မိမိ၏ကိုယ်ပိုင်လွဲမှားသောအမြင်များကို သတိပြုခြင်းဖြင့်သာ အမှန်တကယ် ပြောင်းလဲနိုင်သည်

သင်တို့သည် ယခုတွင် မိမိတို့ကိုယ်ကို သိရှိရန်၊ အသက်ဝင်ရောက်မှုကို ရရှိရန်၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် မှန်ကန်သည့် လမ်းကြောင်းထဲ ဝင်ရောက်ရန် နည်းလမ်းတစ်ခု ရှိကြပြီလော။ သင်တို့တွင် ရည်မှန်းချက် သို့မဟုတ် ဦးတည်ချက်တစ်ခု ရှိကြသလော။ သင်တို့အနေဖြင့် အနည်းအကျဉ်း နားလည်သင့်လောက်ပေပြီ။ အဘယ်ကြောင့်ဆိုသော် ရိုးသားသော လူတစ်ဦးဖြစ်ခြင်း၊ မိမိကိုယ်ကို သိရှိခြင်းအကြောင်းတို့အပြင် ဘုရားနှုတ်ကပတ်တော်များကို မည်သို့စားသောက်ရမည်၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့မိတ်သဟာယပြုသင့်သည်၊ သင်တို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် မည်သို့စိတ်သဘောညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်သင့်သည်၊ ညီအစ်ကို မောင်နှမများအနေဖြင့် အချင်းချင်း ပုံမှန်ဆက်ဆံရေးများကို ထူထောင်ခြင်းနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်သင့်သည် စသည်တို့ကဲ့သို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ ငါတို့သည် အတော်လေး မိတ်သဟာယပြုပြီးသောကြောင့် ဖြစ်သည်။ ယခုတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဆက်နွှယ်သည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာများအားလုံးအပေါ် သင်တို့သည် သာ၍ ရှင်းလင်းလာပြီး လက်တွေ့ကျသည့် အသိပညာတချို့လည်း ရှိထားသည့်အပြင် သင်တို့ကို မည်သည့်သွင်ပြင်လက္ခဏာအား မေးသည်ဖြစ်စေ မရေမရာဖြစ်နေခဲ့သည့် ယခင်အချိန်ကကဲ့သို့ သင်တို့ မဟုတ်ကြတော့သဖြင့် များစွာ သာ၍ စိတ်ချမ်းသာကြသည် မဟုတ်လော။ (ယခုတွင် ကျွန်ုပ်သည် သာ၍ ရှင်းသည်ထက် ရှင်းလာပြီဖြစ်ပါသည်။) “ရှင်းသည်ထက် ရှင်းလာသည်” ဟူသည်မှာ မှန်ပေသည်။ အမှန်တွင်၊ အကြင်သူသည် သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို လက်တွေ့လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းသည် ရိုးသားသောလူတစ်ဦး ဖြသ်ခြင်းဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံဖို့ မိမိကိုယ်ကိုယ် လေ့ကျင့်ခြင်းဖြစ်စေ၊ သို့မဟုတ် ယင်းသည် မိမိ၏ ညီအစ်ကို မောင်နှမများနင့် ရင်းရင်းနှီးနှီး ထိတွေ့ရမည့်ပုံဖြစ်စေ သို့မဟုတ် သာမန် လူ့သဘာဝကို အသက်ရှင်နေထိုင်ရမည့်ပုံဖြစ်စေ၊ သို့မဟုတ် အလားတူ တစ်စုံတစ်ရာကိုဖြစ်စေ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို သင် ဝင်ရောက်ရန် ကြိုးစားသည်ဖြစ်စေ၊ မိမိကိုယ်ကိုယ် သိရှိခြင်းနှင့်ဆိုင်သည့် ကိစ္စကို ကိုင်တွယ်ခြင်းအားဖြင့် သင် အစပြုရမည်။ ရိုးသားခြင်းသည် မိမိကိုယ်ကိုယ် သိရှိခြင်း ပါဝင်သည် မဟုတ်လော။ သင်သည် သင်ကိုယ်တိုင်၏ လှည့်စားမှုနှင့် မရိုးသားမှုတို့ကို သိရှိမလာမချင်း၊ ရိုးသားမှုကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်။ သင်သည် ဘုရားသခင်ကို မနာခံနိုင်သေးသည်ကို သိလာသည့်အခါမှသာ၊ သူ့ကို နာခံမှုအား သင် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည် သို့မဟုတ် သူ့ကို နာခံဖို့ မည်သည့်အရာ လုပ်ဆောင်ရမည်ကို ရှာဖွေနိုင်လိမ့်မည်။ သင်သည် မိမိကိုယ်ကို မသိရှိပါက ရိုးသားသည့် လူတစ်ဦးဖြစ်ရန် သို့မဟုတ် ဘုရားသခင်ကို နာခံရန် သို့မဟုတ် ကယ်တင်ခြင်း ရရှိရန်ဟူသည့် သင်၏ ဆန္ဒများအားလုံး အနှစ်မဲ့ပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေသည့်အပြင် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် ဖောက်ပြန်ပျက်စီးသော ၎င်းတို့စိတ်သဘောထားများဖြင့် အမြဲ စွန်းထင်းနေကာ ထိုစိတ်သဘောထားများ၏ ဟန့်တားခြင်းခံရသည်နှင့်အမျှ သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုတလေကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် မလွယ်ကူသောကြောင့် ဖြစ်သည်။ သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုတလေကို သင်လက်တွေ့လုပ်ဆောင်သည့်အခါ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ရိုးသားရန် သင်၏ အားထုတ်မှုများကို တားဆီးလျက်၊ ဘုရားသခင်ကို သင်၏ ကျိုးနွံနာခံခြင်းအား ပိတ်ဆို့လျက်၊ ထို့ပြင် သင်၏ ညီအစ်ကို မောင်နှမများအတွက် သင်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းတို့ကို ဟန့်တားလျက် ဧကန်မုချ ခေါင်းထောင်လာလိမ့်မည်ဖြစ်သည်။ သင်သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သုံးသပ်ခြင်းဖြစ်စေ၊ ဖော်ထုတ်ခြင်းဖြစ်စေ၊ စိတ်ဖြာလေ့လာခြင်းဖြစ်စေ၊ သတိပြုမိလာခြင်းဖြစ်စေ မရှိဘဲ ထိုအစား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင်၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများအပေါ် အားကိုးပါက သမ္မာတရားကို သင်နားမလည်သကဲ့သို့ မည်သည့်သမ္မာတရား စည်းမျဉ်းများအား လိုက်နာစောင့်ထိန်းရမည်ကို သင်မသိသောကြောင့် နည်းဥပဒေများကိုသာ လိုက်နာနေခြင်း ဖြစ်လိမ့်မည်။ ထို့ကြောင့်၊ လူတစ်ဦးက သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို လက်တွေ့လုပ်ဆောင်နေသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကို ၎င်းက လုပ်ဆောင်နေသည်ဖြစ်စေ၊ ပထမဦးစွာ မိမိကိုယ်ကိုယ် သုံးသပ်ကာ သိရှိရမည်။ သင့်ကိုယ်သင် သိရှိဖို့ဆိုသည်မှာ သင်၏ စကားနှင့် လုပ်ဆောင်ချက်တိုင်း၊ သင်၏ လုပ်ရပ်တစ်ခုစီတိုင်းကို သိရှိဖို့ ဖြစ်သည်။ ယင်းသည် သင်၏ အတွေးများနှင့် စိတ်ကူးများ၊ သင်၏ ရည်ရွယ်ချက်များ၊ သင်၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို သိရှိဖို့ဖြစ်သည်။ သင့်အနေဖြင့် ရှင်သန်ခြင်းအတွက် စာတန်၏ အတွေးအခေါ်များနှင့် စာတန်၏ အမျိုးမျိုးသော အဆိပ်များအားလုံးအပြင် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အသိပညာတို့ကိုလည်း သိရှိရမည်။ သင်သည် သမ္မာတရားကို ရှာဖွေကာ ဤအရာများကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ရမည်။ ထိုသို့ဖြင့် သမ္မာတရားကို သင်နားလည်လိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကို အမှန်တကယ် သိရှိလာလိမ့်မည်။ လူတစ်ဦးသည် ဘုရားသခင်ကို စတင်ယုံကြည်လာကတည်းက ကောင်းသော လုပ်ဆောင်ချက်များစွာကို လုပ်ဆောင်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား သိနားလည်ခြင်းကို စွမ်းဆောင်ရရှိရန် မဆိုထားနှင့်၊ အမှုအရာများစွာကို ရှင်းလင်းစွာ မမြင်နိုင်သေးပေ။ သို့သော်၊ ၎င်းတို့၏ ကောင်းသော လုပ်ဆောင်ချက်များစွာကြောင့်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နှေနှင့်ပြီးဖြစ်ကြောင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီးသားဖြစ်ကြောင်းနှင့်၊ သူ၏ အလိုကို အတော်အတန် ဖြည့်ဆည်းပြီးသားဖြစ်သည်ဟု ၎င်းတို့ ခံစားကြသည်။ သင့်အပေါ် မည်သည့်အရာမျှ မကျရောက်သည့်အခါ၊ သင့်ကို ပြောထားသည့် မည်သည့်အရာကိုမဆို သင် လုပ်ဆောင်နိုင်ပေသည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ စိတ်ထင့်ခြင်းများ မရှိသကဲ့သို့ သင် မခုခံပေ။ ဧဝံဂေလိတရား ဖြန့်ဝေဖို့ သင့်ကို ပြောသည့်အခါ၊ သင်သည် ညည်းညူခြင်းမရှိသကဲ့သို့ ဤအခက်အခဲကို ခံနိုင်ပြီး၊ ပြေးလွှားပြီး အလုပ်လုပ်ရန် သို့မဟုတ် အလုပ်တာဝန်တစ်ခုကို လုပ်ရန် သင့်ကို ပြောသည့်အခါ၊ ထိုသို့ သင် လုပ်ဆောင်၏။ ဤအရာကြောင့်၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး၊ သမ္မာတရားကို စစ်မှန်ရိုးသားစွာ လိုက်စားသောသူတစ်ဦးဖြစ်သည်ဟု ခံစားရလေသည်။ သို့သော် “သင်သည် ရိုးသားသော လူတစ်ဦးလော။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသော လူတစ်ဦးဖြစ်သလော။ မိမိ၏ စိတ်သဘောထား ပြောင်းလဲသည့် လူတစ်ဦးလော”ဟု သင့်ကို လေးနက်စွာ မေးမည်ဆိုပါက၊ လူတိုင်းသည် စိစစ်ခြင်းအတွက် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားနှင့်ယှဉ်၍ ပြခံရပါက၊ မည်သူမျှ စံမမီသကဲ့သို့ မည်သူမျှသည် သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်နိုင်စွမ်းမရှိဟု ဆိုကောင်းဆိုနိုင်သည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးသည် မိမိတို့ကိုယ်ကို သုံးသပ်ရမည်။ ၎င်းတို့ အသက်ရှင်နေထိုင်သည့် စိတ်သဘောထားများအပေါ်၊ ထို့ပြင် ၎င်းတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအားလုံး အရင်းခံပေါ်ပေါက်လာသည့် ဆိုးယုတ်သော အတွေးအခေါ်များ၊ ဆင်ခြင်တွေးခေါ်မှုစနစ်၊ အယူလွဲများနှင့် အတွေးမှားများအပေါ် သုံးသပ်ဆင်ခြင်ရမည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ အဘယ်ကြောင့် ထုတ်ဖော်ပြရသည်ဟူသည့် ရင်းမြစ် အကြောင်းတရား၊ ၎င်းတို့ တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်း၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်၊ မည်သည့်အရာအပေါ်နှင့် မည်သူ့အတွက် ၎င်းတို့ အသက်ရှင်ကြသည်ဆိုသည်တို့ကို သုံးသပ်ဆင်ခြင်ရမည်။ ဤအရာကို သမ္မာတရားနှင့် ယှဉ်ကြည့်မည်ဆိုပါက လူအားလုံး ရှုတ်ချခံရလိမ့်မည် ဖြစ်သည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းရင်းမှာ လူသားမျိုးနွယ်သည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေ၍ ဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ ၎င်းတို့အားလုံးသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့်လည်း အသက်ရှင်ကြပေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိသည့်အသိ အနည်းငယ်မျှ မရှိကြ။ မိမိတို့ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများအတိုင်း ဘုရားသခင်ကို အမြဲ ယုံကြည်ကြသည်။ မိမိတို့ကိုယ်ပိုင် နှစ်ခြိုက်မှုများနှင့် နည်းစနစ်များကို အခြေခံ၍ မိမိတို့တာဝန်များကို ထမ်းဆောင်ကြသည်။ ဘုရားသခင်ကို အစေခံပုံတွင် ဘာသာရေး သဘောတရားများကို လိုက်လျှောက်ကြသည်။ ထို့အပြင် ၎င်းတို့ကိုယ်၎င်းတို့ ယုံကြည်ခြင်း အပြည့်ရှိကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များသည် အလွန် ယုတ္တိတန်ကြောင်း တွေးထင်ကြဆဲဖြစ်ကာ အဆုံးတွင် များစွာ ရရှိပြီးဖြစ်သည်ဟု ခံစားကြသည်။ ထိုအရာကို မသိလိုက်ဘဲနှင့်၊ ဘုရားသခင်၏ အလိုနှင့်အညီ ၎င်းတို့ ဆောင်ရွက်နေနှင့်ကာ ထိုအလိုကို လုံးဝ ပြည့်စုံစေပြီးဖြစ်ကာ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည်မီနှင့်ပြီးဖြစ်သကဲ့သို့ သူ၏ အလိုကို လိုက်လျှောက်နေသည်ဟု တွေးထင်လာကြသည်။ ဤသည်မှာ သင် ခံစားသည့်ပုံဖြစ်ပါက သို့မဟုတ် ဘုရားသခင်ကို သင် ယုံကြည်သည့် နှစ်ကာလအချို့တွင် သင်သည် အကျိုးတရားအချို့ကို ရိတ်သိမ်းရပြီးဖြစ်သည်ဟု သင် တွေးထင်ပါက၊ မိမိကိုယ်ကိုယ် ဆန်းစစ်ရန် သာ၍ပင် ဘုရားသခင်၏ ရှေ့မှောက်သို့ သင် ပြန်လာရမည်။ ဘုရားသခင် ရှေ့မှောက်တွင် သင်၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအားလုံးက သူ၏ အလိုတော်နှင့် လုံးဝ ကိုက်ညီခြင်း ရှိမရှိ တွေ့မြင်ရန် သင်ယုံကြည်နေခဲ့သည့် နှစ်ကာလများအတွင်း သင်လျှောက်လာခဲ့သည့် လမ်းကြောင်းကို ကြည့်သင့်သည်။ သင်၏ အပြုအမူများထဲမှ မည်သည့်အရာသည် ဘုရားသခင်ကို ဆန့်ကျင်နေခဲ့သည်၊ မည်သည့်အရာက ဘုရားအား ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိခဲ့သည်၊ သင်၏ လုပ်ရပ်များက ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီပြီး ဖြည့်ဆည်းပြီးခြင်း ရှိသည် မရှိသည်တို့ကို ဆန်းစစ်လော့။ ဤအရာအားလုံးကို သင်ရှင်းလင်းသင့်သည်။ အကြောင်းမှာ ထို့နောက်တွင်မှ သင်သည် မိမိကိုယ်ကို သိရှိလိမ့်မည်ဖြစ်သောကြောင့်တည်း။

မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် ကိုယ့်ကိုကိုယ်သိခြင်း သော့ချက်မှာ ဤသို့ဖြစ်သည်- အချို့သော ကဏ္ဍများတွင် သင်ကောင်းစွာပြုခဲ့ပြီးသည် သို့မဟုတ် မှန်ကန်သောအရာကို ပြုလုပ်ခဲ့ပြီးသည်ဟု သင်ပို၍ခံစားရလေ၊ ထို့ပြင် သင်သည် ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေနိုင်သည် သို့မဟုတ် အချို့သောကဏ္ဍများတွင် ကြွားဝါ၍ရသည်ဟု ပိုထင်လေဆိုလျှင် ထိုကဏ္ဍများ၌ သင့်ကိုယ်သင်သိရှိခြင်းသည် ပို၍ထိုက်တန်ပြီး သင်၌ မည်သည့်မစင်ကြယ်မှုများ တည်ရှိကြောင်းအပြင်၊ သင့်အထဲရှိ မည်သည့်အရာများသည် ဘုရားသခင်၏အလိုတော်ကို ကျေနပ်စေနိုင်ခြင်း မရှိကြောင်းကို သိရှိရန် ထိုအရာများကို သာ၍ နက်နဲစွာ ရှာဖွေလေ့လာရန် ပို၍ထိုက်တန်လေ ဖြစ်သည်။ ပေါလုကို ပုံဥပမာတစ်ခုအဖြစ် ယူကြစို့။ ပေါလုသည် အထူးနှံ့စပ်သိရှိသည်၊ သူ၏ ဟောပြောခြင်းအလုပ်တွင် ဆင်းရဲဒုက္ခများစွာ သူခံစားခဲ့ပြီး၊ များစွာသောလူတို့က သူ့ကို အထူးကြည်ညိုခဲ့ကြသည်။ အကျိုးဆက်အနေဖြင့်၊ အလုပ်များစွာ ပြီးစီးသည့်နောက်တွင်၊ သူ့အတွက် သရဖူတစ်ခု ဖယ်ထားပြီးဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့သည်။ ဤအရာက သူ့ကို နောက်ဆုံး ဘုရားသခင်အားဖြင့် အပြစ်ပေးခံရသည်အထိ မှားယွင်းသော လမ်းကြောင်းတစ်လျှောက် သာ၍ ဝေးဝေး ဆက်သွားစေခဲ့သည်။ ထိုအချိန်တွင်၊ သူသည် မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး စိတ်ဖြာလေ့လာခဲ့လျှင်၊ သူ တွေးခဲ့သည့် ပုံစံအတိုင်း တွေးခဲ့လိမ့်မည် မဟုတ်ပေ။ တနည်းအားဖြင့်၊ ပေါလုသည် သခင်ယေရှု၏ နှုတ်ကပတ်တော်များထဲက သမ္မာတရားကို ရှာဖွေခြင်းအပေါ် အာရုံမစိုက်ခဲ့ပေ၊ သူသည် သူ၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကိုသာ ယုံကြည်ခဲ့သည်။ ကောင်းမွန်သော အရာအချို့ကို သူ လုပ်ဆောင်ခြင်းနှင့် အပြုအမူကောင်းအချို့ကို ပြသရုံမျှပြသခြင်းအားဖြင့်၊ ဘုရားသခင်၏ ချီးမွမ်းခြင်းနှင့် ဆုချီးမြှင့်ခြင်းခံရမည်ဟု သူ ထင်ခဲ့သည်။ နောက်ဆုံးတွင်၊ သူ၏ အယူအဆများနှင့် စိတ်ကူးများက သူ၏ စိတ်နှလုံးကို ကန်းသွားစေခဲ့ပြီး သူ၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ဖုံးကာခဲ့သည်။ သို့ရာတွင် ဤအရာကို လူတို့က မသိမြင်နိုင်ခဲ့ကြသကဲ့သို့၊ ဤကိစ္စများနှင့်ဆိုင်သည့် အသိမရှိကြသောကြောင့်၊ ဘုရားသခင်က ဤအရာကို မဖော်ထုတ်မီတွင် လူတို့သည် ပေါလုကို ရည်မှန်းရမည့် စံနှုန်းတစ်ခု၊ အသက်ရှင်ရမည့် ပုံသက်သေတစ်ခုအဖြစ် အမြဲထားရှိခဲ့ကြပြီး၊ သူ့ကို ၎င်းတို့ ကြိုးစားပြီး တောင့်တသည့် စံထားကိုးကွယ်ရမည့်ပုဂ္ဂိုလ်အဖြစ် ယူမှတ်ခဲ့ကြသည်။ ပေါလု၏ကိစ္စမှာ ဘုရားရွေးချယ်ထားသူတိုင်းအဖို့ သတိပေးချက်တစ်ခု ဖြစ်သည်။ အထူးသဖြင့် ဘုရားနောက်လိုက်သည့် ကျွန်ုပ်တို့သည် မိမိတို့တာဝန်များတွင် ဆင်းရဲဒုက္ခခံနိုင်ပြီး အဖိုးအခပေးနိုင်သည့်အခါ၊ ဘုရားသခင်ကို အစေခံသည်နှင့်အမျှ ဘုရားသခင်ကို ကျွန်ုပ်တို့ သစ္စာရှိကာ ချစ်သည်ဟု ခံစားရပြီး၊ ဤသို့သော အချိန်များတွင်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ လျှောက်နေသည့် လမ်းကြောင်းနှင့် စပ်လျဉ်း၍ သာ၍ပင် မိမိတို့ကိုယ်ကိုယ် သုံးသပ်ကာ နားလည်သင့်သည်၊ ယင်းမှာ အလွန်လိုအပ်ပေသည်။ ဤသည်မှာ ကောင်းသည်ဟု သင်ထင်သည့်အရာသည် မှန်ကန်သည်ဟု သင် စိတ်ပိုင်းဖြတ်မည့်အရာ ဖြစ်ကာ ထိုအကြောင်းကို သင်သံသယရှိမည်မဟုတ်၊ သုံးသပ်မည်မဟုတ်၊ သို့မဟုတ် ထိုအရာတွင် ဘုရားသခင်ကို ခုခံသည့်အရာတစ်ခုခု ရှိမရှိဆိုသည်ကို စိစစ်မည်မဟုတ်သောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့်၊ မိမိတို့ကိုယ်ကိုယ် အလွန့်အလွန် ကြင်နာစိတ်ရှိသည်ဟု ယုံကြည်ကြသည့်လူများ ရှိ၏။ ၎င်းတို့သည် အခြားသူများကို မည်သည့်အခါတွင်မျှ မမုန်းတီး သို့မဟုတ် မထိခိုက်သကဲ့သို့၊ ၎င်းတို့၏ ပြဿနာများ ပြေလည်မသွားမည်စိုး၍၊ မိသားစု ဆင်းရဲနွမ်းပါးသည့် ညီအစ်ကို မောင်နှမများကို အမြဲကူညီကြလေသည်။ ၎င်းတို့သည် ကြီးမြတ်သည့် စိတ်ထားကောင်းရှိကြပြီး တတ်နိုင်သမျှ အယောက်တိုင်းကို ကူညီဖို့ တတ်စွမ်းနိုင်သမျှ ကြိုးစားကြလေသည်။ သို့တိုင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ၎င်းတို့ လုံးဝ အာရုံမစိုက်ကြသကဲ့သို့ အသက်ဝင်ရောက်မှု မရှိကြချေ။ ထိုသို့သော ကူညီမှု၏ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့၏ အသက်များကို ကြိုးစားအားထုတ်ဖို့ ခေတ္တရပ်ဆိုင်းထားကြသော်လည်း၊ မိမိတို့ကိုယ်ကိုယ် အတော်အတန် ကျေနပ်အားရကြပြီး ၎င်းတို့ လုပ်ဆောင်ပြီးဖြစ်သည့်အရာနှင့်ပတ်သက်၍ အလွန့်အလွန် ကျေနပ်မှု ရှိကြလေသည်။ ထို့အပြင် ၎င်းတို့ လုပ်ဆောင်သမျှတွင် သမ္မာတရားကို ဆန့်ကျင်သည့်အရာတစ်ခုမျှ မရှိကြောင်း၊ ထိုအရာက ဘုရားသခင်၏ အလိုကို မုချ ဖြည့်ဆည်းလိမ့်မည်ဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်သူများဖြစ်ကြောင်း ယုံကြည်ရင်း ထိုအရာ၌ ၎င်းတို့ အလွန်ဂုဏ်ယူကြလေသည်။ ၎င်းတို့က ၎င်းတို့၏ ပင်ကို ကြင်နာစိတ်ကို အမြတ်ထုတ်ရမည့် အရာတစ်ခုကဲ့သို့ မြင်ကြပြီး၊ ထိုသို့လုပ်ဆောင်သည်နှင့် တစ်ပြိုင်နက်၊ ယင်းကို အမှန်တရားအဖြစ် မှတ်ယူလိုက်ကြလေသည်။ လက်တွေ့အရှိတရားတွင်၊ ၎င်းတို့ လုပ်ဆောင်သမျှအားလုံးသည် လူသားကောင်းမှု ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ ရှေ့တွင်မဟုတ်ဘဲ၊ လူ့ရှေ့တွင် ဖြစ်သည့်အတွက်၊ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို လုံးဝ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြပေ။ ထို့ကြောင့် ၎င်းတို့၏ လုပ်ဆောင်ချက်များအားလုံး အချည်းနှီးဖြစ်လေသည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှသည် ဘုရားသခင်၏ အလိုကို လိုက်လျှောက်ခြင်း ဖြစ်ရန် မဆိုထားနှင့်၊ သမ္မာတရား သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် လူသား ကြင်နာစိတ်နှင့် ကောင်းမြတ်သော အပြုအမူကို အခြားသူများအား ကူညီဖို့ အသုံးပြုကြပေသည်။ တိုတိုပြောရလျှင်၊ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းတွင် ဘုရားသခင်၏ အလိုကို ၎င်းတို့ မရှာဖွေကြသကဲ့သို့၊ သူ၏ သတ်မှတ်ချက်များနှင့်အညီလည်း မပြုမူကြပေ။ ဘုရားသခင်သည် လူ၏ ဤကောင်းမြတ်သော အပြုအမူမျိုးကို မချီးမွမ်းပေ၊ ဘုရားသခင်အတွက်မှာမူ ယင်းမှာ ရှုတ်ချဖို့ဖြစ်ပြီး သူ၏ အောက်မေ့ခြင်းနှင့် မထိုက်တန်ပေ။

မိမိကိုယ်ကို သိရှိရန်မှာ လူတစ်ဦးစီတိုင်းအတွက် အလွန် အရေးကြီး၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာသည် အကြင်သူက မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်ကာ ကယ်တင်ခြင်း ရရှိနိုင်ခြင်း ရှိမရှိဆိုသည့် အရေးကြီးသော ကိစ္စရပ်ကို တိုက်ရိုက် သက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။ ဤအရာကို ရိုးရှင်းသည့် ကိစ္စတစ်ခုဟု မထင်လေနှင့်။ သင့်ကိုယ်သင် သိရှိရန်မှာ သင်၏ လုပ်ရပ်များ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုများကို နားလည်ရန် မဟုတ်ဘဲ၊ သင့်ပြဿနာ၏ အနှစ်သာရကို သိရှိရန်၊ သင်၏ ပုန်ကန်မှု ရင်းမြစ်နှင့် ယင်း၏ အနှစ်သာရကို သိရှိရန်၊ သမ္မာတရားကို သင်လက်တွေ့မလုပ်ဆောင်နိုင်ရသည့် အကြောင်းရင်းကို သိရှိရန်၊ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သည့်အခါ ပေါ်ထွက်လာပြီး သင့်ကို နှောင့်ယှက်သည့် အရာများကို နားလည်ရန် ဖြစ်သည်။ ဤသည်တို့မှာ မိမိကိုယ်ကို သိရှိခြင်းနှင့်ဆိုင်သည့် အရေးအကြီးဆုံးသော သွင်ပြင်လက္ခဏာတချို့ ဖြစ်သည်။ ဥပမာအနေဖြင့်၊ တရုတ်ရိုးရာယဉ်ကျေးမှု၏ ပုံစံသွင်းခြင်းကြောင့် တရုတ်လူမျိုးများ၏ ရိုးရာအယူအဆများတွင် ၎င်းတို့က မိမိ၏မိဘများအပေါ်တွင် သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းရမည်၊ သားသမီးဝတ်ကို လိုက်နာစောင့်ထိန်းခြင်း မရှိသူမည်သူမဆိုသည် သားသမီးဝတ် မကျေပွန်သောသားသမီးဖြစ်သည်ဟု ယုံကြည်ကြသည်။ လူတို့သည် ကလေးဘဝကတည်းက ဤအယူအဆများဖြင့် သွတ်သွင်းခြင်းခံခဲ့ရသည်။ အိမ်ထောင်စုတိုင်းနီးပါးတွင် သွန်သင်ပေးကြပြီး ကျောင်းတိုင်းနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး၌ပါ သွန်သင်ပေးကြ၏။ လူတစ်ယောက်၏ ခေါင်းထဲတွင် ဤသို့သောအရာများ ပြည့်နေသောအခါ သူသည် “သားသမီးဝတ်က ဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်။ ငါက မလိုက်နာဘူးဆိုရင် လူကောင်းဖြစ်မှာမဟုတ်ဘူး။ သားသမီးဝတ် မကျေပွန်တဲ့ကလေးဖြစ်ပြီး လူ့အဖွဲ့အစည်းက လူသိရှင်ကြား စွပ်စွဲရှုတ်ချတာကို ခံရမှာပဲ။ ငါက အသိတရားမရှိတဲ့သူဖြစ်မှာပဲ” ဟု ထင်မြင်သည်။ ဤအမြင်မှာ မှန်ကန်သလော။ လူတို့သည် ဘုရားသခင်က ဖော်ပြသော အလွန်များသည့် သမ္မာတရားများကို မြင်ကြပြီးဖြစ်သည်။ မိဘများကို သားသမီးဝတ်ကျေပွန်ရမည်ဟု ဘုရားသခင်က တောင်းဆိုခဲ့သလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူများက နားလည်ရမည်ဖြစ်သော သမ္မာတရားများထဲမှ တစ်ခုဖြစ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် အချို့သော စည်းမျဉ်းများကိုသာ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့သည် အခြားလူများကို မည်သည့်စည်းမျဉ်းနှင့် ဆက်ဆံရန် ဘုရားသခင်က တောင်းဆိုသနည်း။ ဘုရားသခင်ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့။ ဤသည်မှာ လိုက်နာသင့်သည့် စည်းမျဉ်းဖြစ်၏။ ဘုရားသခင်သည် သမ္မာတရားကို လိုက်စားပြီး သူ၏ အလိုတော်ကို လိုက်လျှောက်နိုင်သောသူများကို ချစ်သည်။ ဤလူတို့သည်လည်း ကျွန်ုပ်တို့ ချစ်သင့်သောလူများဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်နိုင်သောသူ၊ ဘုရားသခင်ကို မုန်းတီးပြီး၊ ပုန်ကန်သောသူ၊ ဤလူတို့သည် ဘုရားသခင်၏ အလွန်မုန်းတီးခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို အလွန်မုန်းတီးသင့်၏။ ဤသည်မှာ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာ ဖြစ်သည်။ သင်၏ မိဘများက ဘုရားသခင်ကို မယုံကြည်လျှင်၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် မှန်ကန်သော လမ်းဖြစ်ကြောင်း၊ ကယ်တင်ခြင်းကို ရရှိစေနိုင်ကြောင်းကို ကောင်းစွာသိသည့်တိုင် လက်ခံရန် မလိုလားဆဲဖြစ်လျှင် ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်ပြီး၊ အလွန်အမင်း မနှစ်မြို့သောသူများဖြစ်ကြကာ ၎င်းတို့သည် ဘုရားသခင်ကို အာခံသော၊ ဘုရားသခင်ကို မုန်းတီးသောသူများဖြစ်သည်မှာ သံသယရှိစရာမလိုပေ။ ဘုရားသခင်သည် ၎င်းတို့ကို အလိုအလျောက် စက်ဆုပ်ရွံရှာပြီး မုန်းတီးသည်။ ဤသို့သောမိဘများကို သင်စက်ဆုပ်ရွံရှာနိုင်သလော။ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး၊ ပုတ်ခတ်ဝေဖန်သည်။ ဤအခြေအနေတွင် ၎င်းတို့သည် အသေအချာပင် မကောင်းဆိုးဝါးများနှင့် စာတန်များဖြစ်သည်။ သင်သည် ၎င်းတို့ကို မုန်းတီးပြီး ကျိန်ဆဲနိုင်သလော။ ဤအရာအားလုံးက သဘာဝကျသော မေးခွန်းများဖြစ်သည်။ သင်၏ မိဘများက သင့်အား ဘုရားသခင်ကို ယုံကြည်ခြင်းအား တားဆီးလျှင် ၎င်းတို့ကို သင် မည်သို့ ဆက်ဆံသင့်သနည်း။ ဘုရားသခင်က တောင်းဆိုခဲ့သည့်အတိုင်း ဘုရားသခင်ချစ်သောအရာကို ချစ်သင့်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းသင့်သည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုက ပြောခဲ့သည်။ “မည်သူက ငါ၏ အမေဖြစ်သနည်း။ မည်သူက ငါ၏ ညီအစ်ကိုများဖြစ်သနည်း” “ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ ခမည်းတော်၏ အလိုတော်ကို လိုက်လျှောက်သောသူမည်သူမဆိုသည် ငါ၏ ညီအစ်ကိုမောင်နှမနှင့် မိခင်ဖြစ်သည်” ဟူ၍ဖြစ်သည်။ ဤစကားများသည် ကျေးဇူးတော်ခေတ်တွင် တည်ရှိနှင့်ပြီးဖြစ်သည်။ ယခုအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ရှင်းလင်းလေသည်။ “ဘုရားသခင် ချစ်သောအရာကို ချစ်ပြီး ဘုရားသခင် မုန်းသောအရာကို မုန်းလော့” ဤစကားများသည် လိုရင်းကို ထိရောက်သည်။ သို့တိုင်အောင် လူတို့သည် ဤစကားများ၏ အဓိပ္ပာယ်အစစ်အမှန်ကို မကြာခဏဆိုသလို သဘောပေါက်နိုင်ခြင်း မရှိကြပေ။ လူပုဂ္ဂိုလ်တစ်ဦးသည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဆန့်ကျင်သူတစ်ဦး ဖြစ်ကာ ဘုရားသခင်၏ကျိန်ဆဲခြင်း ခံရသော်လည်း ၎င်းတို့သည် သင်၏မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်ပြီး သင်သိသမျှ ဆိုးယုတ်သူတစ်ဦး မဟုတ်သကဲ့သို့ ၎င်းတို့က သင့်ကို ကောင်းမွန်စွာ ဆက်ဆံပါက ထိုလူကို သင် မမုန်းနိုင်သည်ကို တွေ့ရလိမ့်မည်၊ ၎င်းတို့နှင့် ရင်းနှီးသည့် ဆက်သွယ်မှုပင် ရှိနိုင်သည်၊ သင်တို့၏ ဆက်ဆံရေး မပြောင်းလဲပေ။ ထိုသို့သော လူတို့ကို ဘုရားသခင် မုန်းတီးသည်ကို ကြားရခြင်းက သင့်ကို သောကရောက်စေပြီး ဘုရားသခင်ဘက်တွင် သင် မရပ်တည်နိုင်သကဲ့သို့ ၎င်းတို့ကို ရက်စက်စွာ မငြင်းပယ်နိုင်ပေ။ သင်သည် ခံစားချက်များဖြင့် အမြဲ ချည်နှောင်ခံရပြီး ၎င်းတို့ကို အပြည့်အဝ လက်မလွှတ်နိုင်ပေ။ ဤအရာ၏ အကြောင်းအရင်းမှာ အဘယ်နည်း။ ဤအရာဖြစ်ရခြင်းမှာ သင်၏ ခံစားချက်များ အလွန်အားကောင်းလွန်းပြီး၊ ထိုခံစားမှုများက သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ ဟန့်တားထားသောကြောင့် ဖြစ်သည်။ ထိုလူသည် သင့်အပေါ် ကောင်းသောကြောင့် သင်သည် ၎င်းတို့ကို မမုန်းနိုင်ပေ။ ၎င်းတို့က သင့်အား နာကျင်စေသည့်အခါမှသာလျှင် ၎င်းတို့ကို သင်မုန်းတီးနိုင်သည်။ ထိုအမုန်းတရားသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီမည်လော။ ၎င်းတို့သည် မိဘ၊ သို့မဟုတ် ဆွေမျိုးဖြစ်သောကြောင့်၊ ၎င်းတို့ကို သင်မုန်းလျှင်၊ သင်သည် သားသမီးဝတ်မကျေပွန်သောသူ၊ အသိတရား မရှိသလို လူပင် မဟုတ်သူအဖြစ် လူ့အဖွဲ့အစည်း၏ အထင်အမြင်သေးခြင်းကို ခံရပြီး လူများ၏ ခံယူချက်အားဖြင့် ပုတ်ခတ်ဝေဖန်ခြင်းတို့ကို ခံရမည်ဟု တွေးလျက် သင်သည် အစဉ်အလာအယူအဆများဖြင့်လည်း ထိန်းချုပ်ခံရသည်။ သင်သည် ဘုရားသဘောသဘာဝ၏ ပြစ်တင်ရှုတ်ချခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းတို့ကို ခံစားရမည်ဟု တွေးထင်သည်။ သင်သည် ၎င်းတို့ကို မုန်းလိုလျှင်ပင် သင်၏အသိစိတ်က သင့်ကို အခွင့်ပေးမည် မဟုတ်ပေ။ သင်၏ အသိစိတ်သည် ဤနည်းလမ်းဖြင့် အဘယ်ကြောင့် လုပ်ဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် သင့်မိသားစု၏ အမွေမှတစ်ဆင့်၊ သင်၏မိဘများက သင့်ကို ပေးထားသည့် ပညာရေးမှတစ်ဆင့်၊ ထို့ပြင် ရိုးရာယဉ်ကျေးမှု၏ အယူသွတ်သွင်းခြင်းတို့မှတစ်ဆင့် သင်ကလေးအရွယ်ကတည်းက သင့်အတွင်းတွင် မျိုးစေ့ချပေးထားသည့် တွေးခေါ်မှုနည်းလမ်းတစ်ခုကြောင့် ဖြစ်သည်။ ဤတွေးခေါ်မှုနည်းလမ်းက သင်၏ စိတ်နှလုံးတွင် အလွန် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး၊ သင့်အား သားသမီးဝတ်သည် လုံးဝ သဘာဝကျပြီး၊ တရားကာ သင်၏ ဘိုးဘေးများထံမှ အမွေရခဲ့သည့် မည်သည့်အရာမဆိုသည် အစဉ် ကောင်းမြတ်သည်ဟု တလွဲ ယုံကြည်စေသည်။ သင်သည် ယင်းကို ဦးစွာ သင်ယူခဲ့ပြီး ယင်းက သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်နိုင်အောင်၊ ဘုရားသခင် ချစ်သည့်အရာကို မချစ်နိုင်အောင်၊ ဘုရားသခင် မုန်းသည့်အရာကို မမုန်းနိုင်အောင်ဖြစ်သွားစေလျက် သင်၏ ယုံကြည်ခြင်းနှင့် သမ္မာတရားကို လက်ခံခြင်းတို့၌ ကြီးမားသော ခလုတ်တံသင်းနှင့် အဆီးအတားတို့ကို ဖန်တီးရင်း ကြီးစိုးမြဲ ကြီးစိုးနေသည်။...သင်၏အသက်သည် ဘုရားသခင်ထံမှ လာပြီး သင့်မိဘများထံမှ လာခြင်း မဟုတ်ကြောင်း သင်၏ စိတ်နှလုံးထဲတွင် သိပြီး သင်၏မိဘများက ဘုရားသခင်ကို မယုံကြည်ရုံသာမက ဘုရားသခင်ကို အတိုက်အခံလုပ်ကြောင်းကိုလည်း သင် သိသည်။ ဘုရားသခင်က ၎င်းတို့ကို မုန်းပြီး သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသင့်သည်၊ သူ့ဘက်တွင် ရပ်တည်သင့်သည်၊ သို့သော်လည်း သင်သည် မုန်းချင်လျှင်ပင် ၎င်းတို့ကို သင်ကိုယ်တိုင်မုန်းကို မမုန်းနိုင်ပေ။ သင်သည် ထိုတောင်ကို မကျော်နိုင်ပေ၊ သင်၏စိတ်နှလုံးကို မတင်းနိုင်ပေ၊ ပြီးလျှင် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ဤအရာ၏ ဇာစ်မြစ်မှာ အဘယ်နည်း။ စာတန်က သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံနိုင်အောင် ဖြစ်သွားစေလျက် သင်၏ အတွေးအခေါ်များ၊ သင်၏ စိတ်နှင့် သင်၏နှလုံးသားတို့ကို ချည်နှောင်ရန် ဤရိုးရာ ထုံးတမ်းဓလေ့မျိုးနှင့် လူ့ကျင့်ဝတ်ဆိုင်ရာ အယူအဆမျိုးတို့ကို အသုံးပြုသည်။ သင်သည် စာတန်၏ဤအရာများကို စိတ်စွဲနေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်စွမ်းမရှိ ဖြစ်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်လက်တွေ့လုပ်ဆောင်လိုသည့်အခါတွင် ဤအရာများက သင့်အတွင်း၌ အနှောင့်အယှက်ဖြစ်စေသည်၊ သင့်ကို သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဆန့်ကျင်စေပြီး သင်သည် ရိုးရာထုံးတမ်းဓလေ့၏ ဖိနှိပ်ချုပ်ချယ်ခြင်းကို ကိုယ်တိုင် ဖယ်ရှားဖို့ငှာ မစွမ်းသာအောင်ဖြစ်စေသည်။ အချိန်အတန်ကြာ ရုန်းကန် ပြီးသည့်နောက်တွင် သင်သည် အလျော့ပေးမိလေသည်။ လူ့ကျင့်ဝတ်ဆိုင်ရာ အစဉ်အလာ အယူအဆများသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်ဖို့ သင်ပိုနှစ်သက်သည်၊ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပစ်ပယ်သည်၊ သို့မဟုတ် စွန့်လွှတ်သည်။ သင်သည် ဤကမ္ဘာလောကတွင် အသက်ရှင် နေထိုင်နေဆဲ ဖြစ်ပြီး ဤလူများအပေါ် မှီခိုခြင်းအားဖြင့်သာ အသက်ရှင်နိုင်သည်ဟု ခံစားလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံနိုင်သလို ကယ်တင်ခံရခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ သင်မတွေးပေ။ လူ့အဖွဲ့အစည်း၏ တန်ပြန်စွပ်စွဲချက်ကို သည်းခံနိုင်ခြင်းမရှိဘဲ ကိုယ်ကျင့်တရားဆိုင်ရာ ရိုးရာ အယူအဆများနှင့် စာတန်၏ စွမ်းအားတို့၌ လွင့်မျောလိုက်ပါလျက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ ပို၍ နှစ်သက်ရင်း သမ္မာတရားနှင့် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စွန့်လွှတ်ဖို့သာ သင် ရွေးချယ်လိုက်မည်။ လူသည် သနားစဖွယ် မကောင်းသလော။ ၎င်းတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို မလိုအပ်သလော။ လူအချို့သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ပြီးဖြစ်သော်လည်း သားသမီးဝတ်နှင့်ပတ်သက်သော အရေးကိစ္စအား သိမြင်ခြင်းမရသေးပေ။ ၎င်းတို့သည် သမ္မာတရားကို အမှန်ပင် နားမလည်ကြပေ။ ၎င်းတို့သည် ဤလောကီ ဆက်ဆံရေးများနှင့်ဆိုင်သည့် အတားအဆီးကို လုံးဝ မချိုးဖောက်နိုင်ပေ။ ၎င်းတို့သည် စိတ်ပိုင်းဖြတ်ခြင်း ရှိဖို့ မဆိုထားနှင့်၊ သတ္တိပင်ဖြစ်စေ၊ ယုံကြည်ချက်ပင်ဖြစ်စေ မရှိကြသောကြောင့် ဘုရားသခင်ကို မချစ်နိုင်သကဲ့သို့ နာလည်းမနာခံနိုင်ကြချေ။ လူတချို့သည် ဤအရာကို ကျော်လွန်၍ တွေ့မြင်နိုင်ကြ၏။ ၎င်းတို့အတွက် “ကျွန်ုပ်၏ မိဘများက ဘုရားသခင်ကို မယုံကြည်ကြသကဲ့သို့ ကျွန်ုပ်ကိုလည်း မယုံကြည်ဖို့ တားဆီးကြသည်။ သူတို့သည် နတ်ဆိုးများဖြစ်ကြသည်” ဟူ၍ ပြောရန်မှာ ဧကန်အမှန် လွယ်ကူသောအရာ မဟုတ်ပေ။ ဘုရားသခင်တစ်ပါးရှိသည်၊ သို့မဟုတ် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်၊ သို့မဟုတ် လူသားကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်ဟု မည်သည့်မယုံကြည်သူကမျှ ယုံကြည်ခြင်းမရှိပေ။ “လူသားအား အသက်ကို မိဘများက ပေးသည်။ သူသည် မိဘများအား လေးစားဂုဏ်ပြုသင့်သည်” ဟု ပြောသောသူအချို့ပင် ရှိသည်။ ဤသို့သော အတွေးအမြင်သည် ဘယ်က လာသနည်း။ စာတန်ဆီက လာသလော။ လူသားကို ဤနည်းဖြင့် သွန်သင်လေ့ကျင့်ပေးပြီး အထင်အမြင်မှားစေကာ ဘုရား၏ ဖန်ဆင်းခြင်းနှင့် အချုပ်အခြာအာဏာကို ငြင်းဆန်စေခဲ့သည်မှာ နှစ်ထောင်ချီကြာနေပြီဖြစ်သော ရိုးရာယဉ်ကျေးမှုပင် ဖြစ်သည်။ စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်မှုမရှိလျှင် လူသားမျိုးနွယ်သည် ဘုရားသခင်၏ အမှုတော်ကို စူးစမ်းစစ်ဆေးမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များကို ဖတ်ကြလိမ့်မည်။ ၎င်းတို့ကို ဘုရားသခင်က ဖန်ဆင်းထားကြောင်း၊ ၎င်းတို့၏ အသက်ကို ဘုရားသခင်က ပေးထားကြောင်း သိကြလိမ့်မည်။ ၎င်းတို့တွင် ရှိသမျှကို ဘုရားသခင်က ပေးထားခြင်းဖြစ်ပြီး ၎င်းတို့ကျေးဇူးတင်သင့်သည်မှာ ဘုရားသခင်ဖြစ်သည်ကို ၎င်းတို့သိကြလိမ့်မည်။ တစ်စုံတစ်ယောက်က ငါတို့ကို ကူညီစောင်မပေးလျှင် ငါတို့သည် ယင်းကို ဘုရားသခင်ထံမှလည်းကောင်း၊ အထူးသဖြင့် ငါတို့ကို မွေးဖွားပြီး ပျိုးထောင်ပေးခဲ့သည့် ငါတို့မိဘများထံမှလည်းကောင်း လက်ခံသင့်သည်။ ဤအရာအားလုံးကို ဘုရားသခင်က စီစဉ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုး၏။ လူသားသည် အစေခံခြင်းအတွက် တန်ဆာပလာတစ်ခုသာဖြစ်သည်။ လူတစ်ယောက်သည် ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံရန် သူ၏မိဘများကို ဘေးဖယ်ထားနိုင်လျှင်ဖြစ်စေ၊ သူ၏ အမျိုးသား (သို့မဟုတ် အမျိုးသမီး) နှင့် သားသမီးများကို ဘေးဖယ်ထားနိုင်လျှင်ဖြစ်စေ ထိုသူသည် သာ၍ သန်မာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ရှေ့တွင် ပိုမိုကြီးမားသော တရားမျှတစိတ် ရှိလိမ့်မည်။ သို့သော် ဤဆိုးယုတ်သော အဆိပ်များနှင့် အတွေးအခေါ်များသည် လူတို့အား ဘုရားနှုတ်ကပတ်တော်များကို မကြားအောင်နှင့် သူ့ကို ကျိုးနွံနာခံခြင်း မရှိအောင် တားဆီးသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးစုံကို ဖြစ်ပေါ်စေလျက် လူတို့၏ စိတ်နှလုံးတွင် အချိန်ကြာမြင့်စွာ အမြစ်တွယ်ပြီးဖြစ်သောကြောင့် အမျိုးသား ပညာရေးနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ စိတ်ကူးများ၊ အယူအဆများ၊ ကိုယ်ကျင့်တရား အဆိုများ၏ ကျေးကျွန်ဘဝကို ချိုးဖောက်ရန် လူတို့အတွက် မလွယ်ပေ။ ဖောက်ပြန်ပျက်စီးသော လူ၏ စိတ်နှလုံးနက်နက်ထဲတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် ဘုရားအလိုတော်ကို လိုက်လျှောက်ရန် အခြေခံကျသော လိုလားမှုတစ်ခု ကင်းမဲ့၏။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို ပုန်ကန်ကာ အတိုက်အခံလုပ်ကြသည်။ အချိန်မရွေး သူ့ကို သစ္စာဖောက်ကာ စွန့်လွှတ်နိုင်သည်။ အကြင်သူသည် မိမိအတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ဆိုးယုတ်သော အဆိပ်များ၊ အတွေးအခေါ်များ တည်ရှိလျှင် သမ္မာတရားကို ရရှိနိုင်သလော။ ဘုရားသခင်ကို ကျိုးနွံနာခံမှု ရရှိနိုင်သလော။ ဧကန်အမှန် အလွန်ခက်ခဲပေသည်။ ဘုရားသခင်ကိုယ်တိုင်၏ တရားစီရင်ခြင်း အမှုကြောင့် မဟုတ်လျှင် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်း မရရှိနိုင်သကဲ့သို့ ၎င်း၏ ဆိုးယုတ်သည့် စိတ်သဘောထားအားလုံးမှ သန့်စင်ခြင်းခံရနိုင်မည်လည်း မဟုတ်ပေ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်ရန် လိုလားနေလျှင်ပင် သမ္မာတရားကို လက်ခံရန်မှာ လူတို့အတွက် အားထုတ်မှု အလွန်အမင်း လိုအပ်၍ ဘုရားသခင်ကို ၎င်းတို့ နားမထောင်နိုင်သကဲ့သို့ ကျိုးနွံနာခံခြင်းလည်း မပြုနိုင်ကြပေ။ ထို့ကြောင့် သမ္မာတရားကို လိုက်စားမှုမတိုင်ခင် မိမိကိုယ်ကို သိကျွမ်းခြင်းနှင့် မိမိကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းနှင့်ဆိုင်သည့် လိုက်စားမှုက အလျင်ကျရမည်ဖြစ်သည်။ ထို့နောက်တွင်မှ သမ္မာတရားကို လက်ခံရန် သာ၍ လွယ်ကူလိမ့်မည်ဖြစ်သည်။ မိမိကိုယ်ကို သိကျွမ်းခြင်းသည် ရိုးရှင်းသည့်ကိစ္စ လုံးဝ မဟုတ်ပေ။ သမ္မာတရားကို လက်ခံသောသူတို့သာ မိမိတို့ကိုယ်ကို သိကျွမ်းနိုင်ကြသည်။ ဤအကြောင်းကြောင့်ပင် မိမိကိုယ်ကို သိကျွမ်းခြင်းက အလွန် အရေးပါပြီး လျစ်လျူရှု၍မရသည့် ကိစ္စတစ်ခု ဖြစ်သည်။

လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသောကြောင့် သမ္မာတရားကို လက်ခံရန် ၎င်းတို့အတွက် အလွန်ခက်ခဲပြီး မိမိတို့ကိုယ်ကို သိရှိရန် သာ၍ပင် ခက်ခဲသည်။ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိလိုပါက မိမိတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သဘာဝ အနှစ်သာရတို့ကို သိရှိလာရမည်ဖြစ်သည်။ ထို့နောက်တွင်မှ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ကြပေသည်။ ဘုရားသခင်ကို ယုံကြည်သောသူအများစုသည် သမ္မာတရားကို ၎င်းတို့နားလည်သည်ဟု တွေးထင်လျက် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်ရုံမျှနှင့် စိတ်ကျေနပ်ကြလေသည်။ မိမိတို့ကိုယ်ကို မသိရှိသောသူတို့သည် သမ္မာတရားကို နားမလည်သည်ဖြစ်ရာ ဤသည်မှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် သမ္မာတရားကို နားလည်ပြီး ရရှိရန်အလို့ငှာ လူတို့သည် မိမိတို့ကိုယ်ကို သိရှိခြင်းအပေါ် အာရုံစိုက်ရမည်။ ငါတို့အနေဖြင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ၊ မည်သည့်ပတ်ဝန်းကျင်တွင် ရှိနေသည်ဖြစ်စေ မိမိတို့ကိုယ်ကို သိရှိလာနိုင်ပါက၊ ငါတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာနိုင်ကာ မိမိတို့ကိုယ်ကို သိရှိရေးအား ငါတို့၏ ထိပ်ဆုံးဦးစားပေးအဖြစ် သဘောထားနိုင်ပါက တစ်စုံတစ်ရာကို ငါတို့ မုချ ရရှိလိမ့်မည်ဖြစ်ပြီး ငါတို့၏ မိမိတို့ကိုယ်ကို သိကျွမ်းခြင်းကလည်း တဖြည်းဖြည်း နက်သည်ထက် နက်လာလိမ့်မည်ဖြစ်သည်။ တစ်ချိန်တည်းတွင် သမ္မာတရားကို ငါတို့ လက်တွေ့လုပ်ဆောင်လိမ့်မည်။ ဘုရားသခင်ကို ချစ်ခြင်းနှင့် နာခံခြင်းတို့အား လက်တွေ့လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ပိုပိုပြီး နားလည်လာလိမ့်မည်။ ထိုအခါ သမ္မာတရားသည် အလိုအလျောက် ငါတို့၏ဘဝ ဖြစ်လာလိမ့်မည်ဖြစ်သည်။ သို့ရာတွင် သင်သည် သင့်ကိုယ်သင် သိရှိခြင်းထဲသို့ ဝင်ရောက်ခြင်း လုံးဝ မရှိပါက အပေါ်ယံ ဖြစ်ရပ်မျိုးစုံအားဖြင့် သင်သည် ကြောင်းကျိုးမမြင်သောကြောင့် သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်သည်ဟု ဆိုရန်မှာ သင့်အတွက် မှားယွင်းပေသည်။ သင်၏ အပြုအမူ တိုးတက်လာသည့်အလား သင်ခံစားရပြီး သင့်ထံတွင် ယခင်ထက် အသိစိတ်နှင့် ဆင်ခြင်တုံတရား သာ၍ရှိသည်၊ သင်သာ၍ နူးညံ့သိမ်မွေ့လာသည်၊ အခြားသူများအပေါ် သာ၍ ထောက်ထားပြီး သည်းခံနိုင်ကာ လူတို့ကို သာ၍ စိတ်ရှည်ပြီး ခွင့်လွှတ်တတ်သည်ဟု ခံစားရ၍ အကျိုးဆက်အနေဖြင့် သင်သည် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်နေနှင့်ကာ သင့်ကိုယ်သင် ကြီးမြတ်ပြီး ပြီးပြည့်စုံသည့် လူတစ်ဦးဖြစ်သည်ဟု တွေးထင်လေသည်။ သို့သော်လည်း ဘုရားသခင်၏ အမြင်တွင်မူ သင်သည် သူ၏ သတ်မှတ်ချက်များနှင့် စံနှုန်းများကို မမီဆဲဖြစ်ပြီး သူ့ကို အမှန်တကယ် နာခံခြင်း၊ ကိုးကွယ်ခြင်းနှင့် အလွန် အလှမ်းဝေးနေပေသည်။ ဤအရာက သင်သည် သမ္မာတရားကို မရရှိသေးကြောင်း၊ စစ်မှန်မှု အနည်းငယ်မျှ မရှိသကဲ့သို့ ကယ်တင်ခြင်း စံနှုန်းများကို ပြည့်မီခြင်းမှလည်း အလှမ်းဝေးနေဆဲဖြစ်ကြောင်း ပြပေသည်။ လူတို့အနေဖြင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရန်အလို့ငှာ မည်သည့်သမ္မာတရားဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ရန် လိုအပ်သည်ကို နားလည်ရမည်။ လူတို့သည် အပြင်ပန်း အပြုအမူကောင်းများနှင့် သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းတို့ကြား မခွဲခြားနိုင်ကြသေးချေ။ ယခုတွင် လူတို့ပိုင်ဆိုင်သမျှမှာ ၎င်းတို့၏ အပြင်ပန်း အပြုအမူတွင် အနည်းငယ်မျှ ပြောင်းလဲခြင်းများသာ ဖြစ်သည်။ ယနေ့ခေတ်တွင် လူအများစုသည် တရားဒေသနာများကို နားထောင်ရန် မကြာခဏ စုဝေးကြပြီး ၎င်းတို့၏ ညီအစ်ကို မောင်နှမများနှင့် ပုံမှန်ပုံစံဖြင့် အဆင်ပြေကာ အဆက်အဆံလုပ်နိုင်ကြသည်။ ၎င်းတို့ ခိုက်ရန်ဖြစ်ခြင်းမရှိ၊ အချင်းချင်း သည်းခံကာ စိတ်ရှည်နိုင်ကြပြီး မိမိတို့ တာဝန်များကို ထမ်းဆောင်ရာတွင် ယခင်ထက် သာ၍ တာဝန်သိတတ်ကြလေသည်။ သို့ရာတွင် သမ္မာတရားအပေါ် ၎င်းတို့၏ သိနားလည်မှု၊ ကိစ္စရပ်အများအပြားနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးများနှင့် အမြင်များသည် သမ္မာတရားနှင့် အလှမ်းဝေးနေဆဲ သို့မဟုတ် သမ္မာတရားကို ဆန့်ကျင်နေဆဲဖြစ်ပြီး ၎င်းတို့အမြင်များထဲမှ တချို့သည် ဘုရားသခင်အပေါ် ရန်ပင်လိုနေပေသည်။ ဤသည်မှာ သမ္မာတရားကို လူတို့မရရှိသေးကြောင်း ဖော်ပြရန် လုံလောက်ပေသည်။ ထို့ကြောင့် ငါတို့အနေဖြင့် မိမိကိုယ်ကို သိသည့်အသိ၏ သွင်ပြင်လက္ခဏာတိုင်းတွင် သမ္မာတရားကို ရှာဖွေကာ သာ၍ နက်နဲစွာ မိမိကိုယ်ကို သိရှိရန် ကြိုးစားဖို့ လိုအပ်ပေသည်။ မိမိကိုယ်ကို သိရှိရန် အလွန် အရေးကြီးသည်ဟု ဤမိတ်သဟာယပြုချက်မှတစ်ဆင့် သင်တို့မခံစားရသလော။ ယခုတင်ပင် မိမိ၏ မိဘများအပေါ် သားသမီးဝတ် ကျေပွန်မှု ပြသည့် ဥပမာတစ်ခုကို ငါပေးခဲ့သည်။ ဤသည်မှာ လူတိုင်းရင်ဆိုင်ရန် လိုအပ်သည့် အရေးပါသော ကိစ္စတစ်ခု ဖြစ်သည်။ သင်တို့သည် သမ္မာတရားကို နားမလည်နိုင်သကဲ့သို့ ရိုးရာအတွေးများနှင့် အယူအဆများမှ လွတ်လာနိုင်ခြင်းလည်း မရှိပါက အရာရာကို စွန့်ကာ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အမှန်တကယ် အသုံးခံရန် သင်တို့အတွက် ခက်ခဲလိမ့်မည်။ ဘုရားသခင်ကို နှစ်ချီယုံကြည်ပြီးသော်လည်း တာဝန်တစ်ခု မဖြည့်ဆည်းသေးသည့် လူများစွာရှိသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင် ကြာချိန်မသိရသော အချိန်ပမာဏတစ်ခုကြာ ရုန်းကန်နေခဲ့ကြရ၍ ၎င်းတို့အနေဖြင့် မည်သည့်အချိန်တွင် သမ္မာတရားကို အမှန်တကယ် နားလည်နိုင်ပြီး ၎င်းတို့၏ သွေးသား ချစ်ခင်တွယ်တာမှုများ၊ ရိုးရာ အတွေးများနှင့် အယူအဆများ၏ ကန့်သတ်ချက်များနှင့် ချုပ်ချယ်မှုများမှ လွတ်လာကာ “ဘုရားသခင် ချစ်မြတ်နိုးရာများကို ချစ်မြတ်နိုးပြီး ဘုရားသခင် ရွံမုန်းသောအရာများကို ရွံမုန်း” သည့်အဆင့်ထိ ရောက်နိုင်ကြလိမ့်မည် ဆိုသည်မှာ မသေချာပေ။ ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသည့်အရာတစ်ခု မဟုတ်ပေ။ မိသားစု၏ အနှစ်သာရကို ရိပ်စားမိကာ မိမိ၏ သွေးသား ဆက်နွှယ်မှုများဆိုင်ရာ အချုပ်အချယ်များကို စွန့်ပယ်ခြင်းသည် ဘုရားနောက်လိုက်သူများအတွက် ခက်ခဲသော အကျပ်အတည်းတစ်ခု ဖြစ်သည်။ မိမိ၏ မိသားစုနှင့် သွေးသား ချစ်ခင်တွယ်တာမှုများ၏ အချုပ်အနှောင်များကို ချိုးဖျက်ခြင်းနှင့် ရိုးရာယဉ်ကျေးမှု အတွေးများ၏ ကန့်သတ်ချက်များမှ ချိုးဖောက်လွတ်မြောက်ခြင်းအတွက် ဖြစ်စဉ်တစ်ခု ရှိသည်။ ယင်းမှာ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းကို ငါတို့ လက်တွေ့လုပ်ဆောင်နိုင်မည့် ပတ်ဝန်းကျင်များကို ဘုရားသခင် စီစဉ်ပေးရန် လိုအပ်သည်။ အထူးသဖြင့် ငါတို့၏ ချစ်ခင်ရသူများနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့၏ စစ်မှန်သော သဘောများနှင့် ၎င်းတို့၏ သဘာဝ အနှစ်သာရ အသီးသီးကို ရှင်းလင်းစွာ ငါတို့မြင်ရန် သာ၍ပင် လိုအပ်သည်။ တစ်ချိန်တည်းတွင် ငါတို့ထုတ်ဖော်ပြထားသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ငါတို့စိတ်နှလုံးတွင် တည်ရှိနေဆဲဖြစ်သည့် ဆိုးယုတ်သော အယူလွဲများနှင့် အတွေးမှားများကို သမ္မာတရားအပေါ် အခြေခံ၍ သုံးသပ်ရန်လည်း လိုအပ်သည်။ ဤအရာမှာ ငါတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အတိုက်အခံလုပ်နေသည့် သို့မဟုတ် သူနှင့် သဟဇာတမဖြစ်သည့် မည်သည့်အရာများ တည်ရှိနေဆဲဖြစ်သည်ကို သိနိုင်ပြီးနောက် ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားရှာဖွေနိုင်ရန်အလို့ငှာ ငါတို့ကို ဖော်ထုတ်ဖို့ အမျိုးမျိုးသော ပတ်ဝန်းကျင်များကို ဘုရားသခင် စီစဉ်ညွှန်ကြားရန် လိုအပ်သည်။ ငါတို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ငါတို့၏ ဝိညာဉ်ရင့်ကျက်မှုကို ထုတ်ဖော်ပြရန် သင့်တော်သည့် ပတ်ဝန်းကျင်များ ဘုရားသခင် စီစဉ်ပေးဖို့ ငါတို့လိုအပ်သည်။ သို့ရာတွင် ငါတို့သည်လည်း ဘုရားသခင်နှင့်အတူ တက်ကြွစွာနှင့် အပြုသဘောဆောင်စွာ အလုပ်လုပ်ရမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်အတိုင်း မိမိတို့ကိုယ်ကိုအပေါ် တောင်းဆိုချက်များ ထားရှိရမည်ဖြစ်သည်။ ထိုအခါတွင်မှ သူ၏ စုံလင်အောင် ပြုပေးခြင်းကို ငါတို့ခံရနိုင်ပေသည်။ သို့ရာတွင် ဘုရားသခင် မဆောင်ရွက်မီ ငါတို့ကိုယ်ငါတို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရန် လိုအပ်သည်။ ပထမဦးစွာ လူ့အတွင်းရှိ ဆိုးယုတ်သော အဆိပ်များကို ငါတို့သတိပြုမိရန်နှင့် ရိုးရာယဉ်ကျေးမှု၏ အတွေးများနှင့် အယူအဆများက လူတို့ကို လှည့်ဖြားကာ ဖောက်ပြန်ပျက်စီးစေကြောင်း နားလည်ရန် လိုအပ်သည်။ ငါတို့အမွေဆက်ခံရပြီး ပညာရေးနှင့် လူ့အဖွဲ့အစည်းမှလာသည့် ဤဆိုးယုတ်သော အရာများက ဘုရားသခင်ကို မည်မျှပြင်းထန်စွာ အတိုက်အခံလုပ်ပြီး သမ္မာတရားကို မည်မျှဆန့်ကျင်ကြောင်း ငါတို့နားလည်ရမည်။ ဤအရာများကို ရိပ်စားမိသည့်အခါတွင်သာ သမ္မာတရားကို အမှန်တကယ် နားလည်သည်ဟု ပြော၍ရနိုင်ပေသည်။

မိမိ၏ မိဘများအား မည်သို့ဆက်ဆံရမည်ကို ယခုလေးတင် ငါပြောဆိုခဲ့သည်။ ဤသည်မှာ ဘဝတွင် အဓိကကိစ္စရပ်တစ်ခုဖြစ်ပြီး လူတိုင်းရင်ဆိုင်ရမည့် အရေးပါသော ကိစ္စတစ်ခုလည်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဤအရာကို ငြင်း၍မရနိုင်ပေ။ ဆက်လက်၍ နောက်ထပ်အကြောင်းအရာတစ်ခု၊ အတိအကျဆိုရလျှင် မိမိ၏ သားသမီးများအား မည်သို့ဆက်ဆံရမည်ဆိုသည်ကို ငါတို့မိတ်သဟာယပြုသွားမည်။ သင်၏ သားသမီးများနှင့် သင်၏ မိဘများကို ဆက်ဆံပုံနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ကို သင်ဆက်ဆံသည့်ပုံစံသည် အရေးမကြီးပေ။ ထို့ထက် အရေးကြီးသည့်အရာမှာ သင်၏ ရှုထောင့်အမြင်ဖြစ်သည်။ ၎င်းတို့ကို သင်ချဉ်းကပ်သည့် ရှုထောင့်အမြင်နှင့် သဘောထားဖြစ်သည်။ ဤသည်မှာ ငါတို့၏ စိတ်နှလုံးတွင် ငါတို့ နားလည်ရန် လိုအပ်သည့် တစ်စုံတစ်ရာ ဖြစ်သည်။ သားသမီးများအနေဖြင့် လူ့အဖွဲ့အစည်းတွင် ခြေကုပ်တစ်ခုရကာ အဆင့်အတန်းတစ်ခုခု ရှိနိုင်ရန်အလို့ငှာ လူအသီးသီးသည် မိမိတို့၏ သားသမီးများကို ရရှိစေလိုသည့် ပညာရေးမျိုး၊ မိမိတို့ သားသမီးများ တက်သင့်သည့် ကောလိပ်မျိုး၊ ထို့နောက်တွင် အလုပ်ကောင်းများ သူတို့ မည်သို့ရနိုင်မည်ဆိုသည်တို့ကို ကလေးများရသည့်အချိန်မှစ၍ စီစဉ်ကြလေသည်။ ဤဘဝတွင် အကြင်သူသည် အသိပညာနှင့် အဆင့်မြင့် ဘွဲ့တစ်ခုကို ဦးစွာပိုင်ဆိုင်ရမည်ဟု လူအားလုံးက ယုံကြည်ကြသည်။ ၎င်းတို့အမြင်တွင် တစ်ဦးတစ်ယောက်အနေဖြင့် စားစရာ၊ ဝတ်စရာ၊ နေစရာကဲ့သို့သော အခြေခံ လိုအပ်ချက်များနှင့်ပတ်သက်၍ အနာဂတ်တွင် စိုးရိမ်စရာ မလိုအပ်ရန်အလို့ငှာ လူ့အဖွဲ့အစည်းတွင် လခစားအလုပ်တစ်ခု ရှာတွေ့ပြီး အသက်မွေးမှု ရရှိရန် ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းဖြစ်နေသည်။ ထို့ကြောင့် မိမိတို့ သားသမီးများအား လူတို့ဆက်ဆံပုံနှင့် ပတ်သက်လာသည့်အခါ အဆင့်မြင့်ပညာရေးကို မိမိတို့၏ သားသမီးများ ရရှိကြဖို့ မိဘတိုင်းက မျှော်လင့်ကြသည်။ မိမိတို့ကလေးက တစ်နေ့တွင် လောက၌ အောင်မြင်နိုင်ဖို့၊ လူ့အဖွဲ့အစည်းတွင် နေရာတစ်နေရာ ရှိဖို့၊ မြင့်မားပြီး တည်ငြိမ်သည့် ဝင်ငွေတစ်ခု ရှိဖို့၊ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းတို့ ရှိဖို့ ၎င်းတို့မျှော်လင့်ကြသည်။ ဤအရာကသာ မိမိတို့၏ ဘိုးဘေးများအား ဂုဏ်အသရေ ဆောင်ကြဉ်းပေးလိမ့်မည်ဟု ၎င်းတို့တွေးထင်ကြသည်။ လူအားလုံးက ဤအမြင် ရှိထားကြသည်။ “ကျွန်ုပ်၏သားသမီးများသည် အောင်မြင်ကျော်ကြားသူများ ဖြစ်လာကြပါစေ” - ဤအမြင် မှန်ပါ၏လော။ လူတိုင်းက မိမိတို့ကလေးသည် အဆင့်မြင့် ဘွဲ့တစ်ခု ရရှိသည်နှင့် လောကတွင် အောင်မြင်နိုင်လိမ့်မည်ဟူသော ယုံကြည်မှုဖြင့် မိမိတို့၏ သား သို့မဟုတ် သမီးအား ဂုဏ်သတင်းကြီးသော တက္ကသိုလ်ကို တက်စေချင်ပြီး သင်ယူလေ့လာမှုများကို ဆက်လက် လိုက်စားစေချင်သည်။ လူအားလုံးက မိမိတို့စိတ်နှလုံးတွင် အသိပညာကို ကိုးကွယ်ကြပြီး “ပညာရှင်တစ်ဦးဖြစ်ရန်ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ ထိပ်ဆုံးတွင် ရှိနေရန်ပင်ဖြစ်သည်” ဟု ယုံကြည်ကြသည်။ ထို့အပြင် ယနေ့ခေတ် လူ့အဖွဲ့အစည်းထဲက ပြိုင်ဆိုင်မှုသည် အထူးသဖြင့် ပြင်းထန်ကြောင်းနှင့် တစ်စုံတစ်ဦးက ပညာရေး အရည်အချင်းတစ်ခု မရှိလျှင် ဝမ်းဝဖို့ ကြိုးစားရန်ပင် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း ၎င်းတို့ထင်ကြသည်။ ဤသည်မှာ လူတိုင်းတွင်ရှိသည့် အတွေးနှင့် အမြင်တစ်ခု ဖြစ်သည်။ တစ်စုံတစ်ဦးက အဆင့်မြင့် ဘွဲ့တစ်ခုရှိသရွေ့ သူ၏ အနာဂတ် အသက်မွေးမှုနှင့် အလားအလာများမှာ အာမခံချက်ရှိလိမ့်မည် ဖြစ်သည့်အလား ဖြစ်နေသည်။ ထို့ကြောင့် မိမိတို့၏ သားများနှင့် သမီးများအတွက် ၎င်းတို့၏ တောင်းဆိုချက်များနှင့် ပတ်သက်လာသည့်အခါ လူတို့သည် အဆင့်မြင့်ပညာရေး တက္ကသိုလ်ကို ဝင်ရောက်ရေးနှင့် အဆင့်မြင့် ပညာရေးတစ်ခု ရရှိရေးကို ထိပ်တန်းဦးစားပေး လုပ်ထားကြသည်။ အမှန်တွင် လူတို့ရရှိသည့် ထိုပညာရေးအားလုံး၊ ထိုအသိပညာအားလုံး၊ စိတ်ကူးများအားလုံးသည် ဘုရားသခင်နှင့် သမ္မာတရားကို ဆန့်ကျင်ပြီး ယင်းတို့ကို ဘုရားသခင်က စက်ဆုပ်ကာ ရှုတ်ချပေသည်။ ဤအရာက လူ၏ အမြင်များသည် မှားယွင်းပြီး အဓိပ္ပာယ်မရှိကြောင်း သက်သေပြပေသည်။ လူတို့အနေဖြင့် ဤပညာရေးမျိုး ရရှိလျှင် ဉာဏ်စွမ်းဉာဏ်စနှင့်ဆိုင်သော အသုံးဝင်သည့် အသိပညာ အနည်းငယ်ကို ရရှိခြင်းအပြင် စာတန်၏ များပြားလှသော အဆိပ်များ၊ အတွေးများ၊ သဘောတရားများ၊ ၎င်း၏ အမျိုးမျိုးသော အယူလွဲမှုများနှင့် အတွေးမှားများဖြင့် အယူသွင်းခြင်းလည်း ခံရလိမ့်မည်ဖြစ်သည်ကို လူတို့နားလည်သင့်ပြီး ဤအရာ၏ အကျိုးဆက်များက မည်သည့်အရာ ဖြစ်လိမ့်မည်ကို ၎င်းတို့နားလည်သင့်ပေသည်။ လူတို့သည် ဤအကြောင်းကို ယခင်က လုံးဝ မတွေးဖူး၍ ဤကိစ္စရပ်ကို မရိပ်စားမိနိုင်ကြပေ။ ၎င်းတို့ယုံကြည်သမျှမှာ ၎င်းတို့၏ သားသမီးများက အဆင့်မြင့် ပညာရေး တက္ကသိုလ်များကို ဝင်ရောက်ကြလျှင် သာ၍ တောက်ပသော အနာဂတ်များရှိလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ ဘိုးဘေးများကို ဂုဏ်အသရေ ဆောင်ကြဉ်းပေးကြလိမ့်မည်ဟူ၍ ဖြစ်သည်။ အကျိုးဆက်အနေဖြင့် အိမ်ကို တစ်နေ့ သင်၏ကလေး ပြန်လာစဉ် သူ့ကို ဘုရားသခင်အား ယုံကြည်ခြင်းအကြောင်း သင်ပြောသည့်အခါ သူကြိုက်မည်မဟုတ်သကဲ့သို့ သူ့ကို သမ္မာတရားနှင့်ပတ်သက်၍ သင်မိတ်သဟာယပြုသည့်အခါတွင်လည်း သူက သင့်ကို မိုက်မဲသူဟု ခေါ်ဆိုပြီး သင့်ကို လှောင်ပြောင်ကာ သင်၏ စကားများကို မထီမဲ့မြင်ပြုလိမ့်မည်ဖြစ်သည်။ ထိုအချိန်တွင်ကား သင်၏ ကလေးကို အဆင့်မြင့် ပညာရေးတစ်ခု ရရှိရန် အဆင့်မြင့် ပညာရေးတက္ကသိုလ်တစ်ခုသို့ ပို့ခဲ့စဉ်က မှားယွင်းသည့် လမ်းကြောင်းကို သင်ရွေးချယ်ခဲ့ကြောင်း သင်နားလည်သွားလိမ့်မည် ဖြစ်သည်။ သို့ရာတွင် နောင်တရဖို့ အလွန်နောက်ကျသွားလိမ့်မည်။ လူတစ်ဦးသည် စာတန်၏ အတွေးအခေါ်များနှင့် အမြင်များကို လက်ခံပြီး ဤအရာများက ၎င်းတို့အတွင်းတွင် အမြစ်တွယ်၊ ဖူးပွင့်ကာ အသီးသီးလာသည်နှင့်တစ်ပြိုင်နက် ထိုအရာမှာ ကြီးထွားလာနေသည့် ကင်ဆာအကျိတ်များနှင့် တူပေသည်။ ဤအရာများကို ညတွင်းချင်း ဖယ်ရှား၍ သို့မဟုတ် ပြောင်းလဲ၍ မရနိုင်ပေ။ ထိုအချိန်တွင်မူ ထိုလူအတွက် သမ္မာတရားကို လက်ခံရန် ခက်ခဲလာပြီး ကယ်တင်ခံရရန် သူ့အတွက် နည်းလမ်းမရှိပေ။ ထိုအရာမှာ သေဆုံးအောင် စာတန်၏ အဆိပ်ခတ်မှုကို သူခံရခြင်းနှင့် တူညီပေသည်။ တစ်ဦးတလေက ဤသို့ ပြောသည်ကို ငါမမြင်ဖူး။ “ကျွန်ုပ်၏ကလေး ကျောင်းသို့ သွားသည့်အခါ ဘုရားနှုတ်ကပတ်တော် ဆိုလိုသည့်အရာကို သူနားလည်နိုင်ရန်အလို့ငှာ စာဖတ်တတ်ရန်သာ သင်ယူပါစေ။ ထို့နောက်တွင်ကား ဘုရားသခင်ကို သူစိတ်နှလုံးအကြွင်းမဲ့ ယုံကြည်အောင် သူ့ကို ကျွန်ုပ်ဦးဆောင်လမ်းပြပေးမည်။ ထို့ပြင် အနာဂတ်တွင် အလုပ်ကောင်းတစ်ခု သူရရှိပြီး သူကိုယ်တိုင်အတွက် တည်ငြိမ်သည့် ဘဝတစ်ခုကို ဖန်တီးနိုင်ရန်အလို့ငှာ အသုံးဝင်သည့် အသက်မွေးမှုတစ်ခုကို အနည်းငယ် သင်ယူရန် ကျွန်ုပ်သူ့ကို ဦးဆောင်လမ်းပြပေးမည်။ ထို့နောက်တွင် ကျွန်ုပ်စိတ်ချနေနိုင်သည်။ သူ့အနေဖြင့် မြင့်မားသော အစွမ်းအစရှိကာ လူ့သဘာဝကောင်း ပိုင်ဆိုင်ပြီး ဘုရားအိမ်တော်တွင် တာဝန်တစ်ခု ထမ်းဆောင်နိုင်ပါက ပိုကောင်းမည်ဖြစ်သည်။ တာဝန်တစ်ခုကို သူမဖြည့်ဆည်းနိုင်ပါကလည်း သူ့မိသားစုကို ထောက်ပံ့နိုင်ရန် ပြင်ပအလုပ်တစ်ခု ရှိလျှင် သူ့အတွက် လုံလောက်မည်ဖြစ်သည်။ အရေးအကြီးဆုံးမှာ သူ့ကို ဘုရားအိမ်တော်တွင် ဘုရားသခင်၏ သမ္မာတရားများ ကျွန်ုပ်ရရှိစေလိုပြီး လူ့အဖွဲ့အစည်း၏ အရောင်ဆိုးခြင်း သို့မဟုတ် ပုံစံသွင်းပေးခြင်း မခံစေချင်ပါ” ဟု ဖြစ်သည်။ လူတို့သည် မိမိတို့၏ သားသမီးများကို ဘုရားသခင်ရှေ့သို့ ခေါ်ဆောင်လာရန် ယုံကြည်ချက်မရှိကြချေ။ ၎င်းတို့၏ သားသမီးများက အဆင့်မြင့် ပညာရေးကို ဝင်ရောက်ခြင်းမရှိပါက ကောင်းမွန်သည့် ရှေ့ရေးများမရှိမည်ကို အမြဲ စိုးရိမ်ကြသည်။ တစ်နည်းအားဖြင့် ၎င်းတို့၏ သားသမီးများနှင့် ပတ်သက်လာသည့်အခါ ဘုရားနှုတ်ကပတ်တော်ကို သူတို့လက်ခံနိုင်ပြီး သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း ပြုမူနေထိုင်နိုင်ရန်အလို့ငှာ ဘုရားသခင်ရှေ့မှောက်သို့ သူတို့ကို ခေါ်ဆောင်လာရန် လူတစ်ဦးကမျှ လိုလားနေခြင်း မရှိကြချေ။ လူတို့သည် ဤအရာကို လုပ်ဆောင်ရန် လိုလားနေခြင်း မရှိကြသကဲ့သို့ လုပ်လည်း မလုပ်ဝံ့ကြချေ။ ဤနည်းဖြင့် ၎င်းတို့ပြုမူပါက ၎င်းတို့၏ သားသမီးများသည် ဤလူ့အဖွဲ့အစည်းတွင် အသက်မွေးမှုနည်းလမ်းဖြစ်စေ၊ အလားအလာများဖြစ်စေ မရှိကြမည်ကို ၎င်းတို့ကြောက်ရွံ့ကြသည်။ ဤအမြင်က မည်သည့်အရာကို အတည်ပြုပေးသနည်း။ စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်း ခံထားရသည့် လူတို့သည် သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်အား ယုံကြည်ခြင်းကိုဖြစ်စေ စိတ်မဝင်စားကြကြောင်း အတည်ပြုပေသည်။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်ကြလျှင်ပင် ကောင်းချီးခံစားရရန်သာ ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့မလိုက်စားကြ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့စိတ်နှလုံးတွင် လူတို့ကိုးကွယ်ကြသည်မှာ ရုပ်ဝတ္ထုပစ္စည်းများ၊ ငွေကြေးနှင့် စာတန်၏ ဩဇာလွှမ်းမိုးမှုတို့ ဖြစ်သည်။ “တစ်ဦးတစ်ယောက်က လောက၏ ခေတ်ရေစီးကြောင်းများကို စွန့်ပစ်ပြီး ဘုရားအပေါ် မှီခိုအားကိုးလျှင် ဘုရားသည် ထိုသူရှင်သန်နိုင်ရန်အလို့ငှာ ထွက်ပေါက်တစ်ခုကို သူ့အား ပေးလိမ့်မည်” ဟု ပြောဆိုဖို့ သင့်တွင် ယုံကြည်ချက် မရှိပေ။ သင့်ထံ၌ ဤယုံကြည်ခြင်း ကင်းမဲ့ပေသည်။ အသိပညာကို ကိုးကွယ်သည့် သင်၏ လွဲမှားသော အမြင်သည် သင်၏ စိတ်နှလုံးတွင် အမြစ်တွယ်ပြီးဖြစ်သည်။ ထိုအမြင်က သင်၏ စကားနှင့် လုပ်ဆောင်ချက်တိုင်းကို ထိန်းချုပ်နေသည်ဖြစ်ရာ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများကို လက်ခံရန်မဆိုထားနှင့်၊ ဘုရားသခင်၏ အမှုတော်ကိုပင် သင်လက်မခံနိုင်သကဲ့သို့ ကျိုးနွံနာခံနိုင်ခြင်းလည်း မရှိပေ။ ဤသို့ ငါအဘယ်ကြောင့် ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် ဤအတွေးနှင့် အမြင်သည် ဘုရားသခင်အပေါ် ရန်လို၍ ဘုရားသခင်ကို သစ္စာဖောက်ကာ ဘုရားသခင်ကို ငြင်းပယ်ပြီး သမ္မာတရားနှင့် သဟဇာတဖြစ်ခြင်း မရှိသောကြောင့် ဖြစ်၏။ လူတစ်ဦးသည် သမ္မာတရားကို နားလည်သည့်အခါ ဤပြဿနာကို ရိပ်စားမိနိုင်ပြီး သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အရာများစွာ၊ ဘုရားသခင်က အခြေခံအားဖြင့် စက်ဆုပ်သည့် အရာများစွာ ရှိနေကြောင်း သဘောပေါက်သည်။ ဤသည်တို့မှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းအားဖြင့် စွမ်းဆောင်ရရှိသည့် ရလဒ်များသာ ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်၏ ထုတ်ဖော်ပြချက် မရှိပါက၊ ထိုနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ မရှိပါက လူတို့သည် ဘုရားသခင်ကို နှစ်အနည်းငယ်မျှ ယုံကြည်ထားကာ ၎င်းတို့၏ အပြုအမူကို အပြောင်းအလဲတချို့ ပြုလုပ်ထားပြီးသည့်နောက်တွင် ၎င်းတို့သန့်ရှင်းလာကြပြီ ဖြစ်ကြောင်း၊ ၎င်းတို့တွင် ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာ အပြည့်ရှိကြောင်း၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းသည် အားကောင်းကြောင်း တွေးထင်ကြမည် ဖြစ်သည်။ ယခုတွင်မူ သမ္မာတရားကို ၎င်းတို့နားလည်သဖြင့် “ဤဖောက်ပြန်ပျက်စီးသော အရာများသည် လူတို့တွင် အဘယ်သို့ တည်ရှိနေနိုင်သေးသနည်း။ ယခင်က ထိုအရာများကို ငါအဘယ်ကြောင့် သတိပြုမိနိုင်ခဲ့သနည်း။ လူတို့သည် အလွန် မသိနားမလည်လွန်းကြပါတကား” ဟု ရုတ်တရက် သဘောပေါက်သွားကြသည်။ ဤအချိန်တွင် လူ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ ထုတ်ဖော်ပြချက်သည် အလွန်ကြီးမြတ်ပြီး အလွန်လိုအပ်သည်ကို ၎င်းတို့သဘောပေါက်သွားကြကာ ဘုရားသခင်က ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြခြင်း မရှိသကဲ့သို့ တရားစီရင်ခြင်းလည်း မရှိပါက ထိုအရာကို ၎င်းတို့ လုံးဝ သတိပြုမိနိုင်မည်မဟုတ်ဟု ၎င်းတို့သိသွားကြသည်။ လူအားလုံးသည် မိမိတို့ကိုယ်ကို ဟန်ဆောင်ခြင်းနှင့် ဖုံးကွယ်ခြင်းတွင် ကျွမ်းကျင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အတော်ကောင်းစွာ ဟန်ဆောင်နိုင်ကြသော်လည်း သို့မဟုတ် မိမိတို့ကိုယ်ကို ကောင်းစွာ ဖုံးကွယ်နိုင်ကြပြီး ပြရုပ်တင်နိုင်ကြသော်လည်း ၎င်းတို့ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်းတို့စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် အတွေးများက ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဤအရာများကို ဘုရားသခင်က စက်ဆုပ်ကာ မုန်းတီးသည်။ ဤသည်တို့မှာ ဘုရားသခင် ထုတ်ဖော်ပြလိုသည့် အရာများဖြစ်ပြီး လူတို့သိရှိလာသင့်သည့် အရာများဖြစ်သည်။ သို့ရာတွင် လူတို့က မကြာခဏ တွေးထင်ကြသည်မှာ “ငါတို့၏ အပြောအဆိုပိုင်းတွင် ငါတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် မည်သည့်စကားကိုမျှ မပြောထားသည့်အပြင် ငါတို့၌ အသိစိတ်လည်း ရှိသည်။ ငါတို့၏ အပြုအမူပိုင်းတွင်လည်း ဘောင်ကျော်သည့် မည်သည့်အရာကိုမျှ ငါတို့မလုပ်ဆောင်ထား။ ငါတို့သည် ငါတို့၏ တာဝန်များကို အလွန်သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်နေသည့် အဆင့်သို့ ရောက်နှင့်နေကြပြီး ဖြစ်သည်။ ငါတို့တွင် သိသာထင်ရှားသော ပြဿနာများ မရှိ။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ်နှင့်ပတ်သက်၍ နောက်ထပ် အဘယ်အရာကို သိရှိရဦးမည်နည်း။ ငါတို့အနေဖြင့် ကိုယ့်ကိုယ်ကိုယ် သိရှိရန်ပင် လိုအပ်သလော” ဟု ဖြစ်သည်။ ဤအမြင်သည် အမှန်တရားများနှင့် ကိုက်ညီသလော။ ကိုက်ညီပါက လူတို့သည် အဘယ်ကြောင့် မိမိတို့၏ အပြစ်များကို ဘုရားသခင်ထံ အမြဲ ဝန်ချနေကြဆဲ ဖြစ်သနည်း။ လူတို့သည် အဘယ်ကြောင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မကြာခဏ ထုတ်ဖော်ပြပြီး အပြစ်များကိုပင် ကျူးလွန်နေကြဆဲ ဖြစ်သနည်း။ ထို့ကြောင့် သင်သည် မိမိကိုယ်ကို ကဏ္ဍတစ်ခုတွင် ကောင်းသည်ဟု စဉ်းစားလေ ထိုကဏ္ဍတွင် သင့်အနေဖြင့် သမ္မာတရားကို ရှာဖွေ၍ မိမိကိုယ်ကို သုံးသပ်ပြီး သိရှိလာသင့်လေ ဖြစ်သည်။ ဤအရာမှတစ်ဆင့်သာ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အမှန်တကယ် သိရှိလာနိုင်ကာ သန့်စင်ခြင်းခံရနိုင်ပြီး ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းကို ခံရနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်း ရလဒ်ဖြစ်သည်။

သားသမီးဝတ်ကျေပွန်ခြင်းသည် ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံရသည်ဟု ယုံကြည်သည့် လူများစွာရှိသည်။ မိမိ၏ မိဘများအပေါ် သားသမီးဝတ်ကျေပွန်ခြင်းသည် ဘုရားသခင် ဧကန်မုချ နှစ်သက်သည့်အရာဖြစ်သည်ဟု ၎င်းတို့တွေးထင်ကြသည်။ အဘယ်ကြောင့်ဆိုသော် သားသမီးဝတ်ကျေပွန်ခြင်းသည် လုံးဝ သဘာဝကျပြီး တရားကြောင်း၊ ထိုအရာက လူတစ်ဦးတွင် အသိစိတ်ရှိပြီး မည်သည့်နေရာမှ မိမိလာသည်ကို သူမမေ့လျော့သေးဟု သက်သေပြကြောင်း ၎င်းတို့ယုံကြည်ကြသောကြောင့် ဖြစ်သည်။ ရိုးရာအယူအဆများအရ ထိုသို့သော လူပုဂ္ဂိုလ်များကို လူကောင်းများနှင့် သားသမီးဝတ်ကျေပွန်သည့် သားသမီးများအဖြစ် ယူဆကြသည်။ သားသမီးဝတ်ကျေပွန်သည့် သားသမီးများနှင့် ပတ်သက်လာသည့်အခါ လူတိုင်းက ၎င်းတို့ကို ထောက်ခံကြသည်။ လူများက ၎င်းတို့ကို နှစ်သက်ကြသကဲ့သို့ ၎င်းတို့၏ မိဘများကလည်း ၎င်းတို့ကို နှစ်သက်ကြသည်။ ထို့ကြောင့် ဘုရားသခင်သည်လည်း ၎င်းတို့ကို နှစ်သက်ရမည်ဟု သင်အလိုအလျောက် မှတ်ယူကာ “မိမိတို့၏ မိဘများအပေါ် သားသမီးဝတ်ကျေပွန်သော သူများကို ဘုရားသခင်က နှစ်သက်ရမည်။ သူတို့ကို ဘုရားသခင် မုချ နှစ်သက်သည်” ဟု လိုချင်တောင့်တစွာ တွေးထင်လေသည်။ ထို့ကြောင့် သင်သည် မိမိ၏ တာဝန်ထမ်းဆောင်ခြင်းကို စွန့်ကာ သင်၏ မိဘများအပေါ် သားသမီးဝတ်ကျေပွန်ရန် အိမ်ပြန်သွားသည်။ ထိုသို့ သင်လုပ်ဆောင်သည်နှင့်အမျှ သင်သည် ပိုပိုပြီး စိတ်တက်ကြွလာကာ ဤသည်မှာ တရားပြီး သင့်တင့်လျောက်ပတ်ကြောင်း၊ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တိုး၍ ယုံကြည်လက်ခံလာလေသည်။ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေနှင့်ပြီးဖြစ်ကြောင်း၊ ဘုရားသခင်၏ သဘောကျထောက်ခံမှု၊ သူ၏ နှစ်သက်အားရမှု၊ သူ၏ အသိအမှတ်ပြုမှုတို့ကို ရရှိရန် လိုအပ်သည့် အရင်းအနှီး သင်၌ ရှိကြောင်း မသိစိတ်ထဲမှနေ၍ သင်စတင်ယုံကြည်လာသည်။ သူ့ကို သင်အာခံကာ သစ္စာဖောက်နေသည်ဟု ဘုရားသခင် ပြောသည့်အခါ သို့မဟုတ် သင်သည် လုံးဝ ပြောင်းလဲခြင်းမရှိသေးဟု သူပြောသည့်အခါ သင်သည် အတိုက်အခံလုပ်ကာ သူ့အပေါ် ဝေဖန်သည်။ သူမှားယွင်းသည်ဟု အခိုင်အမာဆိုခြင်းအားဖြင့် သူ၏ စကားများကို သင်ငြင်းပယ်သည်။ ဤသည်မှာ မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ သင်သည် ကောင်းမြတ်သည်ဟု ဘုရားသခင်ပြောဆိုပြီး သင့်ကို သဘောကျထောက်ခံသည့်အခါ သင်လက်ခံသည်။ သို့ရာတွင် ဘုရားသခင်က သင်သည် သူ့ကို နာခံခြင်းမရှိဘဲ အာခံနေသည်ဟု ဖော်ထုတ်သည့်အခါတွင်မူ ဤအရာကို သင်ငြင်းကာ ပယ်ချပြီး ဘုရားသခင်ကို အတိုက်အခံပင် လုပ်၍ ဝေပင်ဝေဖန်သည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ လူတို့သည် မာနထောင်လွှား၍ စိတ်ကြီးဝင်ပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူကြကြောင်း သိသာထင်ရှားပေသည်။ ပုံမှန်အားဖြင့် လူတို့သည် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း အသိအမှတ်ပြုနိုင်ပုံရပြီး မိမိတို့ကိုယ်ကို ဘုရားသခင်အား နာခံမှုရှိကြသည်ဟု လူအားလုံးက ယူဆကြသော်လည်း ၎င်းတို့ကို ဘုရားသခင် တရားစီရင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြသည့်အခါတွင်မူ ၎င်းတို့ထဲမှ မည်သူကမျှ သူ၏ နှုတ်ကပတ်တော်များကို လုံးဝ အလေးမထားကြ။ ထို့ပြင် တစ်စုံတစ်ရာကို လုပ်ဆောင်သည့်အခါတိုင်းတွင်လည်း ၎င်းတို့ထဲမှ မည်သူကမျှ သူ၏ နှုတ်ကပတ်တော်နှင့် ၎င်းတို့၏ လုပ်ရပ်များကို မယှဉ်ကြည့်ကြပေ။ ထိုအစား အနည်းငယ်မျှသာ ၎င်းတို့ပြောဆို၍ ဆွေးနွေးကြရုံသာ ရှိပြီး ထိုမျှနှင့် ပြီးသွားသည်။ သို့မဟုတ် စုဝေးပွဲများအတွင်းတွင် ဘုရားနှုတ်ကပတ်တော် စာကြောင်းအနည်းငယ်ကို အလွတ်ရွတ်ပြကာ ယင်းတို့အပေါ် အနည်းငယ် မိတ်သဟာယပြုပြီးနောက် အပြီးသတ်လိုက်ကြသည်။ အမှန်တွင် အမှုကိစ္စများကို လုပ်ဆောင်ချိန်၌ သင်သည် ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ခြင်း လုံးဝ မရှိပေ။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များကို သင်ဖတ်ရှုကာ မိတ်သဟာယပြုခြင်းက အဘယ်အသုံးဝင်နည်း။ သင့်ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ဘုရားနှုတ်ကပတ်တော်ကို သင်လက်တွေ့မလုပ်ဆောင်။ ဘုရားနှုတ်ကပတ်တော်ဖြင့်လည်း သင်အသက်မရှင်ပေ။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်ကို သင်အဘယ်ကြောင့် ဖတ်ရှုသနည်း။ ဤသည်မှာ လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာ ဖြစ်နေသည် မဟုတ်လော။ သင်သည် ဤနည်းဖြင့် သမ္မာတရားကို နားလည်နိုင်သလော။ သမ္မာတရားကို ရရှိနိုင်သလော။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိပ္ပာယ်မဲ့ပေသည်။ လူများစွာတို့သည် ဘုရားနှုတ်ကပတ်တော်ကို အနည်းငယ် ဖတ်ရှုရုံမျှ ဖတ်ရှုကြ၍ ထိုနှုတ်ကပတ်တော်၏ တိုက်ရိုက်အဓိပ္ပာယ်ကို သိနားလည်မှု ရရှိကြပြီး စကားအနည်းငယ်နှင့် အယူဝါဒအနည်းငယ်ကို မြွက်ဆိုခြင်းအားဖြင့် သမ္မာတရားကို ၎င်းတို့နားလည်သွားပြီ ဖြစ်ကြောင်းနှင့် သမ္မာတရား စစ်မှန်မှုကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တွေးထင်ကြလေသည်။ တချို့က “ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယပြုနေသောကြောင့် ထိုအရာသည် အဘယ်သို့လျှင် စကားများနှင့် အယူဝါဒများသာ ဖြစ်နိုင်မည်နည်း” ဟု ပြောသည်။ သင်သည် ဘုရားနှုတ်ကပတ်တော်၏ အနှစ်သာရကို မသိသည့်အပြင် သူ၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်း မရှိသကဲ့သို့ ထိုနှုတ်ကပတ်တော်နှင့်ဆိုင်သည့် အတွေ့အကြုံဆိုင်ရာ အသိပညာလည်း သင့်ထံ၌ ဧကန်မုချ မရှိသောကြောင့် သင်မိတ်သဟာယပြုသည့်အခါ စကားများနှင့် အယူဝါဒများကို ပြောဆိုနေခြင်း ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်မှာ အမှန်ဖြစ်သော်လည်း ထိုအရာကို သင်အမှန်တကယ် နားမလည်သောကြောင့် သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း မရှိသောကြောင့် သင်နားလည်သည့်အရာမှာ အယူဝါဒသာ ဖြစ်သည်။ ဤအရာကို သင်နားလည်နိုင်သလော။ ဤစကားများကို ကြားရခြင်းက အနာပေါ် တုတ်ကျခြင်းဖြစ်သည်ဟု သင်ခံစားရသလော။ “ကျွန်ုပ်၏ မိဘများကို ကျွန်ုပ်ရိုသေစွာ မပြုလျှင် ယင်းမှာ ဆိုးရွားသည့် ပုန်ကန်ပြစ်မှားမှုတစ်ခု မဟုတ်လော။ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များသည် လူတို့၏ ခံစားချက်များကို မငဲ့ကွက်လေသလော” ဟု သင်ပြောလိမ့်မည်လော။ ငါ့ကို ပြောလော့၊ လူ့အပေါ် ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများသည် မြင့်မားသလော။ အမှန်တွင် မမြင့်မားပေ။ လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို အခြေခံကြည့်လျှင် ထိုအရာများသည် လူတို့ပြည့်မီနိုင်သည့် စံနှုန်းများသာ ဖြစ်သည်။ ဘုရားသခင်၏ တောင်းဆိုချက်များက အလွန်မြင့်မားပြီး အမှန်တကယ် ၎င်းတို့လက်လှမ်းမမီနိုင်ဟု လူတို့ခံစားရသည်မှာ လူသား ချစ်ခင်တွယ်တာမှုများ၏ လွှမ်းမိုးမှုကြောင့်၊ ထို့ပြင် ရိုးရာယဉ်ကျေးမှုက ၎င်းတို့စိတ်နှလုံးတွင် အခိုင်အမာ မယိမ်းမယိုင် အမြစ်တွယ်နှင့်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာမှာ သမ္မာတရား သိနားလည်မှု ကင်းမဲ့ခြင်းကြောင့် ဖြစ်လာရပေသည်။ သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပြီး ဤကိစ္စရပ်၏ စစ်မှန်သည့် သဘာဝကို ရိပ်စားမိပါက ဤပြဿနာကို မှန်ကန်သည့် နည်းလမ်းဖြင့် ချဉ်းကပ်ကာ ကိုင်တွယ်နိုင်လိမ့်မည် ဖြစ်သည်။ လူတို့သည် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးခြင်းကို နှစ်ထောင်ချီကြာ ခံလာရပြီး ဖြစ်သည်။ ပြုမူနေထိုင်ခြင်းအတွက် စာတန်၏ အတွေးအခေါ်များနှင့် နည်းဥပဒေများသည် လူတို့၏ စိတ်နှလုံးတွင် အမြစ်တွယ်နှင့်ပြီး ဖြစ်သည်။ သင်သည် ထိုသို့သော စိတ်ကူးများဖြင့် အသက်ရှင်သောကြောင့် မည်သည့်အရာကို သင်အတိအကျ အသက်ရှင်နေထိုင်လေပြီနည်း။ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်လေပြီလော။ စစ်မှန်သည့် ဘဝတစ်ခုကို အသက်ရှင်နေထိုင်လေပြီလော။ သင့်အနေဖြင့် ဤကိစ္စရပ်ကို သိရှိကာ စိတ်ဖြာလေ့လာထိုက်ပေသည်။ ရိုရာယဉ်ကျေးမှုမှ၊ စာတန်၏ အတွေးအခေါ်များနှင့် အမြင်များမှ မည်သည့်အရာ သင်ရရှိပြီးဖြစ်သည်၊ ဤအရာများက အမှန်တကယ် သမ္မာတရား ဟုတ်မဟုတ်ဆိုသည်နှင့် ထိုအရာများက သင့်ထံ မည်သည့်အရာ ယူဆောင်လာသည်ဆိုသည်တို့ကို သင်သုံးသပ်ရန် လိုအပ်သည်။ ထို့နောက် သင်သည် ဘုရားနှုတ်ကပတ်တော်ပေါ် အခြေခံ၍ ဤကိစ္စရပ်များကို မိတ်သဟာယပြုကာ စိစစ်သင့်သည်။ ဤသို့ သင်လုပ်ဆောင်ပါက သမ္မာတရားကို ရှာဖွေတွေ့ရှိရန် သင့်အတွက် လွယ်ကူလိမ့်မည်။ သမ္မာတရားကို သင်နားလည်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို သဘောပေါက်သည့်အခါ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များသည် လူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့က ဖြစ်မြောက်စေနိုင်သည့် အရာများသာ ဖြစ်သည်ကို သင်မြင်လိမ့်မည်။ ဘုရားသခင်က လူ့အပေါ် အလွန်များစွာ တောင်းဆိုသည်ဟု သင်ညည်းညူတော့မည် မဟုတ်သည်ကိုမူ ပြောနေရန်ပင် မလို။ ထိုအစား သင်ပြောမည်မှာ “စည်းမျဉ်းများကို ကျွန်ုပ်တို့ နားလည်ပါသည်။ ကျွန်ုပ်တို့တွင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိပြီး ဤအရာများကို မည်သို့ကိုင်တွယ်ရမည်ကို ကျွန်ုပ်တို့ နားလည်ပါသည်” ဟု ဖြစ်သည်။ ဤသို့ဖြင့် သင်သည် ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ နည်းနည်းချင်းစီ ဝင်ရောက်လိမ့်မည်။ ဤသည်မှာ သမ္မာတရားကို သိနားလည်ခြင်း ဖြစ်စဉ်ဖြစ်သည်။

သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရာတွင် မိမိကိုယ်ကိုသိသည့် အသိသည် အလွန့်အလွန် အရေးကြီး၏။ မိမိကိုယ်ကိုသိသည့် အသိဆိုသည်မှာ ငါတို့အတွေးများနှင့် အမြင်များတွင် မည်သည့်အရာများက သမ္မာတရားနှင့် အခြေခံအားဖြင့် သဟဇာတမဖြစ်ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်ပြီး ဘုရားသခင်အား ရန်လိုကြောင်း သိရှိခြင်းကို ဆိုလိုသည်။ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း၊ လိမ်ညာခြင်း၊ လှည့်ဖြားခြင်းတို့ကဲ့သို့ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိနားလည်မှု ရရှိရန် လွယ်ကူသည်။ သင်သည် သမ္မာတရားကို အကြိမ်အနည်းငယ် မိတ်သဟာယပြုရုံမျှပြုခြင်းအားဖြင့် သို့မဟုတ် မကြာခဏ မိတ်သဟာယပြုခြင်းမှတစ်ဆင့် သို့မဟုတ် သင်၏ ညီအစ်ကို မောင်နှမများအား သင်၏ အခြေအနေကို သင့်ထံ ထောက်ပြစေခြင်းအားဖြင့် ယင်းတို့ကို အနည်းငယ် သိရှိလာနိုင်ပေသည်။ ထို့အပြင် မာနထောင်လွှားခြင်းနှင့် လှည့်ဖြားခြင်းသည် အတိုင်းအတာအရသာ ကွဲပြားလျက် လူတိုင်းတွင် ရှိနေသည်။ ထို့ကြောင့် ထိုအရာများကို သိရှိရန် အတော်အတန် လွယ်ကူပေသည်။ သို့ရာတွင် မိမိ၏ အတွေးများနှင့် အမြင်များက သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိဆိုသည်ကို ပိုင်းခြားသိမြင်ရန်မှာမူ ခက်ခဲပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိခြင်းလောက် မလွယ်ပေ။ လူတစ်ဦး၏ အပြုအမူ သို့မဟုတ် အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများက အနည်းငယ် ပြောင်းလဲသည့်အခါ ထိုလူက သူပြောင်းလဲသွားသည့်အလား ခံစားသော်လည်း အမှန်တွင် ဤသည်မှာ အပြုအမူဆိုင်ရာ ပြောင်းလဲခြင်းမျှသာဖြစ်ပြီး အမှုအရာများအပေါ် ထိုသူ၏အမြင် အမှန်တကယ် ပြောင်းလဲသွားပြီဟု မဆိုလိုပေ။ လူတို့၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် အယူအဆများစွာနှင့် စိတ်ကူးထင်မြင်မှုများစွာ ရှိနေဆဲ၊ ရိုးရာယဉ်ကျေးမှု၏ အမျိုးမျိုးသော အတွေးများ၊ အမြင်များ၊ အဆိပ်များ ရှိနေဆဲ၊ ဘုရားသခင်ကို ရန်လိုသည့်အရာများစွာ ရှိနေဆဲ ဖြစ်သည်။ ဤအရာများသည် လူတို့အတွင်းတွင် ကွယ်ဝှက်နေပြီး ယင်းတို့ကို ယခုတိုင် မဖော်ထုတ်ရသေးချေ။ ထိုအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဇာစ်မြစ်ဖြစ်ပြီး လူ၏ သဘာဝ အနှစ်သာရအတွင်းမှ လာပေသည်။ ထို့ကြောင့်၊ သင်၏ အယူအဆများနှင့် မကိုက်သည့် တစ်စုံတစ်ရာကို ဘုရားသခင်က လုပ်ဆောင်သည့်အခါ၊ သင်သည် သူ့ကို ခုခံကာ ဆန့်ကျင်လိမ့်မည်။ ဘုရားသခင်က ထိုသို့ အဘယ်ကြောင့် ဆောင်ရွက်ခဲ့သည်ကို သင် နားလည်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းတွင် သမ္မာတရားရှိသည်ကို သင် သိရှိပြီး ကျိုးနွံနာခံရန် သင် ဆန္ဒရှိသော်လည်း၊ ထိုသို့ မလုပ်ဆောင်နိုင်သည်ကို သင့်ကိုယ်သင် တွေရလိမ့်မည်။ အဘယ်ကြောင့် သင်သည် ကျိုးနွံနာခံနိုင်ခြင်း မရှိသနည်း။ သင်၏ ခုံခံခြင်းနှင့် ဆန့်ကျင်ခြင်းအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အဘယ်ကြောင့်ဆိုသော် လူသား၏ အတွေးများနှင့် အမြင်များထဲတွင် ဘုရားသခင်ကို ရန်လိုပြီး ဘုရားသခင် ဆောင်ရွက်သည့် အခြေခံသဘောတရားများနှင့် သူ၏ အနှစ်သာရကို ရန်လိုသည့် အရာများစွာ ရှိသောကြောင့် ဖြစ်သည်။ ဤအရာများသည် လူသားအတွက် အသိရရှိရန် ခက်ခဲပေသည်။ ဤစကားများကို ငါမိတ်သဟာယပြုထားပြီဖြစ်သည့်အတွက် သင်တို့အနေဖြင့် ထိုးထွင်းအမြင်နှင့် သိနားလည်မှုတချို့ ရရှိနိုင်သင့်ပေသည်။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ သင်တို့တွင် ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများ ရှိပြီး “ဤအရာသည် ဘုရားသခင်၏ လုပ်ဆောင်ချက် မဖြစ်နိုင်။ ဘုရားသခင်သာ ဖြစ်နေပါက ဤကဲ့သို့ လုပ်ဆောင်မည်မဟုတ် သို့တည်းမဟုတ် ထိုသို့ ပြောဆိုမည်မဟုတ်။ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းသည် ချစ်ခြင်းမေတ္တာဖြစ်ပြီး လူတို့လက်ခံရန် လွယ်ကူသည်” ဟု သင်တို့တွေးထင်သည်ဆိုပါစို့။ သို့သော် ထို့နောက်တွင် သင်တို့စဉ်းစားသည်မှာ “ဤတွေးခေါ်မှုပုံစံသည် မှားယွင်းသည်။ လူတို့နားမလည်နိုင်သည့် နေရာတိုင်းတွင် ရှာဖွေရမည့် သမ္မာတရားရှိသည်ဟု ယခင်က ဘုရားသခင် ပြောပြီးဖြစ်သည်။ ဒုက္ခပေးနေသည့်အရာ၊ ဘုရားအမှုတော်ကို ငါသတ်မှတ်အောင် ငါ့ကို ဦးတည်ပေးနေသည့်အရာမှာ ငါ့စိတ်နှလုံးထဲရှိ အယူအဆများနှင့် စိတ်ကူးများဖြစ်သည့်အတွက် ငါ့ကိုယ်ငါ သုံးသပ်သင့်သည်။ ဘုရားကို ငါအထင်မလွဲသင့်” ဟု ဖြစ်သည်ဆိုပါစို့။ ဤသည်မှာ သင့်ကိုယ်သင် သုံးသပ်ရန် မှန်ကန်သည့် နည်းလမ်းဖြစ်သည်။ ဘုရားသခင်၏ အမှုတော် သို့မဟုတ် နှုတ်ကပတ်တော်များက သင်၏ အယူအဆများနှင့် မကိုက်ညီသည်ကို သင်မြင်သည့်အခါတိုင်းသည် သင့်ကိုယ်သင် သုံးသပ်ဆင်ခြင်သင့်သည့်အချိန်၊ ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားကို အမြန်ရှာဖွေသင့်သည့်အချိန်၊ ထိုနှုတ်ကပတ်တော်များနှင့် သင့်ကိုယ်သင် တိုင်းတာပြီးနောက် ထိုနှုတ်ကပတ်တော်များနှင့်အညီ ပြုမူဆောင်ရွက်သင့်သည့် အချိန်ဖြစ်သည်။ ဤသည်မှာ ရှေ့ဆက်ရမည့် လမ်းတစ်ခုဖြစ်သည် မဟုတ်လော။

မိမိ၏ မိဘများအား မည်သို့ဆက်ဆံရမည်ဆိုသည်နှင့် ပတ်သက်၍ ငါတို့ ယခုတင် မိတ်သဟာယပြုပြီးသွားပြီ ဖြစ်သည်။ သင်တို့ထဲမှ လူအများအပြားသည် သင်တို့၏ မိဘများက သင်တို့ကိုယ်စား သူတို့ဘဝတစ်လျှောက်လုံးတွင် များစွာ ဆင်းရဲဒုက္ခခံစားခဲ့ရကာ သင်တို့အပေါ် ကြီးမားသည့် ချစ်ခြင်းနှင့် ဂရုစိုက်ခြင်းတို့ကို ပြသထားသည့်အတွက် သူတို့အပေါ် များစွာ အကြွေးတင်သည်ဟု ခံစားကြသည်။ တစ်နေ့တွင် သူတို့ နာမကျန်းဖြစ်လျှင် သင်၏ ဩတ္တပ္ပစိတ်က နှောင့်ယှက်ခံရပြီး သင်သည်လည်း အပြစ်တာဝန်မကင်းဟု ခံစားရသည်။ သင့်အနေဖြင့် သင်၏ မိဘများအပေါ် သားသမီးဝတ် ဖြည့်ဆည်းကာ သူတို့ကို နှစ်သိမ့်ပေးပြီး အိုမင်းသည့်အရွယ်တွင် သူတို့ပျော်ရွှင်ချမ်းမြေ့ရအောင် သေချာလုပ်ပေးရန် သူတို့နှင့်အတူ သင်နေထိုင်သင့်သည်ဟု သင်ရုတ်တရက် စဉ်းစားမိသည်။ ဤသည်မှာ သူတို့၏ သားသမီးတစ်ဦးအနေဖြင့် သင်၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်ဟု သင်စဉ်းစားသည်။ ဤဝတ္တရားကို သင်ဖြည့်ဆည်းနေစဉ် သင့်ထံမှ တစ်စုံတစ်ရာကို ဘုရားသခင် တောင်းဆိုလျှင် သို့မဟုတ် သင့်အား မမျှော်လင့်သည့် စမ်းသပ်မှုတစ်ခု သူပေးလျှင် သူ၏ ရည်ရွယ်ချက်မှာ ထိုသို့ သင်မလုပ်ဆောင်သင့်ဘဲ ဘုရားသခင်အား ယုံကြည်ခြင်း၊ မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၊ သမ္မာတရားအား လိုက်စားခြင်းတို့ကို စည်းမျဉ်းအဖြစ် မှတ်ယူသင့်သည်ဟူ၍ပင် ဖြစ်ပေသည်။ ဘုရားသခင်က သင့်အား သင်၏ မိဘများအပေါ် သားသမီးဝတ် မကျေပွန်ရန် သို့မဟုတ် သူတို့ကို ထိုသို့မဆက်ဆံရန် တိုက်ရိုက် စေခိုင်းပါက သင်မည်သို့ခံစားရမည်နည်း။ သင်သည် ဤကိစ္စရပ်ကို ရိုးရာအယူအဆများ၏ အမြင်များမှတစ်ဆင့် စဉ်းစားမည်ဖြစ်ပြီး ဘုရားသခင်က သင်၏ ခံစားချက်များကို မစဉ်းစားဘဲ ထိုအရာကို လုပ်ဆောင်ကြာင်းနှင့် ထိုအရာက သင်၏ သားသမီးဝတ်ကို မဖြည့်ဆည်းပေးကြောင်း တွေးလျက် သင်၏ စိတ်နှလုံးတွင် ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူမိမည် ဖြစ်သည်။ သင်သည် သားသမီးဝတ်အပြည့်၊ လူ့သဘာဝအပြည့်၊ အသိစိတ်အပြည့်ဖြင့် ပြုမူဆောင်ရွက်နေသည်ဟု ယုံကြည်သော်လည်း ဘုရားသခင်က သင့်ကို သင်၏ အသိစိတ်နှင့်အညီ သို့မဟုတ် သားသမီးဝတ်နှင့်အညီ ပြုမူဆောင်ရွက်ခွင့်မပေးပေ။ ထို့နောက်တွင် သင်က ဘုရားသခင်ကို အတိုက်အခံလုပ်၊ ပုန်ကန်ပြီး ဆန့်ကျင်လိမ့်မည်ဖြစ်ကာ သမ္မာတရားကို လက်ခံလိမ့်မည် မဟုတ်ပေ။ လူ၏ ပုန်ကန်တတ်သော သဘာဝဆိုင်ရာ ရင်းမြစ်နှင့် အနှစ်သာရတို့သည် မိသားစုနှင့် လူ့အဖွဲ့အစည်းအပြင် ရိုးရာယဉ်ကျေးမှုမှ လူတို့ရရှိသည့် ပညာရေးဖြင့် ဖွဲ့စည်းထားသည့် လူတို့၏ အတွေးများနှင့် အမြင်များမှ အဓိကအားဖြင့် လာသည်ကို လူတို့သဘောပေါက်စေရန် ဤအရာအားလုံးကို ငါပြောနေခြင်း ဖြစ်သည်။ ဤအရာများက မိသားစု အစဉ်အလာမှတစ်ဆင့် သို့မဟုတ် လူ့အဖွဲ့အစည်းနှင့် ပညာရေးတို့၏ လွှမ်းမိုးမှုမှတစ်ဆင့် လူတို့၏ စိတ်နှလုံး၌ နည်းနည်းချင်း နက်ရှိုင်းစွာ အမြစ်တွယ်လာပြီးသည့်နောက်တွင် လူတို့သည် ထိုအရာများဖြင့် စတင် အသက်ရှင်ကြလေသည်။ ဤရိုးရာယဉ်ကျေးမှုသည် မှန်ကန်ကာ အပြစ်ကင်းပြီး ဝေဖန်၍မရကြောင်းနှင့် ရိုးရာယဉ်ကျေးမှု၏ တောင်းဆိုချက်များအတိုင်း ပြုမူဆောင်ရွက်ခြင်းအားဖြင့်သာ ၎င်းတို့က စစ်မှန်သည့် လူများဖြစ်နိုင်ကြောင်း မရည်ရွယ်ဘဲ စတင်ယုံကြည်မိကြပေမည်။ ၎င်းတိုအနေဖြင့် ထိုသို့မပြုမူမဆောင်ရွက်ပါက ၎င်းတို့သည် အသိစိတ်မဲ့ကြောင်း၊ လူ့သဘာဝနှင့် ဆန့်ကျင်ကာ လူ့သဘာဝတစ်ခုမျှ မရှိကြောင်း ခံစားကြရမည်ဖြစ်ပြီး ထိုအဖြစ်ကို လက်ခံနိုင်ကြမည် မဟုတ်ပေ။ ဤလူသား အတွေးများနှင့် အမြင်များသည် သမ္မာတရားနှင့် အလွန်ကွာဝေးသည် မဟုတ်လော။ လူသား အတွေးများနှင့် အမြင်များရှိ အရာများနှင့် လူတို့လိုက်စားသည့် ရည်မှန်းချက်များအားလုံးသည် လောကဆီသို့၊ စာတန်ဆီသို့ ဦးတည်နေပေသည်။ လူအား သမ္မာတရားကို လိုက်စားခိုင်းသည့် ဘုရားသခင်၏ သတ်မှတ်ချက်ကမူ ဘုရားသခင်ဆီသို့၊ အလင်းဆီသို့ ဦးတည်ထားသည်။ ဤသည်တို့မှာ မတူကွဲပြားသော ဦးတည်ချက်နှစ်ခု၊ မတူကွဲပြားသော ရည်မှန်းချက်နှစ်ခု ဖြစ်သည်။ လူ့အပေါ် ဘုရားသခင်၏ ရည်မှန်းချက်နှင့် သတ်မှတ်ချက်များအတိုင်း ပြုမူဆောင်ရွက်လော့။ ထိုသို့ပြုလျှင် သင်၏ လူ့သဘာဝသည် သာ၍ ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် လူသားပုံသဏ္ဌာန် သာ၍ ရှိလာလိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့် သာ၍ နီးစပ်လာလိမ့်မည် ဖြစ်သည်။ ရိုးရာယဉ်ကျေးမှု၏ အတွေးများနှင့် အမြင်များအတိုင်း သင်ပြုမူဆောင်ရွက်လျှင်မူ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို သင်ပိုပိုပြီး ဆုံးရှုံးရလိမ့်မည်။ သင်သည် သာ၍ပင် မစစ်မှန်တော့ဘဲ အတုအယောင်ဖြစ်လာလိမ့်မည်။ လောက၏ ခေတ်ရေစီးကြောင်းများကို သာ၍ပင် လိုက်လျှောက်ကာ ဆိုးယုတ်မှု အင်အားစုများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မည်။ ထို့နောက်တွင် သင်သည် စာတန်၏ တန်ခိုးအောက်၊ အမှောင်ထုထဲတွင် လုံးဝ အသက်ရှင်နေလိမ့်မည်။ သင်သည် သမ္မာတရားကို လုံးလုံးလျားလျား ချိုးဖောက်ကာ ဘုရားသခင်ကို သစ္စာဖောက်မိပြီး ဖြစ်လိမ့်မည်။

ဤတကယ့်လူ့အဖွဲ့အစည်းတွင် အသက်ရှင်ကြသည့် လူတို့သည် စာတန်၏ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသည်။ လူတို့ ပညာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ ရိုးရာယဉ်ကျေးမှုများစွာသည် လူတို့၏ အတွေးများနှင့် အမြင်များတွင် အရိုးစွဲနေပေသည်။ အထူးသဖြင့် အမျိုးသမီးများသည် မိမိတို့ လင်ယောက်ျားနှင့် သားသမီးများအတွက် မိမိတို့ ဘဝတစ်ခုလုံးကို ပေးအပ်မြှုပ်နှံထားကာ သူတို့အတွက် အသက်ရှင်လျက်၊ မိသားစုက တစ်နေ့ ထမင်းသုံးနပ် ဝဝလင်လင် စားရအောင် သေချာလုပ်ပေးလျက်၊ လျှော်ဖွတ်ရေး၊ သန့်ရှင်းရေးနှင့် အခြား အိပ်အလုပ်အားလုံးကို ကောင်းစွာလုပ်လျက် မိမိတို့ လင်ယောက်ျားကို ပြုစုပြီး မိမိတို့ သားသမီးများကို ပျိုးထောင်ဖို့၊ ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ဖို့ တောင်းဆိုခြင်းခံရသည်။ ဤသည်မှာ ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သည့် လက်ခံထားသော စံနှုန်းဖြစ်သည်။ အမျိုးသမီးတိုင်းကလည်း ဤသည်မှာ အမှုအရာများကို လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်ကြောင်းနှင့် ထိုသို့မလုပ်ပါက ကောင်းမြတ်သော အမျိုးသမီးတစ်ဦး မဟုတ်သကဲ့သို့ အသိစိတ်နှင့် ကိုယ်ကျင့်တရား၏ စံနှုန်းများကိုလည်း ချိုးဖောက်မိပြီဖြစ်ကြောင်း တွေးထင်ကြသည်။ ဤကိုယ်ကျင့်တရား စံနှုန်းများကို ချိုးဖောက်ခြင်းက လူတချို့၏ အသိစိတ်အပေါ် လေးလံစွာ ဖိစီးလိမ့်မည်။ ၎င်းတို့၏ လင်ယောက်ျားနှင့် သားသမီးများကို စိတ်ပျက်စေမိပြီဖြစ်ကြောင်းနှင့် ၎င်းတို့က ကောင်းမြတ်သည့် အမျိုးသမီးများ မဟုတ်ကြောင်း ခံစားကြရလိမ့်မည်။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သည့်နောက်၊ သူ၏ နှုတ်ကပတ်တော်များစွာကို ဖတ်ရှုပြီးသည့်နောက်၊ သမ္မာတရားတချို့ကို နားလည်ကာ အချို့သော ကိစ္စရပ်များကို ရိပ်စားမိပြီးသည့်နောက်တွင် သင်က “ငါသည် ဖန်ဆင်းခံတစ်ဦးဖြစ်၍ ငါ့တာဝန်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် ထမ်းဆောင်သင့်ပြီး ဘုရားသခင်အတွက် ငါ့ကိုယ်ငါ အသုံးခံသင့်သည်” ဟု တွေးလိမ့်မည်။ ဤအချိန်တွင် ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်ဖြစ်ရေးနှင့် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ဖြည့်ဆည်းရေးတို့ကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသလော။ သင့်အနေဖြင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်လိုလျှင် သင်၏ တာဝန်ကို အချိန်ပြည့် သင်မထမ်းဆောင်နိုင်ပေ။ သို့သော် သင်၏ တာဝန်ကို အချိန်ပြည့် ထမ်းဆောင်လိုပါက သင်သည် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး မဖြစ်နိုင်ပေ။ ဤအခါ သင်မည်သည့်အရာ လုပ်မည်နည်း။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး အသင်းတော်အလုပ်အတွက် တာဝန်ယူရန်၊ ဘုရားသခင်ကို ဆက်ကပ်ရန် သင်ရွေးချယ်ပါက သင့်အနေဖြင့် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးကို စွန့်ရမည်။ ဤအခါ သင်မည်သည့်အရာ စဉ်းစားမည်နည်း။ သင့်စိတ်ထဲတွင် မည်သည့်သဘောကွဲလွဲခြင်းမျိုး ဖြစ်ပေါ်မည်နည်း။ သင်၏ သားသမီးများကို၊ သင်၏ လင်ယောက်ျားကို သင်စိတ်ပျက်စေမိပြီဟု ခံစားမည်လော။ အပြစ်ရှိပြီး မသက်မသာဖြစ်သည့် ဤခံစားချက်သည် မည်သည့်နေရာမှ လာသနည်း။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင်မဖြည့်ဆည်းသည့်အခါ၌မူ ဘုရားသခင်ကို သင်စိတ်ပျက်စေမိပြီဟု ခံစားရသလော။ သင်သည် အပြစ်ရှိသည့်စိတ် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့်စိတ် မရှိပေ။ အဘယ်ကြောင့်ဆိုသော် သင်၏ နှလုံးနှင့် စိတ်တွင် သမ္မာတရား အရိပ်အယောင် အနည်းငယ်မျှပင် မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို သင်နားလည်သနည်း။ ရိုးရာယဉ်ကျေးမှုနှင့် ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးတို့ ဖြစ်သည်။ ထိုသို့ဖြင့် “ကျွန်ုပ်သည် ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး မဟုတ်လျှင် ကောင်းမြတ်သော သို့မဟုတ် ရည်မွန်သော အမျိုးသမီးတစ်ဦး မဟုတ်ပါ” ဟူသည့် အယူအဆက သင်၏ စိတ်တွင် ထွက်ပေါ်လာလိမ့်မည်။ ထိုအချိန်မှစ၍ သင်သည် ဤအယူအဆ၏ ချည်နှောင်ခြင်းနှင့် ချုပ်ချယ်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို သင်ယုံကြည်ကာ သင်၏ တာဝန်ကို ထမ်းဆောင်သည့်နောက်တွင်ပင် ဤအယူအဆမျိုးများ၏ ထိုသို့ ချည်နှောင်ချုပ်ချယ်ခြင်းတို့ကို ဆက်လက်ခံနေရလိမ့်မည် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရေးနှင့် ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦးဖြစ်ရေးတို့ကြား ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသည့်အခါ သင့်အနေဖြင့် ဘုရားသခင်အတွက် သစ္စာစောင့်သိမှု အနည်းငယ် ပိုင်ဆိုင်ကောင်းပိုင်ဆိုင်မည်ဖြစ်လျက် သင်၏ တာဝန်ကို ဖြည့်ဆည်းရန် အင်တင်တင်ဖြင့် ရွေးချယ်နေနိုင်လင့်ကစား သင်၏ စိတ်နှလုံး၌မူ မသက်မသာဖြစ်ကာ မိမိကိုယ်ကို အပြစ်တင်သည့် ခံစားချက်တစ်ခုကား ရှိနေလိမ့်ဦးမည် ဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ဖြည့်ဆည်းနေစဉ် သင့်ထံတွင် အချိန်ပိုတချို့ရှိသည့်အခါ သင့်အနေဖြင့် သင်၏ သားသမီးများနှင့် လင်ယောက်ျားကို ပို၍ အတိုးချ ပြုစုပေးရန် အလိုရှိလျက် ၎င်းတို့ကို စောင့်ရှောက်ပေးဖို့ အခွင့်အရေးများ ရှာဖွေလိမ့်မည်ဖြစ်ပြီး သင့်ထံတွင် စိတ်ငြိမ်သက်ခြင်း ရှိသရွေ့ သင့်အနေဖြင့် သာ၍ ဆင်းရဲဒုက္ခခံစားရမည်ဆိုလျှင်ပင် အဆင်ပြေသည်ဟု တွေးလိမ့်မည်ဖြစ်သည်။ ဤအရာကို ဇနီးကောင်းတစ်ဦး၊ ချစ်ခင်တတ်သော မိခင်တစ်ဦး ဖြစ်ရေးနှင့်ပတ်သက်သည့် ရိုးရာယဉ်ကျေးမှု၏ စိတ်ကူးများနှင့် သဘောတရားများ၏ လွှမ်းမိုးမှုက ဖြစ်ပေါ်စေသည် မဟုတ်လော။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းရန် လိုလားသော်လည်း ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်ဖြစ်ရန်လည်း အလိုရှိလျက် ယခုတွင် လှေနံနှစ်ဖက်နင်းနေမိပေသည်။ သို့ရာတွင် ဘုရားသခင်၏ ရှေ့မှောက်၌ ငါတို့သည် တာဝန်နှင့် ဝတ္တရားတစ်ခု၊ ဘဝပေးတာဝန်တစ်ခုသာ ရှိ၏။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းရန် ဖြစ်သည်။ ဤတာဝန်ကို ကောင်းမွန်စွာ သင်ဖြည့်ဆည်းပြီးပြီလော။ အဘယ်ကြောင့် တစ်ဖန် သင်လမ်းလွဲသွားပြန်သနည်း။ သင်၏ စိတ်နှလုံးတွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ဝေဖန်မောင်းမဲစိတ်တို့ အမှန်တကယ် မရှိလေသလော။ သင်၏ စိတ်နှလုံးတွင် သမ္မာတရားက အခြေခံအုတ်မြစ်ချထားခြင်း မရှိသေးသကဲ့သို့ ထိုစိတ်နှလုံးကို အုပ်စိုးခြင်းလည်း မရှိသေးသောကြောင့် သင်၏ တာဝန်ကို ဖြည့်ဆည်းနေချိန်တွင် သင်သည် လမ်းလွဲသွားနိုင်သည်။ ယခုတွင် သင်သည် သင်၏ တာဝန်ကို ဖြည့်ဆည်းနေနိုင်သော်လည်း တကယ်တမ်း၌မူ သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်ဆိုင်သည့် စံနှုန်းများကို အလွန်စံမမီဖြစ်နေဆဲ ဖြစ်သည်။ ဤအချက်ကို သင်ရှင်းလင်းစွာ ယခု မြင်နိုင်သလော။ “ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်” ဟု ဘုရားသခင်က ဆိုသည့်အချိန်တွင် မည်သည့်အရာကို သူဆိုလိုသနည်း။ ယင်းမှာ လူတိုင်းကို ဤအရာ သဘောပေါက်စေရန် ဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်များနှင့် ဝိညာဉ်များအားလုံးဘုရားသခင်ထံမှ လာပြီး၊ သူက ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ မိဘများထံမှ မဟုတ်သကဲ့သို့် သဘာဝမှ သေချာပေါက် မဟုတ်ဘဲ၊ ဘုရားသခင်က ကျွန်ုပ်တို့အား ပေးထားခြင်းဖြစ်သည်။ ကျွန်ုပ်၏ သားသမီးများက ကျွန်ုပ်တို့ထံမှ မွေးဖွားကြသည့်အတိုင်း၊ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည်သာ မိဘများထံမှ မွေးဖွားခြင်း ဖြစ်သော်လည်း ၎င်းတို့၏ ကံကြမ္မာသည် ဘုရားသခင်လက်ထဲတွင် လုံးဝ ရှိပေသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်နိုင်သည်မှာ သူက ကျွန်ုပ်တို့ကို ပေးထားသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ယင်းကို သူက စီမံထားပြီး၊ သူ၏ ကျေးဇူးတော် ဖြစ်သည်။ ထို့ကြောင့် အခြားတစ်ဦးတစ်ယောက်ထံ သင်၏ ဝတ္တရား သို့မဟုတ် တာဝန်ကို ဖြည့်ဆည်းရန် သင့်အတွက် မလိုအပ်ပေ။ သင်သည် ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ တာဝန်ကို ဘုရားသခင်ထံတွင်သာ ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ အခြားမည်သည့်အရာမဆိုထက် လူတို့လုပ်ဆောင်ရမည့်အရာ၊ မိမိဘဝ၏ အဓိက အရေးကိစ္စအဖြစ် လုပ်ဆောင်သင့်သည့် အဓိကအရာ ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ကောင်းစွာ မဖြည့်ဆည်းပါက၊ သင်သည် အရည်အချင်းပြည့်မီသည့် အဖန်ဆင်းခံ သတ္တဝါတစ်ဦး မဟုတ်ပေ။ အခြားသူများ၏ အမြင်တွင်၊ သင်သည် ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦး၊ ထူးကဲသာလွန်သော အိမ်ရှင်မတစ်ဦး၊ သားသမီးဝတ်ရှိသော သမီးတစ်ဦးနှင့် လူမှုအဖွဲ့အစည်း၏ တော်ဖြောင့်သော အဖွဲ့ဝင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်၏ ရှေ့မှောက်တွင် သင်သည် သူ့ကို ပုန်ကန်သည့်သူ၊ မိမိတို့၏ ဝတ္တရားများ သို့မဟုတ် တာဝန်ကို လုံးဝ မဖြည့်ဆည်းသည့်သူ၊ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံရရှိခဲ့သော်လည်း မပြီးမြောက်ခဲ့သည့်သူတစ်ဦး၊ လမ်းတစ်ဝက်တွင် လက်လျှော့ခဲ့သူတစ်ဦး ဖြစ်ပေသည်။ ဤကဲ့သို့သော တစ်စုံတစ်ဦးသည် ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို ရရှိနိုင်သလော။ ဤကဲ့သို့သော လူများသည် သုံးမရပေ။ သင်သည် မည်မျှပြီးပြည့်စုံသည့် ဇနီးမယားနှင့် မိခင်တစ်ဦးဖြစ်ပါစေ၊ သင်၏ လူမှုကိုယ်ကျင့်တရား စံနှုန်းက မည်မျှမြင့်မားသည်ဖြစ်စေ၊ အခြားသူများထံမှ ချီးမွမ်းခြင်းမည်မျှကို သင်ရရှိသည်ဖြစ်စေ ထိုအရာမှာ ဘုရားသခင်ကို သင်နာခံနေခြင်း ဖြစ်ဖို့မဆိုထားနှင့်၊ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုပင် မဆိုလိုပေ။ သင်သည် သမ္မာတရားကို စိတ်ကုန်ကာ လက်ခံရန် ငြင်းပယ်လျှင် ဤအရာက သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိ၊ လူ့သဘာဝမရှိသကဲ့သို့ သင့်စိတ်နှလုံးတွင် ဘုရားသခင်မရှိသည့် တစ်စုံတစ်ဦးဖြစ်ကြောင်းကိုသာ သက်သေပြပေသည်။ ဤလူစားမျိုးသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် အလွန် ဝေးကွာသည် မဟုတ်လော။ သမ္မာတရားကို မလိုက်စားသောသူတို့သည် ရိုးရာယဉ်ကျေးမှု၏ စိတ်ကူးများနှင့် သဘောတရားများအတိုင်း အမြဲ အသက်ရှင်လျက်၊ လူ့အဖွဲ့အစည်း၏ ခေတ်ရေစီးကြောင်းနောက် အမြဲလိုက်သော်လည်း သမ္မာတရားကို လက်မခံသကဲ့သို့ ဘုရားသခင်ကို နာခံနိုင်ခြင်းမရှိဘဲလျက် ဤကဲ့သို့ ဖြစ်ကြလေသည်။ ဤလူများသည် ချွတ်ခြုံကျနေပြီး သနားဖွယ်ဖြစ်ကြသည် မဟုတ်လော။ မိုက်မဲပြီး မသိနားမလည်ဖြစ်ကြသည် မဟုတ်လော။ ဇနီးကောင်းနှင့် ချစ်ခင်တတ်သော မိခင်ဖြစ်ခြင်း၊ ကောင်းမြတ်သည့်၊ အလွန်နှစ်သက်ခြင်းခံရသည့် အမျိုးသမီးတစ်ဦး ဖြစ်ခြင်းက ကြွားဝါကာ ဂုဏ်ယူထိုက်သလော။

မိမိတို့စိတ်နှလုံး၌ လူတို့စွဲကိုင်ထားကြသည့် အရာအားလုံးသည် အမှန်တွင် သမ္မာတရားနှင့် ဆန့်ကျင်ပြီး ဘုရားသခင်ကို ရန်လိုပေသည်။ ထိုအထဲတွင် အပြုသဘောဆောင်၊ ကောင်းမြတ်သည်ဟု ငါတို့ယုံကြည်သည့် အရာများနှင့် မှန်ကန်သည်ဟု ယေဘုယျအားဖြင့် မှတ်ယူထားသည့် အရာများ ပါဝင်ပေသည်။ ဤအရာများကို သမ္မာတရားအဖြစ်၊ လူသား လိုအပ်ချက်များနှင့် လူတို့ဝင်ရောက်သင့်သည့် အရာများအဖြစ်ပင် ငါတို့မြင်ကြသည်။ သို့ရာတွင် ဘုရားသခင်အတွက်မူကား ထိုအရာများသည် စက်ဆုပ်ဖွယ်ကောင်းသော အရာများ ဖြစ်သည်။ မှန်ကန်သည်ဟု လူက မြင်သည့် အမြင်များဖြစ်စေ၊ အပြုသဘောဆောင်သည်ဟု လူက ယုံကြည်သည့် အရာများဖြစ်စေ ဘုရားသခင် ပြောဆိုသည့် သမ္မာတရားများနှင့် မည်မျှအလှမ်းဝေးသနည်း။ ဧကန်အမှန် အလှမ်းဝေး၏။ အကွာအဝေးက အတိုင်းမသိဖြစ်သည်။ ထို့ကြောင့် ငါတို့သည် မိမိတို့ကိုယ်ကို သိရှိရမည်။ ငါတို့ခံယူရရှိထားသည့် ပညာရေးမှသည် ငါတို့၏ လိုက်စားမှုများနှင့် နှစ်ခြိုက်မှုများအထိ၊ ငါတို့၏ အတွေးများနှင့် အမြင်များမှသည် ငါတို့ရွေးချယ်ပြီး လျှောက်လှမ်းသည့် လမ်းကြောင်းများအထိ အရာအားလုံးကို နက်နက်ရှိုင်းရှိုင်း ဖော်ထုတ်ကာ စိစစ်ထိုက်ပေသည်။ ထိုအရာများထဲမှ တချို့ကို မိမိ၏ မိသားစုမှ အမွေခံထားခြင်း ဖြစ်သည်။ တချို့မှာ မိမိ၏ ကျောင်းပညာမှ လာသည်။ တချို့မှာ လူမှုပတ်ဝန်းကျင်များ၏ လွှမ်းမိုးမှုနှင့် ပြုစုပျိုးထောင်ပေးမှုမှ လာသည်။ တချို့မှာ စာအုပ်များမှ သင်ယူထားခြင်းဖြစ်ပြီး တချို့မှာ ငါတို့၏ စိတ်ကူးထင်မြင်မှုများနှင့် အယူအဆများမှ လာလေသည်။ ဤအရာများသည် ငါတို့၏ စိတ်ကို စိုးမိုးကာ ငါတို့လုပ်ရပ်များ၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ ရည်မှန်းချက်များကို အုပ်စိုးသည့်အတွက် ကြောက်လန့်ဖွယ်အကောင်းဆုံးသော အရာများ ဖြစ်သည်။ ယင်းတို့သည် ငါတို့၏ စကားများနှင့် လုပ်ရပ်များကိုလည်း ချည်နှောင်ကာ ထိန်းချုပ်လေသည်။ ဤအရာများကို ကျွန်ုပ်တို့ ဖော်ထုတ်ကာ ငြင်းပယ်ခြင်း မရှိပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ ကျွန်ုပ်တို့ အပြည့်အဝ လက်ခံလိမ့်မည် မဟုတ်သကဲ့သို့၊ သူ၏ သတ်မှတ်ချက်များကို မည်သည့်အခါမျှ ပြည့်ပြည့်ဝဝ လက်ခံပြီး လက်တွေ့လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ သင်၏ ကိုယ်ပိုင် စိတ်ကူးများနှင့် ရှုထောင့်အမြင်များ၊ မှန်သည်ဟု သင်ယုံကြည်သည့် အရာများကို သင် ထားရှိသရွေ့၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ ပြည့်ပြည့်ဝဝ လက်ခံလိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ မူရင်းပုံစံဖြင့် ၎င်းတို့ကို သင် လက်တွေ့လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။ သင်သည် ဧကန်မုချပင် ဘုရားနှုတ်ကပတ်တော်များကို သင်၏ စိတ်နှလုံးထဲ၌ စီမံပြုပြင်မည်ဖြစ်ပြီး ထိုနှုတ်ကပတ်တော်များကို သင်၏ အယူအဆများနှင့် ကိုက်ညီအောင် လုပ်ထားပြီးနောက်တွင်သာ လက်တွေ့လုပ်ဆောင်မည် ဖြစ်သည်။ ဤသည်မှာ သင်ပြုမူဆောင်ရွက်မည့်ပုံဖြစ်သည်။ ဤသည်မှာ သင်၏ နည်းစနစ်များအတိုင်း အမှုအရာများကို လုပ်ဆောင်စေခြင်းအားဖြင့် အခြားသူများကို သင် “ကူညီ”မည့်ပုံစံ ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နေပုံရလိမ့်မည် ဖြစ်သော်လည်း သင်လက်တွေ့လုပ်ဆောင်သည့်အရာမှာ လူသားက စွန်းထင်းရောနှောထားရာများ ဖြစ်လိမ့်မည်။ ဤအရာကို သင်သိလိမ့်မည် မဟုတ်ဘဲ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ သမ္မာတရား စစ်မှန်မှုထဲသို့ သင်ဝင်ရောက်နှင့်ပြီးဖြစ်ကြောင်း၊ သမ္မာတရားကို သင်ရရှိနှင့်ပြီးဖြစ်ကြောင်း တွေးထင်မိပေလိမ့်မည်။ ယင်းမှာ မာနထောင်လွှားကာ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း မဟုတ်လော။ ထိုသို့သော အခြေအနေတစ်ခုသည် ကြောက်မက်ဖွယ် အမှုအရာတစ်ခု ဖြစ်သည် မဟုတ်လော။ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာ၌ စေ့စပ်ခြင်းမရှိလျှင် သွေဖည်မှုများ ဖြစ်ပွားလိမ့်မည်။ အကြင်သူသည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် မိမိ၏ စိတ်ကူးထင်မြင်မှုများပေါ် အမြဲ မှီခိုနေလျှင် ထိုသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ရုံမက ဘုရားသခင်ကို ကျိုးနွံနာခံမှု ရှိရန်လည်း မစွမ်းဆောင်နိုင်ပေ။ အကြင်သူသည် သမ္မာတရား စစ်မှန်မှုထဲ ဝင်ရောက်ရန် ရည်ရွယ်ပါက သူ့ထံ၌ မည်သည့်အယူအဆများနှင့် စိတ်ကူးများ တည်ရှိသည်ဆိုသည့်အပြင် သူ့အမြင်များထဲမှ မည်သည့်အရာများသည် သမ္မာတရားနှင့် ကိုက်ညီခြင်းမရှိသည်ဆိုသည်ကိုလည်း သုံးသပ်ရမည်ဖြစ်သည်။ ဤအရာများကို စိစစ်နေချိန်တွင် ယင်းတို့ကို အကုန်အစင် ရှင်းပြရန် သို့မဟုတ် ရှင်းလင်းသွားစေရန် စကားတစ်ခွန်း သို့မဟုတ် နှစ်ခွန်းမျှနှင့် လုံလောက်လိမ့်မည် မဟုတ်။ ပင်ကိုအားဖြင့်၊ ဘဝတွင် ဤကဲ့သို့သော အခြားကိစ္စရပ်များစွာ ရှိပေသည်။ အတိတ်တွင် စုဆောင်းထားခဲ့သည့် စာတန် အဆိပ်တစ်ရာထက် သာ၍များသကဲ့သို့ ဖြစ်သည်။ သင်သည် စကားများနှင့် စကားရပ်များကို နားလည်ကောင်း နားလည်ပြီးဖြစ်မည်ဖြစ်သော်လည်း၊ ယင်းတို့နှင့်ယှဉ်၍ သင်သည် မိမိကိုယ်ကို မည်သို့ တိုင်းတာပြီးဖြစ်သနည်း။ ထိုအရာများကို သင် သုံးသပ်ဆင်ခြင်ပြီးပြီလော။ သင်သည်လည်း ဤအဆိပ်များကို မျှဝေခံစားရသည် မဟုတ်လော။ ယင်းတို့က သင် တွေးသည့်ပုံကိုလည်း ထင်ဟပ်သည် မဟုတ်လော။ အမှုအရာများကို သင် လုပ်ဆောင်နေချိန်တွင်၊ ဤအဆိပ်များအပေါ်အခြေခံ၍ သင်သည်လည်း ပြုမူဆောင်ရွက်သည် မဟုတ်လော။ သင့်အနေဖြင့် သင်၏ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံထဲသို့ နက်နက်ရှိုင်းရှိုင်း တူဖော်ရှာဖွေရမည်ဖြစ်ပြီး ယင်းကို ထိုစကားများဖြင့် ယှဉ်၍ တိုင်းတာရမည်။ သင်သည် စာတန်၏ အဆိပ်များကို ထုတ်ဖော်ပြသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာမန်ကာလျှံကာမျှ ဝေ့ကြည့်လျက် ဖတ်ရုံမျှဖတ်ပါက သို့မဟုတ် ဤအရာများသည် ဧကန်အမှန် အဆိပ်များဖြစ်ကြောင်း၊ လူတို့ကို ဧကန်အမှန် ဖောက်ပြန်ပျက်စီးစေကာ ထိခိုက်နစ်နာစေကြောင်း ဝန်ခံလျက် ထိုအရာများအကြောင်းကို တွေးရုံမျှတွေးပြီးနောက် ဘုရားနှုတ်ကပတ်တော်များကို ဘေးဖယ်ထားပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် နည်းလမ်းရှိလိမ့်မည် မဟုတ်။ လူများစွာတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ထိုနှုတ်ကပတ်တော်များကို လက်တွေ့အရှိတရားနှင့် မချိတ်ဆက်နိုင်ကြ။ ၎င်းတို့သည် နှုတ်ကပတ်တော်များကို ဖတ်ရုံမျှဖတ်ပြီး စာသားကို သာမန်ကာလျှံကာ ဝေ့ကြည့်ကြသည်။ ထိုစာသား၏ တိုက်ရိုက်အဓိပ္ပာယ်ကို ၎င်းတို့နားလည်သရွေ့ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့နားလည်သွားပြီ သို့မဟုတ် သမ္မာတရားကို ၎င်းတို့နားလည်သွားပြီဟုပင် ယုံကြည်ကြသည်။ သို့သော် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ လုံးဝ မသုံးသပ်ကြသကဲ့သို့ ဖောက်ပြန်ပျက်စီးခြင်းကို ၎င်းတို့ထုတ်ဖော်ပြနေကြောင်း သိကြသည့်အခါတွင်လည်း ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေကြပေ။ ဘုရားနှုတ်ကပတ်တော်များက ထုတ်ဖော်ပြသည့် အခြေအနေအားလုံးသည် စစ်မှန်ကြောင်းနှင့် ထိုအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပွင့်အံထွက်လာမှုများဖြစ်ကြောင်းကို ဝန်ခံရုံမျှဖြင့် ကျေနပ်နေကြပြီး ရပ်လိုက်ကြသည်။ ဘုရားနှုတ်ကပတ်တော်များကို ဤသို့ ဖတ်ရှုသော တစ်ဦးတစ်ယောက်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိနိုင်သလော။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်သလော။ လုံးဝ မစွန့်ပယ်နိုင်ပေ။ ဘုရားသခင်ကို ယုံကြည်သော လူအများစုသည် ဤပုံစံဖြင့် ယုံကြည်ကြသည်ဖြစ်ရာ အကျိုးဆက်အနေဖြင့် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ် ယုံကြည်လာပြီးသည့်နောက်တွင် ၎င်းတို့၏ စိတ်သဘောထား၌ မည်သည့်အပြောင်းအလဲကိုမျှ မမြင်ကြပေ။ ဤအရာ၏ ရင်းမြစ် အကြောင်းတရားမှာ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များတွင် အားမထုတ်ကြသည့်အပြင် သမ္မာတရားကို လက်မခံနိုင်ဘဲ မိမိတို့ စိတ်နှလုံးတွင် ထိုသမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ လက်တွေ့လုပ်ဆောင်မှုတွင် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းရုံမျှသာ ရှိပြီး ကြီးမားသည့် မကောင်းမှု ကျူးလွန်ခြင်းကို ရှောင်ကြဉ်ရုံမျှ ရှောင်ကြဉ်ကြကာ ထိုသို့ဖြင့် သမ္မာတရားကို ၎င်းတို့လက်တွေ့လုပ်ဆောင်နေကြသည်ဟု တွေးထင်ကြလေသည်။ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုတွင် သွေဖည်မှုတစ်ခု ရှိသည်မဟုတ်လော။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ထိုမျှလောက် ရိုးရှင်းသလော။ လူတို့သည် သက်ရှိများဖြစ်ကြပြီး အားလုံးတွင် အတွေးများ ရှိကြသည်။ အထူးသဖြင့် လူအားလုံးတွင် ၎င်းတို့စိတ်နှလုံး နက်ရှိုင်းရာ၌ အမြစ်တွယ်နေသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြပြီး ဆိုးယုတ်သော မိမိတို့သဘာဝ၏ စိုးမိုးမှုမှ ထွက်ပေါ်လာသည့် အမျိုးမျိုးသော အတွေးများနှင့် အမြင်များ ပိုင်ဆိုင်ကြသည်။ ဤအတွေးများနှင့် အမြင်များအားလုံးသည် ဆိုးယုတ်သော စိတ်သဘောထား၏ ပွင့်အံထွက်လာမှုများ ဖြစ်သည်။ လူတို့သည် ဤအရာများကို ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားပေါ် အခြေပြု၍ စိစစ်ကာ မသိရှိနိုင်ကြပါက မိမိတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို သိရှိရန် နည်းလမ်းမရှိသကဲ့သို့ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကလည်း သန့်စင်စေခြင်းကို မခံရနိုင်ပေ။ သမ္မာတရားကို လက်မခံသောသူတို့သည် အဘယ်ကြောင့် အလွန် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကာ ဆိုဆုံးမရခက်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် အမျိုးမျိုးသော အမှုအရာများနှင့် ပတ်သက်၍ ၎င်းတို့အားလုံးတွင် မတူကွဲပြားသော အတွေးများနှင့် အမြင်များ ရှိကြပြီး ၎င်းတို့အားလုံးတွင် ၎င်းတို့ကို ဦးဆောင်လမ်းပြမည့် စိတ်ကူးနှင့် သဘောတရားတချို့ ရှိကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က မိမိတို့ကိုယ်ကို မှန်ကန်သည်ဟု ခံစားကြ၍ အခြားသူများကို အထင်သေးကြပြီး မာနထောင်လွှားလျက် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကာ ဆိုဆုံးမရခက်ကြလေသည်။ အခြားသူများက သမ္မာတရားအကြောင်း ၎င်းတို့ထံ မည်သို့မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့သည် လက်ခံရန် လိုလားနေကြခြင်း မရှိ။ မိမိတို့အတွင်းရှိ အတွေးများနှင့် အမြင်များအတိုင်း ဆက်လက်အသက်ရှင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာများက ၎င်းတို့၏ဘဝ ဖြစ်လာနှင့်ပြီး ဖြစ်သောကြောင့်ပင်။ အမှန်မှာ သင်လုပ်ဆောင်သည့် အရာတိုင်းတွင် ထိုအရာကို သင်လုပ်ဆောင်ပုံနှင့် သင်လုပ်ဆောင်သည့် ဦးတည်ချက်ကို စေညွှန်သည့် အတွေး သို့မဟုတ် အမြင်တစ်ခု သင့်စိတ်ထဲတွင်ရှိ၏။ ဤအရာကို သင်သတိမပြုမိပါက သင့်ကိုယ်သင် မကြာခဏ သုံးသပ်သင့်သည်။ ထို့နောက်တွင် သင့်အတွင်းရှိ မည်သည့်အတွေးများနှင့် အမြင်များက သင်၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအား ထိန်းချုပ်နေသည်ကို သင်သိလိမ့်မည်။ သင့်အနေဖြင့် သင်၏ အတွေးများနှင့် အမြင်များကို ယခု စစ်ဆေးမည်ဆိုပါက ထိုအတွေးအမြင်များထဲတွင် ဘုရားသခင်ကို ရန်လိုသည့်အရာ မည်သည့်အရာမျှ မရှိကြောင်း၊ သင်သည် ရိုးသားပြီး သစ္စာစောင့်သိကြောင်း၊ သင်၏ တာဝန်ကို လိုလိုလားလား သင်ထမ်းဆောင်ကြောင်း၊ အမှုအရာများကို သင်စွန့်လွှတ်ကာ မိမိကိုယ်ကို ဘုရားသခင်အတွက် အသုံးခံနိုင်ကြောင်း ခံစားရမည်ကိုမူ ပြောနေရန်ပင် မလိုချေ။ သင်သည် ဤကဏ္ဍများအားလုံးတွင် အဆင်ပြေနေသည်ဟု ခံစားရပေမည်။ သို့ရာတွင် ဘုရားသခင်က သင်နှင့်ပတ်သက်၍ အမှန်တကယ် အလေးအနက်ထားလာသည့်အခါ၊ သင်၏ အယူအဆများနှင့် မကိုက်ညီသည့် တစ်စုံတစ်ရာ၊ သင်လုပ်ဆောင်ရန် လိုလားနေခြင်းမရှိသည့် တစ်စုံတစ်ရာကို သင့်အား သူလုပ်ဆောင်စေသည့်အခါ ထိုအရာကို သင်မည်သို့ချဉ်းကပ်မည်နည်း။ ယင်းမှာ ဖွင့်ထားသည့် ရေလွှဲပေါက်မှ စီးဆင်းသည့် ရေများကဲ့သို့ပင် သင်၏ အတွေးများ၊ အမြင်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖော်ထုတ်ခံရမည့် အချိန်ဖြစ်သည်။ ထိုအရာကို သင်မည်မျှပင် ထိန်းချုပ်လိုသော်လည်း မထိန်းချုပ်နိုင်။ ဤအရာက သင့်အား သမ္မာတရားကို လက်တွေ့မလုပ်ဆောင်အောင်နှင့် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်း မရှိအောင် တားဆီးလိမ့်မည်။ သင်က၊ “ကျွန်ုပ်သည် အဘယ်ကြောင့် မိမိကိုယ်ကို မထိန်းချုပ်နိုင်သနည်း။ ဘုရားသခင်ကိုကျွန်ုပ် မခုံခံချင်ပါ၊ သို့ဆိုလျှင် အဘယ်ကြောင့် ကျွန်ုပ် ခုခံမိသနည်း။ ဘုရားသခင်အပေါ် ကျွန်ုပ် ဝေဖန်မှု မချမှတ်ချင်သကဲ့သို့ သူ၏ လုပ်ရပ်များနှင့်ပတ်သက်၍ အယူအဆများ ကျွန်ုပ် မရှိချင်ပါ၊ သို့ဆိုလျှင် သူ့ကို ကျွန်ုပ် အဘယ်ကြောင်း ဝေဖန်နေသနည်း။ အဘယ်ကြောင့် ဤအယူအဆများ ကျွန်ုပ်တွင် ရှိသေးသနည်း” ဟု ပြောလိမ့်မည်။ ဤအချိန်တွင်၊ သင်သည် မိမိကိုယ်ကို သုံးသပ်ကာ သိရှိသင့်ပြီး၊ သင့်အထဲတွင် ဘုရားသခင်ကို ခုခံသည့်အရာ သို့မဟုတ် သူ လက်တလော လုပ်ဆောင်နေသည့် အလုပ်ကို ရန်လိုကာ ဆန့်ကျင်သည့်အရာ မည်သည့်အရာရှိသည်ကို ဆန်းစစ်သင့်ပေသည်။ ဤအရာများကို သင်ဆန်းစစ်နိုင်ပြီး ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားအတိုင်း ဖြေရှင်းနိုင်ပါက အသက်တာ တိုးတက်မှု ရှိလိမ့်မည်ဖြစ်ကာ သမ္မာတရားကို နားလည်သည့် တစ်စုံတစ်ဦး ဖြစ်လိမ့်မည်။

တရုတ်နိုင်ငံသည် ဘုရားမဲ့ နိုင်ငံရေးပါတီတစ်ခု၏ အုပ်ချုပ်ခြင်းခံရကာ တရုတ်လူမျိုးများသည် “အရာခပ်သိမ်းက သဘာဝမှလာသည်” ဆိုသည်နှင့် “လူသားများသည် မျောက်ဝံများမှ ဆင်းသက်လာကြသည်” ဟူသကဲ့သို့သော လူကြိုက်များသည့် ဆိုရိုးများနှင့်အတူ ဘုရားမဲ့ဝါဒနှင့် ဆင့်ကဲဖြစ်စဉ်တို့ဖြင့် ပညာသင်ပေးခြင်းခံရကြသည်။ ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်နောက်တွင် လူသားများအပါအဝင် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းထားခဲ့ခြင်းဖြစ်ကြောင်း သင်သိပြီး လူတိုင်းက ဘုရာနှုတ်ကပတ်တော် မှန်ကန်ကြောင်း မိမိတို့၏ စိတ်နှလုံးတွင် ခံစားနိုင်ကြသည်။ သဘာဝတရားအားလုံးသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းဖြစ်ကာ ဘုရားသခင် မဖန်ဆင်းခဲ့ပါက မည်သည့်အရာမျှ ဖြစ်တည်လာမည်မဟုတ်ပေ။ လူသားသမိုင်း တစ်လျှောက်လုံးတွင် မျောက်ဝံတစ်ကောင်က လူတစ်ဦးဖြစ်လာသည်ကို မည်သူမျှ မမြင်ဖူးသည့်အတွက် မျောက်ဝံများမှ လူသားများ ဆင်းသက်လာခြင်းဟူသည်မှာ အထူးသဖြင့် မခိုင်လုံပေ။ သက်သေအထောက်အထား မရှိသည်ဖြစ်၍ ဤအရာအားလုံးသည် စာတန်၏ အလိမ်အညာများနှင့် လှည့်ဖြားမှုဖြစ်သည်။ သမ္မာတရားကို နားလည်သောသူတို့သည် စာတန်၏ အလိမ်အညာများ၊ အယူလွဲများ၊ အတွေးမှားများကို ငြင်းပယ်ကြပြီး သမ္မာကျမ်းစာနှင့် ဘုရားနှုတ်ကပတ်တော်များကို သံသယအရိပ်အယောင် မရှိဘဲ ယုံကြည်ကြသည်။ သို့ရာတွင် သမ္မာတရားကို မချစ်သောသူတို့အတွက်မူကား ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု အပြည့်အဝ လက်ခံရန် မဖြစ်နိုင်ပေ။ တချို့က “လူကို ဘုရားသခင် ဖန်ဆင်းခဲ့သော်လည်း အဘယ်သို့ ဖန်ဆင်းခဲ့သနည်း။ အဘယ်ကြောင့် ငါမမြင်ဖူးရသနည်း။ ငါမမြင်ဖူးသည့်အရာကို ငါမယုံကြည်” ဟု တွေးကောင်းတွေးမည်။ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုသည် မိမိတို့ ပကတိမျက်လုံးများဖြင့် မြင်နိုင်သည့်အရာအပေါ် အခြေပြုသည်။ ဤသည်မှာ ယုံကြည်ခြင်းရှိခြင်း မဟုတ်။ လူသည် ဘုရားသခင်ထံမှ လာခဲ့ခြင်းဖြစ်ကာ ဘုရားသခင်က လူ၏ ကံကြမ္မာအပေါ် အမြဲ စိုးမိုးလျက် လူကို ယခုထိတိုင် တစ်လှမ်းချင်း ပို့ဆောင်ပေးလာခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်၏။ လူတွင် လူပြန်ဝင်စားခြင်းနှင့် ဘဝကူးပြောင်းခြင်း ရှိကြောင်း၊ ထို့ပြင် လူသား အသက်နှင့် ဝိညာဉ်ကို ဘုရားသခင်က ပေးထားခြင်းဖြစ်ကာ ထိုအသက်နှင့် ဝိညာဉ်သည် သူ့ထံမှလာကြောင်း ပြောဆိုလျက် ဤနက်နဲမှုအားလုံးကို ဘုရားသခင်က နောက်ဆုံးသော ကာလတွင် သိရှိစေပြီဖြစ်သည်။ ဤသည်မှာ သမ္မာတရားဖြစ်၏။ သို့ရာတွင် သင်သည် ဤဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် လက်မခံသောကြောင့် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို မြင်သည့်အခါတိုင်း၌ ယင်းတို့ကို သင်၏ ကိုယ်ပိုင်အတွေးများနှင့် အမြင်များဖြင့် သင်တိုင်းတာပေသည်။ “လူသည် မျောက်ဝံများမှ ဖြစ်မလာဘဲ ဘုရားသခင်ထံမှ လာသည့်အတွက် လူသည် ဘုရားသခင်ထံမှ မည်သို့လာခဲ့ပါသနည်း။ ဘုရားက လူကို မည်သို့ အသက်ပေးပါသနည်း” ဟူ၍ ဖြစ်သည်။ သင်သည် ဘုရားသခင်ကို နားမလည်ပါက လူကို ထွက်လေတစ်ချက်တည်းဖြင့် သို့မဟုတ် နှုတ်ကပတ်တော်တစ်ခွန်းတည်းဖြင့် ဖန်ဆင်းရန် ဘုရားသခင်၌ အစွမ်းတန်ခိုး သို့မဟုတ် ဉာဏ်ပညာ သို့မဟုတ် ဩဇာအာဏာ ရှိသည်ဆိုသည်မှာ မဖြစ်နိုင်ဟု တွေးထင်မိလိမ့်မည်။ ဤသည်မှာ အမှန်တရားဖြစ်ကြောင်း သို့မဟုတ် သမ္မာတရားဖြစ်ကြောင်း သင်မယုံကြည်ပေ။ သင့်ထံတွင် သံသယများရှိသည့်အခါ သင်မယုံကြည်ပါဟုဆိုလျက် ဤဘုရားနှုတ်ကပတ်တော်များကို သင်အတိုက်အခံလုပ်သော်လည်း အမှန်တွင် သင်၏ စိတ်နှလုံးသည် အတိုက်အခံလုပ်သည့် အခြေအနေတစ်ခုတွင် ရှိနေပြီး ဆန့်ကျင်သည့် သဘောထားတစ်ခုတွင် ရှိနေပေသည်။ ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို ပြောဆိုသည့်အခါ သင်နားထောင်ရန် လိုလားနေခြင်းမရှိဘဲ သင်၏ စိတ်နှလုံးတွင် ရန်လိုစိတ်ကို ခံစားရပြီး ဘုရားနှုတ်ကပတ်တော်များကို အာမင်မထူးနိုင်ပေ။ အမှန်တွင် အချက်အလက်များကို ကြည့်သည့်အခါ လူကို ဘုရားသခင်က မည်သို့ဖန်ဆင်းခဲ့သည် သို့တည်းမဟုတ် မည်သည့်အချိန်တွင် ဖန်ဆင်းခဲ့သည် သို့မဟုတ် ထိုအရာကို မည်သူမြင်ခဲ့သည် သို့မဟုတ် ထိုအရာကို တစ်ဦးတလေက သက်သေခံနိုင်ခြင်း ရှိမရှိဆိုသည်ကို ငါတို့ စုံစမ်းစစ်ဆေးရန် မလိုအပ်ပေ။ လူတို့အတွက် ဤအရာကို လေ့လာရန် မလိုအပ်ပေ။ လူတို့သည် သမ္မာတရားကို စစ်မှန်စွာ နားလည်ပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သိရှိသည့်အခါ မိမိတို့ကိုယ်တိုင် သက်သေခံနိုင်ကြလိမ့်မည်။ ယခုတွင် ၎င်းတို့ အာရုံစိုက်သင့်သည့် အဓိကကိစ္စမှာ အဘယ်နည်း။ ဘုရားသခင်၏ အမှုတော်ကို သိရှိရန် ဖြစ်သည်။ အစမှအဆုံးထိ ဘုရားသခင်သည် လူကို စီမံခြင်း၊ လူကို ကယ်တင်ခြင်းနှင့်ဆိုင်သော သူ၏ အမှုတော်ကို လူသားမျိုးနွယ်ကြားတွင် ဆောင်ရွက်နေပြီးဖြစ်သည်။ အစမှအဆုံးထိ ဘုရားတစ်ပါးတည်းသာ အမှုပြုနေသည်၊ စကားပြောနေသည်၊ လူသားမျိုးနွယ်ကို သွန်သင်ကာ လမ်းပြနေသည်။ ဤဘုရားသခင် တည်ရှိပေသည်။ ဘုရားသခင်သည် ယခုတွင် နှုတ်ကပတ်တော်များစွာ ပြောဆိုထားပြီဖြစ်သည်။ သူ့ကို ငါတို့ မျက်နှာချင်းဆိုင် မြင်နှင့်ကြပြီးဖြစ်သည်။ သူစကားပြောသည်ကို ကြားကြပြီးဖြစ်သည်။ သူ၏ အမှုတော်ကို တွေ့ကြုံပြီးဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များအား ငါတို့၏ အသက်ဖြစ်လာရန် ငါတို့အထဲသို့ လက်ခံကြလျက် သူ၏ နှုတ်ကပတ်တော်များကို စားသောက်ကြပြီး ဖြစ်သည်။ ဤနှုတ်ကပတ်တော်များက ငါတို့ကို စဉ်ဆက်မပြတ် လမ်းပြနေပြီး ပြောင်းလဲပေးနေသည်။ ဤဘုရားသခင် ဧကန်အမှန် တည်ရှိပေသည်။ ထို့ကြောင့် ဘုရားသခင် ပြောသည့်အတိုင်း လူသားမျိုးနွယ်ကို ဘုရားသခင် ဖန်ဆင်းခဲ့ခြင်းဖြစ်သည်ဟူသော အချက်နှင့် အစအဦးတွင် အာဒံနှင့် ဧဝကို ဘုရားသခင် ဖန်ဆင်းခဲ့သည်ဟူသော အချက်ကို ငါတို့ယုံကြည်သင့်သည်။ သင်သည် ဤဘုရားသခင် တည်ရှိသည်ဟု ယုံကြည်ပြီး ယခု သူ့ရှေ့မှောက်သို့ သင်တိုးဝင်လာပြီဖြစ်သည့်အတွက် ယေဟောဝါ ဆောင်ရွက်ခဲ့သော အမှုသည် ဤဘုရားသခင်၏ အမှုဖြစ်သည်ဟု သင်အတည်ပြုရန် လိုအပ်သေးသလော။ ထိုအရာကို မည်သူမျှ အတည်မပြုနိုင်သကဲ့သို့ မျက်မြင်တွေ့ထားခြင်းလည်း မရှိပါက သင်မယုံကြည်ဘဲ နေလိမ့်မည်လော။ သို့မဟုတ် ကျေးဇူးတော်ခေတ်မှ အမှုတော်နှင့်စပ်လျဉ်း၍ ယေရှုကို သင်လုံးဝ မတွေ့ဖူးသောကြောင့် သူသည် လူ့ဇာတိခံ ဘုရားဖြစ်ကြောင်းကို သင်မယုံကြည်သလော။ လက်ရှိ ဘုရားသခင် စကားပြောသည်ကိုဖြစ်စေ၊ အမှုပြုသည်ကိုဖြစ်စေ၊ လူ့ဇာတိခံယူသည်ကိုဖြစ်စေ သင်ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့လျှင် မယုံကြည်ဘဲနေမည်လော။ ဤအရာများကို သင်မမြင်ခဲ့ပါက သို့မဟုတ် ဤအရာများကို အတည်ပြုရန် မျက်မြင်တွေ့ထားသူများ မရှိခဲ့ပါက ထိုအရာအားလုံးကို သင်မယုံကြည်ဘဲနေမည်လော။ ဤသည်မှာ လူတို့အတွင်းတွင် ရှိသည့် ကတ်သီးကတ်သတ် မှားယွင်းသော အမြင်များကြောင့် ဖြစ်သည်။ ထိုအရာမှာ လူများစွာက ပြုလုပ်မိသည့် အမှားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် အရာရာကို ကိုယ်တိုင်ကိုယ်ကျ မဖြစ်မနေ မြင်တွေ့လိုပြီး မမြင်ရပါက မယုံကြည်ကြချေ။ ဤသည်မှာ မှားယွင်းပေသည်။ လူတစ်ဦးသည် ဘုရားသခင်ကို အမှန်တကယ် သိရှိလျှင်၊ အချက်အလက်များကို မြင်တွေ့ထားခြင်းပင် မရှိဘဲ ဘုရား၏ နှုတ်ကပတ်တော်ကို ယုံကြည်နိုင်ပြီး ဘုရား၏ နှုတ်ကပတ်တော်ကို အတည်ပြုထောက်ခံနိုင်လျှင် ထိုအခါတွင်မှ သူသည် သမ္မာတရားကို သိနားလည်ပြီး စစ်မှန်သည့် ယုံကြည်ခြင်းရှိသော လူစားမျိုးဖြစ်ပေသည်။ ယခုတွင် ဤဘုရားနှုတ်ကပတ်တော်များကို ငါတို့မြင်ရပြီးဖြစ်ကာ သူ၏ အသံတော်ကို ကြားရပြီးဖြစ်သဖြင့် ထိုအဖြစ်က ငါတို့ကို စစ်မှန်သည့် ယုံကြည်ခြင်းပေးရန် လုံလောက်ပြီး ထို့အတွက်ကြောင့် ငါတို့ကို သူ့နောက်လိုက်စေရန်အပြင် ဘုရားသခင်ထံမှ လာသည့် နှုတ်ကပတ်တော်တိုင်းနှင့် အမှုတိုင်းကို ယုံကြည်စေရန်လည်း လုံလောက်ပေသည်။ ငါတို့အနေဖြင့် အမှုအရာများကို ဆက်စိစစ်ရန် သို့မဟုတ် ဆက်ရှာဖွေလေ့လာရန် မလိုအပ်ပေ။ ဤသည်မှာ လူတို့ ရှိသင့်သည့် အသိစိတ်မျိုး ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ်ကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင် မျက်မြင်တွေ့မည့်လူ မည်သူမျှ မရှိခဲ့သော်လည်း ယခုတွင်မူ ဘုရားသခင်သည် သမ္မာတရားများကို ဖော်ပြပြီး လူသားမျိုးနွယ်ကို ကယ်တင်ရန်၊ သူ၏ အမှုတော်ကို လက်တွေ့ကျကျ ဆောင်ရွက်ရန်၊ အသင်းတော်များကြား လျှောက်လှမ်းကာ လူသားမျိုးနွယ်ကြား အမှုပြုရန် လူ့ဇာတိခံလာပြီ ဖြစ်သည်။ များစွာသော လူတို့သည် ဤအရာကို မမြင်ရလေပြီလော။ ထိုအရာကို မြင်နိုင်စွမ်း လူတိုင်း၌ မရှိသော်လည်း သင်ယုံကြည်သည်။ အဘယ်ကြောင့် သင်ယုံကြည်သနည်း။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းအပြင် ဤသည်မှာ စစ်မှန်သော လမ်းခရီးနှင့် ဘုရားသခင်၏ အမှုတော်ဖြစ်ကြောင်း သင်ခံစားရသောကြောင့်သာ ယုံကြည်သည် မဟုတ်လော။ သင့်အနေဖြင့် ဤသို့ ပြောနိုင်သေးသလော။ “ဘုရားသခင်၏ ဤအမှုတော်အဆင့်တွင် ဘုရားစကားပြောသည်ကို ကျွန်ုပ်ကြားခဲ့ပြီး ဘုရား၏ နှုတ်ကပတ်တော်များကိုလည်း မြင်ခဲ့သည်။ ဤနှုတ်ကပတ်တော်များ ဘုရားသခင်ထံမှ လာသည်မှာ မှန်သည်။ သို့ရာတွင် သခင်ယေရှု၏ ကားစင်တင်သတ်ခံရခြင်း အမှုနှင့် စပ်လျဉ်း၍မူ သူ၏ သံမှိုရာများကို ကျွန်ုပ်မထိတွေ့ခဲ့သောကြောင့် သူကားစင်တင်ခံခဲ့ရသည်ဟူသည့် အချက်ကို ကျွန်ုပ်မယုံကြည်ပါ။ ပညတ်တော်ခေတ်အတွင်းတွင် ယေဟာဝါ ဘုရားသခင် ပြုခဲ့သည့် အမှုကို ကျွန်ုပ်မျက်မြင်တွေ့ခဲ့ခြင်း မရှိသကဲ့သို့ ပညတ်တရားများကို သူကြေညာခဲ့ချိန်တွင်လည်း ကျွန်ုပ်မကြားသိခဲ့ရပါ။ မောရှေကသာ ထိုအရာများကို ကြားခဲ့ပြီး မောရှေကျမ်း ငါးကျမ်းကို ရေးသားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထိုကျမ်းများအား သူမည်သို့ရေးသားခဲ့သည်ကို ကျွန်ုပ်မသိပါ” ဟု ပြောနိုင်သေးသလော။ ဤအရာများကို ပြောသောလူများသည် ပုံမှန်စိတ်အခြေအနေတစ်ခုတွင် ရှိနေကြသလော။ ၎င်းတို့သည် မယုံကြည်သူများဖြစ်ပြီး ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများ မဟုတ်ပေ။ ဤသည်မှာ ဣသရေလလူမျိုးများက “ယေဟောဝါသည် အမှန်ပင် မောရှေအားဖြင့်သာ စကားပြောခဲ့သလော။ ကျွန်ုပ်တို့အားဖြင့်လည်း စကားမပြောခဲ့သလော” (တောလည်ရာကျမ်း ၁၂:၂) ဟု ပြောခဲ့သည့် အချိန်ကဲ့သို့သာ ဖြစ်သည်။ ၎င်းတို့ဆိုလိုသည့်အရာမှာ “မောရှေကို ကျွန်ုပ်တို့ နားထောင်မည်မဟုတ်။ ယေဟောဝါ ဘုရားသခင်ထံမှ ကျွန်ုပ်တို့ ကိုယ်တိုင်ကိုယ်ကျ ကြားရမှဖြစ်မည်” ဟူ၍ ဖြစ်သည်။ မိမိတို့မျက်လုံးများဖြင့် ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့သောကြောင့် ယေရှုက ကားစင်တင်သတ်ခံခဲ့ရကြောင်း သို့မဟုတ် သေရာမှ ထမြောက်ကြောင်းကို ၎င်းတို့မယုံကြည်ဟု ကျေးဇူးတော်ခေတ်အတွင်းတွင် လူတို့ပြောခဲ့သည့်အချိန်ကကဲ့သို့ ဖြစ်သည်။ ယေရှု၏ သံမှိုစွဲရာများကို ထိတွေ့ရန် မရမကတောင်းဆိုခဲ့သည့် သောမဟု အမည်ရသော တပည့်တော်တစ်ပါး ရှိခဲ့သည်။ သူ့ကို ယေရှုက အဘယ်အရာ ပြောခဲ့သနည်း။ (“သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကို မမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏။” (ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၉)) “ငါ့ကို မမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏။” ဤအရာက မည်သည့်အရာကို အမှန်တကယ် ဆိုလိုသနည်း။ မည်သည့်အရာကိုမျှ ၎င်းတို့ အမှန်တကယ် မမြင်ခဲ့ကြလေသလော။ အမှန်တွင် ယေရှုပြောခဲ့ပြီးသည့် အရာအားလုံးနှင့် သူပြုခဲ့သည့် အမှုအားလုံးက ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း သက်သေပြနှင့်ပြီးဖြစ်သောကြောင့် လူတို့က ယုံကြည်ခဲ့သင့်ပေသည်။ ယေရှုက နောက်ထပ် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများ ပြုရန် သို့မဟုတ် နောက်ထပ် စကားများ ပြောဆိုရန် မလိုအပ်သကဲ့သို့ လူတို့က ယုံကြည်ရန် သူ၏ သံမှိုရာများကို ထိကြည့်ဖို့လည်း မလိုအပ်ခဲ့ကြပေ။ စစ်မှန်သည့် ယုံကြည်ခြင်းသည် မြင်ခြင်းအပေါ်သာ မမှီခိုဘဲ ထို့ထက် ဝိညာဉ်ရေးရာ အတည်ပြုချက်နှင့်အတူ ယုံကြည်မှုကို တကယ့်အဆုံးတိုင် စွဲကိုင်ထားခြင်းဖြစ်ကာ မည်သည့်သံသယမျှ မရှိပေ။ သောမသည် မြင်ခြင်းအပေါ် အမှီပြုသည့် မယုံကြည်သူတစ်ဦး ဖြစ်သည်။ သောမကဲ့သို့ မဖြစ်ကြနှင့်။

သောမကဲ့သို့သော လူတစ်စု အသင်းတော်တွင် ဧကန်အမှန် ရှိပေသည်။ ၎င်းတို့သည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို စဉ်ဆက်မပြတ် သံသယရှိနေကြပြီး ၎င်းတို့အနေဖြင့် နောက်ဆုံးတွင် ယုံကြည်ရန်အတွက် ကမ္ဘာမြေကို ဘုရားသခင်စွန့်ခွာ၍ တတိယကောင်းကင်သို့ ပြန်သွားဖို့နှင့် ဘုရားသခင်၏ တကယ့်ပုဂ္ဂိုလ်ကို မြင်ရဖို့ စောင့်ဆိုင်းနေကြသည်။ သူ၏ လူ့ဇာတိခံယူခြင်းအတောအတွင်း သူပြောဆိုထားသည့် နှုတ်ကပတ်တော်များကြောင့် သူ့ကို ၎င်းတို့မယုံကြည်ကြပေ။ ဤလူစားမျိုးက ယုံကြည်သည့်အချိန်တွင် အရာရာ နောက်ကျလွန်းသွားလိမ့်မည်ဖြစ်ပြီး ယင်းမှာ ဘုရားသခင်၏ ရှုတ်ချခြင်းကို ၎င်းတို့ခံရမည့် အချိန်ဖြစ်သည်။ သခင်ယေရှု ပြောခဲ့သည်မှာ “သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကို မမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏” ဟူ၍ဖြစ်သည်။ ဤစကားများက သောမသည် သခင်ယေရှု၏ ရှုတ်ချခြင်းကို ခံရနှင့်ပြီးဖြစ်ကြောင်းနှင့် သူသည် မယုံကြည်သူတစ်ဦးဖြစ်ကြောင်း ဆိုလိုပေသည်။ သခင့်ကိုရော သခင်ပြောထားသမျှကိုပါ သင်အမှန်တကယ် ယုံကြည်ပါက ကောင်းချီးခံစားရလိမ့်မည်။ သင်သည် အချိန်ကြာမြင့်စွာ ဘုရားသခင်နောက် လိုက်ပြီးသော်လည်း ရှင်ပြန်ထမြာက်ဖို့ သူ၏ တတ်စွမ်းနိုင်ခြင်းကို မယုံကြည်ပါက သို့မဟုတ် သူသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ကြောင်း မယုံကြည်ပါက သင့်ထံတွင် စစ်မှန်သည့် ယုံကြည်ခြင်းမရှိသကဲ့သို့ ကောင်းချီးများကို သင်ရရှိနိုင်လိမ့်မည်လည်း မဟုတ်ပေ။ ယုံကြည်ခြင်းမှတစ်ဆင့်သာ ကောင်းချီးများကို ရရှိနိုင်၍ သင်မယုံကြည်ပါက ရရှိလိမ့်မည် မဟုတ်။ ဘုရားသခင်က သင့်ထံ ပေါ်ထွန်းလာမှသာ၊ သင့်အား သူ့ကို မြင်ခွင့်ပေးမှသာ၊ သင်လက်ခံယုံကြည်အောင် သူကိုယ်တိုင်လုပ်ပေးမှသာ သင်ယုံကြည်နိုင်စွမ်း ရှိသလော။ သင့်ထံ ကိုယ်တိုင်ကိုယ်ကျ ပေါ်ထွန်းလာရန် ဘုရားသခင်ကို စေခိုင်းဖို့ လူသားတစ်ဦးဖြစ်သည့် သင်သည် မည်သို့အရည်အချင်းပြည့်မီသနည်း။ သင်ကိုယ်တိုင်ကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် လူသားတစ်ဦးထံ သူ့ကို ကိုယ်တိုင်ကိုယ်ကျ စကားပြောခိုင်းရန် သင်မည်သို့ အရည်အချင်းပြည့်မီသနည်း။ ထို့အပြင် သင်မယုံကြည်မီ သင့်ထံ အရာရာကို ရှင်းလင်းစွာ ရှင်းပြဖို့ သူ့ကို တောင်းဆိုရန် မည်သည့်အရာက သင့်ကို အရည်အချင်း ပြည့်မီစေသနည်း။ သင်သည် စဉ်းစားတတ်ပါက ဘုရားသခင် မိန့်မြွက်ထားသည့် ဤနှုတ်ကပတ်တော်များကို ဖတ်ရုံမျှဖတ်ပြီးသည့်နောက်တွင် ယုံကြည်လိမ့်မည်။ သင်အမှန်တကယ် ယုံကြည်ပါက သူမည်သည့်အရာ လုပ်ဆောင်သည် သို့မဟုတ် မည်သည့်အရာ ပြောဆိုသည်မှာ အရေးမကြီးပေ။ ထို့ထက် ဤနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို မြင်သည့်အခါ ထိုအရာများကို ဘုရားသခင် ပြောထားခဲ့ကြောင်းနှင့် ဤအရာများကို သူလုပ်ဆောင်ခဲ့ကြောင်း သင်တစ်ရာရာခိုင်နှုန်း လက်ခံယုံကြည်လိမ့်မည်ဖြစ်ပြီး သူ့နောက်ကို အဆုံးထိလိုက်ရန် အသင့်ဖြစ်လျက်သား ရှိနေလိမ့်မည် ဖြစ်သည်။ ဤအရာကို သင်သံသယရှိရန် မလိုအပ်ပေ။ သံသယအပြည့်ရှိသော လူများသည် အလွန် လှည့်ဖြားတတ်ကြသည်။ ဘုရားသခင်ကို ၎င်းတို့ တကယ် မယုံကြည်နိုင်ကြပေ။ ထိုနက်နဲမှုများကို နားလည်ရန် ၎င်းတို့ အမြဲ ကြိုးစားနေကြပြီး ယင်းတို့ကို လုံးလုံးလျားလျား သဘောပေါက်သည့်နောက်တွင်သာ ယုံကြည်ကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ ကြိုတင်သတ်မှတ်ချက်မှာ ဤမေးခွန်းများအတွက် ရှင်းလင်းသည့် အဖြေများရှိရန် ဖြစ်သည်။ ဘုရားသခင် မည်သို့လူ့ဇာတိခံယူလာခဲ့သနည်း။ သူမည်သည့်အချိန်တွင် ရောက်ရှိလာသနည်း။ သူမထွက်ခွာမီတွင် အချိန်မည်မျှကြာ နေထိုင်မည်နည်း။ သူထွက်ခွာသွားသည့်နောက် မည်သည့်နေရာသို့ သွားလိမ့်မည်နည်း။ သူ၏ ထွက်ခွာခြင်းဖြစ်စဉ်မှာ အဘယ်နည်း။ လူ့ဇာတိခံ ဘုရားသခင်က မည်သို့အမှုပြုပြီး မည်သို့ထွက်ခွာသနည်း။...အချို့သော နက်နဲမှုများကို ၎င်းတို့နားလည်လိုကြသည်။ ၎င်းတို့သည် သမ္မာတရား ရှာဖွေရန်မဟုတ်ဘဲ ထိုအရာများကို စုံစမ်းစစ်ဆေးရန် ဤနေရာတွင် ရှိနေကြခြင်းဖြစ်သည်။ ဤနက်နဲမှုများကို ၎င်းတို့နားမလည်နိုင်ပါက ဘုရားသခင်ကို ၎င်းတို့ယုံကြည်နိုင်လိမ့်မည်မဟုတ်ဟု စဉ်းစားကြသည်။ ၎င်းတို့၏ ယုံကြည်မှုက ပိတ်ဆို့ခံထားရသည့်အလား ဖြစ်သည်။ ထိုသို့သော လူများတွင်ရှိသည့် ဤရှုထောင့်အမြင်သည် ဒုက္ခပေးတတ်၏။ နက်နဲမှုများကို ရှာဖွေလေ့လာရန် ၎င်းတို့ဆန္ဒရှိသည်နှင့်တစ်ပြိုင်နက် သမ္မာတရားကို အာရုံစိုက်ရန် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို အလေးဂရုပြုရန် ၎င်းတို့ဒုက္ခမခံတော့ပေ။ ထိုသို့သော လူများသည် မိမိတို့ကိုယ်ကို သိရှိနိုင်ကြသလော။ မိမိကိုယ်ကို သိသောအသိကို ရဖို့ ၎င်းတို့အတွက် မလွယ်ကူပေ။ ဤသည်မှာ လူတစ်မျိုးမျိုးကို ရှုတ်ချရန် မဟုတ်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို လက်မခံသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို မယုံကြည်ပါက ထိုသူထံတွင် စစ်မှန်သည့် ယုံကြည်ခြင်း မရှိပေ။ သူသည် အချို့သော နှုတ်ကပတ်တော်များ သို့မဟုတ် နက်နဲမှုများ သို့မဟုတ် အရေးမပါသည့် အရာများ သို့မဟုတ် လူတို့ သတိမပြုမိသည့် အရာများနှင့်ပတ်သက်၍ ချစ်တီးခေါင်း သန်းရှာလုပ်ဖို့သာ အာရုံစိုက်ကြလိမ့်မည်။ သို့ရာတွင် ဘုရားသခင်က ၎င်းတို့ကို တစ်နေ့ ဉာဏ်အလင်းပေး၍ သို့မဟုတ် ၎င်းတို့၏ ညီအစ်ကို မောင်နှမများက သမ္မာတရားအပေါ် ပုံမှန် မိတ်သဟာယပြုပေးခြင်းအားဖြင့် ၎င်းတို့ကို ကူညီပေး၍ ၎င်းတို့ပြောင်းလဲသွားနိုင်ခြေလည်း ရှိပေသည်။ ဤအရာဖြစ်ပျက်သည့်နေ့တွင် ၎င်းတို့၏ ယခင်အမြင်များသည် အလွန်အဓိပ္ပာယ်မဲ့ကြောင်း၊ ၎င်းတို့ အလွန်မာနထောင်လွှားခဲ့ကာ မိမိတို့ကိုယ်ကို အလွန်အထင်ကြီးလွန်းခဲ့ကြကြောင်း ၎င်းတို့ ခံစားကြရလိမ့်မည်ဖြစ်ပြီး ၎င်းတို့ အရှက်ရကြလိမ့်မည်။ စစ်မှန်သည့် ယုံကြည်ခြင်းရှိသောသူများသည် ဘုရားသခင် ပြောဆိုသည့် မည်သည့်အရာကိုမဆို သံသယတစ်ခုမျှမရှိဘဲ ယုံကြည်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့တွင် အတွေ့အကြုံတချို့ရှိ၍ ဘုရားနှုတ်ကပတ်တော်များအားလုံး ပြည့်စုံကာ ပြီးမြောက်သည်ကို မြင်သည့်အခါ ၎င်းတို့၏ ယုံကြည်ခြင်းက သာ၍ပင် အားကောင်းသွားလိမ့်မည်။ ဤလူစားမျိုးသည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို နားလည်သည့်၊ သမ္မာတရားကို ယုံကြည်ကာ လက်ခံသည့်၊ ယုံကြည်ခြင်း အမှန်တကယ် ရှိသည့် လူစားမျိုး ဖြစ်သည်။

၂၀၀၈ ခုနှစ်၊ နွေဦးရာသီ

အရှေ့သို့- ရိုးသားသောလူတစ်ဦးဖြစ်ခြင်း၏ အခြေခံအကျဆုံး လက်တွေ့လုပ်ဆောင်ချက်

နောက်တစ်ခုသို့- စစ်မှန်စွာနာခံခြင်းဖြင့်သာလျှင် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။