သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)

ပြီးခဲ့သော စုဝေးပွဲအနည်းငယ်တွင် “မိမိ၏ လိုက်စားမှုများ၊ စံထားရာများ၊ ဆန္ဒများကို လက်လွှတ်ခြင်း” တွင် အိမ်ထောင်နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ငါတို့ မိတ်သဟာယပြုခဲ့ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) အခြေခံအားဖြင့် အိမ်ထောင်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ငါတို့ မိတ်သဟာယပြု၍ ပြီးဆုံးသွားပြီဖြစ်သည်။ ဤတစ်ကြိမ်တွင် မိသားစုနှင့် သက်ဆိုင်သည့် အကြောင်းအရာများအပေါ် ငါတို့ မိတ်သဟာယပြုသင့်သည်။ မိသားစု၏ မည်သည့်ကဏ္ဍများတွင် လူတို့၏ လိုက်စားမှုများ၊ စံထားရာများ၊ ဆန္ဒများပါဝင်သည်ဆိုသည်ကို ဦးစွာ ကြည့်ကြစို့။ မိသားစုနှင့်ပတ်သက်သော အယူအဆသည် လူတို့နှင့် မစိမ်းသင့်ပေ။ ဤအကြောင်းအရာကို ထုတ်ပြောသည့် အချိန်တိုင်းတွင် လူတို့စိတ်ထဲ၌ ဖြစ်ပေါ်လာသည့် ပထမဆုံးသောအရာများမှာ မိသားစုတစ်စု၏ ဖွဲ့စည်းပုံနှင့် မိသားစုဝင်များဖြစ်ပြီး မိသားစုနှင့်ပတ်သက်နေသော အချို့သော အရေးကိစ္စများနှင့် လူများဖြစ်သည်။ မိသားစုနှင့်ပတ်သက်နေသော ဤသို့သော အကြောင်းအရာများစွာ ရှိသည်။ သင်၏ စိတ်တွင် ပုံရိပ်များ၊ အတွေးများ မည်မျှရှိသည်ဖြစ်စေ ယင်းတို့သည် ငါတို့ ယနေ့မိတ်သဟာယပြုမည့် “မိမိ၏ လိုက်စားမှုများ၊ စံထားရာများ၊ ဆန္ဒများအား လက်လွှတ်ခြင်း”နှင့် ဆက်စပ်မှုရှိသလော။ ငါတို့၏ မိတ်သဟာယမစမီတွင် ဤအရာများသည် ဆက်စပ်မှုရှိမရှိကိုပင် သင်မသိပေ။ ထို့ကြောင့် ငါတို့သည် မိတ်သဟာယဖွဲ့ခြင်းသို့ မသွားမီတွင် လူတို့၏ စိတ်ထဲ၌ မိသားစုဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ငါ့အား ပြောပြနိုင်သလော၊ သို့မဟုတ် မိသားစုနှင့် ပတ်သက်လျှင် လက်လွှတ်သင့်သည့် မည်သည့်အရာကိုမဆို သင်တို့ စဉ်းစား၍ရသမျှ ငါ့အား ပြောပြနိုင်သလော။ ယခင်က လူတို့၏ လိုက်စားမှုများ၊ စံထားရာများ၊ ဆန္ဒများနှင့် သက်ဆိုင်သည့် ကဏ္ဍအချို့ကို ငါတို့ ပြောခဲ့ကြသည်။ ငါတို့ မိတ်သဟာယပြုခဲ့သည့် ဤအကြောင်းအရာ၏ ကဏ္ဍတစ်ခုစီတွင် မည်သည့်အရာ ပါဝင်သည်ကို သင်တို့ ခွဲခြားသိမြင်နိုင်ခဲ့သလော။ မည်သည့်ကဏ္ဍများပါဝင်သည်ဖြစ်စေ လူတို့ လက်လွှတ်ရန် လိုအပ်သည့်အရာသည် ထိုအမှုကိစ္စကိုယ်တိုင်မဟုတ်ဘဲ ၎င်းတို့ချဉ်းကပ်သည့် မှားယွင်းသော အယူအဆများ၊ အမြင်များဖြစ်သည့်အပြင် ဤအမှုကိစ္စနှင့်ဆက်စပ်သည့် လူတို့တွင်ရှိသည့် အမျိုးမျိုးသော ပြဿနာများလည်းဖြစ်သည်။ ဤအမျိုးမျိုးသော ပြဿနာများသည် ဤသို့သော ကဏ္ဍများနှင့်ပတ်သက်ပြီး ငါတို့ မိတ်သဟာယဖွဲ့ရမည့်အရာ၏ အဓိကအချက်ဖြစ်သည်။ ဤအမျိုးမျိုးသော ပြဿနာများသည် သမ္မာတရားအား လူတို့ လိုက်စားခြင်းအပေါ် သက်ရောက်သော ပြဿနာများဖြစ်သည်၊ သို့မဟုတ် ထိုထက် ပို၍ အတိအကျဆိုရလျှင် ယင်းတို့အားလုံးသည် သမ္မာတရားအား လူတို့လိုက်စားပြီး ဝင်ရောက်ခြင်းကို ဟန့်တားသည့် ပြဿနာများဖြစ်သည်။ ဆိုလိုသည်မှာ အမှုကိစ္စတစ်ခုအပေါ် သင်၏ အသိအမြင်တွင် လွဲမှားမှုများ၊ သို့မဟုတ် ပြဿနာများရှိလျှင် ဤအမှုကိစ္စအပေါ် သင်၏ သဘောထား၊ ချဉ်းကပ်ပုံ၊ သို့မဟုတ် ကိုင်တွယ်ပုံတွင်လည်း အလားတူပြဿနာများ ရှိလိမ့်မည်ဖြစ်ပြီး ဤအလားတူပြဿနာများသည် ငါတို့ မိတ်သဟာယပြုဖို့ လိုအပ်သည့် အကြောင်းအရာများဖြစ်သည်။ ယင်းတို့ကို ငါတို့ အဘယ်ကြောင့် မိတ်သဟာယပြုဖို့ လိုအပ်သနည်း။ အဘယ်ကြောင့်ဆိုသော် ဤပြဿနာများသည် သမ္မာတရားအား သင်လိုက်စားခြင်းအပေါ်၊ အမှုကိစ္စတစ်ခုနှင့်ပတ်သက်ပြီး သင်၏ မှန်ကန်သော၊ စည်းမျဉ်းနှင့်အညီဖြစ်သော အမြင်များအပေါ် ကြီးမားသော၊ သို့မဟုတ် လွှမ်းမိုးသော သက်ရောက်မှုတစ်ခုရှိသောကြောင့်ဖြစ်သည်။ ပြီးလျှင် ယင်းတို့သည် ဤအမှုကိစ္စနှင့်ပတ်သက်ပြီး သင်၏ လက်တွေ့လုပ်ဆောင်မှုနည်းလမ်းကိုလည်း အလိုအလျောက် သက်ရောက်မှုရှိပြီး ယင်းကို ကိုင်တွယ်ရာတွင် သင်၏ စည်းမျဉ်းများကိုလည်း သက်ရောက်မှုရှိသောကြောင့်ဖြစ်သည်။ တစ်ကိုယ်ရေ အကျိုးစီးပွားများ၊ ဝါသနာများနှင့် အိမ်ထောင်၏ အကြောင်းအရာများကို ငါတို့ မိတ်သဟာပြုသောအခါတွင် လူတို့၌ မိသားစုနှင့်ပတ်သက်ပြီး မမှန်ကန်သော အယူအဆများ၊ အမြင်များ၊ သဘောထားများ များစွာရှိသောကြောင့်၊ သို့မဟုတ် မိသားစုကိုယ်၌က လူတို့အပေါ် အပျက်သဘောဆောင်သော လွှမ်းမိုးမှုများစွာ သက်ရောက်စေသောကြောင့် မိသားစု အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့နေခြင်းဖြစ်သည်။ ပြီးလျှင် ဤအပျက်သဘောဆောင်သော လွှမ်းမိုးမှုများသည် ၎င်းတို့အား မမှန်ကန်သော အယူအဆများ၊ အမြင်များကို အလိုအလျောက် ခံယူစေလိမ့်မည်။ ဤမမှန်ကန်သော အယူအဆများ၊ အမြင်များသည် သမ္မာတရားအား သင်လိုက်စားခြင်းကို ထိခိုက်မည်ဖြစ်ပြီး သင့်အား အစွန်းရောက်စေလိမ့်မည်။ ဤသို့ဖြင့် မိသားစုနှင့် သက်ဆိုင်သော အမှုကိစ္စများကို သင် ကြုံရသည့်အခါတိုင်းတွင်၊ သို့မဟုတ် မိသားစုနှင့် သက်ဆိုင်သော ပြဿနာများကို ရင်ဆိုင်ရသည့်အခါတိုင်းတွင် ဤအမှုကိစ္စများ၊ ပြဿနာများကို ချဉ်းကပ်ရာတွင်လည်းကောင်း၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းရာတွင်လည်းကောင်း၊ ယင်းတို့က ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော ပြဿနာများကို ဖြေရှင်းရာတွင်လည်းကောင်း သင့်၌ မှန်ကန်သော အမြင်၊ သို့မဟုတ် လမ်းကြောင်းရှိမည် မဟုတ်ပေ။ ဤသည်မှာ အကြောင်းအရာတစ်ခုစီအပေါ် ငါတို့၏ မိတ်သဟာယအတွက် စည်းမျဉ်းဖြစ်ပြီး ဖြေရှင်းရမည့် အဓိက ပြဿနာလည်းဖြစ်သည်။ ထို့ကြောင့် မိသားစု၏ အကြောင်းအရာနှင့်ပတ်သက်ပြီး သင့်အပေါ် မိသားစုက ဖြစ်စေသည့် အပျက်သဘောဆောင်သော လွှမ်းမိုးမှုများသည် မည်သည့်အရာများ ဖြစ်သည်ကို သင်တို့ စဉ်းစားနိုင်သလော၊ ပြီးလျှင် မိသားစုသည် သမ္မာတရားအား သင်တို့လိုက်စားခြင်းကို မည်သည့်ပုံစံများဖြင့် ဟန့်တားသနည်း။ သင်၏ ယုံကြည်ခြင်းနှင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းလမ်းကြောင်းတွင်၊ ပြီးလျှင် သမ္မာတရားကို သင်လိုက်စားစဉ်တွင်၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်စဉ်တွင် သင်၏ အတွေးအခေါ်၊ သင်၏ ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများ၊ သင်၏ တန်ဖိုးများ၊ ဘဝအပေါ် သင်၏ ရှုမြင်သုံးသပ်ချက်တို့အား မိသားစုက မည်သည့်ပုံစံဖြင့် လွှမ်းမိုးပြီး ဟန့်တားသနည်း။ တစ်နည်းအားဖြင့် သင်သည် မိသားစုတစ်ခုတွင် မွေးဖွားလာခဲ့သောကြောင့် ယုံကြည်သူတစ်ယောက်အနေဖြင့် သင်၏ နေ့စဉ် ဘဝအပေါ်၊ သမ္မာတရားအပေါ် သင်လိုက်စားမှုနှင့် သိမြင်မှုအပေါ် ဤမိသားစုက မည်သည့်လွှမ်းမိုးမှုများ၊ မည်သည့်မမှန်ကန်သော အယူအဆများ၊ အမြင်များ၊ မည်သည့် ဟန့်တားမှုများ၊ အနှောင့်အယှက်များကို ဖြစ်ပေါ်စေသနည်း။ အိမ်ထောင်၏ အကြောင်းအရာကို မိတ်သဟာယဖွဲ့ခြင်းသည် စည်းမျဉ်းတစ်ခုကို လိုက်နာဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ မိသားစု၏ အကြောင်းအရာကို မိတ်သဟာယဖွဲ့ခြင်းသည်လည်း ဤသို့ဖြစ်သည်။ ယင်းသည် မိသားစုဟူသော အယူအဆကို သမားရိုးကျ သဘောအရဖြစ်စေ၊ သင်၏ အတွေးအခေါ်၊ အမြင်တို့အရဖြစ်စေ လက်လွှတ်ရန် မတောင်းဆိုသကဲ့သို့ သင်၏ အမှန်တကယ်ဖြစ်သော မိသားစုစစ်စစ် သို့မဟုတ် သင်၏ မိသားစုဝင်စစ်စစ် တစ်ဦးဦးကို လက်လွှတ်ရန်လည်း မတောင်းဆိုပေ။ ထိုအစား မိသားစုက သင့်အပေါ် ဖြစ်စေသည့် အပျက်သဘောဆောင်သော လွှမ်းမိုးမှုအမျိုးမျိုးကို လက်လွှတ်ရန်၊ မိသားစုကိုယ်၌က သမ္မာတရားအား သင်လိုက်စားခြင်းအပေါ် ဖြစ်စေသည့် ဟန့်တားမှုများ၊ အနှောင့်အယှက်များကို လက်လွှတ်ရန် တောင်းဆိုခြင်းဖြစ်သည်။ ပို၍ အတိအကျဆိုလျှင် သမ္မာတရားအား လိုက်စားခြင်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းလမ်းကြောင်းတွင် သင်ခံစားရပြီး တွေ့ကြုံနိုင်သည့် သတ်သတ်မှတ်မှတ်ဖြစ်ပြီး အနုစိတ်သော နှောင်ဖွဲ့မှုများ၊ ပြဿနာများကို သင်၏ မိသားစုက ဖြစ်ပေါ်စေပြီး ယင်းသည် သင့်အား ချုပ်ချယ်သောကြောင့် သင်သည် စိတ်လွတ်မြောက်မှုကို ရှာမတွေ့နိုင်၊ သို့မဟုတ် ထိရောက်စွာဖြင့် သင့်တာဝန်ကို ထမ်းဆောင်ပြီး သမ္မာတရားကို မလိုက်စားနိုင်ဟု ဆိုနိုင်သည်။ ဤနှောင်ဖွဲ့မှုများနှင့် ပြဿနာများသည် သင့်အား ဤ“မိသားစု”ဆိုသည့် စကားလုံးကြောင့်၊ သို့မဟုတ် ယင်းတွင် ပါဝင်သော လူများ၊ သို့မဟုတ် အရေးကိစ္စများကြောင့် ဖြစ်သည့် ချုပ်ချယ်မှုများ၊ လွှမ်းမိုးမှုများကို ဖယ်ရှားရန် ခက်ခဲစေသည်။ ပြီးလျှင် မိသားစု၏ ဖြစ်တည်မှုကြောင့်၊ သို့မဟုတ် မိသားစုက သင့်အပေါ် ဖြစ်စေသည့် အပျက်သဘောဆောင်သော လွှမ်းမိုးမှုတစ်ခုခုကြောင့် သင်၏ ယုံကြည်ခြင်းနှင့် သင့်၏တာဝန်ကို ထမ်းဆောင်ခြင်းလမ်းကြောင်းတွင် သင့်အား ဖိနှိပ်မှုကို ခံစားရစေသည်။ ဤနှောင်ဖွဲ့မှုများ၊ ပြဿနာများသည် သင်၏ အသိစိတ်ကိုလည်း မကြာခဏ ဖိစီးနှိပ်စက်ပြီး သင်၏ ခန္ဓာနှင့် စိတ်ကို လွတ်မြောက်မှုရှာမတွေ့ရန် တားဆီးသည်။ ပြီးလျှင် သင်သည် သင့်မိသားစုမှ သင်ရရှိခဲ့သော အယူအဆများ၊ အမြင်များကို ဆန့်ကျင်ခဲ့လျှင် သင့်၌ လူ့သဘာဝရှိမည်မဟုတ်၊ သင့် ကိုယ်ကျင့်တရားနှင့် အနည်းဆုံးသော ကျင့်ကြံပြုမူမှုစံနှုန်းများ၊ စည်းမျဉ်းများကို ဆုံးရှုံးရမည်ဟု သင်ကို ကြိမ်ဖန်များစွာ ခံစားရစေရန် လှုံ့ဆော်သည်။ မိသားစုအရေးကိစ္စများနှင့် ပတ်သက်လာလျှင် သင်သည် ကိုယ်ကျင့်တရား၏ အနီရောင်စည်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှုတို့ကြားတွင် မကြာခဏ ရစ်ဝဲနေပြီး လွတ်မြောက်မှုကို ရှာမတွေ့သကဲ့သို့ ရုန်းထွက်နိုင်ခြင်းလည်း မရှိပေ။ ဤတွင် အတိအကျ မည်သည့်ပြဿနာများရှိသနည်း။ တစ်ခုခုကို သင်တို့ စဉ်းစားနိုင်သလော။ သင်တို့၏ နေ့စဉ်အသက်တာများတွင် ငါပြောခဲ့သောအရာအချို့ကို သင်တို့ ခံစားဖူးသလော။ (ဘုရားသခင်၏ မိတ်သဟာယမှတစ်ဆင့် ကျွန်ုပ်သည် ကျွန်ုပ်၏ မိသားစုနှင့်ပတ်သက်ပြီး အချို့သော မှားယွင်းသော အမြင်များရှိသောကြောင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ဘဲ ဤသို့ လုပ်ဆောင်ခြင်းနှင့်ပတ်သက်ပြီး မှားလေစွဟု နောင်တရခြင်းကို ခံစားရသည်ကို ကျွန်ုပ် အမှတ်ရပါသည်။ ယခင်က ကျွန်ုပ်၏ စာသင်ကြားမှုများကို ပြီးဆုံးခါစဖြစ်၍ တာဝန်ထမ်းဆောင်ခြင်းအပေါ် မိမိကိုယ်ကို ဆက်ကပ်လိုသောအခါတွင် ကျွန်ုပ်၏ စိတ်အတွင်း၌ ဒွိဟဖြစ်နေခဲ့သည်။ ကျွန်ုပ်၏ မိသားစုသည် ဤအချိန်တစ်လျှောက်လုံးတွင် ကျွန်ုပ်ကို ပျိုးထောင်ခဲ့ပြီး ကျွန်ုပ်၏ စာသင်ကြားမှုများအတွက် ထောက်ပံ့ပေးခဲ့သောကြောင့် ယခုတွင် တက္ကသိုလ်မှ ကျွန်ုပ် ဘွဲ့ရသောအခါ၌ ပိုက်ဆံရှာပြီး ကျွန်ုပ်၏ မိသားစုကို မထောက်ပံ့လျှင် ကျွန်ုပ်သည် သားသမီးဝတ်မကျေပွန်ဘဲ လူ့သဘာဝကင်းမဲ့မည် ဖြစ်သည်ဟု ခံစားမိပြီး ယင်းက ကျွန်ုပ်၏ အသိစိတ်အပေါ် လေးလံသောဝန်ကို ဖြစ်စေခဲ့သည်။ ထိုအချိန်တွင် ကျွန်ုပ်သည် လအတန်ကြာအထိ ဤကိစ္စဖြင့် အခက်ကြုံခဲ့ရသည်မှာ နောက်ဆုံးတွင် ဘုရားနှုတ်ကပတ်တော်ထဲ၌ ထွက်ပေါက်တစ်ခုကို တွေ့ရှိခဲ့ကာ ကျွန်ုပ်၏ တာဝန်ကို အကောင်းဆုံးထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့သည့်အချိန်အထိ ဖြစ်သည်။ မိသားစုနှင့်ပတ်သက်သည့် ဤမှားယွင်းသော အမြင်များသည် အမှန်ပင်လူတို့ကို ထိခိုက်သည်ဟု ကျွန်ုပ်ခံစားရသည်။) ဤသည်မှာ ဖြစ်နေကျဖြစ်သော ဥပမာဖြစ်သည်။ ဤသည်တို့မှာ မိသားစုက လူတို့အပေါ်တွင် ထားရှိသော မမြင်နိုင်သော အချုပ်အနှောင်များဖြစ်ပြီး လူတို့၏ ဘဝ၊ လိုက်စားမှု၊ ယုံကြည်မှုနှင့်စပ်လျဉ်း၍ ၎င်းတို့၏ မိသားစုနှင့်ပတ်သက်သော ၎င်းတို့၏ ခံစားချက်များ၊ အယူအဆများ၊ သို့မဟုတ် အမြင်များက ဖြစ်စေသည့် ပြဿနာများလည်းဖြစ်သည်။ ဤပြဿနာများသည် သင်၏ စိတ်နှလုံးအတွင်းထဲတွင် ဖိအားနှင့် ဝန်ထုပ်ဝန်ပိုးတို့ကို အတိုင်းအတာတစ်ခုအထိ ဖန်တီးကာ စိတ်အတွင်းထဲတွင် မကောင်းသောခံစားချက် အချို့ကို ရံဖန်ရံခါ ဖြစ်ပေါ်စေသည်။ အခြားတစ်ခုခုကို မည်သူ ဖြည့်စွက်ပြောနိုင်သနည်း။ (ဘုရားသခင်၊ ကျွန်ုပ်သည် ယခုတွင် အရွယ်ရောက်ပြီဖြစ်သော ကလေးတစ်ယောက်အနေဖြင့် သားသမီးဝတ်ကို ပြသပြီး ကျွန်ုပ်၏ မိဘများ၏ စိုးရိမ်မှုများ၊ ပြဿနာများအားလုံးကို ကိုင်တွယ်ဖြေရှင်းသင့်သည်ဆိုသည့် အမြင်ရှိနေသည်။ သို့သော် ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်ကို အချိန်ပြည့်ထမ်းဆောင်နေသောကြောင့် ကျွန်ုပ်၏ မိဘများအပေါ် သားသမီးဝတ်မကျေပွန်နိုင်ပါ၊ သို့မဟုတ် ၎င်းတို့အတွက် အချို့သောအရာများကို မလုပ်ဆောင်နိုင်ပါ။ ကျွန်ုပ်၏ မိဘများက အပြေးအလွှား လှည့်လည်သွားလာလျက် ပိုက်ဆံရှာနေရသည်ကို မြင်ရသောအခါ ကျွန်ုပ်သည် သူတို့အပေါ်၌ အကြွေးတင်သည်ဟု စိတ်နှလုံး၌ ခံစားရသည်။ ဘုရားသခင်ကို ကျွန်ုပ် စတင်ယုံကြည်သောအခါ၌ ဤအတွက်ကြောင့် ဘုရားသခင်ကို သစ္စာဖောက်လုနီးနီးဖြစ်ခဲ့သည်။) ဤသည်မှာလည်း မိမိ၏ အတွေးအခေါ်နှင့် အယူအဆများအပေါ် မိသားစု၏ ထုံးတမ်းဓလေ့ စံနှုန်းများကို ခံယူပွားများခြင်းက ဖြစ်စေသည့် အပျက်သဘောဆောင်သော သက်ရောက်မှုတစ်ခု ဖြစ်သည်။ သင်သည် ဘုရားသခင်အား သစ္စာဖောက်လုနီးနီးဖြစ်ခဲ့သည်။ သို့သော် လူအချို့မှာ အမှန်ပင် ဘုရားသခင်အပေါ် သစ္စာဖောက်ခဲ့သည်။ လူအချို့သည် ၎င်းတို့၏ ပြင်းထန်သော မိသားစုအယူအဆများကြောင့် ၎င်းတို့၏ မိသားစုကို လက်မလွှတ်နိုင်ပေ။ အဆုံး၌ ၎င်းတို့သည် ၎င်းတို့၏ မိသားစုအတွက် ဆက်လက်အသက်ရှင်ရန် ရွေးချယ်ခဲ့ကြပြီး ၎င်းတို့၏ တာဝန်များအား ထမ်းဆောင်ခြင်းကို စွန့်လွှတ်ခဲ့ကြသည်။

လူတိုင်းတွင် မိသားစုတစ်စုရှိသည်။ လူတိုင်းသည် ကွဲပြားခြားနားသော မိသားစုတစ်စုတွင် ကြီးပြင်းလာကြပြီး ကွဲပြားခြားနားသော မိသားစုပတ်ဝန်းကျင်မှ လာကြသည်။ မိသားစုသည် လူတိုင်းအတွက် အရေးကြီးသည်။ ယင်းသည် လူတစ်ယောက်၏ ဘဝတွင် အကြီးဆုံးသော သက်ရောက်မှုကို ဖြစ်စေသည့်အရာတစ်ခုဖြစ်သည်။ စွန့်လွှတ်ပြီး လက်လွှတ်ရန် ခက်ခဲသည့် စိတ်၏ အတွင်းထဲတွင်ရှိသောအရာတစ်ခုဖြစ်သည်။ လူတို့ လက်မလွှတ်နိုင်သောအရာနှင့် လူတို့က စွန့်လွှတ်ရန် ခက်ခဲသည်ဟု မြင်သောအရာမှာ မိသားစုအိမ်၊ သို့မဟုတ် အိမ်တွင်ရှိသော အသုံးအဆောင်များ၊ အိမ်သုံးပစ္စည်းများ၊ အရာဝတ္ထုများ မဟုတ်ဘဲ ထိုမိသားစုတွင် ပါဝင်သည့် မိသားစုဝင်များဖြစ်သည်၊ သို့မဟုတ် မိသားစုအတွင်းတွင် စိမ့်ဝင်ပျံ့နှံ့နေသော သွင်ပြင်အခြေအနေနှင့် စိတ်ခံစားချက်များဖြစ်သည်။ ဤသည်မှာ လူတို့၏ စိတ်ထဲတွင်ရှိသော မိသားစုအယူအဆဖြစ်သည်။ ဥပမာ မိသားစု၏ သက်ကြီးသူ မိသားစုဝင်များ (အဘိုးအဘွားများနှင့် မိဘများ)၊ သင်နှင့် အသက်အရွယ်တူညီသောသူများ (ညီအစ်ကိုမောင်နှမများ၊ အိမ်ထောင်ဘက်)နှင့် ပိုမိုငယ်ရွယ်သော မျိုးဆက် (သင်၏ သားသမီးများ) တို့သည် လူတို့၏ မိသားစုအယူအဆတွင် ရှိသော အရေးကြီးသော မိသားစုဝင်များဖြစ်သည်။ ၎င်းတို့သည် မိသားစုတိုင်း၏ အရေးကြီးသော အစိတ်အပိုင်းများလည်းဖြစ်သည်။ မိသားစုဆိုသည်မှာ လူတို့အတွက် အဘယ်သို့ အဓိပ္ပာယ်ရသနည်း။ ယင်းမှာ လူတို့အတွက် စိတ်ခံစားမှုဆိုင်ရာ အာဟာရနှင့် ဝိညာဉ်ရေးဆိုင်ရာ မှီခိုအားထားရာတစ်ခုဖြစ်သည်။ မိသားစုဆိုသည်မှာ အခြားမည်သို့ အဓိပ္ပာယ်ရသေးသနည်း။ နွေးထွေးမှုကို ရှာတွေ့နိုင်သောနေရာ၊ မိမိ၏ စိတ်နှလုံးကို ဖွင့်ဟနိုင်သော၊ သို့မဟုတ် လွတ်လွတ်လပ်လပ် မွေ့လျော်ပြီး စိတ်လိုလက်ရ နေနိုင်သော နေရာဖြစ်သည်။ လူအချို့က မိသားစုသည် ဘေးကင်းသောခိုလှုံရာနေရာတစ်ခုဖြစ်သည်၊ စိတ်ခံစားချက်ဆိုင်ရာ အာဟာရကို ရရှိနိုင်သောနေရာ၊ လူတစ်ဦး၏ ဘဝအစပြုသောနေရာတစ်ခုဖြစ်သည်ဟု ဆိုကြသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ သင်တို့ ငါ့ကို ပြောပြလော့။ (ဘုရားသခင်၊ မိသားစုအိမ်သည် လူတို့ ကြီးပြင်းရန်နေရာတစ်ခု၊ မိသားစုဝင်များက အချင်းချင်း အဖော်ပြုပြီး အချင်းချင်းမှီခိုသောနေရာတစ်ခုဟု ကျွန်ုပ်ထင်ပါသည်။) အလွန်ကောင်းသည်။ အခြား မည်သည့်အရာရှိသေးသနည်း။ (မိသားစုသည် လုံခြုံနွေးထွေးသော ခိုလှုံရာတစ်ခုဖြစ်သည်ဟု ကျွန်ုပ် ထင်ခဲ့ဖူးသည်။ ပြင်ပလောကတွင် တရားမမျှတမှုကို မည်မျှခံစားရပါစေ အိမ်ပြန်လာသောအခါတွင် ကျွန်ုပ်မိသားစု၏ ပံ့ပိုးမှုနှင့် နားလည်မှုကြောင့် ကျွန်ုပ်၏ စိတ်အခြေအနေနှင့် စိတ်ဓာတ်ကို အလုံးစုံ သက်သောင့်သက်သာဖြစ်စေနိုင်သည်။ ထို့ကြောင့် ထိုသိမြင်နားလည်မှုအရ မိသားစုသည် လုံခြုံဘေးကင်းသော ခိုလှုံရာနေရာတစ်ခုဖြစ်သည်ဟု ကျွန်ုပ် ခံစားခဲ့ရသည်။) မိသားစုအိမ်သည် ကိုယ်စိတ်ချမ်းသာခြင်းနှင့် နွေးထွေးခြင်း အပြည့်ရှိသော နေရာတစ်ခု ဖြစ်သည်မဟုတ်လော။ မိသားစုသည် လူတို့၏ စိတ်ထဲတွင် အရေးကြီးသည်။ တစ်စုံတစ်ယောက်က ပျော်ရွှင်သောအခါတိုင်းတွင် သူသည် သူ၏ဝမ်းမြောက်မှုကို သူ၏ မိသားစုနှင့်မျှဝေဖို့ မျှော်လင့်သည်။ တစ်စုံတစ်ယောက်က စိတ်သောကရောက်ပြီး ဝမ်းနည်းသောအခါတွင် အလားတူပင် သူသည် သူ၏ ပြဿနာများကို သူ့မိသားစုထံ ရင်ဖွင့်ပြောဆိုနိုင်ဖို့ မျှော်လင့်သည်။ လူတို့သည် ဝမ်းမြောက်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်မှုတို့ဖြစ်သော ခံစားချက်တစ်ခုခု ရှိသည့်အချိန်တိုင်းတွင် မည်သည့်ဖိအားမျှ၊ သို့မဟုတ် မည်သည့်ဝန်ထုပ်ဝန်ပိုးမျှ လုံးဝမရှိဘဲ ၎င်းတို့၏ မိသားစုနှင့် မျှဝေတတ်ကြသည်။ လူတိုင်းအတွက် မိသားစုသည် နွေးထွေးပြီး လှပသောအရာတစ်ခုဖြစ်သည်။ လူတို့၏ ဘဝတွင် မည်သည့်အချိန်တွင်မဆို မစွန့်လွှတ်နိုင်သော၊ မရှိ၍မဖြစ်သော ဝိညာဉ်အာဟာရတစ်မျိုး ဖြစ်သည်။ မိသားစုအိမ်သည် လူတို့၏ စိတ်၊ ခန္ဓာ၊ ဝိညာဉ်ကို ကြီးစွာ ပံ့ပိုးသောနေရာတစ်ခုဖြစ်သည်။ ထို့ကြောင့် မိသားစုသည် လူတစ်ဦးချင်းစီ၏ ဘဝ၏ မရှိမဖြစ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သို့သော် လူတို့၏ ဖြစ်တည်မှုနှင့် ဘဝတွင် အလွန်အရေးကြီးသော ဤနေရာသည် သမ္မာတရားအပေါ် ၎င်းတို့၏ လိုက်စားမှုတွင် မည်သည့် အပျက်သဘောဆောင်သော လွှမ်းမိုးမှုမျိုး ရှိသနည်း။ ရှေးဦးစွာ လူတို့၏ ဖြစ်တည်မှုနှင့် ဘဝတွင် မိသားစုသည် မည်မျှအရေးကြီးပါစေ၊ သို့မဟုတ် လူတို့၏ ဖြစ်တည်မှုနှင့် ဘဝတွင် မည်သည့်ကဏ္ဍ၌ ပါဝင်ပြီး မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ လူတို့၏ သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ်တွင် အချို့သော ပြဿနာကြီးငယ်များကို ဖန်တီးဆဲဖြစ်သည်ဟု ဧကန်မုချ ဆိုနိုင်သည်။ ယင်းသည် သမ္မာတရားအား လူတို့ လိုက်စားခြင်းလမ်းကြောင်းတွင် အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်စဉ်တွင် ရှောင်ရန် ခက်ခဲသော စိတ်မချမ်းသာမှု၊ ပြဿနာမျိုးစုံကိုလည်း ဖန်တီးသည်။ ဆိုလိုသည်မှာ လူတို့၏ သမ္မာတရားကို လိုက်စားခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတွင် မိသားစုက ဖန်တီးသော အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာ၊ သဘောတရားဆိုင်ရာ ပြဿနာများအပြင် လုပ်ရိုးလုပ်စဉ်ဖြစ်သော ကဏ္ဍများနှင့် သက်ဆိုင်သည့် ပြဿနာများသည် လူတို့အား အလွန်ပင် များစွာ ဒုက္ခရောက်စေသည်။ ဤသို့ဆိုလျှင် ဤပြဿနာများသည် အတိအကျဆိုလျှင် မည်သည့်အရာကို ဖြစ်စေသနည်း။ သမ္မာတရားအား လိုက်စားခြင်းလမ်းစဉ်တွင် လူတို့သည် ဤပြဿနာများကို အရေအတွက်၊ ပမာဏအမျိုးမျိုးဖြင့် တွေ့ကြုံရပြီးဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ လူတို့သည် ရှိရင်းစွဲ ပြဿနာများက အတိအကျမည်သည့်အရာများဖြစ်သည်ကို သိရှိရန်အတွက် ယင်းတို့ကို အသေအချာ ချင့်ချိန်စဉ်းစားမှု မပြုရသေးခြင်းသာ ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် လူတို့နားလည်ပြီး လိုက်နာသင့်သည့် သမ္မာတရားစည်းမျဉ်းများကို မဆိုထားနှင့်၊ ဤပြဿနာများ၏ အနှစ်သာရကိုပင် မသိမြင်သေးပေ။ ထို့ကြောင့် ယနေ့တွင် မိသားစုနှင့်ပတ်သက်သော အကြောင်းအရာကိုလည်းကောင်း၊ သမ္မာတရားအား လူတို့ လိုက်စားသည့်လမ်းကြောင်းတွင် မိသားစုသည် မည်သည့်ပြဿနာများ၊ အတားအဆီးများကို ထားရှိသည်ကိုလည်းကောင်း၊ ထို့အပြင် မိသားစုပြဿနာနှင့်ပတ်သက်သောအခါတွင် မည်သည့်လိုက်စားမှုများ၊ စံထားရာများ၊ ဆန္ဒများကို လူတို့ လက်လွှတ်သင့်သည်ကိုလည်းကောင်း ငါတို့ မိတ်သဟာယပြုကြစို့။ ဤသည်မှာ အလွန်ပင် စစ်မှန်သော ပြဿနာတစ်ခုဖြစ်သည်။

မိသားစုအကြောင်းအရာသည် ကြီးမားသော အကြောင်းအရာတစ်ခု ဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေ သီးခြားပြဿနာများကို ဖြစ်ပေါ်စေသည်။ ယနေ့တွင် ငါတို့ မိတ်သဟာယဖွဲ့မည့် ပြဿနာမှာ မိသားစု၏ ရလဒ်အနေဖြင့် သမ္မာတရားအား လိုက်စာခြင်းလမ်းကြောင်းပေါ်တွင်ရှိသောလူတို့ ရင်ဆိုင်ရသည့် အပျက်သဘောဆောင်သော လွှမ်းမိုးမှု၊ ဝင်ရောက်စွက်ဖက်မှု၊ ဟန့်တားမှုတို့ဖြစ်သည်။ မိသားစုနှင့်ပတ်သက်လျှင် လက်လွှတ်သင့်သည့် ပထမဆုံးသော ပြဿနာမှာ အဘယ်နည်း။ ယင်းမှာ မိသားစုမှ အမွေဆက်ခံခဲ့သော ကိုယ်ပိုင်လက္ခဏာဖြစ်သည်။ ဤသည်မှာ အရေးကြီးသော အမှုကိစ္စတစ်ခုဖြစ်သည်။ အထူးသဖြင့် ဤအမှုကိစ္စမှာ မည်မျှအရေးကြီးသည်ဆိုသည်ကို ပြောကြစို့။ လူတိုင်းက ကွဲပြားခြားနားသော မိသားစုတစ်ခုမှ လာပြီး မိသားစုတစ်ခုစီက ကွဲပြားခြားနားသော နောက်ခံနှင့် ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ရှိကြသည်။ ကိုယ်ပိုင် ဘဝအရည်အသွေးရှိကြသည်။ သီးသန့် ရှင်သန်နေထိုင်မှုပုံစံနှင့် ဘဝအလေ့အကျင့်များရှိကြသည်။ လူတစ်ဦးချင်းစီသည် သူ၏ မိသားစု၏ ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်နှင့် နောက်ခံမှ ကွဲပြားခြားနားသော ကိုယ်ပိုင်လက္ခဏာကို အမွေဆက်ခံသည်။ ဤကွဲပြားခြားနားသော ကိုယ်ပိုင်လက္ခဏာသည် လူ့အဖွဲ့အစည်းနှင့် အခြားလူများကြား၌ လူတစ်ဦးချင်းစီ၏ သီးသန့်တန်ဖိုးကို ကိုယ်စားပြုရုံသာမက ကွဲပြားခြားနားသော သင်္ကေတနှင့် အမှတ်အသားလည်းဖြစ်သည်။ ဤအမှတ်အသားက မည်သည့်အရာကို ညွှန်ပြသနည်း။ လူတစ်ယောက်က သူနှင့်သက်ဆိုင်သည့် အုပ်စုတွင် ဂုဏ်ရှိသည်ဟု မှတ်ယူခြင်း ခံရသလော၊ သို့မဟုတ် နိမ့်ကျသည်ဟု မှတ်ယူခြင်းခံရသလောဆိုသည်ကို ညွှန်ပြသည်။ ဤကွဲပြားခြားနားသော ကိုယ်ပိုင်လက္ခဏာသည် လူ့အဖွဲ့အစည်းနှင့် အခြားသောလူများကြားတွင် လူတစ်ဦး၏ အဆင့်အတန်းကို သတ်မှတ်ဆုံးဖြတ်သည်။ ဤအဆင့်အတန်းသည် သူမွေးဖွားသည့် မိသားစုထံမှ အမွေဆက်ခံရရှိခြင်းဖြစ်သည်။ ထို့ကြောင့် သင်၏ မိသားစုနောက်ခံနှင့် သင်နေထိုင်သည့် မိသားစုအမျိုးအစားသည် အလွန်အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် အခြားလူများကြားနှင့် လူ့အဖွဲ့အစည်းအလယ်တွင် သင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းအပေါ် သက်ရောက်မှုရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူ့အဖွဲ့အစည်း၌ သင်၏ အနေအထားက ဂုဏ်ရှိသလော သို့မဟုတ် နိမ့်ကျသလောကိုလည်းကောင်း၊ သင်သည် သူတစ်ပါးတို့၏ လေးစားခြင်း၊ ကြည်ညိုခြင်း၊ အထင်ကြီးခြင်းတို့ကို ခံရခြင်း ရှိမရှိကိုလည်းကောင်း၊ သင်သည် သူတစ်ပါးတို့၏ စက်ဆုပ်ရွံရှာခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ နင်းခြေခြင်းတို့ကို ခံရခြင်း ရှိမရှိကိုလည်းကောင်း သင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းက သတ်မှတ်ဆုံးဖြတ်သည်။ လူတို့က ၎င်းတို့၏ မိသားစုမှ အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာသည် လူ့အဖွဲ့အစည်း၌ ၎င်းတို့၏ အခြေအနေနှင့် အနာဂတ်ကို သက်ရောက်မှုရှိခြင်းကြောင့်ပင် ဤဆက်ခံရရှိသော ကိုယ်ပိုင်လက္ခဏာသည် လူတစ်ဦးချင်းစီအတွက် အလွန်အရေးပါပြီး အရေးကြီးသည်။ ယင်းသည် လူ့အဖွဲ့အစည်းတွင် သင်၏ သိက္ခာ၊ အဆင့်အတန်း၊ တန်ဖိုးတို့အပေါ်နှင့် ဤဘဝတွင် ဂုဏ်၊ သို့မဟုတ် အရှက်ရမှုအပေါ် သင်၏ သဘောထားတို့အပေါ် သက်ရောက်မှုရှိခြင်းကြောင့်ပင် သင်ကိုယ်တိုင်ကလည်း သင်၏ မိသားစုနောက်ခံနှင့် သင့်မိသားစုမှ သင်အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာအပေါ် အလွန်ပင်အလေးထားတတ်သည်။ ဤအမှုအရာသည် သင့်အပေါ် အလွန့်အလွန် သက်ရောက်မှု ရှိသောကြောင့် သင်၏ ဖြစ်တည်မှုလမ်းကြောင်းအပေါ်တွင် သင့်အတွက် အလွန်အရေးကြီးပြီး အရေးပါသောအရာတစ်ခုဖြစ်သည်။ ယင်းသည် ဤသို့ အရေးကြီးပြီး အရေးပါသော အမှုအရာတစ်ခုဖြစ်သောကြောင့် ယင်းသည် သင်၏ ဝိညာဉ်အတွင်းထဲတွင် အရေးပါသောနေရာကို ယူထားပြီး သင်၏ အမြင်တွင် ယင်းသည် အလွန်အမင်း အရေးပါသည်။ သင့်မိသားစုမှ သင်အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာသည် သင့်အတွက် လွန်စွာအရေးပါရုံသာမကဘဲ သင်သည် သင်သိသည့်၊ သို့မဟုတ် မသိသည့် မည်သူမဆို၏ ကိုယ်ပိုင်လက္ခဏာကိုလည်း တူညီသောရှုထောင့်မှလည်းကောင်း၊ တူညီသော အမြင်ဖြင့်လည်းကောင်း၊ တူညီသောနည်းလမ်းဖြင့်လည်းကောင်း ကြည့်ရှုသည်။ ပြီးလျှင် သင်သည် သင်နှင့် ထိတွေ့ဆက်ဆံသည့်လူတိုင်း၏ ကိုယ်ပိုင်လက္ခဏာကို ချိန်ဆရန်အတွက် ဤရှုထောင့်ကို အသုံးပြုသည်။ သင်သည် ၎င်းတို့၏ စရိုက်လက္ခဏာကို အကဲဖြတ်ရန်အတွက်လည်းကောင်း၊ ၎င်းတို့အား မည်သို့ချဉ်းကပ်ပြီး ထိတွေ့ဆက်ဆံရမည်၊ ၎င်းတို့ကို ဖော်ရွေစွာ၊ တန်းတူညီစွာ ဆက်ဆံရမည်လော၊ သို့မဟုတ် ၎င်းတို့အား အောက်ကျို့ပြီး ၎င်းတို့၏ စကားတိုင်းကို လိုက်နာရမည်လော၊ သို့မဟုတ် ၎င်းတို့နှင့် ရိုးရှင်းစွာ ထိတွေ့ဆက်ဆံပြီး အထင်သေးသော၊ ခွဲခြားဆက်ဆံသော မျက်လုံးဖြင့် ကြည့်ရှုရမည်လော၊ သို့မဟုတ် လူမဆန်သောပုံစံဖြင့်၊ တန်းတူညီခြင်းမရှိသော သတ်မှတ်ချက်များဖြင့်ပင် ၎င်းတို့ကို ပေါင်းသင်းဆက်ဆံရမည်လောဆိုသည်တို့ကို သတ်မှတ်ဆုံးဖြတ်ရန်အတွက်လည်းကောင်း ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာကို သင် အသုံးပြုသည်။ သူတစ်ပါးတို့ကို ရှုမြင်ပြီး အမှုအရာများကို ကိုင်တွယ်သည့် ဤနည်းလမ်းများသည် အများအားဖြင့် လူတစ်ယောက်က သူ၏ မိသားစုထံမှ ရရှိသည့် ကိုယ်ပိုင်လက္ခဏာအားဖြင့် သတ်မှတ်ဆုံးဖြတ်သည်။ သင့်မိသားစုနောက်ခံနှင့် အဆင့်အတန်းသည် သင့်၌ မည်သည့်လူမှုအဆင့်အတန်း အမျိုးအစားရှိမည်ဆိုသည်ကို ဆုံးဖြတ်ပြီး သင့်၌ မည်သည့်လူမှုအဆင့်အတန်း အမျိုးအစားရှိသည်ဆိုသည်က လူများ၊ အမှုအရာများကို သင်ရှုမြင်ပြီး ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းနှင့် စည်းမျဉ်းများကို သတ်မှတ်ဆုံးဖြတ်သည်။ ထို့ကြောင့် လူတစ်ယောက်က အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ခံယူသည့် သဘောထားနှင့် နည်းလမ်းများသည် သူ၏ မိသားစုမှ သူအမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာအပေါ် ကြီးမားသော အတိုင်းအတာအထိ မူတည်သည်။ “ကြီးမားသော အတိုင်းအတာအထိ”ဟု ငါအဘယ်ကြောင့်ဆိုသနည်း။ ငါတို့ ပြောဆိုမည်မဟုတ်သည့် အချို့သော သီးသန့်အခြေအနေများရှိသည်။ လူအများစုအတွက် အခြေအနေမှာ ယခု ငါဖော်ပြခဲ့သကဲ့သို့ဖြစ်သည်။ လူတိုင်းက ၎င်းတို့မိသားစုထံမှ ၎င်းတို့ရရှိသည့် ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်း၏ လွှမ်းမိုးခြင်းကို ခံရတတ်သည်။ ပြီးလျှင် လူတိုင်းက ဤကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းအရ လူများ၊ အမှုအရာများကို ရှုမြင်ပြီး ကိုင်တွယ်ဖြေရှင်းသည့် အလားတူနည်းလမ်းများကို ခံယူကျင့်သုံးတတ်ကြသည်။ ဤသည်မှာ တကယ်ကို သဘာဝကျ၏။ မိသားစုက အလိုအလျောက်သယ်ဆောင်ခဲ့သည့် ရှောင်လွှဲ၍မရခြင်းနှင့် ဖြစ်တည်မှုအပေါ် ရှုမြင်သုံးသပ်ချက်ဖြစ်သောကြောင့် ဖြစ်တည်မှုနှင့် ဘဝနေမှုပုံစံအပေါ် လူတစ်ယောက်၏ ရှုမြင်သုံးသပ်ချက်သည် သူ၏ မိသားစုထံမှ သူအမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာအပေါ် မူတည်သည်။ လူတစ်ယောက်က သူ၏ မိသားစုထံမှ သူအမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာသည် လူများ၊ အမှုအရာများကို သူရှုမြင်ပြီး ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများ၊ စည်းမျဉ်းများကို အဆုံးအဖြတ်ပေးသည့်အပြင် လူများ၊ အမှုအရာများကို ရှုမြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း လမ်းကြောင်းတွင် ရွေးချယ်ခြင်း၊ ဆုံးဖြတ်ချက်ချခြင်းတို့ ပြုသောအခါ၌ သူ၏ သဘောထားကိုလည်း အဆုံးအဖြတ်ပေးသည်။ ဤသည်မှာ လူတို့၌ အလွန်ဆိုးရွားသော ပြဿနာကို မလွှဲမရှောင်သာ ဖြစ်ပေါ်စေသည်။ တစ်ဖက်တွင် လူများ၊ အမှုအရာများကို ရှုမြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းတွင် လူတို့၏ အယူအဆများ၊ အမြင်များ၏ ဇာစ်မြစ်သည် မလွှဲမရှောင်သာဖြင့် မိသားစု၏ လွှမ်းမိုးခြင်းကို ခံရပြီး အခြားတစ်ဖက်တွင် ယင်းမှာ လူတစ်ယောက်က သူ၏မိသားစုထံမှ အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာ၏ လွှမ်းမိုးခြင်းကို ခံရသည်။ ဤလွှမ်းမိုးမှုသည် လူတို့အတွက် ရှောင်ရန် အလွန်ခက်ခဲသည်။ ရလဒ်အနေဖြင့် လူတို့သည် မိမိတို့ကိုယ်ကို မှန်ကန်စွာ၊ ယုတ္တိရှိစွာ၊ မျှတစွာ မဆက်ဆံနိုင်ပေ၊ သို့မဟုတ် သူတစ်ပါးတို့ကို မျှတစွာ မဆက်ဆံနိုင်ပေ။ ပြီးလျှင် ဘုရားသခင်က သွန်သင်သည့် သမ္မာတရားစည်းမျဉ်းများနှင့်ကိုက်ညီသည့် ပုံစံဖြင့် လူများနှင့် အရာရာတိုင်းကို ဆက်ဆံနိုင်ခြင်းလည်း မရှိပေ။ ထိုအစား ၎င်းတို့သည် အမှုအရာများကို ၎င်းတို့ ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းတွင် ပြောင်းလွယ်ပြင်လွယ် ရှိပြီး ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာနှင့် သူတစ်ပါးတို့၏ ကိုယ်ပိုင်လက္ခဏာကြား ကွာခြားချက်များကို အခြေခံ၍ စည်းမျဉ်းများကို အသုံးချကာ ရွေးချယ်မှုများ ပြုလုပ်ကြသည်။ လူ့အဖွဲ့အစည်းနှင့် အခြားသောလူများကြားတွင် အမှုအရာများကို ရှုမြင်ပြီး ကိုင်တွယ်ဖြေရှင်းသည့် လူတို့၏ နည်းလမ်းများသည် ၎င်းတို့မိသားစု၏ အဆင့်အတန်း၏ လွှမ်းမိုးခြင်းကို ခံရသည့်အတွက် ဤနည်းလမ်းများသည် ဘုရားသခင်က လူတို့ကို သိစေခဲ့သည့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့်သက်ဆိုင်သည့် စည်းမျဉ်းများ၊ နည်းလမ်းများဖြင့် ကွဲလွဲနေလိမ့်မည်။ ပို၍ အတိအကျဆိုရလျှင် ဤနည်းလမ်းများသည် ဘုရားသခင်က သွန်သင်ခဲ့သည့် ဤစည်းမျဉ်းများ၊ နည်းလမ်းများကို ဆန့်ကျင်ပြီး ကွဲလွဲကာ ချိုးဖောက်နေလိမ့်မည်။ အမှုအရာများကို လုပ်ဆောင်သည့် လူတို့၏ နည်းလမ်းများသည် ၎င်းတို့မိသားစုထံမှ ၎င်းတို့ အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းကို အခြေခံလျှင် ၎င်းတို့၏ ကိုယ်ပိုင်ကွဲပြားခြားနားမှု၊ သို့မဟုတ် အထူး ကိုယ်ပိုင်လက္ခဏာများနှင့် သူတစ်ပါးတို့၏ ကိုယ်ပိုင်လက္ခဏာများကြောင့် အမှုအရာများကို လုပ်ဆောင်ခြင်း၌ မတူညီသော၊ သို့မဟုတ် သီးသန့်ဖြစ်သော နည်းလမ်းများ၊ စည်းမျဉ်းများကို မလွှဲမရှောင်သာ ခံယူလိမ့်မည်။ ၎င်းတို့ခံယူသည့် ဤစည်းမျဉ်းများသည် သမ္မာတရားမဟုတ်သကဲ့သို့ သမ္မာတရားဖြင့်လည်း မကိုက်ညီပေ။ ယင်းတို့သည် လူ့သဘာဝ၊ အသိစိတ်၊ ဆင်ခြင်တုံတရားတို့ကို ချိုးဖောက်ရုံသာမကဘဲ ပို၍ပင် ဆိုးသည်မှာ သမ္မာတရားကို ချိုးဖောက်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် လူတစ်ယောက်က သူ၏ နှစ်သက်မှုများ၊ စိတ်ဝင်စားမှုများကို အခြေခံပြီး မည်သည့်အရာကို လက်ခံသင့်သည်၊ သို့မဟုတ် ငြင်းဆန်သင့်သည်ဆိုသည်ကို အဆုံးအဖြတ်ပေးပြီး လူတို့က တစ်ယောက်နှင့်တစ်ယောက်အပေါ် တောင်းဆိုမှုများပြုသည့် အတိုင်းအတာကို အဆုံးအဖြတ်ပေးသည်။ ထို့ကြောင့် ဤအခြေအနေအတွင်းတွင် အမှုအရာများကို လူတို့ ရှုမြင်ပြီး ကိုင်တွယ်ဖြေရှင်းသည့် စည်းမျဉ်းများသည် မမျှတသကဲ့သို့ သမ္မာတရားနှင့်လည်း မကိုက်ညီပေ။ ပြီးလျှင် ယင်းတို့သည် လူတို့၏ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များနှင့် အကျိုးအမြတ်ရရန် ၎င်းတို့၏ လိုအပ်ချက်အပေါ် အလုံးစုံ အခြေခံသည်။ သင်သည် သင့်မိသားစုထံမှ ဂုဏ်ရှိသော ကိုယ်ပိုင်လက္ခဏာကို ဆက်ခံခဲ့သည်ဖြစ်စေ၊ နိမ့်ကျသော ကိုယ်ပိုင်လက္ခဏာကို ဆက်ခံခဲ့သည်ဖြစ်စေ ဤကိုယ်ပိုင်လက္ခဏာသည် သင့်စိတ်နှလုံးတွင် နေရာတစ်ခုကို ယူထားပြီး အချို့သောလူများ၌ အလွန်အရေးကြီးသော နေရာတစ်ခုကိုပင် ယူထားသည်။ ထို့ကြောင့် သင်သည် သမ္မာတရားကို လိုက်စားလိုလျှင် ဤကိုယ်ပိုင်လက္ခဏာသည် သမ္မာတရားအား သင်လိုက်စားခြင်းအပေါ် မလွှဲမရှောင်သာ လွှမ်းမိုးပြီး ဝင်ရောက်စွက်ဖက်လိမ့်မည်။ ဆိုလိုသည်မှာ သင်သည် သမ္မာတရားအား လိုက်စားခြင်းလမ်းစဉ်တွင် လူတို့အား မည်သို့ဆက်ဆံရမည်နှင့် အမှုအရာများကို မည်သို့ ကိုင်တွယ်ရမည်တို့ကဲ့သို့သော ပြဿနာများကို မလွှဲမရှောင်သာ ကြုံတွေ့ရလိမ့်မည်။ ဤပြဿနာများနှင့် အရေးကြီးသော အမှုကိစ္စများနှင့် ပတ်သက်သောအခါတွင် သင်သည် သင့်မိသားစုထံမှ သင်အမွေဆက်ခံခဲ့သည့် ကိုယ်ပိုင်လက္ခဏာနှင့် ဆက်စပ်သည့် ရှုထောင့်များ၊ သို့မဟုတ် အမြင်များကို ခံယူခြင်းအားဖြင့် လူများ၊ အမှုအရာများကို မလွှဲမရှောင်သာ ရှုမြင်လိမ့်မည်။ ပြီးလျှင် သင်သည် လူများကို ရှုမြင်ပြီး အမှုအရာများကို ကိုင်တွယ်ရာ၌ အလွန် ရှေးကျသော သို့မဟုတ် လူ့အဖွဲ့အစည်းက သွတ်သွင်းပေးထားသော ဤနည်းလမ်းကို အသုံးမပြုဘဲ မနေနိုင်ပေ။ သင့်မိသားစုမှ သင်ရရှိသည့် ကိုယ်ပိုင်လက္ခဏာသည် လူ့အဖွဲ့အစည်း၌ရှိသော သင်၏ အဆင့်အတန်းက ဂုဏ်ရှိသည်၊ သို့မဟုတ် နိမ့်ကျသည်ဟု သင့်အား ခံစားရသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ဤကိုယ်ပိုင်လက္ခဏာသည် သမ္မာတရားအား သင်လိုက်စားခြင်း၊ ဘဝအပေါ် သင်၏ မှန်ကန်သော ရှုမြင်သုံးသပ်ချက်၊ သမ္မာတရားအားလိုက်စားခြင်းတွင် သင်၏ မှန်ကန်သော လမ်းကြောင်းတို့အပေါ် သက်ရောက်မှုရှိလိမ့်မည်။ ပို၍ အတိအကျဆိုလျှင် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းခြင်း၌ သင်၏ စည်းမျဉ်းများအပေါ် သက်ရောက်လိမ့်မည်။ နားလည်သလော။

အမျိုးမျိုးသော မိသားစုများသည် လူတို့အား အမျိုးမျိုးသော ကိုယ်ပိုင်လက္ခဏာများနှင့် လူမှုအဆင့်အတန်းများကို ဖြစ်ပေါ်စေသည်။ ကောင်းသော လူမှုအဆင့်အတန်းနှင့် ဂုဏ်ရှိသော ကိုယ်ပိုင်လက္ခဏာတို့ ရှိခြင်းသည် လူတို့နှစ်သက်ပြီး အကြိုက်တွေ့သော အရာတစ်ခုဖြစ်သော်လည်း မိမိတို့၏ ကိုယ်ပိုင်လက္ခဏာကို အညတရဖြစ်ကာ နိမ့်ကျသော မိသားစုတစ်စုထံမှ ဆက်ခံထားသူတို့မှာမူ သိမ်ငယ်မှုကို ခံစားရပြီး သူတစ်ပါးတို့ကို ရင်ဆိုင်ရန် ရှက်ရွံ့ကြသည်။ ပြီးလျှင် ၎င်းတို့သည် အလေးအနက်ထားခြင်း၊ သို့မဟုတ် အလေးထားခြင်းမခံရဟုလည်း ခံစားရသည်။ ဤသို့သောသူများသည်လည်း မကြာခဏ ခွဲခြားဆက်ဆံခံရသည်။ ယင်းကြောင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် မချိတင်ကဲဝေဒနာကိုခံစားရပြီး မိမိကိုယ်ကို တန်ဖိုးမထားပေ။ ဥပမာ လူအချို့၏ မိဘများသည် စိုက်ပျိုးရေးလုပ်ပြီး ဟင်းသီးဟင်းရွက်များကို ရောင်းသော လယ်ယာအနည်းငယ် ပိုင်ဆိုင်သူများ ဖြစ်နိုင်သည်။ လူအချို့၏ မိဘများသည် လမ်းဘေးဈေးဆိုင်ဖွင့်ခြင်း၊ သို့မဟုတ် လမ်းတကာ လှည့်လည်ရောင်းချခြင်းကဲ့သို့သော အသေးစားစီးပွားရေး ရှိသည့် စျေးသည်များဖြစ်နိုင်သည်။ လူအချို့၏ မိဘများသည် လက်မှုပညာလုပ်ငန်းတွင် အလုပ်လုပ်နိုင်ပြီး အဝတ်အစားများကို ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း၊ သို့မဟုတ် ငွေရှာပြီး ၎င်းတို့၏ တစ်မိသားစုလုံးကို ထောက်ပံ့ရန်အတွက် လက်မှုပညာများကို အမှီပြုခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ လူအချို့၏ မိဘများသည် သန့်ရှင်းရေးသမား၊ သို့မဟုတ် ကလေးထိန်းများအဖြစ် ဝန်ဆောင်မှုလုပ်ငန်းတွင် လုပ်နိုင်သည်။ အချို့သောမိဘများသည် အိမ်ရွှေ့ပြောင်းမှု လုပ်ငန်း၊ သို့မဟုတ် သယ်ယူပို့ဆောင်ရေးအလုပ်တွင် လုပ်နိုင်သည်။ အချို့က အနှိပ်သည်များ၊ အလှဖန်တီးရှင်များ၊ သို့မဟုတ် ဆံသဆရာများ ဖြစ်နိုင်သည်။ အချို့မိဘများက ဖိနပ်၊ စက်ဘီး၊ မျက်မှန် စသကဲ့သို့သော အရာများကို လူတို့အတွက် ပြုပြင်ပေးနိုင်သည်။ အချို့သောမိဘများသည် ပို၍ အဆင့်မြင့်သော လက်မှုပညာ ကျွမ်းကျင်မှုများရှိနိုင်ပြီး လက်ဝတ်ရတနာ၊ သို့မဟုတ် နာရီတို့ကဲ့သို့သောအရာများကို ပြုပြင်နိုင်ပြီး အခြားလူများက ပို၍ပင် နိမ့်ကျသော လူမှုအဆင့်အတန်းရှိကာ ၎င်းတို့၏ သားသမီးများကို ထောက်ပံ့ပြီး ၎င်းတို့မိသားစုကို ပျိုးထောင်ပေးရန်အတွက် အမှိုက်သရိုက်များကို စုဆောင်းခြင်း၊ ရောင်းချခြင်းကို မှီခိုအားထားရနိုင်သည်။ ဤမိဘများအားလုံးသည် လူ့အဖွဲ့အစည်းတွင် အတော်အတန် နိမ့်ကျသော အတတ်ပညာဆိုင်ရာ အဆင့်အတန်းရှိပြီး သိသာစွာပင် ရလဒ်အနေဖြင့် ၎င်းတို့မိသားစုတွင်ရှိသောသူတိုင်း၏ လူမှုအဆင့်အတန်းမှာလည်း နိမ့်ကျလိမ့်မည်။ ထို့ကြောင့် လောက၏ အမြင်တွင် ဤမိသားစုများမှလာသော သူများသည် နိမ့်ကျသော အဆင့်အတန်းနှင့် ကိုယ်ပိုင်လက္ခဏာရှိကြသည်။ လူတစ်ယောက်၏ ကိုယ်ပိုင်လက္ခဏာကို ဤသို့ ရှုမြင်ပြီး လူတစ်ယောက်၏ တန်ဖိုးကို တိုင်းတာသည့် နည်းလမ်းကို လူ့အဖွဲ့အစည်းက ခံယူခြင်းကြောင့်ပင် သင့်မိဘများက လယ်ယာအနည်းငယ်ပိုင်ဆိုင်သူများဖြစ်ပြီး တစ်စုံတစ်ယောက်က သင့်အား “သင်၏ မိဘများက မည်သည့်အလုပ်ကိုလုပ်သနည်း၊ သင့်မိသားစုက အဘယ်သို့ရှိသနည်း” ဟု မေးလျှင် သင်က “ကျွန်ုပ်၏ မိဘများသည်...၎င်းတို့သည်...စကားထဲထည့်ပြောရလောက်အောင် မထိုက်တန်ပါ” ဟု တုံ့ပြန်လိမ့်မည်။ ပြီးလျှင် ၎င်းတို့လုပ်သည့်အရာကို သင် ပြောရဲမည်မဟုတ်။ သင်သည် အလွန်ရှက်ရွံ့သောကြောင့်ဖြစ်သည်။ အတန်းဖော်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် တွေ့ဆုံသောအခါ၊ သို့မဟုတ် ညစာစားရန်အတွက် အပြင်ထွက်သောအခါ လူတို့သည် မိမိတို့ကိုယ်ကို မိတ်ဆက်ပြီး ၎င်းတို့၏ ကောင်းမွန်သော မိသားစုနောက်ခံအကြောင်း၊ သို့မဟုတ် ၎င်းတို့၏ အဆင့်မြင်သော လူမှုအဆင့်အတန်းအကြောင်းကို ပြောဆိုကြလိမ့်မည်။ သို့သော် သင်သည် မြေကလေးတစ်ကွက်မျှ ပိုင်သည့် လယ်သမားမိသားစု သို့မဟုတ် အသေးစား ကုန်သည်မိသားစု သို့မဟုတ် နယ်လှည့် အထမ်းသည်မိသားစုမှ ဆင်းသက်လာလျှင် ထိုသို့ ပြောလိုမည် မဟုတ်ဘဲ ရှက်ရွံ့လိမ့်မည်။ လူ့အဖွဲ့အစည်းတွင် “သူရဲကောင်းတစ်ယောက်အား သူ၏ ဇာစ်မြစ်အကြောင်း မမေးနှင့်” ဆိုသည့် လူသိများသော ဆိုရိုးစကားတစ်ခုရှိသည်။ ဤဆိုရိုးစကားသည် အလွန်မြင့်မြတ်သည့် ပုံစံရှိသည်။ ယင်းသည် နိမ့်ကျသော လူမှုအဆင့်အတန်းရှိသူတို့အား မျှော်လင့်ချက် တစ်စွန်းတစ်စ၊ အလင်းရောင် ခပ်ရေးရေးကို ပေးပြီး နှစ်သိမ့်မှုလေး မစို့မပို့ကိုလည်း ပေးသည်။ သို့သော် ဤသို့သော စာကြောင်းသည် လူ့အဖွဲ့အစည်းတွင် အဘယ်ကြောင့် လူသိများသနည်း။ ဤသည်မှာ လူ့အဖွဲ့အစည်းရှိ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာ၊ တန်ဖိုး၊ လူမှုအဆင့်အတန်းတို့ကို အာရုံစိုက်လွန်းခြင်းကြောင့် ဖြစ်သလော။ (ဟုတ်သည်။) အညတရနောက်ခံမှလာသော သူတို့သည် စဉ်ဆက်မပြတ် မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို နှစ်သိမ့်ရန်အတွက်လည်းကောင်း၊ သူတစ်ပါးတို့ကိုလည်း အားပေးရန်လည်းကောင်း ဤဆိုရိုးစကားကို အသုံးပြုကြပြီး ၎င်းတို့၏ အဆင့်အတန်းနှင့် ကိုယ်ပိုင်လက္ခဏာက နိမ့်ကျသော်လည်း ၎င်းတို့တွင် သာလွန်သော စိတ်အခြေအနေရှိသည်၊ ဤသည်မှာ သင်ယူ၍မရနိုင်သောအရာတစ်ခုဖြစ်သည်ဟု ထင်မြင်ကြသည်။ သင်၏ ကိုယ်ပိုင်လက္ခဏာသည် မည်မျှနိမ့်ကျပါစေ သင်၏ စိတ်အခြေအနေက သာလွန်ကြီးမြတ်လျှင် သင်က ဂုဏ်ပြုထိုက်သောသူဖြစ်သည်မှာ ဂုဏ်ရှိသော ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းရှိသူတို့ထက်ပင် ပိုကြောင်းကို သက်သေပြလေသည်။ ဤသည်မှာ မည်သည့်ပြဿနာကို ညွှန်ပြသနည်း။ “သူရဲကောင်းတစ်ယောက်အား သူ၏ ဇာစ်မြစ်အကြောင်း မမေးနှင့်” ဟု လူတို့က ဆိုလေလေ၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းကို ဂရုစိုက်သည်ဆိုသည်ကို သက်သေပြလေလေဖြစ်သည်။ အထူးသဖြင့် လူတစ်ယောက်၏ ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းက အလွန်အညတရဖြစ်ပြီး နိမ့်ကျသောအခါတွင် သူသည် မိမိကိုယ်ကို နှစ်သိမ့်ပြီး မိမိစိတ်နှလုံးရှိ ဗလာဖြစ်မှုနှင့် မကျေနပ်မှုတို့အတွက် ဖာထေးရန် ဤဆိုရိုးစကားကို အသုံးပြုကြသည်။ လူအချို့၏ မိဘများသည် အသေးစား ကုန်သည်များ၊ နယ်လှည့် အထမ်းသည်များ၊ မြေလေးတစ်ကွက်မျှ ပိုင်သည့် လယ်သမားများ၊ လက်မှုပညာသည်များလောက်ပင် အဆင်မပြေပေ၊ သို့မဟုတ် အရေးမပါသော၊ အညတရဖြစ်သော၊ လူ့အဖွဲ့အစည်းတွင် အထူးပင် ဝင်ငွေနည်းသော ထိုအလုပ်တစ်ခုခုကို လုပ်သော မိဘများလောက်ပင် အဆင်မပြေကြချေ။ ထို့ကြောင့် ၎င်းတို့မိဘများထံမှ ၎င်းတို့ ဆက်ခံသော ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းက ပို၍ပင် နိမ့်ကျသည်။ ဥပမာ လူအချို့၏ မိဘများသည် လူ့အဖွဲ့အစည်းတွင် အလွန်ပင် နာမည်ဆိုးရှိသည်။ ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာများကို အမှန်တကယ် မလုပ်ဆောင်ကြပေ။ ပြီးလျှင် ၎င်းတို့၌ လူမှုအသိုင်းအဝိုင်းက လက်ခံဖွယ်ဖြစ်သော အလုပ်အကိုင်၊ သို့မဟုတ် ပုံသေဝင်ငွေမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့မိသားစု၏ စားဝတ်နေရေး ကုန်ကျစရိတ်များကို ထောက်ပံ့ရန် အခက်အခဲဖြစ်ကြသည်။ အချို့မိဘများသည် ကြိမ်ဖန်များစွာ လောင်းကစားပြုလုပ်ပြီး လောင်းကစားတစ်ခုစီတိုင်း၌ ငွေများ ဆုံးရှုံးကြသည်။ အဆုံးတွင် ထိုမိသားစုသည် ပိုက်ဆံပြတ်ပြီး အလွန်ဆင်းရဲကာ နေ့စဉ် ကုန်ကျစရိတ်များအတွက် မတတ်နိုင်ပေ။ ဤမိသားစု၌ မွေးဖွားသော ကလေးများသည် ဟောင်းနွမ်းစုတ်ပြတ်သော အဝတ်များကို ဝတ်ကြသည်။ ဆာလောင်ကြသည်။ ဆင်းရဲစွာ နေထိုင်ကြသည်။ စာသင်ကျောင်း၌ မိဘနှင့် ဆရာများတွေ့ဆုံဆွေးနွေးပွဲ ကျင်းပသည့်အချိန်တိုင်းတွင် ၎င်းတို့၏ မိဘများက မည်သည့်အခါမျှ မတက်ရောက်ပေ။ ပြီးလျှင် ၎င်းတို့က သွား၍ လောင်းကစားလုပ်နေသည်ကို ဆရာများက သိကြသည်။ ဆရာများ၏ အမြင်တွင်၊ ၎င်းတို့၏ အတန်းဖော်များကြားတွင် ဤကလေးများသည် မည်သို့သော ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းရှိသည်ကို ပြောစရာမလိုပေ။ ဤမိသားစုမျိုး၌ မွေးဖွားသော ကလေးများသည် အခြားလူများအနီးတွင် ဂုဏ်ယူဝင့်ကြွားနိုင်ခြင်း မရှိဟု ခံစားရဖို့ သေချာသည်။ ၎င်းတို့က ကောင်းစွာ လေ့လာသင်ကြားပြီး ကြိုးစားလျှင်ပင်၊ ၎င်းတို့သည် စိတ်ဓာတ်သန်မာပြီး လူအများထဲ၌ ထင်ပေါ်လျှင်ပင် ဤမိသားစုမှ ၎င်းတို့ ဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာသည် အခြားလူများ၏ အမြင်တွင် ၎င်းတို့၏ အဆင့်အတန်းနှင့် တန်ဖိုးကို သတ်မှတ်ဆုံးဖြတ်ပေးပြီးဖြစ်သည်။ ဤသည်မှာ လူတစ်ယောက်ကို အလွန်ပင် စိတ်ဓာတ်ကျစေပြီး မချိတင်ကဲဝေဒနာ ခံစားရစေနိုင်သည်။ ဤမချိတင်ကဲဝေဒနာနှင့် စိတ်ဓာတ်ကျခြင်းက မည်သည့်နေရာမှ လာသနည်း။ ကျောင်းမှလည်းကောင်း၊ ဆရာများထံမှလည်းကောင်း၊ လူ့အဖွဲ့အစည်းထံမှလည်းကောင်း၊ အထူးသဖြင့် လူတို့နှင့် ဆက်ဆံရာတွင် လူသားမျိုးနွယ်၏ မမှန်ကန်သော အမြင်များမှလည်းကောင်း လာသည်။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။) အချို့သော မိဘများသည် လူ့အဖွဲ့အစည်းတွင် သီးသန့်နာမည်ဆိုးတစ်ခုမရှိသော်လည်း မနှစ်မြို့စရာအချို့ကို လုပ်ဆောင်ကြသည်။ ဥပမာအားဖြင့် အလွဲသုံးစားပြုခြင်း၊ လာဘ်စားခြင်းကြောင့်၊ သို့မဟုတ် တရားမဝင်သောအရာတစ်ခုကို လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဈေးကစားခြင်း၊ အမြတ်ကြီးစားခြင်းတို့တွင် ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ဥပဒေကို ချိုးဖောက်သောကြောင့် ထောင်ကျပြီး စီရင်ချက်ချခံရသော မိဘများ၏ ဖြစ်ရပ်ကို ကြည့်လော့။ ရလဒ်မှာ ၎င်းတို့၏ မိသားစုဝင်များသည် ၎င်းတို့နှင့်အတူ ဤဂုဏ်သရေပျက်ခြင်းကို မဖြစ်မနေ ခံစားရခြင်းအားဖြင့် ၎င်းတို့သည် ၎င်းတို့မိသားစုအပေါ် အပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုသော သက်ရောက်မှုဖြစ်စေသည်။ ထို့ကြောင့် ဤမိသားစုမျိုးတွင် ပါဝင်တော်စပ်ရခြင်းသည် လူတစ်ယောက်၏ ကိုယ်ပိုင်လက္ခဏာအပေါ် ထိရောက်စွာပင် ကြီးမားသော သက်ရောက်မှုရှိသည်။ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းက နိမ့်ကျရုံသာမကဘဲ ၎င်းတို့သည် အထင်သေးခြင်းကိုလည်း ခံရသည်။ ထို့အပြင် “အလွဲသုံးစားပြုသူ”၊ “သူခိုးမိသားစုဝင်” ဟူသကဲ့သို့သော အမည်များဖြင့်ပင် သမုတ်ခြင်းခံရသည်။ လူတစ်ယောက်သည် ဤသို့သော အမည်များဖြင့် သတ်မှတ်ခြင်းခံရသည်နှင့် သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းအပေါ် ပို၍ပင် ကြီးမားသော သက်ရောက်မှုရှိလိမ့်မည်။ လူ့အဖွဲ့အစည်းတွင် သူ၏ အကျပ်အတည်းကို ပိုမို ဆိုးဝါးစေလိမ့်မည်ဖြစ်ပြီး သူ့အား ဂုဏ်ယူဝင့်ကြွားနိုင်ခြင်း မရှိသည်ကိုပို၍ပင် ခံစားရစေလိမ့်မည်။ သင်သည် မည်မျှ ကြိုးစားပါစေ၊ သို့မဟုတ် မည်မျှ ဖော်ရွေပါစေ သင့်ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းကို မပြောင်းလဲနိုင်သေးပေ။ ဤသို့သော အကျိုးဆက်များသည် လူတစ်ယောက်၏ ကိုယ်ပိုင်လက္ခဏာအပေါ်တွင် မိသားစုက ဖြစ်စေသည့် သက်ရောက်မှုလည်းဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ထို့နောက်တွင် အတော်အတန်ရှုပ်ထွေးသည့် မိသားစု ဖွဲ့စည်းတည်ဆောက်ပုံများရှိသည်။ ဥပမာအားဖြင့် လူအချို့မှာ မွေးမိခင်အရင်းမရှိဘဲ မကြင်နာသော၊ သို့မဟုတ် မထောက်ထားသော မိထွေးသာရှိ၏။ ပြီးလျှင် ထိုမိထွေးသည် ၎င်းတို့ ကြီးပြင်းလာသောအခါတွင် ၎င်းတို့အား ထိုမျှ ဂရုစိုက်ခြင်းမရှိ၊ သို့မဟုတ် မိခင်မေတ္တာကို ပေးခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့အတွက် ဤသို့သောမိသားစု၌ ပါဝင်တော်စပ်ရခြင်းသည် စင်စစ်အားဖြင့် မလိုလားခြင်းခံရသော သီးသန့် ကိုယ်ပိုင်လက္ခဏာတစ်ခုကို ပေးလေသည်။ ဤသီးသန့် ကိုယ်ပိုင်လက္ခဏာအတွင်းတွင် ၎င်းတို့၏ စိတ်နှလုံး၌ အရိပ်မည်းများပို၍ ဖြစ်ပေါ်ပြီး အခြားလူများကြားရှိ ၎င်းတို့၏ အဆင့်အတန်းသည် အခြားမည်သူမဆိုထက်ပို၍ နိမ့်ကျသည်ဟု ၎င်းတို့ ခံစားရသည်။ ၎င်းတို့သည် အသက်ရှင်ရန် ရည်ရွယ်ချက်ကို မဆိုထားနှင့်၊ ပျော်ရွှင်မှု ခံစားချက်ပင်မရှိ၊ ဖြစ်တည်မှု ခံစားချက်ပင်မရှိပေ။ ပြီးလျှင် ၎င်းတို့သည် အထူးပင် နိမ့်ကျပြီး ကံဆိုးသည်ဟု ခံစားရသည်။ မိခင်ဖြစ်သူက အချို့သော အထူးအခြေအနေများကြောင့် အိမ်ထောင်များကို တစ်ခုပြီးတစ်ခု ဖြတ်သန်းခဲ့ရ၍ မိသားစု ဖွဲ့စည်းတည်ဆောက်ပုံက ရှုပ်ထွေးနေသော အခြားသောလူများရှိသည်။ ထို့ကြောင့် ၎င်းတို့၌ ပထွေးအချို့ရှိပြီး ၎င်းတို့၏ ဖခင်စစ်စစ်က မည်သူဖြစ်သည်ကို မသိကြပေ။ ဤသို့သောမိသားစုတွင် ပါဝင်တော်စပ်ခြင်းအားဖြင့် ဤသို့သောသူသည် မည်သည့်ကိုယ်ပိုင်လက္ခဏာမျိုးအား ရရှိမည်ကို ပြောစရာမလိုပေ။ သူ၏ လူမှုအဆင့်အတန်းသည် သူတစ်ပါးတို့၏ အမြင်တွင် နိမ့်ကျလိမ့်မည်။ ပြီးလျှင် ဤလူကို အရှက်ခွဲရန်၊ အသရေဖျက်ပြီး ရန်စရန်အတွက် မိသားစုနှင့်ပတ်သက်ပြီး ဤပြဿနာများ၊ သို့မဟုတ် အချို့သော ထင်မြင်ချက်များကို အသုံးပြုသည့်လူများ ရံဖန်ရံခါ ရှိနေလိမ့်မည်။ ဤသည်မှာ လူ့အဖွဲ့အစည်းတွင် ဤသူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကို နိမ့်ကျစေရုံသာမကဘဲ အရှက်လည်းရစေပြီး သူတစ်ပါးတို့အနီးတွင် သူ၏ မျက်နှာကို မပြနိုင်ဖြစ်စေလိမ့်မည်။ အနှစ်ချုပ်လျှင် ငါပြောခဲ့သည့် မိသားစုများကဲ့သို့ မိသားစုတစ်ခုတွင် ပါဝင်တော်စပ်ခြင်းမှတစ်ဆင့် လူတို့ ဆက်ခံသော သီးသန့်ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းသည်၊ သို့မဟုတ် သာမန်၊ ရိုးရိုးမိသားစုတစ်စုတွင် ပါဝင်တော်စပ်ခြင်းမှတစ်ဆင့် လူတို့ ဆက်ခံသော သာမန်၊ ရိုးရိုး ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းသည် ၎င်းတို့၏ စိတ်နှလုံးတွင် အားပျော့သော စိတ်ဆင်းရဲခြင်းတစ်မျိုးဖြစ်သည်။ ယင်းသည် အချုပ်အနှောင်တစ်ခုဖြစ်ပြီး ဝန်ထုပ်ဝန်ပိုးလည်းဖြစ်သည်။ သို့သော် လူတို့သည် ယင်းကို ဖယ်ရှားရန် မတတ်နိုင်ဘဲ စွန့်ပစ်လိုစိတ်မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းအတွက် မိသားစုအိမ်သည် ၎င်းတို့ မွေးဖွားကြီးပြင်းသော နေရာဖြစ်သောကြောင့်ဖြစ်ပြီး နှစ်သိမ့်အားပေးမှု အပြည့်ရှိသော နေရာလည်း ဖြစ်သောကြောင့်ဖြစ်သည်။ မိသားစုက အညတရဖြစ်ပြီး နိမ့်ကျသော လူမှုအဆင့်အတန်းနှင့် ကိုယ်ပိုင်လက္ခဏာတို့ဖြင့် ဝန်ပိစေသော သူတို့အတွက် မိသားစုသည် အကောင်းရော အဆိုးပါနှစ်မျိုးလုံးရှိသည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် စိတ်ဓာတ်ရေးရာတွင် မိသားစုမပါဘဲ မရှင်သန်နိုင်သောကြောင့်ဖြစ်သည်။ သို့သော် ၎င်းတို့၏ အမှန်တကယ်၊ အရှိအတိုင်းဖြစ်သော လိုအပ်ချက်များနှင့် ပတ်သက်လျှင် မိသားစုက ၎င်းတို့အပေါ် ဂုဏ်အသရေပျက်ခြင်း ပမာဏအမျိုးမျိုးကို ဖြစ်စေပြီး အခြားလူများကြားနှင့် လူ့အဖွဲ့အစည်းတွင် ၎င်းတို့နှင့် ထိုက်တန်သည့် လေးစားမှုနှင့် နားလည်မှုအား မရရှိရန် တားဆီးသည်။ ထို့ကြောင့် လူတို့၏ ဤအပိုင်းတွင် မိသားစုအိမ်သည် ၎င်းတို့ ချစ်ခြင်းရော မုန်းခြင်းပါ နှစ်မျိုးလုံးရှိသော နေရာဖြစ်သည်။ ဤမိသားစုမျိုးသည် လူ့အဖွဲ့အစည်းတွင် မည်သူကမျှ တန်ဖိုးထားခြင်း၊ သို့မဟုတ် အလွန်အလေးထားခြင်း မရှိပေ။ ထိုအစား သူတစ်ပါးတို့က ခွဲခြားဆက်ခံခြင်း၊ အထင်သေးခြင်းကို ခံရသည်။ ဤအတွက်ကြောင့်ပင် ဤမိသားစုမျိုး၌ မွေးဖွားသောလူတို့သည် တူညီသော ကိုယ်ပိုင်လက္ခဏာ၊ အဆင့်အတန်းနှင့် တန်ဖိုးတို့ကိုလည်း ဆက်ခံရရှိသည်။ ဤမိသားစု၌ ပါဝင်တော်စပ်ရခြင်းကြောင့် ၎င်းတို့ ခံစားရသည့် ရှက်ရွံ့မှုသည် ၎င်းတို့၏ အလေးနက်ဆုံးသော စိတ်ခံစားချက်များ၊ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များနှင့် အမှုအရာများအား ၎င်းတို့ ကိုင်တွယ်သည့် နည်းလမ်းများကိုလည်း မကြာခဏ သက်ရောက်မှုရှိသည်။ ဤသည်မှာ သမ္မာတရားကို ၎င်းတို့ လိုက်စားခြင်းအား ကြီးမားသော အတိုင်းအတာဖြင့် မလွဲဧကန် ထိခိုက်သည်။ သမ္မာတရားအား ၎င်းတို့ လိုက်စားစဉ်တွင် ၎င်းတို့၏ သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုကိုလည်း ထိခိုက်သည်။ ဤအရာများသည် သမ္မာတရားအား လူတို့ လိုက်စားမှုနှင့် လက်တွေ့လုပ်ဆောင်မှုကို ထိခိုက်နိုင်သောကြောင့်ပင် သင့်မိသားစုထံမှ မည်သည့်ကိုယ်ပိုင်လက္ခဏာကို သင်ဆက်ခံခဲ့သည်ဖြစ်စေ ယင်းကို လက်လွှတ်သင့်ခြင်း ဖြစ်သည်။

လူအချို့က “သင်ယခုပြောခဲ့သော မိဘများအားလုံးသည် လယ်မြေအနည်းငယ် ပိုင်ဆိုင်သူများ၊ သေးနုတ်သော စျေးသည်များ၊ လှည့်လည်ဈေးရောင်းသူများ၊ သန့်ရှင်းရေးသမားများ၊ ကြုံရာကျပန်းအလုပ် လုပ်သူများဖြစ်ကြသည်။ ဤလူမှုအဆင့်အတန်းများသည် အလွန်နိမ့်ကျသဖြင့် လူတို့က ယင်းတို့ကို လက်လွှတ်သင့်သည်မှာ သင့်တင့်လျောက်ပတ်ပေသည်။ ‘လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏’ ဟူသည့် ဆိုရိုးစကားကဲ့သို့ဖြစ်သည်။ လူတို့သည် အထက်သို့မျှော်ကြည့်ပြီး မြင့်မြင့်မှန်းသင့်သည်၊ နိမ့်ကျသော အဆင့်အတန်းနှင့် ဆက်စပ်သော ဤအရာများကို မကြည့်သင့်။ ဥပမာ မည်သူက လယ်မြေအနည်းငယ် ပိုင်ဆိုင်သူ ဖြစ်ချင်သနည်း။ မည်သူက အနုပ်စုတ်ကုပ်စုတ် စျေးသည်ဖြစ်လိုသနည်း။ လူတိုင်းက ပိုက်ဆံများစွာ ရှာလိုကြသည်။ ရာထူးကြီးသော အရာရှိဖြစ်လိုကြသည်၊ လူ့အဖွဲ့အစည်းတွင် အဆင့်အတန်းရှိလိုကြပြီး အလျင်အမြန်အောင်မြင်မှုကို ရရှိလိုကြသည်။ မည်သူကမျှ ငယ်ရွယ်စဉ်ကတည်းက လယ်မြေအနည်းငယ် ပိုင်ဆိုင်သူဖြစ်ရန်၊ စိုက်ပျိုးရေးလုပ်ပြီး စားသောက်ဖို့ လုံလောက်ရုံဖြင့် ကျေနပ်ရောင့်ရဲရန် ရည်မှန်းချက်မထားကြပေ။ ယင်းကို အောင်မြင်မှုအဖြစ် မည်သူကမျှ မမှတ်ယူပေ၊ ဤသို့သောသူများမရှိပေ။ ဤသို့သောမိသားစုများက လူတို့အား အရှက်ရစေပြီး လူတို့၏ ကိုယ်ပိုင်လက္ခဏာကြောင့် မမျှမတ ဆက်ဆံခြင်း ခံရစေသည့်အတွက် ထိုလူများသည် မိမိတို့၏မိသားစုမှ အမွေဆက်ခံရသော ကိုယ်ပိုင်လက္ခဏာကို လက်လွှတ်သင့်ခြင်းမှာ အတိအကျပင်ဖြစ်သည်”ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသည်မှာ မှန်သလော။ (မမှန်ပါ။) မမှန်ပေ။ မတူညီသော ရှုထောင့်မှ ငါတို့ ဆွေးနွေးရလျှင် လူအချို့သည် အခွင့်ထူးခံသော၊ သို့မဟုတ် ကောင်းမွန်သော ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်ရှိသော၊ သို့မဟုတ် မြင့်မားသည့် လူမှုအဆင့်အတန်းရှိသော မိသားစုများတွင် မွေးဖွားကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဂုဏ်ရှိသော ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းကို အမွေဆက်ခံသည်။ ပြီးလျှင် နယ်ပယ်ကဏ္ဍအားလုံးတွင် အလွန်အလေးထားခြင်းခံရသည်။ ကြီးပြင်းလာသောအခါတွင် ၎င်းတို့ကို ၎င်းတို့၏ မိဘများ၊ မိသားစုရှိ သက်ကြီးသူများက တယုတယဆက်ဆံကြသည်မှာ လူ့အဖွဲ့အစည်း၌ ၎င်းတို့အပေါ် ဆက်ဆံရေးမှာမူ ဆိုဖွယ်ရာမရှိပေ။ ၎င်းတို့၏ အထူးဖြစ်သော၊ မြင့်မြတ်သော မိသားစုနောက်ခံကြောင့် ကျောင်းတွင် ၎င်းတို့၏ ဆရာများ၊ အတန်းဖော်များအားလုံးက ၎င်းတို့ကို အထင်ကြီးလေးစားကြသည်။ မည်သူကမျှ ၎င်းတို့ကို အနိုင်မကျင့်ရဲပေ။ ဆရာများက ၎င်းတို့ကို ညင်သာစွာ၊ ဖော်ရွေပျူငှာစွာ စကားပြောသည်။ ၎င်းတို့၏ အတန်းဖော်များက ၎င်းတို့အပေါ် အထူးပင် လေးစားသည်။ ဂုဏ်ရှိသောနောက်ခံရှိသည့် အခွင့်ထူးခံသော မိသားစုတစ်စုထံမှ လာခြင်းအားဖြင့် ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် မြင့်မြတ်သော ကိုယ်ပိုင်လက္ခဏာကို ရရှိပြီး အခြားလူများကို ၎င်းတို့အပေါ် အထင်ကြီးစေသောကြောင့် ၎င်းတို့၌ လူအများထက် သာလွန်သည့် ခံစားချက်ရှိပြီး ၎င်းတို့တွင် လေးစားဖွယ်ဖြစ်သော ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်း ရှိသည်ဟု ခံစားရသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် မည်သည့်အုပ်စုမဆိုတွင် မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲခြင်းကို ပြသပြီး မည်သူ၏ ခံစားချက်ကိုမျှ ထည့်တွက်စဉ်းစားခြင်းမရှိဘဲ ၎င်းတို့ စိတ်ကျေနပ်သည့်အရာမှန်သမျှကို ပြောဆိုကြသည်။ ပြီးလျှင် ၎င်းတို့ လုပ်ဆောင်သမျှတိုင်း၌ လုံးဝ ချုပ်တည်းခြင်း မရှိပေ။ အခြားလူများအတွက် ၎င်းတို့သည် ခေတ်မီဆန်းပြားပြီး ရည်မွန်သည်။ ရည်မှန်းချက် ကြီးကြီးထားရန်၊ ထုတ်ဖော်ပြောဆိုရန်၊ ပြုမူဆောင်ရွက်ရန် မကြောက်ရွံ့ပေ။ မည်သည့်အရာကို ၎င်းတို့ ပြောဆိုသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့၌ ၎င်းတို့၏ အားကြီးသော မိသားစုနောက်ခံ၏ ပံ့ပိုးမှုရှိသောကြောင့် ၎င်းတို့ကို ကူညီရန်အတွက် ဂုဏ်ရှိသောလူအချို့က အစဉ်သဖြင့် အဆင်သင့်ရှိနေကြသည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာရာတိုင်းက အဆင်ပြေချောမွေ့သည်။ အမှုအရာများက အဆင်ပြေချောမွေ့လေလေ၊ လူအများထက်ပို၍ သာလွန်သည်ဟု ၎င်းတို့ ခံစားရလေလေဖြစ်သည်။ မည်သည့်နေရာကို ၎င်းတို့ သွားသည်ဖြစ်စေ ၎င်းတို့သည် ၎င်းတို့၏ အရှိန်အဝါကို အသုံးချရန်၊ လူအများထဲ၌ ထင်ပေါ်ရန်၊ အခြားလူများနှင့် မတူညီရန် စိတ်ဆုံးဖြတ်ထားကြသည်။ ၎င်းတို့သည် အခြားလူများနှင့် စားသောက်သည့်အချိန်တိုင်းတွင် ကြီးသောအပိုင်းကို ယူသည်။ မရလျှင် စိတ်ဆိုးကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့်အတူ နေထိုင်သောအခါ၌ နေရောင်အရဆုံးနေရာ၊ သို့မဟုတ် အပူပေးစနစ်နှင့် နီးသောနေရာ၊ သို့မဟုတ် လေကောင်းလေသန့်ရသည့် မည်သည့်နေရာမဆို၌ ရှိသော အကောင်းဆုံးသော အိပ်ရာပေါ်၌ အိပ်ရရန် မရမက လုပ်ဆောင်ကြပြီး ထိုအိပ်ရာကို ၎င်းတို့သာ ပိုင်ဆိုင်သည်။ ဤသည်မှာ သွေးကြီးမွေးကြီး လုပ်သောစိတ်မဟုတ်လော။ (ဟုတ်သည်။) လူအချို့၏ မိဘများသည် ဝင်ငွေကောင်းကြသည်။ သို့မဟုတ် အစိုးရဝန်ထမ်းများဖြစ်သည်၊ သို့မဟုတ် လစာကောင်းသည့် ပါရမီရှိသော အတတ်ပညာရှင်များဖြစ်သည်။ ထို့ကြောင့် ၎င်းတို့မိသားစုသည် အထူးပင် သက်သောင့်သက်သာရှိပြီး ကြွယ်ဝချမ်းသာသည်။ အစားအစာ၊ သို့မဟုတ် အဝတ်အစားကဲ့သို့သောအရာများအတွက် အကုန်အကျခံဖို့ စိုးရိမ်ခြင်းမရှိပေ။ အကျိုးဆက်အနေဖြင့် ဤသို့သောလူတို့သည် အလွန့်အလွန် သာလွန်မှုကို ခံစားရသည်။ ၎င်းတို့သည် ၎င်းတို့ အလိုရှိသည့် မည်သည့်အဝတ်ကိုမဆို ဝတ်ဆင်နိုင်ပြီး ခေတ်အဆန်ဆုံးသော အဝတ်အထည်များကို ဝယ်ယူကာ ခေတ်မရှိတော့သောအခါ၌ ယင်းတို့ကို စွန့်ပစ်နိုင်ကြသည်။ ၎င်းတို့စားလိုသည့် မည်သည့်အရာကိုမဆိုလည်း စားနိုင်သည်။ ၎င်းတို့ လုပ်ရန် လိုအပ်သမျှမှာ ပြောလိုက်ရန်သာဖြစ်ပြီး တစ်စုံတစ်ယောက်က ပို့ဆောင်ပေးလိမ့်မည်။ မည်သည့်အရာကိုမျှ လုံးဝ စိုးရိမ်ဖို့မလိုပေ။ ၎င်းတို့သည် အလွန်အမင်း သာလွန်သည်ဟု ခံစားရသည်။ ဤသို့ အခွင့်ထူးခံ မိသားစုမျိုးမှ ၎င်းတို့ အမွေဆက်ခံရသည့် ကိုယ်ပိုင်လက္ခဏာမှာ သူတစ်ပါးတို့၏ အမြင်တွင် ၎င်းတို့သည် စင်စစ်အားဖြင့် အမျိုးသမီးဖြစ်လျှင် မင်းသမီးဖြစ်သည်၊ သို့မဟုတ် အမျိုးသားဖြစ်လျှင် ပေါ်ကြော့လူချမ်းသာတစ်ယောက်ဖြစ်သည်ဟု ဆိုလိုသည်။ ၎င်းတို့သည် ဤမိသားစုမျိုးမှ မည်သည့်အရာကို အမွေဆက်ခံခဲ့သနည်း။ မြင့်မြတ်သော ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းဖြစ်သည်။ ဤမိသားစုမျိုးမှ ၎င်းတို့ အမွေဆက်ခံခဲ့သောအရာသည် အရှက်တရားမဟုတ်ဘဲ ဂုဏ်ကျက်သရေဖြစ်သည်။ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်၊ သို့မဟုတ် လူအုပ်စု၌ ရှိပါစေ အခြားသောလူတိုင်း၏ အထက်တွင်ရှိသည်ဟု ၎င်းတို့က အစဉ်ခံစားရသည်။ ၎င်းတို့က “ငါ၏ မိဘများသည် ချမ်းသာသော စီးပွားရေးသမားများဖြစ်သည်။ ငါ့မိသားစု၌ အလွန် ပိုက်ဆံချမ်းသာရှိသည်။ ငါအလိုရှိသည့်အချိန်တိုင်းတွင် ပိုက်ဆံကို သုံးနိုင်သလို မည်သည့်အခါမျှ ချွေတာရန်မလိုပေ” သို့မဟုတ် “ငါ၏မိဘများသည် ရာထူးကြီးသော အရာရှိများ ဖြစ်သည်။ ငါ၏ စီးပွားရေးကို မည်သည့်နေရာ၌ စတင်လုပ်ဆောင်သည်ဖြစ်စေ ပုံမှန်လုပ်ထုံးလုပ်နည်းများကို မလုပ်ဆောင်ဘဲ စကားတစ်ခွန်းဖြင့် ပြီးအောင် လုပ်ဆောင်နိုင်သည်။ အမှုကိစ္စများကို ပြီးမြောက်အောင် လုပ်ဆောင်ရန် အားအင်မည်မျှ စိုက်ထုတ်ရသည်ကို သင်တို့ သိမြင်သည်။ သင်တို့သည် သင့်လျော်သော လုပ်ထုံးလုပ်နည်းများကို လုပ်ဆောင်ရသည်။ သင်တို့၏ အလှည့်ကို စောင့်ရသည်၊ လူတို့ကို အောက်ကျို့ပြီး တောင်းဆိုရသည်။ ငါ့အား ကြည့်ပါ၊ ငါသည် ငါ၏ မိဘများ၏ လက်ထောက်တစ်ယောက်ကို မည်သည့်အရာ ပြီးမြောက်အောင် လုပ်ဆောင်ရန် လိုအပ်သည်ကိုသာ ပြောလိုက်ပြီး ပြီးသွားသည်။ ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်း ရှိခြင်းက ဟန်မကျသလော” ဟူသကဲ့သို့သောအရာများကို ပြောဆိုကြသည်။ ၎င်းတို့တွင် သာလွန်သည့် ခံစားချက်ရှိသလော။ (ရှိသည်။) လူအချို့က “ငါ၏ မိဘများသည် နိုင်ငံကျော် နာမည်ကြီးများဖြစ်သည်၊ သူတို့၏ အမည်ကို အင်တာနက်တွင် ရှာနိုင်ပြီး ပေါ်လာခြင်းရှိမရှိကို ကြည့်နိုင်သည်”ဟု ဆိုကြသည်။ တစ်စုံတစ်ယောက်က နာမည်ကျော်ကြားသူစာရင်းများကို စစ်ဆေးပြီး ထိုမိဘများ၏ အမည်က အမှန်ပင်ရှိနေသောအခါတွင် ထိုလူတို့သည် သာလွန်သည့်ခံစားချက်ကို ရရှိကြသည်။ ၎င်းတို့သည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ တစ်စုံတစ်ယောက်က ၎င်းတို့အား “သင်၏ အမည်မှာ အဘယ်နည်း” ဟု မေးလျှင် ၎င်းတို့က “ငါ၏ အမည်က အရေးမကြီးပါ၊ ငါ့မိဘများ၏ အမည်က ဤသို့ဖြစ်သည်” ဟု ပြန်ဖြေကြသည်။ လူများကို ၎င်းတို့ ပြောသည့် ပထမဆုံးသောအရာမှာ ၎င်းတို့မိဘများ၏ အမည်ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းကို အခြားလူများသိစေရန်ဖြစ်သည်။ လူအချို့က မိမိတို့ဘာသာ စဉ်းစားကြသည်။ “သင်၏ မိသားစုသည် အဆင့်အတန်းရှိသည်။ သင့်မိဘနှစ်ဦးလုံးသည် အရာရှိများဖြစ်သည်၊ သို့မဟုတ် နာမည်ကျော်ကြားသူများဖြစ်သည်၊ သို့မဟုတ် ချမ်းသာသော စီးပွားရေးသမားများဖြစ်သည်။ ဤအတွက်ကြောင့် သင်သည် ရာထူးကြီးသော အရာရှိများ၊ သို့မဟုတ် အလွန်ချမ်းသာသော မိဘများ၏ အခွင့်ထူးခံ သားသမီးများဖြစ်လေသည်။ ငါ့မှာမူကား အဘယ်နည်း” ဟူ၍ ဖြစ်သည်။ ယင်းကို စဉ်းစားပြီးနောက်တွင် ၎င်းတို့က “ငါ့မိဘများနှင့်ပတ်သက်ပြီး ထူးခြားသည့်အရာ တစ်ခုမျှမရှိပေ။ သူတို့သည် သာမန်လုပ်အားခကို ရရှိသော သာမန်အလုပ်သမားများ ဖြစ်သည်။ ထို့ကြောင့် ကြွားဝါစရာမရှိပေ။ သို့သော် ငါ၏ ဘိုးဘေးများထဲမှ တစ်ဦးသည် မင်းဆက်တစ်ခုခုတွင် ဝန်ကြီးချုပ်ဖြစ်ခဲ့သည်” ဟု ပြန်ဖြေကြသည်။ အခြားလူများက “သင်၏ ဘိုးဘေးသည် ဝန်ကြီးချုပ်ဖြစ်သည်။ ဪ၊ ထို့ကြောင့် သင့်တွင် ထူးခြားသော အဆင့်အတန်းရှိသည်။ သင်သည် ဝန်ကြီးချုပ်တစ်ဦး၏ ဆွေစဉ်မျိုးဆက်ဖြစ်သည်။ ဝန်ကြီးချုပ်တစ်ဦး၏ ဆွေစဉ်မျိုးဆက် မည်သူမဆိုသည် သာမန်လူမဟုတ်ပေ။ သင်သည် နာမည်ကျော်ကြားသူများ၏ ဆွေစဉ်မျိုးဆက် ဖြစ်သည်ဟုလည်း ဆိုလိုသည်” ဟု ဆိုကြသည်။ သင်တွေ့သလော၊ လူတစ်ယောက်သည် မိမိကိုယ်ကို နာမည်ကျော်ကြားသူတစ်ယောက်နှင့် တော်စပ်လိုက်သည်နှင့် သူ၏ ကိုယ်ပိုင်လက္ခဏာသည် ကွဲပြားသွားလိမ့်မည်။ သူ၏ လူမှုအဆင့်အတန်းသည် ချက်ချင်း မြင့်သွားလိမ့်မည်။ ပြီးလျှင် သူသည် လေးစားခြင်းခံရသောသူတစ်ဦး ဖြစ်လိမ့်မည်။ အခြားသောသူများက “ငါ၏ ဘိုးဘေးများသည် ချမ်းသာသော စီးပွားရေးသမား မျိုးဆက်ဖြစ်သည်။ သူတို့သည် အလွန်အမင်း ချမ်းသာသည်။ နောက်ပိုင်းတွင် လူမှုဆိုင်ရာ ပြောင်းလဲမှုများနှင့် လူမှုစနစ်တွင်ရှိသော အပြောင်းအလဲများကြောင့် သူတို့၏ တန်ဖိုးရှိပစ္စည်းများ အသိမ်းခံရသည်။ ယခုအခါ ဤနေရာမှနေ၍ ဆယ်မိုင်ပတ်လည်အတွင်းတွင် လူတို့နေထိုင်ကြသည့် အိမ်များစွာသည် ငါ၏ ဘိုးဘေးများ၏ အိမ်များဖြစ်ခဲ့ဖူးသည်။ ယခင်တုန်းက ငါ့မိသားစုအိမ်တွင် အခန်း လေး၊ ငါးရာရှိသည်၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် အခန်းသုံး၊ လေးရာရှိပြီး စုစုပေါင်း အစေခံတစ်ရာကျော် ရှိသည်။ ငါ၏ အဘိုးသည် စီးပွားရေးလုပ်ငန်းပိုင်ရှင်ဖြစ်သည်။ သူသည် မည်သည့်အလုပ်ကိုမျှ လုံးဝ မလုပ်ဘဲ အခြားလူများကိုသာ အမိန့်ပေးစေခိုင်းသည်။ အဘွားက ဘဝတွင် ခြေမွေးမီးမလောင် လက်မွေးမီးမလောင် နေထိုင်ခဲ့ရသည်။ သူတို့နှစ်ဦးလုံးတွင် သူတို့အား ဝတ်စားဆင်ယင်ပေးပြီး သူတို့၏ အဝတ်များကို လျှော်ဖွပ်ပေးရန် အခြွေအရံများရှိကြသည်၊ နောက်ပိုင်းတွင် လူမှုပတ်ဝန်းကျင်က ပြောင်းလဲသွားသောကြောင့် မိသားစုက ဆင်းရဲနွမ်းပါးသွားသည်။ ထို့ကြောင့် ငါတို့သည် မြင့်မြတ်သည့် အမျိုးအနွယ်ဝင် မဟုတ်တော့ဘဲ သာမန်လူများ ဖြစ်သွားကြသည်။ ယခင်တုန်းက ငါ၏ မိသားစုသည် ဆွေကြီးမျိုးကြီးဖြစ်ပြီး ဂုဏ်ရှိသည်။ သူတို့သည် ရွာ၏တစ်ဖက်စွန်းတွင် သူတို့၏ ခြေကိုဆောင့်နင်းလျှင် ရွာ၏ အခြားတစ်ဖက်စွန်းတွင် တုန်ခါခြင်းကို ချက်ချင်း ခံစားရနိုင်သည်။ သူတို့မည်သူဖြစ်သည်ကို လူတိုင်းသိကြသည်။ ဤသည်မှာ ငါဆင်းသက်လာသည့် မိသားစုမျိုးဖြစ်သည်၊ ဤသို့ဆိုလျှင် သင် မည်သို့ထင်မြင်သနည်း။ အလွန်ပင် ထူးခြားသည်မဟုတ်လော။ သင်သည် ငါ့ကို အထင်ကြီးလေးစားသင့်သည် မဟုတ်လော” ဟူ၍ ပြောဆိုကြသည်။ အခြားလူများကမူ “သင်၏ ဘိုးဘေးများ၏ ချမ်းသာကြွယ်ဝမှုနှင့်ပတ်သက်၍ အထင်ကြီးလောက်စရာမရှိ။ ငါ၏ ဘိုးဘေးသည် ဧကရာဇ်တစ်ပါးဖြစ်သည်။ ထို့အပြင် နိုင်ငံကို တည်ထောင်သော ဧကရာဇ်လည်း ဖြစ်သည်။ ငါ၏ မျိုးရိုးနာမည်သည် သူ့ထံမှ လက်ဆင့်ကမ်း အမွေရခြင်းဖြစ်သည်ဟု ဆိုကြသည်။ ငါ၏ မိသားစုတစ်ခုလုံးသည် သူ၏ ဆွေမျိုးအရင်းအချာများဖြစ်သည်။ အလှမ်းဝေးသော ဆွေမျိုးမဟုတ်ပါ။ သင် အဘယ်သို့ ထင်မြင်သနည်း။ ယခု ငါ၏ ဘိုးဘေး၏ နောက်ကြောင်းကို သင်သိသောအခါ၌ သင်သည် ငါ့အား အသစ်ဖြစ်သော အထင်ကြီးခြင်းဖြင့် ရှုမြင်ပြီး လေးစားမှုအနည်းငယ်ကို မပြသင့်သလော။ သင်သည် ငါ့အား အထင်ကြီးလေးစားခြင်း မရှိသင့်သလော” ဟူ၍ ပြောကြသည်။ အချို့သောလူများက “ငါ၏ ဘိုးဘေးများတွင် မည်သူကမျှ ဧကရာဇ်များမဟုတ်သော်လည်း တစ်ဦးမှာ မရေမတွက်နိုင်အောင်များသော ရန်သူများကို သတ်ခဲ့သော၊ မရေမတွက်နိုင်အောင်များသော စစ်ဘက်ဆိုင်ရာ စွန့်စားခန်းများကို အောင်မြင်ခဲ့သော နန်းတွင်းတွင် အရေးပါအရာရောက်သည့် ဝန်ကြီးတစ်ဦးဖြစ်ခဲ့သော စစ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ခဲ့သည်။ ငါ၏ မိသားစုအားလုံးသည် သူထံမှ တိုက်ရိုက်ဆင်းသက်လာသူများဖြစ်သည်။ ယနေ့အချိန်အထိ ငါ၏ မိသားစုသည် ငါ၏ ဘိုးဘေးများက လက်ဆင့်ကမ်းခဲ့သော ကိုယ်ခံပညာများကို လေ့လာဆည်းပူးဆဲဖြစ်ပြီး အပြင်လူများမသိစေရန် လျှို့ဝှက်ထားသည်။ ယင်းကို သင် အဘယ်သို့ ထင်သနည်း။ ငါ၏ ကိုယ်ပိုင်လက္ခဏာက မထူးခြားသလော။ ငါ၏ အဆင့်အတန်းက ဂုဏ်မရှိသလော” ဟု ဆိုကြသည်။ လူတို့က ၎င်းတို့၏ အလှမ်းဝေးသော ဘိုးဘေးမိသားစု ဆိုလေသော မိသားစုများအပြင် ၎င်းတို့၏ လက်ရှိမိသားစုထံမှ အမွေဆက်ခံရသည့် ဤထူးခြားသော ကိုယ်ပိုင်လက္ခဏာများကို လူတို့က ဂုဏ်ပြုထိုက်သည်၊ ဂုဏ်ကျက်သရေရှိသည်ဟု မြင်ကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ထိုမိသားစုဝင်တို့၏ နာမည်များကို ထည့်ပြောပြီး ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်း၏ သင်္ကေတအနေဖြင့် ကြွားလုံးထုတ်သည်။ တစ်ဖက်တွင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းက ထူးခြားကြောင်းကို သက်သေပြရန် လုပ်ဆောင်ကြသည်။ အခြားတစ်ဖက်တွင် လူတို့သည် ဤဇာတ်လမ်းများကို ပြောနေသည့်အခါတွင်၎င်းတို့သည် မိမိတို့အတွက် ပိုမိုမြင့်မားသော ရပ်တည်မှုနှင့် အဆင့်အတန်းကို ဖန်တီးရန် ကြိုးပမ်းနေခြင်းလည်းဖြစ်သည်။ ဤသည်မှာ အခြားလူများကြားတွင် ၎င်းတို့၏ တန်ဖိုးကို မြင့်တင်ရန်နှင့် ထူးခြားပြီး အထူးကောင်းမွန်ပုံပေါက်စေရန်ဖြစ်သည်။ ထူးခြားပြီး အထူးကောင်းမွန်လာခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူတစ်ပါးတို့ထံမှ ပိုမိုကြီးသော လေးစားမှု၊ အထင်ကြီးမှု၊ တန်ဖိုးထားမှုပမာဏကို ရရှိရန်ဖြစ်သည်။ ဤသို့အားဖြင့် ပို၍ သက်သာသော၊ လွယ်ကူသော၊ ဂုဏ်ရှိသောဘဝကို ၎င်းတို့ နေထိုင်နိုင်ရန်ဖြစ်သည်။ ဥပမာ အထူးသဖြင့် အချို့သော အထူးပတ်ဝန်းကျင်များတွင် အုပ်စုတစ်စုအတွင်း၌ မိမိတို့ တည်ရှိမှုကို အသိအမှတ်ပြုခံရရန်၊ သို့မဟုတ် သူတစ်ပါးတို့၏ လေးစားမှု၊ တန်ဖိုးထားမှုကိုရရန် အစဉ်သဖြင့် မလုပ်ဆောင်နိုင်သောသူများရှိသည်။ ထို့ကြောင့် ၎င်းတို့သည် အခွင့်အလမ်းများကို ရှာကြပြီး တစ်ခါတစ်ရံတွင် ၎င်းတို့၏ တည်ရှိမှုကို အသိအမှတ်ပြုခံရရန်နှင့် ၎င်းတို့သည် ထူးခြားကြောင်းကို လူတို့အား သိစေရန်၊ လူတို့အား ၎င်းတို့ကို တန်ဖိုးထားပြီး လေးစားစေရန် ၎င်းတို့၏ ထူးခြားသော ကိုယ်ပိုင်လက္ခဏာ၊ သို့မဟုတ် ထူးခြားသော မိသားစုနောက်ခံကို အသုံးပြုကြသည်။ ဤသည်မှာ လူတို့ကြားတွင် ဂုဏ်ဒြပ်ရှိရန်ဖြစ်သည်။ ၎င်းတို့က “ငါ၏ ကိုယ်ပိုင်လက္ခဏာ၊ အဆင့်အတန်းနှင့် အစွမ်းအစက သာမန်ဖြစ်သော်လည်း ငါ၏ ဘိုးဘေးတစ်ဦးသည် မင်မင်းဆက်တွင် မင်းသားတစ်ပါး၏ မိသားစု၏ အကြံပေးတစ်ဦးဖြစ်ခဲ့သည်။ ဤသူကို သင်ကြားဖူးသလော။ သူသည် ငါ၏ ဘိုးဘေး၊ ငါ၏ အဘေး၏ အဘိုးဖြစ်သည်။ သူသည် မင်းသားမိသားစုအတွက် အရေးပါအရာရောက်သော အကြံပေးတစ်ဦးဖြစ်ခဲ့သည်။ သူ့ကို ‘ဗျူဟာရှင်’ အဖြစ်သိကြသည်။ သူသည် နက္ခတ်ပညာမှစ၍ ပထဝီ၊ ရှေးဟောင်းနှင့် ခေတ်ပေါ်သမိုင်း၊ တရုတ်နှင့် နိုင်ငံခြားရေးရာအထိ အရာရာတိုင်း၌ ကျွမ်းကျင်ပညာရှင်ဖြစ်သည်။ သူသည် ကြိုတင်ခန့်မှန်းမှုများကိုလည်း လုပ်ဆောင်နိုင်သည်။ ငါတို့၏ မိသားစုတွင် သူအသုံးပြုခဲ့သော ဂမ္ဘီရအတတ်ပညာ ဖန်ရွှေသံလိုက်အိမ်မြှောင်သည် ငါတို့တွင် ယခုထိတိုင် ရှိသေးသည်” ဟု ပြောကြသည်။ ၎င်းတို့သည် ယင်းကို မကြာခဏ ပြောဆိုခြင်းမရှိနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ ရံဖန်ရံခါတွင် ၎င်းတို့၏ ဘိုးဘေးများ၏ ထူးချွန်ပြောင်မြောက်သော သမိုင်းနှင့်ပတ်သက်သည့် ဇာတ်လမ်းများဖြင့် သူတစ်ပါးတို့ကို ဖျော်ဖြေလေ့ရှိသည်။ ၎င်းတို့ပြောဆိုသည့်အရာမှာ မှန်သလော၊ မမှန်သလောဆိုသည်ကို မည်သူကမျှ မသိပေ။ အချို့မှာ ဖြစ်ဖွယ်မရှိသော ဇာတ်လမ်းများဖြစ်နိုင်သည်။ သို့သော် အချို့မှာ မှန်နိုင်သည်။ မည်သို့ပင်ဖြစ်စေ လူတို့၏ စိတ်တွင် မိသားစုထံမှ ၎င်းတို့ အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာသည် အလွန်အရေးကြီးသည်။ ယင်းသည် အခြားလူများကြားရှိ ၎င်းတို့၏ ရပ်တည်မှုနှင့် အဆင့်အတန်း၊ လူတို့ကြားတွင် ၎င်းတို့ လက်ခံရရှိသည့် ဆက်ဆံရေး၊ ပြီးလျှင် လူတို့ကြားရှိ ၎င်းတို့၏ အခြေအနေနှင့် အဆင့်တို့ကိုလည်း အဆုံးအဖြတ်ပေးသည်။ လူတို့သည် အခြားသောလူများကြား ရှိသည့်အခါတွင် ၎င်းတို့အမွေဆက်ခံရရှိသော ကိုယ်ပိုင်လက္ခဏာထံမှ ၎င်းတို့ရရှိသည့် ဤအရာများကို သတိမူမိခြင်းကြောင့်ပင် ယင်းတို့ကို အလွန်အရေးကြီးသည်ဟု မှတ်ယူခြင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ၎င်းတို့မိသားစုသမိုင်း၏ အဆိုပါ “ဂုဏ်ကျက်သရေရှိသော”၊ “ထူးခြားပြောင်မြောက်သော”အခန်းကဏ္ဍများကို အခါအခွင့်သင့်သလို ကြွားဝါကြသော်ငြားလည်း ရှက်ဖွယ်ကောင်းသော၊ သို့မဟုတ် အထင်သေးခြင်း၊ ခွဲခြားဆက်ဆံခြင်း ခံရနိုင်သော ၎င်းတို့မိသားစုနောက်ခံ၏ ထိုကဏ္ဍများအကြောင်း ပြောခြင်းကိုဖြစ်စေ၊ ၎င်းတို့မိသားစုတွင် ဖြစ်ပျက်ခဲ့သော ထိုအမှုကိစ္စများအကြောင်း ပြောခြင်းကိုဖြစ်စေ ထပ်ခါထပ်ခါ ရှောင်ကြသည်။ အတိုချုပ်အားဖြင့် လူတို့က ၎င်းတို့မိသားစုထံမှ ဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာသည် ၎င်းတို့စိတ်နှလုံးထဲတွင် အလွန်အရေးကြီးသည်။ ၎င်းတို့သည် အချို့သော သီးသန့်ဖြစ်ရပ်များကို တွေ့ကြုံသောအခါတွင် မိမိတို့ကိုယ်ကို ကြွားဝါရန်အတွက် အရင်းအနှီးအဖြစ်၊ အကြောင်းပြချက်တစ်ခုအဖြစ် ၎င်းတို့၏ ထူးခြားသော မိသားစုကိုယ်ပိုင်လက္ခဏာကို မကြာခဏ အသုံးပြုကြသည်။ ဤသည်မှာ လူတို့၏ အသိအမှတ်ပြုခြင်းကို ရရှိပြီး အခြားသူများအလယ်တွင် အဆင့်အတန်း ရှိရန်ဖြစ်သည်။ သင်၏မိသားစုက ဂုဏ်ကျက်သရေကို သယ်ဆောင်သည်ဖြစ်စေ၊ အရှက်တရားကို သယ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် သင့်မိသားစုမှ သင်ဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းသည် မြင့်မြတ်သည်ဖြစ်စေ၊ အညတရဖြစ်သည်ဖြစ်စေ သင်၏ အမြင်တွင် ဤမိသားစုသည် ဤထက်မပိုပေ။ ယင်းသည် သမ္မာတရားကို သင်နားလည်နိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို သင်လိုက်စားနိုင်ခြင်းရှိမရှိ၊ သို့မဟုတ် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် သင် စတင်လျှောက်လှမ်းနိုင်ခြင်းရှိမရှိတို့ကို အဆုံးအဖြတ်မပေးပေ။ ထို့ကြောင့် လူတို့သည် ယင်းကို အလွန်အရေးကြီးသော အမှုကိစ္စတစ်ခုအဖြစ် မမှတ်ယူသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းသည် လူတစ်ယောက်၏ ကံကြမ္မာကို အဆုံးအဖြတ် မပေးသကဲ့သို့ လူတစ်ယောက်၏ အနာဂတ်ကိုလည်း အဆုံးအဖြတ် မပေးသောကြောင့် ဖြစ်သည်။ လူတစ်ယောက် လျှောက်သည့်လမ်းကြောင်းကို ပို၍ပင် အဆုံးအဖြတ်မပေးပေ။ သင့်မိသားစုထံမှ သင်အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာသည် သင်၏ ကိုယ်ပိုင်ခံစားချက်များနှင့် အခြားသူများအကြား သဘောထားအမြင်များကိုသာ အဆုံးအဖြတ်ပေးနိုင်သည်။ သင့်မိသားစုမှ သင်အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာသည် သင် စက်ဆုပ်ရွံရှာသည့် အရာတစ်ခုဖြစ်စေ၊ ကြွားဝါဖို့ ထိုက်တန်သည့်အရာတစ်ခုဖြစ်စေ ယင်းက သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် သင် စတင် လျှောက်လှမ်းနိုင်ခြင်း ရှိမည်၊ မရှိမည်ကို အဆုံးအဖြတ်မပေးနိုင်ပေ။ ထို့ကြောင့် သမ္မာတရားအား လိုက်စားခြင်းနှင့် ပတ်သက်လျှင် သင့်မိသားစုထံမှ မည်သည့် ကိုယ်ပိုင်လက္ခဏာ၊ သို့မဟုတ် လူမှုအဆင့်အတန်းမျိုးအား သင်အမွေဆက်ခံသည်မှာ အရေးမပါပေ။ သင်အမွေဆက်ခံရသည့် ကိုယ်ပိုင်လက္ခဏာသည် သင့်အား သာလွန်မှုရှိပြီး ဂုဏ်ရှိသည်ဟု ခံစားရစေလျှင်ပင် ထုတ်ပြောရန် မထိုက်တန်ပေ။ သို့မဟုတ် ယင်းသည် သင့်အား အရှက်ရခြင်း၊ နိမ့်ကျခြင်း၊ မိမိကိုယ်ကို တန်ဖိုးမထားခြင်းတို့ဖြစ်သော ခံစားချက်များကို ပေးလျှင် သမ္မာတရားအား သင်လိုက်စားခြင်းကို ထိခိုက်မည်မဟုတ်ပေ။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) သမ္မာတရားအား သင်လိုက်စားခြင်းကို အနည်းငယ်မျှပင် ထိခိုက်မည်မဟုတ်သကဲ့သို့ ဘုရားရှေ့ရှိ ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏ ကိုယ်ပိုင်လက္ခဏာကိုလည်း ထိခိုက်မည်မဟုတ်ပေ။ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်သည်မှာ သင့်မိသားစုထံမှ မည်သည့်ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းကို သင်အမွေဆက်ခံသည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် လူတိုင်း၌ ကယ်တင်ခြင်းခံရရန်၊ တူညီသော အဆင့်အတန်းနှင့် ကိုယ်ပိုင်လက္ခဏာဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ပြီး သမ္မာတရားကိုလိုက်စားရန် တူညီသော အခွင့်အလမ်းရှိသည်။ သင့်မိသားစုထံမှ သင်အမွေဆက်ခံသော ကိုယ်ပိုင်လက္ခဏာသည် ဂုဏ်ယူထိုက်သည်ဖြစ်စေ၊ ရှက်ဖွယ်ဖြစ်စေ သင်၏ လူ့သဘာဝကို အဆုံးအဖြတ်မပေးသကဲ့သို့ သင်လျှောက်သော လမ်းကြောင်းကိုလည်း အဆုံးအဖြတ်မပေးပေ။ သို့ရာတွင် သင်သည် ယင်းကို အလွန်အရေးထားလျှင်၊ သင်၏ဘဝနှင့် ဖြစ်တည်မှု၏ မရှိမဖြစ်အစိတ်အပိုင်းအဖြစ် မှတ်ယူလျှင် သင်သည် ယင်းကို တင်းကျပ်စွာ စွဲကိုင်ထားပြီး လုံးဝ လက်လွှတ်မည်မဟုတ်ဘဲ ယင်းကို ဂုဏ်ယူလိမ့်မည်။ သင့်မိသားစုမှ သင်ဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာသည် မြင့်မြတ်လျှင် သင်သည် ယင်းကို အရင်းအနှီးတစ်မျိုးအဖြစ် မှတ်ယူလိမ့်မည်။ သင့်မိသားစုမှ သင်အမွေဆက်ခံသော ကိုယ်ပိုင်လက္ခဏာသည် နိမ့်ကျလျှင်မူ သင်သည် ယင်းကို ရှက်ဖွယ်ကောင်းသောအရာအဖြစ် မှတ်ယူလိမ့်မည်။ သင့်မိသားစုမှ သင်ဆက်ခံသော ကိုယ်ပိုင်လက္ခဏာသည် မြင့်မြတ်သည်၊ ဂုဏ်ကျက်သရေ ရှိသည်ဖြစ်စေ သို့မဟုတ် ရှက်ဖွယ်ကောင်းသည်ဖြစ်စေ ယင်းသည် သင်၏ တစ်ကိုယ်ရေနားလည်မှုသာဖြစ်သလို သင်၏ ဖောက်ပြန်ပျက်စီးသော လူ့သဘာဝ၏ ရှုထောင့်မှနေ၍ ပြဿနာကို ကြည့်ခြင်း၏ ရလဒ်မျှသာဖြစ်သည်။ ယင်းသည် သင်၏ ကိုယ်ပိုင်ခံစားချက်၊ သိမြင်မှု၊ နားလည်မှုသာဖြစ်ပြီး သမ္မာတရားနှင့် မညီသကဲ့သို့ သမ္မာတရားနှင့် သက်ဆိုင်ခြင်းလည်းမရှိပေ။ ယင်းသည် သမ္မာတရားအား သင်လိုက်စားခြင်းအတွက် အရင်းအနှီးမဟုတ်သကဲ့သို့ သမ္မာတရားအား သင်လိုက်စားခြင်းအတွက် အတားအဆီးတစ်ခုလည်း မဟုတ်သည်မှာ မှန်သည်။ သင်၏ လူမှုအဆင့်အတန်းသည် မြင့်မြတ်ပြီး အမြင့်၌ရှိလျှင် ဤသည်မှာ သင်၏ ကယ်တင်ခြင်းအတွက် အရင်းအနှီးဖြစ်သည်ဟု မဆိုလိုပေ။ သင်၏ လူမှုအဆင့်အတန်းသည် နိမ့်ကျပြီး အညတရဖြစ်လျှင် ကယ်တင်ခြင်းကို သင်လိုက်စားခြင်းအပေါ် အတားအဆီးဖြစ်ဖို့ မဆိုထားနှင့် သမ္မာတရားအား သင်လိုက်စားခြင်းအတွက် အတားအဆီးဖြစ်သည်ဟုပင် မဆိုလိုပေ။ မိသားစု၏ ပတ်ဝန်းကျင်နှင့် နောက်ခံ၊ ဘဝ အရည်အသွေး၊ ရှင်သန်နေထိုင်ရာ အခြေအနေတို့အားလုံးသည် ဘုရားသခင်၏ သတ်မှတ်ပြဋ္ဌာန်းခြင်းမှ ဆင်းသက်လာသော်လည်း ယင်းတို့သည် ဘုရားရှေ့ရှိ လူတစ်ယောက်၏ တကယ့် ကိုယ်ပိုင်လက္ခဏာနှင့် လုံးဝ မသက်ဆိုင်ပေ။ မည်သူမဆိုသည် မည်သည့်မိသားစုမှလာသည်ဖြစ်စေ၊ သို့မဟုတ် သူ၏မိသားစုနောက်ခံသည် အထင်ကရဖြစ်သည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် ဖန်ဆင်းခံတစ်ဦးဖြစ်သည်။ သင့်မိသားစုက အထင်ကရနောက်ခံရှိပြီး သင်က မြင့်မြတ်သော ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းရှိလျှင်ပင် သင်သည် ဖန်ဆင်းခံတစ်ယောက်ဖြစ်ဆဲ ဖြစ်သည်။ အလားတူပင် သင့်မိသားစု၏ အဆင့်အတန်းသည် အညတရဖြစ်ပြီး သင်က သူတစ်ပါးတို့၏ အထင်သေးခြင်းကို ခံရလျှင် မည်သို့ပင်ဖြစ်စေ သင်သည် ဘုရားသခင်၏ အမြင်တွင် သာမန်ဖန်ဆင်းခံတစ်ယောက်ဖြစ်သည်။ သင်နှင့်ပတ်သက်ပြီး ထူးခြားသည့်အရာ မရှိပေ။ မတူညီသော မိသားစုနောက်ခံများသည် လူတို့အား မတူညီသော ရှင်သန်ကြီးထွားရာ ပတ်ဝန်းကျင်များကို ပေးသည်။ ပြီးလျှင် မတူညီသော မိသားစု ရှင်သန်ရာ ပတ်ဝန်းကျင်များသည် လူတို့အား ရုပ်ဝတ္ထုပစ္စည်းများ၊ ကမ္ဘာလောက၊ ဘဝတို့အား ကိုင်တွယ်ဖြေရှင်းခြင်းအတွက် မတူညီသော အမြင်ရှုထောင့်များကို ပေးသည်။ မိမိသည် ဘဝတွင် ချမ်းသာသည်ဖြစ်စေ၊ ချို့တဲ့သည်ဖြစ်စေ၊ သို့မဟုတ် မိမိ၏ မိသားစုအခြေအနေသည် အခွင့်ထူးခံရသည်ဖြစ်စေ၊ အခွင့်ထူးမခံရသည်ဖြစ်စေ လူတစ်ကိုယ် အတွေ့အကြုံတစ်မျိုးသာ ဖြစ်လေသည်။ နှိုင်းယှဉ်၍ ပြောရလျှင် မိသားစုက ဆင်းရဲပြီး ရှင်သန်နေထိုင်ရာ၌ အသင့်အတင့်ဖြစ်သော အဆင့်အတန်းရှိသူတို့တွင် ဘဝအပေါ် ပိုမိုလေးနက်သော အတွေ့အကြုံရှိပြီး ချမ်းသာ၍ မိသားစုက အထူးပင် အခွင့်ထူးခံရသော သူများအတွက်မူ လေးနက်သောအတွေ့အကြုံကို ရရှိရန် ၎င်းတို့အတွက် ပို၍ခက်ခဲသည်မှာ မှန်သလော။ (မှန်ပါသည်။) မည်သည့်မိသားစုပတ်ဝန်းကျင်မျိုး၌ သင်ကြီးပြင်းသည်ဖြစ်စေ၊ ထိုမိသားစု ပတ်ဝန်းကျင်မှ မည်သည့်ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းကို သင် ရရှိသည်ဖြစ်စေ ဘုရားရှေ့သို့ သင်လာသောအခါတွင်လည်းကောင်း၊ ဖန်ဆင်းခံအဖြစ် ဘုရားသခင်က အသိအမှတ်ပြုပြီး လက်ခံခြင်းကို သင်ခံရသောအခါတွင်လည်းကောင်း သင်သည် ဘုရားသခင်၏ အမြင်တွင် အခြားလူများနှင့် တူညီသည်။ အခြားလူများနှင့် တန်းတူညီမျှသည်။ သင်နှင့်ပတ်သက်ပြီး ထူးခြားသည့်အရာ လုံးဝ မရှိပေ။ ဘုရားသခင်သည် သူ၏ သတ်မှတ်ချက်များတွင် သင့်အတွက် အလားတူနည်းလမ်းများ၊ အလားတူ စံနှုန်းများကိုသာ သက်ရောက်စေလိမ့်မည်။ သင်က “ကျွန်ုပ်တွင် ထူးခြားသော လူမှုအဆင့်အတန်းရှိသည်”ဟု ဆိုလျှင် ဘုရားရှေ့၌ ဤ “ထူးခြားမှု” ကို သင်လျစ်လျူရှုရမည်။ သင်က “ကျွန်ုပ်၏ လူမှုအဆင့်အတန်းသည် နိမ့်ကျသည်” ဟုဆိုလျှင် ဤ “နိမ့်ကျမှု” ကိုလည်း လျစ်လျူရှုရမည်။ ဘုရားရှေ့တွင် သင်တို့တစ်ဦးချင်းစီသည် သင့်တို့မိသားစုမှ အမွေဆက်ခံခဲ့သည့် ကိုယ်ပိုင်လက္ခဏာကို ရှောင်ဖယ်ရမည်။ ယင်းကို လက်လွှတ်ရမည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဘုရားသခင်က သင့်အား ပေးထားသည့် ကိုယ်ပိုင်လက္ခဏာကို လက်ခံရမည်။ ဤကိုယ်ပိုင်လက္ခဏာကို ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အား ထမ်းဆောင်ခြင်းတွင် ခံယူကျင့်သုံးရမည်။ သင်သည် ကောင်းမွန်သော မိသားစုမှလာပြီး မြင့်မြတ်သော အဆင့်အတန်းရှိလျှင် သင့်၌ ကြွားဝါပြောဆိုစရာ လုံးဝ မရှိပေ။ သင်သည် အခြားမည်သူ့ထက်မျှ ပို၍ မမြင့်မြတ်ပေ။ အဘယ်ကြောင့်နည်း။ ဘုရားသခင်၏ အမြင်တွင် သင်သည် ဖန်ဆင်းခံလူသားတစ်ဦးဖြစ်သရွေ့ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အပြည့်ရှိသည်။ သင်သည် ဘုရားသခင် ကယ်တင်လိုသည့်သူများထဲမှ တစ်ဦးဖြစ်သည်။ အလားတူပင် သင့်မိသားစုမှ သင်ဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာသည် နိမ့်ကျပြီး အညတရဖြစ်လျှင် မည်သို့ပင်ဖြစ်စေ ဘုရားသခင်က သင့်အား ပေးသည့် ဖန်ဆင်းခံတစ်ဦး၏ ကိုယ်ပိုင်လက္ခဏာကို လက်ခံရမည်။ ပြီးလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန်အတွက် ဘုရားသခင်ရှေ့သို့ လာရမည်။ သင်က “ကျွန်ုပ်၏ မိသားစု၏ လူမှုအဆင့်အတန်းသည် နိမ့်ကျသည်၊ ကျွန်ုပ်၏ ကိုယ်ပိုင်လက္ခဏာသည်လည်း နိမ့်ကျသည်။ လူတို့က ကျွန်ုပ်အား အထင်သေးသည်” ဟု ဆိုနိုင်သည်။ ဤသည်မှာ အရေးမပါဟု ဘုရားသခင်က ဆိုသည်။ ယနေ့ ဘုရားသခင်ရှေ့မှောက်တွင် သင်သည် သင်၏ ကိုယ်ပိုင်လက္ခဏာကို သင့်မိသားစုက ပေးခြင်းခံရသည့်သူတစ်ယောက် ဖြစ်သည့် အသွင်မရှိတော့ပေ။ သင်၏ လက်ရှိကိုယ်ပိုင်လက္ခဏာသည် ဖန်ဆင်းခံတစ်ဦး၏ ကိုယ်ပိုင်လက္ခဏာဖြစ်သည်။ သင်လက်ခံသင့်သည့်အရာမှာ သင့်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ ဖြစ်သည်။ ဘုရားသခင်က မည်သူ့ကိုမျှ ဘက်လိုက်ခြင်းမရှိပေ။ သူသည် သင့်မိသားစုနောက်ခံ၊ သို့မဟုတ် သင့်ကိုယ်ပိုင်လက္ခဏာကို မကြည့်။ အဘယ်ကြောင့်ဆိုသော် သူ၏ အမြင်တွင် သင်သည် အခြားလူတိုင်းနှင့် တူညီသည်။ သင်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသည်။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ ပြီးလျှင် သင်သည် ဘုရားရှေ့တွင် ဖန်ဆင်းခံတစ်ဦးဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင် ကယ်တင်လိုသောသူများထဲမှ တစ်ဦးဖြစ်သည်။ သင်သည် ရာထူးကြီးသော အရာရှိများ၊ သို့မဟုတ် အလွန့်အလွန် ချမ်းသာသော မိဘများ၏ သားသမီးဖြစ်စေ၊ သင်သည် အထူးအခွင့်အရေးရသော လူငယ်တစ်ဦး၊ သို့မဟုတ် မင်းသမီးတစ်ဦးဖြစ်စေ၊ သင်သည် လယ်မြေအနည်းငယ်ငယ် ပိုင်ဆိုင်သူများ၊ သို့မဟုတ် သာမန်လူတစ်ယောက်ယောက်၏ ကလေးဖြစ်စေ အရေးမပါပေ။ ဤအရာများသည် အရေးမကြီးသကဲ့သို့ ဘုရားသခင်က ဤအရာ တစ်ခုတလေကိုမျှ မကြည့်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကယ်တင်လိုသောအရာမှာ လူတစ်ယောက်ဖြစ်သည့် သင့်ကို ဖြစ်သည်။ သူသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲလိုသည်။ သင်၏ ကိုယ်ပိုင်လက္ခဏာကို မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်၏ ကိုယ်ပိုင်လက္ခဏာက အဆုံးအဖြတ်ပေးခြင်း မဟုတ်သကဲ့သို့ သင်၏တန်ဖိုးကိုလည်း သင်၏ ကိုယ်ပိုင်လက္ခဏာက အဆုံးအဖြတ်ပေးခြင်းမဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သင့်မိသားစုထံမှ လာခြင်းမဟုတ်ပေ။ ဘုရားသခင်က သင့်ကို ကယ်တင်လိုခြင်းမှာ သင်၏ အဆင့်အတန်းက အညတရဖြစ်ကောင်း ဖြစ်နိုင်သောကြောင့် မဟုတ်သကဲ့သို့ အထူးသဖြင့် သင်၏ အဆင့်အတန်းက ဂုဏ်ရှိကောင်း ရှိနိုင်သောကြောင့်လည်း မဟုတ်ပေ။ ထိုအစား ဘုရားသခင်သည် သူ၏ အစီအစဉ်နှင့် သူ၏ စီမံခန့်ခွဲမှုကြောင့်လည်းကောင်း၊ သင်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံထားရပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်သောကြောင့်လည်းကောင်း သင့်အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဘုရားရှေ့တွင် သင့်မိသားစုထံမှ မည်သည့်ကိုယ်ပိုင်လက္ခဏာကို သင်ဆက်ခံသည်ဖြစ်စေ သင်သည် အခြားသောလူတိုင်းနှင့် တူညီသည်။ သင်တို့အားလုံးသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသော လူသားမျိုးနွယ်ဝင်များဖြစ်ကာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြသည်။ သင်တို့နှင့်ပတ်သက်ပြီး ထူးခြားသောအရာ လုံးဝမရှိပေ။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် နောက်တစ်ကြိမ်တွင် သင့်အနီးတွင်ရှိသောသူတစ်ယောက်က “ငါသည် ကောင်တီတရားသူကြီး ဖြစ်ခဲ့ဖူးသည်”၊ သို့မဟုတ် “ငါသည် စီရင်စု အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့သည်”ဟု ပြောသောအခါတွင်၊ သို့မဟုတ် တစ်စုံတစ်ယောက်က “ကျွန်ုပ်တို့၏ ဘိုးဘေးများသည် ဧကရာဇ်များဖြစ်သည်”၊ သို့မဟုတ် တစ်စုံတစ်ယောက်က “ငါသည် လွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်သည်”၊ သို့မဟုတ် “ငါသည် သမ္မတရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်ခဲ့ဖူးသည်”၊ သို့မဟုတ် တစ်စုံတစ်ယောက်က “ငါသည် ကုမ္ပဏီကြီးတစ်ခု၏ ဥက္ကဌဖြစ်သည်”၊ သို့မဟုတ် “ငါသည် နိုင်ငံတော်ပိုင် လုပ်ငန်း၏ အကြီးအကဲဖြစ်သည်” ဟု ဆိုသောအခါတွင် ဤသည်မှာ အဘယ်သို့ အံ့ဩဖွယ်ဖြစ်သနည်း။ သင်သည် တစ်ချိန်က ဝါရင့် အလုပ်အမှုဆောင်တစ်ဦး၊ သို့မဟုတ် အာဏာရှိသော အရာရှိတစ်ဦးဖြစ်ခဲ့သည်မှာ အရေးကြီးသလော။ ဤလောကနှင့် ဤလူ့အဖွဲ့အစည်းသည် လူတို့၏ ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းကို အလွန်အရေးထားပြီး သင်၏ ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းအရ သင့်အား မည်သို့ဆက်ဆံရမည်ကို ဆုံးဖြတ်သည်။ သို့သော် ယခုတွင် သင်သည် ဘုရားအိမ်တော်၌ ရှိသည်။ ပြီးလျှင် သင်က ယခင်က မည်မျှပင် အလွန်တော်ခဲ့ရုံဖြင့်၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်လက္ခဏာသည် မည်မျှပင် ထူးခြားပြောင်မြောက်ပြီး ဂုဏ်ကျက်သရေရှိခဲ့ဖူးရုံဖြင့် သင့်အား ဘုရားသခင်က တစ်မျိုးတစ်မည် ကြည့်ရှုမည်မဟုတ်ပေ။ အထူးသဖြင့် ယခုတွင် သူသည် သင့်အား သမ္မာတရားကို လိုက်စားရန်တောင်းဆိုသောအခါ၌ သင်၏ အရည်အချင်းများ၊ လူမှုအဆင့်အတန်းနှင့် တန်ဖိုးတို့ကို ကြွားဝါခြင်း၌ အဓိပ္ပာယ်တစ်ခုခုရှိသလော။ (မရှိပါ။) ဤသို့လုပ်ဆောင်ခြင်းသည် မိုက်မဲမည်ဖြစ်သလော။ (မိုက်မဲမည်ဖြစ်သည်။) မိုက်မဲသောသူတို့သည် မိမိတို့ကိုယ်ကို သူတစ်ပါးတို့နှင့် ယှဉ်ရန်အတွက် ဤအရာများကို အသုံးပြုတတ်ကြသည်။ ဝိညာဉ်ရင့်ကျက်မှုနည်းပြီး သမ္မာတရားကို နားမလည်သော၊ မိမိတို့ကိုယ်ကို သူတစ်ပါးတို့နှင့် ယှဉ်ရန်အတွက် လူ့အဖွဲ့အစည်းနှင့် မိသားစုထံမှ ဤအရာများကို မကြာခဏအသုံးပြုသော ယုံကြည်သူလူသစ်အချို့လည်းရှိသည်။ ဘုရားသခင်ကို မိမိတို့၏ ယုံကြည်မှုတွင် အခြေခံအုတ်မြစ်နှင့် ဝိညာဉ်ရင့်ကျက်မှုအချို့ရှိသောသူတို့သည် ယေဘုယျအားဖြင့် ဤသို့ လုပ်ဆောင်မည်မဟုတ်သကဲ့သို့ ဤသို့သောအရာများကို ပြောဆိုမည်လည်းမဟုတ်ပေ။ မိမိ၏ မိသားစုကိုယ်ပိုင်လက္ခဏာ၊ သို့မဟုတ် လူမှုအဆင့်အတန်းကို အရင်းအနှီးအဖြစ် အသုံးပြုခြင်းသည် သမ္မာတရားနှင့် မကိုက်ညီပေ။

ယခုတွင် ငါသည် ဤအကြောင်းကို များစွာ မိတ်သဟာယပြုပြီးဖြစ်သဖြင့် သင့်မိသားစုမှ သင်အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာအကြောင်း ငါပြောသည့်အရာကို သင် နားလည်သလော။ (နားလည်ပါသည်။) ထိုအကြောင်းနှင့်ပတ်သက်ပြီး ငါ့အား တစ်ခုခုပြောလော့။ (ဘုရားသခင် ကျွန်ုပ် တစ်ခုပြောပါမည်။ လူတို့သည် ၎င်းတို့မွေးဖွားခဲ့သည့် မိသားစုအပေါ်၊ လူ့အဖွဲ့အစည်းတွင် ၎င်းတို့မိသားစု၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းအပေါ် မကြာခဏ အထူးအလေးထားကြသည်။ နိမ့်ကျသော အဆင့်အတန်းရှိသည့် မိသားစုတွင် မွေးဖွားခဲ့သောလူတို့က ၎င်းတို့သည် အခြားလူများထက် တစ်နည်းနည်းဖြင့် နိမ့်ကျသည်ဟု ထင်မြင်လေ့ရှိသည်။ ၎င်းတို့သည် အလွန်အညတရဖြစ်သော ဇာစ်မြစ်မှလာသည်ဟု ခံစားရသည်။ ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် ဂုဏ်ယူဝင့်ကြွားနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ၎င်းတို့၏ လူမှုအဆင့်အတန်းကို ပိုမိုကောင်းမွန်စေရန် ကြိုးပမ်းလိုကြသည်။ အတော်အတန် မြင့်မားသော ရပ်တည်မှုနှင့် အဆင့်အတန်းရှိသော မိသားစု၌ မွေးဖွားသောသူတို့သည် အလွန်မာနထောင်လွှားပြီး စိတ်ကြီးဝင်တတ်သည်။ ကြွားဝါရခြင်းကို နှစ်သက်သည်။ ၎င်းတို့၌ မွေးရာပါ သာလွန်သည့် ခံစားချက်ရှိကြသည်။ သို့သော် အမှန်တကယ်တွင် လူတို့၏ လူမှုအဆင့်အတန်းသည် အရေးကြီးဆုံးသောအရာ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ရှေ့တွင် လူတို့၌ တူညီသော ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းရှိသည်။ ၎င်းတို့အားလုံးသည် ဖန်ဆင်းခံများ ဖြစ်သည်။ လူတစ်ယောက်၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းသည် သမ္မာတရားကို သူ လိုက်စားနိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိ၊ သို့မဟုတ် ကယ်တင်ခံရနိုင်ခြင်းရှိမရှိကို အဆုံးအဖြတ်မပေးနိုင်ပေ။ ထို့ကြောင့် လူတစ်ယောက်သည် သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် အဆင့်အတန်းကြောင့် မိမိကိုယ်ကို မချုပ်တည်းနိုင်ပါ။) အလွန်ကောင်းသည်။ သမ္မာတရားကို မလိုက်စားသောသူတို့သည် လူတစ်ယောက်၏ ကိုယ်ပိုင်လက္ခဏာနှင့် လူမှုအဆင့်အတန်းကို အလွန်ဂရုစိုက်သည်။ ထို့ကြောင့် အချို့သော အထူးအခြေအနေများတွင် ၎င်းတို့က “ငါတို့၏ အသင်းတော်ရှိ ထိုသူကို သင်သိသလော။ သူ၏ မိသားစုသည် ချမ်းသာသည်” ဟူသကဲ့သို့သောအရာများကို ပြောဆိုလိမ့်မည်။ “ချမ်းသာသည်” ဟူသော စကားကို ၎င်းတို့ ပြောသောအခါတွင် ၎င်းတို့၏ မျက်လုံးက တောက်ပပြီး ၎င်းတို့၏ အလွန့်အလွန်အားကျပြီး မနာလိုဖြစ်သော စိတ်ဓာတ်ကို ညွှန်ပြနေသည်။ ၎င်းတို့၏ အားကျသည့် ခံစားချက်များသည် ကြာရှည်စွာ ကြီးထွားလာနေခဲ့သည်မှာ ၎င်းတို့သည် ဤသို့သောသူများနှင့်ပတ်သက်၍ မက်မောတောင့်တစိတ်များဖြစ်ကာ “အို ထိုနေရာတွင်ရှိသော ဤလူတို့ကို သင်သိသလော၊ သူမ၏ အဖေသည် ရာထူးကြီးသော အရာရှိတစ်ဦးဖြစ်ပြီး သူ၏ အဖေမှာမူ ကောင်တီအုပ်ချုပ်ရေးမှူးဖြစ်သည်။ သူမ၏ အဖေသည် မြို့ဝန်ဖြစ်သည်။ ထိုသူ၏ အဖေသည် အစိုးရဌာတစ်ခုတွင် အတွင်းရေးမှူးဖြစ်သည်” ဟု ပြောဆိုသည်အထိ ဖြစ်သည်။ ကောင်းမွန်သော အဝတ်အစားများကို ဝတ်ဆင်သောသူ၊ သို့မဟုတ် ကောင်းစွာ ဝတ်စားထားသောသူ၊ သို့မဟုတ် အဆင့်အတန်း၊ သို့မဟုတ် အသိအမြင် အနည်းငယ်ရှိသော၊ သို့မဟုတ် အထူးတလည် ဈေးအကြီးဆုံးသောပစ္စည်းများကို အသုံးပြုသောသူတစ်ယောက်ကို ၎င်းတို့ မြင်တွေ့သောအခါ အားကျပြီး “သူတို့၏ မိသားစုသည် ချမ်းသာသည်၊ သူတို့သည် ငွေများကို ထားစရာရှိမည်မဟုတ်” ဟု တွေးကြသည်။ ပြီးလျှင် ၎င်းတို့သည် လေးစားခြင်း၊ အားကျခြင်းတို့ဖြင့် လောင်မြိုက်နေကြသည်။ ကုမ္ပဏီတစ်ခု၏ အကြီးအကဲဖြစ်သည့် သူတစ်ယောက်အကြောင်းကို ၎င်းတို့ ပြောဆိုသည့်အခါတိုင်းတွင် ထိုသူ၏ ကိုယ်ပိုင်လက္ခဏာကို ထိုသူက ဂရုစိုက်သည်ထက်ပင် ၎င်းတို့က ပို၍ ဂရုစိုက်ကြသည်။ ထိုသူက သူ၏ အလုပ်အကြောင်းကို မည်သည့်အခါမျှ သူကိုယ်တိုင်ထုတ်မပြောလျှင်ပင် ၎င်းတို့က ထိုသူ၏ အလုပ်အကြောင်းကို အစဉ်ပြောဆိုကြသည်။ ပြီးလျှင် အသင်းတော်ခေါင်းဆောင်ကို ရွေးကောက်ရန် အချိန်ကျသောအခါတွင် ထိုသူကိုပင် မဲပေးကြသည်။ ၎င်းတို့သည် မြင့်မားသော လူမှုအဆင့်အတန်းရှိသူတို့အပေါ် ထိုသူတို့ထက်ပင်ပို၍ သီးသန့်ခံစားချက်များရှိကြပြီး ထိုသူတို့ကို အထူးအာရုံစိုက်ကြသည်။ ၎င်းတို့သည် အစဉ်သဖြင့် ဤလူတို့ကို အလိုဖြည့်ပေးရန်၊ ဤလူတို့နှင့် နီးစပ်ရန်၊ ဖော်လန်ဖားရန် ကြိုးစားနေကြပြီး ထိုစဉ်တွင် မိမိတို့ကိုယ်ကို မုန်းတီး၍ “ငါ၏ ဖခင်သည် အဘယ်ကြောင့် အရာရှိမဖြစ်သနည်း။ ဤမိသားစုတွင် အဘယ်ကြောင့် ငါမွေးဖွားသနည်း။ ငါ့မိသားစုနှင့် ပတ်သက်ပြီး အဘယ်ကြောင့် ကောင်းသောအရာတစ်စုံတစ်ခု ပြောစရာမရှိသနည်း။ သူတို့မွေးဖွားလာသည့် မိသားစုများသည် အရာရှိများ၊ သို့မဟုတ် ချမ်းသာသော စီးပွားရေးသမားများ ဖြစ်ကြပြီး ငါ၏ မိသားစုမှာမူ မည်သည့်အရာမျှ မရှိ။ ငါ၏ မွေးချင်းများအားလုံးသည် သာမန်လူများ၊ စိုက်ပျိုးရေးလုပ်သော လယ်မြေအနည်းငယ် ပိုင်ဆိုင်သူများ၊ အားလုံးက လူ့အဖွဲ့အစည်း၏ နိမ့်ကျသောအဆင့်တွင်ရှိသောသူများဖြစ်ကြသည်။ ငါ၏ မိဘများအကြောင်းကို သိပ်မပြောလေလေ၊ ကောင်းလေလေဖြစ်သည်၊ သူတို့သည် ပညာတတ်ခြင်းပင် မရှိ။ ရှက်စရာကောင်းလှသည်” ဟု တွေးကြသည်။ တစ်စုံတစ်ယောက်က ၎င်းတို့၏ မိဘများအကြောင်းပြောသည်နှင့် ၎င်းတို့က ဝေ့လည်ကြောင်ပတ်ဖြင့် “ဤအကြောင်းကို မပြောဘဲ နေကြစို့၊ အခြားသောအရာတစ်ခုကို ပြောကြစို့။ ငါတို့ အသင်းတော်ရှိ ထိုသူအကြောင်းကို ပြောကြစို့။ သူ့တွင်ရှိသော စီမံခန့်ခွဲမှုရာထူးကို ကြည့်ပါ။ မည်သို့ ခေါင်းဆောင်လုပ်ရမည်ကို သူသိသည်။ သူသည် ခေါင်းဆောင်လုပ်ခဲ့သည်မှာ ဆယ်စုနှစ်များနှင့်ချီကာ ကြာခဲ့ပြီ။ မည်သူကမျှ သူ့ကို အစားမထိုးနိုင်။ ထိုသူသည် ဦးဆောင်ရန် မွေးဖွားလာသည်။ ငါတို့ကိုလည်း ဤသို့ဆို၍ရလျှင် မည်မျှကောင်းလိမ့်မည်နည်း။ ယခုတွင် ဘုရားသခင်ကို သူ ယုံကြည်သောအခါ ကောင်းချီးအပေါ် ကောင်းချီး ထပ်ဆင့်ခြင်းဖြစ်သည်။ သူသည် အမှန်ပင် ကောင်းချီးခံစားရသောသူဖြစ်သည်။ သူသည် လူ့အဖွဲ့အစည်းတွင် လူတစ်ယောက်က အလိုရှိနိုင်သည့် အရာရာတိုင်းကို ရရှိပြီးဖြစ်ကာ ယခု ဘုရားအိမ်တော်သို့ ဝင်ရောက်လာပြီးဖြစ်သဖြင့် သူသည် နိုင်ငံတော်သို့ ဝင်ပြီး လှပသော ခရီးပန်းတိုင်တစ်ခုလည်း ရှိနိုင်သည်” ဟုဆိုသည်။ အရာရှိတစ်ယောက်က ဘုရားအိမ်တော်သို့ လာသောအခါတွင် သူ၊ သို့မဟုတ် သူမသည် အသင်းတော်ခေါင်းဆောင်ဖြစ်သင့်ပြီး လှပသော ခရီးပန်းတိုင်တစ်ခုရှိသင့်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ယင်းကို မည်သူ ဆုံးဖြတ်သနည်း။ ၎င်းတို့က အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိသလော။ (မရှိပါ။) ဤသည်မှာ မယုံကြည်သူများက ပြောသည့်အရာတစ်ခုဖြစ်သည်မှာ ရှင်းသည်။ ၎င်းတို့သည် အရည်အချင်းနှင့် ပင်ကိုစွမ်းရည်အနည်းငယ်ရှိသောသူ၊ ကောင်းစွာ ဝတ်စားဆင်ယင်ပြီး ဘဝတွင် ကောင်းသောအရာများကို မွေ့လျော်သောသူ၊ ကားအကောင်းကို စီးပြီး အိမ်ကြီးအိမ်ကောင်းတွင် နေထိုင်သောသူတစ်ယောက်ကို မြင်လျှင် ၎င်းတို့သည် ထိုသူနှင့် ဆက်တိုက်ပေါင်းသင်းသည်။ ထိုသူကို ဖော်လံဖားပြီး မျက်နှာချိုသွေးသည်။ ထို့နောက်တွင် မိမိတို့၌ မြင့်မားသော လူမှုအဆင့်အတန်းနှင့် ရပ်တည်မှုရှိသည်ဟု ခံစားရသော အခြားလူများရှိသည်။ ဘုရားအိမ်တော်သို့ ၎င်းတို့ ဝင်လာသောအခါ ၎င်းတို့သည် အစဉ်သဖြင့် အထူးအခွင့်အရေးများကို တောင်းဆိုကြသည်။ ညီအစ်ကိုမောင်နှမများကို အော်ဟစ်အမိန့်ပေးသည်။ ကျွန်များကဲ့သို့ ဆက်ဆံသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အရာရှိဘဝအား နေထိုင်ခြင်းကို အလွန်ကျင့်သားရနေသောကြောင့် ဖြစ်သည်။ ဤသို့သောလူများက ၎င်းတို့၏ ညီအစ်ကိုမောင်နှမများသည် လက်အောက်ငယ်သားများဖြစ်သည်ဟု ထင်ကြသလော။ အသင်းတော်ခေါင်းဆောင် ရွေးကောက်ရန် အချိန်ကျသောအခါ ၎င်းတို့က ရွေးချယ်ခြင်းမခံရလျှင် စိတ်ဆိုးပြီး “ငါ ယုံကြည်တော့မည် မဟုတ်ပေ၊ ဘုရားအိမ်တော်သည် မမျှတပေ၊ လူတို့အား အခွင့်ရေးမပေး၊ ဘုရားအိမ်တော်သည် လူတို့ကို အထင်သေးသည်” ဟု ဆိုသည်။ ၎င်းတို့သည် ပြင်ပလောကတွင် အရာရှိဖြစ်ခြင်းကို ကျင့်သားရပြီး ၎င်းတို့က ဆရာကြီးများဖြစ်သည်ဟု ထင်ကြသည်။ ထို့ကြောင့် ဘုရားအိမ်တော်သို့ ၎င်းတို့ ဝင်လာသောအခါ ၎င်းတို့က အဆုံးအဖြတ်ပေးရန်၊ အရာရာ၌ ဦးဆောင်ရန်၊ အထူးအခွင့်အရေးများကို တောင်းဆိုရန် အစဉ်သဖြင့် ကြိုးစားကြသည်။ ပြီးလျှင် ၎င်းတို့သည် လောကနှင့် လူ့အဖွဲ့အစည်းကို ဆက်ဆံသကဲ့သို့ ဘုရားအိမ်တော်ကို ဆက်ဆံကြသည်။ တစ်စုံတစ်ယောက်သည် ပြင်ပလောကတွင် အရာရှိတစ်ဦး၏ ဇနီးဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူမသည် ဘုရားအိမ်တော်သို့ လာသောအခါတွင် အရာရှိတစ်ဦး၏ ဇနီးကဲ့သို့ ဆက်ဆံခြင်း ခံရလိုဆဲဖြစ်သည်။ လူတို့အား သူမကို မြှောက်ပင့်ပြီး သူမနောက်သို့ လိုက်စေလိုဆဲဖြစ်သည်။ စုဝေးပွဲအတွင်းတွင် ညီအစ်ကိုမောင်နှမများသည် သူမကို နှုတ်ဆက်ရန် လျစ်လျူရှုလျှင် သူမသည် စိတ်ဆိုးပြီး စုဝေးပွဲများသို့ မလာတော့ပေ။ အဘယ်ကြောင့်ဆိုသော် လူတို့က သူမကို အလေးအနက်မထား၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိပ္ပာယ်မရှိဟု သူမ ထင်မြင်သောကြောင့်ဖြစ်သည်။ ဤသည်မှာ ကျိုးကြောင်းမသင့် မဖြစ်သလော။ (ဖြစ်သည်။) သင်သည် လူ့အဖွဲ့အစည်းတွင် မည်သည့်ထူးခြားသော ကိုယ်ပိုင်လက္ခဏာရှိပါစေ ဘုရားအိမ်တော်သို့ သင်လာသောအခါတွင် သင်၏ ထူးခြားသောကိုယ်ပိုင်လက္ခဏာကို ဆုံးရှုံးသည်။ ဘုရားရှေ့နှင့် သမ္မာတရားရှေ့တွင် လူတို့၌ ကိုယ်ပိုင်လက္ခဏာတစ်ခုသာရှိသည်။ ယင်းမှာ ဖန်ဆင်းခံတစ်ဦး၏ ကိုယ်ပိုင်လက္ခဏာဖြစ်သည်။ ပြင်ပလောကတွင် သင်က အစိုးရအရာရှိဖြစ်စေ၊ အရာရှိ၏ ဇနီးဖြစ်စေ၊ သင်က လူ့အဖွဲ့အစည်း၏ အခွင့်ထူးခံတစ်ဦးဖြစ်စေ၊ သာမန်စာရေးတစ်ယောက်ဖြစ်စေ၊ သင်က ဗိုလ်ချုပ်ကြီးဖြစ်စေ၊ စစ်သားဖြစ်စေ ဘုရားအိမ်တော်တွင် သင့်၌ ကိုယ်ပိုင်လက္ခဏာတစ်ခုသာရှိသည်။ ယင်းမှာ ဖန်ဆင်းခံတစ်ဦး၏ ကိုယ်ပိုင်လက္ခဏာဖြစ်သည်။ သင်နှင့်ပတ်သက်ပြီး ထူးခြားသည့်အရာ လုံးဝမရှိပေ။ ထို့ကြောင့် အထူးအခွင့်အရေးကို မရှာနှင့်၊ သို့မဟုတ် လူတို့အား သင့်ကို ကိုးကွယ်အောင် မပြုလုပ်နှင့်။ ထူးခြားသော ခရစ်ယာန်မိသားစုမှလာသော၊ သို့မဟုတ် သခင့်ကို မျိုးရိုးစဉ်ဆက် ယုံကြည်ခဲ့သော မိသားစုမှလာသော အခြားလူများရှိသေးသည်။ ၎င်းတို့၏ မိခင်သည် ကျမ်းစာသင်ကျောင်းတွင် လေ့ကျင့်သင်ကြားခဲ့ခြင်း၊ ၎င်းတို့၏ ဖခင်သည် သင်းအုပ်ဆရာတစ်ယောက်ဖြစ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းတို့သည် ဘာသာရေးအသိုင်းအဝိုင်းက အထူးပင် ကောင်းစွာ ကြိုဆိုလက်ခံခြင်းကို ခံရပြီး ယုံကြည်သူများက ၎င်းတို့အနီးတွင် စုဝေးကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်၏ ဤအဆင့်ကို လက်ခံပြီးနောက်တွင် ယခင်ကကဲ့သို့ တူညီသော ကိုယ်ပိုင်လက္ခဏာရှိသည်ဟု ခံစားရဆဲဖြစ်သည်။ သို့သော် ၎င်းတို့သည် အိပ်မက်ကမ္ဘာတွင် နေထိုင်နေခြင်းဖြစ်သည်။ ၎င်းတို့အနေဖြင့် အိပ်မက်မက်ခြင်းကို ရပ်ပြီး နိုးထရန် အချိန်ကျပြီဖြစ်သည်။ သင်က သင်းအုပ်ဆရာဖြစ်စေ၊ ခေါင်းဆောင်ဖြစ်စေ အရေးမပါပေ။ ဘုရားအိမ်တော်သို့ သင်လာသောအခါတွင် ဘုရားအိမ်တော်၏ စည်းကမ်းများကို နားလည်ပြီး သင်၏ ကိုယ်ပိုင်လက္ခဏာကို ပြောင်းလဲဖို့ သင်ယူရမည်။ ဤသည်မှာ သင်လုပ်ဆောင်ရန်လိုအပ်သည့် ပထမဆုံးသောအရာဖြစ်သည်။ သင်သည် ရာထူးကြီးသော အရာရှိတစ်ယောက် မဟုတ်သကဲ့သို့ သာမန်စာရေးတစ်ယောက်လည်း မဟုတ်ပေ။ သင်သည် ချမ်းသာသော စီးပွားရေးသမားမဟုတ်ပေ။ ဆင်းရဲပြီး တစ်ပြားမျှ မရှိသောသူလည်းမဟုတ်ပေ။ ဘုရားအိမ်တော်သို့ သင်လာသောအခါ သင့်၌ ကိုယ်ပိုင်လက္ခဏာတစ်ခုသာရှိသည်။ ယင်းမှာ ဘုရားသခင်က သင့်အား ပေးခဲ့သည့် ကိုယ်ပိုင်လက္ခဏာ၊ ဖန်ဆင်းခံတစ်ဦး၏ ကိုယ်ပိုင်လက္ခဏာဖြစ်သည်။ ဖန်ဆင်းခံများက မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင့်မိသားစုသမိုင်းကို၊ သို့မဟုတ် သင့်မိသားစုမှ သင်အမွေဆက်ခံခဲ့သည့် လူမှုအဆင့်အတန်းကို ကြွားလုံးမထုတ်သင့်သကဲ့သို့ ဘုရားအိမ်တော်၌ အထိန်းအကွပ်မဲ့ ရမ်းကားပြီး အထူးအခွင့်အရေးကို ရှာရန်အတွက် သင်၏ သာလွန်သော လူမှုအဆင့်အတန်းကိုလည်း အသုံးမပြုသင့်ပေ။ ပြီးလျှင် ဘုရားအိမ်တော်၌ အချုပ်အချာအာဏာရှိသော အုပ်ချုပ်သူကဲ့သို့ ပြုမူပြီး အဆုံးအဖြတ်ပေးရန်အတွက် လူ့အဖွဲ့အစည်းတွင် သင်စုစည်းရရှိခဲ့သော အတွေ့အကြုံနှင့် သင်၏ လူမှုအဆင့်အတန်းက သင့်အားပေးသော သာလွန်စိတ်တို့ကို အသေအချာပင် အသုံးမပြုသင့်ပေ။ ထိုအစား သင်သည် ဘုရားအိမ်တော်တွင် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင့်၏ တာဝန်ကို ဖြည့်ဆည်းသင့်သည်။ သင့်လျော်သော ပုံစံဖြင့် ကျင့်ကြံပြုမူသင့်သည်။ သင်၏ မိသားစုနောက်ခံကို ထုတ်မပြောသင့်သကဲ့သို့ သာလွန်မှု ခံစားချက်တစ်ခုခုကို မထားရှိသင့်ပေ။ ပြီးလျှင် နိမ့်ကျသည်ဟူသော အစွဲအလမ်းကိုလည်း မထားရှိသင့်ပေ။ သင့်အနေဖြင့် နိမ့်ကျမှုကို ခံစားရန်၊ သို့မဟုတ် သာလွန်စိတ် ထားရှိရန် မလိုအပ်ပေ။ အတိုချုပ်အားဖြင့် သင်သည် ဖန်ဆင်းခံတစ်ဦးက လုပ်ဆောင်သင့်သည့်အရာကို နာခံစွာဖြင့် လုပ်ဆောင်ဖို့လိုသည်။ ဖန်ဆင်းခံတစ်ဦးက ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်ဖို့ လိုသည်။ လူအချို့က “ဤသို့ဆိုလျှင် ကျွန်ုပ်သည် မိမိကိုယ်ကို ချုပ်တည်းပြီး ခပ်လျှိုလျှို နေထိုင်ရမည်ဟု ဆိုလိုသလော” ဟု ပြောကြသည်။ မဟုတ်ပေ။ သင့်ကိုယ်သင် ချုပ်တည်းရန်၊ သို့မဟုတ် ခပ်လျှိုလျှို နေရန် မလိုအပ်ပေ။ သင်သည် အောက်ကျို့ရန် မလိုအပ်ပေ။ ပြီးလျှင် သင်သည် မောက်မောက်မာမာ ပြုမူရန် သေချာပေါက် မလိုအပ်ပေ။ သင်သည် ထင်ပေါ်ဖို့ ကြိုးစားရန် မလိုအပ်ပေ။ ဟန်လုပ်ရန် မလိုအပ်ပေ။ လူတိုင်းကို ပျော်ရွှင်စေရန်အတွက် အလျှော့ပေးမှုများ ပြုလုပ်ဖို့ မလိုအပ်ပေ။ ဘုရားသခင်သည် သမ္မာတရား ဖြစ်သောကြောင့် လူတို့အား မျှတစွာ ဆက်ဆံသည်ပြီး တရားမျှတသည့် ပုံစံဖြင့် ဆက်ဆံသည်။ ဘုရားသခင်က လူတို့အား နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီး တောင်းဆိုမှုများစွာ ပြုလုပ်ခဲ့သည်။ အဆုံးတွင်သူ တောင်းဆိုသည့်အရာမှာ သင့်အနေဖြင့် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင့်တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်ရန်၊ ဖန်ဆင်းခံတစ်ယောက်က လုပ်ဆောင်သင့်သည့် အရာရာတိုင်းကို သင့်တင့်လျောက်ပတ်စွာ လုပ်ဆောင်ရန် ဖြစ်သည်။ လူတို့က ၎င်းတို့မိသားစုထံမှ အမွေဆက်ခံရသည့် ဤကိုယ်ပိုင်လက္ခဏာနှင့်သက်ဆိုင်သော အမှုကိစ္စကို ကိုင်တွယ်ဖြေရှင်းရာတွင် သင်သည် သင့်မိသားစုက သင့်အားပေးသည့် သာလွန်စိတ်ကို ကြွားလုံးထုတ်ခြင်းထက် သမ္မာတရားအား စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်ကို အခြေခံကာ လူများ၊ အမှုအရာများကို ရှုမြင်ရန်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရန်လည်း လိုအပ်သည်။ ပြီးလျှင် သင်သည် ချို့တဲ့သော မိသားစုမှ လာလျှင် ယင်းက မည်မျှဆိုးသည်ကို မကွယ်မဝှက်ပြောဆိုပြီး လူတိုင်းအား ဖွင့်ဟပြောဆိုရန် မလိုအပ်သည်မှာ အမှန်ပင်။ အခြားသောလူအချို့က “ဘုရားအိမ်တော်က ကျွန်ုပ်တို့ကို ‘သူရဲကောင်းတစ်ယောက်အား သူ၏ ဇာစ်မြစ်အကြောင်း မမေး’ဖို့ သတ်မှတ်သလော”ဟု ပြောနိုင်သည်။ ဤဆိုရိုးစကားမှာ အမှန်တရားဟုတ်သလော။ (မဟုတ်ပါ။) ဤဆိုရိုးစကားသည် အမှန်တရား မဟုတ်ပေ။ ထို့ကြောင့် ဤဆိုရိုးစကားကို အခြေခံပြီး မည်သည့်အရာကိုမျှ တိုင်းတာဖို့ မလိုအပ်သကဲ့သို့ ဘုရားသခင်က သင့်အပေါ် ထားရှိသည့် သတ်မှတ်ချက်များကို လိုက်နာခြင်းအတွက် စံသတ်မှတ်ချက်အဖြစ်လည်း အသုံးပြုဖို့ မလိုအပ်ပေ။ သင့်မိသားစုမှ သင်အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာနှင့် ပတ်သက်လျှင် ဘုရားသခင်က သင့်အား တောင်းဆိုသည့်အရာမှာ သင့်တာဝန်ကို ထမ်းဆောင်ရန် ဖြစ်သည်။ ဘုရားသခင်ရှေ့တွင် သင်၏ တစ်ခုတည်းသော ကိုယ်ပိုင်လက္ခဏာမှာ ဖန်ဆင်းခံတစ်ဦး၏ ကိုယ်ပိုင်လက္ခဏာဖြစ်သည်။ ထို့ကြောင့် သင်က ကောင်းသော ဖန်ဆင်းခံတစ်ဦးဖြစ်ခြင်းကို ထိခိုက်နိုင်သည့်၊ သို့မဟုတ် ဤသို့လုပ်ဆောင်ခြင်းကို တားဆီးနိုင်သည့် အရာများအား လက်လွှတ်သင့်သည်။ သင့်စိတ်နှလုံးတွင် ဤအရာများအတွက် နေရာမရှိသင့်သကဲ့သို့ ဤအရာတို့ကို အလွန် အလေးမထားသင့်ပေ။ အသွင်အပြင်နှင့်ပတ်သက်၍ဖြစ်စေ၊ သဘောထားနှင့်ပတ်သက်၍ဖြစ်စေ သင့်မိသားစုမှ သင်ဆက်ခံသော ကွဲပြားခြားနားသည့် ကိုယ်ပိုင်လက္ခဏာကို သင် လက်လွှတ်သင့်သည်။ ယင်းကို အဘယ်သို့ ထင်သနည်း။ လုပ်ဆောင်၍ ရနိုင်သလော။ (ရနိုင်ပါသည်။) သင်သည် သင့်မိသားစုမှ ဂုဏ်ယူထိုက်သော ကိုယ်ပိုင်လက္ခဏာကို အမွေဆက်ခံကောင်း ဆက်ခံရနိုင်သည်၊ သို့မဟုတ် သင့်မိသားစု နောက်ခံသည် သင်၏ ကိုယ်ပိုင်လက္ခဏာအပေါ် အရိပ်ထင်ကောင်းထင်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ထိုအရာမှ သင်လွတ်လပ်စွာ လျှောက်လှမ်းထွက်ခွာဖို့၊ ဤအမှုကိစ္စကို အလေးအနက်ထားဖို့ ငါ မျှော်လင့်သည်။ ထို့နောက်တွင် သင်သည် အချို့သော အထူးအခြေအနေများကို ကြုံရသည့်အခါတွင်လည်းကောင်း၊ ဤအရာများသည် သင်၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်သောအခါတွင်လည်းကောင်း၊ လူတို့အပေါ် သင်၏ ဆက်ဆံမှုကို လွှမ်းမိုးသောအခါတွင်လည်းကောင်း၊ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် သင်၏ မှန်ကန်သော စည်းမျဉ်းများကို၊ သူတစ်ပါးတို့နှင့် ဆက်ဆံရေး အဆင်ပြေခြင်းအတွက် သင်၏ စည်းမျဉ်းများကို ထိခိုက်သောအခါတွင်လည်းကောင်း သင့်မိသားစုမှ သင်ဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာ၏ လွှမ်းမိုးခံရခြင်းကို ရပ်တန့်နိုင်ပြီး လူတိုင်းအား မှန်ကန်စွာ ဆက်ဆံကာ အရာရာတိုင်းကို ကိုင်တွယ်နိုင်ဖို့ ငါမျှော်လင့်သည်။ ဥပမာ အသင်းတော်တွင် အစဉ်သဖြင့် မိမိ၏ တာဝန်၌ ပေါ့ဆပြီး စဉ်ဆက်မပြတ် အနှောင့်အယှက်ဖြစ်စေသောသူတစ်ယောက် ရှိသည်ဆိုပါစို့။ သင်သည် သူမအား မည်သို့ ကိုင်တွယ်ဖြေရှင်းသင့်သနည်း။ သင်သည် ဤအရာအပေါ် တွေးရခက်ပြီး “ငါ သူမကို ကိုင်တွယ်ဖြေရှင်းရမည်၊ ကိုင်တွယ်ဖြေရှင်းခြင်းမပြုလျှင် အသင်းတော်အလုပ်ကို ထိခိုက်လိမ့်မည်ဖြစ်သောကြောင့်ဖြစ်သည်” ဟု တွေးသည်။ ထို့ကြောင့် သင်သည် သူမကို ကိုင်တွယ်ဖြေရှင်းရန် စတင်သည်။ သို့သော် သူမသည် အလျှော့ပေးရန် ငြင်းဆန်ပြီး ဆင်ခြေများစွာ ပေးသည်။ သင်က သူမကို မကြောက်သောကြောင့် ဆက်လက်၍ မိတ်သဟာယဖွဲ့ပြီး သူမကို ကိုင်တွယ်ဖြေရှင်းသည်။ သူမက “ငါဘယ်သူဆိုသည်ကို သင်သိပါသလား” ဟု ပြောပြီး သင်က “သင်မည်သူဆိုသည်မှာ ငါ့အတွက် မည်သို့ အရေးပါသနည်း” ဟု ပြန်ဖြေလေသည်။ သူမက “ငါ၏ ယောက်ျားသည် သင့်ယောက်ျား၏ အကြီးအကဲဖြစ်သည်။ ယနေ့တွင် ငါ့အတွက် အခက်အခဲဖြစ်အောင် သင်လုပ်ဆောင်လျှင် သင်၏ ယောက်ျားသည် ဒုက္ခရောက်လိမ့်မည်” ဟု ဆိုသည်။ သင်က “ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်ဖြစ်သည်။ သင်က ကောင်းစွာမလုပ်ဆောင်ဘဲ ဆက်လက်၍ အနှောင့်အယှက်ပေးလျှင် ငါသည် သင့်တာဝန်မှ သင့်ကို ထုတ်ပယ်မည်” ဟု ပြန်လည်ပြောဆိုသည်။ ထို့ကြောင့် သူမက “မည်သို့ပင်ဖြစ်စေ အဘယ်သို့ဖြစ်မည်ကို ငါ သင့်အား ပြောပြီးဖြစ်သည်။ မည်သည့်အရာလုပ်ဆောင်သင့်သည်ကို သင့်ဘာသာ ဆုံးဖြတ်ပါ” ဟု ဆိုသည်။ “သင့်ဘာသာ ဆုံးဖြတ်ပါ” ဆိုသည်မှာ သူမ မည်သည့်အရာကို ဆိုလိုသနည်း။ သင်က သူမကို ထုတ်ရဲလျှင် သူမသည် သင့်ယောက်ျားကို အလုပ်ထုတ်မည်ဟု ပြောနေခြင်းဖြစ်သည်။ ဤအချိန်တွင် သင်က “ဤမိန်းမသည် အင်အားကြီးသော နောက်ခံရှိသည်။ သူမသည် တစ်ချိန်လုံး အလွန် မာနထောင်လွှားစွာ စကားပြောသည်မှာ မဆန်းပေ” ဟု စဉ်းစားသည်။ ဤသို့ဖြင့် သင့်လေသံကို ပြောင်းလိုက်ပြီး “ကောင်းပြီ၊ ဤတစ်ကြိမ်တွင် ငါ လွှတ်ပေးလိုက်မည်။ သို့သော် နောက်တစ်ကြိမ်တွင် လွှတ်ပေးမည်မဟုတ်။ ငါပြောသည့်အရာ၌ မည်သည့်အရာကိုမျှ ငါရည်ရွယ်ခြင်းမရှိ။ အားလုံးက အသင်းတော်အလုပ်အတွက် ဖြစ်သည်။ ငါတို့အားလုံးသည် ဘုရားကို ယုံကြည်သော ညီအစ်ကိုမောင်နှမများဖြစ်သည်။ ငါတို့အားလုံးသည် မိသားစုတစ်စုဖြစ်သည်။ စဉ်းစားပါ၊ ငါသည် အသင်းတော်ခေါင်းဆောင်ဖြစ်သည်။ ဤအရာကို အဘယ်သို့ တာဝန်မခံ၍ ရနိုင်သနည်း။ ငါသည် တာဝန်မခံခဲ့လျှင် သင်တို့က ငါ့အား ရွေးချယ်တင်မြှောက်ခဲ့မည်မဟုတ်။ မဟုတ်သလော” ဟု ပြောသည်။ သင်သည် ကျေရာကျေကြောင်းပြောရန်စတင်၍ ကြိုးစားသည်။ ဤနောက်ကွယ်တွင် စည်းမျဉ်းတစ်ခုခုရှိသလော။ သင့်စိတ်နှလုံးတွင်ရှိသော ခုခံသည့်တံတိုင်းက ပြိုလဲခဲ့ပြီဖြစ်သည်။ သင်သည် စည်းမျဉ်းများကို ကိုင်စွဲမထားရဲဘဲ အလျှော့ပေးလိုက်သည်။ ဤသို့ မဟုတ်သလော။ (ဟုတ်သည်။) ဤသို့ဖြင့် သင်သည် သူမအား လွှတ်ပေးလိုက်ခြင်းဖြင့် အဆုံးသတ်ရသည်။ သင်၏ ကိုယ်ပိုင်လက္ခဏာသည် သူမ၏ ကိုယ်ပိုင်လက္ခဏာကဲ့သို့ မြင့်မြတ်ခြင်း မရှိသည်ကိုလည်းကောင်း၊ သူမ၏ လူမှုအဆင့်အတန်းသည် သင်၏ လူမှုအဆင့်အတန်းထက် ပို၍ မြင့်သည်ကိုလည်းကောင်း သင် ရှက်ရွံ့သည်။ ထို့ကြောင့် သင်သည် သင့်ကိုယ်သင် သူမ၏ ထိန်းချုပ်ခွင့်ပြုပြီး သူမအား နာခံရန် မဖြစ်မနေလုပ်ဆောင်ရမည်ဟု ခံစားရသည်။ သင်တို့နှစ်ဦးလုံးက ဘုရားသခင်ကို ယုံကြည်သော်လည်း သူမ၏ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းကို ခံရန် သင့်ကိုယ်သင် ခွင့်ပြုဆဲဖြစ်သည်။ သင်သည် လူအမှုအဆင့်အတန်းက သင့်အပေါ် သက်ရောက်စေသည့် လွှမ်းမိုးမှုများကို မဖယ်ရှားနိုင်လျှင် စည်းမျဉ်းများကို ထိန်းသိမ်းနိုင်မည်မဟုတ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ပြီးလျှင် သင်သည် ဘုရားသခင်ရှေ့၌ သစ္စာရှိမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်အပေါ် သစ္စာမရှိလျှင် ဘုရားသခင်က သင့်အား လက်ခံမည်လော။ ဘုရားသခင်က သင့်အား ယုံကြည်မည်လော။ ဘုရားသခင်က သင့်အား အရေးကြီးသောအလုပ်ကို အပ်နှံဦးမည်လော။ ဘုရားသခင်အတွက် သင်သည် မယုံကြည်ထိုက်သောသူတစ်ဦးဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အလွန်အရေးပါသော အချိန်တွင် သင်သည် သင်၏ ကိုယ်ကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများအပေါ် သစ္စာဖောက်ခဲ့သည်။ အလွန်အရေးပါသော အချိန်တွင် လူ့အဖွဲ့အစည်းမှ၊ စာတန်ထံမှ လာသည့် မကောင်းသော အင်အားစုများကို သင် လန့်ဖျပ်ပြီး ဤသို့ဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများအပေါ် သစ္စာဖောက်ကာ သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်နိုင်ပေ။ ဤသည်မှာ အလွန်ကြီးသော ပြစ်မှားမှုဖြစ်ပြီး ဘုရားသခင်အား ဂုဏ်သရေညှိုးစေသော အမှတ်အသားဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာကို သင်လုပ်ဆောင်သောအခါ သင်သည် သင်၏ ဖန်ဆင်းခံဖြစ်သော ကိုယ်ပိုင်လက္ခဏာကို သစ္စာဖောက်ခဲ့ပြီး ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာအား လုပ်ဆောင်ခြင်း စည်းမျဉ်းကို ချိုးဖောက်ခဲ့သောကြောင့်ဖြစ်သည်။ ဤအမှုကိစ္စကို ကိုင်တွယ်ရာတွင် လူ့အဖွဲ့အစည်းတွင်ရှိသော သင်၏ လူအမှုအဆင့်အတန်းနှင့် သင်၏ ကိုယ်ပိုင်လက္ခဏာတို့၏ လွှမ်းမိုးခြင်းခံရရန် သင့်ကိုယ်သင် ခွင့်ပြုခဲ့သည်။ မည်သည့်ပြဿနာကိုမဆို ရင်ဆိုင်ရာတွင် သင်သည် သင့်မိသားစုမှ သင်ဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာက ဖန်တီးသော အပျက်သဘောဆောင်သည့် လွှမ်းမိုးမှုများကို သင် လက်မလွှတ်နိုင်လျှင် သင်သည် မျှော်လင့်မထားသောအရာများအား လုပ်ဆောင်ခြင်းအားဖြင့် ဤပြဿနာများအပေါ် တုံ့ပြန်နိုင်သည်။ တစ်ဖက်တွင် ဤအရာများသည် သင့်အား သမ္မာတရားကို ချိုးဖောက်အောင် လုပ်ဆောင်လိမ့်မည်။ အခြားတစ်ဖက်တွင် ယင်းတို့သည် သင့်အား မည်သည့်ရွေးချယ်မှုအား ပြုလုပ်ရမည်ကို မသိဘဲ လုံးလုံးကို စမ်းတဝါးဝါး ဖြစ်သွားစေလိမ့်မည်။ ဤသည်မှာ သင့်အား ပြစ်မှားမှုနှင့် နောင်တဆီသို့ အလွယ်တကူပင် ဆိုက်ရောက်စေလိမ့်မည်။ ဤသို့ဖြင့် ဘုရားသခင်ရှေ့တွင် သင်သည် အစွန်းအထင်းရှိပြီး ဘုရားသခင်က လူသားမျိုးနွယ်အား စွဲမှတ်စေသည့် စည်းမျဉ်းဖြစ်သော ဖန်ဆင်းခံတစ်ယောက်အနေဖြင့် မိမိတာဝန်ကို ထမ်းဆောင်ရန်နှင့် ဖန်ဆင်းခံတစ်ယောက်က လုပ်ဆောင်သင့်သောတာဝန်ကို လုပ်ဆောင်ရန်ဖြစ်သည့် စည်းမျဉ်းကို ချိုးဖောက်သော မယုံကြည်ထိုက်သောသူအဖြစ် မှတ်ယူခြင်းခံရလိမ့်မည်။ စဉ်းစားလော့။ ဤအမှုကိစ္စသည် အတန်ငယ် အသေးအဖွဲဖြစ်သော်လည်း ပြင်းထန်မှုတွင် အလွန်အရေးပါသည်မဟုတ်လော။ (ဟုတ်သည်။)

ယခုလေးတင်ပင် သင့်မိသားစုမှ သင်အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာအား လက်လွှတ်ခြင်းအကြောင်းကို ငါ မိတ်သဟာယပြုခဲ့သည်။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသလော။ (လုပ်ဆောင်ရန် လွယ်ကူပါသည်။) ယင်းသည် လုပ်ဆောင်ရန် လွယ်ကူသလော။ မည်သည့်အခြေအနေအောက်တွင် ဤအမှုကိစ္စသည် သင့်အား ထိခိုက်ပြီး နှောင့်ယှက်မည်နည်း။ သင့်တွင် ဤအမှုကိစ္စအပေါ် မှန်ကန်ပြီး သန့်စင်သည့် နားလည်မှုမရှိသောအခါတွင် သီးသန့်ပတ်ဝန်းကျင်တစ်ခု၌ သင်သည် ယင်း၏ လွှမ်းမိုးခြင်းကို ခံရမည်။ ပြီးလျှင် သင့်တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် သင်၏ အရည်အချင်းကို ထိခိုက်မည်။ အမှုအရာများအား ကိုင်တွယ်ခြင်းအတွက် သင်၏ နည်းလမ်းများအပေါ်ကိုလည်းကောင်း၊ ရလဒ်များအပေါ်ကိုလည်းကောင်း ထိခိုက်မည်။ ထို့ကြောင့် မိသားစုထံမှ သင်အမွေဆက်ခံသည့် ကိုယ်ပိုင်လက္ခဏာနှင့်ပတ်သက်လျှင် သင်သည် မှန်ကန်စွာ မှတ်ယူသင့်သည်။ ယင်း၏ လွှမ်းမိုးခြင်း၊ ချုပ်ကိုင်ခြင်းကို မခံသင့်ပေ။ ထိုအစား ဘုရားသခင်က လူတို့အားပေးသည့် နည်းလမ်းအတိုင်း လူများ၊ အမှုအရာများကို ကြည့်ရှုကာ ပုံမှန်အားဖြင့် ကျင့်ကြံပြုမူပြီး လုပ်ဆောင်သင့်သည်။ ဤနည်းအားဖြင့် သင့်တွင် ဤအချက်၌ လက်ခံဖွယ်ဖြစ်သော ဖန်ဆင်းခံတစ်ဦးရှိသင့်သည့် သဘောထားနှင့် စည်းမျဉ်းများရှိလိမ့်မည်။ ဆက်လက်၍ မိသားစုက သင့်အပေါ်တွင် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုများကို လက်လွှတ်ခြင်းအကြောင်းအား ငါတို့ မိတ်သဟာယဖွဲ့မည်။ ဤလူ့အဖွဲ့အစည်းတွင် ကမ္ဘာလောကကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် လူတို့၏ စည်းမျဉ်းများ၊ ရှင်သန်ခြင်းနှင့် ဖြစ်တည်ခြင်းအတွက် ၎င်းတို့၏ နည်းလမ်းများ၊ ဘာသာတရားနှင့် ယုံကြည်မှုအပေါ် ၎င်းတို့၏ သဘောထားများနှင့် အယူအဆများပင် ပါဝင်သည့်အပြင် လူများ၊ အမှုအရာများအပေါ် ၎င်းတို့၏ အမျိုးမျိုးသော အယူအဆများ၊ အမြင်များတို့အားလုံးသည် မိသားစုက ပုံစံသွင်းခြင်းကို မလွှဲမရှောင်သာဖြင့် ခံရသည်။ လူတို့သည် သမ္မာတရားကို နားမလည်မီတွင် ၎င်းတို့သည် မည်မျှ အသက်ကြီးပါစေ၊ လိင်က မည်သို့ရှိပါစေ၊ မည်သည့်အလုပ်အကိုင်ကို ၎င်းတို့ လုပ်ကိုင်ဆောင်ရွက်ပါစေ၊ အရာရာတိုင်းအပေါ်သို့ မည်သို့သော သဘောထားမျိုရှိပါစေ၊ ယင်းက အစွန်းရောက်သည်ဖြစ်စေ၊ ယုတ္တိရှိသည်ဖြစ်စေ၊ အတိုချုပ်အားဖြင့် အမှုအရာမျိုးစုံတွင် လူတို့၏ အတွေးများ၊ အမြင်များနှင့် အမှုအရာများအပေါ် ၎င်းတို့၏ သဘောထားများသည် မိသားစု၏ လွှမ်းမိုးခြင်းကို အလွန်ပင် ခံရသည်။ ဆိုလိုသည်မှာ မိသားစုက လူတစ်ယောက်အပေါ် ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော ပုံစံသွင်းသည့် သက်ရောက်မှုများသည် အမှုအရာများအပေါ် ထိုလူ၏ သဘောထားနှင့် ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် သူ၏ နည်းလမ်း၊ ထို့အပြင် ဖြစ်တည်မှုအပေါ် သူ၏ ရှုမြင်သုံးသပ်ချက်ကို ကြီးမားသော အတိုင်းအတာအထိ အဆုံးအဖြတ်ပေးပြီး သူ၏ ယုံကြည်ခြင်းကိုပင် သက်ရောက်မှုရှိသည်။ မိသားစုသည် အလွန်သိသာစွာပင် လူတို့ကို ပုံစံသွင်းပြီး သက်ရောက်မှုရှိသောကြောင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် လူတို့၏ နည်းလမ်းများ၊ စည်းမျဉ်းများ၌လည်းကောင်း၊ ထို့အပြင် ဖြစ်တည်မှုအပေါ် ၎င်းတို့၏ ရှုမြင်သုံးသပ်ချက်နှင့် ယုံကြည်ခြင်းအပေါ် ၎င်းတို့၏ အမြင်များ၌လည်းကောင်း မလွှဲမရှောင်သာပင် မိသားစုသည် အကြောင်းခံဇာစ်မြစ် ဖြစ်နေသည်။ မိသားစုအိမ်ကိုယ်၌က သမ္မာတရား ဖြစ်ပေါ်သည့် နေရာမဟုတ်သကဲသို့ သမ္မာတရား၏ အရင်းအမြစ်မဟုတ်သောကြောင့် သင့်အား မည်သည့်အယူအဆမဆိုနှင့် အမြင်ရှုထောင့်၊ သို့မဟုတ် အသက်ရှင်ရပ်တည်မှုအတွက် နည်းလမ်းတို့ကို ပုံစံသွင်းရန် သင့်မိသားစုအား တွန်းအားပေးသည့် လှုံ့ဆော်သော အင်အားစု၊ သို့မဟုတ် ရည်ရွယ်ချက်သည် လက်တွေ့အားဖြင့် တစ်ခုတည်းသာ ရှိသည်။ သင် အလွန်အကျိုးများရန်အတွက် ပြုမူလုပ်ဆောင်ခြင်းဖြစ်သည်။ သင်ကိုယ်တိုင်အတွက် အလွန်ပင်အကျိုးဖြစ်စေသော ဤအရာများသည် သင့်မိဘများ၊ ဘိုးဘွားများထံမှဖြစ်စေ၊ သင်၏ ဘိုးဘေးများထံမှဖြစ်စေ၊ မည်သူ့ထံမှလာပါစေ အတိုချုပ်အားဖြင့် ယင်းတို့အားလုံးသည် လူ့အဖွဲ့အစည်းနှင့် အခြားသောလူများကြားတွင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ခုခံကာကွယ်ရန်၊ သင် အနိုင်ကျင့်ခံရခြင်းကို တားဆီးပေးရန် ထောက်ကူဖို့အတွက် ရည်ရွယ်ပြီး ပို၍ ချုပ်ချယ်မှုကင်းမဲ့ိသော၊ လိမ္မာပါးနပ်သောပုံစံဖြင့် လူတို့ကြား၌ သင် အသက်ရှင်ရန် ထောက်ကူပေးဖို့ ရည်ရွယ်သည်။ ဤသည်မှာ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို အကြီးဆုံးသော အတိုင်းအတာအထိ ကာကွယ်ပေးဖို့ ရည်ရွယ်သည်။ သင့်မိသားစုမှ သင် လက်ခံရရှိသည့် ပုံစံသွင်းမှုသည် သင့်အား ကာကွယ်ရန်၊ သင် အနိုင်ကျင့်ခံရခြင်း၊ သို့မဟုတ် အရှက်ရမှုတစ်ခုခုကို ခံစားရခြင်းအား ရှောင်ကြဉ်ရန်၊ သူတစ်ပါးတို့အား အနိုင်ကျင့်ခြင်း၊ သို့မဟုတ် သူတစ်ပါးတို့အား ထိခိုက်ခြင်းအားဖြင့်ပင်ဖြစ်စေ သင့်ကိုယ်သင် မထိခိုက်သရွေ့ သင့်အား သူတစ်ပါးတို့ထက်သာသော သူတစ်ယောက်အဖြစ် ပြောင်းလဲပေးရန် ရည်ရွယ်သည်။ ဤအရာတို့သည် သင့်မိသားစုက သင့်အား ပုံစံသွင်းသည့် အရေးကြီးဆုံးသောအရာများထဲမှ အချို့ဖြစ်သည်။ ယင်းတို့သည် သင့်အား ပုံစံသွင်းခဲ့သည့် အယူအဆများအားလုံး အောက်တွင်ဖုံးကွယ်နေသော အနှစ်သာရနှင့် အဓိကရည်ရွယ်ချက်လည်းဖြစ်သည်။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။) သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သော အရာများအားလုံး၏ ရည်ရွယ်ချက်နှင့် အနှစ်သာရကို စဉ်းစားကြည့်လျှင် သမ္မာတရားနှင့် ကိုက်ညီသော အရာတစ်ခုခုရှိသလော။ ဤအရာများသည် လူသားမျိုးနွယ်၏ ကျင့်ဝတ်များ၊ သို့မဟုတ် တရားဝင် လူ့အခွင့်အရေးများ၊ အကျိုးစီးပွားများနှင့် ညီလျှင်ပင် ယင်းတို့သည် သမ္မာတရားနှင့် ဆက်စပ်မှုတစ်ခုခုရှိသလော။ ယင်းတို့သည် သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) ယင်းတို့သည် တကယ်ကို သမ္မာတရားမဟုတ်သည်ကို လုံးဝ သေချာပေါက် ဆိုနိုင်သည်။ သင့်မိသားစုက သင့်အား ပုံစံသွင်းပေးသည့် အရာများသည် မည်မျှ အပြုသဘောဆောင်ပြီး သဘာဝကျပါစေ၊ လူသားဆန်ပြီး ကျင့်ဝတ်နှင့်ညီပါစေ ယင်းတို့သည် သမ္မာတရားမဟုတ်သကဲ့သို့ သမ္မာတရားကိုလည်း ကိုယ်စားမပြုနိုင်ချေ။ ပြီးလျှင် သမ္မာတရားကို ကိုယ်စားမပြုနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် မိသားစု၏ အကြောင်းအရာနှင့် ပတ်သက်လျှင် ဤအရာများသည် လူတို့ လက်လွှတ်သင့်သည့် အခြားသောကဏ္ဍဖြစ်သည်။ အတိအကျဆိုလျှင် ဤကဏ္ဍသည် အဘယ်နည်း။ ဤသည်မှာ မိသားစုက သင့်အပေါ်တွင် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုများဖြစ်သည်။ ဤသည်မှာ မိသားစုအကြောင်းအရာနှင့် ပတ်သက်လျှင် သင် လက်လွှတ်သင့်သည့် ဒုတိယကဏ္ဍဖြစ်သည်။ မိသားစုက သင့်အပေါ်တွင် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုများကို ငါတို့ ဆွေးနွေးနေသည့်အတွက် ဤပုံစံသွင်းသည့် သက်ရောက်မှုများက အတိအကျ မည်သည့်အရာများဖြစ်သည်ကို ဦးစွာ ပြောကြစို့။ ငါတို့သည် ယင်းတို့ကို အမှန်၊ အမှားနှင့် ပတ်သက်ပြီး လူတို့ထားရှိသော အယူအဆနှင့်အညီ ခွဲခြားကြည့်လျှင် အချို့မှာ အတော်အတန် မှန်ကန်သည်။ အပြုသဘောဆောင်သည်။ ကြည့်ပျော်ရှုပျော်ရှိသည်။ ချပြ၍ ရနိုင်သည်။ အချို့မှာမူ အတော်အတန် တစ်ကိုယ်ကောင်းဆန်ခြင်း၊ စက်ဆုပ်ဖွယ်ကောင်းခြင်း၊ ယုတ်မာခြင်း၊ အတော်အတန် အပျက်သဘောဆောင်ခြင်းတို့ထက်မပိုပေ။ သို့သော် မည်သို့ပင်ဖြစ်စေ မိသားစုထံမှ ဤပုံစံသွင်းသည့် သက်ရောက်မှုများသည် လူတစ်ယောက်၏ ဇာတိပကတိ အကျိုးစီးပွားများကို စုပေါင်း၍ ကာကွယ်ပေးသော၊ သူတစ်ပါးတို့ကြားတွင် သူ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးသော၊ အနိုင်ကျင့်မခံရစေရန် တားဆီးပေးသော အကာအကွယ်ပေးသည့် အဝတ်တစ်လွှာကဲ့သို့ ဖြစ်သည်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် သင့်မိသားစုက သင့်အပေါ် မည်သည့်ပုံစံသွင်းသည့် သက်ရောက်မှုများ ဖြစ်ပေါ်စေသည်ဆိုသည့်အကြောင်းကို ပြောကြစို့။ ဥပမာ မိသားစုတွင်းရှိ လူကြီးသူမများက သင့်အား “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဟု မကြာခဏ ပြောသောအခါတွင် ဤသည်မှာ သင့်အား ကောင်းမွန်သော ဂုဏ်သတင်းရှိခြင်း၊ ဂုဏ်ယူသောဘဝကို နေထိုင်ခြင်း၊ သင့်အပေါ်တွင် ဂုဏ်ကျက်သရေမရှိခြင်းကို တောင်ပုံရာပုံဖြစ်စေသည့်အရာများအား မလုပ်ဆောင်ခြင်းတို့ကို အလေးထားစေရန်ဖြစ်သည်။ ဤသို့ဆိုလျှင် ဤဆိုရိုးစကားသည် လူတို့အား အပြုသဘောဆောင်သောနည်းဖြင့် လမ်းညွှန်သလော၊ သို့မဟုတ် အပျက်သဘောဆောင်သောနည်းဖြင့် လမ်းညွှန်သလော။ ယင်းသည် သင့်အား သမ္မာတရားထံသို့ ခေါ်ဆောင်နိုင်သလော။ သမ္မာတရားကို နားလည်ရန် ခေါ်ဆောင်နိုင်သလော။ (မခေါ်ဆောင်နိုင်ပါ။) “မခေါ်ဆောင်နိုင်ပါ” ဟူ၍ လုံးဝ အသေအချာ ဆိုနိုင်သည်။ စဉ်းစားကြည့်လော့။ လူတို့သည် မိမိတို့ကိုယ်ကို ရိုးသားသူများအဖြစ် ကျင့်ကြံပြုမူသင့်သည်ဟု ဘုရားသခင်က ဆိုသည်။ သင်က ပြစ်မှားသောအခါ၊ သို့မဟုတ် မှားယွင်းသောအရာတစ်ခုကို ပြုလုပ်သောအခါ၊ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ပြီး သမ္မာတရားကို ပုန်ကန်သော အရာတစ်ခုကို လုပ်ဆောင်သောအခါ စစ်မှန်သော နောင်တကို ရရန်အတွက် သင့်အမှားကို ဝန်ခံဖို့ လိုသည်။ သင့်ကိုယ်သင် နားလည်မှုရှိဖို့လိုသည်။ သင့်ကိုယ်သင် ဆက်လက်၍ ပိုင်းခြားစိစစ်နေပြီး ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်နှင့်အညီ လုပ်ဆောင်ဖို့ လိုသည်။ ထို့ကြောင့် လူတို့သည် ရိုးသားသူများအဖြစ် ကျင့်ကြံပြုမူရမည်ဆိုလျှင် ယင်းသည် “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဆိုသည့် ဆိုရိုးစကားနှင့် ကွဲလွဲနေသလော။ (ကွဲလွဲပါသည်။) မည်သို့ ကွဲလွဲသနည်း။ “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဟူသည့် ဆိုရိုးစကားသည် မကောင်းသော၊ ဂုဏ်မယူထိုက်သောအရာများကို လုပ်ဆောင်ခြင်းထက်၊ သို့မဟုတ် ၎င်းတို့၏ အကျည်းတန်သော အပိုင်းကို ဖော်ထုတ်ခြင်းထက် လူတို့အား ၎င်းတို့၏ တောက်ပပြီး အရောင်အသွေးစုံလင်သော ဘက်ခြမ်း၌ အသက်ရှင်နေထိုင်ခြင်း၊ ၎င်းတို့အား အမြင်ကောင်းစေသည့် အရာများကို ပို၍လုပ်ဆောင်ခြင်းတို့ကို အလေးထားစေဖို့ ရည်ရွယ်ပြီး မာန၊ သို့မဟုတ် ဂုဏ်သိက္ခာမရှိဘဲ အသက်ရှင်ခြင်းအား တားဆီးရန် ရည်ရွယ်သည်။ မိမိ၏ ဂုဏ်သတင်းအတွက်၊ မာနနှင့် ဂုဏ်အတွက် မိမိ၏ အမှောင်ဘက်ခြမ်းနှင့် ရှက်ဖွယ်ကောင်းသော ကဏ္ဍများကို သူတစ်ပါးတို့အား ပြောဖို့မဆိုထားနှင့် မိမိကိုယ်တိုင်နှင့်ပတ်သက်သော အရာရာတိုင်းကိုပင် တန်ဖိုးမရှိအောင် ဝေဖန်၍ မရပေ။ အဘယ်ကြောင့်ဆိုသော် မာနနှင့် ဂုဏ်သိက္ခာနှင့် အသက်ရှင်ရမည် ဖြစ်သောကြောင့် ဖြစ်သည်။ လူတစ်ယောက်သည် ဂုဏ်သိက္ခာရှိရန်အတွက် ဂုဏ်သတင်းကောင်းကို လိုအပ်သည်။ ဂုဏ်သတင်းကောင်းရှိရန်အတွက် ဟန်လုပ်ပြီး ကောင်းစွာ ဝတ်စားဆင်ယင်ရန် လိုအပ်သည်။ ဤသည်မှာ ရိုးသားသူတစ်ဦးအဖြစ် ကျင့်ကြံပြုမူခြင်းနှင့် ဆန့်ကျင်ကွဲလွဲမနေသလော။ (ကွဲလွဲနေပါသည်။) သင်သည် ရိုးသားသူတစ်ဦးအနေဖြင့် ကျင့်ကြံပြုမူသောအခါ သင်လုပ်ဆောင်သည့်အရာသည် “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဆိုသည့် ဆိုရိုးစကားနှင့် လုံးဝ ကွဲလွဲနေသည်။ သင်သည် ရိုးသားသူတစ်ယောက်အဖြစ် ကျင့်ကြံပြုမူလိုလျှင် ဂုဏ်သိက္ခာကို အလေးမထားနှင့်။ လူတစ်ယောက်၏ ဂုဏ်သိက္ခာသည် တစ်ပြားမျှ မတန်ပေ။ သမ္မာတရားကို ရင်ဆိုင်ပြီး မိမိကိုယ်ကို ဖော်ထုတ်သင့်သည်။ ဟန်မလုပ်သင့်ပေ၊ သို့မဟုတ် မဟုတ်မမှန်သော အသွင်ကို မဆောင်သင့်ပေ။ မိမိ၏ တကယ့်အတွေးများကို ဘုရားသခင်ထံ ဖွင့်ပြရမည်။ မိမိလုပ်ခဲ့သော အမှားများကို၊ သမ္မာတရားစည်းမျဉ်းများအား ချိုးဖောက်သည့် ကဏ္ဍများ စသည်တို့ကို ထုတ်ဖော်ပြရမည်။ ပြီးလျှင် ညီအစ်ကိုမောင်နှမများကိုလည်း ဤအရာများအား ချပြရမည်။ ဤသည်မှာ မိမိ၏ ဂုဏ်သတင်းအတွက် အသက်ရှင်ရေး မဟုတ်ဘဲ ထိုအစား ရိုးသားသူတစ်ဦးအဖြစ် ကျင့်ကြံပြုမူခြင်းအတွက် အသက်ရှင်ရေး၊ သမ္မာတရားအား လိုက်စားခြင်းအတွက် အသက်ရှင်ရေး၊ စစ်မှန်သော ဖန်ဆင်းခံဖြစ်ခြင်းအတွက် အသက်ရှင်ရေး၊ ဘုရားသခင်အား ကျေနပ်စေခြင်းနှင့် ကယ်တင်ခံရခြင်းအတွက် အသက်ရှင်ရေးတို့ ဖြစ်သည်။ သို့သော် ဤသမ္မာတရားကို သင်နားမလည်သောအခါ၊ ဘုရားအလိုတော်ကို နားမလည်သောအခါ သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သော အရာများသည် ကြီးစိုးလာတတ်သည်။ ဤသို့ဖြင့် သင်သည် အမှားတစ်ခုခု ပြုလုပ်သောအခါ ယင်းကို ဖုံးကွယ်ပြီး ဟန်လုပ်ကာ “ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ ငါပြော၍မဖြစ်၊ ဤအကြောင်းကို သိသော မည်သူကိုမဆိုလည်း မည်သည့်အရာကိုမျှ ငါပြောခွင့်ပြုမည်မဟုတ်။ သင်တို့ထဲမှ တစ်ယောက်ယောက်က တစ်ခုခုကို ပြောလျှင် ငါသည် သင့်ကို ပေါ့ပေါ့တန်တန် လွှတ်ပေးမည်မဟုတ်။ ငါ၏ ဂုဏ်သတင်းက အရေးကြီးသည်၊ ဂုဏ်သတင်းအတွက် မဟုတ်လျှင် အသက်ရှင်ခြင်းက အလကားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် အခြားမည်သည့်အရာမဆိုထက် အရေးကြီးသောကြောင့် ဖြစ်သည်။ လူတစ်ယောက်က သူ၏ ဂုဏ်သတင်းကို ဆုံရှုံးရလျှင် သူ၏ ဂုဏ်သိက္ခာအားလုံးကို ဆုံးရှုံးရသည်။ ထို့ကြောင့် အရှိအတိုင်း ပြော၍မရပေ။ ဟန်ဆောင်ရမည်၊ ဖုံးကွယ်ရမည်။ ဤသို့မဟုတ်လျှင် မိမိ၏ ဂုဏ်သတင်းနှင့် ဂုဏ်သိက္ခာကို ဆုံးရှုံးရမည်၊ မိမိ၏ ဘဝက တန်ဖိုးမဲ့လိမ့်မည်။ မည်သူကမျှ မိမိအား မလေးစားလျှင် မိမိသည် တန်ဖိုးမဲ့ခြင်းသာဖြစ်ပြီး အပေါစား အလေဏတော ဖြစ်သည်” ဟု တွေးသည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရိုးသားသူတစ်ဦးအဖြစ် ကျင့်ကြံပြုမူရန် ဖြစ်နိုင်သလော။ အပြည့်အဝ ဖွင့်ဟပြီး သင့်ကိုယ်သင် ပိုင်းခြားစိစစ်ဖို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) သိသာစွာပင် ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဟူသည့် ဆိုရိုးစကားကို လိုက်နာနေခြင်းဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဤဆိုရိုးစကားကို လက်လွှတ်လျှင် ယင်းသည် သင့်အား ထိခိုက်မှုရှိမည်မဟုတ်တော့ပေ။ ယင်းသည် သင်၏ ဆောင်ပုဒ်၊ သို့မဟုတ် အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် သင်၏ စည်းမျဉ်းဖြစ်တော့မည်မဟုတ်ပေ။ ထိုအစား သင်လုပ်ဆောင်သည့်အရာသည် “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဟူသည့် ဆိုရိုးစကား၏ ဆန့်ကျင်ဘက် အတိအကျပင် ဖြစ်လိမ့်မည်။ သင်သည် သင်၏ ဂုဏ်သတင်းအတွက် အသက်ရှင်မည်မဟုတ်သကဲ့သို့ သင်၏ ဂုဏ်သိက္ခာအတွက်လည်း အသက်ရှင်မည်မဟုတ်ပေ။ ထိုအစား သင်သည် သမ္မာတရားအား လိုက်စားခြင်း၊ ရိုးသားသူတစ်ဦးအဖြစ် ကျင့်ကြံပြုမူခြင်း၊ ဘုရားသခင်ကို ကျေနပ်စေပြီး စစ်မှန်သော ဖန်ဆင်းခံတစ်ဦးအဖြစ် အသက်ရှင်ရန် အားထုတ်ခြင်းတို့အတွက် အသက်ရှင်လိမ့်မည်။ သင်သည် ဤစည်းမျဉ်းကို လိုက်နာလျှင် သင့်မိသားစုကသင့်အပေါ် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုများကို လက်လွှတ်ပြီးဖြစ်လိမ့်မည်။

မိသားစုသည် လူတို့အား ဆိုရိုးစကားတစ်ခု၊ သို့မဟုတ် နှစ်ခုဖြင့်သာ ပုံစံသွင်းခြင်းမဟုတ်ဘဲ လူသိများသော ကိုးကားချက်များနှင့် ဆောင်ပုဒ်များ အများအပြားတို့ဖြင့် ပုံစံသွင်းခြင်းဖြစ်သည်။ ဥပမာ သင်၏ မိသားစုရှိ လူကြီးသူမများနှင့် မိဘများသည် “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဟူသည့် ဆိုရိုးစကားကို မကြာခဏ ပြောဆိုသလော။ (ပြောဆိုပါသည်။) ၎င်းတို့က သင့်အား “လူတို့သည် ၎င်းတို့၏ ဂုဏ်သတင်းအတွက် အသက်ရှင်ရမည်၊ လူတို့သည် အခြားလူများကြားတွင် ကောင်းသော ဂုဏ်သတင်းကို ရအောင်ဖန်တီးပြီး အထင်အမြင်ကောင်းစေရန်အတွက်မှလွဲ၍ ၎င်းတို့၏ ဘဝသက်တမ်းတွင် အခြားမည်သည့်အရာကိုမျှ မရှာဖွေပေ။ သင်မည်သည့်နေရာသို့ သွားသည်ဖြစ်စေ နှုတ်ဆက်ခြင်း၊ စကားစမြည်ပြောဆိုခြင်း၊ ချီးမွမ်းခြင်းတို့၌ ပို၍ ရွှန်းရွှန်းဝေအောင် ပြောပြီး ပို၍ ကြင်နာသော စကားများကို ပြောလော့။ လူတို့အား စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ဘဲ ထိုအစား ကောင်းမှုများနှင့် ကြင်နာသော လုပ်ဆောင်မှုများကို ပို၍ လုပ်ဆောင်လော့” ဟု ပြောနေခြင်းဖြစ်သည်။ မိသားစုက အသုံးပြုသော ဤသီးသန့် ပုံစံသွင်းသည့် သက်ရောက်မှုသည် လူတို့အား ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အလွန်အလေးထားစေသည့် မလွဲဧကန်ဖြစ်သော အကျိုးဆက်ရှိပြီး လူတို့၏ အပြုအမူ၊ သို့မဟုတ် ပြုမူနေထိုင်မှုစည်းမျဉ်းများအပေါ် သက်ရောက်မှုတစ်ခုခုရှိသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်း၊ သိက္ခာ၊ လူတို့၏ စိတ်တွင် ၎င်းတို့ ဖန်တီးသော အမြင်၊ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းနှင့် ၎င်းတို့ ဖော်ပြသည့် ထင်မြင်ချက်တိုင်းအပေါ် အခြားလူများ၏ ထင်မြင်ယူဆချက်တို့ကို အလွန်အလေးထားသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အလွန်အလေးထားခြင်းအားဖြင့် သင်သည် သင်ထမ်းဆောင်သည့် တာဝန်က သမ္မာတရားနှင့်လည်းကောင်း၊ စည်းမျဉ်းများနှင့်လည်းကောင်း ကိုက်ညီခြင်းရှိမရှိ၊ သင်သည် ဘုရားသခင်ကို ကျေနပ်အောင် လုပ်နေခြင်း ရှိမရှိ၊ သင့်တာဝန်ကို လုံလောက်စွာ ထမ်းဆောင်နေခြင်းရှိမရှိတို့အပေါ် အလေးထားမှုသည် အမှတ်တမဲ့ နည်းသွားသည်။ သင်သည် ဤအရာများကို သိပ်အရေးမကြီးသော၊ ဦးစားမပေးသောအရာများအဖြစ် မြင်ပြီး သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဟူသည့် ဆိုရိုးစကားကမူ သင့်အတွက် အလွန့်အလွန်အရေးကြီးလာသည်။ ယင်းသည် သင့်အား လူတို့၏ စိတ်ထဲတွင် သင်၏ အသေးစိတ်အချက်အလက်တိုင်းက မည်သို့ဖြစ်ပေါ်သည်ဆိုသည်ကို အလွန်အရေးစိုက်စေသည်။ အထူးသဖြင့် လူအချို့သည် ၎င်းတို့၏ နောက်ကွယ်တွင် အခြားလူများက ၎င်းတို့အပေါ် အမှန်တကယ်မည်သို့ ထင်မြင်သည်ကို အထူးပင် အရေးစိုက်ကြသည်မှာ နံရံများမှတစ်ဆင့် ချောင်း၍ နားထောင်ခြင်း၊ တစ်ဝက်တစ်ပျက်သာ ဖွင့်ထားသည့် တံခါးမှတစ်ဆင့် နားထောင်ခြင်း၊ ပြီးလျှင် အခြားသောလူများက ၎င်းတို့အကြောင်းကို ရေးသည့်အရာတို့ကို ခိုးကြည့်ခြင်းကိုပင် လုပ်ဆောင်သည်အထိပင် ဖြစ်သည်။ တစ်စုံတစ်ယောက်က ၎င်းတို့၏ အမည်ကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့က “ငါ့အကြောင်းကို သူတို့ပြောနေသည့်အရာကို၊ ပြီးလျှင် သူတို့တွင် ငါ့အပေါ် ကောင်းသောထင်မြင်ချက်ရှိမရှိကို ငါ အလျင်အမြန်နားထောင်ရမည်။ အလို ငါသည် ပျင်းရိပြီး အစားကောင်းများကို စားလိုသည်ဟု သူတို့က ပြောသည်။ ဤသို့ဆိုလျှင် ငါ ပြောင်းလဲရမည်၊ နောင်တွင် ငါပျင်းရိ၍ မဖြစ်၊ ဇွဲလုံ့လရှိရမည်” ဟု တွေးကြသည်။ အချိန်အတန်ကြာ ဇွဲလုံ့လရှိပြီးနောက်တွင် ၎င်းတို့က “ငါသည် ပျင်းရိသည်ဟု လူတိုင်းက ပြောခြင်းရှိမရှိကို ငါနားထောင်နေခဲ့ပြီး ယခုနောက်ပိုင်းတွင် မည်သူကမျှ ပြောသည့်ပုံစံမရှိ” ဟု မိမိတို့ဘာသာ တွေးသည်။ သို့သော် ၎င်းတို့သည် စိတ်မသက်မသာဖြစ်ဆဲဖြစ်သောကြောင့် ၎င်းတို့အနီးတွင်ရှိသောသူများနှင့် စကားပြောဆိုရာတွင် “ငါသည် အနည်းငယ်ပျင်းရိသည်” ဆိုကာ သာမန်ကာလျှံကာ ဝင်ပြောလေသည်။ အခြားလူများက “သင်က မပျင်းရိပါ၊ သင်သည် ယခင်ကထက် ယခုအလွန်ပင်ပို၍ လုံ့လရှိသည်” ဟု ပြန်ပြောသည်။ ဤတွင် ၎င်းတို့သည် ချက်ချင်းပင် စိတ်ချလက်ချရှိပြီး အပျော်လွန်ကာ စိတ်သက်သာရာရကြသည်။ “ကြည့်စမ်းပါဦး၊ ငါ့အပေါ် လူတိုင်း၏ ထင်မြင်ချက်သည် ပြောင်းလဲသွားပြီ။ လူတိုင်းက ငါ၏ အပြုအမူတိုးတက်မှုကို သတိပြုမိသည့် ပုံစံရှိသည်” ဟူ၍ ဖြစ်သည်။ သင်လုပ်ဆောင်သမျှတိုင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကျေနပ်စေရန်လည်းမဟုတ်ဘဲ ထိုအစား သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းအတွက် ဖြစ်သည်။ ဤသို့ဖြင့် သင်လုပ်ဆောင်သည့် အရာရာတိုင်းသည် စင်စစ်အားဖြင့် မည်သည့်အရာ ဖြစ်လာသနည်း။ စင်စစ်အားဖြင့် ဘာသာရေးလုပ်ဆောင်မှုတစ်ခု ဖြစ်လာသည်။ သင်၏ အနှစ်သာရသည် မည်သည့်အရာ ဖြစ်လာသနည်း။ သင်သည် ဖာရိရှဲစင်စစ် ဖြစ်လာသည်။ သင်၏ လမ်းကြောင်းက မည်သည့်အရာ ဖြစ်လာသနည်း။ အန္တိခရစ်များ၏ လမ်းကြောင်း ဖြစ်လာသည်။ ဤသည်မှာ ဘုရားသခင်က သတ်မှတ်သည့် ပုံစံဖြစ်သည်။ ထို့ကြောင့် သင်လုပ်ဆောင်သမျှတိုင်း၏ အနှစ်သာရသည် အရောင်စွန်းထင်းလာသည်။ ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နေပေ၊ သို့မဟုတ် မလိုက်စားပေ။ ထိုအစား ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားနေသည်။ အခြေခံအားဖြင့် ဘုရားသခင်၏ ထင်မြင်ချက်တွင် သင်၏ တာဝန်ထမ်းဆောင်မှုသည် တစ်နည်းဆိုရလျှင် မလုံလောက်ပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်က သင့်အား အပ်နှံခဲ့သောအရာအပေါ်၊ သို့မဟုတ် ဖန်ဆင်းခံအနေဖြင့် သင်၏ တာဝန်အပေါ်ကို ဆက်ကပ်အပ်နှံခြင်းထက် သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းအပေါ်သာ ပေးအပ်မြုပ်နှံထားခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်က ဤသို့သော အဓိပ္ပာယ်ကို ပြသောအခါတွင် သင့်စိတ်နှလုံး၌ မည်သည့်အရာကို ခံစားရသနည်း။ ဤနှစ်များတစ်လျှောက်တွင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုသည် အချည်းနှီးဖြစ်သည်ဟု ခံစားရသလော။ ဤသို့ဆိုလျှင် သင်သည် သမ္မာတရားကို လုံးဝ လိုက်စားခြင်းမရှိဟု အဓိပ္ပာယ်ရသလော။ သင်သည် သမ္မာတရားကို လိုက်စားနေခြင်းမရှိဘဲ ထိုအစား သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းကို အထူးအရေးစိုက်နေခြင်းဖြစ်သည်။ ဤအရာ၏ အရင်းအမြစ်မှာ သင့်မိသားစုထံမှလာသော ပုံစံသွင်းသည့်သက်ရောက်မှုများဖြစ်သည်။ သင်ပုံစံသွင်းခြင်းခံရသည့် လွှမ်းမိုးမှုအရှိဆုံးသော ဆိုရိုးစကားမှာ အဘယ်နည်း။ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဟူသည့် ဆိုရိုးစကားသည် သင့်စိတ်နှလုံးတွင် နက်နဲစွာ အမြစ်တွယ်နေပြီး သင်၏ ဆောင်ပုဒ်ဖြစ်လာသည်။ သင်သည် ငယ်ရွယ်စဉ်ကတည်းက ဤဆိုရိုးစကား၏ လွှမ်းမိုးခြင်း၊ ပုံစံသွင်းခြင်းကို ခံခဲ့ရသည်။ ကြီးပြင်းလာပြီးနောက်တွင်ပင် သင်သည် သင့်မိသားစု၏ နောက်မျိုးဆက်နှင့် သင့်အနီးရှိလူတို့ကို လွှမ်းမိုးရန်အတွက် ဤဆိုရိုးစကားကို မကြာခဏ ထပ်ခါထပ်ခါ ဆက်လက်၍ ပြောဆိုသည်။ ပို၍ပင် ဆိုးသည်မှာ သင်သည် ယင်းကို ပြုမူနေထိုင်ခြင်း၊ အမှုအရာများအား ကိုင်တွယ်ဖြေရှင်းခြင်းအတွက် သင်၏ နည်းလမ်းနှင့် စည်းမျဉ်းအဖြစ် ခံယူပြီး ဘဝတွင် သင်လိုက်စားသည့် ပန်းတိုင်နှင့် ဦးတည်ချက်အဖြစ်ဖြင့်ပင် ခံယူခြင်းဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ သင်၏ ပန်းတိုင်နှင့် ဦးတည်ချက်သည် မှားယွင်းသည်။ ထို့ကြောင့် နောက်ဆုံးရလဒ်မှာ အပျက်သဘောဆောင်ဖို့ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သင်လုပ်ဆောင်သမျှတိုင်း၏ အနှစ်သာရမှာ သင်၏ ဂုဏ်သတင်းအတွက်သက်သက်ဖြစ်သောကြောင့်လည်းကောင်း၊ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”ဟူသည့် ဆိုရိုးစကားကို လက်တွေ့လုပ်ဆောင်ရန်အတွက် သက်သက်ဖြစ်သောကြောင့်လည်းကောင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို လိုက်စားနေခြင်းမရှိပေ။ သို့တိုင်အောင် ယင်းကို သင်ကိုယ်တိုင်မသိပေ။ ဤဆိုရိုးစကားသည် လုံးဝ မှားယွင်းခြင်းမရှိဟု သင်ထင်သည်။ လူတို့သည် အဘယ်ကြောင့်များ ၎င်းတို့၏ ဂုဏ်သတင်းအတွက် အသက်မရှင်သင့်သနည်း။ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”ဟူသည့် လူသိများသည့် ဆိုရိုးစကားကဲ့သို့ဖြစ်သည်။ ဤဆိုရိုးစကားသည် အလွန်အပြုသဘောဆောင်ပြီး သဘာဝကျသည့်ပုံစံရှိသည်။ ထို့ကြောင့် သင်သည် သတိမမူမိဘဲ ယင်း၏ ပုံစံသွင်းသည့် သက်ရောက်မှုကို လက်ခံပြီး အပြုသဘောဆောင်သောအရာအဖြစ် မှတ်ယူလိုက်သည်။ ဤဆိုရိုးစကားကို အပြုသဘောဆောင်သောအရာအဖြစ် သင် မှတ်ယူလိုက်သည်နှင့် သင်သည် အမှုမဲ့အမှတ်မဲ့ဖြင့် ယင်းကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် သင်သည် ယင်းကို သမ္မာတရားအဖြစ်၊ သမ္မာတရား၏ စံသတ်မှတ်ချက်အဖြစ် အမှုမဲ့အမှတ်မဲ့ဖြင့်၊ စိတ်ရှုပ်ထွေးစွာဖြင့် အဓိပ္ပာယ်ကောက်လွဲသည်။ သင်သည် ယင်းကို သမ္မာတရား၏ စံသတ်မှတ်ချက်အဖြစ် မှတ်ယူသောအခါ ဘုရားသခင်ပြောသည့်အရာကို သင် နားမထောင်တော့သကဲ့သို့ နားလည်နိုင်ခြင်းလည်းမရှိပေ။ သင်သည် “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”ဟူသည့် ဤဆောင်ပုဒ်ကို မစဉ်းမစားဖြင့် လက်တွေ့လုပ်ဆောင်ကာ ယင်းနှင့်အညီ ပြုမူဆောင်ရွက်သည်။ အဆုံး၌ ယင်းမှ သင်ရရှိသည့်အရာမှာ ကောင်းသော ဂုဏ်သတင်းဖြစ်သည်။ သင် ရရှိလိုသောအရာကို သင်ရရှိပြီးဖြစ်သော်လည်း ဤသို့ လုပ်ဆောင်ရာတွင် သင်သည် သမ္မာတရားကို ချိုးဖောက်ပြီး စွန့်ပစ်ခဲ့သည်။ ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးခဲ့သည်။ ဤသည်မှာ နောက်ဆုံးရလဒ်ဖြစ်သည်ကို ကြည့်လျှင် သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏”ဟူသည့် အယူအဆကို လက်လွှတ်ပြီး စွန့်ပစ်သင့်သည်။ ယင်းသည် သင် ကိုင်စွဲထားသင့်သည့် အရာတစ်ခုမဟုတ်သကဲ့သို့ လက်တွေ့လုပ်ဆောင်ရန်အတွက် အားထုတ်မှုနှင့် စွမ်းအင်ကို တစ်သက်လုံး အသုံးချသင့်သည့် ဆိုရိုးစကား၊ သို့မဟုတ် အယူအဆမဟုတ်ပေ။ သင် စွဲမှတ်အောင် သွန်သင်ခြင်းခံရပြီး ပုံစံသွင်းခြင်းခံရသည့် ဤအယူအဆနှင့် အမြင်သည် မှားယွင်းသည်။ ထို့ကြောင့် သင်သည် ယင်းကို လက်လွှတ်သင့်သည်။ ယင်းကို သင် လက်လွှတ်သင့်သည့် အကြောင်းရင်းမှာ ယင်းသည် သမ္မာတရားမဟုတ်ခြင်းကြောင့်သာမဟုတ်ဘဲ ယင်းသည် သင့်အား လမ်းလွဲစေပြီး အဆုံး၌ ပျက်စီးခြင်းသို့ ပို့ဆောင်မည်ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အကျိုးဆက်များသည် အလွန်ဆိုးရွားသည်။ သင့်အတွက် ယင်းမှာ ရိုးရှင်းသော ဆိုရိုးစကားတစ်ခု သက်သက်မဟုတ်ဘဲ ကင်ဆာတစ်ခုဖြစ်သည်။ လူတို့ကို ဖျက်ဆီးသည့် နည်းစနစ်၊ နည်းလမ်းတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်တွင်၊ လူတို့အတွက် သူ၏ သတ်မှတ်ချက်များအားလုံးထဲတွင် ဘုရားသခင်သည် လူတို့အား ကောင်းသောဂုဏ်သတင်းကို လိုက်စားရန်၊ သို့မဟုတ် သိက္ခာကို ရှာဖွေရန်၊ သို့မဟုတ် လူတို့ကို ထင်မြင်ချက်အကောင်းဖြစ်အောင် လုပ်ရန်၊ သို့မဟုတ် လူတို့၏ လက်ခံမှုကို ရယူရန်၊ သို့မဟုတ် လူတို့ထံမှ နှစ်လိုဖွယ် အသိအမှတ်ပြုခြင်းကို ရယူရန် မည်သည့်အခါမျှ မစေခိုင်းသကဲ့သို့ လူတို့အား ကျော်ကြားမှုအတွက် အသက်ရှင်ရန်၊ သို့မဟုတ် ဂုဏ်သတင်းကောင်းကို ချန်ထားရစ်ခဲ့ရန် လုံးဝ မလုပ်ဆောင်ခဲ့ဖူးပေ။ ဘုရားသခင်သည် လူတို့အား မိမိတို့တာဝန်ကိုသာ ကောင်းစွာ ထမ်းဆောင်စေလိုသည်။ ပြီးလျှင် သူ့အား ကျိုးနွံနာခံပြီး သမ္မာတရားကို နာခံစေလိုသည်။ ထို့ကြောင့် သင်နှင့်ပတ်သက်လျှင် ဤဆိုရိုးစကားသည် သင် လက်လွှတ်သင့်သည့် သင့်မိသားစုထံမှ ပုံစံသွင်းသည့် အမျိုးအစားတစ်ခုဖြစ်သည်။

မိသားစုက သင့်အပေါ်တွင် ဖြစ်ပေါ်စေသည့် အခြားသော ပုံစံသွင်းသည့် သက်ရောက်မှုတစ်ခုရှိသည်။ ဥပမာ မိဘများ၊ သို့မဟုတ် လူကြီးသူမများက သင့်အား တိုက်တွန်းအားပေးသောအခါတွင် ၎င်းတို့က “အသာစံဖို့အတွက် အနာခံရမည်”ဟု မကြာခဏပြောကြသည်။ ဤသို့ဆိုရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်သည် သင့်အား ဒုက္ခကို ခါးစည်းခံရန်၊ ဇွဲလုံ့လရှိရန်၊ သင်လုပ်ဆောင်သမျှတိုင်းတွင် ဒုက္ခကို မကြောက်ရွံ့ရန် သွန်သင်ဖို့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒုက္ခကို ခါးစည်းခံသော၊ အခက်အခဲကို ခုခံသော၊ အလုပ်ကြိုးစားသော၊ ယှဉ်ပြိုင်ကြိုးစားသည့် စိတ်ဓာတ်ကို ပိုင်ဆိုင်သောသူတို့သာ အသာစံရသောကြောင့်ဖြစ်သည်။ “အသာစံခြင်း”မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အနိုင်ကျင့်မခံရခြင်း၊ သို့မဟုတ် အထင်သေးမခံရခြင်း၊ သို့မဟုတ် ခွဲခြားဆက်ဆံမှုမခံရခြင်းကို ဆိုလိုသည်။ လူတို့ကြားတွင် သိက္ခာနှင့် အဆင့်အတန်းရှိခြင်း၊ ပြောရေးဆိုခွင့်၊ အသိအမှတ်ပြုခံရခွင့် ရှိခြင်း၊ ဆုံးဖြတ်ချက်ချပိုင်ခွင့် ရှိခြင်းတို့ကို ဆိုလိုသည်။ သူတစ်ပါးတို့ကြားတွင် ပို၍ကောင်းသော၊ ပို၍ မြင့်သော အရည်အသွေးရှိသည့်ဘဝကို နေထိုင်နိုင်ခြင်း၊ လူတို့အား သင့်ကို အထင်ကြီးလေးစားစေခြင်း၊ သဘောကျစေခြင်း၊ အားကျစေခြင်းကို ဆိုလိုသည်။ သင်သည် လူသားမျိုးနွယ်တစ်ခုလုံး၏ အထက်အဆင့်တွင်ရှိခြင်းကို အခြေခံအားဖြင့် ဆိုလိုသည်။ “အထက်အဆင့်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ လူများစွာတို့သည် သင်၏ အောက်ခြေတွင်ရှိပြီး ၎င်းတို့ထံမှ မည်သည့်ရင့်သီးသော ဆက်ဆံမှုကိုမျှ သင်သည်းခံစရာမလိုဟု ဆိုလိုသည်။ ဤသည်မှာ “အသာစံခြင်း” ဆိုသည့်အရာဖြစ်သည်။ အသာစံဖို့အတွက် သင်သည် “အနာခံ”ရမည်။ ဤသည်မှာ အခြားလူများက မခံနိုင်သည့် ဒုက္ခကို သင်ခါးစည်းခံနိုင်ရမည်ဟု ဆိုလိုသည်။ ထို့ကြောင့် သင်သည် အသာမစံရမီတွင် လူတို့၏ အထင်သေးသော အကြည့်၊ လှောင်ပြောင်မှု၊ သရော်မှု၊ အသရေဖျက်မှုတို့အပြင် အခြားလူများ၏ နားလည်မှု မရှိခြင်းနှင့် ၎င်းတို့၏ အရေးမစိုက်ခြင်း စသည်တို့ကိုပင် ခံနိုင်ရမည်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခအပြင် လူထု၏ ထင်မြင်ချက်နှင့်ပတ်သက်သော သရော်ခြင်း၊ လှောင်ပြောင်ခြင်းတို့ကို သည်းခံနိုင်ရမည်။ ဤသို့သောသူမျိုးဖြစ်ရန် သင်ယူခြင်းအားဖြင့်သာ သင်သည် လူတို့ကြားတွင် ထင်ပေါ်နိုင်သည်။ လူ့အဖွဲ့အစည်းတွင် သင့်အတွက် နေရာကောင်းရနိုင်မည်။ ဤဆိုရိုးစကား၏ ရည်ရွယ်ချက်သည် သင့်အား လက်အောက်ငယ်သားတစ်ဦးဖြစ်ခြင်းထက် ဆရာကြီးဖြစ်စေရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လက်အောက်ငယ်သား ဖြစ်ခြင်းသည် အလွန်ခက်ခဲသောကြောင့်ဖြစ်သည်။ သင်သည် ရင့်သီးစွာ ဆက်ဆံခံရခြင်းကို သည်းခံရမည်။ သင်သည် အသုံးမကျဟု ခံစားရသည်။ ပြီးလျှင် သင့်၌ ဂုဏ်၊ သို့မဟုတ် သိက္ခာမရှိပေ။ ဤသည်မှာလည်း သင့်မိသားစုက သင့်အတွက် များစွာအကျိုးဖြစ်စေရန် ရည်ရွယ်ပြီး သင့်အပေါ်တွင် အသုံးပြုသည့် ပုံစံသွင်းသော သက်ရောက်မှုဖြစ်သည်။ သင်သည် သူတစ်ပါးတို့၏ ရင့်သီးသော ဆက်ဆံမှုကို သည်းမခံရဖို့အတွက်၊ ကျော်ကြားမှုနှင့် အခွင့်အာဏာရှိဖို့အတွက်၊ ကောင်းစွာ စားသောက်ပြီး အပျော်အပါး လိုက်စားဖို့အတွက်၊ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ မည်သူကမျှ သင့်ကို အနိုင်ကျင့်ရဲမည်မဟုတ်ဘဲ ထိုအစား အာဏာရှင်အဖြစ် ပြုမူကာ အဆုံးအဖြတ်ပေးနိုင်ရန်အတွက်၊ ပြီးလျှင် လူတိုင်းက သင့်အား ဦးညွှတ်ခယရန်အတွက် သင့်မိသားစုက ဤသို့ လုပ်ဆောင်ခြင်းဖြစ်သည်။ တစ်ဖက်မှကြည့်လျှင် သင်သည် လူအများထက်သာရန် အားထုတ်ခြင်းအားဖြင့် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ အခြားတစ်ဖက်မှ ကြည့်လျှင် သင်သည် မိသားစု၏ လူမှုအဆင့်အတန်းကို မြှင့်တင်ပြီး သင်၏ ဘိုးဘေးများကို ဂုဏ်ဆောင်ပေးရန်အတွက်လည်း လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤသို့အားဖြင့် သင်၏ မိဘများနှင့် မိသားစုဝင်များသည်လည်း သင်နှင့် တော်စပ်နေခြင်းအားဖြင့် အကျိုးအမြတ်ရရှိနိုင်ပြီး ရင့်သီးသော ဆက်ဆံခြင်းကို မခံရနိုင်ပေ။ သင်သည် ကြီးစွာသော ဒုက္ခကို ခါးစည်းခံပြီး ကားကောင်းရှိသော၊ အိမ်ကြီးအိမ်ကောင်းရှိသော၊ သင့်အနီးတွင် အလျင်အမြန် လှုပ်ရှားနေသော နောက်လိုက်အဖွဲ့ရှိသည့် ရာထူးကြီးသော အရာရှိတစ်ဦးဖြစ်လာခြင်းအားဖြင့် အသာစံရပြီး သင့်မိသားစုသည်လည်း အလားတူပင် သင်နှင့် တော်စပ်ခြင်းမှတစ်ဆင့် အကျိုးအမြတ်ရရှိမည်။ ပြီးလျှင် သင့်မိသားစုဝင်များသည်လည်း ကားကောင်းများကို စီးနိုင်ပြီး ကောင်းစွာ စားသောက်နိုင်မည်။ အဆင့်မြင့်သော ဘဝကို အသက်ရှင်နိုင်မည်။ သင်သည် သင်အလိုရှိလျှင် ဈေးအကြီးဆုံးသော စားကောင်းသောက်ဖွယ်များကို စားသောက်နိုင်မည်။ ပြီးလျှင် သင်နှစ်သက်သည့် မည်သည့်နေရာမဆို သွားနိုင်လိမ့်မည်။ လူတိုင်းကို သင် အချိန်မရွေး အမိန့်ပေးခိုင်းစေနိုင်မည်ဖြစ်သဖြင့် သင်နှစ်သက်သလို လုပ်ဆောင်နိုင်မည်။ ပြီးလျှင် သိုသိုသိပ်သိပ်နေစရာမလိုဘဲ၊ သို့မဟုတ် အမြီးကုပ်၍ နေစရာမလိုဘဲ ဇွတ်တရွတ်နိုင်စွာ၊ မာနထောင်လွှားစွာ အသက်ရှင်နိုင်လိမ့်မည်။ ဥပဒေနှင့် မညီလျှင်ပင် သင်အလိုရှိသည့်အရာမှန်သမျှကို လုပ်ဆောင်နိုင်မည်။ ရဲတင်းစွာ၊ မဆင်မခြင်ဖြစ်စွာ အသက်ရှင်နိုင်မည်။ သင့်အား ဤသို့ ပုံစံသွင်းရာတွင် ဤသည်မှာ သင့်မိသားစု၏ ရည်ရွယ်ချက်ဖြစ်သည်။ သင့်အား မတရားခံရခြင်း မဖြစ်စေရန်၊ အသာစံရစေရန် ဖြစ်သည်။ တဲ့တိုးပြောရလျှင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ သင့်အား သူတစ်ပါးတို့ကို ဦးဆောင်သော၊ ညွှန်ကြားသော၊ အမိန့်ပေးသောသူတစ်ယောက် ဖြစ်စေရန်၊ သူတစ်ပါးတို့အား အနိုင်ကျင့်ခြင်းကိုသာ လုပ်ဆောင်နိုင်သောသူ၊ မည်သည့်အခါမျှ ခံရသည့်ဘက်မှ မရှိသော သူတစ်ယောက်အဖြစ် ပြောင်းလဲပေးရန်၊ ဦးဆောင်ခံရသောသူတစ်ဦးထက် အသာစံရသောသူတစ်ယောက်ဖြစ်စေရန် ဖြစ်သည်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) သင့်မိသားစုထံမှ ဤပုံစံသွင်းသည့် သက်ရောက်မှုသည် သင့်အား အကျိုးရှိစေသလော။ (မရှိစေပါ။) သင့်အား အကျိုးမရှိစေပါဟု အဘယ်ကြောင့်ဆိုသနည်း။ မိသားစုတိုင်းက နောက်မျိုးဆက်အား ဤသို့ သွန်သင်ပေးလျှင် လူမှုဆိုင်ရာ ပဋိပက္ခများ မြင့်တက်လာပြီး လူ့အဖွဲ့အစည်းအား ပို၍ ယှဉ်ပြိုင်တတ်ကာ မျှတမှုမရှိစေရန် လုပ်ဆောင်မည် မဟုတ်လော။ လူတိုင်းက ထိပ်ဆုံးတွင် ရှိလိုလိမ့်မည်။ မည်သူကမျှ အောက်ဆုံး၌ ရှိလိုမည်မဟုတ်။ သို့မဟုတ် သာမန်လူတစ်ယောက် ဖြစ်လိုမည်မဟုတ်။ ၎င်းတို့အားလုံးက သူတစ်ပါးတို့ကို အုပ်ချုပ်ပြီး အနိုင်ကျင့်သောသူ ဖြစ်လိုလိမ့်မည်။ ဤသို့ဆိုလျှင် လူ့အဖွဲ့အစည်းက ကောင်းနိုင်ဦးမည်ဟု သင်ထင်သလော။ လူ့အဖွဲ့အစည်းသည် ရှင်းလင်းစွာပင် အပြုသဘောဆောင်သော ဦးတည်ချက်တစ်ခုနှင့်အညီ ဖြစ်မည်မဟုတ်ပေ။ လူမှုပဋိပက္ခများကိုသာ ပိုမိုပြင်းထန်စေလိမ့်မည်။ လူတို့ကြားရှိ ယှဉ်ပြိုင်မှုကို မြင့်တက်စေလိမ့်မည်။ ပြီးလျှင် လူတို့ကြားရှိ အငြင်းပွားမှုများကို ပိုမို ဆိုးဝါးစေလိမ့်မည်။ ဥပမာ ကျောင်းများကို ကြည့်လော့။ ကျောင်းသားများသည် မိမိအနီး၌ မည်သူမျှမရှိစဉ်တွင် အလွန်အားစိုက်ထုတ်၍ စာကျက်ခြင်းအားဖြင့် တစ်ယောက်ကိုတစ်ယောက် အသာစီးရရန် ကြိုးစားကြသည်။ သို့သော် ၎င်းတို့ တွေ့ဆုံကြသောအခါ၌ ၎င်းတို့က “အိုး ယခင်အပတ်တုန်းက ငါ စာမကျက်မိပါ။ စာကျက်ရမည့်အစား အလွန်ပျော်ဖို့ကောင်းသည့်နေရာကို သွားပြီး တစ်နေကုန် ပျော်ခဲ့သည်။ နင် မည်သည့်နေရာ သွားခဲ့သနည်း” ဟူ၍ ဆိုလိမ့်မည်။ ပြီးလျှင် အခြားတစ်ယောက်ယောက်က ဝင်ပြီး “ငါလည်း တစ်ပတ်လုံး အိပ်နေပြီး စာမကျက်ခဲ့ပါ” ဟု ပြောလိမ့်မည်။ အမှန်တကယ်တွင် တစ်ဖက်လူက စနေတနင်္ဂနွေ နှစ်ရက်လုံး ပင်ပန်းနွမ်းနယ်သည်အထိ စာကျက်လျက် အချိန်ကုန်ဆုံးသည်ကို ၎င်းတို့နှစ်ဦးလုံး ကောင်းစွာသိသည်။ သို့သော် နှစ်ဦးစလုံးက လူမမြင်သူမမြင်အချိန်တွင် စာကျက်သည်ကိုဖြစ်စေ၊ အလွန်ကြိုးစားအားထုတ်ခြင်းကိုဖြစ်စေ ဝန်မခံကြပေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက အသာစံလိုပြီး အခြားမည်သူ့ကိုမျှ ၎င်းတို့အား မသာလွန်သွားစေလိုသောကြောင့်ဖြစ်သည်။ ၎င်းတို့က အမှန်တကယ်တွင် စာကျက်သည်ကို သူတစ်ပါးတို့အား မသိစေလိုသောကြောင့် ၎င်းတို့က စာကျက်နေခဲ့ခြင်းမရှိဟု ပြောခြင်းဖြစ်သည်။ ဤသို့ လိမ်ညာခြင်းသည် မည်သို့ အသုံးဝင်သနည်း။ သင်သည် သင့်အကျိုးအတွက် စာကျက်ခြင်းဖြစ်ပြီး သူတစ်ပါးတို့အတွက် မဟုတ်။ သင်သည် ဤသို့ငယ်ရွယ်သောအရွယ်တွင် လိမ်ညာနိုင်လျှင် လူ့အဖွဲ့အစည်းသို့ ဝင်ပြီးနောက်တွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်နိုင်မည်လော။ (မလျှောက်နိုင်ပါ။) လူ့အဖွဲ့အစည်းသို့ ဝင်ခြင်းသည် တစ်ကိုယ်ရေအကျိုးစီးပွား၊ ငွေကြေးနှင့် အဆင့်အတန်းကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ယှဉ်ပြိုင်မှုက ပို၍သာ ပြင်းထန်လာလိမ့်မည်။ လူတို့သည် ၎င်းတို့၏ ပန်းတိုင်ကို ရရှိရန်အတွက် ၎င်းတို့၌ ရှိသမျှနည်းလမ်းတိုင်းကို အသုံးပြုကာ မည်သည့်အရာကိုမဆို လိုလိုလားလား လုပ်ဆောင်မည်ဖြစ်သည်။ ၎င်းတို့သည် မည်မျှသော အရှက်ကွဲရခြင်းများကို ခါးစည်းခံရလျှင်ပင် မည်မျှပင် ဆုံးရှုံးနစ်နာရပါစေ ၎င်းတို့၏ ပန်းတိုင်ကို ရရှိရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်လိုစိတ်ရှိသလို လုပ်လည်း လုပ်ဆောင်နိုင်လိမ့်မည်။ ဤသို့ဆက်လက်၍ ဖြစ်နေလျှင် လူ့အဖွဲ့အစည်းက မည်သို့ကောင်းမွန်လာနိုင်မည်နည်း။ လူတိုင်းက ဤသို့ လုပ်ဆောင်လျှင် လူသားမျိုးနွယ်က မည်သို့ကောင်းမွန်လာနိုင်မည်နည်း။ (မကောင်းမွန်နိုင်ပါ။) မသင့်လျော်သော လူမှုထုံးတမ်းဓလေ့နှင့် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းမျိုးစုံ၏ အရင်းအမြစ်သည် မိသားစုက လူတို့အပေါ် ဖြစ်ပေါ်စေသည့် ပုံစံသွင်းခြင်းမှတစ်ဆင့် လာသည်။ ဤသို့ဆိုလျှင် ဤအချက်တွင် ဘုရားသခင်က မည်သည့်အရာကို တောင်းဆိုသနည်း။ ဘုရားသခင်က လူတို့အား အသာစံရရန်၊ သာမန်မျှသာ မဖြစ်ရန်၊ မထူးခြားခြင်း မဖြစ်ရန်၊ သို့မဟုတ် သာမညောင်ညမဖြစ်ရန်၊ သို့မဟုတ် ပုံမှန်မဖြစ်ရန်၊ ဤအစား ကြီးမြတ်ရန်၊ နာမည်ကြီးရန်၊ အဆင့်မြင့်ရန် တောင်းဆိုသလော။ ဤသည်မှာ လူတို့အပေါ် ဘုရားသခင်က တောင်းဆိုသောအရာ ဟုတ်သလော။ (မဟုတ်ပါ။) “အသာစံဖို့အတွက် အနာခံရမည်” ဆိုသည့် သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် ဆိုရိုးစကားသည် သင့်အား အပြုသဘောဆောင်သော ဦးတည်ချက်သို့ မညွှန်ပြသည်မှာ အလွန်ရှင်းလင်းသည်။ ယင်းသည် သမ္မာတရားနှင့် ဆက်စပ်မှုမရှိသည်မှာလည်း ရှင်းသည်မှာ အမှန်ပင်။ သင့်အား ဒုက္ခကို ခါးစည်းခံအောင်လုပ်ရာတွင် သင့်မိသားစု၏ ရည်ရွယ်ချက်သည် လုံးဝ အပြစ်ကင်းခြင်းမရှိ။ လျှို့ဝှက်ကြံစည်မှုကို အခြေခံသည်။ အလွန်စက်ဆုပ်ဖွယ်ဖြစ်ပြီး ရိုးသားမှုမရှိပေ။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဘုရားသခင်က လူတို့အား ဒုက္ခကို ခါးစည်းခံစေသည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သန့်စင်လိုလျှင် ဒုက္ခကို ခါးစည်းခံရမည်။ ဤသည်မှာ အရှိအတိုင်းဖြစ်သော အမှန်တရားဖြစ်သည်။ ထို့အပြင် ဘုရားသခင်က လူတို့အား ဒုက္ခကို ခါးစည်းခံရန် တောင်းဆိုသည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက်က လုပ်ဆောင်သင့်သည့်အရာတစ်ခုဖြစ်သည်။ သာမန်လူတစ်ယောက်က ခံယူသင့်သည့်အရာတစ်ခုလည်း ဖြစ်ပြီး သာမန်လူတစ်ယောက်၌ ရှိသင့်သည့် သဘောထားဖြစ်သည်။ သို့ရာတွင် ဘုရားသခင်က သင့်အား အသာစံရရန် မတောင်းဆိုပေ။ သူသည် သင့်အား သမ္မာတရားကို နားလည်သော၊ သူ၏ စကားများကို နားထောင်သော၊ သူ့အား နာခံသော သာမန်၊ ပုံမှန်လူတစ်ယောက်ဖြစ်ဖို့ရန်သာ တောင်းဆိုပြီး ဤမျှသာဖြစ်သည်။ ဘုရားသခင်က သင့်အား သူ့ကို အံ့ဩသွားအောင် လုပ်ဆောင်ရန်၊ သို့မဟုတ် လက်ဖျားခါလောက်သော အရာတစ်ခုခုကို လုပ်ဆောင်ရန် မည်သည့်အခါမျှ မတောင်းဆိုသကဲ့သို့ သူသည် သင့်အား နာမည်ကျော်ကြားသူဖြစ်ရန်၊ သို့မဟုတ် ကြီးမြတ်သူဖြစ်ရန် မတောင်းဆိုပေ။ သူသည် သင့်အား သာမန်၊ ပုံမှန်ဖြစ်သော၊ စစ်မှန်သောသူတစ်ယောက်သာ ဖြစ်ရန်သာ လိုအပ်သည်။ သင်သည် ဒုက္ခမည်မျှကို ခါးစည်းခံနိုင်သည်ဖြစ်စေ၊ သင်သည် ဒုက္ခကို လုံးဝ ခံနိုင်သည်ဖြစ်စေ၊ မခံနိုင်သည်ဖြစ်စေ အဆုံး၌ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်လျှင် ဤသည်မှာ သင်ဖြစ်လာနိုင်သည့် အကောင်းဆုံးသောလူ ဖြစ်သည်။ သင့်အတွက် ဘုရားသခင် အလိုရှိသောအရာမှာ အသာစံရရန်မဟုတ်ဘဲ စစ်မှန်သော ဖန်ဆင်းခံတစ်ယောက်ဖြစ်ရန်၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်နိုင်သောသူတစ်ယောက်ဖြစ်ရန် ဖြစ်သည်။ ဤလူသည် ထူးခြားမှု မရှိသော၊ ပုံမှန်ဖြစ်သောသူဖြစ်သည်။ သာမန်လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူတစ်ယောက်ဖြစ်သည်။ မယုံကြည်သူများ၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသောလူသားများ၏ အမြင်တွင် အဆင့်မြင့်သော၊ သို့မဟုတ် ကြီးမြတ်သောသူတစ်ယောက် မဟုတ်ပေ။ ယခင်က ဤသွင်ပြင်လက္ခဏာကို ငါတို့ များစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ယခုတွင် ဤအရာကို ဆက်လက်၍ ဆွေးနွေးမည်မဟုတ်ပေ။ “အသာစံဖို့အတွက် အနာခံရမည်” ဆိုသည့် ဤဆိုရိုးစကားသည် သင်လက်လွှတ်သင့်သည့် အရာတစ်ခုဖြစ်သည်မှာ ရှင်းသည်။ သင်လက်လွှတ်သင့်သည်မှာ အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ သင့်အား လိုက်စားရန် သင့်မိသားစုက ပုံစံသွင်းပေးခဲ့သော ဦးတည်ချက်ဖြစ်သည်။ ဆိုလိုသည်မှာ သင့်လိုက်စားမှု၏ ဦးတည်ချက်ကို ပြောင်းလဲသင့်သည်။ အသာစံရဖို့အတွက်၊ လူကြားထဲတွင် ထင်ပေါ်ပြီး မှတ်သားဖွယ်ဖြစ်ရန်အတွက်၊ သို့မဟုတ် သူတစ်ပါးတို့၏ လေးစားခြင်းကို ခံရဖို့အတွက်သက်သက်ဖြင့် မည်သည့်အရာကိုမျှ မလုပ်ဆောင်လေနှင့်။ ထိုအစား သင်သည် စစ်မှန်သော ဖန်ဆင်းခံဖြစ်ဖို့ရန်အတွက် ဤရည်ရွယ်ချက်များ၊ ဦးတည်ချက်များ၊ အရင်းခံအကြောင်းများကို လက်လွှတ်သင့်ပြီး လက်တွေ့ကျသည့်ပုံစံဖြင့် အရာရာတိုင်းကို လုပ်ဆောင်သင့်သည်။ “လက်တွေ့ကျသည့်ပုံစံဖြင့်” ဆိုသည်မှာ မည်သည့်အရာကို ငါ ဆိုလိုသနည်း။ အခြေခံအကျဆုံးသော စည်းမျဉ်းမှာ ဘုရားသခင်က လူတို့အား သင်ကြားပေးခဲ့သော နည်းလမ်းများ၊ စည်းမျဉ်းများနှင့်အညီ အရာရာတိုင်းကို လုပ်ဆောင်ရန်ဖြစ်သည်။ သင်လုပ်ဆောင်သည့်အရာသည် လူတိုင်းအား အံ့ဩသွားစေခြင်းမဖြစ်၊ သို့မဟုတ် ၎င်းတို့အား အထင်ကြီးစေခြင်း မဖြစ်၊ သို့မဟုတ် တစ်ဦးတလေက ချီးမွမ်းခြင်း၊ တန်ဖိုးထားခြင်းပင် မရှိဟုဆိုပါစို့။ သို့ရာတွင် ဤသည်မှာ သင့်လုပ်ဆောင်သင့်သည့် အရာတစ်ခုဖြစ်လျှင် သင်သည် ဆက်လက်၍ မလျှော့တမ်း လုပ်ဆောင်သင့်သည်။ ဖန်ဆင်းခံတစ်ဦးက ထမ်းဆောင်သင့်သည့် တာဝန်အဖြစ် သဘောထားသင့်သည်။ ဤသို့လုပ်ဆောင်လျှင် သင်သည် ဘုရားသခင်၏ အမြင်တွင် လက်ခံဖွယ်ဖြစ်သော ဖန်ဆင်းခံတစ်ဦးဖြစ်လိမ့်မည်။ ဤမျှ ရိုးရှင်းသည်။ သင်ပြောင်းလဲဖို့ လိုအပ်သည့်အရာမှာ သင်၏ ကျင့်ကြံပြုမူမှုနှင့် ဘဝအပေါ် သင်၏ ရှုမြင်သုံးသပ်ချက်နှင့်ပတ်သက်သော သင်၏ လိုက်စားမှုဖြစ်သည်။

မိသားစုသည် သင့်အား အခြားသောနည်းလမ်းများဖြင့် ပုံစံသွင်းပြီး လွှမ်းမိုးသည်။ ဥပမာအားဖြင့် “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်” ဟူသည့် ဆိုရိုးစကားဖြင့် ဖြစ်သည်။ မိသားစုဝင်များက သင့်အား မကြာခဏ သွန်သင်ဆုံးမသည်။ “ကြင်နာမှုရှိပါ။ အခြားသူများနှင့် မငြင်းခုံနှင့်၊ သို့မဟုတ် ရန်သူဖြစ်အောင်မလုပ်နှင့်။ အဘယ့်ကြောင့်ဆိုသော် ရန်သူများစွာ ဖြစ်အောင်လုပ်လျှင် လူ့အဖွဲ့အစည်းတွင် ခြေကုပ်ရနိုင်မည်မဟုတ်ပေ။ ပြီးလျှင် မင်းကို မုန်းတီးပြီး ဒုက္ခပေးဖို့ လုပ်နေသည့်သူများစွာရှိလျှင် လူ့အဖွဲ့အစည်းတွင် မင်း လုံခြုံမှုရှိမည်မဟုတ်။ အမြဲတမ်း ခြိမ်းခြောက်ခံနေရမည်ဖြစ်ပြီး မင်း၏ ရှင်သန်ရပ်တည်မှု၊ အဆင့်အတန်း၊ မိသားစု၊ တစ်ကိုယ်ရေ လုံခြုံမှုနှင့် မင်း၏ အလုပ်ရာထူးတိုးဖို့ အလားအလာများပင်လျှင် မလိုမုန်းထားသောလူများက ထိခိုက်ခြင်းနှင့် ဟန့်တားခြင်းတို့ကို ခံရလိမ့်မည်။ သို့ဖြစ်၍ ‘သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်’ ဟူသည်ကို သင်ယူရမည်။ လူတိုင်းအပေါ် ကြင်နာပါ၊ ကောင်းသော ဆက်ဆံရေးများကို မထိခိုက်နှင့်၊ နောင်တွင် ကိုယ်က ပြန်ပြီး အပြောမခံနိုင်သည့်အရာတစ်ခုကိုမျှ မပြောနှင့်၊ လူများ၏ မာနကို ထိခိုက်ခြင်းအား ရှောင်ပါ။ ပြီးလျှင် သူတို့၏ အားနည်းချက်များကို မဖော်နှင့်။ လူများ နားမထောင်ချင်သောအရာများကို ပြောခြင်းအား ရှောင်ပါ၊ သို့မဟုတ် ရပ်ပါ။ ချီးမွမ်းစကားများသာ ပြောပါ။ အဘယ့်ကြောင့်ဆိုသော် တစ်ယောက်ယောက်ကို ချီးမွမ်းခြင်းက လုံးဝ မထိခိုက်သောကြောင့်ဖြစ်၏။ ကြီးသောအမှုကိစ္စတွင်ရော၊ ငယ်သောအမှုကိစ္စတွင်ပါ သည်းခံခြင်း၊ အလျှော့ပေးခြင်းကို ပြတတ်ဖို့ သင်ယူရမည်။ အဘယ်ကြောင့်ဆိုသော် ‘အလျှော့ပေးခြင်းသည် ပဋိပက္ခတစ်ရပ်ကို ဖြေရှင်းရန် ပို၍လွယ်ကူစေ’သောကြောင့်ဖြစ်၏” ဟူ၍ ဖြစ်သည်။ စဉ်းစားကြည့်လော့။ သင့်မိသားစုသည် သင့်အား အယူအဆနှင့် အမြင်နှစ်ခုကို တစ်ပြိုင်နက်တည်း သွတ်သွင်းသည်။ တစ်ဖက်မှကြည့်လျှင် သင်သည် သူတစ်ပါးတို့အပေါ် ကြင်နာဖို့ လိုအပ်သည်ဟု ၎င်းတို့က ဆိုသည်။ အခြားတစ်ဖက်မှ ကြည့်လျှင် ၎င်းတို့သည် သင့်အား သည်းခံဖို့၊ စကားပြောဆင်ခြင်ဖို့ လိုအပ်သည်။ သင့်တွင် ပြောစရာ တစ်စုံတစ်ခုရှိလျှင် အိမ်သို့ ပြန်ရောက်သည်အထိ သင်၏ နှုတ်ကို ပိတ်ပြီး ထို့နောက်မှ သင့်မိသားစုကို ပြောသင့်သည်။ သို့မဟုတ် ပို၍ ကောင်းသည်မှာ သင့်မိသားစုပင် လုံးဝ မပြောနှင့်။ အခြားသူများ ကြားသွားနိုင်သောကြောင့် ဖြစ်သည်။ လျှို့ဝှက်ချက်က ပေါက်ကြားသွားခဲ့လျှင် သင့်အတွက် ကောင်းမည်မဟုတ်။ တစ်နည်းအားဖြင့် သင်က တစ်ခုခုပြောသည်ဆိုသည်မှာ ပေါက်ကြားသွားသည်နှင့် သင့်အတွက် ကောင်းမည်မဟုတ်ပေ။ ဤလူ့အဖွဲ့အစည်းတွင် ခြေကုပ်ရပြီး ရှင်သန်ရပ်တည်ရန်အတွက် လူတို့သည် တစ်ခုသောအရာကို သင်ယူရမည်။ ယင်းမှာ မြွေမသေ တုတ်မကျိုး ပြုမူရန် ဖြစ်သည်။ အရပ်သုံးစကားနှင့်ပြောလျှင် သင်သည် စိတ်မချရသောသူနှင့်၊ ဉာဏ်များသောသူဖြစ်ရမည်။ သင့်စိတ်ထဲတွင်ရှိသည့်အရာကို ပြောလိုက်၍ မရပေ။ သင်သည် သင့်စိတ်တွင်ရှိသည့်အရာကို သွားပြောလျှင် မိုက်မဲသည်ဟု ခေါ်သည်။ ပါးနပ်ခြင်းဟု မခေါ်ပေ။ လူအချို့သည် ၎င်းတို့ပြောလိုသည့် မည်သည့်အရာကိုမဆို ပြောသော စကားပြော မဆင်ခြင်သူများဖြစ်သည် ဟူ၍ဖြစ်သည်။ ဤသို့လုပ်ဆောင်ပြီး သူ၏ အကြီးအကဲကို စိတ်ဆိုးအောင် လုပ်မိသွားသောသူကို မြင်ယောင်ကြည့်လော့။ ထို့နောက်တွင် အကြီးအကဲက သူ့ဘဝကို ခက်ခဲအောင်လုပ်ဆောင်သည်။ သူ့အတွက်၏ အပိုဆုကြေးငွေများကို ဖျက်သိမ်းသည်။ ပြီးလျှင် သူနှင့် စကားများဖို့ အစဉ်သဖြင့် အားထုတ်နေသည်။ အဆုံးတွင် သူသည် အလုပ်တွင် ဆက်၍မနေနိုင်တော့ပေ။ သူသည် အလုပ်မှ ထွက်လျှင် ပိုက်ဆံရှာရန်အတွက် အခြားနည်းလမ်းမရှိ။ သို့သော် သူအလုပ်မထွက်လျှင် သူမလုပ်နိုင်တော့သည့်အလုပ်ကို သည်းခံလုပ်နေဖို့သာရှိသည်။ သင်သည် အကျပ်အတည်းအခြေအနေ၌ ရောက်နေသောအခါတွင် အဘယ်သို့ ပြောသနည်း။ ခက်ခဲသောအခြေအနေတစ်ခုတွင် “ပိတ်မိ”နေခြင်းဖြစ်သည်။ ထို့နောက်တွင် သူ့မိသားစု သူ့ကို ဆူငေါက်ပြီး “မင်းက ရင့်ရင့်သီးသီး ဆက်ဆံခံရထိုက်သည်။ ‘သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခု ဖြစ်သည်’ ဟူသည်ကို မင်း သတိရခဲ့သင့်သည်။ စကားပြော မဆင်ခြင်ဘဲ စွတ်စွတ်ပြောသည့်အတွက် ခံရသည်မှာပင် နည်းသေး၏။ ကိုယ်ပြောမည့်စကားနှင့်ပတ်သက်၍ ပါးနပ်ပြီး သေချာစဉ်းစားဖို့ ငါတို့ မင်းကို ပြောခဲ့သည်။ သို့သော်လည်း မင်းကမလုပ်ချင်။ မင်းက တဲ့တိုးသွားပြောသည်။ မင်း၏ အထက်လူကြီးက ဤကဲ့သို့ လွယ်လွယ်ဖြင့် အထိခံမည်ဟု ထင်လိုက်သလော။ လူ့အဖွဲ့အစည်းတွင် ရှင်သန်ရပ်တည်ဖို့အတွက် ထိုမျှလွယ်သည်ဟု ထင်သလော။ မင်းက ရိုးရိုးတန်းတန်းပြောခြင်းသာ ဖြစ်သည်ဟု အစဉ်သဖြင့် ထင်မြင်သည်။ ကဲ ယခုအခါတွင် စိတ်ဆင်းရဲစရာ အကျိုးဆက်များကို မင်း ခံစားရမည်။ ဤအရာကို သင်ခန်းစာဖြစ်စေတော့။ နောင်တွင် ‘သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်’ ဟူသည်ကို မင်းကောင်းစွာ သတိရလိမ့်မည်” ဟူ၍ ဆိုသည်။ သူသည် ဤသင်ခန်းစာကို ရပြီးသည်နှင့် ယင်းကို အမှတ်ရပြီး “ငါ့မိဘများသည် ငါ့ကို သွန်သင်ပေးသည်မှာ တကယ် မှန်ပေသည်။ ဤသည်မှာ ထိုးထွင်အမြင်ရှိသော ဘဝအတွေ့အကြုံ အစိတ်အပိုင်း၊ တကယ့် အသိပညာရပ်တစ်ခုပင် ဖြစ်၏။ ငါဆက်ပြီး လျစ်လျူရှုနေ၍မဖြစ်။ ငါ့လူကြီးသူမများက ငါ့ကို ပြောနေသည့်အရာကို နားမထောင်လျှင် အခွင့်ကောင်းယူခြင်း ခံရဖို့ကိုသာ ငါမျှော်မှန်းထား၍ရသည်။ သို့ဖြစ်၍ နောင်တွင် ဤအရာကို ငါအမှတ်ရမည်ဖြစ်သည်” ဟူ၍ စဉ်းစားသည်။ သူသည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားအိမ်တော်သို့ ပါဝင်ပြီးနောက်တွင် “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်” ဟူသည့် ဆိုရိုးစကားကို သူ သတိရနေဆဲဖြစ်သည်။ ထို့ကြောင့် သူသည် ညီအစ်ကိုမောင်နှမများနှင့် တွေ့သည့်အခါတိုင်းတွင် ၎င်းတို့ကို နှုတ်ဆက်သည်။ ၎င်းတို့အား ကောင်းစွာပြောဆိုရန် အစွမ်းကုန် ကြိုးစားသည်။ ခေါင်းဆောင်က “ကျွန်တော်က ခေါင်းဆောင်ဖြစ်သည်မှာ အနည်းငယ်ကြာပြီ ဖြစ်သော်လည်း အလုပ်အတွေ့အကြုံ ကောင်းကောင်းမရှိသေးပါ” ဟူ၍ ဆိုသည်။ ထို့ကြောင့် သူက “အစ်ကိုက အလုပ်လုပ်သည်မှာ အလွန်ကောင်းပေသည်။ အစ်ကို ကျွန်တော်တို့ကို ဦးမဆောင်ခဲ့လျှင် ကျွန်တော်တို့ မည်သူ့ထံမှ ထောက်ကူလမ်းပြမှု ယူရမည်ကို သိခဲ့မည်မဟုတ်ဟု ခံစားမိသည်” ဟူ၍ ချီးမွမ်းလျက် ရုတ်တရက် ဝင်ပြောသည်။ အခြားတစ်ယောက်က “ကျွန်တော် ကိုယ့်ကိုယ်ကိုယ် နားလည်သွားပြီဖြစ်သည်။ ကျွန်တော်က တော်တော် လှည့်စားတတ်သည်ဟု ထင်သည်” ဟုဆိုသည်။ ထို့ကြောင့် သူက “အစ်ကိုက မလှည့်စားတတ်ပါ၊ တကယ်ရိုးသားပါသည်။ လှည့်စားတတ်သည်မှာ ကျွန်တော်သာ ဖြစ်ပါသည်” ဟူ၍ ပြန်ပြောသည်။ အခြားတစ်ယောက်က သူ့အား မနှစ်မြို့ဖွယ်မှတ်ချက်ပေးပြီး သူက “ဤကဲ့သို့ မနှစ်မြို့ဖွယ် မှတ်ချက်များကို ကြောက်ဖို့မလိုပါ။ ဤအရာထက် ငါ များစွာပို၍ သည်းခံနိုင်သည်။ မင်းမှတ်ချက်များက မည်မျှပင် မနှစ်မြို့ဖွယ်ကောင်းပါစေ ဤမှတ်ချက်များကို မကြားချင်ယောင်သာ ဟန်ဆောင်လိုက်မည်။ ငါ မင်းကို ဆက်ပြီး ချီးမွမ်းမည်။ မင်းကို မျက်နှာလိုမျက်နှာရလုပ်ဖို့ ငါ အကောင်းဆုံး ကြိုးစားမည်။ အဘယ်ကြောင့်ဆိုသော် မင်းကို ချီးမွမ်းရသည်မှာ လုံးဝ မထိခိုက်၍ဖြစ်သည်” ဟူ၍ သူ့ဘာသာ တွေးသည်။ မိတ်သဟာယအတွင်းတွင် တစ်စုံတစ်ယောက်က သူ့အား သူ့ထင်မြင်ချက်ကို ပေးရန်၊ သို့မဟုတ် ဖွင့်ဟရန် တောင်းဆိုသောအခါတိုင်းတွင် သူသည် ပွင့်လင်းစွာ မပြောဘဲ လူတိုင်း၏ ရှေ့တွင် ဤပျော်ရွှင်သော၊ ရွှင်မြူးသော ဟန်ပန်ကို ထိန်းသိမ်းထားသည်။ တစ်စုံတစ်ယောက်က သူ့အား “ခင်ဗျားက မည်သို့များ အမြဲပျော်ပြီး ရွှင်မြူးနေရသနည်း။ ခင်ဗျားက တကယ်ကို ပြုံးပြနေသည့် ကျားတစ်ကောင်လော” ဟူ၍ မေးသည်။ ပြီးလျှင် သူက “ငါက ပြုံးပြနေသည့် ကျားတစ်ကောင်ဖြစ်သည်မှာ နှစ်ချီနေပြီ။ ထိုအချိန်တစ်လျှောက်လုံးတွင် ငါ အခွင့်ကောင်းယူခြင်းကို မခံခဲ့ရသောကြောင့် ဤသည်မှာ ကမ္ဘာလောကကို ကိုင်တွယ်ဖို့အတွက် ငါ၏ အဓိကကျသည့် စည်းမျဉ်းဖြစ်လာခဲ့ပြီ” ဟူ၍ မိမိဘာသာ တွေးသည်။ သူသည် နင်းမရအောင်ချောသော ကျောက်တုံးကဲ့သို့ မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့သည် လူ့အဖွဲ့အစည်းတွင် နှစ်များစွာကြာ ဤသို့ မျောပါနေခဲ့ပြီး ဘုရားအိမ်တော်သို့ ၎င်းတို့ ရောက်လာသောအခါ ဤသို့ ဆက်လက်လုပ်ဆောင်သည်။ ၎င်းတို့သည် ရိုးသားသောစကားတစ်ခွန်းကိုမျှ မပြော။ စိတ်နှလုံးထဲမှ လုံးဝ စကားမပြော။ ပြီးလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို နားလည်မှုအကြောင်းကို လုံးဝ မပြောပေ။ ညီအစ်ကိုမောင်နှမတစ်ယောက်က သူ၏ စိတ်နှလုံးကို ၎င်းတို့ထံ ချပြလျှင်ပင် ၎င်းတို့က ပွင့်လင်းစွာ မပြောပေ။ ပြီးလျှင် ၎င်းတို့၏ စိတ်ထဲတွင် အမှန်တကယ်၌ မည်သို့ရှိနေသည်ကို မည်သူကမျှ အဖြေမရှာနိုင်ပေ။ ၎င်းတို့သည် ၎င်းတို့ထင်မြင်သည့်အရာ၊ သို့မဟုတ် ၎င်းတို့အမြင်များက မည်သို့ရှိသည်ကို လုံးဝ ဖွင့်မပြပေ။ ပြီးလျှင် ၎င်းတို့သည် လူတိုင်းနှင့် အလွန်ကောင်းသည့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ ၎င်းတို့က အမှန်တကယ်တွင် မည်သည့်လူမျိုးကို၊ သို့မဟုတ် မည်သည့်ပင်ကိုစရိုက်မျိုးကို နှစ်သက်သည်၊ သို့မဟုတ် ၎င်းတို့က သူတစ်ပါးတို့အပေါ် အဘယ်သို့ အမှန်တကယ် ထင်မြင်သည်ကို သင်မသိပေ။ တစ်စုံတစ်ယောက်က ၎င်းတို့အား ဤသူသည် အဘယ်သို့သောသူမျိုးဖြစ်သနည်းဟု မေးသောအခါတွင် ၎င်းတို့က “သူက ယုံကြည်သူဖြစ်သည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်သည်။ သူက ကောင်းပါသည်”ဟု ဖြေသည်။ ၎င်းတို့အား မည်သူ့အကြောင်းကို မေးသည်ဖြစ်စေ ၎င်းတို့က ထိုသူသည် ကောင်းသည်၊ သို့မဟုတ် အတော်ပင် ကောင်းသည်ဟု ပြန်ဖြေလိမ့်မည်။ တစ်စုံတစ်ယောက်က ၎င်းတို့အား “သူ့ထံတွင် အမှား၊ သို့မဟုတ် အားနည်းချက်တစ်ခုခုကို ရှာတွေ့သလော”ဟု မေးလျှင် ၎င်းတို့က “ယခုထိမူ မည်သည့်အမှားမျှ မတွေ့သေးပါ။ နောင်တွင် ပိုပြီးသေချာကြည့်ကြည့်ပါမည်” ဟူ၍ ပြန်ဖြေသည်။ သို့သော် ၎င်းတို့သည် စိတ်အတွင်းထဲတွင် “ခင်ဗျားက ထိုလူကို စိတ်ဆိုးအောင်လုပ်ဖို့ ငါ့ကို ပြောနေခြင်းဖြစ်သည်။ ဤသည်ကို ကျွန်တော် လုံးဝ သေချာပေါက် လုပ်မည်မဟုတ်။ ငါက မင်းကို အမှန်အတိုင်းပြောလိုက်ပြီး သူက သိသွားလျှင် သူက ငါ့ရန်သူဖြစ်သွားမည် မဟုတ်လော။ ငါ့မိသားစုက ငါ့ကို ရန်သူရအောင် မလုပ်မိဖို့ ပြောနေသည်မှာ ကြာပြီဖြစ်သည်။ သူတို့စကားများကို ငါမမေ့သေး။ ငါက တုံးအနေသည်ဟုများ မင်းထင်သလော။ မင်းက သမ္မာတရားစာကြောင်းနှစ်ကြောင်းကို မိတ်သဟာယ ပြုပြီးရုံဖြင့် ငါ့မိသားစုထံမှ ငါရခဲ့သည့် ပညာရေးနှင့် ပုံစံသွင်းခြင်းများကို ငါမေ့မည်ဟုများ ထင်လေသလော။ ဤသို့ ဖြစ်မည်မဟုတ်ပါ။ ‘သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်’၊ ‘အလျှော့ပေးခြင်းသည် ပဋိပက္ခတစ်ရပ်ကို ဖြေရှင်းရန် ပို၍လွယ်ကူစေ၏’ ဟူသည့် ဤဆိုရိုးစကားများက ငါ့ကို ယခုတိုင် လုံးဝ စိတ်မပျက်စေသေးပါ။ ဤအရာများက ငါ၏ အဆောင်များသာဖြစ်သည်။ ငါက မည်သူ့အားနည်းချက်များကိုမျှ မပြောပါ။ တစ်ယောက်ယောက်က ငါ့ကို လာဆွလျှင် ငါက သည်းခံခြင်းကို ပြလိုက်သည်။ ငါ့နဖူးမှာ တံဆိပ်ခတ်ထားသည့် စာကို မင်း မမြင်သလော။ ဤအရာက ‘သည်းခံခြင်း’ဟူသည့် တရုတ်စာလုံးဖြစ်၏။ ဤစာတွင် နှလုံး၏အထက်က ဓါးတစ်ချောင်းပုံစံ စာလုံးပါသည်။ မနှစ်မြို့ဖွယ် မှတ်ချက်များကို မည်သူကပင် ပြောပါစေ ငါက သည်းခံခြင်းကို ပြလိုက်သည်။ ငါ့ကို မည်သူက ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ပါစေ ငါက သည်းခံခြင်းကို ပြလိုက်သည်။ ငါ၏ ရည်ရွယ်ချက်က လူတိုင်းနှင့် ကောင်းစွာသင့်မြတ်ဖို့သာဖြစ်သည်။ ဤအဆင့်တွင် ဆက်ဆံရေးကို ထိန်းထားဖို့သာဖြစ်သည်။ စည်းမျဉ်းများကို စွဲကိုင်မထားနှင့်။ အလွန်မတုံးအနှင့်။ မတင်းကျပ်နှင့်။ အခြေအနေအရ အလျှော့ပေးတတ်ဖို့ သင်ယူရမည်။ လိပ်များက အချိန်အကြာကြီး အသက်ရှင်သည်မှာ အဘယ်ကြောင့်ဟု ထင်သနည်း။ အခြေအနေမကောင်းသည့်အချိန်တိုင်းတွင် သူတို့၏ အခွံထဲမှာ ပုန်းနေသောကြောင့် ဖြစ်သည် မဟုတ်လော။ ဤသို့ဖြင့် သူတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပြီး နှစ်ထောင်ချီပြီး အသက်ရှင်နိုင်ကြသည်။ ဤအရာက အသက်ရှည်ရှည်နေဖို့ နည်းလမ်းဖြစ်ပြီး ကမ္ဘာကြီးကို ကိုင်တွယ်သည့်နည်းလမ်းလည်းဖြစ်သည်” ဟု တွေးသည်။ ဤသို့သောသူများက မှန်ကန်သော၊ သို့မဟုတ် စစ်မှန်သော အရာတစ်ခုခုအား ပြောဆိုသည်ကို သင်မကြားရပေ။ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းအတွက် ၎င်းတို့၏ တကယ့်အမြင်ရှုထောင့်နှင့် အခြေခံစည်းမျဉ်းကို မည်သည့်အခါမျှ ထုတ်ဖော်မပြပေ။ ၎င်းတို့သည် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင်သာ ချင့်ချိန်၍ စဉ်းစားပြီး အခြားမည်သူကမျှ ၎င်းတို့အကြောင်းကို မသိပေ။ ဤသို့သောသူမျိုးသည် အပြင်ပန်းတွင် လူတိုင်းအပေါ် ကြင်နာသည်။ သဘောကောင်းသည့် ပုံစံရှိသည်။ မည်သူ့ကိုမျှ မထိခိုက်ပေ၊ သို့မဟုတ် နာကျင်အောင် မလုပ်ပေ။ စင်စစ်အားဖြင့် သူသည် အမှန်တကယ်ကို မြွေမသေ တုတ်မကျိုး ပြုမူသူဖြစ်ပြီး နင်းမရအောင်ချောသော ကျောက်တုံးဖြစ်သည်။ ဤသို့သောသူမျိုးသည် အသင်းတော်၌ လူအချို့က နှစ်သက်ခြင်းကို အစဉ်ခံရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မည်သည့်အခါမျှ ကြီးမားသောအမှားများကို မပြုလုပ်။ မိမိအကြောင်းကို မည်သည့်အခါမျှ မထုတ်ဖော်ပေ။ ပြီးလျှင် အသင်းတော်ခေါင်းဆောင်များ၊ ညီအစ်ကိုမောင်နှမများ၏ အကဲဖြတ်ချက်မှာ သူသည် လူတိုင်းနှင့် သင့်မြတ်သည်သာဖြစ်သည်။ သူသည် သူ၏ တာဝန်နှင့်ပတ်သက်ပြီး စိတ်ထက်သန်မှုမရှိ။ စေခိုင်းသည့်အရာကိုသာ လုပ်ဆောင်သည်။ သူသည် အထူးပင် နာခံပြီး ကောင်းစွာ ပြုမူသည်။ အပြန်အလှန်စကားပြောဆိုရာ၌၊ သို့မဟုတ် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရာ၌ သူတစ်ပါးတို့ကို မည်သည့်အခါမျှ မထိခိုက်ပေ။ သူသည် မည်သူအပေါ်မျှ မျှတမှုမရှိသော အခွင့်ကောင်းယူမှုကို လုံးဝ မပြုလုပ်ပေ။ အခြားလူများ၏ မကောင်းကြောင်းကို လုံးဝ မပြောပေ။ လူတို့အား ၎င်းတို့၏ နောက်ကွယ်တွင် ဝေဖန်ခြင်းကို လုံးဝ မပြုလုပ်ပေ။ သို့ရာတွင် သူသည် သူ၏တာဝန်ကို ထမ်းဆောင်ရာ၌ ရိုးသားစစ်မှန်ခြင်း ရှိမရှိဆိုသည်ကို မည်သူမျှမသိ။ သူသည် အခြားလူများအပေါ် အဘယ်သို့ ထင်မြင်သည်၊ သို့မဟုတ် မည်သည့်ထင်မြင်ချက် ရှိသည်ဆိုသည်ကို မည်သူကမျှ မသိ။ အသေအချာ တွေးကြည့်ပြီးနောက်တွင် ဤသို့သောသူမျိုးသည် အမှန်ပင် အနည်းငယ်ထူးဆန်းပြီး နားလည်သဘောပေါက်ရန် ခက်ခဲသည်။ ထိုသူကို ဆက်လက်ထားရှိခြင်းသည် ပြဿနာကို ဖြစ်စေနိုင်သည်ဟုပင် သင်ခံစားရသည်။ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဆုံးဖြတ်ရန် ခက်သောအရာတစ်ခု မဟုတ်လော။ ထိုသူသည် သူ၏တာဝန်ကို ထမ်းဆောင်နေသောအခါ၌ သူ၏ ပုံမှန်လုပ်ဆောင်နေကျ အလုပ်ကို လုပ်ဆောင်သည်ကို သင်မြင်နိုင်သည်။ သို့သော် ဘုရားအိမ်တော်က သူ့အား အသိပေးခဲ့သော စည်းမျဉ်းများကို လုံးဝ ဂရုမစိုက်ပေ။ အမှုအရာများကို သူနှစ်သက်သလိုလုပ်ဆောင်သည်။ ဝတ်ကျေတမ်းကျေလုပ်ဆောင်ပြီး ဤအတိုင်းသာ ထားလိုက်သည်။ ကြီးမားသော အမှားများ မလုပ်မိရန်သာ ရှောင်ကြဉ်ဖို့ ကြိုးစားသည်။ ထို့ကြောင့် သင်သည် ထိုသူအား မည်သည့်အမှားမျှ ရှာမရပေ၊ သို့မဟုတ် မည်သည့်အားနည်းချက်မျှ မဖော်ထုတ်နိုင်ပေ။ သူသည် အမှုအရာများကို အမှားကင်းစွာ လုပ်ဆောင်သည်။ သို့သော် သူသည် စိတ်အတွင်းတွင် မည်သည့်အရာကို တွေးနေသနည်း။ သူ၏ တာဝန်ကို ထမ်းဆောင်လိုသလော။ အသင်းတော် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၊ သို့မဟုတ် အသင်းတော်ခေါင်းဆောင်၊ သို့မဟုတ် ၎င်းတို့ညီအစ်ကိုမောင်နှမများ၏ ကြီးကြပ်မှုတို့ မရှိလျှင် ဤသူသည် ကောက်ကျစ်ဆိုးယုတ်သောသူများနှင့် ပေါင်းသင်းကောင်း ပေါင်းသင်းနိုင်သလော။ သူသည် ကောက်ကျစ်ဆိုးယုတ်သောသူများနှင့် အတူတကွ မကောင်းသောအရာများကို လုပ်ဆောင်ပြီး မကောင်းမှုကို ကျူးလွန်နိုင်သလော။ ဤသည်မှာ အလွန်ပင် ဖြစ်နိုင်ခြေရှိသည်။ သူသည် ဤသို့ လုပ်ဆောင်နိုင်စွမ်း ရှိသော်လည်း မလုပ်ရသေးပေ။ ဤကဲ့သို့သောသူမျိုးသည် ဒုက္ခအပေးတတ်ဆုံး အမျိုးအစားဖြစ်သည်။ သူသည် နင်းမရအောင်ချောသော ကျောက်တုံးစစ်စစ်၊ သို့မဟုတ် မရိုးသော မြေခွေးအိုစစ်စစ်ဖြစ်သည်။ သူသည် မည်သူ့ကိုမဆို အာဃာတမထားပေ။ တစ်စုံတစ်ယောက်က ထိုသူအား ထိခိုက်ရန်အတွက် တစ်စုံတစ်ခုကို ပြောလျှင် သို့မဟုတ် သူ၏ ဂုဏ်ကို ထိပါးသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ဖွင့်ပြလျှင် သူသည် မည်သို့ တွေးသနည်း။ “ငါ သည်းခံခြင်းကို ပြမည်။ ငါ မင်းကို မှတ်ထားမည်မဟုတ်။ သို့သော် မင်းက ကိုယ့်ကိုယ်ကိုယ် အရူးလုပ်သည့်နေ့တစ်နေ့ ရောက်လာလိမ့်မည်” ဟူ၍ ဖြစ်သည်။ ထိုသူက အမှန်ပင် ကိုင်တွယ်ဖြေရှင်းခံရသောအခါ၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်သောအခါ သူသည် တိတ်တဆိတ် လှောင်ရယ်သည်။ သူသည် အခြားလူများ၊ ခေါင်းဆောင်များနှင့် ဘုရားအိမ်တော်ကို လိုလိုလားလားဖြင့် လှောင်ပြောင်သည်။ သို့သော် မိမိကိုယ်ကို လှောင်ပြောင်ခြင်းမရှိ။ သူသည် မိမိကိုယ်၌ကိုက မည်သည့်ပြဿနာများ၊ သို့မဟုတ် အားနည်းချက်များရှိသည်ကို မသိခြင်းသာဖြစ်သည်။ ဤသို့သောလူတို့သည် သူတစ်ပါးတို့အား ထိခိုက်နိုင်သည့် မည်သည့်အရာကိုမဆို၊ သို့မဟုတ် ၎င်းတို့အား ခွဲခြားသိမြင်နိုင်စေသည့် မည်သည့်အရာကိုမဆို မိမိတို့၏ စိတ်နှလုံးတွင် တွေးကြသော်လည်း ယင်းတို့ကို ထုတ်ဖော်မပြမိရန် ဂရုစိုက်ကြသည်။ သူတစ်ပါးတို့အား တွေဝေထိုင်းမှိုင်းစေသော၊ သို့မဟုတ် လှည့်စားသော အရာများနှင့်ပတ်သက်လျှင်မူ ၎င်းတို့က ထိုအရာများကို လွတ်လပ်စွာ ဖော်ပြပြီး လူတို့အား မြင်စေသည်။ ဤသို့သောသူတို့သည် မသိမသာဖြင့် ဒုက္ခအပေးဆုံးဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းရန် အခက်ခဲဆုံးဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားအိမ်တော်က ဤသို့သောလူတို့အပေါ် မည်သည့်သဘောထားရှိသနည်း။ ၎င်းတို့ကို အသုံးပြု၍ရလျှင် အသုံးပြုလော့။ အသုံးပြု၍မရလျှင် ရှင်းလင်းပစ်လော့။ ဤသည်မှာ စည်းမျဉ်းဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဤသို့သောသူတို့သည် သမ္မာတရားကို မလိုက်စားဖို့ ကံပါလာသည်။ ၎င်းတို့သည် အမှုအရာများက လွဲမှားသောအခါ၌ ဘုရားအိမ်တော်၊ ညီအစ်ကိုမောင်နှမများနှင့် ခေါင်းဆောင်များကို လှောင်ပြောင်သော မယုံကြည်သူများဖြစ်သည်။ မည်သည့်အခန်းကဏ္ဍတွင် ၎င်းတို့ ပါဝင်သနည်း။ စာတန်နှင့် နတ်ဆိုးများ၏ အခန်းကဏ္ဍဖြစ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့က ညီအစ်ကိုမောင်နှမများအပေါ် ၎င်းတို့၏ စိတ်ရှည်မှုကို ပြသောအခါ စစ်မှန်သော သည်းခံခြင်းမပါဝင်သကဲ့သို့ စစ်မှန်သော ချစ်ခြင်းလည်း မပါဝင်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ရန်၊ ရန်သူတစ်ဦးတလေကို လက်ယပ်ခေါ်ခြင်း၊ သို့မဟုတ် ၎င်းတို့၏ လမ်းကို အန္တရာယ်ရှိစေခြင်းမှ ရှောင်ကြဉ်ရန် ဤသို့ လုပ်ဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန်အတွက် သူတို့အပေါ် သည်းခံခြင်း မဟုတ်သကဲ့သို့ ချစ်ခြင်းကြောင့် လုပ်ဆောင်ခြင်းလည်းမဟုတ်ပေ။ ပြီးလျှင် ၎င်းတို့သည် ဤသို့ လုပ်ဆောင်ခြင်းမှာ သမ္မာတရားကို လိုက်စားနေခြင်းကြောင့်၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်နေခြင်းကြောင့် ပို၍ပင် မဟုတ်ပေ။ ၎င်းတို့၏ သဘောထားမှာ ယောင်ချာချာနေပြီး သူတစ်ပါးတို့ကို လှည့်စားခြင်းအပေါ် ဗဟိုပြုသည့် သဘောထားသက်သက်ဖြစ်သည်။ ဤသို့သောလူတို့သည် မြွေမသေ တုတ်မကျိုး ပြုမူသူများနှင့် နင်းမရအောင်ချောသော ကျောက်တုံးများဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မနှစ်သက်သကဲ့သို့ လိုက်စားခြင်းလည်းမရှိပေ။ ထိုအစား ၎င်းတို့က ယောင်ချာချာနေခြင်းသာ လုပ်ဆောင်သည်။ ဤသို့သောလူတို့က ၎င်းတို့မိသားစုထံမှ ရရှိသည့် ပုံစံသွင်းမှုသည် ၎င်းတို့၏ ကျင့်ကြံပြုမူပြီး အမှုအရာများအား ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများကို ကြီးစွာ ထိခိုက်သည်မှာ ရှင်းသည်။ ကမ္ဘာလောကကို ကိုင်တွယ်သည့် ဤနည်းလမ်းများ၊ စည်းမျဉ်းများသည် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရနှင့် ခွဲခြား၍မရနိုင်ဟု ဆိုရမည်မှာ အမှန်ပင်ဖြစ်သည်။ ထို့အပြင် ၎င်းတို့မိသားစုထံမှ ပုံစံသွင်းသည့် သက်ရောက်မှုများသည် ၎င်းတို့၏ ပြုမူလုပ်ဆောင်မှုများကို ပို၍ပင် သိသာစေရန်နှင့် ခိုင်မာစေရန်၊ ပြီးလျှင် ၎င်းတို့၏ သဘာဝကို ပို၍ပင် ပြည့်စုံစွာ ထုတ်ဖော်ပြရန်သာ အသုံးကျလေသည်။ ထို့ကြောင့် အမှန်၊ အမှားနှင့်သက်ဆိုင်သော အခြေခံအကျဆုံး ပြဿနာများကို လည်းကောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် သက်ဆိုင်သော အမှုကိစ္စများကိုလည်းကောင်း ရင်ဆိုင်ရသောအခါတွင် ဤသို့သောသူတို့သည် သင့်လျော်သော ရွေးချယ်မှုအချို့ကို ပြုလုပ်နိုင်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိန်းသိမ်းရန်၊ ၎င်းတို့၏ ပြစ်မှားမှုများကို လျှော့ချရန်၊ ဘုရားရှေ့တွင် ၎င်းတို့၏ မကောင်းမှုကို လျော့နည်းစေရန် “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခုဖြစ်သည်၊ သည်းခံစိတ်ရှည်ခြင်းက အကျင့်ကောင်းတစ်ခုဖြစ်သည်” ဟူသကဲ့သို့သော ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့ထားရှိသည့် လောကကို ကိုင်တွယ်ခြင်းအတွက် အတွေးအခေါ်များကို လက်လွှတ်နိုင်လျှင် ၎င်းတို့ကို အဘယ်သို့ အကျိုးဖြစ်စေမည်နည်း။ အနည်းဆုံးအနေဖြင့် ဘုရားသခင်က လူတစ်ဦးချင်းစီ၏ ရလဒ်ကို အဆုံးအဖြတ်ပေးသည့် အနာဂတ်အချိန်တွင် ယင်းသည် ၎င်းတို့၏ အပြစ်ဒဏ်ကို လျော့ပါးစေပြီး ၎င်းတို့အပေါ် ဘုရားသခင်၏ ဆုံးမခြင်းကို လျော့နည်းစေလိမ့်မည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ဤသို့သောလူတို့သည် ဆုံးရှုံးစရာ မည်သည့်အရာမျှမရှိဘဲ ရစရာများသာရှိသည် မဟုတ်လော။ ၎င်းတို့ကို လောကအား ကိုင်တွယ်ခြင်းအတွက် ၎င်းတို့၏ အတွေးအခေါ်များအား လုံးဝ လက်လွှတ်ခိုင်းလျှင် ၎င်းတို့အတွက် လွယ်ကူမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းတို့တွင် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရပါဝင်သောကြောင့်ဖြစ်ပြီး ဤနင်းမရအောင်ချောသော ကျောက်တုံးများနှင့် မြွေမသေတုတ်မကျိုး ပြုမူသူများသည် သမ္မာတရားကို လုံးဝ လက်မခံသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ မိသားစုများက ၎င်းတို့အပေါ် ပုံစံသွင်းပေးခဲ့သော ဆိုးယုတ်သော အတွေးအခေါ်များကို လက်လွှတ်ရန်မှာ ၎င်းတို့အတွက် အလွန်ရိုးရှင်းလွယ်ကူခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မိသားစုများထံမှ ဤပုံစံသွင်းသည့် သက်ရောက်မှုများကို ဘေးဖယ်ထားလျှင်ပင် ၎င်းတို့ကိုယ်တိုင်က ဆိုးယုတ်သော အတွေးအခေါ်များကို စွဲစွဲလမ်းလမ်း ယုံကြည်သူများ ဖြစ်သောကြောင့်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် လောကကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်သော ဤနည်းကို နှစ်သက်ကြသည်။ ဤသည်မှာ အလွန် ပုဂ္ဂိုလ်ရေးဆန်သော၊ တစ်ဖက်သတ်ဖြစ်သော နည်းဖြစ်သည်။ သို့သော် ဤသို့သောသူများက ပါးနပ်လျှင်၊ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများ ခြိမ်းခြောက်ခံရခြင်း၊ သို့မဟုတ် ထိခိုက်ခြင်းမရှိသရွေ့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သင့်လျော်စွာ ခုခံကာကွယ်ရန်အတွက် ဤကျင့်သုံးမှုအချို့ကို လက်လွှတ်လျှင် ဤသည်မှာ အမှန်တကယ်ပင် ၎င်းတို့အတွက် ကောင်းသောအရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အနည်းဆုံးအနေဖြင့် ယင်းက ၎င်းတို့၏ အပြစ်ကို လျော့ပါးစေနိုင်သည်။ ၎င်းတို့အပေါ် ဘုရားသခင်၏ ဆုံးမခြင်းကို လျော့နည်းစေနိုင်သည်။ ဘုရားသခင်က ၎င်းတို့ကို ဆုံးမခြင်းအစား ဆုချီးမြှင့်ပြီး အောက်မေ့အမှတ်ရစေရန်အတွက်ပင် အခြေအနေကို ပြောင်းလဲနိုင်သည်။ မည်မျှကောင်းလိုက်လေခြင်း။ ယင်းသည် ကောင်းသောအရာတစ်ခု ဖြစ်မည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဏ္ဍအပေါ် ငါတို့၏ မိတ်သဟာယကို ဤတွင် အဆုံးသတ်သည်။

သင့်မိသားစုက သင့်အား အခြားမည်သို့ ပုံစံသွင်းသေးသနည်း။ ဥပမာ သင့်မိဘများက သင့်အား မကြာခဏပြောသည်။ “မင်းက နှုတ်ဖွာပြီး မစဉ်းမစား ပြောလျှင် အနှေးနှင့်အမြန် မင်း ဒုက္ခရောက်မည်ဖြစ်သည်။ ‘စကားများပါက အမှားများတတ်သည်’ ဆိုသည်ကို သတိရရမည်။ ဤအရာက ဘာကိုဆိုလိုသနည်း။ မင်း စကားများများပြောလျှင် အဆုံးတွင် သေချာပေါက် အမှားပါသွားလိမ့်မည်ဟု ဆိုလိုသည်။ မည်သည့်အချိန်အခါပင် ဖြစ်ပါစေ မစဉ်းမစား မပြောနှင့်။ တစ်ခုခုကို မပြောမီတွင် အခြားလူတိုင်းက မည်သည့်အရာပြောသည်ကို ဦးစွာကြည့်ပါ။ လူအများစု လုပ်သည့်အတိုင်း လိုက်လုပ်လျှင် မည်သည့်အရာမျှ ဖြစ်မည်မဟုတ်ပါ။ သို့သော် မင်းက အမြဲတမ်း ထင်ပေါ်ဖို့ ကြိုးစားလျှင်၊ မင်းခေါင်းဆောင်၊ အကြီးအကဲ၊ သို့မဟုတ် မင်းနားမှ လူတိုင်းက စဉ်းစားနေသည့်အရာကို မသိဘဲ ဆက်တိုက် မစဉ်းမစားပြောပြီး မင်းအမြင်ကို ဖော်ထုတ်နေကာ ဖြစ်ချင်တော့ မင်း၏ ခေါင်းဆောင်၊ သို့မဟုတ် အကြီးအကဲက စဉ်းစားပုံမတူလျှင် သူတို့က မင်းကို အခက်အခဲဖြစ်အောင် လုပ်လိမ့်မည်။ ဤသည်မှ အဘယ်ကောင်းကျိုးရှိနိုင်သနည်း။ ဦးနှောက် မရှိသည့်ကလေး၊ နောင်တွင် ဂရုစိုက်ရမည်။ စကားများပါက အမှားများတတ်သည် ဟူ၍ဖြစ်သည်။ ဤအရာကိုသာ သတိရပါ၊ မစဉ်းမစားမပြောနှင့်။ ပါးစပ်ဟူသည် စားဖို့၊ လေရှူဖို့၊ ကိုယ့်အထက်လူကြီးများကို လေချိုသွေးဖို့၊ ပြီးလျှင် အခြားသူများ စိတ်ကျေနပ်အောင် ကြိုးစားဖို့ဖြစ်သည်။ အမှန်အတိုင်း ပြောဖို့မဟုတ်ပါ။ မင်းစကားများကို ဉာဏ်ရှိရှိနှင့် ရွေးချယ်ရမည်။ နည်းလမ်းများ၊ လှည့်ကွက်များကို အသုံးချရမည်။ ကိုယ့်ဦးနှောက်ကို အသုံးပြုရမည်။ ပါးစပ်မှ စကားများ မထွက်မီ မြိုချလိုက်ပါ။ ပြီးလျှင် ယင်းတို့ကို ပြောရန် အချိန်ကျသည်အထိ စောင့်ဆိုင်းရင်း ကိုယ့်စိတ်ထဲတွင် အထပ်ထပ်အခါခါ အပြန်အလှန်စဉ်းစားပါ။ ကိုယ်တကယ်ပြောသည့်အရာက အခြေအနေအပေါ်လည်း မူတည်သင့်သည်။ ကိုယ့်ထင်မြင်ချက်ကို စပြောပြပြီး လူများက ကောင်းကောင်း သဘောမထားလျှင်၊ သို့မဟုတ် သူတို့၏တုံ့ပြန်ချက်က သိပ်မကောင်းလျှင် ချက်ချင်းရပ်လိုက်ပြီး ဆက်မပြောမီ လူတိုင်းပျော်အောင် ထားနိုင်သည့်နည်းဖြင့် မည်သို့ပြောရမည်ကို စဉ်းစားပါ။ တော်သည့်ကလေးက ဤကဲ့သို့သာ လုပ်ဆောင်မည်ဖြစ်သည်။ ဤကဲ့သို့သာ လုပ်ဆောင်လျှင် မင်းက ပြဿနာတက်မည်မဟုတ်ဘဲ လူတိုင်းက မင်းကို ခင်လိမ့်မည်။ လူတိုင်းက ခင်လျှင် မင်းအတွက် ကောင်းမည် မဟုတ်သလော။ နောင်တွင် မင်းအတွက် ပိုပြီး အခွင့်အရေးများ ရှိမည်မဟုတ်လော” ဟူ၍ ဖြစ်သည်။ သင့်မိသားစုက သင့်အား သင့်စိတ်တွင်ရှိသော အရာရာတိုင်းကို ဖွင့်ချဖို့အတွက် ပုံစံသွင်းရန်ဝေးစွ၊ ကောင်းသော ဂုဏ်သတင်းကို ရယူရန် နည်းလမ်း၊ အသာစံရရန် နည်းလမ်း၊ သူတစ်ပါးတို့ကြားတွင် တည်ငြိမ်သော ခြေကုပ်ကို တည်ထောင်ရန် နည်းလမ်းတို့ကိုသာမကဘဲ အပြင်ပန်း အသွင်အပြင်ဖြင့် သူတစ်ပါးတို့ကို လှည့်စားပြီး အမှန်အတိုင်းမပြောရန် နည်းလမ်းတို့ကိုပါ ပြောပြခြင်းအားဖြင့် ပုံစံသွင်းသည်။ အမှန်အတိုင်းပြောပြီးနောက် ဝမ်းနည်းပူဆွေးရသောသူအချို့သည် ၎င်းတို့မိသားစုက “စကားများပါက အမှားများတတ်သည်” ဆိုသည့် ဆိုရိုးစကားအား ၎င်းတို့ကို ပြောပြသည်ကို အမှတ်ရပြီး သင်ခန်းစာယူသည်။ ထို့နောက်တွင် ၎င်းတို့သည် ဤဆိုရိုးစကားကို ပိုပို၍ လက်တွေ့လုပ်ဆောင်လိုစိတ်ရှိလာပြီး ၎င်းတို့၏ ဆောင်ပုဒ်ဖြစ် ပြောင်းလဲကြသည်။ အခြားသောလူများက ဝမ်းနည်းပူဆွေးခြင်း မရှိသော်လည်း ဤအချက်တွင် ၎င်းတို့မိသားစု၏ ပုံစံသွင်းခြင်းကို အလေးအနက် လက်ခံကြပြီး အချိန်အခါက မည်သို့ရှိသည်ဖြစ်စေ ဤဆိုရိုးစကားကို အဆက်မပြတ် လက်တွေ့လုပ်ဆောင်ကြသည်။ ၎င်းတို့က လက်တွေ့လုပ်ဆောင်လေလေ “ငါ့မိဘများနှင့် အဘိုး၊ အဘွားများက ငါ့အပေါ် အရမ်းကောင်းသည်။ သူတို့အားလုံးက ငါ့အပေါ် ရိုးသားကြပြီး ငါ့ကို အကောင်းဆုံး ဖြစ်စေချင်ကြသည်။ ‘စကားများပါက အမှားများတတ်သည်’ဆိုသည့် ဤဆိုရိုးစကားကို သူတို့ ငါ့ကိုပြောပြသည်မှာ ငါတော်တော်ကံကောင်းသည်။ မဟုတ်လျှင် ငါက နှုတ်ဖွာသဖြင့် ခဏခဏ သောကရောက်ရမည်သာဖြစ်သည်။ လူတော်တော်များများက ငါ့ကို အခက်အခဲဖြစ်အောင် လုပ်ကြမည်၊ သို့မဟုတ် အထင်သေးသည့် အကြည့်နှင့် ကြည့်ကြမည်။ သို့မဟုတ် ငါ့ကို လှောင်ပြောင်ကြမည်။ ဤဆိုရိုးစကားက တော်တော်အသုံးဝင်ပြီး အကျိုးရှိသည်” ဟု ခံစားရလေလေဖြစ်သည်။ ၎င်းတို့သည် ဤဆိုရိုးစကားကို လက်တွေ့လုပ်ဆောင်ခြင်းမှ အမှန်တကယ်ဖြစ်သော အကျိုးအမြတ်များစွာကို ရရှိသည်။ ၎င်းတို့သည် ဘုရားရှေ့သို့ လာသောအခါတွင် ဤဆိုရိုးစကားသည် အသုံးအဝင်ဆုံး၊ အကျိုးအရှိဆုံးအရာဖြစ်သည်ဟု ထင်ဆဲဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ညီအစ်ကိုမောင်နှမတစ်ယောက်က သူ၏၊ သို့မဟုတ် သူမ၏ တစ်ကိုယ်ရေ အခြေအနေ၊ ဖောက်ပြန်ပျက်စီးမှု၊ သို့မဟုတ် အတွေ့အကြုံ၊ အသိပညာတို့ကို ပွင့်လင်းစွာ မိတ်သဟာယဖွဲ့သည့်အခါတိုင်းတွင် ၎င်းတို့သည်လည်း မိတ်သဟာယဖွဲ့လိုပြီး ရိုးရိုးစင်းစင်းစကားပြောကာ ပွင့်လင်းသောသူဖြစ်လိုကြသည်။ နှစ်ပေါင်းများစွာကြာ ချုပ်တည်းထားရသည့် ၎င်းတို့၏ စိတ်အခြေအနေကို ခဏတာ သက်သာရာရစေရန်အတွက်၊ သို့မဟုတ် လွတ်မြောက်ခြင်း၊ လွတ်လပ်ခြင်းတို့ကို အတိုင်းအတာအချို့ ရရှိရန်အတွက် ၎င်းတို့သည်လည်း ၎င်းတို့စိတ်နှလုံးတွင် ထင်မြင်သော၊ သို့မဟုတ် သိသောအရာကို ရိုးသားစွာ ပြောလိုကြသည်။ သို့သော် ၎င်းတို့မိဘများက ၎င်းတို့၏ ခေါင်းထဲကို ရိုက်သွင်းနေသည့် အရာကို၊ အတိအကျဆိုသော် “‘စကားများပါက အမှားများတတ်သည်’၊ မစဉ်းမစားမပြောနှင့်၊ ပြောသူထက် နားထောင်သူတစ်ယောက် ဖြစ်ပါ၊ အခြားသူများပြောသည့်အရာကို နားထောင်တတ်အောင်လုပ်ပါ” ဆိုသည်ကို အမှတ်ရသည်နှင့် တစ်ပြိုင်နက် ၎င်းတို့ပြောလိုသည့်မည်သည့်အရာကိုဖြစ်စေ မျိုသိပ်ထားလိုက်သည်။ လူတိုင်းက ပြော၍ ပြီးသောအခါ၌ ၎င်းတို့က မည်သည့်အရာမျှ မပြောဘဲ ထိုအစား မိမိတို့ ဘာသာတွေးသည်။ “ဤအရာ တော်တော်ကောင်းသည်။ ဤတစ်ကြိမ်တွင် ငါ မည်သည့်အရာမျှမပြောလိုက်သည်မှာလည်း ကောင်းသည်။ အဘယ့်ကြောင့်ဆိုသော် ငါပြောချင်သည့်အရာကို ပြောလိုက်သည်နှင့် လူတိုင်းက ငါ့အပေါ် ထင်မြင်ချက်များ ဖြစ်နိုင်သည်။ ငါက တစ်ခုခု ဆုံးရှုံးရနိုင်သည်။ မည်သည့်အရာမျှမပြောခြင်းက အလွန် ကောင်းသည်။ သို့ဆိုလျှင် ငါက ရိုးသားပြီး သိပ်မလှည့်စားတတ်ဘဲ ပင်ကိုအလျောက် စကားနည်းသည့်သူသာ ဖြစ်သောကြောင့် လျှို့ဝှက်ကြံစည်နေသည့်သူ၊ အရမ်း ဖောက်ပြန်ပျက်စီးသည့်သူမဟုတ်ပါ။ အထူးသဖြင့် ဘုရားသခင်နှင့် ပတ်သက်ပြီး အယူအဆများ ရှိသူမဟုတ်ဘဲ ထိုအစား ရိုးရှင်းပြီး ပွင့်လင်းသည့်သူတစ်ယောက် ဖြစ်သည်ဟု လူတိုင်းက ဆက်ထင်နေမည်ဖြစ်သည်။ လူများက ငါ့ကို ဤကဲ့သို့ထင်သည်မှာ မကောင်းသည့်အရာ မဟုတ်ပါ။ သို့ဖြစ်၍ အဘယ်ကြောင့် ငါက တစ်ခုခုပြောရမည်နည်း။ ‘စကားများပါက အမှားများတတ်သည်’ ဆိုသည့် ဤဆိုရိုးစကားကို လိုက်နာသောကြောင့် ရလဒ်အချို့ကို ငါ တကယ်တွေ့နေရသည်။ သို့ဖြစ်၍ ငါ ဤကဲ့သို့ဆက်ပြီး နေနေမည်” ဟူ၍ ဖြစ်သည်။ ဤဆိုရိုးစကားကို လိုက်နာခြင်းအားဖြင့် ကောင်းသော၊ စိတ်ကျေနပ်ဖွယ်ကောင်းသော ခံစားချက်ကို ၎င်းတို့ ရရှိသည်။ ထို့ကြောင့် ၎င်းတို့က တစ်ကြိမ်၊ နှစ်ကြိမ် တိတ်ဆိတ်စွာနေပြီး ဆက်လက်၍ ဤသို့နေသည်မှာ တစ်နေ့တွင် ၎င်းတို့အတွင်း၌ စကားလုံးများစွာကို စိတ်ထဲတွင် မျိုသိပ်ထားရပြီး ညီအစ်ကိုမောင်နှမများထံ ဖွင့်ဟချင်သော်လည်း ၎င်းတို့၏ နှုတ်များက ပတ်တီးဖြင့် စီး၍ပိတ်ထားသကဲ့သို့ ခံစားရသဖြင့် စကားတစ်ခွန်းကိုမျှ မပြောနိုင်သည့်အချိန်အထိပင် ဖြစ်၏။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မပြောပြနိုင်သည့်အတွက် ညီအစ်ကိုမောင်နှမများအစား ဘုရားသခင်ကို ပြောဖို့ ကြိုးစားရန် ဆုံးဖြတ်ကြသည်။ ဤသို့ဖြင့် ဘုရားရှေ့၌ ဒူးထောက်ပြီး “ဘုရားသခင် ကျွန်တော့်မှာ ကိုယ်တော်ကို ပြောစရာတစ်ခုရှိပါသည်။ ကျွန်တော်က...” ဟူ၍ ပြောသည်။ သို့သော် ၎င်းတို့စိတ်နှလုံးတွင် အသေအချာ တွေးပြီးဖြစ်သော်လည်း မည်သို့ပြောရမည်ကို မသိပေ။ မဖော်ပြနိုင်ပေ။ ဤသည်မှာ ၎င်းတို့သည် လုံးလုံးလျားလျား ဆွံ့အသွားသကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် သင့်လျော်သော စကားအား မည်သို့ရွေးချယ်ရမည်ကို၊ သို့မဟုတ် စာကြောင်းတစ်ကြောင်းအား မည်သို့စီရမည်ကိုပင် မသိပေ။ နှစ်ပေါင်းများစွာ မျိုသိပ်ထားရသည့် ခံစားချက်ကြောင့် ၎င်းတို့သည် လုံးဝ ချုပ်တည်းနေသည်ဟုလည်းကောင်း၊ မှောင်မိုက်ပြီး ယုတ်ညံ့သောဘဝ၌ နေထိုင်နေသည်ဟုလည်းကောင်း ခံစားရသည်။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာကို ဘုရားသခင်အားပြောပြီး ၎င်းတို့၏ ခံစားချက်များကို ဖွင့်ချရန် စိတ်ဆုံးဖြတ်သောအခါ၌ ၎င်းတို့သည် စကားစရှာမရဖြစ်ပြီး မည်သည့်နေရာ၌ အစပြုရမည်ကို၊ သို့မဟုတ် မည်သို့ပြောရမည်ကို မသိပေ။ ၎င်းတို့သည် စိတ်မဆင်းရဲသလော။ (ဆင်းရဲပါသည်။) ဤသို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်အား ပြောစရာမရှိသနည်း။ ၎င်းတို့သည် စကားပလ္လင်ခံခြင်းသာ ရှိသည်။ ၎င်းတို့ စိတ်နှလုံးတွင် ရှိသည့်အရာကို ဘုရားသခင်အား ပြောလိုသော်လည်း စကားမရှိပေ။ အဆုံးတွင် ထွက်လာသည့်အရာမှာ “ဘုရားသခင် ကျွန်တော် ပြောသင့်သည့်စကားကို ပေးတော်မူပါ” ဟူ၍ ဖြစ်သည်။ ဘုရားသခင်က “သင်ပြောသင့်သည့်အရာများစွာ ရှိသည်။ သို့သော် သင် မပြောလိုပေ။ သင့်အား အခွင့်အရေးပေးသောအခါ၌ သင်မပြောပေ။ ထို့ကြောင့် သင့်အား ငါပေးခဲ့သည့်အရာရာတိုင်းအား ငါပြန်ယူနေပြီဖြစ်သည်။ သင့်အား ငါပေးမည်မဟုတ်။ သင်နှင့် မထိုက်တန်ပေ” ဟူ၍ ပြန်ပြောသည်။ ထိုအခါမှသာ ပြီးခဲ့သော ဤနှစ်များတွင် ၎င်းတို့သည် များစွာဆုံးရှုံးခဲ့ရသည်ဆိုသည်ကို ခံစားကြရသည်။ ၎င်းတို့သည် အလွန်ပင် ဂုဏ်ရှိသောဘဝကို နေထိုင်ခဲ့သည်၊ မိမိတို့ကိုယ်ကို အပြင်ပန်းတွင် ယဉ်ကျေးရည်မွန်စွာ ပြုမူနေထိုင်ပြီး ခြောက်ပြစ်ကင်း သဲလဲစင်သည့်ဟန်ဖြင့် ပြရုပ်တင်ခဲ့သည်ဟု ခံစားရသော်လည်း ဤတစ်ချိန်လုံးတွင် ညီအစ်ကိုမောင်နှမများက အကျိုးအမြတ်များ ရရှိနေသည်ကို ၎င်းတို့ မြင်သောအခါ၊ ညီအစ်ကိုမောင်နှမများသည် စနိုးစနောင့်ဖြစ်ခြင်းမရှိဘဲ ၎င်းတို့၏ အတွေ့အကြုံများကို ပြောကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုအား ဖွင့်ပြနေသည်ကို ၎င်းတို့ မြင်သောအခါ ဤလူတို့သည် ၎င်းတို့ကိုယ်၌က စကားတစ်ကြောင်းကိုပင် မပြောနိုင်ဘဲ မည်သို့ပြောရမည်ကို မသိကြောင်း သဘောပေါက်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး မိမိတို့၏ ကိုယ်ပိုင် သိမြင်မှုကို ပြောလိုကြသည်။ ဘုရားနှုတ်ကပတ်တော်နှင့်ပတ်သက်သော ၎င်းတို့၏ အတွေ့အကြုံနှင့် ထိတွေ့ခြင်းအကြောင်းကို ဆွေးနွေးလိုကြသည်။ ဘုရားသခင်ထံမှ ဉာဏ်အလင်းဖွင့်ပြမှုအချို့နှင့် အလင်းအနည်းငယ်ကို ရရှိလိုကြသည်။ တစ်စုံတစ်ခုကို ရရှိလိုကြသည်။ သို့သော် ကံအကြောင်းမလှစွာဖြင့် ၎င်းတို့အားလုံးသည် “စကားများပါက အမှားများတတ်သည်”ဆိုသည့် ထင်မြင်ချက်ကို အလွန်ပင် ကြိမ်ဖန်များစွာ ဖက်တွယ်နေပြီး ဤအယူအဆ၏ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်းကို မကြာခဏခံရသောကြောင့် ၎င်းတို့သည် ဤဆိုရိုးစကားအတွက် နှစ်ပေါင်းများစွာကြာ အသက်ရှင်ခဲ့ကြသည်။ ဘုရားသခင်ထံမှ ဉာဏ်အလင်းဖွင့်ပြမှု၊ သို့မဟုတ် အလင်းပေးမှုတစ်ခုခုကို မရရှိခဲ့ပေ။ ၎င်းတို့သည် အသက်ဝင်ရောက်မှုနှင့် ပတ်သက်လျှင် ညံ့ဖျင်းဆဲ၊ သနားစဖွယ်ဖြစ်ဆဲ၊ လက်ဗလာဖြစ်နေဆဲ ဖြစ်သည်။ ၎င်းတို့သည် ဤဆိုရိုးစကားနှင့် အယူအဆကို ပြီးပြည့်စုံသည်အထိ လက်တွေ့လုပ်ဆောင်ခဲ့ပြီး အသေးစိတ် တိကျစွာ နာခံခဲ့သည်။ သို့သော် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခဲ့လင့်ကစား သမ္မာတရားနှင့်သက်ဆိုင်သော မည်သည့်အရာကိုမျှ မရရှိခဲ့ဘဲ ညံ့ဖျင်းပြီး မမြင်မကန်းဖြစ်နေဆဲဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့အား နှုတ်ကို ပေးခဲ့သည်။ သို့သော် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် ဆက်သွယ်ပြောဆိုရန် အရည်အချင်းရှိဖို့မဆိုထားနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် လုံးဝပင် အရည်အချင်းမရှိသကဲ့သို့ ၎င်းတို့၏ ခံစားချက်နှင့် အသိပညာကို ပြောရန် အရည်အချင်းလည်း လုံးဝမရှိပေ။ ပို၍ သနားစဖွယ်ဖြစ်သည်မှာ ၎င်းတို့တွင် ဘုရားသခင်အား စကားပြောဆိုနိုင်စွမ်းပင် မရှိဘဲ ဤသို့သော အစွမ်းကို ဆုံးရှုံးခဲ့ရသည်။ ၎င်းတို့သည် စိတ်မဆင်းရဲသလော။ (ဆင်းရဲပါသည်။) စိတ်ဆင်းရဲပြီး ကြေကွဲဝမ်းနည်းရသည်။ သင်သည် စကားပြောခြင်းကို မနှစ်သက်ခြင်း မဖြစ်သလော။ စကားများပါက အမှားများတတ်သည် ဆိုသည်ကို သင်အစဉ်မကြောက်ရွံ့သလော။ ဤသို့ဆိုလျှင် မည်သည့်အရာကိုမျှ သင် လုံးဝ မပြောသင့်ပေ။ သင်သည် သင်၏ အတွင်းအကျဆုံးသော အတွေးများနှင့် ဘုရားသခင်က သင့်အားပေးသည့်အရာများကို ထုတ်ပိုးပြီး ဖုံးဖိသည်။ အလုံပိတ်ပြီး မလွတ်မြောက်အောင် တားဆီးထားသည်။ သင်သည် သိက္ခာကျမည်ကို စဉ်ဆက်မပြတ် ကြောက်ရွံ့နေသည်။ ခြိမ်းခြောက်ခြင်း ခံစားရမည်ကို ကြောက်သည်။ အခြားလူများက သင့်အား ရိပ်စားမိမည်ကို ကြောက်သည်။ သင်သည် သူတစ်ပါးတို့၏ အမြင်တွင် ပြည့်စုံသော၊ ရိုးသားသော၊ ကောင်းသောသူတစ်ယောက် မဖြစ်တော့မည်ကို စဉ်ဆက်မပြတ် ကြောက်ရွံ့သည်။ ထို့ကြောင့် သင့်ကိုယ်သင် ဖုံးကွယ်ပြီး သင်၏ တကယ့်အတွေးများအကြောင်းကို လုံးဝ မပြောပေ။ အဆုံးတွင် မည်သို့ ဖြစ်သနည်း။ သင်သည် ဘက်ပေါင်းစုံတွင် ဆွံ့အသူတစ်ယောက်ဖြစ်သွားသည်။ မည်သူက သင့်အား ဤသို့ထိခိုက်စေသနည်း။ အရင်းအမြစ်က သင့်အား ထိခိုက်ခဲ့သည်မှာ သင့်မိသားစု၏ ပုံစံသွင်းခံရခြင်းကြောင့် ဖြစ်သည်။ သို့သော် သင်၏ ကိုယ်ပိုင်တစ်ကိုယ်ရေ အမြင်ရှုထောင့်မှကြည့်လျှင် ဆိုးယုတ်သော အတွေးအခေါ်များကို သင်နှစ်သက်သောကြောင့်လည်းဖြစ်သည်။ ထို့ကြောင့် သင့်မိသားစု၏ ပုံစံသွင်းခြင်းက မှန်ကန်သည်ဟု သင် ယုံကြည်ဖို့ ရွေးချယ်လိုက်သည်။ သင့်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များက အပြုသဘောဆောင်သည်ဟု မယုံကြည်ပေ။ သင့်မိသားစုက သင့်အပေါ် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုကို အပြုသဘောဆောင်သောအရာအဖြစ် မှတ်ယူဖို့ သင်ရွေးချယ်သည်။ ဘုရားနှုတ်ကပတ်တော်များ၊ သူ၏ သတ်မှတ်ချက်များ၊ သူ၏ ပံ့ပိုးမှု၊ အကူအညီနှင့် သွန်သင်မှုတို့ကို သတိထားကာကွယ်ရမည့် အရာများအဖြစ်၊ အပျက်သဘောဆောင်သောအရာများအဖြစ် မှတ်ယူဖို့ ရွေးချယ်သည်။ ထို့ကြောင့် အစပိုင်းတွင် ဘုရားသခင်က သင့်အား မည်မျှပေးအပ်ပါစေ ဤနှစ်များတစ်လျှောက်တွင် သင်၏ သတိထားကာကွယ်မှုနှင့် ငြင်းဆန်မှုတို့ကြောင့် နောက်ဆုံးရလဒ်မှာ ဘုရားသခင်က အရာရာတိုင်းကို ပြန်လည်ယူဆောင်ပြီး သင့်အား မည်သည့်အရာမျှ မပေးခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်နှင့် မထိုက်တန်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤသို့ မဖြစ်မီတွင် ဤအမှုအရာ၌ သင့်မိသားစုက သင့်အပေါ် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုကို လက်လွှတ်သင့်သည်။ “စကားများပါက အမှားများတတ်သည်” ဆိုသည့် မှားယွင်းသော အယူအဆကို လက်မခံသင့်ပေ။ ဤဆိုရိုးစကားသည် သင့်အား ပို၍ သိုသိပ်စေသည်။ ပို၍ မသိမသာဖြင့် အန္တရာယ်ရှိစေသည်။ ပို၍ ကြောင်သူတော်ဆန်စေသည်။ ယင်းသည် လူတို့အား ရိုးသားရန်ဖြစ်သည့် ဘုရားသခင်၏ သတ်မှတ်ချက်ဖြင့်၊ လူတို့အား တဲ့တိုးဆန်ပြီး ပွင့်လင်းရန်ဖြစ်သည့် သူ၏ တောင်းဆိုချက်ဖြင့် လုံးဝ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကာ ကွဲလွဲနေသည်။ ဘုရားသခင်အား ယုံကြည်သူတစ်ယောက်နှင့် ဘုရားသခင်၏ နောက်လိုက်တစ်ယောက်အနေဖြင့် သင်သည် သမ္မာတရားအား လိုက်စားရန် လုံးဝ စိတ်ပိုင်းဖြတ်ထားသင့်သည်။ သင်သည် သမ္မာတရားအား လိုက်စားရန် လုံးဝ စိတ်ပိုင်းဖြတ်ထားသောအခါ သင့်မိသားစုက သင့်အပေါ် ဖြစ်ပေါ်စေသည့် ကောင်းမွန်သည့် ပုံစံသွင်းသည့် သက်ရောက်မှုများဟု သင်ထင်မှတ်သည့်အရာကို လက်လွှတ်ရန် အပြည့်အဝ စိတ်ပိုင်းဖြတ်သင့်သည်။ ရွေးချယ်ခြင်း မရှိသင့်ပေ။ သင့်မိသားစုက သင့်အပေါ် မည်သည့် ပုံစံသွင်းသည့် သက်ရောက်မှုများကို ဖြစ်ပေါ်စေပါစေ၊ ယင်းတို့သည် သင့်အတွက် မည်မျှ ကောင်းမွန်ပါစေ၊ သို့မဟုတ် အကျိုးရှိပါစေ၊ သင့်အား မည်မျှ ကာကွယ်ပေးပါစေ ယင်းတို့သည် လူတို့နှင့် စာတန်ထံမှလာပြီး ယင်းတို့ကို သင် လက်လွှတ်သင့်သည်။ ဘုရားနှုတ်ကပတ်တော်နှင့် လူတို့အတွက် သူ၏ သတ်မှတ်ချက်များသည် သင့်မိသားစု၏ ပုံစံသွင်းသည့် သက်ရောက်မှုနှင့် ကွဲလွဲနိုင်သော်လည်း၊ သို့မဟုတ် သင်၏ အကျိုးစီးပွားများကိုပင် ထိခိုက်ပြီး သင်၏ လုပ်ပိုင်ခွင့်များကို ဖယ်ရှားနိုင်သော်လည်း၊ ပြီးလျှင် ယင်းတို့သည် သင့်ကို မကာကွယ်ဘဲ ထိုအစား သင့်အား အရှက်ရစေပြီး အရူးလုပ်ရန် ရည်ရွယ်သည်ဟု သင် ထင်လျှင်ပင် ယင်းတို့ကို အပြုသဘောဆောင်သောအရာများအဖြစ် မှတ်ယူသင့်ဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် ဘုရားသခင်ထံမှလာသောကြောင့်၊ သမ္မာတရားဖြစ်သောကြောင့်၊ ယင်းတို့ကို သင်လက်ခံသင့်သောကြောင့်ဖြစ်သည်။ သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် အရာများသည် သင်၏ အတွေးအခေါ်နှင့် ကျင့်ကြံပြုမူမှု၊ ရှင်သန်ရပ်တည်မှုအပေါ် သင်၏ ရှုမြင်သုံးသပ်ချက်၊ သင်လျှောက်သည့်လမ်းကြောင်းတို့အပေါ် သက်ရောက်မှုရှိလျှင် ယင်းတို့ကို သင်လက်လွှတ်သင့်ပြီး မြဲမြံစွာ ဆုပ်ကိုင်မထားသင့်ပေ။ ထိုအစား သင်သည် ယင်းတို့ကို ဘုရားသခင်ထံမှ လိုက်လျောညီထွေရှိသော သမ္မာတရားများဖြင့် အစားထိုးသင့်သည်။ ဤသို့လုပ်ဆောင်ရာတွင် သင့်မိသားစု သင့်အား ပုံစံသွင်းပေးခဲ့သည့် ဤအရာများ၏ ပင်ကိုပြဿနာများနှင့် အနှစ်သာရကို စဉ်ဆက်မပြတ် ပိုင်းခြားသိမြင်ပြီး သတိပြုမိသင့်သည်။ ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်ကိုပို၍ တိကျစွာ၊ လက်တွေ့ကျစွာ၊ မှန်ကန်စွာ လိုက်နာခြင်းအားဖြင့် ပြုမူလုပ်ဆောင်ပြီး လက်တွေ့လုပ်ဆောင်လော့။ ဘုရားသခင်ထံမှလာသည့် လူများ၊ အမှုအရာများနှင့်ပတ်သက်သော အယူအဆများ၊ အမြင်များ၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို လက်ခံခြင်းသည် ဖန်ဆင်းခံတစ်ဦး၏ ဝတ္တရားရှိသော တာဝန်ဖြစ်ပြီး ဖန်ဆင်းခံတစ်ဦးက လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ ဖန်ဆင်းခံတစ်ဦးက ပိုင်ဆိုင်သင့်သည့် အယူအဆနှင့် အမြင်လည်းဖြစ်သည်။

အချို့သောမိသားစုများရှိ မိဘများသည် ၎င်းတို့၏ သားသမီးများထံသို့ လူတို့က ၎င်းတို့၏ ရှင်သန်ရေး၊ အလားအလာများနှင့် အနာဂတ်တို့အတွက် အပြုသဘောဆောင်ပြီး အကျိုးရှိသည်ဟု ထင်မြင်သောအရာများအား သွတ်သွင်းခြင်းအပြင် အချို့သော အတော်အတန် အစွန်းရောက်သော၊ ယိုယွင်းနေသော အယူအဆများ၊ အမြင်များကိုလည်း သွတ်သွင်းသည်။ ဥပမာ ဤသို့သော မိဘများက “လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်အစစ်ဖြစ်ခြင်းက ပို၍ကောင်းသည်”ဟု ဆိုကြသည်။ ဤသည်မှာ သင့်အား မည်သို့ကျင့်ကြံပြုမူရမည်ကို ပြောသော ဆိုရိုးစကားဖြစ်သည်။ “လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်အစစ်ဖြစ်ခြင်းက ပို၍ကောင်းသည်”ဟူသည့် ဤဆိုရိုးစကားသည် သင့်အား တစ်ခုမဟုတ် တစ်ခုကို ရွေးချယ်စေသည်။ ယင်းသည် သင့်အား ဗီလိန်အစစ်ဖြစ်ရန် ရွေးချယ်စေသည်။ ဆိုလိုသည်မှာ လူတို့၏နောက်ကွယ်တွင် မကောင်းမှုပြုခြင်းထက် ပွင့်ပွင့်လင်းလင်း မကောင်းမှုပြုရန် ဖြစ်သည်။ ဤနည်းအားဖြင့်လူတို့သည် သင်လုပ်ဆောင်သည့်အရာများက ထိုမျှမကောင်းဟု ထင်မြင်လျှင်ပင် ၎င်းတို့က သင့်အား လေးစားပြီး လက်ခံဆဲဖြစ်လိမ့်မည်။ ဤသည်မှာ မည်သည့်မကောင်းသောအရာများကို သင်လုပ်ဆောင်သည်ဖြစ်စေ လူတို့၏ ရှေ့တည့်တည့်တွင်၊ လူအများရှေ့တွင် ပွင့်လင်းစွာ လုပ်ဆောင်ရမည်ဟု ဆိုလိုသည်။ အချို့သောမိသားစုများသည် ၎င်းတို့၏ သားသမီးများကို ဤသို့ပုံစံသွင်းပြီး သင်ကြားပေးသည်။ လူ့အဖွဲ့အစည်းတွင် စက်ဆုပ်ဖွယ်ဖြစ်သော၊ ယုတ်မာသော အယူအဆများ၊ အပြုအမူများရှိသည့် ဤလူများကို ၎င်းတို့က မရွံရှာရုံသာမကဘဲ ၎င်းတို့၏ သားသမီးများအား “ဤလူများကို လျှော့မတွက်နှင့်။ တကယ်တမ်းတွင် သူတို့က သေချာပေါက် လူဆိုးများဖြစ်နေခြင်း မဟုတ်ပါ။ သူတို့က အယောင်ဆောင်သည့် လူကြီးလူကောင်းများထက်ပင် ပိုကောင်းနေနိုင်သည်” ဟူ၍ ပြော၍ပင် သွန်သင်သည်။ တစ်ဖက်တွင် ၎င်းတို့သည် သင့်အား မည်သို့သော လူမျိုးဖြစ်ရမည်ကို ပြောသည်။ အခြားတစ်ဖက်တွင် လူတို့အား မည်သို့ ပိုင်းခြားသိမြင်ရမည်၊ မည်သို့သောလူမျိုးကို အပြုသဘောဆောင်သည်ဟု မှတ်ယူရမည်၊ မည်သို့သောလူမျိုးကို အပျက်သဘောဆောင်သည်ဟု မှတ်ယူရမည်ကိုလည်း သင့်အား ပြောပြီး အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သော အရာများကို ပိုင်းခြားသိမြင်ရန် သင်ကြားပေးသည်။ မည်သို့ ကျင့်ကြံပြုမူရမည်ကိုလည်း သင့်အား သင်ကြားပေးသည်။ ဤသည်မှာ ၎င်းတို့က သင့်အားပေးသည့် သွန်သင်မှုနှင့် ပုံစံသွင်းမှုမျိုးဖြစ်သည်။ ဤသို့သော ပုံစံသွင်းခြင်းသည် လူတို့အပေါ် မည်သို့သော သက်ရောက်မှုမျိုးကို မသိမသာ ဖြစ်စေသနည်း။ (ကောင်းမှုနှင့် မကောင်းမှုကြား ခွဲခြားသိမြင်မှုမရှိခြင်းဖြစ်ပါသည်။) မှန်သည်။ ကောင်းမှု၊ မကောင်းမှုကြား၊ အမှန်နှင့် အမှားကြား ခွဲခြားသိမြင်မှုမရှိခြင်း ဖြစ်သည်။ လူသားများက ဗီလိန်များနှင့် အယောင်ဆောင်လူကြီးလူကောင်းများဟု ဆိုသောသူများအား မည်သို့ရှုမြင်သည်ကို အရင်ဦးဆုံး ကြည့်ကြစို့။ ရှေးဦးစွာ ဗီလိန်စစ်စစ်များသည် မကောင်းသောသူများ မဟုတ်ဟုလည်းကောင်း၊ အမှန်ပင် အယောင်ဆောင်သော လူကြီးလူကောင်းများက မကောင်းသောသူများ ဖြစ်သည်ဟုလည်းကောင်း လူသားများက ထင်ကြသည်။ အပြင်ပန်းတွင် ကောင်းသည့်ဟန်ကိုဆောင်ပြီး သူတစ်ပါးတို့၏ နောက်ကွယ်၌ မကောင်းသောအရာများ လုပ်ဆောင်သောလူစားမျိုးကို အယောင်ဆောင် လူကြီးလူကောင်းများဟု ခေါ်သည်။ ၎င်းတို့သည် လူတို့၏ရှေ့တွင် စေတနာသဒ္ဓါတရား၊ ဖြောင့်မတ်ခြင်းနှင့် ကိုယ်ကျင့်တရားအကြောင်းကို ပြောကြသည်။ သို့သော် လူတို့နောက်ကွယ်တွင် မကောင်းသောအရာမျိုးစုံကို ကျူးလွန်သည်။ ၎င်းတို့သည် ဤမကောင်းအရာအားလုံးကိုလုပ်ပြီး တစ်ချိန်တည်းတွင် ကောင်းသောအရာမျိုးစုံကို ပြောဆိုသည်။ ဤသို့သောလူတို့သည် အထင်သေးခြင်း ခံရသည့်သူများဖြစ်သည်။ ဗီလန်အစစ်များကမူ လူတို့၏ နောက်ကွယ်တွင် ဆိုးသကဲ့သို့ လူတို့၏ ရှေ့တွင်လည်း ဆိုးသည်။ သို့တိုင်အောင် ၎င်းတို့သည် လူတို့၏ အထင်သေးခြင်းခံရသူများဖြစ်ခြင်းထက် ရပ်တည်ကာကွယ်ပေးပြီး လေ့လာရမည့် စံပြပုဂ္ဂိုလ်များဖြစ်လာသည်။ ဤသို့သောဆိုရိုးစကားနှင့် အမြင်သည် လူကောင်းတစ်ယောက်ဆိုသည်မှာ အတိအကျ အဘယ်သို့ဖြစ်သည်၊ လူဆိုးတစ်ယောက်ဆိုသည်မှာ အတိအကျအဘယ်သို့ ဖြစ်သည်ဆိုသည့်အပေါ် လူတို့၏ အယူအဆများကို ရှုပ်ထွေးစေတတ်သည်။ ထို့ကြောင့် လူတို့သည် သေချာခြင်းမရှိဘဲ သိမြင်မှုမရှိကြပေ။ ၎င်းတို့၏ အယူအဆများသည် အလွန် မရေမရာဖြစ်လာသည်။ မိသားစုက လူတို့အား ဤသို့ပုံစံသွင်းသောအခါတွင် ၎င်းတို့အထဲမှ အချို့က “ဗီလိန်အစစ်တစ်ယောက်ဖြစ်သည့်အတွက် ငါသည် တော်ဖြောင့်နေခြင်းဖြစ်သည်။ ငါက ပွင့်ပွင့်လင်းလင်း လုပ်သည်။ ငါ့တွင် ပြောစရာတစ်ခုခုရှိလျှင် မင်းကို တည့်တည့်ပြောသည်။ ငါက မင်းကို ညာလျှင်၊ မနှစ်သက်လျှင်၊ မင်းကို အခွင့်ကောင်းယူချင်လျှင်လည်း မင်းရှေ့မှာလုပ်ပြီး မင်းကိုအသိပေးရမည်” ဟူ၍ပင် တွေးကြသည်။ ဤသည်မှာ အဘယ်သို့သော တွေးခေါ်ပုံဖြစ်သနည်း။ ဤသည်မှာ အဘယ်သို့သော သဘာဝအနှစ်သာရမျိုးဖြစ်သနည်း။ ကောက်ကျစ်ဆိုးယုတ်သော လူတို့သည် မကောင်းသောအရာများကို လုပ်ဆောင်ပြီး ဆိုးယုတ်မှုများကို ကျူးလွန်သောအခါ ဤအတွက် သဘောတရားဆိုင်ရာ အခြေပြုချက်ကို ရှာဖို့လိုသည်။ ဤသည်မှာ ၎င်းတို့ ဖန်တီးလိုက်သော တွေးခေါ်ပုံဖြစ်သည်။ ၎င်းတို့က “ကြည့်လော့။ ငါလုပ်နေသည့် ဤအရာက သိပ်မကောင်းပါ။ သို့သော် အယောင်ဆောင် လူကြီးလူကောင်းဖြစ်ခြင်းထက် ပိုကောင်းသည်။ ငါက လူများရှေ့တွင် လုပ်သည်။ လူတိုင်းကလည်း သိသည်။ ဤအရာသည် တော်ဖြောင့်သည်ဟု ခေါ်သည်” ဟု ဆိုသည်။ ဤသို့အားဖြင့် ဗီလိန်များသည် မိမိတို့ကိုယ်ကို တော်ဖြောင့်သောသူများ ဖြစ်သည်ဟု ပုံဖမ်းကြသည်။ လူတို့၏ စိတ်တွင် ဤအတွေးအခေါ်မျိုးရှိသောကြောင့် စစ်မှန်သော တည်ကြည်မှုနှင့် ဆိုးယုတ်မှုအစစ်တို့အပေါ် ၎င်းတို့၏ အယူအဆများသည် မသိမသာဖြင့် ဝေဝါးနေသည်။ တော်ဖြောင့်ခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ မသိ။ ၎င်းတို့က “ငါပြောသည့်အရာက အခြားသူများကို ထိခိုက်သည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ကျိုးကြောင်းသင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ၊ စည်းမျဉ်းများနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ အရေးမကြီးပါ။ ငါ ပြောရဲသရွေ့၊ အကျိုးဆက်ကို ဂရုမစိုက်သရွေ့၊ ငါ့တွင် စစ်မှန်သည့် စိတ်သဘောထား၊ တဲ့တိုးဆန်သည့် သဘာဝရှိသရွေ့၊ လုံးဝ ရိုးသားသရွေ့၊ ပြီးလျှင် မသိမသာနှင့် အန္တရာယ်ရှိသည့် ရည်ရွယ်ချက်များ မထားသရွေ့ သင့်တော်သည်” ဟု တွေးကြသည်။ ဤသည်မှာ အမှန်နှင့် အမှားကို ပြောင်းပြန်လှန်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤနည်းအားဖြင့် အပျက်သဘောဆောင်သောအရာများသည် အပြုသဘောဆောင်သောအရာများအဖြစ် ပြောင်းလဲသွားသည်။ ထို့ကြောင့် လူအချို့သည် ဤအရာကို အခြေပြုချက်အဖြစ် အသုံးပြုပြီး ဤဆိုရိုးစကားနှင့်အညီ ကျင့်ကြံပြုမူကြသည်။ တရားမျှတမှုက ၎င်းတို့ဘက်တွင် ရှိသည်ဟုပင် ယူဆကြပြီး “မည်သို့ပင်ဖြစ်စေ ငါက မင်းကို အခွင့်ကောင်းယူနေခြင်း မဟုတ်သကဲ့သို့ မင်းနောက်ကွယ်တွင် လှည့်ကွက်များ ကစားနေခြင်းလည်း မဟုတ်ပါ။ ငါက ပွင့်ပွင့်လင်းလင်းနှင့် လူသိရှင်ကြားလုပ်နေခြင်း ဖြစ်သည်။ မင်းထင်ချင်သလို ထင်နိုင်သည်။ ငါ့အတွက်မှာမူ ဤအရာက တော်ဖြောင့်ခြင်းဖြစ်သည်။ ‘မိမိသည် ဖြောင့်မတ်လျှင် ကောလာဟလများကို စိတ်ပူရန်မလို’ ဆိုသည့် ဆိုရိုးစကားကဲ့သို့ပင် ဖြစ်သည်။ သို့ဖြစ်၍ မင်းထင်ချင်သလို ထင်ပါ” ဟူ၍ တွေးကြသည်။ ဤသည်မှာ စာတန်၏ တွေးခေါ်ပုံမဟုတ်လော။ ဓားပြများ၏ တွေးခေါ်ပုံမဟုတ်လော။ (ဟုတ်သည်။) သင့်အနေဖြင့် မကောင်းသောအရာများကို လုပ်ဆောင်ရန်၊ အကြောင်းပြချက်မရှိ ပြဿနာရှာရန်၊ အာဏာရှင်ကဲ့သို့ ပြုမူရန်၊ မကောင်းမှုကျူးလွန်ရန် လျော်ကန်သင့်မြတ်သလော။ မကောင်းမှု ကျူးလွန်ခြင်းသည် မကောင်းမှုကျူးလွန်ခြင်းဖြစ်သည်။ သင်လုပ်ဆောင်သည့်အရာ၏ အနှစ်သာရသည် မကောင်းမှုကျူးလွန်ခြင်းဖြစ်လျှင် ထိုအရာမှာ မကောင်းမှုဖြစ်သည်။ သင်၏ လုပ်ရပ်များကို မည်သည့်အရာဖြင့် တိုင်းတာသနည်း။ သင့်တွင် ရည်ရွယ်ချက်ရှိမရှိ၊ သို့မဟုတ် ယင်းတို့ကို သင်လူသိရှင်ကြားပြုလုပ်ခြင်းဟုတ်မဟုတ်၊ သို့မဟုတ် သင့်တွင် စစ်မှန်သော စိတ်သဘောထားရှိမရှိတို့အားဖြင့် တိုင်းတာခြင်းမဟုတ်ပေ။ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်ဖြင့် တိုင်းတာသည်။ သမ္မာတရားမှာ အရာရာတိုင်းကို တိုင်းတာခြင်းအတွက် စံဖြစ်သည်။ ထိုစာကြောင်းသည် ဤဖြစ်ရပ်တွင် ပြည့်စုံစွာ သက်ဆိုင်မှုရှိသည်။ သမ္မာတရား၏ အတိုင်းအတာအရ တစ်စုံတစ်ခုက ဆိုးယုတ်လျှင် ယင်းသည် ဆိုးယုတ်သည်။ တစ်စုံတစ်ခုက အပြုသဘောဆောင်လျှင် ယင်းသည် အပြုသဘောဆောင်သည်။ တစ်စုံတစ်ခုက အပြုသဘောမဆောင်လျှင် ယင်းသည် အပြုသဘောမဆောင်ပေ။ လူတို့က တော်ဖြောင့်သည်၊ စစ်မှန်သော စိတ်သဘောထားနှင့် တဲ့တိုးဆန်သော သဘာဝရှိသည်ဟု ထင်မြင်သော ဤအရာများက အဘယ်နည်း။ ဤသည်မှာ စကားလုံးများကို မလိမ့်တပတ်လုပ်ပြီး တွေးခေါ်ပုံကို လီဆယ်ဖန်တီးခြင်း၊ အယူအဆများကို ရှုပ်ထွေးစေခြင်း၊ အဓိပ္ပာယ်မရှိ ပြောဆိုခြင်းဟု ခေါ်သည်။ လူတို့အား အထင်အမြင်မှားစေခြင်းဟု ခေါ်သည်။ သင်သည် လူတို့ကို အထင်အမြင်မှားစေလျှင် သင်သည် မကောင်းမှုကျူးလွန်နေခြင်းဖြစ်သည်။ လူတို့၏ နောက်ကွယ်တွင် ကျူးလွန်သည်ဖြစ်စေ၊ ရှေ့တွင် ကျူးလွန်သည်ဖြစ်စေ မကောင်းမှုက မကောင်းမှုဖြစ်သည်။ လူတစ်ယောက်၏ နောက်ကွယ်တွင် ကျူးလွန်သော မကောင်းမှုသည် ကောက်ကျစ်ဆိုးယုတ်မှုဖြစ်ပြီး လူတစ်ယောက်ရှေ့တွင် ကျူးလွန်သော မကောင်းမှုသည် အမှန်ပင် မလိုမုန်းထားပြီး ကြမ်းတမ်းခြင်းဖြစ်သည်။ သို့သော် ယင်းတို့အားလုံးက မကောင်းမှုနှင့် ဆက်စပ်သည်။ ဤသို့ဆိုလျှင် ငါ့အားပြောလော့။ “လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်အစစ်ဖြစ်ခြင်းက ပို၍ကောင်းသည်”ဟူသည့် ဆိုရိုးစကားကို လူတို့ လက်ခံသင့်သလော။ (လက်မခံသင့်ပါ။) မည်သည့်တစ်ခုက အပြုသဘောဆောင်သနည်း။ လူကြီးလူကောင်းအယောင်ဆောင်သူ၏ အပြုအမူဆိုင်ရာ စည်းမျဉ်းများဖြစ်သလော၊ သို့မဟုတ် ဗီလိန်အစစ်တစ်ယောက်၏ အပြုအမူဆိုင်ရာ စည်းမျဉ်းများဖြစ်သလော။ (မည်သည့်တစ်ခုကမျှ အပြုသဘောမဆောင်ပါ။) မှန်သည်။ ယင်းတို့အားလုံးက အပျက်သဘောဆောင်သည်။ ထို့ကြောင့် လူကြီးလူကောင်း အယောင်ဆောင်သူ မဖြစ်စေနှင့်။ ဗီလိန်အစစ်လည်း မဖြစ်စေနှင့်။ သင့်မိဘများ၏ အဓိပ္ပာယ်မရှိသောစကားများကို နားမထောင်နှင့်။ မိဘများသည် အဘယ်ကြောင့် အဓိပ္ပာယ်မရှိသောအရာများကို အစဉ်သဖြင့် ကရားရေလွှတ် တတွတ်တွတ် ပြောဆိုကြသနည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သင့်မိဘများက ကျင့်ကြံပြုမူသည့် ပုံစံ အတိအကျပင် ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် “ငါ့တွင် စစ်မှန်သည့် စိတ်သဘောထားရှိသည်။ ငါက စစ်မှန်သည့်သူတစ်ယောက်ဖြစ်သည်။ တဲ့တိုးဆန်သည်။ ငါ့ခံစားချက်များနှင့်ပတ်သက်ပြီး ရိုးသားသည်။ ငါက ညှာတာထောက်ထားတတ်သူဖြစ်သည်။ ငါသည် ဖြောင့်မတ်ပြီး ကောလာဟလများကို စိုးရိမ်စရာမလိုပါ။ ငါက သင့်တင့်လျောက်ပတ်စွာ ပြုမူပြီး လမ်းမှန်ကို လျှောက်သည်။ ငါကြောက်စရာ မည်သည့်အရာရှိသနည်း။ ငါ မည်သည့်အမှားမျှ မလုပ်ခဲ့ပါ။ သို့ဖြစ်၍ မကောင်းဆိုးဝါးများက ငါ့တံခါးကို လာခေါက်မည်ကို မကြောက်ပါ” ဟူ၍ အစဉ်မပြတ် ခံစားကြသည်။ မကောင်းဆိုးဝါးများက ယခုအချိန်တွင် သင့်တံခါးကို မခေါက်ပေ။ သို့သော် သင်သည် မကောင်းမှု မနည်းမနောကို ကျူးလွန်ခဲ့ပြီးဖြစ်ကာ အနှေးနှင့် အမြန် အပြစ်ဒဏ်ပေးခြင်းခံရမည်။ သင်သည် တည်ကြည်ပြီး ကောလာဟလများကို မကြောက်ပေ။ သို့သော် တည်ကြည်ခြင်းက မည်သည့်အရာကို ကိုယ်စားပြုသနည်း။ ယင်းသည် သမ္မာတရား ဖြစ်သလော။ ဖြောင့်မတ်ခြင်းသည် သမ္မာတရားနှင့် ညီသည်ဟု ဆိုလိုသလော။ သမ္မာတရားကို သင်နားလည်သလော။ သင်ကိုယ်တိုင်၏ မကောင်းမှုပြုခြင်းအတွက် ဆင်ခြေများ၊ မူမမှန်သော အကြောင်းပြချက်များကို ကြံဖန်မစဉ်းစားနှင့်။ ဤသည်မှာ အကျိုးမရှိပေ။ သမ္မာတရားနှင့် မညီသရွေ့ မကောင်းမှုဖြစ်သည်။ သင့်တွင် စစ်မှန်သော စိတ်သဘောထားရှိသည်ဟုပင် ခံစားရသည်။ သင့်တွင် စစ်မှန်သော စိတ်သဘောထားရှိရုံသက်သက်ဖြင့် သင်သည် သူတစ်ပါးတို့အပေါ် အခွင့်ကောင်းယူနိုင်သည်၊ သို့မဟုတ် သူတစ်ပါးတို့ကို ထိခိုက်နိုင်သည်ဟု အဓိပ္ပာယ်ရသလော။ ဤသည်မှာ အဘယ်သို့သော တွေးခေါ်ပုံ ဖြစ်သနည်း။ (စာတန်၏ တွေးခေါ်ပုံဖြစ်ပါသည်။) ဤသည်မှာ ဓားပြများနှင့် နတ်ဆိုးများ၏ တွေးခေါ်ပုံဟု ခေါ်သည်။ သင်သည် မကောင်းမှုကို ကျူးလွန်သည့်တိုင် ယင်းသည် မှန်ပြီး သင့်လျော်သည်ဟု ကြံဖန်တွေးသည်။ ဤအတွက် ဆင်ခြေများပေးပြီး မှန်ကန်ကြောင်းပြရန် အားထုတ်သည်။ ဤသည်မှာ အရှက်မဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ငါ သင့်ကို နောက်တစ်ဖန်ပြောမည်။ ဘုရားနှုတ်ကပတ်တော်တွင် လူတို့အား ဗီလိန်အစစ်ဖြစ်ရန်၊ သို့မဟုတ် လူကြီးလူကောင်း အယောင်ဆောင်သူဖြစ်ရန် ခွင့်ပြုခြင်းအား ပြောဆိုခြင်း လုံးဝမရှိသကဲ့သို့ ဗီလိန်အစစ်ဖြစ်ရန်၊ သို့မဟုတ် လူကြီးလူကောင်း အယောင်ဆောင်သူဖြစ်ရန် သတ်မှတ်ချက်လည်း လုံးဝ မရှိပေ။ ဤဆိုရိုးစကားများသည် လူတို့ကို လှည့်စားပြီး စိတ်ရှုပ်ထွေးစေရန်အတွက် ပြောင်ပြောင်တင်းတင်း လိမ်ညာမှုများဖြစ်သည်။ ယင်းတို့သည် သမ္မာတရားအား နားလည်သူတို့ကို စိတ်ရှုပ်ထွေးစေနိုင်သည်။ သို့သော် ယနေ့တွင် သမ္မာတရားကို သင်နားလည်လျှင် ဤသို့သော ဆိုရိုးစကားများကို မြဲမြံစွာ ဆုပ်ကိုင်မထားသင့်တော့ပေ၊ သို့မဟုတ် ယင်းတို့၏ လွှမ်းမိုးခြင်းကို မခံရသင့်ပေ။ လူတို့သည် လူကြီးလူကောင်း အယောင်ဆောင်သူများဖြစ်စေ၊ ဗီလိန်အစစ်များဖြစ်စေ ၎င်းတို့အားလုံးက နတ်ဆိုးများ၊ လူ့တိရစ္ဆာန်များ၊ လူလိမ်လူညစ်များဖြစ်သည်။ ၎င်းတို့အားလုံးသည် မကောင်းပေ။ အားလုံးက ကောက်ကျစ်ဆိုးယုတ်သည်။ ၎င်းတို့အားလုံးသည် မကောင်းမှုနှင့် ဆက်စပ်သည်။ ၎င်းတို့သည် ဆိုးယုတ်ခြင်းမရှိလျှင် ကြမ်းတမ်းသည်။ လူကြီးလူကောင်း အယောင်ဆောင်နှင့် ဗီလိန်အစစ်ကြားရှိ တစ်ခုတည်းသော ခြားနားချက်မှာ ၎င်းတို့၏ ပြုမူလုပ်ဆောင်သည့် ပုံစံဖြစ်သည်။ တစ်ယောက်က လူအများရှေ့တွင် လုပ်ဆောင်ပြီး အခြားတစ်ယောက်က လျှို့ဝှက်စွာ လုပ်ဆောင်သည်။ ၎င်းတို့၌ ကျင့်ကြံပြုမူခြင်းတွင် မတူညီသော နည်းလမ်းများလည်း ရှိသည်။ တစ်ယောက်က မကောင်းမှုကို ပွင့်လင်းစွာ လုပ်ဆောင်ပြီး အခြားတစ်ယောက်က လူတို့နောက်ကွယ်တွင် ညစ်ညမ်းသော လှည့်ကွက်များကို ကစားသည်။ တစ်ယောက်က ပို၍ မသိမသာနှင့် ထိခိုက်တတ်ပြီး သစ္စာဖောက်သည်။ အခြားတစ်ယောက်က ပို၍ လွှမ်းမိုးသည်၊ အုပ်စိုးသည်၊ အစွယ်ကို ထုတ်ပြသည်။ တစ်ယောက်က ပို၍ ယုတ်ညံ့ပြီး ခိုးကြောင်ခိုးဝှက်ဖြစ်သည်။ အခြားတစ်ယောက်က ပို၍ စက်ဆုပ်ဖွယ်ဖြစ်ပြီး မာနထောင်လွှားသည်။ ယင်းတို့သည် အမှုအရာများကို လုပ်ဆောင်ရာ၌ ဆိုးယုတ်သော နည်းလမ်းနှစ်ခု ဖြစ်လာသည်။ တစ်ခုက ပွင့်လင်းပြီး တစ်ခုက ခိုးကြောင်ခိုးဝှက်ဖြစ်သည်။ သင်သည် ပွင့်လင်းစွာ လုပ်ဆောင်လျှင် ဗီလိန်အစစ်တစ်ယောက် ဖြစ်ပြီး ခိုးကြောင်ခိုးဝှက်လုပ်ဆောင်လျှင် လူကြီးလူကောင်း အယောင်ဆောင်သူဖြစ်သည်။ ကြွားဝါပြောဆိုစရာ ဘာရှိသနည်း။ သင်သည် ဤဆိုရိုးစကားကို သင်၏ ဆောင်ပုဒ်အဖြစ် မှတ်ယူလျှင် မမိုက်မဲသလော။ သို့ဖြစ်၍ သင်သည် ဤအမှုအရာတွင် သင့်မိသားစုက ပုံစံသွင်းပေးခဲ့သော၊ သို့မဟုတ် သွတ်သွင်းခဲ့သော အရာများ၏ ပြင်းပြင်းထန်ထန် ထိခိုက်ခြင်းကို ခံရလျှင်၊ သို့မဟုတ် ဤအရာများကို သင် မြဲမြံစွာ ကိုင်စွဲထားလျှင် ယင်းတို့ကို သင် လက်လွှတ်နိုင်ဖို့၊ ယင်းတို့ကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပိုင်းခြားသိမြင်ပြီး ရိပ်စားမိနိုင်ဖို့ ငါမျှော်လင့်သည်။ ဤဆိုရိုးစကားအား ဖက်တွယ်ထားပြီး ယင်းသည် သင့်အား ကာကွယ်ပေးနေသည်၊ သို့မဟုတ် သင့်အား စစ်မှန်သောသူဖြစ်ရန်၊ သို့မဟုတ် ကိုယ်ကျင့်သိက္ခာနှင့် လူ့သဘာဝရှိသူတစ်ယောက်ဖြစ်ရန် လုပ်ဆောင်ပေးနေသည်ဟု ထင်မြင်ခြင်းအား ရပ်လော့။ ဤဆိုရိုးစကားသည် ကျင့်ကြံပြုမူသင့်သည့် နည်းလမ်းအတွက် စံနှုန်းတစ်ခုမဟုတ်ပေ။ ငါ၏ ခံယူချက်အရ ဤဆိုရိုးစကားကို ငါ ပြင်းထန်စွာ ရှုတ်ချသည်။ ယင်းကို အရာရာထက်ပို၍ ငါစက်ဆုပ်ရွံရှာသည်။ ငါသည် လူကြီးလူကောင်း အယောင်ဆောင်သူများကြောင့်သာမကဘဲ ဗီလိန်အစစ်များကြောင့်လည်း စက်ဆုပ်ရွံရှာမှုကို ခံစားရသည်။ လူနှစ်မျိုးလုံးသည် ငါ့အတွက် စက်ဆုပ်ရွံရှာစရာများဖြစ်သည်။ ထို့ကြောင့် သင်သည် လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်လျှင် ငါ၏ အမြင်၌ သင်သည် မကောင်းပေ။ သင်သည် ကုစား၍ မရနိုင်လောက်အောင် ဖြစ်နေသည်။ သို့သော် သင်သည် ဗီလိန်အစစ်တစ်ယောက်ဖြစ်လျှင် ပို၍ပင် ဆိုးသည်။ သင်သည် လမ်းမှန်ကို ကောင်းစွာသိသည့်တိုင် တမင်အပြစ်ပြုသည်။ သမ္မာတရားကို ရှင်းလင်းစွာ သိသည့်တိုင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ ပွင့်လင်းစွာ ဆန့်ကျင်သည်။ ထို့ကြောင့် သင်သည် ပို၍ မြန်ဆန်စွာ သေဆုံးလိမ့်မည်။ “ငါ့တွင် တဲ့တိုးဆန်သည့် သဘာဝရှိသည်။ ငါက လူကြီးလူကောင်းအယောင်ဆောင်သူမဟုတ်ပါ။ ငါက ဗီလိန်တစ်ယောက် ဖြစ်သော်လည်း ဗီလိန်အစစ်ဖြစ်သည်” ဟု မတွေးနှင့်။ သင်သည် အဘယ်သို့ မှန်ကန်သနည်း။ သင်၏ “မှန်ကန်ခြင်း”သည် သမ္မာတရားမဟုတ်သကဲ့သို့ အပြုသဘောဆောင်သောအရာလည်း မဟုတ်ပေ။ သင်၏ “မှန်ကန်ခြင်း”သည် သင်၏ မာနထောင်လွှားပြီး ကြမ်းတမ်းသော စိတ်သဘောထား၏ အနှစ်သာရနှင့်ဆိုင်သော သရုပ်သကန်ဖြစ်သည်။ သင်သည် သမ္မာတရားကဲ့သို့ အစစ်အမှန်ဖြစ်ခြင်း၊ သို့မဟုတ် အမှန်တကယ် စစ်မှန်သောအရာတစ်ခုဖြစ်ခြင်းထက် စာတန်အစစ်အမှန်၊ နတ်ဆိုးအစစ်အမှန်၊ ဆိုးယုတ်မှုအစစ်အမှန်တို့ကဲ့သို့ “အစစ်အမှန်” ဖြစ်ခြင်းဖြစ်သည်။ ထို့ကြောင့် သင့်မိသားစုက သင့်အား ပုံစံသွင်းပေးသည့် “လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်အစစ်ဖြစ်ခြင်းက ပို၍ကောင်းသည်”ဟူသည့် ဆိုရိုးစကားနှင့်ပတ်သက်လျှင် သင်သည် ယင်းကိုလည်း လက်လွှတ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ဘုရားသခင်က လူတို့အား သင်ကြားပေးသော ကျင့်ကြံပြုမူမှုစည်းမျဉ်းများနှင့် လုံးဝ ဆက်စပ်ခြင်းမရှိသကဲ့သို့ ယင်းတို့နှင့် နီးစပ်ခြင်း အနည်းငယ်မျှပင် မရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်သည် ယင်းကို ဆက်လက်၍ ဖက်တွယ်ထားခြင်းထက် ဖြစ်နိုင်သမျှ အမြန်ဆုံး လက်လွှတ်သင့်သည်။

မိသားစုသည် အခြားသော ပုံစံသွင်းသည့် သက်ရောက်မှု အမျိုးအစားတစ်ခုကိုလည်း ဖြစ်ပေါ်စေသည်။ ဥပမာအနေဖြင့် သင့်မိသားစုဝင်များက သင့်အား အစဉ်သဖြင့် ပြောသည်မှာ “လူများကြားထဲတွင် အလွန်ထင်ပေါ်လွန်းသူ မဖြစ်စေနှင့်။ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းပြီး မိမိ၏ စကားနှင့် လုပ်ရပ်များအပြင် မိမိ၏ ကိုယ်ပိုင်ပါရမီများ၊ အရည်အချင်းများ၊ ဉာဏ်ရည်များ စသည်တို့တွင် အနည်းငယ်သော ချုပ်တည်းမှုကို ကျင့်သုံးရမည်။ ထင်ပေါ်သည့်သူ မဖြစ်စေနှင့်။ ‘ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည် သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်’ နှင့် ‘ထွက်နေသည့် ထုတ်တန်းက ဦးဆုံးဆွေးသည်’ ဟူသည့် ဆိုရိုးစကားကဲ့သို့ပင် ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုလျှင်၊ ကိုယ်နေသည့်အုပ်စုတွင် ရေရှည်ဖြစ်ပြီး တည်ငြိမ်သည့်နေရာကို ရလိုလျှင် ထီးထီးကြီး ထင်ပေါ်နေသည့်ငှက် မဖြစ်နှင့်။ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းပြီး လူတိုင်းထက်သာဖို့ ရည်မှန်းချက်မထားနှင့်။ မိုးကြိုးလွှဲကို စဉ်းစားကြည့်။ ယင်းမှာ မုန်တိုင်းကျနေသည့်အချိန်တွင် ပထမဆုံး မိုးကြိုးပစ်ခံရသည့်အရာ ဖြစ်သည်။ အကြောင်းမှာ မိုးကြိုးသည် အမြင့်ဆုံးနေရာကို ပစ်သောကြောင့် ဖြစ်သည်။ လေပြင်းတိုက်နေသည့်အချိန်တွင် အရှည်ဆုံးသစ်ပင်က ပထမဆုံး အပြင်းဆုံးဒဏ်ဖြင့် အတိုက်ခံရသည်။ ပြီးလျှင် ရာသီဥတုအေးသည့်အချိန်တွင် အမြင့်ဆုံးတောင်က ဦးဆုံး အေးခဲသည်။ လူများသည်လည်း ထိုနည်းတူပင် ဖြစ်သည်။ ကိုယ်က အမြဲတမ်း အခြားသူများကြားတွင် ထင်ပေါ်ပြီး အာရုံစိုက်ခံရလျှင်၊ လူစုက ကိုယ့်ကို သတိထားမိလျှင် ကိုယ့်ကို ဒဏ်ပေးဖို့ အသေအချာ စဉ်းစားလိမ့်မည်။ ထီးထီးကြီးထင်ပေါ်နေသည့်ငှက် မဖြစ်နှင့်။ တစ်ယောက်တည်း မပျံနှင့်။ အုပ်စုထဲတွင် နေသင့်သည်။ သို့မဟုတ်ပါက သင့်အနားတွင် လူမှုဆန္ဒပြပွဲတစ်ခုခုဖြစ်လျှင် ဦးဆုံး အပြစ်ပေးခံရသည်မှာ သင်သာ ဖြစ်လိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သင်သည် ထီးထီးကြီး ထင်ပေါ်နေသည့်ငှက် ဖြစ်သောကြောင့်တည်း။ အသင်းတော်တွင် ခေါင်းဆောင်၊ သို့မဟုတ် အဖွဲ့ခေါင်းဆောင် မဖြစ်စေနှင့်။ သို့မဟုတ်ပါက ဘုရားအိမ်တော်တွင် အလုပ်နှင့် သက်ဆိုင်သည့် ဆုံးရှုံးမှုဖြစ်စေ၊ ပြဿနာများဖြစ်စေ ရှိသည့်ဖြစ်စဉ်တွင် ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ယောက်အနေနှင့် သင်သည် ပထမဆုံး ခွဲထုတ်ခံရမည်။ ထို့ကြောင့် ထီးထီးကြီး ထင်ပေါ်နေသည့်ငှက် မဖြစ်စေနှင့်။ အဘယ်ကြောင့်ဆိုသော် ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည် သေနတ်နှင့် အပစ်ခံရသည့်ငှက်ဖြစ်သောကြောင့် ဖြစ်သည်။ လိပ်တစ်ကောင်ကဲ့သို့ ခေါင်းကို အထဲသွင်းပြီး ကျုံ့ထားတတ်ဖို့ သင်ယူရမည်” ဟူ၍ ဖြစ်သည်။ သင့်မိဘများထံမှ ဤစကားများကို သင်အမှတ်ရပြီး ခေါင်းဆောင်ရွေးချယ်ရန် အချိန်ကျသောအခါ သင်သည် ရာထူးကို ပယ်ချကာ “ဪ ကျွန်တော် မလုပ်နိုင်ဘူး။ ကျွန်တော့်တွင် မိသားစုနှင့် ကလေးများရှိသည်။ သူတို့နှင့် အရမ်းအလုပ်ရှုပ်နေသည်။ ကျွန်တော် ခေါင်းဆောင်လုပ်လို့မရပါ။ ခင်ဗျားတို့ လုပ်သင့်သည်။ ကျွန်တော့်ကို မရွေးပါနှင့်” ဟူ၍ ဆိုသည်။ သင်သည် မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည်ဆိုပါစို့။ ခေါင်းဆောင်လုပ်ရန် သင်တွန့်ဆုတ်နေဆဲ ဖြစ်သည်။ သင်က “အားနာပါသည်၊ ကျွန်တော် နုတ်ထွက်မှဖြစ်မည်။ ခင်ဗျားတို့ ခေါင်းဆောင်လုပ်ပါ။ ကျွန်တော်က ခင်ဗျားတို့ကို အခွင့်အရေးအားလုံးကို ပေးနေခြင်း ဖြစ်ပါသည်။ ဤရာထူးကို ခင်ဗျားတို့ကို ယူခွင့်ပေးခြင်းဖြစ်သည်။ ကျွန်တော် ဖယ်ပေးပါသည်” ဟု ဆိုသည်။ သင့်စိတ်နှလုံး၌ သင်တွေးတောသည်မှာ “ဟင် ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်က သေနတ်နှင့် အပစ်ခံရတတ်သည်။ အမြင့်ကို တက်လေလေ၊ အကျနာလေလေဖြစ်ပြီး ထိပ်ဆုံးတွင် အထီးကျန်သည်။ မင်းကို ခေါင်းဆောင် ဖြစ်ခွင့်ပေးလိုက်မည်။ မင်း အရွေးခံရပြီးသည့်နောက်တွင် အခြားသူများ၏ လက်ညှိုးထိုးခံရသည့်နေ့ကို ရောက်လာမည်ဖြစ်သည်။ ငါသည် မည်သည့်အခါကမျှ ခေါင်းဆောင်မဖြစ်ချင်ပါ။ ငါသည် လှေကားကို မတက်ချင်သဖြင့် ယင်းမှာ အမြင့်ကနေ ငါ ကျမည်မဟုတ်သည့် သဘောဖြစ်သည်။ စဉ်းစားကြည့်လော့၊ ထိုလူသည် ခေါင်းဆောင်ရာထူးမှ နှင်ထုတ်မခံခဲ့ရသလော။ နှင်ထုတ်ခံရပြီးသည့်နောက်တွင် သူသည် သာမန်ယုံကြည်သူတစ်ယောက်ဖြစ်ဖို့ အခွင့်အရေးပင် မရခဲ့ပါ။ ယင်းမှာ ‘ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက် ဖြစ်သည်’ ဟူသည်နှင့် ‘ထွက်နေသည့် ထုတ်တန်းက ဦးဆုံးဆွေးသည်’ ဟူသည့် ထိုဆိုရိုးစကားများ၏ အကောင်းဆုံးနမူနာပင် ဖြစ်သည်။ ငါ မမှန်သလော။ သူက ဒဏ်အပေးမခံရသလော။ လူများသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သင်ယူရမည်။ သို့မဟုတ်ပါက လူများသည် ဦးနှောက် မည်သည့်အတွက် ရှိသနည်း။ ကိုယ့်ခေါင်းထဲတွင် ဦးနှောက်ရှိလျှင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အသုံးပြုရမည်။ အချို့လူများက ဤပြဿနာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါ။ သို့သော် လူ့အဖွဲ့အစည်းတွင်၊ မည်သည့်လူအုပ်စုတွင်မဆို ဤကဲ့သို့သာ ဖြစ်သည်။ ‘ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်’ သေနတ်နှင့် အပစ်ခံရသည့်အချိန် မရောက်သေးမချင်း ထီးထီးကြီး ထင်ပေါ်နေသမျှ ကောင်းစွာ လေးစားခံရမည်။ ထို့နောက်တွင် ကျည်လမ်းကြောင်းတွင် နေသည့်သူများက အနှေးနှင့်အမြန် ထိုက်သင့်သည့် ကြမ္မာကိုကြုံရသည်ကို မင်းသဘောပေါက်လိမ့်မည်” ဟူ၍ ဖြစ်သည်။ ဤသည်တို့တွင် သင့်မိဘနှင့် မိသားစု၏ အလွန်လေးနက်သော သွန်သင်မှုများဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ ဘဝသက်တမ်းတစ်လျှောက်၏ အတွေ့အကြုံကို ထုတ်ဖော်ပြောဆိုမှု၊ အနှစ်ချုပ် ဉာဏ်ပညာတို့လည်း ဖြစ်သည်။ ၎င်းတို့က ယင်းတို့ကို ထိန်ချန်ထားခြင်း တစ်ခုမျှ မရှိဘဲ ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုသည်။ “ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုသည်” ဟူသည်မှာ မည်သည့်အရာကို ငါဆိုလိုသနည်း။ ငါဆိုလိုသည်မှာ တစ်နေ့တွင် သင့်မိခင်က သင့်အား တိတ်တဆိတ် ပြောသည်မှာ “အမေ မင်းကိုပြောမည်။ ဤဘဝတွင် အမေသင်ယူခဲ့သည့်အရာ တစ်ခုရှိလျှင် ယင်းမှာ ‘ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်’ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူတစ်ယောက်က ထင်ပေါ်လွန်းလျှင် သို့မဟုတ် အာရုံအစိုက်ခံရလွန်းလျှင် ဒဏ်ပေးခံရဖို့များသည်ဟူသည့် သဘောဖြစ်သည်။ ယခု မင်းအဖေက မည်မျှငြိမ်ချက်သားကောင်းပြီး ဟန်ဆောင်မှု ကင်းသည်ကို ကြည့်လော့။ ယင်းမှာ သူသည် ဖိနှိပ်ရေး စည်းရုံးလှုံ့ဆော်ပွဲတစ်ခုတွင် ဒဏ်ပေးခံရသောကြောင့် ဖြစ်သည်။ မင်းအဖေက စာပေပါရမီရှိသည်။ စာရေးနိုင်ပြီး မိန့်ခွန်းများ ပြောနိုင်သည်။ ခေါင်းဆောင် အရည်အချင်းများ ရှိသည်။ သို့သော် သူသည် လူများကြားထဲတွင် ထင်ပေါ်လွန်းပြီး နောက်ဆုံး၌ စည်းရုံးလှုံ့ဆော်ပွဲတွင် ဒဏ်ပေးခံရသည်။ ထိုအချိန်မှစပြီး မင်းအဖေသည် အစိုးရအရာရှိဖြစ်ခြင်းအကြောင်းနှင့် လူသိများသည့် ပုဂ္ဂိုလ်ဖြစ်ခြင်းအကြောင်း လုံးဝ မပြောသည်မှာ အဘယ်ကြောင့်နည်း။ ယင်းကြောင့်သာဖြစ်လေသည်။ အမေက မင်းကို ရင်ထဲမှနေ၍ စကားပြောပြီး အမှန်အတိုင်း ပြောခြင်းဖြစ်သည်။ မင်း ကောင်းစွာ နားထောင်ပြီး သတိရရမည်။ မမေ့နှင့်။ မည်သည့်နေရာကို သွားပါစေ ဤအရာကို စိတ်ထဲတွင် ထားရမည်။ ဤသည်မှာ မင်းအမေအနေနှင့် ငါပေးနိုင်သည့် အကောင်းဆုံးအရာဖြစ်၏” ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် သင်သည် သူမ၏ စကားများကို အမှတ်ရပြီး “ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်” ဟူသည့် ဆိုရိုးစကားကို သင် အမှတ်ရသည့်အခါတိုင်း ထိုဆိုရိုးစကားက သင့်အဖေကို သတိရစေသည်။ သင့်အဖေကို သင်စဉ်းစားမိတိုင်း ဤဆိုရိုးစကားကို သင်စဉ်းစားမိသည်။ သင့်အဖေသည် တစ်ခါက ထီးထီးကြီးထင်ပေါ်နေပြီး အပစ်ခံရသည့်ငှက်ဖြစ်သည်။ ယခုတွင် သူ၏ တက်ကြွမှုမရှိသော၊ စိတ်ဓာတ်ကျသောအကြည့်က သင့်စိတ်တွင် နက်နဲသောအရာတစ်ခု ထင်ကျန်ခဲ့စေသည်။ ထို့ကြောင့် သင်သည် ထီးထီးကြီးထင်ပေါ်ချင်သည့် အချိန်တိုင်းတွင်၊ စိတ်ထဲရှိသည့်အတိုင်း ပြောလိုသည့်အချိန်တိုင်းတွင်၊ ဘုရားအိမ်တော်၌ သင့်တာဝန်ကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်လိုသည့် အချိန်တိုင်းတွင် သင့်နားထဲရှိ “ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည် သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်” ဆိုသည့် သင့်မိခင်၏ ရင်ထဲမှလာသော အကြံပြုချက်က စိတ်ထဲတွင် တစ်ဖန်ပေါ်လာသည်။ ထို့ကြောင့် သင်သည် နောက်တစ်ဖန် တွန့်ဆုတ်ပြီး “ပါရမီများကိုဖြစ်စေ၊ ထူးခြားသည့် အရည်အချင်းတစ်ခုခုကိုဖြစ်စေ ငါ ပြလို့မဖြစ်ပါ။ ငါ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းပြီး အောင့်အည်းထားရမည်။ တာဝန်ထမ်းဆောင်သည့် အပေါ်တွင် စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှသုံးဖို့ လူများကို ဘုရားသခင်၏ တိုက်တွန်းချက်နှင့် ပတ်သက်လျှင်မူ ဤစကားများကို ငါ အလယ်အလတ် လမ်းစဉ်ဖြင့် လက်တွေ့လုပ်ဆောင်ရမည်။ အလွန်ကြိုးစားခြင်းအားဖြင့် ထင်ပေါ်၍မဖြစ်ပေ။ အလွန်ကြိုးစားခြင်းအားဖြင့် ထင်ပေါ်ပြီး အသင်းတော်အလုပ်ကို ဦးဆောင်ခြင်းအားဖြင့် ငါ ထီးထီးကြီးထင်ပေါ်နေလျှင် ဘုရားအိမ်တော်၏ အလုပ်တွင် တစ်ခုခုလွဲချော်မှားယွင်း၍ ငါတာဝန်ခံရပါက မည်သို့လုပ်ကြမည်နည်း။ ဤတာဝန်ကို ငါ မည်သို့ခံယူသင့်သနည်း။ ငါက ရှင်းလင်းပစ်ခြင်း ခံရမည်လော။ ငါက ဓားစာခံတစ်ဦး၊ ထီးထီးကြီးထင်ပေါ်နေသည့် ငှက်ဖြစ်လာမည်လော။ ဘုရားအိမ်တော်တွင် ဤကိစ္စများက မည်သို့ဖြစ်လာမည်ကို ပြောဖို့ခက်သည်။ ထို့ကြောင့် ငါက မည်သည့်အရာကို လုပ်ပါစေ ကိုယ့်အတွက် ထွက်ပေါက်တစ်ခုကို လုံးဝ ရှာထားရမည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုံးဝ သင်ယူရမည်။ ပြီးလျှင် ငါစကားမပြောမီ၊ မလုပ်မီတွင် ဖြစ်လာနိုင်သည့်အရာများအတွက် လိုအပ်သည့် ကြိုတင်ကာကွယ်မှုအားလုံးကို အသေအချာ ပြုလုပ်ဆောင်ရွက်ထားရမည်။ ဤသည်မှာ ဉာဏ်အရှိဆုံး ဆောင်ရွက်ပုံနည်းလမ်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ‘ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်’ဟု ငါ့အမေပြောသကဲ့သို့ပင်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤဆိုရိုးစကားသည် သင်၏ စိတ်နှလုံးတွင် နက်နဲစွာ စွဲထင်နေပြီးဖြစ်ကာ သင်၏ နေ့စဉ်အသက်တာအပေါ်တွင်လည်း လေးနက်သော လွှမ်းမိုးမှုရှိသည်။ ပို၍ ဆိုးသည်မှာ ယင်းသည် သင့်တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင်၏ သဘောထားကို ထိခိုက်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤတွင် ဆိုးရွားသော ပြဿနာများမရှိသလော။ ထို့ကြောင့် သင်သည် ရိုးသားစစ်မှန်စွာဖြင့် သင့်တာဝန်ကို ထမ်းဆောင်ပြီး သင့်ကိုယ်သင် အသုံးခံလိုသည့် အချိန်တိုင်းတွင်၊ သင်၏ ခွန်အားအလုံးစုံကို စိတ်ပါလက်ပါ အသုံးချလိုသည့် အချိန်တိုင်းတွင် “ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက် ဖြစ်သည်”ဟူသည့် ဤဆိုရိုးစကားသည် သင်သွားနေသည့် လမ်းကြောင်းပေါ်၌ သင့်အား အစဉ်သဖြင့် တားဆီးနေပြီး အဆုံးတွင် သင်သည် အနည်းငယ် လူးသာလွန့်သာရှိဖို့နှင့် လှည့်ကွက်များအတွက် နေရာချန်ထားရန် အစဉ်ရွေးချယ်ပြီး သင့်အတွက် ထွက်ပေါက်တစ်ခု ချန်ထားပြီးသည့် နောက်တွင်မှ သင့်တာဝန်ကို ချင့်ချင့်ချိန်ချိန် ထမ်းဆောင်သည်။ ငါပြောသည်မှာ မမှန်သလော။ ဤအမှုအရာတွင် သင့်မိသားစု၏ ပုံစံသွင်းခြင်းသည် သင့်အား ဖော်ထုတ်ခံရပြီး ကိုင်တွယ်ဖြေရှင်း ခံရခြင်းမှနေ၍ အကြီးမားဆုံး အတိုင်းအတာအထိ ကာကွယ်ပေးသလော။ သင့်အတွက် ဤသည်မှာ နောက်ထပ် အဆောင်တစ်ခုဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။)

ငါတို့ ယခုအထိ မိတ်သဟာယပြုခဲ့သည့် အရာအားလုံးကို အခြေခံလျှင် လူတို့၌ ၎င်းတို့မိသားစု၏ ပုံစံသွင်းမှု၏ ရလဒ်အနေဖြင့် အဆောင်မည်မျှ ရှိသနည်း။ (ခုနစ်ခုဖြစ်ပါသည်။) အဆောင်များစွာရှိသောကြောင့် သာမန်နတ်ဆိုးများ၊ မကောင်းဆိုးဝါးများက သင့်အား မထိပါးရဲသည်မှာ မှန်သလော။ ဤအဆောင်အားလုံးသည် သင့်အား အလွန်ပင် ဘေးကင်းစေသည်။ အလွန် သက်သာစေသည်။ ဤလူ့ကမ္ဘာတွင် နေထိုင်ရင်း အလွန်ပျော်ရွှင်စေသည်။ တစ်ချိန်တည်းတွင် ယင်းတို့သည် သင့်အား မိသားစုက သင့်အတွက် မည်မျှအရေးကြီးသည်ကိုလည်းကောင်း၊ သင့်မိသားစုက သင့်အားပေးသော အကာအကွယ်နှင့် အဆောင်များသည် မည်မျှပင် အချိန်ကိုက်ဖြစ်ပြီး အရေးကြီးသည်ကိုလည်းကောင်း ခံစားရစေသည်။ သင်သည် ဤအဆောင်များ၏ ရလဒ်အဖြစ် သိသာသော အကျိုးအမြတ်များ၊ အကာအကွယ်များကို ရရှိသည့်အချိန်တိုင်းတွင် မိသားစုက အရေးကြီးသည်ဟုလည်းကောင်း၊ သင်သည် မိသားစုအပေါ် အစဉ် မှီခိုလိမ့်မည်ဟုလည်းကောင်း ယခင်ကထက်ပင်ပို၍ ခံစားမိသည်။ သင်သည် အခက်အခဲများကို ကြုံရပြီး ချီတုံချတုံဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့အားဖြင့် ဖိစီးနေသည့်အခါတိုင်းတွင် သင့်စိတ်ကို သင် တစ်ခဏထိန်းပြီး “ငါ့အမေနှင့် အဖေက ငါ့ကို မည်သည့်အရာ ပြောခဲ့သနည်း။ ငါ့ထက် အသက်ကြီးသူများက မည်သည့်ကျွမ်းကျင်မှုများကို ငါ့ကို သင်ပေးခဲ့သနည်း။ ငါ့ကို သူတို့ လက်ဆင့်ကမ်းပေးခဲ့သည့် ဆောင်ပုဒ်က မည်သည့်အရာနည်း” ဟူ၍ စဉ်းစားသည်။ သင်သည် သင့်မိသားစု၏ ကာကွယ်မှုကို ရှာဖွေရင်း၊ တောင်းဆိုရင်း သင့်မိသားစုက သင့်ထံ သွတ်သွင်းပေးခဲ့သည့် အမျိုးမျိုးသော အယူအဆနှင့် ပတ်ဝန်းကျင်များသို့ လျင်မြန်စွာ၊ အလိုလိုပင် အမှုမဲ့အမှတ်မဲ့ ပြန်လည်ကျရောက်သွားသည်။ ဤသို့သောအချိန်များတွင် မိသားစုသည် သင်၏ လုံခြုံဘေးကင်းသောခိုလှုံရာ၊ မှီခိုအားထားရာ၊ အစဉ်သန်မာသော၊ မြဲမြံသော၊ မပြောင်းလဲသော ပံ့ပိုးမှုနှင့် တွန်းအားဖြစ်လာသည်။ သင့်အား ဆက်လက်၍ အသက်ရှင်စေပြီး စိတ်ရှုပ်ထွေးခြင်း၊ ချီတုံချတုံဖြစ်ခြင်းတို့အား ရပ်တန့်စေရန် လုပ်ဆောင်ပေးသည့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တစ်ခုဖြစ်လာသည်။ ဤသို့သောအချိန်များတွင် သင်သည် လေးနက်သောခံစားချက်များနှင့် ပြည့်နေသည်။ “မိသားစုက ငါ့အတွက် အရမ်းအရေးကြီးသည်။ ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာ ခွန်အားကို ပေးသည်။ ဝိညာဉ်ရေးရာ ပံ့ပိုးမှု အရင်းအမြစ်လည်း ဖြစ်သည်” ဟူ၍ ဖြစ်သည်။ သင်သည် “ငါ့မိဘများက ငါ့ကို ပြောခဲ့သည့်အရာများကို ငါနားထောင်ခဲ့သည်မှာ ကံကောင်းသည်။ သို့မဟုတ်ပါက ယခုအခါတွင် အတော်ရှက်စရာကောင်းသည့် အခြေအနေကို ရောက်နေပြီး အနိုင်ကျင့်ခံရခြင်းဖြစ်စေ၊ ဒုက္ခပေးခံရခြင်းဖြစ်စေ တစ်ခုခု ဖြစ်နေလောက်ပြီးဖြစ်လိမ့်မည်။ ကံကောင်းသည်မှာ ငါ့တွင် ဤဝှက်ဖဲရှိသည်။ ငါ့တွင် အဆောင်တစ်ခုရှိသည်။ သို့ဖြစ်၍ ဘုရားအိမ်တော်နှင့် အသင်းတော်တွင်ပင်၊ မိမိ၏တာဝန်ထမ်းဆောင်သည့် လမ်းကြောင်းတွင်ပင် မည်သူ၏ အနိုင်ကျင့်ခြင်းကိုမျှ ငါခံရမည်မဟုတ်။ ပြီးလျှင် အသင်းတော်က ရှင်းလင်းပစ်သည့်၊ သို့မဟုတ် ကိုင်တွယ်ခြင်းခံရသည့် အန္တရာယ်ရှိမည် မဟုတ်ပါ။ ဤအရာများသည် ငါ့အပေါ်တွင် မည်သည့်အခါမျှ မဖြစ်လောက်။ ငါ့မိသားစုက ငါ့ကိုပုံစံသွင်းပေးသည့် အကာအကွယ်ကြောင့်ပင်ဖြစ်သည်” ဟု တွေးလျက် သင့်ကိုယ်သင် မကြာခဏ ဂုဏ်ပြုသည်။ သို့သော် သင်သည် တစ်စုံတစ်ခုကို မေ့လျော့နေခဲ့သည်။ သင်သည် သင့်ကိုယ်သင် ကာကွယ်နိုင်သည်ဟု ထင်မြင်သော ပတ်ဝန်းကျင်တစ်ခုတွင် အဆောင်များဖြင့် အသက်ရှင်နေခဲ့သည်။ သို့သော် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား သင် ဖြည့်ဆည်းခဲ့ခြင်းရှိမရှိကို သင် မသိပေ။ သင့်အပေါ် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သင် လျစ်လျူရှုခဲ့သည်။ သင်၏ ဖန်ဆင်းခံဖြစ်သော ကိုယ်ပိုင်လက္ခဏာကို လျစ်လျူရှုခဲ့သည်။ ပြီးလျှင် ဖန်ဆင်းခံအနေဖြင့် သင်ဖြည့်ဆည်းသင့်သော တာဝန်ကို လျစ်လျူရှုသည်။ သင်သည် သင်ခံယူသင့်သည့် သဘောထားနှင့် သင့်တာဝန်အား ထမ်းဆောင်ရာတွင် သင်ပေးဆပ်သင့်သည့် အရာအားလုံးကိုလည်း လျစ်လျူရှုခဲ့သော်လည်း သင်မြတ်နိုးသင့်သည့် ဘဝအပေါ် မှန်ကန်သော ရှုမြင်သုံးသပ်ချက်နှင့် စံနှုန်းများကမူ သင့်မိသားစုက သင့်အပေါ် ပုံစံသွင်းခဲ့သော အမြင်များဖြင့် အစားထိုးခြင်းခံရသည်။ ပြီးလျှင် ကယ်တင်ခြင်းအတွက် သင်၏ အခွင့်အရေးများသည်လည်း သင့်မိသားစု၏ ပုံစံသွင်းခြင်းအားဖြင့် ထိခိုက်ပြီး လွှမ်းမိုးခြင်းခံရသည်။ ထို့ကြောင့် မိမိတို့ မိသားစု၏ အမျိုးမျိုးသော ပုံစံသွင်းသည့် သက်ရောက်မှုများကို လက်လွှတ်ရန် လူတိုင်းအတွက် အလွန်အရေးကြီးသည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရား၏ ကဏ္ဍတစ်ခုဖြစ်သည်။ ပြီးလျှင် နှောင့်နှေးခြင်းမရှိဘဲ ဝင်ရောက်သင့်သည့် လက်တွေ့အရှိတရားတစ်ခုလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းက သင့်အား တစ်စုံတစ်ခုပြောလျှင် သင်သည် ယင်းကို ငြင်းပယ်ရန် ယုတ္တိရှိသော၊ သို့မဟုတ် မသိစိတ်မှဖြစ်သော ဆုံးဖြတ်ချက်ကို ချနိုင်ခြေများသည်။ လူစိမ်းတစ်ယောက်၊ သို့မဟုတ် သင်နှင့် ဆွေမျိုးမတော်စပ်သူတစ်ယောက်က သင့်အား တစ်စုံတစ်ခုပြောလျှင် သင်သည် ယင်းကို လက်ခံရန်ဖြစ်စေ၊ လက်မခံရန်ဖြစ်စေ ယုတ္တိရှိသော၊ သို့မဟုတ် ချင့်ချိန်စဉ်းစားသော ဆုံးဖြတ်ချက်ကို ချတတ်သည်။ သို့သော် သင့်မိသားစုက သင့်အား တစ်စုံတစ်ခုပြောလျှင် သင်သည် တွေဝေခြင်း၊ သို့မဟုတ် ပိုင်းခြားသိမြင်ခြင်းမရှိဘဲ အလုံးစုံ လက်ခံတတ်သည်။ ဤသည်မှာ သင့်အတွက် မလွဲဧကန်ပင် အန္တရာယ်ရှိသောအရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိသားစုသည် လူတစ်ယောက်အပေါ် မည်သည့်ထိခိုက်မှုကိုမျှ လုံးဝ မပြုလုပ်နိုင်ဟုလည်းကောင်း၊ သင့်အတွက် သင့်မိသားစုက လုပ်ဆောင်သမျှတိုင်းသည် သင်ကောင်းဖို့အတွက်၊ သင့်ကို ကာကွယ်ရန်အတွက်၊ သင့်အကျိုးအတွက် ဖြစ်သည်ဟုလည်းကောင်း သင်ထင်မြင်သောကြောင့် ဖြစ်သည်။ ဤသို့ ခံယူထားသည့် စည်းမျဉ်းကို အခြေခံပြီး လူတို့သည် မိမိ၏ မိသားစုဖြစ်သော ဤသိသာသော၊ မသိသာသော အရာများ၏ နှောင့်ယှက်ခြင်း၊ လွှမ်းမိုးခြင်းကို အလွယ်တကူ ခံရသည်။ သိသာသောအရာများမှာ မိမိ၏ မိသားစုဝင်များနှင့် မိသားစု၏ အရေးကိစ္စများအားလုံးဖြစ်ပြီး မသိသာသောအရာများမှာမူ မိသားစုထံမှ လာသည့် အမျိုးမျိုးသော အယူအဆများနှင့် သွန်သင်မှုတို့ဖြစ်ကာ မည်သို့ ကျင့်ကြံပြုမူပြီး မိမိ၏ ကိုယ်ပိုင်အရေးကိစ္စများအား စီမံခန့်ခွဲသင့်သည်ဆိုသည်နှင့် သက်ဆိုင်သော အချို့သော ပုံစံသွင်းမှုများလည်း ဖြစ်သည်။ ဤသို့မဟုတ်လော။ (ဟုတ်ပါသည်။)

မိသားစု၏ ပုံစံသွင်းသည့် သက်ရောက်မှုများနှင့် ပတ်သက်ပြီး ဆွေးနွေးစရာများစွာရှိသည်။ ယနေ့တွင် ဤအရာများအား ငါတို့ မိတ်သဟာယဖွဲ့၍ ပြီးဆုံးသည့်နောက်တွင် သင်တို့သည် သင်တို့၏ နေ့စဉ်အသက်တာ၌ ယနေ့တွင် ငါပြောခဲ့သောအရာများအပြင် မည်သည့်အယူအဆနှင့် အမြင်များက သင်တို့ကို ဖိစီးနှိပ်စက်နိုင်သည်ကို စဉ်းစားလျက် ယင်းတို့အားလုံးကို ချင့်ချိန်စဉ်းစားပြီး အနှစ်ချုပ်ကြည့်သင့်သည်။ ငါတို့ ယခုတင် မိတ်သဟာယဖွဲ့ခဲ့သည့်အရာအများစုသည် လူတို့၏ စည်းမျဉ်းများနှင့် လောကနှင့် ကိုင်တွယ်ဖြေရှင်းသည့်နည်းလမ်းများဖြင့် ဆက်နွှယ်သည်။ ပြီးလျှင် လူတို့က အခြားလူများနှင့် အမှုအရာများအား မည်သို့ရှုမြင်သည်ဆိုသည်နှင့် သက်ဆိုင်သော အကြောင်းအရာ အနည်းငယ်ရှိသည်။ မိသားစုက လူတို့အပေါ် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုများ၏ နယ်ပယ်တွင် အခြေခံအားဖြင့် ဤအရာများက အကျုံးဝင်သည်။ ဘဝအပေါ် လူတို့၏ ရှုမြင်သုံးသပ်ချက်နှင့်၊ သို့မဟုတ် လောကနှင့် ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများဖြင့် မဆက်စပ်သော ပြဿနာအချို့လည်းရှိသည်။ ထို့ကြောင့် ငါတို့သည် ထိုအရာများအကြောင်းကို ဆက်၍ မပြောတော့ပေ။ ဤသို့ဆိုလျှင် ယနေ့ ဤနေရာတွင် ငါတို့၏ မိတ်သဟာယကို အဆုံးသတ်သည်။ နောက်တစ်ကြိမ်မှ ဆုံကြပါစို့။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။