သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)

ကျွန်ုပ်တို့သည် သမ္မာတရားကို လိုက်စားခြင်းဟူသည့် ခေါင်းစဉ်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့နေခဲ့ကြသည်မှာ အတော်ပင်ကြာခဲ့ပြီဖြစ်သည်။ ဤခေါင်းစဉ်တွင် ပါဝင်သည့် အကြောင်းအရာသည် အတော်အတန် ကျယ်ပြန့်သော်လည်း အကြောင်းအရာ မည်မျှပင် ကျယ်ပြန့်သည်ဖြစ်စေ ယင်းသည် လူများနှင့် အမှုအရာများကို ၎င်းတို့ မည်သို့ ရှုမြင်ပုံ၊ မည်သို့ကျင့်ကြံပြုမူပုံတို့နှင့် သက်ဆိုင်သော နေ့စဉ်အသက်တာတွင် လူတို့ကြုံတွေ့ရသည့် အချို့သော ပြဿနာများနှင့် ကင်းကွာ၍မရပေ။ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာများသည် လူတို့၏ အသက်တာများထဲမှ စစ်မှန်သော ပြဿနာများ ဖြစ်ကြသည်။ ၎င်းတို့သည် လူတို့၏ နေ့စဉ်အသက်တာများနှင့် ကင်းလွတ်ခြင်းမရှိသကဲ့သို့ လူတို့၏ ပုံမှန် လူ့သဘာဝနှင့်လည်း ကင်းလွတ်ခြင်းမရှိပေ။ ဤပြဿနာများတွင် အမျိုးမျိုးသော အမှုအရာများအပေါ် လူတို့၏ သဘောထားများနှင့် ရှုမြင်ပုံများအပြင် ၎င်းတို့၏ ဖြစ်တည်မှုတွင်လည်းကောင်း၊ ၎င်းတို့၏ ဘဝခရီးလမ်းများတွင်လည်းကောင်း လူတို့ကြုံတွေ့ရသည့် ကြီးမားသော ကိစ္စရပ်အမျိုးမျိုးတို့ ပါဝင်သည်။ ကျွန်ုပ်တို့၏ နောက်ဆုံး မိတ်သဟာယဖွဲ့ခြင်း၏ အကြောင်းအရာသည် “သမ္မာတရားကို လိုက်စားရန်နည်းလမ်း” ထဲရှိ “လက်လွှတ်ခြင်း” အတွင်းမှ လက်တွေ့လုပ်ဆောင်ခြင်း၏ ကဏ္ဍတစ်ခုဖြစ်သည့် ဘုရားသခင်နှင့် မိမိတို့ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ရန်လိုမုန်းတီးမှုကို လက်လွှတ်ခြင်းနှင့် သက်ဆိုင်သည်။ ဤလက်တွေ့လုပ်ဆောင်ခြင်းတွင် အဘယ်အရာ ပါဝင်သနည်း။ ယင်းသည် လူများနှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးနှင့် သက်ဆိုင်သည် မဟုတ်လော။ (သက်ဆိုင်ပါသည်။) လွန်ခဲ့သော မိတ်သဟာယဖွဲ့ခြင်း အနည်းငယ်၏ အကြောင်းအရာသည် ဘုရားသခင် တောင်းဆိုသော စည်းမျဉ်းများနှင့် စံနှုန်းများအတိုင်း လူတစ်ဦးသည် လူအမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးကို မည်သို့ ရှုမြင်သင့်သည်နှင့်လည်းကောင်း၊ လူအမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးကို မည်သို့ ကိုင်တွယ်သင့်သည်တို့နှင့်လည်းကောင်း သက်ဆိုင်သည်။ ကျွန်ုပ်တို့၏ နောက်ဆုံး မိတ်သဟာယဖွဲ့ခြင်း၏ အကြောင်းအရာသည် လူများနှင့် ဘုရားသခင်ကြားရှိ ဆက်ဆံရေးနှင့် သက်ဆိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီသော၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် မကိုက်ညီသော၊ သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီသော အမျိုးမျိုးသော အယူအဆများနှင့် စိတ်ကူးများကို လူတို့ မည်သို့ လက်လွှတ်သင့်သည်ကို အသိပေးခဲ့သည်။ ဤအရာများသည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ ခရီးလမ်းတွင်နှင့် တည်ရှိခြင်း၏ ဖြစ်စဉ်တွင် လူများနှင့် ဘုရားသခင်ကြား၌ တည်ရှိသော စစ်မှန်သည့် ပြဿနာများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် “ဘုရားသခင်နှင့် မိမိတို့ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ရန်လိုမုန်းတီးမှုကို လက်လွှတ်ခြင်း” ဟူသည့် ဤခေါင်းစဉ်ကြီးကို ကဏ္ဍလေးခုအဖြစ် ပိုင်းခြားခဲ့သည်၊ ပထမတစ်ခုမှာ အယူအဆများနှင့် စိတ်ကူးများ၊ ဒုတိယတစ်ခုမှာ ကျိုးကြောင်းမဆီလျော်သော တောင်းဆိုမှုများ၊ တတိယတစ်ခုမှာ သတိထားရှောင်ခြင်းနှင့် သံသယဖြစ်ခြင်း၊ စတုတ္ထတစ်ခုမှာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် စပ်စုခြင်းတို့ ဖြစ်သည်။ ကျွန်ုပ်တို့သည် အယူအဆများနှင့် စိတ်ကူးများဖြင့် ကျွန်ုပ်တို့၏ မိတ်သဟာယဖွဲ့ခြင်းကို စတင်ခဲ့သည်။ အယူအဆများနှင့် စိတ်ကူးများအတွင်းမှ ပထမအချက်သည် ဘုရားသခင်၏ အလုပ်နှင့် သက်ဆိုင်သည်၊ ဆိုလိုသည်မှာ လူတို့သည် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ မည်သည့် အယူအဆများနှင့် စိတ်ကူးများ ရှိကြသည်ဟူ၍ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤအပေါ်တွင် မိတ်သဟာယဖွဲ့ခြင်းအချို့ ပြုလုပ်ခဲ့သည်။ ဤအချက်အပေါ် ကျွန်ုပ်တို့၏ မိတ်သဟာယဖွဲ့ခြင်းသည် လူတို့ ဘုရားသခင်၏ အလုပ်ကို မည်သို့ ရှုမြင်ကြသည်နှင့်လည်းကောင်း၊ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ ၎င်းတို့၏ သိနားလည်မှုနှင့် အတွေးအခေါ်များတွင် မည်သည့် လမ်းလွဲခြင်းများ၊ အယူအဆများနှင့် စိတ်ကူးများ ရှိကြသည်တို့နှင့်လည်းကောင်း သက်ဆိုင်သည်၊ ဤအယူအဆများနှင့် စိတ်ကူးများသည် လူတို့ လက်လွှတ်သင့်သည့် အရာတစ်ခု ဖြစ်သည်။ လူတို့သည် ဤအယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်ပြီး သမ္မာတရားကို ရှာဖွေပါက ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို သိနိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စင်ကြယ်သော သဘောပေါက်နားလည်မှုတစ်ခု ရှိကြလိမ့်မည်။ ဘုရားသခင်၏ အလုပ်သည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများနှင့် မကိုက်ညီသောအခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရန် ကြိုးစားသင့်သည့်အပြင် ဘုရားသခင်၏ အလုပ်သည် မည်သို့ ဖြစ်သင့်သည်ကိုဖြစ်စေ၊ ဘုရားသခင်၏အလုပ်ဖြင့် လူတို့၌ ရရှိစေရန် သူရည်ရွယ်သည့် အကျိုးသက်ရောက်မှုသည် မည်သည့်အရာ ဖြစ်သည်ကိုဖြစ်စေ တိုင်းတာရန် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများအပေါ် မှီခိုမည့်အစား မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကိုလည်း လက်လွှတ်သင့်သည်။ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ လူတို့၏ အယူအဆများနှင့် စိတ်ကူးများသည် လူတို့၏ အသက် ဝင်ရောက်မှုနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားအပေါ် တိုက်ရိုက် သက်ရောက်မှုရှိသဖြင့်၊ ဤအယူအဆများနှင့် စိတ်ကူးများသည်လည်း လူတို့ လက်လွှတ်ရမည့် အရာတစ်ခု ဖြစ်သည်။ ဥပမာအနေနှင့် ဘုရားသခင်သည် လူတို့၏ ပင်ကိုအစွမ်းအစ၊ ပင်ကိုစရိုက်၊ ဗီဇစိတ် စသည်တို့ကို မပြောင်းလဲကြောင်း၊ လူတို့ မွေးဖွားလာကတည်းက ပါလာသော မွေးရာပါ အရည်အချင်းများနှင့် ၎င်းတို့၏ ဇာတိပကတိ၏ ဗီဇစိတ်တို့သည် ဘုရားသခင်၏ အလုပ်၏ ပစ်မှတ်များ မဟုတ်ကြောင်းနှင့် သူ၏အလုပ်သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လူတို့အတွင်း၌ ဘုရားသခင်ကို ပုန်ကန်ပြီး ဘုရားသခင်နှင့် သဟဇာတမဖြစ်သော အရာများကို ပစ်မှတ်ထားကြောင်း ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့သည် ဘုရားသခင်၏ အလုပ်က ၎င်းတို့၏ အစွမ်းအစ၊ ၎င်းတို့၏ ဗီဇစိတ်များနှင့် ၎င်းတို့၏ ပင်ကိုစရိုက်၊ အလေ့အကျင့်များ၊ နေထိုင်မှုပုံစံများ စသည်တို့ကိုပင် ပြောင်းလဲရန် ရည်ရွယ်သည်ဟု စိတ်ကူးပါက နေ့စဉ်အသက်တာ၌ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း၏ ကဏ္ဍတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများ၏ လွှမ်းမိုးခြင်းနှင့် စိုးမိုးခြင်းကို ခံရမည်ဖြစ်ပြီး လွဲချော်သော အပိုင်းများ သို့မဟုတ် အစွန်းရောက်သော အရာများစွာ မလွဲမသွေ ရှိလာမည်ဖြစ်သည်။ ဤလွဲချော်သော အပိုင်းများနှင့် အစွန်းရောက်သော အရာများသည် သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီဘဲ လူတို့အား ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့မှ သွေဖည်စေမည်ဖြစ်ပြီး ပုံမှန် လူ့သဘာဝ၏ လမ်းကြောင်းမှ ကင်းကွာစေမည်ဖြစ်သည်။ ဥပမာဆိုပါစို့ သင်၏ အယူအဆများနှင့် စိတ်ကူးများထဲတွင် ဘုရားသခင်သည် လူတို့၏ အစွမ်းအစ၊ စွမ်းရည်များနှင့် ၎င်းတို့၏ ဗီဇစိတ်များကိုပင် ပြောင်းလဲလိုသည်ဟု သင်ယုံကြည်သည်၊ ဤအရာများသည် ဘုရားသခင် ပြောင်းလဲလိုသည့် အရာများဖြစ်သည်ဟု သင်ထင်ပါက သင်သည် မည်သို့သော လိုက်စားမှုမျိုးများ ရှိမည်နည်း။ သင်သည် လွဲမှား၍ အစွဲအလမ်းကြီးသော လိုက်စားမှုများ ရှိလိမ့်မည်။ သာလွန်သော အစွမ်းအစကို လိုက်စားလိုမည်ဖြစ်ပြီး သာလွန်သော အစွမ်းအစနှင့် သာလွန်သော စွမ်းရည်များ၊ သာလွန်သော ထိုးထွင်းသိမြင်မှုနှင့် မိမိကိုယ်ကို ပြုစုပျိုးထောင်မှု၊ သာမန်လူများ၏ စွမ်းရည်များထက် သာလွန်သော စွမ်းဆောင်နိုင်ရည်အချို့ပင် ရရှိလာစေရန် အမျိုးမျိုးသော ကျွမ်းကျင်မှုများကို သင်ယူခြင်းနှင့် အမျိုးမျိုးသော အသိပညာများကို ကျွမ်းကျင်အောင်ပြုလုပ်ခြင်းအပေါ် အာရုံစိုက်လိမ့်မည်။ ဤနည်းအားဖြင့် အပြင်ပန်း စွမ်းရည်များနှင့် ပင်ကိုစွမ်းရည်များကို အာရုံစိုက်ပေလိမ့်မည်။ သို့ဆိုလျှင် ထိုသို့သော လိုက်စားမှုများ၏ အကျိုးဆက်များသည် လူတို့အပေါ် မည်သို့ ရှိသနည်း။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားခြင်း၏ လမ်းစဉ်ပေါ်သို့ စတင်ရန် ပျက်ကွက်မည်သာမက ထိုအစား ဖာရိရှဲတို့၏ လမ်းစဉ်ကိုလည်း လိုက်ကြလိမ့်မည်။ ၎င်းတို့သည် မည်သူက သာလွန်သော အစွမ်းအစရှိသည်၊ မည်သူက သာလွန်သော ဆုကျေးဇူးများရှိသည်၊ မည်သူက သာလွန်သော အသိပညာရှိသည်၊ မည်သူက ပိုကြီးမားသော စွမ်းဆောင်နိုင်ရည်များရှိသည်၊ မည်သူက ပိုများသော အားသာချက်များရှိသည်၊ မည်သူက လူတို့ကြားတွင် ပိုမြင့်သော ဂုဏ်သတင်းရှိပြီး အခြားသူများ၏ လေးစားကြည်ညိုခြင်းနှင့် အထင်ကြီးခြင်းကို ခံရသည်တို့ကို သိရှိရန် အချင်းချင်း အပြိုင်အဆိုင်ပြုကြလိမ့်မည်။ ဤနည်းအားဖြင့် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည် မဟုတ်သကဲ့သို့ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူနိုင်မည်လည်း မဟုတ်ဘဲ ထိုအစား သမ္မာတရားနှင့် ဝေးကွာရာသို့ ဦးတည်သော လမ်းကြောင်းအတိုင်း လျှောက်လှမ်းကြလိမ့်မည်။

ဘုရားသခင်၏ အလုပ်သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သမ္မာတရားကို ချိုးဖောက်သည့် ၎င်းတို့၏ အမျိုးမျိုးသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် ရှုမြင်ပုံများကို ၎င်းတို့၏ ပုံမှန် လူ့သဘာဝ ဘောင်အတွင်း၌ ပြောင်းလဲရန်ဖြစ်ပြီး ထိုသို့ဖြင့် ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် ပြန်လည်ရရှိပြီး စုံလင်လာမည် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သင်သည် သမ္မာတရားကို ပို၍ နားလည်လေလေ၊ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် ပို၍ ပုံမှန်ဖြစ်လာလေလေ ဖြစ်မည်ဖြစ်ပြီး ၎င်းတို့သည် အကျိုးရှိသော ဦးတည်ရာတစ်ခု၌ ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်၊ ဤသည်မှာ လုံးဝ သဘာဝလွန်ခြင်း မဟုတ်ပေ။ ဤ “ပုံမှန်” ဟူသော စကားလုံးဖြင့် ကျွန်ုပ်သည် အဘယ်အရာကို ဆိုလိုသနည်း။ လူတို့တွင် အသိစိတ်နှင့် တရားမျှတစိတ်တစ်ခု ရှိပါက ၎င်းတို့သည် ကြင်နာတတ်လာလိမ့်မည်၊ လူ့စကားဖြင့် ပြောရလျှင် ၎င်းတို့သည် နားလည်တတ်သော၊ ဖြောင့်မတ်သော၊ ကျိုးကြောင်းဆီလျော်သောသူများ ဖြစ်လာမည်ဖြစ်ပြီး ခေါင်းမာပြီး လွဲချော်တတ်သောသူများ ဖြစ်ကြမည် မဟုတ်ပေ။ ဤသည်မှာ လူတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ ဘုရားသခင် ရရှိစေရန် ရည်ရွယ်သည့် အကျိုးသက်ရောက်မှု ဖြစ်သည်။ လူတို့သည် သမ္မာတရားကို တဖြည်းဖြည်း ပို၍ နားလည်လာသည်နှင့်အမျှ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတစ်ခုမှာ ၎င်းတို့၏ လူ့သဘာဝသည် တဖြည်းဖြည်း ပို၍ ပုံမှန်ဖြစ်လာခြင်း ဖြစ်သည်။ သို့ရာတွင် လူတို့သည် မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတိုင်း လိုက်စားပါက ဤအယူအဆများနှင့် စိတ်ကူးများသည် ၎င်းတို့၏ လိုက်စားမှုများအပေါ် အလွန်များပြားသော အပျက်သဘောဆောင်သည့် လွှမ်းမိုးမှုနှင့် အပျက်သဘောဆောင်သည့် လမ်းညွှန်မှုကို သက်ရောက်စေမည်ဖြစ်ပြီး ၎င်းတို့အား လွဲချော်၍ အစွဲအလမ်းကြီးသော၊ အစွန်းရောက်သော၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော လမ်းကြောင်းအမျိုးမျိုးပေါ်သို့ ပို့ဆောင်လိမ့်မည်။ ဥပမာအနေနှင့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများထဲတွင် ဘုရားသခင်၏ အလုပ်သည် လူတို့၏ လူ့သဘာဝကို မြှင့်တင်ရန်နှင့် လူတို့အား လူ့ဗီဇစိတ်များ၊ လူ့အစွမ်းအစ၊ လူ့အသက်အရွယ်နှင့် လိင်ကိုပင် ကျော်လွန်နိုင်စေရန် ရည်ရွယ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ လူတို့တွင် ဤကဲ့သို့သော အယူအဆများ ရှိသောအခါ ၎င်းတို့သည် ဤဦးတည်ရာအတိုင်း လိုက်စားမည်၊ ကြိုးပမ်းမည်ဖြစ်ပြီး စမ်းတဝါးဝါး လျှောက်လှမ်းကြလိမ့်မည်။ သို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာများကို အာရုံစိုက်ကြမည်နည်း။ ကဏ္ဍတစ်ခုအနေနှင့် ၎င်းတို့သည် အသိပညာ၊ စွမ်းရည်များ၊ ကျွမ်းကျင်မှုများ၊ ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်များကို အာရုံစိုက်ကြလိမ့်မည်၊ အခြားကဏ္ဍတစ်ခုအနေနှင့် ၎င်းတို့သည် သဘာဝလွန်ခြင်းကို အာရုံစိုက်ကြလိမ့်မည်။ သဘာဝလွန်ခြင်း၏ သရုပ်သကန်များမှာ အဘယ်အရာဖြစ်သည်ကို သင်တို့ သိကြသလော။ (ယင်းမှာ အချို့သောအရာများတွင် လူတို့သည် အဖိုးအခမပေးရဘဲ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို တိုက်ရိုက် ကြုံတွေ့ရမည်ဟု ဆိုလိုပါသလော။) ယင်းမှာ တစ်စုံတစ်ဦးသည် ပုံမှန်အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်သော်လည်း ၎င်းတို့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ ၎င်းတို့၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာခြင်းကဲ့သို့ ဖြစ်သည်၊ သို့မဟုတ် တစ်စုံတစ်ဦးသည် သီချင်းဆိုခြင်း သို့မဟုတ် ကခုန်ခြင်းကို မည်သည့်အခါကမျှ မလုပ်နိုင်ခဲ့သော်လည်း စိတ်အားထက်သန်မှု ရရှိပြီးနောက် ၎င်းတို့ ရုတ်တရက် သီချင်းဆိုနိုင်၊ ကခုန်နိုင်လာပြီး အတော်ပင် ကောင်းမွန်စွာ ကခုန်နိုင်ခြင်းကဲ့သို့ ဖြစ်သည်၊ သို့မဟုတ် တစ်စုံတစ်ဦးသည် နိုင်ငံခြားဘာသာစကားတစ်ခုကို မည်သည့်အခါကမျှ မသင်ယူခဲ့ဖူးသော်လည်း ရုတ်တရက် ၎င်းတို့ နိုင်ငံခြားဘာသာစကားတစ်ခုကို ပြောနိုင်ခြင်းကဲ့သို့ ဖြစ်သည်။ ဤအရာများသည် သဘာဝလွန်ခြင်း ဖြစ်သလော။ (ဟုတ်ပါသည်။) ဥပမာအနေနှင့် သင်သည် အရေးကြီးသော ကိစ္စတစ်ခုအတွက် အပြင်ထွက်ရန် လိုအပ်သော်လည်း ကားမမောင်းတတ်ဟု ဆိုပါစို့၊ အခြေအနေတွင် သင် ဆုတောင်းလိုက်ရာ ချက်ချင်းပင် သင် စိတ်အားထက်သန်လာသည်ဟု ခံစားရပြီး ရုတ်တရက် သင် ကားမောင်းတတ်လာကာ အတွေ့အကြုံရှိသော ယာဉ်မောင်းတစ်ဦးကဲ့သို့ပင် တည်ငြိမ်စွာ မောင်းနှင်လေသည်။ တစ်စုံတစ်ဦးက သင့်အား “သင် မည်သို့ဖြစ်၍များ ဤမျှ ကောင်းမွန်စွာ ကားမောင်းတတ်သနည်း” ဟု မေးသည်။ သင်က “ကျွန်ုပ်လည်း မသိပါ။ ဤအရာအားလုံးကို ဘုရားသခင်က ပြုလုပ်တော်မူခြင်း ဖြစ်သည်၊ ကျွန်ုပ် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းကိုခံခဲ့ရသည်။ ကြည့်ပါဦး၊ ကျွန်ုပ်၏ ဤလက်များသည် ကျွန်ုပ်၏ ကိုယ်ပိုင်လက်များ မဟုတ်တော့ပါ၊ ယင်းတို့ကို သန့်ရှင်းသောဝိညာဉ်တော်က ကိုင်ထားခြင်း ဖြစ်သည်” ဟု ပြောသည်။ အမှန်တကယ်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ဤသို့ ပြုလုပ်နေခြင်း မဟုတ်ပေ၊ ထိုအစား အခြားသော ဝိညာဉ်တစ်မျိုးသည် သင့်အတွင်းသို့ ဝင်ရောက်ပြီး သင့်ကို ကြိုးကိုင်ညွန်ကြားနေခြင်း ဖြစ်ရာ သင်သည် အခြားသူတစ်ဦး ဖြစ်လာပြီး သင့်ကိုယ်သင် မထိန်းချုပ်နိုင်တော့ပေ။ ဤသည်မှာ လူတစ်ဦး၏ မွေးရာပါ စွမ်းဆောင်နိုင်ရည်များကို ကျော်လွန်ခြင်း မဟုတ်လော။ ဤသည်မှာ သဘာဝလွန်ခြင်း ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သဘာဝလွန်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ကောင်းသော ဖြစ်စဉ်တစ်ခုလော။ (မဟုတ်ပါ၊ ဤသည်မှာ လူတစ်ဦးကို ပုံမှန်မဟုတ်အောင် ပြုလုပ်ပါသည်။) သင်သည် အချိန်ကာလတစ်ခုကြာ လေ့လာခြင်းမရှိဘဲ သို့မဟုတ် မည်သည့် ကျွမ်းကျင်သူ၏ လမ်းညွှန်မှုကိုမျှ မခံယူဘဲ ဘာသာစကားတစ်ခုကို ရုတ်တရက် သိရှိနိုင်လျှင်ဖြစ်စေ၊ ကျွမ်းကျင်မှုတစ်ခု ရှိနိုင်လျှင်ဖြစ်စေ၊ အသိပညာအချို့ကို နားလည်နိုင်လျှင်ဖြစ်စေ ယင်းမှာ သဘာဝလွန်ခြင်း ဖြစ်သည်။ လူတစ်ဦး၏ အသက်စိတ်သဘောထားသည် ၎င်းတို့ သမ္မာတရားကို လိုက်စားရန်၊ ရှာဖွေရန်၊ စောင့်ဆိုင်းရန် သို့မဟုတ် အမှုအရာများကို တွေ့ကြုံခံစားရန် မလိုအပ်ဘဲ ပြောင်းလဲသွားခဲ့ပါက ဤသည်မှာ ကြောက်မက်ဖွယ်ရာ ကိစ္စရပ်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သင်၏ စိတ်ထဲတွင်လည်းကောင်း၊ သင်၏ မသိစိတ်ထဲတွင်လည်းကောင်း အယူအဆများနှင့် စိတ်ကူးများ၏ အရာများစွာ ရှိနေသေးပါက သင်သည် ၎င်းတို့ကို လက်လွှတ်သင့်ပြီး မလိုက်စားသင့်ပေ၊ အကြောင်းမှာ ယင်းတို့သည် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် စစ်မှန်သော သိနားလည်မှု မဟုတ်သကဲ့သို့ ယင်းတို့သည် ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သော နည်းလမ်းများ၊ စည်းမျဉ်းများနှင့်လည်း မကိုက်ညီသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် သင်၏ ပုံမှန် လူ့သဘာဝကို လုံးဝ ကျော်လွန်မည် မဟုတ်သကဲ့သို့ သင့်အပေါ် ဘုရားသခင်၏ အလုပ်ဖြင့် ရရှိသည့် အကျိုးသက်ရောက်မှုသည် သင်၏ ပုံမှန် လူ့သဘာဝကို ပို၍မြင့်မြတ်သော၊ သဘာဝလွန် လူ့သဘာဝတစ်ခု အဖြစ်သို့ ပြောင်းလဲခြင်း လုံးဝ မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်သည် သင့်အား ပုံမှန်လူတစ်ဦးမှ ထူးဆန်းသော ပုဂ္ဂိုလ်တစ်ဦးအဖြစ်သို့ ပြောင်းလဲမည် မဟုတ်ပေ။ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားခြင်း ဖြစ်စဉ်တွင် သင်၏ အသိစိတ်သည် တဖြည်းဖြည်း ပို၍ နိုးကြားလာပြီး သင်သည် ပိုကြီးမားသော ရှက်ကြောက်စိတ် ဖြစ်ပေါ်လာသည်ဟု ဆိုကြပါစို့။ သင်သည် ကြင်နာတတ်လာသည်၊ ဘုရားသခင်၏ ရည်မှန်းချက်များကို ထောက်ထားစာနာနိုင်လာသည်၊ အသင်းတော်၏ အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်လာသည်။ ထို့အပြင် သင်၏ စကားများနှင့် လုပ်ဆောင်ချက်များသည် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို မဆန့်ကျင်ပေ၊ သင်သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ တဖြည်းဖြည်း ပြုမူနိုင်လာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးကို ပိုင်းခြားသိမြင်နိုင်သည်။ ဤသည်မှာ သင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ လျှောက်လှမ်းနေသော လမ်းကြောင်းသည် မှန်ကန်ကြောင်း သက်သေပြသည်။ သို့သော် သင် ဆုတောင်းသောအခါ အသံတစ်ခုခုကို ကြားရန် အာရုံစိုက်နေဆဲဖြစ်ပြီး ဘုရားသခင်ထံမှ သင် ရှာဖွေပြီး တောင်းပန်လျှောက်ထားသောအခါ လှုံ့ဆော်မှုတစ်ခုခု၊ အလင်းတန်းတစ်ခု သို့မဟုတ် သဘာဝလွန် ဗျာဒိတ်တော်တစ်ခုခုကို စောင့်မျှော်နေဆဲဖြစ်သည်ဟု ဆိုကြပါစို့။ ထို့အပြင် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် မည်သည့်နည်းနှင့်မျှ ပြန်လည်ရရှိခြင်း သို့မဟုတ် ပြုပြင်ခြင်း မခံရသေးသကဲ့သို့ သင်၌ တရားမျှတစိတ် ရှိမလာသေးခြင်း သို့မဟုတ် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းလည်း မရှိသေးပေ။ ဤသည်မှာ သင်၏ လိုက်စားမှုနှင့် သင် လျှောက်လှမ်းနေသော လမ်းစဉ်တွင် ပြဿနာများ ရှိနေကြောင်း သက်သေပြပြီး သင်သည် သမ္မာတရားကို လိုက်စားခြင်း၏ လမ်းကြောင်းပေါ်သို့ လုံးဝ စတင်လျှောက်လှမ်းခြင်း မရှိသေးဟုလည်း ဆိုနိုင်ပေသည်။ သင်သည် သဘာဝလွန် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် မသိစိတ်ထဲ၌ မကြာခဏ ရှာဖွေနေဆဲဖြစ်ပြီး သင်သည် ဇာတိပကတိကို ကျော်လွန်သင့်သည်ဟု မကြာခဏ ခံစားရသည်၊ အစာမစားဘဲ မဆာလောင်ခြင်း၊ ရက်အတန်ကြာ မအိပ်စက်၊ မနားနေဘဲ မပင်ပန်း၊ မအိပ်ငိုက်ခြင်းတို့ ဖြစ်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်စဉ်တွင် သင် အရေးတကြီး လိုအပ်သောအခါ သင် နားမလည်သော သို့မဟုတ် မသင်ယူဖူးသော အရာများကို ရုတ်တရက် နားလည်ပြီး ကျွမ်းကျင်လာရန်ပင် သင် ကြိုးစားသည်။ သဘာဝလွန် အရာများနှင့်ပတ်သက်သည့် ဤစိတ်ကူးများသည် လူ့အယူအဆများနှင့် စိတ်ကူးများမှ လာခြင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ အလုပ်ကို မတွေ့ကြုံဖူးသောကြောင့် ၎င်းတို့သည် သူ၏အလုပ်နှင့်ပတ်သက်၍ စိတ်ကူးများဖြင့် အလိုအလျောက် ပြည့်နှက်နေကြသည်။ အမှန်တကယ်တွင် ဘုရားသခင်၏ အလုပ်သည် အစစ်မှန်ဆုံးနှင့် လက်တွေ့အကျဆုံးသော အရာများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း မည်သည့်အခါမျှ ပြုမူတော်မမူပေ၊ သူသည် လူတို့အပေါ် ဤသို့သောအလုပ်မျိုးကို မည်သည့်အခါမျှ လုပ်ဆောင်တော်မမူပေ။ သူသည် အလွန်ထူးခြားသော အခြေအနေများအောက်တွင်သာလည်းကောင်း၊ အလွန်နည်းပါးသော လူအနည်းငယ်အပေါ်တွင်သာလည်းကောင်း သဘာဝလွန် အလုပ်အနည်းငယ်ကို လုပ်ဆောင်တော်မူသော်လည်း ဤအလုပ်သည် ကာလတိုမျှသာဖြစ်ပြီး အထူးအခြေအနေများတွင် လိုအပ်သည့်အရာတစ်ခု ဖြစ်သည်၊ ယင်းမှာ ဘုရားသခင်၏ ကယ်တင်ခြင်းအတွင်း လူတို့၌ မကြာခဏ ထင်ရှားပေါ်လွင်သော အလုပ်လုပ်သည့် နည်းလမ်းတစ်ခု မဟုတ်ပေ။ သူ၏ စီမံခန့်ခွဲမှုအလုပ်တွင် ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်ရန်နှင့် ကယ်တင်ခြင်းကို ရရှိနိုင်ရန် ရည်ရွယ်ပြီး ဘုရားသခင် အလုပ်လုပ်သည့် အခြေခံနည်းလမ်းမှာ လူတို့အား သမ္မာတရားကို ပေးသနားရန်ဖြစ်ပြီး သို့မှသာ ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီးနောက် သမ္မာတရား စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် သင်၏စိတ်ထဲတွင်လည်းကောင်း၊ သင်၏ မသိစိတ်ထဲတွင်လည်းကောင်း မည်သို့သော အယူအဆများနှင့် စိတ်ကူးများ ရှိသည်ဖြစ်စေ၊ သင်၏ အယူအဆများနှင့် စိတ်ကူးများသည် မည်မျှပင် ယုတ္တိတန်သည်ဖြစ်စေ၊ သင်၏ ဝိညာဉ်ရေးရာ လိုအပ်ချက်များကို မည်မျှပင် ဖြည့်ဆည်းပေးသည်ဖြစ်စေ၊ အကြောင်းပြချက်များ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် အယူအဆများနှင့် စိတ်ကူးများသာ အမြဲဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် ယင်းတို့ကို လက်လွှတ်သင့်ကာ စွဲကိုင်မထားသင့်ပေ။ ဘုရားသခင်၏ အလုပ်သည် မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်ပြီးသည်ဖြစ်စေ၊ မည်မျှကြာအောင် ဆက်လက်လုပ်ဆောင်နေသည်ဖြစ်စေ လူတို့သည် လူများသာ အစဉ်အမြဲ ဖြစ်မည်ဖြစ်ပြီး ၎င်းတို့သည် ကောင်းကင်တမန်များ ဘယ်သောအခါမျှ ဖြစ်လာမည် မဟုတ်ပေ။ သင်သည် ဦးခေါင်းမှ ခြေဖျားအထိ အဖြူရောင်ဖြစ်သွားလျှင်ပင်၊ ဆံပင်ဖြူ၊ မျက်နှာကို အဖြူရောင်သုတ်လိမ်းပြီး အင်္ကျီအဖြူနှင့် ဘောင်းဘီအဖြူကို ဝတ်ဆင်ကာ တောင်ပံနှစ်ခုကိုလည်း တပ်ဆင်ထားလျှင်ပင် သင်သည် ကောင်းကင်တမန်တစ်ပါး ဖြစ်မလာနိုင်ပေ၊ လူတို့သည် လူများသာ အစဉ်အမြဲ ဖြစ်လိမ့်မည်။ ထို့အပြင် ဤနေရာရှိ “လူများ” ဟူသည်မှာ ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများကို ရည်ညွှန်းသည်၊ ထူးခြားသော ပုဂ္ဂိုလ်များကို မဟုတ်သကဲ့သို့ ထူးဆန်းသော ပုဂ္ဂိုလ်များမှာ သာ၍ပင် မဟုတ်ချေ။ ဤလူများသည် လုံးဝ သဘာဝလွန်ခြင်း မရှိသော်လည်း ၎င်းတို့သည် မကောင်းမှု မပြုလုပ်ခြင်း၊ သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် လက်တွေ့လုပ်ဆောင်နိုင်ခြင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်လည်းကောင်း၊ စာတန်က လူတို့၌ သွတ်သွင်းသော အမျိုးမျိုးသော အတွေးအခေါ်များနှင့် ရှုမြင်ပုံများဖြင့်လည်းကောင်း အသက်ရှင်ခြင်းထက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ ဘုရားသခင်၏ တောင်းဆိုချက်များ၊ သမ္မာတရား စည်းမျဉ်းများအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်ရန်၊ ကျင့်ကြံပြုမူရန်နှင့် လုပ်ဆောင်ရန် နားလည်ခြင်းတို့၌ ဘုရားသခင်ကို မယုံကြည်သော ဘာသာတရား မရှိသူများနှင့် သိသာထင်ရှားစွာ ကွဲပြားကြလေသည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်တွင် မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတိုင်း မည်မျှကြာအောင် လိုက်စားခဲ့သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ရရှိခဲ့သည်ဟု ခံစားရသည်ဖြစ်စေ ယင်းသည် ဘုရားသခင်၏ အမြင်တွင် အကျုံးမဝင်သကဲ့သို့ ဘုရားသခင်ကလည်း ယင်းတို့ထဲမှ တစ်ခုကိုမျှ အောက်မေ့တော်မမူပေ။ ဤသို့ပြောရာတွင် ကျွန်ုပ်သည် အဘယ်အရာကို ရည်ညွှန်းနေသနည်း။ ဆိုလိုသည်မှာ သင်သည် သင်၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ သင်၏ ဇာတိပကတိ၏ အမျိုးမျိုးသော ပုံမှန် လိုအပ်ချက်အားလုံးကို ချုပ်တည်းလျှင် သို့မဟုတ် သင်၏ ဗီဇစိတ်များ၊ အစွမ်းအစ၊ စွမ်းရည်များ၊ ပင်ကိုစရိုက်၊ နေထိုင်မှုပုံစံများနှင့် ဘဝအလေ့အထများကို ပြောင်းလဲရန် ကြိုးစားလျှင် ဤအရာများကို ချုပ်တည်းရန်နှင့် ပြောင်းလဲရန် သင် မည်မျှပင် ကြိုးစားသည်ဖြစ်စေ သင်သည် အကျိုးရလဒ်အချို့ကို ရရှိနိုင်လျှင်ပင် ယင်းမှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းပေါ်တွင် တစ်စုံတစ်ရာ ရရှိပြီးဖြစ်သည်ဟု မဆိုလိုသကဲ့သို့ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး ဖြစ်နှင့်ပြီးဖြစ်သည်ဟု သာ၍ပင် မဆိုလိုပေ၊ ဘုရားသခင်သည် ဤအရာများကို အောက်မေ့တော်မမူပေ။ သင်တို့ နားလည်ပြီလော။ (နားလည်ပါပြီ။)

လူတို့၏ အယူအဆများနှင့် စိတ်ကူးများသည် မမြင်နိုင်သော်လည်း အပြင်ပန်းအားဖြင့် လူတို့အား တစ်စုံတစ်ခုကို ပြောဆိုရန် သို့မဟုတ် လုပ်ဆောင်ရန်၊ သို့မဟုတ် မည်သည့်လမ်းစဉ်မျိုးကိုမဆို လျှောက်လှမ်းရန် အတင်းအကျပ်ပြုလုပ်ပုံ မရသော်လည်း ၎င်းတို့သည် လူတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာနှင့် ၎င်းတို့၏ မသိစိတ်ထဲတွင် လူတို့၏ အတွေးအခေါ်များနှင့် အတွင်းစိတ်တို့ကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ အကြောင်းမှာ လူတို့ ချစ်မြတ်နိုးပြီး လိုက်စားသော အရာများသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများနှင့် အလွန်အမင်း ကိုက်ညီနေပြီး ဤအရာများသည် လူ့ဇာတိပကတိ၏ လိုအပ်ချက်များကို အလိုလိုက်ကျေနပ်စေကာ လူ့လိုအင်ဆန္ဒများနှင့် စူးစမ်းလိုစိတ် အမျိုးမျိုးကိုလည်း ဖြည့်ဆည်းပေးသောကြောင့် ဖြစ်သည်။ ဥပမာအနေနှင့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများထဲတွင် ဘုရားသခင်၏ အလုပ်သည် ၎င်းတို့အား သာမန်လူများနှင့် ကွဲပြားသော ထူးခြားသည့် ပုဂ္ဂိုလ်များအဖြစ်သို့ ပြောင်းလဲရန် ရည်ရွယ်သည်ဟု ၎င်းတို့ ယုံကြည်ကြပြီး ၎င်းတို့ သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိခြင်းခံရသောအခါ ဘာသာစကားအချို့ကို ပြောနိုင်လိမ့်မည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ လူတို့၏ မွေးရာပါ စွမ်းဆောင်နိုင်ရည်များနှင့် ပုံမှန် လူ့သဘာဝ၏ ဘောင်ကို သိသာစွာ ကျော်လွန်သော်လည်း ၎င်းသည် ၎င်းတို့၏ အချည်းနှီးသောမာန၊ စူးစမ်းလိုစိတ်နှင့် ပြိုင်ဆိုင်လိုစိတ်တို့ကို အလွန်ကြီးမားသော အတိုင်းအတာအထိ ကျေနပ်စေသည်။ တစ်နည်းအားဖြင့်ဆိုသော် လူတို့သည် သမ္မာတရားကို မရရှိမီတွင် ၎င်းတို့သည် သဘာဝလွန် အရာအချို့ကို နှစ်သက်ကြပြီး ဤအရာများက ၎င်းတို့အား အရေးပါသည်ဟု ခံစားရစေကာ သာမန်လူများထက် သာလွန်ပြီး ကွဲပြားသည်ဟု ခံစားရစေသည်၊ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က အတိအကျ ချစ်မြတ်နိုးပြီး တောင့်တသည့်အရာ ဖြစ်သည်။ လူတိုင်းသည် လူသားမျိုးနွယ်ကြားတွင် ထူးချွန်ပြောင်မြောက်သူတစ်ဦး ဖြစ်ရန်၊ အခြားလူတိုင်းနှင့် ကွဲပြားရန်၊ တစ်မူထူးခြားပြီး တစ်ဦးတည်းဖြစ်ရန်၊ အခြားသူများ၏ လေးစားကြည်ညိုခြင်းနှင့် အထင်ကြီးခြင်းကို ခံရရန် မျှော်လင့်ကြသည်။ ဥပမာအနေနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားတွင် ဖြစ်စဉ်တစ်ခု ရှိသည်မှာ တစ်စုံတစ်ခုကို တစ်ခုတည်းသာ ထုတ်လုပ်ပါက ချမ်းသာပြီး ထင်ရှားကျော်ကြားသော ထိုလူများသည် ယင်းကို ဝယ်ယူရန် အပြင်းအထန် ပြိုင်ဆိုင်ကြလိမ့်မည်။ ၎င်းတို့သည် မည်သည့်အတိုင်းအတာအထိ ဤသို့ ပြုလုပ်ကြမည်နည်း။ ဤထုတ်ကုန်သည် ၎င်း၏ မူလဈေးနှုန်းထက် အဆပေါင်းအတန်ငယ် သို့မဟုတ် ဆယ်ဆကျော်ပင် မြင့်မားသော ဈေးနှုန်းဖြင့် ရောင်းချခြင်းခံရသည့် အတိုင်းအတာအထိ ဖြစ်သည်။ ယင်းကို ဝယ်ယူနိုင်ခဲ့သူက “ကြည့်ပါဦး၊ ကမ္ဘာပေါ်တွင် တစ်ခုတည်းရှိသော ဤအရာကို ငါ လုယူနိုင်ခဲ့သည်။ ငါသည် အမှန်တကယ် အာဏာကြီးသည် မဟုတ်လော။ ငါသည် အခြားသူများထက် ပိုသာသည် မဟုတ်လော။ မည်သူမျှ ငါ့လောက် စွမ်းဆောင်နိုင်ခြင်း မရှိပါတကား” ဟု တွေးသည်။ ၎င်းတို့၏ စိတ်ထဲတွင် မိမိတို့ကိုယ်ကို သဘောကျကျေနပ်ကြပြီး ၎င်းတို့သည် အထူးဖြစ်သည်၊ ထူးခြားသည်၊ အလွန်စွမ်းဆောင်နိုင်သည်ဟု ခံစားကြရသည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ (မာနထောင်လွှားခြင်း ဖြစ်ပါသည်။) ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားကြောင့် ဖြစ်ရခြင်း ဖြစ်သည်။ အချို့လူများသည် အခြားသူတစ်ဦးနှင့် တူညီသော အဝတ်အစားကို ဝတ်ဆင်ရသောအခါ မသက်မသာ ခံစားရသည်။ ၎င်းတို့သည် အခြားလူများ မတတ်နိုင်သော၊ မည်သည့်အခါကမျှ မမြင်ဖူးသော အဝတ်အစားတစ်ခုကို ဝတ်ဆင်ပြီး ယင်းကို မြင်သူတိုင်းက မနာလိုဖြစ်ကြပါက ၎င်းတို့ မည်သို့ ခံစားရသနည်း။ (မိမိတို့ကိုယ်ကို သဘောကျကျေနပ်ကြပါသည်။) ၎င်းတို့သည် မိမိတို့ကိုယ်ကို အထူးသဖြင့် သဘောကျကျေနပ်ကြပြီး ၎င်းတို့သည် အခြားသူများနှင့်မတူ၊ အခြားသူများထက် သာလွန်သည်ဟု ထင်ကြသည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားကြောင့် ဖြစ်ရသနည်း။ (မာနထောင်လွှားခြင်း ဖြစ်ပါသည်။) ဤသည်မှာလည်း မာနထောင်လွှားသော စိတ်သဘောထားကြောင့် ဖြစ်ရခြင်း ဖြစ်သည်။ ကြည့်ပါဦး၊ လူများ၏ ၁၀၀ ရာခိုင်နှုန်းနီးပါးသည် ဤသို့သော စိတ်ဓာတ်ရှိကြသည်၊ ၎င်းတို့သည် နည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို ကျွမ်းကျင်ပါက ၎င်းတို့သည် အခြားသူများထက် ပိုတော်ပြီး ၎င်းတို့လောက် တော်သူ တစ်ဦးတစ်ယောက်မျှ မရှိဟု ထင်ကြသည်။ အခြားတစ်စုံတစ်ဦးကလည်း တူညီသော နည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကို ကျွမ်းကျင်ပါက ၎င်းတို့သည် ထိုသူကို မနာလိုဖြစ်မည်ဖြစ်ပြီး မည်သူမျှ ၎င်းတို့နှင့် မယှဉ်နိုင်စေရန် အသည်းအသန် ဆန္ဒရှိကြလိမ့်မည်။ အဘယ်ကြောင့် ၎င်းတို့တွင် ထိုသို့သော စိတ်ဓာတ်ရှိကြသနည်း။ (၎င်းတို့သည် အခြားသူများနှင့်မတူသည်ကို ဖြစ်ချင်ကြပါသည်။) ၎င်းတို့သည် ဤပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုကို ကျွမ်းကျင်သော တစ်ဦးတည်းသောသူ ဖြစ်ပါက ၎င်းတို့သည် ၎င်းတို့၏ အုပ်စုအတွင်းရှိ သာမန်လူထက် သာလွန်သည်။ ဤနည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၏ အသိပညာရှိသဖြင့် ၎င်းတို့သည် အခြားသူများ ၎င်းတို့ထံမှ သင်ယူသွားမည်ကို ကြောက်ရွံ့ကြသည်။ အခြားသူများက ၎င်းတို့ထံမှ အကူအညီ တောင်းပါက ၎င်းတို့ သင်ပေးမည်လော။ (မဟုတ်ပါ၊ ၎င်းတို့ သင်ပေးမည်မဟုတ်ပါ။) ၎င်းတို့သည် သင့်အား ရိုးရှင်းသောအရာအချို့ကိုသာ သင်ပေးလိမ့်မည်၊ အရေးကြီးဆုံးနှင့် အခရာကျဆုံးသော အရာများအတွက်မူ ၎င်းတို့သည် ထိုအရာများကို မည်သူ့ကိုမျှ သင်ပေးမည်မဟုတ်ဘဲ သင့်အား သင်ကိုယ်တိုင် နားလည်စေရန် ထားခဲ့လိမ့်မည်။ ၎င်းတို့ အမှန်တကယ် မည်သည့်အရာများကို တွေးနေကြသနည်း။ “ငါက သင့်အား ဤအရာ သင်ပေးလိုက်လျှင် မည်သို့များ ထင်ပေါ်နိုင်တော့မည်နည်း။ လူတိုင်းသာ လုပ်ဆောင်နိုင်လျှင် ငါသည် သာမန်လူတစ်ဦး ဖြစ်သွားပေမည်။ သင်တို့ထဲက မည်သူမျှ ဤအရာကို မည်သို့လုပ်ဆောင်ရကောင်းမှန်း မသိကြလျှင် ဤနေရာတွင် ငါသည် အသာလွန်ဆုံးသူဖြစ်၏၊ ပြီးလျှင် သင်တို့အားလုံးသည် ငါ့ကို မျက်နှာလုပ်ရလိမ့်မည်၊ ထိုနည်းနှင့် ငါသည် အရေးပါသည်ဟု ခံစားရမည်ဖြစ်သည် မဟုတ်လော။ သင်တို့ကြားတွင် အမြင့်ဆုံးအဆင့်အတန်းရှိပြီး အစွမ်းဆောင်နိုင်ဆုံးဖြစ်သူမှာ ငါ ဖြစ်သည် မဟုတ်လော။ သင်တို့အလယ်တွင် ထိပ်ဆုံးမှလူသည် ငါသာ ဖြစ်သည် မဟုတ်လော” ဟူ၍ ဖြစ်သည်။ ပညာရပ်ဆိုင်ရာ သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၏ အသိပညာအချို့ ရှိသဖြင့် ၎င်းတို့သည် အခြားသူများ ၎င်းတို့ထံမှ သင်ယူသွားမည်ကို အလွန်အမင်း ကြောက်ရွံ့ကြပြီး အခြားသူများ ၎င်းတို့နှင့် တူညီသည်ကို မလိုလားကြပေ။ မည်သူမဆို ၎င်းတို့နှင့် တူညီသော ပညာရပ်ဆိုင်ရာ သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု သို့မဟုတ် အထူးကျွမ်းကျင်မှု ရှိပါက ၎င်းတို့ စိတ်မသက်မသာ ခံစားရမည်ဖြစ်သဖြင့် ၎င်းတို့သည် အခြားသူများကို သာလွန်ကျော်လွှားရန် တစ်စုံတစ်ခုကို သင်ယူရန် နည်းလမ်းများကို အမြဲတမ်း စဉ်းစားနေကြသည်။ ၎င်းတို့သည် အခြားသူများထက် သာလွန်လိုပြီး အရေးပါသည်ဟု ခံစားရရန် အခြားသူများကို အမြဲတမ်း သာလွန်ကျော်လွှားလိုကြသည်။ ဤသည်မှာ မှန်ကန်သော လိုက်စားမှုလော။ (မဟုတ်ပါ။) ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ထိုသို့သော တောင့်တမှုများနှင့် လိုက်စားမှုများ ရှိသောကြောင့် ၎င်းတို့သည် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးအမျိုးမျိုးကို သဘာဝအတိုင်း ဖြစ်ပေါ်စေပြီး အခြားလူများထက် သာလွန်ရန်၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာရှိရန်၊ အရေးပါသည်ဟု ခံစားရရန်၊ အခြားသူများနှင့်မတူဘဲ ဖြစ်လာရန်၊ အခြားသူများ၏ အမြင်တွင် လူစွမ်းကောင်းများ သို့မဟုတ် ထူးခြားသော ပုဂ္ဂိုလ်များ ဖြစ်လာရန်ပင် ရှာဖွေကြသည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်သည့် ဤအယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်သင့်သည်။ အသေးစိတ်အရ ဤအရာကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ သာလွန်ကောင်းမွန်သော ဆုကျေးဇူးများ သို့မဟုတ် ပါရမီများကို မလိုက်စားနှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အစွမ်းအစ သို့မဟုတ် ဗီဇများကို ပြောင်းလဲခြင်းအား မလိုက်စားဘဲ၊ ထို့ထက် သင်၏ ပင်ကို အခြေအနေများဖြစ်သည့် ထိုသို့သော အစွမ်းအစ၊ အရည်အချင်းများနှင့် ဗီဇများအပြင် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း သင်၏ တာဝန်ကို ထမ်းဆောင်ကာ ဘုရားသခင် စေခိုင်းသည့်အရာအတိုင်း အမှုအရာတစ်ခုစီကို လုပ်ဆောင်လော့။ သင်၏ အရည်အချင်းများ သို့မဟုတ် အစွမ်းအစကို ကျော်လွန်သည့်အရာအား ဘုရားသခင် မတောင်းဆိုပေ။ သင့်အတွက် အမှုအရာများကို ခက်ခဲအောင်လည်း သင် မပြုလုပ်သင့်ပေ။ သင် သိနားလည်သည့်အရာနှင့် သင် စွမ်းဆောင်ရရှိနိုင်သည့်အရာပေါ် အခြေခံ၍ သင် အစွမ်းကုန် လုပ်ဆောင်ပြီး သင်၏ ကိုယ်ပိုင် အခြေအနေများက အခွင့်ပေးသည့်အရာအတိုင်း လက်တွေ့လုပ်ဆောင်ပါက အဆင်ပြေပေသည်။ ဥပမာအနေနှင့် သင်၏ အစွမ်းအစနှင့် ပင်ကိုစွမ်းရည်များက သင့်အား အဖွဲ့ခေါင်းဆောင်၏ အခန်းကဏ္ဍအတွက်သာ သင့်တော်စေလျှင် ထို့နောက် အဖွဲ့ခေါင်းဆောင်အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်လော့၊ ဤအခန်းကဏ္ဍ၏ ဘောင်အတွင်းရှိ အလုပ်များနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအားလုံးကို စီစဉ်ခွဲခြားပြီး ၎င်းတို့ကို တစ်ခုပြီးတစ်ခု ကျွမ်းကျင်အောင် လုပ်ဆောင်ကာ ဘုရားသခင်က သင့်အား သင်ပေးခဲ့သော နည်းလမ်းများနှင့် စည်းမျဉ်းများအတိုင်း အကောင်အထည်ဖော်လော့၊ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေလိမ့်မည်။ သင်သည် သင်၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း လိုက်ပြီး “ငါသည် အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်စွမ်းရှိသည်၊ ငါ ပိုကောင်းအောင် ပိုမိုကြိုးစားပြီး အခက်အခဲ အနည်းငယ်ကို ခံနိုင်ရည်ရှိကာ အဖိုးအခအနည်းငယ်ကို ပေးဆပ်ပြီး သန့်ရှင်းသောဝိညာဉ်တော်က ငါ့အပေါ် ကြီးမားသည့်အလုပ်ကို လုပ်ဆောင်လျှင် ငါသည် အသင်းတော်ခေါင်းဆောင် သို့မဟုတ် ဆုံးဖြတ်ချက်ချသည့်အဖွဲ့၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်လော။ ငါ့ထံတွင် ထိုအရည်အချင်း မရှိဟု လူများက ထင်ကောင်းထင်လိမ့်မည်၊ သို့သော် ငါသည် ဘုရားသခင်ထံ တောင်းလျှောက်မည်၊ ဘုရားသခင်အတွက် ဖြစ်မြောက်အောင်မြင်ဖို့ ခက်ခဲသည့်အရာ တစ်ခုမျှ မရှိပါ။ ငါ အဖွဲ့ခေါင်းဆောင် မလုပ်ချင်ပါ။ ငါ့အား ပိုကြီးမားသည့်အလုပ်ကို ထမ်းဆောင်ခွင့်ပေးရန်နှင့် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ယောက် ဖြစ်ခွင့်ပေးရန် ဘုရားသခင်ထံ ဆုတောင်းမည်” ဟု တွေးသည်ဟု ဆိုကြပါစို့။ ဤသို့သော လိုက်စားမှုမျိုးသည် မှန်ကန်သလော။ (ယင်းမှာ မှားယွင်းပါသည်။) အဘယ်ကြောင့် ယင်းမှာ မှားယွင်းသည်ဟု သင်တို့ ဆိုသနည်း။ (ထိုသို့သော လူများသည် မိမိတို့၏ အစွမ်းအစနှင့် စွမ်းရည်များထက် ကျော်လွန်သော အရာများကို အမြဲတမ်း လုပ်ချင်ကြပြီး မိမိတို့၏ သင့်တော်သော နေရာတွင် နေကာ မိမိတို့၏ အစွမ်းအစနှင့် ပင်ကိုစွမ်းရည်များအပေါ် အခြေခံ၍ မိမိတို့၏ အလုပ်ကို ဇောက်ချလုပ်ဆောင်ခြင်း မပြုနိုင်ကြပါ။) အစဉ်သဖြင့် လူစွမ်းကောင်းတစ်ဦး ဖြစ်ချင်နေခြင်းသည် မသင့်လျော်ပေ၊ ဤသည်မှာ ပုံမှန်လူတစ်ဦး လိုက်စားသင့်သည့်အရာ မဟုတ်ပေ။

လူအချို့က “ဘုရားသခင်အတွက် ခက်ခဲသောအရာမရှိ” ဟု မကြာခဏ ပြောလေ့ရှိကြသည်။ ဤစကားသည် အမှန်တရားတစ်ခုဖြစ်ပြီး လူတိုင်းက ယင်းကို နားလည်နိုင်သည်။ သို့သော် လူအချို့တွင် လွဲချော်သော နားလည်သဘောပေါက်မှု ရှိကြပြီး ၎င်းတို့က လူတို့အတွက် လုပ်ဆောင်ရန် မဖြစ်နိုင်သည့် မည်သည့်အရာမဆို ဘုရားသခင်ထံ ဆုတောင်းရုံမျှဖြင့် ဘုရားသခင်က ၎င်းတို့အတွက် ပြီးမြောက်အောင်မြင်စေနိုင်သည်ဟုလည်းကောင်း၊ ဤနည်းလမ်းဖြင့် ဘုရားသခင်ကို မှီခိုခြင်းအားဖြင့် လူတို့သည် မိမိတို့၏ ကိုယ်ပိုင်ဗီဇများကို ကျော်လွှားပြီးလျှင် စွမ်းအားရှင်များ ဖြစ်လာနိုင်သည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ဤသည်မှာ အမှန်တကယ်ပင် ထိုသို့ ဖြစ်သလော။ (မဟုတ်ပါ။) “ဘုရားသခင်အတွက် ခက်ခဲသောအရာမရှိ” ဟူသော စကားသည် ဘုရားသခင်၏ တန်ခိုးနှင့် အနှစ်သာရ၊ ဘုရားသခင်၏ အနန္တတန်ခိုးအပြင် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲမှုကိုလည်း သိသာထင်ရှားစွာ ရည်ညွှန်းသည်၊ ဘုရားသခင် ပြီးမြောက်အောင်မြင်နိုင်ခြင်း မရှိသည့်အရာ တစ်ခုမျှ မရှိပေ။ သို့ရာတွင် ယင်းက လူတို့သည် ပုံမှန် လူ့သဘာဝကို ကျော်လွှားပြီးလျှင် သဘာဝလွန် ဖြစ်လာရမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ဘုရားသခင်သည် မည်မျှပင် အနန္တတန်ခိုးနှင့် ပြည့်စုံစေကာမူ ကိုယ်တော်က လူတို့အပေါ် လုပ်ဆောင်သည့်အမှုသည် ၎င်းတို့၏ ပုံမှန် လူ့သဘာဝအပေါ် အခြေခံပြီးလျှင် ပုံမှန် လူ့သဘာဝ၏ ဘောင်အတွင်း၌ လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို စီစဉ်ညွှန်ကြားပြီး ကြိုးကိုင်တော်မူသည်။ ကိုယ်တော်သည် အမျိုးမျိုးသော အမှုအရာများကို ပြီးမြောက်အောင်မြင်စေခြင်းအတွက် အစေခံစေရန် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကြိုးကိုင်တော်မူပြီး ကိုယ်တော် ပြီးမြောက်အောင်မြင်စေတော့မည့် အဖြစ်မှန်များကို ပြီးမြောက်အောင်မြင်စေသည်။ ဘုရားသခင်က အမျိုးမျိုးသော အမှုအရာများကို ပြီးမြောက်အောင်မြင်စေသည့် ကာလအတောအတွင်းတွင် လူတို့သည် ပုံမှန် လူ့သဘာဝ၌ ရှိနေဆဲဖြစ်သည်၊ ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အရာမျှ ပြောင်းလဲသွားခြင်းမရှိဘဲ ၎င်းတို့သည် လူများဖြစ်နေဆဲ ဖြစ်သည်။ ဘုရားသခင်သည် မည်မျှပင် အနန္တတန်ခိုးနှင့် ပြည့်စုံစေကာမူ ဘုရားသခင်က တစ်စုံတစ်ခုအပေါ် အချုပ်အခြာအာဏာဖြင့် အုပ်စိုးရန် သို့မဟုတ် တစ်စုံတစ်ခုကို ပြီးမြောက်အောင်မြင်စေရန် မည်သည့်နည်းလမ်းများကို အသုံးပြုသည်ဖြစ်စေ၊ ဖန်ဆင်းခံလူသားများသည် အစဉ်အမြဲ ဖန်ဆင်းခံလူသားများသာ ဖြစ်ကြသည်၊ ၎င်းတို့သည် ပုံမှန် လူ့သဘာဝ၌ နေထိုင်နေဆဲဖြစ်ပြီး မည်သည့်နည်းနှင့်မျှ သဘာဝလွန် မဟုတ်ကြပေ။ ဤအရာများသည် အဖြစ်မှန်များဖြစ်သည်ဟု သင်တို့အားလုံး ဆိုမည်လော။ (ဟုတ်ပါသည်။) “သဘာဝလွန် မဟုတ်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်က လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို စီစဉ်ညွှန်ကြားသည့်အခါ လူတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် နေထိုင်ခြင်း၊ အသက်ရှင်ရပ်တည်ခြင်း၊ အမှုအရာတစ်ခုစီကို လုပ်ဆောင်ခြင်းနှင့် ပစ္စုပ္ပန်အခိုက်အတန့်တွင် နေထိုင်ခြင်းမှတစ်ပါး အခြားမတတ်နိုင်ဟု ဆိုလိုသည်။ သို့သော် သင်သည် ပစ္စုပ္ပန်အခိုက်အတန့်တွင် နေထိုင်သည့်အခါ သင်၏ အသိစိတ်သည် ဝေဝါးနေသလော။ (မဝေဝါးပါ။) သင်သည် ကြည်လင်နေဆဲဖြစ်သည်။ သို့ဆိုလျှင် သင်၏ အစွမ်းအစသည် ချက်ချင်း တိုးတက်လာခဲ့သလော သို့မဟုတ် ပြောင်းလဲသွားခဲ့သလော။ (မပြောင်းလဲပါ။) ယင်းမှာ မူလအတိုင်းပင် ရှိနေသည်။ သို့ဆိုလျှင် သင်၏ ဗီဇများသည် ချက်ချင်း ပြောင်းလဲသွားခဲ့သလော။ ယင်းတို့လည်း မပြောင်းလဲခဲ့ပေ။ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်မှုများအောက်တွင် သင်သည် အမှုအရာမည်မျှပင် တွေ့ကြုံရစေကာမူ သင်၏ ပင်ကိုစရိုက်၊ အလေ့အထများ၊ နေထိုင်မှုပုံစံများနှင့် သင်၏ ပုံမှန် လူ့သဘာဝ၏ အစွမ်းအစ၊ စွမ်းရည်များနှင့် အမျိုးမျိုးသော လုပ်ဆောင်ချက်များတွင် မည်သို့သော ပြောင်းလဲမှုမျှ လုံးဝမရှိပေ။ လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံခံစားသည့်အခါ ၎င်းတို့သည် မိမိတို့၏ သက်ဆိုင်ရာ ပတ်ဝန်းကျင်များတွင် အမှုအရာအမျိုးမျိုးနှင့် လူအမျိုးမျိုးကို တွေ့ကြုံခံစားရပြီး အဆုံးသတ်ရလဒ်မှာ ဘုရားသခင်၏ အမှုကို တွေ့ကြုံခံစားသည့် ဖြစ်စဉ်အတွင်းတွင် ၎င်းတို့သည် အတွင်းကျကျသိမြင်မှု ရရှိပြီး သင်ခန်းစာအချို့ကို သင်ယူရခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများဖြစ်ပါက ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်ကို သိကျွမ်းခြင်းတို့နှင့်ပတ်သက်၍ အကျိုးကျေးဇူးကို ရိတ်သိမ်းနိုင်ကြသည်။ ဘုရားသခင်၏ အမှုကို တွေ့ကြုံခံစားသည့် ဖြစ်စဉ်တွင် လူတို့၏ တွေးခေါ်မှုသည် ပုံမှန်ဖြစ်သည်၊ ၎င်းတို့၏ အသိစိတ်သည် မဝေဝါးပေ၊ ၎င်းတို့၏ အစွမ်းအစ၊ စွမ်းရည်များနှင့် ဗီဇများသည် မည်သည့်ပြောင်းလဲမှုမျှမရှိဘဲ မူလအတိုင်းပင် ရှိနေသည်။ ထို့ကြောင့် “ဘုရားသခင်အတွက် ခက်ခဲသောအရာမရှိ” ဟူသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဘုရားသခင်၏ အရာခပ်သိမ်းအား စီစဉ်ညွှန်ကြားခြင်းကို ရည်ညွှန်းသည်။ ယင်းသည် လူတို့ကို သဘာဝလွန်ဖြစ်စေခြင်း သို့မဟုတ် ဖန်ဆင်းခံလူသားများ၏ အနှစ်သာရကို ပြောင်းလဲခြင်းကို ရည်ညွှန်းခြင်းမဟုတ်ပေ။ ဘုရားသခင်သည် လူတို့၏ အနှစ်သာရကို မပြောင်းလဲပေ၊ လူသားများသည် လူသားများသာ ဖြစ်နေဆဲဖြစ်ပြီး သင်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ဤကိစ္စနှင့်ပတ်သက်၍ မည်သို့သော ပြောင်းလဲမှုမျှ လုံးဝမရှိပေ။ ဘုရားသခင်သည် အရာခပ်သိမ်းကို စီစဉ်ညွှန်ကြားပြီး ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်းဖြစ်ပြီး ဤသည်မှာ ဘုရားသခင် ပိုင်ဆိုင်သည့်အရာ ဖြစ်သည်။ “ဘုရားသခင်အတွက် ခက်ခဲသောအရာမရှိ” ဟူသည်မှာ လူတို့သည် သဘာဝလွန်ဖြစ်လာသည်ဟု ဆိုလိုခြင်းမဟုတ်သကဲ့သို့ လူတို့သည် အနန္တတန်ခိုးရှင်များ ဖြစ်သည်ဟုလည်း ဆိုလိုခြင်းမဟုတ်ပေ။ အချို့သော တစ်ဦးတစ်ယောက်ချင်းစီသည် တစ်ခါတစ်ရံတွင် ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းအစထက် သို့မဟုတ် ၎င်းတို့၏ ရုပ်ခန္ဓာဆိုင်ရာ ဗီဇများထက် ကျော်လွန်သည့် အချို့သောအရာများကို ပြီးမြောက်အောင်မြင်နိုင်လျှင်ပင် ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်။ ဤဆုကျေးဇူးကို ၎င်းတို့အား ပေးအပ်ခဲ့သူမှာ ဘုရားသခင်ဖြစ်သည်၊ ၎င်းတို့သည် ဤစွမ်းရည်ဖြင့် မွေးဖွားလာခဲ့ခြင်း မဟုတ်ပေ။ အကြောင်းမှာ ဖန်ဆင်းခံလူသားများသည် ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းထားသည့် ဤအရာအားလုံးကို ပြောင်းလဲနိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ လူ့ဗီဇ ကိစ္စနှင့်ပတ်သက်၍ ငါသည် ရိုးရှင်းသော ဥပမာတစ်ခုကို ပေးမည်။ ဥပမာအနေနှင့် လူတို့သည် ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခုကို ကြားသည့်အခါ ၎င်းတို့သည် ကြောက်ရွံ့မှုကို ခံစားရမည်ဖြစ်ပြီး အလိုလို တွန့်ဆုတ်သွားကြလိမ့်မည်။ သင်သည် မည်သည့်အရွယ်ပင်ဖြစ်စေကာမူ သင်သည် ငယ်စဉ်ကတည်းက ဤသို့ဖြစ်ခဲ့ပြီး သင်သေဆုံးသည့်တိုင်အောင် ဤသို့ပင် ဖြစ်နေဦးမည်၊ ဤသည်မှာ ဗီဇ ဖြစ်သည်။ “ဗီဇ” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ရုပ်ခန္ဓာ၏ မွေးရာပါ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ယင်းသည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ မွေးရာပါ ဗီဇများကို ပိုင်ဆိုင်ခြင်းအားဖြင့်သာလျှင် ပုံမှန်လူတစ်ဦးသည် ပုံမှန် လူ့သဘာဝ၏ အသက်နှင့် အသက်ရှင်ရပ်တည်မှုကို ထိန်းသိမ်းထားနိုင်သည်၊ ထို့ကြောင့် လူ့ဗီဇများသည် ဘုရားသခင် ပြောင်းလဲရန် ရည်ရွယ်သည့်အရာတစ်ခု မဟုတ်ပေ။ ဤအရာကို သင်တို့ နားလည်ပြီလော။ (နားလည်ပါပြီ။) “ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်သည်” ဟူသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ (ယင်းမှာ ဘုရားသခင်၏ ကိုယ်ပိုင်သြဇာအာဏာနှင့် ဘုရားသခင်၏ အနန္တတန်ခိုးကို ရည်ညွှန်းပါသည်။) ယင်းသည် လူတို့နှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ (ယင်းမှာ လူတို့နှင့် တစ်စုံတစ်ရာ မသက်ဆိုင်ပါ၊ ပြီးလျှင် ယင်းက လူတို့သည် သဘာဝလွန်အမှုအရာများကို လုပ်ဆောင်နိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။) ယင်းက ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် လူတို့သည် အနန္တတန်ခိုးရှင်များ ဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ၊ လူတို့သည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အခါ၌ပင် ၎င်းတို့သည် အနန္တတန်ခိုးကို မရရှိနိုင်ကြပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ (အကြောင်းမှာ လူတို့သည် ဘုရားသခင် မဟုတ်သောကြောင့် ဖြစ်ပါသည်၊ လူတို့သည် ဖန်ဆင်းခံများသာဖြစ်ပြီး ဘုရားသခင်မှာမူ အတုမရှိသောကြောင့် ဖြစ်ပါသည်။) မှန်ပေသည်၊ ထိုသို့ပင် ဖြစ်သည်။ လူတို့သည် အစဉ်အမြဲ လူများသာ ဖြစ်ကြလိမ့်မည်။ ၎င်းတို့သည် အခြားမျိုးစိတ်တစ်ခု ဖြစ်လာမည်မဟုတ်သကဲ့သို့ ဘုရားသခင် ဖြစ်လာမည်မှာ ပို၍ပင် မဟုတ်သည်မှာ သေချာသည်၊ လူတို့၏ အရည်အသွေးများသည် ပြောင်းလဲမည်မဟုတ်ပေ။ လူတို့၏ အရည်အသွေးများသည် ပြောင်းလဲမည်မဟုတ်ချေ၊ သို့ဆိုလျှင် ၎င်းတို့၏ ဗီဇများက ပြောင်းလဲမည်လော။ (မပြောင်းလဲပါ။) လူတို့၏ ဗီဇများသည် ပြောင်းလဲမည်မဟုတ်သကဲ့သို့ ၎င်းတို့၏ ဘဝအလေ့အထများနှင့် နေထိုင်မှုပုံစံများ သို့မဟုတ် ဘုရားသခင်က ပေးအပ်ထားသည့် မွေးရာပါ ပင်ကိုစရိုက်များလည်း ပြောင်းလဲမည်မဟုတ်ပေ။ ဥပမာအနေနှင့် နေထိုင်မှုပုံစံများကို ယူကြည့်လော့။ လူသားများသည် သတ္တဝါအများစုကဲ့သို့ပင် နေထွက်ပြီးနောက် အလုပ်လုပ်ကြပြီး နေဝင်ပြီးနောက် အနားယူကြသည်။ ၎င်းတို့သည် နံနက်ခင်းတွင် အိပ်ရာထသည့်အခါ ၎င်းတို့၏ ဦးနှောက်များသည် ကောင်းစွာ အနားရပြီးဖြစ်ကာ ၎င်းတို့၏ ခန္ဓာကိုယ်များက သက်သောင့်သက်သာ ခံစားရသည့်အခါ ၎င်းတို့သည် အလုပ်စတင်ကြသည်၊ ညဘက်တွင် ၎င်းတို့၏ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်လာသည့်အခါ ၎င်းတို့ သမ်းဝေပြီး ၎င်းတို့၏ ဦးနှောက်က ပင်ပန်းနွမ်းနယ်နေသည့်အခါ ၎င်းတို့သည် အနားယူသည့် အခြေအနေသို့ စတင်ဝင်ရောက်သည်၊ ဤသည်မှာ အလွန်ပုံမှန်ကျသော နေထိုင်မှုပုံစံတစ်ခု ဖြစ်သည်။ ဤသည်မှာ လူသားများ၏ ဘုံလက္ခဏာတစ်ခုဖြစ်ပြီး လူ့ဗီဇတစ်ခုလည်းဖြစ်ကာ လူသားမျိုးနွယ်အတွက် ဘုရားသခင်က သတ်မှတ်ထားသည့် နေထိုင်မှုပုံစံတစ်ခုလည်း ဖြစ်သည်မှာ သေချာသည်။ ဤပုံစံသည် နေ၊ လနှင့် ကြယ်များ၏ လည်ပတ်မှုနှင့် နေဝင်ခြင်းနှင့် နေထွက်ခြင်းတို့အရ သတ်မှတ်ထားခြင်းဖြစ်သည်။ သင်သည် ဤနေထိုင်မှုပုံစံကို ချိုးဖောက်လျှင် ရေတိုတွင် ကြီးမားသော ပြဿနာများ ရှိမည်မဟုတ်ပေ၊ သင်သည် တစ်ခါတစ်ရံ မောပန်းပြီး အိပ်ချင်သည့်အခါ သင်သည် မိမိကိုယ်ကို ချုပ်တည်းပြီး လက်ဖက်ရည် သို့မဟုတ် ကော်ဖီအချို့ သောက်နိုင်သည်၊ သင်၏ ရုပ်ပိုင်းဆိုင်ရာ မောပန်းမှုသည် အနည်းငယ် သက်သာသွားလိမ့်မည်၊ သို့သော် ရေရှည်တွင်မူ သင်၏ ခန္ဓာကိုယ်၌ ပြဿနာများ ဖြစ်ပေါ်လာလိမ့်မည်။ အဘယ်ကြောင့် ပြဿနာများ ဖြစ်ပေါ်လာမည်နည်း။ အကြောင်းမှာ သင်သည် လူတို့အတွက် ဘုရားသခင် သတ်မှတ်ထားသည့် နေထိုင်မှုပုံစံကို ချိုးဖောက်ခဲ့သောကြောင့် ဖြစ်သည်။ သင်၏ ခန္ဓာကိုယ်၌ ပြဿနာများ ဖြစ်ပေါ်ပြီး သင် ဆရာဝန်ထံ သွားပြသည့်အခါ ၎င်းတို့က “သင်သည် ညဘက်တွင် စောစောအိပ်ရာဝင်ရမည်၊ ၁၀ နာရီတွင် အနားယူပြီး၊ နံနက် ၄ နာရီ သို့မဟုတ် ၅ နာရီတွင် အိပ်ရာထရမည်၊ လအနည်းငယ်အတွင်းတွင်၊ သင်သည် ပြန်လည်ကောင်းမွန်လာလိမ့်မည်” ဟု ပြောလိမ့်မည်။ ဆရာဝန်၏ အကြံပြုချက်ကို လိုက်နာပြီး သုံးလအကြာတွင် သင်၏ ခန္ဓာကိုယ်ဆိုင်ရာ မအီမသာဖြစ်မှု လက္ခဏာအားလုံးသည် အခြေခံအားဖြင့် ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ရာ သင်က “ဖြစ်ချင်တော့ ငါ၏ ခန္ဓာကိုယ်ရှိ ပြဿနာများသည် ဆိုးရွားသော ရောဂါတစ်ခုခု မဟုတ်ခဲ့ဘဲ ငါ၏ ဘဝတွင် ပုံမှန်ပုံစံအတိုင်း ငါ လိုက်နာခြင်း မရှိသောကြောင့်ဖြစ်သည်” ဟု မိမိကိုယ်ကို တွေးလိမ့်မည်။ မြင်သလော၊ လူတို့၏ နေထိုင်မှုပုံစံများကို ချိုးဖောက်၍မရဟု သင်ဆိုမည်မဟုတ်လော။ (ဟုတ်ပါသည်။) လူသားများ၏ ဤနေထိုင်မှုပုံစံသည် အခြားသတ္တဝါများ၏ နေထိုင်မှုပုံစံနှင့် တူညီသည်၊ ၎င်းတို့အားလုံးသည် နေထွက်ပြီးနောက် အလုပ်လုပ်ကြပြီး နေဝင်ပြီးနောက် အနားယူကြသည်။ ဇီးကွက်များကဲ့သို့ နေ့ဘက်တွင် အနားယူပြီး ညဘက်တွင် ထွက်၍ လှုပ်ရှားတက်ကြွသော သတ္တဝါအချို့ ရှိသည်မှာလည်း အမှန်ပင်၊ ၎င်းတို့၏ နေထိုင်မှုပုံစံသည် လူသားများနှင့် အခြားသတ္တဝါများနှင့် မတူညီပေ၊ သို့သော် သင်သည် ၎င်းတို့၏ ဤပုံစံကို ချိုးဖောက်လိုလျှင်မူ ယင်းမှာ မဖြစ်နိုင်ပေ။ ထို့အပြင် အချို့သတ္တဝါများသည် ဆောင်းရာသီတွင် ဆောင်းခိုကြသည်။ လူသားများတွင် ဤပုံစံရှိသလော။ (မရှိပါ။) မရှိပေ၊ လူသားများသည် ဆောင်းခိုရန် မလိုအပ်ပေ။ လူသားများ၏ ဘဝတွင် ပုံစံတစ်ခုရှိသည်၊ ၎င်းတို့သည် တစ်ပတ်လျှင် တစ်ရက် သို့မဟုတ် နှစ်ရက် အနားယူကြသည်၊ ၎င်းတို့သည် နေထွက်ပြီးနောက် အလုပ်လုပ်ပြီး နေဝင်ပြီးနောက် အနားယူကြကာ ဤပုံမှန် အလုပ်နှင့် အနားယူမှုပုံစံကို အဆက်မပြတ် ထိန်းသိမ်းထားကြသည်၊ ဤနည်းအားဖြင့် ၎င်းတို့၏ ဘဝများကို ကာကွယ်စောင့်ရှောက်နိုင်ပြီး ၎င်းတို့၏ အသက်ရှင်ရပ်တည်မှုကို ထိန်းသိမ်းထားနိုင်သည်။ လူသားများတွင် ၎င်းတို့၏ ကိုယ်ပိုင်နေထိုင်မှုပုံစံများ ရှိကြပြီး ဤနေထိုင်မှုပုံစံများကို ဘုရားသခင်က သတ်မှတ်ခဲ့သည်။ ၎င်းတို့အားလုံးသည် အဓိပ္ပာယ်ရှိပြီး လူသားမျိုးနွယ်၏ ပုံမှန်ဘဝနှင့် အသက်ရှင်ရပ်တည်မှုကို ထိန်းသိမ်းရန် ရည်ရွယ်ချက်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အမှုသည် လူတို့ စိတ်ကူးထားသကဲ့သို့ လူ့ဘဝနှင့် အသက်ရှင်ရပ်တည်မှုပုံစံများကို လုံးဝ ချိုးဖောက်လိမ့်မည်မဟုတ်ဘဲ သင်သည်လည်း ဤအယူအဆနှင့် စိတ်ကူးကို လက်လွှတ်သင့်သည်။ လူသားများသည် ၎င်းတို့အတွက် ဘုရားသခင် သတ်မှတ်ထားသည့် ဤပုံစံများကို အတင်းအကျပ် ချိုးဖောက်မည်ဆိုလျှင်၊ သို့မဟုတ် လူသားများသည် သဘာဝလွန်အရာများနှင့်ပတ်သက်သည့် အချို့သော အတွေးအခေါ်များ၏ စိုးမိုးမှုကြောင့် ၎င်းတို့ကို အဆက်မပြတ် ပြောင်းလဲလိုမည်ဆိုလျှင် ယင်းမှာ မိုက်မဲခြင်းသာ ဖြစ်ပေမည်။ သင်သည် ၎င်းတို့ကို ပြောင်းလဲခြင်းက သင်၏ ဘဝကို မြှင့်တင်ပေးမည်ဖြစ်ပြီး သင်၏ လူ့သဘာဝကို တိုးတက်ကောင်းမွန်စေမည်ဟု ထင်လျှင် ၎င်းတို့ကို ပြောင်းလဲကြည့်ပြီး သင်သည် မည်မျှကြာကြာ အသက်ရှင်နိုင်သည်ကို ကြည့်လော့၊ နောက်ဆက်တွဲ ရက်များတွင် အမှုအရာများ မည်သို့ ပြောင်းလဲသည်ကိုလည်းကောင်း၊ သင်၏ ပုံမှန် လူ့သဘာဝသည် မြင့်တက်လာခြင်းရှိမရှိကိုလည်းကောင်း၊ သင်သည် စွမ်းအားရှင်တစ်ဦး သို့မဟုတ် ကောင်းကင်တမန်တစ်ပါး ဖြစ်လာခြင်း ရှိမရှိကိုလည်းကောင်း ကြည့်လော့။ သင်သည် ဘုရားသခင်၏ အမှုတွင် သဘာဝလွန် အစိတ်အပိုင်းတစ်ခု ပါဝင်သင့်သည်ဟုလည်းကောင်း၊ ယင်းက သင်၏ နေထိုင်မှုပုံစံများကို ပြောင်းလဲသင့်သည်ဟုလည်းကောင်း ယုံကြည်ပြီး မိမိကိုယ်ကို သာမန်ထက် ထူးကဲသောသူ ဖြစ်လာစေရန် ယင်းတို့ကို အတင်းအကျပ် ပြောင်းလဲလိုလျှင် သင်သည် စမ်းကြည့်နိုင်သည်။ နှစ်အနည်းငယ် ကြိုးစားပြီးနောက် သင်သည် သင်၏ ဘဝနှင့် အသက်ရှင်ရပ်တည်မှုပုံစံများကို အမှန်တကယ် ပြောင်းလဲသွားနိုင်ကောင်း ပြောင်းလဲသွားနိုင်သည်။ ဤသို့ဖြစ်နိုင်သည့် အခြေအနေတစ်ခုတည်းသာ ရှိသည်၊ ယင်းမှာ သင်၏ ရုပ်ခန္ဓာသည် နောက်ထပ် တည်ရှိတော့မည် မဟုတ်သည့်အခါဖြစ်ပြီး ထိုအချိန်တွင် သင်သည် အမှန်တကယ် သဘာဝလွန်ဖြစ်ကာ မီးခိုးငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး “ကောင်းကင်ဘုံသား” အဖြစ်သို့ ပြောင်းလဲကာ မသေမျိုး ဖြစ်လာလိမ့်မည်။ သင်၏ ရုပ်ခန္ဓာကို ပုံမှန်ဖြစ်ပြီး ကျန်းမာနေစေလိုလျှင် ပုံမှန်အခြေအနေတွင် ရှိနေစဉ် ဘုရားသခင်၏ အမှုနှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်လိုလျှင် သင်သည် သင်၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ သဘာဝလွန်လူသားဟုခေါ်သောသူ ဖြစ်လာရန် မကြိုးစားသင့်သကဲ့သို့ မြှင့်တင်ထားသော လူ့သဘာဝဟုခေါ်သည့်အရာကို မလိုက်စားသင့်ပေ၊ ထိုသို့ပြုမည့်အစား သင်သည် ပုံမှန် လူ့သဘာဝ၌ နေထိုင်သင့်သည်၊ သင်၏ ပုံမှန် လူ့သဘာဝ၏ ဘဝနှင့် အသက်ရှင်ရပ်တည်မှုပုံစံကို ထိန်းသိမ်းသင့်ပြီး သင်၏ ပုံမှန် လူ့သဘာဝ၏ ဗီဇများကိုလည်း ထိန်းသိမ်းသင့်သည်။ ဘုရားသခင်ထံ ကျိုးကြောင်းမဆီလျော်သော တောင်းဆိုမှုများ မပြုနှင့်၊ ဤကျိုးကြောင်းမဆီလျော်သော တောင်းဆိုမှုများအားလုံးသည် သင်၏ စိတ်ကူးများနှင့် အယူအဆများမှ လာသည်။ သင်၏ ဗီဇများ၊ နေထိုင်မှုပုံစံများ အစရှိသည်တို့သည် ဘုရားသခင် ပြောင်းလဲရန် ရည်ရွယ်သည့်အရာများ မဟုတ်သကဲ့သို့ ကိုယ်တော်က သူ၏ အမှုဖြင့် ပြောင်းလဲရန် ရည်ရွယ်သည့်အရာများလည်း မဟုတ်ပေ။ ကယ်တင်ခြင်းရရှိသူတစ်ဦးသည် အယူအဆများနှင့် စိတ်ကူးများဖြင့် ပြည့်နေသူတစ်ဦး မဟုတ်သည်မှာ သေချာပြီး ၎င်းသည် သဘာဝလွန်လူသားတစ်ဦး သို့မဟုတ် ထူးခြားသောလူတစ်ဦး ပို၍ပင် မဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား ၎င်းတို့သည် ပုံမှန် လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူတစ်ဦး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလေးဂရုပြု နားထောင်နိုင်ပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်နိုင်သူတစ်ဦး ဖြစ်သည်၊ ၎င်းတို့သည် အမှုအရာအားလုံးတွင် ဘုရားသခင်ထံ ကျိုးနွံနာခံနိုင်သူတစ်ဦးဖြစ်ပြီး လုံးဝ သဘာဝလွန်မဟုတ်ဘဲ ၎င်းတို့၏ လူ့သဘာဝသည် အထူးသဖြင့် ပုံမှန်ဖြစ်ပြီး လက်တွေ့ကျသည်။

ပုံမှန် လူ့သဘာဝ၌ နေထိုင်သောလူများသည် ရုပ်ခန္ဓာဆိုင်ရာ ဗီဇများစွာနှင့် ရုပ်ခန္ဓာဆိုင်ရာ လိုအပ်ချက်များစွာ၏ ကန့်သတ်ခြင်းကိုလည်း ခံရသည်။ ဥပမာအနေနှင့် တစ်ခါတစ်ရံတွင် လူတို့သည် အလွန်မောပန်းနေသောကြောင့် သို့မဟုတ် နာမကျန်းဖြစ်ပြီး အနားယူရန် လိုအပ်သောကြောင့် မိမိတို့၏ တာဝန်များကို လုပ်ဆောင်ရာတွင် ရက်အနည်းငယ် ကြန့်ကြာနိုင်သည်၊ တစ်ခါတစ်ရံတွင် တင်းမာသော ပတ်ဝန်းကျင်ကြောင့် ၎င်းတို့သည် ကြောက်ရွံ့မှုကို ခံစားရပြီး မိမိတို့၏ တာဝန်များကို လုပ်ဆောင်ရန် စိတ်တည်ငြိမ်အောင် မထားနိုင်ပေ၊ သို့မဟုတ် ၎င်းတို့၏ အကန့်အသတ်ရှိသော အစွမ်းအစနှင့် စွမ်းရည်များကြောင့် အချို့သော အလုပ် သို့မဟုတ် တာဝန်တစ်မျိုးမျိုးတွင် အရည်အချင်း မပြည့်မီနိုင်သောကြောင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အကြွေးတင်ခြင်းနှင့် ဝမ်းနည်းခြင်း ခံစားချက်ကို မကြာခဏ ခံစားရနိုင်သည်၊ ဤအရာအားလုံးသည် ပုံမှန် လူ့သဘာဝ၏ ဘောင်အတွင်း ကျရောက်သော ပုံမှန် သရုပ်သကန်များ ဖြစ်ကြသည်။ တစ်ခါတစ်ရံတွင် လူတို့သည် ခံစားချက်များနှင့် ရုပ်ခန္ဓာဆိုင်ရာ လိုအပ်ချက်များ၏ ဘောင်ခတ်ခြင်းကို ခံရနိုင်ပြီး တစ်ခါတစ်ရံတွင် ရုပ်ခန္ဓာဆိုင်ရာ ဗီဇများ၏ ကန့်သတ်ချက်များကိုဖြစ်စေ၊ အချိန်နှင့် ပင်ကိုစရိုက်တို့၏ ကန့်သတ်ချက်များကိုဖြစ်စေ ခံရနိုင်သည်၊ ဤသည်မှာ ပုံမှန်ဖြစ်ပြီး သဘာဝကျသည်။ ဥပမာအနေနှင့်၊ အချို့သောသူတို့သည် ငယ်စဉ်ကတည်းကပင် အတော်အတန် သီးသန့်နေထိုင်တတ်ကြ၏။ သူတို့သည် စကားပြောရန် မနှစ်သက်ကြသည့်အပြင် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေးတွင်လည်း ရုန်းကန်ကြရသည်။ အသက် သုံးဆယ်၊ လေးဆယ်အရွယ်သို့ ရောက်သည့်တိုင် ဤပင်ကိုစရိုက်ကို သူတို့ ကျော်လွှားနိုင်ခြင်း မရှိသေးပေ။ သူတို့သည် စကားပြောဆိုရာ၌ ကျွမ်းကျင်မှုမရှိသေးပေ၊ သို့မဟုတ် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေး၌လည်း ကောင်းမွန်ခြင်းမရှိကြသေးပေ။ သူတို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးသည့်နောက်တွင် ဤပင်ကိုစရိုက်လက္ခဏာသည် သူတို့၏အလုပ်ကို အတိုင်းအတာတစ်ခုအထိ ကန့်သတ်ပြီး အဟန့်အတားဖြစ်စေကာ ဤသည်က သူတို့ကို မကြာခဏ စိတ်ဆင်းရဲမှုနှင့် စိတ်ပျက်အားငယ်မှုကို ဖြစ်စေလျက် အလွန် ဘောင်ခတ်ခံနေရသကဲ့သို့ ခံစားရစေသည်။ သီးသန့်နေတတ်ခြင်းနှင့် စကားပြောရန် မနှစ်သက်ခြင်းတို့သည် ပုံမှန် လူ့သဘာဝ၏ သရုပ်သကန်များ ဖြစ်ကြသည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်များဖြစ်ကြသောကြောင့် ယင်းတို့ကို ဘုရားသခင်အား ပြစ်မှားခြင်းများဟု ယူဆရမည်လော။ မဟုတ်ပေ၊ ယင်းတို့သည် ပြစ်မှားခြင်းများ မဟုတ်ကြသည့်အပြင် ဘုရားသခင်သည် ၎င်းတို့ကို မှန်မှန်ကန်ကန် ဆက်ဆံလိမ့်မည်။ သင်၏ပြဿနာများ၊ ချို့ယွင်းချက်များ၊ သို့မဟုတ် အပြစ်အနာအဆာများ မည်သို့ပင်ရှိစေ ဘုရားသခင်၏အမြင်တွင် ဤအရာများအနက်မှ တစ်ခုမှ ပြဿနာများမဟုတ်ကြချေ။ သမ္မာတရားကို သင်မည်သို့ရှာဖွေပုံ၊ သမ္မာတရားကို သင်မည်သို့လက်တွေ့လုပ်ဆောင်ပုံ၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင်မည်သို့ပြုမူပုံနှင့် ပုံမှန်လူ့သဘာဝ၏ ပင်ကိုအခြေအနေများအောက်တွင် ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်မည်သို့လိုက်လျှောက်ပုံတို့ကိုသာ ဘုရားသခင်က ကြည့်သည်။ ဤအရာများသည် ဘုရားသခင်က ကြည့်သည့်အရာများ ဖြစ်ကြသည်။ ထို့ကြောင့် သမ္မာတရားစည်းမျဉ်းများနှင့် သက်ဆိုင်သည့်ကိစ္စများတွင် ပုံမှန်လူ့သဘာဝ၏ အစွမ်းအစ၊ ဗီဇစိတ်များ၊ ပင်ကိုစရိုက်၊ အကျင့်များနှင့် ရှင်သန်နေထိုင်သည့်ပုံစံများကဲ့သို့သော အခြေခံအခြေအနေများက သင့်ကို ကန့်သတ်သည်ကို မခံနှင့်။ မှန်ပေသည်၊ ဤအခြေခံအခြေအနေများကို ကျော်လွှားဖို့ ကြိုးစားရာတွင် သင်၏စွမ်းအင်နှင့် အချိန်တို့ကို မသုံးသင့်သကဲ့သို့ ယင်းတို့ကို ပြောင်းလဲဖို့ ကြိုးစားရာတွင်လည်း မသုံးသင့်သည်မှာလည်း ပြောစရာမလိုပေ။ ဥပမာအနေနှင့် သင်သည် သီးသန့်နေတတ်သော ပင်ကိုစရိုက်ရှိပြီး စကားပြောရသည်ကို မနှစ်သက်ဘဲ စကား အဆီအငေါ်တည့်အောင် မပြောတတ်သည့်အပြင် လူတို့နှင့် ပေါင်းသင်းဆက်ဆံရာတွင် မကျွမ်းကျင်လျှင် ဤအရာများထဲမှ တစ်ခုမျှ ပြဿနာမဟုတ်ပေ။ ဘွင်းဘွင်းနှင့်ပျော်ပျော်နေတတ်သူများသည် စကားပြောရသည်ကို နှစ်သက်သော်လည်း ၎င်းတို့ပြောသမျှအားလုံးသည် အသုံးဝင်ခြင်း သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီခြင်း မဟုတ်ပေ၊ ထို့ကြောင့် သီးသန့်နေတတ်ခြင်းသည် ပြဿနာမဟုတ်ဘဲ သင်သည် ယင်းကို ပြောင်းလဲရန် ကြိုးစားရန်မလိုအပ်ပေ။ သင်က “ကျွန်ုပ်သည် သာမန်နောက်လိုက်တစ်ဦးဖြစ်ခဲ့လျှင် သီးသန့်နေတတ်သော ပင်ကိုစရိုက်ရှိခြင်းသည် ကျွန်ုပ်အတွက် ပြဿနာဖြစ်မည်မဟုတ်ပါ၊ သို့သော် ယခု ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးဖြစ်နေပြီ၊ သို့ဖြစ်၍ ကျွန်ုပ်၏ သီးသန့်နေတတ်သော ဤပင်ကိုစရိုက်ကို ပြောင်းလဲရန် မလိုအပ်ဘူးလော” ဟု ဆိုကောင်းဆိုနိုင်သည်။ သင်သည် ယင်းကို အမှန်တကယ် ပြောင်းလဲလိုလျှင် အခြားသူများနှင့် မည်သို့ ပေါင်းသင်းရမည်ကို သင်ယူရန် သင် ကြိုးစားနိုင်သည်၊ သို့မဟုတ် တစ်နေ့တာအတွင်း မည်မျှပြောဆိုမည်၊ အမှုအရာမည်မျှကို ကိုင်တွယ်မည်၊ လူအမျိုးအစားမည်မျှနှင့် ဆက်ဆံမည်ဟူသော စည်းမျဉ်းတစ်ခုကို သင် ပြုလုပ်နိုင်သည်။ အကယ်၍ သင်သည် သင်၏ မွေးရာပါ ပင်ကိုစရိုက်ကို ပြောင်းလဲနိုင်စွမ်း အမှန်တကယ်ရှိလျှင် ဤသည်မှာ သင် အသင်းတော်၏ အလုပ်ကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ မကောင်းသောအရာတစ်ခု ဟုတ်ချင်မှ ဟုတ်မည်မှာ ပြောစရာမလိုပေ။ သို့ရာတွင် သင်သည် မွေးရာပါ သီးသန့်နေတတ်သော ပင်ကိုစရိုက်ရှိပြီး စကား အဆီအငေါ်တည့်အောင် မပြောတတ်သည့်အပြင် လူမှုရေးတွင် မကျွမ်းကျင်သဖြင့် အခြားသူများနှင့် မည်သို့ စကားစမြည်ပြောဆိုရမည် သို့မဟုတ် ဆက်ဆံရမည်ကို မသိလျှင် ဤအရာကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ အချို့လူများသည် သီးသန့်နေတတ်သော ပင်ကိုစရိုက်ရှိသည်၊ ၎င်းတို့သည် အခြားသူများနှင့် ဆက်ဆံရန် သို့မဟုတ် စကားစမြည်ပြောဆိုရန် မလိုလားကြသည့်အပြင် ၎င်းတို့တွင် ပြောစရာ ထိုမျှများများစားစား မရှိပေ။ ၎င်းတို့သည် အသုံးဝင်သောအရာတစ်ခုခုကို ပြောဆိုခြင်းသာ မှန်ကန်သည်ဟု အမြဲခံစားရပြီး မလိုအပ်သောအရာများကို ပြောရန်မလိုအပ်ဟု ခံစားရသောကြောင့် ၎င်းတို့သည် များများစားစား ပြောဆိုရန် မလိုလားကြပေ။ အချို့လူများအတွက်မူ ၎င်းတို့သည် အလွန်ငယ်ရွယ်ပြီး ဘဝအတွေ့အကြုံမရှိဘဲ စကားလုံးများ ချို့တဲ့သောကြောင့် ဖြစ်နိုင်သည်၊ အခြားလူများအတွက်မူ ၎င်းတို့သည် မငယ်တော့ဘဲ ဘဝအတွေ့အကြုံ ရှိပြီးဖြစ်သော်လည်း ဤသီးသန့်နေတတ်သော ပင်ကိုစရိုက် ရှိနေဆဲဖြစ်သောကြောင့် ဖြစ်နိုင်သည်။ သင်သည် ဤပင်ကိုစရိုက်မျိုးကို ပြောင်းလဲရန် ကြိုးစားပြီး ယင်းကို ပြောင်းလဲရန် နည်းလမ်းအမျိုးမျိုးကို ကျင့်သုံးလျှင် ငါ့အနေဖြင့် သင့်ကို ပြောမည်၊ သင်သည် သင်၏ တစ်သက်တာလုံးတွင် ယင်းကို မည်သည့်အခါမျှ ပြောင်းလဲနိုင်မည်မဟုတ်ပေ၊ အကြောင်းမှာ ဘုရားသခင်သည် ဤအလုပ်မျိုးကို မလုပ်ဆောင်သောကြောင့် ဖြစ်သည်။ သင်၏ မျက်နှာ သို့မဟုတ် ရုပ်သွင်သည် သင်၏ ဖခင်၊ သင်၏ မိခင် သို့မဟုတ် အခြားမည်သည့် ဆွေမျိုးနှင့်ပင် တူသည်ဖြစ်စေ၊ ဤရုပ်သွင်သည် ပြောင်းလဲမည်မဟုတ်သကဲ့သို့ သင်၏ ပင်ကိုစရိုက်သည် အထူးသဖြင့် ပို၍ပင် ပြောင်းလဲမည်မဟုတ်ပေ။ အချို့လူများက “သီးသန့်နေတတ်သော ပင်ကိုစရိုက်ကို ပြောင်းလဲရန် ခက်ခဲသည်၊ သို့ဆိုလျှင် ဘွင်းဘွင်းနှင့်ပျော်ပျော် နေတတ်သော ပင်ကိုစရိုက်ကို ပြောင်းလဲရန် လွယ်ကူသလော” ဟု ဆိုကြသည်။ ဘွင်းဘွင်းနှင့်ပျော်ပျော် နေတတ်သော ပင်ကိုစရိုက်ကို ပြောင်းလဲရန်လည်း ထိုနည်းတူ ခက်ခဲသည်။ ဘွင်းဘွင်းနှင့်ပျော်ပျော် နေတတ်သောသူများသည် စကားပြောရသည်ကို နှစ်သက်ပြီး ၎င်းတို့ ပြောလိုသည့်အရာများစွာ ရှိသည်၊ သင်က ၎င်းတို့ကို စကားမပြောရန် သို့မဟုတ် လျှော့ပြောရန် တောင်းဆိုလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်ကြပေ၊ မည်သူမဆို ၎င်းတို့ကို စကားပြောခြင်းမှ ကန့်သတ်လျှင် ယင်းမှာ ၎င်းတို့၏ အသက်ကို နုတ်ယူခြင်းနှင့်တူသည်။ သီးသန့်နေတတ်သူတစ်ဦးကို ဘွင်းဘွင်းနှင့်ပျော်ပျော် နေတတ်သောသူတစ်ဦးနှင့် ပေါင်းသင်းစေလျှင် ၎င်းတို့သည် အချင်းချင်း လွှမ်းမိုးကြမည်လော။ အစပိုင်းတွင် ၎င်းတို့သည် အနည်းငယ် လွှမ်းမိုးကောင်း လွှမ်းမိုးကြလိမ့်မည်၊ သိက္ခာမကျရန်အတွက် လူနှစ်ဦးသည် အချင်းချင်း အလိုက်သင့်နေထိုင်ပြီး သည်းခံကြလိမ့်မည်၊ သို့မဟုတ် အချင်းချင်း စိတ်ရှည်ပြီး နားလည်ပေးကြလိမ့်မည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် အချင်းချင်း သိကျွမ်းလာပြီး တစ်ဦး၏ ပင်ကိုစရိုက်ကို တစ်ဦးက ရှင်းလင်းစွာ သိမြင်လာကြလိမ့်မည်ဖြစ်ရာ အချင်းချင်း ထိုသို့ စိတ်ရှည်ပြီး ထောက်ထားစာနာစွာ ပြုမူရန် မလိုအပ်တော့ပေ၊ ထို့ကြောင့် ၎င်းတို့သည် မူလအခြေအနေများသို့ လျင်မြန်စွာ ပြန်ရောက်သွားကြလိမ့်မည်။ သင်သည် မူလက သီးသန့်နေတတ်သော ပင်ကိုစရိုက်ရှိခဲ့လျှင် သင်သည် ယခုလည်း သီးသန့်နေတတ်သူ ဖြစ်နေဆဲဖြစ်သည်၊ သင် စကားပြောဆိုသည့်အခါနှင့် စကားလက်ဆံကျသည့်အခါတွင် စကားလုံးအနည်းငယ် သို့မဟုတ် ဝါကျအနည်းငယ်သာ ပြောဆိုပြီး အခြားပြောစရာမရှိပေ။ တစ်စုံတစ်ဦးက “သင် အပြင်ထွက်ခဲ့သလား” ဟု မေးလျှင် သင်က “ထွက်ခဲ့သည်” ဟု ဖြေသည်။ ထို့နောက် ၎င်းတို့က “မည်သည့်အချိန်တွင် ပြန်ရောက်သနည်း” ဟု မေးလျှင်၊ သင်က “ယခုလေးတင် ပြန်ရောက်သည်” ဟု ဖြေသည်။ သင်သည် မည်သည့်အရာဖြစ်ခဲ့သည်ကို မပြောသကဲ့သို့ ထိုသူ ကြားလိုသည့်အရာကိုလည်း မပြောပေ။ ဆန့်ကျင်ဘက်အားဖြင့် ဘွင်းဘွင်းနှင့် ပျော်ပျော် နေတတ်သူများသည် စက်သေနတ်ကဲ့သို့ စကားလုံးများကို မရပ်မနား ပစ်လွှတ်ကြပြီး သင်က ၎င်းတို့ကို ကြားဖြတ်ပြောလျှင်ပင် ခဏအကြာတွင် ၎င်းတို့သည် ဆက်လက်ပြောဆိုကြလိမ့်မည်။ လူတစ်ဦး၏ ပင်ကိုစရိုက်သည် ပြောင်းလဲရန် လွယ်ကူသလော။ (မလွယ်ကူပါ။) ဤသည်မှာ ဖန်ဆင်းခံလူသားတိုင်း မွေးရာပါအရာတစ်ခု ဖြစ်သည်။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သို့မဟုတ် လူတစ်ဦး၏ လူ့သဘာဝ အနှစ်သာရနှင့် မည်သို့မျှ မသက်ဆိုင်ပေ၊ ယင်းမှာ လူတို့ အပြင်ဘက်မှ မြင်နိုင်သည့် အနေအထားတစ်ခုနှင့် လူတစ်ဦးက လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချဉ်းကပ်သည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ အချို့လူများသည် မိမိတို့၏ စိတ်ထဲရှိသည့်အရာကို ထုတ်ပြောရာတွင် တော်ကြပြီး အချို့မှာမူ မတော်ကြချေ၊ အချို့သည် အမှုအရာများကို သရုပ်ဖော်ပြရသည်ကို နှစ်သက်ကြပြီး အချို့မှာမူ မနှစ်သက်ကြပေ၊ အချို့သည် မိမိတို့၏ အတွေးများကို မိမိတို့ဘာသာ စိတ်ထဲထားရသည်ကို နှစ်သက်ကြပြီး အချို့မှာမူ အတွေးများကို စိတ်ထဲထားရသည်ကို မနှစ်သက်ဘဲ လူတိုင်းက ၎င်းတို့ကို ကြားနိုင်ရန် အသံကျယ်ကျယ်ဖြင့် ထုတ်ပြောပြလိုကြပြီး ထိုအခါမှသာ ၎င်းတို့သည် ပျော်ရွှင်သည်ဟု ခံစားရသည်။ ဤအရာများသည် လူတို့က ဘဝနှင့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကိုင်တွယ်သည့် မတူညီသော နည်းလမ်းများဖြစ်သည်၊ ဤအရာများသည် လူတို့၏ ပင်ကိုစရိုက်များ ဖြစ်ကြသည်။ သင်၏ ပင်ကိုစရိုက်သည် သင်၏ မွေးရာပါအရာတစ်ခု ဖြစ်သည်။ သင်သည် အကြိမ်များစွာ ကြိုးစားပြီးနောက်၌ပင် ယင်းကို ပြောင်းလဲရန် ပျက်ကွက်ခဲ့လျှင် ငါ့အနေဖြင့် သင့်ကို ပြောမည်၊ သင်သည် ယခု အနားယူနိုင်ပြီ၊ ထိုမျှလောက် မိမိကိုယ်ကို ပင်ပန်းအောင်လုပ်ရန် မလိုအပ်ပေ။ ယင်းကို မပြောင်းလဲနိုင်ပေ၊ ထို့ကြောင့် ယင်းကို ပြောင်းလဲရန် မကြိုးစားနှင့်။ သင်၏ ပင်ကိုစရိုက်က မည်သို့ပင်ဖြစ်နေပါစေ၊ ယင်းသည် သင်၏ပင်ကိုစရိုက်အဖြစ်ပင် ဆက်ရှိနေဦးမည်။ ကယ်တင်ခြင်းခံရဖို့အတွက်သက်သက်ဖြင့် သင်၏ပင်ကိုစရိုက်ကို ပြောင်းလဲဖို့ မကြိုးစားနှင့်။ ဤသည်မှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် စိတ်ကူးတစ်ခုဖြစ်သည်။ သင့်တွင် မည်သည့်ပင်ကိုစရိုက်ရှိနေပါစေ၊ ထိုအချက်သည် ဓမ္မဓိဋ္ဌာန်ကျသော အချက်တစ်ခုပင်ဖြစ်ပြီး ယင်းကို သင်မပြောင်းလဲနိုင်ပေ။ ဤအတွက် ဓမ္မဓိဋ္ဌာန်ကျသည့် အကြောင်းပြချက်များအရ သူ၏အမှုတော်တွင် ရယူဖို့ ဘုရားသခင် လိုချင်သည့်ရလဒ်သည် သင်၏ပင်ကိုစရိုက်နှင့် မည်သို့မျှမပတ်သက်ချေ။ သင်ကယ်တင်ခြင်း ခံရနိုင်မနိုင်ဆိုသည်မှာလည်း သင်၏ပင်ကိုစရိုက်နှင့် ဆက်စပ်မှုမရှိချေ။ ထို့အပြင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားစစ်မှန်မှုရှိသည့် လူတစ်ဦးဖြစ်မဖြစ်ဆိုသည်မှာ သင်၏ပင်ကိုစရိုက်နှင့် မည်သို့မျှမပတ်သက်ပေ။ ထို့ကြောင့် သင်သည် ထိုထိုသောအချို့တာဝန်များကို ထမ်းဆောင်နေရသောကြောင့် သို့မဟုတ် ထိုထိုသော အချို့လုပ်ငန်းကိစ္စများကို ကြီးကြပ်သူတစ်ဦးအဖြင့် တာဝန်ထမ်းဆောင်သောကြောင့် သင်၏ပင်ကိုစရိုက်ကို ပြောင်းလဲဖို့ မကြိုးစားနှင့်။ ဤသည်မှာ မှားယွင်းသောစိတ်ကူးတစ်ခုပင်ဖြစ်သည်။ သို့ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်၏ပင်ကိုစရိုက် သို့မဟုတ် ပင်ကိုအခြေအနေများကို ထည့်မစဉ်းစားဘဲ သင်သည် သမ္မာတရားစည်းမျဉ်းများကို လိုက်နာစောင့်ထိန်းပြီး လက်တွေ့လုပ်ဆောင်သင့်သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သင်တို့သည် ကိုယ်တော်၏ လမ်းခရီးကို လိုက်လျှောက်ခြင်း ရှိမရှိ သို့မဟုတ် ကယ်တင်ခြင်းကို ရရှိနိုင်ခြင်း ရှိမရှိကို သင်တို့၏ ပင်ကိုစရိုက်အပေါ်၌ဖြစ်စေ၊ သင်တို့ ပိုင်ဆိုင်သော ပင်ကို အစွမ်းအစ၊ ကျွမ်းကျင်မှု၊ စွမ်းရည်၊ ဆုကျေးဇူးများ သို့မဟုတ် ပါရမီများအပေါ်၌ဖြစ်စေ မူတည်၍ တိုင်းတာဆုံးဖြတ်ခြင်း မဟုတ်ပေ။ ထို့ပြင် မလွဲဧကန်ပင် ကိုယ်တော်သည် သင်တို့၏ ဇာတိပကတိဆိုင်ရာ ဗီဇစိတ်များနှင့် လိုအပ်ချက်များကို မည်မျှအထိ ချုပ်တည်းခဲ့သည်ကိုလည်း မကြည့်ချေ။ထိုအစား ဘုရားသခင်နောက်သို့ လိုက်လျှောက်ပြီး သင်၏တာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း သင်သည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနေခြင်း ရှိမရှိ၊ သင့်တွင် သမ္မာတရားကို လိုက်စားဖို့ လိုလားခြင်းနှင့် စိတ်ပိုင်းဖြတ်ထားခြင်းတို့ ရှိမရှိနှင့် နောက်ဆုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏လမ်းခရီးကို လိုက်လျှောက်ခြင်းတို့ကို စွမ်းဆောင်ရရှိပြီး ရှိမရှိတို့ကို ဘုရားသခင်က ကြည့်သည်။ ဤသည်မှာ ဘုရားသခင်က ကြည့်သည့်အရာဖြစ်သည်။ ဤသည်ကို သင်နားလည်သလော။ (ဟုတ်ကဲ့၊ ကျွန်ုပ်တို့ နားလည်ပါသည်။)

အချို့အမျိုးသမီးများသည် ပြုမူဆောင်ရွက်သည့်အခါ ၎င်းတို့သည် အမှုအရာများကို လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့်ဖြင့် ဆိုးခနဲ ဆတ်ခနဲ လုပ်ဆောင်ကြကာ ချက်ချင်းလက်ငင်း ပြတ်သားသော ဆုံးဖြတ်ချက်များ ချကြသည်၊ ၎င်းတို့၏ ပင်ကိုစရိုက်သည် ယောက်ျားတစ်ဦး၏ ပင်ကိုစရိုက်နှင့် တူလှသည်။ ယနေ့ခေတ်တွင် ၎င်းတို့ကို ဖော်ပြရန် အသုံးပြုသည့် လူကြိုက်များသော ဝေါဟာရမှာ အဘယ်နည်း။ ယောက်ျားဆန်သော အမျိုးသမီးများ ဖြစ်သည်။ “ယောက်ျားဆန်သော အမျိုးသမီးများ” ဟုဆိုရာတွင် လူတို့က ဤဝေါဟာရဖြင့် ရည်ညွှန်းခဲ့သော မိုက်မဲပြီး ကြီးမားကာ ထွားကျိုင်းသော ငတုံးများ မဟုတ်ကြတော့ပေ။ ယင်းသည် အထင်သေးသော ဝေါဟာရတစ်ခုမဟုတ်၊ ချီးကျူးသော ဝေါဟာရတစ်ခု ဖြစ်သည်။ သို့သော် ဘုရားသခင်သည် ဤချီးကျူးသော ဝေါဟာရကို မည်သို့ သဘောထားသနည်း။ သင်သည် လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့်ဖြင့် သင်၏ လုပ်ဆောင်ချက်များတွင် ရဲရင့်ပြီး ပြတ်သားစွာ ဆုံးဖြတ်တတ်သည်၊ သို့သော် သင်၏ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် သင်၏ လုပ်ဆောင်ချက်များအတွက် အခြေခံမှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရားလော။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များလော။ ဤသည်မှာ အဓိကကျသည်။ အမျိုးသားတစ်ဦးသည် သူ၏ လုပ်ဆောင်ချက်များတွင် နှေးကွေးပြီး စေ့စပ်သေချာလျှင် မယုံကြည်သူများ၏ စကားအရ သူသည် ခြေဖဝါးကို ချိုး၍ စည်းထားသော အမျိုးသမီးကဲ့သို့ ဖြစ်သည်၊ အချို့က သူသည် “အနည်းငယ် မိန်းမဆန်သည်” ဟုဆိုကာ အထင်သေးသော ဝေါဟာရတစ်ခုကိုပင် အသုံးပြုကြသည်၊ သို့သော် ဘုရားသခင်သည် သူ့ကို မည်သို့ ရှုမြင်သနည်း။ လူတစ်ဦးသည် အမှုအရာများကို လုပ်ဆောင်ရာတွင် လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့်ဖြင့် ရှိကာ ရဲရင့်ပြီး ပြတ်သားစွာ ဆုံးဖြတ်သည်ဖြစ်စေ၊ သို့မဟုတ် ခြေဖဝါးကို ချိုး၍ စည်းထားသော အမျိုးသမီးကဲ့သို့ ပြုမူပြီး သူ၏ လုပ်ဆောင်ချက်များတွင် အနည်းငယ် မိန်းမဆန်သည်ဖြစ်စေ ဤအရာများထဲမှ တစ်ခုခုသည် ပြဿနာများလော။ (မဟုတ်ပါ။) လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့်ဖြင့် ရှိကာ ရဲရင့်ပြီး ပြတ်သားစွာ ဆုံးဖြတ်ခြင်းသည် အားသာချက်တစ်ခုလော။ (မလွဲမသွေဖြစ်ခြင်းမျိုး မဟုတ်ပါ။) သို့ဆိုလျှင် ခြေဖဝါးကို ချိုး၍ စည်းထားသော အမျိုးသမီးကဲ့သို့ ပြုမူခြင်းသည် အားနည်းချက်တစ်ခုလော။ (ထိုနည်းတူ မဟုတ်ပါ၊ မလွဲမသွေဖြစ်ခြင်းမျိုး မဟုတ်ပါ။) “ယောက်ျားဆန်သော အမျိုးသမီးများ” နှင့် “အနည်းငယ် မိန်းမဆန်သည်” ဟူသော ဝေါဟာရနှစ်ခုအနက် တစ်ခုက ချီးကျူးပြီး အခြားတစ်ခုက အထင်သေးသော်လည်း ဤအပြုအမူ သို့မဟုတ် အမှုအရာလုပ်ဆောင်နည်း အမျိုးအစားနှစ်ခု၏ အနှစ်သာရကို ၎င်းတို့၏ စာသားအတိုင်း အဓိပ္ပာယ်များအပေါ် အခြေခံ၍ မဆုံးဖြတ်သင့်ပေ။ ဤအရာကို ဆုံးဖြတ်ရန် အဘယ်အရာကို အသုံးပြုသင့်သနည်း။ (တစ်စုံတစ်ဦး လက်တွေ့လုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဟုတ်မဟုတ်ဟူသည်ကို ဖြစ်ပါသည်။) ၎င်းတို့၏ လုပ်ဆောင်ချက်များ၏ အခြေခံနှင့် ၎င်းတို့ ရရှိရန် ရည်ရွယ်သည့် အကျိုးသက်ရောက်မှုကို ဤအရာကို ဆုံးဖြတ်ရန် အသုံးပြုသင့်သည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များ၏ အခြေခံသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရား စည်းမျဉ်းများဖြစ်လျှင် ၎င်းတို့သည် အမှားမလုပ်မိကြောင်း အခြေခံအားဖြင့် ၉၀ ရာခိုင်နှုန်း သေချာသည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်သည်သာမက ၎င်းတို့ ရရှိရန် ရည်ရွယ်သည့် အကျိုးသက်ရောက်မှုသည် ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းနှင့် ညီအစ်ကိုမောင်နှမများ ပိုမို တည်ဆောက်မှုကို ရရှိစေခြင်းဖြစ်လျှင် ၎င်းတို့သည် အမှားမလုပ်မိကြောင်း ကျွန်ုပ်တို့ ၁၀၀ ရာခိုင်နှုန်း သေချာနိုင်သည်။ ၎င်းတို့သည် ရဲရင့်ပြီး ပြတ်သားစွာ ဆုံးဖြတ်သည်ဖြစ်စေ သို့မဟုတ် ခြေဖဝါးကို ချိုး၍ စည်းထားသော အမျိုးသမီးကဲ့သို့ ဖြစ်သည်ဖြစ်စေ ဂရုမစိုက်နှင့်၊ ၎င်းတို့ အပြင်ပန်း ပြုမူသည့်နည်းလမ်းကို ဂရုမစိုက်နှင့်၊ ယင်းမှာ အရေးမကြီးပေ။ အရေးကြီးသည်မှာ သမ္မာတရား စည်းမျဉ်းများသည် ၎င်းတို့၏ လုပ်ဆောင်ချက်များ၏ အခြေခံ ဟုတ်မဟုတ်၊ ၎င်းတို့၏ လုပ်ဆောင်ချက်များ၏ ပန်းတိုင်နှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များမှတစ်ဆင့် ရရှိရန် ရည်ရွယ်သည့် အကျိုးသက်ရောက်မှုသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့် အသင်းတော်၏ အလုပ်ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် လူများ ပိုမို တည်ဆောက်မှုကို ရရှိစေခြင်း ဟုတ်မဟုတ် ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့၏ လုပ်ဆောင်ချက်များက ယူဆောင်သည့် ပုံစံသည် အရေးကြီးသလော။ (မကြီးပါ။) သင်သည် ယောက်ျားဆန်သော အမျိုးသမီးဖြစ်စေ သို့မဟုတ် ခြေဖဝါးကို ချိုး၍ စည်းထားသော အမျိုးသမီးကဲ့သို့ဖြစ်စေ ဤသည်မှာ ဘုရားသခင် ကြည့်ရှုသည့်အရာ မဟုတ်ပေ၊ ဤသည်မှာ ဘုရားသခင်က လူတို့ကို အကဲဖြတ်ရန် အသုံးပြုသည့် စံနှုန်းမဟုတ်ပေ။ သို့ဖြစ်၍ အမျိုးသမီးတစ်ဦးသည် ယောက်ျားဆန်သော အမျိုးသမီးကဲ့သို့ထင်ရပြီး သူမ၏ လုပ်ဆောင်ချက်များတွင် သူမသည် လျှပ်စီးကဲ့သို့ လျင်မြန်ပြီး အားအင်အပြည့်ဖြင့် ရှိကာ ရဲရင့်ပြီး ပြတ်သားစွာ ဆုံးဖြတ်လျှင် ဤသည်မှာ ချီးကျူးခြင်းနှင့် လေးစားခြင်းကို ရထိုက်သလော။ (မရထိုက်ပါ။) လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့်ဖြင့် ရှိကာ ရဲရင့်ပြီး ပြတ်သားစွာ ဆုံးဖြတ်ခြင်းသည် အမှုအရာများကို လုပ်ဆောင်ရန် စည်းမျဉ်းတစ်ခုလော။ (မဟုတ်ပါ။) သင်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ရဲရင့်ပြီး ပြတ်သားစွာ ဆုံးဖြတ်ခြင်းနှင့် လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့်ဖြင့် ရှိခြင်းသည် အမှုအရာများကို လုပ်ဆောင်ရန် စည်းမျဉ်းတစ်ခု မဟုတ်ပေ။ သို့ဆိုလျှင် အမှုအရာများကို လုပ်ဆောင်ရန် စည်းမျဉ်းတစ်ခုမှာ အဘယ်နည်း။ (လူတစ်ဦးသည် သမ္မာတရား စည်းမျဉ်းများအတိုင်း အမှုအရာများကို လုပ်ဆောင်ရမည်ဖြစ်ပြီး လူတစ်ဦး ရရှိရန် ရည်ရွယ်သည့် အကျိုးသက်ရောက်မှုသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်နှင့် လူများ ပိုမို တည်ဆောက်မှုကို ရရှိစေရန် ဖြစ်ရမည်၊ ဤသည်မှာ စည်းမျဉ်းတစ်ခု ဖြစ်ပါသည်။) ဤသည်မှာ လက်တွေ့ကျသော စည်းမျဉ်းတစ်ခု ဖြစ်သည်။ သင်သည် ဤစည်းမျဉ်းအတိုင်း ပြုမူလျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်၊ သင်သည် ဤစည်းမျဉ်းအတိုင်း မပြုမူလျှင် ငါ၏ အမြင်တွင် သင်၏ ရဲရင့်ပြီး ပြတ်သားစွာ ဆုံးဖြတ်ခြင်း၊ လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့်ဖြင့် ရှိခြင်းကို အကောင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုသည့် စကားရပ်မှာ “မကောင်းသည့်အရာများပြုရင်း ဆူပူသောင်းကျန်းခြင်း” ဖြစ်သည်။ မကောင်းသည့်အရာများပြုရင်း ဆူပူသောင်းကျန်းခြင်းသည် သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံ၍ ပြုမူခြင်းမဟုတ်သည်မှာ သိသာထင်ရှားသည်၊ သင်သည် သင်၏ လုပ်ဆောင်ချက်များတွင် ဆုံးဖြတ်ချက်ခိုင်မာပြီး မတွန့်ဆုတ်ဘဲ ခေါင်းဆောင် သို့မဟုတ် ဘုရင်တစ်ပါး၏ အရှိန်အဝါရှိပုံပေါ်သော်လည်း လက်တွေ့တွင် သင်သည် မကောင်းသည့်အရာများပြုရင်း ဆူပူသောင်းကျန်းခြင်း ဖြစ်သည်။ မကောင်းသည့်အရာများပြုရင်း ဆူပူသောင်းကျန်းခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ယင်းသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေပြီး အသင်းတော်၏ အလုပ်ကို ဖျက်ဆီးသည်။ သို့ဆိုလျှင် ဘုရားသခင်သည် ဤအရာကို အမှတ်ရမည်လော။ (အမှတ်မရပါ။) ဘုရားသခင်သည် ဤအရာကို အမှတ်မရမည်သာမက ကိုယ်တော်သည် ယင်းကို ပြစ်တင်ရှုတ်ချလိမ့်မည်။ သို့ဖြစ်၍ သင်က မိမိသည် ယောက်ျားဆန်သော အမျိုးသမီးဖြစ်ပြီး သင်၏ လုပ်ဆောင်ချက်များတွင် သင်သည် လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့်ဖြင့့်် ရှိကာ ရဲရင့်ပြီး ပြတ်သားစွာ ဆုံးဖြတ်သည်ဟု ဆိုသည်၊ သို့သော် ယင်းမှာ အသုံးဝင်သလော။ (မဝင်ပါ။) သမ္မာတရားကို ရှာဖွေပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူခြင်းကိုသာ စစ်မှန်သော စွမ်းရည်ဟု ခေါ်ဆိုနိုင်သည်၊ ဤသည်သာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းဖြစ်ပြီး ဤသည်သာ ပုံမှန် လူ့သဘာဝရှိသော လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်က “ဤသည်မှာ ကျွန်ုပ်၏ ပင်ကိုစရိုက်သာဖြစ်ပြီး ယင်းကို မပြောင်းလဲနိုင်ပါ၊ သို့ဆိုလျှင် ကျွန်ုပ် ဘာလုပ်ရမည်နည်း” ဟု ပြောသည် ဆိုကြပါစို့။ လွယ်ကူသော ဖြေရှင်းချက်တစ်ခု ရှိသည်။ သင်သည် လျင်မြန်သောသူဖြစ်စေ၊ နှေးကွေးသော စိတ်နေစိတ်ထားရှိသည်ဖြစ်စေ ပြဿနာမဟုတ်ပေ၊ ဤအရာကြောင့် ဘောင်ခတ်ခြင်း မခံရနှင့်။ သင်သည် စည်းမျဉ်းများအတိုင်း ပြုမူလိုသောကြောင့် သင်၏ အမှုအရာလုပ်ဆောင်နည်းကို ကြိုးစားပြောင်းလဲရန်လည်း မလိုအပ်ပေ။ သင်၏ နည်းလမ်း မည်သို့ပင်ဖြစ်စေ သင်၏ လုပ်ဆောင်ချက်များ၏ အခြေခံသည် သမ္မာတရား စည်းမျဉ်းများဖြစ်ပြီး သင် ရရှိသည့် အကျိုးသက်ရောက်မှုသည် ဘုရားသခင်၏ သက်သေခံချက်၊ ဘုရားသခင်၏ အကျိုးစီးပွားများနှင့် ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ခြင်းဖြစ်လျှင် ဤအရာများသည် ကောင်းမှုများဖြစ်ပြီး ၎င်းတို့ကို ဘုရားသခင်က အောက်မေ့တော်မူလိမ့်မည်။ ဆန့်ကျင်ဘက်အားဖြင့် သင်သည် အပြင်ပန်းအားဖြင့် ခြေဖဝါးကို စည်းထားသော အမျိုးသမီးကဲ့သို့ ရှက်ရွံ့ပြီး တွန့်ဆုတ်နေသည်ဖြစ်စေ၊ ခေါင်းဆောင် သို့မဟုတ် ဘုရင်တစ်ပါးကဲ့သို့ လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့်ဖြင့့်် ရှိသည်ဖြစ်စေ၊ သင်၏ လုပ်ဆောင်ချက်များ၏ အပြင်ပန်းပုံစံ မည်သို့ပင်ဖြစ်စေ သင်သည် သမ္မာတရား စည်းမျဉ်းများအတိုင်း မပြုမူလျှင် သင်သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေခြင်းဖြစ်ပြီး ဤအရာများသည် ဒုစရိုက်အမှုများဖြစ်ကာ ယင်းတို့ကို ဘုရားသခင်က ပြစ်တင်ရှုတ်ချမည်ဖြစ်သည့်အပြင် ဘုရားသခင်က အောက်မေ့တော်မူမည် မဟုတ်ပေ။ ဤသည်မှာ လူတစ်ဦးသည် ကောင်းသည် သို့မဟုတ် ဆိုးသည်ကို ဆုံးဖြတ်ရန် စည်းမျဉ်းဖြစ်သည်။ သင်တို့ နားလည်ပြီလော။ (နားလည်ပါပြီ။) သို့ဆိုလျှင် ယခု ကျွန်ုပ်တို့ ဤအရာများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ပြီးစီးပြီဖြစ်ရာ ဘုရားသခင်၏ အမှုနှင့်ပတ်သက်၍ လူတို့တွင် မည်သည့် အယူအဆများနှင့် စိတ်ကူးများ ရှိသည်ကို သင်တို့ အနည်းငယ် နားလည်ပြီလော။ (နားလည်ပါပြီ။) ယခု သင်တို့ နားလည်ပြီဖြစ်ရာ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားသည့် ဖြစ်စဉ်တွင် လူတို့တွင်ရှိသော လမ်းလွဲမှုအချို့ကို သင်တို့ သိပြီလော။ သင်တို့ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ကိုလည်း ရှင်းလင်းပြီလော။ (ရှင်းလင်းပါပြီ။)

လူတို့၏ အယူအဆများနှင့် စိတ်ကူးများကို နားလည်ခြင်း၏ ရည်ရွယ်ချက်မှာ တစ်ဖက်တွင်မူ လူတို့အား ဤအယူအဆများနှင့် စိတ်ကူးများအတိုင်း အသက်ရှင်ခြင်းနှင့် မှားယွင်းသော ဘဝလမ်းကြောင်းကို လျှောက်လှမ်းခြင်းတို့မှ ရပ်တန့်စေရန် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ လူတို့အား ဤအယူအဆများနှင့် စိတ်ကူးများကို ၎င်းတို့ စွန့်လွှတ်နေစဉ်တွင် ပုံမှန် လူ့သဘာဝအတွင်း အသက်ရှင်နေထိုင်ပြီး ၎င်းတို့၏ တာဝန်ဝတ္တရားများကို လွယ်ကူပျော်ရွှင်စွာဖြင့် ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းနိုင်စေရန်နှင့် ၎င်းတို့ မလုပ်ဆောင်နိုင်သည့်အရာများကို မိမိတို့ကိုယ်ကို အတင်းအကျပ်မခိုင်းစေရန် ဖြစ်သည်။ သင်အောင်မြင်နိုင်ပြီး လုပ်ဆောင်သင့်သည့် အရာတစ်ခုခုရှိပါက ယင်းကို လုပ်ဆောင်ရန် သင်၏ အကောင်းဆုံးကြိုးစားအားထုတ်မှုကို အသုံးပြုလော့။ တစ်စုံတစ်ခုသည် သင်၏ အစွမ်းအစနှင့် စွမ်းရည်ထက် ကျော်လွန်နေပါက ယင်းနှင့်ပတ်သက်၍ သင်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် တစ်စုံတစ်ဦးကို ရှာဖွေပါ သို့မဟုတ် အခြားညီအစ်ကိုမောင်နှမများထံမှ အကူအညီတောင်းပြီး သင်၏ အကောင်းဆုံးစွမ်းရည်ဖြင့် လုပ်ဆောင်လော့၊ ဤသည်တို့မှာ စည်းမျဉ်းများ ဖြစ်ကြသည်။ အနှစ်ချုပ်အားဖြင့် ဤကိစ္စနှင့်ပတ်သက်၍ လူတို့နားလည်သင့်သည့်အရာမှာ ဘုရားသခင် အလုပ်လုပ်သည့် ကာလအတောအတွင်းတွင် လူတိုင်း၏ လူ့သဘာဝသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံသည့် ဖြစ်စဉ်တွင် ကောင်းမွန်သော ဦးတည်ချက်တစ်ခုသို့ တဖြည်းဖြည်း တိုးတက်နေခြင်းဖြစ်ပြီး ပုံပျက်ပန်းပျက်ဖြစ်ခြင်း၊ သဘာဝလွန်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်ခြင်းတို့ ဖြစ်လာမည့်အစား ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ပင်ကိုအခြေခံအခြေအနေများ၏ ဘောင်အတွင်း၌ ရှိနေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သင်ထမ်းဆောင်သော တာဝန်တွင် နည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတစ်ခု ပါဝင်ပါက ထိုတာဝန်ကို ကောင်းစွာထမ်းဆောင်ရန်အလို့ငှာ သင်သည် ထိုနည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို လုံ့လဝီရိယရှိရှိ လေ့လာပြီး နှိုက်နှိုက်ချွတ်ချွတ် စူးစမ်းရန် ကြိုးစားအားထုတ်သင့်သည်။ သင်ကိုယ်တိုင် ကျွမ်းကျင်မှုကို လေ့လာရန် ကြိုးစားအားထုတ်မှုမရှိဘဲ “ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး လူတို့ မလုပ်ဆောင်နိုင်သည့် မည်သည့်အရာမဆို ကျွန်ုပ်တို့ သူ့ထံ ဆုတောင်းလိုက်ပါက ဘုရားသခင်က ပြီးမြောက်အောင်မြင်စေနိုင်သည်” ဟူသော အတွေးအခေါ်များနှင့် အမြင်များအပြင် သဘာဝလွန်အရာများနှင့်ပတ်သက်သည့် စိတ်ကူးများကို အခြေခံ၍ ဘုရားသခင် အလုပ်လုပ်ရန် ကြောင်းကျိုးမမြင်ဘဲ စောင့်ဆိုင်းမနေသင့်ပေ။ သင်၏ အစွမ်းအစက ဖြစ်မြောက်အောင်မြင်စေနိုင်သည့် ဘောင်အတွင်း၌ရှိသော အရာကို လုပ်ဆောင်ရာတွင် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှကို စိုက်ထုတ်သင့်ပြီး သင်၏ အစွမ်းအစနှင့် စွမ်းရည်များထက် ကျော်လွန်သည့်အရာနှင့် ပတ်သက်လာလျှင် သင်ကိုယ်တိုင်အတွက် အခက်အခဲမဖြစ်စေနှင့်၊ မည်သည့်နည်းလမ်းဖြင့်မျှ သင့်ကိုယ်သင် ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်း၊ ဖိစီးစေခြင်း သို့မဟုတ် ဖိအားပေးခြင်းတို့ မပြုဘဲ သင့်ကိုယ်သင် သက်ညှာလော့။ ဥပမာအားဖြင့် ကွန်ပျူတာကျွမ်းကျင်မှုများကို လေ့လာခြင်းကို ကြည့်လော့။ သင်သည် အသက်အရွယ် ကြီးရင့်လာပြီဖြစ်ပြီး သင်၏ အသက်၊ သင်၏ အစွမ်းအစနှင့် သင်၏ လက်ရှိအခြေအနေများကို အခြေခံ၍ စာရိုက်ခြင်းကို လေ့လာရုံမျှဖြင့် သင့်အတွက် အတော်အတန် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်နေပြီဆိုကြပါစို့။ သင်သည် ညီအစ်ကိုမောင်နှမများကို ဆက်သွယ်ရန်နှင့် အွန်လိုင်းပေါ်တွင် အလုပ်လုပ်ရန်လည်း လေ့လာနိုင်ပါက ယင်းမှာ အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။ သို့သော် သင်သည် မည်သည့်အခါမျှ မကျေနပ်ဘဲ ပို၍လိုချင်စိတ် ရှိနေဆဲဖြစ်သည်၊ သင်သည် ပရိုဂရမ်များရေးဆွဲနည်းနှင့် ကွန်ရက်လုံခြုံရေးကို ထိန်းသိမ်းနည်း လေ့လာလိုပြီး အင်တာနက်ကွန်ရက် အင်ဂျင်နီယာများနှင့် အဆင့်မြင့်နည်းပညာဝန်ထမ်းများသာ လုပ်ဆောင်နိုင်သည့် အလုပ်အချို့ကို လုပ်ဆောင်လိုသည်။ ဤသည်မှာ မိုက်မဲခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဤအရာများကို မသင်ယူနိုင်သောကြောင့် အပျက်သဘောဆောင်လာပြီး ဘုရားသခင်အကြောင်း မကျေမနပ်ပြောသည်။ “အို ဘုရားသခင်၊ အဘယ်ကြောင့် ကျွန်ုပ်သည် ဤအရာများကို မကျွမ်းကျင်နိုင်ရသနည်း။ ကိုယ်တော်က ကျွန်ုပ်ကို အဘယ်ကြောင့် ဤသို့သော အစွမ်းအစမျိုး ပေးခဲ့သနည်း။ ကျွန်ုပ် အလွန်အသက်ကြီးနေပြီ၊ အဘယ်ကြောင့် ကိုယ်တော်က ကျွန်ုပ်ကို တစ်ဖန်ပြန်၍ ငယ်ရွယ်အောင် မလုပ်ပေးနိုင်ရသနည်း။ ဘုရားသခင်သည် အနန္တတန်ခိုးရှင် မဟုတ်လော” ဟူ၍ ဖြစ်သည်။ သင်၌ ထိုသို့သော အတွေးများရှိခြင်းနှင့် ထိုသို့သော တောင်းဆိုမှုများ ပြုလုပ်ခြင်းသည် မှားယွင်းသည်။ “မိမိတတ်စွမ်းသမျှကို လုပ်ဆောင်ခြင်းနှင့် မိမိ၏ အစွမ်းအစ၊ စွမ်းရည်များနှင့် ပင်ကိုဗီဇများကို မကျော်လွန်ခြင်း” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ သင်၏ အစွမ်းအစနှင့် စွမ်းရည်များက သင့်ကို အောင်မြင်စေနိုင်သည့် မည်သည့်အရာမဆိုမှာ ဘုရားသခင်က သင့်ထံမှ တောင်းဆိုသည့်အရာ ဖြစ်သည်။ သင့်အစွမ်းအစထက် ကျော်လွန်သည့် မည်သည့်အရာကိုမဆို ဘုရားသခင်က သင့်ထံမှ မတောင်းဆိုသကဲ့သို့ သင်သည်လည်း သင့်ကိုယ်သင် တောင်းဆိုရန် မလိုအပ်ပေ။ သင်သည် တစ်စုံတစ်ခုကို မလုပ်ဆောင်နိုင်ပါက လုပ်ဆောင်နိုင်သည့် အခြားသူများ ရှိသည်၊ ဘုရားသခင်က သင်လုပ်ဆောင်ရမည်ဟု မတောင်းဆိုပေ။ သင်က “ကျွန်ုပ် အသက်ကြီးပြီ၊ ဗီဒီယိုများ မည်သို့တင်ရမည်ကို ကျွန်ုပ်မသိ၊ အင်တာနက်ကွန်ရက်ကို မည်သို့လုံခြုံအောင်ထားရမည်ကိုလည်း ကျွန်ုပ်မသိသည့်အပြင် ပရိုဂရမ်များ မည်သို့ရေးဆွဲရမည်ကို သာ၍ပင် မသိပါ” ဟု ပြောသည့်တိုင် သင်သည် ဤအရာများကို မရမက သင်ယူနေသည်၊ ဘုရားအိမ်တော်က သင့်ကို ဤအလုပ်လုပ်ရန် လိုအပ်ခြင်း ရှိမရှိကို သင်မေးပြီးပြီလော။ သင်၏ ကိုယ်ပိုင်အလုပ်ကို ကောင်းစွာလုပ်ဆောင်ပြီးပြီလော။ သင်၏ အစွမ်းအစက သင့်ကို အောင်မြင်စေနိုင်သည့် အလုပ်ကို သင်ကောင်းစွာ လုပ်ဆောင်ပြီးပြီလော။ သင်သည် ယင်းကို ကောင်းစွာ မလုပ်ဆောင်ရသေးဘဲ သင်၏ လက်လှမ်းမမီသည့်အရာ၊ သင် နားလည်သဘောပေါက်ခြင်း မရှိနိုင်သည့်အရာ၊ သင်၏ တစ်သက်တာလုံးတွင်ပင် သင် မည်သည့်အခါမျှ လေ့လာနိုင်မည်မဟုတ်သည့် အရာများကို မရမက လုပ်ဆောင်နေဆဲဖြစ်ပါက သင်သည် သင့်ကိုယ်သင် ဆန့်ကျင်တိုက်ခိုက်နေသည်ဟု ထင်သလော၊ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်နေသည်ဟု ထင်သလော။ ဤသည်မှာ အလွန် စိတ်အနှောင့်အယှက်ဖြစ်စရာ မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် သင့်ကိုယ်သင် အမြဲ ကျော်လွန်လိုပြီး စွမ်းအားရှင်တစ်ဦး ဖြစ်ချင်သော်လည်း ဘုရားသခင်က သင့်ကို ထိုသို့လုပ်ဆောင်ရန် မတောင်းဆိုခဲ့ပေ။ သင် စွမ်းအားရှင်တစ်ဦး ဖြစ်ချင်ရသည့် အကြောင်းရင်းတစ်ခုသာ ရှိနိုင်သည်၊ ယင်းမှာ သင်သည် မိမိကိုယ်ကို ကိုယ်ရည်သွေးလိုပြီး ရှုံးနိမ့်ကြောင်း ဝန်မခံလိုခြင်း သို့မဟုတ် အသက်အရွယ်ကြီးရင့်မှုကို အလျှော့မပေးလိုခြင်း ဖြစ်သည်။ သင်သည် ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိပြီး အဖိုးအခပေးဆပ်ခြင်းမှာ သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ရန်အလို့ငှာ မဟုတ်ပေ၊ သင်သည် ကောင်းစွာပြုမူကျင့်ကြံခြင်းနှင့် သင်၏ သင့်တော်သောနေရာကို ခိုင်မြဲစွာကိုင်စွဲခြင်းဟူသော စည်းမျဉ်းအတိုင်း သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်ပေ။ သင်သည် သင်၏ ကိုယ်ပိုင်အစွမ်းအစနှင့် စွမ်းရည်များကို စိန်ခေါ်ခြင်းအားဖြင့် သင်အသက်မကြီးသေးကြောင်း သက်သေပြလိုသည်။ သင်က “ကျွန်ုပ် လုပ်နိုင်သေးသည်” ဟု တွေးထင်သည်။ “ကျွန်ုပ်သည် အခြားသူများကဲ့သို့ပင် တော်သည်၊ အခြားလူများ လုပ်နိုင်သည့် မည်သည့်အရာကိုမဆို ကျွန်ုပ်လုပ်နိုင်သည်” ဟု တွေးထင်သည်။ ဤသည်မှာ အဓိပ္ပာယ်ရှိသလော။ (မရှိပါ။) ယင်းမှာ အဓိပ္ပာယ်မရှိပေ။ သင် စိုက်ထုတ်နေသော ဤကြိုးစားအားထုတ်မှုအားလုံးသည် အချည်းနှီးဖြစ်ပြီး တန်ဖိုးမရှိပေ။ သင်ဖြစ်မြောက်အောင်မြင်ရန် အခြေအနေပေးလာသည့်အရာကို ကောင်းစွာလုပ်ဆောင်ရန် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှကို သင် စိုက်ထုတ်ပါက ဘုရားသခင် ကျေနပ်တော်မူလိမ့်မည်။ သင့်ကိုယ်သင် စိန်မခေါ်ပါနှင့်၊ သို့မဟုတ် သင်၏လုပ်နိုင်စွမ်းရှိသည်ထက် ကျော်လွန်၍ လုပ်နိုင်အောင် တွန်းအားပေးဖို့ မရှာဖွေပါနှင့်။ ဘုရားသခင်က သင်၏အစွမ်းအစနှင့် လုပ်နိုင်စွမ်းတို့က မည်သို့ရှိသည်ကို သိသည်။ မည်သည့်အစွမ်းအစနှင့် လုပ်နိုင်စွမ်းတို့ကို ဘုရားသခင်က သင့်အား ပေးထားသည်ဆိုသည်ကို ဟိုးယခင်ကတည်းကပင် သူက ကြိုတင်သတ်မှတ်ထားပြီးဖြစ်သည်။ ဤသည်များကို အစဉ်သဖြင့် သာလွန်လိုခြင်းမှာ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အထင်ကြီးခြင်းဖြစ်စေသည်၊ ယင်းက ကိုယ့်ဒုက္ခကိုယ်ရှာနေခြင်းဖြစ်ကာ မလွဲဧကန် ရှုံးနိမ့်ခြင်းဖြင့် အဆုံးသတ်လိမ့်မည်။ ထိုကဲ့သို့သောလူများသည် သူတို့၏သင့်တော်သောလုပ်ငန်းတာဝန်များကို လျစ်လျူရှုနေကြခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သူတို့သည် စည်းမျဉ်းလိုက်နာသည့်ပုံစံဖြင့် ကျင့်ကြံပြုမူခြင်း မရှိကြဘဲ ဖန်ဆင်းခံ၏တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်အတွက် သူတို့၏ သင့်တော်သောရာထူးနေရာများကို မြဲအောင် မထိန်းထားပေ။ ၎င်းတို့သည် သူတို့၏လုပ်ရပ်များတွင် ဤစည်းမျဉ်းများအတိုင်း မလုပ်ကြပေ။ သို့သော် သူတို့သည် ကြွားဝါဖို့ အမြဲ ကြိုးစားနေကြသည်။ "အဒေါ်ကြီးက နှုတ်ခမ်းနီဆိုးသည်၊ သင်သတိပြုမိအောင်" ဟူ၍ အပိုင်းနှစ်ပိုင်းပါသောဆိုရိုးစကားရှိပါသည်။ "အဒေါ်ကြီး" က မည်သည့်ရည်ရွယ်ချက်ဖြင့် ဤသည်ကို လုပ်ရသနည်း။ (သူမကိုယ်သူမ ကြွားဝါဖို့ဖြစ်သည်။) "ကျွန်မသည် အဒေါ်ကြီးဖြစ်သောကြောင့် သာမန်မဟုတ်ပါ၊ ထူးခြားတာတစ်ခုခု သင့်ကို ကျွန်မ ပြပါမည်" ဟူ၍ အဒေါ်ကြီးက သင့်ကို ပြလိုသည်။ သူမသည် အထင်သေးမခံချင်သော်လည်း၊ ထိုအစား အထင်ကြီးလေးစား၍ ချစ်ကြောက်ရိုသေခြင်းခံချင်သည်။ သူမသည် သူမ၏လုပ်နိုင်စွမ်းကို စိန်ခေါ်ကြည့်ချင်ပြီး သူမကိုယ်သူမ သာလွန်ချင်သည်။ ဤသည်မှာ မာနထောင်လွှားသောသဘာဝရှိခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) သင့်တွင် မာနထောင်လွှားသောသဘာဝရှိပါက သင်သည် စည်းနှင့်ဘောင်နှင့် မနေတော့ပေ။ သင်သည် သင်၏အဆင့်အတန်းနှင့်ကိုက်ညီသည့် အပြုအမူဖြင့် မပြုမူမနေထိုင်ချင်ပေ။ သင်သည် သင့်ကိုယ်သင် အမြဲ စိန်ခေါ်ချင်သည်။ အခြားလူများက လုပ်နိုင်သည့်ဘာမဆိုကို သင်လည်း ကောင်းမွန်စွာ လုပ်နိုင်ချင်သည်။ အခြားလူများက ၎င်းတို့ကို ပေါ်လွင်စေသည့်အရာများ၊ ရလဒ်များရရှိစေသည့်အရာများကို လုပ်ဆောင်သည့်အခါ သို့မဟုတ် ထည့်ဝင်ထောက်ပံ့၍ လူတိုင်း၏ချီးကျူးခြင်းကို ခံရသောအခါ သင်သည် မသက်မသာခံစားရသည်၊ မနာလိုဖြစ်ပြီး စိတ်မကျေနပ်ချက်ကို ခံစားရသည်။ သင်သည် ထိုအခါတွင် သင့်ကို ထင်ပေါ်စေသည့်အလုပ်ကို လက်ခံဆောင်ရွက်ဖို့အတွက် သင်၏လက်ရှိလုပ်ငန်းတာဝန်များကို စွန့်ပစ်ချင်ကာ အထင်ကြီး၊ လေးစားမှုကို လိုချင်သည်။ သို့သော် သင်သည် မိမိအား ထင်ပေါ်စေသည့်အလုပ်ကို လုပ်နိုင်စွမ်းမရှိချေ။ သို့ဖြစ်လျှင် ဤသည်မှာ အချိန်ဖြုန်းတီးခြင်းမဟုတ်လော။ ဤသည်မှာ သင်၏သင့်တော်သောလုပ်ငန်းတာဝန်များကို လျစ်လျူရှုခြင်းမဟုတ်လော။ (ဟုတ်ပါသည်။) လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းဆောင်တာများကို လျစ်လျူမရှုနှင့်၊ အကြောင်းမှာ ယင်းတို့ကို လျစ်လျူရှုခြင်းသည် အဆုံးသတ်ကောင်းမည် မဟုတ်သောကြောင့်ဖြစ်၏။ ယင်းသည် အမှုအရာများကို နှောင့်နှေးစေကာ အချိန်ဖြုန်းတီးပစ်၍ သင့်အပေါ် အခြားလူများက အထင်အမြင်သေးစေရုံသာမက ယင်းသည် ဘုရားသခင်ကိုလည်း သင့်အား စက်ဆုပ်ရွံရှာသည်၊ ပြီးလျှင် အဆုံးတွင် သင်သည် အတော်ပင် အပျက်သဘောဆောင်လာသည်အထိ သင့်ကိုယ်သင် ညှဉ်းပန်းလေသည်။ လူတစ်ဦး၏ အသက်အရွယ် မည်သို့ပင်ဖြစ်စေ၊ ၎င်းသည် လူငယ်၊ သက်လတ်ပိုင်း သို့မဟုတ် သက်ကြီးရွယ်အို ဖြစ်စေ ၎င်းတွင် ၎င်း၏ အစွမ်းအစနှင့် စွမ်းရည်များအရ ကန့်သတ်ချက်များ ရှိသည်၊ မည်သူမျှ စုံလင်ခြင်းမရှိပေ။ စုံလင်သောလူတစ်ဦးဖြစ်ခြင်းကို အိပ်မက်ပင်မမက်နှင့်၊ အရာအားလုံးကို လုပ်ဆောင်နည်းသိခြင်း၊ အရာအားလုံးကို လုပ်ဆောင်နိုင်ခြင်းနှင့် အရာအားလုံးကို နားလည်ခြင်းတို့ကို အိပ်မက်ပင်မမက်နှင့်၊ သင်၌ ဤသို့သော စိတ်သဘောထားမျိုးရှိပါက ယင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာပေတည်း။

ဘုရားသခင်၏ အလုပ်အတွင်းတွင် ကိုယ်တော်က လူအမျိုးမျိုးကို မည်သည့်အကြောင်းအရာ သို့မဟုတ် မည်သည့်ပြဿနာမျိုးနှင့်ပတ်သက်၍မဆို စကားပြောသည့်အခါ အဘယ်ကြောင့် ကိုယ်တော်သည် မတူညီသော အခြေအနေများနှင့် အဖြစ်အပျက်များကို ပြောဆိုလျက် အကြောင်းအရာတစ်ခုတည်းကို ထပ်ခါတလဲလဲ ပြောဆိုရသနည်း။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သူတို့က “ဤနည်းလမ်းဖြင့် ပြောဆိုခြင်းသည် အလွန်အသေးစိတ်ကျပြီး ရှည်လျားလွန်းသည်၊ ကျွန်ုပ်တို့ နားလည်ပြီးသားဖြစ်သည်” ဟု တွေးထင်ကြသည်။ သင်နားလည်ပြီးသား ဖြစ်နိုင်သော်လည်း အခြားသူများက နားမလည်ကြသေးပေ၊ သင်နားလည်လျှင်ပင် အမျိုးမျိုးသော အခြေအနေများ၏ ပြဿနာများကို သင်ဖြေရှင်းနိုင်သလော။ သင်မဖြေရှင်းနိုင်ပါက သင်သည် အပြည့်အဝ နားမလည်သေးဟု ဆိုလိုသည်၊ ထို့ကြောင့် သင်နားလည်သယောင် ဟန်မဆောင်နှင့်။ လူတို့၏ အခြေအနေများမှာ အားလုံးမတူညီကြပေ။ လူအမျိုးအစားတစ်မျိုးစီ၏ အခြေအနေအားလုံးကို ပြောဆိုပြီးမှသာလျှင်၊ အမျိုးမျိုးသော အခြေအနေအားလုံးကို ဆွေးနွေးပြောဆိုပြီးမှသာလျှင်၊ ဆိုလိုသည်မှာ အချို့သော အဓိကပြဿနာတစ်ခုအတွင်းရှိ လူအမျိုးအစားအားလုံး၏ အခြေအနေများကို ဆွေးနွေးပြီးမှသာလျှင်၊ လူတိုင်းသည် ဤသမ္မာတရားကဏ္ဍကို နားလည်မှသာလျှင် ဤပြဿနာကို အသေအချာ ရှင်းပြပြီးဖြစ်ပေမည်။ ဤအရာဖြင့် ငါ မည်သည့်အရာကို ဆိုလိုသနည်း။ လူတိုင်းသည် ကိုယ့်အခြေအနေနှင့်ကိုယ် နေထိုင်နေစဉ် မတူညီသော ပြဿနာများ ဖြစ်ပေါ်လာသည်ကို ဆိုလိုသည်၊ လူတိုင်း၏ ပြဿနာများမှာ မတူညီကြသကဲ့သို့ လူတိုင်း၏ ပင်ကိုစရိုက်များ၊ အားသာချက်များနှင့် ၎င်းတို့ကျွမ်းကျင်သည့်အရာများမှာလည်း မတူညီကြပေ။ ထို့ကြောင့် လူတိုင်းတွင် ကိုယ့်အခြေအနေနှင့်ကိုယ်၊ ကိုယ့်အခက်အခဲနှင့်ကိုယ်၊ ၎င်းတို့၏ မတူညီသော အတွေးအခေါ်များနှင့် အမြင်များ ရှိကြသည်။ သို့သော် လူတို့၏ ကိုယ်ပိုင်အခြေအနေများ မည်မျှပင်ကွဲပြားနေပါစေ၊ ၎င်းတို့၏ စွမ်းရည်များ၊ အစွမ်းအစများ၊ ရူပါရုံအဆင့်၊ ပင်ကိုစရိုက်များနှင့် အလေ့အထများ မည်မျှပင်ကွဲပြားနေပါစေ၊ လူသားတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သဘာဝ အနှစ်သာရမှာ တူညီကြသည်။ ဆိုလိုသည်မှာ လူတို့၏ လူ့သဘာဝနှင့်ဆိုင်သော အမျိုးမျိုးသောအခြေအနေများ မည်မျှပင်ကွဲပြားနေပါစေ၊ လူတို့သည် တူညီသော ဘုံလက္ခဏာများကို ပိုင်ဆိုင်ကြသည်။ အဘယ်ကြောင့် လူသားများသည် တူညီသော ဘုံလက္ခဏာများ ရှိကြသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားများ ရှင်သန်ရေးအတွက် မှီခိုအားထားရသည့် စိတ်သဘောထား အနှစ်သာရမှာ တူညီသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူအမျိုးမျိုး၏ အခြေအနေများနှင့် ပြဿနာများကို ဖော်ထုတ်ပြီးနောက်တွင် လူသားများလုပ်ဆောင်ရန် လိုအပ်သည့်အရာမှာ ဘုရားသခင်တောင်းဆိုသော သမ္မာတရားများနှင့် စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ရန်ဖြစ်ပြီး ထိုသို့ဆိုလျှင် လူသားမျိုးနွယ်၏ ဘုံပြဿနာများ ဖြေရှင်းပြီးဖြစ်လိမ့်မည်။ သင်၏ ပင်ကိုစရိုက် သို့မဟုတ် အစွမ်းအစ မည်သို့ပင်ဖြစ်စေ၊ သင်မည်မျှပင် စွမ်းဆောင်နိုင်သည်ဖြစ်စေ၊ သင်သည် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ၊ အနောက်နိုင်ငံတွင် မွေးဖွားသည်ဖြစ်စေ၊ အရှေ့တိုင်းတွင် မွေးဖွားသည်ဖြစ်စေ၊ တောင်ပိုင်းမှဖြစ်စေ မြောက်ပိုင်းမှဖြစ်စေ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သမ္မာတရားကို လက်ခံခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းအားဖြင့်လည်းကောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်လည်းကောင်း ဖြေရှင်းနေသမျှကာလပတ်လုံး သင်၏ အခက်အခဲများ ဖြေရှင်းပြီးဖြစ်လိမ့်မည်။ ဤသည်မှာ လူသားတို့၏ ဘုံပြဿနာများမှ ဖြစ်ပေါ်လာသော အမျိုးမျိုးသော အခြေအနေအားလုံးကိုလည်း ဖြေရှင်းနိုင်သည်ဟု ဆိုလိုသည်။ အဘယ်ကြောင့် လူတို့၌ အမျိုးမျိုးသောအခြေအနေများ ဖြစ်ပေါ်လာသနည်း။ အဘယ်ကြောင့်ဆိုသော် လူတစ်ဦးစီ ပိုင်ဆိုင်သည့် လူ့သဘာဝ၏ ပင်ကိုအခြေအနေများမှာ မတူညီသောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် တောင်ပိုင်းတွင် နေထိုင်ပြီး သင့်တွင် တောင်ပိုင်းသားတို့၏ နေထိုင်မှုအလေ့အထများနှင့် ပုံစံအချို့ရှိကာ တောင်ပိုင်းသားတို့အတွက် သီးသန့်ဖြစ်သော ပင်ကိုစရိုက်နှင့် နေထိုင်မှုပုံစံ လက္ခဏာအချို့ကိုလည်း သင် ရရှိထားပါက ထိုသို့သော နောက်ကြောင်းရာဇဝင်မျိုးဖြင့် သင်သည် အချို့သော သီးခြားအယူအဆများနှင့် စိတ်ကူးများ၊ သီးခြားအတွေးအခေါ်များနှင့် အမြင်များနှင့် သီးခြားအခြေအနေများကို ဖြစ်ပေါ်လာစေလိမ့်မည်။ သင်သည် မြောက်ပိုင်းတွင် မွေးဖွားခဲ့ပါက သင့်တွင် မြောက်ပိုင်းသားတို့၏ ပင်ကိုစရိုက်နှင့် နေထိုင်မှုအလေ့အထများ သို့မဟုတ် မြောက်ပိုင်းသားတို့၏ ပင်ကိုဖြစ်သော ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုနောက်ကြောင်းရာဇဝင်၊ ပညာရေးနည်းလမ်းများနှင့် အခြားထိုသို့သောအရာများမှ ဖြစ်ပေါ်လာသော အခြေအနေအချို့ ရှိပေမည်။ ဤနည်းအားဖြင့် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် နေထိုင်သော လူတို့၌ ဖြစ်ပေါ်လာသော အခြေအနေများမှာ မတူညီကြပေ။ သို့သော် ပြဿနာတစ်ခုတည်းမှ ဖြစ်ပေါ်လာသော အခြေအနေများ၏ အရင်းအမြစ်နှင့် အနှစ်သာရမှာ တူညီသောကြောင့် ၎င်းတို့အားလုံးကို တူညီသော သမ္မာတရားများဖြင့် ဖြေရှင်းနိုင်သည်။ ဤသို့ဖြစ်နေသောကြောင့် သင်သည် မြောက်ပိုင်းမှဖြစ်စေ တောင်ပိုင်းမှဖြစ်စေ၊ အရှေ့တိုင်းမှဖြစ်စေ အနောက်နိုင်ငံမှဖြစ်စေ အရေးမကြီးပေ၊ သင်သည် ဖန်ဆင်းခံလူသားတစ်ဦးဖြစ်နေသမျှကာလပတ်လုံး သင်၏ ပြဿနာများအားလုံးကို သမ္မာတရားများဖြင့် ဖြေရှင်းနိုင်သည်။ သင်နားလည်ပြီလော။ ဤပြဿနာသည် ရှုပ်ထွေးသလော။ (ယခု ရှင်းပြသည်ကို ကြားပြီးနောက်တွင် ကျွန်ုပ်သည် ယင်းမှာ မရှုပ်ထွေးတော့ဟု ခံစားရပါသည်။) အဘယ်ကြောင့် ဤပြဿနာသည် မရှုပ်ထွေးဟု သင်ပြောသနည်း။ (လူတို့၏ ကိုယ်ပိုင်အခြေအနေများ၊ နောက်ကြောင်းရာဇဝင်များနှင့် ပင်ကိုစရိုက်များမှာ မတူညီကြသော်လည်း ဤသည်မှာ မတူညီသော အခြေအနေများကို သဘာဝကျကျ ဖြစ်ပေါ်စေသည်၊ ဤမတူညီသော အခြေအနေများ၏ အရင်းခံအကြောင်းရင်းမှာ တူညီပြီး လူတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရမှာ တူညီပါသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်မျှပင်ထုတ်ဖော်ပါစေ ယင်းကို တူညီသော သမ္မာတရားများဖြင့် ဖြေရှင်းနိုင်သည်၊ ထို့ကြောင့် သမ္မာတရားများသည် လူတိုင်း၏ ပြဿနာများကို ဖြေရှင်းနိုင်ပါသည်။) လူတို့သည် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့တိုင်း သို့မဟုတ် အနောက်နိုင်ငံမှ ဖြစ်စေ၊ ၎င်းတို့သည် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ၊ လူငယ်ဖြစ်စေ လူကြီးဖြစ်စေ၊ ၎င်းတို့၏ ကိုယ်ပိုင်အခြေအနေများ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ တူညီကြပြီး ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော အခြေအနေများ၊ အတွေးအခေါ်များနှင့် အမြင်များနှင့် သမ္မာတရားအပေါ် သဘောထားများတွင် ဘုံလက္ခဏာတစ်ခု ရှိသည်။ ဤဘုံလက္ခဏာကား အဘယ်နည်း။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖြစ်ပေါ်လာသော အရာအားလုံးသည် စာတန်နှင့်ဆိုင်ပြီး သမ္မာတရားနှင့် မကိုက်ညီပေ။ ပို၍တိတိကျကျပြောရလျှင် ယင်းသည် သမ္မာတရားနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဟု ဆိုနိုင်သည်မှာ ပြောစရာမလိုပေ။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ လူမျိုး၊ ဘာသာတရား သို့မဟုတ် ယဉ်ကျေးမှုများအကြား မည်သို့ပင် ကွဲပြားမှုများရှိနေပါစေ၊ လူတို့တွင် အဝါ၊ အဖြူ၊ အညို သို့မဟုတ် အနက်ရောင် အသားအရေ ရှိသည်ဖြစ်စေ ၎င်းတို့အားလုံးသည် ဖောက်ပြန်ပျက်စီးသော လူသားများဖြစ်ကြပြီး လူသားများအားလုံးတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် တူညီသော အနှစ်သာရရှိသည်။ ဤသည်မှာ ၎င်းတို့တွင် ဘုံဖြစ်သော အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် လူတို့သည် မည်သည့်နိုင်ငံမှဖြစ်စေ၊ မည်သည့်လူမျိုးဖြစ်စေ အရေးမကြီးဘဲ ၎င်းတို့ကို ဖောက်ပြန်ပျက်စီးသော လူသားများဟု စုပေါင်းရည်ညွှန်းသည်။ ဆိုလိုသည်မှာ ဤလူမျိုးများသည် ၎င်းတို့၏ အသားအရောင်၊ ရုပ်ရည်၊ ဘဝအလေ့အထ သို့မဟုတ် လူမျိုးရေးယဉ်ကျေးမှုအရ မြင့်မြတ်သည်ဖြစ်စေ နိမ့်ကျသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ၊ ၎င်းတို့ရရှိခဲ့သော ပညာရေး မည်သို့ပင်ဖြစ်စေ၊ မည်သို့သောအခြေအနေတွင်မဆို ၎င်းတို့ရှင်သန်ရေးအတွက် မှီခိုအားထားရသည့် စည်းမျဉ်းများသည် စာတန်ထံမှလာပြီး သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် ဘုရားသခင်ကို အတိုက်အခံလုပ်ကြသည်။ လူတို့သည် မြင့်မားသော ဘာသာရေး နောက်ကြောင်းရာဇဝင်ရှိသည့် ကြွယ်ဝချမ်းသာပြီး မြင့်မြတ်သော လူမျိုးတစ်မျိုးနှင့် သက်ဆိုင်လျှင်ပင် ၎င်းတို့၏ အနှစ်သာရမှာ ဖောက်ပြန်ပျက်စီးသော လူသားများ၏ အနှစ်သာရသာ ဖြစ်နေဆဲဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သော စာတန်၏ မျိုးနွယ်သာ ဖြစ်နေဆဲဖြစ်သည်၊ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားများသာဖြစ်နေဆဲဖြစ်သည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို အတိုက်အခံလုပ်ကြသည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ အလုပ်အတွင်း တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ခံရသောသူများဖြစ်ကြပြီး ၎င်းတို့အထဲမှ သမ္မာတရားကို လက်ခံနိုင်သူများသည် ဘုရားသခင်ကယ်တင်ရန် ရည်ရွယ်ထားသူများ ဖြစ်ကြသည်။ ဤအရာ၏ သွယ်ဝိုက်ညွှန်းဆိုသော အဓိပ္ပာယ်မှာ အဘယ်နည်း။ သင်သည် ကယ်တင်ခြင်းမခံရမီတွင် သင်၏ ယဉ်ကျေးမှု နောက်ကြောင်းရာဇဝင်၊ ပညာရေး နောက်ကြောင်းရာဇဝင်နှင့် ဘာသာရေး နောက်ကြောင်းရာဇဝင်တို့ မည်မျှပင် မြင့်မားနေပါစေ၊ သင်၏ အနှစ်သာရမှာ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ဘုရားသခင်ကို ရန်လိုနေဆဲဖြစ်သည်ကို ဆိုလိုသည်။ ထိုသို့ဖြစ်သဖြင့် လူသားတို့၏ အနှစ်သာရသည် ၎င်းတို့၏ အသားအရောင်၊ ဘာသာတရား၊ မွေးဖွားရာနိုင်ငံ သို့မဟုတ် ၎င်းတို့၏ ပညာရေးနောက်ကြောင်းရာဇဝင် သို့မဟုတ် ယဉ်ကျေးမှုနောက်ကြောင်းရာဇဝင်တို့ကြောင့် ပြောင်းလဲမည် မဟုတ်ပေ။ အလားတူပင် လူတစ်ဦးသည် မည်သည့်လူမျိုးပင်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အခြေအနေများကြောင့် ဘုရားသခင်၏ အမြင်တွင် မြင့်မြတ်လာခြင်း သို့မဟုတ် နိမ့်ကျသွားခြင်းတို့ ဖြစ်မည်မဟုတ်ပေ။ သို့ဆိုလျှင် ဘုရားသခင်၏ အမြင်တွင် လူတို့သည် မြင့်မြတ်ခြင်း သို့မဟုတ် နိမ့်ကျခြင်းရှိမရှိကို အကဲဖြတ်ရန် စံနှုန်းမှာ အဘယ်နည်း။ စံနှုန်းတစ်ခုတည်းသာရှိသည်၊ ယင်းမှာ သင်သည် သမ္မာတရားကို လက်ခံခြင်းရှိမရှိပင် ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်ခံပါက သင်၏ လူမျိုး သို့မဟုတ် သင်၏ အသားအရောင် မည်သို့ပင်ဖြစ်စေ သင်သည် မြင့်မြတ်သည်။ သင်သည် သမ္မာတရားကို လက်မခံပါက သင်က “ကျွန်ုပ်တွင် အဖြူရောင်အသားအရေ၊ ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများရှိပြီး ကျွန်ုပ်၏ မိသားစုသည် မျိုးဆက်ပေါင်းများစွာ တော်ဝင်မျိုးနွယ်ဖြစ်ခဲ့သည်” ဟု ပြောလျှင်ပင် ယင်း၌ အသုံးမဝင်ပေ။ သင်သည် လူသားမျိုးနွယ်အကြားတွင် မြင့်မြတ်လျှင်ပင် သင်သည် သမ္မာတရားကို လက်မခံပါက ဘုရားသခင်၏ အမြင်တွင် သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးသာ ဖြစ်နေဆဲဖြစ်သည်၊ သင်သည် အခြားမည်သည့် ဖောက်ပြန်ပျက်စီးသော လူသားနှင့်မဆို တူညီသည်၊ ကွာခြားမှုမရှိပေ။ လူသားမျိုးနွယ်ဝင် မည်မျှများများက သင့်ကို အထင်ကြီးလေးစားသည်ဖြစ်စေ၊ ကြည်ညိုသည်ဖြစ်စေ၊ သင့်အား ပူဇော်သက္ကာများ ဆက်သသည်ဖြစ်စေ အရေးမကြီးပေ၊ ယင်းမှာ အသုံးမဝင်သကဲ့သို့ ဘုရားသခင်၏ အမြင်ရှိ သင်၏ အဆင့်အတန်း၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ပြောင်းလဲစေမည်မဟုတ်ပေ။ လူသားမျိုးနွယ်ကို အကဲဖြတ်ရန် ဘုရားသခင်၏ စံနှုန်းမှာ လူသားမျိုးနွယ်ကို အကဲဖြတ်ရန် ဘုရားသခင်၏ ပုံသေမြင့်မားသော စံအမှတ်နှင့် စံနှုန်းလည်းဖြစ်ပြီး ၎င်းတို့ကို သမ္မာတရားဖြင့် အကဲဖြတ်ရန် ဖြစ်သည်။ သင်သည် သမ္မာတရားကို ချစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါက သင်သည် မြင့်မြတ်သည်၊ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါက သင်၏ ဤအသွေးအသားဟောင်းသည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်သည်၊ ယင်းမှာ တစ်ပြားတစ်ချပ်မှ မတန်သည့်အပြင် မြေပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်လောက်ပင် တန်ဖိုးမရှိပေ။ လူတို့မမြင်နိုင်သော အဏုဇီဝသက်ရှိများမှလွဲ၍ ပုရွက်ဆိတ်များသည် သက်ရှိအားလုံးတွင် အတော်အတန်သေးငယ်သည်။ ၎င်းတို့၏ နေထိုင်မှုပုံစံများ၊ ရှင်သန်မှုစည်းမျဉ်းများနှင့် ပင်ကိုဗီဇများသည် ဘုရားသခင် သတ်မှတ်ထားသော နိယာမများကို အပြည့်အဝ လိုက်နာကြသည်။ ၎င်းတို့၏ အလုပ်လုပ်ခြင်းနှင့် အနားယူခြင်းအချိန်ဇယားသည် ရာသီလေးခု၏ ရာသီဥတုနှင့် အပူချိန်အတက်အကျအလိုက် ပြောင်းလဲပြီး ၎င်းတို့သည် ဤပုံစံများနှင့် စည်းမျဉ်းများကို မည်သည့်အခါမျှ တက်ကြွစွာ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော် လူသားများမှာ မတူညီပေ။ လူသားများသည် ရှိရင်းစွဲအခြေအနေနှင့် ကမ္ဘာကြီးကို အမြဲ ပြောင်းလဲလိုကြသည်၊ ၎င်းတို့တွင် အမြဲ ရည်မှန်းချက်များရှိပြီး ၎င်းတို့သည် သစ္စာဖောက်ခြင်းနှင့် ပုန်ကန်ခြင်းတို့ကို အဆက်မပြတ် ပြုလုပ်ကြသည်။ ပုရွက်ဆိတ်များတွင် သမ္မာတရားကို လက်ခံနိုင်သည့် စွမ်းရည်မရှိသကဲ့သို့ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းလည်း မရှိသော်လည်း အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံ မလုပ်ကြပေ။ လူသားများမှာ ကွဲပြားသည်၊ ၎င်းတို့သည် ဘုရားသခင်ကို တိုက်ခိုက်ရန်နှင့် အတိုက်အခံလုပ်ရန် တက်ကြွစွာ ရှေ့ထွက်လာကြလိမ့်မည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် သမ္မာတရားကို မရရှိသေးသော၊ ကယ်တင်ခြင်းမခံရသေးသော လူသားများသည် တန်ဖိုးမရှိပေ။ ဤသည်မှာ အမှန်တရားမဟုတ်လော။ (ဟုတ်ပါသည်။) ဤအမှန်တရားကို အခြေခံ၍ လူတို့ကို အကဲဖြတ်ခြင်းနှင့် သတ်မှတ်ပိုင်းခြားခြင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် လုံးဝကိုက်ညီသည်။ ဤပြဿနာများကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် လူတို့သည် လူသားမျိုးနွယ်၏ အနှစ်သာရနှင့် ဘုရားသခင်၏ အလုပ်က အောင်မြင်စေရန် ရည်ရွယ်သည့် အကျိုးသက်ရောက်မှုအပေါ် မှန်ကန်သော အမြင်နှင့် နားလည်မှုတစ်ခု ရှိသင့်သည်။ သင်သည် ဤသမ္မာတရားကဏ္ဍကို နားလည်ပြီးနောက်တွင် လူတို့အား ဧဝံဂေလိတရားဟောသည့်အခါ သို့မဟုတ် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံပြီး မိတ်သဟာယဖွဲ့သည့်အခါတွင် ၎င်းတို့သည် မည်သည့်လူအမျိုးအစားပင်ဖြစ်စေ၊ ၎င်းတို့တွင် ဘာသာရေး နောက်ကြောင်းရာဇဝင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ၎င်းတို့သည် လူ့အဖွဲ့အစည်းတွင် ရာထူးအဆင့်အတန်း ရှိသည်ဖြစ်စေ၊ နိမ့်ကျသော လူမှုအဆင့်အတန်းရှိသည်ဖြစ်စေ၊ ၎င်းတို့သည် လူဖြူဖြစ်စေ အသားအရောင်ရှိသူတစ်ဦးဖြစ်စေ အရေးမကြီးဘဲ သင်သည် ဘောင်ခတ်ခံရခြင်း ပို၍ နည်းသွားမည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဤသမ္မာတရားများကို နားမလည်ပါက အခြားလူမျိုးများမှ လူတို့ကို အမြဲ အထင်ကြီးလေ့ရှိမည် သို့မဟုတ် ၎င်းတို့ကို သင် ဉာဏ်မမီနိုင်ဟု ခံစားရပြီး ၎င်းတို့နှင့် မည်သို့မိတ်သဟာယဖွဲ့ရမည် သို့မဟုတ် ပေါင်းသင်းဆက်ဆံရမည်ကို မသိဖြစ်နေမည်။ ဤသမ္မာတရားများကို နားလည်ခြင်းက ထိုလူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် သင်တို့ကို အထောက်အကူမပြုပေလော။ ယင်းက လူသားမျိုးနွယ်တစ်ရပ်လုံးကို မှန်ကန်သော ရပ်တည်ချက်နှင့် မှန်ကန်သော ရှုမြင်ပုံမှ ကြည့်မြင်ရန် သင်တို့ကို ကူညီလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို နားလည်ခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်သောအခါ အမှုအရာများအပေါ် သင်၏ ရှုမြင်ပုံသည် မှန်ကန်မည်ဖြစ်ပြီး ယင်းမှာ အတော်အတန် အမြင်ကျယ်မည်ဖြစ်ကာ ထိုမျှ အမြင်ကျဉ်းမြောင်းတော့မည် မဟုတ်ပေ။ သို့တည်းမဟုတ်ပါက သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် ယုံကြည်မှု အစဉ်သဖြင့် ကင်းမဲ့နေလိမ့်မည်။ ပထမဦးစွာ သင်သည် ဘဝအတွေ့အကြုံမရှိဟု ခံစားရလိမ့်မည်။ ဒုတိယအနေဖြင့် သင်သည် လုံလောက်သော အတွေ့အကြုံများမရှိခဲ့ဟု ခံစားရလိမ့်မည်။ တတိယအနေဖြင့် သင်သည် စကားပြောမကောင်းဟု ခံစားရပြီး လူအများစု၏ အခြေအနေများကို ထွင်းဖောက်မမြင်နိုင်ဟု ခံစားရလိမ့်မည်၊ အထူးသဖြင့် သင်သည် အသက်ကြီးသူများကို မြင်သောအခါ ကြောက်ရွံ့ပြီး စိတ်လှုပ်ရှားကာ စကားမပြောရဲဖြစ်လိမ့်မည်။ အချို့လူများက “အထူးသဖြင့် သက်တမ်းကြာ ဘာသာရေးယုံကြည်သူများသည် သမ္မာကျမ်းစာ အသိပညာအချို့ ရှိသည်ကို ကျွန်ုပ်မြင်သောအခါ ၎င်းတို့အား ဧဝံဂေလိတရားကို မည်သို့ဟောပြောရမည်ကို ကျွန်ုပ်မသိတော့ဘဲ ကြောက်ရွံ့ကာ ၎င်းတို့ထက် နိမ့်ကျသည်ဟု ခံစားရသည်” ဟု ပြောကြသည်။ သင်သည် သမ္မာတရားများစွာကို နားလည်သည်၊ သို့ဆိုလျှင် သင်ကြောက်နေသည့်အရာမှာ အဘယ်နည်း။ ဤသည်မှာ ကိစ္စရပ်များကို ထွင်းဖောက်မမြင်နိုင်ခြင်း မဟုတ်လော။ လူတို့သည် သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဤကိစ္စရပ်များနှင့် ပြဿနာများကို ဖြေရှင်းနိုင်သင့်ပြီး ၎င်းတို့သည် ဤအရာများ၏ ဘောင်ခတ်ခြင်းကို ခံရတော့မည်မဟုတ်ပေ။

ယနေ့ ငါတို့မိတ်သဟာယဖွဲ့ခဲ့သော အကြောင်းအရာများမှတစ်ဆင့် သင်တို့သည် မည်သည့်သမ္မာတရားကဏ္ဍများကို နားလည်ခဲ့သနည်း။ သင်တို့သည် ဘုရားသခင်၏ အလုပ်အကြောင်း၊ ဘုရားသခင်က လူတို့ကို မည်သို့ကယ်တင်ပုံ၊ လူတို့ကို ကယ်တင်သည့် ဘုရားသခင်၏ နည်းလမ်းများနှင့် ဘုရားသခင်ပြောင်းလဲသည့် လူတို့၏ ကဏ္ဍများအကြောင်း ရှင်းလင်းပြီလော။ (ရှင်းလင်းပါသည်။) ယခု သင်တို့သည် ဤအရာများကို ရှင်းလင်းပြီဖြစ်သောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အရာခပ်သိမ်းကို သမ္မာတရားဖြင့် အကဲဖြတ်ခြင်း၏ အရေးကြီးမှုကို သင်တို့ သာ၍ပင် မခံစားရပေလော။ (ခံစားရပါသည်။) သမ္မာတရားကို လိုက်စားခြင်းနှင့် နားလည်ခြင်းသည် အလွန်အရေးကြီးသည်ဟု သင်တို့ သာ၍ပင် မထင်ပေလော။ တစ်စုံတစ်ဦးသည် သမ္မာတရားကို နားမလည်ပါက ၎င်းတို့သည် မည်သည့်ကိစ္စကိုမျှ ထွင်းဖောက်မမြင်နိုင်၊ လူအမျိုးအစားအားလုံးကို ထွင်းဖောက်မမြင်နိုင်၊ နိုင်ငံအားလုံးနှင့် လူမျိုးစုအားလုံးမှ လူတို့ကို ထွင်းဖောက်မမြင်နိုင်ပေ၊ ထို့ကြောင့် ၎င်းတို့သည် လူမိုက်၊ လူအတစ်ဦး ဖြစ်သည်။ အချို့သောသူများသည် မျက်မှန်တပ်ထားသူများကို မြင်သောအခါ ထိုလူတို့သည် ပါမောက္ခများ သို့မဟုတ် ပညာတတ်များဖြစ်သည်ဟု ယူဆကြပြီး ထို့ကြောင့် ၎င်းတို့သည် ဘောင်ခတ်ခံရသည်ဟု ခံစားရကာ စကားမပြောရဲဖြစ်ကြသည်၊ အရပ်ရှည်ပြီး ရုပ်ရည်ကြည့်ကောင်းသူများကို မြင်သည့်အခါတိုင်း ၎င်းတို့သည် သူတို့ထက် နိမ့်ကျသည်ဟု ခံစားရသည်။ သမ္မာတရားကို နားလည်ပြီးနောက်တွင် လူတို့သည် အခြေခံအားဖြင့် ဤအရာများ၏ သက်ရောက်မှုကို ခံရတော့မည်မဟုတ်ပေလော။ တစ်ဖက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘောင်ခတ်တော့မည်မဟုတ်၊ အခြားတစ်ဖက်တွင် ၎င်းတို့သည် လူများနှင့် အမှုအရာများနှင့် ဆက်ဆံရာတွင် မိမိတို့၏ သဘောထားနှင့် ရှုမြင်ပုံကို အတိုင်းအတာတစ်ခုအထိ တိုးတက်စေမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ ထိုးထွင်းသိမြင်မှုအချို့လည်း ရှိလာမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် အကျိုးရှိမည်ဖြစ်ပြီး အထူးသဖြင့် အဆင့်ဆင့်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များ အလုပ်လုပ်ဆောင်ရာတွင် အကျိုးရှိမည်ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ အလုပ်၏ ပစ်မှတ်များနှင့် စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ပြီးနောက်တွင် မိမိတို့၏ ပင်ကိုအခြေအနေများကို မှန်ကန်စွာ ချဉ်းကပ်ရန်အလို့ငှာ မည်သို့ပြုမူဆောင်ရွက်သင့်သနည်း။ စည်းမျဉ်းမည်မျှရှိသနည်း။ (ကျွန်ုပ်စဉ်းစားနိုင်သည်များမှာ လူတို့သည် မိမိတို့၏ ပင်ကိုစရိုက်၊ အစွမ်းအစနှင့် အခြားအခြေအနေများကို မှန်ကန်စွာ ရှုမြင်သင့်သည်၊ သဘာဝလွန်အရာများကို လိုက်စားခြင်းကို ရပ်တန့်ပြီး စွမ်းအားရှင်ဖြစ်ရန် ကြိုးပမ်းခြင်းကို ရပ်တန့်သင့်သည်၊ မိမိတို့တတ်စွမ်းသမျှကို အကောင်းဆုံးလုပ်ဆောင်သင့်ပြီး မိမိတို့ လက်လှမ်းမမီသည့်အရာကို အောင်မြင်ရန် မိမိတို့ကိုယ်ကို အတင်းအကျပ်မခိုင်းသင့်ပေ။ ထိုနည်းအားဖြင့် ၎င်းတို့၏ ဘဝသည် ပို၍လွတ်မြောက်မည်ဖြစ်ပြီး ၎င်းတို့၏ လူ့သဘာဝသည် တိုး၍ ပုံမှန်ဖြစ်လာမည်ဖြစ်သည်။) ပထမဦးစွာ သင်သည် မိုက်မဲသော သို့မဟုတ် တုံးအသောအရာများကို ရှောင်ရှားလိုပါက သင်သည် သင်၏ ကိုယ်ပိုင်အခြေအနေများကို ဦးစွာနားလည်ရမည်။ သင်၏ အစွမ်းအစသည် မည်သို့ရှိသည်၊ သင်၏ အားသာချက်များမှာ အဘယ်နည်း၊ သင် မည်သည့်အရာကို ကျွမ်းကျင်ပြီး မည်သည့်အရာကို မကျွမ်းကျင်သနည်း၊ သင်၏ အသက်၊ လိင်၊ သင်ပိုင်ဆိုင်သော အသိပညာနှင့် သင်၏ ထိုးထွင်းသိမြင်မှုများနှင့် ဘဝအတွေ့အကြုံတို့ကို အခြေခံ၍ သင်လုပ်နိုင်သည့်အရာများနှင့် မလုပ်နိုင်သည့်အရာများမှာ အဘယ်အရာများဖြစ်သည်ကို နားလည်ရမည်။ ဆိုလိုသည်မှာ သင်ထမ်းဆောင်သော တာဝန်နှင့် သင်လုပ်ဆောင်သော အလုပ်တွင် သင်၏ အားသာချက်များနှင့် အားနည်းချက်များမှာ အဘယ်အရာများဖြစ်သည်ကိုလည်းကောင်း၊ သင်၏ ကိုယ်ပိုင်ပင်ကိုစရိုက်၏ ချို့ယွင်းချက်များနှင့် အားသာချက်များမှာ အဘယ်အရာများ ဖြစ်သည်ကိုလည်းကောင်း သင်ရှင်းလင်းနေသင့်သည်။ သင်သည် သင်၏ ကိုယ်ပိုင်အခြေအနေများ၊ ကောင်းကျိုးများနှင့် ချို့ယွင်းချက်များကို ရှင်းလင်းသည်နှင့်တစ်ပြိုင်နက် မည်သည့်ကောင်းကျိုးများနှင့် အားသာချက်များကို ဆက်လက်ထိန်းသိမ်းသင့်သည်၊ မည်သည့်ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများကို ကျော်လွှားနိုင်သည်၊ မည်သည့်အရာများကို လုံးဝကျော်လွှားနိုင်မည်မဟုတ်သည်ကို သင် ရှင်းလင်းစွာ သိရှိရမည်။ ဤရှင်းလင်းမှုကို ရရှိရန်အလို့ငှာ တစ်ဖက်တွင် သင်သည် သမ္မာတရားကို ရှာဖွေသင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ အမှန်တကယ်အခြေအနေနှင့် နှိုင်းယှဉ်ခြင်းအားဖြင့် ဤအရာများကို ဆင်ခြင်ပြီး သိမြင်မှုရယူသင့်သည်၊ တစ်ချိန်တည်းတွင် ဤအရာများကို ထုတ်ဖော်ပေးရန် ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ အခြားတစ်ဖက်တွင် သင်သည် သင်၏ ပတ်ဝန်းကျင်ရှိ ညီအစ်ကိုမောင်နှမများကိုလည်း မေးမြန်းနိုင်ပြီး ၎င်းတို့အား သင့်ကို သတိပေးချက်များနှင့် လမ်းညွှန်ချက်များ ပေးစေနိုင်သည်။ ထိုနည်းအားဖြင့် သင်သည် သင့်ကိုယ်သင် ပိုမိုနက်ရှိုင်းစွာ နားလည်လာမည်ဖြစ်ပြီး သင့်ကိုယ်သင် သိခြင်းကိစ္စနှင့် ပတ်သက်လာလျှင် သင့်တွင် အတွေးအခေါ်များနှင့် သဲလွန်စများ ပိုမိုရှိလာမည်ဖြစ်သည်။ လူတို့ မဖြေရှင်းနိုင်သည့် ပြဿနာအချို့ ရှိသည်။ ဥပမာအနေဖြင့် သင်သည် အခြားသူများကို စကားပြောနေချိန်တွင် စိတ်လှုပ်ရှားတတ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အခြေအနေများနှင့် သင် ရင်ဆိုင်ရသည့်အခါ သင့်ထံတွင် ကိုယ်ပိုင် စိတ်ကူးများနှင့် ရှုထောင့်များ ရှိကောင်းရှိနိုင်သော်လည်း ယင်းတို့ကို ရှင်းလင်းစွာ သင် မပြောဆိုနိုင်ပေ။ အထူးသဖြင့် လူများစွာ ရှိနေချိန်တွင် သင် စိတ်လှုပ်ရှားသည်။ သင် ဗလုံးဗထွေးပြောဆိုပြီး သင်၏ ပါးစပ်က တုန်တုန်ယင်ယင်ဖြစ်နေသည်။ လူအချို့သည် သာ၍ပင် စကားထစ်ကြသည်။ အခြားသူများအတွက်မူ ဆန့်ကျင်ဖက်လိင်တစ်ဦး ရှိနေလျှင် ၎င်းတို့သည် မည်သည့်အရာ ပြောရမည်ကိုဖြစ်စေ၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကိုဖြစ်စေ တကယ်ပင် မသိဘဲ မိမိကိုယ်ကို ရှင်းလင်းစွာ သာ၍ပင် ဉာဏ်ရည်နည်းပါးကြလေသည်။ ဤသည်မှာ အောင်မြင်ကျော်လွှားရန် လွယ်ကူသလော။ (မလွယ်ကူပါ။) ဤချို့ယွင်းချက်သည် သင်တို့၏ ပင်ကိုယ်သဘာဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့် အနည်းဆုံးအားဖြင့် ကာလတိုအတွင်း၌ ယင်းကို ကျော်လွှားနိုင်ရန် မလွယ်ကူလှပေ။ လအနည်းငယ် လေ့ကျင့်ပြီးသည့်နောက်တွင်ပင် သင်တို့သည် စိတ်လှုပ်ရှားနေဆဲဖြစ်ပါက ထိုစိတ်လှုပ်ရှားမှုသည် ဖိအားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး ထိုဖိအားကြောင့် သင်တို့သည် စကားပြောဆိုရန်၊ လူများနှင့် တွေ့ဆုံရန်၊ စုဝေးပွဲများ တက်ရောက်ရန် သို့မဟုတ် တရားဒေသနာဟောကြားရန် ကြောက်ရွံ့လာကြလိမ့်မည်၊ ထို့ပြင် ဤကြောက်ရွံ့မှုများက သင်တို့ကို လွှမ်းမိုးဖိစီးသွားလိမ့်မည်။သို့ဆိုလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင့်အနေဖြင့် ဤပြဿနာကို တွေးဆကာ အခြားသူများနှင့် ဆွေးနွေးပြောဆိုနိုင်သည်။ အခြားသူများက ဤပြဿနာကို ကြုံရသည့်အခါ မည်သည့် တွေးခေါ်မှုအလေ့အထရှိပြီး မည်သို့ ဖြေရှင်းသည်ကို ကြည့်လော့။ ထို့နောက်တွင် သင်သည်လည်း ဤသို့ သင့်ဘာသာ လက်တွေ့လုပ်ဆောင်သင့်ပေသည်။ ယနေ့စုဝေးပွဲအတွင်း သင်သည် အတော်လေး ကောင်းမွန်သော အခြေအနေတွင် ရှိသည် ဆိုကြပါစို့၊ သင်သည် ပျော်ရွှင်သော စိတ်နေစိတ်ထားတွင် ရှိပြီး ထို့ထက်မက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းဖြင့်လည်း စိတ်နှိုးဆော်ခံရကာ သင့်ကိုယ်သင် ဖော်ပြလိုသော သီးခြားဆန္ဒတစ်ခုကို ခံစားရသည်။ ယင်းမှာ လူအနည်းငယ်သာရှိသော အဖွဲ့ငယ်စုဝေးပွဲတစ်ခု ဖြစ်နေသောကြောင့် သင်သည် စကားအနည်းငယ်ကို မိတ်သဟာယဖွဲ့ကြည့်ရာ အတော်လေး ကောင်းသည်ဟု ခံစားရပြီး စိတ်မလှုပ်ရှားပေ။ ဤအခြေအနေတွင် သင်သည် မည်သည့်ဖိအားအောက်တွင်မှ မရှိဘဲ လုံးဝ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသည့်အခါ သင်သည် သင့်ကိုယ်သင် အလွန်ကောင်းမွန်စွာ လွတ်လွတ်လပ်လပ် ဖော်ပြပြီး လူတိုင်းသည် ယင်းကြောင့် အမှန်တကယ် စိတ်နှိုးဆော်ခံရကာ တည်ဆောက်ခြင်းခံရသည်။ ဤသည်မှာ တိုးတက်မှုမဟုတ်လော။ လူအနည်းငယ်သာရှိသော အဖွဲ့ငယ်စုဝေးပွဲများတွင် စကားပြောခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းကို စတင်လေ့ကျင့်ရုံမျှဖြင့် တဖြည်းဖြည်း သင်သည် ပုံမှန်စကားပြောနိုင်လာမည်ဖြစ်ပြီး သင်၏ စိတ်လှုပ်ရှားမှုများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည်။ ဤနည်းလမ်းဖြင့် လေ့ကျင့်ခြင်းသည် အကောင်းဆုံးရလဒ်များကို ရရှိစေလိမ့်မည်။ ပထမဦးစွာ သင်၏ ဤအပြစ်အနာအဆာကို ကျော်လွှားရန်အလို့ငှာ သင်သည် စကားစမြည်ပြောနေသည့်အလား အလိုအလျောက်ဖြစ်သော စကားပြောခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းဖြင့် ဤအရာကို လေ့ကျင့်ရန် လူအနည်းငယ်သာရှိသော အဖွဲ့ငယ်စုဝေးပွဲ သို့မဟုတ် လွတ်လွတ်လပ်လပ်ဖြစ်သော အခြေအနေတစ်ခုကို ရွေးချယ်လော့။ တစ်ခါတစ်ရံ တစ်မိနစ်ခန့် စကားပြောပြီးနောက် သင်သည် အနည်းငယ် စိတ်လှုပ်ရှားသည်ဟု ခံစားရနိုင်သည်၊ သင်စကားများများပြောလေ ယုံကြည်မှုနည်းလာလေဟု ခံစားရနိုင်ပြီး သင်ဆက်ပြောလေ ပြောစရာနည်းလာလေ ဖြစ်နိုင်သည်၊ ထိုသို့သောအခြေအနေများတွင် နောက်ထပ်စကားမပြောတော့ဘဲ လျင်မြန်စွာ အဆုံးသတ်ပြီး ရပ်တန့်လိုက်လော့။ တစ်ခါတစ်ရံ သင်သည် ခဏတာစကားပြောပြီးနောက် လူတိုင်းသည် နားထောင်လိုစိတ်ရှိပြီး အလွန်လွတ်မြောက်သည်ဟု ခံစားရနိုင်သည်၊ ထိုသို့သော ဝန်းကျင်တွင် သင်၏ စိတ်လှုပ်ရှားမှုများနှင့် ဖိစီးမှုများသည် သင်သတိမထားမိဘဲ ပျောက်ကွယ်သွားလိမ့်မည်။ ထိုသို့သော အခြေအနေများအောက်တွင်သာ သင်၏ ဤအပြစ်အနာအဆာသည် တဖြည်းဖြည်း တိုးတက်လာနိုင်သည်၊ သို့သော် ယင်းကို ကျော်လွှားနိုင်မည်မဟုတ်ပေ။ တစ်လကြာ လေ့ကျင့်လုပ်ပြီးနောက်တွင် သင်၏ အခြေအနေက များစွာ မတိုးတက်သေးဘဲသင်၏ စိတ်နှလုံးတွင် ဖိအားတစ်မျိုးဖြစ်ပေါ်ကာ သင့်ကို ပိုစိတ်လှုပ်ရှားသည်ထက် စိတ်လှုပ်ရှားစေလျက်၊ ယင်းက သင်၏ ပုံမှန် အလုပ်၊ ဘဝနှင့် တာဝန်ထမ်းဆောင်မှုတို့ကို ထိခိုက်စေလျှင် သင် ဆက်လေ့ကျင့်ရန် မလိုအပ်ပေ။ သင်၏ တာဝန်ကို ပုံမှန်လုပ်ဆောင်နိုင်လျှင် လုံလောက်၏။ သင်၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်ခြင်းအားသာ အာရုံစိုက်လော့။ ဤသည်မှာ မှန်၏။ ထိုချို့ယွင်းချက်၊ ထိုအားနည်းချက်ကို သင်၏စိတ်နှလုံးထဲ၌ စွဲမှတ်ထားလော့၊ ဘုရားသခင်ထံသို့ တိတ်တဆိတ် ဆုတောင်းလော့၊ ထို့နောက် စကားလုံးတိုင်းကို ရှင်းလင်းပြတ်သားစွာ ဆို၍ အစီအစဉ်တကျ ရှင်းလင်းစွာ ပြောဆိုခြင်းဖြင့် သင်ပြောလိုသည့်အရာကို ဖော်ပြလျက် လူအများနှင့် စကားပြောဆိုရန်နှင့် ပေါင်းသင်းဆက်ဆံရန်တို့ကို သင့်တော်သော အခါအခွင့်များကို ကြိုးစားရှာဖွေလော့။ဤနည်းဖြင့် သင်၏ ချို့ယွင်းချက်၊ ဤအပြစ်အနာအဆာသည် တဖြည်းဖြည်း သက်သာသွားလိမ့်မည်။ တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် ကြာပြီးနောက်တွင် သင်သည် အသက်အရွယ်အရ ပိုမိုရင့်ကျက်လာနိုင်ပြီး သင်၏ ပတ်ဝန်းကျင်ရှိ လူများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာနိုင်ကာ သူတို့၏ စိုက်ကြည့်မှုများ၊ သဘောထားအမြင်များနှင့် လူများအားလုံးနှင့် အတူရှိနေချိန်တွင် ဖြစ်ပေါ်လာသော အခြေအနေတို့သည် သင့်အပေါ် ဖိအားပေးမှု၊ ချည်နှောင်မှု သို့မဟုတ် ဘောင်ခတ်မှုတို့ကို ဖြစ်ပေါ်စေတော့မည် မဟုတ်ဘဲ ထိုအခါ ဤလူများ၏အလယ်တွင် သင်တို့၏ ချို့ယွင်းချက်ကို ကျော်လွှားဖြေရှင်းနိုင်ပေလိမ့်မည်။ ဤသည်ကား ဤချို့ယွင်းချက်ကို အပြင်းထန်ဆုံးပုံစံဖြင့် ခံစားရသော လူစားမျိုးဖြစ်၏။ သူတို့သည် ထိုကဲ့သို့သော ပတ်ဝန်းကျင်များတွင် ကာလရှည်ကြာ ကြံ့ခိုင်ဖွံ့ဖြိုးအောင် လုပ်ခြင်းနှင့် လေ့ကျင့်ခြင်းတို့အားဖြင့်သာလျှင် ယင်းကို ကျော်လွှားနိုင်ကြပေမည်။ ၃လမှ ၅ လကြာ တိုတောင်းသော ကာလတွင် ဤအပြစ်အနာအဆာကို တဖြည်းဖြည်း ဖြေရှင်းကြသည့် လူများလည်းရှိသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် အခမ်းအနားကြီးများကို ရင်ဆိုင်ရသည့်အခါတွင်မှလွဲ၍ ပုံမှန် အခြေအနေများတွင် အခြားသူများနှင့် ဆက်ဆံကာ စကားပြောသည့်အခါ စိတ်မလှုပ်ရှားကြပေ။ ထို့ကြောင့် အချိန်တိုတိုဖြင့် ဤချို့ယွင်းချက်၊ ဤအပြစ်အနာအဆာကို သင် အောင်မြင်ကျော်လွှားနိုင်လျှင် ထိုသို့လုပ်ဆောင်လော့။ အောင်မြင်ကျော်လွှားရန် ခက်ခဲလျှင် ဒုက္ခမခံနှင့်။ ထိုအရာကို မတွန်းလှန်နှင့်။ သင့်ကိုယ်သင် အခက်မတွေ့စေနှင့်။ ထိုအရာကို သင် အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိလျှင် အပျက်သဘောမဆောင်သင့်သည်မှာ အမှန်ဖြစ်၏။ သင်၏ တစ်သက်တာတွင် ထိုအရာကို သင် လုံးဝ အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိလျှင်ပင် ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်သည့်အတွက် ဘုရားသခင်က သင့်ကို ရှုတ်ချလိမ့်မည် မဟုတ်။ သင်၏ စင်မြင့်ကြောက်ခြင်း၊ သင်၏ စိတ်လှုပ်ရှားခြင်းနှင့် အကြောက်တရားဖြစ်သည့် ဤသရုပ်သကန်များသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မထင်ဟပ်စေပေ။ ယင်းတို့သည် မွေးရာပါဖြစ်စေ၊ ဘဝတွင် နောက်ပိုင်း၌ ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်သည်ဖြစ်စေ၊ ယင်းတို့သည် အလွန်ဆုံးအနေဖြင့် သင့်လူ့သဘာဝ၏ ချို့ယွင်းချက်တစ်ခု၊ အပြစ်အနာအဆာတစ်ခု ဖြစ်သည်။ ရေရှည်တွင်ဖြစ်စေ၊ သင်၏တစ်သက်တာတွင်ပင်ဖြစ်စေ ထိုအရာကို သင် မပြောင်းလဲနိုင်လျှင် ထိုအရာကို တဝဲလည်လည် မတွေးနှင့်။ သင့်အား ဘောင်ခတ်ခွင့် မပေးနှင့်။ ပြီးလျှင် ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်သည့်အတွက် ထိုအရာကြောင့် သင် အပျက်သဘောဆောင်မလာသင့်ပေ။ ထိုအရာကို ပြောင်းလဲရန် သို့မဟုတ် ထိုအရာကို တွန်းလှန်ရန် ကြိုးစားရာတွင် အသုံးဝင်မှု မရှိပေ။ ထိုအရာကို သင် မပြောင်းလဲနိုင်လျှင်၊ လက်ခံလော့။ ထိုအရာကို တည်ရှိခွင့်ပေးကာ မှန်မှန်ကန်ကန် သဘောထားလော့။ အဘယ်ကြောင့်ဆိုသော် သင်သည် ဤချို့ယွင်းချက်၊ ဤအပြစ်အနာအဆာနှင့်အတူ ယှဉ်တွဲနေထိုင်သောကြောင့် ဖြစ်သည်။ သင့်ထံတွင် ထိုအရာရှိခြင်းသည် သင်၏ ဘုရားသခင်နောက် လိုက်လျှောက်ခြင်းနှင့် သင်၏ တာဝန်များကို ထမ်းဆောင်ခြင်းတို့အား မထိခိုက်ပေ။ သမ္မာတရားကို သင် လက်ခံကာ သင်၏ တာဝန်များကို အစွမ်းကုန် ထမ်းဆောင်သရွေ့၊ သင် ကယ်တင်ခံရနိုင်သေး၏။ ထိုအရာသည် သင်၏ သမ္မာတရားလက်ခံခြင်းအား မထိခိုက်သကဲ့သို့ သင်၏ ကယ်တင်ခြင်း ရရှိခြင်းကို မထိခိုက်ပေ။ ထို့ကြောင့် သင်သည် သင်၏ လူ့သဘာဝတွင်ရှိသည့် ချို့ယွင်းချက် သို့မဟုတ် အပြစ်အနာအဆာတစ်ခုခုအားဖြင့် ဘောင်ခတ်မခံရသင့်သကဲ့သို့ မကြာခဏ အပျက်သဘောဆောင်ကာ စိတ်ဓာတ်မကျသင့်ပေ၊ သို့မဟုတ် ထိုအကြောင်းရင်းကြောင့်ပင် သင်၏ တာဝန်ကိုပင်လျှင် စွန့်လွှတ်ကာ သမ္မာတရား လိုက်စားခြင်းအား လက်လျှော့၍ ကယ်တင်ခံရမည့် အခွင့်အရေးဖြင့် မလွဲချော်သင့်ပေ။ ထိုအရာသည် လုံးဝ မတန်ပေ။ ယင်းမှာ မိုက်မဲသည့်၊ မသိနားမလည်သော လူများ လုပ်ဆောင်မည့်အရာ ဖြစ်သည်။

လူအချို့သည် သီချင်းဆိုသောအခါ အနေတော်ကီးကိုသာ သီဆိုနိုင်ပြီး မည်မျှပင် လေ့ကျင့်သည်ဖြစ်စေ မြင့်သောကီးများကို မသီဆိုနိုင်ကြပေ။ သို့ဆိုလျှင် ဤအရာနှင့်ပတ်သက်၍ အဘယ်အရာ လုပ်ဆောင်နိုင်သနည်း။ အနေတော်ကီးနှင့် နိမ့်သောကီး အတိုင်းအတာအတွင်းရှိ သံစဉ်များကိုသာ ဆိုလော့။ ထိုသံစဉ်များကို ကောင်းစွာဆိုနိုင်ရုံမျှဖြင့် အဆင်ပြေပါသည်။ သင်က “ကျွန်ုပ်သည် အနေတော်ကီးများကို ကောင်းစွာ ဆိုနိုင်ပါသည်။ ကျွန်ုပ်သည် မြင့်သောကီးများကို ဆိုနိုင်ရန် ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ချင်သည်” ဟုဆိုလျက် သင့်ကိုယ်သင် အဆက်မပြတ် စိန်ခေါ်လိုလျှင် သင်သည် ဤစိန်ခေါ်မှုတွင် အောင်မြင်လျှင်ပင် အဓိပ္ပာယ်မဲ့မည်ဖြစ်ပြီး သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု ဆိုလိုမည်မဟုတ်ပေ။ အလွန်ဆုံးအနေဖြင့် သင်သည် အပိုစွမ်းရည်တစ်ခုကို ရရှိခဲ့သည်၊ အပိုတာဝန်တစ်ခုကို ထမ်းဆောင်နိုင်သည်၊ သီချင်းအချို့ကို ပို၍ဆိုနိုင်သည်၊ အနည်းငယ်ပို၍ ထင်ပေါ်ကျော်ကြားနိုင်သည်ဟုသာ ဆိုလိုပေမည်။ သို့သော် မည်သည့်အရာဖြစ်မည်နည်း။ ပို၍ ထင်ပေါ်ကျော်ကြားခြင်းက သင်သည် သမ္မာတရားကို ပို၍ လက်တွေ့လုပ်ဆောင်နေသည်ဟု ဆိုလိုသလော။ ဤအရာနှစ်ခုကြားတွင် ဆက်စပ်မှုတစ်ခု ရှိသလော။ (မရှိပါ။) သင်သည် အနေတော်ကီးများကို ဆိုနိုင်လျှင် ယင်းတို့ကို ကောင်းစွာဆိုလော့။ သင်သည် မြင့်သောကီးများကို ကောင်းစွာမဆိုနိုင်သော်လည်း ယင်းတို့ကိုဆိုရန် အားစိုက်၍ မရမကဆိုပြီး နောက်ဆုံးတွင် ယင်းတို့ကို မှန်ကန်စွာ မဆိုနိုင်ဘဲ ပင်ပန်းနွမ်းနယ်မှုကြောင့်လည်း သင့်ကိုယ်သင် ဖျားနာစေသည်ဆိုလျှင် ဘုရားသခင်သည် ဤအရာကို အသိအမှတ်ပြုမည် မဟုတ်ပေ။ သင်သည် မြင့်သောကီးများကို၊ သို့မဟုတ် အနေတော်ကီးများကို ဆိုနိုင်သည်ဖြစ်စေ၊ မဆိုနိုင်သည်ဖြစ်စေ အရေးမကြီးပေ၊ သင်သည် ကောင်းစွာသီဆိုနိုင်သရွေ့ သင်၏ တာဝန်တွင် သစ္စာစောင့်သိပြီး သင်၏ အစွမ်းရှိသမျှကို ပေးသရွေ့ ဝတ်ကျေတမ်းကျေလုပ်ခြင်းမရှိဘဲ၊ သို့မဟုတ် ကောက်ကျစ်စဉ်းလဲပြီး ခိုကပ်ခြင်းမရှိဘဲ၊ သို့မဟုတ် ဒုစရိုက်အမှုများကို ထင်ရာစိုင်းကျူးလွန်ခြင်းမရှိဘဲ၊ သို့မဟုတ် ဟိတ်ကြီးဟန်ကြီးနိုင်သော အတွေးအခေါ်များကို တတွတ်တွတ်ပြောခြင်းမရှိဘဲ နည်းစနစ်ပိုင်းတွင်ဖြစ်စေ၊ စိတ်ခံစားမှုပိုင်းတွင်ဖြစ်စေ၊ အသံအရည်အသွေးပိုင်းတွင်ဖြစ်စေ၊ သံစဉ်ပိုင်းတွင်ဖြစ်စေ စံမီပြီး လှပကာ နှလုံးသားကိုထိစေသည့် နည်းလမ်းဖြင့် သီဆိုရန်နှင့် လူတို့ကို လှုပ်ရှားစေနိုင်ပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် လူတို့၏ စိတ်နှလုံးများကို ငြိမ်သက်စေနိုင်ကာ သင့်ကို နားထောင်သောအခါ လူတို့ကို တည်ဆောက်မှုဖြစ်စေနိုင်သည့် နည်းလမ်းဖြင့် သီဆိုရန် ကြိုးပမ်းနေသရွေ့ ဤသည်မှာ စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်သည်။ သင်သည် သင်၏ ကန့်သတ်ချက်များကို အမြဲ စိန်ခေါ်လိုလျှင်လည်းကောင်း၊ တစ်ကိုယ်ရေ အောင်မြင်မှုများရရှိရန်နှင့် သင့်ကိုယ်သင် တိုးတက်သည်ထက် တိုးတက်အောင်လုပ်ဖို့ အမြဲလိုလားနေလျှင်လည်းကောင်း ဤသည်မှာ သင်၏ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ထုတ်ဖော်နေခြင်းဖြစ်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်ပေ။ သင်သည် သင်၏ ကိုယ်ပိုင်အလုပ်ကို ကောင်းစွာ လုပ်ဆောင်ပြီးနောက်တွင်လည်းကောင်း၊ သင်အောင်မြင်နိုင်သည့်အရာကို ကောင်းစွာ လုပ်ဆောင်ပြီးနောက်တွင်လည်းကောင်း သင်၏ အားလပ်ချိန်၌ သင်၏ တာဝန်အတွက် အသုံးဝင်သောအရာတစ်ခုခုကို သင်ယူခြင်းသည် အဆင်ပြေပါသည်၊ သို့သော် ဤသည်မှာ ဘုရားသခင် တောင်းဆိုသည့်အရာ မဟုတ်ပေ။ သင်သည် အနေတော်ကီးများကို ကောင်းစွာဆိုပြီး သင်၏ အားလပ်ချိန်တွင် မြင့်သောကီးများကို ဆိုရန် လေ့ကျင့်သည် ဆိုပါစို့။ အချိန်ကာလတစ်ခုကြာပြီးနောက် သင်သည် အောင်မြင်မှုတစ်ခု ရရှိပြီး နှစ်နှစ် သို့မဟုတ် သုံးနှစ်ကြာ ကြိုးစားလုပ်ဆောင်ပြီးနောက်တွင် သင်သည် မြင့်သောကီးများကိုလည်း ကောင်းစွာသီဆိုနိုင်လာသည်။ သင်သည် အနေတော်ကီးနှင့် မြင့်သောကီး နှစ်မျိုးလုံးကို ဆိုနိုင်ပြီး ဤတာဝန်နှစ်ခုလုံးကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်သည်၊ သင်သည် ဤတာဝန်နှစ်ခုလုံးကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ထမ်းဆောင်နိုင်ပြီး ဝတ်ကျေတမ်းကျေလုပ်ခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း သို့မဟုတ် ခိုကပ်ခြင်း သို့မဟုတ် ဟိတ်ကြီးဟန်ကြီးနိုင်သော အတွေးအခေါ်များကို ထုတ်ပြောခြင်းမရှိဘဲ သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် သီဆိုနိုင်သည် ဆိုပါစို့။ ဤသည်မှာ သာ၍ပင် ကောင်းမွန်သည်၊ ယင်းမှာ ကောင်းမှုတစ်ခုဖြစ်ပြီး ဘုရားသခင်သည် ယင်းကို အသိအမှတ်ပြုပေမည်။ သို့သော် သင်သည် ဤအရာကို မအောင်မြင်နိုင်ဘဲ “ဘုရားသခင်က ကျွန်ုပ်အပေါ် မျှော်လင့်ချက်ကြီးကြီးထားသည်၊ ကျွန်ုပ်က အနေတော်ကီးများသာဆိုလျှင် ကောက်ကျစ်စဉ်းလဲပြီး ခိုကပ်နေခြင်း မဟုတ်လော။ ဘုရားသခင် စိတ်ကျေနပ်မှုမရှိပါ” ဟု အမြဲတွေးနေသေးသည် ဆိုပါစို့။ ယင်းမှာ သင်၏ ကိုယ်ပိုင်စိတ်ကူး ဖြစ်သည်။ သင်သည် ဘုရားသခင်အကြောင်းကို မှန်းဆနေခြင်းဖြစ်ပြီး “မြင့်မြတ်သူကို ယုတ်ညံ့သူ၏ စံနှုန်းများဖြင့် အကဲဖြတ်ခြင်း” ကို ကျင့်သုံးနေခြင်း ဖြစ်သည်။ ဘုရားသခင်သည် သင့်အပေါ်၌ ထိုသို့သော တောင်းဆိုချက်များကို မထားရှိခဲ့ပေ။ ဘုရားသခင် သင့်ထံမှ တောင်းဆိုသည့်အရာမှာ သင်၏ ပင်ကို အစွမ်းအစနှင့် စွမ်းရည်များ၏ အတိုင်းအတာအတွင်း သင်လုပ်ဆောင်သင့်သည့်အရာကို ကောင်းစွာ လုပ်ဆောင်ရန်ဖြစ်ပြီး သင်သည် ယင်းကို ဘုရားသခင် တောင်းဆိုသော စည်းမျဉ်းများနှင့်အညီ ကောင်းစွာ လုပ်ဆောင်လျှင် ဘုရားသခင်သည် သင့်အား အမှတ်ပြည့် ပေးပြီးဖြစ်ပေမည်။ သို့သော် သင်အောင်မြင်နိုင်သည့်အရာကို ကောင်းစွာလုပ်ဆောင်ရန် သင်မကြိုးစားလျှင်လည်းကောင်း၊ သင်သည် ယင်းကို စည်းမျဉ်းများနှင့်အညီ မလုပ်ဆောင်လျှင်လည်းကောင်း၊ သင်သည် အမြဲ ကောက်ကျစ်စဉ်းလဲပြီး ခိုကပ်ကာ ဟိတ်ကြီးဟန်ကြီးနိုင်သော အတွေးအခေါ်များကို အမြဲထုတ်ပြောလိုနေလျှင်လည်းကောင်း၊ သင်သည် အမျိုးမျိုးသော သီဆိုခြင်းနည်းစနစ်များကို မလေ့ကျင့်ဘဲ သင်၏ ကန့်သတ်ချက်များကို စိန်ခေါ်လိုနေသေးလျှင်လည်းကောင်း သင် ဤသို့ပြုမူခြင်းသည် ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းဖြစ်ပြီး မာနထောင်လွှားမှုနှင့် မသိနားမလည်မှု၏ သရုပ်သကန်တစ်ခုဖြစ်ကာ ဘုရားသခင်သည် နှစ်သက်မည်မဟုတ်ပေ။ ကိုယ်တော်က “ဤလူသည် အနေတော်ကီးများကို ဆိုနိုင်ပြီး မြင့်သောကီးများကိုလည်း ဆိုရန် ကြိုးစားနေသည်။ သူသည် အမြင့်သံများကို ကောင်းစွာ မဆိုနိုင်သော်လည်း ဤသည်မှာ သူ့ဘက်မှ အတော်လေး စေတနာရှိခြင်းဖြစ်ပြီး ယင်းသည် လုံလောက်ပြီ” ဟု လုံးဝပြောဆိုမည် မဟုတ်ပေ။ ဘုရားသခင်သည် သင့်ကို ထိုနည်းလမ်းဖြင့် ရှုမြင်မည်မဟုတ်သောကြောင့် သင့်ကိုယ်သင် ကျေနပ်မနေနှင့်။ ဘုရားသခင်က သင်သည် မိမိ၏နေရာ၊ ဂုဏ်အဆင့်အတန်းတို့နှင့်အညီ ကျင့်ကြံပြုမူခြင်း ရှိမရှိနှင့် သင်သည် ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ကောင်းစွာထမ်းဆောင်သူတစ်ဦး ဟုတ်မဟုတ်ကိုသာ စောင့်ကြည့်လေ့လာသည်။ ကိုယ်တော်သည် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားသခင် သင့်အား ပေးထားသော ပင်ကိုအခြေအနေများအောက်၌ သင်၏ စိတ်နှလုံးနှင့် အစွမ်းသတ္တိ အားလုံးကို အသုံးပြုခြင်း ရှိမရှိနှင့် သင်သည် စည်းမျဉ်းများနှင့်အညီ ပြုမူပြီး ဘုရားသခင် အလိုရှိသောရလဒ်များကို ရရှိအောင်မြင်ခြင်း ရှိမရှိကို စောင့်ကြည့်လေ့လာသည်။ သင်သည် ဤအရာအားလုံးကို ပြီးမြောက်အောင်မြင်နိုင်လျှင် ဘုရားသခင်သည် သင့်အား အမှတ်ပြည့်ပေးသည်။ သင်သည် အမှုအရာများကို ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ မလုပ်ဆောင်ဘဲ သင်ကြိုးစားပြီး အားထုတ်လျှင်ပင် သင်လုပ်ဆောင်သမျှ အားလုံးသည် သင့်ကိုယ်သင် ကြွားလုံးထုတ်ပြီး ကိုယ်ရည်သွေးခြင်းသာဖြစ်ကာ သင်သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ မလုပ်ဆောင် သို့မဟုတ် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် သင်၏ စိတ်နှလုံးနှင့် အစွမ်းသတ္တိအားလုံးကို မပေးဟုဆိုပါစို့။ ထိုသို့ဆိုလျှင် သင်၏ သရုပ်သကန်များနှင့် အပြုအမူသည် ဘုရားသခင်အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်က ယင်းတို့ကို စက်ဆုပ်ရွံရှာသနည်း။ ဘုရားသခင်က သင်သည် လုပ်သင့်လုပ်ထိုက်သော တာဝန်များအပေါ် အာရုံမစိုက်၊ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ သို့မဟုတ် ဉာဏ်စွမ်းရှိသမျှ မထည့်ထားဘဲ လမ်းကြောင်းမှန်ကို မလိုက်လျှောက်ဟု မိန့်တော်မူသည်။ ဘုရားသခင် သင့်အား ပေးထားသော အစွမ်းအစ၊ ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်များသည် လုံလောက်ပြီးဖြစ်သည်၊ သင်ကသာ စိတ်ကျေနပ်မှုမရှိခြင်း၊ သင်၏ တာဝန်ကို စိတ်ရောကိုယ်ပါ သစ္စာမစောင့်သိခြင်း၊ သင်၏နေရာကို မည်သည့်အခါမျှ မသိခြင်း၊ ဟိတ်ကြီးဟန်ကြီးနိုင်သော အတွေးအခေါ်များကို ထုတ်ပြောပြီး ကိုယ်ရည်သွေးရန် အမြဲလိုလားနေခြင်းဖြစ်ပြီး နောက်ဆုံးတွင် သင်၏ တာဝန်များကို ကမောက်ကမဖြစ်စေသည်။ သင်သည် ဘုရားသခင် သင့်အား ပေးထားသော အစွမ်းအစ၊ ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်များကို အသုံးမချခဲ့ပေ၊ သင်သည် အပြည့်အဝ အားမထုတ်ခဲ့သကဲ့သို့ မည်သည့်ရလဒ်ကိုမျှ မရရှိခဲ့ပေ။ သင်သည် အတော်လေး အလုပ်များနေနိုင်သော်လည်း ဘုရားသခင်က သင်သည် ကိုယ့်နေရာကိုယ် သိကာ မိမိ၏ လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းဆောင်တာများကို အာရုံစိုက်သော လူတစ်ဦးမဟုတ်ဘဲ လူပြက်တစ်ဦးကဲ့သို့ ဖြစ်သည်ဟု မိန့်တော်မူသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို မနှစ်သက်ပေ။ ထို့ကြောင့် သင်၏ အစီအစဉ်များနှင့် ပန်းတိုင်များက မည်သို့ပင်ဖြစ်စေ၊ အဆုံးတွင် သင်သည် ဘုရားသခင် သင့်အား ပေးထားသော ပင်ကို အစွမ်းအစ၊ ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်များ၊ လုပ်နိုင်စွမ်းများနှင့် အခြားအခြေအနေများကို အခြေခံ၍ သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတို့ဖြင့် ဘုရားသခင် တောင်းဆိုသော စည်းမျဉ်းများနှင့်အညီ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသို့ မရောက်လျှင် ဘုရားသခင်သည် သင်လုပ်ဆောင်ခဲ့သည့်အရာကို အမှတ်ရမည်မဟုတ်ဘဲ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်ဘဲ မကောင်းမှုကို ပြုနေခြင်းသာ ဖြစ်ပေလိမ့်မည်။

သင်၏ ပင်ကိုအခြေအနေများဖြစ်သော သင်၏ ကိုယ်ပိုင်အခြေအနေများ၊ အားသာချက်များနှင့် ချို့ယွင်းချက်များကို မှန်ကန်စွာ ချဉ်းကပ်နည်းအတွက် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းကို သင်တို့ နားလည်ပြီလော။ (နားလည်ပါပြီ။) ပထမအဆင့်မှာ အဘယ်အရာနည်း။ ပထမဦးစွာ ဘုရားသခင် သင့်အား ပေးထားသော ပင်ကိုနှင့် ရှိရင်းစွဲ ဆုကျေးဇူးများ၊ စွမ်းရည်များနှင့် အားသာချက်များအပြင် သင်ရယူအောင်မြင်နိုင်သည့် နည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို အပြည့်စုံဆုံး အသုံးချလော့၊ ထိမ်ချန်မထားနှင့်။ ဤအရာအားလုံးနှင့်ပတ်သက်၍ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေပြီးဖြစ်သည့်အပြင် သင်သည် တစ်ဆင့်ထက်တစ်ဆင့် ပို၍မြင့်မားလာနိုင်သေးသည်ဟု ခံစားရလျှင် သင်၏ အစွမ်းအစက အောင်မြင်နိုင်သည့် အတိုင်းအတာအတွင်း သင်တိုးတက်နိုင်သော သို့မဟုတ် အောင်မြင်မှုရနိုင်သော မည်သည့် နည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ ရှိသည်ကို ကြည့်ရှုလော့။ သင်၏ ကိုယ်ပိုင်အစွမ်းအစဖြင့် သင်ရရှိနိုင်သည့်အရာကို အခြေခံ၍ ဆက်လက်သင်ယူပြီး တိုးတက်နိုင်သည်။ သို့ဆိုလျှင် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် မိမိ၏ အယူအဆများနှင့် စိတ်ကူးများကို စွန့်လွှတ်ရန် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ သင်သည် သင်၏ ပင်ကိုအခြေအနေများကား အဘယ်အရာဖြစ်သည်၊ ဘုရားသခင်က သင့်အား အဘယ်အရာ ပေးထားသည်၊ သင်သည် ဤအရာများကို မည်သို့ အသုံးပြုသင့်သည်၊ ယင်းတို့၏ အလားအလာအပြည့်အဝကို မည်သို့ ထုတ်ဖော်စေပြီး ယင်းတို့ကို အပြည့်စုံဆုံး အသုံးချကာ သင်၏ တာဝန်ကို စိတ်ရောကိုယ်ပါ သစ္စာစောင့်သိ၍ ထမ်းဆောင်ခြင်းသို့ ရောက်လာရန်အတွက် ယင်းတို့ကို အတားအဆီးများအဖြစ်သို့ ပြောင်းလဲမည့်အစား အခြေခံအခြေအနေများအဖြစ်သို့ မည်သို့ ပြောင်းလဲရမည်ကို နားလည်ရမည်။ သင်သည် ကိုယ့်အားသာချက်များကိုယ် နားလည်ပြီး ယင်းတို့ကို အသုံးချလော့။ သင်၏ ကိုယ်ပိုင်ဟာကွက်များနှင့် ချို့ယွင်းချက်များကို နားလည်ပြီး အချိန်တိုအတွင်း ပြောင်းလဲနိုင်လျှင် ပြောင်းလဲလော့၊ ပြောင်းလဲရန် မလွယ်ကူလျှင် သင်၏ တာဝန်ကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် ယင်းတို့ကို ခလုတ်တံသင်းများ သို့မဟုတ် အတားအဆီးများ မဖြစ်စေနှင့်၊ ယင်းတို့၏ ဘောင်ခတ်ခြင်း သို့မဟုတ် လွှမ်းမိုးခြင်းကို မခံနှင့်၊ ယင်းတို့၏ ချည်နှောင်ခြင်း သို့မဟုတ် လက်ခြေများ ချည်နှောင်ခံရခြင်းကို မခံနှင့်။ ဥပမာအားဖြင့် သင်သည် ကျန်းမာရေးမကောင်းဘဲ အားနည်းသော ကိုယ်ခန္ဓာဖြင့် မွေးဖွားလာပြီး ဤအရာကို အဆက်မပြတ် ကျော်လွှားလိုကာ ပုံမှန်လူတစ်ဦးကဲ့သို့ စားနိုင်၊ သောက်နိုင်ပြီး ညဉ့်နက်သည်အထိ နေနိုင်လိုသော်လည်း ဘုရားသခင်က သင့်အား ထိုအရင်းအနှီးကို မပေးခဲ့ဟု ဆိုကြပါစို့။ သို့ဆိုလျှင် သင်သည် သင်၏ ကိုယ်ပိုင်အခြေအနေများကို အခြေခံ၍ နေ့ရက်တိုင်းကို ရင်ဆိုင်သင့်ပြီး ဘုရားသခင် တောင်းဆိုသော စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်သင့်သည်။ သင့်ကိုယ်သင် စိန်မခေါ်နှင့်၊ သင်၏ ကိုယ်ပိုင်ဟာကွက်များနှင့် ချို့ယွင်းချက်များကို ဘုရားသခင်နောက်လိုက်ခြင်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းဟူသော သင်၏ လမ်းကြောင်းပေါ်တွင် ခလုတ်တံသင်းများနှင့် အတားအဆီးများ မဖြစ်စေနှင့်၊ သင့်အား အပျက်သဘောဆောင်စေရန် မီးစမဖြစ်စေနှင့်၊ သင်၌ အချို့သော ချို့ယွင်းချက်များ၊ ဟာကွက်များနှင့် မလုံလောက်မှုများ ရှိရုံဖြင့် သမ္မာတရားကို လိုက်စားခြင်းကို သို့မဟုတ် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းကို သာ၍ပင် မစွန့်လွှတ်နှင့်၊ သို့မဟုတ် အခြားသူများအပေါ် မနာလိုခြင်းနှင့် မုန်းတီးခြင်း မခံစားနှင့်၊ ဤအရာများထဲမှ တစ်ခုမျှ မရှိသင့်ပေ။ သင်သည် သင်၏ ကိုယ်ပိုင်ချို့ယွင်းချက်များနှင့် ဟာကွက်များကို မှန်ကန်စွာ ချဉ်းကပ်ရမည်၊ သင်သည် ယင်းတို့ကို မပြောင်းလဲနိုင်လျှင် ယင်းတို့ကို တည်ရှိခွင့်ပြုသင့်ပြီး ထို့နောက် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် သမ္မာတရားကို ရှာဖွေကာ ယင်းတို့ကို မှန်ကန်စွာ ချဉ်းကပ်နိုင်ပြီး ယင်းတို့၏ ဘောင်ခတ်ခြင်းကို မခံရသင့်ပေ။ အဘယ်ကြောင့် သင်သည် ထိုသို့လုပ်ဆောင်ရသနည်း။ ဤသည်မှာ ပုံမှန် လူ့သဘာဝ၌ ရှိသင့်သည့် ဆင်ခြင်တုံတရားပင် ဖြစ်သည်။ သင့်လူ့သဘာဝ၏ အသိစိတ်က ပုံမှန်ဖြစ်လျှင် မှန်ကန်သည့် ပုံစံဖြင့် သင်၏ ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများကို သင် ရင်ဆိုင်သင့်သည်။ ယင်းတို့ကို သင် အသိအမှတ်ပြုကာ လက်ခံသင့်သည်။ ဤသည်မှာ သင့်အတွက် အကျိုးရှိပေသည်။ ယင်းတို့ကို လက်ခံခြင်းဟူသည်မှာ ယင်းတို့၏ ဘောင်ခတ်မှုကို ခံရခြင်းကို မဆိုလိုသကဲ့သို့ ယင်းတို့ကြောင့် မကြာခဏ အပျက်သဘောဆောင်နေခြင်းကိုလည်း ဆိုလိုခြင်းမဟုတ်ဘဲ ထိုအစား ယင်းတို့၏ ဘောင်ခတ်မှု မခံရဘဲ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင် သာမန်တစ်ဦးသာဖြစ်၍ မိမိကိုယ်ပိုင် ချို့ယွင်းချက်များနှင့် အားနည်းချက်များရှိကာ ဝါကြွားစရာ တစ်စက်မျှ မရှိကြောင်း၊ တာဝန်ထမ်းဆောင်ရန် လူတို့ကို ချီးမြှောက်သောသူမှာ ဘုရားသခင်ဖြစ်ကြောင်းနှင့် ဘုရားသခင်သည် သူတို့အား ကယ်တင်ခြင်းကို ရရှိစေပြီး စာတန်၏ စွမ်းအား လွတ်မြောက်စေရန်အလို့ငှာ သူတို့အတွင်းသို့ ကိုယ်တော်၏ နှုတ်ကပတ်တော်နှင့် အသက်ကို သွင်းပေးရန် ရည်ရွယ်ကြောင်း၊ ဤသည်မှာ ဘုရားသခင်က လူတို့ကို ချီးမြှောက်ခြင်းသာ လုံးဝဥဿုံ ဖြစ်ကြောင်းကို အသိအမှတ်ပြုခြင်းကို ဆိုလိုပေသည်။ လူတိုင်းတွင် ချို့ယွင်းချက်များနှင့် အားနည်းချက်များ ရှိကြသည်။ သင်သည် သင်၏ ချို့ယွင်းချက်များနှင့် အားနည်းချက်များကို သင်နှင့်အတူ ယှဉ်တွဲတည်ရှိခွင့်ပြုသင့်၏။ ယင်းတို့ကို ရှောင်ကြဉ်ခြင်း သို့မဟုတ် ဖုံးကွယ်ခြင်း မပြုပါနှင့်။ ယင်းတို့ကြောင့် စိတ်ထဲ၌ မကြာခဏ ဖိနှိပ်ခံစားရခြင်း သို့မဟုတ် အမြဲတစေ သိမ်ငယ်စိတ် ဝင်နေခြင်းမျိုးလည်း မဖြစ်သင့်ပေ။ သင်သည် မနိမ့်ကျပေ။ သင်သည် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှဖြင့်၊ အစွမ်းကုန် ထမ်းဆောင်နိုင်ပြီး ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခုရှိလျှင် ဘုရားသခင်၏ ရှေ့မှောက်၌ သင်သည် ရွှေတမျှတန်ဖိုးရှိပေသည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် အဖိုးအခ မပေးနိုင်သကဲ့သို့ သစ္စာစောင့်သိမှု ကင်းမဲ့လျှင် သင်၏ မွေးရာပါ အခြေအနေများက ထိုသာမန်လူထက် ပိုကောင်းလျှင်ပင် ဘုရားသခင်၏ ရှေ့မှောက်၌ သင်သည် တန်ဖိုးမရှိ၊ သင်သည် သဲတစ်ပွင့်မျှပင် တန်ဖိုးမရှိပေ။ သင်နားလည်ပြီလော။ (နားလည်ပါပြီ။) သင်၏ ပင်ကိုရုပ်ရည်ဖြစ်စေ၊ သင်၏ ပင်ကိုအစွမ်းအစနှင့် ပင်ကိုစွမ်းရည်များဖြစ်စေ၊ သင်၏ လူ့သဘာဝ၏ အသွင်အပြင်တစ်ရပ်ရပ်၏ ချို့ယွင်းချက်များနှင့် မလုံလောက်မှုများဖြစ်စေ ယင်း၏ ဘောင်ခတ်ခြင်းကို မခံရစေနှင့်၊ ပြီးလျှင် သင်၏ ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှုကို သက်ရောက်မှု မရှိစေနှင့်၊ သင်၏ သမ္မာတရားကို လိုက်စားခြင်းအပေါ် သက်ရောက်မှုမရှိစေနှင့်၊ ပြီးလျှင် မုချပင် သင်၏ ကယ်တင်ခြင်းတည်းဟူသော ကြီးမြတ်သည့်ကိစ္စရပ်အပေါ် ပို၍ပင် သက်ရောက်မှုမရှိစေနှင့်။ သင်သည် သင်၏ ချို့ယွင်းချက်များနှင့် မလုံလောက်မှုများကို မှန်ကန်စွာ ချဉ်းကပ်သင့်ပြီး ယင်းတို့အား သင်နှင့်အတူ ယှဉ်တွဲတည်ရှိခွင့်ပြုသင့်သည်၊ ဆိုလိုသည်မှာ သင်သည် ယင်းတို့ကို ပြောင်းလဲရန် မကြိုးစားသင့်တော့ပေ၊ အကြောင်းမှာ ယင်းတို့သည် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတို့ဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် အနည်းငယ်မျှ သက်ရောက်မှုရှိမည်မဟုတ်သကဲ့သို့ မုချပင် ယင်းတို့သည် စည်းမျဉ်းများနှင့်အညီ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ်လည်း သက်ရောက်မှု ရှိမည်မဟုတ်ပေ၊ သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ တစ်သက်တာ သမ္မာတရားကို လိုက်စားခြင်းအပေါ် သာ၍ပင် သက်ရောက်မှု ရှိမည်မဟုတ်သကဲ့သို့ သမ္မာတရားကို လိုက်စားသည့် ဖြစ်စဉ်တွင် လူများနှင့် အမှုအရာများကို သင် ရှုမြင်ပုံနှင့် သင်ကိုယ်တိုင် ကျင့်ကြံပြုမူပြီး လုပ်ဆောင်ပုံတို့ကိုလည်း သက်ရောက်မှု ရှိမည်မဟုတ်ပေ။ မုချပင် သင်သည် “ဤဟာကွက်ကို မပြနှင့်၊ အခြားသူများကို ကျွန်ုပ်၏ ချို့ယွင်းချက်များကို မမြင်စေနှင့်၊ အခြားသူများကို ကျွန်ုပ်အား အထင်မသေးစေနှင့်” ဟုတွေးလျက် သင့်ကိုယ်သင် တောင်းဆိုမှုများ အစဉ်သဖြင့် မလုပ်သင့်ပေ။ သင်ထိုသို့လုပ်လျှင် သင်သည် အလွန်ပင်ပန်းသော ဘဝဖြင့် အသက်ရှင်ရလိမ့်မည်။ သင်သည် သင်၏ ချို့ယွင်းချက်များနှင့် ဟာကွက်များကို သင်နှင့်အတူ ယှဉ်တွဲတည်ရှိခွင့်ပြုလျှင် ယင်းတို့ကို တည်ရှိခွင့်ပြုလော့၊ အခြားသူများက သင်၏ ချို့ယွင်းချက်များကို မြင်လျှင်ပင် ဤသည်မှာ သင့်အတွက် အကျိုးရှိနိုင်ပြီး သင်မာနထောင်လွှားကာ စိတ်ကြီးဝင်ခြင်းမှ ကာကွယ်ပေးသည့် အကာအကွယ်တစ်ခုလည်း ဖြစ်သည်။ မုချပင် လူများစွာအတွက် မိမိတို့၏ ကိုယ်ပိုင်ချို့ယွင်းချက်များနှင့် ဟာကွက်များကို ထုတ်ဖော်ရန် သတ္တိလိုအပ်သည်။ အချို့လူများက “လူတိုင်းက မိမိတို့၏ အားသာချက်များနှင့် ကောင်းကွက်များကို ထုတ်ဖော်ကြသည်။ မည်သူကများ မိမိတို့ကိုယ်တိုင်၏ အားနည်းချက်များနှင့် ချို့ယွင်းချက်များကို တမင်သက်သက် ထုတ်ဖော်မည်နည်း” ဟုဆိုကြသည်။ သင်က ယင်းတို့ကို တမင်သက်သက် ထုတ်ဖော်ခြင်းမဟုတ်ဘဲ ယင်းတို့ကို ထုတ်ဖော်ခံရခွင့်ပြုခြင်း ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် ကြောက်တတ်ပြီး လူများစွာရှိသည့်အခါ စကားပြောရန် မကြာခဏ စိတ်လှုပ်ရှားလျှင် သင်သည် အခြားသူများကို “ကျွန်ုပ်က စကားပြောလျှင် အလွယ်တကူ စိတ်လှုပ်ရှားတတ်သည်၊ လူတိုင်းက နားလည်ပေးပြီး ကျွန်ုပ်ကို အပြစ်မတင်ဖို့ ကျွန်ုပ် တောင်းဆိုပါသည်” ဟု အလျင်ဦးအောင် ပြောနိုင်သည်။ သင်သည် သင်၏ ချို့ယွင်းချက်များနှင့် ဟာကွက်များကို လူတိုင်းအား မိမိဘာသာ ထုတ်ဖော်ခြင်းဖြင့် ၎င်းတို့က သင့်ကို နားလည်ပေးပြီး သည်းခံနိုင်ရန်နှင့် လူတိုင်းက သင့်ကို သိလာစေရန် ဖြစ်သည်။ လူတိုင်းက သင့်ကို ပို၍သိလာလေလေ၊ သင်၏ စိတ်နှလုံးသည် ပို၍ စိတ်သက်သာရာရလေလေဖြစ်ပြီး သင်သည် သင်၏ ချို့ယွင်းချက်များနှင့် ဟာကွက်များ၏ ဘောင်ခတ်ခြင်းကို ခံရခြင်း နည်းပါးလေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ အမှန်တကယ်တွင် သင့်အတွက် အကျိုးရှိပြီး အထောက်အကူ ဖြစ်ပေလိမ့်မည်။ သင်၏ ချို့ယွင်းချက်များနှင့် ဟာကွက်များကို အမြဲဖုံးကွယ်ထားခြင်းက သင်သည် ၎င်းတို့နှင့်အတူ ယှဉ်တွဲတည်ရှိလိုခြင်းမရှိကြောင်း သက်သေပြသည်။ သင်သည် ယင်းတို့ကို သင်နှင့်အတူ ယှဉ်တွဲတည်ရှိခွင့်ပြုလျှင် ယင်းတို့ကို ထုတ်ဖော်ရမည်၊ ရှက်သည်ဟု သို့မဟုတ် စိတ်ဓာတ်ကျသည်ဟု မခံစားနှင့်၊ အခြားသူများထက် နိမ့်ကျသည်ဟု မခံစားနှင့်၊ သို့မဟုတ် သင်သည် မကောင်းဟုဖြစ်စေ၊ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိဟုဖြစ်စေ၊ ရှက်စရာဖြစ်သည်ဟုဖြစ်စေ မထင်နှင့်။ သင်သည် သမ္မာတရားကို လိုက်စားနိုင်သရွေ့၊ သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတို့ဖြင့် စည်းမျဉ်းများနှင့်အညီ သင်၏ တာဝန်ကို ထမ်းဆောင်နိုင်သရွေ့၊ သင်၏ စိတ်နှလုံးသည် ရိုးသားဖြောင့်မတ်ပြီး သင်သည် ဘုရားသခင်အပေါ် ဝတ်ကျေတမ်းကျေလုပ်နေခြင်း မဟုတ်သရွေ့ သင်သည် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသည်။ တစ်စုံတစ်ဦးက “သင် မည်မျှ အသုံးမကျဘဲ ကြောက်တတ်လိုက်သည်ကို ကြည့်လော့။ စကားအနည်းငယ် ပြောရုံမျှဖြင့် သင်ထိုမျှ စိတ်လှုပ်ရှားပြီး သင်မျက်နှာတစ်ခုလုံး နီရဲသွားသည်” ဟုဆိုလျှင် သင်က “ကျွန်ုပ်က အစွမ်းအစညံ့ပြီး လုံးစေ့ပတ်စေ့ မပြောတတ်ပါ။ သင်တို့က ကျွန်ုပ်ကို အားပေးလျှင် စကားပြောလေ့ကျင့်ဖို့ သတ္တိရှိလာမည်ဖြစ်သည်” ဟု ဆိုသင့်သည်။ သင်သည် မတော်ဟုဖြစ်စေ၊ သင်သည် ရှက်စရာတစ်ခု ဖြစ်သည်ဟုဖြစ်စေ မထင်လေနှင့်။ ဤအရာများသည် သင်၏ ချို့ယွင်းချက်များနှင့် သင်၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာများ ဖြစ်ကြောင်း သင်သိသောကြောင့် ယင်းတို့ကို ရင်ဆိုင်ပြီး လက်ခံသင့်သည်။ ယင်းတို့ကြောင့် မည်သည့်နည်းနှင့်မျှ အထိခိုက် မခံနှင့်။ ဤချို့ယွင်းချက်များနှင့် ဟာကွက်များ မည်သည့်အချိန်တွင် ပြောင်းလဲမည်ကိုမူ သင်ကိုယ်တိုင် စိတ်မပူနှင့်။ ဤနည်းလမ်းဖြင့် ပုံမှန်အသက်ရှင်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရန်သာ အာရုံစိုက်လော့။ သင်သည် ဤအရာကိုသာ အမှတ်ရရမည်။ လူ့သဘာဝ၏ ဤချို့ယွင်းချက်များနှင့် ဟာကွက်များသည် အပျက်သဘောဆောင်သော အရာများ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မဟုတ်ကြပေ၊ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မဟုတ်သရွေ့ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း သို့မဟုတ် သင်၏ သမ္မာတရားကို လိုက်စားခြင်းအပေါ် သက်ရောက်မှု ရှိမည်မဟုတ်သကဲ့သို့ သင်၏ ကယ်တင်ခြင်းကို ရရှိခြင်းအပေါ် သာ၍ပင် သက်ရောက်မှုရှိမည်မဟုတ်ပေ၊ မုချပင် သာ၍အရေးကြီးသည်မှာ ယင်းတို့သည် ဘုရားသခင် သင့်အား ရှုမြင်ပုံအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ခြင်း ဖြစ်သည်။ ယင်းက သင့်စိတ်ကို သက်သာရာရစေသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် အခြားလူများ၏ အထင်သေးခြင်းကို ခံရမည်ကို စိုးရိမ်နေသေးလျှင် ယင်းမှာ သင်၏ မာနထောင်လွှားသော စိတ်သဘောထား၏ ပြဿနာဖြစ်ပြီး သင်သည် မာနထောင်လွှားသော ဤစိတ်သဘောထားကို ဖြေရှင်းရမည်။ ဤသည်မှာ သင်၏ ကိုယ်ပိုင်ချို့ယွင်းချက်များနှင့် ဟာကွက်များကို မှန်ကန်စွာ ချဉ်းကပ်ရန် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း ဖြစ်သည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းက သင့်အား ဤအရာများကို စွန့်လွှတ်ရန်နှင့် ၎င်းတို့၏ ဘောင်ခတ်ခြင်းကို မခံရတော့ရန် လွယ်ကူစေသည် မဟုတ်လော။ (ဟုတ်ပါသည်။)

လူတစ်ဦး၏ တာဝန်ကို ပုံမှန်ထမ်းဆောင်ခြင်းနှင့် သူ၏ လူ့သဘာဝ၏ ချို့ယွင်းချက်များနှင့် ဟာကွက်များသည် တစ်ခုနှင့်တစ်ခု သက်ရောက်မှု ရှိမည်လော။ (ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် လူ့သဘာဝ၏ ချို့ယွင်းချက်များနှင့် ဟာကွက်များသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မဟုတ်ကြောင်းနှင့် ယင်းတို့သည် လူတို့၏ တာဝန်များကို ပုံမှန်ထမ်းဆောင်ခြင်းအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ကြောင်းကို ယခု ကျွန်ုပ်နားလည်ပါသည်။ လူတို့သည် မိမိတို့၏ တာဝန်များကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ထမ်းဆောင်သရွေ့ ၎င်းတို့သည် ကောင်းသောရလဒ်များကို ရရှိကြလိမ့်မည်။ လူ့သဘာဝ၏ ချို့ယွင်းချက်များနှင့် မလုံလောက်မှုများနှင့်ပတ်သက်၍မူ ကျွန်ုပ်တို့သည် ယင်းတို့ကို ကျော်လွှားနိုင်လျှင် ကျော်လွှားနိုင်ပါသည်။ အချိန်တိုအတွင်း မကျော်လွှားနိုင်လျှင် ယင်းတို့ကို တည်ရှိခွင့်ပြုသင့်ပြီး ယင်းတို့ကို မှန်ကန်စွာ ချဉ်းကပ်နိုင်သင့်ပါသည်။) သင်သည် ပညာအရည်အချင်း နိမ့်သော်လည်း သင်၏ တာဝန်တွင် ပညာရပ်ဆိုင်ရာ အသိပညာကို အသုံးချရန်လိုအပ်လျှင် ဤသည်မှာ ချို့တဲ့မှုတစ်မျိုး မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤအခက်အခဲကို မည်သို့ ဖြေရှင်းနိုင်သနည်း။ (ကျွန်ုပ်၏ ပညာအရည်အချင်းအဆင့်ကို အခြေခံ၍ ကျွန်ုပ်နှင့် သင့်တော်သော တာဝန်တစ်ခုကို ကျွန်ုပ် ထမ်းဆောင်နိုင်ပါသည်။ သို့မဟုတ် ဤတာဝန်သည် ကျွန်ုပ်နှင့် သင့်တော်သော်လည်း ပညာရပ်ဆိုင်ရာ အသိပညာ အတိုင်းအတာတစ်ခု လိုအပ်လျှင် ကျွန်ုပ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ပညာတတ် ညီအစ်ကိုမောင်နှမအချို့ကို ကျွန်ုပ်ရှာဖွေနိုင်သည်၊ ကျွန်ုပ်တို့သည် မိမိတို့၏ အားနည်းချက်များကို ဖြည့်ဆည်းရန် တစ်ဦး၏ အားသာချက်များကို တစ်ဦး အသုံးပြုနိုင်ပြီး ဤတာဝန်ကို အတူတကွ ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ပါသည်။) သမ္မာတရားသည် ပညာအရည်အချင်းနိမ့်ကျမှုကို ဖြည့်စွက်ပေးနိုင်သလော။ (ဖြည့်စွက်ပေးနိုင်ပါသည်၊ အကြောင်းမှာ လူတစ်ဦး၌ သမ္မာတရားရှိသောအခါ ၎င်းတို့သည် အမှုအရာများကို ထွင်းဖောက်မြင်နိုင်သောကြောင့် ဖြစ်ပါသည်။) ပညာရေးသည် အသိပညာအဆင့်ရှိ အရာတစ်ခုဖြစ်သည်။ သင်သည် မည်မျှပင် အသိပညာကြွယ်ဝသည်ဖြစ်စေ သမ္မာတရားကို နားမလည်လျှင် သင်စကားပြောသောအခါ သို့မဟုတ် ဆောင်းပါးများ ရေးသောအခါ သင်သည် မှန်ကန်သော သဒ္ဒါကိုသာ အသုံးပြုနိုင်မည်ဖြစ်ပြီး သမ္မာတရားနှင့် သက်ဆိုင်သော ပြဿနာများကို ရှင်းလင်းစွာ ရှင်းပြနိုင်မည် သို့မဟုတ် ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ပညာရေးသည် အရေးမကြီးပေ၊ သမ္မာတရားသည် ပညာရေးထက် ပို၍အရေးကြီးသည်။ မုချပင် သင်သည် ပညာရေး အခြေခံမရှိလျှင်၊ သင်ထမ်းဆောင်သော တာဝန်တွင် ပညာရပ်ဆိုင်ရာ အသိပညာပါဝင်လျှင် သင်သည် ယင်း၌ ကျွမ်းကျင်လိမ့်မည်မဟုတ်ပေ။ သို့သော် သင်သည် သမ္မာတရားကို နားလည်လျှင် သင်သည် အခြားလူများကို လမ်းညွှန်နိုင်သည်၊ သင်သည် သမ္မာတရား စည်းမျဉ်းများအရ စိစစ်ခြင်းကို လုပ်ဆောင်နိုင်သည်။ သင်သည် ပညာအရည်အချင်းနိမ့်ပြီး သင့်ကိုယ်သင် ဖော်ပြနိုင်စွမ်းမရှိလျှင်၊ သင်သည် တရားဒေသနာများ ဟောကြားလိုလျှင် သို့မဟုတ် သမ္မာတရားကို မိတ်သဟာယဖွဲ့လိုလျှင် သင်၏ စာကြမ်းများကို ဘာသာစကား ပိုမိုရှင်းလင်းပြေပြစ်စေရန် သင့်အား ကူညီဖို့ ပညာတတ်တစ်ဦးကို သင်ရှာဖွေနိုင်သည်။ ထို့နောက် သင်မိတ်သဟာယဖွဲ့သောအခါ သို့မဟုတ် တရားဟောသောအခါ ရလဒ်များရရှိရန် သင့်အတွက် လွယ်ကူပေလိမ့်မည်။ သို့သော် အနည်းဆုံးအားဖြင့် သင်သည် သမ္မာတရားကို နားလည်ရမည်။ သင်သည် သမ္မာတရားကို နားမလည်လျှင်လည်းကောင်း၊ ပညာမတတ်သူလည်း ဖြစ်လျှင်လည်းကောင်း သင်သည် ပညာရပ်ဆိုင်ရာ အသိပညာပါဝင်သော တာဝန်များကို ထမ်းဆောင်နိုင်မည် မဟုတ်သောကြောင့် သင်၏ ပညာအရည်အချင်းအဆင့်နှင့် သင့်တော်သော တာဝန်တစ်ခုကို သင်ထမ်းဆောင်သင့်သည်။ ဤသည်က ပြဿနာကို ဖြေရှင်းပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဖြစ်၍ သမ္မာတရားကို လိုက်စားခြင်းကို မည်သည့်ရှုထောင့်မှ သင်ကြည့်သည်ဖြစ်စေ ယင်းသည် အရေးအကြီးဆုံးအရာ ဖြစ်သည်။ လူ့သဘာဝ၏ချို့ယွင်းချက်များနှင့် ပျော့ကွက်များကို သင်ရှောင်ရှားနိုင်သော်လည်း သင်သည် သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းကို မည်သည့်အခါမျှ ရှောင်လွှဲနိုင်မည်မဟုတ်ချေ။ သင်၏လူ့သဘာဝက မည်မျှပြီးပြည့်စုံနေနိုင်သည်ဖြစ်စေ၊ မြင့်မြတ်နေနိုင်သည်ဖြစ်စေ၊ အခြားလူများထက် သင့်တွင် ပို၍နည်းပါးသောအပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များ ရှိကောင်းရှိနိုင်ပြီး ပို၍များသောခွန်အားများကို ပိုင်ဆိုင်သည်ဖြစ်စေ၊ ဤသည်မှာ သင်သည် သမ္မာတရားကို နားလည်သည်ဟု မညွှန်ပြသကဲ့သို့ ယင်းက သင်၏သမ္မာတရားလိုက်စားခြင်းကိုလည်း အစားမထိုးနိုင်ချေ။ ယင်းနှင့်ပြောင်းပြန်အနေဖြင့် အကယ်၍ သင်သည် သမ္မာတရားကို လိုက်စားပါက၊ သမ္မာတရားအကြောင်း များစွာ နားလည်ပြီး ယင်းနှင့်ပတ်သက်၍ လုံလောက်စွာ နက်နက်ရှိုင်းရှိုင်းနှင့် လက်တွေ့ကျကျ နားလည်မှုရှိပါက သင်၏လူ့သဘာဝရှိ ချို့ယွင်းချက်များနှင့် ပြဿနာများ အမြောက်အမြားကို ဤအရာက ထေမိစေလိမ့်မည်။ ဥပမာအားဖြင့် သင်သည် ကြောက်တတ်ပြီး သီးသန့်နေတတ်သူဖြစ်သည်၊ သင်သည် စကားထစ်သည်၊ သင်သည် ပညာကောင်းစွာမတတ်ဟု ဆိုကြပါစို့၊ ဆိုလိုသည်မှာ သင်၌ ချို့ယွင်းချက်များနှင့် မလုံလောက်မှုများစွာ ရှိသည်၊ သို့သော် သင်၌ လက်တွေ့ကျသော အတွေ့အကြုံရှိပြီး သင်စကားပြောသောအခါ စကားထစ်သော်လည်း သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်သည်၊ ဤမိတ်သဟာယဖွဲ့ခြင်းသည် လူတိုင်းကြားသောအခါ ၎င်းတို့ကို တည်ဆောက်မှုဖြစ်စေသည်၊ ပြဿနာများကို ဖြေရှင်းပေးသည်၊ လူတို့ကို အပျက်သဘောဆောင်ခြင်းမှ ထွက်ပေါ်လာစေပြီး ဘုရားသခင်အပေါ် ၎င်းတို့၏ မကျေမနပ်ပြောဆိုမှုများနှင့် နားလည်မှုလွဲမှားခြင်းများကို ဖယ်ရှားပေးသည်။ ကြည့်လော့၊ သင်သည် သင်၏ စကားလုံးများကို ထစ်ထစ်ငေါ့ငေါ့ ပြောဆိုသော်လည်း ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းပေးနိုင်သည်၊ ဤစကားလုံးများ အရေးကြီးလှပါတကား။ သာမန်လူများ ကြားသောအခါ ၎င်းတို့က သင်သည် ပညာမတတ်သူတစ်ဦး ဖြစ်သည်၊ သင်စကားပြောသောအခါ သဒ္ဒါစည်းမျဉ်းများကို မလိုက်နာ၊ တစ်ခါတစ်ရံ သင်အသုံးပြုသော စကားလုံးများသည်လည်း အမှန်တကယ် မသင့်တော်ဟု ဆိုကြသည်။ သင်သည် ဒေသသုံးစကား သို့မဟုတ် နေ့စဉ်သုံးဘာသာစကားကို အသုံးပြုခြင်းဖြစ်နိုင်ပြီး သင်၏ စကားလုံးများသည် အလွန်တရာ သာယာနာပျော်ဖွယ်ကောင်းစွာ ပြောဆိုသော အလွန်ပညာတတ်သူများ၏ အဆင့်အတန်းနှင့် ဟန်ပန်တို့ ကင်းမဲ့နေနိုင်သည်။ သို့သော် သင်၏ မိတ်သဟာယဖွဲ့ခြင်းတွင် သမ္မာတရား လက်တွေ့ကျမှု ပါဝင်သည်၊ ယင်းက လူတို့၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ပြီး လူတို့ကြားပြီးနောက် ၎င်းတို့ပတ်လည်ရှိ မှောင်မိုက်တိမ်တိုက်အားလုံး ပျောက်ကွယ်သွားကာ ၎င်းတို့၏ ပြဿနာအားလုံး ဖြေရှင်းပြီးဖြစ်သည်။ သင်မြင်သလော၊ သမ္မာတရားကို နားလည်ခြင်းသည် အရေးမကြီးသလော။ (အရေးကြီးပါသည်။) သင်သည် သမ္မာတရားကို နားလည်ခြင်းမရှိဟု ဆိုကြပါစို့၊ သင်၌ ပညာရပ်ဆိုင်ရာ အသိပညာအချို့ရှိပြီး သင်သည် သာယာနာပျော်ဖွယ်ကောင်းစွာ ပြောဆိုသော်လည်း လူတိုင်းက သင်ပြောသည်ကို ကြားသောအခါ ၎င်းတို့က “သင်၏ စကားလုံးများသည် အယူဝါဒများသာဖြစ်သည်၊ ယင်းတို့ထဲတွင် သမ္မာတရား လက်တွေ့ကျမှု တစ်စက်မျှမရှိဘဲ ယင်းတို့သည် စစ်မှန်သော ပြဿနာများကို လုံးဝမဖြေရှင်းနိုင်ပေ၊ သို့ဆိုလျှင် သင်၏ ဤစကားလုံးများအားလုံးသည် အနှစ်မဲ့သည် မဟုတ်လော။ သင်သည် သမ္မာတရားကို နားမလည်ပေ။ သင်သည် ဖာရိရှဲတစ်ဦးမျှသာ မဟုတ်လော” ဟု တွေးကြသည်။ သင်သည် အယူဝါဒများစွာကို ပြောခဲ့သော်လည်း ပြဿနာများသည် ဖြေရှင်းပြီးမဖြစ်ဘဲ ကျန်ရှိနေဆဲဖြစ်ပြီး သင်ကိုယ်တိုင်က “ကျွန်ုပ်က အတော်ပင် ရိုးသားစွာ အလေးအနက်ထားပြီး ပြောခဲ့ခြင်းဖြစ်သည်။ သင်တို့သည် ကျွန်ုပ်ပြောသည့်အရာကို အဘယ့်ကြောင့်များ နားမလည်ကြသနည်း” ဟု တွေးသည်။ သင်သည် အယူဝါဒများ အစုအပုံလိုက်ကို ပြောခဲ့သော်လည်း အပျက်သဘောဆောင်သူများသည် အပျက်သဘောဆောင်ဆဲဖြစ်ပြီး ဘုရားသခင်အပေါ် နားလည်မှုလွဲမှားခြင်းများ ရှိသူများသည် ထိုနားလည်မှုလွဲမှားခြင်းများ ရှိနေဆဲဖြစ်ကာ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် တည်ရှိသော အခက်အခဲများထဲမှ တစ်ခုမျှ ဖြေရှင်းပြီးမဖြစ်ပေ၊ ဤသည်မှာ သင်ပြောခဲ့သော စကားလုံးများသည် အနှစ်သာရမရှိသော စကားများသာဖြစ်သည်ဟု ဆိုလိုသည်။ သင်၏ လူ့သဘာဝ၌ ချို့ယွင်းချက်များနှင့် ဟာကွက်များ မည်မျှပင်ရှိသည်ဖြစ်စေ သင်ပြောသော စကားလုံးများတွင် သမ္မာတရား လက်တွေ့ကျမှု ပါဝင်လျှင် သင်၏ မိတ်သဟာယဖွဲ့ခြင်းသည် ပြဿနာများကို ဖြေရှင်းပေးနိုင်သည်၊ သင်ပြောသော စကားလုံးများသည် အယူဝါဒများဖြစ်ပြီး ၎င်းတို့တွင် လက်တွေ့ကျသော အသိပညာ အနည်းငယ်မျှ ကင်းမဲ့နေလျှင် သင်မည်မျှပင် ပြောသည်ဖြစ်စေ သင်သည် လူတို့၏ စစ်မှန်သော ပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ လူတို့က သင့်ကို မည်သို့ပင် ရှုမြင်သည်ဖြစ်စေ သင်ပြောသော အရာများသည် သမ္မာတရားနှင့် မကိုက်ညီသရွေ့၊ ၎င်းတို့သည် လူတို့၏ အခြေအနေများကို မဖြေရှင်းနိုင်သရွေ့ သို့မဟုတ် လူတို့၏ အခက်အခဲများကို မဖြေရှင်းနိုင်သရွေ့ လူတို့သည် ယင်းတို့ကို နားထောင်လိုကြမည်မဟုတ်ပေ။ သို့ဆိုလျှင် မည်သည်က ပို၍အရေးကြီးသနည်း။ သမ္မာတရားလော သို့မဟုတ် လူတို့၏ ကိုယ်ပိုင်အခြေအနေများလော။ (သမ္မာတရားက ပို၍အရေးကြီးပါသည်။) သမ္မာတရားကို လိုက်စားခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းတို့သည် အရေးကြီးဆုံးအရာများ ဖြစ်သည်။ သို့ဖြစ်၍ သင်၏ လူ့သဘာဝ သို့မဟုတ် သင်၏ ပင်ကိုအခြေအနေများအရ သင်၌ မည်သို့သော ချို့ယွင်းချက်များပင် ရှိသည်ဖြစ်စေ သင်သည် ၎င်းတို့၏ ဘောင်ခတ်ခြင်းကို မခံရပေ။ ထိုအစား သင်သည် သမ္မာတရားကို လိုက်စားသင့်ပြီး သမ္မာတရားကို နားလည်ခြင်းဖြင့် သင်၏ အမျိုးမျိုးသော ချို့ယွင်းချက်များကို ဖြည့်ဆည်းသင့်ကာ သင်ကိုယ်တိုင်၌ အားနည်းချက်အချို့ကို တွေ့ရှိလျှင် ၎င်းတို့ကို ပြင်ဆင်ရန် အလျင်အမြန်လုပ်ဆောင်သင့်သည်။ အချို့လူများသည် သမ္မာတရားကို လိုက်စားခြင်းအပေါ် အာရုံစိုက်ရမည့်အစား ၎င်းတို့၏ လူ့သဘာဝရှိ အခက်အခဲများ၊ ဟာကွက်များနှင့် ချို့ယွင်းချက်များကို ဖြေရှင်းခြင်းနှင့် ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာများကို ပြုပြင်ခြင်းအပေါ် အမြဲအာရုံစိုက်ကြပြီး ၎င်းတို့သည် နှစ်ပေါင်းများစွာ အားထုတ်ကြိုးပမ်းသော်လည်း ရှင်းလင်းသောရလဒ်များ မရရှိဘဲ နောက်ဆုံးတွင် ၎င်းတို့သည် ကိုယ့်အပေါ်ကိုယ် စိတ်ပျက်ကာ ၎င်းတို့၏ လူ့သဘာဝသည် အလွန်ညံ့ဖျင်းပြီး ၎င်းတို့သည် ကယ်တင်ခြင်းမခံရနိုင်ဟု တွေးကြသည်။ ဤသည်မှာ အလွန် မိုက်မဲသည် မဟုတ်လော။

အချို့သောလူများသည် နူးညံ့သိမ်မွေ့ပုံ၊ အလျှော့ပေးတတ်ပုံ၊ သည်းခံတတ်ပုံပေါ်သည်။ ၎င်းတို့သည် ယဉ်ကျေးစွာ ပြောဆိုကာ လျှပ်ပြက်သကဲ့သို့ လျင်မြန်ပြီး အားမာန်အပြည့် သြဇာအာဏာရှိသော အသွင်အပြင်ဖြင့် အလုပ်ကို ဆောင်ရွက်ကြသည်။ ၎င်းတို့၏ လူ့သဘာဝသည် အတော်လေး စုံလင်ပုံရပြီး ၎င်းတို့တွင် စံနှုန်းမီသော ခေါင်းဆောင်တစ်ဦး၏ အမူအရာ ရှိသည်။ သို့သော်လည်း ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ လုံးဝနားမလည်ကြပေ၊ ၎င်းတို့သည် ပြဿနာအမျိုးအစားတိုင်းကို ဖြေရှင်းရန် အယူဝါဒများကို အသုံးပြုဖို့ ကြိုးစားကြပြီး မည်သည့် အနှစ်သာရရှိသော အလုပ်ကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိသကဲ့သို့ အလုပ်အစီအစဉ်များကိုလည်း အကောင်အထည်ဖော်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် အသုံးမကျသူများ မဟုတ်လော။ ၎င်းတို့သည် စံပြဖာရိရှဲများ ဖြစ်ကြသည်။ အပြင်ပန်းတွင် ဖာရိရှဲများသည် အပြစ်ဆိုဖွယ်မရှိအောင် ဝတ်စားဆင်ယင်သည်၊ ဂုဏ်သိက္ခာရှိပြီး တည်ငြိမ်သည်။ ၎င်းတို့သည် ယဉ်ကျေးသည်၊ ကျင့်ဝတ်ကို နောကျေနေသည်၊ ယဉ်ကျေးသိမ်မွေ့သည်၊ မေတ္တာထားသည်၊ သည်းခံတတ်ပြီး စိတ်ရှည်သည်။ ၎င်းတို့၏ ကိုယ်ဟန်အမူအရာသည် အလွန်အမင်း တင့်တယ်လျောက်ပတ်ပြီး အခြားသူများကို အထူး နူးညံ့သိမ်မွေ့စွာ၊ ကျိုးနွံစွာ၊ နှိမ့်ချစွာ ပြောဆိုကြသည်။ သင်သည် ၎င်းတို့၌ မည်သည့် မစုံလင်မှုများ၊ ဟာကွက်များ သို့မဟုတ် ချို့ယွင်းချက်များကိုမျှ မမြင်နိုင်ပေ။ ၎င်းတို့၏ လူ့သဘာဝကို အကဲဖြတ်ကြည့်သော် ၎င်းတို့သည် တရုတ်လူမျိုးများ ပြောဆိုကြသည့် ယဉ်ကျေးပြီး ကျက်သရေရှိသော လူကြီးလူကောင်းများကဲ့သို့ပင် အထူးသဖြင့် စိတ်ချအားကိုးရသည်၊ ထိုးထွင်းသိမြင်နိုင်စွမ်းရှိသည်၊ ယဉ်ကျေးသိမ်မွေ့ပြီး ကျက်သရေရှိပုံရသည်။ ၎င်းတို့၏ လူ့သဘာဝသည် စုံလင်ပုံရပြီး အပြင်ပန်းအားဖြင့် ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အပြစ်ကိုမျှ ရှာမတွေ့နိုင်ပေ၊ သို့သော် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ကြသလော။ ၎င်းတို့သည် အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများကို နားလည်ကြသလော။ ဤလူများသည် စုဝေးပွဲတိုင်းတွင် နာရီနှင့်ချီ၍ စကားပြောနိုင်ပြီး သမ္မာတရားကို နားမလည်သူတို့သည် ၎င်းတို့က အလွန် စကားပြောကောင်းသောပုံစံဖြင့် ပြောဆိုသည်ဟုလည်းကောင်း၊ မိမိတို့ကိုယ်ကို အလွန်ရှင်းလင်းပြီး ကျိုးကြောင်းဆီလျော်သော နည်းလမ်းဖြင့် ဖော်ပြသည်ဟုလည်းကောင်း တွေးထင်လျက် လေးစားကြည်ညိုလွန်း၍ မိမိတို့ကိုယ်ကို ပျပ်ဝပ်ကြသည်။ သို့သော် သမ္မာတရားကို နားလည်သူတို့မူကား ဤပုဂ္ဂိုလ်များ၏ စကားကို နားထောင်ပြီးနောက် ၎င်းတို့ပြောဆိုသည့်အရာသည် အယူဝါဒမျှသာဖြစ်ကြောင်းနှင့် ယင်းက လူတို့၏ ပြဿနာများကို ပစ်မှတ်ထားခြင်းဖြင့် ၎င်းတို့၏ တကယ့်အခက်အခဲများကို မဖြေရှင်းပေးကြောင်း သိကြသည်။ ဤပုဂ္ဂိုလ်များသည် လူတို့၏ တကယ့်အခက်အခဲများ အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို လျစ်လျူရှုပြီး အနှစ်မဲ့သော အယူဝါဒများကို ဟောပြောရန်နှင့် ကြီးကျယ်မြင့်မြတ်ပြီး အနှစ်မရှိသော သီအိုရီများအကြောင်း အဆုံးမရှိ ပြောဆိုရန်ကိုသာ သိကြသည်။ စကားပြောပြီးနောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အတော်လေး ကျေနပ်အားရနေကြပြီး မိမိတို့သည် သမ္မာတရားကို နားလည်ကာ သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သည်ဟု တွေးထင်ကြသည်။ အမှန်တွင် ၎င်းတို့ရှာဖွေသည့်အရာမှာ မိမိတို့၏ လူ့သဘာဝနှင့်ဆိုင်သော အပြင်ပန်းအသွင်အပြင်ကို စုံလင်ပြီး ကျက်သရေရှိပုံပေါက်စေရန်၊ ယင်းကို မြင့်မြတ်ပြီး ခမ်းနားပုံပေါက်စေရန် ဟန်ဆောင်ခြင်းမျှသာ ဖြစ်သည်။ သို့သော် ဘုရားသခင်ကို ဆန့်ကျင်သော ၎င်းတို့၏ အနှစ်သာရနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် စိုးစဉ်းမျှပင် မပြောင်းလဲခဲ့ပေ။ ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ အယူအဆများ၊ ကိုယ်တော်အပေါ် ၎င်းတို့၏ ပုန်ကန်ခြင်း၊ ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်မှုလွဲမှားခြင်းများ၊ သတိထားရှောင်ခြင်းများနှင့် သံသယများ၊ အထူးသဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ကျိုးကြောင်းမဆီလျော်သော တောင်းဆိုမှုများနှင့် မတန်တဆ လိုအင်ဆန္ဒများသည် ၎င်းတို့၏ စိတ်တစ်ခုလုံးကို ပြည့်စေသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝမလိုက်စားသကဲ့သို့ သမ္မာတရားကိုလည်း လုံးဝလက်မခံကြပေ။ သို့ဖြစ်၍ ၎င်းတို့၏ လူ့သဘာဝကို “စုံလင်သည်” ဟု သရုပ်ဖော်ခြင်းသည် “စုံလင်သည်” ဟူသော စကားလုံးကို အထင်သေးသည့် သဘောဖြင့် အသုံးပြုနေခြင်းဖြစ်သည်၊ အကြောင်းမှာ မည်သည့်လူ့သဘာဝမျှ မစုံလင်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ “စုံလင်ခြင်း” သည် မျက်နှာဖုံးနှင့် ဟန်ဆောင်မှုမျှသာ ဖြစ်သည်။ ချို့ယွင်းချက်များမရှိသော လူ့သဘာဝသည် တည်ရှိခြင်းမရှိပေ။ ယင်းမှာ မျက်နှာဖုံးတစ်ခုဖြစ်သည်၊ ၎င်းတို့ကို မယုံကြည်ကြနှင့်။ လူတစ်ဦးသည် အပြင်ပန်း၌ ပို၍စုံလင်ပုံရလေ၊ သင်သည် ၎င်းကို ပို၍သတိထားရှောင်ရမည်၊ ၎င်းကို စောင့်ကြည့်လေ့လာရမည်၊ ၎င်းကို ပိုင်းခြားသိမြင်ရမည် ဖြစ်သည်။ သင်သည် ၎င်းကို မည်သို့ ပိုင်းခြားသိမြင်သနည်း။ ၎င်းနှင့် ပို၍ဆက်ဆံလော့၊ ၎င်းနှင့် ပို၍စကားပြောလော့၊ ၎င်းသည် မိမိကိုယ်ကို နားလည်ခြင်းရှိမရှိ ကြည့်ရှုလော့။ ၎င်းက “ကျွန်ုပ်သည် နတ်ဆိုးတစ်ကောင်ဖြစ်သည်၊ ကျွန်ုပ်သည် စာတန်တစ်ကောင်ဖြစ်သည်၊ ကျွန်ုပ်သည် ဘုရားသခင်ကို အတိုက်အခံလုပ်သည်၊ ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးလှပါတကား။ ကျွန်ုပ်သည် အပြစ်သားတစ်ဦး၊ အပြစ်သားခေါင်တစ်ဦး ဖြစ်သည်၊ ဘုရားသခင်သည် ကျွန်ုပ်ကို နှစ်သက်တော်မမူ၊ ဘုရားသခင်သည် ကျွန်ုပ်ကို စက်ဆုပ်ရွံရှာတော်မူသည်” သို့မဟုတ် “ကျွန်ုပ်သည် မျက်စိကန်းပြီး တုံးသည်၊ ဆင်းရဲပြီး သနားစရာကောင်းပါတကား။ ကျွန်ုပ်သည် ညစ်ညူးသည်၊ ကျွန်ုပ်သည် မစင်ကြယ်ပါတကား” ဟု ပြောသည် ဆိုပါစို့။ ဤစကားများထဲတွင် မည်သည့် အမှန်တကယ်ဖြစ်သော အချက်အလက်များ ရှိသနည်း။ မည်သည့် အနှစ်သာရရှိသော နားလည်မှု ရှိသနည်း။ (မရှိပါ။) ၎င်းတို့တွင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ပတ်သက်၍ မည်သည့်နားလည်မှုမျှ လုံးဝမရှိပေ။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ဟူသော အချက်ကိုပင် ၎င်းတို့ ဝန်မခံကြပေ။ ၎င်းတို့သည် အနှစ်မဲ့သော စကားအချို့နှင့် သဘောတရားအချို့ကို ပြောတတ်ရန် သင်ယူထားခြင်းသာ ဖြစ်သည်။ ဤအနှစ်မဲ့သော စကားများနှင့် သဘောတရားများသည် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာ၌ ခံစားခဲ့ရခြင်း သို့မဟုတ် တွေ့ကြုံခဲ့ရခြင်းတို့မှ လာသော နားလည်မှု မဟုတ်ပေ။ ယင်းတို့သည် နားထောင်၍ကောင်းသော စကားများမျှသာ ဖြစ်သည်၊ ယင်းတို့အားလုံးသည် ၎င်းတို့တင်ပြနေသည့် မျက်နှာဖုံးတစ်ခု ဖြစ်သည်။ ထို့နောက် သင်က ၎င်းတို့ကို မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများအကြောင်း၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သို့ နားလည်လာခဲ့ကြောင်း၊ မည်သည့်ပြုပြင်ခြင်းကို ၎င်းတို့ ခံခဲ့ရကြောင်းနှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် မည်သည့်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ကြောင်း ပြောပြရန် တောင်းဆိုလျှင် ၎င်းတို့သည် သင်ပြောသည်ကို မကြားသကဲ့သို့ ပြုမူပြီး အသုံးမဝင်သော စကားတစ်ပုံတစ်ပင်ကို ထပ်ပြောလိမ့်မည်။ “ကျွန်ုပ်၏ အစွမ်းအစမှာ ညံ့ဖျင်းသည်၊ ကျွန်ုပ်သည် မွေးရာပါ အပြစ်သားတစ်ဦးဖြစ်သည်၊ ကျွန်ုပ်သည် နောက်ချေးပုံထဲမှ ယုတ်ညံ့သူတစ်ဦးဖြစ်သည်၊ ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် မထိုက်တန်ပါ။ ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိပြီး ကျွန်ုပ်ရှိရာ မည်သည့်နေရာတွင်မဆို ဘုရားသခင်အတွက် သက်သေခံနိုင်စွမ်းမရှိပါ၊ ကျွန်ုပ်သည် အဆင့်အတန်းရှိခြင်းကိုသာ နှစ်သက်သည်” ဟူ၍ ဖြစ်သည်။ သင်က ဤအရာကို ဖြေရှင်းရန် မည်သို့ကြိုးစားခဲ့ကြောင်း မေးလျှင် ၎င်းတို့က သင့်အား မသက်ဆိုင်သော အဖြေတစ်ခုကိုပင် ပေးလိမ့်ဦးမည်။ “လူများတွင် အဆင့်အတန်း မရှိသင့်ပါ၊ လူများတွင် အဆင့်အတန်းရှိသည်နှင့် ဇာတ်သိမ်းသွားပြီဖြစ်သည်။ အဆင့်အတန်းကို လိုက်စားခြင်းသည် အလွန်အကျူး လိုအင်ဆန္ဒတစ်ခုဖြစ်သည်။ အရေးမပါဆုံးသော သူတစ်ဦးဖြစ်အောင်သာ ကြိုးစားပါ၊ ပြီးလျှင် မည်သည့်နေရာကိုသွားပါစေ အနိမ့်ဆုံးခွေးခြေမှာထိုင်ပါ၊ အထင်မရှား အဖြစ်ဆုံးနေရာမှာ ထိုင်ပါ။ လူများသည် နှိမ့်ချရမည်ဖြစ်သည်၊ ဤသည်ကို နှိမ့်ချခြင်းဟု ခေါ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အနှစ်သာရပိုင်းဆိုင်ရာ ပြောင်းလဲမှုကို တစ်ခုတလေ ကြုံခဲ့ရဖူးသလော။ ၎င်းတို့တွင် စစ်မှန်သော အတွေ့အကြုံ တစ်ခုတလေ ရှိခဲ့ဖူးသလော။ (မရှိပါ။) ဤအရာနှစ်ခုစလုံး ဖြစ်မလာခဲ့ပေ။ ၎င်းတို့တွင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ပတ်သက်၍ နားလည်မှု တစ်ခုတလေ ရှိသလော။ (မရှိပါ။) ၎င်းတို့တွင် ထိုအရာများနှင့်ပတ်သက်၍ နားလည်မှုမရှိပေ။ သို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံသလော။ (မခံပါ။) မိမိတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြောင်း ဝန်မခံသောလူများသည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံကြပေ။ ၎င်းတို့သည် သမ္မာတရားကို လက်ခံခဲ့လျှင် မိမိတို့၏ စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းကိုလည်းကောင်း၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများကိုလည်းကောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ချိန်ဆကြလိမ့်မည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြသောအခါ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ကြလိမ့်မည်ဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ထိုသို့သော အခြေအနေမျိုးတွင် ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြခဲ့ရကြောင်း၊ ထိုအချိန်တွင် မည်သည့်အရာကို တွေးတောနေခဲ့ပြီး မည်သည့်အရာ၏ စိုးမိုးမှုကို ခံခဲ့ရကြောင်း မိမိတို့ကိုယ်ကို မေးမြန်းကြလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်းနှင့် နှိုင်းယှဉ်မှုများ ပြုလုပ်ခြင်းမှတစ်ဆင့် ၎င်းတို့သည် ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြစ်ကြောင်း၊ မိမိတို့သည် မိမိတို့စိတ်ကူးသကဲ့သို့ သန့်စင်ခြင်း သို့မဟုတ် စင်ကြယ်ခြင်း မရှိကြောင်း၊ ဖြစ်ချင်တော့ မိမိတို့တွင်လည်း လှည့်ဖြားတတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ပိုင်ဆိုင်ကြောင်း၊ မိမိတို့သည် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သောလူများ လုံးဝမဟုတ်ကြောင်း ရှာဖွေတွေ့ရှိကြလိမ့်မည်။ ၎င်းတို့တွင် ထိုသို့သော အတွေ့အကြုံများ ရှိခဲ့ဖူးသလော။ မရှိပေ။ ၎င်းတို့သည် စကားများစွာ ပြောဆိုခဲ့သော်လည်း မိမိတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြောင်း ဝန်ခံသည်ကို သက်သေပြသည့် အချက်တစ်ခုမျှကို မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြသည့်တိုင် သမ္မာတရားနှင့်ပတ်သက်၍ အတွေ့အကြုံတစ်စက်မျှ လုံးဝမရှိကြပေ။ ၎င်းတို့သည် အယူဝါဒများကိုသာ ပြောဆိုကြသည်၊ မိမိတို့၏ လူ့သဘာဝနှင့်ဆိုင်သော အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များကို ဖုံးကွယ်ရန်အတွက် မျက်နှာဖုံးတစ်ခုကို တပ်ဆင်ဖို့နှင့် မိမိတို့ကိုယ်ကို အမွှမ်းတင်ဖို့သာ စဉ်းစားကြသည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အတွင်း၌ တင်းတင်းကျပ်ကျပ်၊ ခိုင်ခိုင်မာမာနှင့် လုံခြုံစွာ စုစည်းထားလျက် မိမိတို့ကိုယ်ကို ဝိညာဉ်ရေးရာ ဟန်ဆောင်မှု၏ အပြင်ပန်း အပြုအမူများ၊ လုပ်ဆောင်ချက်များ၊ မျက်နှာအမူအရာများ၊ အနေအထိုင်များနှင့် အမူအကျင့်များဖြင့် မိမိတို့ကိုယ်ကို အမွှမ်းတင်ကြသည်။ လူတွင် ဘုရားသခင် ဖော်ထုတ်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သော အမျိုးမျိုးသော ပြဿနာများကိုဖြစ်စေ၊ ဤစိတ်သဘောထားများကို ဖော်ထုတ်ရန် ဘုရားသခင် အသုံးပြုသည့် အမျိုးမျိုးသော မိန့်ဆိုချက်များကိုဖြစ်စေ ၎င်းတို့သည် စိုးစဉ်းမျှ လက်မခံကြသကဲ့သို့ မှတ်သားခြင်း သို့မဟုတ် နှလုံးသွင်းခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် မိမိတို့၏ လူ့သဘာဝနှင့်ဆိုင်သော အပြင်ပန်းအသွင်အပြင်ကိုသာ အားထုတ်ကြသည်။ ထို့နောက် သင်က ၎င်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်သော ၎င်းတို့၏ နားလည်မှုအကြောင်း၊ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များ၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်သည့် ကိုယ်တော်၏ နှုတ်ကပတ်တော်များ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သော ကိုယ်တော်၏ နှုတ်ကပတ်တော်များအပေါ် စစ်မှန်သော နားလည်မှု သို့မဟုတ် သိနားလည်မှု တစ်စုံတစ်ရာ ရှိမရှိ ပြောပြရန် တောင်းဆိုလျှင် ၎င်းတို့သည် ဤလက်တွေ့ကျသော အကြောင်းအရာများကို ရှောင်ရှားပြီး ဝိညာဉ်ရေးရာ သဘောတရား တသီတတန်းကြီးကို ထပ်မံ၍ တတွတ်တွတ် ပြောဆိုကြလိမ့်မည်။ “ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်၊ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲသည်၊ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် အံ့ဩဖွယ်ပါတကား။ ဘုရားသခင်သည် ချီးမွမ်းခြင်းနှင့် ဂုဏ်ပြုခြင်းကို ခံထိုက်သည်၊ ဘုရားသခင်သည် တစ်မူထူးခြားသည်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် တန်ခိုးသည် အမြင့်မြတ်ဆုံးဖြစ်သည်” ဟူ၍ ဖြစ်သည်။ လူတို့က “သို့ဆိုလျှင် သင်၏ ကိုယ်ပိုင်အတွေ့အကြုံအကြောင်း ပြောပြပါ။ မည်သည့်အမှုအရာ၌ သင်သည် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မြင်တွေ့ခဲ့သနည်း” ဟု ပြောကြသည်။ ၎င်းတို့က “ဘုရားသခင်သည် အလွန်ကြီးမြတ်သည်၊ လူသည် အလွန်သေးနုပ်သည်၊ လူသည် မထိုက်တန်ပါတကား။ ဘုရားသခင်၏ အမြင်တွင် လူသည် မြေပေါ်မှ ပုရွက်ဆိတ်များထက်ပင် နိမ့်ကျသည်။ ဘုရားသခင်သည် လူကို ချီးမြှောက်တော်မူသည်” ဟု ပြန်ဖြေကြသည်။ ၎င်းတို့တွင် ဤသို့သော နားလည်မှုမျိုး တစ်စုံတစ်ရာ ရှိသလော။ (မရှိပါ။) ၎င်းတို့တွင် ဤသို့သော နားလည်မှုမျိုး လုံးဝမရှိပေ။ ဤသည်မှာ မည်သို့သော လူစားမျိုးဖြစ်သနည်း။ (ကြောင်သူတော် ဖာရိရှဲတစ်ဦး ဖြစ်ပါသည်။) ဤသည်မှာ ကြောင်သူတော် ဖာရိရှဲတစ်ဦး ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို စိုးစဉ်းမျှ လက်မခံကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် ၎င်းတို့၏ အမြင်တွင် ကြွေးကြော်သံများနှင့် အယူဝါဒများမျှသာ ဖြစ်သည်။ ၎င်းတို့သည် အများအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည်၊ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်း မှတ်စုများကို ရေးသည်၊ စုဝေးပွဲများ တက်ရောက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုကြသည်။ ၎င်းတို့သည် ဤလုပ်ရိုးလုပ်စဉ်အားလုံးကို တစ်ခုမျှမလွဲစေဘဲ သို့မဟုတ် တစ်ခုမျှမချန်လှပ်ဘဲ လုပ်ဆောင်ကြသည်။ သို့ဆိုလျှင် ဤဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှ ၎င်းတို့ အဘယ်အရာကို မှတ်သားရရှိခဲ့သနည်း။ ၎င်းတို့ အဘယ်အရာကို ရရှိခဲ့သနည်း။ ၎င်းတို့သည် သမ္မာတရားကို နားလည်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမဟုတ်ဘဲ မိမိတို့၏ ပြဿနာများကို ဖြေရှင်းနိုင်ရန်နှင့် မိမိတို့၏ လက်တွေ့လုပ်ဆောင်မှုတွင် လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိလာစေရန်အလို့ငှာ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများ သို့မဟုတ် မိမိတို့၏ လွဲချော်သော အတွေးအခေါ်များနှင့် အမြင်များနှင့် နှိုင်းယှဉ်ချိန်ဆဖို့ ဖတ်ရှုခြင်း သာ၍ပင် မဟုတ်ပေ။ ၎င်းတို့သည် စုဝေးပွဲများတွင် အခြားသူများကို ဩဝါဒခြွေရန်နှင့် သင်ခန်းစာများ ပေးနိုင်ရန် အယူဝါဒများဖြင့် မိမိတို့ကိုယ်ကို တပ်ဆင်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြသည်။ ၎င်းတို့ပြောဆိုသည့်အရာသည် အကြိမ်တိုင်း ကွဲပြားပြီး အခြားသူများက ၎င်းတို့ကို လေးစားကြည်ညိုကာ ကိုးကွယ်စေရန် ရည်ရွယ်လျက် လူအမျိုးမျိုးအတွက် မတူညီသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရွေးချယ်ကာ မိတ်သဟာယဖွဲ့လျက် အချိန်ကြာမြင့်စွာ မရပ်မနား ပြောဆိုနိုင်ကြသည်။ အချို့သောလူများသည် မိမိတို့ကိုယ်ကို ဟန်ဆောင်ရာ၌ အထူးကျွမ်းကျင်ကြသည်။ ၎င်းတို့သည် မည်မျှပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းနိုင်သနည်း။ ၎င်းတို့သည် ငါပြောခဲ့သော စကားများကို နားထောင်ပြီး အသုံးဝင်သည်ဟု တွေ့ရှိသောအခါ ယင်းတို့ကို အလွတ်ကျက်မှတ်ထားပြီး စုဝေးပွဲများအတွင်း ကိုယ်ရည်သွေးရန် အခွင့်အရေးများကို ရှာဖွေကြသည်။ အထူးသဖြင့် တရားဒေသနာများစွာ မကြားဖူးကြသေးဘဲ ဘုရားသခင်၏ အချို့သော နှုတ်ကပတ်တော်များကို ဖတ်ရှုဖူးလျှင်ပင် မမှတ်မိနိုင်ကြသည့် လူများဖြစ်သည့် ယုံကြည်သူအသစ်များ အုပ်စုထဲတွင် ရောက်သောအခါ ၎င်းတို့သည် ဤအခွင့်အရေးကို အသုံးချပြီး ထိုလူသစ်များကြားတွင် မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးကာ ကြွားဝါကြသည်။ ၎င်းတို့၏ စကားကို နားထောင်ပြီးနောက် လူတိုင်းက “ဤပုဂ္ဂိုလ်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို ခံရသည်၊ ၎င်းသည် ဝိညာဉ်ရေးရာဆန်သည်” ဟု တွေးထင်ကြသည်။ အခြားသူများ၏ လေးစားကြည်ညိုမှုနှင့် ကိုးကွယ်မှုကို ရရှိရန်အလို့ငှာ မိမိတို့ကိုယ်ကို ကြွားဝါရန် ထိုသို့သော နည်းလမ်းများကို အသုံးပြုခြင်းသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ ဤသည်မှာ လူတို့ကို အထင်အမြင်မှားစေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လူတို့ကို အထင်အမြင်မှားစေခြင်း ဖြစ်သည်။

သင်၏ဘဝတစ်လျှောက်လုံးတွင် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သင်၌ရှိသော သမ္မာတရားနှင့် သဟဇာတမဖြစ်သော အရာများကို ဖြေရှင်းရန် အခြေခံအဖြစ် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှာဖွေပါက အဆုံးတွင် သင်သည် ကယ်တင်ခြင်းကို ရရှိသောသူတစ်ဦး ဧကန်မုချ ဖြစ်လိမ့်မည်။ သို့သော် သင်၏ဘဝတစ်လျှောက်လုံးတွင် သင်သည် သင်၏ လူ့သဘာဝနှင့်ဆိုင်သော အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များကို ဖြေရှင်းရန်အတွက် သင်၏ ကြိုးစားအားထုတ်မှုများကို အာရုံစိုက်ပြီး လမ်းကြောင်းများကို ရှာဖွေသည်၊ သင်သည် အခြားသူများနှင့်မတူ၊ စုံလင်ပြီး အပြစ်ကင်းစင်သောသူတစ်ဦး ဖြစ်လာစေရန်အလို့ငှာ မည်သည့် အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များမှမဆို သင့်ကိုယ်သင် ကင်းလွတ်စေရန် နည်းလမ်းအမျိုးမျိုးကို ကြံဆသည် ဆိုပါစို့။ အချို့သောလူများကပင် “ကျွန်ုပ်သည် စင်ကြယ်သောသူတစ်ဦး၊ မြင့်မြတ်ပြီး ခမ်းနားသောသူတစ်ဦး၊ သာမန်လူ့သဘာဝအားလုံးကို ကျော်လွန်သောသူတစ်ဦး ဖြစ်ချင်သည်” ဟု ပြောကြသည်။ ငါသင့်ကို ပြောမည်။ ဤသို့ပြုလုပ်ခြင်းဖြင့် သင်သည် ရှုံးနိမ့်ခဲ့ပြီတကား။ သင်သည် သင်၏ လူ့သဘာဝနှင့်ဆိုင်သော မည်သည့်အပြစ်အနာအဆာ သို့မဟုတ် ချို့ယွင်းချက်ကို ဖြေရှင်းရန် ကြိုးစားသည်ဖြစ်စေ၊ ယင်းမှာ သင်၏ ကယ်တင်ခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ပေ၊ အကြောင်းမှာ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို လိုက်စားနေခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ သင်သည် သင်၏ လူ့သဘာဝနှင့်ဆိုင်သော ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများကို ဖြေရှင်းခဲ့လျှင်၊ အများဆုံးအနေဖြင့် ဤသည်မှာ အပြင်ပန်းမှကြည့်လျှင် သင်၌ လူ့သဘာဝ၏ အပြစ်အနာအဆာများကို မမြင်နိုင်တော့ကြောင်းနှင့် သင်သည် အပေါ်ယံအားဖြင့် စုံလင်ပြီး ယဉ်ကျေးသိမ်မွေ့ပုံ ပေါက်ကြောင်းကိုသာ ဆိုလိုသည်။ သင်၏ လူ့သဘာဝနှင့်ဆိုင်သော အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များသည် အခြေခံအားဖြင့် ပြောင်းလဲရန် မဖြစ်နိုင်ဟူသော အချက်ကို ထားလိုက်ဦး။ ယင်းတို့ ပြောင်းလဲခဲ့လျှင်ပင် သင်၏ ပိုကြီးမားသော အပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များဖြစ်သည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏အတွင်း၌ ကွယ်ဝှက်နေဆဲပါတကား။ သင်သည် မျက်နှာဖုံးကို ပို၍တပ်ဆင်လေ၊ မည်သည့်ချို့ယွင်းချက်မျှ မရှိသော စုံလင်သည့် လူ့သဘာဝတစ်ခုကို ပို၍လိုက်စားလေ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင့်ကို ပို၍နက်ရှိုင်းစွာ၊ တင်းကျပ်စွာ ရစ်ပတ်ပြီး ချည်နှောင်ကာ သင့်ကို ပို၍ပင် မာနထောင်လွှားစေသည်၊ လှည့်ဖြားတတ်စေသည်၊ ကောက်ကျစ်ဆိုးယုတ်စေသည်၊ စိတ်နှလုံးမာကျောစေသည်။ ဤအရာ၏ အကျိုးဆက်မှာ အဘယ်အရာဖြစ်သနည်း။ ယင်းက သင့်ကို သမ္မာတရားနှင့်လည်းကောင်း၊ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းနှင့်လည်းကောင်း ပို၍ကင်းကွာစေသည်။ အဆုံးစွန်အားဖြင့် ဖယ်ရှားရှင်းလင်းခြင်းသည် သင်၏အဆုံးသတ် ဖြစ်လာမည်ဖြစ်ပြီး သင်သည် ဇာတ်သိမ်းသွားလိမ့်မည်။ သင်သည် အပြင်ပန်းအားဖြင့် စုံလင်ရုံဖြင့် သို့မဟုတ် စင်ကြယ်သောသူတစ်ဦး ဖြစ်ပုံရရုံဖြင့် ဘုရားသခင်က ခြွင်းချက်ထားပြီး သင့်ကို ကယ်တင်မည့် အခွင့်အရေး မရှိပေ။ ဆန့်ကျင်ဘက်အားဖြင့် သင်သည် မည်သည့်ချို့ယွင်းချက်မျှမရှိသော စုံလင်သည့် လူ့သဘာဝတစ်ခုကို ပို၍လိုက်စားလေ၊ ဘုရားသခင်သည် သင့်ကို ပို၍စက်ဆုပ်ရွံရှာပြီး သင့်အပေါ် အလုပ်လုပ်မည် မဟုတ်လေ ဖြစ်ပေသည်။ သို့သော် အချို့သောလူများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြသောကြောင့် မကြာခဏ နောင်တရပြီး ဝမ်းနည်းကြသည်။ နောင်တရနေစဉ်တွင် ၎င်းတို့သည် သမ္မာတရားကို လိုက်စားရန် စိတ်ပိုင်းဖြတ်မှုကို ဖြစ်ပေါ်စေသည်၊ ၎င်းတို့သည် သမ္မာတရားကို ရရှိရန် အခက်အခဲကို ဒုက္ခခံနိုင်ပြီး အဖိုးအခကို ပေးနိုင်သည်၊ ၎င်းတို့သည် နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဇွဲဖြင့်ဖတ်ရှုကြပြီး အမှုအရာအားလုံးတွင် ဘုရားသခင်ထံ ဆုတောင်းကာ သမ္မာတရားကို ရှာဖွေကြသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ တိုး၍ရှင်းလင်းလာကြပြီး သမ္မာတရား၏ ကဏ္ဍအားလုံးနှင့်ပတ်သက်၍ ဝင်ရောက်မှု၊ အကျိုးကျေးဇူးများနှင့် လက်တွေ့ အသက်ရှင်နေထိုင်ခြင်းအချို့ကို တဖြည်းဖြည်း ရရှိကြသည်။ နောက်ဆုံးတွင် လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးတို့ကို ရင်ဆိုင်ရသောအခါ ၎င်းတို့တွင် လက်တွေ့လုပ်ဆောင်ရန်နှင့် စစ်ဆေးရန် သက်ဆိုင်ရာ သမ္မာတရား စည်းမျဉ်းများ ရှိကြသည်။ နှစ်ပေါင်းများစွာသော အတွေ့အကြုံပြီးနောက် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ ပြုပြင်ခြင်းတို့မှတစ်ဆင့်၊ ထို့အပြင် သမ္မာတရားကို လိုက်စားရာတွင် ၎င်းတို့ပေးဆပ်ခဲ့သော အဖိုးအခမှတစ်ဆင့် ၎င်းတို့သည် မိမိတို့အတွင်း၌ သမ္မာတရားကို မိမိတို့၏အသက်အဖြစ် တဖြည်းဖြည်း ရှိလာကြသည်။ ၎င်းတို့၏ ကယ်တင်ခြင်း မျှော်လင့်ချက်သည် အစဉ်တစိုက် ပို၍ကြီးမားလာပြီး ၎င်းတို့ ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် သစ္စာဖောက်ခြင်း ဖြစ်နိုင်ချေသည် အစဉ်တစိုက် ပို၍နည်းပါးလာသည်။ ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများအပြင် ၎င်းတို့၏ ပင်ကိုအခြေအနေများသည် အခြေခံအားဖြင့် မပြောင်းလဲဘဲ ရှိနေသော်လည်း ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် တဖြည်းဖြည်း လျော့ပါးသွားသည်၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး ပုန်ကန်သည့် အကြိမ်ရေ နည်းပါးလာသည်၊ ၎င်းတို့သည် ဘုရားသခင်၏ နှစ်သက်ခြင်းကို တိုး၍ခံရသည်၊ အခြားသူများအတွက် တိုး၍ တည်ဆောက်စရာဖြစ်လာပြီး အသုံးပြုရန် တိုး၍ သင့်တော်လာသည်။ ဤကဲ့သို့သော လူများသည် ဤလမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းပါက ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိသောသူများ ဧကန်မုချ ဖြစ်လိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်က ကယ်တင်ရန် ရည်ရွယ်သောသူများ ဖြစ်ကြသည်။ သင်တို့ပတ်ဝန်းကျင်ရှိ လူများကို စောင့်ကြည့်လေ့လာလော့။ မည်သူသည် အခြားသူများ၏ လေးစားကြည်ညိုမှု၊ အားကျမှုနှင့် ကိုးကွယ်မှုကို ရရှိရန်နှင့် လူတို့၏ စိတ်နှလုံးထဲတွင် အဆင့်အတန်းရှိရန် မိမိတို့ကိုယ်ကို ဖုံးကွယ်ပြီး ဟန်ဆောင်ဖို့ အစွမ်းကုန် လုပ်ဆောင်လျက် အသွင်အပြင်များပေါ်တွင်၊ မိမိတို့၏ လူ့သဘာဝနှင့်ဆိုင်သော ချို့ယွင်းချက်များ၊ အပြစ်အနာအဆာများနှင့် အားနည်းချက်များပေါ်တွင် အမြဲတစေ ဇွဲဖြင့် အားထုတ်နေသည်ကို ကြည့်ရှုလော့။ ဤအမျိုးအစားဝင် လူများသည် ဖာရိရှဲများ ဖြစ်ကြသည်။ ဖာရိရှဲများတွင် နောက်ဆုံးရလဒ်တစ်ခုသာ ရှိသည်။ ကြွက်နှင့်အတူ ပျက်စီးခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအမျိုးအစားဝင် လူများသည် ဇာတ်သိမ်းသွားပြီဖြစ်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံရပြီဟု ငါပြောဆိုသည်။

အစမှအဆုံးတိုင် ဘုရားသခင် လုပ်ဆောင်သောအလုပ်သည် လူတို့၏ လူ့သဘာဝနှင့်ဆိုင်သော ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများကို ပြောင်းလဲရန်မဟုတ်၊ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပြန်လည်ကောင်းမွန်စေရန်သာ ဖြစ်သည်။ ဘုရားသခင် ပြောင်းလဲလိုသည့်အရာမှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ အမှန်ပင် ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းနှင့် ထိုသို့ဖြင့် ၎င်းတို့ကို ကယ်တင်ခြင်းရရှိစေခြင်းအကြောင်းကိုလည်း မကြာခဏ ပြောဆိုတော်မူသည်။ သို့ဆိုလျှင် ပုံမှန်လူ့သဘာဝကို ပြန်လည်ကောင်းမွန်စေခြင်းသည် မည်သည့်အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသနည်း။ ယင်းမှာ လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီးဖြစ်သည်ဟူသော အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသည်။ လူတို့၏ ပုံမှန်လူ့သဘာဝ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခြင်းဆိုသည်မှာ ၎င်းတို့၏ အသိစိတ်သည် ခံစားသိရှိလာသည်၊ ၎င်းတို့၏ ဆင်ခြင်တုံတရားသည် တိုး၍ ပုံမှန်ဖြစ်လာသည်၊ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ ရှုထောင့်မှ မှန်ကန်သောအရာများကို လုပ်ဆောင်နိုင်ပြီး မှန်ကန်သောစကားများကို ပြောဆိုနိုင်သည်ကို ဆိုလိုသည်။ ၎င်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများကို မဖြစ်စေပေ၊ ၎င်းတို့၏ ပြောဆိုမှုနှင့် လုပ်ဆောင်ချက်များသည် ကမူးရှူးထိုးဖြစ်ခြင်း၊ အမြင်ကန်းခြင်း သို့မဟုတ် ိစိတ်လိုက်မာန်ပါဖြစ်ခြင်း မရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စည်းမျဉ်းများအပေါ် လုံးဝအခြေခံသည်၊ ၎င်းတို့၏ ဆင်ခြင်တုံတရားသည် အထူးပုံမှန်ဖြစ်ပြီး ၎င်းတို့၏ လူ့သဘာဝသည် အထူးဖြောင့်မှန်ပြီး ကြင်နာတတ်သည်။ သို့ဆိုလျှင် မည်သည့်အခြေခံပေါ်တွင် ဤအရာများကို ဖြစ်မြောက်အောင်မြင်နိုင်ပြီး ဤအတိုင်းအတာအထိ ပြန်လည်ကောင်းမွန်မှုကို ရောက်ရှိနိုင်သနည်း။ ယင်းမှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြောင်းလဲခြင်းခံရသည့် အခြေခံပေါ်တွင်လည်းကောင်း၊ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းမှတစ်ဆင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားသည့် အခြေခံပေါ်တွင်လည်းကောင်း ဖြစ်မြောက်အောင်မြင်ခြင်းဖြစ်သည်။ သို့သော် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပြောင်းလဲခြင်း သို့မဟုတ် ဖယ်ရှားခြင်း မခံရပါက သင်၏ လူ့သဘာဝသည် အတော်လေးကောင်းပြီး သင့်တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ ပိုင်ဆိုင်လျှင်ပင် သမ္မာတရားကို သင်၏အသက်အဖြစ် မရှိဘဲနှင့် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် ဦးဆောင်နိုင်မည် မဟုတ်ဘဲ သင်သည် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်သောအရာများ ပြုလုပ်ရန် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ လွှမ်းမိုးခြင်း၊ လှုံ့ဆော်ခြင်းနှင့် သွေးထိုးခြင်းကို မကြာခဏ ခံနေရဦးမည်ဖြစ်သည်။ ထို့ကြောင့် သင့်တွင် တရားမျှတစိတ်အနည်းငယ် ပိုင်ဆိုင်လျှင်ပင် ယင်းမှာ ဆန္ဒနှင့် စိတ်ပိုင်းဖြတ်မှုတစ်မျိုးမျှသာ ဖြစ်သည်။ သင့်တွင် ကြင်နာတတ်သော လူ့သဘာဝအနည်းငယ်မျှသာ ရှိသော်လည်း သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏အသက်ဖြစ်ပြီး သင့်ကို အတွင်းမှ ထိန်းချုပ်သောကြောင့် သင် ဖြစ်မြောက်အောင်မြင်နိုင်သည့်အရာမှာ မကောင်းမှုမပြုခြင်းနှင့် အခြားသူများကို လှည့်ဖြားရန်နှင့် ထိခိုက်စေရန် အလျင်ဦးအောင် မလုပ်ဆောင်ခြင်းမျှသာဖြစ်ပြီး ယင်းမှာ အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများ မထိခိုက်သည့်အခါ၌သာ သင်သည် မကောင်းမှုမပြုကြောင်း သေချာစေနိုင်ပြီး သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများ ထိခိုက်သည်နှင့်တစ်ပြိုင်နက် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဖိနှိပ်ရန် ထွက်ပေါ်လာမည်ဖြစ်ပြီး သင့်ကို သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် အခွင့်အရေးများကို ကာကွယ်စေကာ ထိုသို့ဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဦးဆောင်ခွင့်ပြုရန် သင့်အတွက် အလွန်ခက်ခဲလိမ့်မည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ အကြောင်းမှာ သမ္မာတရားသည် သင်၏အသက်မဟုတ်ဘဲ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သင်၏အသက် ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်၏အကျိုးစီးပွားများ မထိခိုက်သည့်အခါ၌သာ သင်၏ လူ့သဘာဝနှင့်ဆိုင်သော အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား အနည်းငယ်ကို သင် ထုတ်ဖော်ပြနိုင်မည်။ သင်၏အကျိုးစီးပွားများ ထိခိုက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းခံရသည်နှင့်တစ်ပြိုင်နက် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဖိနှိပ်ရန် ချက်ချင်း ထွက်ပေါ်လာမည်ဖြစ်ပြီး သင့်ကို အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆန့်ကျင်သောအရာများ၊ ဆိုလိုသည်မှာ ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်သိက္ခာကို ဆန့်ကျင်သောအရာများကို ပြုလုပ်စေမည်ဖြစ်ပြီး သင်သည် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းပင် ရှိကောင်းရှိနိုင်သည်။ မှန်ပေသည်၊ ဤလုပ်ဆောင်ချက်အားလုံးသည် သမ္မာတရားကို ဆန့်ကျင်သည်ဟု ဆိုနိုင်သည်၊ ဤသည်မှာ ရှောင်လွှဲမရပေ။ ထို့ကြောင့် လူတစ်ဦး အသက်ရှင်နေထိုင်သည့်အရာသည် ၎င်းတို့၏ လူ့သဘာဝနှင့်ဆိုင်သော အခြေအနေများပေါ်တွင် မူတည်ခြင်း မရှိဘဲ ၎င်းတို့၏ အတွင်းစိတ် အသက် အနှစ်သာရ မည်သည့်အရာဖြစ်သည်ပေါ်တွင် မူတည်သည်။ ၎င်းတို့တွင် သမ္မာတရားကို အသက်အဖြစ် အမှန်တကယ်ရှိပါက ၎င်းတို့၏အသက်တွင် သမ္မာတရား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်း၏ လမ်းကြောင်းတို့ ပါရှိသည်။ ထို့နောက် ၎င်းတို့၏ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အကောင်းဆုံးအခြေအနေတွင် ရှိနေမည်ဖြစ်ပြီး လုပ်ဆောင်နိုင်စွမ်းရှိကာ ၎င်းတို့ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်နှင့် စည်းမျဉ်းများအတိုင်း ပြုမူရန် ဖြစ်စေနိုင်သည်။ သို့သော် လူတစ်ဦး၏ အသက် အနှစ်သာရသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်ပါက ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အနိမ့်ဆုံးစံနှုန်းသို့ လျော့ကျသွားသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် လူ့သဘာဝ၏ အနိမ့်ဆုံးစည်းမျဉ်းအောက်သို့ မရောက်ရှိရုံမျှသာ ဖြစ်သည်။ ဤအနိမ့်ဆုံးစည်းမျဉ်းကား အဘယ်နည်း။ “တိုက်ခိုက်မခံရလျှင် ကျွန်ုပ် တိုက်ခိုက်မည် မဟုတ်ပါ။ ကျွန်ုပ် တိုက်ခိုက်ခံရလျှင် တန်ပြန်တိုက်ခိုက်မည်မှာ သေချာ၏”၊ “သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး ဖြစ်သည်”၊ “သူတို့ဖော်သည့်ဆေး သူတို့ကို ပြန်သောက်ခိုင်း” တို့ ဖြစ်သည်။ အခြားအဘယ်အရာ ရှိသေးသနည်း။ “လူကြီးလူကောင်း အယောင်ဆောင်တစ်ယောက် ဖြစ်ခြင်းထက် ဗီလိန်အစစ်ဖြစ်ခြင်းက ပို၍ကောင်းသည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ဘာသာတရားမရှိသူများစွာ ကျင့်ကြံပြုမူပုံအတွက် အနိမ့်ဆုံးစည်းမျဉ်း ဖြစ်သည်။ ဘာသာတရားမရှိသူတစ်ဦးအတွက် ဤနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ခြင်းသည် အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။ သင်တို့သည် ဤအရာမှ အဘယ်အရာကို နားလည်ခဲ့သနည်း။ သင်သည် သမ္မာတရားကို မလိုက်စားပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဖယ်ရှားခြင်းခံရမည်မဟုတ်၊ သင်၏ အသက် အနှစ်သာရသည် ပြောင်းလဲမည်မဟုတ်၊ သင်၏ အသက် အနှစ်သာရ မပြောင်းလဲပါက သင်၏ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အနှစ်သာရပိုင်း၌ ပြန်လည် ကောင်းမွန်လာမည်မဟုတ်ဘဲ ပုံစံအရသာ လူ့သဘာဝ၏ အနိမ့်ဆုံးစည်းမျဉ်းအောက်သို့ မရောက်ရှိခြင်းသာ ဖြစ်လိမ့်မည်။ သို့သော် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဖယ်ရှားခြင်းခံခဲ့ရပြီး သင်၏အသက်၏ အနှစ်သာရသည် ပြောင်းလဲခဲ့ပါက သင်၏ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အတိုင်းအတာတစ်ခုအထိ ပိုမိုကောင်းမွန်အောင် ပြုပြင်ခြင်းနှင့် မြှင့်တင်ခြင်း ခံရလိမ့်မည်။ ဤနေရာတွင် “ပိုမိုကောင်းမွန်အောင် ပြုပြင်ခြင်း” နှင့် “မြှင့်တင်ခြင်း” သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် ပုံမှန်အတိုင်း လုပ်ဆောင်လာသည်ကို ဆိုလိုသည်။ ယင်းတို့သည် အနိမ့်ဆုံးစည်းမျဉ်းကို မကျော်လွန်ရုံမျှသာ မဟုတ်ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ စံနှုန်းသို့ ရောက်ရှိခြင်း ဖြစ်သည်။ ဘာသာတရားမရှိသူများထဲမှ လူကောင်းဟု ခေါ်သူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားအချို့ကိုသာ ပြသသည်၊ သိသာထင်ရှားသော မကောင်းမှုကို မကျူးလွန်ကြဘဲ ကိုယ်ကျင့်တရားဆိုင်ရာ တရားမျှတမှု၏ အနိမ့်ဆုံးစည်းမျဉ်းကို မကျော်လွန်ကြပေ။ ဤသည်မှာ အတော်လေး ကောင်းမွန်နေပြီဖြစ်သည်၊ ၎င်းတို့ကို အလွန်ကောင်းသောလူများဟု မှတ်ယူနိုင်သည်။ သို့သော် သမ္မာတရားကို မိမိတို့၏အသက်အဖြစ် ရှိသောလူများသည် ဤအရာကို ကျော်လွန်ကြသည်၊ ၎င်းတို့တွင် အမှားနှင့်အမှန်ကို ပိုင်းခြားသိမြင်နိုင်စွမ်းရှိပြီး အမှားအမှန်အမျိုးမျိုးနှင့် လူအမျိုးအစားအမျိုးမျိုးကို ခွဲခြားသတ်မှတ်နိုင်သည်။ သို့ဆိုလျှင် ၎င်းတို့၏ အခြေခံမှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရား စည်းမျဉ်းများ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို ပိုင်ဆိုင်သည်။ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စံနှုန်းထက် များစွာပို၍ မြင့်မားသည် မဟုတ်လော။ (ဟုတ်ပါသည်။) အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို မိမိတို့၏အသက်အဖြစ် ရှိသောကြောင့်ဖြစ်ပြီး ၎င်းတို့ အမျိုးမျိုးသော အမှုအရာများကို ခွဲခြားသိသည့် အခြေခံသည် သာမန်ဖောက်ပြန်ပျက်စီးသော လူများ၏ စံနှုန်းထက် များစွာပို၍ မြင့်မားသောကြောင့် ၎င်းတို့သည် ရှုပ်ထွေးသော အမှုအရာများကို ရင်ဆိုင်ရသည့်အခါ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူရန် ဇွဲဖြင့်လုပ်ဆောင်ကြလိမ့်မည်။ သမ္မာတရား စည်းမျဉ်းများကို သဘောပေါက်ပြီးနောက် ၎င်းတို့၏ စိတ်များသည် ရှုပ်ထွေးမည်မဟုတ်ဘဲ ၎င်းတို့၏ တွေးခေါ်မှုသည် ကြည်လင်နေလိမ့်မည်။ ကြည်လင်သည်ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဆင်ခြင်တုံတရားနှင့် ပြည့်စုံခြင်းကို ဆိုလိုသည်။ ၎င်းတို့ကြုံတွေ့ရသော အမှုအရာများသည် မည်မျှပင် ရှုပ်ထွေးသည်ဖြစ်စေ လက်တွေ့လုပ်ဆောင်ရန်အတွက် သမ္မာတရား စည်းမျဉ်းများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် စွဲထင်နေသည်၊ ၎င်းတို့သည် သမ္မာတရားကို တိကျစွာ၊ စေ့စေ့စပ်စပ် သဘောပေါက်ခဲ့ပြီးဖြစ်ကာ ယင်းမှာ ၎င်းတို့၏အသက် ဖြစ်နေနှင့်ပြီဖြစ်သည်။ ရှုပ်ထွေးသော လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးတို့၏ ရှေ့မှောက်တွင် ၎င်းတို့၌ အခြေခံစံသတ်မှတ်ချက်တစ်ခု ရှိသည်၊ ယင်းမှာ သမ္မာတရား စည်းမျဉ်းများကို စွဲကိုင်ခြင်း ဖြစ်သည်။ ဤသမ္မာတရား စည်းမျဉ်းများသည် ၎င်းတို့ကို ရှုပ်ထွေးသောအရာအမျိုးမျိုး၏ အနှစ်သာရကိုလည်းကောင်း၊ ပြဿနာ၏ တကယ့်အရှိတရား မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း ထိုးထွင်းသိမြင်စေနိုင်သည်၊ ၎င်းတို့သည် ဤအရာများကို ခွဲခြားသိနိုင်သည်။ ဤသည်မှာ ၎င်းတို့၏ ဆင်ခြင်တုံတရား ဖြစ်သည်။ ဤဆင်ခြင်တုံတရားသည် သာမန်လူများ၏ ဆင်ခြင်တုံတရားထက် ပို၍မမြင့်မားသလော။ (မြင့်မားပါသည်။) သို့ဆိုလျှင် ဤအဆင့်သို့ ရောက်ရှိပြီးသည့်အခါ ၎င်းတို့၏ ဆင်ခြင်တုံတရားသည် မြှင့်တင်ခြင်းနှင့် ပိုမိုကောင်းမွန်အောင် ပြုပြင်ခြင်း မခံခဲ့ရသလော။ (ခံခဲ့ရပါသည်။) ဤသို့သော ပုံမှန်လူ့သဘာဝမျိုးသည် ဘုရားသခင် အလိုရှိသည့်အရာ ဖြစ်သည်၊ ဘုရားသခင်သည် နားဝေတိမ်တောင်ဖြစ်သော လူများကို အလိုမရှိပေ။ အချို့သောလူများက “ကျွန်ုပ်သည် ဟန်ဆောင်မှုကင်းပြီး သတ္တိမရှိပါ၊ ကျွန်ုပ်သည် အစဉ်သဖြင့် အနိုင်ကျင့်ခံရသည်” ဟု ပြောကြပြီး အခြားသူများကမူ “ကျွန်ုပ်၏ အစွမ်းအစမှာ အလွန်ညံ့ဖျင်းပြီး ကျွန်ုပ်တွင် မည်သည့်စွမ်းရည်မျှဖြစ်စေ၊ မည်သည့်အရည်အချင်းမျှဖြစ်စေ မရှိပါ” ဟု ပြောကြသည်။ ဘုရားသခင်က ဤအရာများသည် အရေးမကြီးကြောင်း၊ အရေးကြီးသည်မှာ သင်သည် သမ္မာတရား စည်းမျဉ်းများကို နားလည်ခြင်းရှိမရှိ ဖြစ်ကြောင်း မိန့်ဆိုသည်။ သင်သည် သမ္မာတရား စည်းမျဉ်းများကို နားလည်ပြီး ရိုးသားသောသူတစ်ဦး ဖြစ်ခြင်း၏ စံနှုန်းများနှင့် စည်းမျဉ်းများအတိုင်း ပြောဆိုပြုမူပါက ဘာသာတရားမရှိသူများက သင့်ကို တုံးအသည်ဟု လှောင်ပြောင်လျှင်ပင် ယင်းမှာ စစ်မှန်သော တုံးအခြင်းမဟုတ်ပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သင်သည် သမ္မာတရား စည်းမျဉ်းများကို နားလည်သည်နှင့်တစ်ပြိုင်နက် သင်၏ ဆင်ခြင်တုံတရားသည် ခိုင်မာပြီး ပိုမိုကောင်းမွန်လာကာ သာမန်လူများထက် ပို၍မြင့်မားလာသောကြောင့် ဖြစ်သည်။ သင်သည် မည်သည့်အမှုအရာကိုမဆို ကြုံတွေ့ရသည့်အခါ သင်သည် နားဝေတိမ်တောင် ဖြစ်မည်မဟုတ်ပေ၊ သင့်တွင် ယင်းကို ကိုင်တွယ်ရန် အခြေခံအဖြစ် မှန်ကန်သော စည်းမျဉ်းများ၊ ရပ်တည်ချက်နှင့် ပန်းတိုင်များ ရှိသည်။ သင်၏စိတ်သည် ကြည်လင်ပြီး သင်၏အတွေးအခေါ်များသည် ရှင်းလင်းသည်။ သင်သည် ထိုစည်းမျဉ်းများနှင့် စံနှုန်းများကို ပြည့်မီရန် ကြိုးစားလျက် ပြုမူပြီး သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဧကန်မုချ ဆန့်ကျင်မည် မဟုတ်ပေ၊ သင်သည် ကိုယ်တော်၏ ရည်ရွယ်ချက်များနှင့်အညီ ဧကန်အမှန် ပြုမူလိမ့်မည်။ သင်သည် အမှုအရာကို ကိုင်တွယ်ပြီးနောက် ထိုအချိန်တွင် လူတို့က ယင်းကို ထိုးထွင်းသိမြင်ခဲ့သည်ဖြစ်စေ မမြင်ခဲ့သည်ဖြစ်စေ အချိန်အလုံအလောက် ကြာမြင့်သွားပြီး လူတို့နားလည်လာသောအခါ ၎င်းတို့အားလုံးသည် လုံးဝသဘောကျကြမည်ဖြစ်ပြီး သင်ကိုင်တွယ်ခဲ့ပုံမှာ အလွန်အကျိုးရှိခဲ့ကြောင်း သိကြလိမ့်မည်။ သို့ဆိုလျှင် ထိုသို့သော အကျိုးသက်ရောက်မှုကို ရရှိခြင်း၏ အရင်းခံအကြောင်းတရားမှာ အဘယ်နည်း။ ယင်းမှာ သင့်တွင် သမ္မာတရားကို သင်၏အသက်အဖြစ် ရှိနေခြင်း ဖြစ်သည်။ ထိုအခါမှသာ သင်၏ ဆင်ခြင်တုံတရားသည် သင့်ကို မည်သူနှင့်ပတ်သက်၍မဆို၊ မည်သည့်အရာနှင့်ပတ်သက်၍မဆို တိကျသော ဆုံးဖြတ်ချက်များ၊ တိကျမှန်ကန်သော စရိုက်လက္ခဏာ သရုပ်ဖော်ချက်များနှင့် တိကျသော ကောက်ချက်များကို ရှိစေနိုင်သည့်အပြင် တိကျသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများအပြင် လူတို့ကို ကူညီရန်နှင့် လမ်းညွှန်ရန် တိကျသော စည်းမျဉ်းများကိုလည်း ရှိစေနိုင်သည်မှာ အမှန်ပင်ဖြစ်၏။ ထိုအခါ သင်၏ ဆင်ခြင်တုံတရားသည် မြှင့်တင်ခြင်းနှင့် ပိုမိုကောင်းမွန်အောင် ပြုပြင်ခြင်း မခံခဲ့ရသလော။ ပုံမှန်လူ့သဘာဝသည် ထိုသို့သော ဆင်ခြင်တုံတရားကို အဘယ်မှ ရရှိသနည်း။ (သမ္မာတရား ဖြစ်ပါသည်။) သမ္မာတရားကို မိမိတို့၏အသက်အဖြစ် ရှိသောလူများသည် ဘုရားသခင် အလိုရှိသော လူသားမျိုးနွယ် ဖြစ်သည်။ သင်သည် မိုက်မဲသူ၊ ဟန်ဆောင်မှုကင်းသူ၊ သတ္တိမရှိသူနှင့် အရည်အချင်းမရှိသူ ဖြစ်ကောင်းဖြစ်မည်၊ သင်သည် လောကတွင် လူကြိုက်နည်းပြီး လူတို့၏ အနိုင်ကျင့်ခြင်းကို ခံရကောင်းခံရမည်၊ သို့သော် ဤအရာတစ်ခုမျှ အရေးမကြီးပေ၊ ဤသည်မှာ ဘုရားသခင် ကြည့်ရှုသည့်အရာ မဟုတ်ပေ။ သင်သည် လောကတွင် အလွန်စွမ်းဆောင်နိုင်ပြီး လူကဲခတ်ရာ၌လည်းကောင်း၊ ရေစီးကြောင်းများကို ပိုင်းခြားသိမြင်ရာ၌လည်းကောင်း၊ အခြေအနေကြည့်၍ လိုက်လျောညီထွေ ပြုမူရာ၌လည်းကောင်း အထူးကျွမ်းကျင်ကောင်း ကျွမ်းကျင်မည်၊ သို့သော် ဤသည်မှာလည်း အသုံးမဝင်ပေ၊ ယင်းမှာ သင်၏ ဆင်ခြင်တုံတရား ခိုင်လုံခြင်းနှင့် မတူညီပေ။ သင်သည် သမ္မာတရားကို လက်ခံပြီး သမ္မာတရားကို နားလည်ကာ သမ္မာတရားအားလုံးကို သဘောပေါက်ပြီး လက်တွေ့လုပ်ဆောင်ကာ အတွေ့အကြုံ ရရှိသည့်အပြင် သမ္မာတရားသည် သင်၏အသက် ဖြစ်လာသည့်အခါမှသာ အမျိုးမျိုးသော အမှုအရာများနှင့်ပတ်သက်၍ သင်၏ ခွဲခြားသိမြင်မှု၊ ဝေဖန်ပိုင်းခြားမှုနှင့် ဆုံးဖြတ်ချက်ချမှတ်မှုတို့သည် တိကျမှန်ကန်နိုင်မည်ဖြစ်သည်။

အသိစိတ်နှင့်စပ်လျဉ်း၍ ယင်းက မည်သည့်အရာကို ရည်ညွှန်းသည်ဟု ငါတို့ ယခင်က ပြောပြီးဖြစ်သနည်း။ ယင်းသည် ပုံမှန်လူ့သဘာဝ၏ တရားမျှတစိတ်နှင့် ကြင်နာမှု ဖြစ်သည်။ လူတစ်ဦးအနေဖြင့် အသိစိတ်ရှိသည်ဟု ဆိုရန်မှာ တည်ကြည်ဖြောင့်မတ်ပြီး ကြင်နာရမည်ဖြစ်သည်။ သို့ဆိုလျှင် လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် ပုံမှန်လူ့သဘာဝ၏ တည်ကြည်ဖြောင့်မတ်ခြင်းနှင့် ကြင်နာမှုအား မည်သို့ စုံလင်ပြည့်ဝစေပြီး မြှင့်တင်နိုင်မည်နည်း။ ဤအရာကို သမ္မာတရားအား နားလည်ခြင်းဟူသော အခြေခံအုတ်မြစ်အပေါ်၌ တည်ဆောက်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် သမ္မာတရားကို နားလည်ပြီးနောက် ၎င်းတို့ ကျင့်ကြံပြုမူပြီး ဆောင်ရွက်သည့် စံသတ်မှတ်ချက်များသည် အပြုသဘောဆောင်သော ပန်းတိုင်တစ်ခု ဖြစ်လိမ့်မည်ဖြစ်သည်။ ယင်းက ၎င်းတို့ကိုယ်တိုင်အတွက်လည်းကောင်း၊ အခြားလူတိုင်းအတွက်လည်းကောင်း အပြုသဘောဆောင်သော အကျိုးသက်ရောက်မှု၊ တန်ဖိုးနှင့် အရေးပါမှု ရှိလိမ့်မည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် အရာခပ်သိမ်းကို ဘုရားသခင် သင်ကြားပေးသည့် သမ္မာတရားစည်းမျဉ်းများအား အခြေခံ၍ ရှုမြင်ပြီး ကိုင်တွယ်ကြလိမ့်မည်။ အခြားသူများ၏ အမြင်တွင် ထိုသို့သော လူတစ်ဦးသည် အတော်လေး တည်ကြည်ဖြောင့်မတ်ပေသည်။ တည်ကြည်ဖြောင့်မတ်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ တည်ကြည်ဖြောင့်မှန်ခြင်းဟူသည်မှာ ဘယ်ညာ တိမ်းစောင်း၍လည်းကောင်း၊ စိတ်လိုက်မာန်ပါဖြစ်၍လည်းကောင်း၊ ခံစားချက်များဖြင့်လည်းကောင်း၊ သီးသန့်အကျိုးစီးပွား သို့မဟုတ် ဆက်ဆံရေးများ၊ သို့မဟုတ် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များဘက်သို့လည်းကောင်း မှားယွင်းခြင်း မဟုတ်ဘဲ၊ ထို့ထက် အမှန်ကန်ဆုံး၊ အလျောက်ပတ်ဆုံးဖြစ်သော ပန်းတိုင်၊ လူတို့၏ လေးစားမှု၊ လေးစားအထင်ကြီးမှုနှင့် အလွန်အလေးထားမှုတို့နှင့် အထိုက်တန်ဆုံးဖြစ်သော ပန်းတိုင်အတွက် လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်က ကောင်းသည်ဟုမြင်ပြီး အသိအမှတ်ပြုသည့် ပန်းတိုင်အတွက် လက်တွေ့လုပ်ဆောင်ခြင်းဟု ဆိုနိုင်သည်။ ဤသည်မှာ သာမန်ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ရှုမြင်သည့် “တည်ကြည်ဖြောင့်မတ်ခြင်း”ထက် သာလွန်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤတည်ကြည်ဖြောင့်မတ်ခြင်းက အဘယ်အရာကို ဆိုလိုသနည်း။ ယင်းသည် သမ္မာတရားစည်းမျဉ်းများနှင့် လုံးဝကိုက်ညီသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးလုံး အခြေခံပြီး အသိစိတ်၏ အခြေခံအုတ်မြစ်အပေါ်၌ တည်ဆောက်ထားသည်။ လူတစ်ဦးသည် သမ္မာတရားကို နားလည်သောအခါ ပြဿနာများကို ဖြေရှင်းရန်နှင့် ကိစ္စရပ်များကို ကိုင်တွယ်ရန် နည်းလမ်းများနှင့် စည်းမျဉ်းများကို ပိုင်ဆိုင်လေသည်။ သို့ဖြစ်၍ ဤလူ၏ အသိစိတ်သည် အတော်လေး စုံလင်သည် မဟုတ်လော။ ယင်းသည် စုံလင်ပြည့်ဝစေခြင်း ခံရပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် စစ်မှန်သော လူတစ်ဦး၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦးသည် ထိုသို့သော အသိစိတ်ကို ပိုင်ဆိုင်သင့်သည် မဟုတ်လော။ ၎င်းတို့သည် ဤသဘောအရ တည်ကြည်ဖြောင့်မတ်ကို ပိုင်ဆိုင်သင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) စစ်မှန်သော လူတစ်ဦးသည် လူတို့ပြောဆိုကြသည့် ပြတ်သားစွာ တည်ကြည်ဖြောင့်မတ်ပြီး မျက်နှာမလိုက်ခြင်း၊ ပွင့်လင်းပြီး ရိုးသားခြင်း၊ သို့မဟုတ် “ယောက်ျားကောင်းတို့သည် မည်သည့်အရာကိုမျှ မဖုံးကွယ်ဘဲ မိမိတို့၏ လုပ်ရပ်များအတွက် အမြဲတစေ တာဝန်ယူသည်” ဟူသည့်အရာအစား သမ္မာတရားနှင့် ကိုက်ညီသည့်သဘောအရ တည်ကြည်ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်သင့်သည်။ လူတို့ပြောသည့်အရာမှာ စိတ်လိုက်မာန်ပါဖြစ်ခြင်း ဖြစ်သည်၊ ယင်း၌ အမှန်တကယ်ဖြစ်သော အကြောင်းအရာ တစ်ခုမျှ မရှိသည့်အပြင်၊ လူတို့ လုံးလုံး ဟန်ဆောင်ထားခြင်းသာ ဖြစ်သည်။ တည်ကြည်ဖြောင့်မတ်ခြင်းတွင် သမ္မာတရားက ယင်း၏ အခြေခံအကြောင်းရင်းအဖြစ် ရှိသည်။ ယင်းနှင့်ပတ်သက်၍ အမှန်တကယ် အသက်ရှင်နေထိုင်သည့် လက်တွေ့လုပ်ဆောင်မှုများ ရှိသည်။ ဆိုလိုသည်မှာ ပုံမှန်လူ့သဘာဝရှိသော လူတစ်ဦးသည် သမ္မာတရားကို ၎င်း၏ အရင်းအမြစ်နှင့် စမှတ်အဖြစ် ရှိပြီး အမျိုးမျိုးသော ကိစ္စရပ်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း သဘောထားကာ ကိုင်တွယ်နိုင်သည်။ ဤသည်ကို တည်ကြည်ဖြောင့်မတ်ခြင်းဟု ခေါ်သည်။ ကြင်နာခြင်းမှာ သာ၍ပင် ပြောစရာမလိုပေ။ အနည်းဆုံးအနေဖြင့် ယင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စံနှုန်းကို ကျော်လွန်သည်။ ကြင်နာခြင်းအတွင်း၌ ရက်စက်ကြမ်းကြုတ်ခြင်း မဆိုထားနှင့်၊ သူတော်ကောင်း ယောင်ဆောင်ခြင်းပင် မရှိပေ။ ယင်းမှာ လူတို့အတွက် အကျိုးရှိပြီး တည်ဆောက်မှုပေးသည့်အပြင် တစ်ချိန်တည်းတွင် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီသော နည်းလမ်းများကို လုံးလုံး အခြေခံ၍ ပြုမူဆောင်ရွက်ခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်း၊ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းနှင့် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းတို့၏ ပန်းတိုင်နှင့် စံသတ်မှတ်ချက်များကို လုံးလုံး အခြေခံ၍ ပြုမူဆာင်ရွက်ခြင်း ဖြစ်သည်။ ဤသည်မှာ ကောင်းကင်အောက်၊ စကြဝဠာတစ်ခုလုံးတွင် အကြင်နာဆုံး၊ အံ့ဩဖွယ်အကောင်းဆုံးအရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားကို မိမိ၏အသက်အဖြစ် ပိုင်ဆိုင်သော လူတစ်ဦးတွင် အကြင်နာဆုံးသော စိတ်နှလုံး ရှိသည်မှာ သေချာသည်၊ အကြောင်းမှာ ၎င်းသည် သမ္မာတရားကို လက်ခံနိုင်ပြီး ဤသည်မှာ ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသည့် စံနှုန်းနှင့် လုံးဝကိုက်ညီသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤလူ့သဘာဝမျိုးကို ပိုင်ဆိုင်သောကြောင့် ၎င်းတို့ တည်ကြည်ဖြောင့်မတ်သည်ဟု ဆိုခြင်းက သင့်လျော်သည့်အပြင်၊ ၎င်းတို့ ကြင်နာသည်ဟု ဆိုခြင်းကလည်း သင့်လျော်ပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်သည်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် မိမိတို့၏ ခံစားချက်များအတိုင်း ၎င်းတို့ မလုပ်ဆောင်ကြ သို့မဟုတ် ရည်မှန်းချက်များဖြစ်စေ၊ လိုအင်ဆန္ဒများဖြစ်စေ မရှိကြသည့်အပြင်၊ ၎င်းတို့သည် မိမိတို့အတွင်း၌ ရိုးရာယဉ်ကျေးမှု၏ အဆိပ်အတောက်များကို မထားရှိဘဲ၊ ကိုယ်ကျင့်တရားနှင့် လူ့သဘာဝကို တိုင်းတာရန် ၎င်းတို့၏ စံနှုန်းက စာတန်၏ မည်သည့် အတွေးအခေါ်များ၊ အကြံအစည်များ သို့မဟုတ် အမြင်များနှင့်မျှ ရောနှောခြင်း မရှိ၊ သမ္မာတရားနှင့် လုံးဝကိုက်ညီသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ ငါ့ကို ပြောလော့၊ ထိုသို့သော အသိစိတ်နှင့် ဆင်ခြင်တုံတရား ပါရှိသည့် လူ့သဘာဝသည် အလွန် စုံလင်ပြည့်ဝနှင့်ပြီးသားဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူစားမျိုးသည် သမ္မာတရားကို ပိုင်ဆိုင်သောကြောင့်လည်းကောင်း၊ ၎င်းက အသက်ရှင်နေထိုင်သည့် အသက်၏ အနှစ်သာရသည် သမ္မာတရား ဖြစ်သောကြောင့်လည်းကောင်း၊ ထိုသို့သော အသက်အနှစ်သာရကို ပိုင်ဆိုင်သည့် ၎င်း၏ လူ့သဘာဝက စုံလင်ပေသည်။ သင်တို့သည် “စုံလင်သော” ဟူသော စကားလုံးကို ကြားရခြင်းအား မနှစ်သက်လျှင် ငါသည်လည်း ယင်းကို “စုံလင်ပြည့်ဝသော” ဟု ခေါ်ဆိုနိုင်သည်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် စုံလင်ပြည့်ဝပြီး ဘုရားသခင်၏ ချစ်ခြင်းကို ခံရသူများ ဖြစ်ကြသည်။ ဘုရားသခင်သည် လူတို့ထဲတွင် သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အမှုပြုရန် ၎င်းတို့၌ရှိသော အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ရှက်စိတ် အနည်းငယ်ကို အသုံးပြုသည်။ ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားက သင်၏အထဲတွင် အလုပ်လုပ်သောအခါ၊ သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အားနည်းသွားခြင်းမရှိ သို့မဟုတ် ဖုံးကွယ်ခံရခြင်းမရှိဘဲ၊ ထိုအစား ပို၍ ပုံမှန်ဖြစ်လယပြီး စုံလင်ပြည့်ဝလာသည်။ ထိုသို့သော လူသားမျိုးနွယ်သည် ဘုရားသခင် အလိုရှိသော လူသားမျိုးနွယ် ဖြစ်သည်။ စုံလင်သည်ဟု မပြောဘဲ စုံလင်ပြည့်ဝသည်ဟု ပြောကြစို့။ အဘယ်ကြောင့် စုံလင်သည်ဟု မပြောသနည်း။ ငါက စုံလင်သည်ဟု ပြောလျှင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော အချို့လူတို့က “ကိုယ်တော်က စုံလင်သောလူများ မဖြစ်ရန် ပြောခဲ့သည် မဟုတ်လောဟု” ပြောကြလိမ့်မည်။ သို့ဖြစ်၍ အချို့လူများ အထင်မလွဲစေရန်အတွက် ငါသည် ဤစကားလုံးကို ရှောင်ရပေမည်။ အမှန်တွင် တစ်စုံတစ်ခုသည် ဘုရားသခင်၏ အမြင်တွင် စုံလင်ပြည့်ဝလျှင် ဖန်ဆင်းခံလူသားမျိုးနွယ်အလယ်တွင် ယင်းကို စုံလင်သည်ဟု ဆိုနိုင်ပေသည်။ ဤစုံလင်ခြင်းသည် လူတို့၏ စိတ်ကူးများထဲတွင်ရှိသည့် စုံလင်ခြင်းမဟုတ်ဘဲ၊ ထို့ထက် လှပပြီး ကောင်းမွန်သောအရာတစ်ခု၊ တရားမျှတမှု၏ အင်အားစုတစ်ခုဖြစ်သည့်အပြင် အပြုသဘောဆောင်သော အရာတစ်ခု၊ လူတို့၏ ချီးမွမ်းခြင်း၊ တမ်းတခြင်း၊ မြတ်နိုးခြင်း၊ လေးစားခြင်းနှင့် တန်ဖိုးထားခြင်းတို့နှင့် ထိုက်တန်သောအရာတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် သင်သည် သင်၏အသိစိတ်ကို သင်၏ ကျင့်ကြံပြုမူခြင်းတွင်ရှိသည့် လူ့သဘာဝ၏ အနိမ့်ဆုံးစည်းကို မကျော်လွန်ရုံမျှဖြင့် ရပ်တန့်မနေစေဘဲ သင်၏အသိစိတ်ကို ပို၍ သိတတ်စေရန်၊ ပို၍ သတိပြုတတ်စေရန်အပြင်၊ သင်၏ ဆင်ခြင်တုံတရားကို ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ကိုက်ညီစေရန် အလိုရှိလျှင် သင်၌ လမ်းကြောင်းတစ်ခုသာ ရှိသည်။ ဤလမ်းကြောင်းသည် လူ့သဘာဝ၏ အမျိုးမျိုးသော ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများကို ကျော်လွှားအောင်မြင်ခြင်း မဟုတ်ဘဲ သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားသခင်က လူတို့ကို သွန်သင်ပေးသည့် အမျိုးမျိုးသော သမ္မာတရားများကိုအားထုတ်ခြင်း၊ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့် ပတ်သက်လာသည့်အခါတွင် သင့်အတွက် ဘုရားသခင်၏ သတ်မှတ်ထားသော စံနှုန်းများက အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သင် မည်သို့ ရှုမြင်သင့်၊ သဘောထားသင့်ပြီး ကိုင်တွယ်သင့်သည်ကိုလည်းကောင်း နားလည်ခြင်း ဖြစ်သည်။ ဘုရားသခင်၌ ဤကဏ္ဍအားလုံးအတွက် သတ်မှတ်ထားသော စည်းမျဉ်းများနှင့် စံနှုန်းများ ရှိသည်။ သင်၏ လုပ်ငန်းဆောင်တာမှာ အဘယ်နည်း။ ဤဦးတည်ချက်၊ ဤပန်းတိုင်အတွက် ဤစံနှုန်းများအတိုင်း လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ပထမဆုံးအနေဖြင့်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် စံနှုန်းများမှာ အဘယ်အရာဖြစ်သည်ကို ရှာဖွေပြီး နားလည်လော့။ ဆက်လက်၍၊ ဘုရားသခင် တောင်းဆိုသည့် စံနှုန်းများအတိုင်း သင့်ကိုယ်သင် တောင်းဆိုမှုများ ပြုလုပ်စဉ်၊ တစ်ချိန်တည်းတွင် သင်၏ အယူအဆများနှင့် စိတ်ကူးများထဲရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားနှင့် မကိုက်ညီသည့် အမျိုးမျိုးသော အတွေးများ၊ အမြင်များ၊ စည်းမျဉ်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့် အခြားအရာများကို လက်လွှတ်လော့။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ တဖြည်းဖြည်းချင်း ဖြစ်လာစေလော့။ လက်လွှတ်ရန် သင်ယူနေစဉ်တွင် မမေ့နှင့်၊ လက်လွှတ်ခြင်း၏ ရည်ရွယ်ချက်မှာ သင့်အား ခံစားချက်မဲ့သောသူတစ်ဦး ဖြစ်စေရန် မဟုတ်ပေ။ ဘုရားသခင်သည် သင်၏အသက်တာတွင် အကြောင်းအရာ ရှိစေလိုသည်။ ဤအကြောင်းအရာက အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းက အမျိုးမျိုးသော ကိစ္စရပ်များအတွက် ဘုရားသခင်၏ သတ်မှတ်ထားသော စည်းမျဉ်းများကို ရည်ညွှန်းသည်။ လူတို့က အမျိုးမျိုးသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကို အနှစ်မဲ့ သဘောတရားများအဖြစ် ပြောင်းလဲစေကာ ယင်းတို့အကြောင်း ပြောရုံသာပြောပြီး လက်တွေ့မလုပ်ဆောင်သည်ကို ဘုရားသခင် အလိုမရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအစား လူတို့က ဤသမ္မာတရားစည်းမျဉ်းများကို ၎င်းတို့ အသက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ခိုင်မာစွာ ပြောင်းလဲစေနိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်တွေ့ဘဝများထဲသို့ ဆောင်ကြဉ်းနိုင်မည်ဟု သူမျှော်လင့်သည်။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအား ဥပမာအနေဖြင့် ကြည့်လော့၊ ဤကိစ္စနှင့်စပ်လျဉ်း၍ လူတို့ထံမှ ဘုရားသခင်က မည်သည့်စံနှုန်းကို တောင်းဆိုသနည်း။ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို လက်တွေ့ကျကျပုံစံဖြင့်လည်းကောင်း၊ မိမိတို့၏ သင့်တင်လျောက်ပတ်သော အဆင့်အတန်းနှင့်အညီလည်းကောင်း ကျင့်ကြံပြုမူရန် ဖြစ်သည်။ ဆိုလိုသည်မှာ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် လက်တွေ့ကျရမည်၊ သင်သည် ဝတ်ကျေတမ်းကျေ မလုပ်ရ၊ သို့မဟုတ် ပေါ့ပေါ့တန်တန် မလုပ်ရ၊ သင်သည် ဟန်ဆောင်လုပ်ပြရုံ မလုပ်ပြရ၊ သို့မဟုတ် အခြားသူများ မြင်ရန်အတွက် မလုပ်ဆောင်ရသည့်အပြင်၊ သင်သည် ကြွားလည်းမကြွားရပေ။ သာ၍ပင် အရေးကြီးသည်မှာ သင့်အနေဖြင့် သမ္မာတရားစည်းမျဉ်းများအတိုင်း လုပ်ဆောင်ရမည်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်က သင့်ကို လုပ်ဆောင်ရန် ပြောသည့်အတိုင်း သင် လုပ်ဆောင်သင့်ပြီး ဘုရားသခင်က သင့်ကို မလုပ်ဆောင်ရန် ပြောသည့်အရာများကို သင် မလုပ်ဆောင်ဘဲ ရှောင်ကြဉ်သင့်သည်။ သင်သည် ထိုအရာများကို လုပ်ဆောင်ခြင်းအား လုံးဝ ရှောင်ကြဉ်နိုင်ခြင်း မရှိလျှင် ယင်းတို့ကို လျှော့လုပ်ခြင်းဖြင့် စတင်လော့။ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒများနှင့် သင်၏ ကိုယ်ပိုင် နှစ်သက်မှုများကို ဆန့်ကျင်တွန်းလှန်ပြီး ယင်းတို့ကို လုပ်ဆောင်ခြင်းမှ လုံးဝ ရှောင်ကြဉ်သည်အထိ တဖြည်းဖြည်း ရောက်စေလော့။ ဤသည်မှာ စွမ်းဆောင်ရရှိရန် လွယ်ကူသည် မဟုတ်လော။ (လွယ်ပါသည်။) ကယ်တင်ခြင်းကို လိုက်စားသည့် ဖြစ်စဉ်တွင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဖော်ထုတ်သည့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပြီး လက်လွှတ်သင့်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လက်လွှတ်ခြင်းသည် နောက်ဆုံးသော ပန်းတိုင် မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ နောက်ဆုံးသော ပန်းတိုင်မှာ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လက်လွှတ်ခြင်းနှင့်ဆိုင်သည့် မရှိမဖြစ်လိုအပ်ချက်အရ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင်၏ တောင်းဆိုချက်များကို လက်ခံရန် ဖြစ်သည်။ ယင်းတို့ကို လက်ခံခြင်းသည် သင်၏ စိတ်အခြေအနေကို ပြောင်းလဲရန်အလို့ငှာ မဟုတ်သည့်အပြင်၊ သင် ဂုဏ်သိက္ခာဖြင့် သင့်ကို အသက်ရှင်နိုင်စေရန်အလို့ငှာလည်း မဟုတ်ပေ။ ယင်းမှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်အတွက် ဖြစ်သည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားပြီးမှသာ ကယ်တင်ခြင်းကို ရရှိနိုင်သည်နှင့်အမျှ ဤသည်မှာ နောက်ဆုံးသော ပန်းတိုင်ဖြစ်သည်။

ကယ်တင်ခြင်းကို ရရှိရန် လူတို့အတွက် အကြီးမားဆုံးသော အတားအဆီးမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ သင်၏ ပညာအရည်အချင်းနိမ့်ကျခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်း၊ သို့မဟုတ် စကားပြောပုံ အဆင်မပြေခြင်းနှင့် သင့်ကိုယ်သင် ဖော်ပြနိုင်စွမ်း မရှိခြင်းဟူသည့် ဤအရာများထဲမှ တစ်ခုမျှ ကယ်တင်ခြင်းအတွက် အကြီးမားဆုံးသော အတားအဆီးများ မဟုတ်ပေ။ သင်၏ တာဝန်တွင်ရှိသည့် သင်၏ ညံ့ဖျင်းသော အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ယင်းကို သင်၏ လေ့လာနိုင်စွမ်း မရှိခြင်း၊ ဤသည်မှာလည်း သင်၏ ကယ်တင်ခြင်းအတွက် အကြီးမားဆုံးသော အတားအဆီး မဟုတ်ပေ။ သို့ဆိုလျှင် ကယ်တင်ခြင်းအတွက် အကြီးမားဆုံးသော အတားအဆီးမှာ အဘယ်နည်း။ ယင်းမှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ဖော်ထုတ်ထားသည့် လူ၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူတို့အတွက် ဖြေရှင်းရန် မလွယ်ကူသည်မှာ အမှန်ပင်ဖြစ်၏။ ဤသည်မှာ လူတို့က မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လက်လွှတ်လိုစိတ် မရှိသောကြောင့် မဟုတ်သည့်အပြင်၊ ၎င်းတို့၏ အတွေးများနှင့် အမြင်များ ခေတ်မမီတော့သောကြောင့်လည်း မဟုတ်ပေ။ ယင်းမှာ ၎င်းတို့၏ လူ့သဘာဝရှိ ချို့ယွင်းချက်များ သို့မဟုတ် အပြစ်အနာအဆာများကြောင့် သာ၍ပင် မဟုတ်သည့်အပြင် လူတို့သည် ထုံထိုင်းပြီး တုံ့ပြန်မှု နှေးကွေးသောကြောင့်လည်း မဟုတ်သည်မှာ အမှန်ဖြစ်၏၊ ဤအရာများထဲမှ တစ်ခုမျှ ပြဿနာ၏ အရင်းအမြစ်မဟုတ်ပေ။ သို့ဆိုလျှင် အဘယ်ကြောင့် ဖြစ်သနည်း။ ယင်းမှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမြစ်တွယ်နေသောကြောင့်သာ ဖြစ်သည်။ လူတို့သည် ယင်းတို့ကို ဖယ်ရှားရန် ဆန္ဒရုံမျှဖြင့် မဖယ်ရှားနိုင်ပေ။ သို့ဖြစ်၍ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အနှောင့်အယှက်များ ဖြစ်စေရန်နှင့် ပြဿနာရှာရန် မကြာခဏ ထွက်ပေါ်လာတတ်သည်။ ဥပမာအနေနှင့် သင်သည် အသင်းတော် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး တစ်စုံတစ်ခုကို မှားလုပ်မိကာ ပြုပြင်ခြင်းခံခဲ့ရသည် ဆိုပါစို့။ ထိုအခြေအနေတွင် သင်သည် ယင်းကို လက်ခံသင့်သည်၊ တစ်စုံတစ်ရာကို သင် အမှားလုပ်ခဲ့ကြောင်း ဝန်ခံသင့်သည်၊ နောင်တရလိုစိတ်ရှိသင့်ပြီး ထိုမှားယွင်းသော လုပ်နည်းကိုင်နည်းကို ပြောင်းပြန်လှန်ကာ သမ္မာတရားစည်းမျဉ်းများအတိုင်း လုပ်ဆောင်သင့်သည်။ ဤသည်မှာ အလွန်ရိုးရှင်းသော ကိစ္စရပ်ဖြစ်သော်လည်း သင် မလုပ်ဆောင်နိုင်ပေ။ သင်က “ငါ့ကို မနှစ်မြို့စရာအဖြစ် မြင်ကာ ဖြုတ်ချချင်သောကြောင့် ငါသည် ဤသို့ ပြုပြင်ခြင်းခံရသည်လော”ဟု တွေးဆသည်။ သင်၏ စိတ်နှလုံးထဲတွင် မကျေနပ်ခြင်းများနှင့် အထင်အမြင်လွဲမှားမှုများ ပေါ်ပေါက်လာပြီး သင်က ဘုရားသခင်နှင့်ပင် အငြင်းအခုံလုပ်ရန် ကြိုးစားသည်၊ “ကိုယ်တော်က ကျွန်ုပ်ကို မနှစ်မြို့စရာဟု မြင်ပြီး ဖြုတ်ချကာ ဖယ်ရှားရှင်းလင်းလိုသည့်အတွက် ဤအရာကို ရှင်းကြစို့။ ကျွန်ုပ်က ဘုရားသခင်ကို ဆယ့်ရှစ်နှစ်အရွယ်တွင် စတင်ယုံကြည်ခဲ့သည်၊ ဤနှစ်များတစ်လျှောက်လုံးတွင် ကျွန်ုပ်သည် မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ရင်း၊ အိမ်ထောင်နှင့် မိသားစုတို့ကို စွန့်ပစ်လျက်၊ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ဤအရာများကို မည်သို့ ထည့်တွက်မည်နည်း” ဟူ၍ ဖြစ်သည်။ သင် ပို၍ တွက်ချက်လေ၊ ပို၍ စိုးရိမ်ကြောင့်ကြလေလေ ဖြစ်သည်။ ဤသည်မှာ လက်လွှတ်နိုင်ခြင်း မရှိရုံမျှသာဖြစ်သလော။ မဟုတ်ပေ။ အဘယ်ကြောင့် သင်သည် ဤအရာများကို လက်မလွှတ်နိုင်သနည်း။ ဤနေရာတွင် အရင်းခံပြဿနာတစ်ခု ရှိနေသည်။ သင် ပြုပြင်ခြင်းခံရသောအခါ မတရားခံရသည်ဟု သင် ခံစားရသည်။ သင်၏ စိတ်နှလုံးထဲတွင် စောဒကတက်ပြီး အာခံသည့်စိတ်ကို ခံစားရသည့်အပြင်၊ သင်သည် အငြင်းအခုံလုပ်ပြီး သင့်ကိုယ်သင် မှန်ကြောင်းပြရန်လည်း ကြိုးစားကာ အခြားသူများကို သင့်အတွက် ရပ်တည်ပေးရန်ပင် တောင်းဆိုသည်။ အဘယ်ကြောင့် သင်သည် ဤသို့ ပြုမူသနည်း။ (အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဖြစ်ပါသည်။) အကြောင်းရင်းတစ်ခုတည်း၊ အရင်းခံအကြောင်းတရားတစ်ခုတည်းသာ ရှိသည်။ သင်၌ မဖြေရှင်းရသေးသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေပေသည်။ သင်တို့ထဲမှ အချို့က “ကျွန်ုပ်၏ ပင်ကိုအစွမ်းအစနှင့် အရည်အချင်းက မလုံလောက်သည့်အပြင် ထိုအလုပ်ကို မလုပ်နိုင်သောကြောင့် ဖြစ်သလော”ဟု ပြောကြလိမ့်မည်။ သင်တို့ထဲမှ အချို့အတွက် ဤသည်မှာ အကြောင်းရင်းများထဲမှ တစ်ခု ဖြစ်နိုင်သည်၊ ညံ့ဖျင်းသော အစွမ်းအစကြောင့် သင်သည် အလုပ်အတွက် အရည်အချင်းမမီသည့်အပြင်၊ သမ္မာတရားကိုလည်း နားမလည်ပေ။ သို့ဖြစ်၍ သင်သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့်အရာများအား လုပ်ဆောင်မိသည်။ ဤသည်မှာ အမှန်ပင် သင်၏ အစွမ်းအစ ညံ့ဖျင်းသောကြောင့်သက်သက် ဖြစ်သလော။ ယင်းမှာ သွင်ပြင်လက္ခဏာတစ်ခုသာ ဖြစ်သည်။ အရင်းခံပြဿနာမှာ သင်၏ အသိစိတ်နှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိနေခြင်း ဖြစ်သည်။ သင်၏ အသိစိတ်နှင့်ပတ်သက်သည့် ဤပြဿနာက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ သင်သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့်အရာများအား လုပ်ဆောင်ခဲ့ပြီး ပြုပြင်ခြင်းခံခဲ့ရသည်၊ ဤအရာကို သင် မည်သို့ ချဉ်းကပ်သင့်သနည်း။ အလုပ်အတွက် အရည်အချင်းမမီသည့် ကိစ္စရပ်ကို သင် မည်သို့ ချဉ်းကပ်သနည်း။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လျှင် ဤအရာများသည် ပြဿနာများမဟုတ်သည့်အပြင်၊ ယင်းတို့ကို မှန်ကန်စွာ သင် ချဉ်းကပ်နိုင်သည်။ သို့သော် လူအများစုသည် ဤအရာများကို ကြုံတွေ့ရသောအခါ မည်သို့ ပြုမူကြသနည်း။ ၎င်းတို့သည် အငြင်းအခုံလုပ်ရန် ကြိုးစားသည်၊ ၎င်းတို့ စောဒကတက်ကြသည်၊ အပျက်သဘောဆောင်လာပြီး ၎င်းတို့က၊ “ယင်းမှာ သင်က ကျွန်ုပ်၏ အစွမ်းအစ ညံ့ဖျင်းပြီး တတ်စွမ်းနိုင်ခြင်းမရှိဟု ထင်သောကြောင့်သာ ဖြစ်သည် မဟုတ်လော။ ဘုရားသခင်က ကျွန်ုပ်ကို ဤအစွမ်းအစ ပေးခဲ့သည် မဟုတ်လော။ သို့တိုင် သင်က ကျွန်ုပ် အလုပ်မလုပ်နိုင်ဟု စောဒကတက်နေသည်။ သင် ကျွန်ုပ်ကို မနှစ်မြို့စရာဟု မြင်လျှင် စောစောစီးစီး ပြောခဲ့သင့်သည်”ဟု စိတ်လိုက်မာန်ပါဖြင့် ပြောဆိုကြသည်။ ၎င်းတို့ ပြုပြင်ခြင်းခံရစဉ်တွင် အတော်အတန် ပို၍ ပြင်းထန်သော စကားလုံးများကို အသုံးပြုထားလျှင် ၎င်းတို့က “ကောင်းချီးများ ရရှိဖို့ ကျွန်ုပ်၏ မျှော်လင့်ချက် မရှိတော့ပြီလော။ ဤဘဝတွင် ကျွန်ုပ်၏ အဆင့်အတန်းက အန္တရာယ်ရှိနေပြီဖြစ်ပြီး နောင်ဘဝတွင်လည်း ကျွန်ုပ် မျှော်လင့်ချက် မရှိဟု ထင်သည်”ဟု တွေးကြသည်။ ၎င်းတို့၌ သမ္မာတရားကို ရှာဖွေရန် ရည်ရွယ်ချက် တစ်ခုတလေ ရှိသလော။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် ကျိုးနွံနာခံနိုင်သလော။ ၎င်းတို့အတွက် ကျိုးနွံနာခံရန် မလွယ်ကူပေ။ နောက်ဆုံး စိစစ်မှုတွင်၊ ဤသရုပ်သကန်အားလုံးသည် လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဖြစ်သည်။ သင်၏ အစွမ်းအစ ညံ့ဖျင်းပြီး သင်သည် အလုပ်အတွက် အရည်အချင်းမမီပေ။ ယင်းမှာ လူ့သဘာဝ၏ ပင်ကို အပြစ်အနာအဆာများ သို့မဟုတ် ချို့ယွင်းချက်များထဲမှ တစ်ခုသာ ဖြစ်သည်။ ယင်းမှာ ပြဿနာတစ်ခု မဟုတ်ပေ။ သင်၏ ပင်ကိုအပြစ်အနာအဆာများနှင့် ချို့ယွင်းချက်များ ကြီးမားပြီး သင်သည် အလုပ်အတွက် အရည်အချင်းမမီလျှင်ပင် ဘုရားသခင်သည် သင့်အပေါ်၌ မနှစ်မြို့ခြင်း သို့မဟုတ် စက်ဆုပ်ရွံရှာခြင်း လုံးဝမခံစားရပေ။ သို့သော် အလုပ်အတွက် အရည်အချင်း မမီခြင်းအပြင် သင်သည် သင်၏ ကိုယ်ပိုင်ပြဿနာများကို အသိအမှတ်မပြုဘဲ၊ စောဒကလည်းတက်သည်၊ အတိုက်အခံလုပ်သည့်စိတ်ကို ခံစားရပြီး အဆုံးတွင် အပျက်သဘောဆောင်လာကာ သင်၏ တာဝန်များကို စွန့်ပစ်သည်၊ ဤသည်မှာ အဘယ်နည်း။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ ဤသည်မှာ သင် ဖြေရှင်းရန် လိုအပ်သည့်အရာ ဖြစ်သည်။ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပြီးနောက်တွင် သင်၏ အစွမ်းအစနှင့် သင်၏ လူ့သဘာဝ အခြေအနေများက အရည်အချင်းမီသည့် အလုပ်တွင် သင်သည် အသုံးပြုရန် သင့်တော်လာလိမ့်မည်။ သို့သော် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းနိုင်သည့်အပြင်၊ သမ္မာတရားအတိုင်း လက်တွေ့မလုပ်ဆောင်နိုင်လျှင်၊ ပြုပြင်ခြင်းကို ကျိုးနွံနာခံနိုင်ခြင်း မရှိလျှင်၊ သို့မဟုတ် ဖော်ထုတ်ခြင်းခံရသည်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိလျှင်၊ သင်၏ အစွမ်းအစ မည်မျှပင် ကောင်းမွန်သည်ဖြစ်စေ၊ သင်၏ လူ့သဘာဝ အခြေအနေများက မည်မျှပင် သာလွန်သည်ဖြစ်စေ သင်သည် အသုံးပြုခံရရန် သင့်တော်လိမ့်မည်မဟုတ်ပေ။ နားလည်ပြီလော။ (နားလည်ပါပြီ။) ငါ့ကို ပြောလော့၊ ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့်အရာ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ (ဘုရားသခင်ကို ယုံကြည်ရာတွင် အရေးကြီးဆုံးအရာမှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သိရှိရန် ဖြစ်ပါသည်။ အလေးပေးရမည့်အရာမှာ မိမိလူ့သဘာဝ၏ အပြင်ပန်း ချို့ယွင်းချက်များ သို့မဟုတ် မပြည့်စုံမှုများ မဟုတ်ဘဲ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ အခြေအနေများကို ကြုံတွေ့ရသောအခါ အပြင်ပန်းကိစ္စရပ်များကို အမြဲတစေ စိတ်ဝင်စားကြပြီး အနှစ်သာရရှိသော ပြဿနာများကို အခြေခံကျကျ မဖြေရှင်းနိုင်သည့်အပြင်၊ ပြုပြင်ခြင်းကို ကျိုးနွံနာခံခြင်း သို့မဟုတ် ဘုရားသခင် စီစဉ်ပေးသည့် ပတ်ဝန်းကျင်များကို ကျိုးနွံနာခံခြင်းကိုလည်း မရရှိနိုင်ပါ။) သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်သွားပြီး၊ သင် ကြုံတွေ့ရသည့် ကိစ္စရပ်များတွင် သင်သည် သမ္မာတရားစည်းမျဉ်းများကို သဘောပေါက်နိုင်သည့်အပြင်၊ ယင်းတို့ကို စည်းမျဉ်းများအတိုင်း မည်သို့ ကိုယ်တွယ်ရမည်ကို သင် သိရှိလျှင် သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် အသုံးပြုခံရရန် သင့်တော်လိမ့်မည်။ သင်၏ အစွမ်းအစ မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ သင်၌ ပါရမီ မည်မျှပင် ရှိသည်ဖြစ်စေ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်ခြင်းမရှိလျှင်၊ သင့်ကို မည်သည့်ရာထူးတွင် ထားရှိသည်ဖြစ်စေ သင်သည် အသုံးပြုခြင်းအတွက် သင့်တော်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သင်၏ အစွမ်းအစနှင့် အရည်အချင်းများ အကန့်အသတ်ရှိသော်လည်း သင်သည် သမ္မာတရားစည်းမျဉ်းအမျိုးမျိုးကို နားလည်သည့်အပြင် သင်၏ အလုပ်နယ်ပယ်အတွင်းရှိ သင် နားလည်သင့်ပြီး သဘောပေါက်သင့်သည့် သမ္မာတရားစည်းမျဉ်းများကို နားလည်ကာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပြီးဖြစ်လျှင် သင်သည် အသုံးပြုခံရရန် သင့်တော်သောသူတစ်ဦး ဖြစ်လိမ့်မည်။ နားလည်ပြီလော။ ဤစကားများကို အပြည့်အဝ နားလည်ရန် သင်တို့အနေဖြင့် အတန်ကြာ စဉ်းစားသုံးသပ်ဖို့ လိုကောင်းလိုပေမည်။

လက်ရှိတွင် လူအများစုသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ ဆုကျေးဇူးများအပေါ် မှီခိုနေဆဲဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများကို ပုံသေစောင့်ထိန်းနေဆဲ ဖြစ်သည်။ ၎င်းတို့သည် အပြစ်မလုပ်သရွေ့ သို့မဟုတ် မကောင်းမှုမပြုသရွေ့ မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို လိုက်စားခြင်းနှင့် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းအပေါ် အာရုံမစိုက်ကြပေ။ လူအများစုသည် လုပ်နည်းကိုင်နည်းများနှင့် အပြုအမူများတွင် ရှုပ်ယှက်ခတ်ပြီး ရုန်းမထွက်နိုင်ဖြစ်နေကြသော်လည်း သမ္မာတရားကို ရှာဖွေခြင်းနှင့် စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခြင်းအပေါ် အာရုံမစိုက်ကြပေ။ ၎င်းတို့သည် မိမိတို့တတ်နိုင်သမျှကို လုပ်ဆောင်ရုံမျှဖြင့်၊ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများကို မဖြစ်စေရန်၊ သို့မဟုတ် အမှုအရာများကို မဖျက်ဆီးမိရန် ကြိုးစားရုံမျှဖြင့် ကျေနပ်နေကြပြီး ထိုမျှသာဖြစ်သည်။ လူအများစုသည် ပြုပြင်ခြင်း သို့မဟုတ် ဖော်ထုတ်ခြင်းကို မကြုံတွေ့ကြရသေးသကဲ့သို့ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုကိုလည်း မတွေ့ကြုံကြရသေးပေ၊ ပြင်းထန်သော စမ်းသပ်မှုများ၏ အဆင့်ကို သာ၍ပင် မတွေ့ကြုံကြရသေးပေ၊ သို့ဖြစ်၍ လူအများစု၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပြောင်းလဲရန် မစတင်သေးပေ။ ဤသည်မှာ သတင်းကောင်း မဟုတ်သော်လည်း အမှန်တရားဖြစ်၏။ ငါ ဥပမာတစ်ခု ပေးမည်၊ ထို့နောက် သင်တို့ အဘယ်အရာ ဖြစ်ပျက်နေသည်ကို သိလာလိမ့်မည်။ သင် ကြည့်လော့၊ ယခု တာဝန်များ ထမ်းဆောင်နေသည့် လူအများစုမှာ သာမန်နောက်လိုက်များ ဖြစ်ကြသည်၊ ၎င်းတို့၌ အဆင့်အတန်းမရှိသကဲ့သို့ အဆင့်အတန်းနှင့် အာဏာရှိနေစဉ် အလုပ်တစ်ခုကို လုပ်ဆောင်သည့်အဆင့်သို့လည်း မရောက်ကြသေးပေ။ လူအများစု လက်တွေ့လုပ်ဆောင်သည့် အခြေခံစည်းမျဉ်းမှာ စကားနားထောင်ပြီး ကျိုးနွံနာခံရန် ဖြစ်သည်။ ၎င်းတို့သည် မည်သို့ပင်ဖြစ်စေ ခေါင်းဆောင်များသည် အထက်၏ အလုပ်အစီအစဉ်များအတိုင်း မိတ်သဟာယ ဖွဲ့နေကြသည်၊ သို့ဖြစ်၍ ၎င်းတို့သည် ခေါင်းဆောင်များ ခိုင်းသည့်အရာကို ခိုင်းသည့်အတိုင်း လုပ်ဆောင်ရုံသာဖြစ်ပြီး အမှားအမှန်ကို ပိုင်းခြားသိမြင်ရန် သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီမှုရှိမရှိ စုံစမ်းစစ်ဆေးရန် မလိုအပ်ဘဲ အမှားမလုပ်သရွေ့ အဆင်ပြေသည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤသည်မှာ သမ္မာတရားစည်းမျဉ်းများကို မိမိ၏အသက်အဖြစ် ပိုင်ဆိုင်ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သင်၌ သမ္မာတရားကို သင်၏အသက်အဖြစ် ရှိမရှိကို မည်သည့်အခြေအနေများအောက်တွင် သေချာစွာ သိနိုင်မည်နည်း။ ယင်းမှာ သင်သည် အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရသည့်အခါ ဖြစ်သည်၊ ဤသည်က လူတို့ကို အများဆုံး ဖော်ထုတ်သည်။ သင်သည် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် စည်းမျဉ်းများ ရှိမရှိနှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် မည်မျှ ထုတ်ဖော်သည်တို့က သင်၌ သမ္မာတရား လက်တွေ့ကျမှု ရှိမရှိနှင့် သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန် သင့်တော်မှုရှိမရှိကို သက်သေပြနိုင်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်လျှင် ဤအရာကို သင် မည်သို့ သဘောထားပြုမူသင့်သနည်း။ သင်သည် သင့်ကိုယ်သင် ဖွင့်ဟပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့သင့်သလော၊ သို့မဟုတ် သင့်ကိုယ်သင် ဖုံးကွယ်ပြီး ဟန်ဆောင်သင့်သလော။ ဤသည်မှာလည်း လူတို့ အများဆုံး ထုတ်ဖော်ခံရသည့်အချိန် ဖြစ်သည်။ အသင်းတော်ရှိ လူအများစုသည် အမှုအရာများကို သမ္မာတရားစည်းမျဉ်းများအတိုင်း မရှုမြင်နိုင်ကြပေ၊ ထိုအစား ၎င်းတို့သည် အမှုအရာများကို မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတိုင်း၊ မိမိတို့၏ နှစ်သက်မှုများကို အခြေခံ၍ ရှုမြင်ပြီး မှတ်ချက်ပေးကြသည်။ လူအများစုက “ငါ၏ တာဝန်တွင် ကြီးမားသောအမှားများ မလုပ်ဘဲ အလုပ်ကို ဤကဲ့သို့ ရှေ့ဆက်လုပ်ဆောင်သွားသရွေ့ လုံလောက်ပြီဖြစ်သည်။ ကြီးမားသောအမှားများ ငါလုပ်မိပြီး မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန်အတွက် သီးသန့်ခွဲထားခံရပါက သို့မဟုတ် ဘီအုပ်စုသို့ ပြောင်းရွှေ့ခြင်း ခံရပါက ယင်းမှာ ငါ၏ ကံဆိုးခြင်းသာ ဖြစ်သည်” ဟု တွေးထင်ကြသည်။ ဤအခြေအနေက အဘယ်အရာကို သရုပ်ဖော်သနည်း။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် ခိုင်းသမျှကို လုပ်ဆောင်လျက် နာခံပြီး ကျိုးနွံနာခံနိုင်သော်လည်း ဤသည်မှာ သင်၌ သမ္မာတရားကို သင်၏အသက်အဖြစ် ရှိသည်ဟု မဆိုလိုသကဲ့သို့ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသောသူတစ်ဦး ဖြစ်သည်ဟုလည်း မဆိုလိုပေ။ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရပြီး ထိုအဆင့်အတန်းကို ရရှိသောအခါ သင်သည် ထုတ်ဖော်ခြင်းခံရလိမ့်မည်။ အဘယ်ကြောင့်နည်း။ သင်၌ အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက် သင်သည် မိမိစိတ်တိုင်းကျ လုပ်ဆောင်မည်၊ အရာခပ်သိမ်းကို ထိန်းချုပ်မည်၊ လုံးဝဥဿုံ စိုးမိုးခြယ်လှယ်မည်ဖြစ်ပြီး အမှီအခိုကင်းသော နယ်မြေတစ်ခုကို တည်ထောင်လိမ့်မည်၊ သင်သည် စိတ်လိုက်မာန်ပါဖြစ်ခြင်းကို အခြေခံ၍လည်းကောင်း၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အခြေခံ၍လည်းကောင်း၊ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များကို အခြေခံ၍လည်းကောင်း လုပ်ဆောင်လိမ့်မည်။ သို့ဖြစ်၍ သင်သည် အသုံးပြုခံရရန် သင့်တော်ခြင်း မရှိသေးပေ။ ယခုအချိန်အထိ လူပေါင်း ကိုးဆယ့်ကိုးရာခိုင်နှုန်းသည် ဤသို့သော အခြေအနေနှင့် အနေအထားမျိုးတွင် ရှိနေသည်ဟု ဆိုနိုင်သည်။ လူအများစုသည် မိမိတို့၏ တာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပြီး အပြင်ပန်းအားဖြင့် အတော်အတန် နာခံပြီး အမူအကျင့်ကောင်းမွန်လာကြသော်လည်း ဤသည်မှာ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မရှိတော့ဟု ဆိုလိုသလော။ (မဆိုလိုပါ။) ၎င်းတို့၏ အပြုအမူသည် အကျင့်ပျက်ခြင်း မရှိတော့ပေ၊ အပြင်ပန်းအားဖြင့် ၎င်းတို့သည် အမူအကျင့်ကောင်းမွန်ပြီး သူတော်စင်တစ်ဦး၏ ကျင့်ဝတ် အနည်းငယ် ရှိပုံပေါ်သော်လည်း ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် စိုးစဉ်းမျှပင် မပြောင်းလဲသေးပေ၊ အကြောင်းမှာ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို တက်ကြွစွာ မရှာဖွေသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ အလုပ်တွင် ပြဿနာများ ပေါ်ပေါက်လာသောအခါ ၎င်းတို့သည် ခေါင်းဆောင်များ သို့မဟုတ် အထက်က ပြုပြင်သည်ဖြစ်စေ၊ အများဆုံးအားဖြင့် ၎င်းတို့က “ကောင်းပြီ၊ ငါ့အား ယင်းကို ပြင်ခိုင်းလျှင် ပြင်လိုက်မည်။ ဒုက္ခအနည်းငယ် ပို၍ခံလိုက်မည်၊ အချိန်အနည်းငယ် ပိုပေးလိုက်မည်ဖြစ်ပြီး အမြန်ပြန်ပြင်လိုက်ရုံသာရှိသည်” ဟု တွေးကြသည်။ ၎င်းတို့၌ ဤသို့သော သဘောထားနှင့် စိတ်နေစိတ်ထားမျိုးသာ ရှိသည်။ ဤသည်မှာ သမ္မာတရားကို ကျိုးနွံနာခံခြင်းကို ကိုယ်စားမပြုသကဲ့သို့ စစ်မှန်သော ကျိုးနွံနာခံခြင်းကိုလည်း ကိုယ်စားမပြုပေ။ ဤစိတ်နေစိတ်ထားသည် အဘယ်မှ လာသနည်း။ ယင်းမှာ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အပြုသဘောဆောင်သော တောင့်တမှုတစ်ခု၊ လူကောင်းများဖြစ်ရန် တောင့်တမှု၊ စံနှုန်းပြည့်မီသော ဖန်ဆင်းခံများဖြစ်ရန် တောင့်တမှု ရှိသည်ဟူသောအချက်မှ လာသည်။ ဤဆန္ဒသည် လူတို့၏ နေ့စဉ်ဘဝများနှင့် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုတွင် ဤသို့သော စိတ်နေစိတ်ထားမျိုးကို ဖြစ်ပေါ်စေသည်၊ လူ့စကားဖြင့်ဆိုသော် “အနှောင့်အယှက် မပေးကြနှင့်၊ ကောင်းမွန်စွာ နေထိုင်ကြပါစို့” ဟူ၍ ဖြစ်သည်။ “ကောင်းမွန်စွာ နေထိုင်ခြင်း” က အဘယ်အရာကို ရည်ညွှန်းသနည်း။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းတစ်ခုလော။ ဤသည်က သင့်ကို နာခံရန်၊ စည်းမျဉ်းများကို လိုက်နာရန်နှင့် ဒုက္ခမပေးရန်သာ ဖြစ်စေသည်။ ဤသည်မှာ လူတို့အတွက် အနိမ့်ဆုံး လိုအပ်ချက်ဖြစ်ပြီး သမ္မာတရားစည်းမျဉ်းတစ်ခုအဖြစ် စံမမီပေ။ သို့ဆိုလျှင် သမ္မာတရားစည်းမျဉ်းကား အဘယ်နည်း။ ယင်းမှာ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို တက်ကြွစွာ ရှာဖွေရမည် ဖြစ်သည်။ သင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သောအခါ၊ သင်၌ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ ရှိသောအခါ သို့မဟုတ် စိတ်လိုက်မာန်ပါဖြစ်ခြင်းကို ထုတ်ဖော်သောအခါ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သင့်၌ အခြေအနေတစ်ခုကို ဖြစ်ပေါ်စေသောအခါ သင်သည် ဤသရုပ်သကန်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တက်ကြွစွာ နှိုင်းယှဉ်ချိန်ဆရမည် ဖြစ်သည်။ ဘုရားသခင်၏ ဉာဏ်ပွင့်စေခြင်း၊ လမ်းညွှန်ခြင်း၊ ကူညီခြင်း၊ ထောက်ပံ့ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ပြင်းထန်သော တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းတို့နှင့်အတူ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင်၏ သဘောထားကို တဖြည်းဖြည်း ပြောင်းလဲသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်ခံနိုင်စွမ်းသည် တိုး၍တိုး၍ မြင့်မားလာပြီး သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုး၍ အသိအမှတ်ပြုကာ အာမင်ဟု ဆိုလာသည်။ ထို့နောက် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင့်အတွင်း၌ လက်ခံသည်၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် အမြင်များကို စွန့်လွှတ်ပြီး လူ၏ အမွေအနှစ်ကို ဆက်လက်ဆုပ်ကိုင်မထားတော့ပေ၊ သင်သည် သမ္မာတရားကို လက်ခံနိုင်ပြီး သင်၏ ပတ်ဝန်းကျင်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ကိုင်တွယ်နိုင်သည့်အပြင် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် သင်၏ ရှုထောင့်၊ ရပ်တည်ချက်နှင့် အမြင်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ပြောင်းလဲနိုင်သည်။ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် လမ်းကြောင်း ဖြစ်သည်။ သို့ဆိုလျှင် သင်တို့၌ ယခု ဤသို့သော တက်ကြွသည့် လက်တွေ့လုပ်ဆောင်မှုမျိုး ရှိသလော။ လူပေါင်း ကိုးဆယ့်ကိုးရာခိုင်နှုန်းတွင် မရှိဟု ငါထင်သည်။ လူအများစု၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများသည် ၎င်းတို့ကို တိကျသောနည်းလမ်းဖြင့် ပြုမူရန် တွန်းအားပေးသည့် ပတ်ဝန်းကျင်တစ်ခုကို တွေ့ကြုံခြင်းနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် “ဘုရားသခင်ကို ကျိုးနွံနာခံခြင်း” ကို ရရှိခြင်းအကြောင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၌ သမ္မာတရား လက်တွေ့ကျမှု ရှိသည်ဟု တွေးထင်လျက် မိမိတို့ကိုယ်ကို အတော်အတန် ကျေနပ်နေကြသည်။ သင်သည် သက်သေခံချက် ဆောင်းပါးတစ်ပုဒ် ရေးခဲ့သော်လည်း ယင်းမှာ အမှန်တကယ်တွင် မိမိကိုယ်ကို ကြွားဝါခြင်း၊ သင့်ကိုယ်သင် သက်သေခံခြင်းနှင့် သင့်ကိုယ်သင် တည်ဆောက်ခြင်းအကြောင်း ဖြစ်သည်၊ “ကြည့်ပါ၊ ကျွန်ုပ်တွင် သက်သေခံချက်ရှိသည်။ ကျွန်ုပ်သည် ဘုရားသခင်ကို စိတ်မပျက်စေခဲ့ပါ။ ဤပတ်ဝန်းကျင်တွင် ကျွန်ုပ်၏ တာဝန်ကို မြဲမြံစွာ စောင့်ထိန်းခဲ့သည်” ဟူ၍ ဖြစ်သည်။ အခြားလူအချို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများမှာ ပြုပြင်ခြင်းခံရပြီးနောက် ၎င်းတို့ မည်သို့ ဆင်ခြင်သုံးသပ်ပြီး သိနားလည်လာပုံ၊ ၎င်းတို့ ဝတ်ကျေတမ်းကျေဖြစ်ခဲ့ပြီး ဘုရားသခင်ကို စိတ်ကျေနပ်မှု မပေးခဲ့ကြောင်း သိရှိကာ ယခု နောင်တရလိုစိတ် ရှိပုံအကြောင်းတို့ ဖြစ်သည်။ နောင်တရကြောင်း ပြသည့် ကာလတစ်ခု ရှိနေပြီး ၎င်းတို့ ဝတ်ကျေတမ်းကျေ မလုပ်တော့ပုံရသော်လည်း ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြောင်းလဲသွားပြီလော။ မပြောင်းလဲသေးပေ။ နောက်ကွယ်တွင် ၎င်းတို့သည် အလွန် မာနထောင်လွှားပြီး ဗိုလ်ကျနေဆဲဖြစ်သည်။ ၎င်းတို့ လူများနှင့် အမှုအရာများကို ရှုမြင်ပြီး ဆက်ဆံသည့် ရပ်တည်ချက်၊ ရှုထောင့်နှင့် အမြင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးဝ အခြေမခံပေ။ သို့ဖြစ်၍ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လုံးဝ ပြောင်းလဲရန် မစတင်သေးပေ။ သို့ဆိုလျှင် သင် ပြောဆိုသည့် ပြောင်းလဲခြင်းကား အဘယ်နည်း။ ယင်းမှာ အပြုအမူ၊ လူနေမှုပုံစံနှင့် သင် အခြားသူများနှင့် အပြန်အလှန် ဆက်ဆံပြီး ကိစ္စရပ်များကို ကိုင်တွယ်သည့် လေသံ၊ ဖော်ပြပုံနှင့် ပုံစံတို့တွင် ပြောင်းလဲခြင်းမျှသာ ဖြစ်သည်။ သင်၏ ယုံကြည်ခြင်းသည်လည်း ခိုင်မာလာခဲ့သည်၊ သင်သည် အမျိုးမျိုးသော ပတ်ဝန်းကျင်များတွင် အကြိမ်များစွာ ပြုပြင်ခြင်းခံရပြီးနောက် သမ္မာတရားကို ရှာဖွေနိုင်ပြီး ယခု သမ္မာတရားများစွာကို နားလည်ကာ ဘုရားသခင်နောက်လိုက်ရန် သင်၏ စိတ်ပိုင်းဖြတ်မှုသည် ယခင်ကထက် ပို၍ ခိုင်မာသည်၊ ဤကဏ္ဍအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဤပြောင်းလဲမှုများသည် လူတို့ကို ကယ်တင်ခြင်းရရှိရာ၌ ပို၍ ယုံကြည်မှု ရှိစေသည်၊ သမ္မာတရားကို လိုက်စားရန် ပို၍ လိုလားစေပြီး ဘုရားသခင်နောက် လိုက်ခြင်းနှင့်ပတ်သက်၍ ပို၍ မျှော်လင့်ချက်ရှိပြီး အကောင်းမြင်စေသည်။ မည်သည့် စမ်းသပ်မှုများ သို့မဟုတ် ဆင်းရဲဒုက္ခများ ကြုံတွေ့လာသည်ဖြစ်စေ ၎င်းတို့သည် မိမိတို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်သည်အထိ အပျက်သဘောဆောင်လာမည် မဟုတ်ပေ။ သို့သော်လည်း ဤအရာများသည် ပုံမှန်လူ့သဘာဝတွင် အပြင်ပန်းအားဖြင့် အသက်ရှင်နေထိုင်သည့်အရာ၌ ပြောင်းလဲခြင်းများမျှသာ ဖြစ်သည်။ ဤအတော်အတန် အပြုသဘောဆောင်ပြီး တက်ကြွသော အတွေးအခေါ်များနှင့် အမြင်များသည် လူတို့၏ စိတ်နှလုံးများကို ဖြည်းဖြည်းချင်း နေရာယူလာသည်။ ဤပြောင်းလဲမှုများသည် ၎င်းတို့၏ စိတ်နှလုံးများ နိုးထလာပြီး ပြန်လည် အသက်ဝင်လာနေသည့် လက္ခဏာများ ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ပို၍ တက်ကြွပြီး ရည်မှန်းချက်ကြီးလာကာ အပြုသဘောဆောင်သော အရာများကို ပို၍ တောင့်တလာပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ကိုယ်တော်၏ အမှုနှင့် ကိုယ်တော်၏ တောင်းဆိုချက်များကို လိုက်စားရာ၌ ပို၍ ယုံကြည်မှုရှိလာကြသည်။ သဘာဝအားဖြင့် ၎င်းတို့သည် ဘုရားသခင် လုပ်ဆောင်နေသည့် အရေးကြီးဆုံးသော အလုပ်ဖြစ်သော လူတို့ကို ကယ်တင်ခြင်းအလုပ်နှင့်ပတ်သက်၍ ပို၍ ရှင်းလင်းသော သဘောတရားတစ်ခုလည်း ရှိလာကြသည်။ ဤအခြေအနေများကို အခြေခံ၍ လူများစွာသည် မိမိတို့၏ တာဝန်များကို ယခင်ကထက် ပို၍ လက်တွေ့ကျကျပုံစံဖြင့်လည်းကောင်း၊ ပို၍ စည်းကမ်းလိုက်နာသော ပုံစံဖြင့်လည်းကောင်း၊ ပို၍ နာခံစွာဖြင့်လည်းကောင်း ထမ်းဆောင်ကြသည်။ ၎င်းတို့၏ တာဝန်များ၏ ထိရောက်မှု တိုးတက်လာသည်၊ အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာ အလုပ်တွင် ယခု ပို၍ လျင်မြန်စွာ တိုးတက်နေသည်။ ၎င်းတို့သည် ရက်အနည်းငယ် ကြာသင့်သည့် အလုပ်များကို တစ်ပတ် သို့မဟုတ် ထို့ထက်ပို၍ ကြာအောင် ဆွဲထားခဲ့သည့် ယခင်ကကဲ့သို့ နှေးကွေးလေးလံခြင်း မရှိတော့ပေ၊ ယခု ရက်အနည်းငယ်အတွင်း ရလဒ်များ ထွက်ပေါ်နေပြီ ဖြစ်သည်။ ဤအရာက သတင်းကောင်း ဖြစ်သည်မှာ ပြောစရာမလိုပေ။ သို့သော် သတင်းဆိုးကား အဘယ်နည်း။ ယင်းမှာ သင်တို့ ထုတ်ဖော်ပြီး ပြသသည့်အရာသည် အပြုအမူ၊ အတွေးအခေါ်နှင့် စိတ်နေစိတ်ထားတို့တွင် ပြောင်းလဲခြင်းများမျှသာဖြစ်ပြီး သင်တို့၏ မသိစိတ်ထဲရှိ အတော်အတန် အပြုသဘောဆောင်သော၊ တက်ကြွသော၊ အကောင်းမြင်သော အရာများ နိုးထလာသည့် လက္ခဏာအချို့မျှသာ ဖြစ်သည်။ သို့သော်လည်း ဤလက္ခဏာများသည် သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြောင်းလဲရန် စတင်နေပြီဟု မဆိုလိုပေ။ ဤသတင်းသည် သိပ်မကောင်းလှပေ၊ ဟုတ်သည် မဟုတ်လော။ (မှန်ပါသည်၊ သိပ်မကောင်းပါ။) ဤသတင်း သိပ်မကောင်းသော်လည်း ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ကယ်တင်ခြင်းကို ရရှိရန် မလွှဲမရှောင်သာသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ လူတို့သည် ဤမျှ သနားစရာကောင်းပြီး ဆင်းရဲသည်၊ ဤမျှ မရင့်ကျက်ဘဲ ၎င်းတို့၏ အသက်ဝင်ရောက်မှုနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်း၏ အရှိန်သည် ဤမျှ နှေးကွေးသည်။ ဤသို့ အရှိန်နှေးကွေးရခြင်း၏ အခြေခံအကြောင်းရင်းမှာ ထိုသို့သော လူသားမျိုးနွယ်တွင် သမ္မာတရားကို လက်ခံရန် စွမ်းရည် ကင်းမဲ့နေပြီး ၎င်းတို့သည် သမ္မာတရား၊ အပြုသဘောဆောင်သော အရာများနှင့် ဘုရားသခင်ထံမှ လာသည့် မည်သည့်အရာကိုမဆို ဤမျှ ထုံထိုင်းနေသောကြောင့် ဖြစ်သည်။

အချို့သောလူများသည် ဘုရားသခင်ကို ဆယ်နှစ်၊ အနှစ်နှစ်ဆယ် သို့မဟုတ် အနှစ်သုံးဆယ်ကျော် ယုံကြည်ခဲ့ကြသော်လည်း ဤနှစ်များအားလုံး ကုန်လွန်ပြီးနောက်တွင် ၎င်းတို့သည် မိမိတို့၏ အပြင်ပန်း အပြုအမူ၌ အနည်းငယ် ပြောင်းလဲခဲ့ပြီး မိမိတို့၏ စိတ်နှလုံးထဲတွင် အနည်းငယ် နိုးကြားမှုကို တွေ့ကြုံခံစားခဲ့ရုံမျှသာဖြစ်ကြောင်း၊ သို့သော် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတွင် အခြေခံကျသော ပြောင်းလဲမှုတစ်ခု မရှိခဲ့ကြောင်းကို ယခုမှသာ သဘောပေါက်ကြသည်။ အချို့က မိမိတို့ကိုယ်၌ အပြုအမူဆိုင်ရာ ပြောင်းလဲမှုအချို့ကို မြင်တွေ့သောအခါ ဤသည်မှာ အသက်စိတ်သဘောထား ပြောင်းလဲခြင်းဖြစ်သည်ဟု ထင်ကြပြီး “ကြည့်ပါ၊ ကျွန်ုပ်၏ အသက်စိတ်သဘောထား ပြောင်းလဲသွားပြီ မဟုတ်လော” ဟု အခြားသူများကို ကြွားဝါကြသည်။ အမှန်တွင် သင်သည် အပြုအမူ၌သာ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်၊ သင်၌ စိတ်သဘောထား ပြောင်းလဲခြင်း၏ စစ်မှန်သော သရုပ်သကန်များ မရှိသကဲ့သို့ ပုံမှန်လူ့သဘာဝကိုလည်း အသက်ရှင်နေထိုင်ခြင်း မရှိသေးပေ။ သို့ဆိုလျှင် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု ရှိမရှိကို မည်သို့ သိနိုင်မည်နည်း။ ဤသည်မှာ မျက်နှာဖတ်ခြင်းပညာ မဟုတ်ပေ။ သင်၏ အပြင်ပန်းပုံပန်းသဏ္ဌာန်ကို ကြည့်ခြင်းအားဖြင့်ဖြစ်စေ၊ သင်ပြောသည့်အရာကို နားထောင်ခြင်းအားဖြင့်ဖြစ်စေ မသိနိုင်ပေ၊ သင်၏ သန္နိဋ္ဌာန်များနှင့် ဆန္ဒများကို သင်ထုတ်ပြောပြသည်ကို ကြားရုံမျှဖြင့် သာ၍ပင် မသိနိုင်ပေ၊ သန္နိဋ္ဌာန်များနှင့် ဆန္ဒများသည် အနှစ်မရှိဆုံးသောအရာများ ဖြစ်သည်။ သို့ဆိုလျှင် မည်သို့ သိနိုင်မည်နည်း။ မည်သူမျှ သင့်ကို တိုက်တွန်းခြင်း၊ ကြီးကြပ်ခြင်း သို့မဟုတ် ထောက်ပံ့ခြင်းနှင့် ကူညီခြင်းပင် မရှိဘဲ သင်သည် အမှုအရာတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ရှုမြင်ပြီး ကိုင်တွယ်ရန် လမ်းကြောင်းနှင့် စွမ်းရည်ရှိမရှိကိုလည်းကောင်း၊ သင်ပြုလုပ်သည့် အရာတိုင်းတွင် သင့်ကို ချုပ်တည်းရန် သင်၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏အသက်အဖြစ် ရှိမရှိကိုလည်းကောင်း ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။ သင်သည် ဤအဆင့်သို့ မရောက်သေးပါက ပိုနိမ့်သည့်အဆင့်တစ်ခုအကြောင်းကို ငါတို့ ပြောကြစို့။ သင်ပြုလုပ်ပြောဆိုသည့် အရာအားလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စည်းမျဉ်းအဖြစ် အသုံးပြုရန် သတိရှိမရှိပင် ဖြစ်သည်။ သင်သည် ဤအရာကို ဖြစ်မြောက်အောင်မြင်နိုင်ခြင်း မရှိပါက ဝမ်းနည်းစရာပင်ဖြစ်သည်မှာ သင်၌ အသက်အဖြစ် သမ္မာတရား မရှိသေးပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏အသက် ဖြစ်နေဆဲဖြစ်သည်၊ ယင်းတို့သည် သင်၏ အသိစိတ်နှင့် သင်၏ အတွေးအခေါ်အမြင်များကို စိုးမိုးလျက် သင့်ကို အချိန်မရွေး၊ နေရာမရွေး ထိန်းချုပ်နိုင်နေဆဲ ဖြစ်သည်။ သင်သည် မည်သည့်လူ၊ ဖြစ်ရပ် သို့မဟုတ် အမှုအရာကိုမဆို သင်၏ ကိုယ်ပိုင်စိတ်ခံစားချက်များ၊ စိတ်အခြေအနေ၊ လိုအင်များ၊ သုံးသပ်ဆုံးဖြတ်မှု၊ ရှုထောင့်အမြင်နှင့် နှစ်သက်မှုများကို အခြေခံ၍ အချိန်မရွေး၊ နေရာမရွေး သဘောထားပြုမူပြီး ကိုင်တွယ်လိမ့်မည်။ သင်သည် ကြီးမားသော အန္တရာယ်ထဲတွင် ရှိနေဆဲဖြစ်သည်၊ သင်သည် သင်၏တာဝန်ကို အမှီအခိုကင်းစွာ မဖြည့်ဆည်းနိုင်သေးသကဲ့သို့ အမှီအခိုကင်းစွာလည်း အသက်မရှင်နိုင်သေးပေ၊ သင်သည် အခြားသူများကို အမြဲတစေ မှီခိုအားထားရပြီး အခြားသူများ၏ ထောက်ပံ့မှုမရှိပါက သင်သည် လဲကျသွားလိမ့်မည်။ ဤသည်မှာ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်သည်ကို ဆိုလိုသည်၊ ယင်းက သင်သည် သမ္မာတရားကို သင်၏အသက်အဖြစ် မရရှိသေးကြောင်း သက်သေပြသည်။ သမ္မာတရားကို အသက်အဖြစ် မရရှိသေးဟုဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင့်ကို မကောင်းမှုများပြုလုပ်ခြင်း သို့မဟုတ် ကြီးမားသော အမှားများပြုလုပ်ခြင်းမှ ချုပ်တည်းပေးသည့် စည်းမျဉ်း တစ်ခု သို့မဟုတ် နှစ်ခုသာ သင့်ထံတွင် ရှိသည်ကို ဆိုလိုသည်။ ဆိုလိုသည်မှာ သင်၏ ဆင်ခြင်တုံတရား ပုံမှန်ဖြစ်နေချိန်နှင့် သင့်ကို မည်သူမျှ သွေးထိုးလှုံ့ဆော်ခြင်း သို့မဟုတ် မြှောက်ထိုးပင့်ကော်လုပ်ခြင်း မရှိသည့်အခါတွင် သင်သည် ဘုရားသခင်ကို တမင်တကာ ပြစ်မှားစော်ကားခြင်း၊ ဘုရားသခင်ကို ကျိန်ဆဲခြင်း သို့မဟုတ် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခြင်းတို့ကို လုံးဝ ပြုလုပ်မည်မဟုတ်ပေ။ သို့သော် သင်သည် ထိုသို့ တမင်တကာ ပြုလုပ်မည်မဟုတ်ဟူသောအချက်က သင်သည် ထိုသို့ပြုလုပ်ရန် မတတ်နိုင်ဟု မဆိုလိုပေ၊ သင်သည် ယင်းကို တက်ကြွစွာ မပြုလုပ်ကောင်း မပြုလုပ်နိုင်သော်လည်း မတက်မကြွ ပြုလုပ်မိနိုင်သေးသည်။ ဤနေရာတွင် မတက်မကြွ ပြုလုပ်မိခြင်း ဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင့်ကို ထိန်းချုပ်ရန်နှင့် သင်အား မည်သည့်အရာကိုမဆို ပြောဆိုစေရန်နှင့် ပြုလုပ်စေရန် အချိန်မရွေး ထွက်ပေါ်လာနိုင်သည်ကိုလည်းကောင်း၊ လူတစ်ဦး သို့မဟုတ် အမှုအရာတစ်ခုကို မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်ရှုထောင့်များဖြင့် အချိန်မရွေး ရှုမြင်စေနိုင်သည်ကိုလည်းကောင်း၊ ထို့နောက်တွင် အမှုအရာတစ်ခုကို ကိုင်တွယ်ရန် သို့မဟုတ် လူအမျိုးအစားတစ်ရပ်ကို ဆက်ဆံရန် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသုံးပြုစေနိုင်သည်ကိုလည်းကောင်း ဆိုလိုသည်။ ဥပမာ သင်သည် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်ခဲ့ပြီး အထက်၊ ခေါင်းဆောင်များ သို့မဟုတ် အခြားမည်သူ့ကိုမျှ ယင်းကို အသိပေးခွင့်မပြုနိုင်ဟု ထင်သည် ဆိုပါစို့။ ဤအရာနောက်ကွယ်ရှိ အကြောင်းပြချက် မည်သို့ပင်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေကာမူ သင်၌ သင်၏ကိုယ်ပိုင် နတ်ဆိုးဆန်သော စိတ်ကူးများ ရှိနေသဖြင့် သင်သည် ယင်းကို ဖုံးကွယ်ထားပြီး မည်သည့်အရာမျှ မပြောဆိုပေ။ ဤနေရာတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ကြီးကြပ်ကွပ်ကဲနေသလော သို့မဟုတ် သမ္မာတရားက ကြီးကြပ်ကွပ်ကဲနေသလော။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ကြီးကြပ်ကွပ်ကဲနေသည်မှာ သိသာထင်ရှားပေ၏။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သင့်ကို စိုးမိုးလျက်၊ သင်အား ယင်းကို ဖုံးကွယ်စေပြီး မည်သည့်အရာမျှ မပြောဆိုစေဘဲ သင်သည် ရုန်းမထွက်နိုင်ပေ။ ရုန်းမထွက်နိုင်ခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင်နားလည်သော သမ္မာတရားများကို သင်လက်တွေ့လုပ်ဆောင်လိုသော်လည်း ထိုသို့ပြုလုပ်ရန် ခွန်အားမရှိခြင်းကို ဆိုလိုသည်၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လုံးဝ မကျော်လွှားနိုင်ပေ။ ဤသည်မှာ သင်သည် ဒုက္ခရောက်နေကြောင်း ဆိုလိုသည်၊ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သင်သည် အမှုအရာများကို ဖုံးကွယ်ပြီး အခြားသူများကို လှည့်စားလိုပါက အထူးသဖြင့် အထက်ကို သတင်းကောင်းကိုသာ တင်ပြပြီး သတင်းဆိုးကိုမူ မတင်ပြဘဲ အထက်လူကြီးများကိုပင် လှည့်စားကာ အောက်လူများထံမှ အမှုအရာများကို ဖုံးကွယ်ခြင်းဖြစ်သည့် ဖုံးကွယ်ခြင်းနှင့် လှည့်စားခြင်း လုပ်ရပ်များကို သင်လုံးဝ ကျူးလွန်နိုင်စွမ်းရှိသည်။ သင်က “ကျွန်ုပ်သည် သမ္မာတရားကို အမှန်တကယ် ချစ်မြတ်နိုးပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတစ်ဦး ဖြစ်ပါသည်။ ဘုရားသခင်ပြောသည့် သမ္မာတရားတိုင်းကို ကျွန်ုပ်သည် ဂရုတစိုက် မှတ်သား၊ တွေးဆပြီး ပေါင်းရုံးသုံးသပ်ကာ လက်တွေ့ဘဝတွင် လက်တွေ့လုပ်ဆောင်ပါသည်” ဟု ပြောသည်။ သင်သည် ဤသို့ တွေးထင်သည်၊ သင့်၌ ဤဆန္ဒရှိသည်၊ သို့သော် ယင်းက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီးဖြစ်သည်ဟု မဆိုလိုပေ။ အဘယ်ကြောင့်နည်။ အကြောင်းမှာ သင်၏ စိတ်နှလုံးကို သိမ်းပိုက်ပြီးဖြစ်သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သည့် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များစွာ သင်၏အတွင်း၌ ရှိသောကြောင့် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏အသက် ဖြစ်လာခဲ့ပြီးဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက ကြီးကြပ်ကွပ်ကဲလျက် သင်၏ အတွေးအခေါ်များနှင့် လုပ်ဆောင်ချက်များကို စိုးမိုးခြယ်လှယ်နေသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုလျှင်ပင် အသုံးမဝင်ပေ၊ သင်သည် မိမိကိုယ်ကိုမိမိ မနိုင်ပေ။ ထို့ကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နေလျှင်ပင် စည်းမျဉ်းများအတိုင်း ပြုမူရန် မဖြစ်နိုင်ပေ၊ သင်သည် ဘုရားသခင်ကို တက်ကြွစွာနှင့် ပွင့်ပွင့်လင်းလင်း ဝေဖန်သုံးသပ်ခြင်း၊ အတိုက်အခံလုပ်ခြင်း သို့မဟုတ် ပြစ်မှားစော်ကားခြင်းတို့မှ ရှောင်ကြဉ်နိုင်လျှင်ပင် အတော်ကောင်းနေပြီဖြစ်သည်။ သို့သော် သင်၏ စိတ်နှလုံးထဲတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက အုပ်စိုးနေသဖြင့် သင်သည် ဘုရားသခင်ကို မပုန်ကန်ဘဲ မနေနိုင်၊ မဆန့်ကျင်ဘဲ မနေနိုင် ဖြစ်သည်။ သင်သည် မတက်မကြွဖြစ်နေချိန် သို့မဟုတ် အလွန်အမင်း ကြံရာမရဖြစ်ချိန်များတွင်သာ အထက်ကို လှည့်စားပြီး အမှုအရာများကို ဖုံးကွယ်ရန် ကြိုးစားကာ ဘုရားသခင်ကို လှည့်စားသည်ဟုလည်းကောင်း၊ အလွန်အမင်း ကြံရာမရဖြစ်ချိန်များတွင်သာ လူတို့ကို ဖိနှိပ်ခြင်း သို့မဟုတ် စိတ်လိုက်မာန်ပါ ဖြစ်ခြင်းကို ထုတ်ဖော်သည်ဟုလည်းကောင်း သင်ထင်ကောင်းထင်ပေမည်။ ယင်းမှာ ယာယီ ကြံရာမရဖြစ်ချိန်များကြောင့် အမှန်တကယ် ဖြစ်သလော။ မဟုတ်ပေ၊ ယင်းမှာ သင်၏ အမြစ်တွယ်နေသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများက ကြီးကြပ်ကွပ်ကဲနေခြင်း၏ အကျိုးဆက် ဖြစ်သည်။ ယင်းမှာ ရှောင်လွှဲ၍မရပေ။ အဘယ်ကြောင့် ရှောင်လွှဲ၍မရသနည်း။ အကြောင်းမှာ သင်နားလည်သော သမ္မာတရားများသည် သင့်အတွက် ဆန္ဒတစ်မျိုး၊ ယုံကြည်ချက်တစ်မျိုးမျှသာ ဖြစ်သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် သင်၏အသက် ဖြစ်မလာသေးပေ။ သင်၌ အသိပညာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သို့မဟုတ် သင်၏ အစွမ်းအစသည် မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ အနည်းဆုံးအနေဖြင့် သမ္မာတရားသည် သင်၏အသက် ဖြစ်မလာသေးပေ။ ဆိုလိုသည်မှာ သင်၏အတွင်း၌ သမ္မာတရားက မကြီးကြပ်ပေ၊ သင်၏အတွင်း၌ ကြီးကြပ်နေသည့်အရာမှာ စာတန်ဆန်သော စိတ်သဘောထားများနှင့် စာတန်၏ အတွေးအခေါ်များ ဖြစ်သည်။ သင်သည် စာတန်ဆန်သော စိတ်သဘောထားများ၏ စိုးမိုးခြင်းကို ခံရသောအခါ စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်နေခြင်းဖြစ်ပြီး စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်နေဆဲ ဖြစ်သည်။ သင်၏ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာ ထိခိုက်ခြင်းမရှိသည့်အခါ၊ သင်၏ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ မပါဝင်သည့်အခါတွင် သင်သည် သမ္မာတရားအနည်းငယ်ကို လက်တွေ့လုပ်ဆောင်လိုစိတ် ရှိသည်။ သို့သော် သင်၏ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း သို့မဟုတ် ပန်းတိုင်တို့ ပါဝင်လာသည်နှင့်တစ်ပြိုင်နက် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သင့်ကို ခိုင်မြဲစွာနှင့် တင်းကျပ်စွာ ဆုပ်ကိုင်ထိန်းချုပ်ထားသည်။ သင်၌ ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံခြင်း မရှိသေးပေ၊ သင်သည် ဘုရားသခင်နှင့် သမ္မာတရားကို သစ္စာဖောက်ရန် ရာနှုန်းပြည့် ဖြစ်နိုင်ချေရှိနေဆဲ ဖြစ်သည်။ ဤဖြစ်စဉ်များမှ အကဲဖြတ်ကြည့်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပြီးပြီလော။ ၎င်းတို့ကို ဖယ်ရှားပြီးပြီလော။ သမ္မာတရားသည် သင်၏အသက် ဖြစ်လာပြီလော။ အမှုအရာတစ်ခု ဖြစ်ပျက်သောအခါ သင်နားလည်သော သမ္မာတရားများက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မကျော်လွှားနိုင်ပါက၊ သင်၏ ရွေးချယ်မှုများနှင့် လိုအင်များကို မကျော်လွှားနိုင်ပါက၊ သင်၏ လိုအင်ဆန္ဒများ၊ ရည်မှန်းချက်များ၊ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို မကျော်လွှားနိုင်ပါက သင်နားလည်သော သမ္မာတရားများသည် သင်၏အသက် မဟုတ်ပေ။ သမ္မာတရားသည် သင်၏အသက် ဖြစ်လာသောအခါ သင်သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အလိုအလျောက် ကျော်လွှားနိုင်ပေမည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မကျော်လွှားနိုင်ပါက ယင်းက သင်၏အတွင်း၌ သမ္မာတရားသည် အုပ်မစိုးသေးကြောင်းနှင့် သင်၏အသက် ဖြစ်မလာသေးကြောင်းကို ပြသသည်။ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသည်ဟု ပြောသော်လည်း ဤသည်မှာ သင်၏ တောင့်တခြင်းနှင့် သင်၏ ဆန္ဒမျှသာ ဖြစ်သည်၊ ယင်းက သင်၏အသက်ကို ကိုယ်စားမပြုပေ။ ပုံမှန်လူ့သဘာဝရှိသော လူအားလုံး၌ အပြုသဘောဆောင်သော တောင့်တခြင်းများ ရှိကြသည်။ လူကောင်းတစ်ဦးဖြစ်ရန် တောင့်တခြင်းက သင်သည် လူကောင်းတစ်ဦးဖြစ်သည်ဟု ဆိုလိုသလော။ (မဟုတ်ပါ။) သမ္မာတရား၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်းကို ချစ်မြတ်နိုးခြင်းက သင်သည် သမ္မာတရား၊ မျှတမှုနှင့် ဖြောင့်မတ်ခြင်းတို့ကို ပိုင်ဆိုင်သည်ဟု ဆိုလိုသလော။ မဆိုလိုပေ၊ သင်သည် ဤအရာများကို မပိုင်ဆိုင်ပေ၊ သင်သည် ၎င်းတို့အတွက် တောင့်တရုံသာ ဖြစ်သည်။ တောင့်တခြင်းက အဘယ်အရာကို ရည်ညွှန်းသနည်း။ (လူတစ်ဦး၏ အံ့ဩဖွယ်ကောင်းသော ဆန္ဒတစ်ခု ဖြစ်ပါသည်။) မှန်သည်၊ ယင်းမှာ ဆန္ဒတစ်ခုမျှသာ ဖြစ်သည်။ ယင်းမှာ သင်အမှန်တကယ် မည်သို့ ကျင့်ကြံပြုမူသည်နှင့် မည်သို့မျှ မသက်ဆိုင်ပေ၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)

သင်တို့၌ ယခု သမ္မာတရားကို သင်တို့၏အသက်အဖြစ် ရှိသလော။ (မရှိပါ။) သင်၌ သမ္မာတရားကို သင်၏အသက်အဖြစ် ရှိမရှိ မည်သို့ သိမြင်နိုင်မည်နည်း။ သင်၏ အကျိုးစီးပွားသည် သမ္မာတရားနှင့် ပဋိပက္ခဖြစ်သည့်အခါ၊ သင်၏ အကျိုးစီးပွားသည် နစ်နာဆုံးရှုံးတော့မည် သို့မဟုတ် ခြိမ်းခြောက်ခံရတော့မည် ဖြစ်သည့်အခါတွင် သင်နားလည်သော သမ္မာတရားများက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ကျော်လွှားနိုင်ခြင်း ရှိမရှိကို ကြည့်ခြင်းအားဖြင့် သိနိုင်ပေသည်။ ကျော်လွှားနိုင်ပါက သင်သည် သမ္မာတရားကို သင်၏အသက်အဖြစ် ရှိသူတစ်ဦး ဖြစ်သည်။ မကျော်လွှားနိုင်ပါက ယင်းက သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်ကြောင်း သက်သေပြသည်။ မည်မျှ သေးငယ်သနည်း။ သင်၌ သမ္မာတရားကို သင်၏အသက်အဖြစ် မရှိပေ။ ဤသည်မှာ လက်တွေ့ကျမှု ဖြစ်သည်။ အချို့လူများက “ကျွန်ုပ်တို့၌ သမ္မာတရားကို ကျွန်ုပ်တို့၏အသက်အဖြစ် မရှိပါက ဘုရားအိမ်တော်၌ ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရန် အရာအားလုံးကို အဘယ်ကြောင့် စွန့်လွှတ်နိုင်သေးသနည်း။ အဘယ်ကြောင့် ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးနိုင်သေးသနည်း” ဟု ပြောကြသည်။ အချို့ကပင် “ကျွန်ုပ်၌ သစ္စာစောင့်သိခြင်း အချို့ရှိပြီးဖြစ်သည်၊ ကျွန်ုပ်သည် အောင်နိုင်သူတစ်ဦးအဖြစ် ပြုလုပ်ခြင်းခံရပြီးဖြစ်သည်” ဟု ပြောကြသည်။ အမှန်တွင် ထိုသို့သော ပြောဆိုချက်များသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများဖြင့် ရောနှောနေသည်။ လူတို့၌ သန္နိဋ္ဌာန်များနှင့် ရည်မှန်းချက်များ ရှိခြင်းမှာ မမှားပေ။ လူတို့၏ အလင်းကို တောင့်တခြင်း၊ တရားမျှတမှုကို တောင့်တခြင်းနှင့် သမ္မာတရားကို လိုက်စားရန်၊ ကယ်တင်ခြင်းကို ရရှိရန် စသည်တို့ကို တောင့်တခြင်းတို့ဖြစ်သည့် ဤအံ့ဩဖွယ်ကောင်းသော ဆန္ဒများသည် ၎င်းတို့၏ အသိစိတ်အချို့ကိုလည်းကောင်း၊ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်း၏ ဦးတည်ချက်ကိုလည်းကောင်း၊ ၎င်းတို့၏ အပြုအမူအချို့ကိုလည်းကောင်း၊ အပြင်ပန်းအားဖြင့် ၎င်းတို့၏ အမူအကျင့်နှင့် အသက်ရှင်နေထိုင်ပုံ နည်းလမ်းတို့၏ သွင်ပြင်အချို့ကိုလည်းကောင်း ပြောင်းလဲစေနိုင်သည်မှာ အမှန်ပင်ဖြစ်၏။ ဤနေရာတွင် ပြောင်းလဲခြင်းက အဘယ်အရာကို ရည်ညွှန်းသနည်း။ ဥပမာအနေဖြင့် သင်သည် လက်ရှိတွင် ယုံကြည်ခြင်းရှိသည်၊ သင်၏ အခြေအနေသည် အလွန်ကောင်းသည်၊ သင်သည် အပျက်သဘောမဆောင်ဘဲ သင်၏ တာဝန်သည်လည်း အထူးသဖြင့် ချောမွေ့နေသည် ဆိုပါစို့။ အကျိုးဆက်အနေဖြင့် သင်သည် အထူးသဖြင့် သစ္စာစောင့်သိသည်ဟုလည်းကောင်း၊ ကယ်တင်ခြင်းကို ရရှိရန် သင်၏ဆန္ဒကို အမှန်တကယ်ဖြစ်လာစေဖို့ မျှော်လင့်ချက်ရှိသည်ဟုလည်းကောင်း သင်ခံစားရပြီး မည်သည့်အခက်အခဲကိုမဆို ကြံ့ကြံ့ခံရန် အဆင်ပြေနေသည်။ သို့သော် ကောင်းသောအချိန်များသည် ကြာရှည်မခံပေ။ သင်၏ တာဝန်ကို ထမ်းဆောင်သည့် ဖြစ်စဉ်တွင် သင်သည် အခက်အခဲများ၊ အတားအဆီးများနှင့် ကျရှုံးမှုအချို့ကို ကြုံတွေ့ရသည်၊ ပြုပြင်ခြင်းခံရသည်၊ လမ်းလွဲများစွာကို လျှောက်လှမ်းမိသည်၊ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် ဖိနှိပ်ခြင်းကိုပင် ခံရကာ နစ်နာမှုများစွာကို ခံစားရသည်။ ထို့နောက် သင်၏ စိတ်နှလုံးထဲတွင် မသက်မသာ ခံစားရသည်။ သင်သည် သမ္မာတရားကို နားမလည်ပေ၊ ဤအမှုအရာများ အဘယ်ကြောင့် ဖြစ်ပျက်ခဲ့သည်ကို သင်မသိသကဲ့သို့ ဘုရားသခင်ထံ ဆုတောင်းခြင်းမှ မည်သည့်အဖြေကိုမျှ မရရှိသောကြောင့် သင်သည် စိတ်ဆင်းရဲမှုကို ခံစားရသည်။ ကြီးမားသော အတိုင်းအတာတစ်ခုအထိ ဤအမှုအရာများ ဖြစ်ပျက်ခြင်းက သင်၏ သမ္မာတရားနှင့် အလင်းကို တောင့်တသည့် သန္နိဋ္ဌာန်အပေါ် အတိုင်းအတာတစ်ခုအထိ ထိုးနှက်မှုနှင့် ပျက်စီးမှုကို သက်ရောက်စေသည်။ ဤပျက်စီးမှုကို ခံစားရပြီးနောက်တွင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အဓိပ္ပာယ်မဲ့သည်ဟု ခံစားရလျက် သင်သည် သင်၏ တာဝန်ကို ဆက်လက်ထမ်းဆောင်လိုတော့မည် မဟုတ်ပေ။ ဤနေရာတွင် မည်သို့ ဖြစ်ပျက်နေသနည်း။ သင်သည် အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သနည်း။ သင်သည် အဘယ်ကြောင့် ယခင်ကနှင့် လုံးဝကွဲပြားသော လူတစ်ဦးကဲ့သို့ ဖြစ်နေသနည်း။ သင်၌ ဝိညာဉ်ရင့်ကျက်မှုရှိပြီး သမ္မာတရားကို သင်၏အသက်အဖြစ် ရှိပါက သင်၏ သစ္စာစောင့်သိခြင်းသည် ပြောင်းလဲမည်မဟုတ်ပေ။ သို့သော် သင်၌ သမ္မာတရားကို သင်၏အသက်အဖြစ် မရှိသောကြောင့် သင်၏ အတွင်းပိုင်းအခြေအနေ၊ စိတ်နေသဘောထားနှင့် ဘုရားသခင်ကို ယုံကြည်ပြီး မိမိကိုယ်ကို အသုံးခံရန် သင်၏ စိတ်အားထက်သန်မှုတို့သည် အစဉ်သဖြင့် မတည်ငြိမ်ဘဲ ပူလိုက်အေးလိုက်ဖြင့် ပြောင်းလဲနေသည်။ အရာအားလုံး ချောမွေ့ပြီး သင်စိတ်အခြေအနေ ကောင်းမွန်နေသည့် ကာလများအတွင်းတွင် သင်၌ စိတ်အားထက်သန်မှု ရှိသည်၊ ဆုတောင်းချိန်တွင် ပြောစရာများစွာရှိသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလိုစိတ်ရှိသည်၊ သင်၏ တာဝန်တွင် အလွန်ကြိုးစားလုပ်ဆောင်ပြီး အလုပ်များခြင်းနှင့်ဖြစ်စေ၊ မောပန်းခြင်းနှင့်ဖြစ်စေ၊ မည်သည့်အခက်အခဲကိုမဆို ကြံ့ကြံ့ခံခြင်းဖြင့်ဖြစ်စေ အဆင်ပြေနေသည်။ သို့သော် အမှုအရာများ အနည်းငယ် အဆင်မပြေ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သင်သည် အပျက်သဘောဆောင်ပြီး အားနည်းလာကာ သင်၏ တာဝန်ကို ထမ်းဆောင်ရန် စိတ်အားထက်သန်မှု ပျောက်ဆုံးသွားသည်။ သင်သည် အစာတစ်နပ်လွတ်သွားသည့်အခါ သို့မဟုတ် အနည်းငယ် အိပ်ရေးပျက်သည့်အခါတွင် ယင်းကို ကြီးမားသော အခက်အခဲတစ်ခုဟု သင်ခံစားရပြီး “အဘယ်ကြောင့် ငါ ဆင်းရဲဒုက္ခခံသင့်သနည်း။ ငါ့တာဝန်ကို ထမ်းဆောင်ခြင်းမှ ငွေကြေးပင်မရ၊ ယင်းမှာ မတန်ပေ” ဟူ၍ သင်၏ စိတ်နှလုံးထဲတွင် ညည်းညူခြင်းများ ပေါ်ပေါက်လာသည်။ ကြည့်လော့၊ သင်၏ စိတ်နေသဘောထားသည် လုံးဝ ကွဲပြားသွားသည်။ အဘယ်ကြောင့် ဤမျှ ကြီးမားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သနည်း။ ယင်းမှာ သင်၌ သမ္မာတရားကို သင်၏အသက်အဖြစ် မရှိဘဲ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏အတွင်း၌ ရှိနေဆဲဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် စိတ်အားထက်သန်နေသည့်အခါတွင် ၎င်းတို့၌ ရည်မှန်းချက်များ သို့မဟုတ် လိုအင်ဆန္ဒများ၊ သို့မဟုတ် ဘုရားသခင်အပေါ် တောင်းဆိုမှုများ မရှိဟု ခံစားရသည်။ အမှန်တွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့၏အတွင်း၌ ကြီးကြပ်နေဆဲဖြစ်သည်၊ ဤအရာများသည် မပြောင်းလဲဘဲ ရှိနေသည်။ လူတို့သည် အပြုသဘောဆောင်သည့်အခါတွင် ၎င်းတို့သည် အလွန်တရာ စိတ်အားထက်သန်ပြီး အထူးပင် တက်ကြွကြကာ မည်သူမျှ ၎င်းတို့ကို တားဆီးနိုင်မည်မဟုတ်ပေ။ ၎င်းတို့ အပျက်သဘောဆောင်သည့်အခါတွင် ၎င်းတို့သည် မည်သူမျှ ဆွဲမထူနိုင်သည့် ရွှံ့ဗွက်အိုင်များကဲ့သို့ ဖြစ်နေသည်။ ၎င်းတို့သည် အမြဲတစေ အစွန်းရောက်ကြပြီး လုံးဝ မတည်ငြိမ်ကြပေ။ ဤသည်မှာ ၎င်းတို့သည် ၎င်းတို့၏ ပုံမှန်လူ့သဘာဝတွင် တစ်စုံတစ်ခု ချို့တဲ့နေကြောင်း ပြသသည်။ ၎င်းတို့ မည်သည့်အရာ ချို့တဲ့နေသနည်း။ ၎င်းတို့သည် သမ္မာတရားကို ၎င်းတို့၏အသက်အဖြစ် ချို့တဲ့နေခြင်းဖြစ်သည်၊ ယင်းမှာ ပကတိအခြေအနေ ဖြစ်သည်။ သင်၏ အခြေအနေသည် အပူအအေးကြားတွင် ပြောင်းလဲနေသည်၊ တစ်ခဏတွင် အပျက်သဘောဆောင်ပြီး နောက်တစ်ခဏတွင် အပြုသဘောဆောင်သည်။ ဤအရာကို မည်သည့်အရာက ဖြစ်စေသနည်း။ ယင်းမှာ ဒုက္ခပေးနေသည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ ယနေ့ ၎င်းတို့က သင့်ကို တစ်မျိုးတွေးစေပြီး မနက်ဖြန်တွင် နောက်တစ်မျိုး တွေးစေသည်၊ မည်သို့ပင်ဖြစ်စေ ဤအတွေးများသည် သင်၏ လိုအင်များ၊ သင်၏ စိတ်လိုက်မာန်ပါဖြစ်ခြင်းနှင့် သင်၏ လက်ရှိအခြေအနေ၊ စိတ်အခြေအနေ၊ စိတ်ခံစားချက်များနှင့် အမြဲတစေ ကိုက်ညီနေသည်။ သို့သော် လူတို့၏အတွင်း၌ သမ္မာတရားရှိသည့်အခါတွင်မူ ကွဲပြားသည်။ သမ္မာတရားသည် သင်၏အသက် ဖြစ်လာပါက ယင်းက သင်ပြုလုပ်သည့်အရာအတွက် တိကျမှန်ကန်ပြီး စစ်မှန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို သင့်အား အစဉ်သဖြင့် ရရှိစေမည်ဖြစ်ပြီး ဤသည်မှာ မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သင်သည် အပူအအေးကြားတွင် ပြောင်းလဲနေမည်မဟုတ်သကဲ့သို့ ကျရှုံးမှုတစ်ခုနှင့် လဲကျမှုတစ်ခုကြောင့်ဖြစ်စေ၊ ပြုပြင်ခြင်းအနည်းငယ် သို့မဟုတ် အခက်အခဲ အနည်းငယ်ကြောင့်ဖြစ်စေ အပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျမည်မဟုတ်ပေ။ သင်သည် သုံးရက်သုံးည မအိပ်ဘဲ နေသည့် စိတ်အားထက်သန်နေသော လူငယ်တစ်ဦးကဲ့သို့ အလွန်အမင်း အပြုသဘောဆောင်နေမည်လည်း မဟုတ်ပေ။ ထိုအစား သင်၌ ပုံမှန် ဆင်ခြင်တုံတရား ရှိလိမ့်မည်။ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားသည် ၎င်းတို့၏အသက် ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ရူပါရုံများအပေါ် ရှင်းလင်းလာကြသည်။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်နောက်သို့ လိုက်ရန်လိုအပ်သည်ကိုလည်းကောင်း၊ အဘယ်ကြောင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုအပ်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်ရလဒ်များကို ၎င်းတို့ ရရှိသင့်သည်ကိုလည်းကောင်း၊ ဤအခက်အခဲများကို ကြံ့ကြံ့ခံခြင်း၏ ရည်ရွယ်ချက်၊ အရေးပါမှုနှင့် တန်ဖိုးမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း သိကြသည်။ ၎င်းတို့သည် ဤသမ္မာတရားစည်းမျဉ်းအားလုံးကို ရှုပ်ထွေးခြင်း သို့မဟုတ် နောက်ကျိခြင်းမရှိဘဲ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အပြည့်အဝ နားလည်ကြသည်။ သို့ဖြစ်၍ ၎င်းတို့သည် ဆန္ဒအလျောက်နှင့် စောဒကတက်ခြင်းမရှိဘဲ ဆင်းရဲဒုက္ခခံကြသည်၊ ၎င်းတို့ပြုလုပ်သည့် အရာတိုင်းတွင် စည်းမျဉ်းများနှင့် စည်းကမ်းများ ရှိကြပြီး ဘုရားသခင်အပေါ် မည်သည့်အခါမျှ ယုံကြည်ခြင်း မပျောက်ဆုံးကြပေ၊ ၎င်းတို့ အပျက်သဘောဆောင်သည်ဟု ခံစားရသည့်အခါတွင် ဘုရားသခင်အပေါ် စောဒကတက်ခြင်း သို့မဟုတ် သူ့ကို စွန့်ပစ်ခြင်း မပြုကြသကဲ့သို့ ၎င်းတို့ အပြုသဘောဆောင်သည်ဟု ခံစားရသည့်အခါတွင်လည်း ဘုရားသခင်အပေါ် အပိုတောင်းဆိုမှုများ မရှိကြဘဲ ၎င်းတို့၏ အခြေအနေသည် အလွန်ပုံမှန်ဖြစ်သည်။ သင်တို့သည် ယခု ဤကဲ့သို့ ဖြစ်နေသလော။ (မဖြစ်ပါ။) သို့ဆိုလျှင် မည်သို့ ပြုလုပ်သင့်သနည်း။ (ယခုမှစ၍ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို လိုက်စားခြင်းအပေါ် အာရုံစိုက်သင့်ပါသည်၊ အခြားလမ်းကြောင်းမရှိပါ။) သမ္မာတရားကို လိုက်စားခြင်းမှလွဲ၍ အခြားလမ်းကြောင်းမရှိပေ။ ငါ သင့်ကို ပြောမည်။ သင်သည် သမ္မာတရားကို မလိုက်စားဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏အသက်အဖြစ် အစဉ်သဖြင့် ကြီးကြပ်နေပါက သင်သည် ကောင်းသောပန်းတိုင်တစ်ခု ရှိမည်မဟုတ်ပေ၊ အများဆုံးအနေဖြင့် သင်သည် အစေခံသူတစ်ဦးအဖြစ် အဆုံးသတ်လိမ့်မည်။ သို့သော် သင်သည် သမ္မာတရားကို လိုက်စားပါက သင်၏ ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်သည် ကြီးမားလိမ့်မည်ဖြစ်ပြီး သင်နောက်ဆုံးတွင် ရရှိမည့် ကောင်းချီးများသည်လည်း ကြီးမားလိမ့်မည်။ သင်သည် သမ္မာတရားကို လိုက်စားပါက သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ချည်နှောင်ခြင်းမှ လွတ်မြောက်လိမ့်မည်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်၏အသက် ဖြစ်တော့မည်မဟုတ်ဘဲ အကျိုးဆက်အနေဖြင့် သင်သည် ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်ကို အမှန်တကယ် မြင်တွေ့လိမ့်မည်။ သင်သည် သမ္မာတရားကို မလိုက်စားဘဲ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် မဖြေရှင်းဘဲ ကျန်ရှိနေကာ ကောင်းမှုများပြုလုပ်ရန်နှင့် မကောင်းမှုမကျူးလွန်ရန် မိမိကိုယ်ကို ချုပ်တည်းခြင်းနှင့် စိတ်ဓာတ်ခွန်အားအပေါ်တွင်သာ မှီခိုလိုပါက သင်သည် လမ်းကြောင်း အဆုံးတိုင်အောင်ပင် လျှောက်လှမ်းနိုင်မနိုင် ပြောရန် ခက်သည်။ နားလည်ပြီလော။ (နားလည်ပါသည်။) ဘုရားသခင်ကို ယုံကြည်ရာတွင် လူတို့ ဖြေရှင်းရန်လိုအပ်သည့် အကြီးမားဆုံးသော ပြဿနာမှာ အဘယ်အရာနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်ပါသည်။) ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းသည် အရေးအကြီးဆုံးသောအရာ ဖြစ်သည်။ “ကျွန်ုပ်သည် ယခု ဘုရားအိမ်တော်၌ အချိန်ပြည့် တာဝန်ထမ်းဆောင်နေသည်၊ အချိန်ပြည့် မိမိကိုယ်ကို အသုံးခံနေသည်၊ ထို့ကြောင့် ကျွန်ုပ်သည် အောင်နိုင်သူတစ်ဦး ဖြစ်သည်” ဟု မထင်နှင့်။ ဘုရားသခင်သည် အောင်နိုင်သူတစ်စုကို ပြုလုပ်ခြင်းအကြောင်း ပြောသည်၊ အောင်နိုင်သူများဟု ဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ “သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။” (ဗျာဒိတ်ကျမ်း ၁၄:၄) ဤသည်တို့မှာ ရိုးရှင်းသောအားဖြင့် အောင်နိုင်သူများ ဖြစ်ကြသည်။ လူတစ်ဦးသည် အောင်နိုင်သူတစ်ဦး ဖြစ်ရုံမျှဖြင့် ကျေနပ်နေ၍မရပေ။ ဤရိုးရှင်းသော အဓိပ္ပာယ်အားဖြင့် အောင်နိုင်သူတစ်ဦးဖြစ်ခြင်းက လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖယ်ရှားပြီးဖြစ်သည်ဟု မဆိုလိုသကဲ့သို့ လူတစ်ဦး၌ သမ္မာတရားကို သူ၏အသက်အဖြစ် ရှိသည်ဟုလည်း မဆိုလိုပေ။ နောက်ဆုံးတွင် ကယ်တင်ခြင်းခံရသူများသည် အောင်နိုင်သူများမျှသာ မဟုတ်ပေ၊ ယင်းမှာ ထိုမျှ မရိုးရှင်းပေ။ အောင်နိုင်သူများသည် လောကီကမ္ဘာ၊ စာတန်၊ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် ဆိုးယုတ်သော အစိုးရစနစ်များကို ကျော်လွှားသူများမျှသာ ဖြစ်သည်၊ ဤသည်မှာ အောင်နိုင်သူများ ဖြစ်ကြသည်။ သင်သည် သမ္မာတရားစည်းမျဉ်းအချို့ကို နားလည်ရုံမျှသာဖြစ်ပြီး ဇာတိပကတိနှင့် ခံစားချက်များကို ယာယီ ကျော်လွှားနိုင်ပါက သို့မဟုတ် အမျိုးမျိုးသော အခြေအမြစ်မရှိသည့် ကောလာဟလများ၏ ချုပ်ချယ်ခြင်းကို မခံရပါက သို့မဟုတ် ဆိုးယုတ်သောလူများ သို့မဟုတ် မယုံကြည်သူများ၏ နှောင့်ယှက်ခြင်းကို မခံရပါက ဤသည်မှာ အောင်နိုင်သူတစ်ဦး၏ စံနှုန်းကို အပြည့်အဝ မပြည့်မီသေးပေ။ ဤသေးငယ်သော အတွေ့အကြုံအနည်းငယ်မျှသာ ရှိခြင်းသည် တန်ဖိုးကြီးမားခြင်း မရှိပေ။ မည်သည့်အရာက တန်ဖိုးရှိသနည်း။ သမ္မာတရားကို လူတစ်ဦး၏ အသက်အဖြစ် ရှိခြင်းသည် တန်ဖိုးအရှိဆုံးသောအရာ ဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားကို သူ၏အသက်ဖြစ်လာစေရန် မည်သို့ ပြုလုပ်နိုင်မည်နည်း။ လမ်းကြောင်းတစ်ခုတည်းသာ ရှိသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ဖတ်ရှုရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားရမည်။ ဤနည်းလမ်းဖြင့်သာ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို ရရှိနိုင်ပြီး သမ္မာတရားကို သင်၏အသက်အဖြစ် ရရှိလာနိုင်သည်။ သင်သည် သင်၏ ဘဝတစ်ခုလုံးကိုလည်းကောင်း၊ သင်၏ နေ့စဉ်အသက်တာကိုလည်းကောင်း၊ သင်ဆောင်ရွက်ပြီး ပြုမူကျင့်ကြံသည့် စည်းမျဉ်းများကိုလည်းကောင်း လမ်းညွှန်ရန် သမ္မာတရားကို အသုံးပြုပါက၊ သင်သည် ဤနည်းလမ်းအတိုင်း လက်တွေ့လုပ်ဆောင်ပါက သင်၌ သမ္မာတရား လက်တွေ့ကျမှု ရှိလိမ့်မည်။ သင်၌ သမ္မာတရား လက်တွေ့ကျမှု ရှိသည့်အခါ သင်၏ ယခင် စာတန်ဆန်သော စိတ်သဘောထားများသည် နေရာဖယ်ပေးရလိမ့်မည်။ သင်သည် မည်သို့ပြုမူရမည်ကို မဆုံးဖြတ်မီ ဦးစွာ “ငါထင်သည့်အရာက သမ္မာတရားစည်းမျဉ်းများကို ကိုယ်စားမပြုပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာ ပြောဆိုသည်ကို ငါကြည့်ရမည်” ဟု စဉ်းစားသုံးသပ်လော့။ သင်သည် အကြိမ်တိုင်း ဤသို့ စဉ်းစားသုံးသပ်ပြီး အကြိမ်တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ပြောဆိုကာ လက်တွေ့လုပ်ဆောင်ပါက သမ္မာတရားသည် သင်၏အသက်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာမည် မဟုတ်လော။ ရေစက်ငယ်များစွာသည် သမုဒ္ဒရာကို ဖြစ်စေသည်။ သင်၏ နေ့စဉ်အသက်တာ၊ သင်၏ အမြင်ရှုထောင့်များ၊ သင်၏ လက်ရှိတည်ရှိမှု အခြေအနေနှင့် သင်၏ အခြေအနေတို့ကို ပြောင်းလဲရန် သမ္မာတရားကို သင်၏ စိတ်နှလုံးထဲသို့ တဖြည်းဖြည်း ဝင်ရောက်ခွင့်ပြုလော့။ သင်၏ အခြေအနေသည် တဖြည်းဖြည်း ပြောင်းလဲပြီး ကောင်းသောဦးတည်ချက်သို့ တိုးတက်လာသည်နှင့်အမျှ သင်မကောင်းမှုပြုလုပ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ပြုနိုင်ချေသည် ဆက်လက်လျော့နည်းသွားလိမ့်မည်၊ သင့်ကိုယ်သင် ထုတ်ဖော်ပြသနိုင်ချေသည် ဆက်လက် လျော့နည်းသွားလိမ့်မည်၊ တစ်ချိန်တည်းတွင် သမ္မာတရားစည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ သင်၏ သက်သေခံချက်များသည် ဆက်လက်၍ တိုးပွားလာလိမ့်မည်။ အမှားအမှန်ဆိုင်ရာ အရေးကြီးသည့် ကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါတွင် သမ္မာတရား စည်းမျဉ်းများသည် သင်၏ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများနှင့် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုအင်များ၊ နှစ်သက်မှုများနှင့် အစီအစဉ်များကို ကျော်လွှားသည်။ ထိုအခါမှသာ သင်သည် စစ်မှန်သော အောင်နိုင်သူတစ်ဦး၊ သမ္မာတရားကို သူ၏အသက်အဖြစ် ရှိသူတစ်ဦးနှင့် ကယ်တင်ခြင်းကို ရရှိနိုင်သူတစ်ဦး ဖြစ်လိမ့်မည်။ သို့တည်းမဟုတ်ပါက သင်က “ဤသို့ပြုမူခြင်းသည် ကောင်းသည်၊ ငါသည် ဤအရာများကို လိုလိုလားလားနှင့် ဆန္ဒရှိရှိ ပြုလုပ်ပြီး ငါ၌ ညည်းညူမှုများ မရှိ” ဟု တွေးထင်လျက် သင်၏ နှစ်သက်မှုများအပေါ် အခြေခံ၍ ပြုမူရုံမျှသာဖြစ်ပါက အဘယ်အသုံးဝင်မည်နည်း။ သင်၌ ညည်းညူမှုများ မရှိပေ၊ သို့သော် သင်၏ လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ စည်းမျဉ်းများမှာ အဘယ်အရာများ ဖြစ်သနည်း။ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ နှစ်သက်မှုများ၊ မှားယွင်းသော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များ၊ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ၊ ခံစားချက်များနှင့် စိတ်လိုက်မာန်ပါဖြစ်ခြင်းတို့မှ လုံးလုံးလျားလျား လာခြင်းဖြစ်သည်၊ ယင်းကို သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက လုံးဝ လမ်းညွှန်ထားသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည့် အသက်ဖြစ်ပြီး သမ္မာတရားကို ထုတ်ဖော်သည့် အသက်မဟုတ်ပေ။ ဘုရားသခင်သည် ယင်းကို အမှတ်ရမည် မဟုတ်သည်သာမက သူသည် ယင်းကို ပြစ်တင်ရှုတ်ချလိမ့်မည်။ သင်အသက်ရှင်နေထိုင်သည့်အရာ၊ သင်ပြောဆိုသည့် စကားများ၊ ပြုလုပ်သည့် အမှုအရာများ၊ သင်ထုတ်ဖော်သည့် အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များအားလုံး သမ္မာတရားနှင့် ကိုက်ညီစေရန်လည်းကောင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ထုတ်လုပ်လိုက်သည့် ထိုမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် အမြင်ရှုထောင့်များသည် သင်၏ စိတ်နှလုံးထဲတွင် တဖြည်းဖြည်း နည်းပါးလာစေရန်လည်းကာင်း၊ သင်၏ စိတ်နှလုံးထဲတွင် သင်တွေးထင်သည့်အရာနှင့် အမှုအရာများအပေါ် သင်၏ အမြင်ရှုထောင့်များသည် သမ္မာတရားနှင့် သက်ဆိုင်ပြီး သမ္မာတရားနှင့် ကိုက်ညီစေရန်လည်းကောင်း သင်တတ်နိုင်သမျှ နည်းလမ်းအားလုံးကို ကြိုးစားရမည်။ သင်သည် ဤသွင်ပြင်လက္ခဏာကို လိုက်စားပြီး အာရုံစိုက်ရမည်၊ သို့မှသာ သင်၏အတွင်း၌ တဖြည်းဖြည်း ပြောင်းလဲမှုများ ပိုမိုရှိလာပြီး သင်၏ အခြေအနေသည် တဖြည်းဖြည်း ပိုကောင်းလာလိမ့်မည်။ ယနေ့ခေတ်တွင် လူများစွာသည် စကားလုံးများနှင့် အယူဝါဒများကို ရှင်းလင်းစွာနှင့် ယုတ္တိကျကျ ပြောဆိုနိုင်ကြသော်လည်း သမ္မာတရား လက်တွေ့ကျမှုအကြောင်း ပြောဆိုသည့်အခါတွင်မူ ၎င်းတို့၌ ပြောစရာမရှိတော့ဘဲ လက်တွေ့ကျသော နားလည်သဘောပေါက်မှု အနည်းငယ်ကိုပင် မဖော်ပြနိုင်ကြပေ။ ဤနေရာတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ (ကျွန်ုပ်တို့၌ သမ္မာတရား မရှိပါ။) သင်၏အသက်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အသက်၊ စာတန်၏အသက် ဖြစ်နေဆဲဖြစ်ပြီး သမ္မာတရား၏အသက် မဟုတ်ပေ။

ငါတို့ မကြာမီက မိတ်သဟာယဖွဲ့ခဲ့သည့်အရာကို သင်နားလည်ပြီလော။ သင်တို့သည် သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မဖယ်ရှားရသေးကြောင်းနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်နေဆဲ ဖြစ်ကြောင်းကို အမှန်တကယ် အသိအမှတ်ပြုပါက သင်တို့ အပျက်သဘောဆောင်လာမည်လော။ (ယခုလေးတင် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မပြောင်းလဲသေးကြောင်း ဘုရားသခင်ပြောသည်ကို ကျွန်ုပ်ကြားရသည့်အခါ ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ကြီးမားသော ကွဲလွဲချက်ကို ခံစားခဲ့ရပြီး ဤနှစ်များတစ်လျှောက်လုံး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အဆက်မပြတ် စားသောက်ခဲ့ပြီး အထူးအခြေအနေများတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အာရုံစိုက်ခဲ့သည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မပြောင်းလဲသေးသနည်းဟု တွေးမိပါသည်။ ကျွန်ုပ်သည် အနည်းငယ် စိတ်ပျက်ပြီး အပျက်သဘောဆောင်ခဲ့ပါသည်။ သို့သော် ဘုရားသခင်က လမ်းညွှန်မှုပေးပြီး တဖြည်းဖြည်း မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ကျွန်ုပ်သည် အပြင်ပန်း ကောင်းသောအပြုအမူအချို့ကိုသာ ပြသပြီး ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ကျွန်ုပ်၏အတွင်း၌ အုပ်စိုးနေဆဲဖြစ်ကြောင်း၊ အမှန်တကယ်ပင် မည်သည့်ပြောင်းလဲမှုမျှ မရှိခဲ့ကြောင်းကို ကျွန်ုပ်နားလည်ခဲ့ပါသည်။ အမှုအရာများကို ပြုလုပ်သည့်အခါတွင် လူတို့သည် ဦးစွာ စဉ်းစားသုံးသပ်ရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ စိတ်ကူးများ မည်မျှပင်ကောင်းမွန်စေကာမူ သမ္မာတရားစည်းမျဉ်းများကို ကိုယ်စားမပြုကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားက မည်သို့ဆိုသည်ကို ၎င်းတို့ ကြည့်ရှုရမည်ဖြစ်ကြောင်း၊ အမှုအရာတစ်ခုကို ပြုလုပ်သည့်အခါတိုင်း သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ရန် လေ့ကျင့်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ၎င်းတို့၏ အခြေအနေသည် တဖြည်းဖြည်း ပြောင်းလဲလာမည်ဖြစ်ကြောင်း ဘုရားသခင်က ပြောဆိုခဲ့သည်။ ဘုရားသခင်၏ မိတ်သဟာယကို ကျွန်ုပ်ကြားပြီးနောက်တွင် မျှော်လင့်ချက်ကို တစ်ဖန်ပြန်မြင်ရသည်ဟု ထင်ရပြီး လမ်းခရီးတစ်ခုရှိသည်ဟု ကျွန်ုပ်ခံစားခဲ့ရကာ အပျက်သဘောမဆောင်တော့ပါ။) အပျက်သဘောဆောင်ခြင်းသည် မှားသည်၊ သင်သည် မည်သည့်အခြေအနေအောက်တွင်မျှ အပျက်သဘောမဆောင်သင့်ပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းသည် ကယ်တင်ခြင်းကို ရရှိရန် အရေးကြီးသောကိစ္စရပ် ဖြစ်သည်။ အထူးသဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုမူ ဖြေရှင်းရန် ပို၍ အာရုံစိုက်ရမည်ဖြစ်သည်။ သင်သည် စိတ်ရောကိုယ်ပါ နှစ်ပြီး အစွမ်းကုန် ကြိုးစားရမည်။ သင်သည် အပျက်သဘောမဆောင်နိုင်သကဲ့သို့ လက်မလွှတ်နိုင်ပေ။ သင်တို့သည် ယခု သမ္မာတရားကို လိုက်စားခြင်းအပေါ် အာရုံစိုက်လာကြသော်လည်း တစ်ခါတစ်ရံတွင် သင်တို့သည် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိကြသေးပေ။ သင်တို့အား လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းအကြောင်း ယခု ပြောဆိုခြင်းသည် သင်တို့၏ အသက်ဝင်ရောက်မှုအတွက် ပို၍အကျိုးရှိပြီး တစ်ချိန်တည်းတွင် သင်တို့၌ အရေးတကြီးဖြစ်မှု ခံစားချက်ကို ဖြစ်ပေါ်စေနိုင်ကာ သမ္မာတရားအပေါ် အာရုံစိုက်နိုင်စေပြီး သမ္မာတရားကို နားလည်ကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ တတ်နိုင်သမျှ အမြန်ဆုံး ဝင်ရောက်နိုင်စေသည်။ မိမိကိုယ်ကို ကျေနပ်မနေနှင့်၊ သင်၏ လက်ရှိအခြေအနေနှင့်လည်း ကျေနပ်မနေနှင့်။ သင်တို့သည် နာခံတတ်ပြီး အမူအကျင့် ကောင်းမွန်လာရုံမျှသာဖြစ်ကာ ယခင်ကထက် အသိတရား အနည်းငယ် ပိုရှိလာသည်၊ သို့သော် သင်တို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားခြင်းနှင့် များစွာ ကွာဝေးနေသေးသည်။ အဖြစ်မှန်များကို ရှင်းလင်းစွာ မြင်နိုင်သည်၊ သို့ဖြစ်၍ အပျက်သဘောဆောင်နေခြင်းက အဘယ်အသုံးဝင်မည်နည်း။ အပျက်သဘောဆောင်ခြင်းသည် လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်ပေ။ သင်သည် ပြဿနာ အရင်းခံသည့်နေရာကို ရှာဖွေပြီး ထိုနေရာမှ စတင်ဖြေရှင်းရန် ကြိုးစားသင့်သည်။ ယခု စတင်ခြင်းက နောက်မကျသေးပေ။ မည်သည့်အချိန်တွင် နောက်ကျသွားမည်နည်း။ ဘုရားသခင်၏အလုပ် ပြီးဆုံးသည့်အခါတွင် နောက်ကျသွားလိမ့်မည်။ သင်တို့၌ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ပြီး သမ္မာတရားကို သင်တို့၏အသက်အဖြစ် ရရှိလာရန် သန္နိဋ္ဌာန် ရှိသလော။ (ကျွန်ုပ်တို့၌ ယခု ဤသန္နိဋ္ဌာန် ရှိပါသည်။) အမှန်တွင် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းသည် မခက်ခဲပေ။ စဉ်းစားကြည့်လော့၊ သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့သည့် နှုတ်ကပတ်တော်များစွာကို ပြောဆိုခဲ့ပြီးဖြစ်ကာ ၎င်းတို့သည် အလွန်အသေးစိတ်ကျပြီး တိကျသည်။ အကြောင်းအရာများစွာ ရှိပုံရသော်လည်း စည်းမျဉ်းများသည် မပြောင်းလဲသကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းသည်လည်း မပြောင်းလဲပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်သည့်အခါတွင် ထိုစိတ်ကူးကိုဖြစ်စေ၊ ထိုအတွေးကိုဖြစ်စေ သတိဖြင့် သိမှတ်ကာ သင်၏ စိတ်နှလုံးထဲတွင် “ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်၊ သို့ဆိုလျှင် ယင်းကို ငါမည်သို့ ဖြေရှင်းသင့်သနည်း။ ငါယခင်က ယင်းကို မဖြေရှင်းခဲ့ဖူးပေ။ ငါသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော်လည်း အပေါ်ယံ လုပ်ဆောင်ချက်များနှင့် မိမိကိုယ်ကို ကိုယ်ရည်သွေးခြင်းအပေါ်တွင်သာ အာရုံစိုက်ခဲ့ပြီး ငါ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိနေဆဲဖြစ်သည်ဟူသောအချက်ကို မည်သည့်အခါမျှ စဉ်းစားသုံးသပ်ခြင်း မရှိခဲ့ဖူးပေ။ ယနေ့ ငါ၏အတွင်း၌ ထိုသို့သော အတွေးတစ်ခုရှိကြောင်းကို ငါရုတ်တရက် ရှာဖွေတွေ့ရှိခဲ့သည်။ ဤအတွေးသည် အဘယ်မှ လာခဲ့သနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုမှ လာခဲ့သည်။ သို့ဆိုလျှင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ ဖြေရှင်းသင့်သနည်း” ဟု စဉ်းစားသုံးသပ်လော့။ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေလော့၊ သင်၏ ပတ်ဝန်းကျင်ရှိ အတွေ့အကြုံများ ရှိသူများကိုလည်း မေးမြန်းလော့၊ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေပြီး ပြဿနာကို ဖြေရှင်းရန် သင့်ကို ဦးဆောင်လိမ့်မည်။ လူတိုင်း အတူတကွ ရှိသည့်အခါတွင် သင်တို့သည် အချင်းချင်း ထောက်ပံ့ကူညီရမည်ဖြစ်ပြီး အချင်းချင်း နားလည်ပေးရမည်။ လူတိုင်း၏ ဝိညာဉ်ရင့်ကျက်မှုသည် တူညီကြပြီး မည်သူမျှ တစ်ယောက်ကို အထင်ကြီးခြင်း သို့မဟုတ် အထင်သေးခြင်း မပြုသင့်ပေ။ လူတိုင်း ဤသို့ အချင်းချင်း ကူညီထောက်ပံ့ပြီး လူတိုင်း၏ ဝိညာဉ်ရင့်ကျက်မှုသည် ဖြည်းဖြည်းချင်း ကြီးထွားလာကာ နောက်ဆုံးတွင် သင်တို့အားလုံး အတူတကွ ကယ်တင်ခြင်းကို ရရှိပြီး နိုင်ငံတော်ထဲသို့ အတူတကွ ဝင်ရောက်ပါက ကောင်းမည် မဟုတ်လော။ (ဟုတ်ပါသည်။) ကောင်းပြီ၊ ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၄)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။