လူသားသည် အသစ်သောကာလသို့ ကူးပြောင်းပုံ

ယနေ့တွင် မိတ်သဟာယအတွက် ငါတို့၏ အကြောင်းအရာမှာ ခေတ်သစ်၊ နိုင်ငံတော်ခေတ်ထဲသို့ လူသားဝင်ရောက်ခြင်းနှင့် နိုင်ငံတော်ခေတ်တွင် လူတို့ မည်သို့ အသက်ရှင်သင့်သည်၊ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ တွေ့ကြုံပြီး ခေတ်သစ်ထဲသို့ အမှန်တကယ် မည်သို့ကူးဖြတ်သင့်သည်ဆိုသည်တို့ ဖြစ်သည်။ လူသည် ခေတ်သစ်ထဲသို့ ကူးဖြတ်ပုံနှင့်သက်ဆိုင်သည့် အကြောင်းအရာအပေါ် ဤဆွေးနွေးမှုသည် မည်သည့်အရာအပေါ် အဓိက အာရုံစိုက်မည်နည်း။ ဘုရားသခင်သည် နိုင်ငံတော်ခေတ်တွင် အလွန်များသည့် နှုတ်ကပတ်တော်များကို ဖော်ပြပြီး တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်နေကာ ဘုရားသခင် ရွေးချယ်ထားသောလူအားလုံးသည် ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီရန်အလို့ငှာ နိုင်ငံတော်ခေတ်တွင် ဘုရားသခင်အား မည်သို့ ယုံကြည်သင့်သည်ဆိုသည်ကို တိကျစွာ သိသင့်ကြ၏။ အတိတ်ကာလရှိ လူအများစုသည် သခင့်ကို ယုံကြည်ခဲ့ကြပြီး ဘုရားသခင်ထံမှ ကျေးဇူးတော်များစွာ မွေ့လျော်ခံစားခဲ့ကြ၏။ ယခုခေတ်တွင်မူ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုတော်ကို ၎င်းတို့ စတင်တွေ့ကြုံနေကြသောကြောင့် ဘုရားသခင်ကို ယုံကြည်မှုနှင့် ပတ်သက်၍ မိမိတို့၏ အမြင်ဟောင်းများမှ ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီသည့် အမြင်သစ်တစ်ခုဆီသို့ ကူးပြောင်းမှုကို ၎င်းတို့ မည်သို့ ပြုလုပ်နိုင်ကြသနည်း။ ဘုရားသခင်ကို ယုံကြည်မှုနှင့်ပတ်သက်၍ သင်၏ အတိတ်က အမြင်များသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ဤသည်မှာ စုံစမ်းစစ်ဆေးခြင်းနှင့် ပတ်သက်လိမ့်မည် မဟုတ်သကဲ့သို့ လက်တွေ့အရှိတရားကို သင် ရင်ဆိုင်သင့်ပြီး ယခုအခါတွင် မည်သို့ ယုံကြည်ရမည်ဆိုသည်နှင့် မည်သို့လိုက်စားရမည်ဆိုသည်တို့ကို သင်သိရမည်။ ကျေးဇူးတော်ခေတ်တွင် သင် ယုံကြည်ခဲ့ပုံအပေါ် အခြေခံ၍ သင် ဆက်လက်လိုက်စားပြီး မိမိ၏ ယခင်အမြင်များအပေါ် အခြေခံ၍ ဘုရားသခင်ကို ဆက်လက်ယုံကြည်ပါက ခေတ်သစ်ထဲသို့ သင် ဝင်ရောက်ပြီး ဖြစ်လိမ့်မည် မဟုတ်။ ဤကိစ္စရပ်ကို ရှင်းပြပေးမည့် သရုပ်ဖော်စကားရပ်တစ်ခုကို ဦးစွာပထမ ငါ ပြောပြမည်။ ယင်းမှာ မည်သည့် စကားရပ်နည်း။ ဤစကားရပ်ကို ကျေးဇူးတော်ခေတ်တွင် မကြာခဏ ပြောဆိုထား၏။ “လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သည့်အခါ ၎င်း၏ တစ်မိသားစုလုံး ကောင်းချီးခံစားရသည်”ဟူ၍ ဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် ယေရှုကို ယုံကြည်ခဲ့ချိန်တွင် အသက်အကြီးဆုံးမှစ၍ အငယ်ဆုံးထိ ၎င်း၏ တစ်မိသားစုလုံးသည် ထိုပေါင်းသင်းဆက်ဆံရေးမှ အကျိုးကျေးဇူးခံစားရပြီး ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို အားလုံးက မွေ့လျော်ခံစားရသည်။ ယေရှုသည် ရွေးနုတ်ခြင်းအမှုကို ဆောင်ရွက်ခဲ့သောကြောင့် သူသည် လူသားအပေါ် အလွန့်အလွန် သည်းခံ၊ စိတ်ရှည်၊ ခွင့်လွှတ်တတ်ကာ အပြစ်မှဖြေလွှတ်တတ်လေသည်။ သင်၏ အသက်ဝင်ရောက်မှုက မည်ကဲ့သို့ ဖြစ်ပါစေ၊ သို့မဟုတ် သင်၏ အစွမ်းအစက မည်ကဲ့သို့ ဖြစ်ပါစေ၊ သို့မဟုတ် အတိတ်ကာလတွင် အပြစ်မည်မျှ သင် ကျူးလွန်ခဲ့သည်ဖြစ်စေ၊ သင် လုပ်ဆောင်ရမည့်အရာဟူသမျှမှာ သခင့်ထံ ဝန်ချရန် ဖြစ်ပြီး အားလုံး ခွင့်လွှတ်ခြင်းခံရမည်ဖြစ်ကာ သင့်အပေါ် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ပေးအပ်မည် ဖြစ်သည်။ သင်လုပ်ဆောင်ရန် လိုအပ်သမျှမှာ “ယုံကြည်ရန်” ဖြစ်ပြီး ယင်းမှာ လုံလောက်ပေသည်။ အလွန်ရိုးရှင်းခဲ့၏။ ယခုတွင် လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သည့်အခါ ၎င်း၏ တစ်မိသားစုလုံး ကောင်းချီးခံစားရမည်မှာ မှန်ပါသလော။ မမှန်ပေ။ ထိုအမှုသည် အဘယ်ကြောင့် ယခုတွင် လုပ်ဆောင်ခြင်း မရှိပါသနည်း။ အဘယ်ကြောင့်ဆိုသော် အချိန်ကျရောက်လာပြီဖြစ်ပြီး ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ရန်နှင့် လူသားမျိုးနွယ်ကို စာတန်၏ လွှမ်းမိုးမှုမှ အပြီးသတ် ကယ်တင်ရန် ဤနေရာတွင် ရှိသောကြောင့် ဖြစ်သည်။ ယင်းမှာ ယခုတွင် ဘုရားသခင်က လူတို့အား သူ့အပေါ် သစ္စာစောင့်သိပြီး စစ်မှန်ရိုးသားရန်၊ သူ့ကို ကိုးကွယ်ပြီး နာခံရန်နှင့် သူ့ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိရန် တောင်းဆိုရသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်တို့မှာ လူတို့ လုပ်ဆောင်ရမည့် အရာများ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် သမ္မာတရားကို ရရှိနိုင်ပါက၊ သမ္မာတရားကို လက်ခံနိုင်ပါက၊ နားလည်နိုင်ပြီး ရရှိနိုင်ပါက ၎င်းတို့ လုံးလုံးလျားလျား ကယ်တင်ခံရလိမ့်မည်။ သို့ရာတွင် သမ္မာတရားကို လက်မခံသူများနှင့် ဘုရားသခင်၏ ကျေးဇူးတော်ကို မက်မောရုံမျှ မက်မောသောသူတို့သည် ဖယ်ရှားခံရလိမ့်မည်။ ယခုတွင် သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အခါ သင်၏ တစ်မိသားစုလုံး ကောင်းချီး ခံစားရလိမ့်မည်ဟု တွေးထင်လျက် ကျေးဇူးတော်ခေတ်၏ အမှုတော်ကို ဘုရားသခင် ဆောင်ရွက်ရန် တောင်းဆိုနေဆဲဖြစ်ပါက ယင်းမှာ အလွန်မိုက်မဲလှ၏။ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်၏ အမှုကို လုပ်ဆောင်နေခြင်း မရှိတော့ပေ။ ထိုခေတ်သည် လွန်သွားပေပြီ။ ဤအရာကို သင် နားလည်သည် မဟုတ်သလော။

“ခေတ်သစ်ထဲသို့ ဖြတ်ကျော်ခြင်း”ဟု ခေါ်ဆိုသည့် ဤအရာသည် ယနေ၏ နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ခြင်းကို ဆိုလိုပြီး ဘုရားသခင်ကို ယုံကြည်မှုအပေါ် သင်၏ အမြင်များ၊ သင်၏ ကြံရွယ်ချက်များ၊ သင်၏ယုံကြည်ခြင်း၊ သင်၏ ဘဝ အသက်ရှင်နည်းနှင့် အမှုအရာများကို သင် တွေ့ကြုံပုံအားလုံး ပြောင်းလဲရမည် ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်၏။ သင်သည် အမှုအရာတစ်ခုကိုသာ ပြောင်းလဲပါက သင်သည် ယေရှုကို ယုံကြည်လေ့ရှိခဲ့သော်လည်း ယနေ့တွင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ကာ သင် ယုံကြည်သည့် ဘုရားသခင်၏ အမည်နာမသာ ပြောင်းလဲပြီးဖြစ်ပါက အမှန်တွင် သင် ယုံကြည်သည့် နည်းလမ်း၊ သင် လျှောက်သည့် လမ်းကြောင်းနှင့် သင် လိုက်စားသည့် အရာများသည် မပြောင်းလဲသေးပေ။ ဆိုလိုသည်မှာ သင်၏ လိုက်စားမှုတွင် သင်၏ သိနားလည်မှုနှင့် အမြင်များတွင် ပြောင်းလဲမှုအချို့ ရှိရမည်။ ဤအခြေခံအကြောင်းရင်းနှင့်အညီ သမ္မာတရားကို သင် လိုက်စားသည့်အခါမှသာ သင်၏ ယုံကြည်ခြင်းက ဖြူစင်ပြီး စစ်မှန်နိုင်၏။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိသကဲ့သို့ ယခင်ကကဲ့သို့ တက်ကြွအောင် လှုံ့ဆော်ခြင်းမရှိဟု တွေးထင်လျက် ယခုခေတ်တွင် လူအချို့သည် အဘယ်ကြောင့် အမြဲ အပျက်သဘောဆောင်ကြသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ကို ယုံကြည်မှုအပေါ် ၎င်းတို့၏ အမြင်များသည် မပြောင်းလဲသေးသောကြောင့် ဖြစ်၏။ ၎င်းတို့သည် ကျေးဇူးတော် အနည်းငယ် ရရှိခြင်းကိုသာ အာရုံစိုက်လျက်၊ သို့မဟုတ် သာ၍ အသုံးခံကာ သာ၍ ပြေးလွှားလုပ်ဆောင်ခြင်းကိုသာ အာရုံစိုက်လျက် ယေရှုကို ၎င်းတို့ ယုံကြည်ခဲ့ချိန်တွင် ထားလေ့ရှိခဲ့သည့် အမြင်များကို ၎င်းတို့ ထိန်းသိမ်းထားကြဆဲ ဖြစ်သည်။ ၎င်းတို့သည် ဆုကျေးဇူးများ၊ အပေါ်ယံအဆင့် အလုပ်နှင့် အပေါ်ယံအဆင့် တရားဒေသနာများ၊ စိတ်ထက်သန်မှုအပေါ် အာရုံစိုက်ကြသည်။ သို့တိုင် ၎င်းတို့သည် ဘုရားသခင်၏ လက်ရှိ အမှုတော်ကို အမီမလိုက်ကြချေ။ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် ၎င်းတို့ အာရုံမစိုက်ကြသကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း မခံရကြသောကြောင့် အမြဲ အပျက်သဘောဆောင်ကြလေသည်။ အမှန်တွင် ဤသို့သော လူများသည် မိမိတို့ စိတ်နှလုံးများတွင် သမ္မာတရားကို လက်မခံကြချိန်တွင် ဘုရားသခင်ကို ယုံကြည်သည့်အလား ထင်ရပြီး ယင်းမှာ ၎င်းတို့၏ အပျက်သဘောဆောင်သော အခြေအနေက လုံးဝ ပြေလည်မသွားရသည့် အကြောင်းရင်း ဖြစ်သည်။ ၎င်းတို့သည် အသက်ထဲသို့ လုံးဝ ဝင်ရောက်ခြင်း မရှိကြ။ မည်သည့် ပြောင်းလဲမှုမျှမရှိဘဲ ဘုရားသခင်ကို ယုံကြည်ရာတွင် မိမိတို့၏ အမြင်ဟောင်းများကို ဖက်တွယ်ကြဆဲဖြစ်သည်။ ယင်းမှာ မှန်သည် မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ပြောင်းလဲပြီးဖြစ်ကာ ဘုရားသခင်ကို လူ၏ ယုံကြည်မှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့်အတူ ပြောင်းလဲရမည်ဖြစ်၏။ သင်၏ လိုက်စားမှု၊ အသက်ရှင်နည်း၊ သင် တွေ့ကြုံသည့်နည်းလမ်း၊ ဘုရားသခင်ကို ယုံကြည်မှုအပေါ် သင်၏ သဘောထားနှင့် ဘုရားသခင်ကို သင်၏ ယုံကြည်မှုရှိ သင်၏ ကြံရွယ်ချက်များနှင့် အမြင်များ မပြောင်းလဲသေးပါက၊ ယင်းမှာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အဆင့်များကို အမီမလိုက်ကြောင်း ပြပေသည်။ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သစ်ကို အမီလိုက်လိုပါက အသစ်သော နည်းလမ်းများဖြင့် ပြောင်းလဲကာ အသစ်သော သိနားလည်မှုများ ရရှိလိုပါက သမ္မာတရားကို ရှာဖွေရမည်၊ ဝင်ရောက်ရမည်ဖြစ်ပြီး ၎င်းတို့၏ လှုပ်ရှားမှုတိုင်းနှင့် လုပ်ရပ်တိုင်း၊ ၎င်းတို့၏ အတွေးများနှင့် စိတ်ကူးများ၊ ၎င်းတို့၏ ကြံရွယ်ချက်နှင့် အမြင်မှန်သမျှကဲ့သို့သော သေးငယ်သည့် အသေးစိတ်အချက်များတွင် ပြောင်းလဲရမည်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့ တိုးတက်မှု ဖြစ်စေလိမ့်မည်။ လူတို့သည် ဤအရာကို ပါးစပ်ပြောမျှသာရှိပြီး မိမိတို့၏ အပြုအမူ အနည်းငယ်ကိုသာ ပြောင်းလဲပါက ဤအရာကို ပြောင်းလဲမှုအဖြစ် မစဉ်းစားရပေ။ အရေးအကြီးဆုံးသောအရာမှာ သင်၏ အတွေးများနှင့် အမြင်များ၊ သင့်ဘဝကို သင် အသက်ရှင်သည့် နည်းလမ်းတွင် ပြောင်းလဲမှုတစ်ခု ကြုံရမည်ဖြစ်သည်။ သင်၏ အယူအဆဟောင်းများနင့် စိတ်ကူးဟောင်းများကို သင်စွန့်ပယ်နိုင်ပြီး ဘုရားသခင်ကို ယုံကြည်နှင့်ပတ်သက်သည့် သင်၏ အမြင်ဟောင်းများအပေါ် ချင့်ချိန်နိုင်စွမ်းနှင့် အသိပညာ ရရှိနိုင်ပါက ဤအရာက သင်သည် ပြောင်းလဲပြီးဖြစ်ကြောင်း သက်သေပြလိမ့်မည်။ သင်တို့၏ မည်သည့်အစိတ်အပိုင်းက မပြောင်းလဲသေးကြောင်း၊ အမှုအရာများကို ပြောဆိုပုံ၊ သို့မဟုတ် ကြည့်မြင်ပုံနှင့်ဆိုင်သည့် နည်းလမ်းဟောင်းများကို သင် ထိန်းသိမ်းထားဆဲ ရှိမရှိဆိုသည်နှင့် သင်မဖော်ထုတ်ရသေးသည့် နက်နက်ရှိုင်းရှိုင်း အရိုးစွဲခဲ့သည့် အတိတ်ကာလ၏ မည်သည့်အရာများက သင်ထံတွင် ရှိနေဆဲဖြစ်သည်ဆိုသည်တို့ကို မြင်ရန် မိမိကိုယ်ကို ဆန်းစစ်လော့။ မည်သည့် ရှာဖွေလေ့လာမှုမျှ သင်မလုပ်ဆောင်ပါက မည်သည့်အရာမျှမရှိဟု သင်တွေးထင်ကောင်း တွေးထင်နိုင်သော်လည်း သေချာစွာ သင်ရှာဖွေလေ့လာသည့်အခါတွင် ဖော်ထုတ်ရမည့်အရာများစွာ ရှိသည်ကို သင် တွေ့ရလိမ့်မည်။ ယခုအချိန်တွင် လူအချို့သည် ဘုရားသခင်၏ အမှုတော် အဆင့်များကို လုံးဝ အမီမလိုက်နိုင်ကြသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့အတွင်းတွင် ထိုသို့လုပ်ဆောင်ရန် ၎င်းတို့ကို တားဆီးထားသည့် အရာများစွာ ရှိသောကြောင့်၊ အသစ်သော အရာများအပေါ် သိနားလည်မှုမရှိကြသကဲ့သို့ ယင်းတို့ကို လက်မခံနိုင်ကြသောကြောင့် ဖြစ်သည်။ လူတို့သည် အဘယ်ကြောင့် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများကို အစဉ် သိုထားကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်အကြောင်း အယူအဆများ ရှိကြ၏။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအကြောင်းလည်း အယူအဆများ ရှိကြ၏၊ မည်သည့်လူများကို ဘုရားသခင် ကယ်တင်ကြောင်းနှင့် မည်သည့် လူများကို ဘုရားသခင် ဖယ်ရှားကြောင်း ၎င်းတို့ လက်မခံနိုင်ကြသကဲ့သို့ ဘုရားသခင်က နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို မပြသသည့် အချက်အား နားလည်သဘောပေါက်အောင် မကြိုးစားနိုင်ကြချေ။ ဤအရာအတွက် အကြောင်းရင်းမှာ မည်သည့်အရာ အတိအကျ ဖြစ်ပါသနည်း။ အကြောင်းရင်းတစ်ခုမှာ ဤအရာကို လူ၏ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူသော သဘာဝက သတ်မှတ်ထားခြင်းဖြစ်သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် ကိစ္စရပ်တိုင်းနှင့် ပတ်သက်၍ မိမိတို့ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများ အမြဲရှိကြသောကြောင့် ဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ ရင်းမြစ်ဖြစ်သည်။ နောက်ထပ် အကြောင်းရင်းတစ်ခုမှာ ဓမ္မဓိဋ္ဌာန်ကျသောအရာတစ်ခု ဖြစ်ပြီး ယင်းမှာ လူတို့သည် ဘုရားသခင်ကို ယုံကြည်မှုနှင့် ပတ်သက်၍ မပြောင်းလဲသေးသည့် မှားယွင်းသော အယူအဆများစွာ သိုထားကြခြင်း ဖြစ်သည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် နက်ရှိုင်းစွာ အရိုးစွဲထားသည့် ထိုအရာများသည် မပြောင်းလဲသေးသောကြောင့် ဖြစ်သည်။ ယေရှု၊ သို့မဟုတ် ယေဟောဝါကို မိမိတို့၏ ယုံကြည်မှုမှ အမှုအရာများကို ပြောဆိုသည့် နည်းလမ်းဟောင်းများသည် ၎င်းတို့၏ စိတ်နှလုံးများတွင် အမြစ်တွယ်နေဆဲဖြစ်သောကြောင့် ဘုရားသခင်၏ အမှုသစ်ကို ၎င်းတို့ ကြုံရသည့်အခါ မှန်သော လမ်းခရီးကို ၎င်းတို့ လက်ခံကြသော်လည်း အမှုအရာများကို ပြောဆိုကာ လုပ်ဆောင်သည့် ဘုရားသခင်၏ အသစ်သော နည်းလမ်းများအား ၎င်းတို့ လက်မခံနိုင်ကြချေ။ အဘယ်ကြောင့် ဤအမှုအရာသစ်များကို သင် လက်မခံနိုင်ရသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် အတိတ်ကာလ၏ အိုဟောင်းသော အရာများကို သင် ဖက်တွယ်နေဆဲဖြစ်ပြီး လက်မလွှတ်နိုင်သောကြောင့် ဖြစ်၏။ ယင်းက ဤအမှုအရာသစ်များကို သင့်အား အတိုက်အခံ လုပ်စေလေသည်။ သင့်အတွင်းတွင် အတိတ်ကာလ၏ ထိုအမှုအရာများ မရှိခဲ့ပါက ယခု ဘုရားသခင် လုပ်ဆောင်သည့်အရာကို သင် လက်ခံနိုင်ပေမည်။ အတိတ်ကာလ၏ ထိုအမှုအရာများကို သင် လက်မလွှတ်နိုင်ပါက ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်ရန်နှင့် သူ့ကို ပုန်ကန်ရန် ဖြစ်နိုင်ဖွယ်ရှိပြီး အကျိုးဆက်အနေဖြင့် ဆုံးရှုံးမှုတစ်ခုကို သင် ခံစားရလိမ့်မည်။ သင်သည် ဘုရားသခင်ကို တမင်ရည်ရွယ် ဆန့်ကျင်ပါက ဘုရားသခင်၏ ဖယ်ရှားခြင်းခံရမည့် အန္တရာယ် ရှိလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ပေးခြင်း ခံရလိမ့်မည်။

သင့်အတွင်းတွင် မည်သည့် အမှုအရာများကို လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် နည်းလမ်းဟောင်းများ၊ အမှုအရာများကို သိနားလည်ခြင်းနှင့်ဆိုင်သည့် နည်းလမ်းဟောင်းများနှင့် အတိတ်ကာလမှ အမြင်ဟောင်းများ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ဆဲဖြစ်သည်ကို မြင်ရန် သင်တို့အားလုံး ရှာဖွေလေ့လာပြီး ဆန်းစစ်သင့်သည်။ ရိုးရှင်းသော ဥပမာတစ်ခုကို သင်တို့အား ငါ ပေးမည်။ လူအချို့သည် ခရစ်တော်ကို လုံးဝ မမြင်ဖူးသကဲ့သို့ သူ စကားပြောသည်ကိုလည်း မကြားဖူးပေ။ ခရစ်တော် ဖော်ပြသည့် နှုတ်ကပတ်တော်များကိုသာ ၎င်းတို့ ဖတ်ကြပြီးဖြစ်ကာ ဤနှုတ်ကပတ်တော်များသည် ကောင်းမြတ်ပြီး ဩဇာအာဏာရှိကြောင်းနှင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များဖြစ်ကြောင်း ပြောဆိုကြသော်လည်း လက်တွေ့တွင် ခရစ်တော်နှင့် ၎င်းတို့ ထိတွေ့ဆက်ဆံလာကြသည့်နောက်၌ ၎င်းတို့အတွင်း၌ အယူအဆများ စတင်ဖြစ်ပေါ်ပြီး ၎င်းတို့က “ဘုရားသခင်သည် အဘယ်ကြောင့် အလွန် ခက်ထန်စွာ စကားပြောသနည်း။ ဘုရားသခင်သည် လူများကို အဘယ်ကြောင့် ထိုသို့ ဩဝါဒပေးသနည်း။ သူသည် အဘယ်ကြောင့် အလွန် ခမ်းကြီးနားကြီးနိုင်စွာ စကားပြောသနည်း။ သူစကားပြောသည့်ပုံသည် လူတို့ကို အမြဲ ဖော်ထုတ်ကာ တရားစီရင်လျက် အလွန် ကြောက်လန့်စရာဖြစ်သည်။ ယင်းကို အဘယ်သူ လက်ခံနိုင်သနည်း။ ယေရှု၌ ငါတို့၏ ယုံကြည်ခြင်းသည် မတူပေ။ လူတိုင်းက နူးညံ့စွာ စကားပြောပြီး အချင်းချင်း စိတ်သဘောညီညွတ်စွာ ရှိကြသည်။ သူပြောသကဲ့သို့ မည်သူမျှ စကားမပြောပါ။ ထိုသို့သော ဘုရားမျိုးကို ငါ တကယ်ကို လက်မခံနိုင်သကဲ့သို့ သူကဲ့သို့သော ဘုရားတစ်ပါးကို ငါ သည်းမခံနိုင်ပါ။ သူသည် သခင်ယေရှုလောက် နူးညံ့စွာနှင့် ဖော်ရွေပျူငှာစွာ စကားပြောမည်ဆိုပါက၊ သူသည် လူတို့ကို ကြင်နာကာ ဖော်ရွေတတ်ပါက သူ့ကို ငါ လက်ခံနိုင်မည်။ သို့ရာတွင် ဤဘုရားမျိုးကို ငါ လက်မခံနိုင်ပါ။ သူနှင့် ငါ ပတ်သက်၍ မဖြစ်ပါ”ဟု တွေးကြသည်။ ဤသည်မှာ မှန်သော လမ်းခရီးဖြစ်ကြောင်း၊ ဤသည်တို့မှာ လူ့ဇာတိခံခြင်းနှင့် ဆိုင်သည့် နှုတ်ကပတ်တော်များဖြစ်ကြောင်း သင်အသိအမှတ်ပြုပြီး စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လက်ခံပြီးဖြစ်သောကြောင့် ခရစ်တော်နှင့် သင်ထိတွေ့ဆက်ဆံလာရသည့်အခါ သူ၏ လေသံ၊ သူသုံးသည့် စကားများနှင့် သူ စကားပြောပုံတို့နှင့် ပတ်သက်၍ အယူအဆများကို သင် အဘယ်ကြောင့် သိုထားပြီး လက်မလွှတ်နိုင်ရပါသနည်း။ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ သင့်စိတ်နှလုံးထဲရှိ အိုဟောင်းသော အရာများက လွှမ်းမိုးနှင့်ပြီးဖြစ်ကာ အယူအဆများနှင့် စည်းမျဉ်းများ ဖြစ်လာကြပြီးဖြစ်ကြောင်း သက်သေပြ၏။ အမှန်တွင် ဤအရာအားလုံးသည် လူ့ထံမှလာ၏၊ လူ၏ ထင်မြင်ချက်များနှင့် စိတ်ကူးများသာဖြစ်ပြီး သမ္မာတရားနှင့် မကိုက်ညီပေ။ ယနေ့ခေတ်၏ ဘုရားသခင်နှင့် ပတ်သက်၍ ဤအရာများကို တစ်စုံတစ်ဦးက သတ်မှတ်ရန် ကြိုးစားပါက ဤအရာကို ၎င်းတို့ လုပ်ဆောင်နိုင်မည် မဟုတ်သည့်အပြင် သူ့ကို အတိုက်အခံလုပ်ရန်လည်း ဖြစ်နိုင်ဖွယ်ရှိပေသည်။ မတူကွဲပြားသည့် ခေတ်များတွင် ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် မတူသောကြောင့် သူ ဖော်ပြသည့် စိတ်သဘောထားသည် မတူသကဲ့သို့ သူ ထုတ်ဖော်ပြသည့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည်လည်း မတူပေ။ သင်သည် ဤအရာအတွက် စည်းမျဉ်းများ သုံး၍မရပေ။ သင်သုံးသည့်အခါ ဘုရားသခင်အကြောင်း အယူအဆများ သင်ဖြစ်ပေါ်ဖွယ်ရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်နိုင်စွမ်း ရှိလိမ့်မည်။ သင်သည် မိမိကိုယ်ကို မသုံးသပ်သကဲ့သို့ နောင်တရရန် လုံးဝ ငြင်းပယ်ပါက ဘုရားသခင် ရှုတ်ချခြင်းခံရလိမ့်မည်ဖြစ်ကာ သင့်ကို သူအပြစ်ပေးလိမ့်မည်။ ဤသည်မှာ ခေတ်အသီးသီး၌ ဘုရားသခင်၏ အမှုဖြစ်သည့်ပုံ ဖြစ်သည်။ ဘုရားသခင်ကို လက်ခံပြီး နာခံသည့်လူ၊ သူ၏ ကောင်းချီးပေးခြင်း ခံရသည့်လူအချို့နှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ရှုတ်ချသည့်၊ သူ၏ ဖျက်ဆီးခြင်းခံရသည့်သူများ အမြဲ ရှိလိမ့်မည်။ ဘုရားသခင်သည် သူ၏ နောက်ဆုံးသော ကာလ အမှုတော်တွင် အလွန်များသည့် နှုတ်ကပတ်တော်များကို ပြောဆိုပြီး အလွန်များသည့် သမ္မာတရားများကို ဖော်ပြ၏။ သူသည် လူတို့ အယူအဆများ သိုထားခြင်းကို မစိုးရွံ့ပေ။ လူတို့က သူ၏ နှုတ်ကပတ်တော်များကို မဖတ်မည်ကို၊ သူဖော်ပြသည့် သမ္မာတရားများအား လက်မခံမည်ကို သူစိုးရွံ့သည်။ ဤသည်မှာ ကြောက်လန့်စရာ အကောင်းဆုံးသော အရာ ဖြစ်သည်။ သင်၏ အယူအဆများနှင့် အမြင်များသည် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများနှင့် မကိုက်ညီပါက ယင်းတို့သည် သမ္မာတရားနှင့် ကွဲပြားခြားနား၏၊ ယင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး မခိုင်လုံပေ။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်။ ၎င်တို့သည် ပုန်ကန်တတ်ကာ အတိုက်အခံလုပ်ကြပြီး အတွေးများ ရှိကြသည်။ ၎င်းတို့၏ အတွေးများကို စိုးမိုးခြယ်လှယ်သည့်အရာမှာ မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့သည် လူတို့၏ ကြံရွယ်ချက်များနှင့် အမှုအရာများကို လူတို့ ရှုမြင်သည့် ရှုထောင့်နှင့် အမြင်တို့၏ စိုးမိုးခြယ်လှယ်ခြင်း ခံရကြပေသည်။ ထို့ကြောင့် သင်၏ အတွေးများသည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ မလာသကဲ့သို့ သမ္မာတရား၏ အခြေခံအုတ်မြစ်အပေါ်တွင်လည်း မဖြစ်ပေါ်ပေ။ သင်၏ အယူအဆများနှင့် အမြင်များသည် လူနှင့် ဇာတိပကတိ၏ အမှုအရာများဖြစ်သည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သင်၏ အတွေးများသည် သမ္မာတရား၏ စိုးမိုးခြင်းမခံရသကဲ့သို့ သမ္မာတရားအပေါ် အခြေပြုထားသည့် ဆင်ခြင်သုံးသပ်ခြင်းမှတစ်ဆင့် ထွက်ပေါ်ခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ လူအချို့၏ အတွေးများသည် ကျမ်းစာအပေါ် အခြေခံထားသည့် ဆင်ခြင်သုံးသပ်ခြင်းမှ လာပြီး ယင်းသည် သာ၍ပင် မှားယွင်း၏။ သမ္မာကျမ်းစာကိုယ်၌က မှားယွင်းသည်ဟု ငါတို့ ပြောနေခြင်းမဟုတ်။ အတိတ်ကာလတွင် ဘုရားသခင် ဆောင်ရွက်ခဲ့သည့် အမှုကို သူ၏ အမှုသစ်နှင့် နှိုင်းယဉ်ရန်မှာ မသင့်လျော်ဟုသာ ပြောခြင်း ဖြစ်သည်။ သူ၏ အမှုတော်ကို သင် ဤသို့ နှိုင်းယှဉ်ကြည့်၍မရချေ။ ဥပမာအားဖြင့် ကျေးဇူးတော်ခေတ်တွင် လူတို့အနေဖြင့် ယေဟောဝါ၏ အမှုတော်ကို သခင်ယေရှု၏ အမှုတော်နှင့် နှိုင်းယှဉ်ရန် သင့်လျော်ခဲ့မည်လော။ သင့်အနေဖြင့် သခင်ယေရှု၏ အမှုတော်ကို နိုင်ငံတော်ခေတ်ရှိ ဘုရားသခင်၏ ယနေ့အမှုတော်နှင့် နှိုင်းယဉ်ခြင်းသည် သင့်လျော်သလော။ ယင်းတို့သည် နှိုင်းယှဉ်၍မရနိုင်သည်မှာ အမှန်ဖြစ်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားအမှုတော်၏ အဆင့်အသီးသီးသည် နောက်ဆုံးအဆင့်ထက် သာ၍ မြင့်မားပြီး သူ၏ အမှုတော်ကို သူ ထပ်မလုပ်သောကြောင့် ဖြစ်သည်။ အမှုတော်၏ အဆင့်သစ်ကို ဘုရားသခင် ဆောင်ရွက်ပြီး ခေတ်သစ်ကို အစပြုသည့် အချိန်တိုင်းတွင် ဘုရားသခင်၏ အမှုတော်ကို ဆန့်ကျင်ရန်နှင့် သူ့အား တမင်သက်သက် ဆန့်ကျင်ရန် ထကြွကြသည့် လူတစ်စု၊ သို့မဟုတ် လူအများစု အမြဲရှိသည်မှာ အဘယ်ကြောင့်နည်း။ ခေတ်တိုင်းတွင် အဘယ်ကြောင့် ဤအရာဖြစ်ပျက်သနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံကြသည်ဖြစ်စေ၊ လက်မခံကြသည်ဖြစ်စေ၊ သမ္မာကျမ်းစာအပေါ် ၎င်းတို့၏ ယခင် အနက်ပြန်မှုများအပြင်၊ ဘုရားသခင်၏ အမည်နာမနှင့် ပုံသဏ္ဌာန်အကြောင်း၊ ပြီးလျှင် ဘုရားသခင်ကို ယုံကြည်မှုအကြောင်း ၎င်းတို့၏ အမြင်များနှင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည့် နည်းလမ်းများသည် ၎င်းတို့၏ စိတ်နှလုံးများတွင် ရုပ်လုံးပေါ်လာနှင့်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် ဤအရာများကို တန်ဖိုးထားကြပြီး မိမိတို့ကိုယ်ကို အကျိုးကျေးဇူး ရရှိပြီးဖြစ်သည်ဟု ယုံကြည်လျက် အကန့်အသတ်မဲ့ မာနထောင်လွှားလာကြပြီး မိမိတို့ကိုယ်ကို အံ့ဖွယ်ဖြစ်ကာ အလွန် ကြီးကျယ်ခမ်းနားသည်ဟု တွေးထင်လာကြ၍ ယနေ့ ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် အတိတ်ကာလတွင် သူ လုပ်ဆောင်ခဲ့သည့် အမှုနှင့် မည်မျှ ကွဲပြားသည်ကို ၎င်းတို့ မြင်ကြသည့်အခါ ဝေဖန်ကြလေသည်။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်မှ အမှုအရာများကို အမြဲ ယူကာ ယနေ့၏ ဘုရားသခင်နှင့်၊ ယခု ဘုရားသခင် လုပ်ဆောင်သည့် အမှုနှင့်၊ ယနေ့၏ သမ္မာတရားများနှင့် နှိုင်းယှဉ်လေသည်။ ယင်းတို့ကို နှိုင်းယှဉ်၍ရနိုင်သလော။ အမှုအရာများအတွက် စည်းမျဉ်းများ မကျင့်သုံးနှင့်၊ ထိုအစား သင်သည် ဤအသိရှိရမည်။ “ကျွန်ုပ်သည် ဘုရားသခင်၏ အမှုသစ်ကို ယခု လက်ခံပြီးဖြစ်သော်လည်း ကျွန်ုပ် နားမလည်နိုင်သည့် အရာအချို့ ရှိသည်။ ယင်းတို့ကို ကျွန်ုပ် တဖြည်းဖြည်း တွေ့ကြုံလာပြီး သိလိမ့်မည်၊ ပုရွက်ဆိတ်တစ်ကောင်က အရိုးတစ်ခုကို ကိုက်ဝါးသကဲ့သို့ ယင်းတို့ကို တစ်စချင်း ကျွန်ုပ်ကြိုးစားဖြတ်သန်းလျက် တဖြည်းဖြည်း ကျွန်ုပ် လိုက်စားမည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ယင်းတို့ကို ကျွန်ုပ် နားလည်လာလိမ့်မည်”ဟူ၍ ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်သည် အဆုံးမရှိ နက်နဲပြီး ဉာဏ်မမီနိုင်ပေ။ လူသည် မည်သည့်အခါတွင်မျှ အပြည့်အဝ နားလည်နိုင်ခြင်း မရှိပေ။ ယင်းကို တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်ကြာ တွေ့ကြုံပြီးသည့်နောက် လူတို့သည် သိနားလည်မှုအချို့ ရရှိကောင်းရရှိနိုင်၏။ သုံးနှစ်၊ သို့မဟုတ် လေးနှစ်ကြာပြီးနောက်တွင် လူတို့သည် အနည်းငယ် သာ၍ သိနားလည်မှု ရရှိကောင်းရရှိနိုင်ပြီး တဖြည်းဖြည်း ၎င်းတို့ ကြီးထွားကာ ပြောင်းလဲကြလိမ့်မည်။ ဤဟောင်းသော အရာများအပေါ် ၎င်းတို့၏ အမြင်များသည် တဖြည်းဖြည်း ပြောင်းလဲလိမ့်မည်ဖြစ်ပြီး ယင်းတို့ကို ၎င်းတို့ နည်းနည်းချင်း စွန့်ပယ်ကြလိမ့်မည်။ ထိုဟောင်းသောအရာများကို လူတို့ စွန့်ပယ်သည့်အခါတွင်သာ အသစ်သောအရာများကို နားလည်ကြလိမ့်မည်။ ထိုဟောင်းသောအရာများသည် သင့်အထဲတွင် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေဆဲဖြစ်ပြီး ယင်းတို့ကို သင် စတင် ဖော်ထုတ်ခြင်းပင် မရှိသေးသည့်တိုင် သင်သည် သင်၏ အယူအဆများကို တစ်ဇွတ်ထိုး ဖြန့်ကာ သင်၏ ကိုယ်ပိုင် အယူအဆများကို ဖော်ပြပြီး သင် အလိုရှိသည့် မည်သည့်ပုံစံဖြင့်မဆို စကားပြောဝံ့နေဆဲဖြစ်သည်။ ဤအတွက် အဓိပ္ပာယ်မရှိပေ။ လူတို့သည် အလွန့်အလွန် မာနထောင်လွှားလာကြသည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ ဤသည်မှာ အကြောင်းရင်း ဖြစ်၏။ လူတို့အတွင်းရှိ ထိုပုပ်ဆွေးသောအရာများသည် တန်ဖိုးမဲ့ကြသည့်တိုင် ယင်းတို့ကို ၎င်းတို့က တစ်ဇွတ်ထိုး ဖော်ပြကာ ဖြန့်ဝေဝံ့ကြဆဲ ဖြစ်သည်။ ဤသည်မှာ လုံးဝ အသိစိတ် ကင်းမဲ့ခြင်း မဟုတ်လော။ ထို့ကြောင့် လူအချို့သည် အမှုတော်၏ ဤအဆင့်ကို လက်ခံကြပြီးဖြစ်ကာ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကြပြီးဖြစ်သော်လည်း ၎င်းတို့စိတ်ထဲတွင် သယ်ဆောင်သည့် ထိုဟောင်းသောအရာများကို အမှန်တကယ် လက်မလွှတ်နိုင်ကြသေးချေ။ အချို့သော နေရာများရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ အယူအဆများနှင့် ကိုက်ညီသည့် အလုပ်ကို ဆောင်ရွက်ကာ အကောင်အထည်ဖော်နိုင်ကြသော်လည်း အလုပ်က မိမိတို့၏ အယူအဆများနှင့် မကိုက်ညီသကဲ့သို့ ထိုအရာကို ၎င်းတို့ လုပ်ဆောင်လိုစိတ်မရှိသည့်အခါ အကောင်အထည် မဖော်ကြသည်မှာ အဘယ်ကြောင့်နည်း။ ဤအခြေအနေသည် အဘယ်သို့ ဖြစ်လာသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် မိမိတို့ စိတ်ထဲတွင် သယ်ဆောင်သည့် ထိုအိုဟောင်းသောအရာများကို လက်မလွှတ်နိုင်ကြသောကြောင့် ဖြစ်သည်။ သင့်အတွင်းရှိ ထိုဟောင်းသောအရာများက သာ၍ ပုံပေါ်လာလေ၊ သာ၍ ပြင်းထန်စွာ သင် အတိုက်အခံလုပ်လေ ဖြစ်သည်။ ယင်းမှာ မှန်သည် မဟုတ်လော။ ယခုတွင် ၎င်းတို့ နေရာယူသည့် ရာထူး သာ၍ မြင့်မား​ပြီး ၎င်းတို့ ဦးဆောင်သည့် လူများသာ၍ များလေ၊ သာ၍ မာနထောင်လွှားကာ ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံနိုင်မှု သာ၍ လျော့နည်းလေ ဖြစ်သည့် ခေါင်းဆောင်အချို့ ဘာသာရေးလောကတွင် ရှိသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် အတိတ်ကာလ၏ အမှုအရာများကို အမြဲ ဖက်တွယ်ကြသောကြောင့် ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သမ္မာတရားနှင့် အသက်အဖြစ် ၎င်းတို့ သဘောမထားကြသောကြောင့် ဖြစ်ပြီး ဘုရားသခင်အား အရာခပ်သိမ်း၏ အကြီးမြတ်ဆုံးနှင့် အမြင့်မားဆုံးအဖြစ် ရိုသေလေးစားနိုင်စွမ်း မရှိကြသောကြောင့် ဖြစ်သည်။ ထိုအစား မိမိတို့ကိုယ်ပိုင် ဘာသာရေး အယူအဆများနှင့် မိမိတို့ကိုယ်ပိုင် အတွေးများ၊ အမြင်များကို သမ္မာတရားနှင့် မှန်သော လမ်းခရီးအဖြစ် ၎င်းတို့ သဘောထားကြ၏။ ဤသည်မှာ ဆိုးရွားသော အမှားတစ်ခု မဟုတ်လော။ ဤသို့ဖြင့် တစ်နေရာရာတွင် သမ္မာတရားကို သင်ရှာတွေ့နိုင်လိမ့်မည်လော။ သင်၏ ထိုအရာများကို သမ္မာတရားအဖြစ် သင် ယုံကြည်ပါက ဘုရားသခင်ထံမှ သမ္မာတရားကို ရရှိနိုင်စွမ်း ရှိလိမ့်ဦးမည်လော။ သင်သည် သမ္မာတရားကို ရှာဖွေပြီး ထိုသမ္မာတရားကို တမ်းတနိုင်လိမ့်ဦးမည်လော။

လူအချို့က “ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်များစွာ ဖတ်ရှုပြီးဖြစ်သည်၊ ဘုရားသခင်၏ အသံတော်ကို ကြားပြီးဖြစ်သည်၊ မှန်သောလမ်းခရီးကို လက်ခံကာ ဘုရားနှုတ်ကပတ်တော်များအား မည်သို့ ဖတ်ရှုရမည်ဆိုသည်ကို သိရှိပါသည်။ ကျွန်ုပ်၏ ကိုယ်ပိုင် ပြဿနာများကို ကျွန်ုပ် ဖြေရှင်းသည်၊ အခြားသူများ၏ အကူအညီ မလုပ်အပ်သကဲ့သို့ ဤအရာက ကျွန်ုပ်၏ ဘဝ ကြီးထွားနိုင်သည်ကို သေချာစေပါသည်”ဟု ဆိုကြသည်။ သင်သည် ထိုသို့ ပြောဆိုသည့်အခါ အမှုအရာများကို ပုံကြီးချဲ့လွန်းပေသည်။ သင်သည် မိမိတစ်ကိုယ်တည်းကိုသာ မှီခိုအားထားခြင်းဖြင့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို ဉာဏ်အလင်းမပေးပါက ထိုနှုတ်ကပတ်တော်များကို သင် နားလည်နိုင်သလော။ ဘုရားနှုတ်ကပတ်တော်များသည် သင့်ကို ဖော်ထုတ်ပြီး သင့်အတွင်းရှိ ဖောက်ပြန်ပျက်စီးခြင်းကို စိတ်ဖြာလေ့လာခြင်း မရှိခဲ့ပါက သင်သည် ပြောင်းလဲနိုင်စွမ်းရှိမည် မဟုတ်သကဲ့သို့ နားလည်နိုင်စွမ်းလည်း ရှိမည်မဟုတ်။ သိနားလည်မှု တစ်ခုတလေကို ရရှိရန် သင်အခက်တွေ့ပေမည်။ လူတို့သည် ဝတ္ထုများကို ဖတ်ရှုသည့်အခါ ကောင်းစွာ နားလည်ကြပြီး အဖြစ်အပျက်များစွာကို သတိရနိုင်ကြသည်။ ဝတ္ထုတစ်ပုဒ် ဖတ်ပြီးသည့်အခါ အခြားသူများကို ထိုအကြောင်း ချက်ချင်း ပြောပြနိုင်ကြသည်။ သို့ရာတွင် ဘဝနှင့်ဆိုင်သည့် ကိစ္စရပ်များသည် အခြားမည်သည့်အရာနှင့်မျှ မတူပေ။ ဘဝနှင့်ဆိုင်သည့် ကိစ္စရပ်များသည် အလွန့်အလွန် နက်နဲပြီး အနည်းငယ်မျှပင် သင် နားမလည်နိုင်မီ နှစ်များစွာ သင်ယုံကြည်ရမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ မိန့်မြွက်ချက်တစ်ခုကို တစ်သက်တာ တွေ့ကြုံနိုင်ပြီး မည်သည့်အခါတွင်မျှ လုံလောက်အောင် မတွေ့ကြုံရဆဲ ဖြစ်နိုင်သည်။ မည်သည့် မိန့်မြွက်ချက်ကို ဘုရားသခင် ပြုလုပ်သည်ဖြစ်စေ သင် အသက်ရှင်သရွေ့ ထိုအရာကို လုံလောက်အောင် မည်သည့်အခါတွင်မျှ တွေ့ကြုံခံစားရလိမ့်မည် မဟုတ်။ သင်၏ အစွမ်းအစက မည်မျှ ကောင်းမွန်သည်ဖြစ်စေ သမ္မာတရားကို သင် နားမလည်နိုင်မီ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအပေါ် သင် မှီခိုရဦးမည်ဖြစ်၏။ ဥပမာအားဖြင့် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းကို ကြည့်လော့။ အလိမ်အညာများ ပြောဆိုခြင်း ပြဿနာကို သင် မဖြေရှင်းနိုင်မီ နှစ်ပေါင်းမည်မျှ သင် တွေ့ကြုံရမည်နည်း။ ယင်းမှာ သင်သည် တစ်နှစ်တာ၊ သို့မဟုတ် နှစ်နှစ်တာ အတွေ့အကြုံမျှသာ လိုအပ်ပြီးနောက် ကိစ္စပြီးသွားသည့်အကြောင်း၊ နောက်ထပ် မည်သည့် အလိမ်အညာများမျှ မပြောသည့်အကြောင်း၊ သင်သည် မလှည့်ဖြားတတ်တော့သကဲ့သို့ ယခု ရိုးသားသော လူတစ်ဦး ဖြစ်သွားသည့်အကြောင်း မဟုတ်ပေ။ ဤသည်မှာ မဖြစ်နိုင်ပေ။ သင်သည် ဤရလဒ်ကို မမြင်မီတွင် ဆယ်စုနှစ်အတော်များများ အတွေ့အကြုံ ရှိရမည်ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် အလွန် ရှုတ်ထွေးကြသောကြောင့်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ၎င်းတို့အတွင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်သောကြောင့်၊ ၎င်းတို့၏ အယူအဆများက ၎င်းတို့အား သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းမှ၊ ဘုရားသခင်ကို သိကျွမ်းခြင်းမှ တားဆီးသောကြောင့်၊ ၎င်းတို့၏ ကြံရွယ်ချက်များက ၎င်းတို့၏ စိတ်သဘောထားများအား မပြောင်းလဲရန် တားဆီးထားသောကြောင့်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ တားဆီးသောကြောင့်ဖြစ်ပြီး ၎င်းတို့၏ လုပ်ရပ်များ၊ စကားတို့နှင့် ပတ်သက်၍ ၎င်းတို့ ခံယူသည့် အမြင်များနှင့် သဘောထားများသည် ၎င်းတို့ကို သမ္မာတရား သိနားလည်ခြင်းမှ တားဆီးထားသောကြောင့် ဖြစ်သည်။ သင်သည် နိုင်ငံတော်ခေတ်တွင် ရရှိရန် လူတို့ကို ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားဘက်တွင် ပြောဆိုကာ ပြုမူဆောင်ရွက်နိုင်ပါက သင်သည် သူ၏ အမှုတော်ကို အလွယ်တကူ ကျိုးနွံနာခံနိုင်လိမ့်မည် ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် ဝင်ရောက်နိုင်ပေသည်။ သင်သည် သမ္မာတရားဘက်တွင် မရပ်တည်ပါက ဘုရားသခင်ထံမှ သွေဖည်သွားပြီးဖြစ်လိမ့်မည်၊ သို့မဟုတ်ပါက ဘုရားသခင်ကို ဆန့်ကျင်ရာတွင် သင် ရပ်တည်နေလိမ့်မည်။ သင်သည် ထိုမျှ အချိန်ကြာမြင့်စွာ တရား​ဒေသနာများစွာ နားထောင်ပြီး ဘုရားသခင်ကို ယုံကြည်ပြီးရုံဖြင့် သင်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် ချို့တဲ့နေသေးခြင်း မရှိတော့ဟု မထင်လိုက်နှင့်။ သမ္မာတရား လိုက်စားခြင်းသည် အသက်ကို ရရှိခြင်းနှင့် သက်ဆိုင်၏။ ယင်းမှာ ထာဝရအသက်ကို ရရှိရန် ဖြစ်သည်။ သမ္မာတရားသည် ထာဝရအစဉ် မပြောင်းလဲနိုင်၊ အမြဲ အပ်စပ်မှုရှိသည်၊ မည်သည့်အခါတွင်မျှ စွန့်ပစ်၍မရ၊ ငြင်းမရနိုင်၊ ပိတ်ပင်မရနိုင်ပေ။ ဤသည်မှာ သမ္မာတရား၏ တန်ဖိုးနှင့် အရေးပါမှုဖြစ်သည်။ သမ္မာတရားသည် အမြင့်မားဆုံး၊ အနက်နဲဆုံးနှင့် အဖိုးထိုက်တန်ဆုံးသော အရာဖြစ်သည်။ ယင်းသည် တန်ဖိုးရှိပြီး လူတစ်ဦးသည် တစ်သက်တာ ကြုံတွေ့ပြီးသည့်နောက်တွင်ပင် ယင်းကို အနည်းငယ်သာ နားလည်ပြီး ရရှိနိုင်၏။

တစ်စုံတစ်ဦးက “ကျွန်ုပ်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပြီး အိမ်တွင် ကျွန်ုပ်ဘာသာ ကျွန်ုပ်၏ ယုံကြည်ခြင်းကို စီမံကာ ထိုနည်းတူစွာ ဓမ္မတေးသီချင်းများကို သီဆိုပြီး ဘုရားသခင်ကို ဆုတောင်းသည်။ မည်သည့် အဆင့်တွင်ရှိသည်ဖြစ်စေ အမှုတော်နောက် ကျွန်ုပ်လိုက်ပြီး အဆုံးထိ ဤယုံကြည်ခြင်းကို စောင့်ထိန်းခြင်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်ကို စွန့်ပစ်လိမ့်မည် မဟုတ်ပါ”ဟု ဆိုသည်။ ဤသည်ကို သင် မည်သို့ တွေးထင်သနည်း။ အိမ်တွင် မိမိ၏ ယုံကြည်ခြင်းကို ကျင့်သုံးခြင်းအားဖြင့် အဘယ်သို့ သမ္မာတရားကို သင် လိုက်စားနိုင်မည်နည်း။ မိမိ၏ တာဝန်ကို ထမ်းဆောင်ခြင်းမရှိဘဲနှင့် ဘုရားသခင်၏ အမှုတော်ကို သင်မည်သို့ တွေ့ကြုံနိုင်မည်နည်း။ သင်သည် မိမိတာဝန်ကို မထမ်းဆောင်ပါက ထုတ်ဖော်ပြခံလိမ့်မည် မဟုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ရှိသဖြင့် သင်သည် မိမိကိုယ်ကို မည်သို့ သုံးသပ်မည်နည်း။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို သင် မည်သို့ တွေ့ကြုံမည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင့်ကို မည်သို့ ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းလိမ့်မည်နည်း။ လူတို့သည် ဤအရာများကို အိမ်တွင် မတွေ့ကြုံနိုင်ကြချေ။ လက်တွေ့ကျသည့် အတွေ့အကြုံမရှိဘဲနှင့် သင်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိလာနိုင်သလော။ အမှန်တကယ် ပြောင်းလဲနိုင်သလော။ ပြောင်းလဲမှုသည် ဖြစ်နိုင်မည်မဟုတ်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရန် အသင်းတော်အသက်တာကို သင် အသက်ရှင်ရမည်ဖြစ်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့်သာ အမှုအရာများကို ကောင်းမွန်စွာ သင် တွေ့ကြုံနိုင်ပေသည်။ သင်သည် မိမိ၏ ယုံကြည်ခြင်းကို အိမ်တွင် ဆယ်နှစ်ခန့်၊ အနှစ်နှစ်ဆယ်ခန့် ကျင့်သုံးပြီး အဆင်းနီသော နဂါးကြီးသည် ပြိုလဲကာ ကပ်ဘေးကြီးများ ပြီးစီးပြီးဖြစ်ပါက စစ်မှန်သော အတွေ့အကြုံနှင့် သက်သေခံချက်တို့ ရှိသည်ဟု သင်ပြောဆိုနိုင်မည်လော။ ဘုရားသခင် ဆင်းရဲဒုက္ခ ခံခဲ့သည့်အတိုင်း သင် ဆင်းရဲဒုက္ခခံရပြီး ဖြစ်လိမ့်မည်လော။ ထိုသို့သော လှပသည့် သက်သေကို ခံမည့် ဘုရားသခင်၏ လူတို့သည် အမှန်တကယ် ပြောင်းလဲကြပြီး ဖြစ်လိမ့်မည်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံကာ သူ့ကို အမှန်တကယ် သစ္စာစောင့်သိကြလိမ့်မည်။ ထိုသို့သော သက်သေကို သင် ခံနိုင်မည်လော။ ထိုအချိန်တွင် သင်လုံးလုံးလျားလျား အရှက်ရမည်ကို ငါ စိုးရွံ့မိသည်။ ခေါ်တော်မူသောသူ အများရှိသော်လည်း ရွေးကောက်တော်မူသောသူ နည်း၏ဟု ဘုရားသခင် ပြောဆိုခဲ့သည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထဲတွင် သမ္မာတရားကို ချစ်သောသူတို့သည် အလွန်နည်းပါးသောကြောင့် ဖြစ်သည်။ လူအများစုသည် သမ္မာတရားကို ချစ်ဖို့ ဝေးစွ၊ သမ္မာတရားကို လက်ခံနိုင်စွမ်းပင် မရှိကြချေ။ ဤအရာကို ငါ အဘယ့်ကြောင့် ပြောသနည်း။ လူအချို့သည် ဘုရားသခင်ကို လက်ခံလာကြပြီး အိမ်တွင် အရာရာ အဆင်ပြေနေစဉ်တွင် ၎င်းတို့ မကျေမနပ်ဖြစ်ခြင်း မရှိကြပေ။ သို့ရာတွင် တစ်စုံတစ်ရာ လွဲချော်သွားသည့်အခါ၊ မိသားစုဝင်တစ်ဦး နာဖျားပြီး ဆေးရုံတင်ရသည့်အခါ၊ သို့မဟုတ် ၎င်းတို့၏ သားသမီးက ကောလိပ်မရောက်သည့်အခါ၊ သို့မဟုတ် ကပ်ဘေးအချို့ ဖြစ်ပွားသည့်အခါ ၎င်းတို့သည် စားပွဲကို မိမိတို့လက်သီးဖြင့် ထုကာ “ဟာ။ ဘုရားသခင်ကို ယုံကြည်ခြင်းက ကျွန်ုပ်ကို မည်သည့်အရာ ရရှိစေသနည်း။ ဘုရားသခင်က ကျွန်ုပ်ကို ကောင်းချီးမပေးလေပြီ။ ကိုယ်တော်သည် ကျွန်ုပ်ကို ကောင်းချီးပေးသင့်သည်၊ ကျွန်ုပ်၏ တစ်မိသားစုလုံး၊ ကျွန်ုပ်၏ ကလေးများ၊ ကျွန်ုပ်၏ ခင်ပွန်း (သို့မဟုတ် ဇနီး) အပြင် ကျွန်ုပ်၏ မိခင်နှင့် ဖခင်၊ လူတိုင်းအပါအဝင် ကျွန်ုပ်နှင့် ပတ်သက်သည့် အရာရာကို ကောင်းချီးပေးသင့်သည်။ ကျွန်ုပ်၏ မိသားစုထံ ဤအရာမဖြစ်ခဲ့ပါက ကျွန်ုပ်သည် သမ္မာတရားကို စိတ်ထက်သန်စွာ လိုက်စားနေခဲ့မည် မဟုတ်လော”ဟု ပြောဆိုလျက် ဘုရားသခင်နှင့်ပတ်သက်၍ စောဒကတက်ကြလေသည်။ ၎င်းတို့သည် သမ္မာတရား မရရှိခြင်းအတွက် ထိုသို့သော ဆင်ခြေများကို ဖန်တီးကြသည်။ ၎င်းတို့၏ ဆင်ခြေများသည် သမ္မာတရား၏ နေရာယူနိုင်သလော။ ၎င်းတို့က မိမိတို့၏ ဆင်ခြေများသည် လုံးဝ လုံလောက်ပြီး ခိုင်လုံကာ စောဒကတက်သည်မှာ မှန်ကန်သင့်လျော်သည်ဟု ယုံကြည်ကြသည်။ လူတို့သည် စမ်းသပ်မှုများနှင့် အတိဒုက္ခများ ကြုံမနေရချိန်တွင် ဘုရားသခင်နှင့် ပတ်သက်၍ စောဒကမတက်ကြချေ။ ဘုရားသခင် ကြီးမြတ်ပြီး အံ့ဖွယ်ဖြစ်ပုံကို ၎င်းတို့ ဟစ်ကြွေးကြသည်။ သို့ရာတွင် စမ်းသပ်မှုများနှင့် အတိဒုက္ခများ ရောက်ရှိသည့်တစ်ခဏတွင် ဘုရားသခင်နှင့် ပတ်သက်၍ ၎င်းတို့၏ စောဒကတက်လိုစိတ်က အချိန်မရွေး ပေါက်ထွက်လာနိုင်၏။ ၎င်းတို့သည် အမှုအရာများကို မတွေးဆကြသကဲ့သို့ သေချာ အချိန်ယူကာ စဉ်းစားချင့်ချိန်ခြင်း မရှိကြချေ။ မိမိတို့၏ ခံစားချက်များကို အလိုအလျောက် ဖွင့်ထုတ်လိုက်ကြသည်။ လူအချို့အတွက်မူ မိမိတို့မိသားစုများထံ တစ်စုံတစ်ခု ဖြစ်ပျက်ခြင်း မရှိသော်ငြားလည်း မိမိတို့၏ ခြံမွေးတိရစ္ဆာန်များထံ တစ်စုံတစ်ခု ဖြစ်ပျက်ရာတွင် ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့ စောဒကတက်ကြလေသည်။ ဤသည်မှာ အလွန် အသိတရားမဲ့သည် မဟုတ်လော။ လူတစ်ဦးသည် မိမိတို့မိသားစုထံ မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ သို့မဟုတ် ၎င်းတို့အပေါ် မည်သည့်ကပ်ဘေး ကျရောက်ပါစေ၊ ဘုရားသခင်နှင့် ပတ်သက်၍ စောဒကမတက်၊ သို့မဟုတ် ထိုကိစ္စရပ်ကို နှလုံးမသွင်းသည့် အဆင့်ကို ရောက်နိုင်ပါက၊ မည်သည့်အရာဖြစ်ပျက်ပါစေ မိမိတို့ တာဝန်အား၊ သို့မဟုတ် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ၎င်းတို့၏ အသုံးတော်ခံခြင်းအား နှောင့်နှေးမှု မရှိစေသည့်အခါ ဘုရားသခင်ကို ၎င်းတို့၏ နာခံမှု မထိခိုက်သည့်အခါနှင့် ဖြစ်ပြီးသည့် အရာသည် ဘုရားသခင်ကို ချီးမွမ်းခြင်းမှ ၎င်းတို့ကို မတားဆီးသည့်အခါ ဤအရာက ဘုရားသခင်ကို ယုံကြည်သည့် ၎င်းတို့၏ စိတ်နှလုံးသည် ဖြူစင်သော စိတ်နှလုံးတစ်ခု ဖြစ်သည်ကို သက်သေပြပေသည်။ “လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သည့်အခါ ၎င်း၏ တစ်မိသားစုလုံး ကောင်းချီးခံစားရမည်” ဟူသည့် အမြင်သည် မှားယွင်း၏။ သင်သည် ဘုရားသခင်ကို သင်၏ ယုံကြည်မှုတွင် ဤအမြင်ကို အမြဲ ဖက်တွယ်ပါက သမ္မာတရားကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်။ မိမိတို့ဘဝများတွင် နေ့စဉ် ရှင်သန်အလုပ်များနေကြသည့် သင်၏ မယုံကြည်သော မိသားစုဝင်များနှင့် ဆွေမျိုးများကို ကြည့်လော့။ ကပ်ဘေးများ ရောက်ရှိလာသည့်အခါ ၎င်းတို့ အမှန်တကယ် လွတ်မြောက်နိုင်ကြမည်လော။ လွတ်မြောက်ကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို သင်၏ယုံကြည်မှုတွင် သင်သည် သမ္မာတရားကို မလိုက်စားသကဲ့သို့ ကပ်ဘေးများ၏ အပြစ်ပေးခြင်းကို မလွတ်မြောက်နိုင်ဘဲ သင်၏ ဆွေမျိုးများကဲ့သို့သာ ရှိနေပါက ၎င်းတို့နှင့်အတူ သင်ပျက်စီးသွားရလိမ့်မည်။ သို့ရာတွင် သင်သည် သမ္မာတရားကို လိုက်စားပြီး ၎င်းတို့၏ အနှစ်သာရကို ရိပ်စားမိနိုင်ပါက စာတန်ကို သင် ငြင်းပယ်နိုင်လိမ့်မည် ဖြစ်ပြီး “သူတို့သည် ဘုရားသခင်ကို မယုံကြည်ကြပါ။ သူတို့သည် မကောင်းဆိုးဝါးများဖြစ်ပြီး ကပ်ဘေးများတွင် ပျက်စီးသင့်ကြသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှ ငါ့ကို တားဆီးရန် ကြိုးစားကြလေ့ရှိပြီး ဘုရားသခင်ကို အာခံမှုဖြင့် ဘုရားသခင်ကို ပြစ်မှားစော်ကားသည့် အမှုအရာများကို ပြောကြသည်။ ကပ်ဘေးများထဲတွင် သူတို့ သေဆုံးသည့်အခါ ၎င်းတို့သည် ထိုက်တန်သော စွန့်ပစ်ခြင်းကို ခံရခြင်း ဖြစ်သည်။ ဤတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ အမှန်တကယ် ပြည့်စုံလေပြီ”ဟု တွေးလိမ့်မည်။ သင်သည် ယခင်က ဤယုံကြည်ခြင်း မရှိခဲ့သကဲ့သို့ မကောင်းဆိုးဝါးများကို မကျိန်ဆဲဝံ့ခဲ့ပေ။ ယခုတွင် သင်သည် မကောင်းဆိုးဝါး၏ စစ်မှန်သည့် သဘောသဘာဝများကို မြင်ပြီး သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကို အာခံသည့် ဤမကောင်းဆိုးဝါးများအား တိုး၍ မုန်းတီးမိလေသည်။ ပြီးလျှင် ၎င်းတို့ သေဆုံးပါက သင်လုပ်ရန်လိုအပ်သမျှမှာ ၎င်းတို့ကို မြေမြှုပ်သင်္ဂြိုလ်ရန် ဖြစ်သည်။ ဤသို့ ၎င်းတို့ကို ချဉ်းကပ်နိုင်ခြင်းက သင်၏ စိတ်နှလုံးသည် အမှန်တကယ် ဘုရားသခင်ဘက်သို့ လှည့်ပြီးဖြစ်ကြောင်း ပြပေသည်။ သင်သည် “လူတစ်ဦး ယုံကြည်သည့်အခါ ၎င်း၏ တစ်မိသားစုလုံး ကောင်းချီးခံရသည်၊ မိသားစုက ကျွေးမွေးပြုစုထားသည့် တိရစ္ဆာန်များပင်လျှင် ကောင်းချီးခံစားရသည်၊ အိမ်က ကောင်းချီးခံစားရပြီး၊ မြေရှိ ကောက်ပဲသီးနှံများ ကောင်းချီးခံစားရသည်”ဟု ယုံကြည်လျက် သင်၏ စိတ်နှလုံးတွင် အယူအဆများနှင့် စိတ်ကူးများကို စွဲကိုင်ထားဆဲဖြစ်ပါက ဤအရာများက သင့်အား သမ္မာတရား လိုက်စားခြင်း၊ ဘုရားသခင်နောက်လိုက်ခြင်းနှင့် မိမိတာဝန်ကို ထမ်းဆောင်ခြင်းမှ တားဆီးလိမ့်မည်။ လူတစ်ဦး၏ စိတ်နှလုံးသည် ဘုရားသခင်ဆီသို့သက်သက်၊ ဘုရားသခင်ဆီသို့သာ လှည့်ပါက ၎င်းတို့၏ စိတ်နှလုံးသည် အလွန်ဖြူစင်ပြီး ရိုးရှင်းလာကာ ထိုအချိန်ရောက်လာသည့်အခါ ၎င်းတို့၏ ဆင်းရဲဒုက္ခခံစားရခြင်းသည် အလွန်နည်းပါးလေသည်။ ယခုတွင် သင်သည် အဘယ်ကြောင့် အလွန်များစွာ ဆင်းရဲဒုက္ခခံစားရသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သင်သည် သင်၏ မိသားစုအတွက်၊ သင်၏ သားသမီးများအတွက် အလွန်များသော အားထုတ်မှုကို သုံးလျက် ဟိုသည် ပြေးလွှားကာ အလုပ်များရင်း တစ်နေ့လုံး အချိန်ကုန်ဆုံးသောကြောင့် ဖြစ်သည်။ သင်သည် အသင်းတော် အတွက် သက်သက်သာ မိမိကိုယ်ကို အသုံးခံပါက သင်သည် သာ၍များစွာ သက်သောင့်သက်သာဖြစ်မည်ဟု ငါ ပြောဝံ့သည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ သင် မခံနိုင်သည်မှာ ဘုရားသခင်နှင့် ပတ်သက်၍ သင် စောဒကတက်လာသည်မှာ အဘယ့်ကြောင့်ဆိုသည် သင်သည် ယခု မိသားစုကိစ္စများဖြင့် အလွန်အလုပ်များနေပြီး အသင်းတော် ကိစ္စများဖြင့် အလုပ်များသည်မှာ အလွန်နည်းပါးသောကြောင့်၊ ပြီးလျှင် သင်၏ အိမ်အရေးကိစ္စများက အလွန်ကြီးလေးလာသောကြောင့် အတိအကျ ဖြစ်ပေသည်။ သို့ရာတွင် အမှန်၌ သင်သည် ဘုရားသခင်အား မည်မျှ ဆက်ကပ်ပူဇော်ပြီးပြီနည်း။ သင်သည် ပြောပလောက်သည့် မည်သည့်အရာကိုမျှ လုံးဝ ဆက်ကပ်ပူဇော်ခြင်း မရှိပေ။ သင်သည် အိမ်၏ ကိစ္စများနှင့် သင့်ကိုယ်ပိုင် ဇာတိပကတိအတွက် အလွန်များစွာ ဟိုသည် ပြေးလွှားကာ အလုပ်များနေဆဲဖြစ်သောကြောင့် ဘုရားသခင်နှင့်ပတ်သက်၍ အဘယ်သို့ သင်စောဒကတက်နိုင်ရသနည်း။ ဘုရားသခင်နှင့် ပတ်သက်၍ သင် နောက်ထပ် စောဒကမတက်ရ။ ဘုရားသခင်ကို ယုံကြည်သူ မည်သူမဆိုသည် သမ္မာတရားကို ရရှိနိုင်စွမ်းရှိပြီး ဘုရားသခင်ကို သိရှိရန် အခွင့်အရေးတစ်ခု ရှိ၏။ ဤသည်မှာ အလွန်အရေးပါ၏၊ အခြားမည်သည့်အရာမဆိုထက် သာ၍ အရေးကြီးပြီး သင်ကယ်တင်ခြင်း ရမည် မရမည်ဆိုသည့် ကိစ္စနှင့် တိုက်ရိုက်ဆက်နွှယ်၏။ သို့ရာတွင် ပထမဦးစွာ အတိတ်ကာလမှ သင်၏ မမှန်ကန်သည့် ကြံရွယ်ချက်များ၊ အမြင်များနှင့် သိနားလည်မှုတို့အပြင် သင့်အတွင်းရှိ သင် လိုက်စားသည့် ထိုအရာများကို ယူကာ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ စိတ်ဖြာလေ့လာဆွေးနွေးပြီး သိရှိလာရမည်။ ဤအရာများကို သင် ရှင်းလင်းစွာ မြင်လာနိုင်သည့်အခါ ယင်းတို့ကို လျှော့ချခြင်းနှင့် စွန့်ပစ်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်နိုင်ပေသည်။ ဤအရာများကို သာ၍ ရှင်းလင်းစွာနှင့် ထိုးထွင်းမှုရှိစွာ မြင်နိုင်လေ၊ ဤဟောင်းသော၊ မှားယွင်းသော အရာများအားလုံးကို စွန့်နိုင်သည်အထိ အမှုအရာများကို သာ၍ သင် လက်လွှတ်လေ ဖြစ်လိမ့်မည်။ ထိုအခါ သင်သည် သာ၍ များစွာ စိုးရိမ်သောက ကင်းလိမ့်မည်ဖြစ်ကာ သင် နားလည်သည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ပြီး ၎င်းတို့ကို သက်သေခံနိုင်သည့်အခါ ဖြည်းဖြည်းချင်း သင် စတင် ပြောင်းလဲလိမ့်မည်။ ယခုတွင် သင်သည် ဤဦးတည်ချက်ဖြင့် လက်တွေ့လုပ်ဆောင်ခြင်းနှင့် လေ့ကျင့်ခြင်းကို စတင်သင့်ပြီး ထိုအရာများ၏ ထိန်းချုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းကို သင် တဖြည်းဖြည်း ခံရလိမ့်မည် မဟုတ်တော့ပေ။ ထိုအခါ သင်သည် ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ပြီး ဖြစ်လိမ့်မည်။

ငါပြောပြီးသည့် ဤအရာအားလုံးကို သင်တို့ အမှန်တကယ် နားလည်ကြပြီလော။ ခေတ်သစ်ထဲသို့ မည်သို့ ဖြတ်ကျော် ဝင်ရောက်ရမည်ကို သင်တို့ သိကြသလော။ မည်သည့် သွင်ပြင်လက္ခဏာများ ပြောင်းလဲရန်၊ မည်သည့် သွင်ပြင်လက္ခဏာများမှ ဝင်ရောက်ရန် လိုအပ်သည်ကို သင်တို့ သိသလော။ ဤအရာကို သင်တို့ မသိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ အတိတ်ကာလတွင် လူတို့သည် ဝင်ရောက်မှုအချို့ ရရှိပြီးဖြစ်သော်လည်း သွင်ပြင်လက္ခဏာများစွာတွင် ၎င်းတို့ ချို့တဲ့နေကြဆဲဖြစ်ပြီး ဘုရားသခင်၏ တောင်းဆိုချက်များကို မပြည့်မီနိုင်ကြပေ။ ယခုတွင် လူတို့ကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် ဘုရားသခင်သည် အလွန်များသည့် နှုတ်ကပတ်တော်များကို ပြောဆို၏။ ဘုရားနှုတ်ကပတ်တော်များနှင့် သူ၏ အမှုတော်များအကြောင်း အယူအဆများကို လူတို့ အမြဲ သိုထားကြသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ ၎င်းတို့သည် ယခင်က သမ္မာတရား မရရှိခဲ့ကြောင်းနှင့် သမ္မာတရား စစ်မှန်မှု မရှိကြကြောင်းကို ပြပေသည်။ ဘုရားနှုတ်ကပတ်တော်များကို သင် ဖတ်ရှုသည့်အခါ လက်ခံကောင်းလက်ခံနိုင်သော်လည်း သင်၏ တကယ့် ဘဝတွင် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ဘဲ ထိုအစား ဘုရားသခင်အပေါ် ပုန်ကန်မှုရှိစွာဖြင့် အမြဲ ပြုမူပြီး သူ့ကို ဆန့်ကျင်နေသည်မှာ အဘယ်ကြောင့်နည်း။ အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ သင်သည် မိမိကိုယ်ပိုင် စိတ်ကူးများ အမြဲရှိကာ မိမိကိုယ်ပိုင် အလိုဆန္ဒအတိုင်း အ​မြဲ ပြုမူနေသည့်တိုင် ဘုရားသခင်ကို မနာခံနိုင်သည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ သင်၏ နည်းလမ်းသည် မှန်ကန်သည့် နည်းလမ်းဖြစ်သည်ဟု အမြဲ တွေးထင်လျက် သင့်အတွင်းတွင် ဇာတိဆန်သည့် အရာများနှင့် ထင်ရာစိုင်းသည့်အရာများ အလွန်များသောကြောင့် ဖြစ်သည်။ တရားဒေသနာတစ်ခုကို သင်တို့ နားထောင်ပြီး မည်သည့် အယူအဆမျှ မသိုထားသည့်အခါ သင်တို့ အလွန် ဝမ်းမြောက်သော်လည်း၊ တစ်စုံတစ်ရာ သင်တို့ထံ ဖြစ်ပျက်သည့်အခါ သမ္မာတရားကို သင်တို့ လက်တွေ့လုပ်ဆောင်ချင်သော်လည်း ထိန်းမနိုင်သိမ်းမရဖြစ်ကာ သင်တို့အတွင်းရှိ ပုန်ကန်တတ်သောအရာများ သူတို့ဘာသာ ပေါ်လာကြ၏။ သင်တို့သည် အလွန် ပုန်ကန်တတ်လွန်းကြသည်ဟု ငါပြောသည်။ ငါ့ကို သင်တို့ မယုံကြည်ပါက သင်တို့ မှတ်တမ်းတစ်ခု ရေးမှတ်ထားနိုင်၏။ ဘုရားသခင်၏ မိန့်မြွက်ချက်တစ်ခုကို သင်တို့ ကြားသည့်အချိန်တိုင်းတွင် သင်၏ စိတ်နှလုံးထဲ၌ မည်သည့်အယူအဆများ ဖြစ်ပေါ်ပြီး သင်၏ အတွေးများက မည်သည့်အရာများဖြစ်သည်ဆိုသည့် မှတ်တမ်းတစ်ခု သိမ်းထားပြီးနောက် သင့်အတွင်းရှိ အမှုအရာများကို ဖော်ထုတ်လော့၊ စိတ်ဖြာလေ့လာဆွေးနွေးလော့၊ ယင်းတို့ကို ဘုရားနှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်စစ်ဆေးကြည့်လော့။ ထို့နောက်တွင် သင်၏ ပုန်ကန်မှု မည်မျှလွန်သည်ကို သင်သိလိမ့်မည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် သင်၏ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိ၏။ သင်သည် အမှန်တရားများကို ရင်ဆိုင်ဝံ့ရမည်ဖြစ်ပြီး မိမိကိုယ်ကို ထုတ်ဖော်ပြဝံ့ရပါမည်။ သင်သည် မိမိကိုယ်ကို ထုတ်ဖော်ပြဝံ့သည့်အခါတွင် ဤအရာက သင်သည် သမ္မာတရားကို လက်ခံသည့် စိတ်နှလုံး၊ အယူအဆများကို လက်လွှတ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးရှိကြောင်း သက်သေပြပေသည်။ သင်သည် မိမိကိုယ်ကို စွန့်လွှတ်ရမည်။ ဘုရားသခင်ကို ပုန်ကန်ခြင်းသည် မှားယွင်းသည့်အတွက် ဘုရားသခင်ကို စဉ်ဆက်မပြတ် မပုန်ကန်နှင့်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို မည်သို့နာခံရမည်ကို မသိခြင်းသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်။ ဘုရားသခင်ကို နာခံရန် လွယ်ကူကြောင်း သင် တွေ့ရှိရသည့် ထိုသို့သော အချိန်များတွင် ယင်းမှာ သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိလိမ့်မည့်အချိန် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင် ဖတ်ရှုသည့် ထိုအချိန်တွင် အလွန်ပျော်မွေ့ခြင်းကို သင် တွေ့ရလိမ့်မည်၊ ဘုရားသခင်ထံ ဆုတောင်းသည့်အခါ ပြောရမည့် စကားများကို သင်ရှာတွေ့လိမ့်မည်ဖြစ်ပြီး သူနှင့် တိုး၍ တိုးဝင်ချဉ်းကပ်လိမ့်မည်။ ဘုရားသခင်ကို အမြဲ ဆန့်ကျင်ပုန်ကန်သောသူတို့သည် မည်သည့်အခါတွင်မျှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ်မရှိကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ နှုတ်ကပတ်တော်များကို နားမဝင်ကြချေ။ ၎င်းတို့ စိတ်နှလုံးများတွင် မည်သည့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရှိနိုင်သနည်း။ လူတို့သည် ပြဿနာများကို ကြုံရသည့်အခါ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများက ပေါ်ထွက်လာကြပြီး ယင်းတို့ကို ၎င်းတို့ မရှောင်ရှားနိုင်ကြချေ။ ထိုအခါ သင်သည် “ဤပြဿနာသည် အဘယ်သို့ ဖြစ်လာလေပြီနည်း။ ဤအယူအဆမျိုးသည် အဘယ်သို့ ထွက်ပေါ်လာသနည်း။ ယင်း၏ ရင်းမြစ်ကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း”ဟု စဉ်းစားလျက် ချင့်ချိန်ကာ သုံးသပ်ရမည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းရမည်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရမည်၊ ဤကိစ္စကို ရိပ်မိရမည်ဖြစ်ပြီး ပြဿနာ ပြေလည်သွားသည့်အခါ အသက်ဝင်ရောက်မှုကို သင် ရရှိပြီး ဖြစ်လိမ့်မည်။ သင်သည် ဤနည်းအားဖြင့် သင်၏ပြဿနာများကို မဖြေရှင်းဘဲ အယူအဆအချို့ကို သိုထားခြင်းသည် အရေးကြီးသည့်အရာတစ်ခုမဟုတ်၊ ရက်အနည်းငယ်အကြာတွင် ထိုအယူအဆများက ၎င်းတို့ဘာသာ ပျောက်သွားလိမ့်မည် ဖြစ်ကြောင်းနှင့် ၎င်းတို့ ပျောက်သွားသည်နှင့် ယင်းမှာ သင်သည် မည်သည့်အယူအဆများမျှ သိုထားနေခြင်းမရှိသည့် သဘောဖြစ်ကြောင်း အမြဲ ယုံကြည်ပါက အမှန်တွင် အယူအဆများ ထွက်ပေါ်သည့်အခါ သင် လျစ်လျူရှုပြီး ဘေးဖယ်ထားကာ မိမိတွင် မည်သည့် အယူအဆမျှမရှိဟု သင် တွေးထင်ပေလိမ့်မည်။ ထိုအချိန်တွင် သင်က မည်သည့် ထိခိုက်နစ်နာမှုမျှ လုပ်ဆောင်ထားခြင်းမရှိဟု ခံစားပြီး ထို့နောက်တွင် တစ်ခုတလေ ရှိခဲ့သည်ကို သိမှတ်ရန် သင် လုံးဝ ငြင်းလေသည်။ သာမန်အားဖြင့် လူတို့သည် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို မကြုံရသည့်အခါ၊ ကောင်းကျိုးမပြုသည့် မည်သည့်အခြေအနေကိုမျှ ကိုင်တွယ်ဖြေရှင်းစရာ ရှိမနေသည့်အခါ၊ မည်သည့် အယူအဆမျှ သိုမထားကြသကဲ့သို့ တစ်ခုတလေ ရှိဖူးခဲ့သည်ကို မေ့လျော့ကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အံ့ဖွယ်ဖြစ်ကြောင်း၊ အမှန်တကယ်ကို မည်သည့်အယူအဆမျှ မရှိကြကြောင်း တွေးထင်ကြသည်။ သို့ရာတွင် တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ အယူအဆများ ဖြစ်ပေါ်ပြီး ဘုရားသခင်ကို ဆန့်ကျင်ကြပြီးနောက် အတန်ငယ်ကြာသည့်အခါ ထိုအယူအဆများ ပျောက်ကွယ်ကာ ထိုအကြောင်းကို ၎င်းတို့ မေ့လျော့သွားကြသည်။ တစ်ဖန် ၎င်းတို့အနေဖြင့် အလွန်ကောင်းသည့် အခြေအနေတစ်ခု ရှိကြပြီး ဘုရားသခင်နှင့် ပတ်သက်၍ မည်သည့်အယူအဆမျှ ၎င်းတို့ မသိုထားကြဟု ၎င်းတို့ ခံစားကြသည်။ ၎င်းတို့၏ ပြဿနာမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို အမှန်တကယ် နားမလည်ကြသကဲ့သို့ မိမိတို့၏ အယူအဆများကို ဇာစ်မြစ်မှ မဖြေရှင်းကြသေးခြင်း ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ဦးက ၎င်းတို့ကို သမ္မာတရားနှင့် ပတ်သက်၍ လုံးလုံးလျားလျား မိတ်သဟာယပြုပြီးနောက် ၎င်းတို့၏ အယူအဆများသည် အပြီးအပိုင် ပြေလည်သွားသည့် အချိန်ထိတိုင် ဤအယူအဆမျိုးများ ထပ်တလဲလဲ ဖြစ်ပေါ်ရသည့် အကြောင်းရင်း ဖြစ်သည်။ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းနှင့် ပတ်သက်လာသည့်အခါ သမ္မာတရားကို လေးလေးနက်နက် မရှာဖွေခြင်းက အဆင်ပြေမည်မဟုတ်။ အယူဝါဒကို နားလည်ရုံမျှ နားလည်ခြင်းသည် အချည်းနှီးဖြစ်၏။ သမ္မာတရားကို နားမလည်သောသူတို့သည် မိမိတို့ကိုယ်ကို သိမြင်မှုသည် အကန့်အသတ်ရှိပြီး အပေါ်ယံမျှသာ ရှိကြသည်။ တစ်ခါတစ်ရံ ၎င်းတို့တွင် အယူအဆများ ပေါ်ထွက်သည့်အခါ ယင်းတို့ကို မရှာဖွေမတွေ့ရှိနိုင်ကြသကဲ့သို့ သတိပင်မပြုမိနိုင်ကြချေ။ ဖြေရှင်းမထားသည့် သေးငယ်သော အယူအဆတစ်ခုသည် တစ်စုံတစ်ဦးကို မှောက်မှားစေမည် မဟုတ်သော်လည်း ဖြေရှင်းမထားသည့် ကြီးမားသော အယူအဆတစ်ခုသည် ၎င်းတို့ကို ချက်ချင်း မှောက်မှားစေလိမ့်မည်။ သင့်ကိုယ်သင် သိရှိရန်အတွက် သင်သည် ပထမဦးစွာ သင်၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းရမည်ဖြစ်ပြီး မကြာခဏ ရုတ်တရက် ပေါ်ပေါက်သည့် သင်၏ မှားယွင်းသော အမြင်များကို ဖြေရှင်းရမည်။ ထို့နောက် သင်၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများအားလုံးကို အပေါ်ယံမှသည် သာ၍ နက်ရှိုင်းသောနေရာအထိ၊ သာ၍ ရူပ်ထွေးသောအရာများအထိ ဖြေရှင်းလော့။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ တဖြည်းဖြည်း ဝင်ရောက်လိမ့်မည်။ သင့်ကိုယ်သင် သိရှိခြင်းသည် ပထမဦးစွာ သင့်အတွင်း၌ တည်ရှိသော အယူအဆများနှင့် စိတ်ကူးများကို သိရှိခြင်းဖြင့် စတင်၏။ သမ္မာတရားအပေါ် သင်၏ သိနားလည်ခြင်းသည် ယခင်ထက် သာ၍ နက်ရှိုင်းသည်နှင့်အမျှ သင်သည် မိမိကိုယ်ကိုလည်း ယခင်ထက် သာ၍ နက်ရှိုင်းစွာသိရှိရလိမ့်မည်ဖြစ်သည်။ သင့်ကိုယ်သင် သိရှိခြင်းနှင့် ပတ်သက်လာသည့်အခါ သင်စေ့စပ်တိကျရမည်။ သင်သည် မိမိကိုယ်ကို လုံးဝ မသိရှိနိုင်ပါက အသက်ဝင်ရောက်မှုကို ရရှိလိမ့်မည် မဟုတ်။ အသက်ဝင်ရောက်မှုသည် မိမိကိုယ်ကို သိရှိခြင်းဖြင့် အစပြုပေသည်။ အသက်ဝင်ရောက်မှုကို သင် ရရှိလိုပါက သမ္မာတရားကို တာဝန်သိစွာ ရှာဖွေရမည်၊ သင်၏ ပြဿနာများကို ဖြေရှင်းရန် အခွင့်အရေးများ ယူရမည်ဖြစ်ပြီး တစ်ခုကိုမျှပင် အလွတ်မပေးရပေ။ သင်၏ အယူအဆများကို သင်ရေးမှတ်ပြီးသည်နှင့် သမ္မာတရားကို သင် ရှာဖွေရမည်၊ မိမိကိုယ်ကို ဖွင့်ဟပြီး မိတ်သဟာယတွင် ပါဝင်ကာ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ယင်းတို့ကို စိတ်ဖြာလေ့လာဆွေးနွေးရမည်။ သမ္မာတရားကို သင်နားလည်သည့်အခါ ဤအယူအဆမျိုးများသည် လုံးဝ ပြေလည်သွားလိမ့်မည်။ အလားတူ ကိစ္စကို တစ်ဖန် သင် ကြုံရပြီး သင်၏ အယူအဆများ နောက်တစ်ကြိမ် ထွက်ပေါ်ကာ သင်၏ စိတ်နှလုံးသည် ထိုအယူအဆများ၏ ထိန်းချုပ်ခြင်းခံရပါက ဤအရာက သင်သည် သမ္မာတရားကို အမှန်တကယ် နားမလည်သေးဘဲ အယူဝါဒကို နားလည်ရုံမျှ နားလည်သောကြောင့် သင်၏ အယူအဆများ ကျန်ရှိနေကြောင်း ပြပေသည်။ သမ္မာတရားကို သင် အမှန်တကယ် နားလည်သည့်အခါမှသာ သင်၏ အယူအဆများ လုံးဝ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး အနာဂတ်တွင် တစ်ဖန် ထွက်ပေါ်လျှင်ပင် သမ္မာတရားကို သင် နားလည်သောကြောင့် ထိုအယူအဆများသည် အလွယ်တကူ ပြေလည်သွားမည် ဖြစ်ပြီး ယင်းတို့၏ ထိန်းချုပ်မှုအောက်သို့ သင် ရောက်လာလိမ့်မည် မဟုတ်။ ငါ့ကို ပြောလော့၊ သင့်ကိုယ်သင် သိရှိခြင်းနှင့် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းအား ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် ခက်ခဲသလော။ အားထုတ်မှုများစွာ လိုအပ်သလော။ လိုအပ်ပေသည်။ သင်၏ မိမိကိုယ်ကို သိသည့် သိမြင်မှုသည် အပေါ်ယံအရာများအပေါ် သာမန်ကာလျှံကာ အသိအမှတ်ပြုခြင်းသာ ပါဝင်ပါက သင်သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူကြောင်း၊ ဘုရားသခင်ကို သင် ပုန်ကန်ကာ အတိုက်အခံလုပ်ကြောင်း ပြောရုံမျှပြောပါက ဤသည်မှာ စစ်မှန်သည့် သိမြင်မှုမဟုတ်ဘဲ အယူဝါဒ ဖြစ်၏။ ဤအရာထဲသို့ အမှန်တရားများကို သင်ပေါင်းစပ်ရမည်။ မှားယွင်းသည့် ကြံရွယ်ချက်များနှင့် အမြင်များ၊ သို့မဟုတ် အဓိပ္ပာယ်မရှိသည့် အယူအဆများ သင်စွဲကိုင်သည့် မည်သည့် ကိစ္စရပ်များကိုမဆို မိတ်သဟာယနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းအတွက် သင် ထုတ်ဖော်ရမည်။ ဤအရာသည်သာ မိမိကိုယ်ကို အမှန်တကယ် သိရှိခြင်း ဖြစ်သည်။ သင်သည် သင်၏ လုပ်ရပ်များတစ်ခုတည်းပေါ် အခြေခံ၍ သင့်ကိုယ်သင် သိနားလည်ခြင်းအား မရရှိသင့်ပေ။ အဓိကကျသည့်အရာကို သင် သဘောပေါက်ရမည်ဖြစ်ပြီး ပြဿနာ၏ ရင်းမြစ်ကို ဖြေရှင်းရမည်။ အချိန်ကာလတစ်ခု ကုန်လွန်သွားသည်နှင့် သင်သည် မိမိကိုယ်ကို သုံးသပ်ပြီး မည်သည့် ပြဿနာများကို သင် ဖြေရှင်းပြီးဖြစ်ကာ မည်သည့်အရာ ကျန်ရှိနေသေးသည်ကို အကျဉ်းချုပ်ရမည်။ ထို့ကြောင့် ဤပြဿနာများကို ဖြေရှင်းရန်လည်း သမ္မာတရားကို သင် ရှာဖွေရမည်။ သင်သည် မတက်မကြွ မဖြစ်ရ၊ အမှုအရာများကို လုပ်ဆောင်ဖို့ အခြားသူများက သင့်ကို ချော့ရန်၊ သို့မဟုတ် တွန်းရန်၊ သို့မဟုတ် နဖားကြိုးတပ်ရန်ပင် သင် အမြဲ မလိုအပ်ရ။ အသက်ထဲသို့ ဝင်ရောက်ခြင်းအတွက် သင်၏ ကိုယ်ပိုင် လမ်းကြောင်း ရှိရမည်။ သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲသည့် မည်သည့်အရာများကို သင် ပြောဆိုကာ လုပ်ဆောင်ပြီးဖြစ်သည်၊ သင်၏ မည်သည့် ကြံရွယ်ချက်များက မှားယွင်းပြီး မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် ထုတ်ဖော်ပြပြီးသည်ဆိုသည်တို့ကို မြင်ရန် သင့်ကိုယ်သင် မကြာခဏ ဆန်းစစ်ရမည်။ သင်သည် ဤသို့ အမြဲ လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်ပါက၊ သင့်ကိုယ်သင် တင်းကျပ်သည့် တောင်းဆိုချက်များ ပြုလုပ်ပါက သမ္မာတရားကို တဖြည်းဖြည်း နားလည်နိုင်လိမ့်မည်ဖြစ်ပြီး အသက်ထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။ သင်သည် သမ္မာတရားကို စစ်မှန်စွာ နားလည်သည့်အခါ သင် အမှန်တကယ် ဘာမျှမဟုတ်သည်ကို မြင်လိမ့်မည်။ တစ်ချက်မှာ သင်သည် ဆိုးရွားစွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည်။ နောက်တစ်ချက်မှာ သင်သည် အလွန် ချို့တဲ့လွန်းပြီး မည်သည့် သမ္မာတရားကိုမျှ နားမလည်ပေ။ ထိုသို့သော မိမိကိုယ်ကို သိသည့် သိမြင်မှုကို သင် အမှန်တကယ် ပိုင်ဆိုင်သည့် နေ့ရက်တစ်ရက် ရောက်လာလျှင် သင်သည် မာနထောင်လွှားနိုင်စွမ်းရှိတော့မည် မဟုတ်သကဲ့သို့ ကိစ္စရပ်များစွာတွင် အသိစိတ် ပိုင်ဆိုင်လိမ့်မည်ဖြစ်ကာ နာခံနိုင်စွမ်း ရှိလိမ့်မည်။ ယခု အဓိက ပြဿနာမှာ အဘယ်နည်း။ အယူအဆများ၏ အနှစ်သာရအပေါ် မိတ်သဟာယနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းမှတစ်ဆင့် လူတို့သည် ၎င်းတို့ အယူအဆများ ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို နားလည်လာကြပြီ ဖြစ်သည်။ အချို့သော အယူအဆများကို ၎င်းတို့ ဖြေရှင်းနိုင်သော်လည်း ဤသည်မှာ ၎င်းတို့အနေဖြင့် အယူအဆတိုင်း၏ အနှစ်သာရကို ရှင်းလင်းစွာ မြင်နိုင်သည်ဟု မဆိုလိုပေ။ ယင်းမှာ ၎င်းတို့အနေဖြင့် မိမိကိုယ်ကို သိသောအသိအချို့ရှိသော်လည်း ၎င်းတို့၏ သိမြင်မှုသည် လုံလောက်အောင် မနက်ရှိုင်း၊ သို့မဟုတ် မရှင်းလင်းသေးဟုသာ ဆိုလိုပေသည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် မိမိတို့ ကိုယ်ပိုင် သဘာဝနှင့် အနှစ်သာရကို ရှင်းလင်းစွာ မမြင်နိုင်ကြသေးသကဲ့သို့ မိမိတို့ စိတ်နှလုံးများတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အမြစ်တွယ်ကြပြီးဖြစ်သည်ကိုလည်း မမြင်နိုင်ကြချေ။ လူတစ်ဦးအနေဖြင့် ဤနည်းဖြင့် မိမိကိုယ်ကို သိသည့် အသိ မည်မျှ ရရှိနိုင်သည်ဆိုသည်မှာ အကန့်အသတ်ရှိ၏။ လူအချို့က “ကျွန်ုပ်၏ စိတ်သဘောထားသည် အလွန်အလွန့် မာနထောင်လွှားသည်ကို ကျွန်ုပ် သိပါသည်။ ဤသည်မှာ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် သိသည်ဟု မဆိုလိုသလော”ဟု ဆိုကြသည်။ ထိုသို့သော သိမြင်မှုသည် အလွန် အပေါ်ယံဆန်၏။ ယင်းသည် ပြဿနာကို မဖြေရှင်းနိုင်ပေ။ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိပါက အဘယ်ကြောင့် ကိုယ်ရေးကိုယ်တာ တက်လမ်းကို ရှာနေသေးသနည်း၊ အဆင့်အတန်းနှင့် ဂုဏ်ထူးဘွဲ့ထူးကို အဘယ်ကြောင့် မက်မောနေသေးသနည်း။ ဤသည်မှာ သင်၏ မာနထောင်လွှားသော စိတ်သဘောထားသည် အမြစ်မပြတ်သေးဟု ဆိုလိုသည်။ ထို့ကြောင့် ပြောင်းလဲခြင်းသည် သင်၏ အတွေးများ၊ အမြင်များ၊ သင့်စကားနှင့် လုပ်ရပ်များနောက်ကွယ်ရှိ ကြံရွယ်ချက်များမှ စတင်ရမည်။ လူတို့ပြောသည့် အရာများစွာသည် နာကြည်းစေပြီး အငြိုးသိုထားကြောင်းနှင့် ၎င်းတို့ အသုံးပြုသည့် လေသံတွင် မာနထောင်လွှားသည့် အရိပ်လက္ခဏာတစ်ခု ရှိကြောင်းကို သင်တို့ သိမှတ်သလော။ ၎င်းတို့၏ စကားများသည် ၎င်းတို့၏ ကြံရွယ်ချက်များနှင့် ကိုယ်ပိုင် အယူအဆများကို သယ်ဆောင်၏။ ထိုးထွင်းအမြင်ရှိသောသူတို့သည် ထိုစကားများကို ကြားသည့်အခါ ဤအရာကို ပိုင်းခြားသိမြင်နိုင်ကြလိမ့်မည်။ လူအချို့သည် ၎င်းတို့၏ မာနထောင်လွှားမှုက ပွင့်ထွက်လာခြင်းမရှိသည့်အခါ ပုံစံတစ်ခုခုဖြင့် စကားပြောပြီး အချို့သော အမူအရာများရှိသော်လည်း ၎င်းတို့၏ မာနထောင်လွှားမှု ထုတ်ဖော်ပြခံရသည့်အခါ ၎င်းတို့၏ အပြုအမူသည် အလွန်ကွဲပြားသွားလေသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ကြီးကျယ်သော စိတ်ကူးများအကြောင်းကို မရပ်မနား ငြီးငွေ့ဖွယ်ပြောကြလိမ့်မည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ အစွယ်နှင့် လက်သည်းများကို ထုတ်ကာ ၎င်းတို့၏ ခေါင်းများ မော့ထားကြလိမ့်မည်။ ၎င်းတို့အနေဖြင့် တောင်တန်း၏ ရှင်ဘုရင်ဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြပြီး ဤတွင် စာတန်၏ အကျည်းတန်သော မျက်နှာပေါ်လာလေသည်။ လူတိုင်း၏ စိတ်ထဲတွင် အကြံများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးစုံရှိ၏။ လည်သော လူတို့သည် စကားပြောသည့်အခါ မည်သို့မည်ပုံ မျက်စိမှိတ်ပြပြီး လူတို့ကို မသိမသာငဲ့စောင့် ကြည့်နေသကဲ့သို့သာ ဖြစ်သည်။ ဤလုပ်ရပ်များအတွင်းတွင် ဖုံးကွယ်ထားသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိ၏။ လူအချို့သည် လှီးလွှဲသော စကားများဖြင့် ပြောဆိုပြီး အခြားသူများက ၎င်းတို့ မည်သည့်အရာ ဆိုလိုသည်ကို အသေအချာ မသိကြချေ။ ၎င်းတို့၏ စကားများအတွင်းတွင် ကွယ်ဝှက်ထားသည့် အဓိပ္ပာယ်များနှင့် လှည့်ကွက်များ အမြဲ ရှိသော်လည်း အပြင်ပန်းတွင်မူ ၎င်းတို့သည် အလွန်တည်ငြိမ်ပြီး ဣန္ဒြေရကြလေသည်။ ဤသို့သော လူများသည် သာ၍ ပါးနပ်ကြပြီး သမ္မာတရားကို လက်ခံရန် ၎င်းတို့အတွက် သာ၍ပင် ခက်ခဲ၏။ ၎င်းတို့ကို ကယ်တင်ရန် အလွန်ခက်လေသည်။

ယခင်က လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသောအခါ အေးချမ်းသာယာသော အိမ်တစ်အိမ်နှင့် ၎င်းတို့ လုပ်ဆောင်သမျှတိုင်း အဆင်ပြေချောမွေ့ခြင်းဖြင့် ၎င်းတို့ အမြဲ ကျေနပ်ရောင့်ရဲကြသည်။ ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို အမှန်တကယ် ချစ်မြတ်နိုးပြီး ၎င်းတို့နှင့်ပတ်သက်၍ ကျေနပ်အားရသည်ဟု ဆိုလိုကြောင်း ၎င်းတို့ ယုံကြည်ခဲ့ကြသည်။ သင်သည် ဤအရာများဖြင့်သာ ကျေနပ်ရောင့်ရဲပါက သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ် မည်သည့်အခါတွင်မျှ စတင်လိမ့်မည် မဟုတ်ပေ။ အပြင်ပန်းတွင် သင်၏ ဘဝသည် မည်မျှ ကောင်းစွာသော၊ သို့မဟုတ် ချောမွေ့စွာသော အခြေအနေ ရှိနေသည်ဟူ၍ ကျေနပ်ရောင့်ရဲမနေနှင့်။ ထိုအပေါ်ယံအရာများသည် အရေးမကြီးပေ။ လူတို့အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းသည် ယခုတွင် လူတို့ထဲ၌ စာတန်နှင့် သက်ဆိုင်သည့် နက်ရှိုင်းစွာ အရိုးစွဲနေသော အရာများကို အရင်းမှ ရှာဖွေလေ့လာရင်းနှင့် ယင်းတို့ကို လူ၏ အနှစ်သာရနှင့် သဘာဝမှ ဖော်ထုတ်ရင်း၊ သန့်စင်စေခြင်းနှင့် ပြောင်းလဲစေခြင်းတို့ ပါဝင်၏။ လူ၏ အမြင်များနှင့် အကြံများကို ဘုရားသခင်သည် အဘယ်ကြောင့် အမြဲ စိတ်ဖြာလေ့လာဆွေးနွေးပါသနည်း။ အဘယ့်ကြောင့်ဆိုသော် လူ၏ သဘာဝသည် အလွန် နက်ရှိုင်းစွာ အမြစ်တွယ်နေသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အမှုအရာများကို သင် မည်သို့ လုပ်ဆောင်သည်၊ သို့မဟုတ် သင်သည် မည်သည့်ပုံစံရှိသည်၊ သို့မဟုတ် သင်သည် မည်မျှ အရပ်ရှည်ကို မကြည့်သကဲ့သို့ မည်သည့် မိသားစုမျိုး သင် ရှိသည်၊ သို့မဟုတ် သင် အလုပ်ရှိခြင်း မရှိခြင်းကိုလည်း မကြည့်ပေ။ ဤအရာများကို ဘုရားသခင် မကြည့်ပေ။ သင်၏ ပြဿနာများကို အနှစ်သာရနှင့် ရင်းမြစ်မှ ဖြေရှင်းရန်အလို့ငှာ ဘုရားသခင် ကြည့်သည့် အဓိကအချက်မှာ သင်၏ အနှစ်သာရဖြစ်၏။ ထို့ကြောင့် ဘုရားသခင်က သင့်ကို ကောင်းချီးပေးနေသည်ဟု တွေးထင်လျက် အေးချမ်းသာယာသည့် အိမ်နှင့် အရာရာ ချောမွေ့စွာသော အခြေအနေမျှဖြင့် မရောင့်ရဲနှင့်။ ဤသည်မှာ မှားယွင်း၏။ ဤအပြင်ပန်းအရာများကို မလိုက်စားနင့်၊ ပြီးလျှင် မိမိကိုယ်ကို ထိုအရာများအား စိတ်ဝင်စားခွင့် မပေးနှင့်။ ဤအရာများဖြင့် သင် ကျေနပ်ရောင့်ရဲပါက ဘုရားသခင်ကို သင်၏ ယုံကြည်မှုတွင် သင် လိုက်စားသည့် ရည်မှန်းချက်ပန်းတိုင်မှာ အလွန် နိမ့်ကျလွန်းပြီး သင်သည် ဘုရားသခင် တောင်းဆိုသည့်အရာအတွက် အလွန်စံမမီသည်ကို ဤအရာက ပြပေသည်။ သင်သည် သင်၏ စိတ်သဘောထား၊ လူ့သဘာဝတို့အပြင် ဘုရားသခင်ကို သင်၏ ယုံကြည်မှုတွင် သင် စွဲကိုင်သည့် ကြံရွယ်ချက်များ၊ အမြင်များဖြင့် အစပြုလျက် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို အာရုံစိုက်ရမည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယခုတင် ယုံကြည်သည့် လူများ၊ သို့မဟုတ် သူ့ကို လက်မခံကြသေးသည့် လူများနှင့် ထိတွေ့ဆက်ဆံလာရသည့်အခါ သင်သည် ပြောင်းလဲမှုတစ်ခု ကြုံရပြီးဖြစ်ကြောင်းနှင့် သင် လိုက်စားသည့်အရာမှာ ဧကန်အမှန် ကွဲပြားကြောင်းကို သင်၏ သွင်ပြင်မှ ၎င်းတို့ မြင်နိုင်ကြလိမ့်မည်။ ၎င်းတို့က “ဘုရားသခင်ကို ကျွန်ုပ်တို့၏ ယုံကြည်မှုတွင် ငွေပိုရှာခြင်း၊ အဆင့်အတန်းရှိခြင်း၊ ကျွန်ုပ်တို့၏ ကလေးများ ကောလိပ်သို့ရောက်ရှိခြင်းနှင့် ကျွန်ုပ်တို့၏ သမီးများက သင့်တော်သည့် လက်တွဲဖော် ရှာတွေ့ခြင်းတို့ကို ကျွန်ုပ်တို့ အားထုတ်ကြသည်။ ဤအရာများကို သင်အဘယ်ကြောင့် မလိုက်စားသနည်း။ သင်သည် ဤအရာများကို နောက်ချေးဖြစ်ပြီး လုံးဝ တန်ဖိုးမဲ့သည့်အလား ကြည့်သည်။ သို့ဆိုလျှင် ဘုရားသခင်ကို သင် မည်သို့ ယုံကြည်သနည်း”ဟု ဆိုကြသည်။ ထိုအခါ သင်သည် သင်၏ အတွေ့အကြုံက မည်သည့်အရာနှင့် တူသည်၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သင်၌ ရှိသည်၊ ဘုရားသခင်က သင့်ကို မည်သို့ ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းသည်၊ ပြစ်တင်ဆုံးမပြီး တရားစီရင်သည်၊ သင့်ကိုယ်သင် မည်သို့ သုံးသပ်ဆင်ခြင်ပြီး အမှုအရာများကို နားလည်သည်ဆိုသည်နှင့် သင် မည်သို့ နောင်တရကာ ပြောင်းလဲသည်ဆိုသည်တို့ကို ၎င်းတို့နှင့်အတူ မိတ်သဟာယပြု၏။ လူတို့က သင့်ကို တွေ့ဆုံသည့်အခါ ၎င်းတို့သည် သင်၏ မိတ်သဟာယက မည်မျှ လက်တွေ့ကျကြောင်း၊ ယင်းက ၎င်းတို့ကို အတော်အတန် ထောက်ပံ့ပေးပြီး ၎င်းတို့အတွက် အကျိုးရှိကြောင်း၊ ပြီးလျှင် သင်သည် လူတို့ကို ချော့ပြောကာ တိုက်တွန်းရန် အပေါ်ယံ တရား​ဒေသနာများကိုသာ ပေးနေခြင်းမဟုတ်ကြောင်း အသိစိတ်တစ်ခု ရကြလေသည်။ သင်သည် အသက်ဝင်ရောက်မှုနှင့် မိမိကိုယ်ကို သိသည့် သိမြင်မှုအကြောင်းကို ပြောနိုင်လိမ့်မည်ဖြစ်ပြီး ဤအရာက သင်သည် ခေတ်သစ်နှင့် ဆိုင်သည့် တစ်စုံတစ်ဦး၊ လူသစ်တစ်ဦး အမှန်တကယ်ဖြစ်ကြောင်း သက်သေပြလိမ့်မည်။ “ကျွန်ုပ်သည် သခင်ယေရှုကို ယုံကြည်လေ့ရှိခဲ့ပြီး အလုပ်လုပ်ဖို့ သွားသည့်နေရာတိုင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်က ကြီးမားသည့် အမှုကို ပြုခဲ့သည်။ ဧဝံဂေလိ ကျွန်ုပ် ဖြန့်ဝေသည့်အခါ လူများစွာက ကျွန်ုပ်ကို နားထောင်ရန် လိုလားလျက်ရှိကြပြီး ကျွန်ုပ် ဆုတောင်းပေးသူတိုင်း အလွန် လျင်မြန်စွာ သက်သာသွားကြသည်...”ဟု ဆိုလျက် အတိတ်ကာလ၏ အရာများအကြောင်းကို ပြောနေကြသေးသည့် သူအချို့ ယခုတွင် ရှိ၏။ ၎င်းတို့သည် ဤအရာများအကြောင်းကို ပြောနေကြဆဲဖြစ်ပြီး ဤသည်မှာ အလွန်ခေတ်နောက်ကျလေသည်။ သမ္မာတရား၊ အသက်ဝင်ရောက်မှု၊ စိတ်သဘောထား ပြောင်းလဲမှုများနှင့် မိမိကိုယ်ကိုသိသည့်အသိတို့အကြောင်းကို မိတ်သဟာယဖွဲ့ခြင်းကဲ့သို့သော အသက်ဝင်ရောက်မှုနှင့်ပတ်သက်သည့် လုပ်ဆောင်ရန် မဖြစ်မနေ လိုအပ်သောအရာများအကြောင်းကို သင်တို့သည် အချိန်ပိုယူ၍ ပြောဆိုသင့်ကြ၏။ သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်သည့်အရာများအကြောင်းကို မပြောနှင့်။ ထိုနည်းဖြင့် မကြာခဏ လက်တွေ့လုပ်ဆောင်ပါက သင်တို့သည် သမ္မာတရားစစ်မှန်မှုအချို့ ရပေမည်။ သင်တို့၏ လက်ရှိဝိညာဉ်ရင့်သန်မှုအရ သင်တို့သည် အသက်တာအတွက် ထောက်မပေးသည့်အလုပ်ကို မလုပ်နိုင်သကဲ့သို့ ပြသနာများကို ဖြေရှင်းရန် သမ္မာတရားကိုလည်း အသုံးမပြုနိုင်ပေ။ “ဘုရားသခင်ကို မနာခံခြင်းဖြစ်စေ၊ ဆန့်ကျင်ခြင်းဖြစ်စေ မလုပ်ပါနှင့်။ ကျွန်ုပ်တို့၏ ဖြစ်ခြင်းသည် အလွန်ဖောက်ပြန်ပျက်စီးနေသော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်ဆဲပင်ဖြစ်သည်၊ ထို့ကြောင့် ကိုယ်တော်၏နှုတ်ကပတ်တော်များကို နာခံပြီး ကိုယ်တော့်ထံ ဆက်ကပ်အပ်နှံသင့်သည်” ဟုပြောလျက် လူများကို ဖျောင်းဖျကာ တိုက်တွန်းခြင်းကိုသာ သင်တို့လုပ်နိုင်ကြသည်။ ထိုအရာကို ကြားပြီးနောက် လူတို့သည် အယူဝါဒများကို နားလည်သွားကြသော်လည်း သူတို့တွင် အားအင်ကင်းမဲ့ဆဲပင်ဖြစ်ကာ ဘုရားသခင်၏နှုတ်ကပတ်တော်များကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ သို့မဟုတ် မည်သို့တွေ့ကြုံခံစားရမည်ကို မသိကြပေ။ ဤအရာက သင်တို့သည် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များဖြစ်ကြသည်နှင့်အမျှ သမ္မာတရား၏ စစ်မှန်မှုကို မပိုင်ဆိုင်ကြကြောင်း သက်သေပြ၏။ သင်တို့ကိုယ်တိုင်က ဝင်ရောက်မှုကို မစွမ်းဆောင်မရရှိထားလျှင် သူတစ်ပါးတို့ကို မည်သို့လျှင် ထောက်မပေးနိုင်မည်နည်း။ သင်သည် သူတစ်ပါးတို့၏ အခက်အခဲများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အရင်းအမြစ်ကို မဖြေရှင်းပေးနိုင်သကဲ့သို့ အဓိက‌ကျသော အရာကိုလည်း သဘောမပေါက်နိုင်ချေ၊ အကြောင်းမှာ သင်တို့သည် မိမိတို့ကိုယ်မိမိ မသိဆဲပင် ရှိကြသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ အသင်းတော်ထဲရှိ သင့်အလုပ်တွင် အသက်တာကို ထောက်မပေးရန် သင်တို့ မတတ်နိုင်ကြသကဲ့သို့၊ လူတို့ကို ကောင်းမွန်ကြရန်နှင့် စိတ်အားထက်သန်စွာ နာခံကြရန် ပြောကြားလျက် တိုက်တွန်းခြင်းကိုသာ ပြုနိုင်ကြ၏။ သင်တို့သည် တကယ့်ပြဿနာများကို ဖြေရှင်းနိုင်စွမ်း မရှိကြပေ။ ဤသည်မှာ သင်တို့သည် သမ္မာတရားကို အမှန်တကယ် နားလည်ထားခြင်း၊ သို့မဟုတ် အသက်ဝင်ရောက်မှုကို အမှန်တကယ် စွမ်းဆောင် ရရှိထားခြင်း မရှိကြောင်း လုံလောက်သည့် သက်သေပင် ဖြစ်သည်။ သင်တို့အများစုသည် ဝိညာဉ်ရေးရာ အယူဝါဒများနှင့် အနှစ်မဲ့သော ဓမ္မအတွေးအခေါ်သီအိုရီများကို မည်သို့ဟောပြောရမည်ကိုသာ သိကြ၏၊ သို့သော်လည်း အသက်တာကို မထောက်မပေးနိုင်ကြပေ။ ထိုသို့ဖြစ်၍ သင်တို့အားလုံး၏ ဝိညာဉ်ရင့်သန်မှုသည် အလွန်အမင်း သေးသိမ်လှသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအပေါ် သင်၏ ရှုမြင်ပုံက မပြောင်းလဲသေး။ သင်၏နားလည်မှုနှင့် ကြံရွယ်ချက်တို့သည် ယခင်အတိုင်းပင် ဆက်ရှိနေ၏။ သင်ကိုယ်တိုင်က မိမိကိုယ်ပိုင် ပြဿနာများကို မဖြေရှင်းသေးသည့်အချိန်တွင် အခြားသူများအား ပြောင်းလဲရန် တောင်းဆိုရာ၌ ရှေ့ဆက်ရမည့် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်လော။ အခြားသူများအတွက် သင် ထောက်ပံ့ပေးနိုင်လိမ့်မည်လော။ ၎င်းတို့၏ ပြဿနာများကို သင် ဖြေရှင်းပေးနိုင်လိမ့်မည်လော။ ဤအရာတစ်ခုကိုမျှ သင် လုပ်ဆောင်နိုင်ခြင်းမရှိပါက အခြားသူများကို ပြောင်းလဲရန် တောင်းဆိုခြင်းအားဖြင့် မည်သည့် ရလဒ်များကို သင် ရရှိနိုင်သနည်း။ သင်သည် လူတို့ကို ဩဝါဒပေးကာ တိုက်တွန်းရန် အယူဝါဒစကားများကို ဟောပြောဖို့သာ တတ်နိုင်ပါက သင်သည် အခြားသူများအား သမ္မာတရားကို နားလည်စေနိုင်သလော။ သင်ကိုယ်တိုင်က ဘုရားသခင်၏ အမှုတော်အကြောင်း စစ်မှန်သည့် သိနားလည်မှု မရှိပါက သင်၏ မိတ်သဟာယကို နားထောင်ခြင်းအားဖြင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် ဘုရားသခင်၏ အမှုတော်အား နားလည်နိုင်မည်လော။ သင်ကိုယ်တိုင်သည် သင်၏ တာဝန်ကို စည်းမျဉ်းမရှိဘဲ ထမ်းဆောင်ချိန်တွင် ဘုရားသခင် ရွေးချယ်ထားသော လူတို့အား မိမိတို့တာဝန်ကို မည်သို့ ကောင်းစွာ ထမ်းဆောင်စေလိမ့်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်နောက်သို့ လိုက်ရန် မည်သို့အားတင်းကြမည်နည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ဆောင်ရွက်သောသူတို့သည် အသင်းတော်ရှိ လူမျိုးစုံတို့၏ အခြေအနေများ၊ ၎င်းတို့ထဲက မည်သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် အတွေ့အကြုံနှင့် သိနားလည်မှုတို့ရှိပြီး ၎င်းတို့ထဲမှ မည်သူသည် အမှန်တကယ် မိမိကိုယ်ကို သိသောအသိရှိကာ အမှန်တကယ် နောင်တရသည်ဆိုသည်တို့ကို သဘောပေါက်ကာ ကျွမ်းကျင်ပိုင်နိုင်သင့်ကြသည်။ ဤအရာများကို ကျွမ်းကျင်ပိုင်နိုင်သည့် ထိုခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်တွေ့ကျသည့် အလုပ်အချို့ကို ဆောင်ရွက်နိုင်စွမ်း ရှိလိမ့်မည်။ သင်၏ တာဝန်တွင် အတူ အလုပ်လုပ်သောသူများသည် မိမိကိုယ်ကို သိသည့် မည်သည့် သိမြင်မှုမျှ လုံးဝမရှိဘဲ အခြားသူများကို ဩဝါဒပေးလျက် သင်ကဲ့သို့သာ ဖြစ်ပါက ယင်းမှာ သင်သည်လည်း သမ္မာတရား၏ စစ်မှန်မှု မပိုင်ဆိုင်ကြောင်း၊ သင့်ကိုယ်သင် မသိကြောင်းနှင့် သင်တို့ကြားတွင် ကွာခြားချက်မရှိကြောင်း သက်သေပြပေသည်။ ဤအရာများကို ယခင်က သင်တို့ စဉ်းစားဖူးပါသလော။ သင်တို့က “ဤနေရာတွင် ကျွန်ုပ်ကို အာဏာ ပေးထားပါသည်၊ ကျွန်ုပ်တွင် အဆင့်အတန်းရှိသည်၊ အသင်းတော်တွင် ကျွန်ုပ် အရာရှိတစ်ဦးဖြစ်ပြီး ယခုတွင် အခြားသူများကို ဩဝါဒပေးရန် နေရာတစ်နေရာ ရှိပါသည်” ဟုသာ သိရှိကြသည်။ သင်သည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာ၊ အခြားသူများအား မည်သို့ ဩဝါဒပေးရမည်၊ တရားဒေသနာများ မည်သို့ဟောကြားရမည်၊ အခြားသူများက သင့်ကို နားထောင်စေရန်၊ အသင်းတော်အချို့တွင် သင့်ကို ဩဇာလွှမ်းမိုးမှုပေးစေရန်၊ မြင့်မားသည့် ဂုဏ်သိက္ခာကို ရရှိရန်နှင့် သင်၏ ရာထူးကို ခိုင်မာစွာ ထူထောင်ရန် မည်သည့်အရာ ပြောရမည်ဆိုသည်တို့ကိုသာ အာရုံစိုက်၏။ ဤအရာများကိုသာ အာရုံစိုက်ခြင်းက သင်သည် သွေဖည်သွားပြီဖြစ်ကြောင်း သက်သေပြပေသည်။ ခေတ်ဟောင်းမှ ခေတ်သစ်သို့ ဝင်ရောက်ခြင်းသည် လူတို့၏ အမှုအရာများ လုပ်ဆောင်ခြင်းနှင့် ပြောဆိုခြင်းတို့ ပြောင်းလဲသည်ကို ဆိုလိုသည်သာမက သာ၍ မြင့်မားသော ဝင်ရောက်မှုတစ်ခု ရှိရန်၊ သာ၍ မြင့်မားသော အဖိုးအခပေးရန်၊ မိမိတို့၏ ဇာတိပကတိကို အပြီးအပိုင်စွန့်လွှတ်နိုင်ရန်၊ ဇာတိပကတိ၏ မက်မောခြင်းများကို စွန့်ရန်၊ သမ္မာတရားကို မိမိတို့၏ အသက်အဖြစ် လိုက်စားရန်နှင့် စစ်မှန်သော လူသား ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ရန်လည်း လိုအပ်ပေသည်။ ဤနည်းဖြင့်သာ လုံးလုံးလျားလျား ပြောင်းလဲခြင်းကို ၎င်းတို့ အမှန်တကယ် ကြုံနိုင်ပေသည်။ အမှုသစ်ကို လုပ်ဆောင်ရာတွင် ဘုရားသခင်သည် လူသားအပေါ် တောင်းဆိုးချက်အသစ်များ သေချာပေါက် ပြုလုပ်ရမည်ဖြစ်ပြီး ထိုအိုဟောင်းသည့်၊ ရိုးရာ အယူအဆများကို ဖက်တွယ်ခြင်းအားဖြင့် လူသည် အမှုအရာများကို ဖင့်နှေးရုံသာရှိ၏။ လူအချို့သည် ကျမ်းစာကို မျက်ကန်ယုံကြည်ခြင်းရှိကြပြီး ထိုကျမ်းစာမှ မည်သည့်အခါတွင်မျှ မသွေဖည်ကြချေ။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် အသက်ကို ၎င်းတို့ ရရှိနိုင်စွမ်းရှိပြီး ဘုရားသခင်ကို သိရှိနိုင်စွမ်း ရှိကြသလော။ လုံးဝ မရှိကြပေ။ နောက်ဆုံးတွင် သမ္မာတရားကို ဖော်ပြနေခဲ့သည့် သခင်ယေရှုကို ကားတိုင်တွင် သံမှိုရိုက်သည်အထိတိုင် ဖာရိရှဲများသည် မျိုးဆက်နှင့်ချီ ကျမ်းစာကို ဖတ်ရှုခဲ့ကြသည်။ ယင်းမှာ အဘယ်သို့ ဖြစ်ရသနည်း။ ကျမ်းစာကို ၎င်းတို့ အမှန်တကယ် သိနားလည်ခဲ့ပါက ဘုရားသခင်ကို သိရှိခဲ့သင့်ကြပြီး သခင်ယေရှု ကြွလာခဲ့ချိန်တွင် သူ့ကို ကြိုဆိုခဲ့သင့်ကြကာ မရှုတ်ချခဲ့သင့်ပေ။ ဤကိစ္စရပ်ကို သိနားလည်မှုဖြင့် နက်ရှိုင်းစွာ သဘောပေါက်နိုင်ခြင်း မရှိသည့် လူများစွာ ရှိနေဆဲဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်သည် ယခု မိန့်မြွက်ချက်များ မည်မျှပြုလုပ်သည်ဖြစ်စေ ၎င်းတို့အနေဖြင့် ကျမ်းစာကို ဖတ်ရဦးမည်ဖြစ်ပြီး ထိုကျမ်းစာမှ မသွေဖည်ရဟု အမြဲ တွေးနေကြ၏။ ဤသည်မှာ ၎င်းတို့သည် အဆုံးတွင် ကျမ်းစာထဲ၌ ရေးသားထားသည့် အရာများစွာကို မှတ်မိကြသော်လည်း ယခုအချိန်တွင် ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများကို နားလည်နိုင်ခြင်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသည်ကို ဆိုလိုသည်။ အဆုံးတွင် မိမိတို့၏အတွေ့အကြုံများအတွက် စစ်မှန်သည့် သက်သေကို ၎င်းတို့ မခံကြသကဲ့သို့ ၎င်းတို့ ဖယ်ရှားခံကြရလေသည်။ ဤသည်မှာ ရှက်ဖွယ်ဖြစ်သည် မဟုတ်လော။ တကယ့် အမှန်တရားမှာမူ ယခုအချိန်တွင် သမ္မာကျမ်းစာကို မကြာခဏ ဖတ်ရှုနေကြဆဲဖြစ်သည့် လူများစွာ ရှိသော်လည်း ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည့်လူမှာ အလွန်နည်းပါး၏။ ဤသည်မှာ လုပ်ဆောင်ရန် ချက်ချာပါးနပ်သောအရာလော၊ သို့မဟုတ် မိုက်မဲသော အရာလော။ ယခင်က ၎င်းတို့အနေဖြင့် သခင့်ကို ယုံကြည်ခဲ့ကြချိန်တွင် ကြီးမားသည့် စိတ်ထက်သန်မှုသည် ကြီးမြတ်သည့် ဘဝနှင့် ကောင်းမွန်သည့် ယုံကြည်ခြင်းတစ်ခုကို ဆိုလိုသည်ဟု လူတို့ ယုံကြည်ခဲ့ကြသည်။ ယခုတွင် စိတ်ထက်သန်မှုသာရှိပြီး စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုမရှိဘဲ အကြင်သူသည် ဘုရားသခင်၏ ချီးကျူးခြင်းခံရမည်မဟုတ်ဟု ပြောထားသည့်အခါ လူအချို့က ဘုရားသခင်သည် ထိုသို့သောလူများကို မမျှမတ ဆက်ဆံသည်ဟု အမြဲ တွေးထင်ကြသည်။ ယခင်က ထိုသို့သောလူအချို့ကို ငါကိုင်တွယ်ဖြေရှင်းပြီးဖြစ်ကာ ၎င်းတို့ထဲမှ အချို့သည် ထိုကိုင်တွယ်ဖြေရှင်းခြင်းကို လက်မခံကြသကဲ့သို့ “သူတို့သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ကြပြီး ဖြစ်သည်။ သူတို့သည် အဖိုးအခပေးပြီး များစွာ ဆင်းရဲးဒုက္ခခံစားရပြီးဖြစ်ကာ မည်သည့် ပံ့ပိုးမှုမျှ သူတို့ မပြုလုပ်ရသေးလျှင်ပင် အလုပ်ကြိုးစားကြပြီး ဖြစ်သည်။ ကိုယ်တော်သည် သူတို့ကို အဘယ်သို့ ဤသို့ ဆက်ဆံနိုင်ရသနည်း”ဟု ဆိုလျက် ထိုသို့သောလူများကို ခုခံကာကွယ်ပေးခဲ့ကြသည်။ လူအချို့သည် မိမိတို့၏ အမြင်များကို မပြုပြင်နိုင်ကြချေ။ ဤသည်မှာ နားလည်ရန် ခက်ခဲသလော။ လူတို့သည် အခြားသူများက အမှုအရာများကို အပြင်ပန်းအရ မည်သို့လုပ်ဆောင်သည်ကို ကြည့်၏၊ ဘုရားသခင်မှာမူ ၎င်းတို့၏ အနှစ်သာရကို ကြည့်၏။ ယင်းမှာ အလွန်ကွာခြားသော အရာတစ်ခု ဖြစ်သည်။ တစ်စုံတစ်ဦးက အပြင်ပန်းတွင် မည်မျှ ဘုရားတရား ကိုင်းရှိုင်းသည်၊ ၎င်းတို့ မည်မျှ စကားကောင်းစွာ ပြောဆိုနိုင်သည်ဆိုသည်နှင့် ၎င်းတို့ မည်မျှ ဟိုသည်ပြေးလွှားပြီး အဖိုးအခပေးသည်ဆိုသည်တို့ကိုသာ သင် မြင်သည်။ အယူအဆမည်မျှ ၎င်းတို့ သိုထားနေကြသည်၊ သို့မဟုတ် ၎င်းတို့ မည်မျှ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူပြီး မာနထောင်လွှားကြသည်ဆိုသည်တို့ကို သင် မပြောဆိုသည်မှာ အဘယ်သို့ ဖြစ်သနည်း။ ထိုအရာများကို အဘယ်ကြောင့် သင် မမြင်သနည်း။ ယင်းမှာ အမှုအရာများအပေါ် သင်တို့၏ အမြင်များသည် အလွန် အိုဟောင်းနေဆဲဖြစ်ပြီး ခေတ်နောက်ကျန်သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ ယခုတွင် ဘုရားသခင်သည် အပြင်ပန်းအရ လူတို့ပေးသည့် အဖိုးအခကို မကြည့်ပေ။ ပေးထားသည့် အဖိုးအခ၊ သို့မဟုတ် သင်၏ အရင်းအနှီးအကြောင်းကို သူ မပြောဆိုသကဲ့သို့ သင် မည်မျှ ဆင်းရဲဒုက္ခခံခဲ့ရသည်ကိုလည်း မပြောပေ။ သူသည် သင်၏ အနှစ်သာရကို ကြည့်၏။ ယခင်ခေတ်ကာလတွင် လူတို့ကို အသုံးပြုခြင်းအတွက် စည်းမျဉ်းများမှာ အဘယ်နည်း။ အလွန် စိတ်ထက်သန်သူ မည်သူမဆို၊ ဟိုသည်ပြေးလွှားပြီး မိမိတို့ကိုယ်ကို အသုံးခံနိုင်သောသူ မည်သူမဆို၊ ဘုရားသခင်ကို အချိန်အကြာဆုံး ယုံကြည်ခဲ့ပြီးသောသူ မည်သူမဆိုနှင့် အသက်အကြီးဆုံးနှင့် အိမ်ထောင်မပြုရသေးသောသူ မည်သူမဆို၊ တစ်စုံတစ်ဦးသည် ဤဖော်ပြချက်နှင့် သာ၍ ကိုက်လေ၊ သာ၍ ဂုဏ်သိက္ခာရှိလေ ဖြစ်ပြီး ၎င်းတို့ ခေါင်းဆောင်များ သာ၍ ဖြစ်လာနိုင်စွမ်း ရှိလေဖြစ်သည်။ ထိုအရာများသည် နောက်ထပ် အရေးမကြီးတော့ပေ။ အရေးကြီးသည်မှာ လူတစ်ဦး၏ အနှစ်သာရဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အဓိကဖြစ်သည့်အရာမှာ လူတစ်ဦး၏ အနှစ်သာရက မည်သည့်အရာနှင့်တူသည်၊ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ကိုးကွယ်နိုင်ခြင်း ရှိမရှိဆိုသည်နှင့် ဘုရားသခင်၏ အမှုသစ်ကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဆိုသည်တို့ ဖြစ်သည်။ ယခုတွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီးဖြစ်သဖြင့် သူ့ကို သင် မသိရှိပါက ယင်းက သင်၏ အနှစ်သာရနှင့် ပတ်သက်၍ မည်သည့်အရာကို ပြောဆိုပါသနည်း။ သင်၏ အနှစ်သာရက ဘုရားသခင်ကို အတိုက်အခံလုပ်သည် မဟုတ်လော။ ဤသည်မှာ သင်၏ အမြင်များနှင့် ကြံရွယ်ချက်များက ဘုရားသခင်နှင့် ကိုက်ညီနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်၏။ သင်သည် မှန်သောလမ်းခရီးကို လက်ခံနိုင်ပြီး သင်၏ ယခင် ကြံရွယ်ချက်များနှင့် အယူအဆများကို စွန့်လွှတ်နိုင်ပါက သင်ကဲ့သို့သော လူများသည် ဘုရားသခင်၏ လက်ခံခြင်းနှင့် ကောင်းချီးပေးခြင်း ခံရနိုင်ပေသည်။ ဘုရားသခင်က သူ၏ အမှုတော်တွင် လူတို့ကို အသုံးပြုပုံအတွက် စည်းမျဉ်းများ ရှိ၏။ သူသည် သင်၏ အရင်းအနှီး၊ မိသားစု နောက်ခံ၊ ဂုဏ်သိက္ခာ၊ သို့မဟုတ် အဆင့်အတန်းတို့ကို မကြည့်ချေ။ သူ့ကို အတိုက်အခံလုပ်သူများကို သူ အသုံးမပြုပေ။ ယင်းက သူ၏ အမှုတော်ကိုသာ နှောင့်နှေးစေမည် မဟုတ်လော။ လူတို့သည် မိမိတို့၏ အရင်းအနှီးအကြောင်းသာ အမြဲ ပြောဆိုနေကြသည်၊ အတိုင်းထက်အလွန် မာနထောင်လွှားကြသည်။ ၎င်းတို့သည် နတ်ဆိုးများပေတည်း။ ငါတို့သည် ပူဇော်သက္ကာများ၊ မိမိကိုယ်ကို အသုံးခံခြင်း၊ အရင်းအနှီးနှင့် ဂုဏ်သိက္ခာကဲ့သို့သော အရာများအကြောင်းကို မပြောဆိုပေ။ ထိုအရာများကို ပြောဆိုရန်မှာ အချည်းနှီးဖြစ်၏။ ဘုရားသခင်အဖို့ အရိုးသားအစစ်မှန်ဆုံးနှင့် ဘုရားသခင်ကို နာခံရန် အလိုလားဆုံးသောသူ မည်သူမဆိုသည် သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်လိမ့်မည်ဖြစ်ပြီး ထိုသို့သောလူများကို ငါတို့ လက်ခံသည်။ အပြင်ပန်းကို ကြည့်ရာတွင် အဓိပ္ပာယ်တစ်ခုတလေ ရှိပါသလော။ လူတစ်ဦးအတွက် အချို့သော အရာများသည် အပြင်ပန်းအရ ပြောင်းလဲကောင်း ပြောင်းလဲနိုင်သော်လည်း ၎င်းတို့ သဘာဝအတွင်းရှိ အမှုအရာများစွာသည် ပြောင်းလဲမည်မဟုတ်သကဲ့သို့ အချိန်တစ်ခု ရောက်သည့်အခါ ထိုအရာများ ထွက်ပေါ်လာကြလိမ့်မည်။ ထို့ကြောင့် သင်သည် ဤအရာများကို နားလည်ကာ ဖော်ထုတ်ရမည် ဖြစ်သည်။ လူတစ်ဦး၏ သဘာဝအတွင်းတွင် အမှုအရာများစွာ ရှိ၏။ လူ၏ သဘောသဘာဝသည် မာနထောင်လွှားသည်၊ မိမိကိုယ်ကို အမှန်ထင်ပြီး ပုန်ကန်တတ်သည်မှာ အမှန်ဖြစ်ကာ၊ ဤအရာများသည် အကြီးမားဆုံး၊ အမြစ်အတွယ်ဆုံးသော ပြဿနာများ ဖြစ်သည်။ ဤအရာများမှလွဲ၍ လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများစွာလည်း ရှိ၏။ ထို့ကြောင့် မိမိကိုယ်ကို သိခြင်းသည် ရိုးရှင်းသည့် ကိစ္စတစ်ခု မဟုတ်ပေ။ အစွမ်းအစ အတိုင်းအတာအချို့ရှိသောသူတို့သည် တစ်စုံတစ်ရာကို ၎င်းတို့ တလွဲလုပ်မိသည့်အခါ၊ သို့မဟုတ် အပြစ်အချို့ ကျူးလွန်မိသည့်အခါ အလွယ်တကူ သိကာ နားလည်လာကြလိမ့်မည်။ သို့ရာတွင် ၎င်းတို့ သဘာဝအတွင်းရှိ အမှုအရာများ၊ ၎င်းတို့ စိတ်သဘောထားအတွင်းရှိ အမှုအရာများနှင့် အထူးသဖြင့် ၎င်းတို့၏ ပဓာနဖြစ်သော အားနည်းချက်များနှင့် ဆက်နွှယ်သည့်ထိုအရာများသည် ၎င်းတို့ တွေ့မြင်ပြီး သိရှိရန် အခက်အတွေ့ဆုံးသော အရာများ ဖြစ်သည်။ တစ်စုံတစ်ခုကို သင်အမှားလုပ်မိပြီး ဘုရားသခင်ထံ ဆုတောင်းသည့်အခါ၊ သို့မဟုတ် အပြစ်တစ်ခု ကျူးလွန်မိပြီး ဘုရားသခင်ထံ ဝန်ချသည့်အခါ ယင်းမှာ သင့်ကိုယ်သင် သိရှိသည့်သဘောဖြစ်သည်ဟု မတွေးထင်လေနှင့်။ ယင်းမှာ မိမိကိုယ်ကို သိသည့် သိမြင်မှုနှင့် အလွန်ဝေး၏။ ငါ့ကို သင်မယုံကြည်ပါက သင် ဆက်ကြည့်လော့။ အချို့သော ပြဿနာကို သင် ကြုံပြီး ကျရှုံးသည့် နေ့တစ်နေ့ ရောက်ကောင်း ရောက်လာလိမ့်မည်၊ သို့မဟုတ် သင် အဖမ်းခံရပြီး ညတွင်းချင်း ယုဒဖြစ်လာကာ သင် မှင်တက်မိမည့် အချိန်တစ်ခု ရောက်ကောင်းရောက်လာနိုင်သည်။ သင်သည် အသက်ဝင်ရောက်မှု ရှိလိုပါက ပထမဦးစွာ သင့်ကိုယ်သင် သိရှိရမည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို သင် စွမ်းဆောင်ရရှိလိုပါက ဘုရားနှုတ်ကပတ်တော်များမှတစ်ဆင့် သင့်ကိုယ်သင် သာ၍ပင် သုံးသပ်ပြီး သိရှိရမည်။ မိမိကိုယ်ကို သိသည့် အသိပညာဖြင့် ရှေ့ဆက်ရမည့် လမ်းတစ်ခု သင် ရှိလာသည့်အခါ၊ သင်၏ မိမိကိုယ်ကို သိသည့် အသိပညာ သာ၍ နက်ရှိုင်းသည့်အခါ၊ ပြီးလျှင် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်သိသည့်အခါတွင် သင်သည် အလိုအလျောက် အသက်ဝင်ရောက်မှု ရရှိလိမ့်မည်။ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုသည်လည်း ဤအချိန်တွင် စတင်လေသည်။ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိနိုင်ပါက အသက်ဝင်ရောက်မှုနှင့်အတူ ရှေ့ဆက်ရမည့် လမ်းတစ်ခုနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု ရှိလိမ့်မည်ဖြစ်ပြီး ဤအရာများသည် သင့်အတွက် သာ၍ လွယ်ကူလာလိမ့်မည်။

၁၉၉၅ ခုနှစ် နှောင်းပိုင်းကာလ

အရှေ့သို့- ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်

နောက်တစ်ခုသို့- နိုင်ငံတော်ခေတ်၌ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့်ပတ်သက်၍

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။