အပြုအမူကောင်းဟူသည်မှာ မိမိ၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု မဆိုလိုပေ

ယခုတွင် မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ မိုးလင်းမှ မိုးချုပ်သည့်တိုင် အလုပ်လုပ်ပြီး အစာစားရန် သို့မဟုတ် အိပ်စက်ရန် မေ့လျော့သောလူအချို့ရှိသည်။ ၎င်းတို့သည် ဇာတိပကတိကို ချိုးနှိမ်နိုင်သည်၊ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို လျစ်လျူရှုနိုင်သည်၊ မကျန်းမာသည့် အချိန်တွင်ပင် အလုပ်လုပ်နိုင်သည်။ ၎င်းတို့၌ အဖတ်ဆယ်၍ရသော ဤအရည်အချင်းများရှိပြီး ကောင်းမွန်မှန်ကန်သောလူများ ဖြစ်သော်ငြားလည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့ ဘေးဖယ်နိုင်ခြင်း မရှိသည့်အရာများ ရှိသေးသည်- သိက္ခာ၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် ပကာသနတို့ ဖြစ်လေသည်။ အကယ်၍ ၎င်းတို့သည် ဤအရာများကို မည်သည့်အခါမျှ ဘေးမဖယ်ကြလျှင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူများ ဖြစ်ကြသလော။ အဖြေမှာ ပကတိအတိုင်း ရှင်းနေပြီဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အခက်ခဲဆုံးအပိုင်းမှာ စိတ်သဘောထား၌ ပြောင်းလဲမှုရရှိခြင်းဖြစ်သည်။ သင်သည် တစ်သက်လုံး အိမ်ထောင်မပြုဘဲ နေကောင်းနေနိုင်မည်၊ သို့မဟုတ် အီဆိမ့်ထူးကဲသော အစားအစာများကို မည်သည့်အခါမျှ မစားဘဲ သို့မဟုတ် ဝတ်ကောင်းစားလှများ မည်သည့်အခါမျှ မဝတ်ဘဲ နေကောင်းနေနိုင်မည် ဖြစ်သည်။ ၎င်းတို့သည် “ကျွန်ုပ် တစ်ဘဝလုံး ဒုက္ခခံရလျှင်၊ သို့မဟုတ် ကျွန်ုပ် တစ်ဘဝလုံး အထီးကျန်နေလျှင် အရေးမကြီးပါ။ ကျွန်ုပ် ခံနိုင်ပါသည်။ ကျွန်ုပ်၏နံဘေးတွင် ဘုရားသခင်ရှိလျှင် ဤအရာများ မည်သည့်အဓိပ္ပာယ်မျှ မရှိပါ” ဟုပင် ပြောကောင်းပြောနိုင်သည်။ ဤကဲ့သို့သော ကိုယ်ခန္ဓာနာကျင်မှုနှင့် ဆင်းရဲဒုက္ခကို အောင်မြင်ကျော်လွှားပြီး ဖြေရှင်းဖို့ လွယ်ကူပေသည်။ အောင်မြင်ကျော်လွှားဖို့ မလွယ်ကူသည့်အရာမှာ အဘယ်နည်း။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်လေသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မိမိကိုယ်ကို ထိန်းချုပ်ခြင်းသက်သက်အားဖြင့် ဖြေရှင်း၍မရနိုင်ချေ။ မိမိတို့၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ဖို့၊ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့နှင့် အနာဂတ်တွင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့အတွက် လူများသည် ကိုယ်ခန္ဓာ နာကျင်မှုကို ခံနိုင်ကြသည်။ သို့သော် ဒုက္ခခံနိုင်ခြင်းနှင့် အဖိုးအခပေးဆပ်နိုင်ခြင်းတို့က ၎င်းတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည်ဟု ဆိုလိုသလော။ မဟုတ်ချေ။ တစ်စုံတစ်ဦး၏ စိတ်သဘောထား၌ ပြောင်းလဲမှုရှိမရှိကို တိုင်းတာရန်အတွက် ၎င်းတို့ ဆင်းရဲဒုက္ခ မည်မျှကို သည်းခံနိုင်သည်၊ သို့မဟုတ် အပေါ်ယံတွင် ၎င်းတို့သည် ကောင်းသောအကျင့် မည်မျှရှိသည်တို့ကို မကြည့်လေနှင့်။ တစ်စုံတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲပြီး၊ မပြောင်းလဲသေးသည်ကို တိကျမှန်ကန်စွာ တိုင်းတာသည့် တစ်ခုတည်းသော နည်းလမ်းမှာ ထိုအစား ၎င်းတို့လုပ်ရပ်များ၏ နောက်ကွယ်ရှိ ရည်မှန်းချက်များ၊ စေ့ဆော်မှုများနှင့် အကြံများ၊ ၎င်းတို့ မိမိကိုယ်ကို ပြုမူကျင့်ကြံပြီး အရေးကိစ္စများကို ကိုင်တွယ်သည့် အခြေခံစည်းမျဉ်းများနှင့် သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားတို့ကို ကြည့်ရန်ဖြစ်သည်။

ဘုရားသခင်ကို ယုံကြည်လာပြီးနောက် လူအချို့သည် လောကီခေတ် ရေစီးကြောင်းများနောက် မလိုက်တော့သည်သာမက ၎င်းတို့၏အဝတ်အစားနှင့် အသွင်အပြင်ကို ဂရုစိုက်ကြသည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခခံနိုင်ပြီး ကြိုးစားကာ၊ ဇာတိပကတိကို နှိပ်စက်၍ စွန့်လွှတ်နိုင်ကြသည်။ သို့သော် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ကာ အခြားသူများနှင့် ဆက်ဆံပြီး အမှုအရာများကို ကိုင်တွယ်သည့်အခါ၌ ရိုးသားခဲကြသည်။ ၎င်းတို့က ရိုးသားရသည်ကို မကြိုက်ကြ၊ သူတို့ကိုယ်သူတို့ အမြဲတမ်းပေါ်လွင်ကာ ထင်ရှားကျော်ကြားလိုပြီး ၎င်းတို့ပြောသမျှ လုပ်သမျှ၏ နောက်ကွယ်တွင် ရည်ရွယ်ချက်ရှိသည်။ လူတို့၌ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါတိုင်း ၎င်းတို့ထံ လာရောက်ရှာဖွေကြမည့် အတိုင်းအတာအထိ လူတို့အား ၎င်းတို့ မည်မျှကောင်းကြောင်းပြရန်၊ လူတို့၏စိတ်နှလုံးကို လွှမ်းမိုးရန်နှင့် ၎င်းတို့အား လူတို့ မျက်နှာသာပေးပြီး ကိုးကွယ်ဆည်းကပ်ရန်အတွက် ဝီရိယစိုက်ထုတ်ကာ စေ့စေ့စပ်စပ် တွက်ချက်မှုများ ပြုလုပ်ကြသည်။ ဤသို့လုပ်ခြင်းအားဖြင့် ၎င်းတို့က ဟိတ်ထုတ်ကြသည်။ ၎င်းတို့ထုတ်ပြသည်မှာ မည်သည့်စိတ်သဘောထားနည်း။ ယင်းသည် စာတန်၏ စိတ်သဘောထားဖြစ်သည်။ ဤကဲ့သို့သောလူ များစွာရှိသလော။ လူတိုင်းက ဤကဲ့သို့ပင်။ အပြင်ပန်းတွင် စည်းကမ်းများအားလုံးကို လိုက်နာကာ အနည်းငယ် ဒုက္ခခံနိုင်ကြပြီး သူတို့ကိုယ်သူတို့ အသုံးခံလိုသောဆန္ဒ အတော်အတန် ရှိကြသည်။ ၎င်းတို့သည် လောကီအရာ အနည်းငယ်ကို စွန့်လွှတ်နိုင်သည်၊ သမ္မာတရားကို လိုက်စားဖို့ စိတ်ပိုင်းဖြတ်မှုနှင့် စိတ်ဆန္ဒ အနည်းငယ်ရှိပြီး ဘုရားသခင်အားယုံကြည်ခြင်း လမ်းကြောင်းပေါ်တွင် အုတ်မြစ်ချထားကြသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အရင်အတိုင်းပင်။ ၎င်းတို့သည် လုံးဝ ပြောင်းလဲမသွားကြပေ။ သမ္မာတရားကို ၎င်းတို့နားလည်လျှင်ပင် လက်တွေ့ကျင့်သုံးနိုင်ခြင်း မရှိကြပေ။ ယင်းသည် လုံးဝ ပြောင်းလဲမသွားခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ အရာခပ်သိမ်း၌ တစ်ဇွတ်ထိုးပြုလုပ်ခြင်းသည် ဆိုးယုတ်သော စိတ်သဘောထားများအားဖြင့် အသက်ရှင်သူတို့ ပြုမူတတ်သည့် နည်းလမ်းဖြစ်သည်။ ၎င်းတို့လုပ်ရပ်များ၏ နောက်ကွယ်မှ ရည်ရွယ်ချက်သည် မှားယွင်းသောအခါ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းခြင်း သို့မဟုတ် ၎င်းတို့၏အလိုဆန္ဒကို ငြင်းပယ်ခြင်း မပြုကြ၊ သမ္မာတရား၏ အခြေခံစည်းမျဥ်းများကို မရှာဖွေကြသည်သာမက အခြားသူများထံမှလည်း မရှာကြ၊ သို့မဟုတ် ထိုသူတို့နှင့် မိတ်သဟာယဖွဲ့ခြင်းလည်း မပြုကြပေ။ ၎င်းတို့သည် လုပ်ချင်သမျှ၊ စိတ်ဆန္ဒရှိသမျှကို လုပ်ကြသည်။ မဆင်မခြင်နှင့် အထိန်းအကွပ်မဲ့ ပြုမူကြသည်။ မင်းတို့သည် အပြင်ပန်းအားဖြင့် မကောင်းမှုပြုကောင်း ပြုမည်မဟုတ်သော်လည်း သမ္မာတရားကိုမူ မကျင့်သုံးကြပေ။ ၎င်းတို့သည် ၎င်းတို့၏ လုပ်ဆောင်မှုများတွင် စိတ်ဆန္ဒနောက် လိုက်ကြပြီး ဆိုးယုတ်သော စိတ်သဘောထားဖြင့် နေထိုင်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း သို့မဟုတ် ၎င်းတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိသည့်အပြင် ဘုရားသခင်၏ရှေ့မှောက်၌ အသက်မရှင်ကြခြင်းကို ဆိုလိုသည်။ အချို့သောသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကိုပင် နားလည်နိုင်သော်လည်း ယင်းတို့ကို လက်တွေ့မကျင့်သုံးနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့၏ စိတ်ဆန္ဒများနှင့် ရည်မှန်းချက်များကို မကျော်လွှားနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့လုပ်နေသည်မှာ မှားယွင်းကြောင်း၊ ယင်းက အဖျက်အမှောင့်နှင့် အနှောင့်အယှက်ဖြစ်ကြောင်း၊ ယင်းက ဘုရားသခင်အတွက် ရွံရှာဖွယ်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိကြစေကာမူ “ဘုရားသခင်အား ယုံကြည်ခြင်းသည် ကောင်းချီးများရရှိဖို့ မဟုတ်သလော။ ကောင်းချီးများကို ကျွန်ုပ်လိုက်ရှာနေခြင်းက မည်သည့်အရာ မှားသနည်း။ ဘုရားသခင်အား ယုံကြည်လာခဲ့သည့် နှစ်များတွင် ကျွန်ုပ်သည် အတော်ပင် ဒုက္ခခံစားခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ သဘောကျခြင်းနှင့် ကောင်းချီးများ ရရှိရန်အတွက် မိမိ၏အလုပ်ကို စွန့်လွှတ်ပြီး လောကထဲရှိ ကျွန်ုပ်၏ တက်လမ်းများကို စွန့်ပယ်ခဲ့သည်။ ကျွန်ုပ်ခံစားခဲ့ရသမျှ ဆင်းရဲဒုက္ခအားလုံးအပေါ် အခြေခံပြီး ဘုရားသခင်သည် ကျွန်ုပ်ကို သတိရသင့်သည်။ သူသည် ကျွန်ုပ်အား ကောင်းချီးပေးပြီး ကျွန်ုပ်အား ကံကောင်းခြင်းကို အပ်နှင်းသင့်သည်” ဟု စဥ်းစားလျက် ယင်းကို ထပ်ခါတလဲလဲ ပြုလုပ်ကြသည်။ ဤစကားများမှာ လူ့အကြိုက်နှင့် ကိုက်ညီသည်။ ဘုရားသခင်ကို ယုံကြည်သူတိုင်း ဤကဲ့သို့တွေးကြ၏—ကောင်းချီးများရရှိဖို့ ရည်ရွယ်ချက်ဖြင့် အနည်းငယ်စွန်းထင်းနေခြင်းသည် ထိုမျှကြီးမားသော ပြဿနာမဟုတ်ဟု ထင်မှတ်ကြသည်။ သို့သော် ဤစကားလုံးများကို သေချာစွာ စဉ်းစားကြည့်လျှင် ယင်းတို့အနက်မှ တစ်ခုခုသည် သမ္မာတရားနှင့် ကိုက်ညီသလော သို့မဟုတ် ယင်း၏ စစ်မှန်မှုအစိတ်အပိုင်း ဟုတ်သလော။ စွန့်ပစ်ခြင်းနှင့် ဒုက္ခခံခြင်း ဟူသမျှသည် ကောင်းမွန်သော လူ့အမူအကျင့်မျိုးသာ ဖြစ်သည်။ ဤလုပ်ရပ်များသည် ကောင်းချီးများရရှိရန် ရည်ရွယ်ချက်၏ ထိန်းချုပ်ခြင်းကိုခံရပြီး ယင်းတို့သည် သမ္မာတရား၏ လက်တွေ့ကျင့်သုံးမှု မဟုတ်ပေ။ အကယ်၍ လူ၏ ကျင့်ဝတ်စံနှုန်းများဖြင့် ဤလူတို့၏ အမူအကျင့်ကို တိုင်းတာပါက ၎င်းတို့ကို လုံ့လဝီရိယရှိပြီး ခြိုခြံချွေတာသည်၊ အလုပ်ကြိုးစားပြီး တောင့်ခံနိုင်သည်ဟု မှတ်ယူရမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အလုပ်ရှုပ်လွန်း၍ အစာစားရန်နှင့် အိပ်စက်ရန် မေ့တတ်ကြပြီး အချို့က ပျောက်ဆုံးသွားသော ပစ္စည်းများကို ပိုင်ရှင်များထံ ပြန်ပေးရန်၊ အကူအညီပေးရန်၊ ပရဟိတလုပ်ရန်၊ အခြားသူများကို နားလည်မှုနှင့် ရက်ရောမှုဖြင့် ဆက်ဆံရန်၊ မတွန့်တိုရန် သို့မဟုတ် ဇီဇာမကြောင်ရန်နှင့် ၎င်းတို့ အနှစ်သက်ဆုံးအရာများကို အခြားသူများအား ပေးကမ်းရန်ပင် ဆန္ဒရှိကြသည်။ ဤအပြုအမူများအားလုံးကို လူတို့က ချီးကျူးကြပြီး ၎င်းတို့ကို လူကောင်းများအဖြစ် အသိအမှတ်ပြုကြသည်။ ထိုသို့သောလူတို့သည် အသရေတင့်ဟန်၊ လေးစားဖွယ်ကောင်းဟန်တူပြီး အသိအမှတ်ပြုခံထိုက်ဟန် တူကြသည်။ ၎င်းတို့သည် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် လုံးဝဥဿုံ အကျင့်ကောင်းလျက် တရားမျှတပြီး ကျိုးကြောင်းဆီလျော်မှု ရှိကြသည်။ ၎င်းတို့သည် သူတစ်ပါးကို ကျေးဇူးပြန်ဆပ်ကြပြီး ညီအစ်ကိုအသင်းအပင်းကို လွန်စွာဂရုစိုက်ကြသည်၊ ထို့ကြောင့်ပင် ၎င်းတို့၏ မိတ်ဆွေတစ်ဦးဦးအတွက် မိမိတို့ကိုယ်ကို စွန့်လွှတ်အနစ်နာခံကာ ဆင်းရဲဒုက္ခခံပြီး ၎င်းတို့နှင့် အနီးဆုံးသူတို့အတွက် ရေမြေဆုံးတိုင်အောင် သွားကြမည်ဖြစ်သည်။ လူများစွာက ဤကဲ့သို့သော လူကောင်းမျိုးအတွက် ချီးမွမ်းစရာရှိကောင်း ရှိမည်ဖြစ်သော်လည်း ဤသူတို့သည် သမ္မာတရားကို အမှန်တကယ် လက်ခံပြီး လက်တွေ့ကျင့်သုံးနိုင်မည်လော။ ၎င်းတို့သည် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံရန် မိမိတို့၏အသက်ကို အမှန်တကယ် စွန့်လွှတ်မည်လော။ သေချာပေါက် မစွန့်လွှတ်ကြပေ။ သို့ဆိုလျှင် ၎င်းတို့ကို လူကောင်းဟုခေါ်နိုင်သလော။ အကယ်၍ သင်သည် လူတစ်ဦးက ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ခြင်းရှိမရှိ၊ သို့မဟုတ် ၎င်းတို့တွင် သမ္မာတရား၏ စစ်မှန်မှုရှိမရှိ တရားစီရင်ရန် ကြိုးစားနေပါက လူ့အယူအဆများ၊ စိတ်ကူးစိတ်သန်းများ၊ ကျင့်ဝတ်များနှင့် အကျင့်စာရိတ္တတို့ကို အခြေခံ၍ ၎င်းတို့ကို အမြဲတမ်း အကဲဖြတ်ခြင်းက မှန်ကန်မည်လော။ ယင်းက သမ္မာတရားနှင့် ကိုက်ညီမည်လော။ အကယ်၍ လူ့အယူအဆများ၊ စိတ်ကူးစိတ်သန်းများ၊ ကျင့်ဝတ်များနှင့် အကျင့်စာရိတ္တတို့သည် သမ္မာတရားဖြစ်ပါက ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြရန် မလိုအပ်သကဲ့သို့ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအလုပ်ကို လုပ်ဆောင်ရန် လိုအပ်မည်မဟုတ်ပေ။ ကမ္ဘာကြီးနှင့် လူသားမျိုးနွယ်သည် မှောင်မိုက်ပြီး ဆိုးယုတ်နေကြောင်း၊ ၎င်းတို့သည် သမ္မာတရား လုံးလုံးကင်းမဲ့ကြောင်းနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဘုရားသခင်၏ ကယ်တင်ခြင်း လိုအပ်ကြောင်း သင် ရှင်းလင်းစွာ သိမြင်ရမည်ဖြစ်သည်။ ဘုရားသခင် တစ်ပါးတည်းသာလျှင် သမ္မာတရားဖြစ်ကြောင်း၊ သူ၏ နှုတ်ကပတ်တော်များကသာ လူသားကို သန့်စင်ပေးနိုင်ကြောင်း၊ သူသာလျှင် လူသားကို ကယ်တင်နိုင်ကြောင်းနှင့် လူတစ်ဦး၏ အပြုအမူ မည်မျှကောင်းသည်ဖြစ်စေ ယင်းသည် သမ္မာတရား၏ စစ်မှန်မှုမဟုတ်ဘဲ ယင်းကိုယ်၌က သမ္မာအဆင့်ကို ပို၍ပင် မမီပေ။ ဤအမူအကျင့်ကောင်းများသည် လူတို့ကြားတွင် ပျံ့နှံ့လာပြီး အသိအမှတ်ပြုခံရသော်လည်း ယင်းတို့သည် သမ္မာတရားမဟုတ်၊ မည်သည့်အခါမျှ ဖြစ်လာမည်မဟုတ်သည့်အပြင် ယင်းတို့သည် မည်သည့်အရာကိုမျှ မပြောင်းလဲနိုင်ချေ။ သင်သည် ၎င်းတို့၏ မိတ်ဆွေများအတွက် မိမိတို့ကိုယ်ကို စွန့်လွှတ်ကာ ထိုသူတို့အတွက် ရေမြေဆုံးတိုင်သွားမည့် လူတစ်ဦးအား ဘုရားသခင်နှင့် သမ္မာတရားကို လက်ခံစေနိုင်မည်လော။ ထိုလူသည် ဘုရားမဲ့ဝါဒီ ဖြစ်သောကြောင့် လုံးဝရရှိနိုင်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ ပြည့်နှက်နေသူတစ်ဦးကို ကိုယ်တော်အား စစ်မှန်သော ကျိုးနွံနာခံမှုကို ရရှိစေနိုင်မည်လော။ လူသည် အယူအဆများနှင့် ပြည့်နှက်နေသောအခါ သမ္မာတရားကို လက်ခံပြီး သမ္မာတရားအား ကျိုးနွံနာခံဖို့ အလွန်ခက်သောကြောင့် လုံးဝရရှိစေနိုင်မည် မဟုတ်ပေ။ အဘယ်မျှကောင်းသော အပြုအမူဖြစ်စေ လူတစ်ဦးကို ဘုရားသခင်အား အမှန်တကယ် ကျိုးနွံနာခံနိုင်စေသလော။ ထိုသူတို့သည် ကိုယ်တော်ကို အမှန်တကယ် ချစ်နိုင်ကြသလော။ ကိုယ်တော်ကို ၎င်းတို့ ချီးမြှောက်ပြီး သူ့အား သက်သေခံနိုင်ကြသလော။ လုံးဝ မလုပ်နိုင်ကြပေ။ သခင့်အတွက် ဟောပြောပြီး အလုပ်လုပ်သူတိုင်းသည် ဘုရားသခင်အား အမှန်တကယ် ချစ်မြတ်နိုးသူ ဖြစ်လာလိမ့်မည်ဟု သင်အာမခံနိုင်သလော။ ယင်းမှာ လုံးဝဖြစ်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လူတစ်ဦးသည် ကောင်းသောအမူအကျင့်များ မည်မျှပင် ရှိနေပါစေ၊ ယင်းသည် ၎င်းတို့၏ အသက်စိတ်သဘောထား ပြောင်းလဲသွားပြီဟု ဆိုလိုဖို့ဝေးစွ၊ ၎င်းတို့ အမှန်တကယ် နောင်တရပြီး ပြောင်းလဲသွားပြီဟုပင် မဆိုလိုပေ။

မည်သည့်အရာသည် ကောင်းသောအပြုအမူဖြစ်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သင်၏ စိတ်သဘောထား၌ ပြောင်းလဲမှုရရှိခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်တို့ကို ပိုင်းခြားသိမြင်ရန် သင်တို့ သင်ယူရမည်။ သင်၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ ဘုရားသခင်ကို နာခံခြင်း၊ ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်းတို့ ပါဝင်သည်။ ဤသို့ဆိုလျှင် လူတစ်ယောက်သည် ဘုရားနှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ပြီး အသက်ရှင်ရန် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ဥပမာ အလွန်ရင်းနှီးသော သူငယ်ချင်းကောင်းနှစ်ဦး ရှိသည် ဆိုပါစို့။ ယခင်က ၎င်းတို့သည် အချင်းချင်း ကူညီကြသည်။ ခက်ခဲသောအချိန်များကို အတူတကွ ဖြတ်သန်းကြသည်။ တစ်ယောက်ကို တစ်ယောက် ကယ်တင်ရန် ၎င်းတို့၏ အသက်များကို စွန့်လွှတ်မည်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သလော။ ဤသည်မှာ ညီရင်းအစ်ကိုတမျှ ရင်းနှီးမှုဖြစ်သည်။ အခြားသူများအတွက် ကိုယ့်ကိုယ်ကို စွန့်လွှတ်အနစ်နာခံခြင်းဖြစ်သည်။ ဤသည်မှာ ကောင်းသောအပြုအမူဖြစ်သည်။ သို့သော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လုံးဝမဟုတ်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တောင်းဆိုမှုများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်။ ဘုရားသခင်ကို နာခံပြီး ကျေနပ်စေခြင်းဖြစ်သည်။ ကောင်းသောအပြုအမူသည် ဇာတိပကတိ၏ ဆက်ဆံရေးများကို ဖြည့်ဆည်းခြင်း၊ စိတ်ခံစားချက်ဆိုင်ရာ သံယောဇဉ်များကို ထိန်းသိမ်းခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ညီရင်းအစ်ကိုတမျှ ရင်းနှီးမှု၊ ဆက်ဆံရေးများကို ကာကွယ်ခြင်း၊ တစ်ယောက်နှင့်တစ်ယောက် ကူညီခြင်း၊ သည်းခံခြင်း၊ ကျေနပ်စေခြင်းတို့အားလုံးသည် အတွင်းရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စများဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လုံးဝမသက်ဆိုင်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်က လူတို့အား အခြားလူများကို မည်သို့ဆက်ဆံရန် တောင်းဆိုသနည်း။ (ကျွန်ုပ်တို့ကို စည်းမျဉ်းများနှင့်အညီ အချင်းချင်းဆက်ဆံရန် ဘုရားသခင်က တောင်းဆိုသည်။ အခြားလူတစ်ယောက်က သမ္မာတရားစည်းမျဉ်းနှင့်မညီသည့် အမှားတစ်ခုခုလုပ်လျှင်၊ ကျွန်ုပ်တို့ကိုယ်တိုင်၏ မိခင်အရင်း၊ သို့မဟုတ် ဖခင်အရင်းဖြစ်လျှင်ပင် သူတို့ပြောသည်ကို နားထောင်၍မရပေ။ သမ္မာတရားစည်းမျဉ်းများကို ဖက်တွယ်ထားပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမည်။) (ညီအစ်ကိုမောင်နှမများကို တစ်ယောက်နှင့်တစ်ယောက် ကူညီကြဖို့ ဘုရားသခင်က တောင်းဆိုသည်။ အခြားလူတစ်ယောက်က ပြဿနာတစ်ခုရှိသည်ကို ကျွန်ုပ်တို့မြင်လျှင် ထောက်ပြရမည်။ မိတ်သဟာယဖွဲ့ရမည်။ ဖြေရှင်းရန်အတွက် သမ္မာတရားစည်းမျဉ်းများကို အတူတကွရှာဖွေရမည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့်သာ ကျွန်ုပ်တို့က ၎င်းတို့ကို အမှန်တကယ် ကူညီနေခြင်းဖြစ်သည်။) လူတို့၏ ဆက်ဆံရေးက မည်သို့ဖြစ်စေ ဘုရားသခင်သည် အချင်းချင်းအပေါ် လူတို့၏ အပြုအမူကို သမ္မာတရားစည်းမျဉ်းများ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်စေလိုသည်။ ဤအခြေခံသဘောတရားများမှလွဲ၍ အဘယ်အရာကိုမျှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် ထည့်တွက်၍ မရပေ။ ဥပမာအနေဖြင့် လူတစ်ဦးသည် အသင်းတော်အလုပ်ကို ထိခိုက်ကာ လူတိုင်း ဝေဖန်ထောက်ပြပြီး ကန့်ကွက်သည့် အရာတစ်ခုကို လုပ်မိသည်။ သူ့မိတ်ဆွေက “သူအမှားတစ်ခုပြုလုပ်ရုံနှင့် သူ့ကို သင် ဖော်ထုတ်ဖို့မလိုအပ်ပေ။ ကျွန်ုပ်သည် သူ၏မိတ်ဆွေဖြစ်သည်။ ဦးစွာ ကျွန်ုပ် သူ့အပေါ် နားလည်ရမည်၊ သူ့အပေါ် ကျွန်ုပ် သည်းခံပြီး ကူညီရမည်။ သင်တို့လုပ်သကဲ့သို့ ကျွန်ုပ် သူ့အား ဝေဖန်ထောက်ပြ၍ မရပေ။ သူ့ကို ကျွန်ုပ် နှစ်သိမ့်ရမည်၊ မနာကျင်စေဘဲ ထိုအမှားသည် အရေးမကြီးဟု ကျွန်ုပ် သူ့အား ပြောမည်ဖြစ်သည်။ သင်တို့ထဲမှ တစ်ဦးတစ်လေသည် သူ့အားဝေဖန်ထောက်ပြပြီး ထပ်၍ အခက်အခဲဖြစ်စေလျှင်၊ သင်တို့ ကျွန်ုပ်နှင့် ရင်ဆိုင်ရမည်။ သင်တို့ထဲမှ တစ်ဦးမျှ ကျွန်ုပ်ထက်ပို၍ သူနှင့် မရင်းနှီးပေ။ ကျွန်ုပ်တို့သည် ရင်းနှီးသော မိတ်ဆွေများဖြစ်ကြသည်။ လိုအပ်လျှင် သူ့အတွက် ကျွန်ုပ် ရပ်တည်ပေးမည်”ဟု ပြောသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သလော။ (မဟုတ်ပေ၊ ဤသည်မှာ အသက်ရှင်ခြင်းအတွက် အတွေးအမြင်တစ်ခုဖြစ်ပါသည်။) ဤလူ၏ စိတ်နေစိတ်ထားသည် နောက်ထပ်အယူအဆဆိုင်ရာ အခြေခံအုတ်မြစ်ပေါ်တွင်လည်း အခြေခံနေသည်။ ၎င်းတို့က “ကျွန်ုပ်၏ မိတ်ဆွေသည် ကျွန်ုပ်ဘဝ၌ အခက်ခဲဆုံး၊ အနာကျင်ဆုံးအချိန်အတောအတွင်းတွင် ကျွန်ုပ်ကို ကူညီခဲ့သည်။ အခြားလူတိုင်းက ကျွန်ုပ်ကို စွန့်ပစ်ခဲ့ကြပြီး သူသာ ကျွန်ုပ်ကို စောင့်ရှောက်ပြီး ကူညီခဲ့သည်။ ယခုသူ ဒုက္ခရောက်နေပြီး သူ့ကိုကူညီဖို့မှာ ကျွန်ုပ်အလှည့်ဖြစ်သည်— ဤသည်မှာ အသိစိတ်ရှိခြင်းနှင့် လူ့သဘာဝရှိခြင်း ဟူသည့် အဓိပ္ပာယ်ပင်ဖြစ်သည်ဟု ကျွန်ုပ်ခံစားရသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ ဤအသိစိတ်ပမာဏ သေးသေးလေးမျှပင် မရှိပါက သင့်ကိုယ်သင် အဘယ်သို့လျှင် လူသားဟု ခေါ်နိုင်သနည်း။ ယင်းမှာ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့ကို အနှစ်မဲ့သောစကားများ မဖြစ်စေသလော” ဟု ယုံကြည်ကြသည်။ ဤစကားများသည် မှန်သည့်အလားထင်ရသည်။ လူအများစုက ၎င်းတို့ကို အရှိအတိုင်းမသိနိုင်ကြပေ— ယင်းတို့ကိုပြောသည့်သူ၊ သူ့လုပ်ရပ်များ၏နောက်ကွယ်မှ စေ့ဆော်မှုသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု ထင်မှတ်သည့်သူပင် မသိနိုင်ပေ။ သို့ရာတွင် သူ၏လုပ်ရပ်များသည် မှန်ကန်သလော။ စင်စစ်အားဖြင့် မမှန်ကန်ချေ။ သေချာကြည့်လော့၊ သူပြောသည့် စကားတိုင်းသည် လူ့ကျင့်ဝတ်၊ အကျင့်စာရိတ္တဆိုင်ရာရှုထောင့်နှင့် အသိစိတ်တို့မှ ‌ပေါက်ဖွားလာသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို လူ့ကျင့်ဝတ်အပေါ် အခြေခံ၍ အကဲဖြတ်မည်ဆိုပါက သူ၌ အသိတရားရှိပြီး သစ္စာရှိသောသူဖြစ်သည်။ သူ၏မိတ်ဆွေအတွက် ဤကဲ့သို့ ရပ်တည်ပေးခြင်းသည် သူ့ကို လူကောင်းတစ်ဦးဖြစ်စေသည်။ သို့သော် ဤ“လူကောင်း”၏ နောက်ကွယ်တွင် မည်သည့်စိတ်သဘောထားနှင့် အနှစ်သာရကွယ်ဝှက်နေသည်ကို သိကြသလော။ သူသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူမဟုတ်ပေ။ ရှေးဦးစွာ တစ်ခုခုဖြစ်ပျက်သောအခါတွင် သူသည် အခြေအနေကို ဘုရားနှုတ်ကပတ်တော်နှင့်အညီ မကြည့်ရှုပေ။ ဘုရားနှုတ်ကပတ်တော်ထဲရှိ သမ္မာတရားကို မရှာဖွေပေ။ ထိုအစား မယုံကြည်သူများ၏ ကိုယ်ကျင့်တရား၊ ကျင့်ဝတ်နှင့် ဘဝနီတိများနှင့်အညီ အကြောင်းအရာကို ကြည့်ရှုရန် ရွေးချယ်သည်။ သူသည် စာတန်၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကို သမ္မာတရားအဖြစ် မှတ်ယူပြီး ဘုရားနှုတ်ကပတ်တော်များကို ဘေးဖယ်ထားကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ပြောထားသည့်အရာကို လျစ်လျူရှုသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သူသည် သမ္မာတရားကို လှောင်ပြောင်နေခြင်းဖြစ်သည်။ ဤသည်မှာ သူသည် သမ္မာတရားကို မချစ်သည်ကို ပြသည်။ သူသည် သမ္မာတရားကို ဆိုးယုတ်သော ဘဝနီတိများ၊ အယူအဆများ၊ ကျင့်ဝတ်များ၊ လူ၏ ကိုယ်ကျင့်တရားတို့နှင့် အစားထိုးပြီး ဆိုးယုတ်သော အတွေးအခေါ်များနှင့်အညီ လုပ်ဆောင်သည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ပြီး ဘုရားအလိုတော်ကို ကျေနပ်စေခြင်းဖြစ်သည်၊ ဖြောင့်မတ်သည့် ပြုမူလုပ်ဆောင်နည်းဖြစ်သည်ဟူ၍ပင် သူက ယုံကြည်မှုရှိရှိနှင့် ပြောဆိုသည်။ သူသည် သမ္မာတရားကို ချိုးဖောက်ရန် ဤဖြောင့်မတ်ခြင်းအယောင်ဆောင်မှုကို အသုံးပြုနေခြင်းသာ မဟုတ်လော။ လူတို့သည် မိမိကိုယ်ကို ပြုမူကျင့်ကြံပုံနှင့် အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းပုံနှင့် ပတ်သက်လာလျှင် ဤအခြေအနေမျိုးက ဖြစ်နေကျမဟုတ်သလော။ သင်သည် အယူဝါဒဆိုင်ရာ စကားလုံးများနှင့် စကားစုများကို အမြဲပြောနေသောအခါ သင်၌ သမ္မာတရား ကင်းမဲ့ကြောင်းနှင့် ယင်းသည် တန်ဖိုးရှိသော သမ္မာတရားအပေါ် အမှန်တကယ် မိတ်သဟာယဖွဲ့ခြင်းဖြစ်ကြောင်း သိရှိပြီး မှောင်မိုက်ပြီး ဆိုးယုတ်သော ဤကမ္ဘာ၌ သမ္မာတရားကို ရရှိထားသူတို့၏ အသက်တာများသာလျှင် မျှော်လင့်ချက်နှင့် တန်ဖိုးရှိကြောင်း သင်လည်းသိပေသည်။ သို့သော်လည်း သင်သည် ယင်းကိုရင်ဆိုင်ရန်နှင့် ရွေးချယ်မှုများပြုလုပ်ဖို့ လိုအပ်သည့် အဓိကဖြစ်ရပ်တစ်ခု ဖြစ်ပျက်သောအခါ ယင်းသည် စာတန်၏ အတွေးအခေါ်များ၊ အကျင့်စာရိတ္တနှင့် ကျင့်ဝတ်များသည် သမ္မာတရားဖြစ်ပြီး အကျိုးရှိသည်ဟု သင်ခံစားရလိမ့်မည်။ ထိုအချိန်တွင် သင်လိုက်လျှောက်လိုသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားများက အကျိုးမရှိပေ။ ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ အကယ်၍ သင်က ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ကြောင်းကို အသိအမှတ်ပြုနိုင်လျှင် အဘယ်ကြောင့် ယင်းကို လက်တွေ့မကျင့်သုံးနိုင်သနည်း။ သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ အဘယ့်ကြောင့် မဝံ့ရဲရသနည်း။ သင်ကြောက်နေသည်မှာ မည်သည့်အရာနည်း။ သင်သည် အခြားလူတို့၏ အသရေဖျက်ခြင်းနှင့် တရားစီရင်ခြင်း၊ သင်၏ လောကီတက်လမ်းများ ဆုံးရှုံးခြင်းနှင့် သင့်ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားကို ထိခိုက်စေခြင်းတို့ ရှိမည်ကို ကြောက်ရွံ့နေသည်။ သမ္မာတရားကို သင်လက်တွေ့မကျင့်သုံးသောအခါ၊ သင်သည် စွန့်ခွာထွက်ပြေးသူ ဖြစ်လာပြီး လွန်စွာအရေးပါသော အခိုက်အတန့်တွင်ပါရှိသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားများကို ငြင်းပယ်သောအခါ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသူမဟုတ်ကြောင်း၊ သင်သည် စာတန်၏ အတွေးအခေါ်များ၊ မိစ္ဆာဒိဋ္ဌိအယူများနှင့် အတွေးမှားများကို နှစ်သက်ကြောင်း၊ သင်သည် လောကီတက်လမ်းများ၊ သင်၏ ဇာတိအကျိုးစီးပွား၊ သင်၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို လိုက်စားကြောင်း သက်သေပြရန် လုံလောက်သည်။ သို့သော် သင်သည် သမ္မာတရားကို ချစ်သည်ဟု ဆိုသော်လည်း ဤအရာသည် အယောင်ဆောင်ခြင်းဖြစ်သည်။ ဤအရာအားလုံးက သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်ခံခြင်း သို့မဟုတ် ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်း၌ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်း မရှိသေးကြောင်း သက်သေပြရန် လုံလောက်သည်။ ထိုသို့ဆိုလျှင် သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ကြောက်ရွံပါသလော။ သင့်နှလုံးသားထဲတွင် ဘုရားသခင်အတွက် နေရာရှိပါသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ကြောင်းကို ပုံမှန်အားဖြင့် သင်အသိအမှတ်ပြုထားသမျှ၊ တစ်စုံတစ်ခုဖြစ်လာသည်နှင့် တစ်ပြိုက်နက် ဘုရားသခင်သည် သင့်နှလုံးသားထဲတွင် ရှိတော့မည်မဟုတ်ဘဲ သင်သည် အရာအားလုံးထက် သင့်ကိုယ်သင် တန်ဖိုးထားမည်ဖြစ်ကာ၊ သင်သည် လူ့ဆက်ဆံရေးများ၊ လူနေမှုဘဝဆိုင်ရာ အတွေးအခေါ်များ၊ ကျင့်ဝတ်စည်းကမ်းများနှင့် ပညတ်များအပြင် အသိတရားနှင့် ကိုယ်ကျင့်တရားစံနှုန်းများကို သမ္မာတရားအဖြစ် သဘောထားမည်ဖြစ်သည်။ စာတန်နှင့်ဆိုင်သော ဤအရာများသည် သင့်စိတ်နှလုံးထဲတွင် သမ္မာတရားအဖြစ် အစားထိုးစရာများ ဖြစ်လာပြီဖြစ်သောကြောင့် သင်သည် ယိုယွင်းသွားပြီမဟုတ်လော။ ယခု သင်သည် ဘုရားသခင်အား လုံးလုံးလျားလျား သစ္စာဖောက်ပြီးဖြစ်၍ သင်သည် အမှောင်ထဲသို့ လုံးလုံးလျားလျား ကျရောက်သွားပြီဖြစ်သည်။

လူများစွာတို့သည် ဘုရားသခင်ကို ယုံကြည်လာပြီးသော နှစ်ပေါင်းများစွာ၌ အလုပ်များနေခဲ့ကြသည်ဖြစ်၍ အဘယ်ကြောင့် သမ္မာတရား၏စစ်မှန်မှုကို မရရှိကြသနည်း။ အမှန်တွင် ပြဿနာ၏ အရင်းခံမှာ ထိုလူတို့က သမ္မာတရားကို မချစ်ကြခြင်းဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မချစ်ဟု ၎င်းတို့ကို သင်ပြောလျှင် စိတ်ထိခိုက်သွားကြမည်၊ သို့သော် အမှန်တကယ်တွင် ၎င်းတို့၏ မခံမရပ်နိုင်ဖြစ်ခြင်းက ကျိုးကြောင်းဆီလျော်မှု ရှိသလော။ မရှိပေ။ ထိုလူတို့သည် တရားဒေသနာ မည်မျှကို ကြားနာခဲ့ရသည်ဖြစ်စေ၊ သို့မဟုတ် အယူဝါဒမည်မျှကို နားလည်ခဲ့ကြသည်ဖြစ်စေ အချိန်တန်လာသောအခါ သမ္မာတရားကို လက်တွေ့မကျင့်သုံးကြပေ။ ၎င်းတို့သည် သမ္မာတရား၏ အခြေခံစည်းမျဥ်းများနှင့်အညီ လူများ၊ အဖြစ်အပျက်များနှင့် ၎င်းတို့ပတ်ဝန်းကျင်ရှိ အရာများကို မလုပ်ဆောင်ဘဲ၊ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်း သို့မဟုတ် ချဉ်းကပ်ခြင်းမပြုဘဲ ၎င်းတို့တွင် ကိုယ်ပိုင်အမြင်များ အမြဲရှိနေကြသည်။ တစ်စုံတစ်ဦးက ငါ့ကို စကားပြောသောအခါ ဤလူတို့က “နားထောင်ကြည့်ပါ၊ ကျွန်ုပ်၏အမြင်ကို ဖော်ပြခွင့်ပြုပါ။ ဤအရာမှာ ကျွန်ုပ်၏အမြင်၊ ဤအရာမှာ ကျွန်ုပ်၏ ဆိုလိုရင်းဖြစ်သည်” ဟူ၍လည်းကောင်း၊ “ဤနည်းအတိုင်း ကျွန်ုပ်လုပ်ဆောင်ချင်သည်၊ ကျွန်ုပ်၏စကားကို ကိုယ်တော်နားထောင်မည်လော” ဟူ၍လည်းကောင်း အမြဲတစေ ပြောကြသည်။ မပြောဘဲနှင့်ပင် သင် မည်သည့်အရာကို ဆိုလိုကြောင်း ငါသိ၏။ သင်သည် သင်၏ ဆိုလိုရင်းအကြောင်းကို အမြဲတမ်း ပြောနေစရာ မလိုအပ်ပေ၊ ယင်းသည် သမ္မာတရား မဟုတ်၊ ယင်းကို ရှင်းလင်းစွာ ဖော်ပြခြင်းသည် ယင်းကို သမ္မာတရား ဖြစ်စေမည်မဟုတ်ပေ။ သင်သည် မွေးကတည်းက သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု သင်ယုံကြည်ပါက သင်သည် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်နေသေးသနည်း။ အကယ်၍ သင်သည် သမ္မာတရားအားလုံးကို နားလည်သဘောပေါက်နိုင်ပြီး သင်ကိုယ်တိုင် သမ္မာတရားဖြစ်နေကာ ပြဿနာအားလုံးကို ဖြေရှင်းနိုင်သကဲ့သို့ သင်သည် ဘုရားသခင်ဖော်ပြထားသော သမ္မာတရားအားလုံးကို အလိုလို နားလည်နိုင်သည်ဆိုလျှင် သင်သည် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်နေသေးသနည်း။ တစ်ချို့လူတို့က “သင်သည် အဘယ့်ကြောင့် အမြဲတမ်းမှန်ကန်ပြီး ဆုံးဖြတ်ချက်များ အားလုံးကို ချနိုင်ရသနည်း။ ကျွန်ုပ်စကားကို သင် အဘယ့်ကြောင့် နားမထောင်ရသနည်း” ဟု ပြောတတ်ကြသည်။ ဤစကားများသည် မည်ကဲ့သို့သော စကားများဖြစ်သနည်း။ သင်ပြောသည့်အရာကို နှစ်ပေါင်းများစွာ နားထောင်ပြီးနောက်တွင် မှန်ကန်သည့် သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီသည့် စကားလုံးတစ်ခွန်းမျှ မကြားခဲ့ဖူးပေ။ သို့ဆိုလျှင် သင်၏စကားကို ငါသည် အဘယ့်ကြောင့် နားထောင်သင့်သနည်း။ လူ၏ အတော်ပင် မှန်ကန်သော အမြင်တစ်ချို့ကို ငါကြားလို၏။ ယင်းက ငါ့ကို တွေးခေါ်မှုနှင့် စွမ်းအင်တစ်ချို့ကို သက်သာစေလိမ့်မည်ဖြစ်သော်လည်း တစ်ခုတစ်လေမျှ ငါမကြားရပေ။ ငါကြားသမျှသည် အတွေးမှားများနှင့် နာခံမှုမရှိသော စကားများ၊ ငြီးတွားခြင်းနှင့် အပျက်သဘောဆောင်သော ပြောဆိုမှုများသာ ဖြစ်သည်။ ယင်းတို့အားလုံးသည် သမ္မာတရားနှင့် ဆန့်ကျင်နေသည်ဖြစ်၍ အဘယ့်ကြောင့် ငါနားထောင်ရမည်နည်း။ အကယ်၍ လူတိုင်းအား သင့်စကားကို နားထောင်စေမည်ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်ကို တော်လှန်ပုန်ကန်ကြမည်၊ ဘုရားသခင်ကို ဆန့်ကျင်ကြပြီး ကောင်းကင်ဘုံကို ဆန့်ကျင်ကြပေမည်၊ ၎င်းတို့အားလုံးသည် စာတန်နောက်သို့ လိုက်သွားကြပြီး နောက်ဆုံးတွင် ပျက်စီးသွားကြမည်ဖြစ်သည်။ အကယ်၍ ငါ၏စကားများကို သင်နားထောင်ပြီး ငါ၏စကားများကို တွေးတောဆင်ခြင်ပါက သင်သည် သမ္မာတရားကို နားလည်မည်ဖြစ်ပြီး ဘုရားသခင်၏ ရှေ့မှောက်သို့ ရောက်ရှိနိုင်ကာ ကယ်တင်ခြင်းသို့သွားရာလမ်းကို စတင်နိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကသာလျှင် လူတို့ကို ကယ်တင်နိုင်ပြီး သမ္မာတရားကို နားလည်ခြင်း၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းနှင့် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို ရရှိခြင်းဖြင့်သာ လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရနိုင်မည်ဖြစ်သည်။ လူတို့အနေဖြင့် သမ္မာတရားကို လက်ခံရန် မလွယ်ကူပေ။ ငါသည် လူတို့အနီးအပါး၌ ရှိနေစဥ် ညီအစ်ကိုမောင်နှမများသည် များမကြာမီက သမ္မာတရားထဲသို့ မည်သို့ဝင်ရောက်လာခဲ့ကြကြောင်း၊ လူများ၊ အဖြစ်အပျက်များနှင့် အရာများကို ပိုင်းခြားရာနှင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးရာ၌ ၎င်းတို့သည် မည်သည့်တိုးတက်မှုကို ပြုလုပ်ခဲ့ကြကြောင်း၊ ၎င်းတို့၏ အခြေအနေများက မည်သို့ဖြစ်နေကြောင်း၊ ၎င်းတို့၏ မမှန်ကန်သော အခြေအနေများကို ပြောင်းပြန်လှန်ပြီး ပြောင်းလဲခဲ့ကြခြင်းရှိမရှိ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပတ်သက်၍ သိကျွမ်းခြင်း မည်မျှရှိကြကြောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖော်ပြခြင်းတို့မှ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိနားလည်မှု အဘယ်မျှ ရရှိထားကြကြောင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်မှုလွဲမှားခြင်း မည်မျှကို ချေဖျက်ထားပြီဖြစ်ကြောင်းနှင့် ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ သိကျွမ်းခြင်း မည်မျှတိုးပွားလာပြီဖြစ်ကြောင်း ငါကြားချင်သည်။ ဤအတွေ့အကြုံများနှင့် သိကျွမ်းခြင်းအကြောင်းတို့ကို ငါကြားလိုသော်လည်း ဝမ်းနည်းစရာမှာ လူအများစုသည် ဤအတွေ့အကြုံဆိုင်ရာ သက်သေခံချက်မျိုးကို မဖော်ပြနိုင်ကြပေ။ ၎င်းတို့သည် သမ္မာတရား၏ စစ်မှန်မှု ချို့တဲ့ကြပြီး အချည်းနှီးသော စကားလုံးများနှင့် အယူဝါဒဆိုင်ရာ စကားစုများ၊ အဓိပ္ပါယ်မဲ့သော၊ မှားယွင်းသော၊ မလိုမုန်းထားစကားလုံးများနှင့် မကျေနပ်ချက်များ သို့မဟုတ်ပါက သူတို့ကိုယ်သူတို့ ကြွားဝါရန်နှင့် ချီးကျူးဂုဏ်ပြုမှုကို တောင်းခံပြီး ဆုလာဘ်များကို ရယူရန် ကြိုးပမ်းသည့် စကားလုံးများကိုသာ ပြောဆိုကြသည်။ ယင်းတို့ကို ကြားရသောအခါ ငါမည်သို့ခံစားရမည်ဟု သင်တို့ထင်သနည်း။ ယင်းတို့က ငါ့ကို ကောင်းသောစိတ်ခံစားမှု ပေးမည်လော။ (မပေးပါ။) လူတို့သည် ၎င်းတို့၏ သမ္မာတရားအား လက်တွေ့တွေ့ကြုံမှုနှင့် သမ္မာတရားထဲ၌ ထိုးထွင်းသိမြင်မှု၊ ကြားရပြီးနောက် လူတို့ကို ခံစားမှုပိုကောင်းစေမည့် စကားလုံးများနှင့်ပတ်သက်၍ တစ်ခုတစ်လေကိုမျှ လွန်စွာပြောခဲကြပြီး ထိုကဲ့သို့သော စကားလုံးများမပါလျှင် လူတို့ပြောသည့်အရာမှာ ချီးကျူးဂုဏ်ပြုမှု ခံယူခြင်းနှင့် ဆုလာဘ်ရယူခြင်း သို့မဟုတ်ပါက ဆီလျော်မှုမရှိသော၊ အချည်းနှီးသော စကားလုံးများသာလျှင် ဖြစ်ကြ၏။ အနှစ်သာရ မရှိသော ထိုအယူဝါဒများအကြောင်း သင်ငါ့ကို ပြောဖို့လိုသလော။ သင်သည် ထိုအယူဝါဒများအကြောင်း ပြောခြင်းအားဖြင့် မသိနားမလည်သော လူတို့ကို လှည့်ဖြားနိုင်ရုံမျှသာရှိသောကြောင့် ယင်းတို့အကြောင်းကို ငါ့အားပြောခြင်းက အဓိပ္ပာယ်ကင်းမဲ့သည် မဟုတ်လော။ လူအချို့က ငါနှင့် စကားပြောသောအခါ မှားယွင်းသော ဝိညာဉ်ရေးအယူဝါဒများအကြောင်း အမြဲပြောကြပြီး အချို့ကိစ္စများကို ဆွေးနွေးသည့်အခါ ၎င်းတို့က “အရာရာသည် ဘုရားသခင်၏ လက်တော်၌ရှိပြီး အားလုံးကို ဘုရားသခင်က စီမံထားသည်” ဟု အမြဲပြောလေ့ရှိကြသည်။ ၎င်းတို့က ပြင်ပရေးရာများအကြောင်း ပြောဆိုခြင်းသည် ဝိညာဉ်သဘောမဆန်၊ ဝိညာဥ်ရေးအယူဝါဒများအကြောင်း မည်သို့ပြောဆိုရမည်ကို သိခြင်းကသာ ဝိညာဉ်သဘောဆန်သည်ဟု ထင်မြင်ကြသည်။ ငါသည် ၎င်းတို့အား လက်တွေ့ပိုင်းဆိုင်ရာ စကားတစ်ချို့ပြောပြီး အသက်ရှင်ခြင်း၏ အသေးစိတ်အကြောင်းကို ပြောပြသောအခါ ၎င်းတို့က မခံယူကြပေ။ ကြီးကျယ်သော တရားဒေသနာများနှင့် ကြီးမားနက်နဲသော ဝိညာဉ်ရေးအယူဝါဒများကိုသာ ကြားချင်ကြသည်။ ဤကဲ့သို့သော လူတို့သည် စစ်မှန်မှုကို ပိုင်ဆိုင်ပါသလော။ ၎င်းတို့၌ စစ်မှန်မှု ကင်းမဲ့သည်သာမက အသိတရားလည်း လုံးဝ ကင်းမဲ့နေပေသည်။ ၎င်းတို့သည် အမှန်တကယ် မာနထောင်လွှားပြီး ပညာမဲ့သောသူများ ဖြစ်ကြ၏။

စိတ်သဘောထားပြောင်းလဲမှုကို လိုက်စားခြင်းသည် မည်သည့်အရာများက စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် မဆက်စပ်သည့်အပြင် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု အတိုင်းအတာအတွင်း၌ မကျရောက်ဘဲ၊ ထို့ထက် အပြင်ပန်း အမူအကျင့်ကောင်းများသာ ဖြစ်ကြောင်းကိုသာမက ဘုရားသခင်ပြောသည့်အရာက မည်သည့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို ရည်ညွှန်းပြီး လူ့အထဲ၌ ဘုရားသခင်က မည်သည့်အရာကို ပြောင်းလဲပေးလိုကြောင်း ဦးစွာ နားလည်ခြင်း လိုအပ်သည်။ လူတို့သည် ဤကိစ္စများကို နားလည်ရပေမည်။ လူက စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုဟု ထင်မှတ်သောအရာသည် အမူအကျင့်ပိုင်း ပြောင်းလဲမှုသာလျှင်ဖြစ်ပြီး ယင်းမှာ ဘုရားသခင်ပြောသည့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုနှင့် မတူညီသောအရာ၊ မတူညီသောလမ်းကြောင်း ဖြစ်သည်။ လူက စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုဟု ထင်မှတ်သောအရာသည် လူတို့အနေဖြင့် ဘုရားသခင်ကို မနာခံ၊ မဆန့်ကျင် သို့မဟုတ် သစ္စာမဖောက်ဘဲနေမည်ဟု သေချာစေနိုင်သလော။ ယင်းက သူ၏ သက်သေခံရာ၌ အဆုံးစွန်အထိ ရပ်တည်ပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းစေနိုင်သလော။ ဘုရားသခင်ပြောသည့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုက လူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းမှတစ်ဆင့်၊ ကိုယ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံခြင်းမှတစ်ဆင့်၊ ထို့ပြင် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို ခံရခြင်းအပြင် ကိုယ်တော်၏ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းကို ခံရခြင်းအားဖြင့် ဘုရားသခင်၏ အလိုတော်နှင့် သမ္မာတရား၏ စည်းမျဥ်းများအား နားလည်ခြင်းကို ရရှိပြီးနောက် သမ္မာတရား၏ စည်းမျဥ်းများအတိုင်း အသက်ရှင်လျက်၊ ဘုရားသခင်အပေါ် မည်သည့်နားလည်လွဲမှားခြင်းမျှ မရှိဘဲ ဘုရားသခင်အား နာခံကြောက်ရွံ့သည့် နှလုံးသားများကို ရရှိကာ ဘုရားသခင်အား စစ်မှန်သော သိကျွမ်းခြင်းနှင့် စစ်မှန်သော ကိုးကွယ်ခြင်းကို ပိုင်ဆိုင်ရန် ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်ပြောသည့်အရာမှာ လူတစ်ဦး၏ စိတ်သဘောထားပိုင်း ပြောင်းလဲခြင်းဖြစ်ပြီး၊ သို့ဆိုလျှင် လူကပြောသည့် စိတ်သဘောထာားပိုင်း ပြောင်းလဲခြင်းက မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းသည် တိုးတက်လာသော အမူအကျင့်၊ လိမ္မာရေးခြားရှိပြီး တည်ငြိမ်ပုံပေါက်ခြင်းနှင့် မာနမထောင်လွှားခြင်းကို ရည်ညွှန်းသည်။ ယင်းသည် ညစ်ဆိုးခြင်းနှင့် ကျီစားသန်ခြင်းမရှိဘဲ၊ ယဥ်ကျေးသိမ်မွေ့ပြီး စည်းကမ်းတကျရှိသည့် ပုံစံဖြင့် စကားပြောဆိုခြင်း၊ မိမိ၏ အပြောအဆိုနှင့် အမူအကျင့်ပိုင်း၌ အသိတရား၊ ဆင်ခြင်တုံတရားနှင့် ကိုယ်ကျင့်တရားစံနှုန်းများ ပိုင်ဆိုင်ခြင်းကို ဆိုလိုသည်။ လူကပြောသည့် စိတ်သဘောထားပြောင်းလဲမှုနှင့် ဘုရားသခင်တောင်းဆိုသည့် စိတ်သဘောထားပြောင်းလဲမှုတွင် ကွဲပြားခြားနားမှုတစ်ခုခု ရှိသလော။ ကွဲပြားခြားနားမှုက အဘယ်နည်း။ လူကပြောသည့် စိတ်သဘောထားပြောင်းလဲမှုသည် အပြင်ပန်း အမူအကျင့်ပိုင်း ပြောင်းလဲမှု၊ လူ့အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသည့် ပြောင်းလဲမှုဖြစ်သည်။ ဘုရားသခင်တောင်းဆိုသည့် စိတ်သဘောထားပြောင်းလဲမှုသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ပယ်ချွတ်ခြင်းဖြစ်၏၊ ယင်းသည် သမ္မာတရားအား နားလည်ခြင်းအားဖြင့် ဖြစ်ပေါ်လာသော အသက်စိတ်သဘောထားပိုင်း ပြောင်းလဲမှု၊ အမှုအရာများအပေါ် မိမိ၏ အမြင်ရှုထောင့်ပိုင်း ပြောင်းလဲမှု၊ မိမိ၏ ဘဝအမြင်နှင့် တန်ဖိုးများ၌ ပြောင်းလဲမှုပင် ဖြစ်သည်။ ကွဲပြားခြားနားမှု ရှိပေသည်။ သင်သည် လူများ သို့မဟုတ် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းနေခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင်၏ စေ့ဆော်မှုအကြောင်းရင်းများ၊ သင့်လုပ်ဆောင်မှုများ၏ မူဝါဒများနှင့် တိုင်းတာမှုဆိုင်ရာ သင်၏စံနှုန်း စသည့်အရာအားလုံးတို့သည် သမ္မာတရားနှင့်အညီ ဖြစ်ရမည်ဖြစ်ကာ သမ္မာတရား၏ စည်းမျဥ်းများကို ရှာဖွေရမည်ဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားပြောင်းလဲမှုအား ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အကယ်၍ သင်သည် အမူအကျင့်ဆိုင်ရာ စံနှုန်းများဖြင့် မိမိကိုယ်ကို အမြဲတမ်းတိုင်းတာလျှင်၊ အပြင်ပန်း အမူအကျင့်ပိုင်း ပြောင်းလဲမှုများကို အမြဲတမ်းအာရုံစိုက်ကာ၊ သင်သည် လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေပြီး သင်၌ အနည်းငယ်သော အမူအကျင့်ကောင်းကို ပိုင်ဆိုင်သောကြောင့် ဘုရားသခင်၏ သဘောကျခြင်းကို ရရှိထားသည်ဟု ထင်မှတ်လျှင် ယင်းသည် လုံးဝ မှားယွင်း၏။ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိပြီး ဘုရားသခင်ကို ဆန့်ကျင်ကာ ဘုရားသခင်ကို သစ္စာဖောက်မည့် အန္တရာယ်ရှိနေသောကြောင့် သင်၏ အပြင်ပန်းအမူအကျင့် မည်မျှကောင်းနိုင်သည်ဖြစ်စေ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေပါက ဘုရားသခင်အား စစ်မှန်သော နာခံမှုကို ရရှိနိုင်မည်မဟုတ်သည့်အပြင် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်မည် မဟုတ်ပေ။ အပြင်ပန်း အမူအကျင့်ကောင်းသက်သက်က ဘုရားသခင်ကို ကြောက်ရွံ့သည့် နှလုံးသားကို ဖြစ်ပေါ်စေနိုင်သလော။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို မရှောင်နိုင်ပါက သူတို့၌ ဘုရားသခင်အား စစ်မှန်သော နာခံမှုရှိသည်ဟု မည်သည့် ကောင်းသောအမူအကျင့် ပမာဏကမျှ ဖော်ပြမည်မဟုတ်ပေ။ ထို့ကြောင့် မည်သည့် ကောင်းသောအမူအကျင့် ပမာဏကမျှ စိတ်သဘောထားပိုင်း ပြောင်းလဲမှုကို မဖော်ပြချေ။ လူတစ်ချို့သည် ပညာရှင်များကဲ့သို့ အလွန်ယဥ်ကျေးသိမ်မွေ့သည့် ပုံစံဖြင့် စကားပြောပြီး ရိုင်းစိုင်းသော စကားများကို မည်သည့်အခါမျှ မသုံး၊ စာပေလိုက်စားသူများ သို့မဟုတ် အဟောအပြောကောင်းသူများကဲ့သို့ စကားလုံးများမှာ အကျော်အမော်များ၏ ကလောင်သွားများထံမှ စီးဆင်းလာသည့်နှယ် ဖြစ်ကြ၏။ အပေါ်ယံကြောဖြစ်သော ဤအမူအကျင့်များနှင့် သရုပ်သကန်များကို ကြည့်လျှင် ပြဿနာများကို မတွေ့ရနိုင်ချေ။ သို့ဖြစ်လျှင် သူတို့၏ စိတ်သဘောထားပိုင်း၌ ပြဿနာများရှိမရှိဟူသည်ကို သင် မည်သို့ ရှာဖွေတွေ့ရှိနိုင်မည်နည်း။ သူတို့၏ စိတ်သဘောထားပိုင်း၌ ပြောင်းလဲမှုတစ်ခုခု ရှိမရှိ သင် မည်သို့တိုင်းတာနိုင်မည်နည်း။ ဤအရာကို မည်သို့ ရိပ်စားမိနိုင်သနည်း။ (သမ္မာတရားအပေါ် သူတို့၏ သဘောထားကို ကြည့်ခြင်းအားဖြင့် ဖြစ်သည်။) ဤသည်မှာ ၎င်းကို တိုင်းတာရန်အတွက် ညွှန်ပြသည့်အရာတစ်ခု ဖြစ်၏။ အခြားတစ်ခုခု ရှိသေးသလော။ (အမှုအရာများကို ပြုလုပ်ခြင်းအတွက် သူတို့၏ စည်းမျဥ်းများနှင့် အမှုအရာများအပေါ် သူတို့၏အမြင်များကို ကြည့်ခြင်းဖြစ်သည်။) ယင်းက ထိုအရာ၏ အဓိကအချက်ကို ဆုပ်ကိုင်မိ၏။ သင်သည် သူတို့၏ စကားပြောဆိုဟန်က ရည်မွန်သလော၊ သို့မဟုတ် ရိုင်းပျသလော၊ သို့တည်းမဟုတ် အသိဉာဏ်ရှိသော ဘာသာစကား ဟုတ်သလောဆိုသည်ကို မကြည့်သင့်၊ အပေါ်ယံကို မကြည့်လေနှင့်။ တစ်ချို့လူတို့သည် စကားကြောရှည်သော ပုံစံဖြင့် စကားပြောကာ သူတို့ကိုယ်သူတို့ မည်သို့ထုတ်ဖော်ပြောရမည် မသိဘဲ စိုးရိမ်ကြောင့်ကြသောအခါ ဂနာမငြိမ်ဖြစ်ကြသည်။ ၎င်းသည် သူတို့၏ စိတ်သဘောထားနှင့် ဆက်စပ်သလော။ (မဆက်စပ်ပါ။) ဤသည်မှာ အပြင်ပန်း အမူအကျင့်သာလျှင် ဖြစ်သည်၊ အများအားဖြင့် သူတို့၏ တစ်ကိုယ်ရေစရိုက် သို့မဟုတ် မိသားစုအတွင်း ကြီးပြင်လာပုံနှင့် ဆက်စပ်ကာ သူတို့၏ စိတ်သဘောထားနှင့် မဆက်စပ်ပေ။ သို့ဖြစ်၍ သင်သည် သူတို့၌ မည်သည့်စိတ်သဘောထားမျိုး ရှိသည်၊ သူတို့၏ စိတ်သဘောထား ပြောင်းလဲသွားခြင်းရှိမရှိနှင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးသော လူများဖြစ်သည်၊ မဖြစ်သည်ကို မည်သို့ သိမြင်နိုင်မည်နည်း။ သူတို့စကား၏ အကြောင်းအရာကို ကြည့်ခြင်းအားဖြင့် ဖြစ်သည်။ အကယ်၍ သူတို့၏ စကားလုံးတိုင်းက စိတ်ဆန္ဒ သို့မဟုတ် ရည်မှန်းချက် တစ်ခုမပါဘဲ မှန်ကန်ပြီး သူတို့၏ နှလုံးသားထဲမှ ထွက်လာကာ သူတို့စကား၏ နောက်ကွယ်၌ ရည်ရွယ်ချက်များ မရှိပါက၊ သူတို့သည် ပွင့်လင်းရိုးသားစွာ စကားပြောခြင်းသာ ဖြစ်ပြီး သူတို့၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများနှင့် အားနည်းချက်များအကြောင်းကို အခြားသူများထံ ပွင့်လင်းလာနိုင်ကာ သူတို့ရရှိသည့် အလင်းနှင့် ဉာဏ်ပွင့်ခြင်းကို တစ်ပါးသူများနှင့် ပြောဆိုဆွေးနွေးခြင်းနှင့် ဝေမျှနိုင်ပါက၊ သူတို့လုပ်ချင်သမျှ အရာတိုင်းနှင့်ပတ်သက်၍ ရိုးသားဖြောင့်မတ်ကာ သူတို့၏ ပင်ကိုဖြစ်အင်တစ်ခုလုံးကို ဖော်ထုတ်ဖွင့်ဟထားပါက ဤသူတို့မှာ သမ္မာတရားကို လိုက်စားသူများပင် မဟုတ်လော။ သူတို့၏ စိတ်သဘောထား ပြောင်းလဲသွားခြင်း ရှိသည်၊ မရှိသည်၊ သို့မဟုတ် အဘယ်မျှ ပြောင်းလဲသွားသည်တို့နှင့် ပတ်သက်၍ လောလောဆယ် မပြောကြစို့ရဲ့၊ ဤထုတ်ဖော်မှုများနှင့် သရုပ်သကန်များမှ အကဲဖြတ်ရပါက ဤသူတို့မှာ သမ္မာတရားကို လက်တွေ့ကျင့်သုံးသူများ ဖြစ်ကြ၏။ ယခုအခါ အခြားသူများကို သူတို့ ဆက်ဆံသည့်ပုံစံကို ကြည့်ကြပါစို့။ သူတို့က လူတို့ကို မျှတစွာ ဆက်ဆံနိုင်ပြီး သူတို့ကို ဖိနှိပ်ခြင်းမရှိ၊ အားနည်းသော ညီအစ်ကို မောင်နှမများကို ကူညီနိုင်ကာ သူတို့ကို မလှောင်ပြောင်ကြပေ။ ထို့အပြင် သူတို့သည် သူတို့၏ တာဝန်များ၌ ဆက်ကပ်ပြီး ဘုရားသခင်၏ အလိုတော်ကို အရေးထားကာ၊ မည်သည့် အခက်အခဲများကို သူတို့ကြုံတွေ့သည်ဖြစ်စေ လက်မလျှော့ဘဲ ဘုရားသခင့်အိမ်တော်၏ အကျိုးကို ကာကွယ်ပေးနိုင်ကြသည်။ ဤသည်တို့မှာ သမ္မာတရားအား လက်တွေ့ကျင့်သုံးသူတို့၏ သရုပ်သကန်များ မဟုတ်လော။ (ဟုတ်ပါသည်။) ထိုကဲ့သို့သော သူတို့သည် အတော်ပင် တည်ကြည်ဖြောင့်မတ်ပြီး သမ္မာတရားကို သိသိသာသာ မြင့်မားသော အတိုင်းအတာအထိ ချစ်မြတ်နိုးသည်။ တစ်စုံတစ်ယောက်က ယဥ်ကျေးသိမ်မွေ့သည့် ပုံစံဖြင့် စကားပြောကောင်းပြောမည်၊ အလွန်တင့်တယ်လျောက်ပတ်စွာ ဝတ်စားကောင်း ဝတ်စားမည်ဖြစ်ပြီး အပြင်ပန်း၌ ဘာသာတရား အလွန်ကိုင်းရှိုင်းပုံ ပေါက်ကောင်းပေါက်မည်၊ သို့သော် သူတို့စကား၏ အကြောင်းအရာက အဘယ်နည်း။ သူတို့က “ကျွန်ုပ် ခေါင်းဆောင်မည်သူမည်ဝါနှင့် လက်တွဲနေကျဖြစ်ပြီး သူ၌ စကားပြောချို့ယွင်းချက် ရှိခဲ့သောကြောင့် စုဝေးပွဲများ၌ မိတ်သဟာယပြုချိန်အတွင်း ကျွန်ုပ်က ပို၍ ပြောဆိုခဲ့ရသည်။ စွမ်းဆောင်ရည်ရှိသူက အမြဲတမ်း အလုပ်ပိုလုပ်ရမည် မဟုတ်လော။ ရလဒ်အနေဖြင့် ညီအစ်ကိုမောင်နှမများက ကျွန်ုပ်ကို စတင်၍ ပုဂ္ဂိုလ်ရေးကိုးကွယ်လာကြသည်။ သူတို့ ထိုသို့ပြုသည်ကို ကျွန်ုပ်မတတ်နိုင်ပါ။ ဆက်လက်၍ မိတ်သဟာယပြုခဲ့ရသည်။ ကျွန်ုပ်ကိုယ်တိုင်၏ ရေလောင်းပေးခြင်း ခံရပြီးနောက် ညီအစ်ကို မောင်နှမများစွာသည် ကျွန်ုပ်ကို အတော်ပင် ရင်းနှီးလာသောကြောင့် သူတို့တစ်ယောက်ယောက်က ပြဿနာရှိသောအခါ ပုံမှန်အားဖြင့် ကျွန်ုပ်ဖြေရှင်းနိုင်ခဲ့သည်။ အချို့သောသူတို့ အားနည်းလာသောအခါ သူတို့ကို မိတ်သဟာယပြုပေးရပြီး သူတို့က ခွန်အားပြန်ရကြသည်။ ကျွန်ုပ်၌ အခြားအားနည်းချက် မရှိပါ၊ ကျွန်ုပ်၏ အကြီးဆုံးအမှားက ကျွန်ုပ်၏ နူးညံ့သောနှလုံးသားပင် ဖြစ်သည်။ အခြားသူများ ဒုက္ခရောက်သည်ကို ကျွန်ုပ် မကြည့်ရက်ပါ။ တစ်စုံတစ်ယောက်က ဒုက္ခရောက်နေသောအခါတိုင်း ကျွန်ုပ်ကို သောကရောက်စေပြီး သူတို့ကိုယ်စား ကျွန်ုပ်သာ ဒုက္ခခံပေးလိုက်ချင်သည်” ဟု ပြောကြသည်။ ဤစကားများ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤစကားများသည် ခက်ခဲပုံမပေါက်သော်လည်း သူ့စကားများ၏ စေ့ဆော်မှုအကြောင်းရင်းများ၌ ပြဿနာရှိသလော။ (ရှိပါသည်၊ သူတို့သည် သူတို့ကိုယ်သူတို့ ချီးမြှောက်ပြီး ထောက်ခံနေကြသည်။) ထိုသို့သော လူတစ်ဦး၏ စိတ်သဘောထားမှာ အဘယ်နည်း။ သူ၏ စိတ်သဘောထားမှာ မာနထောင်လွှားပြီး လှည့်စားတတ်သည်။ သူသည် အကျိုးသက်ရောက်မှုတစ်ခုကို ဖန်တီးရန်၊ အခြားအရာကို အနည်းငယ် သွယ်ဝိုက်ညွှန်းဆိုရန်၊ အခြားသူများအား သူ့ကို လေးစားကြည်ညိုပြီး ကိုးကွယ်စေရန်အတွက် ဤနည်းလမ်းနှင့် ဤစကားများကို အသုံးချလိုခြင်းဖြစ်သည်။ ဤသည်မှာ သူ့စကားများ၏ ရည်ရွယ်ချက်နှင့် အကြောင်းရင်းဖြစ်သည်။ ပိုင်းခြားနားလည်မှု ကင်းမဲ့သည့် မရေရာသောလူတို့ သူ့ကို နားထောင်ပြီး “ဤသူသည် အမှန်တကယ် ကြီးမြတ်သည်။ သူက ခေါင်းဆောင်တစ်ဦးဖြစ်သည်မှာ အံ့သြစရာမရှိ။ သူက ကျွန်ုပ်တို့ထက် ပိုကောင်းသည်။ ခေါင်းဆောင်ဖြစ်ဖို့ အလားအလာရှိသူဖြစ်သည်” ဟု ထင်ကြမည်ဖြစ်သည်။ ဤသည်မှာ အမှုအရာများကို မသိမြင်နိုင်သည့် မရေရာသောသူတစ်ဦး၏ စိတ်ကူးဖြစ်သည်။ ပိုင်းခြားနားလည်မှုရှိသော သူတို့က- “သူသည် သူမည်မျှကောင်းကြောင်း၊ မည်မျှ အလုပ်ကြိုးစားကြောင်းနှင့် သူထမ်းဆောင်ခဲ့သော အစေခံမှုများက မည်မျှခက်ခဲကြောင်း၊ ညီအစ်ကို မောင်နှမများကို မည်သို့ အကျိုးရှိစေပြီး ကူညီခဲ့သဖြင့် လူတို့က သူ့ကို လေးစားကြည်ညိုမည်ဖြစ်ကြောင်း၊ ထိုသို့ပြောနေစဥ် လူတို့က သူအား လေးစားကြည်ညိုမည်ကို မလိုလားကြောင်း များစွာ ပြောသည်။ အမှန်တွင် လူတို့က သူ့ကို လေးစားကြည်ညိုပြီး ကိုးကွယ်ရန်အတွက်သာ မမောနိုင်မပန်းနိုင် လောဆော်ပြီး အလုပ်ရှုပ်နေခြင်းပင် ဖြစ်သည်။ သူသည် မာနထောင်လွှားရုံမက အလွန်လည်း လှည့်စားတတ်ပေ၏။ လူတို့၏နှလုံးသားကို သိမ်းပိုက်လိုပြီး အဆင့်အတန်းရဖို့ ဘုရားသခင်နှင့် တုပြိုင်လိုကာ၊ လူတို့ကို လမ်းလွဲစေရန်အတွက် ဤနည်းလမ်းကို အသုံးချပေသည်။ သူသည် ရှင်ပေါလုကဲ့သို့ပင် မဟုတ်လော။ မာရ်နတ်တစ်ပါးပင် ဖြစ်ချေ၏။ သူ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိသကဲ့သို့၊ သူ၏အမှားများ သို့မဟုတ် အားနည်းချက်များ တစ်ခုတစ်လေမျှ မထုတ်ဖော်ဘဲ အချိန်အကြာကြီး စကားပြောသည်။ သူပြောပြသည့် အမှားများက လူတို့ကို အားကျပြီး သူ့ကို အလွန့်အလွန် လေးစားသဘောကျကာ ယုံကြည်မှုနည်းစေသည်။ လူတို့က သူ့ကို တိုက်ရိုက်ကြီး မကိုးကွယ်စေ၊ မချီးမြှောက်စေသော်လည်း သူ့စကားများ၌ပါသော အကျိုးသက်ရောက်မှုက သူ့ကို လူတို့ ချီးမြှောက်ပြီး ကိုးကွယ်စေဖို့ ဖြစ်သည်။ သူသည် လူတို့၏နှလုံးသားများကို အပိုင်သိမ်းပြီး ခိုးယူသည့်အပြင် မရေရာသောသူတို့နှင့် မသိနားမလည်သော၊ မဖွံ့ဖြိုးသေးသော ဝိညာဥ်ရင့်သန်မှု ရှိသူတို့ကို လမ်းလွဲစေသည်။ ယင်းက လူတို့ကို လှည့်ဖြားခြင်းမဟုတ်လော။ သူ့စကားများ၏ နောက်ကွယ်မှ စေ့ဆော်မှုအကြောင်းရင်းများက လွန်စွာ တိတ်တဆိတ်ဒုက္ခပေးပြီး အန္တရာယ်ပြုမည့်ပုံ ပေါက်လွန်းသည်တကား။ ဤသူသည် အန္တိခရစ်အမျိုးအစားထဲ၌ အံကိုက်ဖြစ်သည်။ ဤသည်ကို ပိုင်းခြားနားလည်ရန် လွယ်ကူသည်” ဟု နားလည်ကြလိမ့်မည်။ ဤလူစားနှစ်မျိုးကြားတွင် ရှင်းလင်းသော ကွဲပြားခြားနားမှုရှိသည်။ လူစားတစ်မျိုးက အလွန်ရိုးစင်းပြီး သာမန်ရိုးရိုးပုံစံဖြင့် စကားပြောသော်လည်း စစ်မှန်သည့်အပြင် ရိုးသားဖြောင့်မတ်စွာနှင့် နှလုံးသားထဲမှ စကားပြောသည်။ သူက မည်သည့်အရာကို ပြောသည်ဖြစ်စေ လူတို့က သူ့ကို ကိုးကွယ်ကြမည်မဟုတ်ဘဲ၊ သူတို့၏ နှလုံးသားထဲ၌ ထောက်ခံကြမည်။ ဤလူစားမျိုးသည် လူတို့၏ နှလုံးသားများကို ခိုးယူခြင်း သို့မဟုတ် သူတို့၏ နှလုံးသားများထဲ၌ နေရာယူခြင်း ရှိမည်မဟုတ်ဘဲ လူတို့ကို သူနှင့် တန်းတူရည်တူအဖြစ် ဆက်ဆံနိုင်မည်ဖြစ်သည်။ လူတို့သည် သူ၏ ချုပ်ချယ်ကန့်သတ်ခြင်း၊ ကြိုးကိုင်ခြယ်လှယ်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို ခံရမည်မဟုတ်ပေ။ ဤသည်မှာ အမှန်တကယ် လူကောင်းဖြစ်သည်။ သူ၏အပြောအဆို၊ သူ့ကိုယ်သူ ပြုမူကျင့်ကြံပြီး အရေးကိစ္စများကို ကိုင်တွယ်သည့်ပုံစံတို့၌ မည်သည့်အရာကမျှ မည်သည့်ရည်ရွယ်ချက်များ သို့မဟုတ် အလိုဆန္ဒများကို ထုတ်ဖော်ခြင်းမရှိ၊ သို့မဟုတ် သူ၌ လူတို့ကို ထိန်းချုပ်ရန် သို့မဟုတ် လူတို့၏နှလုံးသားများထဲ၌ နေရာယူရန် ဆန္ဒရှိကြောင်း ပြသခြင်းရှိမည်မဟုတ်ပေ။ သူ၌ ထိုစိတ်သဘောထား မရှိ၊ သူသည် လူ့သဘာဝရှိသော လူတစ်ဦးဖြစ်သည်။ ဆိုးယုတ်သော၊ အမြဲတမ်း ရည်မှန်းချက်ကြီးပြီး အခြားသူများကို ထိန်းချုပ်လိုသောသူတို့သည် တန်ခိုးအာဏာနှင့် အဆင့်အတန်းကို အမှန်တကယ် မြတ်နိုးကြသောကြောင့် သူတို့ကိုယ်သူတို့ ပြစားပြီး သူတို့ကိုယ်သူတို့ သက်သေခံသော အရာများကို မကြာခဏပြောကာ လူတို့ကို လမ်းလွဲစေပြီး ထိန်းချုပ်သော အရာများကို ပြုလုပ်တတ်ကြသည်။ ဤသည်မှာ ရှင်းရှင်းလင်းလင်းပင် ဆိုးယုတ်သော စိတ်သဘောထား ဖြစ်သည်။ ဤသူတို့မှာ လူ့သဘာဝမရှိသောလူတို့ ဖြစ်ကြသည်။ အချို့သော လူတို့၌ ပါရမီမရှိ၊ ခွန်အားမရှိသည့်အပြင် စွမ်းရည်မရှိဘဲ အပြင်ပန်းတွင် လိမ္မာရေးခြားရှိပြီး ရိုးသားပုံပေါက်ကြသည်။ သူတို့သည် လူအုပ်စုများထဲတွင် အနိုင်ကျင့်ခံရပြီး ပယ်ကြဥ်ခံရဟန် တူပြီး ဝီရိယရှိရှိနှင့် မထင်မပေါ် အလုပ်လုပ်ကြသည်။ ဤသည်မှာ သူတို့သည် သမ္မာတရားကို လိုက်စားသူများဖြစ်ကြသည်ဟု ဆိုလိုခြင်းလော။ သူတို့တွင် ရည်ရွယ်ချက်များရှိသလော။ (ရှိပါသည်။) ဤသို့သော လူစားမျိုး၌လည်း ရည်ရွယ်ချက်များရှိသည်ဟု ငါတို့အဘယ့်ကြောင့်ဆိုသနည်း။ (လူအားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသောကြောင့်ဖြစ်သည်။) မှန်၏၊ သူ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသောကြောင့် ရည်ရွယ်ချက်များ ရှိကြသည်၊ သို့သော် ဤရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် သူ၌ နေရာမရှိခြင်းသာ ဖြစ်သည်။ သူ့ကို မည်သူကမျှ အခွင့်အရေး မပေးသဖြင့် သူသည် အခွင့်အရေးကို ရှာမတွေ့သောကြောင့် သူ၏ရည်ရွယ်ချက်များက ဖုံးကွယ်နေခြင်းဖြစ်သည်။ ဤလူစားမျိုးသည် သင့်မြတ်သော အခြေအနေတစ်ခု၌ သူ၏ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရန် အခွင့်အရေးရသည်နှင့် သူ၏ရည်ရွယ်ချက်များက ပေါ်လာမည်ဖြစ်သည်။ ထိုအချိန်၌ မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မပြောတတ်သည့် ဤလိမ္မာရေးခြားရှိပြီး ရိုးသားသောသူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် မကင်းလွတ်ကြောင်းကို သင်တွေ့ရှိသွားမည်ဖြစ်သည်။ သူ၌ ကောင်းသောလူ့သဘာဝ မရှိဖို့ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်း မရှိဖို့ မဆိုထားဘိ၊ ရည်ရွယ်ချက်မရှိခြင်းပင် မဟုတ်ကြောင်းကို သင်တွေ့လိမ့်မည်။ ဤကိစ္စနှင့်ပတ်သက်၍ ငါအလင်းမပေးခဲ့လျှင် ထိုသို့သောလူစားမျိုးက “ကျွန်ုပ် လူကောင်းတစ်ယောက်ဖြစ်သည်၊ ကျွန်ုပ်၏ စိတ်သဘောထားကို ပြောင်းလဲစရာမလိုပေ။ သမ္မာတရားကို ကျွန်ုပ်နားလည်သည်။ ကျွန်ုပ်သည် ဘုရားသခင်ကို နာခံသောသူတစ်ဦးဖြစ်သည်။ ကျွန်ုပ်၌ သမ္မာတရား၏ စစ်မှန်မှု ရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။ သင်တို့အားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြသည်။ သင်တို့သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးကြပြီး သင်တို့အားလုံး၌ အစွမ်းအစ ရှိသော်လည်း အထူးသဖြင့် မာနထောင်လွှားသောကြောင့် သင်တို့သည် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း ခံရလိုသည်” ဟု ထင်မှတ်ကြဦးမည်ဖြစ်သည်။ ဤကျိုးကြောင်းပြချက်သည် သူတို့က မှားယွင်းသည်ဟု သိရသည့်အရာ မဟုတ်လော။ ဤသည်မှာ မာနထောင်လွှားခြင်း နောက်တစ်မျိုးပင်ဖြစ်၏။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိကြသည့်အပြင် မာနထောင်လွှားခြင်းသည် ကွဲပြားခြားနားသော နည်းလမ်းနှင့် ပုံစံများစွာဖြင့် ပေါ်လွင်နေကာ၊ ယင်းက လူတို့ကို ပိုင်းခြားနားလည်ရန် ခက်ခဲစေပြီး သူတို့ကို ကာကွယ်တားဆီးရန် မဖြစ်နိုင်သလောက် ဖြစ်စေသည်။ ထိုအသုံးမကျသောသူများနှင့် ဉာဏ်နှေးသောလူတို့၌ မာနထောင်လွှားသော စိတ်သဘောထား မရှိကြသလော။ သူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မရှိကြသလော။ သူတို့သည်လည်း ဤစိတ်သဘောထားများ ရှိကြသည်။ လူနုံလူအများပင် မာနထောင်လွှားကြသည်။ သေးငယ်သော အသိပညာရှိသော ထိုသူတို့သည် မာနထောင်လွှားရုံသာမက သူတို့ကိုယ်သူတို့ မည်သို့ဖုံးကွယ်ရမည်ကိုလည်း တတ်မြောက်ထားကြကာ လူတို့ကို လှည့်စားရာ၌ ပို၍ကျွမ်းကျင်ကြသည်။ ဤသည်ကို ပိုင်းခြားနားလည်ရန် မလွယ်ကူပေ။ မယုံကြည်သူများက အခြားသူများကို ပိုင်းခြားနားလည်သောအခါ သူတို့က ရိုးရာယဥ်ကျေးမှု၏ ကိုယ်ကျင့်တရားစံနှုန်းများအတိုင်းသာ လူကောင်းနှင့် လူဆိုးကို ခွဲခြားကြပြီး ဤအရာနှင့်ပတ်သက်၍ လူတစ်ဦး၏ အမူအကျင့်နှင့် သရုပ်သကန်များပေါ်သာ အခြေခံ၍ ဆုံးဖြတ်ချက်ပေးကြသည်။ ဤအရာက ထိုလူ၏ သဘာဝနှင့် အနှစ်သာရကို ရိပ်စားမိရန် အခွင့်ပေးသ‌လော။ (မပေးပါ။) သို့ဆိုလျှင် သင်တို့သည် လူတို့ကို အတိအကျ မည်သို့ ပိုင်းခြားနားလည်နိုင်သနည်း။ သင်တို့သည် လူတို့ကို မည်သည့်အရာပေါ် အခြေခံ၍ တိကျစွာ ပိုင်းခြားနားလည်ပြီး ရိပ်စားမိနိုင်သနည်း။ သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ပေါ် အခြေခံ၍ လူတို့ကို တိကျစွာ ပိုင်းခြားနားလည်နိုင်သည်မှာ သံသယဖြစ်စရာမရှိ၊ ဤသည်မှာ လုံးဝ သေချာသည်။ အချို့သောလူတို့သည် အခြားသူများကို လူ့အယူအဆများ၊ စိတ်ကူးများ၊ ရိုးရာကျင့်ဝတ်တို့နှင့် ထိုသူတို့အား နှိုင်းယှဥ်ခြင်းအားဖြင့်သာ ပိုင်းခြားနားလည်ကြသည်။ လူတို့ကို ဤနည်းအတိုင်း ရိပ်စားမိရန် ဖြစ်နိုင်သလော။ လုံးဝ မဖြစ်နိုင်ချေ။ ထိုလူထုတ်ဖော်သည့် အတွေးများ၊ အမြင်များနှင့် ရည်ရွယ်ချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်ပေါ် အခြေခံ၍ ‌လေ့လာသုံးသပ်ရန် လိုအပ်သည်။ လူတို့၏ စကားများနှင့် လုပ်ဆောင်ချက်များ၏ စေ့ဆော်မှုများနှင့် အကြောင်းရင်းများကို ကြည့်ရန်လိုအပ်သည်။ ယင်းမှာ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သဘာဝက အမှန်တကယ် မည်သည့်အရာ ဖြစ်သည်ကို တွေ့ရှိဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ မည်သူပင်ဖြစ်ပါစေ သူသည် အမှုအရာများအ‌ပေါ် အမြင်များစွာ ထုတ်ဖော်ပြီး ကိစ္စရပ်များအားလုံးအ‌ပေါ် သူ၏ကိုယ်ပိုင် ထင်မြင်ချက်များကို ဖော်ပြနိုင်ပါက သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သူ၏သဘာဝနှင့် အနှစ်သာရကို ပိုင်းခြားနားလည်ရန် အလွန်လွယ်ကူသည်။ အကယ်၍ သူ၏ အမြင်များနှင့် ထင်မြင်ချက်များက သမ္မာတရားနှင့် လုံးလုံးလျားလျား သွေဖည်နေလျှင် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဆိုးယုတ်သော သဘာဝက အကုန်အစင် ပေါ်နေပြီမဟုတ်လော။ ထို့ကြောင့် သင်တို့သည် လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားအရ ပိုင်းခြားနားလည်သရွေ့ လူတိုင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဆိုးယုတ်သော သဘာဝရှိကြောင်းနှင့် သူတို့အားလုံးသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်ကြောင်း သင်တို့ တွေ့မြင်နိုင်မည်ဖြစ်သည်။

သမ္မာတရားကို နားလည်သောသူတို့က အမှုအရာများကို လွယ်ကူစွာ ရိပ်စားမိနိုင်ပြီး လူတို့ကို ပိုင်းခြားနားလည်နိုင်သည်။ လူတို့ကို မည်သို့ ပိုင်းခြားနားလည်ရမည်ကို သင်တို့သိကြသလော။ လူများ၊ အဖြစ်အပျက်များနှင့် သင်တို့၏အသက်တာထဲက အမှုအရာမျိုးစုံအား မည်သို့လေ့လာသုံးသပ်ရမည်ကို သိကြသလော။ အကယ်၍ မသိလျှင် သင်သည် သမ္မာတရားကို အမှန်တကယ် နားမလည်သေးကြောင်း ဤအရာက ပြသသည်။ လူတို့ကို ပိုင်းခြားနားလည်နိုင်ရန်အတွက် သင်ပြောသည့်အရာက သမ္မာတရားနှင့် ကိုက်ညီခြင်းရှိမရှိနှင့် သင်လုပ်သည့်အရာ၌ စည်းမျဥ်းများရှိမရှိကို ဦးစွာ ပိုင်းခြားနားလည်နိုင်ရမည်။ သင်၏ စကားများနှင့် လုပ်ဆောင်ချက်များအား မည်သို့ ပိုင်းခြားနားလည်ရမည်ကို သိပြီး ပြဿနာများကို နားလည်ကာ ဖြေရှင်းနိုင်သောအခါ လူတို့ကို ပိုင်းခြားနားလည်နိုင်မည် ဖြစ်သည်။ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံအား မည်သို့ ပိုင်းခြားနားလည်ရမည်ကို သိခြင်းသည် လွယ်ကူသောကိစ္စ မဟုတ်ပေ။ ယင်းသည် စကားအနည်းငယ်နှင့် အယူဝါဒစကားစုများအား မည်သို့‌ပြောရမည်ကို သိရုံမျှဖြင့် ရရှိနိုင်သောအရာ မဟုတ်ပေ။ သင်သည် အမှုအရာများစွာကို တွေ့ကြုံရမည်ဖြစ်ပြီး အနည်းဆုံး ရှုံးနိမ့်မှုနှင့် ဆုတ်ဆိုင်းမှုများစွာကို တွေ့ကြုံရပေမည်။ သို့မှသာ မိမိကိုယ်ကို သိနိုင်မည်ဖြစ်သည်။ မိမိကိုယ်ကို သိလာခြင်းအားဖြင့် စတင်လေ့ကျင့်လျှင် သင်သည် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာမျိုးစုံကို တစ်ဖြည်းဖြည်း ပိုင်ခြားနားလည်တတ်လာမည်။ မိမိကိုယ်ကို ပိုင်းခြားနားလည်ရန် ဦးစွာ လေ့လာသင်ယူခြင်း၊ သင်၏ အမူအကျင့်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာမက သင်၏ လမ်းလွဲမှုများ၊ အခြေအနေများနှင့် ချို့ယွင်းချက်များကို ရှင်းလင်းစွာ ပိုင်းခြားနားလည်နိုင်ခြင်း၊ ဤအရာများ၏ အနှစ်သာရကို ရိပ်စားမိနိုင်ခြင်းတို့သည် ပိုင်းခြားနားလည်မှုရှိခြင်း၏ အဓိပ္ပာယ်ပင်ဖြစ်သည်။ သင်သည် မိမိကိုယ်ကို စေ့စေ့စပ်စပ် ပိုင်းခြားနားလည်နိုင်လျှင် အခြားသူများကိုလည်း ပိုင်းခြားနားလည်နိုင်မည်။ အကယ်၍ သင်၏ကိုယ်ပိုင် ကိစ္စရပ်များကို စေ့စေ့စပ်စပ် ပိုင်းခြားနားလည်နိုင်ခြင်း မရှိလျှင် အခြားသူများအပေါ် သင်၏ ပိုင်းခြားနားလည်မှုက တိကျမည် မဟုတ်သည်မှာသေချာ၏။ အချို့သောလူတို့သည် သူတစ်ပါး၏ ပြဿနာများကို အလွန်ရှင်းရှင်းလင်းလင်း ပိုင်းခြားနားလည်နိုင်သော်လည်း သူတို့ကိုယ်တိုင်က တူညီသော အမှားများ ပြုလုပ်သောအခါ သူတို့၌ ပြဿနာများရှိကြောင်း မဝန်ခံတတ်ကြပေ။ ဤတွင် ပြဿနာကား အဘယ်နည်း။ ဤသည်မှာ သူတို့၏ စိတ်သဘောထား၌ရှိသော ပြဿနာမဟုတ်လော။ သာမန်အခြေအနေများတွင် သူတစ်ပါးအား ပိုင်းခြားနားလည်ခြင်းသည် အမှန်အားဖြင့် မိမိကိုယ်ကို ပိုင်းခြားနားလည်ခြင်းနှင့် တူညီသည်။ အကယ်၍ သင်သည် အခြားသူများကို စေ့စေ့စပ်စပ် ပိုင်းခြားနားလည်နိုင်သော်လည်း မိမိကိုယ်ကို ဆင်ခြင်ခြင်းနှင့် သိနားလည်ခြင်း မရှိဘဲ သင်သည် အခြားသူများထက် ပို၍သန်မာသည်ဟုပင် ထင်မှတ်ပါက သင် ဒုက္ခရောက်နေပြီဖြစ်သည်။ သင်၌ မသင့်တော်သော ရည်ရွယ်ချက်များရှိနေပြီး သင်၏စိတ်သဘောထား၌ ပြဿနာရှိနေပြီဖြစ်သည်။ အချို့သောလူတို့သည် သူတစ်ပါးအား ပိုင်းခြားနားလည်ရာ၌ အလွန်တော်ကြကာ သူတို့ပြောသည့် အရာတိုင်းက ရှင်းလင်းပြီး အဓိပ္ပာယ်ရှိသော်လည်း သူတို့၏ ကိုယ်ပိုင်ပြဿနာများကို ပိုင်းခြားနားလည်ခြင်း မရှိနိုင်ကြပေ။ ဤသည်မှာ မှန်ကန်သလော။ ဤသည်မှာ မျက်နှာဖုံးဖြစ်၏၊ လှည့်စားတတ်၏။ အမှန်အားဖြင့် ဤလူတို့၌ အစွမ်းအစ ကင်းမဲ့သည်မဟုတ်။ သူတို့၌ သူတို့ကိုယ်သူတို့ ပိုင်းခြားနားလည်မှု ရှိကြသော်လည်း ထိုအကြောင်းကို ရိုးရိုးသားသား မပြောပြခြင်း ဖြစ်သည်။ သူတို့၏ နှလုံးသားထဲ၌ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သူတို့သိသော်လည်း ယင်းကို စကားလုံးများဖြင့် မပြောခြင်းဖြစ်သည်။ ဤသို့သော လူစားမျိုးသည် လျှာနှစ်ခွနှင့်ဖြစ်ပြီး အလွန်ပင် မရိုးသားပေ။ မရိုးမသား စကားပြောသူတစ်ဦးသည် ရိုးသားသောလူမဟုတ်၊ ကလိမ်ကကျစ်ကျပြီး လှည်းစားသောသူ၊ မုသားပြောသောသူ ဖြစ်သည်။ လူတစ်ဦးသည် မိမိကိုယ်ကို ရှင်းလင်းစွာ ပိုင်းခြားနားလည်နိုင်ပြီး သူတစ်ပါး၏ အကျိုးအတွက် မိမိကိုယ်ကို ခွဲခြမ်းစိပ်ဖြာပြီး ဖော်ထုတ်ပြနိုင်လျှင် ဤသူသည် သမ္မာတရားကို အမှန်တကယ် နားလည်သူ၊ မိမိ၏စရိုက်က တည်ကြည်ပြီး ရိုးသားသောသူနှင့် စင်ကြယ်သောနည်းလမ်းဖြင့် ရင်ဖွင့်ထားသောသူ ဖြစ်ပေ၏။ ဤသည်မှာ ရိုးစင်းသောကိစ္စ မဟုတ်ပေ။ ဤလူစားမျိုးသည် သမ္မာတရားကို နားလည်လျှင် နားလည်ချင်း လက်တွေ့ကျင့်သုံးနိုင်ကြပြီး သူသည် သမ္မာတရားကို လိုက်စားသူနှင့် ဘုရားသခင် ပျော်ရွှင်ကျေနပ်သောသူ အမှန်တကယ် ဖြစ်၏။ သမ္မာတရားကို နားလည်လျှင် နားလည်ချင်း လက်တွေ့ကျင့်သုံးရန်အတွက် သင်သည် ဦးစွာပထမ ကောင်းမွန်သောစရိုက်ရှိပြီး ရိုးသားသောသူ ဖြစ်ရပါမည်။ လူတိုင်းက သမ္မာတရားကို လိုက်စားလိုသော်ငြားလည်း သမ္မာတရား၏ စစ်မှန်မှုသို့ ဝင်ရောက်ခြင်းသည် လွယ်ကူရိုးစင်းသောကိစ္စ မဟုတ်ပါ။ အဓိကသော့ချက်မှာ သမ္မာတရား ကိုကြိုးစားရှာဖွေခြင်းနှင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်း၌ အာရုံစူးစိုက်ရန်ဖြစ်သည်။ သင်သည် ဤအရာများနှင့်ပတ်သက်၍ သင်၏နှလုံးသားထဲ၌ နေ့စဉ် တွေးဆရမည်။ မည်သည့် ပြဿနာများ၊ အခက်အခဲများကို သင် ကြုံရသည်ဖြစ်စေ၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအပေါ် လက်မလျှော့လိုက်နှင့်။ သင်သည် မည်သို့ သမ္မာတရားအား ရှာဖွေပြီး မိမိကိုယ်ကိုယ် သုံးသပ်ကာ နောက်ဆုံးတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်ကို သင်ယူရမည်။ ဤသည်မှာ အားလုံးထဲမှ အရေးအပါဆုံးအရာ ဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင် အကျိုးစီးပွားများကို ကြိုးစားကာကွယ်ခြင်း လုံးဝမရှိရ။ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို သင် ဦးစားပေးပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ ကိုယ်ကျိုးရှာသော ထိုလူများကို ကြည့်လော့။ ၎င်းတို့ထဲမှ မည်သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သနည်း။ တစ်ဦးမျှမရှိပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သည် ရိုးသားသော၊ သမ္မာတရားကို ချစ်သောသူများနှင့် ကြင်နာသည့် စိတ်နှလုံးရှိသူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် အသိစိတ်နှင့် အသိတရားရှိကြသူများ၊ မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများ၊ ဝင့်ဝါမှုနှင့် မာနတို့ကို လက်လွှတ်နိုင်သူများ၊ ဇာတိပကတိကို စွန့်လွှတ်နိုင်သူများ ဖြစ်ကြသည်။ ဤသူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့်လူများ ဖြစ်ကြသည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့အတွက် သင်ဖြေရှင်းဖို့လို့သည့် ပထမဆုံးအရာမှာ သင်၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် ကိုယ်ကျိုးရှာသော စိတ်သဘောထားဖြစ်၏။ ဤပြဿနာ ပြေလည်သည်နှင့် သင်၌ ကြီးမားသောပြဿနာတစ်ခုမျှ ရှိမည်မဟုတ်တော့ပေ။ သင်သည် သမ္မာတရားကို လက်ခံကာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိပြီး ယင်းကို ဖြေရှင်းဖို့ရန် သမ္မာတရားကို ရှာဖွေနိုင်သရွေ့ သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်မည် ဖြစ်သည်။ အကယ်၍ သမ္မာတရားကို လက်မခံပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်သည့်အပြင် ဤနည်းအတိုင်း သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်မည် မဟုတ်ပေ။ သမ္မာတရားကို လက်တွေ့ကျင့်သုံးရာ၌ အကြီးမားဆုံး အခက်အခဲက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ အဓိကအားဖြင့် တစ်ကိုယ်ကောင်းဆန်သော၊ စက်ဆုပ်ဖွယ်ကောင်းသော၊ ကိုယ်ကျိုးရှာသော စိတ်သဘောထားပင် ဖြစ်၏။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာကို ဖြေရှင်းထားသရွေ့ အခြားအခက်အခဲများက သင့်အတွက် လုံးဝ ပြဿနာဖြစ်စေမည် မဟုတ်ပေ။ အချို့သောလူတို့က သမ္မာတရားကို လက်တွေ့မကျင့်သုံးနိုင်ရသည့် အကြောင်းမှာ သူတို့အထဲ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုး ရှိနေသေးသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ မာနထောင်လွှားပြီး မိမိကိုယ်ကိုမှန်ကန်သည်ဟု ထင်မှတ်သော စိတ်သဘောထား ဖြစ်၏။ အမြဲတစေ စိတ်ကြီးဝင်နေခြင်းနှင့် မိမိတို့၏ အမြင်က မှန်ကန်သည်ဟု အမြဲထင်မှတ်ခြင်း၊ မိမိ၏နည်းလမ်းအတိုင်း အရာရာကို အမြဲလုပ်လိုခြင်းသည် မာနထောင်လွှားခြင်း၊ မိမိကိုယ်ကိုမှန်ကန်သည်ဟု ထင်မှတ်ခြင်းနှင့် သမ္မာတရားကို လက်မခံနိုင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့ကျင့်သုံးရာ၌ ဤလူတို့ ရင်ဆိုင်ရသော အကြီးမားဆုံး ပြဿနာဖြစ်၏။ သူတို့သည် ဤပြဿနာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေနိုင်ပါက သမ္မာတရားကို လက်တွေ့ကျင့်သုံးရာ၌ ကြီးမားသောပြဿနာများ ရှိမည် မဟုတ်တော့ပေ။ အခြားပြဿနာများအတွက်မှာမူ သူတို့သည် သူတို့ကိုယ်သူတို့ ဆင်ခြင်သုံးသပ်နိုင်သရွေ့၊ သူတို့၏ အခြေအနေကို သိနိုင်သရွေ့၊ သမ္မာတရားကို ရှာဖွေနိုင်သရွေ့၊ ထို့ပြင် ဆင်ခြင်ရန်နှင့် မိတ်သဟာယပြုရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ဆီလျော်သော ကျမ်းပိုဒ်များကို တွေ့ရှိနိုင်သရွေ့ မည်သည့်ပြဿနာကိုမဆို လွယ်ကူစွာ ဖြေရှင်းနိုင်မည်ဖြစ်သည်။ သမ္မာတရားကို လိုက်စားသောသူတို့သည် သူတို့၏ ပြဿနာများကို ဖြေရှင်းရန်အတွက် နေ့စဥ် စဥ်းစားဆင်ခြင်ပြီး သမ္မာတရားကို ရှာဖွေရမည်။ အဘယ့်ကြောင့်ဆိုသော် လူတို့သည် သူတို့၏ တာဝန်များကို လုပ်ဆောင်ခြင်းအပြင် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေသော အမှုအရာအချို့ကို နေ့တဓူဝ ကြုံတွေ့နိုင်သည်။ သူတို့ အပြင်သို့ ထွက်သွားလျှင်ပင် သို့မဟုတ် အခြားလူတို့နှင့် တွေ့ဆုံမိလျှင်ပင် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းနှင့်ဆိုင်သော အချို့ကိစ္စရပ်များ ပါဝင်ပတ်သက်နိုင်ဖွယ် ရှိမည်ဖြစ်သည်။ ဥပမာ၊ ထိုနေ့က သင်မည်ကဲ့သို့ အသက်ရှင်နေသည်၊ ထိုနေ့တွင် သင့်အသက်တာ၏ အဓိကအာရုံစိုက်မှုက မည်သည့်အရာ ဖြစ်သင့်သည်၊ ထိုနေ့ကို သင် မည်ကဲ့သို့ စီစဥ်သင့်သည်၊ မည်သည့် တာဝန်များကို သင်ဖြည့်ဆည်းသင့်သည်၊ သင့်တာဝန်၌ ကြုံတွေ့ရသည့် အခက်အခဲများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မည်သို့ရှာဖွေသင့်သည်၊ သင့်အနေဖြင့် ဆင်ခြင်ရန်၊ နားလည်ရန်နှင့် ဖြေရှင်းရန် လိုအပ်သည့် သင့်နှလုံးသားထဲ၌ ယိုယွင်းနေသော မည်သည့်အရာများရှိသည်ဟူသော ဤအရာများအားလုံးသည် သမ္မာတရား၏ သွင်ပြင်လက္ခဏာများနှင့် ပါဝင်ပတ်သက်သည့်အပြင်၊ သင်သည် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေလျှင် ထိုနေ့၌ သင့်တာဝန်ကို ကောင်းမွန်စွာ သင် ဖြေရှင်းနိုင်ချင်မှ ဖြေရှင်းနိုင်မည်ဖြစ်ပြီး ယင်းက တကယ့် ပြဿနာမဟုတ်လော။ အကယ်၍ နေ့စဥ်နေ့တိုင်း အားလပ်နေသော အချိန်နာရီများတွင် သင်စဥ်းစားသည့် အရာတိုင်းက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ဖြေရှင်းရမည်၊ သမ္မာတရားကို မည်သို့လက်တွေ့ကျင့်သုံးရမည်၊ သမ္မာတရား၏ စည်းမျဥ်းများကို မည်သို့နားလည်ရမည်ဟူသည်နှင့် ပတ်သက်လျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ သင့်ပြဿနာများကို ပြေလည်စေရန်အတွက် သမ္မာတရားကို အသုံးပြုတတ်လာမည် ဖြစ်သည်။ ထိုသို့ဖြင့် သင်သည် အမှီအခိုကင်းစွာဖြင့် အသက်ရှင်နိုင်စွမ်းကို ရရှိမည်၊ အသက်ထဲသို့ ဝင်ရောက်ပြီးဖြစ်မည်၊ ဘုရားသခင်နောက်လိုက်ရာ၌ ကြီးမားသော ပြဿနာများကို ရင်ဆိုင်ရတော့မည်မဟုတ်ဘဲ တစ်ဖြည်းဖြည်းနှင့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်လာလိမ့်မည် ဖြစ်သည်။ အကယ်၍ သင့်နှလုံးသားထဲတွင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအပေါ် စွဲလန်းနေသေးလျှင်၊ ကြွားဝါခြင်းနှင့် အခြားသူများအား သင့်ကို ကြည်ညိုလေးစားစေခြင်းကို အာရုံစိုက်နေသေးလျှင် သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး မဟုတ်သည့်အပြင် သင်သည် လမ်းမှားပေါ် လျှောက်နေပေသည်။ သင်လိုက်စားသည့်အရာက သမ္မာတရား မဟုတ်သကဲ့သို့ အသက်လည်း မဟုတ်ဘဲ သင်ချစ်မြတ်နိုးသည့် အရာများသာ ဖြစ်သည်၊ ကျော်ဇောခြင်း၊ အကျိုးအမြတ်နှင့် အဆင့်အတန်းဖြစ်သည်။ ဤသို့ဆိုလျှင် သင်ပြုလုပ်သော မည်သည့်အရာကမျှ သမ္မာတရားနှင့် မဆက်စပ်၊ ယင်းတို့အားလုံးက မကောင်းမှုပြုလုပ်ခြင်းနှင့် အစေခံခြင်းပင် ဖြစ်သည်။ အကယ်၍ သင့်နှလုံးသားထဲတွင် သမ္မာတရားကို ချစ်မြတ်ပြီး သမ္မာတရားအတွက် အစဥ်အမြဲ ကြိုးပမ်းပါက၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို လိုက်စားပါက၊ ဘုရားသခင်အား စစ်မှန်သောနာခံမှု ရရှိနိုင်ကာ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကိုရှောင်နိုင်ပါက၊ ထို့အပြင် သင် ပြုလုပ်သမျှ၌ တည်ငြိမ်နေပြီး ဘုရားသခင်၏ စစ်ဆေးခြင်းကို လက်ခံနိုင်ပါက သင်၏အခြေအနေသည် ဆက်လက်၍ တိုးတက်နေမည်ဖြစ်ပြီး ဘုရားသခင်မျက်မှောက်၌ အသက်ရှင်သူတစ်ဦး ဖြစ်မည်ဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတို့သည် မချစ်သောသူတို့နှင့် မတူကွဲပြားသည့် လမ်းကြောင်းကို လျှောက်ကြသည်။ သမ္မာတရားကို မချစ်သောလူတို့သည် စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ခြင်းအပေါ် အမြဲ အာရုံစိုက်ကြသည်။ ၎င်းတို့သည် အပြုအမူကောင်းနှင့် ဘာသာတရားကိုင်းရှိုင်းခြင်းတို့ကို အပြင်ပန်း၌ ပြသခြင်းမျှဖြင့်ကျေနပ်ကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲတွင် ရည်ရွယ်ချက်များနှင့် စိတ်ဆန္ဒများ ရှိနေဆဲဖြစ်ပြီး ကျော်ဇောမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားကြဆဲ ဖြစ်သည်၊ ကောင်းချီးခံစားပြီး နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် ဆန္ဒရှိကြဆဲဖြစ်သည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်ထားခြင်း မရှိကြသောကြောင့် စာတန်၏ တန်ခိုးအာဏာအောက်တွင် အမြဲ အသက်ရှင်ကြလေသည်။ သမ္မာတရားကို ချစ်သောသူတို့သည် သမ္မာတရားကို အရာခပ်သိမ်းတွင် ရှာဖွေကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သုံးသပ်ဆင်ခြင်ကြပြီး၊ မိမိတို့ကိုယ်ကိုယ် သိရှိရန် ကြိုးစားကြကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် သူတို့ အာရုံစိုက်ကြသည်။ ၎င်းတို့သည် စိတ်နှလုံးထဲတွင် ဘုရားသခင်ကို နာခံခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ အမြဲရှိလေသည်။ သူတို့အထဲ၌ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆတစ်ခုတစ်လေ၊ သို့မဟုတ် အထင်လွဲမှု တစ်ခုတလေ ဖြစ်ပေါ်ခဲ့သည်ရှိသော်၊ ၎င်းတို့သည် ယင်းတို့ကို ဖြေရှင်းဖို့ သူ့ထံ ချက်ချင်း ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းကဲ့သို့၊ မိမိတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်ခြင်းအပေါ် အာရုံစိုက်ကြသည်။ ပြီးလျှင် မိမိတို့၏စိတ်နှလုံးများထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့လာပြီး မကောင်းမှုများအားလုံးကို ရှောင်လျက်၊ သမ္မာတရားနှင့်ပတ်သက်၍ ၎င်းတို့ကြိုးပမ်းကာ ဘုရားသခင်ကို သိကျွမ်းခြင်းအား လိုက်စားကြပေသည်။ ဤသူတို့မှာ ဘုရားသခင်၏ ရှေ့မှောက်တွင် အစဉ် အသက်ရှင်သောသူများ ဖြစ်ကြသည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်

အရှေ့သို့- အကြင်သူသည် ဘာသာတရားကို ယုံကြည်ခြင်း၊ သို့မဟုတ် ဘာသာရေးအခမ်းအနားများကို ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ကယ်တင်ခြင်းမခံရနိုင်ပေ

နောက်တစ်ခုသို့- သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။