၅။ ဘုရားသခင်ကို ယုံကြည်ဖို့ဆိုသည်မှာ ကောင်းသော်လည်း၊ ဘာသာတရားအားလုံးက လူတို့ကို ကောင်းသောလူများဖြစ်ဖို့ သွန်သင်သည်ဟု ကျွန်ုပ် ထင်ပါသည်။ ထို့ကြောင့် မည်သည့် ဘာသာတရားကို လူတို့ ယုံကြည်သည်ဖြစ်စေ၊ ၎င်းတို့အနေဖြင့် ရိုးသားစစ်မှန်ပြီး မကောင်းမှုကို မကျူးလွန်သရွေ့၊ ဧကန်မုချ ဘုရားသခင်အားဖြင့် ကယ်ဆင်ခံရကြလိမ့်မည် ဖြစ်ပါသလား။
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ယခုတွင် သင်တို့သည် ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ဆိုင်သော သဘောတရားနှင့် ပတ်သက်၍ အဘယ်အသိပညာနှင့် နားလည်သဘောပေါက်ခြင်း ရှိသနည်း။ ယင်းတို့သည် ဘာသာတရား၌ သင်တို့ထားရှိခဲ့သော ဘုရားသခင်အား ယုံကြည်နားလည်မှုနှင့် မည်ကဲ့သို့ ကွာခြားသနည်း။ ယခုအခါတွင် သင်သည် ဘာသာတရားအား ယုံကြည်ခြင်းနှင့် ဘုရားသခင်အား ယုံကြည်ခြင်းဟူသည်မှာ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို သင်တို့အမှန်တကယ် နားလည်သလော။ ဘာသာတရားကို ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းကြားတွင် ကွာခြားချက်တစ်ခုရှိသလော။ ကွာခြားချက်က မည်သည့်နေရာတွင် တည်ရှိသနည်း။ ဤမေးခွန်းများ၏ အကြောင်းရင်းအမှန်ကို သင်သိရှိခဲ့ပြီးပြီလော။ ဘာသာတရားကို ပုံမှန်အတိုင်း ယုံကြည်သူသည် မည်သို့သောလူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် မည်သည့်အရာကို အာရုံစိုက်သနည်း။ ဘာသာတရားကို ယုံကြည်ခြင်းအား မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ ဘာသာတရားကို ယုံကြည်ခြင်းဟူသည်မှာ ဘုရားသခင်ရှိသည်ဟု အသိအမှတ်ပြုခြင်းဖြစ်ပြီး ဘာသာတရားကို ယုံကြည်သူများသည် ၎င်းတို့၏ အပြုအမူတွင် အပြောင်းအလဲတချို့ ပြုလုပ်သည်- ၎င်းတို့သည် လူတို့ကို ရိုက်ခြင်း၊ ဆဲဆိုခြင်းမရှိ။ လူတို့ကို ထိခိုက်စေသည့် မကောင်းသောအရာများကို မလုပ်ဆောင်ပေ။ အမျိုးမျိုးသော ပြစ်မှုများကို မကျူးလွန်၊ သို့မဟုတ် ဥပဒေကို မချိုးဖောက်ပေ။ တနင်္ဂနွေနေ့များတွင် ဘုရားကျောင်းသွားကြသည်။ ဤသူတို့မှာ ဘာသာတရားကို ယုံကြည်သူများဖြစ်ကြသည်။ ဤအရာမှာ ကောင်းစွာ ပြုမူနေထိုင်ခြင်းနှင့် စည်းဝေးပွဲများ မကြာခဏတက်ရောက်ခြင်းသည် လူတစ်ယောက်က ဘာသာတရားအပေါ် ယုံကြည်သည့် သက်သေဖြစ်သည် ဟုဆိုလိုသည်။ လူတို့က ဘာသာတရားကို ယုံကြည်သောအခါ ဘုရားသခင်ရှိသည်ဟု ၎င်းတို့က အသိအမှတ်ပြုသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် လူကောင်းဖြစ်ခြင်းဖြစ်သည်ဟု ၎င်းတို့က ထင်မြင်ကြသည်။ အပြစ်မပြုသရွေ့၊ မကောင်းသောအရာများကို မလုပ်သရွေ့ သေလွန်သောအခါ ကောင်းကင်ဘုံသို့ ရောက်နိုင်မည်ဖြစ်ပြီး ကောင်းမွန်သောအဆုံးသတ် ရှိလိမ့်မည်ဟု ထင်ကြသည်။ ၎င်းတို့၏ ယုံကြည်မှုသည် ၎င်းတို့ကို ဝိညာဉ်ရေးရာအဆင့်တွင် အာဟာရကို ပေးသည်။ ဤသို့အားဖြင့် ဘာသာတရားကို ယုံကြည်ခြင်းအား အောက်ပါအတိုင်းလည်း အဓိပ္ပာယ်သတ်မှတ်နိုင်သည်- ဘာသာတရားကို ယုံကြည်ခြင်းသည် လူတစ်ဦး၏ စိတ်နှလုံးတွင် ဘုရားသခင်တစ်ပါးရှိသည်ဟု အသိအမှတ်ပြုခြင်း၊ ၎င်းတို့သေလွန်သောအခါ ကောင်းကင်ဘုံသို့ရောက်နိုင်မည်ဟု ယုံကြည်ခြင်း၊ ၎င်းတို့၏ စိတ်နှလုံးတွင် ဝိညာဥ်ရေးရာ ထောက်တိုင်တစ်ခုရှိခြင်း၊ အပြုအမူ အနည်းငယ်ပြောင်းလဲခြင်းနှင့် လူကောင်းတစ်ဦးဖြစ်ခြင်းပင် ဖြစ်သည်။ ယင်းမှာ ထိုအရာနှင့် စပ်ဆိုင်သမျှတို့ဖြစ်၏။ ၎င်းတို့ယုံကြည်သည့် ဘုရားသခင်က တည်ရှိခြင်းရှိမရှိ၊ သူသည် သမ္မာတရားကို ဖော်ပြနိုင်ခြင်းရှိမရှိ၊ သူသည် ၎င်းတို့ကို မည်သည့်အရာကို တောင်းဆိုနေသည်တို့နှင့် ပတ်သက်၍ ၎င်းတို့ လုံးဝမသိပေ။ ၎င်းတို့သည် ဤအရာအားလုံးကို ကျမ်းစာ၏ သွန်သင်ချက်များအပေါ် အခြေခံပြီး ကောက်ချက်ချကာ စိတ်ကူးထင်မြင်ကြသည်။ ဤသည်မှာ ဘာသာတရားကို ယုံကြည်ခြင်းဖြစ်သည်။ ဘာသာတရားကို ယုံကြည်ခြင်းသည် အဓိကအားဖြင့် အပြုအမူဆိုင်ရာ ပြောင်းလဲခြင်းနှင့် ဝိညာဉ်အာဟာရကို လိုက်စားခြင်းဖြစ်သည်။ သို့သော် ထိုသို့သောလူတို့လျှောက်သော လမ်းကြောင်း၊ ကောင်းချီးများကို လိုက်စားသောလမ်းကြောင်းသည် မပြောင်းလဲပေ။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့၏ မှားယွင်းသောအမြင်များ၊ အယူအဆများနှင့် စိတ်ကူးများက မပြောင်းလဲသေးပေ။ ၎င်းတို့ ဖြစ်တည်မှု၏ အခြေခံအုတ်မြစ်၊ ၎င်းတို့၏အသက်တာ၌ လိုက်စားသည့် ပန်းတိုင်များနှင့် ဦးတည်ချက်တို့သည် ရိုးရာယဉ်ကျေးမှု၏ အယူအဆများ၊ ထင်မြင်ချက်များအပေါ်တွင် အခြေခံထားပြီး လုံးဝ မပြောင်းလဲပေ။ ဤသည်မှာ ဘာသာတရားကို ယုံကြည်သောသူတိုင်း၏ အခြေအနေဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် ဘုရားသခင်၏ အဓိပ္ပာယ်သတ်မှတ်ချက်မှာ အဘယ်နည်း။ (ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ခြင်းဖြစ်သည်။) ယင်းမှာ ဘုရားသခင်၏ ဖြစ်တည်မှုနှင့် သူ၏ အချုပ်အခြာအာဏာကို ယုံကြည်ခြင်းဖြစ်သည်— ယင်းသည် အခြေခံအကျဆုံးအရာ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားနှုတ်ကပတ်တော်များကို အရေးစိုက်ခြင်း၊ ဘုရားနှုတ်ကပတ်တော်က တောင်းဆိုသည့်အတိုင်း ဖြစ်တည်ခြင်း၊ အသက်ရှင်ခြင်း၊ တာဝန်ထမ်းဆောင်ခြင်း၊ သာမန်လူ့သဘာဝ၏ လှုပ်ရှားမှုအားလုံးတွင် ပါဝင်လုပ်ဆောင်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်နောက်သို့ လိုက်ခြင်း၊ ဘုရားသခင်တောင်းဆိုသည့်အရာကို လုပ်ဆောင်ခြင်း၊ သူတောင်းဆိုသည့်အတိုင်း အသက်ရှင်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောသူတို့ အသက်တာ၏ ပန်းတိုင်များနှင့် ဦးတည်ချက်သည် ဘာသာတရားကို ယုံကြည်သောသူများနှင့် လုံးဝ မကွဲပြားသလော။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ မည်သည့်အရာ ပါဝင်သနည်း။ ယင်း၌ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်နိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို လက်ခံနိုင်ခြင်းရှိမရှိ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းရှိမရှိ၊ ဘုရားသခင်နောက်လိုက်ရန် အရာရာကို စွန့်လွှတ်ခြင်းရှိမရှိနှင့် မိမိတို့၏ တာဝန်များ၌ သစ္စာစောင့်သိခြင်းတို့ ရှိမရှိတို့ ပါဝင်သည်။ ဤအရာတို့သည် ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်းရှိမရှိနှင့် တိုက်ရိုက်ဆက်နွှယ်မှုရှိသည်။ ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိပ္ပါယ်ကို ယခု သင်သိပြီ၊ သို့ဆိုလျှင် ဘုရားသခင်၌ ယုံကြည်ခြင်းကို မည်ကဲ့သို့ လက်တွေ့ကျင့်သုံးသင့်သနည်း။ ဘုရားသခင်သည် သူ့အား ယုံကြည်သူများထံမှ အဘယ်အရာကို တောင်းဆိုသနည်း။ (ရိုးသားသူများဖြစ်ရန်နှင့် သမ္မာတရားလိုက်စားရန်၊ စိတ်သဘောထား ပြောင်းလဲခြင်းနှင့် ဘုရားသခင်အား သိနားလည်ခြင်းတို့ကို လိုက်စားရန် တောင်းဆိုခြင်းဖြစ်သည်။) ဘုရားသခင်တွင် လူတို့၏ အပြင်ပန်းအပြုအမူအတွက် မည်သည့် တောင်းဆိုချက်များရှိသနည်း။ (လူတိုအား ဘာသာတရားကိုင်းရှိုင်းပြီး အပျော်မကျူးရန်နှင့် သာမန်လူ့သဘာဝအတိုင်း အသက်ရှင်ရန် သူတောင်းဆိုသည်။) လူတို့တွင် သူတော်စင်၏ အခြေခံကျင့်ဝတ် ရှိသင့်ပြီး သာမန်လူ့သဘာဝအတိုင်း အသက်ရှင်သင့်သည်။ သို့ဆိုလျှင် လူသည် သာမန်လူ့သဘာဝရှိရန် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ ဤသည်မှာ ယုံကြည်သူတစ်ဦးအနေဖြင့် လက်တွေ့ကျင့်သုံးရမည့် သမ္မာတရားများစွာနှင့် သက်ဆိုင်သည်။ ဤသမ္မာတရားစစ်မှန်မှုများအားလုံးကို ပိုင်ဆိုင်မှသာလျှင် သာမန်လူ့သဘာဝ ရှိလေသည်။ လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင် ဘုရားသခင်ကို ယုံကြည်ပါသလော။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်း၏ အကျိုးဆက်များက အဘယ်နည်း။ လူတို့သည် ကယ်တင်ခြင်းရရှိရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ဝတ်ပြုကိုးကွယ်ရန် ဘုရားသခင်ကို မည်သို့ပင် ယုံကြည်သင့်သနည်း။ ဤအရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားများစွာကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သည်။ ထို့ကြောင့် လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏ တောင်းဆိုချက်များနှင့်အညီ ဘုရားသခင်ကို ယုံကြည်ရမည် ဖြစ်ပြီး၊ သူ၏ တောင်းဆိုချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည်။ ဤသည်သာ ဘုရားသခင်၌ စစ်မှန်သောယုံကြည်ခြင်း ဖြစ်သည်။ ယင်းသည် ပြဿနာ၏ အရင်းအမြစ်ကို ရောက်သွားခြင်းဖြစ်၏။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားနှုတ်ကပတ်တော်ကို လိုက်လျှောက်ခြင်း၊ ဘုရားနှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်ခြင်း၊ ဤသည်မှာ လူသားအသက်တာ၏ မှန်ကန်သော နည်းလမ်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် လူသားအသက်တာ၏ လမ်းကြောင်းနှင့် ဆက်နွှယ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သမ္မာတရားများစွာနှင့် ဆက်နွှယ်သည်။ ဘုရားသခင်၏နောက်တော်သို့ လိုက်သူများသည် ဤသမ္မာတရားများကို နားလည်ရမည်။ ဤသမ္မာတရားကို နားမလည်၊ လက်မခံခဲ့လျှင် ဘုရားသခင်နောက်သို့ မည်သို့လိုက်နိုင်မည်နည်း။ ဘာသာတရားကို ယုံကြည်သောသူတို့သည် ဘုရားသခင်တစ်ပါးရှိသည်ဟု အသိအမှတ်ပြုရုံသာရှိပြီး ဘုရားသခင်ရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသော်လည်း ဤသမ္မာတရားများကို ၎င်းတို့ နားမလည်သကဲ့သို့ လက်လည်းမခံကြပေ။ ထို့ကြောင့် ဘာသာတရားကို ယုံကြည်သောသူတို့သည် ဘုရားသခင်၏ နောက်တော်သို့လိုက်သောသူများ မဟုတ်ပေ။ ဘာသာတရား၌ ယုံကြည်ဖို့၊ အပြင်ပန်းအားဖြင့် ကောင်းမွန်စွာ ပြုမူရုံမျှ၊ ချုပ်တည်းရုံမျှ၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်း ရှိရုံမျှနှင့် ဝိညာဥ်ရေးရာ အာဟာရရှိခြင်းမျှသည် အဆင်ပြေသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် ကောင်းကောင်းမွန်မွန် ပြုမူပြီး၊ သူ၏ ဝိညာဥ်အတွက် ထောက်တိုင်နှင့် အာဟာရရှိပါက၊ အသက်တာ၌ သူ၏ လမ်းကြောင်းသည် ပြောင်းလဲသလော။ (မပြောင်းလဲပါ။) ဘာသာတရားအား ယုံကြည်ခြင်းနှင့် ဘုရားသခင်အား ယုံကြည်ခြင်းက အတူတူဖြစ်သည်ဟု လူအချို့က ဆိုကြသည်။ သို့ဆိုလျှင် ထိုလူများသည် ဘုရားသခင်၏နောက်သို့ လိုက်ကြသလော။ ဘုရားသခင်၏ တောင်းဆိုချက်များအတိုင်း ဘုရားသခင်ကို ယုံကြည်ကြပါသလော။ သမ္မာတရားကို ၎င်းတို့ လက်ခံကြပြီလော။ အကယ်၍ တစ်စုံတစ်ယောက်သည် ဤအရာများကို မလုပ်ပါက ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူ သို့မဟုတ် သူ၏နောက်လိုက်များ မဟုတ်ပေ။ တစ်စုံတစ်ဦး၌ ဘာသာတရားအပေါ် ယုံကြည်ခြင်းက ပေါ်လွင်စေသည့် အသိသာဆုံးနည်းလမ်းမှာ ဘုရားသခင်၏ လက်ရှိအလုပ်နှင့် သူဖော်ပြသော သမ္မာတရားအား လက်ခံမှု ကင်းမဲ့ခြင်းပင်ဖြစ်သည်။ ဤသည်မှာ ဘာသာတရား၌ ယုံကြည်သူများကို ထင်ရှားစေသော စရိုက်လက္ခဏာဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နောက်လိုက်များ လုံးဝ မဟုတ်ကြပေ။ ဘာသာတရားကို ယုံကြည်ခြင်းသည် အမူအကျင့်ပြောင်းလဲမှုနှင့် ဝိညာဉ်ရေးဆိုင်ရာ အာဟာရကို လိုက်စားခြင်းသာဖြစ်သည်။ သမ္မာတရားတစ်ခုမှ မပါဝင်ပေ။ ထို့ကြောင့် ဘာသာရေးကို ယုံကြည်သူများသည် ၎င်းတို့၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမည် မဟုတ်သကဲ့သို့ သမ္မာတရားကို လက်တွေ့ကျင့်သုံးကြမည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်နိုင်ခြင်းနှင့် ကိုယ်တော်အား ကျိုးနွံနာခံနိုင်ခြင်း ရှိမည်မဟုတ်ပေ။ ဤအရာက ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်သော စစ်မှန်သည့် အသိပညာလည်း ရှိမည်မဟုတ်ကြောင်း အဆုံးအဖြတ်ပေးသည်။ လူတစ်ဦးသည် ဘာသာတရားကို ယုံကြည်သောအခါတွင် သူ၏ အကျင့်စာရိတ္တ အဘယ်မျှ ကောင်းမွန်သည်ဖြစ်စေ၊ ဘုရားသခင်အား သူ၏ အသိအမှတ်ပြုမှု အဘယ်မျှ ခိုင်ခံ့မြဲမြံသည်ဖြစ်စေ၊ ထို့အပြင် ကိုယ်တော်အားယုံကြည်ခြင်းသဘောတရားသည် အဘယ်မျှ မြင့်မားသည်ဖြစ်စေ သူသည် ဘုရားသခင်၏ နောက်လိုက်မဟုတ်ပေ။ သို့ဆိုလျှင် သူသည် မည်သူ့နောက်သို့ လိုက်သနည်း။ သူလိုက်နေသည်မှာ စာတန်ဖြစ်နေဆဲပင်။ သူ အသက်ရှင်နေထိုင်ခြင်း၊ လိုက်စားခြင်း၊ တောင့်တခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်းအတွက် အခြေခံကား အဘယ်နည်း။ သူ၏ ဖြစ်တည်မှုသည် မည်သည့်အရာပေါ်၌ မူတည်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင်ရှိသော သမ္မာတရားမဟုတ်သည်မှာ သေချာ၏။ သူသည် စာတန်၏ ဖောက်ပြန်သော စိတ်သဘောထားဖြင့် ဆက်လက်နေထိုင်ကာ၊ စာတန်၏ ယုတ္တိဗေဒနှင့် အတွေးအခေါ်အတိုင်း ကိုယ်တိုင် ကျင့်ကြံနေထိုင်သည်။ သူပြောသမျှမှာ သမ္မာတရား တစ်စက်မျှမရှိ၊ မုသားချည်းဖြစ်၏။ သူ၏ ဆိုးယုတ်သော စိတ်သဘောထားသည် မည်သည့်ပြောင်းလဲခြင်းမျှ မဖြစ်ပေါ်ခဲ့ဘဲ သူနာခံသည်မှာ စာတန်ပင်ဖြစ်နေသေးသည်။ အသက်တာ၊ တန်ဖိုးထားမှုများ၊ ကမ္ဘာလောကနှင့် ဆက်နွှယ်သည့်ပုံ၊ အမူအကျင့်ဆိုင်ရာ အခြေခံစည်းမျဉ်းများအပေါ် ၎င်းတို့၏ အမြင်သဘောထားများအားလုံးက စာတန်၏သဘောသဘာဝကို ထုတ်ဖော်ပြခြင်းများဖြစ်သည်။ သူ၏ အပြင်ပန်းအမူအကျင့်များသာ အနည်းငယ် ပြောင်းလဲသွားသော်လည်း သူ၏ အသက်တာလမ်းကြောင်း၊ ရှင်သန်နေသည့် နည်းလမ်းနှင့် အရာရာအပေါ် ရှုမြင်ပုံတို့မှာ လုံးဝ ပြောင်းလဲသွားခြင်းမရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို စစ်မှန်သောယုံကြည်သူ ဖြစ်ပါက နှစ်အနည်းငယ်အတွင်း ထိုသူ၌ မည်သို့ပြောင်းလဲသွားမည်နည်း။ (ဘဝနှင့် တန်ဖိုးထားမှုများအပေါ် သူ၏အမြင်က ပြောင်းလဲသွားလိမ့်မည်။) ထိုလူ၏ ဖြစ်တည်မှု တကယ့်အခြေခံအုတ်မြစ်က ပြောင်းလဲသွားမည်ဖြစ်သည်။ သူ၏ တည်ရှိမှုအခြေခံအုတ်မြစ်က ပြောင်းလဲသွားလျှင်၊ သူ၏ဘဝအတွက် အခြေခံမှာ မည်သည့်အရာဖြစ်မည်နည်း။ (သူ၏အသက်တာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအပေါ်တွင် အခြေခံမည်ဖြစ်သည်။) သို့ဆိုလျှင် ယခု သင်တို့သည် သင်တို့၏အပြောအဆိုနှင့် အပြုအမူများတွင် ဘုရားနှုတ်ကပတ်တော်နှင့်အညီ နေ့စဉ်နေ့တိုင်း အသက်ရှင်နေသလော။ သာဓကအားဖြင့်၊ သင်သည် လိမ်မပြောတော့ပေ- ယင်းသည် အဘယ့်ကြောင့်နည်း။ ယင်းအတွက် သင်၏အခြေပြုချက်မှာ အဘယ်နည်း။ (လူသည် ရိုးသားသူဖြစ်လာရန် ဘုရားသခင်၏ တောင်းဆိုချက်ဖြစ်သည်။) သင်သည် လိမ်ညာခြင်းနှင့် လှည့်ဖြားမှု၌ ပါဝင်ခြင်းကို ရပ်တန့်လိုက်သောအခါ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ရိုးသားသူဖြစ်ဖို့ တောင်းဆိုချက်နှင့် သမ္မာတရားကို အခြေခံခြင်းဖြစ်သည်။ သို့ဆိုလျှင် သင်လျှောက်နေသောဘဝလမ်းကြောင်းကမတူသည်မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အကြင်သူသည် ဘာသာတရားကို ယုံကြည်ခြင်း၊ သို့မဟုတ် ဘာသာရေးအခမ်းအနားများကို ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ကယ်တင်ခြင်းမခံရနိုင်ပေ
များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီရန် ၎င်းတို့ မည်သည့်အရာ အတိအကျ လုပ်ရမည်ဆိုကြောင်းတို့ကို အနည်းငယ်ကသာ သိနားလည်ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူများသည် “ဘုရားသခင်” ဆိုသည့် စကားလုံးနှင့် “ဘုရားသခင်၏ အမှု” ဟူသော စကားစုများနှင့် ရင်းနှီးကြသော်လည်း၊ ဘုရားသခင်ကို မသိကြဘဲ သူ၏ အမှုကို သာ၍ပင် မသိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို မသိသောသူများ အားလုံးသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် ရှုပ်ထွေးကြသည်မှာ မထူးဆန်းပေ။ လူများသည် ဘုရားသခင်ကို ယုံကြည်မှုအား အလေးအနက် မထားကြသကဲ့သို့၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အတွက် အလွန် မရင်းနှီးသောကြောင့်၊ အလွန်ပင် ထူးခြားနေသောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ဤနည်းဖြင့် ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုမှုများကို အလွန်ပင် ပြည့်မီနိုင်ခြင်း မရှိကြချေ။ တစ်နည်းအားဖြင့် လူများသည် ဘုရားသခင်ကို မသိဘဲ၊ ဘုရားသခင်၏အမှုကိုလည်း မသိပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် မသင့်တော်သကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် လုပ်ဆောင်ဖို့မှာ ပို၍ပင် မဖြစ်နိုင်ချေ။ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်။ ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားသည်၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဟု ခေါ်ဆိုနိုင်ပေသည်။ သို့သော် လူများက ဘုရားသခင်ကို ယုံကြည်မှုသည် ရိုးရှင်းပြီး ပေါ့ပေါ့ပြက်ပြက် ကိစ္စတစ်ခုကဲ့သို့ ယေဘုယျအားဖြင့် မြင်တတ်ကြသည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောလူများသည် ဘုရားသခင်အား ယုံကြည်ဖို့ဆိုသည်မှာ အဘယ်အရာဆိုလိုသည်ကို မျက်ခြည်ပြတ်သွားခဲ့ကြကာ၊ ၎င်းတို့သည် တကယ့်အဆုံးအထိ ဆက်လက် ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း၊ ဘုရားသခင်၏ လက်ခံခြင်းကို မည်သည့်အခါတွင်မျှ ရရှိမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မှားယွင်းသောလမ်းကြောင်းပေါ် နင်းလျှောက်ကြသောကြောင့် ဖြစ်သည်။ ယနေ့တွင် စကားများနှင့် အနှစ်မဲ့သည့် အယူဝါဒများအတိုင်း ဘုရားသခင်ကို ယုံကြည်သူများ ရှိနေသေးပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်မှု၏ အနှစ်သာရ ကင်းမဲ့သည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ဘုရားသခင်၏ လက်ခံခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ၎င်းတို့သည် ဘေးကင်းလုံခြုံခြင်း ကောင်းချီးမင်္ဂလာများနှင့် လုံလောက်သော ကျေးဇူးတော်ကို ဘုရားသခင်ထံ တောင်းလျှောက်ကြဆဲ ဖြစ်သည်။ ငါတို့ ရပ်တန့်ကြစို့၊ ငါတို့၏ စိတ်နှလုံးများကို ငြိမ်သက်စေပြီး မိမိတို့ကိုယ်ကို မေးကြစို့။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် အလွယ်ကူဆုံးသောအရာ ဖြစ်နိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ များစွာသော ကျေးဇူးတော် ရရှိခြင်းထက် ဘာမျှမပိုဟု ဆိုလိုသလော။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ဆန့်ကျင်သူတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းနိုင်သလော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား
အချို့သော လူများသည် ဘုရားသခင်အား ယုံကြည်ခြင်းကိစ္စကို အင်မတန် ရိုးရိုးရှင်းရှင်းလေး မြင်ကြ၏။ “ဘုရားသခင်ကို ယုံကြည်ခြင်းသည် စုဝေးပွဲများ တက်ရောက်ခြင်း၊ ဆုတောင်းခြင်း၊ တရားဒေသနာများ ကြားနာခြင်း၊ မိတ်သဟာယပြုခြင်း၊ ဘုရားသခင်ကို သီဆိုချီးမွမ်းခြင်း၊ တာဝန်တချို့ ထမ်းဆောင်ခြင်းတို့ကို ဆိုလိုသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ထိုအရာများပင် မဟုတ်သလော” ဟု ၎င်းတို့က ထင်မြင်ကြ၏။ ယခုအချိန်၌ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်လာခဲ့သည်ဖြစ်စေ သင်တို့သည် ဘုရားသခင်အား ယုံကြည်ခြင်း၏ အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်ကြသေးပေ။ အမှန်တကယ်၌ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်သည် လွန်စွာ လေးနက်လှသည်ဖြစ်ရာ လူတစ်ယောက်၏ အတွေ့အကြုံများက တိမ်လွန်းနေလျှင် ထိုသူသည် ထိုအဓိပ္ပာယ်ကို နားလည်နိုင်လိမ့်မည် မဟုတ်။ သူ့အနေဖြင့် အဆုံးစွန်တိုင်အောင် တွေ့ကြုံသည့်အခါ သူ့အတွင်းမှ စာတန်၏ စိတ်သဘောထားနှင့် ဆိုးယုတ်သော အဆိပ်များကို သန့်စင်၍ ပြောင်းလဲပစ်ရမည် ဖြစ်သည်။ လူတို့သည် သမ္မာတရား အများအပြားနှင့် ပြည့်စုံနေအောင် လုပ်ရမည်။ လူအပေါ် ဘုရားသခင်က တောင်းဆိုသော စံနှုန်းများကို ပြည့်မီအောင် လုပ်ရမည်။ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံကာ ကိုးကွယ်နိုင်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် ကယ်တင်ခြင်းကို အမှန်တကယ် ရရှိကြ၏။ အကယ်၍ သင်သည် ယခင် ဘာသာတရားတစ်ခု၏ အဖွဲ့ဝင်ဖြစ်ခဲ့စဉ်က ရှိနေခဲ့ပုံအတိုင်း ဆက်ရှိနေဆဲဖြစ်ပြီး အချို့သော စကားများနှင့် အယူဝါဒများကို ရွတ်ဆို၍ ဆောင်ပုဒ်အချို့ကို ကြွေးကြော်လျက်၊ အပြုအမူကောင်းနှင့် လုပ်ရပ်ကောင်း အနည်းငယ်ကို ပြုလုပ်လျက်၊ အနည်းဆုံးအနေဖြင့် သိသာထင်ရှားသော အပြစ်ရှိသည့် အချို့အရာများကို ရှောင်ကြဉ်လျက်သာ ရှိနေလျှင် သင်သည် ဘုရားသခင်ကို သင်၏ယုံကြည်ခြင်း၌ မှန်သော လမ်းကြောင်းကို ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း မဖော်ပြပေ။ စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်းသည် သင့်အနေဖြင့် လမ်းကြောင်းမှန်ပေါ် ရှိနေသည်ဟု ဆိုလိုသလော။ သင်သည် မှန်ကန်သော ရွေးချယ်မှုကို ပြုခဲ့ပြီဟု ဆိုလိုသလော။ သင်၏ သဘာဝအတွင်းရှိ အရာများ မပြောင်းလဲလျှင် သင်သည် နောက်ဆုံး၌ ဘုရားသခင်ကို ခုခံနိုင်ဆဲဖြစ်ကာ ပုန်ကန် ပြစ်မှားမိနိုင်သေး၏။ ဤသည်မှာ အကြီးဆုံးသော ပြဿနာပင် ဖြစ်သည်။ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်း၌ ဤပြဿနာကို မဖြေရှင်းလျှင် သင်သည် ကယ်တင်ခြင်းကို အမှန်တကယ် ရရှိခဲ့ပြီဟု ဆိုနိုင်သလော။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်ခြင်းသည် ဘုရားသခင်အား ယုံကြည်မှုတွင် အရေးပါဆုံးအပိုင်း ဖြစ်သည်
အပြုအမူဆိုင်ရာ အပြောင်းအလဲများမျှသည် ရေရှည်မတည်တံ့ပေ။ အကယ်၍ လူတို့၏ အသက်စိတ်သဘောထားများ၌ ပြောင်းလဲခြင်း မရှိပါက၊ ၎င်းတို့၏ စရိုက်မှန်များကို အနှေးနှင့်အမြန် ပြသလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အပြုအမူ ပြောင်းလဲမှုများ၏ အရင်းအမြစ်မှာ စိတ်အားထက်သန်မှု ဖြစ်ပြီး ထိုအချိန်က သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတစ်ခုခုနှင့် ပူးတွဲထားသောကြောင့် ၎င်းတို့အတွက် အချိန်ခဏတာ စိတ်အားထက်သန်လာရန်၊ သို့မဟုတ် စေတနာကောင်း ထားရှိရန်မှာ အလွန့်အလွန် လွယ်ကူသည်။ “ကောင်းသောအရာတစ်ခုလုပ်ရန် လွယ်သည်၊ ခက်ခဲသည်မှာ ကောင်းသောအရာများကို ရာသက်ပန်ပြုရန်ပင် ဖြစ်သည်” ဟု ဘာသာတရားမရှိသူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ လူတို့သည် အဘယ်ကြောင့် ၎င်းတို့၏ ဘဝတစ်ခုလုံးတစ်လျှောက် ကောင်းသောအရာများကို ပြုနိုင်စွမ်းမရှိကြသနည်း။ အကြောင်းမှာ လူများသည် သဘာဝအားဖြင့် ကောက်ကျစ်ကြသည်၊ တစ်ကိုယ်ကောင်းဆန်ပြီး ဖောက်ပြန်ပျက်စီးကြသည်။ အကြင်မည်သူ၏အပြုအမူကို ၎င်း၏သဘာဝက စီမံညွှန်ကြားပေသည်။ အကြင်သူ၏သဘာဝမှာ မည်သည့်အရာဖြစ်ပါစေ ထိုလူ ထုတ်ဖော်ပြသည့် အပြုအမူလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး သဘာဝအလျောက် ထုတ်ဖော်သောအရာသည်သာ လူတစ်ဦး၏ သဘာဝကို ကိုယ်စားပြုသည်။ အတုအယောင်ဖြစ်သော အရာများမှာ ကြာရှည်မတည်နိုင်ပေ။ ဘုရားသခင်သည် လူသားကို ကယ်တင်ရန် အမှုပြုသောအခါ လူသားကို ကောင်းသောအပြုအမူဖြင့် ဆင်မြန်းရန် မဟုတ်ပေ။ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်မှာ လူတို့၏ စိတ်သဘောထားများကို အသွင်ပြောင်းလဲရန်၊ ၎င်းတို့ကို အသစ်သောလူအဖြစ် တစ်ဖန်ပြန်မွေးဖွားစေရန် ဖြစ်သည်။ လူသားအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများအားလုံးက လူသားအနေဖြင့် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကို စွမ်းဆောင်ရရှိနိုင်ဖို့အလို့ငှာနှင့်၊ သူ့ကို ပုံမှန် ကိုးကွယ်လာကြဖို့အလို့ငှာ သူ၏စိတ်သဘောထားကို ပြောင်းလဲရန် အသုံးတော်ခံဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ဖြစ်သည်။ ကောင်းမွန်စွာ ပြုမူခြင်းသည် ခရစ်တော်နှင့် သဟဇာတဖြစ်ခြင်းနှင့် တူညီဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ပင် မတူညီပေ။ အပြုအမူ အပြောင်းအလဲများသည် အယူဝါဒအပေါ် အခြေခံပြီး စိတ်အားထက်သန်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းအပေါ် အခြေတည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်အကြောင်း စစ်မှန်သောအသိ၊ သို့မဟုတ် သမ္မာတရားကို အခြေခံထားခြင်း မဟုတ်ပေ။ လူတို့လုပ်သော အရာအချို့တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ကို ခံရသည့် အချိန်များရှိသော်လည်း ဤသည်မှာ ၎င်းတို့ ဘဝ၏ ထုတ်ဖော်ချက်တစ်ခု မဟုတ်ပေ။ သမ္မာတရား စစ်မှန်မှုများထဲသို့ ၎င်းတို့ မဝင်ရောက်ရသေးသကဲ့သို့ ၎င်းတို့၏ အသက်စိတ်သဘောထား လုံးဝ မပြောင်းလဲသေးပေ။ လူတစ်ဦး၏ အပြုအမူ မည်မျှ ကောင်းသည်ဖြစ်စေ၊ ဘုရားကို ၎င်းတို့ကျိုးနွံနာခံသည်၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်ကို သက်သေမပြပေ။ အပြုအမူဆိုင်ရာ အပြောင်းအလဲများက အသက်စိတ်သဘောထားထဲမှ အပြောင်းအလဲများကို ကိုယ်စားမပြုသကဲ့သို့ ဘဝ၏ ထုတ်ဖော်ချက်များအဖြစ် မှတ်ယူ၍မရပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ကမ္ဘာတွင် အဓိကဘာသာတရား အချို့ရှိပြီး အသီးသီးသည် ၎င်း၏ကိုယ်ပိုင်ဦးသျှောင် သို့မဟုတ် ခေါင်းဆောင် ရှိပြီး၊ နောက်လိုက်များသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကွဲပြားသည့် နိုင်ငံများနှင့် ဒေသများသို့ ပျံ့နှံ့နေကြ၏။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ နိုင်ငံတိုင်းနီးပါးသည် ၎င်း၏ အတွင်း၌ မတူကွဲပြားသည့် ဘာသာတရားများရှိ၏။ သို့ရာတွင် ကမ္ဘာ့အနှံ့တွင် ဘာသာတရား မည်မျှပင်ရှိသည်ဖြစ်စေ၊ စကြဝဠာအတွင်းရှိ လူအားလုံးသည် နောက်ဆုံးတွင် တစ်ဆူတည်းသော ဘုရားသခင်၏ လမ်းပြမှုအောက်၌ တည်ရှိကြပြီး ဘာသာတရား၏ ဦးသျှောင်များ သို့မဟုတ် ခေါင်းဆောင်များ၏ လမ်းပြမှုအောက်တွင် တည်ရှိကြခြင်းမဟုတ်ပေ။ ဆိုလိုသည်မှာ လူသားမျိုးနွယ်ကို သီးသန့် ဘာသာရေးဦးသျှောင် သို့မဟုတ် ခေါင်းဆောင်က လမ်းပြနေခြင်း မဟုတ်ပေ။ ယင်းထက် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကောင်းကင်၊ မြေကြီး၊ အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကိုလည်း ဖန်ဆင်းခဲ့သည့် ဖန်ဆင်းရှင်က ဦးဆောင်လမ်းပြနေခြင်း ဖြစ်၏။ ဤသည်မှာ အမှန်တရား ဖြစ်၏။ ကမ္ဘာလောကတွင် အဓိက ဘာသာတရားအချို့ ရှိသော်လည်း၊ ၎င်းတို့ မည်မျှကြီးမြတ်စေကာမူ ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် တည်ရှိပြီး၊ ၎င်းတို့ထဲမှ မည်သည့်ဘာသာကမျှ ဤအုပ်စိုးမှုနယ်ပယ်ကို မကျော်လွန်နိုင်ပေ။ လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အဖွဲ့အစည်း၏ အစားဝင်နေရာယူခြင်း၊ သဘာဝသိပ္ပံများ၏ တိုးတက်မှု အသီးသီးသည် ဖန်ဆင်းရှင်၏ အစီအစဉ်များမှ ကင်းကွာ၍မရသကဲ့သို့၊ ဤအမှုသည် သတ်မှတ်ထားသည့် မည်သည့်ဘာသာရေး ဦးသျှောင်တစ်ဦးကမျှ လုပ်ဆောင်၍ရနိုင်သော အရာတစ်ခု မဟုတ်ပေ။ ဘာသာရေး ဦးသျှောင်တစ်ဦးသည် သီးသန့်ဘာသာတရား တစ်ခု၏ ခေါင်းဆောင်မျှသာ ဖြစ်ပြီး၊ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်သကဲ့သို့ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသူအား ကိုယ်စားမပြုနိုင်ပေ။ ဘာသာရေးဦးသျှောင်တစ်ဦးသည် ဘာသာတရား တစ်ရပ်လုံးအတွင်း ရှိသူအားလုံးကို ဦးဆောင်နိုင်သော်လည်း၊ ကောင်းကင်အောက်ရှိ ဖန်ဆင်းခံအားလုံးကို ကွပ်ကဲအုပ်ချုပ်နိုင်ခြင်း မရှိပေ။ ဤသည်မှာ လူတကာအသိအမှတ်ပြုထားသည့် အချက်ဖြစ်၏။ ဘာသာရေးဦးသျှောင်တစ်ဦးသည် ခေါင်းဆောင်တစ်ဦးသာ ဖြစ်ပြီး၊ ဘုရားသခင် (ဖန်ဆင်းရှင်) နှင့် တန်းတူ မရပ်တည်နိုင်ပေ။ အရာအားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲတွင် ရှိကြပြီး၊ အဆုံးတွင် ၎င်းတို့အားလုံးသည် ဖန်ဆင်းရှင်၏ လက်ထဲသို့ ပြန်လာကြလိမ့်မည်။ လူသားမျိုးနွယ်ကို ဘုရားသခင် ပြုလုပ်ခဲ့ပြီး၊ မည်သည့်ဘာသာဖြစ်စေ၊ လူတိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက်သို့ ပြန်လာကြလိမ့်မည်။ ဤသည်ကို ရှောင်လွှဲ၍မရပေ။ ဘုရားသခင်သည်သာ အရာခပ်သိမ်းအလယ် အမြင့်မားဆုံး ဖြစ်ပြီး၊ ဖန်ဆင်းခံအားလုံးအလယ် အမြင့်မားဆုံးသော အုပ်စိုးသူသည်လည်း သူ၏အုပ်စိုးမှုအောက်သို့ ပြန်လာရလိမ့်မည်။ လူသား၏ အဆင့်အတန်း မည်မျှမြင့်မားသည်ဖြစ်စေ၊ လူသည် လူသားမျိုးနွယ်ကို သင့်တော်သည့် ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားနိုင်ခြင်း မရှိသကဲ့သို့ မည်သူမျှ အရာခပ်သိမ်းကို အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်နိုင်ခြင်း မရှိပေ။ ယေဟောဝါကိုယ်တိုင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး အသီးသီးကို ၎င်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ကာ နောက်ဆုံးအချိန် ရောက်သည့်အခါ၊ သူသည် အရာခပ်သိမ်းကို ယင်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်လျက် သူ၏ကိုယ်ပိုင်အမှုကို သူကိုယ်တိုင် လုပ်ဆောင်လိမ့်ဦးမည်။ ဤအမှုကို ဘုရားသခင်မှလွဲ၍ မည်သူကမျှ မလုပ်ဆောင်နိုင်ပေ။ အစအဦးမှသည် ယနေ့ထိတိုင် ဆောင်ရွက်ခဲ့သည့် အမှု၏အဆင့်သုံးဆင့်ကို ဘုရားသခင်ကိုယ်တော်တိုင်က အားလုံး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ၊ တစ်ဆူတည်းသော ဘုရားသခင်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။ အမှု၏ အဆင့်သုံးဆင့်၏ အမှန်တရားသည် လူသားမျိုးနွယ်အားလုံးကို ဘုရားသခင်၏ ဦးဆောင်လမ်းပြခြင်း အမှန်တရား၊ မည်သူမျှ မငြင်းနိုင်သော အမှန်တရား ဖြစ်၏။ စကြဝဠာ တစ်ခုလုံးတွင် ဤတစ်ဆူတည်းသော ဘုရားသခင်သာ တည်ရှိပြီး၊ အခြားဘာသာတရားများ မရှိသည့်အတွက်၊ အမှု၏ အဆင့်သုံးဆင့် အဆုံးတွင် အရာခပ်သိမ်းသည် အမျိုးအစားအလိုက် အတန်းစား ခွဲခြားခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ အုပ်စိုးမှုအောက် ပြန်လာကြလိမ့်မည်။ ကမ္ဘာလောကကို ဖန်ဆင်းနိုင်စွမ်း မရှိသူသည် ယင်းကို အဆုံးသတ်နိုင်စွမ်းလည်း ရှိလိမ့်မည် မဟုတ်၊ ကမ္ဘာလောကကို ဖန်ဆင်းသူမှာမူ ကမ္ဘာလောကကို ဧကန်မုချ အဆုံးသတ်နိုင်စွမ်း ရှိပေလိမ့်မည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်သည် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းနိုင်ခြင်း မရှိသကဲ့သို့၊ လူသားကို သူ့ကိုယ်သူ ပျိုးထောင်ရန်နှင့် သူ၏ ကိုယ်ကျင့်စရိုက်ကို စစ်ဆေးရန် အထောက်အကူပြုရုံသာ ပြုနိုင်ပါက၊ သူသည် ဧကန်မုချ ဘုရားသခင် ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏သခင် ဧကန်မုချ ဖြစ်လိမ့်မည် မဟုတ်ပေ။ သူသည် ထိုသို့သော ကြီးမားသည့်အမှုကို လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုသို့သောအမှုကို ဆောင်ရွက်နိုင်သူ တစ်ဦးတည်းသာ ရှိပြီး၊ ဤအမှုကို မလုပ်ဆောင်နိုင်သူ အားလုံးသည် ဧကန်မုချ ရန်သူများဖြစ်ပြီး ဘုရားသခင် မဟုတ်ပေ။ ယင်းသည် ဆိုးယုတ်သော ဘာသာတရားတစ်ခု ဖြစ်သရွေ့ ဘုရားသခင်နှင့် သဟဇာတ မဖြစ်သကဲ့သို့ ဘုရားသခင်နှင့် သဟဇာတ မဖြစ်သည့်သူသည် ဘုရားသခင်၏ ရန်သူတစ်ဦး ဖြစ်၏။ အမှုအားလုံးကို ဤစစ်မှန်သော ဘုရားသခင်တစ်ဆူတည်းက လုပ်ဆောင်ပြီး စကြဝဠာ တစ်ခုလုံးကို ဤဘုရားသခင်တစ်ဆူတည်းက ကွပ်ကဲ၏။ ယင်းမှာ ဣသရေလနိုင်ငံရှိ သူ၏အမှုဖြစ်စေ၊ တရုတ်နိုင်ငံရှိ သူ၏အမှုဖြစ်စေ၊ အမှုကို ဝိညာဉ်တော် သို့မဟုတ် လူ့ဇာတိဖြင့် ဆောင်ရွက်သည်ဖြစ်စေ၊ အားလုံးကို ဘုရားသခင် ကိုယ်တော်တိုင်က လုပ်ဆောင်ပြီး၊ အခြားမည်သူကမျှ မလုပ်ဆောင်နိုင်ပေ။ မည်သည့် သတ်မှတ်ချက်များ၏ ဘောင်ခတ်ခံရခြင်း မရှိဘဲ၊ လွတ်လပ်စွာ သူ အမှုပြုသည်မှာ အတိအကျအားဖြင့် သူသည် လူသားမျိုးနွယ်အားလုံး၏ ဘုရားသခင် ဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ရူပါရုံများ အားလုံးအနက် အကြီးမားဆုံး ဖြစ်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်