ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်း၌သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိသည်

သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ ဆန္ဒရှိလျှင် သမ္မာတရားကို သင် ဦးစွာ နားလည်ရမည်။ သမ္မာတရားကို သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ရှာဖွေရမည်။ သမ္မာတရား ရှာဖွေရာတွင် အဓိကသော့ချက်မှာ ဘုရားနှုတ်ကပတ်တော်များကို အာရုံပြုဆင်ခြင်ရန် သင်ယူခြင်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို ထိုသို့အာရုံပြုဆင်ခြင်ခြင်း၏ ရည်ရွယ်ချက်မှာ ယင်းတို့၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ရန်ဖြစ်သည်။ ရှာဖွေခြင်းအားဖြင့်သာ ဘုရားနှုတ်ကပတ်တော်များ၏ အဓိပ္ပာယ်ကိုလည်းကောင်း၊ လူများထံမှ ဘုရားသခင် တောင်းဆိုသည့်အရာကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များတွင် တွေ့ရှိနိုင်သည့် ဘုရားသခင်၏ ရည်ရွယ်ချက်ကိုလည်းကောင်း သင်နားလည်လိမ့်မည်။ ထိုသို့သောနားလည်မှုတစ်ခုကို သင်ရရှိသည့်အခါတွင် သမ္မာတရားကို သင်နားလည်လိမ့်မည်။ သမ္မာတရားကို သင်နားလည်ပြီးသည်နှင့် သင်၏ လက်တွေ့လုပ်ဆောင်မှုကို လမ်းပြပေးမည့် စည်းမျဉ်းများကို နားလည်သဘောပေါက်ရန် လွယ်ကူ၏။ ထို့နောက်တွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သင်ယူသည်နှင့် သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ စတင်ဝင်ရောက်လိမ့်မည်။ ထိုသို့သော အချိန်တွင် ယခင်က သင်နားမလည်နိုင်ခဲ့သောအရာများကို သင်နားလည်လိမ့်မည် ဖြစ်သည်။ ယခင်က သင် ရှင်းလင်းစွာ မမြင်နိုင်ခဲ့သောအရာများကို သင်သိနားလည်လိမ့်မည် ဖြစ်ပြီး ယခင်က သင့်အတွက် ဖြေရှင်းရန် မဖြစ်နိုင်သော ပြဿနာများကို သင်ဖြေရှင်းနိုင်လိမ့်မည်။ အမှုကိစ္စများစွာတွင် လှုံ့ဆော်မှုနှင့် အသစ်သော ထိုးထွင်းအမြင်တို့ကို သင်စတင်ရရှိလိမ့်မည်ဖြစ်သည်။ လက်တွေ့အကောင်အထည်ဖော်ရန် လမ်းကြောင်းများသည် သင့်အတွက် လမ်းပွင့်လာကာ သမ္မာတရားကို သင် တစိုက်မတ်မတ် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ ဤသည်မှာ သမ္မာတရားစစ်မှန်မှုထဲသို့ သင်အပြည့်အဝ ဝင်ရောက်မည့် နည်းလမ်းဖြစ်သည်။ သို့ရာတွင် သင်၏တာဝန်၌ သင်စိတ်မနှစ်ထားသကဲ့သို့ သမ္မာတရား၏ စည်းမျဉ်းများကိုလည်း သင်မရှာဖွေပါက၊ သင်သည် မရေမရာဖြစ်ကာ၊ သို့မဟုတ် မရှင်းမလင်းဖြစ်ကာ အမှုကိစ္စများကို သင်တတ်နိုင်သမျှ အလွယ်ကူဆုံးနည်းလမ်းဖြင့်သာ လုပ်ဆောင်ပါက ဤသည်မှာ မည်သည့်စိတ်နေစိတ်ထားမျိုး ဖြစ်သနည်း။ ယင်းမှာ အမှုကိစ္စများကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ သင်သည် သင်၏တာဝန်ကို ဆက်ကပ်ထားခြင်း မရှိလျှင်၊ သင်၏တာဝန်အပေါ် တာဝန်သိစိတ်မရှိလျှင်၊ သို့မဟုတ် တာဝန်နှင့်ပတ်သက်သည့် ခံယူချက် တစ်ခုမျှ မရှိလျှင် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်လော။ သင်၏တာဝန်ကို လက်သင့်ခံနိုင်ဖွယ်ဖြစ်သော စံနှုန်းတစ်ခုအထိ ထမ်းဆောင်နိုင်မည်လော။ သင်၏ တာဝန်ကို လက်သင့်ခံနိုင်ဖွယ်ဖြစ်သော စံနှုန်းတစ်ခုအထိ ထမ်းဆောင်နိုင်စွမ်းမရှိလျှင် သမ္မာတရား၏ စစ်မှန်မှုကို သင်ဝင်ရောက်နိုင်မည်လော။ သေချာပေါက် မဝင်ရောက်နိုင်ပေ။ သင်၏တာဝန်ကို သင်ထမ်းဆောင်တိုင်း သင်သည် စိတ်မဝင်စားဘဲ၊ မည်သည့်အားထုတ်မှုမျှမရှိသည့်အပြင် ဂိမ်းတစ်ခု ကစားနေသည့်အလား စဉ်းစားဆင်ခြင်မှုမရှိဘဲ အိုးနင်းခွက်နင်းဖြင့် လုပ်ဆောင်ပါက ဤသည်မှာ ပြဿနာမဟုတ်သလော။ သင်၏တာဝန်ကို ဤနည်းဖြင့်ထမ်းဆောင်ခြင်းမှ သင်သည် မည်သည့်အရာကို ရရှိနိုင်သနည်း။ နောက်ဆုံးတွင် သင်၏တာဝန်ကို သင်ထမ်းဆောင်သည့်အခါ တာဝန်သိစိတ် မရှိကြောင်း၊ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေ ပြုကြောင်းနှင့် ဖြစ်သလိုလုပ်ကြောင်းကို လူများမြင်လိမ့်မည်ဖြစ်ကာ ထိုအခြေအနေတွင် သင်သည် ဖယ်ရှားခြင်းခံရဖို့ အန္တရာယ်ရှိပြီဖြစ်သည်။ သင်၏တာဝန်ကို သင်ထမ်းဆောင်သည့်အခါတွင် ဘုရားသခင်သည် ဖြစ်စဉ်တစ်လျှောက်လုံး စောင့်ကြည့်နေသည်။ ပြီးလျှင် ဘုရားသခင်သည် မည်သည့်အရာကို ပြောမည်နည်း။ (ဤလူသည် သူ၏စေခိုင်းချက်၊ သို့မဟုတ် သူ၏ယုံကြည်မှုဖြင့် မထိုက်တန်ပါ။) သင်သည် ယုံကြည်စိတ်ချထိုက်ခြင်း မရှိကြောင်းနှင့် သင့်ကို ဖယ်ရှားသင့်ကြောင်း ဘုရားသခင်က ပြောလိမ့်မည်။ ထို့ကြောင့် သင်သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ထိုတာဝန်သည် အရေးကြီးသောတာဝန်တစ်ခု ဖြစ်သည်ဖြစ်စေ၊ သာမန်တာဝန်တစ်ခုဖြစ်သည်ဖြစ်စေ သင့်ကို ပေးအပ်ထားသော အလုပ်ထဲသို့ စိတ်မနှစ်လျှင်၊ သို့မဟုတ် သင်၏တာဝန်ကို စံမီအောင် မထမ်းဆောင်လျှင်၊ ထိုတာဝန်ကို ဘုရားသခင်၏ စေခိုင်းချက်အဖြစ် သင်မမြင်ဘဲ၊ သို့မဟုတ် သင်၏ကိုယ်ပိုင် တာဝန်နှင့် ဝတ္တရားအဖြစ် တာဝန်ယူဆောင်ရွက်ခြင်း မရှိဘဲ ဝတ်ကျေတမ်းကျေဟန်ပန်ဖြင့် အမှုကိစ္စများကို အစဉ်သဖြင့် ဆောင်ရွက်လျှင် ဤသည်မှာ ပြဿနာတစ်ခု ဖြစ်လိမ့်မည်။ “ယုံကြည်စိတ်ချထိုက်ခြင်း မရှိ” ဟူသည့် ဤစကားများသည် သင်၏ တာဝန်ကို သင်ထမ်းဆောင်သည့် ပုံစံအား သတ်မှတ်ပေးလိမ့်မည်။ ယင်းတို့က ဆိုလိုသည်မှာ သင်သည် သင်၏တာဝန်ကို စံနှုန်းပြည့်အောင် ထမ်းဆောင်ခြင်း မရှိကြောင်း၊ သင်သည် ဖယ်ရှားခံရပြီးဖြစ်ကြောင်းနှင့် သင်၏စရိုက်သည် စံမမီဟု ဘုရားသခင်က ပြောကြောင်းဖြစ်သည်။ သင့်အား အမှုကိစ္စတစ်ခုကို ပေးအပ်သည့်တိုင် ဤသည်မှာ ထိုကိစ္စအပေါ် သင်ထားရှိသည့် သဘောထားဖြစ်ပြီး သင် ကိုင်တွယ်သည့်ပုံစံဖြစ်လျှင် နောင်တွင် သင်သည် နောက်ထပ်တာဝန် တစ်ခုတလေဖြင့် တာဝန်ပေးစေခိုင်းခြင်း ခံရမည်လော။ သင်သည် အရေးကြီးသည့်အရာ တစ်ခုတလေဖြင့် ပေးအပ်ခြင်း ခံရနိုင်မည်လော။ စစ်မှန်သော နောင်တရခြင်းကို သင်မပြသရွေ့ သေချာပေါက် ပေးအပ်ခြင်း ခံရနိုင်မည် မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်သည် စိတ်ထဲတွင် သင့်အပေါ် အချို့သော မယုံကြည်မှုနှင့် မကျေနပ်ချက်တို့ အစဉ်သဖြင့် ထားရှိလိမ့်မည်။ ဤသည်မှာ ပြဿနာဖြစ်လိမ့်မည် မဟုတ်လော။ သင်၏တာဝန်ကို ထမ်းဆောင်ဖို့ မည်သည့်အခွင့်အလမ်းကိုမဆို သင်ဆုံးရှုံးနိုင်မည်ဖြစ်ပြီး သင် ကယ်တင်ခြင်း ခံရချင်မှ ခံရပေလိမ့်မည်။

လူများက ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် အမှန်တကယ်ပင် ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်နေကြသည်။ သို့သော် သင်သည် ဘုရားသခင် ရှေ့မှောက်တွင် ယင်းကို လုပ်ဆောင်ပါက၊ သင်သည် ရိုးသားသည့် သဘောထားနှင့် စိတ်နှလုံးပါလျက် တာဝန် ထမ်းဆောင်ပြီး ဘုရားကိုနာခံပါက ဤသဘောထားသည် သာ၍ မှန်ကန်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင်သည် သင်၏နေ့စဉ်အသက်တာတွင် ဤသဘောထားကို မည်သို့ လက်တွေ့ကျင့်သုံးသင့်သနည်း။ သင်သည် “ဘုရားသခင်ကို စိတ်နှလုံးပါလျက် ရိုးသားမှုဖြင့် ဝတ်ပြုကိုးကွယ်ခြင်း” ကို သင်၏လက်တွေ့အရှိတရား ဖြစ်စေရမည်။ သင်ခိုကတ်ချင်ပြီး ဟန်ပြသာ လုပ်ချင်သည့်အချိန်တိုင်း၊ စိတ်မချရသည့်နည်းလမ်းနှင့် ပြုမူချင်ပြီး အပျင်းထူချင်သည့် အချိန်တိုင်းနှင့် သင်အာရုံပျံ့လွင့်သည့်အချိန် သို့မဟုတ် ပျော်ပျော်နေလိုက်ချင်သည့်အချိန်တိုင်းတွင် ထိုအရာကို သင်စဉ်းစားဆင်ခြင်သင့်၏- “ဤသို့ပြုမူခြင်းဖြင့် ငါသည် ယုံကြည်စိတ်ချ၍မရ ဖြစ်နေသလော။ ဤသည်မှာ ငါ၏တာဝန်ကို စိတ်ပါလက်ပါ လုပ်ဆောင်ခြင်းလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ငါသစ္စာပျက်နေသလော။ ဤအရာကို လုပ်ဆောင်ခြင်းဖြင့် ငါ့ကို ဘုရားသခင် အပ်နှင်းထားသည့် တာဝန်ပေးစေခိုင်းချက်နှင့် လျော်ညီအောင် အသက်ရှင်ဖို့ ငါပျက်ကွက်နေခြင်းလော။” ဤသည်မှာ သင့်ကိုယ်သင် သုံးသပ်ဆင်ခြင်သင့်သည့်ပုံ ဖြစ်သည်။ သင်သည် သင်၏တာဝန်တွင် အစဉ်ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုကာ သစ္စာမရှိသကဲ့သို့ သင်သည် ဘုရားသခင်ကို နာကျင်စေခဲ့သည်ကို သိလာလျှင် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ သင်က “ထိုအခိုက်အတန့်တွင် တစ်ခုခုမှားနေသည်ကို ငါခံစားရသည်။ သို့သော် ယင်းကို ပြဿနာအဖြစ် ငါ သဘောမထားခဲ့ပေ။ ပေါ့ဆစွာဖြင့် ဖော့ပြောလိုက်သည်။ ယခုမှသာ ငါသည် တကယ်ကို ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသည်၊ ငါ၏ တာဝန်ကို စံမီအောင် မထမ်းဆောင်ခဲ့သည်ကို သဘောပေါက်ခဲ့သည်။ ငါသည် အမှန်ပင် အသိစိတ်နှင့် ဆင်ခြင်တုံတရားကင်းမဲ့သည်” ဟု ပြောဆိုသင့်သည်။ သင်သည် ပြဿနာကို တွေ့ရှိပြီး သင့်ကိုယ်သင် အနည်းငယ်သိလာသည်။ ထို့ကြောင့် ယခုအခါတွင် သင့်ကိုယ်သင် ပြောင်းလဲရမည်။ သင့်တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင်၏ သဘောထားက မှားယွင်းသည်။ သင်သည် အပိုအလုပ်တစ်ခုကဲ့သို့ ယင်းကို ဂရုမစိုက်။ ယင်းကို စိတ်နှစ်မြုပ်လုပ်ကိုင်ခြင်းမရှိ။ သင်သည် ဤသို့ ထပ်မံ၍ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုလျှင် ဘုရားကို ဆုတောင်းပြီး ဘုရားသခင်ကို သင့်အား ပဲ့ပြင်ဆုံးမကာ ရိုက်နှက်ဆုံးမခွင့် ပေးရမည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ဤသို့သော စိတ်ရှိရမည်။ ထိုမှသာ သင်သည် အမှန်တကယ် နောင်တရနိုင်သည်။ သင်၏ အသိစိတ်ကရှင်းလင်းပြီး တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင့်သဘောထားက ပြောင်းလဲမှသာ သင့်ကိုယ်သင် ပြောင်းလဲနိုင်ပေသည်။ သင်နောင်တရသောအခါတွင် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်၏ စိတ်နှလုံး၊ သင်၏အစွမ်းရှိသမျှ အကြွင်းမဲ့လုပ်ဆောင်ခြင်းရှိမရှိကိုလည်း မကြာခဏ သုံးသပ်ရမည်။ ထို့နောက် အတိုင်းအတာအနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုပြီး သင်တို့ကိုယ်တိုင်အပေါ် အသုံးချရင်း သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်ပြဿနာများတည်ရှိသေးသည်ကို သင်သိရှိရလိမ့်မည်။ ပြဿနာများကို ဤနည်းဖြင့်၊ ဘုရားနှုတ်ကပတ်တော်နှင့်အညီ အစဉ် ဖြေရှင်းခြင်းအားဖြင့် သင်သည် သင်၏ စိတ်နှလုံး၊ အစွမ်းရှိသမျှနှင့် သင်၏တာဝန် ထမ်းဆောင်ခြင်းကို လက်တွေ့အရှိတရားအတွင်းသို့ မဆောင်ကြဉ်းလေသလော။ သင်၏တာဝန်ကို ထိုနည်းလမ်းဖြင့် ထမ်းဆောင်ရာတွင် သင်၏ စိတ်နှလုံး၊ စွမ်းအား အကြွင်းမဲ့ဖြင့် သင်ထမ်းဆောင်ပြီးသားဖြစ်သည် မဟုတ်လော။ သင့်အသိစိတ်၏ တန်ပြန်စွပ်စွဲချက် တစ်ခုမျှ မရှိတော့လျှင်၊ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် အရည်အချင်းပြည့်ဝပြီး သစ္စာရှိခြင်းကို ထင်ရှားစေနိုင်လျှင် ထိုအခါမျှသာ သင်၏စိတ်နှလုံးထဲတွင် ငြိမ်းချမ်းခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရှိလိမ့်မည် ဖြစ်သည်။ သင်၏တာဝန် ထမ်းဆောင်ခြင်းသည် အခြားတစ်စုံတစ်ဦးအတွက် လုပ်ဆောင်ရသည့် အလုပ်တစ်ခုကဲ့သို့ လုံးဝ မဟုတ်ဘဲ ထပ်တိုးပေးသည့် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ခြင်းထက် ကောင်းကင်က စီမံပြီး ကမ္ဘာမြေကြီးက အသိအမှတ်ပြုထားသည့် တာဝန်တစ်ခုဖြစ်သကဲ့သို့ ခံစားရလိမ့်မည်။ တာဝန်တစ်ခုကို ဤသို့ထမ်းဆောင်ခြင်းအားဖြင့် သင် စိတ်ကျေနပ်ပြီး ဘုရားသခင်၏ မျက်မှောက်တွင် အသက်ရှင်နေသည်ဟု သင်ခံစားရသည်။ ဤကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် စိတ်ငြိမ်းချမ်းမှုကို ခံစားရစေသည်။ ယင်းကြောင့် သင်သည် လူနှင့်အနည်းငယ် ပို၍တူလာပြီး ဖုတ်ကောင်နှင့်တူသည်မှာ ပို၍ နည်းလာမည် မဟုတ်လော။ ဤသို့ သင်ပြုမူဆောင်ရွက်ခြင်းသည် လွယ်ကူသလော။ စင်စစ်အားဖြင့် လွယ်ကူပေသည်။ သို့ရာတွင် သမ္မာတရားကို လက်မခံသည့်သူများအတွက်မူ မလွယ်ကူပေ။

အမှန်မှာမူ လူတစ်ဦးသည် မိမိ၏တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိဆိုသည်ကို မည်သို့ပင်ဖြစ်စေ ၎င်း၏စိတ်နှလုံး၌ ချင့်ချိန်အကဲဖြတ်နိုင်စွမ်း ရှိ၏။ ထိုသူသည် သမ္မာတရားအပေါ် ပေါ့တန်သော နားလည်မှု ရှိလျှင်ပင်၊ ဒေသနာများကို စဉ်ဆက်မပြတ် နားထောင်လျှင်၊ ဘုရားနှုတ်ကပတ်တော်ကို မကြာမကြာ ဖတ်ရှုလျှင်၊ အခြားသူများနှင့် မကြာမကြာ ဆွေးနွေးပြောဆိုလျှင် သူသည် အနည်းဆုံးအနေဖြင့် အချို့သော အယူဝါဒများကို နားလည်နိုင်လိမ့်မည်။ ဤအယူဝါဒများကို မိမိ၏ခြင်တွယ်အဖြစ် မှတ်ယူခြင်းအားဖြင့် မိမိ၏တာဝန်ကို မည်မျှကောင်းစွာ ထမ်းဆောင်နေပြီး မှန်ကန်သော စည်းမျဉ်းများကို လိုက်နာနေခြင်း ရှိမရှိကိုလည်း သူအကဲဖြတ်နိုင်သည်။ ဤရှင်းလင်းပြတ်သားမှုသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်သည့်သူများအားလုံး နားလည်သဘောပေါက်နိုင်သည့်အရာဖြစ်၏။ အချိန်အတော်များများတွင် လူများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါတွင် ဝတ်ကျေတမ်းကျေဖြင့် ပေါ့ဆစွာ ဆောင်ရွက်ကြသည်။ သမ္မာတရားကို ရှာဖွေပြီး သမ္မာတရား၏ စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ဖို့ မဆိုထားနှင့်၊ ၎င်းတို့၏ စွမ်းအားအပြည့်ဖြင့် ဆက်ကပ်ခြင်းပင် မရှိကြချေ။ ၎င်းတို့၏တာဝန်သည် မည်သည့်အရာဖြစ်ပါစေ ၎င်းတို့က လျစ်လျူရှုကြသည်။ ၎င်းတို့သည် ပြဿနာတစ်ခုကို‌ တွေ့ကောင်း တွေ့နိုင်သော်ငြားလည်း ဖြေရှင်းချက်ရှာဖို့ မကြိုးစားဘဲ မိမိတို့နှင့် မသက်ဆိုင်သည့်အလား ပြုမူပြီး ယင်းကို ဖြေရှင်းဖို့ ဝတ်ကျေတမ်းကျေ ကြိုးစားအားထုတ်မှုအချို့ကို ပြုလေသည်။ ၎င်းတို့အတွက် အမှုကိစ္စများကို ခက်ခဲအောင် လုပ်ဆောင်ရန် မလိုအပ်သကဲ့သို့ ဤကိစ္စတွင်လည်း အလွန်စိတ်ထက်သန်ဖို့ မလိုအပ်ဟု ၎င်းတို့၏ စိတ်နှလုံးထဲတွင် ထင်မြင်လေသည်။ သို့ရာတွင် မိမိတို့ကိုယ်ကို ထိုနည်းအားဖြင့် ညှိနှိုင်းပြင်ဆင်ခြင်းသည် ၎င်းတို့၏ စိတ်အတွင်းပိုင်း အခြေအနေကို မသိမသာ ပို၍ ဆိုးလာစေသည်။ တာဝန်ထမ်းသောစိတ် မရှိဘဲ သင်၏တာဝန်ကို ထမ်းဆောင်လျှင် သင်၏ စိတ်နှလုံးသည် မလွဲဧကန်ပင် ဝတ်ကျေတမ်းကျေဖြစ်ပြီး ပေါ့ဆလာလိမ့်မည်။ သစ္စာရှိဖို့ မဆိုထားနှင့်၊ တာဝန်များကို ခေါင်းခံနိုင်လိမ့်မည် မဟုတ်ချေ။ အကျိုးဆက်အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ကို ငြင်းပယ်မိလိမ့်မည်။ သင်သည် ဖြစ်သလိုလုပ်ရုံမျှ လုပ်ခြင်းထက် မည်သည့်အရာမျှ ပို၍ လုပ်ဆောင်ခြင်း မရှိဘဲ၊ ဉာဏ်အလင်းအသစ်၊ သို့မဟုတ် ထိုးထွင်အမြင် အသစ် တစ်ခုမျှ မရှိဘဲ သတ်မှတ်ထားသည့် စည်းမျဉ်းများနှင့် စည်းကမ်းများကို အစဉ် လိုက်နာနေ၏။ သင်၏တာဝန်ကို ထိုသို့သော နည်းလမ်းအားဖြင့် ဖြည့်ဆည်းခြင်းသည် အကျိုးမရှိပေ။ သင် အစေခံမှု ပေးသည့်အချိန်တွင်ပင် ယင်းသည် မလုံလောက်ပေ။ သင်၏ အစေခံမှုကိုပင် မလုံမလောက် ပေးနေလျှင် သင်သည် သစ္စာရှိသော အစေခံသူတစ်ဦး ဖြစ်နိုင်သလော။ သေချာပေါက် မဖြစ်နိုင်ချေ။ မလုံလောက်သော အစေခံမှု ပေးသောသူများသည် ဖယ်ရှားခြင်းသာ ခံရနိုင်သည်။ နားဝေတိမ်တောင်ဖြစ်သော လူအချို့သည် သမ္မာတရားကို စိုးစဉ်းမျှ နားလည်ခြင်း မရှိချေ။ မိမိတို့၏တာဝန်ကို ထမ်းဆောင်ရုံမျှ ထမ်းဆောင်ခြင်းကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် ၎င်းတို့က သဘောထားကြသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရုံသက်သက်ဖြင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု တွေးထင်ကြသည်။ ထိုသို့သော လူတစ်ဦးကို သင်က “သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော” ဟု မေးလျှင် ထိုသူက “ကျွန်ုပ်သည် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်လော” ဟု ပြန်ဖြေလိမ့်မည်။ ထိုသူသည် မှန်ကန်ပါသလော။ ထိုစကားများသည် နားဝေတိမ်တောင် ဖြစ်နေသူတစ်ဦး၏ စကားများဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို ထိရောက်စွာ လက်တွေ့လုပ်ဆောင်ဖို့အတွက် အနည်းဆုံးအနေဖြင့် သင်၏ စိတ်နှလုံး၊ စွမ်းအား အကြွင်းမဲ့ကို ထိုတာဝန်ထဲတွင် ထည့်ရမည်ဖြစ်သည်။ သမ္မာတရားကို ထိရောက်စွာ လက်တွေ့လုပ်ဆောင်ရန် စည်းမျဉ်းများနှင့်အညီ သင် ပြုမူဆောင်ရွက်ရမည်။ သင်သည် သင်၏တာဝန်ကို ဝတ်ကျေတမ်းကျေနည်းလမ်းဖြင့် လုပ်ဆောင်လျှင် စစ်မှန်သော အကျိုးမရှိပေ။ ဤအရာကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဟု ခေါ်ဆို၍ မရပေ။ ယင်းမှာ အစေခံမှုပေးခြင်းထက် မပိုပေ။ သင်သည် သိသာထင်ရှားစွာ အစေခံမှု ပေးနေခြင်းသာဖြစ်သဖြင့် ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကွဲပြားခြားနားသည်။ အစေခံမှုပေးခြင်းဟူသည်မှာ သင်လုပ်ဆောင်ရန် မနှစ်သက်သည့်အရာမှန်သမျှကို ပစ်ပယ်ထားသော်လည်း သင့်ကို သဘောကျစေသည့်အရာများကို သင်၏သဘောအတိုင်း လုပ်ဆောင်နေခြင်းသက်သက်သာ ဖြစ်သည်။ သင်သည် အခက်အခဲများ မည်မျှကြုံတွေ့ပါစေ သမ္မာတရားစည်းမျဉ်းများကို မည်သည့်အခါမျှ မရှာဖွေပေ။ အပြင်ပန်းတွင် သင်၏တာဝန်ကို သင်ဖြည့်ဆည်းနေသည်ဟု ထင်ရနိုင်သော်လည်း ယင်းမှာ အစေခံမှု ပေးခြင်းမျှသာ ဖြစ်သည်။ သမ္မာတရား၏ စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ခြင်းအားဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်း မရှိသူ မည်သူမဆိုသည် အစေခံမှုပေးခြင်းမှလွဲ၍ မည်သည့်အရာမျှ ဖြစ်မြောက်ခြင်း မရှိ။ ဘုရားသခင်၏ မိသားစုထဲတွင် လူများစွာတို့သည် လူ့အယူအဆများနှင့် စိတ်ကူးများအပေါ် မှီခိုခြင်းအားဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးပမ်းအားထုတ်ကြသည်။ ၎င်းတို့သည် နှစ်ပေါင်းများစွာ ပင်ပန်းတကြီး အလုပ်လုပ်ကိုင်ကြလင့်ကစား မည်သည့်အရာမျှ ပြစရာမရှိဘဲ မိမိတို့၏ တာဝန်ထမ်းဆောင်ရာတွင် သမ္မာတရားကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်နိုင်ပေ၊ သို့မဟုတ် စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် လူများသည် မကြာခဏဆိုသကဲ့သို့ မိမိတို့၏ကိုယ်ပိုင် ဆန္ဒအတိုင်း ပြုမူဆောင်ရွက်ပြီး မိမိတို့၏ တာဝန်များကို မိမိတို့၏ကိုယ်ပိုင် ဆန္ဒအတိုင်း ထမ်းဆောင်လျှင် ၎င်းတို့သည် မကောင်းမှုပြုနေခြင်း မဟုတ်လင့်ကစား ဤသည်ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း မယူဆပေ။ အဆုံးတွင် ၎င်းတို့ အလုပ်လုပ်သည့်နှစ်များသည် ၎င်းတို့ကို သမ္မာတရားတစ်ခုမျှ နားလည်စေခြင်း မရှိဘဲ ၎င်းတို့သည် မိမိတို့ဝေမျှနိုင်သည့် အတွေ့အကြုံ၊ သို့မဟုတ် သက်သေခံချက်များ တစ်ခုမျှ မရှိပေ။ ဤသည်မှာ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အကြောင်းမှာ ဤလူများကို မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့အတွက် ဦးဆောင်လမ်းပြပေးသည့် ရည်ရွယ်ချက်များသည် မမှန်ကန်သောကြောင့် ဖြစ်သည်။ ၎င်းတို့က မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းသည့် အကြောင်းရင်းမှာ ကောင်းချီးများ ရရှိဖို့အတွက် သေချာပေါက် ဖြစ်ကာ ၎င်းတို့က ဘုရားသခင်နှင့် အပေးအယူ လုပ်လိုကြသည်။ ၎င်းတို့သည် သမ္မာတရားကို ရရှိခြင်းအတွက်သက်သက်ဖြင့် မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်း မဟုတ်ပေ။ ၎င်းတို့တွင် အခြားရွေးချယ်စရာ မရှိသောကြောင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ကြခြင်း ဖြစ်သည်။ ဤအကြောင်းရင်းကြောင့် ၎င်းတို့သည် အစဉ်သဖြင့် မရှင်းမလင်းဖြစ်ပြီး ဝတ်ကျေတမ်းကျေဖြစ်ပြီး စနစ်တကျမရှိသောပုံစံဖြင့် ဖြစ်သလို လုပ်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေသဖြင့် အားလုံးမှာ အစေခံမှု ပေးနေခြင်းသာ ဖြစ်သည်။ တာဝန်များမည်မျှကို ၎င်းတို့ထမ်း‌ဆောင်ပါစေ ၎င်းတို့၏ လုပ်ရပ်များက စစ်မှန်သော အကျိုးမရှိပေ။ မိမိတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို ကြောက်စိတ်ရှိသူများအတွက်မူ ကွဲပြားခြားနားသည်။ ၎င်းတို့သည် ဘုရားအလိုတော်နှင့်အညီ မည်သို့ပြုမူလုပ်ဆောင်ရမည်ကိုလည်းကောင်း၊ ဘုရားမိသားစုနှင့် သူရွေးချယ်ထားသောလူများ၏ အကျိုးအတွက် မည်သို့ပြုမူလုပ်ဆောင်ရမည်ကိုလည်းကောင်း စဉ်ဆက်မပြတ် ချင့်ချိန်စဉ်းစားနေကြသည်။ ၎င်းတို့သည် စည်းမျဉ်းများနှင့် ရလဒ်များအကြောင်း အစဉ်သဖြင့် နက်နက်ရှိုင်းရှိုင်း တွေးတောနေကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် ဘုရားသခင်အား နာခံခြင်းကို သက်သေသာဓကနှင့်တကွ ထင်ထင်ရှားရှားပြရန် အစဉ်သဖြင့် ကြိုးပမ်းအားထုတ်နေကြသည်။ ဤသည်မှာ စိတ်နှလုံး၏ မှန်ကန်သော သဘောထားဖြစ်သည်။ ဤလူများသည် သမ္မာတရားကို ရှာဖွေပြီး အပြုသဘောဆောင်သောအရာများကို ချစ်သောလူများဖြစ်သည်။ ဤလူစားမျိုးသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်သည့်အခါတွင် ဘုရားသခင်၏ လက်ခံခြင်း ခံရပြီး သူ၏ ချီးကျူးခြင်းကို လက်ခံရရှိသည်။ သမ္မာတရားကို မချစ်သောသူများသည် အပြင်ပန်းတွင် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေသည့်ပုံပေါက်သော်ငြားလည်း ၎င်းတို့သည် သမ္မာတရားကို စိုးစဉ်းမျှ မရှာဖွေကြချေ။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ဆန္ဒနှင့်အညီ ပြုမူဆောင်ရွက်ကြပြီး အခွင့်မသာမှု တစ်ခုတလေကို ရှောင်ရှားသည့်အရာများနှင့် မိမိတို့အတွက် အကျိုးဖြစ်စေသည့်အရာများကိုသာ လုပ်ဆောင်သည်။ ၎င်းတို့သည် အနည်းဆုံးသော အားထုတ်မှုသာ ပြုပြီး မည်သည့်အခက်အခဲကိုမဆို ရှောင်ကြဉ်သည့်တိုင် ဘုရားရွေးချယ်ထားသော လူများ၏ ထောက်ခံမှုနှင့် ဂုဏ်သတင်းကောင်းတို့ကို လိုချင်ကြသေးသည်။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးက အာရုံစိုက်သည့်အရာ ဖြစ်လျှင် ၎င်းတို့၏တာဝန်များကို လက်သင့်ခံနိုင်ဖွယ်ဖြစ်သော စံနှုန်းတစ်ခုအထိ ၎င်းတို့ ထမ်းဆောင်နိုင်မည်လော။ သေချာပေါက် မထမ်းဆောင်နိုင်ပေ။ သင်တို့သည် အပြင်ပန်းတွင် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေသည့်ပုံပေါက်သော်လည်း စင်စစ်အားဖြင့် သင်တို့၏ စိတ်နှလုံးများသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်သန်နေခြင်း မဟုတ်ပေ။ သင်တို့၏ အာရုံစိုက်မှုအားလုံးက ကိုယ်ကျိုးကြည့်သော အကြံအစည်များနှင့် အပိုင်ကြံခြင်းများအပေါ် စိတ်အလွန်ထက်သန်နေသောကြောင့် သင်သည် ယုံကြည်မှု ထားရှိလာသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်လင့်ကစား မည်သည့်တိုးတက်မှုမျှ လုံးဝ ရှိမည် မဟုတ်ပေ။ သင်တို့သည် မကြာခဏ အတူတကွ စုဝေးကာ ဘုရားနှုတ်ကပတ်တော်များကို အတူတကွ စကားသောက်၍ ဒေသနာများနားထောင်ပြီး မိတ်သဟာယပြုလင့်ကစား ဘုရားနှုတ်ကပတ်တော်ကို ပိတ်လိုက်ပြီး သင်၏ အစည်းအဝေးနေရာမှ ထွက်ခွာလာသည်နှင့် ယင်းတို့ထဲမှ မည်သည့်အရာမျှ သင်တို့၏စိတ်နှလုံးထဲတွင် ဆက်လည်ကျန်ရှိမည် မဟုတ်ချေ။ ဘုရားနှုတ်ကပတ်တော် တစ်လုံးမျှ၊ သမ္မာတရား စကားတစ်လုံးမျှ သင်၏စိတ်နှလုံးထဲတွင် မတည်ရှိပေ။ တစ်ခါတစ်ရံတွင် သင်သည် သူ၏နှုတ်ကပတ်တော်များကို မှတ်စုစာအုပ်ထဲတွင် ချရေးသော်လည်း သင်၏ စိတ်နှလုံးထဲတွင်မူ မသိမ်းထားဘဲ မျက်တောင်တစ်ချက်အခတ်တွင် အားလုံးကို သင်မေ့လျော့သွား၏။ ထို့အပြင် သင်တို့သည် နေ့စဉ်အသက်တာတွင် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို မည်သည့်အခါမျှ အာရုံပြုဆင်ခြင်ခြင်း မရှိပေ။ သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင် သမ္မာတရား၏ စည်းမျဉ်းများကို သင် မည်သည့်အခါမျှ မရှာဖွေပေ။ မည်သည့်အခက်အခဲများကို သင်တွေ့ကြုံရပါစေ ဝတ်ကျေတမ်းကျေဖြစ်ပြီး ပေါ့ဆသော သဘောထားကို သင်ကျင့်သုံးသည်။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့အလယ်တွင်ပင် သင်သည် ဘုရားသခင်ကို ဆုတောင်းခြင်း၊ သို့မဟုတ် သမ္မာတရား ရှာဖွေခြင်းကို မည်သည့်အခါမျှ မပြုပေ။ ဤအရာတွင် သင်တို့သည် မယုံကြည်သူများနှင့် ကွာခြားခြင်း မရှိသည့်ပုံပေါက်သည်။ သင်တို့သည် ဘုရားသခင်ကို နှစ်အနည်းငယ် ယုံကြည်ပြီးဖြစ်သော်လည်း အသက်ဝင်ရောက်ခြင်းရော၊ သမ္မာတရား စစ်မှန်မှုပါ လုံးဝ မရှိပေ။ သင်တို့၏ တာဝန်ထမ်းဆောင်ခြင်းသည် အစေခံမှုပေးခြင်းသက်သက်သာ ဖြစ်ပြီး သင်တို့၏ ရည်ရွယ်ချက်သည် ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးများအတွက် ထိုသို့သော အစေခံမှုဖြင့် လဲလှယ်လိုခြင်း ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ် မရှိပေ။ ဤပုံစံဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သင်တို့အတွက် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ ခက်ခဲသည်။ အသက်နှင့် သမ္မာတရား ရရှိဖို့ ခက်ခဲ၏။ သင်တို့ကြားတွင် အစွမ်းအစကောင်းကို ပိုင်ဆိုင်သူများ ရှိကြသည်။ သို့ရာတွင် ၎င်းတို့၏ ယုံကြည်မှုက ဆယ်စုနှစ်ကျော် ကြာမြင့်ပြီဖြစ်လင့်ကစား အယူဝါဒ စကားအနည်းငယ်သာ တတွတ်တွတ်ပြောနိုင်ပြီး အယူဝါဒနှင့်ပတ်သက်သော အပေါ်ယံစကားများဖြင့်သာ ရပ်တန့်နေကြသည်။ ၎င်းတို့သည် အယူဝါဒ အနည်းငယ် နားလည်ရုံဖြင့် စိတ်ကျေနပ်နေကြပြီး စည်းမျဉ်းများကို လိုက်နာခြင်းမျှဖြင့် လုံလောက်သည်ဟု ထင်နေကြသည်။ ၎င်းတို့အတွက် ပို၍ နက်နက်နဲနဲ စူးစမ်းလေ့လာရန် ခက်ခဲလိမ့်မည်။ သို့ဖြစ်၍ လူများ၏ စိတ်နှလုံးများသည် သမ္မာတရားကို နားလည်ရန် မကြိုးစားရသေးပေ။ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ၎င်းတို့ ဝင်ရောက်နိုင်သည့် အတိုင်းအတာသည် အလွန်နည်းပါးသည်။ ၎င်းတို့လုပ်ဆောင်သမျှသည် စည်းမျဉ်းအချို့ကို လိုက်နာခြင်းသာ ဖြစ်သည်။ သင်တို့၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သမ္မာတရားကို မည်သို့လက်တွေ့လုပ်ဆောင်သင့်သည်ကို သင်တို့ အမေးခံရလျှင် သင်တို့က “ပို၍ ဆုတောင်းပါ။ ဆင်းရဲဒုက္ခကို လိုလိုလားလား လက်ခံပါ။ သင်၏ တာဝန် ထမ်းဆောင်စဉ်တွင် မပျင်းရိနှင့်၊ သို့မဟုတ် ဝတ်ကျေတမ်းကျေ မဖြစ်နှင့်။ စည်းမျဉ်းများအတိုင်း ပြုမူပြီး ဘုရားသခင်၏ မိသားစု တောင်းဆိုသည့်မည်သည့်အရာကိုမဆို နာခံလော့” ဟု ပြောကောင်းပြောမည်ဖြစ်သည်။ သင်တို့၏တာဝန်ကို ဖြည့်ဆည်းခြင်းနှင့်သက်ဆိုင်သော အပေါ်ယံ၊ အယူအဆဆိုင်ရာ ရှုထောင့်များကို သင်တို့ ဆွေးနွေးနိုင်စွမ်း ရှိသော်လည်း သမ္မာတရား၏ စည်းမျဉ်းများနှင့် ပတ်သက်သော သီးခြားကိစ္စများအပေါ် သင်တို့ နားလည်မှု နည်းပါးလှသည်။ ဤအရာက လူအများစုသည် သမ္မာတရားနှင့်ပတ်သက်သည့် တိုက်ရိုက်အဓိပ္ပာယ်ကိုသာ နားလည်သော်လည်း သမ္မာတရား၏ စစ်မှန်မှုကို နားမလည်ကြောင်း ပြသ၏။ ထိုသို့ဖြင့် ၎င်းတို့သည် သမ္မာတရားကို လုံးဝ နားမလည်ကြချေ။ သမ္မာတရားကို နားမလည်သည့်လူများသည် သမ္မာတရားနှင့် ပတ်သက်သော စကားအချို့နှင့် အယူဝါဒအချို့ကို ပြောပြကောင်း ပြောပြနိုင်သော်လည်း ၎င်းတို့သည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု ငါတို့ သဘောထားသင့်သလော။ (သဘောမထားသင့်သည်မှာ အမှန်ဖြစ်၏။) သို့ဆိုလျှင် သင်တို့သည် နောင်တွင် မည်သည့်အရာကို အာရုံစိုက်ရမည်နည်း။ သင်တို့သည် ဆုတောင်းရင်း၊ စုဝေးရင်း၊ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရင်း၊ ဒေသနာများ နားထောင်ပြီး ဘုရားသခင်ကို ချီးမွမ်းသော ဓမ္မသီချင်းများ သီဆိုရင်း ပုံမှန်ဝိညာဉ်ရေးအသက်တာကို အသက်ရှင်နေထိုင်သင့်သည်။ ဤအပြင်ပန်း စည်းမျဉ်းများ လိုက်နာစောင့်ထိန်းခြင်းအပြင် သင်၏ တာဝန်ကို ဘေးဖယ်ထား၍ မဖြစ်ဘဲ တာဝန်ကို ကောင်းစွာ ထမ်းဆောင်သင့်သည်။ သင်တို့နားလည်ဖို့ အရေးကြီးဆုံးသော အရာတစ်ခုလည်း ရှိသည်။ သမ္မာတရားကို သင်လိုက်စားလိုလျှင်၊ သမ္မာတရားကို သင်နားလည်ပြီး ရရှိလိုလျှင် ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်စွာ နေထိုင်ဖို့ နည်းလမ်း၊ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို ချင့်ချိန်တွေးဆဖို့နည်းလမ်းတို့ကို သင်ယူရမည်ဖြစ်သည်။ သမ္မာတရားကို ချင့်ချိန်တွေးဆစဉ်တွင် ထည့်တွက်စဉ်းစားရန် လုပ်ရိုးလုပ်စဉ်များ ရှိသလော။ စည်းမျဉ်းတစ်ခုတလေ ရှိသလော။ အချိန် အကန့်အသတ် တစ်ခုတလေ ရှိသလော။ အချို့သော နေရာများတွင် လုပ်ဆောင်ရန် လိုအပ်သလော။ မလိုအပ်ပါ။ ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အချိန်မရွေး၊ သို့မဟုတ် နေရာမရွေး ချင့်ချိန်တွေးဆနိုင်သည်။ နေ့ရက်တစ်ခုကို မဖြုန်းတီးမိစေရန်အတွက် ပုံမှန်အားဖြင့် နားနေချိန်၊ သို့မဟုတ် စိတ်ကူးယဉ်သည့်အချိန်တို့အတွက် သင် သုံးလေ့ရှိသော အချိန်ကို ဘေးဖယ်ထားပြီး ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် ချင့်ချိန်တွေးဆရာတွင် ထိုအချိန်ကို အသုံးပြုလော့။ လူများသည် အချိန်ကို မည်သို့ ဖြုန်းတီးကြသနည်း။ ၎င်းတို့၏ နေ့ရက်များကို အလဟဿ စကားစမြည်ပြောခြင်း၊ ၎င်းတို့ စိတ်ဝင်စားသည့် အရာများလုပ်ဆောင်ခြင်း၊ သို့မဟုတ် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်သည့် ပေါ့ပြက်သော အရာများတွင် ပါဝင်ပတ်သက်ခြင်းတို့တွင် ၎င်းတို့နေ့ရက်များကို အသုံးပြုသည်။ ပြီးလျှင် ၎င်းတို့၌ အခြားမည်သည့်အရာမျှ လုပ်ဆောင်စရာ မရှိသည့်အခါတွင် အကျိုးမရှိသည့်အရာများနှင့် ဖြစ်ပျက်ပြီးသော အရာများအကြောင်းကို ၎င်းတို့ တွေးကြသည်။ အနာဂတ်တွင် မည်သည့်အရာများ ဖြစ်ပျက်နိုင်မည်ကိုလည်းကောင်း၊ အနာဂတ်နိုင်ငံတော်သည် မည်သည့်နေရာတွင် ရှိမည်ကိုလည်းကောင်း၊ ငရဲသည် မည်သည့်နေရာတွင် ရှိသည်ကိုလည်းကောင်း စသည်ဖြင့် ၎င်းတို့ စိတ်ကူးကြသည်။ ဤအရာများသည် ပေါ့ပြက်သော အရာများ ဖြစ်သည်မဟုတ်လော။ သင်သည် အပြုသဘောဆောင်သည့် အရာများအပေါ် ဤအချိန်ကို အသုံးချပါက၊ ဘုရားနှုတ်ကပတ်တော်များကို ချင့်ချိန်တွေးဆခြင်းနှင့် သမ္မာတရားကို မိတ်သဟာယပြုခြင်းတို့အတွက် အချိန်ကို ပိုအသုံးချရင်း ဘုရားသခင် ရှေ့မှောက်တွင် သင် ငြိမ်သက်ပါက၊ သင်၏လုပ်ရပ်တစ်ခုချင်းစီကို ဆင်ခြင်သုံးသပ်ပါက၊ ယင်းတို့ကို ဘုရားသခင် စိစစ်ရန်အတွက် သူ့ရှေ့မှောက်တွင် တင်ပြပါက၊ ထို့နောက်တွင် သင့်ထံတွင် မည်သည့်ပြဿနာက မပြေလည်သေးဘဲ ကျန်ရှိနေသေးသည်ကိုလည်းကောင်း၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် မည်သည့်အခက်အခဲများကို ကိုင်တွယ်ရန် ကျန်ရှိနေသေးသည်ကိုလည်းကောင်း၊ သင် မကြာခဏ ဖွင့်ချပြလေ့ရှိသည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ အထူးသဖြင့် ဘုရားသခင်ကို အပုန်ကန်ဆုံးနှင့် အန္တရာယ်အကြီးဆုံးဖြစ်သည့် စိတ်သဘောထားတို့ကို ဘုရားနှုတ်ကပတ်တော်၌ သမ္မာတရားရှာဖွေခြင်းအားဖြင့် ဖြေရှင်းပြီးခြင်း ရှိမရှိကိုလည်းကောင်း ဆင်ခြင်သုံးသပ်ပါက၊ ဤပြဿနာများအားလုံးကို သတ်မှတ်ထားသော အချိန်ကာလတစ်ခုအတွင်းတွင် ဖြေရှင်းနိုင်ပါက သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လိမ့်မည် ဖြစ်သည်။

ဘုရားနှုတ်ကပတ်တော်ကို အာရုံပြုဆင်ခြင်ခြင်းကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ သင် အများအားဖြင့် သုံးတတ်သည့် ဝိညာဉ်ရေးရာ ဝေါဟာရများနှင့် စကားအသုံးအနှုန်းများအကြောင်းကို မကြာမကြာ တွေးတောပြီး မိတ်သဟာယပြုလော့။ သင့်ကိုယ်သင် မေးလော့။ “ဤအရာများသည် တိုက်ရိုက်အားဖြင့်လည်းကောင်း၊ သဘောတရားအရလည်းကောင်း မည်သည့်အရာကို ဆိုလိုကြောင်းကို ကျွန်ုပ် သိကောင်းသိနိုင်သော်လည်း လက်တွေ့ကျသော စကားအသုံးအနှုန်းတွင် ယင်းတို့သည် မည်သည့်အရာကို ဆိုလိုသနည်း။ လက်တွေ့တွင် ယင်းတို့၌ မည်သည့်အရာများ ပါဝင်ပတ်သက်နေသနည်း။ ထိုဝိညာဉ်ရေးရာ စကားအသုံးအနှုန်းများအတွင်းတွင် သွယ်ဝိုက်၍ ရည်ညွှန်းပြောဆိုထားသည့် စစ်မှန်မှုကို ကျွန်ုပ်မည်သို့ ရရှိနိုင်သနည်း။ ယင်းတို့ကို ကျွန်ုပ် မည်သည့်နေရာတွင် စတင်၍ လက်တွေ့လုပ်ဆောင်ပြီး ယင်းတို့ထဲသို့ ဝင်ရောက်သင့်သနည်း” ဤသည်မှာ သင်တို့ အာရုံပြုဆင်ခြင်သင့်သည့်ပုံစံဖြစ်သည်။ ဤနေရာသည် ဘုရားနှုတ်ကပတ်တော်များကို အာရုံပြုဆင်ခြင်မှု စတင်သည့် နေရာဖြစ်သည်။ အကြင်သူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားနှုတ်ကပတ်တော်များကို အာရုံပြုဆင်ခြင်ရန်နည်းလမ်းကို မသင်ယူရသေးလျှင် သမ္မာတရားကို နားလည်ဖို့နှင့် လက်တွေ့လုပ်ဆောင်ဖို့ ခက်ခဲ၏။ လူတစ်ဦးသည် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိလျှင် ထိုသူသည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သလော။ (မဝင်ရောက်နိုင်ပါ။) သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း မရှိဘဲ အကြင်သူသည် သမ္မာတရားကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) သမ္မာတရား မရရှိဘဲ အကြင်သူသည် ဘုရားအလိုတော်ကို ဖြည့်ဆည်းနိုင်သလော။ (မဖြည့်ဆည်းနိုင်ပါ။) ၎င်းတို့ မဖြည့်ဆည်းနိုင်ပေ။ ယင်းမှာ သေချာ၏။ အကြောင်းမှာ လူများသည် သမ္မာတရားကို နားမလည်ဘဲ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားဖြင့်သာ အသက်ရှင်နေထိုင်ပြီး ဘုရားသခင်ကို ခုခံသောကြောင့် ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားအလိုတော်ကို မည်သို့မည်ပုံ ဖြည့်ဆည်းနိုင်သနည်း။ လုံးဝ ဖြည့်ဆည်း၍ မရနိုင်ချေ။ သို့ဆိုလျှင် အကြင်သူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို မည်သို့အာရုံပြုဆင်ခြင်ရမည်နည်း။ ဥပမာအနေဖြင့် “ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်း” ဟူသည့် ကြားနေကျစကားရပ်ကို ဆင်ခြင်တွေးတောသည့်အခါတွင် အောက်ပါအချက်တို့သည် သင် ချင့်ချိန်တွေးဆသင့်သည့်အရာဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် အဘယ်နည်း။ အမှားတစ်စုံတစ်ခု ပြောခြင်းသည် ဘုရားသခင်ကို မကြောက်ရွံ့ခြင်း သဘောသက်ရောက်သလော။ ထိုသို့သော နည်းလမ်းဖြင့် စကားပြောခြင်းသည် မကောင်းမှုဖြစ်သလော။ ဘုရားသခင်က ယင်းကို အပြစ်တစ်ခုအဖြစ် မှတ်ယူသလော။ မည်သည့်လုပ်ရပ်များသည် မကောင်းမှု ဖြစ်သနည်း။ ကျွန်ုပ်၏ အတွေးများ၊ ရည်ရွယ်ချက်များ၊ အကြံဉာဏ်များနှင့် ထင်မြင်ယူဆချက်များ၊ ကျွန်ုပ်၏ စကားများနှင့်လုပ်ရပ်များ၏ ကြံရွယ်ချက်များနှင့် ဇာစ်မြစ်များ၊ ပြီးလျှင် ကျွန်ုပ်ထဲတွင် ထုတ်ဖော်ပြသည့် စိတ်သဘောထားအမျိုးမျိုးတို့အားလုံးသည် သမ္မာတရားနှင့် ကိုက်ညီသလော။ ဤအရာများထဲမှ မည်သည့်အရာကို ဘုရားသခင် ချီးကျူးသနည်း။ မည်သည့်အရာကို သူ စက်ဆုပ်ရွံရှာသနည်း။ မည်သည့်အရာကို သူ ပြစ်တင်ရှုတ်ချသနည်း။ မည်သည့်အရေးကိစ္စများတွင် လူများသည် အမှားကြီးများ လုပ်လေ့ရှိသနည်း။ ဤအရာများအားလုံးကို ချင့်ချိန်တွေးဆထိုက်သည်။ သင်တို့အနေဖြင့် သမ္မာတရားကို ချင့်ချိန်တွေးဆခြင်းသည် ထုံးစံဖြစ်သလော။ (ကျွန်ုပ်တို့သည် သမ္မာတရားကို ချင့်ချိန်တွေးဆခြင်းတွင် အချိန်များစွာ မသုံးကြပါ။ များသောအားဖြင့် ကျွန်ုပ်တို့ ဦးနှောက်များသည် အလိုအလျောက်စနစ်ဖြင့် လှုပ်ရှားနေခြင်း ဖြစ်သည်။) နှစ်များတစ်လျှောက် သင်တို့ အချိန်မည်မျှ ဖြုန်းတီးပစ်ပြီးဖြစ်သည်ကို တွေးကြည့်လော့။ သမ္မာတရားနှင့်သက်ဆိုင်သော၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သော၊ အသက်ဝင်ရောက်ခြင်းနှင့်သက်ဆိုင်သော၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းတို့နှင့်သက်ဆိုင်သော ကိစ္စများအကြောင်းကို သင်တို့ မည်မျှ မကြာခဏ တွေးတောပြီးဖြစ်သနည်း။ သင်တို့သည် ဤကိစ္စများအပေါ် လေးနက်စွာ တွေးတောပြီးဖြစ်သလော။ သင်တို့သည် သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများနှင့်အညီ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်အထိ ဘုရားနှုတ်ကပတ်တော်များကို အာရုံပြုဆင်ခြင်ပြီးဖြစ်သည့်အခါတွင် ထိုအချိန်သည် သင့်အနေဖြင့် အသီးအပွင့်ကို စတင်၍ မြင်လာမည့်အချိန်၊ အသက်ထဲသို့ ဝင်ရောက်မည့်အချိန် ဖြစ်သည်။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ အာရုံပြုဆင်ခြင်ရမည်ကို မသိသေးသကဲ့သို့ သမ္မာတရားကို နားလည်ခြင်းလည်း မရှိသေးပေ။ သင်သည် အသက်ထဲသို့ မဝင်ရောက်ရသေးပေ။ ဤအရာကို ကြိုးစားအားထုတ်ရမည်ဖြစ်ပြီး သင်၏အချိန်ကို ဖြုန်းတီး၍မဖြစ်ပေ။ လူတစ်ဦးသည် အသက်မည်မျှကြီးပါစေ ကုန်သွယ်မှုတစ်ခုကို မည်သို့သင်ယူရမည်၊ ငွေရှာပြီး မိမိ၏မိသားစုကို မည်သို့ထောက်ပံ့ရမည်၊ ကောင်းမွန်သော ဘဝကို မည်သို့နေထိုင်ရမည်၊ အခြားသူများကို မည်သို့ဆက်ဆံရမည်၊ မိမိ၏အနာဂတ်သည် အဘယ်ပုံစံရှိမည် စသည်တို့ကို စတင်၍ တွေးတောလာသည့်အခါတွင် ဤအရာက ဤလူ၏စိတ်သည် ရင့်ကျက်လာပြီးဖြစ်ကာ အမှီအခိုကင်းသော ဘဝတစ်ခုကို စတင်၍ နေထိုင်အသက်ရှင်နေကြောင်းကို ဆိုလိုသကဲ့သို့ပင် ဖြစ်လေသည်။ ထိုအရာများအကြောင်း မတွေးတောသကဲ့ ထိုသို့သောအရာများအကြောင်း မည်သည့်အခါမျှ မတွေးတောဖူးသည့်သူတစ်ဦးသည် အတွေးအခေါ် မရှိသော၊ သို့မဟုတ် အမှီအခိုကင်းသည့် ထင်မြင်ယူဆချက်များ မရှိသော သူတစ်ဦး ဖြစ်သည်။ ထိုသူသည် ဘဝနှင့်ပတ်သက်သည့် ဤအရာများကို နားမလည်နိုင်သောကြောင့် သူ၏မိဘများကို အရာရာတွင် မှီခိုအားထားရသည်။ သုံးစွဲရန် ငွေကြေး၊ စားသောက်ရန် အစားအစာနှင့် ဝတ်စားဆင်ယင်ရန် အဝတ်တို့အတွက် မိဘများကို သူမှီခိုအားထားရသည်။ သူ၏မိဘများသာ သူ့ကို ပြုစုစောင့်ရှောက်ခြင်း မရှိပါက၊ သူသည် ခိုကိုးရာမဲ့ဖြစ်ကာ ဆာလောင်ပြီး ချမ်းအေးနေပေလိမ့်မည်။ ထိုသို့သောလူတစ်ဦးသည် အမှီအခိုကင်းစွာ အသက်ရှင်နိုင်သလော။ ဤသည်မှာ ရင့်ကျက်သောသူတစ်ဦး ဖြစ်သလော။ (မဟုတ်သည်မှာ မှန်ပါသည်။) သင်တို့သည် ယခုအချိန်တွင် မည်သည့်အဆင့်တွင် ရှိနေသနည်း။ သင်၏ ယုံကြည်ခြင်းတွင် လူကြီးဘဝ၏ အဆင့်သို့ ရောက်ပြီးဖြစ်သလော။ သင်တို့ကို မည်သူတစ်ဦးတစ်ယောက်မျှကသာ ‌ရေမလောင်းခဲ့လျှင်၊ အထက်ကသာ သင်တို့ကို တရားမဟောခဲ့လျှင်၊ မည်သူတစ်ဦးတစ်ယောက်မျှကသာ သင်တို့ကို ဦးမဆောင်ဘဲ ထိုအစား ဘုရားနှုတ်ကပတ်တော်များကို သင်တို့ဘာသာ စားသောက်ခွင့်ပေးပြီး ဓမ္မသီချင်းများကို သင်တို့ဘာသာ နားထောင်ခွင့်ပေးခဲ့လျှင် ယခုအခါတွင် သင်တို့သည် အသက်ထဲသို့ ဝင်ရောက်နိုင်မည်လော။ သင်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်လော။ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်မည်လော။ စည်းမျဉ်းနှင့်အညီ ပြုမူဆောင်ရွက်နိုင်မည်လော။ (မဆောင်ရွက်နိုင်ပါ) ဤနေရာတွင် ပြဿနာတည်ရှိ၏။ ဤအရာက ဆိုလိုသည်မှာ သင်တို့သည် ဝိညာဉ်ရင့်ကျက်မှုတွင် နုနယ်လွန်းသေးသည်ဟု ဖြစ်သည်။ သင်တို့၏ တာဝန်ကိုပင် သင်တို့ ကောင်းစွာ ထမ်းဆောင်နိုင်ခြင်း မရှိသကဲ့သို့ လူကြီးဘဝကို မရောက်ကြသေးပေ။ လက်ရှိအခြေအနေများတွင် တစ်စုံတစ်ဦးက သင်တို့ကို ဦးဆောင်လမ်းပြပြီး ထိန်းကျောင်းပေးလျှင် သင်တို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်နိုင်ကြသည်။ သင်တို့သည် ယုံကြည်သူတစ်ဦး၏ ပုံသဏ္ဌာန်မျိုး ရှိသည်။ သို့ရာတွင် နောင်တွင် မည်သူကမျှ သင်တို့ကို လမ်းပြပေးဖို့ မရှိလျှင် သင်တို့ ခိုင်မာစွာ ရပ်တည်နိုင်ပြီး သင်တို့၏တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိနှင့် သမ္မာတရားစစ်မှန်မှု မည်မျှကို သင်တို့ ရရှိပြီးဖြစ်ကြောင်း ပေါ်လွင်လာမည် မဟုတ်လော။ သင်သည် သမ္မာတရား စစ်မှန်မှု တစ်ခုမျှ မရှိကြောင်းကို အချိန်မကျလာမချင်း သဘောမပေါက်လျှင် ယင်းမှာ သောကများဖွယ်ရာဖြစ်သည် မဟုတ်လော။ ယင်းသည် အလွန် အန္တရာယ်ရှိသည့်အရာဖြစ်သည်။ စမ်းသပ်မှုများကို သင်ရင်ဆိုင်သည့်အခါတွင် သင်၏သက်သေခံချက်တွင် မည်သို့ ခိုင်မာစွာ ရပ်တည်ရမည်ကို သင်သိမည်မဟုတ်ဘဲ ဘုရားအလိုတော်ကို မည်သို့ဖြည့်ဆည်းရမည်ကိုလည်း သင်သိမည် မဟုတ်ချေ။ သင်၏ စိတ်နှလုံးထဲတွင် လမ်းကြောင်း၊ ဦးတည်ချက် ရှိမည်မဟုတ်သကဲ့သို့ မည်သည့်သမ္မာတရားမျှ သင့်ထဲတွင် အမြစ်တွယ်မည် မဟုတ်ချေ။ သို့ဆိုလျှင် သင်သည် မည်သို့ ခိုင်မာစွာ ရပ်တည်နိုင်မည်နည်း။ သမ္မာတရား၏ စစ်မှန်မှုကို သင်မပိုင်ဆိုင်လျှင် စုံစမ်းသွေးဆောင်ခြင်းများကို ကြုံရသည့်အခါတွင် သင်သည် မှောက်မှားနိုင်ခြေရှိလိမ့်မည်။ မကောင်းမှုလုပ်ပြီး အသင်းတော်အလုပ်ကို ကဖျက်ယဖျက်လုပ်ဖို့ ကြိုးစားသည့် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်တို့ကို သင်ကြုံတွေ့ရသည့်အခါတွင် သူတို့၏ အရှိအတိုင်းကို သင်သတိပြုမိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်သကဲ့သို့ သူတို့၏ လက်ထဲမှ သင်ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ချေ။ ထိုသို့သော အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များနောက်သို့ သင်လိုက်နိုင်သေးလျှင် သင်ပြဿနာတက်လိမ့်မည်။ ဤမေးခွန်းနှစ်ခုသည် သင့်ကို ဖော်ထုတ်ပြီးဖြစ်လိမ့်မည်။ သင်သည် ဖယ်ရှားခံရဖို့ အန္တရာယ်ရှိလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ရာတွင် သင့်အတွက် ဘုရားနှုတ်ကပတ်တော်ကို မကြာမကြာ အာရုံပြုဆင်ခြင်ပြီး သမ္မာတရားကို ချင့်ချိန်တွေးဆရန် လိုအပ်ပေသည်။ ဤနည်းအားဖြင့်သာ သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ပြီး သမ္မာတရားကို ရရှိနိုင်ပေသည်။

ယခုလက်ရှိတွင် ဤလူ့အဖွဲ့အစည်း၌ နေထိုင်သော လူအများအတွက် စုံစမ်းသွေးဆောင်မှု များစွာ ရှိနေသလော။ ဆိုးယုတ်သော ရေပန်းစားမှုမျိုးစုံ၊ ဆွေးနွေးဖော်ပြချက်မျိုးစုံ၊ အတွေးအခေါ်များနှင့် အမြင်ရှုထောင့်မျိုးစုံ၊ လူမျိုးစုံထံမှ သွေးဆောင်မှုများနှင့် သိမ်းသွင်းမှုမျိုးစုံ၊ လူမျိုးစုံတို့၏ မျက်နှာတွင်ဖြစ်ပေါ်သည့် ဆိုးယုတ်ရက်စက်သော မျက်နှာထားမျိုးစုံတို့ကဲ့သို့ စုံစမ်းသွေးဆောင်မှုများသည် သင့်ကို အဘက်ဘက်မှ ဝိုင်းရံထားသည်။ ဤသည်တို့အားလုံးသည် သင်ရင်ဆိုင်ရသည့် စုံစမ်းသွေးဆောင်မှုများဖြစ်သည်။ ဥပမာအနေဖြင့် လူများသည် သင့်အတွက် အကူအညီ ပေးကောင်းပေးနိုင်သည်။ သင့်ကို ချမ်းသာအောင် လုပ်ပေးကောင်း လုပ်ပေးနိုင်သည်။ သင်နှင့် မိတ်ဆွေများ ဖြစ်လာကောင်း ဖြစ်လာနိုင်သည်။ သင်နှင့် ချိန်းတွေ့ကောင်း ချိန်းတွေ့နိုင်သည်။ သင့်ကို ပိုက်ဆံသော်လည်းကောင်း၊ အလုပ်သော်လည်းကောင်း ပေးကောင်းပေးနိုင်သည်။ သင့်ကို ကခုန်ဖို့ ဖိတ်ခေါ်ကောင်း ဖိတ်ခေါ်နိုင်သည်။ သင့်ကို လောကဝတ်ပြုကောင်း ပြုနိုင်သည်၊ သို့မဟုတ် လက်ဆောင်များ ပေးကောင်းပေးနိုင်သည်။. ဤအရာများအားလုံးသည် စုံစမ်းသွေးဆောင်ခြင်းများ ဖြစ်နိုင်သည်။ ကိစ္စများ အဆင်မပြေလျှင် သင်သည် ထောင်ချောက်ထဲသို့ သက်ဆင်းသွားလိမ့်မည်။ သင်သည် စိတ်အတွင်းထဲတွင် သမ္မာတရားအချို့ဖြင့် မပြင်ဆင်ထားဘဲ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ချို့တဲ့လျှင် ဤအရာများကို သင် အရှိအတိုင်း မြင်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ ယင်းတို့အားလုံးသည် သင့်အတွက် ထောင်ချောက်များနှင့် စုံစမ်းသွေးဆောင်ခြင်းများ ဖြစ်လိမ့်မည်။ တစ်ဖက်တွင် သမ္မာတရားကို သင်မပိုင်ဆိုင်လျှင် စာတန်၏ လှည့်စားခြင်းများကို သင်ရိပ်စားမိနိုင်မည် မဟုတ်သကဲ့သို့ လူအမျိုးမျိုး၏ ဆိုးယုတ်သော မျက်နှာထားများကိုလည်း သင်မြင်နိုင်လိမ့်မည် မဟုတ်ချေ။ စာတန်ကို သင်အောင်မြင်ကျော်လွှားနိုင်မည် မဟုတ်ဘဲ ဇာတိပကတိကို စွန့်လွှတ်နိုင်ခြင်း ရှိမည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို နာခံမှုလည်း ရရှိနိုင်လိမ့်မည် မဟုတ်ချေ။ အခြားတစ်ဖက်တွင် သမ္မာတရား၏ စစ်မှန်မှု မရှိသဖြင့် သင်သည် အမျိုးအမျိုးအစားအစားသော ဆိုးယုတ်သည့် ရေပန်းစားမှုများ၊ ဆိုးယုတ်သော အမြင်ရှုထောင့်များ၊ အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် ဆိုးရိုးများ အားလုံးတို့ကို ခုခံတွန်းလှန်နိုင်စွမ်း ရှိမည် မဟုတ်ချေ။ ဤအရာများကို ရင်ဆိုင်ရသည့်အခါတွင် ယင်းသည် ရုတ်တရက် အအေးလှိုင်းဖြတ်သကဲ့သို့ဖြစ်လိမ့်မည်။ သင်သည် အအေးမိခြင်းလောက်သာ ဖြစ်ကောင်းဖြစ်နိုင်မည်။ သို့မဟုတ် ပို၍ ပြင်းထန်သောအရာတစ်ခုလည်း ဖြစ်နိုင်မည်။ သင်သည် အသက်အန္တရာယ်ပေးနိုင်ခြေရှိသော အအေးမိ၍ လေဖြတ်ခြင်း(က)ကိုပင် ခံစားရနိုင်သည်။ သင်သည် သင်၏ယုံကြည်မှု လုံးလုံး ဆုံးရှုံးကောင်း ဆုံးရှုံးသွားမည်။ သင်သည် သမ္မာတရား ချို့တဲ့လျှင် မယုံကြည်သူများ၏ လောကမှ စာတန်နှင့် နတ်ဆိုးတို့၏ စကားအနည်းငယ်ကပင် သင့်အား မရှင်းမလင်းဖြစ်ပြီး ဦးနှောက်ခြောက်သွားစေလိမ့်မည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သင့်ခြင်း ရှိမရှိနှင့် ထိုသို့သော ယုံကြည်ခြင်းသည် မှန်ကန်ခြင်း ရှိမရှိတို့ကို မေးခွန်းထုတ်လိမ့်မည်။ ယနေ့ စုဝေးကာ သင်သည် အခြေအနေကောင်းတွင် ရှိနေသော်လည်း ထို့နောက် မနက်ဖြန်တွင် သင်အိမ်ပြန်၍ ရုပ်သံဇာတ်လမ်း အခန်းတွဲနှစ်ခု ကြည့်ခြင်းမျိုး ဖြစ်ကောင်း ဖြစ်နိုင်သည်။ သင်သည် သွေးဆောင်ဖြားယောင်းခြင်း ခံရလေပြီ။ ညဖက်တွင် သင်အိပ်ရာမဝင်မီ ဆုတောင်းဖို့ မေ့လျော့ကာ သင်၏ စိတ်သည် ရုပ်သံဇာတ်လမ်းတွဲ၏ ဇာတ်လမ်းဇာတ်ကွက်ကိုသာ လုံးလုံး အာရုံရောက်နေသည်။ ရုပ်မြင်သံကြားကို နှစ်ရက်ကြာအောင် သင်ဆက်လက် ကြည့်ရှုလျှင် သင်၏စိတ်နှလုံးသည် ဘုရားသခင်ထံမှ ဝေးကွာပြီးသား ဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များကို သင်မဖတ်ရှုလိုတော့ပေ။ သို့မဟုတ် သမ္မာတရားအကြောင်း မိတ်သဟာယ မပြုလိုတော့ပေ။ သင်သည် ဘုရားသခင်ကို ဆုပင်မတောင်းလိုပေ။ သင်၏စိတ်နှလုံးထဲတွင် “ကျွန်ုပ် မည်သည့်အချိန်တွင် တစ်စုံတစ်ခုကို လုပ်နိုင်မည်နည်း။ အရေးကြီးသော အမှုကိစ္စအချို့ကို ကျွန်ုပ် မည်သည့်အချိန် စတင်နိုင်မည်နည်း။ ကျွန်ုပ်၏ ဘဝသည် အချည်းနှီးဖြစ်ဖို့ မလိုအပ်ပေ” ဟု သင် အမြဲပြောနေသည်။ ယင်းမှာ စိတ်ပြောင်းသွားခြင်းလော။ အစက သင်သည် ဘုရားသခင်အတွက် ဧဝံဂေလိဖြန့်ဝေပြီး သက်သေခံနိုင်ဖို့အတွက် သမ္မာတရားနှင့်ပတ်သက်၍ ပို၍နားလည်လိုခဲ့သည်။ ယခုအခါတွင် အဘယ်ကြောင့် ပြောင်းလဲသွားရသနည်း။ ရုပ်ရှင်များနှင့် ရုပ်သံဇာတ်လမ်းတွဲများ ကြည့်ရုံဖြင့် စာတန်ကို သင့်စိတ်နှလုံးအား လွှမ်းမိုးချုပ်ကိုင်ခွင့်ကို သင် ပေးလေသည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် အမှန်ပင် နုနယ်ပေသည်။ ဤဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကို ခုခံဖို့ ဝိညာဉ်ရင့်ကျက်မှု သင့်ထံတွင် ရှိသည်ဟု သင်ထင်သလော။ ယခုအခါတွင် ဘုရားသခင်သည် သင့်အား ကျေးဇူးတော်ပြပြီး သင်၏တာဝန်ကို ထမ်းဆောင်ဖို့ သူ့အိမ်တော်ထဲသို့ ခေါ်ဆောင်၏။ သင်၏ဝိညာဉ်ရင့်ကျက်မှုကို မမေ့နှင့်။ လက်ရှိတွင် သင်သည် ပြင်ပမှ လေဒဏ်မိုးဒဏ်ကို တောင့်ခံနိုင်စွမ်း မရှိသော ဖန်လုံအိမ်ထဲမှ ပန်းလေးတစ်ပွင့်ဖြစ်သည်။ လူများသည် ဤစုံစမ်းသွေးဆောင်မှုများကို သတိမပြုမိသလို တောင့်ခံနိုင်ခြင်း မရှိပါက စာတန်က ၎င်းတို့ကို အချိန်မရွေး၊ နေရာမရွေး ဖမ်းဆီးနိုင်သည်။ ယင်းမှာ လူ၏ နုနယ်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သနားစဖွယ် အခြေအနေပင်တည်း။ သင်သည် သမ္မာတရား၏ စစ်မှန်မှုကို မပိုင်ဆိုင်ဘဲ သမ္မာတရားကို နားလည်ခြင်း မရှိသည်နှင့်အညီ စာတန်၏စကားများအားလုံးသည် သင့်အတွက် အဆိပ်ကဲ့သို့ပင် ဖြစ်လေသည်။ ယင်းတို့ကို သင်နားစိုက်နားထောင်လျှင် ယင်းတို့သည် သင်၏စိတ်နှလုံးထဲတွင် ဖယ်ရှား၍မရနိုင်အောင် ပိတ်မိနေကြလိမ့်မည်။ သင်၏စိတ်နှလုံးထဲတွင် “ကျွန်ုပ်သည် မျက်စိပိတ်၊ နားပိတ်ထားမည်” ဟု သင်ပြောသော်လည်း စာတန်၏ စုံစမ်းသွေးဆောင်မှုမှ သင်ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိပေ။ သင်သည် လေဟာနယ်ထဲတွင် နေထိုင်ခြင်း မဟုတ်။ စာတန်၏စကားများကို ကြားရလျှင် သင်ခုခံနိုင်စွမ်း ရှိမည်မဟုတ်ချေ။ သင်သည် ထောင်ချောက်ထဲသို့ သက်ဆင်းလိမ့်မည်။ သင်၏ ဆုတောင်းခြင်းများနှင့် မိမိကိုယ်ကို ကျိန်ဆဲခြင်းများသည်လည်း အကျိုးရှိမည် မဟုတ်။ သင် မခုခံနိုင်ပေ။ ထိုသို့သောအရာများသည် သင်၏ အတွေးအခေါ်များနှင့် သင်၏လုပ်ရပ်များကို လွှမ်းမိုးနိုင်သည်။ သင်၏ သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းကို ယင်းတို့က ပိတ်ပင်တားဆီးနိုင်သည်။ သင့်ကို ထိန်းချုပ်ခြင်း၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံခြင်းမှ သင့်ကို ဟန့်တားခြင်း၊ သင့်ကို မတက်မကြွဖြစ်စေပြီး အားနည်းစေခြင်း၊ ဘုရားသခင်မှ ဝေးရာတွင် သင့်ကို ထားရှိခြင်းတို့ကိုပင် လုပ်ဆောင်နိုင်သည်။ အဆုံးတွင် သင်သည် အသုံးမကျဘဲ မျှော်လင့်ချက်အားလုံး ပျက်သုဉ်းသွားလိမ့်မည်။

ယခုအခါတွင် သင်သည် ဘုရားသခင်ကို ဆက်ကပ်နေသည်ဟု သင်ထင်သည်။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့်ပတ်သက်၍ ရည်မှန်းချက်၊ စိတ်ပိုင်းဖြတ်ချက်နှင့် ပြင်းပြသောဆန္ဒရှိသည်။ သို့ရာတွင် ဘုရားသခင်၏ စမ်းသပ်မှုများကို သင်ကြုံတွေ့ရသည့်အခါ မည်သို့ ကိုင်တွယ်မည်နည်း။ သင်နာခံမည်ဟု သင်ပြောသော်လည်း ဘုရားသခင်က သင်၏ အယူအဆများ စိတ်ကူးဆန္ဒများနှင့် မကိုက်ညီသည့် အခက်အခဲတစ်ခုကို သင့်ရှေ့တွင် ထားရှိသည့်အချိန်တွင် သူ့ကို သင်မနာခံနိုင်သည့်အခါ သင်သည် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ဘုရားသခင်က လူတို့ကို ဆုလာဘ်ချီးမြှင့်သည့်အခါတွင် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များအတွက် သင့်တော်ပြီး ၎င်းတို့၏ အယူအဆများ၊ အကြိုက်များနှင့်ကိုက်ညီသောကြောင့် လူများက သူ့ကို နာခံနိုင်သည်။ သို့ရာတွင် ဘုရားသခင်က သင့်ထံမှအရာများကို ယူဆောင်သည့်အခါတွင် သင်မည်သို့တုံ့ပြန်မည်နည်း။ ဘုရားသခင်၏ စမ်းသပ်မှုများအလယ်တွင်လည်းကောင်း၊ သင့်အတွက် သူပုံဖော်ပေးသည့် ပတ်ဝန်းကျင်ထဲတွင်လည်းကောင်း သင်၏သက်သေခံချက်တွင် သင်စွဲမြဲစွာ ရပ်တည်နိုင်သလော။ ဤအရာသည် ပြဿနာဖြစ်မည်လော။ “ကျွန်ုပ်သည် မိမိ၏သက်သေခံချက်တွင် ဧကန်မုချ ခိုင်မာစွာ ရပ်တည်ပါမည်” ဟု သင်ပြောသည့်အခါတွင် သင်၏စကားများသည် ဟိတ်ဟန်ထုတ်ခြင်း၊ မိုက်မဲခြင်း၊ မာနထောင်လွှားခြင်းနှင့် ဆင်ခြင်ဉာဏ်မဲ့ခြင်းတို့ဖြစ်၏။ ဘုရားသခင်သည် သင့်နှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်လိုကြောင်း သင်သိသလော။ ဘုရားသခင်က သင့်ကို အဘယ်ကြောင့် စမ်းသပ်လိုသည်ကို သင်သိသလော။ သင့်အထဲတွင် သူမည်သည့်အရာကို ဖော်ထုတ်လိုသနည်း။ သင်က “ကျွန်ုပ်သည် ဒုက္ခခံဖို့ ဆန္ဒရှိသည်။ ကျွန်ုပ် အဆင်သင့်ဖြစ်ပြီ။ ဘုရားသခင် ပေးနိုင်သည့် မည်သည့်စမ်းသပ်မှုကိုမျှ ကျွန်ုပ် မကြောက်ပါ” ဟု ပြော၏။ သို့သော်လည်း သင်မည်သည့်အခါမျှ မမျှော်လင့်ထားသော အရာတစ်ခု၊ သင်မည်သည့်အခါမျှ မပြင်ဆင်ထားသည့်အရာတစ်ခု ရုတ်တရက်ကြီး ဖြစ်ပေါ်လာသည်။ ထိုအခါတွင် သင်၏ပြင်ဆင်ထားခြင်းက အဘယ်အသုံးတည့်သနည်း။ လုံးဝ အသုံးမတည့်ပါ။ သင်၏ကျန်းမာရေးသည် အစဉ်သဖြင့် ကောင်းမွန်သည်ဟု ဆိုကြပါစို့။ သင်သည် နှစ်ပေါင်းများစွာ သင်၏တာဝန်ကို ထမ်းဆောင်ပြီးဖြစ်ကာ ဘုရားသခင်သည် သင့်ကို ရောဂါများအားလုံးထံမှ ကွယ်ကာပေးပြီးဖြစ်သည်။ သင်၏လမ်းကြောင်းသည် ချောမွေ့သောလမ်းကြောင်းတစ်ခု ဖြစ်ခဲ့သည်။ ရုတ်တရက်ဆိုသလို တစ်နေ့တွင် သင်သည် ဆေးသွားစစ်ပြီး ဆရာဝန်များက ထူးခြားသော ရောဂါတစ်မျိုးကို တွေ့သွားသည်။ ယင်းကို နောက်ပိုင်းတွင် ၎င်းတို့က ကျွမ်းနေသော ရောဂါတစ်ခုအဖြစ် ရောဂါရှာဖွေသတ်မှတ်ခဲ့ကြသည်။ သင်၏စိတ်နှလုံးထဲတွင် ယင်းမှာ အားကောင်းသော စမ်းချောင်းကြီးများ ဦးတည်ရာပြောင်းကာ ကြီးမားသော သမုဒ္ဒရာကြီးတစ်ခုကို ပြောင်းပြန်လှန်လိုက်သည့်အလား ဗြောင်းဆန်ကုန်လေသည်။ “အသင်းတော်ထဲမှ ညီအစ်ကိုမောင်နှမများထဲမှ တစ်ဦးမျှ ဤရောဂါမဖြစ်ကြပါ။” “ဘုရားသခင်ကို ယုံကြည်သည်မှာ ကျွန်ုပ် အကြာဆုံးဖြစ်သည်။ ကျွန်ုပ်၏တာဝန်ထမ်းဆောင်ခြင်းတွင် ကျွန်ုပ် အတက်ကြွဆုံးဖြစ်ပြီး ဒုက္ခလည်း အများဆုံးခံရသည်။ မည်သို့များ ကျွန်ုပ် ဤရောဂါဖြစ်ရသနည်း” ဟု သင်ပြောသည်။ ထိုကိစ္စကို ချင့်ချိန်တွေးဆပြီးသည့်နောက်တွင် ဤသည်မှာ ဘုရားသခင်ထံမှ စမ်းသပ်မှုတစ်ခု ဖြစ်ရမည်ဖြစ်ပြီး သင်နာခံသင့်သည်ကို သင်သဘောပေါက်လိုက်သည်။ ယခုအချိန်တွင် သင်သည် ဘုရားသခင်ထံ ဆုတောင်းရန် ယုံကြည်ခြင်း ရှိသေးသည်။ သို့ရာတွင် အချိန်တစ်ခုကြာ သင်ဆုတောင်းပြီးနောက် ရောဂါမပျောက်သေးသဖြင့် “ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်ကို သေခွင့်ပေးခြင်းဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်၏ အသက်ကို နုတ်ယူချင်သည်” ဟု သင် တွက်ဆသည်။ ယခုအခါတွင် ဘုရားသခင်ကို သင်နာခံဦးမည်လော။ (ဖြစ်နိုင်ခြေမရှိပါ။) သင်သည် “ကျွန်ုပ်၏ ဘုရားသခင်။ ကျွန်ုပ် မသေချင်သေးပါ။ ကျွန်ုပ် အပြည့်အဝ အသက်မရှင်ရသေးပါ။ ကျွန်ုပ် ငယ်ရွယ်ပါသေးသည်။ ကျွန်ုပ်ဘဝကို တစ်ဝက်တစ်ပျက်သာ တွေ့ကြုံခံစားရပါသေးသည်။ နှစ်အနည်းငယ်ထပ်ပေးပါ။ ကျွန်ုပ်လုပ်နိုင်သည့်အရာ များစွာ ရှိပါသေးသည်” ဟု ငိုပြလိမ့်မည်။ ဘုရားသခင်က သင့်ကို ကုစားပေးမည့်အရေးအတွက် ဆုတောင်းခြင်းသည် အချည်းနှီးသာ ဖြစ်၏။ ဆေးစစ်ချက်မည်မျှကို သင်ကြုံတွေ့ရပါစေ သင်၏ရောဂါသည် ကျွမ်းနေကြောင်း ထိုဆေးစစ်ချက်များက ပြလိမ့်မည်။ ကုသမှုခံယူပါကလည်း သင်သေဆုံးမည်။ ကုသမှုမခံယူပါကလည်း သင်သေဆုံးမည်သာဖြစ်သည်။ သို့ဆိုလျှင် သင်မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ အချိန်အတော်များများတွင် ဘုရားသခင်က လူများကို စမ်းသပ်သည့်အချိန်တွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များက မှန်ကန်ပြီး ကောင်းမွန်သည်ဟု တွေးတောခြင်းအားဖြင့် ၎င်းတို့ စတင်ကြသည်။ သို့ရာတွင် သုံးသပ်ချက်က ရှင်းလာသည့်အချိန်တွင် “ကျွန်ုပ်သေဖို့က ဘုရားသခင်၏အလိုတော် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဘုရားသခင်က ကျွန်ုပ်ကို သေစေလိုလျှင် သေခွင့်ပြုလိုက်ပါ” ဟု ၎င်းတို့ တွေးကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် မတုန်မလှုပ်ဖြင့် အားကိုးရာမဲ့စွာ သေဖို့စောင့်ကြသည်။ သေခြင်းတရားအတွက် ဤစောင့်ဆိုင်းခြင်းသည် မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ယင်းတွင် နာခံမှုအရိပ်အယောင် တစ်ခုတလေ ပါသလော။ (မပါပါ။ ယင်းက ကံကြမ္မာကို လက်ခံခြင်းမျှသာ ဖြစ်၏။) ထိုသို့သောလူများသည် အမှန်တကယ် သေဖို့ ဆန္ဒရှိနေကြသလော။ (မရှိနေပါ။) သို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် သေဖို့စောင့်ဆိုင်းနေကြသနည်း။ သေခြင်းတရား ရောက်လာသည့်အချိန်တွင် ၎င်းတို့တွင် သေဖို့မှလွဲ၍ ရွေးချယ်စရာမရှိပေ။ ၎င်းတို့တွင် ရွေးချယ်စရာ မရှိပါက ၎င်းတို့ လက်ခံရုံသာ တတ်နိုင်သည်။ ဤ “လက်ခံခြင်း” သည် မတုန်မလှုပ်ဖြင့် ဆန့်ကျင်ခြင်း သဘောထားတစ်ခု ဖြစ်သည်။ သက်သေခံခြင်း လုပ်ရပ်တစ်ခု မဟုတ်ပေ။ လူအချို့က “ဘုရားသခင်သည် ကျွန်ုပ်ကို သေခွင့်ပေးပြီ။ ထို့ကြောင့် ကျွန်ုပ်သည် မည်သည့်သက်သေခံချက် ပေးဖို့ ကျန်သေးသနည်း” ဟု ပြောကြသည်။ ဘုရားသခင်က သင့်ကို သေခွင့်ပြုလင့်ကစား သင်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းတစ်ခု မဟုတ်သလော။ သင်၏တာဝန်ကို သင်စွန့်ပစ်မည်လော။ သင်၏တာဝန်ကို သင်အဆုံးသတ်ပြီးပြီလော။ သင်၏တာဝန်ကို သင်ကောင်းစွာ ထမ်းဆောင်ပြီးဖြစ်သလော။ ဖန်ဆင်းခံတစ်ဦး ပေးရန်ရှိသော သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ဖို့အတွက် သင်သည် မည်သည့်စိတ်နှလုံမျိုး ရှိရမည်နည်း။ (ကျွန်ုပ်၏ အတွေ့အကြုံကို ပြောပြပါရစေ။ လွန်ခဲ့သည့် သုံးလေးရက်က ကျွန်ုပ် သွားကိုက်သည်မှာ နာလွန်းသဖြင့် သုံးရက်ကြာ အိပ်မပျော်ခဲ့ပါ။ သို့တိုင် ကျွန်ုပ်၏ တာဝန်ကို နေ့စဉ် လုပ်ဆောင်ခဲ့ရပါသေးသည်။ ကျွန်ုပ်၏ ခေါင်းထဲမှ မချိမဆံ့ခံစားရသော နာကျင်မှုသည် အမှန်တကယ်ကို ကျွန်ုပ်ခံနိုင်သည်ထက်ပင် ပိုလုနီးပါး ဖြစ်ခဲ့သည်။ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် အနည်းငယ် ညည်းညူခဲ့မိသည်။ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ်ကောင်းမွန်စွာ ထမ်းဆောင်ခဲ့သည်ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် ကျွန်ုပ်အပေါ် ဤအရာသည် အဘယ်ကြောင့် ဖြစ်ပျက်ရသနည်း။ ထိုအချိန်က ဘုရားအလိုတော်ကို ကျွန်ုပ် နားမလည်နိုင်ဟု ခံစားခဲ့ရသည်။ ညီအစ်ကိုမောင်နှအချို့က ကျွန်ုပ်ကိုယ်တိုင်၏ စိတ်နှလုံးကို ရှာဖွေဖို့နှင့် မိမိကိုယ်ကို သိနားလည်ဖို့ ကျွန်ုပ်ကို တိုက်တွန်းကြသည်။ ထို့ကြောင့် ကျွန်ုပ် ဘုရားသခင်ထံ ဆက်လက်၍ ဆုတောင်းပြီး ရှာဖွေခဲ့သည်။ မည်သည့်အရာတွင်မျှ ဘုရားသခင်အပေါ် ကျွန်ုပ် မနာခံခဲ့ကြောင်း မတွေ့ခဲ့ရပါ။ နောက်ပိုင်းတွင် ယောဘက သူ့အပေါ် စမ်းသပ်သည့်အချိန်ကာလအတွင်းတွင် သူ၏ဇနီးသည်ကို ပြောသည့်စကားများအကြောင်း ကျွန်ုပ်တွေးမိသည်။ “ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘ ဝတ္ထု ၂:၁၀) ဟူ၍ဖြစ်လေသည်။ ယောဘသည် သူ့အပေါ် စမ်းသပ်သည့်အချိန်ကာလများအတွင်းတွင် ဘုရားသခင်အတွက် သက်သေခံနိုင်ခဲ့သည်။ ကျွန်ုပ်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်မိသည်။ ကျွန်ုပ်အတွက် အခြေအနေများ ကောင်းနေသည့်အချိန်တွင် ကျွန်ုပ်သည် ဘုရားသခင်ကို မည်သို့မည်ပုံချီးမွမ်းနိုင်သော်လည်း ဘေးဒုက္ခကျရောက်သည့် အချိန်များတွင် အပျက်သဘောဆောင်လာပြီး ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည်ကို ကျွန်ုပ် မြင်ခဲ့သည်။ ဤသည်မှာ ဘုရားသခင် ဖန်ဆင်းထားသည့် သင့်တင့်လျောက်ပတ်သော ဖန်ဆင်းခံတစ်ဦး၏ နည်းလမ်းမဟုတ်သည်ကို ကျွန်ုပ် ခံစားရသည်။ ဤအရာက ကျွန်ုပ်ကို နောက်ဆုံးတွင် လိပ်ပြာမသန့်ဖြစ်စေခဲ့သည်။ ကျွန်ုပ်သည် ဇာတိပကတိကို စွန့်လွှတ်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ဆန္ဒရှိခဲ့သည်။ ကျွန်ုပ် မကျန်းမာလျှင်ပင် ဘုရားသခင်ကို ကျွန်ုပ် နာခံသင့်သေးသည်ဟု ကျွန်ုပ် တွေးမိသည်။ နာကျင်မှုမည်မျှရှိပါစေ ကျွန်ုပ်၏တာဝန် ထမ်းဆောင်ရာတွင် ကျွန်ုပ် လိုလိုလားလား ဆက်လက်လုပ်ဆောင်ရမည်။ ဤသည်မှာ ကျွန်ုပ်ကိုယ်တိုင်၏ အတွေ့အကြုံဖြစ်ပါသည်။) မည်သည့်စမ်းသပ်မှုကို သင်ထိပ်တိုက်ရင်ဆိုင်ရပါစေ ဘုရားသခင်ထံသို့ သင်လာရမည်ဖြစ်သည်။ ဤသည်မှာ မှန်ကန်ပေ၏။ သင်၏တာဝန် ထမ်းဆောင်ခြင်းကို မနှောင့်နှေးအောင် လုပ်ဆောင်ရင်း သင့်ကိုယ်သင်လည်း ဆင်ခြင်သုံးသပ်ရမည်။ အရေးမပါသည့်အရာကို အာရုံစိုက်ရန် အရေးကြီးသည့် အရာကို လျစ်လျူရှုထားရင်း မိမိကိုယ်ကို စဉ်းစားဆင်ခြင်ရုံပြုပြီး သင့်တာဝန်ကို မဆောင်ရွက်ဘဲ မနေနှင့်။ ယင်းမှာ မိုက်မဲသည့် နည်းလမ်းဖြစ်၏။ သင့်အပေါ်သို့ မည်သည့် စမ်းသပ်မှု ကျရောက်ပါစေ သင်က ယင်းကို ဘုရားသခင်က သင့်အား ပေးသည့် ဝန်တစ်ခုအဖြစ် သဘောထားရမည်။ လူအချို့က ကြီးစွာသော နာမကျန်းဖြစ်ခြင်းနှင့် မခံနိုင်သော ဒုက္ခတို့ဖြင့် ဝိုင်းရံဖိစီးခြင်းခံရကာ အချို့က သေခြင်းတရားကိုပင် ရင်ဆိုင်ရသည်ဟု ဆိုကြပါစို့။ ဤအခြေအနေမျိုးကို သင်သည် မည်သို့ ချဉ်းကပ်သင့်သနည်း။ လူတို့အား ဘုရားသခင်ပေးသည့် စမ်းသပ်မှုများမှာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်တတ်သည့် အချိန်များစွာ ရှိသည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်ထုပ်မှာ မည်မျှပင် လေးလံပါစေ ယင်းကို သင် ထမ်းပိုးသင့်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သင့်ကိုနားလည်ပြီး ယင်းကို သင်သယ်ဆောင်နိုင်ကြောင်း သိသောကြောင့် ဖြစ်သည်။ ဘုရားသခင် သင့်ကိုပေးသော ဝန်တာသည် သင့်ဝိညာဉ်ရင့်ကျက်မှု၊ သို့မဟုတ် သင့်ခံနိုင်ရည်၏ အကန့်အသတ်များကို ကျော်လွန်လိမ့်မည်မဟုတ်၊ သင် ဧကန်ပင် သယ်ဆောင်နိုင်လိမ့်မည်။ ဘုရားသခင် သင့်ကို မည်သို့သောဝန်ထုပ်မျိုး ပေးပါစေ သို့မဟုတ် သူသင့်ကို မည်သည့်စမ်းသပ်မှုမျိုး ပေးပါစေ၊ ဤအရာကို သတိရလော့။ ဘုရားသခင်၏ အလိုတော်ကို သင် နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ ဆုတောင်းပြီးနောက် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်ဖွင့်ပေးခြင်းနှင့် အလင်းပေးခြင်းကို သင် ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ၊ ထို့ပြင် စမ်းသပ်မှုမှာ ဘုရားသခင် သင့်ကို ဆုံးမပဲ့ပြင်နေသည့်၊ သို့မဟုတ် ပေးနေသည့် သတိပေးချက်တစ်ခု ဖြစ်နေပါစေ ယင်းကို သင်နားမလည်လျှင်လည်း ကိစ္စမရှိပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် နှောင့်နှေးခြင်း မရှိဘဲ သင်၏တာဝန်ကို သစ္စာရှိစွာ သင် ဖြည့်ဆည်းနိုင်သရွေ့ ဤနည်းအားဖြင့် ဘုရားသခင်သည် ကျေနပ်မည်ဖြစ်ပြီး သင်သည်လည်း သက်သေရပ်တည်ပြီး ဖြစ်လိမ့်မည်။ ၎င်းတို့သည် ပြင်းထန်သော ရောဂါတစ်ခုကို ခံစားနေရပြီး သေဆုံးတော့မည်ကို မြင်လျက် လူအချို့က မိမိတို့ဘာသာ တွေးကြသည်။ “သေခြင်းတရားကို ရှောင်ရှားလိုသည့်အတွက် ဘုရားသခင်ကို ကျွန်ုပ် စတင် ယုံကြည်ခဲ့သည်။ သို့ရာတွင် အမှန်တော့ ကျွန်ုပ်၏ တာဝန်ကို ဤနှစ်များအားလုံးတွင် ထမ်းဆောင်ပြီးသည့်နောက်တွင်ပင် သူက ကျွန်ုပ်ကို သေခွင့်ပေးတော့မည်။ ကျွန်ုပ်သည် ကိုယ့်ကိစ္စကိုသာ လုပ်ဆောင်ပြီး ကျွန်ုပ် အစဉ်သဖြင့် လုပ်ဆောင်လိုသည့်အရာများကို လုပ်ဆောင်သင့်သည်။ ဤဘဝတွင် ကျွန်ုပ် မခံစားရသေးသည့်အရာများကို ပျော်မွေ့ခံစားသင့်သည်။ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းအား ရွှေ့ဆိုင်းထားသင့်သည်” ဤစိတ်သဘောထားက အဘယ်နည်း။ သင်သည် ဤနှစ်များတစ်လျှောက် သင်၏တာဝန်ကို ထမ်းဆောင်နေပြီးဖြစ်သည်၊ သင်သည် ဤဒေသနာများ အားလုံးကို နားထောင်ပြီးဖြစ်ကာ သမ္မာတရားကို သင်နားမလည်သေးပေ။ စမ်းသပ်မှု တစ်ခုက သင့်အား ပြိုလဲစေသည်၊ သင့်ကို ကျရှုံးစေသည်၊ ပြီးလျှင် သင့်ကို ဖော်ထုတ်ပြသည်။ ထိုသို့သော လူတစ်ယောက်သည် ဘုရားသခင်၏ စောင့်ရှောက်ခံရခြင်းနှင့် ထိုက်တန်သလော။ (၎င်းတို့သည် မထိုက်တန်ပါ။) ၎င်းတို့သည် သစ္စာစောင့်သိခြင်း လုံးလုံး မရှိသူများ ဖြစ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဤနှစ်များ အားလုံးကို အကုန်ခံပြီး ထမ်းဆောင်ခဲ့သည့် တာဝန်ကို မည်သို့ သိထားကြသနည်း။ ယင်းကို “အစေခံမှုပြုခြင်း” ဟု သိထားကြပြီး ၎င်းတို့သည် အားထုတ်ကြိုးပမ်း နေခဲ့ကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း၌ သင်က “ဘုရားသခင်က ကျွန်ုပ်အပေါ် မည်သည့်ရောဂါ သို့မဟုတ် သဘောမတူဖွယ် ဖြစ်ရပ်များကို ကျရောက်ခွင့်ပြုပါစေ၊ ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်ပါစေ ကျွန်ုပ်သည် နာခံပြီး ဖန်ဆင်းခံသတ္တဝါတစ်ယောက်အဖြစ် ကျွန်ုပ်၏ နေရာတွင် နေရမည်။ အခြားအရာအားလုံးထက်ပိုပြီး သမ္မာတရား၏ ဤရှုထောင့်ဖြစ်သည့် နာခံခြင်းကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်ရမည်၊ ယင်းကို ကျွန်ုပ် အကောင်အထည်ဖော်ရမည်။ ပြီးလျှင် ဘုရားသခင်ကို နာခံခြင်း စစ်မှန်မှုတွင် အသက်ရှင်နေထိုင်သည်။ ထို့အပြင် ဘုရားသခင်က ကျွန်ုပ်ကို တာဝန်ပေးစေခိုင်းသည့် အရာနှင့် ကျွန်ုပ်ထမ်းဆောင်သင့်သည့် တာဝန်ကို ကျွန်ုပ် ဘေးမဖယ်၍မဖြစ်ပေ။ ကျွန်ုပ်၏ နောက်ဆုံးထွက်သက်တွင်ပင် ကျွန်ုပ်သည် မိမိ၏တာဝန်ကို လက်ခံရမည်” ဟု ဆိုနိုင်လျှင် ဤသည်မှာ သက်သေခံချက်ပေးခြင်း မဟုတ်လော။ သင်၌ ဤသန္နိဌာန်မျိုးနှင့် ဤအခြေအနေမျိုး ရှိသည့်အခါ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူနိုင်သေးသလော။ မဟုတ်ပေ၊ သင် မညည်းညူနိုင်ပေ။ ထိုသို့သော အချိန်တစ်ခုတွင် သင်သည် သင့်ကိုယ်သင် “ဘုရားသခင်က ကျွန်ုပ်ကို ဤဇီဝအသက်ကို ပေးသည်၊ သူသည် ဤနှစ်များ တစ်လျှောက် ကျွန်ုပ်အတွက် ထောက်ပံ့ပေးကာ ကွယ်ကာပေးပြီးဖြစ်သည်၊ သူသည် ကျွန်ုပ်ထံမှ နာကျင်မှုများစွာ ယူပြီးဖြစ်သည်၊ ကျွန်ုပ်ကို ကျေးဇူးတော်များစွာနှင့် သမ္မာတရားများစွာတို့ကို ပေးပြီးဖြစ်သည်။ ကျွန်ုပ်သည် မျိုးဆက်များကြာအောင် လူများ နားမလည်သေးသည့် သမ္မာတရားများနှင့် နက်နဲမှုများကို နားလည်ပြီးဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်ထံမှ များစွာ ရရှိပြီးဖြစ်သောကြောင့် ဘုရားသခင်ကို ကျွန်ုပ် ပြန်လည်ပေးဆပ်ရမည်။ ယခင်က ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်သည်၊ ကျွန်ုပ်သည် မည်သည့်အရာကိုမျှ နားမလည်ဘဲ ကျွန်ုပ် ပြုသမျှအရာအားလုံးသည် ဘုရားသခင်ကို နာကျင်စေသည်။ ကျွန်ုပ်သည် အနာဂတ်တွင် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ဖို့ နောက်ထပ် အခွင့်အရေး ရှိနိုင်မည် မဟုတ်ပေ။ ဤနှစ်များတစ်လျှောက် ကျွန်ုပ်အတွက် ထောက်ပံ့ပေးခြင်းသည် အချည်းနှီးမဖြစ်ဘဲ အကျိုးဖြစ်ထွန်းပြီးဖြစ်သည်ကို ဘုရားသခင် တွေ့မြင်နိုင်ဖို့အလို့ငှာ ကျွန်ုပ် အသက်ရှင်ဖို့ အချိန်မည်မျှ ကျန်ပါစေ ကျွန်ုပ်၌ရှိသည့် အနည်းငယ်သော ခွန်အားကို ပူဇော်ဆက်ကပ်ပြီး ဘုရားသခင်အတွက် ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရမည်။ ဘုရားသခင်ကို နှစ်သိမ့်မှု ဆောင်ကြဉ်းပေးပါရစေ၊ ပြီးလျှင် သူ့ကို မနာကျင်စေတော့သကဲ့သို့ စိတ်မပျက်စေတော့ပေ။” ဟု တွေးလိမ့်မည်။ ဤနည်းလမ်းဖြင့် တွေးတောခြင်းကရော အဘယ်သို့ ရှိသနည်း။ “ဤရောဂါက မည်သည့်အချိန်တွင် ပျောက်မည်နည်း။ ပျောက်သည့်အချိန်တွင် ကျွန်ုပ်၏ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်ပြီး ဆက်ကပ်မည်။ ကျွန်ုပ်သည် မကျန်းမာသည့်အခါတွင် မည်သို့ ဆက်ကပ်နိုင်သနည်း။ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်နိုင်သနည်း။” ဟု တွေးလျက် သင့်ကိုယ်သင် မည်သို့ကယ်တင်ဖို့၊ သို့မဟုတ် လွတ်မြောက်ဖို့ မတွေးလေနှင့်။ သင်၌ ထွက်သက် တစ်ခုရှိသမျှ ကာလပတ်လုံး သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိသလော။ သင်သည် ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး ဘုရားသခင်ကို အရှက်ရစေနိုင်စွမ်း မရှိသလော။ သင်၌ ထွက်သက်တစ်ခု ရှိသမျှကာလပတ်လုံး သင်၏စိတ်သည် ကြည်လင်သမျှကာလပတ်လုံး သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မညည်းညူနိုင်စွမ်း ရှိသလော။ (ရှိပါသည်။) ယခုအခါတွင် “ဟုတ်ပါသည်” ဟု ပြောရသည်မှာ လွယ်ကူသော်လည်း ဤသည်က သင့်ကို အမှန်တကယ် ဖြစ်ပျက်သည့်အခါတွင် ယင်းက အလွန်လွယ်ကူ လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင်တို့သည် သမ္မာတရားကို လိုက်စားရမည်၊ သမ္မာတရားနှင့် ပတ်သက်၍ မကြာခဏ အလုပ်ကြိုးစားရမည် ဖြစ်ပြီး၊ “ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ် မည်သို့ ကျေနပ်စေနိုင်သနည်း။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ် မည်သို့ ပေးနိုင်သနည်း။ ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်နိုင်သနည်း။” ဟု တွေးခြင်း၌ သာ၍ အချိန် ကုန်ဆုံးရမည်။ ဖန်ဆင်းခံသတ္တဝါ တစ်ဦး ဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားထောင်ရုံမျှသည် ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ဖြစ်သလော။ မဟုတ်ပေ။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက်ရှင် နေထိုင်ဖို့ ဖြစ်သည်။ သင်သည် ဤအရာများကို အသက်ရှင်နေထိုင်နိုင်ပြီး သူ့အား သက်သေခံနိုင်ဖို့အလို့ငှာ ဘုရားသခင်သည် သင့်အား သမ္မာတရားများစွာ၊ လမ်းခရီးများစွာနှင့် အသက်များစွာကို ပေးပြီးဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ ပြီးလျှင် ယင်းမှာ သင်၏ တာဝန်နှင့် ဝတ္တရားတို့ ဖြစ်သည်။ သင်သည် ဤအရာများကို မကြာမကြာ ချင့်ချိန်စဉ်းစားရမည်။ သင်သည် ယင်းတို့ကို အစဉ်သဖြင့် ချင့်ချိန်စဉ်းစားလျှင် သမ္မာတရား၏ သွင်ပြင်လက္ခဏာများအားလုံးကို သင်ပို၍ နက်နဲစွာ နားလည်သဘောပေါက်လိမ့်မည်။

လူများသည် သမ္မာတရာလိုက်စားခြင်း လမ်းကြောင်းကို မလျှောက်သကဲ့သို့ သမ္မာတရားကို ရရှိဖို့ အလုပ်မကြိုးစားပါက အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့သည် မှောက်မှားပြီး ကျရှုံးလိမ့်မည်။ ၎င်းတို့ပိုင်ဆိုင်သည့် အသိပညာနှင့် အယူဝါဒ အနည်းငယ်တို့ကို မှီခိုခြင်းအားဖြင့် ၎င်းတို့ ကြုံတွေ့ရသည့် ပြဿနာများကို ဖြေရှင်း၍မရနိုင်သောကြောင့် မြဲမြံခိုင်မာစွာ ရပ်တည်ရန် ခက်ခဲလိမ့်မည်။ အယူဝါဒများအကြောင်းကို သင်မည်မျှကောင်းစွာ ပြောဆိုနိုင်ပါစေ စစ်မှန်သော အခက်အခဲများကို သင်ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။ သင်သည် ထိုးထွင်းအမြင်ရသည့် ကြည်လင်ပြတ်သားမှုတစ်ခု ရရှိသည်အထိ သမ္မာတရားအမျိုးမျိုးကို စဉ်ဆက်မပြတ် ချင့်ချိန်စဉ်းစားရမည်။ ထိုအခါမှသာလျှင် သင်ကြုံတွေ့ရသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းရန် သမ္မာတရားကို သင်အသုံးပြုနိုင်မည် ဖြစ်သည်။ သမ္မာတရားကို အမှန်တကယ် နားလည်သည့်သူများသည် စကားများနှင့် အယူဝါဒများအကြောင်းကို မပြောကြချေ။ ၎င်းတို့သည် အရာအားလုံးကို ခွဲခြားသိမြင်နိုင်ပြီး ယင်းတို့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ၎င်းတို့ လုပ်ဆောင်သမျှ အရာအားလုံးတွင်လည်း စိတ်ချယုံကြည်မှုဖြင့် ပြုမူဆောင်ရွက်သည်။ သင်တွေ့ကြုံရသည့် အခြေအနေများတွင် သမ္မာတရားကို မည်သို့ရှာဖွေရမှန်း သင် မသိဘဲ သင်ကိုယ်တိုင်၏ ဆန္ဒအတိုင်း အစဉ်သဖြင့် ပြုမူဆောင်ရွက်ပါက သင့်အနေဖြင့် သမ္မာတရားကို နားလည်ဖို့ မဖြစ်နိုင်ချေ။ သမ္မာတရားကို နားလည်ဖို့အတွက် သင်၏တာဝန်များကို ထမ်းဆောင်ရာတွင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့ အသုံးပြုရမည်ကို စဉ်ဆက်မပြတ် ချင့်ချိန်တွေးဆရမည်။ ဤနည်းအားဖြင့် သင်သည် ချင့်ချိန်စဉ်းစားခြင်း မရှိလျှင် ဤသမ္မာတရားများကို သင်ရရှိနိုင်သလော။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားခြင်းမရှိလျှင် ဒေသနာမည်မျှကို သင်ကြားပါစေ၊ အယူဝါဒမည်မျှကို သင်နားလည်ပါစေ စကားများနှင့် အယူဝါဒများ၏ အဆင့်တွင်သာ သင်အစဉ်သဖြင့် နေနေလိမ့်မည်။ ဤစကားများနှင့် အယူဝါဒများကို မည်သို့ပြောဆိုရမည်ကို သင်သိလျှင် သင်သည် ယခုအချိန်တွင် စိတ်ပြင်းပြပြီး အားမာန်တက်ကြွနေသောကြောင့် ဘုရားသခင်ကို သင်၏ယုံကြည်ခြင်းသည် အသီးသီးပွင့်ပြီးသားဖြစ်ကာ သင်၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန်မြင့်မားသည်ဟု သင်ထင်မြင်အောင် ဤအရာက သင့်ကို မကြာခဏ လှည့်စားနိုင်သည်။ သို့ရာတွင် အမှန်တရားနှင့် ထိပ်တိုက်ရင်ဆိုင်ရသောအခါ၊ ဆိုလိုသည်မှာ စမ်းသပ်မှုများနှင့် အတိဒုက္ခတို့ကို ရင်ဆိုင်ရသောအခါ ဤစကားများနှင့် အယူဝါဒများသည် သင့်အတွက် အကာအကွယ်ပေးသည်မှာ မည်မျှနည်းပါးကြောင်းကို သင် တွေ့မြင်လာလိမ့်မည်။ ယင်းတို့သည် ဘုရားသခင်က လူအား ပေးသော စမ်းသပ်မှုတစ်ခုချင်းစီကို သင်ချောမွေ့စွာ အောင်မြင်နိုင်ဖို့ သေချာစေရန်ကို မဆိုထားနှင့်၊ သင့်ကို တစ်ခုတည်းသော စမ်းသပ်မှုမျှပင် ကာကွယ်မပေးနိုင်ပေ။ ထိုထက် ဤစကားများနှင့် အယူအဆများသည် သင့်ကို ပျက်စီးခြင်းသို့ ဆိုက်ရောက်စေည်ဟု သင်ခံစားရလိမ့်မည်။ ထိုအချိန်များတွင် သင်သည် သမ္မာတရားကို နားလည်သည်မှာ မည်မျှနည်းပါးကြောင်းနှင့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ သင်မဝင်ရောက်ရသေးကြောင်းတို့ကို သင်မြင်လိမ့်မည်။ မကြာခဏဆိုသလို လူများသည် စမ်းသပ်မှုများကို ထိပ်တိုက်ရင်ဆိုင်ရပြီး ရှေ့ဆက်လမ်းကို မမြင်နိုင်သည့်အခါ သမ္မာတရားမရှိသည့် ၎င်းတို့၏ ခိုးကိုးရာမဲ့ခြင်းကို နောက်ဆုံးတွင် ခံစားရပြီး ၎င်းတို့၏ အယူဝါဒအကြောင်း ပြောခြင်းအားလုံးသည် မည်မျှ အသုံးမကျသည်ကို ခံစားကြရသည်။ ထိုအချိန်မှသာလျှင် ၎င်းတို့မည်မျှ ချို့တဲ့ပြီး မည်မျှ သနားဖွယ်ကောင်းသည်ကို ၎င်းတို့ တွေ့မြင်ကြသည်။ အရာအားလုံးက လုံခြုံဘေးကင်းပြီး ပြဿနာမရှိသည့်အချိန်တွင် သင်သည် အရာအားလုံးကို နားလည်သည်ဟု အစဉ်သဖြင့် ခံစားရသည်။ သင်၏ယုံကြည်ခြင်းသည် အချည်းနှီးမဖြစ်ကြောင်း၊ ယင်းမှ သင်သည် များစွာ ရရှိပြီးဖြစ်ကြောင်းကို သင်ခံစားရသည်။ မည်သည့်အရာပင်ဖြစ်ပါစေ သင့်အတွက် စိုးရိမ်စရာ တစ်ခုမျှ မရှိဟု သင်ခံစားရသည်။ စင်စစ်အားဖြင့် သင်သည် အချို့သော စကားများနှင့် အယူဝါဒများသက်သက်ကိုသာ နားလည်ခြင်း ဖြစ်သည်။ ယင်းတို့သည် မည်သို့ပင်ဆိုစေ မည်သည့်အသုံးတည့်ခြင်းမျှ မရှိချေ။ ဘေးဒုက္ခများနှင့် ကပ်ဘေးတို့ကို ရင်ဆိုင်ရာတွင် သင်သည် အခြေအနေကို မည်သို့ ရင်ဆိုင်ရမှန်း မသိဘဲ မည်သည့်အရာကို လုပ်ဆောင်ရမှန်း မသိပေ။ ဘုရားသခင်ထံ ဆုတောင်းသည့်အချိန်တွင် သင်သည် မည်သည့်အရာကို ပြောရမှန်း သိမည် မဟုတ်ပေ၊ သို့မဟုတ် မည်သည့်အရာကို တောင်းဆိုရမှန်း သိမည်မဟုတ်ပေ။ သင်သည် လမ်းကြောင်းကို ရှာမတွေ့နိုင်ချေ။ ဤအရာက လူသည် မည်မျှ သနားဖွယ်ကောင်းသည်ကို ပြလေသည်။ သင်၏ စိတ်နှလုံးသည် ဘုရားနှုတ်ကပတ်တော်များ ကင်းမဲ့နေပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ကင်းမဲ့သည်။ သင်သည် အမှောင်ထဲတွင် ရောက်နှင့်ပြီးသား ဖြစ်သည်။ ဘုရားကို သင်၏ ယုံကြည်ခြင်းသည် မည်သည့်အရာကိုမျှ မရရှိသေးသလို ယခုအခါတွင် သင်သည် သူတောင်းစားတစ်ဦးကဲ့သို့ ခိုကိုးရာမဲ့နေလေသည်။ ထိုအခါမှသာလျှင် ထိုနှစ်များတစ်လျှောက် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းသည် သမ္မာတရား၏ စစ်မှန်မှု လုံးဝ ကင်းမဲ့နေသည်ကို သင်ခံစားရသည်။ ယခုအခါတွင် သင်သည် လုံးဝ ဖော်ထုတ်ခံရပြီးဖြစ်လေသည်။ ဘုရားအပေါ် နှစ်ပေါင်းများစွာ ယုံကြည်ခြင်းသည် သင့်ကို ထိုသို့သော အခြေအနေသို့ ရောက်သွားစေလျှင် သင်သည် ဖယ်ရှားခြင်းခံရဖို့ သေချာပေသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်

အောက်ခြေမှတ်စုများ-

က။ လေဖြန်းခြင်း၊ တရုတ်ဆေးပညာတွင် ပြင်းထန်ကာ၊ အသက်အန္တရာယ်စိုးရိမ်ရဖို့ အလားအလာရှိပြီး အပြင်ပန်းရာသီဥတု အခြေအနေကြောင့် ဖြစ်သည့် အတွင်းပိုင်း အအေးမိခြင်းကို ရည်ညွှန်းရာ၌ အသုံးပြုသည့် ဝေါဟာရတစ်ခု။

အရှေ့သို့- ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်

နောက်တစ်ခုသို့- ဂုဏ်အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။