၃။ ယနေ့တွင်၊ ကပ်ဘေးများသည် တိုး၍ ပြင်းထန်မှုနှင့် အကြိမ်ရေတို့ဖြင့် ဖြစ်ပွားနေသည်။ ဤနိမိတ်လက္ခဏာများက ကျမ်းစာထဲတွင် ကြိုတင်ဟောကိန်းထုတ်ထားသည့် နောက်ဆုံးသော ကာလ၏ ကြီးမားသည့် ကပ်ဘေးများက စတင်တော့မည်ဖြစ်သည်ကို ညွှန်ပြလေသည်။ ဤကပ်ဘေးများအလယ်တွင် ဘုရားသခင်၏ ကွယ်ကာမှုကို ကျွန်ုပ်တို့ မည်သို့ ရရှိနိုင်ပြီး ရှင်ကျန်နိုင်သနည်း။
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ဘုရားသခင်သည် ဤကမ္ဘာလောကကို ဖန်ဆင်းခဲ့ပြီး၊ ဤလူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့၏၊ ထို့အပြင် သူသည် ရှေးခေတ် ဂရိယဉ်ကျေးမှုနှင့် လူသားတို့၏ လူမှုအဖွဲ့အစည်းတိုးတက်မှု၏ ဗိသုကာ ဖြစ်ခဲ့သည်။ ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နှစ်သိမ့်မှု ပေးပြီး ဘုရားသခင်သည်သာ ဤလူသားမျိုးနွယ်ကို နေ့ရောညပါ စောင့်ရှောက်သည်။ လူသားများ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ ခွဲထုတ်၍မရနိုင်သကဲ့သို့ လူသားမျိုးနွယ်၏ သမိုင်းနှင့် အနာဂတ်သည်လည်း ဘုရားသခင်၏ လက်များဖြင့် ပြုသော အစီအစဉ်များမှ မလွတ်မြောက်နိုင်ပေ။ အကယ်၍ သင်သည် စစ်မှန်သော ခရစ်ယာန်တစ်ဦးဖြစ်ပါက မည်သည့်တိုင်းနိုင်ငံ သို့မဟုတ် မည်သည့် လူမျိုးမဆို၏ ပေါ်ထွန်းခြင်းနှင့် ကျဆုံးခြင်းတို့သည် ဘုရားသခင်၏ အစီအစဉ်များအောက်တွင် ကျရောက်သည်ကို သင် ဧကန်မုချ ယုံကြည်ပေလိမ့်မည်။ ဘုရားသခင် တစ်ပါးတည်းသာ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် လူမျိုးတစ်မျိုး၏ ကံကြမ္မာကို သိပြီး ဘုရားသခင် တစ်ပါးတည်းသာ ဤလူသားမျိုးနွယ်၏ လမ်းကြောင်းကို ထိန်းချုပ်သည်။ အကယ်၍ လူသားမျိုးနွယ်သည် ကောင်းမွန်သော ကံကြမ္မာတစ်ခု ရှိလိုပါက၊ နိုင်ငံတစ်ခုသည် ကံကြမ္မာကောင်းတစ်ခု ရှိလိုပါက၊ လူသားသည် ဘုရားသခင်ထံ ပျပ်ဝပ်ကိုးကွယ်ရမည်၊ ပြီးလျှင် ဘုရားသခင်ထံ နောင်တရပြီး ဝန်ချရန်အတွက် သူ၏ ရှေ့မှောက်သို့ လာရမည်ဖြစ်သည်၊ သို့မဟုတ်ပါက လူသား၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်သည် ရှောင်လွှဲမရသော ကပ်ဘေးတစ်ခု ဖြစ်ပေလိမ့်မည်။
နောဧက သင်္ဘောကို တည်ဆောက်ခဲ့သည့် အချိန်ကာလကို ပြန်ကြည့်ပါက လူသားမျိုးနွယ်သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးခဲ့သည်၊ လူတို့သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာမှ သွေဖည်ခဲ့ကြပြီးဖြစ်သည်၊ ဘုရားသခင်၏ စောင့်ရှောက်မှုကို မခံကြရတော့သကဲ့သို့၊ ဘုရားသခင်၏ ကတိများကိုလည်း ဆုံးရှုံးခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အလင်းမရှိဘဲ အမှောင်ထဲတွင် အသက်ရှင်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် သဘာဝအားဖြင့် လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့လာခဲ့ကြပြီး၊ အကျည်းတန်သော အကျင့်ပျက်ခြင်းထဲတွင် လုံးလုံးလျားလျား ပျော်မွေ့နေခဲ့ကြသည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ကတိတော်ကို မရရှိနိုင်ကြတော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို စွန့်ခွာခဲ့ပြီးဖြစ်ကာ ဘုရားသခင်က ၎င်းတို့အပေါ် နှင်းအပ်ပေးထားသမျှကို ဖယ်ထားခဲ့ကြပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ သွန်သင်မှုများကို မေ့လျော့ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ဘုရားသခင်၏ မျက်နှာကို မျက်မြင်ကြုံတွေ့ရန်၊ သို့မဟုတ် ဘုရားသခင်၏ အသံကိုကြားရန် မထိုက်တန်ခဲ့ကြပေ။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ သွေဖည်သည်ထက် သွေဖည်ခဲ့ကြပြီး၊ ထိုသို့ဖြစ်ခဲ့သည်နှင့်အမျှ ၎င်းတို့သည် အသိစိတ်နှင့် လူ့သဘာဝအားလုံးကို ကျော်လွန်၍ အကျင့်ပျက်ပြားလာခဲ့ကြပြီး တိုး၍တိုး၍ ဆိုးယုတ်လာခဲ့ကြသည်။ ထို့နောက် ၎င်းတို့သည် သေခြင်းနှင့် နီးသည်ထက်နီးအောင် လျှောက်လှမ်းခဲ့ကြပြီး ဘုရားသခင်၏ အမျက်ဒေါသနှင့် အပြစ်ဒဏ်ပေးခြင်းအောက်တွင် လဲကျခဲ့ကြသည်။ နောဧတစ်ဦးတည်းသာလျှင် ဘုရားသခင်ကို ကိုးကွယ်ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည်၊ ထို့ကြောင့် သူသည် ဘုရားသခင်၏ အသံနှင့် ညွှန်ကြားချက်များကို ကြားနိုင်ခဲ့သည်။ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ညွှန်ကြားချက်များအတိုင်း သင်္ဘောကို တည်ဆောက်ခဲ့ပြီး သက်ရှိသတ္တဝါ မျိုးစုံကို စုစည်းခဲ့သည်။ ဤနည်းဖြင့် အားလုံးပြင်ဆင်ခဲ့ပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် ကမ္ဘာကြီး အပေါ် သူ၏ ဖျက်ဆီးခြင်းကို ထုတ်လွှတ်ခဲ့သည်။ နောဧသည် ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခဲ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သည့် အတွက် နောဧနှင့် အခြား သူ၏မိသားစုဝင် ခုနစ်ဦးသာ ထိုပျက်စီးခြင်းမှ အသက်ရှင်ခဲ့သည်။
ယခု မျက်မှောက်ခေတ်ကို ကြည့်လော့။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ခဲ့သည့် နောဧ ကဲ့သို့သော ဖြောင့်မတ်သည့်လူများ မတည်ရှိလေပြီ။ သို့တိုင် ဘုရားသခင်သည် ဤလူသားမျိုးနွယ်အပေါ် ကျေးဇူးပြုတော်မူဆဲဖြစ်ပြီး ဤနောက်ဆုံးသော ခေတ်ကာလအတွင်းတွင် ၎င်းတို့ကို ချမ်းသာပေးဆဲ ဖြစ်သည်။ ဘုရားသခင်သည် သူ ပေါ်ထွန်းလာဖို့ တောင့်တကြသူများကို ရှာဖွေသည်။ သူသည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်သူများ၊ သူ၏ တာဝန်ပေးစေခိုင်းချက်ကို မမေ့လျော့သကဲ့သို့ မိမိတို့၏ စိတ်နှလုံးနှင့် ခန္ဓာတို့ကို သူ့ထံ ပူဇော်ဆက်ကပ်သူများကို ရှာဖွေလေသည်။ သူ၏ ရှေ့တော်မှောက်တွင် ကလေးသူငယ်များလောက် ကျိုးနွံနာခံတတ်ပြီး အတိုက်အခံမလုပ်သောသူများကို သူ ရှာဖွေသည်။ သင်သည် မည်သည့် တန်ခိုးအာဏာ သို့မဟုတ် အင်အား၏ ပိတ်ဆီးခြင်းကိုမခံဘဲ၊ မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံနိုင်ပါက၊ ဘုရားသခင်သည် သင့်ကို မျက်နှာသာပေးပြီး သူ၏ ကောင်းချီးမင်္ဂလာများကို အပ်နှင်းလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်
ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံမှုတို့သည် မနည်းပါးပေ၊ လူသား၏ စစ်မှန်သည့် နောင်တသာ နည်းပါးခြင်းဖြစ်သည်
နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်က မည်မျှပင် ဒေါသထွက်ခဲ့ပါစေ သူတို့သည် အစာရှောင်ခြင်းကို ကြေညာခဲ့ပြီး လျှော်တေအဝတ်ကို ဝတ်ဆင်ကာ ပြာထဲထိုင်ပြီးသည်နှင့် သူ၏နှလုံးသားသည် တဖြည်းဖြည်းပျော့ပျောင်းလာပြီး သူ၏စိတ်ကို သူစတင်ပြောင်းခဲ့၏။ သူတို့၏မြို့ကို သူဖျက်ဆီးမည့်အကြောင်း သူတို့ထံ မကြေညာမီ အခိုက်အတန့်တွင်၊ သူတို့၏အပြစ်များအတွက် သူတို့ မဝန်ခံမီနှင့် နောင်တမရမီ အခိုက်အတန့်တွင် ဘုရားသခင်က သူတို့ကို ဒေါသထွက်နေဆဲပင်ဖြစ်သည်။ သူတို့သည် နောင်တရသည့် လုပ်ရပ်တသီတတန်းကြီးကို လုပ်ဆောင်ပြီးသည်နှင့် နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်၏ဒေါသသည် သူတို့အတွက် သနားကရုဏာနှင့် သည်းခံခြင်းအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။ အဖြစ်အပျက်တစ်ခုတည်းတွင် ဘုရားသခင့်စိတ်သဘောထား၏ ဤရှုထောင့်နှစ်ခုကို တစ်ချိန်တည်း၌ ထုတ်ဖော်ပြခြင်းနှင့်ပတ်သက်၍ မကိုက်ညီမှု တစ်ခုမျှမရှိပေ။ သို့ဖြစ်၍ ဤမကိုက်ညီမှုမရှိခြင်းကို မည်ကဲ့သို့နားလည်ပြီး သိရှိနိုင်မည်နည်း။ နိနေဝေမြို့သားတို့က နောင်တမရမီနှင့် နောင်တရပြီးတွင် ဘုရားသခင်သည် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့် ဤအနှစ်သာရနှစ်ခုကို ထုတ်ဖော်ပြခဲ့ပြီး ဘုရားသခင်၏ အနှစ်သာရ၏ စစ်မှန်ခြင်းနှင့် ပုန်ကန်ပြစ်မှား၍ မရနိုင်မှုကို လူတို့အား မြင်စေခဲ့သည်။ ဘုရားသခင်က လူတို့အား အောက်ပါအကြောင်းများကိုပြောဖို့ သူ၏သဘောထားကို အသုံးပြုခဲ့သည်။ ဘုရားသခင်က လူတို့ကို သည်းမခံခြင်းမျိုး၊ သို့မဟုတ် သူတို့အပေါ် သနားကရုဏာ မပြလိုခြင်းမျိုး မဟုတ်ဘဲ စင်စစ်အားဖြင့် လူတို့က ဘုရားသခင်အပေါ် အမှန်တကယ် နောင်တရခြင်းသာ ရှားပါးနေခြင်းဖြစ်၏၊ ထို့ပြင် လူတို့က မိမိတို့၏ ဆိုးယုတ်သည့်လမ်းများမှ အမှန်တကယ် ပြန်လှည့်လာပြီး မိမိတို့၏ လက်ရှိပြုနေကြသည့် အဓမ္မအမှုများကို စွန့်လွှတ်ခြင်းက ရှားပါးနေခြင်းသာဖြစ်သည်။ တစ်နည်းပြောရလျှင် ဘုရားသခင်က လူသားကို ဒေါသထွက်သည့်အခါ လူသားသည် အမှန်တကယ် နောင်တရနိုင်ဖို့ သူမျှော်လင့်၏။ ပြီးလျှင် လူသား၏ စစ်မှန်သည့် နောင်တကို မြင်ရဖို့ သူမျှော်လင့်သည်။ ထိုကဲ့သို့ဖြစ်လာပါက ထိုအချိန်တွင် သူသည် လူသားအပေါ် သူ၏သနားကရုဏာနှင့် သည်းခံခြင်းကို ရက်ရက်ရောရော ဆက်လက်၍ ပေးသနားမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ ဆိုးယုတ်သည့် အပြုအမူက ဘုရားသခင်၏ အမျက်ဒေါသကို ဖြစ်ပွားစေသည်၊ ဘုရားသခင်ကို နားထောင်ပြီး သူ့ရှေ့၌ အမှန်တကယ် နောင်တရသူများအပေါ်မှာမူ၊ ထို့ပြင် မိမိတို့၏ဆိုးယုတ်သည့်လမ်းများမှ ပြန်လှည့်ပြီး မိမိတို့လက်ရှိပြုနေကြသည့် အဓမ္မအမှုများကို စွန့်လွှတ်နိုင်သည့်သူတို့အပေါ်၌မူ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ပေးသနားသည်။ နိနေဝေမြို့သားများအပေါ် သူ၏ဆက်ဆံမှုတွင် ဘုရားသခင်၏ သဘောထားကို အလွန်ပင် ရှင်းရှင်းလင်းလင်း ထုတ်ဖော်ထားသည်။ ဘုရားသခင်၏ သနားကရုဏာနှင့် သည်းခံခြင်းတို့ကို ရရှိဖို့ မခဲယဉ်းပေ။ သူလိုအပ်သည့်အရာမှာ လူ၏ စစ်မှန်သည့် နောင်တဖြစ်သည်။ လူတို့အနေဖြင့် မိမိတို့၏ ဆိုးယုတ်သည့်လမ်းများမှ ပြန်လှည့်ပြီး မိမိတို့၏ အဓမ္မအမှုများကို စွန့်လွှတ်သရွေ့ ဘုရားသခင်က သူ၏စိတ်နှလုံးကို ပြောင်းလဲမည်ဖြစ်ပြီး သူတို့အပေါ် သူ၏သဘောထားကို ပြောင်းလဲမည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)
ငါ့ကိုချစ်ပြီး မိမိကိုယ်ကို လက်လွှတ်သူများအား ငါ၏သနားကရုဏာကို ဖော်ပြ၏။ သို့သော်လည်း ဆိုးယုတ်သောသူတို့အပေါ် ကျရောက်သည့် အပြစ်ဒဏ်မှာ ငါ၏ဖြောင့်မတ်သော စိတ်သဘောထား၏ သက်သေအတိအကျဖြစ်ပြီး ငါ့အမျက်ဒေါသအား သက်သေခံချက် သာ၍ပင် ဖြစ်၏။ ဘေးဒုက္ခ ရောက်လာသည့်အခါ ငါ့ကိုဆန့်ကျင်သူ အားလုံးသည် ၎င်းတို့အပေါ် အငတ်ဘေးနှင့် ကပ်ဆိုးကျရောက်သည်နှင့်အမျှ ငိုကြွေးကြလိမ့်မည်။ ဒုစရိုက်အမှုအမျိုးမျိုး ကျူးလွန်ခဲ့သော်လည်း ငါ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သူများသည် မိမိတို့၏အပြစ်များအတွက် ပေးဆပ်ရခြင်းမှ လွတ်မြောက်လိမ့်မည် မဟုတ်။ ၎င်းတို့သည်လည်း နှစ်သန်းပေါင်းများစွာ တစ်လျှောက်လုံး မြင်တွေ့ရခဲသော ဘေးဒုက္ခမျိုးထဲသို့ ထိုးဆင်း၍ စဉ်ဆက်မပြတ် ထိတ်လန့်တုန်လှုပ်၊ ကြောက်ရွံ့ခြင်း၌ အသက်ရှင်ရလိမ့်မည်။ ထို့အပြင် ငါ့အပေါ်၌ အကြွင်းမဲ့ သစ္စာစောင့်သိမှုကို ပြသပြီးဖြစ်သော ငါ၏နောက်လိုက်များသည် ဝမ်းမြောက်၍ ငါ၏အစွမ်းသတ္တိကို ချီးမွမ်းကြလိမ့်မည်။ သူတို့သည် ပြောမပြနိုင်လောက်သော ရောင့်ရဲတင်းတိမ်မှုကို ကြုံတွေ့ရပြီး ယခင်က လူသားမျိုးနွယ်အပေါ် ငါမနှင်းအပ်ခဲ့ဖူးသော ဝမ်းမြောက်ခြင်းအလယ် အသက်ရှင်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် လူသား၏ ကောင်းမွန်သော လုပ်ဆောင်ချက်များကို တန်ဖိုးထား၍ ၎င်းတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များကို စက်ဆုပ်သောကြောင့်ဖြစ်၏။ ငါသည် လူသားမျိုးနွယ်ကို စတင်ဦးဆောင်ခဲ့စဉ်မှစ၍ ငါ၏စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်သော လူတစ်စုကိုရရှိရန် စိတ်အားထက်သန်စွာဖြင့် မျှော်လင့်နေခဲ့သည်။ သို့သော်လည်း ငါ၏စိတ်တော်နှင့် တညီတညွတ်တည်း မရှိသောသူတို့ကိုမူ ငါသည် မည်သည့်အခါမျှ မေ့လျော့ခြင်း မရှိပေ။ ၎င်းတို့၏ ဒုစရိုက်အမှုများအတွက် ပြန်ကြားခိုင်းရသည်မှာ ငါသဘောတွေ့သောအရာတစ်ခုဖြစ်သဖြင့် ထိုအခွင့်အရေးကို စောင့်ဆိုင်းလျက် ငါ့နှလုံးသားထဲတွင် သူတို့ကို ငါအမြဲတစေ စက်ဆုပ်ရွံရှာ၏။ ယခု ငါ၏နေ့ရက်သည် နောက်ဆုံးတွင် ရောက်လာပြီဖြစ်ပြီး ငါသည် ဆက်လက် စောင့်ဆိုင်းရန် မလိုတော့ပေ။
ငါ၏နောက်ဆုံးအလုပ်သည် လူသားကို အပြစ်ပေးရန်အတွက်သာ မဟုတ်ဘဲ၊ လူသား၏ ပန်းတိုင်ကို စီစဉ်ရန် အတွက်လည်းဖြစ်၏။ ထိုထက်ပို၍ပင် ယင်းသည် ငါ၏ ပြုမူလုပ်ဆောင်ချက်များကို လူအားလုံး အသိအမှတ်ပြုအောင် လုပ်ရန်အလို့ငှာ ဖြစ်သည်။ ငါပြုလုပ်ခဲ့သည့် အမှုအရာအားလုံးသည် မှန်ကန်ကြောင်းနှင့်ငါ၏ စိတ်သဘောထားကို ဖော်ပြခြင်းဖြစ်ကြောင်း၊ ယင်းမှာ လူသား၏လုပ်ဆောင်ချက် မဟုတ်ကြောင်း၊ လူသားမျိုးနွယ်ကို မွေးဖွားစေခဲ့သည့် သဘာဝကြောင့် သာ၍ပင်မဟုတ်ကြောင်းနှင့် ထိုအစား အရာခပ်သိမ်းအလယ်တွင် သက်ရှိအရာတိုင်းကို အာဟာရပေးသည်မှာ ငါ ဖြစ်ကြောင်းတို့ကို လူခပ်သိမ်းတို့အား သိမြင်အောင် ငါလုပ်မည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ပျက်စီးခြင်းသို့သာ ရောက်ပြီး ကပ်ဘေးများစွာ၏ဒုက္ခကို ခံစားရလိမ့်မည်။ လှပသည့်နေနှင့်လ သို့မဟုတ် စိမ်းလန်းစိုပြေသည့် ကမ္ဘာမြေကို မည်သည့်လူသားမျှ နောက်ထပ် မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် မှောင်မိုက်၍ အေးစက်သော ညများနှင့် ရှောင်လွှဲမရသည့် သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ဝှမ်းနှင့်သာ ကြုံတွေ့ရလိမ့်မည်။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော ရွေးနုတ်ကယ်တင်ရာဖြစ်၏။ ငါသာလျှင် လူသားမျိုးနွယ်၏ တစ်ခုတည်းသော မျှော်လင့်ရာ ဖြစ်သည်သာမက၊ ငါသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ တည်ရှိခြင်းအတွက် တည်မှီရာဖြစ်သည်။ ငါမရှိလျှင် လူသားမျိုးနွယ်သည် ချက်ချင်း လုံးဝဥဿုံရပ်တန့်သွားမည်ဖြစ်ကာ ငါ့ကို မည်သူမျှ အလေးမစိုက်သော်လည်း ငါမရှိလျှင် လူသားမျိုးနွယ်သည် အကြီးအကျယ်ဖျက်ဆီးသော ကပ်ဘေးဒဏ်ခံရပြီး တစ္ဆေအမျိုးမျိုးတို့၏ ဖဝါးအောက် နင်းချေခြင်းခံရလိမ့်မည်။ အခြားမည်သူမျှ မပြုနိုင်သည့်အမှုကို ငါပြုခဲ့ပြီဖြစ်ပြီး လူသားသည် ငါ့ကို အချို့သော ကောင်းမှုများဖြင့် ကျေးဇူးပြန်ဆပ်ရန်သာ ငါမျှော်လင့်သည်။ ငါ့ကို ကျေးဇူးဆပ်နိုင်သူတို့မှာ အလွန်နည်းပါးသော်လည်း၊ ငါသည် ဤလူ့လောကတွင် ငါ၏ခရီးကို အဆုံးသတ်ပြီး ငါ့အမှု၏ နောက်တစ်ဆင့်သည် ဖွင့်လှစ်တော့မည် ဖြစ်သည်၊ အကြောင်းမူကား ဤနှစ်ပေါင်းများစွာ လူသားအကြား ငါ၏ခေါက်တုံ့ခေါက်ပြန် အပူတပြင်း လုပ်ဆောင်မှုသည် အကျိုးဖြစ်ထွန်းပြီးဖြစ်၍ ငါသည် အလွန်ကျေနပ်၏။ ငါအရေးစိုက်သည်မှာ လူအရေအတွက် မဟုတ်ဘဲ၊ သူတို့၏ ကောင်းမှုများသာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ သင်တို့ကိုယ်တိုင်၏ ပန်းတိုင်အတွက် ကောင်းမှုများအလုံအလောက် သင်တို့ပြင်ဆင်မည်ဟု ငါမျှော်လင့်၏။ ထိုအခါ ငါကျေနပ်လိမ့်မည်။ သို့မဟုတ်ပါက သင်တို့တစ်ဦးမျှ ဘေးအန္တရာယ်၏ အပြင်းအထန် တိုက်ခိုက်ခြင်းကို ရှောင်နိုင်မည် မဟုတ်။ ဤဘေးဒုက္ခသည် ငါ့ထံမှစတင်၍ ငါစီစဉ်ညွှန်ကြားခြင်း ဖြစ်သည်မှာ မှန်ပေသည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ပုံ မပေါက်လျှင် သင်တို့သည် ဘေးဒုက္ခခံစားရခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့
ဘေးအန္တရာယ်မျိုးစုံ တစ်ခုပြီး တစ်ခု ကျရောက်လိမ့်မည်။ နိုင်ငံအားလုံးနှင့် နေရာအားလုံး ဘေးအန္တရာယ်များ ကြုံတွေ့ရလိမ့်မည်။ ကပ်ဆိုး၊ ငတ်မွတ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်းနှင့် ငလျင်လှုပ်ခြင်းများသည် နေရာတိုင်း၌ ဖြစ်လေ၏။ ဤဘေးအန္တရာယ်များသည် တစ်နေရာ၊ နှစ်နေရာ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်သကဲ့သို့ တစ်ရက်၊ နှစ်ရက်အတောအတွင်း ပြီးဆုံး သွားလိမ့်မည်လည်း မဟုတ်ပေ။ ၎င်းတို့သည် သာ၍ သာ၍ ကြီးမားသော နယ်ပယ်အနှံ့ တိုးချဲ့လိမ့်မည် ဖြစ်ပြီး၊ သာ၍ သာ၍ ပြင်းထန်လာလိမ့်မည် ဖြစ်သည်။ ဤအချိန်ကာလ အတောအတွင်းတွင် ပိုးမွှားကပ်ဆိုး မျိုးစုံ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်လိမ့်မည် ဖြစ်ပြီး ခပ်သိမ်းသော နေရာတို့၌ လူသားစားသည့် ဖြစ်ရပ် ဖြစ်ပွားလိမ့်မည်။ ဤသည်မှာ မြောက်မြားစွာသော တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့အပေါ် ငါ၏ တရားစီရင်ခြင်း ဖြစ်သည်။ ငါ့သားတို့။ သင်တို့သည် နာကျင်ခြင်းဝေဒနာ သို့မဟုတ် ကပ်ဘေးများ၏ အခက်အခဲများကို မခံစားကြရ။ သင်တို့ မကြာမီ အရွယ်ရောက်ပြီး ဖြစ်နိုင်သမျှမြန်မြန် ငါ၏ပုခုံးများ ပေါ်ရှိသည့် ဝန်ကို လက်ခံကြဖို့ ငါအလိုရှိ၏။ ငါ၏ရည်ရွယ်ချက်များကို သင်တို့ အဘယ်ကြောင့် နားမလည်ကြသနည်း။ ရှေ့လျှောက် အလုပ်သည် ပို၍ပို၍ ပင်ပန်းလိမ့်မည်။ သင်တို့သည် ငါ့ကို တစ်ကိုယ်တည်း အလွန်ခက်ခဲကြမ်းတမ်းစွာ အလုပ်လုပ် စေလျက်၊ ငါ့ကို လက်မလည်နိုင်အောင် ထားရစ်ဖို့ အကြင်နာတရားမဲ့ ကြသလော။ ပို၍ ရှင်းရှင်း ငါပြောမည်။ အသက်တာ ရင့်ကျက်သော သူများသည် ခိုလှုံရာထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်ပြီး၊ နာကျင်ခြင်းဝေဒနာ သို့မဟုတ် အခက်အခဲကို ခံစား ရလိမ့်မည် မဟုတ်။ အသက်တာ မရင့်ကျက်သော သူများသည် နာကျင်ခြင်း ဝေဒနာနှင့် ဘေးအန္တရာယ်ကို ခံစားကြရလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များသည် အတော်အသင့် ရှင်းသည် မဟုတ်လော။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆၅)
အနာဂတ်မှာ သင့်ဆီကို ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်လာပါမည်။ သို့သော်လည်း ယနေ့ သင်သည် ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားနှင့် ချစ်လျှင် ရှေ့လျှောက် စမ်းသပ်မှုသည် မည်မျှပင် ကြီးမားပါစေ၊ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်သည် သင်၏ သက်သေခံမှုမှာ ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေပါလိမ့်မည်။ နောက်မှာတော့ သင့်နှလုံးသားသည် စိတ်သက်သာရာ ရပါလိမ့်မည်။ အနာဂတ်၌ သင်ကြုံတွေ့ရမည့် စမ်းသပ်မှုက မည်မျှပင် ကြီးမားပါစေ၊ သင်သည် ကြောက်ရွံ့မည် မဟုတ်ချေ။ အနာဂတ်မှာ အဘယ်အရာဖြစ်မည်ဆိုသည်ကို သင်တို့ မမြင်နိုင်ပေ။ ယနေ့အခြေအနေများတွင် သင်သည် ဘုရားသခင်ကို ဖြည့်ဆည်းပေးခြင်းသာ ပြုနိုင်သည်။ သင်တို့က ကြီးမားသည့် လုပ်ဆောင်မှုများကို မလုပ်ဆောင်နိုင်ပေ။ လက်တွေ့ဘဝတွင် သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်းဖြင့် ဘုရားသခင်အား ကျေနပ်စေခြင်းကို သင် အာရုံစိုက်သင့်သည်။ ပြီးလျှင် အားကြီးပြီး ကျယ်လောင်သော သက်သေခံခြင်းတို့ကို သင် ပြုလုပ်သင့်ကာ ထိုသို့ဖြင့် စာတန်အပေါ် ရှက်ဖွယ်ဖြစ်စေသည်။ သင့်ဇာတိပကတိက ကျေနပ်မှုမရှိဘဲ ဒုက္ခခံစားရမည် ဖြစ်သော်လည်း သင်က ဘုရားသခင်ကို ကျေနပ်စေမည်ဖြစ်ပြီး စာတန်ကို အရှက်ရစေမည်ပင်။ သင်သည် ဤပုံစံအတိုင်း အစဉ်သဖြင့် လက်တွေ့လုပ်ဆောင်လျှင် ဘုရားသခင်သည် သင့်ရှေ့မှာ လမ်းဖွင့်ပေးပါလိမ့်မည်။ တစ်နေ့ ကြီးမားသည့် စမ်းသပ်မှု ရောက်ရှိလာသောအခါ တစ်ခြားလူများက ကျရှုံးသွားကြပါလိမ့်မည်။ သို့သော်လည်း သင်က ခိုင်မြဲစွာ ရပ်တည် နေနိုင်ဦးမည် ဖြစ်သည်။ သင်ပြုလုပ်ခဲ့သည့် ပေးဆပ်မှုကြောင့် ဘုရားသခင်သည် သင့်ကို ကာကွယ်မည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး ကျရှုံးမည်မဟုတ်။ ပုံမှန်အားဖြင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ချစ်သော စိတ်နှလုံး အစစ်အမှန်ဖြင့် သူ့ကို ကျေနပ်စေနိုင်လျှင် ဘုရားသခင်သည် ရှေ့မှာလာမည့် စမ်းသပ်မှုများမှာ သင့်ကို သေချာပေါက် ကာကွယ်ပေးမည်ဖြစ်သည်။ သင်က မိုက်မဲကာ ဝိညာဉ်ရင့်ကျက်မှုနည်းပြီး အစွမ်းအစညံ့ဖျင်းသော်လည်း ဘုရားသခင်က သင့်ကို မျက်နှာလိုက်မည် မဟုတ်ပေ။ သင်၏ ကြံရွယ်ချက်များက မှန်ကန်သလား ဆိုသည့်အပေါ်၌ မူတည်သည်။ ယနေ့သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်သည်၊ အသေးစိတ်အကျဆုံးသော အချက်များကို အာရုံစိုက်ပြီး အရာခပ်သိမ်းတွင် ဘုရားသခင်ကို သင်စိတ်ကျေနပ်စေသည်၊ သင့်ထံတွင် ဘုရားသခင်ကို စစ်မှန်စွာ ချစ်သော စိတ်နှလုံးရှိသည်၊ သင်၏ စစ်မှန်သော စိတ်နှလုံးကို သင် ဘုရားသခင်ကို ပေးကာ သင်ရှင်းလင်းစွာ မမြင်နိုင်သည့်အရာအချို့ ရှိသော်လည်း သင်၏ အကြံများကို ပြုပြင်ရန်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန် ဘုရားရှေ့သို့ သင်လာရောက်နိုင်ပြီး ဘုရားသခင် ကျေနပ်ရန် အရာရာတိုင်းကို သင်လုပ်ဆောင်သည်ဟု ဆိုပါစို့။ သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကို ငြင်းပယ်ကောင်း ငြင်းပယ်နိုင်သော်လည်း သင်၏ နှလုံးသားက ဘုရားသခင်ကို စိတ်ကျေနပ်အောင် လုပ်နေပြီး ဇာတိပကတိ၏သာယာမှုကို စွဲလမ်းတပ်မက်နေခြင်းမရှိပေ။ သင်သည် ဤနည်းလမ်းနှင့် အမြဲတမ်း လက်တွေ့လုပ်ဆောင်မည်ဆိုလျှင် သင့်အပေါ်၌ ကြီးမားသည့် စမ်းသပ်မှုများ ကျရောက်သည့်အချိန်မှာ သင်သည် ကာကွယ်ပေးခြင်း ခံရပါလိမ့်မည်။
ဤစမ်းသပ်မှုများသည် လူတို့၏ မည်သည့်အတွင်းပိုင်းအခြေအနေကို ရည်ရွယ်ထားသနည်း။ ဘုရားသခင်ကို စိတ်ကျေနပ်အောင်ပြုရန် မတတ်စွမ်းနိုင်သည့် လူတို့အထဲရှိ ပုန်ကန်တတ်သော စိတ်သဘောထားကို ရည်ရွယ်ထားသည်။ လူတို့၏အတွင်း၌ မစင်ကြယ်သည့်အရာများ များစွာရှိသည်၊ အပေါ်ယံ ဟန်ဆောင်သည့်အရာများ များစွာရှိသည်၊ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို သန့်စင်ရန်အတွက် သူတို့အား စမ်းသပ်မှုများကို ခံစားစေသည်။ သို့သော်လည်း ယနေ့ သင်သည် ဘုရားသခင်ကို ကျေနပ်စေနိုင်လျှင်၊ အနာဂတ်မှာ စမ်းသပ်မှုများသည် သင့်အတွက် ပြည့်စုံခြင်းများ ဖြစ်ပါလိမ့်မည်။ ယနေ့ သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ပါက၊ အနာဂတ်မှာ စမ်းသပ်မှုများသည် သင့်ကို လှုံ့ဆော်ပါလိမ့်မည်။ သင်သည် မသိလိုက်ဘဲ ကျရှုံးပါလိမ့်မည်။ ဤအချိန်မှာ သင်သည် ဘုရားသခင်၏ အလုပ်ကို မလိုက်မီနိုင်သည့်အတွက်၊ စစ်မှန်သည့် အသုံးဝင်မှုကို မပိုင်ဆိုင်သည့်အတွက် ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်မည် မဟုတ်တော့။ သင်သည် အနာဂတ်တွင် ခိုင်မာစွာ ရပ်တည်နိုင်ဖို့ ဆန္ဒရှိလျှင်၊ ဘုရားသခင်ကို ပို၍ကောင်းမွန်စွာ စိတ်ကျေနပ်စေပြီး အဆုံးအထိ သူ့နောက်လိုက်ရန် ဆန္ဒရှိလျှင် ယနေ့အချိန်တွင် ခိုင်မာသော အခြေခံအုတ်မြစ်ကို သင်တည်ဆောက်ရမည်။ အရာအားလုံးမှာ သမ္မာတရားကို လက်တွေ့ ကျင့်သုံးခြင်းအားဖြင့်၊ သူ့ရည်ရွယ်ချက်များကို အလေးထားခြင်းအားဖြင့် ဘုရားသခင်ကို ကျေနပ်စေရပါမည်။ သင်သည် ဤနည်းလမ်းနှင့်ပင် အမြဲတမ်းကျင့်ကြံလျှင် သင့်အထဲ၌ အုတ်မြစ်တစ်ခု ရှိလာပါလိမ့်မည်၊ ဘုရားသခင်သည် သင့်အထဲ၌ရှိသည့် သူ့ကိုချစ်သော နှလုံးသားတစ်ခုကို တွန်းအားပေးပြီး သူသည် သင့်ကို ယုံကြည်မှု ပေးပါလိမ့်မည်။ တစ်နေ့မှာ စမ်းသပ်မှုတစ်ခုသည် သင့်အပေါ်မှာ အမှန်တကယ် ကျရောက်လာသည့်အခါ သင်သည် နာကျင်မှုတစ်ချို့ကို ခံစားရနိုင်ပြီး အတိုင်းအတာ တစ်ခုအထိ ပရိဒေဝဖိစီးမှုကို ခံစားရမည်။ သင်သေသွားသကဲ့သို့ ကြေကွဲ ဝမ်းနည်းမှုကို ခံစားရမည်။ သို့သော်လည်း ဘုရားသခင်အတွက် သင်၏ ချစ်ခြင်းသည် ပြောင်းလဲမည် မဟုတ်ဘဲ သာ၍ပင် နက်ရှိုင်းလာပါလိမ့်မည်။ ဤကဲ့သို့အရာများကား ဘုရားသခင်၏ ကောင်းချီးများပင်။ သင်သည် ယနေ့ ကျိုးနွံနာခံခြင်း နှလုံးသားနှင့် ဘုရားသခင် ပြောဆို၊ လုပ်ဆောင်သည့် အရာများကို လက်ခံနိုင်လျှင် သင့်ကို ဘုရားသခင်က သေချာပေါက် ကောင်းချီးပေးမည် ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင် ကောင်းချီးပေးသည့် သူတစ်ယောက်ဖြစ်ပြီး သူ၏ကတိတော်ကို ရရှိမည်ပင်။ ယနေ့ သင်သည် လက်တွေ့မလုပ်ဆောင်လျှင် စမ်းသပ်မှုများသည် တစ်နေ့မှာ သင့်အပေါ်ကို ကျရောက်လာသည့်အခါ သင်သည် ယုံကြည်ခြင်း သို့မဟုတ် ချစ်ခြင်းနှလုံးသား မရှိသည့် သူတစ်ယောက် ဖြစ်လာပါလိမ့်မည်။ ဤအချိန်မှာ စမ်းသပ်မှုသည် သွေးဆောင်မှု ဖြစ်လာပါလိမ့်မည်။ သင်သည် စာတန်၏ သွေးဆောင်မှုထဲကို ထိုးဆင်းသွားမည်ဖြစ်ပြီး လွတ်မြောက်ရာလမ်း ရှိမည်မဟုတ်ပေ။ ယနေ့ သင်သည် သေးငယ်သည့် စမ်းသပ်မှုတစ်ခု သင့်ထံ ကျရောက်လာသောအခါ ခိုင်မြဲစွာ ရပ်တည်ကောင်း ရပ်တည်နိုင်ပါလိမ့်မည်။ သို့သော်လည်း တစ်နေ့၌ ကြီးမားသော စမ်းသပ်မှုတစ်ခု သင့်အပေါ် ကျရောက်လာသောအခါ သင်သည် မလွဲမသွေ ခိုင်မာစွာ ရပ်တည်နိုင်ခြင်းမျိုး ရှိမည်မဟုတ်။ လူအချို့သည် ဘဝင်မြင့်သည်။ သူတို့သည် ပြည့်စုံလုနီးပါး ရှိနေပြီဟု ထင်တတ်ကြသည်။ ဤကဲ့သို့အချိန်များမှာ သင်သည် ပိုပြီးလေးနက်စွာ မလုပ်ဆောင်ဘဲ အားရကျေနပ်လျက် ရှိနေလျှင် သင်သည် အန္တရာယ်ကို ကြုံရပါလိမ့်မည်။ ယနေ့ ဘုရားသခင်သည် ကြီးမားသည့် စမ်းသပ်မှုများကို မလုပ်ဘဲ အားလုံးက အဆင်ပြေသည့်ပုံ ပေါ်နေ၏။ သို့သော်လည်း ဘုရားသခင်က သင့်ကို စမ်းသပ်သည့်အခါ သင်၏အသုံးဝင်မှုသည် အလွန်သေးငယ်ပြီး ကြီးမားသည့် စမ်းသပ်မှုများကို ခံနိုင်ရည် မရှိသည့်အတွက် သင်သည် အလွန် အားနည်းနေသည်ကို တွေ့ရှိရပါလိမ့်မည်။ သင်သည် ဖြစ်သည့်အတိုင်း ဆက်ရှိကာ လေးကန်ထိုင်းမှိုင်းသည့် အခြေအနေတစ်ခုတွင် ရှိနေပါက၊ စမ်းသပ်မှုများ လာသည့်အခါတွင် သင် လဲပြိုလိမ့်မည်။ သင်တို့၏ အရေးပါမှုသည် အဘယ်မျှ သေးငယ်သည် ဆိုသည်ကို သင်တို့ မကြာခဏ ကြည့်သင့်သည်။ ဤကဲ့သို့နည်းလမ်းနှင့်သာ သင်တို့သည် တိုးတက်မှု ရှိနိုင်သည်။ စမ်းသပ်နေချိန် အတွင်းမှာသာ သင်က သင်၏အရေးပါမှုသည် အလွန်သေးငယ်နေသည်ကို တွေ့မြင်လျှင်၊ သင်၏ စိတ်ဓာတ်ခွန်အားက အလွန်အားနည်းနေလျှင်၊ သင့်အတွင်းမှာ စစ်မှန်မှုက အလွန်သေးငယ်နေလျှင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ လုံလောက်မှုမရှိလျှင်၊ ဤအချိန်မှ သင်သည် ဤအရာများကို သိမြင်မည်ဆိုလျှင် သိပ်နောက်ကျနေမည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်
နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏အမှု အတောအတွင်း၊ ဆိုလိုသည်မှာ သန့်စင်စေခြင်း၏ နောက်ဆုံးသောအမှု အတောအတွင်း အခိုင်အမာ ရပ်တည်နိုင်သူများသည် ဘုရားသခင်နှင့် အတူ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြမည့် သူများဖြစ်သည်။ ထိုသို့ဖြင့် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သော သူအားလုံးသည် ဘုရားသခင်၏ နောက်ဆုံး သန့်စင်စေခြင်း အမှုကို ကြုံပြီးနောက်တွင်မှသာ စာတန်၏ စွမ်းအားမှ ရုန်းထွက်လွတ်မြောက်ပြီးဖြစ်လိမ့်မည်ဖြစ်ကာ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီး ဖြစ်ကြလိမ့်မည်။ နောက်ဆုံး၌ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးဖြစ်လိမ့်မည် ဖြစ်သော ဤလူသားများသည် နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှု၏ ရည်ရွယ်ချက်မှာ အနှစ်သာရအားဖြင့် လူသားမျိုးနွယ်ကို သန့်စင်ရန်၊ ၎င်းတို့၏ နောက်ဆုံးသော ငြိမ်သက်ခြင်းချမ်းသာ နေ့ရက်အတွက် ဖြစ်သည်။ ထိုသို့မဟုတ်ပါက လူသားမျိုးနွယ်တစ်ဦးမျှသည် ၎င်းတို့၏ အမျိုးအစားနှင့်အညီ ခွဲခြားသတ်မှတ်ခြင်း ခံရနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ဤအမှုသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် လူသားမျိုးနွယ်၏ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားများကို ၎င်းတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင်စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်ထဲမှ ပုန်ကန်သော ထိုအရာများကို ဖော်ထုတ်လိမ့်မည်၊ ထိုသို့ဖြင့် ကယ်တင်ခံရနိုင်သူတို့ကို ကယ်တင်မခံရနိုင်သူတို့မှ ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများမှ ခွဲခြားထားလိမ့်မည်ဖြစ်သည်။ ဤအမှု အဆုံးသတ်သောအခါတွင် ကျန်ရှိခွင့် ပေးထားသောလူများ အားလုံး သန့်စင်စေခြင်း ခံရလိမ့်မည်ဖြစ်ပြီး ကမ္ဘာမြေပေါ်တွင် သာ၍ နှစ်သက်ဖွယ်ဖြစ်သော ဒုတိယ လူ့ဘဝကို ၎င်းတို့ မွေ့လျော်ခံစားမည့် သာ၍ မြင့်မားသော လူသားမျိုးနွယ်၏ နယ်ပယ်ထဲသို့ ဝင်ရောက်ကြလိမ့်မည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ လူသား အနားယူရာနေ့သို့ ဝင်ရောက်ကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်နှင့်အတူ ယှဉ်တွဲနေထိုင်ကြလိမ့်မည်။ ကျန်ရှိခွင့် မရကြသူတို့ ပြစ်တင်ဆုံးမခံရကာ တရားစီရင်ခံကြရ ပြီးနောက်တွင် ၎င်းတို့၏ စရိုက်အမှန်သည် လုံးဝ ဖော်ထုတ်ခံရလိမ့်မည်၊ ယင်းနောက်တွင် ၎င်းတို့အားလုံးသည် ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး စာတန်ကဲ့သို့ပင် ကမ္ဘာမြေကြီးပေါ်တွင် ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ် လူသားမျိုးနွယ်တွင် ဤလူစားမျိုးထဲမှ မည်သူမျှ ပါဝင်တော့မည် မဟုတ်ပေ။ ထိုသို့သော လူများသည် အဆုံးစွန် ငြိမ်သက်ခြင်း ချမ်းသာခြင်းနှင့်ဆိုင်သည့် ပြည်ထဲသို့ ဝင်ရောက်ရန် မသင့်တော်ကြသကဲ့သို့၊ ၎င်းတို့သည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ ဖြစ်ကြပြီး ဆိုးယုတ်ကာ မဖြောင့်မတ်သောလူများ ဖြစ်ကြသည့်အတွက်၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ မျှဝေခံစားကြမည့် အနားယူရာ နေ့ရက်၌ အတူပါဝင်ရန်လည်း မသင့်တော်ကြပေ။ ၎င်းတို့သည် တစ်ကြိမ် ရွေးနုတ်ခြင်း ခံခဲ့ရပြီး၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုလည်း ခံခဲ့ကြရသည်။ ၎င်းတို့သည် ဘုရားသခင်ထံလည်း တစ်ချိန်က အလုပ်လုပ်ပေးခဲ့ကြသည်။ သို့သော် နောက်ဆုံးနေ့ရက် ရောက်လာသောအခါ၊ ၎င်းတို့၏ ဒုစရိုက်အမှုကြောင့်လည်းကောင်း၊ ၎င်းတို့၏ ပုန်ကန်ခြင်းနှင့် ရွေးနုတ်ခံရရန် မတတ်စွမ်းနိုင်ခြင်း၏ အကျိုးဆက်အနေဖြင့်လည်းကောင်း ဖယ်ရှားရှင်းလင်းခံရကာ ဖျက်ဆီးခံရလိမ့်ဦးမည် ဖြစ်သည်။ ၎င်းတို့သည် အနာဂတ် ကမ္ဘာလောကတွင် မည်သည့်အခါတွင်မျှ တစ်ဖန် ဖြစ်တည်လာလိမ့်မည် မဟုတ်သကဲ့သို့၊ အနာဂတ် လူသားမျိုးနွယ်စု အလယ်တွင် အသက်ရှင်ကြတော့မည် မဟုတ်ပေ။...ဆိုးယုတ်သူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် ဘုရားသခင်၏ နောက်ဆုံး အမှုနောက်ကွယ်မှ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ သူသည် အပြည့်အဝ သန့်ရှင်းစင်ကြယ်သော လူသားမျိုးနွယ်ကို ထာဝရ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ခေါ်သွားနိုင်ဖို့ လူသားများ အားလုံးကို လုံးလုံးလျားလျား သန့်စင်စေရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံး ဖြစ်သည်။ ယင်းသည် သူ၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး၏ နောက်ဆုံးအဆင့် ဖြစ်သည်။ ဘုရားသခင်သည် ဆိုးယုတ်သောသူများကို ဖျက်ဆီးရမည့်အစား ၎င်းတို့ကို ကျန်ရှိခွင့်ပေးပါက လူသားမျိုးနွယ် တစ်ရပ်လုံးသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်နိုင်သေးဘဲ ရှိမည်ဖြစ်သကဲ့သို့ ဘုရားသခင်သည် ၎င်းတို့ အားလုံးကို ပိုမိုကောင်းမွန်သော နယ်ပယ်တစ်ခုထဲသို့ ခေါ်ဆောင်သွားနိုင်မည် မဟုတ်ပေ။ ထိုသို့သော အမှုသည် အပြည့်အဝ ပြီးဆုံးမည် မဟုတ်။ သူ၏အမှု ပြီးစီးသည့်အခါတွင် လူသားမျိုးနွယ် တစ်ခုလုံးသည် လုံးဝ သန့်ရှင်းစင်ကြယ်ကြလိမ့်မည်။ ဤနည်းဖြင့်သာ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာ၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်လိမ့်မည် ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်