၂။ သေဆုံးပြီးနောက် လူ၏ အပြစ်များသည် ငရဲငယ်တွင် သန့်စင်ခံရသည်၊ ယင်းနောက်တွင် လူတို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ကြသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ သို့သော် သင်က ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်ကို လက်မခံသောသူတို့သည် သန့်စင်ခံရလိမ့်မည်မဟုတ်သကဲ့သို့၊ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် သင့်တော်ကြလိမ့်မည်မဟုတ်ဟု သက်သေခံသည်။ ဤအရာအားဖြင့် မည်သည့်အရာကို သင် ဆိုလိုပါသနည်း။ လူတို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ မည်သို့ အတိအကျ ဝင်ရောက်နိုင်ကြသနည်း။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။ ကိုယ်တော်သည်အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည်နည်းတူ၊ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း၊ အကျွန်ုပ်သည် သူတို့အဘို့အလိုငှါ ကိုယ် ကို သန့်ရှင်းစေပါ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇-၁၉)
“သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြား သမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သောအရာတို့ကိုလည်း သင်တို့အား ဘော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)
“ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို လက်ခံရယူခြင်း မရှိခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)
“ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။” (ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
သင်တို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို တွေ့မြင်သင့်ကြပြီး၊ ဘုရားသခင်၏အမှုသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းလောက် မရိုးရှင်းသည်ကို နားလည်သင့်ကြပေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ယနေ့၏ အမှုသည် ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သော သူများ၊ အဆုံးစွန် အတိုင်းအတာအထိ ထုံအနေသောသူများ၏ ပြောင်းလဲခြင်း ဖြစ်သောကြောင့် ဖြစ်သည်၊ ယင်းသည် ဖန်ဆင်းခြင်းခံခဲ့ရသော်လည်း စာတန်၏စီမံပြုပြင်ခြင်း ခံခဲ့ရသောသူများအား သန့်စင်စေရန်ဖြစ်သည်။ ယင်းသည် အလင်း ဖန်ဆင်းခြင်း သို့မဟုတ် အပင်နှင့် တိရစ္ဆာန်တိုင်းကို ဖန်ဆင်းခြင်း ဖြစ်ဖို့မဆိုထားနှင့်၊ အာဒံ သို့မဟုတ် ဧဝကို ဖန်ဆင်းခြင်း မဟုတ်ပေ။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသော အရာများကို ဘုရားသခင်သည် သန့်စင်စေပြီး ယင်းတို့ကို အသစ် ရယူသည်။ ယင်းတို့သည် သူနှင့် သက်ဆိုင်သော အရာများဖြစ်သွားကြပြီး သူ၏ဘုန်းအသရေ ဖြစ်သွားကြသည်။ ဤအရာသည် လူသားစိတ်ကူးသကဲ့သို့ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခြင်းလောက် မရိုးရှင်းသကဲ့သို့ စာတန်ကို အနက်ဆုံးသော တွင်းထဲသို့ ကျိန်ဆဲခြင်း အမှုကဲ့သို့ မဟုတ်ပေ။ ထို့ထက်၊ ယင်းသည် လူသားကို ပြောင်းလဲစေခြင်း အမှု၊ အပျက်သဘောဆောင်ပြီး သူနှင့်မသက်ဆိုင်သော အရာများအား အပြုသဘောဆောင်ပြီး သူနှင့်သက်ဆိုင်သော အရာများအဖြစ်သို့ ပြောင်းလဲစေခြင်းအမှု ဖြစ်သည်။ ဤအရာသည် ဘုရားသခင်အမှု၏ ဤအဆင့် နောက်ကွယ်မှ သမ္မာတရား ဖြစ်ပေသည်။ ဤအရာကို သင်တို့ နားလည်ရမည်ဖြစ်ပြီး ကိစ္စရပ်များကို ပေါ့ပြက်ပြက်လုပ်ခြင်းကို ရှောင်ကြဉ်ရမည်။ ဘုရားသခင်၏အမှုသည် သာမန် မည်သည့်အလုပ်နှင့်မျှ မတူပေ။ ယင်း၏ အံ့ဖွယ်ကောင်းခြင်းနှင့် ဉာဏ်ပညာသည် လူသား၏ဉာဏ်ဖြင့် မမီနိုင်ပေ။ ဘုရားသခင်သည် အမှု၏ဤအဆင့်အတွင်းတွင် အရာခပ်သိမ်းကို မဖန်ဆင်းဘဲ၊ ယင်းတို့ကို ဖျက်ဆီးခြင်းလည်း မပြုပေ။ ယင်းအစား၊ သူဖန်ဆင်းခဲ့သော အရာများကို ပြောင်းလဲစေပြီး စာတန်၏ ညစ်ညူးစေခြင်း ခံခဲ့ရသည့် အရာအားလုံးကို သန့်စင်စေ၏။ ဤသို့ဖြင့် ဘုရားသခင်သည် ကြီးမားသော လုပ်ငန်းကို အစပြုလေသည်၊ ဤသည်မှာ ဘုရားသခင် အမှု၏အရေးပါမှု တစ်ရပ်လုံးဖြစ်သည်။ ဘုရားသခင်၏အမှုသည် အမှန်တကယ် အလွန် ရိုးရှင်းသည်ကို ဤနှုတ်ကပတ်တော်များထဲ၌ သင်မြင်တွေ့ရသလော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော
နောက်ဆုံးသောကာလ၏ အမှုတွင် နှုတ်ကပတ်တော်၏ အင်အားသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ ထင်ရှားပြသခြင်းတို့၏ အင်အားထက် ပိုမို ကြီးမားပြီး နှုတ်ကပတ်တော်၏ သြဇာအာဏာသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ၏ သြဇာအာဏာကို ကျော်လွန်သည်။ နှုတ်ကပတ်တော်သည် လူသား၏ စိတ်နှလုံးထဲ နက်ရှိုင်းစွာ မြှုပ်နှံထားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ အားလုံးကို ဖော်ထုတ်သည်။ သင်သည် မိမိဘာသာ ထိုအရာများကို ရှာဖွေတွေ့ရှိဖို့ ဖြစ်နိုင်မည်မဟုတ်။ ယင်းတို့သည်နှုတ်ကပတ်တော်က ဖော်ထုတ်ခြင်းကို ခံရသောအခါ သင်သည် အလိုအလျောက် ယင်းတို့ကို ရှာတွေ့လာလိမ့်မည်။ သင်၏ အသိအမှတ်ပြုခြင်းကို ပေးရလိမ့်မည်။ သင်သည် လုံးဝဥဿုံ လက်ခံယုံကြည်လိမ့်မည်။ ဤသည်ကား နှုတ်ကပတ်တော်၏ သြဇာအာဏာ မဟုတ်လော။ ဤသည်မှာ ယနေ့ နှုတ်ကပတ်တော်၏ အမှုက ရရှိသည့် ရလဒ် ဖြစ်သည်။ သို့ဖြစ်ရာ လူသားသည် သူ၏အပြစ်များမှ အပြည့်အဝ ကယ်တင်ခံရနိုင်သည်မှာ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းတို့မှတစ်ဆင့် မဟုတ်သကဲ့သို့ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို ထင်ရှားပြသခြင်းအားဖြင့်လည်း သူသည် အပြည့်အဝ စုံလင်စေခြင်း မခံရနိုင်ပေ။ အနာရောဂါ ငြိမ်းစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ရန် ဩဇာအာဏာသည် လူအား ကျေးဇူးတော်ကိုသာ ပေးနိုင်သည်၊ သို့သော် လူသား၏ ဇာတိပကတိသည် စာတန်နှင့် သက်ဆိုင်ဆဲ ဖြစ်ပြီး လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား ကျန်ရှိနေဆဲဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သန့်ရှင်းစေခြင်း မခံရသေးသောအရာသည် အပြစ်နှင့် ညစ်ညူးမှုတို့နှင့် နှီးနွှယ်ဆဲ ဖြစ်ပေသည်။ လူသားသည် နှုတ်ကပတ်တော်၏ ဆောင်ကြဉ်းမှုဖြင့် သန့်စင်စေခြင်းခံရသည့် နောက်မှသာ သူသည် ဘုရားသခင်၏ ရယူခြင်းကို ခံရနိုင်ပြီး သန့်ရှင်းစင်ကြယ်စေခြင်း ခံရလာနိုင်ပေသည်။ လူသားထဲမှ နတ်ဆိုးများကို နှင်ထုတ်ပြီး သူသည် ရွေးနုတ်ခံခဲ့ရသည့်နောက်တွင် ဤသည်မှာ သူသည် စာတန်လက်ထဲမှ လုယူခြင်း ခံခဲ့ရပြီး ဘုရားသခင်ထံသို့ ပြန်လာခဲ့သည်ကိုသာ ဆိုလိုသည်။ သို့ရာတွင် ဘုရားသခင်အားဖြင့် သန့်ရှင်းစေခြင်း သို့မဟုတ် ပြောင်းလဲစေခြင်းကို မခံရဘဲနှင့် သူသည် ဖောက်ပြန်ပျက်စီးသော လူအဖြစ် ရှိနေသည်။ လူသားအတွင်းတွင် ညစ်ညမ်းခြင်း၊ ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ရှိနေဆဲ ဖြစ်သည်။ လူသည် ရွေးနုတ်ခြင်းမှတစ်ဆင့် ဘုရားသခင်ထံ ပြန်လာခဲ့ခြင်းသာ ဖြစ်သော်လည်း သူသည် ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှ မရှိသကဲ့သို့ ဘုရားသခင်ကို ခုခံပြီး သစ္စာဖောက်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။ လူသည် ရွေးနုတ်ခြင်း မခံရမီတွင် စာတန်၏ အဆိပ်အတောက် အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင် လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင် ယင်းသည် ရွေးနုတ်ခြင်းကိစ္စထက် မပိုပေ။ ဆိုလိုသည်မှာ လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားခြင်း ဖြစ်သော်လည်း သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ ဖယ်ရှားရှင်းလင်းခြင်း မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံတွေ့ရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့် လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ကာ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်၍သန့်စင်လာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်စင်စေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင် စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားနိုင်ပြီး သန့်စင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက် ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်သည့်အမှု အဆင့်လည်း ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲမှ ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခြင်းခံလာရသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ကိုယ်ရေမျှော်လင့်ချက်များ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ နှုတ်ကပတ်တော်အားဖြင့် စစ်ဆေးခြင်း၊ တရားစီရင်ခြင်းနှင့် ဖော်ထုတခြင်းမှတစ်ဆင့် ဖြစ်ပေသည်။ လူသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်သော်လည်း ဘုရားသခင်သည် လူ၏ ပြစ်မှားခြင်းများကို အမှတ်မရခြင်းနှင့် လူသားကို သူ၏ ပြစ်မှားခြင်းများနှင့်အညီ မဆက်ဆံခြင်းဟုသာ မှတ်ယူ၍ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ သူသည် ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက် အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် နေ့တွင် အပြစ်ပြုပြီး ညများတွင် အပြစ်ဝန်ချကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက် ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။...လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထိုသို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)
နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အခြေအမြစ်ကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့ကျိုးနွံနာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အခြေအမြစ်နှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့် ဘုရားသခင်ကို လူသားက မည်သို့ ငြင်းပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကို ဆန့်ကျင်သည့်ရန်သူအင်အားတစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်ပြီး ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ စိတ်နှလုံးအကြွင်းမဲ့ လက်ခံလာစေနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းအမှု က ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏သဘောသဘာဝအမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို နားလည်ကာ သိရှိခွင့်ပေးသည့်အပြင် သူ၏ အကျည်းတန်သော မျက်နှာကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏
ဘုရားသခင်၏ စုံလင်ခြင်း၊ ပြည့်စုံခြင်းနှင့် လူသားတို့ကို ရယူခြင်းတို့သည် ဓားများနှင့် ၎င်းတို့၏ ခန္ဓာပေါ် ရိုက်နှက်ခုတ်ထစ်ခြင်းများနှင့် အဆုံးမရှိသော ဆင်းရဲဒုက္ခခံစားရခြင်း၊ မီးပြင်းစွာလောင်ခြင်း၊ သနားကရုဏာ ကင်းမဲ့သော တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းများနှင့် အကန့်အသတ်မဲ့ စမ်းသပ်မှုများသာ ဆောင်ကြဉ်းလာသည်ကို သင်သိသင့်သည်။ ယင်းမှာ လူသားကို စီမံခန့်ခွဲခြင်းအမှု၏ အတွင်းဇာတ်လမ်းနှင့် သမ္မာတရား ဖြစ်သည်။ သို့သော်၊ ဤအရာများအားလုံးသည် လူသား၏ခန္ဓာကို ဦးတည်ခြင်း ဖြစ်ပြီး၊ ရန်လိုမှုမြှားများအားလုံးသည် လူသား၏ခန္ဓာဆီသို့ သနားကရုဏာ ကင်းမဲ့စွာ ချိန်ရွယ်ထားပေသည် (လူသားသည် အပြစ်မဲ့သည့်အတွက် ဖြစ်၏)။ ဤအရာ အားလုံးသည် ကိုယ်တော်၏ ဘုန်းအသရေနှင့် သက်သေခံချက်တို့ အတွက်ဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှုအတွက် ဖြစ်လေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူ၏အမှုသည် လူသားမျိုးနွယ်တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ၊ အစီအစဉ် တစ်ခုလုံး အတွက်လည်း ဖြစ်သည့်အပြင် လူသားမျိုးနွယ်ကို သူ ဖန်ဆင်းခဲ့စဉ်က သူ၏မူလရည်ရွယ်ချက်ကို ဖြည့်ဆည်းရန်လည်း ဖြစ်ပေသည်။ ထို့ကြောင့်၊ လူသားတွေ့ကြုံခံစားရသည့်အရာ၏ ကိုးဆယ် ရာခိုင်နှုန်းသည် ဆင်းရဲဒုက္ခ ခံစားရခြင်းများနှင့် မီးဖြင့်စမ်းသပ်မှုများ ပါဝင်ကောင်းပါဝင်နိုင်ပြီး၊ လူသား၏ခန္ဓာက တမ်းတဖူးသော ချိုမြိန်ကာ ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များမှာ အလွန်နည်းပါး၏၊ သို့မဟုတ် တစ်ခုမျှပင် မရှိပေ။ လူသားအဖို့ ဘုရားသခင်နှင့်အတူ နှစ်သက်ဖွယ် အချိန်များကို ကုန်လွန်ရင်း၊ ခန္ဓာ၌ ပျော်စရာအခိုက်အတန့်များကို မွေ့လျော်ခံစားနိုင်သည်မှာ များစွာသာ၍ နည်းပါး၏။ ခန္ဓာသည် ညစ်ညူးသည်၊ ထို့ကြောင့် လူ၏ခန္ဓာက မြင်သည့်အရာ သို့မဟုတ် မွေ့လျော်သည့်အရာမှာ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း တစ်ခုတည်းသာ ဖြစ်သည်။ ယင်းသည် ပုံမှန်အသိစိတ် ကင်းမဲ့နေသည့်အလား လူသားက ယင်းကို စာနာမှု မရှိခြင်း အဖြစ် သတ်မှတ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က လူသား၏ ပုန်ကန်ပြစ်မှားခြင်းများကို သည်းညည်းမခံသကဲ့သို့ ရန်သူများကို စက်ဆုပ်ရွံရှာသော “လူသားအပေါ် စာနာမှုမဲ့ခြင်း”ဖြစ်သည့် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ပေါ်လွင်ထင်ရှားစေမည် ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏ စိတ်သဘောထား အလုံးစုံကို လိုအပ်သည့် မည်သည့်နည်းလမ်းနှင့်မဆို ပွင့်လင်းစွာ ထုတ်ဖော်ကာ၊ ထိုသို့ဖြင့် လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခြင်းအမှုနှင့် ရှေးစာတန်ကို ဖျက်ဆီးခြင်းအမှုဖြစ်သည့် သူ၏ စာတန်နှင့် အနှစ်ခြောက်ထောင် တိုက်ပွဲနှင့် သက်ဆိုင်သော အမှုကို အဆုံးသတ်လေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက်
ဘုရားသခင်သည် သူနှင့်သက်ဆိုင်သည့် အသိပညာကို လူသားက ရရှိကောင်း ရရှိစေနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် သူ၏သက်သေခံချက်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏တရားစီရင်မှုမရှိပါက၊ လူသားသည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့ လူသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် သူ၏ အိုဟောင်းသော အသိပညာကို အသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ပြီးလျှင် သူ၏ စီမံခန့်ခွဲမှုအတွက်၊ သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်၊ ထိုသို့ဖြင့် သူ၏လူသိရှင်ကြား ပေါ်ထွန်းခြင်းမှတစ်ဆင့် လူသားကို ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိဉာဏ်အား ရရှိနိုင်စေသည်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲနိုင်စေပြီး၊ ဘုရားသခင်အဖို့ ထူးကဲလှသော သက်သေခံချက်ကို သက်သေခံနိုင်စေလေသည်။ လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ကျေးကျွန်ဘဝနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်
နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏အမှု အတောအတွင်း၊ ဆိုလိုသည်မှာ သန့်စင်စေခြင်း၏ နောက်ဆုံးသောအမှု အတောအတွင်း အခိုင်အမာ ရပ်တည်နိုင်သူများသည် ဘုရားသခင်နှင့် အတူ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြမည့် သူများဖြစ်သည်။ ထိုသို့ဖြင့် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သော သူအားလုံးသည် ဘုရားသခင်၏ နောက်ဆုံး သန့်စင်စေခြင်း အမှုကို ကြုံပြီးနောက်တွင်မှသာ စာတန်၏ စွမ်းအားမှ ရုန်းထွက်လွတ်မြောက်ပြီးဖြစ်လိမ့်မည်ဖြစ်ကာ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီး ဖြစ်ကြလိမ့်မည်။ နောက်ဆုံး၌ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးဖြစ်လိမ့်မည် ဖြစ်သော ဤလူသားများသည် နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှု၏ ရည်ရွယ်ချက်မှာ အနှစ်သာရအားဖြင့် လူသားမျိုးနွယ်ကို သန့်စင်ရန်၊ ၎င်းတို့၏ နောက်ဆုံးသော ငြိမ်သက်ခြင်းချမ်းသာ နေ့ရက်အတွက် ဖြစ်သည်။ ထိုသို့မဟုတ်ပါက လူသားမျိုးနွယ်တစ်ဦးမျှသည် ၎င်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ခြင်း ခံရနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ဤအမှုသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် လူသားမျိုးနွယ်၏ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားများကို ၎င်းတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင်စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်ထဲမှ ပုန်ကန်သော ထိုအရာများကို ဖော်ထုတ်လိမ့်မည်၊ ထိုသို့ဖြင့် ကယ်တင်ခံရနိုင်သူတို့ကို ကယ်တင်မခံရနိုင်သူတို့မှ ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများမှ ခွဲခြားထားလိမ့်မည်ဖြစ်သည်။ ဤအမှု အဆုံးသတ်သောအခါတွင် ကျန်ရှိခွင့် ပေးထားသောလူများ အားလုံး သန့်စင်စေခြင်း ခံရလိမ့်မည်ဖြစ်ပြီး ကမ္ဘာမြေပေါ်တွင် သာ၍ နှစ်သက်ဖွယ်ဖြစ်သော ဒုတိယ လူ့ဘဝကို ၎င်းတို့ မွေ့လျော်ခံစားမည့် သာ၍ မြင့်မားသော လူသားမျိုးနွယ်၏ နယ်ပယ်ထဲသို့ ဝင်ရောက်ကြလိမ့်မည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ လူသား အနားယူရာနေ့သို့ ဝင်ရောက်ကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့်အတူ ယှဉ်တွဲနေထိုင်ကြလိမ့်မည်။ ကျန်ရှိခွင့် မရကြသူတို့ ပြစ်တင်ဆုံးမခံရကာ တရားစီရင်ခံကြရ ပြီးနောက်တွင် ၎င်းတို့၏ စရိုက်အမှန်သည် လုံးဝ ဖော်ထုတ်ခံရလိမ့်မည်၊ ယင်းနောက်တွင် ၎င်းတို့အားလုံးသည် ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး စာတန်ကဲ့သို့ပင် ကမ္ဘာမြေကြီးပေါ်တွင် ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ် လူသားမျိုးနွယ်တွင် ဤလူစားမျိုးထဲမှ မည်သူမျှ ပါဝင်တော့မည် မဟုတ်ပေ။ ထိုသို့သော လူများသည် အဆုံးစွန် ငြိမ်သက်ခြင်း ချမ်းသာခြင်းနှင့်ဆိုင်သည့် ပြည်ထဲသို့ ဝင်ရောက်ရန် မသင့်တော်ကြသကဲ့သို့၊ ၎င်းတို့သည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ ဖြစ်ကြပြီး ဆိုးယုတ်ကာ မဖြောင့်မတ်သောလူများ ဖြစ်ကြသည့်အတွက်၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ မျှဝေခံစားကြမည့် အနားယူရာ နေ့ရက်၌ အတူပါဝင်ရန်လည်း မသင့်တော်ကြပေ။ ၎င်းတို့သည် တစ်ကြိမ် ရွေးနုတ်ခြင်း ခံခဲ့ရပြီး၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုလည်း ခံခဲ့ကြရသည်။ ၎င်းတို့သည် ဘုရားသခင်ထံလည်း တစ်ချိန်က အလုပ်လုပ်ပေးခဲ့ကြသည်။ သို့သော် နောက်ဆုံးနေ့ရက် ရောက်လာသောအခါ၊ ၎င်းတို့၏ ဒုစရိုက်အမှုကြောင့်လည်းကောင်း၊ ၎င်းတို့၏ ပုန်ကန်ခြင်းနှင့် ရွေးနုတ်ခံရရန် မတတ်စွမ်းနိုင်ခြင်း၏ အကျိုးဆက်အနေဖြင့်လည်းကောင်း ဖယ်ရှားရှင်းလင်းခံရကာ ဖျက်ဆီးခံရလိမ့်ဦးမည် ဖြစ်သည်။ ၎င်းတို့သည် အနာဂတ် ကမ္ဘာလောကတွင် မည်သည့်အခါတွင်မျှ တစ်ဖန် ဖြစ်တည်လာလိမ့်မည် မဟုတ်သကဲ့သို့၊ အနာဂတ် လူသားမျိုးနွယ်စု အလယ်တွင် အသက်ရှင်ကြတော့မည် မဟုတ်ပေ။ လူသားမျိုးနွယ်ထဲမှ သန့်ရှင်းသူတို့ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက်၊ လူသေ၏ ဝိညာဉ်များဖြစ်စေ၊ အသွေးအသားဖြင့် အသက်ရှင်ဆဲ လူများဖြစ်စေ မကောင်းမှုပြုသောသူ အားလုံးနှင့်၊ ကယ်တင်ခြင်းမခံရသေးသောသူ အားလုံးသည် ဖျက်ဆီးခြင်းခံကြ ရလိမ့်မည်။ ဤမကောင်းမှုပြုသည့် ဝိညာဉ်များနှင့် လူသားများ၊ သို့မဟုတ် ဖြောင့်မတ်သည့်လူများနှင့် ဖြောင့်မတ်ခြင်းကိုပြုသော သူများ၏ ဝိညာဉ်များသည် ၎င်းတို့ မည်သည့်ခေတ်တွင် ရှိသည်ကို ပဓာနမထားဘဲ၊ ဆိုးယုတ်သောသူများ အားလုံးသည် နောက်ဆုံးတွင် ဖျက်ဆီးခံရလိမ့်မည် ဖြစ်ပြီး၊ ဖြောင့်မတ်သောသူ အားလုံးသည် ရှင်ကျန်ရစ်ကြလိမ့်မည်။ လူတစ်ဦး သို့မဟုတ် ဝိညာဉ်တစ်ခုအနေဖြင့် ကယ်တင်ခြင်းရမည်၊ မရမည်ကို နောက်ဆုံးသောခေတ်၏ အမှုအရ လုံးလုံး မဆုံးဖြတ်ပေ။ ယင်းထက် ၎င်းတို့သည် ဘုရားသခင်အပေါ် ဆန့်ကျင်ခဲ့ခြင်း ရှိမရှိ၊ သို့မဟုတ် ပုန်ကန်ခဲ့ခြင်း ရှိမရှိ ဆိုသည့်အရာအားဖြင့် ဆုံးဖြတ်ပေသည်။ အကယ်၍ ယခင်ခေတ်က မကောင်းမှု ကျူးလွန်ပြီး ကယ်တင်ခြင်း မရနိုင်ခဲ့သည့် လူများသည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ သေချာပေါက် ဖြစ်ကြလိမ့်မည် ဖြစ်ပြီး၊ မကောင်းမှုကို ကျူးလွန်ပြီး ကယ်တင်မခံရနိုင်သည့် လက်ရှိခေတ်ကာလထဲ ရှိသူများသည်လည်း သေချာပေါက် အပြစ်ဒဏ်ပေးခြင်းအတွက် ပစ်မှတ်များ ဖြစ်ကြလိမ့်မည်။ လူသားများကို ကောင်းမှုနှင့် မကောင်းမှုအပေါ်တွင် အခြေခံ၍ ခွဲခြားသည်၊ ၎င်းတို့ အသက်ရှင်သည့် ခေတ်ကိုအခြေခံ၍ ခွဲခြားခြင်း မဟုတ်ပေ။ ထိုသို့ အမျိုးအစား ခွဲခြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ချက်ချင်း အပြစ်ပေးခြင်း သို့မဟုတ် ဆုလာဘ်ပေးခြင်း ခံရမည်မဟုတ်ပေ။ ယင်းထက် ဘုရားသခင်သည် နောက်ဆုံးကာလတွင် သူ၏သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်ပြီးစီးသည့်နောက်တွင်သာ သူ၏ မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းအမှုကို ဆောင်ရွက်လိမ့်မည်။ အမှန်တကယ်အားဖြင့်၊ သူသည် လူသားမျိုးနွယ်နှင့်သက်ဆိုင်သည့် သူ၏ကယ်တင်ခြင်း အမှုကို စတင်လုပ်ဆောင်နေခဲ့ကတည်းက၊ ကောင်းသောသူနှင့် ဆိုးယုတ်သောသူများအဖြစ်သို့ လူသားများကို ခွဲခြားနေခဲ့ပြီးဖြစ်သည်။ သူ၏အမှု အဆုံးသတ်သို့ ရောက်လာသည့်နောက်တွင်သာ သူသည် ဖြောင့်မတ်သူများကို ဆုလာဘ်ပေးလိမ့်မည် ဖြစ်ပြီး ဆိုးယုတ်သောသူတို့ကို အပြစ်ပေးလိမ့်မည်သာ ဖြစ်သည်။ သူသည် သူ၏ အမှု ပြီးပြည့်စုံသည်နှင့် ၎င်းတို့ကို အတန်းအစားထဲသို့ ခွဲခြားပြီးနောက် ချက်ချင်း ဆိုးယုတ်သူများကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ခြင်း အလုပ်ကို စတင်မည် မဟုတ်ပေ။ ထိုအစား သူ့အမှုသည် တစ်လုံးတစ်ဝတည်း ပြီးဆုံးသည့်အခါတွင်၊ ဤအလုပ်ကို လုပ်ဆောင်ပြီး ဖြစ်လိမ့်မည်။ ဆိုးယုတ်သူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် ဘုရားသခင်၏ နောက်ဆုံး အမှုနောက်ကွယ်မှ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ သူသည် အပြည့်အဝ သန့်ရှင်းစင်ကြယ်သော လူသားမျိုးနွယ်ကို ထာဝရ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ခေါ်သွားနိုင်ဖို့ လူသားများ အားလုံးကို လုံးလုံးလျားလျား သန့်စင်စေရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံး ဖြစ်သည်။ ယင်းသည် သူ၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ဘုရားသခင်သည် ဆိုးယုတ်သောသူများကို ဖျက်ဆီးရမည့်အစား ၎င်းတို့ကို ကျန်ရှိခွင့်ပေးပါက လူသားမျိုးနွယ် တစ်ရပ်လုံးသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်နိုင်သေးဘဲ ရှိမည်ဖြစ်သကဲ့သို့ ဘုရားသခင်သည် ၎င်းတို့ အားလုံးကို ပိုမိုကောင်းမွန်သော နယ်ပယ်တစ်ခုထဲသို့ ခေါ်ဆောင်သွားနိုင်မည် မဟုတ်ပေ။ ထိုသို့သော အမှုသည် အပြည့်အဝ ပြီးဆုံးမည် မဟုတ်။ သူ၏အမှု ပြီးစီးသည့်အခါတွင် လူသားမျိုးနွယ် တစ်ခုလုံးသည် လုံးဝ သန့်ရှင်းစင်ကြယ်ကြလိမ့်မည်။ ဤနည်းဖြင့်သာ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာ၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်လိမ့်မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်