ကျရှုံးမှု၊ ပြိုလဲမှု၊ စမ်းသပ်မှု၊ စစ်ဆေးမှုတို့အား မည်သို့ တွေ့ကြုံရမည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

ကောက်နုတ်ချက် (၅၉)

ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့အားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သေလိုပြီး သင်၏အကြံအစည်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်လိုသည့် အနေအထားအထိရောက်ကာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံမည်ဖြစ်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ချုပ်နှောင်မှုကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ လူတို့သည် မိမိတို့၏ ဆိုးယုတ်သော သဘာဝ၏ ချုပ်နှောင်ခြင်းကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ ၎င်းတို့၏ ကိုယ်ပိုင် အလိုဆန္ဒများ၊ ၎င်းတို့၏လိုအင်များ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို ၎င်းတို့သည် ယင်းကဏ္ဍများတွင် ဒုက္ခဆင်းရဲခံသင့်သည်။ ဒုက္ခဆင်းရဲထဲ၌သာ သင်ခန်းစာများကို သင်ယူနိုင်ပြီး၊ ယင်းမှာ သမ္မာတရားကို ရနိုင်စွမ်းနှင့် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။ အမှန်အားဖြင့် သမ္မာတရားများစွာကို နာကျင်သော စမ်းသပ်မှုများအား တွေ့ကြုံခြင်းဖြင့် နားလည်ကြခြင်း ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး လွယ်ကူသော ပတ်ဝန်းကျင်တစ်ခု၌ ရှိသောအခါ၊ သို့မဟုတ် အခြေအနေများ ကောင်းမွန်နေသောအခါ၌ မည်သူမျှ ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်ခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုနိုင်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ခြင်း ရှိနိုင်မည် မဟုတ်ပေ။ ထိုအရာမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

ကောက်နုတ်ချက် (၆၀)

အချို့သောလူများသည် ခေါင်းဆောင်တစ်ယောက်အဖြစ် လက်တွေ့ကျသော တာဝန်တစ်ခုမျှ မလုပ်ဆောင်ခြင်း၊ သို့မဟုတ် ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များကို အငမ်းမရဖြစ်ခြင်းကြောင့် ထုတ်ပယ်ခံရခြင်းကဲ့သို့သော ကျရှုံးမှုအချို့ကို အတိတ်တွင် တွေ့ကြုံခဲ့ကြ၏။ အကြိမ်အနည်းငယ်မျှ ထုတ်ပယ်ခံရပြီးသည့်နောက်တွင် ၎င်းတို့ထဲမှ အချို့သည် အစစ်အမှန် ပြောင်းလဲခြင်း အနည်းငယ်ကို အမှန်ပင် ကြုံကြရ၏၊ သို့ဖြစ်ရာ ထုတ်ပယ်ခံရခြင်းသည် လူများအတွက် ကောင်းသောအရာလော၊ သို့မဟုတ် ဆိုးသောအရာလော။ (ကောင်းသောအရာ ဖြစ်ပါသည်။) လူများသည် ပထမဆုံးအကြိမ် တာဝန်မှ ထုတ်ပယ်ခံရသည့် အချိန်၌ ကောင်းကင်ကြီး ပြိုကျနေသကဲ့သို့ ခံစားမိကြ၏။ ၎င်းတို့၏ စိတ်နှလုံးများ ကွဲကြေသွားသလိုပင် ဖြစ်သည်။ ၎င်းတို့သည် မိမိကိုယ်ကို မထိန်းနိုင်တော့သည့်အပြင် မည်သည့် လမ်းကြောင်းသို့ ဝင်ရောက်ရမည်ကိုလည်း မသိကြပေ။ သို့သော် ထိုအတွေ့အကြုံ နောက်ပိုင်းတွင်မူ “ယင်းမှာ ထိုမျှ ကြီးမားသည့် ကိစ္စကြီးလည်း မဟုတ်ခဲ့ပါ။ ငါ၏ဝိညာဉ်ရင့်သန်မှုက ယခင်က အဘယ်ကြောင့် နည်းလွန်းခဲ့သနည်း။ ငါသည် အဘယ်သို့များ အများကြီး မရင့်ကျက်နိုင်ခဲ့ရသနည်း” ဟူ၍ ၎င်းတို့က တွေးကြ၏။ ၎င်းတို့အနေဖြင့် အသက်တာတွင် တိုးတက်မှု ရှိခဲ့ပြီဖြစ်ကြောင်း၊ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်၊ သမ္မာတရားနှင့် လူသားအပေါ် ဘုရားသခင်၏ ကယ်တင်ခြင်း ရည်ရွယ်ချက်တို့ကို အနည်းငယ် နားလည်ခဲ့ကြပြီဖြစ်ကြောင်းတို့ကို ဤအရာက သက်သေပြ၏။ ဤသည်မှာ ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံရခြင်း ဖြစ်စဉ်ပင် ဖြစ်သည်။ သူ၏အမှုတော်တွင် ဘုရားသခင် အသုံးပြုသော ဤနည်းလမ်းများကို သင်သည် နာခံ၊ လက်ခံရမည်။ ထိုနည်းလမ်းများမှာ သင့်အား အမြဲမပြတ် ပြုပြင်ကာ၊ ကိုင်တွယ် ဖြေရှင်းခြင်း၊ သို့မဟုတ် သင့်အပေါ် သုံးသပ်ချက်များ ချမှတ်ခြင်း၊ သင့်အား အလားအလာမရှိဟု ပြောဆိုခြင်း၊ သင်သည် ကယ်တင်ခံရမည့် လူတစ်ယောက် မဟုတ်ဟု ပြောဆိုခြင်း၊ ထို့အပြင် သင့်အား ပြစ်တင်ရှုတ်ချ၍ ကျိန်ဆဲခြင်းတို့ ဖြစ်သည်။ သင်သည် အပျက်သဘောဆောင်ခြင်းကို ခံစားကောင်း ခံစားရနိုင်သည်။ သို့သော် သမ္မာတရားကို ရှာဖွေခြင်း၊ မိမိကိုယ်ကို ဆင်ခြင်ခြင်းနှင့် မိမိကိုယ်ကို သိခြင်းတို့ဖြင့် သင်သည် များမကြာမီ ပြန်ထူထောင်လာနိုင်ပြီး ဘုရားသခင်နောက် လိုက်လျှောက်၍ သင်၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်လာနိုင်လိမ့်မည်။ ဤသည်မှာ အသက်၌ ကြီးထွားခြင်းဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။ ထို့ကြောင့် ထုတ်ပယ်ခံရခြင်းကို ပို၍ တွေ့ကြုံရခြင်းသည် ကောင်းသလော၊ သို့မဟုတ် ဆိုးသလော။ သူ၏ အမှုတော်တွင် ဘုရားသခင် အသုံးပြုသော ဤနည်းလမ်းမှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) သို့ရာတွင် လူများသည် တစ်ခါတစ်ရံ၌ ဤအဖြစ်ကို အသိအမှတ်မပြုသည့်အပြင် လက်မခံနိုင်ကြချေ။ အထူးသဖြင့် ထုတ်ပယ်ခြင်းကို ပထမဆုံး တွေ့ကြုံရသည့်အခါ ၎င်းတို့အနေဖြင့် မမျှမတ ဆက်ဆံခံနေရသည်ဟု ခံစားမိကြ၏၊ ၎င်းတို့သည် ဤ အကျပ်အတည်းကို မကျော်လွှားနိုင်ကြဘဲ၊ ဘုရားသခင်အား အမြဲတစေ အကျိုးအကြောင်းပြ ပြောဆိုကာ အပြစ်တင်နေကြ၏။ ၎င်းတို့သည် အဘယ်ကြောင့် မကျော်လွှားနိုင်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်နှင့် သမ္မာတရားကို ပြဿနာ ရှာနေခြင်းကြောင့်လော။ လူများသည် သမ္မာတရားကို နားမလည်သောကြောင့်လည်းကောင်း၊ မိမိကိုယ်မိမိ မည်သို့ ဆင်ခြင်ရမှန်း မသိသောကြောင့်လည်းကောင်း၊ ၎င်းတို့အတွင်းမှ ပြဿနာများကို မရှာဖွေသောကြောင့်လည်းကောင်း ဖြစ်၏။ ၎င်းတို့သည် ၎င်းတို့စိတ်နှလုံးများအတွင်း နာခံရန် ငြင်းဆိုကြပြီး ထုတ်ပယ်ခြင်း ခံရသည့်အခါ ဘုရားသခင်ကို စတင်၍ အကဲစမ်းလာကြတော့သည်။ ၎င်းတို့သည် ထုတ်ပယ်ခံရခြင်းဟူသော အမှန်တရားကို လက်မခံနိုင်ကြဘဲ မကျေမချမ်းဖြစ်မှုများ ပြည့်နှက်ကုန်သည်။ ဤအချိန်၌ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ပြင်းထန်လွန်း၏၊ သို့သော် နောင်တွင် ယင်းအကြောင်းကိစ္စအား ပြန်ကြည့်မိကြသည့်အခါ ၎င်းတို့အနေဖြင့် ထုတ်ပယ်ခံရသည်မှာ မှန်ကန်ကြောင်းကို ၎င်းတို့ မြင်နိုင်ကြ၏။ ယင်းသည် နောက်ဆုံးတွင် ၎င်းတို့အား အသက်တာတွင် တိုးတက်မှုအနည်းငယ် ဖြစ်မြောက်စေဖို့ ထောက်ကူပေးခဲ့သည့် ကောင်းသောအရာတစ်ခု ဖြစ်နေခဲ့သည်။ ၎င်းတို့သည် အနာဂတ်တွင် ထုတ်ပယ်ခံရခြင်းကို ထပ်မံ ရင်ဆိုင်ရသည့်အခါ ဤနည်းအတိုင်း အကဲစမ်းကြဦးမည်လော။ (အခေါက်တိုင်းတွင် အကဲစမ်းခြင်း နည်းသည်ထက် နည်းလာပါသည်။) ဤအရာသည် တရွေ့ရွေ့ တိုးတက် ကောင်းမွန်လာခြင်းမှာ ပုံမှန်ပင်ဖြစ်၏။ မည်သည့်အရာမျှ မပြောင်းလဲလျှင် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြကြောင်းနှင့် ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြကြောင်းကို ဤသည်က သက်သေပြ၏။ ထို့နောက် ၎င်းတို့သည် လုံးလုံးလျားလျား ဖော်ထုတ်ခံရပြီး ဖယ်ရှားခံကြရကာ ကယ်တင်ခြင်းကို ရရှိရန်လည်း မဖြစ်နိုင်ချေ။

ကျရှုံးမှုများ၊ မှောက်မှားမှုများနှင့် ထုတ်ပယ်ခံရမှုများသည် ကယ်တင်ခြင်း ရရှိကာ စုံလင်အောင် ပြုလုပ်ခံရခြင်း ဖြစ်စဉ်အတွင်း လူများအားလုံး တွေ့ကြုံရမည့် အရာများ ဖြစ်၏၊ ထို့ကြောင့် ယင်းတို့အား များစွာ ရေးကြီးခွင့်ကျယ် မလုပ်ကြနှင့်။ သင်သည် ထုတ်ပယ်ခံလိုက်ရသည့် လူများအား စိတ်ဒုက္ခ ခံစားနေရခြင်း၊ အပျက်သဘောဆောင်လာကြခြင်းကို မြင်သည့်အခါ တစ်နေ့တွင် သင်သည်လည်း ထုတ်ပယ်ခံရနိုင်ကာ ၎င်းတို့ထက် ပို၍ပင် ဆိုးဝါးနိုင်သောကြောင့် ၎င်းတို့အား မလှောင်ပြောင်နှင့်။ သင်တို့သည် တစ်နေ့တွင် ထုတ်ပယ်ခံရခြင်းကို ရင်ဆိုင်ရလျှင် အပျက်သဘောဆောင်လာကြ၍ ခါးခါးသီးသီး ငိုကြွေးကြမည်လော။ စောဒကတက်ကြမည်လော။ မိမိ၏ ယုံကြည်ခြင်းကို ရပ်တန့်ချင်လာမည်လော။ ယင်းသည် သင့်အနေဖြင့် ဘုရားသခင်ကို ယုံကြည်ပြီးသည့် ကာလအတွင်း သမ္မာတရားကို လက်ခံထားခြင်း ရှိမရှိ၊ သင်သည် သမ္မာတရား မည်မျှကို အမှန်တကယ် နားလည်ထားပြီး ဟုတ်မဟုတ်၊ ထို့ပြင် သင် နားလည်သည်ဟု ထင်မြင်သော သမ္မာတရားများမှာ သင်၏စစ်မှန်မှု ဖြစ်မဖြစ် စသည်တို့အပေါ် မူတည်၏။ ဤသမ္မာတရားများမှာ သင်၏ စစ်မှန်မှု ဖြစ်လာခဲ့ပြီးလျှင် သင်သည် ဤစမ်းသပ်မှုနှင့် စစ်ဆေးခြင်းကို အောင်မြင်ကျော်လွှားရန် ဝိညာဉ်ရင့်သန်မှု ရှိလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရား စစ်မှန်မှုကို မပိုင်ဆိုင်လျှင် ဤထုတ်ပယ်ခံရခြင်းမှာ သင့်အတွက် ဘေးဒုက္ခတစ်ခု ဖြစ်လာပေမည်။ ဆိုးဆိုးဝါးဝါး အဆုံးသတ်ခဲ့လျှင်မူ သင်သည် လဲပြိုကျကာ ပြန်ထနိုင်ဖြစ်လိမ့်မည် မဟုတ်။ အချို့သော လူများမှာမူ အသိတရား အနည်းငယ်မျှ ရှိကြပြီး “ငါသည် ဘုရားသခင်၏ ကျေးဇူးတော်ကို မြောက်မြားစွာ ခံစားပြီးခဲ့ပြီ။ တရားဒေသနာများကိုလည်း နှစ်ပေါင်းများစွာ ကြားနာခဲ့ပြီးပြီ။ ဘုရားသခင်သည်လည်း ငါ့ကို ချစ်ခြင်းများစွာ ပေးထားခဲ့ပြီ။ ငါသည် ၎င်းတို့ကို မေ့ပစ်၍ မဖြစ်ပေ။ အနည်းဆုံးတော့ဖြင့် ဘုရားသခင်၏ မေတ္တာကို ပြန်ပေးဆပ်ရမည်” ဟူ၍ ဆိုကြ၏။ ထို့နောက် ၎င်းတို့သည် မိမိတို့တာဝန်များကို အပျက်သဘောဆောင်စွာနှင့် မတုန်မလှုပ်ဖြင့် ထမ်းဆောင်ကြပြီး သမ္မာတရားအတွက် ကြိုးစားခြင်း မရှိကြသလို အသက်အတွင်းသို့ အနည်းငယ်မျှ ဝင်ရောက်ခြင်း မရှိကြချေ။ အကယ်၍ သင်သည် မိမိတာဝန်ကို ထိန်းသိမ်းထားနိုင်လျှင် သင့်အား အသိတရား အနည်းငယ် ရှိသည်ဟု ယူဆနိုင်၏။ ဤသည်မှာ အနည်းဆုံးအားဖြင့် သင်ဖြစ်မြောက်သင့်သောအရာ ဖြစ်သည်။ သို့သော် သင်သည် မိမိတာဝန်တွင် စည်းမျဉ်းများကိုလည်း လိုက်နာခြင်းမရှိ၊ အသက်အတွင်း ဝင်ရောက်ခြင်းလည်း မရှိ၊ မိမိတာဝန်တွင် မည်သည့် အကျိုးရလဒ်မျှ ရရှိခြင်းလည်း မရှိဘဲ အမြဲတမ်း ဝတ်ကျေတမ်းကျေဖြင့် မဆင်မခြင် ဆောင်ရွက်နေလျှင် ဤသည်မှာ မိမိတာဝန်ကို ထမ်းဆောင်နေခြင်း ဖြစ်သလော။ သင်သည် မိမိတာဝန်ကို ဝတ်ကျေတမ်းကျေဖြစ်ပြီး ပေါ့ဆသော ဟန်ပန်ဖြင့် အမြဲတမ်း ထမ်းဆောင်နေလျှင် သင်သည် ကပ်ဘေးများအတွင်း၌ ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်လော။ သင်သည် ဘုရားသခင်ကို သစ္စာဖောက်လိမ့်မည် မဟုတ်ဟု အာမခံနိုင်သလော။ ထို့ကြောင့် မိမိတာဝန်ကို ထမ်းဆောင်ရန်အတွက် သင်သည် အနည်းဆုံး အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိရပေမည်။ မိမိတာဝန်ကို မိမိ၏ အသိစိတ်၊ ဆင်ခြင်တုံတရားတို့နှင့် အမှန်တကယ် ကိုက်ညီစွာ ထမ်းဆောင်ခြင်းအားဖြင့်သာ စစ်မှန်သော အကျိုးရလဒ်များကို ရရှိနိုင်၏။ ဤသည်မှာ အနိမ့်ဆုံးသော စံနှုန်းဖြစ်၏။ အကယ်၍ ဤစံနှုန်းကိုပင် မဖြည့်ဆည်းနိုင်လျှင် သင်သည် ဝတ်ကျေတမ်းကျေလုပ်ခြင်းနှင့် ပေါ့ဆခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ကို လှည့်စားကာ သစ္စာဖောက်နိုင်သည်။ ပြီးလျှင် သင်သည် လုံလောက်စွာ အစေခံမှု ပေးနေခြင်းပင် မဟုတ်ချေ။ သင်သည် ဘုရားသခင်၏အိမ်တော်မှ မထွက်ခွာသည့်တိုင် သင့်အား ဘုရားသခင်က ကြာမြင့်စွာကပင် ဖယ်ရှားခဲ့ပြီး ဖြစ်ပေလိမ့်မည်။ ထိုသို့သော လူတစ်ယောက်ကို ကယ်တင်ရန် မဖြစ်နိုင်ပေ။ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့မှုကြောင့်လည်းကောင်း၊ မိမိတာဝန်ကို ဝတ်ကျေတမ်းကျေနှင့် ပေါ့ဆသော ပုံစံဖြင့် တစ်သမတ်တည်း ထမ်းဆောင်ခြင်းကြောင့်လည်းကောင်း ဖြစ်ပေါ်လေသည်။ သင့်ခြေထောက်မှ ရည်ကြည်ဖုများသည် သင် လျှောက်လာခဲ့သော လမ်းကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်ကာ အခြားသူများကို အပြစ်တင်၍ မရနိုင်ချေ။ နောက်ဆုံး၌ သင်သည် ကယ်တင်ခြင်း မခံရဘဲ ကျိန်ဆိုခြင်းသာ ခံရ၍ ပေါလုကဲ့သို့ အဆုံးသတ်လျှင်လည်း သင်သည် အခြားသော မည်သူ့ကိုမျှ အပြစ်တင်၍မရနိုင်ပေ။ ယင်းသည် သင်၏ကိုယ်ပိုင် လမ်းကြောင်းနှင့် သင်၏ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်၏။ ထို့ကြောင့် လူများ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိ၌ အရေးကြီးသည့်အချက်မှာ ၎င်းတို့၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိက အဓိကဖြစ်သည်။ လူများသည် ဤအချက်ကို ထိန်းသိမ်းနိုင်လျှင် ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်လေသည်။ ထိုသို့သော လူများသည် ကယ်တင်ခြင်း မျှော်လင့်ချက် ရှိကြသည်။ ၎င်းတို့ ဤအချက်ကို ဆန့်ကျင်သည့်အခါ ဖယ်ရှားခံရလိမ့်မည်။ သင်တို့၏ အရေးကြီးသော အချက်မှာ အဘယ်နည်း။ သင်က “ဘုရားသခင်က ကျွန်ုပ်ကို ရိုက်နှက်ပြီး ဆူပူလျှင်ပင်၊ ကျွန်ုပ်ကို ငြင်းပယ်ပြီး ကယ်တင်မည် မဟုတ်လျှင်ပင်၊ ကျွန်ုပ် မည်သည့် မကျေနပ်ချက်မျှ ရှိမည် မဟုတ်ပေ။ ကျွန်ုပ်သည် နွား၊ သို့မဟုတ် မြင်းတစ်ကောင်ကဲ့သို့ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရင်း အဆုံးထိတိုင် ကျွန်ုပ် ဆက်၍ အစေခံမှုကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်” ဟု ပြောသည်။ ထိုအရာအားလုံးက ကြား၍ကောင်းပေသည်။ သို့ရာတွင် ဤအရာကို သင် အမှန်တကယ် စွမ်းဆောင်ရရှိနိုင်စွမ်း ရှိသလော။ သင်သည် ထိုသို့သော ဝိသေသလက္ခဏာနှင့် သန္နိဌာန်တို့ အမှန်တကယ် ပိုင်ဆိုင်လျှင် သင့်ကို ငါ ပွင့်ပွင့်လင်းလင်း ပြောလိုက်မည်။ သင်၌ ကယ်တင်ခြင်း မျှော်လင့်ချက် ရှိပေသည်။ သင်၌ ဤဝိသေသလက္ခဏာ မရှိလျှင်၊ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ မရှိလျှင်၊ သင်၏အစေခံမှု ပြုလိုလျှင်ပင် အဆုံးထိတိုင် တည်မြဲနိုင်မည် မဟုတ်ချေ။ ဘုရားသခင်သည် သင့်အပေါ် မည်သို့ ပြုမူမည်ကို သင်သိပါသလော။ သင် မသိပေ။ ဘုရားသခင်သည် သင့်ကို မည်သို့ စမ်းသပ်မည်ကို သင်သိပါသလော။ ဤအရာကိုလည်း သင်မသိချေ။ သင်သည် ကျင့်ကြံပြုမူခြင်းအတွက် အသုံးပြုသော အသိစိတ်နှင့် ဆင်ခြင်တုံတရားဆိုင်ရာ အခြေခံစည်းမျဉ်း မရှိလျှင်၊ မှန်ကန်သော လိုက်စားခြင်း နည်းလမ်း မရှိဘဲ ဘဝအပေါ် သင်၏အမြင်များနှင့် စံနှုန်းတို့သည် သမ္မာတရားနှင့် မကိုက်ညီလျှင် ဆုတ်ဆိုင်းမှုများနှင့် ကျရှုံးမှုများ၊ သို့မဟုတ် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းများကို သင်ကြုံတွေ့ရသည့်အခါ သင် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအခြေအနေတွင် သင်သည် အန္တရာယ်ရှိလိမ့်မည်။ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့က မည်သည့်အခန်းကဏ္ဍတွင် ပါဝင်လုပ်ဆောင်သနည်း။ သင်က “ကျွန်ုပ်သည် ဒေသနာများ အများအပြားကို ကြားပြီးဖြစ်သည်။ သမ္မာတရားအချို့ကို ကျွန်ုပ် အမှန်တကယ် နားလည်သည်။ သို့ရာတွင် ယင်းကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်ရခြင်း မရှိသေးပေ။ ဘုရားသခင်ကို ကျွန်ုပ် စိတ်ကျေနပ်အောင် မလုပ်ရသေးပေ။ ဘုရားသခင်က ကျွန်ုပ်ကို မထောက်ခံဘဲ အဆုံး၌ ကျွန်ုပ်ကို စွန့်ပစ်ကာ အလိုမရှိတော့လျှင် ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား ဖြစ်လိမ့်မည်။ ဘုရားသခင်က ကျွန်ုပ်ကို အပြစ်ပေးပြီး ကျိန်ဆဲလျှင်ပင် ဘုရားသခင်ကို ကျွန်ုပ် စွန့်ခွာမည် မဟုတ်ချေ။ ကျွန်ုပ် မည်သည့်နေရာကို သွားပါစေ ကျွန်ုပ်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်ကို ထာဝရ ယုံကြည်မည် ဖြစ်ပြီး နွားတစ်ကောင်၊ သို့မဟုတ် မြင်းတစ်ကောင်ကဲ့သို့ ကျွန်ုပ် အလုပ်လုပ်ရလျှင်ပင် ဘုရားသခင်နောက် လိုက်ခြင်းကို မည်သည့်အခါမျှ ရပ်မည် မဟုတ်။ ကျွန်ုပ်၏ အဆုံးသတ် မည်သည့်အရာဖြစ်သည်ကို ကျွန်ုပ် ဂရုမစိုက်” ဟု ပြောလျှင်၊ သင်သည် ဤ သန္နိဌာန် အမှန်တကယ် ရှိပြီး ဤအသိစိတ်နှင့် ဆင်ခြင်တုံတရား အမှန်တကယ်ရှိလျှင် သင်သည် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်။ သင်တို့သည် ဤသန္နိဌာန် မရှိဘဲ ဤအရာများနှင့်ပတ်သက်၍ မည်သည့်အခါမျှ မတွေးတောလျှင် သင်တို့၏ ဝိသေသလက္ခဏာတွင်လည်းကောင်း၊ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့တွင်လည်းကောင်း ပြဿနာ သေချာပေါက် ရှိနေလေသည်။ ယင်းမှာ သင်တို့၏စိတ်နှလုံးတွင် သင်တို့သည် ဘုရားသခင်အတွက် သင်၏ တာဝန်ကို မည်သည့်အခါမျှ ဖြည့်ဆည်းလိုခြင်း မရှိခဲ့သောကြောင့် ဖြစ်သည်။ သင်လုပ်သမျှမှာ ဘုရားသခင်ထံမှ ကောင်းချီးများကို တောင်းဆိုခြင်း ဖြစ်သည်။ သင်သည် ဘုရားအိမ်တော်၌ အားထုတ်မှု၊ သို့မဟုတ် ဆင်းရဲဒုက္ခခံစားခြင်းအတွက် မည်သည့်ကောင်းချီးကို ရရှိမည်ကို သင်၏စိတ်ထဲတွင် အစဉ်သဖြင့် တွက်ချက်နေသည်။ သင်လုပ်သမျှသည် ဤအရာများကို တွက်ချက်နေခြင်း ဖြစ်လျှင်၊ သင့်အတွက် ခိုင်မာစွာ ရပ်တည်ဖို့ အလွန် ခက်ခဲလိမ့်မည်။ သင် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် သင်၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိပေါ်တွင်သာ မူတည်သည်။ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို မပိုင်ဆိုင်ပါက ဘုရားသခင်သည် နတ်ဆိုးများနှင့် လူ့တိရစ္ဆာန်များကို မကယ်တင်သည့်အတွက် သင်သည် ကယ်တင်ခြင်းခံရရန် မထိုက်တန်ပေ။ သင်သည် သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းကို လျှောက်ဖို့ ရွေးချယ်ပြီး ပေတရု၏ လမ်းကြောင်းကို လျှောက်လျှင် သမ္မာတရားကို နားလည်ခြင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အား ဉာဏ်အလင်းပေးပြီး လမ်းပြလိမ့်မည်ဖြစ်ကာ စုံလင်စေခြင်းခံရဖို့ စမ်းသပ်မှုနှင့် စစ်ဆေးခြင်းများစွာကို သင် တွေ့ကြုံရန် အခြေအနေများကို သင့်အတွက် ဖန်တီးပေးလိမ့်မည်။ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းကို သင် မရွေးချယ်ဘဲ အန္တိခရစ် ပေါလု၏ လမ်းကြောင်းကို လျှောက်လျှင် ဝမ်းနည်းပါသည်။ ဘုရားသခင်သည် သင့်ကို စမ်းသပ်ပြီး စစ်ဆေးလိမ့်ဦးမည် ဖြစ်သည်။ သို့ရာတွင် သင်သည် ဘုရားသခင်၏ စစ်ဆေးခြင်းကို ကြံ့ကြံ့ခံရပ်တည်နိုင်လိမ့်မည် မဟုတ်ပေ။ သင့်ကို တစ်ခုခု ဖြစ်ပျက်သည့်အခါတွင် သင်သည် ဘုရားသခင်နှင့် ပတ်သက်၍ ညည်းညူလိမ့်မည် ဖြစ်ပြီး သင် စမ်းသပ်ခြင်းခံရသည့်အခါ ဘုရားသခင်ကို စွန့်လွှတ်လိမ့်မည်။ ထိုအခိုက်အတန့်တွင် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် အသုံးတည့်မည် မဟုတ်သကဲ့သို့ သင်ဖယ်ရှားခံရလိမ့်မည်။ ဘုရားသခင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့် လူများကို မကယ်တင်ပေ။ ဤသည်မှာ အနိမ့်ဆုံး စံနှုန်းဖြစ်ပေသည်။

သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားဟူသော စံနှုန်းကို အနည်းဆုံး ပြည့်မီရမည်။ တစ်နည်းဆိုသော် ဘုရားသခင်က သင့်အား အလိုမရှိတော့လျှင် သင်သည် ကိုယ်တော်အား မည်သို့ ပြုမူဆက်ဆံသင့်သနည်း။ သင် ပြောသင့်သည်မှာ “ဘုရားသခင်သည် ငါ့အား ဤဇီဝအသက်ကို ပေးခဲ့သည်။ ဘုရားသခင်က ငါ့ကို ရွေးချယ်ခဲ့သည်။ ယနေ့တွင် ငါသည် ဖန်ဆင်းရှင်ကို သိလာခဲ့ပြီး သမ္မာတရား အများအပြားကို နားလည်လာခဲ့သော်လည်း ငါသည် ယင်းတို့ကို လက်တွေ့မလုပ်ဆောင်ရသေးပေ။ ငါ၏ ပင်ကိုသဘာဝကိုက သမ္မာတရားကို မနှစ်သက်ချေ။ ပြီးလျှင် ငါ့တွင် မည်သည့် အသိစိတ်မျှ မရှိပေ။ သို့သော် ငါ့အနေဖြင့် အနာဂတ်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိရှိ မရှိရှိ၊ သို့မဟုတ် ကယ်တင်ခံရနိုင်ခြင်း ရှိရှိ မရှိရှိ ငါသည် ဘုရားသခင်ကိုလည်းကောင်း၊ ဖန်ဆင်းရှင်သည် ဖြောင့်မတ်ကြောင်းကိုလည်းကောင်း အစဉ်အမြဲ အသိအမှတ်ပြုပါမည်။ ဤအချက်သည် မပြောင်းလဲနိုင်ပါ။ လူတစ်ယောက်သည် မိမိ၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် လုံးဝ မရှိရုံမျှဖြင့်၊ သို့မဟုတ် မိမိတွင် အဆုံးသတ်ဖြစ်စေ၊ ပန်းတိုင်ဖြစ်စေ လုံးဝ မရှိရုံမျှဖြင့် ဘုရားသခင်နှင့် ဖန်ဆင်းရှင်အား အသိအမှတ်ပြုခြင်းကို မရပ်တန့်သင့်ပါ။ ဤသည်မှာ ပုန်ကန်သော အတွေးတစ်ခု ဖြစ်လိမ့်မည်။ ဤနည်းဖြင့် စဉ်းစားကြည့်လျှင် ငါသည် ကျိန်ဆဲခြင်း ခံရသင့်သည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ လူတစ်ယောက်သည် နာခံသင့်၏။ ဤသည်မှာ ဆင်ခြင်တုံတရား ရှိခြင်းဟူသော အဓိပ္ပာယ်ဖြစ်သည်။ နာခံဖို့ဟူသည်မှာ ငါ၏ ဝိညာဉ်ရင့်သန်မှုက သေးလွန်းသည်။ ပြီးလျှင် ငါက ဘုရားသခင်ကို မနာခံလျှင်ဖြစ်စေ၊ သစ္စာဖောက်လျှင်ဖြစ်စေ အပြစ်ဒဏ်ပေးခြင်း ခံရသင့်သည်။ သို့သော် ဘုရားသခင်က ငါ့ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ ဘုရားသခင်နောက် လိုက်လျှောက်မည့် ငါ၏စိတ်ပိုင်းဖြတ်မှုမှာ ပြောင်းလဲမည် မဟုတ်။ ငါသည် အမြဲတမ်း ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြစ်လိမ့်မည်။ ဘုရားသခင်က ငါ့အား လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ငါသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် အသုံးပြုခံတစ်ယောက်၊ အစေခံသူတစ်ယောက်၊ အဖြည့်ခံတစ်ယောက် ဖြစ်ရန် ဆန္ဒ ရှိနေပါသည်။ ငါ့ထံတွင် ဤစိတ်ပိုင်းဖြတ်မှု ရှိရမည်” ဟူ၍ ဖြစ်၏။ ယခုအချိန်၌ သင့်ထံတွင် ဤအတွေး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဤနည်းအတိုင်း စဉ်းစားဖူးသည်ဖြစ်စေ၊ ဤစိတ်ပိုင်းဖြတ်မှုကို ချဖူးသည်ဖြစ်စေ သင့်ထံတွင် မည်သို့မဆို ဤဆင်ခြင်တုံတရား ရှိရပေမည်။ အကယ်၍ သင့်ထံ၌ ဤဆင်ခြင်တုံတရား၊ သို့မဟုတ် ဤလူ့သဘာဝမျိုး မရှိလျှင် သင့်အတွက် ကယ်တင်ခြင်းဟူသည် အဓိပ္ပာယ်မရှိသော စကားမျှသာ ဖြစ်၏။ ဤသည်မှာ အမှန်ပင် မဟုတ်လော။ ဤအတိုင်းပင် ဖြစ်ပေသည်။ အခြေခံကျသည့် အနိမ့်ဆုံး စံနှုန်းအကြောင်းကို သင့်အား အသိပေးပြီးဖြစ်သည်။ ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ သင်သည် ဤသွင်ပြင်လက္ခဏာကို ပို၍ စဉ်းစားကြည့်သင့်၏။ ဤသွင်ပြင်လက္ခဏာသည် သင့်အတွက် ကောင်းမွန်သည့်အပြင် မိမိကိုယ်ကို ကာကွယ်ရန် နည်းလမ်းတစ်ခုလည်း ဖြစ်၏။ သင်သည် ဤ လူ့သဘာဝ သွင်ပြင်လက္ခဏာကို အမှန်တကယ် မပိုင်ဆိုင်လျှင် အန္တရာယ် ကြီးကြီးမားမား ရှိလေပြီ။ သင့်အနေဖြင့် ဆုတောင်းရမည်မှာ “ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ်တော်အား ဘုရားသခင်အဖြစ် သဘောထား မှတ်ယူခြင်း လုံးဝ မရှိခဲ့ပါ။ ကျွန်ုပ်သည် ကိုယ်တော်အား မရေရာသော၊ မမြင်နိုင်သော အရာတစ်ခုအဖြစ် လေကဲ့သို့သာ မှတ်ယူခဲ့မိပါသည်။ ဤအကြောင်းကို ယနေ့ တွေ့ကြုံမိရာတွင် ကျွန်ုပ်သည် ဖယ်ရှားခံခဲ့ရပြီ ဟုလည်းကောင်း၊ ကျွန်ုပ်တွင် ကောင်းသော ပန်းတိုင်တစ်ခုမျှ မရှိဟု လည်းကောင်း ခံစားမိပါသည်။ ကိုယ်တော်က ကျွန်ုပ်၏အဆုံးသတ်အား မည်သို့ ဆုံးဖြတ်သည်ဖြစ်စေ၊ ကျွန်ုပ်သည် ကိုယ်တော်အား နာခံလိုစိတ် ရှိပါသည်။ ကျွန်ုပ်သည် ကိုယ်တော့်နောက် လိုက်လျှောက်ရမည် ဖြစ်ပြီး ကိုယ်တော့်ကို မစွန့်ခွာနိုင်ပါ။ ကိုယ်တော့်ကို စွန့်ခွာ၍ စာတန်၏ တန်ခိုးအောက်တွင် နေထိုင်သော သူတို့မှာ လူသားများ မဟုတ်ကြပါ။ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်ပါသည်။ ကျွန်ုပ်သည် နတ်ဆိုးတစ်ယောက် မဖြစ်ချင်ပါ။ လူသားသာ ဖြစ်ချင်ပါသည်။ ကျွန်ုပ်သည် စာတန်နောက်သို့ လိုက်မလျှောက်ချင်ဘဲ ဘုရားသခင်နောက်သို့သာ လိုက်လျှောက်ချင်ပါသည်” ဟူ၍ ဖြစ်၏။ သင်သည် ဤ အကြောင်းအရာကို နေ့စဉ် ဆုတောင်းနိုင်၍ အမြင့်သို့ ပိုတက်နိုင်လျှင် သင်၏စိတ်နှလုံးသည် ပို၍ ပို၍ ကြည်လင်လာမည် ဖြစ်ကာ သင့်ထံတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းတစ်ခုလည်း ရှိလာလိမ့်မည်။ အခက်အခဲများကို ရင်ဆိုင်ရသည့်အခါ လူတစ်ယောက်တွင် ပုန်ကန်သော စိတ်သဘောထားတစ်ခု ရှိလျှင် ထိုသူ၏ စိတ်နှလုံးသည် ခေါင်းမာလာပြီး သမ္မာတရားကို ရရှိဖို့ ကြိုးပမ်းရန်လည်း ဆန္ဒမရှိချေ။ ထိုသူသည် အမှားတစ်ခု လုပ်မိသည့်တိုင် အရေးမထားချေ။ ၎င်းဆန္ဒရှိသည့် မည်သည့် အရာကိုမဆို လုပ်ဆောင်၏။ ၎င်းသည် စတင်၍ ဇွတ်တရွတ်နိုင်လာပြီး ပျက်စီးယိုယွင်းလာကာ ဆုမတောင်းလိုတော့ပေ။ ဤအချိန်တွင် မည်သည်ကို လုပ်ဆောင်သင့်သနည်း။ သင့်အား ကာကွယ်ပေးနိုင်သော အခြေခံအကျဆုံးစည်းမျဉ်းတစ်ခု ရှိ၏။ ဆိုလိုသည်မှာ သင်သည် အပျက်သဘောအဆောင်ဆုံးနှင့် အပျော့ညံ့ဆုံး ဖြစ်နေသည့်အချိန်တွင် သင်၏ စိတ်နှလုံး၌ ဘုရားသခင်ကို ပုန်ကန်သော၊ ခုခံသော၊ ပြစ်မှားစော်ကားသော၊ သို့မဟုတ် ဝေဖန်သော စကားများ ရှိလျှင် ယင်းတို့ကို ထုတ်မပြောလေနှင့်။ သို့တည်းမဟုတ် ဘုရားသခင်ကို ခုခံရန် အခြားသူတို့အား လှုံ့ဆော်မည့် မည်သည့်အရာကိုမျှ မလုပ်နှင့်။ ထိုနည်းဖြင့် သင်သည် ဘုရားသခင်ထံ ဆုတောင်း၍ သူ၏ကာကွယ်ခြင်းကို တောင်းလျှောက်သည့်အခါ သင်သည် အခက်အခဲများကို ကျော်လွှားနိုင်၏။ ဤသည်မှာ အရေးကြီးဆုံးအရာ ဖြစ်သည်။ သင့်ထံတွင် ပုံမှန် ဆင်ခြင်တုံတရားတစ်ခု ရှိသည့်အချိန်၊ သို့မဟုတ် သင်သည် အပျက်သဘောဆောင်သော၊ အကျင့်ပျက်သော၊ ထိန်းချုပ်မှုမရှိသော၊ ခုခံသော အခြေအနေများမှ လွတ်မြောက်သည့် အချိန်၌ သင်သည် သင့်ကိုယ်သင် “ငါသည် အစတုန်းက မလုပ်မိခဲ့သည်မှာ ကံကောင်းလေစွ။ ငါသာ လုပ်မိခဲ့လျှင် ခေတ်များ တစ်လျှောက်လုံး အပြစ်စီရင်ခြင်း ခံရသည့် အပြစ်သားတစ်ယောက် ဖြစ်ခဲ့လိမ့်မည်။ ပြီးလျှင် ခွင့်မလွှတ်နိုင်သည့် မကောင်းမှုကို ကျူးလွန်မိပြီးသား ဖြစ်ခဲ့လိမ့်မည်” ဟု တွေးမိနိုင်၏။ ဤလမ်းသည် မည်သို့ ရှိလေသနည်း။ (ကောင်းမွန်ပါသည်။) ၎င်းလမ်းတွင် မည်သည့်နေရာ၌ အကောင်းရှိလေသနည်း။ (လူများကို ဘုရားသခင်၏ စိတ်သဘောထားအား ပုန်ကန်ပြစ်မှားခြင်းမှ တားဆီးပေးနိုင်ပါသည်။) ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန် ပြစ်မှားခြင်း မပြုလေနှင့်။ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် အရာတစ်ခုအား ထုတ်ပြောမိသည်နှင့်တစ်ပြိုင်နက် ပြန်လည် ရုပ်သိမ်းနိုင်သလော။ စကားတစ်ခွန်းကို ပြောဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ယင်းသည် ကျွံသွားပြီးသော စကားတစ်ခွန်း ဖြစ်လာ၏။ ယင်းကို ဘုရားသခင်က ပြစ်တင်ရှုတ်ချ၏။ ဘုရားသခင်က ပြစ်တင်ရှုတ်ချသောအခါ သင်သည် ဒုက္ခရောက်လေသည်။ လူတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်သည့်အခါ၌ ဆင်းရဲဒုက္ခအား မည်မျှ ခါးစည်းခံသည် ဖြစ်စေ၊ မိမိကိုယ်ကို မည်သို့ အသုံးခံသည်ဖြစ်စေ၊ မည်သို့ ရွေးချယ်၍ ယုံကြည်သည်ဖြစ်စေ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ ကျိန်ဆဲခြင်း၊ သို့မဟုတ် ပြစ်တင်ရှုတ်ချခြင်းကို ခံရရန်အတွက် မဟုတ်ဘဲ “သင့်ကို ဘုရားသခင်က ချီးကျူး၏။ သင်သည် ရှင်ကျန်နိုင်သည့်အပြင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသည့်အရာလည်း ဖြစ်သည်” ဟု ဖန်ဆင်းရှင်က မိန့်ဆိုသည်ကို ကြားရရန်အတွက်သာ ဖြစ်သည်။ ဤအရာသည် ရရှိရန် ခက်ခဲလှ၏။ မလွယ်ကူသောကြောင့် လူတို့သည် ပူးပေါင်းလုပ်ဆောင်ကြရမည်။ သင်၏ ကယ်တင်ခြင်းအား ပျက်ပြားစေသည့် အရာမှန်သမျှကို ဘယ်သောအခါမှ မပြောနှင့်။ အရေးပါသောအချိန်များတွင် သင်သည် မိမိကိုယ်ကို ချုပ်ထိန်းရမည် ဖြစ်ပြီး ပြဿနာ ဖြစ်စေမည့် မည်သည့်အရာကိုမျှ မလုပ်ရ။ သင့်အား ငါ ပြောဦးအံ့။ သင်သည် ပြဿနာကို ဖြစ်ပေါ်စေ၍ ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိလျှင် သင်သည် ယင်းကို ဘယ်သောအခါမှ ပြုပြင်နိုင်လိမ့်မည် မဟုတ်ပေ။ အမှုအရာများကို လက်လွတ်စပယ် မလုပ်နှင့်၊ သို့မဟုတ် မပြောနှင့်။ သင်သည် မိမိကိုယ်ကို ချုပ်ထိန်းရမည် ဖြစ်ပြီး အလိုမလိုက်ရ။ သင်သည် မိမိကိုယ်ကို ချုပ်ထိန်းပြီးလျှင် သင့်ထံ၌ အခြေခံစည်းတစ်ခု ရှိနေကြောင်းကို သက်သေပြ၏။ အကယ်၍ သင်သည် မိမိကိုယ်ကို ချုပ်ထိန်းလျှင်၊ ဘုရားသခင်၏ တည်ရှိမှုကို ဝန်ခံလျှင်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ယုံကြည်ပြီး အဆုံးတိုင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိလျှင် ဘုရားသခင်က မြင်ပေလိမ့်မည်။ သင်သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည့်အရာ တစ်ခုမျှ မပြောဆိုရသေးသလို အပြစ်ရှိသောအရာ တစ်ခုမျှ မပြုလုပ်ရသေးချေ။ ဘုရားသခင်သည် သင်၏ စိတ်နှလုံးအတွင်းမှ အတွေးများကို စစ်ဆေးနိုင်၏။ သင်သည် အဓိပ္ပာယ်မဲ့သော အတွေးများ ရှိသည့်တိုင် စိတ်နှလုံးအတွင်း၌ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း အနည်းငယ် ရှိသောကြောင့် ဤအရာများကို ထုတ်ပြောခဲ့ခြင်း မရှိသလို ဘုရားသခင်ကို ခုခံသည့်အရာ တစ်ခုမျှလည်း မလုပ်ခဲ့ချေ။ သင်၏ ဤအပြုအမူကို လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု ဘုရားသခင်က မြင်ပေလိမ့်မည်။ ဘုရားသခင်သည် သင့်အား မည်သို့ သဘောထားမည်နည်း။ ဘုရားသခင်သည် သင့်အား ထိုသို့သော အကျပ်အတည်းများမှ လွတ်မြောက်စေရန် ဆက်၍ လမ်းပြပေလိမ့်မည်။ သို့ဆိုလျှင် သင့်ထံ၌ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရှိသေးသလော။ ဤအရာသည် အလွန့်အလွန် ရှားပါးလှ၏။ ပြဿနာများကို ရင်ဆိုင်ရသည့်အခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ မိမိကိုယ်ကို ချုပ်ထိန်းကာ ဘယ်သောအခါမှ အလိုမလိုက်နှင့်။ အလိုလိုက်သည့်အခါတွင် ယင်းသည် စိတ်လိုက်မာန်ပါပြုသော စိတ်ခံစားချက်များ၏ ရလဒ်တစ်ခု ဖြစ်၏။ သင်၏ မာနထောင်လွှားသော သဘာဝသည် ပေါက်ကွဲလုနီးပါးဖြစ်ကာ သင့်ထံ၌ မကျေနပ်ချက်များနှင့် ကျိုးကြောင်းပြချက်များ ပြည့်နှက်နေသည်ဟု ခံစားရ၏။ သင်သည် မကျေမချမ်း ဖြစ်လွန်းလာပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုမှဖြစ်မည်ဟု ခံစားမိ၏။ ဤအချိန်၌ သင့်ကိုယ်သင် ချုပ်ထိန်းရန် မဖြစ်နိုင်ချေ။ အကျိုးဆက်အဖြစ် သင်၏ ဆိုးယုတ်သော စိတ်သဘောထား၏ အကျည်းတန်သော ဘက်မှာ ထွက်ပေါ်လာပြီး ဤအချိန်၌ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိရန် အလားအလာ အများဆုံးရှိလေသည်။ ချုပ်ထိန်းခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ မိမိကိုယ်ကို ကာကွယ်ရန်၊ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန် မပြစ်မှားမိရန်နှင့် မိမိတွင် ကယ်တင်ခြင်းအတွက် နောက်ဆုံးသော မျှော်လင့်ချက် ရောင်ခြည်တစ်ခု ကျန်ရှိနေစေရန် မိမိ၏စကားများ၊ လုပ်ဆောင်ချက်များနှင့် ခြေလှမ်းများကို သတိရှိခြင်း ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို ချုပ်ထိန်းရန် လိုအပ်၏။ သင်သည် မတရားသဖြင့် ခံခဲ့ရသည်ဟု မည်သို့ ကြီးကြီးမားမား ခံစားရသည်ဖြစ်စေ၊ စိတ်ဆင်းရဲမှုနှင့် ဝမ်းနည်းမှုကို သင်၏စိတ်နှလုံးတွင် မည်မျှ ခံစားရသည်ဖြစ်စေ သင်သည် မိမိကိုယ်ကို ချုပ်ထိန်းသင့်၏။ ဤသည်မှာ အကျိုးရှိဆုံး ကြိုးပမ်း အားထုတ်မှုတစ်ခု ဖြစ်လေသည်။ မိမိကိုယ်ကို ချုပ်ထိန်းပြီးသည့်နောက်တွင် သင့်အနေဖြင့် မည်သို့မျှ နောင်တရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ရန် နည်းလမ်းတစ်ခုအဖြစ် လုပ်ဆောင်ခြင်းဖြစ်စေ၊ မိမိကိုယ်ကို ကာကွယ်ရန် လျှို့ဝှက် ပရိယာယ်တစ်ခုအဖြစ် လုပ်ဆောင်ခြင်းဖြစ်စေ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် လူများအတွက် အဘက်ဘက်မှ အကျိုးရှိ၏။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည့် လူများသည် တစ်ခါတစ်ရံတွင် အနည်းငယ်သော ရူးနှမ်းမှု ပမာဏတစ်ခုကို ထုတ်ဖော်ပြတတ်ပြီး ၎င်းတို့၏ လုပ်ရပ်များ၌ ဆင်ခြင်တုံတရားနှင့် စည်းမျဉ်းများဟူ၍ မရှိချေ။ မည်သည့်အချိန်၌ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထွက်ပေါ်လာမည်ကို သင်သည် သိပင်မသိချေ။ သင်သည် ဘုရားသခင်ကို ငြင်းပယ်ပြီး ရှုတ်ချသည့် အရာတစ်ခုအား လွှတ်ခနဲ ပြောမိသည့်အခါ လုံးလုံး နောက်ကျလွန်းသွားပြီ ဖြစ်၍ ၎င်းကို နောင်တရခြင်းမှာ အကျိုးရှိလိမ့်မည် မဟုတ်။ အကျိုးဆက်များမှာ မစဉ်းစားတတ်အောင်ပင် ဖြစ်လိမ့်မည်။ သင်သည် ဖယ်ရှားခြင်း ခံရနိုင်သကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း သင့်အပေါ် အလုပ်လုပ်တော့မည် မဟုတ်ပေ။ ယင်းသည် အရာအားလုံး ပြီးဆုံးပြီဟူသည့် အဓိပ္ပာယ် မဟုတ်လော။ သင့်ထံ၌ ကယ်တင်ခြင်း၏ မျှော်လင့်ချက်ဟူသည် လုံးဝ ရှိမည် မဟုတ်ပေ။

ကောက်နုတ်ချက် (၆၃)

အချို့သူများသည် မကြာခဏ နာမကျန်းဖြစ်ကြသည်။ သို့သော် ဘုရားသခင်ထံ ၎င်းတို့မည်မျှပင် ဆုတောင်းစေကာမူ သက်သာလာခြင်းမရှိကြ။ ၎င်းတို့၏ နာမကျန်းမှုကို မည်မျှပင် ဖယ်ရှားပစ်ချင်သည်ဖြစ်စေ မဖယ်ရှားနိုင်ကြ။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အသက်အန္တရာယ်ရှိသည့် အခြေအနေများနှင့်ပင် ရင်ဆိုင်ရနိုင်ပြီး ယင်းတို့ကို မဖြစ်မနေ ထိပ်တိုက်ရင်ဆိုင်ကြရသည်။ အမှန်အားဖြင့် တစ်ဦးတစ်ယောက်သည် ၎င်း၏ စိတ်နှလုံးတွင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်မှုရှိပါက လူတစ်ဦး၏ သက်တမ်းမှာ ဘုရားသခင်၏ လက်ထဲတွင်ရှိကြောင်း ဦးစွာ သိရှိရမည်။ တစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်း အချိန်ကာလကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ ဘုရားသခင်သည် လူတို့အား နာမကျန်းမှုကို ပေးသည့်အခါ ထိုနောက်ကွယ်တွင် အကြောင်းရင်းတစ်ရပ်ရှိသည်။ ထိုအရာတွင် အဓိပ္ပာယ်ရှိသည်။ ယင်းသည် ၎င်းတို့အဖို့ နာဖျားမှုကဲ့သို့ ခံစားရသော်လည်း တကယ့်အမှန်တရားတွင် ၎င်းတို့အား ပေးထားသည့်အရာမှာ ကျေးဇူးတော်ဖြစ်သည်။ မကျန်းမာမှု မဟုတ်ပေ။ လူတို့သည် ပထမဦးစွာ ဤအချက်ကို သတိပြုကာ သေချာရမည်ဖြစ်ပြီး ယင်းကို အလေးအနက် ထားရမည်ဖြစ်သည်။ လူတို့သည် မကျန်းမာမှု ခံစားနေရချိန်တွင် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာနိုင်ပြီး ၎င်းတို့လုပ်သင့်သည့် အရာကို ဆင်ခြင်မြော်တွေးမှုနှင့် သတိဖြင့် လုပ်ဆောင်ရန် သေချာစေနိုင်ပြီး ၎င်းတို့၏ တာဝန်ကိုလည်း အခြားသူများထက် သာ၍ ကြီးမားသော သတိနှင့် လုံ့လတို့ဖြင့် ကိုင်တွယ်နိုင်ကြလေသည်။ လူတို့နှင့် ပတ်သက်သရွေ့ ဤသည်မှာ ကွယ်ကာခြင်း ဖြစ်သည်၊ အချည်အနှောင်များ မဟုတ်ပေ။ ယင်းမှာ အမှုအရာများကို အပျက်သဘောဆောင်သည့် ကိုင်တွယ်ခြင်း နည်းလမ်း ဖြစ်သည်။ ထို့အပြင် အယောက်တိုင်း၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်ခွဲခန့်ထားပြီးဖြစ်သည်။ မကျန်းမာမှုတစ်ခုသည် ဆေးပညာရှုထောင့်မှ ကြည့်လျှင် ရောဂါကျွမ်းနေပုံရနိုင်သော်လည်း ဘုရားသခင်၏ ရှုထောင့်အမြင်မှ ကြည့်လျှင် သင်၏ဘဝသည် ရှေ့ဆက်ရဦးမည် ဖြစ်ပြီး သင်၏အချိန် မကျသေးပါက သင်သေချင်လျှင်ပင် သေ၍မရနိုင်ပေ။ ဘုရားသခင်က သင့်အား တာဝန်ပေးစေခိုင်းချက် ပေးပြီးဖြစ်ကာ သင်၏တာဝန်က မပြီးဆုံးသေးလျှင် သင်သည် သေစေနိုင်လောက်သည်ဟု ယူဆရသော မကျန်းမာမှုကြောင့်ပင် သေမည် မဟုတ်ပေ။ ဘုရားသခင်က သင့်ကို ခေါ်ဦးမည် မဟုတ်ပေ။ သင်သည် ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်း မပြုလျှင်ပင်၊ သို့မဟုတ် သင်၏ မကျန်းမာခြင်းကို ကုသရန် အာရုံမစိုက်လျှင်ပင် သို့မဟုတ် သင်၏ ကုသမှုကို ရွှေ့ဆိုင်းထားလျှင်ပင် သေဆုံးမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်တစ်ခုကို လက်ခံရရှိထားသော သူတို့အတွက် အထူးသဖြင့် မှန်ကန်သည်။ ၎င်းတို့၏ တာဝန်က ပြီးဆုံးခြင်း မရှိသေးသည့်အခါ ၎င်းတို့အပေါ် မည်သည့်ရောဂါပင် ကျရောက်ပါစေ ၎င်းတို့သည် ချက်ချင်း သေဆုံးမည်မဟုတ်။ တာဝန်ပြီးဆုံးသည့် နောက်ဆုံး အခိုက်အတန့်အထိ အသက်ရှင်ရမည်။ သင့်တွင် ဤယုံကြည်ခြင်း ရှိသလော။ သင့်တွင် ဤယုံကြည်ခြင်း မရှိပါက သင်သည် “ဘုရားသခင်။ ကိုယ်တော် ကျွန်ုပ်အား ပေးထားသည့် တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးအောင် ကျွန်ုပ်လုပ်ရပါမည်။ ကျွန်ုပ်အနေဖြင့် မည်သည့်နောင်တရစရာမျှ ချန်မထားဖို့အလို့ငှာ ကိုယ်တော့်ကို အကြွင်းမဲ့ ဆက်ကပ်လျက် ကျွန်ုပ်၏ နောက်ဆုံးသော နေ့ရက်များကို ကုန်ဆုံးချင်ပါသည်။ ကျွန်ုပ်ကို ကိုယ်တော်ကာကွယ်ပေးမှ ရပါမည်” ဟု ပြောရင်း ဘုရားသခင်ထံ အပေါ်ယံဆုတောင်းခြင်းအချို့သာ ပြုလုပ်လိမ့်မည် ဖြစ်သည်။ သင်သည် ဤသို့ ဆုတောင်းစေကာမူ သမ္မာတရားကို ရှာဖွေရန် အစပြုလုပ်ဆောင်ခြင်း မရှိပါက သစ္စာစောင့်သိမှုကို ကျင့်သုံးရန် စိတ်ဆန္ဒနှင့် ခွန်အားတို့ သင်၌ ရှိမည်မဟုတ်။ သင်သည် အဖိုးအခအမှန်ကို ပေးရန် မလိုလားသည့်အတွက် ဘုရားသခင်ထံ ဆုတောင်းရန်နှင့် ဘုရားသခင်ကို ဈေးဆစ်ရန် ဤဆင်ခြေအမျိုးအစားနှင့် ဤနည်းလမ်းကို မကြာခဏ အသုံးပြုသည်။ ဤသူမှာ သမ္မာတရားကို လိုက်စားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သလော။ သင်၏ နာမကျန်းမှုက သက်သာပျောက်ကင်းသွားလျှင် သင်သည် သင်၏ တာဝန်ကို အမှန်တကယ် ကောင်းစွာ ထမ်းဆောင်နိုင်မည်လော။ ယင်းသို့ အတပ်မဆိုနိုင်။ သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် အားထုတ်မှုအနေဖြင့် ထိုသို့သော ဆင်ခြေများကို မကြာခဏပြုလုပ်ကာ ထိုသို့သော နည်းစနစ်များကို အသုံးပြုလိမ့်မည်။ ဧကန်အမှန်ဆိုရလျှင် သင်ညှိနှိုင်းခြင်းသည် သင်၏ မကျန်းမာခြင်းကို ပျောက်ကင်းစေပြီး သင်မသေဆုံးရန် တားဆီးပေးဖို့ ရည်ရွယ်ခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သို့မဟုတ် ဤတွင် သင်၌ အခြားရည်ရွယ်ချက်တစ်ခုခု၊ ပန်းတိုင်တစ်ခုခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင်မူ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်ပြီး အသုံးဝင်သေးလျှင်၊ သင့်ကို အသုံးပြုရန် ဘုရားသခင်က ဆုံးဖြတ်ပြီးဖြစ်လျှင် သင်သေဆုံးမည် မဟုတ်ပေ။ သင်ဆန္ဒရှိလျှင်ပင် သေဆုံးနိုင်မည် မဟုတ်ပေ။ သို့သော် သင် ပြဿနာရှာလျှင်၊ ကောက်ကျစ်ဆိုးယုတ်မှုမျိုးစုံကို ကျူးလွန်လျှင်၊ ထို့ပြင် ဘုရားသခင်၏ စိတ်သဘောထားကို အနှောင့်အယှက်ပေးလျှင် လျင်မြန်စွာ သေဆုံးလိမ့်မည်။ သင်၏ ဘဝသည် တိုတောင်းလိမ့်မည်။ ကမ္ဘာကို မဖန်ဆင်းမီကတည်းက လူတိုင်း၏ ဘဝသက်တမ်းကို ဘုရားသခင်က သတ်မှတ်ထားပြီး ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ ကြိုတင်စီစဉ်မှုများနှင့် စီစဉ်ညွှန်ကြားမှုများကို နာခံနိုင်လျှင် နာမကျန်းဖြစ်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထို့ပြင် ကျန်းမာရေး ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည့် နှစ်အရေအတွက်အတိုင်း အသက်ရှင်လိမ့်မည်။ သင့်တွင် ဤယုံကြည်ခြင်း ရှိသလော။ သင်သည် ဤအရာကို အယူဝါဒအပေါ် အခြေခံ၍သာ အသိအမှတ်ပြုပါက သင့်တွင် စစ်မှန်သည့် ယုံကြည်မှုမရှိ၍ နားဝင်ချိုသည့် စကားလုံးများ ပြောဆိုခြင်းသည် အသုံးမဝင်။ ဘုရားသခင်က ဤအရာကို လုပ်ဆောင်လိမ့်မည်ဟု သင့်စိတ်နှလုံး၏ အနက်ရှိုင်းဆုံးနေရာမှ အတည်ပြုလျှင်မူ သင်၏ ချဉ်းကပ်မှုနှင့် လက်တွေ့လုပ်ဆောင်မှု နည်းလမ်းတို့သည် သဘာဝအတိုင်း ပြောင်းလဲသွားလိမ့်မည်။ လူတို့သည် နာမကျန်းဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ၎င်းတို့ အသက်ရှင်နေစဉ် ၎င်းတို့၏ ကျန်းမာရေးကို ထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ သာမန်သိနားလည်မှု ရှိရမည်ကိုကား ပြောနေရန် မလိုပေ။ ဤသည်မှာ ဘုရားသခင်က လူသားကို ပေးထားသည့် ပင်ကိုအသိစိတ်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်က တစ်စုံတစ်ဦးကို ပေးထားသည့် လွတ်လပ်သော စိတ်ဆန္ဒအတွင်း ထိုသူပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားနှင့် သာမန်သိနားလည်မှု ဖြစ်သည်။ သင်သည် နာမကျန်းဖြစ်သည့်အခါ ဤနာမကျန်းမှုကို ကိုင်တွယ်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှုတို့နှင့် စပ်လျဉ်းသည့် သာမန်သိနားလည်မှုတချို့ကို နားလည်သဘောပေါက်သင့်သည်။ ဤသည်မှာ သင်လုပ်သင့်သည့် အရာဖြစ်သည်။ သို့သော် သင်၏ မကျန်းမာမှုအပေါ် ဤကဲ့သို့ သဘောထားခြင်းသည် သင့်အတွက် ဘုရားသခင် ချမှတ်ထားသည့် ဘဝသက်တမ်းကို စိန်ခေါ်ရန် ရည်ရွယ်ခြင်း မဟုတ်သကဲ့သို့ သင့်အတွက် ဘုရားသခင်ချမှတ်ထားသည့် ဘဝသက်တမ်းကို သင်အပြည့်အဝ နေထိုင်နိုင်မည်ဟု အာမခံရန် ရည်ရွယ်ခြင်းလည်း မဟုတ်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းကို ဤနည်းဖြင့် ပြောဆိုနိုင်သည်။ အရေးတယူဆောင်ရွက်မှု မရှိသည့်ဟန်ပန်ဖြင့် သင်သည် မိမိ၏ မကျန်းမာမှုကို လေးလေးနက်နက် သဘောမထားပါက၊ သင်ဖြည့်ဆည်းသင့်သည့် မည်သည့်နည်းဖြင့်မဆို သင်၏ တာဝန်ကို ဖြည့်ဆည်းပြီး အခြားသူများထက် အနည်းငယ်သာ၍ အနားယူပါက၊ သင်၏ တာဝန်ကို မရွှေ့ဆိုင်းထားပါက သင်၏ နာမကျန်းမှုသည် သာ၍ ဆိုးရွားလာလိမ့်မည် မဟုတ်သည့်အပြင် ထိုနာမကျန်းမှုကြောင့် သင်သေရလိမ့်မည်လည်း မဟုတ်။ အရာရာတိုင်းသည် ဘုရားသခင် လုပ်ဆောင်သည့် အရာအပေါ် မူတည်ပေသည်။ တစ်နည်းအားဖြင့် ဘုရားသခင်၏ အမြင်တွင် သင့်အတွက် စီမံထားသည့် ဘဝသက်တမ်းသည် ကံမကုန်သေးပါက သင် နေမကောင်းလျှင်ပင် သူသည် သင့်ကို သေဆုံးခွင့် ပေးလိမ့်မည် မဟုတ်ပေ။ သင်၏ မကျန်းမာမှုက ရောဂါမကျွမ်းသော်လည်း သင်၏ အချိန်ကျလာပြီးဖြစ်ပါက ဘုရားသခင်သည် သူ အလိုရှိသည့် မည်သည့်အချိန်တွင်မဆို သင့်ကို ခေါ်ဆောင်သွားလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်ကူးအပေါ်တွင် လုံးဝဥဿုံ မူတည်နေသည် မဟုတ်လော။ ယင်းသည် သူ၏ ကြိုတင်စီရင်ထားချက်အပေါ် လုံးဝ မူတည်နေပေသည်။ ဤသည်မှာ ဤကိစ္စရပ်ကို သင် ကြည့်သင့်သည့်ပုံ ဖြစ်သည်။ သင်သည် သင့်အပိုင်းကို လုပ်ဆောင်ကာ ဆရာဝန်ထံသို့ သွားခြင်း၊ ဆေးဝါးအချို့ သုံးစွဲခြင်း၊ သင်၏ ကျန်းမာရေးကို စောင့်ရှောက်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းတို့ ရှိကောင်းရှိနိုင်သော်လည်း လူတစ်ဦး၏ အသက်သည် ဘုရားသခင်၏ လက်ထဲတွင် ရှိကြောင်း၊ လူတစ်ဦး၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်စီရင်ထားကြောင်း၊ ဘုရားသခင် ကြိုတင်စီရင်ထားသည့်အရာကို မည်သူမျှ မကျော်လွန်နိုင်ကြောင်း အတွင်းစိတ်ထဲတွင် သင်နားလည်ထားဖို့ လိုအပ်သည်။ သင်သည် ဤသိနားလည်မှု အတိုင်းအတာ အနည်းငယ်ကိုပင် မပိုင်ဆိုင်ပါက သင်သည် အမှန်တကယ် ယုံကြည်ခြင်းမရှိသကဲ့သို့ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ပေ။

အချို့လူများသည် ၎င်းတို့၏ နာမကျန်းမှုများကို ကုသရန် နည်းလမ်းမျိုးစုံကို အသုံးပြု၍ လုပ်ဆောင်နိုင်သည့် အရာမှန်သမျှကို လုပ်ဆောင်ကြသည်။ သို့သော် မည်သည့်ကုသမှုကို အသုံးပြုသည်ဖြစ်စေ ယင်းတို့ကို ပျောက်ကင်းအောင် မဆောင်ရွက်နိုင်ကြ။ ၎င်းတို့ကို ကုသလေ နာမကျန်းမှုမှာ ပိုမိုပြင်းထန်လာလေဖြစ်သည်။ နာမကျန်းမှုနှင့် ပတ်သက်၍ မည်သို့ဖြစ်နေသည်ကို အတိအကျ သိရှိရန် ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် ရင်းမြစ် အကြောင်းတရားကို ရှာဖွေခြင်း ပြုမည့်အစား ၎င်းတို့သည် ကိစ္စရပ်များကို ၎င်းတို့ကိုယ်တိုင် ဖြေရှင်းကြသည်။ ၎င်းတို့သည် နည်းစနစ် အများအပြားကို အသုံးပြုခြင်း၊ ငွေကြေးအများအပြား သုံးစွဲခြင်းတို့တွင် လမ်းဆုံးကြရသော်လည်း ၎င်းတို့၏ ရောဂါမှာမူ မပျောက်ကင်းသေးဘဲ ရှိနေ၏။ ထို့နောက် ကုသမှုကို ၎င်းတို့လက်လျှော့လိုက်သည့်အခါ နာမကျန်းမှုသည် အချိန်အတန်ကြာပြီးနောက် မမျှော်လင့်ဘဲ သူ့အလိုလို ပျောက်ကင်းသွားတော့သည်။ မည်သို့ပျောက်သွားကြောင်းကိုကား ၎င်းတို့မသိကြ။ အချို့လူများတွင် ထူးထူးခြားခြားမဟုတ်သည့် ရောဂါတစ်ခု ပေါ်ပေါက်လာပြီး ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ သိပ်စိုးရိမ်ခြင်း မရှိကြ။ သို့သော် တစ်နေ့တွင် ၎င်းတို့၏ အခြေအနေသည် ပိုမိုဆိုးရွားလာပြီး ၎င်းတို့ ရုတ်တရက် သေဆုံးသွားကြသည်။ ယင်းမှာ မည်သို့ဖြစ်ရသနည်း။ လူများသည် ယင်းကို နားလည်သဘောပေါက်နိုင်ခြင်း မရှိကြ။ အမှန်အားဖြင့် ဘုရားသခင်၏ ရှုထောင့်မှဆိုလျှင် အကြောင်းရင်းမှာ ဤကမ္ဘာတွင် ထိုပုဂ္ဂိုလ်၏ တာဝန်ပေးစေခိုင်းချက်က ပြီးစီးသွားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ၎င်းကို ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ “လူများသည် နာမကျန်းမဖြစ်ပါက သေဆုံးခြင်းမရှိကြ” ဟု လူတို့ မကြာခဏ ပြောဆိုကြသည်။ ယင်းအတိုင်း အမှန်တကယ် ဖြစ်သလော။ ဆေးရုံတွင် စမ်းသပ်မှုခံယူပြီးနောက် နာမကျန်းမှု မရှိကြောင်း တွေ့ရှိရသည့် လူများရှိသည်။ ၎င်းတို့သည် အလွန်အမင်း ကျန်းမာနေသော်လည်း ရက်အနည်းငယ်အတွင်း သေဆုံးသွားကြသည်။ ဤအရာကို နာမကျန်းမှုမဖြစ်ဘဲ သေဆုံးခြင်းဟု ခေါ်သည်။ ယင်းကဲ့သို့သော လူများ အများအပြား ရှိကြသည်။ ဤသည်မှာ လူတစ်ဦး၏ ဘဝသည် ဆုံးခန်းတိုင်သွားပြီ ဖြစ်ကြောင်း၊ ထိုသူသည် ဝိညာဉ်လောကဆီသို့ ပြန်လည်ခေါ်ဆောင်သွားခြင်း ခံလိုက်ရကြောင်း အဓိပ္ပာယ်ရသည်။ အချို့လူများသည် ကင်ဆာနှင့် တီဘီရောဂါများမှ ပြန်လည်ကောင်းမွန်လာပြီး အသက်ခုနစ်ဆယ်ကျော်၊ ရှစ်ဆယ်ကျော်အထိ နေထိုင်သွားကြသည်။ ယင်းကဲ့သို့သော လူများ အများအပြားရှိ၏။ ဤအရာအားလုံးသည် ဘုရားသခင်၏ သတ်မှတ်ဆုံးဖြတ်ချက်များအပေါ်၌ တည်မှီနေသည်။ ဤသိနားလည်မှု ရှိခြင်းသည် ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်ခြင်းပင် ဖြစ်သည်။ သင်သည် ရုပ်ခန္ဓာအားဖြင့် နာမကျန်းဖြစ်နေပြီး သင့်အခြေအနေကို ထိန်းရန် ဆေးဝါးအချို့ သောက်သုံးဖို့ လိုအပ်ပါက စိတ်သက်သာအောင် နေပြီး ယင်းကို တည်ငြိမ်စွာ ကိုင်တွယ်လျက် ဆေးဝါးသောက်သုံးသင့်သည် သို့မဟုတ် လေ့ကျင့်ခန်း မှန်မှန်လုပ်သင့်သည်။ ဤသည်မှာ မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်မှုရှိသော သဘောထားတစ်ခုဖြစ်သည်။ သင်သည် ဆေးဝါးကို သောက်သုံးခြင်းမပြု၊ ဆေးထိုးခြင်းမခံယူ၊ လေ့ကျင့်ခန်းမလုပ်၊ သင့်ကျန်းမာရေးကို ဂရုမစိုက်ဟု ဆိုပါစို့။ ထို့နောက် သေမတတ် စိတ်ပူပန်နေဆဲဖြစ်ပြီး “အို၊ ဘုရားသခင်၊ ကျွန်ုပ်၏ တာဝန်များကို သင့်တင့်လျောက်ပတ်စွာ ကျွန်ုပ်ထမ်းဆောင်မှ ဖြစ်ပါမည်။ ကျွန်ုပ်၏ တာဝန်ပေးစေခိုင်းချက်သည် မပြီးစီးသေးပါ။ သေဆုံးရန် ကျွန်ုပ်အသင့်မဖြစ်သေးပါ။ ကျွန်ုပ်၏ တာဝန်များကို ဖြည့်ဆည်းပြီး ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးအောင် ဆောင်ရွက်ချင်ပါသည်။ ကျွန်ုပ်သေသွားလျှင် ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးအောင် လုပ်နိုင်မည် မဟုတ်ပါ။ ကျွန်ုပ်အနေဖြင့် မည်သည့်နောင်တရစရာကိုမျှ ချန်မထားရစ်လိုပါ။ ဘုရားသခင်၊ ကျွန်ုပ်၏ ဆုတောင်းချက်များကို နားထောင်တော်မူပါ။ ကျွန်ုပ်၏ တာဝန်များကို ဖြည့်ဆည်းနိုင်ရန်နှင့် ကိုယ်တော်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးအောင် လုပ်နိုင်ရန် ကျွန်ုပ်အား ဆက်လက်အသက်ရှင်ခွင့် ပေးတော်မူပါ။ ကိုယ်တော့်အား ထာဝရ ချီးမွမ်းရန်နှင့် ကိုယ်တော်ဘုန်းထင်ရှားမည့် နေ့ရက်ကို တတ်နိုင်သမျှ စောစီးစွာ မြင်တွေ့ရန် ကျွန်ုပ်ဆန္ဒရှိပါသည်” ဟု တစ်ချိန်လုံး ဆုတောင်းနေသည် ဆိုပါစို့။ ပြင်ပအသွင်အပြင်များ အားလုံးအရ သင်သည် ဆေးဝါးကို မသောက်သုံး သို့မဟုတ် မည်သည့်ဆေးထိုးခြင်းကိုမျှ မခံယူဘဲ လွန်စွာသန်မာနေပြီး ဘုရားသခင်အပေါ် ယုံကြည်မှု အပြည့်ရှိပုံရသည်။ အမှန်တကယ်တွင်မူ သင်၏ ယုံကြည်မှုသည် မုန်ညင်းစေ့တစ်စေ့ထက်ပင် သေးငယ်နေ၏။ သင်သည် သေမတတ် ကြောက်ရွံ့နေပြီး ဘုရားသခင်အပေါ် ယုံကြည်မှုမရှိ။ မည်သို့ဖြစ်၍ သင့်တွင် ယုံကြည်မှုမရှိရသနည်း။ ဤသည်မှာ မည်သို့ဖြစ်လာသနည်း။ လူသားများသည် ဖန်ဆင်းရှင်၏ သဘောထား၊ စည်းမျဉ်းများအပြင် သူ၏ ဖန်ဆင်းခံများနှင့် သူဆက်ဆံသည့် နည်းလမ်းများကို ဧကန်အမှန်ပင် နားမလည်ကြ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင် မည်သို့လုပ်ဆောင်မည်ကို မှန်းဆရန် ၎င်းတို့၏ အကန့်အသတ်ရှိသော ရှုထောင့်အမြင်၊ ထင်မြင်ယူဆချက်များ၊ စိတ်ကူးများကို အသုံးပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့ကို သက်သာပျောက်ကင်းစေပြီး အသက်ရှည်စွာ နေခွင့်ပြုမပြုကို သိမြင်ရရန် ဘုရားသခင်နှင့် အလောင်းအစားလုပ်ချင်ကြသည်။ ဤသည်မှာ မိုက်မဲရာကျသည် မဟုတ်သလော။ ဘုရားသခင်က သင့်အား အသက်ရှင်ခွင့်ပြုလျှင် သင်သည် မည်မျှနာမကျန်းသည်ဖြစ်စေ သေဆုံးမည်မဟုတ်။ ဘုရားသခင်က သင့်အား အသက်ရှင်ခွင့်မပြုလျှင် သင်သည် နာမကျန်း မဖြစ်လျှင်ပင် သေဆုံးခြင်းသာ မလွဲမသွေဖြစ်ရန်ရှိပါက သေဆုံးမည်သာဖြစ်သည်။ သင့်ဘဝ၏ သက်တမ်းကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ ဤအရာကို သိရှိရန်မှာ စစ်မှန်သော အသိပညာနှင့် စစ်မှန်သော ယုံကြည်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့အား ကြုံရာကျပန်း နာဖျားစေသလော။ ယင်းသည် ကြုံရာကျပန်း မဟုတ်ပေ။ ယင်းသည် ၎င်းတို့၏ ယုံကြည်ခြင်းကို စစ်ဆေးရန် နည်းလမ်းတစ်ခု ဖြစ်သည်။ ယင်းသည် လူတို့ သည်းခံရမည့် ဆင်းရဲဒုက္ခ ဖြစ်သည်။ သူသည် သင့်အား နာမကျန်း ဖြစ်စေပါက ယင်းကို လွတ်မြောက်ရန် မကြိုးစားနှင့်။ အားလုံးသည် ဖန်ဆင်းရှင်၏ လက်များထဲတွင် ရှိပြီး လူတို့သည် သဘာဝတရားအား အလိုအလျောက် ဖြစ်ခွင့်ပေးရန် သင်ယူရမည်။ သဘာဝတရားဆိုသည်မှာ အဘယ်နည်း။ သဘာဝတရားထဲက မည်သည့်အရာမျှ ကြုံရာကျပန်း မဟုတ်ပေ။ ထိုအရာအားလုံး ဘုရားသခင်ထံမှ လာ၏။ ဤသည်မှာ အမှန် ဖြစ်သည်။ ရောဂါတစ်မျိုးတည်းကို ခံစားရသည်ချင်းအတူတူ အချို့က သေဆုံးပြီး အခြားသူများက အသက်ရှင်ကြသည်။ ဤအရာအားလုံးကို ဘုရားသခင်က ကြိုတင်စီရင်ထားခြင်း ဖြစ်ပေသည်။ သင် အသက်ရှင်နိုင်ပါက ယင်းမှာ သင်သည် ဘုရားသခင်က သင့်ကို ပေးသည့် တာဝန် မပြီးစီးသေးသည်ကို သက်သေပြပေသည်။ သင်သည် ယင်းကို ပြီးစီးစေရာတွင် ကြိုးစားအလုပ်လုပ်သင့်ပြီး ဤအချိန်ကာလကို ချစ်ခင်မြတ်နိုးသင့်ပေသည်။ မဖြုန်းတီးနှင့်။ ဤသည်မှာ ဆိုလိုသည့်အရာ ဖြစ်သည်။ သင် နာမကျန်းဖြစ်ပါက ယင်းကို လွတ်မြောက်ရန် မကြိုးစားနှင့်။ ပြီးလျှင် သင် နာမကျန်း မဖြစ်ပါက ယင်းကို မတောင်းလျှောက်နှင့်။ မည်သည့်ကိစ္စတွင်မဆို တောင်းလျှောက်ခြင်းမျှဖြင့် သင် လိုချင်သည့်အရာကို သင် မရနိုင်သကဲ့သို့ သင် အလိုရှိရုံမျှဖြင့် မည်သည့်အရာကိုမဆို သင်မလွတ်မြောက်နိုင်ပေ။ ဘုရားသခင်က လုပ်ဆောင်ရန် ဆုံးဖြတ်ပြီးသည့်အရာကို မည်သူမျှ မပြောင်းလဲနိုင်ပေ။

ကားတိုင်တွင် သံမှိုရိုက်နှက်ခြင်းမခံရမီတွင် သခင်ယေရှုက ဆုတောင်းချက်တစ်ခု ပူဇော်ခဲ့သည်။ ယင်းသည် မည်သို့ အတိအကျ စကားလုံးရွေးချယ်သုံးနှုန်းထားသနည်း။ (“ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော်။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည့်အတိုင်း ဖြစ်ပါစေသော်။” (ရှင်မဿဲခရစ်ဝင် ၂၆:၃၉)) အဖန်ဆင်းခံ လူသားမျိုးနွယ်ဝင်တစ်ဦးအနေဖြင့် ၎င်းတို့က ဘုရားသခင်၏ အလိုတော်ကို နားမလည်ကြသောကြောင့် လူအားလုံးသည် ထိုသို့သော ရှာဖွေမှု ဖြစ်စဉ်တစ်ခုကို ကြုံသင့်ပေသည်။ ဤသည်မှာ ပုံမှန် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ သို့သော် သင်မည်သို့ ရှာဖွေသည်ဖြစ်စေ၊ ရှာဖွေခြင်း ဖြစ်စဉ်က မည်မျှရှည်ကြာသည် သို့မဟုတ် မည်မျှခက်ခဲကြမ်းတမ်းသည် သို့မဟုတ် မည်မျှခက်ခဲသည်ဖြစ်စေ ဘုရားသခင် လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည့် မည်သည့်အရာမျှ အစကနဦးကတည်းက မပြောင်းလဲဖူးသကဲ့သို့ ယင်းကို ပြောင်းလဲရန်လည်း သူမဆုံးဖြတ်ဖူးပေ။ လူတို့သည် ရှာဖွေကာ စောင့်ဆိုင်းကောင်း စောင့်ဆိုင်းနိုင်ကာ ဘုရားသခင်က အမှန်တကယ် မှန်ကန်သည့် အရာနှင့်ပတ်သက်၍ သိနားလည်မှု၊ အသိပညာနှင့် ရှင်းလင်းပြတ်သားမှုတို့ ရရှိဖို့ ဖြစ်စဉ်တစ်ခုဖြင့် ၎င်းတို့အား ခွင့်ပြုသော်လည်း သူသည် ဆုံးဖြတ်ချက်တစ်ခုတလေကို လုံးဝ ပြောင်းလဲမည် မဟုတ်ပေ။ ထို့ကြောင့် အမှုအရာများက သင့်ထံ ကြုံရာကျပန်း ဖြစ်ပျက်သည် သို့မဟုတ် သင်သည် တစ်နည်းနည်းဖြင့် ကပ်ဘေးနှင့် သေဘေးတစ်ခုခုကို လွတ်မြောက်သည့်အခါ ယင်းသည် မိုက်မဲသော ကံတရားဖြစ်ကာ အကြောင်းတိုက်ဆိုင်မှုဖြစ်သည်ဟု သင် မခံစားသင့်ပေ။ ယင်းက ထိုသို့ မဟုတ်ချေ။ အကြီးဆုံးမှ အငယ်ဆုံးထိ အင်မတန် ကြီးမားလှသည့် ဂြိုဟ်များနှင့် စကြဝဠာတို့မှသည် ဖန်ဆင်းခံ လူသားမျိုးနွယ်နှင့် အဏုဇီဝရုပ်များအထိပင် ဖန်ဆင်းခံ သတ္တဝါတိုင်းအတွက် ကြိုတင်ချိန်ကိုက်ထားသော အစီအစဉ်တစ်ခုနှင့် တိကျသော အစီအစဉ်များ ဘုရားသခင်၌ ရှိလေသည်။ ဤသည်မှာ ဘုရားသခင်၏ အတိုင်းအဆမဲ့ တန်ခိုးကြီးမှု ဖြစ်သည်။ လူအချို့သည် နာမကျန်းဖြစ်ကာ ၎င်းတို့၏ နာမကျန်းမှုသည် အချို့သော လှုပ်ရှားသွားလာမှုနှင့်သက်ဆိုင်သည့် ခြေကုန်လက်ပန်းကျခြင်းမှ လာသည် သို့မဟုတ် မတော်တဆ အစားမှားခြင်းမှ လာသည်ဟု ပြောတတ်ကြသည်။ ထိုသို့သော အကြောင်းပြချက်များကို မရှာနှင့်။ ယင်းတို့သည် အပျက်သဘောဆောင်ပြီး ခုခံတတ်သော သဘောထားများသာ ဖြစ်သည်။ သင်သည် ဘုရားသခင်က သင့်အတွက် စီစဉ်ပြီးဖြစ်သည့် အခြေအနေများ၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို အပြုသဘောဆောင်ခြင်းဖြင့် ရင်ဆိုင်သင့်သည်။ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်များကို မရှာနှင့်။ ထိုအစား သင့်အား ဤအခြေအနေကို ပေးရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် သဘောထားက မည်သည့်အရာ အတိအကျဖြစ်သည်ဆိုသည်နှင့် ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းနေချိန်တွင် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၌ မည်သည့်သဘောထား ရှိသင့်သည်ဆိုသည်တို့ကို သင်ရှာဖွေသင့်၊ နားလည်သင့်ပေသည်။ ဤသည်မှာ သင် ရှာဖွေရမည့် လမ်းကြောင်း ဖြစ်သည်။ လူတစ်ဦး ရှင်သန်သည့်အခါ ယင်းသည် မည်သည့်အခါတွင်မျှ ကြုံရာကျပန်း မဟုတ်သကဲ့သို့ လွဲရှောင်၍လည်း မရနိုင်ပေ။ ဖန်ဆင်းရှင်၏ အစီအစဉ်များ၊ ရည်ရွယ်ချက်များနှင့် အချုပ်အခြာအာဏာတို့ အမြဲ ရှိလေသည်။ မည်သည့်အရာမျှ အနှစ်မမဲ့ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သူ၏ အလိုတော်၊ ထို့ပြင် သမ္မာတရားတို့သည် အနှစ်မဲ့သည်ဟု သင်ထင်သလော။ အနှစ်မမဲ့ပေ။ လူတို့သည် ဘုရားသခင်၏ အလိုတော်ကို သဘောမပေါက်သည့်အခါ ၎င်းတို့တွင် အချို့သော အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများ ရှိတတ်ပြီး ထိုအယူအဆများနှင့် စိတ်ကူးထင်မြင်မှုများက အတော်အတန် မှန်ကန်နေသည့်အလား ၎င်းတို့ခံစားကြရကာ ယင်းတို့က ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်အညီ ဖြစ်ရမည်ဟု ၎င်းတို့ခံစားကြရသည်။ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များက အဘယ်အရာများဖြစ်ကြောင်း မသိရှိကြ။ ထို့ကြောင့် ၎င်းတို့သည် “ဤနည်းဖြင့် ငါစဉ်းစားခြင်းမှာ မှန်သည်။ ငါ့တွင် စစ်မှန်သည့် ယုံကြည်မှုရှိသည်။ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး နာခံသည်။ ငါသည် ဘုရားသခင်ကို ချစ်သည့်သူ ဖြစ်သည်” ဟု ခံစားကြသည်။ အမှန်တွင် ဘုရားသခင်သည် သင်၏ အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများကို လုံးဝစက်ဆုပ်သည်။ သင်မည်မျှမှန်ကန်ကြောင်း တွေးတောနေချိန်တွင် သင်သည် တကယ်တမ်း၌ သမ္မာတရားကို နားလည်ခြင်း လုံးဝ မရှိသလို သမ္မာတရားကို ရရှိထားခြင်းလည်း မရှိ။ တစ်နေ့တွင် သင်သည် ဤကိစ္စရပ်များ အားလုံးကို ရှင်းလင်းစွာ သိမြင်ပြီး ဤအရာအားလုံးကို နောက်ဆုံးတွင် ဖန်ဆင်းရှင်က အုပ်စိုး၊ စီစဉ်၊ သတ်မှတ်ဆုံးဖြတ်ထားခြင်း ဖြစ်ကြောင်း နားလည်သဘောပေါက်သည့်အခါ သင်ကြုံဆုံခဲ့ရသည့် လူများ၊ အဖြစ်အပျက်များ၊ အရာများ အားလုံးထံမှ သင်ခန်းစာများ ရရှိပြီးဖြစ်လိမ့်မည့်အပြင် သင်ရသင့်ရထိုက်သည့် ရလဒ်များကို ရရှိပြီးဖြစ်လိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် နားလည်လာမည်ဖြစ်ပြီး ဘုရားသခင် လုပ်ဆောင်သည့် အရာရာတိုင်းသည် လူများကို ကယ်တင်ရန်ဖြစ်ကြောင်း၊ ထိုအထဲတွင် ဘုရားသခင်၏ ကောင်းသော ရည်ရွယ်ချက်များနှင့် အလေးအနက် အားထုတ်မှုများ ပါဝင်နေကြောင်း သဘောပေါက်လာလိမ့်မည်။ သင်သည် ဤနားလည်မှုကို ရရှိသည့်အခါ ဘုရားသခင်ကို ကျေးဇူးတင်သင့်ပြီး ချီးမွမ်းသင့်သည်။ “ဘုရားသခင်သည် ဤတာဝန်ကို ငါ့အား ထမ်းဆောင်စေရန် သတ်မှတ်ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ငါသည် ဘုရားသခင်၏ စိတ်နှလုံးတွင် အလွန်အရေးပါရမည်။ ဘုရားသခင်သည် ငါ့အား စွန့်ခွာမသွားနိုင်သည့်အပြင် ငါ့အား သေဆုံးခွင့်ပြုမည်မဟုတ်” ဟု မည်သည့်အခါမျှ မခံစားသင့်ချေ။ ဤအရာမှာ မှားယွင်းသည်။ ဘုရားသခင် လုပ်ဆောင်သမျှ အရာရာတိုင်းတွင် နည်းစနစ်တစ်ရပ်ရှိသည်။ ယင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်သည် လူပုဂ္ဂိုလ်တစ်ဦး မည်သည့်အချိန်တွင် မွေးဖွားမည်၊ မည်သည့်အချိန်တွင် သေဆုံးမည်၊ ၎င်း၏ ယခုဘဝတွင် တာဝန် မည်မျှရရှိမည်ကို သတ်မှတ်ဆုံးဖြတ်သည်။ ဘုရားသခင်သည် သင်၏ ဘဝသက်တမ်းကို သတ်မှတ်ဆုံးဖြတ်ထား၏။ ယခုဘဝတွင် သင်၏ ညံ့ဖျင်းသော စွမ်းဆောင်ရည်ကြောင့် သင်၏ ဘဝသက်တမ်းကို စောစီးစွာ သူအဆုံးသတ်မည် မဟုတ်သလို ယခုဘဝတွင် ကောင်းမွန်သည့် စွမ်းဆောင်ရည်ကြောင့် သင်၏ ဘဝသက်တမ်းကို နှစ်ပေါင်းအချို့ သူတိုးပေးမည်လည်း မဟုတ်။ နည်းစနစ်တစ်ရပ် ရှိခြင်းဟူသည်မှာ ဤအရာကို ခေါ်သည်။ ကမ္ဘာပေါ်တွင် ဆိုးဝါးသည့် လုပ်ရပ်အမျိုးမျိုးကို ကျူးလွန်ကြသော၊ ကမ္ဘာကြီးကို ကြီးမားသည့် ဘေးဖြစ်စေခဲ့သော၊ တစ်စုံတစ်ခုသော ကာလအတွင်း အခြားသူများကို အန္တရာယ်ဖြစ်စေခဲ့သည့် ဘေးဖြစ်စေသော လုပ်ရပ်များစွာ ကျူးလွန်ခဲ့သော လူဆိုးများနှင့် စပ်လျဉ်း၍ အချို့သူများက “ဘုရားသခင်သည် မျက်စိမမြင်။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုသို့သော လူများကို မဖျက်ဆီးသနည်း” ဟု ပြောကြသည်။ ဤအရာ၏ အကြောင်းတရားမှာ မည်သည့်အရာ ဖြစ်ကြောင်း သင်သိသလော။ ဤအရာ၏ နောက်ကွယ်ရှိ ရင်းမြစ်အကြောင်းတရားမှာ အဘယ်နည်း။ ရင်းမြစ်အကြောင်းတရားမှာ ဤသို့ဖြစ်သည်။ အပြုသဘောရှိသည့် ပုဂ္ဂိုလ်များသည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြပြီး အပျက်သဘောရှိသည့် ပုဂ္ဂိုလ်များသည် အပျက်သဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြသည်။ လူတိုင်းတွင် တာဝန်တစ်ရပ်စီ ရှိကြသည်။ လူတိုင်းတွင် အခန်းကဏ္ဍတစ်ခုစီ ရှိကြသည်။ လူတိုင်း၏ အသက်နှင့် သေဆုံးခြင်းတို့ကို ရှေးယခင်ကတည်းက ကြိုတင်သတ်မှတ်ထားပြီး ဖြစ်သည်။ ဘုရားသခင်က ဤအရာကို မည်သည့်အခါမျှ ကမောက်ကမဖြစ်အောင် ပြုမည်မဟုတ်။ သင်မွေးဖွားလာသည့်အခါ သင်သည် ဤလောကသို့ အချိန်ကိုက် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အချိန်ဇယားမှ တစ်မိနစ် သို့မဟုတ် တစ်စက္ကန့်မျှ လွဲချော်ခြင်းမရှိ။ သင်သေဆုံးပြီး သင်၏ဝိညာဉ် ထွက်ခွာသွားသည့်အခါ ယင်းသည်လည်း အချိန်ဇယားမှ တစ်မိနစ် သို့မဟုတ် တစ်စက္ကန့်မျှ လွဲချော်လိမ့်မည်မဟုတ်။ ဘုရားသခင်သည် လူပုဂ္ဂိုလ်တစ်ဦးအတွက် မူလသတ်မှတ်ထားသည့် ဘဝသက်တမ်းကို လူသားမျိုးနွယ်အတွက် ထိုသူ၏ ကြီးမားသော အကျိုးပြုမှုကြောင့် အနှစ်နှစ်ဆယ် သို့မဟုတ် သုံးဆယ် အပိုဆောင်း ရှင်သန်စေခြင်းဖြင့် ပြောင်းလဲလိမ့်မည်မဟုတ်။ ဘုရားသခင်သည် ဤကိစ္စကို မည်သည့်အခါကမျှ မလုပ်ခဲ့သလို အနာဂတ်တွင်လည်း မည်သည့်အခါမျှ လုပ်လိမ့်မည်မဟုတ်။ လူပုဂ္ဂိုလ်တစ်ဦးသည် လူသားမျိုးနွယ်အား အထူးသဖြင့် ဘေးဖြစ်စေသောကြောင့် ၎င်းအား အချိန်မတိုင်မီ သေဆုံးစေရန်လည်း ဘုရားသခင် ပြုလုပ်လိမ့်မည်မဟုတ်။ ဘုရားသခင်သည် ထိုအရာကို မည်သည့်အခါမျှ လုပ်မည်မဟုတ်။ ဤသည်မှာ ကောင်းကင်ဘုံ၏ စည်းကမ်းနှင့် ဥပဒေဖြစ်ပြီး ဘုရားသခင်က ယင်းကို မည်သည့်အခါမျှ ချိုးဖောက်မည်မဟုတ်ပေ။ သင်တို့သည် ဤအကြောင်းအရာမှ မည်သည့်အရာကို သိမြင်ခဲ့ရသနည်း။ (ဘုရားသခင်က သတ်မှတ်ဆုံးဖြတ်ထားသည့်အရာများကို မည်သူကမျှ မပြောင်းနိုင်ပါ။) ဘုရားသခင်ကိုယ်၌က သူသတ်မှတ်ဆုံးဖြတ်ထားသည့် သို့မဟုတ် စီစဉ်ထားသည့် အရာများကို မည်သည့်အခါမျှ ကမောက်ကမဖြစ်အောင် သို့မဟုတ် ပြောင်းလဲသွားအောင် လုပ်မည်မဟုတ်။ ဤသည်မှာ မှန်ကန်သည့် အချက်တစ်ခု ဖြစ်သည်။ ထိုမျှမက ဤအကြောင်းအရာမှ ငါတို့သည် ဘုရားသခင်၏ တန်ခိုးနှင့် ဉာဏ်ပညာတို့ကို မြင်ရသည်။ ဘုရားသခင်သည် ဘုရားသခင်၏ ဖန်ဆင်းခံများအားလုံး၏ ဇာစ်မြစ်၊ ပေါ်ထွန်းမှု၊ သက်တမ်း၊ အဆုံးသတ်တို့အပြင် လူသားမျိုးနွယ် တစ်ရပ်လုံး၌ ၎င်းတို့အသက်တာ၏ တာဝန်နှင့် ၎င်းတို့ လုပ်ဆောင်သည့် အခန်းကဏ္ဍတို့ကို အပြည့်အဝ စီစဉ်နှင့်ပြီးဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ဤအရာများကို မပြောင်းလဲနိုင်ပေ။ ဤသည်မှာ ဖန်ဆင်းရှင်၏ ဩဇာအာဏာဖြစ်သည်။ ဖန်ဆင်းခံတိုင်း၏ ပေါ်ထွန်းမှု၊ ၎င်းတို့အသက်တာ၏ တာဝန်၊ ၎င်းတို့၏ ဘဝသက်တမ်း ကုန်ဆုံးမည့်အချိန် ဟူသကဲ့သို့သော ဤဥပဒေသများအားလုံးကို ဘုရားသခင်က ကြာမြင့်သောအချိန်ကတည်းက စီမံထားသည်မှာ အာကာသဗိမာန်တိုင်း၏ ပတ်လမ်းကို ဘုရားသခင် စီမံထားသကဲ့သို့ပင် ဖြစ်လေသည်။ ဤအာကာသဗိမာန်များသည် မည်သည့် ပတ်လမ်းကို လိုက်သည်၊ နှစ်ပေါင်းမည်မျှ လိုက်သည်၊ ၎င်းတို့ မည်သို့ ပတ်သည်၊ ၎င်းတို့ မည်သည့် ဥပဒေသများကို လိုက်နာသည်၊ ဤအရာများအားလုံးကို ဘုရားသခင်က လွန်လေပြီးသော အချိန်ကြာမြင့်စွာက စီမံထားခဲ့ကာ နှစ်ထောင်ပေါင်း၊ သောင်းပေါင်း၊ သန်းပေါင်းများစွာ မပြောင်းလဲခဲ့ဘဲ ရှိလေသည်။ ဤသည်ကို ဘုရားသခင်က စီမံထားခြင်းဖြစ်ပြီး ဤသည်မှာ သူ၏ဩဇာအာဏာ ဖြစ်လေသည်။ သို့ဆိုလျှင် သေးငယ်သော ဖန်ဆင်းခံဖြစ်သည့် လူသားနှင့်ပတ်သက်၍ မည်သို့ရှိသနည်း။ လူကို ငါတို့ဘေးဖယ်ထားပြီး ပထမဦးစွာ ခွေးများအကြောင်း ပြောကြစို့။ ဘုရားသခင်သည် ၎င်းတို့အား ဆယ်နှစ်ခန့် အသက်ရှင်စေရန်နှင့် ထိုအသက်အရွယ်သို့ ရောက်ရှိသည့်အခါ ၎င်းတို့သေဆုံးကြစေရန် သတ်မှတ်ဆုံးဖြတ်ထားခဲ့သည်။ ဤအချိန်သတ်မှတ်ချက်ကို ပြင်နိုင်သလော။ (မပြင်နိုင်ပါ။) အထူးဖြစ်ရပ်များအကြောင်း ငါတို့ပြောဆိုကြမည်မဟုတ်။ လူသားများက ပြောင်းလဲနိုင်ခြင်းပင် မရှိသည့် သေးငယ်သော တိရစ္ဆာန်တစ်ကောင်၏ ဘဝသက်တမ်းကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်ဖြစ်ရာ လူသားအတွက် ထိုသို့မသတ်မှတ်ထားဘဲ မည်သို့ရှိမည်နည်း။ ထို့ကြောင့် လူများက မည်သည့်အရာကို တောင်းခံသည်ဖြစ်စေ ၎င်းတို့ မတောင်းခံသင့်သည့် အရာမှာ ၎င်းတို့၏ ဘဝသက်တမ်းကို တိုးပေးရန် ဖြစ်သည်။ လူပုဂ္ဂိုလ်တစ်ဦး၏ ဘဝရှိ ကောင်းချီးမင်္ဂလာများနှင့် ကံကြမ္မာဆိုးများ၊ ထို့ပြင် လူပုဂ္ဂိုလ်တစ်ဦး မည်သည့်အချိန်တွင် သေဆုံးမည်ဟူသည့် အရာများကို ဘုရားသခင်က ကြိုတင်သတ်မှတ်ထားသည်။ ယင်းတို့ကို မည်သူကမျှ မပြောင်းနိုင်။ မည်မျှတောင်းဆိုသည်ဖြစ်စေ မည်သည့်သက်ရောက်မှုမျှ ရှိမည်မဟုတ်။ သင်မည်သည့်အရာကို တွေ့ကြုံရသည်၊ သင်မည်သည့်အရာကို သိရှိမှတ်မိသည်၊ ပတ်ဝန်းကျင်တစ်ခုမှ သင်မည်သည့်အရာကို ရရှိနိုင်သည် စသည့် အချို့အရာများနှင့် ပတ်သက်၍ သင့်အား အသိဉာဏ်ဖွင့်ပေးပါဟု ဘုရားသခင်ကို သင်တောင်းလျှောက်နိုင်သည်။ ဆိုလိုသည်မှာ သင်သည် အသက် ဝင်ရောက်မှုအတွက်နှင့် သင်၏ အသက် စိတ်သဘောထား ပြောင်းလဲမှုအတွက် သမ္မာတရားကို ရှာဖွေနိုင်ပြီး ဘုရားသခင်ထံ ဆုတောင်းနိုင်သည်။ သင်၏ ရိုးသားမှုက ဘုရားသခင်ကို စိတ်ညွတ်စေလျှင် သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ရရှိနိုင်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လုပ်ဆောင်ရန် အလိုရှိသည့်အရာဖြစ်သည်။ သို့သော် သင်သည် ဆင်ခြင်တုံတရား ရှိသင့်သည်။ သင်၏ ဘဝသက်တမ်းကို ဘုရားသခင်က သတ်မှတ်ဆုံးဖြတ်ထားပြီးဖြစ်၍ သင်သည် အသက်ရှည်စေရန် သို့မဟုတ် ထာဝရ အသက်ရှင်ရန် ဘုရားသခင်ထံ တောင်းဆို၍မရ။ ယင်းကို လူများက မပြောင်းလဲနိုင်။ မည်မျှတောင်းဆိုသည်ဖြစ်စေ ခြားနားမှု ရှိမည်မဟုတ်။ ဘုရားသခင်က သတ်မှတ်ဆုံးဖြတ်ထားသမျှ ကာလပတ်လုံး ဘုရားသခင်က ယင်းကို ပြောင်းလဲမည်မဟုတ်။ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ ဘုရားသခင်သည် သင်၏ အချုပ်အခြာအာဏာရှင်ဖြစ်ကြောင်း၊ သင်၏ ဘုရားသခင်နှင့် သင်၏ အရှင်သခင်ဖြစ်ကြောင်း သင်အသိအမှတ်ပြုပါက ဤအရာများကို မည်သည့်အခါမျှ သင်တောင်းဆိုခြင်းမပြုရ။ ဘုရားသခင်က လူများအား မည်သည့်အရာကို တောင်းဆိုရန် ပြောသနည်း။ သခင်၏ ပဌနာတော်က မည်သည့်အရာကို ပြောသနည်း။ “နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။” (ရှင်မဿဲခရစ်ဝင် ၆:၁၀) အခြားမည်သည့်အရာကို တောင်းဆိုသင့်သနည်း။ သင်သိသလော။ သင်တို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်အတွင်း ဖန်ဆင်းခံများအဖြစ် သင်တို့၏ တာဝန်များကို ထမ်းဆောင်သင့်သည်။ သင်တို့အား ဘုရားသခင်က ပေးထားသည့် တာဝန်ပေးစေခိုင်းချက်များကို ပြီးစီးအောင် ဆောင်ရွက်သင့်သည်။ မိမိ၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်။ မိမိ၏ တာဝန်ကို မပျက်ကွက်မိအောင် ရှောင်ကြဉ်သင့်သည်။ ဘုရားသခင်က ပေးထားသော မိမိ၏ အသက်၊ မိမိ၏ ဖြစ်တည်မှုတို့နှင့် ထိုက်တန်မှု ရှိသင့်သည်။ ထို့ပြင် ဤဘဝကို ပြုန်းတီးစေရန် သို့မဟုတ် အချည်းနှီးဖြစ်စေရန် ခွင့်မပြုသင့်။ ဤဘဝတွင် ဖန်ဆင်းရှင်ကို သိရှိလာသင့်သည်။ ဖန်ဆင်းခံတစ်ဦးနှင့် လျော်ညီသည့် အသွင်သဏ္ဌာန်ကို တစ်ဘဝလုံး နေထိုင်သွားသင့်သည်။ ထို့ပြင် ဖန်ဆင်းရှင်၏ ဆန္ဒများကို ပြည့်ဝစေသင့်သည်။ ဤအရာများသည် သင်တောင်းဆိုသင့်သည့် အရာများဖြစ်သည်။ တောင်းဆိုရမည့် အရာများနှင့် မတောင်းဆိုရမည့် အရာများ၊ တောင်းဆိုသည့် မည်သည့်အရာများက ဘုရားသခင်၏ အလိုနှင့်ညီပြီး မည်သည့်အရာများက ဘုရားသခင်၏ အလိုနှင့်မညီ၊ သင်တောင်းဆိုရန် ဆန္ဒရှိသည့်အရာကို ပေးအပ်၍ရခြင်း ရှိမရှိ ဟူသည့်ကိစ္စများသည် သင်၏စိတ်နှလုံးတွင် ဦးစွာ ရှင်းလင်းနေသင့်သည်။ မိုက်မဲစွာ မပြုမူနှင့်။ သင်တောင်းဆိုသည့်အရာကို ဘုရားသခင်က သတ်မှတ်ဆုံးဖြတ်နှင့်ပြီး ဖြစ်ပါက သင်၏ ဆုတောင်းမှုများသည် အချည်းနှီးသာဖြစ်သည်။ သို့ဖြစ်လျှင် ယင်းအတွက် သင်ဆုတောင်းခြင်းသည် မိုက်မဲရာကျနေသည် မဟုတ်သလော။ ဤသည်မှာ ဘုရားသခင်ကို ရင်ဆိုင်ဆန့်ကျင်ခြင်းပင် မဟုတ်သလော။ ဘုရားသခင်က သင့်ကို အသက်ရှစ်ဆယ်အထိ နေခွင့်ပြုထားသည်။ သို့သော် သင်က အသက်တစ်ရာအထိ နေခွင့်ပေးရန် တောင်းဆိုသည်။ ဘုရားသခင်က သင့်ကို အသက်သုံးဆယ်အထိ နေခွင့်ပြုထားသည်။ သို့သော် သင်က အသက်ခြောက်ဆယ်အထိ ရောက်ရှိရန် တောင်းဆိုသည်။ ဤသည်မှာ ပုန်ကန်ခြင်း မဟုတ်သလော။ ဤသည်မှာ ဘုရားသခင်ကို ခုခံဆန့်ကျင်ခြင်း မဟုတ်သလော။ လူများသည် ဆင်ခြင်တုံတရားရှိသင့်ပြီး မိုက်မဲသည့်အရာများကို မလုပ်သင့်ပေ။

အရှေ့သို့- ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းပုံနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များ

နောက်တစ်ခုသို့- စကားများနှင့် အယူဝါဒများနှင့် သမ္မာတရား စစ်မှန်မှုကို ပြောဆိုခြင်းကြားရှိ ကွာခြားချက်များ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။