ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်

ရိုးသားသူတစ်ယောက်ဖြစ်ခြင်းနှင့် ပတ်သက်၍ သင်တို့၏ ကိုယ်ပိုင်အတွေ့အကြုံမှာ အဘယ်နည်း။ (ရိုးသားသူတစ်ယောက်ဖြစ်ခြင်းက အလွန်ခက်ခဲသည်ဟု ခံစားရသည်။) အဘယ်ကြောင့် ခက်ခဲသည်ဟု ခံစားရသနည်း။ (ကျွန်ုပ်သည် အမှန်ပင် ရိုးသားသူတစ်ယောက်ဖြစ်ချင်သည်။ သို့သော် နေ့စဉ် မိမိကိုယ်ကို ဆန်းစစ်သောအခါ မရိုးသားဘဲ ကျွန်ုပ်၏ အပြောအဆိုတွင် မသန့်စင်မှုများစွာပါဝင်သည်ကို တွေ့ရသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်၏ စကားများ၌ ခံစားချက်များ ထည့်ပြောသည်။ သို့မဟုတ် ကျွန်ုပ်စကားပြောသောအခါတွင် ရည်ရွယ်ချက်အချို့ရှိသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်သည် ပေါ့ပေါ့တန်တန် ပြောဆိုလုပ်ဆောင်သည်၊ သို့မဟုတ် ဝေ့ဝိုက်၍ ပြောသည်၊ သို့မဟုတ် ပန်းတိုင်တစ်ခုကို ရရှိဖို့အတွက်သက်သက်ဖြင့် လက်တွေ့အရှိတရားကို ဆန့်ကျင်သောအရာများ၊ လှည့်စားသောအရာများ၊ တစ်ဝက်သာ မှန်ကန်သောအရာများ၊ အခြားသော မုသားအမျိုးအစားများကို ပြောသည်။) ဤအပြုအမူအားလုံးသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖြစ်ပေါ်သည်။ ဤအရာတို့သည် လူတို့၏ ကောက်ကျစ်ပြီး လှည့်စားသော အစိတ်အပိုင်းနှင့် သက်ဆိုင်သည်။ လူတို့သည် အဘယ်ကြောင့် လှည့်ဖြားတတ်ကြသနည်း။ ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ ဖြစ်မြောက်ရန်၊ ၎င်းတို့၏ ကိုယ်ပိုင်ပန်းတိုင်များကို ရရှိရန်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မသမာသောနည်းလမ်းများကို အသုံးပြုကြသည်။ ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့သည် ပွင့်လင်းခြင်း၊ ရိုးသားခြင်းမရှိပေ။ ၎င်းတို့သည် ရိုးသားသောသူများမဟုတ်ပေ။ လူတို့က ၎င်းတို့၏ အန္တရာယ်များမှုနှင့်၊ ကောက်ကျစ်မှု၊ သို့မဟုတ် မလိုမုန်းထားမှုနှင့် စက်ဆုပ်ဖွယ်ကောင်းခြင်းတို့ကို ထုတ်ဖော်ပြသည်မှာ ဤသို့သော အချိန်များတွင်ဖြစ်သည်။ ဤသည်မှာ ရိုးသားရာတွင် အခက်အခဲရှိသည့်နေရာဖြစ်သည်။ မိမိ၏ စိတ်နှလုံးတွင် ဤ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသဖြင့်၊ ရိုးသားသူတစ်ယောက်ဖြစ်ရန် အထူးပင် ခက်ခဲသည်ဟု အမှန်ပင် ထင်ရသည်။ သို့သော် သင်သည် သမ္မာတရားကို ချစ်သောသူတစ်ယောက်ဖြစ်ပြီး၊ သမ္မာတရားကို လက်ခံနိုင်သောသူဖြစ်လျှင် ရိုးသားသူဖြစ်ခြင်းသည် အလွန်ခက်ခဲမည်မဟုတ်ပေ။ များစွာပို၍ လွယ်ကူသည်ဟု သင် ခံစားရလိမ့်မည်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအတွက် အကြီးမားဆုံးသော အတားအဆီးများမှာ လူတို့၏ ယုတ်မာမှု၊ လှည့်စားမှု၊ မလိုမုန်းထားမှု၊ လူတို့၏ စက်ဆုပ်ဖွယ် ရည်ရွယ်ချက်များဖြစ်သည်ဆိုသည်ကို ကိုယ်တွေ့ အတွေ့အကြုံရှိသောသူများက ကောင်းစွာသိသည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ကျန်ရှိနေသရွေ့ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းက အလွန်ခက်ခဲလိမ့်မည်။ သင်တို့အားလုံးသည် ရိုးသားသူတစ်ယောက်ဖြစ်ရန် လေ့ကျင့်နေကြသည်။ ထို့ကြောင့် ဤကိစ္စတွင် သင်တို့၌ အတွေ့အကြုံအချို့ရှိသည်။ သင်တို့၏ အတွေ့အကြုံမှာ အဘယ်သို့ဖြစ်သနည်း။ (နေ့စဉ် ကျွန်ုပ်ပြောသော အဓိပ္ပာယ်မရှိသောစကားများနှင့် ကျွန်ုပ်ပြောခဲ့သော မုသားများအားလုံးကို ကျွန်ုပ်ချရေးသည်။ ထို့နောက်တွင် မိမိကိုယ်ကို ဆန်းစစ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးသည်။ ဤလိမ်ညာမှု အများစု၏ နောက်ကွယ်တွင် ရည်ရွယ်ချက်တစ်မျိုးမျိုးရှိကြောင်း၊ မာန်မာနအတွက်၊ သိက္ခာဆည်ဖို့အတွက် ထိုအရာများကို ကျွန်ုပ်ပြောခဲ့ခြင်း ဖြစ်ကြောင်းကို တွေ့ရသည်။ ကျွန်ုပ်ပြောသည့်အရာက သမ္မာတရားနှင့်မညီသည်ကို သတိပြုမိသော်လည်း လိမ်ညာပြီး ဟန်မဆောင်ဘဲ မနေနိုင်ပါ။) ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းနှင့်ပတ်သက်ပြီး အလွန်ခက်ခဲသောအရာ ဖြစ်သည်။ ထိုအရာကို သင် သတိပြုမိခြင်းရှိမရှိက အရေးမကြီးပေ။ အဓိကအချက်မှာ သင်သည် သင်၏ ရည်ရွယ်ချက်များကို ရရှိရန်အတွက်၊ သင်၏ ကိုယ်ပိုင်ပုံရိပ်နှင့် သိက္ခာကို ထိန်းသိမ်းရန်အတွက် သင်လုပ်သည့်အရာက မှားသည်ကို သိလျက်ဖြင့် ခေါင်းမာစွာ ဆက်လိမ်ညာခြင်းဖြစ်သည်။ မသိနားမလည်ခြင်းကြောင့်ဖြစ်သည်ဟု ပြောဆိုလျှင် လိမ်ညာခြင်းပင်ဖြစ်သည်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအတွက် အဓိကအချက်မှာ သင်၏ စေ့ဆော်မှုများ၊ ရည်ရွယ်ချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်ဖြစ်သည်။ ဤသည်မှာ မုသားပြောသည့် ပြဿနာကို အရင်းအမြစ်မှနေ၍ ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ မိမိ၏ တစ်ကိုယ်ရေပန်းတိုင်များကို ရရှိရန်အတွက်၊ ဆိုလိုသည်မှာ မိမိကိုယ်တိုင် အကျိုးအမြတ်ရရှိရန်၊ အခြေအနေတစ်ခုကို အခွင့်ကောင်းယူရန်၊ မိမိကိုယ်ကို အမြင်ကောင်းစေရန်၊ သို့မဟုတ် အခြားလူများ၏ ထောက်ခံမှုကို ရရှိရန်တို့ဖြစ်သော ဤအရာများသည် မုသားများပြောဆိုသောအခါ လူတို့၏ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များဖြစ်သည်။ ဤသို့သော လိမ်ညာမှုမျိုးက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြသည်။ ဤသည်မှာ မုသားများပြောဆိုခြင်းနှင့်ပတ်သက်ပြီး သင်လိုအပ်သည့် ပိုင်းခြားသိမြင်မှုဖြစ်သည်။ ဤသို့ဆိုလျှင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ ဖြေရှင်းသင့်သနည်း။ ဤအရာအားလုံးက သင့်အနေဖြင့် သမ္မာတရားကို ချစ်ခြင်းရှိမရှိဆိုသည့်အပေါ်တွင် မူတည်သည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်ပြီး သင့်ကိုယ်သင် ထောက်ခံခြင်းမရှိဘဲ ပြောဆိုနိုင်လျှင်၊ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားအား ထည့်သွင်းစဉ်းစားခြင်းကို ရပ်တန့်ပြီး ထိုအစား အသင်းတော်အလုပ်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ဘုရားသခင်ရွေးချယ်ထားသောသူများ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားနိုင်လျှင်၊ မုသားများပြောဆိုခြင်းကို သင် ရပ်တန့်လိမ့်မည်။ မှန်မှန်ကန်ကန်ဖြင့် ရိုးရိုးတန်းတန်း ပြောဆိုနိုင်လိမ့်မည်။ ဤဝိညာဉ်ရင့်ကျက်မှုမရှိလျှင် သင်သည် မှန်မှန်ကန်ကန် ပြောဆိုနိုင်မည်မဟုတ်ဘဲ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် နည်းပါးပြီး သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိသည်ကို သက်သေပြနေပေမည်။ ထို့ကြောင့် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် သမ္မာတရားအား နားလည်ခြင်းဖြစ်စဉ်၊ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားခြင်းဖြစ်စဉ် လိုအပ်သည်။ ဤအရာကို ဤသို့ ကြည့်ရှုသောအခါတွင် အတွေ့အကြုံရှစ်နှစ်မှ ဆယ်နှစ်အထိမရှိဘဲ ရိုးသားသူတစ်ယောက်ဖြစ်ရန် မဖြစ်နိုင်ပေ။ ဤကာလသည် အသက်တာတွင် ကြီးထွားတိုးတက်ခြင်း ဖြစ်စဉ်၊ သမ္မာတရားအားနားလည်ခြင်း၊ ရရှိခြင်း ဖြစ်စဉ် ဖြစ်သည်။ လူအချို့က “လိမ်ညာခြင်း၏ ပြဿနာကို ဖြေရှင်းခြင်း၊ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် အမှန်တကယ်ပင် ဤမျှခက်သလော”ဟု မေးကောင်းမေးနိုင်သည်။ ဤသည်မှာ မည်သူနှင့်ပတ်သက်၍ ပြောသည်ဆိုသည့်အပေါ်တွင် မူတည်သည်။ သမ္မာတရားကို ချစ်သောသူတစ်ယောက်ဖြစ်လျှင် အချို့သော အမှုကိစ္စများနှင့်ပတ်သက်လာသည့်အခါ သူသည် လိမ်ညာခြင်းကို စွန့်လွှတ်နိုင်လိမ့်မည်။ သို့သော် သမ္မာတရားကို မချစ်သောသူဖြစ်လျှင် လိမ်ညာပြောဆိုခြင်းကို စွန့်လွှတ်ခြင်းသည် ပို၍ပင် ခက်ခဲလိမ့်မည်။

မိမိကိုယ်ကို ရိုးသားသူတစ်ယောက်ဖြစ်ရန် လေ့ကျင့်ခြင်းသည် အဓိကအားဖြင့် မုသားများ ပြောသည့်ပြဿနာကို ဖြေရှင်းသည့်ကိစ္စဖြစ်ပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းလည်းဖြစ်သည်။ ဤသို့ လုပ်ဆောင်ခြင်းတွင် အဓိကကျသော လေ့ကျင့်မှု ပါဝင်သည်။ သင်သည် လူတစ်ယောက်ကို လိမ်ညာပြီး လှည့်စားခဲ့သည်ကို သဘောပေါက်သောအခါတွင် ထိုသူကို ဖွင့်ပြောသင့်သည်။ သင့်ကိုယ်သင် ဖွင့်ချပြပြီး တောင်းပန်သင့်သည်။ ဤအလေ့အကျင့်သည် လိမ်ညာခြင်းကို ဖြေရှင်းရန်အတွက် အလွန်ပင် အကျိုးရှိသည်။ ဥပမာ သင်သည် တစ်စုံတစ်ယောက်ကို လှည့်စားခဲ့လျှင်၊ သို့မဟုတ် ၎င်းတို့ကို သင်ပြောသည့်စကားများတွင် မသန့်စင်မှု၊ သို့မဟုတ် ကိုယ်ပိုင် ရည်ရွယ်ချက်တစ်ခုခုရှိခဲ့လျှင် ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းပြီး သင့်ကိုယ်သင် ပိုင်းခြားစိစစ်သင့်သည်။ သင်က ထိုသူအား “သင့်ကို ကျွန်ုပ်ပြောသောအရာသည် မုသားဖြစ်သည်။ ကျွန်ုပ်၏ ကိုယ်ပိုင်မာနကို ကာကွယ်ရန် ရည်ရွယ်သည်။ ပြောပြီးသည့်နောက်တွင် ကျွန်ုပ်သည် အနေရခက်မိသည်။ ထို့ကြောင့် ကျွန်ုပ်သည် ယခု သင့်ကို တောင်းပန်ခြင်းဖြစ်သည်။ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ခွင့်လွှတ်ပါ” ဟူ၍ ပြောသင့်သည်။ ဤသည်မှာ အလွန်ပင် နှစ်သက်အားရဖွယ်ဖြစ်သည်ဟု ထိုသူက ခံစားရမည်။ မုသားတစ်ခုကို ပြောပြီး ထိုအတွက် တောင်းပန်သည့်လူတစ်ယောက် မည်သို့ရှိနေနိုင်သည်ကို တွေးတောလိမ့်မည်။ ဤသို့သော သတ္တိသည် ထိုသူ အလွန် လေးစားသောအရာတစ်ခုဖြစ်သည်။ ဤသို့သော အလေ့အကျင့်ကို လုပ်ဆောင်ခြင်းမှ မည်သည့်အကျိုးအမြတ်ကို ရရှိသနည်း။ ဤအရာ၏ ရည်ရွယ်ချက်သည် အခြားလူများ၏ လေးစားမှုကို ရရှိရန်မဟုတ်ဘဲ မလိမ်ညာရန်အတွက် မိမိကိုယ်ကို ပို၍ ထိရောက်မှုရှိစွာ ချုပ်ထိန်းပြီး ဟန့်တားရန်ဖြစ်သည်။ ထို့ကြောင့် သင်သည် လိမ်ညာပြီးနောက်တွင် ထိုသို့ လိမ်ညာခြင်းအတွက် တောင်းပန်ခြင်းကို လက်တွေ့လုပ်ဆောင်ရမည်။ ဤသို့ ပိုင်းခြားစိစစ်ခြင်း၊ သင့်ကိုယ်သင် ဖွင့်ချပြခြင်း၊ လူတို့အား တောင်းပန်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်ရန် သင့်ကိုယ်သင် လေ့ကျင့်လေလေ၊ ရလဒ်များက ကောင်းလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်ပြောသည့် မုသားအရေအတွက်က နည်းသည်ထက် နည်းပါးလေလေ ဖြစ်လိမ့်မည်။ ရိုးသားသူတစ်ယောက်ဖြစ်ပြီး မလိမ်ညာရန် သင့်ကိုယ်သင် ချုပ်တည်းဖို့အတွက် ပိုင်းခြားစိစစ်ပြီး သင့်ကိုယ်သင် ဖွင့်ချပြခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းသည် သတ္တိလိုအပ်ပြီး လူတစ်ယောက်အား လိမ်ညာပြီးနောက်တွင် ထိုသူကို တောင်းပန်ခြင်းသည် ပို၍ပင် သတ္တိ လိုအပ်သည်။ သင်တို့သည် ဤအရာကို တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်ကြာ လက်တွေ့လုပ်ဆောင်လျှင်၊ သို့မဟုတ် သုံးနှစ်မှ ငါးနှစ်အထိ ဖြစ်ကောင်းဖြစ်လျှင် ရှင်းလင်းသော ရလဒ်များကို မြင်တွေ့ရရန် အာမခံချက်ရှိသည်။ ပြီးလျှင် သင်၏ လိမ်ညာမှုများကို ဖယ်ရှားရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။ မိမိ၏ လိမ်ညာမှုများကို ဖယ်ရှားခြင်းသည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအတွက် ပထမအဆင့်ဖြစ်သည်။ ထိုအရာကို သုံးနှစ်၊ သို့မဟုတ် ငါးနှစ်ကြာ အားစိုက်ထုတ်ခြင်းမရှိဘဲ မလုပ်ဆောင်နိုင်ပေ။ လိမ်ညာသည့်ပြဿနာကို ဖြေရှင်းပြီးသည့်နောက်တွင် ဒုတိယအဆင့်မှာ လှည့်ဖြားခြင်းနှင့် လှည့်စားခြင်းပြဿနာကို ဖြေရှင်းရန်ဖြစ်သည်။ တစ်ခါတစ်ရံတွင် လှည့်စားခြင်းနှင့် လှည့်ဖြားခြင်းဖြစ်ဖို့ရန် လူတစ်ယောက်က လိမ်ညာဖို့ မလိုပေ။ ဤအရာများကို လုပ်ရပ်သက်သက်ဖြင့် ပြီးမြောက်နိုင်သည်။ လူတစ်ယောက်သည် အပြင်ပန်းအားဖြင့် လိမ်ညာခြင်း မရှိနိုင်သော်လည်း၊ သူ၏ စိတ်နှလုံးတွင် လိမ်လည်လှည့်စားမှုများ ရှိနေနိုင်သေးသည်။ သူသည် အခြားလူတိုင်းထက် ဤအရာကို ပို၍သိသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဤအရာကို အလေးအနက်တွေးတောပြီး သေချာစွာ စဉ်းစားခဲ့သောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင် ဆင်ခြင်သုံးသပ်ခြင်းမှတစ်ဆင့် သိမြင်ရန် သူ့အတွက် လွယ်ကူသည်။ လိမ်ညာသည့် ပြဿနာ ပြေလည်သွားသည်နှင့် နှိုင်းယှဉ်ချက်အားဖြင့် လှည့်ဖြားတတ်ခြင်းနှင့် လှည့်စားခြင်းပြဿနာကို ဖြေရှင်းခြင်းသည် အနည်းငယ် ပို၍ လွယ်ကူသည်။ သို့သော် မိမိသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကို ပိုင်ဆိုင်ရမည်။ အကြောင်းမှာ လူသည် လှည့်ဖြားခြင်းနှင့် လှည့်စားခြင်းကို ဆောင်ရွက်သောအခါ ရည်ရွယ်ချက်၏ အုပ်စိုးခြင်းကို ခံရသောကြောင့်ဖြစ်သည်။ လူတို့က ဤအရာကို အပြင်ပန်းမှနေ၍ မသိမြင်နိုင်သကဲ့သို့ ပိုင်းခြားသိမြင်နိုင်ခြင်းလည်းမရှိပေ။ ဘုရားသခင်ကသာ ဤအရာကို စိစစ်နိုင်ပြီး သူကသာ ဤအရာကို သိမြင်သည်။ ထို့ကြောင့် လူတစ်ယောက်သည် ဘုရားသခင်ထံသို့ ဆုတောင်းခြင်း၊ ဘုရားသခင်၏ စိစစ်မှုကို လက်ခံခြင်းအားဖြင့်သာ လှည့်ဖြားခြင်းနှင့် လှည့်စားခြင်းပြဿနာများကို ဖြေရှင်းနိုင်သည်။ လူတစ်ယောက်သည် သူ၏ စိတ်နှလုံးတွင် သမ္မာတရားကို မချစ်လျှင်၊ သို့မဟုတ် ဘုရားသခင်ကို မကြောက်ရွံ့လျှင် သူ၏ လှည့်ဖြားခြင်းနှင့် လှည့်စားမှုကို မဖြေရှင်းနိုင်ပေ။ သင်သည် ဘုရားသခင်ရှေ့တွင် ဆုတောင်းပြီး သင်၏ အမှားများကို ဝန်ခံနိုင်သည်။ ဝန်ချပြီး နောင်တရနိုင်သည်၊ သို့မဟုတ် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စိတ်ဖြာလေ့လာနိုင်သည်။ ထိုအချိန်က မည်သည့်အရာကို သင်စဉ်းစားနေခဲ့သည်၊ မည်သည့်အရာကို သင်ပြောခဲ့သည်၊ သင်၏ ရည်ရွယ်ချက်က မည်သို့ဖြစ်သည်၊ လှည့်ဖြားခြင်းကို မည်သို့ ဆောင်ရွက်ခဲ့သည်ဆိုသည်တို့ကို မှန်မှန်ကန်ကန် ဖော်ပြနိုင်သည်။ ဤအရာအားလုံးမှာ လုပ်ဆောင်ရန် အတော်အတန် လွယ်ကူသော အရာများဖြစ်သည်။ သို့ရာတွင် အခြားလူတစ်ယောက်ထံသို့ သင့်ကိုယ်သင် ဖွင့်ချပြရန် သင့်အား တောင်းဆိုလျှင် သင်သည် သိက္ခာဆယ်လိုသောကြောင့် သင်၏ သတ္တိနှင့် စိတ်ပြတ်သားမှုကို ဆုံးရှုံးကောင်း ဆုံးရှုံးရနိုင်သည်။ ထိုအခါ ဖွင့်ပြောပြီး သင့်ကိုယ်သင် ဖွင့်ချပြခြင်းကို လက်တွေ့လုပ်ဆောင်ရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ သင်က သင်၏ ကိုယ်ပိုင် တစ်ကိုယ်ရေ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များကို အခြေခံပြီး ပြောဆိုနေခြင်း၊ လုပ်ဆောင်နေခြင်းကို ရံဖန်ရံခါ တွေ့ရသည်၊ သင်လုပ်ဆောင်သည့်၊ ပြောသည့်အရာများတွင် လှည့်စားမှု၊ မသန့်စင်မှု၊ လိမ်ညာမှု၊ သို့မဟုတ် လှည့်စားမှုအဆင့်တစ်ခုအထိ ရှိနေသည်ဆိုသည်ကို ယေဘူယျအနေဖြင့် ဝန်ခံကောင်း ဝန်ခံနိုင်မည်။ သို့သော် ထို့နောက်တွင် တစ်စုံတစ်ခု ဖြစ်ပျက်ပြီး သင့်ကိုယ်သင် ပိုင်းခြားစိစစ်ရန်၊ အစမှ အဆုံးအထိ အမှုအရာများက မည်သို့ဖြစ်သည်ကို ဖော်ထုတ်ပြရန်၊ သင်ပြောသည့် မည်သည့်စကားများက လှည့်စားခြင်းပါဝင်သည်၊ ထိုစကားများ နောက်ကွယ်တွင် မည်သည့်ရည်ရွယ်ချက်ရှိသည်၊ မည်သည့်အရာကို သင်စဉ်းစားနေသည်ဆိုသည်နှင့် သင့်အနေဖြင့် မလိုမုန်းထားခြင်း၊ သို့မဟုတ် ရက်စက်ယုတ်မာပုံရှိမရှိတို့ကို ရှင်းပြခိုင်းလျှင် သင်က တိတိကျကျ မပြောလိုပေ၊ သို့မဟုတ် အသေးစိတ် မဖော်ပြလိုပေ။ လူအချို့က “ဤသည်မှာ အရှိအတိုင်းပင်ဖြစ်သည်။ ငါသည် အလွန် လှည့်စားသော၊ မသိမသာဖြင့် ထိခိုက်တတ်ပြီး၊ စိတ်မချရသောသူသာဖြစ်သည်” ဟူ၍ပင် ဖော့၍ပြောကြသည်။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကိုဖြစ်စေ၊ ၎င်းတို့သည် မည်မျှပင် လှည့်စားတတ်ပြီး မသိမသာဖြင့် ဒုက္ခပေးတတ်သည်ကိုဖြစ်စေ ကောင်းမွန်စွာ ရင်ဆိုင်ရန် ၎င်းတို့တွင် အရည်အချင်းမရှိသည်ကို ပြသည်။ ဤလူတို့သည် အစဉ်သဖြင့် ခေါင်းရှောင်သည့် ပုံစံနှင့် အခြေအနေတွင် အစဉ် ရှိကြသည်။ ၎င်းတို့သည် အစဉ်သဖြင့် မိမိတို့ကိုယ်ကို ဗွေမယူတတ်သလို လိုက်လျောကြသည်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် ဒုက္ခမခံနိုင်ကြ၊ သို့မဟုတ် မပေးဆပ်နိုင်ကြပေ။ လူများစွာတို့သည် စကားများနှင့် အယူဝါဒများကို နှစ်ချီ၍ ဟောပြောကာ “ငါသည် လှည့်စားပြီး မသိမသာ ဒုက္ခပေးတတ်သည်။ ငါ၏ လုပ်ရပ်များတွင် မကြာခဏပင် လှည့်စားမှုရှိသည်။ လူတို့ကို လုံးဝ ရိုးသားစစ်မှန်စွာ မဆက်ဆံပါ” ဟု အစဉ် ပြောဆိုကြသည်။ သို့သော် ထိုသို့နှစ်များစွာ အော်ဟစ်ပြီးနောက်တွင် ၎င်းတို့သည် ယခင်ကကဲ့သိုပင် လှည့်စားလျက်ရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော် ဤလှည့်စားသောအခြေအနေကို ၎င်းတို့ ဖွင့်ပြသောအခါ၌ အမှန်တကယ် ပိုင်းခြားစိစစ်ခြင်း၊ သို့မဟုတ် နောင်တရခြင်းကို ၎င်းတို့ထံမှ မည်သည့်အခါမျှ မကြားရသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် စုဝေးပွဲများတွင် မိမိကိုယ်ကို ပိုင်းခြားစိစစ်ခြင်းနှင့် မိမိကိုယ်ကို သိမြင်ခြင်းနှင့်ဆိုင်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တို့ကို မိတ်သဟာယဖွဲ့ဖို့ မဆိုထားနှင့်။ အခြားလူများထံသို့ မည်သည့်အခါမျှ မိမိတို့ကိုယ်ကို ဖွင့်ချမပြပေ၊ သို့မဟုတ် လူတို့ကို လိမ်ညာလှည့်စားပြီးနောက်တွင် မတောင်းပန်ကြပေ။ ထိုသို့သော အမှုကိစ္စများနှင့်ပတ်သက်ပြီး မိမိတို့ကိုယ်ကို မည်သို့ သိမြင်လာသည်၊ သို့မဟုတ် မည်သို့ နောင်တရခဲ့သည်ဆိုသည်ကိုလည်း လုံးဝ မပြောပေ။ ဤအရာများထဲမှ မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြပေ။ ဤသည်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို မသိကြကြောင်း၊ အမှန်တကယ် နောင်တရခြင်းမရှိကြကြောင်းကို သက်သေပြပေသည်။ ၎င်းတို့က မိမိတို့ လှည့်စားတတ်ကြောင်း၊ ရိုးသားသူတစ်ယောက်ဖြစ်လိုကြောင်း ပြောသောအခါတွင် ၎င်းတို့က ဆောင်ပုဒ်များကို အော်ပြီး အယူဝါဒကို ဟောပြောနေခြင်း သက်သက်သာဖြစ်သည်။ ဤထက် မပိုပေ။ ဤအရာများကို ၎င်းတို့ လုပ်ဆောင်ခြင်းမှာ ရေစုန်မျှောလိုက်ပြီး လူအများနောက်သို့လိုက်ဖို့ ကြိုးစားနေသောကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ် အသင်းတော်အသက်တာ၏ ပတ်ဝန်းကျင်က ၎င်းတို့ကို အပေါ်ယံလုပ်ဆောင်ပြီး ဟန်လုပ်ရန် အတင်းအကျပ်စေခိုင်းသောကြောင့် ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ထိုသို့သော ဆောင်ပုဒ်များကို အော်ဟစ်သူများနှင့် အယူဝါဒကို ဟောပြောသူများသည် မည်သည့်အခါမျှ အမှန်တကယ် နောင်တရကြလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို သေချာပေါက် ရရှိနိုင်ကြလိမ့်မည် မဟုတ်ပေ။

လူတို့ကို လက်တွေ့လုပ်ဆောင်ရန် ဘုရားသခင်အလိုရှိသော သမ္မာတရားတိုင်းသည် လူတို့အား အဖိုးအခပေးဆပ်ရန်၊ ၎င်းတို့၏ လက်တွေ့အသက်တာများတွင် ထိုသမ္မာတရားတိုင်းကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရန် တောင်းဆိုသည်။ ဘုရားသခင်က လူတို့အား စကားများနှင့် အယူဝါဒများကို ရွတ်ဖတ်ခြင်း၊ မိမိကိုယ်ကို သိမြင်မှုအား ပြောဆိုခြင်း၊ မိမိတို့ လှည့်စားတတ်ကြောင်း၊ လူလိမ်များဖြစ်ကြောင်း၊ ကောက်ကျစ်ကြောင်း၊ ကလိမ်ကကျစ်ပြုလုပ်ပြီး လှည့်ဖြားကြောင်း၊ လိမ်လည်ကြောင်းကို အသိအမှတ်ပြုခြင်းမျှအားဖြင့် ပါးစပ်ပြောမျှသာ လုပ်ဆောင်ရန် ဖြစ်စေ၊ ဤအရာများကို အကြိမ်ရေအနည်းငယ် ကျယ်လောင်စွာ ပြောဆိုပြီး ပစ်ထားလိုက်ရန်ဖြစ်စေ မတောင်းဆိုပေ။ လူတစ်ယောက်သည် ဤအရာအားလုံးကို ဝန်ခံသော်လည်း ထို့နောက်၌ အနည်းငယ်မျှပင် မပြောင်းလဲလျှင်၊ သူသည် ဆက်လက်၍ လိမ်ညာပြီး လှည့်စားကာ လှည့်ဖြားလျှင်၊ တူညီသော ဆိုးယုတ်သော လှည့်ကွက်များ၊ တစ်စုံတစ်ခုကို သူ ကြုံတွေ့သောအခါ တူညီသော ဆိုးယုတ်သော နည်းလမ်းများကို အသုံးချလျှင်၊ သူ၏ နည်းစနစ်များ၊ နည်းလမ်းများက မည်သည့်အခါမျှ မပြောင်းလဲလျှင် ဤသူသည် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်စွမ်းရှိသလော။ သူသည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်လိမ့်ဦးမည်လော။ လုံးဝ မပြောင်းလဲနိုင်ပေ။ သင်သည် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်နိုင်ပြီး သိရှိနိုင်ရမည်။ ညီအစ်ကိုမောင်နှမများရှေ့တွင် သင့်ကိုယ်သင် ဖွင့်ဟပြီး ချပြရန်၊ သင်၏ အခြေအနေမှန်ကို မိတ်သဟာယဖွဲ့ပြရန် သတ္တိရှိရမည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မချပြရဲလျှင်ဖြစ်စေ၊ မစိစစ်ရဲလျှင်ဖြစ်စေ၊ သင်၏ အမှားများကို ဝန်မခံရဲလျှင်ဖြစ်စေ မိမိကိုယ်ကို သိသောသူဖြစ်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို လိုက်စားခြင်းပင်မရှိပေ။ လူတိုင်းသည် သူတစ်ပါးတို့၏ အထင်ကြီးလေးစားမှုကို ရဖို့အတွက် ကြွားဝါသော၊ အခြားလူများ၏ လေးစာမှုကို ရရှိရန်အတွက်သက်သက်ဖြင့် ဘုရားသခင်ကို မည်မျှချစ်ကြောင်း၊ ဘုရားသခင်ကို မည်မျှနာခံကြောင်း၊ ဘုရားသခင်အပေါ် မည်မျှ သစ္စာစောင့်သိမှုရှိကြောင်းနှင့် ဘုရားသခင်က ၎င်းတို့ကို မည်မျှချစ်ကြောင်းတို့ကို သက်သေခံသော ထိုဘာသာရေးသမားများကဲ့သို့ဖြစ်လျှင်၊ လူတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်တစ်ဦးချင်းစီ၏ အစီအစဉ်များထားရှိပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် သီးသန့်နေရာတစ်ခုကို ထိန်းသိမ်းထားလျှင် မည်သူက တကယ့်အတွေ့အကြုံများကို ပြောဆိုနိုင်မည်နည်း။ တစ်ဦးနှင့်တစ်ဦးပြောပြရန် တစ်ဦးတလေတွင် စစ်မှန်သောအတွေ့အကြုံ အဘယ်သို့ ရှိနိုင်မည်နည်း။ “သင်၏ အတွေ့အကြုံများကို မျှဝေခြင်းနှင့် မိတ်သဟာယပြုခြင်း” ဆိုသည်မှာ ဘုရားနှုတ်ကပတ်တော်နှင့်ဆိုင်သည့် သင်၏အတွေ့အကြုံနှင့် အသိကို မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။ သင်၏ စိတ်နှလုံးထဲတွင်ရှိသည့် အတွေးတိုင်း၊ သင်၏အခြေအနေ၊ သင့်ထံတွင် ပေါ်လွင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။ ဤအရာတို့ကို အခြားလူများအား သိမြင်ခွင့်ပေးခြင်း၊ ထို့နောက်တွင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ပြဿနာကို ဖြေရှင်းခြင်းတို့ ဖြစ်သည်။ အတွေ့အကြုံများကို ဤနည်းဖြင့် မိတ်သဟာယဖွဲ့သည့်အခါမှသာ လူတိုင်းက အကျိုးဖြစ်ပြီး ဆုလာဘ်များကို ခံစားရသည်။ ဤအရာသည်သာ စစ်မှန်သော အသင်းတော်အသက်တာဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်၊ သို့မဟုတ် ဓမ္မတေးသီချင်းတစ်ပုဒ်အပေါ် သင်၏ အသိအမြင်များကို အနှစ်မဲ့ ပြောဆိုပြီးတော့ သင်သည် ရှေ့ဆက်လုပ်ဆောင်ခြင်းလုံးဝမရှိဘဲ၊ သင်၏ တကယ့်အခြေအနေ၊ သို့မဟုတ် ပြဿနာများကို ယူဆောင်လာခြင်းမရှိဘဲ သင်ကျေနပ်သလို မိတ်သဟာယပြုခြင်းသက်သက်ဖြစ်လျှင်၊ ထိုသို့သော မိတ်သဟာယမျိုးသည် အကျိုးမဖြစ်စေပေ။ လူတိုင်းက အယူဝါဒဆိုင်ရာ၊ သို့မဟုတ် သီအိုရီဆိုင်ရာ အသိအမြင်များကို ပြောကြသော်လည်း တကယ့်အတွေ့အကြုံများမှ ၎င်းတို့ ရရှိသော အသိပညာအကြောင်း လုံးဝ မပြောလျှင်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ဘဝများ၊ ၎င်းတို့၏ လက်တွေ့ဘဝ ပြဿနာများနှင့် ၎င်းတို့၏ ကိုယ်ပိုင်အတွင်းရေးများ ပြောခြင်းကို ရှောင်လျှင် စစ်မှန်သော မိတ်သဟာယက မည်သို့ ဖြစ်ပေါ်နိုင်မည်နည်း။ စစ်မှန်သော ယုံကြည်မှု အဘယ်သို့ ရှိနိုင်မည်နည်း။ မည်သည့်အရာမျှ ရှိနိုင်မည်မဟုတ်။ အကယ်၍ ဇနီးသည်တစ်ဦးက သူမ၏ခင်ပွန်းသည်အား သူမ၏စိတ်နှလုံးထဲရှိ စကားများကို လုံးဝ ထုတ်မပြောပြပါက၊ ရင်းနှီးမှုဟု မှတ်ယူသလော။ သူတို့သည် အချင်းချင်း၏ စိတ်ကို သိဖို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ဤသို့ဆိုလျှင် သူတို့က “နင့်ကိုငါချစ်တယ်”ဟု အစဉ်မပြတ် ပြောကြသည်ဆိုကြပါစို့။ ဤအရာကိုသာ သူတို့ပြောသော်လည်း သူတို့၏ စိတ်နှလုံးများထဲ အမှန်တကယ် စဉ်းစားနေကြသည့်အရာ၊ သူတို့၏ လက်တွဲဖော်ထံမှ သူတို့မျှော်လင့်သည့်အရာ သို့မဟုတ် သူတို့၌ရှိနေသည့် ပြဿနာများတို့ကို မည်သည့်အခါမျှ အချင်းချင်း ဖွင့်ပြခြင်း၊ သို့မဟုတ် ပြောပြခြင်း မရှိဖူးချေ။ သူတို့သည်မည်သည့်အခါမျှ အချင်းချင်း စိတ်ချယုံကြည်ခြင်း မရှိကြပေ။ ပြီးလျှင် သူတို့သည် အတူတကွရှိနေကြသည့်အခါ တစ်ဦးနှင့်တစ်ဦး အပေါ်ယံ ယဉ်ကျေးသိမ်မွေ့သော စကားများမှအပ ဘာမျှမရှိကြပေ။ သူတို့သည် အမှန်တကယ် လင်မယားဖြစ်ကြသလော။ မဟုတ်သည်မှာ သေချာသည်။ အလားတူပင် အကယ်၍ ညီအစ်ကိုမောင်နှမများသည် အချင်းချင်း စိတ်ချယုံကြည်နိုင်စွမ်း ရှိကာ၊ အချင်းချင်း ကူညီနိုင်စွမ်း ရှိပြီး၊ အချင်းချင်း ကူညီနိုင်စွမ်းနှင့် ထောက်ပံ့နိုင်စွမ်းရှိဖို့ ဆိုပါက အယောက်တိုင်းစီသည် ၎င်းတို့၏စစ်မှန်သော အတွေ့အကြုံများ အကြောင်းကို ပြောရမည် ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ကိုယ်ပိုင် စစ်မှန်သော အတွေ့အကြုံများအကြောင်းကို ဘာမျှ မပြောဘဲ လူနားလည်သည့် စကားများနှင့် အယူဝါဒကိုသာ ဟောလျှင်၊ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်သည့် အယူဝါဒအနည်းငယ်ကိုသာ ဟောပြီး ဆန်းသစ်မှုမရှိသော စကားလုံးဟောင်းများကိုသာပြောကာသင့်စိတ်နှလုံးထဲရှိသည့်အရာကို ဖွင့်မပြောပါက သင်သည် ရိုးသားသောသူတစ်ဦး မဟုတ်သကဲ့သို့ ရိုးသားသူတစ်ဦး ဖြစ်နိုင်စွမ်း မရှိပေ။ တူညီသည့် ဥပမာကို အသုံးပြုရလျှင် နှစ်အချို့ကြာ အတူနေထိုင်ခဲ့စဉ်တွင်၊ ခင်ပွန်းနှင့် ဇနီးတို့သည် ရံဖန်ရံခါ စတင်စကားများ ရန်ဖြစ်ကြလျက်၊ အချင်းချင်း နေသားကျဖို့ ကြိုးစားကြသည်။ သို့ရာတွင် သင်တို့နှစ်ဦးလုံးတွင် သာမန်လူ့သဘာဝ ရှိပါက၊ ပြီးလျှင် ဘဝတွင် သို့မဟုတ် အလုပ်တွင် သင် ကြုံတွေ့ရသည့် မည်သည့်အခက်အခဲများကိုမဆို၊ သင်စိတ်ထဲ၌တွေးနေသည့် မည်သည့်အရာမဆို၊ အမှုအရာများကို ဖြေရှင်းဖို့ သင်မည်သို့ စီစဉ်နေပါစေ၊ သင်၏သားသမီးများအနာဂတ်အတွက် သင်၌ ရှိသည့် အကြံဉာဏ်များ၊ သို့မဟုတ် အစီအစဉ်များဖြင့် ပတ်သက်လျှင် သင်သည် သူ့ကို အစဉ် ပွင့်လင်းစွာ စကားပြောပြီး သူကလည်း သင့်ကို ထိုသို့စကားပြောလျှင် သင်သည် သင်၏လက်တွဲဖော်ကို ဤအရာအားလုံးကို ပြောပြလျှင် သင်တို့နှစ်ဦးသည် အချင်းချင်း အထူးတလည် ရင်းနှီးနေမည် မဟုတ်လော။ သို့သော် သူသည် သူ၏အတွင်းကျကျ အတွေးများကို သင့်အား မည်သည့်အခါမျှ မပြောဘဲ၊ အိမ်သို့ လစာ ယူဆောင်လာခြင်းသာလုပ်ဆောင်လျှင်၊ သင်က သူ့အား သင်၏အတွေးများကို မည်သည့်အခါမျှ မပြောဘဲ၊ သင်တို့သည် မည်သည့်အခါမျှ အချင်းချင်း စိတ်ချယုံကြည်ခြင်းမရှိကြလျှင်၊ သင်တို့နှစ်ဦးကြားတွင် စိတ်ခံစားချက်ဆိုင်ရာ ကွာဟချက် တစ်ခု ရှိနေသည်မဟုတ်လော။ သင်တို့သည် အချင်းချင်း၏ အတွေးများနှင့် အစီအစဉ်များကို နားမလည်ကြသည့်အတွက် ကွာဟချက် ရှိနေမည်မှာ သေချာသည်။ အဆုံး၌ သင်၏လက်တွဲဖော်သည် မည်သည့် လူစားမျိုးဖြစ်သည်ကို သင်သိမြင်နိုင်မည်မဟုတ်သကဲ့သို့၊ သူကလည်း သင်မည်သည့်လူစားမျိုးဖြစ်သည်ကို သိနိုင်မည်မဟုတ်ပေ။ သင်သည် သူ၏လိုအပ်ချက်များကို နားလည်မည်မဟုတ်သကဲ့သို့၊ သူကလည်း သင်၏လိုအပ်ချက်များကို နားလည်မည်မဟုတ်ပေ။ လူတို့သည် နှုတ်ဖြင့်ဖြစ်စေ၊ ဝိညာဉ်ရေးရာဖြင့်ဖြစ်စေ ပြောဆိုဆက်ဆံခြင်း မရှိပါက၊ ၎င်းတို့ကြားတွင် ရင်းနှီးမှုရဖို့ ဖြစ်နိုင်ချေ မရှိပေ။ ပြီးလျှင် ၎င်းတို့သည် အချင်းအချင်းအတွက် မထောက်ပံ့နိုင်သကဲ့သို့ မကူညီနိုင်ပေ။ သင်သည် ဤအရာကို တွေ့ကြုံပြီးဖြစ်သည်မဟုတ်လော။ သင်၏ မိတ်ဆွေက သူတွေးနေသည့်အရာအားလုံးနှင့် သူခံစားနေရသည့် မည်သည့်အရာမဆို သို့မဟုတ် သူထားရှိသည့် မည်သည့်ပျော်ရွှင်မှုကိုမဆို သင့်အား ဖွင့်ဟလျက်၊ အရာအားလုံးကို ယုံကြည်စွာ ရင်ဖွင့်ပြောပြပါက၊ သင်သည် အထူးပင် သူနှင့်ရင်းနှီးသည်ဟု ခံစားရမည်မဟုတ်သလော။ ဤအရာများကို သင့်အား သူပြောဖို့ လိုလားနေသည့်အကြောင်းအရင်းမှာ သင်က သူ့ကိုလည်း သင်၏အတွင်းကျကျ အတွေးများကို ယုံကြည်စွာ ပြောပြထားပြီးဖြစ်သောကြောင့် ဖြစ်သည်။ သင်တို့သည် အထူးပင်ရင်းနှီးပြီး ဤအရာကြောင့် သင်တို့ အချင်းချင်း အလွန်သင့်မြတ်ကာ အချင်းချင်း ကူညီနိုင်ကြလေသည်။ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများအကြား ဤမိတ်သဟာယဖွဲ့ခြင်းမျိုးနှင့် အပြန်အလှန်ပြုခြင်းမျိုး မရှိလျှင် ၎င်းတို့သည် သဟဇာတဖြစ်စွာ အဆင်ပြေနိုင်မည်မဟုတ်သကဲ့သို့၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင် အတူတကွ ကောင်းစွာ အလုပ်လုပ်ဖို့ မဖြစ်နိုင်သည်ကို တွေ့ရှိရမည် ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် ဝိညာဉ်ရေးရာ ပြောဆိုဆက်ဆံမှုနှင့် ပွင့်လင်းစွာ ပြောဆိုနိုင်သည့် အရည်အချင်း လိုအပ်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ရန် လူတစ်ယောက်တွင်ရှိရမည့် စည်းမျဉ်းတစ်ခုဖြစ်သည်။

အချို့က ရိုးသားသူတစ်ဦးဖြစ်ရန် သမ္မာတရားကို ပြောပြီး စိတ်နှလုံးအတွင်းမှ ပြောဆိုရမည်၊ လိမ်ညာလှည့်စားလျှင် ထိုသူသည် ဖွင့်ပြောကာ မိမိကိုယ်ကိုယ် ဖွင့်ချပြရမည်ဖြစ်သည်၊ မိမိတို့၏ အမှားများကို ဝန်ခံရမည်ဆိုသည်ကို ကြားသည့်ခါ ၎င်းတို့က၊ “ရိုးသားရန် ခက်ခဲသည်။ ကျွန်ုပ်တွေးသမျှကို အခြားသူများအား ပြောရမည်လော။ အပြုသဘောဆောင်သောအရာများကို မိတ်သဟာယဖွဲ့ခြင်းမှာ မလုံလောက်သလော။ အခြားသူများအား ကျွန်ုပ်၏ မကောင်းသော သို့မဟုတ် ဖောက်ပြန်ပျက်စီးသော ဘက်ကို ပြောပြရန်မလိုအပ်ပေ၊ ကျွန်ုပ်ပြောပြရန်လိုသလော” ဟု ဆိုကြ၏။ အကယ်၍ သင်သည် အခြားသူတို့အား ဖွင့်ချမပြပါက၊ သင့်ကိုယ်သင် လေ့လာဆန်းစစ်ခြင်း မပြုပါက သင်သည် သင့်ကိုယ်သင် မည်သည့်အခါမျှ သိလိမ့်မည်မဟုတ်။ သင်သည် မည်သည့်အရာဖြစ်ကြောင်း မည်သည့်အခါမျှ သတိပြုမိလိမ့်မည်မဟုတ်ဘဲ အခြားသူများက သင့်ကို ဘယ်သောအခါမျှ ယုံကြည်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အမှန်တရားတစ်ခုဖြစ်သည်။ အကယ်၍ သင့်အား အခြားသူများ ယုံကြည်စေလိုလျှင် သင်သည် ပထမဦးစွာ ရိုးသားရမည်။ ရိုးသားသည့် လူတစ်ဦးဖြစ်ဖို့၊ သင်၏ စိတ်နှလုံးကို အယောက်တိုင်း တွေ့မြင်နိုင်ဖို့အလို့ငှာ၊ သင် တွေးနေသည့် အရာအားလုံးကို မြင်နိုင်ပြီး၊ သင်၏ သရုပ်မှန်ကို ကြည့်ရှုနိုင်ဖို့အလို့ငှာ၊ ဦးစွာပထမ သင်၏ စိတ်နှလုံးကို ဖွင့်ပြရမည်။ သင်သည် မိမိကိုယ်ကိုယ် ရုပ်ဖျက်ဖို့ သို့မဟုတ် ဖုံးကွယ်ဖို့ မကြိုးစားရ။ ထိုအခါမှသာ အခြားလူများက သင့်ကို ယုံကြည်ပြီး ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ယူဆကြလိမ့်မည်။ ဤသည်မှာ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်ဖြစ်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၏ မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည်။ သင်သည် အမြဲဟန်ဆောင်လျှင် သန့်ရှင်းခြင်း၊ မြင့်မြတ်ခြင်း၊ ကြီးမြတ်ခြင်း၊ ကိုယ်ကျင့်စရိုက်မြင့်မားခြင်း ရှိကြောင်း အမြဲအယောင်ဆောင်လျှင်၊ သင်သည် လူတို့အား သင်၏ဖောက်ပြန်ပျက်စီးခြင်းနှင့် သင်၏ချွတ်ယွင်းချက်များကို အမြင်မခံလျှင်၊ လူတို့က သင်သည် တည်ကြည်မှုရှိသည်၊ ကြီးမြတ်သည်၊ မိမိကိုယ်ကို ငြင်းပယ်သည်၊ တရားမျှတသည်၊ အတ္တကင်းခြင်းရှိသည်ဟု ထင်ကြစေရန် သင်သည် လူတို့အား ဟန်ဆောင်ထားသော ရုပ်သွင်ကို ပြလျှင် ဤသည်မှာ လှည့်ဖြားခြင်းနှင့် လိမ်ညာခြင်း မဟုတ်လော။ အချိန်ကြာလျှင် လူတို့သည် သင့်ကို ရိပ်စားမိနိုင်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် အယောင်ဆောင်ခြင်း မပြုနှင့်၊ သို့မဟုတ် သင့်ကိုယ်သင် မဖုံးကွယ်နှင့်။ ထိုသို့ပြုမည့်အစား အခြားသူများ မြင်ဖို့အတွက် မိမိကိုယ်ကိုယ်နှင့် သင်၏စိတ်နှလုံးကို ဖွင့်ချပြလော့။ သင်သည် အခြားသူများမြင်စေရန် သင်၏စိတ်နှလုံးကို ဖွင့်ဟပြနိုင်လျှင်၊ အပြုသဘောဆောင်သော၊ အပျက်သဘောဆောင်သောအရာနှစ်မျိုးလုံးပါဝင်သော သင်၏အတွေးများနှင့် အစီအစဉ်များအားလုံးကို ဖွင့်ချပြနိုင်လျှင် ဤသည်မှာ ရိုးသားမှုမဟုတ်သလော။ သင်သည် အခြားသူများ မြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟပြနိုင်ပါက၊ ဘုရားသခင်သည်လည်း သင့်ကို မြင်ပြီး “သင်သည် အခြားသူများမြင်စေရန် သင့်ကိုယ်သင် ဖွင့်ဟပ့်လျှင် ငါ့ရှေ့တွင သင်သည် ဧကန်အမှန်ပင် ရိုးသား၏” ဟု ဆိုလိမ့်မည်။ သို့သော် အကယ်၍ သင်သည် အခြားသူများ မမြင်သည့်အခါ၊ ဘုရားသခင်ထံ၌သာ သင့်ကိုယ်သင် ဖွင့်ဟပြပြီး၊ ကြီးမြတ်ကာ မြင့်မြတ်သကဲ့သို့ သို့မဟုတ် ၎င်းတို့နှင့်အတူတူ ရှိသည့်အချိန်တွင် ကိုယ်ကျိုးမငဲ့သကဲ့သို့ အစဉ်သဖြင့် ဟန်ဆောင်ပါက၊ ဘုရားသခင်သည် သင့်အား မည်သို့ ထင်မည်နည်း။ မည်သည့်အရာကို ပြောဆိုလိမ့်မည်နည်း။ သူက၊ “သင်သည်လုံးလုံးလျားလျားပင်လှည့်စားသူတစ်ယောက်ဖြစ်သည်။ သင်သည် လုံးလုံးလျားလျားပင် သူတော်ကောင်း ဟန်ဆောင်ပြီး ယုတ်မာ၏၊ ထို့အပြင် သင်သည် ရိုးသားသောလူတစ်ဦး မဟုတ်” ဟု ဆိုလိမ့်မည်။ ထို့ကြောင့် ဘုရားက သင့်အား စီရင်လိမ့်မည်။ အကယ်၍ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်လိုပါက၊ ဘုရားသခင်ရှေ့ သို့မဟုတ် အခြားသူတို့ရှေ့တွင် မည်သည့်အရာကို သင်လုပ်ဆောင်ပါစေ၊ သင်စိတ်အတွင်းရှိသော အခြေအနေနှင့် သင့်စိတ်နှလုံးထဲရှိ စကားများအကြောင်းတို့ကို ရိုးသားပွင့်လင်းသည့် ဖြစ်ကြောင်းကုန်စင် ပြောနိုင်သင့်သည်။ ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ ယင်းက လေ့ကျင့်ခြင်း အချိန်ကာလတစ်ခုအပြင် ဘုရားသခင်ထံ မကြာခဏ ဆုတောင်းခြင်းနှင့် မှီခိုခြင်းတို့လည်း လိုအပ်ပေသည်။ သင်သည် အရာခပ်သိမ်းတွင် စိတ်နှလုံးထဲမှနေ၍ ရိုးရှင်းစွာ၊ ပွင့်လင်းစွာပြောဆိရန် သင့်ကိုယ်သင် လေ့ကျင့်ရမည်။ ဤကဲ့သို့သော် လေ့ကျင့်မှုမျိုးဖြင့် သင် တိုးတက်နိုင်ပေသည်။ သင်သည် အကြီးစား အခက်အခဲကို ကြုံတွေ့လျှင် ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်အထိ သင်၏စိတ်နှလုံးထဲတွင်တွန်းလှန်တိုက်ခိုက်ပြီး ဇာတိပကတိကို အောင်မြင်ဖို့ လိုအပ်သည်။ ထိုသို့သင့်ကိုယ်သင် လေ့ကျင့်ရာတွင် နည်းနည်းချင်းဆိုသလို သင်၏ စိတ်နှလုံးသည် တဖြည်းဖြည်း ဖွင့်ဟလာမည်။ သင်သည် ပို၍ပို၍သန့်စင်လာမည်ဖြစ်ကာသင်၏ အပြောနှင့် အလုပ်၏ သက်ရောက်မှုများသည် ယခင်ကထက် ကွာခြားလိမ့်မည်။ သင်၏အလိမ်အညာများနှင့် လှည့်စားမှုများသည် ပို၍ နည်းပါးလာမည်ဖြစ်ကာ ဘုရားသခင်၏ ရှေ့မှောက်တွင် သင် အသက်ရှင်နိုင်လိမ့်မည်။ ထို့နောက်တွင် သင်သည် အခြေခံအားဖြင့် ရိုးသားသူတစ်ဦး ဖြစ်လာပြီးဖြစ်လိမ့်မည်။

စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင်၊ လူသားမျိုးနွယ်အားလုံးသည် ဆိုးယုတ်သော စိတ်သဘောထားဖြင့် အသက်ရှင်ကြသည်။ လူတို့သည် စာတန်ကဲ့သို့ပင် ကဏ္ဍတိုင်း၌ အယောင်ဆောင်ကြပြီး ဟန်လုပ်ကြသည်။ အမှုကိစ္စအားလုံးတွင် လှည့်ဖြားခြင်း၊ အလေးအနက်မထားခြင်းတို့ကို ကျင့်သုံးကြသည်။ ၎င်းတို့က လှည့်ဖြားခြင်း၊ အလေးအနက်မထားခြင်းတို့ကို ကျင့်သုံးခြင်းမရှိသည့်အရာတစ်ခုမျှ မရှိပေ။ လူအချို့သည် ဈေးဝယ်ထွက်ခြင်းကဲ့သို့သော အလွန်အတွေ့ရများသည့် ပြုဖွယ်ဆောင်တာများတွင်ပင် လှည့်ဖြားသော အရာများကို လုပ်ဆောင်ကြသည်။ ဥပမာအားဖြင့်၊ ၎င်းတို့သည် ခေတ်အဆန်ဆုံး ဝတ်စုံကို ဝယ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ၎င်းတို့က ထိုအရာကို အလွန်နှစ်သက်သော်လည်း ဘုရားကျောင်းထဲတွင် မဝတ်ဆင်ရဲပေ။ အကြောင်းမှာ ညီအစ်ကိုမောင်နှမများက ၎င်းတို့အကြောင်းကို ပြောပြီး ၎င်းတို့ကို လေးနက်မှုမရှိဟု ပြောမည်စိုးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က အခြားလူများ၏ မမြင်ကွယ်ရာတွင်သာ ဝတ်ကြသည်။ ဤသည်မှာ မည်သို့သော အပြုအမူမျိုးဖြစ်သနည်း။ လှည့်စားသော လိမ်လည်သော စိတ်သဘောထားကို ဖွင့်ပြခြင်းဖြစ်သည်။ လူတစ်ယောက်က အဘယ်ကြောင့် ခေတ်ဆန်သော ဝတ်စုံတစ်ခုကို ဝယ်သော်လည်း ညီအစ်ကိုမောင်နှမများရှေ့တွင် မဝတ်ရဲသနည်း။ သူ၏ စိတ်နှလုံးတွင် ခေတ်ဆန်သောအရာများကို နှစ်သက်သည်။ ဘာသာမဲ့များကဲ့သို့ ကမ္ဘာလောက၏ ရေပန်းစားသော အရာများနောက်သို့ လိုက်သည်။ ညီအစ်ကိုမောင်နှမများက သူ့အကြောင်းသိမည်ကိုလည်းကောင်း၊ သူမည်မျှ လေးနက်မှုမရှိကြောင်း မြင်မည်ကိုလည်းကောင်း၊ သူသည် လေးစားထိုက်သော၊ ဖြောင့်မတ်သောသူမဟုတ်ကြောင်း မြင်မည်ကိုလည်းကောင်း ကြောက်ရွံ့သည်။ သူ၏ စိတ်နှလုံးတွင် ခေတ်ဆန်သောအရာများနောက်ကို လိုက်ပြီး ထိုအရာများကို စွန့်လွှတ်ဖို့အတွက် အခက်အခဲဖြစ်သည်။ ထို့ကြောင့် အိမ်တွင်သာ ဝတ်ဆင်နိုင်ပြီး ညီအစ်ကိုမောင်နှမများအား မြင်ခွင့်ပေးဖို့ စိုးရွံ့သည်။ သူနှစ်သက်သောအရာများကို လူမြင်မခံနိုင်လျှင် အဘယ်ကြောင့် ထိုအရာများကို သူ မစွန့်လွှတ်နိုင်သနည်း။ သူ့အား ထိန်းချုပ်နေသော စာတန်ဆန်သောစိတ်သဘောထားတစ်ခုမရှိသလော။ သူသည် စကားများနှင့် အယူဝါဒများကို စဉ်ဆက်မပြတ် ပြောဆိုပြီး သမ္မာတရားကို နားလည်သည့်ပုံစံရှိသည့်တိုင်အောင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ စာတန်ဆန်သော စိတ်သဘောထားတစ်ခုဖြင့် အသက်ရှင်နေသော သူတစ်ယောက်ဖြစ်သည်။ လူတစ်ယောက်သည် အစဉ်သဖြင့် အပြောနှင့် အလုပ်တွင် ဟန်ဆောင်နေလျှင်၊ အခြားလူများအား သူ၏ အရှိအတိုင်း မြင်ခွင့်မပြုလျှင်၊ အခြားလူများရှေ့တွင် ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်၏ ပုံရိပ်ဖြင့် အစဉ်ဟန်ဆောင်လျှင် ထိုသူနှင့် ဖာရိရှဲတို့ကြား၌ မည်သည့်ကွာခြားချက်ရှိသနည်း။ သူသည် မကောင်းသော မိန်းမတစ်ယောက်၏ ဘဝကို နေထိုင်လိုသည်။ သို့သော် သူ၏ ဗြဟ္မစရိယအကျင့်အတွက် တည်ဆောက်ထားသော အထိမ်းအမှတ်တစ်ခုလည်း ရှိလိုကြသည်။ သူသည် လူအများရှေ့တွင် သူ၏ ထူးခြားဆန်းပြားသော ဝတ်စုံအား ဝတ်၍မရသည်ကို ကောင်းစွာသိကြသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ဝယ်သနည်း။ ငွေကို ဖြုန်းတီးခြင်းမဟုတ်လော။ ယင်းမှာ သူသည် ဤသို့သောအရာမျိုးကို နှစ်သက်ပြီး ထိုဝတ်စုံကို တမ်းတမ်းစွဲဖြစ်နေသောကြောင့်သာဖြစ်သည်။ ထို့ကြောင့် သူသည် ထိုဝတ်စုံကို ဝယ်မှဖြစ်မည်ဟု ခံစားမိသည်။ သို့သော် ဝယ်ပြီးသည်နှင့် အပြင်တွင် ဝတ်လို့မရပေ။ သုံးလေးနှစ်ကုန်သွားပြီးနောက်တွင် သူသည် ထိုဝတ်စုံကို ဝယ်မိသည်ကို နောင်တရပြီး “ငါသည် ထိုသို့ ပြုလုပ်ရသည်အထိ အဘယ်သို့ဖြစ်ပြီး အလွန်မိုက်မဲကာ အလွန်စက်ဆုပ်ဖွယ်ဖြစ်ခဲ့ရသနည်း” ဟူ၍ ရုတ်တရက် အသိတရားရသွားသည်။ သူပင်လျှင် မိမိလုပ်သည့်အရာကို စက်ဆုပ်မိသည်။ သို့သော် သူ၏ လုပ်ရပ်များကို မထိန်းချုပ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မိမိနှစ်သက်ပြီး လိုက်စားသည့်အရာကို လက်မလွတ်နိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူသည် မိမိကိုယ်ကို ကျေနပ်စေရန်အတွက် မရိုးသားသည့် နည်းဗျူဟာများနှင့် လှည့်ကွက်ကို ခံယူကျင့်သုံးသည်။ သူသည် ဤသို့သော အသေးအဖွဲကိစ္စတွင် လှည့်စားသော စိတ်သဘောထားကို ဖွင့်ပြလျှင် ပို၍ကြီးမားသော အရာတစ်ခုနှင့်ပတ်သက်လာလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်လော။ ဖြစ်နိုင်မည်မဟုတ်ပေ။ သိသာထင်ရှားစွာပင် လှည့်စားခြင်းသည် သူ၏ သဘာဝဖြစ်သည်။ လှည့်စားမှုသည် သူ၏ ပျော့ကွက်ဖြစ်သည်။ ခြောက်နှစ်၊ ခုနစ်နှစ်အရွယ်ရှိသော ကလေးတစ်ယောက်က သူ၏ မိသားစုနှင့်အတူ ကောင်းသောအရာတစ်ခုကို တစ်ကြိမ်စားလိုက်သည်။ မည်သည့်အရာဖြစ်သည်ကို အခြားကလေးများက သူ့ကို မေးသောအခါ သူက မျက်တောင်ခတ်လိုက်ပြီး “ငါ မေ့သွားပြီ” ဟူ၍ ပြောသည်။ အမှန်တကယ်တွင် သူက အခြားကလေးများကို မပြောပြလိုခြင်းသာဖြစ်သည်။ သူ ယခုတင်စားသည့်အရာကို အမှန်တကယ် မေ့သွားနိုင်သလော။ ဤခြောက်နှစ်၊ ခုနစ်နှစ်အရွယ်ကလေးသည် မုသားများပြောတတ်၏။ ဤသည်မှာ လူကြီးများက သူ့အား လုပ်ဆောင်ရန် သင်ပေးသောအရာတစ်ခုဖြစ်သလော။ သူ့အိမ်ပတ်ဝန်းကျင်၏ သက်ရောက်မှုတစ်ခု ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ လူ့သဘာဝဖြစ်သည်။ သူ၏ အမွေဖြစ်သည်။ လူသည် လှည့်စားသော စိတ်သဘောထားတစ်ခုနှင့်အတူ မွေးဖွားလာသည်။ အမှန်တကယ်တွင် ကလေးက ကောင်းသည့်အရာ မည်သည့်အရာကို စားပါစေ ဤသို့ပြုလုပ်ခြင်းမှာ သာမန်ပင်ဖြစ်သည်။ သူ၏ မိဘများက သူ့အတွက် ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ တခြားတစ်ယောက်၏ အစားအစာကို သူ ခိုးယူခဲ့ခြင်း မဟုတ်ပေ။ ဤကလေးက ထိုသို့သော အခြေအနေမျိုးတွင်၊ လိမ်ညာပြောရန် လုံးဝ မလိုအပ်သောအချိန်တွင် လိမ်ညာပြောနိုင်လျှင် အခြားသောကိစ္စများတွင် ပို၍ပင် လိမ်နိုင်ခြေရှိသည်မဟုတ်လော။ ဤအရာက မည်သည့်ပြဿနာကို ပုံဆောင်ပြနေသနည်း။ ဤသည်မှာ သူ၏ သဘာဝနှင့်ပတ်သက်သည့် ပြဿနာမဟုတ်သလော။ ထိုကလေးက ယခုတွင် အရွယ်ရောက်နေပြီဖြစ်ပြီး လိမ်ညာခြင်းသည် သူ၏ သဘာဝဖြစ်လာသည်။ သူသည် အမှန်ပင် လှည့်စားသူတစ်ယောက်ဖြစ်သည်။ ဤအရာကို အလွန်ငယ်သော အသက်အရွယ်မှစ၍ သူ့ထံတွင် မြင်နိုင်သည်။ လှည့်စားသောသူများသည် အခြားလူများကို လိမ်ညာကာ လှည့်စားခြင်းမပြုဘဲ မနေနိုင်ပေ။ ၎င်းတို့၏ လိမ်ညာလှည့်စားမှုများသည် အချိန်မရွေး၊ နေရာမရွေး သူ့ဘာသာ ထင်ရှားနိုင်သည်။ ၎င်းတို့က ဤအရာများကို မည်သို့လုပ်ဆောင်ရမည်ကို သင်စရာမလိုပေ၊ သို့မဟုတ် ဤအရာများကို လုပ်ဆောင်ရန် လှုံ့ဆော်ပေးဖို့မလိုပေ။ ၎င်းတို့သည် ထိုသို့လုပ်ဆောင်နိုင်သော အရည်အချင်းဖြင့် မွေးဖွားလာကြသည်။ ဤကလေးသည် အလွန်ငယ်သောအသက်အရွယ်တွင် လူတို့ကို လှည့်စားရန်အတွက် မုသားများ ကြံဖန်ပြုလုပ်နိုင်လျှင် သူ၏ လိမ်ညာမှုသည် အမှန်ပင် တစ်ကြိမ်တစ်ခါသာဖြစ်သော ပြစ်မှားမှုဖြစ်နိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ ဤသည်မှာ သူသည် သဘောသဘာဝ အနှစ်သာရအရ လှည့်စားသောသူတစ်ယောက်ဖြစ်သည်ကို ပြသည်။ ဤသို့သော ရိုးရှင်းသောအရာတစ်ခုသည် ပိုင်းခြားသိမြင်ရန် လွယ်ကူသည် မဟုတ်လော။ လူတစ်ယောက်သည် ကလေးဘဝကတည်းက မုသားများကို ပြောနေခဲ့လျှင်လည်းကောင်း၊ မကြာခဏ လိမ်ညာလျှင်လည်းကောင်း၊ လိမ်လည်လှည့်စားရန်မလိုအပ်သည့် ရိုးရှင်းသော ကိစ္စများနှင့်ပင်ပတ်သက်ပြီး လူတို့ကို လိမ်လည်လှည့်စားလျှင်လည်းကောင်း၊ လိမ်ညာခြင်းက သူ၏ သဘာဝဖြစ်လာလျှင်လည်းကောင်း သူ့အတွက် ပြောင်းလဲရန် လွယ်ကူမည်မဟုတ်ပေ။ သူသည် အမှန်စင်စစ်ပင် လှည့်ဖြားတတ်သူဖြစ်သည်။ လှည့်ဖြားတတ်သောသူများသည် ကယ်တင်ခြင်းမခံရနိုင်ဟု အဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လက်ခံဖို့ အလားအလာ မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သန့်စင်ခြင်း၊ ပြောင်းလဲခြင်းခံရဖို့ မဖြစ်နိုင်ပေ။ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိနိုင်သူများက ဤသို့မဟုတ်ပေ။ ၎င်းတို့သည် အစကတည်းက အတော်အတန် ဟန်ဆောင်မှုကင်းသည်။ ၎င်းတို့က လိမ်ညာမှု အနည်းငယ်ပြောလျှင် ရှက်၍ မျက်နှာနီရဲကာ အနေရခက်ဖို့ ဖြစ်နိုင်ခြေများသည်။ ထိုသို့သော သူတစ်ယောက်က ရိုးသားသူဖြစ်ရန် ပို၍ လွယ်ကူသည်။ သင်က ၎င်းတို့ကို လိမ်ရန်၊ ညာရန် ခိုင်းစေလျှင် ၎င်းတို့က ခက်ခဲသည်ဟု မြင်လိမ့်မည်။ ၎င်းတို့ အမှန်တကယ် လိမ်ညာသောအခါတွင် စကားများကို အကုန်ပြောမထွက်ဘဲ လူတိုင်းက ချက်ချင်း ရိပ်စားမိနိုင်သည်။ ဤသူတို့သည် အတော်အတန် ရိုးရှင်းသော သူများဖြစ်ပြီး၊ သမ္မာတရားကို လက်ခံနိုင်လျှင် ကယ်တင်ခြင်းကိုရရှိဖို့ ပို၍ ဖြစ်နိုင်ခြေများသည်။ ဤသို့သောသူမျိုးသည် အထူးအခြေအနေများအောက်တွင်၊ အခြားနည်းလမ်းမရှိတော့သောအချိန်များတွင်သာ လိမ်ညာကြသည်။ ယေဘူယျအားဖြင့် ၎င်းတို့သည် အမှန်တရားကို အမြဲ ပြောနိုင်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသရွေ့ နှစ်အနည်းငယ် အားစိုက်ထုတ်လျှင် ဤဖောက်ပြန်ပျက်စီးခြင်း လက္ခဏာကို ဖယ်ရှားနိုင်လိမ့်မည်။ ထို့နောက်တွင် ရိုးသားသူတစ်ယောက်ဖြစ်ရန် ၎င်းတို့အတွက် ခက်ခဲမည်မဟုတ်ပေ။

ရိုးသားသောသူများအတွက် ဘုရားသခင် သတ်မှတ်သည့် စံနှုန်းမှာ အဘယ်နည်း။ ဘုရားသခင်၏ သတ်မှတ်ချက်များကို ဤဘုရားနှုတ်ကပတ်တော် အခန်းတွင်ရှိသော သတိပေးချက် သုံးချက်တွင် မည်သို့ ဖော်ပြပေးထားသနည်း။ (“ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။...အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင့်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်)) ဤနေရာတွင် အထူးအရေးကြီးသော စာကြောင်းတစ်ကြောင်းရှိသည်။ မည်သည့်စာကြောင်းဖြစ်သည်ကို သင်တို့ မြင်သလော။ (ဘုရားသခင်က ပြောသည်- “အကယ်၍ သင့်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။”) မှန်သည်။ ထိုသို့ဖြစ်သည်။ ဘုရားသခင်က “အကယ်၍ သင့်ထံတွင် ဝေမျှရန် သင် ဝန်လေးသည့် လျှို့ဝှက်ကိစ္စများစွာ ရှိပါက” ဟူ၍ ပြောသည်။ လူတို့သည် ၎င်းတို့ မပြောဆိုရဲသည့် အရာများစွာကို လုပ်ဆောင်ခဲ့ပြီး မကောင်းသည့် ဘက်ခြမ်းများစွာရှိကြသည်။ ၎င်းတို့၏ နေ့စဉ်လုပ်ရပ်များတွင် ဘုရားနှုတ်ကပတ်တော်နှင့် ညီသည့်အရာ လုံးဝမရှိသကဲ့သို့ ဇာတိပကတိကို ၎င်းတို့ ဆန့်ကျင်တွန်းလှန်ခြင်း မရှိကြပေ။ ၎င်းတို့ အလိုရှိသည့်အရာမှန်သမျှကို လုပ်ဆောင်ကြသည်။ ဘုရားသခင်အား နှစ်များစွာ ယုံကြည်ပြီးသည့်နောက်တွင်ပင် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ၎င်းတို့ ဝင်ရောက်ခြင်းမရှိ။ “သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို၊ သင်၏ အခက်အခဲများကို ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။” ဤနေရာတွင် ဘုရားသခင်က လူသားများအား လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခုဆီသို့ ညွှန်ပြခဲ့သည်။ သင်သည် ဤနည်းဖြင့် လက်တွေ့မလုပ်ဆောင်ဘဲ ဆောင်ပုဒ်များ၊ အယူဝါဒများကိုသာ အော်ဟစ်လျှင် ကယ်တင်ခြင်းကို အလွယ်တကူ လက်ခံရရှိမည့်သူမဟုတ်ပေ။ ဤသည်မှာ အမှန်ပင် ကယ်တင်ခြင်းနှင့် ဆက်စပ်နေသည်။ ကယ်တင်ခံရခြင်းသည် လူတစ်ယောက်ချင်းစီတိုင်းအတွက် အလွန်အရေးကြီးသည်။ ဘုရားသခင်သည် အခြားမည်သည့်နေရာတွင် “ကယ်တင်ခြင်းအား အလွယ်တကူ မရရှိခြင်း” ကို ထုတ်ပြောပြီးပြီနည်း။ အခြားတစ်နေရာရာတွင် ဘုရားသခင်သည် ကယ်တင်ခြင်းခံရရန် မည်မျှခက်ခဲသည်ဟု ရည်ညွှန်းခြင်း သိပ်မရှိပေ။ သို့သော် ရိုးသားခြင်းအကြောင်း ပြောသောအခါတွင်မူ ဤအရာကို ပြောဆိုသည်။ သင်သည် ရိုးသားသူတစ်ယောက်မဟုတ်လျှင် ကယ်တင်ရန် အလွန်ခက်ခဲသော သူတစ်ယောက်ဖြစ်သည်။ “ကယ်တင်ခြင်းအား အလွယ်တကူ မရရှိခြင်း” ဆိုသည်မှာ သမ္မာတရားကို သင်လက်မခံလျှင် သင့်အတွက် ကယ်တင်ခြင်းခံရရန် ခက်ခဲမည်ဟု ဆိုလိုသည်။ သင်သည် ကယ်တင်ခြင်းဆီသို့ မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သင့်အတွက် ကယ်တင်ခြင်းခံရရန် ဖြစ်နိုင်လိမ့်မည်မဟုတ်။ ဘုရားသခင်က လူတို့အား ပြောင်းသာပြင်သာ အခြေအနေအချို့ပေးရန်အတွက် ဤစကားအသုံးအနှုန်းကို အသုံးပြုခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် ကယ်တင်ခြင်းခံရရန် မလွယ်ကူပေ။ သို့သော် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်လျှင် သင့်တွင် ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်ရှိသည်ဟူ၍ ဖြစ်သည်။ ဤသည်မှာ ယင်း၏ ဆန့်ကျင်ဘက် အဓိပ္ပာယ်ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ လက်တွေ့မလုပ်ဆောင်သကဲ့သို့သင်၏ လျှို့ဝှက်ချက်များ၊ အခက်အခဲများကို မည်သည့်အခါမျှ ပိုင်းခြားစိစစ်ခြင်းမရှိဘဲ အခြားလူများကို မိတ်သဟာယဖွဲ့ရာတွင် မည်သည့်အခါမျှ သင့်ကိုယ်သင် ဖွင့်ချမပြလျှင်၊ သင်၏ ဖောက်ပြန်ပျက်စီးမှု၊ ဆိုးရွားသော အားနည်းချက်များကို ၎င်းတို့နှင့် မိတ်သဟာယပြုခြင်း၊ စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ ထုတ်ဖော်ပြခြင်းမရှိလျှင် သင်သည် ကယ်တင်ခြင်း မခံရနိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင်သည် ဤနည်းဖြင့် သင့်ကိုယ်သင် ဖွင့်ချမပြလျှင်၊ သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်းမပြုလျှင် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် မုန်းတီးမည်မဟုတ်ပေ။ ထို့ကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်။ သင်သည် မပြောင်းလဲနိုင်လျှင် ကယ်တင်ခြင်းခံရခြင်းအကြောင်းကိုပင် အဘယ်သို့ စဉ်းစားနိုင်မည်နည်း။ ဘုရားနှုတ်ကပတ်တော်က ဤအရာကို ရှင်းလင်းစွာပြသပြီး ဤနှုတ်ကပတ်တော်များက ဘုရားရည်ရွယ်ချက်ကို ထင်ရှားစေသည်။ ဘုရားသခင်က လူတို့ကို ရိုးသားသင့်သည်ဟု အဘယ်ကြောင့် အစဉ် အလေးပေးပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ရိုးသားခြင်းသည် အလွန်အရေးကြီးသောကြောင့်ဖြစ်သည်။ ယင်းသည် လူတစ်ယောက်က ဘုရားသခင်အား နာခံနိုင်ခြင်းရှိမရှိ၊ ကယ်တင်ခြင်းရရှိနိုင်ခြင်းရှိမရှိနှင့် တိုက်ရိုက်သက်ဆိုင်သည်။ လူအချို့က “ငါသည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သည်။ မကြာခဏ စိတ်ဆိုးပြီး ဖောက်ပြန်ပျက်စီးမှုကို ပြသည်” ဟု ပြောသည်။ အခြားလူများက “ငါသည် အလွန် ပေါ့တန်ပြီး စိတ်ကြီးဝင်သည်။ လူတို့က ငါ့ကို မြှောက်ပင့်ပြောသောအခါ ငါ နှစ်သက်သည်” ဟု ဆိုသည်။ ဤအရာများအားလုံးသည် လူတို့အတွက် အပြင်ပန်းမှ မြင်နိုင်သောအရာများဖြစ်ပြီး အကြီးစားပြဿနာများမဟုတ်ပေ။ ဤအရာများအကြောင်းကို ဆက်၍ ပြောမနေသင့်ပေ။ သင်၏ စိတ်သဘောထား၊ သို့မဟုတ် စရိုက်လက္ခဏာက မည်သို့ရှိသည်ဖြစ်စေ သင်သည် ဘုရားသခင် သတ်မှတ်သည့်အတိုင်း ရိုးသားသူတစ်ယောက်ဖြစ်နိုင်သရွေ့ ကယ်တင်ခြင်းခံရနိုင်သည်။ ထို့ကြောင့် သင်တို့ အဘယ်သို့ထင်သနည်း။ ရိုးသားရန် အရေးကြီးသလော။ ဤသည်မှာ အရေးကြီးဆုံးသောအရာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က သူ၏နှုတ်ကပတ်တော်အခန်းဖြစ်သော သတိပေးချက် သုံးချက်တွင် ရိုးသားခြင်းအကြောင်းကို ပြောခြင်းဖြစ်သည်။ အခြားအခန်းများတွင် ယုံကြည်သူများသည် ပုံမှန်ဝိညာဉ်ရေး အသက်တာနှင့် သင့်တင့်လျောက်ပတ်သော အသင်းတော်အသက်တာရှိသင့်သည်ဟု ဘုရားသခင်က ကြိမ်ဖန်များစွာ ပြောဆိုထားပြီး ယုံကြည်သူများသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်သည်ဆိုသည်ကို သူ ဖော်ပြသည်။ ဤကိစ္စများနှင့်ပတ်သက်သည့် သူ၏ နှုတ်ကပတ်တော်များမှာ အကြမ်းဖျင်းဖြစ်သည်။ အလွန်တိကျစွာ၊ သို့မဟုတ် အလွန်အသေးစိတ်ကျစွာ ဆွေးနွေးထားခြင်းမရှိပေ။ သို့ရာတွင် ဘုရားသခင်က ရိုးသားခြင်းအကြောင်းပြောသောအခါ လူတို့လိုက်လျှောက်ရမည့်လမ်းကြောင်းကို သူ ညွှန်ပြသည်။ လူတို့အား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို ဘုရားသခင်က ပြောပြသည်။ ပြီးလျှင် လုံလုံလောက်လောက်ဖြင့် အသေးစိတ်ကျစွာ၊ ရှင်းလင်းစွာ ပြောဆိုသည်။ ဘုရားသခင်က ပြောသည်။ “အကယ်၍ သင့်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို၊ သင်၏ အခက်အခဲများကို ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ။” ရိုးသားခြင်းသည် ကယ်တင်ခြင်းရရှိခြင်းနှင့် ဆက်စပ်နေသည်။ ဤသို့ဆိုလျှင် သင်တို့ အဘယ်သို့ ထင်သနည်း။ ဘုရားသခင်က အဘယ်ကြောင့် လူတို့အား ရိုးသားရန် တောင်းဆိုသနည်း။ ဤသည်မှာ လူသား၏ ကျင့်ကြုံပြုမူခြင်းနှင့်ဆိုင်သော သမ္မာတရားနှင့်ပတ်သက်သည်။ ဘုရားသခင်က ရိုးသားသောသူများကို ကယ်တင်သည်။ သူ၏ နိုင်ငံတော်အတွက် သူအလိုရှိသောသူများမှာ ရိုးသားသောသူများဖြစ်သည်။ သင်သည် လိမ်ညာ၊ လှည့်စားမှုများကို လုပ်ဆောင်နိုင်စွမ်းရှိလျှင် လှည့်ဖြား၊ ကောက်ကျစ်ပြီး မသိမသာ ဒုက္ခပေးသောသူတစ်ယောက်ဖြစ်သည်။ ရိုးသားသောသူတစ်ယောက်မဟုတ်ပေ။ ရိုးသားသူတစ်ယောက်မဟုတ်လျှင် ဘုရားသခင်က သင့်အား ကယ်တင်မည့် အခွင့်အရေးမရှိသကဲ့သို့ သင်သည်လည်း ကယ်တင်ခြင်းခံရရန် မဖြစ်နိုင်ပေ။ သင်က ယခုတွင် အလွန်ဘာသာတရားကိုင်းရှိုင်းကြောင်း၊ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ထင်ခြင်းမရှိကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် အဖိုးအခပေးဆပ်နိုင်ကြောင်း သို့မဟုတ် ဧဝံဂေလိ ဖြန့်ဝေနိုင်ပြီး လူများစွာကို ပြောင်းလဲစေနိုင်ကြောင်း သင် ပြောသည်။ သို့သော် သင်သည် မရိုးသားပေ။ လှည့်ဖြားဆဲဖြစ်ပြီး လုံးဝ မပြောင်းလဲပေ။ ထို့ကြောင့် ကယ်တင်ခြင်းခံရနိုင်သလော။ လုံးဝ မခံရနိုင်ပေ။ ထို့ကြောင့် ကယ်တင်ခြင်းခံရရန်အတွက် ရှေးဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သတ်မှတ်ချက်များနှင့်အညီ ရိုးသားရမည်ဆိုသည်ကို ဤဘုရားနှုတ်ကပတ်တော်များက လူတိုင်းအား သတိပေးသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖွင့်ဟရမည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှု၊ ရည်ရွယ်ချက်များ၊ လျှို့ဝှက်ချက်များကို ချပြရမည်ဖြစ်ပြီး အလင်း၏ လမ်းခရီးကို ရှာဖွေရမည်။ “အလင်း၏ လမ်းခရီးကို ရှာခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်အတွက် သမ္မာတရားအား ရှာဖွေခြင်းကို ဆိုလိုသည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးမှု၊ သင်၏ လုပ်ရပ်များနောက်ကွယ်ရှိ ပန်းတိုင်များ၊ ရည်ရွယ်ချက်များကို ချပြသောအခါ သင့်ကိုယ်သင်လည်း ပိုင်းခြားစိစစ်သည်။ ထို့နောက်တွင် သင်က “အဘယ်ကြောင့် ထိုအရာကို ငါလုပ်ခဲ့သနည်း။ ဤတွင် ဘုရားနှုတ်ကပတ်တော် အခြေပြုချက်ရှိသလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် ငါသည် သိလျက်နှင့် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်နေခြင်း ဖြစ်သလော။ ဘုရားသခင်အား လှည့်ဖြားနေခြင်းဖြစ်သလော။ ငါသည် ဘုရားသခင်ကို လှည့်ဖြားနေခြင်းဖြစ်လျှင် ဤအရာကို မလုပ်သင့်ပေ။ ဘုရားသခင်က သတ်မှတ်ထားသည့်အရာ၊ ဘုရားသခင် ပြောသည့်အရာကို ငါ ကြည့်သင့်ပြီး သမ္မာတရား စည်းမျဉ်းများက အဘယ်သို့ရှိသည်ကို သိအောင်လုပ်ရမည်” ဟူ၍ ရှာဖွေသည်။ ဤသည်မှာ သမ္မာတရားအား ရှာဖွေခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ အလင်းထဲတွင် လျှောက်လှမ်းခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ လူတို့သည် ဤအရာကို ပုံမှန် လက်တွေ့လုပ်ဆောင်နိုင်သောအခါ ၎င်းတို့သည် အမှန်တကယ် ပြောင်းလဲနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိနိုင်သည်။

လူတို့အား ရိုးသားကြရန် ဘုရားသခင် တောင်းဆိုခြင်းမှာ သူသည် လိမ်လည်လှည့်ဖြားသောသူများကို တကယ်ကို စက်ဆုပ်ရွံရှာကြောင်းနှင့်၊ မနှစ်သက်ကြောင်း သက်သေပြခြင်းဖြစ်သည်။ လှည့်စားသောလူတို့ကို ဘုရားသခင်၏ မနှစ်သက်ခြင်းသည် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်နည်းလမ်း၊ ၎င်းတို့၏ စိတ်သဘောထား၊ ရည်ရွယ်ချက်များနှင့် ၎င်းတို့၏ လှည့်စားသည့်နည်းလမ်းတို့ကို မနှစ်သက်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို ဘုရားသခင်က မနှစ်သက်ပေ။ လှည့်စားတတ်သောသူတို့သည် သမ္မာတရားကို လက်ခံနိုင်လျှင်၊ ၎င်းတို့၏ လှည့်စားသော စိတ်သဘောထားများကို ဝန်ခံပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံဖို့ လိုလားလျှင် လူအားလုံးကို ဘုရားသခင်က ညီတူညီမျှ ဆက်ဆံပြီး သမ္မာတရားကလည်း ထိုသို့ဖြစ်သည့်အတွက် ၎င်းတို့သည်လည်း ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကျေနပ်စေသူများ ဖြစ်လိုလျှင် ကျွန်ုပ်တို့လုပ်ဆောင်ရမည့် ပထမဆုံးအရာမှာ ကျွန်ုပ်တို့၏ ပြုမူနေထိုင်မှုစည်းမျဉ်းများကို ပြောင်းလဲခြင်းဖြစ်သည်။ ဆိုးယုတ်သော အတွေးအခေါ်များနှင့်အညီ အသက်ရှင်၍ မရတော့ပေ။ မုသားများ၊ လှည့်စားမှုများနှင့် နေ၍ မရတော့ပေ။ ကျွန်ုပ်တို့၏ မုသားအားလုံးကို နောက်တွင် စွန့်ပစ်ပြီး ရိုးသားသူများဖြစ်လာရမည်။ ထို့နောက်တွင် ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ အမြင်သည် ပြောင်းလဲလိမ့်မည်။ ယခင်က လူတို့သည် အခြားလူများကြား၌ နေထိုင်စဉ်တွင် မုသားများ၊ ဟန်ဆောင်မှု၊ လှည့်စားမှုတို့ကို အစဉ် အားကိုးပြီး စာတန်ဆန်သော အတွေးအခေါ်များကို ၎င်းတို့၏ ဖြစ်တည်မှု အခြေခံအဖြစ်၊ ၎င်းတို့၏ အသက်တာများအဖြစ်၊ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံအုတ်မြစ်အဖြစ် မှတ်ယူခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်သောအရာတစ်ခု ဖြစ်သည်။ ဘာသာမဲ့များကြားတွင် သင်က ပွင့်လင်းစွာပြောဆိုလျှင်၊ အမှန်တရားကို ပြောလျှင်၊ ရိုးသားသောသူတစ်ယောက်ဖြစ်လျှင်၊ သင်သည် အသရေဖျက်ခံရမည်။ ဝေဖန်အပြစ်တင်ခံရပြီး စွန့်ပစ်ခံရမည်။ ထို့ကြောင့် သင်က လောကီရေပန်းစားမှုများနောက်သို့ လိုက်သည်။ ဆိုးယုတ်သော အတွေးအခေါ်များဖြင့် အသက်ရှင်သည်။ လိမ်ညာခြင်းတွင် ပိုပို၍ ကျွမ်းကျင်လာသည်။ ပိုပို၍ လှည့်စားလာသည်။ သင်၏ ပန်းတိုင်များကို ရရှိပြီး မိမိကိုယ်ကို ကာကွယ်ရန်အတွက် မသိမသာ အန္တရာယ်ဖြစ်စေသောနည်းများကို အသုံးပြုဖို့လည်း သင်ယူသည်။ စာတန်၏ ကမ္ဘာတွင် သင်သည် ပိုပို၍ ကြီးပွားချမ်းသာလာသည်။ ရလဒ်အနေဖြင့် သင်သည် မိမိကိုယ်မိမိ ကယ်မထုတ်နိုင်တော့သည်အထိ အပြစ်ထဲသို့ ပိုပို၍ကျဆင်းသည်။ ဘုရားသခင်၏ အိမ်တော်တွင် အမှုအရာများသည် အတိအကျပင် ဆန့်ကျင်ဘက်ဖြစ်သည်။ သင် လိမ်ညာပြီး လှည့်စားသောအရာများ လုပ်ဆောင်လေလေ၊ ဘုရားသခင် ရွေးချယ်ထားသောသူများက သင့်ကို စိတ်ကုန်ပြီး စွန့်ပစ်လေဖြစ်သည်။ သင်က နောင်တရရန် ငြင်းဆန်ပြီး ဆိုးယုတ်သော အတွေးအခေါ်များနှင့် ယုတ္တိများကို ဖက်တွယ်နေဆဲဖြစ်လျှင်၊ အယောင်ဆောင်ပြီး ဟန်လုပ်ရန်အတွက်ပရိယာယ်သုံးပြီး အကြံအစည်များကို အသေးစိတ်စီစဉ်လျှင် သင်သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရဖို့ အလွန်ပင် ဖြစ်နိုင်ခြေရှိသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က လှည့်ဖြားသောသူများကို စက်ဆုပ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ရိုးသားသောသူတို့သာ ကြီးပွားနိုင်သည်။ လှည့်ဖြားသောသူတို့သည် နောက်ဆုံးတွင် ပစ်ပယ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းထားပြီးဖြစ်သည်။ ရိုးသားသောသူတို့သည်သာ ကောင်းကင်နိုင်ငံတော်တွင် ဝေစုကို ရရှိနိုင်သည်။ သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်ဖို့ မကြိုးစားလျှင်၊ သမ္မာတရားကို လိုက်စားသည့် ဦးတည်ချက်ဖြင့် တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင်၊ သင်၏ ကိုယ်ပိုင် အကျည်းတန်မှုကို ဖော်ထုတ်ပြီး သင့်ကိုယ်သင် ချပြခြင်းမရှိလျှင် သင်သည် မည်သည့်အခါမျှ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို လက်ခံရရှိပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ရိုးသားသော သဘောထားရှိရမည်။ ရိုးသားသော သဘာထားတစ်ခုမရှိဘဲ သင်၏ တာဝန်ကို ကောင်းစွာ မထမ်းဆောင်နိုင်ပေ။ သင်သည် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေပုံစံဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်လျှင်၊ တစ်စုံတစ်ခုကို ကောင်းမွန်စွာ မလုပ်နိုင်လျှင် သင့်ကိုယ်သင် ပြန်ဆင်ခြင်ကြည့်သင့်သည်။ သင့်ကိုယ်သင် သိသင့်သည်။ သင့်ကိုယ်သင် စိစစ်ရန်အတွက် ဖွင့်ဟသင့်သည်။ ထို့နောက် ဝတ်ကျေတမ်းကျေလုပ်မည့်အစား နောက်တစ်ကြိမ်တွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေပြီး ပိုကောင်းအောင် လုပ်ဆောင်ဖို့ ကြိုးစားသင့်သည်။ သင်သည် ရိုးသားသော စိတ်နှလုံးတစ်ခုဖြင့် ကြိုးစားပြီး ဘုရားသခင်ကို ကျေနပ်စေခြင်းမရှိလျှင်၊ သင်ကိုယ်တိုင်၏ ဇာတိပကတိကို၊ သို့မဟုတ် မာန်မာနကို ဖြည့်ဆည်းဖို့ အစဉ်သဖြင့် အလေးထားလျှင် သင်သည် အလုပ်ကို ကောင်းကောင်း လုပ်ဆောင်နိုင်မည်လော။ သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်မည်လော။ သေချာပေါက် ထမ်းဆောင်နိုင်မည်မဟုတ်ပေ။ လှည့်ဖြားတတ်သောသူများသည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ မည်သည့်တာဝန်ကို ၎င်းတို့လုပ်နေရသည်ဖြစ်စေ ယင်းကို ကောင်းစွာ မလုပ်ဆောင်ကြချေ၊ ထိုသို့သော လူများအတွက် ကယ်တင်ခြင်းရရှိဖို့ ခက်ခဲသည်။ ငါ့ကို ပြောလော့၊ လှည့်ဖြားတတ်သော လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြသည့်အခါ၊ လှည့်ဖြားမှုတွင် ပါဝင်ပတ်သက်ကြသလော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့အား အဖိုးအခတစ်ခု ပေးဖို့၊ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများကို စွန့်လွှတ်ဖို့၊ အခြားသူများထံ ဖွင့်ပြောပြီး မိမိတို့ကိုယ်ကိုယ် ထုတ်ဖော်ပြဖို့ တောင်းဆို၏။ သို့သော် ၎င်းတို့သည် တစ်စုံတစ်ရာကို ချုပ်တည်းထားကြသည်။ ၎င်းတို့ စကားပြောသည့်အခါ၊ ၎င်းတို့သည် တစ်ဝက်တစ်ပျက်သာ ပြောပြီး ကျန်သည့်အရာများကို ဆိုင်းထားကြသည်။ အခြားသူများမှာ ၎င်းတို့ မည်သည့်အရာ ဆိုလိုသည်ကို အမြဲ မှန်းဆကြရသည်၊ ၎င်းတို့၏ ဆိုလိုရင်းကို အဖြေရှာဖို့ အသေးစိတ်များကို အမြဲ ဆက်စပ်ကြရသည်။ ၎င်းတို့သည် တစ်မျိုးပြောင်းဖို့ မိမိတို့ကိုယ်ကိုယ် အမြဲခွင့်ပြုကြသည်၊ အခြားတစ်နည်းပြောင်းဖို့ အခွင့်အရေးအချို့ မိမိတို့ကိုယ်ကိုယ် ပေးကြလေသည်။ ၎င်းတို့ လှည့်ဖြားတတ်သည်ကို အခြားလူများကသတိထားမိသောအခါ ၎င်းတို့သည် ထိုသူတို့နှင့် မပတ်သက်လိုတော့ဘဲ ၎င်းတို့လုပ်သမျှတွင် ထိုသူတို့ကို သတိထားကြသည်။ ၎င်းတို့သည် လိမ်ညာပြီး အခြားလူများက ၎င်းတို့ကို မယုံကြည်နိုင်ပေ။ ၎င်းတို့ပြောသည့်အရာများတွင် မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မှားသည်၊ သို့မဟုတ် ထိုအရာများက မည်မျှ စစ်မှန်မှုမရှိသည်ကို မသိရပေ။ ၎င်းတို့သည် မကြာခဏပင် အခြားလူများအပေါ် ကတိပျက်ပြီး လူတို့၏ စိတ်နှလုံးတွင် ၎င်းတို့ကို တန်ဖိုးမထားကြပေ။ သို့ဆိုလျှင် ဘုရားသခင်၏ စိတ်နှလုံးတွင်မူ အဘယ်သို့ရှိသနည်း။ ဘုရားသခင်က ၎င်းတို့ကို မည်သို့ မြင်သနည်း။ ဘုရားသခင်က ၎င်းတို့ကို ပို၍ပင် မုန်းတီးသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတို့၏ စိတ်နှင့် နှလုံးသား၏ အတွင်းနက်နက်နေရာများကို စိစစ်သောကြောင့်ဖြစ်သည်။ အပေါ်ယံတွင် ရှိသည့်အရာကိုသာ လူသားများက မြင်နိုင်သော်လည်း၊ ဘုရားသခင်က ပို၍ တိကျစွာ၊ ပို၍ ပြတ်သားစွာ၊ ပို၍ လက်တွေ့ကျစွာ မြင်သည်။

သင်သည် ယုံကြည်သူဖြစ်သည်မှာ မည်မျှကြာသည်ဖြစ်စေ၊ သင်၏တာဝန်က မည်သည့်အရာဖြစ်စေ၊ သင်လုပ်ဆောင်သည့်အလုပ်က မည်သည့်အလုပ်ဖြစ်စေ၊ သင်၏ အစွမ်းအစက မြင့်သည်ဖြစ်စေ၊ နှိမ့်သည်ဖြစ်စေ၊ သင်၏ အကျင့်စရိုက်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင်သည် သမ္မာတရားကို လက်ခံနိုင်ပြီး ရိုးသားသူတစ်ယောက်ဖြစ်လာရန် အားထုတ်သရွေ့ ဆုလာဘ်များကို သေချာပေါက် ရရှိခံစားရလိမ့်မည်။ ရိုးသားသူတစ်ယောက်ဖြစ်လာရန် အားမထုတ်သောသူအချို့သည် ၎င်းတို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်းက လုံလောက်သည်ဟု ထင်ကြသည်။ ၎င်းတို့ကို ငါက “သင်သည် သင်၏တာဝန်ကို မည်သည့်အခါမျှ ကောင်းစွာထမ်းဆောင်နိုင်မည်မဟုတ်” ဟု ပြောသည်။ အခြားလူများက ရိုးသားသူဖြစ်ခြင်းသည် အရေးကြီးသော ကိစ္စမဟုတ်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အစေခံရန် ကြိုးစားခြင်းသည် ပို၍ကြီးသောတာဝန်ဖြစ်သည်၊ ဤအရာက ဘုရားသခင်ကို ကျေနပ်စေရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်ဟု ထင်ကြသည်။ ဤသို့ဆိုလျှင် ဆက်လက်၍ စမ်းသပ်ကြည့်လော့။ သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းမရှိဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ အစေခံနိုင်ခြင်းရှိမရှိ ကြည့်လော့။ အခြားလူများသည် ရိုးသားသူတစ်ယောက်ဖြစ်ရန် မကြိုးစားကြဘဲ နေ့စဉ် ဆုတောင်းခြင်း၊ စုဝေးပွဲများသို့ အချိန်မှန် သွားခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းဖြင့် ရောင့်ရဲနေကြပြီး ဘာသာမဲ့များကဲ့သို့ မနေထိုင်ခြင်းသာ ရှိသည်။ ၎င်းတို့က ဥပဒေကို မချိုးဖောက်သရွေ့၊ မကောင်းမှုတစ်ခုခုမလုပ်သရွေ့ လုံလောက်သည်။ သို့သော် ဘုရားသခင်ကို ဤပုံစံဖြင့် ကျေနပ်စေနိုင်သလော။ သင်သည် ရိုးသားသောသူတစ်ယောက်မဟုတ်လျှင် ဘုရားသခင်ကို မည်သို့ ကျေနပ်စေနိုင်မည်နည်း။ သင်သည် ရိုးသားသောသူတစ်ယောက်မဟုတ်လျှင် မှန်ကန်သော လူစားမျိုးမဟုတ်ပေ။ သင်သည် မရိုးသားလျှင် ကောက်ကျစ်ပြီး လှည့်ဖြားတတ်သည်။ အမှုအရာများကို ဝတ်ကျေတမ်းကျေဆန်သောပုံစံဖြင့် လုပ်ဆောင်သည်။ ဖောက်ပြန်ပျက်စီးမှုမျိုးစုံကို ထုတ်ဖော်ပြသည်။ ဆန္ဒရှိသောအခါတွင်ပင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းမဟုတ်သော အရာမှန်သမျှသည် မည်သည့်အရာမျှ ကောင်းစွာလုပ်ဆောင်ထားခြင်းမရှိဟု အဓိပ္ပာယ်ရသည်။ သင်သည် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို ရရှိရန်၊ သို့မဟုတ် ဘုရားသခင်အား ကျေနပ်စေရန် နည်းလမ်းရှိမည်မဟုတ်ပေ။ သင်သည် ရိုးသားသည့် သဘောထားတစ်ခုမျှမရှိဘဲ လုပ်သမျှတွင် ဘုရားသခင်အား မည်သို့ကျေနပ်စေနိုင်မည်နည်း။ သင်သည် ရိုးသားသောသဘောထားမရှိဘဲ သင်၏ တာဝန်ကို လုပ်ဆောင်လျှင် ဘုရားသခင်ကို မည်သို့ ကျေနပ်စေနိုင်သနည်း။ သင်သည် ထိုတာဝန်ကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်နိုင်မည်လော။ သင်သည် သင်၏ ကိုယ်ပိုင်ဇာတိပကတိနှင့် သင်၏ ကိုယ်ပိုင်ရှေ့ရေးကို အစဉ် စဉ်းစားသည်။ သင်သည် အစဉ်သဖြင့် သင်၏ ဇာတိပကတိ ဒုက္ခကို လျော့ပါးစေလိုသည်။ သင့်ကိုယ်သင် လျော့၍ အသုံးခံလိုသည်၊ လျော့၍ အနစ်နာခံလိုသည်၊ အဖိုးအခ လျော့၍ ပေးဆပ်လိုသည်။ သင်သည် အစဉ်သဖြင့် တွန့်ဆုတ်နေသည်။ ဤသည်မှာ လှည့်စားသော သဘောထားဖြစ်သည်။ လူအချို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံခြင်းနှင့်ပတ်သက်လျှင်ပင် တွက်ချက်နေကြသည်။ ၎င်းတို့က “ငါသည် နောင်အချိန်တွင် သက်သောင့်သက်သာ နေရမည်။ ဘုရားသခင်၏ အမှုက မည်သည့်အခါမျှ မပြီးဆုံးလျှင် ဘယ်လိုလုပ်မည်နည်း။ ငါသည် ငါ၏ ရာနှုန်းပြည့်ကို သူ့အား မပေးဆပ်နိုင်။ ဘုရားသခင်၏ နေ့ရက်က မည်သည့်အချိန်တွင်လာမည်ကိုပင် ငါမသိ။ ငါ တွက်ချက်ထားဖို့လိုသည်။ ဘုရားသခင်အတွက် ငါ့ကိုယ်ငါ အသုံးမခံခင်တွင် ငါ၏ မိသားစုဘဝနှင့် ငါ့အနာဂတ်အတွက် အစီအစဉ်များပြုလုပ်ဖို့လိုသည်” ဟု ပြောကြသည်။ ဤသို့စဉ်းစားသည့်လူ များစွာရှိသလော။ လူတစ်ယောက်သည် တွက်ချက်ပြီး ကိုယ့်ကိုယ်ကိုယ်အတွက် အရေးပေါ်အစီအစဉ်များ ပြုလုပ်နေလျှင် ယင်းသည် မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ဤလူတို့သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိကြသလော။ ရိုးသားသောသူများဖြစ်ကြသလော။ တွက်ချက်ခြင်းနှင့် အရေးပေါ်အစီအစဉ်များပြုလုပ်ခြင်းသည် ဘုရားသခင်နှင့် စိတ်နှလုံး တစ်လုံးတစ်ဝတည်းရှိခြင်းမဟုတ်ပေ။ ဤသည်မှာ လှည့်စားသော စိတ်သဘောထားဖြစ်သည်။ ဤသို့လုပ်ဆောင်သောလူတို့သည် လှည့်စားမှုဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဘုရားသခင်အား ၎င်းတို့ ဆက်ဆံသည့် သဘောထားသည် ရိုးသားသော သဘောထား သေချာပေါက်မဟုတ်ပေ။ လူအချို့က ၎င်းတို့နှင့် အပြန်အလှန်ဆက်ဆံစဉ်တွင်၊ သို့မဟုတ် ပတ်သက်စဉ်တွင် ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ ပြဿနာများကို ရိပ်စားမိပြီး ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးသည်ဟု ပြောမည်ကို၊ သို့မဟုတ် ၎င်းတို့အား အထင်သေးမည်ကို ကြောက်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် စကားပြောသောအခါ အလွန် စိတ်အားထက်သန်သည်၊ ဘုရားသခင်ကို တောင့်တသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်ဝင်စားသည်ဟူသည့် ပုံစံဖြစ်အောင် အစဉ် ကြိုးစားကြသည်။ သို့သော် စိတ်ထဲတွင် ၎င်းတို့သည် အမှန်တကယ် အလွန်ပင် အားနည်းပြီး အပျက်သဘောဆောင်ကြသည်။ မည်သူကမျှ ၎င်းတို့ကို မရိပ်စားမိစေရန်အတွက် ၎င်းတို့သည် စိတ်ဓာတ်ခိုင်မာချင်ဟန်ဆောင်ကြသည်။ ဤသည်မှာလည်း လှည့်စားမှုဖြစ်သည်။ တိုတိုပြောရလျှင်၊ အသက်တာတွင်ဖြစ်စေ၊ တာဝန်ထမ်းဆောင်ရာတွင် ဖြစ်စေ သင်လုပ်သမျှတွင် အခြားလူများကို အထင်အမြင်မှားစေရန် သို့မဟုတ် လှည့်စားရန်၊ သင့်အား အထင်ကြီးပြီး ကိုးကွယ်အောင်ပြုလုပ်ရန်၊ သို့မဟုတ် သင့်အား အထင်မသေးစေရန်အတွက် မုသားနှင့် အယောင်ဆောင်မှုကို ကျင့်သုံးလျှင်၊ သို့မဟုတ် အယောင်ဆောင် အသွင်အပြင်များကို အသုံးပြုလျှင် ဤသည်တို့အားလုံးမှာ လှည့်စားမှုဖြစ်သည်။ အမျိုးသမီးအချို့မှာ ၎င်းတို့၏ ခင်ပွန်းကို ချစ်မြတ်နိုးကြချိန်၊ အမှန်တကယ်တွင်မူ ၎င်းတို့၏ ခင်ပွန်းများသည် မကောင်းဆိုးဝါးများ၊ မယုံကြည်သူများဖြစ်သည်။ ဤသို့သော အမျိုးသမီးသည် သူမ၏ ချစ်ခင်မှုက အားကောင်းလွန်းသည်ဟု ညီအစ်ကိုမောင်နှမများက သူမကို ပြောမည်စိုးသဖြင့်၊ “ငါ၏ ခင်ပွန်းသည် မကောင်းဆိုးဝါးဖြစ်သည်” ဟု ဦးစွာ ပြောလိမ့်မည်။ သို့သော် သူမ၏ စိတ်နှလုံးတွင် “ငါ၏ ခင်ပွန်းသည် လူကောင်းတစ်ယောက်ဖြစ်သည်” ဟု ဆိုသည်။ ပထမပြောသောအရာမှာ သူ၏ နှုတ်ဖြင့်ပြောသည့်အရာဖြစ်သည်။ သို့သော် ဤသည်မှာ အခြားလူများ ကြားရန်အတွက်သာဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က သူမသည် သူမ၏ အမျိုးသားအကြောင်းကို သိမြင်မှုရှိသည်ဟု ထင်ကြသည်။ သူမ အမှန်တကယ် ဆိုလိုသည်မှာ “ဤကိစ္စကို ချမပြနှင့်။ ဤအမြင်ကို ငါ ဦးစွာ ဖော်ပြမည်ဖြစ်သောကြောင့် သင်တို့ ထုတ်ပြောစရာမလိုပေ။ ငါ၏ ခင်ပွန်းသည် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည်ဟု ငါ ဖော်ထုတ်ပြီးဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ ငါသည် ငါ၏ ချစ်ခင်မှုများကို စွန့်လွှတ်ပြီးဖြစ်ကာ ဤအရာနှင့်ပတ်သက်ပြီး သင်တို့တွင် ပြောစရာ မည်သည့်အရာမျှ ရှိမည်မဟုတ်ဆိုသည့် သဘောဖြစ်သည်။” ဤသည်မှာ လှည့်ဖြားခြင်းမဟုတ်သလော။ အတုအယောင် ဖြစ်သည်မဟုတ်လော။ ဤသို့ လုပ်ဆောင်လျှင် သင်သည် ဟန်လုပ်ခြင်းအားဖြင့် လူတို့ကို လှည့်စားနေခြင်းဖြစ်ပြီး အထင်အမြင်မှားစေခြင်းဖြစ်သည်။ သင်သည် ပေါ့ပျက်ပျက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ နေရာတိုင်းတွင် လှည့်စားမှုများကို လုပ်ဆောင်နေသည်။ ထို့ကြောင့် အခြားလူများမြင်သည့်အရာမှာ သင်၏ အယောင်ဆောင်ပုံရိပ်ဖြစ်ပြီး သင်၏ သရုပ်မှန်မဟုတ်ပေ။ ဤသည်မှာ အန္တရာယ်ရှိသည်။ ဤသည်မှာ လူ၏ လှည့်စားခြင်းဖြစ်သည်။ သင်၏ ခင်ပွန်းသည် မကောင်းဆိုးဝါးဖြစ်သည်ဟု သင် အသိအမှတ်ပြုသည့်နောက်တွင်၊ အဘယ်ကြောင့် သူ့အား မကွာရှင်းသနည်း။ ထိုမကောင်းဆိုးဝါး၊ ထိုစာတန်ကို အဘယ်ကြောင့် မငြင်းပယ်သနည်း။ သင်၏ ခင်ပွန်းသည် မကောင်းဆိုးဝါးဖြစ်သည်ဟု သင်ပြောသော်လည်း သူနှင့်အတူ သင်၏ဘဝကို ဆက်၍ ကုန်ဆုံးသည်။ ဤသည်မှာ သင်သည် မကောင်းဆိုးဝါးများကဲ့သို့ဖြစ်သည်ဆိုသည်ကို ပြသည်။ သူသည် မကောင်းဆိုးဝါးဖြစ်သည်ဟု သင်၏ နှုတ်က ပြောသည်။ သို့သော် သင်၏ စိတ်နှလုံးတွင် ဤအရာကို ဝန်မခံပေ။ ဤသည်မှာ သင်သည် အခြားလူများကို လှည့်စားနေခြင်း၊ တစ်ပတ်ရိုက်နေခြင်းဖြစ်သည်ဆိုသည့် သဘောဖြစ်သည်။ သင်သည် မကောင်းဆိုးဝါးများနှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်းဖြစ်ကြောင်း၊ ၎င်းတို့ကို ကာကွယ်နေကြောင်းကိုလည်း ပြသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်လျှင် သင်၏ ခင်ပွန်းသည် မကောင်းဆိုးဝါးဖြစ်သည်ဟု သင် အသိအမှတ်ပြုသည်နှင့်တစ်ပြိုင်နက် သူ့အား ကွာရှင်းလိမ့်မည်ဖြစ်သည်။ ထို့နောက်တွင် သင်သည် သက်သေခံနိုင်ပြီး၊ ထိုအရာက သင်သည် သင်နှင့် နတ်ဆိုးကြားတွင် ရှင်းလင်းပြတ်သားစွာ စည်းခြားထားသည်ကို ပြပေမည်။ သို့သော် ကံမကောင်းစွာဖြင့် သင်သည် ထိုစည်းကို ခြားထားဖို့ ပျက်ကွက်ရုံမကဘဲ သင်သည် သင်၏နေ့ရက်များကို မကောင်းဆိုးဝါးတစ်ကောင်ဖြင့် အသက်ရှင်နေထိုင်နေပြီး ညီအစ်ကိုမောင်နှမများအား မုသားများနှင့် လှည့်ကွက်ဖြင့် အထင်အမြင်မှားအောင်ပြုလုပ်နေသည်။ ဤသည်မှာ သင်က နတ်ဆိုးနှင့် အမျိုးအစားတူညီကြောင်း၊ သင်သည် လိမ်ညာပြောသော အခြားမကောင်းဆိုးဝါးတစ်ကောင်ဖြစ်ကြောင်းကို သက်သေပြသည်။ အမျိုးသမီးတစ်ယောက်သည် သူလက်ထပ်သည့် ယောက်ျားက ပေါက်ကရလုပ်သူဖြစ်စေ၊ ဆိုးယုတ်သော ယောက်ျားဖြစ်စေ သူ့နောက်သို့လိုက်သည်ဟု လူတို့က ဆိုကြသည်။ သင်သည် မကောင်းဆိုးဝါးတစ်ကောင်ကို အိမ်ထောင်ပြုပြီး သူ့အား လုံးဝ ကျောမခိုင်းသောကြောင့် သင်သည်လည်း မကောင်းဆိုးဝါးဖြစ်သည်ဆိုသည်ကို သက်သေပြသည်။ သင်သည် နတ်ဆိုးနှင့် သက်ဆိုင်သည်။ သို့သော် သင်က ဘုရားသခင်နှင့်သက်ဆိုင်သည်ဟု သက်သေပြရန်အတွက် သင်၏ ခင်ပွန်းသည် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည်ဟု သင်ပြောသည်။ ဤသည်မှာ လိမ်ညာပြီး လှည့်စားသည့် နည်းဗျူဟာမဟုတ်သလော။ သင်သည် အမှန်တရားကို ကောင်းကောင်းသတိပြုမိသော်လည်း၊ သူတစ်ပါးတို့ကို လှည့်စားရန်အတွက် ဤသို့သော နည်းများကို အသုံးပြုနေဆဲဖြစ်သည်။ ဤသည်မှာ မသိမသာ ဒုက္ခပေးသည်။ လှည့်စားခြင်းဖြစ်သည်။ မသိမသာ ဒုက္ခပေးပြီး လှည့်စားသောသူများအားလုံးသည် လုံးလုံးလျားလျားပင် မကောင်းဆိုးဝါးများဖြစ်ကြသည်။

လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိ၏။ သင်သည် မိမိကိုယ်ကို သုံးသပ်လျှင်၊ အခြားလူများကို သင်အမြင်မှားစေသည့်၊ သို့မဟုတ် လှည့်စားလျက် လုပ်ဆောင်သည့် အခြေအနေ၊ သို့မဟုတ် ကျင့်သုံးမှုအချို့ကို သင် ရှင်းလင်းစွာ မြင်လိမ့်မည်။ သင်တို့အားလုံးသည် ဟန်လုပ်သော၊ သို့မဟုတ် သူတော်ကောင်းအယောင်ဆောင်သော အချိန်များရှိကြသည်။ လူအချို့က “ဤသို့ဆိုလျှင် အဘယ်ကြောင့် ငါ သတိမထားမိသနည်း။ ငါသည် မာယာကင်းသောသူဖြစ်သည်။ ငါသည် ဤကမ္ဘာလောကတွင် အဆက်မပြတ် အနိုင်ကျင့်ခံရပြီး အလိမ်ခံရသည်။ ငါသည် တစ်ကြိမ်တစ်ခါမျှ မလှည့်စားခဲ့ပေ။ ငါ၏ စိတ်နှလုံးတွင်ရှိသောအရာကိုသာ ငါပြောသည်” ဟု ဆိုကြသည်။ ယင်းက သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း သက်သေမပြသေးပေ။ သင်သည် ဉာဏ်မကောင်းခြင်း၊ သို့မဟုတ် ပညာသိပ်မတတ်ခြင်း၊ သို့မဟုတ် သင်သည် အဖွဲ့များတွင် အလွယ်တကူ အကြမ်းပတမ်း ခိုင်းစေခံရနိုင်ခြင်း၊ သို့မဟုတ် သင်သည် သင်၏ လုပ်ဆောင်မှုများတွင် ဉာဏ်ပညာမရှိသော အသုံးမကျသောသူ၊ ကျွမ်းကျင်မှုအနည်းငယ်သာ ပိုင်ဆိုင်ပြီး လူ့အဖွဲ့အစည်းတွင် အဆင့်နိမ့်သောသူ ဖြစ်နိုင်ခြေရှိသည်။ ဤသည်မှာ သင်က ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု အဓိပ္ပာယ်မရသေးပေ။ ရိုးသားသူတစ်ယောက်သည် သမ္မာတရားကို လက်ခံနိုင်သူဖြစ်သည်။ သနားစရာကောင်းသော ဒုက္ခရောက်နေသူ၊ အချည်းနှီးလူ၊ ငတုံးငအ၊ သို့မဟုတ် မာယာကင်းသောသူ မဟုတ်ပေ။ သင်တို့သည် ဤအရာများကို ပိုင်းခြားသိမြင်နိုင်သင့်သည်မဟုတ်လော။ လူအချို့က ဤသို့ပြောသည်ကို ငါ မကြာခဏကြားရသည်။ “ငါသည် မည်သည့်အခါမျှ မုသားမပြော။ အစဉ်သဖြင့် အလိမ်ခံရသောသူဖြစ်သည်။ ငါသည် ပြင်ပတွင်ရှိသော လူတို့၏ အကြမ်းပတမ်းခိုင်းစေခြင်းကို အစဉ်အမြဲ ခံရသည်။ ဘုရားသခင်က ငတ်မွတ်သောသူတို့ကို နောက်ချေးပုံထဲက ချီးမြှောက်သည်ဟု ဆိုသည်။ ငါသည် ထိုလူများထဲမှ တစ်ယောက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ ဘုရားသခင်က ငါတို့ကဲ့သို့သောလူများ၊ လူ့အဖွဲ့အစည်းတွင် လက်မခံကြသော မညယာကင်းသည့်သူများကို သနားသည်။ ဤသည်မှာ အမှန်ပင် ဘုရားသခင်၏ ကရုဏာဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဘုရားသခင်က ငတ်မွတ်သောသူတို့ကို နောက်ချေးပုံထဲက ချီးမြှောက်သည်ဟု ဆိုခြင်းသည် အမှန်ပင် လက်တွေ့ကျသည့်အပိုင်းရှိသည်။ သင်က ထိုအရာကို သတိပြုမိနိုင်သော်လည်း ရိုးသားသူတစ်ယောက် သင် ဖြစ်ကြောင်းကို ဤအရာက သက်သေမပြပေ။ အမှန်တကယ်တွင် လူအချို့သည် ငတုံး၊ ငအများသာဖြစ်သည်။ ၎င်းတို့သည် ကျွမ်းကျင်မှု လုံးဝ မရှိသည့် သူရူးများဖြစ်သည်။ အစွမ်းအစနည်းပြီး၊ သမ္မာတရားကို နားလည်ခြင်းမရှိပေ။ ထိုသို့သောသူမျိုးသည် ဘုရားသခင်ပြောသည့် ရိုးသားသောသူများနှင့် လုံးဝ အဆက်အစပ်မရှိပေ။ ဘုရားသခင်က ငတ်မွတ်သောသူတို့ကို နောက်ချေးပုံထဲက ချီးမြှောက်သည်မှာ မှန်သည်။ သို့သော် ငတုံးငအများ၊ သူရူးများသည် ချီးမြှောက်ခြင်းခံရသူများမဟုတ်ပေ။ သင်၏ အစွမ်းအစသည် မွေးရာပါ အလွန်နိမ့်ကျသည်။ သင်သည် ငတုံးငအဖြစ်သည်။ အချည်းနှီးလူဖြစ်သည်။ သင်သည် ဆင်းရဲသောမိသားစုတွင် မွေးဖွားပြီး လူ့အဖွဲ့အစည်း၏ နိမ့်ကျသော လူတန်းစားဝင်ဖြစ်သော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် ရည်ရွယ်ထားသောသူ မဟုတ်သေးပေ။ သင်က လူ့အဖွဲ့အစည်းတွင် များစွာ ဒုက္ခခံပြီး ခွဲခြားဆက်ဆံမှုခံရသောကြောင့်အတွက်နှင့်၊ လူတိုင်းက အကြမ်းပတမ်း ခိုင်းစေခြင်းကိုခံရပြီး လိမ်ညာခြင်းကို ခံရသောကြောင့်အတွက်နှင့် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်သွားသည်ဟု မထင်နှင့်။ ဤသို့ သင် ထင်မြင်လျှင် အလွန့်အလွန် မှားယွင်းသည်။ ရိုးသားသူတစ်ယောက်သည် အဘယ်သို့ဖြစ်သည်ဆိုသည်နှင့်ပတ်သက်ပြီး နားလည်မှုလွဲခြင်း၊ သို့မဟုတ် မမှန်သော သဘောပေါက်နားလည်မှု တစ်ခုခုကို သင် ကိုင်စွဲထားသလော။ ဤမိတ်သဟာယဖြင့် သင်သည် အနည်းငယ်ရှင်းလင်းမှုရှိသလော။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် လူတို့ ထင်သကဲ့သို့မဟုတ်ပေ။ မရောမရာဖြစ်စေခြင်းကို ရှောင်ကြဉ်သည့် ပွင့်လင်းစွာ ပြောတတ်သူဖြစ်ခြင်းမဟုတ်ပေ။ လူတစ်ယောက်သည် သဘာဝအလျောက်ပင် အလွန်ပွင့်လင်းနိုင်သည်။ သို့သော် ဤသည်မှာ သူသည် လိမ်လည်ခြင်း၊ လှည့်စားခြင်းတို့ကို ဆောင်ရွက်ခြင်းမရှိဟု မဆိုလိုပေ။ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးတွင် လိမ်လည်ပြီးလှည့်စားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိသည်။ လူတို့သည် ဤကမ္ဘာလောကတွင်၊ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ပြီး စာတန် အင်အားစု၏ အုပ်စိုးခြင်း၊ ထိန်းချုပ်ခြင်းကို ခံရသောအခါ ၎င်းတို့အတွက် ရိုးသားရန် မဖြစ်နိုင်ပေ။ အစဉ်ပို၍ လှည့်စားတတ်ခြင်းသာ ဖြစ်လာနိုင်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားတွင် အသက်ရှင်ရသောအခါ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းတွင် အသေအချာပင် အခက်အခဲများစွာ ပါဝင်သည်။ ငါတို့သည် ဘာသာမဲ့များ၊ နတ်ဆိုးဘုရင်များ၊ အသက်ရှင်နေသော မကောင်းဆိုးဝါးများ၏ လှောင်ပြောင်ခြင်း၊ မကောင်းပြောခြင်း၊ ဝေဖန်အပြစ်တင်ခြင်း၊ ဖယ်ကြဉ်ခြင်းနှင့် နှင်ထုတ်ခံရခြင်းကိုပင် ခံရဖို့ များသည်။ ထို့ကြောင့် ဤကမ္ဘာလောကတွင် ရိုးသားသူတစ်ယောက်အနေဖြင့် ရှင်သန်ရန် ဖြစ်နိုင်သလော။ ဤကမ္ဘာလောကတွင် ငါတို့အတွက် ရှင်သန်ရန် အခွင့်အလမ်းတစ်ခုတလေရှိသလော။ ရှိသည်။ ငါတို့အတွက် ရှင်သန်ရန် အခွင့်အလမ်း သေချာပေါက်ရှိသည်။ ဘုရားသခင်က ငါတို့ကို ကြိုတင်စီမံထားပြီး ရွေးချယ်ခဲ့သည်။ ငါတို့အတွက် လွတ်လမ်းတစ်ခုကို သူသေချာပေါက် ဖွင့်ပေးသည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ လမ်းပြမှုအောက်တွင် သူ့နောက်သို့ လုံးလုံးလျားလျား လိုက်လျှောက်သည်။ ငါတို့သည် သူချပေးသော ထွက်သက်ဝင်သက်နှင့် အသက်အားဖြင့် လုံးလုံးလျားလျားအသက်ရှင်ကြသည်။ ငါတို့သည် ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားကို လက်ခံကြသောကြောင့် မည်သို့အသက်ရှင်ရမည်ဆိုသည်နှင့်ပတ်သက်ပြီး စည်းမျဉ်းအသစ်များရှိသည်။ ငါတို့၏ အသက်တာများအတွက် ပန်းတိုင်အသစ်များရှိကြသည်။ ငါတို့အသက်တာများ၏ အခြေခံအုတ်မြစ်များသည် ပြောင်းလဲသွားပြီဖြစ်သည်။ ငါတို့သည် သမ္မာတရားကို ရရှိပြီး ကယ်တင်ခြင်းခံရဖို့အတွက်သက်သက်ဖြင့် အသက်ရှင်ခြင်းနည်းလမ်းအသစ်၊ ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံပြုမူခြင်းနည်းလမ်းအသစ်တစ်ခုကို ခံယူကြပြီးဖြစ်သည်။ အသက်ရှင်ခြင်းပုံစံအသစ်တစ်ခုကို ငါတို့ ခံယူကြပြီးဖြစ်သည်။ ငါတို့၏ တာဝန်များကို ထမ်းဆောင်ပြီး ဘုရားသခင်ကို ကျေနပ်စေရန် ငါတို့ အသက်ရှင်ကြသည်။ ဤသည်မှာ ရုပ်ပိုင်းအနေဖြင့် ငါတို့ စားသောက်သည့်အရာ၊ ဝတ်ဆင်သည့်အရာ၊ သို့မဟုတ် ငါတို့ နေထိုင်သည့်နေရာနှင့် လုံးဝ မသက်ဆိုင်ပေ။ ဤသည်မှာ ငါတို့၏ ဝိညာဉ်ရေးရာ လိုအပ်ချက်ဖြစ်သည်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် ခက်ခဲလွန်းသည်ဟု လူများစွာက ခံစားကြရသည်။ ဤအရာ၏ တစ်စိတ်တစ်ပိုင်းမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားခြင်းသည် အလွန်ခက်ခဲခြင်းဖြစ်သည်။ ထို့အပြင် သင်သည် ဘာသာတရားမရှိသူများကြားတွင် နေထိုင်လျှင်၊ အထူးသဖြင့် သင်သည် ၎င်းတို့နှင့်အတူ အလုပ်လုပ်နေလျှင် ရိုးသားသူတစ်ယောက်ဖြစ်ခြင်း၊ အမှန်အတိုင်းပြောခြင်းကြောင့် သင်သည် လှောင်ရယ်ခံရခြင်း၊ အသရေဖျက်ခံရခြင်း၊ ဝေဖန်အပြစ်တင်ခံရခြင်းနှင့် ဖယ်ကြဉ်ခြင်း၊ သို့မဟုတ် နှင်ထုတ်ခြင်းကိုပင်ခံရနိုင်သည်။ ယင်းက ငါတို့၏ ရှင်သန်ရေးအတွက် အခက်အခဲများကို ဖြစ်စေသည်။ လူများစွာက “ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် အလားအလာကောင်းခြင်းမရှိပေ။ ငါသည် ပွင့်လင်းစွာ စကားပြောလျှင် အခွင့်သာမည်မဟုတ်။ မုသားများမပြောဆိုဘဲ မည်သည့်အရာမျှ ပြီးမြောက်မည်မဟုတ်” ဟု ဆိုကြသည်။ ဤသည်မှာ မည်သို့သော ရှုထောင့်အမြင်မျိုးဖြစ်သနည်း။ ဤသည်မှာ လှည့်စားသူတစ်ယောက်၏ ရှုထောင့်နှင့် အကြောင်းပြချက်ဖြစ်သည်။ ထိုသူသည် သူ၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် အကျိုးစီးပွားကို ကာကွယ်ရန်သက်သက်ဖြင့် မှားယွင်းသော၊ လှည့်ဖြားသော အရာများကို ပြောသည်။ ၎င်းသည် ထိုအရာများကို ဆုံးရှုံးရမည်ကို ကြောက်သောကြောင့် ရိုးသားသူတစ်ယောက်ဖြစ်ပြီး အမှန်အတိုင်း ပြောလိုစိတ်မရှိကြပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးမှာ ဤသို့ဖြစ်သည်။ ၎င်းတို့သည် မည်မျှ သင်ယူတတ်မြောက်ပြီးဖြစ်စေ၊ ၎င်းတို့၏ အဆင့်အတန်းက မည်မျှ မြင့်သည်၊ နိမ့်သည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် အစိုးရအရာရှိ၊ သို့မဟုတ် သာမန်နိုင်ငံသားဖြစ်စေ၊ နာမည်ကြီးသူဖြစ်စေ၊ သာမန်လူဖြစ်စေ အဆက်မပြတ် လိမ်ညာကြပြီး မည်သူကိုမျှ မယုံကြည်ထိုက်ပေ။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းလျှင် ၎င်းတို့သည် ဆက်လက်ပြီး တစ်ချိန်လုံး လိမ်ညာကာ လှည့်စားကြလိမ့်မည်ဖြစ်ပြီး၊ လှည့်ဖြားတတ်သော စိတ်သဘောထား အပြည့်ရှိနေလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဤသို့ဖြင့် ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံခြင်းကို ရရှိနိုင်သလော။ ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။

ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် လုပ်ဆောင်ရန် ခက်ခဲသည်ဟု သင်တို့ ခံစားရသလော။ သင်တို့သည် ထိုအရာကို လက်တွေ့လုပ်ဆောင်ကြည့်ဖူးသလော။ မည်သည့်အချက်များတွင် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို သင်တို့ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံကြလေပြီနည်း။ မည်သည့်စည်းမျဉ်းများကို အခြေခံပြီး သင်တို့ လက်တွေ့လုပ်ဆောင်ခဲ့သနည်း။ လတ်တလောတွင် ဤအရာနှင့်ပတ်သက်ပြီး သင့်တို့တွင် မည်သို့သော အတွေ့အကြုံအဆင့်ရှိသနည်း။ သင်သည် အခြေခံအားဖြင့် ရိုးသားသူတစ်ယောက်ဖြစ်သည့် အခြေအနေသို့ ရောက်ရှိပြီးပြီလော။ ဤအရာကို သင် စွမ်းဆောင်ရရှိပြီးဖြစ်လျှင် အလွန်ကောင်းသည်။ ငါတို့ကို ကယ်တင်ပြီး ပြောင်းလဲရန်အတွက် ဘုရားသခင်သည် ဖြစ်လာမည့်အရာနှင့်ဆိုင်သော အမြည်းတစ်ခုကို ပေးရန် အလုပ်အချို့ သို့မဟုတ် အနာဂတ်က မည်သို့ရှိနိုင်သည်ကို ပြသဖို့ အလုပ်အချို့ကိုသာ လုပ်ပြီး ပြီးသွားခြင်းမဟုတ်သည်ကို ဘုရားနှုတ်ကပတ်တော်တွင် ငါတို့ မြင်နိုင်သင့်သည်။ လူတို့၏ အပြင်ပန်း အပြုအမူကိုလည်း သူ မပြောင်းလဲပေ။ ထိုထက် သူသည် လူတစ်ယောက်ချင်းစီကို ပြောင်းလဲလိုပြီး ၎င်းတို့၏ စိတ်နှလုံး၏ အတွင်းကျကျ နက်ရှိုင်းသောနေရာများမှ၊ ၎င်းတို့၏ စိတ်သဘောထားများ၊ ၎င်းတို့၏ တကယ့် အနှစ်သာရများမှစတင်ပြီး အရင်းအမြစ်မှနေ၍ ၎င်းတို့ကို ပြောင်းလဲစေလိုသည်။ ဤသည်မှာ ဘုရားသခင် အလုပ်လုပ်သည့် ပုံစံဖြစ်သည်ကို ထောက်ရှုလျှင် ငါတို့သည် မိမိကိုယ်ကို မည်သို့ ပြုမူသင့်သနည်း။ ငါတို့သည် ငါတို့ရှာဖွေသည့်အရာအတွက်၊ ငါတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုအတွက်၊ ငါတို့လုပ်ဆောင်သင့်သည့် တာဝန်များအတွက် တာဝန်ခံယူသင့်သည်။ ငါတို့သည် အမှုအရာများကို လွဲချော်မသွားစေဘဲ ငါတို့လုပ်ဆောင်သမျှတွင် အလေးအနက်ထားသင့်ပြီး အရာရာကို ပိုင်းခြားစိစစ်ရန်အတွက် တင်ပြနိုင်သင့်သည်။ သင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်ပြီးသည့် အခါတိုင်းတွင် ယင်းသည် မှန်မှန်ကန်ကန် ပြီးမြောက်သည်ဟု သင် ယုံကြည်လျှင်ပင် သမ္မာတရားနှင့် သေချာပေါက် ကိုက်ညီခြင်းမရှိနိုင်ပေ။ ယင်းကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းလည်း ပြုလုပ်ရမည်။ ဘုရားနှုတ်ကပတ်တော်နှင့်အညီ နှိုင်းယှဉ်ကြည့်ရမည်။ မှန်ကန်ကြောင်း အတည်ပြုပြီး၊ ပိုင်းခြားသိမြင်ရမည်။ ဤနည်းအားဖြင့် ယင်းသည် မှန်ကန်သလော၊ မှားယွင်းသလောဆိုသည်မှာ ရှင်းလင်းလာလိမ့်မည်။ ထို့အပြင် မှားယွင်းလုပ်ဆောင်မိခဲ့သည်ဟု သင်ထင်သောအရာများကိုလည်း စိတ်ဖြာလေ့လာဆွေးနွေးရမည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများက မိတ်သဟာယဖွဲ့လျက်၊ ရှာဖွေလျက်၊ အချင်းချင်း ကူညီဖေးမလျက်ဖြင့် အချိန်ကို ပို၍ ကုန်ဆုံးဖို့ လိုအပ်သည်။ သင် မိတ်သဟာယဖွဲ့လေလေ၊ သင်၏ စိတ်နှလုံးက လင်းလက်လေလေဖြစ်လိမ့်မည်ဖြစ်ပြီး သမ္မာတရားစည်းမျဉ်းများကို သင်နားလည်မည်ဖြစ်လေလေဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ကောင်းချီးဖြစ်သည်။ သင်တို့ထဲမှ မည်သူကမျှ မိမိစိတ်နှလုံးကို မဖွင့်ဟလျှင်၊ အခြားလူများ၏ စိတ်ထဲတွင် အမြင်ကောင်းစေဖို့ မျှော်လင့်လျက်၊ သင့်အား အထင်ကြီးစေရန်၊ မလှောင်ပြောင်စေရန် ဆန္ဒဖြင့်၊ သင်တို့အားလုံးသည် မိမိကိုယ်ကို ဖုံးကွယ်လျှင် အမှန်တကယ် ကြီးထွားမှုကို ကြုံတွေ့ရမည်မဟုတ်ပေ။ အစဉ်သဖြင့် သင့်ကိုယ်သင် ဟန်ဆောင်ပြီး မိတ်သဟာယတွင် မည်သည့်အခါမျှ ဖွင့်မပြောလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို သင် ရရှိမည်မဟုတ်ပေ။ ပြီးလျှင် သမ္မာတရားကို သင် နားလည်နိုင်မည်မဟုတ်ပေ။ ဤသို့ဆိုလျှင် ရလဒ်က မည်သို့ဖြစ်မည်နည်း။ သင်သည် မှောင်မိုက်ထဲတွင် ထာဝရအသက်ရှင်လိမ့်မည်ဖြစ်ပြီး ကယ်တင်ခြင်းခံရလိမ့်မည် မဟုတ်ပေ။ သင့်အနေဖြင့်သမ္မာတရားကို ရရှိလိုပြီး သင်၏ စိတ်သဘောထားကို ပြောင်းလဲလိုလျှင် သမ္မာတရားကို ရရှိပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန်အတွက် အဖိုးအခပေးဆပ်ရမည်ဖြစ်ကာသင်၏ စိတ်နှလုံးကို ဖွင့်ဟပြီး အခြားလူများနှင့် မိတ်သဟာယဖွဲ့ရမည်။ ဤသည်မှာ သင်၏ အသက်ဝင်ရောက်မှုနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှစ်ခုလုံးအတွက် အကျိုးဖြစ်စေသည်။ စုဝေးပွဲများတွင် သင်၏ အတွေ့အကြုံနှင့် သိနားလည်မှုကို ဆွေးနွေးခြင်းသည် သင်နှင့် အခြားလူများအတွက် အကျိုးဖြစ်စေသည်။ သင်တို့ထဲမှ မည်သူကမျှ မိမိကိုယ်ကို သိမြင်မှု၊ သို့မဟုတ် မိမိ၏ အတွေ့အကြုံနှင့် သိနားလည်မှုတို့အကြောင်း မပြောလျှင်၊ သင်တို့ထဲမှ မည်သူကမျှ မိမိကိုယ်ကိုယ် စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ ဖွင့်ဟခြင်းမရှိလျှင်၊ သင်တို့အားလုံးက စကားများနှင့် အယူဝါဒများပြောဆိုရာတွင် ထူးချွန်လျှင်၊ မည်သူကမျှ မိမိကိုယ်ကို သိနားလည်မှုကို မမျှဝေလျှင်၊ အနည်းငယ်သောအရာဖြစ်သည့် သင်ပိုင်ဆိုင်သော မိမိကိုယ်ကို သိမြင်မှုကို လူအများအားသိစေဖို့ သတ္တိမရှိလျှင် မည်သို့ဖြစ်မည်နည်း။ သင်တို့အားလုံးသည် အတူတကွ စုရုံးပြီး ယဉ်ကျေးသောစကားများနှင့် စကားစမြည်အချို့ကို အပြန်အလှန်ပြောကြလိမ့်မည်။ သင်တို့သည် အချင်းချင်း မြှောက်ပင့်ကာ ချီးမွမ်းကြပြီး စစ်မှန်မှုမရှိသောအရာများကို ပြောလိမ့်မည်။ “အို သင်သည် အခုတစ်လော အလွန်ပင် တော်သည်။ သင် အနည်းငယ် ပြောင်းလဲသွားသည်”၊ “သင်သည် ယခုရက်ပိုင်းတွင် အလွန်ကြီးသော ယုံကြည်ခြင်းကို ပြသည်”၊ “သင်သည် အလွန်ပင် စိတ်ထက်သန်သည်”၊ “သင်သည် ကျွန်ုပ်ထက် အလွန်ပင်ပို၍ အသုံးခံခဲ့သည်”၊ “သင်၏ ကူညီပံ့ပိုးမှုသည် ကျွန်ုပ်ထက်ပို၍ ကြီးသည်။” ဤသည်မှာ ဖြစ်ပေါ်လာသော အခြေအနေမျိုးဖြစ်သည်။ လူတိုင်းက အချင်းချင်း မြှောက်ပင့်ကာ ချီးမွမ်းကြပြီး လူတိုင်း ပိုင်းခြားသိမြင်ပြီး နားလည်ရန်အတွက် ၎င်းတို့၏ သရုပ်မှန်ကို စိတ်ဖြာလေ့လာဆွေးနွေးဖို့ မည်သူကမျှ ထုတ်ပြောလိုစိတ်မရှိပေ။ ဤသို့သော ပတ်ဝန်းကျင်မျိုးတွင် စစ်မှန်သော အသင်းတော်အသက်တာ ရှိနိုင်သလော။ မရှိနိုင်ပေ။ လူအချို့က “ငါသည် အသင်းတော်အသက်တာကို နှစ်အတော်ကြာ အသက်ရှင်ခဲ့သည်။ အစဉ်သဖြင့် ရောင့်ရဲပြီး ပျော်ရွှင်ခဲ့သည်။ စုဝေးပွဲများတွင် ညီအစ်ကိုမောင်နှမများအားလုံးက ဘုရားသခင်ကို ချီးမွမ်းရန်အတွက် ဆုတောင်းခြင်း၊ ဓမ္မတေးသီဆိုခြင်းတို့ကို နှစ်သက်ကြသည်။ လူတိုင်းက ဆုတောင်းခြင်းများနှင့် ဓမ္မတေးများကြောင့် မျက်ရည်ကျသည်အထိ ခံစားကြရသည်။ တစ်ခါတစ်ရံတွင် စိတ်ခံစားချက်များ ပြည့်လျှံကာ ငါတို့အားလုံး ပူလောင်ပြီး ချွေးထွက်ကြသည်။ ညီအစ်ကိုမောင်နှမများက သီချင်းဆိုကြ၊ ကကြသည်။ အလွန်ပင် ထူးကဲပြီး စိတ်ဝင်စားဖွယ်ကောင်းသော အသင်းတော်အသက်တာဖြစ်ပြီး ပျော်မွေ့ဖွယ်ရာဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို အမှန်ပင် သရုပ်ထင်စေသည်။ ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်ကို ငါတို့ စားသောက်ကြသည်။ ဘုရားနှုတ်ကပတ်တော်က ငါတို့၏ စိတ်နှလုံးကို တည့်တည့် စကားပြောသည်ဟု ခံစားရသည်။ ငါတို့ မိတ်သဟာယပြုသည့်အခါတိုင်းတွင် လူတိုင်းက အမှန်ပင် စိတ်ထက်သန်ကြသည်” ဟူ၍ ဆိုသည်။ ထိုသို့သော အသင်းတော်အသက်တာမျိုးကို နှစ်အနည်းငယ်ရှိခြင်းသည် လူတိုင်းအတွက် အမှန်ပင် ပျော်မွေ့ဖွယ်ရာဖြစ်သည်။ သို့သော် မည်သည့်ရလဒ်ကို ရရှိသနည်း။ အားလုံးနီးပါးက သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ အမှန်တကယ် ဝင်ရောက်ခြင်းမရှိပေ။ ဘုရားသခင်ကို သက်သေခံရန် ၎င်းတို့၏ အတွေ့အကြုံကို အားလုံးနီးပါးက မဖော်ပြနိုင်ပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်း၊ သီချင်းဆိုခြင်း၊ ကခုန်ခြင်းအတွက် အားအင်များစွာရှိကြသည်။ သို့သော် သမ္မာတရားအား မိတ်သဟာယဖွဲ့သည့်အချိန်ရောက်လာသည့်အခါ လူအချို့က စိတ်မဝင်စားတော့ပေ။ မည်သူကမျှ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အတွေ့အကြုံကို မပြောကြပေ။ မည်သူကမျှ မိမိကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းမရှိပေ။ အခြားလူများအနေဖြင့် သိပြီး ပိုင်းခြားသိမြင်ရန်အတွက်၊ ၎င်းတို့၏ အကျိုးအတွက်၊ တည်ဆောက်စရာဖြစ်စေဖို့အတွက် မည်သူကမျှ ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖွင့်ချမပြပေ။ ဘုရားသခင်ကို ချီးမွမ်းထောမနာပြုဖို့အတွက် မည်သူကမျှ ၎င်းတို့၏ အမှန်တကယ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မိတ်သဟာယမဖွဲ့ကြပေ။ ဤသို့ဖြင့် သီချင်းဆိုလျက်၊ ကခုန်လျက်၊ ပျော်ရွှင်လျက်၊ မွေ့လျော်မှုများပြည့်လျက်ဖြင့် အသင်းတော်အသက်တာ နှစ်ကာလအချို့က ဖြုန်းတီးပစ်ခြင်းခံရသည်။ သင်တို့ ငါ့အား ပြောလော့။ ဤပျော်ရွှင်မှုနှင့် မွေ့လျော်မှုသည် မည်သည့်နေရာမှ လာသနည်း။ ဤသည်မှာ ဘုရားသခင် မြင်လိုသည့်အရာ၊ သို့မဟုတ် ဘုရားသခင်ကို ကျေနပ်စေသည့်အရာမဟုတ်ဟု ငါဆိုမည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်မြင်လိုသောအရာမှာ လူတို့၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲခြင်းဖြစ်ပြီး သမ္မာတရား၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်နေသောလူများဖြစ်သည်။ ဘုရားသခင်က ဤစစ်မှန်မှုကို မြင်လိုသည်။ စုဝေးပွဲများ၌ သင်ရှိနေစဉ်တွင်၊ သို့မဟုတ် စိတ်ထက်သန်နေစဉ်တွင် သင်၏ ဓမ္မသီချင်းစာအုပ်များကို ဆုပ်ကိုင်ပြီး ဘုရားသခင်ကို ချီးမွမ်းသည့်အနေဖြင့် သီဆိုခြင်း၊ ကခုန်ခြင်းတို့ကို လုပ်ဆောင်ရန် ဘုရားသခင်က သင့်အား အလိုမရှိပေ။ ဤသည်မှာ ဘုရားသခင် မြင်လိုသောအရာမဟုတ်။ ဆန့်ကျင်ဘက်အနေဖြင့်၊ ဘုရားသခင်သည် ဤအရာကို မြင်သောအခါ ဝမ်းနည်းပြီး နာကျင်သည်။ စိတ်သောကရောက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် နှုတ်ကပတ်တော်များကို ထောင်သောင်းချီပြီး ပြောဆိုခဲ့သော်လည်း တစ်ဦးတစ်ယောက်ကမျှ ၎င်းတို့ကို အမှန်တကယ် ဆောင်ရွက်ပြီး အသက်ရှင်နေထိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အား စိတ်ပူစေသည့်အရာသာဖြစ်သည်။ သင်တို့သည် မကြာခဏပင် သင်တို့၏ အသင်းတော်အသက်တာမှ ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းအနည်းငယ်ဖြင့် အလွန်ပင် အားရကျေနပ်ပြီး မိမိကိုယ်ကို ကျေနပ်ကြသည်။ သင်တို့သည် ဘုရားသခင်ကို ချီးမွမ်းပြီး ပျော်ရွှင်မှုအချို့၊ ကိုယ်စိတ်ချမ်းသာမှု တစ်စွန်းတစ်စ၊ သို့မဟုတ် ဝိညာဉ်ရေးရာ ကျေနပ်မှုအချို့ရရှိသည်။ ထို့နောက် သင်တို့သည် မိမိ၏ ယုံကြည်ခြင်းကို ကောင်းစွာ ကျင့်သုံးပြီးဖြစ်သည်ဟု ယုံကြည်ကြသည်။ သင်တို့သည် ဤအတွေးမှားများကို ဖက်တွယ်ထားပြီး ၎င်းတို့ကို အရင်းအနှီးအဖြစ်၊ ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်ခြင်းတွင် အကြီးဆုံးသော အဓိကအချက်အဖြစ် မှတ်ယူသည်။ ပြီးလျှင် သင်တို့၏ အသက်စိတ်သဘောထား ပြောင်းလဲခြင်းနှင့် ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ ဝင်ရောက်မှုတို့အစား ထိုအရာများကို လက်ခံကြသည်။ ဤသို့ဖြင့် သင်တို့သည် သမ္မာတရားကို လိုက်စားဖို့မလို၊ သို့မဟုတ် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို လိုက်စားဖို့မလိုဟု ထင်ကြသည်။ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ဖို့၊ သင်၏ ပြဿနာများကို စိတ်ဖြာလေ့လာဆွေးနွေးဖို့၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံဖို့ မလိုဟု ထင်ကြသည်။ ဤသည်မှာ အန္တရာယ်ရှိသော နယ်ပယ်သို့ ရောက်လာနေပြီဖြစ်သည်။ လူတို့သည် ဤသို့ ဆက်လက်လုပ်ဆောင်နေလျှင်လည်းကောင်း၊ ဘုရားသခင်၏ အမှုတော် ပြီးဆုံးရန် နီးလာသောအခါ၊ ၎င်းတို့သည် ရိုးသားသူများ မဖြစ်သေးလျှင်လည်းကောင်း၊ သို့မဟုတ် ၎င်းတို့တာဝန်ကို လုံလောက်စွာ ထမ်းဆောင်ဖို့ မလုပ်ဆောင်နိုင်သေးလျှင်လည်းကောင်း၊ ဘုရားသခင်အပေါ် အမှန်တကယ် ကျိုးနွံနာခံခြင်းကို မရရှိဘဲ အန္တိခရစ်များ၏ လှည့်စားခြင်း၊ ထိန်းချုပ်ခြင်းကို ခံရနိုင်သေးလျှင်လည်းကောင်း၊ စာတန်၏ စွမ်းအားမှ မလွတ်မြောက်သေးလျှင်လည်းကောင်း၊ ဘုရားသခင်က ၎င်းတို့အား ပေးခဲ့သော သတ်မှတ်ချက်များကို မပြည့်မီသေးလျှင်လည်းကောင်း ၎င်းတို့သည် ဘုရားသခင် ကယ်တင်မည့်သူများ မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင် စိတ်ပူရသည့် အကြောင်းရင်းဖြစ်သည်။

လူတို့သည် ယုံကြည်ခြင်းတွင် လူသစ်ဖြစ်သောအခါတွင် အမြဲ အလွန်ပင် စိတ်ထက်သန်ကြသည်။ အထူးသဖြင့် သမ္မာတရားကို ဘုရားသခင်က မိတ်သဟာယဖွဲ့သည်ကို ၎င်းတို့ ကြားသောအခါ ၎င်းတို့က “ယခုတွင် သမ္မာတရားကို ငါနားလည်ပြီ။ လမ်းမှန်ကို တွေ့ပြီ။ ငါ အလွန်ပင် ပျော်ရွှင်သည်” ဟု စဉ်းစားကြသည်။ နေ့စဉ်နေ့တိုင်းက နှစ်သစ်၊ သို့မဟုတ် မင်္ဂလာဆောင်ပွဲတစ်ခုကို ကျင်းပနေသကဲ့သို့ ပျော်ရွှင်ဝမ်းမြောက်ရသည်။ နေ့စဉ်နေ့တိုင်းတွင် ၎င်းတို့သည် စုဝေးပွဲ၊ သို့မဟုတ် မိတ်သဟာယအား ဧည့်ခံမည့်သူတစ်ယောက်ကို စောင့်မျှော်ကြသည်။ သို့သော် နှစ်အနည်းငယ်ကြာပြီးနောက်တွင် လူအချို့သည် အသင်းတော်အသက်တာအပေါ် ၎င်းတို့၏ စိတ်ထက်သန်မှုမရှိတော့ဘဲ ဘုရားသခင်အား ယုံကြည်ခြင်းတွင်လည်း စိတ်ထက်သန်မှုမရှိတော့ပေ။ ယင်းမှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် အပေါ်ယံဆန်သော၊ သဘောတရားဆိုင်ရာ နားလည်မှုသာရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်ထဲသို့ အမှန်တကယ် ဝင်ရောက်ခြင်းမရှိသေးပေ၊ သို့မဟုတ် ယင်းတို့၏ လက်တွေ့အရှိတရားကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခြင်းမရှိသေးပေ။ ဘုရားသခင်ပြောသကဲ့သို့ပင် လူများစွာတို့သည် ဂုဏ်ပြုထမင်းစားပွဲပေါ်ရှိ ခမ်းနားသော အစားအစာတို့ကို ကြည့်သော်လည်း လူအများစုမှာ ကြည့်ဖို့ရန်အတွက်သာ လာခြင်းဖြစ်သည်။ ဘုရားသခင်က ပေးသော အရသာရှိသည့်အစားအစာကို ယူပြီး စားခြင်းမရှိပေ။ ၎င်းတို့၏ ကိုယ်ခန္ဓာကို ပြန်လည်အားဖြည့်ရန်အတွက် မြည်းစမ်းခြင်း၊ အသုံးပြုခြင်းမရှိပေ။ ဤသည်မှာ ဘုရားသခင် အလွန်မုန်းတီးသည့်အရာဖြစ်ပြီး သူ့ကိုစိတ်ပူစေသည့်အရာဖြစ်သည်။ ဤသည်မှာ လက်ရှိတွင် သင်တို့ရောက်ရှိနေသော အခြေအနေမဟုတ်လော။ (ဟုတ်ပါသည်။) ငါသည် သင်တို့အား ကူညီရန်အတွက် သင်တို့အားလုံးနှင့် မကြာခဏ မိတ်သဟာယဖွဲ့သည်။ ငါစိတ်အပူဆုံးသောအရာမှာ သင်တို့သည် ဤတရားဒေသနာများကို နားထောင်ပြီး သင်တို့၏ ဝိညာဉ်ရေးဆိုင်ရာ လိုအပ်ချက်များ ပြည့်ဝပြီးနောက်တွင် ထိုအရာများကို လက်တွေ့လုပ်ဆောင်ရန် မည်သည့်အရာကိုမျှ သင်တို့ လုပ်ဆောင်မည်မဟုတ်ဘဲ ထိုအရာများကို နောက်ထပ် လုံးဝ စဉ်းစားမည်မဟုတ်သည်ကို ဖြစ်သည်။ ဤသို့ဆိုလျှင် ငါပြောခဲ့သမျှသည် အချည်းနှီးဖြစ်လိမ့်မည်။ လူတစ်ယောက်သည် မည်သို့သော အစွမ်းအစမျိုးရှိသည်ဖြစ်စေ နှစ်နှစ်၊ သို့မဟုတ် သုံးနှစ် ယုံကြည်ပြီးနောက်တွင် သူသည် သမ္မာတရားကို ချစ်သောသူဟုတ်မဟုတ်ဟူသည်ကို သင် သိမြင်နိုင်လိမ့်မည်။ သူသည် သမ္မာတရားကို ချစ်သောသူတစ်ဦးဖြစ်လျှင် အနှေးနှင့် အမြန် ထိုသမ္မာတရားကို လိုက်စားလိမ့်မည်။ သူသည် သမ္မာတရားကို ချစ်သောသူတစ်ဦးမဟုတ်လျှင် ကြာရှည် ခံမည်မဟုတ်ဘဲ ထုတ်ဖော်ပြခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ သင်တို့သည် အမှန်တကယ်ပင် သမ္မာတရားကို ချစ်သောသူများဖြစ်သလော။ သင်တို့သည် ရိုးသားသောသူများ ဖြစ်လာလိုစိတ်ရှိကြသလော။ သင်တို့သည် နောင်ကာလတွင် ပြောင်းလဲနိုင်ကြလိမ့်မည်လော။ ဤမိတ်သဟာယပြီးနောက်တွင် ဤအရာထဲမှ မည်မျှကို သင်တို့ ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်လိမ့်မည်နည်း။ အမှန်တကယ်တွင် ဤအရာထဲမှ မည်မျှက သင်တို့အထဲတွင် ရလဒ်များဖြစ်ပေါ်စေလိမ့်မည်နည်း။ ဤအရာအားလုံးကို မသိနိုင်ပေ။ အဆုံးတွင် ပေါ်လွင်လာလိမ့်မည်။ ထိုအရာသည် လူတစ်ယောက်က ယုံကြည်ခြင်း၌ လူသစ်ဖြစ်သောအခါတွင် မည်မျှ စိတ်ထက်သန်မှုရှိသည်၊ မည်မျှဆင်းရဲဒုက္ခခံနိုင်သည်ဆိုသည်နှင့် လုံးဝ မသက်ဆိုင်ပေ။ အဓိကအချက်မှာ သမ္မာတရားကို ချစ်ခြင်းရှိမရှိ၊ သမ္မာတရားကို လက်ခံနိုင်ခြင်းရှိမရှိဖြစ်သည်။ သမ္မာတရားကို ချစ်သောသူများသာ တရားဒေသနာတစ်ပုဒ်ကို ကြားနာပြီးနောက်တွင် အချိန်ယူစဉ်းစားလိမ့်မည်။ ၎င်းတို့သည်သာ ဘုရားနှုတ်ကပတ်တော်ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ မည်သို့ တွေ့ကြုံရမည်၊ မိမိတို့၏ နေ့စဉ်အသက်တာများတွင် ထိုနှုတ်ကပတ်တော်များကို မည်သို့ အသုံးချရမည်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသောသူတစ်ယောက်ဖြစ်လာရန်အတွက် ဘုရားနှုတ်ကပတ်တော်များတွင်ရှိသည့် သမ္မာတရား စစ်မှန်မှုကို မည်သို့ အသက်ရှင်နေထိုင်ရမည်ဆိုသည်တို့ကို ချင့်ချိန်တွေးတောလိမ့်မည်။ ယင်းမှာ အဆုံးတွင် သမ္မာတရားကို ချစ်သောသူများက သမ္မာတရားကို ရရှိလိမ့်မည့် အကြောင်းရင်းဖြစ်သည်။ သမ္မာတရားကို မချစ်သောသူများသည် စစ်မှန်သောလမ်းခရီးကို လက်ခံကောင်းလက်ခံနိုင်သည်။ နေ့စဉ်စုဝေးပြီး တရားဒေသနာများကို နားထောင်ကာ အယူဝါဒအချို့ကို သင်ယူကောင်းသင်ယူနိုင်သည်။ သို့သော် ဆင်းရဲဒုက္ခ၊ သို့မဟုတ် စမ်းသပ်မှုများကို ၎င်းတို့ ကြုံတွေ့ရသည်နှင့်တစ်ပြိုင်နက် အပျက်သဘောဆောင်ပြီး အားနည်းလာကြသည်။ ၎င်းတို့၏ ယုံကြည်ခြင်းကိုပင် စွန့်လွှတ်ကောင်းစွန့်လွှတ်နိုင်သည်။ ယုံကြည်သူများအနေဖြင့် သမ္မာတရား စစ်မှန်မှုထဲသို့ သင် ဝင်ရောက်နိုင်ခြင်းရှိမရှိသည် သမ္မာတရားအပေါ် သင်၏ သဘောထားနှင့် သင်၏ လိုက်စားခြင်း ပန်းတိုင်က မည်သည့်အရာဖြစ်သည်၊ ထိုပန်းတိုင်သည် အမှန်တကယ်ပင် သမ္မာတရားအား သင်၏ အသက်အဖြစ် ရရှိရန် ဟုတ်မဟုတ်ဆိုသည့်အပေါ်တွင် မူတည်သည်။ လူအချို့သည် အခြားလူများကို ကူညီရန်၊ ဘုရားသခင်အား အစေခံရန်၊ သို့မဟုတ် အသင်းတော်အား ကောင်းစွာ ဦးဆောင်ရန်အတွက် မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ကြသည်။ ယင်းမှာ မဆိုးပေ။ ထိုလူတို့သည် ဝန်ထုပ်ဝန်ပိုးတစ်ခုခုကို ထမ်းရွက်သည်ဆိုသည့် သဘောဖြစ်သည်။ သို့သော် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အသက်ဝင်ရောက်မှု သို့မဟုတ် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံမစိုက်လျှင်၊ ပြီးလျှင် ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေလျှင် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ၎င်းတို့ ဝင်ရောက်နိုင်သလော။ ယင်းမှာ ဖြစ်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရား၏ စစ်မှန်မှုကို မပိုင်ဆိုင်လျှင် သူတစ်ပါးတို့ကို မည်သို့ ကူညီနိုင်မည်နည်း။ ဘုရားသခင်အား မည်သို့ အစေခံနိုင်မည်နည်း။ အသင်းတော်အလုပ်ကို ၎င်းတို့ ကောင်းစွာလုပ်နိုင်သလော။ ယင်းမှာလည်း ဖြစ်နိုင်မည်မဟုတ်ပေ။ တရားဒေသနာမည်မျှကို သင်နားထောင်ပြီးသည်၊ သို့မဟုတ် မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်ပြီးသည်ဆိုသည်မှာ အရေးမကြီးပေ။ ငါသည် သင်တို့အား မှန်ကန်သော အမြင်ရှုထောင့်ကို မျှဝေမည်။ မည်သည့်တာဝန်ကို သင် လုပ်ဆောင်သည်ဖြစ်စေ၊ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်စေ သို့မဟုတ် သာမန်နောက်လိုက်တစ်ဦးဖြစ်သည်ဖြစ်စေ သင်သည် အဓိကအနေဖြင့် ဘုရားနှုတ်ကပတ်တော်များအပေါ် အားစိုက်ထုတ်ရမည်။ ထိုဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီး အလေးအနက် စဉ်းစားရမည်။ သင်သိမြင်ပြီး လက်တွေ့လုပ်ဆောင်ရန်လိုအပ်သည့် သမ္မာတရားအားလုံးကို ပထမဦးစွာ သင် နားလည်ရမည်။ ထိုသမ္မာတရားများနှင့် သင့်ကိုယ်သင် ယှဉ်ကြည့်ပြီး သင့်ကိုယ်သင်အတွက် ထိုအရာများကို လုပ်ဆောင်လော့။ သင်သည် သမ္မာတရားကို ဦးစွာ နားလည်ပြီး သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်မှုမရှိမချင်း သမ္မာတရားတစ်ခုကို မရရှိသေးပေ။ သင်သည် အခြားလူများကို သင်နားလည်သည့် အယူဝါဒအား အစဉ်ရှင်းပြသော်လည်း ထိုအယူဝါဒများကို သင်က လက်တွေ့မလုပ်ဆောင်နိုင်လျှင်၊ သို့မဟုတ် မတွေ့ကြုံနိုင်လျှင် ဤသည်မှာ အမှားတစ်ခုဖြစ်သည်။ ဤသည်မှာ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်းဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များအား သမ္မာတရားအဖြစ် လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံသင့်သည်။ တဖြည်းဖြည်းနှင့် သမ္မာတရား အများအပြားကို နားလည်လာသင့်သည်။ ထို့နောက်တွင် သင်သည် သင်၏ တာဝန်တွင် ပိုကောင်းသည်ထက်ကောင်းသည့် ရလဒ်များကို ရရှိလိမ့်မည်ဖြစ်ပြီး မျှဝေစရာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များစွာရှိလိမ့်မည်။ ဤသို့ဖြင့် ဘုရားနှုတ်ကပတ်တော်များသည် သင်၏ အသက်ဖြစ်လာလိမ့်မည်။ သင်သည် သင်၏ တာဝန်ကို မုချ ကောင်းစွာလုပ်ဆောင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က သင့်အားပေးအပ်သည့် စေခိုင်းချက်ကို ပြီးမြောက်နိုင်လိမ့်မည်။ သင်သည် အစဉ်သဖြင့် အခြားလူများအား ဤနှုတ်ကပတ်တော်များနှင့် ယှဉ်ကြည့်လိုလျှင်၊ အခြားလူများအပေါ် အသုံးချလိုလျှင်၊ သို့မဟုတ် သင်၏ အလုပ်တွင် အရင်းအနှီးအဖြစ် အသုံးပြုလိုလျှင် သင် ဒုက္ခရောက်လိမ့်မည်။ ဤသို့ လုပ်ဆောင်ရာတွင် သင်သည် အတိအကျပင် ပေါလုကဲ့သို့ တူညီသောလမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ ဤသည်မှာ သင်၏ အမြင်ရှုထောင့်ဖြစ်သောကြောင့် သင်သည် အသေအချာပင် ဤနှုတ်ကပတ်တော်များကို အယူဝါဒအဖြစ်၊ သီအိုရီအဖြစ် မှတ်ယူနေခြင်းဖြစ်ပြီး၊ သင်သည် မိန့်ခွန်းများပြောဆိုကာ အလုပ်ပြီးမြောက်စေရန်အတွက် ဤသီအိုရီများကို အသုံးပြုလိုပေသည်။ ဤသည်မှာ အလွန် အန္တရာယ်ရှိ၏။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ၊ အန္တိခရစ်များ လုပ်ဆောင်သည့်အရာဖြစ်သည်။ သင်သည် သင်၏ ကိုယ်ပိုင်အခြေအနေကို ဘုရားနှုတ်ကပတ်တော်အတိုင်း ရှုမြင်လျှင်၊ ဦးစွာ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး နားလည်ခြင်းရှိပြီးနောက် သမ္မာတရားအား လက်တွေ့လုပ်ဆောင်လျှင် ဆုလာဘ်များကို သင် ရိတ်သိမ်းရမည်ဖြစ်ပြီး သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်လိမ့်မည်။ ထိုအခါမှသာ သင်သည် အရည်အသွေးပြည့်မီလိမ့်မည်ဖြစ်ပြီး သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် ဝိညာဉ်ရင့်ကျက်မှုရှိလိမ့်မည်။ သင်သည် ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကို လက်တွေ့ကျသော တွေ့ကြုံမှုမရှိလျှင်၊ အသက်ဝင်ရောက်မှု လုံးဝ မရှိဘဲ စကားများနှင့် အယူဝါဒများကိုသာ ရွတ်ဖတ်နိုင်လျှင် သင်သည် အလုပ်လုပ်လျှင်ပင် ခိုင်မာသည့်အရာ မည်သည့်အရာကိုမျှ မရရှိဘဲ မမြင်မကန်းဖြင့် လုပ်ဆောင်နေလိမ့်မည်။ အဆုံးတွင် သင်သည် အယောင်ဆောင်ခေါင်းဆောင်နှင့် အန္တိခရစ်ဖြစ်လာလိမ့်မည်ဖြစ်ကာ ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။ သင်သည် သမ္မာတရား၏ လက္ခဏာသွင်ပြင်တစ်ခုကို နားလည်လျှင် သင်၏ လက်တွေ့အရှိတရားဖြစ်လာရန်အလို့ငှာ ပထမဆုံး သင့်ကိုယ်သင် ထိုသွင်ပြင်လက္ခဏာဖြင့် နှိုင်းယှဉ်ကြည့်သင့်ပြီး သင်၏ အသက်တာတွင် လက်တွေ့အကောင်အထည်ဖော်သင့်သည်။ ထို့နောက်တွင် သင်သည် တစ်စုံတစ်ခုကို သေချာပေါက် ရရှိလိမ့်မည်ဖြစ်ပြီး ပြောင်းလဲလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များက ကောင်းမြတ်သည်၊ ယင်းတို့သည် သမ္မာတရားဖြစ်ပြီး စစ်မှန်မှုရှိသည်ဟု သင်ခံစားရသော်လည်း သင်၏ စိတ်နှလုံးတွင် သမ္မာတရားကို ချင့်ချိန်စဉ်းစားခြင်းမရှိလျှင်၊ သို့မဟုတ် နားလည်ရန်မကြိုးစားသကဲ့သို့ သင်၏ လက်တွေ့ဘဝတွင် လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခြင်းမရှိဘဲ၊ ထိုအစား မှတ်စုစာအုပ်ထဲတွင်သာ ချရေးပြီး ထိုနေရာတွင်ပင် ရပ်နေလျှင် သင်သည် သမ္မာတရားကို မည်သည့်အခါမျှ နားလည်လိမ့်မည်မဟုတ်၊ ရရှိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို ဖတ်သောအခါ၊ သို့မဟုတ် တရားဒေသနာများနှင့် မိတ်သဟာယကို ကြားသောအခါ သင်သည် ထိုအရာများကို ချင့်ချိန်တွေးတောပြီး ထိုအရာများနှင့် သင့်ကိုယ်သင် ယှဉ်ကြည့်ရမည်။ သင်၏ ကိုယ်ပိုင်အခြေအနေများနှင့် ထိုအရာများကို ဆက်စပ်ကြည့်ရမည်။ သင်၏ ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းရန် ထိုအရာများကို အသုံးပြုရမည်။ နှုတ်ကပတ်တော်များကို ဤသို့ လက်တွေ့အကောင်အထည်ဖော်ခြင်းအားဖြင့်သာ ထိုနှုတ်ကပတ်တော်များမှ တစ်ခုခုကို သင် အမှန်တကယ် ရရှိနိုင်သည်။ ဤသည်မှာ တရားဒေသနာတစ်ခုကို သင်တို့ ကြားပြီးနောက်တွင် သင်တို့ လက်တွေ့လုပ်ဆောင်သောအရာတစ်ခု ဖြစ်သလော။ မဟုတ်လျှင် ဘုရားသခင်သည် သင်တို့၏ အသက်တာများတွင်မရှိသကဲ့သို့ သူ၏ နှုတ်ကပတ်တော်များလည်းမရှိပေ။ ပြီးလျှင် ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်မှုတွင် သင်သည် စစ်မှန်မှုမရှိပေ။ သင်တို့သည် ဘာသာတရားမရှိသူများကဲ့သို့ ဘုရားနှုတ်ကပတ်တော်များ၏ ပြင်ပတွင် အသက်ရှင်နေခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားရန်အလို့ငှာ လက်တွေ့ဘဝတွင် ထိုဘုရားနှုတ်ကပတ်တော်များကို မကျင့်သုံးနိုင်သူ မည်သူမဆိုသည် ဘုရားသခင်အား အမှန်တကယ် မယုံကြည်ပေ။ ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်။ သမ္မာတရားအား လက်တွေ့မလုပ်ဆောင်နိုင်သူများသည် ဘုရားသခင်ကို ကျိုးနွံနာခံသောသူများမဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်ပြီး အာခံသူများဖြစ်သည်။ မိမိ၏ လက်တွေ့ဘဝထဲသို့ ဘုရားနှုတ်ကပတ်တော်ကို မယူဆောင်လျှင် ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားဖို့ မဖြစ်နိုင်ပေ။ မိမိ၏ လက်တွေ့အသက်တာတွင် ဘုရားသခင်၏ အမှုတော် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မတွေ့ကြုံလျှင် သမ္မာတရားကို ရရှိရန် မဖြစ်နိုင်ပေ။ ဤအရာကို သင်တို့ နားလည်သလော။ ဤစကားများကို သင်တို့ နားလည်သဘောပေါက်နိုင်လျှင် အကောင်းဆုံးဖြစ်မည်။ သို့သော် ဤစကားများကို သင်မည်မျှ နားလည်သဘောပေါက်ပါစေ၊ သင်မည်မျှ နားလည်ပါစေ အရေးပါဆုံးသောအရာမှာ သင်အမှန်တကယ်နားလည်သော ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို သင်၏ လက်တွေ့အသက်တာထဲသို့ ယူဆောင်ပြီး လက်တွေ့လုပ်ဆောင်ရန်ဖြစ်သည်။ ဤသည်မှာ သင့်အတွက် ဝိညာဉ်ရင့်ကျက်မှုတွင် ကြီးထွားပြီး သင်၏ စိတ်သဘောထားပြောင်းလဲရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြသောအခါ၊ သို့မဟုတ် လူတို့အပေါ် သူ၏ သတ်မှတ်ချက်များကို အဆိုပြုသောအခါ သူသည် လူတို့အတွက် စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းများကို အစဉ် ညွှန်ပြလိမ့်မည်။ ဥပမာအားဖြင့် ငါတို့ ယခုတင်ပြောဆိုခဲ့သော ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို ကြည့်လော့။ ဘုရားသခင်သည် လူတို့အား မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိရန်အတွက် ရိုးသားသောသူများ မည်သို့ဖြစ်ရမည်၊ ရိုးသားသူတစ်ယောက်ဖြစ်ခြင်း စည်းမျဉ်းများအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်တို့ကို ပြောပြလျက် လူတို့အား လမ်းကြောင်းတစ်ခုပေးခဲ့သည်။ ဘုရားသခင် ပြောခဲ့သည်မှာ “သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို၊ သင်၏ အခက်အခဲများကို ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။” ဤနေရာတွင် သွယ်ဝိုက်ညွှန်းဆိုချက်မှာ ငါတို့က လျှို့ဝှက်ချက်ဖြစ်သည်၊ အတွင်းရေးဖြစ်သည်ဟု ထင်မြင်သောအရာတို့ကို ယူပြီး ဖွင့်ချပြရန်၊ ပိုင်းခြားစိစစ်ရန်အတွက် တင်ပြရန် ဘုရားသခင်က ငါတို့ကို တောင်းဆိုခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့ မတွေးမိသေးသည့်အရာဖြစ်သည်။ ဘုရားသခင်က သင်တို့ကို ဤသို့ လက်တွေ့လုပ်ဆောင်စေရန်အတွက် ဤအရာ ပြောခဲ့သည်ကို သင်တို့ နားမလည်ပေ၊ သို့မဟုတ် မသိပေ။ တစ်ခါတစ်ရံတွင် သင်သည် လှည့်စားရန်နှင့် လိမ်လည်ရန် ရည်ရွယ်ချက်ဖြင့် ပြုမူဆောင်ရွက်သည်။ ထို့ကြောင့် သင်၏ လုပ်ရပ်များနှင့် ရည်ရွယ်ချက်များကို ပြောင်းလဲသင့်သည်။ သင်၏ စကားများတွင်ရှိသော လှည့်ဖြားတတ်သည့် သို့မဟုတ် လိမ်လည်တတ်သည့် သဘောသဘာဝကို မည်သူကမျှ မသိမြင်ကောင်း မသိမြင်နိုင်ပေ။ သို့သော် မိမိကိုယ်ကို မချီးမွမ်းနှင့်။ သင်သည် ဘုရားသခင်ရှေ့သို့ လာရောက်ပြီး သင့်ကိုယ်သင် ဆန်းစစ်သင့်သည်။ သင်သည် လူတို့ကို အရူးလုပ်နိုင်သည်။ သို့သော် ဘုရားသခင်ကို အရူးမလုပ်နိုင်ပေ။ သင်သည် ဆုတောင်းရန်၊ သင်၏ ရည်ရွယ်ချက်များနှင့် နည်းလမ်းများကို ချပြပြီး ပိုင်းခြားစိစစ်ရန်၊ သင်၏ ဤရည်ရွယ်ချက်များသည် ဘုရားသခင်အတွက် ကျေနပ်ဖွယ်ရာရှိမရှိ၊ သို့မဟုတ် ယင်းတို့သည် ဘုရားသခင်က စက်ဆုပ်မုန်းတီးခြင်းခြင်းရှိမရှိ၊ ယင်းတို့ကို သင် ဖွင့်ချပြနိုင်ခြင်းရှိမရှိ၊ ၎င်းတို့သည် ပြောဆိုရန် ခက်ခဲခြင်းရှိမရှိ၊ သမ္မာတရားနှင့် ညီခြင်းရှိမရှိကို ဆင်ခြင်သုံးသပ်ရန် လိုအပ်သည်။ ဤသို့သော ပိုင်းခြားစိစစ်ခြင်းနှင့် စိတ်ဖြာလေ့လာခြင်းမျိုးဖြင့် သင်သည် အမှန်တကယ်တွင် ဤအမှုအရာက သမ္မာတရားနှင့်မညီသည်ကို တွေ့ရှိလိမ့်မည်။ ဤအပြုအမူမျိုးကို အလင်းဆီသို့ ယူဆောင်လာရန် ခက်ခဲပြီး ဘုရားသခင်က စက်ဆုပ်မုန်းတီးသည်။ ထို့နောက်တွင် ဤအပြုအမူကို သင် ပြောင်းလဲလေသည်။ ငါ၏ ဤမိတ်သဟာယသည် သင်တို့ကို အဘယ်သို့ ခံစားစေသနည်း။ အချို့မှာ စိတ်ပူကြမည်မှာ သေချာသလောက်ဖြစ်သည်။ သင်တို့က “ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန် ရှုပ်ထွေးသည်။ ဤမျှထိရောက်ရှိရန် ခက်ခဲနေပြီဖြစ်သည်။ ယခုတွင် ငါသည် အစကပြန်စရမည်လော” ဟု စဉ်းစားကြသည်။ လက်တွေ့တွင် ယခုအခါ၌ ဘုရားသခင် ကြွလာပြီးဖြစ်ကာ လူတို့အား သမ္မာတရား စစ်မှန်မှုထဲ ဝင်ရောက်ရန် စတင်၍ ဦးဆောင်လမ်းပြပြီဖြစ်သဖြင့် ယင်းသည် ဘုရားသခင်ကို လူတို့၏ ယုံကြည်လက်ခံမှုနှင့် ၎င်းတို့၏ကျင့်ကြံပြုမူမှုတို့၏ အစဖြစ်လေသည်။ သင်သည် ကောင်းစွာ အစပြုမည်ဆိုလျှင် သင်၏ ယုံကြည်ခြင်း၌ ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ရမည်။ ရှေးဦးစွာ ရူပါရုံသမ္မာတရားများနှင့် ဘုရားသခင်နောက်သို့လိုက်ခြင်း၏ အရေးပါမှုကို သင်ယူလေ့လာပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ခြင်းအပေါ် အာရုံစိုက်ရမည်။ ဤသို့ဖြင့် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်။ သင်သည် စကားများ၊ အယူဝါဒများအား ပြောဆိုခြင်းကိုသာ အာရုံစိုက်ပြီး ထိုအရာများကို အခြေခံကာ အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်လျှင် ယင်းမှာ ပြဿနာတစ်ခုဖြစ်လာသည်။ ယင်းသည် သဲပေါ်တွင် အိမ်၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ခြင်းကဲ့သို့ဖြစ်သည်။ မည်မျှမြင့်မားအောင် တည်ဆောက်သည်ဖြစ်စေ ပြိုလဲမည့် အန္တရာယ် အမြဲရှိလိမ့်မည်ဖြစ်ပြီး၊ ရေရှည်ခံလိမ့်မည်မဟုတ်ပေ။ သို့ရာတွင် ဤအချက်၌ သင်တို့အားလုံးနှင့်ပတ်သက်ပြီး ချီးကျူးစရာကောင်းသည့်အရာတစ်ခုရှိသည်။ ယင်းမှာ သင်တို့အား ငါမိတ်သဟာယဖွဲ့သည့်အရာကို သင်တို့ နားလည်နိုင်ပြီး နားထောင်လိုစိတ်ရှိခြင်းပင်ဖြစ်သည်။ ဤသည်မှာ ကောင်း၏။ သမ္မာတရားအား လိုက်စားခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းသည် အရေးပါဆုံးသောအရာဖြစ်ပြီး ကျန်သည့်အရာတို့မှာ အဓိကမဟုတ်ပေ။ ဤအရာကို သင် သိသရွေ့ သင်၏ ယုံကြည်ခြင်းတွင် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိရန် ခက်ခဲမည်မဟုတ်ပေ။ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်ရန်အတွက် သင့်ကိုယ်သင် ဦးစွာသိရမည်။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်ပိုင်ဆိုင်သည်၊ သင်၏ အားနည်းချက်များက မည်သည့်အရာများ ဖြစ်သည်ဆိုသည်တို့နှင့်ပတ်သက်ပြီး သင်ရှင်းလင်းရမည်။ ထို့နောက်တွင် သင့်ကိုယ်သင် သမ္မာတရားနှင့် ပြင်ဆင်ခြင်း၏ အရေးကြီးမှုကို နားလည်လိမ့်မည်ဖြစ်ပြီး ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို လျင်မြန်စွာ ရှာဖွေနိုင်လိမ့်မည်။ အချိန်က လူကိုမစောင့်ပေ။ အသက်ဝင်ရောက်မှုနှင့်ပတ်သက်သော သင်၏ ပြဿနာများကို ကိုင်တွယ်ပြီး သမ္မာတရား စစ်မှန်မှုကို သင်ပိုင်ဆိုင်သည်နှင့်တစ်ပြိုင်နက် သာ၍ ကြီးမားသာ အတွင်းစိတ်ငြိမ်သက်ခြင်း ရှိလိမ့်မည်။ ကပ်ဘေးများက မည်မျှကြီးမားသည်ဖြစ်စေ သင် ကြောက်ရွံ့မည်မဟုတ်ပေ။ သင်သည် သမ္မာတရားအား လိုက်စားခြင်းမရှိဘဲ ဤပြီးခဲ့သောနှစ်အနည်းငယ်ကို ဖြုန်းတီးခဲ့ပြီး၊ အမှုအရာများဖြစ်ပေါ်လာသောအခါ သင်သည် တွေဝေနေတတ်ဆဲဖြစ်ပြီး စောင့်ဆိုင်းနေသည့် မလှုပ်မယှက်အခြေအနေတွင် ရှိနေဆဲဖြစ်ကာ သင်၏ ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကိုလည်း အသုံးမပြုနိုင်လျှင်၊ လောကီဆက်ဆံရေးများအတွက်ဖြစ်သော အတွေးအခေါ်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ဆဲဖြစ်လျှင် ဤသည်မှာ မည်မျှ သနားစဖွယ်ဖြစ်သနည်း။ ကပ်ဘေးများ ကြီးမားသည့်နေ့ရောက်လာသောအခါ သင်သည် သမ္မာတရား၏ စစ်မှန်မှု တစ်စွန်းတစ်စကိုမျှ မပိုင်ဆိုင်လျှင် သမ္မာတရားအား မလိုက်စားခဲ့ခြင်းအတွက်၊ သို့မဟုတ် သင်၏ တာဝန်ကို ကောင်းစွာ မထမ်းဆောင်ခြင်းအတွက် နောင်တရပြီး မည်သည့်သမ္မာတရားကိုမျှ လုံးဝ ရရှိမည်မဟုတ်ပေ။ သင်သည် အစဉ်သဖြင့် သောကရောက်သည့် အခြေအနေတွင် အသက်ရှင်ရလိမ့်မည်။ ယခုအချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုသည် မည်သည့်လူကိုမျှ မစောင့်ပေ။ လူတို့ စတင်ယုံကြည်သည့် နှစ်အနည်းငယ်တွင် သူသည် လူတို့အား ကျေးဇူးတော်အချို့၊ သက်ညှာမှုအချို့ကိုပေးသည်။ အကူအညီနှင့် အားဖြည့်ပံ့ပိုးမှုကို ပေးသည်။ လူတို့သည် မည်သည့်အခါမျှ မပြောင်းလဲသကဲ့သို့ လက်တွေ့အရှိတရားထဲသို့ မည်သည့်အခါမျှ မဝင်ရောက်ဘဲ ၎င်းတို့သိသည့် အယူဝါဒများနှင့် ကျေနပ်နေလျှင် ၎င်းတို့ အန္တရာယ်ရှိပေသည်။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် လွဲချော်ပြီးသားဖြစ်ကာ၊ လူသားမျိုးနွယ်နှင့်ဆိုင်သော ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းတွင် နောက်ဆုံးသောအခွင့်အရေးကို လွဲချော်ပြီးဖြစ်သည်။ ၎င်းတို့သည် ငိုကြွေးမြည်တမ်းကာ အံသွားခဲကြိတ်လျက် ကပ်ဘေးများအတွင်းသို့သာ ကျဆင်းသွားနိုင်သည်။

သင်သည် သင်၏ ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်တစ်ခုကို စတင် တည်ဆောက်သောအခါ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် မြဲမြံစွာ အခြေချသင့်သည်။ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းနှင့် သက်ဆိုင်သော စမှတ်ပေါ်တွင် သင်ရှိသင့်ပြီး စကားလုံးများနှင့် အယူဝါဒများကို ရွတ်ဖတ်ခြင်းနှင့်သက်ဆိုင်သော စမှတ်ပေါ်တွင် မရှိသင့်ပေ။ သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း၊ အရာခပ်သိမ်းတွင် သမ္မာတရားအား ရှာဖွေခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း၊ အရာခပ်သိမ်းတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နိုင်ပြီး အရာရာဖြင့် နှိုင်းယှဉ်ရန်အတွက် သမ္မာတရားကို အသုံးပြုနိုင်ခြင်းတို့ကို အာရုံစိုက်သင့်သည်။ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ လက်တွေ့လုပ်ဆောင်ရမည့် စည်းမျဉ်းများမှာ မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ သမ္မာတရားအား မည်သို့လက်တွေ့လုပ်ဆောင်ခြင်းက ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး ဘုရားသခင်ကို ကျေနပ်စေမည်ကိုလည်းကောင်း ချင့်ချိန်တွေးတောသင့်သည်။ သို့ရာတွင် လူတို့သည် ဝိညာဉ်ရင့်ကျက်မှု အလွန်ကင်းမဲ့သည်။ ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် မသက်ဆိုင်သည့်အရာများ၊ မိမိကိုယ်ကို သိမြင်ခြင်း၊ သို့မဟုတ် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းနှင့် မသက်ဆိုင်သည့်အရာများကို အစဉ် မေးမြန်းကြသည်။ ဤသည်မှာ သနားစဖွယ်မကောင်းသလော။ ယင်းက သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုကို မပြသလော။ လူအချို့သည် ဘုရားသခင်၏ ဤအမှုတော်အဆင့်ကို ဘုရားသခင်က အစပြုသည်နှင့်တစ်ပြိုင်နက် လက်ခံခဲ့ကြပြီး လက်ရှိအချိန်အထိ ယုံကြည်သူများဖြစ်ခဲ့ကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုက မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းက မည်သည့်အရာ ဖြစ်သည်ဆိုသည်ကို နားမလည်ကြသေးပေ။ အချို့က “ကျွန်ုပ်သည် ကျွန်ုပ်၏ ယုံကြည်ခြင်းအတွက် မိသားစုနှင့် အသက်မွေးအလုပ်ကို စွန့်လွှတ်ခဲ့ပြီး များစွာ ဖြတ်သန်းကျော်လွှားခဲ့ရသည်။ ကျွန်ုပ်သည် သမ္မာတရား စစ်မှန်မှုတစ်ခုမျှမရှိဟု မည်သို့ ဆိုနိုင်သနည်း။ ကျွန်ုပ်၏ မိသားစုကို နောက်ချန်ထားခဲ့သည်။ ဤသည်မှာ စစ်မှန်မှုမဟုတ်သလော။ ကျွန်ုပ်၏ အိမ်ထောင်ကို စွန့်လွှတ်ခဲ့သည်။ ဤသည်မှာ စစ်မှန်မှုမဟုတ်သလော။ ဤအရာအားလုံးသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် ထုတ်ဖော်ပြသမှုတစ်ခု မဟုတ်သလော” ဟူ၍ ဆိုကြသည်။ အပြင်ပန်းတွင် သင်သည် လောကီကမ္ဘာကို စွန့်လွှတ်ခဲ့ပြီး၊ ဘုရားသခင်အား ယုံကြည်ရန် သင်၏ မိသားစုကို စွန့်လွှတ်ခဲ့သည်။ သို့သော် ယင်းမှာ သင်က သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ဆိုသည့် သဘောဖြစ်သလော။ သင်သည် ရိုးသားသူ၊ ဘုရားသခင်အား နာခံသူဖြစ်သည်ဟု အဓိပ္ပာယ်ရသလော။ သင်၏ စိတ်သဘောထားသည် ပြောင်းလဲသွားပြီ၊ သို့မဟုတ် သင်သည် သမ္မာတရား၊ သို့မဟုတ် လူ့သဘာဝကို ပိုင်ဆိုင်သောသူတစ်ယောက်ဖြစ်သည်ဟု အဓိပ္ပာယ်ရသလော။ အသေအချာပင် ဤသို့ အဓိပ္ပာယ်မရပေ။ သင်၏ ထိုအပြင်ပန်း လုပ်ဆောင်မှုများသည် အခြားလူများအတွက် ကောင်းသည့်ပုံစံရှိနိုင်သည်။ သို့သော် ထိုအရာများက သင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေသည်၊ သို့မဟုတ် ဘုရားသခင်အား နာခံနေသည်ဟု အဓိပ္ပာယ်မရပေ။ ပြီးလျှင် သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နေသည်ဟု သေချာပေါက် အဓိပ္ပာယ်မရပေ။ လူတို့၏ စွန့်လွှတ်အနစ်နာခံမှုများနှင့် အသုံးခံမှုများသည် အလွန်ပင် မသန့်စင်ပေ။ လူတို့အားလုံးသည် ကောင်းချီးရရှိရန်ဖြစ်သော ရည်ရွယ်ချက်၏ ထိန်းချုပ်ခြင်းကို ခံရသည်။ ပြီးလျှင် ၎င်းတို့သည် စမ်းသပ်မှု၊ စစ်ဆေးမှုမှတစ်ဆင့် သန့်စင်ခြင်းမခံရသေးပေ။ ထို့ကြောင့် လူများစွာတို့သည် ၎င်းတို့၏ တာဝန်များတွင် ဝတ်ကျေတမ်းကျေရှိနေဆဲဖြစ်ပြီး လက်တွေ့ကျသည့် မည်သည့်ရလဒ်မျှ မရရှိခြင်းဖြစ်သည်။ ၎င်းတို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်၊ ဖျက်ဆီးခြင်း၊ သေးသိမ်အောင်လုပ်ခြင်း၊ ပြဿနာပေါင်းစုံ ဖြစ်စေခြင်းပင် လုပ်ဆောင်ကြသည်။ အသင်းတော်က ၎င်းတို့ကို ရှင်းလင်းပစ်သည့်အချိန်တွင်ပင်၊ ၎င်းတို့သည် နောင်တရဖို့ စဉ်းစားခြင်းမရှိဘဲ အပျက်သဘောဆောင်မှုကို ဆက်လက် ဖြန့်ဝေသည်။ မုသားများပြောပြီး၊ ၎င်းတို့၏ အကြောင်းကိစ္စကို ငြင်းခုံရန်အတွက် အမှန်တရားများကို မလိမ့်တပတ်လုပ်သည်။ လူအချို့သည် ဆယ်စုနှစ်တစ်ခု၊ နှစ်ခုအထိ ယုံကြည်သော်လည်း အထိန်းအကွပ်မဲ့ ရမ်းကားပြီး မကောင်းမှုမျိုးစုံကို လုပ်ဆောင်ဆဲဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့သည် အသင်းတော်၏ ရှင်းလင်းခြင်းနှင့် နှင်ထုတ်ခြင်းခံရသည်။ ဆိုးရွားသော အရာများစွာကို ၎င်းတို့ လုပ်ဆောင်နိုင်သည်ဆိုသည့်အချက်သည် ၎င်းတို့တွင် ဆိုးရွားသော စရိုက်လက္ခဏာရှိသည်ကိုလည်းကောင်း၊ ၎င်းတို့အနေဖြင့် အလွန်ပင် ကောက်ကျစ်ပြီး လှညဖြားတတ်သည်ကိုလည်းကောင်း၊ ၎င်းတို့သည် လုံးဝ မာယာကင်းခြင်းမရှိ၊ နာခံခြင်း၊ သို့မဟုတ် ကျိုးနွံခြင်းမရှိဆိုသည်ကိုလည်းကောင်း လုံလောက်စွာ သက်သေပြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းတို့ကို မည်သည့်အခါမျှ သိပ်ဂရုမစိုက်ခဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းကို “ငါ၏ မိသားစုကို စွန့်လွှတ်သရွေ့၊ ဘုရားသခင်အတွက် ငါ့ကိုယ်ငါ အသုံးခံ၊ ဒုက္ခခံပြီး အဖိုးအခပေးဆပ်သရွေ့ ဘုရားသခင်သည် ငါ၏ လုပ်ဆောင်မှုများကို အောက်မေ့ဂုဏ်ပြုသင့်သည်။ သူ၏ ကယ်တင်ခြင်းကို ငါ ရရှိသင့်သည်” ဟူသည့် ကိစ္စတစ်ခုအဖြစ် မြင်ကြသည်။ ဤသည်မှာ စိတ်ကစားခြင်းနှင့် လိုရာဆွဲတွေးခြင်းသာ ဖြစ်သည်။ သင်သည် ကယ်တင်ခြင်းကို ရရှိလိုပြီး ဘုရားသခင်ရှေ့သို့ အမှန်တကယ် လာရောက်လိုလျှင် ရှာဖွေရင်း ဘုရားသခင်ရှေ့သို့ လာရမည်။ “အို ဘုရားသခင်၊ မည်သည့်အရာကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်သင့်သနည်း။ လူတို့ကို ကယ်တင်ခြင်းအတွက် ကိုယ်တော်၏ စံနှုန်းမှာ အဘယ်နည်း။ မည်သို့သောလူအမျိုးအစားကို ကိုယ်တော် ကယ်တင်သနည်း” ဟူ၍ ဖြစ်သည်။ ဤသည်မှာ အရာရာအားလုံးထက် ငါတို့ ရှာဖွေပြီး သိသင့်သည့်အရာဖြစ်သည်။ သမ္မာတရားအပေါ် သင်၏ အခြေခံအုတ်မြစ်ကို တည်ဆောက်လော့။ အရာရာ၌ သမ္မာတရားနှင့် စစ်မှန်မှုအပေါ် အားစိုက်ထုတ်လော့။ ဤသို့ဆိုလျှင် သင်သည် အခြေခံအုတ်မြစ်တစ်ခုကို ပိုင်ဆိုင်သောသူ၊ အသက်ကို ပိုင်ဆိုင်သောသူတစ်ယောက်ဖြစ်လိမ့်မည်။ သင်သည် မည်သည့်သမ္မာတရားကိုမျှ လုံးဝ လက်တွေ့မလုပ်ဆောင်ဘဲ သို့မဟုတ် မည်သည့်သမ္မာတရားကိုမျှ အားစိုက်ထုတ်ခြင်းမရှိဘဲ စကားများနှင့် အယူဝါဒများအပေါ် သင်၏ အခြေခံအုတ်မြစ်ကို တည်ဆောက်လျှင်၊ သင်သည် အသက်ကို မည်သည့်အခါမျှ မပိုင်ဆိုင်သောသူတစ်ယောက် ဖြစ်လိမ့်မည်။ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်သောအခါ ငါတို့သည် ရိုးသားသူတစ်ယောက်၏ အသက်၊ စစ်မှန်မှု၊ အနှစ်သာရကို ရရှိကြသည်။ ထို့နောက်တွင် ငါတို့သည် ရိုးသားသူတစ်ယောက်၏ ကျင့်ကြံမှုနှင့် အပြုအမူရှိကြသည်။ အနည်းဆုံးအနေဖြင့် ငါတို့၏ ထိုရိုးသားသောအပိုင်းသည် ဘုရားသခင်အား ဝမ်းမြောက်စေလိမ့်မည်။ ဘုရားသခင်က အသိအမှတ်ပြုလိမ့်မည်။ သို့ရာတွင် ငါတို့သည် သန့်စင်ခြင်းခံရဖို့ လိုအပ်သည့် မုသားများ၊ လှည့်ကွက်များ၊ လှည့်စားမှုများကို မကြာခဏ ပြသဆဲဖြစ်သည်။ ထို့ကြောင့် ငါတို့သည် ဆက်လက်ရှာဖွေပြီး ငြီးငွေ့ဖွယ် အပြောင်းအလဲမရှိသော အလုပ်ထဲတွင် နစ်မနေဖို့ လိုသည်။ ဘုရားသခင်သည် ငါတို့အား စောင့်နေပြီး အခွင့်အရေးပေးလျက်ရှိသည်။ သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ရန် အစီအစဉ်များ လုံးဝ မပြုလုပ်လျှင်၊ ရိုးသားစွာဖြင့်၊ စိတ်နှလုံးထဲမှ မည်သို့စကားပြောရမည်ကိုလည်းကောင်း၊ မာယာများခြင်း၊ သို့မဟုတ် လှည့်စားခြင်းများ ရောနှောနေခြင်းမရှိဘဲ အမှုအရာများကို မည်သို့ လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ ရိုးသားသူတစ်ယောက်ကဲ့သို့ မည်သို့ ပြုမူရမည်ကိုလည်းကောင်း လုံးဝ မရှာဖွေလျှင် သင်သည် ရိုးသားသော လူသားပုံသဏ္ဌာန်တစ်ခုနှင့် အသက်ရှင်ရန်၊ သို့မဟုတ် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းနှင့် သက်ဆိုင်သော သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ သင်သည် သမ္မာတရား သွင်ပြင်လက္ခဏာတစ်ခုခု၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်လျှင် သင်သည် ထိုသမ္မာတရား၏ သွင်ပြင်လက္ခဏာကို ရရှိပြီးဖြစ်သည်။ သင်သည် ထိုစစ်မှန်မှုကို မပိုင်ဆိုင်လျှင် ထိုအသက်၊ သို့မဟုတ် ဝိညာဉ်ရင့်ကျက်မှုကို မပိုင်ဆိုင်ပေ။ စမ်းသပ်မှုများ၊ စုံစမ်းသွေးဆောင်ခြင်းများကို သင်ရင်ဆိုင်ရာတွင်၊ သို့မဟုတ် စေခိုင်းချက်တစ်ခုကို သင်လက်ခံရရှိသောအခါတွင် သင်သည် မည်သည့်စစ်မှန်မှုမျှမရှိလျှင် အလွယ်တကူ မှောက်မှားပြီးအမှားများ ပြုလုပ်လိမ့်မည်။ သင်သည် ဘုရားသခင်အား ပုန်ကန်ခြင်းနှင့် မနာခံခြင်းတို့ ဖြစ်လွယ်လိမ့်မည်။ သင့်ကိုယ်သင် ကူညီနိုင်မည်မဟုတ်ပေ။ လူများစွာသည် ၎င်းတို့၏ တာဝန်များတွင် အထိန်းအကွပ်မဲ့ ရမ်းကားကြပြီး အကြံဉာဏ်ရယူဖို့ ငြင်းဆန်ကာ မပြောင်းလဲနိုင်ဘဲရှိနေကြသည်။ ဤသို့ဖြင့် အသင်းတော်အလုပ်ကို အလွန်ပင် နှောင့်ယှက်၊ ဖျက်ဆီးပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားကို အလွန်ပင် ထိခိုက်ကြသည်။ ဤလူတို့သည် အဆုံးတွင် ရှင်းလင်းခံရပြီး နှင်ထုတ်ခံရသည်။ ဤသည်မှာ ရှောင်လွှဲ၍မရသော ရလဒ်ဖြစ်သည်။ သို့သော် သင်သည် လက်ရှိတွင် ရိုးသားသူတစ်ယောက်ဖြစ်ရန် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေလျှင် ရိုးသားသူတစ်ယောက်အဖြစ် သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ဘုရားသခင်က အသိအမှတ်ပြုသည်။ ထိုအရာကို မည်သူကမျှ သင့်ထံမှ ယူဆောင်မသွားနိုင်ပေ။ ဤစစ်မှန်မှု၊ ဤအသက်ကို မည်သူကမျှ သင့်ထံမှ မဖယ်ရှားနိုင်ပေ။ လူအချို့က “ကျွန်ုပ်သည် အချိန်ကြာမြင့်စွာ ရိုးသားသူတစ်ယောက် ဖြစ်ခဲ့ပြီဖြစ်သည်။ လှညဖြားတတ်သောသူတစ်ယောက်အဖြစ်သို့ ကျွန်ုပ် ပြန်၍ပြောင်းလဲနိုင်သလော” ဟူ၍ မေးသည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားပြီးဖြစ်လျှင်၊ သင်သည် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သည့် သမ္မာတရား စစ်မှန်မှု မပိုင်ဆိုင်လျှင်၊ သင်သည် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ပြီး သင်၏ စိတ်နှလုံးတွင် မာယာများခြင်း၊ လှည့်စားခြင်းနှင့် ဘာသာတရားမရှိသူများ၏ လောကကို စက်ဆုပ်မုန်းတီးလျှင် စာတန်၏ တန်ခိုးအာဏာအောက်သို့ ပြန်မသွားနိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်နိုင်သောကြောင့်ဖြစ်သည်။ သင်သည် အလင်းထဲတွင် အသက်ရှင်နေပြီးဖြစ်သည်။ လှညဖြားတတ်သောသူတစ်ယောက်မှ ရိုးသားသူတစ်ယောက်အဖြစ်သို့ ပြောင်းလဲခြင်းသည် မလွယ်ကူပေ။ ဘုရားသခင် အမှန်တကယ် နှစ်သက်သည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းမှ လှည့်ဖြားတတ်သော သူတစ်ယောက်အဖြစ်သို့ ပြန်၍ပြောင်းလဲခြင်းသည် ဖြစ်နိုင်မည်မဟုတ်ဘဲ ပို၍ပင် ခက်ခဲလိမ့်မည်။ လူအချို့က “ငါသည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းနှင့်သက်ဆိုင်၍ နှစ်အနည်းငယ် အတွေ့အကြုံရှိသည်။ အချိန်အများစုတွင် ငါသည် အမှန်အတိုင်းပြောပြီး အတော်အတန်ပင် ရိုးသားသည်။ သို့သော် မမှန်ကန်သော၊ တိုက်ရိုက်မဟုတ်သော၊ သို့မဟုတ် လှည့်ဖြားတတ်သောအရာတစ်ခုကို ငါ နေရာအနှံ့ ပြောသည်” ဟု ဆိုကြသည်။ ဤသည်မှာ ပြုပြင်ရန် အလွန်ပို၍လွယ်ကူသော ပြဿနာဖြစ်သည်။ သင်သည် သမ္မာတရားအား ရှာဖွေခြင်း၊ သမ္မာတရားအတွက် ကြိုးပမ်းခြင်းကို အာရုံစိုက်သရွေ့ အနာဂတ်တွင် မပြောင်းလဲနိုင်မည်ကို စိုးရိမ်ဖို့မလိုပေ။ သင်သည် အသေအချာပင် ဆက်၍ တိုးတက်လိမ့်မည်။ မြေကြီးတွင် စိုက်ပျိုးသော ပျိုးပင်ကဲ့သို့ပင် အချိန်မှန်ရေလောင်းပြီး နေ့စဉ် နေရောင် ရရှိစေလျှင် နောက်ပိုင်းတွင် အသီးအပွင့် ဖြစ်ထွန်းမည်၊ မဖြစ်ထွန်းမည်ကို စိုးရိမ်ရန်မလိုပေ။ ဆောင်းဦးရာသီတွင် အသေအချာပင် သီးနှံထွက်လိမ့်မည်။ ယခုအချိန်တွင် သင်တို့ အစိုးရိမ်သင့်ဆုံးသောအရာမှာ ဤအရာဖြစ်သည်။ သင်တို့သည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းထဲသို့ ဝင်ရောက်မှုတစ်ခုခုရှိသလော။ သင်တို့သည် လိမ်ညာပြောဆိုခြင်းများ ပိုပို၍ နည်းလာသလော။ သင်သည် ယခုအခါ ခြုံငုံကြည့်လျှင် ရိုးသားသူတစ်ယောက်ဖြစ်သည်ဟု ဆိုနိုင်သလော။ ဤအရာတို့သည် အဓိကကျသော မေးခွန်းများဖြစ်သည်။ တစ်စုံတစ်ဦးက၊ “ငါသည် လှည့်စားသူတစ်ယောက်ဖြစ်သည်ကို ငါသိသည်။ သို့သော် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို မည်သည့်အခါမျှ လက်တွေ့မလုပ်” ဟုဆိုလျှင် သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်း၏ မည်သည့်စစ်မှန်မှုမျှ မရှိပေ။ သင်သည် ကြိုးစားလုပ်ဆောင်ဖို့လိုသည်။ သင့်ဘဝ၏ ရှုထောင့်တိုင်းကိုလည်းကောင်း၊ သင်၏ အမျိုးမျိုးသော အပြုအမူများအားလုံးကိုလည်းကောင်း၊ လှည့်စားမှုကို သင် လက်တွေ့လုပ်ဆောင်သည့် နည်းများအားလုံးကိုလည်းကောင်း၊ အခြားလူများအပေါ် သင်၏ ဆက်ဆံမှုကိုလည်းကောင်း ပိုင်းခြားစိစစ်ကြည့်ဖို့ လိုအပ်သည်။ ဤအရာများကို သင် ပိုင်းခြားစိစစ်ခြင်းမပြုမီတွင် သင်သည် သင့်ကိုယ်သင် အလွန်ကျေနပ်နေနိုင်သည်။ သင်လုပ်ဆောင်ခဲ့သည့်အရာများကို လုပ်ဆောင်ခဲ့ခြင်းအတွက် သင့်ကိုယ်သင် အလွန်ကျေနပ်နေနိုင်သည်။ သို့သော် ထိုအရာများကို ဘုရားနှုတ်ကပတ်တော်နှင့် ယှဉ်ပြီး သင် ပိုင်းခြားစိစစ်သည်နှင့်တစ်ပြိုင်နက်၊ သင်က “ငါသည် အလွန်ယုတ်မာသည်၊ အလွန်မလိုမုန်းထားပြီး မသိမသာ ဒုက္ခပေးသည်ဆိုသည်ကို သတိမထားမိခဲ့ပါ” ဟူ၍ အလွန် အံ့အားသင့်သွားလိမ့်မည်။ သင်၏ သရုပ်မှန်ကို ရှာဖွေတွေ့ရှိမည်ဖြစ်ပြီး သင်၏ အခက်အခဲများ၊ အပြစ်အနာအဆာများ၊ လှည့်စားမှုများကို အမှန်တကယ် မြင်သွားလိမ့်မည်။ သင်သည် မည်သည့် ပိုင်းခြားစိစစ်မှုမျှ မပြုလုပ်ဘဲ သင့်ကိုယ်သင် ရိုးသားသူတစ်ယောက်ဖြစ်သည်၊ လှည့်စားမှုကင်းသောသူဖြစ်သည်ဟု အစဉ်အမြဲ ထင်မြင်သော်လည်း သင့်ကိုယ်သင် လှည့်စားတတ်သူတစ်ယောက်ဟု ခေါ်ဆဲဖြစ်လျှင် သင်သည် လုံးဝ ပြောင်းလဲမည်မဟုတ်ပေ။ သင်၏ စိတ်နှလုံးတွင်ရှိသော ထို စက်ဆုပ်ဖွယ်ကောင်းသော၊ ကောက်ကျစ်ဆိုးယုတ်သော ရည်ရွယ်ချက်များကို တူးဆွမကြည့်လျှင် သင်၏ အကျည်းတန်မှုနှင့် ဖောက်ပြန်ပျက်စီးခြင်းကို သင်မည်သို့ မြင်မည်နည်း။ သင်၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများကို ဆင်ခြင်သုံးသပ်ပြီး ပိုင်းခြားစိစစ်ခြင်းမရှိလျှင် သင်သည် မည်မျှပင် နက်နဲစွာ ဖောက်ပြန်ပျက်စီးနေသည်ဆိုသည့် အမှန်တရားကို မြင်လိမ့်မည်လော။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို နားလည်ခြင်း လုံးဝမရှိဘဲနှင့်၊ သင်သည် ပြဿနာများဖြေရှင်းရန် သမ္မာတရားအား မည်သို့ရှာဖွေရမည်ကို သိမည်မဟုတ်ပေ။ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သမ္မာတရားကို မည်သို့လိုက်စားပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်ရမည်ကို သင် သိမည်မဟုတ်ပေ။ ယင်းမှာ “သင်သည် သမ္မာတရားအား လက်တွေ့မလုပ်ဆောင်လျှင် မည်သည့်အခါမျှ စစ်မှန်မှုရှိမည်မဟုတ်” ဆိုသည့် စကားရပ်၏ နောက်ကွယ်တွင်ရှိသော အဓိပ္ပာယ်အစစ်အမှန်ဖြစ်သည်။

ဘုရားသခင် ပြောသမျှတိုင်းသည် သမ္မာတရားဖြစ်သည်။ နှုတ်ကပတ်တော်တစ်ခုမကျန် သမ္မာတရား စစ်မှန်မှုရှိသည်။ အားလုံးသည် အပြုသဘောဆောင်သောအရာများ၏ စစ်မှန်မှုဖြစ်သည်။ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရန်အတွက် ၎င်းတို့၏ နေ့စဉ်အသက်တာများထဲသို့ ထိုနှုတ်ကပတ်တော်တို့ကို သယ်ဆောင်လာဖို့သာ လိုအပ်သည်။ ဘုရားသခင်ထံမှလာသော နှုတ်ကပတ်တော်တိုင်းသည် လူသားမျိုးနွယ် လိုအပ်သည့်အရာကို ရည်ရွယ်သည်။ နှုတ်ကပတ်တော်တိုင်းက လူတို့အနေဖြင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ကြည့်ဖို့ရန်ဖြစ်သည်။ တစ်ခဏတာ ဖျတ်ကနဲ ကြည့်လိုက်ဖို့ ရည်ရွယ်ခြင်းမဟုတ်သကဲ့သို့ သင်၏ ဝိညာဉ်ရေးရာလိုအပ်ချက်အချို့ကို ဖြည့်ဆည်းဖို့ ရည်ရွယ်ခြင်းလည်းမဟုတ်ပေ။ သင့်အနေဖြင့် လက်တွေ့မပါဘဲ အပြောသက်သက်သာ လုပ်ဆောင်ရန်၊ သို့မဟုတ် စကားများနှင့်အယူဝါဒများကို ပြောရန်အတွက် သင်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်လည်းမဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်တစ်လုံးစီသည် သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်လျှင် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ သင်သည် အစဉ်သဖြင့် စစ်မှန်မှုနှင့် ချိတ်ဆက်ခြင်းမရှိသည့်သူတစ်ယောက် ဖြစ်လိမ့်မည်။ သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်လျှင် သင်သည် အယောင်ဆောင် ဟန်ဆောင်မှုများပြုလုပ်ခြင်းထက် ရိုးသားခြင်း၏ စစ်မှန်မှုရှိမည်ဖြစ်ပြီး ရိုးသားသူတစ်ယောက်ဖြစ်ခြင်း၏ အခြေအနေ အစစ်အမှန်ကို အသက်ရှင်နေထိုင်နိုင်လိမ့်မည်။ မည်သို့သောသူမျိုးက ရိုးသားပြီး မည်သို့သောသူမျိုးက မရိုးသားဆိုသည်နှင့် ဘုရားသခင်က အဘယ်ကြောင့် လှည့်စားသူများကို အလွန်မုန်းတီးသည်ဆိုသည်တို့ကိုလည်း သင် နားလည်နိုင်လိမ့်မည်။ သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ခြင်း၏ အရေးပါမှုကို အမှန်တကယ် နားလည်လိမ့်မည်။ ဘုရားသခင်သည် လူတို့အား ရိုးသားဖို့ တောင်းဆိုသောအခါ မည်သည့်အရာကို သူ ခံစားရပြီး၊ အဘယ်ကြောင့် လူတို့ထံမှ ဤအရာကို သူတောင်းဆိုသည်ဆိုသည်တို့ကို သင် တွေ့ကြုံရလိမ့်မည်။ သင်၏ လှည့်ဖြားမှုအပြည့်ရှိသည်ကို သင် တွေ့ရှိသောအခါတွင် သင်၏ လှည့်စားမှုနှင့် ကောက်ကျစ်မှုကို သင် မုန်းတီးလိမ့်မည်။ သင်သည် သင်၏ လှည့်စားသော၊ ကောက်ကျစ်သော စိတ်သဘောထားဖြင့် မည်မျှအရှက်မဲ့စွာ အသက်ရှင်ခဲ့သည်ကို သင် မုန်းတီးလိမ့်မည်။ ဤသို့အားဖြင့် သင်သည် ပြောင်းလဲရန် စိတ်ထက်သန်နေလိမ့်မည်။ ဤသို့ဖြင့် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရန်၊ အဓိပ္ပာယ်ရှိစွာ အသက်ရှင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်ကို သင် ပိုပိုပြီး ခံစားမိလိမ့်မည်။ ဘုရားသခင်က လူတို့အား ရိုးသားရန် တောင်းဆိုခြင်းသည် အလွန့်အလွန်ပင် အဓိပ္ပာယ်ရှိသည်ကို သင် ခံစားရလိမ့်မည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်သည်ကိုလည်းကောင်း၊ ရိုးသားသူများသာ ကယ်တင်ခြင်းကို ရရှိလိမ့်မည်ကိုလည်းကောင်း၊ ဘုရားသခင်ပြောသည့်အရာသည် လုံးဝ တိကျသည်ဆိုသည်ကိုလည်းကောင်း သင်ခံစားမိလိမ့်မည်။ သင်တို့ ငါ့ကို ပြောလော့။ လူတို့အား ရိုးသားရန် ဘုရားသခင် တောင်းဆိုခြင်းသည် အဓိပ္ပာယ်ရှိသလော။ (ရှိပါသည်။) ဤသို့ဆိုလျှင် ယခုမှစပြီး သင်တို့သည် သင်တို့ကိုယ်တိုင်၏ လှည့်စားသော၊ ကောက်ကျစ်သော အစိတ်အပိုင်းတို့ကို ပိုင်းခြားစိစစ်သင့်သည်။ ထိုအရာများကို ပိုင်းခြားစိစစ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ လှည့်စားသောအရာရာတိုင်း၏ နောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခု၊ ပန်းတိုင်တစ်ခုခုနှင့် လူသား၏ အကျည်းတန်မှုတစ်ခုရှိသည်ကို သင်တို့ တွေ့ရှိလိမ့်မည်။ ဤလှည့်စားမှုသည် လူတို့၏ မိုက်မဲမှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ စက်ဆုပ်ဖွယ်ကောင်းမှုတို့အား ဖွင့်ပြသည်ကို သင် တွေ့ရှိလိမ့်မည်။ ယင်းကို သင်တွေ့ရှိသောအခါ သင်၏ သရုပ်မှန်ကို မြင်လိမ့်မည်။ သင်၏ သရုပ်မှန်ကို မြင်သောအခါ သင့်ကိုယ်သင် မုန်းတီးလိမ့်မည်။ သင့်ကိုယ်သင် စတင်မုန်းတီးသောအခါ၊ သင်သည် မည်သို့သောအမျိုးအစားဖြစ်သည်ကို အမှန်တကယ်သိသောအခါ သင့်ကိုယ်သင် ဆက်၍ ကြွားလုံးထုတ်မည်လော။ အချိန်တိုင်းတွင် ဆက်လက်၍ ကြွားဝါနေလိမ့်မည်လော။ အခြားလူများထံမှ ချီးကျူးမှု၊ ချီးမွမ်းမှုတို့ကို အစဉ် အလိုရှိလိမ့်မည်လော။ ဘုရားသခင်၏ တောင်းဆိုချက်များသည် မြင့်မားလွန်းသည်၊ မလိုအပ်ပေဟု သင်ဆိုလိမ့်ဦးမည်လော။ သင်သည် ထိုသို့ ပြုမူမည်မဟုတ်သကဲ့သို့ ထိုသို့သောအရာများကိုလည်း ပြောမည်မဟုတ်ပေ။ ဘုရားသခင်ပြောသည့်အရာကို သင် သဘောတူလိမ့်မည်ဖြစ်ပြီး “အာမင်” ဟု ဆိုလိမ့်မည်။ သင်၏ စိတ်၊ နှလုံးသားဖြင့်၊ သင်၏ မျက်လုံးဖြင့် လက်ခံယုံကြည်လိမ့်မည်။ ဤသို့ ဖြစ်ပျက်သောအခါ သင်သည် ဘုရားနှုတ်ကပတ်တော်အား စတင်၍ လက်တွေ့လုပ်ဆောင်နေသည်၊ စစ်မှန်မှုထဲသို့ သင်ဝင်ရောက်ပြီးဖြစ်သည်၊ ရလဒ်များကို စ၍ မြင်လာပြီဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်အား သင် လက်တွေ့လုပ်ဆောင်လေလေ၊ ထိုဘုရားနှုတ်ကပတ်တော်များက မည်မျှတိကျပြီး မည်မျှလိုအပ်သည်ကို သင်ခံစားရလေလေဖြစ်လိမ့်မည်။ သင်သည် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဟု ဆိုကြပါစို့။ ထိုအစား သင်က၊ “အို ငါသည် မရိုးသားပေ။ ငါသည် လှည့်စားတတ်သည်” ဟူ၍သာ အဓိပ္ပာယ်မရှိ အမြဲ ပြောဆိုနေပြီး၊ သို့တိုင် အခြေအနေတစ်ခုဖြင့် သင် ရင်ဆိုင်ရသောအခါ သင်သည် လိမ်လည်လှည့်ဖြားစွာ ပြုမူဆဲဖြစ်သည်။ ထိုစဉ်တွင် သင်သည် ဤသည်မှာ လှည့်စားခြင်းအဖြစ် ယူဆ၍မရကြောင်း တွေးထင်နေသည်။ သင့်ကိုယ်သင် ရိုးသားဆဲဖြစ်သည်ဟု စဉ်းစားကာ အရေးကိစ္စကို ထိုသို့သာ ဖြစ်ခွင့်ပေးလိုက်လေသည်။ နောက်တစ်ကြိမ်တွင် တစ်စုံတစ်ခုဖြစ်ပေါ်သောအခါ သင်သည် နောက်တစ်ဖန် လှည့်ကွက်များကို မတတ်သာသည့်အဆုံး ကျင့်သုံးရပြီး၊ သင်၏ နှုတ်ကို ဖွင့်သည်နှင့်တစ်ပြိုင်နက် လိမ်ညာရင်း၊ ကလိမ်ကကျစ်ကျမှုနှင့် လှည့်ဖြားမှုတို့ကို လုပ်ဆောင်လေသည်။ ထို့နောက်တွင် သင်က “ငါသည် နောက်တစ်ဖန် ကောက်ကျစ်ပြီး လှည့်စားခဲ့သလော။ နောက်တစ်ဖန် လိမ်ညာခဲ့သလော။ ထိုသို့ သတ်မှတ်၍ရသည်ဟု ငါမထင်ပေ” ဟု တွေးတောလိမ့်မည်ဖြစ်ပြီး၊ ဤကိစ္စရပ်များကို ပေါ့ပေါ့တန်တန်သာ သဘောထားလျက်၊ ဖော့ပြောလျက်၊ “ဘုရားသခင်၊ ကျွန်ုပ်သည် အစဉ်သဖြင့် ကျိတ်ကြံမှုများကို မတတ်သာသည့်အဆုံး ကျင့်သုံးရပြီး အမြဲကောက်ကျစ်လှည့်စားသည်ဆိုသည်ကို ကိုယ်တော်သိပါသည်။ ကျေးဇူးပြု၍ ကျွန်ုပ်ကို ခွင့်လွှတ်တော်မူပါ။ နောက်တစ်ကြိမ်တွင် ဤသို့ ဖြစ်မည်မဟုတ်။ ဤသို့ဖြစ်လျှင် ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမတော်မူပါ” ဟူ၍ ဘုရားသခင်ရှေ့တွင် ဆုတောင်းလိမ့်မည်။ ဤသည်မှာ မည်သည့်လူစားမျိုးဖြစ်သနည်း။ ဤသည်မှာ သမ္မာတရားကို မချစ်သကဲ့သို့ လက်တွေ့လုပ်ဆောင်လိုစိတ်မရှိသောသူတစ်ယောက်ဖြစ်သည်။ သင်သည် အဖိုးအခအနည်းငယ် ပေးဆပ်ကောင်းပေးဆပ်နိုင်သည်၊ သို့မဟုတ် သင်၏ တာဝန်ကို ထမ်းဆောင်လျက်၊ ဘုရားသခင်ကို အစေခံလျက် သို့မဟုတ် တရားဒေသနာများကို နားထောင်လျက်ဖြင့် အချိန်အနည်းငယ် ကုန်ဆုံးကောင်းကုန်ဆုံးနိုင်သည်။ သင်သည် အလုပ်လုပ်ချိန်အချို့ကို အနစ်နာခံစွန့်လွှတ်ပြီး ဝင်ငွေအနည်းငယ် လျော့ကောင်းလျော့သွားနိုင်သည်။ သို့သော် အမှန်တကယ်တွင် သင်သည် သမ္မာတရားကို အနည်းငယ်မျှပင် လက်တွေ့လုပ်ဆောင်ခြင်းမရှိသကဲ့သို့ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း အရေးကိစ္စကို အလေးအနက်မထားပေ။ သင်သည် ထိုသမ္မာတရားကို လုံးဝ သိပ်စဉ်းစားခြင်းမရှိဘဲ အပေါ်ယံဆန်ပြီး ဝတ်ကျေတမ်းကျေဖြစ်ခဲ့သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ ဝတ်ကျေတမ်းကျေသာ သင်လုပ်ဆောင်လျှင် ဤသည်မှာ သမ္မာတရားအပေါ် သင်၏ သဘောထားက ချစ်ခြင်းနှင့်မသက်ဆိုင်ကြောင်းကို သက်သေပြသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ် မရှိသောသူတစ်ယောက်ဖြစ်သည်။ သင်သည် သမ္မာတရားနှင့် ဝေးကွာပြီး သမ္မာတရားကို နှစ်မြို့ခြင်းမရှိပေ။ သင်၏ ယုံကြည်ခြင်းသည် ကောင်းချီးများရရန်အတွက် ရှိခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို သင် စွန့်ခွာမသွားသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ အပြစ်ဒဏ်ခံရမည်ကို ကြောက်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်သည် သင်၏ ယုံကြည်ခြင်းကို ဖြစ်သလိုလုပ်ဆောင်သည်။ သင့်ကိုယ်သင် အမြင်ကောင်းစေရန်အတွက် စကားများနှင့် အယူဝါဒများကို ဟောဖို့ အားထုတ်သည်။ ဝိညာဉ်ရေးရာ ဝေါဟာရအချို့နှင့် နာမည်ကြီးသော ဓမ္မသီချင်းအချို့ကို သင်ယူသည်။ သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းအတွက် လူသိများသော စကားလုံးအချို့နှင့် သင်၏ ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ရေပန်းစားသောစကားလုံးများကို သင်ယူသည်။ သင့်ကိုယ်သင် ဝိညာဉ်ရေးရာပြည့်ဝသော သူတစ်ယောက်အဖြစ် တန်ဆာဆင်ပြီး သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသောသူဖြစ်ကာ ဘုရားသခင်၏ အသုံးပြုခြင်းကို ခံထိုက်သည်ဟု သင်တွေးထင်သည်။ သင်သည် မိမိဘာသာ အားရကျေနပ်ပြီး မိမိကိုယ်ကိုယ် မေ့လျော့သွားသည်။ ဤအပေါ်ယံအဆင့်ပုံရိပ်အားဖြင့်၊ ဤသူတော်ကောင်းအယောင်ဆောင်သော အပြုအမူများအားဖြင့် သင်သည် အယုံသွင်းခံရပြီး အရူးလုပ်ခြင်းခံရသည်။ သေသည်အထိ ဤအရာများ၏ အရူးလုပ်ခြင်းကို သင် ခံရပြီး သင်သည် ကောင်းကင်ဘုံသို့ တက်ရောက်မည်ဟု သင်ထင်သော်လည်း အမှန်တကယ်တွင် ငရဲသို့ ကျဆင်းလိမ့်မည်။ ထိုသို့သော ယုံကြည်မှုမျိုးတွင် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ သင်၏ ဤ “ယုံကြည်ခြင်း” ဆိုသောအရာတွင် စစ်မှန်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ အလွန်ဆုံးအနေဖြင့် ဘုရားသခင်ရှိသည်ဟု သင် အသိအမှတ်ပြုခဲ့သည်။ သို့သော် သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ အနည်းငယ်မျှပင် ဝင်ရောက်ခြင်းမရှိ။ ထို့ကြောင့် အဆုံးတွင် သင်၏ ရလဒ်သည် ဘာသာတရားမရှိသူများနှင့် အတူတူပင် ဖြစ်လိမ့်မည်။ ကောင်းသော အဆုံးသတ် ရလဒ်များမရှိဘဲ ငရဲသို့ ကျမည်ဖြစ်သည်။ ဘုရားသခင်က “ငါတောင်းဆိုသည့်အရာသည် တောက်ပပြီး စိမ်းလန်းစိုပြေသန်စွမ်းသည့် ပန်းပွင့်များမဟုတ်ဘဲ ရက်ရောစွာပေးသော သစ်သီးဖြစ်သည်။” ဟု ဆိုသည်။ သင့်တွင် ပန်းပွင့်မည်မျှရှိပါစေ၊ သို့မဟုတ် ထိုပန်းပွင့်များက မည်မျှလှပပါစေ ဘုရားသခင်က အလိုမရှိပေ။ ဆိုလိုသည်မှာ သင်က မည်မျှကောင်းမွန်စွာ စကားပြောပါစေ၊ သင် မည်မျှ အသုံးခံသည့်၊ ကူညီပံ့ပိုးသည့်၊ အနစ်နာခံသည့်ပုံပေါ်သည်ဖြစ်စေ၊ ဤသည်မှာ ဘုရားသခင် ဝမ်းမြောက်သည့်အရာမဟုတ်ပေ။ သင်သည် သမ္မာတရားမည်မျှကို အမှန်တကယ်နားလည်ပြီး လက်တွေ့လုပ်ဆောင်ခဲ့သည်၊ ဘုရားနှုတ်ကပတ်တော်ထဲမှ သမ္မာတရား စစ်မှန်မှုမည်မျှကို သင် အသက်ရှင်နေထိုင်ခဲ့သည်၊ သင်၏ အသက်စိတ်သဘောထားတွင် အမှန်တကယ် ပြောင်းလဲခြင်းရှိမရှိ၊ သင့်တွင် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မည်မျှရှိသည်၊ ကောင်းမှုမည်မျှကို သင်ပြင်ဆင်ပြီးဖြစ်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန် သင် မည်မျှလုပ်ဆောင်ခဲ့သည်၊ သင်၏ တာဝန်ကို စံနှုန်းနှင့်အညီ ထမ်းဆောင်ခဲ့ခြင်းရှိမရှိဆိုသည်တို့ကိုသာ ဘုရားသခင်က ကြည့်ရှုသည်။ ဤအရာများသည် ဘုရားသခင် ကြည့်ရှုသောအရာများဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို နားမလည်ဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မသိသောအခါ ၎င်းတို့သည် ယင်းတို့ကို အစဉ်သဖြင့် အနက်အဓိပ္ပာယ်ကောက်လွဲပြီး ဘုရားသခင်နှင့် စာရင်းရှင်းရန်နည်းအဖြစ် အပေါ်ယံဆန်သောအရာအချို့ကို ဘုရားသခင်အား တင်ပြကြသည်။ ၎င်းတို့က “ဘုရားသခင်၊ ကျွန်ုပ်သည် နှစ်များစွာ ယုံကြည်သူဖြစ်ခဲ့သည်။ နေရာပေါင်းစုံသို့ ခရီးသွားခဲ့သည်။ ဧဝံဂေလိဟောခဲ့ပြီး လူများစွာကို ပြောင်းလဲစေခဲ့သည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်အပိုဒ်အချို့ကို အလွတ်ရွတ်ဆိုနိုင်ပြီး ဓမ္မသီချင်းများစွာကို သီဆိုနိုင်သည်။ ကြီးမားသော ကိစ္စတစ်ခု၊ သို့မဟုတ် ခက်ခဲသောအရာတစ်ခု ဖြစ်ပေါ်သောအခါ ကျွန်ုပ်သည် အစဉ်သဖြင့် အစာရှောင်ဆုတောင်းသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို အချိန်ပြည့်ဖတ်သည်။ ကျွန်ုပ်သည် ကိုယ်တော်၏ ရည်ရွယ်ချက်များနှင့်အညီ အဘယ်သို့ မရှိဘဲနေနိုင်မည်နည်း” ဟု ပြောကြသည်။ ထို့နောက် ဘုရားသခင်က ၎င်းတို့အား “သင်သည် ယခုတွင် ရိုးသားသူတစ်ယောက်ဖြစ်သလော။ သင်၏ လှည့်စားမှုက ပြောင်းလဲသွားပြီလော။ သင်သည် ရိုးသားသူတစ်ယောက်ဖြစ်ရန် အဖိုးအခတစ်ခုခု ပေးဆပ်ဖူးသလော။ သင်လုပ်ဆောင်ခဲ့သော လှည့်စားသည့်အရာများ၊ သင်၏ လှည့်စားမှု ထုတ်ဖော်ပြချက်များအားလုံးကို ငါ့ရှေ့သို့ ယူဆောင်ခဲ့ပြီး ဖွင့်ပြခဲ့သလော။ သင်သည် ငါ့အပေါ် မရိုးသားခြင်းကို လျှော့ချသလော။ သင်သည် ငါ့အပေါ်သို့ မှားယွင်းသော ကျမ်းသစ္စာများ၊ အနှစ်မရှိသော ကတိများပြုလုပ်သည့်အချိန်၊ သို့မဟုတ် ငါ့အား လှည့်စားရန်အတွက် ကောင်းသောအရာများကို ပြောသည့်အချိန်ကို မှတ်မိသလော။ ဤအရာများကို သင် စွန့်လွှတ်ပြီးပြီလော” ဟု ပြောသည်။ သင်သည် ထိုသို့ စဉ်းစားပြီး ဤအရာများကို လုံးဝ လက်မလွတ်ရသေးသည်ကို တွေ့ရှိသောအခါ အံ့ဩမှင်တက်သွားလိမ့်မည်။ သင်သည် ဘုရားသခင်ရှေ့တွင် စာရင်းရှင်းရန် နည်းလမ်းမရှိဆိုသည့်အချက်ကို သတိထားမိလိမ့်မည်။ သင်တို့အား မိမိကိုယ်ကို သိမြင်ခွင့်ပေးရန်အတွက် သင်တို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေကို ငါ ဖော်ထုတ်သည်။ သမ္မာတရားကို သင်တို့ လက်တွေ့လုပ်ဆောင်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ရန်အလို့ငှာ ငါသည် ဤမျှပြောဆိုခြင်းဖြစ်သည်။ နှုတ်ကပတ်တော်များ၊ မိတ်သဟာယများ၊ သို့မဟုတ် သမ္မာတရားများသည် လူတို့အတွက် နေရာအနှံ့ ရွတ်ဖတ်ဖို့မဟုတ်ပေ။ လက်တွေ့လုပ်ဆောင်ဖို့ဖြစ်သည်။ သင်တို့သည် အဘယ်ကြောင့် သမ္မာတရားအားလက်ခံပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အစဉ်ပြောခြင်းခံရသနည်း။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားကသာ သင်၏ ဖောက်ပြန်ပျက်စီးမှုကို သန့်စင်နိုင်ပြီး ဘဝအပေါ် သင်၏ အမြင်နှင့် သင်၏ စံများကို ပြောင်းလဲပေးနိုင်သောကြောင့်ဖြစ်သည်။ သမ္မာတရားကသာ လူတစ်ယောက်၏ အသက်ဖြစ်နိုင်သည်။ သင်သည် သမ္မာတရားကို လက်ခံသောအခါ သမ္မာတရားသည် သင်၏ အသက်ဖြစ်လာရန်အတွက် လက်တွေ့လုပ်ဆောင်ခြင်းလည်းရှိရမည်။ သင်သည် သမ္မာတရားကိုနားလည်သည်ဟု ယုံကြည်သော်လည်း လက်တွေ့မလုပ်ဆောင်ရသေးလျှင်၊ သမ္မာတရားသည် သင်၏ အသက်မဖြစ်သေးလျှင် သင်သည် ပြောင်းလဲဖို့ မဖြစ်နိုင်ပေ။ သမ္မာတရားကို သင် လက်မခံရသေးသောကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သန့်စင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။ သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်နိုင်လျှင် သင် ပြောင်းလဲမည်မဟုတ်ပေ။ နောက်ဆုံးတွင် သမ္မာတရားသည် သင်၏ စိတ်နှလုံးတွင် အမြစ်မတွယ်သကဲ့သို့ သင်၏ အသက် ဖြစ်မလာလျှင် ယုံကြည်သူအဖြစ် သင်၏ အချိန်ကုန်ဆုံးသောအခါ သင်၏ ကံကြမ္မာနှင့် ရလဒ်ကို ဆုံးဖြတ်လိမ့်မည်။ ဤမိတ်သဟာယအရ၊ သင်တို့အားလုံးသည် သမ္မာတရားကို အရေးတကြီး လက်တွေ့လုပ်ဆောင်လိုစိတ်ဖြစ်ကြသလော။ သုံးနှစ်၊ ငါးနှစ်၊ သို့မဟုတ် ထိုထက်ပို၍ စောင့်ဆိုင်းပြီးမှသာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းမပြုနှင့်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်လျှင် စောလွန်းသည်၊ သို့မဟုတ် နောက်ကျလွန်းသည်ဟူ၍ မရှိပေ။ သင်သည် မြန်မြန်လက်တွေ့လုပ်ဆောင်လျှင် မြန်မြန် ပြောင်းလဲမည်။ နောက်ပိုင်းမှ လက်တွေ့လုပ်ဆောင်လျှင် နောက်ပိုင်းမှ ပြောင်းလဲမည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ စုံလင်စေခြင်း၌ သင်၏ အခွင့်အရေးကို လွဲချော်သွားလျှင် ကပ်ဘေးကြီးများကျရောက်သောအခါ သင်သည် အန္တရာယ်ရှိလိမ့်မည်။ ထို့နောက်တွင် လူသားမျိုးနွယ်အား ကယ်တင်ရန်ဖြစ်သည့် ဘုရားသခင်၏ အမှုတော် ပြီးဆုံးသောအခါ မည်သည့်အခွင့်အရေးမျှ ကျန်ရှိမည်မဟုတ်ပေ။ သင်၏ အခွင့်အရေးကို ဆုံးရှုံးပြီးနောက်တွင် သင်က “ကျွန်ုပ်သည် ထိုအချိန်က အားစိုက်ထုတ်ခြင်း လုံးဝမရှိခဲ့။ သို့သော် ယခုတွင် ဤအရာကို စတင်၍ လက်တွေ့လုပ်ဆောင်မည်” ဟု ဆိုလျှင် အလွန်နောက်ကျသွားလိမ့်မည်။ ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရဖို့ ဖြစ်နိုင်ခြေရှိမည်မဟုတ်ပေ။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်မည်မဟုတ်တော့သောကြောင့်ဖြစ်ပြီး အရာအားလုံးအပေါ်၊ သမ္မာတရားအားလုံးအပေါ် သင်၏ သိနားလည်မှုသည် အလွန်နည်းပါးလိမ့်မည်ဖြစ်သောကြောင့်ဖြစ်သည်။ ယခုတွင် အခြေအနေမျိုးစုံ ဖြစ်ပေါ်နေပြီး၊ သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် သင်တို့၏ ယုံကြည်ခြင်းသည် ကြီးထွားနေပြီး ဘုရားသခင်နောက်သို့လိုက်ရန် ပို၍ စိတ်ပြင်းပြမှုရှိသည်။ အတန်ကြာအထိ အခြေအနေတစ်ခုမျှ မရှိလျှင် သင်တို့သည် သေချာပေါက် အပျက်သဘောဆောင်ပြီး စည်းကမ်းမရှိဖြစ်လာလိမ့်မည်၊ ဘုရားသခင်ထံမှ ဝေးသည်ထက် ဝေးလွင့်သွားလိမ့်မည်။ သင်တို့သည် ဘာသာရေးလောကတွင်ရှိသည့် လူများကဲ့သို့သာဖြစ်လာမည်ပြီး စုဝေးပွဲများ၊ ဘာသာရေးအခမ်းအနားများ၏ ပုံစံများကိုသာ ကြည့်ရှုလေ့လာကာ သမ္မာတရား၏ စစ်မှန်မှု လုံးလုံး ရှိမည်မဟုတ်ပေ။ ထိုအခါ သင်တို့သည် ရင်ကိုထုပြီး ငိုကြွေးမြည်တမ်းလျှင် မည်သို့ကောင်းကျိုးရှိမည်နည်း။

ငါ့အားပြောလော့။ လှည့်စားသူများနှင့်အတူ နေထိုင်ရခြင်းသည် ပင်ပန်းနွမ်းနယ်ဖွယ်ရာ ဖြစ်သလော။ (ပင်ပန်းနွမ်းနယ်ဖွယ်ရာ ဖြစ်ပါသည်။) ၎င်းတို့သည်လည်း ပင်ပန်းနွမ်းနယ်ခြင်းမရှိသလော။ အမှန်တကယ်တွင် ၎င်းတို့သည်လည်း မောပန်းသည်။ သို့သော် ၎င်းတို့၏ မောပန်းခြင်းကို ၎င်းတို့ မခံစားရပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လှည့်စားသောသူများနှင့် ရိုးသားသောသူများသည် ကွဲပြားခြားနားသောကြောင့် ဖြစ်သည်။ ရိုးသားသောသူများသည် ပို၍ ရိုးရှင်းသည်။ ၎င်းတို့၏ အတွေးများသည် အလွန်ရှုပ်ထွေးခြင်းမရှိသကဲ့သို့ ၎င်းတို့ တွေးသည့်အရာကို ၎င်းတို့ပြောသည်။ အခြားတစ်ဖက်တွင် လှည့်စားသူများမှာမူ အစဉ်သဖြင့် ဝေ့ဝိုက်ပြီး ပြောဆိုရသည်။ မည်သည့်အရာကိုမျှ တိုက်ရိုက်ပြောဆိုခြင်းမရှိ။ ထိုအစား ၎င်းတို့သည် အစဉ်သဖြင့် လှည့်စားသော လှည့်ကွက်များကို အသုံးချနေပြီး ၎င်းတို့၏ မုသားများကို ဖုံးဖိနေကြသည်။ ၎င်းတို့သည် အစဉ်သဖြင့် ၎င်းတို့၏ ဉာဏ်ကို အသုံးချနေပြီး အစဉ် စဉ်းစားနေကြကာ ၎င်းတို့သည် တစ်ခုခုပေါ့ဆခဲ့လျှင် တစ်စုံတစ်ခု ချွတ်ချော်သွားစေမိမည်ကို ကြောက်ကြသည်။ လူအချို့သည် လှည့်စားသော လှည့်ကွက်များကို မည်သည့်အတိုင်းအတာအထိ အသုံးချကြသနည်း။ ၎င်းတို့သည် မည်သူနှင့် ဆက်ဆံသည်ဖြစ်စေ မည်သူက ပို၍ အပိုင်ကြံတတ်သည်၊ မည်သူက ပို၍ ပါးနပ်သည်၊ မည်သူက ထိပ်ဆုံးတွင်ရှိသည်ဆိုသည်ကို သိဖို့ အစဉ်ကြိုးစားနေကြပြီး အဆုံးတွင် ၎င်းတို့၏ ယှဉ်ပြိုင်လိုမှုသည် စိတ်ရောဂါတစ်မျိုး ဖြစ်လာသည်။ ၎င်းတို့သည် ညတွင် အိပ်မပျော်နိုင်ပေ။ သို့တိုင်အောင် ၎င်းတို့သည် နာကျင်မှုကို မခံစားရဘဲ ဤသည်မှာ ပုံမှန်ပင်ဖြစ်သည်ဟုပင် ထင်ကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အသက်ရှင်နေသော မကောင်းဆိုးဝါးများဖြစ်မလာကြသလော။ ဘုရားသခင်သည် လူတို့ကို ကယ်တင်သောအခါ လူတို့အား စာတန်၏ စွမ်းအားမှ ရုန်းထွက်လွတ်မြောက်ကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခွင့်၊ ရိုးသားသောသူများဖြစ်လာပြီး သူ၏ နှုတ်ကပတ်တော်များဖြင့် အသက်ရှင်နေထိုင်ခွင့်ကို ပေးသည်။ ရိုးသားသူတစ်ယောက်အဖြစ် အသက်ရှင်ရခြင်းသည် လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းသည်။ နာကျင်မှု များစွာပို၍ လျော့နည်းသည်။ အပျော်ရွှင်ဆုံးသော ဘဝများဖြစ်သည်။ ရိုးသားသူများသည် ပို၍ ရိုးရှင်းကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာကို ပြောဆိုပြီး ၎င်းတို့စဉ်းစားနေသည့်အရာကို ပြောဆိုကြသည်။ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များတွင် ၎င်းတို့၏ အသိတရားနှင့် အသိစိတ်နောက်သို့ လိုက်သည်။ ၎င်းတို့သည် သမ္မာတရားအတွက် ကြိုးပမ်းလိုစိတ်ရှိကြသည်။ ထိုသမ္မာတရားကို နားလည်သောအခါ လက်တွေ့လုပ်ဆောင်ကြသည်။ ကိစ္စရပ်တစ်ခုကို မရိပ်စားမိနိုင်သည့်အခါ၊ သမ္မာတရားကို ရှာဖွေလိုစိတ်ရှိကြသည်။ ပြီးလျှင် သမ္မာတရားနှင့်ညီသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် နေရာတိုင်းနှင့် အရာရာတိုင်းတွင် ဘုရားအလိုဆန္ဒများကို ရှာဖွေကြပြီး ၎င်းတို့၏ လုပ်ဆောင်မှုများတွင် ဘုရားအလိုဆန္ဒများနောက်သို့ လိုက်ကြသည်။ ၎င်းတို့သည် မိုက်မဲပြီး သမ္မာတရားစည်းမျဉ်းများနှင့် မိမိတို့ကိုယ်ကို ပြင်ဆင်ရမည့် နယ်ပယ်အချို့ရှိကောင်းရှိနိုင်သည်။ ဤသည်မှာ ၎င်းတို့ကို စဉ်ဆက်မပြတ် ကြီးထွားတိုးတက်ဖို့ တောင်းဆိုသည်။ ဤသို့ တွေ့ကြုံခြင်းသည် ၎င်းတို့က ရိုးသားနိုင်သည်၊ အမျှော်အမြင်ရှိပြီး၊ ဘုရားရည်ရွယ်ချက်များနှင့် လုံးဝ ကိုက်ညီနိုင်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် လှည့်စားသောသူများသည် ဤသို့မဟုတ်ပေ။ ၎င်းတို့သည် စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်နေထိုင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြကြသည်။ သို့တိုင်အောင် ၎င်းတို့က ထိုသို့လုပ်ဆောင်ရာတွင် အခြားလူများအနေဖြင့် ၎င်းတို့အပေါ် အသုံးချဖို့ တစ်စုံတစ်ခုကို ရှာတွေ့သွားနိုင်သည်ကိုလည်း ကြောက်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် တုံ့ပြန်သည့်အနေဖြင့် ကောက်ကျစ်ပြီး လှည့်စားသော လှည့်ကွက်များကို အသုံးပြုကြသည်။ ၎င်းတို့သည် အရာရာတိုင်း ပေါ်လွင်သွားမည့်အချိန်ကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မုသားများကို လုပ်ကြံပြောဆိုပြီး ၎င်းတို့ကို ဖုံးဖိရန်အတွက် တတ်နိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုကြသည်။ ဟာကွက်တစ်ခု ပေါ်လာသောအခါတွင် ထိုအရာကို ဖြည့်ရန်အတွက် မုသားများထပ်၍ ပြောကြသည်။ အစဉ်သဖြင့် လိမ်ညာပြီး ၎င်းတို့၏ မုသားများကို ဖုံးဖိနေရသည်။ ယင်းမှာ ပင်ပန်းဖွယ်ကောင်းသည့် အသက်ရှင်ခြင်းနည်းလမ်း မဟုတ်လော။ ၎င်းတို့သည် မုသားများကို အကြံထုတ်ကာထိုမုသားများကို ဖုံးဖိရန်အတွက် အစဉ် ဦးနှောက်ခြောက်ခံ စဉ်းစားကြရသည်။ ယင်းမှာ အလွန်ပင် ပင်ပန်းဖွယ်ရာဖြစ်သည်။ ယင်းမှာ မုသားများ ဖန်တီးပြီး ထိုမုသားများကို ဖုံးဖိဖို့အတွက် ၎င်းတို့၏ နေ့ရက်များကို ကုန်ဆုံးရသော လှည့်စားသောသူများသည် အလွန်ပင်ပန်းနွမ်းနယ်ပြီး နာကျင်သောဘဝများရှိသည့် အကြောင်းရင်းဖြစ်သည်။ သို့ရာတွင် ရိုးသားသောသူများမှာ ကွဲပြားခြားနား၏။ ရိုးသားသူတစ်ယောက်အနေဖြင့် ပြောဆို၊ ပြုမူသောအခါတွင် ထည့်သွင်းစဉ်းစားစရာများစွာမရှိပေ။ အခြေအနေအများစုတွင် ရိုးသားသူသည် အမှန်အတိုင်းသာ ပြောနိုင်သည်။ အထူးကိစ္စတစ်ခုခုက ၎င်းတို့၏ အကျိုးစီးပွားနှင့် သက်ဆိုင်သောအခါတွင်မှသာ ၎င်းတို့၏ စိတ်ကို အနည်းငယ်ပို၍ အလုပ်လုပ်ရသည်။ ၎င်းတို့သည် ၎င်းတို့၏ အကျိုးစီးပွားများကို ကာကွယ်ရန်၊ ၎င်းတို့၏ ဘဝင်မြင့်ခြင်းနှင့် မာနကို ထိန်းသိမ်းရန် လိမ်ညာကောင်းလိမ်ညာနိုင်သည်။ ဤလိမ်ညာမှု အမျိုးအစားများသည် နည်းပါးသည်။ ထို့ကြောင့် ရိုးသားသူများအတွက် ပြောဆိုပြုမူခြင်းသည် အလွန်ပင်ပန်းနွမ်းနယ်ခြင်းမရှိပေ။ လှည့်စားသူများ၏ ရည်ရွယ်ချက်များသည် ရိုးသားသူများထက်ပို၍ များစွာရှုပ်ထွေးသည်။ ၎င်းတို့၏ ထည့်သွင်းစဉ်းစားမှုများသည် ရှုထောင့်များစွာပါဝင်နေသည်။ ၎င်းတို့သည် ၎င်းတို့၏ သိက္ခာ၊ ၎င်းတို့၏ ဂုဏ်၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့ကို ထည့်သွင်းစဉ်းစားရသည်။ ပြီးလျှင် ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရမည်ဖြစ်သည်။ ဤအရာအားလုံးပါဝင်ပြီး အခြားလူများအား မည်သည့်အားနည်းချက်ကိုမျှ မြင်ခွင့်မပေးရပေ၊ သို့မဟုတ် လှည့်ကွက်က မပေါ်လွင်သွားရပေ။ ထို့ကြောင့် မုသားများ စိတ်ကူးရရန်အတွက် ဦးနှောက်ခြောက်ခံစဉ်းစားရသည်။ ထို့အပြင် လှည့်စားသောသူများသည် ကြီးမားသော၊ လွန်ကဲသော ဆန္ဒများနှင့် များစွာသော တောင်းဆိုမှုများရှိကြသည်။ ၎င်းတို့သည် ၎င်းတို့၏ ပန်းတိုင်များကို ရရှိရန်အတွက် နည်းလမ်းများကို ဖန်တီးရသည်။ ထို့ကြောင့် ၎င်းတို့သည် ဆက်လက်ပြီး လိမ်ညာကာ လှည့်စားရသည်။ ပြီးလျှင် ၎င်းတို့သည် မုသားများကို ပို၍ပြောသည်နှင့်အမျှ မုသားများကို ပို၍ ဖုံးဖိဖို့ လိုလာသည်။ ထို့အတွက်ကြောင့် လှည့်စားသူ၏ အသက်တာသည် ရိုးသားသူတစ်ယောက်၏ အသက်တာထက် အလွန်ပို၍ ပင်ပန်းဖွယ်၊ နာကျင်ဖွယ်ဖြစ်ခြင်းဖြစ်သည်။ လူအချို့သည် အတော်အတန် ရိုးသားသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားနိုင်လျှင်၊ မည်သည့်မုသားများကို ၎င်းတို့ ပြောခဲ့သည်ဖြစ်စေ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်လျှင်၊ ၎င်းတို့ လုပ်ဆောင်ခဲ့သည့် လှည့်စားမှုက မည်သည့်အရာဖြစ်စေ ထိုအရာကို အသိအမှတ်ပြုလျှင်၊ ထိုလှည့်စားမှုကို ပိုင်းခြားစိစစ်ပြီး နားလည်ဖို့ရန်အတွက် ဘုရားနှုတ်ကပတ်တော်အရ ကြည့်လျှင်၊ ဆက်လက်၍ ပြောင်းလဲဖို့ လုပ်ဆောင်လျှင် ၎င်းတို့သည် နှစ်အနည်းငယ်ထက်ပို၍ မကြာဘဲ ၎င်းတို့၏ လိမ်ညာမှု၊ လှည့်စားမှုများစွာကို ဖယ်ရှားနိုင်လိမ့်မည်။ ထို့နောက်တွင် ၎င်းတို့သည် အခြေခံအားဖြင့် ရိုးသားသောသူများဖြစ်လာလိမ့်မည်။ ဤသို့ အသက်ရှင်ခြင်းသည် ၎င်းတို့အား နာကျင်မှု၊ ပင်ပန်းမှုမှ လွတ်မြောက်စေရုံမကဘဲ ၎င်းတို့ကို ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းကိုလည်း ယူဆောင်ပေးသည်။ ကိစ္စရပ်များစွာတွင် ၎င်းတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ဘဝင်မြင့်ခြင်း၊ မာနတို့၏ ချုပ်ချယ်မှုမှ လွတ်မြောက်မည်ဖြစ်ပြီး လွတ်လပ်ကာ ချုပ်ချယ်မှုကင်းသော ဘဝကို အလိုအလျောက် အသက်ရှင်နေထိုင်ရလိမ့်မည်။ သို့ရာတွင် လှည့်စားသူများသည် ၎င်းတို့၏ ပြောဆို၊ ပြုမူမှုများနောက်ကွယ်တွင် အစဉ်သဖြင့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များရှိကြသည်။ ၎င်းတို့သည် သူတစ်ပါးတို့ကို အထင်အမြင်မှားစေကာ လှည့်ဖြားရန်အတွက် မုသားမျိုးစုံကို လုပ်ကြံပြောဆိုကြသည်။ ၎င်းတို့ ဖော်ထုတ်ခြင်းခံရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ မုသားများကို ဖုံးဖိဖို့ နည်းလမ်းများ စဉ်းစားကြသည်။ ဤသို့၊ ထိုသို့ အလွန်အမင်းစိတ်ဆင်းရဲလျက်၊ ၎င်းတို့သည်လည်း ၎င်းတို့၏ ဘဝများက ပင်ပန်းဖွယ်ရာဖြစ်သည်ဟု ခံစားကြရသည်။ ၎င်းတို့ ကြုံတွေ့သည့် အခြေအနေတိုင်းတွင် မုသားများစွာကို ပြောရခြင်းမှာ ပင်ပန်းဖွယ်ရာဖြစ်နေပြီ ဖြစ်သည်။ ထို့နောက်တွင် ထိုမုသားများကို ဖုံးဖိရသည်မှာ ပို၍ပင် ပင်ပန်းဖွယ်ရာဖြစ်သည်။ ၎င်းတို့ ပြောသမျှတိုင်းသည် ရည်မှန်းချက်ပန်းတိုင်တစ်ခုကို ရရှိရန် ရည်ရွယ်သည်။ ထို့ကြောင့် ၎င်းတို့ပြောသည့် စကားတိုင်းတွင် စိတ်ပိုင်းဆိုင်ရာ အားအင်များစွာ အသုံးပြုရသည်။ ပြီးလျှင် ၎င်းတို့ စကားပြောပြီးသွားသောအခါ သင်က ၎င်းတို့အား ရိပ်စားမိမည်ကို ၎င်းတို့ ကြောက်သောကြောင့် ၎င်းတို့၏ မုသားများကို ဖုံးကွယ်ဖို့ ဦးနှောက်ခြောက်ခံစဉ်းစားရသည်။ သင့်အား အလျှော့မပေးဘဲ ရှင်းလင်းပြရသည်။ ၎င်းတို့သည် သင့်အား လိမ်ညာနေခြင်း၊ လှည့်စားနေခြင်းမဟုတ်၊ ၎င်းတို့သည် လူကောင်းများဖြစ်သည် ဆိုသည်ကို သင် လက်ခံယုံကြည်အောင် ကြိုးစားရသည်။ လှည့်စားသောသူများသည် ဤအရာများကို လုပ်ဆောင်တတ်ကြသည်။ လှည့်စားသောသူနှစ်ယောက် အတူတကွရှိလျှင် လျှို့ဝှက်ကြံစည်မှု၊ သဘောထားကွဲလွဲမှု၊ ကြံစည်မှုများရှိရန် သေချာသည်။ ရှည်လျားရှုပ်ထွေးသော ငြင်းခုံမှုက မည်သည့်အခါမျှ ဆုံးမည်မဟုတ်ဘဲ ရလဒ်အနေဖြင့် ပိုပို၍ မုန်းတီးလာကြပြီး၊ မဟာရန်ဘက်များဖြစ်လာကြသည်။ သင်သည် လှည့်စားသူတစ်ယောက်နှင့်အတူရှိသော ရိုးသားသူတစ်ယောက်ဖြစ်လျှင် ဤအပြုအမူများသည် အသေအချာပင် သင့်အား ရွံရှာစေလိမ့်မည်။ ၎င်းတို့သည် ရံဖန်ရံခါသာ ဤသို့ လုပ်ဆောင်လျှင် လူတိုင်းက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိပြီး ဤသို့သောအရာများကို ရှောင်ရန် ခက်ခဲသည်ဟု သင်ဆိုလိမ့်မည်။ သို့သော် ၎င်းတို့သည် တစ်ချိန်လုံး ဤသို့ လုပ်ဆောင်လျှင် သင်သည် ဤနည်းလမ်းများကြောင့် အထူးပင် စက်ဆုပ်လိမ့်မည်ဖြစ်ကာ ယင်းတို့ကို ရွံရှာလိမ့်မည်။ သင်သည် ၎င်းတို့၏ ထိုဘက်ခြမ်းနှင့် ၎င်းတို့တွင်ရှိသော ရည်ရွယ်ချက်များကို စက်ဆုပ်လိမ့်မည်။ သင်သည် ထိုသို့သော အတိုင်းအတာတစ်ခုထိ စက်ဆုပ်လာသောအခါ ၎င်းတို့ကို မုန်းကာ ငြင်းပယ်နိုင်လိမ့်မည်။ ဤသည်မှာ အလွန်ပင် ပုံမှန်ဖြစ်သောအရာဖြစ်သည်။ ၎င်းတို့သည် နောင်တရပြီး ပြောင်းလဲမှုအချို့မပြလျှင် ဆက်ဆံ၍ မရနိုင်ပေ။

သင်တို့ အဘယ်သို့ ထင်သနည်း။ ဘဝသည် လှည့်စားသောသူများအတွက် ပင်ပန်းနွမ်းနယ်ဖွယ်ဖြစ်သည် မဟုတ်သလော။ ၎င်းတို့သည် မုသားများပြောလျက်၊ ထိုမုသားများကို ဖုံးဖိရန် မုသားများကို ထပ်၍ပြောလျက်၊ လှည့်စားမှုများကို လုပ်ဆောင်လျက်ဖြင့် ၎င်းတို့၏ အချိန်အားလုံးကို ကုန်ဆုံးကြသည်။ ဤပင်ပန်းမှုကို ၎င်းတို့အပေါ်သို့ ၎င်းတို့ကိုယ်တိုင် ယူဆောင်လာကြခြင်းဖြစ်သည်။ ဤသို့အသက်ရှင်ခြင်းသည် ပင်ပန်းဖွယ်ရာဖြစ်သည်ကို ၎င်းတို့သိသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် လှည့်စားလိုဆဲဖြစ်ပြီး ရိုးသားရန် ဆန္ဒမရှိသနည်း။ ဤမေးခွန်းကို သင်တို့ စဉ်းစားကြည့်ဖူးသလော။ ဤသည်မှာ လူတို့သည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏ လှည့်စားခြင်းကို ခံရခြင်း၏ အကျိုးဆက်ဖြစ်သည်။ ထိုအရာ၎င်းတို့ကို ဤအသက်တာမျိုး၊ ဤစိတ်သဘောထားမျိုးကို ဖယ်ရှားခြင်းအား ပိတ်ပင်တားဆီးထားသည်။ လူတို့သည် ဤသို့ လှည့်စားခံရခြင်းကို လက်ခံရန်၊ ဤသို့ အသက်ရှင်ရန် လိုလားကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အလင်းလမ်းကြောင်းကို မလျှောက်လိုကြပေ။ ဤသို့ အသက်ရှင်ခြင်းသည် ပင်ပန်းဖွယ်ရာဖြစ်ပြီး ဤသို့ ပြုမူခြင်းသည် မလိုအပ်ဟု သင်ထင်သည်။ သို့သော် လှည့်စားသောသူများက လုံးဝ လိုအပ်သည်ဟု ထင်ကြသည်။ ထိုသို့မလုပ်ဆောင်ခြင်းက ၎င်းတို့ကို အရှက်ရစေမည်၊ ၎င်းတို့၏ ပုံရိပ်၊ ၎င်းတို့၏ ဂုဏ်၊ ၎င်းတို့၏ အကျိုးစီးပွားကိုလည်း ထိခိုက်စေမည်၊ များစွာ ဆုံးရှုံးရစေမည်ဟု ၎င်းတို့ ထင်ကြသည်။ ဤအရာများကို ၎င်းတို့ တန်ဖိုးထားကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ပုံရိပ်၊ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းကို တန်ဖိုးထားကြသည်။ ဤသည်မှာ သမ္မာတရားကို မချစ်သောသူများ၏ သရုပ်မှန်ဖြစ်သည်။ အတိုချုပ်အားဖြင့် ဆိုရလျှင် လူတို့သည် ရိုးသားလိုစိတ်၊ သို့မဟုတ် သမ္မာတရားအား လက်တွေ့လုပ်ဆောင်လိုစိတ်မရှိသည့်အခါ၊ ဤသည်မှာ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် ဂုဏ်နှင့် အဆင့်အတန်းကဲ့သို့သော အရာများကို တန်ဖိုးထားသည်။ လောကီရေပန်းစားသောအရာများနောက်သို့ လိုက်လိုပြီး စာတန်၏ တန်ခိုးအာဏာအောက်တွင် အသက်ရှင်လိုကြသည်။ ဤသည်မှာ ၎င်းတို့ သဘာဝ၏ ပြဿနာဖြစ်သည်။ ယခုတွင် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့သောလူများ၊ တရားဒေသနာများစွာကို ကြားနာခဲ့သောလူများ၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် မည်သည့်အရာကိုဆိုလိုသည်ကို သိသောလူများရှိကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သေးသကဲ့သို့ အနည်းငယ်မျှပင် မပြောင်းလဲကြသေးပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သမ္မာတရားကို ၎င်းတို့ မချစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားအနည်းငယ်ကို နားလည်လျှင်ပင် ၎င်းတို့သည် ထိုသမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သေးပေ။ ထိုသို့သော လူများအတွက် ဘုရားသခင်အား နှစ်မည်မျှ ယုံကြည်သည်ဖြစ်စေ အချည်းနှီးဖြစ်လိမ့်မည်။ သမ္မာတရားအား မချစ်သောသူများသည် ကယ်တင်ခြင်းခံရနိုင်သလော။ လုံးဝ မဖြစ်နိုင်ပေ။ သမ္မာတရားအား မချစ်ခြင်းသည် မိမိ၏ စိတ်နှလုံးတွင်ရှိသော၊ မိမိ၏ သဘာဝတွင်ရှိသော ပြဿနာတစ်ခုဖြစ်သည်။ ယင်းကို ဖြေရှင်း၍ မရနိုင်ပေ။ လူတစ်ယောက်သည် သူ၏ ယုံကြည်ခြင်းတွင် ကယ်တင်ခြင်းခံရနိုင်ခြင်းရှိမရှိဟူသည်မှာ အဓိကအားဖြင့် သူသည် သမ္မာတရားအား ချစ်မချစ်ဟူသည့်အပေါ်တွင် မူတည်သည်။ သမ္မာတရားကို ချစ်သောသူတို့သာ သမ္မာတရားကို လက်ခံနိုင်သည်။ ၎င်းတို့သာ သမ္မာတရားအတွက် ဆင်းရဲဒုက္ခကို ဖြတ်သန်းနိုင်ပြီး အဖိုးအခပေး ပေးဆပ်နိုင်သည်။ ၎င်းတို့သာ ဘုရားသခင်ကို ဆုတောင်းပြီး သူ့ကို အမှီပြုနိုင်သည်။ ၎င်းတို့သည်သာ သမ္မာတရားကို ရှာနိုင်ပြီး ၎င်းတို့၏ အတွေ့အကြုံများမှတစ်ဆင့် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ကာ သိမြင်နိုင်သည်။ ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ရန်အတွက် သတ္တိရှိနိုင်သည်။ ပြီးလျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုနှင့် ဘုရားသခင်အား နာခံခြင်းကို ရရှိနိုင်သည်။ သမ္မာတရားကို ချစ်သောသူတို့သာ ဤနည်းလမ်းဖြင့် သမ္မာတရားကို လိုက်စားနိုင်သည်။ ကယ်တင်ခြင်းလမ်းကြောင်းကို လျှောက်နိုင်ပြီး ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်သည်။ ဤအရာမှလွဲ၍ အခြားလမ်းကြောင်းမရှိပေ။ သမ္မာတရားကို မချစ်သောသူတို့အတွက် သမ္မာတရားကို လက်ခံရန် အလွန်ခက်ခဲသည်။ ဤသည်မှာ ၎င်းတို့၏ သဘောသဘာဝအရ သမ္မာတရားကို မနှစ်မြို့ဘဲ မုန်းတီးသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အား အာခံခြင်း၊ မကောင်းမှုလုပ်ဆောင်ခြင်းကို ရပ်တန့်လိုလျှင် ထိုသို့လုပ်ဆောင်ရန် ၎င်းတို့အတွက် အလွန်ခက်ခဲလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ပြီး နတ်ဆိုးများ၊ ဘုရားသခင်၏ ရန်သူများ ဖြစ်နေပြီဖြစ်သောကြောင့်ပင်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်သည်။ နတ်ဆိုးများ၊ သို့မဟုတ် စာတန်ကို မကယ်တင်ပေ။ လူအချို့က “ကျွန်ုပ်သည် သမ္မာတရားကို အမှန်ပင် နားလည်သည်။ လက်တွေ့မလုပ်ဆောင်နိုင်ခြင်းသာ ဖြစ်သည်။ အဘယ်သို့ ကျွန်ုပ် လုပ်ဆောင်သင့်သနည်း” ဟူသကဲ့သို့သော မေးခွန်းများကို မေးသည်။ ဤသည်မှာ သမ္မာတရားကို မချစ်သောသူတစ်ယောက်ဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားကို မချစ်လျှင် သမ္မာတရားကို နားလည်လျှင်ပင် လက်တွေ့မလုပ်ဆောင်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စိတ်နှလုံးတွင် ထိုသို့လုပ်ဆောင်လိုစိတ်မရှိဘဲ သမ္မာတရားကို မနှစ်သက်သောကြောင့်ဖြစ်သည်။ ဤသို့သောသူသည် ကယ်တင်ခြင်းခံရဖို့ မဖြစ်နိုင်ပေ။ လူအချို့က “ကျွန်ုပ်အတွက် ရိုးသားသူတစ်ယောက်ဖြစ်ခြင်းအားဖြင့် များစွာ ဆုံးရှုံးသည်ဟု ထင်ရသည်။ ထို့ကြောင့် ရိုးသားသူတစ်ယောက် ကျွန်ုပ် မဖြစ်ချင်ပါ။ လှည့်စားသောသူများသည် မည်သည့်အခါမျှ ဆုံးရှုံးခြင်းမရှိ။ အခြားလူများထံမှ အခွင့်အကောင်းယူခြင်းအားဖြင့် အကျိုးအမြတ်ပင် ရရှိသည်။ ထို့ကြောင့် ကျွန်ုပ်သည် လှည့်စားသူသာ ဖြစ်လိုသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ အတွင်းရေးကိစ္စကို အခြားလူများအား သိစေဖို့၊ အခြားလူများအား ကျွန်ုပ်ကို သဘောပေါက်စေဖို့၊ နားလည်စေဖို့ မလိုလားပေ။ ကျွန်ုပ်၏ ကံကြမ္မာသည် ကျွန်ုပ်၏ ကိုယ်ပိုင်လက်ထဲတွင် ရှိသင့်သည်” ဟူ၍ ပြောကြသည်။ ရသည်။ ဤသို့ဆိုလျှင် စမ်းကြည့်လော့။ အဆုံးတွင် မည်သို့သော အဆုံးသတ်မျိုးကို သင်ရောက်ရှိသည်ကို ကြည့်လော့။ အဆုံးတွင် မည်သူက ငရဲကျပြီး မည်သူက အပြစ်ဒဏ်ခံရသည်ကို ကြည့်လော့။

သင်တို့သည် ရိုးသားလိုစိတ်ရှိသလော။ ဤမိတ်သဟာယကို ကြားနာပြီးနောက်တွင် မည်သည့်အရာကို လုပ်ဆောင်ရန် သင်တို့ စီစဉ်သနည်း။ ရှေးဦးစွာ မည်သည့်အရာဖြင့် အစပြုမည်နည်း။ (မလိမ်ညာခြင်းအားဖြင့် အစပြုမည်။) ဤသည်မှာ လက်တွေ့လုပ်ဆောင်ရန် မှန်ကန်သောနည်းလမ်းဖြစ်သည်။ သို့သော် မလိမ်ညာခြင်းသည် မလွယ်ကူပေ။ လူတို့၏ လိမ်ညာမှုများနောက်ကွယ်တွင် မကြာခဏပင် ရည်ရွယ်ချက်များရှိတတ်သည်။ သို့သော် လိမ်ညာမှုအချို့၏ နောက်ကွယ်တွင် မည်သည့်ရည်ရွယ်ချက်မျှမရှိသကဲ့သို့ တမင်သက်သက် စီစဉ်ထားခြင်းလည်းမရှိပေ။ ထိုအစား ယင်းတို့သည် အလိုအလျောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုသို့သော မုသားများသည် ဖြေရှင်းရန် လွယ်ကူသည်။ ဖြေရှင်းရန် ခက်ခဲသော မုသားများမှာ နောက်ကွယ်တွင် ရည်ရွယ်ချက်များရှိသော မုသားများဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤရည်ရွယ်ချက်များသည် လူတစ်ယောက်၏ သဘာဝမှ ထွက်ပေါ်လာပြီး စာတန်၏ လှည့်စားမှုကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်။ ယင်းတို့သည် လူတို့ တမင်ရွေးချယ်သော ရည်ရွယ်ချက်များဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားကို မချစ်လျှင် ဇာတိပကတိကို ပုန်ကန်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ဘုရားသခင်ကို ဆုတောင်းပြီး အမှီပြုသင့်သည်။ ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည်။ သို့သော် လိမ်ညာခြင်းကို တစ်ကြိမ်တည်းနှင့် အပြီး ဖြေရှင်းမရနိုင်ပေ။ ရံဖန်ရံခါ ထပ်မံဖြစ်ပေါ်ခြင်းနှင့် များစွာ ထပ်မံဖြစ်ပေါ်ခြင်းပင် ရှိလိမ့်မည်။ ဤသည်မှာ ပုံမှန်အခြေအနေဖြစ်သည်။ သင်ပြောသည့် မုသားတစ်ခုချင်းစီတိုင်းကို သင်ဖြေရှင်းသရွေ့၊ ဤအရာကို အမီလိုက်ပြီး လုပ်ဆောင်သရွေ့ ထိုမုသားများအားလုံးကို သင်ဖြေရှင်းပြီးဖြစ်သည့် နေ့ရက်ကို ရောက်လာမည်ဖြစ်သည်။ လိမ်ညာမှုကို ဖြေရှင်းခြင်းသည် ရှည်လျားသော စစ်ပွဲဖြစ်သည်။ မုသားတစ်ခု ပွင့်အန်ထွက်လာသောအခါတွင် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး ဘုရားသခင်ထံ ဆုတောင်းလော့။ နောက်ထပ် မုသားတစ်ခု ထွက်လာသောအခါ နောက်တစ်ဖန် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး ဘုရားသခင်ထံ ဆုတောင်းလော့။ ဘုရားသခင်အား သင် ဆုတောင်းလေလေ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မုန်းတီးလေလေဖြစ်လိမ့်မည်ဖြစ်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားကို အသက်ရှင်နေထိုင်ရန် သင် တောင့်တလေလေဖြစ်လိမ့်မည်။ ဤသို့ဖြင့် သင်သည် မုသားများကို စွန့်ပစ်ရန် အားအင်ရှိလိမ့်မည်။ ဤသို့သော အတွေ့အကြုံနှင့် လက်တွေ့လုပ်ဆောင်သည့် အချိန်တစ်ခု ကြာပြီးနောက်တွင် သင်၏ မုသားများသည် များစွာပို၍ နည်းပါးလာသည်ကိုလည်းကောင်း၊ သင်သည် များစွာပို၍ စိတ်အေးလက်အေး အသက်ရှင်ရသည်ကိုလည်းကောင်း၊ သင်သည် လိမ်ညာဖို့၊ သို့မဟုတ် သင်၏ မုသားများကို ဖုံးဖိဖို့ မလိုတော့သည်ကိုလည်းကောင်း မြင်နိုင်လိမ့်မည်။ သင်သည် တစ်ရက်ပြီးတစ်ရက် စကားများစွာ မပြောဆိုကောင်း မပြောဆိုနိုင်သော်လည်း စကားတိုင်းက စိတ်နှလုံးမှ လာမည်ဖြစ်ပြီး မှန်ကန်လိမ့်မည်။ မုသား အလွန်နည်းလိမ့်မည်။ ထိုသို့ အသက်ရှင်ခြင်းက မည်သို့ ခံစားရမည်နည်း။ လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းမည်မဟုတ်လော။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သင့်ကို ဘောင်ခတ်မည်မဟုတ်ဘဲ သင်သည် ယင်း၏ ချည်နှောင်ခြင်းကို ခံရမည်မဟုတ်ပေ။ သင်သည် အနည်းဆုံးအနေဖြင့် ရိုးသားသူတစ်ယောက်ဖြစ်ခြင်း၏ ရလဒ်များကို စတင်မြင်တွေ့လိမ့်မည်။ အထူးအခြေအနေများကို သင် ကြုံတွေ့ရသောအခါတွင် သင်သည် တစ်ခါတစ်ရံတွင် သေးငယ်သော မုသားတစ်ခု ပြောထွက်မိမည်မှာ အမှန်ပင်ဖြစ်၏။ သင်သည် အန္တရာယ်ကြုံတွေ့ရသောအချိန်၊ သို့မဟုတ် ဒုက္ခတစ်မျိုးမျိုး ကြုံတွေ့ရသောအချိန်၊ သို့မဟုတ် သင်၏ ဘေးကင်းမှုကို ထိန်းသိမ်းလိုသော အချိန်များရှိကောင်းရှိနိုင်သည်။ ထိုအချိန်များတွင် မလိမ်ညာဘဲမနေနိုင်ပေ။ သင်သည် ဘုရားကို ဆုတောင်းပြီး “ကျွန်ုပ်တွင် မုသားများနှင့် လှည့်စားမှုများ ရှိနေသေးသည်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ကျွန်ုပ်ကို ဘုရားသခင် အပြီးအပိုင် ကယ်တင်တော်မူပါ” ဟူ၍ ပြောသင့်သည်။ လူတစ်ယောက်သည် ဉာဏ်ပညာကို တမင် ကျင့်သုံးနေလျှင် ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြခြင်းအဖြစ် ယူဆ၍မရပေ။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ရန်အတွက် တွေ့ကြုံရမည့်အရာဖြစ်သည်။ ဤနည်းအားဖြင့် သင်၏ မုသားများသည် ပို၍ အစဉ် နည်းပါးလာလိမ့်မည်။ ယနေ့တွင် သင်သည် မုသားဆယ်ခုပြောသည်မ။ မနက်ဖြန်တွင် ကိုးခုပြောကောင်းပြောနိုင်သည်။ ထိုနေ့ပြီးနောက်တွင် ရှစ်ခုပြောမည်။ နောက်ပိုင်းတွင် နှစ်ခု၊ သုံးခုသာ ပြောလိမ့်မည်။ သင်သည် အမှန်တရားကို ပိုပို၍ ပြောလိမ့်မည်။ ရိုးသားသူတစ်ယောက်ဖြစ်ရန် သင် လက်တွေ့လုပ်ဆောင်မှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သူ၏ တောင်းဆိုချက်များ၊ သူ၏ စံနှုန်းများနှင့် အစဉ်ပို၍ နီးစပ်လာလိမ့်မည်။ ဤသည်မှာ မည်မျှကောင်းလိမ့်မည်နည်း။ ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ရန် သင်သည် လမ်းကြောင်းတစ်ခုရှိရမည်။ ဦးတည်ချက်တစ်ခုရှိရမည်။ မုသားပြောဆိုသည့် ပြဿနာကို အရင်ဦးဆုံး ဖြေရှင်းလော့။ ဤမုသားများကို သင်ပြောဆိုခြင်းနောက်ကွယ်ရှိ အနှစ်သာရကို သိရမည်။ ဤမုသားများကို ပြောဆိုရန် မည်သည့်ရည်ရွယ်ချက်နှင့် အကြောင်းရင်းများက တွန်းအားပေးသည်၊ ဤရည်ရွယ်ချက်များကို သင်အဘယ်ကြောင့် စိတ်စွဲနေသည်၊ ၎င်းတို့၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်တို့ကို စိတ်ဖြာလေ့လာရမည်။ ဤပြဿနာအားလုံးကို သင်ရှင်းလင်းသွားသောအခါတွင် လိမ်ညာခြင်းပြဿနာကို သင် လုံးလုံးလျားလျား မြင်တွေ့ပြီးဖြစ်လိမ့်မည်။ သင့်အပေါ်သို့ တစ်စုံတစ်ခု ကျရောက်သောအခါ သင်သည် လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများရှိလိမ့်မည်။ ဤသို့ ဆက်လက်၍ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံလျှင် သင်သည် သေချာပေါက် ရလဒများကို မြင်တွေ့ရလိမ့်မည်။ တစ်ရက်တွင် သင်က ပြောလိမ့်မည်။ “ရိုးသားရသည်မှာလွယ်ကူသည်။ လှည့်စားခြင်းက အလွန်ပင်ပန်းသည်။ ကျွန်ုပ်သည် လှည့်စားသောသူ မဖြစ်လိုတော့ပေ။ မည်သည့်မုသားများကို ပြောရမည်၊ ကျွန်ုပ်၏ မုသားများကို မည်သို့ ဖုံးကွယ်ရမည်ကို အစဉ် စဉ်းစားမနေလိုတော့ပေ။ ဤသည်မှာ စိတ်ရောဂါတစ်ခု ရှိနေသည့် သူတစ်ယောက်ကဲ့သို့ ရှေ့နောက်မညီ ပြောဆိုနေခြင်းဖြစ်ပြီး ‘လူသား’ ဟုခေါ်ဆိုဖို့ မထိုက်တန်သည့် သူတစ်ယောက်ကဲ့သို့ဖြစ်သည်။ ဤသို့သော ဘဝမျိုးသည် ပင်ပန်းသည်။ ကျွန်ုပ်သည် ဤသို့ အသက်မရှင်လိုတော့ပေ။”ဟု ဖြစ်သည်။ ဤအချိန်တွင် သင်၌ အမှန်တကယ် ရိုးသားဖို့ မျှော်လင့်ချက်ရှိလိမ့်မည်။ ဤသည်မှာ သင်သည် ရိုးသာသူတစ်ယောက်ဖြစ်ရန် အခြေအနေတိုးတက်နေပြီဖြစ်သည်ကို သက်သေပြလိမ့်မည်။ ဤသည်မှာ ထိုးဖောက်ကျော်လွှားမှုတစ်ခုဖြစ်သည်။ စတင်၍ လက်တွေ့လုပ်ဆောင်သောအခါတွင် ရိုးသားသောစကားများကိုပြောပြီး မိမိကိုယ်ကို ဖွင့်ချပြပြီးနောက်တွင် အရှက်ရမည့်သူအချို့ရှိနိုင်သည်မှာ မှန်သည်။ သင်၏ မျက်နှာသည် နီမြန်းပြီး သင်သည် အရှက်ရလိမ့်မည်။ အခြားလူများက ရယ်မောလှောင်ပြောင်မည်ကို သင် ကြောက်ရွံ့လိမ့်မည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဘုရားသခင်ထံဆုတောင်းပြီး သင့်အား ခွန်အားပေးရန် တောင်းဆိုခြင်းကိုသာ လုပ်ဆောင်ရမည်။ သင်က “အို ဘုရားသခင်၊ ကျွန်ုပ်သည် ရိုးသားသူတစ်ယောက်ဖြစ်လိုပါသည်။ သို့သော် ကျွန်ုပ်အမှန်အတိုင်းပြောသောအခါ လူတို့က ကျွန်ုပ်အား ရယ်မောလှောင်ပြောင်ကြမည်ကို ကျွန်ုပ်ကြောက်ရွံ့သည်။ ကျွန်ုပ်၏ စာတန်ဆန်သော စိတ်သဘောထား၏ ချည်နှောင်မှုမှ ကျွန်ုပ်ကို ကယ်တင်ရန် ကိုယ်တော့်အား ကျွန်ုပ်တောင်းဆိုပါသည်။ ကျွန်ုပ်အား ကိုယ်တော်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေပါ။ လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းစေပါ” ဟု ပြောလော့။ ဤသို့ သင်ဆုတောင်းသောအခါ သင်၏ စိတ်နှလုံးတွင် ပို၍ အားတက်လာလိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် ပြောလိမ့်မည်။ “ဤအရာကို လက်တွေ့လုပ်ဆောင်ရသည်မှာ ကောင်းသည်။ ယနေ့ သမ္မာတရားကို ငါလက်တွေ့လုပ်ဆောင်ပြီးပြီ။ နောက်ဆုံးတွင် ငါသည် တစ်ကြိမ်တစ်ခါ ရိုးသားသူတစ်ယောက် ဖြစ်ခဲ့သည်”ဟု ဖြစ်သည်။ ဤသို့ သင်ဆုတောင်းသောအခါ ဘုရားသခင်က သင့်ကို ဉာဏ်အလင်းဖွင့်ပြလိမ့်မည်။ ဘုရားသခင်က သင်၏ စိတ်နှလုံးတွင် စတင်အလုပ်လုပ်လိမ့်မည်။ ဘုရားသခင်သည် သင့်ကို တို့ထိပြီး ရိုးသားသောသူဖြစ်ခြင်းသည် မည်သို့ခံစားရသည်ဆိုသည်ကို သင့်ကို အသိအမှတ်ပြုခွင့်ပေးသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည့်နည်းလမ်းဖြစ်သည်။ အစပိုင်းတွင် သင့်၌ လမ်းကြောင်းရိမည်မဟုတ်ပေ။ သို့သော် သမ္မာတရားကို ရှာဖွေခြင်းမှတစ်ဆင့် လမ်းကြောင်းတစ်ခုကို သင်တွေ့လိမ့်မည်။ လူတို့က သမ္မာတရားကို ရှာဖွေသောအခါ ၎င်းတို့တွင် သေချာပေါက် ယုံကြည်ခြင်းမရှိပေ။ လမ်းကြောင်းတစ်ခုမရှိခြင်းသည် လူတို့အတွက် ခက်ခဲသည်။ သို့သော် သမ္မာတရားကို ၎င်းတို့ နားလည်ပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းရှိသည်နှင့် ၎င်းတို့၏ စိတ်နှလုံးက ယင်းတွင် ပျော်ရွှင်မှုကို တွေ့ရှိသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နိုင်လျှင် ၎င်းတို့၏ စိတ်နှလုံးသည် သက်သာမှုကို ရှာတွေ့လိမ့်မည်။ လွတ်လပ်ခြင်းနှင့် ချုပ်ချယ်မှုကင်းခြင်းကို ရရှိလိမ့်မည်။ သင့်တွင် ဘုရားသခင်အပေါ် စစ်မှန်သည့် အသိအချို့ရှိလျှင်၊ ဤလောကတွင် အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။ သင်၏ စိတ်နှလုံးက အလင်းပေးခြင်းခံရမည်။ သင်သည် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ ထို့နောက်တွင် သင်သည် အလုံးစုံ ချုပ်ချယ်မှုကင်းခြင်းနှင့် လွတ်လပ်ခြင်းကို ရရှိလိမ့်မည်။ ဤအချိန်တွင် သင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေခြင်း၊ စစ်မှန်သောသူတစ်ယောက်ဖြစ်ခြင်း၏ အဓိပ္ပာယ်ကို နားလည်လိမ့်မည်။ ဤတွင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းတွင် သင်သည် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ရှိလိမ့်မည်။

ဆောင်းဦးရာသီ၊ ၂၀၀၇ ခုနှစ်

အရှေ့သို့- သမ္မာတရားကို အားထုတ်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်း၏ အရေးပါပုံ

နောက်တစ်ခုသို့- မိမိ၏စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။