မိမိ၏စိတ်သဘောထားပြောင်းလဲခြင်းအပေါ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း
စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည် အဘယ်နည်း။ လူအများစုက ဤအရာကို အတော်လေး နားမလည်ကြပေ။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည် ဘုရားသခင်ကို ယုံကြည်သူများအတွက် အဓိကကျသော ရူပါရုံဖြစ်သည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိခြင်းသည် ရိုးရှင်းသည့် ကိစ္စမဟုတ်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို မခံရသည့် မကြာခင်က ဖန်ဆင်းထားသော လူသားများကို ကယ်တင်နေခြင်းမဟုတ်ဘဲ၊ စာတန်၏ အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သည့်၊ စာတန်ဆန်သော အဆိပ်များနှင့် စာတန်ဆန်သော စိတ်သဘောထားများဖြင့် ပြည့်သည့်လူသားတစ်စု၊ စာတန်နှင့်ပင်တူပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ပုန်ကန်သည့်လူသားတစ်စုကို ကယ်တင်သောကြောင့်ဖြစ်သည်။ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲစေခြင်းသည် ကင်ဆာရောဂါရှိသည့် လူတစ်ဦးကို ကုသခြင်းနှင့်တူသည်။ ယင်းမှာ ရှုပ်ထွေးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည် မဟုတ်လော။ ထိုအရာက ခွဲစိတ်ခြင်း၊ ရေရှည် ဓာတုကုထုံးနှင့် အချိန်ကာလတစ်ခုကြာပြီးနောက် ပြန်လည်ဆေးစစ်ခြင်းတို့ လိုအပ်သည်။ လုပ်ငန်းစဉ်မှာ အမှန်တကယ် ရှုပ်ထွေး၏။ ထို့ကြောင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရိုးရှင်းသည့် ကိစ္စရပ်တစ်ခုအဖြစ် မမှတ်ယူနှင့်။ ထိုအရာသည် လူတို့ စိတ်ကူးသည့် အပြုအမူ သို့မဟုတ် အကျင့်စရိုက်တွင် ပြောင်းလဲခြင်း မဟုတ်ပေ။ လူတို့ စွမ်းဆောင်ရရှိလိုသောကြောင့်သက်သက်ဖြင့် စွမ်းဆောင်ရရှိသည့်အရာတစ်ခု မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များ၌ အလွန်ရှင်းလင်းစွာ ရှင်းပြထားသည့် လုပ်ငန်းစဉ်များဖြစ်သည့် စိတ်သဘောထားပြောင်းလဲမှုတွင် ပါဝင်သော လုပ်ငန်းစဉ်များစွာရှိသည်။ ထို့ကြောင့် ဘုရားသခင်ကို သင် ယုံကြည်လာသည့် ပထမဆုံးနေ့မှစ၍၊ ဘုရားသခင်က လူတို့ကို ကယ်တင်ပုံနှင့် ၎င်းတို့ကို ကယ်တင်ခြင်းအားဖြင့် သူ စွမ်းဆောင်ရရှိလိုသည့် အကျိုးတရားတို့ကို သင် နားလည်ရမည်။ သင်သည် သမ္မာတရားကို လိုက်စားပြီး စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိလိုလျှင်၊ ဘုရားသခင်ကို ယုံကြည်မှုအပေါ် သင်၏ မှားယွင်းသည့် အမြင်များကို သင် ပြောင်းလဲရမည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သင့်အား ကောင်းမွန်စွာ ပြုမူရန်၊ လူကောင်းတစ်ဦး သို့မဟုတ် ဥပဒေလိုက်နာသောလူတစ်ဦးဖြစ်ရန် သို့မဟုတ် အခြားသူတို့၏ လက်ခံမှုကို ရရှိသည့် ကောင်းမွန်သော လုပ်ဆောင်ချက်များစွာကို လုပ်ဆောင်ရန် မတောင်းဆိုပေ။ အတိတ်ကာလတွင်၊ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို လိုက်စားခြင်းက လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်း၊ အပြင်ပန်းတွင် လူသားပုံသဏ္ဍာန်အချို့၊ ယဉ်ကျေးမှုအချို့၊ စိတ်ရှည်ခြင်းအချို့ရှိခြင်း၊ သို့မဟုတ်လျှင် အပေါ်ယံ ဘာသာတရားကိုင်းရှိုင်းမှုနှင့် အခြားလူတို့အတွက် ချစ်ခြင်းမေတ္တာရှိခြင်း၊ အခြားသူတို့ကို ကူညီပြီး၊ ပေးကမ်းစွန့်ကြဲခြင်းကို ဆိုလိုသည်ဟု တွေးထင်ခဲ့ကြသည်။ တစ်နည်းအားဖြင့်၊ လူသား အယူအဆများနှင့် စိတ်ကူးများအတွင်းတွင် လူကောင်းတစ်ဦးဟု ယူဆသည့်အရာဖြစ်ရန် ဖြစ်သည်။ လူတိုင်းတွင် ထိုသို့သော အယူအဆများနှင့် အမှုအရာများ ၎င်းတို့၏ စိတ်နှလုံးများ၌ ရှိကြသည်။ ဤသည်မှာစာတန်ဆန်သော အဆိပ်များနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ယခင်က၊ ဘုရားသခင်ကို ယုံကြည်ခဲ့သည့် မည်သူကမျှ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းပြဿနာကို မရှင်းပြနိုင်ခဲ့ကြပေ။ ၎င်းတို့သည် ယုံကြည်ခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်များနှင့် အကျွမ်းမဝင်ခဲ့ကြ။ ထိုအရာသည် ၎င်းတို့ ပင်ကိုအားဖြင့် နားလည်သည့်အရာ သို့မဟုတ် ခရစ်ယာန်ဘာသာတွင် နှစ်အနည်းငယ် ယုံကြည်ပြီးနောက် နားလည်နိုင်သည့်အရာတစ်ခု မဟုတ်ခဲ့ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့အမှုတော်၏ ဤကဏ္ဍကို မဆောင်ရွက်သေးသောကြောင့် ဖြစ်သကဲ့သို့ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို မိတ်သဟာယဖွဲ့ခြင်းမရှိသေးသောကြောင့်လည်း ဖြစ်သည်။ ထို့ကြောင့် လူများစွာတို့သည် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍၊ ယုံကြည်ခြင်းအား ၎င်းတို့၏ အပေါ်ယံ အပြုအမူများနှင့် ကျင့်ကြံမှုများကို အပြောင်းအလဲအချို့ ပြုလုပ်ခြင်းနှင့် ၎င်းတို့၏ သိသိသာသာ မှားယွင်းသည့် ရှုထောင့်အချို့ကို ပြောင်းလဲခြင်းနှင့်ဆိုင်သည့် ကိစ္စတစ်ခုဖြစ်သည်ဟု ယူဆခဲ့ကြခြင်းဖြစ်သည်။ ယုံကြည်ခြင်းရှိခြင်းသည် သာ၍ ကြီးမားသည့် အခက်အခဲများကို ခါးစီးခံခြင်းအကြောင်းဖြစ်သည်၊ အစားအစာကောင်း စားခြင်း သို့မဟုတ် ဆန်းပြားသော အဝတ်အစားများကို ဝတ်ဆင်ခြင်း မဟုတ်ဟုပင် လူအချို့က ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းက မိမိတို့ဘဝတွင် အခက်အခဲကို ပိုမို သည်းညည်းခံခြင်းနှင့် ကောင်းမွန်သည့်အရာများကို ပို၍နည်းပါးစွာ မွေ့လျော်ခံစားခြင်း၊ ငွေရှိသည့်အခါ ဆင်းရဲသားကို ပေးရန်၊ သို့မဟုတ် ကောင်းမွန်သည့် လုပ်ဆောင်ချက်များကို ပိုမိုလုပ်ဆောင်ပြီး အခြားသူများကို ကူညီရန်သာဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည့် အနောက်တိုင်းနိုင်ငံများရှိ ကက်သလစ် သီလရှင်များကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့ ဘဝများတစ်လျှောက်လုံးတွင်၊ ဆင်းရဲဒုက္ခခံခြင်းအပေါ် အလေးထားခဲ့ကြသည်။ ကောင်းမွန်သည့် မည်သည့်အစားအစာကိုမျှ ၎င်းတို့ မစားခဲ့ကြ။ မည်သည့် အဝတ်အစားကောင်းမျှ မဝတ်ဆင်ခဲ့ကြပေ။ ၎င်းတို့ သေဆုံးသည့်အခါ၊ ၎င်းတို့၏ အဝတ်အစားများသည် ဒေါ်လာအနည်းငယ်သာ တန်ဖိုးရှိခဲ့သည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များကို ကမ္ဘာအနှံ့ သတင်းများတွင် အစီရင်ခံကောင်းအစီရင်ခံပြီး ဖြစ်နိုင်သည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့၏ စိတ်များတွင် ဤကဲ့သို့သော လူများသာ ကောင်းမြတ်ပြီး၊ အကျင့်သီလကောင်းကြောင်း၊ ဤလူများသာ ကောင်းမွန်သည့်အရာများနှင့် ကောင်းမွန်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ပြီးဖြစ်သည်ဟု ဘာသာရေးလောကက ယူဆထားကြောင်း၊ ၎င်းတို့သည်သာ ပြောင်းလဲခြင်း ကြုံရပြီးဖြစ်ကာ ခံယူချက် အမှန်တကယ် ရှိကြကြောင်း ဆိုလိုပေသည်။ ထို့ကြောင့် သင်တို့အားလုံးလည်း ခြွင်းချက်မရှိနိုင်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းက လူကောင်းတစ်ဦး၊ အခြားသူတို့ကို မရိုက်နှက် သို့မဟုတ် မစော်ကားသည့်သူတစ်ဦး၊ မကောင်းသည့် စကားမသုံးသောသူ သို့မဟုတ် မကောင်းသည့်အရာများကို မလုပ်ဆောင်သောသူတစ်ဦး၊ အပြင်ပန်းတွင် လူတို့က ဘုရားသခင်ကို ယုံကြည်သူတစ်ဦးနှင့် ဘုရားသခင်ကို ဘုန်းထင်ရှားစေသူတစ်ဦးအဖြစ် မြင်နိုင်သောသူတစ်ဦးဖြစ်ခြင်းကို ဆိုလိုရမည်ဟု သင်တို့လည်း ယုံကြည်ကောင်းယုံကြည်နေနိုင်သည်။ ဤသည်မှာ ဘုရားသခင်ကို စတင်ယုံကြည်ရုံသာရှိသေးသည့်သူများ ပိုင်ဆိုင်သော စိတ်အခြေအနေတစ်ခု ဖြစ်သည်။ ၎င်းတို့က ဤသည်မှာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုတစ်ခုဖြစ်ကြောင်းနှင့် ဤသည်မှာ ဘုရားသခင်ကို ကျေနပ်စေသည့်လူစားမျိုးဖြစ်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ဤရှုထောင့်အမြင်သည် မှန်ကန်ပါသလော။ မိမိတို့၏ ယုံကြည်ခြင်းတွင် စတင်ရုံသာရှိသေးသည့် လူများတွင်သာ ထိုသို့သော နုံအသည့် အတွေးများရှိကြသည်။ အကြင်သူသည် သမ္မာတရားအချို့ကို နားလည်ပြီးဖြစ်သည်နှင့်၊ ဤအတွေးမျိုးများက မကြာခင် ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။ ဤရှုထောင့်အမြင်က သင်၏ စိတ်နှလုံးတွင် ယခင်က မည်မျှ နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့သည်ဖြစ်စေ၊ ထိုအရာ၏ အမှားများနှင့် သွေဖည်မှုများကို သင်တို့ မဖော်ထုတ်ရသေးပေ။ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ပြီးသည်ဖြစ်စေ၊ ဤမှားယွင်းသော ရှုထောင့်များကို လုံးလုံးလျားလျား မဖြေရှင်းရသေးပေ။ ဤအရာမှ၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်သည်ကို လူအနည်းငယ်ကသာ အမှန်တကယ် နားလည်ကြသကဲ့သို့၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းက မည်သည့်အရာဆိုလိုသည်၊ စစ်မှန်သည့် လူတစ်ဦး မည်သို့ဖြစ်ရမည်၊ မည်သည့်လူစားမျိုးက ဘုရားသခင်ကို ကျေနပ်စေသည် သို့မဟုတ် မည်သည့်လူစားမျိုးကို ဘုရားသခင်က လက်ခံနိုင်ဖွယ်အဖြစ် မြင်ပြီး၊ မည်သည့် လူစားမျိုးကို သူ ရရှိလိုသည်တို့ကို ၎င်းတို့ နားမလည်ကြသည်မှာ သိသာထင်ရှားပေသည်။ ဤအရာများကို သင် နားမလည်လျှင်၊ သင်သည် မှန်ကန်သည့် လမ်းခရီးအပေါ် ခိုင်မာသည့် အခြေခံအုတ်မြစ်တစ်ခု မချခင်းရသေးကြောင်းကို ပြပေသည်။ ထိုလူသားအယူအဆများ၊ စိတ်ကူးများနှင့် ဘက်လိုက်သော အတွေးများသည် သင်၏ တွေးခေါ်မှုနှင့် သင်၏ ရှုထောင့်များကို စိုးမိုးထားဆဲဖြစ်သည်။
လူအချို့က၊ “ကျွန်မ မပြောင်းလဲသေးကြောင်း ခံစားရသည်။ ကျွန်မ၏ ကလေးက မနာခံလျှင် သို့မဟုတ် ကျွန်မ၏ ယောက်ျားက ကျွန်မ မနှစ်သက်သည့်အရာတစ်ခုကို လုပ်လျှင် ကျွန်မ ဒေါသထွက်သည်။ ဘာသာတရားမရှိသူများက ဘုရားသခင်အား မယုံကြည်ကြသည်ကို ကျွန်မ မြင်သည့်အခါ၊ သူတို့ကို ကျွန်မ မုန်းတီးသည်။ ဤသည်တို့မှာ ဖောက်ပြန်ပျက်စီးခြင်း၏ ထုတ်ဖော်ပြမှုများနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု ကင်းမဲ့ခြင်း ဖြစ်နေသေးသည် မဟုတ်လော”ဟု ပြောကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ (မမှန်ပါ။) ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာ မှားနေသနည်း။ ထိုအရာက အပြင်ပန်း အပြုအမူကိုသာ အာရုံစိုက်ပေသည်။ ငါ့ကို ပြောလော့၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းအကြောင်းကို ဘုရားသခင် ပြောဆိုသည့်အခါ၊ လူတစ်ဦး၏ အကျင့်စရိုက် သို့မဟုတ် စိတ်နေသဘောထားရှိ ပြောင်းလဲမှုတစ်ခုကို သူ ဆိုလိုသလော။ လုံးဝ မဟုတ်ပေ။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းမှာ အကျင့်စရိုက်တွင် ပြောင်းလဲခြင်းသာဖြစ်သည်ဟု လူအချို့က ယုံကြည်ပြီး၊ အထူးသဖြင့် စိတ်ရှည်ကာ ဒေါသမထွက်ဖူးခြင်းက စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းဖြစ်သည်ဟု တွေးထင်ကြသော်လည်း ဤသည်မှာ ကြီးလေးသည့် အမှားတစ်ခုဖြစ်သည်။ လူအများစုသည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း ကိစ္စရပ်ကို ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ ၎င်းတို့အနေဖြင့် ဘုရားသခင်နှင့် သာ၍ ရင်းနှီးကာ အချို့သော နယ်ပယ်များတွင် သူနှင့် သဟဇာတဖြစ်နိုင်ကြကြောင်းနှင့် မိမိတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီသည့်အရာများကို ကြုံရသည့်အခါ ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိကြသကဲ့သို့ ဒေါသထွက်ကြသော်လည်း၊ နောက်ပိုင်းတွင် ဤအရာကို ၎င်းတို့ ဆင်ခြင်သုံးသပ်နိုင်သည်နှင့်အမျှ၊ ထိုအရာကို သိရှိလာကာ ဘုရားသခင်ထံ ဆုတောင်းကာ နောင်တရနိုင်ကြသည်နှင့်အမျှ၊ ဤသည်မှာ ၎င်းတို့ ပြောင်းလဲပြီးဖြစ်ကြောင်းဆိုလိုသည်ဟု တွေးထင်ကြသည်။ ဤအပြောင်းအလဲမျိုးက စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုကို ကိုယ်စားပြုသည်ဟု သင်တို့ ထင်ကြသလော။ ဤအခြေအနေမျိုးကို သင်တို့ မည်သို့ ပိုင်းခြားသိမြင်ကြမည်နည်း။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုတွင် မည်သည့်အရာ လိုအပ်သနည်း။ မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးသူတစ်ဦးတွင် မည်သည့် အခြေအနေများနှင့် သရုပ်သကန်များ ဖြစ်ပွားသနည်း။ (စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုမှာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်း၊ ကျွန်ုပ်တို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိရှိလာခြင်း၊ အမှုအရာများအပေါ် ကျွန်ုပ်တို့၏ အမြင်များကို ပြောင်းလဲခြင်းနှင့် ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို တဖြည်းဖြည်း စွမ်းဆောင်ရရှိခြင်းဖြစ်ပါသည်။ ထိုအရာမှာ မည်သည့်အခါတွင်မျှ ဒေါသမထွက်လာခြင်း သို့မဟုတ် မကြာခဏ ဒေါသထွက်မှု လျော့နည်းသွားရန်အလို့ငှာ မိမိတို့ကိုယ်ကို ချုပ်တည်းနိုင်ခြင်း မဟုတ်ပါ။ ဤသည်မှာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့် ဘာမျှပတ်သက်ခြင်း မရှိပါ။) ဤသည်မှာ အတော်အတန် ဖြူစင်သည့် သိနားလည်မှုတစ်ခု ဖြစ်သည်။ သင်တို့ကို ငါ ပထမဆုံး မေးခွန်းတစ်ခု မေးမည်ဖြစ်ပြီး ထိုအရာနှင့်ပတ်သက်၍ သင်တို့ တွေးဆနိုင်သည်။ သင်၏ စိတ်သဘောထားသည် ပြောင်းလဲပြီးဖြစ်ကာ သမ္မာတရားကို သင်နားလည်ပါက၊ အမှုအရာများအပေါ် သင်၏ အမြင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်လိမ့်မည်။ အမှုအရာများအပေါ် သင်၏ အမြင်သည်ဘုရားသခင်နှင့် သဟဇာတ ဖြစ်သည့်အခါ၊ သင်သည် ဖောက်ပြန်ပျက်စီးသည့်လူ့သဘာဝနှင့် သဟဇာတဖြစ်ဦးမည်လော။ သင် သဟဇာတဖြစ်မည် မဟုတ်ပေ။ သင်၏ စိတ်နှလုံးတွင် စာတန်များနှင့် နတ်ဆိုးများကို သင် မုန်းတီး နိုင်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို အတိုက်အခံလုပ်ကာ သစ္စာဖောက်သည့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အပေါ် ဆန့်ကျင်ခြင်း၊ အလွန်အမင်းမနှစ်မြို့ခြင်းနှင့် စက်ဆုပ်ခြင်းတို့ကို ခံစားရလိမ့်မည်။ သင်သည် အပျက်သဘောဆောင်သည့် အရာမျိုးစုံကို စက်ဆုပ်နိုင်လိမ့်မည်၊ နတ်ဆိုးများနှင့် သက်ဆိုင်သောသူများကို အပေါင်းအသင်းလုပ်ဖို့ သင် သာ၍ပင် လိုလားလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင် ချစ်သည့်အရာကို ချစ်ကာ ဘုရားသခင် မုန်းသည့်အရာကို မုန်းနိုင်လိမ့်မည်။ ဤသည်တို့မှာ သမ္မာတရားကို သိနားလည်ခြင်းအားဖြင့် စွမ်းဆောင်ရရှိသည့် ရလဒ်များ ဖြစ်သည်။ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိနိုင်ပြီး၊ သင်၏ ကိုယ်ပိုင် သဘာဝ အနှစ်သာရကို ရိပ်စားမိနိုင်လျှင်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဘုံအနှစ်သာရကို သင် ရိပ်စားမိနိုင်လိမ့်မည်ဖြစ်ကာ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် ထိုဖောက်ပြန်ပျက်စီးသော လူသားများကို အလိုအလျောက် စက်ဆုပ်နိုင်လိမ့်မည်။ ၎င်းတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်များကို သင် မြင်သည့်အခါ၊ ၎င်းတို့နှင့် အပေါင်းအသင်းလုပ်ရန် သင် လိုလားလိမ့်မည်မဟုတ်ဘဲ ၎င်းတို့ကို စက်ဆုပ်ကာ ငြင်းပယ်မိလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် လူ့ဇာတိခံယူခြင်းအပေါ် ဘာသာရေးလောက၏ အရူးအမူး ရှုတ်ချခြင်းနှင့် သမ္မာတရားအပေါ် ၎င်းတို့၏ အစွန်းရောက်သော မုန်းတီးခြင်းနှင့် စက်ဆုပ်ခြင်းတို့ကို သင် မြင်သည့်အခါ၊ ဤအန္တိခရစ် အင်အားစုများကို သင် အလိုအလျောက် စက်ဆုပ်ကာ လုံးဝ ငြင်းပယ်လိမ့်မည်။ သင်သည် သမ္မာတရားကို အစစ်အမှန် သိနားလည်ပြီး ဘုရားသခင်ကို သိရှိလျှင်၊ ဘုရားသခင်ကို ရန်လိုသောသူများ၊ ဘုရားသခင်ကို ပုန်ကန်၊ စွန့်ပယ်ပြီး သစ္စာဖောက်သောသူများကို သင် အလိုအလျောက် စက်ဆုပ်လိမ့်မည်။ ထိုလူများနှင့် သင် အဘယ်သို့ သဟဇာတဖြစ်နိုင်ဦးမည်နည်း။ ထို့ကြောင့် သင်၏ အသက်စိတ်သဘောထား ပြောင်းလဲပြီးဖြစ်လျှင်၊ အထူးသဖြင့် ဘာသာတရားမရှိသူများနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်သည့်သူအားလုံးကို သင် ရွံရှာကာ စက်ဆုပ်မိလိမ့်မည်။ သို့ရာတွင် ငါတို့သည် လတ်တလောတွင် ဖောက်ပြန်ပျက်စီးသော လူသားများကြား အသက်ရှင်ကြသောကြောင့်၊ သည်းညည်းခံကာ ဉာဏ်ပညာကို အခြေပြု၍ အသက်ရှင်ရုံသာတတ်နိုင်သည်။ သမ္မာတရားကို ငါတို့ နားလည်ကာ ငါတို့၏ စိတ်သဘောထားများ ပြောင်းလဲသောကြောင့်သက်သက်ဖြင့် ၎င်းတို့ကို ငါတို့ ပစ်ပယ်ကာ ခပ်ကင်းကင်း နေ၍မရ၊ ၎င်းတို့ကို လျစ်လျူရှု၍မရ သို့မဟုတ် ခိုက်ရန်ဖြစ်ပွား၍မရပေ။ ဤအရာများကို ငါတို့ မလုပ်ဆောင်ရ၊ ငါတို့ အမြော်အမြင်ရှိရမည်။ သင်တို့ အတော်လေး နားမလည်သေးသည့် နောက်ထပ် ကိစ္စတစ်ခု ရှိသေး၏။ သင်တို့ထဲမှ အချို့က စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကိုလည်းကောင်း၊ ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကိုလည်းကောင်း ဒေါသစိတ် လုံးဝမရှိခြင်းနှင့် နတ်ဆိုးများနှင့် စာတန်များအပေါ်ပင်လျှင် နူးညံ့သိမ်မွေ့ကာ ကြင်နာပြီး ဖော်ရွေစွာပြုံးပြခြင်းဖြစ်ကြောင်း၊ ဤသည်မှာ စိတ်သဘောထား၌ ပြောင်းလဲခြင်းတစ်ခုဖြစ်ကြောင်း တွေးထင်ကြသည်။ ဤသည်မှာ မှန်ကန်သော သိနားလည်မှု ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ ဆိုးရွားသော သိနားလည်မှုတစ်ခု ဖြစ်သည်။ သို့သော် အဘယ်ကြောင့် မမှန်သနည်း။ ဘုရားသခင်က လူတို့ကို ကယ်တင်လိုပြီး၊ နှုတ်ကပတ်တော်များစွာ ပြောဆိုကာ အမှုများစွာ လုပ်ဆောင်ပြီးဖြစ်သော်လည်း၊ သူသည် လူတို့အား မည်သည့် လူစားမျိုး ဖြစ်လာစေချင်သနည်း။ သူသည် လူတို့အား မိမိ၏ အတွေးများက သမ္မာတရား၏ ဦးဆောင်လမ်းပြခြင်းခံရသည့်၊ ဘဝတွင် သမ္မာတရားကို မိမိတို့၏ ဆောင်ပုဒ်အဖြစ် ယူသည့်သူများ ဖြစ်လာစေချင်သည်။ သူသည် ၎င်းတို့အား လေဖြတ်သည့် အခြေအနေတွင်ရှိသော လူတစ်ဦးကဲ့သို့ ဒေါသစိတ် သို့မဟုတ် ပုံမှန် စိတ်ခံစားမှုများ မရှိစေရန် အလိုရှိဖို့မဆိုထားနှင့်၊ နုံအသော လူတစ်ဦးကဲ့သို့ အတွေးကင်းမဲ့မည်ကိုပင် အလိုမရှိပေ။ သူသည် ၎င်းတို့အား သမ္မာတရားကို နားလည်ပြီး သူ၏ နှုတ်ကပတ်တော်များကို နားထောင်ကာ သူ့ကို ကျိုးနွံနာခံနိုင်သည့် လူတစ်ဦး၊ သူ ချစ်သည့်အရာကို ချစ်ပြီး သူ မုန်းသည့်အရာကို မုန်းသည့်၊ သူ နှစ်သက်သည့်အရာကို နှစ်သက်ပြီး၊ သူ စက်ဆုပ်သည့်အရာကို စက်ဆုပ်ကာ ငြင်းပယ်သည့် ပုံမန်လူတစ်ဦး ဖြစ်လာစေချင်သည်။ ယခုတွင် လူတို့၏ စိတ်သဘောထားများ၌ ဘုရားသခင် ပြောင်းလဲစေချင်သည့်အရာကို သင်တို့ ရှင်းလင်းသင့်ပေသည်။ ဘုရားသခင်သည် အလွန်များသည့် နှုတ်ကပတ်တော်များကို ပြောဆိုပြီး အလွန်များသည့် သမ္မာတရားများကို ဖော်ပြပြီးဖြစ်သည်။ သူသည် သူ၏ နှုတ်ကပတ်တော်များဖြင့် လူတို့ကို ကယ်တင်ကာ လူတိုင်းကို ပြောင်းလဲချင်သည်။ ဘုရားသခင်က သူ စုံလင်စေသည့်လူများအား မည်သည့် ပုံသဏ္ဍာန် ရှိစေလိုသည့်အကြောင်းကို သင်တို့ တွေးဖူးကြသလော။ ညီအစ်ကို မောင်နှမများစွာက၊ “အချိန်ကာလအတော်ကြာ ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ပြီးဖြစ်သော်လည်း၊ အပြင်ပန်း ကိစ္စရပ်များ၏ ဘောင်ခတ်ခြင်းကို ကျွန်ုပ် ခံနေရဆဲဖြစ်သည်”ဟု ပြောသည်ကို ငါ ကြားသည်။ ညီအစ်မအချို့က၊ “ဘာသာတရားမရှိသူများ ဝတ်ဆင်နေသည်ကို ငါ မြင်ရသည့် အဝတ်အစားများကို ငါ ဝတ်ဆင်လိုပြီး လှပစွာ ဝတ်စားဆင်ယင်သည်ကို ငါ မြင်ရသူတိုင်းအား နောက်ထပ် အနည်းငယ် ကြည့်ချင်သည်”ဟု ပြောကြသည်။ ညီအစ်ကို အချို့က၊ “ကြွယ်ဝသော၊ ချမ်းသာသော မိသားစုများကို ကျွန်ုပ်မြင်ပြီး၊ ကျွန်ုပ်လည်း ငွေရှာချင်သည်။ လှပသည့် မိန်းကလေးတစ်ဦးကို ကျွန်ုပ်မြင်သည့်အခါ၊ သူ့ကို နောက်ထပ် ကြည့်ချင်ပြီး၊ ကျွန်ုပ်ကို သဘောမကျစေသည့် မည်သည့်အရာကိုမဆို မြင်သည့်အခါတိုင်း ဒေါသထွက်ချင်သည်။ ကျွန်ုပ်၏ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် မပြောင်းလဲသေးသကဲ့သို့ အမှုအရာများ ကျွန်ုပ်အပေါ် ကျရောက်သည့်အခါ၊ ကျွန်ုပ်၏ စိတ်ကူးကို အမြဲ အထိန်းအကွပ်မဲ့စေသည်။ ဤအရာများကို ကျွန်ုပ် အဘယ်သို့ ထိန်းချုပ်နိုင်မည်နည်း။ မည်သည့်အချိန်တွင် ကျွန်ုပ် ပြောင်းလဲနိုင်လိမ့်မည်နည်း”ဟု ပြောကြသည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်သည်ကို သင်တို့ နားမလည်ကြကြောင်း ငါ့ကို ပြောစေသည်မှာ ဤအယူအဆများဖြစ်သည်။ သင်တို့သည် သင်တို့၏ အပြုအမူ၊ သင်တို့၏ အပြင်ပန်း လုပ်ရပ်များနှင့် သင်တို့ ဒေါသစိတ်၊ အကျင့်စရိုက်တို့အရသာ သင်တို့ကိုယ်သင်တို့ ချုပ်ထိန်းနေကြသည်။ ဤသို့ဖြင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် မဖြစ်နိုင်ပေ။ သင်တို့ လွတ်လပ်စွာ စကားမပြောသင့် သို့မဟုတ် သင်တို့၏ စိတ်ခံစားမှုများ ပြချင်သည့်အခါ မပြသင့် သို့မဟုတ် ဒေါသမထွက်သင့်၊ စသဖြင့် မည်သည့် ဘုရားနှုတ်ကပတ်တော်များက ပြောသနည်း။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော် ပြောသည့်အရာ ဖြစ်သလော။ သူ၏ နှုတ်ကပတ်တော်များက လူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရအကြောင်း များစွာ ထုတ်ဖော်ပြပြီး၊ လူတို့အား မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သို့သတိပြုမည်၊ ယင်းတို့ကို မည်သို့စွန့်ပယ်ကာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိရမည်၊ စာတန်၏စွမ်းအားအောက်မှ လွတ်လာပြီးနောက် ဘုရားသခင်၏ သတ်မှတ်ချက်များကို အခြေခံ၍ ပြုမူဆောင်ရွက်ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီကာ ထိုအလိုတော်ကို ဖြည့်ဆည်းသည့် တစ်စုံတစ်ဦး မည်သို့ဖြစ်လာရမည်ကိုသာ ပြောပြပေသည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုက မည်သည့်အရာဖြစ်သည်ဟူသည့် ကိစ္စကို သင် နားလည်သည်နှင့်တစ်ပြိုင်နက်၊ ဤအပြင်ပန်းလုပ်ရပ်များအပေါ် သင် ရေးကြီးခွင့်ကျယ်လုပ်လိမ့်ဦးမည်လော။ ဤအပြင်ပန်း အရေးကိစ္စအားလုံးနှင့် သင် ငြိတွယ်နေလိမ့်ဦးမည်လော။ (ငြိတွယ်မည်မဟုတ်ပါ။) စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်သည်ကို သင် နားမလည်လျှင်၊ ထိုအရာ၏ အနှစ်သာရကို သင် မည်သည့်အခါတွင်မျှ သဘောပေါက်လိမ့်မည်မဟုတ်၊ သို့မဟုတ် ထိုအရာကို စွမ်းဆောင်ရရှိလိမ့်မည် မဟုတ်ပေ။ အထူးသဖြင့်၊ ဘာသာတရားမှ ပြောင်းလဲပြီးဖြစ်သည်မှာ မကြာသေးသည့်သူတို့ထဲမှ အချို့အတွက်၊ ဘုရားသခင်၌ ယုံကြည်မှုအပေါ် ၎င်းတို့၏ အမြင်များသည် ဘာသာတရားနှင့်ဆိုင်သည့် စိတ်ကူးများနှင့် အယူအဆများမှ မပြောင်းလဲသေးပေ။ ၎င်းတို့သည် ဝိညာဉ်ရေးပြည့်ဝသည့်၊ ဘုရားတရားကိုင်းရှိုင်းသည့်၊ နှိမ့်ချပြီး၊ စိတ်ရှည်သည့် လူတစ်ဦး၊ ချစ်ခင်ဖွယ်ရာ လူ့အကြိုက်လိုက်သူတစ်ဦးနှင့် ကောင်းသော ရှမာရိတစ်ဦးဖြစ်ရန် ကြိုးစားနေကြဆဲဖြစ်သော်လည်း၊ ဤသည်မှာ ဆိုးရွားသည့် အမှားတစ်ခု ဖြစ်သည်။ သင်သည် ဤဝိညာဉ်ရေးရာပြည့်ဝသည့် လူစားမျိုးနှင့် လူ့အကြိုက်လိုက်သူဖြစ်ရန် ကြိုးစားလျှင်၊ ဝိညာဉ်ရေး သိနားလည်မှုမရှိသည့်သူတစ်ဦး ဖြစ်သည်။ လူ့အကြိုက်လိုက်သူတစ်ဦးသည် သမ္မာတရားကို နားလည်နိုင်သလော။ ၎င်းတို့သည် မိမိကိုယ်ကို သိသည့်အသိ စွမ်းဆောင်ရရှိပြီး၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်သလော။ သေချာပေါက် မလုပ်နိုင်ပေ။ လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ရန် ကြိုးစားသည့်လူများသည် သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည်မဟုတ်၊ မိမိတို့ကိုယ်ကို မည်သည့်အခါတွင်မျှ သိရှိကာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိနိုင်လိမ်မ့ည်မဟုတ်ကဲ့သို့ ဘုရားသခင်၏ အသိအမှတ်ပြုမှုကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို သင် စွမ်းဆောင်ရရှိလိုလျှင်၊ ပထမဦးစွာ ထိုအရာက မည်သည့်အရာဖြစ်ပြီး၊ ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်မှုနှင့် ကျိုးနွံနာခံခြင်းတို့က မည်သည့်အရာဖြစ်သည်ကို နားလည်ရမည်။ ထို့နောက်တွင်မှ သမ္မာတရား လိုက်စားသည့် လမ်းကြောင်းပေါ် သင် အစပြုနိုင်လိမ့်မည် ဖြစ်သည်။
စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက ဘာသာဓလေ့များ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲမှုများတွင် မတည်ရှိသကဲ့သို့ မိမိ၏ အပြင်ပန်း သွင်ပြင် သို့မဟုတ် အပြင်ပန်း အပြုအမူ၊ အကျင့်စရိုက် သို့မဟုတ် စိတ်တို့ ပြောင်းလဲမှုများတွင် သာ၍ မတည်ပေ။ ထိုအရာသည် ထိုင်းသော ပင်ကိုစရိုက်မှ ဉာဏ်သွက်သော ပင်ကိုစရိုက် သို့မဟုတ် အပြန်အလှန် ပြောင်းလဲစေခြင်းအကြောင်း မဟုတ်သကဲ့သို့၊ အနေအေးသူတစ်ဦးကို အနေသွက်သူတစ်ဦးအဖြစ်သို့ သို့မဟုတ် စကားများသူတစ်ဦးကို စကားနည်းသောသူတစ်ဦးအဖြစ်သို့ ပြောင်းလဲစေခြင်းအကြောင်း မဟုတ်ပေ။ ဤသည်မှာ နည်းလမ်းမဟုတ်။ ဤသည်မှာ ဘုရားသခင်၏ သတ်မှတ်ချက်များမှ အလွန် ခြားနားကာ အလွန် အလှမ်းဝေးနေပေသည်။ တစ်စုံတစ်ဦးက ဘုရားသခင်ကို စတင် ယုံကြည်သည့်အခါ၊ သမ္မာတရားကို နားမလည်သောကြောင့်၊ မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း အမှုအရာများကို အမြဲ လုပ်ဆောင်ကြသည်။ ဤအရာက ၎င်းတို့တွင် မှန်သည့်လမ်းကြောင်းမှ လမ်းလွဲခြင်းနှင့် စစ်မှန်သည့် မည်သည့်အရာမျှ မရရှိဘဲ မိမိတို့အချိန်၏ အချို့သော နှစ်ကာလများကို ဖြုန်းတီးမိသည့် အကျိုးဆက်ဖြစ်ပေါ်သည်။ ထိုအချိန်တွင်၊ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှု၌ သမ္မာတရား လိုက်စားသည့် လမ်းကြောင်း လျှောက်သင့်ကြောင်း ၎င်းတို့ မသိကြပေ။ ဤအတွက်ကြောင့် ၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း၌ အရေးအကြီးဆုံးက ကယ်တင်ခြင်း ရရှိရန် သမ္မာတရား သိနားလည်ခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းဖြစ်ကြောင်းနှင့် ဤသည်မှာ အရေးအပါဆုံးသောအရာဖြစ်ကြောင်း ၎င်းတို့ သဘောမပေါက်မီတွင် နှစ်အချို့ကြာ မှားယွင်းသည့်လမ်းချိုးများကို လျှောက်ကြသည်။ ထို့နောက်တွင်မှ ၎င်းတို့သည် ဘုရားသခင် ပြောဆိုသည့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည် အပြင်ပန်း အပြုအမူ ပြောင်းလဲခြင်းများကို မရည်ညွှန်းကြောင်းနှင့် ထိုအစား ဘုရားသခင်က လူတို့အား မိမိတို့ကိုယ်ကိုနှင့် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အနှစ်သာရတို့ကို သိနားလည်ရန်၊ လူ၏ သဘာဝ အနှစ်သာရကို သိနားလည်ခြင်းနှင့် စပ်လျဉ်း၍ အားထုတ်ကာ ဖြစ်ကြောင်းရင်းမြစ်ကို ရှာရန်အပြင်၊ ထို့နောက်တွင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပယ်ရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး၊ ဘုရားသခင်ကို ကျိုးနွံနာခံကာ ကိုးကွယ်နိုင်ရန် တောင်းဆိုသည်။ ဤသည်မှာ မိမိ၏ အသက်စိတ်သဘောထား ပြောင်းလဲခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ ယခုတွင် သင်တို့သည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုတစ်ခုမျှမရှိဘဲ ဘုရားသခင်ကို နှစ်ချီ ယုံကြည်ခဲ့ရသည့် အကြောင်းရင်းနောက်ကွယ်ရှိ ဖြစ်ကြောင်းရင်းမြစ်ကို သင်တို့ သိကြပြီလော။ ယင်းမှာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်သည်ကို သင် နားမလည်သကဲ့သို့ လူတို့ကို ကယ်တင်ခြင်းအားဖြင့် မည်သည့် ရလဒ်များနှင့် စံနှုန်းများအား ဘုရားသခင် စွမ်းဆောင်ရရှိလိုသည်ကို သင် မသိသောကြောင့် ဖြစ်သည်။ လူအချို့က သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို လက်ခံမည်မဟုတ်ဘဲ၊ “စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာ ဖြစ်သည်ကို ကျွန်ုပ် သိသော်လည်း၊ မိမိကိုယ်ကို မထိန်းချုပ်နိုင်ခြင်းသာ ဖြစ်သည်။ ကျွန်ုပ် လုပ်ဆောင်လိုသည့်အရာများနှင့် မှန်သည်ဟု ထင်သည့်အရာများကို ကျွန်ုပ် အမြဲ လုပ်ဆောင်သည်”ဟု ပြောကောင်းပြောနိုင်သည်။ ယေဘုယျအားဖြင့် သင် မည်သို့ ဖွဲ့ဆိုသည်ဖြစ်စေ၊ ဤသို့ စကားပြောဆိုပုံပြောဆိုနည်းက စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်သည်ကို သင် နားမလည်သေးကြောင်း သက်သေပြပေသည်။ ထို့ကြောင့် သင်သည် အယူအဆနှင့် စိတ်ကူးမျိုးစုံ ဖြစ်ပေါ်ခြင်း ဖြစ်သည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို သာ၍ ပြောဆိုလေ၊ ထိုအရာက သင်နှင့် အလှမ်းဝေးလေဖြစ်သည်၊ ထိုအရာက သင်နှင့် အလှမ်းဝေးသည်ဟု ခံစားရလေဖြစ်ပြီး ထိုအရာကို သင် သာ၍ စံမီပုံမရလေ ဖြစ်သည်။ ထိုစိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့် လူသားမျိုးနွယ်၏ သဘာဝ အနှစ်သာရကို ထုတ်ဖော်ပြခြင်းတို့အား သာ၍ ဆွေးနွေးလေ၊ သင်၏ စိတ်သဘောထားက လုံးဝ မပြောင်းလဲသေးသကဲ့သို့ သင် ဆက်ကြိုးစားရမည်ဖြစ်ကြောင်း သာ၍ပင် သင်တို့ မခံစားရသလော။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းအကြောင်းကို သင်တို့အား ငါ အဘယ်ကြောင့် မေးသနည်း။ အမှန်တွင်၊ သင်တို့ မဖြေနိုင်မည်ကို ငါ သိ၏။ လူအချို့က၊ “အို ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် အမှုအရာများကို ခက်ခဲအောင် လုပ်နေခြင်းသာ မဟုတ်လော။ ကျွန်ုပ်တို့ မဖြေနိုင်သည်ကို ကိုယ်တော်သိလျှင် အဘယ်ကြောင့် ကျွန်ုပ်တို့ကို မေးသနည်း”ဟု ပြောကြလိမ့်မည်။ ငါသည် သင်တို့အတွက် အမှုအရာများကို ခက်အောင် လုပ်နေခြင်းမဟုတ်။ ငါ မေးသည့် မေးခွန်းတိုင်းနှင့်ပတ်သက်၍ သင်တို့ နှလုံးသွင်းလိမ့်မည်ဟု ငါ မျှော်လင့်သည်။ ငါ မိတ်သဟာယပြုသည့် စာကြောင်း သို့မဟုတ် အကြောင်းအရာတိုင်းကို တွေးရုံမျှမတွေးဘဲ ယင်းတို့ကို သင် နားလည်ပုံရသည်နှင့် ထိုကိစ္စရပ်ကို သေချာချင့်ချိန်စဉ်းစားကြလော့။ ယခုတွင် ငါ မိတ်သဟာယပြုသည့် စာကြောင်းတိုင်းနှင့် အကြောင်းအရာကဏ္ဍတိုင်းသည် အနာဂတ်တွင် သင် ဖြတ်သန်းရမည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ထိုအရာ၏ မည်သည့်အစိတ်အပိုင်းကိုမျှ ချန်လှပ်ထား၍ မရသကဲ့သို့၊ ဤသည်တို့မှာ သင်တို့ အခြေခံအားဖြင့် မပိုင်ဆိုင်ကြသည့်အရာများသာ ဖြစ်သည်။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကို သုံးသပ်ကာ သင်တို့ စိတ်နှလုံးများတွင် လူ့အယူအဆများနှင့် စိတ်ကူးများ တစ်ခုတလေ ရှိမရှိဟူသည်ကို ဆန်းစစ်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် သင်တို့ကို ငါ တောင်းဆို၏။ ဘုရားသခင်ကို ယုံကြည်မှုအား သင်၏ချဉ်းကပ်နည်းတွင် လူသား အယူအဆတစ်ခုတလေ သို့မဟုတ် မှားယွင်းသည့် အတွေးများနှင့် စိတ်ကူးများ တစ်ခုတလေ ရှိမရှိကို သင် သေချာစွာ သုံးသပ်သင့်သည်။ အမှန်တွင်၊ လူတို့အားလုံး၌ မိမိတို့ကိုယ်ပိုင် စိတ်များနှင့် အတွေးများရှိပြီး၊ ဘုရားသခင်ကို ယုံကြည်မှုနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များက ခြွင်းချက်မဟုတ်ပေ။ ထို့ကြောင့် ဤအတွေးများနှင့် အယူအဆများ၏ အနှစ်သာရကို သင် ဆန်းစစ်ရမည်။ ယခု၊ ငါတို့၏ စုဝေးပွဲများတွင် ဘာသာရေးလောက၌ လူတို့ လုပ်ဆောင်သကဲ့သို့ လုပ်ရိုးလုပ်စဉ်များကို ငါတို့ မဖြတ်သန်းကြပေ။ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း၊ တရားဒေသနာများကို နားထောင်ခြင်းနှင့် ထိုမျှသာဖြစ်သည်။ ထိုအရာမှာ ထိုမျှရိုးရှင်းနိုင်သလော။ မရိုးရှင်းနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ငါတို့ ယခု ဆွေးနွေးကြသည့် အကြောင်းအရာများသည် လူသား အကြောင်းအရာများအားလုံးထဲတွင် အမြင့်မားဆုံးဖြစ်ပြီး၊ အခြားမည်သည့်အရာမဆိုထက် သာ၍ အရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် ငါတို့ ယခု ပြောဆိုသည့် အကြောင်းအရာများသည် လူသားမျိုးနွယ်၏ အနာဂတ် ခရီးပန်းတိုင်နှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသော ဘုရားသခင်က လူအတွက် ရှိထားသည့် သတ်မှတ်ချက်များနှင့် သက်ဆိုင်သောကြောင့်ဖြစ်သည်။ ဤအကြောင်းအရာ အမျိုးအစားများကို ငါတို့ လေ့လာစူးစမ်းကြပြီး ထိုအရာများနှင့်ပတ်သက်၍ နေ့စဉ် မိတ်သဟာယပြုကြသော်လည်း၊ ယခုတွင်ပင် ယင်းတို့ကို အလွန်ပင် နားမလည်သည့်သူများ ရှိကောင်းရှိနိုင်သည်။ ဤအကြောင်းအရာများနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်း ငါတို့ မပြီးသေးသကဲ့သို့ ယင်းတို့ထဲမှ တစ်ခုကိုမျှ အပြည့်အဝ မဖော်ပြ သို့မဟုတ် ရှင်းပြ၍မရနိုင်ပေ။ ထို့ကြောင့် ဘဝနှင့်ဆိုင်သည့် ကိစ္စရပ်များက လူတို့ စိတ်ကူးသလောက် မရိုးရှင်းပေ။ ထိုအရာမှာ ပိုများသည့် တရားဒေသနာများကို နားထောင်ခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို ပိုဖတ်ရှုခြင်း၊ မှတ်စုများ ပိုမိုပြုလုပ်ခြင်းနှင့် ထို့နောက်တွင် ကျော်ကြားသည့် စကားရပ်အချို့ကို အလွတ်ကျက်မှတ်ခြင်းနှင့် ထိုအရာများကို စုဝေးပွဲများ၌ ညီအစ်ကို မောင်နှမများနှင့် မိတ်သဟာယပြုရန် အသုံးပြုခြင်း ကိစ္စမျှသာ မဟုတ်ပေ။ ထိုမျှ မရိုးရှင်းပေ။ သင်သည် ဘုရားသခင် ပြောဆိုသည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာတိုင်းကို အာရုံစိုက်ရမည်၊ နားလည်ရမည်ဖြစ်ပြီး၊ ဤသည်တို့မှာ ကယ်တင်ခြင်း ရရှိရန် ကြိုးစားသူတိုင်း မိမိတို့ကိုယ်ကို ပြင်ဆင်ရမည့် သမ္မာတရားများလည်း ဖြစ်ပေသည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် ဘုရားသခင်က လူတို့အား အဘယ်ကြောင့် တောင်းဆိုသည်ကို သင် နားလည်လျှင်၊ ဤအရာကို သင်၏ စိတ်နှလုံးတွင် အာရုံစိုက်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားအတွက် ကြိုးပမ်းလိမ့်မည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်သည်ကို သင် ရှင်းလင်းစွာ မမြင်နိုင်လျှင်၊ သင်သည် သမ္မာတရားကို ချစ်လိမ့်မည်မဟုတ်၊ အာရုံစိုက်လိမ့်မည်မဟုတ်။ ပြောင်းပြန်ပင်ဖြစ်သည်။ သင်သည် သမ္မာတရားကို စိတ်ဝင်စားမှုရှိလိမ့်မည် မဟုတ်။ ထို့ကြောင့် ထိုသမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ သမ္မာတရားအတွက် ဆာငတ်သူများကို ဘုရားသခင် ဉာဏ်အလင်းပေးပြီး၊ ထိုသမ္မာတရားကို မလိုက်စားသောသူတို့ထံမှ သူ ပုန်းကွယ်သည်။ သင့်ထံတွင် တောင့်တ၊ ရှာဖွေသည့် စိတ်နှလုံးရှိလျှင်၊ ဘုရားသခင်က သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်၊ သင့်အပေါ် အမှုပြုလိမ့်မည်ဖြစ်ပြီး ဖြည်းဖြည်းချင်း၊ သမ္မာတရား၏ သွင်ပြင်လက္ခဏာအားလုံးကို ရှင်းလင်းစွာ နားလည်စေလိမ့်မည်ဖြစ်သည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့်ဆိုင်သည့် အကြောင်းအရာက အရေးကြီးသည်ဟု သင်တို့ ထင်ကြသလော။ (အရေးကြီးပါသည်။) မုချ အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ယခု သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို နားလည်ရန် အရေးပေါ် လိုအပ်သောကြောင့် ဖြစ်သည်။ သင်တို့တွင် သမ္မာတရား မရှိမည်ကို၊ သင်တို့ မပြောင်းလဲသေးမည်ကိုလည်းကောင်း၊ ကပ်ဘေးများ ရိုက်ခတ်သည့်အခါ စွန့်ပစ်ခံရမည်ကိုလည်းကောင်း သင်တို့ ကြောက်ရွံ့ကြပြီး၊ ကပ်ဘေးများထဲသို့ ကျရောက်ပြီး ထိုအထဲတွင် ဆင်းရဲဒုက္ခခံရမည်ကို သင်တို့ ကြောက်ရွံ့ကြသည်။ လူအချို့သည် ယခု အလွန်နည်းပါးသည့် သမ္မာတရားကို နားလည်ပြီး၊ အနာဂတ်တွင် ဘုရားသခင်က ၎င်းတို့ကို စစ်ဆေးသည့်အခါ ၎င်းတို့သည် ထစ်ငေါ့ကာ ခိုင်မာစွာ မရပ်တည်နိုင်ဘဲ ၎င်းတို့၏ ယခင်အားထုတ်မှုများအားလုံး အချည်းနှီးဖြစ်မည်ကို ကြောက်ရွံ့ကြသည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင့်အမှုတော်၏ နောက်ဆုံးအဆင့်ဖြစ်သောကြောင့်၊ ဤအဆင့်တွင် လူတို့ ကယ်တင်ခြင်း မရနိုင်ပါက၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုက လုံးဝ ကျရှုံးပြီးဖြစ်လိမ့်မည်၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းအသက်တာက ဇာတ်သိမ်းသွားလိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် ၎င်းတို့ ဖျက်ဆီးခံရကြလိမ့်မည်ဖြစ်သည်။
စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို သင် စွမ်းဆောင်ရရှိလိုလျှင်၊ ပထမဦးစွာ ထိုအရာက မည်သည့်အရာဖြစ်သည်ကို သင် နားလည်ရမည်။ လူအချို့က ၎င်းတို့၏ အယူအဆများဖြင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်မည်ကို စိတ်ကူးသည့်အကြောင်းအား ယခုတင် ငါ ပြောဆိုခဲ့ပြီး၊ ဤလူများ၏ ပြောဆိုချက်များနှင့် အမြင်များက မမှန်ကန်ကြောင်း၊ မှားယွင်းပြီး၊ ဘုရားသခင် တောင်းဆိုသည့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့် သဟဇာတမဖြစ်ကြောင်းကို သင်တို့အားလုံး သဘောတူခဲ့ကြသည်။ ဤသို့ဆိုလျှင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို သင်တို့ မည်သို့ နားလည်သင့်ကြသနည်း။ ထိုအရာကို မည်သို့ ရရှိသင့်ကြသနည်း။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို ရရှိခြင်းသည် ရိုးရှင်းသည့် ကိစ္စမဟုတ်ပေ။ သင်သည် ပထမဆုံး ဘုရားနှုတ်ကပတ်တော်များကို စားသောက်ပြီး သဘောပေါက်နားလည်နိုင်သည့်အစွမ်းကို ပိုင်ဆိုင်ရမည်။ ဤအစွမ်းအစကို သင်မပိုင်ဆိုင်လျှင်၊ သမ္မာတရားကို သင် နားလည်နိုင်လိမ့်မည် မဟုတ်၊ သို့မဟုတ် မိမိကိုယ်ကို သိရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ထိုသို့ဖြင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသို့သော ပြောင်းလဲမှုတစ်ခုကို သင် စွမ်းဆောင်ရရှိလိုလျှင်၊ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် အသိရှိရမည်ဖြစ်ပြီး၊ သင်၏ အမျိုးမျိုးသော မှားယွင်းပြီးအဓိပ္ပာယ်မဲ့သည့် အတွေးများ၊ ရှုထောင့်အမြင်များ၊ အပြုအမူများနှင့် သရုပ်သကန်များကို ဘုရားနှုတ်ကပတ်တော်များပေါ် အခြေခံ၍ သိမြင်ရမည်။ သင်၏ အခြေအနေကို ဘုရားနှုတ်ကပတ်တော်နှင့် ယှဉ်ကြည့်ရမည်ဖြစ်ပြီး၊ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို နားလည်လာရမည်ဖြစ်ပြီး ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အနှစ်သာရက ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သစ္စာဖောက်သည့်အရာတစ်ခုဖြစ်ကာ သူ ရွံရှာသည့် အရာတစ်ခုဖြစ်သည်ကို သင် ရှင်းလင်းစွာ မြင်နိုင်ရမည်။ ဤသို့ဖြင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဖယ်ရှားနိုင်လိမ့်မည်ဖြစ်ကာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို တဖြည်းဖြည်း စွမ်းဆောင်ရရှိနိုင်လိမ့်မည်။ ငါ့ကို ပြောလော့၊ လူသားမျိုးနွယ်သည် အလွန် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးပြီးဖြစ်သည်နှင့်အမျှ၊ ၎င်းတို့သည် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများကို လက်မခံလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နားလည်နိုင်ကြလိမ့်မည်လော။ လူသားမျိုးနွယ်၏ နက်နဲသော ဖောက်ပြန်ပျက်စီးခြင်း၏ စစ်မှန်မှုကို ၎င်းတို့ မြင်နိုင်ကြလိမ့်မည်လော။ ဖောက်ပြန်ပျက်စီးသော လူအားလုံးသည် ပညာရေးကို ထောက်ခံကြသည်၊ ၎င်းတို့အားလုံးက အသိပညာကို လက်ခံကာ ပြိုင်ဆိုင်ကြသည့်တိုင်၊ လူ့လောကသည် တရွေ့ရွေ့ ပိုမိုမှောင်မိုက်ပြီး ပိုမိုဆိုးယုတ်နေသည်။ ဤအမှောင်၏ စွမ်းအားမှ လူသားမျိုးနွယ်ကို ကယ်တင်နိုင်သူမှာ အဘယ်သူနည်း။ ထို့ကြောင့် သင်သည် ဘုရားနှုတ်ကပတ်တော်ကို စွန့်ပြီး၊ သူ၏ တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်းတို့ကို လက်မခံလျှင်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိရန်နှင့် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။ လူအချို့က၊ “လူတို့ကို တရားစီရင်ခြင်းနှင့် ဖော်ထုတ်ခြင်းအကြောင်း ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် မဖတ်ချင်ပါ။ အဘယ်ကြောင့်ဆိုသော် ဤအရာများကို ဖတ်ရှုခြင်းက စိတ်နှလုံးကို နာကျင်စေပြီး မသက်မသာဖြစ်စေသည်”ဟု ပြောကြသည်။ ဘုရားနှုတ်ကပတ်တော်များကို ဤသို့ ချဉ်းကပ်ခြင်းအားဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို သိရှိနိုင်ကြလိမ့်မည်လော။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်လော။ လူသားမျိုးနွယ်ကို တရားစီရင်ကာ ပြစ်တင်ဆုံးမသည့် ဘုရားနှုတ်ကပတ်တော်များကို သင် မဖတ်လိုလျှင် ကိစ္စမရှိပေ။ ဘုရားအိမ်တော်တွင် သင့်အတွက် ကြည့်ရှုကာ သင်ယူရန် ဘုရားနှုတ်ကပတ်တော် ဓမ္မတေးသီချင်းများအပြင်၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုများရှိသောကြောင့် ဖြစ်သည်။ ထိုဓမ္မတေးသီးချင်းများကို သင်ယူပြီး အလွတ်ကျက်မှတ်ရန် လွယ်ကူစေသည့် တေးသွားများဖြင့် ပြင်ဆင်ထားသောကြောင့် ထိုဓမ္မတေးများကို သာ၍ သီဆိုလော့။ ဤဘုရားနှုတ်ကပတ်တော် ဓမ္မတေးသီချင်းများကို ဤသို့ သီဆိုရန် သင်ယူခြင်းက ရလဒ်များ ဖြစ်စေလိမ့်မည်ဖြစ်ပြီး၊ ဘုရားနှုတ်ကပတ်တော်အချို့ကို မှတ်မိရန် သင့်အတွက် လွယ်ကူလိမ့်မည်။ ဤနှုတ်ကပတ်တော်များဖြင့် သင်၏ သမ္မာတရား စိတ်ဝင်စားမှုကို လှုံ့ဆော်လော့။ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခြင်းနှင့် ပတ်သက်လာသည့်အခါတွင်ပင် လူတို့၏ စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးရန် လိုအပ်နေသည်။ ငါ့ကို ပြောလော့၊ လူတို့က မိမိတို့၏ စိတ်ဝင်စားမှုကို ဓမ္မတေးသီချင်းများမှတစ်ဆင့် လှုံ့ဆော်ပေးရမည်ဖြစ်သည်မှာ လူသားမျိုးနွယ်က ဘုရားသခင်၏ သတ်မှတ်ချက်များမှ မည်မျှ ခြားနားနေလေသနည်း။ ဤအရာက လူသားမျိုးနွယ်သည် သမ္မာတရားကို အမှန်တကယ် မချစ်ကြောင်း သက်သေပြသည်။ ဘုရားနှုတ်ကပတ်တော်များကို အလွန် ကောင်းမွန်စွာ ပြောဆိုထားပြီး၊ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို မိတ်သဟာယပြုနေသည်ဖြစ်စေ၊ ယင်းတို့သည် အစမှ အဆုံးထိ လူအတွက် အကျိုးရှိသော်လည်း လူတို့သည် ယင်းတို့ကို မစားမသောက်လိုဘဲရှိကြဆဲဖြစ်သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ သတ်မှတ်ချက်များမှ အမှန်တကယ် အလွန် ခြားနားလွန်းလှပေသည်။ ဤသို့ဆိုလျှင် ဤအခြေအနေနှင့်ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ပထမဆုံးအနေဖြင့်၊ သင်သည် ဘုရားနှုတ်ကပတ်တော်များကို စားသောက်သည့်အချိန်တိုင်း ဘုရားသခင်ထံ ဆုတောင်းကာ “အို ဘုရားသခင်၊ ကပ်ဘေးများထဲ ကျရောက်ခြင်းကို ကျွန်ုပ် ကြောက်ရွံ့သောကြောင့် စိတ်သဘောထားပြောင်းလဲခြင်းအတွက် ကျွန်ုပ် ကြိုးပမ်းပြီး ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခုကို ရရှိလိုပါသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များကိုလည်း ပိုမို စားသောက်ချင်သော်လည်း လူတို့ကို တရားစီရင်ပြီး ဖော်ထုတ်သည့် ထိုနှုတ်ကပတ်တော်များမှာ အလွန် ပြင်းထန်သည်။ ကျွန်ုပ်ကို စိတ်နှလုံး နာကျင်စေသောကြောင့် ယင်းတို့ကို ကျွန်ုပ် ဖတ်ရှုရန် လိုလားနေခြင်း မရှိပါ။ ကျေးဇူးပြုပြီး ကိုယ်တော်၏ နှုတ်ကပတ်တော်များကို နားလည်ရန်နှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ဘဝ လိုအပ်သည့်အရာအားလုံးဖြစ်ကြောင်းနှင့် ကျွန်ုပ် ရရှိသင့်သည့် အသက်ဖြစ်ကြောင်းကို မြင်ရန် ကျွန်ုပ်ကို ဉာဏ်အလင်းပေးပါ၊ မစပါ၊ တတ်စွမ်းနိုင်စေပါ”ဟု ဆိုရမည်။ ဤသို့ စစ်မှန်ရိုးသားစွာ သင် ဆုတောင်းလျှက်၊ သင် မသိလိုက်ဘဲနှင့်ပင် သင့်အထဲတွင် ဘုရားသခင် အမှုပြုလိမ့်မည်ဖြစ်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို သာ၍ နားလည်ရန် ပို၍ နက်နဲသည့် နည်းလမ်းတစ်ခုဖြင့် သင့်ကို သူ တဖြည်းဖြည်း ဦးဆောင်လမ်းပြလိမ့်မည်။ လူအချို့က၊ “ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် အလွန်တရာ စားသောက်ချင်ပြီး၊ အစမှ အဆုံးထိ ဖတ်ရှုပြီးဖြစ်သော်လည်း မည်သည့် သမ္မာတရားက နားလည်ရန် အရေးကြီးဆုံးဖြစ်ပြီး မည်သည့် သမ္မာတရား စစ်မှန်မှုများက ဝင်ရောက်ရန် အရေးအကြီးဆုံးဖြစ်သည် သို့မဟုတ် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် မည်သို့ လိုက်စားသင့်သည်ကို ကျွန်ုပ် မသိပါ”ဟု ပြောကြသည်။ ဤပြဿနာကို မည်သို့ ဖြေရှင်း၍ရနိုင်သနည်း။ ပထမဆုံးအနေဖြင့်၊ သင်သည် ဘုရားနှုတ်ကပတ်တော်များကို များစွာ ပိုမိုအားထုတ်ရမည်။ ယင်းတို့ကို အကြိမ်အနည်းငယ်မျှ ဖတ်ရှုခြင်းမျှက မလုံလောက်ပေ။ သင့်အနေဖြင့် လက်တွေ့ အတွေ့အကြုံရှိသည်အထိ ယင်းတို့ကို သေချာစွာ အကြိမ်များစွာ ဖတ်ရှုရမည်၊ ယင်းတို့ကို မကြာခဏ တွေးဆကာ မိတ်သဟာယပြုရမည်။ သင်၏ အသက်တာတွင် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ရမည်။ ထို့နောက်တွင်မှ သမ္မာတရားကို သင် နားလည်နိုင်ပေသည်။ ထို့အပြင်၊ အချို့သော အကြောင်းအရာများနှင့်ပတ်သက်၍ သင် ရှင်းလင်းစွာ မိတ်သဟာယမပြုနိုင်လျှင်၊ သင် မိတ်သဟာယပြုနိုင်သည့် မည်သည့်အတိုင်းအတာထိမဆိုသာ မိတ်သဟာယပြုလော့။ ယခုအချိန်တွင် သင် ရှင်းလင်းစွာ အမှန်တကယ် မိတ်သဟာယမပြုနိုင်သည့် အကြောင်းအရာများကို ဘေးဖယ်ထားလော့။ ပထမဆုံးအနေဖြင့် ပေါ့တန်သည့်အရာမှသည် နက်နဲသည့်အရာ၊ သင်တို့အတွက် နားလည်ရန် လွယ်ကူသည့် အရာများနှင့် သင်တို့၏ လက်ရှိ အတွေ့အကြုံအဆင့်က လက်လှမ်းမီနိုင်သည့် အရာများကို မိတ်သဟာယပြုရန် ရွေးချယ်လော့။ အသက်ဝင်ရောက်မှုသည် ရိုးရှင်းသည့် ကိစ္စတစ်ခုမဟုတ်သကဲ့သို့ သုံးနှစ် သို့မဟုတ် ငါးနှစ်မျှသာ ယုံကြည်ပြီးနောက် နက်ရှိုင်းစွာ ဝင်ရောက်ရန်မှာ မဖြစ်နိုင်ပေ။ ထိုအရာမှာ အရွယ်ရောက်သူတစ်ဦး ဖြစ်လာသည့် ဖြစ်စဉ်နှင့် အတူတူပင် ဖြစ်သည်။ ကလေးဘဝမှ တစ်စတစ်စ အနှစ် ၂၀ သို့မဟုတ် ၃၀ ကြာပြီးနောက် လူကြီးတစ်ဦး ဖြစ်လာသည်အထိ တဖြည်းဖြည်း ကြီးထွားခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည်လည်း ဤသို့ နှစ်ပေါင်းများစွာ တွေ့ကြုံခြင်း လိုအပ်ပြီး၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ချစ်ခြင်းအကြောင်း သမ္မာတရားများအတွက်မူ၊ ယင်းတို့ကို တွေ့ကြုံရန် တစ်ဘဝလုံး အချိန်ကြာတတ်ပေသည်။ လူအချို့က၊ “ဘုရားနှုတ်ကပတ်တော်များကို ဤသို့ ကျွန်ုပ် စားသောက်သော်လည်း၊ ကျွန်ုပ်၏ စိတ်သဘောထားအတွက် ပြောင်းလဲမှုတစ်ခုခု ပြုလုပ်ပြီးပြီလောဟူသည်ကို ကျွန်ုပ် မည်သို့ အတိအကျ အကဲဖြတ်၍ရပါသနည်း”ဟု ပြောကြသည်။ ညီအစ်ကို မောင်နှမများစွာတို့သည် ဤမေးခွန်းနှင့်ပတ်သက်၍ ပူပန်ကြသည်။ ငါ့ကိုပြောလော့၊ ကလေးငယ်တစ်ဦးသည် မွေးဖွားသည်မှာ မကြာသေးဘဲ သူ၏ မိခင်က နို့တိုက်ကျွေးကာ စောင့်ရှောက်သည့်အချိန်တွင်၊ ထိုကလေးက သူ မည်သည့်အချိန်တွင် လူကြီးတစ်ဦးအဖြစ်သို့ ကြီးထွားလိမ့်မည်ကို ဂရုစိုက်သလော။ ဂရုမစိုက်သည်မှာ အမှန်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ နားမလည်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤမေးခွန်းကို သင် မေးရန်မလိုပေ။ ဝိညာဉ်ရင့်ကျက်မှုအရ သင် ကြီးထွားသည်အထိသာ စောင့်ဆိုင်းလော့။ ထို့နောက်တွင် သင် အလိုအလျောက် နားလည်လိမ့်မည်ဖြစ်ပြီး၊ သင် ပြောင်းလဲသင့်သည့်အချိန် ရောက်လာသည့်အခါ၊ အလိုအလျောက် ထိုသို့ ပြောင်းလဲသွားလိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် သင်ခန်းစာများကို သင့်အား သင်ယူစေရန် အချို့သော ပတ်ဝန်းကျင်များ သို့မဟုတ် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို စီစဉ်လျက်၊ သင် ဖြတ်သန်းရသည့် အဆင့်တိုင်းနှင့် ကာလတိုင်းတွင် တစ်စုံတစ်ရာကို လုပ်ဆောင်လိမ့်မည်။ သင်၏ ဘုရားသခင်ကို ယုံကြည်မှုအား အစမှ ယခုထိတိုင်၊ ပြန်စဉ်းစားလော့။ ဘုရားသခင်ကို သင် စတင်ယုံကြည်ခဲ့ချိန်က ရှိခဲ့သည့် အမြင်အမျိုးအစားများနှင့် ယခု သင်၏ အမြင်များကို နှိုင်းယှဉ်လော့။ ပြီးလျှင် သင် ပြောင်းလဲပြီးပြီလောဟူသည်ကို သင် သိရှိရလိမ့်မည်။ ယခုတွင်၊ သင်တို့အနေဖြင့် လုပ်ဆောင်ရန်် အရေးအကြီးဆုံးသောအရာမှာ ဘုရားနှုတ်ကပတ်တော်များကို ပိုမို စားသောက်ရန်၊ ပိုမို မိတ်သဟာယပြုရန်၊ တရားဒေသနာများကို ပိုမို နားထောင်ရန်နှင့် ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ သာ၍ ကြိုးစားလုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်မှာ အလွန် အရေးပါပြီး၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိခြင်းအတွက် အဓိက သတ်မှတ်ချက်ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း သို့မဟုတ် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုခြင်းမရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းကို မည်သို့ ခံစားရမည်၊ စိတ်ဝိညာဉ်အတွင်း မည်သို့ အသက်ရှင်ပြီး ဝိညာဉ်ရေးရာ ပြည့်ဝရမည်ဟူသည်တို့ကိုသာ အာရုံစိုက်လျှင် ရလဒ်များကို စွမ်းဆောင်ရရှိနိုင်သလော။ ဤအရာများအားလုံးက အဓိကမဟုတ်သောကြောင့် ယင်းတို့ကို အမြဲ အာရုံစိုက်ခြင်းသည် အဓိပ္ပာယ်မရှိပေ။ သို့ဆိုလျှင် အရေးအကြီးဆုံးသောအရာမှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်များကို ပိုမို စားသောက်ခြင်း ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များကို သင် သေချာစွာ စားသောက်ခြင်းမရှိလျှင်၊ နေ့စဉ် သင် စုဝေးလျှင်ပင် သို့မဟုတ် ဘာသာရေး အခမ်းအနားများကို ကောင်းစွာ ဦးစီးဦးရွက်ပြုလျှင်ပင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မဆိုထားနှင့် ထိုသမ္မာတရားကို နားလည်နိုင်မည်ပင် မဟုတ်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားအားလုံးက ဘုရားနှုတ်ကပတ်တော်များအတွင်းတွင် ပါရှိပြီး၊ သူ၏ နှုတ်ကပတ်တော်များကို မစားသောက်လျှင် ထိုသမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ သမ္မာတရားအားလုံးက ဘုရားနှုတ်ကပတ်တော်များမှလာပြီး၊ သူ၏ နှုတ်ကပတ်တော်များကို သင် စွန့်ခွာလျှင်၊ ဘုရားသခင်ကို စွန့်ခွာသည့်သဘောသက်ရောက်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းမှ သွေဖည်လျှင်၊ သင်သည် ဘုရားသခင်ကို ယုံကြည်နေခြင်းမဟုတ်သကဲ့သို့ ဘာသာတရားမရှိသူများထဲမှ တစ်ဦးဖြစ်သည်။ ထိုအခါ၊ သင်၏ အပြုအမူက မည်မျှ ကောင်းမွန်နိုင်သည်ဖြစ်စေ၊ ကယ်တင်ခြင်းကို မည်သည့်အခါတွင်မျှ စွမ်းဆောင်ရရှိနိုင်လိမ့်မည် မဟုတ်။ ထို့ကြောင့်၊ ဘုရားသခင်ကို ယုံကြည်သောသူတို့အတွက်၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းသည် အရေးအကြီးဆုံးသောအရာ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင် ကြိုးစားလုပ်ဆောင်လျှင်၊ သင် အားထုတ်သမျှလောက် ရရှိလိမ့်မည်။ ဤအကျိုးတရားများ အတိအကျ မည်မျှ ကြီးမားသည်ကို ဂရုစိုက်ရန်မဆိုထားနှင့်၊ စစ်ဆေးရန်၊ ချိန်ဆရန်ပင် သင့်အတွက် မလိုအပ်ပေ။ ဤသည်မှာ သင်၏ တာဝန် မဟုတ်။ ဘုရားသခင်က သူ၏ အမှုကို လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က သင့်ကို ရှင်းပြချက်တစ်ခု ပေးလိမ့်မည်၊ သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်ဖြစ်ပြီး သိခွင့်ပေးလိမ့်မည်။ ထို့ကြောင့်၊ အနာဂတ်တွင် တစ်စုံတစ်ဦးက၊ “မည်သည့် အချိန်တွင် ဘုရားသခင်က ကျွန်ုပ်ကို စစ်ဆေးလိမ့်မည်နည်း။ ကျွန်ုပ် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်လော။ ကျွန်ုပ်၏ စိတ်သဘောထားသည် အမှန်တကယ် မည်မျှ ပြောင်းလဲပြီးပြီနည်း။ ဘုရားသခင်က သေချာတိကျသည့် အဖြေတစ်ခု ကျွန်ုပ်ကို မပေးနိုင်သလော”ဟု တစ်ဖန် မေးလျှင်၊ ဤသည်မှာ တရားလွန်ဖြစ်ပြီး အကျိုးသင့်အကြောင်းသင့် မဟုတ်ပေ။ ထိုသို့သော အရာများကို စိတ်ဝင်စားရန် သင့်အတွက် မလိုအပ်ပေ။ တစ်နေ့ သင့်တွင် ဝိညာဉ်ရင့်ကျက်မှု ရှိပြီး၊ သင်၏ စိတ်သဘောထား အမှန်တကယ် ပြောင်းလဲပြီးဖြစ်သည့်အခါ၊ ဘုရားသခင် တောင်းဆိုသည့် နည်းစနစ်များကို အသုံးပြုလျက် သင့်အပေါ် ကျရောက်သည့် အခြေအနေတစ်ခုကို သင် အောင်မြင်ကျော်လွှားနိုင်လိမ့်မည်ဖြစ်ပြီး မှန်ကန်စွာ ကိုင်တွယ်နိုင်လိမ့်မည်။ ထို့နောက်တွင် သင် ပြောင်းလဲပြီးဖြစ်သည်ကို သင် သိရှိလိမ့်မည်။ ဤသည်မှာ အပြင်ပန်း ပြောင်းလဲမှုတစ်ခု မဟုတ်ဘဲ အတွင်းပိုင်း ပြောင်းလဲမှုဖြစ်ပြီး စိတ်သဘောထားနှင့် အနှစ်သာရတွင် ပြောင်းလဲခြင်းတစ်ခု ဖြစ်သည်။
စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည် ညတွင်းချင်း ဖြစ်ပျက်သည့်အရာတစ်ခု သို့မဟုတ် နှစ်အချို့ကြာ တွေ့ကြုံပြီးနောက် စွမ်းဆောင်ရရှိနိုင်သည့်အရာတစ်ခု မဟုတ်ပေ။ လူအချို့သည် မိမိတို့၏ မကောင်းသည့် အကျင့်များကို ပြောင်းလဲရန် စတင်ချိန်တွင် မကြာခဏ ကျရှုံးပြီး ခလုတ်တိုက်ကြကာ၊ “ငါတော့ သွားပြီ။ မျှော်လင့်ချက်မဲ့ပြီ။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက ငါ့အတွက် မဟုတ်ပါ။ ပြောင်းလဲရန် ငါ့အတွက် မဖြစ်နိုင်ပါ။ ဤသေးငယ်သည့် အပြစ်အနာအဆာများ သို့မဟုတ် မကောင်းသည့် အကျင့်များကိုပင် ပြောင်းလဲရန် ငါ့အတွက် အလွန် ခက်ခဲလျှင်၊ ငါ၏ စိတ်သဘောထားကို ပြောင်းလဲရန် မုချ သာ၍ပင် ခက်ခဲလိမ့်မည်”ဟု စဉ်းစားကြသည်။ ၎င်းတို့သည် အပျက်သဘောဆောင်လာကြသည်၊ မျှော်လင့်ချက်မရှိသကဲ့သို့ ခံစားကြပြီး၊ ဘုရားနှုတ်ကပတ်တော်များကို အချိန်အတော်ကြာ စားသောက်ရန် မလိုမလားဖြစ်နေကြသည်။ တစ်ဦးတလေက ၎င်းတို့ကို ပြုပြင်သည့်အခါတိုင်းတွင်၊ ၎င်းတို့ အနှောင့်အယှက်ဖြစ်ကာ အပျက်သဘောဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့တာဝန်များကို ထမ်းဆောင်ရန် မလိုမလားဖြစ်နေကြပြီး၊ သမ္မာတရားကို လုံးဝ စိတ်မဝင်စားကြပေ။ ဤသည်မှာ မည်သည့် အခြေအနေဖြစ်သနည်း။ ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သည်။ ဤအတွေ့အကြုံမျိုး သင်တို့ထံတွင် ရှိဖူးသလော။ သင်တို့၏ အသက်အတွေ့အကြုံ ဖြစ်စဉ်တွင်၊ သင်တို့ အမြဲ အပျက်သဘောဆောင်၊ အားနည်း၊ ကျရှုံးပြီး ခလုတ်တိုက်နေမည်ကို သင်တို့ စိုးရွံ့ကြသလော။ သင် စိုးရွံ့သည်ဖြစ်စေ၊ မစိုးရွံ့သည်ဖြစ်စေ၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက ညတွင်းချင်း မဖြစ်သည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော သဘာဝ၏ တကယ့် ရင်းမြစ်မှ အစပြုကာ ထိုအရာသည် လုံးလုံးလျားလျား၊ အပြည့်အဝ ပြောင်းလဲခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ဦးက ကင်ဆာရောဂါရပြီး အကျိတ်ဖြစ်သည့်အချိန်ကဲ့သို့ ဖြစ်သည်။ အကျိတ်ကို ဖယ်ရှားရန် ထိုသူကို ခွဲစိတ်ရမည်။ ဆင်းရဲဒုက္ခများစွာကို သည်းညည်းခံရမည်ဖြစ်ပြီး ထိုအရာသည် အလွန် ရှုပ်ထွေးသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း ဖြစ်စဉ်တွင်၊ သမ္မာတရား အနည်းငယ်ကို သိနားလည်ခြင်း သို့မဟုတ် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၏ သွင်ပြင်လက္ခဏာတစ်ခုကို စွမ်းဆောင်ရရှိခြင်း မရှိမီ အမှုအရာများစွာကို သင် ဖြတ်သန်းကောင်းဖြတ်သန်းရနိုင်သည် သို့မဟုတ် နောက်ဆုံးတွင် အပြောင်းအလဲ အနည်းငယ် မရရှိမီ သင်သည် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် မတူကွဲပြားသော ပတ်ဝန်းကျင် များစွာကို တွေ့ကြုံကောင်းတွေ့ကြုံနိုင်ပြီး မှားယွင်းသည့် လမ်းချိုးများစွာကို ပြုလုပ်ကောင်းပြုလုပ်နေနိုင်သည်။ ဤပြောင်းလဲခြင်းသည် မည်မျှ ကြီးမားသည်ဖြစ်စေ တန်ဖိုးရှိပြီး၊ ထိုအတွက် သင်က များစွာ ဆင်းရဲဒုက္ခခံခဲ့ရပြီး ကြီးမားသည့် အဖိုးအခပေးခဲ့သောကြောင့် ဘုရားသခင်၏ အမြင်တွင် ထိုအရာသည် မြတ်နိုးတန်ဖိုးထားခံရကာ ဂုဏ်ပြုခြင်းခံရလေသည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံး အတွင်းပိုင်းနေရာများကို စိစစ်သည်၊ ၎င်းတို့၏ အတွေးများနှင့် ဆန္ဒများအပြင် ၎င်းတို့၏ အားနည်းချက်များကိုလည်း သိရှိသည်။ သို့သော် အားလုံးထဲတွင် ၎င်းတို့ လိုအပ်သည့်အရာကို ဘုရားသခင် အသိဆုံးဖြစ်သည်။ လက်တွေ့ကျသည့် ဘုရားသခင်နောက်လိုက်ရန် ငါတို့တွင် ဤစိတ်ပိုင်းဖြတ်ချက် ရှိရမည်။ မည်မျှ ကြီးမားသည့် ပတ်ဝန်းကျင်များကို ငါတို့ ကြုံရသည်ဖြစ်စေ၊ မည်သည့် အခက်အခဲမျိုးများကို ရင်ဆိုင်ရသည်ဖြစ်စေ၊ ငါတို့ မည်မျှ အားနည်း၊ အပျက်သဘောဆောင်ကြသည်ဖြစ်စေ၊ ငါတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု သို့မဟုတ် ဘုရားသခင် ပြောဆိုပြီးဖြစ်သည့် နှုတ်ကပတ်တော်များတွင် ငါတို့ ယုံကြည်ခြင်း ပျောက်ဆုံး၍မရပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ထံ ကတိတစ်ခုကို ပြုပြီးဖြစ်ကာ လူတို့အနေဖြင့် ထိုအရာကို သယ်ဆောင်ရန် စိတ်ပိုင်းဖြတ်ချက်၊ ယုံကြည်ခြင်းနှင့် ဇွဲလုံ့လတို့ လိုအပ်သည်။ ဘုရားသခင်သည် သူရဲဘောနည်းသူများကို မနှစ်သက်ပေ။ စိတ်ပိုင်းဖြတ်ချက်ရှိသည့်လူများကို သူ နှစ်သက်သည်။ သင်သည် ဖောက်ပြန်ပျက်စီးမှုများစွာ ထုတ်ဖော်ပြပြီးလျှင်ပင်၊ မှားယွင်းသည့် လမ်းကြောင်းကို ကြိမ်ဖန်များစွာ လျှောက်ပြီးဖြစ်လျှင်ပင်၊ သို့မဟုတ် ပြစ်မှားမှုများစွာ ကျူးလွန်ပြီးဖြစ်လျှင်ပင်၊ ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူပြီးဖြစ်လျှင်ပင်၊ သို့မဟုတ် ဘာသာတရားအတွင်းမှ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီးဖြစ်လျှင်ပင် သို့မဟုတ် သင်၏ စိတ်နှလုံးတွင် သူ့အပေါ် ပြစ်မှားစော်ကားမှု စသည်ဖြင့် သိုထားပြီးဖြစ်လျှင်ပင်၊ ဘုရားသခင်က ထိုအရာအားလုံးတို့ကို လုံးဝ မကြည့်ပေ။ တစ်စုံတစ်ဦးက သမ္မာတရားကို လိုက်စားခြင်း ရှိမရှိဆိုသည်နှင့် တစ်နေ့တွင် ထိုသူသည် ပြောင်းလဲနိုင်ခြင်း ရှိမရှိဆိုသည်ကိုသာ ဘုရားသခင် ကြည့်သည်။ သမ္မာကျမ်းစာတွင် ပျောက်သောသား ပြန်လာခြင်း အကြောင်း ဇာတ်လမ်းတစ်ခု ပါရှိသည်။ သခင်ယေရှုက ဤပုံဥပမာကို အဘယ့်ကြောင့် အသုံးပြုခဲ့သနည်း။ ယင်းမှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်သည် ရိုးသားသည်ကိုလည်းကောင်း၊ ဘုရားသခင်သည် လူများအား နောင်တရပြီးပြောင်းလဲဖို့ အခွင့်အရေး ပေးသည်ကိုလည်းကောင်း လူတို့နားလည်စေရန် ဖြစ်သည်။ ဤဖြစ်စဉ်တစ်လျှောက်တွင် ဘုရားသခင်သည် လူများကို နားလည်ပြီး၊ ၎င်းတို့၏ အားနည်းချက်များနှင့် ၎င်းတို့ ဖောက်ပြန်ပျက်စီးခြင်း၏ အတိုင်းအတာတို့ကို ကောင်းစွာသိသည်။ လူတို့သည် လဲကျပြီး ရှုံးနိမ့်မည်ကို သူသိထားသည်။ လမ်းလျှောက်သင်နေသည့် ကလေးကဲ့သို့ ဖြစ်သည်။ သူသည် ခန္ဓာကိုယ် မည်မျှသန်စွမ်းပါစေ၊ လဲကျပြီး ယိမ်းယိုင်သည့်အချိန်များ၊ အရာဝတ္ထုများကို တိုက်မိပြီး လဲသည့်အချိန်များ ရှိပေလိမ့်မည်။ မိခင်တစ်ဦးက သူ၏ ကလေးကို နားလည်သည့်ပုံစံအတိုင်း လူတိုင်းကို ဘုရားသခင် နားလည်သည်။ လူတစ်ဦးစီ၏ အခက်အခဲများ၊ ၎င်းတို့၏ အားနည်းချက်များနှင့် လိုအပ်ချက်များကို သူနားလည်သည်။ ထိုထက်သာ၍ပင်၊ လူတို့က ၎င်းတို့၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု ဖြစ်စဉ်တွင် မည်သည့် အခက်အခဲများ၊ အားနည်းချက်များနှင့် ကျရှုံးမှုများ ရင်ဆိုင်ရလိမ့်မည်ကို ဘုရားသခင် နားလည်သည်။ ဤသည်တို့မှာ ဘုရားသခင်က အကောင်းဆုံး နားလည်သည့်အရာများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူတို့ စိတ်နှလုံးများ၏ အတွင်းပိုင်းနေရာများကို စိစစ်သည်ဟု ဆိုလိုပေသည်။ သင် မည်မျှ အားနည်းသည်ဖြစ်စေ၊ ဘုရားသခင်၏ နာမကို သင် မစွန့်ပယ်သရွေ့၊ သို့မဟုတ် သူနှင့် ဤလမ်းခရီးတို့ကို မစွန့်ခွာသရွေ့၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် သင့်တွင် အခွင့်အရေး အမြဲ ရှိလိမ့်မည်။ သင့်ထံတွင် ဤအခွင့်အရေးရှိလျှင်၊ ရှင်သန်ရဖို့ မျှော်လင့်ချက်ရှိပြီး၊ ထို့ကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်းခံရဖို့ မျှော်လင့်ချက် ရှိပေသည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်ပြီး၊ ထိုအတွက် မည်သည့် ဖြစ်စဉ်မျိုး လိုအပ်သည်ကို ငါတို့ နားလည်သည့်အခါ၊ ငါတို့ မကြောက်ရွံ့သင့်ဘဲ ယုံကြည်ခြင်းရှိသင့်ကာ ဘုရားသခင်ရှေ့မှောက်တွင်၊ “အို ဘုရားသခင်။ ကျွန်ုပ် အလွန် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးပါသည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက မည်သည့်အရာဖြစ်သည်ကို မဆိုထားနှင့်၊ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကိုပင် ကျွန်ုပ် မသိပါ။ ကိုယ်တော်၏ ကယ်တင်ခြင်းကို ကျွန်ုပ် အမှန်တကယ် လိုအပ်ပါသည်၊ ပြီးလျှင် ကျွန်ုပ် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို မည်သို့ နားလည်ကာ လက်တွေ့လုပ်ဆောင်ရမည်၊ ထိုနှုတ်ကပတ်တော်များမှ အသိပညာနှင့် အတွေ့အကြုံကို မည်သို့ ရရှိကာ ထိုသို့ဖြင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်၏ ဘဝထဲသို့ မည်သို့ ယူဆောင်ရမည်ဆိုသည်နှင့် ကျွန်ုပ်၏ စကားနှင့် လုပ်ရပ်တိုင်း၊ ကျွန်ုပ်၏ လှုပ်ရှားမှုတစ်ခုစီတိုင်းတွင်၊ ကျွန်ုပ်၏ ရည်ရွယ်ချက်အားလုံးနှင့် ကျွန်ုပ် လုပ်ဆောင်သမျှတိုင်းတွင် ကိုယ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို မည်သို့ ရှိရမည်ဟူသည်တို့ကို သိရှိကောင်းသိရှိနိုင်ရန်အလို့ငှာ ကိုယ်တော် ကျွန်ုပ်ကို ကူညီကာ ထောက်ပံ့ပေးရန်အတွက် ကျွန်ုပ် အမှန်တကယ် လိုအပ်ပါသည်။ ဤအရာအတွက် ကျွန်ုပ် မျှော်လင့်ပါသည်၊ ဤအရာအတွက် ကျွန်ုပ် ဆာငတ်ပါသည်။ ကိုယ်တော်ကို စိတ်ကျေနပ်စေရန် ပုံမှန်လူ့သဘာဝနှင့် စစ်မှန်သော လူသား ပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်ဖို့ ကျွန်ုပ် တောင့်တပါသည်။ သို့ရာတွင် ဤအရာကို ကျွန်ုပ် မစွမ်းဆောင်မရရှိနိုင်သေးပါ။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်း အလွန်ကြီးမားနေသေးသည်မှာ ထိုအရာကို ကျွန်ုပ်ဘာသာပင်လျှင် နားလည်သဘောပေါက်ခြင်း မရှိပါ။ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ထုတ်ဖော်ပါ၊ ကျွန်ုပ်အတွက် ကူညီမစပြီး ထောက်ပံ့ပေးတော်မူပါ။ ဤသည်မှာ ယခု ကျွန်ုပ် လိုအပ်သည့်အရာ ဖြစ်ပါသည်”ဟု ဆုတောင်းသင့်သည်။ သင်သည် ဤဆုတောင်းခြင်းမျိုးနှင့် ဤစိတ်ပိုင်းဖြတ်ချက်မျိုး ရှိသင့်သည်။ ဤကဲ့သို့ ဆုတောင်းပြီးနောက်တွင်၊ သင်၏ စိတ်နှလုံးနှင့် သင်၏ ဘဝသည် သင် သိပင်မသိလိုက်ဘဲ ပြောင်းလဲသွားလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သင် ဆုတောင်းပြီး ရှာဖွေပုံက သင်၏ စိတ်ပိုင်းဖြတ်ချက်တွင်လည်းကောင်း၊ သင်၏ စိတ်ပိုင်းဖြတ်ချက်ကို ဘုရားသခင် ဖြည့်ဆည်းပုံတွင်လည်းကောင်း ထင်ဟပ်နေသောကြောင့် ဖြစ်သည်။ ကျရှုံးမှုကို သင် အမြဲ ကြောက်ရွံ့နေလျှင် အဆင်ပြေမည်မဟုတ်။ မည်သည့်အရာမဆို သင့်ထံ အမှန်တကယ် မဖြစ်ပျက်မီတွင် ကြောက်ရွံ့တတ်လာခြင်းက သင်သည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့် ပတ်သက်လာသည့်အခါ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်ခြင်း ကင်းမဲ့သည်ကိုသာ သက်သေပြပေသည်။ ပထမဆုံးအနေဖြင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက ညတွင်းချင်း မဖြစ်သည်ကို သင် နားလည်ရမည်။ လူသားမျိုးနွယ်သည် ညတွင်းချင်း စာတန်၏ အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည်ဟု သင် ထင်သလော။ မဟုတ်ပေ၊ လူတို့သည် ထောင်စုနှစ်များကြာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်။ ၎င်းတို့၏ စာတန်ဆန်သော သဘာဝသည် လုံးလုံးလျားလျား ဖော်ထုတ်ခံရနှင့်ပြီးဖြစ်ကာ ၎င်းတို့ မထိန်းချုပ်နိုင်သည့်အဆင့်သို့လည်းကောင်း၊ ၎င်းတို့၏ ပင်ကို ထုတ်ဖော်မှုများက စာတန်၏ ထုတ်ဖော်မှုများထက် ပိုလွန်သည့်အဆင့်သို့လည်းကောင်း တိုးပွားလာပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်သည့် အဆင့်နှင့် တစ်စုံတစ်ရာက သမ္မာတရား သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ဖြစ်ကြောင်း သို့မဟုတ် ဘုရားသခင်ထံမှ လာသောအရာ ဖြစ်ကြောင်း ၎င်းတို့ ကြားသည့်အခါတိုင်းတွင် စိတ်မဝင်စား၊ ပစ်ပစ်ခါခါငြင်းပြီး စက်ဆုပ်သည့်အဆင့်ထိ ရောက်ရှိပြီးဖြစ်သည်။ လူတို့သည် ထိုသို့သော အတိုင်းအတာတစ်ခုထိ ဖောက်ပြန်ပျက်စီးကာ ထုံထိုင်းကြသည်။ ထို့ကြောင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန် မဆိုထားနှင့်၊ သမ္မာတရားကို နားလည်ရန်ပင် ၎င်းတို့ အတွက် မလွယ်ကူပေ။ မိမိ၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် မိမိ၏ အပြုအမူကို ပြောင်းလဲခြင်းလောက် မရိုးရှင်းပေ။ ထို့ကြောင့် ငါတို့သည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့်ဆိုင်သည့် ဤကိစ္စရပ်အပေါ် မှန်ကန်သည် သိနားလည်မှု ရှိရမည်ဖြစ်ပြီး၊ မှန်ကန်သည့် သဘောထားဖြင့် ချဉ်းကပ်ရမည်ဖြစ်သည်။ အထိန်းအကွပ်မဲ့သည့် ထွေရာစိတ်ကူးများတွင် ငါတို့ မွေ့လျော်၍ မရသကဲ့သို့၊ “ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို တစ်လျှောက်လုံး စားသောက်နေခဲ့သည်။ ဘုရားသခင်က နောက်ထပ် အမှုအနည်းငယ်မျှသာ ပြုပြီး၊ နိမိတ်လက္ခဏာနှင့် အံ့ဖွယ်ရာအချို့ကို ပြုမည်ဆိုလျှင် ကျွန်ုပ် ပြောင်းလဲသွားမည် မဟုတ်လော”ဟု ပြော၍ မရပေ။ ဤသည်မှာ လက်တွေ့မကျသည့် အမြင်ဖြစ်ပြီး၊ လူသား စိတ်ကူးတစ်ခု ဖြစ်သည်။ ငါတို့သည် လူသား အယူအဆများနှင့် စိတ်ကူးများနောက် လိုက်လျှင်၊ လူတို့ကို စမ်းသပ်ကာ စစ်ဆေးရန်မဆိုထားနှင့်၊ သူ၏ တရားစီရင်ခြင်းအမှုပြုရန် ဘုရားသခင်အတွက် လိုအပ်မည်မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ပြသည့် အလွန်များသော နှုတ်ကပတ်တော်များကို ဖော်ပြရန် သူ့အတွက် လိုအပ်မည် မဟုတ်ပေ။ ငါ့ကို ပြောလော့၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်တွင်၊ စာတန်ကို အနိုင်ယူရန်အလို့ငှာ သူသည် လူသားမျိုးနွယ်ကို ကယ်တင်သလော သို့မဟုတ် လူသားမျိုးနွယ်ကို ကယ်တင်ရန်အလို့ငှာ စာတန်ကို သူ တိုက်ခိုက်သလော။ (လူသားမျိုးနွယ်ကို ကယ်တင်ရန်အလို့ငှာ စာတန်ကို သူ တိုက်ခိုက်ခြင်း ဖြစ်ပါသည်။) မှန်ပေ၏။ ငါတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်အပေါ် မှန်ကန်တိကျသည့် သိနားလည်မှု ရှိရမည်ဖြစ်သည်။ ထို့ကြောင့်၊ အနာဂတ်တွင်၊ “ဘုရားသခင်က အဘယ်ကြောင့် စာတန်ကို မဖျက်စီးလိုက်သနည်း”ဟူသော မိုက်မဲသည့် ပြောဆိုချက်ကို မမြွက်ဆိုနှင့်။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမရှိဘဲ၊ ငါတို့ကို ကယ်တင်ရန်အလို့ငှာ ဘုရားသခင်က အလွန်များသည့် သမ္မာတရားများကို ဖော်ပြမည်လော။ ယခု အလွန်များသည့် သမ္မာတရားများကို ငါတို့ ရရှိပြီးဖြစ်မည်လော။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမရှိဘဲ၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အစီအစဉ်သည် မည်သည့်အခါတွင်မျှ ထွက်ပေါ်မည်မဟုတ်သကဲ့သို့၊ နောက်ဆုံးသော ကာလရှိ ဤလူတစ်စုကို ကျန်ရှိသည့်သူများဖြစ်လာရန် စုံလင်စေဖို့ ဘုရားသခင် စီစဉ်ခဲ့မည်မဟုတ်ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ပြီး လူတစ်စုကို ရရှိရန်အတွက် စာတန်ကို တိုက်ပွဲဝင်သည်။ စာတန်ကို တိုက်ခိုက်ရန် ဘုရားသခင်က လူ့ဇာတိခံယူခြင်းသည် ငါတို့ လူစုကို စုံလင်စေခြင်းအတွက် လုံးလုံးလျားလျား ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ပန်းတိုင်နှင့် အဓိကအချက်မှာ စစ်မှန်သည့် လူတစ်စုကို ရရှိရန်ဖြစ်သည်ကို ငါတို့ မြင်ကြပြီးဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် မိမိ၏ ယုံကြည်မှုတွင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန်နှင့် ဘုရားသခင် ချစ်ပြီး၊ ရရှိရန် ဆန္ဒရှိသည့် စစ်မှန်သော လူတစ်ဦး အပြည့်အဝ ဖြစ်လာနိုင်ရန် မည်မျှ အရေးကြီးသည်ကို ငါတို့ မြင်နိုင်သည်။
သင်တို့တွင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိခြင်းအတွက် လမ်းကြောင်းတစ်ခု ရှိသလော။ မည်သည့် အရာများ ပြောင်းလဲလိမ့်မည်ကို သင်တို့ သိကြသလော။ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို သင်တို့ ပုံမှန်အားဖြင့် မိတ်သဟာယပြုကြသလော။ ယခု၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းက အပြင်ပန်း အပြုအမူနှင့် ပြုမူနေထိုင်မှုတို့၌ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများ၌ ပြောင်းလဲခြင်းများကို မရည်ညွှန်းသကဲ့သို့ မိမိ၏ ပင်ကိုစရိုက်ရှိ ပြောင်းလဲခြင်းများကိုလည်း မရည်ညွှန်းပုံနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ထို့ကြောင့် အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ ဤအရာကို သင်တို့ စဉ်းစားဖူးကြသလော။ ပထမဦးစွာ၊ ဘုရားသခင်က မည်သည့် စိတ်သဘောထားများနှင့် အမှုအရာများအား ပြောင်းလဲချင်သည်ကို ငါတို့ ရှာဖွေတွေ့ရှိကာ နားလည်ရမည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည် လူတို့က သာ၍ တတ်သိနားလည်လာသည့် သို့မဟုတ် တတ်မြောက်လာသည့် အပြောင်းအလဲတစ်ခု ဖြစ်ဖို့ မဆိုထားနှင့်၊ အပြုအမူတွင် သို့မဟုတ် ပင်ကိုစရိုက်တွင် ပြောင်းလဲခြင်းတစ်ခုပင် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များဖြင့် လူတိုင်း၏ အတွေးများနှင့် အမြင်များကို ပြောင်းလဲချင်ပြီး၊ ၎င်းတို့အနေဖြင့် မိမိတို့ မြင်နိုင်သည့်အရာများတွင် ပြောင်းလဲမှုတစ်ခု စွမ်းဆောင်ရရှိနိုင်ရန်အလို့ငှာ၊ သမ္မာတရားကို နားလည်နိုင်စေချင်သည်။ ဤသည်မှာ ကဏ္ဍတစ်ခုသာ ဖြစ်ပြီး နောက်ထပ် ကဏ္ဍတစ်ခုမှာမူ လူတို့ ပြုမူနေထိုင်ပုံကို ကျောထောက်နောက်ခံပြုထားသည့် စည်းမျဉ်းများကို ပြောင်းလဲရန်ဖြစ်သည်။ ယင်းမှာ ဘဝအပေါ် ၎င်းတို့၏ သဘောထားအမြင်တွင် ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ သို့တိုင် နောက်ထပ် ကဏ္ဍတစ်ခုမှာ လူတို့တွင် ပေါ်လွင်သည့် နက်နဲစွာ အမြစ်တွယ်နေသည့် စာတန်ဆန်သော သဘာဝနှင့် စိတ်သဘောထားတို့ကို ပြောင်းလဲရန်ဖြစ်သည်။ ယေဘုယျအနေဖြင့်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းသည် ဤကဏ္ဍသုံးခုကို ခြုံငုံပေသည်။
ကနဦး၌ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု၏ ပထမ ကဏ္ဍဖြစ်သည့် အမှုအရာများကို လူတို့ ရှုမြင်သောနည်းလမ်းကို ဆွေးနွေးကြစို့။ အတိအကျပြောရသော် လူတို့၏ အတွေးများနှင့် အမြင်များသည် အရာရာကို ၎င်းတို့ မြင်သည့် နည်းလမ်းဖြစ်သည်။ လူသည် စာတန်၏ အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်မှာ ဤအတွေးနှင့် အမြင်များစွာသည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့ကာ ဘုရားသခင်သည် လူတို့ကို အမှုအရာများအား ၎င်းတို့ ရှုမြင်သည့်နည်းလမ်းကို ပထမဆုံး ပြောင်းလဲခြင်းအားဖြင့် ကယ်တင်သည်။ ရိုးရှင်းသည့် ဥပမာတစ်ခုကို ကြည့်လော့။ အသိပညာအပေါ် သင်တို့၏ သိနားလည်မှုမှာ အဘယ်နည်း။ သိပ္ပံပညာအပေါ် သင်တို့၏ သိနားလည်မှုမှာ အဘယ်နည်း။ အသိပညာနှင့် သိပ္ပံပညာတို့သည် သမ္မာတရား ဖြစ်သလော။ ယင်းတို့သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းနိုင်ပြီး ၎င်းတို့အား လူသား ပုံသဏ္ဍာန်အတိုင်း အသက်ရှင်နေထိုင်နိုင်စေသလော။ ယင်းတို့သည် စာတန်၏ စွမ်းအားမှ လူတို့ကို ကယ်တင်နိုင်သလော။ လူတို့အား ဘုရားသခင်ကို သိရှိပြီး ကျိုးနွံနာခံရန် ဦးဆောင်နိုင်သလော။ ထိုအရာများက ကယ်တင်ခြင်းနှင့် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခု ရရှိခြင်းဆီသို့ ဆိုက်ရောက်စေနိုင်သလော။ မုချ မလုပ်နိုင်ပေ။ လူတစ်ဦး၏ ဘဝတွင် အသိပညာ၏ အသုံးဝင်မှုမှာ အဘယ်နည်း။ ထိုအရာက ၎င်းတို့ထံ မည်သည့်အရာ ယူဆောင်ပေးနိုင်သနည်း။ လူအချို့က အသိပညာသည် ဤလောကတွင် တန်ဖိုးရှိသည့်အရာတစ်ခုဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့ အသိပညာ သာ၍ ရှိလေ၊ ၎င်းတို့၏ အဆင့်အတန်းက ကြီးမားလေဖြစ်ပြီး ၎င်းတို့ ပိုတော်လေဖြစ်သည်၊ သာ၍ ဂုဏ်ရှိကာ ယဉ်ကျေးလေဖြစ်သည်ဟုလည်းကောင်း တွေးထင်ကြသည်။ ထို့ကြောင့် အသိပညာမရှိဘဲနှင့် ၎င်းတို့ အဆင်မပြေနိုင်ပေ။ လူအချို့က သင်သည် ကြိုးစားလေ့လာကာ သင်၏ အသိပညာကို ကြွယ်ဝစေလျှင်၊ အရာအားလုံးကို သင် ပိုင်ဆိုင်လိမ့်မည်၊ သင့်အနေဖြင့် အဆင့်အတန်း၊ ငွေကြေး၊ အလုပ်ကောင်းတစ်ခုနှင့် အနာဂတ်ကောင်းတစ်ခု ပိုင်ဆိုင်လိမ့်မည်ဟု တွေးထင်ကြသည်။ အသိပညာရှိဘဲနှင့် ဤလောကတွင် အသက်ရှင်ရန် မဖြစ်နိုင်ဟု ၎င်းတို့ ယုံကြည်ကြသည်။ တစ်စုံတစ်ဦးသည် အသိပညာမရှိလျှင်၊ လူတိုင်းက သူ့ကို အထင်သေးကြသည်။ မည်သူကမျှ ၎င်းတို့နှင့် အပေါင်းအသင်း မလုပ်လိုဘဲ ၎င်းတို့ ခွဲခြားဆက်ဆံခံရကြသည်။ အသိပညာမရှိသောသူတို့သည် လူ့အဖွဲ့အစည်း၏ အနိမ့်ဆုံးအဆင့်တွင်သာ အသက်ရှင်နိုင်ကြသည်။ ထိုသို့ဖြင့် ၎င်းတို့သည် အသိပညာကို ကိုးကွယ်ကာ အလွန့်အလွန် မြင့်မားပြီး အရေးကြီးသည့်အရာ၊ သမ္မာတရားထက်ပင် သာ၍ မြင့်မားပြီး အရေးကြီးသည့်အရာအဖြစ် မှတ်ယူကြသည်။ တစ်စုံတစ်ဦးက၊ “အသိပညာမရှိဘဲနှင့်၊ ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် နားလည်နိုင်သလော။ သူသည်လည်း အသိပညာနှင့် နှုတ်ကပတ်တော်များမှတစ်ဆင့် စကားပြောသည် မဟုတ်လော”ဟု ပြောကောင်းပြောပေမည်။ ဤသည်တို့မှာ အလွန်ပင် ကွဲပြားခြားနားသည့် အရာနှစ်ခုဖြစ်သည်။ ငါ ယခု ပြောနေသည့် အသိပညာသည် လူ့သမိုင်း၊ ပထဝီဝင်၊ နိုင်ငံရေး၊ စာပေ၊ ခေတ်သစ် သိပ္ပံပညာနှင့် နည်းပညာ သို့မဟုတ် အချို့သော ကျွမ်းကျင်မှုများ သို့မဟုတ် ဘာသာရပ်များ စသည်တို့ကို ရည်ညွှန်းပေသည်။ ဤအရာသည် လူသားမျိုးနွယ်၏ အစွမ်းအစနှင့်သာ သက်ဆိုင်ကာ အသိပညာရှိသောသူတို့သည် အရာရာ ပိုင်ဆိုင်ပြီး၊ ဤလောကတွင် ခိုင်မာစွာ ရပ်တည်နိုင်သည်ဟု လူတို့က တွေးထင်ကြသည်။ ထို့ကြောင့် လူတိုင်းက အသိပညာကို အံ့ဖွယ်လောက်အောင် အရေးကြီးသည်ဟု မှတ်ယူကြလေသည်။ တိုတိုပြောရလျှင်၊ ထိုအရာကို သင် မည်သို့ ကြည့်သည်ဖြစ်စေ၊ ဤသည်မှာ လူ့အတွေးများနှင့် အမြင်များ၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ရှေးခေတ်ဆိုရိုးတစ်ခုရှိသည်။ “စာအုပ်တစ်သောင်း ဖတ်ပါ၊ မိုင်တစ်သောင်း ခရီးနှင်ပါ”ဟူ၍ ဖြစ်သည်။ သို့ရာတွင် ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင် သာ၍ စာဖတ်လေ၊ သာ၍ နှံ့စပ်ကာ ကြီးပွားချမ်းသာလေ ဖြစ်လိမ့်မည်ဟု ဆိုလိုပေသည်။ သင်သည် လူအုပ်စုအားလုံး၏ အလွန်အလေးထားခြင်းခံရမည်ဖြစ်ပြီး၊ အဆင့်အတန်းရှိလိမ့်မည်။ လူတိုင်းက ၎င်းတို့၏ စိတ်နှလုံးများတွင် ဤအတွေးမျိုးများ ရှိထားကြသည်။ တစ်စုံတစ်ဦးသည် ကံအကြောင်းမလှသည့် မိသားစု အခြေအနေများကြောင့် ကောလိပ် အောင်လက်မှတ်မရရှိနိုင်လျှင်၊ သူ၏ ဘဝတစ်ခုလုံး ထိုအရာကို နောင်တရလိမ့်မည်ဖြစ်ပြီး၊ သူ၏ သားသမီးများနှင့် မြေးများအနေဖြင့် သာ၍ စာလေ့လာသင့်သည်၊ တက္ကသိုလ် ဘွဲ့တစ်ခုကို ရယူသင့်သည် သို့မဟုတ် နိုင်ငံခြားသို့ပင် ပညာသင်သွားသင့်သည်ဟု ဆုံးဖြတ်ကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ အသိပညာကို လူတိုင်း၏ ဆာငတ်မှုဖြစ်ပြီး ထိုအသိပညာကို ၎င်းတို့ စဉ်းစား၊ ရှုမြင်ပြီး ကိုင်တွယ်ပုံဖြစ်သည်။ ထို့ကြောင့်၊ မိဘများစွာတို့သည် မိသားစု ဥစ္စာဓနကို ဖြုန်းတီးသည်အထိပင် လုပ်ဆောင်လျက်၊ မိမိတို့သားသမီးများအား မြေတောင်မြှောက်ပေးရန် အစွမ်းကုန် အားထုတ် သို့မဟုတ် သုံးစွဲကြပြီး အားလုံးမှာ မိမိတို့ သားသမီးများ ပညာလေ့လာရန်အတွက် ဖြစ်သည်။ ၎င်းတို့၏ သားသမီးများကို ဆုံးမပဲ့ပြင်ရာတွင် အချို့မိဘများ လုပ်ဆောင်သည့် အတိုင်းအတာများမှာ အဘယ်နည်း။ တစ်ညတွင် သုံးနာရီသာ အိပ်ခွင့်ရသည်၊ စာလေ့လာပြီး ဖတ်ရှုရန် အဆက်မပြတ် အတင်းဖိအားပေးခံရသည်၊ သို့မဟုတ် ၎င်းတို့အား လုံးဝ အိပ်စက်ခွင့်မပေးဘဲ ရှေးခေတ်လူများကို အတုယူစေပြီး ဆံပင်ကို မျက်နှာကြက်နှင့် ချည်နှောင်စေသည်။ ဤဇာတ်လမ်း၊ ဤအဖြစ်ဆိုးမျိုးများသည် ရှေးခေတ်များမှသည် ပစ္စုပ္ပန်ကာလထိ အမြဲ ဖြစ်ပျက်ပြီးဖြစ်ကာ ယင်းတို့သည် အသိပညာအပေါ် လူသားမျိုးနွယ်၏ ဆာငတ်မှုနှင့် ကိုးကွယ်မှု အကျိုးဆက်များ ဖြစ်သည်။ သင်တို့ထဲတွင် အထင်ကြီးလောက်စရာ အသိပညာနှင့် ပညာ အရည်အချင်းများရှိသည့် သူများရှိသည်နှင့်အမျှ၊ ဤစကားများက မနှစ်မြို့ဖွယ်ဖြစ်သည်ဟု သင်တို့ မြင်ကောင်းမြင်နိုင်သည်။ ပညာတတ်ဖြစ်ရန် သင်တို့အတွက် မကောင်းဟု ငါ ပြောနေခြင်း မဟုတ်သည်မှာ မှန်သော်လည်း၊ ဤကိစ္စရပ်ကို မှန်ကန်စွာ သင်တို့ သဘောထားရမည်။ ဆိုလိုသည်မှာ၊ သင်တို့သည် ယခုတွင် စာတန်ဆန်သော အရာများကို ကိုင်တွယ်ဖြေရှင်းသည့် မှန်ကန်သော နည်းလမ်းတစ်ခုနှင့် ယင်းတို့ကို သဘောပေါက်နားလည်ရန် မှန်ကန်သည့် နည်းလမ်းတစ်ခု ရှိရမည်ဖြစ်သည်။ သင်တို့၏ သားသမီးများကို ဘွဲ့တစ်ခုရစေခြင်းနှင့် အလုပ်ကောင်းတစ်ခု ရယူစေခြင်းအားဖြင့် ပြုစုပျိုးထောင်ခြင်းမှ သင်တို့ကို ငါ တားဆီးရန် မဆိုထားနှင့်၊ သင်တို့ကို ပညာမလေ့လာအောင် တားမြစ်ပိတ်ပင်နေခြင်းပင် မဟုတ်ပေ။ ဤအရာကို ငါ ပြောနေခြင်း မဟုတ်။ သင်တို့ကို ငါ ကန့်သတ်ချုပ်ချယ်နေခြင်း မဟုတ်ပေ။ ငါ၏ အယူအဆကိုသာ ငါ ပြောနေခြင်းဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က အသိပညာကို ကြည့်ညိုလေးစားကြသည့် အတိုင်းအတာကို ဖော်ထုတ်နေခြင်းသာ ဖြစ်သည်။ သင်၏ လက်ရှိ အသိပညာအဆင့်မည်မျှ ရှိသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ ဘွဲ့များနှင့် ပညာ အရည်အချင်းတို့က မည်မျှ အဆင့်မြင့်သည်ဖြစ်စေ၊ အသိပညာအပေါ် လူသားမျိုးနွယ်၏ အမြင်များနှင့် အသိပညာအပေါ် ငါ၏ အမြင်တို့နှင့်ပတ်သက်၍ ယခု ငါ ပြောနေခြင်း ဖြစ်သည်။ အသိပညာနှင့်ပတ်သက်၍ ဘုရားသခင်က မည်သည့်အရာ စဉ်းစားသည်ကို သင်တို့ သိကြသလော။ ဘုရားသခင်သည် လူကို အလွန် ခေတ်နောက်ကျ၊ မသိနားမလည်ဖြစ်ပြီး သဘောမပေါက်နိုင်သောသူ မဖြစ်စေချင်သည်နှင့်အမျှ၊ တိုးတက်သည့် သိပ္ပံပညာကို လူသားမျိုးနွယ်အတွက် ဆန္ဒရှိပြီး၊ သိပ္ပံဆိုင်ရာ အသိပညာကို ၎င်းတို့အား ပိုမိုနားလည်စေချင်သည်ဟု တစ်စုံတစ်ဦးက ပြောကောင်းပြောပေမည်။ ဤသည်မှာ မှန်ကန်သော်လည်း ဘုရားသခင်သည် အစေခံမှုကို လုပ်ဆောင်ရန် ဤအရာများကို အသုံးပြုပြီး ယင်းတို့ကို အသိအမှတ်ပြုခြင်းမရှိပေ။ ဤအရာများက လူ၏ အမြင်တွင် မည်မျှ နှစ်သက်ဖွယ်ဖြစ်သော်လည်း၊ သမ္မာတရား မဟုတ်သကဲ့သို့ သမ္မာတရားအတွက် အစားထိုးတစ်ခုလည်း မဟုတ်ပေ။ ထို့ကြောင့် လူများနှင့် ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြလေသည်။ ဘုရားနှုတ်ကပတ်တော်များက ကွန်ဖြူးရှပ်အယူဝါဒ သို့မဟုတ် လူမှုသိပ္ပံများကဲ့သို့သော အသိပညာကို မြင်သည့်အမြင်များ သို့မဟုတ် ကြည့်သည့်နည်းလမ်းများကို ရံဖန်ရံခါ ထည့်သွင်းစဉ်းစားနိုင်သော်လည်း၊ ထိုအရာများသည် ထိုသို့သော အမြင်များကို ကိုယ်စားပြုခြင်းသာ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ သွယ်ဝိုက်အဓိပ္ပာယ်ကို ကြည့်သည့်အခါ၊ သူသည် လူသား အသိပညာကို အလွန်မုန်းတီးကြောင်း ငါတို့ မြင်သင့်သည်။ လူသား အသိပညာတွင် အခြေခံ စာကြောင်းများနှင့် ရိုးရှင်းသည့် အယူဝါဒများ ပါရှိသည်သာမက၊ အချို့သော အတွေးများနှင့် အမြင်များအပြင်၊ လူသား၏ အဓိပ္ပာယ်မရှိမှု၊ အစွဲအလမ်းများနှင့် စာတန်ဆန်သော အဆိပ်များလည်း ပါရှိသည်။ အချို့သော အသိပညာသည် လူကိုပင် အထင်အမြင်မှားစေကာ ဖောက်ပြန်ပျက်စီးစေနိုင်သည်။ ထိုအရာသည် စာတန်၏ အဆိပ်နှင့် အကျိတ်ဖြစ်ပြီး၊ တစ်စုံတစ်ဦးက ဤအသိပညာကို လက်ခံကာ နားလည်သည်နှင့်တစ်ပြိုင်နက်၊ စာတန်၏ အဆိပ်သည် သူ၏ စိတ်နှလုံးတွင် အကျိတ်တစ်ခုအဖြစ်သို့ ကြီးထွားလိမ့်မည်။ ဤအကျိတ်သည် သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလိမ့်မည်ဖြစ်ကာ သူသည် ဘုရားနှုတ်ကပတ်တော်များဖြင့် အနာငြိမ်းခြင်းမခံစားရဘဲ သမ္မာတရားဖြင့် ကုသခြင်းမခံရလျှင် အကျိုးဆက်အနေဖြင့် သေခြင်းကို မလွဲမသွေ ခံရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ လူတို့က အသိပညာကို ပိုမိုရရှိလေ၊ ပိုမို သဘောပေါက်လေ၊ ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့ ယုံကြည်ဖို့ အလားအလာ သာ၍ နည်းပါးလေဖြစ်သည်။ ထိုအစား၊ အသိပညာသည် ၎င်းတို့ မြင်နိုင်၊ တို့ထိနိုင်သည့်အရာတစ်ခုဖြစ်ပြီး၊ ၎င်းတို့၏ ဘဝများရှိ အမှုအရာများဖြင့် အများအားဖြင့် ဆက်စပ်သည်နှင့်အမျှ ဘုရားသခင်ကို အမှန်တကယ် ငြင်းပယ်ကာ အတိုက်အခံလုပ်ကြလိမ့်မည်ဖြစ်သည်။ လူတို့သည် ကျောင်းတွင် အသိပညာများစွာကို လေ့လာသင်ယူကာ ရရှိနိုင်သော်လည်း၊ အသိပညာ၏ အရင်းအမြစ်နှင့် ဝိညာဉ်ရေးရာနယ်ပယ်နှင့် ထိုအသိပညာ၏ ဆက်စပ်မှုကို မမြင်နိုင်ကြပေ။ ဘုရားမဲ့ဝါဒ၏ အယူမှားများနှင့်လည်းကောင်း၊ အတွေးမှားများနှင့်လည်းကောင်း သက်ဆိုင်သည့် အထူးသဖြင့် အတွေးအခေါ်ဆိုင်ရာ ရုပ်ဝါဒနှင့် ဆင့်ကဲဖြစ်စဉ်တို့နှင့်အတူ လူတို့ သင်ယူကာ သဘောပေါက်ကြသည့် အသိပညာအများစုက ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကို ဆန့်ကျင်လေသည်။ ထိုအရာတို့သည် ဧကန်အမှန် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် များပြားလှသောအတွေးမှားများ ဖြစ်သည်။ သမိုင်းစာအုပ်များ၊ နာမည်ကြီး စာရေးဆရာများ၏ လက်ရာများ၊ သို့မဟုတ် ကြီးမြတ်သောလူတို့၏ အတ္ထုပတ္တိများကို ဖတ်ရှုလျှင် သို့မဟုတ် အချို့သော သိပ္ပံဆိုင်ရာ သို့မဟုတ် နည်းပညာဆိုင်ရာ ကဏ္ဍများကို လေ့လာကောင်းလေ့လာမည်ဆိုလျှင်၊ မည်သည့်အရာကို သင် ရရှိလိမ့်မည်နည်း။ ဥပမာအားဖြင့်၊ ရူပဗေဒကို သင် လေ့လာလျှင် ရူပဗေဒဆိုင်ရာ စည်းမျဉ်းအချို့၊ နယူတန်သဘောတရား သို့မဟုတ် အခြား အယူဝါဒများကို သင် ကျွမ်းကျင်လိမ့်မည်ဖြစ်သော်လည်း၊ သင်ယူလေ့လာကာ နှလုံးသွင်းပြီးသည့်အခါ၊ ဤအရာများက သင်၏ စိတ်ကို လွှမ်းမိုးပြီး၊ သင်၏ တွေးခေါ်မှုကို စိုးမိုးလိမ့်မည် ဖြစ်သည်။ ထို့နောက် ဘုရားနှုတ်ကပတ်တော်များကို သင် လာဖတ်သည့်အခါ၊ သင်က၊ “ဘုရားသခင်က ကမ္ဘာ့ဆွဲအားကို အဘယ်သို့ဖြစ်ပြီး မဖော်ပြသနည်း။ ကမ္ဘာ့အပြင်ဘက် အာကာသ ဟင်းလင်းပြင်အကြောင်းကို အဘယ်ကြောင့် မဆွေးနွေးသနည်း။ လက လေထုရှိမရှိ သို့မဟုတ် ကမ္ဘာမြေပေါ်တွင် အောက်စီဂျင်မည်မျှရှိသည်ဆိုသည့်အကြောင်းကို ဘုရားသခင်က အဘယ်ကြောင့် မပြောသနည်း။ ဤအရာများသည် လူသားမျိုးနွယ်အတွက် သိရှိကာ ပြောပြရန် လိုအပ်သည့်အရာများ ဖြစ်သောကြောင့် ဘုရားသခင်က ချပြသင့်သည်”ဟု စဉ်းစားလိမ့်မည်။ သင်၏ စိတ်နှလုံးတွင် ဤအတွေးမျိုး ထားရှိလျှင်၊ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို သာမညအဖြစ် သင် မှတ်ယူလိမ့်မည်။ ထိုအစား သင်၏ အသိပညာနှင့် သဘောတရားများအားလုံးကို ဦးစားပေးအဖြစ် သင် မြှင့်တင်မိလိမ့်မည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များကို သင် သဘောထားမည့်ပုံ ဖြစ်သည်။ မည်သို့ဆိုစေကာမူ၊ ဤအသိဉာဏ်နှင့်ဆိုင်သည့် အရာများသည် လူတို့အား မှားယွင်းသည့် စိတ်ကူးကို ပေးလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ထံမှ ၎င်းတို့ကို လမ်းလွဲစေလိမ့်မည်။ သင်တို့ ယုံကြည်ခြင်း ရှိမရှိ၊ သို့မဟုတ် ယနေ့တွင် ထိုအရာကို သင်တို့ လက်ခံနိုင်ခြင်း ရှိမရှိက အရေးမကြီးပေ။ ဤအမှန်တရားကို သင် ဝန်ခံမည့်နေ့ရက် ရောက်လာလိမ့်မည်။ အသိပညာက လူတို့အား ပျက်စီးခြင်းဆီသို့၊ ငရဲဆီသို့ ဆိုက်ရောက်စေနိုင်ပုံကို သင်တို့ အမှန်တကယ် နားလည်ကြသလော။ သင်တို့ထဲတွင် အလွန် ပညာတတ်ပြီး အလွန်နှံ့စပ်သည့်လူများ ရှိကြသောကြောင့် ဤအရာကို လက်ခံရန် လိုလားနေခြင်းမရှိနိုင်သည့် သူအချို့ ရှိသည်။ ငါသည် သင်တို့ကို သရော်နေခြင်း မဟုတ်၊ သို့မဟုတ် ထေ့ငေါ့နေခြင်း မဟုတ်။ အမှန်တရားကို ရိုးရှင်းစွာ ဖော်ပြနေခြင်း ဖြစ်သည်။ ဤနေရာနှင့် ယခုတွင် ထိုအရာကို လက်ခံရန် သင်တို့ကို ငါ တောင်းဆိုနေခြင်းမဟုတ်ဘဲ၊ ဤသွင်ပြင်လက္ခဏာအပေါ် တဖြည်းဖြည်း သိနားလည်လာရန် တောင်းဆိုနေခြင်း ဖြစ်သည်။ အသိပညာက သင့်အား ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းကို စိစစ်ကာ ကိုင်တွယ်ဖြေရှင်းရန် သင်၏ စိတ်နှင့် အသိဉာဏ်ကို အသုံးပြုစေသည်။ ထိုအသိပညာသည် ဘုရားသခင်ကို သင် သိကျွမ်းကာ သူ၏ အမှုတော်ကို တွေ့ကြုံခြင်းအတွက် အဟန့်အတားနှင့် အတားအဆီးတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ သင့်ကို ဘုရားသခင်ထံမှ လမ်းလွဲကာ အတိုက်အခံလုပ်စေလိမ့်မည်။ သို့ရာတွင် ယခု သင်၌ အသိပညာရှိသောကြောင့် မည်သည့်အရာကို သင် လုပ်ဆောင်သနည်း။ လက်တွေ့ကျသည့် အသိပညာနှင့် စာတန်ထံမှလာပြီး၊ အယူမှားနှင့်လည်းကောင်း အတွေးမှားနှင့်လည်းကောင်း သက်ဆိုင်သည့် အသိပညာတို့ကြား သင် ခွဲခြားသိမြင်ရမည်။ သင်သည် ဘုရားမဲ့ဝါဒနှင့်ဆိုင်သည့်၊ အဓိပ္ပာယ်မဲ့သော အသိပညာကိုသာ လက်ခံလျှင်၊ ထိုအရာက ဘုရားသခင်ကို သင်၏ ယုံကြည်မှုအား တားဆီးနိုင်သည်၊ သူနှင့် သင်၏ ပုံမှန် ဆက်ဆံရေးနှင့် သင်၏ သမ္မာတရားလက်ခံမှုတို့ကို နှောင့်ယှက်ကာ သင်၏ အသက်ဝင်ရောက်မှုကို ပိတ်ဆို့နိုင်သည်။ ဤသည်မှာ မှန်ကန်သည့်အတွက် သင် သိရှိရန် လိုအပ်ပြီး၊ ဤအကြောင်းအရာကို သင်တို့ မှန်ကန်စွာ သဘောပေါက်နားလည်သင့်သည်။ ညီအစ်ကို မောင်နှမအချို့က အလွန် ပညာတတ်ကြောင်းကို ငါ သိပြီး၊ ငါသည် သင်တို့ကို တိုက်ခိုက်နေခြင်း၊ သရော်နေခြင်း သို့မဟုတ် ဘေးဖယ်ထားခြင်း မဟုတ်။ ဤအကြောင်းအရာက ယနေ့တွင် ရုတ်တရက် ပေါ်လာပြီး၊ ဤသည်တို့မှာ သင်တို့ကို သတိပေးရန် စကားအနည်းငယ်သာ ဖြစ်သည်၊ သင်တို့ထဲမှ မြင့်မားသည့် ပညာ အရည်အချင်းများ သို့မဟုတ် အသိပညာနှင့် ယဉ်ကျေးမှုရှိကြသည့်သူများကို တမင်တကာ ပြဿနာဖြစ်စေရန် မဟုတ်ပေ။ သင်တို့ကို အပျက်သဘောဆောင် သို့မဟုတ် စိတ်ဓာတ်ကျစေဖို့ မဟုတ်၊ ယင်းမှာ ရည်မှန်းချက် လုံးဝ မဟုတ်ပေ။ သို့ဆိုလျှင် ထိုအရာကို သင်တို့ မှန်ကန်စွာ သဘောပေါက်နားလည်နိုင်ကြသလော။ (နားလည်နိုင်ပါသည်။) သင်တို့ နားလည်နိုင်လျှင်၊ ငါ စိတ်သက်သာရာရပြီး၊ အနည်းငယ် သာ၍ စိတ်အေးလက်အေး အသက်ရှူနိုင်ပေသည်။
ဤမျှ မိတ်သဟာယပြုပြီးနောက်တွင်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိခြင်းသည် ရိုးရှင်းသည့် ကိစ္စရပ်တစ်ခု မဟုတ်သည်ကို သင်တို့ ယခု မြင်နိုင်ကြပေသည်။ ထိုအရာသည် အယူဝါဒများကို နားလည်ခြင်းနှင့် စည်းမျဉ်းစည်းကမ်းများ လိုက်လျှောက်ခြင်းမျှဖြင့် စွမ်းဆောင်ရရှိသည့်အရာတစ်ခု မဟုတ်ပေ။ သင့်အနေဖြင့် ပထမဆုံး သင့်ကိုယ်သင် သိနားလည်ရမည်၊ သင်၏ အတွေးများနှင့် အမြင်များကို သုံးသပ်ကာ သင်၏ စိတ်နှလုံးတွင် တည်ရှိသည့်အရာများထဲမှ ဘုရားသခင်ကို ငြင်းပယ်ကာ အတိုက်အခံလုပ်သည့် အရာများအပြင် ဘုရားသခင် စက်ဆုပ်ပြီး မနှစ်သက်သည့်အရာများကို ရှာဖွေလေ့လာနိုင်ရမည်ဖြစ်သည်။ သင်၏ ကိုယ်ပိုင် စာတန်ဆန်သော သဘာဝအကြောင်း သို့မဟုတ် သင် ပုံမှန်အားဖြင့် ထုတ်ဖော်ပြသည့် စာတန်ဆန်သော စိတ်သဘာထား အမျိုးမျိုးကို သိနားလည်မှု တစ်ခုတလေ သင်၌ ရှိသလော။ ယင်းတို့ကို သင် အမှန်တကယ် စိတ်ဖြာလေ့လာဆွေးနွေးနိုင်သလော။ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးတွင် စာတန်ဆန်သော စိတ်သဘောထားများရှိကြပြီး၊ အားလုံးတွင် နက်ရှိုင်းစွာ အမြစ်တွယ်ထားသည့် မှားယွင်းသော အတွေးများနှင့် စိတ်ကူးများ ရှိကြသည်။ ၎င်းတို့အတွင်း၌ သမ္မာတရားကို ရန်လိုပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည့် ဖောက်ပြန်ပျက်စီးခြင်းအချို့ဖြင့်၊ လူတိုင်းက အတူတူပင် ဖြစ်သည်။ ထိုအရာတစ်ခုမျှသည် သမ္မာတရားနှင့် သဟဇာတမဖြစ်သကဲ့သို့ လူအများစုက ဤအရာကို လက်ခံနိုင်ကြသည်။ ယခုတင်၊ လူသား အသိပညာကို မည်သို့ နားလည်ရမည်ဆိုသည်နှင့် ထိုအရာအများစုက အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသည်ဟု ငါ အဘယ်ကြောင့်ပြောရသည်ဟူသည်တို့နှင့်ပတ်သက်၍ ငါ ပြောခဲ့သည်။ သင်တို့ထဲမှ အချို့သည် အနာပေါ်တုတ်ကျခံရသည့်အလား၊ ဤအရာကို ကြားသည့်အခါ စိတ်မသက်မသာခံစားကောင်းခံစားရမည်ဖြစ်သော်လည်း ထိုအရာကို ပြောရမည်ဖြစ်သည်။ သင်တို့၏ မှားယွင်းသည့် အမြင်များစွာသည် အသိပညာမှ ရရှိခြင်းဖြစ်ကာ ဤမှားယွင်းပြီးအဓိပ္ပာယ်မဲ့သည့် အသိပညာသည် သင်တို့၏ စိတ်နှလုံးများတွင် နက်ရှိုင်းစွာ အမြစ်တွယ်လာသည့် မှားယွင်းသော အတွေးများနှင့် အမြင်များ ဖြစ်ပေါ်စေသည်။ ဤလွဲမှားသော အမြင်များကို သင် မဖြေရှင်းလျှင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မဆိုထားနှင့်၊ ထိုသမ္မာတရားကို လက်ခံရန် သင့်အတွက် ခက်ခဲလိမ့်မည်။ ထို့ကြောင့် သင်တို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်များနှင့် သူ ဖော်ပြသည့် သမ္မာတရားအားလုံးကို လက်ခံနိုင်မည်ဟု ငါ မျှော်လင့်သည်။ သင် လိုလားခြင်းမရှိလျှင်ပင်၊ သင်ယူကာ လက်ခံရန် ကြိုးစားသင့်ဆဲဖြစ်သည်။ ဤသို့ဖြင့်၊ သင်တို့၏ စိတ်နှလုံးများသည် ဘုရားသခင်နှင့် သာ၍ နီးလာလိမ့်မည်ဖြစ်ပြီး သင်သည် သူ၏ သတ်မှတ်ချက်များနှင့် သာ၍ နီးစပ်လာလိမ့်မည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျက်၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့ကျကျ ဤသို့ တွေ့ကြုံခြင်းမရှိလျှင်၊ ဘုရားသခင်ကို သင်၏ ယုံကြည်မှုသည် အမြဲ ပါးစပ်ပြောမျှသာဖြစ်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤသို့ ဖြစ်သည်မဟုတ်လော။ ယနေ့တွင် အသိပညာအကြောင်း အနည်းငယ် ငါ ပြောဆိုပြီးဖြစ်သည်။ ယင်းက သင်တို့ကို ကသိကအောက်ဖြစ်ကောင်းဖြစ်စေနိုင်သည်။ သင်တို့သည် မသက်မသာခံစားရလျှင် ငါ စိတ်မကောင်းပေ။ သို့သော် ဤစစ်မှန်မှုများကို ရှောင်ရှားစရာမရှိသောကြောင့် သင်တို့ ရင်ဆိုင်ရမည်ဖြစ်သည်။ ယင်းတို့ကို သင် ရှောင်ရှားလျှင်၊ သင့် အတွေးများနှင့် အမြင်များရှိ မည်သည့်အရာများက မှန်ကန်ပြီး မည်သည့်အရာများက မှားယွင်းသည်ကို မည်သည့်အချိန်တွင် သင် သိရှိနိုင်လိမ့်မည်နည်း။ သင် မသိနိုင်ပေ။ ဤအမှန်တရားများကို သင် တစ်နေ့ ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ ဘာသာတရားမရှိသူများက၊ “အကျည်းတန်သည့် ဇနီးသည် နောက်ဆုံးတွင် သူမ၏ အိမ်ထောင်ဖက်နှင့် ဆွေမျိုးတော်စပ်သူများကို တွေ့ရလိမ့်မည်”ဟု ပြောကြသကဲ့သို့ပင်ဖြစ်သည်။ ယခု သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့်၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို လက်ခံလိုလျှင်၊ အသက်ဝင်ရောက်မှုရှိလိုလျှင်၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိပြီး ကယ်တင်ခံရလိုလျှင်၊ ဤအမှန်တရားများကို သင် ရင်ဆိုင်ရမည်၊ သင်၏ သင်ခန်းစာများကို သင်ယူကာ အချို့သော ညှဉ်းဆဲခြင်းနှင့် ဆင်းရဲဒုက္ခကို ခါးစီးခံရမည်ဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ထံ သင် ဆုတောင်းရန် ဆန္ဒရှိသော်လည်း သင့်တော်သည့် စကားမရှိသောကြောင့် သင် အာစေးမိပြီး၊ ထိုသို့သော အရာတစ်ခုကို နောက်တစ်ကြိမ် သင် ကြုံရသည့်အခါ ရက်အတော်ကြာ တစ်ဖန် စိတ်မသက်မသာဖြစ်လိမ့်မည်ဖြစ်ကာ တစ်ဖန် အာစေးမိနေလိမ့်မည်ဖြစ်သည်။ သို့သော် နောက်တစ်ကြိမ် ထိုအရာကို သင် ကြုံရသည့်အခါ၊ သင်၏ အတွေးများနှင့် အမြင်များတွင် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် အရာအချို့ အမှန်တကယ်ရှိသည်ကို သင် မရည်ရွယ်ဘဲ သင် ရှာဖွေတွေ့ရှိလိမ့်မည်ဖြစ်သည်။ ဘုရားသခင် ပြောဆိုခဲ့သည့် အရာရာသည် မုသားတစ်ခုမျှမရှိဘဲ မှန်ကန်ကြောင်းနှင့် လူသားမျိုးနွယ်ကို ဘုရားသခင်သာ အမှန်တကယ် အသိဆုံးဖြစ်ပြီး လူတိုင်း၏ စိတ်နှလုံးတွင်ရှိသည့်အရာများကို အနားလည်ဆုံးဖြစ်ကြောင်း ခေါင်းညိတ်ကာ ဝန်ခံနိုင်လိမ့်မည်၊ ရိုးသားစွာနှင့် လေးနက်စွာ ဝန်ခံနိုင်လိမ့်မည်ဖြစ်သည်။ သင့်၌ ဤအတွေ့အကြုံအဆင့်ရှိသည့် နေ့ရက် ရောက်လာလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် သင်သည် ဘုရားသခင်ကို ယုံကြည်သည့် လမ်းကြောင်းမှန်ပေါ်တွင်လည်းကောင်း၊ သင်၏ အသက် စိတ်သဘောထားကို ပြောင်းလဲသည့် လမ်းကြောင်းမှန်ပေါ်တွင်လည်းကောင်း သင် ရှိလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင် ဘုရားသခင် ပြောဆိုသည့် မည်သည့်စကားကိုမဆို သင် သဘောကွဲလွဲမည်မဟုတ်သောကြောင့်၊ ယင်းတို့ကို သင် ကြားသည့်အခါ စိတ်မသက်မသာ ခံစားရမည်မဟုတ်ဘဲ၊ ဘုရားသခင် ဖော်ထုတ်သည့် အချက်တိုင်းကို အလွန်အမင်းမနှစ်မြို့ခြင်းမရှိဘဲ၊ ထွက်ပြေးခြင်းမရှိဘဲ သင် လက်ခံနိုင်လိမ့်မည်။ ထိုအရာကို သင် သင့်တင့်လျောက်ပတ်စွာ ရင်ဆိုင်လိမ့်မည်ဖြစ်ပြီး၊ သင်သည် ဘုရားနှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်နှင့်ပြီးဖြစ်သည်ကို ဤအရာက သက်သေပြလိမ့်မည် ဖြစ်သည်။ ယနေ့တွင် သေးငယ်သည့် အစပြုခြင်းကို ငါတို့ ပြုလုပ်ပြီးဖြစ်သည်၊ သေးငယ်သည့် စမ်းသပ်မှုတစ်ခုကို ဦးစီးဦးရွက်ပြုပြီးဖြစ်သည်။ သင်တို့သည် အနည်းငယ် စိတ်မသက်မသာ၊ အနည်းငယ် ကသိကအောက် ခံစားရနိုင်သော်လည်း၊ ယင်းမှာ ကိစ္စမရှိပေ။ ငါ စိတ်အနှောင့်အယှက်ဖြစ်သကဲ့သို့ သင်တို့လည်း စိတ်အနှောင့်အယှက်မဖြစ်ဟု ငါ မျှော်လင့်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်သည် ဤအရာများထက် များစွာ သာ၍ ပြင်းထန်သောကြောင့်ဖြစ်သည်။ ဘုရားသခင်က သင်တို့ကို အမှန်တကယ် တရားစီရင်လိုလျှင်၊ သူ၏ နှုတ်ကပတ်တော်များသည် များစွာ သာ၍ ပြင်းထန်လိမ့်မည်။ ဘုရားသခင်သည် ပုံမှန် လူ့သဘာဝမရှိသည့်၊ မလျော်ကန်သည့်၊ သိသိနှင့် ဘုရားသခင်ကို ငြင်းပယ်၊ ရှုတ်ချကာ အတိုက်အခံလုပ်နေဆဲဖြစ်သည့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို မြင်သည့်အခါ ကြင်နာသည့်ပုံစံဖြင့် စကားပြောလိမ့်မည်ဟု သင် တွေးထင်သလော။ လူကို ဖော်ထုတ်နေချိန်တွင် ဘုရားသခင်၏ သဘောထားသည် ကောင်းနိုင်မည်လော။ မကောင်းနိုင်မည်မှာ အမှန်ဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များသည် မုချ အတော် ပြင်းထန်၊ နက်နဲပြီး လိုရင်းသို့ ရောက်မည်ဖြစ်သည်။ ယနေ့ ငါတို့ မိတ်သဟာယပြုပြီးသည့် အချက်အနည်းငယ်ကို သင်တို့ လက်ခံနိုင်လျှင်၊ ဤအရာက သင်တို့သည် ဘုရားနှုတ်ကပတ်တော်ကိုလည်းကောင်း၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကိုလည်းကောင်း လက်ခံခြင်းနှင့်ပတ်သက်၍ အစကောင်းကြပြီးဖြစ်သည်ကို သက်သေပြပေသည်။ ဤပထမဆုံး သွင်ပြင်လက္ခဏာနှင့်ပတ်သက်၍၊ အသိပညာနှင့်ဆိုင်သည့် အကြောင်းအရာကို ကြည့်လျက်၊ သင်တို့အားလုံး သိရှိကြသည့် ဥပမာငယ်တစ်ခုဖြင့်၊ အတွေးများ၊ အမြင်များနှင့်ဆိုင်သည့် ပြဿနာအကြောင်းကို ငါတို့ ဆွေးနွေးပြောဆိုကြပြီးဖြစ်သည်။ အချို့သော လူတို့ကို စိတ်မသက်မသာဖြစ်စေမည်ကို ကြောက်သဖြင့် ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါ အလွန်များစွာ မိတ်သဟာယမပြုခဲ့ပေ။ ထို့ကြောင့် မပြည့်မစုံနှင့် အချုပ်အားဖြင့်ဖြစ်သော်လည်း၊ ၎င်းတို့၏ ခံစားချက်များကို ထည့်တွက်သည့်အနေဖြင့် အနည်းငယ်ကိုသာ ငါ ပြောဆိုပြီးဖြစ်သည်။ သင်တို့အနေဖြင့် သင်တို့၏ အတွေ့အကြုံမှတစ်ဆင့် တဖြည်းဖြည်း နားလည်နိုင်မည်ဟုလည်းကောင်း၊ ဤနယ်ပယ်တွင်ရှိသည့် သမ္မာတရားကို တဖြည်းဖြည်း ရှာဖွေကာ လူတို့ထံ အသိပညာက ဆောင်ကြဉ်းသည့်အရာကို တွေ့ကြုံနိုင်မည်ဟုလည်းကောင်း ငါ မျှော်လင့်သည်။ အနာဂတ်တွင် ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ နောက်ထပ် မိတ်သဟာယပြုကောင်းပြုမည်ဖြစ်ပြီး၊ ထိုအချိန်တွင် သင်တို့ စိတ်မသက်မသာ ခံစားရမည်မဟုတ်သကဲ့သို့၊ “ဤသည်မှာ ငါ့ကို ဆန့်ကျင်သည့် တစ်စုံတစ်ရာဖြစ်သလော။ ဤအရာက ငါကို ရည်ရွယ်သလော”ဟု တွေးမည်မဟုတ်ဟု ငါ မျှော်လင့်သည်။ ထိုအတွေးများ၊ စိတ်ကူးများ တစ်ခုမျှမဟုတ်ပေ။ သို့ရာတွင် ယခုအနေဖြင့် ပထမဆုံး သွင်ပြင်လက္ခဏာနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် ငါတို့ အဆုံးသတ်မည်။
ယခုတွင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၏ ဒုတိယ သွင်ပြင်လက္ခဏာဖြစ်သည့် ဘဝအပေါ် သဘောထားအမြင်ကို ငါတို့ မိတ်သဟာယပြုမည်။ သင်တို့၏ သဘောထားအမြင်မှာ အဘယ်နည်း။ သင်တို့ အသက်ရှင်သည့် စည်းမျဉ်းများမှာ အဘယ်နည်း။ သင်တို့တွင် သိနားလည်မှု တစ်ခုတလေ ရှိကြသလော။ စည်းမျဉ်းတစ်ခုတလေပင် ရှိသလော။ သင်တို့တွင် စိတ်ကူးတစ်ခုတလေ ရှိကြသလော။ ဆိုလိုသည်မှာ မည်သည့်လူစားမျိုး သင်တို့ ဖြစ်ချင်ကြသနည်း။ ဘဝအပေါ်၊ သင်၏ ဘဝ ဦးတည်ချက်အပေါ် သင်၏ သဘောထားအမြင်မှာ အဘယ်နည်း။ (ဘုရားသခင်နှစ်သက်သည့် တစ်စုံတစ်ဦး ဖြစ်ရန်ဖြစ်သည်။) (ကျွန်ုပ်ဘဝ၏ ကျန်ရှိသည့်အချိန်အတွက် အဆုံးထိ ဘုရားသခင်နောက်လိုက်ရန်ဖြစ်သည်။) (ဘုရားသခင်ကို သိကျွမ်းရန်ဖြစ်သည်။) (ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားကာ ဘုရားသခင်၏ ကယ်တင်ခြင်း ခံရရန်ဖြစ်သည်။) သင်တို့ ပြောပြီးသမျှတိုင်းက အကောင်းဆုံးဖြစ်ပြီး၊ သင်တို့၏ စိတ်နှလုံးများအားလုံးသည် သမ္မာတရား လိုက်စားရာတွင် ကြိုးစားကာ သမ္မာတရားကို ရရှိရန် ဘုရားသခင်နောက်လိုက်ဖို့ သင်တို့ ဆုံးဖြတ်ထားကြောင်းနှင့် သင်တို့တွင် သင်တို့၏ ပြုမူနေထိုင်မှုအတွက် မှန်ကန်သည့် ရည်မှန်းချက်နှင့် ဦးတည်ချက်တစ်ခု ရှိကြောင်းကို သက်သေပြပေသည်။ ယင်းက ဘုရားသခင်ကို သင်တို့၏ ယုံကြည်မှုတွင် သင်တို့၏ စိတ်နှလုံးသည် အနှစ်မဲ့ခြင်းမရှိသကဲ့သို့ အချိန်ဖြုန်းနေခြင်းသာ မဟုတ်ကြောင်း ပြသပေသည်။ ဤအချိန်အတောအတွင်းတွင် သင်တို့သည် တိုးတက်မှုတစ်ခုခု ပြုလုပ်ပြီးဖြစ်ကာ ဤသည်မှာ ပြောင်းလဲမှုဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်တို့သည် ဘာသာတရားမရှိသူများကဲ့သို့၊ “ဘဝဟူသည် စားခြင်းနှင့် ဝတ်ခြင်းအတွက်သာဖြစ်၏”ဟု ပြောကြမည်မဟုတ်ပေ။ တစ်စုံတစ်ဦးက ထိုသို့သော အရာများ ပြောသည်ကို သင်တို့ ကြားသည့်အခါ၊ ၎င်းတို့ကို သင်တို့ နှစ်သက်ကြလိမ့်မည် မဟုတ်ဘဲ၊ ပစ်ပယ်ကြလိမ့်မည်ဖြစ်သည်။ သမ္မာတရားထဲသို့ သင်တို့ မည်မျှဝေးဝေး ဝင်ရောက်ပြီးသည်ဖြစ်စေ၊ ဘုရားသခင်နောက် ကောင်းစွာလိုက်ရန် သင်တို့တွင် အလိုဆန္ဒရှိသင့်ကြပေသည်။ သင်တို့ စိတ်နှလုံးတွင်၊ “ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်၏ ရည်မှန်းချက်များ၊ နက်နဲမှုများနှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏ရည်ရွယ်ချက်တို့ကို ငါတို့ထံ ထုတ်ဖော်ပြပြီးဖြစ်သဖြင့်၊ ငါတို့သည် သူ၏ ကတိတော်များနှင့် ကောင်းချီးများကို မြင်တွေ့ပြီးဖြစ်သဖြင့်၊ ငါတို့သည် မတက်မကြွနှင့် ဘုရားသခင်ရည်ရွယ်ချက်များကို မထောက်ထားဘဲနေကြလျှင်၊ သူ့ကို ငါတို့ အမှန်တကယ် စိတ်ပျက်စေမိကြမည်ဖြစ်ပြီး၊ သူ့ကို ငါတို့ အလွန် အကြွေးတင်ကြမည်ဖြစ်သည်”ဟု သင်တို့ သိသင့်ကြပေသည်။ ဤစိတ်နှလုံးမျိုး ရှိခြင်းက သင်တို့၏ စိတ်ဝိညာဉ်များသည် နိုးထနှင့်ပြီးဖြစ်ကာ ပြောင်းလဲရန် စတင်ပြီဖြစ်ကြောင်း သက်သေပြပေသည်။ မည်သို့ဆိုစေ၊ သင်တို့တာဝန်ကို ထမ်းဆောင်ရန် သင်တို့၏ အားထုတ်မှုများကို အကဲဖြတ်သည့်အခါ၊ သင်တို့အားလုံးသည် ဘုရားသခင် တောင်းဆိုသည့် ဦးတည်ချက်နှင့် ရည်မှန်းချက်များအတွက် ကြိုးပမ်းနေကြပြီး၊ ဤသည်မှာ မှန်ကန်ပေသည်။ လိုက်စားမှုနှင့်ပတ်သက်၍ သင်တို့၏ ရှုထောင့်များတွင် မည်သည့် ကွဲပြားခြားနားမှုများရှိသည်ဖြစ်စေ၊ ထိုအရာများအားလုံးက အလွန်လက်တွေ့ကျပြီး စိတ်ကူးယဉ်ဆန်ခြင်းမရှိ သို့မဟုတ် အနှစ်မဲ့ခြင်း မရှိကြပေ။ ငါတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံပြီး ကိုးကွယ်သူတစ်ဦးဖြစ်ရန် ကြိုးစားသည့် အမြင်ရှိသင့်သည်ဟု သင်တို့ ထင်ကြသလော။ ငါတို့သည် ဘုရားသခင်ကို အတိုက်အခံမလုပ်တော့သည့်၊ ငါတို့အပေါ် သူ့ကို မစက်ဆုပ်စေတော့သည့် သို့မဟုတ် ဒေါသမထွက်စေတော့သည့်၊ စဉ်ဆက်မပြတ် ဒေါသအမျက်ခြောင်းခြောင်း မထွက်စေဘဲ ဘုရားသခင်၏ စိတ်နှလုံးက နှစ်သိမ့်ခြင်းခံရကာ ငါတို့သည် အာဗြဟံကဲ့သို့ စစ်မှန်သည့် ကိုးကွယ်သူများဖြစ်ကြသည့် ဘဝနှင့်ပတ်သက်သော သဘောထားအမြင်တစ်ခု ရှိသင့်ကြသည် မဟုတ်လော။ ဤသည်မှာ လူတို့တွင် ရှိသင့်သည့် ဘဝနှင့်ပတ်သက်သော သဘောထားအမြင်ဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် ဘဝနှင့်ပတ်သက်သည့် ဤသဘောထားအမြင်မျိုးနှင့် ဤအတွေးမျိုးများ အမြစ်တွယ်ပြီးဖြစ်ကာ ဤဦးတည်ချက်ဖြင့် သင် လိုက်စားသည့်အခါ၊ လောကီ ကြွယ်ဝမှုများ၊ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့၏ စုံစမ်းသွေးဆောင်မှုနှင့် ဖြားယောင်းမှုတို့သည် လျော့ပါးသွားလိမ့်မည် မဟုတ်လော။ သင်သည် ဤဦးတည်ချက်ဖြင့် ကြိုးစား၊ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံသည့်အခါ၊ သိပင်မသိလိုက်ဘဲနှင့်၊ ဘုရားနှုတ်ကပတ်တော်များက သင်၏ စိတ်နှလုံးတွင် ဘဝအတွက် သင်၏ဆောင်ပုဒ်နှင့် သင်၏ ဖြစ်တည်မှု အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မည်။ သင် မသိလိုက်မီတွင်၊ ဘုရားနှုတ်ကပတ်တော်များသည် သင်၏ အသက်ဖြစ်လာလိမ့်မည်၊ သင့်အတွင်းတွင် သင်၏ အသက်လမ်းကြောင်း ဖြစ်လာလိမ့်မည်။ ထိုအချိန်တွင်၊ လောကထဲရှိ အရာရာတိုင်းက သင့်အတွက် အရေးမပါသောအရာသာ ဖြစ်မည် မဟုတ်လော။ ထို့ကြောင့်၊ ဘဝနှင့်ပတ်သက်သည့် သင်၏ သဘောထားအမြင်က မည်သည့်အရာဖြစ်သည်မှာလည်း အရေးကြီးပေသည်။ ဘုရားသခင်ကို သင်၏ ယုံကြည်မှုတွင် မည်သည့် ဦးတည်ချက်ဖြင့် သင် လိုက်စားနေသနည်း။ မှန်ကန်သည့် ဦးတည်ချက် ဖြစ်သလော။ မှန်ကန်သည့် လမ်းကြောင်း ဖြစ်သလော။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သင် မည်မျှ အလှမ်းဝေးသနည်း။ ဘုရားသခင်၏ သတ်မှတ်ချက်များကို အခြေခံ၍ သင် လိုက်စားလျှင်၊ သင်သည် မှန်ကန်သည့် ဦးတည်ချက်ဖြင့် သွားနေခြင်းဖြစ်သည်။ သင် အနည်းငယ် လမ်းလွဲလျှင် သို့မဟုတ် အနည်းငယ် အားနည်းလျှင် သို့မဟုတ် ကျရှုံးမှုအချို့ရှိလျှင် ကိစ္စပင်မရှိပေ။ ဘုရားသခင်က အမှတ်ရမည်မဟုတ်ဘဲ သင်၏ အသက်တာ ကြီးထွားသည်အထိ သင့်ကို အမြဲ ထောက်ပံ့ပေးလိမ့်မည်။ မည်သည့်လူစားမျိုးကို ဘုရားသခင် နှစ်သက်သည်ဟု သင် ထင်သနည်း။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားသူ၊ စိတ်ပိုင်းဖြတ်ထားပြီး ရိုးသားသောသူများကို နှစ်သက်၏။ သင်၏မသိနားမလည်မှု၊ သင်၏ အားနည်းချက် သို့မဟုတ် သင်၏ ဉာဏ်ပညာကင်းမဲ့ခြင်းနှင့်ပတ်သက်၍ ဘုရားသခင် မစိုးရိမ်ပေ။ သို့သော် သမ္မာတရားကို သင် မလိုက်စားလျှင်၊ သို့မဟုတ် သမ္မာတရားကို သင် နားလည်သော်လည်း လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင် သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမရှိဘဲ ဝိညာဉ်မဲ့သည့် တိရစ္ဆာန်များကဲ့သို့၊ သင်၏ ဘဝအတွက် ရည်မှန်းချက် သို့မဟုတ် ဦးတည်ချက်မရှိဘဲ အသက်ရှင်လျှင်၊ ဘုရားသခင် စက်ဆုပ်သည်။ သင့်တွင် ဘုရားသခင်အပေါ်ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး ဤသဘောထားရှိလျှင် ဘုရားသခင်က စက်ဆုပ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်မှုမှတစ်ဆင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိရန်၊ ဘဝနှင့်ပတ်သက်သည့် သဘောထားအမြင်၏ အရည်အသွေးက အလွန် အရေးကြီးသည်။ လူအချို့က၊ “ဘဝတွင် ကျွန်ုပ်၏ ရည်မှန်းချက်မှာ ဘုရားသခင် ကြီးမားစွာ အသုံးပြုသည့် သူတစ်ဦး၊ ဘုရားသခင်ကို အစေခံနိုင်သည့်သူတစ်ဦး ဖြစ်ရန်ဖြစ်သည်”ဟု ပြောကြသည်။ ဤသည်မှာ ကောင်းမွန်သည့် လိုက်စားမှုတစ်ခု ဖြစ်သလော။ ကောင်းမွန်ကောင်း ကောင်းမွန်နိုင်သော်လည်း၊ လူသား ဝိညာဉ်ရင့်ကျက်မှုသည် အကန့်အသတ်ရှိပြီး၊ လူတို့၏ အစွမ်းအစများနှင့် အခြေအနေများသည် ကွဲပြားခြားနားသည်။ ထို့ကြောင့် ဤရည်မှန်းချက်ကို သင်၏ လိုက်စားမှုသည် မှန်ကန်သော်လည်း၊ သင့်အတွက် သင့်တော်ကောင်းသင့်တော်မည် မဟုတ်ပေ။ ဘဝနှင့်ပတ်သက်သည့် လူတို့၏ သဘောထားအမြင်သည် ဘုရားသခင်ကို ကိုးကွယ်သည့် သမ္မာတရား၊ လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူတစ်ဦး၊ ဆိုလိုသည်မှာ စစ်မှန်သည့်လူတစ်ဦး ဖြစ်လာရန် ဖြစ်သင့်သည်။ ဤသည်မှာ အသင့်လျော်ဆုံးသော လိုက်စားမှုဖြစ်သည်။ တစ်စုံတစ်ဦးက၊ “ကျွန်ုပ်တို့သည် ယခုတွင် စစ်မှန်သည့် လူများဖြစ်သည်မဟုတ်လော”ဟု ပြောကောင်းပြောမည်။ အပြင်ပန်းအားဖြင့် သင့်တွင် နှာခေါင်းနှင့် မျက်လုံးများအပြင် လူသားပုံသဏ္ဍာန်ရှိသည်နှင့်အမျှ သင်သည်စစ်မှန်သည့် လူတစ်ဦးဖြစ်သော်လည်း သင်၏ အနှစ်သာရကို အခြေခံ၍၊ သင်သည် စစ်မှန်သည့် လူတစ်ဦး ဖြစ်မလာသေးပေ။ သင်သည် အလွန်များစွာ ချို့တဲ့နေဆဲဖြစ်ပြီး အလွန်နည်းပါးသည့် သမ္မာတရားများကို နားလည်ပေသည်။ စစ်မှန်သည့်လူတစ်ဦး၊ သမ္မာတရားကို ပိုင်ဆိုင်ပြီး လူ့သဘာဝရှိသည့်သူတစ်ဦး၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့်၊ သူ၏ အလိုတော်ကို လိုက်လျှောက်ကာ သူ့ကို ကိုးကွယ်သည့်သူ တစ်ဦးဖြစ်လာရန်အတွက်၊ သင်သည် သမ္မာတရားကိုလိုက်စားကာ ရရှိရမည်ဖြစ်သည်။ ဤသည်မှာ ကိုယ်ရေးကိုယ်တာ လက်တွေ့လုပ်ဆောင်မှုနှင့် သက်ဆိုင်ပေသည်။
စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု၏ တတိယ သွင်ပြင်လက္ခဏာမှာ မိမိ၏ စာတန်ဆန်သော သဘာဝဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းနှင့် ဆက်စပ်သည့် အရေးအကြီးဆုံးသော သွင်ပြင်လက္ခဏာဖြစ်သည်နှင့်အမျှ ဤအရာကို ငါတို့ အကောင်းဆုံးနားလည်ကာ သဘောပေါက်ရမည်ဖြစ်သည်။ စာတန်ဆန်သော သဘာဝသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရဖြစ်ပြီး၊ ဤအကြောင်းအရာသည် ဤသွင်ပြင်လက္ခဏာကို အဖော်ထုတ်ဆုံးဖြစ်သည့် ဘုရားနှုတ်ကပတ်တော်များစွာ ပါဝင်သည်။ ဤသွင်ပြင်လက္ခဏာနှင့်ပတ်သက်သည့် ဘုရားနှုတ်ကပတ်တော်များသည် မတူကွဲပြားသည့် ပုံစံများစွာဖြင့် အတင်းကျပ်ဆုံးလည်း ဖြစ်သည်။ အချို့သည် တိုက်ရိုက်ဖော်ထုတ်ကာ တရားစီရင်စဉ်တွင်၊ အခြားအရာများက လူတို့ လက်မခံနိုင်မည်စိုးသဖြင့် ပိုမို ပါးနပ်သည့် စကားရပ် အလှည့်အပြောင်းကို ရှာသည်။ သို့ရာတွင် မည်သို့ ပြောဆိုထားသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် ပုံစံ၊ သို့မဟုတ် လေသံကို အသုံးပြုထားသည်ဖြစ်စေ၊ ဘုရားသခင် ဖော်ထုတ်သည့်အရာသည် လူ၏ အနှစ်သာရဖြစ်သည်မှာ မှန်ကန်ပေသည်။ ဘုရားသခင်သည် အခန်းကြီးနှစ်ခုတွင် စာတန်ဆန်သော သဘာဝ၏ သမားရိုးကျ အဆန်ဆုံးသော သွင်ပြင်လက္ခဏာကို ဖော်ထုတ်၏။ စာတန်ဆန်သော သဘာဝ၏ သမားရိုးကျဆန်သည့် သွင်ပြင်လက္ခဏာမှာ အဘယ်နည်း။ သင်တို့ သိကြသလော။ (သစ္စာဖောက်တတ်သည့် သဘာဝတစ်ခု ဖြစ်သည်။) “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)”နှင့် “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)”ဟူသော ဘုရားနှုတ်ကပတ်တော်များတွင် ထုတ်ဖော်ပြထားသည့် သစ္စာဖောက်တတ်သော သဘာဝသည် စာတန်ဆန်သော သဘာဝ၏ သမားရိုးကျ ကိုယ်စားပြုခြင်းဖြစ်သည်။ လူသားမျိုးနွယ်၏ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်း၊ မာနထောင်လွှားခြင်း၊ လှည့်ဖြားခြင်း သို့မဟုတ် လူသားမျိုးနွယ်၏ ကောက်ကျစ်ဆိုးယုတ်မှုနှင့် အတိုက်အခံလုပ်ခြင်းကဲ့သို့သော အခြားသွင်ပြင်လက္ခဏာများဖြစ်သည့် ဤအရာများအားလုံးကို အခန်းကြီးတိုင်းတွင် အတော်အတန် ဖော်ပြထားသော်လည်း၊ ဤသွင်ပြင်လက္ခဏာများနှင့်ဆိုင်သည့် သမ္မာတရားကို အထူးသဖြင့် အသေးစိတ်ရှင်းပြထားသည့် အခန်းကြီးတစ်ခုမျှ မရှိပေ။ “သစ္စာဖောက်ဖျက်ခြင်း”အကြောင်းနှင့်ပတ်သက်၍သာ ဘုရားသခင်က အခန်းကြီးနှစ်ခန်းအပြည့် ပြောဆိုထားပေသည်။ ဘုရားသခင်၏ အမြင်တွင် လူသား သစ္စာဖောက်ခြင်းက အလွန့်အလွန် ဆိုးရွားကြောင်းနှင့် ထိုအရာက သူ၏ စိတ်သဘောထားကို တိုက်ရိုက် ပုန်ကန်ပြစ်မှားပြီး ဘုရားသခင် အမုန်းဆုံးသောအရာနှင့် သူ ကျိန်ဆဲသောအရာဖြစ်သည်ကို ဤအရာမှ ငါတို့ မြင်နိုင်သည်။ လူသား သစ္စာဖောက်ဖျက်ခြင်း၏ အနှစ်သာရကို ဘုရားသခင်က မည်သို့ စိတ်ဖြာလေ့လာဆွေးနွေးကာ ကိုင်တွယ်ဖြေရှင်းသနည်း။ လူသား သစ္စာဖောက်ဖျက်ခြင်းကို ဘုရားသခင် မနှစ်သက်သည်မှာ အမှန်ဖြစ်၏။ ထိုအရာကို သူ မုန်းတီးပြီး စက်ဆုပ်သကဲ့သို့ သူ့ကို သစ္စာဖောက်သူများကို စက်ဆုပ်သည်။ သစ္စာဖောက်ဖျက်ခြင်းသည် စာတန်ဆန်သော သဘာဝ၏ အလွန်သမားရိုးကျဖြစ်သောအရာ ဖြစ်သည်။ လူသား သစ္စာဖောက်ဖျက်ခြင်း သဘာဝ၏ ဖြစ်ကြောင်းရင်းမြစ်သည် မည်သည့်နေရာမှ လာသနည်း။ စာတန်ထံမှ လာပေသည်။ ထို့ကြောင့် ဤစိတ်သဘောထားသွင်ပြင်လက္ခဏာကို ငါတို့ နားလည်ရမည်။ သစ္စာဖောက်ဖျက်ခြင်း၏ ဖြစ်ကြောင်းရင်းမြစ်မှာ စာတန်ဖြစ်သည်။ စာတန်၏ သဘာဝသည် သစ္စာဖောက်ဖျက်ခြင်းဖြစ်ပြီး လူတို့က မိမိတို့လုပ်ဆောင်သည့်အရာများဖြင့် ထုတ်ဖော်ပြသည့် စိတ်သဘောထားကို ဘုရားသခင်က သစ္စာဖောက်ဖျက်ခြင်းအဖြစ် မြင်သည်။ ဘုရားသခင်သည် ဤကိစ္စရပ်ကို အဘယ်ကြောင့် ထိုမျှအတိုင်းအတာဖြင့် ဆွေးနွေးသနည်း။ အဘယ်ကြောင့်ဆိုသော် လူသား သစ္စာဖောက်ဖျက်ခြင်းက အချိန်၊ နေရာမရွေး တစ်သမတ်တည်းဖြစ်ပြီး တစ်စုံတစ်ဦးက မည်သို့ ပြုမူသည်ဖြစ်စေ၊ လူသား သဘာဝတွင် နက်ရှိုင်းစွာ အမြစ်တွယ်သည့်အရာတစ်ခုက ဘုရားသခင်ကို ဆန့်ကျင်သောကြောင့်ဖြစ်သည်။ လူအချို့က၊ “ဘုရားသခင်ကို ကျွန်ုပ် မဆန့်ကျင်၊ သို့မဟုတ် အတိုက်အခံမလုပ်ချင်ပါ”ဟု ပြောကြသည်။ သို့သော် သင့်အတွင်းတွင်ရှိသည်မှာ သစ္စာဖောက်တတ်သော သဘာဝဖြစ်သည်နှင့်အမျှ သင် ဆန့်ကျင်မိလိမ့်မည်ဖြစ်သည်။ ယင်းမှာ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်းမရှိ၊ ဘုရားသခင်နောက်သို့ အဆုံးထိ မလိုက်နိုင်သကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို သင်၏ အသက်အဖြစ် အပြည့်အဝလက်မခံနိုင်ဟု ဆိုလိုပေသည်။ သစ္စာဖောက်ဖျက်ခြင်းနှင့်ဆိုင်သည့် ပြဿနာကို သင် မည်သို့ နားလည်သင့်သနည်း။ ဘုရားသခင်ကို သင် အချိန်မည်မျှကြာ ယုံကြည်ပြီးသည်ဖြစ်စေ၊ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်မည်မျှကို သင် စားသောက်ပြီးသည်ဖြစ်စေ၊ သို့မဟုတ် သင့်၌ သူနှင့်ဆိုင်သည့် သိနားလည်မှု မည်မျှရှိသည်ဖြစ်စေ၊ သင်၏ သဘာဝက ဘုရားသခင်ကို သစ္စာဖောက်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို သင်၏ အသက်အဖြစ် သင် လက်မခံသကဲ့သို့ သူ့နှုတ်ကပတ်တော်များ၏ သမ္မာတရားထဲသို့ ဝင်ရောက်မှု မရှိသရွေ့၊ သင်၏ အနှစ်သာရက ဘုရားသခင်ကို အစဉ်ထာဝရ သစ္စာဖောက်လိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ သင်၏ စိတ်သဘောထား မပြောင်းလဲသေးလျှင်၊ သင်သည် ဘုရားသခင်ကို သစ္စာဖောက်သည့်သူတစ်ဦး ဖြစ်သည်။ လူအချို့က၊ “ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် သဘောပေါက်နိုင်သကဲ့သို့ သူ ပြောသည့်အရာတိုင်းကို နားလည်နိုင်သည်။ ယင်းတို့ကို ကျွန်ုပ် လက်ခံရန်လည်း လိုလားခြင်းရှိသောကြောင့် ကျွန်ုပ်ကို အဘယ်သို့ဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်သူတစ်ဦးအဖြစ် ခေါ်နိုင်သနည်း”ဟု ပြောကြသည်။ လက်ခံရန် သင် လိုလားသောကြောင့်သက်သက်ဖြင့် ဘုရားနှုတ်ကပတ်တော်များအားဖြင့် သင် စုံလင်ခြင်းခံရနှင့်ပြီးဖြစ်သည်ဟု မဆိုထားနှင့်၊ ထိုဘုရားနှုတ်ကပတ်တော်များကို သင် အသက်ရှင်နေထိုင်နိုင်သည်ဟုပင် မဆိုလိုပေ။ လူသားမျိုးနွယ်၏ သစ္စာဖောက်တတ်သော သဘာဝနှင့်ဆိုင်သည့် အမှန်တရားသည် နက်နဲပြီး သင့်အနေဖြင့် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို နားလည်လိုလျှင်၊ အတွေ့အကြုံကာလတစ်ခု သင် လိုအပ်ကောင်းလိုအပ်ပေမည်။ ဘုရားသခင်၏ အမြင်တွင်၊ ဘုရားသခင်ကို ယုံကြည်သည့်လူတိုင်း လုပ်ဆောင်သည့် အရာတိုင်းသည် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲသည်၊ ဘုရားနှုတ်ကပတ်တော်နှင့် သဟဇာတမဖြစ်သကဲ့သို့ သူ့ကို ရန်လိုပေသည်။ သင်တို့သည်လည်း ဤအရာကို လက်ခံနိုင်မည်မဟုတ်ဘဲ၊ “ဘုရားသခင်ကို ကျွန်ုပ်တို့ အစေခံကြသည်၊ ဘုရားသခင်ကို ကိုးကွယ်ကြသည်၊ ဘုရားအိမ်တော်တွင် ကျွန်ုပ်တို့တာဝန်ကို လုပ်ဆောင်ကြသည်။ အလွန်များစွာ ကျွန်ုပ်တို့ လုပ်ဆောင်ပြီးဖြစ်သည်။ အားလုံးက ဘုရားနှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များအတိုင်းဖြစ်ပြီး အလုပ် အစီအစဉ်များနှင့် ကိုက်ညီသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ အတိုက်အခံလုပ်ကာ သစ္စာဖောက်သည်ဟု အဘယ်သို့ ပြောနိုင်ရသနည်း။ ကျွန်ုပ်တို့၏ စိတ်ထက်သန်မှုကို ကိုယ်တော်က အဘယ်ကြောင့် အမြဲ ဝေဖန်ထိုးနှက်သနည်း။ ကျွန်ုပ်တို့သည် ကြီးမားသည့် အခက်အခဲဖြင့် ကျွန်ုပ်တို့၏ မိသားစုနှင့် အသက်မွေးအလုပ်များကို စွန့်ခဲ့ကြပြီး၊ ဘုရားသခင်နောက်လိုက်ရန် စိတ်ပိုင်းဖြတ်ခဲ့ကြသည်။ ထို့ကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့နှင့်ပတ်သက်၍ အဘယ်သို့ ဤကဲ့သို့ ပြောနိုင်ရသနည်း”ဟု ပြောကောင်းပြောကြပေမည်။ ထိုသို့ ပြောဆိုခြင်း၏ ရည်မှန်းချက်မှာ လူတိုင်း နားလည်ဖို့ သေချာစေရန်ဖြစ်သည်။ အလွန်ပင် ကောင်းမွန်စွာ ပြုမူသည့်သူ၊ သို့မဟုတ် တစ်စုံတစ်ရာကို စွန့်လွှတ်သည့်သူ သို့မဟုတ် အခက်အခဲအချို့ကို ခံသည့်သူတစ်စုံတစ်ဦးက မိမိ၏ သစ္စာဖောက်တတ်သည့် သဘာဝကို ပြောင်းလဲလိမ့်မည်ဆိုသည်မှာမဟုတ်ပေ။ မဖြစ်နိုင်ပေ။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းက လိုအပ်သကဲ့သို့ပင် ဆင်းရဲဒုက္ခခံခြင်းက လိုအပ်သော်လည်း၊ သင် ဆင်းရဲဒုက္ခခံနိုင်သောကြောင့်သက်သက် သို့မဟုတ် ထမ်းဆောင်သောကြောင့်သက်သက်ဖြင့်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မတည်ရှိတော့ဟု မဆိုလိုပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် မည်သူမဆိုအတွင်းရှိ အသက်စိတ်သဘောထားတွင် စစ်မှန်သည့် ပြောင်းလဲမှု မရှိသေးသကဲ့သို့ လူတိုင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်းနှင့် သူ၏ သတ်မှတ်ချက်များကို ပြည့်မီခြင်းမှ အလှမ်းဝေးနေဆဲဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို လူတို့၏ ယုံကြည်မှုသည် အလွန်ပင်သန့်စင်မှုမရှိပေ။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက အလွန်ပေါ်လွင်လွန်း၏။ များစွာသော ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များက ဘုရားသခင်ကို အစေခံကြသော်လည်း၊ ၎င်းတို့သည်လည်း ဘုရားသခင်ကို အတိုက်အခံလုပ်ကြပေသည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို တမင်ဆန့်ကျင်ကာ သူ၏ လိုအင်ဆန္ဒများအတိုင်း လက်တွေ့လုပ်ဆောင်ကြခြင်းမရှိဟူ၍ ဖြစ်ပေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အကြံအစည်များနှင့် ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန်၊ ဘုရားသခင်ကို သစ္စာဖောက်ပြီး မိမိတို့ပြောသည့်အတိုင်းဖြစ်သည့် မိမိတို့ကိုယ်ပိုင် အမှီအခိုကင်းသည့် တိုင်းပြည်ကို ထူထောင်ရန်၊ သမ္မာတရားကို တမင် ချိုးဖောက်ကြသည်၊ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒအတိုင်း မရမက ပြုမူဆောင်ရွက်ကြသည်။ ဤသည်မှာ ဘုရားသခင်ကို အစေခံခြင်း အဓိပ္ပာယ်ဖြစ်သော်လည်း ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းလည်း ဖြစ်သည်။ သင်တို့ ယခု နားလည်ကြပြီလော။
ယခုတွင် “သစ္စာဖောက်ဖျက်ခြင်း”နှင့်ပတ်သက်၍ နောက်ထပ် မိတ်သဟာယမပြုဘဲနေကြစို့။ စာတန်ဆန်သော သဘာဝ၏ စရိုက်လက္ခဏာဖြစ်သည့် မာနထောင်လွှားမှုနှင့် လှည့်ဖြားခြင်းတည်းဟူသော အလွန်အရေးပါသည့် ပြဿနာတစ်ခု ရှိသေး၏။ လူသားမျိုးနွယ်၏ မာနထောင်လွှားခြင်းသည် နေရာတိုင်းတွင် ထုတ်ဖော်ပြီး ပြသနေသကဲ့သို့ ၎င်းတို့ အလိုရှိလျှင်ပင် ချုပ်ထိန်းမရနိုင်ပေ။ ထိုမာနထောင်လွှားမှုက မကြာမကြာ ပေါ်လွင်ပြီး ပွင့်ထွက်သကဲ့သို့ ထိုအရာနှင့်ပတ်သက်၍ လူတို့လုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ ထိုမာနထောင်လွှားမှု ပွင့်ထွက်ပြီးနောက်တွင်၊ ၎င်းတို့ နောင်တရကြပြီး၊ နောင်တရပြီးနောက်တွင်၊ ထိုအရာကို လုံးဝ တစ်ဖန် ဖြစ်ခွင့်မပေးဖို့၊ လုံးဝ တစ်ဖန် ထုတ်ဖော်မပြဖို့ ၎င်းတို့ ခိုင်မာစွာ စိတ်ပိုင်းဖြတ်ကြသော်လည်း၊ ၎င်းတို့ မထိန်းချုပ်နိုင်သေးပေ။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့်ဆိုသော် လူတို့၏ စိတ်သဘောထားသည် မပြောင်းလဲသေးသကဲ့သို့ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ရှိနေဆဲဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာသည် ၎င်းတို့၏ အတွင်းထဲမှ မည်သည့်အခါတွင်မျှ အလိုအလျောက်ပင် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်သကဲ့သို့၊ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အလိုအလျောက် ထုတ်ဖော်ပြလိမ့်မည်ဖြစ်သည်။ ဤအရာအားလုံးကို လူသားမျိုးနွယ်၏ မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားက ဖြစ်စေခြင်းဖြစ်သည်။ သင်သည် သမ္မာတရားကို ပိုမို နားလည်သည့်အခါ၊ ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်နိုင်သည့်အခါ၊ ပြီးလျှင် သင်၏ သမ္မာတရား သိနားလည်မှုက ပိုပိုပြီး လက်တွေ့ကျလာကာ သင်သည် ဘုရားသခင်ကို သိသည့်အသိ ရှိကာ သူ၏ သတ်မှတ်ချက်များနှင့် သာ၍ နီးစပ်လာသည့်အခါ၊ အမှုအရာများအပေါ် သင်၏ အမြင်များ ပြောင်းလဲပြီးသည့်အခါ၊ သင်၏ မာနထောင်လွှားသော စိတ်သဘောထားက တဖြည်းဖြည်း လျော့ပါးသွားလိမ့်မည်၊ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး၊ သင်၏ အသက်စိတ်သဘောထားက စတင် ပြောင်းလဲလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင် သင်၏ သစ္စာဖောက်ခြင်း ပြဿနာက ပြေလည်သွားပြီဟု ယူဆ၍ရနိုင်ပြီး ထို့နောက်တွင်မှ သင်သည် အမှန်တကယ် ကယ်တင်ခံရပြီးဖြစ်သောသူတစ်ဦး ဖြစ်လိမ့်မည်။
၂၀၀၇ ခုနှစ်၊ ဆောင်းဦးရာသီ