ဘုရားသခင်သည် လူတို့၏ ရလဒ်များကို မည်သို့ဆုံးဖြတ်သည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ
ကောက်နုတ်ချက် (၇၇)
လူအချို့သည် အစွမ်းအစ ညံ့ဖျင်းလွန်းပြီး သမ္မာတရားကို မချစ်ကြပေ။ သမ္မာတရားကို အဘယ်သို့ မိတ်သဟာယပြုစေကာမူ သဘောပေါက်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ပြီးသော်လည်း မည်သည့် တကယ့်အတွေ့အကြုံများ သို့မဟုတ် မည်သည့်နားလည်မှု အကြောင်းကိုမျှ မပြောနိုင်ကြသေးပေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ကြိုတင်ခွဲခန့်ထားသော၊ ရွေးကောက်ထားသော လူတို့ထဲ၌ မပါဝင်၊ ထို့ပြင် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှပို၍ ယုံကြည်စေကာမူ ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံရနိုင်ဟု ၎င်းတို့ တွက်ချက်ကြသည်။ ၎င်းတို့သည် စိတ်နှလုံးထဲတွင် “ဘုရားသခင်က ကြိုတင်ခွဲ့ခန့်ထားပြီး ရွေးကောက်ထားသော သူတို့သာလျှင် ကယ်တင်ခံရနိုင်ကာ အစွမ်းအစ ညံ့ဖျင်းလွန်းပြီး သမ္မာတရားကို နားမလည်နိုင်သော သူတို့အားလုံးသည် ဘုရားသခင်၏ ကြိုတင်ခွဲခန့်ထားသော၊ ရွေးကောက်ထားသော လူတို့ထဲ၌ မပါဝင်။ ၎င်းတို့ ယုံကြည်ခဲ့လျှင်ပင် ကယ်တင်ခံရနိုင်မည်မဟုတ်” ဟု ယူဆထားကြသည်။ ဘုရားသခင်က လူတို့၏ အဆုံးသတ်ကို ၎င်းတို့၏ သရုပ်သကန်များနှင့် အပြုအမူအပေါ် အခြေခံ၍ မဆုံးဖြတ်ဟု ၎င်းတို့ ထင်ကြသည်။ ဤသို့ သင် ထင်မှတ်လျှင် ဘုရားသခင်ကို သင် အလွန်နားလည်မှုလွဲပေသည်။ ဤအရာကို ဘုရားသခင် အမှန်တကယ် လုပ်ဆောင်လျှင် ဘုရားသခင်က ဖြောင့်မတ်ပါဦးမည်လော။ ဘုရားသခင်သည် လူတို့၏ အဆုံးသတ်ကို စည်းမျဉ်းတစ်ခုဖြင့် အဆုံးအဖြတ်ပေးသည်။ နောက်ဆုံးတွင် လူတို့၏ အဆုံးသတ်ကို ၎င်းတို့၏ ကိုယ်ပိုင် သရုပ်သကန်များနှင့် အပြုအမူတို့ကို အခြေခံ၍ ဆုံးဖြတ်လိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို မမြင်နိုင်ဘဲ အမြဲတမ်း အကောင်းမမြင်ဘဲ စိတ်ပျက်လက်ပျက်ဖြစ်သည်အထိ ဘုရားသခင်ကို အစဉ် နားလည်မှုလွဲမှားနေပြီး သူ၏ ဆန္ဒများနှင့်ပတ်သက်၍ လွဲချော်နေလျှင် ယင်းသည် ကိုယ့်ဒုက္ခကိုယ်ရှာခြင်းပင် မဟုတ်သလော။ အကယ်၍ ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းခြင်းက မည်ကဲ့သို့ အလုပ်လုပ်ကြောင်း သင်နားမလည်လျှင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သမ္မာတရားကို ရှာဖွေသင့်ပြီး သင်သည် သူ၏ ကြိုတင်ခွဲခန့်ထားသော၊ ရွေးကောက်ထားသော လူတို့၌ မပါဝင်ဟု ကြောင်းကျိုးမမြင်ဘဲ မတွက်ချက်သင့်ပေ။ ဤသည်မှာ ဘုရားသခင်နှင့်ပတ်သက်၍ ပြင်းထန်သော အထင်မြင်လွဲမှားခြင်း ဖြစ်ပေ၏။ သင်သည် ဘုရားသခင်၏ အလုပ်ကို တကယ့်ကို လုံးဝနားမလည်သည့်အပြင် ဘုရားသခင်၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအလုပ်၏ နောက်ကွယ်ရှိ အပင်ပန်းခံသော ကြိုးစားအားထုတ်မှုကို မဆိုထားဘိ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုပင် နားမလည်ချေ။ သင်သည် မိမိကိုယ်ကို အရှုံးပေးသည်၊ ဘုရားသခင်ကို ထင်ကြေးပေးပြီး သံသယထားကာ သင်သည် အစေခံခြင်းကို ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ဖယ်ရှားခံရမည့် အစေခံသူတစ်ဦးဖြစ်မည် စိုးရိမ်လျက် “ငါ၏တာဝန်ကို အဘယ့်ကြောင့် ထမ်းဆောင်ရမည်နည်း။ ငါ၏တာဝန်ကို ထမ်းဆောင်နေသည်နှင့်အမျှ အစေခံနေခြင်း ဟုတ်သလော။ အကယ်၍ ငါ၏အစေခံနေခြင်း ပြီးဆုံးသောအခါ ဖယ်ရှားရှင်းလင်းခြင်း ခံခဲ့ရပါက ငါသည် လှည့်စားခံနေရခြင်း ဖြစ်မည်မဟုတ်လော” ဟု အမြဲတမ်း တွေးဆနေသည်။ ဤတွေးခေါ်ခြင်းကို သင် မည်သို့ နားလည်သနည်း။ ယင်းကို ပိုင်းခြားသိမြင်နိုင်သလော။ သင်သည် ဘုရားသခင်ကို အမြဲတစေ အထင်မြင်လွဲမှားကာ သူ့အား ကမ္ဘာကြီးပေါ်တွင် အုပ်စိုးသည့် နတ်ဆိုးဘုရင်များထဲတွင် ပါဝင်သည်ဟု သတ်မှတ်ခွဲခြားပြီး သင့်စိတ်နှလုံးကို သူ့ထံမှ သတိထား၍ကာကွယ်လျက် သူသည် လူသားများကဲ့သို့ အတ္တကြီးသည်၊ စက်ဆုပ်ဖွယ်ကောင်းသည်ဟု အမြဲတမ်း တွေးထင်နေသည်။ သူသည် လူသားမျိုးနွယ်ကို ချစ်သည်ဟု မည်သည့်အခါမျှ မယုံကြည်သည့်အပြင် လူသားမျိုးနွယ်အား ကယ်တင်ရာတွင် သူ၏ ရိုးသားမှန်ကန်မှုကို မည်သည့်အခါမျှ မယုံကြည်ပေ။ သင်သည် သင့်ကိုယ်သင် အစေခံသူတစ်ဦးအဖြစ် အမြဲတမ်း သရုပ်ဖော်ပြီး သင်၏ အစေခံမှုပေးခြင်းပြီးဆုံးပြီးနောက် ဖယ်ရှားရှင်းလင်းခြင်းခံရမည်ကို စိုးရိမ်နေပါက သင်၏ စိတ်နေစိတ်ထားသည် မယုံကြည်သူများ၏ လိမ်လည်လှည့်ဖြားသော စိတ်နေစိတ်ထားပင် ဖြစ်၏။ ဘာသာတရားမရှိသူများသည် ဘုရားသခင်ရှိကြောင်း ဝန်မခံသကဲ့သို့ ဘုရားသခင်၏ စကားကို သမ္မာတရားဖြစ်ကြောင်း ဝန်မခံသောကြောင့် ဘုရားသခင်ကို မယုံကြည်ကြပေ။ သင်သည် ဘုရားသခင်အား ယုံကြည်သည်ကို ထောက်ဆလျှင် အဘယ့်ကြောင့် သူ၌ ယုံကြည်ခြင်း မရှိရသနည်း။ ဘုရားသခင်၏ စကားကို သမ္မာတရားဖြစ်သည်ဟု အဘယ့်ကြောင့် ဝန်မခံသနည်း။ သင်သည် မိမိ၏တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိသည့်အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် အခက်အခဲများကို မကြုံတွေ့သဖြင့် အကျိုးဆက်အနေဖြင့် ဘုရားသခင်အား သင် နှစ်ပေါင်းများစွာ ယုံကြည်လင့်ကစား သမ္မာတရားကို မရရှိခဲ့သေးသည့်အပြင် သို့ဖြစ်လင့်ကစား အဆုံးတွင် ဘုရားသခင်ကို အပြစ်ဖို့လျက် သူသည် သင့်အား ကြိုတင်မခွဲခန့်ထားကြောင်း၊ သူသည် သင့်အပေါ် ရိုးသားမှန်ကန်မှု မရှိခဲ့ကြောင်း ပြောဆိုသည်။ ယင်းမှာ မည်သည့်ပြဿနာ ဖြစ်သနည်း။ သင်သည် ဘုရားသခင်၏ ဆန္ဒများကို အထင်မြင်လွဲမှားပြီး သူ၏ စကားများကို မယုံကြည်သည့်အပြင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ သင်၏တာဝန်ကို ထမ်းဆောင်စဉ် သစ္စာစောင့်သိမှုကိုလည်း မပြသပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် မည်သို့လုပ်ဆောင်နိုင်သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို မည်သို့ရရှိနိုင်ပြီး သမ္မာတရားကို မည်သို့ နားလည်နိုင်သနည်း။ ထိုသို့သောလူတို့သည် အစေခံသူများဖြစ်ဖို့ပင် အရည်အချင်း မပြည့်မီသဖြင့် ဘုရားသခင်နှင့် ဆွေးနွေးညှိနှိုင်းဖို့ အဘယ်သို့ အရည်အချင်း ပြည့်မီနိုင်မည်နည်း။ အကယ်၍ ဘုရားသခင်သည် မဖြောင့်မတ်ဟု သင်ထင်ပါက သင်သည် သူ့အား အဘယ့်ကြောင့် ယုံကြည်ရသနည်း။ သင်သည် ဘုရားအိမ်တော်အတွက် အားထုတ်ကြိုးပမ်းခြင်း မပြုမီ ဘုရားသခင်က သင့်အား “သင်သည် နိုင်ငံတော်သားများနှင့် သက်ဆိုင်သည်။ ဤအရာသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်” ဟု ကိုယ်တိုင်ကိုယ်ကျ ပြောသည်ကို အမြဲအလိုရှိကာ အကယ်၍ သူမပြောပါက သင်သည် သူ့အား သင်၏စိတ်နှလုံးကို မည်သည့်အခါမျှ ပေးမည်မဟုတ်တော့ချေ။ ထိုသို့သောလူတို့သည် ပုန်ကန်ပြီး စိတ်နှလုံးခိုင်မာ လိုက်လေခြင်းပါတကား။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့မဆိုနှင့်၊ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်းကို မည်သည့်အခါမျှ အာရုံမစိုက်သည့် လူအမြောက်အမြား ရှိကြောင်းကို ငါသိ၏။ ၎င်းတို့သည် ကောင်းသောပန်းတိုင်ကို ရရှိနိုင်ခြင်း ရှိမရှိ၊ ဘုရားသခင်က ၎င်းတို့ကို မည်ကဲ့သို့သဘောထားမည်၊ ၎င်းတို့သည် သူ၏လူများဖြစ်လာဖို့ သူ၌ ကြိုတင်ခွဲခန့်ခြင်းရှိမရှိနှင့် ထိုကဲ့သို့သော ကောလာဟလနှင့်ဆိုင်သည့် အခြားအကြောင်းအရာများအား အချိန်တိုင်း မေးမြန်းခြင်းကိုသာ အာရုံစိုက်ကြသည်။ မိမိတို့၏ တကယ့်အလုပ်ကို အာရုံမစိုက်သည့် ထိုကဲ့သို့သော လူတို့သည် သမ္မာတရားကို မည်သို့ ရရှိနိုင်မည်နည်း။ ဘုရားအိမ်တော်ထဲ၌ မည်သို့ ဆက်လက်ပြီး နေ၍ရမည်နည်း။ ယခုအခါတွင် ငါသည် သင်တို့အား အလေးအနက်ဆို၏။ လူတစ်ဦးသည် ကြိုတင်ခွဲခန့်ထားခြင်း ရှိကောင်းရှိနိုင်သော်လည်း သမ္မာတရားကို လက်မခံသည့်အပြင် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိဖို့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပါက ဖယ်ရှားရှင်းလင်းခံရခြင်းသည် ၎င်းတို့၏ နောက်ဆုံးအဆုံးသတ် ဖြစ်မည်ဖြစ်သည်။ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ရိုးသားမှန်ကန်စွာ အသုံးခံပြီး သမ္မာတရားကို မိမိတို့အစွမ်းရှိသမျှဖြင့် လက်တွေ့လုပ်ဆောင်သော လူတို့သာလျှင် ဆက်လက်ရှင်သန်ပြီး ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ အခြားသူများက ထိုသူတို့အား ဆက်နေရဖို့ ကြိုတင်ခွဲခန့်ခြင်း မခံရသောသူတစ်ဦးအဖြစ် တွေ့မြင်ကောင်း တွေ့မြင်နိုင်သော်လည်း ထိုသူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကြောင့် ဘုရားသခင်အား မည်သည့်အခါမျှ သစ္စာမစောင့်သိခဲ့ဖူးသည့် ကြိုတင်ခွဲခန့်ခံရသည်ဟုဆိုသော ထိုလူတို့ထက် ပို၍ကောင်းသော အဆုံးသတ်ကို ရရှိမည်ဖြစ်သည်။ ဤစကားများကို သင် ယုံကြည်သလော။ အကယ်၍ သင်သည် ဤစကားများကို မယုံကြည်နိုင်ဘဲ သင်၏ ခေါင်းမာသော လမ်းလွဲမှုကို ဆက်လက်ခံယူပါက သင့်အား ငါဆို၏၊ သင်သည် သေချာပေါက် ဆက်လက်ရပ်တည်နိုင်မည် မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်အား စစ်မှန်သော ယုံကြည်လက်ခံမှုရှိသော သို့မဟုတ် သမ္မာတရားကိုချစ်သော လူတစ်ဦး တကယ်မဟုတ်သောကြောင့် ဖြစ်သည်။ ဤအရာက ထိုသို့ ဖြစ်သည့်အတွက် ဘုရားသခင်၏ ကြိုတင်ခွဲခန့်ခြင်းသည် အရေးမကြီးပေ။ ထိုသို့ငါဆိုရခြင်းအကြောင်းမှာ အဆုံးသတ်တွင် ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့၏ သရုပ်သကန်များနှင့် အပြုအမူအားဖြင့် အဆုံးအဖြတ်ပေးမည် ဖြစ်သော်လည်း ဘုရားသခင်၏ ကြိုတင်ခွဲခန့်ခြင်းက အရှိအတိုင်းဆိုလျှင် သေးငယ်သော ကဏ္ဍအဖြစ်သာ ပါဝင်ပြီး အဓိကကဏ္ဍအဖြစ် မပါဝင်သောကြောင့် ဖြစ်သည်။ သင်သည် ဤအရာကို နားလည်သလော။
လူအချို့က “ကျွန်ုပ်တွင် မကောင်းသော စိတ်သဘောထားရှိပြီး ပြောင်းလဲဖို့ အဘယ်မျှကြိုးစားသည်ဖြစ်စေ ပြောင်းလဲ၍မရ။ ထို့ကြောင့် ဖြစ်သမျှအကြောင်း အကောင်းဟုသာ သဘောထားလိုက်တော့မည်။ ကျွန်ုပ်၏အားထုတ်မှု၌ မအောင်မြင်နိုင်လျှင် ယင်းနှင့်ပတ်သက်၍ ဘာမျှလုပ်စရာမရှိ” ဟု ပြောကြသည်။ ထိုသို့သော လူတို့သည် အလွန်အမင်း အပျက်သဘောဆောင်ကြသည်မှာ ၎င်းတို့အတွက် မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်သည်အထိပင် ဖြစ်၏။ ဤလူတို့ကို ကယ်၍မရပေ။ သင်သည် လုံ့လစိုက်ထုတ်ပြီးပြီလော။ အကယ်၍ အမှန်တကယ် လုံ့လစိုက်ထုတ်ပြီး အခက်အခဲကို ခံစားလိုစိတ်ရှိလျှင် အဘယ့်ကြောင့် ဇာတိပကတိကို တကယ့်ကို မပုန်ကန်နိုင်ရသနည်း။ သင်သည် စိတ်နှလုံးနှင့် ဦးနှောက်ရှိသော လူတစ်ဦးမဟုတ်သလော။ သင်သည် နေ့စဉ် မည်သို့ဆုတောင်းသနည်း။ သင်သည် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ကို ကိုးစားမည်မဟုတ်လော။ သင့်အနေဖြင့် ဖြစ်သမျှအကြောင်း အကောင်းဟု သဘောထားခြင်းမှာ မလှုပ်မယှက် စောင့်ဆိုင်းနေခြင်းကို ဆိုလိုပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်း မဟုတ်ပေ။ ထိုပုံစံအတိုင်း ဖြစ်သမျှအကြောင်း အကောင်းဟု သဘောထားခြင်းသည် “ကျွန်ုပ် မည်သည့်အရာမျှ လုပ်စရာမလို။ မည်သို့ဆိုစေ အရာခပ်သိမ်းကို ဘုရားသခင်က ကြိုတင်ခွဲခန့်ထားသည်” ဟု ပြောခြင်းနှင့် ဆင်တူသည်။ ဤသည်မှာ အမှန်တကယ် ဘုရားသခင်၏ ရည်ရွယ်ချက်ဟုတ်သလော။ မဟုတ်ပါက သင်သည် ဘုရားသခင်၏ အလုပ်ကို ကျိုးနွံနာခံမှု ရှိရမည့်အစား အဘယ့်ကြောင့် မကြာခဏ အပျက်သဘောဆောင်လာပြီး တာဝန်ကို မထမ်းဆောင်နိုင်ရသနည်း။ လူအချို့သည် အနည်းငယ်ပြစ်မှားမိသောအခါ “ဘုရားသခင် ငါ့ကို ထုတ်ဖော်ပြပြီး ဖယ်ရှားရှင်းလင်းလိုက်ပြီလော။ သူ ငါ့ကို ရိုက်နှက်မည်လော” ဟု ထင်ကြေးပေးကြသည်။ ဘုရားသခင်သည် ဤတစ်ကြိမ်တွင် လူတို့ကို ရိုက်နှက်ရန် မဟုတ်ဘဲ လူတို့ကို တတ်နိုင်သမျှ အကြီးမားဆုံး အတိုင်းအတာအထိ ကယ်တင်ရန် ကြွလာခဲ့ပြီးဖြစ်သည်။ မည်သူမျှ အမှားနှင့် မကင်းပေ။ အကယ်၍ အယောက်တိုင်း ရိုက်နှက်ခြင်းကို ခံရပါက ယင်းသည် ကယ်တင်ခြင်း ဖြစ်မည်လော။ ပြစ်မှားခြင်းအချို့မှာ တမင်တကာပြုခြင်း ဖြစ်သော်ငြားလည်း အခြားသောပြစ်မှားခြင်းများမှာ တမင်တကာ မဟုတ်ပေ။ သင် တမင်တကာမလုပ်သော အရာများကို သင်သည် သတိပြုမိပြီးနောက် ပြောင်းလဲနိုင်ပါက ဘုရားသခင်သည် သင် ထိုသို့မပြုလုပ်မီ သင့်ကို ရိုက်နှက်မည်လော။ ဘုရားသခင်က လူတို့ကို ထိုပုံစံအတိုင်း ကယ်တင်မည်လော။ ယင်းမှာ သူအလုပ်လုပ်သည့်ပုံစံ မဟုတ်ပေ။ သင်၌ ပုန်ကန်သော စိတ်သဘောထား ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မရည်ရွယ်ဘဲ လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ မလုပ်ဆောင်ခဲ့သည်ဖြစ်စေ ဤအရာကို သတိရလော့။ သင်သည် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပြီး သိမြင်သင့်သည်။ သင့်ကိုယ်သင် ချက်ချင်း ပြောင်းလဲပြီး သမ္မာတရားအတွက် သင်၏ ခွန်အားရှိသမျှဖြင့် ကြိုးပမ်းလော့။ ပြီးလျှင် အခြေအနေများက မည်သို့ဖြစ်ပေါ်လာပါစေ သင့်ကိုယ်သင် စိတ်ပျက်အားငယ်ခြင်း၏ လွှမ်းမိုးမှုကို မခံနှင့်။ ဘုရားသခင် ပြုလုပ်နေသော အလုပ်သည် လူသားအား ကယ်တင်ခြင်း အလုပ်ဖြစ်ပြီး သူသည် သူကယ်တင်လိုသည့် လူတို့ကို ပေါ့ပေါ့တန်တန် အဆုံးစီရင်လိမ့်မည် မဟုတ်ပါ။ ဤသည်မှာ သေချာပေသည်။ အဆုံးတွင် ဘုရားသခင် ရိုက်နှက်ခဲ့သည့် ယုံကြည်သူတစ်ဦး အမှန်တကယ် ရှိခဲ့လျှင်ပင် ဘုရားသခင် လုပ်ဆောင်သည့်အရာသည် ဖြောင့်မတ်ကြောင်း အာမခံနိုင်ဆဲ ဖြစ်ပေမည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုလူကို ရိုက်နှက်ခဲ့သည့်အကြောင်းအရင်းကို သင်လုံးလုံးလျားလျား ယုံကြည်လက်ခံစေဖို့အလို့ငှာ သင့်အား သူသိစေမည်ဖြစ်သည်။ ယခုတွင် သမ္မာတရားအတွက်သာ ကြိုးပမ်းလော့၊ အသက်ဝင်ရောက်ခြင်းကို အာရုံစိုက်လော့၊ ပြီးလျှင် သင်၏ တာဝန်အား ကောင်းသောထမ်းဆောင်ခြင်းကို လိုက်စားလော့။ ဤအရာတွင် အမှားအယွင်း မရှိပေ။ အဆုံးတွင် ဘုရားသခင်က သင့်ကို မည်သို့ကိုင်တွယ်ပါစေ ယင်းသည် ဖြောင့်မတ်ကြောင်း အာမခံသည်။ ဤအရာကို သင် သံသယမထားသင့်သကဲ့သို့ စိုးရိမ်စရာ မလိုပေ။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ယခု သင် နားမလည်သော်လည်း သင် ယုံကြည်လက်ခံမည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ ဘုရားသခင်သည် တရားမျှတစွာနှင့် သိက္ခာရှိစွာ အလုပ်လုပ်သည်။ သူသည် အရာခပ်သိမ်းကို ပွင့်လင်းစွာ ထုတ်ဖော်သည်။ သင်တို့သည် ဤအကြောင်းအရာကို အသေအချာ အချိန်ယူစဉ်းစားကြည့်ပါက ဘုရားသခင်၏ အမှုသည် လူများကို ကယ်တင်ခြင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲခြင်းနှင့်ဆိုင်သော အလုပ်ဖြစ်ကြောင်း အားပါးတရ ကောက်ချက်ချမိမည်။ ဘုရားသခင်၏အမှုသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲခြင်း ဖြစ်သည်ကို ကြည့်လျှင် လူတို့သည် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းများ မရှိသည်မှာ မဖြစ်နိုင်ပေ။ လူတို့သည်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ထိုထုတ်ဖော်ခြင်းများတွင်သာ မိမိတို့ကိုယ်ကို သိနိုင်သည်။ ပြီးလျှင် ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိသည်ကို ဝန်ခံနိုင်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိလိုစိတ် ရှိနိုင်သည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြီးနောက်တွင် သမ္မာတရားကို လုံးဝ လက်မခံဘဲ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတိုင်း ဆက်၍ အသက်ရှင်လျှင် ၎င်းတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်ခြေ ရှိမည်ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အပေါ် ခြားနားသော ဒဏ်ခတ်ခြင်းအတိုင်းအတာများကို ဆိုက်ရောက်စေမည် ဖြစ်ပြီး ၎င်းတို့သည် မိမိတို့၏ပြစ်မှားခြင်းများအတွက် အဖိုးအခပေးရလိမ့်မည်။ အကယ်၍ သင်သည် အခါအားလျော်စွာ မရည်ရွယ်ဘဲ အပျော်အပါး၌ မွေ့လျော်မိလာတတ်၍ ဘုရားသခင်က ယင်းကို သင့်အား ထောက်ပြပြီး ပြုပြင်ကာ သင်သည် ပို၍တိုးတက်ပြောင်းလဲလာလျှင် ဘုရားသခင်က သင့်ကို ဗွေယူမည် မဟုတ်ပေ။ ဤသည်မှာ စိတ်သဘောထားပြောင်းလဲခြင်း၏ ပုံမှန်ဖြစ်စဉ် တစ်ရပ်ဖြစ်ပြီး ကယ်တင်ခြင်းအမှု၏ စစ်မှန်သော အရေးပါမှုသည် ဤဖြစ်စဉ်တွင် ပေါ်လွင်နေသည်။ ဤသည်မှာ အဓိကသော့ချက်ပင် ဖြစ်တော့၏။ ဥပမာအနေဖြင့် ဆန့်ကျင်ဘက်လိင်များကြားရှိ စည်းပြဿနာနှင့် ပတ်သက်၍ သင်သည် လူတစ်ဦးကို စိတ်ဝင်စားလျက် သူနှင့် စကားစမြည်ပြောဖို့ အမြဲတမ်း နည်းလမ်းရှာဖွေနေကာ သူ့အား စွဲမက်စရာ စကားများပြောသည်ဟု ဆိုပါစို့။ ထို့နောက်တွင် “ဤသည်မှာ မဖွယ်မရာ အပြုအမူဖြစ်သည် မဟုတ်လော။ ဤသည်မှာ အပြစ်မဟုတ်လော။ ဆန့်ကျင်ဘက်လိင်များကြား၌ ရှင်းလင်းစွာ စည်းမထားခြင်းက ဘုရားသခင်အား စော်ကားမှုမဟုတ်လော။ ထိုသို့သော အရာတစ်ခုကို ငါ အဘယ်သို့ပြုလုပ်နိုင်မည်နည်း” ဟု သင် ဆင်ခြင်တွေးတောသည်။ ဤအရာကို သဘောပေါက်ပြီးနောက်တွင် သင်သည် ဘုရားသခင်၏ မျက်မှောက်သို့ အပြေးအလွှားသွားပြီး “အို ဘုရားသခင်၊ ကျွန်ုပ် အပြစ်လုပ်မိပြန်ပါပြီ။ ဤအရာသည် အကျည်းတန်ပြီး အမှန်တကယ် ရှက်ဖွယ်ကောင်းပါ၏။ ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးသော ဇာတိပကတိကို မုန်းတီးပါ၏။ ကိုယ်တော် ကျွန်ုပ်အား ဆုံးမပဲ့ပြင်ပြီး အပြစ်ဒဏ်ပေးတော်မူပါ” ဟု ဆုတောင်းသည်။ သင်သည် အနာဂတ်တွင် ထိုသို့သောအရာများမှ ကင်းဝေးအောင်နေဖို့နှင့် ဆန့်ကျင်ဘက်လိင်ကို တစ်ဦးတည်း အဆက်အသွယ်မလုပ်ဖို့ စိတ်ပိုင်းဖြတ်သည်။ ယင်းမှာ ပြောင်းလဲမှုဖြစ်မည် မဟုတ်လော။ ထို့ပြင် ထိုပုံစံအတိုင်း ပြောင်းလဲသွားပြီးနောက် သင်၏ ယခင်က စည်းမစောင့်မှုများမှာ နောက်ထပ် ပြစ်တင်ရှုတ်ချခြင်း ခံရမည်မဟုတ်ပေ။ အကယ်၍ သင်သည် တစ်ယောက်ယောက်နှင့် စကားစမြည်ပြောပြီး သူ့ကို မြှူဆွယ်သည့်အပြင် ကိုယ့်ကိုယ်ကိုယ် မုန်းတီးဖို့၊ ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့၊ ဇာတိပကတိကို ပုန်ကန်ရန်အတွက် စိတ်ပိုင်းဖြတ်ဖို့၊ သို့မဟုတ် ဘုရားသခင်ထံ အပြစ်များကို ဝန်ချပြီး နောင်တရဖို့နေနေသာသာ၊ ယင်းကို ရှက်ဖွယ်ကောင်းသော အရာတစ်ခုဟု မထင်လျှင် သင်သည် မကောင်းမှုများကို ပို၍များစွာ ဆက်လက် ကျူးလွန်ချင် ကျူးလွန်မည်ဖြစ်ပြီး အမှုအရာများက ပို၍ပို၍ ဆိုးရွားလာမည်ဖြစ်ကာ သင့်အား အပြစ်တရားသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။ သင် ဤအရာပြုလျှင် ဘုရားသခင်သည် သင့်အား ပြစ်တင်ရှုတ်ချမည်ဖြစ်သည်။ အကယ်၍ သင်သည် ထပ်ကာထပ်ကာ အပြစ်ပြုလျှင် ယင်းမှာ တမင်ကျူးလွန်သော အပြစ်ဖြစ်၏။ ဘုရားသခင်သည် တမင်ကျူးလွန်သော အပြစ်ကို ပြစ်တင်ရှုတ်ချပြီး တမင်ကျူးလွန်သော အပြစ်ကို ကယ်၍မရပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုခုကို မရည်ရွယ်ဘဲ အမှန်တကယ် ထုတ်ဖော်ပြီး သင်သည် အမှန်ပင် နောင်တရနိုင်သည့်အပြင် ဇာတိပကတိကို ပုန်ကန်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပါက ဘုရားသခင်သည် ယင်းအတွက် သင့်ကို ပြစ်တင်ရှုတ်ချမည် မဟုတ်သည့်အပြင် သင့်ကို ကယ်တင်၍ရနိုင်သေးသည်။ ဘုရားသခင်၏ အလုပ်ဟူသည်မှာ လူသားအား ကယ်တင်ရန် ရည်ရွယ်ပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်သောသူတစ်ဦးသည် ပြုပြင်ခံရခြင်း၊ တရားစီရင်ခံရခြင်းနှင့် ပြစ်တင်ဆုံးမခံရခြင်းကို လက်ခံသင့်သည်။ သူသည် သမ္မာတရားကို လက်ခံနိုင်သရွေ့၊ နောင်တရပြီး ပြောင်းလဲသရွေ့ ယင်းက ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် ဆောင်ရွက်ပြီးဖြစ်မည် မဟုတ်လော။ လူအချို့သည် သမ္မာတရားကို လက်မခံသည့်အပြင် ဘုရားသခင်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်တတ်သော သဘောထားကို အမြဲ ခံယူသည်။ ထိုသို့သောလူတို့၌ အသက်ဝင်ရောက်မှု မရှိသဖြင့် အဆုံးတွင် ၎င်းတို့အားလုံးသည် ဆုံးရှုံးမှုများကို တွေ့ကြုံရမည်ဖြစ်သည်။
ယခင်က ဖော်ပြခဲ့သကဲ့သို့ အတိတ်မှ အဖြစ်အပျက်များကို တစ်ချက်တည်းဖြင့် လုံးလုံးဖယ်ရှား၍ ရနိုင်သည်။ အတိတ်ကို အစားထိုးဖို့ အနာဂတ်ကို ပြင်ဆင်ပြောင်းလဲနိုင်သည်။ ဘုရားသခင်၏ သည်းခံခြင်းသည် ပင်လယ်ကဲ့သို့ အကန့်အသတ်မဲ့၏။ သို့သော် ဤနှုတ်ကပတ်တော်များတွင် စည်းမျဉ်းများလည်း ရှိသည်။ ယင်းက ဘုရားသခင်သည် သင်ကျူးလွန်ထားသည့် မည်သည့်အပြစ်ကိုမဆို မည်မျှကြီးမားပါစေ လုံးလုံးလျားလျား ဖယ်ရှားပေးမည့်ကိစ္စမျိုး မဟုတ်ပေ။ ဘုရားသခင်သည် သူ၏အလုပ်အားလုံးကို စည်းမျဉ်းများဖြင့် ပြုလုပ်သည်။ အတိတ်တွင် ဤအရေးကိစ္စကို ကိုင်တွယ်သည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တစ်ခုကို ချမှတ်ခဲ့သည်။ ဘုရားသခင်သည် လူတစ်ဦးက သူ၏အမည်နာမကို လက်မခံမီ ကျူးလွန်သော အပြစ်များအားလုံးကို ခွင့်လွှတ်ပြီး ဖြေလွှတ်သည်။ သို့သော် သူ့အား ယုံကြည်လာပြီးနောက် ဆက်လက်၍ အပြစ်လုပ်သောသူတို့အတွက်မှာမူ ယင်းက မတူညီသောဖြစ်စဉ်ဖြစ်သည်။ အပြစ်တစ်ခုကို တစ်ကြိမ် ထပ်လုပ်သောသူကို နောင်တရဖို့အခွင့်အရေး ပေးသော်လည်း ယင်းကို နှစ်ကြိမ်ထပ်လုပ်သောသူ သို့မဟုတ် ထပ်ကာတလဲလဲ အပြစ်ဖော်ဆုံးမလင့်ကစား ပြောင်းလဲဖို့ ငြင်းဆန်သောသူတို့ကို နောင်တရဖို့ နောက်ထပ်အခွင့်အရေး မပေးဘဲ နှင်ထုတ်ပစ်သည်။ ဘုရားသခင်သည် သူ၏အလုပ်တွင် လူတို့ကို တတ်နိုင်သမျှ အကြီးဆုံးသော အတိုင်းအတာအထိ အမြဲသည်းခံသည်။ ဤအရာ၌ ဘုရားသခင်၏ အလုပ်သည် အမှန်တကယ် လူတို့အား ကယ်တင်ခြင်းနှင့် ဆိုင်သည့်အလုပ်ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ သို့ရာတွင် အကယ်၍ အလုပ်၏ ဤနောက်ဆုံးအဆင့်တွင် သင်သည် ခွင့်လွှတ်၍မရသော အပြစ်များကို ကျူးလွန်ဦးမည်ဆိုလျှင် သင့်ကို အမှန်ပင် ကယ်တင်၍ မရသည့်အပြင် ကယ်ဆယ်၍မဖြစ်နိုင်ပေ။ ဘုရားသခင်၌ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်ခြင်းနှင့် ပြောင်းလဲခြင်းအတွက် လုပ်ငန်းစဉ်ရှိသည်။ ဘုရားသခင်အနေဖြင့် လူသားမျိုးနွယ်အား သန့်စင်စေခြင်း၊ ကယ်တင်ခြင်းတို့နှင့်ဆိုင်သည့် သူ၏ရည်ရွယ်ချက်အား အောင်မြင်သည်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝအား ထပ်ကာထပ်ကာ ထုတ်ဖော်ခြင်းဟူသည့် ဖြစ်စဉ်ထဲ၌ဖြစ်သည်။ လူအချို့က “ယင်းသည် ကျွန်ုပ်၏သဘာဝဖြစ်သောကြောင့် ယင်းကို အကုန်လုံး ဖော်ထုတ်ပါစေ။ ယင်းကို ဖော်ထုတ်သည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်သိမည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည် ဖြစ်သည်” ဟု စဉ်းစားကြသည်။ ဤဖြစ်စဉ်သည် လိုအပ်သလော။ အကယ်၍ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူ တစ်ဦး အမှန်တကယ် ဖြစ်ပြီး အခြားသူများ၌ မည်သည့် ဖောက်ပြန်ပျက်စီးခြင်းများ ထွက်ပေါ်လာပြီး မည်သည့်မှားယွင်းသော အရာများကို ၎င်းတို့ ပြုလုပ်ထားကြောင်း သင်တွေ့သောအခါ မိမိကိုယ်ကို ပြန်လည်ဆင်ခြင်ကာ မိမိကိုယ်ကို၌ အလားတူ ပြဿနာများကို သင်တွေ့သောအခါ သင်သည် ယင်းတို့ကို ချက်ချင်း အမှန်ပြင်ဆင်ပြီး ထိုအရာများကို အနာဂတ်တွင် မည်သည့်အခါမျှ မပြုလုပ်ပါက ဤသည်မှာ သွယ်ဝိုက်ပြောင်းလဲခြင်း မဟုတ်သလော။ သို့မဟုတ်ပါက တစ်ခါတစ်ရံ တစ်ခုခုကို ပြုလုပ်လိုသော်လည်း ယင်းမှာ မှားယွင်းသည်ကို ကြိုတင်၍ သဘောပေါက်ပြီး ဇာတိပကတိကို ပုန်ကန်နိုင်ပါက ဤအရာက သန့်စင်ခံရခြင်းဟူသည့် အကျိုးတရားကိုလည်း ရရှိသည် မဟုတ်လော။ မည်သည့်လက္ခဏာသွင်ပြင်၌မဆို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အကြိမ်ကြိမ်ထပ်ကျော့သည့် လုပ်ငန်းစဉ်များအား ဖြတ်သန်းခြင်း လိုအပ်သည်။ သမ္မာတရားကို တစ်ကြိမ် လက်တွေ့လုပ်ဆောင်ပြီးနောက်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက လုံးလုံးလျားလျား ပျောက်ကွယ်သွားမည်တော့ မဟုတ်ချေ။ လူတစ်ဦးသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား လုံးစေ့ပတ်စေ့ မပြေလည်ခင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာ၌ နောက်ထပ် အခက်အခဲမရှိသည်အထိ သမ္မာတရားကို ထပ်တလဲလဲ ရှာဖွေရမည်၊ ပြုပြင်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းသာမက တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ထပ်တလဲလဲ ခံရမည်။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးလုံးလျားလျား ကိုက်ညီအောင် လက်တွေ့လုပ်ဆောင်နိုင်ပြီး ပြုပြင်ခြင်း၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံရပြီးနောက် ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံမှုကို ရရှိခြင်းဖြင့် အဆုံးသတ်လျှင် ယင်းသည် သူ၏ စိတ်သဘောထား ပြောင်းလဲမှုပင် ဖြစ်ပေ၏။
ကောက်နုတ်ချက် (၇၈)
နောက်ဆုံးသောကာလ ဘုရားသခင်၏ အလုပ်တွင် သူသည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့၏ သရုပ်သကန်များအပေါ် မူတည်၍ အဆုံးအဖြတ်ပေးသည်။ ဤတွင် “သရုပ်သကန်များ” ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းကြောင်း သင်တို့သိသလော။ သရုပ်သကန်များသည် အမှုအရာများကို လုပ်ဆောင်စဉ် လူတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရည်ညွှန်းသည်ဟု သင်တို့ ထင်ချင်ထင်မည်။ သို့သော် ယင်းမှာ ဤအရာက အမှန်တကယ် ဆိုလိုသည့်အရာ မဟုတ်ပေ။ ဤနေရာ၌ သရုပ်သကန်များဟူသည်မှာ သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိသည်၊ မရှိသည်ကို ရည်ညွှန်းသည်။ သင်၏ တာဝန်ထမ်းဆောင်စဉ် သစ္စာစောင့်သိနိုင်စွမ်း ရှိသည်၊ မရှိသည်ကို ရည်ညွှန်းသည်။ ဘုရားသခင်အား ယုံကြည်ခြင်းအပေါ် သင်၏ ရှုထောင့်အမြင်၊ ဘုရားသခင်အပေါ် သင်၏ သဘောထား၊ အခက်အခဲများကို ခံစားဖို့ သင်၏ စိတ်ပိုင်းဖြတ်ချက်တို့ကို ဆိုလိုသည်။ တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းအား လက်ခံခြင်းအပေါ် သင်၏ သဘောထားကို ဆိုလိုသည်။ သင်ကျူးလွန်ထားသည့် ကြီးလေးသော ပြစ်မှားခြင်းအရေအတွက်နှင့် နောက်ဆုံးတွင် သင် နောင်တတရားနှင့် အသွင်ပြောင်းလဲခြင်းကို ရရှိသည့်အတိုင်းအတာတို့ကို ဆိုလိုသည်။ ဤအရာများအားလုံး ပေါင်းလိုက်လျှင် သင်၏ သရုပ်သကန်များကို ဖန်တီးလေသည်။ ဤနေရာတွင် သရုပ်သကန်များဟူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အဘယ်မျှကို သင်ထုတ်ဖော်ပြီးဖြစ်သည် သို့မဟုတ် မကောင်းသော အရာများ အဘယ်မျှကို သင်ပြုလုပ်ပြီးဖြစ်သည်ကို မရည်ညွှန်းဘဲ ရလဒ်များ အဘယ်မျှကို သင်ရရှိထားသည်နှင့် ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုတွင် စစ်မှန်သောပြောင်းလဲမှု အဘယ်မျှကို သင်ကြုံရပြီးဖြစ်သည်ကို ရည်ညွှန်းသည်။ အကယ်၍ လူတို့၏ အဆုံးသတ်ကို ၎င်းတို့၏သဘာဝက ဖောက်ပြန်ပျက်စီးခြင်း အဘယ်မျှကို ထုတ်ဖော်ပြီးဖြစ်သည် ဟူသည့်အပေါ် အဆုံးအဖြတ်ပေးခဲ့ပါက မည်သူမျှ ကယ်တင်ခြင်း ရရှိနိုင်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် လူသားများအားလုံးသည် အလွန်အမင်း ဖောက်ပြန်ပျက်စီးကြသည်၊ ၎င်းတို့အားလုံး၌ စာတန်ဆန်သော သဘာဝရှိကြသည်၊ ထို့ပြင် ၎င်းတို့အားလုံးက ဘုရားသခင်ကို အတိုက်အခံလုပ်ကြလေသည်။ ဘုရားသခင်က သမ္မာတရားကို လက်ခံနိုင်ပြီး သူ၏ အလုပ်အား ကျိုးနွံနာခံနိုင်သော လူတို့ကို ကယ်တင်လိုသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးခြင်း အဘယ်မျှကို ထုတ်ဖော်သည်ဖြစ်စေ နောက်ဆုံးတွင် သမ္မာတရားကို လက်ခံနိုင်ခြင်း၊ စစ်မှန်သော နောင်တတရားကို ရရှိနိုင်ခြင်းနှင့် စစ်မှန်သော ပြောင်းလဲမှုကို ကြုံနိုင်ခြင်းတို့ ရှိသရွေ့ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသောလူတို့ ဖြစ်ကြသည်။ လူအချို့က ဤအရာကို မရိပ်စားမိနိုင်ကြသည့်အပြင် ခေါင်းဆောင်အဖြစ် အစေခံသော မည်သူမဆို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပို၍ ထုတ်ဖော်မည်ဖြစ်ကြောင်း၊ ဖောက်ပြန်ပျက်စီးခြင်း ပို၍ထုတ်ဖော်သောသူတိုင်း သေချာပေါက် ဖယ်ရှားရှင်းလင်းခြင်းကို ခံရပြီး ဆက်လက်ရပ်တည်နိုင်မည် မဟုတ်ကြောင်း မဆင်ခြင်နိုင်ပေ။ ဤရှုထောင့်အမြင်သည် မှန်ကန်သလော။ ခေါင်းဆောင်များက ဖောက်ပြန်ပျက်စီးခြင်းကို ပို၍ ထုတ်ဖော်လင့်ကစား ထိုသူတို့သည် သမ္မာတရားကို လိုက်စားသောလူတို့ ဖြစ်နေပါက ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံဖို့ အရည်အချင်းပြည့်မီကြသည်။ ထိုသူတို့သည် ကယ်တင်ခံရခြင်းနှင့် စုံလင်အောင်ပြုခံရခြင်းဟူသည့် လမ်းကြောင်းကို စတင်နိုင်ပြီး နောက်ဆုံးတွင် ဘုရားသခင်အတွက် လှပသော သက်သေခံချက်ကို ပေးနိုင်မည်ဖြစ်သည်။ ဤသူတို့မှာ အမှန်တကယ် ပြောင်းလဲသွားသည့် လူတို့ဖြစ်ကြ၏။ အကယ်၍ လူတို့၏ အဆုံးသတ်များအား ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အဘယ်မျှ ထုတ်ဖော်ခံရသည် ဟူသည့်အပေါ် မူတည်၍ အဆုံးအဖြတ်ပေးပါက ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံလေ ၎င်းတို့ ပို၍မြန်မြန်ဆန်ဆန် ထုတ်ဖော်ခံရလေ ဖြစ်မည်ဖြစ်သည်။ အကယ်၍ ဤသည်မှာ မှန်ကန်လျှင် အဘယ်သူသည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင် ဖြစ်ဝံ့တော့မည်နည်း။ အဘယ်သူသည် ဘုရားသခင်၏ အသုံးပြုခြင်းနှင့် စုံလင်အောင်ပြုခံရခြင်း အဆင့်အထိ ရောက်နိုင်မည်နည်း။ ဤရှုထောင့်အမြင်သည် အဓိပ္ပာယ်မဲ့လွန်းသည် မဟုတ်လော။ ဘုရားသခင်သည် လူတို့အနေဖြင့် သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ ၎င်းတို့သည် မိမိတို့၏ သက်သေခံချက်၌ အခိုင်အမာ ရပ်တည်နိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့ အမှန်တကယ် ပြောင်းလဲသွားခြင်း ရှိမရှိကို အဓိကကြည့်သည်။ လူတို့၌ စစ်မှန်သော သက်သေခံချက်ရှိပြီး စစ်မှန်သော ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ပြီးပါက ၎င်းတို့သည် ဘုရားသခင် အသိအမှတ်ပြုသောလူများ ဖြစ်ကြသည်။ လူအချို့သည် အပေါ်ယံတွင် ဖောက်ပြန်ပျက်စီးခြင်း အနည်းငယ်သာ ထုတ်ဖော်ဟန်တူသော်လည်း စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ကင်းမဲ့ကြသည်။ ၎င်းတို့သည် အမှန်တကယ် မပြောင်းလဲသေးသည့်အပြင် ၎င်းတို့ကို ဘုရားသခင် အသိအမှတ်မပြုပေ။
ဘုရားသခင်သည် လူတစ်ဦး၏ အဆုံးသတ်ကို သူ၏ သရုပ်သကန်များနှင့် အနှစ်သာရအပေါ် မူတည်၍ အဆုံးအဖြတ်ပေးသည်။ ဤတွင် သရုပ်သကန်များဟူသည်မှာ လူတစ်ဦးသည် ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်းရှိမရှိ၊ သူ၌ ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာရှိမရှိ၊ သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းရှိမရှိနှင့် သူ၏ စိတ်သဘောထားမှာ မည်သည့်အတိုင်းအတာအထိ ပြောင်းလဲသွားခြင်း ရှိမရှိကို ရည်ညွှန်းသည်။ ဤသရုပ်သကန်များနှင့် သူ၏အနှစ်သာရအပေါ် မူတည်၍ ဘုရားသခင်သည် လူတစ်ဦး၏ အဆုံးသတ်ကို အဆုံးအဖြတ်ပေးခြင်းဖြစ်ပြီး သူသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အဘယ်မျှ ထုတ်ဖော်သည်ဟူသည့်အပေါ် မမူတည်ပေ။ ဘုရားသခင်သည် လူတစ်ဦး၏ အဆုံးသတ်ကို ထိုသူအနေဖြင့် ဖောက်ပြန်ပျက်စီးခြင်း အဘယ်မျှထုတ်ဖော်သည် ဟူသည့်အပေါ် အဆုံးအဖြတ်ပေးသည်ဟု သင်ထင်ပါက သူ၏ ရည်ရွယ်ချက်များအား သင် အဓိပ္ပာယ်ကောက်လွဲလေပြီ။ အမှန်တွင်မူ လူတို့၌ တူညီသည့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရရှိကြသည်၊ ၎င်းတို့၌ ကောင်းသည့် လူ့သဘာဝ ရှိသည်ဖြစ်စေ၊ မကောင်းသည့် လူ့သဘာဝ ရှိသည်ဖြစ်စေ၊ ထို့ပြင် ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခြားနားချက်ရှိသည်။ လူတစ်ဦးသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အဘယ်မျှ ထုတ်ဖော်သည်ဖြစ်စေ သူ၏စိတ်နှလုံးအတွင်းထဲ၌ မည်သည့်အရာ ရှိနေသည်ဟူသည်ကို ဘုရားသခင် အသိဆုံးဖြစ်၏။ သင့်အနေဖြင့် ယင်းကို ကွယ်ဝှက်စရာမလိုပေ။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးအတွင်းပိုင်းကို စောင့်ကြည့်လေ့လာသည်။ အခြားသူများ၏ ရှေ့တွင် သို့မဟုတ် ကွယ်ရာတွင် သင်ပြုလုပ်သည့် တစ်စုံတစ်ခုသည် မည်သည့်အရာဖြစ်စေ၊ သို့မဟုတ် သင်သည် စိတ်နှလုံးထဲ၌ မည်သည့်အရာ ပြုလုပ်လိုသည်ဖြစ်စေ ယင်းတို့အားလုံးမှာ ဘုရားသခင်၏ရှေ့မှောက်၌ ချခင်းထားလျက် ရှိကြသည်။ လူတို့ တိတ်တဆိတ် ပြုလုပ်သည့်အရာကို ဘုရားသခင်သည် အဘယ်သို့များ သတိမပြုမိဘဲ နေနိုင်မည်နည်း။ ဤသည်မှာ မိမိကိုယ်ကို လှည့်စားခြင်းမဟုတ်လော။ အမှန်စင်စစ် လူတစ်ဦး၏ သဘာဝသည် မည်သို့လှည့်စားတတ်သည် ဖြစ်စေ၊ လူတစ်ဦးသည် မုသားများကို မည်မျှပြောသည်ဖြစ်စေ၊ သူသည် မိမိကိုယ်ကို အယောင်ဆောင်ရာ၌လည်းကောင်း၊ လှည့်ဖြားရာ၌လည်းကောင်း မည်မျှကျွမ်းကျင်သည်ဖြစ်စေ ယင်းတို့အားလုံးကို ဘုရားသခင် နောကျေနေအောင် သိပြီးသားဖြစ်သည်။ ဘုရားသခင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဤမျှကောင်းစွာ သိနားလည်သည်ဖြစ်၍ သူ၏ သာမန်နောက်လိုက်များကိုလည်း ကောင်းစွာ သိမည်မဟုတ်လော။ လူအချို့က “ဦးဆောင်သူမည်သူမဆို မိုက်မဲပြီး မသိနားမလည်ကြသည့်အပြင် ကိုယ့်ဒုက္ခကိုယ်ရှာနေကြသည်။ အဘယ့်ကြောင့်ဆိုသော် ခေါင်းဆောင်တစ်ဦးအဖြစ် ထမ်းဆောင်ခြင်းအားဖြင့် လူတို့သည် ဘုရားသခင်မြင်တွေ့အောင် ဖောက်ပြန်ပျက်စီးခြင်းကို မလွှဲသာမရှောင်သာ ထုတ်ဖော်ကြ၍ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဤအလုပ်ကို မလုပ်ခဲ့လျှင် ဖောက်ပြန်ပျက်စီးခြင်း မြောက်မြားစွာ ထုတ်ဖော်ခံရမည်လော” ဟု ထင်ကြသည်။ အဓိပ္ပာယ်မဲ့သော စိတ်ကူးပါတကား။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် မထမ်းဆောင်လျှင် ဖောက်ပြန်ပျက်စီးခြင်းကို သင်မထုတ်ဖော်ဘဲ နေမည်လော။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်း ဟူသည်မှာ သင်သည် ဖောက်ပြန်ပျက်စီးခြင်း လျှော့ပေါ့၍ ပြသလျှင်ပင် ကယ်တင်ခြင်းကို သင်ရရှိပြီးပြီဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်လော။ ဤဆွေးနွေးချက်အရ ခေါင်းဆောင်များအဖြစ် အစေမခံသောသူတို့ အားလုံးသည် ဆက်လက်ရှင်သန်ပြီး ကယ်တင်ခြင်းခံရနိုင်သူများ ဖြစ်ကြသလော။ ဤစကားသည် ရယ်ဖွယ်ကောင်းလွန်းသည် မဟုတ်လော။ ခေါင်းဆောင်များအဖြစ် အစေခံသော လူတို့သည် ဘုရားသခင်ရွေးကောက်ထားသော လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ရန်နှင့် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံရန်အတွက် လမ်းပြကြသည်။ ဤသတ်မှတ်ချက်နှင့် စံချိန်စံညွှန်းသည် မြင့်မားသောကြောင့် ခေါင်းဆောင်များသည် ပထမဆုံးအနေဖြင့် လေ့ကျင့်မှုကို အစပြုသောအခါ ဖောက်ပြန်ပျက်စီးသော အခြေအနေအချို့ကို ထုတ်ဖော်ကြမည်မှာ မလွဲပေ။ ဤသည်မှာ ပုံမှန်ဖြစ်ပြီး ဘုရားသခင်က ယင်းကို ပြစ်တင်ရှုတ်ချခြင်း မပြုပေ။ သို့သော် ဘုရားသခင်သည် ယင်းကို ပြစ်တင်ရှုတ်ချခြင်း မပြုသည်သာမက သူသည် ဤလူတို့ကို ဉာဏ်ပွင့်စေခြင်း၊ အလင်းပေးခြင်းနှင့် လမ်းပြခြင်းကိုလည်း ပြုလုပ်ပြီး ၎င်းတို့အပေါ် အပိုဝန်ထုပ်ဝန်ပိုးများ တင်ပေးသည်။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းပြခြင်းနှင့် အလုပ်ကို ကျိုးနွံနာခံနိုင်သရွေ့ အသက်တာ၌ သာမန်လူတို့ထက် ပို၍မြန်မြန်ဆန်ဆန် တိုးတက်ကြမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဖြစ်လျှင် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရသည့် လမ်းကြောင်းပေါ် အစပျိုးနိုင်လေသည်။ ဤသည်မှာ ဘုရားသခင် ကောင်းချီးအပေးဆုံးအရာ ဖြစ်၏။ လူအချို့က ဤအရာကို မမြင်နိုင်ကြဘဲ အမှန်တရားများကို လွဲချော်ကြသည်။ လူ၏ သိနားလည်မှုအရ ခေါင်းဆောင်တစ်ဦးသည် အဘယ်မျှပြောင်းလဲသည်ဖြစ်စေ ဘုရားသခင် ဂရုစိုက်မည်မဟုတ်ချေ။ သူသည် ခေါင်းဆောင်များနှင့် အမှုဆောင်များက ဖောက်ပြန်ပျက်စီးခြင်း အဘယ်မျှ ထုတ်ဖော်သည်ကိုသာ ကြည့်မည်ဖြစ်ပြီး ဤအရာအပေါ်မူတည်၍သာ ၎င်းတို့ကို ပြစ်တင်ရှုတ်ချမည် ဖြစ်သည်။ ထို့ပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များ မဟုတ်သောသူတို့အတွက်မူ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးခြင်း အနည်းငယ်ကိုသာ ထုတ်ဖော်သောကြောင့် ၎င်းတို့ မပြောင်းလဲလျှင်ပင် ဘုရားသခင်က ထိုသူတို့ကို ပြစ်တင်ရှုတ်ချမည် မဟုတ်ပေ ဟူ၍ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ယင်းသည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားခြင်း မဟုတ်လော။ သင်သည် ဘုရားသခင်ကို သင့်စိတ်နှလုံးထဲတွင် အလွန် ပြင်းထန်စွာ ခုခံလျှင် သင်သည် ကယ်တင်ခြင်းခံရနိုင်မည်လော။ သင်သည် ကယ်တင်ခြင်းခံရနိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့၌ သမ္မာတရားနှင့် စစ်မှန်သော သက်သေခံချက် ရှိမရှိအပေါ် အဓိကအားဖြင့် အခြေခံ၍ အဆုံးအဖြတ်ပေးကာ ယင်းမှာ ၎င်းတို့သည် သမ္မာတရားလိုက်စားသော လူများဟုတ်မဟုတ်အပေါ် အဓိကအားဖြင့် မူတည်၏။ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး ပြစ်မှားခြင်းတစ်ခု ကျူးလွန်သည့်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ခံရပြီးနောက် အမှန်တကယ် နောင်တရနိုင်ပါက ဘုရားသခင်အား ပြစ်မှားစော်ကားသည့် စကားများ ပြောဆိုခြင်း သို့မဟုတ် အရာများ ပြုလုပ်ခြင်း မရှိသရွေ့ ၎င်းတို့သည် သေချာပေါက် ကယ်တင်ခြင်းကို ရရှိနိုင်စွမ်းရှိမည်။ သင်တို့၏ စိတ်ကူးစိတ်သန်းများအရ အဆုံးတိုင်အောင် ဘုရားသခင်နောက်လိုက်သော သာမန်ယုံကြည်သူများအားလုံး ကယ်တင်ခြင်းရရှိနိုင်ပြီး ခေါင်းဆောင်များအဖြစ် အစေခံသူတို့အားလုံး ဖယ်ရှားရှင်းလင်းခြင်းခံရမည်ဖြစ်သည်။ အကယ်၍ သင်တို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ တောင်းဆိုခံရလျှင် ယင်းကို မလုပ်ဆောင်ခြင်းသည် အဆင်ပြေမည် မဟုတ်ကြောင်း၊ ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံဖို့ဆိုလျှင် ဖောက်ပြန်ပျက်စီးခြင်းကို မရည်ရွယ်ဘဲ သင် ထုတ်ဖော်မိမည်ဖြစ်ကြောင်း၊ ထို့ပြင် ယင်းမှာ သင့်ကိုယ်သင် ခေါင်းဖြတ်စက်ဖြင့် ကွပ်မျက်ခံခြင်းနှင့်ပင် တူမည်ဟု သင်တို့ထင်မိမည်။ ဤအရာအားလုံးမှာ ဘုရားသခင်နှင့်ပတ်သက်၍ သင်တို့၏ အထင်မြင်လွဲမှားခြင်းများကြောင့် ဖြစ်ရသည်မဟုတ်လော။ အကယ်၍ လူတို့၏ အဆုံးသတ်များကို ၎င်းတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးခြင်းအပေါ် အခြေခံ၍ အဆုံးအဖြတ် ပေးလျှင် မည်သူမျှ ကယ်တင်ခံမည်မဟုတ်ချေ။ ဤသည်မှာ မှန်ကန်ပါက ဘုရားသခင်အနေဖြင့် ကယ်တင်ခြင်းအလုပ် လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်တော့မည်နည်း။ ဤသည်မှာ တကယ်ကို စစ်မှန်လျှင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းက မည်သည့်နေရာ၌ ရှိတော့မည်နည်း။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားကို မြင်တွေ့နိုင်မည်မဟုတ်ချေ။ ထို့အတွက်ကြောင့် သင်တို့အားလုံးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထင်မြင်လွဲမှားသွားပြီဖြစ်ကာ ယင်းက သင်တို့၌ ဘုရားသခင်နှင့် ပတ်သက်၍ စစ်မှန်သော သိနားလည်မှုမရှိကြောင်း ပြသည်။
ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့၏ သရုပ်သကန်များအပေါ် အခြေခံ၍ အဆုံးအဖြတ်ပေးကာ ဤနေရာတွင် သရုပ်သကန်များဟူသည်မှာ ၎င်းတို့အပေါ် ဘုရားအလုပ်၏ ရလဒ်များကို ရည်ညွှန်းသည်။ သင်တို့ကို ငါ နှိုင်းယှဉ်ချက်တစ်ခု ပေးမည်။ သစ်သီးခြံတစ်ခုတွင် ပိုင်ရှင်က သူ၏အပင်များကို ရေလောင်းပြီး မြေသြဇာကျွေးသည်။ ထို့နောက် အသီးများကို ဆွတ်ခူးဖို့ စောင့်စားသည်။ အသီးသီးသော အပင်များသည် ကောင်းသောအပင်များ ဖြစ်ပြီး ယင်းတို့ကို ထိန်းသိမ်းသည်။ အသီးမသီးသော အပင်များသည် ကောင်းသောအပင်များ မဟုတ်သည်မှာ သေချာပြီး ယင်းတို့ကို ထိန်းသိမ်း၍မရပေ။ ဤအခြေအနေကို ဆင်ခြင်လော့။ အပင်တစ်ပင်သည် အသီးသီးသော်လည်း အနာလည်းကျကာ ယင်း၏ မကောင်းသော အကိုင်းအခက်များအချို့ကို ဖြတ်တောက်ပစ်ဖို့ လိုသည်။ ဤအပင်ကို ထိန်းသိမ်းသင့်သည်ဟု သင်တို့ ထင်သလော။ ယင်းကို ထိန်းသိမ်းသင့်သည်ဖြစ်ကာ အကိုင်းချိုင်ပြီး ပြုစုလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းသွားမည်ဖြစ်သည်။ နောက်ထပ် အခြေအနေတစ်ခုကို ဆင်ခြင်လော့။ အပင်တစ်ပင်သည် အနာမရှိသော်လည်း အသီးမသီးပေ။ ထိုအပင်မျိုးကို မထိန်းသိမ်းသင့်ပေ။ ဤတွင် “အသီးသီးသည်” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ရလဒ်များရရှိသည့် ဘုရားသခင်၏ အလုပ်ကို ရည်ညွှန်းသည်။ လူတို့သည် စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးသွားသောကြောင့် ၎င်းတို့သည် ဘုရားသခင်၏ အလုပ်အား တွေ့ကြုံခြင်းဖြစ်စဉ်တွင် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို မလွှဲသာမရှောင်သာ ထုတ်ဖော်ကြမည် ဖြစ်ပြီး ပြစ်မှားခြင်းအချို့ကို မလွှဲသာမရှောင်သာ ကျူးလွန်ကြမည်ဖြစ်သည်။ သို့သော်လည်း တစ်ချိန်တည်းတွင် ဘုရားသခင်၏ အလုပ်က ၎င်းတို့အထဲ၌ ရလဒ်အချို့ကို ရရှိမည်ဖြစ်သည်။ အကယ်၍ ဘုရားသခင်က ဤရလဒ်များကို ဂရုမစိုက်ဘဲ လူတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုသာ ကြည့်ခဲ့လျှင် လူတို့အား ကယ်တင်ခြင်းသည် ဖြစ်နိုင်တော့မည်မဟုတ်ပေ။ ကယ်တင်ခြင်း၏ ရလဒ်များသည် လူတို့၏ တာဝန်ထမ်းဆောင်မှုနှင့် ၎င်းတို့၏ သမ္မာတရား လက်တွေ့လုပ်ဆောင်မှုတို့၌ အဓိကအားဖြင့် ပေါ်လွင်သည်။ ဘုရားသခင်သည် ဤနယ်ပယ်များ၌ လူတို့ရရှိထားသည့် ရလဒ်များကို ကြည့်ပြီးနောက် ၎င်းတို့ပြစ်မှားခြင်း၏ ကြီးလေးမှုကို ကြည့်လေသည်။ ထို့နောက် သူက ၎င်းတို့၏ အဆုံးသတ်များကို ဆုံးဖြတ်ပေးပြီး ၎င်းတို့ ဆက်လက်ရပ်တည်မည် မရပ်တည်မည်ကို ဤအချက်များ ပေါင်းစပ်မှုအပေါ် မူတည်၍ ဆုံးဖြတ်ပေးသည်။ သာဓကအားဖြင့် လူအချို့သည် အတိတ်တွင် ဖောက်ပြန်ပျက်စီးမှု အမြောက်အမြား ထုတ်ဖော်ခဲ့ပြီး ၎င်းတို့၏ ဇာတိပကတိအတွက် ကြီးမားသော အလေးထားမှု ပြသခဲ့သည်။ ၎င်းတို့သည် ဘုရားသခင်အဖို့ မိမိတို့ကိုယ်ကို အသုံးခံလိုစိတ် မရှိခဲ့သည်သာမက အသင်းတော်၏ အကျိုးစီးပွားကို မထိန်းသိမ်းခဲ့ပေ။ သို့ရာတွင် နှစ်အတန်ကြာ တရားဒေသနာများကို နားထောင်ပြီးနောက် စစ်မှန်သော ပြောင်းလဲမှုကို ကြုံတွေ့ခဲ့သည်။ ယခုတွင် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှု၌ သမ္မာတရားစည်းမျဉ်းများအတိုင်း ကြိုးပမ်းတတ်ကာ ၎င်းတို့၏ တာဝန်များ၌ ရလဒ်များကို ပို၍ပို၍ ရရှိကြသည်။ ၎င်းတို့သည် အရာရာတွင်လည်း ဘုရားသခင်ဘက်၌ ရပ်တည်နိုင်ကြပြီး ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ဤသည်မှာ လူတစ်ဦး၏ အသက်စိတ်သဘောထားအား ပြောင်းလဲခြင်းဟူသည်ကို ဆိုလိုသည့်အရာဖြစ်ပြီး ဘုရားသခင် အလိုရှိသည်မှာ ဤပြောင်းလဲခြင်း ဖြစ်သည်။ ထိုမျှမက အတိတ်တွင် ၎င်းတို့၌ အယူအဆများ ရှိလာတိုင်း ယင်းတို့အား အမြဲတမ်း လိုက်လံဖြန့်ဖြူးတတ်ပြီး ဤအယူအဆများ အခြားလူများ၌ ဖြစ်ပေါ်လာမှသာ မိမိတို့၏ စိတ်နှလုံး ကျေနပ်အားရတတ်သည့် လူအချို့ရှိသော်လည်း ယခုတွင်မူ ၎င်းတို့၌ အယူအဆအချို့ ရှိသောအခါ ဘုရားသခင်ကို ဆုတောင်းနိုင်ကြသည်၊ သမ္မာတရားကို ရှာဖွေနိုင်ကြပြီး မိမိတို့၏ အယူအဆများကို မဖြန့်ဖြူးဘဲ သို့မဟုတ် ဘုရားသခင်အား ခုခံသည့် မည်သည့်အရာကိုမျှ မလုပ်ဘဲ ကျိုးနွံနာခံနိုင်ကြသည်။ ၎င်းတို့အထဲ၌ ပြောင်းလဲခြင်း ဖြစ်ပေါ်လာပြီး မဟုတ်သလော။ လူအချို့သည် အတိတ်၌ လူတစ်ဦးဦး၏ ပြုပြင်ခြင်းကို ခံရတိုင်း ချက်ချင်းပင် အတိုက်အခံလုပ်လာတတ်သည်။ သို့သော်လည်း ယခုတွင် ၎င်းတို့အပေါ် ထိုအရာ ဖြစ်ပျက်လာသောအခါ ယင်းကို လက်ခံနိုင်ပြီး မိမိတို့ကိုယ်ကို သိနားလည်နိုင်ကြသည်။ ထို့နောက်တွင် ၎င်းတို့သည် တကယ့်ပြောင်းလဲမှုတစ်ခုခုကို ကြုံတွေ့ကြသည်။ ဤသည်မှာ ရလဒ်မဟုတ်လော။ သို့သော်လည်း သင် မည်မျှ ပြောင်းလဲသည်ဖြစ်စေ ပြစ်မှားခြင်းများမှ လုံးလုံးလျားလျား လွတ်ကင်းရန် မဖြစ်နိုင်သည့်အပြင် သင်၏သဘာဝကို ယခုချက်ချင်း လုံးလုံးလျားလျား ပြောင်းလဲ၍မရပေ။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ မှန်ကန်သောလမ်းကြောင်းပေါ် အစပြုပြီး အရာရာ၌ သမ္မာတရားကို ရှာဖွေတတ်လျှင်၊ ထို့နောက် သူသည် ပုန်ကန်မှုအနည်းငယ် ပြသလျှင်ပင် ယင်းကို ထိုအခိုက်အတန့်တွင် သဘောပေါက်လိမ့်မည်။ သဘောပေါက်ပြီးနောက် အလျင်အမြန်ပင် ဘုရားသခင်ထံ ဝန်ချတောင်းပန်ပြီး နောင်တရကာ ပြောင်းလဲပြီးလျှင် ပို၍ပို၍သာ တိုးတက်လာမည်ဖြစ်သည်။ သူသည် အလားတူ ပြစ်မှားခြင်းကို တစ်ကြိမ်နှစ်ကြိမ်မျှ ကျူးလွန်ကောင်း ကျူးလွန်နိုင်သော်လည်း တတိယအကြိမ် သို့မဟုတ် စတုတ္ထအကြိမ် ကျူးလွန်တော့မည် မဟုတ်ပေ။ ဤသည်မှာ ပြောင်းလဲခြင်းဖြစ်၏။ ဤသူသည် အင်္ဂါရပ်တစ်ခုခုတွင် ပြောင်းလဲသွားသောကြောင့် ဖောက်ပြန်ပျက်စီးခြင်းကို နောက်ထပ် ထုတ်ဖော်တော့မည် မဟုတ်သည့်အပြင် မည်သည့်ပြစ်မှားခြင်းကိုမျှ နောက်ထပ် လုံးဝကျူးလွန်တော့မည်မဟုတ်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ယင်းမှာ ထိုသို့ မဟုတ်ပေ။ ဤပြောင်းလဲခြင်းမျိုးသည် တစ်စုံတစ်ဦးက ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံပြီးနောက် သမ္မာတရားကို ပို၍ လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင် တောင်းဆိုထားသော အရာအချို့ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းကို မဆိုလိုပေ။ ထိုကဲ့သို့သော လူတစ်ဦးက ပြစ်မှားခြင်းများကို ကျူးလွန်ခြင်း ပို၍ပို၍ နည်းပါးလာမည်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ခြင်း ပို၍ပို၍ လျော့နည်းလာမည်ဖြစ်သည့်အပြင် သူ၏ ပုန်ကန်ခြင်းဖြစ်ရပ်များ ကြီးလေးမှု ပို၍ပို၍ နည်းပါးလာမည်ဖြစ်သည်။ ဤအရာအားဖြင့် ဘုရားသခင်၏ အလုပ်က ရလဒ်များ ရရှိထားပြီဖြစ်ကြောင်း ရှင်းလင်းသည်။ သူအလိုရှိသည့်အရာမှာ လူတို့၌ ဤသရုပ်သကန်မျိုးများ ဖြစ်ကာ ယင်းက ၎င်းတို့အထဲ၌ ရလဒ်များ ရရှိထားပြီဖြစ်ကြောင်း ပြသသည်။ ထို့ကြောင့် ဘုရားသခင်က လူတို့၏ အဆုံးသတ်များအား ကိုင်တွယ်သည့်နည်းလမ်း သို့မဟုတ် လူတိုင်းကို သူဆက်ဆံပြုမူသည့်ပုံက လုံးဝ ဖြောင့်မတ်သည်၊ ကျိုးကြောင်းဆီလျော်သည်၊ ထို့ပြင် တရားမျှတသည်။ သင်သည် ဘုရားသခင်အဖို့ မိမိကိုယ်ကို အသုံးခံရာ၌ သင်၏ အားထုတ်ကြိုးပမ်းမှု ဟူသမျှကို စိုက်ထုတ်ရန်နှင့် သင် လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားများကို ပူပန်စရာမလိုဘဲ ရဲဝံ့စွာနှင့် သေသေချာချာ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်ပြီးလျှင် ဘုရားသခင်က သင့်ကို ကြမ်းတမ်းစွာ ဆက်ဆံမည်မဟုတ်ပေ။ ဤအရာကို စဉ်းစားလော့။ သမ္မာတရားကို ချစ်ပြီး လက်တွေ့လုပ်ဆောင်သူတို့သည် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံရနိုင်သလော။ လူများစွာတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထားနှင့် ပတ်သက်၍ အမြဲတမ်း သံသယဝင်ကြကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး နောက်မှာပင် အပြစ်ဒဏ်ပေးခံရဦးမည်ကို စိုးရိမ်ကြသည်။ ဘုရားသခင်အား သစ္စာစောင့်သိမှု ပြသလျှင်ပင် သူက မြင်တွေ့မည်မဟုတ်ဟု စိုးရိမ်ကြသည်။ ထိုကဲ့သို့သော လူတို့၌ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် ပတ်သက်၍ သိနားလည်မှု မရှိကြချေ။
လူအချို့သည် ပြုပြင်ခံရပြီးနောက် အပျက်သဘော ဆောင်လာကြသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ဖို့အတွက် အားအင်ဟူသမျှ ပျောက်ဆုံးပြီး ၎င်းတို့၏ သစ္စာစောင့်သိမှုလည်း ပျောက်ကွယ်သွားလေသည်။ ဤအရာ အဘယ့်ကြောင့် ဖြစ်ရသနည်း။ ဤပြဿနာသည် အလွန်ကြီးလေး၏။ ဤသည်မှာ သမ္မာတရားအား လက်မခံနိုင်ခြင်းဖြစ်သည်။ ၎င်းတို့သည် တစ်စိတ်တစ်ဒေသအားဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ပတ်သက်၍ သိနားလည်ခြင်း ကင်းမဲ့သောကြောင့် သမ္မာတရားကို လက်မခံကြခြင်းဖြစ်ကာ ယင်းက ၎င်းတို့ကို ပြုပြင်ခြင်းအား လက်မခံနိုင်ခြင်းသို့ ရောက်ရှိစေသည်။ ဤသည်ကို မာနထောင်လွှားပြီး စိတ်ကြီးဝင်သည့်အပြင် သမ္မာတရားကို ချစ်မြတ်နိုးခြင်း မရှိသော ၎င်းတို့၏ သဘာဝအားဖြင့် အဆုံးအဖြတ်ပေးသည်။ ယင်းမှာ တစ်စိတ်တစ်ဒေသအားဖြင့် ပြုပြင်ခံရခြင်း၏ အရေးကြီးမှုကို လူတို့ နားမလည်သောကြောင့်လည်း ဖြစ်သည်။ ပြုပြင်ခံရခြင်းဟူသည် ၎င်းတို့၏ အဆုံးသတ်အား အဆုံးအဖြတ်ပေးခြင်းကို ဆိုလိုသည်ဟု ယုံကြည်ကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်အဖို့ မိမိတို့ကိုယ်ကို အသုံးခံရန်အတွက် မိမိတို့၏ မိသားစုများကို စွန့်လွှတ်ပြီး ဘုရားသခင်အား သစ္စာစောင့်သိမှုအနည်းငယ် ပိုင်ဆိုင်ပါက ပြုပြင်မခံရသင့် ဟူ၍လည်းကောင်း၊ အကယ်၍ ၎င်းတို့ ပြုပြင်ခံရပါက ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ဖြောင့်မတ်ခြင်းမဟုတ် ဟူ၍လည်းကောင်း ၎င်းတို့က လွဲမှားစွာ ယုံကြည်ကြသည်။ ဤသိနားလည်ခြင်းမျိုးက လူများစွာကို ဘုရားသခင်အား သစ္စာမစောင့်သိဝံ့စရာအကြောင်း ဖြစ်စေသည်။ အမှန်တွင်မူ အားလုံးအနှစ်ချုပ်လိုက်သော် ၎င်းတို့သည် အလွန် လှည့်စားတတ်ပြီး အခက်အခဲများကို မခံစားလိုသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောင်းချီးများကိုသာ လွယ်လင့်တကူ ရရှိလိုကြသည်။ လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို လုံးဝ နားမလည်ကြပေ။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များ အားလုံးသည် ဖြောင့်မတ်သည်၊ သို့မဟုတ် လူတိုင်းအပေါ် သူ၏ ဆက်ဆံမှုသည် ဖြောင့်မတ်သည်ဟု မည်သည့်အခါမျှ မယုံကြည်ကြပေ။ ၎င်းတို့သည် ဤကိစ္စ၌ သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြဘဲ၊ ထိုအစား ၎င်းတို့၏ကိုယ်ပိုင် အကြောင်းပြချက်များကို အမြဲတမ်း ပြောကြသည်။ လူတစ်ဦးသည် မည်သည့်မကောင်းသော အရာများကို ပြုလုပ်ထားပါစေ၊ မည်သည့်ကြီးမားသော အပြစ်များကို ကျူးလွန်ထားပါစေ၊ မကောင်းမှုမည်မျှ ပြုလုပ်ထားပါစေ ဘုရားသခင်၏ တရားစီရင်မှုနှင့် အပြစ်ဒဏ်ပေးခြင်း ၎င်းတို့အပေါ် ကျရောက်သည်နှင့် ကောင်းကင်သည် မတရားကြောင်းနှင့် ဘုရားသခင်သည် ဖြောင့်မတ်ခြင်း မရှိကြောင်း ထင်မှတ်ကြမည်ဖြစ်သည်။ လူ၏အမြင်တွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် မကိုက်ညီပါက၊ သို့မဟုတ် သူ၏ လုပ်ဆောင်ချက်များသည် ၎င်းတို့၏ စိတ်ခံစားမှုများကို အလေးမထားပါက သူသည် ဖြောင့်မတ်ခြင်းရှိမည် မဟုတ်ဟူ၍ဖြစ်သည်။ သို့ရာတွင် လူတို့သည် ၎င်းတို့၏ လုပ်ရပ်များက သမ္မာတရားနှင့် သဘောချင်းကိုက်ညီမှု ရှိမရှိ မည်သည့်အခါမျှ မသိသကဲ့သို့ ၎င်းတို့၏ လုပ်ရပ်များအားလုံး၌ ဘုရားသခင်ကို ပုန်ကန်ပြီး ခုခံမှန်းလည်း မည်သည့်အခါမျှ သဘောမပေါက်ကြပေ။ လူတို့သည် မည်သို့ပြစ်မှားခဲ့ပါစေ ဘုရားသခင်က ၎င်းတို့ကို မည်သည့်အခါမျှ မပြုပြင် သို့မဟုတ် ၎င်းတို့၏ ပုန်ကန်မှုအတွက် မည်သည့်အခါမျှ အပြစ်မတင်ဘဲ၊ ထိုအစား ၎င်းတို့အပေါ် အေးအေးဆေးဆေးနှင့် နူးညံ့သိမ်မွေ့မှသာ၊ ၎င်းတို့အား ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်သည်းခံမှုဖြင့် ဆက်ဆံမှသာ၊ ထို့ပြင် သူနှင့်အတူ စားသောက်ပြီး အရာရာကို ထာဝရ ပျော်မွေ့ခံစားခွင့်ပြုမှသာ လူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ပြောခြင်း သို့မဟုတ် သူ့အား ဖြောင့်မတ်ခြင်းမရှိဟု မည်သည့်အခါမျှ မဝေဖန်ကြမည်ဖြစ်၏။ ထိုအစား သူသည် အလွန်ဖြောင့်မတ်သည်ဟု ၎င်းတို့ မမှန်မကန် ပြောမည်ဖြစ်သည်။ ထိုသို့သောလူတို့သည် ဘုရားသခင်ကို သိကျွမ်းသလော။ ၎င်းတို့သည် ဘုရားသခင်၏ စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်နိုင်သလော။ ဘုရားသခင်က လူသားတို့ကို တရားစီရင်ပြီး ပြုပြင်သောအခါ ၎င်းတို့အနေဖြင့် သူ့အား ကျိုးနွံနာခံရာနှင့် သူ့အား ချစ်ရာ၌ အောင်မြင်နိုင်ဖို့အတွက် သူသည် ၎င်းတို့၏ အသက်စိတ်သဘောထားများကို သန့်စင်စေပြီး ပြောင်းလဲပေးလိုကြောင်း အရိပ်အမြွက်မျှ မသိကြပေ။ ထိုသို့သော လူတို့က ဘုရားသခင်သည် ဖြောင့်မတ်သောဘုရားဖြစ်ကြောင်း မယုံကြည်ကြပေ။ ဘုရားသခင်က လူတို့ကို ပြစ်တင်မောင်းမဲခြင်း၊ ဖော်ထုတ်ခြင်းနှင့် ပြုပြင်ခြင်းရှိသရွေ့ ၎င်းတို့သည် အပျက်သဘော ဆောင်ပြီး အားနည်းလာကြသည်၊ ဘုရားသခင်သည် မချစ်တတ်ဟု အမြဲတမ်း မကျေမနပ်ပြောကြသည်၊ ထို့ပြင် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းမှာ မှားယွင်းသည်ဟု အမြဲတမ်း ညည်းညူကြသည်၊ ဤသည်မှာ ဘုရားသခင်သည် လူကို သန့်စင်စေခြင်းနှင့် ကယ်တင်နေခြင်း ဖြစ်ကြောင်း မမြင်နိုင်ကြပေ၊ ထို့ပြင် ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များကို ၎င်းတို့၏ နောင်တပြသမှုများအပေါ် အခြေခံ၍ အဆုံးအဖြတ်ပေးကြောင်း မယုံကြည်ကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို အမြဲတမ်း သံသယဝင်ပြီး သူ့ထံမှ သတိထားရှောင်ကြဉ်ကြသည်ဖြစ်၍ ဤအရာ၏ အကျိုးဆက်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို ကျိုးနွံနာခံနိုင်ကြမည်လော။ စစ်မှန်သော ပြောင်းလဲမှုကို ရရှိနိုင်ကြမည်လော။ ဤသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ၎င်းတို့၏ ဤအခြေအနေက ဆက်သွားနေလျှင် ယင်းက အလွန်အန္တရာယ်ရှိမည် ဖြစ်သည့်အပြင် ၎င်းတို့အနေဖြင့် ဘုရားသခင်၏ သန့်စင်စေခြင်းနှင့် စုံလင်အောင်ပြုခြင်း ခံရဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။