စစ်မှန်စွာ ကျိုးနွံနာခံခြင်းဖြင့်သာလျှင် စစ်မှန်သော ယုံကြည်မှု ရှိနိုင်သည်
ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်မှာ အဘယ်နည်း။ ဤသည်မှာ လက်တွေ့အကျဆုံးသော မေးခွန်းဖြစ်သည့်အပြင် ယုံကြည်သူတစ်ဦး နားလည်ရမည့် အခြေခံအကျဆုံး သမ္မာတရား ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ခံယူချက်တစ်မျိုး ဖြစ်သလော သို့မဟုတ် လူတစ်ဦး၏ ဘဝတွင် ဦးတည်ချက်နှင့် ရည်မှန်းချက်တစ်ခု ဖြစ်သလော။ သင်၏ စိတ်နှလုံးတွင် ယုံကြည်ခြင်း၏ အဆုံးစွန် ရည်ရွယ်ချက်မှာ အဘယ်နည်း။ အဘယ်ကြောင့် သင်သည် ဘုရားသခင်၌ ယုံကြည်ခြင်း ရှိလိုသနည်း။ ဆိုလိုသည်မှာ သင်၏ ယုံကြည်မှုသည် အဘယ်နည်း။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း၏ အခြေခံနှင့် အုတ်မြစ်သည် အဘယ်နည်း။ သင်၏ အရင်းခံအကြောင်းမှာ အဘယ်နည်း။ တစ်နည်းအားဖြင့် ဘုရားသခင်ကို ယုံကြည်ရာတွင် မည်သည့် ရည်ရွယ်ချက်နှင့် အကြောင်းပြချက် သင်၌ ရှိသနည်း။ ထိုအရာသည် နောက်ဆုံးတွင် အဘယ်အတွက်ဖြစ်သနည်း။ ဤသည်တို့မှာ လက်တွေ့အကျဆုံးသော မေးခွန်းများ ဖြစ်သည်။ လူတို့အနေဖြင့် ကောင်းချီးများ ရရှိခြင်းနှင့်ဆိုင်သည့် ရည်ရွယ်ချက်အတွက် ဘုရားသခင်ကို ယုံကြည်ကာ လက်ခံကြသည်ဟု သင်ဆိုနိုင်သည်။ လူတို့သည် မိမိတို့၏ မျှော်လင့်ချက်များ ပုံအားထားရသည့်၊ အတွေးနှင့် စိတ်ဝိညာဉ်နယ်ပယ်တွင် တောင့်တကာ လိုက်စားသည့် တစ်စုံတစ်ရာကို ရရှိရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ကြ၏။ ဤသည်မှာ ဘုရားသခင်၌ လူအားလုံး၏ ယုံကြည်ခြင်းနောက်ကွယ်ရှိ မူလရည်ရွယ်ချက် ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်ကို လူတို့ ယုံကြည်လာသည့်နောက် ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရား၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်ရှိ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအားလုံးနှင့် ထိတွေ့လာသည့်နောက်တွင် ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ အမြင်များ မရည်ရွယ်ဘဲ ပြောင်းလဲသွားပြီး သမ္မာတရားကို ၎င်းတို့ နားလည်မှုအချို့ ရရှိကြသည်။ ထိုအချိန်မှသာ ဘုရားသခင်၌ ယုံကြည်ခြင်းက ၎င်းတို့အား သမ္မာတရားကို ရရှိခွင့်ပေးကြောင်း၊ ယုံကြည်ခြင်းဆိုသည်မှာ အရေးအပါဆုံးသောအရာ ဖြစ်ကြောင်း၊ ယုံကြည်ခြင်းက လူတို့အား ကဏ္ဍများစွာတွင် ဧကန်အမှန် ပြောင်းလဲနိုင်ပြီး နောက်ဆုံးတွင် လူသား ဖောက်ပြန်ပျက်စီးခြင်း ပြဿနာကို ဖြေရှင်းပေးနိုင်ကြောင်း ၎င်းတို့ သဘောပေါက်ကြသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းရှိရန် အောက်ပါ မေးခွန်းများကို ဦးစွာ သင် နားလည်သဘောပေါက်ရမည်။ လူတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်ကြသနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်ရန် အရင်းခံအကြောင်းမှာ အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်ရာတွင် ကနဦး လိုအင်ဆန္ဒနှင့် ရည်မှန်းချက်မှာ အဘယ်နည်း။ ဤမေးခွန်းများကို သင် မည်မျှ တွေးတောစဉ်းစားပြီးပြီနည်း။ မှန်ကန်သည့် အဖြေများ ရှိပါသလော။ (ပထမဦးစွာ ကောင်းချီးများရရှိလိုသည့် ဆန္ဒဖြင့် ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ခဲ့ပါသည်။ ဘုရားနှုတ်ကပတ်တော်များမှ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအချို့ကို တွေ့ကြုံရချိန်တွင် ကောင်းချီးများကိုသာ ကျွန်ုပ် လိုက်စားခဲ့ကြောင်း၊ ကျွန်ုပ်တွင် အသိတရား သို့မဟုတ် အသိစိတ် အမှန်တကယ် မရှိခဲ့သကဲ့သို့ အလွန် တစ်ကိုယ်ကောင်းဆန်ခဲ့ကြောင်းတို့ကို ကျွန်ုပ် မြင်ခဲ့သည်။ ကျွန်ုပ်သည် စာတန်၏ အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်ကို ကျွန်ုပ် ခံစားခဲ့ရသောကြောင့် အသိတရားနှင့် အသိစိတ်ရှိသူတစ်ဦး၊ ဖန်ဆင်းခံတစ်ဦး၏ သင့်တင့်လျောက်ပတ်သော နေရာကို ရယူကာ ဘုရားနောက်လိုက်နိုင်မည့် တစ်စုံတစ်ဦး ဖြစ်ရန် တောင့်တခဲ့သည်။ လက်ရှိတွင် အသိပညာ ဤမျှလေးသာ ကျွန်ုပ် ပိုင်ဆိုင်ပါသည်။) လူတို့က ဘုရားသခင်ကို စတင်ယုံကြည်သည့်အခါ ကျေးဇူးတော်ကို အမြဲ ရရှိလိုကြသည်၊ ကောင်းချီးများနှင့် အကျိုးအမြတ်များ အမြဲ ရရှိလိုကြသည်၊ စိတ်ဝိညာဉ် သို့မဟုတ်ဇာတိပကတိ၏ အမျိုးမျိုးသော လိုချင်စိတ်များနှင့် လိုအင်ဆန္ဒများကို အမြဲ ဖြည့်ဆည်းလိုကြသည်။ ထိုသို့သော အရာများကို ၎င်းတို့ လိုက်စားခဲ့ကြသည့် ၎င်းတို့၏ ယုံကြည်ခြင်း အစကတည်းက များစွာ ၎င်းတို့ ဆင်းရဲဒုက္ခခံရပြီးဖြစ်ကာ ယခုတွင် ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ ဤအရားများအား ကျော်လွန်သည်ကို ၎င်းတို့ နားလည်ကြသည်။ ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အလွန် နက်နဲပြီး အလွန်လက်တွေ့ကျကာ ၎င်းတို့ ရရှိသည့် အကျိုးအမြတ်များမှာ စကားလုံးအနည်းငယ်ဖြင့် ပေါင်းရုံးသုံးသပ်ရန် အလွန်များလွန်း၏။ ဘုရားသခင်၌ လူတစ်ဦး၏ ယုံကြည်ခြင်းတွင် ထိုသူသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာများနှင့် အပြစ်တို့ကို ဦးစွာ ဖြေရှင်းရမည်ဖြစ်သည့်အပြင် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သိကျွမ်းခြင်းကို ရရှိရမည်။ ဤနည်းဖြင့်သာ အကြင်သူသည် ဘုရားသခင်ထံ လုံးဝ လှည့်ရန်အလို့ငှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှန်တကယ် ဖယ်ရှားပြီး စာတန်၏ စွမ်းအားမှ လွတ်မြောက်နိုင်ပေသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင်နောက်လိုက်ခြင်းတို့၏ ရည်ရွယ်ချက်မှာ ဘုရားသခင်ထံမှ သမ္မာတရားနှင့် အသက်ရရှိရန်၊ နောက်ဆုံးတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံကာ ကိုးကွယ်နိုင်သည့် လူတစ်ဦး ဖြစ်လာရန်ဖြစ်သည်။ ဤသည်မှာ ယုံကြည်ခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည်။ ယုံကြည်ခြင်းအပေါ် လူတို့၏ သိနားလည်မှုကို ကြည့်သည့်အခါ ၎င်းတို့၏ ယုံကြည်ခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ အမြင်များ၊ ရည်ရွယ်ချက်များနှင့် အရင်းခံအကြောင်းများသည် ကြီးမားသည့် ပြောင်းလဲမှုတစ်ခု ကြုံရပြီးဖြစ်သည်ကို တွေ့မြင်နိုင်သည်။ ဤပြောင်းလဲခြင်းကို မည်သည့်အရာက ဖြစ်စေခဲ့သနည်း။ (ထိုအရာမှာ ဘုရားသခင်၏ သမ္မာတရား ဖော်ပြချက်နှင့် လူတို့အပေါ် သူ လုပ်ဆောင်ပြီးဖြစ်သည့် အမှုအားလုံး၏ ရလဒ်ဖြစ်သည်။) ယင်းမှာ မှန်ကန်ပေသည်။ ဤအပြောင်းအလဲသည် အချိန်ကုန်လွန်ရုံမျှ ကုန်လွန်ခြင်း၏ ရလဒ်မဟုတ်သကဲ့သို့ တစ်ဦးတစ်ယောက်ကမျှ သင့်ပေါ် ချမှတ်ခြင်း မဟုတ်သည့်အပြင် သင့်စိတ်နှလုံး၏ ကောင်းမြတ်ခြင်းက သင့်ကို ပိုကောင်းမွန်သည့်၊ ပိုလူသားဆန်သည့် လူတစ်ဦးအဖြစ်သို့ ပြောင်းလဲစေရန် ကောင်းကင်ဘုံအား တို့ထခဲ့ခြင်းဖြစ်ရန် မဆိုထားနှင့်၊ ဘာသာရေး သွန်သင်မှု တစ်ခုတလေ၏ လွှမ်းမိုးမှု သို့မဟုတ် ကူးစက်ခြင်း ရလဒ်လည်း မဟုတ်ပေ။ ဤအရာအားလုံးမှာ လူသား အယူအဆများနှင့် စိတ်ကူးများ ဖြစ်သည်။ အမှန်တွင် ရရှိခဲ့သည့် လက်တွေ့အကျဆုံးသော အကျိုးအမြတ်မှာ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြခြင်းခံရလျက်၊ ဘုရားနှုတ်ကပတ်တော်များ၏ ရေလောင်းခြင်းနှင့် ထိန်းကျောင်းခြင်းတို့ ခံရလျက် လူတို့က သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သိနားလည်လာခြင်း၊ လူတို့ကြား မှောင်မိုက်မှုနှင့် ဆိုးယုတ်မှုတို့ကို ရှင်းလင်းစွာ မြင်နိုင်ပြီး ၎င်းတို့၏ စိတ်ကူးများနှင့် အမြင်များ ကြီးမားစွာ ပြောင်းလဲခြင်း ဖြစ်သည်။ ဤပြောင်းလဲမှုများကို မည်သည့်အရာက ဖြစ်စေခဲ့သနည်း။ ယင်းတို့မှာ ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကို ဖြည်းဖြည်းချင်းနှင့် တစ်စချင်း တွေ့ကြုံခြင်း၏ ရလဒ်ဖြစ်သည်။ သို့ဆိုလျှင် ဤအပြောင်းအလဲများတွင် မည်သည့်အရာများ ပါဝင်သနည်း။ ယုံကြည်ခြင်းနှင့်ဆိုင်သည့် အကြီးမားဆုံးသော ကိစ္စရပ်ဖြစ်သည့်၊ ကယ်တင်ခြင်းနှင့်ဆိုင်သည့် ကိစ္စရပ် ပါဝင်၏။ ဤသည်မှာ လူ၏ ယုံကြည်ခြင်း၏ အဆုံးစွန် အဓိပ္ပာယ်ဖြစ်သည်။ အမှန်တွင် လူတို့သည် ယုံကြည်ခြင်းအပေါ် များစွာ မတောင်းဆိုကြပေ။ ၎င်းတို့၏ ရည်မှန်းချက်မှာ ကျေးဇူးတော် ရရှိရန်နှင့် ငြိမ်သက်ခြင်း ရှာဖွေရန်သာ ဖြစ်သည်။ ထို့နောက်တွင် ဤအရာက လူဆိုးများထက် လူကောင်းများ ဖြစ်လိုသည့် လိုအင်ဆန္ဒတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခုကို ရရှိရန်သာ ၎င်းတို့ အလိုရှိကြလေသည်။ သို့ရာတွင် ဤတွင် အကြီးမားဆုံး မေးခွန်းရှိ၏။ ဘုရားသခင်သည် သူ၏ တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်းအပြင် သူ၏ လူကိုကယ်တင်ခြင်း အမှုတော်တွင် မည်သည့်အကျိုးကို အမှန်တကယ် စွမ်းဆောင်ရရှိလိုသနည်း။ ဤသည်မှာ လူတို့ သိနားလည်သင့်သည့်အရာ ဖြစ်သည်။ လူကို ကယ်တင်ရန်ဖြစ်သော ဘုရားသခင်၏ အမှုတော်တွင် ဤကယ်တင်ခြင်းကို ပြီးမြောက်ရန် မည်သည့်အရာကို သူ အသုံးပြုသနည်း။ သူသည် ၎င်းတို့အား အပြစ်နှင့် စာတန်၏ စွမ်းအားမှ လွတ်မြောက်စေလျက် သမ္မာတရားနှင့် သူ၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ သိနားလည်မှု၊ ထို့နောက် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများ၊ စစ်ဆေးခြင်းများနှင့်ဆိုင်သည့် ၎င်းတို့၏ အတွေ့အကြုံကို အသုံးပြုသည်။ အားလုံး အနှစ်ချုပ်လိုက်သည့်အခါတွင် လူတို့ ယုံကြည်ခြင်း၏ အဆုံးစွန် အဓိပ္ပာယ်မှာ အဘယ်နည်း။ ရိုးရှင်းစွာ ပြောရလျှင် ကယ်တင်ခံရရန်အလို့ငှာဖြစ်သည်။ ပြီးလျှင် ကယ်တင်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ငါသည် သင်တို့အားလုံးအား ထိုအရာကို အချိန်ယူစဉ်းစားပြီး ကယ်တင်ခံရရန်ဆိုသည်မှာ မည်သည့်အရာကို အမှန်တကယ် ဆိုလိုကြောင်း ငါ့ကိုပြောစေလိုသည်။ (ထိုအရာမှာ စာတန်၏ အမှောင် စွမ်းအားမှ ကျွန်ုပ်တို့ ရုန်းထွက်လွတ်မြောက်နိုင်ကြောင်း၊ ဘုရားသခင်ထံ လုံးဝ လှည့်နိုင်ပြီး နောက်ဆုံးတွင် ရှင်သန်နိုင်ကြောင်းကို ဆိုလိုပါသည်။) (စာတန်၏ အာဏာအောက်တွင် အသက်ရှင်ကြသည့် လူများသည် သေခြင်းနှင့်ထိုက်တန်သော်လည်း ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းအားဖြင့် ကယ်တင်ခံရသည့်လူများမှာ သေဆုံးလိမ့်မည် မဟုတ်ပါ။) ဤအရာကို သင်တို့အားလုံး သိနားလည်ပြီး အယူဝါဒအဆင့်ထိ ရှင်းပြနိုင်သော်လည်း ကယ်တင်ခံရခြင်းသည် မည်သည့်အရာ အမှန်တကယ် ဖြစ်သည်ကို သင်တို့ တကယ်ကို မသိကြပေ။ ကယ်တင်ခံရခြင်းဟူသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်း ဖြစ်သလော။ ကယ်တင်ခံရခြင်းဟူသည်မှာ မလိမ်ညာခြင်း၊ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့် ဘုရားသခင်ကို ပုန်ကန်ခြင်းကို ရပ်တန့်ခြင်းအား ဆိုလိုသလော။ လူများသည် ကယ်တင်ခြင်းခံရပြီးသည့်နောက်တွင် မည်သည့်အရာနှင့် တူကြသနည်း။ ရိုးရှင်းသည့် ဝေါဟာရအနေဖြင့် ကယ်တင်ခံရခြင်းဟူသည်မှာ သင် ဆက်လက် အသက်ရှင်နိုင်လိမ့်မည် ဖြစ်ကြောင်း၊ အသက်ရှင်ခြင်းသို့ ပြန်လည်ပို့ဆောင်ခြင်းခံရပြီးဖြစ်ကြောင်း ဆိုလိုပေသည်။ သင်သည် တစ်ချိန်က အပြစ်တွင် အသက်ရှင်နေခဲ့ပြီး သေခြင်းကို ဦးတည်နေခဲ့သည်။ ဘုရားသခင် မြင်သည့်အတိုင်းဆိုလျှင် သင်သည် သေလူတစ်ဦး ဖြစ်ခဲ့သည်။ ဤအရာကို ပြောရခြင်း၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ လူတို့သည် ကယ်တင်ခြင်းမခံရမီ မည်သူ၏အာဏာအောက်တွင် ရှိကြသနည်း။ (စာတန်၏ အာဏာအောက်တွင် ရှိကြသည်။) ပြီးလျှင် လူတို့သည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်ရန်အတွက် မည်သည့်အရာအပေါ် အမှီပြုကြသနည်း။ သူတို့သည် အသက်ရှင်ရန်အတွက် သူတို့၏ စာတန်ဆန်သော သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် အမှီပြုကြသည်။ သို့ဆိုလျှင် သူတို့၏ ဖြစ်ခြင်းတစ်ခုလုံးဖြစ်သည့် သူတို့၏ ဇာတိပကတိ၊ သူတို့၏ စိတ်ဝိညာဉ်နှင့် သူတို့၏ အတွေးစိတ်ကူးကဲ့သို့သော သူတို့၏ အခြားကဏ္ဍများအားလုံးများသည် အရှင်လော၊ သို့မဟုတ် အသေလော။ ဘုရားသခင်၏ ရှုထောင့်တွင် ၎င်းတို့မှာ အသေဖြစ်ကြသည်။ ၎င်းတို့သည် လမ်းလျှောက်နေသော အလောင်းကောင်များဖြစ်ကြသည်။ အပေါ်ယံတွင် သင်သည် အသက်ရှုနေပုံနှင့် စဉ်းစားနေပုံရသော်လည်း သင် အဆက်မပြတ် တွေးနေသောအရာတိုင်းမှာ မကောင်းမှုအကြောင်းပင် ဖြစ်၏၊ ဘုရားသခင်ကို အာခံသောအရာများနှင့် ဘုရားသခင်ကို ပုန်ကန်သောအရာများဖြစ်ကာ သင်၏အတွေးများအားလုံးသည် ဘုရားသခင် စက်ဆုပ်သော၊ မုန်းတီးပြီးရှုတ်ချသော အရာများအကြောင်း ဖြစ်၏။ ဘုရားသခင်၏အမြင်တွင် ဤအရာအားလုံးသည် ဇာတိပကတိနှင့်မသက်ဆိုင်သည်သာမက စာတန်နှင့် နတ်ဆိုးများနှင့်လည်း လုံးလုံးလျားလျား သက်ဆိုင်၏။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လူသားပင် ဟုတ်သလော။ မဟုတ်ပါ၊ သားရဲတိရစ္ဆာန်များ၊ နတ်ဆိုးများနှင့် စာတန်များဖြစ်သည်။ ၎င်းတို့သည် သက်ရှိ စာတန်များဖြစ်သည်။ လူအားလုံးသည် စာတန်၏ သဘာဝနှင့် ၎င်း၏ စိတ်သဘောထားဖြင့် အသက်ရှင်ကြပြီး ဘုရားသခင် မြင်သည့်အတိုင်းဆိုလျှင် ၎င်းတို့သည် အသက်ရှင်ပြီး လူသား ဇာတိပကတိ ဝတ်ဆင်ထားသည့်စာတန်များ၊ လူသား အရေခွံဖြင့် နတ်ဆိုးများ ဖြစ်ကြသည်။ ဘုရားသခင်သည် ထိုသို့သော လူများကို လမ်းလျှောက်နေသည့် အလောင်းကောင်များ၊ လူသေများအဖြစ် သရုပ်ဖော်သည်။ ဘုရားသခင်သည် ယခုတွင် ကယ်တင်ခြင်းအမှုကို ပြုနေသည်၊ ဆိုလိုသည်မှာ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ၎င်း၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရအားဖြင့် အသက်ရှင်သည့် လမ်းလျှောက်နေသော အလောင်းကောင်များ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရဖြစ်သည့် လူသေများကို ယူကာ အသက်ရှင်သော လူများအဖြစ်သို့ ပြောင်းလဲစေလိမ့်မည်ဟု ဆိုလိုသည်။ ယင်းမှာ ကယ်တင်ခံရခြင်း၏ အဓိပ္ပာယ်ဖြစ်၏။ အကြင်သူသည် ကယ်တင်ခံရရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်သည်။ ကယ်တင်ခြင်းခံရရန်ဟူသည်မှာ အဘယ်နည်း။ အကြင်သူသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိသည့်အခါ အသက်ရှင်ခြင်းသို့ ရောက်လာသည့် လူသေ ဖြစ်သည်။ တစ်ချိန်က ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ခဲ့ကြကာ သေဆုံးရန် သတ်မှတ်ခြင်းခံခဲ့ရသော်လည်း ယခုတွင် ဘုရားသခင်နှင့် သက်ဆိုင်သည့် လူများအဖြစ် အသက်ရှင်လာကြပြီဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပါက သူ့ကို သိရှိနိုင်ပြီး ဘုရားသခင်ကို ယုံကြည်ကာ ဘုရားနောက်သို့လိုက်ကြသည့်အခါ ကိုးကွယ်ခြင်းဖြင့် သူ့ကို ဦးညွှတ်နိုင်ကြလျှင်၊ မိမိတို့ စိတ်နှလုံးများတွင် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်းတို့ နောက်ထပ်မရှိသကဲ့သို့ သူ့ကို အတိုက်အခံလုပ်ခြင်း၊ သို့မဟုတ် တိုက်ခိုက်ခြင်း မရှိတော့ဘဲ အမှန်တကယ် ကျိုးနွံနာခံနိုင်လျှင် ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် စစ်မှန်သော အသက်ရှင်သည့်လူများ ဖြစ်သည်။ ဘုရားသခင်ကို စကားဖြင့် အသိအမှတ်ပြုရုံမျှ ပြုသောသူသည် အသက်ရှင်သော လူတစ်ဦး ဟုတ်ပါသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့် လူစားမျိုးသည် အသက်ရှင်သော လူတစ်ဦး ဖြစ်သနည်း။ အသက်ရှင်သော လူတို့၏ လက်တွေ့အရှိတရားများမှာ အဘယ်နည်း။ အသက်ရှင်သော လူများသည် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ သင်တို့၏ အယူအဆများကို ငါ့ကို ပြောလော့။ (သမ္မာတရားကို လက်ခံသောလူတို့သည် အသက်ရှင်သော လူများဖြစ်သည်။ လူတို့၏ အတွေးအခေါ်ဆိုင်ရာ အမြင်များ၊ အမှုအရာများနှင့် စပ်လျဉ်းသော အမြင်များသည် ပြောင်းလဲပြီး ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီသည့်အခါ သူတို့သည် အသက်ရှင်သော လူများဖြစ်ကြပါသည်။) (အသက်ရှင်သော လူများမှာ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်သောသူများ ဖြစ်ပါသည်။) (ယောဘကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သော လူတစ်ဦးသည် အသက်ရှင်သော လူတစ်ဦး ဖြစ်သည်။) (ဘုရားသခင်ကို သိသောလူများ၊ ဘုရားနှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နိုင်ပြီး သမ္မာတရား စစ်မှန်မှုကို အသက်ရှင်နေထိုင်နိုင်သော လူများဖြစ်သည်။ ထိုသူများသည် အသက်ရှင်သောလူများဖြစ်သည်။) သင်တို့အားလုံးက သရုပ်သကန်တစ်မျိုးကို ပြောဆိုကြလေပြီ။ တစ်စုံတစ်ဦးအနေဖြင့် နောက်ဆုံးတွင် ကယ်တင်ခံရပြီး အသက်ရှင်သော လူတစ်ဦးဖြစ်လာရန်အတွက် ၎င်းသည် အနည်းဆုံးအနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို အလေးဂရုပြုနိုင်ရမည်ဖြစ်ပြီး အသိတရားနှင့် အသိစိတ်ရှိသည့် စကားများကို ပြောနိုင်ရမည်ဖြစ်ကာ ၎င်းအနေဖြင့် စဉ်းစားဉာဏ်ရှိပြီး မြော်မြင်တတ်ရမည်၊ သမ္မာတရားကို နားလည်နိုင်ကာ လက်တွေ့လုပ်ဆောင်နိုင်ရမည်၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကာ ကိုးကွယ်နိုင်ရမည်ဖြစ်သည်။ ယင်းမှာ စစ်မှန်သည့် အသက်ရှင်သော လူတစ်ဦးဖြစ်သည့်အရာ ဖြစ်သည်။ အသက်ရှင်သော လူများသည် မည်သည့်အရာကို မကြာခဏ စဉ်းစား လုပ်ဆောင်ကြသနည်း။ ပုံမှန်လူများ လုပ်ဆောင်သင့်သည့်အရာ အနည်းငယ်ကို ၎င်းတို့ လုပ်ဆောင်နိုင်ကြသည်။ အဓိကအားဖြင့် ၎င်းတို့သည် မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်ကြပြီး ၎င်းတို့ စဉ်းစားပြီး ထုတ်ဖော်သည့်အရာတွင်၊ ပုံမှန်အရ ၎င်းတို့ ပြောဆိုကာ လုပ်ဆောင်သည့်အရာတွင် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ကြသည်။ ယင်းမှာ ၎င်းတို့ မကြာခဏ စဉ်းစားပြီး လုပ်ဆောင်သည့်အရာ၏ သဘာဝ ဖြစ်သည်။ အနည်းငယ် သာ၍ တိကျစွာပြောဆိုရလျှင် ၎င်းတို့ ပြောဆိုလုပ်ဆောင်သည့်အရာအများစုသည် သမ္မာတရားနှင့် အနည်းဆုံးအနေဖြင့် ကိုက်ညီသည်။ ဘုရားသခင်၏ ရှုတ်ချခြင်း၊ သို့မဟုတ် ပစ်ပစ်ခါခါငြင်းခြင်းကို မခံရဘဲ သူ၏ လက်ခံခြင်းနှင့် အသိအမှတ်ပြုခြင်း ခံရသည်။ ဤသည်မှာ အသက်ရှင်သော လူများ လုပ်ဆောင်သည့်အရာဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သင်၏ နှုတ်ဖြင့် အသိအမှတ်ပြုကာ သင်၏ စိတ်နှလုံးတွင် ယုံကြည်ရုံမျှယုံကြည်ပါက ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ကယ်တင်ခြင်းကို သင် ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) အဘယ်ကြောင့် သင် မရရှိနိုင်သနည်း။ လူအချို့က “ဘုရားသခင် တစ်ပါးရှိသည်ကို ကျွန်ုပ် ယုံကြည်ပါသည်”၊ “အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျွန်ုပ် ယုံကြည်ပါသည်”၊ “ကျွန်ုပ်နှင့် ပတ်သက်သည့် အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင်ရှိကြောင်း၊ ကျွန်ုပ်ဘဝ၏ ကဏ္ဍအများစုအတွက်ဘုရားသခင်၏ ဦးဆောင်လမ်းပြခြင်းကို ကျွန်ုပ် ခံရပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်သည် ထိုနည်းတူ ကျွန်ုပ်၏ အနာဂတ်လမ်းကြောင်းပေါ် ကျွန်ုပ်ကို ဦးဆောင်လမ်းပြနိုင်ကြောင်းတို့ကို ကျွန်ုပ် ယုံကြည်ပါသည်” ဆိုသည်နှင့် “ဘုရားသခင်က ကျွန်ုပ်၏ ကံကြမ္မာကို ပြောင်းလဲနိုင်ကြောင်း ကျွန်ုပ် ယုံကြည်ပါသည်”ဟု ပြောကြသည်။ ထိုသို့သော “ယုံကြည်ခြင်း” ရှိခြင်းသည် ၎င်းတို့ ကယ်တင်ခံရသည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) သို့ဆိုလျှင် မည်သည့် ယုံကြည်ခြင်းမျိုးက လူတို့ အမှန်တကယ် ကယ်တင်ခံရသည်ဟု ဆိုလိုသနည်း။ (သူတို့အား ယောဘကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ခွင့်ပေးသည့် ယုံကြည်ခြင်းမျိုးဖြစ်ပါသည်။) လူတို့သည် ထိုသို့သော စစ်မှန်သည့် ယုံကြည်ခြင်းကို မည်သို့ ပိုင်ဆိုင်လာနိုင်သနည်း။ နှုတ်ဖြင့် အသိအမှတ်ပြုခြင်းနှင့် ၎င်းတို့၏ စိတ်နှလုံးများတွင် ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။ ဤကဲ့သို့သော ယုံကြည်မှုမျိုးသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် စိတ်နှလုံးတစ်ခု ဖြစ်စေနိုင်သလော။ ဤကဲ့သို့ ယုံကြည်ခြင်းသည် လူများအနေဖြင့် ဘုရားအပေါ် သိကျွမ်းခြင်း ရှိသည်ဟု ဆိုလိုသလော။ ထိုအရာက လူတို့အား ဘုရားသခင်ကို ကျိုးနွံနာခံခြင်း စွမ်းဆောင်ရရှိခွင့်ပေးနိုင်သလော။ ထိုအရာက ကယ်တင်ခြင်းကို စွမ်းဆောင်ရရှိနိုင်သလော။ ဤတွင် အခြားမည်သည့်အရာ ရှိနေသေးသနည်း။ ဤမေးခွန်းများကို တွေးဆကာ သိနားလည်ရမည် ဖြစ်သည်။
ယုံကြည်လက်ခံမှု၊ ခံယူချက်နှင့် စစ်မှန်သော ယုံကြည်ခြင်းတို့ကြားတွင် ကွာခြားမှုတစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ကွာခြားမှုများ မုချရှိပြီး တိကျသည့် ကွာခြားမှုများက မည်သည့်အရာဖြစ်သည်ကို သင် သဘောပေါက်ရမည်။ ဤအရာများကို သင် မခွဲခြားနိုင်ပါက သင့်ထံတွင် မရေရာသည့် ယုံကြည်မှု သို့မဟုတ် ခံယူချက်သာရှိချိန်တွင် ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်ခြင်းရှိသည်ဟု သင် ခံစားကောင်းခံစားမိနိုင်သည်။ မရေရာသည့် ခံယူချက်သည် ဘုရားသခင်၌ သင်၏ စစ်မှန်သော ယုံကြည်ခြင်းအတွက် အဘယ်သို့ အစားထိုးပေးနိုင်မည်နည်း။ အမှန်တွင် စစ်မှန်သည့် ကိုးစားမှုရှိခြင်းအစား သင်၏ ကိုယ်ပိုင် ခံယူချက်များနှင့် ယုံကြည်လက်ခံမှုများကို သူ့နေရာတွင်သူ သင် ထားရှိသင့်သည်။ သင်၏ ဘုရားသခင်၌ ယုံကြည်ခြင်းသည် ယုံကြည်လက်ခံမှုတစ်ခု၊ သို့မဟုတ် ခံယူချက်တစ်ခုထက် ဘာမျှမပိုပါက သင်သည် မည်သည့်အခါတွင်မျှ ဘုရားသခင်ရှေ့မှောက်သို့ မလာနိုင်သကဲ့သို့ သင်၏ ယုံကြည်ခြင်းကဲ့သို့သော ယုံကြည်ခြင်းမျိုးကို ဘုရားသခင်က လက်မခံပေ။ ယုံကြည်လက်ခံမှု၊ ခံယူချက်နှင့် စစ်မှန်သည့် ယုံကြည်ခြင်းတို့ကြား ခြားနားချက်များမှာ အဘယ်နည်း။ ယုံကြည်လက်ခံမှုနှင့် ခံယူချက်တို့ကို ရှင်းရှင်းလင်းလင်း ရှင်းပြရန် မလွယ်ပေ၊ ထို့ကြောင့် စစ်မှန်သည့် ယုံကြည်ခြင်းအကြောင်းကို ဦးစွာပထမ ပြောဆိုကြစို့။ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းဟူသည်မှာ အဘယ်နည်း။ (အဖြစ်အပျက်အားလုံးနှင့် အရာခပ်သိမ်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင်ရှိသည်ဟု ယုံကြည်ခြင်းဖြစ်သည်။) ဤသည်မှာ စစ်မှန်သော ယုံကြည်ခြင်းလော၊ သို့မဟုတ် ယုံကြည်လက်ခံမှုတစ်ခုလော။ (ယုံကြည်လက်ခံမှုတစ်ခု ဖြစ်ပါသည်။) (စစ်မှန်သော ယုံကြည်ခြင်းကို ဘုရားသခင်ကို သိသည့်အသိနှင့်ဆိုင်သော အခြေခံအုတ်မြစ်တစ်ခုပေါ်တွင် ထူထောင်ထားခြင်းဖြစ်သည်။ လူတို့က ဘုရားသခင်ကို သိရှိသည့်အခါတွင်သာ စစ်မှန်သော ယုံကြည်ခြင်း ပိုင်ဆိုင်နိုင်ကြသည်။) ဤသိနားလည်မှုသည် မဖြစ်စလောက်သာ မှန်ကန်သည်။ လူတို့သည် စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ပိုင်ဆိုင်လာနိုင်သနည်း။ စစ်မှန်သော ယုံကြည်ခြင်း၏ သရုပ်သကန်များမှာ အဘယ်နည်း။ လူတို့တွင် စစ်မှန်သော ယုံကြည်ခြင်းရှိပါက ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့ အထင်လွဲပြီး မကျေမနပ် ဖြစ်ကြလိမ့်မည်လော။ ဘုရားသခင်ကို ဆန့်ကျင်မှုတစ်ခုတလေ ပြုကြလိမ့်မည်လော။ (ပြုကြမည်မဟုတ်ပါ။) လူတို့တွင် စစ်မှန်သည့် ယုံကြည်ခြင်းရှိပါက ဘုရားသခင်ကို ပုန်ကန်ကြလိမ့်မည်လော။ လူတို့သည် မိမိတို့ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအရ ကောင်းသောအရာ လုပ်ဆောင်ကာ လူကောင်းများဖြစ်ရန် ကြိုးစားကြချိန်တွင် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ကြသလော။ (မကျေနပ်စေနိုင်ကြပါ။) ယုံကြည်မှု၊ ခံယူချက်နှင့် စစ်မှန်သော ယုံကြည်ခြင်းတို့နှင့်ဆိုင်သည့် ဤအယူအဆသုံးခုကို ဘေးဖယ်ထားရင်း ကိစ္စရပ်တစ်ခုကို ဦးစွာပထမ မိတ်သဟာယပြုကြစို့။ ပေတရုသည် ကယ်တင်ခြင်းခံရကာ စုံလင်အောင်ပြုခြင်းမခံရမီတွင် မည်သည့်အရာကို လူသိထင်ရှား လုပ်ဆောင်ခဲ့သနည်း။ (သခင်ဘုရားကို သုံးကြိမ် ငြင်းပယ်ခဲ့ပါသည်။) သခင်ဘုရားကို သုံးကြိမ်မငြင်းပယ်မီ အခြားမည်သည့်အရာကို ပေတရု လုပ်ဆောင်ခဲ့သနည်း။ သခင်ယေရှုက သူ ကားစင်တင်သတ်ခံရမည် ဖြစ်ကြောင်း ပြောသည့်အခါ ပေတရုက မည်သည့်အရာ ပြောခဲ့သနည်း။ (“သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ” (ရှင်မဿဲခရစ်ဝင် ၁၆:၂၂)) ပေတရုအား ဤအရာကို ပြောဆိုစေခဲ့သည်မှာ စစ်မှန်သော ယုံကြည်ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ လူ၏ စေတနာများဖြစ်ပြီး ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်းတစ်ခု ဖြစ်ခဲ့သည်။ ဤစေတနာမျိုးကို ပေတရုက မည်သည့်အရာတွင် ရရှိခဲ့သနည်း။ (လူသား အလိုဆန္ဒမှ ရရှိပါသည်။) သူသည် ထိုသို့သော လူသားအလိုဆန္ဒကို အဘယ်ကြောင့် လက်သင့်ခံခဲ့သနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သူ နားမလည်ခဲ့ပေ။ သခင်ယေရှု၏ အမှုတော်က မည်သည့်အရာ ဖြစ်သည်ကို သူ နားမလည်ခဲ့သကဲ့သို့ သခင်ယေရှုအပေါ် စစ်မှန်သည့် သိနားလည်မှု မရှိခဲ့ပေ။ သူသည် သခင့်ကို လေးစားကြည်ညိုမှုကြောင့်မျှဖြင့် သူ့နောက်လိုက်ခဲ့ခြင်း ဖြစ်သည်။ သူသည် သခင့်ကို သူ၏ စိတ်နှလုံးတွင် ကိုးကွယ်ခဲ့သောကြောင့် သခင့်ကို ချစ်ခင်ကာ ကာကွယ်ပေးချင်ခဲ့သည်။ သူက “ဤအရာသည် ကိုယ်တော့်အပေါ် မည်သည့်အခါတွင်မျှ မကျရောက်ရပါ။ ထိုဝေဒနာကို ကိုယ်တော် ခံစား၍မဖြစ်ပါ။ ဆင်းရဲဒုက္ခကို လိုအပ်လျှင် ကျွန်ုပ် ဆင်းရဲဒုက္ခခံမည်။ ကိုယ်တော်၏ နေရာတွင် ကျွန်ုပ် ဆင်းရဲဒုက္ခခံပါမည်”ဟု တွေးခဲ့သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သူ မသိခဲ့သကဲ့သို့ သူသည် လူသားအလိုဆန္ဒမှလာသည့် စေတနာနှင့်ဆိုင်သောအရာ တစ်စုံတစ်ခုရှိခဲ့ပြီး အမှုအရာကို မဖြစ်အောင် တားဆီးချင်ခဲ့သည်။ ထို့ကြောင့် သူ့အား မည်သည့်အရာက ဤသို့ ပြုမူဆောင်ရွက်စေခဲ့သနည်း။ တစ်နည်းအားဖြင့် တစ်ဇောက်ကန်းလုပ်ခြင်း၊ လူသားအလိုဆန္ဒနှင့် နားလည်ရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်သည်။ နောက်တစ်နည်းအားဖြင့် ဘုရားသခင်၏ အမှုတော်ကို သူ နားမလည်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ သူသည် စစ်မှန်သည့် ယုံကြည်ကိုးစားမှုဖြင့် ဤအရာကို လုပ်ဆောင်ခဲ့သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သူသည် အဘယ်ကြောင့် ထိုသို့သော စေတနာများ ရှိလာခဲ့သနည်း။ ထိုသို့သော စေတနာများသည် သမ္မာတရားနှင့် ကိုက်ညီပါသလော။ ကောင်းသော လုပ်ဆောင်ချက်များ ပါဝင်သလော။ သူသည် ကောင်းမွန်စွာ လုပ်ဆောင်ရန် ကြိုးစားပြီး စေတနာများနှင့် စစ်မှန်ရိုးသားမှုဖြင့် ပြုမူဆောင်ရွက်ခဲ့သော်လည်း သူ၏ လုပ်ရပ်များ၏ သဘာဝမှာ အဘယ်နည်း။ ထိုအရာများသည် စစ်မှန်သော ယုံကြည်ခြင်းကြောင့် ဖြစ်ပေါ်သည့် အပြုအမူများနှင့် လုပ်ရပ်များ ဖြစ်သလော။ (မဟုတ်ပါ။) ယခုတွင် ရှင်းပေသည်၊ အဖြေမှာ လုံးဝ မဟုတ်ပေ။ ထို့ကြောင့် ဤသည်မှာ ယုံကြည်မှုတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) ယုံကြည်မှုက မည်သည့်အရာဖြစ်သည်ကို ပြောဆိုရန် ဤအရာကို အသုံးပြုကြစို့။ ယုံကြည်မှုသည် လူသား အယူအဆများ၊ စိတ်ကူးများနှင့် အနီးကပ်ဆုံး ကိုက်ညီသော ကောင်းမွန်သည့် တောင့်တမှုနှင့် ကောင်းမွန်သည့် လိုအင်ဆန္ဒတစ်မျိုး ဖြစ်သည်။ ထိုအရာမှာ လူသားမျိုးနွယ်က ကောင်းမွန်၊ မှန်ကန်ပြီး အပြုသဘောဆောင်သည့် အရာအဖြစ် ယေဘုယျအားဖြင့် ယူဆကြသည့် တစ်စုံတစ်ရာ ဖြစ်သည်။ လူသား အယူအဆများ၊ ခံယူချက်များနှင့် လုံးဝ ကိုက်ညီသည့် အတွေးကောင်းတစ်မျိုး၊ စိတ်ကူးကောင်းတစ်မျိုး၊ အလေ့အကျင့်ကောင်းနှင့် ကောင်းမွန်သည့် စိတ်လှုံ့ဆော်မှုတစ်မျိုး ဖြစ်သည်။ ထိုအရာမှာ လူသားများ တောင့်တသည့်အရာဖြစ်သည်။ ဤသည်မှာ ယုံကြည်လက်ခံမှု ဖြစ်၏။ ယုံကြည်လက်ခံမှုသည် စစ်မှန်သော ယုံကြည်ခြင်း မဟုတ်။ လူသား အလိုဆန္ဒမှ လုံးဝ လာပြီး ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများနှင့် မကိုက်ညီသောကြောင့်၊ ယုံကြည်လက်ခံမှုသည် စစ်မှန်သည့် ယုံကြည်ကိုးစားခြင်း မဟုတ်ပေ။ ပေတရုသည် ဧကန်အမှန် လူကောင်းတစ်ဦးဖြစ်ခဲ့သည်။ သူသည် ကောင်းမွန်သည့် လူ့သဘာဝတစ်ခု ပိုင်ဆိုင်ခဲ့ပြီး ရိုးရှင်းသည်၊ ရိုးသားသည်၊ သူ၏ လိုက်စားမှုတွင် စိတ်ပြင်းပြပြီး စိတ်အားထက်သန်ခဲ့သည်။ သူ၏ စိတ်နှလုံးတွင် သူသည် သခင်ယေရှု၏ ပင်ကိုလက္ခဏာကို သံသယများ မထားရှိခဲ့ပေ။ ထို့ကြောင့် သူသည် စိတ်ရင်းအမှန်ဖြင့် ဤစကားများကို မြွက်ဆိုနိုင်ခဲ့သည်။ “သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ” ဟူ၍ ဖြစ်သည်။ ထိုသို့သော အရာတစ်ခုကို သူ ပြောဆိုနိုင်ခဲ့ခြင်းက သူ၏ လူ့သဘာဝနှင့် တည်ကြည်မှုကို ပြသပေသည်။ ဤသည်မှာ လိုအင်ဆန္ဒတစ်မျိုး၊ စေတနာတစ်မျိုးဖြစ်ပြီး ယုံကြည်လက်ခံမှုတစ်မျိုးမှ ဖြစ်ပေါ်သည့် အပြုအမူ၊ အလေ့အကျင့်နှင့် ပြသမှုတစ်မျိုး ဖြစ်သော်လည်း ပေတရုတွင် ကြင်နာတတ်သော လူ့သဘာဝတစ်ခုရှိသည်ကို ငါတို့ မြင်နိုင်သည်။ သူသည် အပြုသဘောဆောင်ပြီး မှန်ကန်သည့် ယုံကြည်မှုများ ကိုင်စွဲခဲ့သော်လည်း ကံအကြောင်းမလှစွာပင် ဝိညာဉ်ရင့်ကျက်မှု သေးငယ်လွန်းသောကြောင့်၊ ဘုရားသခင်အကြောင်း သိရှိသည်မှာ အလွန်နည်းပါးခဲ့သောကြောင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို မသိခဲ့သောကြောင့်၊ ဘုရားသခင်က လုပ်ဆောင်ရန် ရည်ရွယ်ခဲ့သည့် အမှုကို မသိခဲ့သကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားမလည်ခဲ့သောကြောင့် လူသား အလိုဆန္ဒပေါ် လုံးဝ အခြေခံသည့် မိုက်မဲသော အရာတစ်ခုကို သူ လုပ်ဆောင်ခဲ့ပြီး ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခဲ့သည်။ ထိုအရာမှာ ယုံကြည်လက်ခံမှုက ဖြစ်စေခဲ့သည့် လူသား လုပ်ရပ်တစ်ခုဖြစ်ပြီး သိသိသာသာပင် စစ်မှန်သည့် ယုံကြည်ခြင်း မဟုတ်ခဲ့ပေ။ တစ်စုံတစ်ဦးသည် ကောင်းမွန်သည့် အပြုအမူများကို ဖြစ်ပေါ်စေပြီး ၎င်းတို့အား စေတနာအချို့ရှိစေသည့် ထိုသို့သော ယုံကြည်လက်ခံမှုများကို ကိုင်စွဲပါက ၎င်းတို့ လုပ်ဆောင်သည့်အရာများကို ဘုရားသခင် သတိရအာက်မေ့လိမ့်မည်လော။ ဤအရာများကို ဘုရားသခင် မအောက်မေ့သောကြောင့် ထိုအရာများကို အချည်းနှီး လုပ်ဆောင်ထားခြင်း ဖြစ်ပေသည်။ ထိုအစား ဘုရားသခင်က “အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့” (ရှင်မဿဲခရစ်ဝင် ၁၆:၂၃) ဟူ၍ ပြောဆိုခဲ့သည်။ ဤအရာကို အချိန်ယူ တွေးဆလော့။ လူတို့က အလွန်စာနာခြင်းမရှိဟု မြင်သည့် စကားများကို သခင်ယေရှုက အဘယ်ကြောင့် ပြောဆိုခဲ့သနည်း။ ပေတရု၏ ကောင်းမွန်သောရည်ရွယ်ချက်များကို မြင်သည့်အခါ သခင်ယေရှုက အဘယ်ကြောင့် နားလည်မှု မပြခဲ့သနည်း။ ဤကိစ္စရပ်အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ပေတရု၏ ဤကောင်းမွန်သောရည်ရွယ်ချက်ကို ဘုရားသခင်က အသိအမှတ်ပြုခဲ့သလော။ (အသိအမှတ်မပြုခဲ့ပါ။) ဘုရားသခင်သည် ပေတရု၏ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခဲ့ပြီး သူ့ထံတွင် မကောင်းသည့် ရည်ရွယ်ချက်များ မရှိသည်ကို မြင်ခဲ့သောကြောင့်၊ ဤကိစ္စရပ်၏ အနှစ်သာရကို ဘုရားသခင် ဖော်ထုတ်ရန် မလိုအပ်ခဲ့ပေ။ ယင်းမှာ အဆင်ပြေပါသလော။ (အဆင်မပြေပါ။) အဘယ်ကြောင့်နည်း။ လူတို့၏ ကောင်းမွန်သော ရည်ရွယ်ချက်များ၊ လူတို့၏ ယုံကြည်ံမှုများနှင့် လူတို့က ကောင်းမွန်သည်ဟု တွေးထင်သော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီသည့်အရာများကို ဘုရားသခင်က အဘယ်သို့ ထင်မြင်သနည်း။ ထိုသို့သောအရာများသည် စာတန်ထံမှလာပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းတစ်ခုဖြစ်သည်ဟု ဘုရားသခင်က ပြော၏။ ဤသည်မှာ ဘုရားသခင် ယုံကြည်သည့်အရာ ဖြစ်သည်။ ထိုသို့သော အတွေးသည် လူသား တွေးခေါ်ပုံနှင့် ဆန့်ကျင်သလော။ (ဆန့်ကျင်ပါသည်။) လူ၏ ချစ်ခင်တွယ်တာမှုကြောင့် ပြုမူဆောင်ရွက်သည့်အခါ သာမန်လူတစ်ဦးသည် ပေတရုကို တုံ့ပြန်သည့်အနေဖြင့် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးတွင် “ပေတရု၏ ရည်ရွယ်ချက်များက ကောင်းမွန်ပြီး ကိုယ်တော့်ကို သူ ကာကွယ်ပေးချင်သည်။ ပေတရုကို ဤပုံစံဖြင့် ဆက်ဆံခြင်းသည် မငဲ့ကွက်ရာကျသည်”ဟု တွေးလျက် ပေတရုအား သိက္ခာဆယ်ခွင့်ပေးကြမည်ဖြစ်ပြီး လူးသာလွန့်သာ အခြေအနေ ပေးကြလိမ့်မည်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ လုပ်ရပ်များက လူသားအယူအဆများနှင့် မကိုက်ညီပေ။ ဘုရားသခင် ပြောဆိုခဲ့သည့် စကားများ၏ သဘာဝမှာ အဘယ်နည်း။ တစ်နည်းအားဖြင့် ထိုစကားများသည် ဖော်ထုတ်ခြင်းတစ်ခုဖြစ်သည်၊ နောက်တစ်နည်းအားဖြင့် ထိုစကားများသည် ရှုတ်ချခြင်းတစ်ခုဖြစ်ပြီး တတိယအနေဖြင့် တရားစီရင်ခြင်းတစ်ခု ဖြစ်သည်။ ဤစကားများကို ကြားရသည့်အခါ ပေတရုက မည်သို့ခံစားခဲ့ရသနည်း။ သူသည် ပြစ်တင်ဆုံးမခြင်းခံခဲ့ရပြီး ဓါးတစ်စင်းက သူ၏ နှလုံးကို ထိုးမွှေသည့်အလား ဖြစ်ခဲ့သည်။ သူသည် အလွန် ယူကျုံးမရဖြစ်ပြီး “အို ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ် စိတ်ရင်းအမှန်ဖြင့် ချစ်ပါသည်။ ကိုယ်တော်ကို ကျွန်ုပ် အလွန်ယုံကြည်သည်၊ အလွန် ချစ်ခင်ပြီး အလွန် ကာကွယ်ပေးချင်ပါသည်။ သို့သော် အဘယ်ကြောင့် ကိုယ်တော်က ကျွန်ုပ်ကို ဤသို့ဆက်ဆံပါသနည်း။ ကျွန်ုပ် စာတန်ဖြစ်သည်ဟု ကိုယ်တော် ပြောပြီး နောက်သို့ဆုတ်ရန် အမိန့်ပေးသည်။ ကျွန်ုပ် စာတန်ဖြစ်ပါသလော။ ကျွန်ုပ်သည် ကိုယ်တော့်နောက်သို့ စိတ်ရင်းအမှန်ဖြင့် လိုက်သည့် လူတစ်ဦး မဟုတ်ပါလော။ ဤသို့ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်ကို အဘယ်ကြောင့် စာတန်အဖြစ် မြင်နိုင်ပါသနည်း။ ထို့အပြင် ကိုယ်တော်သည် ကျွန်ုပ်ကို ကိုယ်တော့်နောက်သို့ဆုတ်ရန် ပြောလျက် အလွန် မငဲ့ကွက်ခဲ့ပါ။ ထိုအရာမှာ အလွန် နာကျင်ရသည်၊ အလွန် စိတ်ဆင်းရဲရပါသည်”ဟု မိမိဘာသာ တွေးလျက် နားမလည်ခဲ့ပေ။ ဘုရားသခင်က ထိုသို့သော အရာများကို ဤသို့ ကိုင်တွယ်ကာ သဘောထားခြင်းမှ၊ လူသား ယုံကြည်ံမှုအပေါ် ဘုရားသခင်၏ သဘောထားကို သင်တို့ မြင်နိုင်ကြသလော။ (ရှုတ်ချခြင်း၊ တရားစီရင်ခြင်း၊ ဖော်ထုတ်ခြင်းဖြစ်သည်။) မှန်ပေ၏။ ဘုရားသခင်သည် ထိုသို့သောအရာများကို မနှစ်သက်ရုံမက ရွံမုန်းပြီး အဆိုးရွားဆုံးအနေဖြင့် ထိုသို့သောအရာများကို ရှုတ်ချသည်။ ဘုရားသခင် ထုတ်ဖော်ပြပြီးသည့် ဤအရာများမှ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့ မြင်ကြပြီလော။ (ဘုရားသခင်၏ စိတ်သဘောထားက ဖြောင့်မတ်ပါသည်။) ဤသည်မှာ မုချ ထိုသို့ဖြစ်ပေသည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ ဘုရားသခင်အတွက် စိတ်ရှည်ခြင်း၊ သနားကရုဏာ၊ သည်းခံခြင်းနှင့် မေတ္တာကျေးဇူးတော်တို့သည် လူတို့အဖို့ အလွန် အကျိုးပြုသော်လည်း၊ ထိုအရာများသည် လက်ခံရန် လွယ်ကူသည်ဟု လူတို့မြင်သည့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၏ အစိတ်အပိုင်းများ ဖြစ်သော်လည်း၊ ပြီးလျှင် ထိုအရာများသည် လူတို့အပေါ် ဘုရားသခင် အမြဲ ထုတ်ဖော်ပြပြီး ပေးသနားသည့် အရာများဖြစ်သော်လည်း လူတို့က ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားကာ သူ၏ စည်းမျဉ်းများကို ချိုးဖောက်မိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ဘုရားသခင်က မည်သို့ ကိုင်တွယ်ဖြေရှင်းလိမ့်မည်နည်း။ ဘုရားသခင်က ၎င်းတို့ကို ရှုတ်ချပေသည်။ ဘုရားသခင်က “လူတို့သည် ဤအရာကို ကောင်းသောရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ပြီး ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များ မရှိသောကြောင့် ဤတစ်ကြိမ်တွင် သူတို့ကို ငါ ချမ်းသာပေးလိုက်မည်”ဟု ဆိုလျက် လူတို့ထံ မပြတ်သားသော စကားများ မပြောပေ။ လူသားများနှင့် မတူသည်မှာ ဘုရားသခင်သည် မည်သည့်အလယ်အလတ်လမ်းကိုမျှ ခွင့်မပြုသကဲ့သို့လူသား၏စိတ်တွင်လည်း မသန့်စင်မှုများကို ခွင့်မပြုပေ။ တစ်သည် တစ်ဖြစ်သည်။ နှစ်သည် နှစ်ဖြစ်သည်။ အမှန်က အမှန်ဖြစ်ပြီး အမှားက အမှားဖြစ်သည်။ ဘုရားသခင်အတွက်မူ မပြတ်သားခြင်းများ မရှိချေ။ သခင်ယေရှုကို ပေတရု ပြောဆိုခဲ့သည့်အရာဖြစ်သည့် “သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ”ဟူသည်ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းအားဖြင့် ယုံကြည်မှုက မည်သည့်အရာဖြစ်သည်ကို လူတို့ မြင်နိုင်သည်။ ယုံကြည်မှုများကို စွဲကိုင်သည့်လူများက ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်သလော။ ယုံကြည်ံမှုများက စစ်မှန်သည့် ယုံကြည်ခြင်းကို ဖြစ်စေနိုင်သလော။ ယင်းတို့သည် ဘုရားသခင်၌ လူတို့၏ စစ်မှန်သည့် ယုံကြည်ခြင်းကို အစားထိုးနိုင်သလော။ (အစားမထိုးနိုင်ပါ။) အစားမထိုးနိုင်ပေ။ ယင်းမှာ လုံးဝ မှန်ပေသည်။
အဆုံးတွင် ယုံကြည်လက်ခံမှုများသည် မည်သည့်အရာများ ဖြစ်သနည်း။ ယင်းတို့သည် စိတ်ကူးနှင့် အယူအဆတစ်မျိုး၊ ကောင်းမွန်သည့် လိုအင်ဆန္ဒများ၊ ကောင်းမွန်သည့် ရည်မှန်းချက်များနှင့် လူတို့ ထူထောင်သည့် အဆင့်မြင့် စံများ ဖြစ်သည်။ ဤအရာများကို ထူထောင်သည့်နောက်တွင် လူတို့သည် လူသား ရည်ရွယ်ချက်ကောင်းများ၊ လူသား အားထုတ်မှု၊ လူသား၏ ဆင်းရဲဒုက္ခခံလိုစိတ် သို့မဟုတ် ပိုများသည့် လူသား၏ ကောင်းမှုများအပေါ် အမှီပြုခြင်းအားဖြင့် ယင်းတို့ကို လိုက်စားကာ ရရှိလျက် ဤဦးတည်ချက်ဖြင့် တက်သုတ်နှင်ကြလေသည်။ ဤနေရာတွင် မည်သည့်အရာ ချို့တဲ့နေသနည်း။ ယုံကြည်လက်ခံမှုကို ကိုင်စွဲသောလူတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို စိတ်ကျေနပ်အောင် မလုပ်နိုင်ကြသနည်း။ (၎င်းတို့၏ ယုံကြည်လက်ခံမှုများအပေါ် အခြေခံ၍ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ကာ အဖျက်အမှောင့် လုပ်ကြပါသည်။) ဤသည်မှာ သိသာထင်ရှားသည့် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ထို့အပြင် လူတို့က မိမိတို့၏ ယုံကြည်လက်ခံမှုများပေါ် အခြေခံ၍ အမှုအရာများ လုပ်ဆောင်သည့်အခါ ၎င်းတို့ လုပ်ဆောင်သည့်အရာတွင် သမ္မာတရား တစ်ခုတလေ ရှိသလော။ (မရှိပါ။) ပေတရု လုပ်ဆောင်ခဲ့သည့်အရာကို စိတ်ဖြာလေ့လာဆွေးနွေးကြစို့။ ပေတရုက “သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ”ဟု ပြောခဲ့သည်။ ဤစကားများတွင် သမ္မာတရား ရှိသလော။ (မရှိပါ။) “ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ”ဆိုခြင်းအားဖြင့် မည်သည့်အရာကို သူ ဆိုလိုသနည်း။ ဤအမှုသည် ဘုရားသခင်၌ အဘယ်ကြောင့် ရောက်၍မရသနည်း။ ဤအရာအားလုံးက ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် မရှိခြင်းကြောင့် ဖြစ်နိုင်မည်လော။ ဘုရားသခင်သည် ဤအရာအားလုံးတွင် ဆုံးဖြတ်ပိုင်ခွင့် မရှိသလော။ ဘုရားသခင်က ယင်းကို ဖြစ်ခွင့်ပေးပါက ဖြစ်လိမ့်မည်ဖြစ်သည်။ ဘုရားသခင်က ဖြစ်ခွင့်မပေးပါက ထိုအရာကို ရှောင်ရှားရမည် မဟုတ်လော။ ပေတရု၏ စကားများဖြစ်သည့် “ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ”ဟူသည်က ဤအရာအားလုံးကို ပြောင်းလဲနိုင်မည်လော။ ဤကိစ္စရပ်တစ်ခုလုံး၏ ဖြစ်ပွားမှု၊ တိုးတက်မှုနှင့် ရလဒ်တို့ကို မည်သူက ဆုံးဖြတ်သနည်း။ (ဘုရားသခင်က ဆုံးဖြတ်ပါသည်။) သို့ဆိုလျှင် ပေတရု ပြောဆိုခဲ့သည့် ဤစကားများက အဘယ်အရာ ဖြစ်သနည်း။ ယင်းတို့သည် မိုက်မဲသော စကားများ၊ မသိနားမလည်သော စကားများ၊ စာတန်၏ ကိုယ်စား ပြောဆိုထားသည့် စကားများဖြစ်သည်။ ဤသည်မှာ လူသား ယုံကြည်လက်ခံမှုများက ဖြစ်စေသည့် အကျိုးဆက်ဖြစ်သည်။ ဤသည်မှာ ဆိုးရွားသည့် ပြဿနာတစ်ခုလော။ (ဆိုးရွားပါသည်။) အဘယ်မျှ ဆိုးရွားပါသနည်း။ (ထိုအရာသည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် စာတန်၏ ထွက်ပေါက်အဖြစ် ပြုမူဆောင်ရွက်ခြင်း ဖြစ်သည်။) မှန်၏။ ထိုအရာမှာ စာတန်၏ ထွက်ပေါက်အဖြစ် ပြုမူဆောင်ရွက်ခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ စာတန်၏ ကိုယ်စားလှယ်အဖြစ် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ဘုရားသခင်၏ အမှုကို ဖြိုဖျက်ခြင်းဖြစ်သည်။ ထိုကိစ္စတွင် သခင်ယေရှုက ပေတရုပြောခဲ့သည့်အတိုင်း လုပ်ဆောင်ခဲ့ပါက လူသားမျိုးနွယ်ကို ကယ်တင်ခြင်းတည်းဟူသော သူ၏ အမှုတော် ပျက်စီးသွားမည် မဟုတ်လော။ ပေတရုက ပြောဆိုခဲ့သည့် ဤစကားများ၏ သဘာဝမှာ အဘယ်နည်း။ (ယင်းတို့က ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ပါသည်။) ဤအရာကြောင့် ဘုရားသခင်သည် “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့”ဟူသည့် ဤဒေါသထွက်သော စကားများကို မညှာမတာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဤစကားများသည် ပြစ်တင်ရှုတ်ချခြင်းအပြင် တရားစီရင်ခြင်းလည်း ဖြစ်ပေသည်။ ယင်းတို့တွင် ဘုရားသခင်၏ စိတ်သဘောထား တည်ပေသည်။ လူတို့သည် ထိုသို့သော ယုံကြည်လက်ခံမှုများ၊ ရည်ရွယ်ချက်ကောင်းများ၊ လူသား လိုအင်ဆန္ဒများ၊ နှစ်သက်ဖွယ်ကောင်းသော လူသား ဆန္ဒများနှင့် လူသားများက အပြုသဘောဆောင်ကာ မှန်ကန်ပြီး ကောင်းမွန်သည်ဟု စွဲကိုင်ကြသည့် ထိုအရာများအားလုံးနှင့် ရောနှောထားသည့် ယုံကြည်လက်ခံမှုများကို စွဲကိုင်သည့်အခါ ဘုရားသခင်က ဤအရာကို အသိအမှတ်ပြုသလော။ (အသိအမှတ်မပြုပါ။) လူတို့က ဤအရာများအားလုံးကို ကောင်းမွန်သည့် အရာများအဖြစ် ဖြစ်ကြသည်၊ ထို့ကြောင့် ဘုရားသခင်က သူ၏ အသိအမှတ်ပြုခြင်းကို အဘယ်ကြောင့် မပေးသနည်း။ တစ်နည်းအားဖြင့် လူတို့တွင် ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာ မရှိကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ ယေဘုယျဖြစ်သော အကြောင်းတရား ဖြစ်သည်။ ထို့အပြင် လက်တွေ့ကျသည့် ရှုထောင့်အမြင်မှ ကြည့်လျှင် လူတို့သည် ဘုရားသခင် ပြောဆိုသည့် စကားများနှင့် သူ ဆောင်ရွက်သည့် လုပ်ဆောင်ချက်များကို အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိကြသကဲ့သို့ ဤအရာများကို ၎င်းတို့ အမှန်တကယ် သဘောပေါက်နားလည်ခြင်း မရှိကြချေ။ လူသား တွေးခေါ်မှုအရ ၎င်းတို့က ဘုရားသခင်အား အမြဲဆိုသလို ဤအရာမလုပ်ရန်၊ ထိုအရာမလုပ်ရန် ဆန္ဒရှိကြသည်။ ၎င်းတို့က “ဘုရားသခင်အနေဖြင့် ဤသို့ ပြုမူဆောင်ရွက်ခြင်းသည် တကယ် မကောင်းပါ။ ဤသို့ ပြုမူဆောင်ရွက်ခြင်းသည် ငါတို့ မျှော်လင့်ကြမည့်အရာ မဟုတ်၊ လူတို့အတွက် သိပ်ထောက်ထားသောအရာ မဟုတ်ပါ”ဟု အမြဲ တွေးကြသည်။ ထိုသို့သောအရာများကို လူတို့ ကြုံရသည့်အခါ အယူအဆများ မကြာခဏ ဖြစ်ပေါ်ကြသည်၊ လူဖန်တီးသည့် စိတ်ကူးများနှင့် ပြည့်ကြပြီး အမှုအရာများကို လုပ်ဆောင်သည့် လူသားနည်းလမ်းမျိုးစုံကို အားကိုးအားထားပြုကြသည်။ ဤတွင် ကျိုးနွံနာခံမှုမရှိ၊ ဘုရားသခင်နှင့်ဆိုင်သော စစ်မှန်သည့် အသိပညာမရှိ၊ စစ်မှန်သည့် ကြောက်ရွံ့ခြင်းမရှိ၊ ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ခြင်းနှင့် ဖြိုဖျက်ခြင်းတစ်ခုသာ ရှိသည်။ ထိုအရာသည် စစ်မှန်သော ယုံကြည်ခြင်းနှင့်ဆိုင်သည့် အရိပ်လက္ခဏာ တစ်ခုမျှ မရှိပေ။ ထို့ကြောင့် ပေတရုသည် ထိုစကားများကို ပြောဆိုပြီးသည့်နောက်တွင် တရားစီရင်ခံခဲ့ရခြင်း ဖြစ်သည်။ တရားစီရင်ခြင်းကို ရရှိပြီးသည့်နောက်တွင် တစ်ခုတလေကို သူ ရရှိခဲ့သလော။ (သူသည် မိမိအကြောင်းနှင့် ဘုရားသခင်၏ စိတ်သဘောထားအကြောင်းကို အနည်းငယ် ပို၍ နားလည်နိုင်ခဲ့သည်။) ထိုသို့သော တရားစီရင်ခြင်းသည် ကောင်းသောအရာတစ်ခုလော၊ သို့မဟုတ် ဆိုးသော အရာတစ်ခုလော။ အနည်းဆုံးအနေဖြင့် ထိုအရာမှာ သူ့အား “သခင်၊ ကျွန်ုပ်သည် စာတန်ဖြစ်ပါသလော။ ကျွန်ုပ် ကိုယ်တော့်ကို အမှန်တကယ် ယုံကြည်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်ကို ချစ်သောသူတစ်ဦးဖြစ်သည်၊ ကိုယ်တော်၏ သစ္စာရှိသော နောက်လိုက်တစ်ဦးဖြစ်သည်။ အဘယ်သို့ စာတန်ဖြစ်နိုင်ရသနည်း”ဟု ရပ်တန့်ကာ စဉ်းစားစေခဲ့သည့် သူ့ကို မှင်တက်မိသွားစေခဲ့သောအရာတစ်ခု ဖြစ်သည်။ ထိုအရာကို တစ်ဖန် သေချာတွေးဆသည့်အခါ သူက “သခင်ယေရှုက ငါ့ကို ထိုမျှ ရှင်းလင်းပြီး ရိုးရှင်းသည့် စကားများဖြင့် ပြစ်တင်မောင်းမဲခဲ့သည်။ သူ့နောက်သို့ဆုတ်ရန် ငါ့ကို ပြောခဲ့ပြီး စာတန်ကဲ့သို့ ပြစ်တင်မောင်းမဲခဲ့သည်။ ဤသည်မှာ ငါသည် ဤကိစ္စရပ်တွင် စာတန်၏ကိုယ်စား ပြုမူဆောင်ရွက်ခဲ့သည်ဟု ဆိုလိုသည်။ မည်သည့်လူစားမျိုးသည် စာတန်၏ကိုယ်စား ပြုမူဆောင်ရွက်နိုင်သနည်း။ ဘုရားသခင်နှင့် သဟဇာတမဖြစ်သည့် လူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် အချိန်မရွေး၊ နေရာမရွေး၊ ဘုရားသခင်၏ ရန်သူဖြစ်လာလျက် ဘုရားသခင်ကို အတိုက်အခံလုပ်ကာ သစ္စာဖောက်နိုင်သည်၊ ဘုရားသခင်၏ အမှုတော်ကို ဖြိုဖျက်နိုင်ပြီး ဘုရားသခင်၏ အမှုတော်ကို အဖျက်အမှောင့်လုပ်ကာ ဖျက်ဆီးပစ်နိုင်သည်။ ဤသည်မှာ အလွန်ဆိုးရွားသည်။ ထိုကိစ္စတွင် ငါ ဘုရားသခင်နောက် အမြန်ဆုတ်ကာ နှုတ်ပိတ်နေလိုက်မည်”ဟု စဉ်းစားမိခဲ့သည်။ ဤအရာက ပေတရုသည် တဖြည်းဖြည်း အသိစိတ်ဝင်လာခဲ့ကြောင်း၊ သိနားလည်မှု ရရှိခဲ့ကာ ပြဿနာ၏ ဆိုးရွားမှုကို သဘောပေါက်ခဲ့ကြောင်း ပြသသည် မဟုတ်လော။ လူသည် အမြဲလူဖြစ်ကာ ဘုရားသခင်သည် အမြဲ ဘုရားသခင်ဖြစ်ပြီး လူနှင့် ဘုရားသခင်ကြားတွင် ကွာဟချက်တစ်ခုရှိသည်ကို သူ သဘောပေါက်ခဲ့သည်။ လူသည် ရည်ရွယ်ချက်ကောင်းများအရ ပြုမူဆောင်ရွက်သည့်အခါ ဤအရာကို အနှောင့်အယှက်နှင့် အဖျက်အမှောင့်လုပ်ခြင်းတစ်ခုအဖြစ် ဘုရားသခင်က မြင်သည်။ ဤသို့ တဖြည်းဖြည်း ရှေ့ဆက်လုပ်ဆောင်ခြင်းအားဖြင့် လူ့အပေါ် ဘုရားသခင်၏ တရားစီရင်ခြင်းသည် ကောင်းသော အရာတစ်ခု ဖြစ်သွားသလော။ (ဖြစ်သွားပါသည်။) သို့ဆိုလျှင် လူတစ်ဦးအတွက် မိုက်မဲမှုအနည်းငယ် ထုတ်ဖော်ပြရန်မှာ မကောင်းသည့်အရာတစ်ခု ဖြစ်သလော။ ဤကဲ့သို့ ကြည့်သည့်အခါ မကောင်းသည့် အရာတစ်ခု မဟုတ်ဘဲ ကောင်းသည့်အရာတစ်ခု ဖြစ်သည်။ ထိုအရာသည် ဖြစ်ချင်တော့ ကောင်းသည့်အရာတစ်ခု ဖြစ်သွားသည်ဟု အဘယ်ကြောင့် ငါတို့ ဆိုရသနည်း။ (ထိုအရာမှ လူတို့ အကျိုးရှိကြပါသည်။) မှန်၏၊ လူတို့သည် အကျိုးကျေးဇူးအချို့ကို ရရှိကြသည်။ ဤအကျိုးကျေးဇူးများသည် မည်သို့ဖြစ်လာသနည်း။ သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရပြီး ထိုအရာကို သင် ကျိုးနွံနာခံသည့်အခါ သင့်ကိုယ်သင် ဆန်းစစ်ပြီး ဘုရားသခင်ထံမှ လာသည့် အရာရာတိုင်း၊ ဘုရားသခင်၏ ဖော်ပြချက်များ၊ ဘုရားသခင်၏ ထုတ်ဖော်ချက်များအားလုံးနှင့် သင့်အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာတိုင်းကို သင် လက်ခံပြီး ထိုအရာက သင်၏ စစ်မှန်မှု ဖြစ်လာကာ သင်၏ အသက်ဖြစ်လာသည့်အခါ သိပင်မသိလိုက်ဘဲနှင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းက သန့်စင်သွားလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် တရားစီရင်ခံရခြင်းသည် မကောင်းသည့်အရာတစ်ခုလော၊ သို့မဟုတ် ကောင်းသည့်အရာတစ်ခုလော။ (ကောင်းသည့်အရာတစ်ခုဖြစ်ပါသည်။) တရားစီရင်ခြင်းကို ရရှိရန် သင်တို့ လိုလားနေသလော။ (ကျွန်ုပ်တို့ လိုလားနေပါသည်။) သို့ဆိုလျှင် သင်တို့သည် နေ့စဉ် တရားစီရင်ခံရပါက အဆင်ပြေမည်လော။ ဤအရာက သင့်အား စားခွင့်၊ အိပ်ခွင့်၊ ပုံမှန်အတိုင်း အနားယူခွင့် ပေးမည်မဟုတ်။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ဘုရားသခင်က သင့်အား နောက်ဆုတ်ရန် ပြောမည်။ သူ အချိန်ရှိပါက သင့်ကို တရားစီရင်မည်။ ယင်းမှာ အဆင်ပြေမည်လော။ ဤအရာကို သင် ခံနိုင်မည်လော။ လူတို့သည် ဤအရာကို ခံနိုင်မည်မဟုတ်သကဲ့သို့ ထိုသို့သော အရာတစ်ခုကို ဘုရားသခင်က လုပ်ဆောင်မည်မဟုတ်။ သင် အလျင်အမြန် ကြီးထွားတိုးတက်ပြီး ရင့်ကျက်သည်ကို ဘုရားသခင်က အလေးအနက် လိုလားသည်။ ထို့ကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းတွင် အဆင့်များစွာ ရှိ၏။ တစ်ခါတစ်ရံ သူသည် ဒေါသထွက်ကောင်း ထွက်လာနိုင်ပြီး ထို့နောက်တွင် သင့်ကို နှစ်သိမ့်မှုအချို့ ပေးကောင်းပေးနိုင်သည်။ တစ်ခါတစ်ရံ သူသည် သင့်ကို ရိုက်နှက်ကောင်း ရိုက်နှက်နိုင်ပြီး ထို့နောက်တွင် သနားကရုဏာ ထားကောင်းထားနိုင်သည်။ ဘုရားသခင်သည် မကြာခဏ ဒေါသထွက်လာတတ်သော်လည်း သူ၏ ဒေါသကြားတွင် လူတို့ကို အသက်ရှူချိန်ပေးသည့် ကြားကာလများ ရှိ၏။ ဘုရားသခင်က လူတို့ကို ဤသို့ တိုက်ရိုက် တရားစီရင်ကာ ပြစ်တင်ရှုတ်ချသည့်အခါတွင်သာ အသက်တာတွင် ၎င်းတို့၏ ကြီးထွားတိုးတက်မှုကို အကူအညီ ပေးလိမ့်မည်ဖြစ်သည်။ သမ္မာတရားကို ရရှိရန် ဆင်းရဲဒုက္ခအနည်းငယ် ခံထိုက်ပေသည်။
ယုံကြည်လက်ခံမှုများကိုသာ စွဲကိုင်ကြသည့်လူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမှ အလှမ်းဝေးကြပြီး ယုံကြည်လက်ခံမှုများသည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းအတွက် လုံလောက်သော အစားထိုးစရာတစ်ခုဖြစ်ခြင်းမှ အလှမ်းဝေးပေသည်။ ၎င်းတို့သည် ယုံကြည်လက်ခံမှုတစ်ခုပေါ် အခြေခံ၍ ဘုရားသခင်၌ ယုံကြည်ခြင်းရှိပါက လူတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံပြီး ဘုရားကိုကြောက်ရွံ့သော စိတ်နှလုံး ပိုင်ဆိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်ရှေ့မှောက်သို့ မည်သည့်အခါတွင်မျှ အမှန်တကယ် မလာနိုင်ကြပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ လူတို့၏ ယုံကြည်လက်ခံမှုများသည် သမ္မာတရားနှင့် မည်သည့်ပတ်သက်မှုမျှ မရှိသကဲ့သို့ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီခြင်းမှ အလှမ်းဝေးပေသည်။ လူတို့တွင် ယုံကြည်လက်ခံမှုများရှိသည့်အခါ ဤအရာက သမ္မာတရားကို ၎င်းတို့ နားလည်သည်ဟု မဆိုလိုပေ။ ယုံကြည်လက်ခံမှုပေါ်အခြေခံသည့် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်အတူ၊ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို မည်သည့်အခါတွင်မျှ နားလည်ကြလိမ့်မည် မဟုတ်သကဲ့သို့ ထိုအမှုတော်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ရုံသာ တတ်နိုင်ပေသည်။ ယုံကြည်လက်ခံမှုကို အခြေခံသည့် ယုံကြည်ခြင်းသည် လူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် မဆိုထားနှင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားလိမ့်မည်ဟု မဆိုလိုပေ။ သို့ဆိုလျှင် ပေတရုကို နောက်ထပ် မည်သည့်အရာ ဖြစ်ပျက်ခဲ့ပါသနည်း။ သခင်ယေရှု ကားစင်တင်သတ်ခြင်းမခံရမီတွင် သူသည် ပေတရုထံ “ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်” (ရှင်မဿဲခရစ်ဝင် ၂၆:၃၄) ဟု ဆိုခဲ့သည်။ ပေတရုက တုံ့ပြန်သည့်အနေဖြင့် မည်သည့်အရာကို ပြောခဲ့သနည်း။ (“ကိုယ်တော်နှင့်တကွသေရသော်လည်း အကျွန်ုပ်သည်ကိုယ်တော်ကို မငြင်းမပယ်ပါ။” (ရှင်မဿဲခရစ်ဝင် ၂၆:၃၅)) ဟူ၍ ဖြစ်သည်။ ဤအရာက ပေတရုကို စိတ်ပျက်စေခဲ့ပြီး သခင်ပြောခဲ့သည့်အတိုင်း သူ လုပ်ဆောင်မည် မဟုတ်ဟု ငြင်းခဲ့သော်လည်း အဆုံးတွင် သခင်ယေရှု၏ စကားများကို အဖြစ်မှန်များက သက်သေထူခဲ့သည်။ ထိုအချိန်က ပေတရု၏ ယုံကြည်ကိုးစားခြင်းသည် သင်တို့ထက် သာ၍ ကြီးမားခဲ့သလော၊ နည်းပါးခဲ့သလော။ (သာ၍ကြီးမားခဲ့ပါသည်၊ သူသည် သခင့်ကို ကာကွယ်ရန်အလို့ငှာ ယဇ်ပရောဟိတ်မင်း အစေခံ၏ နားရွက်ကို ဖြတ်ခဲ့ပါသည်။) ယင်းမှာ တစ်ဇောက်ကန်းဖြစ်ခြင်းကြောင့် ဖြစ်သည်။ သခင်ယေရှုနှင့်ဆိုင်သည့် သူ၏ အသိနှင့် သခင်ယေရှု၏ ပင်ကိုလက္ခဏာကို အသိအမှတ်ပြုခြင်းတို့သည် သခင်ယေရှု၌ ပေတရု၏ ယုံကြည်ခြင်း အတိုင်းအတာကို ကိုယ်စားပြုပေသည်။ ဤအရာက သူ့အား “ငါ့ သခင်ကို ထိသောသူမည်သူမဆို ငါ အသက်စွန့်ကာ တိုက်ခိုက်မည်”ဟု ဆိုလျက် သခင်ယေရှုအတွက် အသည်းအသန် တိုက်ခိုက်စေခဲ့သည်။ သူ၏ ယုံကြည်ခြင်းသည် ဤအဆင့်ထိ ရောက်ရှိခဲ့ပြီးဖြစ်သော်လည်း ဘုရားသခင် အလိုရှိသည်မှာ လူ၏ တစ်ဇောက်ကန်းဖြစ်ခြင်းလော။ ဧကန်မုချ မဟုတ်ပေ။ ပေတရု၏ ယုံကြည်ခြင်းသည် သခင့်အတွက် သူ အသက်စွန့်မည့်အဆင့်ထိ ရောက်ရှိခဲ့သော်လည်း ထို့နောက်တွင် ပေတရုသည် အဘယ်ကြောင့် သခင့်ကို သုံးကြိမ် ငြင်းပယ်ခဲ့သေးသနည်း။ ယင်းမှာ သခင်ယေရှု၏ ပရောဖက်ပြုချက်အားဖြင့် ဤအရာကို သူလုပ်ဆောင်ဖို့ ကံစီမံထားခဲ့သောကြောင့် ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အကြောင်းရင်းမှာ အဘယ်နည်း။ အဘယ်ကြောင့် သူသည် အလွန် သူရဲဘောကြောင်ခဲ့သနည်း။ သူသည် သခင်ယေရှုအတွက် အခြားသူများကို တိုက်ခိုက်ရင်း မိမိအသက်ကို စွန့်စားနိုင်ကာ တစ်စုံတစ်ဦး၏ နားရွက်ကို ဖြတ်ပစ်နိုင်ခဲ့သည်။ သခင်ယေရှုအတွက် သူ၏ ချစ်ခြင်းမေတ္တာကြောင့် သူသည် စိတ်ရင်းအမှန်ဖြင့် ဤစကားများကို ပြောဆိုကာ ထိုအတိုင်း ပြုမူဆောင်ရွက်နိုင်ခဲ့သည်၊ ယင်းက သူ၏ ထူးခြားသော စစ်မှန်ရိုးသားမှုကို ပြသခဲ့ပေသည်။ ထို့ကြောင့် အချိန်ကျလာသည့်အခါ သခင့်ကို သူ အဘယ်ကြောင့် အသိအမှတ် မပြုဝံ့ခဲ့သနည်း။ (အဘယ်ကြောင့်ဆိုသော် အကျိုးဆက်များကို သူ သိခဲ့သောကြောင့်ဖြစ်ပါသည်။ ထိုအချိန်က သူ့ကို ရောမစစ်သားများက မိသွားခဲ့လျှင် သူ အသေသတ်ခြင်း ခံခဲ့ရမည်ဖြစ်သည်။ အမိခံရမည်ကို သူ ကြောက်ခဲ့ပြီး ထို့အတူ သေခြင်းကိုလည်း ကြောက်ရွံ့ခဲ့သည်။) အဓိကအကြောင်းရင်းမှာ သူ၏ အသက်ကို ကယ်ဆယ်လိုသော သူ၏ လိုအင်ဆန္ဒဖြစ်သည်။ ပေတရုက ယုံကြည်လက်ခံမှုများ စွဲကိုင်ခဲ့သည်မှာ မှန်သော်လည်း စစ်မှန်သော ယုံကြည်ခြင်း၏ အရိပ်လက္ခဏာများ သူ့ထံတွင် ရှိခဲ့သလော။ ထိုအချိန်က သခင်ယေရှုက ခရစ်တော်၊ အသက်ရှင်သော ဘုရားသခင်၏ သားတော်နှင့် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်းကို ပေတရု သဘောပေါက်နှင့်ခဲ့ပြီးသား ဖြစ်သည်။ သူ့ထံတွင် ထိုသို့သော စစ်မှန်သည့် ယုံကြည်ခြင်း ရှိခဲ့သည်။ သို့ဆိုလျှင် သူသည် အဘယ်ကြောင့် အလွန် သူရဲဘောကြောင်ရသေးသနည်း။ (သူ ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့ခဲ့သောကြောင့် ဖြစ်ပါသည်။) သူသည် သူ၏ အသက်ကို မြတ်နိုးတန်ဖိုးထားကာ သေခြင်း၊ ဆင်းရဲဒုက္ခခံစားခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းဆဲမှုကို ကြောက်ရွံ့ခဲ့သည်။ အကြောင်းရင်းက မည်သည့်အရာ ဖြစ်ခဲ့သည်ဖြစ်စေ အဆုံးတွင် သူသည် သခင့်ကို သုံးကြိမ် ငြင်းပယ်ခဲ့ဆဲဖြစ်သည်။ ထိုအရာမှာ သခင်ယေရှုက “ငါအမှန်ဆိုသည်ကား၊ ယနေ့ညဉ့်တွင်ကြက်မတွန်မှီ သင်သည်သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်”ဟု ဆိုခဲ့သည့်အတိုင်းပင် ဖြစ်သည်။ ပေတရု၌ ဤစကားများ ဧကန်အမှန် ပြီးပြည့်စုံခဲ့သည်။ အဘယ်ကြောင့် သခင်ယေရှုသည် ထိုသို့သော အရာများကို ပြောဆိုနိုင်ခဲ့ပြီး ပေတရုနှင့်ပတ်သက်၍ ထိုသို့သော ကောက်ချက်များချနိုင်ခဲ့သနည်း။ (ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးများ အတွင်းကျကျကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။) ပေတရု၏ စိတ်နှလုံးတွင် ဘုရားသခင်က မည်သည့်အရာကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခဲ့သနည်း။ (ပေတရု၏ ဝိညာဉ်ရင့်ကျက်မှုနှင့် ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်း ဖြစ်သည်။) သခင်ယေရှုက ပေတရု၏ ဝိညာဉ်ရင့်ကျက်မှုနှင့် သူ၏ ယုံကြည်ကိုးစားခြင်း အတိုင်းအတာကို မြင်ခဲ့သည်။ ထိုသို့သော သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုနှင့်အတူ သခင့်ကို သူ သုံးကြိမ်ငြင်းခဲ့သည်မှာ ထိုမျှ အံ့အားသင့်ဖွယ် ဖြစ်သလော။ သူ၏ ဝိညာဉ်ရင့်ကျက်မှုကြောင့် အခြေအနေကို ထောက်သော် သူ လုပ်ဆောင်ခဲ့သည့်အတိုင်း သူ ပြုမူခဲ့မည်မှာ ရှောင်လွှဲမရနိုင်ပေ။ သူသည် ထိုအချိန်က ထိုမျှနည်းပါးသည့် ယုံကြည်ကိုးစားမှုသာ အဘယ်ကြောင့် ရှိခဲ့ပါသနည်း။ (ထိုအချိန်တွင် ပေတရုသည် သခင်ယေရှုနောက် သုံးနှစ်ခန့် လိုက်ခဲ့ပြီးဖြစ်သောကြောင့် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခဲ့သည်မှာ အလွန်နည်းပါးခဲ့သည်။) သခင်ယေရှုနောက် သုံးနှစ်လိုက်ပြီးသည့်နောက်တွင်ပင် သူ၏ ယုံကြည်ကိုးစားမှုက အလွန်နည်းပါးခဲ့သည်။ ယင်းမှာ ထိုအချိန်က သူ၏ ဝိညာဉ်ရင့်ကျက်မှုဖြစ်ခဲ့သည်။ သူ၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားတိုးတက်ခြင်းကို အတွေ့အကြုံ ဆက်လက်နက်သည်ထက် နက်လာခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိခဲ့ခြင်း ဖြစ်သည်။
စစ်မှန်သည့် ယုံကြည်ကိုးစားမှုမရှိဘဲ ဘုရားသခင်နောက် လိုက်ခြင်းသည် အဆင်ပြေသလော။ လူတို့အတွက် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်း ရှိရန်မှာ မည်သည့်အရာကို အမှန်တကယ် ဆိုလိုသနည်း။ ဤအရာကို ဖြစ်နိုင်သမျှ အရိုးရှင်းဆုံး ဝေါဟာရဖြင့် ပြောရမည်ဆိုပါက ထိုအရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အားလုံးကို သင်၏ ယုံကြည်ကိုးစားမှု အတိုင်းအတာနှင့် သင် အမှန်တကယ် ယုံကြည်နိုင်သည့် အတိုင်းအတာ ဖြစ်သည်။ ဂဃဏနဆိုရလျှင် သင်၏ စိတ်နှလုံးတွင် ဘုရားသခင် ပြောဆိုသည့် စကားများ၏ ပြီးပြည့်စုံခြင်းနှင့် ပြီးပြည့်စုံခြင်း နည်းလမ်း၊ ဘုရားသခင် စီမံထားသည့် အရာများ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များ၊ လူတို့၏ အနာဂတ် ခရီးပန်းတိုင်များကို ဘုရားသခင် စီစဉ်ပုံနှင့် အခြားထိုသို့သော အရာများအားလုံးကို သင် ယုံကြည်ပြီး အသိအမှတ်ပြုနိုင်သည့် အတိုင်းအတာအပြင် ဤအရာများ၌ စစ်မှန်သည့် ယုံကြည်ကိုးစားမှု သင်ရှိသည့် အတိုင်းအတာ ဖြစ်သည်။ ထိုအချိန်တွင် ပေတရုသည် သခင်ယေရှု၏ အမည်နာမကိုပင် အသိအမှတ်မပြုဝံ့ခဲ့၊ သို့မဟုတ် သခင်ယေရှုနှင့် သူ၏ ဆက်နွှယ်မှုကို အသိအမှတ်မပြုဝံ့ခဲ့ပေ။ သူ့ထံတွင် ယုံကြည်ကိုးစားမှု အနည်းငယ်သာ ရှိခဲ့ပြီး ဤနည်းပါးသည့် ယုံကြည်ကိုးစားမှုက သူ၏ အမှန်တကယ်ဖြစ်သော ဝိညာဉ်ရင့်ကျက်မှုကို ညွှန်ပြခဲ့သည်။ သူ၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုမှာ အဘယ်နည်း။ (သူသည် သခင်ယေရှုကို ခရစ်တော်အဖြစ်သာ အသိအမှတ်ပြုခဲ့သော်လည်း ဘုရားသခင်ကို သိရှိခြင်း နည်းပါးခဲ့သည်။) သူ့ထံတွင် ထိုမျှသေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုရှိခဲ့ပြီး ဤအရာထက် ကျော်လွန်၍ မလုပ်ဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် သင်တို့အနေဖြင့် လတ်တလောတွင် ဘုရားသခင်၌ ယုံကြည်ခြင်း မည်သည့်အတိုင်းအတာထိ ရှိသနည်း။ သင်၏ ယုံကြည်ခြင်းသည် ပေတရု၏ ယုံကြည်ခြင်းထက် သာ၍ အားကောင်းသလော။ သာ၍ အားနည်းသလော။ အတူတူပင် ဖြစ်သလော။ (ခရစ်တော်ကို အသိအမှတ်ပြုခြင်းအရ အတူတူပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် ပေတရုထက် သမ္မာတရားကို အနည်းငယ် သာ၍ သိနားလည်ကြသော်လည်း ဤသမ္မာတရားများစွာထဲသို့ မဝင်ရောက်ရသေးပါ။) ဘုရားသခင်၌ လူတို့၏ ယုံကြည်ခြင်းက သူသည် ဘုရားသခင်ဖြစ်ကြောင်း အသိအမှတ်ပြုခြင်း၊ ဘုရားသခင်သည် အရာရာကို စီစဉ်ညွှန်ကြားကာ စီစဉ်နိုင်ကြောင်းနှင့် သူသည် အရာခပ်သိမ်းအပေါ်၊ သင်၏ ကံကြမ္မာအပေါ်နှင့် သင်၏ ဘဝအပေါ် အချုပ်အခြာအာဏာ ရှိကြောင်း အသိအမှတ်ပြုခြင်းမျှတွင် ရပ်တန့်သွားလျှင်၊ ဤအရာကိုသာ သင် အသိအမှတ်ပြုသော်လည်း ယုံကြည်ခြင်း အရိပ်လက္ခဏာ အနည်းငယ်မျှသာ ရှိကာ ကျိုးနွံနာခံမှု အရိပ်လက္ခဏာမှာ ပို၍နည်းပါးပြီး မရှိသလောက်ပင်ဖြစ်သည့်အပြင် ဘုရားသခင်ကို စောင့်ဆိုင်းခြင်းနှင့် ရှာဖွေခြင်း အရိပ်လက္ခဏာ တစ်ခုမျှ မရှိပါက ဤသည်မှာ မည်သည့် ယုံကြည်ခြင်းမျိုး ဖြစ်သနည်း။ ဘုရားသခင်ကို သင် ယုံကြည်ကြောင်း၊ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိပြီး အရာရာကို စီစဉ်ညွှန်ကြားကြောင်း၊ လူတို့၏ အသက်တာများကို ဘုရားသခင်က ၎င်းတို့ထံ ပေးထားခြင်းဖြစ်ကြောင်းနှင့် သင့်ကို ဘုရားသခင် စေခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကာ ဘုရားသခင်အတွက် သင်၏ အသက်ကိုပင် စွန့်မည်ဖြစ်ကြောင်း သင် အမြဲ ပြောဆိုသည်။ သို့ရာတွင် ထို့နောက်၌ လူတို့က “ယင်းမှာ သင်၏ ဘုရားသခင် ဖြစ်သလော”ဟု မေးကြသည့် ပေတရု တွေ့ကြုံခဲ့သကဲ့သို့သော အခြေအနေတစ်ခုကို သင် ကြုံရသည်။ သင်က “အနီးအနားတွင် မယုံကြည်သူများ ရှိကြသည်။ သူ့ကို ငါ အသိအမှတ်ပြုလိုက်လျှင် ငါ အဖမ်းခံရမည်မဟုတ်လော။ အရေးကြီးသည့် အချိန်များတွင် ဉာဏ်ပညာကို ငါတို့ အသုံးပြုနိုင်ပြီး သူ့ကို အသိအမှတ်ပြုခြင်းမှ ရှောင်ကြဉ်နိုင်သည်ဟု ဘုရားသခင် ပြောပြီးလေပြီ။ ထို့ကြောင့် ငါ ဉာဏ်ပညာကို အသုံးပြုမည်ဖြစ်ပြီး ဘုရားသခင်က ငါ့ကို ဗွေယူမည် မဟုတ်ပါ”ဟု တွေးလျက် ထိုကိစ္စကို အချိန်ယူ တွေးဆလိမ့်မည်။ သင်၏ အသက်ကို သင် တန်ဖိုးထားပြီး သူရဲဘောကြောင်လျှင် သင်သည် ဘုရားသခင်ကို အသိအမှတ်ပြုဝံ့မည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို ငြင်းပင်ငြင်းပယ်နိုင်သည်။ ထိုသို့သော အချိန်တစ်ခုတွင် ဘုရားသခင်က အရာခပ်သိမ်းပေါ် အချုပ်အခြာအာဏာရှိသည်ဟု သင် ယုံကြည်သည့် ယုံကြည်ကိုးစားမှုမှာ အဘယ်မှာရှိသနည်း။ (မရှိပါ။) သာမန် အချိန်များအတွင်းတွင် သင်၌ ရှိခဲ့သည်ဟု သင် တွေးထင်ခဲ့သည့် ယုံကြည်ကိုးစားမှုမှာ စစ်မှန်သလော၊ သို့မဟုတ် အတုအယောင်ဖြစ်သလော။ (အတုအယောင်ဖြစ်ပါသည်။) အထူးသဖြင့် သင်၏ အယူအဆများ သို့မဟုတ် အကြိုက်များကို ချိုးဖောက်ပြီး ထိုကိစ္စတွင် ဘုရားသခင် ရည်ရွယ်ချက်က အပြည့်အဝ ထုတ်ဖော်ခြင်းမရှိသည့် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ထိုကိစ္စရပ်တွင် ကျိုးနွံနာခံရန် ဘုရားသခင် သင့်ကို တောင်းဆိုပေသည်။ သင့်အနေဖြင့် သင်ခန်းစာတစ်ခု သင်ယူနိုင်ရန်အလို့ငှာ ဤပတ်ဝန်းကျင်ကို သူ စီစဉ်ထားခြင်း ဖြစ်သည်။ သို့ဆိုလျှင် သင်မည်သည့်အရာကို လုပ်သနည်း။ ဥပမာအားဖြင့် သင်သည် အထူးသဖြင့် အားကောင်းသည့် ယုံကြည်ခြင်းရှိပြီး အထူးသဖြင့် ဘုရားတရားကိုင်းရှိုင်းကာ ရိုးသားစစ်မှန်သော်လည်း ဘုရားသခင်က သင့်အား ဘာသာတရားမရှိသူတစ်ဦးဖြစ်သည့်အလား ဆက်ဆံလျက် သင်၏ အယူအဆများနှင့် မကိုက်ညီသည့် ပတ်ဝန်းကျင်တစ်ခု စီစဉ်ပေးသည်ဆိုပါစို့။ မတရားခံရသည်ဟု ခံစားရလျက် သင်၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်သွားလိမ့်မည်ဖြစ်ကာ သင်၏ စိတ်နှလုံးတွင် “အို ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်ုပ် ယုံကြည်ပါသည်၊ ကိုယ်တော့်အတွက် ကျွန်ုပ် အသက်ရှင်ပါသည်၊ သို့တိုင် ကျွန်ုပ်ကို ဘာသာတရားမရှိသူများအလယ်တွင် ထားရှိကာ ညစ်ညူးသည့် ဝိညာဉ်များဖြင့် ကျွန်ုပ်ကို ရောနှောစေလျက် ကျွန်ုပ်အတွက် ဤကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုကို ကိုယ်တော် စီစဉ်ပေးခဲ့သည်။ ဤအရာဖြင့် ကျွန်ုပ် ညစ်ညမ်းလာမည် မဟုတ်ပါလော။ ကျွန်ုပ်သည် သန်ရှင်းသော လူတစ်ဦး၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် လူတစ်ဦးအဖြစ် သီးခြားသတ်မှတ်ခြင်း ခံရပါသည်။ ကိုယ်တော်သည် ဤအရာကို မစီစဉ်ခဲ့သင့်ပါ။ ကိုယ်တော့်ကို ကျွန်ုပ် မည်မျှ လွမ်းဆွတ်သတိရသည်ကို၊ ကိုယ်တော့်ကို ကျွန်ုပ် မည်မျှချစ်သည်ကို ကိုယ်တော် သိပါသလော။ ကိုယ်တော်နှင့် ကျွန်ုပ် မခွဲခွာနိုင်ပါ။ ကိုယ်တော် ကျွန်ုပ်ကို ဤကဲ့သို့ ဆက်ဆံ၍မရပါ၊ ကျွန်ုပ်အတွက် မမျှတပါ”ဟု ဆိုလျက် ဘုရားသခင်ကို မကျေမနပ်ပြောလိမ့်မည်။ ဤသို့ဆိုလျှင် အဘယ်နည်း။ သင်၏ အယူအဆများနှင့် မကိုက်ညီသည့် အရာများကို သင် ကြုံရသည့်အခါ သင်၏ ကျိုးနွံနာခံခြင်းက အဘယ်မှာနည်း။ (မရှိပါ။) ကျိုးနွံနာခံခြင်းကို မည်သည့်အရာနှင့် သင် အစားထိုးသနည်း။ (မကျေမနပ်ပြောခြင်းများ၊ အထင်လွဲခြင်းများ၊ အတိုက်အခံလုပ်ခြင်းများနှင့် အစားထိုးပါသည်။) ဤသည်မှာ စစ်မှန်သည့် ယုံကြည်ကိုးစားမှုလော။ စစ်မှန်သည့် ယုံကြည်ခြင်းက မည်သည့်အရာ ပိုင်ဆိုင်သင့်သနည်း။ ထိုယုံကြည်ခြင်းက သူ့ကိုယ်သူ မည်သို့ ပြသသနည်း။ (ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဖြစ်သည်။) အဖြစ်အပျက်တစ်ခုတည်းက တစ်စုံတစ်ဦးတွင် စစ်မှန်သည့် ယုံကြည်ကိုးစားမှု ရှိမရှိဆိုသည်ကို ထုတ်ဖော်၏။
လူသား အယူအဆများနှင့် အကွဲလွဲဆုံးဖြစ်သော ကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယပြုကြစို့။ မောရှေသည် တောထဲတွင် အနှစ်လေးဆယ်ကြာ အသက်ရှင်ခဲ့သည်။ အနှစ်လေးဆယ်ဆိုသည်မှာ လူတစ်ဦး၏ ဘဝတစ်ခုနီးနီး ရှိသည်။ တစ်စုံတစ်ဦးသည် အသက်ရှစ်ဆယ် အသက်ရှင်ပါက အနှစ်လေးဆယ်သည် ၎င်းဘဝ၏ ထက်ဝက်ဖြစ်သည်။ တောသည် မည်သည့် အသက်ရှင်နေထိုင်မှု ပတ်ဝန်းကျင်မျိုး ဖြစ်သနည်း။ တောသည် အသက်ရှင်ရန် မောရှေက အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသည့် အလွန့်အလွန် မကောင်းသော ပတ်ဝန်းကျင်တစ်ခုဖြစ်ရုံမက သာ၍ အရေးကြီးသည့် ပြဿနာမှာ သူသည် အနှစ်လေးဆယ်အတောအတွင်း ဣသရေလလူများနှင့် အဆက်အသွယ် မရှိခဲ့သကဲ့သို့ ဘုရားသခင်ကလည်း သူ့ထံ ပေါ်ထွန်းမလာခဲ့ပေ။ ဘုရားသခင်သည် မောရှေကို စစ်ဆေးရန်အလို့ငှာ ဤပတ်ဝန်းကျင်ကို သူ့အတွက် စီစဉ်ခဲ့သည်။ ဤသည်မှာ လူသားအယူအဆများနှင့် ကိုက်ညီသလော။ လူတို့တွင် စစ်မှန်သည့် ယုံကြည်ခြင်း ကင်းမဲ့ပါက ဤအရာက ယေဘုယျအားဖြင့် သူ့ဘာသာ မည်သို့ ပေါ်လွင်လိမ့်မည်နည်း။ ပထမ နှစ်နှစ်တွင် ၎င်းတို့၏ စိတ်နှလုံးများတွင် ခွန်အားအချို့ ရှိဆဲဖြစ်လိမ့်မည်ဖြစ်ပြီး “ဘုရားသခင်က ငါ့ကို စစ်ဆေးနေသော်လည်း ငါမကြောက်ပါ။ ငါ့တွင် ဘုရားသခင်ရှိသည်။ ဘုရားသခင်က ငါ့ကို သေခွင့်မပေးသရွေ့၊ ထွက်သက်တစ်ခုပင် ကျန်ရှိသရွေ့ ငါ အသက်ရှင်နိုင်သည်။ ဘုရားသခင်အားဖြင့် ငါ အသက်ရှင်သည်။ ငါ ယုံကြည်ကိုးစားမှုရှိသည်။ ဘုရားသခင်ကို ငါ စိတ်ကျေနပ်အောင် လုပ်ရမည်”ဟု စဉ်းစားလိမ့်မည်။ ၎င်းတို့၏ အဖော်များအဖြစ် သိုးများရှိသေးသောကြောင့် ဤစိတ်ပိုင်းဖြတ်ချက် အနည်းငယ် ရှိကြသည်။ သို့ရာတွင် နှစ်အနည်းငယ် ကုန်လွန်သည့်နောက် သိုးများက နည်းသည်ထက်နည်းလာခဲ့ပြီး တစ်နေ့လုံး လေတဝေါဝေါ တိုက်နေသည်။ ည၏ ဆိတ်ငြိမ်မှုထဲတွင် လူတို့သည် အထီးကျန်မှုကို ခံစားရလိမ့်မည်။ ၎င်းတို့တွင် မိမိတို့၏ စိတ်နှလုံးများတွင် ရှိသည့်အရာကို ဝေမျှရမည့်သူ တစ်ဦးမျှ မရှိ။ ကောင်းကင်သို့ ၎င်းတို့ မျက်လုံးများ ပင့်ကြည့်လိုက်သည့်အခါ တွေ့မြင်သမျှမှာ လနှင့် ကြယ်များသာ ဖြစ်သည်။ လပင်လျှင် မြင်ကွင်းမျှ ကွယ်ဝှက်သည့် တိမ်ထူပြီး မိုးရွာသော ညများတွင် ၎င်းတို့ သာ၍ပင် အထီးကျန်ခံစားရသည်။ အမှုမဲ့အမှတ်မဲ့ဆိုသလို ၎င်းတို့၏ ယုံကြည်ကိုးစားမှုက တဖြည်းဖြည်း အေးစက်သွားသည်။ ၎င်းတို့၏ ယုံကြည်ကိုးစားမှု အေးစက်သွားသည့်အခါ မကျေနပ်ချက်များနှင့် အထင်လွဲမှုများ အပြည့်ရှိသည့် စိတ်နှလုံးက သူ့ဘာသာ ပေါ်လာသည်။ ထို့နောက်တွင်ပင် ၎င်းတို့၏ အတွင်းပိုင်း အခြေအနေက တိုး၍ စိတ်ဓာတ်ကျလာပြီး ဘဝက တဖြည်းဖြည်း အဓိပ္ပာယ်မဲ့လာသည်။ ဘုရားသခင်က ၎င်းတို့ကို သတိပြုခြင်းမရှိသကဲ့သို့ စွန့်ပစ်သွားပြီဟု ၎င်းတို့ စဉ်ဆက်မပြတ် ခံစားကြသည်။ ဘုရားသခင်၏ တည်ရှိခြင်းနှင့်ပတ်သက်၍ ၎င်းတို့ သံသယရှိကြပြီး ၎င်းတို့၏ ယုံကြည်ကိုးစားမှုက သေးငယ်သည်ထက် သေးငယ်သွားသည်။ သင်သည် စစ်မှန်သည့် ယုံကြည်ခြင်း ကင်းမဲ့ပါက အချိန်ကာလ၏ စမ်းသပ်မှု သို့မဟုတ် ပတ်ဝန်းကျင်၏ စမ်းသပ်မှုကို ခံနိုင်လိမ့်မည် မဟုတ်။ သင့်ကို ဘုရားသခင်ပေးသည့် စစ်ဆေးမှုကို သင် မခံနိုင်ပါက ဘုရားသခင်က သင့်ကို စကားပြောလိမ့်မည် မဟုတ်၊ သို့မဟုတ် သင့်ထံ ပေါ်ထွန်းလိမ့်မည် မဟုတ်။ သင့်အနေဖြင့် သူ၏ တည်ရှိခြင်းကို ယုံကြည်ခြင်း ရှိမရှိ၊ သူ၏ တည်ရှိခြင်းကို သင် အသိအမှတ်ပြုခြင်း ရှိမရှိဆိုသည်နှင့် သင်၏ စိတ်နှလုံးတွင် စစ်မှန်သည့် ယုံကြည်ခြင်း ရှိမရှိဆိုသည်ကို ဘုရားသခင် မြင်လိုသည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးထဲ နက်ရှိုင်းရာကို ဘုရားသခင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပုံဖြစ်သည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် အသက်ရှင်နေထိုင်သည့် လူများသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသလော။ အားလုံး ဘုရားလက်ထဲတွင် ရှိကြ၏။ ဤသည်မှာ အတိအကျဖြစ်သည့်ပုံစံ ဖြစ်သည်။ သင့်အနေဖြင့် တောထဲတွင် သို့မဟုတ် လကမ္ဘာပေါ်တွင် ရှိမရှိ ဆိုသည်မှာ အရေးမကြီးပေ၊ သင်သည် ဘုရားသခင်၏ လက်ထဲတွင် ရှိပေသည်။ ယင်းမှာ ဖြစ်သည့်ပုံစံဖြစ်သည်။ ဘုရားသခင်သည် သင့်ထံ ပေါ်ထွန်းခြင်းမရှိခဲ့ပါက ဘုရားသခင်၏ တည်ရှိခြင်းနှင့် အချုပ်အခြာအာဏာကို သင် မည်သို့ မြင်နိုင်သနည်း။ သင်သည် “ဘုရားသခင် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည်”ဟူသည့် သမ္မာတရားကို သင်၏ စိတ်နှလုံးတွင် အမြစ်တွယ်ပြီး မည်သည့်အခါမျှ ပျောက်ကွယ်မသွားအောင် မည်သို့ ခွင့်ပေးနိုင်သနည်း။ သင်သည် ဤအဆိုကို အဘယ်သို့ သင်၏ အသက်၊ သင့်ဘဝ၏ တွန်းအားနှင့် သင့်ကို အသက်ဆက်ရှင်ခွင့်ပေးသည့် ယုံကြည်ကိုးစားမှုနှင့် ခွန်အား ဖြစ်စေနိုင်သနည်း။ (ဆုတောင်းရန်ဖြစ်ပါသည်။) ယင်းမှာ လက်တွေ့ကျပေသည်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းဖြစ်သည်။ သင်၏ အခက်ခဲဆုံးအချိန်တွင်၊ ဘုရားသခင်ကို သင် ခံစားရနိုင်ခြင်း အနည်းဆုံးအချိန်တွင်၊ သင်အနာကျင်ဆုံးနှင့် အထီးကျန်ဆုံးဟု ခံစားရသည့်အချိန်တွင်၊ သင်သည် ဘုရားသခင်ထံမှ ဝေးကွာနေသည့်အလား ခံစားရသည့်အချိန်တွင် အရာအားလုံးထက်ပို၍ သင် လုပ်ဆောင်သင့်သည့် အရာတစ်ခုမှာ အဘယ်နည်း။ ဘုရားသခင်ကို အော်ခေါ်ရန် ဖြစ်သည်။ ဘုရားသခင်ကို အော်ခေါ်ခြင်းက သင့်ကို ခွန်အားပေးသည်။ ဘုရားသခင်ကို အော်ခေါ်ခြင်းက သင့်အား သူ၏တည်ရှိခြင်းကို ခံစားရစေသည်။ ဘုရားသခင်ကို အော်ခေါ်ခြင်းက ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင့်အား ခံစားရစေသည်။ ဘုရားသခင်ကို သင် အော်ခေါ်သည့်အခါ ဘုရားသခင်ထံ သင် ဆုတောင်းပြီး သင်၏အသက်ကို ဘုရားသခင်၏ လက်ထဲထည့်သောအခါ ဘုရားသခင်သည် သင်၏ ဘေးတွင်ရှိနေကာ သူသည် သင့်အား မစွန့်ပစ်ထားကြောင်း သင်ခံစားရမည်ဖြစ်သည်။ ဘုရားသခင်က သင့်အား မစွန့်ပစ်ထားကြောင်း သင်ခံစားရသည့်အခါတွင်၊ သူသည် သင်၏ ဘေးတွင် ရှိနေသည်ဟု သင်အမှန်တကယ် ခံစားရသည့်အခါတွင် သင်၏ ယုံကြည်ကိုးစားခြင်းက ကြီးထွားလာမည်လော။ သင့်ထံ၌ စစ်မှန်သော ယုံကြည်ကိုးစားခြင်း ရှိသည့်အခါတွင် ယင်းသည် အချိန်ကာလအလျောက် အားပျော့သွားပြီး ပျောက်ကွယ်သွားမလော။ လုံးဝ မဟုတ်ပေ။ ယခုတွင် ယုံကြည်ကိုးစားခြင်းနှင့်ဆိုင်သည့် ပြဿနာ ပြေလည်သွားပြီလော။ လူတို့သည် ကျမ်းစာကိုင်ကာ ကျမ်းချက်များကို လုံးစေ့ ပတ်စေ့ တစ်သဝေမတိမ်း အာဂုံဆောင်ရုံဖြင့် စစ်မှန်သည့် ယုံကြည်ကိုးစားမှုကို ပိုင်ဆိုင်နိုင်သလော။ သင့်အနေဖြင့် ဤပြဿနာကို ဖြေရှင်းရန် ဘုရားသခင်ထံ ဆုတောင်းကာ ဘုရားသခင်အပေါ် မှီခိုအားကိုးရဦးမည် ဖြစ်သည်။ မောရှေသည် တောထဲတွင် ထိုအနှစ်လေးဆယ်ကို မည်သို့ ဖြတ်ကျော်ခဲ့သနည်း။ ထိုအချိန်တွင် ကျမ်းစာမရှိသကဲ့သို့ သူ့အနီးအနားတွင် လူအနည်းငယ်သာ ရှိခဲ့သည်။ သူနှင့်အတူ သိုးများသာ ရှိခဲ့သည်။ မောရှေသည် ဘုရားသခင်၏ ဦးဆောင်လမ်းပြမှုကို မုချခံခဲ့ရသည်။ ဘုရားသခင်က သူ့ကို မည်သို့ ဦးဆောင်လမ်းပြခဲ့သည်၊ သူ့ထံ ဘုရားသခင် ပေါ်ထွန်းခဲ့ခြင်း ရှိမရှိ၊ သူ့ကို ဘုရားသခင် စကားပြောခဲ့ခြင်း ရှိမရှိ၊ သို့မဟုတ် ဘုရားသခင်က မောရှေအား အဘယ်ကြောင့် တောထဲတွင် အနှစ်လေးဆယ် အသက်ရှင်နေထိုင်စေခဲ့သည်ဆိုသည်ကို သိနားလည်ခွင့်ပေးခဲ့ခြင်း ရှိမရှိဆိုသည်ကို ကျမ်းစာက မှတ်တမ်းမတင်သော်လည်း မောရှေက တောထဲတွင် အနှစ်လေးဆယ်ကြာ အမှန်တကယ် အသက်ရှင်ကျန်ရစ်ခဲ့သည်မှာ ငြင်းမရနိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ ဤအချက်ကို မည်သူမျှ မငြင်းနိုင်ပေ။ မိမိစိတ်နှလုံးတွင် ရှိသည့်အရာကို မျှဝေရန် အနီးအနားတွင် မည်သူမျှမရှိဘဲနှင့် တောထဲတွင် အနှစ်လေးဆယ်ကြာ သူ မည်သို့ အသက်ရှင်နိုင်ခဲ့သနည်း။ စစ်မှန်သည့် ယုံကြည်ခြင်းမရှိဘဲနှင့် ဤသည်မှာ မည်သူ့အတွက်မျှ ဖြစ်နိုင်မည်မဟုတ်ပေ။ ယင်းမှာ ထူးဆန်းသောတန်ခိုး ဖြစ်ပေမည်။ ဤကိစ္စရပ်ကို လူတို့က မည်မျှ အချိန်ယူတွေးဆသည်ဖြစ်စေ၊ ဤအရာ လုံးဝ ဖြစ်နိုင်မည်မဟုတ်ဟု ၎င်းတို့ ခံစားကြရသည်။ ထိုအရာသည် လူသား အယူအဆများ၊ စိတ်ကူးများနှင့် ကွဲလွဲလွန်းပေသည်။ သို့ရာတွင် ဤသည်မှာ ဒဏ္ဍာရီတစ်ခု မဟုတ်၊ စိတ်ကူးယဉ် ပုံပြင်တစ်ခု မဟုတ်၊ စစ်မှန်သည့်၊ ပြောင်းလဲမရနိုင်သကဲ့သို့ ငြင်းမရနိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ ဤအမှန်တရား တည်ရှိခြင်းက လူတို့ကို မည်သည့်အရာ ပြသသနည်း။ သင့်ထံတွင် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်း ရှိပါက ထွက်သက်တစ်ခုပင် ရှိသရွေ့ ဘုရားသခင်က သင့်ကို စွန့်ပစ်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ တည်ရှိခြင်းနှင့်ဆိုင်သည့် အမှန်တရား ဖြစ်သည်။ သင်သည် ထိုသို့သော စစ်မှန်သည့် ယုံကြည်ကိုးစားမှုနှင့် ဘုရားသခင်နှင့်ဆိုင်သည့် ထိုသို့သော မှန်ကန်သည့် သိနားလည်မှုရှိပါက သင်၏ ယုံကြည်ကိုးစားခြင်းက အတော်အတန် ကြီးမားပေသည်။ သင့်ကိုယ်သင် မည်သည့် ပတ်ဝန်းကျင်မျိုးတွင် တွေ့ရှိရသည်ဖြစ်စေ၊ ဤပတ်ဝန်းကျင်တွင် အချိန်မည်မျှကြာ သင် ရှိနေသည်ဖြစ်စေ သင်၏ ယုံကြည်ကိုးစားမှုက လျော့ပါးသွားလိမ့်မည် မဟုတ်။
မောရှေသည် တောထဲတွင် အနှစ်လေးဆယ် နေခဲ့သည်။ ဘုရားသခင်သည် သူ့ထံ လုံးဝ မပေါ်လာခဲ့သကဲ့သို့ သမ္မာတရားဖြင့် သူ့ကို မထောက်ပံ့ခဲ့ပေ။ မောရှေသည် သူ၏ လက်တွင် ဘုရားနှုတ်ကပတ်တော်များ ပါရှိသည့် ကျမ်းများလည်း မရှိခဲ့၊ သူ့ဘေးတွင် ဘုရားသခင် ရွေးချယ်ထားသောလူများ တစ်ဦးမျှ မရှိခဲ့သကဲ့သို့ မိမိစိတ်နှလုံးတွင် ရှိသည့်အရာကို အတူဝေမျှရန် မည်သူမျှ မရှိခဲ့ပေ။ တောထဲတွင် တစ်ကိုယ်တည်း အသက်ရှင်နေထိုင်ရင်း ဘုရားသခင်ထံ ဆုတောင်းခြင်းကို မှီခိုအားကိုးခြင်းအားဖြင့်သာ သူ အသက်ရှင်နိုင်ခဲ့ပေသည်။ နောက်ဆုံးတွင် ဤအရာက မောရှေ၏ စစ်မှန်သည့် ယုံကြည်ကိုးစားမှုကို စွမ်းဆောင်ရရှိစေခဲ့သည်။ သို့ဆိုလျှင် ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်သည် မောရှေကို ကြီးမားစွာ အသုံးပြုလျက် တာဝန်ပေးစေခိုင်းချက်တစ်ခု အပ်နှံမည်ဖြစ်ပြီး ဘုရားသခင်က သူ့ကို ပြင်ဆင်ရန် လိုအပ်ခဲ့သောကြောင့် သူ့ကို ဘုရားသခင်က ကြံ့ခိုင်ဖွံ့ဖြိုးအောင် လုပ်ခဲ့သည်။ ဘုရားသခင်သည် မောရှေထဲက မည်သည့်အရာကို ကြံ့ခိုင်ဖွံ့ဖြိုးအောင် လုပ်ခဲ့သနည်း။ (သူ၏ ယုံကြည်ကိုးစားမှုဖြစ်ပါသည်။) ဘုရားသခင်သည် မောရှေ၏ ယုံကြည်ကိုးစားမှုကို ကြံ့ခိုင်ဖွံ့ဖြိုးအောင် လုပ်ရန်မဟုတ်ဘဲ စုံလင်အောင်ပြုလိုခဲ့သည်။ ဘုရားသခင် ကြံ့ခိုင်ဖွံ့ဖြိုးအောင်လုပ် သည့်အရာမှာ လူ၏ ရည်ရွယ်ချက်ကောင်းများ ဖြစ်သည်၊ လူ၏ ဆုံးဖြတ်ချက်ခိုင်မာမှုနှင့် သူ၏ စွမ်းရည်များ၊ ကျွမ်းကျင်မှုများနှင့် သူ၏ တစ်ဇောက်ကန်းဖြစ်ခြင်းဟု ခေါ်သည့်အရာဖြစ်သည်။ ထိုအချိန်တွင် မောရှေက အဘယ်ကြောင့် အဲဂုတ္တုပြည်ကို စွန့်ခွာခဲ့သနည်း။ (တစ်ဇောက်ကန်းစိတ်ကြောင့် အဲဂုတ္တုလူတစ်ဦးကို သူ သတ်မိခဲ့သောကြောင့် ဖြစ်သည်။) ထိုအချိန်တွင် ဘုရားသခင်က သူ့ကို အသုံးပြုနိုင်ခဲ့သလော။ (အသုံးမပြုနိုင်ခဲ့ပါ။) ထိုအချိန်က သူ့ကို ဘုရားသခင် အသုံးပြုခဲ့လျှင် မည်သည့်အရာ ဖြစ်ပျက်ခဲ့မည်နည်း။ သူသည် အဲဂုတ္တုလူများကို မုန်းတီးခဲ့ပြီး စိတ်လိုက်မာန်ပါ ပြုမူဆောင်ရွက်ရန် အမြဲ ရည်ရွယ်ခဲ့သည်။ နောက်ထပ်လူတစ်ဦးကို သူ သတ်ခဲ့ပါက ယင်းက ပြဿနာများ ဖန်တီးခဲ့မည် မဟုတ်လော။ ဘုရားသခင်က သူ့အား ဣသရေလလူမျိုးများကို အဲဂုတ္တုပြည်မှ သွားရောက် ခေါ်ဆောင်ရန် စေခိုင်းခဲ့ပြီး ဖာရောဘုရင်က သဘောမတူသည့်အခါ သူက စိတ်လိုက်မာန်ပါ ပြုမူဆောင်ရွက်ခဲ့ပါက ယင်းသည် ပြဿနာ ဖြစ်စေခဲ့မည် မဟုတ်လော။ ဘုရားသခင်က “သင်သည် ဤသို့ ပြုမူဆောင်ရွက်ပါက ဘုရားကို ကိုယ်စားပြုနိုင်သလော”ဟု ပြောခဲ့ပေမည်။ ထို့ကြောင့် သူ၏ တစ်ဇောက်ကန်းစိတ်ကြောင့် ဘုရားသခင်သည် သူ့ကို အသုံးမပြုနိုင်ခဲ့ချေ။ တစ်ဇောက်ကန်းဖြစ်ခြင်းသည် လူသားများအတွက် အဓိက ရှောင်ရမည့်အရာတစ်ခု ဖြစ်သည်။ သင်သည် တစ်ဇောက်ကန်းဖြစ်လျှင် သင်၏ သဘာဝနှင့် သင်၏ ရုတ်တရက်ဖြစ်ပေါ်သော ဆန္ဒကို အခြေခံ၍ အမှုအရာများကို သင် အမြဲ လုပ်ဆောင်လိုလျှင်၊ လူသား နည်းစနစ်များကို အသုံးပြုလျက် ပြဿနာများကို သင် အမြဲ ဖြေရှင်းလိုလျှင်၊ သင်သည် ဘုရားသခင်၌ စစ်မှန်သည့်ယုံကြည်ခြင်း မရှိသကဲ့သို့ ဘုရားသခင်အပေါ် မှီခိုအားကိုးခြင်းမရှိသည့်အပြင် ထိုသို့သော စစ်မှန်သည့် ယုံကြည်ခြင်းဖြင့် သူ၏ အချုပ်အခြာအာဏာကို ယုံကြည်ခြင်း မရှိလျှင် ဘုရားသခင်က သင့်ကို အသုံးပြုနိုင်လိမ့်မည် မဟုတ်။ ဘုရားသခင်က သင့်ကို အသုံးပြုရန် ကြိုးစားမည်ဆိုလျှင် မည်သည့်အရာကိုမျှ သင် ပြီးမြောက်လိမ့်မည် မဟုတ်သည်သာမက ကိစ္စများကိုလည်း သင် တကယ်ကို ရှုပ်ထွေးသွားစေလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် မောရှေက အဲဂုတ္တုလူကို သတ်သည့်နောက်တွင် သူသည် တောသို့ ထွက်ပြေးသွားခဲ့သည်။ ဘုရားသခင်သည် မောရှေ၏ အလိုဆန္ဒ၊ တစ်ဇောက်ကန်းဖြစ်ခြင်း၊ သူ၏ ရည်ရွယ်ချက်ကောင်းများ၊ စိတ်ထက်သန်မှုနှင့် ရုတ်တရက် ဖြစ်တတ်သော ဆန္ဒအပြင် သူ၏ လူမျိုး၏ အကျိုးစီးပွားများကို ခုခံကာကွယ်စေပြီး မတရားမှုကို တိုက်ခိုက်စေခဲ့သည့် သူရသတ္တိရှိသော အပြုအမူတို့ကို ကြံ့ခိုင်ဖွံ့ဖြိုးအောင်လုပ်ရန် တော၏ ပတ်ဝန်းကျင်ကို အသုံးပြုခဲ့သည်။ ဤသည်တို့မှာ လူသား အလိုဆန္ဒ၊ တစ်ဇောက်ကန်းဖြစ်ခြင်းနှင့် သဘာဝတို့နှင့် သက်ဆိုင်သော အရာများသာ ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်သည် မောရှေကို အဖော်ပြုရန် ဣသရေလလူမျိုးအနည်းငယ်ကို စီစဉ်မပေးခဲ့သနည်း။ သူသည် သူနှင့်အတူ နောက်ထပ် လူတစ်ဦး ရှိခဲ့မည်ဆိုလျှင် ဘုရားသခင်အပေါ် မှီခိုအားကိုးကောင်း အားကိုးမည် မဟုတ်ဘဲ အခြားလူတစ်ဦးအပေါ် မှီခိုအားကိုးခဲ့မည်ဖြစ်သည်။ မောရှေသည် ထိုသို့သော ပတ်ဝန်းကျင်တစ်ခုတွင် မည်သည့် လူစားမျိုးအဖြစ်သို့ နောက်ဆုံးတွင် ပြုပြင်ခြင်းခံခဲ့ရသနည်း။ သူသည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခဲ့ကာ စစ်မှန်သည့် ယုံကြည်ကိုးစားမှု ရှိခဲ့သည်။ ဤအရာက သူ၏ သဘာဝလျောက်ဖြစ်သော တစ်ဇောက်ကန်းဖြစ်ခြင်းက လျော့ပါးသွားခဲ့ပြီဖြစ်ကြောင်း ပြသပေသည်။ သူသည် တောထဲမှ ထွက်လာခဲ့ချိန်တွင် သူ၏ တစ်ဇောက်ကန်းဖြစ်ခြင်းနှင့် သူရသတ္တိရှိသော အပြုအမူတို့ ရှိခဲ့သေးသလော။ (မရှိပါ။) ဤအရာကို မည်သည့်အရာက ပြသခဲ့သနည်း။ (မောရှေက သူသည် စကားပြောကောင်းသောသူ မဟုတ်တော့ကြောင်း ပြောခဲ့သည်။) သူသည် စကားမပြောနိုင်တော့သောကြောင့် သူ့ထံတွင် မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ရုတ်တရက်ဖြစ်သော ဆန္ဒတို့ ရှိသေးသလော။ (မရှိတော့ပါ။) ဤသို့ကြည့်သည့်အခါ လူတစ်ဦးကို ဘုရားသခင် စုံလင်အောင်ပြုလိုသည့်အခါ၊ ဘုရားသခင်၌ လူတစ်ဦး၏ ယုံကြည်ကိုးစားမှုကို စုံလင်အောင်ပြုလိုသည့်အခါ ဤလူကို သူ အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ ဤလူ၏ သမ္မာတရားကို သိနားလည်ခြင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သိနားလည်ခြင်းတို့အား ဘုရားသခင် စုံလင်အောင်ပြုလိမ့်မည်ဖြစ်ပြီး မသန့်စင်မှု တစ်ခုမျှမရှိဘဲ၊ လူသား သူရသတ္တိ၊ ရုတ်တရက်ဖြစ်သော ဆန္ဒ၊ ရည်မှန်းချက်နှင့် မြင့်မားသည့် စိတ်ပြင်းပြမှုဟု ခေါ်ဆိုသည့်အရာ မရှိဘဲ၊ တစ်ဇောက်ကန်းဖြစ်ခြင်း မရှိဘဲ၊ လူသား ရည်ရွယ်ချက်ကောင်းများနှင့် စိတ်ထက်သန်မှုတို့ မရှိဘဲ ယုံကြည်လက်ခံမှုများဟုခေါ်သည့် ဤအရာများမရှိဘဲနှင့် ဘုရားသခင်အား အမှန်တကယ်၊ အပြည့်အဝ ကျိုးနွံနာခံရန် ဤလူကို အခွင့်ပေးလိမ့်မည် ဖြစ်သည်။ လူတိုင်းသည် လူသားအလိုဆန္ဒမှ ဖြစ်လာသည့် ဤအရာများကို လေးစားကာ လိုက်စားကြသည်၊ နှိုင်းယှဉ်ချက်အားဖြင့် ပြောရလျှင် ဤအရာများသည် လူတို့၏ စိတ်နှလုံးများက အပြုသဘောဆောင်ကာ ကောင်းမြတ်ပြီး မှန်ကန်သည်ဟု ခေါ်သည့် အရာများ ဖြစ်သည်။ ဤအရာများသည် လူတိုင်းက အသက်ရှင်ရန် လိုလားသည့် အရာများ ဖြစ်သည်။ ဤအရာများသည် လူတို့၏ ယုံကြည်မှုများ ဖြစ်သည်။ လူတို့တွင် ဤအရာများ မရှိသည့်အခါ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ကြပြီး လူသား စိတ်ကူးများနှင့် လူသား ကောင်းမြတ်မှုတို့ပေါ် အခြေခံ၍ အမှုအရာများကို လုပ်ဆောင်ကာ စကားပြောဆိုကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင် ရှေ့မှောက်သို့ လူတို့ တစ်ဖန်လာကြသည့်အခါ ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်း၏ အရိပ်လက္ခဏာများ သာ၍ ရှိကြလိမ့်မည်။ စစ်မှန်သော ယုံကြည်ခြင်း၏ အရိပ်လက္ခဏာများမှာ အဘယ်နည်း။ ၎င်းတို့က ဘုရားသခင်ကို အကြံပေးကာ “ဘုရားသခင်၊ ကိုယ်တော် လုပ်ဆောင်သည့် အရာများသည် လူသား အယူအဆများနှင့် မကိုက်သကဲ့သို့ ကိုယ်တော်၏ လုပ်ဆောင်ချက်များကို လူတို့ လက်ခံရန် အခက်တွေ့ကြသည်။ ကိုယ်တော် ဤသို့ လုပ်ဆောင်ရန် တကယ် လိုအပ်သည်”ဆိုသည်နှင့် “ဘုရားသခင်၊ ကိုယ်တော်ပြောသည့်အရာ မှန်ပုံမရပါ။ လေသံက စိမ်းနေသည်၊ နည်းလမ်းက မှားနေပြီး ကိုယ်တော် အသုံးပြုသည့် စကားများက မမှန်ပါ”ဟု ပြောကြလိမ့်ဦးမည်လော။ ဤအရာများသည် ၎င်းတို့ထံမှ လျော့ပါးသွားပြီး ဘုရားသခင်ကို ၎င်းတို့ အကြံပေးကြလိမ့်မည် မဟုတ်တော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ကြလိမ့်မည်၊ အသိစိတ် ပိုင်ဆိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ပိုင်ဆိုင်နိုင်ကြလိမ့်မည်။ တောထဲတွင် အနှစ်လေးဆယ် ကြံ့ခိုင်ဖွံ့ဖြိုးအောင် လုပ်ခြင်းဖြင့် ဘုရားသခင်၏ တည်ရှိခြင်းကို မောရှေ အမှန်တကယ် ခံစားခဲ့ရသည်။ တစ်ဦးချင်းအတွက် ရိုးရှင်းသည့် ရှင်သန်ခြင်းက မဖြစ်နိုင်သော ပတ်ဝန်းကျင်တစ်ခုတွင် သူသည် တစ်နေ့ချင်း ရှင်သန်ရန် ဘုရားသခင်အပေါ် မှီခိုခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ် မျှော်လင့်ခြင်းကို ထိန်းသိမ်းကာ အဆုံးထိတိုင် အသက်ရှင်ခဲ့သည်။ ဘုရားသခင်ကို သူ အမှန်တကယ် တွေ့မြင်ခဲ့သည်။ ထိုအရာမှာ ကံအားလျော်စွာဖြစ်ခြင်း မဟုတ်သကဲ့သို့ ဒဏ္ဍာရီတစ်ခုလည်း မဟုတ်ခဲ့ပေ။ ထိုအရာနှင့်ပတ်သက်၍ မတော်တဆဖြစ်သည့် သို့မဟုတ် ရုတ်တရက်ဖြစ်သည့်အရာ ဘာမျှမရှိခဲ့။ အားလုံး မှန်ကန်ခဲ့သည်။ ဘုရားသခင်၏ စစ်မှန်သည့် တည်ရှိခြင်းကို သူ မြင်ခဲ့ပြီး အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာမှာ စစ်မှန်သည်ကို သူ မြင်ခဲ့သည်။ လူတို့အထဲက ဘုရားသခင်၏ အမှုသည် ထိုသို့သော အကျိုးတရားတစ်ခုကို စွမ်းဆောင်ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ စိတ်နှလုံးများက ပြောင်းလဲမှုကို ကြုံရလိမ့်မည်။ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်က ဘာမျှမဟုတ်သကဲ့သို့ ဘုရားသခင် မရှိဘဲနှင့် မည်သည့်အရာမျှ ၎င်းတို့ မလုပ်ဆောင်နိုင်ကြောင်း ၎င်းတို့ ခံစားရလိမ့်မည်။ အကျိုးဆက်အနေဖြင့် အမှုအရာများကို မိမိတို့ သဘောအတိုင်း မလျှော့တမ်း လုပ်ဆောင်ရန် ၎င်းတို့ လိုလားကြလိမ့်မည် မဟုတ်ပေ။ ဤအချိန်တွင် လူတို့က “သခင်၊ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ” ဟူသကဲ့သို့သော အရာများကို ပြောကြလိမ့်မည်လော။ (ပြောကြမည် မဟုတ်ပါ။) ဤအချိန်တွင် လူတို့က ဘုရားသခင်ကို ဟန့်တားရန် လူသား အယူအဆများကို အခြေခံ၍ စကားပြောကြလိမ့်မည် မဟုတ်သကဲ့သို့ လူသား အလိုဆန္ဒဖြင့် သို့မဟုတ် သင့်တော်သည်ဟု မိမိတို့ကိုယ်တိုင် မြင်သည့်အတိုင်း အမှုအရာများကို မလျှော့တမ်း လုပ်ဆောင်ကြလိမ့်မည် မဟုတ်။ ဤအချိန်တွင် လူတို့ အသက်ရှင်သည့် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ မည်သည့်အရာကို ၎င်းတို့ အသက်ရှင်နေထိုင်ကြသနည်း။ စိတ်ခံစားချက်အားဖြင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ၎င်းတို့ ကျိုးနွံနာခံနိုင်ကြသည်။ လက်တွေ့ကျကျဆိုလျှင် ၎င်းတို့သည် အမှုအရာများကို အလိုအလျောက် ဖြစ်ခွင့်ပေးနိုင်ကြသည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို စောင့်ဆိုင်းကာ ရှာဖွေနိုင်ကြပြီး ဘုရားသခင်က ၎င်းတို့အား လုပ်ဆောင်ရန် စေခိုင်းသည့် အရာရာတိုင်းတွင် တစ်ဦးချင်း ရွေးချယ်မှုများ ပြုလုပ်ခြင်းမရှိဘဲ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြလေသည်။
ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ဖို့ မောရှေကို ဘုရားသခင် စေလွှတ်ခဲ့သည် ယခင်အချိန်က ထိုသို့သော တာဝန်ပေးစေခိုင်းချက်တစ်ခုကို သူ့အား ဘုရားသခင် ပေးအပ်ခြင်းအပေါ် မောရှေ၏ တုံ့ပြန်ချက်မှာ အဘယ်နည်း။ (အကျွန်ုပ်သည် နှုတ်သတ္တိမရှိဘဲ နှုတ်လေးသောသူ၊ စကားနှေးနှေး ပြောတတ်သောသူ ဖြစ်ပါ၏ဟု သူပြောခဲ့သည်။) သူသည် နှုတ်သတ္တိမရှိဘဲ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောသောသူ ဖြစ်သည်ဟူသည့် အနည်းငယ် ဒွိဟဖြစ်ခြင်း သူ့မှာ ရှိခဲ့သည်။ သို့ရာတွင် သူသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ခုခံခဲ့သလော။ ယင်းကို သူမည်သို့ သဘောထားခဲ့သနည်း။ သူသည် ဝပ်စင်းခဲ့သည်။ ဝပ်စင်းသည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ ယင်းက ကျိုးနွံနာခံခြင်းနှင့် လက်ခံခြင်းကို ဆိုလိုပါသည်။ သူသည် သူ၏တစ်ကိုယ်ရေ နှစ်သက်လိုလားမှုများကို အလေးမထားဘဲ သူ့ထံတွင် ရှိနိုင်သော မည်သည့် အခက်အခဲများကိုမျှ ထုတ်ဖော်ပြောပြခြင်း မရှိဘဲ ဘုရားသခင် ရှေ့မှောက်တွင် သူ၏ ဖြစ်တည်မှုတစ်ခုလုံးကို ဝပ်စင်းခဲ့သည်။ ဘုရားသခင်က သူ့ကို မည်သည့်အရာ လုပ်ခိုင်းမည်ဖြစ်ပါစေ သူသည် ချက်ချင်း လုပ်မည်ဖြစ်သည်။ သူလုပ်နိုင်သည့်အရာတစ်ခုမျှ မရှိဟု ခံစားရသည့်အချိန်တွင်ပင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူ အဘယ်ကြောင့် လက်ခံနိုင်ခဲ့သနည်း။ အကြောင်းမှာ သူ့အထဲတွင် စစ်မှန်သော ယုံကြည်ကိုးစားခြင်း ရှိသောကြောင့် ဖြစ်သည်။ အရာခပ်သိမ်းနှင့် ကိစ္စခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်သည့် အတွေ့အကြုံအချို့ သူ့ထံတွင်ရှိပြီး တောထဲ၌ သူတွေ့ကြုံခဲ့ရသည့် နှစ်လေးဆယ်တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာသည် အနန္တတန်ခိုးဖြစ်ကြောင်း သူသိလာခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူ ပျာပျာသလဲ လက်ခံခဲ့ပြီး ဘုရားသခင် သူ့အား စေခိုင်းခဲ့ပြီးဖြစ်သည့်အရာကို နောက်ထပ်စကားတစ်လုံးမျှ ထပ်မပြောဘဲ စတင်ခဲ့ခြင်း ဖြစ်သည်။ သူ စတင်ခဲ့သည်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက သူသည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ကိုးစားမှု ရှိခဲ့ကြောင်း၊ ဘုရားသခင်အပေါ် စစ်မှန်သော အားကိုးမှုရှိကြောင်းနှင့် ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံမှုရှိကြောင်းကို ဆိုလိုသည်။ သူသည် သူရဲဘောနည်းသူ မဟုတ်သကဲ့သို့၊ သူ့ကိုယ်ပိုင် ရွေးချယ်မှုကို မလုပ်ခဲ့ပေ၊ သို့မဟုတ် ငြင်းဆန်ရန် မကြိုးစားခဲ့ပေ။ ထိုအစား သူသည် အပြည့်အဝ ယုံကြည်ခဲ့ပြီး ယုံကြည်ကိုးစားမှုအပြည့်ဖြင့် သူ့အပေါ် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဆောင်ရွက်ဖို့ စတင်ခဲ့သည်။ ဤကဲ့သို့ သူယုံကြည်ခဲ့သည်။ “ဘုရားသခင်က ဤအရာကို တာဝန်ပေးစေခိုင်းပြီးဖြစ်လျှင် အားလုံးသည် ဘုရားသခင် ပြောသကဲ့သို့ လုပ်ဆောင်ပြီးဖြစ်ရမည်။ ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ထုတ်ဆောင်ရန် ဘုရားသခင်က ကျွန်ုပ်ကို ပြောပြီးဖြစ်သောကြောင့်၊ ကျွန်ုပ်သွားမည်။ ဤသည်မှာ ဘုရားသခင် တာဝန်ပေးစေခိုင်းသည့်အရာ ဖြစ်သည့်အတွက်၊ အမှုပြုဖို့ သူသွားလိမ့်မည်ဖြစ်ပြီး ကျွန်ုပ်ကို သူ ခွန်အားပေးလိမ့်မည်ဖြစ်သည်။ ကျွန်ုပ် ပူးပေါင်းဆောင်ရွက်ဖို့သာ လိုအပ်သည်” ဟူ၍ဖြစ်သည်။ ဤသည်မှာ မောရှေတွင် ရှိခဲ့သည့် ထိုးထွင်းအမြင်ဖြစ်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောလူများက ၎င်းတို့ကို ဘုရားသခင် ပေးအပ်သည့် အရာများကို မိမိတို့ဘာသာ လုပ်ဆောင်နိုင်သည်ဟု တွေးထင်ကြသည်။ လူတို့တွင် ထိုသို့သော အစွမ်းအစများ ရှိကြသလော။ လုံးဝ မရှိပေ။ လူတို့သည် သူရဲဘောကြောင်ကြလျှင် အဲဂုတ္တုလူမျိုး ဖာရောဘုရင်ကို တွေ့ဆုံရန်ပင် သတ္တိ ကင်းမဲ့ကြလိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့က “အဲဂုတ္တုလူမျိုး ဖာရောမင်းသည် နတ်ဆိုး ဘုရင်တစ်ပါး ဖြစ်သည်။ သူ့တွင် အမိန့်ပေးစေခိုင်း၍ရသည့် စစ်တပ်ကြီးတစ်တပ်ရှိပြီး စကားတစ်ခွန်းဖြင့် ငါ့ကို သတ်နိုင်သည်။ အလွန်များသည့် ဣသရေလလူမျိုးများကို ငါ အဘယ်သို့ ခေါ်ထုတ်သွားနိုင်မည်နည်း။ အဲဂုတ္တုလူမျိုး ဖာရောမင်းက ငါ့စကားကို နားထောင်မည်လော”ဟု ပြောကြလိမ့်မည်။ ဤစကားများတွင် ငြင်းပယ်ခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ပါဝင်သည်။ ထိုစကားများက ဘုရားသခင်ကို ယုံကြည်မှုမရှိခြင်းအား ထင်ရှားစေပြီး ဤသည်မှာ စစ်မှန်သော ယုံကြည်ကိုးစားမှု မဟုတ်ပေ။ ထိုအချိန်က အခြေအနေများသည် ဣသရေလလူမျိုးများအတွက်ဖြစ်စေ၊ မောရှေအတွက်ဖြစ်စေ ကောင်းမွန်ခြင်း မရှိချေ။ အဲဂုတ္တုပြည်ကို ပင်လယ်နီက ပိတ်ဆို့ထားပြီး ယင်းကို ကျော်ဖြတ်ခြင်းသည် ကြီးမားသော အခက်အခဲတစ်ခု ဖြစ်မည်ဖြစ်သောကြောင့် ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ခြင်းသည် လူသားအမြင်အားဖြင့် တကယ်ကို မဖြစ်နိုင်သည့် လုပ်ဆောင်ချက်တာဝန်တစ်ခု ဖြစ်ပေသည်။ ဤတာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းရန်မှာ မည်မျှ ခက်ခဲမည်ကို မောရှေ အမှန်တကယ်ကို မသိခဲ့၍များ ဖြစ်နိုင်မည်လော။ သူ၏စိတ်နှလုံးထဲတွင် သူသိထားသော်လည်း သူသည် နှုတ်လေးသောသူ၊ စကားနှေးနှေး ပြောတတ်သောသူဖြစ်ကြောင်း၊ မည်သူကမျှ သူ၏စကားကို အလေးထားမည် မဟုတ်ကြောင်းကိုသာ ပြောခဲ့သည်။ ပင်ကိုအားဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူ မငြင်းပယ်ခဲ့ချေ။ ဘုရားသခင်က မောရှေကို ဣသရေလလူတို့အား အဲဂုတ္တုပြည်မှ ဦးဆောင်ခေါ်ထုတ်ခိုင်းသည့်အချိန်တွင် သူက ဝပ်စင်းပြီး လက်ခံခဲ့သည်။ အခက်အခဲများကို သူ အဘယ်ကြောင့် ထုတ်ဖော်မပြောခဲ့သနည်း။ ယင်းမှာ တောထဲတွင် နှစ်လေးဆယ်ကြာနေပြီးသည့်နောက် လူ့လောကကြီး၏ ကြီးမားသော အန္တရာယ်များကို သူ မသိခဲ့၍များဖြစ်သလော၊ သို့မဟုတ် အဲဂုတ္တုပြည်၌ အမှုကိစ္စများ ရောက်ရှိပြီးဖြစ်သည့်အခြေအနေကို မသိခဲ့၍များဖြစ်သလော၊ သို့မဟုတ် ဣသရေလလူတို့၏ လက်ရှိအတိဒုက္ခကို မသိခဲ့၍များဖြစ်သလော။ ထိုအရာများကို သူ ရှင်းလင်းစွာ မမြင်နိုင်ခဲ့သလော။ ယင်းမှာ ဖြစ်ပျက်နေခဲ့သည့်အရာ ဖြစ်သလော။ သေချာပေါက် မဟုတ်ချေ။ မောရှေသည် ဉာဏ်ရည်ဉာဏ်စွမ်းရှိပြီး အမြော်အမြင်ရှိသည်။ လူ့လောကထဲတွင် ထိုအရာများကို ကိုယ်တိုင်ကိုယ်ကျ ခံရပြီးကာ တွေ့ကြုံရလျက် ထိုအရာများအားလုံးကို သူသိခဲ့ပြီး သူ မည်သည့်အခါမျှ မမေ့ခဲ့ချေ။ ထိုအရာများအားလုံးကို သူအလွန်ကောင်းစွာ သိခဲ့သည်။ ထို့ကြောင့် ဘုရားသခင် သူ့ကို ပေးသည့် တာဝန်ပေးစေခိုင်းချက်သည် မည်မျှခက်ခဲသည်ကို သူသိခဲ့သလော။ (သိခဲ့ပါသည်။) သူသိခဲ့လျှင် ထိုတာဝန်ပေးစေခိုင်းချက်ကို သူ မည်သို့ လက်ခံနိုင်ခဲ့သနည်း။ သူသည် ဘုရားသခင်ကို ယုံကြည်ကိုးစားမှုရှိခဲ့သည်။ သူ၏တစ်သက်တာ အတွေ့အကြုံဖြင့် ဘုရားသခင်၏ အနန္တတန်ခိုးကို သူယုံကြည်သောကြောင့် ဘုရားသခင်၏ ဤတာဝန်ပေးစေခိုင်းချက်ကို ယုံကြည်ကိုးစားခြင်းအပြည့်ရှိသော စိတ်နှလုံးနှင့်၊ သံသယ စိုးစဉ်းမျှ မရှိဘဲ လက်ခံခဲ့သည်။ သူသည် မည်သည့် အတွေ့အကြုံ ရှိခဲ့သနည်း။ ငါ့ကို ပြောလော့။ (သူ၏ အတွေ့အကြုံတွင် ဘုရားသခင်ထံ သူ ဟစ်ခေါ်သည့်အကြိမ်တိုင်းနှင့် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်သည့် အကြိမ်တိုင်းတွင် ဘုရားသခင်က သူ့ကို ဦးဆောင်လမ်းပြခဲ့သည်။ ဘုရားသခင်သည် သူ၏ ကတိစကားကို စောင့်ထိန်းရန် မည်သည့်အခါတွင်မျှ မပျက်ကွက်ခဲ့သည်ကို မောရှေမြင်ခဲ့ပြီး ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်ကိုးစားမှု ရှိခဲ့သည်။) ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ အခြားတစ်ခုတလေ ရှိသေးသလော။ (တောထဲရှိ သူ၏ အနှစ်လေးဆယ် အတောအတွင်းတွင် မောရှေသည် ဘုရားသခင်ထံ ဟစ်ခေါ်ကာ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ဧကန်အမှန် မြင်ခဲ့ရပြီး ဖြစ်သည်။ သူသည် ရှင်သန်နိုင်ခဲ့ကာ ထိုအရာကို ဖြတ်ကျော်လာနိုင်ခဲ့ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို စစ်မှန်သည့် ယုံကြည်ခြင်း ပိုင်ဆိုင်ခဲ့သည်။) အခြားတစ်ခုခု ရှိသေးသလော။ (ဘုရားသခင်သည် မောရှေ့အပေါ် အမှုများစွာ ပြုလုပ်နှင့်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်း ဖန်ဆင်းခဲ့ပုံ၊ နောဧကာလတွင် ကမ္ဘာလောကကို ဖျက်ဆီးရန် ဘုရားသခင်က ရေလွှမ်းမိုးခြင်း အသုံးပြုခဲ့ပုံနှင့် အာဗြဟံနှင့် အခြား ထိုသို့သောအရာများအကြောင်း တစ်စုံတစ်ရာကို မောရှေ့ သိရှိခဲ့သည်။ သူသည် ဤအရာများကို ပညတ္တိကျမ်းတွင် ရေးသားခဲ့သည်၊ ယင်းက သူသည် ဘုရားသခင်၏ ဤလုပ်ဆောင်ချက်များကို ထိုးထွင်းအမြင် ရရှိခဲ့ကာ ဘုရားသခင်က အနန္တတန်ခိုးရှိပြီး အရာခပ်သိမ်းသိမြင်ကြောင်း သိခဲ့သည်ကို သက်သေပြပါသည်။ ထို့ကြောင့် ဘုရားသခင်က သူ့ကို ဦးဆောင်သည်နှင့်အမျှ တာဝန်သည် မုချ အောင်မြင်မည်ဖြစ်ကြောင်းကို သူ ယုံကြည်ခဲ့သည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သူစောင့်ကြည့်ချင်ခဲ့သည်၊ သူ့အားဖြင့် ဘုရားသခင်က မည်သည့်အရာ လုပ်ဆောင်မည်ဆိုသည်နှင့် သူ့ကို ဘုရားသခင်က မည်သို့ ကူညီကာ လမ်းပြမည်ကို ကြည့်လိုခဲ့သည်။ ဤသည်မှာ သူ့တွင် ရှိခဲ့သည့် ယုံကြည်ကိုးစားမှု ဖြစ်ပါသည်။) ယင်းမှာ ဖြစ်ခဲ့သည့်ပုံစံဖြစ်သည်။ ကန္တာရထဲတွင် သူ၏နှစ်လေးဆယ်ကြာကာလ၌ မောရှေသည် ဘုရားသခင်၌ မည်သည့်အရာကမျှ မခက်ခဲကြောင်းနှင့် လူသည် ဘုရားသခင်၏ လက်တော်တွင် ရှိကြောင်းကို တွေ့ကြုံခံစားနိုင်ခဲ့သည်လားဆိုသည်ကို ငါ့ကို ပြောလော့။ အလွန်တွေ့ကြုံခံစားနိုင်ခဲ့ပါသည်။ ယင်းမှာ သူ၏ အစစ်မှန်ဆုံး အတွေ့အကြုံဖြစ်သည်။ ကန္တာရတွင် သူ၏ နှစ်လေးဆယ်ကြာကာလ၌ သူ့အတွက် သေလောက်သော အန္တရာယ်ရှိသည့် အရာများစွာရှိခဲ့ပြီး သူ အသက်ရှင်မည် ဟုတ်မဟုတ်ကို သူမသိခဲ့ပါ။ နေ့စဉ်နေ့တိုင်း သူ၏အသက်အတွက် သူရုန်းကန်ခဲ့ရပြီး ကွယ်ကာခြင်းအတွက် ဘုရားသခင်ကို ဆုတောင်းခဲ့ရသည်။ ယင်းမှာ သူ၏ တစ်ခုတည်းသော ဆန္ဒဖြစ်သည်။ ထိုနှစ်လေးဆယ်တွင် သူအလေးနက်ဆုံး တွေ့ကြုံခံစားရသည့်အရာမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ကွယ်ကာခြင်း ဖြစ်သည်။ ထို့နောက် နောက်ပိုင်းတွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူ လက်ခံနေသည့်အခါ သူ၏ ပထမဆုံး ခံစားချက်မှာ ဤကဲ့သို့ဖြစ်သည်။ “ဘုရားသခင်၌ မည်သည့်အရာမျှ မခက်ခဲပေ၊ ဘုရားသခင်က ပြီးမြောက်နိုင်သည်ဟု ဆိုလျှင် ယင်းသည် သေချာပေါက် ပြီးမြောက်နိုင်သည်၊ ဘုရားသခင်က ထိုတာဝန်ပေးစေခိုင်းချက်ကို ပေးသည့်အတွက် ယင်းကို သူ ဧကန်မုချ သေချာဖြစ်မြောက်စေလိမ့်မည်၊ ယင်းကို လုပ်ဆောင်မည့်သူမှာ သူဖြစ်ပြီး မည်သည့်လူသားမျှ မဟုတ်ချေ” ဟူ၍ဖြစ်သည်။ လုပ်ဆောင်ချက် မပြုမီ၊ လူတို့သည် စီစဉ်ရမည်ဖြစ်ပြီး ကြိုတင်စီစဉ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ အကြိုလုပ်ငန်းများကို ၎င်းတို့သည် ဦးစွာ ကိုင်တွယ်ရမည်။ ဘုရားသခင်သည် သူ မလုပ်ဆောင်မီ ဤကိစ္စများကို ဆောင်ရွက်ရမည်လော။ မလိုအပ်ချေ။ ဖန်ဆင်းခံတိုင်းသည် မည်မျှဩဇာညောင်းပါစေ၊ မည်မျှ လုပ်နိုင်စွမ်း သို့မဟုတ် တန်ခိုးအာဏာကြီးပါစေ၊ မည်မျှ ထိန်းမနိုင်သိမ်းမရဖြစ်ပါစေ ဘုရားသခင်၏ လက်ထဲတွင် ရှိပေ၏ဟူ၍ ဖြစ်ပေသည်။ မောရှေသည် ဤအရာနှင့်ပတ်သက်၍ ယုံကြည်ကိုးစားခြင်း၊ အသိပညာနှင့် အတွေ့အကြုံ ရှိသောကြောင့် သူ၏ စိတ်နှလုံးထဲတွင် သံသယ၊ သို့မဟုတ် အကြောက်တရား တစ်စက်မျှ မရှိချေ။ သို့ဖြစ်၍ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ကိုးစားခြင်းသည် အထူးသဖြင့် စစ်မှန်ပြီး ဖြူစင်သည်။ သူသည် ယုံကြည်ကိုးစားခြင်းဖြင့် ပြည့်နေခဲ့ပြီးဖြစ်သည်ဟု ဆိုကောင်းဆိုနိုင်လေသည်။
စစ်မှန်သော ယုံကြည်ခြင်းက မည်သည့်အရာဖြစ်ကြောင်းကို ငါ ယခုတင် ပြောဆိုပြီးဖြစ်သည်။ ငါ့ကိုပြောလော့၊ အဆုံးတွင် ဘုရားသခင်သည် လူတို့၏ ယုံကြည်လက်ခံမှုများကို အလိုရှိသလော သို့မဟုတ် လူတို့၏ စစ်မှန်သော ယုံကြည်ခြင်းကို အလိုရှိသလော။ (လူတို့၏ စစ်မှန်သော ယုံကြည်ခြင်းကို သူ အလိုရှိပါသည်။) ဘုရားသခင် အလိုရှိသောအရာမှာ လူတို့၏ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ စစ်မှန်သော ယုံကြည်ခြင်းဆိုသည်မှာ အဘယ်နည်း။ အရိုးရှင်းဆုံးနှင့် တိုက်ရိုက်အကျဆုံးသော ဝေါဟာရအားဖြင့်ဆိုရလျှင် ထိုအရာမှာ ဘုရားသခင်၌ လူတို့၏ စစ်မှန်သော ယုံကြည်ကိုးစားမှု ဖြစ်သည်။ လက်တွေ့လုပ်ဆောင်ခြင်းတွင် စစ်မှန်သော ယုံကြည်ကိုးစားမှုက မည်သည့်အရာနှင့် တူသနည်း။ ထိုအရာသည် လူတို့၏ လက်တွေ့ဘဝများရှိ လုပ်ဆောင်ချက်များအားလုံးနှင့် အဘယ်ပတ်သက်မှု ရှိသနည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိပြီး စီမံသည်ကို လူတို့ ယုံကြည်ကြသည်။ သူတို့ ကြုံရသမျှအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သူတို့ ယုံကြည်ကြပြီး ဘုရားသခင်အတွက် မည်သည့်အရာမျှ မခက်ခဲသည်ကို ယုံကြည်ကြသည်။) (ဘုရားသခင် ပြောသည့် စကားတိုင်း ဖြစ်လာလိမ့်မည်ဟု လူတို့ ယုံကြည်ကြသည်။) ဤအရာကို နောက်ထပ် အချိန်ယူတွေးဆလော့။ စစ်မှန်သော ယုံကြည်ကိုးစားမှုသည် အခြားမည်သည့်ပုံစံဖြင့် ယင်းဘာသာ ထင်ရှားလိမ့်မည်နည်း။ (မောရှေ၏ ယုံကြည်ကိုးစားမှုသည် သာမန် ယုံကြည်သူများ၏ ယုံကြည်ကိုးစားမှုနှင့် ကွဲပြားပါသည်။ ကမ္ဘာဦးကျမ်းကို သူ ရေးသားခဲ့ချိန်တွင် ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို သူ၏ စကားများဖြင့် ဖန်ဆင်းခဲ့ကြောင်း သူ ယုံကြည်ခဲ့သည်၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့သည် ဘုရားနှုတ်ကပတ်တော်များမှတစ်ဆင့် ဖြစ်ပေါ်လာခဲ့ကြောင်း သူ ယုံကြည်ခဲ့သည်၊ ဘုရားသခင် ပြောဆိုသည့် မည်သည့်အရာမဆို အမှန်တကယ် ဖြစ်ပြီး ဘုရားသခင် စီမံသည့်အရာသည် ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သူ ယုံကြည်ခဲ့သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားလုံး အမှန်တကယ် ဖြစ်လာမည်ဖြစ်ကာ ပြီးပြည့်စုံမည်ကို သူ ယုံကြည်ခဲ့သည်။ ဤအရာနှင့်စပ်လျဉ်း၍ သူသည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ကိုးစားမှု ရှိခဲ့သည်။ သူသည် ဘုရားသခင် အမှန်တကယ် တည်ရှိသည်ဟူသော အချက်ကို ယုံကြည်ခဲ့ရုံမျှသာ မဟုတ်ပေ။ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့ကြောင်းကို သူ ယုံကြည်ခဲ့သည်။ သူ၏ စိတ်နှလုံးတွင် ဘုရားနှုတ်ကပတ်တော်များက အရာရာကို ဖြစ်မြောက်စေခဲ့ကြောင်း သူ လုံးဝ ယုံကြည်ခဲ့ပြီး ဘုရားသခင်၏ အနန္တတန်ခိုးကို သူ ယုံကြည်ခဲ့သည်။ သူသည် ဘုရားသခင်၌ ထိုသို့သော ယုံကြည်ကိုးစားမှု ကင်းမဲ့ခဲ့လျှင် ကမ္ဘာဦးကျမ်းကို မည်သည့်အခါတွင်မျှ ရေးနိုင်ခဲ့မည် မဟုတ်ပါ။ ဤစကားများကို သန့်ရှင်းသော ဝိညာဉ်တော်ကလည်း မှုတ်သွင်းထားခဲ့ခြင်း သို့မဟုတ် ထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး သူက ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။) ငါ့ကို ပြောလော့၊ ဘုရားသခင်၏ စစ်မှန်သည့် တည်ရှိခြင်းသည် လူတို့ ယုံကြည်သောကြောင့် အမှန်တရားတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်၏ စစ်မှန်သော တည်ရှိခြင်းသည် မည်သည့် အမှန်တရားမျိုး ဖြစ်သနည်း။ (လူတို့က ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ဘုရားသခင် တည်ရှိပြီး ဘုရားသခင်သည် မိမိဘာသာဖြစ်တည်ကာ ထာဝရတည်ရှိပါသည်။) အနည်းဆုံးအနေဖြင့် ဘုရားသခင်၌ ယုံကြည်ကိုးစားခြင်းသည် ဤအခြေခံအုတ်မြစ်ပေါ် အခြေခံရမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့အပေါ် သင်၏ နှုတ်ဖြင့် အသိအမှတ်ပြုခြင်းကြောင့် တည်ရှိခြင်း မဟုတ်သကဲ့သို့ သူ့ကို သင် အသိအမှတ်မပြုသောကြောင့်လည်း မတည်ရှိဘဲ နေမည်မဟုတ်။ ထို့ထက် သူ့ကို သင် ယုံကြည်သည်ဖြစ်စေ၊ အသိအမှတ်ပြုသည်ဖြစ်စေ ဘုရားသခင် တည်ရှိပေသည်။ ဘုရားသခင်သည် ထာဝရ ဖန်ဆင်းရှင်ဖြစ်ပြီး အရာခပ်သိမ်းအပေါ် ထာဝရ အချုပ်အခြာအာဏာ ရှိပေသည်။ လူတို့သည် ဤသိနားလည်မှုသို့ ရောက်ရှိရန် အဘယ်ကြောင့် လိုအပ်သနည်း။ ထိုအရာက လူတို့တွင် မည်သည့်အရာကို ပြောင်းလဲပေးနိုင်သနည်း။ လူအချို့က “ကိုယ်တော့်ကို ကျွန်ုပ်တို့ ယုံကြည်လျှင် ကိုယ်တော်သည် ဘုရားသခင်ဖြစ်သည်။ သို့သော် ကိုယ်တော့်ကို ကျွန်ုပ်တို့ မယုံကြည်လျှင် ကိုယ်တော်သည် ဘုရားသခင် မဟုတ်ပါ”ဟု ဆိုကြသည်။ ဤစကားများသည် အဘယ်နည်း။ ဤသည်တို့မှာ ပုန်ကန်ပြီး မှားယွင်းသော စကားများ ဖြစ်သည်။ ဘုရားသခင်က “ငါ့ကို သင် မယုံကြည်လျှင် ငါ ဘုရားဖြစ်နေဆဲဖြစ်ပြီး သင်၏ ကံကြမ္မာအပေါ် ငါ အချုပ်အခြာအာဏာရှိနေဆဲဖြစ်သည်။ ဤအရာကို သင် မပြောင်းလဲနိုင်ပါ”ဟု ပြောသည်။ ဤသည်မှာ မည်သူမျှ ငြင်းမရနိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ ဘုရားမဲ့ဝါဒီတစ်ယောက်က ဘုရားသခင်ကို မည်မျှ ငြင်းပယ်သည်ဖြစ်စေ၊ အတိုက်အခံလုပ်သည်ဖြစ်စေ၊ ၎င်း၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိနေဆဲဖြစ်ပြီး ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ၎င်းတို့ မလွတ်မြောက်နိုင်ပေ။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို သင် အပြည့်အဝ လက်ခံကာ ကျိုးနွံနာခံပြီး ဘုရားသခင် ဖော်ပြခဲ့သည့် သမ္မာတရားအားလုံးကို လက်ခံနိုင်လျှင် ဘုရားနှုတ်ကပတ်တော်များက သင်၏ ဘဝလမ်းခရီးကို ပြောင်းလဲပေးနိုင်သည်၊ သင်၏ ဘဝ ရည်မှန်းချက်များနှင့် သင်၏ လိုက်စားမှု ဦးတည်ချက်ကို ပြောင်းလဲပေးနိုင်သည်၊ သင် ရွေးချယ်သည့် လမ်းကြောင်းကို ပြောင်းလဲပေးနိုင်ပြီး သင့်ဘဝ၏ အဓိပ္ပာယ်ကို ပြောင်းလဲပေးနိုင်သည်။ လူအချို့က ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်ကြောင်းနှင့် ဘုရားသခင်သည် တည်ရှိသမျှ အရာခပ်သိမ်းနှင့် အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာရှိကြောင်း မိမိတို့နှုတ်ဖြင့် ပြောဆိုကြသော်လည်း ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိသကဲ့သို့ ဘုရားသခင်က လူတစ်ဦးချင်းစီအတွက် မတူကွဲပြားသော အစီအစဉ်များ ပြုလုပ်သည်ဆိုသည်ကို မမြင်နိုင်ကြချေ။ ဤလူများသည် မိမိတို့ကိုယ်ပိုင် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို အမြဲ လိုက်စားလိုကြပြီး ကြီးမားသည့် အရာများကို အမြဲလုပ်ဆောင်လိုကြသော်လည်း ဆက်ကာဆက်ကာဖြစ်သော အနှောင့်အယှက်များကို ၎င်းတို့ ကြုံရကာ နောက်ဆုံးတွင် ရိုက်ချခံရကာ ကျိုးပဲ့ပြီး သွေးထွက်ကျန်ရစ်ရသည်။ ထို့နောက်တွင်မှ ၎င်းတို့ အရှုံးပေးအပ်နှံကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် ယုံကြည်ပါက ဤသို့ ပြုမူဆောင်ရွက်ကြမည်လော။ ၎င်းတို့အတွက် ဖြစ်နိုင်မည် မဟုတ်ပေ။ ၎င်းတို့ မည်သို့ ရှေ့ဆက်လုပ်ဆောင်သင့်သနည်း။ ဦးစွာပထမ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ နားလည်သင့်သည်။ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ အမှုတော်တွင် သူသည် လူတို့အား ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီး စာတန်၏ စွမ်းအားမှ ရုန်းထွက်လွတ်မြောက်ရန်၊ ဘဝ၏ မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ပြီး ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်ရန် ကူညီမစသည်။ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို အမှန်တကယ် နားလည်ပါက ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိလျက် ၎င်းတို့၏ သမ္မာတရား လိုက်စားမှုနှင့် ဘုရားသခင်ကို နားလည်ရန် စူးစမ်းရှာဖွေရာတွင် ဘုရားသခင်၏ သတ်မှတ်ချက်များကို လိုက်လျှောက်ကြလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့်သာ ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ကိုက်ညီနိုင်ကြပေသည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိသည့် လူများစွာ ရှိသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒများကို အမြဲ လိုက်စားအားထုတ်လိုကြသော်လည်း အဆုံးတွင် အားလုံး ကျရှုံးကြသည်။ ထိုအခါတွင်မှ ၎င်းတို့က “ဤသည်မှာ ကံကြမ္မာဖြစ်ပြီး ဘုရားသခင် စီမံထားပြီးဖြစ်သည့်အရာကို မည်သူမျှ မပြောင်းလဲနိုင်ပါ”ဟူ၍ မိမိတို့ စိတ်နှလုံးများထဲရှိသည့်အရာကို ပြောဆိုကြလေသည်။ ဤအချိန်တွင် ၎င်းတို့က “ဘုရားသခင်၏ တည်ရှိခြင်းကို ကျွန်ုပ် ယုံကြည်ပြီး ဘုရားသခင်က အရာရာတိုင်းကို သူ၏ လက်ထဲ ထိန်းချုပ်သည်ကို ကျွန်ုပ် ယုံကြည်ပါသည်”ဟု တစ်ဖန် ပြောဆိုသည့်အခါ ဤစကားများသည် ယခင်က သူတို့ ပြောဆိုခဲ့သည့်စကားများနှင့် ကွဲပြားမှု ရှိပါသလော။ ယင်းတို့သည် ယခင်က ၎င်းတို့ ပြောဆိုခဲ့ကြသည့် အယူဝါဒများထက် များစွာ သာ၍ လက်တွေ့ကျသည်။ ယခင်က ၎င်းတို့သည် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိကြောင်း နှုတ်ဖြင့်သာ အသိအမှတ်ပြုပြီး ယုံကြည်ခဲ့ကြသော်လည်း အမှုအရာများက ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ ဘုရားသခင်ကို မနာခံနိုင်ခဲ့ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များပေါ် အခြေခံ၍ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့၏ စံထားရာများကို မိမိတို့ဘာသာ အကောင်အထည် ဖော်နိုင်မည်ဟု တွေးထင်ခဲ့ကြသည်။ ဤသို့ဖြင့် ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့ ယုံကြည်သည့် ဘုရားနှုတ်ကပတ်တော်များနှင့် ၎င်းတို့၏လျှာဖျားပေါ်က အယူဝါဒများသည် ၎င်းတို့ လုပ်ရပ်များ၏ စည်းမျဉ်းများ ဖြစ်မလာနိုင်ခဲ့ပေ။ ဆိုလိုသည်မှာ ဘုရားနှုတ်ကပတ်တော်များက အားလုံး သမ္မာတရားဖြစ်ပြီး အရာခပ်သိမ်းကို ဖြစ်မြောက်စေနိုင်ကြောင်း ၎င်းတို့ မယုံကြည်ခဲ့ကြပေ။ သမ္မာတရားကို ၎င်းတို့ နားလည်သည်ဟု တွေးထင်ခဲ့ကြသော်လည်း ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိခဲ့ကြသောကြောင့် ၎င်းတို့ နားလည်ခဲ့ကြသည့်အရာမှာ အယူဝါဒများနှင့် စကားများသာဖြစ်သည်၊ သမ္မာတရား စစ်မှန်မှု မဟုတ်ခဲ့ပေ။ ၎င်းတို့၏ နှုတ်များဖြင့် ၎င်းတို့က ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်သည်ဟု ဆိုခဲ့ကြသော်လည်း လက်တွေ့ဘဝတွင် ဘုရားသခင်ကို ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိခဲ့ကြပေ။ ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းများဆီသို့ အမြဲ ဆင်းသွားကြသည်၊ ၎င်းတို့ ကိုယ်ပိုင် အလိုဆန္ဒများကို အမြဲ လိုက်စားချင်ခဲ့ကြပြီး ဘုရားသခင်၏ သတ်မှတ်ချက်များကို ချိုးဖောက်ခဲ့ကြသည်။ ဤသည်မှာ စစ်မှန်သော ကျိုးနွံနာခံမှုလော။ ဤနေရာတွင် စစ်မှန်သော ယုံကြည်လက်ခံမှုနှင့် စစ်မှန်သော ယုံကြည်ကိုးစားမှု ရှိသလော။ (မရှိပါ။) တစ်ခုမျှ လုံးဝ မရှိ၊ ယင်းမှာ တကယ်ကို သနားဖွယ်ရာပင်။ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ကိုးစားမှု၏ သရုပ်သကန်များမှာ အဘယ်နည်း။ စစ်မှန်သော ယုံကြည်ကိုးစားမှု ရှိသည့်လူတို့သည် အနည်းဆုံးအနေဖြင့် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းနှင့် ထိုနှုတ်ကပတ်တော်များ အမှန်တကယ် ဖြစ်လာလိမ့်မည်ဖြစ်ကာ ပြီးပြည့်စုံလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ကြပြီး ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းသည် ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းဖြစ်သည်ဟု ယုံကြည်ကြလေသည်။ ၎င်းတို့၏ ဘဝများတွင် ဘုရားသခင်ထံ ၎င်းတို့ ဆုတောင်းပြီး ဘုရားသခင်အပေါ် မှီခိုအားကိုးကြသည်၊ ဘုရားနှုတ်ကပတ်တော်များကို မိမိတို့၏ လက်တွေ့ဘဝများထဲသို့ ယူဆောင်ကြသည်၊ အရာခပ်သိမ်းတွင် ဘုရားနှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ကြသည်၊ ရိုးသားသော လူများဖြစ်ရန် ကြိုးစားကြပြီး ဘုရားနှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်ကြသည်။ ဘုရားသခင်၏ တည်ရှိခြင်းနှင့် အချုပ်အခြာအာဏာကို ၎င်းတို့ ယုံကြည်ကြရုံသာမက ၎င်းတို့၏ လက်တွေ့ကျသော ဘဝများတွင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန်လည်း ကြိုးစားကြသည်။ ၎င်းတို့ ပုန်ကန်ပါက မိမိတို့ကိုယ်ကို သုံးသပ်နိုင်ကြသည်၊ သမ္မာတရားကို လက်ခံနိုင်ကြသည်၊ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းကို ခံယူနိုင်ကြပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိနိုင်ကြသည်။ သင်သည် ဤသို့လက်တွေ့လုပ်ဆောင်ပါက သင် ယုံကြည်ပြီး အသိအမှတ်ပြုသည့် သမ္မာတရားသည် သင်၏ အသက်စစ်မှန်မှု ဖြစ်လာလိမ့်မည်။ ဤသမ္မာတရားက သင်၏ အတွေးများကို လမ်းပြနိုင်လိမ့်မည်၊ သင်၏ ဘဝကို လမ်းပြနိုင်လိမ့်မည်ဖြစ်ပြီး သင်၏ ဘဝတစ်ခုလုံး လျှောက်လှမ်းသည့် ဦးတည်ချက်ကို လမ်းပြနိုင်လိမ့်မည်။ ဤအချိန်တွင် သင်သည် ဘုရားသခင်၍ စစ်မှန်သော ယုံကြည်ကိုးစားမှုကို ဖွင့်ထုတ်နိုင်လိမ့်မည်။ သင်သည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်လက်ခံမှုနှင့် စစ်မှန်သည့် နာခံမှုပိုင်ဆိုင်သည့်အခါ ဤအရာက ယုံကြည်ကိုးစားမှုကို ဖြစ်ပေါ်စေသည်။ ဤယုံကြည်ကိုးစားမှုသည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းဖြစ်၏။ ဤစစ်မှန်သော ယုံကြည်ခြင်းသည် မည်သည့်နေရာမှ လာသနည်း။ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်း၊ ထိုသို့ဖြင့် သမ္မာတရားကို သိနားလည်လာခြင်းအားဖြင့် ထိုအရာကို ရရှိပေသည်။ သမ္မာတရားကို လူတို့ နားလည်လေ၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ကိုးစားမှု ကြီးမားလေ၊ ဘုရားသခင်ကို ၎င်းတို့ သာ၍ သိလေဖြစ်ကာ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံလေဖြစ်သည်။ ဤသည်မှာ လူတို့က စစ်မှန်သည့် ယုံကြည်ခြင်း ရှိလာသည့်ပုံဖြစ်သည်။
ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်းကို လူတို့ ရရှိလာကြသည့် ဖြစ်စဉ်တွင် ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သနည်း။ (သူသည် ဉာဏ်အလင်းပေး၊ လမ်းပြသည်၊ ပတ်ဝန်းကျင်များကို စီစဉ်ညွှန်ကြားပြီးနောက် သမ္မာတရားကို ယူဆောင်ကာ လူတို့ထဲတွင် အမှုပြုပါသည်။) ပေတရုက သခင်ယေရှုထံမှ သူ့အပေါ် ပြစ်တင်မောင်းမဲခြင်းကို ခံယူရခဲ့ချိန်တွင် ယင်းမှာ ဘုရားသခင်က သူ့ကို ဖော်ထုတ်နေခြင်း၊ တရားစီရင်နေခြင်းနှင့် ပြစ်တင်ရှုတ်ချနေခြင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ကိုးစားမှု မရရှိမီတွင် ဤအရာများကို တွေ့ကြုံရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ၎င်းတို့သည် အဘယ်ကြောင့် ဤအရာများကို တွေ့ကြုံရန် လိုအပ်သနည်း။ ဤအရာများမရှိဘဲနှင့် မဖြစ်နိုင်မည်လော။ တရားစီရင်ခြင်း၊ ဖော်ထုတ်ခြင်း၊ အပြစ်ဖော်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ပြစ်တင်မောင်းမဲခြင်းနှင့် ကျိန်ခြင်းကိုပင် ရှောင်ကွင်း၍ ဖြစ်နိုင်သလော။ မဖြစ်နိုင်ပါ။ သခင်ယေရှုက ပေတရုကို ပြစ်တင်မောင်းမဲခြင်းထက် “ပေတရု၊ သင် ပြောသည့်စကားသည် ရည်ရွယ်ချက်ကောင်းသည်ကို ငါ သိသော်လည်း နောင်အနာဂတ်တွင် ထိုသို့မပြောနှင့်။ လူသား ရည်ရွယ်ချက်ကောင်းများဖြင့် ငါ၏ အကြံအစည်ကို မဟန့်တားနှင့်။ စာတန်ကိုယ်စား စကားပြောကာ စာတန်၏ ထွက်ပေါက်အဖြစ် ပြုမူဆောင်ရွက်ခြင်း မရှိနှင့်။ အနာဂတ်တွင် ပိုမို ဂရုစိုက်ပြီး အဓိပ္ပာယ်မဲ့သောအရာကို မပြောနှင့်။ စကားမပြောမီ သင်၏ စကားများက မှန်ခြင်းရှိမရှိဆိုသည်နှင့် ယင်းတို့က ဘုရားသခင်ကို ဝမ်းနည်းကြေကွဲစေခြင်း သို့မဟုတ် ဒေါသထွက်စေခြင်း ရှိမရှိဆိုသည်ကို သေချာစဉ်းစားလော့”ဟု ဆိုလျက် ထိုကိစ္စရပ်ကို ပေတရုနှင့်အတူ ခင်မင်ရင်းနှီးသော ပုံစံဖြင့် ဆွေးနွေးခဲ့ပြီးဖြစ်သည် ဆိုပါစို့။ ဤသို့ စကားပြောဆိုခြင်းက အလုပ်ဖြစ်မည်လော။ (အလုပ်ဖြစ်မည်မဟုတ်ပါ။) အဘယ်ကြောင့် အလုပ်မဖြစ်သနည်း။ လူတို့သည် စာတန်၏ အလွန်အမင်း ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်ကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ရင်းမြစ်များက အလွန်နက်ရှိုင်းလွန်းပေသည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့၏ အတွေးများ၊ လုပ်ဆောင်ချက်များ၊ စိတ်ကူးများ၊ အယူအဆများ၊ ၎င်းတို့ ဘဝများ၏ ရည်မှန်းချက်များနှင့် ဦးတည်ချက်များအပြင် ၎င်းတို့ ပြောဆိုလုပ်ဆောင်သမျှ အားလုံးအတွက် အရင်းခံအကြောင်းများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ လာပေသည်။ ဘုရားသခင်က ၎င်းတို့ကို ပြစ်တင်မောင်းမဲခြင်းမရှိလျှင် အဆင်ပြေသလော။ ဤပြဿနာ၏ ဆိုးရွားမှုကို ၎င်းတို့ သဘောပေါက်လိမ့်မည်လော။ ၎င်းတို့ အပြစ်၏ ဖြစ်ကြောင်းရင်းမြစ်သည် အမြစ်ဖြတ်ခံရနိင်သလော။ (မခံရနိုင်ပါ။) ၎င်းတို့ အပြစ်၏ ဖြစ်ကြောင်းရင်းမြစ်က အမြစ်ဖြတ်မခံရနိုင်ပါက ဘုရားသခင်ကို လူတို့ ကျိုးနွံနာခံနိုင်သလော။ (ကျိုးနွံနာခံနိုင်ခြင်း မရှိပါ။) ဘုရားသခင်က လူတို့ကို ရှုတ်ချပြီး ကျိန်ဆဲသည့်အခါ ကောင်းသောအရာဖြစ်သည်၊ သို့မဟုတ် မကောင်းသောအရာ ဖြစ်သည်ဆိုသည်မှာ ယခုတွင် သင်တို့အဖို့ ရှင်းသွားပြီလော။ (ကောင်းသောအရာတစ်ခု ဖြစ်ပါသည်။) ဘုရားသခင်က လူတို့ကို ထုတ်ဖော်ရန်မှာ ကောင်းသောအရာတစ်ခုဖြစ်သလော။ (ကောင်းသောအရာဖြစ်ပါသည်။) လူတို့တွင် မည်သည့်အရာကို သူ ထုတ်ဖော်သနည်း။ (၎င်းတို့၏ အားနည်းချက်၊ ဝိညာဉ်ရင့်ကျက်မှုနှင့် ဘုရားသခင်၌ ယုံကြည်ကိုးစားမှုတို့ကို သူ ထုတ်ဖော်ပါသည်။) သူသည် လူတို့ကို အလျှင်း ထုတ်ဖော်ပေသည်။ သင် စွဲကိုင်သည့် အယူဝါဒများ၊ သင် စဉ်ဆက်မပြတ် ထပ်တလဲလဲပြောသည့် ပေါ်ပင်ရေပန်းစားသော စကားလုံးများ၊ သင်၏ ယုံကြည်လက်ခံမှုများ၊ သင်၏ အပြင်ပန်း စိတ်အားထက်သန်မှုနှင့် စေတနာထားသော ရည်ရွယ်ချက်များသည် ဘုရားသခင် အသိအမှတ်ပြုသည့် အရာများ မဟုတ်ပေ။ ဤသည်မှာ သူ အလိုရှိသည့်အရာ မဟုတ်။ သင်သည် မည်မျှ စိတ်ထက်သန်သည်ဖြစ်စေ၊ မည်မျှဝေးဝေး ခရီးနှင်သည်ဖြစ်စေ၊ ဤသည်မှာ သမ္မာတရားကို သင် ပိုင်ဆိုင်ကြောင်း ပြသနိုင်သလော။ သင့်ထံတွင် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်းရှိကြောင်း ပြသနိုင်သလော။ (မပြနိုင်ပါ။) ဤသည်တို့မှာ ဘုရားသခင် အသိအမှတ်ပြုသည့် အရာများ မဟုတ်ပေ။ လူသား ကောင်းမြတ်ခြင်းနှင့် စိတ်ကူးများသည် အချည်းနှီးဖြစ်၏။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိပြီး ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ပိုင်ဆိုင်ရန်၊ ဘုရားသခင် အမှုပြုသည့် နည်းစနစ်အမျိုးမျိုးကို သင် တွေ့ကြုံရမည်။ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ ကျိန်ခြင်း၊ တစ်ခါတစ်ရံတွင် ပဲ့ပြင်ဆုံးမခြင်းနှင့် အပြစ်ပေးခြင်းတို့သည်ပင် လိုအပ်၏။ ဤအရာများကို ကြောက်ရွံ့ရမည်လော။ ကြောက်ရွံ့ရမည့် အရာများ မဟုတ်ပေ။ ယင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက်၊ ဘုရားသခင်၏ စဉ်းစဉ်းစားစား အလေးထားခြင်းနှင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတို့ ရှိကြသည်။ ဤအခက်အခဲကို သည်းခံရကျိုးနပ်ပေသည်။ ဘုရားသခင်သည် လူတို့အပေါ် အမှုပြုရန် ဤအရာများကို လုပ်ဆောင်ပြီး ဤနည်းစနစ်များကို အသုံးပြုသည်။ ဤအရာက ဘုရားသခင်သည် ဤလူများထံမှ အမှုအရာများကို မျှော်လင့်ပြီး ၎င်းတို့ထံမှ တစ်စုံတစ်ရာ အလိုရှိကြောင်း ပြသပေသည်။ ဤအရာများကို ကြုံရာကျပန်း၊ အကြောင်းရင်းမရှိဘဲ သို့မဟုတ် စိတ်ကူးများပေါ် အခြေခံ၍ ဘုရားသခင် မလုပ်ဆောင်ပေ။ ယင်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို လုံးဝ ထင်ဟပ်ကြ၏။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူသည် လူတို့အား ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းဆီသို့ ခေါ်ဆောင်လိုပြီး သမ္မာတရားကို လက်ခံစေလိုသည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားကာ ကယ်တင်ခြင်း ရရှိစေလိုသည်။
ငါ့ကို ပြောလော့၊ ပေတရုက သခင့်ကို သုံးကြိမ် ငြင်းပယ်ပြီးသည့်နောက်တွင် သူ၏ ယုံကြည်ခြင်းကို သူ ပြန်လည်သုံးသပ်ခဲ့သလော။ (ပြန်လည်သုံးသပ်ခဲ့ပါသည်။) ပုံမှန်လူ့သဘာဝရှိသည့် လူများ၊ သမ္မာတရားကို လိုက်စားသောသူများသည် ကျရှုံးမှုများနှင့် ဆုတ်ဆိုင်းမှုများ ကြုံရသည့်အခါ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကြလိမ့်မည်။ ပေတရုသည် ဤနည်းဖြင့် မိမိကိုယ်ကို မုချ ပြန်လည်သုံးသပ်ခဲ့မည်ဖြစ်သည်။ သမ္မာတရားကို မချစ်သောလူတို့သည် မိမိတို့ကိုယ်ကို မည်သည့်အခါတွင်မျှ ပြန်လည်သုံးသပ်ကြလိမ့်မည် မဟုတ်။ ပေတရုကဲ့သို့သော အခြေအနေတစ်ခုကို ၎င်းတို့ ကြုံရလျှင် “သခင့်ကို ကျွန်ုပ် သုံးကြိမ်ငြင်းပြီးသော်လည်း ဤသည်တို့မှာ ထူးခြားသော အခြေအနေများ ဖြစ်သည်။ ထိုသို့သော ထူးခြားသည့် အခြေအနေများအောက်တွင် မည်သူက မစိုးရိမ်၊ မကြောက်ရွံ့၊ အားမနည်းဘဲ နေမည်နည်း။ ထိုအရာမှာ အရေးမကြီးပါ။ သခင့်အတွက် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာ ကြီးမားနေဆဲဖြစ်သည်၊ ကျွန်ုပ်၏ စိတ်နှလုံးက စိတ်ထက်သန်မှုဖြင့် လောင်မြိုက်နေသည်။ ကျွန်ုပ်၏ စိတ်ဓာတ်က သန်မာပြီး သခင့်ကို ကျွန်ုပ် မည်သည့်အခါတွင်မျှ စွန့်ခွာမည်မဟုတ်၊ မည်သည့်အခါတွင်မျှ စွန့်ပစ်မည်မဟုတ်။ သခင့်ကို သုံးကြိမ် ငြင်းပယ်ခြင်းသည် သေးငယ်သည့် ပြစ်ချက်တစ်ခုသာ ဖြစ်ပြီး ဘုရားသခင်က ထိုအရာကို မအောက်မေ့မည်မှာ သေချာသလောက် ဖြစ်သည်။ အဆုံးမှာတော့ ဘုရားသခင်၌ ကျွန်ုပ်၏ ယုံကြည်ကိုးစားမှုက အတော်အတန် ကြီးမားပါသည်”ဟု ၎င်းတို့က ပြောဆိုကြလိမ့်မည်။ ဤသည်မှာ မည်သည့် ပြန်လည်သုံးသပ်မှုမျိုး ဖြစ်သနည်း။ ဤသည်မှာ သမ္မာတရားကို လက်ခံသည့် သဘောထားဖြစ်သလော။ ဤသည်မှာ စစ်မှန်သည့် ယုံကြည်ကိုးစားမှု ရရှိရန် နည်းလမ်းဖြစ်သလော။ (မဟုတ်ပါ။) ပေတရုက “သခင်ယေရှု၊ ကိုယ်တော်သည် လူတို့ကို အလွန်ကောင်းစွာ သိရှိပါသည်။ သို့သော် ထိုသို့သော အရာတစ်ခု ကျွန်ုပ် လုပ်ဆောင်မည်ကို ကိုယ်တော် အဘယ်သို့များ ခန့်မှန်းနိုင်ရပါသနည်း။ ကိုယ်တော့်ကို ကျွန်ုပ် ငြင်းပယ်မည်ကို ကိုယ်တော် ကြိုတင်ဟောကိန်း မထုတ်ခဲ့သင့်ပါ။ ထို့ထက် ကိုယ်တော့်ကို ကျွန်ုပ် သုံးကြိမ် အသိအမှတ်ပြုမည်ကို ကိုယ်တော် ကြိုတင်ဟောကိန်းထုတ်ခဲ့သင့်သည်။ ယင်းမှာ သိပ်ကောင်းမွန်ခဲ့မည်ဖြစ်ပြီး ထိုအခါ ကျွန်ုပ်သည် ကိုယ်တော့်နောက်သို့ ဂုဏ်ယူဝင့်ကြွားစွာ လိုက်နိုင်ခဲ့မည်ဖြစ်သည်။ ထို့အပြင် ထိုအရာက ကိုယ်တော်၌ရှိသည့် ကျွန်ုပ်၏ ကြီးမားသော ယုံကြည်ကိုးစားမှုကို ပြသခဲ့မည်ဖြစ်ပြီး ကိုယ်တော်၏ ကြိုတင်ဟောကိန်းသည်လည်း မှန်ကန်တိကျကြောင်း သက်သေပြပြီးဖြစ်မည်။ ထိုအရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့ နှစ်ဦးလုံး စိတ်ကျေနပ်ခဲ့မည်ဖြစ်သည်။ ကိုယ်တော်ကို ကျွန်ုပ် မှန်ကန်စွာ ယုံကြည်ခဲ့လေခြင်းပါတကား။ ကိုယ်တော်သည် ကျွန်ုပ်ကို စုံလင်အောင်ပြုကာ ကျွန်ုပ်၏ ဂုဏ်သိက္ခာကို ပေးရမည်။ ကျွန်ုပ်ကို ကိုယ်တော် ပြစ်တင်မောင်းမဲခြင်း မပြုသင့်ပါ။ ကျွန်ုပ်ကို ဤပုံစံဖြင့် ကိုယ်တော် မဆက်ဆံသင့်ပါ။ ကျွန်ုပ်သည် သိက္ခာရှိသော ပေတရုဖြစ်သည်။ ဘုရားသခင်ကို ငြင်းပယ်သည့် စကားများကို ကျွန်ုပ် မည်သည့်အခါတွင်မျှ မပြောခဲ့သင့်ပါ။ ထိုအရာမှာ အလွန် စိတ်အနှောင့်အယှက်ဖြစ်ရပြီး ရှက်ဖွယ်ရာပင်။ ကိုယ်တော်သည် အဘယ်ကြောင့် ထိုသို့သောအရာတစ်ခုကို ကျွန်ုပ်အပေါ် ထားရှိပါသနည်း။ အခြားတစ်စုံတစ်ဦးကို အဘယ်ကြောင့် မထားရသနည်း။ ကိုယ်တော် လုပ်ဆောင်ခဲ့သည့်အရာက မမျှတပါ။ ကိုယ်တော်ကို ကျွန်ုပ် ငြင်းပယ်မိခဲ့ကြောင်း ကျွန်ုပ် ဝန်ခံသော်လည်း ကျွန်ုပ်၏ အရှက်ရခြင်းကို လူတိုင်း မြင်နိုင်ရန်အလို့ငှာ ကိုယ်တော်က ကျွန်ုပ်ကို ဤကဲ့သို့ ထုတ်ဖော်ရန် လိုအပ်ခဲ့ပါသလော။ ဤနေရာမှ အဘယ်နေရာသို့ ကျွန်ုပ် သွားရမည်နည်း။ အနာဂတ်တွင် ကောင်းမွန်သည့် ခရီးပန်းတိုင်တစ်ခုကို ကျွန်ုပ် ရရှိနိုင်သေးသလော။ ဤအရာက ကိုယ်တော်သည် ကျွန်ုပ်အပေါ် လက်လျှော့ပြီးဖြစ်သည်ဟု မဆိုလိုသလော။ ကျွန်ုပ်၏ စိတ်နှလုံးတွင် ဤအရာက မျှတခြင်းမရှိဟု ကျွန်ုပ် ခံစားရပါသည်”ဟု စဉ်းစားခဲ့လျှင်ကော။ ဘုရားသခင်နှင့်အတူ ဤကဲ့သို့ အကျိုးသင့်အကြောင်းသင့် ပြောဆိုရန်မှာ မှန်ကန်သလော၊ သို့မဟုတ် မှားယွင်းသလော။ (မှားယွင်းပါသည်။) ဤသည်မှာ မည်သည့် အခြေအနေမျိုး ဖြစ်သနည်း။ ဤနေရာတွင် ပေတရုက မနာခံခြင်းနှင့် စောဒကတက်ခြင်းများ ရှိ၏။ ဘုရားသခင်၏ အမှုတော်က သူ၏ အယူအဆများ၊ အကြိုက်များနှင့် မကိုက်ညီကြောင်း ပေတရုက စောဒကတက်သည်။ ထိုအရာက သူ့အား ဂုဏ်ယူဝင့်ကြွားနိုင်ခြင်း မရှိအောင် သိက္ခာနှင့် အဆင့်အတန်း ဆုံးရှုံးစေသည်။ ဤတွင် သူသည် လူသားရွေးချယ်မှုများ ရှိသည်၊ လူသား မကျေနပ်ချက်များ၊ မနာခံမှု၊ အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်မှုတို့ ရှိသည်။ ဤအရာအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ ဤသို့ စဉ်းစားခြင်း၊ ဤသို့ ပြုမူဆောင်ရွက်ခြင်းနှင့် ထိုသို့သော သဘောထားနှင့် အခြေအနေတစ်ခု ရှိခြင်းတို့က သိသိသာသာ မှားယွင်းပေသည်။ လူတို့က ဤကဲ့သို့ စဉ်းစားကာ ပြုမူဆောင်ရွက်ပြီး ဘုရားသခင်က ၎င်းတို့ကို အပြစ်ဖော်ဆုံးမခြင်း မရှိပါက ထုတ်ဖော်ခံရပြီးသည့်နောက်တွင် စစ်မှန်သော ယုံကြည်ခြင်း ၎င်းတို့ ဖြစ်ပေါ်စေနိုင်သလော။ ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်း ၎င်းတို့ ပိုင်ဆိုင်နိုင်သလော။ (မပိုင်ဆိုင်နိုင်ပါ။) ဤကဲ့သို့သော အခြေအနေတွင် ၎င်းတို့ထဲတွင် ဘုရားသခင် ထုတ်ဖော်သည့်အရာနှင့် ၎င်းတို့ကို ဘုရားသခင် ဆက်ဆံပုံတို့အား ညည်းညူ၊ ပုန်ကန်၊ အတိုက်အခံလုပ်ပြီး ငြင်းပယ်သည့် လူတို့အတွက် မည်သည့် ရလဒ်မျိုး အဆင်သင့်ရှိသနည်း။ ဤအရာက ထိုသို့သော လူတို့၏ ဘဝများကို မည်သည့်အရာ ဆောင်ကြဉ်းပေးသနည်း။ ထိုအရာဆောင်ကြဉ်းသည့် ပထမဆုံးသောအရာမှာ ဆုံးရှုံးမှုဖြစ်သည်။ “ဆုံးရှုံးမှု”၏ သွယ်ဝိုက်ညွှန်းဆိုသောအရာမှာ အဘယ်နည်း။ ဘုရားသခင် မြင်သည့်အတိုင်းဆိုလျှင် သင့်ကို ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲလွန်းပေသည်။ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်သည် ရွေးချယ်မှုများအမြဲရှိကာ သင်၏ ကိုယ်ပိုင် အကြိုက်များ၊ ကိုယ်ပိုင် အလိုဆန္ဒ၊ ကိုယ်ပိုင် အယူအဆများနှင့် ကိုယ်ပိုင် စိတ်ကူးများ၊ အယူအဆများနှင့် ကောက်ချက်များ အမြဲရှိသည်။ သို့ဆိုလျှင် သင်သည် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်သေးသနည်း။ သင့်အတွက် ဘုရားသခင်သည် သင်၏ခံယူချက်နှင့် သင်၏ ဝိညာဉ်ရေးရာ အထောက်အပံ့တို့အတွက် ဦးတည်ရည်မှန်းသော ပုဂ္ဂိုလ်ဖြစ်သည်။ သင်သည် ဘုရားသခင်၊ ဘုရားနှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်၏ အသက် ပံ့ပိုးမှုတို့ မလိုအပ်သကဲ့သို့ သင်သည် ဘုရားသခင်အား သင့်ကို နာကျင်မှုများစွာဖြစ်စေသည့် တရားစီရင်ခြင်းအမှု တစ်မျိုးမျိုး သင့်အပေါ် လုပ်ဆောင်စေရန် မုချ မလိုအပ်ပေ။ တုံ့ပြန်သည့်အနေဖြင့် ဘုရားသခင်က “ယင်းမှာ လွယ်ပါသည်၊ သင့်ကို ငါ ထိုသို့လုပ်ဆောင်ရန် မလိုပါ။ တစ်ခုသာရှိသည်။ သင် ငါ့ကို စွန့်ခွာရမည်။ သင့်ထံတွင် သင်၏ ရွေးချယ်မှုများအတွက် လုပ်ပိုင်ခွင့်ရှိပြီး ငါ့ထံတွင်လည်း ရွေးချယ်မှုများပြုလုပ်ရန် လုပ်ပိုင်ခွင့်ရှိသည်။ သင့်ကို ငါ မကယ်တင်ရန် ရွေးချယ်နိုင်သကဲ့သို့ သင့်ကို ငါ ကယ်တင်သည့်ပုံစံကို လက်မခံရန် သင်ရွေးချယ်နိုင်သည်”ဟု ပြောသည်။ ဤအရာက သင်နှင့် ဘုရားသခင်သည် အချင်းချင်း မည်သို့မျှ ပတ်သက်ခြင်းမရှိဟု ဆိုလိုသလော။ ဤသည်မှာ ဘုရားသခင်၏ လွတ်လပ်မှုလော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် ဤအရာ လုပ်ဆောင်ပိုင်ခွင့်ရှိသလော။ (ရှိပါသည်။) ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်မခံရန် လူတို့တွင် ရွေးချယ်ပိုင်ခွင့်ရှိသလော။ (ရှိပါသည်။) လူတို့တွင် ဤလုပ်ပိုင်ခွင့်လည်း ရှိပေသည်။ သင့်အတွက် ဘုရားသခင်၌ ရှိသည့် ကယ်တင်ခြင်းကို သင် စွန့်လွှတ်နိုင်သည် သို့မဟုတ် ငြင်းပယ်နိုင်သည်၊ သို့သော် အဆုံးတွင် ဆုံးရှုံးမှုကို ခံစားရသည်မှာ သင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရလိမ့်မည် မဟုတ်သည်သာမက သင့်ကိုလည်း ဘုရားသခင်က ပစ်ပစ်ခါခါငြင်းပြီး ဖယ်ရှားရှင်းလင်းလိမ့်မည်။ အဆုံးတွင် သင်သည် နှစ်ဆအပြစ်ပေးခံရလိမ့်မည်။ ဤသည်မှာ သင့်အတွက် အဆုံးသတ်ဖြစ်သည်။ သင့်အတွက် သိုမှီးထားသော ဒုက္ခဖြစ်သည်။ ထို့ကြောင့် ကယ်တင်ခံရလိုသည့် လူတို့သည် ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံရန် ရွေးချယ်ရမည်။ ဤနည်းဖြင့်သာ လူတို့သည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ကိုးစားမှု ဖြစ်ပေါ်နိုင်ပြီး သူ၌ စစ်မှန်သည့် ယုံကြည်ခြင်း ရရှိနိုင်ပေသည်။ ထိုသို့သော ယုံကြည်ခြင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းဖြစ်စဉ်တွင် တဖြည်းဖြည်း ဖြစ်ပေါ်ပေသည်။
လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ၎င်းတို့ စကားနှင့် လုပ်ရပ်နောက်ကွယ်ရှိ ရည်ရွယ်ချက်များတွင်၊ အမှုအရာများအပေါ် ၎င်းတို့၏ သဘောထားအမြင်တွင်၊ ၎င်းတို့၏ အတွေးနှင့် စိတ်ကူးတိုင်းအပြင် သမ္မာတရား၊ ဘုရားသခင်နှင့် ဘုရားသခင်၏ အမှုတော်နှင့် စပ်လျဉ်းသည့် ၎င်းတို့၏ အမြင်များ၊ သိနားလည်မှု၊ အယူအဆများ၊ သဘောထား၊ အလိုဆန္ဒများနှင့် တောင်းဆိုချက်များတွင် ကွယ်ဝှက်နေ၏။ ထိုအရာသည် လူတို့၏ စကားများနှင့် လုပ်ရပ်များမှ ၎င်းတို့ မသိလိုက်ဘဲနှင့် ထုတ်ဖော်ပေသည်။ သို့ဆိုလျှင် ဘုရားသခင်သည် လူများ၏ အတွင်းထဲမှ ဤအရာများကို မည်သို့ သဘောထားသနည်း။ သင့်ကို ဖော်ထုတ်ရန် အခြေအနေအမျိုးမျိုးကို သူ စီစဉ်၏။ သင့်ကို ထုတ်ဖော်ပြရုံသာမက သင့်ကို တရားလည်း သူ စီရင်မည်ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ထုတ်ဖော်သည့်အခါ၊ ဘုရားသခင်ကို အာခံသည့် အတွေးများနှင့် စိတ်ကူးများ သင်ရှိသည့်အခါ၊ ဘုရားသခင်နှင့် ပြိုင်ဆိုင်သည့် အခြေအနေများနှင့် ရှုထောင့်အမြင်များ သင် ရှိသည့်အခါ၊ ဘုရားသခင်ကို သင်နားလည်မှုလွဲသည့်၊ သို့မဟုတ် သူ့ကို အာခံပြီး ဆန့်ကျင်သည့် အခြေအနေများ သင်ရှိသည့်အခါ ဘုရားသခင်သည် သင့်ကို ပြစ်တင်မောင်းမဲမည်၊ သင့်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမည်၊ ပြီးလျှင် တစ်ခါတစ်ရံ သင့်ကို သူ ဆုံးမပဲ့ပြင်ပြီး အပြစ်ဒဏ်ပင် ပေးလိမ့်မည်။ သင့်ကို ဆုံးမပဲ့ပြင်ခြင်းနှင့် ပြစ်တင်မောင်းမဲခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ကျွန်ုပ်တို့ကို နောင်တရစေကာ ပြောင်းလဲစေရန် ဖြစ်သည်။) ဟုတ်ပေ၏၊ သင့်ကို နောင်တရစေရန် ရည်ရွယ်ပေသည်။ သင့်ကို ဆုံးမပဲ့ပြင်ခြင်းနှင့် ပြစ်တင်မောင်းမဲခြင်းအားဖြင့် စွမ်းဆောင်ရရှိသည့်အရာမှာ ထိုအရာက သင်၏ လမ်းကြောင်းကို ပြောင်းလဲခွင့်ပေးခြင်း ဖြစ်သည်။ ယင်းမှာ သင်၏ အတွေးများသည် လူ၏ အယူအဆများဖြစ်ကြောင်းနှင့် ယင်းတို့သည် မှားယွင်းကြောင်း သင့်ကို နားလည်စေရန်ဖြစ်သည်။ သင်၏ အရင်းခံအကြောင်းများသည် စာတန်ထံမှ ပေါက်ဖွားလာခြင်းဖြစ်ကြောင်း၊ ယင်းတို့သည် လူ၏ ဆန္ဒမှ အရင်းခံကြောင်း၊ ယင်းတို့သည် သမ္မာတရားနှင့် အညီမဟုတ်ကြောင်း၊ ယင်းတို့သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်ကြောင်း၊ ယင်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် မလုပ်ဆောင်နိုင်ကြောင်း၊ ဘုရားသခင်အတွက် စက်ဆုပ်ဖွယ်နှင့် မုန်းတီးဖွယ်ဖြစ်ကြောင်း၊ ယင်းတို့သည် ဘုရားသခင်၏ အမျက်ဒေါသကို နှိုးဆွပေးသည့်အပြင် သူ၏ ကျိန်ခြင်းကိုပင် နိုးကြွစေကြောင်း သင့်ကို နားလည်စေရန် ဖြစ်သည်။ ဤအရာကို သဘောပေါက်ပြီးနောက်တွင် သင်၏ အရင်းခံအကြောင်းများနှင့် သဘောထားတို့ကို ပြောင်းလဲရမည်ဖြစ်သည်။ ယင်းကို သင် မည်သို့ ပြောင်းလဲနိုင်သနည်း။ ပထမဦးစွာ သင့်ကို ဘုရားသခင် ဆက်ဆံသည့် နည်းလမ်းနှင့် သင့်အတွက် သူ စီစဉ်သည့် ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သင် ကျိုးနွံနာခံရမည်။ အပြစ်အနာအဆာ မရှာဖွေသင့်၊ ဓမ္မဓိဋ္ဌာန်ကျသော ဆင်ခြေများကို မပေးနှင့်၊ ပြီးလျှင် သင်၏ တာဝန်များကို ခေါင်းမရှောင်နှင့်။ ဒုတိယအနေဖြင့် လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင် လုပ်ဆောင်သည့်အရာကို လုပ်ဆောင်သည့်အချိန်တွင် ဝင်ရောက်လော့။ ဘုရားသခင်သည် သင့်အား ဤအရာများကို နားလည်ဖို့ တောင်းဆိုသည်။ သင့်အတွက် ဘုရားသခင် စီစဉ်ပေးသည့် အခြေအနေများအပေါ် သင် ကျိုးနွံနာခံမှုရှိနိုင်ဖို့ရန်နှင့် နောက်ဆုံးတွင် သင့်အတွက် သူ၏ ရည်ရွယ်ချက်များ၊ သူ၏ သတ်မှတ်ချက်များနှင့်အညီ သင် လက်တွေ့လုပ်ဆောင်နိုင်ရန်အတွက် သူသည် သင့်ကို သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စာတန်ဆန်သည့် အနှစ်သာရတို့အား သတိပြုမိစေချင်သည်။ ဤသို့ဆိုလျှင် စမ်းသပ်မှုကို သင် ကျော်ဖြတ်ပြီးဖြစ်လိမ့်မည်။ ခုခံခြင်းနှင့် ဆန့်ကျင်ခြင်းတို့ကို သင်ရပ်တန့်လိုက်သည်နှင့်တစ်ပြိုင်နက် သင်သည် ဘုရားသခင်နှင့် ငြင်းခုံတော့မည် မဟုတ်ဘဲ ကျိုးနွံနာခံနိုင်လိမ့်မည်။ ဘုရားသခင်က “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့” ဟု ပြောသည့်အခါ သင်က “ဘုရားသခင်က ကျွန်ုပ်ကို စာတန်ဟု ပြောပါက ကျွန်ုပ်သည် စာတန်ဖြစ်၏။ ကျွန်ုပ် မည်သည့်အရာကို အမှားလုပ်မိသည်၊ သို့မဟုတ် ကျွန်ုပ်စာတန်ဖြစ်သည်ဟု ဘုရားသခင် အဘယ်ကြောင့်ပြောသည်ကို ကျွန်ုပ်နားမလည်သော်လည်း သူကျွန်ုပ်ကို နောက်ဆုတ်ရန် အမိန့်ပေးသဖြင့် ကျွန်ုပ်တုံ့ဆိုင်းမည်မဟုတ်ပါ။ ဘုရားသခင်၏ လိုအင်ဆန္ဒများကို ကျွန်ုပ်ရှာဖွေရမည်” ဟု ပြန်ပြောလိမ့်မည်။ သင့်လုပ်ရပ်များ၏ သဘာဝမှာ စာတန်ဆန်သည်ဟု ဘုရားသခင် ပြောသည့်အခါ သင်က “ဘုရားသခင်ပြောသည့် မည်သည့်အရာကိုမဆို ကျွန်ုပ်အသိအမှတ်ပြု၏၊ ကျွန်ုပ်အားလုံးလက်ခံသည်” ဟု သင်ပြောသည်။ ဤသည်မှာ မည်သည့်သဘောထား ဖြစ်သနည်း။ ဤသည်မှာ ကျိုးနွံနာခံမှုဖြစ်သည်။ သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်ဖြစ်သည်ဟု ဘုရားသခင်ပြောခြင်းကို အင်တင်တင်ဖြင့် သင်လက်ခံနိုင်သော်လည်း သင်သည် လူ့တိရစ္ဆာန်တစ်ကောင်ဖြစ်သည်ဟု သူပြောချိန်တွင် ယင်းကို သင် လက်မခံနိုင်သကဲ့သို့ ကျိုးနွံနာခံနိုင်စွမ်း မရှိသည့်အခါတွင် ယင်းသည် ကျိုးနွံနာခံမှုလော။ ကျိုးနွံနာခံမှုဆိုသည်မှာ အကြွင်းမဲ့ လေးစားလိုက်နာခြင်းနှင့် လက်ခံခြင်းဖြစ်သည်၊ ငြင်းခုံခြင်းမဟုတ်ပေ၊ သို့မဟုတ် သတ်မှတ်ချက်များကို ချမှတ်ခြင်း မဟုတ်ပေ။ ယင်းမှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းရင်းများက မည်သို့ဖြစ်ပါစေ အကြောင်းတရားနှင့် အကျိုးတရားကို မစိစစ်ခြင်းနှင့် လက်ခံခြင်းကိုသာ စိတ်ဝင်စားခြင်းဖြစ်သည်ဟု ဆိုလိုသည်။ လူတို့သည် ဤသို့သော ကျိုးနွံနာခံမှုကို ရရှိပြီးသည့်အချိန်တွင် ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းနှင့် နီးစပ်လေသည်။ ဘုရားသခင် သာ၍ ဆောင်ရွက်လေ၊ သင်သည် သာ၍ တွေ့ကြုံလေဖြစ်ကာ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာသည် သင့်အတွက် သာ၍ စစ်မှန်လေဖြစ်၍ ဘုရားသခင်၌ သင်၏ ယုံကြည်ကိုးစားမှုသည် သာ၍ ကြီးမားလာပြီး “ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် ကောင်းမြတ်၏၊ မည်သည့်အရာမျှ မဆိုးပါ။ ငါသည် စံရွေးရမည်မဟုတ်ဘဲ ကျိုးနွံနာခံသင့်သည်။ ငါ၏တာဝန်၊ ငါ၏ဝတ္တရား၊ ငါ၏အလုပ်ဟူသည်တို့မှာ ကျိုးနွံနာခံဖို့ ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦးအဖြစ် ငါလုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်ကိုပင် ငါ ကျိုးနွံနာခံနိုင်ခြင်း မရှိပါက ငါသည် မည်သည့်အရာ ဖြစ်သနည်း။ ငါသည် လူတိရစ္ဆာန်တစ်ကောင်ဖြစ်သည်၊ နတ်ဆိုးဖြစ်သည်” ဟု သင် သာ၍ ခံစားရလိမ့်မည်။ ဤအရာက ယခု သင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိသည်ဟု ပြသသည် မဟုတ်လော။ ဤအဆင့်ထိ သင်ရောက်ရှိပြီးသည်နှင့်တစ်ပြိုင်နက် သင်၌ အစွန်းအထင်း ရှိလိမ့်မည် မဟုတ်သောကြောင့် ဘုရားသခင်အနေဖြင့် သင့်ကို အသုံးပြုရန်မှာ လွယ်ကူလိမ့်မည် ဖြစ်ပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံဖို့လည်း သင့်အတွက် လွယ်ကူလိမ့်မည်ဖြစ်၏။ သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိသည့်အခါတွင် သူ၏ ကောင်းချီးများကို ရရှိနိုင်လိမ့်မည်။ ထို့ကြောင့် ကျိုးနွံနာခံခြင်းမှ သင်ယူရမည့် သင်ခန်းစာများစွာ ရှိ၏။
ပေတရုသည် ဘုရားသခင်အတွက် စစ်မှန်သော နာခံမှုပိုင်ဆိုင်သည်။ ဘုရားသခင်က “အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့”ဟု ပြောသည့်အခါ သူသည် နှုတ်ဆိတ်နေခဲ့ပြီး မိမိကိုယ်ကို ပြန်လည်သုံးသပ်ခဲ့သည်။ ယနေခေတ် လူတို့သည် ဤအရာကို မလုပ်ဆောင်နိုင်ကြပေ။ ဘုရားသခင်က “အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့”ဟု ပြောလျှင် ၎င်းတို့က “သင်က မည်သူ့ကို စာတန်ဟု ခေါ်နေသနည်း။ ကျွန်ုပ် စာတန်ဖြစ်သည်ဟု ပြောခြင်းသည် အဆင်မပြေပါ။ ကျွန်ုပ်သည် ဘုရားသခင်၏ ရွေးချယ်ခြင်း ခံရသည်ဟု ပြောလော့။ ယင်းသည် အတော်ကောင်းမွန်ပါသည်။ ကျွန်ုပ် လက်ခံကာ ကျိုးနွံနာခံနိုင်သည်။ ကျွန်ုပ် စာတန်ဖြစ်သည်ဟု သင် ပြောလျှင် ကျွန်ုပ် ကျိုးနွံနာခံနိုင်ခြင်း မရှိပါ”ဟု ပြောကြလိမ့်မည်။ သင် ကျိုးနွံနာခံနိုင်ခြင်း မရှိပါက သင့်ထံတွင် ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်ကိုးစားမှု ရှိသလော။ စစ်မှန်သည့် ကျိုးနွံနာခံမှု သင် ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) ကျိုးနွံနာခံခြင်းနှင့် စစ်မှန်သည့် ယုံကြည်ကိုးစားခြင်းတို့ကြား ဆက်နွှယ်မှုမှာ အဘယ်နည်း။ သင်သည် စစ်မှန်သည့် ယုံကြည်ခြင်းရှိသည့်အခါတွင်သာ သင်သည် စစ်မှန်သည့် ကျိုးနွံနာခံမှု ပိုင်ဆိုင်နိုင်ပေသည်။ ဘုရားသခင်ကို သင် အမှန်တကယ် ကျိုးနွံနာခံနိုင်သည့်အခါတွင်သာ ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ကိုးစားမှုက သင့်အတွင်းတွင် တဖြည်းဖြည်း ထွက်ပေါ်နိုင်ပေသည်။ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသည့် ဖြစ်စဉ်တွင် သင်သည် စစ်မှန်သည့် ယုံကြည်ကိုးစားမှု ရရှိသော်လည်း စစ်မှန်သည့် ယုံကြည်ကိုးစားမှု ကင်းမဲ့ပါက ဘုရားသခင်ကို သင် အမှန်တကယ် ကျိုးနွံနာခံနိုင်သလော။ (မနာခံနိုင်ပါ။) ဤအရာများက ဆက်စပ်နေပြီး ဤသည်မှာ စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် မသက်ဆိုင်ပေ။ သမ္မာတရားသည် အတွေးအခေါ် မဟုတ်၊ အကျိုးသင့်အကြောင်းသင့် တွေးခေါ်ရသည့်အရာ မဟုတ်ပေ။ သမ္မာတရားများသည် အပြန်အလှန်ဆက်နွှယ်ပြီး လုံးဝ ခွဲမရနိုင်ပေ။ သင်က “ဘုရားသခင်ကို ကျိုးနွံနာခံရန်၊ သင်သည် ဘုရားသခင်ကို ယုံကြည်ကိုးစားမှု ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ကိုးစားမှုရှိလျှင် ဘုရားသခင်ကို သင် နာခံရမည်ဖြစ်သည်”ဟု ပြောပါက ဤသည်မှာ စည်းမျဉ်းစည်းကမ်းတစ်ခု၊ စကားရပ်တစ်ခု၊ သဘောတရားတစ်ခု၊ အဆင့်မြင့်ပုံရသည့် အမြင်တစ်ခု ဖြစ်သည်။ ဘဝ၏ ကိစ္စရပ်များသည် စည်းမျဉ်းစည်းကမ်းများ မဟုတ်။ အနန္တတန်ခိုးရှင် ဘုရားသခင်က သင်၏ တစ်ဦးတည်းသော ကယ်တင်ရှင်နှင့် စစ်မှန်သည့် တစ်ဦးတည်းသော ဘုရားသခင်ဖြစ်သည်ဟု သင် နှုတ်ဖြင့် အသိအမှတ်ပြုမြဲပြုနေသော်လည်း သင်သည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ကိုးစားမှု ရှိသလော။ အခက်အခဲနှင့် ကြုံရသည့်အခါ ခိုင်ခိုင်မာမာရပ်တည်ရန် မည်သည့်အရာအပေါ် သင် မှီခိုအားကိုးသနည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်က အလွန်များသည့် သမ္မာတရားများကို ဖော်ပြပြီးဖြစ်သောကြောင့် လူများစွာက သူ့ကို လက်ခံကြသည်။ ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန်အလို့ငှာ သူ့ကို လက်ခံကြသည်။ သို့ရာတွင် အဖမ်းအဆီးနှင့် ဒုက္ခဆင်းရဲတို့ဖြင့် ရင်ဆိုင်ရသည့်အခါ လူများစွာက နုတ်ထွက်ကြသည်၊ လူများစွာက မိမိတို့အိမ်များတွင် ပုန်းကွယ်ပြီး မိမိတို့ တာဝန်များကို မထမ်းဆောင်ဝံ့ကြချေ။ ဤအချိန်တွင် သင် ပြောဆိုသည့် စကားများဖြစ်သည့် “ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျွန်ုပ် ယုံကြည်ပါသည်၊ လူ၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ ထိန်းချုပ်မှု ရှိကြောင်းနှင့် ကျွန်ုပ်၏ ကံကြမ္မာက ဘုရားသခင်၏ လက်ထဲတွင် ရှိကြောင်းကို ကျွန်ုပ် ယုံကြည်ပါသည်”ဟူသည်မှာ အရိပ်အယောင်မရှိဘဲ အချိန်ကြာမြင့်စွာက ပျောက်ကွယ်သွားပြီးဖြစ်သည်။ ထိုအရာမှာ သင့်အတွက် ပေါ်ပင်ရေပန်းစားသည့် စကားတစ်ခွန်းမျှသာ ဖြစ်ခဲ့သည်။ သင်သည် ဤစကားများကို လက်တွေ့လုပ်ဆောင်ကာ မတွေ့ကြုံဝံ့သကဲ့သို့ ဤစကားများဖြင့် အသက်မရှင်သည့်အတွက် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ကိုးစားမှုရှိသလော။ ဘုရားသခင်၌ ယုံကြည်ခြင်းရှိခြင်း၏ အနှစ်သာရမှာ ဘုရားသခင်၏ နာမကို ယုံကြည်ခြင်းသာ မဟုတ်ဘဲ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိကြောင်း အမှန်တရားကို ယုံကြည်ခြင်း ဖြစ်သည်။ ဤအချက်ကို သင်၏ အသက်အဖြစ်သို့ သင် ပြောင်းလဲစေရမည်၊ သင့်ဘဝ၏ တကယ့် သက်သေခံချက်အဖြစ်သို့ ပြောင်းလဲစေရမည် ဖြစ်သည်။ သင်သည် ဤစကားများဖြင့် အသက်ရှင်ရမည်ဖြစ်သည်။ ယင်းမှာ ဤစကားများအား သင်၏ အပြုအမူကို လမ်းပြခွင့်ပေးကာ အခြေအနေများက သင်နှင့် ထိပ်တိုက်တွေ့သည့်အခါ သင့်လုပ်ရပ်များ၏ ဦးတည်ချက်နှင့် ရည်မှန်းချက်တို့ကို လမ်းပြခွင့်ပေးခြင်း ဖြစ်သည်။ သင်သည် အဘယ်ကြောင့် ဤစကားများဖြင့် အသက်ရှင်ရမည်နည်း။ ဥပမာအနေဖြင့် ဘုရားသခင်ကို ယုံကြည်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရန် နိုင်ငံရပ်ခြား နိုင်ငံတစ်နိုင်ငံသို့ သင် သွားနိုင်ပြီး ဤသည်မှာ အတော်ကောင်းမွန်သည်ဟု သင် တွေးထင်သည်ဆိုပါစို့။ အဆင်းနီသောနဂါးကြီး၏ အုပ်စိုးမှုသည် ရေမြေခြားတွင် မရှိသကဲ့သို့ ယုံကြည်မှုအပေါ် နှိပ်ကွပ်ခြင်းလည်း မရှိပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းက သင်၏ အသက်ကို အန္တရာယ်မဖြစ်စေသောကြောင့် သင့်အနေဖြင့် စွန့်စားမှုများပြုလုပ်ရန် မလိုအပ်ပေ။ တရုတ်ပြည်မကြီးရှိ ဘုရားသခင်ကို ယုံကြည်သူများမှာမူ အချိန်မရွေး အဖမ်းခံရမည့် အန္တရာယ်ရှိသည်။ ၎င်းတို့သည် မကောင်းဆိုးဝါး၏ သားရဲတွင်းထဲတွင် အသက်ရှင်နေကြပြီး ယင်းမှာ အလွန်အန္တရာယ်များပေသည်။ ထို့နောက် တစ်နေ့တွင် ဘုရားသခင်က “သင်သည် ဘုရားသခင်ကို ရေမြေခြားတွင် အနှစ်အတော်ကြာ ယုံကြည်နေခဲ့ပြီးဖြစ်ကာ ဘဝအတွေ့အကြုံအချို့ ရရှိခဲ့ပြီးဖြစ်သည်။ တရုတ်ပြည်မကြီးတွင် နေရာတစ်ခု ရှိသည်။ ထိုနေရာရှိ ညီအစ်ကို မောင်နှမများသည် ဘဝအားဖြင့် မရင့်ကျက်ကြပါ။ သင် ပြန်သွားပြီး သူတို့ကို ထိန်းကျောင်းသင့်သည်”ဟု ပြောသည်။ ဤတာဝန်နှင့် ထိပ်တိုက်တွေ့ရသည့်အခါ မည်သည့်အရာကို သင် လုပ်ဆောင်မည်နည်း။ (ကျိုးနွံနာခံပြီး လက်ခံရမည်ဖြစ်သည်။) သင့်အနေဖြင့် အပြင်ပန်းတွင် လက်ခံကောင်းလက်ခံမည်ဖြစ်သော်လည်း သင်၏ စိတ်နှလုံးက မသက်မသာ ခံစားရမည်။ ညတွင် သင်၏ အိပ်ရာ၌ သင်သည် ငိုကြွေးကာ “ဘုရားသခင်၊ ကျွန်ုပ်၏ အားနည်းချက်ကို ကိုယ်တော်သိပါ၏။ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန်သေးငယ်ပါသည်။ တရုတ်ပြည်မကြီးသို့ ကျွန်ုပ် ပြန်သွားလျှင်ပင် ဘုရားသခင်၏ ရွေးချယ်ထားသူများကို ကျွန်ုပ် ထိန်းကျောင်းနိုင်မည် မဟုတ်ပါ။ အခြားတစ်စုံတစ်ဦးကို သွားဖို့ ကိုယ်တော် မရွေးချယ်နိုင်ပါသလော။ ဤတာဝန်ပေးစေခိုင်းချက်သည် ကျွန်ုပ်ထံ ရောက်လာပြီး ကျွန်ုပ် အမှန်တကယ် သွားချင်သော်လည်း သွားလျှင် ကောင်းစွာ ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်သည်ကို၊ ကျွန်ုပ်၏ တာဝန်ကို စိတ်ကျေနပ်ဖွယ် မထမ်းဆောင်နိုင်ဘဲ ကိုယ်တော်၏ ရည်ရွယ်ချက်များနှင့် လျော်ညီအောင်နေဖို့ ကျွန်ုပ် ပျက်ကွက်လိမ့်မည်ကို စိုးရွံ့မိပါသည်။ ရေမြေခြားတွင် နောက်ထပ် နှစ်နှစ် ကျွန်ုပ် ဆက်နေ၍ မရနိုင်ပါသလော”ဟု ဆုတောင်းသည်။ သင်သည် မည်သည့် ရွေးချယ်မှုကို ပြုလုပ်နေပါသနည်း။ သင်သည် သွားရန် လုံးဝ ငြင်းပယ်နေခြင်း မဟုတ်သော်လည်း သွားရန် အပြည့်အဝ သဘောတူနေခြင်းလည်း မဟုတ်ပေ။ ဤသည်မှာ မပြောဘဲသိသာသော ရှောင်လွှဲချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းလော။ ဤသည်မှာ ဘုရားသခင်ကို အရှင်းလင်းဆုံး ပုန်ကန်မှုတစ်ခု ဖြစ်သည်။ သင် ပြန်မသွားလိုခြင်းက သင်သည် အတိုက်အခံလုပ်တတ်သော စိတ်ခံစားမှုများ ပိုင်ဆိုင်သည်ဟု ဆိုလိုပေသည်။ ဘုရားသခင်က ဤအရာကို သိသလော။ (သိပါသည်။) ဘုရားသခင်က “မသွားနှင့်။ ငါသည် သင့်အပေါ် မမျှမတဆက်ဆံခြင်းမရှိ၊ သင့်ကို စမ်းသပ်မှုတစ်ခု ပေးနေခြင်းသာ ဖြစ်သည်”ဟု ပြောလိမ့်မည်။ ဤသို့ဖြင့် သူသည် သင့်ကို ထုတ်ဖော်လေပြီ။ ဘုရားသခင်ကို သင် ချစ်သလော။ ဘုရားသခင်ကို သင် ကျိုးနွံနာခံသလော။ သင့်ထံတွင် စစ်မှန်သည့် ယုံကြည်ကိုးစားမှု ရှိသလော။ (မရှိပါ။) ဤသည်မှာ အားနည်းချက်ဖြစ်သလော။ (မဟုတ်ပါ။) ပုန်ကန်မှုဖြစ်သည်၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ဤစမ်းသပ်မှုက သင်သည် ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ကိုးစားမှု မရှိကြောင်း၊ စစ်မှန်သည့် ကျိုးနွံနာခံမှုမရှိသကဲ့သို့ ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည်ကို သင် မယုံကြည်ကြောင်း ထုတ်ဖော်ပြပြီးဖြစ်သည်။ သင်က “ကျွန်ုပ် ကြောက်ရွံ့သရွေ့ မသွားရန် ရွေးချယ်ရာတွင် ကျွန်ုပ် တရားပါသည်။ ကျွန်ုပ်၏ အသက် အန္တရာယ်ရှိသရွေ ကျွန်ုပ် ငြင်း၍ရသည်။ ကျွန်ုပ်သည် ဤတာဝန်ပေးစေခိုင်းချက်ကို လက်ကိုလက်ခံရမည်မဟုတ်သကဲ့သို့ ကျွန်ုပ်ကိုယ်ပိုင် လမ်းကြောင်းကို ကျွန်ုပ် ရွေးချယ်နိုင်ပါသည်။ ကျွန်ုပ်သည် မကျေနပ်ချက်များ၊ နာကြည်းချက်များဖြင့် ပြည့်၍ရသည်”ဟု ပြောသည်။ ဤသည်မှာ မည်သည့် ယုံကြည်ကိုးစားမှုမျိုး ဖြစ်သနည်း။ ဤနေရာတွင် စစ်မှန်သည့် ယုံကြည်ကိုးစားမှု မရှိပေ။ သင် ကြွေးကြော်သည့် ဆောင်ပုဒ်များက မည်မျှ အဆင့်မြင့်သည်ဖြစ်စေ ယင်းတို့က ယခုတွင် အကျိုးသက်ရောက်မှု ရှိလိမ့်မည်လော။ လုံးဝ ရှိမည်မဟုတ်။ သင်၏ ကျမ်းသစ္စာတို့သည် အကျိုးသက်ရောက်မှု တစ်ခုတလေ ရှိလိမ့်မည်လော။ အခြားလူတို့က သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုပြီး သင့်ကို ဖျောင်းဖျရန် ကြိုးစားပါက ကောင်းကျိုးတစ်ခုတလေ ဖြစ်စေလိမ့်မည်လော။ (ဖြစ်စေမည်မဟုတ်ပါ။) သင့်ကို ၎င်းတို့ ဖျောင်းဖျဖို့ ကြိုးစားပြီးသည့်နောက် ပြည်မသို့ သင် အင်တင်တင်ဖြင့် သွားလျှင်ပင် ဤသည်မှာ စစ်မှန်သော ကျိုးနွံနာခံမှုဖြစ်မည်လော။ ဤသည်မှာ ဘုရားသခင်က သင့်အား ကျိုးနွံနာခံစေလိုသည့်ပုံစံ မဟုတ်။ သင်သည် မလိုမလားဖြင့် သွားလျှင် အချည်းနှီး သွားပေလိမ့်မည်။ ဘုရားသခင်သည် သင့်အထဲတွင် အမှုပြုလိမ့်မည် မဟုတ်သကဲ့သို့ ထိုအရာမှ သင် မည်သည့်အရာမျှ ရရှိလိမ့်မည် မဟုတ်။ ဘုရားသခင်သည် လူတို့အား အမှုအရာများကို အတင်းမလုပ်ဆောင်ခိုင်းပေ။ သင့်အနေဖြင့် လိုလားနေရမည်။ သင် မသွားလိုလျှင် တတိယနည်းလမ်းတစ်ခု လိုက်လိုပြီး လွတ်မြောက်ရန်၊ ငြင်းပယ်ရန်နှင့် ရှောင်လွှဲရန် အမြဲ ကြိုးစားလျှင် သင် သွားစရာ မလိုပေ။ သင်၏ ဝိညာဉ်ရင့်ကျက်မှုက အတော်အတန် ကြီးမားပြီး ထိုသို့သော ယုံကြည်ကိုးစားမှု ရှိသည့်အခါ သင်သည် “အခြားမည်သူမျှ မသွားလျှင်ပင် ကျွန်ုပ် သွားမည်။ ဤအကြိမ်တွင် ကျွန်ုပ် တကယ်ကို မကြောက်သကဲ့သို့ ကျွန်ုပ်၏ အသက်ကို စွန့်စားပါမည်။ အသက်ကို ဘုရားသခင်က ပေးထားခြင်း မဟုတ်လော။ စာတန်နှင့်ပတ်သက်၍ မည်သည့်အရာ အလွန် ကြောက်လန့်ဖွယ်ရှိပါသနည်း။ သူသည် ဘုရားသခင်၏ လက်တွင် ကစားစရာတစ်ခုဖြစ်ပြီး ကျွန်ုပ် မကြောက်ပါ။ ကျွန်ုပ် အဖမ်းမခံရလျှင် ဘုရားသခင်၏ ကျေးဇူးတော်နှင့် သနားကရုဏာတော်ကို ကျေးဇူးတင်မည်။ အခြေအနေများက ကျွန်ုပ် အဖမ်းခံရသည့်သဘော ဖြစ်လျှင် ဘုရားသခင်က ခွင့်ပြုသောကြောင့်ဖြစ်သည်။ ထောင်ထဲတွင် ကျွန်ုပ် သေဆုံးလျှင်ပင် ဘုရားသခင်အတွက် ကျွန်ုပ် သက်သေခံရဦးမည်။ ဤသန္နိဋ္ဌာန် ကျွန်ုပ်ရှိရမည်။ ကျွန်ုပ်၏ အသက်ကို ဘုရားသခင်ထံ ကျွန်ုပ် လွှဲအပ်မည်။ ကျွန်ုပ်၏ ဘဝတွင် ကျွန်ုပ် နားလည်သည့်၊ တွေ့ကြုံပြီး သိရှိလာခဲ့သည့်အရာကို ကျွန်ုပ် ယူဆောင်ပြီး သိနားလည်မှုနှင့် အသိပညာ ချို့တဲ့သော ညီအစ်ကို မောင်နှမများနှင့် ထိုအရာကို မိတ်သဟာယပြုမည်။ ဤသို့ဖြင့် သူတို့သည် ကျွန်ုပ်ကဲ့သို့ အလားတူ ယုံကြည်ကိုးစားမှုနှင့် သန္နိဋ္ဌာန်ရှိနိုင်ပြီး ဘုရားသခင်ရှေ့မှောက်သို့လာကာ သူ့အတွက် သက်သေခံနိုင်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ် အလေးထားပြီး ဤလေးလံသည့်ဝန်ကို ထမ်းရမည်။ ဤလေးလံသည့်ဝန်ကို ထမ်းခြင်းက စွန့်စားမှုများပြုကာ ကျွန်ုပ်၏ အသက်ကို စတေးခြင်း လိုအပ်သော်လည်း ကျွန်ုပ် မကြောက်ပါ။ ကျွန်ုပ် ကိုယ့်အတွက်ကိုယ် မစဉ်းစားတော့ပါ။ ကျွန်ုပ်တွင် ဘုရားသခင် ရှိသည်။ ကျွန်ုပ်၏ အသက်သည် သူ၏ လက်ထဲတွင်ရှိပြီး သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို လိုလိုလားလား ကျွန်ုပ် ကျိုးနွံနာခံပါသည်”ဟု ဆိုလျက် ဆန္ဒအလျောက် သွားဖို့ တောင်းဆိုလိမ့်မည်။ သင် ပြန်သွားသည့်နောက်တွင် ထိုပတ်ဝန်းကျင်၌ သင် ဆင်းရဲဒုက္ခခံစားရလိမ့်မည်။ သင်၏ ဆံပင် ဖြူသွားပြီး သင်၏ မျက်နှာ ရှုံ့တွလျက် သင် မြန်မြန်ဆန်ဆန် အိုမင်းရင့်ရော်သွားနိုင်သည်။ သင်သည် နာမကျန်းဖြစ်သွားနိုင်သည်၊ သို့မဟုတ် အဖမ်းခံရပြီး နှိပ်စက်ခံရနိုင်သည်၊ သို့မဟုတ် သေနိုင်သည့် အန္တရာယ်တွင်ရှိသည်ကိုပင် တွေ့ရနိုင်သည်။ ဤပြဿနာများကို သင် မည်သို့ ထိပ်တိုက်ရင်ဆိုင်သင့်သနည်း။ တစ်ဖန် ဤအရာတွင် စစ်မှန်သော ယုံကြည်ကိုးစားမှု ပါဝင်၏။ လူအချို့သည် ဗြုန်းခနဲဖြစ်သော စိတ်ပိုင်းဖြတ်ချက်ဖြင့် ပြန်သွားနိုင်သော်လည်း ပြန်သွားသည့်နောက် ဤအခက်အခဲများဖြင့် ရင်ဆိုင်ရသည့်အခါ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်လိမ့်မည်နည်း။ သင့်အနေဖြင့် မျက်စိမှိတ်၍ စွန့်စားပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ရမည်။ သင့်အနေဖြင့် သိသိသာသာ အနည်းငယ် အိုမင်းရင့်ရော်သွားလျှင်ပင်၊ သို့မဟုတ် အနည်းငယ် နာမကျန်းဖြစ်လျှင်ပင် ဤသည်တို့မှာ အသေးအဖွဲကိစ္စများ ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားပြီး သူ၏ တာဝန်ပေးစေခိုင်းချက်ကို ငြင်းပါက ဤဘဝတွင် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရမည့် သင်၏ အခွင့်အရေး ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။ သင့်ဘဝတွင် ဘုရားသခင်ကို သင် ဆန့်ကျင်ပြစ်မှားပြီး သူ၏ တာဝန်ပေးစေခိုင်းချက်ကို ငြင်းပယ်ပါက ယင်းသည် ထာဝရ အမည်းစက်တစ်ခု ဖြစ်လိမ့်မည်။ ဤအခွင့်အရေးကို ဆုံးရှုံးခြင်းသည် သင်၏ ငယ်ရွယ်မှု နှစ်ကာလ ပမာဏ မည်မျှဖြင့်မျှ သင် ပြန်လည်ဝယ်ယူမရနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ကျန်းမာသည့် သန်မာသည့် ခန္ဓာကိုယ်ရှိခြင်းက မည်သည့် အသုံးဝင်မှုရှိသနည်း။ လှပသည့် မျက်နှာနှင့် ကြည့်ကောင်းသည့် ပုံပန်းတစ်ခု ရှိခြင်းသည် မည်သည့် အသုံးဝင်မှုရှိသနည်း။ သင်သည် အသက်ရှစ်ဆယ် အသက်ရှင်ပြီး သင်၏ ဉာဏ်က ထက်မြက်နေဆဲဖြစ်လျှင်ပင် ဘုရားသခင် ပြောဆိုသည့် စာတစ်ကြောင်းပင်လျှင် အဓိပ္ပာယ်ကို သင် နားမလည်နိုင်ပါက သနားဖွယ်ရာဖြစ်မည် မဟုတ်လော။ အလွန့်အလွန် သနားဖွယ်ရာ ဖြစ်ပေမည်။ ထို့ကြောင့် ဘုရားသခင်ရှေ့သို့ လာသည့်အခါ လူတို့ ရရှိရမည့် အရေးအကြီးဆုံးနှင့် တန်ဖိုးအရှိဆုံးသော အရာမှာ အဘယ်နည်း။ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ကိုးစားမှု ဖြစ်သည်။ မည်သည့်အရာ သင့်အပေါ် ကျရောက်သည်ဖြစ်စေ၊ ပထမဦးစွာ သင် ကျိုးနွံနာခံလျှင်၊ ထိုအချိန်၌ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ သေးငယ်သည့် နားလည်မှုလွဲခြင်းအချို့ရှိလျှင်ပင် သို့မဟုတ် ဘုရားသခင်က အဘယ်သို့ ထိုသို့ ပြုမူဆောင်ရွက်သည်ကို သင် သိပ်နားမလည်လျှင်ပင် သင်သည် အပျက်သဘောဆောင်ကာ အားနည်းလိမ့်မည် မဟုတ်ပေ။ ပေတရုက “အကယ်၍ ဘုရားသခင်သည် လူသားတို့ကို အရုပ်များသဖွယ် ကစားနေခဲ့လျှင်ပင်၊ လူသားတို့သည် မည်သည့် မကျေနပ်ချက် ရှိမည်နည်း”ဟု ပြောသည့်အတိုင်းပင်။ သင်သည် ဤမျှဖြစ်သော ယုံကြည်ကိုးစားမှုပင် ကင်းမဲ့လျှင် ပေတရုလောက် ကျိုးနွံနာခံနိုင်ဦးမည်လော။ သိပ်မကြာခဏပင် သင့်ကို ဘုရားသခင် လုပ်ဆောင်သည့်အရာက သင့်လျော်ပြီး အကျိုးသင့်အကြောင်းသင့်ဖြစ်သည်၊ သင်၏ ဝိညာဉ်ရင့်ကျက်မှု၊ စိတ်ကူးများ၊ အယူအဆများနှင့် ကိုက်ညီသည်။ ဘုရားသခင်သည် သင်၏ ဝိညာဉ်ရင့်ကျက်မှုအတိုင်း အမှုပြုသည်။ ထိုအရာကို သင် လက်မခံနိုင်သေးလျှင် ပေတရု၏ နာခံမှုကို သင် စွမ်းဆောင်ရရှိနိုင်သလော။ ယင်းမှာ သာ၍ပင် ဖြစ်နိုင်မည် မဟုတ်။ ထို့ကြောင့် သင်သည် ဤဦးတည်ချက်နှင့် ဤရည်မှန်းချက်အတွက် လိုက်စားအားထုတ်ရမည်။ ထိုအခါတွင်မှ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှု သင် ရရှိနိုင်ပေသည်။
လူတို့သည် စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့ပါက ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကြသလော။ ပြောရန် ခက်၏။ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ကိုးစားမှု ရှိခြင်းအားဖြင့်သာ သူ့ကို ၎င်းတို့ အမှန်တကယ် ကျိုးနွံနာခံနိုင်ကြ၏။ ယင်းမှာ အတိအကျဖြစ်ပေသည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံခြင်းမရှိလျှင် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်း၊ လမ်းပြခြင်း၊ သို့မဟုတ် စုံလင်အောင်ပြုခြင်းတို့ကို ရရှိရန် နောက်ထပ် အခွင့်အရေးများ ရှိလိမ့်မည် မဟုတ်။ သင့်ကို ဘုရားသခင် စုံလင်အောင်ပြုရန်အတွက်ဖြစ်သည့် ဤအခွင့်အရေးအားလုံးကို သင် တွန်းထုတ်လိုက်ပြီးဖြစ်သည်။ သင်သည် ယင်းတို့ကို အလိုမရှိပေ။ ယင်းတို့ကို သင် ငြင်းပယ်သည်၊ ရှောင်ရှားပြီး စဉ်ဆက်မပြတ် ရှောင်လွှဲနေသည်။ သင်သည် ဇာတိပကတိ၏ ကိုယ်စိတ်ချမ်းသာမှုများရှိပြီး ဆင်းရဲဒုက္ခမှ လွတ်ကင်းသည့် ပတ်ဝန်းကျင်တစ်ခုကို အမြဲရွေးချယ်သည်။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်၏။ ဘုရားသခင်၏ အမှုတော်ကို သင် မတွေ့ကြုံနိုင်ပေ။ ဘုရားသခင်၏ လမ်းပြမှု၊ ဘုရားသခင်၏ ဦးဆောင်မှုနှင့် ဘုရားသခင်၏ ကွယ်ကာခြင်းတို့ကို သင် မတွေ့ကြုံနိုင်ပေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သင် မမြင်နိုင်ပေ။ အကျိုးဆက်အနေဖြင့် သင်သည် သမ္မာတရားကို ရရှိမည်မဟုတ်သကဲ့သို့ စစ်မှန်သည့် ယုံကြည်ကိုးစားမှုကို ရရှိမည်မဟုတ်။ မည်သည့်အရာကိုမျှ ရရှိမည်မဟုတ်။ သမ္မာတရားကို သင် မရရှိနိုင်သကဲ့သို့ သင့်အသက်ဖြစ်စေရန် ဘုရားနှုတ်ကပတ်တော်ကို သင် မရရှိနိုင်ပါက ဘုရားသခင်၏ ရရှိခြင်းကို သင်ခံရနိုင်သလော။ ဧကန်မုချ မခံရနိုင်ပေ။ ဘုရားသခင်၏ ဉာဏ်အလင်းပေး၊ လမ်းပြခြင်းနှင့် စုံလင်အောင်ပြုခြင်း ခံရခြင်းအားဖြင့် သင် ရရှိရန် ရည်ရွယ်သည့် အဓိကအရာမှာ မည်သည့်အရာနည်း။ သင်သည် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်ကို ရရှိသည်။ ဆိုလိုသည်မှာ ဘုရားနှုတ်ကပတ်တော်က သင်၏ စစ်မှန်မှု၊ သင့်ဘဝ၏ အရင်းအမြစ်နှင့် သင့်လုပ်ရပ်များအတွက် စည်းမျဉ်း၊ အခြေခံအကြောင်းရင်းနှင့် စံသတ်မှတ်ချက်ဖြစ်လာသည်။ ဤသို့ဖြစ်သည့်အခါ မည်သည့်အရာကို သင် အသက်ရှင်နေထိုင်သနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်နေဆဲလော။ (မဟုတ်ပါ။) ဘုရားသခင်က “အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့”ဟု ပြောလိမ့်မည်လော။ (ပြောမည်မဟုတ်ပါ။) မည်သည့်အရာကို ဘုရားသခင် ပြောလိမ့်မည်နည်း။ ယောဘထံ ဘုရားသခင်ပေးခဲ့သည့် သတ်မှတ်ချက်မှာ အဘယ်နည်း။ (သူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည်၊ သူသည် စုံလင်သော လူတစ်ဦးဖြစ်သည်။) ဤနေရာတွင် ဤစကားများကို ကိုးကားရန် သင့်လျော်၏။ သင်သည် ဘုရားသခင်က ယောဘကို ပေးခဲ့သည့် ဤဂုဏ်ပုဒ်နှင့် သတ်မှတ်ချက်ကို ရရှိလိုလျှင် ထိုသို့လုပ်ဆောင်ရန် လွယ်ကူလိမ့်မည်လော။ (လွယ်ကူလိမ့်မည် မဟုတ်ပါ။) မလွယ်ကူပေ။ သင်သည် အရာခပ်သိမ်းတွင် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေရမည်၊ နေရာတိုင်းတွင် ဘုရားသခင်၏ ရည်မှန်းချက်များကို ရှာဖွေရမည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း ပြုမူဆောင်ရွက်ကာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရမည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံမည်ဟုသာ သင် ပြောသော်လည်း သင့်အပေါ် အချို့သော အခြေအနေများ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ အဘယ်ကြောင့် ကျရောက်သည်ကို စိစစ်ရန် ကြိုးစားပါက၊ မကျေနပ်ချက်များနှင့် အထင်လွဲမှုများရှိကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အဓိပ္ပာယ်ကောက်လွဲပါက ယင်းမှာ ဘုရားသခင်အတွက် အလွန် ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ပေမည်။ ဘုရားသခင်ကို သင် အလိုမရှိပါက ဘုရားသခင်က သင့်ကို အလိုရှိမည်မဟုတ်။ သင်တို့သည် အချင်းချင်း ပတ်သက်ရန် ဘာမျှရှိမည်မဟုတ်။ အမှုအရာများက ဤသို့ဆက်ဖြစ်မည်ဆိုလျှင် ပြဿနာတစ်ခု ဖြစ်မည်မဟုတ်လော။ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး မဟုတ်သကဲ့သို့ ဘုရားသခင်သည် သင်၏ အချုပ်အခြာအာဏာပိုင်သူ မဟုတ်၊ သင်၏ ဘုရားလည်း မဟုတ်ပေ။ အဆုံးတွင် ဘုရားသခင်က သင့်ကို မည်သို့ သတ်မှတ်လိမ့်မည်နည်း။ “အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ” ဟူ၍ ဖြစ်သည်။ သင်တို့သည် ဤစကားများ အပြောခံလိုသလော။ (အပြောမခံလိုပါ။) ဤအရာ သင့်ကို ပြောလျှင် မည်သည့်အရာကို ဆိုလိုသနည်း။ (ထိုအရာက ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်း၊ ဖယ်ရှားရှင်းလင်းခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း ခံရသည်ဟု ဆိုလိုပါသည်။) ယင်းမှာ လုံးဝ မကောင်းပေ။ သင်သည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရသည်နှင့်တစ်ပြိုင်နက် ထိုအရာမှာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် ဩဇာအာဏာရှိသည့် တစ်စုံတစ်ဦး၏ ရှုတ်ချခံရခြင်းနှင့် မတူပေ။ ရှုတ်ချသူမှာ ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်က သင့်အပေါ် အသက် ပေးသနားပြီး သင့်အသက်ကို ထောက်ကူပေးသည်။ ယခု ဘုရားသခင်က သင့်ကို အလိုမရှိသဖြင့် သင် အသက်ရှင်နိုင်သေးသလော။ (အသက်မရှင်နိုင်ပါ။) ဤအရာက မည်သည့်အရာကို ဆိုလိုသနည်း။ သင့်အတွက် ကောင်းသောအရာတစ်ခု မဟုတ်သည့် နောက်ဆုံး အဆုံးသတ်ကို ညွှန်ပြသည်။ ထိုအရာမှာ ကောင်းမွန်သည့် လက္ခဏာတစ်ခု လုံးဝ မဟုတ်ပေ။ လူတစ်ဦးက ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ကာ စုံလင်သူတစ်ဦးဖြစ်သည်ဟု ငါ ပြောလျှင် ဤသည်မှာ ကောင်းမွန်သည့် လက္ခဏာတစ်ခု ဖြစ်ပြီး ဘုရားသခင်၏ ကောင်းချီးမင်္ဂလာက ထိုသို့သော လူတစ်ဦးထံ မုချ ရောက်လာလိမ့်မည်။ ဘုရားသခင်က ယောဘကို အကဲဖြတ်ခဲ့သည့် စကားများအပေါ် သင် အဘယ်သို့ ယူဆသင့်သနည်း။ ယောဘ စားခဲ့သည့်အရာ၊ သူ ဝတ်ဆင်ခဲ့သည့်အရာ၊ သူ လမ်းလျှောက်ခဲ့ပုံနှင့် သူ့တွင်ရှိခဲ့သည့် ပင်ကိုစရိုက်ကို သင် စဉ်းစားပြီး ဤအရာများကို အတုခိုးရန် ကြိုးစားပါက သင် မှားသွားမည်။ သင့်အနေဖြင့် “ထိုအရာကို ယောဘက အဘယ်သို့ လုပ်ဆောင်ခဲ့သနည်း။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန် သူ မည်သည့်အရာကို အသက်ရှင်နေထိုင်ခဲ့သနည်း။ ဘုရားသခင်က ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည်၊ သူသည် စုံလင်သောလူတစ်ဦးဖြစ်သည်ဟု ပြောခဲ့သည်။ ယင်းမှာ သေးငယ်သည့်ကိစ္စတစ်ခု မဟုတ်ပါ။ ယင်းမှာ ဘုရားသခင် ကိုယ်တော်တိုင် ပြောခဲ့သည့်အရာ ဖြစ်သည်။ ယောဘ၏ ပုံသက်သေကို ငါ လိုက်လျှောက်ရမည်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် နည်းလမ်းကို ရှာဖွေပြီး ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် လူတစ်ဦးဖြစ်လာရန်လည်း ကြိုးပမ်းရမည်။ ဤအရာက ဘုရားသခင်အား ငါ့ကို အသိအမှတ်ပြုပြီး ဤဂုဏ်ပုဒ်ဖြင့်လည်း ခေါ်ဆိုဖို့ ဖြစ်စေလိမ့်မည်။ ငါသည် ဘုရားသခင်၏ အမြင်တွင် စုံလင်သောလူတစ်ဦး ဖြစ်ချင်သည်”ဟု စဉ်းစားလျက် အမြန်တွေးဆကာ ရှာဖွေရမည်။ ဤတွေးခေါ်မှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပေသည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်