အကြင်သူသည် ဘာသာတရားကို ယုံကြည်ခြင်း၊ သို့မဟုတ် ဘာသာရေးအခမ်းအနားများကို ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ကယ်တင်ခြင်းမခံရနိုင်ပေ

သင်တို့အနက်မှ လူအများစုသည် ဘာသာတရားမှ လွတ်မြောက်ကြပြီး နောက်ဆုံးသောကာလ ဘုရားသခင်၏ အမှုတော်ကို လက်ခံခဲ့ကြပြီဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့စဉ် စားသောက်ပြီး၊ သိုးသငယ်၏ မင်္ဂလာပွဲသို့ တက်ရောက်ကာ စစ်မှန်သောနည်းလမ်းဖြင့် အုတ်မြစ်ချခဲ့ပြီဖြစ်သည်။ သင်သည် ဘုရားသခင်အတွက် စိတ်ရင်းမှန်ဖြင့် ကိုယ့်ကိုယ်ကိုယ်အသုံးခံကာ သူ၏ခွင့်ပြုချက်ကို ရရှိခဲ့ပြီဖြစ်သည်။ ယခုတွင် သင်တို့သည် ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ဆိုင်သော သဘောတရားနှင့် ပတ်သက်၍ အဘယ်အသိပညာနှင့် နားလည်သဘောပေါက်ခြင်း ရှိသနည်း။ ယင်းတို့သည် ဘာသာတရား၌ သင်တို့ထားရှိခဲ့သော ဘုရားသခင်အား ယုံကြည်နားလည်မှုနှင့် မည်ကဲ့သို့ ကွာခြားသနည်း။ ယခုအခါတွင် သင်သည် ဘာသာတရားအား ယုံကြည်ခြင်းနှင့် ဘုရားသခင်အား ယုံကြည်ခြင်းဟူသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို သင်တို့အမှန်တကယ် နားလည်သလော။ ဘာသာတရားကို ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းကြားတွင် ကွာခြားချက်တစ်ခုရှိသလော။ ကွာခြားချက်က မည်သည့်နေရာတွင် တည်ရှိသနည်း။ ဤမေးခွန်းများ၏ အကြောင်းရင်းအမှန်ကို သင်သိရှိခဲ့ပြီးပြီလော။ ဘာသာတရားကို ပုံမှန်အတိုင်း ယုံကြည်သူသည် မည်သို့သောလူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မည်သည့်အရာကို အာရုံစိုက်သနည်း။ ဘာသာတရားကို ယုံကြည်ခြင်းအား မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ ဘာသာတရားကို ယုံကြည်ခြင်းဟူသည်မှာ ဘုရားသခင်ရှိသည်ဟု အသိအမှတ်ပြုခြင်းဖြစ်ပြီး ဘာသာတရားကို ယုံကြည်သူများသည် ၎င်းတို့၏ အပြုအမူတွင် အပြောင်းအလဲတချို့ ပြုလုပ်သည်- ၎င်းတို့သည် လူတို့ကို ရိုက်ခြင်း၊ ဆဲဆိုခြင်းမရှိ။ လူတို့ကို ထိခိုက်စေသည့် မကောင်းသောအရာများကို မလုပ်ဆောင်ပေ။ အမျိုးမျိုးသော ပြစ်မှုများကို မကျူးလွန်၊ သို့မဟုတ် ဥပဒေကို မချိုးဖောက်ပေ။ တနင်္ဂနွေနေ့များတွင် ဘုရားကျောင်းသွားကြသည်။ ဤသူတို့မှာ ဘာသာတရားကို ယုံကြည်သူများဖြစ်ကြသည်။ ဤအရာမှာ ကောင်းစွာ ပြုမူနေထိုင်ခြင်းနှင့် စည်းဝေးပွဲများ မကြာခဏတက်ရောက်ခြင်းသည် လူတစ်ယောက်က ဘာသာတရားအပေါ် ယုံကြည်သည့် သက်သေဖြစ်သည် ဟုဆိုလိုသည်။ လူတို့က ဘာသာတရားကို ယုံကြည်သောအခါ ဘုရားသခင်ရှိသည်ဟု ၎င်းတို့က အသိအမှတ်ပြုသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် လူကောင်းဖြစ်ခြင်းဖြစ်သည်ဟု ၎င်းတို့က ထင်မြင်ကြသည်။ အပြစ်မပြုသရွေ့၊ မကောင်းသောအရာများကို မလုပ်သရွေ့ သေလွန်သောအခါ ကောင်းကင်ဘုံသို့ ရောက်နိုင်မည်ဖြစ်ပြီး ကောင်းမွန်သောအဆုံးသတ် ရှိလိမ့်မည်ဟု ထင်ကြသည်။ ၎င်းတို့၏ ယုံကြည်မှုသည် ၎င်းတို့ကို ဝိညာဉ်ရေးရာအဆင့်တွင် အာဟာရကို ပေးသည်။ ဤသို့အားဖြင့် ဘာသာတရားကို ယုံကြည်ခြင်းအား အောက်ပါအတိုင်းလည်း အဓိပ္ပာယ်သတ်မှတ်နိုင်သည်- ဘာသာတရားကို ယုံကြည်ခြင်းသည် လူတစ်ဦး၏ စိတ်နှလုံးတွင် ဘုရားသခင်တစ်ပါးရှိသည်ဟု အသိအမှတ်ပြုခြင်း၊ ၎င်းတို့သေလွန်သောအခါ ကောင်းကင်ဘုံသို့ရောက်နိုင်မည်ဟု ယုံကြည်ခြင်း၊ ၎င်းတို့၏ စိတ်နှလုံးတွင် ဝိညာဥ်ရေးရာ ထောက်တိုင်တစ်ခုရှိခြင်း၊ အပြုအမူ အနည်းငယ်ပြောင်းလဲခြင်းနှင့် လူကောင်းတစ်ဦးဖြစ်ခြင်းပင် ဖြစ်သည်။ ယင်းမှာ ထိုအရာနှင့် စပ်ဆိုင်သမျှတို့ဖြစ်၏။ ၎င်းတို့ယုံကြည်သည့် ဘုရားသခင်က တည်ရှိခြင်းရှိမရှိ၊ သူသည် သမ္မာတရားကို ဖော်ပြနိုင်ခြင်းရှိမရှိ၊ သူသည် ၎င်းတို့ကို မည်သည့်အရာကို တောင်းဆိုနေသည်တို့နှင့် ပတ်သက်၍ ၎င်းတို့ လုံးဝမသိပေ။ ၎င်းတို့သည် ဤအရာအားလုံးကို ကျမ်းစာ၏ သွန်သင်ချက်များအပေါ် အခြေခံပြီး ကောက်ချက်ချကာ စိတ်ကူးထင်မြင်ကြသည်။ ဤသည်မှာ ဘာသာတရားကို ယုံကြည်ခြင်းဖြစ်သည်။ ဘာသာတရားကို ယုံကြည်ခြင်းသည် အဓိကအားဖြင့် အပြုအမူဆိုင်ရာ ပြောင်းလဲခြင်းနှင့် ဝိညာဉ်အာဟာရကို လိုက်စားခြင်းဖြစ်သည်။ သို့သော် ထိုသို့သောလူတို့လျှောက်သော လမ်းကြောင်း၊ ကောင်းချီးများကို လိုက်စားသောလမ်းကြောင်းသည် မပြောင်းလဲပေ။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့၏ မှားယွင်းသောအမြင်များ၊ အယူအဆများနှင့် စိတ်ကူးများက မပြောင်းလဲသေးပေ။ ၎င်းတို့ ဖြစ်တည်မှု၏ အခြေခံအုတ်မြစ်၊ ၎င်းတို့၏အသက်တာ၌ လိုက်စားသည့် ပန်းတိုင်များနှင့် ဦးတည်ချက်တို့သည် ရိုးရာယဉ်ကျေးမှု၏ အယူအဆများ၊ ထင်မြင်ချက်များအပေါ်တွင် အခြေခံထားပြီး လုံးဝ မပြောင်းလဲပေ။ ဤသည်မှာ ဘာသာတရားကို ယုံကြည်သောသူတိုင်း၏ အခြေအနေဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ဘုရားသခင်၏ အဓိပ္ပာယ်သတ်မှတ်ချက်မှာ အဘယ်နည်း။ (ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ခြင်းဖြစ်သည်။) ယင်းမှာ ဘုရားသခင်၏ ဖြစ်တည်မှုနှင့် သူ၏ အချုပ်အခြာအာဏာကို ယုံကြည်ခြင်းဖြစ်သည်— ယင်းသည် အခြေခံအကျဆုံးအရာ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားနှုတ်ကပတ်တော်များကို အရေးစိုက်ခြင်း၊ ဘုရားနှုတ်ကပတ်တော်က တောင်းဆိုသည့်အတိုင်း ဖြစ်တည်ခြင်း၊ အသက်ရှင်ခြင်း၊ တာဝန်ထမ်းဆောင်ခြင်း၊ သာမန်လူ့သဘာဝ၏ လှုပ်ရှားမှုအားလုံးတွင် ပါဝင်လုပ်ဆောင်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်နောက်သို့ လိုက်ခြင်း၊ ဘုရားသခင်တောင်းဆိုသည့်အရာကို လုပ်ဆောင်ခြင်း၊ သူတောင်းဆိုသည့်အတိုင်း အသက်ရှင်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောသူတို့ အသက်တာ၏ ပန်းတိုင်များနှင့် ဦးတည်ချက်သည် ဘာသာတရားကို ယုံကြည်သောသူများနှင့် လုံးဝ မကွဲပြားသလော။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ မည်သည့်အရာ ပါဝင်သနည်း။ ယင်း၌ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်နိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို လက်ခံနိုင်ခြင်းရှိမရှိ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ချိုးဖျက်ခြင်းရှိမရှိ၊ ဘုရားသခင်နောက်လိုက်ရန် အရာရာကို စွန့်လွှတ်ခြင်းရှိမရှိနှင့် မိမိတို့၏ တာဝန်များ၌ သစ္စာစောင့်သိခြင်းတို့ ရှိမရှိတို့ ပါဝင်သည်။ ဤအရာတို့သည် ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်းရှိမရှိနှင့် တိုက်ရိုက်ဆက်နွှယ်မှုရှိသည်။ ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိပ္ပါယ်ကို ယခု သင်သိပြီ၊ သို့ဆိုလျှင် ဘုရားသခင်၌ ယုံကြည်ခြင်းကို မည်ကဲ့သို့ လက်တွေ့ကျင့်သုံးသင့်သနည်း။ ဘုရားသခင်သည် သူ့အား ယုံကြည်သူများထံမှ အဘယ်အရာကို တောင်းဆိုသနည်း။ (ရိုးသားသူများဖြစ်ရန်နှင့် သမ္မာတရား၊ စိတ်သဘောထား ပြောင်းလဲခြင်းနှင့် ဘုရားသခင်အား သိနားလည်ခြင်းတို့ကို လိုက်စားရန် တောင်းဆိုခြင်းဖြစ်သည်။) ဘုရားသခင်တွင် လူတို့၏ အပြင်ပန်းအပြုအမူအတွက် မည်သည့် တောင်းဆိုချက်များရှိသနည်း။ (လူတိုအား ဘာသာတရားကိုင်းရှိုင်းပြီး အပျော်မကျူးရန်နှင့် သာမန်လူ့သဘာဝအတိုင်း အသက်ရှင်ရန် သူတောင်းဆိုသည်။) လူတို့တွင် သူတော်စင်၏ အခြေခံကျင့်ဝတ် ရှိသင့်ပြီး သာမန်လူ့သဘာဝအတိုင်း အသက်ရှင်သင့်သည်။ သို့ဆိုလျှင် လူသည် သာမန်လူ့သဘာဝရှိရန် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ ဤသည်မှာ ယုံကြည်သူတစ်ဦးအနေဖြင့် လက်တွေ့ကျင့်သုံးရမည့် သမ္မာတရားများစွာနှင့် သက်ဆိုင်သည်။ သမ္မာတရား၏ ဤစစ်မှန်မှုများအားလုံးကို ပိုင်ဆိုင်မှသာလျှင် သာမန်လူ့သဘာဝ ရှိလေသည်။ လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင် ဘုရားသခင်ကို ယုံကြည်ပါသလော။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်း၏ အကျိုးဆက်များက အဘယ်နည်း။ လူတို့သည် ကယ်တင်ခြင်းရရှိရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဝတ်ပြုကိုးကွယ်ရန် ဘုရားသခင်ကို မည်သို့ပင် ယုံကြည်သင့်သနည်း။ ဤအရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေလုပ်ဆောင်ခြင်းနှင့် သမ္မာတရားများစွာကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သည်။ ထို့ကြောင့် လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏ တောင်းဆိုချက်များနှင့်အညီ ဘုရားသခင်ကို ယုံကြည်ရမည် ဖြစ်ပြီး၊ သူ၏ တောင်းဆိုချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည်။ ဤသည်သာ ဘုရားသခင်၌ စစ်မှန်သောယုံကြည်ခြင်း ဖြစ်သည်။ ယင်းသည် ပြဿနာ၏ အရင်းအမြစ်ကို ရောက်သွားခြင်းဖြစ်၏။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားနှုတ်ကပတ်တော်ကို လိုက်လျှောက်ခြင်း၊ ဘုရားနှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်ခြင်း၊ ဤသည်မှာ လူသားအသက်တာ၏ မှန်ကန်သော နည်းလမ်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် လူသားအသက်တာ၏ လမ်းကြောင်းနှင့် ဆက်နွှယ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သမ္မာတရားများစွာနှင့် ဆက်နွှယ်သည်။ ဘုရားသခင်၏နောက်တော်သို့ လိုက်သူများသည် ဤသမ္မာတရားများကို နားလည်ရမည်။ ဤသမ္မာတရားကို နားမလည်၊ လက်မခံခဲ့လျှင် ဘုရားသခင်နောက်သို့ မည်သို့လိုက်နိုင်မည်နည်း။ ဘာသာတရားကို ယုံကြည်သောသူတို့သည် ဘုရားသခင်တစ်ပါးရှိသည်ဟု အသိအမှတ်ပြုရုံသာရှိပြီး ဘုရားသခင်ရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသော်လည်း ဤသမ္မာတရားများကို ၎င်းတို့ နားမလည်သကဲ့သို့ လက်လည်းမခံကြပေ။ ထို့ကြောင့် ဘာသာတရားကို ယုံကြည်သောသူတို့သည် ဘုရားသခင်၏ နောက်တော်သို့လိုက်သောသူများ မဟုတ်ပေ။ ဘာသာတရား၌ ယုံကြည်ဖို့၊ အပြင်ပန်းအားဖြင့် ကောင်းမွန်စွာ ပြုမူရုံမျှ၊ ချုပ်တည်းရုံမျှ၊ စည်းမျဉ်းများ လိုက်နာခြင်း ရှိရုံမျှနှင့် ဝိညာဥ်ရေးရာ အာဟာရရှိခြင်းမျှသည် အဆင်ပြေသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် ကောင်းကောင်းမွန်မွန် ပြုမူပြီး၊ သူ၏ ဝိညာဥ်အတွက် ထောက်တိုင်နှင့် အာဟာရရှိပါက၊ အသက်တာ၌ သူ၏ လမ်းကြောင်းသည် ပြောင်းလဲသလော။ (မပြောင်းလဲပါ။) ဘာသာတရားအား ယုံကြည်ခြင်းနှင့် ဘုရားသခင်အား ယုံကြည်ခြင်းက အတူတူဖြစ်သည်ဟု လူအချို့က ဆိုကြသည်။ သို့ဆိုလျှင် ထိုလူများသည် ဘုရားသခင်၏နောက်သို့ လိုက်ကြသလော။ ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ဘုရားသခင်ကို ယုံကြည်ကြပါသလော။ သမ္မာတရားကို ၎င်းတို့ လက်ခံကြပြီလော။ အကယ်၍ တစ်စုံတစ်ယောက်သည် ဤအရာများကို မလုပ်ပါက ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူ သို့မဟုတ် သူ၏နောက်လိုက်များ မဟုတ်ပေ။ တစ်စုံတစ်ဦး၌ ဘာသာတရားအပေါ် ယုံကြည်ခြင်းက ပေါ်လွင်စေသည့် အသိသာဆုံးနည်းလမ်းမှာ ဘုရားသခင်၏ လက်ရှိအလုပ်နှင့် သူဖော်ပြသော သမ္မာတရားအား လက်ခံမှု ကင်းမဲ့ခြင်းပင်ဖြစ်သည်။ ဤသည်မှာ ဘာသာတရား၌ ယုံကြည်သူများကို ထင်ရှားစေသော စရိုက်လက္ခဏာဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နောက်လိုက်များ လုံးဝ မဟုတ်ကြပေ။ ဘာသာတရားကို ယုံကြည်ခြင်းသည် အမူအကျင့်ပြောင်းလဲမှုနှင့် ဝိညာဉ်ရေးဆိုင်ရာ အာဟာရကို လိုက်စားခြင်းသာဖြစ်သည်။ သမ္မာတရားတစ်ခုမှ မပါဝင်ပေ။ ထို့ကြောင့် ဘာသာရေးကို ယုံကြည်သူများသည် ၎င်းတို့၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမည် မဟုတ်သကဲ့သို့ သမ္မာတရားကို လက်တွေ့ကျင့်သုံးကြမည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်နိုင်ခြင်းနှင့် ကိုယ်တော်အား ကျိုးနွံနာခံနိုင်ခြင်း ရှိမည်မဟုတ်ပေ။ ဤအရာက ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်သော စစ်မှန်သည့် အသိပညာလည်း ရှိမည်မဟုတ်ကြောင်း အဆုံးအဖြတ်ပေးသည်။ လူတစ်ဦးသည် ဘာသာတရားကို ယုံကြည်သောအခါတွင် သူ၏ အကျင့်စာရိတ္တ အဘယ်မျှ ကောင်းမွန်သည်ဖြစ်စေ၊ ဘုရားသခင်အား သူ၏ အသိအမှတ်ပြုမှု အဘယ်မျှ ခိုင်ခံ့မြဲမြံသည်ဖြစ်စေ၊ ထို့အပြင် ကိုယ်တော်အားယုံကြည်ခြင်းသဘောတရားသည် အဘယ်မျှ မြင့်မားသည်ဖြစ်စေ သူသည် ဘုရားသခင်၏ နောက်လိုက်မဟုတ်ပေ။ သို့ဆိုလျှင် သူသည် မည်သူ့နောက်သို့ လိုက်သနည်း။ သူ့လိုက်နေသည်မှာ စာတန်ဖြစ်နေဆဲပင်။ သူ အသက်ရှင်နေထိုင်ခြင်း၊ လိုက်စားခြင်း၊ တောင့်တခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်းအတွက် အခြေခံကား အဘယ်နည်း။ သူ၏ ဖြစ်တည်မှုသည် မည်သည့်အရာပေါ်၌ မူတည်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားမဟုတ်သည်မှာ သေချာ၏။ သူသည် စာတန်၏ ဖောက်ပြန်သော စိတ်သဘောထားဖြင့် ဆက်လက်နေထိုင်ကာ၊ စာတန်၏ ယုတ္တိဗေဒနှင့် အတွေးအခေါ်အတိုင်း ကိုယ်တိုင် ကျင့်ကြံနေထိုင်သည်။ သူပြောသမျှမှာ သမ္မာတရား တစ်စက်မျှမရှိ၊ မုသားချည်းဖြစ်၏။ သူ၏ ဆိုးယုတ်သော စိတ်သဘောထားသည် မည်သည့်ပြောင်းလဲခြင်းမျှ မဖြစ်ပေါ်ခဲ့ဘဲ သူနာခံသည်မှာ စာတန်ပင်ဖြစ်နေသေးသည်။ အသက်တာ၊ တန်ဖိုးထားမှုများ၊ ကမ္ဘာလောကနှင့် ဆက်နွှယ်သည့်ပုံ၊ အမူအကျင့်ဆိုင်ရာ အခြေခံစည်းမျဉ်းများအပေါ် ၎င်းတို့၏ အမြင်သဘောထားများအားလုံးကို စာတန်၏သဘောသဘာဝက များစွာလွှမ်းမိုးနေသည်။ သူ၏ အပြင်ပန်းအမူအကျင့်များသာ အနည်းငယ် ပြောင်းလဲသွားသော်လည်း သူ၏ အသက်တာလမ်းကြောင်း၊ ရှင်သန်နေသည့် နည်းလမ်းနှင့် အရာရာအပေါ် ရှုမြင်ပုံတို့မှာ လုံးဝ ပြောင်းလဲသွားခြင်းမရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို စစ်မှန်သောယုံကြည်သူ ဖြစ်ပါက နှစ်အနည်းငယ်အတွင်း ထိုသူ၌ မည်သို့ပြောင်းလဲသွားမည်နည်း။ (ဘဝနှင့် တန်ဖိုးထားမှုများအပေါ် သူ၏အမြင်က ပြောင်းလဲသွားလိမ့်မည်။) ထိုလူ၏ ဖြစ်တည်မှု တကယ့်အခြေခံအုတ်မြစ်က ပြောင်းလဲသွားမည်ဖြစ်သည်။ သူ၏ တည်ရှိမှုအခြေခံအုတ်မြစ်က ပြောင်းလဲသွားလျှင်၊ သူ၏ဘဝအတွက် အခြေခံမှာ မည်သည့်အရာဖြစ်မည်နည်း။ (သူ၏အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ်တွင် အခြေခံမည်ဖြစ်သည်။) သို့ဆိုလျှင် ယခု သင်တို့သည် သင်တို့၏အပြောအဆိုနှင့် အပြုအမူများတွင် ဘုရားနှုတ်ကပတ်တော်နှင့်အညီ နေ့စဉ်နေ့တိုင်း အသက်ရှင်နေသလော။ သာဓကအားဖြင့်၊ သင်သည် လိမ်မပြောတော့ပေ- ယင်းသည် အဘယ့်ကြောင့်နည်း။ ယင်းအတွက် သင်၏အခြေပြုချက်မှာ အဘယ်နည်း။ (လူသည် ရိုးသားသူဖြစ်လာရန် ဘုရားသခင်၏ တောင်းဆိုချက်ဖြစ်သည်။) သင်သည် လိမ်ညာခြင်းနှင့် လှည့်ဖြားမှု၌ ပါဝင်ခြင်းကို ရပ်တန့်လိုက်သောအခါ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ရိုးသားသူဖြစ်ဖို့ တောင်းဆိုချက်နှင့် သမ္မာတရားကို အခြေခံခြင်းဖြစ်သည်။ သို့ဆိုလျှင် အသက်တာ၌ သင်လျှောက်နေသော လမ်းကြောင်းက ထူးခြားသည်မဟုတ်လော။

ယခု အကျဉ်းချုပ်ပြောရလျှင် ဘာသာတရားကို ယုံကြည်ခြင်းဟူသည် အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည် အဘယ်နည်း။ ဤနှစ်ခုကြားက အဓိကကွာခြားချက်များမှာ အဘယ်နည်း။ ဘာသာတရားကို ယုံကြည်ခြင်းသည် ဘာသာတရားတစ်ခုတွင် ခိုင်မာသော ခံယူချက်ရှိခြင်း၊ ယင်း၏စည်းမျဉ်းများကို လိုက်နာခြင်း၊ အခြားလူများနှင့် စာတန်ကိုနာခံခြင်းအပြင် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သူ၏နှုတ်ကပတ်တော်များကို လက်ခံခြင်း၊ သမ္မာတရားကို လက်ခံခြင်း၊ သူ၏အလုပ်ကို ကျိုးနွံနာခံခြင်းနှင့် သမ္မာတရား၏ စည်းမျဉ်းများနှင့်အညီ မိမိ၏တာဝန်ကို ဖြည့်ဆည်းခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နောက်သို့လိုက်ခြင်း ဖြစ်၏။ ဤအရာများသည် ဘာသာတရားကို ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းတို့ကြားက အဓိက ခြားနားချက်များ ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ အိမ်တော်၌ သင်၏တာဝန်များကို ထမ်းဆောင်စဉ် သင်တို့အချို့က သမ္မာတရားကို လက်ခံပြီး အနည်းငယ် ပြောင်းလဲသော်လည်း အချို့က သမ္မာတရားကို လက်မခံသည့်အပြင် မပြောင်းလဲပေ။ သို့ဖြစ်ရာ ထိုလူအမျိုးအစားနှစ်မျိုး၊ ဘာသာတရားကို ယုံကြည်သူများနှင့် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများကို သင်တို့ခွဲခြားနိုင်သလော။ သော့ချက်မှာ လူတစ်ဦးသည် သမ္မာတရားကို လိုက်စားခြင်းရှိမရှိနှင့် မည်သည့်လမ်းကြောင်းအား သူရွေးချယ်လျှောက်လှမ်းသည်ကို ကြည့်ရန်ဖြစ်သည်။ သင်သည် ကောင်းသောအကျင့်၊ ဝိညာဉ်ရေးရာအာဟာရနှင့် စည်းမျဉ်းများအား လိုက်နာခြင်းကို ကြိုးပမ်းအားထုတ်လျှင်၊ ထို့ပြင် သင်သည် သမ္မာတရားကို လုံးဝမလိုက်စားဘဲ အချို့သော အပြုအမူကောင်းတစ်ချို့ကို ပိုင်ဆိုင်သော်လည်း သမ္မာတရား၏ စစ်မှန်မှုကို မပိုင်ဆိုင်သည့် လူကောင်းတစ်ယောက်၏ အပြင်ပန်းအရာများကိုသာ ကိုယ်ကျိုးအတွက် လိုက်စားနေပါကသင်ကဲ့သို့သော လူတစ်ဦးသည် အမှန်တကယ် မည်မျှ ကောင်းနိုင်မည်နည်း။ ထိုသို့သောလူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ၎င်းတို့သဘာဝ၏ အနှစ်သာရသည် လုံးဝ ပြောင်းလဲခြင်းမရှိပေ။ ၎င်းတို့သည် ကောင်းမွန်စွာ စကားပြောကောင်း ပြောမည်ဖြစ်သော်လည်း စမ်းသပ်မှုများနှင့် ရင်ဆိုင်ရသောအခါ အခိုင်အမာ ရပ်တည်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကိုပင် မကျေမနပ်ပြောပြီး သစ္စာဖောက်ကောင်း ဖောက်နိုင်သည်။ ဤသူတို့မှာ ဘာသာရေးကို ယုံကြည်သူများဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သူများသည် သူဖော်ပြသော သမ္မာတရားအားလုံးကို လက်ခံနိုင်သည်။ ၎င်းတို့သည် သမ္မာတရားအတိုင်း ဆင်ခြင်သုံးသပ်နိုင်ပြီး မိမိတို့ကိုယ်ကို သိနိုင်သည်၊ စစ်မှန်စွာ နောင်တရကာ နောက်ဆုံးတွင် သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်သည်၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ရှင်နိုင်သည်။ စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် အခိုင်အမာရပ်တည်နိုင်ပြီး၊ အံ့သြဖွယ်ရာ သက်သေခံချက်ပေးကာ ဘုရားသခင်၏နောက်သို့ အဆုံးတိုင်အောင် သစ္စာရှိရှိ လိုက်နိုင်သည်။ ဤသူတို့မှာ ဘုရားသခင်ကို အစစ်အမှန် ယုံကြည်သူများဖြစ်သည်။ ဤသည်မှာ ဘာသာတရားကို ယုံကြည်သူများနှင့် ဘုရားသခင်ကို ယုံကြည်သူများကြားက ခြားနားချက်ဖြစ်သည်။

သင်တို့အထဲ၌ ကောင်းကင်ဘုံ၌ရှိသော မရေရာသည့် ဘုရားသခင်တစ်ပါးကို သာလျှင် စိတ်နှလုံးထဲ၌ ယုံကြည်လင့်ကစား လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ပတ်သက်သည့် အယူအဆများ အမြဲရှိသောသူ တစ်စုံတစ်ဦးရှိသလော။ ထိုသို့သောလူများ အမှန်တကယ်ရှိလျှင် ၎င်းတို့သည် ဘာသာတရားကို ယုံကြည်သူများ ဖြစ်ကြသည်။ ဘာသာတရားကို ယုံကြည်သူများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် လူ့ဇာတိခံယူသော ဘုရားသခင်ကို အသိအမှတ်မပြု၊ အသိအမှတ်ပြုလျှင်ပင် ၎င်းတို့သည် ကိုယ်တော်နှင့်ပတ်သက်သော အယူအဆများ အမြဲရှိကြပြီး မည်သည့်အခါမျှ ကျိုးနွံနာခံနိုင်စွမ်းမရှိကြပေ။ ထိုသို့မဟုတ်လော။ အတိအကျပြောရလျှင် ထိုကဲ့သို့သောသူများသည် ဘုရားသခင်ကို ယုံကြည်သူများမဟုတ်ကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သည်ဟု ဆိနိုင်သော်လည်း လက်တွေ့တွင် ဘာသာတရားကို ယုံကြည်သူများနှင့် များစွာ ကွာခြားခြင်းမရှိပေ။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ၎င်းတို့ယုံကြည်သမျှသည် မရေရာသော ဘုရားသခင်တစ်ပါးသာ ဖြစ်သည်။ ၎င်းတို့သည် ဘာသာရေး အယူအဆများနှင့် စည်းကမ်းများကို လိုက်နာသူများ ဖြစ်ကြသည်။ ထို့ကြောင့် သမ္မာတရားကို မလိုက်စားသောသူ၊ ကောင်းသောအကျင့်ကို ကျင့်ပြီး စည်မျဉ်းများ လိုက်နာခြင်းကိုသာ အာရုံစိုက်သောသူ၊ သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူနှင့် မိမိ၏စိတ်သဘောထား စိုစဉ်းမျှ မပြောင်းလဲသည့် မည်သူဖြစ်စေ ထိုသူလုပ်ဆောင်နေသည်မှာ ဘာသာတရားကို ယုံကြည်နေခြင်းပင်ဖြစ်၏။ ဘာသာတရား၌ ယုံကြည်သူတို့ကို မည်သည့်အင်္ဂါရပ်က ခွဲခြားသိမြင်စေသနည်း။ (၎င်းတို့သည် အပြင်ပန်း ကျင့်သုံးမှုများနှင့် ကောင်းကောင်းမွန်မွန် ပြုမူနေပုံပေါက်ဖို့ကိုသာ အာရုံစိုက်ကြပါသည်။) ၎င်းတို့ လုပ်ဆောင်မှုများအတွက် စည်းမျဉ်းများနှင့် အခြေခံအကြောင်းရင်းတို့သည် အဘယ်နည်း။ (ရှင်သန်နေထိုင်ခြင်းအတွက် ဆိုးယုတ်သော ဒဿနအမြင်များဖြစ်ပါသည်။) ရှင်သန်နေထိုင်ခြင်းအတွက် မည်သည်ဆိုးယုတ်သော ဒဿနအမြင်များနှင့် ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ရှိသနည်း။ ကောက်ကျစ်စဉ်းလဲခြင်းနှင့် ဉာဏ်နီဉာဏ်နက်များခြင်း၊ စည်းမျဉ်းများကို လျစ်လျူရှုခြင်း၊ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်း၊ အရာခပ်သိမ်း၌ အဆုံးအဖြတ်ပေးခြင်း၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ မရှာဖွေခြင်း သို့မဟုတ် ညီအစ်ကို မောင်နှမများနှင့် မည်သည့်အခါတွင်မျှ မိတ်သဟာယမပြုခြင်း၊ ထို့ပြင် အရေးယူဆောင်ရွက်နေချိန်တွင် မိမိ၏ကိုယ်ပိုင်အကျိုးစီးပွား၊ မိမိ၏ကိုယ်ပိုင်သိက္ခာနှင့် ဂုဏ်ဒြပ်တို့ကို အမြဲစဉ်းစားခြင်း— ဤအရာအားလုံးသည် ဆိုးယုတ်သော စိတ်သဘောထားအပေါ် အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်၏။ ယင်းမှာ စာတန်နောက်လိုက်ခြင်းဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ၏နှုတ်ကပတ်တော်များကို အလေးဂရုမပြုပါက၊ သမ္မာတရားကို လက်မခံပါက၊ သို့မဟုတ် သူ၏အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံခြင်း မရှိပါက၊ ၎င်းတို့သည် ကောင်းမွန်သည့် အပြုအမူအချို့ကိုသာ ပြသပြီး၊ ၎င်းတို့၏ သိက္ခာ၊ သို့မဟုတ် အကျိုးစီးပွားများနှင့်သက်ဆိုင်၍ မည်သည့်အရာကိုမျှ မစွန့်ပစ်နိုင်ပါက၊ အပြင်ပန်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေကြသော်လည်း ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများအားဖြင့် အသက်ရှင်ကြဆဲဖြစ်ပြီး၊ ၎င်းတို့၏ ဆိုးယုတ်သော ဒဿနအမြင်များနှင့် ဖြစ်တည်ခြင်း နည်းလမ်းများကို အနည်းငယ်မျှ မစွန့်လွှတ်သေး သို့မဟုတ် မပြောင်းလဲကြသေးပါက ၎င်းတို့ ဘုရားသခင်ကို ယုံကြည်သည်မှာ အဘယ်သို့ဖြစ်နိုင်မည်နည်း။ ယင်းမှာ ဘာသာတရား၌ ယုံကြည်ခြင်းဖြစ်သည်။ ထိုသို့သော လူတို့သည် အမှုအရာများကို စွန့်လွှတ်ပြီး၊ မိမိတို့ကိုယ်ကို အပေါ်ယံအားဖြင့် အသုံးခံကြသော်လည်း၊ ၎င်းတို့လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် ၎င်းတို့လုပ်ဆောင်သမျှတိုင်း၏ အကြောင်းရင်းနှင့် အစကနဦးတို့ကိုကြည့်လျှင် ၎င်းတို့သည် ထိုအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားအပေါ် အခြေမခံကြပေ။ ထိုအစား ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ၊ ၎င်းတို့၏ ဓမ္မဓိဋ္ဌာန်မကျသော ယူဆချက်များ၊ ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများအတိုင်း ဆက်လက်ပြုမူလုပ်ဆောင်ကြသည်။ စာတန်၏ ဒဿနအမြင်များနှင့် စိတ်သဘောထားများက ၎င်းတို့၏ ဖြစ်တည်ခြင်းနှင့် လုပ်ရပ်များ၏ အခြေခံအကြောင်းရင်းအဖြစ် အသုံးကျနေဆဲဖြစ်သည်။ သမ္မာတရားကို ၎င်းတို့နားမလည်သည့် ကိစ္စရပ်များတွင် ယင်းကို ၎င်းတို့ မရှာဖွေကြချေ။ သမ္မာတရားကို ၎င်းတို့နားလည်သည့် ကိစ္စရပ်များတွင် ယင်းကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်ကြ၊ ဘုရားသခင်ကို ကြီးမြတ်သည်ဟု မချီးမြှောက်ကြချေ၊ သို့မဟုတ် သမ္မာတရားကို တန်ဖိုးမထားကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို အမည်ခံအားဖြင့်နှင့် နှုတ်အားဖြင့် ယုံကြည်ပြီး ဝန်ခံသော်လည်း၊ တာဝန်တစ်ရပ်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက်သို့ လိုက်နိုင်ပုံပေါ်သော်လည်း ၎င်းတို့သည် ၎င်းတို့ပြောသမျှနှင့် လုပ်သမျှတွင် ၎င်းတို့၏ ဆိုးယုတ်သောစိတ်ထားဖြင့် အသက်ရှင်နေကြသည်။ ၎င်းတို့ပြောသမျှနှင့် လုပ်ဆောင်သမျှ အရာများက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ လွှမ်းမိုးမှုချည်းသာဖြစ်၏။ ၎င်းတို့သည် အရာခပ်သိမ်း၌ သမ္မာတရားကို ရှာဖွေခြင်းနှင့် နာခံခြင်း၏ သရုပ်သကန်မဆိုနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ လက်တွေ့ကျင့်သုံးနေကြောင်း သို့မဟုတ် တွေ့ကြုံခံစားနေကြောင်းပင် သင်တွေ့ရမည်မဟုတ်ပေ။ ၎င်းတို့၏ လုပ်ဆောင်ချက်များ၌ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို ဦးစွာ ထည့်တကွက်စဉ်းစားပြီး ၎င်းတို့၏ တစ်ကိုယ်ရေ ဆန္ဒများနှင့် ရည်ရွယ်ချက်များကို ဦးစွာ ဖြည့်ဆည်းကြသည်။ ဤလူတို့သည် ဘုရားသခင်၏နောက်သို့ လိုက်သောသူများလော။ (မဟုတ်ပါ။) ပြီးလျှင် ဘုရားသခင်နောက် မလိုက်ကြသည့်လူများသည် ၎င်းတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) ပြီးလျှင် ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုကို မရရှိနိုင်ပါက ၎င်းတို့သည် သနားစဖွယ်ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသိနားလည်ပြီး ဖြစ်သော်လည်း အရာရာကို လုပ်ဆောင်သောအခါ ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများက ပြင်းထန်လွန်းလှသည်။ ၎င်းတို့သည် အခြေခံစည်မျဉ်းများနှင့်အညီ မဆိုထားဘိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ သို့မဟုတ် သမ္မာတရားအတိုင်း လက်တွေ့ကျင့်ကြံနိုင်စွမ်းမရှိကြပေ။ ဘုရားသခင်ကို နှစ်အတော်ကြာ ယုံကြည်ပြီးနောက်တွင် ၎င်းတို့သည် များစွာပို၍ လိုက်လျောညီထွေရှိလာပြီး များစွာပို၍ ယဉ်ကျေးသိမ်မွေ့လာပုံရသည်။ ၎င်းတို့တွင် ကောင်းမွန်သော အပြုအမူတို့ များစွာရှိပြီး ၎င်းတို့၏ ဝိညာဉ်ရေးအသက်တာများက အတော်လေး ပုံမှန်ဖြစ်ပုံရသည်။ အခြားသူများနှင့် ဆက်ဆံပုံတွင် ၎င်းတို့သည် မည်သည့်ကြီးကြီးမားမား ပြဿနာမျှ မရှိသည့်အပြင် အချို့သောတာဝန်များကို အတော်လေးထိရောက်စွာဖြင့် ထမ်းဆောင်သည်။ သို့သော် ၎င်းတို့၌ ပြဿနာတစ်ခုရှိကာ ယင်းက အဆိုးရွားဆုံးဖြစ်သည်။ ဤပြဿနာကား အဘယ်မှာရှိသနည်း။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ပင်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှများစွာ ယုံကြည်ခဲ့ကြစေကာမူ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို မထူထောင်ခဲ့ကြပေ။ ၎င်းတို့သည် မည်သည့်အရာကို လုပ်သည်ဖြစ်စေ၊ ၎င်းတို့တွင် မည်သို့ဖြစ်ပျက်ပါစေ ၎င်းတို့ ပထမဆုံစဉ်းစားသည်မှာ- “ကျွန်ုပ် ဘာလုပ်ချင်သနည်း။ ကျွန်ုပ်၏ အကျိုးစီးပွားက မည်သည့်အရာဖြစ်ပြီး မည်သည့်အရာ မဖြစ်သနည်း။ ကျွန်ုပ် ဤသို့ထိုသို့ ပြုလုပ်လျှင် ဘာဖြစ်နိုင်မည်နည်း” ဟူ၍ဖြစ်ပြီး ဤသည်တို့မှာ ၎င်းတို့ဦးစွာ ထည့်တွက်သည့် အရာများဖြစ်သည်။ ၎င်းတို့သည် မည်သည့်ကျင့်သုံးမှုမျိုးက ဘုရားသခင်ကို ဘုန်းတော်ထင်ရှားစေပြီး သူ့အား သက်သေခံမည်၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေမည်ကို ထည့်သွင်းစဉ်းစားခြင်း မပြုသည်သာမက ဘုရားသခင်၏ တောင်းဆိုချက်များက မည်သည့်အရာဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များက မည်သည့်အရာပြောသည်ကို ရှာဖွေရန် ဆုတောင်းခြင်းလည်း မပြုကြပေ။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော် သို့မဟုတ် တောင်းဆိုချက်များကို သာမက ဘုရားသခင်ကို ကျေနပ်စေရန်အတွက် လူတို့ မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မည်သည့်အခါမျှ အရေးမစိုက်ပေ။ ၎င်းတို့သည် တစ်ခါတစ်ရံ ဘုရားသခင်ရှေ့တွင် ဆုတောင်းပြီး ကိုယ်တော်နှင့် ဆက်သွယ်ကောင်း ဆက်သွယ်နိုင်သော်လည်း ၎င်းတို့သည် သမ္မာတရားကို အရင်းအတိုင်း ရှာဖွေခြင်းမဟုတ်ဘဲ မိမိတို့ကိုယ်ကိုယ် စကားပြောရုံမျှသာ ပြောခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသောအခါ ၎င်းတို့သည် လက်တွေ့ဘဝတွင် တွေ့ကြုံရသည့် ကိစ္စရပ်များနှင့် မဆက်စပ်ပေ။ ထို့ကြောင့် ဘုရားသခင်စီစဉ်ပေးသည့် ပတ်ဝန်းကျင်တွင် ၎င်းတို့သည် သူ၏ အချုပ်အခြာအာဏာ၊ အစီအစဉ်များနှင့် ကြိုးကိုင်မှုတို့ကို မည်သို့ သဘောထားကြသနည်း။ မိမိတို့၏ အလိုဆန္ဒများကို မဖြည့်ဆည်းပေးသော အရာများနှင့် ရင်ဆိုင်ရသောအခါ ယင်းတို့ကို ရှောင်ရှားကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် တွန်းလှန်ကြသည်။ မိမိတို့၏အကျိုးစီးပွားကို ဆုံးရှုံးစေသော သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွား၏ ပြည့်ဝစေခြင်းကို တားဆီးပေးသော အရာများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့သည် နည်းလမ်းပေါင်းစုံဖြင့် ထွက်ပေါက်ရှာကာ မိမိတို့၏ အကျိုးအမြတ်ကို အမြင့်ဆုံးရရှိအောင် ကြိုးပမ်းပြီး ဆုံးရှုံးမှုမှန်သမျှကို ရှောင်ရှားရန် ကြိုးစားကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန်မရှာဖွေဘဲ ၎င်းတို့၏ကိုယ်ပိုင် ဆန္ဒများကိုသာရှာသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ ထိုသို့သောလူများသည် ဘုရားသခင်နှင့် ဆက်ဆံရေးရှိပါသလော။ မရှိကြချေ။ ၎င်းတို့သည် ယုတ်ညံ့သော၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော၊ ခေါင်းမာသော၊ အရုပ်ဆိုးသောပုံစံဖြင့် နေထိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ဆက်ဆံရေးမရှိရုံသာမက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကိုလည်း နေရာတိုင်းအချိန်တိုင်းတွင် ဆန့်ကျင်ဘက်ပြုကြသည်။ ၎င်းတို့က “ဘုရားသခင်သည် ကျွန်ုပ်ဘဝ၌ အရာအားလုံးကို အုပ်စိုးပြီး စိုးစံပါစေသော။ ဘုရားသခင်သည် ရာဇပလ္လင်ကို သိမ်းယူ၍ ကျွန်ုပ်စိတ်နှလုံးထဲ၌ အုပ်စိုးခြင်းငှာ ကျွန်ုပ်အလိုရှိ၏၊ ဘုရားသခင်၏ အစီအစဉ်များနှင့် ကြိုးကိုင်မှုများကို ကျိုးနွံနာခံလိုစိတ်ရှိ၏။” ဟု မကြာခဏ ဆိုကြ၏။ သို့သော်လည်း ၎င်းတို့ကြုံတွေ့ရသော အရာများက မိမိတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေသောအခါ ကျိုးနွံနာခံခြင်း မရှိနိုင်ပေ။ ဘုရားသခင် စီစဉ်ပေးသည့် ပတ်ဝန်းကျင်ထဲတွင် သမ္မာတရားကို ရှာဖွေမည့်အစား ထိုပတ်ဝန်းကျင်မှ လှည့်ထွက်ရန်နှင့် လွတ်မြောက်ရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အစီအစဉ်များနှင့် ကြိုးကိုင်မှုများကို ကျိုးနွံနာခံခြင်း မပြုလိုကြသော်လည်း ၎င်းတို့၏ အကျိုးစီးပွားများကို မထိခိုက်စေသရွေ့ မိမိတို့၏ အလိုဆန္ဒအတိုင်းသာ လုပ်ဆောင်လိုကြသည်။ ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွား၊ ၎င်းတို့၏ကိုယ်ပိုင် အခြေအနေများနှင့် ၎င်းတို့၏ကိုယ်ပိုင် စိတ်နေစိတ်ထားများနှင့် ခံစားချက်များကိုသာ အရေးစိုက်ကာ ဘုရားသခင်၏အလိုတော်ကို လုံးဝ လျစ်လျူရှုကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်နေခြင်းလော။ (မဟုတ်ပါ။) ၎င်းတို့စိတ်နှလုံးထဲတွင် ဘုရားသခင်သည် ၎င်းတို့အတွက် မည်သည့်အရာနည်း။ သူသည် ဒဏ္ဍာရီတစ်မျိုးမဟုတ်လော။ သူသည် ဝိညာဉ်ရေးဆိုင်ရာ အာဟာရတစ်မျိုး မဟုတ်လော။ ဘုရားသခင်သည် ပြင်ပလူဖြစ်ပြီး ၎င်းတို့အတွက် သူစိမ်းဖြစ်သည်။ အားလုံးအဆင်ပြေသောအခါ ဘုရားသခင်သည် ၎င်းတို့၏ အချုပ်အခြာအာဏာ၊ ၎င်းတို့၏အရာခပ်သိမ်း ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်သည် ၎င်းတို့အတွက် အကျိုးမရှိ၊ သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွား သို့မဟုတ် ၎င်းတို့၏ဂုဏ်သိက္ခာကို ပျက်စီးစေကာ ၎င်းတို့အား ကိုင်တွယ်ဖြေရှင်းခြင်းခံရစေပါက သို့မဟုတ် စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခကို ရင်ဆိုင်ကြုံတွေ့နေရပါက ၎င်းတို့ မည်သို့တုံ့ပြန်မည်နည်း။ ထွက်ပြေးလွတ်မြောက်မည်၊ ခုခံမည်၊ ငြင်းပယ်မည်၊ ပြီးလျှင် မကျေမနပ်ပြောဆိုခြင်းပင် ပြုမည်။ တစ်ချို့လူတို့က ကျယ်ကျယ်လောင်လောင် ပြောဆိုခြင်း မရှိနိုင်သော်လည်း ၎င်းတို့၏ နှလုံးသားထဲတွင် နာကျင်ခြင်း၊ စိတ်မသက်မသာဖြစ်ခြင်းနှင့် အပျက်သဘောဆောင််ခြင်းတို့ကို ခံစားကြရသည်။ အပျက်သဘောဆောင်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို လက်မခံဘဲ အမြဲတမ်း ခုခံပြီးလျှင် ဘုရားသခင်ကို ပုန်ကန်သည်ကို ဆိုလိုသည်။ အချို့သောလူများသည် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းကို လက်မခံကြဘဲ ထိုသို့သောအရာများကို လုပ်ဆောင်ခြင်းသည် ဘုရားသခင်နှင့် မသင့်တော်ဟု ထင်မှတ်ကြသည်။ အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းနှင့် နှိပ်စက်ညှဉ်းပန်းမှုဖြစ်သော အခက်အခဲတစ်ခုခုကို ကြုံရသောအခါ အချို့သောသူများက ဘုရားသခင်သည် ၎င်းတို့အပေါ် တရားမျှတမှုမရှိဟု မိမိကိုယ်ကို ညည်းညူကြသည်။ ဤစိတ်ထားကို သင်တို့ မည်သို့ထင်ကြသနည်း။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့အား ဆင်းရဲဒုက္ခဖြစ်စေသောအခါတွင် ၎င်းတို့၏ တိုင်ကြားချက်များကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုနိုင်ပါက သူသည် ၎င်းတို့ယုံကြည်သော ဘုရားသခင် ဖြစ်နေနိုင်သေးသလော။ ၎င်းတို့ ကျိုးနွံနာခံနိုင်ခြင်း မရှိလျှင် သူသည် ၎င်းတို့၏ ဘုရားသခင် မဟုတ်သောကြောင့် ၎င်းတို့သည် သူ့ကို ခုခံဝံ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်မှလွဲ၍ အခြားဘုရားရှိရန် ဆန္ဒရှိကြပြီး “ကိုယ်တော်သည် ကျွန်ုပ်တွေးသမျှနှင့် လုပ်သမျှကို ကျွန်ုပ်၏ နှစ်သက်မှုများအတိုင်း အတိအကျ အမှန်တကယ် ဖြစ်ပွားစေမည်ဆိုလျှင် ထိုမှသာလျှင် သူသည် ဘုရားသခင် ဖြစ်လိမ့်မည်။ ယင်းသည်သာလျှင် သူ၏ အစီအစဉ်များနှင့် ကြိုးကိုင်မှု ဖြစ်လိမ့်မည်။ အကယ်၍ ဘုရားသခင်သည် ကျွန်ုပ်၏ အလိုဆန္ဒနှင့် မကိုက်ညီဘဲ ကျွန်ုပ်၏အကြိုက်နှင့် စိတ်ကူးများကို အမြဲဆန့်ကျင်နေပါက ကျွန်ုပ်သည် သူ့ကို ကျိုးနွံနာခံနိုင်မည် မဟုတ်သည့်အပြင် သူသည် ကျွန်ုပ်၏ဘုရားသခင် မဟုတ်ပေ။ သူသည် ဘုရားသခင်ဖြစ်လျှင် လူတို့ကို ကျေနပ်စေသင့်သည်။ လူတို့သည် ဘုရားသခင် ချစ်မြတ်နိုးသူများဖြစ်သဖြင့် ဘုရားသခင်က ၎င်းတို့ကို ကာကွယ်ရန်နှင့် မြတ်နိုးရန်အတွက် အရာရာကို ပြုလုပ်ပေးသင့်သည်။ သူသည် ၎င်းတို့ကို အခက်အခဲများ၊ စမ်းသပ်မှုများနှင့် အနှောင့်အယှက်များကို အဘယ်သို့ တွေ့ကြုံစေမည်နည်း” ဟု စဉ်းစားကြသည်။ ဤသည်မှာ လူအများစု၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အပေါ်ထားရှိသော သဘောထားမဟုတ်လော။ ဤသည်မှာ အမှန်ပင် ထိုသို့ဖြစ်၏။ လူအများစုအနေဖြင့် ၎င်းတို့တွင် ပြဿနာမရှိသောအခါ ၎င်းတို့အတွက် အရာရာချောမွေ့နေသည့်အချိန်တွင် ၎င်းတို့က ဘုရားသခင်သည် တန်ခိုးကြီးမားသည်၊ ဖြောင့်မတ်ပြီး ချစ်ခင်ဖွယ်ဖြစ်သည်ဟု ခံစားကြရသည်။ ဘုရားသခင်က ၎င်းတို့ကို စစ်ဆေးသည့်အခါ၊ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည့်အခါ၊ ၎င်းတို့ကို ပြစ်တင်ဆုံးမပြီး ဆုံးမပဲ့ပြင်သည့်အခါ၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဘေးဖယ်ထားဖို့၊ ဇာတိပကတိကို ကျောခိုင်းပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ၎င်းတို့ကို သူတောင်းဆိုသည့်အခါ၊ ၎င်းတို့အပေါ် ဘုရားသခင်အမှုပြုပြီး ၎င်းတို့၏ ကံကြမ္မာများနှင့် ၎င်းတို့၏ အသက်တာများအပေါ် စီစဉ်ညွှန်ကြားချိန်ပြီး အုပ်ချုပ်သောအခါ၊ ၎င်းတို့၏ ပုန်ကန်တတ်ခြင်းက ပေါ်ထွက်လာပြီးနောက် ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် အပိုင်းအခြားတစ်ခု ဖြစ်လာကာ ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် သဘောထားကွဲလွဲမှုနှင့် ကွာဟချက်တစ်ခုကို ဖန်တီးလေသည်။ ထိုသို့သောအချိန်ကာလများတွင်၊ ၎င်းတို့၏ စိတ်နှလုံးများ၌၊ ဘုရားသခင်သည် အနည်းငယ်မျှ ချစ်ခင်ဖွယ် မဖြစ်ပေ။ သူလုပ်ဆောင်သည့်အရာက ၎င်းတို့၏ စိတ်ဆန္ဒကို မဖြည့်ဆည်းသည့်အတွက် သူသည် လုံးဝ တန်ခိုးမကြီးမားပေ။ ဘုရားသခင်က ၎င်းတို့ကို ဝမ်းနည်းစေသည်။ ၎င်းတို့ကို သူစိတ်ပျက်စေသည်။ သူသည် ၎င်းတို့ထံ နာကျင်မှုနှင့် ဆင်းရဲဒုက္ခကို ဆောင်ကြဉ်းသည်။ သူသည် ၎င်းတို့ကို ငြိမ်းအေးသက်သာမှု မရှိခြင်းကို ခံစားစေသည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်းမရှိကြပေ၊ ထိုအစား သူ့ကို ပုန်ကန်ကာ ရှောင်ရှားကြလေသည်။ ဤအရာကို လုပ်ဆောင်ရာတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေကြခြင်း ဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးနောက် လိုက်နေကြခြင်း ဖြစ်သလော။ ဘုရားသခင်နောက်ကို ၎င်းတို့လိုက်နေကြသလော။ မလိုက်ကြပေ။ ဘုရားသခင်၏အလုပ်နှင့် ပတ်သက်သည့် သင်၏အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများက မည်မျှများပြားနေပါစေ၊ ထို့ပြင် ယခင်က သင်၏ ကိုယ်ပိုင်အလိုဆန္ဒအတိုင်း သင်မည်မျှပြုမူခဲ့ပြီး ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ပါစေ၊ သမ္မာတရားကို သင်အမှန်တကယ် လိုက်စားပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံကာ၊ ယင်းတို့၏ ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခံရခြင်းတို့ ရှိပါက၊ သူစီစဉ်ညွှန်ကြားသည့် အရာတိုင်းတွင် သင်သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်နိုင်ပါက၊ သူ၏ နှုတ်ကပတ်တော်များကို အရေးစိုက်နိုင်ပါက၊ သူ၏အလိုတော်ကို အသေအချာစိစစ်ဖို့ သင်ယူနိုင်ပါက၊ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏ ရည်ရွယ်ချက်နှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ပြီး ရှာဖွေခြင်းအားဖြင့် ကျိုးနွံနာခံနိုင်ပါက၊ ထို့ပြင် သင်၏ကိုယ်ပိုင်အလို၊ စိတ်ဆန္ဒများ၊ စဉ်းစားဆင်ခြင်ခြင်းများနှင့် ဘုရားသခင်ကို ထိပ်တိုက်ရင်ဆိုင်ခြင်း မရှိပါက- ထိုအခါ သင်သည် ဘုရားသခင်နောက် လိုက်နေခြင်း ဖြစ်၏။ ဘုရားသခင်နောက် သင်လိုက်သည်ဟု ပြောကောင်းပြောနိုင်သော်လည်း အကယ်၍ အရာရာကို သင်၏ ကိုယ်ပိုင်အလိုအတိုင်း လုပ်ဆောင်ပြီး သင်၏ ကိုယ်ပိုင်ရည်မှန်းချက်များနှင့် သင်၏ ကိုယ်ပိုင်အစီအစဉ်များဖြင့် ယင်းကို ဘုရားသခင်အား လုပ်ဆောင်ခွင့်မပေးပါက ဘုရားသခင်သည် သင်၏ဘုရားသခင် ဖြစ်နေသေးသလော။ မဖြစ်တော့ချေ။ ဘုရားသခင်က သင်၏ဘုရားသခင် မဟုတ်ပါက၊ ဘုရားသခင်နောက် သင်လိုက်သည်ဟု ပြောသည့်အခါ ဤသည်တို့မှာ အနှစ်မဲ့သော စကားများဖြစ်သည် မဟုတ်လော။ ထိုသို့သော စကားများသည် လူတို့ကို လှည့်စားဖို့ ကြိုးပမ်းမှုတစ်ခု ဖြစ်သည် မဟုတ်လော။ သင်သည် ဘုရားသခင်နောက်လိုက်သည်ဟု ပြောကောင်းပြောနိုင်သော်လည်း၊ အကယ်၍ သင်၏လုပ်ရပ်များနှင့် ဆောင်ရွက်ချက်များ၊ ဘဝနှင့် တန်ဖိုးထားမှုများနှင့် ပတ်သက်သည့် သင်၏အမြင်၊ သင်၏သဘောထားနှင့် ကိစ္စရပ်များကို သင်ဖြေရှင်းပြီး ကိုင်တွယ်သည့် အခြေခံမူအားလုံးတို့သည် စာတန်ထံမှ လာသည်ဆိုလျှင်— အကယ်၍ သင်သည် ဤအရာအားလုံးကို စာတန်၏ ပညတ်များနှင့် ဆင်ခြင်တွေးခေါ်မှုစနစ်တို့နှင့်အညီ လုံးဝကိုင်တွယ်သည်ဆိုလျှင် သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။) သခင်ယေရှုသည် ဆင်းရဲဒုက္ခ များစွာခံရ၍ အသေသတ်ခြင်းခံရပြီး သုံးရက်မြောက်သောနေ့၌ တစ်ဖန်ထမြောက်မည်ဖြစ်ကြောင်း သူ၏တပည့်တော်များအား အသိပေးသောအခါ ပေတရုက သခင်ယေရှုအား “သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ” (ရှင်မဿဲခရစ်ဝင် ၁၆း၂၂) ဟု ပြောခဲ့သည်ကို သင်သိပေသည်။ သခင်ယေရှုသည် ပေတရုကို မည်ကဲ့သို့ ဖြေကြားခဲ့သနည်း။ (“အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့” (ရှင်မဿဲခရစ်ဝင် ၁၆:၂၃) ဟုပြောခဲ့သည်။) ထိုအချိန်တွင် ပေတရုပြုခဲ့သည့်အရာအပေါ် သခင်ယေရှု၏ အဓိပ္ပာယ်ဖွင့်ချက်က အဘယ်နည်း။ (စာတန်၏အလုပ်ဟူ၍ပင်။) သူက ဤအရာသည် စာတန်၏အလုပ်ဖြစ်သည်ဟု အဘယ့်ကြောင့်ဆိုခဲ့သနည်း။ ပေတရုက စာတန်လော။ ပေတရုသည် သခင်ယေရှု လုပ်ဆောင်ချက်များ၏ အရေးပါမှုကို နားမလည်သကဲ့သို့ သူ၏ ကိုယ်ပိုင်လက္ခဏာကိုလည်း သတိမပြုမိခဲ့ပေ။ ထို့ကြောင့် သူသည် သခင်ယေရှုအား ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ခြင်းမှ တားဆီးရန် ကြိုးပမ်းလျက် ၎င်း၏ကိုယ်စား စကားပြောသော စာတန်အတွက် အာဘော်ဖြစ်လာခဲ့သည်။ ဘုရားသခင်၏ရှုထောင့်မှ ပေတရုသည် စာတန်အတွက် စကားပြောခွက်ဖြစ်လာခဲ့သည်။ လူတစ်ဦးသည် အပြင်ပန်းအားဖြင့်သာ အရာရာကို စွန့်ပယ်ထားပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေဟန်တူကာ ဘုရားသခင်နောက်သို့ လိုက်နေပုံရသော်လည်း ၎င်းတို့၏ အတွေးအမြင်များနှင့် ၎င်းတို့၏ လုပ်ဆောင်မှုများ အားလုံးသည် စာတန်၏ ယုတ္တိနှင့် အတွေးအခေါ်နှင့် ကိုက်ညီပါက ၎င်းတို့သည် အမှန်တကယ်ပင် ဘုရားသခင်၏ နောက်လိုက်များ ဟုတ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် ဘုရားသခင်ကို အဆက်မပြတ် ဆန့်ကျင်ပုန်ကန်သောကြောင့်၊ သမ္မာတရားကို မကျင့်သုံးဘဲ ဘုရားသခင်အား ကျိုးနွံနာခံခြင်း မရှိသောကြောင့် ဘုရားသခင်၏ နောက်လိုက်များမဟုတ်ကြပေ။ သို့ဆိုလျှင် ဘုရားသခင်ကို အဘယ်ကြောင့် ယုံကြည်ကြသနည်း။ ၎င်းတို့သည် အမှန်တကယ် မည်သည့်အရာကို ရယူလိုသနည်း။ ဤအရာက သဘောထားခံယူချက်ကို ဖီဆန်၏။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သူများ ဟုတ်သလော။ မဟုတ်ချေ။ အနည်းငယ်ပို၍ ကြားကောင်းအောင်ပြောရလျှင် ၎င်းတို့သည် ဘာသာရေးကို ယုံကြည်သူများဖြစ်ကြ၏။ ၎င်းတို့က ဘုရားသခင်၌ ယုံကြည်ခြင်းရှိသည်ဟု ဆိုနိုင်သော်လည်း ဘုရားသခင်က ၎င်းတို့ကို အသိအမှတ်မပြုပေ။ ဘုရားသခင်သည် ၎င်းတို့ကို လူဆိုးများဟု မှတ်ယူမည်ဖြစ်ပြီး ထိုသို့သောလူတို့ကို ကယ်တင်မည်မဟုတ်ပေ။

ဤဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားများထဲတွင် ထိုသို့ ဘာသာရေးကို ယုံကြည်သူများသည် ဘုရားသခင်၏ တည်ရှိခြင်းကို အသိအမှတ်ပြုသောသူ၊ လူကောင်းဖြစ်ရန်၊ ကောင်းသောအကျင့်ကို ကျင့်ဆောင်ရန်နှင့် မကောင်းမှုများကို ရှောင်ကြဉ်ရန် ဆန္ဒရှိသောသူများဖြစ်သည်။ ထိုသူတို့သည် အမှားမြောက်မြားစွာ ကျူးလွန်မိပါက ဒဏ်ခတ်ခံရမည်ကို ကြောက်ရွံ့ကြသည့်အပြင် ငရဲသို့သွားပြီး အပြစ်ပေးခံရကာ ထာဝရပျက်စီးသွားရမည်ကို ကြောက်ရွံ့ကြသည်။ မယုံကြည်သူများကြားတွင် “ကောင်းသောသူများ၌ ငြိမ်းချမ်းသည့် ဘဝရှိသည်” ဟူသော ဆိုရိုးစကားရှိသည့်အတိုင်း လူကောင်းဖြစ်ခြင်းက ငြိမ်းချမ်းမှုကို ဖြစ်စေသည်ဟု ထင်မြင်ကြသည်။ ထိုသို့သော တွေးခေါ်မှုဖြင့် လွှမ်းမိုးခံရပြီး ထိုကဲ့သို့သော အတွေးရေစီးကြောင်းများ ကူးစက်ခံရကာ ဘာသာရေးကို ယုံကြည်ခြင်းသည် ကောင်းသောအရာဟု မှတ်ယူကြသည်။ ၎င်းတို့သည် မယုံကြည်သူများထက်၊ ချုပ်တည်းမှုများကို မဆိုထားဘိ၊ ဝိညာဥ်ရေးရာ အထောက်အပံ့ပင် မရှိသော သူတို့ထက် သာလွန်သည်ဟု မိမိတို့ကိုယ်ကို ထင်မြင်ကြသည်။ မယုံကြည်သောသူတို့သည် မိမိတို့အလိုရှိရာ မည်သည့်အရာကိုမဆို ပြုလုပ်၍ မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းဖို့ရန်အတွက် အဓမ္မအမှုမှန်သမျှကို ကျူးလွန်နိုင်စွမ်းရှိကြသည်။ ထိုသို့သောလူတို့သည် ပန်းတိုင်ဟူ၍ ဆိုစရာမရှိ၊ သေပြီးနောက် ၎င်းတို့၏ရလဒ်သည် ငရဲသာဖြစ်လိမ့်မည်။ ဘာသာရေးကို ယုံကြည်သူများက “မယုံကြည်သူများသည် ဘဝနှင့်သေခြင်း သံသရာကို မယုံကြည်သကဲ့သို့ မကောင်းမှုပြုခြင်းအတွက် ဒဏ်ခတ်ခံရခြင်းရှိကြောင်း၊ ထိုသို့ပြုသူများက ငရဲသွားရပြီး အပြစ်ဒဏ်ပေးခံရမည်ဖြစ်ကြောင်းကို မယုံကြည်ကြပါ။ ထိုသူတို့က ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည်ဟု မယုံကြည်ကြပါ။ သို့သော် ဘာသာတရားကို ယုံကြည်သော ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းခံရပြီး သေခြင်းနောက်တွင် ထာဝရအသက်ကို ရလိမ့်မည်” ဟုလည်း တွေးထင်ကြသည်။ မိမိတို့ကိုယ်ကို မြင့်မြတ်သောသူများအဖြစ် သတ်မှတ်ကြပြီး သန့်ရှင်းသူများအဖြစ် ကျန်လူသားများနှင့် ကွာခြားသည်ဟု သတ်မှတ်ကြသည်။ သူတို့၏ အပြုအမူများနှင့် တွေးခေါ်မှုပုံစံများသည် အပြောင်းအလဲတစ်ချို့ ရှိသော်လည်း သမ္မာတရားကို လက်မခံကြခြင်းသာဖြစ်သည်။ ဤသည်မှာ ဘာသာတရားကို ယုံကြည်ခြင်း၏ ဆိုလိုရင်းပင်ဖြစ်သည်။ လူတစ်ဦးသည် ဘာသာတရားကို ယုံကြည်ခြင်းမှ ဘုရားသခင်ကို ယုံကြည်ခြင်းသို့ အဘယ်သို့ ကူးပြောင်းနိုင်သနည်း။ ဤသည်မှာ ရိုးရှင်းသောကိစ္စ မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်လာရုံမျှ ရှိသောသူတို့က သမ္မာတရားများကို နားမလည်ကြပေ။ ဘာသာတရားကို ယုံကြည်ခြင်းသည် ကောင်းသည်၊ ယင်းက လူကောင်းဖြစ်ခြင်းပင် ဖြစ်သည်ဟုသာ သိကြသည်။ သူတို့သည် ဘာသာတရားကို ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းကို လုံးဝမခွဲခြားနိုင်ပေ။ ထို့အတွက်ကြောင့် ဘာသာရေးကို ယုံကြည်ခြင်းမှ ဘုရားသခင်ကို ယုံကြည်ခြင်းသို့ ကူးပြောင်းခြင်းသည် ထိုးထွင်းသိမြင်မှုတစ်ခုခုကို ရရှိခွင့်ပေးသည့် သမ္မာတရားတစ်ချို့ကို နားလည်သည်အထိ အဆင့်တစ်ခုကို ဖြတ်သန်းရန် လိုအပ်သည်။ ဘုရားသခင်ကို ယုံကြည်ပြီး ငါးနှစ်ခြောက်နှစ်ခန့် သို့မဟုတ် ခုနစ်နှစ် ရှစ်နှစ်မျှပင် ကြာပြီးနောက် သင်သည် သင်၏ဆိုးယုတ်သော စိတ်သဘောထားအတိုင်း အသက်ရှင်ဆဲ၊ စာတန်နောက်သို့ လိုက်နေဆဲဖြစ်ကာ သမ္မာတရားကို လုံးဝလက်မခံဘဲ သင်နားလည်သည့် သမ္မာတရားကိုပင် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက၊ ဘုရားသခင်၏ အမှုတော်ကို ငြင်းပယ်လျက် သူ၏ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းသာမက သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ငြင်းပယ်ပါက ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် အဓိပ္ပါယ်နှင့် တန်ဖိုး ဆုံးရှုံးသွားလေပြီ။ ဘုရားသခင်၌ ယုံကြည်ခြင်းကို ဖော်ပြဖို့ အရိုးရှင်းဆုံးသော နည်းလမ်းမှာ ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းနှင့် ဤအခြေခံအုတ်မြစ်ပေါ်တွင် သူ့နောက်လိုက်ခြင်း၊ သူ့ကိုနာခံခြင်း၊ သူ၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို လက်ခံခြင်း၊ သူ၏နှုတ်ကပတ်တော်များကို အရေးစိုက်ခြင်း၊ သူ၏နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်ခြင်း၊ သူ၏နှုတ်ကပတ်တော်များနှင့်အညီ အရာရာကို လုပ်ဆောင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်ခြင်းနှင့် သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှု ဖြစ်သည်။ ဘုရားသခင်နောက်လိုက်ဖို့မှာ ဤအရာကို ဆိုလိုသည်။ အကယ်၍ ဘုရားသခင်နောက်လိုက်သည်ဟု သင်ပြောသော်လည်း၊ သင်၏စိတ်နှလုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်မလက်ခံဘဲ ယင်းတို့နှင့်ပတ်သက်၍ သံသယစိတ်ထားကို ထိန်းသိမ်းထားသကဲ့သို့ သူ၏အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို လက်မခံဘဲ သင်သည် သူလုပ်ဆောင်သည့်အရာနှင့်ပတ်သက်၍ အယူအဆများနှင့် နားလည်မှုလွဲမှားခြင်းများ အမြဲရှိပြီး၊ ယင်းနှင့်ပတ်သက်၍ အမြဲစောဒကတက်ကာ အမြဲမကျေမနပ်ဖြစ်ပါက၊ ထို့ပြင် သူလုပ်ဆောင်သည့်အရာကို သင်၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများဖြင့် အမြဲတမ်း အကဲဖြတ်ပြီး ချဉ်းကပ်နေပါက၊ ထို့ပြင် သင်၌ သင်၏ကိုယ်ပိုင်အတွေးအမြင်များနှင့် သိနားလည်မှုများ အမြဲရှိပါက— ဤအရာက ပြဿနာဖြစ်စေလိမ့်မည်။ ယင်းသည် ဘုရားသခင်၏အမှုကို တွေ့ကြုံနေခြင်း မဟုတ်သကဲ့သို့ ယင်းက သူ့နောက် အမှန်တကယ်လိုက်သည့် နည်းလမ်းမဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၌ ယုံကြည်ခြင်း မဟုတ်ပေ။

ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည် အတိအကျဆိုလျှင် အဘယ်နည်း။ ဘာသာတရားကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ညီမျှသလော။ ဘာသာတရားကို ယုံကြည်ခြင်းသည် စာတန်နောက်လိုက်ခြင်း ဖြစ်သည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်နောက်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် ခရစ်တော်နောက်လိုက်သူများသာလျှင် ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အသက်အဖြစ် စိုးစဉ်းမျှ လက်မခံသူသည် ဘုရားသခင်၌ စစ်မှန်သောယုံကြည်သူ မဟုတ်ပေ။ ၎င်းတို့သည် မယုံကြည်သူဖြစ်ပြီး ဘုရားသခင်ကို နှစ်ပေါင်းမည်မျှပင် ယုံကြည်စေကာမူ အကျိုးမရှိပေ။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးသည် ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများကို လုပ်ဆောင်ရုံသာရှိသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါက ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူမဟုတ်သည့်အပြင် ၎င်းတို့ကို ဘုရားသခင်က အသိအမှတ်မပြုပေ။ ဘုရားသခင်သည် သင့်အား သူ၏နောက်လိုက်အဖြစ် အသိအမှတ်ပြုဖို့ဆိုလျှင် သင်သည် မည်သည့်အရာကို ပိုင်ဆိုင်ဖို့ လိုအပ်သနည်း။ လူတစ်ဦးကို ဘုရားသခင်တိုင်းတာသည့် စံနှုန်းများကို သင်သိပါသလော။ သင်သည် သူ၏ တောင်းဆိုချက်များအတိုင်း အရာရာကို လုပ်ဆောင်ခြင်းရှိမရှိအပြင် သူ၏ နှုတ်ကပတ်တော်များကို အခြေခံ၍ သမ္မာတရားကို လက်တွ့ကျင့်သုံးခြင်းနှင့် ကျိုးနွံနာခံခြင်း ရှိမရှိကို ဘုရားသခင် အကဲဖြတ်သည်။ ဤသည်မှာ လူတစ်ဦးကို ဘုရားသခင်တိုင်းတာသည့် စံနှုန်းဖြစ်သည်။ ဘုရားသခင်၏ တိုင်းတာမှုဟူသည် နှစ်ပေါင်းမည်မျှကြာကြာ သင်ယုံကြည်လာခဲ့ပြီ၊ မည်မျှဝေးဝေး သင်ခရီးပြုလာခဲ့ပြီ၊ သင်၌ ကောင်းမွန်သည့် အပြုအမူ မည်မျှရှိသည် သို့မဟုတ် သြဝါဒဆိုင်ရာ စကားလုံးမည်မျှ သင်နားလည်သည် စသည်တို့အပေါ် မမူတည်ပေ။ သူသည် သင့်အနေဖြင့် သမ္မာတရားကို လိုက်စားခြင်းရှိမရှိနှင့် မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်သည်ဆိုသည်ကို အခြေခံ၍ သင့်အားတိုင်းတာသည်။ လူများစွာတို့သည် ဘုရားသခင်ကို နှုတ်ဖြင့် ယုံကြည်ကြပြီး သူ့ကို ချီးမွမ်းကြသော်လည်း သူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်မိန့်မြွက်သော နှုတ်ကပတ်တော်များကို မနှစ်သက်ကြပေ။ ထိုသူတို့သည် သမ္မာတရားကို စိတ်မဝင်စားကြပေ။ စာတန်၏ဒဿနများ သို့မဟုတ် လောကီသီအိုရီအမျိုးမျိုးအတိုင်း အသက်ရှင်ခြင်းသည် သာမန်လူတို့ လုပ်ဆောင်သည့်အရာဖြစ်ကြောင်း၊ ဤသည်မှာ မိမိကိုယ်ကို ကာကွယ်နိုင်ပုံဖြစ်ကြောင်းနှင့် ဤလောကတွင် တန်ဖိုးရှိရှိ နေထိုင်နည်းဖြစ်ကြောင်း အမြဲယုံကြည်ကြသည်။ ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်သူများလော။ မဟုတ်ကြချေ။ မြင့်မြတ်ပြီး ကျော်ဇော်သူများ၏ စကားများသည် အထူးသဖြင့် အမြော်အမြင်ကြီးဟန်တူပြီး သူတစ်ပါးတို့ကို အလွယ်တကူ လှည့်စားနိုင်သည်။ သင်သည် ၎င်းတို့၏စကားများကို သမ္မာတရားများ သို့မဟုတ် လိုက်နာရမည့် ဆောင်ပုဒ်များအဖြစ် စွဲကိုင်ကောင်း စွဲကိုင်ထားမည်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ရိုးသားသူတစ်ဦးဖြစ်ခြင်း၊ မိမိ၏နေရာကို လိုလိုလားလားနှင့် လုံးလုံးလျားလျား ထိန်းသိမ်းခြင်း၊ ဖန်ဆင်းခံ အဖြစ် မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် တည်ငြိမ်ရိုးသားသော ပြုမူကျင့်ကြံမှုရှိခြင်းတို့ကဲ့သို့ လူတို့အပေါ် သူထားရှိသော သာမန်တောင်းဆိုချက်တို့နှင့် ပတ်သက်၍ သင်သည် ဤနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းမရှိ၊ ယင်းတို့ကို သမ္မာတရားများအဖြစ် မမှတ်ယူပါက သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး မဟုတ်ပေ။ သင်သည် သမ္မာတရားကို ကျင့်သုံးနေသည်ဟု ဆိုသော်လည်း ဘုရားသခင်က သင့်အား “သင်ကျင့်သုံးနေသည့် ‘သမ္မာတရားများ’ သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဟုတ်ပါသလော။ သင်လိုက်နာကျင့်သုံးနေသည့် အခြေခံစည်းမျဉ်းများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံပါသလော” ဟု မေးလျှင် မိမိကိုယ်ကို မည်သို့ဖြေရှင်းမည်နည်း။ သင်၏ အခြေပြုချက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် မဟုတ်ပါက ယင်းသည် စာတန်၏ စကားများဖြစ်သည်။ သင်သည် စာတန်၏ စကားများအတိုင်း အသက်ရှင်နေလင့်ကစား သင်သည် သမ္မာတရားကို ကျင့်သုံးပြီး ဘုရားသခင်ကို ကျေနပ်စေသည်ဟု ဆိုသည်။ ယင်းက ဘုရားသခင်ကို စော်ကားနေသည် မဟုတ်လော။ ဥပမာအားဖြင့်၊ ဘုရားသခင်သည် လူတို့ကို ရိုးသားရန် ညွှန်ကြားထားသော်လည်း အချို့သောလူများသည် ရိုးသားသူဖြစ်ခြင်းတွင် အမှန်တကယ် ပါဝင်သည့်အရာ၊ ရိုးသားသူဖြစ်လာရန် လေ့ကျင့်နည်း၊ ၎င်းတို့ အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်သော မည်သည့်အရာများက မရိုးသားဘဲ ၎င်းတို့ အသက်ရှင်နေထိုင်ပြီး ထုတ်ဖော်သော မည်သည့်အရာများက ရိုးသားသည်ကို မစဉ်းစားကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များရှိ သမ္မာတရား၏ အနှစ်သာရကို ဆင်ခြင်ရမည့်အစား ၎င်းတို့သည် မယုံကြည်သူများ၏ စာအုပ်များကို အားထားကြသည်။ “မယုံကြည်သူများ၏ ဆိုရိုးစကားများလည်း အတော်ကောင်းသည်။ ယင်းတို့ကလည်း လူတို့ကို လူကောင်းဖြစ်ရန် သွန်သင်ပေးသည် ဟု သူတို့က ထင်ကြ၏။ သာဓကအားဖြင့်၊ ‘ကောင်းသောသူများ၌ ငြိမ်းချမ်းသည့် ဘဝရှိသည်’ ‘မာယာကင်းသော လူများ အမြဲ အောင်မြင်သည်’ ‘သူတစ်ပါးကို ခွင့်လွှတ်ခြင်းသည် မိုက်မဲခြင်းမဟုတ်၊ နောင်တွင် အကျိုးကို ဆောင်တတ်၏’ တို့ ဖြစ်ကြသည်။ ဤဖော်ပြချက်များလည်း မှန်ကန်သည်၊ ထို့ပြင် သမ္မာတရားနှင့် ကိုက်ညီ၏။” ဟု သူတို့က ထင်ကြသည်။ ထို့ကြောင့် ဤစကားများကို သူတို့က လိုက်နာကြသည်။ မယုံကြည်သူများ၏ ဤဆိုရိုးစကားများကို လိုက်နာခြင်းဖြင့် မည်သို့သော လူစားမျိုးအဖြစ် သူတို့အသက်ရှင်နိုင်မည်နည်း။ သူတို့သည် သမ္မာတရား၏ စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်နိုင်သလော။ (မနေထိုင်နိုင်ပါ။) ဤကဲ့သို့သောလူ များစွာရှိသည် မဟုတ်လော။ သူတို့သည် အသိပညာတစ်ချို့ကို ဆည်းပူးကြသည်။ စာအုပ်အနည်းငယ်နှင့် ကျော်ကြားသော စာပေလက်ရာအချို့ကို ဖတ်ဖူးသည်။ ရှုထောင့်တစ်စုံတစ်ရာကို ရရှိကြပြီး ကျော်ကြားသော ဆိုရိုးစကားနှင့် ရိုးရာစကားပုံအနည်းငယ်ကို ကြားသိပြီးနောက် ယင်းတို့ကို သမ္မာတရားအဖြစ်ခံယူကာ ဤစကားများနှင့်အညီ ပြုမူဆောင်ရွက်ပြီး မိမိတို့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကာ ဘုရားသခင်ကို ယုံကြည်သူများအဖြစ် မိမိတို့၏အသက်တာတွင် အသုံးချပြီး ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေသည်ဟု ထင်မြင်ကြသည်။ ဤသည်မှာ သမ္မာတရားကို အမှားဖြင့် အစားထိုးခြင်း မဟုတ်လော။ လိမ်လည်လှည့်ဖြားမှုနှင့် ပတ်သက်သည်မဟုတ်လော။ ဘုရားသခင်အတွက် ဤအရာသည် စော်ကားခြင်းပင်။ ဤအရာများသည် လူတစ်ဦးစီတိုင်းတွင် အနည်းအကျဉ်းမျှမက ပေါ်လွင်သည်။ လူတို့ကြားမှလာသည့် နှစ်သက်ဖွယ်ကောင်းသော စကားများနှင့် မှန်ကန်သော အယူဝါဒများကို လက်ကိုင်ထားရမည့် သမ္မာတရားများအဖြစ် မှတ်ယူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘေးဖယ်ထားကာ ယင်းတို့ကို လျစ်လျူရှုသောသူ၊ ယင်းတို့ကို အကြိမ်မည်မျှဖတ်သည်ဖြစ်စေ နှလုံးသွင်းရန် သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် ထည့်သွင်းစဉ်းစားရန် ပျက်ကွက်သောသူ တစ်ဦးအနေဖြင့် ထိုသူသည် ဘုရားသခင်ကို ယုံကြည်သူဖြစ်သလော။ သသည် ဘုရားသခင်၏ နောက်လိုက်တစ်ယောက်လော။ (မဟုတ်ပါ။) ထိုသို့သောလူတို့သည် ဘာသာတရားကို ယုံကြည်ကြခြင်းဖြစ်သည်။ စာတန်နောက်သို့ လိုက်နေကြဆဲပင်။ စာတန်ပြောသော စကားများသည် အတွေးအခေါ်မြင့်မားပြီး လွန်စွာ လေးနက်ကာ ဂန္တဝင်ဆန်သည်ဟု သူတို့ယုံကြည်ကြသည်။ ၎င်းတို့ကို အဆုံးစွန်သော အမှန်တရားဆိုင်ရာ ကျော်ကြားသော ဆိုရိုးစကားများဟု မှတ်ယူကြသည်။ သူတို့သည် အခြားမည်သည့်အရာကို စွန့်လွှတ်ရသည်ဖြစ်စေ ထိုစကားများကို လက်လွှတ်မခံနိုင်ကြပေ။ ထိုစကားများကို စွန့်ပစ်လိုက်ခြင်းက သူတို့၏နှလုံးသားကို ညှစ်ထုတ်ပစ်သကဲ့သို့ သူတို့၏ အသက်တာ၏ အခြေခံအုတ်မြစ်ကို ဆုံးရှုံးရသည်နှင့်တူပေမည်။ ဤသူတို့မှာ မည်သည့်လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့သည် စာတန်၏နောက်လိုက်များဖြစ်ကြပြီး၊ ယင်းကြောင့် ၎င်းတို့သည် စာတန်၏ ကျော်ကြားသောဆိုရိုးစကားများကို သမ္မာတရားအဖြစ် လက်ခံခြင်ဖြစ်သည်။ သင်တို့သည် မတူညီသော နောက်ခံအကြောင်းများ အတွင်း၌ မိမိကိုယ်ကို တွေ့မြင်ရသော အခြေအနေအမျိုးမျိုးကို ခွဲခြမ်းစိတ်ဖြာပြီး သတိပြုမိနိုင်သလော။ သာဓကအနေဖြင့်၊ လူအချို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ နှုတ်ကပတ်တော်များကို မကြာခဏ ဖတ်ရှုသော်လည်း သူတို့အပေါ် အမှုအရာများ ကျရောက်လာသောအခါတွင် “ကျွန်ုပ်အမေ ပြောခဲ့သည်”၊ “ကျွန်ုပ်အဘိုး ပြောခဲ့သည်”၊ “နာမည်ကျော်ကြားသော ဤသူထိုသူ ပြောခဲ့သည်”၊ သို့မဟုတ် “ဤစာအုပ် ထိုစာအုပ်က ဆိုခဲ့သည်” ဟု အမြဲပြောကြသည်။ “ဘုရားသခင်၏ နှုတ်ကပတ်တော်က ဤသို့ဆိုသည်”၊ “ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များက ထိုကဲ့သို့ဖြစ်သည်”၊ “ဘုရားသခင်က ဤသို့ဆိုသည်” ဟု တစ်ခါမျှ မပြောဖူးကြပေ။ ဤစကားများကို သူတို့ မည်သည့်အခါမျှ မပြောကြပေ။ သူတို့သည် ဘုရားသခင်နောက် လိုက်နေကြသလော။ (မလိုက်ကြပါ။) ဤအခြေအနေများကို လူတို့ရှာဖွေတွေ့ရှိရန် လွယ်ကူသလော။ မလွယ်ကူပေ။ သို့သော် လူတို့၌ ယင်းတို့၏ တည်ရှိမှုသည် ထိုသူတို့အတွက် ကြီးစွာသော ထိခိုက်မှုပင်ဖြစ်၏။ သင်သည် ဘုရားသခင်ကို သုံးနှစ်၊ ငါးနှစ်၊ ရှစ်နှစ်၊ သို့မဟုတ် ဆယ်နှစ်ကြာ ယုံကြည်ပြီးသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ဘုရားသခင်ကို မည်သို့နာခံရမည်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သင် မသိသေးပေ။ သင့်အပေါ် မည်သည့်အရာဖြစ်ပါစေ ဆိုးယုတ်သော စကားများကို သင့်အခြေခံအဖြစ် သင် သဘောထားနေသေးသည်။ အခြေခံအကြောင်းရင်းကို ရိုးရာယဉ်ကျေးမှု၌ သင်ရှာနေသေးသည်။ ယင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်းလော။ သင်သည် စာတန်နောက်သို့ လိုက်နေခြင်း မဟုတ်လော။ သင်သည် ဆိုးယုတ်သော စကားများဖြင့် နေထိုင်ပြီး ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင်သောကြောင့် ဘုရားသခင်ကို ခုခံနေခြင်း မဟုတ်လော။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်း မရှိသည့်အတွက်၊ ဘုရားသခင်၏ ခြေလှမ်းများနောက် မလိုက်ဘဲ ဘုရားသခင် ပြောသည့်အရာတိုင်းကို အရေးမစိုက်နိုင်ကာ ဘုရားသခင် မည်သည့်အရာ စီစဉ်ညွှန်ကြားပါစေ၊ သို့မဟုတ် သင့်အား တောင်းဆိုပါစေ မနာခံနိုင်သည့်အတွက် သင်သည် ဘုရားသခင်နောက် လိုက်နေခြင်း မဟုတ်ချေ။ သင်သည် စာတန်နောက်သို့ လိုက်နေဆဲဖြစ်သည်။ စာတန်သည် အဘယ်မှာနည်း။ စာတန်သည် လူတို့၏စိတ်နှလုံးထဲတွင် ရှိသည်။ စာတန်၏ အတွေးအမြင်များ၊ ယုတ္တိနှင့် စည်းမျဉ်းများ၊ ပြီးလျှင် ဆိုးယုတ်သော စကားပေါင်းစုံတို့သည် ကြာမြင့်သော အချိန်ကတည်းက လူတို့၏စိတ်နှလုံးထဲတွင် အမြစ်တွယ်ခဲ့ပြီးဖြစ်သည်။ ဤသည်မှာ အဆိုးရွားဆုံးပြဿနာဖြစ်သည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်း၌ ဤပြဿနာကို သင်မဖြေရှင်းနိုင်ပါက သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်း မခံရနိုင်ချေ။ ထို့ကြောင့် သင်တို့သည် သင်တို့ လုပ်ဆောင်နေသည့်အရာအားလုံး၊ သင်တို့၏အတွေးများနှင့် အမြင်များ၊ ပြီးလျှင် နှိုင်းယှဥ်သည့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆန့်ကျင်၍ အမှုကိစ္စများကို လုပ်ဆောင်ခြင်းအတွက် သင်တို့၏ အခြေခံအကြောင်းရင်းကို မကြာခဏ နမူနာပြရမည်ဖြစ်ပြီး သင်တို့၏ အတွေးထဲရှိ အရာများကို ဆန်းစစ်ရမည်။ သင်တို့အထဲမှ မည်သည့်အရာများက အသက်ရှင်မှုအတွက် ဒဿနအမြင်များ ဖြစ်သည်၊ အများကြိုက် ဆိုရိုးစကားများဖြစ်သည်၊ ရိုးရာထုံးတမ်းဓလေ့ဖြစ်သည်သာမက မည်သည်တို့က ဦးနှောက်အသိပညာမှ လာသည်ကို သိရမည်။ သင်တို့သည် ဤအရာများမှ မည်သည့်အရာကို မှန်ကန်ပြီး သမ္မာတရားနှင့်အညီ ဖြစ်သည်ဟု အမြဲတမ်း ယုံကြည်သည်၊ မည်သည့်အရာကို သမ္မာတရားသဖွယ် သင်လိုက်နာပြီးလျှင် မည်သည့်အရာကို သမ္မာတရားအား အစားထိုးခွင့်ပေးသည်ကို သိရပေမည်။ ဤအရာတို့ကို သင်ခွဲခြမ်းစိတ်ဖြာရမည်ဖြစ်သည်။ အထူးသဖြင့် အကယ်၍ မှန်ကန်ပြီး တန်ဖိုးရှိသည်ဟု သင်ယုံကြည်သော အရာများကို သမ္မာတရားကဲ့သို့ သင်သဘောထားလျှင် ယင်းတို့ကို ရိပ်စားမိရန် မလွယ်ကူ။ သို့သော် ယင်းတို့ကို ရိပ်စားမိပါက သင်သည် ကြီးမားသော အတားအဆီးတစ်ခုကို ထိုးဖောက်ကျော်လွှားပြီး ဖြစ်လိမ့်မည်။ ဤအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် လူတို့၏ နားလည်သဘောပေါက်ခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ၊ ပြီးလျှင်ဘုရားသခင်ကို နာခံခြင်းအတွက် အဟန့်အတားများ ဖြစ်လေသည်။ အကယ်၍ သင်သည် စိတ်ရှုပ်ထွေးကာ လုပ်စရာမရှိဘဲ တစ်နေ့လုံး အချိန်ကုန်နေပြီး ဤအရာများကို ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် ဤပြဿနာများအား ဖြေရှင်းခြင်းအပေါ် အာရုံစိုက်ခြင်း မရှိပါက ယင်းတို့သည် သင်၏စိတ်နှလုံးထဲ၌ စိတ်ဓာတ်ကျဆင်းမှု၏ ဇာစ်မြစ်နှင့် အဆိပ်အတောက်ဖြစ်လေသည်။ ယင်းတို့ကို မဖယ်ရှားလျှင်၊ သင်သည် ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း သို့မဟုတ် ဘုရားသခင်ကို နာခံနိုင်စွမ်းမရှိဘဲ ကယ်တင်ခြင်း ရရှိဖို့နည်းလမ်းလည်း ရှိလိမ့်မည် မဟုတ်ပေ။

ယခု ငါတို့သည် ဤအရာများနှင့်ပတ်သက်၍ မိတ်သဟာယပြုပြီးဖြစ်၍ သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သမ္မာတရားကို ဆန့်ကျင်သော်လည်း သင်တို့က သမ္မာတရားအဖြစ် မှတ်ယကာ လက်တွေ့ကျင့်သုံးပြီး ထိုအတိုင်း စွဲကိုင်ထားသည့် သင်တို့အထဲ၌ရှိသော အခြေအနေများ၊ အယူအဆများ သို့မဟုတ် ဘက်လိုက်သော ရှုမြင်ချက်များကို စဉ်းစားမိပြီလော။ (လူတစ်ယောက်အနေဖြင့် လူတိုင်းနှစ်သက်ပြီး ပေါင်းသင်းလိုသော လူကောင်းတစ်ဦးဖြစ်အောင် ကြိုးပမ်းသင့်သည်ဟု ကျွန်ုပ်၌ ရှုမြင်ချက်ရှိခဲ့သည်။ သမ္မာတရားကို ကျွန်ုပ် နားမလည်သည့်အခါ ဤလိုက်စားမှုက တရားမျှတပြီး မှန်ကန်သည်ဟု ထင်ခဲ့သည်။ သို့သော် ယခုတွင် သမ္မာတရားဖြင့် တိုင်းတာလျှင် ထိုကဲ့သို့သော လူသည် လူ့အကြိုက်လိုက်သူဖြစ်ကြောင်း ကျွန်ုပ် သဘောပေါက်သည်။ အထူးသဖြင့် လှည့်စားသောလူတို့အကြောင်း ဘုရားသခင်၏ ဗျာဒိတ်တော်များကို ဖတ်ရှုပြီးနောက် အခြားသူများ၏ အကြိုက်ကိုလိုက်ပြီး ယုံမှားစေသော အသွင်များကိုပေးကာ ထိုသူတို့ကို လှည့်စားခြင်းဖြင့် ကျွန်ုပ်၏ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ထိန်းသိမ်းဖို့ရန် အရာခပ်သိမ်းကို ကြိုးစား၍ လုပ်ဆောင်ရာ၌ လှည့်စားတတ်သော ရည်ရွယ်ချက်များရှိမှန်း ပိုင်းခြားသိမြင်ခဲ့ရသည်။ တစ်ခါတစ်ရံတွင် အခြားသူတို့နှစ်သက်ဖို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားကိုပင် စတေးခဲ့သည်။ ကျွန်ုပ်သည် လုံးဝ လူကောင်းမဟုတ်သကဲ့သို့ စစ်မှန်သော လူသားပုံသဏ္ဌာန်ကိုလည်း မပိုင်ဆိုင်ခဲ့ပါပေ။ ဤအရာများကို တွေ့ရှိသောအခါ ကျွန်ုပ်သည် သမ္မာတရားကို ရှာဖွေလိုခဲ့ပြီး လူ့အကြိုက်လိုက်သူ ဖြစ်မည့်အစား ဘုရား၏တောင်းဆိုချက်များအတိုင်း ရိုးသားသူဖြစ်ချင်ခဲ့သည်။ ကျွန်ုပ်သည် အရှိအတိုင်းနှင့် အမှန်အတိုင်း ပြောဆိုတတ်သူ၊ အရာရာတိုင်းတွင် ဖြောင့်မတ်ရိုးသားသူ ဖြစ်ချင်ခဲ့ပြီး၊ ဤသည်မှာ ဘုရားသခင်၏ အလိုတော်နှင့် ညီညွတ်သောကြောင့် ဖြစ်သည်။) (ဤကာလတစ်လျှောက်တွင် ကျွန်ုပ်သည် အပြင်ပန်းအပြုအမူ၏ ပြောင်းလဲမှုများကို အာရုံစိုက်ခဲ့မှန်း သတိပြုမိခဲ့သည်။ ဥပမာ၊ ညီအစ်ကို မောင်နှမတစ်ချို့က ကျွန်ုပ်ကို မာနကြီးပြီး ပေါင်းသင်းရခက်သည်ဟု ပြောသည့်အခါ ကျွန်ုပ်သည် ထိုသူတို့နှင့် အလိုက်အထိုက်နေရန်နှင့် သိမ်မွေ့ရင်းနှီးသောပုံစံဖြင့် အမှုအရာတို့ကို ဆွေးနွေးရန် ကြိုးစားမည်ဖြစ်သည်။ သူတို့ပြောသမျှကို ကျွန်ုပ်လုပ်ခဲ့ပြီး မိမိတို့၏တာဝန်ကို ထမ်းဆောငစဉ် အမှားလုပ်မိသူတစ်ဦးကို ကျွန်ုပ်တွေ့ခဲ့လျှင် ယင်းကို ထောက်ပြမည့်အစား ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ခြင်းကို ထိန်းသိမ်းမည်ဖြစ်သည်။ ကျွန်ုပ်သည် ယခုတွင် ဘုရားသခင်၏ မိတ်သဟာယပြုချက်ကို နားထောင်နေစဉ်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း မလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ကျွန်ုပ်သည် အသက်ရှင်မှုအတွက် စာတန်၏ အတွေးအခေါ်များဖြင့် လုပ်ဆောင်နေသည်။ ကျွန်ုပ်သည် အခြားသူများကို လှည့်ဖြားရန် ကျွန်ုပ်၏ ကောင်းမွန်သော အပြင်ပန်းအပြုအမူကို အသုံးချနေချိန်၌ အမှန်တကယ်တွင် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပျောက်မသွားပါ။ ကျွန်ုပ်သည် သမ္မာတရားကို လိုက်စားသူ မဟုတ်ခဲ့ဘဲ အချိန်များစွာ ဖြုန်းတီးခဲ့သည်။) သင်တို့သည် ယခင်က မှားယွင်းသော ရှုထောင့်များနှင့် အလေ့အကျင့်တစ်ချို့ကို ယခုတွင် ရိပ်မိသိရှိနိုင်သော်လည်း သမ္မာတရားကို သင်တို့ကျင့်သုံးသောအခါ သင်တို့အတွက် ခက်ခဲပင်ပန်းလေသည်။ ဤအခြေအနေများကို အသိအမှတ်ပြုပြီး သတိပြုမိပါက ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်၏ အတိဒုက္ခနှင့် ပတ်သက်၍ သင်တို့၏ အတွေးအမြင်များနှင့် ခံစားချက်များကား အဘယ်နည်း။ ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အား စာတန်က ခိုင်မြဲစွာ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားကြောင်း သင် ခံစားမိပါသလော။ ဤသည်ကို သင်သတိထားမိပြီလော။ (သတိထားမိပါပြီ။) ယင်းကို သင်တို့ မည်သည့်အချိန်က သတိထားမိသနည်း။ (သမ္မာတရားကို ကျွန်ုပ် ကျင့်သုံးလိုသောအခါ စာတန်၏သဘောသဘာဝသည် ကျွန်ုပ်ကို အတွင်းနှလုံးသား၌ ထိန်းချုပ်ပြီး အကျဉ်းချထားပါသည်။ ကျွန်ုပ်၏ စိတ်နှလုံးထဲ၌ ရုန်းကန်ကြိုးစားသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ပါ။ သံခြေချင်းတစ်မျိုးကို ကျွန်ုပ် ဝတ်ဆင်ထားရသကဲ့သို့ ဖြစ်သည်။ ယင်းက စိတ်ဒုက္ခရောက်သည်။) သို့ဆိုလျှင် စာတန်သည် အလွန်အမင်း မုန်းတီးစရာကောင်းသည်ဟု သင်ခံစားခဲ့ရသလော။ သို့မဟုတ် အချိန်ကြာလာသည်နှင့်အမျှ ထုံအသွားပြီး အမုန်းတရားကို နောက်ထပ်လှုံ့ဆော်နိုင်စွမ်း မဲ့နေခဲ့သလော။ (စာတန်သည် မုန်းတီးဖွယ်ကောင်းကြောင်း ကျွန်ုပ်ခံစားခဲ့ရသည်။) လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏အလုပ် အလွန်တရာ လိုအပ်သည်ကို သင်သဘောပေါက်ပြီးပြီလော။ လူသားမျိုးနွယ်ကို ဖော်ထုတ်သည့် စကားလုံးများအပါအဝင် ဘုရားသခင်ဖော်ပြသော နှုတ်ကပတ်တော်များနှင့် သမ္မာတရားများအားလုံးသည် အစစ်အမှန်မဟုတ်သော စကားစုတစ်ကြောင်းမျှမပါ၊ လက်တွေ့အရှိတရားများဖြစ်ကြောင်းနှင့် ယင်းတို့အားလုံးသည် အဖြစ်မှန်များနှင့် လုံးဝကိုက်ညီနေပြီး လူသားမျိုးနွယ်အနေဖြင့် သမ္မာတရားကို ရရှိပြီး ကယ်တင်ခြင်းသို့ရောက်ရန်အတွက် အလိုအပ်ဆုံး စကားလုံးများဖြစ်ကြောင်း သင်နားလည်နိုင်သလော။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို အသည်းအသန် လိုအပ်လျက်ရှိ၏။ အကယ်၍ ဘုရားသခင်သည် သူ၏အလုပ်ကိုဆောင်ရွက်ရန် လူ့ဇာတိမခံယူခဲ့ပါက မြောက်မြားစွာသော သမ္မာတရားများကို မဖော်ပြထားခဲ့ပါက၊ လူသားမျိုးနွယ်သည် ကယ်တင်ခြင်းသို့ရောက်ရာ လမ်းကြောင်းကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း။ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများအတွက် စာတန်နှင့် နတ်ဆိုးများအပေါ် မှီခိုအားထားမှုဟူသမျှသည် ပျက်စီးခြင်းသို့ ရောက်မည်ဖြစ်သည်။ စာတန်၏ အတွေးအခေါ်များ၊ စာတန်၏ တွေးခေါ်မှုစနစ်နှင့် ဥပဒေများဖြင့် အသက်ရှင်သော လူအားလုံးသည် ပျက်စီးခြင်း၏ပစ်မှတ်များ ဖြစ်ကြသည်။ ဤသည်ကို ယခု သင်တို့ သတိထားမိသလော။ ယင်းကို သတိထားမိရုံနှင့် မလုံလောက်ပေ။ ယင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို တောင့်တသော နှလုံးသားမျှသာ ဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားကို လက်ခံနိုင်ခြင်းရှိမရှိ၊ တရားစီရင်မှုနှင့် အပြစ်ဒဏ်ကို လက်ခံနိုင်ခြင်းရှိမရှိနှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ချွတ်ချနိုင်ခြင်းရှိမရှိ ဆိုသည်တို့က အရေးကြီးသော မေးခွန်းများဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သူများသည် သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို ချစ်ရမည်ဖြစ်ပြီး မကောင်းမှုနှင့် စာတန်ထံမှလာသော အရာမှန်သမျှကိုလည်း မုန်းတီးရမည်ဖြစ်သည်။ ၎င်းတို့သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် မိမိကိုယ်ကို နားလည်မှုအပေါ် အာရုံစိုက်ကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား လွှမ်းမိုးမှုများအား ပိုင်းခြားသိမြင်ခြင်းအပေါ် အာရုံစိုက်ရမည် ဖြစ်သည်။ ၎င်းတို့၏ သဘောသဘာဝနှင့် အနှစ်သာရသည် ကြောက်မက်ဖွယ်ကောင်းပြီး ဆိုးယုတ်ကြောင်း၊ ဘုရားသခင်ကို ဆန့်ကျင်ကာ ဘုရားသခင်က စက်ဆုပ်ရွံရှာကြောင်း၊ မိမိကိုယ်ကို စက်ဆုပ်ဖွယ်ကောင်းသည်ဟု ခံစားရခြင်းနှင့် စိတ်နှလုံးထဲမှ မိမိကိုယ်ကို စက်ဆုပ်ရွံရှာခြင်းငှာ စွမ်းဆောင်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်ရမည်ဖြစ်သည်။ သို့မှသာ ၎င်းတို့သည် စာတန်သဘောသဘာဝ၏ ချုပ်နှောင်မှုနှင့် ကန့်သတ်မှုများမှ လွတ်မြောက်ရန်နှင့် စွန့်ပစ်ရန်အတွက်သာမက သမ္မာတရားကို ကျင့်သုံးပြီး ဘုရားသခင်ကို ကျိုးနွံနာခံရန်အတွက် ဆုံးဖြတ်ချက်နှင့် ခွန်အားကို ရရှိနိုင်သည်။ ဤသို့ စိတ်ဓာတ်ခိုင်မာမှုမရှိဘဲ သင်ထိုသို့လုပ်ဆောင်ဖို့ လိုအပ်လျှင်ပင် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် အခက်တွေ့လိမ့်မည်။ အချုပ်အနှောင်၊ ကြိုးကိုင်ညွှန်ကြားမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဖျက်ဆီးခြင်းနှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား အလွဲသုံးစားလုပ်မှု စသည့် အခြေအနေများကြားတွင် လူတို့သည် သေလုမျောပါး ရုန်းကန်ကြရမည်။ ဤဝေဒနာကို ခံစားရသောအခါမှသာ သူတို့သည် စာတန်ကိုမုန်းတီးပြီး ဤအရာအားလုံးကို ပြောင်းလဲပစ်ရန် ဆုံးဖြတ်ချက်နှင့် သန္နိဋ္ဌာန်ထားရှိကြသည်။ ဆင်းရဲဒုက္ခကို အတော်အတန် ကြံ့ကြံ့ခံပြီးမှသာလျှင် သမ္မာတရားကို လိုက်လျှောက်ရန်နှင့် ဤအရာအားလုံးမှ လွတ်မြောက်ရန် သူတို့သည် စိတ်ပိုင်းဖြတ်လာနိုင်ပြီး စေ့ဆော်မှု ရှိလာနိုင်သည်။ သင်သည် မည်သည့်နာကျင်မှုမျှ မခံစားရဘဲ သို့မဟုတ် စာတန်သည် လူတို့အား အကြင်နာမဲ့ပုံကို သတိမပြုမိဘဲ စာတန်၏အမှုအရာများမှာ အတော်လေးကောင်းမွန်သည်ဟုလည်းကောင်း၊ ဇာတိပကတိကို ကျေနပ်စေကာ လူတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ၊ လူတို့၏ လွန်ကဲသောစိတ်ဆန္ဒများနှင့် အမျိုးမျိုးသော ရွေးချယ်မှုများကို ဖြည့်ဆည်းပေးနိုငသည်ဟုလည်းကောင်း ခံစားရပါက သင်သည် ဤအရာအားလုံးမှ လွတ်မြောက်ရန် ဆန္ဒရှိပါသလော။ (မရှိပါ။) လှည့်စားတတ်သော လူတစ်ဦးက မိမိစဉ်းလဲသည်၊ လိမ်လည်ရခြင်းကို နှစ်သက်ပြီး သမ္မာတရားကို ပြောခြင်းအား မနှစ်သက်ကြောင်းနှင့် ၎င်းသည် အခြားလူများနှင့် ဆက်ဆံရေးများတွင် အရာရာကို အစဉ်သဖြင့် ဖုံးကွယ်နေကြောင်းကို သတိပြုမိသော်လည်း မိမိကိုယ်ကို “ဤသို့ ရှင်သန်ရခြင်းမှာ ကောင်းလှသည်။ အခြားလူများကို ငါအဆက်မပြတ် လှည့်စားလျက်ရှိသော်လည်း ၎င်းတို့က ငါ့ကို ထိုကဲ့သို့ မပြုလုပ်နိုင်။ ငါ၏ကိုယ်ပိုင်အကျိုးစီးပွား၊ ဂုဏ်၊ အဆင့်အတန်း၊ မာနနှင့်ပတ်သက်လျှင် ငါသည် အမြဲလိုလို ကျေနပ်မှုရှိ၏။ အမှုအရာများသည် ငါ၏အစီအစဉ်များအတိုင်း အမှားကင်းစွာ၊ ချောမွေ့စွာ ဖြစ်ပျက်ပြီး မည်သူမျှ ၎င်းတို့ကို မရိပ်စားမိ” ဟူ၍ တွေးတောလျက် ထိုအရာကို ၎င်းတို့က အကြိုက်တွေ့ကြသည် ဆိုပါစို့။ ထိုလူစားမျိုးတွင် ရိုးသားလိုသော ဆန္ဒရှိသလော။ မရှိပေ။ လှည့်စားခြင်းနှင့် ကောက်ကျစ်ခြင်းသည် ဉာဏ်ရှိခြင်းနှင့် အသိပညာဖြစ်သည်၊ အပြုသဘောဆောင်သောအရာများဖြစ်သည်ဟု ဤသူက ယုံကြည်သည်။ သူသည် ဤအရာများကို တန်ဖိုးထားပြီး ဤအရာများမရှိဘဲ မနေနိုင်ပေ။ “ယင်းက အကောင်းဆုံး ပြုမူနေထိုင်နည်း၊ ခွန်အားဖြစ်စေသည့် တစ်ခုတည်းသော အသက်ရှင်နည်းဖြစ်သည်” ဟူ၍ ထင်သည်။ “ယင်းက အသက်ရှင်ဖို့အတွက် တန်ဖိုးရှိသည့် တစ်ခုတည်းသော နည်းလမ်း၊ အခြားသူများက ကျွန်ုပ်ကို အားကျပြီး အထင်ကြီးလေးစားစေမည့် တစ်ခုတည်းသော အသက်ရှင်နည်းဖြစ်သည်။ ဆိုးယုတ်သည့် အတွေးအခေါ်များနှင့် အသက်မရှင်လျှင် ကျွန်ုပ်သည် မိုက်မဲပြီး နုံအနေခြင်းဖြစ်ရမည်။ ကျွန်ုပ်သည် ဆုံးရှုံးနေရမည်။ အနိုင်ကျင့်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ လက်ပါးစေတစ်ယောက်ကဲ့သို့ ဆက်ဆံခြင်းတို့ကို အမြဲတမ်းခံရမည်။ ထိုကဲ့သို့ အသက်ရှင်ရခြင်း၌ တန်ဖိုးမရှိပါ။ ကျွန်ုပ် မည်သည့်အခါမျှ ရိုးသားသူတစ်ယောက် ဖြစ်မည်မဟုတ်” ဟူ၍ ဖြစ်သည်။ ဤသို့သောသူမျိုးသည် သူ၏ လှည့်စားတတ်သော စိတ်သဘောထားကို စွန့်လွှတ်ပြီး ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်မည်လော။ လုံးဝ လုပ်ဆောင်မည်မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လာသည်မှာ မည်မျှကြာပြီဖြစ်စေ၊ တရားဒေသနာများ မည်မျှကို ကြားပြီးဖြစ်စေ၊ များစွာသောသမ္မာတရား မည်မျှကို နားလည်ပြီးဖြစ်စေ ထိုသို့သောသူများသည် ဘုရားသခင်နောက်သို့ မည်သည့်အခါမျှ အမှန်တကယ် လိုက်လျှောက်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်နောက်သို့ မည်သည့်အခါမျှ ဝမ်းမြောက်စွာ လိုက်လျှောက်မည်မဟုတ်၊ အကြောင်းမှာ ထိုသို့ပြုလုပ်ရန်အတွက် ၎င်းတို့သည် များစွာ စွန့်လွှတ်ရမည်၊ များစွာ ပစ်ပယ်ရမည်၊ ထို့ပြင် နာကျင်မှုနှင့် ဆုံးရှုံးမှုများကို ခံစားရမည်ဟု ခံစားကြသောကြောင့်ဖြစ်၏။ ဤသည်ကို ၎င်းတို့ လုံးဝလက်ခံမည် မဟုတ်ချေ။ ၎င်းတို့က “ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘာသာတရားကို ယုံကြည်ခြင်းဖြစ်သည် နာမည်ခံ ယုံကြည်သူတစ်ယောက်ဖြစ်ခြင်း၊ ကောင်းသောအကျင့် အနည်းငယ်ရှိခြင်းနှင့် ဝိညာဉ်အာဟာရအတွက် တစ်စုံတစ်ခုရှိခြင်းပင်။ ထိုမျှသာဖြစ်၏။ အဖိုးအခပေးဖို့၊ ဒုက္ခခံဖို့ သို့မဟုတ် တစ်စုံတစ်ခုကို စွန့်လွှတ်ဖို့ မလိုအပ်ပေ။ ထို့ကြောင့် လူတစ်ဦးသည် သူ၏စိတ်နှလုံးထဲ၌ ယုံကြည်ပြီး ဘုရားသခင်ကို အသိအမှတ်ပြုသည်ဟု ပြောနေသရွေ့ ဘုရားသခင်၌ ဤယုံကြည်ခြင်းမျိုးက သူ့ကို ကယ်တင်ခြင်းသို့ရောက်ပြီး ကောင်းကင်နိုင်ငံသို့ ဝင်စားရန် အခွင့်ပေးမည်ပင်။ ထိုသို့သော ယုံကြည်ခြင်းက ကောင်းမွန်လိုက်လေခြင်း။” ဟု စဥ်းစားကြသည်။ ဤကဲ့သို့သောသူတို့သည် အဆုံးတွင် သမ္မာတရားကို ရနိုင်ကြမည်လော။ (မရနိုင်ကြပါ။) သမ္မာတရားကို သူတို့မရနိုင်မည့် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့၌ အပြုသဘောဆောင်သောအရာတို့ကို ချစ်မြတ်နိုးခြင်း မရှိ၊ အလင်းကို ၎င်းတို့မတောင့်တ၊ ဘုရားသခင်၏လမ်းကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း ၎င်းတို့မချစ်မြတ်နိုးကြပေ။ ၎င်းတို့က လောကီရေပန်းစားမှုများနောက် လိုက်လိုကြသည်၊ ၎င်းတို့သည် ဩဇာတိက္ကမ၊ အကျိုးစီးပွားနှင့် အဆင့်အတန်းတို့ကို စွဲမက်နှစ်သက်ကြသည်၊ ၎င်းတို့သည် လူထုအလယ်တွင် ထင်ပေါ်ရသည်ကို နှစ်သက်သည်၊ ၎င်းတို့သည် ဂုဏ်သိက္ခာ၊ အကျိုးစီးပွားနှင့် အဆင့်အတန်းတို့ကို ကိုးကွယ်သည့်အပြင် ၎င်းတို့သည် ကြီးမြတ်ပြီး ကျော်ကြားသူများကို ကြည်ညိုသည်၊ သို့ရာတွင် တကယ့်ဖြစ်ရပ်မှန်မှာမူ ၎င်းတို့သည် မကောင်းဆိုးဝါးများနှင့် စာတန်ကို ကြည်ညိုနေကြခြင်း ဖြစ်သည်။ စိတ်နှလုံး၌ ၎င်းတို့လိုက်စားသည့်အရာမှာ သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သော အရာများ မဟုတ်ဘဲ၊ အသိပညာကို ကြည်ညိုခြင်းဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို သက်သေခံသူများကို မထောက်ခံပေ။ ထိုအစား ၎င်းတို့သည်အထူးပါရမီများနှင့် ဆုကျေးဇူးများရှိသောလူများကို ထောက်ခံပြီး လေးစားအားကျသည်။ ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်ခြင်းတွင် ၎င်းတို့သည် သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းကို မဟုတ်ဘဲ ဂုဏ်သိက္ခာ၊ အကျိုးစီးပွား၊ အဆင့်အတန်းနှင့် အာဏာကို လိုက်စားခြင်းလမ်းကြောင်းကို လျှောက်ကြသည်။ ၎င်းတို့သည် ကြီးမားသော ပရိယာယ်ရှိသည့် ထူးခြားပြောင်မြောက်သော ဉာဏ်ဆင်မှုများကို အောင်မြင်သောသူတစ်ဦးဖြစ်ဖို့ ကြိုးပမ်းကြသည်။ ၎င်းတို့သည် ကြီးမြတ်ပြီး ကျော်ကြားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာဖို့ လူ့အဖွဲ့အစည်း၏ အထက်တန်းစားအလွှာများတွင် မိမိတို့ကိုယ်ကိုယ် တစ်သားတည်းဖြစ်အောင် ကြိုးစားကြသည်။ ၎င်းတို့သည် ၎င်းတို့တက်ရောက်မိသည့် အခမ်းအနားတိုင်း၌ ချစ်ခင်လေးစားစွာဖြင့် ကြိုဆိုနှုတ်ဆက်ခံလိုကြသည်။ လူများက စွဲလမ်းကြည်ညိုသူတစ်ဦး ၎င်းတို့ ဖြစ်လိုကြသည်။ ဤသည်မှာ ၎င်းတို့ဖြစ်လိုသည့် လူစားမျိုးဖြစ်သည်။ ဤသည်မှာ မည်သို့သော လမ်းမျိုးဖြစ်သနည်း။ ယင်းမှာ နတ်ဆိုးတို့၏ လမ်း၊ ဆိုးယုတ်မှု၏ လမ်းကြောင်းပင်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများက လျှောက်သောလမ်းမဟုတ်ပေ။ ၎င်းတို့သည် လူတို့ကို အယုံသွင်း၍ ၎င်းတို့၏ပုဂ္ဂိုလ်ရေးယုံကြည်မှုကို ချိုင်ယူရန်၊ ၎င်းတို့အား ကိုးကွယ်ပြီး ၎င်းတို့၏နောက်သို့ လိုက်စေဖို့၊ စာတန်၏အတွေးအမြင်များ၊ ၎င်း၏ဆင်ခြင်တွေးခေါ်မှုစနစ်တို့ကို အသုံးပြုသည်၊ လူတို့၏ ကိုယ်ပိုင်ယုံကြည်မှုကို အသုံးချပြီး လူတို့အားလိမ်ညာဖို့ရန်အတွက်၊ ၎င်းတို့အား ကိုးကွယ်ပြီး နာခံရန် လုပ်ဆောင်ဖို့အတွက် နေရာတိုင်းတွင် စာတန်၏ ပရိယာယ်၊ စာတန်၏ မာယာရှိသမျှကို အသုံးပြုကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောသူများ လျှောက်ရမည့် လမ်းကြောင်းမဟုတ်ပေ။ ထိုသို့သော လူများသည် ကယ်တင်ခြင်းသို့ မရောက်မည်သာမက ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းနှင့်လည်း တွေ့ကြုံရမည်။ ဤအတွက် သံသယစိုးစဉ်းမျှ မရှိနိုင်ပေ။ လူတစ်ဦးသည် ကယ်တင်ခြင်းသို့ ရောက်နိုင်ခြင်းရှိမရှိဟူသည့် အရာအတွက် အခြေခံက အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ခြင်းရှိမရှိ၊ ဘုရားသခင်၏ အလုပ်ကို ကျိုးနွံနာခံနိုင်ခြင်းရှိမရှိနှင့် သမ္မာတရားအား လိုက်စားသည့် လမ်းကြောင်းကို လျှောက်လှမ်းနိုင်ခြင်းရှိမရှိ ဟူသည့်အပေါ် အခြေခံသည်။ ဤအချက်များအပေါ် အခြေခံ၍ ဆုံးဖြတ်လေသည်။ လူတစ်ဦးက ဘုရားသခင်၏ ကယ်တင်ခြင်းကို ယုံကြည်ခြင်းဖြင့် ရရှိနိုင်သည့်လမ်းကြောင်းမှာ အဘယ်နည်း။ သူသည် ဘုရားသခင်နောက်လိုက်ရမည်၊ သူ၏ နှုတ်ကပတ်တော်များကို အရေးစိုက်ရမည်၊ သူ၏ စီစဥ်ညွှန်ကြားမှုများနှင့် အစီအမံများကို ကျိုးနွံနာခံပြီး သူ၏ တောင်းဆိုချက်များနှင့် သမ္မာတရားနှင့်အညီ နေထိုင်ရမည်ဖြစ်သည်။ ဤသည်မှာ လူတစ်ဦး ကယ်တင်ခြင်းသို့ ရောက်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။

၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်

အရှေ့သို့- ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြေရှင်းခြင်း လမ်းကြောင်း

နောက်တစ်ခုသို့- အပြုအမူကောင်းဟူသည်မှာ မိမိ၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု မဆိုလိုပေ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။