၇။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် တနင်္ဂနွေနေ့တွင် ဘုရားကျောင်း တက်ရောက်ခြင်းတွင် စိတ်နှစ်မြှုပ်ထားခြင်း၊ အလှူဒါနများ ပြုလုပ်ခြင်းနှင့် ရက်ရောသောစိတ်ရှိခြင်း၊ ပြီးလျှင် အသင်းတော် လုပ်ရှားမှုများတွင် ပုံမှန်ပါဝင်ခြင်းတို့ကို ဆိုလိုသည်ဟု လူအချို့က တွေးထင်ကြသည်။ ဤအရာများကို လုပ်ဆောင်ခြင်းအားဖြင့်၊ ၎င်းတို့ ကယ်တင်ခံရနိုင်သည်ဟု ယုံကြည်ကြသည်။ ထိုသို့သော အမြင်များသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါသလား။
ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-
“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။” (ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃)
“ကောင်းကင်နိုင်ငံတော်ကို အနိုင်အထက် ပြုသော သူတို့သည်လည်း လုယူဝင်စားရကြ၏။” (ရှင်မဿဲခရစ်ဝင် ၁၁:၁၂)
“ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။” (ရှင်မဿဲခရစ်ဝင် ၁၈:၃)
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီရန် ၎င်းတို့ မည်သည့်အရာ အတိအကျ လုပ်ရမည်ဆိုကြောင်းတို့ကို အနည်းငယ်ကသာ သိနားလည်ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူများသည် “ဘုရားသခင်” ဆိုသည့် စကားလုံးနှင့် “ဘုရားသခင်၏ အမှု” ဟူသော စကားစုများနှင့် ရင်းနှီးကြသော်လည်း၊ ဘုရားသခင်ကို မသိကြဘဲ သူ၏ အမှုကို သာ၍ပင် မသိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို မသိသောသူများ အားလုံးသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် ရှုပ်ထွေးကြသည်မှာ မထူးဆန်းပေ။ လူများသည် ဘုရားသခင်ကို ယုံကြည်မှုအား အလေးအနက် မထားကြသကဲ့သို့၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အတွက် အလွန် မရင်းနှီးသောကြောင့်၊ အလွန်ပင် ထူးခြားနေသောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ဤနည်းဖြင့် ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုမှုများကို အလွန်ပင် ပြည့်မီနိုင်ခြင်း မရှိကြချေ။ တစ်နည်းအားဖြင့် လူများသည် ဘုရားသခင်ကို မသိဘဲ၊ ဘုရားသခင်၏အမှုကိုလည်း မသိပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် မသင့်တော်သကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် လုပ်ဆောင်ဖို့မှာ ပို၍ပင် မဖြစ်နိုင်ချေ။ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်။ ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားသည်၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ “ဘုရားသခင်ကို ယုံကြည်ခြင်း” ဟု ခေါ်ဆိုနိုင်ပေသည်။ သို့သော် လူများက ဘုရားသခင်ကို ယုံကြည်မှုသည် ရိုးရှင်းပြီး ပေါ့ပေါ့ပြက်ပြက် ကိစ္စတစ်ခုကဲ့သို့ ယေဘုယျအားဖြင့် မြင်တတ်ကြသည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောလူများသည် ဘုရားသခင်အား ယုံကြည်ဖို့ဆိုသည်မှာ အဘယ်အရာဆိုလိုသည်ကို မျက်ခြည်ပြတ်သွားခဲ့ကြကာ၊ ၎င်းတို့သည် တကယ့်အဆုံးအထိ ဆက်လက် ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း၊ ဘုရားသခင်၏ လက်ခံခြင်းကို မည်သည့်အခါတွင်မျှ ရရှိမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မှားယွင်းသောလမ်းကြောင်းပေါ် နင်းလျှောက်ကြသောကြောင့် ဖြစ်သည်။ ယနေ့တွင် စကားများနှင့် အနှစ်မဲ့သည့် အယူဝါဒများအတိုင်း ဘုရားသခင်ကို ယုံကြည်သူများ ရှိနေသေးပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်မှု၏ အနှစ်သာရ ကင်းမဲ့သည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ဘုရားသခင်၏ လက်ခံခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ၎င်းတို့သည် ဘေးကင်းလုံခြုံခြင်း ကောင်းချီးမင်္ဂလာများနှင့် လုံလောက်သော ကျေးဇူးတော်ကို ဘုရားသခင်ထံ တောင်းလျှောက်ကြဆဲ ဖြစ်သည်။ ငါတို့ ရပ်တန့်ကြစို့၊ ငါတို့၏ စိတ်နှလုံးများကို ငြိမ်သက်စေပြီး မိမိတို့ကိုယ်ကို မေးကြစို့။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် အလွယ်ကူဆုံးသောအရာ ဖြစ်နိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ များစွာသော ကျေးဇူးတော် ရရှိခြင်းထက် ဘာမျှမပိုဟု ဆိုလိုသလော။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ဆန့်ကျင်သူတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းနိုင်သလော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား
အချို့သော လူများသည် ဘုရားသခင်အား ယုံကြည်ခြင်းကိစ္စကို အင်မတန် ရိုးရိုးရှင်းရှင်းလေး မြင်ကြ၏။ “ဘုရားသခင်ကို ယုံကြည်ခြင်းသည် စုဝေးပွဲများ တက်ရောက်ခြင်း၊ ဆုတောင်းခြင်း၊ တရားဒေသနာများ ကြားနာခြင်း၊ မိတ်သဟာယပြုခြင်း၊ ဘုရားသခင်ကို သီဆိုချီးမွမ်းခြင်း၊ တာဝန်တချို့ ထမ်းဆောင်ခြင်းတို့ကို ဆိုလိုသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ထိုအရာများပင် မဟုတ်သလော” ဟု ၎င်းတို့က ထင်မြင်ကြ၏။ ယခုအချိန်၌ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်လာခဲ့သည်ဖြစ်စေ သင်တို့သည် ဘုရားသခင်အား ယုံကြည်ခြင်း၏ အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်ကြသေးပေ။ အမှန်တကယ်၌ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်သည် လွန်စွာ လေးနက်လှသည်ဖြစ်ရာ လူတစ်ယောက်၏ အတွေ့အကြုံများက တိမ်လွန်းနေလျှင် ထိုသူသည် ထိုအဓိပ္ပာယ်ကို နားလည်နိုင်လိမ့်မည် မဟုတ်။ သူ့အနေဖြင့် အဆုံးစွန်တိုင်အောင် တွေ့ကြုံသည့်အခါ သူ့အတွင်းမှ စာတန်၏ စိတ်သဘောထားနှင့် ဆိုးယုတ်သော အဆိပ်များကို သန့်စင်၍ ပြောင်းလဲပစ်ရမည် ဖြစ်သည်။ လူတို့သည် သမ္မာတရား အများအပြားနှင့် ပြည့်စုံနေအောင် လုပ်ရမည်။ လူအပေါ် ဘုရားသခင်က တောင်းဆိုသော စံနှုန်းများကို ပြည့်မီအောင် လုပ်ရမည်။ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံကာ ကိုးကွယ်နိုင်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် ကယ်တင်ခြင်းကို အမှန်တကယ် ရရှိကြ၏။ အကယ်၍ သင်သည် ယခင် ဘာသာတရားတစ်ခု၏ အဖွဲ့ဝင်ဖြစ်ခဲ့စဉ်က ရှိနေခဲ့ပုံအတိုင်း ဆက်ရှိနေဆဲဖြစ်ပြီး အချို့သော စကားများနှင့် အယူဝါဒများကို ရွတ်ဆို၍ ဆောင်ပုဒ်အချို့ကို ကြွေးကြော်လျက်၊ အပြုအမူကောင်းနှင့် လုပ်ရပ်ကောင်း အနည်းငယ်ကို ပြုလုပ်လျက်၊ အနည်းဆုံးအနေဖြင့် သိသာထင်ရှားသော အပြစ်ရှိသည့် အချို့အရာများကို ရှောင်ကြဉ်လျက်သာ ရှိနေလျှင် သင်သည် ဘုရားသခင်ကို သင်၏ယုံကြည်ခြင်း၌ မှန်သော လမ်းကြောင်းကို ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း မဖော်ပြပေ။ စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်းသည် သင့်အနေဖြင့် လမ်းကြောင်းမှန်ပေါ် ရှိနေသည်ဟု ဆိုလိုသလော။ သင်သည် မှန်ကန်သော ရွေးချယ်မှုကို ပြုခဲ့ပြီဟု ဆိုလိုသလော။ သင်၏ သဘာဝအတွင်းရှိ အရာများ မပြောင်းလဲလျှင် သင်သည် နောက်ဆုံး၌ ဘုရားသခင်ကို ခုခံနိုင်ဆဲဖြစ်ကာ ပုန်ကန် ပြစ်မှားမိနိုင်သေး၏။ ဤသည်မှာ အကြီးဆုံးသော ပြဿနာပင် ဖြစ်သည်။ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်း၌ ဤပြဿနာကို မဖြေရှင်းလျှင် သင်သည် ကယ်တင်ခြင်းကို အမှန်တကယ် ရရှိခဲ့ပြီဟု ဆိုနိုင်သလော။ ဤသို့ပြောရာ၌ ငါသည် အတိအကျအားဖြင့် မည်သည်ကို ဆိုလိုသနည်း။ ဘုရားသခင်အား ယုံကြည်ခြင်းဟူသည်ကို ဘုရား၏ နှုတ်ကပတ်တော်နှင့် သီးခြားခွဲထား၍ မရနိုင်သကဲ့သို့ ဘုရားသခင် ကိုယ်တော်တိုင်နှင့်ဖြစ်စေ၊ သမ္မာတရားနှင့်ဖြစ်စေ သီးခြားခွဲထား၍လည်း မရနိုင်ကြောင်းကို သင်တို့၏ စိတ်နှလုံးအတွင်း နားလည်ထားကြရန် ငါအလိုရှိခြင်းဖြစ်၏။ သင်သည် မှန်ကန်သော လမ်းကို ရွေးချယ်ရမည်ဖြစ်ပြီး သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကြိုးစား အားထုတ်ရမည်။ တစ်ပိုင်းတစ်စ သို့မဟုတ် အကြမ်းဖျင်း နားလည်ခြင်းကို ရရှိရုံမျှဖြင့် ရပ်လိုက်၍ မဖြစ်ချေ။ မိမိကိုယ်ကို လှည့်စားခြင်းသည် သင့်အား ထိခိုက်နစ်နာခြင်းသာ ဖြစ်စေလိမ့်မည်။ သင်၏ ယုံကြည်ခြင်းအား သင်၏ စိတ်ကူးများအပေါ် အခြေခံခြင်းသည် မည်သို့မျှ မကောင်းချေ။ သင်သည် အဆုံးတိုင်အောင် ယုံကြည်သော်လည်း သင်၏ စိတ်နှလုံး၌ ဘုရားသခင်မရှိလျှင်လည်းကောင်း၊ သင်သည် ဘုရားနှုတ်ကပတ်တော်များကို ခပ်မြန်မြန်သာ လှန်လှောကြည့်၍ ယင်းနောက်၌ မမှတ်မိနိုင်တော့လျှင်လည်းကောင်း၊ ဘုရားသခင်သည် သင်၏ စိတ်နှလုံးအတွင်း နေရာတစ်ခု မရှိလျှင်လည်းကောင်း သင်ဇာတ်သိမ်းလေပြီ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မှန်ကန်သော လမ်းကြောင်းကို ရွေးချယ်ခြင်းသည် ဘုရားသခင်အား ယုံကြည်မှုတွင် အရေးပါဆုံးအပိုင်း ဖြစ်သည်
လူတို့ ယုံကြည်ခြင်း၏ အဆုံးစွန် အဓိပ္ပာယ်မှာ အဘယ်နည်း။ ရိုးရှင်းစွာ ပြောရလျှင် ကယ်တင်ခံရရန်အလို့ငှာဖြစ်သည်။ ပြီးလျှင် ကယ်တင်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ငါသည် သင်တို့အားလုံးအား ထိုအရာကို အချိန်ယူစဉ်းစားပြီး ကယ်တင်ခံရရန်ဆိုသည်မှာ မည်သည့်အရာကို အမှန်တကယ် ဆိုလိုကြောင်း ငါ့ကိုပြောစေလိုသည်။ (ထိုအရာမှာ စာတန်၏ အမှောင် စွမ်းအားမှ ကျွန်ုပ်တို့ ရုန်းထွက်လွတ်မြောက်နိုင်ကြောင်း၊ ဘုရားသခင်ထံ လုံးဝ လှည့်နိုင်ပြီး နောက်ဆုံးတွင် ရှင်သန်နိုင်ကြောင်းကို ဆိုလိုပါသည်။) (စာတန်၏ အာဏာအောက်တွင် အသက်ရှင်ကြသည့် လူများသည် သေခြင်းနှင့်ထိုက်တန်သော်လည်း ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းအားဖြင့် ကယ်တင်ခံရသည့်လူများမှာ သေဆုံးလိမ့်မည် မဟုတ်ပါ။) ဤအရာကို သင်တို့အားလုံး သိနားလည်ပြီး အယူဝါဒအဆင့်ထိ ရှင်းပြနိုင်သော်လည်း ကယ်တင်ခံရခြင်းသည် မည်သည့်အရာ အမှန်တကယ် ဖြစ်သည်ကို သင်တို့ တကယ်ကို မသိကြပေ။ ကယ်တင်ခံရခြင်းဟူသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်း ဖြစ်သလော။ ကယ်တင်ခံရခြင်းဟူသည်မှာ မလိမ်ညာခြင်း၊ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့် ဘုရားသခင်ကို ပုန်ကန်ခြင်းကို ရပ်တန့်ခြင်းအား ဆိုလိုသလော။ လူများသည် ကယ်တင်ခြင်းခံရပြီးသည့်နောက်တွင် မည်သည့်အရာနှင့် တူကြသနည်း။ ရိုးရှင်းသည့် ဝေါဟာရအနေဖြင့် ကယ်တင်ခံရခြင်းဟူသည်မှာ သင် ဆက်လက် အသက်ရှင်နိုင်လိမ့်မည် ဖြစ်ကြောင်း၊ အသက်ရှင်ခြင်းသို့ ပြန်လည်ပို့ဆောင်ခြင်းခံရပြီးဖြစ်ကြောင်း ဆိုလိုပေသည်။ သင်သည် တစ်ချိန်က အပြစ်တွင် အသက်ရှင်နေခဲ့ပြီး သေခြင်းကို ဦးတည်နေခဲ့သည်။ ဘုရားသခင် မြင်သည့်အတိုင်းဆိုလျှင် သင်သည် သေလူတစ်ဦး ဖြစ်ခဲ့သည်။ ဤအရာကို ပြောရခြင်း၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ လူတို့သည် ကယ်တင်ခြင်းမခံရမီ မည်သူ၏အာဏာအောက်တွင် ရှိကြသနည်း။ (စာတန်၏ အာဏာအောက်တွင် ရှိကြသည်။) ပြီးလျှင် လူတို့သည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်ရန်အတွက် မည်သည့်အရာအပေါ် အမှီပြုကြသနည်း။ သူတို့သည် အသက်ရှင်ရန်အတွက် သူတို့၏ စာတန်ဆန်သော သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် အမှီပြုကြသည်။ သို့ဆိုလျှင် သူတို့၏ ဖြစ်ခြင်းတစ်ခုလုံးဖြစ်သည့် သူတို့၏ ဇာတိပကတိ၊ သူတို့၏ စိတ်ဝိညာဉ်နှင့် သူတို့၏ အတွေးစိတ်ကူးကဲ့သို့သော သူတို့၏ အခြားကဏ္ဍများအားလုံးများသည် အရှင်လော၊ သို့မဟုတ် အသေလော။ ဘုရားသခင်၏ ရှုထောင့်တွင် ၎င်းတို့မှာ အသေဖြစ်ကြသည်။ ၎င်းတို့သည် လမ်းလျှောက်နေသော အလောင်းကောင်များဖြစ်ကြသည်။ အပေါ်ယံတွင် သင်သည် အသက်ရှူနေပုံနှင့် စဉ်းစားနေပုံရသော်လည်း သင် အဆက်မပြတ် တွေးနေသောအရာတိုင်းမှာ မကောင်းမှုအကြောင်းပင် ဖြစ်၏၊ ဘုရားသခင်ကို အာခံသောအရာများနှင့် ဘုရားသခင်ကို ပုန်ကန်သောအရာများဖြစ်ကာ သင်၏အတွေးများအားလုံးသည် ဘုရားသခင် စက်ဆုပ်သော၊ မုန်းတီးပြီးရှုတ်ချသော အရာများအကြောင်း ဖြစ်၏။ ဘုရားသခင်၏အမြင်တွင် ဤအရာအားလုံးသည် ဇာတိပကတိနှင့်မသက်ဆိုင်သည်သာမက စာတန်နှင့် နတ်ဆိုးများနှင့်လည်း လုံးလုံးလျားလျား သက်ဆိုင်၏။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လူသားပင် ဟုတ်သလော။ မဟုတ်ပါ၊ သားရဲတိရစ္ဆာန်များ၊ နတ်ဆိုးများနှင့် စာတန်များဖြစ်သည်။ ၎င်းတို့သည် သက်ရှိ စာတန်များဖြစ်သည်။ လူအားလုံးသည် စာတန်၏ သဘာဝနှင့် ၎င်း၏ စိတ်သဘောထားဖြင့် အသက်ရှင်ကြပြီး ဘုရားသခင် မြင်သည့်အတိုင်းဆိုလျှင် ၎င်းတို့သည် အသက်ရှင်ပြီး လူသား ဇာတိပကတိ ဝတ်ဆင်ထားသည့်စာတန်များ၊ လူသား အရေခွံဖြင့် နတ်ဆိုးများ ဖြစ်ကြသည်။ ဘုရားသခင်သည် ထိုသို့သော လူများကို လမ်းလျှောက်နေသည့် အလောင်းကောင်များ၊ လူသေများအဖြစ် သရုပ်ဖော်သည်။ ဘုရားသခင်သည် ယခုတွင် ကယ်တင်ခြင်းအမှုကို ပြုနေသည်၊ ဆိုလိုသည်မှာ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ၎င်း၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရအားဖြင့် အသက်ရှင်သည့် လမ်းလျှောက်နေသော အလောင်းကောင်များ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရဖြစ်သည့် လူသေများကို ယူကာ အသက်ရှင်သော လူများအဖြစ်သို့ ပြောင်းလဲစေလိမ့်မည်ဟု ဆိုလိုသည်။ ယင်းမှာ ကယ်တင်ခံရခြင်း၏ အဓိပ္ပာယ်ဖြစ်၏။ အကြင်သူသည် ကယ်တင်ခံရရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်သည်။ ကယ်တင်ခြင်းခံရရန်ဟူသည်မှာ အဘယ်နည်း။ အကြင်သူသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိသည့်အခါ အသက်ရှင်ခြင်းသို့ ရောက်လာသည့် လူသေ ဖြစ်သည်။ တစ်ချိန်က ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ခဲ့ကြကာ သေဆုံးရန် သတ်မှတ်ခြင်းခံခဲ့ရသော်လည်း ယခုတွင် ဘုရားသခင်နှင့် သက်ဆိုင်သည့် လူများအဖြစ် အသက်ရှင်လာကြပြီဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပါက သူ့ကို သိရှိနိုင်ပြီး ဘုရားသခင်ကို ယုံကြည်ကာ ဘုရားနောက်သို့လိုက်ကြသည့်အခါ ကိုးကွယ်ခြင်းဖြင့် သူ့ကို ဦးညွှတ်နိုင်ကြလျှင်၊ မိမိတို့ စိတ်နှလုံးများတွင် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်းတို့ နောက်ထပ်မရှိသကဲ့သို့ သူ့ကို အတိုက်အခံလုပ်ခြင်း၊ သို့မဟုတ် တိုက်ခိုက်ခြင်း မရှိတော့ဘဲ အမှန်တကယ် ကျိုးနွံနာခံနိုင်လျှင် ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် စစ်မှန်သော အသက်ရှင်သည့်လူများ ဖြစ်သည်။ ဘုရားသခင်ကို စကားဖြင့် အသိအမှတ်ပြုရုံမျှ ပြုသောသူသည် အသက်ရှင်သော လူတစ်ဦး ဟုတ်ပါသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့် လူစားမျိုးသည် အသက်ရှင်သော လူတစ်ဦး ဖြစ်သနည်း။ အသက်ရှင်သော လူတို့၏ လက်တွေ့အရှိတရားများမှာ အဘယ်နည်း။ အသက်ရှင်သော လူများသည် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ သင်တို့၏ အယူအဆများကို ငါ့ကို ပြောလော့။ (သမ္မာတရားကို လက်ခံသောလူတို့သည် အသက်ရှင်သော လူများဖြစ်သည်။ လူတို့၏ အတွေးအခေါ်ဆိုင်ရာ အမြင်များ၊ အမှုအရာများနှင့် စပ်လျဉ်းသော အမြင်များသည် ပြောင်းလဲပြီး ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီသည့်အခါ သူတို့သည် အသက်ရှင်သော လူများဖြစ်ကြပါသည်။) (အသက်ရှင်သော လူများမှာ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်သောသူများ ဖြစ်ပါသည်။) (ယောဘကဲ့သို့ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သော လူတစ်ဦးသည် အသက်ရှင်သော လူတစ်ဦး ဖြစ်သည်။) (ဘုရားသခင်ကို သိသောလူများ၊ ဘုရားနှုတ်ကပတ်တော်များအတိုင်း အသက်ရှင်နိုင်ပြီး သမ္မာတရား စစ်မှန်မှုကို အသက်ရှင်နေထိုင်နိုင်သော လူများဖြစ်သည်။ ထိုသူများသည် အသက်ရှင်သောလူများဖြစ်သည်။) သင်တို့အားလုံးက သရုပ်သကန်တစ်မျိုးကို ပြောဆိုကြလေပြီ။ တစ်စုံတစ်ဦးအနေဖြင့် နောက်ဆုံးတွင် ကယ်တင်ခံရပြီး အသက်ရှင်သော လူတစ်ဦးဖြစ်လာရန်အတွက် ၎င်းသည် အနည်းဆုံးအနေဖြင့် ဘုရားနှုတ်ကပတ်တော်များကို အလေးဂရုပြုနိုင်ရမည်ဖြစ်ပြီး အသိတရားနှင့် အသိစိတ်ရှိသည့် စကားများကို ပြောနိုင်ရမည်ဖြစ်ကာ ၎င်းအနေဖြင့် စဉ်းစားဉာဏ်ရှိပြီး မြော်မြင်တတ်ရမည်၊ သမ္မာတရားကို နားလည်နိုင်ကာ လက်တွေ့လုပ်ဆောင်နိုင်ရမည်၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကာ ကိုးကွယ်နိုင်ရမည်ဖြစ်သည်။ ယင်းမှာ စစ်မှန်သည့် အသက်ရှင်သော လူတစ်ဦးဖြစ်သည့်အရာ ဖြစ်သည်။ အသက်ရှင်သော လူများသည် မည်သည့်အရာကို မကြာခဏ စဉ်းစား လုပ်ဆောင်ကြသနည်း။ ပုံမှန်လူများ လုပ်ဆောင်သင့်သည့်အရာ အနည်းငယ်ကို ၎င်းတို့ လုပ်ဆောင်နိုင်ကြသည်။ အဓိကအားဖြင့် ၎င်းတို့သည် မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်ကြပြီး ၎င်းတို့ စဉ်းစားပြီး ထုတ်ဖော်သည့်အရာတွင်၊ ပုံမှန်အရ ၎င်းတို့ ပြောဆိုကာ လုပ်ဆောင်သည့်အရာတွင် ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်ကြသည်။ ယင်းမှာ ၎င်းတို့ မကြာခဏ စဉ်းစားပြီး လုပ်ဆောင်သည့်အရာ၏ သဘာဝ ဖြစ်သည်။ အနည်းငယ် သာ၍ တိကျစွာပြောဆိုရလျှင် ၎င်းတို့ ပြောဆိုလုပ်ဆောင်သည့်အရာအများစုသည် သမ္မာတရားနှင့် အနည်းဆုံးအနေဖြင့် ကိုက်ညီသည်။ ဘုရားသခင်၏ ရှုတ်ချခြင်း၊ သို့မဟုတ် ပစ်ပစ်ခါခါငြင်းခြင်းကို မခံရဘဲ သူ၏ လက်ခံခြင်းနှင့် အသိအမှတ်ပြုခြင်း ခံရသည်။ ဤသည်မှာ အသက်ရှင်သော လူများ လုပ်ဆောင်သည့်အရာဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ စစ်မှန်စွာ ကျိုးနွံနာခံခြင်းဖြင့်သာလျှင် စစ်မှန်သော ယုံကြည်မှု ရှိနိုင်သည်
ပုံမှန်ဝိညာဉ်အသက်တာကို ဆုတောင်းခြင်း၊ ဓမ္မသီချင်းသီဆိုခြင်း၊ အသင်းတော်အသက်တာ၌ ပါဝင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းကဲ့သို့သော အလေ့အထများ၌သာ ကန့်သတ်မထားပေ။ ယင်းထက် လန်းဆန်းပြီး ဖျတ်လတ်တက်ကြွသော ဝိညာဉ်အသက်တာကို အသက်ရှင်ခြင်း ပါဝင်လေသည်။ အရေးကြီးသည်မှာ သင် မည်သို့ လက်တွေ့လုပ်ဆောင်သည်မဟုတ်ဘဲ၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းက မည်သည့် အသီးအပွင့် သီးပွင့်သည်ဆိုသည့်အရာ ဖြစ်သည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများက တစ်စုံတစ်ရာ သက်ရောက်မှုရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ သို့မဟုတ် စစ်မှန်သော သိနားလည်မှုဆီသို့ လမ်းပြသည်ဖြစ်စေ မပြသည်ဖြစ်စေ ပုံမှန်ဝိညာဉ်အသက်တာတွင် ဆုတောင်းခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းတို့ သေချာပေါက် ပါဝင်သည်ဟု လူအများစုက ယုံကြည်ကြလေသည်။ ဤလူတို့သည် အပေါ်ယံ လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်သာ အာရုံစိုက်ကြပြီး မိမိတို့၏ ရလဒ်များကို မစဉ်းစားကြချေ။ ၎င်းတို့သည် ဘာသာရေး ဓလေ့များထဲ နေထိုင်ကြသူများဖြစ်ပြီး၊ အသင်းတော်အတွင်း နေထိုင်သူများ မဟုတ်ကြသကဲ့သို့ ဘုရားသခင်၏ နိုင်ငံတော်သားများ သာ၍ပင် မဟုတ်ကြချေ။ ၎င်းတို့၏ ဆုတောင်းပတ္ထနာများ၊ ဓမ္မသီချင်း သီဆိုခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားလုံးသည် စည်းမျဉ်းစည်းကမ်းများအား လိုက်နာစောင့်ထိန်းသည့် ပုံစံတစ်ခုသာဖြစ်သည်၊ မလုပ်မနေရ လုပ်ဆောင်ခြင်းဖြစ်ပြီး ရေပန်းစားမှုများကို အမီလိုက်ဖို့ လုပ်ဆောင်ခြင်းဖြစ်ကာ လိုအင်ဆန္ဒရှိခြင်းမှ လုပ်ဆောင်ခြင်း မဟုတ်သကဲ့သို့ စိတ်နှလုံးမှ လုပ်ဆောင်ခြင်း မဟုတ်ချေ။ ဤလူတို့ မည်မျှ ဆုတောင်းပါစေ သို့မဟုတ် သီဆိုပါစေ၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာသည် စည်းမျဉ်းစည်းကမ်းများနှင့် ဘာသာရေး ဓလေ့များသာ ဖြစ်သည့်အတွက် ၎င်းတို့၏ အားထုတ်မှုများက မည်သည့်အကျိုးမျှ ဖြစ်ထွန်းလိမ့်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း မရှိကြ။ ၎င်းတို့သည် မိမိတို့ အဘယ်သို့ လက်တွေ့လုပ်ဆောင်သည်ဆိုသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်လျှောက်ဖို့ စည်းမျဉ်းစည်းကမ်းများအဖြစ် ၎င်းတို့ အဘယ်သို့ သဘောထားကြသည်တို့အပေါ် ရေးကြီးခွင်ကျယ် လုပ်ခြင်းကိုသာ အာရုံစိုက်ကြလေသည်။ ထိုသို့သော လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင် နေကြခြင်း မဟုတ်ချေ။ ၎င်းတို့သည် ဇာတိပကတိကိုသာ အလိုဖြည့်နေကြပြီး အခြားသူများ မြင်ဖို့ရန်သာ ဆောင်ရွက် နေကြလေသည်။ ဤဘာသာရေးထုံးတမ်းနှင့် စည်းမျဉ်းစည်းကမ်းများသည် လူသားထံမှလာသည်၊ ဘုရားသခင်ထံမှလာခြင်း မဟုတ်ပေ။ ဘုရားသခင်သည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိသကဲ့သို့ မည်သည့် စည်းမျဉ်းကိုမျှ လိုက်နာရခြင်းလည်း မရှိပေ။ ယင်းထက်၊ သူသည် နေ့စဉ် လက်တွေ့ကျသော အလုပ်များကို ပြီးမြောက်လျက် အသစ်သောအရာများကို လုပ်ဆောင်သည်။ နေ့စဉ် နံနက်ခင်း ဝတ်ပြုအစီအစဉ်တက်ရခြင်း၊ ညနေခင်း ဆုတောင်းခြင်း၊ အစာမစားမီ ကျေးဇူးတော်ချီးမွမ်းဆုတောင်းခြင်း၊ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းခြင်းကဲ့သို့သော အလေ့အထများဖြင့် မိမိတို့ကိုယ်ကိုယ် ကန့်သတ်ထားသော ကိုယ်ပိုင်မူ သုံးရပ်သုံး အသင်းတော်ထဲက လူများကဲ့သို့ပင်၊ ၎င်းတို့ မည်မျှလုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ကြာကြာ လုပ်ဆောင်ပါစေ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်း ၎င်းတို့၌ ရှိမည်မဟုတ်ပေ။ လူတို့သည် စည်းမျဉ်းစည်းကမ်းများအလယ် အသက်ရှင်ပြီး သူတို့၏ စိတ်နှလုံးများသည် လက်တွေ့လုပ်ဆောင်မှု နည်းစနစ်များအပေါ် အာရုံစိုက်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးကို စည်းမျဉ်းစည်းကမ်းများနှင့် လူသားအယူအဆတို့က နေရာယူထားသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်မလုပ်နိုင်ချေ၊ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့အပေါ် ကြားဝင်ပြီး အလုပ်မလုပ်နိုင်သကဲ့သို့ ၎င်းတို့သည် စည်းမျဉ်းများ၏ ထိန်းချုပ်မှုအောက်တွင်သာ ဆက်လက်အသက်ရှင်နိုင်ကြလေသည်။ ထိုသို့သောလူတို့သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရနိုင်စွမ်း အစဉ်ထာဝရ မရှိချေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍
သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ရမည်၊ သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံပြီး အသက်ရှင်နေထိုင်ရမည် ဖြစ်သည်။ ဤအရာကိုသာ ဘုရားသခင်၌ ယုံကြည်မှုဟု ခေါ်ဆို၍ ရနိုင်ပေသည်။ ဘုရားသခင်ကို ယုံကြည်သည်ဟု သင့်နှုတ်ဖြင့် ပြောသော်လည်း၊ သူ၏ နှုတ်ကပတ်တော်များထဲမှ မည်သည့်အရာကိုမျှ လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပါက သို့မဟုတ် မည်သည့် လက်တွေ့အရှိတရားကိုမျှ မဖြစ်ပေါ်စေနိုင်ပါက၊ ဤအရာကို ဘုရားသခင်၌ ယုံကြည်ခြင်းဟု မခေါ်ဆိုပေ။ ထို့ထက် ယင်းသည် “သင် ပေါင်မုန့်အဝစားရန် ရှာဖွေခြင်း” ဖြစ်သည်။ လက်တွေ့အရှိတရား စိုးစဉ်းမျှပင် ပိုင်ဆိုင်ခြင်းမရှိဘဲ၊ အရေးမပါသော သက်သေခံချက်များ၊ အချည်းနှီးသော အရာများ၊ အပေါ်ယံဖြစ်သော အရေးကိစ္စများကို ပြောဆိုခြင်းတို့သည် ဘုရားသခင်၌ ယုံကြည်မှုတွင် မပါဝင်သကဲ့သို့၊ သင်သည် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ဆိုင်သည့် မှန်ကန်သော နည်းလမ်းအား တကယ်ကို သဘောမပေါက်သေးပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖြစ်နိုင်သမျှ များများ အဘယ်ကြောင့် စားသောက် ရမည်နည်း။ သူ၏ နှုတ်ကပတ်တော်များကို သင် မစားသောက်ဘဲ၊ ကောင်းကင်ဘုံသို့ တက်ဖို့သာ ကြိုးစားပါက၊ ယင်းမှာ ဘုရားသခင်၌ ယုံကြည်မှု ဖြစ်ပါသလော။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦး လျှောက်လှမ်းသင့်သည့် ပထမ ခြေလှမ်းမှာ အဘယ်နည်း။ မည်သည့် လမ်းကြောင်းဖြင့် ဘုရားသခင်သည် လူကို စုံလင်စေသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်ဘဲနှင့်၊ သင်သည် စုံလင်စေခြင်း ခံရနိုင်သလော။ သင်၏ လက်တွေ့အရှိတရားအဖြစ် အသုံးတော်ခံဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိဘဲနှင့်၊ သင်သည် နိုင်ငံတော်နှင့်ဆိုင်သော လူတစ်ဦးဟု ယူဆ၍ ရနိုင်သလော။ ဘုရားသခင်၌ ယုံကြည်မှုသည် မည်သည့်အရာကို အတိအကျ ဆိုလိုသနည်း။ ဘုရားသခင်ကို ယုံကြည်သူများသည် အနည်းဆုံးအနေဖြင့် အပြင်ပန်းတွင် ကောင်းကောင်း ပြုမူသင့်သည်။ အားလုံးထဲတွင် အရေးအကြီးဆုံးမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုင်ဆိုင်ဖို့ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးဝ စွန့်ပစ်၍မရပေ။ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် သူ၏ ရည်ရွယ်ချက်များ အထမြောက်အောင် လုပ်ဆောင်ခြင်း အားလုံးကို သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ အနာဂတ်တွင်၊ တိုင်းနိုင်ငံတိုင်း၊ အသင်းတော် ဂိုဏ်းဂဏတိုင်း၊ ဘာသာတရားတိုင်းနှင့် ကဏ္ဍတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ မှတစ်ဆင့် သိမ်းပိုက်လိမ့်မည်။ ဘုရားသခင်သည် တိုက်ရိုက် စကားပြောဆိုလိမ့်မည်ဖြစ်ပြီး၊ လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ လက်များထဲ၌ စွဲကိုင်ထားကြလိမ့်မည် ဖြစ်ကာ၊ ဤအရာအားဖြင့် လူသားမျိုးနွယ်သည် စုံလင်စေခြင်းခံရလိမ့်မည်။ အတွင်းနှင့်အပြင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ နေရာအနှံ့ ပျံ့နှံ့သည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ နှုတ်များဖြင့် ပြောဆိုကြလိမ့်မည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့ လုပ်ဆောင်ကြလိမ့်မည် ဖြစ်ပြီး၊ အတွင်းကော အပြင်ပါ ဘုရားသခင် နှုတ်ကပတ်တော်၌ နက်နက်ရှိုင်းရှိုင်း ပြည့်နှက်ဆဲဖြစ်လျက်၊ စိတ်ထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထိန်းသိမ်းကြလိမ့်မည်။ ထိုသို့ဖြင့် လူသားမျိုးနွယ်သည် စုံလင်စေခြင်း ခံရလိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များအထမြောက်အောင် လုပ်ဆောင်ပြီး၊ သူ့အဖို့ သက်သေခံနိုင်သောသူများ၊ ဤသည်တို့မှာ ၎င်းတို့၏ လက်တွေ့အရှိတရားအဖြစ် ဘုရားသခင် နှုတ်ကပတ်တော်များကို ပိုင်ဆိုင်ကြသည့် လူများ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်
ယနေ့တွင် ဘုရားသခင်၌ ယုံကြည်မှု အစစ်အမှန်မှာ အဘယ်အရာနည်း။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်၏ အသက် စစ်မှန်မှု အဖြစ် လက်ခံခြင်းနှင့် ဘုရားသခင်ကို စစ်မှန်သည့် ချစ်ခြင်းအား ရရှိဖို့အလို့ငှာ ဘုရားသခင်၏နှုတ်ကပတ်တော်မှ သူ့ကို သိကျွမ်းခြင်း ဖြစ်သည်။ ရှင်းအောင်ဆိုရလျှင် ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ရန်၊ ဘုရားသခင်အား ချစ်နိုင်ရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ဖြည့်ဆည်းသင့်သော တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ ရည်မှန်းချက်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ချစ်ဖွယ်ကောင်းမှု နှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ ကြည်ညိုခြင်း မည်မျှ ခံထိုက်တန်ကြောင်းနှင့်ဆိုင်သည့် အသိ၊ ဘုရားသခင်သည် သူ၏ဖန်ဆင်းခံများ၌ ကယ်တင်ခြင်းအမှုကို မည်သို့လုပ်ဆောင်ပြီး ၎င်းတို့ကို စုံလင်စေခြင်း နှင့်ဆိုင်သည့် အသိပညာကို ရရှိရမည်ဖြစ်သည်။ ဤအရာများသည် ဘုရားသခင်၌ သင်၏ယုံကြည်မှုနှင့်ဆိုင်သည့် မရှိမဖြစ် လိုအပ်သောအရာများ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်မှာ အဓိကအားဖြင့် ဇာတိပကတိနှင့် သက်ဆိုင်သော အသက်တာမှ ဘုရားသခင်ကို ချစ်ခြင်းနှင့်ဆိုင်သည့် အသက်တာသို့ ပြောင်းလဲခြင်း၊ ဖောက်ပြန်ပျက်စီးခြင်း အတွင်း အသက်ရှင်ခြင်းမှ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သော အသက်တာအတွင်း အသက်ရှင်ခြင်းသို့ ပြောင်းလဲခြင်း ဖြစ်သည်။ ယင်းသည် စာတန်၏တန်ခိုးအောက်မှ ထွက်လာခြင်းနှင့် ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်၌ အသက်ရှင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံမှုနှင့် ဇာတိပကတိကို ကျိုးနွံနာခံခြင်း မရှိမှုတို့အား စွမ်းဆောင်ရရှိနိုင်ခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်အား သင်၏ စိတ်နှလုံးတစ်ခုလုံးကို ရယူခွင့်ပေးခြင်း၊ ဘုရားသခင်အား သင့်ကို စုံလင်စေရန် အခွင့်ပေးခြင်းနှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားမှ မိမိကိုယ်ကိုယ် လွတ်မြောက်စေခြင်းတို့ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် အဓိကအားဖြင့် ဘုရားသခင်၏ ဘုန်းအသရေနှင့် ကြီးမားသော တန်ခိုးတို့ သင့်အထဲ၌ ထင်ရှားစေရန်အလို့ငှာ၊ ဘုရားသခင်၏ အလိုတော်ကို သင်လိုက်လျှောက်နိုင်ပြီး ဘုရားသခင်၏ အစီအစဉ်ကို ပြီးမြောက်စေနိုင်ရန်အလို့ငှာနှင့် စာတန်၏ရှေ့၌ ဘုရားသခင်အဖို့ သင်သက်သေခံနိုင်စေရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်မှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ရှုမြင်လိုသည်ဆန္ဒကို ဗဟိုမပြုသင့်သကဲ့သို့၊ သင်၏ ကိုယ်ရေးကိုယ်တာ ဇာတိပကတိအတွက်လည်း မဖြစ်သင့်ပေ။ ယင်းသည် ဘုရားသခင်ကို သိကျွမ်းခြင်းငှာ အားထုတ်ခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း၊ ပြီးလျှင် ပေတရုကဲ့သို့ သေသည်အထိ သူ့ကို ကျိုးနွံနာခံနိုင်ခြင်းအကြောင်း ဖြစ်သင့်ပေသည်။ ဤသည်တို့မှာ ဘုရားသခင်၌ ယုံကြည်ခြင်း၏ အဓိက ရည်မှန်းချက်များ ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို သိကျွမ်းဖို့နှင့် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ခြင်းသည် သင့်ကို ဘုရားသခင်နှင့်ဆိုင်သည့် သာ၍ကြီးမားသော အသိပညာ ပေးနိုင်သည်၊ ထို့နောက်မှသာ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပေသည်။ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာဖြင့်သာ သူ့ကို သင် ချစ်နိုင်ပြီး၊ ဤသည်မှာ လူသားက ဘုရားသခင်၌ သူ၏ ယုံကြည်မှုတွင် ရှိသင့်သည့် ရည်မှန်းချက်ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုတွင် သင်သည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ ရှုမြင်ရဖို့ အမြဲ ကြိုးစားနေပါက၊ ဘုရားသခင်၌ ဤယုံကြည်မှု၏ ရှုထောင့်အမြင်သည် လွဲမှား၏။ ဘုရားသခင်၌ ယုံကြည်မှုဆိုသည်မှာ အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသက် စစ်မှန်မှုအဖြစ် လက်ခံခြင်း ဖြစ်သည်။ ဘုရားသခင်၏ ရည်မှန်းချက်ကို သူ၏ နှုတ်မှလာသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သင်ကိုယ်တိုင်၏ အတွင်းတွင် ထိုနှုတ်ကပတ်တော်များကို ဆောင်ရွက်ခြင်းအားဖြင့်သာ ရရှိပေသည်။ ဘုရားသခင်၌ ယုံကြည်မှုတွင်၊ လူသားသည် ဘုရားသခင်၏ စုံလင်စေခြင်းခံရဖို့၊ ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်ဖို့နှင့် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံတတ်ခြင်းအတွက် ကြိုးပမ်းသင့်ပေသည်။ သင်သည် ညည်းညူခြင်းမရှိဘဲ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပါက၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ပါက၊ ပေတရု၏ ဝိညာဉ်ရင့်ကျက်မှုကို စွမ်းဆောင်ရရှိနိုင်ပြီး၊ ဘုရားသခင်ပြောဆိုသည့် ပေတရု၏ပုံစံကို ပိုင်ဆိုင်နိုင်ပါက၊ ယင်းသည် ဘုရားသခင်၌ ယုံကြည်မှုတွင် အောင်မြင်မှုကို သင်ရရှိပြီးသော အချိန်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ယင်းက သင်သည် ဘုရားသခင်၏ ရယူခြင်းခံရပြီးဖြစ်သည်ကို ညွှန်ပြပေမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်
မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ မျှော်လင့်ပြီး၊ သင်၏ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မကြိုးစားပါက၊ သင်၏ အားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်၊ ဤသည်မှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားတစ်ခု ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်