက တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ ၎င်းတို့ကို တောင်းဆိုလျှင် ထိုအရာက ၎င်းတို့ လုပ်ဆောင်သင့်သည့် တာဝန် သို့မဟုတ် ဝတ္တရားဖြစ်လျှင်ပင် ၎င်းတို့က အလေးဂရုမပြုကြပေ။ သို့ဆိုလျှင် ၎င်းတို့ လုပ်ဆော်သည့်အရာများကို မည်သို့အနက်အဓိပ္ပာယ် ဖွင့်ဆိုသနည်း။ ဘုရားသခင်၏ ရပ်တည်ချက်မှကြည့်လျှင် ဤအရာများကို စာတန်အတွက် အလုပ်လုပ်ပေးခြင်းအဖြစ် သတ်မှတ်ပြီး သူက ဤအရာများကို လုံးဝ အောက်မေ့သတိရလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဆဋ္ဌမမြောက် အကြောင်းအရာ ဖြစ်သည်။ သင်တို့ထဲမှ တစ်ဦးတလေက ဤကဲ့သို့သော အခြေအနေများကို မြင်ပြီးကြပြီလော။ (ဘုရားသခင်၊ ကျွန်ုပ် အခြေအနေတစ်ခုကို မြင်ခဲ့ပါသည်။ ယခင်က၊ ကျွန်ုပ်တို့ ရှိသည့်နေရာတွင် ခေါင်းဆောင်ဖြစ်ခဲ့သည့် အန္တိခရစ်တစ်ဦး ရှိသည်။ သူမသည် ညီအစ်ကို မောင်နှမများက လှူဒါန်းထားသည့် အစားအစာကောင်း၊ အသုံးဝင်သည့် ပစ္စည်းများ၊ မိတ်ကပ်နှင့် အခြားအရာများကို မိမိအတွက် သိမ်းထားရန် သူမ၏ ရာထူးကို အသုံးပြုခဲ့သည်။ အချို့သော အရာများက သက်တမ်းကုန်ပြီးသား ဖြစ်သော်လည်း သူမက ညီအစ်ကို မောင်နှမများကို မပေးဘဲနေခဲ့သေးသည်။ သူမသည် ဤအရာများအားလုံးကို အလွဲသုံးစား လုပ်ခဲ့သည်။ ထို့အပြင် သူမသည် ငှက်မွေး ကုတ်အင်္ကျီတစ်ထည်ကို ဝယ်ယူခဲ့သော်လည်း နောက်ပိုင်းတွင် အခြားညီမတစ်ဦးက ဈေးသိပ်မကြီးဘဲ အရည်အသွေးကောင်းမွန်သော ငှက်မွေးကုတ်အင်္ကျီတစ်ထည်အား ဝယ်ယူထားသည်ကို မြင်တွေ့ရသောအခါ သူမသည် အကြောင်းအရာမျိုးစုံကို စဉ်းစားအကြံထုတ်ကာ ထိုညီအစ်မ၏ ကုတ်အင်္ကျီကို လိမ်လည်ယူငင်ပြီး ထိုညီအစ်မခမျာ ကိုယ့်အတွက် ကုတ်အင်္ကျီကို ထပ်ဝယ်ယူရသဖြင့် ငွေကြေးပိုမိုကုန်ကျသွားလေသည်။) အန္တိခရစ်တိုင်းက ဆိုးယုတ်သည့် လူတစ်ဦးဖြစ်ကာ ၎င်းတို့တွင် လူ့သဘာဝ မရှိ၊ အသိစိတ်မရှိသကဲ့သို့ ၎င်းတို့၏ စရိုက်လက္ခဏာသည် အထူးသဖြင့် ဆိုးယုတ်သည်ဟု ပြော၍ ရနိုင်ပေသည်။ ဤလူများသည် နောက်ဆုံးတွင် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမည်ဖြစ်သည်။
ယခင်က မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် နိုင်ငံခြားသို့ ရောက်ရှိလာသော မိသားစုဝင်သုံးဦးပါသည့် မိသားစုတစ်စုရှိခဲ့သည်။ ရောက်ရှိပြီးနောက်တွင် ၎င်းတို့သည် ပစ္စည်းများဝယ်ယူဖို့ ညီအစ်ကိုမောင်နှမများကို နေ့စဉ် အပြင်လိုက်ပို့ခိုင်းလေသည်။ ၎င်းတို့ထဲမှအချို့က ငှက်မွေး ကုတ်အင်္ကျီများ လိုချင်ကြသည်၊ အချို့က ဘောင်းဘီများ လိုချင်ကြပြီး အခြားသူတို့က ဖိနပ်များ လိုချင်ခဲ့ကြသည်။ ၎င်းတို့က ထိုမျှများပြားသောငွေများ ယူမလာခဲ့ကြကြောင်း ပြောဆိုလျက် ဆင်ခြေများ ပေးခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ထိုမျှများပြားသော ငွေကို ယူမလာခဲ့ကြလျှင် ပစ္စည်းများကို ဝယ်မနေခဲ့သင့်ကြပေ။ သို့သော် ၎င်းတို့က ဝယ်ချင်နေကြဆဲဖြစ်ပြီး သာမန်ပစ္စည်းများကို မလိုချင်ကြဘဲ ဆန်းပြားသောပစ္စည်းများကိုသာ လိုချင်ခဲ့ကြသည်။ ထိုပစ္စည်းများအတွက် ညီအစ်ကို မောင်နှမများက မိမိတို့ကိုယ်ပိုင် ငွေဖြင့် ပေးချေခဲ့ကြရသည်။ ထိုမိသားစုသည် အချိန်ကာလတစ်ခုကြာ မိမိတို့တာဝန်ကို ထမ်းဆောင်ခဲ့ကြစဉ်တွင် လူတို့သည် ၎င်းတို့၏ အပြုအမူကို သဘောမကျ ဖြစ်လာခဲ့ကြသည်။ ၎င်းတို့စားသောအစားအစာ၊ ၎င်းတို့ နေထိုင်သည့် နေရာများနှင့် အသုံးပြုသော ပစ္စည်းများသည် ခမ်းနားထည်ဝါလွန်းသည်ချည်းသာ ဖြစ်သည်။ ထိုမိသားစုထဲမှ ဖခင်ဖြစ်သူသည် ညီအစ်ကိုမောင်နှမများကို နွားနို့ပင်ဝယ်ခိုင်းခဲ့ပြီး ရေငတ်သည့်အခါတွင် နွားနို့ကို ရေကဲ့သို့ သောက်လေသည်။ ဤကမ္ဘာပေါ်တွင် နွားနို့ကို ရေကဲ့သို့ သောက်သုံးနိုင်သူ မည်မျှရှိသနည်း။ ၎င်းတို့သည် မည်သည့်အဆင့်အတန်းရှိသောလူများ ဖြစ်ရော့မည်နည်း။ နောက်ပိုင်းတွင် သူက ညီအစ်ကိုမောင်နှမများကို ပျားလိမ္မော်နှင့် လိမ္မော်သီးများ ဝယ်ခိုင်းခဲ့သည်။ ၎င်းတို့က အိတ်ကြီးတစ်အိတ်စာ ဝယ်ပေးခဲ့ကြရာတွင် ထိုမိသားစုက နှစ်ရက်အတွင်း အကုန်စားလိုက်ကြသည်။ ဤအရာပြီးသည့်နောက်တွင် သူက ၎င်းတို့အတွက် ဖြည့်စွက်ဗီတာမင်ဓာတ်အချို့ လိုချင်သည်ဟု ပြောသည်။ ထို့ကြောင့် သူသည် “ဘုရားအတွက် ချယ်ရီသီးများကို သင်တို့ ဝယ်ပေးရမည်” ဟု ပြောရင်း ငါ့ကိုပင် အကြောင်းပြချက်အဖြစ် အသုံးပြုလျက် ညီအစ်ကိုမောင်နှမများကို ချယ်ရီသီးအချို့ ဝယ်ခိုင်းခဲ့သည်။ ငါက “ယခုက ဆောင်းရာသီဖြစ်သည်။ ချယ်ရီသီးစားရမည့် ရာသီမဟုတ်ပါ။ ငါ စားမည်မဟုတ်၊ ငါ့အတွက် မဝယ်ပါနှင့်”ဟု ပြောခဲ့သည်။ သူက “ကျွန်ုပ်တို့ ဝယ်ကိုဝယ်မှဖြစ်မည်” ဟု ပြောခဲ့သည်။ ညီအစ်ကိုမောင်နှမများက ချယ်ရီသီးတစ်ဘူး ဝယ်လာသောအခါ သူ့မိသားစုက ချက်ချင်းပင် အပြောင်ရှင်းလိုက်ကြသည်။ ငါသည် ထိုကဲ့သို့ စားနိုင်သူတစ်ဦးကို မည်သည့်အခါမျှ မမြင်ဖူးခဲ့ပေ။ ၎င်းတို့သည် သစ်သီးများကို ထမင်းကဲ့သို့ စားကြပြီး နို့ကို ရေကဲ့သို့ သောက်ကြသည်။ ထို့နောက် ထမင်းစားချိန်ရောက်သောအခါ ၎င်းတို့က ငါးဟင်းကို တွေ့သည်နှင့် အာသာငမ်းငမ်း စားကြသည်။ ၎င်းတို့စားသောက်ပုံကို သင်တို့ စက်ဆုပ်ရွံရှာကြမည်ဖြစ်သည်။ ၎င်းတို့သည် ယခင်က ကောင်းမွန်သည့်အရာ တစ်ခုမျှ မစားဖူးသော ငတ်မွတ်နေသည့် သရဲတစ္ဆေများနှင့် တူပေသည်။ ၎င်းတို့က ကောင်းသည့်အရာများကို ရသည့် ဤအခွင့်အရေးကို ကောင်းကောင်း အသုံးချသင့်သည်ဟု ထင်မြင်ခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့က တဝတပြဲစားဖို့ အားတက်သရော အလုအယက်ကြိုးပမ်းကြလေသည်။ နောက်ဆုံးတွင် ကလေးငယ်သည် အလွန်အကျွံစားမိပြီး တစ်စုံတစ်ရာ ပြဿနာဖြစ်သွားခဲ့သည်။ ဤသို့ဖြစ်ပြီးနောက်တွင် ထိုကလေးက ယုတ္တိမကျသော စကားတစ်ခွန်းကို ပြောခဲ့သည်။ “ကျွန်ုပ်သည် ထိုငါးဟင်းကို ဘုရား၏နေရာတွင် မစားခဲ့လျှင် ကျွန်ုပ် နေမကောင်းဖြစ်ခဲ့မည် မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ ထိုငါးဟင်းကို သူစားနေခဲ့ချိန်တွင် ငါသည် ထိုနေရာတွင်ပင် မရှိသကဲ့သို့ ထိုအကြောင်းကို ငါဘာမျှ မသိခဲ့ပေ။ သူက သူ့သဘောဖြင့် စားခဲ့ခြင်းဖြစ်သည်။ သူသည် ငါ့ကို အဘယ်သို့များ အပြစ်တင်နိုင်သနည်း။ သို့သော် သူသည် ငါ့ကို တကယ်ကို အပြစ်တင်ခဲ့သည်။ ဤကဲ့သို့သောလူများကို မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ (သူတို့ကို ရှင်းလင်းပစ်သင့်သည်။) ၎င်းတို့သည် မည်သည့်အရာများ ဖြစ်ကြသနည်း။ (နတ်ဆိုးများနှင့် စာတန်များဖြစ်သည်။) ၎င်းတို့သည် နတ်ဆိုးများဖြစ်၏။ ထိုအချိန်တွင် ငါက ဒေသခံ အသင်းတော် ခေါင်းဆောင်များကို “သူတို့ကို ရှင်းလင်းပစ်ပြီး ဤနေရာမှ ဝေးနိုင်သမျှဝေးဝေးကို ပို့လိုက်ပါ။ သူတို့၏မျက်နှာများကို ငါ တစ်ဖန် မမြင်လိုတော့ပါ” ဟု ပြောခဲ့သည်။
ငါသည် အသင်းတော်အချို့ထံသို့ သွားရောက်ခဲ့ပြီး ထိတွေ့ဆက်ဆံခဲ့ဖူးသည့် ညီအစ်ကိုမောင်နှမ အရေအတွက်မှာ မနည်းလှပေ။ မကောင်းသည့်အပြင် ဆိုးယုတ်သည့် လူမျိုးစုံကို ငါ မြင်ခဲ့သော်လည်း ပုံမှန်အားဖြင့် ငါ ပေါင်းသင်း၍သည့် လူအရေအတွက်မှာ အတော်ပင် နည်းပါးခဲ့သည်။ လူအများစုနှင့် ဆက်ဆံနိုင်မည့် နည်းလမ်း အမှန်တကယ် မရှိသကဲ့သို့ အသိခေါက်ခက် အဝင်နက်သည့် လူများလည်း အလွန်များပြားလှသည်။ ၎င်းတို့ပြောသမျှအရာတိုင်းတွင် မူမမှန်သည့်၊ မှားယွင်းသော ဆင်ခြင်တွေးခေါ်မှုစနစ်ရှိပြီး ၎င်းတို့သည် မုသားများကို အမှန်ဖြစ်သည့်အလား တင်ပြပြောဆိုကြသည်။ ၎င်းတို့သည် သားရဲတိရစ္ဆာန်များ၊ နတ်ဆိုးများနှင့် စာတန်များသာ ဖြစ်ကြပြီး လူ့သဘာဝ သို့မဟုတ် ဆင်ခြင်တုံတရား တစ်စက်မျှ မရှိကြပေ။ ဤကဲ့သို့သော လူများသည် အသင်းတော်တစ်ခုစီတွင် အနည်းဆုံး သုံးပုံတစ်ပုံခန့် ရှိနေသည်။ ၎င်းတို့ထဲမှ မည်သူမျှ တန်ဖိုးတစ်ခုတလေ မရှိသကဲ့သို့ မည်သူမျှ ကယ်တင်မခံရနိုင်ပေ။ ၎င်းတို့အားလုံး အမြန်ဆုံး ဖယ်ရှားရှင်းလင်းခံရသင့်သည်။ ငါ ထိတွေ့ဆက်ဆံရန် နှစ်သက်သည့် လူများမှာ သမ္မာတရားကို လက်ခံနိုင်သူများ၊ အတော်အတန် ရိုးသားသူများနှင့် ပွင့်လင်းစွာ စကားပြောဆိုနိုင်သူများ ဖြစ်သည်။ ၎င်းတို့အနေဖြင့် မည်သည့်ဖောက်ပြန်ပျက်စီးမှုများကို ထုတ်ဖော်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့တွင် မည်သည့် သွေဖည်မှုများရှိသည်ဖြစ်စေ ၎င်းတို့အနေဖြင့် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုပြီး ထိုသမ္မာတရားကို လက်ခံရန် လိုလားနေသရွေ့ ၎င်းတို့နှင့် ငါ အဆင်ပြေနိုင်သည်။ လှည့်ဖြားတတ်သူများနှင့် အခြားသူများကို အခွင့်အရေးယူရန် နှစ်သက်သူများကိုမူ ငါ အလေးဂရုပြုခြင်း မရှိပေ။ လူအချို့သည် ငါ့မျက်မှောက်တွင်ရှိသည့်အခါ မိမိတို့ကိုယ်ကို အမြဲ ကြွားလုံးထုတ်လိုကြပြီး ငါ့အား ၎င်းတို့အပေါ် အထင်ကြီးစေလိုကြသည်။ ၎င်းတို့သည် ငါ့ကို လှည့်စားရန် ငါ့ရှေ့တွင် တစ်မျိုး၊ ငါ့နောက်ကွယ်တွင် တစ်မျိုး ပြုမူကြသည်။ ဤကဲ့သို့သော လူများသည် နတ်ဆိုးများ ဖြစ်ပြီး ၎င်းတို့ကို ဝေးနိုင်သမျှ ဝေးဝေးသို့ ပို့သင့်သည်။ ငါသည် ၎င်းတို့ကို မည်သည့်အခါတွင်မျှ တစ်ဖန် မမြင်လိုပေ။ လူတို့တွင် အားနည်းချက်များနှင့် ချို့ယွင်းချက်များ ရှိသည့်အခါ ငါသည် ၎င်းတို့ကို ထောက်ပံ့ကာ ပံ့ပိုးပေးနိုင်ပြီး ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည့်အခါ ငါသည် ၎င်းတို့နှင့်အတူ သမ္မာတရားကို မိတ်သဟာယပြုနိုင်သော်လည်း နတ်ဆိုးများနှင့် ငါ ပတ်သက်ခြင်း သို့မဟုတ် နတ်ဆိုးများ ပြောသည့်အရာကို ငါ နားထောင်ခြင်း မရှိပေ။ လူအချို့သည် ယုံကြည်သူအသစ်များဖြစ်ကြပြီး ၎င်းတို့ နားမလည်သည့် သမ္မာတရားအချို့ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် မသိနားမလည်စွာ စကားပြောကာ ပြုမူနိုင်စွမ်းရှိကြသည်။ သမ္မာတရားနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုပေးနိုင်သော်လည်း သမ္မာတရားအချို့ကို သင်တို့ နားလည်ပြီးနောက် ငါ့အပေါ် မတော်တရော် ပြုမူကာ အပြစ်ရှာလျက် တမင်သက်သက် ရုတ်ရုတ်သဲသဲ ဖြစ်စေလျှင် ငါသည် သင့်ကို သည်းခံလိမ့်မည်မဟုတ်။ အဘယ်ကြောင့် ငါ သည်းမခံမည်နည်း။ သင်သည် ကယ်တင်၍ရနိုင်သည့်သူ မဟုတ်သောကြောင့် ငါသည် သင့်ကို အဘယ်ကြောင့် သည်းခံသင့်သနည်း။ တစ်စုံတစ်ဦးကို သည်းညည်းခံခြင်းဆိုသည်မှာ ငါသည် ၎င်းတို့ကို သည်းခံနိုင်ပြီး စိတ်ရှည်နိုင်သည်ဟု ဆိုလိုပေသည်။ ငါသည် မသိနားမလည်သူများနှင့် သာမန်ဖောက်ပြန်ပျက်စီးသောလူကို စိတ်ရှည်နိုင်သော်လည်း ရန်သူများ သို့မဟုတ် နတ်ဆိုးများကို စိတ်မရှည်နိုင်ပေ။ နတ်ဆိုးများနှင့် ရန်သူများသည် သင်တို့အား နားဝင်ချိုသောအရာများ ပြောဟန်ဆောင်ပြီး သင်တို့ကို လာဘ်ထိုးလျှင်၊ လှည့်ဖြားလျှင်၊ သို့မဟုတ် ခဏတာ ပျော်ရွှင်မှုကို ပေးလျှင် ၎င်းတို့ပြောသည့်အရာကို သင်တို့ ယုံကြည်နိုင်သလော။ (မယုံကြည်နိုင်ပါ။) အဘယ်ကြောင့်နည်း။ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်သောကြောင့် သင်တို့သည် ဤအရာကို ရှင်းလင်းစွာ မြင်ပြီးဖြစ်ကာ ဤလူများသည် ထုတ်ဖော်ခံရပြီးသား ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ပြောသည့်အရာတွင် ရိုးသားခြင်းမရှိကြ။ သမ္မာတရားကို ၎င်းတို့ မိတ်သဟာယပြုသည့်အခါ သူတော်ကောင်း ယောင်ဆောင်မှုချည်းသာ ဖြစ်ပြီး ၎င်းတို့ ပြောသည့်အရာက မှန်သည်၊ မှားသည်ဆိုသည်ကို သိမြင်ရန် ခက်ခဲပေသည်။ ဤအရာများကို မှန်ကန်တိကျစွာ သင် မြင်နိုင်လျှင် ၎င်းတို့က နတ်ဆိုးများနှင့် စာတန်များဖြစ်သည်ကို သင် သေချာနိုင်ပေသည်။ ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းအားဖြင့်သာ ပြဿနာက လုံးလုံးလျားလျား ပြေလည်သွားနိုင်သည်။ လူအချို့က “၎င်းတို့ကို အဘယ်ကြောင့် လှည့်သာပြောင်းသာ အခြေအနေတစ်ခု မပေးထားသနည်း”ဟု ပြောကြသည်။ ဤလူများတွင် နောင်တရဖို့ အခွင့်အရေးမရှိပေ။ ၎င်းတို့အတွက် နောင်တရရန်မှာ မဖြစ်နိုင်ပေ။ ၎င်းတို့က စာတန်ကဲ့သို့သာ ဖြစ်သည်။ ဘုရားသခင်က မည်သို့ အနန္တတန်ခိုးရှိပြီး ဉာဏ်ပညာရှိသည်ဖြစ်စေ ၎င်း၏ ရှုထောင့်အမြင်မှကြည့်လျှင် ဤသည်မှာ ဘုရားသခင် ရှိသင့်သည့် အနှစ်သာရ မဟုတ်ပေ။ ဘုရားသခင်ကို ဘုရားအဖြစ် ၎င်းက သဘောမထားသကဲ့သို့ မိမိ၏ ဉာဏ်များသော အကြံအစည်များက ဉာဏ်ပညာဖြစ်ကြောင်း၊ မိမိ၏ သဘာဝအနှစ်သာရက သမ္မာတရား ဖြစ်ကြောင်းနှင့် ဘုရားသခင်သည် သမ္မာတရားမဟုတ်ကြောင်း ၎င်းတို့က တွေးထင်လေသည်။ ဤသည်မှာ စာတန်စစ်စစ်တစ်ဦးဖြစ်ပြီး အဆုံးထိတိုင် ဘုရားသခင်ကို ရန်လိုရန် ကံဇာတာပါပေသည်။ ထို့ကြောင့် ဆိုးယုတ်သောလူများသည် သမ္မာတရားကို မချစ်နိုင်ရန်နှင့် သမ္မာတရားကို မလိုက်စားနိုင်ရန် ကံဇာတာပါကြပြီး ထိုသို့ဖြင့် ဘုရားသခင်က ၎င်းတို့ကို မကယ်တင်ပေ။ ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်ခြင်းနှင့် ဘုရားအိမ်တော်မှ နှင်ထုတ်ခြင်းသည် အမှန်ကန်ဆုံးသော ဆုံးဖြတ်ချက်ဖြစ်ပြီး စိုးစဉ်းမျှ မှားယွင်းခြင်း မရှိပေ။
ယနေ့ ငါ မိတ်သဟာယပြုပြီး စိစစ်ခဲ့သည့် အန္တိခရစ်များသည် ၎င်းတို့ လိုက်စားသည့် ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်ကို လုံးဝ ပြောင်းလဲကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် ဘုရားအိမ်တော်၌ အစားအစာနှင့် သောက်စရာတို့ကို ကလိမ်ကကျစ် ရယူရန် အစွမ်းကုန်အားထုတ်ပြီး ဦးနှောက်ခြောက်ခံ စဉ်းစားလျက် ၎င်းတို့ လိုက်စားသည့် အရာရာတွင် ကိုယ်ကျိုးစီးပွားကို ဦးစားပေးကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို မည်သည့်အခါတွင်မျှ ရိုးသားစစ်မှန်စွာ အသုံးမခံကြလေပြီ။ အစားအစာနှင့် သောက်စရာ၊ အကျိုးစီးပွားနှင့် ကောင်းမွန်သော အကျိုးခံစားခွင့်တို့ကို လိမ်လည်ရယူရန်သာ ၎င်းတို့က အလိုရှိကြသည်။ ၎င်းတို့က ဘုရားသခင်သည် ဤအရာကို မြင်ခြင်းမရှိ၊ ထိုအကြောင်းကို သိခြင်းမရှိသကဲ့သို့ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်ခြင်းမရှိဟု တွေးထင်ကြသောကြောင့် ဤအရာများကို စွဲစွဲမြဲမြဲ လိုက်စားကြသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝ အနှစ်သာရဖြစ်သည့်ပုံစံဖြစ်သည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် သမ္မာတရားကို မချစ်သကဲ့သို့ သမ္မာတရား လိုက်စားသည့် လမ်းကြောင်းကိုလည်း မလျှောက်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် အန္တိခရစ်များအဖြစ် သတ်မှတ်ခံရဖို့ ပျက်စီးကိန်းဆိုက်ကြပေသည်။ ဤသည်တို့မှာ ဘုရားသခင် ဖယ်ရှားရှင်းလင်းသည့် လူစားမျိုးများဖြစ်ပြီး ဘုရားအိမ်တော်က ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက် နှင်ထုတ်သင့်သည့် လူစားမျိုးများ ဖြစ်သည်။ လူတစ်ဦးက အန္တိခရစ်၏ လမ်းကြောင်းပေါ်တွင် ရှိသည်ကို ရှာဖွေတွေ့ရှိခြင်းမှသည် သမ္မာတရားနှင့် မကိုက်ညီသည့် အရာတသီတတန်းကို ၎င်းတို့ လုပ်ဆောင်ခြင်းထိ၊ အန္တိခရစ်များအဖြစ် ၎င်းတို့ သတ်မှတ်ခံရသည့် နေ့ရက်ထိတိုင် ဤအရာအားလုံးက အန္တိခရစ်များ မပြောင်းလဲသည်ကို လူတိုင်းအား ပြသပေသည်။ ၎င်းတို့၏ နောက်ဆုံး အဆုံးသတ်မှာ ဘုရားအိမ်တော်၏ နှင်ထုတ်ခံရခြင်းနှင့် ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခံရခြင်း ဖြစ်သည်။ ၎င်းတို့က ပြောင်းလဲနိုင်စွမ်းမရှိကြပေ။ ထို့ကြောင့် ဤအရာများကို သင်တို့ သိရှိခြင်းသည် မည်သည့် ကောင်းကျိုးပြုသနည်း။ လူအချို့က “ကျွန်ုပ်တို့သည် လိမ်လည်မှုဖြင့် အစားအစာနှင့် သောက်စရာတို့ကို မရယူပါ။ သမ္မာတရားကို ကျွန်ုပ်တို့ လိုက်စားပြီး ဖန်ဆင်းခံများအဖြစ် ကျွန်ုပ်တို့၏ တာန်ကို လုပ်ဆောင်လိုကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နောက်လိုက်ပြီး သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံကြသည်။ အန္တိခရစ်များကဲ့သို့ ကျွန်ုပ်တို့ မပြုမူကြသကဲ့သို့ အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်ရန်လည်း မစီစဉ်ကြပါ။ ဤကိစ္စများကို သိရှိခြင်းသည် ကျွန်ုပ်တို့တွင် မည်သည့် အသုံးဝင်မှုရှိပါသနည်း”ဟု ပြောကြသည်။ ပုံမှန် ညီအစ်ကို မောင်နှမများအတွက် အန္တိခရစ်များ၏ ဤသရုပ်သကန်များနှင့် ထုတ်ဖော်ချက်များသည် လူတစ်ဦးစီအတွက် သတိပေးချက်တစ်ခုအဖြစ် ဆောင်ရွက်နိုင်ပြီး မည်သည့် လမ်းကြောင်းက မှန်ကန်ကာ မည်သည့် အပြုအမူများနှင့် အမှုအရာများလုပ်ဆောင်သည့် နည်းလမ်းတို့က ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်ဟူသည်တို့ကို ၎င်းတို့အား သိခွင့်ပေးနိုင်သည်။ အဆင့်အားလုံးရှိ အသင်းတော် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ဤသည်မှာ အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်းနှင့်ဆိုင်သည့် လက်တွေ့ဘဝ သက်သေဖြစ်သည်။ အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်းက အသင်းတော်အလုပ်အတွက် မည်သည့် ကောင်းကျိုးကို ပြုသနည်း။ သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံနိုင်သူတို့က သန့်ရှင်းပြီး ဆိတ်ငြိမ်သော ပတ်ဝန်းကျင်တစ်ခု ရှိရန်အလို့ငှာ၊ နတ်ဆိုးများနှင့် စာတန်များ၏ အဖျက်အမှောင့်များမှ လွတ်ကင်းရန်အလို့ငှာ ထိုအရာက သင်တို့အား အန္တိခရစ်များကို မှန်ကန်တိကျစွာ ခွဲခြားဖော်ထုတ်ဖို့ ကူညီပေးပြီး သင့်တော်သည့်အချိန်တွင် အသင်းတော်မှ ၎င်းတို့ကို နှင်ထုတ်ကာ အသင်းတော်အား သာ၍ သန့်စင်စေကာ ဤအန္တိခရစ်များ၏ အဖျက်အမှောင့်များ၊ အနှောင့်အယှက်များနှင့် ထိခိုက်နစ်နာစေခြင်းတို့မှ ကင်းရှင်းစေရန် ကူညီပေးပေသည်။ ထို့ကြောင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်ခြင်း သမ္မာတရားနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့ကို သင်က အမှန်တရားများနှင့် သရုပ်သကန်များ၏ ရှုထောင့်အမြင်မှ ပိုင်းခြားသိမြင်သည်ဖြစ်စေ၊ သမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ ပိုင်းခြားသိမြင်သည်ဖြစ်စေ ဤသွင်ပြင်လက္ခဏာနှစ်ခုလုံးကို သင် နားလည်ရမည်ဖြစ်သည်။ ထိုအရာသည် သင်၏ အသက်ဝင်ရောက်မှုအတွက်လည်းကောင်း၊ အသင်းတော်၏ အလုပ်အတွက်လည်းကောင်း အကျိုးရှိသည်။ ဤသည်မှာ သင်တို့ နားလည်သင့်သည့်အရာတစ်ခု ဖြစ်သည်။
ယနေ့တွင် အကြောင်းအရာအချို့နှင့်ပတ်သက်၍ ငါ ပြောဆိုဆွေးနွေးခဲ့သည်။ ဤကိစ္စရပ်များက အန္တိခရစ်များ၏ အချို့သော အပြုအမူများ၊ အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများအပြင် ရက်စက်မှု၊ အရှက်မဲ့ခြင်းနှင့် ကိုယ်ကျင့်တရား အပြုအမူ အခြေခံစည်း တစ်ခုတလေ လုံးဝ ကင်းမဲ့ခြင်းတို့၏ သရုပ်သကန်များချည်းသာ ဖြစ်သည်။ ထိုသို့သော အကြောင်းအရာများသည် သင်တို့အနီးဝန်းကျင်တွင် ဖြစ်ပျက်ပြီးဖြစ်သည့် အကြောင်းအရာများချည်းသာ ဖြစ်သင့်ပြီး အန္တိခရစ်များက အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများနှင့် ၎င်းတို့၏ သရုပ်သကန်များအားလုံးက သင်တို့အတွင်းတွင် အတိုင်းအတာတစ်ခုထိ တည်ရှိသည်ဟု ပြော၍ရပေသည်။ တစ်နည်းအားဖြင့် သင်တို့အားလုံးတွင် အန္တိခရစ်များ၏ စိတ်သဘောထားအချို့နှင့် အန္တိခရစ်များ၏ လက်တွေ့လုပ်ဆောင်မှုအချို့ ရှိကြသည်။ ထို့ကြောင့် အန္တိခရစ်များကို သင်တို့ ပိုင်းခြားသိမြင်သည်နှင့်အမျှ သင်တို့ကိုယ်ပိုင် အပြုအမူကိုလည်း သင်တို့ စစ်ဆေး၊ ဆန်းစစ်ကာ သုံးသပ်သင့်သည်။ လူအချို့က “ထိုသို့သော အကြောင်းအရာများ၊ ထိုသို့သော အတင်းအဖျင်းကို ကိုယ်တော် အမြဲ ပြောဆိုဆွေးနွေးပြီး ထိုမျှ အသေးစိတ်ကျကျ ပြောဆိုသည်။ ဤအရာက ကျွန်ုပ်တို့၏ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းကို မည်သို့ အကျိုးပြုသနည်း။ ယခုအခါတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တာဝန်များနှင့် တကယ်ကို အလုပ်များကြပြီး ဤအရာများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မှတ်စုများ မယူချင်ပါ သို့မဟုတ် ယင်းတို့ကို နားမထောင်ချင်ပါ။ သမ္မာတရားထဲသို့ ဝင်ရောက်နေချိန်တွင် အမှုအရာနှစ်ခုကို စွဲစွဲမြဲမြဲ လုပ်ဆောင်ခြင်းက လုံလောက်သည်။ တစ်ခုမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် အခြားတစ်ခုမှာ မိမိတာဝန်ကို ပြည့်မီစွာ ထမ်းဆောင်ခြင်းဖြစ်သည်။ အလွန်ရိုးရှင်းပါသည်”ဟု ပြောကောင်းပြောပေမည်။ သဘောတရားအနေဖြင့် ထိုမျှ ရိုးရှင်းကောင်း ရှိးရှင်းနိုင်သော်လည်း တိကျစွာနှင့် ဂဃနဏပြောရလျှင် သိပ်မရိုးရှင်းပေ။ သမ္မာတရား အနည်းငယ်ကို သင် နားလည်လျှင် သင်၏ ဝင်ရောက်မှုသည် ကြမ်းတမ်းကာ ပေါ့တန်လိမ့်မည်ဖြစ်ပြီး သင် နားလည်သည့် သမ္မာတရားများက ယေဘုယျဖြစ်သော သမ္မာတရားများဖြစ်လျှင် သင် တွေ့ကြုံသည့် အသေးစိတ်အချက်များမှာလည်း အရေအတွက် နည်းပါးလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ မျက်မှောက်တွင် သင် မည်သည့်အခါတွင်မျှ သန့်စင်ခြင်းခံရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်က လူတို့အား သမ္မာတရားကို လိုက်စားကာ သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်ရန် တောင်းဆိုသည်။ ထို့ကြောင့် လူတို့အနေဖြင့် ဤအသေးစိတ်အချက်များကို နားလည်ရမည်ဖြစ်သည်။ ဤအရာမှ မည်သည့်အရာကို သင်တို့ မြင်သနည်း။ ဘုရားသခင်သည် သင်တို့ကို ကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ပြီးဖြစ်သောကြောင့် သူသည် သင့်ကို အလေးအနက် ထားရမည်ဖြစ်ပြီး လုံးဝ ပေါ့ဆခြင်း၊ နားဝေတိမ်တောင် ဖြစ်ခြင်း ရှိမည်မဟုတ်၊ သို့မဟုတ် လက်သင့်ခံနိုင်ဖွယ်ဖြစ်ခြင်း သို့မဟုတ် လက်သင့်ခံနိုင်ဖွယ် ဖြစ်လုနီးပါး ဖြစ်ခြင်းဖြင့် စိတ်ကျေနပ်မည်မဟုတ်ပေ။ ဘုရားသခင်အတွက် “လက်သင့်ခံနိုင်ဖွယ် ဖြစ်လုနီးပါး ဖြစ်ခြင်း”၊ “ငါးချက်ထဲမှ လေးချက်”၊ “ဖြစ်ကောင်းဖြစ်မည်” ဆိုသည်နှင့် “ဖြစ်ချင်ဖြစ်မည်”ဟူသည်တို့ မတည်ရှိပေ။ သင်သည် ကယ်တင်ခံရလိုပြီး ကယ်တင်ခြင်း လမ်းကြောင်းကို လျှောက်လှမ်းလိုလျှင် သမ္မာတရား၏ ဤအသေးစိတ် အချက်များအားလုံးကို နားလည်ရမည်။ ယခုတွင် သင်သည် အလုပ်တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိလျှင် ကိစ္စမရှိပေ။ သမ္မာတရား၏ အသေးစိတ်အချက်များထဲသို့ ယခုစတင်ဝင်ရောက်ခြင်းသည် နောက်ကျလွန်းခြင်း မရှိပေ။ သင်သည် အမှားများ ပြုလုပ်မိခြင်းမရှိဘဲ မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်သည့် သဘောထားတစ်ခု ရှိခြင်းနှင့် အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ ကျိုးနွံနာခံနိုင်ခြင်းဖြင့်သာ ကျေနပ်လျှင် သင်သည် သမ္မာတရား စစ်မှန်မှုများထဲသို့ လုံးဝ ဝင်ရောက်လိမ့်မည် မဟုတ်ပေ။ လူတို့ကို ဘုရားသခင် ပေးသည့် သမ္မာတရားတိုင်းတွင် တိကျသည့် အသေးစိတ် အချက်များစွာရှိပြီး လူတို့က ဤအသေးစိတ်အချက်များကို နားမလည်လျှင် သမ္မာတရားကို လုံးဝ နားလည်ကြလိမ့်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ကြလိမ့်မည် မဟုတ်ပေ။ လူတို့နှင့်ပတ်သက်၍ ဘုရားသခင် အလေးအနက်ထားသည်မှာ ကောင်းသည့်အရာတစ်ခုဖြစ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်း၊ ၎င်းတို့၏ ကျိုးနွံနာခံခြင်း၊ ၎င်းတို့၏ လူအချင်းချင်း ဆက်ဆံရေးများနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ၎င်းတို့၏ ရှေ့ရေးနှင့် ကံကြမ္မာကိစ္စကို ၎င်းတို့ ချဉ်းကပ်ပုံနှင့်စပ်လျဉ်း၍ဖြစ်စေ၊ အန္တိခရစ်များအား မည်သို့ ပိုင်းခြားသိမြင်ရမည်၊ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို မည်သို့ မလျှောက်ဘဲနေရမည်ဆိုသည်နှင့် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကို မည်သို့ ဖယ်ရှားရမည်ဟူသကဲ့သို့သော ယခု ငါ ပြောဆိုနေသည့် အရာများနှင့် စပ်လျဉ်း၍ဖြစ်စေ ဤအရာများကို တစ်ခုပြီးတစ်ခု ၎င်းတို့ သဘောပေါက်သင့်ကြပေသည်။ ဤအသေးစိတ်အချက်များကို သင်တို့ အမှန်တကယ် ပိုင်းခြားသိမြင်နိုင်ပြီး ရိုးရှင်းကာ အနှစ်မဲ့သည့် အယူဝါဒအနည်းငယ်ကို မည်သို့ဟောပြောရမည်ကို သိရုံမျှသိခြင်း မဟုတ်သည်နှင့်တစ်ပြိုင်နက် သင်တို့သည် သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်သည့်လူတို့သာ ကယ်တင်ခြင်းခံရမည့် အခွင့်အရေးနှင့် မျှော်လင့်ချက် ရှိပေသည်။ စကားများနှင့် အယူဝါဒများကို ဟောပြောရုံမျှ ဟောပြောခြင်းသည် အလုပ်လုပ်ပေးခြင်းသာ ဖြစ်သည်။ လူတို့သည် သမ္မာတရား စစ်မှန်မှုများထဲသို့ ဝင်ရောက်လိုကြလျှင် ဤအသေးစိတ်အချက်များနှင့် ၎င်းတို့ အစပြုရမည်။ သို့မဟုတ်လျှင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို မည်သည့်အခါတွင်မျှ ၎င်းတို့ စွမ်းဆောင်ရရှိကြလိမ့်မည် မဟုတ်ပေ။
၂၀၂၀ ခုနှစ်၊ ဧပြီလ ၄ ရက်