သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၄)
လတ်တလောတွင်၊ ငါတို့သည် လူတို့၏ ဇာစ်မြစ်များကို အခြေခံ၍ မတူကွဲပြားသော လူအမျိုးအစားများကို ခွဲခြားခြင်းဟူသည့် အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤသည်မှာ လူတို့၏ ပင်ကိုအခြေအနေများ၊ လူ့သဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သည့် ပိုမိုကျယ်ပြန့်သော အကြောင်းအရာအောက်တွင် ပေါ်ပေါက်လာသည့် အထူးအကြောင်းအရာတစ်ခု ဖြစ်သည်။ ငါတို့သည် ဤအထူးအကြောင်းအရာနှင့်စပ်လျဉ်းသော အကြောင်းအရာအချို့ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ မည်သည့်အရာများ ပါဝင်ခဲ့သနည်း။ (ဘုရားသခင်သည် လူတို့ကို ၎င်းတို့၏ ဇာစ်မြစ်အရ အမျိုးအစားသုံးမျိုးအဖြစ် ခွဲခြားခဲ့သည်။ တိရစ္ဆာန်များမှ ပြန်လည်ဝင်စားသောသူများ၊ နတ်ဆိုးများမှ ပြန်လည်ဝင်စားသောသူများနှင့် လူများမှ ပြန်လည်ဝင်စားသောသူများ ဖြစ်ကြသည်။ ပထမအကြိမ်တွင် ဘုရားသခင်သည် တိရစ္ဆာန်များမှ ပြန်လည်ဝင်စားသောသူများ၏ ထူးခြားသော လက္ခဏာလေးရပ်အကြောင်း မိတ်သဟာယဖွဲ့ခဲ့သည်။ ပထမထူးခြားသော လက္ခဏာမှာ ၎င်းတို့သည် လွဲချော်သော နားလည်သဘောပေါက်နိုင်စွမ်း ရှိခြင်း ဖြစ်သည်။ ဒုတိယမှာ ၎င်းတို့သည် အထူးပင် ထုံထိုင်းခြင်း ဖြစ်သည်။ တတိယမှာ ၎င်းတို့က အထူးပင် နားဝေတိမ်တောင်ဖြစ်ခြင်း ဖြစ်ပြီး စတုတ္ထ ထူးခြားသော လက္ခဏာမှာ ၎င်းတို့ မိုက်မဲခြင်း ဖြစ်သည်။ ဒုတိယအကြိမ်တွင် ဘုရားသခင်သည် နတ်ဆိုးများမှ ပြန်လည်ဝင်စားသောသူများ၏ ထူးခြားသော လက္ခဏာများအကြောင်းကို မိတ်သဟာယဖွဲ့ခဲ့သည်။ ပထမ ထူးခြားသော လက္ခဏာမှာ ၎င်းတို့သည် အကျင့်ဖြစ်နေသော လိမ်ညာတတ်သူများဖြစ်ခြင်း ဖြစ်သည်။ ဒုတိယတစ်ချက်မှာ သွေဖည်ခြင်းဖြစ်ပြီး၊ တတိယတစ်ချက်မှာ ဆိုးယုတ်ခြင်း ဖြစ်သည်။ မိတ်သဟာယ၏ အဓိကအချက်မှာ ၎င်းတို့ အကျင့်ဖြစ်နေသော လိမ်ညာတတ်သူများ ဖြစ်ခြင်းနှင့် သွေဖည်သောသူများ ဖြစ်ခြင်းဟူသည့် သရုပ်သကန်နှစ်ခုနှင့်ပတ်သက်၍ ဖြစ်ပါသည်။) အကျင့်ဖြစ်နေသော လိမ်ညာတတ်သူတစ်ဦး ဖြစ်ခြင်း၏ အဓိကသရုပ်သကန်မှာ လှည့်ဖြားခြင်း ဖြစ်သည်။ သွေဖည်သောသူများဖြစ်ခြင်း၏ သရုပ်သကန်များနှင့် ပတ်သက်၍၊ ငါတို့သည် ၎င်းတို့ကိုလည်း အမျိုးအစားခွဲခဲ့သည်။ သရုပ်သကန် မည်မျှ ရှိခဲ့သနည်း။ (သုံးခု ရှိခဲ့ပါသည်။ ပထမတစ်ခုသည် စိတ်သဘောထားနှင့် ဆက်စပ်သည်၊ တိတိကျကျပြောရလျှင်၊ အန္တရာယ်ပြုမည့် လက္ခဏာရှိပြီး ပုံမှန်မဟုတ်ခြင်း ဖြစ်သည်။ ဒုတိယတစ်ခုသည် ဇာတိပကတိ၏ ကောက်ကျစ်ဆိုးယုတ်သော တပ်မက်မှု ပါဝင်သည်။ နောက်တစ်ခုမှာ ထူးဆန်းခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ မကြာခဏ အသံနှင့် အခြားသော အာရုံခံမှုဆိုင်ရာ ထင်ယောင်ထင်မှားဖြစ်ခြင်းများကို တွေ့ကြုံခံစားရပြီး ပုံမှန်မဟုတ်သော အပြုအမူများကို အမြဲ ပြသခြင်း ဖြစ်ပါသည်။) ယေဘုယျအားဖြင့် ဤသည်တို့မှာ ပါဝင်ခဲ့သည့်အရာများ ဖြစ်သည်။
ပြီးခဲ့သည့်အကြိမ်က ငါတို့သည် နတ်ဆိုးများမှ ပြန်လည်ဝင်စားသောသူများ၏ သွေဖည်သော သွင်ပြင်လက္ခဏာနှင့်ဆိုင်သည့် သရုပ်သကန်အချို့ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ငါသည် အသင်းတော်က စုစည်းထားသော နှင်ထုတ်ခြင်းဆိုင်ရာ စာရွက်စာတမ်းများထဲက လူတစ်ဦး၏ သရုပ်သကန်များအကြောင်းကို ဖတ်ခဲ့ရသည်။ လူတိုင်းက နားထောင်ကြည့်ပြီး ၎င်းတို့၏ သရုပ်သကန်များသည် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့်အရာနှင့် ဆက်စပ်ခြင်း ရှိမရှိဟူသည်ကို ကြည့်ကြလော့။ ဤပုဂ္ဂိုလ်သည် လယ်တောတစ်ခုတွင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် တာဝန်ရှိသူ ဖြစ်သည်။ သူ၏ အဓိကသရုပ်သကန်များကို စာရင်းပြုစုထားသည့် တိကျသော သရုပ်သကန်များစွာနှင့်အတူ၊ “သူ၏ လူ့သဘာဝက မလိုမုန်းထားတတ်ပြီး အထက်အပေါ် သူ၏သဘောထားက ကြည်ညိုလေးစားမှုမရှိပါ”ဟူသည့်အရာအဖြစ် ဖော်ပြထားသည်။ ပထမသရုပ်သကန်မှာ၊ “သူသည် အထက်အတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် နေရာတစ်ခုကို သာမန်ကာလျှံကာ ရွေးချယ်ခဲ့သည်။ နောက်ပိုင်းတွင် ဤနေရာသည် မြေနိမ့်ပြီး ရေဝပ်တတ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုနေရာတွင် အသုံးပြုထားသည့် မြေသြဇာသည် ရေစီးဖြင့်ပါသွားပြီး အလွန်သေးငယ်သည့် ဟင်းသီးဟင်းရွက်များကို ပေါက်စေခဲ့သည်။သူသည် မြေသြဇာထပ်ထည့်သင့်သည်ကို သိသော်လည်း မပြုလုပ်ခဲ့ပေ။ ဟင်းသီးဟင်းရွက်များက ကောင်းစွာ မကြီးထွားသည်ကို သူမြင်သော်လည်း မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ပေ။ သူသည် အထက်ကို ကောင်းစွာ မစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို စားဖို့ တမင်တကာ ပေးခဲ့သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ပထမသရုပ်သကန် ဖြစ်သည်။ ဒုတိယသရုပ်သကန်မှာ၊ “ပုံမှန်အားဖြင့် သူသည် ညီအစ်ကိုမောင်နှမများအတွက် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကိုသာ ဂရုစိုက်ပြီး ထွက်သွားလေ့ရှိသည်။ အထက်အတွက် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များနှင့်ပတ်သက်လျှင်မူ သူသည် ၎င်းတို့ကို ဂရုစိုက်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း မပြုပေ။ ထိုကိစ္စကို သူ စိတ်မဝင်စား သို့မဟုတ် ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ပေ” ဟူ၍ ဖြစ်သည်။ တတိယသရုပ်သကန်မှာ၊ “ဟင်းသီးဟင်းရွက်များကို ပိုးမွှားများစွာ ကျရောက်နေပြီး အော်ဂလီဆန်စရာကောင်းစေကာ စား၍မရအောင် ပိုးစားပေါက်ပရပျစ်ဖြစ်စေဖို့ ကိုက်ဖြတ်ထားသည်ကို သူသိသော်လည်း၊ သူသည် ထိရောက်မှုရှိမရှိဟူသည်ကို ဂရုမစိုက်ဘဲ ပိုးသတ်ဆေးအချို့ကို သာမန်ကာလျှံကာ ဖျန်းခဲ့သည်။ အခြားသူများက သူ့အား ဟင်းသီးဟင်းရွက်များပေါ်မှ ပိုးမွှားများကို ဖယ်ရှားရန် သတိပေးသောအခါ သူသည် လုံးဝဂရုမစိုက်ဘဲ ‘မည်သည့်အရာကို အရေးတကြီးလုပ်နေစရာ ရှိသနည်း။ ငါ့မှာ လုပ်စရာအလုပ်များစွာ ရှိသည်။ ဤဟင်းသီးဟင်းရွက် အနီးဝန်းကျင်တွင် နေ့တိုင်း ငါ ရစ်သီရစ်သီမလုပ်နိုင်ပါ’ ဟု တွေးတောခဲ့သည်” ဟူ၍ ဖြစ်သည်။ သင် မြင်သလော၊ဤသည်မှာ သူ၏စိတ်နှလုံးထဲ၌ တွေးတောခဲ့သည့်အရာ ဖြစ်သည်၊ အခြားသူများက သူ့ကို သတိပေးသည့်အခါ၌ပင် သူက ပြုမူဆောင်ရွက်ဦးမည် မဟုတ်ပေ။ စတုတ္ထသရုပ်သကန်မှာ၊ “အထက်အတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ သူ၏စိတ်နှလုံးထဲ၌ တွေးတောခဲ့သည့်အရာမှာ၊ ‘ငါစိုက်သည့် ဟင်းသီးဟင်းရွက်များ မည်သို့မည်ပုံ ဖြစ်လာသည်ဖြစ်စေ၊ ယင်းမှာ သင် စားရမည့်အရာ ဖြစ်သည်။ ကောင်းကောင်းထွက်လျှင် သင်စားဖို့ ကောင်းမွန်သည့် ဟင်းသီးဟင်းရွက်များ ရှိလိမ့်မည်။ ကောင်းမွန်သည့် ဟင်းသီးဟင်းရွက်တစ်ခုမျှ ငါ မစိုက်ခဲ့လျှင် သင် မစားနှင့်။ မည်သို့ဆိုစေ၊ ငါက သင့်အတွက် စိုက်ပေးပြီးဖြစ်သည်။ သင် ငါ့ကို ကျေးဇူးတင်ရမည်’ ဟူ၍ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ သူ၏စိတ်နှလုံးထဲရှိ မလိုမုန်းထားသော အတွေးများဖြစ်ပြီး၊ သူသည် ဤအတွေးများကို သူနှင့်အတူနေသောသူတို့အား ပြောပြခဲ့သည်။ “အထက်ထံ ဟင်းသီးဟင်းရွက်များ ပို့ဆောင်သည့်အခါ ပုပ်နေသော ဟင်းရွက်များကို တောင်းထဲ မထည့်ရန် အခြားသူများက သတိပေးသောအခါ သူက ‘ထိုအရာနှင့်ပတ်သက်၍ မည်သည့်အာမခံချက်မျှ ကျွန်ုပ် မပေးနိုင်ပါ’ဟု ပြောခဲ့သည်” ဟူ၍ ဖြစ်သည်။ သင် မြင်သလော၊ အခြားသူများက သူ့ကို သတိပေးခဲ့ပြီး သူက နားမထောင်ခဲ့ပေ။ သူသည် မိမိအလိုရှိသမျှကိုသာ လုပ်ဆောင်ခဲ့သည်။ ဤသည်မှာ စတုတ္ထသရုပ်သကန် ဖြစ်သည်။ ပဉ္စမသရုပ်သကန်မှာ၊ “သူသည် သူ၏ စိတ်နှလုံးတွင် သတိမူခြင်း တစ်ခုတလေမျှ မရှိဘဲ၊ အနည်းငယ်မျှ နောင်တမရဘဲ အထက်အတွက် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို ဤသို့သဘောထားခဲ့သည်။ တစ်ဦးတလေက သူ့ကို ပိုမိုဂရုစိုက်ရန် ပြောလျက် သိပေးသည့်အခါတိုင်းတွင် သူသည် အတိုက်အခံဖြစ်လာပြီး အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်လာသည်။ သူ့အား မည်သူ အကြံပြုသည်ဖြစ်စေ၊ ထိုသူကို သူ မုန်းတီးခဲ့သည်” ဟူ၍ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စုစုပေါင်း သရုပ်သကန်ငါးခုကို အကျဉ်းချုပ်ဖော်ပြခဲ့သည်။ ၎င်းတို့သည် ဤပုဂ္ဂိုလ်၏ ပုံမှန်သရုပ်သကန်များအပြင် သမ္မာတရားအပေါ် သူ၏သဘောထားနှင့် တာဝန်အပေါ် သူ၏သဘောထားတို့ကို အကျဉ်းချုပ်ဖော်ပြခဲ့ပြီး တိကျသော ဥပမာများကိုလည်း စာရင်းပြုစုခဲ့သည်။ အကျဉ်းချုပ်မှာ အတော်လေး ကောင်းမွန်သည်။ ဤအရာကို ကြားပြီးနောက် သင်တို့ မည်သို့ခံစားရသနည်း။ ဤသရုပ်သကန်များရှိသောသူတစ်ဦးသည် ကောင်းသောလူ့သဘာဝ ရှိပါသလော။ (မရှိပါ။) မည်မျှဆိုးရွားခဲ့သနည်း။ ဤလူ၏ သရုပ်သကန်များသည် ငါတို့မိတ်သဟာယဖွဲ့ခဲ့သော နတ်ဆိုးများမှ ပြန်လည်ဝင်စားသောသူများ၏ သရုပ်သကန်များနှင့် ကိုက်ညီသလော။ (ကိုက်ညီပါသည်။) ယင်းတို့က မည်သည့်သရုပ်သကန်နှင့် ကိုက်ညီခဲ့သနည်း။ (ထိုသို့သောလူများ၏ ဆိုးယုတ်ခြင်း သရုပ်သကန်နှင့် ဖြစ်ပါသည်။) ဆိုးယုတ်ခြင်းအပြင်၊ နတ်ဆိုးများမှ ပြန်လည်ဝင်စားသောသူများ၏ လက္ခဏာဖြစ်သည့် သွေဖည်ခြင်း သရုပ်သကန်တစ်ခုတလေ သူ့တွင် ရှိခဲ့သလော။ (ရှိပါသည်။) ဤအရာက မည်သို့ သိသာထင်ရှားခဲ့သနည်း။ (သာမန်လူများသည် အထက်အတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသည့်အခါ ကောင်းသောမြေကို ဦးစားပေးရွေးချယ်ကြမည်ဖြစ်သော်လည်း သူသည် ညီအစ်ကိုမောင်နှမများကို မျက်နှာလိုမျက်နှာရလုပ်ရန် ရွေးချယ်ခဲ့သည်။ သူသည် ညီအစ်ကိုမောင်နှမများအတွက် စိုက်ပျိုးသော ဟင်းသီးဟင်းရွက်များကိုသာ ဂရုစိုက်ခဲ့သည်။ အထက်အတွက် စိုက်ပျိုးသော ဟင်းသီးဟင်းရွက်များအတွက်မူ မကောင်းသောမြေကို သူ ရွေးချယ်ခဲ့သည်၊ ၎င်းတို့ကို ဂရုမစိုက် သို့မဟုတ် ပိုးမွှားများကို ကိုင်တွယ်ဖြေရှင်းခြင်း မပြုသည့်အပြင်၊ အထက်ကို ကောင်းစွာမစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကိုသာ စားသုံးရန် အမြဲပေးခဲ့သည်။ အထက်အပေါ်၊ ဘုရားသခင်အပေါ် သူ၏သဘောထားမှာ ရန်လိုခြင်းသဘောထားတစ်ခု ဖြစ်ပါသည်။) အဘယ်ကြောင့် အထက်အပေါ် သူ၏သဘောထားမှာ ရန်လိုခြင်း သဘောထားတစ်ခု ဖြစ်ခဲ့ရသနည်း။ အထက်က သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သလော။ (မဟုတ်ပါ။ သူ၏သဘောထားကို သူ၏သဘာဝ အနှစ်သာရက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူသည် ဘုရားသခင်ကို မုန်းတီးပြီး အပြုသဘောဆောင်သောအရာများကို မုန်းတီးခဲ့ပါသည်။) ငါသည် ဤပုဂ္ဂိုလ်ကို အမှန်တကယ် လုံးဝ မသိခဲ့ပေ။ ငါသည် သူနှင့် လုံးဝ ဆက်ဆံဖူးခြင်း မရှိခဲ့ပေ။ သို့ဆိုလျှင် သူ၏စိတ်နှလုံးထဲ၌ ထိုသို့နက်ရှိုင်းသော အမုန်းတရားကို မည်သို့ဖြစ်ပြီး ထားရှိနိုင်ခဲ့သနည်း။ ဤသည်မှာ သူ၏သဘာဝနှင့်ဆိုင်သော ပြဿနာတစ်ခု ဖြစ်သည်။ တစ်ချက်အနေဖြင့်၊ ထိုအရာသည် ဆိုးယုတ်ခြင်းဖြစ်သည်။ နောက်တစ်ချက်အနေဖြင့်၊ ထိုအရာသည် သွေဖည်ခြင်းဖြစ်သည် မဟုတ်လော။ ထိုအရာသည် အဆင်းနီသော နဂါးကြီး၏ သဘောထားနှင့် အတူတူပင်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်နှင့် အပြုသဘောဆောင်သောအရာများကို သူသဘောထားပုံတွင်၊ သူ၏စိတ်နှလုံးထဲ၌ အမုန်းတရားတစ်မျိုး ရှိနေခဲ့သည်။ မည်သို့ဖြစ်နေသည်ကို သူ့အား သင်မေးလျှင် သူကိုယ်တိုင်ပင် ရှင်းလင်းစွာ ရှင်းပြနိုင်မည်မဟုတ်ပေ။ အမုန်းတရားကိုသာ သူ ခံစားခဲ့ရခြင်း ဖြစ်သည်။ သူသည် ဘုရားသခင်နှင့် သမ္မာတရားကို အထူးသဖြင့် မုန်းတီးသည်။ သူသည် အပြုသဘောဆောင်သောအရာများကို အထူးသဖြင့် မုန်းတီးသည်။ ဤသည်မှာ သွေဖည်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူစားမျိုးသည် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ သင်က သူ့အား “သင်ယုံကြည်သောသူမှာ မည်သူနည်း”ဟု မေးလျှင် သူက ဘုရားသခင်ကို ယုံကြည်သည်ဟု သေချာပေါက်ပြောပေလိမ့်မည်။ သူသည် ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်ကို မုန်းတီးသည်။ ဤအရာက နတ်ဆိုးတစ်ကောင်၏ စိတ်သဘောထားကို ထုတ်ဖော်ပြသည်။ ဤသည်မှာ သွေဖည်ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ငါ ထိုသို့ပြောရသနည်း။ ပထမအနေဖြင့်၊ ငါသည် ဤလူကို လုံးဝမသိခဲ့သည့်အပြင်၊ သူ့ကို မည်သည့်အခါမျှ မပြုပြင်ခဲ့ပေ၊ သို့သော် သူသည် ငါ့အပေါ် ထိုသို့နက်ရှိုင်းသော အမုန်းတရားကို ထားရှိလေသည်။ ဤသည်မှာ သွေဖည်ခြင်း ဖြစ်သည်။ ဒုတိယအနေဖြင့်၊ သူ့အား ဤဟင်းသီးဟင်းရွက်များကို စိုက်ပျိုးရန် စီစဉ်ပေးခဲ့သူများမှာ ညီအစ်ကိုမောင်နှမများ ဖြစ်သည်။ အကယ်၍ သူ မလုပ်လိုခဲ့ပါက၊ ဤကိစ္စကို တင်ပြ၍မရသော်လည်း၊ ထိုအစား သူက ဟင်းသီးဟင်းရွက်ခင်းအပေါ် သူ၏ဒေါသကို ပုံချခဲ့သည်။ စိုက်ပျိုးပြီးနောက် သူသည် ကောင်းစွာ မပြုစုသည့်အပြင်၊ အထက်ကို ကောင်းစွာမစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ စားစေခဲ့သည်။ တတိယအနေဖြင့်၊ ညီအစ်ကိုမောင်နှမများအတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရသည့်အခါ သူသည် အတော်လေး လိုလိုလားလားရှိပြီး ၎င်းတို့ကို အတော်လေး ကောင်းမွန်စွာ ဂရုစိုက်ခဲ့သော်လည်း၊ အထက်အတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရသည့်အခါတွင်မူ သူ၏စိတ်နှလုံးထဲ၌ မလိုလားခဲ့ပေ။ သူသည် အထူးပင် မုန်းတီးမှုနှင့်ပြည့်နေပြီး အဘယ်ကြောင့်ထိုသို့ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ မည်သူကမျှ သူ့ကို စိတ်အနှောင့်အယှက်မပေးခဲ့သော်လည်း သူသည် အထက်နှင့် ဘုရားသခင်ကို ဤသို့ဆက်ဆံခဲ့သည်။ ဤသည်မှာ သွေဖည်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသွေဖည်မှုကို စေ့ဆော်သော အင်အားစုသည် အလွန်ကြီးမားလှသည်တကား။ တစ်ချက်အနေဖြင့်၊ ထိုအရာသည် ဆိုးယုတ်ခြင်းဖြစ်သည်။ နောက်တစ်ချက်အနေဖြင့်၊ ထိုအရာသည် သွေဖည်ခြင်းဖြစ်သည်။ ဤသည်မှာ နတ်ဆိုးတစ်ကောင်၏ သဘာဝ ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်သည် နတ်ဆိုးများကို မေတ္တာဖြင့် မည်မျှ သည်းခံစွာနှင့် စိတ်ရှည်စွာ ဆက်ဆံသည်ဖြစ်စေ၊ ဘုရားသခင်၏ အိမ်တော်က ၎င်းတို့အား ကယ်တင်ခြင်းရရှိရန် အခွင့်အရေးများ မည်သို့ပင်ပေးသည်ဖြစ်စေ၊ ၎င်းတို့သည် ဤအရာများကို လုံးဝနားမလည်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့် ဘုရားသခင်၏ အိမ်တော်ကို ယတိပြတ် မုန်းတီးကြသည်။ ဤသည်မှာ နတ်ဆိုးတစ်ကောင်၏ သဘာဝက ဘုရားသခင်ကို မုန်းတီးရန်နှင့် အပြုသဘောဆောင်သောအရာများကို မုန်းတီးရန်သာ အတိအကျဖြစ်သောကြောင့် လုံးဝ ဖြစ်ပေသည်။ ဤအရာအတွက် အကြောင်းရင်းကို မည်သူမျှ ရှင်းလင်းစွာ မပြောနိုင်ပေ။ နတ်ဆိုးများသည် ဘုရားသခင်နှင့် အပြုသဘောဆောင်သောအရာများအပေါ် အခြေအမြစ်မရှိသော အမုန်းတရားကို တကယ် မွေးမြူထားကြသည်။ ဤသည်မှာ သွေဖည်ခြင်းဟု သိကြသည့်အရာ ဖြစ်သည်။ သူသည် နေ့စဉ် မည်သည့်အရာကို စဉ်းစားနေခဲ့သနည်း။ “‘ငါစိုက်သည့်တဲ့ ဟင်းသီးဟင်းရွက်များက မည်သို့မည်ပုံ ဖြစ်လာသည်ဖြစ်စေ၊ယင်းမှာ သင် စားရမည့်အရာ ဖြစ်သည်။ ကောင်းကောင်းထွက်လျှင် သင်စားဖို့ ကောင်းမွန်သည့် ဟင်းသီးဟင်းရွက်များ ရှိလိမ့်မည်။ ကောင်းမွန်သည့် ဟင်းသီးဟင်းရွက်တစ်ခုမျှ ငါ မစိုက်ခဲ့လျှင် သင် မစားနှင့်။ မည်သို့ဆိုစေ၊ ငါက သင့်အတွက် စိုက်ပေးပြီးဖြစ်သည်။ သင် ငါ့ကို ကျေးဇူးတင်ရမည်”ဟူ၍ ဖြစ်သည်။ သူ၏စိတ်နှလုံးထဲရှိ အရာများသည် သွေဖည်နေသည် မဟုတ်လော။ သူစဉ်းစားနေခဲ့သည့်အရာမှာ ကောက်ကျစ်ဆိုးယုတ်ပြီး၊ အန္တရာယ်ပြုမည့် လက္ခဏာရှိကာ ပုံမှန်မဟုတ်သည် ချည်းသာ ဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများသည် သူ၏အတွေးများက စိတ်ကူး၍ပင် မရနိုင်ဟု ခံစားရသည်။ သူ အဘယ်ကြောင့် ဤသို့တွေးမည်ကို ၎င်းတို့ နားမလည်နိုင်ကြပေ။ ဤသည်မှာ နတ်ဆိုးများ ပြုမူပုံ အတိအကျပင် ဖြစ်သည်။ သူ၏စိတ်နှလုံးထဲ၌ သူစဉ်းစားခဲ့သည့်အရာအားလုံးမှာ မှောင်မိုက်ပြီး ကောက်ကျစ်ဆိုးယုတ်သောအရာများ ဖြစ်သည်။ ဤသို့သောသူ၊ နတ်ဆိုးဖြစ်သောသူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်သလော။ (လက်မခံနိုင်ပါ။) သူသည် အခြေခံ လူ့ကိုယ်ကျင့်တရားများ သို့မဟုတ် အသိစိတ်နှင့် ဆင်ခြင်တုံတရားကိုပင် မပိုင်ဆိုင်ခဲ့ပေ။ ဘုရားသခင်အကြောင်း ပြောသည့်အခါ သူသည် ဒေါသထွက်လာပြီး အမုန်းတရားကို ခံစားခဲ့ရသည်။ အခြားသူများက သူ့အား အခြားအလုပ်တာဝန်တစ်ခုခုလုပ်ရန် တောင်းဆိုသောအခါ သူသည် ဤမျှ အတိုက်အခံမလုပ်ခဲ့ပေ၊ အထက်အတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းနှင့် ပတ်သက်လာသည့်အခါတွင်သာ သူသည် အထူးပင် အတိုက်အခံလုပ်ခဲ့သည်။ ဤသည်မှာ ဆိုးယုတ်ခြင်းဖြစ်သည်၊ ဤသည်မှာ သွေဖည်ခြင်း ဖြစ်သည်။ သူ အဘယ်ကြောင့် အလွန် အတိုက်အခံလုပ်ရသည်ကို သင် မေးကောင်းမေးနိုင်သည်၊ ဤသည်မှာ စိတ်နှလုံးနှင့်ဆိုင်သော ကိစ္စရပ်တစ်ခုဖြစ်ပြီး အရင်းအမြစ်က မည်သည့်နေရာတွင် ရှိသည်ကိုသာ သူ ရှင်းလင်းစွာ မပြောနိုင်ပေ။ ဤပြဿနာ၏ အရင်းမြစ်က မည်သည့်နေရာတွင် ရှိသည်ကို သင်တို့ ရှင်းလင်းစွာ မြင်နိုင်ကြသလော။ အဘယ်ကြောင့် သူသည် ဘုရားသခင်ကို ဤသို့ဆက်ဆံခဲ့သနည်း။ လူအများစုက ဤအရာကို လုံးဝ နားမလည်နိုင်စရာအဖြစ် မြင်လိမ့်မည်။ “ဘုရားသခင်ကို ယုံကြည်သောသူတစ်ဦးက မည်သို့ဖြစ်ပြီး ဘုရားသခင်ကို ဤသို့ ဆက်ဆံနိုင်မည်နည်း။ သူသည် ဘာသာတရားမရှိသူတစ်ဦး မဟုတ်လော”ဟူ၍ ဖြစ်သည်။ ယခုတွင်၊ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်၊ မတူညီသော လူအမျိုးအစားများ၏ အနှစ်သာရနှင့် ဇာစ်မြစ်ကို သင်တို့ အနည်းငယ် ပို၍ ရှင်းလင်းစွာ မြင်နိုင်ကြပြီလော။ (မြင်နိုင်ပါသည်။) သင်တို့သည် ယခုတွင် အနည်းငယ် ပို၍ ရှင်းလင်းစွာ မြင်နိုင်သင့်သည်။ ဤသူတို့သည် နတ်ဆိုးများမှ ပြန်လည်ဝင်စားသော လူစားမျိုးများ အတိအကျဖြစ်ပြီး ၎င်းတို့၏ သဘာဝမှာ ဘုရားသခင်ကို မုန်းတီးခြင်း ဖြစ်သည်။
ငါ့ကို ပြောလော့၊ နတ်ဆိုးများမှ ပြန်လည်ဝင်စားသောသူများသည် ပြောင်းလဲနိုင်ကြသလော။ (မပြောင်းလဲနိုင်ပါ။) ၎င်းတို့သည် အဆင်းနီသော နဂါးကြီးကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့သည်လည်း မှန်ကန်သောစကားများ၊ အသိစိတ်နှင့် ကိုယ်ကျင့်တရားနှင့် ကိုက်ညီသောစကားများကို ပြောနိုင်သော်လည်း ၎င်းတို့ပြောသည့်အရာများကို လုံးဝ မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် နားဝင်ချိုသောစကားများစွာကို ပြောနိုင်သော်လည်း စစ်မှန်သောအရာများကို လုပ်ဆောင်ရမည့်အချိန်ရောက်သောအခါ တစ်ခုတလေမျှ မလုပ်ဆောင်နိုင်ကြပေ။ အဘယ်ကြောင့် ၎င်းတို့ မလုပ်ဆောင်နိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် အတွင်းတွင်၊ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများနှင့် လူ့အသိစိတ်၏ စံနှုန်းနှင့် ကိုက်ညီသောအရာများကို လုပ်ဆောင်ပါက စိတ်ထဲတွင် မသက်မသာဖြစ်ပြီး စိတ်ဆင်းရဲကြလိမ့်မည်။ ဆိုးယုတ်သောအရာကို လုပ်ဆောင်သည့်အခါ၊ နတ်ဆိုးများလုပ်ဆောင်သည့်အရာကို လုပ်ဆောင်သည့်အခါ၊ နတ်ဆိုးများစဉ်းစားသည့်အရာကို စဉ်းစားသည့်အခါတွင်သာ ၎င်းတို့သည် အတွင်း၌ သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ဖွယ်ဖြစ်သည်ဟု ခံစားရသည်။ ဤသည်မှာ ဤလူစားမျိုး၏ စစ်မှန်သော သရုပ် ဖြစ်သည်။ သင်က ၎င်းတို့နှင့် ရည်ရွယ်ချက်မရှိ အာလာပသလ္လာပ ပြောဆိုလျှင်၊ ဇာတိပကတိဆိုင်ရာ အသက်တာကိစ္စရပ်များအကြောင်း ပြောဆိုလျှင်၊ သို့မဟုတ် လတ်တလော ဖြစ်ရပ်များနှင့် နိုင်ငံရေးကိုပင် ဆွေးနွေးလျှင် ၎င်းတို့သည် ငြိမ်သက်စွာ ထိုင်နေနိုင်ကြသည်။ သို့သော် မိတ်သဟာယ၏ အကြောင်းအရာသည် အပြုသဘောဆောင်သောအရာများ၊ သမ္မာတရား၊ ဘုရားသခင်၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ အမှု၊ လူသားအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သို့မဟုတ် လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များကို ထည့်သွင်းစဉ်းစားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏စိတ်နှလုံးထဲ၌ အလွန်အမင်း မနှစ်မမြို့ဖြစ်လာပြီး အတိုက်အခံလုပ်ကြသည်။ ထိုအရာကို ၎င်းတို့ နားမထောင်လိုကြပေ။ ၎င်းတို့သည် နားနှင့်ပါးစပ်ကို ကုတ်ခြစ်လျက်၊ ပင်အပ်နှင့် ချုပ်အပ်များပေါ်တွင် ထိုင်နေရသည့်အလား ဖြစ်နေကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ၎င်းတို့၏ အတွင်း၌ တောပေါင်းပင်များ ထူထပ်စွာ ပေါက်နေသကဲ့သို့ ဂနာမငြိမ်ဖြစ်ပြီး စိုးရိမ်ပူပန်မှုတို့ဖြင့် ပြည့်နှက်လာသည်။ နောက်ထပ်တစ်စက္ကန့်မျှ နေရခြင်းက ညှဉ်းဆဲခြင်းခံရသကဲ့သို့ဖြစ်သည်ဟု ၎င်းတို့ခံစားရပြီး ၎င်းတို့ထဲမှ အချို့သည် နေရာမှာပင် ထ၍ ထွက်သွားကြလိမ့်မည်။ အချို့သောလူများသည် ဟန်ကိုယ့်ဖို့အတွက်၊ အလွန်ယဉ်ကျေးစွာ ထိုင်နေပြီး မထွက်သွားလျှင်ပင်၊ ၎င်းတို့၏စိတ်များသည် အဝေးသို့ ပျံ့လွင့်သွားပြီးဖြစ်သည်၊ ၎င်းတို့၏အတွေးများသည် တိမ်တိုက်များအလွန်သို့ ကြာမြင့်စွာကပင် ပျံသန်းသွားပြီးဖြစ်ကာ သင်ပြောနေသည့်အရာကို ၎င်းတို့ တကယ်ကို နားထောင်မနေကြပေ။ အဘယ်ကြောင့် ၎င်းတို့တွင် ဤသရုပ်သကန်များ ရှိကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့သည် ဘုရားသခင်နှင့် အပြုသဘောဆောင်သောအရာများကို ပစ်ပစ်ခါခါငြင်းပယ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားကြပေ။ ထိုအရာကို ၎င်းတို့ မခံယူနိုင်ကြသည့်အပြင်၊ လက်ခံရန်လည်း မလိုလားကြပေ။ စုဝေးပွဲတစ်ခုအတွင်းတွင် သမ္မာတရားနှင့်ပတ်သက်သည့် မိတ်သဟာယရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့က၊ “တစ်စုံတစ်ရာကို ကျွန်ုပ် သွားတာဝန်ယူရမည်” သို့မဟုတ် “ကျွန်ုပ် ဖုန်းပြန်ခေါ်စရာရှိသည်”ဟု ပြောဆိုကာ ထွက်သွားရန် အကြောင်းပြချက်အမျိုးမျိုးကို စဉ်းစားကြသည်။ ၎င်းတို့သည် ထွက်ပြေးရန် မည်သည့်အကြောင်းပြချက်ကိုမဆို အမိအရသာ အဆုံးချလိုကြသည်။ ထိုသို့သောလူများသည် သွေဖည်သောသူများသာ ဖြစ်ကြသည်။ အကယ်၍ တစ်စုံတစ်ဦးက မိမိသည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်လိုက်သောသူဖြစ်ကြောင်း အသိအမှတ်ပြုပါက ဤသရုပ်သကန်များ မရှိသင့်ပေ။ သို့သော် အပြုသဘောဆောင်သောအရာများ ပါဝင်သည့် သို့မဟုတ် ဘုရားသခင်ပါဝင်သည့် ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ၊ နတ်ဆိုးများမှ ပြန်လည်ဝင်စားသောသူများတွင် ဤသရုပ်သကန်များ ရှိကြသည်။ ဤသည်မှာ ၎င်းတို့၏ ထိန်းချုပ်မှုကို ကျော်လွန်ပြီး ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့်ဆိုင်သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ယင်းကို ၎င်းတို့၏ ဇာစ်မြစ်က ဆုံးဖြတ်ခြင်းဖြစ်ပြီး ဤအမှန်တရားကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ သင်က သမ္မာတရား၊ အပြုသဘောဆောင်သောအရာများ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သည့်အခါ သင်က ၎င်းတို့ကို တရားစီရင်နေသကဲ့သို့၊ ၎င်းတို့၏ဘဝများကို အဆုံးသတ်တော့မည်ကဲ့သို့ ၎င်းတို့ ခံစားရသည်။ ဤသည်မှာ ဘုရားသခင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ၎င်းတို့ဆက်ဆံပုံနှင့်ဆိုင်သည့် စစ်မှန်သော အတွင်းစိတ်အခြေအနေ ဖြစ်သည်။ ဤသည်မှာလည်း ထိုသို့သောလူများ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရနှင့်ဆိုင်သည့် သရုပ်သကန်တစ်မျိုး ဖြစ်သည်မှာ အမှန်ဖြစ်သည်။ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများ၊ သမ္မာတရားနှင့် ဘုရားသခင်ကို ပစ်ပစ်ခါခါငြင်းပယ်ပြီး ရွံမုန်းသောကြောင့် ၎င်းတို့၏အတွင်းစိတ်ကမ္ဘာတွင် ၎င်းတို့ နေ့စဉ်စဉ်းစားပြီး ဆင်ခြင်တွေးတောသည့်အရာသည် အပြုသဘောဆောင်သောအရာများ၊ သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်၏ အမှုနှင့် လုံးဝမသက်ဆိုင်ပေ။ ၎င်းတို့၏စိတ်နှလုံးထဲ၌ စဉ်းစားသည့်အရာတိုင်းသည် သွေဖည်သောအရာနှင့် ဆက်စပ်မှုရှိသည်။ ၎င်းတို့စဉ်းစားသည့်အရာမှာ လူအများကြားတွင် အဆင့်အတန်းနှင့် ဂုဏ်သတင်းရရှိရန်အလို့ငှာ မိမိတို့ကိုယ်ကို မည်သို့ ကြွားရမည်၊ လူတို့ကို အထင်အမြင်မှားစေရန်၊ အဆင့်အတန်းရရှိရန်နှင့် ပိုများသောလူတို့က ၎င်းတို့ကို အသိအမှတ်ပြုပြီး အထင်ကြီးလာစေရန် မည်သို့ပြုမူမည်၊ လူတို့၏စိတ်နှလုံးကို သိမ်းသွင်းပြီး ၎င်းတို့၏သဘောတူလက်ခံမှုကို ရရှိရန် မည်သို့ပြုမူမည်၊ ဘုရားသခင်၏ အိမ်တော် သို့မဟုတ် အဆင့်တိုင်းရှိ ခေါင်းဆောင်များထံမှ အသိအမှတ်ပြုခြင်းနှင့် ရာထူးတိုးမြှင့်ပေးခြင်းများကို မည်သို့ရရှိမည်ဟူသည်တို့ ဖြစ်သည်။ ၎င်းတို့ စဉ်းစားသည့်အရာအားလုံးနှင့် ၎င်းတို့ လုပ်ဆောင်သည့် အရာအားလုံးသည် ပြိုင်ဆိုင်ခြင်း၊ တိုက်ခိုက်ခြင်း၊ လုယူခြင်း၊ လှည့်စားခြင်း၊ ကျိတ်ကြံစည်ခြင်း၊ လှည့်ခြင်း၊ လှုံ့ဆော်ခြင်း၊ လှည့်ဖြားခြင်း၊ ထိန်းချုပ်ခြင်းနှင့် အထင်အမြင်မှားစေခြင်းတို့နှင့်ဆိုင်သည့် သဘာဝကို သယ်ဆောင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဤအရာများကို လုပ်ဆောင်ရာတွင် မည်သည့်အဖိုးအခကိုမျှ မငဲ့ကွက်ကြပေ။ ၎င်းတို့သည် မည်သည့်အခက်အခဲကိုမဆို ခံစားရန် ဆန္ဒရှိကြသည်။ ၎င်းတို့၏ ဆင်းရဲဒုက္ခခံစားရသည့် ဖြစ်စဉ်တစ်လျှောက်လုံးတွင် ၎င်းတို့သည် မည်သည့်မကောင်းမှုအား လုပ်ဆောင်ရမည်၊ မည်သူ့ကို အပိုင်ကြံရမည်၊ မည်သည့်ပန်းတိုင်များကို စွမ်းဆောင်ရရှိရမည်ဟူသည်တို့နှင့်ပတ်သက်၍ အစီအစဉ်များကို ဖန်တီးပြီး ကျိတ်ကြံစည်နေကြလေသည်။ ၎င်းတို့လုပ်ဆောင်သည့်အရာတိုင်းတွင် နည်းဗျူဟာရှိသည်၊ တိကျသော ကြံရွယ်ချက်ရှိသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် သမ္မာတရားနှင့်ဆန့်ကျင်သော စကားများကို လူသိရှင်ကြား မပြောကြသည့်အပြင်၊ အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်သည့် သို့မဟုတ် နှောင့်ယှက်သည့် အရာများကိုလည်း လူသိရှင်ကြား မလုပ်ဆောင်ကြပေ။ ထို့ထက်ပင်ပို၍ ၎င်းတို့သည် ဘုရားသခင်ကို လူသိရှင်ကြားဝေဖန်ခြင်း၊ တိုက်ခိုက်ခြင်း၊ သို့မဟုတ် ပြစ်မှားစော်ကားခြင်း မရှိကြပေ။ ဤသိသာထင်ရှားသော ဒုစရိုက်အမှုများကို မလုပ်ဆောင်ကြပေ။ သို့သော် ၎င်းတို့၏အတွင်းစိတ်ကမ္ဘာတွင် ၎င်းတို့သည် သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သောအရာများနှင့် ဆက်စပ်သည့် မည်သည့်အရာကိုမျှ လုံးဝ မစဉ်းစားကြသည့်အပြင်၊ လူ့အသိစိတ်နှင့် ဆင်ခြင်တုံတရား သို့မဟုတ် ကိုယ်ကျင့်တရားနှင့် ဆက်စပ်သည့် မည်သည့်အရာကိုမျှ လုံးဝ စဉ်းပင်မစဉ်းစားကြပေ။ သို့ဆိုလျှင် ၎င်းတို့စဉ်းစားသည့်အရာမှာ အဘယ်နည်း။ ၎င်းတို့၏စိတ်များသည် အကြံအစည်များ၊ မာယာများ၊ အပိုင်ကြံခြင်း၊ ပူးပေါင်းကြံစည်ခြင်းနှင့် လှည့်စားခြင်းတို့တွင် လုံးလုံး ပိတ်မိနေသည်။ ထို့ကြောင့် အပြင်ပန်းအားဖြင့် ဘုရားသခင်ကို လူသိရှင်ကြား ၎င်းတို့ အတိုက်အခံလုပ်သည်ကို သင် မမြင်ရလျှင်ပင်၊ သို့မဟုတ် ဘုရားသခင်အပေါ် မကျေမနပ်ပြောဆိုခြင်း၊ ဘုရားသခင်အပေါ် သံသယရှိခြင်း၊ ဘုရားသခင်ကို ဝေဖန်ခြင်း သို့မဟုတ် ဘုရားသခင်အပေါ် စော်ကားပြောဆိုခြင်းကိုပင် မကြားရလျှင်ပင်၊ ၎င်းတို့၏စိတ်နှလုံးထဲ၌မူ မည်သို့ပင်ဆိုစေ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အမှုနှင့် ဘုရားသခင်၏ အမှုနှင့်ဆက်စပ်သည့် မည်သည့်အရာကိုမဆို အထင်သေးသည့်၊အရေးမစိုက်သည့်အပြင်၊ ကြည်ညိုမှုမရှိသည့် သဘောထားတို့ဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ လူတို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များက မည်သည့်အရာပင်ဖြစ်သည်ဖြစ်စေ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်လုပ်ဆောင်သော အလုပ်အမျိုးမျိုးနောက်ကွယ်ရှိ စည်းမျဉ်းများက မည်သည့်အရာများဖြစ်သည်ဖြစ်စေ၊ ၎င်းတို့ ထိုအရာများကို လုံးဝ အာရုံမစိုက် သို့မဟုတ် လက်မခံကြပေ။ ဤလူများအတွင်း၌ ဤအပြုသဘောဆောင်သောအရာများကို လက်ခံနိုင်သည့်အရာ တကယ်ကို မရှိပေ။ ဤအပြုသဘောဆောင်သောအရာများကို လူသိရှင်ကြား ၎င်းတို့ အတိုက်အခံလုပ်ခြင်း သို့မဟုတ် ရှုတ်ချခြင်းကို သင် မမြင်ရသော်လည်း၊ ၎င်းတို့၏စိတ်နှလုံး နက်ရှိုင်းရာနေရာများ၏ ရှုထောင့်အမြင်များမှနေ၍၊ ၎င်းတို့သည် ထိုအရာများကို ပစ်ပစ်ခါခါငြင်းပယ်ပြီး ရွံမုန်းကြသည်။ ၎င်းတို့သည် တရားဒေသနာများကို နားထောင်သည့်အခါ သမ္မာတရားအား မည်သို့လက်ခံပြီး မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို တွေးဆခြင်းမရှိဘဲ၊ ထို့ထက် လူတို့အား ၎င်းတို့ကို အထင်ကြီးစေပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်စေရန်အလို့ငှာ ၎င်းတို့ကြားရသည့် လတ်ဆတ်သော သိနားလည်မှုနှင့် စကားစုများကို မည်သို့အကျဉ်းချုပ်ပြီး မိမိတို့၏ကိုယ်ပိုင်စကားများအဖြစ်သို့ ပြောင်းလဲကာ အခြားသူများနှင့် မိတ်သဟာယဖွဲ့ပြီး မျှဝေရမည်ကိုသာ စဉ်းစားနေကြသည်။ ၎င်းတို့က၊ “သို့ဖြစ်၍ ငါသည် ဤနှုတ်ကပတ်တော်များကို ယခုလေးတင် အသင်းတော်သို့ ဝင်လာသောသူတို့အား ဟောပြောလျှင်၊ ပိုများသော လူတို့၏ လေးစားခြင်းနှင့် ပုဂ္ဂိုလ်ရေးကိုးကွယ်ခြင်းကို ရရှိနိုင်မည်ဖြစ်ပြီး လူအများကြားတွင် ပို၍ပင်မြင့်မားသော အဆင့်အတန်းကို ရရှိမည်ဖြစ်သည်။ ဤအဆင့်အတန်းသည် အယူဝါဒကို ငါ မည်မျှ နားလည်ပြီး သဘောပေါက်သည်၊ ထိုအယူဝါဒကို မည်မျှပြည့်စုံစွာ သဘောပေါက်သည်ဟူသည်ကို အခြေခံလိမ့်မည်” ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့သည် တရားဒေသနာများကို နားထောင်လျက် ထိုင်နေလျှင်ပင်၊ အလွန်အာရုံစိုက်စွာနှင့် လုံ့လဝီရိယရှိစွာဖြင့် နားထောင်နေပြီး များစွာ ကြိုးစားအားထုတ်နေလျှင်ပင်၊ ၎င်းတို့၏သဘောထားသည် အပြုသဘောမဆောင်သည့်အပြင်၊ ၎င်းတို့၏ ရည်ရွယ်ချက်သည်လည်း ဖြူစင်ခြင်းမရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လက်ခံသည့်သဘောထားဖြင့် နားထောင်ခြင်းမဟုတ်ဘဲ၊ တရားဒေသနာများတွင် ပြောဆိုသည့်အရာများကို သမ္မာကျမ်းစာနှင့် နှိုင်းယှဉ်ကာ ဓမ္မပညာကို လေ့လာနေသကဲ့သို့ စဉ်းစားဆင်ခြင်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိလာနိုင်ရန်အလို့ငှာ၊ စစ်မှန်သော နောင်တ ဖြစ်ပေါ်နိုင်ရန်အလို့ငှာ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်ရန်အလို့ငှာ၊ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသောနည်းလမ်းဖြင့် ဆောင်ရွက်ကာ ပြုမူပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျေနပ်စေနိုင်ရန်အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ လက်မခံသည့်အပြင်၊ မိမိတို့ကိုယ်ကို ထိုနှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ကာ မိမိတို့၏အမျိုးမျိုးသော ပြဿနာများကို နားလည်ရန် ကြိုးစားခြင်း၊ ထိုအရာများမှ ဖြေရှင်းရန် နည်းလမ်းနှင့် လက်တွေ့လုပ်ဆောင်ရန် စည်းမျဉ်းများကို ရှာဖွေခြင်းတို့ မပြုကြပေ။ ၊ ဤသည်မှာ ၎င်းတို့၏ပန်းတိုင် လုံးဝမဟုတ်ပေ။ ၎င်းတို့၏ပန်းတိုင်ကား အဘယ်နည်း။ မိမိတို့ကိုယ်ကို ပွဲထုတ်ပြီး ကြွားလုံးထုတ်ကာ လူတို့က ၎င်းတို့ကို အထင်ကြီးလေးစားပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်စေရန်အလို့ငှာ အယူဝါဒများဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ရန် ဖြစ်သည်။ ဤသည်မှာ ပထမရည်မှန်းချက် ဖြစ်သည်။ ၎င်းတို့၏ ဒုတိယရည်မှန်းချက်မှာ ကောင်းချီးများရရှိရန် အရိုးရှင်းဆုံးနည်းလမ်းကို ရှာဖွေရန် ဖြစ်သည်။ တရားဒေသနာများကို နားထောင်ပြီး ဤသည်မှာ မှန်သော လမ်းခရီးဖြစ်ကြောင်း အတည်ပြုပြီးနောက် ၎င်းတို့သည် ကောင်းချီးများရရှိရန် မျှော်လင့်ချက် မည်မျှရှိသည်၊ ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက် မည်မျှရှိသည်ဟူသည်တို့ကို စတင်စဉ်းစားကြသည်။ ထို့နောက် ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူများနှင့် ဘုရားအိမ်တော်၏ ယုံကြည်မှုကို လိမ်လည်လှည့်ဖြား၍ ရယူရန်အပြင်၊ ၎င်းတို့ခံစားရသော အခက်အခဲများနှင့် ၎င်းတို့ပေးဆပ်သော အဖိုးအခကို ဘုရားသခင်မြင်စေရန်အတွက် အခက်အခဲကို ကြံ့ကြံ့ခံပြီး အဖိုးအခပေးဆပ်သည့်နည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်ကြသည်။ ဤနည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ကြီးမားသော ကောင်းချီးများနှင့် နှစ်သက်ဖွယ်သော ပန်းတိုင်တစ်ခုကို ရရှိနိုင်မည်ဟု ၎င်းတို့ထင်ကြသည်။ သင် မြင်သလော၊ တရားဒေသနာများနှင့် သမ္မာတရား၏ သွင်ပြင်လက္ခဏာတိုင်းအပေါ် ၎င်းတို့၏သဘောထားမှာ ရိုးရှင်းစွာလက်ခံပြီးနောက် လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံခံစားရန် မဟုတ်ဘဲ၊ ထို့ထက် ၎င်းတို့တွင် ဖုံးကွယ်ထားသော အစီအစဉ်များနှင့် အကြံအစည်များ ရှိကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေရန်၊ လူတိုင်းအား ၎င်းတို့ကို ပုဂ္ဂိုလ်ရေးကိုးကွယ်ကြစေရန်၊ မိမိတို့ကိုယ်ကို လူအများကြားတွင် အဆင့်အတန်းရရှိစေရန်နှင့် အခြားသူများ၏ အထင်ကြီးလေးစားမှုကို မွေ့လျော်ခံစားနိုင်ရန်အတွက် မိမိတို့၏စိတ်များနှင့် စကားပြောစွမ်းရည်ဆိုင်ရာ အရင်းအမြစ်များကို ပြင်ဆင်ဖို့ တရားဒေသနာများနှင့် မိတ်သဟာယမှ အချို့သောစကားစုများ သို့မဟုတ် ဂန္ထဝင်ကိုးကားချက်များကို အသုံးပြုရန် အမြဲမျှော်လင့်နေကြသည်။ တရားဒေသနာများကို နားထောင်သည့်အခါ ၎င်းတို့၌ရှိသော ဤအတွေးများ၊ ကြံရွယ်ချက်များနှင့် သဘောထားများသည် ထိုသို့သောလူများ အလွန်သွေဖည်ကြောင်း ပြသရန် လုံလောက်သည် မဟုတ်လော။ (လုံလောက်ပါသည်။) ၎င်းတို့ထဲရှိ ဤသွေဖည်သော စေ့ဆော်သည့် အင်အားစုကို တစ်ဦးတလေက ပြုပြင်ပေးနိုင်သလော။ သင်က ၎င်းတို့အား “ဤသို့တွေးခြင်းသည် သမ္မာတရားကို လက်ခံခြင်းမဟုတ်ပါ။ ယင်းသည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ရှိသင့်သည့် သဘောထားမဟုတ်ပါ။ သင် ဤသို့တွေးလျှင် သမ္မာတရားက သင့်အပေါ် အကျိုးသက်ရောက်မှု ရှိလိမ့်မည်မဟုတ်ပါ။ ထိုအရာက သင့်အား ကယ်တင်ခြင်းရရှိနိုင်စေလိမ့်မည် မဟုတ်ပါ။ သမ္မာတရားကို သင် လက်ခံသင့်သည်၊ ထိုသမ္မာတရားအတွင်းရှိ လက်တွေ့လုပ်ဆောင်ရန် စည်းမျဉ်းများကို ရှာဖွေသင့်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ သမ္မာတရား လက်တွေ့ကျမှု ဖြစ်လာပြီး နောက်ဆုံးတွင် သင်၏အသက် ဖြစ်လာရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့ဘဝတွင် လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားသင့်သည်” ဟု ပြောခဲ့လျှင် ယင်းကို ၎င်းတို့ စွမ်းဆောင်နိုင်ကြမည်လော။ (စွမ်းဆောင်နိုင်မည် မဟုတ်ပါ။) အဘယ်ကြောင့် မစွမ်းဆောင်နိုင်သနည်း။ ယင်းမှာ ၎င်းတို့က လုံလောက်သော ကြိုးစားအားထုတ်မှု မရှိသောကြောင့်လော သို့မဟုတ် သမ္မာတရားနှင့်ပတ်သက်သည့် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းက ၎င်းတို့၏ခံစားချက်များကို ထည့်မတွက်သောကြောင့် သို့မဟုတ် ၎င်းတို့၏အခြေအနေကို ဦးတည်သော သင့်လျော်သည့် သမ္မာတရားထောက်ပံ့မှု မပါဝင်သောကြောင့်လော။ (နှစ်ခုလုံး မဟုတ်ပါ။) သို့ဆိုလျှင် အကြောင်းရင်းကား အဘယ်နည်း။ (ယင်းကို သမ္မာတရားအား မုန်းတီးသော ၎င်းတို့၏အနှစ်သာရက ဆုံးဖြတ်ပါသည်။) ထို့ကြောင့် ဤလူများ၏ သရုပ်သကန်များသည် ၎င်းတို့၏အနှစ်သာရနှင့် ခွဲခြား၍မရနိုင်၊ ယင်းတို့သည် အတွင်းကျကျ ဆက်စပ်နေသည်ဟု ဆိုရပေမည်။ မည်သူကမျှ ၎င်းတို့စိတ်နှလုံးထဲရှိ အတွေးများကို မပြုပြင်နိုင်သည့်အပြင်၊ နတ်ဆိုးများဖြစ်သော ဤလူများ၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝ အနှစ်သာရကိုလည်း မည်သူကမျှ မပြောင်းလဲနိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို မုန်းတီးပြီး သမ္မာတရားကို ငြင်းပယ်သည်။ ထို့ကြောင့် သမ္မာတရားက ၎င်းတို့ကို ပြောင်းလဲနိုင်ခြင်း မရှိပေ။ သို့ဆိုလျှင် ဤလူစားမျိုးကို ကူညီ၍မရနိုင်တော့ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) အဖြေမှာ ဧကန်မုချ အမှန်ပင် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ သဘာဝ အနှစ်သာရသည် နတ်ဆိုးများ၏ သဘာဝ အနှစ်သာရ ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ထုတ်ဖော်သည့်အရာအားလုံးကို နတ်ဆိုးများ၏ သဘာဝက လုံးလုံး စိုးမိုးထားသည်။ ယင်းသည် ဖောက်ပြန်ပျက်စီးခြင်း၏ ယာယီထုတ်ဖော်ခြင်း လုံးဝ မဟုတ်သည့်အပြင်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ကောက်ကျစ်ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ ထုတ်ဖော်ပြခြင်းလည်း မဟုတ်ပေ။ ယင်းမှ ၎င်းတို့က နတ်ဆိုးများဖြစ်သောကြောင့်၊ ဖန်ဆင်းခံ လူသားများ မဟုတ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ ရင်းမြစ် ဖြစ်သည်။
ဤလူစားမျိုးသည် တရားဒေသနာများကို နားထောင်သည့်အခါ နောက်ထပ် သရုပ်သကန်အချို့ ရှိသည်။ ဘုရားသခင်၏ အိမ်တော်က သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ထိုအရာက အချို့သောလူများ၏ ဒုစရိုက်အမှုများနှင့် သရုပ်သကန်များကို ဖော်ထုတ်ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းတို့ ပါဝင်သည့်အခါတိုင်းတွင်၊ ၎င်းတို့က၊ “သင်သည် ယခင်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်အကြောင်း ပြောနေခြင်း မဟုတ်လော။ အဖြစ်အပျက်တစ်ခုလုံးကို ကျွန်ုပ် သိသည်။ ဤကိစ္စကို တင်ပြရာတွင် သင်၏ ရည်မှန်းချက်က မည်သည့်အရာဖြစ်သည်ကို ကျွန်ုပ် သိသည်။ သင်၏ ကိုယ်ပိုင်သြဇာအာဏာကို တည်ထောင်ပြီး လူတွေအား သင့်စကားနားထောင်စေရန် ဤကိစ္စကို မိတ်သဟာယပြုခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းအား အသုံးပြုရန် သင် ကြိုးစားနေခြင်းသာ မဟုတ်လော။ သင်က လူအချို့ကို သင်ခန်းစာပေးပြီး လူအချို့ကို ဖိနှိပ်ချင်သောကြောင့်သာ မဟုတ်လော။ ဤသည်မှာ လှုပ်ရှားမှုတစ်ခုကို အစပြုနေခြင်းသာ မဟုတ်လော။ သင် ပြောသည့်အရာကို အရူးတစ်ယောက်ကသာ ယုံကြည်လိမ့်မည်။ အရူးတစ်ယောက်ကသာ သင့်စကားကို နားထောင်ပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်လိမ့်မည်”ဟူသကဲ့သို့သော အရာများကို ပြောကြသည်။ သင် မြင်သလော၊ သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုခုနှင့် ဆက်စပ်မှုရှိသော လူတို့၏ ဥပမာများ၊ ပြောဆိုချက်များ သို့မဟုတ် တိကျသောသရုပ်သကန်အချို့ကို ၎င်းတို့ကြားသည့်အခါ၌ပင် ၎င်းတို့နားလည်သည့်အရာက အခြားသူများနားလည်သည့်အရာနှင့် လုံးဝကွဲပြားနေသည်။ ၎င်းတို့သည် ဤအရာများကို မှန်ကန်စွာ သဘောမပေါက်နိုင်သည့်အပြင်၊ မှန်ကန်စွာလည်း သဘောမထားနိုင်ကြပေ။ ၎င်းတို့သည် အဖြစ်မှန်များကိုပင် မလိမ့်တစ်ပတ်လုပ်ပြီး အပြုသဘောဆောင်သောအရာများကို ဝေဖန်ကာ ရှုတ်ချနိုင်ကြသည်။ ၎င်းတို့၏စိတ်နှလုံးထဲ၌ စဉ်းစားသည့်အရာသည် အမြဲ အလွန်မကောင်းသည့်အရာဖြစ်သည့်တိုင်၊ ၎င်းတို့က မိမိတို့ကိုယ်ကို အထူးပင် လိမ္မာပါးနပ်ပြီး စစ်မှန်သောအဖြစ်အပျက်ကို သိသည်ဟု ခံစားရသည်။ ဤသည်မှာ သွေဖည်ခြင်း မဟုတ်လော။ ယင်းမှာ အဆင်းနီသော နဂါးကြီးကဲ့သို့ပင် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူတို့ကို ရှင်းလင်းပစ်သည့်အခါ သို့မဟုတ် နှင်ထုတ်သည့်အခါ ယင်းမှာ အခြားသူများမြင်ရန် အာဏာပြခြင်းအဖြစ် လုပ်ဆောင်ခြင်းဖြစ်သည်ဟု အဆင်းနီသော နဂါးကြီးက ဆိုသော်လည်း၊ ဘုရားသခင်၏ အိမ်တော်၊ အသင်းတော်က လူတို့ကို ရှင်းလင်းပစ်သည့်အခါ ယင်းမှာ အသင်းတော်ကို သန့်စင်စေခြင်းဖြစ်သည်ဟု မည်သည့်အခါမျှ မဆိုပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို သဘောမပေါက်နိုင်သော ဘာသာတရားမရှိသည့် နတ်ဆိုးများ ဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို အမြဲ မလိမ့်တစ်ပတ်လုပ်သည်၊ ဝေဖန်ပြီး ပြစ်တင်ရှုတ်ချကြသည့်အပြင်၊ အပြုသဘောဆောင်သောအရာများကို မှန်ကန်သော စိတ်နေစိတ်ထားဖြင့် လုံးဝ သဘောထားကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် လူသားများကို ဘုရားသခင်က ဖန်ဆင်းခဲ့ကြောင်း ဝန်ခံခြင်းထက်၊ မျောက်ဝံများမှ ဆင့်ကဲပြောင်းလာသည်၊ နဂါးများ၏ သားစဉ်မြေးဆက်များဖြစ်သည်ဟု ယုံကြည်ကြလိမ့်မည်။ လတ်တလောတွင်ပင်၊ လွန်ခဲ့သော နှစ်သန်းပေါင်းရာနှင့်ချီက ဧရာမကြွက်မျိုးစိတ်တစ်ခုသည် လူသားမျိုးနွယ်၏ ဘိုးဘေးဖြစ်သည်ဟု သိပ္ပံသုတေသီအချို့က ဆိုသည်ကိုပင် ငါကြားခဲ့ရသည်။ အလွန်ရယ်ဖွယ်ကောင်းပြီး ထူးဆန်းသော သီအိုရီပါတကား။ သင်က ၎င်းတို့အား လူသားများကို ဘုရားသခင်က ဖန်ဆင်းခဲ့ကြောင်း ဝန်ခံစေရန်၊ လူသားများကို ဘုရားသခင်က ဖန်ဆင်းခဲ့ကြောင်း ယုံကြည်စေရန် ကြိုးစားလျှင် သင်မည်သို့ပင်ပြောသည်ဖြစ်စေ ၎င်းတို့ ဝန်ခံရန် ငြင်းပယ်ကြသည်။ ၎င်းတို့၏ မျက်စိရှေ့တွင် ဤအမှန်တရားကို ချပြထားလျက်ပင် ၎င်းတို့သည် မယုံကြည်ကြသေးပေ။ ၎င်းတို့သည် လူသားများက မျောက်ဝံများမှ ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်သည်၊ သို့မဟုတ် ကြွက်များ၏ သားသမီးများဖြစ်သည်၊ သို့မဟုတ် နဂါးများ၏ သားစဉ်မြေးဆက်များဖြစ်သည်ဟုသာ ယုံကြည်ကြသည်။ ၎င်းတို့သည် လူသားများကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်၊ လူ့အသက်နှင့် ထွက်သက်ဝင်သက်ကို ဘုရားသခင်က ပေးထားခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ဖို့ထက်၊ ဤနတ်ဆိုးဆန်သော စကားများကို ယုံကြည်ကြမည်ဖြစ်သည်။ ၎င်းတို့သည် ထိုအရာကို မယုံကြည်၊ ဝန်မခံသည့်အပြင်၊ ဤအမှန်တရားကို လက်ခံရန်လည်း မလိုလားကြပေ။ ဤသည်မှာ သွေဖည်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ၎င်းတို့က နဂါးများ၏ သားစဉ်မြေးဆက်များဖြစ်သည်ဟု ဆိုလျှင် ၎င်းတို့ ဝမ်းမြောက်ကြသည်။ သင်သည် ၎င်းတို့က မျောက်ဝံများမှ ဆင့်ကဲပြောင်းလဲလာပြီး မျောက်ဝံများ၏ သားစဉ်မြေးဆက်များဖြစ်သည်၊ သို့မဟုတ် ဧရာမကြွက်တစ်ကောင်သည် ၎င်းတို့၏ ဘိုးဘေးဖြစ်သည်ဟု ဆိုလျှင် ၎င်းတို့က “ဟုတ်သည်၊ ဂုဏ်ယူစရာကောင်းလိုက်လေခြင်းပါတကား”ဟု ဆိုကြသည်။ သို့သော် သင်က လူသားများကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်ဟု ဆိုလျှင် ၎င်းတို့က ရန်လိုလာကြသည်၊ ၎င်းတို့၏ မျက်လုံးများက ဒေါသဖြင့် တောက်လောင်လာပြီး သင့်အပေါ် အမုန်းတရားများဖြင့် ပြည့်နှက်လာကြသည်။ ဤသည်မှာ အလွန်ပင် သွေဖည်လှသည်တကား။
နတ်ဆိုးများမှ လူဝင်စားသောသူတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သည့် စကားများကို ကြားနာရန် မလိုလားဆုံးဖြစ်သည်။ အထူးသဖြင့် ထိုသို့သောစကားများက မိမိကိုယ်ကိုသိခြင်း၊ အမျိုးမျိုးသော လူတို့၏ အခြေအနေများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း၊ သမ္မာတရား လက်တွေ့ကျမှုများထဲသို့ မည်သို့ဝင်ရောက်ရမည် သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့်ပတ်သက်သည့်အခါတွင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများထဲ၌ အလွန်အမင်း ရွံရှာမှုကို ခံစားကြပြီး တစ်ချိန်တည်းမှာပင် လွဲချော်သော နားလည်မှုများနှင့် ထင်မြင်ချက်များကို ဖြန့်ဝေကြသည်။ ဥပမာအားဖြင့်၊ အသင်းတော်က မကောင်းမှုပြုသူအချို့ကို ရှင်းလင်းပစ်သည့်အခါ ဤလူစားမျိုးက “ဘုရားအိမ်တော်သည် လူတို့အပေါ် ချစ်ခြင်းမေတ္တာမရှိပါ။ ယင်းမှာ လယ်ထွန်ပြီးသည်နှင့် နွားကို သတ်သကဲ့သို့ ဖြစ်သည်” သို့မဟုတ် “ဤလူတို့သည် အထက်ခေါင်းဆောင်များကို ပုန်ကန်ပြစ်မှားသောကြောင့် ရှင်းလင်းပစ်ခံခဲ့ရခြင်း ဖြစ်သည်” ဟူ၍ ပြောဆိုလျက် အခြားသူများကို လှုံ့ဆော်လေသည်။ ၎င်းတို့သည် ဘုရားအိမ်တော်အတွင်းရှိ အသင်းတော်ကို သန့်စင်ခြင်းအလုပ်အား မှန်ကန်စွာ သဘောမထားနိုင်သသည့်အပြင်၊ ဖြူစင်သော သဘောပေါက်နားလည်နိုင်စွမ်းလည်း မရှိကြပေ။ ၎င်းတို့သည် ထိုအကြောင်းကို ကောက်ကျစ်သောနည်းဖြင့် တွေးတောကာ ပြောဆိုကြသည်။ သင်သည် ၎င်းတို့၏ ပါးစပ်မှ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည့် အရာတစ်ခုတလေကို ကြားရရန် မဆိုထားနှင့်၊ မည်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော စကားကိုမျှ ကြားရလိမ့်မည်မဟုတ်သည့်အပြင်၊ အပြုသဘောဆောင်သော အရာများဖြစ်သည့် မည်သည့်စကားကိုမျှလည်း ကြားရမည်မဟုတ်ပေ။ ၎င်းတို့၏ စိတ်နှလုံးသည် မကျေမနပ်ဖြစ်ခြင်းများ၊ ဆန့်ကျင်ခြင်းများနှင့် မကျေမချမ်းဖြစ်ခြင်းများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့သည် မိမိတို့၏ ရှုထောင့်များကို ချုပ်တည်းမှုမရှိဘဲ ဖော်ပြသောအခါ ၎င်းတို့ပြောဆိုသည့်အရာများနှင့် ၎င်းတို့ဖော်ပြသည့် အတွေးများ၊ ရှုထောင့်များသည် သွေဖည်ပြီး ကောက်ကျစ်နေကြသည်။ သင်သည် ဤအရာကို စိတ်ကူး၍ပင်မရနိုင်ဟု မြင်သည်။ ၎င်းတို့အနေဖြင့် နှစ်ပေါင်းများစွာကြာ ဘုရားသခင်ကို ယုံကြည်ပြီး တရားဒေသနာများကို နားထောင်ခဲ့ပုံကိုလည်းကောင်း၊ အပြင်ပန်းအားဖြင့် ၎င်းတို့သည် အတော်လေး လိမ္မာကြပြီး၊ မဆိုးပုံပေါ်သည်ကိုလည်းကောင်း တွေးတောမိပြီး အရေးကြီးသည့်အချိန်များတွင် ဤ ကျိုးကြောင်းမဆီလျော်သည့် စကားများကို ၎င်းတို့ မည်သို့ ပြောနိုင်သနည်းဟု သင် အံ့ဩမိသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အချိန်ကြာမြင့်စွာ ဖုံးကွယ်ထားခဲ့သော စစ်မှန်သည့် အတွေးများကို နောက်ဆုံးတွင် ထုတ်ဖော်ပြောကြားလိုက်ပြီ ဖြစ်သည်။ ဤသည်က ၎င်းတို့၏ ပြဿနာကို အမှန်တကယ် ဖော်ပြနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ ထုတ်ဖော်ပြောကြားလိုက်သည့် စစ်မှန်သော အတွေးများမှာ လုံးဝ ကောက်ကျစ်သော အကြောင်းပြချက်များနှင့် မိစ္ဆာဒိဋ္ဌိအယူများ ဖြစ်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် ယာယီ စိတ်အခြေအနေ မကောင်းခြင်းကြောင့် ဤကောက်ကျစ်သော အကြောင်းပြချက်များနှင့် မိစ္ဆာဒိဋ္ဌိအယူများကို ထုတ်ပြောခဲ့ခြင်းဖြစ်သလော။ (မဟုတ်ပါ။) လုံးဝမဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး တရားဒေသနာများကို နှစ်ပေါင်းမည်မျှ နားထောင်ပြီးသည်ဖြစ်စေ ဤအတွေးများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမြဲတစေ ဖုံးကွယ်လျက်ရှိပြီး မည်သည့်အခါမျှ လူသိရှင်ကြားမဖြစ်ခဲ့ပေ။ သို့သော် အရေးကြီးသည့် အခိုက်အတန့်တစ်ခု ရောက်လာပြီး ၎င်းတို့ ပြောချင်သည့်အရာကို ဆက်လက် မချုပ်တည်းနိုင်တော့သည့်အခါတွင် မီးတောင်တစ်ခုကဲ့သို့ ပေါက်ကွဲထွက်လာသည်။ ယင်းမှာ ၎င်းတို့အတွင်း၌ အလွန် ပြင်းထန်စွာ အစပျိုးနေခဲ့ပြီး တစ်နေ့တွင် ၎င်းတို့ ဆက်လက် မချုပ်တည်းနိုင်တော့သည့်အပြင်၊ ဤသွေဖည်သော ဒေါသက ပွင့်ထွက်လာသည်။ ၎င်းတို့၏ နတ်ဆိုးသဘာဝ ပေါက်ကွဲထွက်လာသည့်အခါ ကောက်ကျစ်သည့် အကြောင်းပြချက်မျိုးစုံအပြင်၊မိစ္ဆာဒိဋ္ဌိအယူများနှင့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသော အယူအဆမျိုးစုံ ထွက်ပေါ်လာသည်။ ၎င်းတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်ပြောဆိုသည့် စကားများ၊ ဘုရားသခင်ကို ပြစ်မှားစော်ကားသည့် စကားများ၊ ဘုရားသခင်ကို ဆဲရေးသည့် စကားများ၊ လူတို့အပေါ် မနာလိုဝန်တိုခြင်းနှင့် မုန်းတီးခြင်း စကားများ၊ လှုံ့ဆော်သည့် စကားများကို ပြောဆိုကြသည်။ ၎င်းတို့သည် နတ်ဆိုးဆန်သည့် စကားမျိုးစုံကို ထုတ်ပြောလိုက်ကြပြီး ထိုအခါမှသာ ၎င်းတို့မှာ နတ်ဆိုးတစ်ကောင်ဖြစ်ကာ အပြည့်အဝ ဖော်ထုတ်ခြင်းခံရပြီးဖြစ်ကြောင်း သင် နားလည်သဘောပေါက်လေသည်။ ယခင်က၊ သင်သည် တရားဒေသနာများက ၎င်းတို့အတွက် အမြဲပင် အလွန်နားလည်ရခက်ပြီး ၎င်းတို့ ဘုရားသခင်ကို ယုံကြည်ခဲ့သည့် နှစ်များတစ်လျှောက်လုံးတွင် သမ္မာတရားကို မည်သည့်အခါမျှ နားမလည်ခဲ့ကြောင်း သတိပြုမိခဲ့သည်။ ၎င်းတို့၌ ညံ့ဖျင်းသော အစွမ်းအစရှိပြီး သမ္မာတရားက ၎င်းတို့အတွက် နားမလည်နိုင်သောအရာဖြစ်သည်ဟု ယူဆခဲ့သောကြောင့် ၎င်းတို့ကို ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးအဖြစ် မှတ်ယူကာ ကူညီရန် ကြိုးစားခဲ့သည်။ သင်သည် ၎င်းတို့ကို ယုံကြည်စွာဖြင့် ရင်ဖွင့်ခဲ့ပြီး သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မည်သို့ သန့်စင်ခြင်းခံလာခဲ့ရသည်ကို ပြောဆိုခဲ့သည်။ သို့သော် သင်သည် ၎င်းတို့နှင့် မည်သို့ပင် မိတ်သဟာယဖွဲ့ခဲ့သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ အမှန်တကယ် မည်သို့ဖြစ်ခဲ့သည်ကို ပြောဆိုရန် မိမိတို့၏ စိတ်နှလုံးကို မည်သည့်အခါမျှ မဖွင့်ဟခဲ့ကြပေ။ သင်သည် မည်သည့်အခါမျှ နားမလည်နိုင်ခဲ့ပေ။ အဘယ်ကြောင့် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးကို မဖွင့်ဟနိုင်ခဲ့ကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် မိမိတို့၏ စစ်မှန်သော အခြေအနေကို မဖွင့်ချခဲ့ကြသနည်း။ ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်အခါမျှ မဖော်ပြခဲ့ခြင်း ဖြစ်နိုင်မည်လော။ သင်သည် ၎င်းတို့ကို မည်သည့်အခါမျှ ထွင်းဖောက်၍ မမြင်နိုင်ခဲ့သည့်အပြင်၊ ၎င်းတို့သည် လိမ္မာပြီး ရိုးရှင်းကာ မာယာကင်းသည်ဟုပင် သင် ထင်မှတ်ခဲ့သည်။ ယခု ၎င်းတို့၏ နတ်ဆိုးသဘာဝ ပေါက်ကွဲထွက်လာပြီး ဘုရားသခင်နှင့်ပတ်သက်၍ စောဒကတက်ကာ ပြစ်မှားစော်ကားသည့် စကားများစွာကို ၎င်းတို့ ပြောဆိုခဲ့သည့်အခါမှသာ သင်သည် ၎င်းတို့၌ အမှန်စင်စစ် လူ့သဘာဝမရှိသည့်အပြင်၊ လုံးလုံးလျားလျား နတ်ဆိုးသဘာဝသာ ရှိကြောင်း မြင်တွေ့ရသည်။ သင်က၊ “ဤလူသည် ကြောက်မက်ဖွယ်ကောင်းလှသည်တကား။ ၎င်းတို့သည် ဤနှစ်များတစ်လျှောက်လုံး ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သော်လည်း လက်စသတ်တော့၊ ၎င်းတို့၏ စိတ်နှလုံးထဲ၌ သမ္မာတရားကို အမြဲတစေ မုန်းတီးပြီး အတိုက်အခံလုပ်ကြပြီးဖြစ်သည်တကား။ ၎င်းတို့က မည်သူ့ကိုမျှ လုံးဝ မဖွင့်ဟခဲ့သည်မှာ အံ့ဩစရာမရှိပါ။ အခြားသူများက ၎င်းတို့၏ နတ်ဆိုးသဘာဝအား ထွင်းဖောက်မြင်တွေ့သွားမည်ကို ၎င်းတို့ ကြောက်ရွံ့ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် နတ်ဆိုးတစ်ကောင် စစ်စစ် ဖြစ်သည်”ဟု ခံစားရသည်။ သင်သည် ၎င်းတို့၏ အနှစ်သာရကို ထွင်းဖောက်မြင်တွေ့သည်နှင့် တစ်ပြိုင်နက် ဤနှစ်များတစ်လျှောက်လုံး နေ့စဉ်နေ့တိုင်း ၎င်းတို့နှင့်အတူ သင်၏ တာဝန်ကို ထမ်းဆောင်ပြီး အသင်းတော်အသက်တာကို ဖြတ်သန်းရင်း တစ်ချိန်လုံး ၎င်းတို့ကို လူကောင်းတစ်ဦး၊ ဘုရားအိမ်တော်သားတစ်ဦး၊ ဘုရားသခင် ရွေးချယ်ထားသော လူများထဲမှ တစ်ဦးအဖြစ် ထင်မှတ်ခဲ့ပြီး ၎င်းတို့အပေါ် မည်သည့် ပိုင်းခြားသိမြင်မှုမျှ မရှိဘဲလျက်၊ လုံးဝ မျက်စိကန်းပြီးဖြစ်သည်ဟု သင် ခံစားရလေသည်။ ယင်းမှာ အလွန် ထိတ်လန့်ဖွယ်ရာ အခြေအနေတစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် ညီအစ်ကိုမောင်နှမများနှင့်အတူ နေထိုင်ပြီး ပေါင်းသင်းဆက်ဆံကာ တစ်စုံတစ်ဦး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည် သို့မဟုတ် ၎င်းတို့၏ တာဝန်တွင် စည်းမျဉ်းများ ချိုးဖောက်သည်ကို သင် တွေ့ရှိပြီး သင်က ၎င်းတို့နှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့ကာ ၎င်းတို့ကို ကူညီပြီး ၎င်းတို့က လက်ခံနိုင်သည့်အပြင် ကျေးဇူးတင်ကြောင်း ဖော်ပြပါက သင်သည် အတော်လေး စိတ်ကျေနပ်မှုခံစားရလိမ့်မည် ဖြစ်သည်။ သင်သည် ဤလူမှာ အလွန်ကောင်းသည်၊ သမ္မာတရားကို ချစ်မြတ်နိုးသည်ဟု ခံစားရလိမ့်မည်။ သင်သည် ၎င်းတို့ကို လုံးဝ ပစ်ပစ်ခါခါငြင်းလိမ့်မည် မဟုတ်ပေ။ သို့သော် အကယ်၍ သင်သည် နတ်ဆိုးတစ်ကောင်နှင့် နှစ်ပေါင်းများစွာ ပေါင်းသင်းပြီး ၎င်းတို့ကို ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးအဖြစ် အမြဲတစေ သဘောထားကာ မကြာခဏ ကူညီ၊ ထောက်ပံ့ပြီး ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို ပြသသော်လည်း ၎င်းတို့က သင့်ကို အလွန် ရန်လိုမှုဖြင့် သဘောထားလျှင်၊ သင်သည် ၎င်းတို့၏ ရန်သူဖြစ်သည့်အလား သင့်ကို အမြဲတစေ သတိဖြင့် ကာကွယ်နေကာ ၎င်းတို့၏ စိတ်နှလုံးထဲ၌ သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံကြောင်းနှင့် ၎င်းတို့သည် နတ်ဆိုးတစ်ကောင်သာ ဖြစ်ကြောင်း သင် တိုး၍ သိရှိနားလည်လာပါက သင် မည်သို့ ခံစားရမည်နည်း။ ငါတို့ ယခုတင် ဖော်ပြခဲ့သည့် နှင်ထုတ်ခြင်းခံရသောသူနှင့် စပ်လျဉ်း၍၊ အကယ်၍ သင်တို့သည် ဤလူစားမျိုးနှင့် ပေါင်းသင်းဆက်ဆံခဲ့ပြီး တစ်နေ့တွင် ၎င်းတို့၏ လူ့သဘာဝက အလွန်ဆိုးယုတ်ကြောင်း၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို မုန်းတီးပြီး သမ္မာတရားကို လုံးဝလက်မခံသည်သာမက ဤသို့သောလူစားမျိုးသည် စစ်မှန်သော နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း သင့်အား သေချာစေလျက်၊ ၎င်းတို့ကို ချစ်ခြင်းမေတ္တာဖြင့် ကူညီသူများကိုပင် မုန်းတီးကြောင်း သင် တွေ့ရှိခဲ့ပါက၊ သင် မည်သို့ ခံစားရမည်နည်း။ (ကျွန်ုပ် အမှန်တကယ် မိုက်မဲခဲ့သည်ဟု ခံစားရမည်ဖြစ်သည်)။ ပထမဦးဆုံးအနေဖြင့် သင်သည် မိုက်မဲခဲ့သည်ဟု ခံစားရမည်ဖြစ်ပြီး ထိုသို့သောလူတစ်ဦးအပေါ် အဘယ်သို့ဖြစ်ပြီး အလွန်အဓိပ္ပာယ်မဲ့သော အားထုတ်မှုများ သင် အသုံးပြုခဲ့သည်ကို သင် အံ့ဩမိလိမ့်မည်။ အခြား အဘယ်အရာ ရှိသေးသနည်း။ (ကျွန်ုပ် အတော်အတန် စက်ဆုပ်ရွံရှာမိမည်ဖြစ်သည်)။ မည်သူ့ကို စက်ဆုပ်ရွံရှာမည်နည်း။ ၎င်းတို့ကိုလော သို့မဟုတ် သင့်ကိုယ်သင်လော။ (၎င်းတို့ကို စက်ဆုပ်ရွံရှာသော်လည်း ၎င်းတို့ကို မပိုင်းခြားနိုင်ခဲ့သည့်အတွက် ကျွန်ုပ်ကိုယ်ကျွန်ုပ်လည်း စက်ဆုပ်ရွံရှာပါသည်)။ သို့ဆိုလျှင် သင်သည် အနာဂတ်တွင် ၎င်းတို့ကို မြင်ချင်ဦးမည်လော သို့မဟုတ် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံချင်ဦးမည်လော။ (ဆက်ဆံချင်မည် မဟုတ်ပါ)။ သို့ဆိုလျှင် သင်သည် ၎င်းတို့နှင့် မည်သည့် ဆက်ဆံရေးမျိုး ရှိချင်မည်နည်း။ ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံရာတွင် မည်သည့် လုပ်နည်းကိုင်နည်းမျိုးကို သင် ကျင့်သုံးချင်မည်နည်း။ (ကျွန်ုပ် သူတို့ကို တစ်ဖန် လုံးဝ တွေ့ချင်မည် မဟုတ်ပါ။ ၎င်းတို့နှင့် ဝေးဝေးနေနိုင်လေ ပိုကောင်းလေ ဖြစ်ပါသည်)။ သို့ဆိုလျှင် သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်းတွင် သင်သည် တစ်ခါတစ်ရံ ၎င်းတို့ကို တွေ့ဆုံရန် သို့မဟုတ် ၎င်းတို့နှင့် အလုပ်အကြောင်း ဆွေးနွေးရန် လိုအပ်နေဆဲဖြစ်ပြီး သင် ရှောင်လွှဲ၍ရမည် မဟုတ်ပါက အဘယ်သို့နည်း။ ထိုအခါ သင်သည် မည်သည့်အရာကို လုပ်ဆောင်မည်နည်း။ သင်တို့သည် ဤအရာအတွက် လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် လမ်းခရီးများ တစ်ခုတလေကို အကျဉ်းချုပ် သုံးသပ်ပြီးပြီလော။ သင်တို့သည် ၎င်းတို့ကို စက်ဆုပ်ရွံရှာသောကြောင့် ၎င်းတို့ကို ရှောင်ရှားပြီး မမြင်ချင်သော်လည်း သင်၏ တာဝန်တွင် ၎င်းတို့ကို မြင်တွေ့ခြင်းအား ရှောင်ရှားပါက အလုပ်ကို နှောင့်နှေးစေပြီး ထိခိုက်စေလိမ့်မည်ဖြစ်သည်။ သို့ဆိုလျှင် သင်တို့ အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ သင်တို့တွင် ကောင်းသော ဖြေရှင်းချက်များ ရှိသလော။ (မရှိပါ)။ သို့ဆိုလျှင် ငါသည် သင်တို့ကို နည်းလမ်းနှစ်ခု ပြောပြမည်။ ပထမတစ်ခုမှာ၊ အကယ်၍ ဤလူစားမျိုးသည် အသင်းတော်၌ အစေခံမှုပေးရန် ကျန်ရှိနေနိုင်ပါက သင်၏ တာဝန်တွင် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံရန် မလိုအပ်သည့်အခါ သင် ထိတွေ့ဆက်ဆံရန် မလိုအပ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်သည် ၎င်းတို့ကို စက်ဆုပ်ရွံရှာသောကြောင့် ဖြစ်သည်၊ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံခြင်းသည် အနေခက်ရပြီး နာကျင်စရာကောင်းသည့်အပြင်၊ ၎င်းတို့ကို သင် စက်ဆုပ်ရွံရှာကြောင်း ၎င်းတို့လည်း သိနိုင်သောကြောင့်၊ ယင်းက ၎င်းတို့ကို စိတ်မချမ်းမသာဖြစ်စေသည်။ ထို့ကြောင့် သင်သည် ယခင်ကကဲ့သို့ ၎င်းတို့အား သင်၏ စိတ်နှလုံးကို ဖွင့်ဟပြီး သင်၏ အတွင်းကျကျ အတွေးများကို ပြောပြရန် မလိုအပ်တော့ပေ။ ထိုအစား သည်းခံကာ စိတ်ရှည်ပြီး အမြော်အမြင်ရှိသော နည်းလမ်းများကို အသုံးပြုလျက် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံလော့။ ယင်းမှာ လုံလောက်ပေသည်။ ဤသည်မှာ စည်းမျဉ်းတစ်ခု ဖြစ်သည်။ နောက်တစ်ခုမှာ၊ သင်၏ အလုပ်တွင် ၎င်းတို့နှင့် ထိတွေ့ဆက်ဆံရမည့်အခါ သင်သည် ၎င်းတို့အား တာဝန်ပေးအပ်ထားသည့်အလုပ်အပြင်၊ ထိုအလုပ်နှင့် ဆက်စပ်သော သမ္မာတရား စည်းမျဉ်းများကို ရှင်းလင်းစွာ ရှင်းပြရမည်။ ဤနေရာတွင် သင် အာရုံစိုက်ရမည့် အချက်တစ်ချက် ရှိသည်။ ၎င်းတို့အား တာဝန်ပေးထားသည့်အလုပ်ကို ၎င်းတို့ အောင်မြင်စွာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိမရှိဟူသည်ကို သင် ကြည့်ရှုရမည်။ အကယ်၍ ၎င်းတို့သည် ပုံမှန်အားဖြင့် ဤအလုပ်အချို့ကို လုပ်ဆောင်နိုင်ပါက ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ပြီး ကိစ္စကို ဘက်မလိုက်သည့်အပြင် ဓမ္မဓိဋ္ဌာန်ကျသောပုံစံဖြင့် ကိုင်တွယ်လော့။ သို့သော် အကယ်၍ ၎င်းတို့သည် ဤအလုပ်တွင် အမြဲတစေ ဝတ်ကျေတမ်းကျေလုပ်ပြီး တာဝန်မဲ့နေပါက သင်သည် အလုပ်ကို ၎င်းတို့ထံ စိတ်အေးလက်အေး လွှဲအပ်၍မရနိုင်သည့်အပြင်၊ ထိုအစား အခြားတစ်စုံတစ်ဦးကို ရွေးချယ်သင့်သည်။ ဤအချိန်တွင် သင့်တော်သော ကိုယ်စားလှယ်လောင်းမရှိသည့်အပြင်၊ ၎င်းတို့ကို အသုံးပြုရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပါက သင် အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ သင်သည် ၎င်းတို့ကို ကြီးကြပ်ရန် တစ်စုံတစ်ဦးကို စီစဉ်သင့်သည်။ ၎င်းတို့သည် စစ်မှန်သော အလုပ် မလုပ်ဆောင်ကြောင်း သို့မဟုတ် အနှောင့်အယှက်များ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေသည့်နည်းဖြင့် ပြုမူနေကြောင်း တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ချက်ချင်း တိုင်ကြားရမည်။ အကယ်၍ ကြီးကြပ်နေသူသည် အလွန် ထိရောက်စွာ မကြီးကြပ်နိုင်ပါက နောက်ထပ် ဖြေရှင်းနည်းတစ်ခု ရှိသေးသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ပြီး ၎င်းတို့၏ အလုပ်ကို နောက်ဆက်တွဲလုပ်ပေးသင့်သည်။ ဤသို့ နောက်ဆက်တွဲလုပ်ပေးခြင်း၏ အကြိမ်အရေအတွက်က အတော်အတန် များသင့်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ထိုသို့သောလူများသည် အလွန်အမင်း ယုံကြည်စိတ်ချ၍မရသောကြောင့် ဖြစ်သည်။ ၎င်းတို့ကို အနီးကပ် မစောင့်ကြည့်သည်နှင့်တစ်ပြိုင်နက် မကောင်းမှုကို ကျူးလွန်ပြီး အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်ရန် ဖြစ်နိုင်ခြေရှိသည်။ ထိုအခါ ၎င်းတို့ကို အသုံးပြုခြင်းဖြင့် ဖြစ်လာသည့် ဆုံးရှုံးမှုများက အကျိုးတရားများထက် အလေးသာလိမ့်မည်။ သို့ဖြစ်၍ သင်သည် အလုပ်အတွက် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံရမည်ဆိုလျှင် ထိုအရာကို သင် ရှောင်လွှဲ၍မရပေ။ သင်သည် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ပြီး ၎င်းတို့၏ စစ်မှန်သော သဘောသဘာဝကို မြင်နိုင်သောကြောင့်သက်သက် ၎င်းတို့နှင့် ခပ်ကင်းကင်းနေခြင်းသို့မဟုတ် ၎င်းတို့ကို လျစ်လျူရှုခြင်း ပြု၍မရပေ။ ယင်းမှာ တာဝန်မဲ့ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်ပေမည်။ သင်သည် ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ပြီး၊ ၎င်းတို့၏ သဘာဝအနှစ်သာရမှာ နတ်ဆိုးတစ်ကောင်၏ သဘာဝ အနှစ်သာရဖြစ်ကြောင်းကို သိရှိသည့်အပြင်၊ ၎င်းတို့သည် မကောင်းမှုကို ကျူးလွန်နိုင်ပြီး အနှောင့်အယှက်များ ဖြစ်စေနိုင်ကြောင်း သိရှိသည့်အတွက်၊ သင်သည် ကြောက်ရွံ့ခြင်း သို့မဟုတ် စက်ဆုပ်ရွံရှာခြင်းကြောင့် ၎င်းတို့ကို လျစ်လျူရှုမည့်အစား ၎င်းတို့ကို ကြီးကြပ်ပြီး နောက်ဆက်တွဲလုပ်ပေးရန် သာ၍ပင် တာဝန်ရှိပေသည်။ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်၏ အကြီးမားဆုံးသော တာဝန်မှာ ဘုရားအိမ်တော်၏ တံခါးများကို စောင့်ကြပ်ရန်၊ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ရန်နှင့် ညီအစ်ကိုမောင်နှမများကို ကြည့်ရှုစောင့်ရှောက်ရန် ဖြစ်သည်။ ယခု နတ်ဆိုးတစ်ကောင်က ၎င်း၏ စစ်မှန်သော ပုံသဏ္ဌာန်ကို ထုတ်ဖော်ပြပြီးဖြစ်သည့်အပြင်၊ သင်သည် ၎င်းကို ထွင်းဖောက်မြင်ပြီးဖြစ်ကာ ၎င်းက မည်သည့် အယုတ်တမာမျိုးဖြစ်သည်ကို သိရှိပြီးဖြစ်သဖြင့်၊ ၎င်းတို့အနေဖြင့် ဖြစ်နိုင်သမျှ အကြီးမားဆုံးသော အတိုင်းအတာအထိ ထိရောက်စွာ အစေခံမှု ပေးနိုင်ရန်အလို့ငှာ ၎င်းတို့ကို သာ၍ပင် ကောင်းစွာ ကြီးကြပ်သင့်သည်။ ယင်းမှာ သင် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ၎င်းတို့ကို ထွင်းဖောက်သိမြင်ပြီးဖြစ်သောကြောင့် ၎င်းတို့ကို အလေးဂရုပြုရန် ငြင်းဆန်ခြင်း သို့မဟုတ် ၎င်းတို့အား ရှင်းပြသင့်သည့်အလုပ်ကို ရှင်းလင်းစွာ ရှင်းပြရန် ပျက်ကွက်ခြင်း သို့မဟုတ် အလုပ်နှင့်ဆက်စပ်သည့် ကိစ္စရပ်များကို ၎င်းတို့က သင့်အား မေးမြန်းလျှင်ပင် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ရန် ငြင်းဆန်ခြင်းတို့ကို မပြုရပေ။ ယင်းမှာ ဘုရားအိမ်တော်၏ အလုပ်အပေါ် သင်၏ဒေါသကို ပုံချခြင်း မဟုတ်လော။ ယင်းမှာ ဘုရားအိမ်တော်၏ အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို အလေးမထားခြင်း မဟုတ်လော။ အကယ်၍ သင်သည် ဤအရာကို လုပ်ဆောင်ပါက သင် မှားယွင်းပေသည်။ ဤသည်မှာ သင်၏ တာဝန်ကို သင် မဖြည့်ဆည်းခဲ့ဟု ဆိုလိုသည်။ သင်၏ ကိုယ်ပိုင်အသက်တာတွင် သင်သည် ၎င်းတို့နှင့် လုံးဝ အဆက်အဆံမရှိဖြစ်ကောင်း ဖြစ်နိုင်ပြီး ယခင်ကကဲ့သို့ ၎င်းတို့နှင့် မပေါင်းသင်းမဆက်ဆံတော့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် အကယ်၍ ဘုရားအိမ်တော်၏ အလုပ်က သင့်အား ၎င်းတို့နှင့် ထိတွေ့ဆက်ဆံပြီး ပေါင်းသင်းဆက်ဆံရန် တောင်းဆိုပါက၊ သင်သည် ဤတာဝန်ကို ခေါင်းရှောင်၍မရပေ။ ဤသည်မှာ သင်၏ တာဝန်နှင့် သင်၏ ဝတ္တရားဖြစ်ပြီး သင်သည် ယင်းကို ရှောင်ရှားရန် ဆင်ခြေများပေး၍မရပေ။ နတ်ဆိုးများနှင့်ပတ်သက်လာသည့်အခါ၊ ခပ်ကင်းကင်းနေခြင်း၊ ၎င်းတို့ကို ငြင်းပယ်ခြင်း၊ ရှောင်ကြဉ်ခြင်းနှင့် သင်၏ စိတ်နှလုံးထဲ၌ ၎င်းတို့အပေါ် စက်ဆုပ်ခြင်းနှင့် ရွံရှာသည့် ခံစားချက်ရှိခြင်းဟူသည့် လုပ်နည်းကိုင်နည်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည့် လုပ်နည်ကိုင်နည်းတစ်ခု မဟုတ်ပေ။ သင်သည် ၎င်းတို့ကို ကြီးကြပ်ပြီး ချုပ်ထိန်းရမည်လည်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အစေခံမှုပေးရန် လိုလားနေပါက ၎င်းတို့ကို သင် ကူညီသင့်ပြီး အစေခံမှုကို ကောင်းမွန်စွာ ပေးရန် ၎င်းတို့ကို အသုံးပြုသင့်သည်။ ဖြစ်နိုင်သမျှ အကြီးမားဆုံးသော အတိုင်းအတာအထိ ၎င်းတို့ကို ထိရောက်စွာ အသုံးတော်ခံနိုင်စေသင့်သည်။ အကယ်၍ ၎င်းတို့သည် အစေခံမှုကို ကောင်းမွန်စွာ မပေးသည့်အပြင်၊ တစ်ခဏပင် စောင့်ကြည့်ခြင်းမခံရသည့်အခါ၊ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ကာ ဖျက်ဆီးနိုင်ပါက ၎င်းတို့ ဖြစ်စေသည့် ထိခိုက်နစ်နာမှုက ၎င်းတို့၏ အသုံးဝင်မှုထက် အလေးသားပြီး ၎င်းတို့ကို ချက်ချင်း ရှင်းလင်းပစ်ရမည်ဖြစ်သည်။ ညီအစ်ကိုမောင်နှမများအနေဖြင့် ပိုင်းခြားသိမြင်မှု ရရှိနိုင်ရန်၊ နတ်ဆိုးများနှင့် စာတန်များ၏ သဘာဝ အနှစ်သာရကို ထွင်းဖောက်သိမြင်နိုင်ကာ ထို့နောက် ၎င်းတို့ကို စိတ်နှလုံးထဲမှ ငြင်းပယ်နိုင်ရန်၊ ၎င်းတို့၏ အထင်အမြင်မှားစေခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို မခံရနိုင်ရန်အလို့ငှာ၊ ထိုသို့သော အပျက်သဘောဆောင်သည့် ဥပမာများကို လိုအပ်သည့်အခါတိုင်း စိတ်ဖြာလေ့လာဆွေးနွေးရန် တင်ပြသင့်ပေသည်။ ဤသည်မှာ နတ်ဆိုးများနှင့် စာတန်များကို အသုံးချခြင်း၊ ဘုရားသခင် ရွေးချယ်ထားသော လူများအား အစေခံရန် အရာခပ်သိမ်းကို အသုံးချခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ သင်တို့၏ တာဝန်ဖြစ်သည်၊ ဤသည်မှာ သင်တို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သို့သော် သင်တို့တွင် ဤတာဝန်သိစိတ် မရှိပေ။ စောစောက သင်တို့ ပြောခဲ့သည့်အတိုင်းပင်၊ ဤလူစားမျိုးနှင့်ပတ်သက်၍ သင်တို့တွင် ပိုင်းခြားသိမြင်မှု ရှိသည်နှင့်တစ်ပြိုင်နက် သင်တို့သည် စက်ဆုပ်ရွံရှာသည်ဟု ခံစားရပြီး ၎င်းတို့ကို မမြင်လိုတော့ပေ။ ပြီးလျှင် ၎င်းတို့ကို သင်တို့ မြင်ပါက တတ်နိုင်သမျှ ဝေးဝေးနေလျက် ရှောင်ကွင်းသွားကြသည်။ ဖြေရှင်းချက်တစ်ခုအဖြစ် သင်တို့တွင်ရှိသည့်အရာမှာ ထိုမျှသာ ဖြစ်သည်။ သင်တို့တွင် ဘုရားအိမ်တော်၏ အလုပ်အတွက်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားအတွက် သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုအတွက် မည်သည့် ဝန်တာစိတ်မျှ လုံးဝမရှိပေ။ ဤသည်မှာ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှု ဖြစ်သည်။ ယင်းမှာ ဖော်ထုတ်ခြင်းခံရပြီးဖြစ်သည် မဟုတ်လော။ သင်သည် နတ်ဆိုးတစ်ကောင်၏ အနှစ်သာရကို ထွင်းဖောက်သိမြင်ပြီးနောက် ၎င်းကို တွေ့သည့်အခါတိုင်းတွင် ရှောင်ကြဉ်သည်။ သို့သော် သင်သည် ညီအစ်ကိုမောင်နှမများကို မကာကွယ်သည့်အပြင်၊ ရလဒ်အနေဖြင့် ၎င်းတို့ ထိခိုက်နစ်နာရသည်။ သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်၏ တာဝန်ကို ဖြည့်ဆည်းရန် ပျက်ကွက်သည်၊ ဤသည်မှာ တမင်တာဝန်ပျက်ကွက်ခြင်း ဖြစ်သည်။ နတ်ဆိုးက ဖော်ထုတ်ခြင်း မခံရသေးသည့်အခါတွင်၊ သင်သည် ညီအစ်ကိုမောင်နှမများအတွက် အချက်ပေးခေါင်းလောင်းတီးသင့်သည်၊ ဆိုးယုတ်သောလူများကို သတိထားရန် ၎င်းတို့ကို သတိပေးသင့်သည်၊ နတ်ဆိုး လုပ်ဆောင်ခဲ့သည့်အရာ၊ အဘယ်ကြောင့် ထိုသို့သောအရာများကို ၎င်းတို့ လုပ်ဆောင်ခဲ့သည်၊ ၎င်းတို့ လုပ်ရပ်များ၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်သည်၊ ဤလုပ်ရပ်များက မည်သည့် အကျိုးတရားများ ဖြစ်စေနိုင်ပြီး မည်သည့်အကျိုးဆက်များကို ဆောင်ကြဉ်းပေးနိုင်သည်၊ ဤနတ်ဆိုးကို ဘုရားသခင် မည်သို့ သတ်မှတ်သည်ဟူသည်နှင့် မည်သည့်ပုံစံဖြင့် ၎င်းတို့ကို ဆက်ဆံသင့်သည်ဟူသည်တို့ကို ၎င်းတို့အား ပြောပြသင့်သည်။ ညီအစ်ကိုမောင်နှမများက ပိုင်းခြားသိမြင်မှု ရရှိပြီးဖြစ်ကာ နတ်ဆိုးက အစေခံမှုပေးခြင်းကို ပြီးစီးပြီး ညီအစ်ကိုမောင်နှမများ သို့မဟုတ် ဘုရားအိမ်တော်အတွက် တန်ဖိုး မရှိတော့သည်နှင့်တစ်ပြိုင်နက် သင်သည် ဤနတ်ဆိုးနှင့် စာတန်၏ တကယ့်အသက်ကို အဆုံးသတ်လျက် ၎င်းတို့ကို ရှင်းလင်းပစ်သင့်သည်။ ဤသည်ကို ဉာဏ်ပညာဟု ခေါ်သည်၊ ဤသည်မှာ စည်းမျဉ်းများဖြင့် အလုပ်လုပ်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု ရှိခြင်း ဖြစ်သည်။ သင်၏ ကိုယ်ပိုင်အသက်တာတွင် ဤလူစားမျိုးနှင့် သင် မည်သို့ ပေါင်းသင်းဆက်ဆံသည်ဟူသည်မှာ သင်၏ သဘောအတိုင်းဖြစ်သည်။ ယင်းမှာ သင်၏ လွတ်လပ်ခွင့် ဖြစ်သည်။ သို့သော် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင် ထမ်းဆောင်ရမည့် တာဝန်တစ်ခု ရှိသည်။ သင်သည် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရမည်ဖြစ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားနှင့် အသင်းတော်၏ အလုပ်ကို ကာကွယ်စောင့်ရှောက်ရမည်။ ဤစည်းမျဉ်း၏ အခြေခံအုတ်မြစ်အပေါ်တွင် နတ်ဆိုးတစ်ကောင်ဖြစ်သော ဤလူစားမျိုးနှင့်စပ်လျဉ်း၍ ၎င်းတို့သည် လတ်တလောတွင် အစေခံမှုပေးနေပါက၊ သင်သည် ၎င်းတို့အပေါ် အရေးယူရန် မလောသင့်ပေ။ သင်သည် ၎င်းတို့၏ အလုပ်ကို ကြီးကြပ်ပြီး ၎င်းတို့ အဘယ်အရာလုပ်ဆောင်နေသည်ကို မြင်ရန် ၎င်းတို့၏ လှုပ်ရှားမှုတိုင်းကို အနီးကပ် စောင့်ကြည့်သင့်သည်။ တစ်စုံတစ်ခု မှားယွင်းနေသည့် လက္ခဏာများ တစ်ခုတလေ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သင်သည် ၎င်းတို့ကို ဖော်ထုတ်ပြီး ပြုပြင်ခြင်းအား ချက်ချင်း လက်တွေ့လုပ်ဆောင်ရမည် သို့မဟုတ် ၎င်းတို့ကို ၎င်းတို့၏ ရာထူးမှ ဖယ်ရှားရမည်။ ဖော်ထုတ်ပြီး ပြုပြင်ခြင်းခံရပြီးနောက် ၎င်းတို့သည် အစေခံမှု အနည်းငယ် ပေးနိုင်ပါက ယင်းမှာ အသင်းတော်၏ အလုပ်အတွက် အကျိုးရှိသည်။ သို့သော် ၎င်းတို့သည် အစေခံမှုပေးရန် ဆန္ဒမရှိကြောင်း၊ ကောင်းမွန်သော လမ်းကြောင်းကို မလိုက်လျှောက်သည့်အပြင်၊ အဖျက်အမှောင့်လုပ်ကာ နှောင့်ယှက်တော့မည်ဖြစ်ကြောင်းနှင့် ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေရန် ၎င်းတို့၏ နတ်ဆိုးဆန်သော လက်သည်းများကို ဆန့်တန်းတော့မည်ဖြစ်ကြောင်း တွေ့ရှိရသည်နှင့်တစ်ပြိုင်နက် ယင်းမှာ နတ်ဆိုးက ၎င်း၏ စစ်မှန်သော ပုံသဏ္ဌာန်ကို ထုတ်ဖော်ပြသည့်အချိန်ဖြစ်ပြီး ၎င်းတို့အပေါ် အရေးယူ ဆောင်ရွက်ရန် မှန်ကန်သည့်အချိန် အတိအကျ ဖြစ်သည်။ ၎င်းတို့အား အစေခံမှုပေးရန် အခွင့်အရေး ပေးထားခဲ့သော်လည်း ကောင်းမွန်စွာ ထိုသို့ မလုပ်ဆောင်ခဲ့ပေ။ ၎င်းတို့ကို ဘီ အုပ်စုသို့ ပို့လိုက်လော့။ အကယ်၍ အခြေအနေသည် ဆိုးရွားပါက ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းကို လက်တွေ့လုပ်ဆောင်လော့။ ဤသည်မှာ စာတန်၏ ကံကြမ္မာကို အဆုံးသတ်ရမည့် အခိုက်အတန့်လည်း ဖြစ်သည်။ သင်တို့သည် ဤစည်းမျဉ်းနှစ်ခုကို လိုက်နာစောင့်ထိန်းသရွေ့ ဆိုးယုတ်သောလူများနှင့် နတ်ဆိုးများကို စည်းမျဉ်းရှိသည့် နည်းလမ်းဖြင့် သင်တို့ ဆက်ဆံနိုင်လိမ့်မည်။ ဤသို့လုပ်ဆောင်ခြင်းသည် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) တစ်နည်းအားဖြင့်၊ သင်သည် နတ်ဆိုးများအပေါ် ပိုင်းခြားသိမြင်မှု ရှိလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ အထင်အမြင်မှားစေခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းကို သင် နောက်ထပ် ခံရလိမ့်မည် မဟုတ်တော့သည့်အပြင်၊ မိုက်မဲသောအရာများကိုလည်း လုပ်ဆောင်တော့မည် မဟုတ်ပေ။ အနည်းဆုံးအားဖြင့်၊ သင်သည် နတ်ဆိုးများဖြစ်သည့် ဤသို့သောလူများနှင့် သမ္မာတရားကို နောက်ထပ် မိတ်သဟာယဖွဲ့လိမ့်မည် မဟုတ်တော့ပေ။ သင်၏ စိတ်နှလုံးထဲ၌ သင် သိလိမ့်မည်။ ဤသူမှာ နတ်ဆိုးတစ်ကောင်ဖြစ်သည်။ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် ဝက်ရှေ့၌ ပုလဲများကို ချထားခြင်းနှင့် တူညီသည်။ သမ္မာတရားကို ၎င်းတို့အား မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ အချည်းနှီးသာ ဖြစ်လိမ့်မည်။ သို့ဖြစ်၍ သင်သည် မိုက်မဲသောအရာများကို ဆက်လက်လုပ်ဆောင်တော့မည် မဟုတ်ပေ။ သင်သည် ၎င်းတို့ နားလည်သင့်သည့် အယူဝါဒအချို့နှင့် ၎င်းတို့ လိုက်နာသင့်သည့် စည်းမျဉ်းများအကြောင်းကိုသာ ၎င်းတို့အား ပြောဆိုလိမ့်မည်၊ ယင်းမှာ လုံလောက်ပေသည်။ အကယ်၍ သင်သည် ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ပါက အသင်းတော်၏ အလုပ်က ထိခိုက်မည် မဟုတ်ပေ။ သို့သော် အကယ်၍ သင်သည် စည်းမျဉ်းများကို နားမလည်ပါက၊ သင်သည် မိုက်မဲသောအရာများကို လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည်။ တစ်နည်းအားဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံသော ဤအသုံးခံသူများနှင့် နတ်ဆိုးများကို ကောင်းမွန်စွာ ကြီးကြပ်ပြီး အသုံးပြုရမည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အသင်းတော်၏ အလုပ် မထိခိုက်သည်ကို သေချာစေနိုင်ပြီး တစ်ချိန်တည်းမှာပင် ညီအစ်ကိုမောင်နှမများကို နတ်ဆိုးများနှင့် စာတန်များ၏ အထင်အမြင်မှားစေခြင်းနှင့် နှောင့်ယှက်ခြင်းတို့မှ ကာကွယ်ပေးနိုင်သည်။ သင် နားလည်သလော။ (နားလည်ပါသည်)။ သင်သည် ဆိုးယုတ်သောလူများနှင့် နတ်ဆိုးများကို ညီအစ်ကိုမောင်နှမများအဖြစ် လုံးဝ သဘောမထားရ။ သင်သည် နတ်ဆိုးများနှင့် ဆိုးယုတ်သောလူများအပေါ် ပိုင်းခြားသိမြင်မှု ရှိသရွေ့ မိုက်မဲသောအရာများကို နောက်ထပ် လုပ်ဆောင်တော့မည် မဟုတ်ပေ။ ယခင်က လူတို့သည် ပိုင်းခြားသိမြင်မှု ကင်းမဲ့ပြီး ဆိုးယုတ်သောလူများနှင့် နတ်ဆိုးများကို ညီအစ်ကိုမောင်နှမများအဖြစ် အမြဲတစေ သဘောထားခြင်း၊ ၎င်းတို့၏ အသုံးခံမှုအပေါ် နတ်ဆိုးများအား အစဉ်အမြဲ လှောင်ရယ်စေခြင်းတည်းဟူသော စဉ်းစားဉာဏ်ကင်းမဲ့သည့် အရာများစွာကို လုပ်ဆောင်ခဲ့ကြသည်။ သင်သည် နတ်ဆိုးများနှင့် မိတ်သဟာယဖွဲ့ရန် ရင်ဖွင့်သည့်အခါ ၎င်းတို့က စိတ်ထဲတွင် သင့်ကို လှောင်ပြောင်လျက်၊ “သင် အလွန်ရိုးသားသည်၊ အလွန်ဖြူစင်ပြီး ပွင့်လင်းသည်။သင် အမှန်တကယ်ပင် စဉ်းစားဉာဏ်ကင်းမဲ့သည်” ဟု တွေးလေသည်။ ယခု သင်သည် နတ်ဆိုးများအပေါ် ပိုင်းခြားသိမြင်မှု ရှိသဖြင့်၊ သင်သည် ဤမိုက်မဲသည့်အရာမျိုးကို နောက်ထပ် လုပ်ဆောင်မည် မဟုတ်ပေ။ မိတ်သဟာယဖွဲ့တွင် ရင်ဖွင့်ရန် သို့မဟုတ် တစ်စုံတစ်ဦးကို အားပေးကူညီရန် သင်သည် နတ်ဆိုးများကို မဟုတ်ဘဲ စစ်မှန်သော ညီအစ်ကိုမောင်နှမများ၊ သမ္မာတရားကို လိုက်စားပြီး လူ့သဘာဝရှိသူများကို ရှာဖွေရမည်ဖြစ်ကြောင်း သင် ယခု သိပြီဖြစ်သည်။ ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ နောက်တစ်ခုမှာ သင်သည် ကြောက်တတ်ခြင်း သို့မဟုတ် နတ်ဆိုးများကို စိုးရွံ့ခြင်း မရှိတော့ပေ။ ၎င်းတို့က နတ်ဆိုးများဖြစ်ကြောင်းကို သင် သိပြီး ၎င်းတို့၏ စိတ်နှလုံးများထဲ၌ အဘယ်အရာ တွေးတောနေသည်ကို သင် သိသည်။ ယခု ၎င်းတို့အပေါ် သင် ပိုင်းခြားသိမြင်မှု ရှိသဖြင့်၊ ၎င်းတို့အား မည်သို့ သင့်လျော်စွာ ဆက်ဆံရမည်ကို သင် သိပေသည်။ သင်သည် ၎င်းတို့ကို အမြဲတစေ အနီးကပ် စောင့်ကြည့်ရမည်၊ ၎င်းတို့ အဘယ်အရာ လုပ်ဆောင်ရန် ကြိုးစားနေသည်၊ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ အဘယ်အရာအား အပိုင်ကြံပြီး ကြံစည်နေသည်၊ အလုပ်၏ မည်သည့်အစိတ်အပိုင်းများတွင် ၎င်းတို့က အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့အား ပြုလုပ်နိုင်သည်၊ အခြားသူများကို လှုံ့ဆော်ရန်နှင့် အထင်အမြင်မှားစေရန် မည်သည့် စကားမျိုး ၎င်းတို့ အသုံးပြုနိုင်သည်ဟူသည်နှင့် မည်သည့်ပန်းတိုင်များအား စွမ်းဆောင်ရရှိရန် ၎င်းတို့ ကြိုးစားနေသည်ကို ကြည့်လော့။ ဤအရာအားလုံးကို သင် ရှင်းလင်းစွာ မြင်သည်နှင့်တစ်ပြိုင်နက် မည်သို့ သင့်လျော်စွာ ပြုမူရမည်ကို သိလိမ့်မည်ဖြစ်ပြီး သမ္မာတရား စည်းမျဉ်းများကို သင် လိုက်နာစောင့်ထိန်းနေလိမ့်မည်။
သင်တို့အများစုသည် နတ်ဆိုးများမှ လူဝင်စားသောသူတို့၏ သွေဖည်သော သရုပ်သကန်များကို ပိုင်းခြားသိမြင်ခြင်းနှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ပြီးနောက်၊ ယခုအခါ သင်တို့၏ စိတ်နှလုံးထဲ၌ ရှင်းလင်းမှု တစ်ခုခုရှိပြီး ဤနှစ်များတစ်လျှောက်လုံး ၎င်းတို့နှင့် အပြန်အလှန်ဆက်ဆံပြီးနောက် မည်သည့်လူတို့သည် သင်တို့၏ စစ်မှန်သော ခံစားချက်များကို သင်တို့ နောက်ထပ် မျှဝေမည် မဟုတ်သည့် နတ်ဆိုးများဖြစ်ပုံရပြီး ပြီးလျှင် မည်သည့်လူတို့သည် သင်တို့ ပို၍ ပေါင်းသင်းဆက်ဆံမည့်၊ ပိုရင်းနှီးအကျွမ်းဝင်မည့်၊ တစ်စုံတစ်ခု ဖြစ်ပေါ်လာသည့်အခါ သင်တို့ ပို၍ မိတ်သဟာယဖွဲ့မည့် ညီအစ်ကို မောင်နှမများဖြစ်သည်ဟူသကဲ့သို့သော ပိုင်းခြားသိမြင်မှု အနည်းငယ်လည်း ရှိကြပေသည်။ ဤနည်းအားဖြင့် လူအမျိုးအစားတစ်ခုစီအပေါ် သင်တို့၏ ဆက်ဆံမှုသည် စည်းမျဉ်းရှိလိမ့်မည်ဖြစ်ပြီး သင်တို့သည် အမှားများ ပြုလုပ်မည် မဟုတ်ပေ။ သို့သော် လူအများစုသည် နတ်ဆိုးများကို ပိုင်းခြားသိမြင်သည့်အဆင့်၊ နတ်ဆိုးများ၏ သဘာဝကို ထွင်းဖောက်သိမြင်သည့်အဆင့်သို့ ရောက်နိုင်သလော။ အကယ်၍ နတ်ဆိုးတစ်ကောင်သည် အစေခံမှုပေးရန် လိုလားနေပါက ၎င်းတို့သည် နတ်ဆိုး၏ အစေခံမှုကို အသုံးပြု၍ရနိုင်သလော။ ညီအစ်ကိုမောင်နှမအများစုသည် ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။ သို့သော် ခေါင်းဆောင်များနှင့် အမှုဆောင်များက လုပ်ဆောင်နိုင်ရပေမည်။ အဘယ်ကြောင့် ၎င်းတို့ လုပ်ဆောင်နိုင်ရမည်ဟု ငါ ပြောဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်သည် အမှုအရာများကို ကောင်းစွာ စိစစ်ရမည် ဖြစ်သည်။ သင်သည် ဆိုးယုတ်သောသူတစ်ဦးက မကောင်းမှုကျူးလွန်နေသည်ကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို ချက်ချင်း ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးနိုင်ရမည်ဖြစ်ကာ ၎င်းတို့၏ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဟန့်တားနိုင်ရမည်။ အကယ်၍ သင်သည် ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်နိုင်ပါက အသင်းတော်၏ အလုပ်ကို ပုံမှန် တိုးတက်မှုကို သေချာစေနိုင်လိမ့်မည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများက ကာကွယ်ခြင်းခံရလိမ့်မည်ဖြစ်သည်၊ ၎င်းတို့သည် ပိုင်းခြားသိမြင်မှု၌ ကြီးထွားကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ အသက်ဝင်ရောက်မှုသည် နတ်ဆိုးများ၏ အနှောင့်အယှက်များကြောင့် ဆုံးရှုံးမှု ခံစားရလိမ့်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ဤနည်းလမ်းဖြင့် လက်တွေ့မလုပ်ဆောင်နိုင်ပါက၊ နတ်ဆိုးများကို သင် မဟန့်တားနိုင်ပါက၊ တံခါးကို မစောင့်ကြပ်နိုင်ပါက နတ်ဆိုးများသည် စဉ်ဆက်မပြတ် လာရောက်နှောင့်ယှက်ကြလိမ့်မည်။ ယနေ့တွင် ၎င်းတို့က လူတစ်ဦးကို အပျက်သဘောဆောင်စေကာ ဧဝံဂေလိတရားကို ဟောပြောရာတွင် နုံးချည့်စေလျက်၊ နှောင့်ယှက်သည်။ နက်ဖြန်တွင် ၎င်းတို့သည် အခြားတစ်ဦးအား မိမိတို့၏ တာဝန်ကို မထမ်းဆောင်လိုတော့သည့် ရလဒ်သို့ ဦးတည်စေလျက်၊ အလုပ်ကို နှောင့်နှေးစေပြီး သင့်အား အစားထိုးရန်လူတစ်ဦးကို အတင်းအဓမ္မရှာဖွေစေလျက် နှောင့်ယှက်လေသည်။ သင်သည် ရုတ်တရက်ဖြစ်သည့်၊ မမျှော်လင့်ထားသော အခြေအနေအချို့ကို အဆက်မပြတ် ကိုင်တွယ်နေရလိမ့်မည်။ ဤသို့ အလုပ်လုပ်ခြင်းသည် အလွန်ပင် ပြုသမျှခံနေရခြင်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်သည် စံချိန်မီခြင်းနှင့် အလွန်ကွာဝေးနေသည် မဟုတ်လော။ အကယ်၍ သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အစေခံခြင်း မရှိပါက သင်သည် သင်၏ ကိုယ်ပိုင် အသက်ဝင်ရောက်မှု၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ ကိုယ်ပိုင် စားသောက်ခြင်းနှင့် သင်၏ တာဝန်တို့ကို စီမံခန့်ခွဲနိုင်ပေမည်။ သို့သော် သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အစေခံသည်နှင့်တစ်ပြိုင်နက် သင်သည် နေ့စဉ်နေ့တိုင်း ကသုတ်ကရက် ပျာယာခတ်လျက်၊ သင်၏ ခြေဖြင့်ပင် အပြေးအလွှားသွားလျက်၊ အလုပ်များနေသည်။ အန္တိခရစ်ဖြစ်စေ ဆိုးယုတ်သောသူတစ်ဦးဖြစ်စေ ပေါ်လာပြီး အသင်းတော်ကို နှောင့်ယှက်သည်၊ ညီအစ်ကိုမောင်နှမအချို့ အပျက်သဘောဆောင်ပြီး မိမိတို့၏ တာဝန်ကို မထမ်းဆောင်ချင်ကြပေ သို့မဟုတ် ယုံကြည်သူအသစ်တစ်ဦးက ကောလာဟလများကြောင့် အထင်အမြင်မှားကာ နောက်ထပ် မယုံကြည်လိုတော့သည့်အပြင် နောက်ဆုတ်သွားလေသည်။ နေရာတိုင်းတွင် ပြဿနာများ ဆက်တိုက်ပေါ်ပေါက်စေလျက် အလုပ်ကို လုံလောက်စွာ လုပ်ဆောင်ထားခြင်းမရှိသည့်အပြင်၊ ဤပြဿနာများ အမြဲ ဖြစ်ပေါ်ခြင်းက သင့်အား နေ့စဉ်နေ့တိုင်း စိတ်ထိခိုက်စေရစ်ပြီး ခြေကုန်လက်ပန်းကျစေကာ နိုင်နိုင်နင်းနင်း မဆောင်ရွက်နိုင်ဖြစ်စေသည်၊ ကောင်းစွာ မစားနိုင် မအိပ်နိုင်ဖြစ်စေသည်။ သို့တိုင်အောင်ပင် အလုပ်ကို ကောင်းစွာ လုပ်ဆောင်ထားခြင်း မရှိပေ။ ယင်းမှာ အလုပ်အတွက် လုံးဝ အရည်အချင်းမပြည့်မီခြင်း ဖြစ်သည်။ ထိုသို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် လုံးလုံးလျားလျား စံချိန်မမီပေ။ အဘယ်ကြောင့် သင်သည် စံချိန်မမီဟု ငါ ပြောဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ပြဿနာများ ပေါ်ပေါက်လာသည့်အခါ ချက်ချင်း ဖြေရှင်းနိုင်ရန်အလို့ငှာ၊ လူတိုင်းအား သမ္မာတရားကို နားလည်နိုင်စေပြီး ပိုင်းခြားသိမြင်မှု ရရှိနိုင်စေလျက် မလွဲမသွေ ပေါ်ပေါက်လာမည့် ဤပြဿနာများနှင့်ပတ်သက်၍ ကြိုတင် ရှင်းလင်းစွာ မိတ်သဟာယမဖွဲ့ခဲ့သောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သင်သည် လူအများစုအား ဤအရာများကို ကြံ့ကြံ့ခံနိုင်စွမ်းရှိစေရန် ကြိုတင်ပြင်ဆင်ခြင်း မရှိခဲ့ပေ။ နောက်ဆုံးတွင် ဤအရာများ တစ်ခုပြီးတစ်ခု ဖြစ်ပျက်သည့်အခါ သင်သည် အလွန်ပင် ပြုသမျှခံနေရသည်၊ အရှုပ်အထွေးတစ်ခုကို အမြဲ ရှင်းလင်းနေရသည်၊ နောက်ဆက်တွဲ အခြေအနေကို အမြဲ ရှင်းလင်းနေရပေသည်။ ဤသည်မှာ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်သည် စံချိန်မီခြင်းနှင့် အလွန်အလှမ်းဝေးသည်ဟု ဆိုလိုသည်။ အမျိုးမျိုးသော နတ်ဆိုးများကို သင် ဆက်ဆံပုံတွင် ၎င်းတို့ကို ကိုင်တွယ်ခြင်းအတွက် သင်၏ နည်းလမ်းများက မသင့်လျော်ပေ၊ သင် လုပ်ဆောင်သည့်အလုပ်သည် မလုံလောက်ပေ။ ထို့ကြောင့် အသင်းတော်၏ အလုပ်သည် စဉ်ဆက်မပြတ် နှောင့်ယှက်ခြင်းခံရသည်၊ ပြဿနာများဖြင့် စဉ်ဆက်မပြတ် ဖိစီးနေသည်။ သင်သည် အမှုအရာများကို အမြဲတစေ ပြုပြင်နေရပြီး ဖြေရှင်းနေရသောကြောင့် အလွန့်အလွန် အလုပ်များနေသည်ဟု ခံစားရပြီး ဤအလုပ်ကို လုပ်ဆောင်ခြင်းက အလွန် ပင်ပန်းခက်ခဲလာသည်။
နတ်ဆိုးများမှ လူဝင်စားသောသူများကို ဆက်ဆံခြင်းအတွက် စည်းမျဉ်းနှစ်ခုကို သင်တို့ မှတ်မိသလော။ အဓိကတစ်ခုမှာ အဘယ်အရာဖြစ်သနည်း။ နတ်ဆိုးများနှင့် စာတန်များကို မကြောက်ရွံ့ကြနှင့်၊ ပြီးလျှင် ၎င်းတို့ကို မရှောင်ရှားကြနှင့်။ ထိုအစား ၎င်းတို့ကို ပိုင်းခြားသိမြင်တတ်ရန်နှင့် ၎င်းတို့၏ အနှစ်သာရကို ထွင်းဖောက်သိမြင်နိုင်ရန် သင်ယူလော့၊ ပြီးလျှင် ၎င်းတို့ အတွေးများ၏ တိမ်းညွှတ်ရာကို သဘောပေါက်လော့။ ဆိုလိုသည်မှာ အသင်းတော်၌ ၎င်းတို့ အဘယ်အရာကို လုပ်ဆောင်လိုသည်၊ အဘယ်ပန်းတိုင်များကို စွမ်းဆောင်ရရှိလိုသည်ဟူသည်တို့ကို ရှင်းရှင်းလင်းလင်း မြင်လော့ဟူ၍ ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် မလှုပ်မယှက်ဖြစ်ခြင်းမှ အစပြုလုပ်ဆောင်ခြင်းသို့ ပြောင်းလဲနိုင်ပြီး ၎င်းတို့ကို ဖော်ထုတ်ကာ ကိုင်တွယ်ဖြေရှင်းရန် တက်ကြွစွာ လက်ဦးမှုရယူနိုင်ပေသည်။ နတ်ဆိုးများနှင့် စာတန်များ ပြောဆိုကာ ပြုမူသည်ကို မြင်ရသည့်အခါ သင်သည် စက်ဆုပ်ရွံရှာခြင်းသာ ခံစားရပြီး ၎င်းတို့ကို အလေးဂရုပြုလိုခြင်းမရှိ သို့မဟုတ် ၎င်းတို့နှင့်အတူ အလုပ်လုပ်လိုခြင်းမရှိဖြစ်ကာ ထိုမျှသာဖြစ်နေပါက၊ နတ်ဆိုးများနှင့် စာတန်များက အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နေသည်ကို သင်မြင်သည့်အခါ လျစ်လျူပင်ရှုနေလျှင်၊ ဤသို့ပြုမူဆောင်ရွက်ခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) နတ်ဆိုးများနှင့် စာတန်များသည် အသင်းတော်ထဲသို့ စိမ့်ဝင်ပြီးနောက် ၎င်းတို့သည် စည်းမျဉ်းလိုက်နာသော နည်းလမ်းဖြင့် အစေခံမှုပေးရန် မဆိုထားနှင့်၊ စည်းမျဉ်းလိုက်နာသော နည်းလမ်းဖြင့် အသင်းတော်အသက်တာကို အသက်ရှင်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ပန်းတိုင်များ မစွမ်းဆောင်မရရှိမချင်း အလျှော့မပေးသည့် အခြေအနေအထိပင် မလွဲမသွေ ထုတ်ဖော်ပြောဆိုပြီး အမှုအရာများကို လုပ်ဆောင်ကြမည်ဖြစ်သည်။ သို့ဖြစ်၍ နတ်ဆိုးများကို ဆက်ဆံရာတွင် သင်သည် အမြော်အမြင်ရှိရမည်ဖြစ်ပြီး သမ္မာတရားစည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ရမည်ဖြစ်သည်။ ဖော်ထုတ်ပြီး ငြင်းပယ်သင့်သူများကို ဖော်ထုတ်ပြီး ငြင်းပယ်ရမည်ဖြစ်သည်။ နတ်ဆိုးတစ်ကောင်သည် ထုတ်ဖော်ခြင်းမခံရသေးသည့်အခါ ၎င်းတို့ အစေခံမှုပေးလိုလျှင် ၎င်းတို့ကို အစေခံမှုပေးရန် အသုံးပြုပြီး ၎င်းတို့ ထိုသို့လုပ်ဆောင်နေစဉ် အနီးကပ်စောင့်ကြည့်လော့။ ဥပမာအနေဖြင့် အကယ်၍ သင်သည် အလုပ်၏ သီးခြားကဏ္ဍတစ်ခုကို ကြီးကြပ်သည့် ကြီးကြပ်ရေးမှူးတစ်ဦးကို အတော်လေး ထွင်းဖောက်မသိမြင်နိုင်ပါက၊ ၎င်းတို့က အခြားညီအစ်ကိုမောင်နှမများလောက်ရိုးရှင်းကာ ပွင့်လင်းခြင်းမရှိသည်ကိုလည်းကောင်း၊ မည်သူ့ကိုမျှ အမှန်တရား အပြည့်အစုံကို မည်သည့်အခါမျှ ၎င်းတို့ မပြောသည်ကိုလည်းကောင်း၊ အလုပ်တွင် အခက်အခဲများ သို့မဟုတ် ပြဿနာများကို ကြုံတွေ့ရသည့်အခါ ဖြေရှင်းချက် မရှာဖွေသည်ကိုလည်းကောင်း မြင်တွေ့ပါက၊ သင်သည် ၎င်းတို့ အခြေအနေ၏ ရင်းမြစ်ကို သိရှိရန် အစပြုလုပ်ဆောင်ဖို့ လိုအပ်သည်။ ၎င်းတို့က အလုပ်ကို ကမောက်ကမဖြစ်စေသည်အထိ စောင့်ဆိုင်းပြီးနောက် “အခြေအနေများ ပျက်စီးသွားမှ ပြန်လည်ပြုပြင်ဖို့” ကြိုးစားလျက် မလှုပ်မယှက် မဖြစ်ရပေ။ သင်သည် ၎င်းတို့ကို ပြောဆိုဆွေးနွေးပြီး ၎င်းတို့၏ တာဝန်အပေါ်ထားရှိသော သဘောထားမှာ အဘယ်အရာဖြစ်သည်၊ အလုပ်အတွက် တိကျသော အစီအစဉ်များနှင့် စီစဉ်မှုများ ၎င်းတို့တွင် ရှိမရှိ၊ အလုပ်လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများ ၎င်းတို့တွင် ရှိမရှိ၊ အလုပ်အစီအစဉ်များအတိုင်း ၎င်းတို့ အလုပ်လုပ်နိုင်ခြင်း ရှိမရှိ၊ ၎င်းတို့အထက်တွင်ရှိသည့်သူများကို လှည့်စားပြီး ၎င်းတို့အောက်တွင်ရှိသည့်သူများထံမှ အမှုအရာများအား ဖုံးကွယ်ကာ အမှုအရာများကို မိမိတို့သဘောအတိုင်း လုပ်ဆောင်နိုင်စွမ်း ရှိမရှိဟူသည်တို့ကို ကြည့်ရှုရန် လိုအပ်သည်။ ဤအရာများသည် သင် အာရုံစိုက်သင့်သည့် အမှုအရာများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) တစ်စုံတစ်ဦးက နတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း သင် တွေ့ရှိပြီး၊ သို့ဖြစ်၍ သင်က၊ “ဤနတ်ဆိုးသည် လုံးဝ ကြောက်မက်ဖွယ်ကောင်းလှသည်၊ ကျွန်ုပ်သည် သူတို့ကို မြင်ရုံနှင့်ပင် စက်ဆုပ်ရွံရှာမိသည်။ ကျွန်ုပ်သည် ၎င်းတို့နှင့် နောက်ထပ် စကားပြောမည် မဟုတ်တော့ပါ။ကျွန်ုပ်သည် ကျွန်ုပ်နှင့် ၎င်းတို့ကြား ရှင်းလင်းစွာ ခွဲခြားသတ်မှတ်ဖို့ လိုသည်။ ညီအစ်ကိုမောင်နှမများကိုလည်း ရှင်းလင်းစွာ ခွဲခြားသတ်မှတ်စေရမည်။ လူတိုင်းက ၎င်းတို့ကို လျစ်လျူရှုသင့်သည်” ဟုပင် ပြောဆိုသည်ဆိုပါစို့။ ဤသို့ ပြုမူခြင်းသည် အဆင်ပြေသလော။ ဤသည်မှာ ပြုမူရန် မိုက်မဲသော နည်းလမ်းတစ်ခုဖြစ်သည်။ ယင်းသည် လိမ္မာပါးနပ်ခြင်းမရှိသည့်အပြင်၊ အမြော်အမြင်လည်း မရှိ၊ ပြီးလျှင် ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်ခြင်း မဟုတ်ပေ။ သင်သည် ၎င်းတို့ကို စကားမပြောခြင်း သက်သက်ကြောင့် သင် လိမ္မာသည်ဟု ထင်သလော။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသောသူတစ်ဦး ဖြစ်သလော။ သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးပြီလော။ သင်သည် သိုးစုကို စောင့်ရှောက်ခြင်းနှင့် ဘုရားအိမ်တော်၏ တံခါးကို စောင့်ကြည့်ခြင်းဟူသော ဝန်ထုပ်ကို ထမ်းရွက်ပြီးပြီလော။ သင်သည် ဤအမှုအရာများကိုလည်း စဉ်းစားသင့်သည် မဟုတ်လော။ နတ်ဆိုးများအပေါ် ပိုင်းခြားသိမြင်မှုရှိရန် လူတို့အား ဘုရားသခင်၏ တောင်းဆိုချက်သည် နတ်ဆိုးများကို ငြင်းပယ်ရုံမျှဖြင့် လုံလောက်သည်ဟု လုံးဝ မဆိုလိုပေ။ သင်သည် နတ်ဆိုးများကိုလည်း ကြီးကြပ်နိုင်ပြီး ကန့်သတ်နိုင်ရမည်ဖြစ်သည်။ နတ်ဆိုးတစ်ကောင်သည် ထုတ်ဖော်ခြင်းမခံရသေးသည့်အပြင်၊ ၎င်းတို့က အစေခံမှုပေးလိုလျှင်၊ သင်သည် ၎င်းတို့ကို အသုံးပြုနိုင်ရမည်ဖြစ်သည်။ ဤအရာများသည်လည်း သင် လုပ်ဆောင်သင့်သော တာဝန်၊ သင် ဖြည့်ဆည်းသင့်သော ဝတ္တရားဖြစ်ပြီး ယင်းမှာ လုံးဝပင် အသင်းတော်အလုပ်ကို ကာကွယ်စောင့်ရှောက်ခြင်းအတွက် ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက အလွန့်အလွန် နားလည်ရခက်ကြောင်း၊ ၎င်းတို့ပြောသမျှသည် စကားပြောရာတွင် ဟာကွက်မရှိသည့်အပြင်၊ မည်သူကမျှ ၎င်းတို့ကို နားမလည်နိုင်ကြောင်း သင် မြင်တွေ့ပါက၊ ဤလူသည် အလွန်အန္တရာယ်များပြီး ယုံကြည်ထိုက်သူ မဟုတ်ပေ။ အထူးသဖြင့် အန္တရာယ်ပြုမည့် လက္ခဏာရှိပြီး ပုံမှန်မဟုတ်သော၊ ယုတ်မာသော၊ ဉာဏ်များသည့်ပုံစံဖြင့် ပြုမူသည့် တစ်စုံတစ်ဦး၊ မည်သူ့ကိုမျှ အမှန်တရားအပြည့်အစုံကို လုံးဝ မပြောသည့်အပြင်၊ ၎င်းတို့နှင့် အဆက်အဆံပြုသော သို့မဟုတ် ပေါင်းသင်းသော ညီအစ်ကိုမောင်နှမအများစုက ထွင်းဖောက်မမြင်နိုင်သည့် တစ်စုံတစ်ဦးကို အထူးသဖြင့် သင် မြင်တွေ့ပါက၊ ထိုသို့သောလူကို ဘေးဖယ်ထားပြီး အသာထား၍မရပေ။ ထိုအစား သင်သည် ၎င်းတို့ထံ ချဉ်းကပ်ရမည်၊ ၎င်းတို့နှင့် အဆက်အသွယ်ပြုလုပ်ပြီး ပြောဆိုဆွေးနွေးရမည်ဖြစ်သည်။ သို့မှသာ ပိုင်းခြားသိမြင်မှုနှင့် ထိုးထွင်းသိမြင်မှုတို့တွင် ကြီးထွားလာမည်ဖြစ်ပြီး ၎င်းတို့ အဘယ်အရာကို တွေးတောနေသည်ကိုလည်းကောင်း၊ ၎င်းတို့၏ လုပ်ဆောင်ချက်များ၏ ရင်းမြစ်နှင့် စေ့ဆော်မှုမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့ အဘယ်အရာကို လုပ်ဆောင်ရန် စီစဉ်နေသည်ကိုလည်းကောင်း၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ အလုပ်ကို ၎င်းတို့ ထမ်းရွက်နိုင်စွမ်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ ၎င်းတို့အနေဖြင့် အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အမှီအခိုကင်းသော နယ်မြေတစ်ခုကို တည်ထောင်နိုင်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းသည် အကျိုးကျေးဇူးထက် ထိခိုက်နစ်နာမှုက ပိုများစေပြီး အကျိုးထက် အလေးသာသော ဆုံးရှုံးမှုတစ်ခု ဖြစ်သွားစေခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း မြင်တွေ့နိုင်မည်ဖြစ်သည်။ ကြည့်လော့၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရခြင်းသည် ရိုးရှင်းသောကိစ္စရပ်တစ်ခု ဖြစ်သလော။ ထိုသို့သောလူတစ်ဦးကို အသင်းတော်၌ ရှာဖွေတွေ့ရှိသည့်အခါ သင်သည် ၎င်းတို့နှင့် ခပ်ကင်းကင်းနေခြင်းနှင့် ရှောင်ရှားခြင်း မပြုရမည်သာမက၊ ထိုအစား ၎င်းတို့ထံ တက်ကြွစွာ ချဉ်းကပ်ပြီး အဆက်အသွယ်ပြုရမည်ဖြစ်သည်။ ဤသို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၏ အခြေအနေကို သဘောပေါက်ပြီး ကြိုတင်ကာကွယ်သည့် အစီအမံများကို ခံယူကျင့်သုံးရန် ဖြစ်သည်။ ဥပမာအနေဖြင့် အကယ်၍ သင်သည် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို စပ်စုရန် အခွင့်အရေးများကို စဉ်ဆက်မပြတ် ရှာဖွေနေသော စီစီပီ သူလျှို သို့မဟုတ် စပိုင်တစ်ဦးနှင့် ကြုံတွေ့ရပြီး သင်၏ စိတ်နှလုံးထဲတွင် ၎င်းတို့က သူလျှိုတစ်ဦးဖြစ်ကြောင်း ခံစားရပါက၊ သင်သည် ၎င်းတို့ကို သတိထားကာကွယ်သင့်ပြီး သင်၏ စစ်မှန်သော အခြေအနေကို ၎င်းတို့အား လုံးဝ မပြောပြရပေ။ သင်သည် သာ၍ပင် အရေးကြီးသော ကိစ္စရပ်တစ်ခုကိုလည်း ခေါင်းထဲစွဲနေရမည်ဖြစ်သည်။ သင်သည် သင်၏ ဖုန်းနံပါတ်၊ အီးမေးလ်အကောင့် စသည်တို့ကို ၎င်းတို့အား သိခွင့်ပြု၍မဖြစ်ပေ။ သို့ရာတွင် အကယ်၍ သင်သည် သင်၏ ကိုယ်ပိုင်အခြေအနေအား ၎င်းတို့ စုံစမ်းခြင်းကိုသာ ကာကွယ်တားဆီးသော်လည်း၊ ၎င်းတို့ အခြားမည်သူနှင့် အဆက်အသွယ်ရှိသည်၊ မည်သူ၏ သတင်းအချက်အလက်ကို ၎င်းတို့ မေးမြန်းနေသည်၊ အသင်းတော်၏ မည်သည့်အခြေအနေကို ၎င်းတို့ မေးမြန်းနေသည်ဟူသော အခြားအရာများကဲ့သို့သော အမှုအရာများကိုမူ လုံးဝလျစ်လျူရှုပြီး လွှတ်ထားလိုက်ပါက၊ ဤသို့ပြုလုပ်ရာတွင် သင်သည် အတော်လေး လိမ္မာပါးနပ်သည်ဟုပင် တွေးထင်နေပါက၊ ဤကိစ္စရပ်ကို သင်၏ ကိုင်တွယ်ခြင်းက မည်သို့ရှိသနည်း။ သင်သည် ဉာဏ်ပညာတစ်ခုတလေကို ပြသပြီးပြီလော။ သင်သည် ဝိညာဉ်ရင့်ကျက်မှုရှိကြောင်း ပြသပြီးပြီလော။ သင်သည် သင်၏ တာဝန်ကို ဖြည့်ဆည်းပြီးပြီလော။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ပြီး ညီအစ်ကိုမောင်နှမများကို ကာကွယ်ပေးပြီးပြီလော။ အကယ်၍ သင်သည် ဤကိစ္စရပ်များကို လုံးဝ မစဉ်းစားပါက သင်သည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသောသူတစ်ဦး စစ်စစ် ဖြစ်ပေသည်။ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်သော တစ်စုံတစ်ဦးနှင့် ကြုံတွေ့ရပြီး ၎င်းတို့က သင် ဘယ်ကလာသည်ဟူသည်နှင့် သင်၏ မိသားစုထဲတွင် ဘုရားသခင်ကို ယုံကြည်သူ တစ်ဦးတလေ ရှိမရှိဟူသည်တို့ကို မေးသည်ဆိုပါစို့။ ၎င်းတို့က သတင်းအချက်အလက်ကို စုံစမ်းနေမှန်း သင် သိသောကြောင့် သင်၏ စစ်မှန်သော အခြေအနေကို ဖွင့်ဟခြင်းမရှိဘဲ အမှုအရာအနည်းငယ်ကို သာမန်ကာလျှံကာ ပြောလိုက်ပြီးနောက် သင်က မေးခွန်းများကို ပြောင်းပြီး ၎င်းတို့ကို “သင် ဘယ်ကလာသနည်း။ သင်၏ မိသားစုထဲတွင် ဘယ်သူက ဘုရားသခင်ကို ယုံကြည်သနည်း။ သင်၏ ဇာတိမြို့ရှိ အသင်းတော်တွင် အသင်းတော်အသက်တာက ဘယ်လိုရှိသနည်း။ ထိုနေရာတွင် စီစီပီက ယုံကြည်သူများကို ဖမ်းဆီးသလော။ သင်ကော အဖမ်းခံခဲ့ရဖူးသလော”ဟု မေးသည်။ ဤအရာကို ကြားသည့်အခါ စီစီပီ သူလျှို သို့မဟုတ် စပိုင်က “ငါကသာ မေးခွန်းများမေးသောသူ အမြဲဖြစ်နေသည်။ မည်သူကမျှ လှည့်ပြီး ငါ့ကို မေးခွန်းမထုတ်ဖူးပါ။ ဤလူတွင် ဦးနှောက်ရှိသည်တကား”ဟု သူ့ဘာသာသူ တွေးလေသည်။ သင်က ၎င်းတို့ကို မေးခွန်းများ ဆက်တိုက်မေးနေသည်ကို မြင်သောကြောင့် ၎င်းတို့သည် မိမိတို့၏ ပင်ကိုလက္ခဏာ ဖော်ထုတ်ခံရမည်ကို စိုးရိမ်လာပြီး ထိုသို့ဖြင့် အကြောင်းအရာကို ပြောင်းလိုက်လေသည်။ သင်သည် ဤလူစားမျိုးကို သေချာစွာ စောင့်ကြည့်လေ့လာရမည်။ အကယ်၍ သင်သည် ၎င်းတို့မှာ အလွန် သံသယဖြစ်ဖွယ်ကောင်းပြီး စီစီပီ သူလျှိုတစ်ဦး ဖြစ်ဖို့ ရှစ်ဆယ်ရာခိုင်နှုန်းသေချာနေကြောင်း လေ့လာသစိစစ်မိပါက၊ သင်သည် ၎င်းတို့ကို သတိထားကာကွယ်ရမည်ဖြစ်သည်၊ ညီအစ်ကိုမောင်နှမများအကြောင်း သတင်းအချက်အလက်ကို အနည်းငယ်မျှပင် မပေါက်ကြားစေရပေ။ အကယ်၍ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ကို လုံးဝ သတိထားကာကွယ်ခြင်းမရှိသည့်အပြင်၊ ဤလူအား မည်သည့်အရာကိုမဆို ပြောလိုလျက်၊ ၎င်းတို့သိသမျှ အရာအားလုံးကို ထိန်းချုပ်ထားခြင်းမရှိဘဲ ပြောပြပါက၊ ဤသည်မှာ အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို အလွယ်တကူ အန္တရာယ်ဖြစ်စေသည်။ သို့ဖြစ်၍ သင်သည် ထိုသို့သောလူကို အနီးကပ် စောင့်ကြည့်ရမည်ဖြစ်သည်၊ ၎င်းတို့ စဉ်ဆက်မပြတ် မည်သူနှင့် အဆက်အသွယ်လုပ်သည်ကိုလည်းကောင်း၊ မည်သူ့ထံမှ သတင်းအချက်အလက်ကို အဆက်မပြတ် ရယူရန် ကြိုးစားသည်ကိုလည်းကောင်း၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ ဖုန်းနံပါတ်များကို တိတ်တဆိတ် လိုက်လံစုံစမ်းနေခြင်း ရှိမရှိကိုလည်းကောင်း၊ သို့မဟုတ် ၎င်းတို့၏ ကွန်ပျူတာများပေါ်ရှိ အကောင့်များကို စစ်ဆေးနေခြင်း ရှိမရှိကိုလည်းကောင်း၊ သို့မဟုတ် လူတို့၏ နောက်ကွယ်တွင် ဘုရားအိမ်တော်၏ အတွင်းရေး သတင်းအချက်အလက်များကို စုံစမ်းနေခြင်း ရှိမရှိကိုလည်းကောင်း စောင့်ကြည့်လေ့လာလော့။ သင်သည် ၎င်းတို့ကို အနီးကပ် စောင့်ကြည့်ရမည်၊ ၎င်းတို့ကို အောင်မြင်ခွင့် မပေးရ။ သင်သည် ညီအစ်ကိုမောင်နှမများကိုလည်း ဤလူကို သတိထားကာကွယ်ရန် ပြောဖို့လိုသည်။ အကယ်၍ ၎င်းတို့က သတင်းအချက်အလက်ကို ထပ်တလဲလဲစုံစမ်းပါက ၎င်းတို့ကို ရှောင်ရှားသင့်ပြီး လူတို့ကို မနှောင့်ယှက်ရန် ၎င်းတို့ကို သတိပေးရမည်။ ထို့အပြင် ညီအစ်ကိုမောင်နှမများကို အထင်အမြင်မှားစေရန် မည်သည့် မိစ္ဆာဒိဋ္ဌိအယူများနှင့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသော အယူအဆများအား ၎င်းတို့ ဖြန့်ဝေနေသည်ကိုလည်း ကြည့်ရှုရန် လိုအပ်သည်။ အကယ်၍ သင်သည် ထိုသို့သော ပြဿနာများကို တွေ့ရှိပါက ချက်ချင်း ကိုင်တွယ်ဖြေရှင်းသင့်သည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် အသင်းတော်အလုပ်ကို ကာကွယ်စောင့်ရှောက်ပြီး ညီအစ်ကိုမောင်နှမများကို ကာကွယ်ပေးခြင်း ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ၏ တာဝန်လည်း ဖြစ်သည်။ အကယ်၍ သင်သည် ၎င်းတို့ကို သဘောရှိ ဟိုသည်စုံစမ်းခွင့်ပြုလျက် လက်ပိုက်ကြည့်နေပါက၊ ယုံကြည်မှုတွင် ပေါ့တန်သော အခြေခံအုတ်မြစ်များရှိသည့် အချို့သော မိုက်မဲသူများ သို့မဟုတ် လူသစ်များသည် ၎င်းတို့ကို အရာရာ ပြောပြနိုင်ဖွယ်ရှိသည်။ ထို့နောက်တွင် တရုတ်ပြည်မကြီးရှိ ရဲများသည် ၎င်းတို့၏ မိသားစုဝင်များနှင့် ဆွေမျိုးများကို ချက်ချင်း စတင်ဖမ်းဆီးကောင်းဖမ်းဆီးနိုင်ပြီး အချို့သော အသင်းတော်များနှင့် အချို့သော ညီအစ်ကိုမောင်နှမများအပေါ် ဒုက္ခရောက်စေကောင်းရောက်စေနိုင်သည်။ မည်သည့် ဒုက္ခမျိုးကို ဖြစ်စေသည်ဖြစ်စေ မည်သို့ပင်ဖြစ်စေ အကယ်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်သော တစ်စုံတစ်ဦးကို တွေ့ရှိသော်လည်း ချက်ချင်း ချိန်ဆခြင်းမရှိ၊ ကြိုတင်ကာကွယ်သည့်အလုပ်ကို ကောင်းစွာ မလုပ်ဆောင်သည့်အပြင်၊ ထိုအကျိုးဆက်အနေဖြင့် အချို့သော မိုက်မဲပြီး မသိနားမလည်သောသူများက အသင်းတော်အလုပ်နှင့် ညီအစ်ကိုမောင်နှမများအပေါ် ဒုက္ခရောက်စေလျက် မပေါက်ကြားသင့်သော အရာများစွာကို ပေါက်ကြားစေပြီး ညီအစ်ကိုမောင်နှမများ၏ သတင်းအချက်အလက်ကို ပေါက်ကြားစေပါက၊ ယင်းမှာ သင်၏ တာဝန်ပျက်ကွက်ခြင်း ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤကိစ္စတွင် သင်၏ တာဝန်ထမ်းဆောင်မှုမှာ မည်သို့ရှိလေပြီနည်း။ သင်သည် ယင်းကို ကောင်းစွာ လုပ်ဆောင်ခဲ့သလော။ (မလုပ်ဆောင်ခဲ့ပါ။) သင်၏ တာဝန်ကို ကောင်းစွာ မလုပ်ဆောင်ခြင်းဟူသော ဤအရာသည် ဘုရားသခင်အပေါ် သင် တာဝန်မကျေသည့် ကိစ္စရပ်တစ်ခုလော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘုရားသခင်ကို တာဝန်မကျေခြင်း ဖြစ်သည်။ အကယ်၍ သင်တို့ကိုယ်တိုင်သည် ပင်လယ်ရပ်ခြားတွင် အတော်လေး ဘေးကင်းလုံခြုံသော်လည်း သင်တို့၏ ကိုယ်ပိုင်မိုက်မဲမှုကြောင့် စီစီပီ သူလျှိုတစ်ဦး၏ တစ်ပတ်ရိုက်ခြင်းခံရပါက ဤအရာက အန္တရာယ်ရှိသော အကျိုးဆက်များကို ဖြစ်စေလိမ့်မည်။ ယင်းသည် ပြည်မကြီးရှိ သင်တို့၏ ဇာတိမြို့က အသင်းတော်များနှင့် ညီအစ်ကိုမောင်နှမများအပေါ် ဘေးဒုက္ခ ဖြစ်စေလိမ့်မည်။ သင်တို့သည် ထိုသို့သော အကျိုးဆက်တစ်ခုကို မြင်လိုကြသလော။ (မမြင်လိုပါ။) အကယ်၍ လူတစ်ဦးတွင် အသိစိတ် အနည်းငယ်နှင့် လူ့သဘာဝ အနည်းငယ်ရှိပါက ၎င်းတို့သည် ဤအရာမျိုး ဖြစ်ပျက်သည်ကို မြင်ရန် မလိုလားသင့်ပေ။ ၎င်းတို့ကိုယ်တိုင် လက်တလောတွင် မည်သည့်နေရာ၌ ရှိနေသည်ဖြစ်စေ ပြည်မကြီးရှိ ညီအစ်ကိုမောင်နှမ တစ်ဦးတလေက ညှဉ်းပန်းနှိပ်စက်မှု ခံရသည်ကို ၎င်းတို့ မြင်လိုကြခြင်း မရှိပေ။ အကယ်၍ တစ်စုံတစ်ဦးက “ကောင်းပြီ၊ ယခုတွင် ပင်လယ်ရပ်ခြားမှာ ကျွန်ုပ် ဘေးကင်းလုံခြုံနေပြီဖြစ်သည်။ ဘယ်သူ အဖမ်းခံရသည်ဖြစ်စေ အဘယ်အရေးနည်း။ တစ်စုံတစ်ဦး ဒုက္ခခံစားရလျှင် ယင်းက ကျွန်ုပ်နှင့် မည်သည့်ပတ်သက်မှု ရှိသနည်း။ ကျွန်ုပ်က ကိုယ့်မိသားစုကိုပင် ဂရုမစိုက်ပါ။ ကျွန်ုပ်မှာ ချစ်ခင်တွယ်တာမှု မရှိပါ”ဟု ပြောပါက ထိုသို့သောလူတွင် လူ့သဘာဝ ရှိသလော။ (မရှိပါ။) ၎င်းတို့တွင် လူ့သဘာဝ မရှိပေ။ ထိုသို့ စဉ်းစားရမည် မဟုတ်။ အကယ်၍ သင့်တွင် အသိစိတ်နှင့် လူ့သဘာဝရှိသည်ဟု သင် အခိုင်အမာ ဆိုပါက အနည်းဆုံးအနေဖြင့် သင်သည် ပြည်မကြီးရှိ သင်၏ ဆွေမျိုးများနှင့် အသင်းတော်အပေါ် ဒုက္ခမရောက်စေရ။ သို့ဖြစ်၍ နတ်ဆိုးများကို သင် ရင်ဆိုင်နေရသည့်အခါ ၎င်းတို့အပေါ် ပိုင်းခြားသိမြင်မှုရှိရုံမျှက မလုံလောက်ပေ။ သင်သည် ပြည့်စုံစွာလည်း စဉ်းစားရမည်။ သင်သည် မိမိကိုယ်ကို မဖော်ထုတ်မိရန် သေချာစေသည့် နည်းလမ်းဖြင့် မည်သို့ ပြုမူရမည်ကို စဉ်းစားစဉ်တွင်၊၊ ပြည်မကြီးရှိ သင်၏ မိဘများ၊ ဆွေမျိုးများနှင့် ညီအစ်ကိုမောင်နှမများ ထိခိုက်နစ်နာခြင်းမရှိသည်ကိုလည်း သေချာစေရမည်ဖြစ်သည်။ သင်သည် အသင်းတော်အလုပ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် ဘုရားအိမ်တော်၏ တံခါးကို စောင့်ကြပ်ရန် သင်၏ တာဝန်ကို ဖြည့်ဆည်းရမည်။ ဤသည်မှာ လူတို့ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရား ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ အကြီးမားဆုံး အားထုတ်ပြီးဖြစ်ပါက၊ သင် မလုပ်ဆောင်နိုင်ခဲ့သော အရာများ ရှိခဲ့သောကြောင့် သို့မဟုတ် အချို့သော ကိစ္စရပ်ကို သင် ထွင်းဖောက်မမြင်ခဲ့သောကြောင့် တစ်စုံတစ်ခု မှားယွင်းသွားခဲ့လျှင်ပင် သင့်အပြစ် မဟုတ်ပေ။ အရာရာတိုင်းက ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ သို့သော် လူတို့၏ ရှုထောင့်အမြင်မှကြည့်သည့်အခါ၊ သင်သည် လူတို့ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားကို ရှင်းလင်းစွာ သိရှိရမည်။ သင်သည် ယင်းကို ခေါင်းမရှောင်ရသည့်အပြင်၊ သင့်ကိုယ်သင်သာ စဉ်းစား၍ မဖြစ်။ သင်၏ ပတ်ဝန်းကျင်ရှိ ညီအစ်ကိုမောင်နှမများနှင့် အသင်းတော်၏ အလုပ်ကိုလည်း သင် ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းက ယခု ရှင်းလင်းပြီလော။ (ရှင်းလင်းပါပြီ။) သင် မြင်သလော၊ ဤကိစ္စရပ်များကို မိတ်သဟာယမဖွဲ့ခဲ့ပါက သင်တို့သည် အရေးအပါဆုံးနှင့် အရေးအကြီးဆုံးသော အရာများကို လျစ်လျူရှုမိပြီးဖြစ်မည်ဖြစ်ကာ နတ်ဆိုးများနှင့် စာတန်များအား မည်သို့ ဆက်ဆံရမည်ကို သင်တို့ သိသည်ဟု ခံစားနေကြဆဲ ဖြစ်ပေမည်။ လက်တွေ့တွင် သင်တို့သည် လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများကို နားမလည်ကြပေ၊ ဤသည်မှာ သင်တို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှု ဖြစ်သည်။
သင်သည် သမ္မာတရား၊ အပြုသဘောဆောင်သောအရာများနှင့် ဘုရားသခင်အပေါ်ထားရှိသော နတ်ဆိုးများ၏ သဘောထားကို သိမြင်နိုင်သည်ဖြစ်စေ မသိမြင်နိုင်သည်ဖြစ်စေ မည်သို့ပင်ဖြစ်စေ ၎င်းတို့၏ အနှစ်သာရမှာ သမ္မာတရားကို မုန်းတီးခြင်း၊ အပြုသဘောဆောင်သောအရာများကို မုန်းတီးခြင်းနှင့် ဘုရားသခင်ကို မုန်းတီးခြင်း ဖြစ်သည်။ ဤသည်မှာ သွေဖည်ခြင်း ဖြစ်သည်။ ၎င်းတို့ ထုတ်ဖော်သော စကားများမှဖြစ်စေ သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးထဲရှိ အတွေးအခေါ်များနှင့် ရှုထောင့်များမှဖြစ်စေ သမ္မာတရားအပေါ်၊ အပြုသဘောဆောင်သောအရာများအပေါ်နှင့် ဘုရားသခင်အပေါ်ထားရှိသော ၎င်းတို့၏ သဘောထားကို မြင်တွေ့နိုင်ပေသည်။ ဤသဘောထားဖြင့် အကဲဖြတ်သည့်အခါ၊ နတ်ဆိုးများသည် သမ္မာတရားကို လုံးဝ လက်မခံကြ၊ အပြုသဘောဆောင်သောအရာများကို လုံးဝ လက်မခံကြသည့်အပြင် ဘုရားသခင်ကို လုံးဝ မကိုးကွယ်ကြသည်မှာ အမှန်ပင်ဖြစ်ကြောင်း တိကျသေချာစွာ ပြော၍ရပေသည်။ ထို့ကြောင့် ၎င်းတို့သည် လူတို့ထံမှ မှန်ကန်သော အကြံပြုချက်များ၊ ပြောဆိုချက်များ သို့မဟုတ် တိုက်တွန်းနှိုးဆော်ချက်များ တစ်ခုတလေကို လက်မခံကြပေ။ ထို့နောက် ဘုရားသခင်ထံမှလာသော သမ္မာတရားစည်းမျဉ်းများ၊ ဘုရားသခင်၏ သတိပေးဆုံးမမှုများ၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် လူတို့အတွက် ဘုရားသခင်၏ သွန်သင်ချက်များကိုမူ ၎င်းတို့သည် ဤအရာအားလုံးကို သာ၍ပင် ပယ်ချပြီး မည်သည့်အခါမျှ လက်မခံကြပေ။ ထိုအစား ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မိမိတို့ကြိုက်နှစ်သက်သည့် မည်သည့်အရာကိုမဆို၊ မိမိတို့ကိုယ်ကို အကျိုးပြုသည့်မည်သည့်အရာကိုမဆို ကျိတ်ကြံစည်နေကြသည်။ ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်း၊ ဂုဏ်သတင်း၊ ဝင့်ဝါမှုနှင့် ပန်းတိုင်တို့အပေါ် ကျိတ်ကြံစည်နေကြသည်။ ၎င်းတို့သည် မိမိတို့၏ လက်တွေ့ဘဝများတွင် မွေ့လျော်ခံစားလိုသည့်၊ ရရှိပြီး ဆည်းပူးလိုသော မည်သည့်အကျိုးအမြတ်ကိုမဆိုကျိတ်ကြံစည်ကြလေသည်။ ဤသည်မှာ ၎င်းတို့၏ အတွင်းစိတ် လောကဖြစ်ပြီး ၎င်းတို့၏ သဘာဝအနှစ်သာရက ကောက်ကျစ်ဆိုးယုတ်ကြောင်း ပြသရန် လုံလောက်ပေသည်။ သွေဖည်သော ဤသဘာဝအနှစ်သာရသည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ အစမှအဆုံးတိုင် ၎င်းတို့လုပ်ဆောင်သည့်အရာတိုင်းနှင့် ၎င်းတို့၏ အတွေးနှင့် ရှုထောင့်အားလုံးသည် သမ္မာတရား လက်တွေ့ကျမှုနှင့် ဆက်နွှယ်မှု ဘာဆိုဘာမျှမရှိသည့်အပြင်၊ ဘုရားသခင်၏ သွန်သင်ချက်များ သို့မဟုတ် လူ့အသက်တာ၏ မှန်ကန်သော လမ်းကြောင်းနှင့်လည်း မည်သည့် ပတ်သက်မှုမျှ မရှိပေ။ ထိုအရာများသည် ကောက်ကျစ်ဆိုးယုတ်သော အပျက်သဘောဆောင်သည့် အရာများချည်းသာ ဖြစ်သည်။ သင်သည် ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရရှိသူများအား သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ သင်သည် ၎င်းတို့ကို မေတ္တာဖြင့် မည်သို့ပင် ကူညီရန် ကြိုးစားစေကာမူ ၎င်းတို့ကို သင် တို့ထိနိုင်ခြင်းမရှိ၊ ၎င်းတို့၏ အတွေးများနှင့် ရှုထောင့်များကို ပြောင်းလဲစေနိုင်ခြင်း မရှိသည့်အပြင်၊ နေ့တိုင်း ၎င်းတို့ တွေးသမျှက မကောင်းမှုကိုသာဖြစ်သည့် ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံကိုလည်း သင် ပြောင်းလဲစေနိုင်ခြင်း မရှိပေ။ သင်သည် ၎င်းတို့ လိုက်စားသော ပန်းတိုင်များကို ပြောင်းလဲနိုင်ခြင်း မရှိသည့်အပြင်၊ ကိစ္စရပ်တိုင်းကို ၎င်းတို့ ကြံစည်ကြသည့် ပုံစံနှင့် ဦးတည်ရာကိုလည်း ပြောင်းလဲနိုင်ခြင်း မရှိပေ။ နတ်ဆိုးများဖြစ်ကြသော ဤလူတို့သည် အစမှအဆုံးတိုင် မပြောင်းမလဲရှိနေကြသည်။ ၎င်းတို့၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရက ပြောင်းလဲလိမ့်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်၏ နာမကို စွန့်လွှတ်ခြင်း သို့မဟုတ် မှန်သော လမ်းခရီးကို စွန့်ခွာခြင်း မရှိဘဲ ဘုရားအိမ်တော်၌ အမြဲတစေ တာဝန်ထမ်းဆောင်ပြီးဖြစ်လျှင်ပင် ၎င်းတို့က သမ္မာတရားကို လက်မခံသည့်အပြင်၊ ၎င်းတို့ စဉ်းစားပြီး တွေးဆသည့် အရာအားလုံးက အပျက်သဘောဆောင်သောအရာများနှင့် ကောက်ကျစ်ဆိုးယုတ်သောအရာများနှင့် ဆက်စပ်မှုရှိသောကြောင့်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်ဖို့ မဖြစ်နိုင်သည့်အပြင်၊ ၎င်းတို့၏ လူ့သဘာဝသည်လည်း မည်သည့်ပြောင်းလဲမှုကိုမျှ ကြုံတွေ့ရဖို့ မဖြစ်နိုင်ပေ။ အချက်တစ်ခုက သေချာသည်မှာ အမှန်ပင်ဖြစ်၏။ ဤလူများသည် ကယ်တင်ခြင်းကို ရရှိရန် တကယ့်ကို မဖြစ်နိုင်ပေ။ ၎င်းတို့၏ ပန်းတိုင်က အဘယ်အရာဖြစ်သည်ကိုမူ ပြောစရာမလိုပေ။ ၎င်းတို့၏ ပန်းတိုင်က အဘယ်အရာဖြစ်သည်ဟူသည်မှာ ငါတို့ ဤနေရာတွင် မိတ်သဟာယဖွဲ့နေသည့်အရာ မဟုတ်ပေ။ ငါတို့ အာရုံစိုက်နေသည့်အရာမှာ ၎င်းတို့၏ သဘာဝအနှစ်သာရကို ပိုင်းခြားသိမြင်ပြီး စိတ်ဖြာလေ့လာဆွေးနွေးခြင်း ဖြစ်သည်။
နတ်ဆိုးများမှ လူဝင်စားသောသူများ၏ သွေဖည်သော သဘာဝအနှစ်သာရနှင့်ဆိုင်သည့် ပထမဆုံးသရုပ်သကန်ဖြစ်သော “အန္တရာယ်ပြုမည့် လက္ခဏာရှိပြီး ပုံမှန်မဟုတ်ခြင်း”ကို ယခုတွင် အပြည့်အဝ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ငါတို့ အဓိက မိတ်သဟာယဖွဲ့ခဲ့သည့်အရာမှာ အပြုသဘောဆောင်သောအရာများကို ၎င်းတို့ သဘောထားပုံတွင်ရှိသော ၎င်းတို့၏ အမျိုးမျိုးသော သဘောထားများနှင့် သရုပ်သကန်များအပြင် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ထားရှိပြီး စွဲကိုင်ထားသည့် အမျိုးမျိုးသော အတွေးများနှင့် ရှုထောင့်များ ဖြစ်သည်။ ၎င်းတို့၏ ခိုင်မာသော ထုတ်ဖော်ခြင်းများနှင့် သရုပ်သကန်များဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မဖွင့်ချဝံ့သည့် ၎င်းတို့၏ စိတ်နှလုံးများတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်ထားသည့် အရာများဖြစ်စေ၊ ထိုအရာအားလုံးက ၎င်းတို့သည် သာမန် ဖောက်ပြန်ပျက်စီးသော လူသားများ မဟုတ်ကြောင်းကို သက်သေပြသည်။ ၎င်းတို့သည် သာမန် ဖောက်ပြန်ပျက်စီးသော လူသားများ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို မပိုင်ဆိုင်ကြပေ။ ဤလူများသည် သာမန် ဖောက်ပြန်ပျက်စီးသော လူသားများ၏ လူ့သဘာဝကို မပိုင်ဆိုင်ကြဟုလည်း ဆိုနိုင်ပေသည်။ ရှင်းရှင်းပြောရလျှင် ဤလူများတွင် လူ့သဘာဝ မရှိကြပေ။ ၎င်းတို့၏ အတွေးများနှင့် ရှုထောင့်များက မည်မျှပင် ကောက်ကျစ်ဆိုးယုတ်သည်ဖြစ်စေ၊ ၎င်းတို့၏ ပြောဆိုချက်များ၊ လုပ်ရပ်များ၊ အပြုအမူများနှင့် ပြောဆိုပြုမူပုံသည် မည်မျှပင် ကောက်ကျစ်ဆိုးယုတ်ပြီး လူ့သဘာဝနှင့် သဟဇာတမရှိသည်ဖြစ်စေ ၎င်းတို့တွင် ယင်းကို သတိပြုမိခြင်း ဘာဆိုဘာမျှ မရှိပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် သဘာဝအနှစ်သာရကို ကောက်ကျစ်ဆိုးယုတ်သော၊ သမ္မာတရားကို ဆန့်ကျင်သော သို့မဟုတ် ရန်လိုသော အရာအဖြစ် မည်သည့်အခါမျှ သတ်မှတ်ခြင်း မရှိကြပေ။ သင်သည် ၎င်းတို့နှင့် မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ နယ်ပယ်အတွင်း၌သာ ရှင်သန်နေကြဆဲဖြစ်သည်။ ဤလူများသည် ၎င်းတို့ကိုယ်တိုင်များကြားတွင် ပေါင်းသင်းဆက်ဆံသည့်အခါ အထူးသဖြင့် ကောင်းစွာ အဆင်ပြေကြပြီး ၎င်းတို့၏ ဆိုးရွားမှုတွင် အထူးသဖြင့် စိတ်တူကိုယ်တူ ဖြစ်ကြသည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးများတွင်မူ သမ္မာတရားကို နားလည်သောသူများနှင့် သမ္မာတရားကို လိုက်စားသောသူများအား အလွန်အမင်း ပစ်ပစ်ခါခါငြင်းကြသည်။
ပြီးခဲ့သည့်အကြိမ်၊ နတ်ဆိုးများမှ လူဝင်စားသောသူများ၏ စံသွေသော သဘာဝအနှစ်သာရကို ဆွေးနွေးရာတွင် ၎င်းတို့၏ “ကာမရာဂသောင်းကျန်းခြင်း” နှင့် “လင်ကိစ္စစေ့ဆော်မှုလွန်ကဲခြင်း” တည်းဟူသော ဇာတိပကတိ၏ ကာမစိတ်ဆန္ဒနှင့်ဆိုင်သည့် သရုပ်သကန်နှစ်မျိုးကို ငါတို့ ဖော်ပြခဲ့သည်။ ဤနှစ်မျိုးအပြင် “ကာမရာဂသောင်းကျန်းခြင်း”နှင့် “လင်ကိစ္စစေ့ဆော်မှု လွန်ကဲခြင်း”တို့နှင့် ဆက်စပ်သော နောက်ထပ်သွင်ပြင်လက္ခဏာတစ်ခု ရှိသေးသည်။ ယင်းမှာ ပြင်ပအပြုအမူ သို့မဟုတ် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းတစ်မျိုးဖြစ်သည့် “လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း” ဖြစ်သည်။ “ကာမဂုဏ်တဏှာကြီးခြင်း” နှင့် “လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း”တို့ကို များသောအားဖြင့် တွဲစပ်သုံးနှုန်းလေ့ရှိသည်။ “လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း”က မည်သည့်အရာကို ဆိုလိုသည်ကို သင်သိသလော။ (အကျင့်ပျက်ပြီး အထိန်းအကွပ်မဲ့သော အပြုအမူနှင့် အမူအကျင့်အပြင် အခြားသူများကို ပေါ့ပေါ့ပျက်ပျက် ချဉ်းကပ်ပိုးပန်းခြင်း ဖြစ်ပါသည်။) “လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း” သည် စိတ်အလိုလိုက်ခြင်းကို ဆိုလိုသည်၊ ယင်းမှာ အကျင့်ပျက်ပြီး အထိန်းအကွပ်မဲ့ခြင်းကို ဆိုလိုသည်။ ဤသွင်ပြင်လက္ခဏာ သုံးခုသည် ဇာတိပကတိ၏ ကာမစိတ်ဆန္ဒနှင့်စပ်လျဉ်း၍ ဤလူစားမျိုး၏ ဆိုးယုတ်သော သရုပ်သကန်များကို စိတ်ဖြာလေ့လာဆွေးနွေးရန် လုံလောက်သင့်ပေသည်။ အရွယ်ရောက်ပြီးသူတို့သည် ကာမယာဂသောင်းကျန်းခြင်း၊ လိင်ကိစ္စစေ့ဆော်မှုလွန်ကဲခြင်းနှင့် လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်းတို့၏ သရုပ်သကန်များကို နားလည်နိုင်စွမ်း ရှိသင့်သည်။ ဤသည်မှာ စိတ်ကူးသက်သက် မဟုတ်ပေ။ အကြောင်းမှာ ထိုသို့သော ကိစ္စရပ်များနှင့် ထိုသို့သော လူများကို နေ့စဉ်ဘဝတွင် အများအားဖြင့် တွေ့မြင်ကာ ကြားသိရသောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် ထိုသို့သော လူတို့၏ အဓိကသရုပ်သကန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ အမျိုးသားနှင့် အမျိုးသမီးကြား ဆက်ဆံရေးများနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် အထိန်းအကွပ်မဲ့ကြသည်၊ စည်းမရှိကြ၊ ရှက်စိတ်မရှိကြပေ။ ၎င်းတို့သည် မိမိတို့၏ ကာမစိတ်ဆန္ဒနှင့် ပတ်သက်လာသည့်အခါ အထူးသဖြင့် စိတ်အလိုလိုက်ကြသည်၊ ယင်းကို မချုပ်ထိန်းကြသည့်အပြင်၊ မည်သည့် ချုပ်တည်းမှုမျှ လုံးဝ မရှိကြချေ။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏ ကာမစိတ်ဆန္ဒကို မွေ့လျော်ခြင်းနှင့်ပတ်သက်၍ အရှက်တရား ဘာဆိုဘာမျှ မခံစားကြပေ။ ၎င်းတို့သည် မည်မျှ အသက်အရွယ်ကြီးသည်ဖြစ်စေ၊ မည်သည့်လိင် ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ အိမ်ထောင်ရေးအခြေအနေ မည်သို့ပင်ဖြစ်စေ၊ ဆန့်ကျင်ဘက်လိင်ကို အထူးစိတ်ဝင်စားပြီး အထူးအာရုံစိုက်ကြသည်။ လူတစ်စုနှင့် ကြုံတွေ့သည့်အခါတိုင်း ၎င်းတို့သည် မိမိတို့ စိတ်ဝင်စားသော ဆန့်ကျင်ဘက်လိင်များကို အာရုံစိုက်ကြသည်။ ဤအာရုံစိုက်ခြင်းသည် ၎င်းတို့ကို သာမန်ထက်ပို၍ ကြည့်ရှုခြင်း၊ ၎င်းတို့နှင့် စကားစမြည်ပြောခြင်း သို့မဟုတ် ၎င်းတို့နှင့် ပုံမှန်ပေါင်းသင်းဆက်ဆံခြင်းမျှသာ မဟုတ်ပေ။ ယင်းမှာ ၎င်းတို့သည် အမျိုးသားနှင့် အမျိုးသမီးကြားက ကာမစိတ်ဆန္ဒတွင် ပိတ်မိသွားပြီး အချစ်ရေးဆက်ဆံမှုများထဲသို့ ဝင်ရောက်သွားခြင်း ဖြစ်သည်။ ၎င်းတို့ ကြိုက်နှစ်သက်သောသူနှင့် ပတ်သက်လာသည့်အခါ၊ ထိုသူသည် မည်မျှ အသက်ကြီးသည်ဖြစ်စေ၊ အခြားအဖွဲ့က သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ၎င်းတို့က ထိုသူကို နှစ်သက်သဘောကျနေသမျှကာလပတ်လုံး ၎င်းတို့သည် အခြားတစ်ဖက်၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် ပုံမှန်မဟုတ်သော လုပ်ရပ် သို့မဟုတ် အပြုအမူအချို့ကို လုပ်ဆောင်သည်အထိပင် ထိုသူကို ချဉ်းကပ်ပိုးပန်းရန် အစပြုလုပ်ဆောင်ကြလိမ့်မည်။ ဥပမာအားဖြင့်၊ အခါအားလျော်စွာ ၎င်းတို့သည် အခြားသူအတွက် အရသာရှိသော အစားအစာအချို့ကို ပြင်ဆင်ပေးလိမ့်မည်။ အားလပ်ရက်များတွင် ၎င်းတို့သည် ထိုသူကို လက်ဆောင်များ ပေးလိမ့်မည်။ အကြောင်းရင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့သည် အခြားသူထံသို့ စာတိုများ ပေးပို့လိမ့်မည်ဖြစ်သည်။ နံနက်ခင်းတွင် “သင် အိပ်ရာထပြီလော” ဟု မေးပြီး ညဘက်တွင် “သင် ရေချိုးပြီးပြီလော” ဟု မေးလိမ့်မည်။ ရက်အနည်းငယ်ကြာပြီးနောက်တွင် ၎င်းတို့က “ခုတစ်လော ရာသီဥတုက အေးနေသည်၊ အဝတ်အစားများများ ဝတ်ဖို့ သတိရပါ၊ အအေးမမိစေနှင့်။ သင် တစ်ခုခု လိုအပ်လျှင် ကျွန်ုပ်ကို အကူအညီတောင်းနိုင်သည်”ဟု ပြောလိမ့်မည်။ ၎င်းတို့သည် အခြားသူကို နှောင့်ယှက်ရန် အကြောင်းပြချက်အဖြစ် အသုံးပြုလျက် မကြာခဏ စိုးရိမ်ပူပန်ကြောင်း ဖော်ပြကြသည်။ ဤလူစားမျိုးသည် တစ်ဦး သို့မဟုတ် နှစ်ဦး၊ နှစ်ဦး သို့မဟုတ် သုံးဦးကိုသာ ဘယ်သောအခါမျှ ချဉ်းကပ်ပိုးပန်းခြင်းမရှိပေ၊ ၎င်းတို့သည် မိမိတို့ သဘောကျသည့် မည်သူ့ကိုမဆို ချဉ်းကပ်ပိုးပန်းကြသည်။ ၎င်းတို့သည် မြင်သမျှလူတိုင်းကို နှစ်သက်ကြသည်။ တစ်စုံတစ်ဦးကို ဆွဲဆောင်မှုရှိကြောင်း တွေ့ရှိသည်နှင့် သို့မဟုတ် ထိုသူတို့အပေါ် ကောင်းသောခံစားချက်ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ချက်ချင်းပင် ရာဂစိတ်ပြင်းထန်သော အတွေးများဖြစ်ပေါ်လာပြီး ထိုသူကို သွေးဆောင်ဖြားယောင်းရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် မည်သည့်အုပ်စုတွင် ရှိနေသည်ဖြစ်စေ သို့မဟုတ် မည်သည့်ပတ်ဝန်းကျင်တွင် ရှိနေသည်ဖြစ်စေ ဤကိစ္စကို ဘယ်သောအခါမျှ မမေ့ကြပေ။ ၎င်းတို့ သွားလေရာရာ၌ ၎င်းတို့သဘောကျသော ဆန့်ကျင်ဘက်လိင်ရှိသည့် မိတ်ဆွေများ သို့မဟုတ် ၎င်းတို့ကြိုက်သည့် ရင်ဖွင့်ဖော် သုံးဦး သို့မဟုတ် ငါးဦး၊ သို့မဟုတ် တစ်ဒါဇင်ခန့်ကို အမြဲ ပစ်မှတ်ထားကြသည်။ အကယ်၍ ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှု ရှိနိုင်ပါက ၎င်းတို့သည် ဤသည်ကို အချစ်ရေးဆက်ဆံမှုတစ်ခုသို့ ဝင်ရောက်ခြင်းနှင့်ဆိုင်သည့် ပန်းတိုင်ကို စွမ်းဆောင်ရရှိခြင်းအဖြစ် ယူဆကြသည်။ အကယ်၍ ယင်းသည် အချစ်ရေးဆက်ဆံမှုအဆင့်သို့ မရောက်သေးပါက၊ ဤသို့အခြားသူများကို ချဉ်းကပ်ပိုးပန်းနေခြင်းမျှက ၎င်းတို့ကို အတော်လေး နှစ်သက်ပျော်ရွှင်ဖွယ်ဖြစ်သည်ဟု ခံစားရစေနှင့်ပြီးဖြစ်သည်။ ၎င်းတို့၏ နေ့ရက်များသည် ချိုမြိန်ပြီး ကျေနပ်ဖွယ်ကောင်းသည်ဟု ခံစားရသည်။ အကယ်၍ ပတ်ဝန်းကျင်က အခွင့်မပေးသည့်အပြင်၊ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်ကို ချဉ်းကပ်ပိုးပန်းနိုင်ခြင်း မရှိပါက ၎င်းတို့ စိတ်မချမ်းမသာ ဖြစ်ကြသည်။ အကယ်၍ တစ်စုံတစ်ဦးက ထိုသို့သော အပြုအမူသည် မသင့်လျော်ကြောင်း ၎င်းတို့ကို သတိပေးပါက ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် အငြိုးအတေး ထားရှိကြသည်။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့ကို မဆင်မခြင် ချဉ်းကပ်ပိုးပန်းခြင်းမရှိအောင် ကန့်သတ်ချုပ်ချယ်ပါက၊ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများတွင် အတိုက်အခံဖြစ်ပြီး ဆန့်ကျင်ကြကာ “ဤသည်မှာ ငါ၏ လုပ်ပိုင်ခွင့်ဖြစ်သည်၊ ငါ့ကို ကန့်သတ်ချုပ်ချယ်ရန် မည်သည့်အရာက သင့်ကို အရည်အချင်းပြည့်မီစေသနည်း။ ငါလုပ်ဆောင်နေသည့်အရာသည် ငါ၏ လွတ်လပ်ခွင့်ဖြစ်သည်။ ငါသည် ဥပဒေကို ချိုးဖောက်နေခြင်း မရှိသည့်အပြင်၊ ပြစ်မှုကျူးလွန်နေခြင်းလည်း မဟုတ်ပါ။ သို့ဖြစ်၍ ငါ့ကို ထိန်းချုပ်ရန် ကြိုးစားရအောင် သင် မည်သူနည်း” ဟုပင် တွေးကြသည်။ ပတ်ဝန်းကျင် မည်သို့ပင်ဖြစ်စေ ဤလူစားမျိုးသည် မိမိတို့ကိုယ်ကို အလုပ်များနေစေရန် ဖျော်ဖြေမှုတစ်မျိုးမျိုးကို ရှာဖွေဖို့ လိုအပ်သည်ဟု အမြဲ ခံစားရသည်၊ ၎င်းတို့သည် အချိန်ကုန်စေရန်၊ မိမိတို့၏ ဘဝများကို ဖြည့်ဆည်းရန်နှင့် ပို၍ ပျော်စရာဖြစ်စေရန် ဆန့်ကျင်ဘက်လိင်ဖြစ်သော မိတ်ဆွေအချို့သို့မဟုတ် လိင်ဆက်ဆံဖော်အချို့ကို ရှာဖွေရန် လိုအပ်သည်ဟု အမြဲ ခံစားရသည်။ သို့မဟုတ်ပါက ၎င်းတို့သည် မိမိတို့၏ ဘဝများသည် အနှစ်သာရမရှိ၊ ပျင်းရိဖွယ်ကောင်းပြီး စိတ်ဝင်စားစရာ ကင်းမဲ့သည်ဟု ခံစားရသည်။ အချို့လူများသည် မရပ်မနား ချဉ်းကပ်ပိုးပန်းခြင်း ခံရပြီးနောက် မိမိတို့ ဇာတိပကတိ၏ ကာမစိတ်ဆန္ဒအတွင်း၌ အကျင့်ပျက်ပြီး ထိန်းမနိုင်သိမ်းမရ အသက်ရှင်လျက် အပြာရုပ်ရှင်များ ကြည့်ရှုရန် အွန်လိုင်းကို မတက်ဘဲ မနေနိုင်ကြသည့်အပြင်၊ အခြေအနေများက ခွင့်ပြုနေသမျှ ၎င်းတို့သည် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ နတ်ဆိုးများမှ လူဝင်စားသောသူများသည် မည်သည့်အခါသမယ သို့မဟုတ် ပတ်ဝန်းကျင်တွင်မဆို၊ ၎င်းတို့၏ ဘဝများက မည်မျှ ခက်ခဲသည်ဖြစ်စေ၊ ၎င်းတို့တွင် မည်မျှ များပြားသည့် အလုပ်ပမာဏရှိသည်ဖြစ်စေ၊ ပတ်ဝန်းကျင်က ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ကာမစိတ်ဆန္ဒကို အမြဲ မွေ့လျော်ရန် လိုအပ်ပြီး မိမိတို့၏ ကာမစိတ်ဆန္ဒကို အပြည့်အဝ ဖြည့်ဆည်းလျက်၊ ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့ဆက်ဆံပြီး ချဉ်းကပ်ပိုးပန်းရန် အခွင့်အလမ်းများကို ရှာဖွေကြလေသည်။ အကယ်၍ ၎င်းတို့ ဇာတိပကတိ၏ ကာမစိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ခြင်းမရှိပါက၊ ၎င်းတို့ စိတ်များ၏ လိုအင်ဆန္ဒကို ကျေနပ်စေခြင်းကပင် အလုပ်ဖြစ်ပေလိမ့်မည်။ ဤသည်ကို စံသွေခြင်းဟု ခေါ်သည့်အရာ ဖြစ်သည်။ ၎င်းတို့သည် အလွန် စံသွေကြသည်။ အချို့လူများသည် အိမ်ထောင်ကျပြီး မိမိတို့၏ ကိုယ်ပိုင်မိသားစုများရှိနေသော သားသမီးများရှိလျက် အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော်လည်း ၎င်းတို့သည် မိမိတို့၏ ကာမစိတ်ဆန္ဒကို အလွန်အမင်း မွေ့လျော်ကြပြီ ထိန်းမနိုင်သိမ်းမရဖြစ်ကြသည်၊ ရှက်စိတ် လုံးဝကင်းမဲ့ကြလေသည်။ ၎င်းတို့ ကြိုက်နှစ်သက်သော ဆန့်ကျင်ဘက်လိင်တစ်ဦးကို တွေ့မြင်သောအခါ ထိုသူတို့နှင့် နှစ်ဦးတည်း သီးသန့်ရှိနေရန် အခွင့်အလမ်းများ ဖန်တီးဖို့ နည်းလမ်းမျိုးစုံကို စဉ်းစားကြသည်၊ ထို့နောက် လက်ကိုင်ခြင်း၊ ပွေ့ဖက်ခြင်း သို့မဟုတ် အခြားသူကို ထိတွေ့ခြင်းအပြင်၊ ပရောပရည်လုပ်သော၊ ကျီစယ်သော မှတ်ချက်အချို့ ပြုလုပ်ခြင်း သို့မဟုတ် စိတ်ကိုဆွပေးသော အရာအချို့ကို ပြောဆိုခြင်းတို့ ပြုလုပ်ကြသည်။ ထိုသို့ပြုလုပ်ရာတွင် ၎င်းတို့သည် တဖြည်းဖြည်းဖြင့် ဆန့်ကျင်ဘက်လိင် တစ်ဦးဦးကို နှောင့်ယှက်မှု ဖြစ်စေမိသွားကြလေသည်။ ဤသည်မှာ ကာမရာဂသောင်းကျန်းခြင်း ဖြစ်သည်။ ဤလူစားမျိုးသည် မည်သည့်အတိုင်းအတာအထိ ကာမရာဂသောင်းကျန်းသနည်း။ ၎င်းတို့သည် ဆွဲဆောင်မှုရှိသော သို့မဟုတ် ကိုယ်လုံးကိုယ်ပေါက် ကောင်းမွန်သော ဆန့်ကျင်ဘက်လိင်တစ်ဦးကို တွေ့မြင်သောအခါ ရာဂစိတ်ပြင်းထန်သော အတွေးများဖြစ်ပေါ်လာကြသည်။ ဆန့်ကျင်ဘက်လိင်တစ်ဦးဦးက နူးညံ့သော၊ ဆွဲဆောင်မှုရှိပြီး အတော်အသင့် သာယာနာပျော်ဖွယ်ကောင်းသော အသံဖြင့် ပြောဆိုသည်ကို ကြားရုံမျှဖြင့်ပင် ၎င်းတို့၌ ရာဂစိတ်ပြင်းထန်သော အတွေးများကို လှုံ့ဆော်ပေးနိုင်သည်။ ဤရာဂစိတ်ပြင်းထန်သော အတွေးများ လှုံ့ဆော်ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဤအရာများကို ရံဖန်ရံခါ စဉ်းစားရုံမျှသာ မဟုတ်ပေ၊ ထို့ထက်၊ ၎င်းတို့သည် ယင်းတို့ကို အလွန်ပင် မကြာခဏ စဉ်းစားကြသည်။ ၎င်းတို့သည် အစာစားနေစဉ်၊ အလုပ်လုပ်နေစဉ်၊ အိပ်မက်မက်နေစဉ်တွင်ပင် ယင်းတို့အကြောင်းကို စဉ်းစားကြပြီး ၎င်းတို့၏ စိတ်များသည် နေ့စဉ်နေ့တိုင်း ဤရာဂစိတ်ပြင်းထန်သော အတွေးများဖြင့် ပြည့်လျှံနေသည်။ ၎င်းတို့သည် ကာမရာဂသောင်းကျန်းခြင်းနှင့်ဆိုင်သည့် ဖောက်ပြန်သော အနှစ်သာရကို ပိုင်ဆိုင်သောကြောင့် မိမိတို့ဇာတိပကတိ၏ ကာမစိတ်ဆန္ဒကို ချုပ်တည်းမှုတစ်ခုတလေ ဘာဆိုဘာမျှမရှိဘဲ မွေ့လျော်ကြလေသည်။ ၎င်းတို့သည် ချမ်းသာကြွယ်ဝမှုနှင့် အဆင့်အတန်းရှိသော ကောင်းမွန်သည့် မိသားစုမှ တစ်စုံတစ်ဦးဖြစ်သည့် သူဌေးသမီးတစ်ဦး သို့မဟုတ် သူဌေးကတော်တစ်ဦး၊ သို့မဟုတ် အရပ်ရှည်၊ ချမ်းသာပြီး ရုပ်ချောသော အမျိုးသားတစ်ဦး၊ သို့မဟုတ် ချမ်းသာသော စီးပွားရေးသမားတစ်ဦးကို တွေ့မြင်သောအခါတွင်ပင် ရာဂစိတ်ပြင်းထန်သော အတွေးများဖြစ်ပေါ်လာကြသည်။ ထိုသို့သော လူတို့သည် မည်မျှအထိ ကာမရာဂသောင်းကျန်းသည်ကိုသာ ကြည့်လော့။ ထို့ထက်ပင် ပိုဆိုးသော အခြေအနေများ ရှိသေးသည်။ အသင်းတော်၌ သီချင်းကောင်းစွာ ဆိုတတ်သော ညီအစ်ကိုတစ်ဦး ရှိခဲ့သည်။ သူသည် မည်သည့် “ကြယ်ပွင့်အဆင့်” အဆိုတော်မျိုးမှ မဟုတ်ပေ။ သူသည် အတော်အတန် သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်ခု ရှိခဲ့ရုံသာ ဖြစ်သည်။ သိသာထင်ရှားစွာပင်၊ အချို့အမျိုးသမီးများသည် သူ၏သီချင်းသံကို ကြားပြီးနောက် သူ၏အပေါ်၌ ကောင်းသောခံစားချက်များ ဖြစ်ပေါ်လာပြီး သူ့ကို လက်ထပ်ချင်ကြလေသည်။ ဤအမျိုးသမီးများသည် ဤညီအစ်ကိုက မည်သို့မည်ပုံရှိသည်ကိုပင် တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။ သူ မည်သို့ အသက်အရွယ်ရှိသည်၊ မည်သည့် ပင်ကိုစရိုက်မျိုးရှိသည်၊ မည်သည့်ပညာရေးအဆင့် ရှိသည်၊ သူ၏အစွမ်းအစက မည်သို့ရှိသည်၊ သို့မဟုတ် ဘုရားသခင်ကို သူ၏ယုံကြည်ခြင်းက မည်သို့ရှိသည်ဟူသည်တို့ကို ၎င်းတို့ မသိခဲ့ကြပေ။ ၎င်းတို့သည် ဤအရာများထဲမှ တစ်ခုတလေကိုမျှ မစဉ်းစားခဲ့ကြဘဲ သူ့ကို လက်ထပ်ချင်ကြဆဲဖြစ်သည်၊ သူ၏အသံကို ကြားရုံမျှဖြင့် ကာမစိတ်များ လှုံ့ဆော်ခံရလေသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော နတ်ဆိုးများသည် စံသွေသော သဘာဝတစ်ခု ရှိကြသည် မဟုတ်လော။ ပုံမှန်လူတစ်ဦးသည် တစ်စုံတစ်ဦးက သီချင်းကောင်းစွာ ဆိုသည်ကို ကြားသည့်အခါ အလွန်ဆုံးအနေဖြင့် အနည်းငယ် အားကျမိမည် ဖြစ်သော်လည်း ထိုသူကို လက်ထပ်ရန် ဘယ်သောအခါမျှ စဉ်းစားမည် မဟုတ်ပေ။ အကယ်၍ ၎င်းတို့သည် တစ်စုံတစ်ဦးကို အမှန်တကယ် လက်ထပ်လိုပါက ထိုသို့သော ဆုံးဖြတ်ချက်ကို မချမီတွင် ထိုသူက အသက်မည်မျှကြီးသည်၊ ရုပ်ရည်မည်သို့ရှိသည်၊ သူ၏ အကျင့်စရိုက်က မည်သို့ရှိသည်၊ သူ၏ မိသားစုက မည်သို့ရှိသည်ဟူသကဲ့သို့သော ထိုသူ၏ အကျင့်စရိုက်နှင့် မိသားစုအခြေအနေကို သိရှိအောင် လုပ်ကြမည်ဖြစ်သည်။ ကဏ္ဍအားလုံးက ကျေနပ်ဖွယ်ကောင်းမှသာ ၎င်းတို့သည် ထိုသူတို့ကို လက်ထပ်ရန် စဉ်းစားကြပေမည်။ သို့သော် နတ်ဆိုးများဖြစ်သော လူတို့မှာမူ ထိုသို့မဟုတ်ပေ။ အချို့အမျိုးသမီးများသည် အမျိုးသားတစ်ဦးက သီချင်းကောင်းစွာ ဆိုသည်ကို ကြားပြီးနောက် သူ့ကို လက်ထပ်လိုကြသည်။ အချို့အမျိုးသားများသည် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးကို မြင်သည့်အခါ၊ သူမကို လက်ထပ်လိုကြသည်။ ထိုသို့သော လူများသည် ကြောက်မက်ဖွယ် ကောင်းသည် မဟုတ်လော။ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသည့်အပြင် စက်ဆုပ်ရွံရှာဖွယ်လည်း ကောင်းသည်။ ၎င်းတို့သည် အဆင့်အတန်း၊ အသိပညာ၊ စကားပြောကောင်းခြင်း သို့မဟုတ် အထူးအစွမ်းအစတစ်ခုခု ရှိသူတစ်ဦးကို တွေ့မြင်သည့်အခါတိုင်း၊ သို့မဟုတ် လှပသော သို့မဟုတ် ရုပ်ရည်ချောမောသော တစ်စုံတစ်ဦးကို တွေ့မြင်ပါက ရာဂစိတ်ပြင်းထန်သော အတွေးများ ဖြစ်ပေါ်လာကြသည်။ ထိုသို့သော လူများကို တွေ့မြင်သောအခါ ၎င်းတို့သည် မျက်တောင်မခတ်ဘဲ အမြဲ ငမ်းကြသည်။ ၎င်းတို့၏ မျက်လုံးများသည် စူးစိုက်နေသော်လည်း ၎င်းတို့၏ စိတ်များက အလွန်တက်ကြွနေပြီး ၎င်းတို့၏ ကာမစိတ်ဆန္ဒက လျှံတက်နေသည်။ ဤသည်မှာ ရာဂစိတ်ပြင်းထန်သော အတွေးများရှိနေခြင်း ဖြစ်သည်။ ဆန့်ကျင်ဘက်လိင်ကို မျက်နှာမလွှဲဘဲ အဆက်မပြတ် ငမ်းနေသော တစ်စုံတစ်ဦး ရှိသည့်အခါတိုင်း၊ ပြီးလျှင်၎င်းတို့၏ မျက်လုံးများတွင် ကောက်ကျစ်ဆိုးယုတ်သောအကြည့်ကို ဖော်ပြသူအချို့ သို့မဟုတ် ပါးစပ်ဟလျက် သွားရည်ကျနေသူအချို့ပင် ရှိသည့်အခါတိုင်း၊ ဤသည်မှာ ရာဂစိတ်ပြင်းထန်သော အတွေးများ ရှိနေခြင်း ဖြစ်သည်။ ၎င်းတို့၏ ရာဂစိတ်ပြင်းထန်သော အတွေးများ လှုံ့ဆော်ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အခြားသူများနှင့် ကိုယ်ထိလက်ရောက်ဖြစ်လာကြသည်။ ဤသည်ကို စံသွေခြင်းဟု ခေါ်သည်။ အခြေအနေ မည်သို့ပင်ဖြစ်စေ ၎င်းတို့၏ အမြင်အာရုံဆိုင်ရာ ကာမတဏှာ၊ အကြားအာရုံဆိုင်ရာ ကာမတဏှာ သို့မဟုတ် ဇာတိပကတိ၏ ကာမစိတ်ဆန္ဒ လှုံ့ဆော်ခံရသရွေ့ ၎င်းတို့သည် ရာဂစိတ်ပြင်းထန်သော အတွေးများ ရှိကြလိမ့်မည်။ ထိုသို့သော လူများသည် နတ်ဆိုးများ ဖြစ်ကြသည်။ နတ်ဆိုးများ၏ ကာမစိတ်ဆန္ဒသည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ကန့်သတ်ခြင်း သို့မဟုတ် ချုပ်တည်းခြင်းကို ခံရသလော။ ချုပ်တည်းခြင်း မခံရပေ။ ထို့ကြောင့် ၎င်းတို့၏ ကာမစိတ်ဆန္ဒသည် စဉ်ဆက်မပြတ် လျှံထွက်နေပြီး ၎င်းတို့သည် လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း၏ သရုပ်သကန်များကို စဉ်ဆက်မပြတ် ပြသကြသည်။ ၎င်းတို့သည် အထူးသဖြင့် စိတ်အလိုလိုက်ကြသည်။ ၎င်းတို့၏ အနီးဝန်းကျင်တွင် လူမည်မျှ ရှိသည်၊ ၎င်းတို့၏ ကိုယ်ပိုင်အသက်အရွယ်က မည်သည့်အရာဖြစ်သည် သို့မဟုတ် အခြားတစ်ဖက်က ၎င်းတို့ကို ကြိုက်နှစ်သက်ခြင်း ရှိမရှိ သို့မဟုတ် ၎င်းတို့ကို စက်ဆုပ်ရွံရှာပြီး မနှစ်မြို့ခြင်း ရှိမရှိဟူသည်တို့ကို ၎င်းတို့ ဂရုမစိုက်ကြပေ။ ၎င်းတို့ ကြိုက်သောသူတစ်ဦးဖြစ်နေသမျှကာလပတ်လုံး ၎င်းတို့သည် ရာဂစိတ်ပြင်းထန်သော အတွေးများ ရှိကြလိမ့်မည်ဖြစ်ပြီး မိမိတို့၏ ကာမစိတ်ဆန္ဒကို အကြီးမားဆုံးသော အတိုင်းအတာအထိ ဖြည့်ဆည်းလျက်၊ စိတ်ကူးယဉ်မှုများတွင် မွေ့လျော်ကြလိမ့်မည်။ ယင်းမှာ စက်ဆုပ်ဖွယ် ကောင်းသည် မဟုတ်လော။ ဤကဲ့သို့သော လူများသည် အလွန်အမင်း ကာမရာဂသောင်းကျန်းကြသည်။ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးရှိရန် အခွင့်အရေး ရှာမတွေ့နိုင်လျှင်ပင် အခြားသူများကို ချဉ်းကပ်ပိုးပန်းလိုနေဆဲ ဖြစ်သည်။ ဤအပြုအမူ၏ သရုပ်သကန်များမှာ ၎င်းတို့သည် သင့်ကို မျက်စပစ်ပြခြင်းဖြင့် မကြာခဏ ကာမစိတ်ပါသော အချက်ပြမှုများ ပေးပို့ခြင်း၊ သင်နှင့် ထိတွေ့ပြီး သင်နှင့် ရင်းနှီးစေရန် နည်းလမ်းမျိုးစုံကို စဉ်းစားခြင်း၊ သင့်ကို တမင်တကာ ဖြတ်သွားပြီး သင်၏ လက်၊ ပခုံး သို့မဟုတ် နောက်ကျောကို ပွတ်သီသွားခြင်းအပြင်၊ ကျီစယ်သော စကားများကို ပြောဆိုခြင်းတို့ဖြစ်ပြီး ထိုအရာအားလုံးကို တမင်တကာ လုပ်ဆောင်ကြလေသည်။ ဤသည်က ၎င်းတို့၏ စိတ်နှလုံးများသည် ကာမတဏှာဖြင့် ပြည့်နေနှင့်ပြီးဖြစ်ကြောင်း ပြသသည်။ ပုံမှန်အရွယ်ရောက်ပြီးသူများသည် ဆန့်ကျင်ဘက်လိင်ရှိသူများနှင့် ဆက်ဆံသောအခါ နယ်နိမိတ်များ၊ ချင့်ချိန်မှုနှင့် အကန့်အသတ်ဘောင်များကို ထိန်းသိမ်းကြသည်။ ကာမစိတ်ဆန္ဒ၊ အတွေးများ၊ စကား၊ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု သို့မဟုတ် လူများကြားရှိ ရုပ်ပိုင်းဆိုင်ရာ အကွာအဝေးကဲ့သို့သော အရာများနှင့် စပ်လျဉ်း၍ဖြစ်စေ ထိုအရာအားလုံးသည် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အုပ်စိုးခြင်းနှင့် ချုပ်တည်းခြင်းကို ခံရသည်။ သို့သော် ကာမရာဂသောင်းကျန်းပြီး လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သော လူတို့မှာမူ ဤသို့မဟုတ်ပေ။ မည်သည့်အခါသမယတွင်မဆို၊ အနီးဝန်းကျင်တွင် လူမည်မျှ ရှိသည်ဖြစ်စေ သို့မဟုတ် ထိုအချိန်က အခြေအနေ မည်သို့ရှိသည်ဖြစ်စေ၊ ၎င်းတို့၏ ကိုယ်ပိုင်အသက်အရွယ်နှင့် အိမ်ထောင်ရေးအခြေအနေ မည်သို့ပင်ဖြစ်စေ၊ အခြားတစ်ဖက်က ဆန္ဒရှိသည်ဖြစ်စေ သို့မဟုတ် အခြားတစ်ဖက်က ၎င်းတို့ကို စက်ဆုပ်ရွံရှာသည်ဟု ခံစားရသည်ဖြစ်စေ ၎င်းတို့သည် မိမိတို့၏ ကာမစိတ်ဆန္ဒကို လက်လွတ်စပယ် မွေ့လျော်ခံစားလျက်၊ မိမိတို့အလိုရှိသမျှကို လုပ်ဆောင်နေဆဲ ဖြစ်သည်။ ဤသည်ကို လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်းဟု ခေါ်သည်။ ဤကဲ့သို့သော လူများသည် မည်သည့်အရာမျှ၏ ချုပ်တည်းခြင်းကို မခံရပေ။ ၎င်းတို့သည် ကိုယ်ကျင့်တရားဆိုင်ရာ နယ်နိမိတ်များကို လိုက်နာစောင့်ထိန်းခြင်း မရှိကြပေ။ ၎င်းတို့သည် လုံးဝ စိတ်အလိုလိုက်ကြသည်။ ထို့ထက်ပင် ဆိုရလျှင် အချို့လူတို့သည် မိမိတို့၏ စိတ်အလိုလိုက်မှုတွင် မည်မျှအထိ လုပ်ဆောင်ကြသနည်း။ ဆန့်ကျင်ဘက်လိင်၏ ကာမစိတ်နှိုးဆွသော နေရာများကို ပွင့်ပွင့်လင်းလင်း ငမ်းသည်အထိပင် ဖြစ်သည်။ အကယ်၍ ဆန့်ကျင်ဘက်လိင်တစ်ဦးသည် တောက်ပလှပသော မျက်လုံးများ ရှိပါက ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ရှိသည့်အရာကို မျှဝေရန်၊ ထိုသူနှင့် စကားစမြည်ပြောရန် သို့မဟုတ် အလုပ်ဆွေးနွေးရန် မည်သည့်အခွင့်အရေးကိုမဆို ဖန်တီးပြီး ထိုသူ၏ မျက်လုံးများကို စူးစူးစိုက်စိုက် ကြည့်ကြလိမ့်မည်။ အကယ်၍ ဆန့်ကျင်ဘက်လိင်တစ်ဦးသည် ဖြူဖွေး၊ ချောမွေ့နူးညံ့သော အသားအရေ ရှိပါက ၎င်းတို့သည် တမင်တကာဖြစ်စေ၊ အမှတ်တမဲ့ဖြစ်စေ ယင်းကို မကြာခဏ စိုက်ကြည့်ကြသည်။ အကယ်၍ ဆန့်ကျင်ဘက်လိင်တစ်ဦးသည် အရပ်ရှည်ပြီး သွယ်လျသော ကိုယ်လုံးကိုယ်ပေါက် ရှိပါက ၎င်းတို့သည် အနောက်ဘက်မှနေ၍ တိတ်တဆိတ် ကြည့်ရှုပြီး မျက်နှာမလွှဲဘဲ ငမ်းကြသည်။ ဤသည်မှာ ကာမစိတ်ဆန္ဒဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။ ဤကဲ့သို့သော လူများသည် စံသွေသလော။ (စံသွေပါသည်။) အပြာရုပ်ရှင်များ သို့မဟုတ် ၎င်းတို့၏ အမြင်အာရုံဆိုင်ရာ ကာမတဏှာကို ဖြည့်ဆည်းရလောက်အောင်ပင် အမျိုးသမီးများက လျှပ်ပေါ်လော်လီစွာ ဝတ်စားကြသည့် မယ်ကမ္ဘာကဲ့သို့သော အလှမယ်ပြိုင်ပွဲများကို မကြာခဏ ကြည့်ရှုကြသည့် အရွယ်မရောက်သေးသူအချို့ သို့မဟုတ် အိမ်ထောင်သည် အရွယ်ရောက်ပြီးသူအချို့လည်း ရှိသည်။ အရွယ်မရောက်သေးသူအချို့ သို့မဟုတ် အိမ်ထောင်သည် အရွယ်ရောက်ပြီးသူအချို့လည်း ရှိသည်။ ၎င်းတို့သည် ဤသို့ ပို၍ မွေ့လျော်လေ ၎င်းတို့၏ ကာမစိတ်ဆန္ဒနှင့် ရာဂစိတ်ပြင်းထန်သော အတွေးများကို ချုပ်တည်းကာ ထိန်းချုပ်ရန် ပို၍ ခက်ခဲလာလေ ဖြစ်သည်။ ဤသည်မှာ နတ်ဆိုးများ၏ သရုပ်သကန်တစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) ပုံမှန်လူများသည် ဤနည်းလမ်းဖြင့် အသက်ရှင်ကြမည်လော။ ၎င်းတို့သည် ဤနည်းလမ်းဖြင့် ကျင့်ကြံပြုမူကြမည်လော။ (ကျင့်ကြံကြမည် မဟုတ်ပါ။) အရှေ့တိုင်းသားအချို့သည် အတော်အတန် ရှေးရိုးဆန်ကြပြီး အနောက်တိုင်းသို့ ရောက်လာကာ အမျိုးသမီးများစွာက လျှပ်ပေါ်လော်လီစွာ ဝတ်စားကြသည်ကို မြင်သောအခါ သိချင်စိတ်ပြင်းပြပြီး နောက်ထပ် အနည်းငယ် ကြည့်ချင်ကြသော်လည်း အတန်ငယ်ကြာပြီးနောက် ၎င်းတို့ အကျင့်ဖြစ်သွားသောအခါ သိချင်စိတ်မပြင်းပြကြတော့ပေ။ ဤသည်မှာ ပုံမှန်သရုပ်သကန်တစ်ခု ဖြစ်သည်။ လိင်စိတ်ဆန္ဒနှင့်ဆိုင်သည့် ကိစ္စများနှင့် ပတ်သက်၍ အနည်းငယ် သိချင်စိတ်ပြင်းပြသော သို့မဟုတ် ရံဖန်ရံခါတွင် ဓမ္မဓိဋ္ဌာန်ကျသော ပတ်ဝန်းကျင်ကြောင့် ကောက်ကျစ်ဆိုးယုတ်သော ကာမတဏှာအချို့ ဖြစ်ပေါ်လာသော အိမ်ထောင်မရှိသူအချို့လည်း ရှိသည်။ ဤအရာအားလုံးသည် ပုံမှန်ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုများ ဖြစ်သည်။ ဤသည်ကို စံသွေခြင်းဟု ခေါ်၍မရနိုင်ပေ။ သို့သော် နတ်ဆိုးများဖြစ်သော လူတို့မှာမူ သာမန်လူများနှင့် မတူပေ။ ၎င်းတို့၏ စံသွေခြင်းက သာမန်လူများထက် ကျော်လွန်သည်။ ယင်းသည် အထူးသဖြင့် ပုံမှန်မဟုတ်ပေ။ ၎င်းတို့သည် ကာမစိတ်ဆန္ဒအကြောင်းကို သိချင်စိတ်ပြင်းပြရုံမျှသာ မဟုတ်၊ သို့မဟုတ် ပုံမှန်ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုများ သို့မဟုတ် လိုအပ်ချက်များ ရှိနေခြင်း မဟုတ်ပေ။ ၎င်းတို့သည် အကျင့်ပျက်ပြီး လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံကြသည်။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်သော ကာမတဏှာကို မွေ့လျော်သောအခါ အရှက်တရား လုံးဝမရှိကြပေ။ ဤသည်မှာ စံသွေခြင်းဟု ခေါ်သည့်အရာ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အတိုင်းအတာအထိ စံသွေကြသနည်း။ ဆန့်ကျင်ဘက်လိင်၏ အသားအရေ၊ မျက်လုံး၊ ကိုယ်လုံးကိုယ်ပေါက် သို့မဟုတ် ရုပ်ရည်သွင်ပြင်ကို ကြည့်ရုံမျှဖြင့်၊ သို့မဟုတ် ၎င်းတို့၏ အသံကို ကြားရုံမျှဖြင့်ပင်၊ ၎င်းတို့သည် ရာဂစိတ်ပြင်းထန်သော အတွေးများ ဖြစ်ပေါ်လာကြပြီး ထို့နောက်တွင် အခြားသူနှင့် ထိတွေ့ရန် သို့မဟုတ် ရင်းနှီးအောင်လုပ်ရန် ဖြစ်နိုင်သမျှသော အခွင့်အရေးတိုင်းကို ဖန်တီးပြီး ၎င်းတို့၏ ကာမစိတ်ဆန္ဒကို ဖြည့်ဆည်းသည့် လုပ်ရပ်များကို ပို၍ပင် လုပ်ဆောင်ကြသည်။ ဤသည်ကို စံသွေခြင်းဟု ခေါ်သည်။
စံသွေခြင်း၏ နောက်ထပ်သရုပ်သကန်တစ်ခုမှာ ဤလူများသည် မည်သည့်ပတ်ဝန်းကျင်၌ ရှိနေသည်ဖြစ်စေ မတူညီသော ဆန့်ကျင်ဘက်လိင်များ၏ အမြဲ ဝန်းရံခြင်းကို ခံရခြင်း ဖြစ်သည်။ ထိုသို့သောသူတစ်ဦးသည် တစ်ချိန်တည်းတွင် ဆန့်ကျင်ဘက်လိင်အချို့ကို ချဉ်းကပ်ပိုးပန်းလိမ့်မည်ဖြစ်ပြီး လူအများအပြားနှင့် မပြတ်သားသော ဆက်ဆံရေးများကို မကြာခဏ ထိန်းသိမ်းထားလေ့ရှိသည်။ မပြတ်သားသော ဆက်ဆံရေးဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ မိတ်ဆွေသဖွယ်လည်းဖြစ်၊ အချစ်ရေးသဖွယ်လည်းဖြစ်သော ဆက်ဆံရေးတစ်ခုဖြစ်သည်။ ၎င်းတို့ အမှန်တကယ် မည်သည့် ဆက်ဆံရေးမျိုးရှိသည်ကို မည်သူမျှ ရှင်းလင်းစွာ မပြောနိုင်ပေ။ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်နှင့်ပတ်သက်၍ ရှင်းလင်းသော နယ်နိမိတ်များမရှိကြပေ။ ၎င်းတို့၏ ဆက်ဆံရေးများသည် အထူးသဖြင့် မပြတ်မသားဖြစ်သည်၊ စဉ်ဆက်မပြတ် ကျီစယ်ခြင်းများ ရှိနေပြီး အမှုအရာများက မှုန်ဝါးပြီး မရှင်းမလင်းဖြစ်နေသည်။ ဤသရုပ်သကန်များကို ကာမရာဂသောင်းကျန်းသော သဘာဝက အုပ်စိုးထားခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) ကိုယ်ကျင့်တရားနှင့် လူ့ဆက်ဆံရေးဆိုင်ရာ ကျင့်ဝတ်များအရ ယနေ့ကမ္ဘာ၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများသည် ဤသို့သော ဖြစ်စဉ်မျိုးကို ဝေဖန်ခြင်းပင် မပြုတော့ပေ။ လူတို့က ဤသည်ကို တတ်စွမ်းနိုင်ခြင်း၊ ခေတ်ဆန်ခြင်းဟု ခေါ်သည်။ ၎င်းတို့က ထိုအရာကို လိင်ပိုင်းဆိုင်ရာ လွတ်လပ်ခြင်းဟု ခေါ်ကြသည်။ သို့ဖြစ်၍ အချို့လူများသည် ဤအတွေးမျိုးများနှင့် ရှုထောင့်များကို အသင်းတော်ထဲသို့ ယူဆောင်လာကြသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဆန့်ကျင်ဘက်လိင် မည်မျှနှင့် ချစ်ရေးချစ်ရာ ပါဝင်ပတ်သက်မှုရှိသည်ဖြစ်စေ ယင်းမှာ ကျွန်ုပ်၏ လွတ်လပ်ခွင့် ဖြစ်သည်။ ယခုအခါ ဥပဒေကပင် ဤသည်ကို ပြစ်တင်ရှုတ်ချခြင်း မပြုတော့ပါ။ ထို့ကြောင့် ကျွန်ုပ်သည် ဆန့်ကျင်ဘက်လိင် သူငယ်ချင်း မည်မျှနှင့် ချစ်ရေးချစ်ရာ ပါဝင်ပတ်သက်မှုရှိမည်ဟူသည်ကို ရွေးချယ်ပိုင်ခွင့်ရှိသည်။ ကျွန်ုပ်၏ ကာမစိတ်ဆန္ဒအား မည်သို့ကိုင်တွယ်မည်ကို ရွေးချယ်ပိုင်ခွင့်ရှိသည်။ ကျွန်ုပ်သည် မိမိကိုယ်ကို အကျိုးမဲ့စေသောလုပ်ရပ် မလုပ်သင့်ပါ။ ကျွန်ုပ်၏ ကာမစိတ်ဆန္ဒကို အပြည့်အဝ ထုတ်ဖော်ရန် လိုအပ်သည်”ဟု ယုံကြည်ကြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော အကြောင်းပြချက်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) လူ့အဖွဲ့အစည်း၏ ခေတ်ရေစီးကြောင်းများက အားပေးအားမြှောက်ပြုသည့် ထင်မြင်ယူဆချက်များကို လူမည်မျှက သဘောတူသည်ဖြစ်စေ သို့မဟုတ် ထောက်ခံသည်ဖြစ်စေ၊ လူမည်မျှက ယင်းတို့ကိုလက်တွေ့လုပ်ဆောင်သည်ဖြစ်စေ၊ ဘုရားသခင်၏ အိမ်တော်၌ ဤမိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသော အယူအဆများကို “စံသွေခြင်း”ဟု သတ်မှတ်ထားပြီး ဤမိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသော အယူအဆများအား စွဲကိုင်ထားသူများကိုလည်း “စံသွေသောသူ”ဟု သတ်မှတ်ထားသည်။ တိတိကျကျပြောရလျှင် ၎င်းတို့သည် “ကာမရာဂသောင်းကျန်းသူ”နှင့် “လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သောသူ” များ ဖြစ်ကြသည်။ ဤသတ်မှတ်ချက်သည် တိကျသလော။ (တိကျပါသည်။) လူတို့ ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာနှင့် ဗီဇတိုင်းသည် လူ့သဘာဝအပေါ် အခြေခံသော အခြေခံကျသည့် ထိန်းသိမ်းမှုအဆင့်တစ်ခု လိုအပ်သည်။ ဤထိန်းသိမ်းမှုသည် မည်သည့်အရာအပေါ် အမှီပြုသနည်း။ ယင်းသည် လူတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ် အမှီပြုသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားအတွင်းရှိ ရှက်စိတ်သည် လူတစ်ဦး၏ ဇီဝကမ္မဆိုင်ရာ လိုအပ်ချက်များနှင့် ၎င်းတို့၏ ကာမစိတ်ဆန္ဒကို စနစ်တကျ ထိန်းသိမ်းသင့်သည်။ အကယ်၍ သင်သည် ယင်းကို ထိန်းသိမ်းခြင်း သို့မဟုတ် ချုပ်တည်းခြင်း မရှိဘဲ ထိုအစား ကာမစိတ်ဆန္ဒကို မွေ့လျော်ပါက ယင်းကို လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်းဟု ခေါ်သည်။ ယင်းကို ကာမရာဂသောင်းကျန်းခြင်းဟု ခေါ်သည်။ အကယ်၍ သင်သည် ထိုသို့သော သရုပ်သကန်များရှိပါက သင်သည် စံသွေပေသည်။ စံသွေခြင်းသည် အပျက်သဘောဆောင်သော အရာဖြစ်သည်၊ ယင်းသည် လုံးဝ အပြုသဘောဆောင်သော အရာမဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ယင်းသည် လူတို့၏ လူ့သဘာဝက ပိုင်ဆိုင်သော ရှက်စိတ်၏ ကန့်သတ်ချက်ဘောင်များကို ကျော်လွန်သောကြောင့်၊ ဘုရားသခင်က လူတို့ထံမှ တောင်းဆိုသော ပုံမှန်ဆင်ခြင်တုံတရား၏ ကန့်သတ်ချက်ဘောင်များကို ကျော်လွန်သောကြောင့် ဖြစ်သည်။ ယင်းက လူ့သဘာဝ၏ နယ်နိမိတ်များကို ကျော်ဖြတ်ပြီး ညီအစ်ကိုမောင်နှမများ၏ ပုံမှန်ဘဝများကို နှောင့်ယှက်ခြင်းနှင့် ပျက်စီးစေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် စံသွေခြင်းကို ကောက်ကျစ်ဆိုးယုတ်သောအရာတစ်ခုအဖြစ်၊ အပျက်သဘောဆောင်သော အရာတစ်ခုအဖြစ် လုံးဝ သတ်မှတ်ထားခြင်း ဖြစ်သည်။ ယင်းသည် လုံးဝ အပြုသဘောဆောင်သော အရာမဟုတ်ပေ။ အသင်းတော်၊ ဘုရားသခင်၏ အိမ်တော်သည် လိင်ပိုင်းဆိုင်ရာ လွတ်လပ်ခြင်းကို လုံးဝ အားမပေးပေ။ ဘုရားသခင်၏ အိမ်တော်သည် မည်သည့်အရာကို အားပေးသနည်း။ (သိက္ခာရှိပြီး ရည်မွန်ခြင်း၊ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်း ဖြစ်ပါသည်။) ဘုရားသခင်၏ အိမ်တော်သည် သန့်ရှင်းသူတို့၏ တင့်တယ်လျောက်ပတ်သော အမူအကျင့်ရှိခြင်းနှင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် မိမိကိုယ်ကို ကျင့်ကြံပြုမူခြင်းတို့ကို အားပေးသည်။ အနည်းဆုံးအားဖြင့် ကာမစိတ်ဆန္ဒ၊ ဇီဝကမ္မဆိုင်ရာ လိုအပ်ချက်များနှင့် ပတ်သက်လာသည့်အခါ၊ လူတစ်ဦးသည် ရှက်စိတ်ရှိရမည်။ ဆိုလိုသည်မှာ အကယ်၍ သင်သည် အိမ်ထောင်ရေးထဲသို့ ဝင်ရောက်လိုပါက၊ အကယ်၍ သင်သည် ပုံမှန်ချစ်ရေးချစ်ရာဆက်ဆံရေးတစ်ခု ရှိလိုပါက ယင်းသည် လူတို့အတွက် ဘုရားသခင် စီမံထားသော အိမ်ထောင်ရေးဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ဖြစ်ရမည်။ ယင်းသည် သွေးရင်းစပ်ယှက်မှု၊ လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း သို့မဟုတ် ကာမရာဂသောင်းကျန်းခြင်း ပါဝင်၍ မဖြစ်ပေ။ သင် နားလည်သလော။ (နားလည်ပါသည်။)
ခုလေးတင် နတ်ဆိုးများဖြစ်သော လူတို့၏ စံသွေခြင်းနှင့်ဆိုင်သည့် သရုပ်သကန်အချို့ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ သင်တို့အား ပိုင်းခြားသိမြင်မှုအချို့ ရရှိစေရန် ဤအကြောင်းအရာမျိုးကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ခြင်းသည် ကောင်းသလော။ (ကောင်းပါသည်။) သရုပ်သကန်က မည်သည့်အရာပင်ဖြစ်စေ၊ ယင်းသည် သာမန်လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အတိုင်းအတာကို ကျော်လွန်လျှင် သို့မဟုတ် လူတို့၏ ပင်ကိုသဘာဝနှင့် ဗီဇများ၏ အတိုင်းအတာကို ကျော်လွန်သွားလျှင်၊ ယင်းသည် ပုံမှန်မဟုတ်ပေ။ ယင်းသည် နတ်ဆိုးများ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ပြီးသည့်အရာများထဲတွင်၊ မိမိတို့၏အတွေးများနှင့် အပြုအမူများက အထူးသဖြင့် အန္တရာယ်ပြုမည့်လက္ခဏာရှိပြီး ပုံမှန်မဟုတ်သော ထိုလူများအပြင်၊ သိသာထင်ရှားစွာပင် အန္တရာယ်ပြုမည့်လက္ခဏာရှိပြီး ပုံမှန်မဟုတ်သော သရုပ်သကန်များကို မပြသနိုင်သော်လည်း ၎င်းတို့၏ သိသာထင်ရှားသော သရုပ်သကန်က အထူးသဖြင့် ကာမရာဂသောင်းကျန်းကြီးခြင်းနှင့် လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း ဖြစ်သော အခြားလူစားမျိုးတစ်မျိုး ရှိသေးသည်။ ဤသိသာထင်ရှားသော သရုပ်သကန်များရှိခြင်းသည်လည်း ၎င်းတို့၌ နတ်ဆိုးများ၏ စံသွေသော အနှစ်သာရနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာတစ်ခုရှိကြောင်းကို သက်သေပြသည်။ သို့ဆိုလျှင် ဤသိသာထင်ရှားသော သရုပ်သကန်များရှိသည့် လူများသည် နတ်ဆိုးများဖြစ်သည်ဟု သေချာမှုဖြင့် ပြော၍ရနိုင်သလော။ (ရနိုင်ပါသည်။) ၎င်းတို့သည် မိမိတို့၏ ကာမစိတ်ဆန္ဒကို အချိန်မရွေး မွေ့လျော်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ကောက်ကျစ်ဆိုးယုတ်သော ကာမတဏှာဖြင့် ပြည့်လျှံနေပြီး ၎င်းတို့သည် ဇာတိပကတိ၏ ကာမစိတ်ဆန္ဒနှင့် ဆက်စပ်သည့် ကိစ္စရပ်များကို အထူးစိတ်ဝင်စားကြသည်။ ၎င်းတို့၏ စိတ်ဝင်စားမှုသည် ပုံမှန်လူများ၏ ဇီဝကမ္မဆိုင်ရာ လိုအပ်ချက်များကို ကျော်လွန်သည်။ ဆိုလိုသည်မှာ ၎င်းတို့ မည်သည့်အသက်အရွယ်ရှိသည်ဖြစ်စေ၊ မည်သည့်လိင်ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ အိမ်ထောင်ရေးအခြေအနေက မည်သည့်အရာပင်ဖြစ်စေ၊ ဇာတိပကတိ၏ ကာမစိတ်ဆန္ဒနှင့်ဆိုင်သော ၎င်းတို့၏ သရုပ်သကန်များသည် ပုံမှန်လူများ၏ သရုပ်သကန်များကို ကျော်လွန်ပြီး ပုံမှန်လူများ၏ လိုအပ်ချက်များကိုလည်း ကျော်လွန်သည်။ ဤနယ်ပယ်ရှိ ၎င်းတို့၏ သရုပ်သကန်များသည် ပုံမှန်မဟုတ်ဟု ဆိုရန် ဤသည်မှာ လုံလောက်ပေသည်။ ၎င်းတို့ကို သတ်မှတ်ရန် စကားလုံးနှစ်လုံးကို အသုံးပြုရလျှင် ၎င်းတို့သည် အထူးသဖြင့် “ကာမရာဂသောင်းကျန်း”ပြီး “လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့”ကြပေသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ ဇီဝကမ္မဆိုင်ရာ လိုအပ်ချက်များသည် အလွန်အမင်း ပုံမှန်မဟုတ်ပေ။ ၎င်းတို့သည် နယ်ပယ်တစ်ခုခုတွင် အစွမ်းအစတစ်ခုခု သို့မဟုတ် မွေးရာပါ အခြေအနေကောင်းတစ်ခုရှိသော ဆန့်ကျင်ဘက်လိင်တစ်ဦးကို တွေ့မြင်သည့်အခါတိုင်း ၎င်းတို့သည် ရာဂစိတ်ပြင်းထန်သော အတွေးများဖြစ်ပေါ်နိုင်ပြီး ကာမစိတ်ဆန္ဒကို ထုတ်လွှတ်နိုင်သည်။ ဥပမာအားဖြင့် ၎င်းတို့သည် တောက်ပ၊ ဖြောင့်စင်းသော သွားများရှိပြီး အပြုံးက အထူးသဖြင့် လှပပြီး ချိုသာသော သို့မဟုတ် အထူးသဖြင့် လှပသော ဆံပင် သို့မဟုတ် မျက်လုံးများရှိသော ဆန့်ကျင်ဘက်လိင်တစ်ဦးကို တွေ့မြင်သောအခါ ၎င်းတို့သည် ရာဂစိတ်ပြင်းထန်သော အတွေးများရှိနိုင်ကြသည်။ ဆန့်ကျင်ဘက်လိင်၏ မည်သည့်အသွင်အပြင်က ၎င်းတို့အတွက် ကြည့်ကောင်းသည်ဖြစ်စေ သို့မဟုတ် လှပသည်ဖြစ်စေ ၎င်းတို့သည် ရာဂစိတ်ပြင်းထန်သာ အတွေးများရှိနိုင်ကြသည်။ ပြီးလျှင် ၎င်းတို့သည် အခြားသူအတွက် မိမိတို့၏ နှစ်သက်မှုနှင့် တန်ဖိုးထားမှုကို ဖော်ပြသည့် နည်းလမ်းတစ်ခုအဖြစ် ကာမစိတ်ဆန္ဒ ထုတ်လွှတ်ခြင်းကို အသုံးပြုကြသည်။ ဤသည်မှာ စက်ဆုပ်ဖွယ် ကောင်းသည် မဟုတ်လော။ အလွန်အမင်း စက်ဆုပ်ဖွယ်ကောင်းလှသည်။ ကောက်ကျစ်ဆိုးယုတ်သော လူအချို့သည် စကားပြောနေစဉ် မျက်ခုံးအနည်းငယ် ပင့်ခြင်း၊ သို့မဟုတ် ပြုံးလိုက်သောအခါ ပါးချိုင့်များ ပေါ်လာခြင်း သို့မဟုတ် အထူးသဖြင့် စွဲမက်ဖွယ်အကြည့်ကို ပြသခြင်းကဲ့သို့သော ထူးခြားသည့် မျက်နှာအမူအရာတစ်ခု ပြုလုပ်သော ဆန့်ကျင်ဘက်လိင်တစ်ဦးကို တွေ့မြင်သည့်အခါတိုင်း ရာဂစိတ်ပြင်းထန်သော အတွေးများ ဖြစ်ပေါ်လာကြသည်။ ၎င်းတို့၌ ရာဂစိတ်ပြင်းထန်သော အတွေးများ လှုံ့ဆော်ခံရသည့် အကြိမ်နှုန်းနှင့် အရေအတွက်သည် စဉ်းစား၍မရနိုင်သည့်အပြင်၊ စိတ်ကူး၍မရနိုင်သော အရာဖြစ်သည်။ ပုံမှန်လူများကမူ “တစ်စုံတစ်ယောက်က ကြည့်ကောင်းလျှင်၊ သူတို့ကို တစ်ချက်နှစ်ချက် အပိုကြည့်ခြင်းက ကိစ္စမရှိပါ။ သို့သော်၊ ယင်းက ရာဂစိတ်ပြင်းထန်သော အတွေးများဖြစ်ပေါ်စေပြီး ကာမစိတ်ဆန္ဒကို ထုတ်လွှတ်စေသည်အထိ မည်သို့ဖြစ်နိုင်မည်နည်း။ ယင်းမှာ ဖောက်ပြန်ခြင်း မဟုတ်လော”ဟု နားမလည်နိုင်သောအရာအဖြစ်သာ မြင်ကြသည်။ ပုံမှန်လူများက ရာဂစိတ်ပြင်းထန်သော အတွေးများကို လှုံ့ဆော်မည်မဟုတ်ဟု ထင်သော အရာများသည် ကောက်ကျစ်ဆိုးယုတ်သော လူများကို ရာဂစိတ်ပြင်းထန်သော အတွေးများ ရှိစေနိုင်ပြီး ကာမတဏှာကို ထုတ်လွှတ်စေနိုင်ကာ ပုံမှန်လူများကမူ ယင်းကို နားမလည်နိုင်ကြပေ။ ဤသည်ကို စံသွေခြင်းဟု ခေါ်သည်။ ရိုးရှင်းသော ဝေါဟာရဖြင့်ပြောရလျှင်၊ ယင်းကို ဖောက်ပြန်ခြင်း၊ အမူအကျင့်ပျက်ပြားခြင်းဟု ခေါ်သည်။ အချို့အမျိုးသမီးများသည် ကောင်းစွာဖွံ့ဖြိုးသော ကြွက်သားများ၊ ထင်ရှားပေါ်လွင်သော မျက်နှာသွင်ပြင်များနှင့် အရပ်မြင့်သော အမျိုးသားတစ်ဦးကို တွေ့မြင်သည့်အခါတွင်ပင် ရာဂစိတ်ပြင်းထန်သော အတွေးများ ရှိနိုင်သည်။ သို့မဟုတ် ၎င်းတို့သည် ကျွမ်းကျင်မှုအချို့၊ အစွမ်းအစအချို့ပြီး ထို့အပြင် ကြွယ်ဝခြင်းနှင့် အဆင့်အတန်းရှိသော အမျိုးသားတစ်ဦးကို တွေ့မြင်သောအခါ ၎င်းတို့အတွင်း၌ ရာဂစိတ်ပြင်းထန်သော အတွေးများ စဉ်ဆက်မပြတ် လှုံ့ဆော်ခံနေရသည်။ ၎င်းတို့သည် သူ့ကို တန်ဖိုးထားခြင်းမျှ သို့မဟုတ် သူသည် ရည်မွန်သည်ဟု ထင်ကြခြင်းမျှ သူ့အပေါ် အနည်းငယ် နှစ်သက်မှု ခံစားရပြီး သူနှင့် ချစ်ရေးချစ်ရာ ပါဝင်ပတ်သက်လိုခြင်း သို့မဟုတ် ဆက်ဆံရေးတစ်ခုကို လိုက်စားလိုခြင်းမျှသာ မဟုတ်ပေ။ ထို့ထက်၊ သူနှင့်ပတ်သက်သော ရာဂစိတ်ပြင်းထန်သော အတွေးများသည် ၎င်းတို့အတွင်း၌ စဉ်ဆက်မပြတ် လှုံ့ဆော်ခံနေရသည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ စက်ဆုပ်ဖွယ် ကောင်းသည် မဟုတ်လော။ ဤသည်မှာ စံသွေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ရာဂစိတ်ပြင်းထန်သော အတွေးများ မကြာခဏ လှုံ့ဆော်ခံရခြင်းသည် ပုံမှန်မဟုတ်ပေ၊ ယင်းသည် စံသွေခြင်း ဖြစ်သည်။
နတ်ဆိုးများမှ လူဝင်စားသော လူများထဲရှိ ကာမရာဂသောင်းကျန်းခြင်းနှင့် လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း၏ သရုပ်သကန်များနှင့်ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်မည်။ ယခု “လိင်မှုကိစ္စ စေ့ဆော်ခြင်း” အကြောင်း ပြောကြစို့။ လိင်မှုကိစ္စ စေ့ဆော်ခြင်းသည် အမှန်တကယ်တွင် ကာမရာဂသောင်းကျန်းခြင်း၊ လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း နှစ်မျိုးစလုံးနှင့် ဆက်စပ်သည်။ ယင်းမှာ တူညီသော အရာတစ်ခုကို မတူညီသော ရှုထောင့်အမြင်မှ ပြောဆိုသည့် နည်းလမ်းတစ်ခုမျှသာ ဖြစ်သည်။ ယင်းက အချို့သောလူတို့သည် ဆန့်ကျင်ဘက်လိင်ကို သွေးဆောင်ဖြားယောင်းရန်နှင့် ၎င်းတို့အပေါ် ကောင်းသော ထင်မြင်ချက်တစ်ခုဖြစ်စေရန်အလို့ငှာ ၎င်းတို့၏ ရှေ့မှောက်တွင် မိမိတို့၏ ကာမသွေးဆောင်သော ညှို့ဓာတ်များကို မကြာခဏ ကြွားလုံးထုတ်ပုံအား ရည်ညွှန်းသည်။ ဥပမာအားဖြင့်၊ အချို့သော အမျိုးသမီးများသည် နှုတ်ခမ်းနီကို အထင်းသား နီရဲပြီး ဆွဲဆောင်မှုရှိစွာ ဆိုးခြင်း၊ ၎င်းတို့၏မျက်လုံးများကို မိတ်ကပ်ဖြင့် အလွန်ညှို့ဓာတ်ပြင်းသောပုံပေါက်စေခြင်းနှင့် အသက်အတော်ပင် ကြီးနေသော်လည်း ပါးနီကိုပင် လိမ်းခြယ်ခြင်းတို့အား နှစ်သက်ကြသည်။ ဝတ်စုံများ ရွေးချယ်သည့်အခါတွင်၊ ၎င်းတို့သည် ညှို့ဓာတ်ကောင်းခြင်း၊ ညှို့ယူဖမ်းစားခြင်းနှင့် လည်ပြန်ကြည့်ခံရခြင်းတို့အပေါ် အမြဲ အာရုံစိုက်ကြသည်။ စကားပြောသည့်အခါတွင်၊ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်ကို ညှို့ယူဖမ်းစားနိုင်သည့် နည်းလမ်းဖြင့် ကျီစယ်သော သို့မဟုတ် ချစ်စဖွယ်ဖြစ်အောင် ပြုမူသော အမူအရာ၊ စသည်တို့ဖြင့် ပြောဆိုရန် အလေးထားကြသည်။ အချို့သော အမျိုးသားများသည် အမျိုးသမီးများအတွက် မှီခိုအားထားရန် ခွန်အားကြီးသော လက်မောင်းများရှိသည့် သူရဲကောင်းများအဖြစ် မိမိတို့ကိုယ်ကို မကြာခဏ ပြသကြသည်။ ၎င်းတို့သည် မိမိတို့၏ ဝမ်းဗိုက်ကြွက်သားများကို ထုတ်ပြရန် အင်္ကျီများကို အသင့်ချွတ်ပြလျက်၊ ဤနည်းလမ်းများကို ဆန့်ကျင်ဘက်လိင်အား ဆွဲဆောင်ရန် အသုံးပြုလျက်၊ အမျိုးသမီးများရှေ့တွင် မိမိတို့၏ ကြွက်သားများကို မကြာခဏ ထုတ်ကြွားကြသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ ဆန့်ကျင်ဘက်လိင်များက ၎င်းတို့အပေါ် ကောင်းသော အထင်အမြင်ရှိစေရန် သို့မဟုတ် ချိန်းတွေ့ရန် တစ်စုံတစ်ဦးကို ရှာတွေ့ရန်မျှသာ မဟုတ်ဘဲ၊ ထို့ထက် ဆန့်ကျင်ဘက်လိင်များကို သွေးဆောင်ဖြားယောင်းရန်၊ ထိုသူတို့ကို စိတ်ဝင်စားလာစေရန်အပြင်၊ ထို့နောက်တွင် ကာမစိတ်ဆန္ဒထဲတွင် ထိုသူတို့ကို ပိတ်မိစေရန် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ရည်ရွယ်ချက် ဖြစ်သည်။ ဤသည်မှာ ကာမဂုဏ်အာရုံ စေ့ဆော်တတ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ စေ့ဆော်တတ်ခြင်း ဖြစ်သည်။ ဘာသာတရား မရှိသူများက ထိုသို့သော လူများကို “ပိုင်းလုံးများ”ဟု ခေါ်ကြသည်။ ဤသို့ “ပိုင်းလုံးများ”သည် မည်သို့သောအရာများကို လုပ်ဆောင်ကြသနည်း။ အကယ်၍ အမျိုးသမီးတစ်ဦးဖြစ်ပါက သူရွေးချယ်သော နှုတ်ခမ်းနီနှင့်ပတ်သက်၍ပင် သူသည် ဇီဇာကြောင်သည်။ သူသည် သာမန်နှုတ်ခမ်းဆီကို အသုံးမပြုသည့်အပြင်၊ သိက္ခာရှိပြီး ရည်မွန်သောလူများ အသုံးပြုသည့် နှုတ်ခမ်းနီများကိုလည်း လုံလောက်အောင် အဆင့်အတန်းမီခြင်းမရှိဟု မြင်လျက် မထီမဲ့မြင်ပြုသည်။ သူသည် လိမ်းလိုက်သည့်အခါ သူ၏ နှုတ်ခမ်းများကို အထူးသဖြင့် ရမ္မက်ကြွစေပြီး ညှို့ဓာတ်ပါသောပုံပေါက်စေသည့် ဆွဲဆောင်မှုရှိသော အရောင်များကို အထူးတလည် ရွေးချယ်သည်။ ယင်း၏ ရည်ရွယ်ချက်မှာ ယောက်ျားများ၏ စိတ်နှလုံးကို လှုပ်ရှားစေရန်၊ ၎င်းတို့ကို နှစ်သက်ကြည်နူးစေရန်နှင့် ၎င်းတို့ကို လုံးဝ အရူးအမူး စွဲလန်းစေပြီး သူ့ကို ချစ်ကြိုက်သွားစေရန် ဖြစ်သည်။ ယောက်ျားများနှင့် သူ၏ အပြန်အလှန်ဆက်ဆံမှုများတွင် သူသည် ၎င်းတို့ကို သွေးဆောင်ဖြားယောင်းမည့် ရည်ရွယ်ချက်ဖြင့် ကာမစိတ်ဆန္ဒကို ထုတ်လွှတ်လျက် စေ့ဆော်တတ်သော အပြုအမူများကို မကြာခဏ ထုတ်ဖော်ပြသည်။ ယောက်ျားများပိုရှိလေ၊ အထူးသဖြင့် သူနှစ်သက်သော ယောက်ျားအမျိုးအစားများ ပို၍ရှိလေ၊ သူသည် ပို၍ တက်ကြွပြီး လှုပ်ရှားလာလေဖြစ်ကာ၊ မိမိ၏ စကားပြောကောင်းခြင်းကို ကြွားဝါလျက်၊ ပို၍ အဆင့်မြင့် ယဉ်ကျေးဖွယ်သော ဝေါဟာရများကို အသုံးပြုလျက်၊ သူ၏ မျက်နှာအမူအရာများကို အထူးဂရုပြုကာ အထူးသဖြင့် ကျီစယ်သောပုံစံဖြင့် ဝတ်စားဆင်ယင်လျက်၊ မိမိကိုယ်ကို ပြသရန် အစွမ်းကုန် ကြိုးစားလေ ဖြစ်သည်။ ဤသည်ကို စေ့ဆော်တတ်ခြင်းဟု ခေါ်သည်။ စေ့ဆော်တတ်သောလူများနှင့် ကာမရာဂသောင်းကျန်းသောလူများကြားတွင် ခြားနားချက် ရှိသလော။ ၎င်းတို့သည် အမျိုးအစားတူညီကြသလော။ (တူပါသည်။) ၎င်းတို့သည် အကျင့်ပျက်ရာတွင် တစ်မျိုးတစ်စားတည်းဖြစ်ကြသည်။ တစ်ဦးက တက်ကြွစွာ သွေးဆောင်ဖြားယောင်းပြီး အခြားတစ်ဦးက တက်ကြွစွာ ကာမရာဂသောင်းကျန်းခြင်းတွင် ပါဝင်လုပ်ဆောင်သည်။ ဤအရာနှစ်ခုလုံးသည် ကာမစိတ်ဆန္ဒကို မွေ့လျော်ခြင်း၏ သရုပ်သကန်များ၊ လျှံထွက်နေသော ကာမစိတ်ဆန္ဒနှင့် အကျင့်ပျက်ခြင်း၏ သရုပ်သကန်များဖြစ်ကြပြီး အားလုံးကို စံသွေသော သဘာဝ အနှစ်သာရက စိုးမိုးထားသည်။ ဤစေ့ဆော်တတ်သော လူစားမျိုးများသည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ အသက်အရွယ် သို့မဟုတ် အိမ်ထောင်ရေး အခြေအနေ မည်သို့ပင်ရှိစေကာမူ မည်သည့်အခြေအနေတွင်မဆို ၎င်းတို့၏ အပြုအမူကို မချုပ်တည်းကြသည့်အပြင်၊ ၎င်းတို့၏ ကာမစိတ်ဆန္ဒကိုလည်း ထိန်းချုပ်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း မပြုကြပေ။ ထိုအစား ၎င်းတို့သည် အကျင့်ပျက်ပြီး လက်လွတ်စပယ်ကြည့်နေကြသည်၊ တက်ကြွစွာပင် ရှေ့တိုးလုပ်ဆောင်ကြသည်၊ ၎င်းတို့သည် အထူးအဝတ်အစား ဝတ်ဆင်ခြင်း၊ အထူးအမူအရာများ၊ အထူးဘာသာစကား၊ အထူးစကားပြောပုံပြောနည်းများ အသုံးပြုခြင်းနှင့် ဆန့်ကျင်ဘက်လိင်၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန်၊ ၎င်းတို့ကို စကားစမြည်ပြောဆိုအောင် သွေးဆောင်ရန်၊ ၎င်းတို့ကို ငါးစာဟပ်စေရန် စသည်တို့အတွက် အချို့သော အထူးအမှုအရာများကို လုပ်ဆောင်ကြသည်။ ထို့ကြောင့် ထိုသို့သော လူများသည် ကာမရာဂသောင်းကျန်းရုံမျှသာမက စေ့ဆော်လည်းစေ့ဆော်တတ်ကြသည်။ “စေ့ဆော်တတ်သော” ဟူသည့် စကားလုံးသည် အမှန်ပင် အတော်လေး စက်ဆုပ်ဖွယ်ကောင်းသည်။ တိုတိုပြောရလျှင်၊ ထိုသို့သော လူများသည် ကာမရာဂသောင်းကျန်းခြင်းကို ပြသည်ဖြစ်စေ၊ စေ့ဆော်တတ်ခြင်းကို ပြသသည်ဖြစ်စေ၊ ၎င်းတို့ ကာမစိတ်ဆန္ဒကို ထုတ်လွှတ်သည့် နည်းလမ်းမှာ လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်းဖြစ်သည်၊ ၎င်းတို့ ကာမစိတ်ဆန္ဒကို ထုတ်လွှတ်ခြင်း၏ သဘောသဘာဝမှာ လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ အနှစ်သာရမှာ စံသွေခြင်း ဖြစ်သည်။ ထိုသို့သော လူများ၏ သရုပ်သကန်များသည် ကာမရာဂသောင်းကျန်းသည်ဖြစ်စေ၊ စေ့ဆော်တတ်သည်ဖြစ်စေ ပုံမှန်လူများ၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ကျော်လွန်နေပြီး ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ ချုပ်တည်းမှု ကင်းမဲ့နေသည်။ ထို့ကြောင့် ထိုသို့သော လူများသည် ကောက်ကျစ်ဆိုးယုတ်သောလူများ စစ်စစ် ဖြစ်ကြသည်။ ထိုအရာကို သင် မည်သို့ပင် ကြည့်သည်ဖြစ်စေ ၎င်းတို့သည် လူကောင်းများမဟုတ်ဘဲ နတ်ဆိုးများ ဖြစ်ကြသည်။ မည်သည့်အုပ်စုတွင်မဆို ထိုသို့သော နတ်ဆိုးတစ်ကောင် ရှိနေခြင်းသည်ပင်လျှင် အနှောင့်အယှက် ဖြစ်စေလိမ့်မည်။ သိက္ခာရှိပြီး ရည်မွန်သောလူများသည် ၎င်းတို့ကို စက်ဆုပ်ကြစဉ်တွင်၊ ဝိညာဉ်ရင့်ကျက်မှု နည်းပါးသူများ သို့မဟုတ် မည်သည့် ပိုင်းခြားသိမြင်မှု သို့မဟုတ် ရပ်တည်ချက် ဘာဆိုဘာမျှမရှိသူများ၊ အထူးသဖြင့် တိရစ္ဆာန်များမှ လူဝင်စားသူများသည် ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို မကြာခဏ ခံကြရပြီး ၎င်းတို့၏ နှောင့်ယှက်မှုကို ခံစားကြရသည်။ အချုပ်အားဖြင့်ဆိုသော် ဤကောက်ကျစ်ဆိုးယုတ်သော သရုပ်သကန်များကို ပြသသည့် နတ်ဆိုးများသည် မည်သူ့ကိုမျှ မည်သည့်အကျိုးကျေးဇူး သို့မဟုတ် အကူအညီကိုမျှ မဖြစ်စေဘဲ ၎င်းတို့ရှိနေသည့် မည်သည့်အုပ်စုတွင်မဆို ဘေးဆိုးတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်၊ ၎င်းတို့၏ ကာမစိတ်ဆန္ဒသည် အချို့သောလူများ၏ နေ့စဉ်အသက်တာများနှင့် ပုံမှန်အတွေးများကို မကြာခဏ နှောင့်ယှက်လျက် မကြာခဏ လျှံထွက်နေသောကြောင့် ဖြစ်သည်။
ငါ့ကို ပြောလော့၊ ဤကာမရာဂသောင်းကျန်းသော၊ လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သော၊ စေ့ဆော်တတ်သော အမျိုးအစားဝင်ဖြစ်သည့် ကောက်ကျစ်ဆိုးယုတ်သည့်လူများကို ပိုင်းခြားသိမြင်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) အရွယ်ရောက်ပြီးသူများက ၎င်းတို့ကို ပိုင်းခြားသိမြင်နိုင်ပြီး ယခုခေတ်တွင် အရွယ်မရောက်သေးသော ကလေးများပင် ပိုင်းခြားသိမြင်ကောင်း သိမြင်နိုင်ပေမည်။ ထို့ကြောင့် လူအများစုသည် နတ်ဆိုးများ၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရရှိသူများနှင့် ကြုံတွေ့ရသည့်အခါ ခံစားမှုတစ်ခုခု၊ ပိုင်းခြားသိမြင်မှုတစ်ခုခု ရှိသင့်သည်။ ၎င်းတို့သည် မခွဲခြားနိုင်အောင်ပင် အလွန်မိုက်မဲကြမည် မဟုတ်ပေ။ သို့ဖြစ်၍ သင်တို့သည် ထိုသို့သော လူများနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့အား မည်သို့သဘောထားရမည်ကို သိကြသလော။ သင်တို့သည် ၎င်းတို့ကို ငြင်းပယ်လိမ့်မည်လော။ အကယ်၍ သင်သည် သင်၏ အကြိုက်နှင့်မကိုက်သော တစ်စုံတစ်ဦးကို တွေ့ဆုံပါက ၎င်းကို ငြင်းပယ်ကောင်း ငြင်းပယ်ပေမည်။ သို့သော် အကယ်၍ သင်၏ အကြိုက်နှင့် အမှန်တကယ် ကိုက်ညီသော တစ်စုံတစ်ဦး၊ သင်၏ အိမ်မက်ထဲက ချစ်သူ၊ သင်၏ စံပြအိမ်ထောင်ဖက် ဖြစ်နေပါက သင်သည် ၎င်းတို့ကို ငြင်းပယ်ရန် လွယ်ကူမည်လော။ ၎င်းတို့သည် ဤလူစားမျိုးဖြစ်ကြောင်း သင် ရှင်းလင်းစွာ သိသော်လည်း ၎င်းတို့၏ ရုပ်ရည်က အလွန်ညှို့ယူဖမ်းစားသောကြောင့် သို့မဟုတ် ၎င်းတို့၏ အားသာချက်တစ်ခုခုက သင့်ကို အလွန်အမင်း စိတ်လှုပ်ရှားစေသောကြောင့် ၎င်းတို့သည် သင်၏ စိတ်နှလုံးကို ခိုးယူပြီး သင့်ကို စွဲဆောင်သွားသည်။ ဤအခြေအနေမျိုးတွင် သင့်အတွက် ၎င်းတို့ကို ငြင်းပယ်ရန် ခက်ခဲလာသည်။ အကယ်၍ သင်သည် ၎င်းတို့ကို မငြင်းပယ်ပါက သင် အန္တရာယ်ရှိနေသည် မဟုတ်လော။ (ဟုတ်ပါသည်၊ ယင်းမှာ စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်ခြင်း ဖြစ်ပါသည်။) ယင်းမှာ စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်ခြင်းမျှသာဖြစ်သလော။ ဤသည်မှာ ကာမစိတ်ဆန္ဒ၏ ဝဲဂယက်ထဲသို့ ကျရောက်ခြင်း ဖြစ်သည်။ ကာမစိတ်ဆန္ဒ၏ ဝဲဂယက်ထဲတွင် မိနေသော တစ်စုံတစ်ဦးအတွက် မိမိကိုယ်ကို ရုန်းထွက်ရန် လွယ်ကူသလော။ (မလွယ်ကူပါ။) ၎င်းတို့သည် သင့်ကို ပူပန်မှုနှင့် အလေးထားမှု၊ ချစ်ခြင်းနှင့် ဂရုစိုက်မှုတို့ကို ပြသသည့်အပြင် သင့်ကို သေးငယ်သော မျက်နှာသာပေးမှုများအား စဉ်ဆက်မပြတ် ပေးကြသည်။ သင်က၊ “ကမ္ဘာလောကတွင် ငါ့ကို ဤမျှကောင်းစွာ ဆက်ဆံသည့်သူ အခြားမည်သူမျှ မရှိပါ။ ဤသည်မှာ ငါ၏ စိတ်ကူးထဲက မင်းသားလေး၊ ငါ၏အိမ်မက်ထဲက ချစ်သူပင် ဖြစ်သည်”ဟု တွေးလျက် ထူးခြားစွာ စိတ်ထဲတွင် နွေးထွေးမှု ခံစားကြသည်။ အကယ်၍ ၎င်းတို့က ကာမရာဂသောင်းကျန်းပြီး လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သော လူတစ်ဦးဖြစ်ပါက ၎င်းတို့သည် အခြားသူများကိုလည်း ထိုနည်းတူ ဆက်ဆံသည်ကို သင် သဘောပေါက်ရန် ပျက်ကွက်လေသည်။ သင်သည် ၎င်းတို့၏ ဆန့်ကျင်ဘက်လိင် သူငယ်ချင်းအားလုံးထဲမှ တစ်ဦးမျှသာ ဖြစ်သည်။ ၎င်းတို့အတွက်မူ သင်သည် ၎င်းတို့၏ ရှည်လျားသော ဘဝခရီးတွင် ၎င်းတို့ ဖြတ်သွားသည့် တစ်စုံတစ်ဦး၊ ခရီးတစ်ထောက်နားရာ စခန်းတစ်ခုမျှသာ ဖြစ်သည်။ ၎င်းတို့သည် သင်နှင့် လုံလောက်သော ပျော်ရွှင်မှုရရှိပြီးနောက် သင်သည် ၎င်းတို့အတွက် မည်သည့် ဆွဲဆောင်မှုမျှ မရှိတော့သည့်အခါ ၎င်းတို့ စွန့်ပစ်မည့် တစ်စုံတစ်ဦး ဖြစ်လာသည်။ ၎င်းတို့သည် သင့်ကို အဝတ်တစ်ထည် သို့မဟုတ် အဝတ်စုတ်တစ်စကို လွှင့်ပစ်သကဲ့သို့ ရက်စက်စွာ စွန့်ပစ်ကြပြီး ထိုအခါတွင် သင်သည် နာကျင်မှုကို ခံစားရလိမ့်မည်။ ၎င်းတို့က သင့်ကို စွန့်ပစ်ရန် ဆုံးဖြတ်သည့်အခါ သင်၏ ငိုကြွေးခြင်းသည် အချည်းနှီးဖြစ်သည်၊ ၎င်းတို့ကို သင်၏ တောင်းပန်ခြင်းသည် အချည်းနှီးဖြစ်သည်၊ ၎င်းတို့၏ ရှေ့မှောက်တွင် သင် ဒူးထောက်ခြင်းသည်ပင် အချည်းနှီးဖြစ်သည်၊ အချို့လူများက ကိုယ့်ကိုယ်ကိုယ်ပင် သတ်သေကြသည်။ ယင်းမှာလည်း အချည်းနှီးဖြစ်သည်။ မည်သည့်အရာကမျှ ၎င်းတို့ကို စိတ်လှုပ်ရှားစေနိုင်ခြင်း မရှိပေ။ ၎င်းတို့သည် သင့်အပေါ် လိင်ပိုင်းဆိုင်ရာ လိုအပ်ချက်များ မရှိတော့သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် သင့်အတွက် မည်သည့်ခံစားချက်မျှ မရှိတော့ကြောင်း၊ သင့်ကို မချစ်တော့ကြောင်း ပြောဆိုကြလိမ့်မည်ဖြစ်ပြီး သင့်ကို အစားထိုးရန် နောက်ထပ် သားကောင်ကို ရှာဖွေကြလိမ့်မည်။ ထိုအခါတွင် သင်သည် ထိုသို့သော လူများသည် သင့်လျော်သော အိမ်ထောင်ဖက်များ မဟုတ်ကြောင်း၊ စိတ်ကူးထဲမှ မင်းသားလေး၊ ရည်ငံသူ သို့မဟုတ် အိမ်မက်ထဲက ချစ်သူဟူသော စိတ်ကူးသည် လှည့်ဖြားတတ်သော လှည့်ကွက်တစ်ခုမျှသာဖြစ်ကြောင်း ရှာဖွေတွေ့ရှိပြီး ထိုအခါမှသာ သင်သည် ကာမစိတ်ဆန္ဒက စစ်မှန်သော အချစ်မဟုတ်ကြောင်း သဘောပေါက်လေသည်။ ထိုသို့သော ကာမရာဂသောင်းကျန်းပြီး လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သော လူများသည် မည်သူနှင့်ပင် ချိန်းတွေ့သည်ဖြစ်စေ ၎င်းတို့တွင် ကာမစိတ်ဆန္ဒသာရှိပြီး စစ်မှန်သော အချစ်မရှိပေ။ ၎င်းတို့သည် သင်နှင့် ထာဝစဉ် အတူရှိရန် သို့မဟုတ် မည်သည့်တာဝန်ကိုမဆို ဖြည့်ဆည်းရန် မည်သည့် ရည်ရွယ်ချက်မျှ မရှိပေ။ ၎င်းတို့သည် ကာမစိတ်ဆန္ဒ ကစားပွဲတွင်သာ မွေ့လျော်ကြသည်။ ၎င်းတို့ အပျော် အလုံအလောက် ရရှိပြီး ၎င်းတို့၏ ကာမစိတ်ဆန္ဒ ပြည့်ဝသွားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် သင့်ကို လှည့်ပင်ကြည့်ချင်မည် မဟုတ်သည့်အပြင်၊ သင့်ကို သနားရန်ပင် စိတ်အနှောင့်အယှက်ခံမည် မဟုတ်ပေ။ ၎င်းတို့ ချစ်သူအသစ်ကို ရှာတွေ့သည်နှင့်တစ်ပြိုင်နက် သင်သည် အချစ်ဟောင်းတစ်ဦး ဖြစ်လာပြီး ထိုအခါ သင်လုပ်နိုင်သမျှမှာ ငိုကြွေးမြည်တမ်းရန်သာ ဖြစ်သည်။ သို့ဖြစ်၍ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ချိန်းတွေ့သည့်အခါ သို့မဟုတ် လက်တွဲဖော်ရှာသည့်အခါ တစ်ခါတစ်ရံတွင် ထိုသို့သော ကောက်ကျစ်ဆိုးယုတ်သည့်လူများနှင့် ကြုံတွေ့ရတတ်သည်။ ၎င်းတို့သည် သင့်အပေါ် ရာဂစိတ်ပြင်းထန်သော အတွေးများ ဖြစ်ပေါ်လာပြီး သင့်ကို ၎င်းတို့၏ ထောင်ချောက်ထဲသို့ သွေးဆောင်ဖြားယောင်းသော်လည်း သင်ကမူ ၎င်းတို့သည် သင့်ကို အမှန်တကယ် ချစ်သည်ဟု ယုံကြည်ပြီး သင်၏ ဘဝပျော်ရွှင်မှုကို ထိုသို့သော လူတစ်ဦးထံ အပ်နှံလိုက်သည်။ သင် ဘေးဖယ်ခြင်းခံရပြီး စွန့်ပစ်ခြင်းခံရသည့်အခါမှသာ သင်သည် ၎င်းတို့ကို တလွဲအကဲဖြတ်ခဲ့ကြောင်း၊ ဤလူသည် တာဝန်များကို ဖြည့်ဆည်းနိုင်သည့် လူ့သဘာဝရှိသူတစ်ဦး မဟုတ်ဘဲ ကာမရာဂသောင်းကျန်းပြီး လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သော လူတစ်ဦးဖြစ်ကြောင်း သဘောပေါက်လေသည်။ ထိုအချိန်တွင် နောင်တရရန် နောက်ကျသွားပြီဖြစ်သည်၊ ဤသည်မှာ အိမ်ထောင်ရေးနှင့်ပတ်သက်လာသည့်အခါ ခက်ခဲကြမ်းတမ်းသော လမ်းလွှဲတစ်ခုကို လျှောက်လှမ်းခြင်း ဖြစ်သည်။ ပုံမှန်လူ့သဘာဝရှိသူတစ်ဦးအတွက် ကစားခံရသည့် အတွေ့အကြုံသည် တစ်သက်တာ နာကျင်မှုကို ဖြစ်စေနိုင်သော်လည်း နတ်ဆိုးများသည် လူမည်မျှကို ၎င်းတို့ ကစားသည်ဖြစ်စေ ဂရုမစိုက်ဖြစ်မြဲဖြစ်နေကြသည်။ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်ရှိသူများကို ပို၍ပင် ချဉ်းကပ်ပိုးပန်းပြီး ကစားနိုင်မည်ဟု စိတ်အားထက်သန်စွာ ဆန္ဒရှိလျက် ကံကောင်းသည်ဟု ခံစားရသည်၊ ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး၊ ကျေနပ်သည်ဟုပင် ခံစားကြရသည်။ ၎င်းတို့က ဤအရာကို ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် တတ်စွမ်းနိုင်ခြင်းဟုခေါ်ဆိုလျက် တစ်သက်တာ၏ ပျော်ရွှင်မှုအဖြစ် မှတ်ယူကြသည်။ ပုံမှန်လူများသည် ၎င်းတို့နှင့် ဆက်ဆံရသည့် ဒဏ်ကို မခံနိုင်ကြပေ။ သို့ဖြစ်၍ သင်သည် ဆက်ဆံရေးတစ်ခု ရှိလိုပါက သင်၏ မျက်စိကို ဖွင့်ထားပြီး အမှုအရာများကို ရှင်းလင်းစွာ မြင်အောင်ကြည့်လော့၊ သင် မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ နတ်ဆိုးတစ်ကောင်ကို မရွေးချယ်မိစေနှင့်။ အကယ်၍ သင်သည် ပုံမှန်လူတစ်ဦးနှင့် ချိန်းတွေ့ပါက သင်တို့ လမ်းခွဲကြလျှင်ပင် ၎င်းက သင့်ကို အကြီးအကျယ် ထိခိုက်စေမည် မဟုတ်ပေ၊ အနည်းဆုံးအနေဖြင့် သင်တို့သည် သာမန်သူငယ်ချင်းများအဖြစ် ဆက်ရှိနေနိုင်သေးသည်။ သို့သော် အကယ်၍ သင်သည် နတ်ဆိုးတစ်ကောင်နှင့် ပတ်သက်မိလျှင် သင်၏ ဘဝတစ်ခုလုံးသည် ၎င်း၏ လက်ထဲတွင် ပျက်စီးသွားလိမ့်မည်။ ငါ့ကို ပြောလော့၊ ပုံမှန်လူတစ်ဦးတွင် ရိုးသားမှုနှင့် စစ်မှန်သော ချစ်ခင်တွယ်တာမှု မည်မျှရှိသနည်း။ ဤဘဝတစ်သက်တာတွင် ၎င်းတို့၌ အားအင်မည်မျှ ရှိသနည်း။ အကယ်၍ သင် တစ်စုံတစ်ဦးနှင့် ချစ်သူဖြစ်သည့်အခါတိုင်း သင်သည် လှည့်စားခံရခြင်းနှင့် ကစားခံရခြင်းတို့ဖြင့် လှည့်စားခံရပါက၊ အဆုံးတွင် သင်၏ ဘဝလမ်းကြောင်းတစ်ခုလုံးကို ဤအရိပ်အောက်တွင် လျှောက်လှမ်းရလိမ့်မည်ဖြစ်ပြီး အလွန်နာကျင်ဖွယ်ကောင်းသော ဘဝတစ်ခုကို ပိုင်ဆိုင်ရလိမ့်မည်။ ထို့ကြောင့် ဆန့်ကျင်ဘက်လိင်နှင့် ချိန်းတွေ့သည်ဖြစ်စေ၊ ပေါင်းသင်းဆက်ဆံသည်ဖြစ်စေ သင် သတိအထားသင့်ဆုံးသောသူများမှာ ဤကာမရာဂသောင်းကျန်းပြီး လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သော လူများ ဖြစ်ကြသည်။ သင်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အကယ်၍ သင်သည် လူများကို ထွင်းဖောက်မြင်နိုင်ခြင်းမရှိသည့်အပြင်၊ အခြားတစ်စုံတစ်ဦးသည် ကာမရာဂသောင်းကျန်းပြီး လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း ရှိမရှိ မသိပါက လှည့်စားခံရခြင်းနှင့် တစ်သက်တာ နောင်တရခြင်းတို့ကို ရှောင်ရှားရန်အလို့ငှာ ၎င်းတို့နှင့် မဆင်မခြင် ပေါင်းသင်းဆက်ဆံခြင်းမပြုနှင့်။ ခါးသီးသော အကျိုးဆက်များ ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သင်သည် ၎င်းတို့ကို ရင်ဆိုင်ရမည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ မည်သူမျှ သင်၏နေရာကို ဝင်ယူနိုင်ခြင်းမရှိသည့်အပြင်၊ မည်သူမျှ သင်၏ ဒဏ်ရာရနေသော စိတ်နှလုံးကို နှစ်သိမ့်ပေးခြင်း မရှိပေ။ သင်သည် လူများကို ထွင်းဖောက်မြင်နိုင်သည်ဟု ဆိုလျှင်ပင် မှန်ကန်တိကျစွာ ထိုသို့လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ယခုခေတ်တွင် သင် မည်သူ့ကိုမျှ သေချာပြောမရပေ။ လူတစ်ဦးသည် ကယ်တင်ခြင်းကို မခံရမီတွင် ၎င်းတို့၌ သမ္မာတရားကို လိုက်စားလိုသည့် ဆန္ဒသာ ရှိသည်၊ ၎င်းတို့တွင် ရည်မွန်သော လူ့သဘာဝရှိပုံရနိုင်သော်လည်း သင် ၎င်းတို့နှင့် အတူနေထိုင်ပါက အမှုအရာများက အမှန်တကယ် မည်သို့ဖြစ်မည်မှာ မသေချာပေ။ သမ္မာတရားကို နားမလည်သည့်အပြင်၊ ကယ်တင်ခြင်းမခံရသေးသော မည်သူမဆိုသည် အားကိုး၍မရပေ။ အဘယ်ကြောင့် ၎င်းတို့သည် အားကိုးမရကြသနည်း။ ငါ့ကို ပြောလော့၊ ဤဆိုးယုတ်သော လောကတွင် နေထိုင်လျက် သမ္မာတရားကို မရရှိဘဲ စုံစမ်းသွေးဆောင်မှု တစ်ခုတလေကို တွန်းလှန်နိုင်ပြီး မည်သည့် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းအလယ်တွင်မဆို ခိုင်မာစွာ ရပ်တည်နိုင်သူ တစ်ဦးတလေ ရှိသလော။ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ထို့ကြောင့် အားကိုးရသော လူများ မရှိပေ။ အားကိုးရသော လူများ မရှိဟုဆိုခြင်းက အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ မည်သူ့အတွက်မဆို၊ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အိမ်ထောင်ပြုခြင်းသည် ကံဆိုးမိုးမှောင်ကျခြင်း၏ အစဖြစ်သည်ကို ဆိုလိုသည်။ နေ့စဉ်လိုအပ်ချက်များကို တာဝန်ယူရပြီး ဘဝ၏ အမျိုးမျိုးသော အသေးအဖွဲကိစ္စများနှင့် စိတ်အနှောင့်အယှက်ဖြစ်စရာများကို နေ့စဉ်နေ့တိုင်း ရင်ဆိုင်ရလျက် လူနှစ်ဦးသည် အဆုံးတိုင်အောင် သွားနိုင်မည်လော၊ လမ်းတစ်လျှောက်တွင် တစ်ဦးကိုတစ်ဦး အပြန်အလှန် ထောက်ပံ့ကြမည်လော၊ ပျော်ရွှင်မှု ရှိမည်လော၊ ၎င်းတို့တွင် တူညီသည့်အမြင်နှင့် တူညီသော လိုက်စားမှုများ ရှိမည်လောဟူသည်ကို ပြောရန် ခက်ခဲသည်။ ထို့ကြောင့် အိမ်ထောင်ပြုပြီး လက်တွေ့ဘဝကို ရင်ဆိုင်ရသည်နှင့်တစ်ပြိုင်နက် ဆင်းရဲဒုက္ခက စတင်လေသည်။ သင်မြင်သည့်အတိုင်း သင် တစ်ကိုယ်တည်းဖြစ်နေသည့်အခါ အရာအားလုံးက ကိုင်တွယ်ရန် လွယ်ကူသည်။ အမှုအရာများကို သင်က မိမိဘာသာ ဆုံးဖြတ်နိုင်သည်။ သို့သော် လူနှစ်ဦး အတူနေထိုင်သည့်အခါ ဆုံးဖြတ်ချက်အားလုံးကို သင့်ဘာသာ ချမှတ်၍ ရနိုင်သလော။ အခြားတစ်ဦးက သင့်ကို လိုက်လျောလိမ့်မည်လော။ သင်သည် ၎င်းတို့ကို လိုက်လျောလိမ့်မည်လော။ ၎င်းတို့သည် သင့်ကို ဂရုစိုက်ပြီး အလေးထားမည်လော။ သင်သည် ၎င်းတို့ကို ဂရုစိုက်လိမ့်မည်လော။ ဤသည်တို့မှာ မသိနိုင်သော အရာများချည်းသာ ဖြစ်ကြသည်။ သင်တွေ့ဆုံသောသူသည် ကာမရာဂသောင်းကျန်းပြီး လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သောသူ မဟုတ်သည့်အပြင်၊ သင်တို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး သင့်တော်သည်ဟု သင်ခံစားရပြီး အိမ်ထောင်ပြုနိုင်လျှင်ပင် ၎င်းတို့သည် အိမ်ထောင်ရေး၏ မူဘောင်အတွင်း၌ ၎င်းတို့၏ တာဝန်များကို အဆုံးစွန်ထိ ဖြည့်ဆည်းနိုင်မည်လောဆိုသည်မှာ မသိနိုင်သော အရာတစ်ခုဖြစ်ပြီး သင်သည် ဤမူဘောင်အတွင်း၌ ၎င်းတို့နှင့်အတူ အဆုံးတိုင်အောင် လျှောက်လှမ်းနိုင်မည်လောဆိုသည်မှာလည်း မသိနိုင်သော အရာတစ်ခု ဖြစ်သည်။ သင်သည် မိမိကိုယ်၌ပင် အာမခံချက်နှင့် စိတ်ချယုံကြည်မှု ကင်းမဲ့နေသည်၊ ယင်းက အခြားသူများလည်း ထိုနည်းတူဖြစ်ကြောင်း သက်သေပြနေသည် မဟုတ်လော။ (ဟုတ်ပါသည်။)
သင်၏ နေ့စဉ်အသက်တာတွင် ဤကာမရာဂသောင်းကျန်းသော၊ စေ့ဆော်တတ်သော၊ လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သော အမျိုးအစားဝင် လူများနှင့် သင်ကြုံတွေ့ရပြီး ၎င်းတို့က သင်နှင့် ရင်းနှီးအောင် ကြိုးစားပါက၊ ထိုသို့ပြုလုပ်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်က အဘယ်အရာဖြစ်သည်ကို သင်သိသင့်သည်။ အကယ်၍ သင်သည် ၎င်းတို့ကို မငြင်းပယ်ပါက၊ သို့မဟုတ် သင်၏ ကြောက်တတ်ခြင်း၊ နုံအခြင်း၊ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်း၊ သို့မဟုတ် အတွေ့အကြုံဆိုင်ရာ အသိပညာကင်းမဲ့ခြင်းတို့ကြောင့် ဆိုးရွားသော အကျိုးဆက်များ ပေါ်ပေါက်လာစေလျက် ၎င်းတို့သဘောအတိုင်း သင် ဖြစ်ခွင့်ပေးပါက၊ အဆုံးစွန်တွင် သင်သည် အကျိုးဆက်များကို ခံစားရမည့်သူ ဖြစ်သည်။ ကာမရာဂသောင်းကျန်းပြီး လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သော လူများဖြစ်သည့် နတ်ဆိုးများသည် ကာမစိတ်ဆန္ဒကို ထုတ်လွှတ်ခြင်း သို့မဟုတ် ကိုယ်ကျင့်တရားမဲ့သော အရာများကို လုပ်ဆောင်ခြင်းအတွက် မည်သည့်အခါမျှ အပြစ်ရှိသည်ဟု ခံစားရခြင်း သို့မဟုတ် နောင်တရခြင်း မရှိပေ။ ၎င်းတို့က အရေးမကြီးဟု ခံစားရသည်။ ၎င်းတို့က အကျိုးအမြတ်ရနေသည်ဟု တွေးထင်ကြပြီး ဤသည်မှာ လူတို့ ဘဝတွင် နေထိုင်သင့်သည့် ပုံစံဖြစ်သည်ဟု တွေးထင်ကြသည်။ သို့သော် သင်သည် ပုံမှန်လူတစ်ဦးဖြစ်ပါက သင်၏ လူ့သဘာဝအတွင်းရှိ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် ထိုသို့သော ထိုးနှက်မှုများ၊ ညှဉ်းဆဲမှုများနှင့် ဆိုးရွားသော ထိခိုက်နစ်နာမှုများကို လုံးဝ မခံနိုင်ပေ။ ထို့ကြောင့် အကယ်၍ သင်သည် ထိုသို့သော ကာမရာဂသောင်းကျန်းပြီး လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သော လူများနှင့် ကြုံတွေ့ရပါက သင် သတိထားရမည်။ သင်သည် စုံစမ်းသွေးဆောင်ခြင်းထဲသို့ မကျရောက်စေရန် သင့်ကို ကာကွယ်ပေးဖို့အတွက် သူ့ကို တောင်းလျှောက်လျက် ဘုရားသခင်ထံ ဆုတောင်းရမည်။ အထူးသဖြင့် အခြားလူတစ်ဦးက လှည့်ကွက်များစွာ ရှိပြီး၊ ဝါရင့်လှည့်စားသူတစ်ဦးဖြစ်ကာ၊ သင်၏ အိမ်မက်ထဲမှ ချစ်သူ၊ သင်လိုက်စားရန် စိတ်ကူးယဉ်နေသူလည်း ဖြစ်နေလျှင် သင်သည် စုံစမ်းသွေးဆောင်ခြင်းထဲသို့ အလွန်လွယ်ကူစွာ ကျရောက်နိုင်ပြီး ပြန်လည်ပြုပြင်၍မရနိုင်သော အခြေအနေတစ်ခုတွင် အလွန်လွယ်ကူစွာ အဆုံးသတ်သွားနိုင်သည့်အပြင်၊ နောက်ဆုံးတွင် မည်သူမျှ မမြင်လိုသော မကောင်းသည့် အဆုံးသတ်ကို ခံစားရနိုင်သည်။ ထိုအချိန်တွင်၊ သင်၏ နှလုံးသား၊ စိတ်နှင့် ဇာတိပကတိအားလုံးသည် ကြီးစွာသော ပျက်စီးခြင်း တစ်ခုခုကိုခံစားရပြီး ဖြစ်လိမ့်မည်။ ထို့နောက်တွင်၊ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ပြီး သူ့နောက်လိုက်ရန် ဘုရားသခင်ရှေ့မှောက်သို့ လာသည့်အခါ အမှုအရာများစွာက တူညီလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် အစတွင်ရှိခဲ့သည့်အတိုင်း မည်သည့်အခါမျှ ဖြစ်လိမ့်မည်မဟုတ်သည့်အပြင်၊ ယခင်က ဖြစ်ခဲ့သည့်ပုံစံသို့ မည်သည့်အခါမျှ ပြန်ရောက်ခြင်း မရှိနိုင်ပေ။ တစ်စုံတစ်ဦးသည် ကာမစိတ်ဆန္ဒနှင့်ဆက်စပ်၍ အချို့သော ပုံမှန်မဟုတ်သည့် သို့မဟုတ် ခက်ခဲကြမ်းတမ်းသော အတွေ့အကြုံများကို ဖြတ်သန်းပြီးသည်နှင့်တစ်ပြိုင်နက် ယင်းသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပုံမှန်လူတစ်ဦးတစ်ဦးတလေက ၎င်းတို့၏ ဘဝတစ်သက်တာလုံး အလွယ်တကူ မေ့လိမ့်မည်မဟုတ်သည့် ဆိုးရွားသော အမှတ်အသားအချို့ကို ချန်ထားလေသည်။ အချိန်သည် တဖြည်းဖြည်း ကုန်လွန်သွားသည်နှင့်အမျှ ဤအမှတ်တရများနှင့် ဤနာကျင်မှုက တဖြည်းဖြည်း မှေးမှိန်သွားနိုင်သော်လည်း အကယ်၍ ဤအဖြစ်အပျက်များသည် သင့်ကို ထိခိုက်နစ်နာမှုနှင့် အကြီးအကျယ် ပျက်စီးထိခိုက်မှု တစ်ခုခု ဖြစ်စေခဲ့ပါက ထိုအရာများသည် သင်၏ စိတ်နှလုံးထဲတွင် ထာဝစဉ် စွဲထင်နေသော အိပ်မက်ဆိုးတစ်ခု ဖြစ်နေလိမ့်မည်။ ဤဘဝတစ်သက်တာတွင် သင်သည် သင်၏ ယခင်ဘဝသို့ မည်သည့်အခါမျှ ပြန်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ သင်၏ အတွင်းစိတ်ကမ္ဘာသည် ယခင်လောက် ဖြူစင်ပြီး ရိုးရှင်းတော့မည် မဟုတ်သည့်အပြင်၊ သင်၏ ယခင်အခြေအနေကို ပြန်လည်ရရှိရန်လည်း သင့်အတွက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤအချိန်တွင် သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရန် လာသည့်အခါ သင်၏ စိတ်နှလုံးထဲတွင် သင် ဖယ်ရှားလိုသော်လည်း မဖယ်ရှားနိုင်သည့် အပိုဝန်ထုပ်ဝန်ပိုး ရှိနေလိမ့်မည်။ ဤဝန်ထုပ်ဝန်ပိုးသည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ထိခိုက်နစ်နာခြင်းခံရသည့် အတွေ့အကြုံနှင့်ဆိုင်သော အမှတ်တရအမျိုးမျိုးကို ရည်ညွှန်းသည်။ ဤအမှတ်တရများကို စဉ်းစားခြင်းက စက်ဆုပ်ဖွယ်ကောင်းပြီး ယင်းတို့က သင်၏ စိတ်နှလုံးနှင့် သင်၏ စိတ်ခံစားချက်များကိုလည်း မကြာခဏ နှောင့်ယှက်လိမ့်မည်။ သို့ဖြစ်၍ သင်၏ အတွင်းစိတ်လောကသည် ယခင်လောက် ဖြူစင်ပြီး ရိုးရှင်းတော့မည် မဟုတ်ပေ။ သင်၏ စိတ်ခံစားချက်များတွင် ယခုအခါ ပုံမှန်လူ့သဘာဝ၌ မရှိသင့်သော အရာများစွာ ပါရှိနေလိမ့်မည်။ အတိုင်းအတာတစ်ခုအထိ၊ ဤသည်မှာ သင်၏ အသက်တာ၊ သင်၏ တာဝန်ထမ်းဆောင်မှုတို့ကို အနှောင့်အယှက်ပေးလိမ့်မည်ဖြစ်ပြီး သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရား လိုက်စားခြင်းတို့ကိုလည်း အနှောင့်အယှက်ပေးလိမ့်မည်။ ဤသည်ကို ဝန်ထုပ်ဝန်ပိုးဟု ခေါ်သည်။ ထို့ကြောင့် အသက်အရွယ် မည်သို့ပင်ဖြစ်စေ၊ တစ်စုံတစ်ဦးသည် နတ်ဆိုးတစ်ကောင်နှင့် ချစ်ရေးချစ်ရာ ပတ်သက်ဆက်နွယ်ခြင်း၏ စုံစမ်းသွေးဆောင်မှုထဲသို့ ကျရောက်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ရှင်းပြ၍မရနိုင်သော စိတ်မချမ်းမြေ့ခြင်းထဲသို့ အလိုအလျောက် ကျရောက်သွားသည်။ ပုံမှန်လူတစ်ဦးအတွက်၊ ဤသည်မှာ ကောင်းသော ဖြစ်စဉ်တစ်ခု မဟုတ်ပေ။
လက်တွေ့ဘဝတွင် လူတို့သည် အချို့သော ကာမရာဂသောင်းကျန်းပြီး လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သော လူများနှင့် မကြာခဏ ကြုံတွေ့ရတတ်သည်။ ယနေ့ ဤနှုတ်ကပတ်တော်များကို ငါတို့ မိတ်သဟာယဖွဲ့ပြီးနောက်၊ သင်တို့သည် ဤလူစားမျိုးနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်မှု ရရှိပြီးဖြစ်ကာ ၎င်းတို့သည် ပုံမှန်လူများမဟုတ်ဘဲ နတ်ဆိုးများဖြစ်ကြောင်း သိရှိသည့်အတွက်၊ ၎င်းတို့က သင့်ကို သွေးဆောင်ဖြားယောင်းရန် ကြိုးစားသည့်အခါ သင်သည် ၎င်းတို့ကို ပြတ်သားစွာ ငြင်းပယ်နိုင်သည်။ ၎င်းတို့ကို သွယ်ဝိုက်၍လည်းကောင်း၊ လိမ္မာပါးနပ်စွာလည်းကောင်း မငြင်းပယ်နှင့်၊ သို့မဟုတ် ၎င်းတို့ကို ငြင်းပယ်ရန် အလွန် စိတ်အနှောင့်အယှက်မဖြစ်နှင့်၊ သို့မဟုတ် ထိုသို့သော လူများကို ကြောက်ရွံ့ခြင်းပင် မဖြစ်နှင့်။ အကယ်၍ သင်သည် ၎င်းတို့က နတ်ဆိုးတစ်ကောင် ဟုတ်မဟုတ်ဟူသည်ကို ဂရုမစိုက်သည့်အပြင်၊ “ငါ အသက်သုံးဆယ် သို့မဟုတ် လေးဆယ်ရှိနေပြီဖြစ်ကာ၊ အိမ်ထောင်ရေးကို မတွေ့ကြုံရသေးပါ။ တစ်စုံတစ်ယောက်က ငါ့အတွက် ဤလိုအပ်ချက်မျိုး အမှန်တကယ်ရှိလျှင် ငါ ဝမ်းမြောက်ဝမ်းသာ လက်ခံမည်ဖြစ်သည်” ဟု သင်ဆိုပါက သင်သည် မည်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကိုဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ အမာရွတ်များကိုဖြစ်စေ ဂရုမစိုက်သည့်အတွက်၊ ငါ နောက်ထပ် ပြောလိမ့်မည် မဟုတ်။ ဤသို့ပြောရာတွင် ငါ၏ ရည်ရွယ်ချက်မှာ ဆန့်ကျင်ဘက်လိင်၏ သွေးဆောင်ဖြားယောင်းမှုကို သတိထားကာကွယ်ခြင်း သို့မဟုတ် ကြိုတင်ကာကွယ်မှုများ မရှိသည့် အချို့သော မိုက်မဲသည့်လူများကို ၎င်းတို့အပေါ်သို့ စုံစမ်းသွေးဆောင်မှု ကျရောက်သည့်အခါ မည်သည့် မှန်ကန်သော သဘောထားအား ခံယူသင့်သည်ကို သိခွင့်ပေးရန် ဖြစ်သည်။ အကယ်၍ သင်သည် တစ်စုံတစ်ဦးက ကာမရာဂသောင်းကျန်းပြီး လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သည်ကို ဂရုမစိုက်လျှင်၊ ၎င်းတို့က နတ်ဆိုးတစ်ကောင်ဖြစ်သည်ကို ဂရုမစိုက်သည့်အပြင် ၎င်းတို့က သင့်ကို နှစ်သက်သောကြောင့်သက်သက် အလွန်ဂုဏ်ယူနေလျှင်၊ - “ယောက်ျားတစ်ယောက်သည် သူ့ကိုနားလည်သူအတွက် အသက်စွန့်ပြီး၊ မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်”ဟူသည့် ဘာသာတရားမရှိသူများ၏ ဆိုရိုးစကားအတိုင်းပင် ဖြစ်ပြီး၊ သင်က “မိန်းမတစ်ယောက်အနေဖြင့် တစ်စုံတစ်ယောက်က ငါ့ကို တကယ်နှစ်သက်လျှင်၊ ယင်းက ငါ့ရုပ်ရည်သည် လက်ခံနိုင်ဖွယ်ဖြစ်ကြောင်းကို ပြသည်။ ထို့ကြောင့်၊ ငါ အလွန်အမင်း ဂုဏ်ယူသင့်သည်။ သို့ဆိုလျှင်၊ ငါ့ထံသို့ သူ ရဲဝံ့စွာ လာပါလေ့စေ။ ငါ ကြိုဆိုသည်၊ သူ့ကို လက်နှစ်ဖက် ဆန့်တန်းပြီး ပွေ့ဖက်လိုက်မည်”ဟု တွေးပါက၊ ဤသဘောထားမျိုးသည် မည်သို့ရှိသနည်း။ ငါ့ကို ပြောလော့၊ “မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်” ဟူသော ဆိုရိုးစကားက အမျိုးသမီးများအပေါ် လေးစားမှုရှိသလော။ (မရှိပါ။) ယောက်ျားတစ်ယောက်သည် သူ့ကိုနားလည်သူများအတွက် သူ၏အသက်ကို စွန့်လွှတ်ရမည်ဖြစ်ပြီ၊ မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်ရမည်၊ ဤဆိုရိုးစကားသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် အမျိုးသမီးများသည် အလွန် အဆင့်အတန်း ကျဆင်းရသနည်း။ အမျိုးသားများလည်း အဆင့်အတန်း ကျဆင်းကြသည်။ သို့ဖြစ်၍ အမျိုးသားများသည် အခြားသူများအတွက် မိမိတို့၏ အသက်များကို စွန့်ရသည်။ သင်၏ လူယုံဖြစ်သည့် မည်သူမဆိုသည် သင်၏ ဆရာသခင်ဖြစ်သည်။ သင်သည် သူ့အတွက် အသက်စွန့်ရမည်ဖြစ်သည်။ သင်၏ အသက်သည် အဘယ်ကြောင့် အလွန်တန်ဖိုးမဲ့ရသနည်း။ သင်၏ အသက်သည် အခြားသူများနှင့် သက်ဆိုင်ပြီး သင်ကိုယ်တိုင်နှင့် မသက်ဆိုင်ခြင်းမှာ ဖြစ်နိုင်မည်လော။ ဘုရားသခင်သည် လူ့အသက်ကို တန်ဖိုးအထားဆုံးဖြစ်သည်၊ အကြောင်းမှာ ဤအသက်၊ ဤထွက်သက်ဝင်သက်ကို ဘုရားသခင်က ပေးထားသောကြောင့် ဖြစ်သည်။ ယင်းမှာ ဖန်ဆင်းခံ ဇာတိပကတိသည် လှုပ်ရှားပြီး သက်ရှိသတ္တဝါဖြစ်လာနိုင်ရန် အခြေခံအခြေအနေ ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ အသက်ကို မြတ်နိုးခြင်းမရှိဘဲ အခြားသူများကို ပေါ့ပေါ့ဆဆ ပေးအပ်ပြီး ၎င်းတို့အတွက် ထိုအသက်ကို စွန့်လွှတ်ပါက၊ ဤအရာသည် အဘယ်အရာကို ပြသသနည်း။ ယင်းက သင်သည် အဆင့်အတန်း ကျဆင်းကြောင်းကို ပြသသည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းက သင်၏ အသက်သည် မည်သည့် တန်ဖိုးမျှမရှိကြောင်း ပြသသည်။ သင်သည် သင်၏ အသက်ကို မြတ်နိုးတန်ဖိုးထားခြင်း မရှိ၊ သင်သည် သင်၏ အသက်ကို အဓိပ္ပာယ်အရှိဆုံးနှင့် တန်ဖိုးအရှိဆုံးသော အရာများအား လုပ်ဆောင်ရန် အသုံးမပြုဘဲ သင့်ကိုနားလည်သူ မည်သူ့အတွက်မဆို သာမန်ကာလျှံကာ သေဆုံးပေးနိုင်သည်။ ဤအရာက သင်၏ အသက်သည် အလွန်စျေးပေါကြောင်း ပြသသည်၊ ယင်းမှာ ခွေး၊ ကြောင် သို့မဟုတ် ကြက်တစ်ကောင်၏ အသက်လောက် တန်ဖိုးမဲ့သော၊ ပုပ်သိုးနေသော ဘဝတစ်ခုမျှသာ ဖြစ်သည်။ သို့ဖြစ်၍ “ယောက်ျားတစ်ယောက်သည် သူ့ကိုနားလည်သူအတွက် အသက်စွန့်သည်” ဟူသော ဆိုရိုးစကားသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤဆိုရိုးစကားသည် လူတို့ကို အဆင့်အတန်းနှိမ့်ကျစေသည်၊ လူတို့ကို လေးစားခြင်းမရှိ၊ ယင်းမှာ အသက်ကို မြတ်နိုးတန်ဖိုးထားခြင်းမရှိသော ဆိုရိုးစကား ဖြစ်သည်။ အခြားသူများအတွက် အလွယ်တကူ သေပေးခြင်း၊ လူ့အသက်က အလွယ်တကူ ဖြစ်လာသလော။ အသက်သည် အလွယ်တကူ ဖြစ်လာခြင်းမဟုတ်ပေ၊ လူတစ်ဦးသည် အလွန်အလွယ်တကူ သေဆုံး၍မရနိုင်ပေ။ ထို့ကြောင့် “ယောက်ျားတစ်ယောက်သည် သူ့ကိုနားလည်သူအတွက် အသက်စွန့်သည်” ဟူသော ဆိုရိုးစကားသည် မမှန်ကန်သည့်အပြင်၊ မရပ်တည်နိုင်ပေ။။ သို့ဆိုလျှင် “မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်” ဟူသော ဆိုရိုးစကားသည် မှန်ကန်သလော။ (ယင်းလည်း မမှန်ကန်ပါ။) မည်သည့်နည်းလမ်းဖြင့် မမှန်ကန်သနည်း။ သင်တို့သည် တစ်ချိန်က ဤစကားကို အမှန်တကယ် နှစ်သက်ခဲ့ကြသလော၊ အမှန်တကယ် ထောက်ခံခဲ့ကြသလော၊ ယင်းကို သမ္မာတရား၊ ဆောင်ပုဒ်တစ်ခုအဖြစ်ပင် မှတ်ယူခဲ့ကြသလော။ သင့်ကို သဘောကျခဲ့သူ တစ်စုံတစ်ဦး ရှိဖူးသလော။ အကယ်၍ သင့်ကို သဘောကျသူသည် သင်နှစ်သက်ခဲ့သူတစ်ဦးဖြစ်ပါက သင် ဂုဏ်ယူမိခဲ့သလော။ (ဂုဏ်ယူသည်ဟု အတိအကျ မဟုတ်ပါ၊ စိတ်ထဲတွင် ပျော်ရွှင်မိပါမည်။) သို့ဆိုလျှင် ယင်းမှာ ဂုဏ်ယူသည်ဟု ခံစားရခြင်းနှင့် အလှမ်းမဝေးပေ။ ဤပျော်ရွှင်မှုသည် ကောင်းသလော။ (မကောင်းပါ။) အဘယ်ကြောင့် မကောင်းသနည်း။ (အမျိုးသမီးတစ်ဦးသည် ယောက်ျားတစ်ဦး၏ သဘောကျမှုနှင့် နှစ်သက်မှုအတွက် အလှဆင်ခြင်း၊ ယောက်ျားများအတွက်သာ အသက်ရှင်ခြင်း၊ ဤအရာကိုသာ ထည့်စဉ်းစားခြင်း၊ ဤသို့ အသက်ရှင်ခြင်းသည် အတော်လေး အဆင့်အတန်း ကျသည်ဟု ကျွန်ုပ်ခံစားရပါသည်။) မတူကွဲပြားသော အမြင်များ ရှိသလော။ “မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်”ဟူသော ဆိုရိုးစကားကိုယ်၌က အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူညီမျှ မဟုတ်သော အနေအထားတွင် ထားရှိသည်။ ယင်းက အမျိုးသားများ နှစ်သက်သဘောကျစေရန် အမျိုးသမီးများကို အလှဆင်ဖို့၊ အမျိုးသားများ၏ ပျော်ရွှင်မှုအတွက် အသက်ရှင်ဖို့အပြင်၊ တစ်စုံတစ်ဦးက ၎င်းတို့ကို နှစ်သက်ပြီး သဘောကျသည့်အခါတိုင်း ဂုဏ်ယူရန် တောင်းဆိုသည်။ ဤသည်မှာ တန်းတူညီမျှ မဟုတ်ပေ၊ ဤအရာကိုယ်၌က အမျိုးသမီးများ၏ နိမ့်ကျသော အဆင့်အတန်းနှင့်ဆိုင်သည့် စစ်မှန်သော ထင်ဟပ်ခြင်းတစ်ခု ဖြစ်သည်။ “မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်”ဟူသော ဆိုရိုးစကား၏ ဆိုလိုရင်းမှာ အမျိုးသမီးတစ်ဦးသည် သူ၏ ကြည့်ကောင်းသော ရုပ်ကြောင့် အခြားသူများ၏ နှစ်သက်ခြင်းကို ခံရသည်ဖြစ်စေ၊ သို့မဟုတ် မျက်စိပသာဒဖြစ်စေရန် မိမိကိုယ်ကို မည်သို့ အလှဆင်ရမည်ကို သိသောကြောင့် အမျိုးသားများ၏ နှစ်သက်မှုကို ဆွဲဆောင်သည်ဖြစ်စေ ထိုအရာကြောင့် သူသည် ပျော်ရွှင်ပြီး ဂုဏ်ယူသင့်သည်ဟူ၍ ဖြစ်သည်။ ဤအရာကိုယ်၌က အမျိုးသမီးများကို သိက္ခာချခြင်း ဖြစ်သည်။ ဤဆိုရိုးစကားက အမျိုးသမီးများအား ၎င်းတို့၏ ဖြစ်တည်မှု တန်ဖိုး၊ ၎င်းတို့၏ ပျော်ရွှင်မှု ရင်းမြစ်မှာ ၎င်းတို့ကို နှစ်သက်သူတစ်ဦး ရှိနေခြင်းဖြစ်ကြောင်းနှင့် အကယ်၍ မရှိပါက ၎င်းတို့သည် ကံမကောင်းဟု ခံစားရပြီး ဝမ်းနည်းသင့်ကြောင်း၊ အဘယ်ကြောင့် မည်သူမျှ ၎င်းတို့အား မနှစ်သက်သည်ဟူသည်နှင့် အမျိုးသမီးများအနေဖြင့် ၎င်းတို့သည် တန်ဖိုးမဲ့ပြီး ရှုံးနိမ့်သော ဘဝဖြင့် အသက်ရှင်နေခြင်း ရှိမရှိဟူသည်တို့ကို ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း ပြောပြသည်။ သို့ဖြစ်၍ “မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်”ဟူသော ဆိုရိုးစကားသည် အမျိုးသမီးများကို သိက္ခာချခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) “မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်” ဟူသော စကားစုတွင် သဘောကျသူသည် အများအားဖြင့် ယောက်ျားတစ်ဦးကို ရည်ညွှန်းသည် မဟုတ်လော။ ဤဆိုရိုးစကားကိုယ်၌က အမျိုးသားများကို အမျိုးသမီးများအထက် သခင်များ၏ အနေအထားတွင် ရှိစေသည်။ ယင်းမှာ အမျိုးသမီးတစ်ဦးသည် ယောက်ျားတစ်ဦးဖြစ်သည့် သခင်တစ်ဦးက သူမကို နှစ်သက်ပြီး သဘောကျခြင်းကို ဂုဏ်ယူသင့်သည်ဟု ဆိုလိုသည်။ အကယ်၍ ယောက်ျားတစ်ဦးဖြစ်သည့် သခင်တစ်ဦးက သူမကို မနှစ်သက်ပါက သူမတွင် တစ်စုံတစ်ခု မှားယွင်းနေသည်၊ သူမသည် ချစ်စရာကောင်းခြင်းမရှိ၊ သူမသည် ဘဝတွင် ရှုံးနိမ့်သူဖြစ်ပြီး အမျိုးသမီးတစ်ဦးဖြစ်ရန် အရည်အချင်းပြည့်မီခြင်းမရှိပေ။သင်မြင်သည့်အတိုင်း ဤသည်မှာ အမျိုးသားများကို အမျိုးသမီးများ၏ လည်ပင်းအပေါ် နင်းပြီး ၎င်းတို့အပေါ် လွှမ်းမိုးအုပ်ချုပ်ခွင့်ပေးလျက်၊ အမျိုးသားများ၏ အဆင့်အတန်းကို မသိမသာ မြှင့်တင်ပေးသည်။ ဤသည်မှာ “မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်” ဟူသော ဆိုရိုးစကား၏ မှားယွင်းမှု တည်ရှိရာနေရာ ဖြစ်သည်။ ထို့အပြင် ယောက်ျားများသည် အမျိုးသမီးများကို ၎င်းတို့၏ အသွင်အပြင်နှင့် အဆင်တန်ဆာများအတွက်မျှသာ နှစ်သက်ကြသလော။ သို့မဟုတ် ၎င်းတို့က အမျိုးသမီးများမှာ နူးညံ့သိမ်မွေ့သည်၊ သီလရှိသည်၊ သိက္ခာရှိပြီး ကျက်သရေရှိသည်ဟု မြင်သောကြောင့်သာ နှစ်သက်ကြသလော။ ယောက်ျားများသည် ၎င်းတို့၏ မျက်စိကို ပသာဒဖြစ်စေရန်အတွက်သာ အမျိုးသမီးများကို နှစ်သက်ကြသလော။ (မဟုတ်ပါ၊ ယင်းမှာ ဇာတိပကတိ၏ ကာမစိတ်ဆန္ဒကို ဖြည့်ဆည်းရန် ဖြစ်ပါသည်။) သို့ဆိုလျှင် အမျိုးသမီးများက အမျိုးသားများ နှစ်သက်သဘောကျရန်နှင့် ၎င်းတို့ကို ပျော်ရွှင်စေရန် ကြိုးစားခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ယင်းမှာလည်း ဇာတိပကတိ၏ ကာမစိတ်ဆန္ဒကို မွေ့လျော်ရန် ဖြစ်ပါသည်။) ဆိုလိုသည်မှာ ယောက်ျားရော မိန်းမပါ အချင်းချင်းနှင့် ပတ်သက်လာသည့်အခါ လိုအပ်ချက်များ ရှိကြပြီး ဤလိုအပ်ချက်များထဲမှ အခြေခံအကျဆုံးမှာ ဇာတိပကတိ၏ ကာမစိတ်ဆန္ဒ လိုအပ်ချက် ဖြစ်သည်။ မိန်းမတစ်ဦးအတွက် ယောက်ျားတစ်ဦး၏ လိုအပ်ချက်မှာ သူ၏ အသွင်အပြင်ကို နှစ်သက်ခြင်းမျှသာ မဟုတ်ဘဲ ထိုအရာကို အခြေခံ၍ သူ့ကို ကာယပိုင်းဆိုင်ရာ နည်းလမ်းဖြင့် ရယူခြင်းဖြစ်သည်၊ ပို၍ ဘွင်းဘွင်းပြောရလျှင် မိမိ၏ ကာမစိတ်ဆန္ဒကို ဖြည့်ဆည်းရန် သူ၏ ခန္ဓာကိုယ်ကို ရယူခြင်း ဖြစ်သည်။ ထို့ကြောင့် “မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်” ဟူသော ဆိုရိုးစကား၏ နောက်ကွယ်မှ ရည်ရွယ်ချက်မှာ အမှန်တကယ်တွင် ယောက်ျားများ၏ ကာမစိတ်ဆန္ဒကို ဖြည့်ဆည်းရန် ဖြစ်သည်။ ယင်းက အမျိုးသမီးများအား ၎င်းတို့၏ အသွင်အပြင်နှင့် အဆင်တန်ဆာများကို ယောက်ျားများ နှစ်သက်သဘောကျရန် ပြုလုပ်ဖို့ တောင်းဆိုရုံမျှသာမက ယောက်ျားများ၏ ကာမစိတ်ဆန္ဒကိုလည်း ဖြည့်ဆည်းရန် တောင်းဆိုပေသည်။ ယင်းမှာ အသက်ရှင်ရန် အလွန်အောက်တန်းကျသောနည်းလမ်း မဟုတ်လော။ အကယ်၍ အမျိုးသမီးများသည် ဤဆိုရိုးစကား မှန်ကန်သည်၊ ယင်းမှာ ၎င်းတို့ စွမ်းဆောင်ရရှိသင့်ပြီး လိုက်နာသင့်သည့် အရာတစ်ခုဖြစ်သည်ဟု ထင်နေဆဲဖြစ်ပါက အမျိုးသမီးများသည် မိမိတို့ကိုယ်ကို သိက္ခာချနေကြခြင်း ဖြစ်သည်။ ယောက်ျားများသည် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ လိုအပ်ချက်များ ရှိပြီး ၎င်းတို့၏ ခန္ဓာကိုယ်များနှင့် ကစားလိုကြသည်။ အကယ်၍ အမျိုးသမီးများသည် ဤသည်ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး မုန်းတီးဖွယ်ကောင်းသည်ဟု မြင်မည့်အစား၊ ယင်းမှာ ၎င်းတို့ ဘဝတစ်သက်တာ၏ အကြီးမားဆုံးသော ဂုဏ်ယူမှု၊ အဆုံးစွန်သော ဂုဏ်ယူမှုဖြစ်သည်ဟု ခံစားလျက်၊ မိမိတို့ကိုသဘောကျသူများအတွက် မိမိတို့ကိုယ်ကိုယ် အလှဆင်နေဆဲဖြစ်လျှင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိက္ခာချနေကြခြင်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အမျိုးသမီးများကို ၎င်းတို့၏ လုပ်ပိုင်ခွင့်များအား လုံးဝ ခံစားခွင့်မပေးဘဲ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ ယင်းသည် အမျိုးသမီးများ၏ ဖြစ်တည်ခွင့်၊ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် ၎င်းတို့၏ လူ့အခွင့်အရေးများကို ပိတ်ပင်သည်သာမက ယင်းမှာ အကြီးမားဆုံးသော ဂုဏ်ဖြစ်သည်ဟု ၎င်းတို့အား တွေးထင်စေသည်။ ဤသည်မှာ ရက်စက်သည် မဟုတ်လော။ လုံးဝ ရက်စက်လှသည်တကား။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လူ့အခွင့်အရေး ဘာဆိုဘာမျှ မရှိခြင်းအပြင် အမျိုးသမီးတစ်ဦး၏ ပျော်ရွှင်မှု၊ ဝမ်းမြောက်မှုနှင့် သာယာကြည်နူးခြင်းတို့ကို ယောက်ျားများအား နှစ်သက်စေခြင်းနှင့် ၎င်းတို့ကို အပြည့်အဝ ဖြည့်ဆည်းပေးခြင်းဟူသော အခြေခံအုတ်မြစ်ပေါ်တွင်သာ စွမ်းဆောင်ရရှိနိုင်ပေသည်။ အမျိုးသမီးများက လူမဆန်သော မည်သည့်ဆက်ဆံမှုကို ခံစားရသည်ဖြစ်စေ ၎င်းတို့သည် ထိုအရာ၌ ဂုဏ်ယူနေရန် လိုအပ်ဆဲ ဖြစ်သည်။ ဤသည်မှာ အမျိုးသမီးများကို မတရားဖိနှိပ်ခြင်းနှင့် ဖျက်ဆီးခြင်း မဟုတ်လော။ ခေတ်သစ်အမျိုးသမီးများဖြစ်စေ၊ ရှေးခေတ် အမျိုးသမီးများဖြစ်စေ ၎င်းတို့အားလုံးက “မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်” ဟူသော ဆိုရိုးစကားကို ၎င်းတို့၏ ဆောင်ပုဒ်၊ ၎င်းတို့၏ ဘဝရည်မှန်းချက်အဖြစ် မှတ်ယူကြသည်။ ဤသည်မှာ လုံးဝ မှားယွင်းသည် မဟုတ်လော။ ဤသည်မှာ စာတန်က လူတို့ကို မတရားဖိနှိပ်ပြီး အထင်အမြင်မှားစေရန် အသုံးပြုသည့် လှည့်ကွက်တစ်ခုဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ သင်သည် အမျိုးသမီးတစ်ဦးဖြစ်ပြီး ယောက်ျားတစ်ဦးက သင့်ကို နှစ်သက်သဘောကျပါက၊ သူ၏ စိတ်နှလုံးသည် သင့်အတွက် ကောက်ကျစ်ဆိုးယုတ်သော တပ်မက်ခြင်းနှင့် ပြည့်နေပါက သင်သိလျှင် ရွံရှာမည်လော သို့မဟုတ် အလွန့်အလွန် ဂုဏ်ယူမည်လော။ (ရွံရှာပါမည်။) သင့်အကြောင်းကို စဉ်းစားသည့်အခါ သူသည် သူ၏ ကိုယ်ပိုင်ကာမစိတ်ဆန္ဒကို ထုတ်လွှတ်ရင်း သင်၏ ခန္ဓာကိုယ်နှင့် သင်၏ အသွင်အပြင်အကြောင်းကိုသာ စဉ်းစားသည်။ သူ သင့်ကို ပို၍နှစ်သက်လေ၊ သူသည် သင့်အတွက် ကာမစိတ်ဆန္ဒနှင့် ပို၍ပြည့်ဝလေ ဖြစ်သည်။ သင့်နှင့်ပတ်သက်လာသည့်အခါ သူ့၌ လှုံ့ဆော်ခံရသည့်အရာမှာ လုံးလုံးလျားလျား ရာဂစိတ်ပြင်းထန်ော အတွေးများ ဖြစ်သည်။ သူသည် သင်၏ ခန္ဓာကိုယ်ကို မွေ့လျော်ခံစားနိုင်ရန်၊ သူ၏ ကာမစိတ်ဆန္ဒကို အပြည့်အဝ ဖြည့်ဆည်းရန်နှင့် သူ၏ ကာမစိတ်ဆန္ဒကို ထုတ်လွှတ်ရန် သင့်ကို ရရှိဖို့ နည်းလမ်းပေါင်းစုံကိုပင် ကြိုးစားသည်။ အကယ်၍ သူသည် သင့်အပေါ် ထိုသို့သော ရည်ရွယ်ချက်များ ရှိသည်ကို သင်သိပါက “မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်” ဟူသော ဆိုရိုးစကား မှန်ကန်သည်ဟု သင်ထင်နေဆဲ ဖြစ်မည်လော။ တစ်စုံတစ်ဦး၏ နှစ်သက်ခြင်းနှင့် သဘောကျခြင်းကို ခံရခြင်းက ဂုဏ်ယူစရာတစ်ခုဖြစ်သည်ဟု သင်ခံစားနေဆဲ ဖြစ်မည်လော။ (ဖြစ်မည် မဟုတ်ပါ။) အကယ်၍ သင်သည် ရှက်စိတ်နှင့် ဂုဏ်သိက္ခာရှိသော အမျိုးသမီးတစ်ဦးဖြစ်ပါက ဤဆိုရိုးစကားကို သင် စက်ဆုပ်ရွံရှာသင့်ပြီး ထိုသို့သော လူများက သင့်ကို နှစ်သက်ခြင်းအား စက်ဆုပ်ကာ ငြင်းပယ်သင့်သည်။ ဤနည်းလမ်းဖြင့် အသက်ရှင်ခြင်းအားဖြင့်သာ သင်သည် ဂုဏ်သိက္ခာရှိသည်။ သင့်ကို အမှန်တကယ် နှစ်သက်ပြီး သဘောကျသော တစ်စုံတစ်ဦးသည် သင်၏ ကိုယ်ကျင့်စရိုက် အရည်အသွေး၊ သင်၏ လိုက်စားမှုများကြောင့်၊ သမ္မာတရားကို သင် နားလည်သောကြောင့် ထိုသို့နှစ်သက်သဘောကျခြင်းဖြစ်ပြီး ၎င်းတို့သည် သင့်ထံမှ တည်ဆောက်မှုဖြစ်စေသော အရာတစ်စုံတစ်ခုကို ရရှိလိုကာ သင့်ထံမှ အကူအညီကို လက်ခံရရှိလိုကြသောကြောင့် ဖြစ်သည်။ ၎င်းတို့က ၎င်းတို့၏ ကာမစိတ်ဆန္ဒကို မွေ့လျော်ခံစားပြီးဖြည့်ဆည်းရန် သင်၏ ခန္ဓာကိုယ်ကို အရသာခံစားချင်ကြသောကြောင့် မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ဦးသည် သင်၏ ကိုယ်ကျင့်စရိုက် မည်သို့ဖြစ်စေ သို့မဟုတ် သင်သည် သမ္မာတရားကို လိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ မည်သို့ပင်ရှိစေကာမူ သင့်ကို သဘောကျပြီး သင်၏ အသွင်အပြင်နှင့် ခန္ဓာကိုယ်က မျက်စိပသာဒဖြစ်စရာဖြစ်ကာ ၎င်းတို့၏ ကာမစိတ်ဆန္ဒကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်သောကြောင့်သာ သင့်ကို သဘောကျခြင်းဖြစ်သည့်တိုင်၊ သင်သည် ဤအရာအပေါ် မည်သည့် ရွံရှာစက်ဆုပ်မှု သို့မဟုတ် စက်ဆုပ်မုန်းတီးမှုကိုမျှ မခံစားရဘဲ ထိုအစား ၎င်းတို့က သင့်ကို နှစ်သက်သည်ဟု ခံစားရလျှင်၊ အထူးသဖြင့် ၎င်းတို့က သင့်အပေါ် ကိုယ်ထိလက်ရောက် ချဉ်းကပ်မှုများ ပြုလုပ်ခဲ့သောကြောင့် ၎င်းတို့က သင့်ကို နှစ်သက်သည်ဟု သင် ပို၍ပင် ခံစားရပြီး ဤအရာကြောင့် သင် ဂုဏ်ပင်ဂုဏ်ယူနေပါက၊ သင်သည် မိမိကိုယ်ကို သိက္ခာချနေခြင်း ဖြစ်သည်။ မည်သူမဆို သင်၏ ခန္ဓာကိုယ်အပေါ် မည်သည့် ကြံစည်မှုရှိသည်ဖြစ်စေ၊ သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သော ရည်ရွယ်ချက်များ ရှိသည်ဖြစ်စေ သင်ဂရုမစိုက်သည့်အပြင်၊၎င်းတို့က သင့်ကို နှစ်သက်နေသမျှ ကာလပတ်လုံး သင်သည် ယင်းကို သင်၏ အထူးဂုဏ်ယူစရာအဖြစ် မှတ်ယူပြီး ထိုအရာကြောင့် ဂုဏ်ယူနေပါက၊ သင်သည် သိက္ခာနှင့် သမာဓိရှိသော သူတစ်ဦး မဟုတ်သည့်အပြင်၊ သင်သည် အမျိုးသမီးကောင်းတစ်ဦးလည်း မဟုတ်ပေ။ တစ်စုံတစ်ဦးသည် သင့်အပေါ် လိင်ပိုင်းဆိုင်ရာ လိုအပ်ချက်များရှိပြီး သင်က သင့်ကိုနားလည်သူတစ်ဦးကို ရှာတွေ့ပြီဖြစ်သည့်အပြင်၊ ကာမစိတ်ဆန္ဒကို ထုတ်လွှတ်ရန် အခွင့်အရေးတစ်ခုကိုလည်း ရှာတွေ့ပြီဖြစ်သည်ဟု ခံစားရသည် ဆိုပါစို့။ လက်ခုပ်သံသည် လက်နှစ်ဖက်ဖြင့် တီးမှမြည်သည့်အပြင်၊ သင်တို့နှစ်ဦးသည် ဤပုပ်ထဲကဤပဲများသာ ဖြစ်ကြပေသည်။ ထိုသို့ဖြစ်ပါက သင်သည် တည်ကြည်မှုနှင့် ဂုဏ်သိက္ခာ တစ်ခုတလေမျှ မရှိသူ၊ နှစ်သက်ခြင်းကို မခံထိုက်သူဖြစ်သည်၊ သင်သည် ကာမရာဂသောင်းကျန်းပြီး လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သော လူများနှင့် အမျိုးအစားတူ ဖြစ်သည်။ အကယ်၍ သင်သည် အမှန်တကယ် ဂုဏ်သိက္ခာရှိသော အမျိုးသမီးတစ်ဦးဖြစ်ပါက ထိုသို့သော ကာမရာဂသောင်းကျန်းပြီး လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သော လူများက သင့်ကို နှစ်သက်ခြင်းအား ရွံရှာစက်ဆုပ်ကာ မုန်းတီးသင့်သည်။ အကယ်၍ တစ်စုံတစ်ဦးက သင့်ကို နှစ်သက်ရသည့် အကြောင်းရင်းမှာ အမှန်တကယ်တွင် သင်၏ လူ့သဘာဝ၊ သင်၏ လိုက်စားမှုများကြောင့် သို့မဟုတ် သင်၌ အစွမ်းအစ တစ်ခုခုရှိသောကြောင့်ဖြစ်ပါက ယင်းသည်လည်း ဂုဏ်ယူထိုက်သည့်အရာတစ်ခု မဟုတ်သည်မှာ အမှန်ပင်ဖြစ်။ လူတို့က “မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်”ဟု ပြောဆိုခြင်း၏ ရည်ရွယ်ချက်မှာ ယောက်ျားတစ်ဦးက မိန်းမတစ်ဦးကို သဘောကျခြင်းလောက် ဧကန်မုချ မရိုးရှင်းပေ။ ယင်းသည် အမျိုးသားများကို အမျိုးသမီးများအပေါ် လွှမ်းမိုးအုပ်ချုပ်သည့် အနေအထားတွင် လုံးဝ ရှိစေသည်။ ပို၍ တိတိကျကျဆိုရလျှင် ဤဆိုရိုးစကားသည် ယောက်ျားကသာလွန်ပြီး မိန်းမကနိမ့်ကျသည်ဟူသော ဓလေ့စရိုက်အောက်တွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် လက်တွေ့အရှိတရားမှာ အမျိုးသမီးများသည် မည်သည့် လူမှုစနစ်အောက်တွင်မဆို အားနွဲ့သောအုပ်စုဖြစ်ပြီး ယောက်ျားများ၏ အဖြည့်ခံများနှင့် ကစားစရာများအဖြစ် ရှုမြင်ခံရသည်။ ထို့ကြောင့် “မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်” ဟူသော ဆိုရိုးစကားသည် အမျိုးသမီးအားလုံးအတွက် လုံးဝ ဂုဏ်သရေပျက်ခြင်း ဖြစ်သည်။ အကယ်၍ အမျိုးသမီးများသည် ဤဆိုရိုးစကားကို အထူးသဖြင့် သဘောတူပါက ယင်းမှာ အမျိုးသမီးများအတွက် ဝမ်းနည်းစရာဖြစ်ပြီး ဤဆိုရိုးစကားကို သဘောတူသော အမျိုးသမီးအားလုံးကို အထင်သေးသင့်သည်။ သို့ဆိုလျှင် အမျိုးသားများက “မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်” ဟူသော ရှုထောင့်ကို သဘောတူသင့်သလော။ (မတူသင့်ပါ။) အကယ်၍ ယောက်ျားတစ်ဦးသည် မိန်းမတစ်ဦးက သူမကိုသဘောကျသူအတွက် အလှဆင်နေသည်ကို မြင်ပါက ထိုသို့သော မိန်းမသည် အလွန်သိက္ခာကျစွာ နေထိုင်သည်ဟု သူခံစားရသည် မဟုတ်လော၊ ပြီးလျှင် ထိုသို့သော မိန်းမကို သူ အထင်လည်းသေးမည် မဟုတ်လော။ (ဟုတ်ပါသည်။)
“မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်” ဟူသော ဆိုရိုးစကားက မှန်ကန်သလော၊ မမှန်ကန်သလော (မမှန်ကန်ပါ။) ဤဆိုရိုးစကားသည် အပြုသဘောဆောင်သော အရာတစ်ခု မဟုတ်သည့်အပြင်၊ မှန်ကန်သော အတွေး သို့မဟုတ် ရှုထောင့်တစ်ခုလည်း မဟုတ်ပေ။ သမ္မာကျမ်းစာနှင့် ဘုရားသခင် ဖော်ပြခဲ့သော နှုတ်ကပတ်တော်များထဲတွင် ကြည့်လော့၊ မိန်းမတို့သည် ၎င်းတို့ကို သဘောကျသူများအတွက် အလှဆင်သင့်ကြောင်း ပြောသည့် မည်သည့်ဝါကျတစ်ကြောင်းတလေ ရှိသလော။ ယောက်ျားတို့သည် မိန်းမတို့အထက်တွင် ရှိသည်ဟု ဆိုလျက် ယောက်ျားနှင့် မိန်းမတို့၏ အဆင့်အတန်းကို အဆင့်များအဖြစ် ပိုင်းခြားသည့် ဝါကျတစ်ကြောင်းတလေ ရှိသလော။ မရှိပေ။ သမ္မာကျမ်းစာရှိ ကမ္ဘာဦးကျမ်းတွင် မှတ်တမ်းတင်ထားသည်မှာ မိန်းမသည် ယောက်ျား၏ အရိုးထဲကအရိုး၊ အသားထဲကအသား ဖြစ်သည်ဟူ၍ ဖြစ်သည်။ ယောက်ျားနှင့် မိန်းမတို့သည် ဘုရားသခင် ဖန်ဆင်းခဲ့သော လူသားများ ဖြစ်ကြသည်၊ ၎င်းတို့သည် အဆင့်များ ပိုင်းခြားခြင်း မရှိဘဲ၊ သာလွန်သူနှင့် နိမ့်ကျသူဟူ၍ ခွဲခြားမှုမရှိဘဲ ဘုရားသခင်၏ ရှေ့မှောက်တွင် တန်းတူညီတူ ဖြစ်ကြသည်။ လူတို့ကို သာလွန်သူနှင့် နိမ့်ကျသူဟူ၍ ပိုင်းခြားခြင်းနှင့် အဆင့်အတန်းနှင့်ဆိုင်သော အဆင့်များကို ခွဲခြားခြင်းသည် စာတန်လုပ်ဆောင်သော အရာတစ်ခု ဖြစ်သည်။ ယင်းမှာ စာတန်က မိန်းမများကို ဖိနှိပ်ညဉ်းပန်းခြင်း၏ စစ်မှန်သော သက်သေပင် ဖြစ်သည်။ အစအဦး၌ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချိန်မှစ၍ ယောက်ျားနှင့် မိန်းမတို့သည် ဘုရားသခင်၏ အမြင်တွင် တန်းတူညီမျှ ဖြစ်ခဲ့ကြသည်။ နှစ်ဦးစလုံးသည် ဖန်ဆင်းခံများဖြစ်ကြပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ ဖြစ်ကြသည်။ ဘုရားသခင်သည် ယောက်ျားတို့က သာလွန်ပြီး မိန်းမတို့က နိမ့်ကျသည်ဟု မည်သည့်အခါမျှ မပြောခဲ့သည့်အပြင်၊ ယောက်ျားတို့သည် မိန်းမတို့၏ ဦးခေါင်း သို့မဟုတ် ၎င်းတို့၏ သခင်များ ဖြစ်သင့်သည်ဟုလည်းကောင်း၊ ယောက်ျားတို့သည် မိန်းမတို့အထက်တွင် လွှမ်းမိုးသင့်သည်ဟုလည်းကောင်း၊ မည်သည့်အလုပ်တွင်မဆို ယောက်ျားတို့က မိန်းမတို့ထက် ဦးစားပေးခံရသင့်သည်ဟုလည်းကောင်း၊ သို့မဟုတ် ယောက်ျားတို့တွင် ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ချက်များရှိပြီး အဓိက ကျောရိုးများဖြစ်စဉ်တွင်၊ မိန်းမတို့က ယောက်ျားတို့၏စကားကို ပို၍နားထောင်သင့်သည်ဟုလည်းကောင်း သူက မည်သည့်အခါမျှ မပြောခဲ့ပေ။ ဘုရားသခင်သည် ထိုသို့သော အရာများကို မည်သည့်အခါမျှ မပြောဆိုခဲ့ပေ။ စာတန်၏ ဖောက်ပြန်ပျက်စီးမှုကြောင့်သာလျှင် ယောက်ျားတို့က သာလွန်ပြီး မိန်းမတို့က နိမ့်ကျသည်ဟူသော ဆိုရိုးစကားများက လူတို့ကြားတွင် ပေါ်ပေါက်လာခဲ့ပြီး၊ ထို့နောက် ဤခေတ်ရေစီးကြောင်းက မိန်းမများကို ယောက်ျား၏ သြဇာအာဏာအောက်တွင် စဉ်ဆက်မပြတ် ဖိနှိပ်ထားလျက်၊ လူ့အဖွဲ့အစည်းတစ်လျှောက်လုံးနှင့် လူသားမျိုးနွယ်အားလုံးတစ်လျှောက်တွင် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သမ္မာတရားကို နားလည်မှုကင်းမဲ့ခြင်းကြောင့် မိန်းမတို့သည် စာတန်၏ အမျိုးမျိုးသော ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများ၏ လွှမ်းမိုးခြင်းနှင့် အထင်အမြင်မှားစေခြင်းကို ခံရပြီးနောက် ၎င်းတို့သည် ယောက်ျားတို့၏ ဆင့်ပွားဖြစ်သည် သို့မဟုတ် ယောက်ျားတို့ထက် အဆင့်အတန်း နိမ့်သည်ဟု ခံစားကြရသည်။ ထို့ကြောင့် ယနေ့မျက်မှောက်ခေတ်အထိတိုင် များစွာသော မိန်းမတို့သည် “မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်” ဟူသော ဆိုရိုးစကားက မှန်ကန်သည်ဟု ယုံကြည်နေကြဆဲ ဖြစ်သည်။ ဤသည်မှာ အလွန် ဝမ်းနည်းဖွယ်ကောင်းသောအရာတစ်ခု ဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားမလည်ပါက များစွာသော တိကျသည့် ကိစ္စရပ်များတွင် စာတန်၏ အမျိုးမျိုးသော အတွေးများနှင့် ရှုထောင့်များ၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံနေကြရဆဲ ဖြစ်သည်။ ဤသေးငယ်သော ကိစ္စရပ်လေးတစ်ခုပင်လျှင် အလွန် သရုပ်ဖော်ပြနိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မိန်းမတို့က မိမိတို့ကိုယ်ကို စိတ်လိုလက်ရ အဆင့်အတန်းကျစေသည့်အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ မိန်းမတို့အနေဖြင့် ယောက်ျားတို့နှင့် တန်းတူညီတူ အဆင့်အတန်း မရှိနိုင်စေရန်အလို့ငှာနှင့် မိန်းမတို့သည် ယောက်ျားတို့ကို လမ်းဖယ်ပေးရမည်ဖြစ်ကာ ၎င်းတို့အတွက် အဆင်ပြေသော အခြေအနေများကို ဖန်တီးပေးရမည်ဖြစ်ပြီး ယောက်ျားတို့ကို ကျေနပ်စေရန် များစွာသော စွန့်လွှတ်အနစ်နာခံမှုများနှင့် ကြီးမားသော အဖိုးအခများစွာကိုလည်း ပေးဆပ်ရဖို့အလို့ငှာ လူ့အဖွဲ့အစည်းဆိုင်ရာ ပတ်ဝန်းကျင်အလုံးစုံက ဖန်တီးသောကြောင့် ဖြစ်သည်။ ဤသည်မှာ လူ့အဖွဲ့အစည်းကြောင့်၊ စာတန်ဦးဆောင်သည့် အမျိုးမျိုးသော ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများကြောင့် ဖြစ်ရသည်။ သို့ဆိုလျှင် ယခု ဤကိစ္စရပ်နှင့်စပ်လျဉ်း၍ သမ္မာတရားကို နားလည်ပြီးနောက် “မိန်းမတစ်ယောက်သည် သူမကိုသဘောကျသူအတွက် အလှဆင်သည်” ဟူသော ဆိုရိုးစကားနှင့်ပတ်သက်၍ တိကျသော ကောက်ချက်တစ်ခု ရှိနေပြီ မဟုတ်လော။ (ဟုတ်ပါသည်။) ဤဆိုရိုးစကားသည် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းကာ သမ္မာတရားနှင့် မကိုက်ညီပေ၊ မှန်သလော။ (မှန်ပါသည်။) လက်တွေ့အခြေအနေကို ကြားသိပြီးနောက် မိန်းမတို့သည် ဤနှစ်များတစ်လျှောက်လုံး အလွန် နစ်နာပြီး မွန်းကျပ်သည့် ဘဝများဖြင့် အသက်ရှင်နေထိုင်ခဲ့ကြရသည်ဟု မခံစားကြရသလော။ သို့ဆိုလျှင် မိန်းမတို့သည် ၎င်းတို့ကို သဘောကျသူများအတွက် ဆက်လက်၍ အလှဆင်သင့်သေးသလော။ (အလှမဆင်သင့်ပါ။) ဖန်ဆင်းခံ လူသားမျိုးနွယ်ဝင်များအနေဖြင့် မိန်းမတို့သည် လိင်နှင့် ခန္ဓာဗေဒပိုင်းတွင်သာ ယောက်ျားတို့နှင့် ကွဲပြားသည်။ အခြားသော ကဏ္ဍများတွင်မူ မည်သည့်ကွဲပြားမှုမျှ လုံးဝမရှိပေ။ ဘုရားသခင်၏ အမြင်တွင် ယောက်ျားနှင့် မိန်းမတို့သည် အဆင့်အတန်း၌ ကွဲပြားမှုမျှ ဘာဆိုဘာမျှ မရှိကြပေ။ ဘုရားသခင်သည် မည်သည့်အခြေအနေအောက်တွင်မျှ သူက ယောက်ျားတို့အပေါ် ထားရှိသော တောင်းဆိုချက်များနှင့် ကွဲပြားသည့် တောင်းဆိုချက်များကို မိန်းမတို့အပေါ် မည်သည့်အခါမျှ မပြုလုပ်ခဲ့ပေ။ ဘုရားသခင် ရွေးချယ်သော လူအရေအတွက်၊ ကယ်တင်ခြင်း၏ မျှော်လင့်ချက်၊ တာဝန်များ ထမ်းဆောင်ရန် ၎င်းတို့၏ အခွင့်အရေးများ၊ ၎င်းတို့ ထမ်းဆောင်နိုင်သော တာဝန်များနှင့် ၎င်းတို့ လုပ်ဆောင်နိုင်သည့် အလုပ်တို့ကဲ့သို့သော ကဏ္ဍများတွင် မိန်းမတို့သည် ယောက်ျားတို့နှင့် အခြေခံအားဖြင့် တန်းတူညီမျှ ဖြစ်ကြသည်။ မိန်းမတို့သည် ယောက်ျားတို့ထက် မလျော့နည်းပေ။ ဤသည်မှာ လက်တွေ့အခြေအနေ ဖြစ်သည်။
ငါတို့သည် ယခင်က နတ်ဆိုးများ၏ သဘာဝ အနှစ်သာရရှိသော ထိုကောက်ကျစ်ဆိုးယုတ်သည့်လူများ၏ ကာမရာဂသောင်းကျန်းခြင်း၊ လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်းနှင့် ကာမစိတ်ကို နှိုးဆွခြင်းတို့၏ သရုပ်သကန်များအကြောင်းကိုလည်းကောင်း၊ အချစ်ရေးဆက်ဆံမှုများထဲသို့ ဝင်ရောက်ခြင်း သို့မဟုတ် အိမ်ထောင်ဖက်တစ်ဦးကို ရှာဖွေခြင်းတို့နှင့်ပတ်သက်လာသည့်အခါ လူတစ်ဦးသည် ကောက်ကျစ်ဆိုးယုတ်သူများနှင့် ကြုံတွေ့ရပါက မည်သို့ဆက်ဆံရမည်ကိုလည်းကောင်း ပြောဆိုကြသည်။ သင်တို့သည် အချစ်ရေးကို တွေ့ကြုံခံစားရန်၊ တစ်ကြိမ်မျှ အပူအပင်ကင်းစွာ ပြုမူရန်နှင့် တစ်ကြိမ်မျှ စိတ်အလိုလိုက်ရန် ထိုသို့သောလူတစ်ဦးနှင့် တွေ့ဆုံဖို့ မျှော်လင့်သလော။ (မမျှော်လင့်ပါ။) သို့ဆိုလျှင် သင်တို့သည် သင်တို့၏ စိတ်ကူးထဲမှ ချစ်သူ၊ သင်တို့၏ ဖူးစာဖက်၊ သင်တို့၏ စံပြအိမ်ထောင်ဖက်နှင့် တွေ့ဆုံရန် မျှော်လင့်သလော။ (မမျှော်လင့်ပါ။) သင်သည် မျှော်လင့်သည်ဖြစ်စေ၊ မမျှော်လင့်သည်ဖြစ်စေ အရေးမကြီးပေ။ အဓိကအချက်မှာ သင်သည် ၎င်းတို့၏ သဘာဝ အနှစ်သာရက ကောက်ကျစ်ဆိုးယုတ်သော ဤကာမရာဂသောင်းကျန်းသည့်၊ လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သည့်၊ ကာမစိတ်ကို နှိုးဆွသည့် လူများနှင့်စပ်လျဉ်း၍ ပိုင်းခြားသိမြင်မှု ရှိရမည်ဖြစ်ပြီး ၎င်းတို့နှင့် ဝေးဝေးနေရမည် ဖြစ်သည်။ ဘာသာတရားမရှိသူတို့၏ စကားများအရ ဤလူအများစုသည် လူပေါ်ကြော့ဖြစ်ပြီး စိတ်ကူးယဉ်ဆန်သော အတွေ့အကြုံရင့် အချစ်ရေးကစားသမားများဖြစ်ကြသည်။ အရွယ်ရောက်ပြီးသူအများစုသည် ဤလူအမျိုးအစားကို ၎င်းတို့ကြုံတွေ့ရသည့်အခါ မှတ်မိနိုင်သင့်သည်။ နှစ်ကြိမ်ထိတွေ့ဆက်ဆံပြီးနောက်တွင် အရွယ်ရောက်ပြီးသူအများစုက ထိုသူတို့မှာ ဤအမျိုးအစားဖြစ်ကြောင်း သိရှိကောင်းသိရှိကြပေမည်။ ဤလူစားမျိုးအစားသည် လူတို့ကို ပိုးပန်းသည့်အခါ မဆင်မခြင်ပြုမူတတ်သည်။ သင် အသက်မည်မျှကြီးသည်ဖြစ်စေ၊ သင် အတော်အသင့် ရုပ်ရည်ကောင်းနေသရွေ့ ၎င်းတို့သည် သင့်ကို ပိုးပန်းကောင်း ပိုးပန်းမည်ဖြစ်ပြီး မည်သည့်အရာဖြစ်နေသည်ကို သင် အနည်းငယ်မျှပင် သတိမပြုမိဘဲ ၎င်းတို့၏ ထောင်ချောက်ထဲသို့ ကျရောက်သွားစေသည်။ ၎င်းတို့သည် သင့်အား နူးညံ့၊ သိမ်မွေ့သော စကားများကို အမြဲပြောဆိုပြီး သင့်ကို အလေးထားမှု၊ ဂရုစိုက်မှုနှင့် ထောက်ထားစာနာမှုတို့ကို ပြသကြသည်။ ၎င်းတို့သည် သင့်ကို မျက်စပစ်ရန်၊ သင့်အား လက်ဖက်ရည် သို့မဟုတ် ရေ ကမ်းပေးရန် အခွင့်အရေးများကို ရှာဖွေကြပြီး တစ်ခါတစ်ရံတွင် သင့်အား လက်ဆောင်ပစ္စည်းလေးများ၊ ချောကလက်များ၊ အစရှိသည်တို့ကိုပင် ဝယ်ပေးကြသည်။ သင် သတိလက်လွတ်ဖြစ်သည့်အချိန်တွင်၊ ၎င်းတို့သည် သင်၏ ကာကွယ်ရေးအစီအရင်များကို ချိုးဖျက်ပြီး သင်၏ စိတ်နှလုံးထဲသို့ ဝင်ရောက်လာကြသည်။ မသိလိုက်ဘဲ သင်သည် ၎င်းတို့ကို စဉ်းစားလိုက်ရုံမျှဖြင့် ရင်ထဲတွင် တလှပ်လှပ်ခံစားရသည်။ သင်သည် ၎င်းတို့ကို ရက်အနည်းငယ် မတွေ့ရပါက၊ “ငါ့ပတ်ဝန်းကျင်တွင် မည်သူကမျှ ငါ့ကို သူ့လောက် ဂရုမစိုက်ကြပါ။ ငါ သူ့ ချစ်မိသွားပြီထင်သည်။ သူသည်လည်း ငါ့ကို ချစ်မိသွားပြီလား” ဟု တွေးလျက် တစ်စုံတစ်ခု လိုအပ်နေသည်ဟု ခံစားရပေသည်။ ဤသည်မှာ မည်သည့် အခြေအနေမျိုးဖြစ်သနည်း။ (စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်ခြင်း ဖြစ်ပါသည်။) အချို့သော အတွေ့အကြုံရင့် အချစ်ရေးကစားသူများသည် အခြားသူတို့ကို လက်လွှတ်ခြင်းဖြင့် မိမိတို့ထံ ပါလာအောင် ဆွဲဆောင်ရာတွင် ကျွမ်းကျင်ကြသည်။ အချိန်ကာလတစ်ခုအထိ သင့်ကို ဂရုစိုက်ပြပြီး သင့်ကို စိတ်ဝင်စားလာအောင် ဆွဲဆောင်ပြီးနောက် ၎င်းတို့သည် ပျောက်သွားကာ သင့်ဘာသာ ငါးစာကို ဟပ်စေသည်။ သင်သည် ၎င်းတို့ကို ချစ်မိသွားပြီး ၎င်းတို့မရှိဘဲ အသက်မရှင်နိုင်တော့ကြောင်း သဘောပေါက်သည့်အခါ သင်သည် အချစ်ထောင်ချောက်ထဲသို့ ကျရောက်သွားပြီဖြစ်ပြီး ပြုစားခံလိုက်ရပြီ ဖြစ်သည်။ ပြုစားခံလိုက်ရသည်နှင့်တစ်ပြိုင်နက် သင်သည် ၎င်းတို့၏ ဖမ်းစားခြင်းကို လုံးဝ ခံလိုက်ရပြီ ဖြစ်သည်။ လူတို့ ကျရောက်သွားသည့် ဤအချစ်ထောင်ချောက်ဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ မိသားစုချစ်ခင်မှု၊ ခင်မင်ရင်းနှီးမှု သို့မဟုတ် လူအချင်းချင်းကြားရှိ ဂရုစိုက်မှုနှင့် ချစ်ခြင်းမေတ္တာ မဟုတ်ဘဲ ကာမစိတ်ဆန္ဒ၏ ကွန် ဖြစ်သည်။ သင်သည် ကာမစိတ်ဆန္ဒ၏ ထောင်ချောက်ထဲသို့ ကျရောက်သည်နှင့်တစ်ပြိုင်နက် ထိန်းချုပ်မှု အလွယ်တကူ ဆုံးရှုံးသွားနိုင်သည်။ လူကိုးဆယ့်ငါးရာခိုင်နှုန်းကျော်၊ အထူးသဖြင့် လူငယ်များသည် ယင်းကို မကျော်လွှားနိုင်ကြသည့်အပြင် ထိုသို့သော ထောင်ချောက်ကို မလွတ်မြောက်နိုင်ကြပေ။ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ထိုသို့သော ထောင်ချောက်မှ လွတ်မြောက်ရန် အလွန်ခက်ခဲကြောင်း သင်သိသည့်အတွက်၊ သင့်ကိုယ်သင် ယင်းထဲသို့ မကျရောက်စေနှင့်။ သင့်ကို ထောင်ချောက်ထဲသို့ ဆိုက်ရောက်စေနိုင်မည့် လူများ၊ အမှုအရာများ သို့မဟုတ် ပတ်ဝန်းကျင်များနှင့် ဝေးဝေးနေရန် တတ်နိုင်သမျှ လုပ်ဆောင်လော့။ အချိန်ကာလတစ်ခုကြာ ခပ်ဝေးဝေးတွင် နေပြီး ဘုရားသခင်ထံ ဆုတောင်းကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလော့။ တဖြည်းဖြည်းနှင့် သင်၏ ကာမဂုဏ်ဆိုင်ရာ လိုအပ်ချက်များသည် မှေးမှိန်ကာ ပျောက်ကွယ်သွားမည်။ ထိုထောင်ချောက်သည် သင့်အပေါ် ထိန်းချုပ်မှုရှိတော့မည် မဟုတ်သည့်အပြင်၊ သင်သည် ဤစုံစမ်းသွေးဆောင်မှုကို အခြေခံအားဖြင့် ကျော်လွှားအောင်မြင်ပြီး ဖြစ်လိမ့်မည်။ သို့သော် နောက်တစ်ကြိမ် ထိုသို့သော စုံစမ်းသွေးဆောင်မှုများနှင့် ထောင်ချောက်များကို ကြုံတွေ့ရသည့်အခါ သင်မည်သို့ဖြစ်မည်၊ ယင်းတို့ကို သင် ကျော်လွှားနိုင်ခြင်း ရှိ၊ မရှိဟူသည်တို့ကို မသိနိုင်ပေ။ တစ်ခုတည်းသော နည်းလမ်းမှာ ဆုတောင်းရန်နှင့် သမ္မာတရားကို ရှာဖွေရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာရောက်ပြီး အမျိုးမျိုးသော စုံစမ်းသွေးဆောင်မှုများနှင့် ဝေးဝေးနေရန် ဖြစ်သည်။ သင့်ကိုယ်သင် သမ္မာတရားဖြင့် ပြင်ဆင်ခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းတို့သည် အခြေခံအကျဆုံးသော အရာများ ဖြစ်ကြသည်မှာ အမှန်ပင်ဖြစ်၏။ သို့သော် သင့်ကိုယ်သင် သမ္မာတရားဖြင့် ပြင်ဆင်ခြင်းသည် မရိုးရှင်းပေ။ သင့်အနေဖြင့် အတွေ့အကြုံအချို့ကို ဖြတ်သန်းရန် လိုအပ်ပြီး သင်၏ ဝိညာဉ်ရင့်ကျက်မှုသည်လည်း ထိုမျှ လျင်မြန်စွာ ကြီးထွားခြင်းမရှိသောကြောင့် အမျိုးမျိုးသော ကဏ္ဍများရှိ သင်၏ ကာကွယ်ရေး အစီအရင်များကိုလည်း ထိုမျှ လျင်မြန်စွာ တည်ဆောက်နိုင်ခြင်း မရှိပေ။ သို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် မကြာခဏ အသက်ရှင်ရမည်၊ ဘုရားနှုတ်ကပတ်တော်များ၏ လမ်းညွှန်မှု၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် ဘုရားသခင်၏ ကွယ်ကာမှုတို့ ရှိရမည်။ ဤအရာအားလုံး နေရာတကျရှိခြင်းအပြင်၊ သင်၏ ကိုယ်ရေးကိုယ်တာ စိတ်ပိုင်းဖြတ်မှုပါ ရှိခြင်းဖြင့်၊ ထိုသို့သော စုံစမ်းသွေးဆောင်မှုများနှင့် ရင်ဆိုင်ရသည့်အခါ သင်သည် ခုခံကာကွယ်ရေး အစီအမံများ ရှိလိမ့်မည်။ ထို့အပြင် သင်သည် ထိုကိစ္စရပ်၏ သဘောသဘာဝနှင့် ယင်းက ဖြစ်စေမည့် အကျိုးဆက်များကို သိရှိသည့်အခါ သင်သည် ထိုသို့သော ပတ်ဝန်းကျင်များကို သတိရှိရှိဖြင့် ရှောင်ရှားလိမ့်မည်ဖြစ်သည်။ ယင်းက သင်သည် ထိုသို့သော စုံစမ်းသွေးဆောင်မှုများကို ငြင်းပယ်ရန် စိတ်ပိုင်းဖြတ်မှုရှိကြောင်း သက်သေပြလိမ့်မည်။ ထို့နောက် ဘုရားသခင်သည် သင်၏ သဘောထားနှင့် သင်၏ ပုဂ္ဂလဓိဋ္ဌာန်ကျသော လိုအင်ဆန္ဒကြောင့် ထိုသို့သော စုံစမ်းသွေးဆောင်မှုများမှ လွတ်မြောက်ရန် သင့်ကို ကူညီလိမ့်မည်။ သင်သည် ထိုသို့သော ပတ်ဝန်းကျင်တစ်ခုနှင့် ကြုံတွေ့ရပြီး သင်၏ စိတ်နှလုံးထဲတွင် အလွန်အမင်း မနှစ်မြို့ခြင်းနှင့် မုန်းတီးခြင်းကို ခံစားရသော်လည်း မည်သို့ငြင်းပယ်ရမည်ကို မသိပါက ဘုရားသခင်ထံ သင့်ကို ကာကွယ်ပေးရန်နှင့် ထိုသို့သော ပတ်ဝန်းကျင်ကို သင့်အတွက် ဖယ်ရှားပေးရန် တောင်းလျှောက်လျက် ဆုတောင်းလော့။ သင်သည် ထိုသို့သော တောင်းလျှောက်ခြင်းများနှင့် ဆန္ဒများ ရှိသည့်အခါ၊ အသင်းတော်အလုပ်၏ လိုအပ်ချက်များကြောင့် သင့်အတွက် အန္တရာယ်ရှိသော စုံစမ်းသွေးဆောင်မှုတစ်ခု ဖြစ်စေသည့် ထိုလူသည် သင့်ကို နောက်တစ်ကြိမ် ဆက်သွယ်ရန် အဆင်မပြေဖြစ်အောင်ပင် နေရာရွှေ့ပြောင်းခြင်း ခံရကောင်းခံရလိမ့်မည်ဖြစ်ပြီး သင်သည် ၎င်းကို နောက်ထပ် ကြုံတွေ့ရတော့မည် မဟုတ်ပေ။ ဤသည်မှာ သင့်ကို ဘုရားသခင် ကူညီနေခြင်း ဖြစ်သည်။ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်မှု ဖြစ်သည်။ ဘုရားသခင်သည် သင်၏ ကိုယ်ရေးကိုယ်တာ လိုအင်ဆန္ဒ၊ သဘောထား၊ စိတ်ပိုင်းဖြတ်မှုနှင့် သန္နိဋ္ဌာန်တို့ကို မြင်သောကြောင့် သူသည် သင်၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် သင့်အား အစပြု၍ လုံးလုံးလျားလျား ကူညီလိမ့်မည်ဖြစ်ပြီး သင့်ကို ကာကွယ်စောင့်ရှောက်ခြင်းဟူသော အကျိုးရလဒ်ကို စွမ်းဆောင်ရရှိစေမည် ဖြစ်သည်။ ဤလူ ထွက်ခွာသွားပြီး သင့်ကို နောက်ထပ် မနှောင့်ယှက်တော့သည့်အခါ သင်သည် စိတ်ထဲတွင် အနည်းငယ် ဟာတာတာ ဖြစ်ကောင်းဖြစ်နိုင်သည်၊ ၎င်းတို့ ထွက်ခွာသွားသည်ကို အနည်းငယ် သနားစရာကောင်းသည်ဟု တွေးထင်နိုင်ပြီး “သူတို့ ဤနေရာတွင် ရှိနေသေးလျှင် ငါတို့ ကောင်းစွာ အဆင်ပြေနိုင်မည်လော” ဟုပင် စိတ်ကူးယဉ်မိနိုင်သည်။ ရံဖန်ရံခါတွင် ထိုသို့သော အတွေးများ ပေါ်ပေါက်ကောင်းပေါ်ပေါက်လာနိုင်သော်လည်း ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်မှုဖြင့် သင်သည် နောက်ဆုံးတွင် စုံစမ်းသွေးဆောင်မှုနှင့် ဝေးဝေးတွင် နေရသည်။ မသိလိုက်ဘဲ ဤကိစ္စသည် သင်၏ စိတ်နှလုံးထဲတွင် တဖြည်းဖြည်း မှေးမှိန်သွားသည်၊ ယင်းသည် သင့်ထံမှ တဖြည်းဖြည်း ယုတ်လျော့သွားပြီး အချိန်ကြာလာသည်နှင့်အမျှ သင်သည် သင်၏ ယခင် အသက်တာ အခြေအနေနှင့် ပုံမှန် စိတ်နေစိတ်ထားသို့ ပြန်ရောက်သွားလျက် သင်၏ ငြိမ်သက်ခြင်းကို ရရှိလိမ့်မည်။ ဤအချိန်တွင် ဤကိစ္စရပ်က အဆုံးသတ်သွားသည်။ ယင်းသည် သင့်အတွက် မည်သည့် ခြိမ်းခြောက်မှု သို့မဟုတ် အနှောင့်အယှက်ကိုမျှ မဖြစ်စေခဲ့ဘဲ ထိုအစား စာတန်ကို သင်၏ အောင်နိုင်ခြင်းအပြင်၊ နတ်ဆိုးကို သင်၏ ရှောင်ကြဉ်ခြင်းနှင့် ငြင်းပယ်ခြင်းတို့၏ အစွမ်းတန်ခိုးရှိသော သက်သေနှင့် သက်သေခံချက်တစ်ခု ဖြစ်လာပြီးဖြစ်သည်။ ဤသည်မှာ အလွန် ကောင်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤစုံစမ်းသွေးဆောင်မှုသည် သင့်ကို ခြိမ်းခြောက်တော့မည့်အချိန်၊ ထိုအန္တရာယ်ရှိသော အခိုက်အတန့်တွင် သင်၏ သဘောထားနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ဘုရားသခင်သည် သင့်ကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ ဘုရားသခင်သည် သင့်ကို ခိုင်မာစွာ ရပ်တည်ခွင့်ပေးလျက်၊ သင့်အတွက် သင့်တော်သော ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ပေးသည်။ ဤအရာက သင်၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားခြင်းကို မြှင့်တင်ပေးသည်။ ယင်းသည် သင်၏ ယုံကြည်ခြင်းကို တိုးပွားစေလိမ့်မည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင်၏ စိတ်ပိုင်းဖြတ်မှုနှင့် လိုအင်ဆန္ဒကို တိုးပွားစေလိမ့်မည်၊ သင့်ကို စိတ်ဓာတ်လှုံ့ဆော်မှု ပေးလိမ့်မည်ဖြစ်ပြီး သင်၏ ဝိညာဉ်ရင့်ကျက်မှုကို ကြီးထွားခွင့်ပေးလိမ့်မည်။ ဤစုံစမ်းသွေးဆောင်မှု သင့်အပေါ် ကျရောက်သည့်အခါ သင်သည် ယင်းကို ငြင်းပယ်ရန် သို့မဟုတ် ရှောင်ရှားရန် မလိုလားလျှင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ် ကင်းမဲ့လျှင်၊ ယင်းကို လွတ်လပ်စွာ ဖြစ်ပေါ်ခွင့်ပေးပြီး ဤစုံစမ်းသွေးဆောင်မှုကို လက်ခံလိုလျှင်၊ နတ်ဆိုး၏ နှောင့်ယှက်မှုနှင့် တွယ်ငြိမ်မှုကိုပင် လက်ခံလိုပြီး သင်သည် ထိုသို့သော အခြေအနေကို တိုး၍ နှစ်သက်ခံစားလျှင်၊ ထိုသို့သော ပတ်ဝန်းကျင်တွင် တိုး၍ အသက်ရှင်လိုပြီး ထိုသို့သော ပတ်ဝန်းကျင်ကို ဖယ်ရှားပေးရန် တောင်းလျှောက်လျက် ဘုရားသခင်ထံ တက်ကြွစွာ ဆုမတောင်းလျှင်၊ ဤကိစ္စအပေါ် သင်၏ သဘောထားက ဤသို့ဖြစ်သည်ကို မြင်သည့်အခါ၊ ဘုရားသခင်သည် သင့်ကို အတင်းအကျပ် ပြုမည်မဟုတ်ပေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များတွင် သူသည် မည်သူ့ကိုမျှ အတင်းအကျပ် မပြုပေ။ သင်သည် ဤလူကို အလွန်နှစ်သက်သည့်အတွက်၊ ၎င်းတို့က သင့်ကို ပျော်ရွှင်စေလျက် ကြီးမားသော ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုအား ဆောင်ကြဉ်းပေးနိုင်သည်ဟု သင်ခံစားရသည့်အတွက်၊ ဘုရားသခင်သည် ထိုသို့သော ဝမ်းမြောက်မှုနှင့် ပျော်ရွှင်မှုကို သင့်အား ခံစားခွင့်ပိတ်ပင်လိမ့်မည် မဟုတ်သည့်အပြင်၊ ဘုရားသခင်သည် ဤလူကိုလည်း ဖယ်ရှားပေးလိမ့်မည် မဟုတ်ပေ။ အကျိုးဆက်များအတွက်မူ သင်တစ်ဦးတည်းသာ ခံရမည် ဖြစ်သည်။ ဖြစ်လာလိမ့်မည့်အရာမှာ သင်သည် နတ်ဆိုးများ၊ ကောက်ကျစ်ဆိုးယုတ်သော၊ ကာမရာဂသောင်းကျန်းသော၊ လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သော လူများ၏ စုံစမ်းသွေးဆောင်မှုနှင့် တဏှာကြီးသော တွယ်ငြိမှုထဲသို့ တဖြည်းဖြည်း ကျရောက်သွားလိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် သင်၏ အသိစိတ် အပြစ်တင်ခြင်းနှင့် ဘုရားသခင်၏ မျက်မှောက်တော်ကို ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။ ဇာတိပကတိ၏ ကာမစိတ်ဆန္ဒများကို မွေ့လျော်ခြင်းနှင့်ဆိုင်သည့် ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုကို ခံစားပြီးနောက် သင်သည် အရှက်တရားခံစားရခြင်းမရှိသည့်အပြင် ထိုသို့သော စုံစမ်းသွေးဆောင်မှုမှ သင့်ကိုယ်သင် မခွဲခွာနိုင်ပေ။ ဤသည်ကို မိမိကိုယ်ကို အကျင့်ပျက်ပြားစေခြင်းဟု ခေါ်သည်။ သင်သည် အပျော်ရွှင်ဆုံးသောသူဖြစ်သည်ဟု သင် ခံစားရသည်၊ သင်သည် ဤပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုကို အလွန် နှစ်သက်သည်၊ ထိုသို့သော ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှု ရှိသည့်အတွက် ကံကောင်းသည်ဟု ခံစားရပြီး ထိုသို့သော အချစ်ထောင်ချောက်တွင် ပိတ်မိနေရသည်ကို အလွန် စိတ်ကျေနပ်နေသည်။ သို့ဆိုလျှင် ဘုရားသခင်သည် မည်သည့်အရာကို လုပ်ဆောင်နိုင်ဦးမည်နည်း သို့မဟုတ် ပြောဆိုနိုင်ဦးမည်နည်း။ ဘုရားသခင်သည် သင့်ကို မည်သည့် အရိပ်အမြွက်မျှ ပေးမည်မဟုတ်၊ မည်သည့်အရာနှင့်ပတ်သက်၍မျှ သတိပေးမည်မဟုတ်သည့်အပြင်၊ မည်သည့်အရာကိုမျှ လုပ်ဆောင်မည် မဟုတ်ပေ။ ရှေ့ဆက်ပြီး သင့်ဘာသာ မွေ့လျော်ခံစားနေလော့။ ကာမစိတ်ဆန္ဒများ၏ ထောင်ချောက်တွင် ပိတ်မိနေသူများအတွက် နောက်ဆုံး အကျိုးဆက်များက ကြိုတင်ခန့်မှန်း၍ရနိုင်သည်။ အချစ်ထောင်ချောက်ထဲသို့ ကျရောက်သွားသူ မည်သူမျှ ပျော်ရွှင်စွာ သို့မဟုတ် ဝမ်းမြောက်စွာ အဆုံးမသတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် ရလဒ်က နာကျင်ဖွယ်နှင့် ကြေကွဲဖွယ်သာ ဖြစ်နိုင်ပေသည်။ သင်တစ်ဦးတည်းသာ ထိုသို့သော အကျိုးဆက်များကို ခံရမည်ဖြစ်ပြီး သင် ခံထိုက်ပေသည်။ ဘုရားသခင်သည် စည်းမျဉ်းများဖြင့် ပြုမူဆောင်ရွက်သလော။ (ပြုမူဆောင်ရွက်ပါသည်။) ဘုရားသခင်သည် သင်၏ ရွေးချယ်မှုများကို လေးစားသည်။ “ဘုရားသခင်က ငါ့ကို စောင့်ကြည့်ပြီး ထိန်းချုပ်လိမ့်မည်၊ သူက ငါ့ကို ချိန်းတွေ့ခွင့်ပေးမည် မဟုတ်ပါ၊ ငါ့၏ ကာမဂုဏ်ဆိုင်ရာ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းခွင့်ပေးမည် မဟုတ်ပါ”ဟု မထင်နှင့်။ သင် မှားနေသည်၊ ဘုရားသခင်သည် သင့်ကို ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။ ဘုရားသခင် လုပ်ဆောင်လိုသည့်အရာမှာ သင့်ကို စုံစမ်းသွေးဆောင်ခြင်းထဲသို့ မကျရောက်စေရန်၊ ဆိုးယုတ်သူများ၏ အထင်အမြင်မှားစေခြင်းကို မခံရစေရန်၊ စာတန်၏ ဖျက်ဆီးခြင်းနှင့် ဆိုးရွားစွာ ထိခိုက်စေခြင်းကို မခံရစေရန် ကာကွယ်ပေးဖို့ ဖြစ်သည်။ သို့သော် သင်သည် စာတန်နှင့်အတူ လိုက်သွားရန် ရွေးချယ်ပါက ယင်းမှာ သင်၏ လွတ်လပ်ခွင့်နှင့် သင်၏ ရွေးချယ်မှုဖြစ်သည်ဟု ဘုရားသခင် ပြောသည်။ သင် လိုလားနေသရွေ့၊ သင် နောင်တမရသရွေ့ ဘုရားသခင်သည် သင့်ကို အနိုင်အထက် သွေးဆောင်မည်မဟုတ်ပေ။ သင် စိုက်သည့်အတိုင်း သင် တစ်ဦးတည်းသာ ရိတ်ရခြင်းဖြစ်ပြီး အချိန်ကျလာပြီး သင်သည် ဝမ်းနည်းပက်လက် ငိုကြွေးနေသည့်အခါ ဘုရားသခင်က သင့်ကို သတိမပေးခဲ့ဟု မညည်းညူနှင့်၊ ပြီးလျှင် ဘုရားသခင်က သင့်ကို မကာကွယ်ခဲ့ဟု မညည်းညူနှင့်။ ဘုရားသခင်က သင့်ကို ကာကွယ်ချင်သည်၊ ဘုရားသခင်က သင့်ကို စုံစမ်းသွေးဆောင်မှုနှင့် ဝေးဝေးနေစေချင်သည်၊ သို့သော် သင်က ငြင်းပယ်သည်။ ဘုရားသခင်သာ သင်နှစ်သက်သောလူ၊ သင်နှင့်အတူ အချစ်ထောင်ချောက်တွင် တွယ်ငြိနေသောလူကို နေရာရွှေ့လိုက်ပါက သင်သည် ၎င်းကို သွားရှာမည်၊ သင်သည် ရူးသွပ်သွားသကဲ့သို့ ပြုမူမည်၊ သင်သည် ထိန်းချုပ်မှု ပျောက်ဆုံးသွားမည်၊ ဘုရားသခင်နှင့်ပတ်သက်၍ သင် မကျေမနပ်ဖြစ်မည်၊ ဘုရားသခင်ကို သင်၏ ခံစားချက်များအား ထောက်ထားစာနာမှုမရှိခြင်းနှင့် သင်၏ အခက်အခဲများကို နားမလည်ခြင်းအတွက် ပြစ်တင်ကြိမ်းမောင်းမည်။ ထို့ကြောင့် ဘုရားသခင်သည် ထိုသို့ လုပ်ဆောင်မည်မဟုတ်ပေ။ ဘုရားသခင်သည် လူတို့အား ၎င်းတို့ မလုပ်လိုသော အရာများကို အတင်းအကျပ် မလုပ်ဆောင်စေပေ။ သင်သည် ထိုလမ်းကြောင်းကို သင်ကိုယ်တိုင် ရွေးချယ်ခဲ့သည့်အတွက်၊ နောက်ဆုံးတွင် ဖြစ်ပေါ်လာသော ဆိုးဝါးသည့် အကျိုးဆက်များကို သင်တစ်ဦးတည်းသာ ခံရမည် ဖြစ်သည်။ သင့်အတွက် အကျိုးဆက်ကို မည်သူမျှ ခံပေးမည်မဟုတ်။ ဤကိစ္စရပ်က ယခု ရှင်းလင်းပြီလော။ (ရှင်းလင်းပါသည်။)
အချို့လူများသည် နတ်ဆိုးများနှင့် စာတန်များ၊ ကောက်ကျစ်ဆိုးယုတ်သူများ၏ တွယ်ငြိမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရပြီး ၎င်းတို့ကို မငြင်းပယ်ဘဲ ၎င်းတို့နှင့်အတူ မိမိတို့၏ ဘဝများကို ကုန်ဆုံးရန် လိုလားနေပါက ဤသည်မှာ ၎င်းတို့၏ ကိုယ်ပိုင်ရွေးချယ်မှု ဖြစ်သည်။ ယင်းက နောက်ဆုံးတွင် ခါးသီးသော အကျိုးဆက်များကို ဖြစ်ပေါ်စေသည့်အခါ ၎င်းတို့သည် အခြားသူများကို အပြစ်မတင်သင့်ပေ။ ၎င်းတို့သည် အလွန် အောက်တန်းကျပြီး အလွန် စံသွေသည့်အတွက် မိမိတို့ကိုယ်ကိုသာ မုန်းတီး၍ရနိုင်ပြီး မိမိတို့၏ မျက်နှာကို မိမိတို့ကိုယ်တိုင် ရိုက်ကာ မိမိတို့ကိုယ်ကို ကျိန်ဆဲသင့်သည်။ သင်သည် နောက်ဆုံးတွင် မည်သည့် ခါးသီးသော အသီးအပွင့်ကို ရိတ်သိမ်းရသည်ဖြစ်စေ ဘုရားသခင်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိပေ။ “ဘုရားသခင်က ကျွန်ုပ်ကို အဘယ်ကြောင့် မကာကွယ်ခဲ့သနည်း။ ထိုစဉ်က ကျွန်ုပ်ကို အဘယ်ကြောင့် ဘုရားသခင် မတားဆီးခဲ့သနည်း”ဟု မပြောနှင့်။ ငါသည် သင့်အား ပြောမည်၊ ဘုရားသခင်တွင် ထိုသို့သော တာဝန်မရှိပေ။ သူသည် သင့်အား ပြောသင့်သည့်အရာကို ရှင်းလင်းစွာ ပြောပြီး ဖြစ်သည်။ သင်သည် လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းရှိသော လူတစ်ဦး ဖြစ်သည်၊ ဘုရားသခင်သည် သင့်အား လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ပေးထားပြီးဖြစ်ကာ သင်သည် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိသည်။ ထို့ကြောင့် သင်သည် မည်သည့်အရာကိုမဆို ကြုံတွေ့ရသည့်အခါ ဘုရားသခင်သည် သင့်အား ရွေးချယ်ပိုင်ခွင့် ပေးသည်။ သင့်အနေဖြင့် ရွေးချယ်ပိုင်ခွင့် ရှိသည့်အတွက်၊ သင်နောက်ဆုံးတွင် ရိတ်သိမ်းရသော ခါးသီးသည့် အသီးအပွင့်သည် သင်၏ ကိုယ်ပိုင်ရွေးချယ်မှုမှ အစပြုပေသည်။ သို့ဖြစ်၍ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ မကျေမနပ်မဖြစ်သင့် သို့မဟုတ် သင်တတ်နိုင်သည့် မည်သည့်နေရာကိုမဆို အပြစ်မပုံချသင့်ပေ။ ဘုရားသခင် ပြုသောအမှုသည် သင့်အား သမ္မာတရားကို ပြောပြရန်နှင့် ကယ်တင်ခြင်းလမ်းကြောင်းကို ပြသရန် ဖြစ်သည်။ ဘုရားသခင်နောက်လိုက်ရန် သင် ရွေးချယ်ခြင်း၊ သို့မဟုတ် စာတန်နောက်လိုက်ရန် သင် ရွေးချယ်ခြင်း ရှိမရှိဟူသည်နှင့်ပတ်သက်၍မူ၊ ထိုအရာသည် သင်ကိုယ်တိုင်အပေါ်၌သာ မူတည်သည်။ အကယ်၍ သင်သည် ကောင်းချီးမင်္ဂလာ ခံစားရသောသူဖြစ်ပြီး သမ္မာတရားကို လိုက်စားရန် လိုလားလျှင်၊ ဘုရားသခင်နောက်သို့ လိုက်လော့။ အကယ်၍ သင်သည် သမ္မာတရားကို မချစ်ဘဲ၊ လောကကို ချစ်ပြီး ကောက်ကျစ်ဆိုးယုတ်မှုကို ချစ်လျှင်၊ သင်၏အသက်တာသည် အောက်တန်းကျသောသူတစ်ဦးဖြစ်လျှင်၊ စာတန်နောက်လိုက်ရန် ရွေးချယ်လော့။ သင့်ကို မည်သူမျှ တားဆီးခြင်း မရှိပေ။ မည်သူမျှ သင့်ကို တားဆီးနေခြင်း မရှိပေ။ ယနေ့တိုင်အောင် အချို့လူများက၊ “ကျွန်ုပ် အသက် သုံးဆယ် သို့မဟုတ် လေးဆယ် ရှိနေပြီ၊ ကျွန်ုပ် ချိန်းမတွေ့ရသေးပါ သို့မဟုတ် အိမ်ထောင် မပြုရသေးပါ၊ ဘုရားအိမ်တော်က ခွင့်မပြုပါ” ဟု စောဒကတက်လျက်၊ ဘုရားသခင်နှင့် ဘုရားသခင်၏ အိမ်တော်ကို နားလည်မှုလွဲနေကြဆဲဖြစသည်။ ဘုရားအိမ်တော်သည် မည်သည့်အခါက လူတို့ကို ချိန်းတွေ့ခြင်း သို့မဟုတ် အိမ်ထောင်ပြုခြင်းမှ ကန့်သတ်ချုပ်ချယ်ဖူးသနည်း။ ဤသည်မှာ သင်၏ လွတ်လပ်ခွင့် ဖြစ်သည်။ ဘုရားအိမ်တော်က ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။ သို့သော် သတ်မှတ်ချက်တစ်ရပ် ရှိသည်။ သင်သည် ထိုသို့ပြုလုပ်ပါက သင်သည် အသင်းတော်တွင် အချိန်ပြည့်တာဝန်ထမ်းဆောင်ခြင်း မရှိနိုင်ပေ။ အကြောင်းမှာ အချစ်ရေးဆက်ဆံမှုတစ်ခုတွင် ရှိနေခြင်းနှင့် သင်၏ တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိတော့ခြင်းသည် အသင်းတော်၏ အလုပ်ကို အဟန့်အတား ဖြစ်စေလိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် အမှန်တကယ် ချိန်းတွေ့ပြီး အိမ်ထောင်ပြုလိုပါက သင်တာဝန်ယူထားသော အလုပ်ကို ဦးစွာ လွှဲပြောင်းပေးလော့၊ ပြီးလျှင် ငါတို့ ယာယီ လမ်းခွဲကြမည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ စည်းမျဉ်းများကို လူတိုင်း ရှင်းလင်းပြီလော။ (ရှင်းလင်းပါသည်။) တစ်စုံတစ်ဦးသည် ချိန်းတွေ့လိုလျှင် သို့မဟုတ် အိမ်ထောင်ပြုလိုလျှင် ယင်းမှာ လုံးဝ ကိစ္စမရှိ။ မည်သူမျှ ချုပ်ချယ်ကန့်သတ်ခြင်းမရှိပေ။ သို့သော် ဆန့်ကျင်ဘက်လိင်ကို လက်လွတ်စပယ် ပိုးပန်းခြင်းနှင့် အသင်းတော်အသက်တာကို နှောင့်ယှက်ခြင်းသည် လက်ခံနိုင်ဖွယ်မရှိပေ။ အခြားသူများကို လက်လွတ်စပယ် ပိုးပန်းသူများသည် နတ်ဆိုးများ ဖြစ်ကြသည်။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်သော၊ ကာမရာဂစိတ်သောင်းကျန်းသော၊ လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သော လူများဖြစ်ကြပြီး ဘုရားအိမ်တော်သည် ထိုသို့သောလူများ ရှိနေခြင်းကို လုံးဝ ခွင့်မပြုပေ။ ဤလူအမျိုးအစားသည် ၎င်းတို့ မည်သည့်လူအုပ်စုထဲတွင် ရှိနေသည်ဖြစ်စေ အခြားသူများကို လက်လွတ်စပယ် ပိုးပန်းပြီး နှောင့်ယှက်တတ်သည်။ ဘေးဆိုးတစ်ခုကဲ့သို့ပင်၊ ၎င်းတို့သည် ထိတ်လန့်မှုကို ဖြစ်စေပြီး လူတို့ကို အမြဲတစေ ဂနာမငြိမ်ဖြစ်ကာ စိတ်မသက်မသာ ဖြစ်စေသည်။ မည်သည့်နေရာတွင် အသင်းတော်အသက်တာကို ၎င်းတို့ အသက်ရှင်သည်ဖြစ်စေ ၎င်းတို့၏ နှောင့်ယှက်မှုများက ဆိုးရွားသော အခြေအနေတစ်ခုကို ဖန်တီးပြီး အသင်းတော်ကို ဖရိုဖရဲ အခြေအနေတစ်ခုအဖြစ်သို့ ရောက်သွားစေသည်။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို ဖျက်ဆီးသည်သာမက ညီအစ်ကိုမောင်နှမများက မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် ပုံမှန်အစီအစဉ်ကိုလည်း နှောင့်ယှက်ကြသည်။ ထိုသို့သောလူများကို တင်းကြပ်စွာ စောင့်ကြည့်ပြီး ချုပ်ချယ်ကန့်သတ်ရမည်ဖြစ်ကာ ဆိုးရွားသော သက်ရောက်မှုကို ဖြစ်စေသူများအား သီးခြားခွဲထားရမည် သို့မဟုတ် ရှင်းလင်းပစ်ရမည် ဖြစ်သည်။ အချို့လူများက “ကျွန်ုပ် လူအနည်းငယ်ကိုသာ ထိခိုက်စေခဲ့ခြင်းဖြစ်သည်၊ ဤသည်မှာ ပြဿနာကြီးတစ်ခု မဟုတ်ပါ၊ ဟုတ်ပါသလော”ဟု ပြောကြသည်။ သင်သည် လူအနည်းငယ်ကို ထိခိုက်စေနိုင်လျှင် ဒါဇင်နှင့်ချီ၍လည်း ထိခိုက်စေနိုင်စွမ်း ရှိသည်။ ဤသည်မှာ သင်သည် ထိုသို့သော အယုတ်တမာမျိုးသာ ဖြစ်သည်။ အသင်းတော်ထဲတွင် မဆင်မခြင် ပိုးပန်းခြင်းနှင့် ကာမစိတ်ဆန္ဒကို မလျော်ကန်စွာ ထုတ်လွှတ်ခြင်းဖြင့် လူတို့ကို ထိခိုက်စေခြင်းသည် လက်မခံနိုင်ဖွယ်ဖြစ်သည်။ သင်သည် လူတို့ကို ပိုးပန်းလိုပါက ဘာသာတရားမရှိသော လောက၏ ကာမဂုဏ်လိုက်စားရာ နေရာများသို့ သွားလော့။ ထိုနေရာတွင် သင့်ကို မည်သူမျှ ကန့်သတ်ချုပ်ချယ်ခြင်း မရှိ။ သို့သော် ဘုရားအိမ်တော်၊ ညီအစ်ကိုမောင်နှမများ တာဝန်ထမ်းဆောင်ရာ နေရာသည် တည်ကြည်လေးနက်သည်၊ တိတ်ဆိတ်ငြိမ်သက်ပြီး သန့်ရှင်းမြင့်မြတ်သည်။ မည်သည့် နတ်ဆိုးများ သို့မဟုတ် စာတန်များကိုမျှ နှောင့်ယှက်ရန် သို့မဟုတ် ဖျက်ဆီးရန် ခွင့်မပြုပေ။ တစ်စုံတစ်ဦးသည် အသင်းတော်ကို ကာမစိတ်ဆန္ဒအား သဘောရှိ မွေ့လျော်လျက် ချိန်းတွေ့ရာ သို့မဟုတ် လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံသော နေရာတစ်ခုအဖြစ် ပြောင်းလဲလိုလျှင်၊ ယင်းမှာ လုံးဝ လက်ခံနိုင်ဖွယ်မရှိပေ။ ဤသည်မှာ အသင်းတော်၊ ဘုရားသခင်၏ အလုပ်နေရာ၊ သန့်ရှင်းသောဝိညာဉ်တော်က လူတို့ကို သန့်စင်စေရန်နှင့် စုံလင်စေရန် အလုပ်လုပ်သော နေရာ ဖြစ်သည်။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ လူတိုင်းသည် ဂုဏ်သိက္ခာရှိရမည်ဖြစ်ပြီး ရည်မွန်ရမည်ဖြစ်ကာ သင့်တော်သော အလုပ်ကို အာရုံစိုက်လုပ်ဆောင်ရမည်။ အခြားသူများကို လက်လွတ်စပယ် ပိုးပန်းခြင်းအား ခွင့်ပြုခြင်းမရှိသည့်အပြင်၊ ကာမစိတ်ဆန္ဒကို မလျော်ကန်စွာ ထုတ်လွှတ်ခြင်းကိုလည်း ခွင့်မပြုပေ။ သင်သည် သင်၏ ကာမစိတ်ဆန္ဒကို မထိန်းချုပ်နိုင်သည့်အပြင်၊ ထုတ်သာထုတ်လွှတ်လိုလျှင် အိမ်ထောင်ပြုရန် သင့်တော်သော လူတစ်ဦးကို ရွေးချယ်လော့။ အသင်းတော်အတွင်း၌ အခြားသူများကို လက်လွယ်စပယ် မပိုးပန်းနှင့်။ အခြားသူများကို လက်လွယ်စပယ် ပိုးပန်းပြီး ညီအစ်ကိုမောင်နှမများထံမှ ဒေါသအမျက်ကို စေ့ဆော်သူမည်သူ့ကိုမဆို အသင်းတော်အသက်တာအား ဆက်လက်နှောင့်ယှက်မည်စိုးရသဖြင့် လျင်မြန်စွာ ရှင်းလင်းပစ်သင့်သည် သို့မဟုတ် နှင်ထုတ်သင့်သည်။ နားလည်ပြီလော။ (နားလည်ပါပြီ။) ယောက်ျားနှင့် မိန်းမတို့ကြားတွင် နယ်နိမိတ်များ ရှိရမည်။ ယောက်ျားတစ်ဦးသည် အလုပ် အကြောင်းရင်းများကြောင့်မဟုတ်၊ အာရုံစိုက်လုပ်ဆောင်ရမည့် အရေးကြီးသော ကိစ္စများကြောင့်လည်းမဟုတ်ဘဲ မိန်းမများအကြားတွင် မိမိကိုယ်ကို ကြွားဝါရန်၊ ကာမစိတ်ဆန္ဒကို ထုတ်လွှတ်ရန်နှင့် ၎င်းတို့ကို လက်လွယ်စပယ် ပိုးပန်းရန် မိန်းမအုပ်စုများထဲသို့ အမြဲတစေ သွားလာနေပါက ဤသည်မှာ နှောင့်ယှက်ခြင်း ဖြစ်သည်။ မိန်းမတစ်ဦးသည် အကြောင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယောက်ျားအုပ်စုများထဲသို့ အမြဲတစေ သွားလာနေလျှင်၊ အမြဲတစေ လက်လွတ်စပယ် ပိုးပန်းနေလျှင်၊ ၎င်းတို့ကို မျက်စပစ်ပြပြီး သူမ၏ စွဲဆောင်မှုကို ကြွားလုံးထုတ်နေလျှင် သူမကိုလည်း နတ်ဆိုးတစ်ကောင်အဖြစ် ကိုင်တွယ်ဖြေရှင်းသင့်သည်။ သင်သည် အလုပ်ကို ပုံမှန် ဆွေးနွေးနေလျှင် သို့မဟုတ် မိတ်သဟာယဖွဲ့နေလျှင် ဤသည်မှာ လက်ခံနိုင်ဖွယ်ရှိသည်၊ သို့သော် အခြားသူများကို လက်လွတ်စပယ် ပိုးပန်းခြင်းနှင့် ပရောပရည်လုပ်ခြင်းသည် လက်မခံနိုင်ဖွယ်ဖြစ်သည်။ ရုတ်ရုတ်သဲသဲဖြစ်စေသည့် ထိုသို့သော အပြုအမူမှန်သမျှသည် အသင်းတော်အသက်တာကို နှောင့်ယှက်ခြင်းနှင့် အသင်းတော်အလုပ်၏ ပုံမှန်အစီအစဉ်ကို ဖျက်ဆီးခြင်း ဖြစ်ပြီး ဘုရားအိမ်တော်တွင် ခွင့်မပြုပေ။ လူတိုင်းသည် ဤကာမရာဂသောင်းကျန်းသော၊ လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သော၊ ကာမစိတ်ကို နှိုးဆွသော နတ်ဆိုးများအား ငြင်းပယ်ပြီး ဝေးဝေးနေသင့်သည်။ လူအများစုသည် အခြားသူများကို ထိုသူတို့ ပိုးပန်းရန် ကြိုးပမ်းမှုများ မအောင်မြင်ကြောင်း သေချာစေပြီး မည်သည့်အခြေအနေတွင်မျှ ၎င်းတို့ အလိုရှိရာကို မရစေဘဲလျက် ၎င်းတို့ကို ငြင်းပယ်ရန်၊ ဖော်ထုတ်ရန်နှင့် ရှောင်ကြဉ်ရန် ထကြွသည့်အခါ ၎င်းတို့သည် မိမိတို့လုပ်နေသည့်အရာကို တဖြည်းဖြည့် ရပ်တန့်သွားလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ပုံမှန်မထမ်းဆောင်နိုင်သည့်အပြင်၊ အလုပ်မရှိသော အချိန်ရှိသည့်အခါတိုင်း အခြားသူများကို မဆင်မခြင် ပိုးပန်းပြီး နှောင့်ယှက်လျှင်၊ အချစ်ရေးဆက်ဆံမှုများတွင် ပါဝင်ပတ်သက်နေပြီး အချစ်ရေးဆက်ဆံမှုတစ်ခုတွင် ရှိနေခြင်း ခံစားချက်ကို နှစ်သက်လျှင် ၎င်းတို့ကို ချက်ချင်း ရှင်းလင်းပစ်လော့။ ရှုပ်ထွေးသောကိစ္စကို ချက်ချင်း အဆုံးသတ်၍ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံသော ဤပုဂ္ဂိုလ်များကို ကိုင်တွယ်ဖြေရှင်းလော့။ လူတို့ကို နှောင့်ယှက်ရန် ၎င်းတို့အား မည်သည့်အခွင့်အရေးမျှ မပေးနှင့်။ ငါတို့၏ မိတ်သဟာယမှတစ်ဆင့် ဤကိစ္စသည် ယခု ရှင်းလင်းပြီလော။ (ရှင်းလင်းပါသည်။) သင်တို့အနေဖြင့် တစ်ခုတလေကို ရရှိကြပြီလော။ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းတစ်ခု သင်တို့ ရှိကြသလော။ သင်တို့သည် ဤကာမရာဂသောင်းကျန်းပြီး လိင်မှုကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သောလူအမျိုးအစားနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်မှု ရှိပြီလော။ (ရှိပါသည်။) သင်တို့သည် မည်သို့ ပြုမူကျင့်ကြံရမည်၊ သင်တို့၏ သင့်တော်သော နေရာတွင် မည်သို့နေရမည်ဟူသည်နှင့် ပုံမှန် လူ့သဘာဝအတွင်း၌ သင်တို့ လုပ်ဆောင်သင့်သည့်အရာအား မည်သို့လုပ်ဆောင်ရမည်ဟူသည်တို့ကို ရှင်းလင်းပြီလော။ (ရှင်းလင်းပါသည်။) ဤအတွင်းတွင် လူတို့ နားလည်သင့်သော သမ္မာတရားများနှင့် ၎င်းတို့ ရှင်းလင်းသင့်သော ပိုင်းခြားသိမြင်ခြင်း စည်းမျဉ်းများ ရှိပြီး၊ လူတို့ လက်တွေ့လုပ်ဆောင်သင့်သော သမ္မာတရား စည်းမျဉ်းများနှင့် ၎င်းတို့ လျှောက်လှမ်းသင့်သော လမ်းကြောင်းများလည်း ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ဤအရာအားလုံးကို ရှင်းလင်းခြင်းဖြင့်၊ ဤကိစ္စကို အပြည့်အဝ တင်ပြပြီး ဖြစ်သည်။
ယနေ့ ငါတို့၏ မိတ်သဟာယကို ဤမျှသာဖြစ်သည်။ နှုတ်ဆက်ပါသည်။
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်