သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၉)
ယခင်တစ်ခေါက်က ငါတို့ စုဝေးခဲ့ကြရာ “သမ္မာတရားကို လိုက်စားရန်နည်းလမ်း” ဟူသည့် အကြောင်းအရာတွင် မည်သည့်အရာကို လက်လွှတ်ရန် လိုအပ်သည်ဆိုသည့် အချက်၏ ဒုတိယအပိုင်းကို ငါတို့ မိတ်သဟာယပြုခဲ့သည်။ အတိအကျဆိုရသော် လူတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လက်လွှတ်ခြင်းကို ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ထိုအကြောင်းအရာတွင် စုစုပေါင်း လေးချက်ကို ငါတို့ မှတ်သားခဲ့သည်။ ပထမအချက်မှာ စိတ်ဝင်စားမှုများနှင့် ဝါသနာများဖြစ်သည်။ ဒုတိယမှာ အိမ်ထောင်ဖြစ်သည်။ တတိယမှာ မိသားစုဖြစ်ပြီး စတုတ္ထမှာ အသက်မွေးအလုပ် ဖြစ်သည်။ ယခင်အခေါက်က စိတ်ဝင်စားမှုများနှင့် ဝါသနာများကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လက်လွှတ်ခြင်း၏ အဓိကအချက်တစ်ခုမှာ စိတ်ဝင်စားမှုများနှင့် ဝါသနာများ၏ ရလဒ်အနေဖြင့် ဖြစ်ပေါ်သော လူတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများဖြစ်သည်။ ငါ့မိတ်သဟာယကို နားထောင်ပြီးနောက် လူတိုင်းတွင် စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့်ပတ်သက်ပြီး မှန်ကန်သော သဘောထားနှင့် အမြင်ရှုထောင့်ရှိသလော။ (ရှိပါသည်။) ငါတို့ မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်မှာ စိတ်ဝင်စားမှုများနှင့် ဝါသနာများ၏ ရလဒ်အဖြစ် ဖြစ်ပေါ်သည့် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လက်လွှတ်ရန်ဖြစ်သည်။ သို့သော် ဤအရာများကို လက်လွှတ်ရန်အတွက် စိတ်ဝင်စားမှုများနှင့် ဝါသနာများက မည်သည့်အရာများ ဖြစ်သည်ကို ဦးစွာ နားလည်ရမည်။ ထို့နောက်တွင် ယင်းတို့အား မည်သို့ကိုင်တွယ်သင့်သည်ကိုလည်းကောင်း၊ စိတ်ဝင်စားမှုများနှင့် ဝါသနာများ၏ ရလဒ်အနေဖြင့် ဖြစ်ပေါ်သော လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား မည်သို့ လက်လွှတ်ရမည်ကိုလည်းကောင်း နားလည်ရမည်။ အပြုသဘောဆောင်သောအရာကို၊ သို့မဟုတ် အပျက်သဘောဆောင်သောအရာကို ငါတို့ မိတ်သဟာယပြုသည် မပြုသည်က အရေးမကြီးပေ။ အတိုချုပ်အားဖြင့်ဆိုလျှင် စိတ်ဝင်စားမှုများနှင့် ဝါသနာများက မည်သည့်အရာများဖြစ်သည်ကို သဘောပေါက်နားလည်ရန် လူတို့အား ထောက်ကူပေးဖို့ဖြစ်သည်။ ပြီးလျှင် ထိုအရာများကို မှန်ကန်စွာ ကိုင်တွယ်ပြီး အသုံးချရန်၊ ထိုအရာများ တည်ရှိနေသည့်အတွက် ထိုအရာများက သင့်လျော်သောနေရာ၊ သို့မဟုတ် တန်ဖိုးကိုပေးရန်၊ တစ်ချိန်တည်းတွင် မမှန်ကန်သော၊ မသင့်လျော်သော၊ လူတို့၌ မရှိသင့်သော၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုနှင့် မိမိတို့၏ တာဝန်ထမ်းဆောင်မှုကို လွှမ်းမိုးသော လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လူတို့ လက်လွှတ်ရန် ထောက်ကူပေးဖို့ဖြစ်သည်။ သင်၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများမှ ဖြစ်ပေါ်သော လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများသည် သင်၏ဘဝ၊ ရှင်သန်ရေးနှင့် သင်၏ ရှင်သန်ရေးအမြင်တို့အပေါ် လွှမ်းမိုးလိမ့်မည်ဟု ဆိုနိုင်သည်။ ထိုအရာများသည် သင်လျှောက်သည့် လမ်းကြောင်းအပေါ်တွင်လည်းကောင်း၊ ဤဘဝတွင် သင်၏တာဝန်နှင့် အထူးတာဝန်အပေါ်တွင်လည်းကောင်း ပို၍ပင် ကြီးမားသော လွှမ်းမိုးမှုရှိမည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် စိတ်ဝင်စားမှုများနှင့် ဝါသနာများက လူတို့တွင် ဖြစ်ပေါ်စေသည့် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို တည်ငြိမ်စွာ ကြည့်လိုက်လျှင် ထိုအရာများသည် ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များ မဟုတ်သကဲ့သို့ ၎င်းတို့လိုက်စားသည့် ဦးတည်ချက်လည်း မဟုတ်ပေ။ ဤဘဝသက်တမ်းတွင် ၎င်းတို့ ဆောက်တည်သင့်သည့် ဘဝအမြင်နှင့် တန်ဖိုးများ ဖြစ်ဖို့ဆိုသည်မှာ ပို၍ပင်မဟုတ်ပေ။ စိတ်ဝင်စားမှုများနှင့် ဝါသနာများက မည်သည့်အရာများ ဖြစ်သည်ကို လူတို့အား မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ငါသည် လူတို့အား ယင်းတို့ကို မည်သို့မှန်ကန်စွာ သိမြင်ပြီး ကိုင်တွယ်ရမည်ကို ပြောပြပြီး ထို့နောက်တွင် ၎င်းတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများသည် မှန်ကန်ခြင်း ရှိမရှိကို စိတ်ဝင်စားမှုများနှင့် ဝါသနာများတွင် ရှိသော လွှမ်းမိုးမှု၏ အမြင်ရှုထောင့်မှနေ၍ ၎င်းတို့ သိစေရန် လုပ်ဆောင်သည်။ ဆိုလိုသည်မှာ လူတို့အား စိတ်ဝင်စားမှုများနှင့် ဝါသနာများကို မည်သို့ မှန်ကန်စွာ ကိုင်တွယ်ရမည်ကို ရှင်းလင်းစွာ သိစေရန်အတွက် ငါသည် အပြုသဘောနှင့် အပျက်သဘောဆောင်သော အပိုင်းနှစ်ခုလုံးကို အသုံးပြုသည်။ တစ်ခုအနေဖြင့် လူတစ်ယောက်တွင် စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့်ပတ်သက်ပြီး မှန်ကန်သော အသိအမြင်နှင့် တိကျသော နားလည်သဘောပေါက်ခြင်း ရှိလျှင်၊ သူသည် ယင်းတို့ကို တိကျစွာ ကိုင်တွယ်နိုင်လျှင် သူသည် စိတ်ဝင်စားမှုများနှင့် ဝါသနာများထံမှ ဖြစ်ပေါ်သည့် စံသတ်မှတ်ချက်များနှင့် ဆန္ဒများကိုလည်း အမှန်တကယ် လက်လွှတ်နေခြင်း ဖြစ်သည်။ သင်သည် စိတ်ဝင်စားမှုများနှင့် ဝါသနာများအပေါ် မှန်ကန်သော နားလည်မှုရှိသည်နှင့် ယင်းတို့ကို သင် ကိုင်တွယ်သည့် နည်းနာနိဿယများသည် မှန်ကန်မည်ဖြစ်ပြီး စည်းမျဉ်းနှင့်လည်းကောင်း၊ လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်လည်းကောင်း အတော်အတန် ကိုက်ညီလိမ့်မည်။ ဤသို့အားဖြင့် သင်သည် စိတ်ဝင်စားမှုများနှင့် ဝါသနာများထံမှ ဖြစ်ပေါ်သည့် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား အပြုသဘောဆောင်သောနည်းလမ်းဖြင့် လက်လွှတ်နိုင်ဖို့ အထောက်အကူရလိမ့်မည်။ ထို့အပြင် ဤမိတ်သဟာယသည် စိတ်ဝင်စားမှုများနှင့် ဝါသနာများထံမှ ဖြစ်ပေါ်သည့် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများက ယူဆောင်သော အမျိုးမျိုးသော ထိခိုက်နစ်နာစေသည့် လွှမ်းမိုးမှုများကို၊ သို့မဟုတ် ယင်းတို့က ဖြစ်ပေါ်စေသည့် ဆန့်ကျင်သော၊ အပျက်သဘောဆောင်သော လွှမ်းမိုးမှုကို ရှင်းလင်းစွာ မြင်စေပြီး ထို့နောက်တွင် ဤ မသင့်လျော်သော လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို တက်ကြွစွာ လက်လွှတ်စေသည်။ ဤအရာအားလုံးကို ငါတို့ မိတ်သဟာယပြုပြီးနောက်တွင် အောက်ပါအတိုင်း ပြောမည့်သူအချို့ မရှိသလော။ “ဒီကမ္ဘာမှာရှိတဲ့ လူအမျိုးမျိုးအားလုံးမှာ မတူညီတဲ့ စိတ်ဝင်စားမှုနဲ့ ဝါသနာတွေရှိကြတယ်။ သူတို့တစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှုနဲ့ ဝါသနာတွေက မတူညီတဲ့ လိုက်စားမှုတွေ၊ စံသတ်မှတ်ချက်တွေနဲ့ ဆန္ဒတွေကို ဖြစ်စေတယ်။ ကျွန်တော်တို့က အခုလက်ရှိ ကျွန်တော်တို့ပြောတဲ့ ပုံစံအတိုင်းသွားပြီး လူတွေက သူတို့ရဲ့ စံသတ်မှတ်ချက်တွေနဲ့ ဆန္ဒတွေကို မလိုက်စားခဲ့ကြဆိုပါစို့။ ဒီကမ္ဘာက ဖွံ့ဖြိုးတိုးတက်ပါ့မလား။ လူသားမျိုးနွယ်ရဲ့ ရှင်သန်ရေးနဲ့ ဘဝနဲ့ သက်ဆိုင်တဲ့ လူသားမျိုးနွယ်ရဲ့ နည်းပညာ၊ ယဉ်ကျေးမှု၊ ပညာရေးလိုမျိုး နယ်ပယ်တွေက ဘယ်လိုလုပ် တိုးတက်ပြီး ဖြစ်နိုင်ဦးမလဲ။ လူသားမျိုးနွယ်က သူတို့၏ လက်ရှိဘဝနေမှုပုံစံကို ပျော်နိုင်ဦးမလား။ ကမ္ဘာက အခုလက်ရှိအခြေအနေအထိ တိုးတက်ခဲ့ပါဦးမလား။ ကမ္ဘာက ရှေးဦးလူ့အဖွဲ့အစည်းလို ဖြစ်နေမှာမဟုတ်ဘူးလား။ ကျွန်တော်တို့မှာ အခုခေတ်ရဲ့ ခေတ်သစ်လူသားရဲ့ ဘဝနေမှုပုံစံရှိပါ့မလား” ဟူ၍ဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခုဖြစ်သလော။ မည်သည့်အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့သည်ဖြစ်စေ သင်တို့အားလုံးက “ဘုရားနှုတ်ကပတ်တော်က သမ္မာတရားဖြစ်တယ်။ လက်ခံပြီး နာခံသင့်တယ်” ဟူသည့် ရှုထောင့်မှတစ်ဆင့် လက်ခံကြဖို့ ဖြစ်နိုင်ခြေရှိသည်။ ထို့ကြောင့် အချိန်အများစုတွင် သင်တို့အား ငါ မိတ်သဟာယပြုသည့်စကားများကို ချေပသည့် မတူညီသော ထင်မြင်ချက်များမရှိပါ။ သို့သော် ဤသည်မှာ မည်သူမျှမရှိခြင်း၊ သို့မဟုတ် ဘေးလူမရှိခြင်းနှင့် မတူညီသည် မဟုတ်လော။ ဤသို့သော သံသယများကို မည်သူက ထုတ်ပြောမည်နည်း။ ဟုတ်သည် မဟုတ်လော။ ဤသို့သောမေးခွန်းကို ထုတ်မေးသူတစ်ယောက် အမှန်တကယ် ရှိလျှင် သင်တို့ မည်သို့ တုံ့ပြန်မည်နည်း။ (ဤမေးခွန်းတွင် ဖော်ပြသော အမြင်ရှုထောင့်က မှားသည်ဟု ကျွန်ုပ် ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် လူတို့၏ စိတ်ဝင်စားမှုနှင့် ဝါသနာများသည် နည်းပညာတိုးတက်မှုကို မထိန်းချုပ်သကဲ့သို့ ခေတ်ကာလများ၏ တိုးတက်မှုကိုလည်း မထိန်းချုပ်ပေ။ နည်းပညာဖွံ့ဖြိုးမှုနှင့် ခေတ်ကာလများ၏ တိုးတက်မှုတို့အားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင်ရှိသည်။ စိတ်ဝင်စားမှု၊ သို့မဟုတ် ဝါသနာရှိသူတစ်ယောက်သည် ကမ္ဘာ၏ တိုးတက်မှုကို ရှေ့သို့ တွန်းပို့နိုင်သည်၊ ကမ္ဘာကို ပြောင်းလဲနိုင်သည်ဟု ပြော၍ မရပါ။) သင်သည် ကျယ်ပြန့်သည့် အတိုင်းအတာဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။ ဤအရာကို ရှုမြင်ရာတွင် အခြားမတူညီသော နည်းလမ်းတစ်ခုခုရှိသလော။ ဤသည်မှာ သမ္မာတရားအား သင် အမှန်တကယ် နားလည်ခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ ဤမိတ်သဟာယ စကားများကို ကြားပြီးနောက်တွင် မယုံကြည်သူများက ဤသို့သောမေးခွန်းကို ထုတ်ပြောလိမ့်မည်ဟု သင်တို့ ထင်သလော။ (ဖြစ်နိုင်ခြေများပါသည်။) ဤသို့ဆိုလျှင် ၎င်းတို့က ဤမေးခွန်းကိုမေးလျှင် အရှိအတိုင်းဖြစ်သော အချက်အလက်များနှင့်အညီ၊ သမ္မာတရားနှင့်အညီ သင် မည်သို့ ဖြေနိုင်သနည်း။ သင်က မဖြေနိုင်လျှင် သင်သည် အထင်အမြင်မှားစေခြင်းခံရပြီးဖြစ်သည်ဟု ၎င်းတို့က ဆိုလိမ့်မည်။ သင် မဖြေနိုင်ခြင်းသည် အနည်းဆုံးအနေဖြင့် တစ်ချက်ကို သက်သေပြသည်။ ယင်းမှာ ဤသမ္မာတရား သွင်ပြင်လက္ခဏာကို သင်နားမလည်ခြင်းဖြစ်သည်။ သင်တို့သည် မဖြေနိုင်ခြင်း မဖြစ်သလော။ (ကျွန်ုပ်တို့ မဖြေနိုင်ပါ။) ဤသို့ဆိုလျှင် ဤအမှုကိစ္စအကြောင်းကို ပြောကြစို့။
လူအချို့က “လူသားမျိုးနွယ်က သူတို့ စံသတ်မှတ်ချက် ထားတဲ့အရာတွေကို မလိုက်စားရင် ကမ္ဘာက လက်ရှိအခြေအနေအထိ တိုးတက်လာပြီးဖြစ်ပါ့မလား” ဟု ဆိုကြသည်။ အဖြေက “တိုးတက်သည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မရိုးရှင်းသလော။ (ရိုးရှင်းပါသည်။) ဤ“တိုးတက်သည်”ဆိုသည့်အရာအတွက် အရိုးရှင်းဆုံး၊ တဲ့တိုးအဖြစ်ဆုံးအရာမှာ အဘယ်နည်း။ လူသားမျိုးနွယ်က ၎င်းတို့၏ စံသတ်မှတ်ချက်များကို လိုက်စားခြင်း ရှိမရှိသည် ကမ္ဘာလောကအပေါ် လွှမ်းမိုးမှု လုံးဝ မရှိခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေအထိ ကမ္ဘာ၏ တိုးတက်မှုကို လူသားမျိုးနွယ်၏ စံသတ်မှတ်ချက်များက ရှေ့သို့တွန်းပို့ပြီး ဦးဆောင်ခြင်းမဟုတ်ဘဲ ထိုအစား ဖန်ဆင်းရှင်က လက်ရှိအချိန်အထိ၊ ယနေ့အထိ လူသားမျိုးနွယ်ကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ လူသားမျိုးနွယ်သည် ၎င်းတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများမရှိလျှင် ယနေ့အချိန်တွင် အလားတူပင် ဖြစ်လာခဲ့ပြီးဖြစ်လိမ့်မည်။ သို့သော် ဖန်ဆင်းရှင်၏ ခေါင်းဆောင်မှုနှင့် အချုပ်အခြာအာဏာမရှိလျှင် ဤသို့ ဖြစ်လာခဲ့ပြီးဖြစ်လိမ့်မည်မဟုတ်ပါ။ ဤသို့သော ရှင်းပြချက်သည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) ယင်းနှင့်ပတ်သက်၍ မည်သည့်အရာက သင့်လျော်သနည်း။ ဤအရာက ထိုကိစ္စကို ဖြေရှင်းပေးသလား။ ထိုကိစ္စ အနှစ်သာရကို ရှင်းပြသလား။ ရှင်းမပြပေ။ ထိုကိစ္စကို သဘောတရားအရသာ ဖြေပေးခြင်းဖြစ်သည်။ ယင်းကို ရူပါရုံ၏ စကားလုံးများဟု ခေါ်ဆိုနိုင်သည်။ သို့သော် ထုတ်ဖော်ပြောရသေးခြင်းမရှိသည့် ပို၍အသေးစိတ်ကျသော၊ ပဓာနကျသော ဖြေရှင်းချက်တစ်ခုရှိသည်။ ထိုအသေးစိတ်ကျသော ဖြေရှင်းချက်မှာ အဘယ်နည်း။ ပထမဦးဆုံး ရိုးရှင်းစွာ ပြောကြစို့။ လူသားမျိုးနွယ်အားလုံးတွင် လူတို့သည် ကိုယ့်အမျိုးအစားနောက်ကိုယ် လိုက်ကြလေသည်။ လူတစ်မျိုးချင်းစီတွင် ကိုယ်ပိုင်အထူးတာဝန်သည်။ ဘုရားသခင်အား ယုံကြည်သူတို့၏ အထူးတာဝန်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သက်သေခံရန်၊ သူ၏ စီမံခန့်ခွဲမှုကို သက်သေခံရန်၊ သူက ၎င်းတို့အား အပ်နှံခဲ့သည့် အရာကို ပြီးမြောက်အောင်လုပ်ဆောင်ရန်၊ ၎င်းတို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် ဖြစ်ပြီး နောက်ဆုံးတွင် ကယ်တင်ခြင်းခံရရန်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အထူးတာဝန်ဖြစ်သည်။ ပို၍ အသေးစိတ်ပြောရလျှင် ၎င်းတို့၏ အထူးတာဝန်မှာ ဘုရားနှုတ်ကပတ်တော်နှင့် သူ၏ အမှုတော်ကို ဖြန့်ဝေရန်၊ ထို့နောက်တွင် သူ၏ ဦးဆောင်မှုကို လက်ခံပြီး သူ၏ အမှုတော်ကို တွေ့ကြုံခြင်းအားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လွှင့်ပစ်ပြီး ကယ်တင်ခြင်းခံရရန် ဖြစ်သည်။ ဤသို့သောသူမျိုးသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရသည်။ သူသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်တွင် ဘုရားသခင် လုပ်ဆောင်သည့်အလုပ်နှင့် ပူးပေါင်းဆောင်ရွက်သော သူမျိုးဖြစ်သည်။ ဤသို့သောသူမျိုး၏ အထူးတာဝန်သည် သူ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး ဘုရားသခင်က သူ့အား အပ်နှံသည့်အရာကို ပြီးမြောက်အောင်လုပ်ဆောင်ရန် ဖြစ်သည်။ ဤသို့သောလူများသည် လူသားမျိုးနွယ်အားလုံးတွင် တစ်မူထူးခြားသော အုပ်စုတစ်စုဖြစ်သည်ဟု ဆိုနိုင်သည်။ ဤ တစ်မူထူးခြားသော လူအုပ်စုသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်တွင်ရှိသော၊ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ်တွင် ရှိသော တစ်မူထူးခြားသည့် အထူးတာဝန်ကို ခံယူသည်။ ၎င်းတို့တွင် တစ်မူထူးခြားသော အထူးတာဝန်နှင့် တစ်မူထူးခြားသော တာဝန်ခံယူမှုရှိသည်။ ထို့ကြောင့် စိတ်ဝင်စားမှုများနှင့် ဝါသနာများမှ ဖြစ်ပေါ်သည့် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လက်လွှတ်ရန် ငါဆိုသောအခါတွင် ငါသည် ဤလူတို့အား၊ ငါဆိုလိုသည်မှာ သင်တို့အားလုံးအား တစ်ကိုယ်ရေလိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်လွှတ်ရန် တောင်းဆိုနေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ အထူးတာဝန်၊ သင်တို့၏ တာဝန်နှင့် သင်တို့၏ တာဝန်ခံယူမှုတို့သည် ဘုရားအိမ်တော်တွင်လည်းကောင်း၊ အသင်းတော်တွင်လည်းကောင်း ရှိပြီး ဤကမ္ဘာမြေပေါ်တွင် မရှိသောကြောင့်ဖြစ်သည်။ ဆိုလိုသည်မှာ သင်တို့အားလုံးသည် ဤကမ္ဘာ၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှု၊ သို့မဟုတ် ဤကမ္ဘာ၏ ရေပန်းစားမှုတစ်ခုခုတို့နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပေ။ ဘုရားသခင်က သင်တို့အား ဤကမ္ဘာ၏ ဖွံ့ဖြိုးမှု၊ တိုးတက်မှုနှင့် ပတ်သက်သော တာဝန်တစ်ခုခုကို ပေးအပ်ထားခြင်း မရှိဟုလည်း ဆိုနိုင်သည်။ ဤသည်မှာ သူ၏ စီမံမှုဖြစ်သည်။ ဘုရားသခင် ရွေးချယ်ခဲ့သောသူတို့အပေါ်၊ ဘုရားသခင်ကယ်တင်မည့် သူတို့အပေါ် ဘုရားသခင် ပေးအပ်သည့် အထူးတာဝန်မှာ အဘယ်နည်း။ ဘုရားအိမ်တော်တွင် ၎င်းတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်နှင့် ကယ်တင်ခြင်းခံရရန် ဖြစ်သည်။ ကယ်တင်ခြင်းခံရရန်အတွက် လူတို့ကို ဘုရားသခင် တောင်းဆိုသောအရာတစ်ခုမှာ သမ္မာတရားအား လိုက်စားရန် ဖြစ်သည်။ လူတို့အား သမ္မာတရားကို လိုက်စားရန် သူ တောင်းဆိုသည့်နည်းလမ်းတစ်ခုမှာ လူသား၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်လွှတ်ရန်ဖြစ်သည်။ ထို့ကြောင့် ဤစကားများနှင့် တောင်းဆိုချက်များသည် လူသားမျိုးနွယ်အားလုံးသို့ ရည်ညွှန်းခြင်းမဟုတ်ပေ။ ထိုအစား သင်တို့ကို ရည်ညွှန်းခြင်းဖြစ်သည်။ ဘုရားသခင် ရွေးကောက်ခဲ့သော ဘုရားသခင်၏ ရွေးချယ်ခြင်း ခံရသော လူတစ်ဦးချင်းစီနှင့် ကယ်တင်ခြင်းခံလိုသူတိုင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ ပြီးလျှင် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်တွင် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နိုင်သောသူတိုင်းကို ရည်ညွှန်းသည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်တွင် သင်တို့ ပါဝင်လုပ်ဆောင်နိုင်သော အခန်းကဏ္ဍမှာ အဘယ်နည်း။ သင်တို့သည် ဘုရားသခင် ကယ်တင်မည့်သူများဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က ကယ်တင်မည့် သူများနှင့်ပတ်သက်လျှင် ဤ“ကယ်တင်ခြင်း”၌ မည်သည့်အရာ ပါဝင်သနည်း။ ဘုရားနှုတ်ကပတ်တော်၊ သူ၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း၊ သူ၏ စီမံခြင်း၊ သူ၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုများတို့ကို လက်ခံခြင်း၊ သူ၏ နှုတ်ကပတ်တော်အားလုံးကို နာခံခြင်း၊ သူ၏ လမ်းခရီးနောက် လိုက်လျှောက်ခြင်းတို့ ပါဝင်ပြီး အဆုံးတွင် သူ့အား ကိုးကွယ်ခြင်း၊ မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့ ပါဝင်သည်။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် သင်သည် ကယ်တင်ခြင်းခံရမည်။ နောက်ခေတ်တစ်ခုသို့ ဝင်ရောက်မည်။ ဤသည်မှာ လူသားမျိုးနွယ်အားလုံးတွင် သင်တို့ ပါဝင်လုပ်ဆောင်သည့် အခန်းကဏ္ဍဖြစ်သည်။ ပြီးလျှင် လူတို့အားလုံးထဲတွင် သင်တို့ကို ဘုရားသခင် ပေးအပ်ခဲ့သော တစ်မူထူးခြားသော အထူးတာဝန်လည်းဖြစ်သည်။ သင်တို့၏ အမြင်ရှုထောင့်မှ ပြောလျှင် ဤသည်မှာ လူသားမျိုးနွယ်တစ်ရပ်လုံး၏ အလယ်တွင် သင်တို့၌ရှိသော ထူးခြားသော တာဝန်နှင့် ဝတ္တရားအမျိုးအစားဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရွေးကောက်ခဲ့သော ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသည့် လူများ၏ အမြင်ရှုထောင့်မှနေ၍ ဤပြဿနာကို ပြောဆိုခြင်းဖြစ်သည်။ ဒုတိယအနေဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံးထဲတွင် ဘုရားသခင်သည် ဤတစ်မူထူးခြားသော လူအုပ်စုကို တစ်မူထူးခြားသော တာဝန်ပေးခဲ့သည်။ သူသည် ၎င်းတို့ကို ကမ္ဘာနှင့်သက်ဆိုင်သည့် ဖွံ့ဖြိုးမှု၊ တိုးတက်မှု၊ သို့မဟုတ် အခြားတစ်ခုခုအပေါ် တာဝန်၊ သို့မဟုတ် ဝတ္တရားတစ်ခုခု ထားရှိဖို့ မလိုအပ်ပေ။ ဤတစ်မူထူးခြားသော လူအုပ်စုအပြင် ဘုရားသခင်သည် သူရွေးချယ်ခြင်းမရှိဘဲ ကျန်ရှိသော လူမျိုးစုံတို့အပေါ် ၎င်းတို့၏ သဘာဝအနှစ်သာရက မည်သို့ဖြစ်စေ အမျိုးမျိုးသော အထူးတာဝန်များကို ပေးအပ်ခဲ့သည်။ လူသားမျိုးနွယ်၏ မတူညီသော အချိန်ကာလများတွင်လည်းကောင်း၊ မတူညီသော လူမှုပတ်ဝန်းကျင်များတွင်လည်းကောင်း၊ မတူညီသော လူမျိုးများတွင်လည်းကောင်း ၎င်းတို့၏ မတူညီသော အထူးတာဝန်များသည် ၎င်းတို့ကို ကဏ္ဍပေါင်းစုံ၌ ပါဝင်လုပ်ဆောင်စေသည်။ လူအလွှာအတန်းအစားအားလုံးကို ဝင်ရောက်ဖြည့်စွက်စေသည်။ ဘုရားသခင်က ၎င်းတို့ကို ပါဝင်လုပ်ဆောင်ရန် စီမံခဲ့သော အမျိုးမျိုးသော အခန်းကဏ္ဍများကြောင့် ၎င်းတို့ တစ်ဦးချင်းစီ၌ ကိုယ်ပိုင်စိတ်ဝင်စားမှုများနှင့် ဝါသနာများရှိကြသည်။ ထိုစိတ်ဝင်စားမှုများနှင့် ဝါသနာများ၏ မရှိမဖြစ် လိုအပ်ချက်များအောက်တွင် ယင်းတို့ထဲ၌ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများမျိုးစုံ ဖြစ်ပေါ်သည်။ ၎င်းတို့တွင် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများမျိုးစုံရှိသောကြောင့် မတူညီသော ခေတ်ကာလများနှင့် မတူညီသော လူမှုပတ်ဝန်းကျင်များ၌ ကမ္ဘာလောကသည် အသစ်သောအရာများနှင့် အသစ်သောလုပ်ငန်းမျိုးစုံကို ဖြစ်ပေါ်စေသည်။ ဥပမာ နည်းပညာ၊ ဆေးဝါး၊ အရောင်းအဝယ်၊ စီးပွားရေးနှင့် ပညာရေး၊ သို့မဟုတ် အထည်အလိပ်နှင့် လက်မှုပညာကဲ့သို့သော အပေါ့စားလုပ်ငန်းများ၊ ထို့အပြင် လေယာဉ်ဆိုင်ရာနှင့် ရေကြောင်းသင်္ဘောဆိုင်ရာလုပ်ငန်းများ စသည်တို့ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့၏ အမျိုးမျိုးသော လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများ၏ ရလဒ်အနေဖြင့် နယ်ပယ်တိုင်းတွင် ဖြစ်ပေါ်လာသော ဦးဆောင်သော အထင်ကရပုဂ္ဂိုလ်များ၊ ထူးချွန်သော ပုဂ္ဂိုလ်များ၊ တစ်မူထူးခြားသော ဝါသနာအိုးများတွင် မတူညီသော အချိန်များနှင့် မတူညီသော လူမှုပတ်ဝန်းကျင်များ၌ ၎င်းတို့၏ ကိုယ်ပိုင် အထူးတာဝန်များ ရှိကြသည်။ တစ်ချိန်တည်းတွင် ၎င်းတို့၏ သီးသန့်လူမှုပတ်ဝန်းကျင်တွင် ၎င်းတို့သည် ၎င်းတို့၏ အထူးတာဝန်ကိုလည်း အဆက်မပြတ် ကောင်းမွန်စွာ ဖြည့်ဆည်းနေကြသည်။ ဤသို့ဖြင့် လူသားမျိုးနွယ်၏ မတူညီသော အချိန်ကာလများနှင့် လူမှုပတ်ဝန်းကျင်များတွင် ဤတစ်မူထူးခြားသော ပုဂ္ဂိုလ်များ၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို အကောင်အထည်ဖော်ခြင်း၏ ရလဒ်အဖြစ် လူ့အဖွဲ့အစည်းက အဆက်မပြတ် ဖွံ့ဖြိုးပြီး တိုးတက်သည်။ ပြီးလျှင် လူသားမျိုးနွယ်ထံသို့ ရုပ်ဝတ္ထုဘဝ၏ ကွဲပြားသော အရည်အသွေးများကို အဆက်မပြတ် ယူဆောင်ပေးသည်။ ဥပမာ လွန်ခဲ့သော နှစ်သုံးလေးရာက လျှပ်စစ်မီးမရှိပေ။ ထို့ကြောင့် လူတို့သည် ဆီမီးအိမ်တို့ကို အသုံးပြုသည်။ ဤထူးခြားသော အခြေအနေများတွင် တစ်မူထူးခြားသောသူတစ်ယောက်က ရောက်လာပြီး လျှပ်စစ်မီးကို တီထွင်ခဲ့သည်။ ပြီးလျှင် လူသားမျိုးနွယ်သည် အလင်းရရှိရန်အတွက် လျှပ်စစ်မီးကို စတင်အသုံးပြုသည်။ နောက်ထပ် ဥပမာတစ်ခုအဖြစ် သီးသန့် လူမှုပတ်ဝန်းကျင်တစ်ခုတွင် အခြားသော တစ်မူထူးခြားသော သူတစ်ယောက် ပေါ်လာသည်။ ဝါးချောင်းများပေါ်တွင် စာရေးခြင်းသည် အလွန်ဒုက္ခများသည်ကို သူတွေ့ရကာ အဆင်ပြေပြီး ဖတ်ရလည်းလွယ်ကူမည့် ပါးသော၊ ပြားသောမျက်နှာပြင်တွင် စာရေးနိုင်သည့်နေ့သို့ ရောက်လာမည်ဟု သူ မျှော်လင့်ခဲ့သည်။ ထို့နောက်တွင် သူသည် စာရွက်ထုတ်လုပ်ခြင်း နည်းပညာများကို စတင် သုတေသနလုပ်ခဲ့သည်။ ပြီးလျှင် သူ၏ အဆက်မပြတ် သုတေသနပြုလုပ်ခြင်း၊ စူးစမ်းရှာဖွေခြင်းနှင့် စမ်းသပ်လေ့လာခြင်းတို့မှတစ်ဆင့် အဆုံးတွင် စာရွက်ကို သူတီထွင်ခဲ့သည်။ ထို့နောက်တွင် ရေနွေးငွေ့အင်ဂျင် တီထွင်မှုလည်းရှိခဲ့သည်။ တစ်မူထူးခြားသော အချိန်ကာလတစ်ခုတွင် လက်ဖြင့် အလုပ်လုပ်ခြင်းသည် အလွန်မောပန်းလွန်းသည်၊ လူ၏ စွမ်းအင်ကို အလွန်ဖြုန်းတီးရာ ရောက်သည်၊ အလွန်ပင် ထိရောက်ခြင်း မရှိဟု ထင်မြင်သော တစ်မူထူးခြားသောသူတစ်ဦး ထွက်ပေါ်လာသည်။ လူ၏ လုပ်အားကို အစားထိုးနိုင်သည့် စက်၊ သို့မဟုတ် အခြားသော နည်းလမ်းတစ်ခုခုရှိလျှင် လူတို့သည် အချိန်များစွာ သက်သာမည်ဖြစ်ပြီး အခြားသောအရာများကို လုပ်ဆောင်နိုင်မည်။ ဤနည်းအားဖြင့် သုတေသနနှင့် စူးစမ်းရှာဖွေခြင်းဖြင့် ရေနွေးငွေ့အင်ဂျင်ကို တီထွင်ခဲ့သည်။ ထို့နောက်တွင် ရေနွေးငွေ့အင်ဂျင်၏ ရွေ့လျားစေသော အခြေခံသဘောတရားများကို အသုံးပြုသည့် စက်ပစ္စည်းမျိုးစုံတို့ကို တစ်ခုပြီးတစ်ခု တီထွင်ခဲ့သည်။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) ဤနည်းအားဖြင့် မတူညီသောအချိန်များတွင် လူတစ်ဦး၊ သို့မဟုတ် လူအုပ်စုတစ်စု၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို အဆက်မပြတ် အကောင်အထည်ဖော်ခြင်းနှင့် အတည်ပြုခြင်းတို့သည် အသေးစားနှင့် အကြီးစား လုပ်ငန်းနှစ်မျိုးလုံးကို တဖြည်းဖြည်းချင်း၊ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေကာ ဘဝ၏ အရည်အသွေးနှင့် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ရှင်သန်နေထိုင်မှု အခြေအနေများကို အဆက်မပြတ် တိုးတက်စေသည်။ အထည်အလိပ်နှင့် လက်မှုပညာကဲ့သို့သော အသေးစား လုပ်ငန်းများသည် ယခုတွင် အရည်အသွေး၊ ကောင်းမွန်မှု၊ တိကျမှုတို့တွင် အဆင့်မြင့်တက်လာနေပြီး ယင်းတို့အပေါ် လူသားမျိုးနွယ်၏ နှစ်သက်ခံစားမှုတို့က ကြီးထွားလာသည်။ ကား၊ ရထား၊ ရေနွေးငွေ့ သင်္ဘော၊ လေယာဉ်ပျံကဲ့သို့သော သယ်ယူပို့ဆောင်ရေး အမျိုးအစားအားလုံးကဲ့သို့သော အကြီးစားလုပ်ငန်းများသည် လူတို့၏ ဘဝများကို လွန်စွာ သက်သာစေပြီး လူတို့အတွက် ခရီးသွားရန် လွယ်ကူအဆင်ပြေစေသည်။ ဤသည်မှာ လူသားမျိုးနွယ်၏ ဖွံဖြိုးတိုးတက်မှု၏ အမှန်တကယ် ဖြစ်စဉ်နှင့် အသေးစိတ်ကျသော ဖော်ပြမှုဖြစ်သည်။ အတိုချုပ်အားဖြင့် အသေးစားလုပ်ငန်းဖြစ်စေ၊ အကြီးစားလုပ်ငန်းဖြစ်စေ၊ ကဏ္ဍက မည်သို့ရှိသည်ဖြစ်စေ အရာရာတိုင်းကို တစ်မူထူးခြားသောသူတစ်ယောက်၏၊ သို့မဟုတ် တစ်မူထူးခြားသောလူတစ်စု၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများအားဖြင့် စတင်လုပ်ဆောင်ပြီး ထုတ်လုပ်သည်။ ၎င်းတို့၏ တစ်မူထူးခြားသော စိတ်ဝင်စားမှုများနှင့် ဝါသနာများကြောင့် ၎င်းတို့တွင် ကိုယ်ပိုင်လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများ ရှိကြသည်။ တစ်ချိန်တည်းတွင် ၎င်းတို့၏ တစ်မူထူးခြားသော လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကြောင့် လူသားမျိုးနွယ်၏ မတူညီသော အချိန်ကာလများတွင်၊ ၎င်းတို့ နေထိုင်သည့် လူမှုပတ်ဝန်းကျင်များတွင် ၎င်းတို့ထဲတွင်ရှိသော အမျိုးမျိုးသော နယ်ပယ်များ၌ အမျိုးအစားအားလုံးတွင် ပို၍ အဆင့်မြင့်သောအရာများ၊ ပို၍ အဆင်ပြေသည့်အရာများ၊ လူသားမျိုးနွယ်အားလုံးထဲတွင် ဘဝအရည်အသွေးကို မြှင့်တင်ခြင်းအတွက် ပို၍ အကျိုးဖြစ်စေသည့် အရာများ ဖြစ်ပေါ်လာသည်။ ယင်းသည် လူသားမျိုးနွယ်ကို သက်သာစေပြီး ၎င်းတို့၏ ဘဝအရည်အသွေးကို မြှင့်တက်စေသည်။ ဤအရာအားလုံးအကြောင်းကို ငါတို့ ပြောမည်မဟုတ်။ ထိုအစား ဤတစ်မူထူးခြားသော ပုဂ္ဂိုလ်များ၏ ဇာစ်မြစ်ကို ငါတို့ ကြည့်မည်။ မတူညီသော အချိန်ကာလများမှ ဤမတူညီသော ပုဂ္ဂိုလ်များသည် မည်သည့်နေရာမှ လာသနည်း။ ၎င်းတို့ကို ဘုရားသခင်က မစီမံသလော။ (စီမံပါသည်။) ဤအချက်သည် သံသယဖြစ်စရာ မလိုအောင် သေချာသည်။ ပြီးလျှင် မည်သူကမျှ မငြင်းနိုင်ပေ။ ၎င်းတို့ကို ဘုရားသခင်က စီမံသည်ကို ကြည့်လျှင် ၎င်းတို့၏ တာဝန်သည်လည်း ဘုရားသခင်၏ စီမံခြင်းနှင့် ဆက်နွှယ်သည်။ “ဘုရားသခင်၏ စီမံခြင်းနှင့် ဆက်နွှယ်သည်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်သည် ဤတစ်မူထူးခြားသော ပုဂ္ဂိုလ်များအား တစ်မူထူးခြားသော အထူးတာဝန်များ ပေးအပ်ခဲ့ပြီး ၎င်းတို့အား သီးသန့်အချိန်များတွင် ထွက်ပေါ်စေသည်ဟုလည်းကောင်း၊ သီးသန့်အချိန်များတွင် ၎င်းတို့လုပ်ဆောင်လိုသည့်အရာကို လုပ်ဆောင်စေသည်ဟုလည်းကောင်း၊ ထို့နောက်တွင် ထိုပုဂ္ဂိုလ်များ လုပ်ဆောင်သည့် တစ်မူထူးခြားသော အရာများမှတစ်ဆင့် မတူညီသောအချိန်များတွင် လူသားမျိုးနွယ်ကို လှုံ့ဆော်သည်ဟုလည်းကောင်း အဓိပ္ပာယ်ရသည်။ ဤတစ်မူထူးခြားသော ပုဂ္ဂိုလ်များကြောင့် ကမ္ဘာသည် သိမ်မွေ့သော ပြောင်းလဲမှုများနှင့် အသစ်တစ်ဖန်ဖြစ်ပေါ်ခြင်းများကို ဆက်တိုက်ကြုံနေရသည်။ ဤသည်မှာ လူသားမျိုးနွယ် ဖွံ့ဖြိုးတိုးတက်ပုံဖြစ်သည်။
ဤတစ်မူထူးခြားသော စိတ်ဝင်စားမှုများ၊ ဝါသနာများ ရှိသည့်သူများနှင့် ဘုရားသခင် ရွေးကောက်ထားသော ရွေးချယ်ခြင်းခံရသည့်လူများကြားတွင် ကွာခြားချက်မှာ အဘယ်နည်း။ ကွာခြားချက်မှာ ဘုရားသခင်က ဤလူများအတွက် တစ်မူထူးခြားသော အထူးတာဝန်တစ်ခုကို ကြိုတင်စီမံထားသော်လည်း ၎င်းတို့သည် ဘုရားသခင်က ကယ်တင်ရန်အတွက် ကြိုတင်စီမံထားသည့်သူများ မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ ၎င်းတို့၏ တစ်မူထူးခြားသော အသက်အရွယ်တွင်၊ တစ်မူထူးခြားသော အချိန်တွင် တစ်မူထူးခြားသောအရာတစ်ခုကို လုပ်ဆောင်ဖို့ရန်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးနောက် ၎င်းတို့၏ တစ်မူထူးခြားသော အချိန်တွင် ထွက်ခွာသည်။ ၎င်းတို့က ကမ္ဘာမြေပေါ်၌ နေထိုင်စဉ်တွင် ဘုရားသခင်သည် ၎င်းတို့အပေါ် ကယ်တင်ခြင်းအမှုကို မလုပ်ဆောင်ပေ။ ၎င်းတို့တွင် ဤလူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်၏ ဖွံ့ဖြိုးမှုနှင့် တိုးတက်မှုအတွက်၊ သို့မဟုတ် မတူညီသော အချိန်ကာလများတွင် လူသားမျိုးနွယ်၏ ရှင်သန်နေထိုင်ရာ အခြေအနေများကို ပြောင်းလဲရန်အတွက် အထူးတာဝန်တစ်ခု ရှိခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တွင် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအမှုနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်တာဝန်မျိုးကို ပြီးမြောက်သည်ဖြစ်စေ၊ လူသားမျိုးနွယ်အပေါ် ၎င်းတို့၏ ပံ့ပိုးမှုက မည်မျှကြီးမားပါစေ၊ လူသားမျိုးနွယ်အပေါ် ၎င်းတို့ရှိသည့် လွှမ်းမိုးမှုက မည်မျှလေးနက်ပါစေ ၎င်းတို့သည် လူသားမျိုးနွယ်အား ဘုရားသခင်၏ ကယ်တင်ခြင်းအမှုနှင့် သက်ဆိုင်ခြင်းမရှိပါ။ ၎င်းတို့သည် ကမ္ဘာလောကနှင့်လည်းကောင်း၊ ယင်း၏ ရေပန်းစားမှုများနှင့်လည်းကောင်း၊ ယင်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်လည်းကောင်း၊ ယင်း၏ နယ်ပယ်တိုင်း၊ လုပ်ငန်းတိုင်းနှင့်လည်းကောင်း သက်ဆိုင်မှုရှိသည်။ ဘုရားသခင်၏ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုနှင့်မူ သက်ဆိုင်ခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်ပြောဆိုသည့် နှုတ်ကပတ်တော်တစ်လုံးစီနှင့်လည်းကောင်း၊ လူသားမျိုးနွယ်ကို သူပံ့ပိုးပေးသည့် နှုတ်ကပတ်တော်တစ်လုံးစီနှင့်လည်းကောင်း၊ သူ ဖော်ပြသည့် သမ္မာတရားနှင့် အသက်နှင့်လည်းကောင်း၊ သို့မဟုတ် လူသားမျိုးနွယ်အပေါ် သူထားရှိသည့် သတ်မှတ်ချက်အမျိုးမျိုးနှင့်လည်းကောင်း သက်ဆိုင်ခြင်း မရှိပေ။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူသားမျိုးနွယ်အပေါ်၊ စကြဝဠာတစ်ခုလုံးအပေါ်၊ ဘုရားသခင်ပြောဆိုသည့် တိကျသော သတ်မှတ်ချက်များနှင့် စည်းမျဉ်းများအပေါ်သို့အထိ ဘုရားသခင်၏ မိန့်မြွက်ချက်များသည် လူအားလုံးအတွက် ညွှန်းဆိုခြင်း မဟုတ်ဟု ဆိုလိုသည်။ ဤအရာတို့သည် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်သော ထိုတစ်မူထူးခြားသောလူများအတွက် ညွှန်းဆိုခြင်း ပို၍ပင် မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သော ဘုရားနှုတ်ကပတ်တော်သည် သူရွေးကောက်ခဲ့သော ရွေးချယ်ခြင်း ခံရသည့်သူများအတွက်သာ ညွှန်းဆိုခြင်းဖြစ်သည်။ ဤပြဿနာကို အလွယ်တကူ ဖြေရှင်းသည်။ ဘုရားနှုတ်ကပတ်တော်များသည် ဘုရားသခင်ရွေးချယ်သည့် မည်သူမဆိုအတွက်၊ သူ ကယ်တင်လိုသည့် မည်သူမဆိုအတွက်၊ သူ ကယ်တင်ခြင်းခံရစေလိုသည့် မည်သူမဆိုအတွက် ညွှန်းဆိုခြင်းဖြစ်သည်။ လူတစ်ယောက်သည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို မခံရလျှင်၊ ဘုရားသခင်က ထိုသူကို ကယ်တင်ရန် စီစဉ်မထားလျှင် ဤအသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များသည် ထိုသူအား ပြောဆိုခြင်းမဟုတ်ပေ။ ထိုသူသည် ဤနှုတ်ကပတ်တော်များနှင့် မဆိုင်ပေ။ နားလည်သလော။ (နားလည်ပါသည်။) ဤတစ်မူထူးခြားသော ပုဂ္ဂိုလ်များတွင် တစ်မူထူးခြားသော စိတ်ဝင်စားမှုများနှင့် ဝါသနာများရှိကြသည်။ ထို့ကြောင့် ၎င်းတို့တွင် သာမန်လူများနှင့် မတူဘဲ ပို၍မြင့်သော လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့်ဆန္ဒများရှိကြသည်။ ၎င်းတို့၌ ဤတစ်မူထူးခြားသော လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများရှိသောကြောင့်၊ ၎င်းတို့၌ မတူညီသော၊ သို့မဟုတ် တစ်မူထူးခြားသော စိတ်ဝင်စားမှုများနှင့် ဝါသနာများရှိသောကြောင့် ၎င်းတို့သည် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွင် အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်သည်။ ပြီးလျှင် ၎င်းတို့သည် မတူညီသောအချိန်များတွင် ၎င်းတို့၏ အရေးကြီးသော အထူးတာဝန်များကို ပြီးမြောက်သည်မှာလည်း ပြောစရာမလိုပါ။ ၎င်းတို့သည် နောက်ဆုံးတွင် ၎င်းတို့၏ တာဝန်များကို လက်ခံနိုင်ဖွယ်ရှိသည့် စံနှုန်းဖြင့် ပြီးမြောက်သည်ဖြစ်စေ၊ မပြီးမြောက်သည်ဖြစ်စေ ၎င်းတို့သည်သာ ဤစိတ်ဝင်စားမှုများနှင့် ဝါသနာများကြောင့် ဖြစ်ပေါ်သည့် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများနှင့် သက်ဆိုင်သောသူများဖြစ်သည်။ ဤလူများ၌ တစ်မူထူးခြားသော အထူးတာဝန်များရှိသောကြောင့် ၎င်းတို့သည် ၎င်းတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို သီးသန့်အချိန်များတွင်၊ သီးသန့်လူမှုအခြေအနေများအောက်တွင် အကောင်အထည် ဖော်ရမည်။ ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို ပေးအပ်သော အထူးတာဝန်ဖြစ်သည်။ သူက ၎င်းတို့အပေါ် ထည့်သွင်းပေးသည့် တာဝန်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့တွင် တာဝန်ရှိသောအရာဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်ရမည့် ပုံစံဖြစ်သည်။ ၎င်းတို့၏ အသွေးအသား၊ စိတ်နှလုံး၊ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အခြေအနေများက ဖိအားကို မည်မျှခံရသည်ဖြစ်စေ၊ ၎င်းတို့ပေးဆပ်ရသည့် အဖိုးအခက မည်မျှကြီးမားပါစေ ၎င်းတို့၏ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို အကောင်အထည်ဖော်ခြင်းအား လိုက်စားရန်အတွက် ၎င်းတို့အားလုံးသည် ၎င်းတို့ ပြီးမြောက်သင့်သည့် အထူးတာဝန်ကို ပြီးမြောက်လိမ့်မည်၊ သို့မဟုတ် ပြီးမြောက်ရမည်။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဘုရားသခင်၏ ကြိုတင်စီမံမှုကြောင့်ဖြစ်သည်။ မည်သူကမျှ ဘုရားသခင်၏ ကြိုတင်စီမံမှုမှ မလွတ်မြောက်နိုင်သကဲ့သို့ သူ၏ အချုပ်အခြာအာဏာနှင့် ကြိုတင်စီစဉ်မှုများကိုလည်း မည်သူကမျှ မလွတ်မြောက်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့သည် လူသား၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လက်လွှတ်ခြင်းနှင့်ပတ်သက်ပြီး ငါတို့ပြောဆိုနေသည့်အရာနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပါ။ ၎င်းတို့သည် တစ်ခုနှင့်တစ်ခု သက်ဆိုင်ခြင်းမရှိဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ လူတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လက်လွှတ်ခြင်းအကြောင်းဖြစ်သည့် ဤစကားများသည် ၎င်းတို့အပေါ် ညွှန်းဆိုခြင်းမဟုတ်ဟု ဆိုလိုသည်။ အချိန်ကာလက မည်သို့ဖြစ်စေ၊ လူမှုအခြေအနေများက မည်သို့ရှိသည်ဖြစ်စေ၊ လူသားမျိုးနွယ်က မည်သည့်အဆင့်သို့ ဖွံ့ဖြိုးတိုးတက်သည်ဖြစ်စေ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များသည် ၎င်းတို့နှင် မသက်ဆိုင်ပေ။ ဤနှုတ်ကပတ်တော်များသည် ၎င်းတို့အပေါ် မညွှန်းဆိုပေ။ ထို့ကြောင့် ဤနှုတ်ကပတ်တော်များသည် ၎င်းတို့အပေါ် တောင်းဆိုချက်မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်၏ ကြိုတင်စီမံမှု၊ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအောက်တွင် ၎င်းတို့ ပြီးမြောက်သင့်သည့် တာဝန်ကို ပြီးမြောက်ရမည်။ ၎င်းတို့သည် ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ မတူညီသော အချိန်များနှင့် မတူညီသော လူမှုအခြေအနေများအောက်တွင် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရမည်။ ၎င်းတို့၏ ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည်။ ၎င်းတို့ ပြီးမြောက်သင့်သည့် အထူးတာဝန်ကို ပြီးမြောက်ရမည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အစေခံသူတစ်ယောက်၏အပိုင်းကို သို့မဟုတ် အဖြည့်ခံတစ်ဦး၏ အပိုင်းကို လုပ်ဆောင်နေခြင်းဖြစ်သလား။ သင်က မည်သို့ဆိုသည်ဖြစ်စေ အဆင်ပြေသည်။ အတိုချုပ်အားဖြင့် ၎င်းတို့သည် ဘုရားသခင်က ရွေးချယ်ခြင်းခံရသူများ မဟုတ်သကဲ့သို့ ဘုရားသခင် ကယ်တင်လိုသောသူများလည်း မဟုတ်ပေ။ ဤမျှသာဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူများက လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို မည်သို့ လက်လွှတ်သည်ဖြစ်စေ ကမ္ဘာလောက၊ သို့မဟုတ် လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေမည် မဟုတ်သကဲ့သို့ ကမ္ဘာလောက၏ မတူညီသော အချိန်ကာလများနှင့် မတူညီသော လူမှုအခြေအနေများတွင် ရှိသော အမျိုးမျိုးသောနယ်ပယ်များနှင့် လုပ်ငန်းများ၏ ဖွံဖြိုးတိုးတက်မှုကိုလည်း နှောင့်နှေးစေမည်မဟုတ်ပေ။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) အကြောင်းရင်းမှာ အဘယ်နည်း။ လူသားမျိုးနွယ်နှင့် လူ့အဖွဲ့အစည်း၏ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည် ယုံကြည်သူများနှင့်၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသော လူများနှင့် မသက်ဆိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် “ကိုယ်တော်ပြောသကဲ့သို့ ကျွန်ုပ်တို့ လုပ်ဆောင်ပြီး လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်လွှတ်လျှင် ဤလူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်က ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်မည်လော”ဟူ၍ စိတ်ပူဖို့ မလိုပေ။ သင်သည် အဘယ်ကြောင့် စိတ်သောကရောက်မည်နည်း။ မလိုအပ်ပေ။ ဘုရားသခင်၌ အစီအစဉ်များနှင့် ကြိုတင်စီစဉ်မှုများ ရှိသည်။ ဤသည်ကို နားလည်သည် မဟုတ်လော။ (နားလည်ပါသည်။) သင်၏ စိတ်သောက ရောက်ခြင်းသည် အမှုအရာများကို သင်ရှင်းလင်းစွာ မမြင်ခြင်းကြောင့်၊ သမ္မာတရားကို သင်နားမလည်ခြင်းကြောင့် ဖြစ်သည့်အပြင် မလိုလားအပ်ပေ။
ဘုရားသခင်၌ ယုံကြည်သူတစ်ယောက်တွင် ရှိသင့်သည့် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများသည် မည်သည့်အရာများဖြစ်သနည်း။ သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ်ထားရှိပြီး ဘုရားနှုတ်ကပတ်တော်နှင့် အလုံးစုံကိုက်ညီစွာ လူများ၊ အမှုအရာများကိုရှုမြင်လျက်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်လျက်ဖြင့် သင့်တာဝန်ကို လက်ခံနိုင်ဖွယ်ဖြစ်သည့် စံနှုန်းဖြင့် ကောင်းစွာ ထမ်းဆောင်ရမည်ဖြစ်ကာ ဘုရားသခင်က သင့်အား အပ်နှံထားသည့်အရာကို ပြီးမြောက်ရမည်ဖြစ်၍ သင့်တာဝန်ကို ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်တွင် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရမည်ဖြစ်သည့်အပြင် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ခြင်းအား ရရှိရမည်။ ဤသည်တို့မှာ သင့်တွင်ရှိသင့်သည့် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများ ဖြစ်သည်။ စိတ်ဝင်စားမှုများနှင့် ဝါသနာများထံမှ ဖြစ်ပေါ်သည့် လောကီဆန်သော လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများသည် သင်လက်လွှတ်သင့်သည့် အရာများဖြစ်သည်။ အဘယ်ကြောင့် ယင်းတို့ကို လက်လွှတ်သင့်သနည်း။ သင်သည် အသင်းတော်ပြင်ပရှိလူများနှင့် မတူညီပေ။ ဘုရားသခင်က သင့်အား ရွေးချယ်ခဲ့သည်။ သင်က သမ္မာတရားကို လိုက်စားရန် ရွေးချယ်ခဲ့သည်။ သမ္မာတရားအား လိုက်စားခြင်း လမ်းကြောင်းနောက် လိုက်လျှောက်ရန်အတွက် သင် စိတ်ဆုံးဖြတ်ပြီးဖြစ်သည်။ ထို့ကြောင့် သင်၏ ဘဝပန်းတိုင်များနှင့် ဦးတည်ချက်သည် ပြောင်းလဲခြင်းတစ်ခုကို တွေ့ကြုံသင့်သည်။ ပြီးလျှင် သင်သည် စိတ်ဝင်စားမှုများနှင့် ဝါသနာများထံမှ ဖြစ်ပေါ်သည့် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို အပြည့်အဝနှင့် လုံးလုံးလျားလျား လက်လွှတ်သင့်သည်။ ယင်းတို့ကို အဘယ်ကြောင့် လက်လွှတ်သင့်သနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းသည် သင်လျှောက်လှမ်းသင့်သည့် လမ်းမဟုတ်သောကြောင့် ဖြစ်သည်။ ယင်းသည် မယုံကြည်သူများ၊ ဘုရားသခင်ကို ယုံကြည်ခြင်းမရှိသူများ၏ လမ်းဖြစ်သည်။ ထိုလမ်းအား လျှောက်လှမ်းခြင်းကို သင်လိုက်စားလျှင် သင်သည် ဘုရားသခင် ရွေးချယ်ခြင်းခံရသောသူတစ်ယောက် မဟုတ်ပေ။ သင်သည် မယုံကြည်သူများက လိုက်စားသည့် စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လိုက်စားလျှင် သင်သည် သမ္မာတရားကို မလိုက်စားနိုင်သကဲ့သို့ ကယ်တင်ခြင်းကို မရယူနိုင်ပေ။ ပို၍ တိကျစွာ ဆိုရလျှင် သင်သည် သင်၏လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်မလွှတ်နိုင်လျှင်၊ ထို့အပြင် ယင်းတို့ကို အကောင်အထည် ဖော်လိုလျှင် သင်သည် ဘုရားအမှုတော်ကို မနာခံနိုင်ပါ၊ သို့မဟုတ် ဘုရားသခင်ကို မကြောက်ရွံ့နိုင်သလို မကောင်းမှုကို မရှောင်ကြဉ်နိုင်ပေ။ ပြီးလျှင် သင်သည် မည်သည့်အခါမျှ ကယ်တင်ခြင်းမခံရနိုင်ပေ။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်မလွှတ်နိုင်ခြင်း၊ ထို့အပြင် ယင်းတို့ကို အကောင်အထည်ဖော်လိုခြင်းသည် သင်၏ သမ္မာတရားအား လိုက်စားခြင်းကို စွန့်လွှတ်ခြင်း၊ ကယ်တင်ခြင်းကို စွန့်လွှတ်ခြင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မနာခံလိုခြင်းနှင့် ညီမျှသည်။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) ထို့ကြောင့် အဆုံးတွင် ငါဆိုသကဲ့သို့ ဖြစ်သည်။ သင်သည် သမ္မာတရားကို လိုက်စားလိုလျှင် ရှေးဦးစွာ စိတ်ဝင်စားမှုများနှင့် ဝါသနာများမှ ဖြစ်ပေါ်သည့် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို ဦးစွာ လက်လွှတ်သင့်သည်။ ယင်းတို့ကို သင် လက်လွှတ်ရမည်။ အဘယ်ကြောင့်ဆိုသော် လောကီဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လိုက်စားခြင်းသည် သမ္မာတရားနှင့် ကယ်တင်ခြင်းကို လိုက်စားသူတို့နှင့် သက်ဆိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ ယင်းသည် သင်လျှောက်သင့်သည့် လမ်းမဟုတ်သကဲ့သို့ သင်တည်ဆောက်ပြီး သင့်ဘဝတွင် ရှိသင့်သည့် ပန်းတိုင်နှင့် ဦးတည်ချက်လည်းမဟုတ်ပေ။ သင်သည် ယင်းကို ဦးနှောက်ခြောက်ခံ၍ တွေးတောစဉ်းစားလျက်ဖြင့် သင့်စိတ်နှလုံးတွင် မကြာခဏ စီစဉ်ပြီး တွက်ချက်လျှင် ယင်းကို ဖြစ်နိုင်သမျှ အမြန်ဆုံး လက်လွှတ်သင့်သည်။ သင်သည် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကို ရယူလိုကာ ထိုစဉ်တွင် လောကီကိုလည်း လိုက်စားလိုပြီး သင်၏တစ်ကိုယ်ရေ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို အကောင်အထည်ဖော်လိုလျက်ဖြင့် လှေနံနှစ်ဘက်နင်း၍ မရပေ။ ဤနည်းအားဖြင့် သင်သည် မည်သည့်တစ်ခုကိုမျှ ရယူနိုင်မည်၊ သို့မဟုတ် အကောင်အထည်ဖော်နိုင်မည် မဟုတ်ရုံသာမကဘဲ ထို့အပြင် အရေးကြီးဆုံးမှာ သင်၏ ကယ်တင်ခြင်းကို ထိခိုက်လိမ့်မည်။ အဆုံးတွင် သင်သည် ဘုရားသခင်၏ လူသားကို ကယ်တင်ခြင်းအမှုကို လက်လွှတ်ဆုံးရှုံးရလိမ့်မည်။ ဘုရားသခင်၏ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအတွက် အကောင်းဆုံး အခွင့်အရေးနှင့် လွဲချော်လိမ့်မည်။ ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးရလိမ့်မည်။ အဆုံးတွင် သင်သည် သင်၏ရင်ကိုထုနှက်လျက်၊ ခြေကိုဆောင့်လျက် ကပ်ဘေးထဲသို့ ကျရောက်လိမ်မည်။ နောင်တရဖို့အတွက် အလွန်နောက်ကျသွားလိမ့်မည်။ ဤသည်မှာ သင်၏ ဝမ်းနည်းဖွယ် ကံကြမ္မာဖြစ်လိမ့်မည်။ သင်သည် ပါးနပ်လျှင်၊ သမ္မာတရားအား လိုက်စားရန် စိတ်ဆုံးဖြတ်ပြီးဖြစ်လျှင် တစ်ချိန်က သင့်တွင်ရှိခဲ့သော၊ သို့မဟုတ် လိုက်စားနေဆဲ ဖြစ်သော စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်လွှတ်သင့်သည်။ ဦးနှောက်မရှိသူများ၊ ငတုံးများ၊ ဉာဏ်ပညာမရှိသောသူများနှင့် ယောင်ချာချာလူများတို့သည် သမ္မာတရားကို လိုက်စားလိုပြီး ကယ်တင်ခြင်း ခံရလိုသော်လည်း လောကီဆန်သော လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်မလွှတ်လိုကြပေ။ ၎င်းတို့သည် နှစ်မျိုးလုံးကို ရချင်သည်။ ၎င်းတို့က ဤသို့လုပ်ဆောင်ခြင်းသည် အခွင့်အရေးယူခြင်း ဖြစ်သည်၊ ပါးနပ်ခြင်းဖြစ်သည်ဟု ထင်ကြသည်။ အမှန်တကယ်တွင် ယင်းသည် အားလုံးထဲတွင် အမိုက်မဲဆုံးသော ဆောင်ရွက်ပုံနည်းလမ်း ဖြစ်သည်။ ပါးနပ်သောသူတို့သည် ၎င်းတို့၏ လောကီဆန်သော လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လုံးလုံး စွန့်ပစ်ပြီး သမ္မာတရားအား လိုက်စားကာ ကယ်တင်ခြင်းခံရဖို့ ရွေးချယ်ကြလိမ့်မည်။ ကမ္ဘာလောကက မည်သည့်အတိုင်းအတာအထိ ဖွံ့ဖြိုးတိုးတက်ပါစေ၊ အမှုကိစ္စများ၏ အခြေအနေက၊ သို့မဟုတ် နယ်ပယ်နှင့် လုပ်ငန်းအမျိုးမျိုး၏ ဖွံ့ဖြိုးတိုးတက်မှုက မည်သို့ရှိသည်ဖြစ်စေ မည်သည့်အရာကမျှ သင့်နှင့် မသက်ဆိုင်ပေ။ လောကီနှင့် သက်ဆိုင်သောသူများ၊ ကမ္ဘာမြေပေါ်တွင် နေထိုင်သော ထိုနတ်ဆိုးများကို ၎င်းတို့ လုပ်သင့်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခွင့်ပြုလော့။ တစ်ချက်အနေဖြင့် ငါတို့ လုပ်ဆောင်မည့်အရာမှာ ငါတို့လုပ်ဆောင်သင့်သည့် တာဝန်ကို ပြီးမြောက်ရန်ဖြစ်ပြီး အခြားတစ်ချက်မှာ ၎င်းတို့ အလုပ်လုပ်ခြင်း၏ အသီးအပွင့်များကို ခံစားရန်ဖြစ်သည်။ ကောင်းလိုက်လေခြင်း။ ဥပမာ ၎င်းတို့ တီထွင်သည့် ကွန်ပြူတာများနှင့် ဆော့ဝဲများသည် သင့်တာဝန်ကို ထမ်းဆောင်ခြင်းနှင့် အလုပ်လုပ်ခြင်းအတွက် အလွန်အကျိုး ဖြစ်စေသည်။ သင်သည် ယင်းတို့ကို ယူပြီး အသုံးပြုလော့။ သင့်အား ဝန်ဆောင်မှု ပေးစေလော့။ သင့်တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်သောအခါတွင် သင့်အား ကူညီစေလော့။ သင်၏ အလုပ်ကို ပို၍ ကောင်းစွာ ပြီးမြောက်စေရန် ကူညီစေလော့။ သင့်တာဝန်ကို ထမ်းဆောင်သည့် ထိရောက်မှုကို မြင့်တက်စေပြီး ယင်းမှနေ၍ ရလဒ်များကို ပိုမိုကောင်းမွန်စေလော့။ တစ်ချိန်တည်းတွင် အချိန်ကိုလည်း ပို၍ ချွေတာလော့။ ကောင်းလိုက်လေခြင်း။ သင်သည် “ဤဆော့ဝဲကို မည်သို့တီထွင်ခဲ့သနည်း။ မည်သူ့ထံမှ လာသနည်း။ ဤဆော့ဝဲကို၊ ဤနည်းပညာနယ်ပယ်အပေါ်ကို မည်သို့ အားစိုက်ထုတ်သင့်သနည်း” ဟူ၍ သုတေသနပြုလျက် ဦးနှောက်ခြောက်ခံစဉ်းစားဖို့ မလိုပေ။ ဤသို့ ဦးနှောက်ခြောက်ခံစဉ်းစားခြင်းသည် အသုံးမဝင်ပေ။ သင်၏ အတွေးနှင့် စွမ်းအင်သည် ဤအတွက် ရည်ရွယ်ထားခြင်း မဟုတ်။ ဤကိစ္စအပေါ် သင်၏ စွမ်းအင်၊ သို့မဟုတ် ဦးနှောက်ဆဲလ်များကို ပံ့ပိုးပေးဖို့ မလိုအပ်ပေ။ ဤသို့ လုပ်ဆောင်သင့်သည့် လောကီလူများအား ပံ့ပိုးစေလော့။ ၎င်းတို့၏ ပံ့ပိုးမှုပြီးနောက်တွင် ငါတို့က ယူဆောင်ပြီး အသုံးပြုသည်။ ကောင်းလိုက်လေခြင်း။ အရာရာတိုင်းက အဆင်သင့်ဖြစ်သည်။ ဘုရားသခင်က အရာရာတိုင်းကို ကြိုတင်စီမံသည်။ ထို့ကြောင့် သင်သည် ယင်းကို လိုက်စားရန် မလိုအပ်ပေ။ ဤအမှုကိစ္စများတွင် သင်သည် စိုးရိမ်ပူပန်ရန်၊ သို့မဟုတ် အားစိုက်ထုတ်ရန် မလိုအပ်ပေ။ ဤအမှုကိစ္စများတွင် မည်သည့်အရာကိုမဆို သင့်ဘာသာ တာဝန်ယူလုပ်ဆောင်ဖို့ မလိုအပ်သကဲ့သို့ မည်သည့်အရာမဆိုနှင့် ပတ်သက်ပြီး စိုးရိမ်ရန်၊ သို့မဟုတ် ပူပန်ရန်လည်း မလိုအပ်ပေ။ သင်လုပ်ဆောင်ဖို့ လိုအပ်သမျှမှာ သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ သမ္မာတရားကို လိုက်စားရန်၊ သမ္မာတရားအား နားလည်ခြင်းကို ရရှိရန်၊ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန်ဖြစ်သည်။ ဤသည်မှာ ဘဝတွင် အမှန်ကန်ဆုံး လမ်းကြောင်းမဟုတ်လော။ (ဟုတ်ပါသည်။)
သင်တို့သည် ယခုတွင် စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လိုက်စားခြင်း၏ ပြဿနာကို နားလည်သလော။ လူအချို့က “လူတွေက သူတို့ရဲ့ စံသတ်မှတ်ချက်တွေကို မလိုက်စားရင် ကမ္ဘာကြီးက ရှေ့ဆက်ပြီး တိုးတက်ပါဦးမလား” ဟူ၍ ဆိုကြသည်။ တိုးတက်မည်ဟု ငါဆိုသည်။ ဤအဖြေကို သင်တို့ နားလည်သဘောပေါက်သလော။ နားလည်ကြသလော။ (နားလည်ပါသည်။) ဤသို့ဆိုလျှင် ငါတို့ပြောနေသည့် ပြဿနာ၏ အနှစ်သာရကိုလည်း သင်တို့ ရှင်းလင်းစွာ မြင်သလော။ ဤသည်မှာ အမှန်တကယ်တွင် ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) ကမ္ဘာ၏ ဖွံ့ဖြိုးမှု၊ တိုးတက်မှု၊ အရေးကိစ္စများနှင့်ပတ်သက်၍ နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်နှင့်ပတ်သက်လျှင် ကမ္ဘာလောကနှင့် သက်ဆိုင်သည့် နတ်ဆိုးများအား၊ သို့မဟုတ် ကမ္ဘာလောကနှင့်သက်ဆိုင်သည့် “လူသားများ” ဆိုသောသူများအား ကိုင်တွယ်ဖြေရှင်းစေလော့။ ယင်းသည် ဘုရားသခင်အား ယုံကြည်သူများနှင့် မသက်ဆိုင်ပေ။ ဘုရားသခင်အား ယုံကြည်သူတို့၏ တာဝန်နှင့် ဝတ္တရားမှာ အဘယ်နည်း။ (မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ သမ္မာတရားအား လိုက်စားရန်နှင့် ကယ်တင်ခြင်းကို ရယူရန်ဖြစ်သည်။) မှန်သည်။ ဤသည်မှာ အလွန်ပင် တိကျပြီး လက်တွေ့ကျသည်။ ဤသည်မှာ မရိုးရှင်းသလော။ (ရိုးရှင်းပါသည်။) ဘုရားသခင်ကို ယုံကြည်သူတို့သည် သမ္မာတရားကို လိုက်စားပြီး သူ၏ လမ်းခရီးကို လိုက်လျှောက်ရန်သာ လိုအပ်သည်။ ပြီးလျှင် ၎င်းတို့သည် အဆုံး၌ ကယ်တင်ခြင်းခံရမည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ သင်တို့အတွက် ဘုရားသခင်၏ အကြီးဆုံးသော မျှော်မှန်းချက်နှင့် မျှော်လင့်ချက်ဖြစ်သည်။ ကျန်ရှိသော အမှုကိစ္စများကို ဘုရားသခင်က စီစဉ်သည်။ ထို့ကြောင့် သင်က စိတ်သောကရောက်ရန်၊ သို့မဟုတ် စိုးရိမ်ပူပင်ရန် မလိုပေ။ အချိန်ကျသောအခါ၌ သင်ခံစားသင့်သည့်အရာများအားလုံးကို ခံစားရလိမ့်မည်။ သင်စားသင့်သည့်အရာအားလုံးကို စားလိမ့်မည်။ သင်အသုံးပြုသင့်သည့်အရာများအားလုံးကို အသုံးပြုလိမ့်မည်။ အရာရာတိုင်းက သင်၏ ထင်မြင်မှုနှင့် မျှော်မှန်းချက်များကို ကျော်လွန်မည်ဖြစ်ပြီး ပေါများကြွယ်ဝလိမ့်မည်။ ဘုရားသခင်က သင့်အား ချို့တဲ့ခွင့်ပြုမည် မဟုတ်သကဲ့သို့ ဆင်းရဲခွင့်လည်း ပြုမည်မဟုတ်ပေ။ ကျမ်းစာတွင် သခင်၏ ဝန်က ပေါ့သည်ဟု ဆိုသော စာတစ်ကြောင်းရှိသည်။ ကျမ်းစာမူရင်းတွင် မည်သို့ပြောသနည်း။ (“အကြောင်းမူကား၊ ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏။” (ရှင်မဿဲခရစ်ဝင် ၁၁:၃၀)) ဤအဓိပ္ပာယ် မဟုတ်သလော။ (ဟုတ်ပါသည်။) သင်၏ ကိုယ်ပိုင်လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို သင့်အား လက်လွှတ်ရန် တောင်းဆိုခြင်းသည် သင့်အား သာမန်မျှသာဖြစ်စေရန်၊ သို့မဟုတ် သင့်အား ပျင်းရိစေရန် မဟုတ်သကဲ့သို့ လိုက်စားမှု မရှိစေရန်၊ သို့မဟုတ် သင့်အား လမ်းလျှောက်နေသော လူသေတစ်ကောင်၊ ဝိညာဉ်မရှိသောသူတစ်ယောက် ဖြစ်စေရန်လည်း မဟုတ်ပေ။ ထိုအစား ယင်းသည် သင်၏ လိုက်စားမှုများ၏ မမှန်ကန်သော ဦးတည်ချက်နှင့် ပန်းတိုင်များကို ပြောင်းလဲဖို့ ရည်ရွယ်သည်။ သင့်တွင် မရှိသင့်သည့် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို သင်လက်လွှတ်ရန်နှင့် မှန်ကန်သော လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို သတ်မှတ်ရန် ရည်ရွယ်သည်။ ဤနည်းအားဖြင့်သာ ဘဝ၏ မှန်ကန်သောလမ်းကြောင်းကို သင်လျှောက်နိုင်သည်။ ဤသို့ဆိုလျှင် ဤပြဿနာကို ဖြေရှင်း၍ ပြီးသလော။ လူတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များကို မလိုက်စားလျှင် ကမ္ဘာလောကသည် ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်မည်လော။ အဖြေက “တိုးတက်မည်” ဖြစ်သည်။ အဘယ်ကြောင့်နည်း။ (အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ကမ္ဘာလောကကြီးနှင့် သက်ဆိုင်သည့် သူများအတွက် အထူးတာဝန်ကို ကြိုတင်စီမံပြီး ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့က ဤအလုပ်ကို လုပ်လိမ့်မည်။) မှန်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်တွင် သူ၏ ကြိုတင်စီမံမှုနှင့် အစီအစဉ်များ ရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သင်သည် စိတ်သောကရောက်ဖို့ မလိုပေ။ ကမ္ဘာလောကက ဖွံ့ဖြိုးတိုးတက်လိမ့်မည်။ ပြီးလျှင် ဘုရားသခင်အား ယုံကြည်သူများက ဤအထူးတာဝန်ကို မိမိတို့ဘာသာ တာဝန်ယူဆောင်ရွက်ရန်၊ ဤတာဝန်နှင့် ဝတ္တရားကို ဖြည့်ဆည်းရန် မလိုအပ်ပေ။ ဘုရားသခင်က အမှုအရာများကို စီစဉ်ထားပြီးဖြစ်သည်။ ဘုရားသခင်က မည်သူ့အား စီစဉ်သည်ကို သင် စိတ်ပူစရာမလိုပေ။ သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားသခင်၏ လမ်းများတွင် လျှောက်ခြင်းနှင့် ကယ်တင်ခြင်းအား ရယူခြင်းက သင့်အတွက် လုံလောက်သည်။ အခြားတစ်စုံတစ်ရာကို သင် စိတ်ပူဖို့ လိုသလော။ (မလိုပါ။) မလိုပေ။ ထို့ကြောင့် လူသား၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လက်လွှတ်ခြင်းသည် သင်လက်တွေ့လုပ်ဆောင်သင့်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင်သည် သင်၏ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်လွှတ်ပြီးနောက်တွင် ကမ္ဘာလောကက၊ သို့မဟုတ် လူသားမျိုးနွယ်က မည်သို့ဖြစ်လာမည်ဆိုသည်ကို စိတ်ပူဖို့ မလိုပေ။ ဤသည်မှာ သင်စိတ်ပူဖို့ လိုအပ်သည့်အရာ မဟုတ်။ သင်နှင့် သက်ဆိုင်ခြင်းမရှိပေ။ ဘုရားသခင်က အမှုအရာများကို စီစဉ်ထားပြီးဖြစ်သည်။ ဤမျှ ရိုးရှင်းသည်။ နားလည်သလော။ (နားလည်ပါသည်။) ဤသို့ မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ပြဿနာ၏ အရင်းအမြစ်ကို ငါ ဖြေရှင်းပြီးမဖြစ်သလော။ (ဖြေရှင်းပြီး ဖြစ်ပါသည်။) တစ်စုံတစ်ယောက်က သင်တို့အား တစ်ဖန်မေးလျှင် ဤပြဿနာကိုမည်သို့ ကြည့်ပြီး ရှင်းပြမည်နည်း။ ဘုရားသခင်အား မယုံကြည်သူတစ်ယောက်က “ခင်ဗျားတို့က စံသတ်မှတ်ချက်တွေကို မလိုက်စားတဲ့အကြောင်း၊ စံသတ်မှတ်ချက်တွေနဲ့ ဆန္ဒတွေကို လက်လွှတ်တဲ့အကြောင်းကို အမြဲတမ်းပြောတယ်၊ လူတိုင်းက ခင်ဗျားတို့အတိုင်း လိုက်ပြီး လက်တွေ့လုပ်ရင် ကမ္ဘာက ဆက်ပြီးရှိနေပါဦးမလား၊ လူသားမျိုးနွယ်က ဆက်ပြီး ဖွံ့ဖြိုးတိုးတက်နေမှာလား” ဟု မေးခဲ့လျှင် သင်က “လူတစ်ယောက်ချင်းစီမှာ ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ရှိကြတယ်။ သူတို့ကို အတင်းအဓမ္မ လုပ်လို့မရဘူး” ဟုဆို၍ ဖြေနိုင်သည်။ ဤသည်မှာ ကမ္ဘာလောကတွင်ရှိသော လူသိများသော ဆိုရိုးစကားဖြစ်သည်။ သင်က “ဘုရားသခင်က လူတွေကို သူတို့ရဲ့ လိုက်စားမှုတွေ၊ စံသတ်မှတ်ချက်တွေ၊ ဆန္ဒတွေကို လက်လွှတ်ဖို့ တောင်းဆိုတယ်၊ ဒါက သမ္မာတရားဖြစ်တယ်၊ ခင်ဗျားက ဒါကို လက်ခံချင်စိတ်ရှိရင် ဒါတွေကို လက်လွှတ်နိုင်တယ်၊ ဒါကို လက်ခံချင်စိတ်မရှိရင် ဒါတွေကို လက်မလွှတ်ဖို့လည်း ရွေးချယ်နိုင်တယ်၊ ဘုရားသခင်က ဘယ်သူ့ကိုမှ အတင်းအဓမ္မ မလုပ်ဘူး၊ ခင်ဗျားရဲ့ လိုက်စားမှုတွေ၊ စံသတ်မှတ်ချက်တွေ၊ ဆန္ဒတွေကို လက်လွှတ်တာက ခင်ဗျားဘက်က ဆန္ဒအလျောက်လုပ်တာပဲ၊ ခင်ဗျားရဲ့ လုပ်ပိုင်ခွင့်ပဲ၊ ဒါတွေကို လက်မလွှတ်တာကလည်း ဆန္ဒအလျောက်ပဲ၊ ဒါကလည်း ခင်ဗျားရဲ့ လုပ်ပိုင်ခွင့်ပဲ၊ လူတစ်ယောက်ချင်းစီမှာ အတိအကျ အထူးတာဝန်ကိုယ်စီ ရှိကြတယ်။ လူသားမျိုးနွယ် တစ်ရပ်လုံးမှာ လူတစ်ယောက်ချင်းစီက ကိုယ့်အထူးတာဝန်နှင့်ကိုယ် ရှိတယ်။ သူတို့ပါဝင်သင့်တဲ့ ကိုယ်ပိုင်အခန်းကဏ္ဍရှိတယ်၊ လူတွေရဲ့ ရွေးချယ်မှုတွေက မတူဘူး၊ ဒါကြောင့် သူတို့လျှောက်တဲ့လမ်းတွေက မတူဘူး၊ ခင်ဗျားက လောကီကို လိုက်စားဖို့၊ ကမ္ဘာလောကမှာ စံသတ်မှတ်ချက်တွေနဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့၊ ခင်ဗျားရဲ့ စံနှုန်းတွေကို ပုံဖော်ဖို့ ရွေးချယ်တယ်၊ ကျွန်တော်ကတော့ ဘုရားနောက် လိုက်လျှောက်ဖို့၊ သူ့စကားတွေကို နားထောင်ဖို့၊ သူ့လမ်းခရီးကို လိုက်လျှောက်ဖို့၊ သူ့ကို စိတ်ကျေနပ်အောင်လုပ်ဖို့ ကျွန်တော့်ရဲ့ လိုက်စားမှုတွေ၊ စံသတ်မှတ်ချက်တွေ၊ ဆန္ဒတွေကို လက်လွှတ်ဖို့ ရွေးချယ်တယ်၊ အဆုံးမှာ ကျွန်တော်က ကယ်တင်ခြင်းကို ရယူနိုင်လိမ့်မယ်၊ ခင်ဗျားက ဒီလမ်းကို မလိုက်စားဘူး၊ ဒါက ခင်ဗျားရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပဲ၊ ဘယ်သူကမှ ခင်ဗျားကို အတင်းအဓမ္မ မတိုက်တွန်းဘူး” ဟု ဆိုသင့်သည်။ ဤအဖြေက အဘယ်သို့ ရှိသနည်း။ (ကောင်းပါသည်။) သင်သည် “လူသား၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လက်လွှတ်ခြင်း” အယူအဆကို လက်ခံနိုင်လျှင် ဤစကားများသည် သင့်အား ရည်ညွှန်းခြင်း ဖြစ်သည်။ သင်က လက်မခံနိုင်လျှင် ဤစကားများကို သင်နားထောင်ပြီး လက်ခံရမည်ဟူသည့် ညွှန်ပြချက်မရှိ။ သင်သည် နားမထောင်ဖို့ ရွေးချယ်နိုင်သည်။ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်ကို သင် လက်လွှတ်ရန်၊ ကယ်တင်ခြင်းအတွက် သင်၏ အခွင့်အရေးကို စွန့်ပစ်ရန် ရွေးချယ်နိုင်သည်။ ဤသည်မှာ သင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ သင်သည် သင်၏လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်မလွှတ်ဘဲ ကမ္ဘာလောကဆီသို့ သွားကာ မိမိကိုယ်ကို ယုံကြည်စွာ၊ ရဲတင်းစွာဖြင့် ယင်းတို့ကို အကောင်အထည် ဖော်နိုင်သည်။ မည်သူကမျှ သင့်ကို အတင်းတွန်းအားပေးမည် မဟုတ်သကဲ့သို့ မည်သူကမျှ သင့်ကို ရှုတ်ချမည်လည်း မဟုတ်ပေ။ ဤသည်မှာ သင်၏ လုပ်ပိုင်ခွင့်ဖြစ်သည်။ သင်၏ ရွေးချယ်မှုသည် သင်၏ အထူးတာဝန်လည်း ဖြစ်သည်။ ပြီးလျှင် သင်၏ အထူးတာဝန်သည် ဘုရားသခင်က သင့်အား လူတို့ကြားတွင် ပါဝင်လုပ်ဆောင်ရန် ကြိုတင်စီမံထားသည့် အခန်းကဏ္ဍဖြစ်သည်။ ဤမျှသာဖြစ်သည်။ ဤသည်မှာ အမှန်တရားများ၏ စစ်မှန်သော အခြေအနေဖြစ်သည်။ သင်သည် မည်သည့်အရာကို ရွေးချယ်သည်ဖြစ်စေ ဤသည်မှာ သင်လျှောက်လှမ်းမည့် လမ်းမျိုးဖြစ်သည်။ မည်သည့်လမ်းမျိုးကို သင်လျှောက်လှမ်းပါစေ ယင်းသည် လူကြားထဲတွင် သင်ပါဝင်လုပ်ဆောင်မည့် အခန်းကဏ္ဍ ဖြစ်သည်။ ဤမျှ ရိုးရှင်းသည်။ ဤသည်မှာ အမှန်တရားများ၏ စစ်မှန်သော အခြေအနေဖြစ်သည်။ ထို့ကြောင့် “လူတစ်ယောက်ချင်းစီမှာ ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ရှိကြတယ်။ သူတို့ကို အတင်းအဓမ္မ လုပ်လို့မရဘူး”ဟူသည့် ယခင်က စကားများသာ ဖြစ်နေဆဲဖြစ်သည်။ သို့သော် ထိုရည်မှန်းချက်က မည်သည့်နေရာမှ လာသနည်း။ အရင်းအမြစ်တွင် ဘုရားသခင်က ကြိုတင်စီမံခြင်းဖြစ်သည်။ သင်က သမ္မာတရားကို လက်ခံပြီး သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် မရွေးချယ်လျှင် ဤသည်မှာ ဘုရားသခင်က သင့်အား မရွေးချယ်ခဲ့ဟု ဆိုလိုပြီး သင့်တွင် ကယ်တင်ခြင်းအတွက် အခွင့်အလမ်းမရှိပေ။ ရိုးရှင်းစွာ ဆိုလျှင် သင့်တွင် ဤကောင်းချီးမရှိပေ။ ဤအရာကို ဘုရားသခင်က ကြိုတင်စီမံထားခြင်းမဟုတ်။ သင်က ဘုရားသခင်အား ယုံကြည်ခြင်း၌ဖြစ်စေ၊ သမ္မာတရားအား လိုက်စားခြင်း၌ဖြစ်စေ စိတ်မဝင်စားလျှင်၊ သင်က ဤကဏ္ဍကို မလိုက်စားလျှင် သင့်၌ ဤကောင်းချီးမရှိပေ။ ဘုရားအိမ်တော်သို့ ဝင်လာရန် ကြိုတင်စီမံခြင်း ခံရသူတို့သည် ၎င်းတို့၏ တာဝန်ကို ထိုနေရာတွင် လုပ်ဆောင်လိုစိတ် ရှိကြသည်။ ဘုရားသခင်က မည်သည့်အရာကို ပြောသည်ဖြစ်စေ ၎င်းတို့က နားထောင်သည်။ ဘုရားသခင်က ၎င်းတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်လွှတ်စေလိုလျှင် ၎င်းတို့က လက်လွှတ်သည်။ ၎င်းတို့က ယင်းတို့ကို လက်မလွှတ်နိုင်လျှင် ထိုသို့လက်လွှတ်နိုင်ရန်နည်းလမ်းကို ဦးနှောက်ခြောက်ခံ၍ တွေးတောသည်။ ဤသို့သော သူတစ်ယောက်သည် ကယ်တင်ခြင်းကို လိုက်စားရန် လိုလားနေသည်။ ဤသည်မှာ ၎င်းတို့ဝိညာဉ်၏ အလေးနက်ဆုံး လိုအပ်ချက်နှင့် သတ်မှတ်ချက်ဖြစ်သည်။ ဤအရာကို ဘုရားသခင်က ကြိုတင်စီမံထားသည်။ ထို့ကြောင့် ၎င်းတို့တွင် ဤကောင်းချီးရှိပြီး ယင်းသည် ၎င်းတို့၏ ကောင်းသောကံကြမ္မာဖြစ်သည်။ သင့်အတွက် ဘုရားသခင် ကြိုတင်စီမံထားသော အခန်းကဏ္ဍသည် သင်ပါဝင်လုပ်ဆောင်သင့်သည့် အခန်းကဏ္ဍဖြစ်သည်။ ထိုအရာသည် အရင်းအမြစ်ဖြစ်သည်။ ကောင်းချီး မခံရသူတို့သည် လောကီကို လိုက်စားကြပြီး ကောင်းချီးခံရသောသူတို့မှာမူ သမ္မာတရားကို လိုက်စားကြသည်။ ဤသည်မှာ အမှန်တရား မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် တစ်စုံတစ်ယောက်က သင်တို့အား နောက်တစ်ဖန်မေးလျှင် သင်တို့သည် ဖြေနိုင်မည်လော။ (ဖြေနိုင်ပါမည်။) အရိုးရှင်းဆုံး အဖြေမှာ အဘယ်နည်း။ (လူတစ်ယောက်ချင်းစီတွင် ကိုယ့်ရည်မှန်းချက်နှင့်ကိုယ် ရှိကြသည်။ သူတို့ကို အတင်းအဓမ္မ လုပ်၍မရပါ) လူတစ်ယောက်ချင်းစီတွင် ကိုယ့်ရည်မှန်းချက်နှင့်ကိုယ် ရှိကြသည်။ သူတို့ကို အတင်းအဓမ္မလုပ်၍မရပေ။ သင်၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်လွှတ်ရန် တောင်းဆိုခြင်းသည် သင့်အား လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ပေးရန်သာ ရည်ရွယ်သည်။ သင်က ယင်းတို့ကို လက်လွှတ်ရန် ရွေးချယ်နိုင်သည်။ လက်မလွှတ်ရန်လည်း ရွေးချယ်နိုင်သည်။ လူတစ်ယောက်ချင်းစီတွင် ကိုယ့်ရည်မှန်းချက်နှင့်ကိုယ် ရှိကြသည်။ သူတို့ကို အတင်းအဓမ္မလုပ်၍မရပေ။ သင်က လက်ခံလျှင် ဤစကားများသည် သင့်ကို ရည်ညွှန်းသည်။ သင်က လက်မခံလျှင် ဤစကားများသည် သင့်အား မရည်ညွှန်းပေ။ ပြီးလျှင် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်လွှတ်ခြင်းသည် သင်နှင့် သက်ဆိုင်ခြင်း မရှိပေ။ သင်သည် လွတ်လပ်သည်။ ဤပြဿနာသည် ပြေလည်သလော။ (ပြေလည်ပါသည်။) ဤပြဿနာသည် ပြေလည်သောကြောင့် မည်သူကမျှ ဤအမှုကိစ္စကို ထပ်တလဲလဲ ပြောနေမည်မဟုတ်ပေ။ မှန်သလော။ (မှန်ပါသည်။)
လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လက်လွှတ်ခြင်းနှင့် ပတ်သက်လျှင် အခြားပြဿနာတစ်ခု ရှိသည်။ လူအချို့က “ကိုယ်တော်က ယခုတွင် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လက်လွှတ်ခြင်းအကြောင်းကို ပြောဆိုသည်။ ဤသည်မှာ အချိန်ကာလသည် နီးကပ်လာသောကြောင့်၊ နောက်ဆုံးသောကာလသည် ရောက်ရှိနေပြီ ဖြစ်သောကြောင့်၊ ကပ်ဘေးများသည် ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဖြစ်ပါသလား ပြီးလျှင် ဘုရားသခင်၏ နေ့ရက် ရောက်ရှိလာပြီ ဖြစ်သောကြောင့် ကိုယ်တော်က လူတို့ကို ၎င်းတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လက်လွှတ်ရန် တောင်းဆိုခြင်း ဖြစ်ပါသလား” ဟု ဆိုကြသည်။ ဤသို့ ဖြစ်သလော။ (မဟုတ်ပါ။) အဖြေက မဟုတ်ပေ။ မဟုတ်ပေ။ ထို့ကြောင့် တိကျသော အကြောင်းရင်းကို ငါတို့ ပြောကြစို့။ အဖြေက မဟုတ်သောကြောင့် ဤနေရာတွင် မိတ်သဟာယဖွဲ့ပြီး နားလည်ရမည့် အချို့သော အသေးစိတ်ပြဿနာများ အသေအချာရှိနေသည်။ ဤအကြောင်းကို ပြောကြစို့။ လွန်ခဲ့သော နှစ်နှစ်ထောင်က၊ သို့မဟုတ် လွန်ခဲ့သော နှစ်ပေါင်း သုံးလေးရာကပင် လူမှုပတ်ဝန်းကျင် တစ်ခုလုံးသည် ယခုခေတ်နှင့် မတူညီပေ။ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အမှုကိစ္စများ၏ အခြေအနေသည် ယခုခေတ်နှင့် မတူညီပေ။ ၎င်းတို့၏ ဘဝပတ်ဝန်းကျင်က အလွန်ပင် အစီအစဉ်ကျသည်။ ကမ္ဘာလောကသည် ယခုအခါကဲ့သို့ ကောက်ကျစ်ဆိုးယုတ်ခြင်း မရှိပေ။ လူ့အဖွဲ့အစည်းသည် ယခုကဲ့သို့ ပရမ်းပတာမဖြစ်ပေ။ ပြီးလျှင် ကပ်ဘေးများ မရှိပေ။ လူတို့သည် ၎င်းတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်လွှတ်ရန် လိုအပ်ဆဲ ဖြစ်သလော။ (လိုအပ်ဆဲဖြစ်ပါသည်။) အဘယ်ကြောင့်နည်း။ အကြောင်းပြချက်တစ်ခု ပေးလော့။ ပြီးလျှင် သင်တို့၏ သတ်သတ်မှတ်မှတ်ဖြစ်သော အသိပညာကို ပြောဆိုလော့။ (ယခုတွင် လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသဖြင့် ၎င်းတို့တွင် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လိုက်စားသောအခါတွင် အားလုံးက ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့အား လိုက်စားခြင်းတွင် ပါဝင်သည်။ ၎င်းတို့က ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားသောကြောင့် ၎င်းတို့သည် ရုန်းကန်လှုပ်ရှားပြီး တစ်ယောက်နှင့် တစ်ယောက် ယှဉ်ပြိုင်တိုက်ခိုက်ကြသည်။ သေရေး၊ ရှင်ရေးအတွက် ယှဉ်ပြိုင်တိုက်ခိုက်ကြသည်။ ပြီးလျှင် ရလဒ်မှာ ၎င်းတို့သည် စာတန်၏ ဖျက်ဆီးခြင်းကို အစဉ်ပင် ပို၍ နက်နဲစွာ ခံရကာ လူ့သဘာဝပုံသဏ္ဌာန်ကို ပို၍ ဆုံးရှုံးကြသည်။ ဘုရားသခင်ထံမှ ပိုပို၍ ဝေးကွာလာကြသည်။ ဤသို့အားဖြင့် စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လိုက်စားခြင်းလမ်းကြောင်းသည် မှားယွင်းနေသည်ကို မြင်နိုင်သည်။ သို့ဖြစ်ရာ ဘုရားသခင်၏ နေ့ရက်က နီးကပ်သောကြောင့် ဘုရားသခင်က လူတို့အား ၎င်းတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လက်လွှတ်ရန် တောင်းဆိုခြင်း မဟုတ်ပေ။ ထိုအစား လူတို့သည် အစကတည်းကပင် ဤအရာများကို မလိုက်စားသင့်ပေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ မှန်ကန်စွာ လိုက်စားသင့်သည်။) လူသား၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လက်လွှတ်ခြင်းသည် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခုဖြစ်သည်ဟု သင်တို့ ထင်သလော။ (ထင်ပါသည်။) လူသား၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လက်လွှတ်ခြင်းသည် သမ္မာတရား ဖြစ်သလော။ ယင်းသည် ဘုရားသခင်က လူအပေါ်တွင် ထားရှိသည့် သတ်မှတ်ချက် ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ သမ္မာတရားတစ်ခုဖြစ်သည်။ ဘုရားသခင်က လူအပေါ်တွင် ထားရှိသည့် သတ်မှတ်ချက်တစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ယင်းသည် လူတို့ လျှောက်သင့်သည့် လမ်းခရီးဖြစ်သလော။ (ဟုတ်ပါသည်။) ယင်းသည် သမ္မာတရား၊ ဘုရားသခင်က လူအပေါ်တွင် ထားရှိသည့် အတိအကျ သတ်မှတ်ချက်တစ်ခုနှင့် လူတို့ လိုက်လျှောက်သင့်သည့် လမ်းခရီးဖြစ်သည့်အတွက် အချိန်နှင့် နောက်ခံအားဖြင့် ကွဲပြားစွာ ပြုလုပ်ထားသလော။ (မဟုတ်ပါ။) အဘယ်ကြောင့် မဟုတ်သနည်း။ အဘယ်ကြောင့်ဆိုသော် သမ္မာတရား၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားသခင်၏ လမ်းခရီးသည် အချိန်၊ နေရာ၊ သို့မဟုတ် ပတ်ဝန်းကျင်ပြောင်းလဲမှုတို့နှင့်အညီ မပြောင်းလဲသောကြောင့် ဖြစ်သည်။ အချိန်က မည်သို့ဖြစ်စေ၊ နေရာက မည်သို့ဖြစ်စေ၊ ဝန်းကျင်က မည်သို့ဖြစ်စေ သမ္မာတရားက အစဉ် သမ္မာတရားဖြစ်သည်။ ပြီးလျှင် လူအပေါ် ဘုရားသခင်သတ်မှတ်သည့် စံနှုန်းမှာ မပြောင်းလဲသကဲ့သို့ ဘုရားသခင်က သူ၏ နောက်လိုက်များအပေါ် သတ်မှတ်သည့် စံနှုန်းသည်လည်း မပြောင်းလဲပေ။ ထို့ကြောင့် အချိန်၊ နေရာ၊ သို့မဟုတ် အခြေအနေက မည်သို့ဖြစ်စေ ဘုရားသခင်နောက်သို့ လိုက်လျှောက်သူများ လျှောက်လှမ်းရမည့် ဘုရားသခင်၏ လမ်းခရီးသည် မပြောင်းလဲပေ။ ထို့ကြောင့် ယနေ့ခေတ်တွင် လူတို့အား ၎င်းတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်လွှတ်ရန် တောင်းဆိုခြင်းသည် အချိန်က နီးကပ်လာသောကြောင့်၊ သို့မဟုတ် နောက်ဆုံးသောကာလ ရောက်ရှိနေသောကြောင့် လူတို့ကို အဆိုပြုသည့် သတ်မှတ်ချက်တစ်ခု မဟုတ်သကဲ့သို့ နေ့ရက်များသည် နည်းပါးလာပြီး ကပ်ဘေးများက ကြီးမားသောကြောင့်လည်း မဟုတ်။ ထို့အပြင် လူတို့ ကပ်ဘေးထဲသို့ ကျရောက်မည်ကို စိုးရွံ့သောကြောင့်လည်း မဟုတ်ချေ၊ ယင်းမှာ သမ္မာတရားစစ်မှန်မှုအတွင်းသို့ အမြန်ဆုံးဝင်ရောက်မှုကို ရရှိရန်အတွက် အစွန်းရောက်သော၊ သို့မဟုတ် တစ်ယူသန်သော လုပ်ဆောင်မှုနည်းလမ်းများကို ပါဝင်လုပ်ဆောင်ဖို့ သတ်မှတ်သည့် လူတို့အပေါ် ဤသို့သော အဆောတလျင် တောင်းဆိုချက်တစ်ခု ထားရှိခြင်းလည်း မဟုတ်ပေ။ ဤသည်မှာ အကြောင်းပြချက် မဟုတ်ပေ။ ဤသို့ဆိုလျှင် အကြောင်းပြချက်သည် အဘယ်နည်း။ အချိန်က မည်သို့ဖြစ်စေ၊ လွန်ခဲ့သော နှစ်ပေါင်း သုံးလေးရာကဖြစ်စေ၊ နှစ်ပေါင်း သုံးလေးထောင်ကဖြစ်စေ၊ လက်ရှိအချိန်တွင်ပင်ဖြစ်စေ ဤအမှုကိစ္စ၌ လူအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်သည် မပြောင်းလဲပေ။ လွန်ခဲ့သော နှစ်ပေါင်း သုံးလေးထောင်ခန့်က၊ ယနေ့မတိုင်မီ မည်သည့်အချိန်မဆိုအထိပင် ဘုရားသခင်က ဤစကားများကို လူသားမျိုးနွယ်ထံသို့ အသေးစိတ် လူသိရှင်ကြား ပုံနှိပ်ထုတ်ဝေမှုမရှိခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် လူအပေါ် သူ၏ သတ်မှတ်ချက်များသည် မည်သည့်အချိန်တွင်မဆို လုံးဝ မပြောင်းလဲခဲ့ပေ။ လူသားမျိုးနွယ်က ပထမဦးဆုံး မှတ်တမ်းများ ထားရှိသည့်အချိန်ကစပြီး ၎င်းတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များသည် ကမ္ဘာလောကအား ၎င်းတို့ ဇွဲလုံ့လရှိစွာ လိုက်စားရန်၊ သို့မဟုတ် ကမ္ဘာလောကတွင် ၎င်းတို့၏ တစ်ကိုယ်ရေ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို အကောင်အထည်ဖော်ရန် မည်သည့်အခါမျှ မဟုတ်ခဲ့ပေ။ ၎င်းတို့အပေါ် သူ၏ တစ်ခုတည်းသော သတ်မှတ်ချက်များမှာ သူ၏ စကားများကို နားထောင်ရန်၊ သူ၏လမ်းခရီးကို လိုက်လျှောက်ရန်၊ ကမ္ဘာလောကနှင့်အတူ ဒုစရိုက်မှု၌ မွေ့လျော်မနေရန်၊ ကမ္ဘာလောကအား မလိုက်စားရန်တို့ဖြစ်သည်။ လောကီလူများအား လောကီအမှုကိစ္စများကို ကိုင်တွယ်ဖြေရှင်းစေလော့။ ၎င်းတို့အား ဤအရာများကို ပြီးမြောက်စေလော့။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်ပြီး ဘုရားသခင်နောက်သို့ လိုက်လျှောက်သည့် သူများနှင့် သက်ဆိုင်ခြင်းမရှိပေ။ ဘုရားသခင်အား ယုံကြည်သူများက လုပ်ဆောင်ရန် လိုအပ်သော တစ်ခုတည်းသောအရာမှာ ဘုရားသခင်၏ လမ်းခရီးတွင် လိုက်လျှောက်ပြီး သူ၏နောက်သို့ လိုက်လျှောက်ရန် ဖြစ်သည်။ ဘုရားသခင်၏ လမ်းကို လိုက်လျှောက်ခြင်းသည် ဘုရားသခင်အား ယုံကြည်သူများနှင့် ဘုရားသခင်၏ နောက်လိုက်များက လုပ်ဆောင်ရန် ဝတ္တရားရှိသော အရာတစ်ခုဖြစ်သည်။ ဤအမှုကိစ္စကို အချိန်၊ နေရာ၊ သို့မဟုတ် နောက်ခံအားဖြင့် ကွဲပြားစွာ ပြုလုပ်မထားပေ။ လူသားမျိုးနွယ်သည် ကယ်တင်ခြင်းခံရပြီး နောက်ထပ်ခေတ်တစ်ခုသို့ ဝင်ရောက်သည့်အချိန် ဖြစ်သော အနာဂတ်တွင်ပင် ဤသတ်မှတ်ချက်သည် ပြောင်းလဲမည်မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ခြင်းနှင့် သူ၏ လမ်းခရီးကို လိုက်လျှောက်ခြင်းသည် ဘုရားသခင်၏ နောက်လိုက်တစ်ဦးက ဘုရားသခင်အပေါ် ရှိသင့်သည့် သဘောထားနှင့် တိကျသော လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို နားထောင်ခြင်းနှင့် သူ၏ လမ်းခရီးကို လိုက်လျှောက်ခြင်းအားဖြင့်သာ လူတို့သည် အောင်မြင်စွာဖြင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်သည်။ ထို့ကြောင့် ဘုရားသခင်က လူတို့အား ၎င်းတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်လွှတ်ရန် တောင်းဆိုခြင်းသည် အချိန်ကြောင့် ဖြစ်ပေါ်ခြင်း မဟုတ်သကဲ့သို့ တစ်မူထူးခြားသော ပတ်ဝန်းကျင်များ၊ သို့မဟုတ် နောက်ခံများကြောင့် ဖြစ်ခြင်းလည်းမဟုတ်ပေ။ ထိုအစား လူတို့တည်ရှိနေသရွေ့ ဘုရားသခင်က ၎င်းတို့အား နှုတ်ကပတ်တော်များကို ရှင်းလင်းစွာ မပေးလျှင်ပင် သူသည် ၎င်းတို့အပေါ် ဤစံနှုန်းနှင့် စည်းမျဉ်းကို အစဉ်သဖြင့် သတ်မှတ်ပေးခဲ့သည်။ ယင်းကို လူမည်မျှက ရရှိနိုင်ပါစေ၊ သူ၏ နှုတ်ကပတ်တော်များကို လူမည်မျှက လက်တွေ့လုပ်ဆောင်နိုင်ပါစေ၊ သို့မဟုတ် ၎င်းတို့သည် သူ၏ နှုတ်ကပတ်တော်မည်မျှကို နားလည်နိုင်ပါစေ ဘုရားသခင်ထံမှ ဤသတ်မှတ်ချက်သည် မပြောင်းလဲပေ။ တစ်မူထူးခြားသောအချိန်များတွင် ဘုရားသခင်က ရွေးချယ်ခဲ့သည့် ထိုတစ်မူထူးခြားသောလူများဖြစ်သော နောဧ၊ အာဗြဟံ၊ ဣဇက်နှင့် ယောဘ၏ မှတ်တမ်းများရှိသည့် ကျမ်းစာထဲတွင် ကြည့်လော့။ ၎င်းတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များ၊ ၎င်းတို့လိုက်လျှောက်သည့် လမ်းခရီးများ၊ ၎င်းတို့၏ ဘဝပန်းတိုင်များနှင့် ဦးတည်ချက်၊ ထို့အပြင် ၎င်းတို့လိုက်စားသည့် ပန်းတိုင်များနှင့် ဘဝနှင့် ရှင်သန်ရေးအတွက် ၎င်းတို့ လုပ်ဆောင်ခဲ့သည့် အထူးလုပ်ဆောင်ပုံနည်းလမ်းများ အားလုံးတို့သည် လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကို ပုံဖော်သည်။ လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များမှာ အဘယ်နည်း။ ၎င်းတို့တွင် ပါဝင်သောအရာမှာ လူတို့အနေဖြင့် ၎င်းတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်လွှတ်ရမည်ဟူ၍ ဖြစ်သည်။ မှန်သလော။ (မှန်ပါသည်။) ဝိညာဉ်၌ ဖြစ်စေ၊ ရုပ်၌ ဖြစ်စေ ၎င်းတို့သည် ဆူညံသော၊ ပရမ်းပတာဖြစ်နေသော၊ ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်ကို ရှောင်ရမည်။ ပြီးလျှင် ၎င်းတို့၏ ဆူညံသော၊ ပရမ်းပတာ ဖြစ်သော၊ ကောက်ကျစ်ဆိုးယုတ်သော ရေပန်းစားမှုများကို ရှောင်ရမည်။ ယခင်က သိပ်သင့်တော်ခြင်းမရှိသော စကားတစ်လုံး ရှိသည်။ “သန့်ရှင်းစင်ကြယ်သော” ဟူ၍ ဖြစ်သည်။ လက်တွေ့တွင် ဤစကားလုံး၏ အဓိပ္ပာယ်မှာ သင့်အား သင်၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်လွှတ်ဖို့ တောင်းဆိုခြင်း ဖြစ်သည်။ သင့်အား မယုံကြည်သူတစ်ယောက် ဖြစ်မလာဖို့၊ သို့မဟုတ် မယုံကြည်သူများ လုပ်ဆောင်သည့်အရာများကို မလုပ်ဆောင်ဖို့၊ သို့မဟုတ် မယုံကြည်သူများ၏ လိုက်စားမှုများကို မလိုက်စားဖို့ တားဆီးရန်ဖြစ်ပြီး ထိုအစား ယုံကြည်သူတစ်ယောက် လိုက်စားသင့်သည့်အရာများကို သင့်အား လိုက်စားစေရန်ဖြစ်သည်။ ယင်းမှာ ဤသို့ အဓိပ္ပာယ်ရသည်။ ထို့ကြောင့် လူအချို့က “အချိန်က နီးကပ်လာလို့၊ နောက်ဆုံးသောကာလက ရောက်နေပြီဖြစ်လို့၊ ကပ်ဘေးတွေ ကျရောက်နေပြီဖြစ်လို့ ဘုရားသခင်က လူတွေကို သူတို့ရဲ့ လိုက်စားမှုတွေ၊ စံသတ်မှတ်ချက်တွေ၊ ဆန္ဒတွေကို လက်လွှတ်ဖို့ တောင်းဆိုတာလား” ဟူ၍ ဆိုသောအခါတွင် ဤမေးခွန်းအတွက် အဖြေက မည်သည့်အရာ ဖြစ်သင့်သနည်း။ လူအပေါ် ဘုရားသခင်၏ တောင်းဆိုချက်မှန်သမျှသည် သမ္မာတရားဖြစ်ပြီး လူတို့လျှောက်သင့်သည့် လမ်းခရီးဖြစ်သည်ဟူ၍ ဖြစ်သင့်သည်။ ယင်းတို့သည် အချိန်၊ နေရာ၊ ပတ်ဝန်းကျင်၊ ပထဝီတည်နေရာ၊ သို့မဟုတ် လူမှုနောက်ခံတို့ ပြောင်းလဲခြင်းအပေါ်တွင် အခြေခံပြီး မပြောင်းလဲပေ။ ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်။ ရှေးအချိန်ကာလကတည်းက မပြောင်းလဲသော သမ္မာတရား ဖြစ်သည်။ ထာဝရအချိန်ကာလတစ်လျှောက်လုံး မပြောင်းလဲပေ။ ထို့ကြောင့် လူတို့အပေါ် ဘုရားသခင်၏ တောင်းဆိုချက်တစ်ခုစီတိုင်းနှင့် လူတို့အပေါ် သူချမှတ်သည့် တိကျသော လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းတိုင်းသည် လူသားမျိုးနွယ်ကို သူဖန်ဆင်းခဲ့ပြီးနောက်တွင်၊ အချိန်ကို မှတ်တမ်းတင်ခြင်း မရှိသေးသောအချိန်တွင် စတင်ဖြစ်ပေါ်သည်။ ယင်းတို့သည် ဘုရားသခင်နှင့် ယှဉ်တွဲတည်ရှိသည်။ တစ်နည်းအားဖြင့် လူသားများ ရှိသည့်အချိန်အခိုက်အတန့်မှစ၍ လူသားမျိုးနွယ်သည် ၎င်းတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များကို နားလည်နိုင်ခဲ့သည်။ သတ်မှတ်ချက်များက မည်သည့်နယ်ပယ်နှင့် သက်ဆိုင်ပါစေ ယင်းတို့အားလုံးသည် ထာဝရဖြစ်ပြီး ပြောင်းလဲမည်မဟုတ်။ အဘက်ဘက်မှ ကြည့်လျှင် လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များသည် သူ၏ နှုတ်ကပတ်တော်များကို နားထောင်ပြီး သူ၏လမ်းခရီးကို လိုက်လျှောက်ရန်ဖြစ်သည်။ နားလည်သလော။ (နားလည်ပါသည်။) ဘုရားသခင်၏ သတ်မှတ်ချက်များသည် ကမ္ဘာလောက၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်လည်းကောင်း၊ လူသား၏ လူမှုနောက်ခံများနှင့်လည်းကောင်း၊ အချိန်၊ နေရာနှင့်လည်းကောင်း၊ သို့မဟုတ် လူတို့နေထိုင်သည့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်နှင့် နေရာနှင့်လည်းကောင်း လုံးဝ ဆက်နွှယ်ခြင်းမရှိပေ။ ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီးနောက်တွင် လူတို့အနေဖြင့် ယင်းတို့ကို စောင့်ထိန်းပြီး လက်တွေ့လုပ်ဆောင်ခြင်းသည် မှန်ကန်သည်။ ဘုရားသခင်၌ လူအပေါ် အခြားသော သတ်မှတ်ချက်များမရှိပေ။ ၎င်းတို့က သူ၏ နှုတ်ကပတ်တော်များကို ကြားပြီး နားလည်သောအခါတွင် ယင်းတို့ကို လက်တွေ့လုပ်ဆောင်ပြီး ထိန်းသိမ်းရုံဖြင့် ၎င်းတို့အတွက် လုံလောက်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် လက်ခံဖွယ်ဖြစ်သော ဖန်ဆင်းခံတစ်ယောက်၏ စံနှုန်းကို ရရှိပြီးဖြစ်လိမ့်မည်။ နားလည်သလော။ (နားလည်ပါသည်။) ထို့ကြောင့် အချိန်၊ လူမှုပတ်ဝန်းကျင်၊ သို့မဟုတ် နောက်ခံ၊ သို့မဟုတ် ပထဝီဆိုင်ရာ တည်နေရာတို့သည် မည်သို့ရှိသည်ဖြစ်စေ သင်လုပ်ဆောင်ရမည့်အရာသည် ဘုရားနှုတ်ကပတ်တော်ကို နားထောင်ရန်၊ သူပြောသည့်အရာနှင့် သင့်အပေါ် သူ၏ သတ်မှတ်ချက်များက မည်သည့်အရာများဖြစ်သည်ကို နားလည်ရန်ဖြစ်သည်။ ထို့နောက်တွင် သင်လုပ်ဆောင်သင့်သည့် နောက်တစ်ခုမှာ ကြားနာရန်၊ နာခံရန်နှင့် လက်တွေ့လုပ်ဆောင်ရန်ဖြစ်သည်။ “အခုအချိန်မှာ ပြင်ပကမ္ဘာက ကပ်ဘေးတွေက ကြီးနေပြီလား။ ကမ္ဘာက ပရမ်းပတာဖြစ်နေပြီလား။ ကမ္ဘာလောကထဲကို သွားဖို့ အန္တရာယ်ရှိလား။ ကပ်ရောဂါတစ်ခုနဲ့ ငါ နေမကောင်းဖြစ်နိုင်သလား။ သေနိုင်သလား။ ကပ်ဘေးတွေကို ခံရမှာလား။ အပြင်လောကကြီးမှာ စုံစမ်းသွေးဆောင်ခြင်းတွေရှိသလား” ဟူသောအရာများကို သင် အရေးမစိုက်နှင့်။ ဤသို့သောအရာများအား စဉ်းစားခြင်းသည် အသုံးမဝင်ပေ။ ပြီးလျှင် ယင်းတို့သည် သင်နှင့် သက်ဆိုင်ခြင်းမရှိ။ သင်သည် သမ္မာတရားအား လိုက်စားခြင်းနှင့် ဘုရားသခင်၏ လမ်းကို လျှောက်ခြင်းတို့ကိုသာ အရေးစိုက်ဖို့လိုသည်။ ပြင်ပလောက၏ ပတ်ဝန်းကျင်ကို အရေးစိုက်ဖို့ မလိုပေ။ ပြင်ပလောက၏ ပတ်ဝန်းကျင်က မည်သို့ရှိသည်ဖြစ်စေ သင်သည် ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်သည်။ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံကြားရှိ ဆက်ဆံရေးက ပြောင်းလဲမည်မဟုတ်။ သင်၏ ပင်ကိုလက္ခဏာက ပြောင်းလဲမည်မဟုတ်ပေ။ ပြီးလျှင် ဘုရားသခင်၏ အနှစ်သာရက ပြောင်းလဲမည် မဟုတ်ပေ။ သင်သည် အစဉ်သဖြင့် ဘုရားသခင်၏ လမ်းခရီးကို လျှောက်သင့်သော၊ သူ၏ နှုတ်ကပတ်တော်များကို နားထောင်ပြီး သူ့အား နာခံသင့်သောသူတစ်ယောက် ဖြစ်လိမ့်မည်။ ဘုရားသခင်သည် အစဉ်သဖြင့် သင့်အပေါ် အုပ်စိုးသောသူ၊ သင်၏ ကံကြမ္မာကို စီစဉ်သောသူ၊ ပြီးလျှင် ဘဝတစ်လျှောက်၌ သင့်ကို ဦးဆောင်သောသူ ဖြစ်လိမ့်မည်။ သူနှင့် သင်၏ ဆက်ဆံရေးက ပြောင်းလဲမည်မဟုတ်။ သူ၏ ပင်ကိုလက္ခဏာက ပြောင်းလဲမည်မဟုတ်ပေ။ ပြီးလျှင် သင်၏ ပင်ကိုလက္ခဏာက ပြောင်းလဲမည် မဟုတ်ပေ။ ဤအရာအားလုံးကြောင့် အချိန်က မည်သို့ဖြစ်စေ သင်၏တာဝန်၊ ဝတ္တရား၊ အမြင့်ဆုံးသောတာဝန်တို့သည် ဘုရားနှုတ်ကပတ်တော်ကို နားထောင်ရန်၊ ကျိုးနွံနာခံရန်နှင့် လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်မှာ မည်သည့်အခါမျှ မှားယွင်းမည် မဟုတ်ဘဲ ယင်းသည် အမြင့်ဆုံးသော စံနှုန်းဖြစ်သည်။ ဤပြဿနာသည် ပြေလည်သွားသလော။ (ပြေလည်သွားပါသည်။) ဤပြဿနာသည် ပြေလည်သွားသည်။ ငါ ရှင်းလင်းစွာ ပြောဆိုခဲ့သလော။ ငါသည် သင်တို့ထက် ပို၍ မှန်ကန်စွာ ပြောဆိုခဲ့သလော။ (ပြောဆိုခဲ့ပါသည်။) မည်သည်ပုံစံဖြင့် ငါမှန်ကန်သနည်း။ (ကျွန်ုပ်တို့သည် အကြမ်းဖျင်း ပြောနေခြင်းသာ ဖြစ်သော်လည်း ဘုရားသခင်က ဤပြဿနာကို အတော်ပင် နှံ့စပ်စွာ စိစစ်ခဲ့သည်။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရား ဖြစ်သည်ကိုလည်းကောင်း၊ လူတို့ လိုက်နာရမည့် လမ်းများကိုလည်းကောင်း၊ လူတို့အနေဖြင့် ဘုရားနှုတ်ကပတ်တော်ကို နားထောင်ပြီး သူ၏လမ်းခရီးများကို လိုက်လျှောက်သင့်သည်ကိုလည်းကောင်း မိတ်သဟာယဖွဲ့ခဲ့သည်။ ဘုရားသခင်သည် ဤအရာအားလုံးကို ရှင်းလင်းစွာ ပြောဆိုခဲ့သည်။) ငါပြောသည့်အရာသည် သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ “သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခု” ဆိုသည့်စကားသည် သဘောတရားတစ်ခုဖြစ်သဖြင့် ဤသဘောတရားကို မည်သည့်အရာက ထောက်ပံ့ပေးသနည်း။ ဤယခင်က ပြောဆိုခဲ့သော တိကျသော အချက်အလက်များနှင့် အကြောင်းအရာများဖြစ်သည်။ ဤအချက်အလက်များ အားလုံး၏ သက်သေအထောက်အထား ရှိသည်။ မည်သည့်တစ်ခုကမျှ လုပ်ကြံထားခြင်းမဟုတ်။ မည်သည့်တစ်ခုကမျှ စိတ်ကူးထားခြင်းမဟုတ်ပေ။ ယင်းတို့အားလုံးသည် အမှန်တရားများဖြစ်သည်၊ သို့မဟုတ် အမှန်တရားများ၏ အပြင်ပန်း ဖြစ်စဉ်၏ အနှစ်သာရနှင့် လက်တွေ့အရှိတရားတို့ ဖြစ်သည်။ သင်က ယင်းတို့ကို သဘောပေါက်နားလည်နိုင်လျှင် သင်က သမ္မာတရားအား နားလည်သည်ကို သက်သေပြသည်။ သင်တို့က ဖွင့်ဟပြောဆိုနိုင်ခြင်းမရှိသည့် အကြောင်းပြချက်မှာ သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို သင်တို့ နားမလည်သေးသကဲ့သို့ ဤဖြစ်စဉ်၏ ဖုံးကွယ်နေသော အနှစ်သာရနှင့် လက်တွေ့အရှိတရားကို နားမလည်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် သင်တို့၏ ခံစားချက်များနှင့် အသိအမြင်အကြောင်း အနည်းငယ်ကိုသာ ပြောဆိုကြသည်။ ယင်းမှာ သမ္မာတရားနှင့် အလွန်အလှမ်းဝေးလေသည်။ ဤသည်မှာ မမှန်ကန်သလော။ (မှန်ပါသည်။) ဤပြဿနာသည် ပြေလည်သွားသည်။ ထို့ကြောင့် ဤတွင် ထားလိုက်ကြပါစို့။ စိတ်ဝင်စားမှုများနှင့် ဝါသနာများ၏ ရလဒ်အဖြစ် ဖြစ်ပေါ်သည့် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လက်လွှတ်ခြင်းအကြောင်းအရာနှင့် ပတ်သက်၍ ဤမေးခွန်းအား ဖြည့်စွက်ချက်တစ်ခုအဖြစ် ပါဝင်ထည့်သွင်းရန် လိုအပ်သလော။ (လိုအပ်ပါသည်။) လိုအပ်ပေသည်။ မေးခွန်းတိုင်းက သမ္မာတရားအချို့နှင့် သက်ဆိုင်သည်။ ဆိုလိုသည်မှာ အမှန်တရားအချို့၏ လက်တွေ့အရှိတရား၊ အနှစ်သာရတို့နှင့် သက်ဆိုင်သည်။ လက်တွေ့အရှိတရားနှင့် အနှစ်သာရ၏ နောက်ကွယ်တွင် အစဉ်သဖြင့် ဘုရားသခင်၏ ကြိုတင်စီစဉ်မှုများ၊ အစီအစဉ်များ၊ စိတ်ကူးများနှင့် ဆန္ဒများရှိသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ ဘုရားသခင်၏ တိကျသော နည်းလမ်းအချို့အပြင် သူ၏ လုပ်ဆောင်မှုများ၏ အခြေပြုချက်၊ ပန်းတိုင်များနှင့် နောက်ခံတို့လည်း ရှိသည်။ ဤသည်တို့မှာ လက်တွေ့အရှိတရားဖြစ်သည်။
စိတ်ဝင်စားမှုများနှင့် ဝါသနာများမှ ဖြစ်ပေါ်လာသည့် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လက်လွှတ်ခြင်းအကြောင်းအရာကို မိတ်သဟာယပြု၍ ပြီးသည့်နောက်တွင် နောက်အကြောင်းအရာတစ်ခုကို ငါတို့ မိတ်သဟာယပြုသင့်သည်။ နောက်အကြောင်းအရာသည် အဘယ်နည်း။ လူတို့အနေဖြင့် အိမ်ထောင်မှ ဖြစ်ပေါ်သည့် ၎င်းတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လက်လွှတ်သင့်ခြင်းဖြစ်သည်။ သိသာစွာပင် ဤအကြောင်းအရာသည် အိမ်ထောင်နှင့် ဆက်စပ်သော အမျိုးမျိုးသော ပြဿနာအားလုံးနှင့် သက်ဆိုင်သည်။ ဤအကြောင်းအရာသည် စိတ်ဝင်စားမှုများနှင့် ဝါသနာများထက် အနည်းငယ်ပို၍ မကြီးသလော။ သို့သော် ယင်း၏ အရွယ်အစားကို မကြောက်နှင့်။ ငါတို့သည် ယင်းကို အနည်းငယ်ချင်းစီ ပိုင်းခြား၍ ကြည့်မည်။ ဤအကြောင်းအရာကို မိတ်သဟာမှတစ်ဆင့် တဖြည်းဖြည်းချင်း နားလည်ပြီး ပိုင်းခြားစိစစ်မည်။ ဤအကြောင်းအရာအပေါ်တွင် မိတ်သဟာယဖွဲ့ခြင်း၌ ငါတို့ ခံယူမည့် လမ်းစဉ်မှာ ဤတွင်ရှိသော ပြဿနာများ၏ အနှစ်သာရ၏ အမြင်ရှုထောင့်နှင့် သွင်ပြင်လက္ခဏာများထံမှ အိမ်ထောင်နှင့်ပတ်သက်သော ကိစ္စကို အပြုသဘော၊ အပျက်သဘောနှစ်ခုလုံး၌လည်းကောင်း၊ အိမ်ထောင်အပေါ် လူတို့၏ ကွဲပြားသောနားလည်မှုများကို မှန်ကန်သော၊ မမှန်ကန်သောနားလည်မှု နှစ်ခုလုံး၌လည်းကောင်း၊ အိမ်ထောင်တွင် ၎င်းတို့ ပြုလုပ်သည့်အမှားများကိုလည်းကောင်း၊ ထို့အပြင် ထိုကိစ္စကြောင့် ဖြစ်ပေါ်သော အမျိုးမျိုးသော မမှန်ကန်သည့် အယူအဆများနှင့် အမြင်များကိုလည်းကောင်း စိစစ်ခြင်းအပြင် အဆုံးတွင် အိမ်ထောင်မှ ဖြစ်ပေါ်လာသော လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လူတို့ လက်လွှတ်နိုင်ရန် ထောက်ကူပေးမည်ဖြစ်သည်။ “လက်လွှတ်ခြင်း”အား ဖြစ်မြောက်ရန် အကောင်းဆုံးနှင့် အလွယ်ကူဆုံး လက်တွေ့လုပ်ဆောင်မှုမှာ ဤသို့ဖြစ်သည်။ ရှေးဦးစွာ ပြဿနာများ၏ အနှစ်သာရကို သင်ရှင်းလင်းစွာ မြင်ပြီး ယင်းတို့မှာ အပြုသဘောဆောင်သလော၊ အပျက်သဘောဆောင်သလောဆိုသည်ကို ပိုင်းခြားသိမြင်ရမည်။ ထို့နောက်တွင် သင်သည် ပြဿနာများကို မှန်ကန်စွာနှင့် ဆင်ခြင်တုံတရားရှိစွာ ကိုင်တွယ်ဖြေရှင်းနိုင်ရမည်။ ဤသည်မှာ အမှုအရာများနှင့် ပတ်သက်ပြီး လှုပ်ရှားတက်ကြွမှု ရှိသောအပိုင်းဖြစ်သည်။ လှုပ်ရှားတက်ကြွမှု မရှိသောအပိုင်းတွင် သင်သည် ပြဿနာများက သင့်ထံသို့ ယူဆောင်လာသော မှားယွင်းသော အယူအဆများ၊ အမြင်များနှင့် သဘောထားများ၊ သို့မဟုတ် သင်၏ လူ့သဘာဝတွင် ထိုပြဿနာများက ဖြစ်ပေါ်စေသည့် အမျိုးမျိုးသော ထိခိုက်နစ်နာစေပြီး အပျက်သဘောဆောင်သော လွှမ်းမိုးမှုများကို နားလည်ပြီး ပိုင်းခြားသိမြင်နိုင်ရမည်။ ထို့နောက်တွင် ဤရှုထောင့်များမှနေ၍ လက်လွှတ်နိုင်ရမည်။ တစ်နည်းအားဖြင့်ဆိုသော် သင်သည် ဤပြဿနာများကြောင့် ဖြစ်ပေါ်သည့် မှားယွင်းသော အယူအဆများ၏ ချည်နှောင်ခြင်း၊ သို့မဟုတ် ချုပ်နှောင်ခြင်းကို မခံဘဲ၊ ထိုပြဿနာများက သင်၏ ဘဝကို ထိန်းချုပ်ပြီး သင့်အား ကွေ့ကောက်သောလမ်းသို့ ခေါ်ဆောင်သည်ကို မခံဘဲ၊ သို့မဟုတ် သင့်အား မှားယွင်းသော ရွေးချယ်မှုများပြုလုပ်ရန် ဦးဆောင်သည်ကို မခံဘဲ ဤပြဿနာများကို နားလည်ပြီး ပိုင်းသိမြင်နိုင်ရမည်။ အချုပ်အားဖြင့်ဆိုသော် အပြုသဘော၊ သို့မဟုတ် အပျက်သဘောအပေါ်တွင် ငါတို့ မိတ်သဟာယဖွဲ့သည်ဖြစ်စေ အဆုံးစွန်သော ပန်းတိုင်မှာ လူတို့အား အိမ်ထောင်၏ ပြဿနာကို ဆင်ခြင်တုံတရားရှိစွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့၊ ယင်းကို သဘောပေါက်နားလည်ပြီး ချဉ်းကပ်ဖို့ရန်အတွက် မှားယွင်းသော အယူအဆများနှင့် အမြင်များကို အသုံးမပြုဖို့၊ ယင်းအပေါ်တွင် မမှန်ကန်သော သဘောထားများလည်း မရှိဖို့ ထောက်ကူပေးရန် ဖြစ်သည်။ ဤသည်မှာ “လက်လွှတ်ခြင်း” အား လက်တွေ့လုပ်ဆောင်မှု၏ မှန်ကန်သော သဘောပေါက်နားလည်နိုင်စွမ်းဖြစ်သည်။ ကောင်းပြီ။ အိမ်ထောင်မှဖြစ်ပေါ်သော လိုက်စားမှုများ၊ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအပေါ်တွင် ငါတို့ ဆက်လက်၍ မိတ်သဟာယပြုကြစို့။ ရှေးဦးစွာ အိမ်ထောင်၏ အဓိပ္ပာယ်သတ်မှတ်ချက်ကိုလည်းကောင်း၊ အယူအဆက မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း ကြည့်ကြစို့။ သင်တို့အများစုသည် အိမ်ထောင်မပြုရသေးဘူး မဟုတ်လော။ သင်တို့အများစုသည် အရွယ်ရောက်သူများ ဖြစ်သည်ကို ငါတွေ့သည်။ အရွယ်ရောက်သူ ဖြစ်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်က အိမ်ထောင်ပြုနိုင်သည့်အရွယ်ကို ရောက်ရှိပြီး သို့မဟုတ် ကျော်လွန်သွားပြီး ဖြစ်သည်ဟု ဆိုလိုသည်။ သင်က ထိုအရွယ်တွင်ဖြစ်စေ၊ ထိုအရွယ်ကို ကျော်လွန်သွားပြီးဖြစ်စေ လူတိုင်း၌ မှန်ကန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ အိမ်ထောင်နှင့်သက်ဆိုင်သည့် အချို့သော အတော်အတန် သမားရိုးကျ အမြင်များ၊ အဓိပ္ပာယ်သတ်မှတ်ချက်များနှင့် အယူအဆများရှိကြသည်။ ထို့ကြောင့် အိမ်ထောင်ဆိုသည်မှာ အမှန်တကယ်တွင် မည်သည့်အရာဖြစ်သည်ကို ဦးစွာ စူးစမ်းရှာဖွေကြစို့။ ပထမအနေဖြင့် သင်တို့၏ ကိုယ်ပိုင်စကားအရ အိမ်ထောင်ဆိုသည်မှာ အမှန်တကယ်တွင် မည်သည့်အရာ ဖြစ်သနည်း။ မည်သူက အိမ်ထောင်ဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ဆိုသည်ကို ပြောဆိုရန် အရည်အချင်း ပြည့်မီသည်ကို ငါတို့ ပြောလိုလျှင် ယခင်က အိမ်ထောင်ပြုပြီးသူများ ဖြစ်ဖို့များသည်။ ထို့ကြောင့် အိမ်ထောင်ပြုပြီးသူများနှင့် ဦးစွာ စတင်ကြစို့။ ပြီးလျှင် ၎င်းတို့ ပြော၍ ပြီးသွားသည့်အခါ၌ လူလွတ် အရွယ်ရောက်သူများဆီသို့ ဆက်၍ သွားနိုင်သည်။ အိမ်ထောင်အပေါ် သင်တို့၏ အမြင်များကို သင်တို့ ပြောနိုင်သည်။ ပြီးလျှင် အိမ်ထောင်အပေါ် သင်တို့၏ သဘောပေါက်နားလည်မှုနှင့် အဓိပ္ပာယ်သတ်မှတ်ချက်ကို ငါတို့ နားထောင်မည်။ နားထောင်၍ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ သင်တို့ ပြောစရာရှိသည့်အရာကို ပြောလော့။ အိမ်ထောင်နှင့်ပတ်သက်သော ညည်းညူမှုများဖြစ်စေ၊ အိမ်ထောင်နှင့်ပတ်သက်သော မျှော်မှန်းချက်များဖြစ်စေ အားလုံးပြဿနာမရှိပေ။ (အိမ်ထောင်မပြုမီတွင် လူတိုင်း၌ မျှော်မှန်းချက်များ ရှိကြသည်။ လူအချို့က ချမ်းသာသော ဘဝနေမှုပုံစံကို နေထိုင်နိုင်ရန်အတွက် အိမ်ထောင်ပြုကြသည်။ အချို့မှာမူ မြင်းသိုးအဖြူတစ်ကောင်ပေါ်ရှိ မင်းသားတစ်ပါးကို ရှာဖွေလျက်၊ ၎င်းတို့သည် ပျော်ရွှင်သော ဘဝကို နေထိုင်ရလိမ့်မည်ဟု စိတ်ကူးယဉ်လျက် ပျော်ရွှင်သောအိမ်ထောင်ကို ရရှိအောင်အားထုတ်ကြသည်။ မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်အချို့ ဖြစ်မြောက်အောင်မြင်ရန် အိမ်ထောင်ကို အသုံးပြုလိုသော သူအချို့လည်း ရှိသည်။) ဤသို့ဆိုလျှင် သင်၏ အမြင်တွင် အမှန်တကယ်၌ အိမ်ထောင်ဆိုသည်မှာ အဘယ်နည်း။ အပေးအယူသဘောဖြစ်သလော။ ကစားပွဲတစ်ခု ဖြစ်သလော။ မည်သည့်အရာဖြစ်သနည်း။ သင်ပြောခဲ့သည့် အခြေအနေများထဲမှ အချို့မှာ ချမ်းသာစွာ နေထိုင်ခြင်း ဖြစ်သည်။ ယင်းမှာ အပေးအယူသဘောမျိုး ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (ကျွန်ုပ်အတွက်မူ အိမ်ထောင်သည် ကျွန်ုပ်တောင့်တသော၊ တမ်းတသောအရာတစ်ခုသာ ဖြစ်သည်ဟု ခံစားရသည်။) အခြားမည်သူ ပြောလိုသေးသနည်း။ အိမ်ထောင်သည်များတွင် အိမ်ထောင်နှင့်ပတ်သက်ပြီး မည်သည့်အသိအမြင်ရှိသနည်း။ အထူးသဖြင့် ဆယ်နှစ်၊ သို့မဟုတ် အနှစ်နှစ်ဆယ် အိမ်ထောင်ကျပြီးသူတို့၊ သင်တို့တွင် အိမ်ထောင်နှင့်ပတ်သက်ပြီး မည်သည့်ခံစားချက်များ ရှိသနည်း။ သင်တို့သည် ပုံမှန်အားဖြင့် အိမ်ထောင်နှင့်ပတ်သက်၍ ဆင်ခြင်သုံးသပ်ခြင်း အပြည့်ရှိသည်မဟုတ်လော။ တစ်ချက်အနေဖြင့် သင်တို့သည် ကိုယ့်အိမ်ထောင်နှင့်ကိုယ် အတွေ့အကြုံရှိကြသည်။ ပြီးလျှင် အခြားအချက်အနေဖြင့် သင်တို့အနီး၌ရှိသော အိမ်ထောင်များကို သင်တို့ မြင်တွေ့ပြီးဖြစ်သည်။ တစ်ချိန်တည်းတွင် စာအုပ်၊ စာပေနှင့် ရုပ်ရှင်တို့တွင် သင်တို့တွေ့မြင်ခဲ့သော အခြားသူများတို့၏ အိမ်ထောင်များကို သင်တို့ ထည့်သွင်းစဉ်းစားပြီးဖြစ်သည်။ ဤသို့ဆိုလျှင် ဤသွင်ပြင်လက္ခဏာများအရ အိမ်ထောင်ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ဟု သင်ထင်သနည်း။ သင်မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုမည်နည်း။ သင်မည်သို့ သဘောပေါက်နားလည်သနည်း။ အိမ်ထောင်ကို သင်မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ အိမ်ထောင်ပြုပြီးသောသူတို့၊ နှစ်အနည်းငယ် အိမ်ထောင်ကျပြီးသောသူတို့၊ အထူးသဖြင့် သားသမီးများကို ပျိုးထောင်ခဲ့သောသူတို့ အိမ်ထောင်အပေါ် သင်တို့၏ ခံစားချက်များသည် အဘယ်နည်း။ ပြောလော့။ (ကျွန်မ အနည်းငယ် ဖြည့်စွက်ပြောနိုင်ပါသည်။ ကျွန်မသည် ငယ်ရွယ်စဉ်ကတည်းက တီဗီအစီအစဉ်များစွာကို ကြည့်ခဲ့သည်။ ပျော်ရွှင်သော အိမ်ထောင်သည်ဘဝကို ကျွန်မ အစဉ်တောင့်တခဲ့သည်။ သို့သော် အိမ်ထောင်ကျပြီးနောက်တွင် ကျွန်မစိတ်ကူးခဲ့သည့် ပုံစံအတိုင်းမဟုတ်ဆိုသည်ကို သဘောပေါက်ခဲ့သည်။ အိမ်ထောင်ကျပြီးနောက်တွင် ကျွန်မလုပ်ဆောင်ရသည့် ပထမဆုံးအရာမှာ ကျွန်မ၏ မိသားစုအတွက် အလုပ်ကြိုးစားခြင်းဖြစ်သည်။ ယင်းသည် အလွန်မောပန်းသည်။ အခြားတစ်ချက်မှာ ကျွန်မ၏ ခင်ပွန်းနှင့် ကျွန်မ၏ ပင်ကိုစရိုက်ကြားတွင်လည်းကောင်း၊ ကျွန်မတို့ တောင့်တပြီး လိုက်စားသော အရာများကြားတွင်လည်းကောင်း သဟဇာတ မဖြစ်ခြင်းကြောင့်၊ အထူးသဖြင့် ကျွန်မတို့ လိုက်စားသည့် လမ်းများကြားရှိ ကွာခြားချက်ကြောင့် ကျွန်မတို့တွင် ဘဝ၌ ကွာခြားချက်များစွာရှိပြီး ငြင်းခုံရသည်အထိဖြစ်သည်။ ဘဝက ခက်ခဲသည်။ ဤအချိန်တွင် ကလေးတစ်ယောက်အနေဖြင့် ကျွန်မ တောင့်တခဲ့သည့် အိမ်ထောင်သည်ဘဝမျိုးသည် အမှန်တကယ်တွင် လက်တွေ့မဆန်ကြောင်းကို ကျွန်မ ခံစားမိခဲ့သည်။ ယင်းမှာ သာယာသော ဆန္ဒတစ်ခုသာဖြစ်ပြီး လက်တွေ့ဘဝမှာ ဤသို့မဟုတ်ပေ။ ဤသည်တို့မှာ အိမ်ထောင်အပေါ် ကျွန်မ၏ အတွေးများဖြစ်သည်။) ဤသို့ဆိုလျှင် အိမ်ထောင်အပေါ် သင်၏ သဘောပေါက်နားလည်မှုမှာ အိမ်ထောင်သည် ခါးသီးသည်။ ဤသည်မှာ မှန်ကန်သလော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် သင်၏ အမှတ်တရများ၊ မှတ်မိသောအရာများအားလုံးသည် ခါးသီးသည်၊ ပင်ပန်းသည်၊ စိတ်မချမ်းမြေ့ဖွယ်ကောင်းသည့်အပြင် ပြန်လည်၍ တွေးကြည့်ဖို့ပင် မခံနိုင်ပေ။ သင်သည် စိတ်မချမ်းမသာဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် သင်သည် အိမ်ထောင်အပေါ် ပို၍ကောင်းသော မျှော်မှန်းချက်များမရှိပေ။ အိမ်ထောင်သည် သင်၏ ဆန္ဒများနှင့် မကိုက်ညီဟုလည်းကောင်း၊ ကောင်းမွန်ခြင်း၊ သို့မဟုတ် ချစ်ကြည်နူးဖွယ်ရာ မရှိဟုလည်းကောင်း သင်ထင်သည်။ သင်သည် အိမ်ထောင်ကို အဖြစ်ဆိုးတစ်ခုအဖြစ် သဘောပေါက်နားလည်သည်။ ဤသည်မှာ သင်ဆိုလိုသည့်အရာဖြစ်သလော။ (ဟုတ်ပါသည်။) သင်၏ အိမ်ထောင်တွင် သင်လုပ်နိုင်သည့်အရာများ၌ဖြစ်စေ၊ သင်လုပ်ဆောင်လိုစိတ် မရှိသည့်အရာများ၌ဖြစ်စေ သင်သည် အရာရာတိုင်းနှင့် ပတ်သက်ပြီး အထူးပင် မောပန်းပြီး ခါးသီးသည်။ ဤသည်မှာ မှန်သလော။ (မှန်ပါသည်။) အိမ်ထောင်သည် ခါးသီးသည်။ ဤသည်မှာ ခံစားချက်တစ်မျိုးဖြစ်သည်။ လူတို့အနေဖြင့် နားလည်နိုင်သော၊ သို့မဟုတ် ၎င်းတို့ကိုယ်တိုင် ခံစားနိုင်သော ခံစားချက်တစ်ခုဖြစ်သည်။ ပုံစံက မည်သို့ဖြစ်စေ ယခုလက်ရှိတွင် ကမ္ဘာလောက၌ အိမ်ထောင်နှင့် မိသားစုအကြောင်းနှင့်ပတ်သက်ပြီး ကွဲပြားသော အဆိုများ အတော်များများ ရှိဖို့များသည်။ ရုပ်ရှင်များနှင့် စာအုပ်များတွင် တော်တော်များများရှိသည်။ ပြီးလျှင် လူ့အဖွဲ့အစည်း၌ အိမ်ထောင်မျိုးစုံကို ပြေလည်မှုရအောင် ဆောင်ရွက်ပေးရန်အတွက် ထိုအိမ်ထောင်များကို ခွဲခြမ်းစိတ်ဖြာပြီး စိစစ်သော၊ ထိုအိမ်ထောင်များ၌ ဖြစ်ပေါ်လာသော ကွဲလွဲမှုများကို ကိုင်တွယ်ပြီး ဖြေရှင်းသော အိမ်ထောင်ရေး ကျွမ်းကျင်သူများနှင့် လူမှုဆက်ဆံရေး ကျွမ်းကျင်သူများ ရှိကြသည်။ အဆုံးတွင် လူ့အဖွဲ့အစည်းသည် အိမ်ထောင်နှင့်ပတ်သက်သော ဆိုရိုးစကားအချို့ကို လူသိများအောင် လုပ်ဆောင်ခဲ့သည်။ အိမ်ထောင်နှင့်ပတ်သက်သော ဤလူသိများသော ဆိုရိုးစကားများထဲမှ မည်သည့်အရာကို သင်တို့ သဘောတူသနည်း၊ သို့မဟုတ် ကိုယ်ချင်းစာသနည်း။ (ဘုရားသခင်၊ လူ့အဖွဲ့အစည်း၌ ရှိသောလူတို့က အိမ်ထောင်သည် အုတ်ဂူတစ်ခုထဲသို့ ဝင်ရောက်ခြင်းနှင့် တူသည်ဟု မကြာခဏဆိုကြသည်။ အိမ်ထောင်ကျပြီးနောက်တွင်၊ မိသားစုတစ်ခုကို တည်ဆောက်ပြီး သားသမီးများရပြီးနောက်တွင် လူတို့၌ တာဝန်များရှိသည်မှာ ၎င်းတို့၏ မိသားစုကို ပံ့ပိုးရန်အတွက် မပြီးမဆုံးနိုင်အောင် အလုပ်လုပ်ရသည့်အပြင် လူနှစ်ဦး အတူတကွနေထိုင်ခြင်းမှ ဖြစ်ပေါ်လာသည့် စိတ်သဘောထား မတိုက်ဆိုင်ခြင်းလည်း ရှိပြီး ပြဿနာနှင့် အခက်အခဲမျိုးစုံ ဖြစ်ပေါ်သည်ဟူ၍ ကျွန်ုပ် ခံစားရသည်။) အတိအကျဆိုလျှင် ထိုစကားမှာ အဘယ်နည်း။ “အိမ်ထောင်သည် အုတ်ဂူတစ်ခုဖြစ်သည်” တရုတ်နိုင်ငံတွင် နာမည်ကြီးသော၊ လူသိများသော ဆိုရိုးစကားအချို့ ရှိသလော။ “အိမ်ထောင်သည် အုတ်ဂူတစ်ခုဖြစ်သည်” ဟူသည့် စကားစုသည် အလွန်ပင် လူသိမများသလော။ (လူသိများပါသည်။) အခြားမည်သည့်အရာ ရှိသေးသနည်း။ “အိမ်ထောင်သည် ဝိုင်းထားခြင်းခံရသည့် မြို့ဖြစ်သည်။ မြို့ပြင်တွင်ရှိသူများက အထဲသို့ ဝင်လိုသည်။ အထဲတွင်ရှိသူများက အပြင်သို့ ထွက်လိုသည်” အခြားမည်သည့်အရာရှိသနည်း။ “ချစ်ခြင်းမရှိသော အိမ်ထောင်သည် ကိုယ်ကျင့်တရားနှင့်မညီပေ” အိမ်ထောင်သည် ချစ်ခြင်း၏ သင်္ကေတတစ်ခုဖြစ်သည်၊ ချစ်ခြင်းမရှိသော အိမ်ထောင်သည် ကိုယ်ကျင့်တရားနှင့်မညီဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို့သည် ကိုယ်ကျင့်တရား၏ စံနှုန်းကို တိုင်းတာရန်အတွက် စိတ်ကူးယဉ်ဆန်သော ချစ်ခြင်းကို အသုံးပြုကြသည်။ ဤသည်တို့မှာ အိမ်ထောင်သည်များတွင် ရှိသော အိမ်ထောင်၏ အဓိပ္ပာယ်သတ်မှတ်ချက်နှင့် အယူအဆများဖြစ်သလော။ (ဟုတ်ပါသည်။) အတိုချုပ်အားဖြင့် အိမ်ထောင်သည်များသည် ခါးသီးမှုများဖြင့် ပြည့်နေသည်။ ယင်းကိုဖော်ပြရန် စကားစုတစ်ခုကို အသုံးပြုရလျှင် “အိမ်ထောင်သည် အုတ်ဂူတစ်ခုဖြစ်သည်” ဤမျှ ရိုးရှင်းသလော။ အိမ်ထောင်သည်များ ပြော၍ ပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် ယခုတွင် အိမ်ထောင်မကျသေးသော၊ လူလွတ်များက ပြောစရာရှိသည့်အရာများကို ငါတို့ နားထောင်နိုင်သည်။ အိမ်ထောင်နှင့်သက်ဆိုင်သည့် မိမိတို့၏ သဘောပေါက်နားလည်မှုကို မည်သူ ပြောဆိုလိုသနည်း။ ကလေးဆန်လျှင်ပင်၊ သို့မဟုတ် လက်တွေ့အရှိတရားနှင့် မသက်ဆိုင်သော စိတ်ကူးယဉ်မှု၊ သို့မဟုတ် မျှော်မှန်းချက်များဖြစ်လျှင်ပင် ပြဿနာမရှိပေ။ (ဘုရားသခင်၊ အိမ်ထောင်သည် လူနှစ်ဦးက အိမ်ထောင်ဖက်များအဖြစ် နေထိုင်ခြင်းဖြစ်သည်၊ နေစဉ်လိုအပ်ချက်များနှင့် သက်ဆိုင်သော ဘဝဖြစ်သည်ဟု ကျွန်ုပ် ခံစားရသည်။) သင်သည် ယခင်က အိမ်ထောင်ပြုဖူးသလော။ ကိုယ်ပိုင်အတွေ့အကြုံတစ်ခုခု ရှိသလော။ (မရှိပါ။) နေ့စဉ်လိုအပ်ချက်များ၊ အိမ်ထောင်ဖက်များအဖြစ် နေထိုင်ခြင်းဆိုသည်မှာ သင်အမှန်တကယ် ထင်သောအရာဖြစ်သလော။ လက်တွေ့ကျသလော။ (ကျွန်ုပ်၏ စံသတ်မှတ်ချက်အားဖြင့် အိမ်ထောင်မှာ ဤသို့မဟုတ်ပေ။ သို့သော် ဤသည်မှာ ကျွန်ုပ်၏ မိဘအရင်းများ၏ အိမ်ထောင်တွင် ကျွန်ုပ်မြင်တွေ့ခဲ့သောအရာဖြစ်သည်။) သင့်မိဘများ၏ အိမ်ထောင်မှာ ဤသို့ဖြစ်သော်လည်း သင်၏ စံသတ်မှတ်ချက်ထားသည့် အိမ်ထောင်က ဤသို့မဟုတ်။ အိမ်ထောင်နှင့်ပတ်သက်လာလျှင် သင်၏ သဘောပေါက်နားလည်မှုနှင့် လိုက်စားမှုက အဘယ်နည်း။ (ကျွန်မ ငယ်စဉ်အခါက ကျွန်မ၏ သဘောပေါက်နားလည်မှုမှာ ကျွန်မလေးစားသောသူကိုသာ ရှာပြီး ထို့နောက်တွင် သူနှင့်အတူ ပျော်ရွှင်စွာနှင့် ချစ်သူကြင်သူများအဖြစ် နေထိုင်ဖို့ရန်ဖြစ်သည်။) သင်သည် သူနှင့်အတူ နေထိုင်လိုသည်။ သူ၏ လက်ကို ကိုင်ပြီး အတူတကွ ကြီးပြင်းလိုသည်။ ဤသည်မှာ မှန်သလော။ (မှန်ပါသည်။) ဤသည်မှာ အိမ်ထောင်အပေါ် သင်၏ တိကျသော သဘောပေါက်နားလည်မှုဖြစ်သည်။ ယင်းတွင် သင်ကိုယ်တိုင် ပါဝင်သည်။ အခြားသူများကို ကြည့်ခြင်းမှ ယင်းကို သင် ရရှိခြင်းမဟုတ်။ အခြားသူများ၏ အိမ်ထောင်မှ သင်မြင်သောအရာသည် ၎င်းတို့၏ အပေါ်ယံဆန်သော အသွင်အပြင်သာဖြစ်သည်။ ပြီးလျှင် သင်သည် သင်ကိုယ်တိုင် မတွေ့ကြုံရသေးသောကြောင့် သင်မြင်သည့်အရာသည် အမှန်တရားများ၏ လက်တွေ့အရှိတရား ဖြစ်သလော၊ အမှန်တရားများ၏ အပေါ်ယံအသွင်အပြင်တစ်ခုသာ ဖြစ်သလောဆိုသည်ကို သင်မသိပေ။ သင်က စစ်မှန်သည်ဟု ထင်သောအရာသည် သင်၏ အယူအဆနှင့် အမြင်များတွင် ထာဝရရှိနေလိမ့်မည်။ လူငယ်တို့က အိမ်ထောင်အပေါ် နားလည်မှု၏ တစ်စိတ်တစ်ပိုင်းမှာ ၎င်းတို့ ချစ်ရသောသူနှင့် ချစ်သူကြင်သူအဖြစ် နေထိုင်ရန်၊ လက်ကိုကိုင်ပြီး အတူတကွ ကြီးပြင်းရန်နှင့် ဤဘဝကို အတူတကွ နေထိုင်ရန်ဖြစ်သည်။ သင်တို့အားလုံးတွင် အိမ်ထောင်အပေါ် အခြားသော သဘောပေါက်နားလည်မှု တစ်ခုခုရှိသလော။ (မရှိပါ။)
လူအချို့က “အိမ်ထောင်ဆိုတာ မင်းကို ချစ်တဲ့သူတစ်ယောက်ကို ရှာတွေ့တာပဲ။ သူက ချစ်ကြည်နူးဖွယ်ကောင်းလား၊ မကောင်းဘူးလားဆိုတာ အရေးမကြီးဘူး။ မင်းက သူ့ကို အရမ်းချစ်ဖို့လည်း အရေးမကြီးဘူး။ အနည်းဆုံးအနေနဲ့ သူက မင်းကို ချစ်သင့်တယ်။ သူ့ရဲ့ စိတ်နှလုံးထဲမှာ မင်းရှိသင့်တယ်၊ ပြီးတော့ လိုက်စားမှုတွေ၊ စံသတ်မှတ်ချက်တွေ၊ ပင်ကိုစရိုက်၊ စိတ်ဝင်စားမှုတွေနဲ့ ဝါသနာတွေက မင်းနဲ့ တူသင့်တယ်။ ဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက် အကြိုက်တူ၊ စရိုက်တူပြီး အတူတကွ နေထိုင်နိုင်တယ်” ဟု ဆိုကြသည်။ အခြားလူများက “အတူနေဖို့အတွက် ကိုယ်က ချစ်ပြီး ကိုယ့်ကိုချစ်တဲ့သူကို ရှာပါ။ ဒါကပဲ ပျော်ရွှင်ခြင်းဖြစ်တယ်” ဟု ဆိုသည်။ ပြီးလျှင် “စီးပွားရေးအရ ခိုင်မာတဲ့သူကို ရှာရမယ်၊ ဒါဆိုရင် ကိုယ့်ဘဝရဲ့ နောက်ပိုင်းအချိန်တွေမှာ အဝတ်အတွက်၊ အစားအစားအတွက် စိတ်ပူရမှာမဟုတ်ဘူး။ ဒါဆိုရင် ရုပ်ဝတ္ထုဘဝက ပေါများကြွယ်ဝလိမ့်မယ်၊ ပြီးတော့ ဆင်းရဲတဲ့ဒဏ်ကို ခံရမှာ မဟုတ်ဘူး။ သူ့အသက်၊ ဒါမှမဟုတ် သူ့ပုံစံက ဘယ်လိုပဲ ဖြစ်ပါစေ၊ သူ့စရိုက်က ဘယ်လိုပဲဖြစ်ပါစေ၊ သူကြိုက်တဲ့ အရာတွေက ဘယ်လိုပဲဖြစ်ပါစေ သူ့မှာပိုက်ဆံရှိရင် အဆင်ပြေပါတယ်။ သူက မင်းကို သုံးဖို့ ပိုက်ဆံပေးနိုင်ပြီး မင်းရဲ့ ရုပ်ဝတ္ထုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်သရွေ့ လက်ခံလို့ရတယ်။ ဒီလိုလူမျိုးနဲ့နေရင် ပျော်ရွှင်မှုကိုရတယ်။ ပြီးတော့ မင်းက ရုပ်ပိုင်းအရ သက်သောင့်သက်သာရှိလိမ့်မယ်။ ဒါက အိမ်ထောင်ပဲ” ဟူ၍ အိမ်ထောင်အပေါ် နားလည်သဘောပေါက်မှုမျိုး ရှိသော အခြားသူများရှိသည်။ ဤသည်တို့မှာ အိမ်ထောင်နှင့်ပတ်သက်၍ လူတို့က ပေးသော သတ်မှတ်ချက်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်အချို့ ဖြစ်သည်။ လူအများစုက အိမ်ထောင်ဟူသည် ချစ်သူကို ရှာတွေ့ခြင်း၊ ၎င်းတို့၏ အိပ်မက်များထဲမှ ချစ်သူ၊ ချောမောလှပသော မင်းသားကို ရှာတွေ့ခြင်းအပြင် သူနှင့်အတူ နေထိုင်ပြီး တစ်ဦးနှင့်တစ်ဦး အကြိုက်တူ၊ စရိုက်တူဖြစ်သည်ကို သိရခြင်းဟူ၍ နားလည်ကြသည်။ ဥပမာ လူအချို့သည် ၎င်းတို့၏ ချောမောလှပသော မင်းသားကို ထူးချွန်ပြောင်မြောက်သောသူတစ်ဦး၊ သို့မဟုတ် နာမည်ကြီးတစ်ဦးဖြစ်ဖို့၊ ငွေ၊ ကျော်ကြားမှုနှင့် ချမ်းသာကြွယ်ဝမှု ရှိသူတစ်ယောက်ဖြစ်ဖို့ စိတ်ကူးကြသည်။ ဤသို့သောသူနှင့် နေထိုင်ခြင်းသည်သာ အသိအမှတ်ပြု ချီးမွမ်းထိုက်သော၊ သာယာသောအိမ်ထောင်၊ ပြည့်စုံသော အိမ်ထောင်ဖြစ်ပြီး ဤသို့သောဘဝသည်သာ ပျော်ရွှင်သည်ဟု ၎င်းတို့က ထင်ကြသည်။ လူအချို့က ၎င်းတို့၏ ကြင်ရာဖက်ကို ဂုဏ်အဆင့်အတန်း ရှိသူတစ်ဦးဖြစ်ဖို့ စိတ်ကူးကြသည်။ လူအချို့က ၎င်းတို့၏ ကြင်ရာကို ချစ်စဖွယ်ကောင်းပြီး လှပသောသူတစ်ယောက်ဖြစ်ဖို့ စိတ်ကူးကြသည်။ လူအချို့က ၎င်းတို့၏ ကြင်ရာကို အဆက်အသွယ်ကောင်းသော၊ အင်အားကြီးသော၊ ဓနဥစ္စာပေါများသော မိသားစုမှ လူတစ်ယောက်၊ ချမ်းသာသောသူတစ်ယောက်ဖြစ်ရန် စိတ်ကူးကြသည်။ လူအချို့က ၎င်းတို့၏ ကြင်ရာကို သူ၏ အလုပ်တွင် ရည်မှန်းချက်ကြီးပြီး တော်သောသူဖြစ်ရန် စိတ်ကူးကြသည်။ လူအချို့သည် ၎င်းတို့၏ ကြင်ရာကို တစ်မူထူးခြားစွာ ပါရမီရှိဖို့ စိတ်ကူးကြသည်။ လူအချို့မှာ ၎င်းတို့၏ ကြင်ရာကို ထူးခြားသော စရိုက်အချို့ရှိဖို့ စိတ်ကူးကြသည်။ ဤအရာများနှင့် အခြားသောအရာများ အားလုံးမှာ အိမ်ထောင်နှင့်ပတ်သက်၍ လူတို့၌ရှိသည့် သတ်မှတ်ချက်များဖြစ်သည်။ ပြီးလျှင် ဤသည်တို့မှာ အိမ်ထောင်နှင့်ပတ်သက်၍ ၎င်းတို့၌ ရှိသည့် စိတ်ကူးများ၊ အယူအဆများနှင့် အမြင်များဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ အတိုချုပ်အားဖြင့် ယခင်က အိမ်ထောင်ပြုခဲ့သောသူများက အိမ်ထောင်သည် အုတ်ဂူတစ်ခုဖြစ်သည်၊ အိမ်ထောင်ပြုခြင်းသည် အုတ်ဂူသို့ ဝင်ရောက်ခြင်း၊ သို့မဟုတ် ဘေးဒုက္ခတစ်ခုဆီသို့ ဝင်ရောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ လူလွတ်များက အိမ်ထောင်အား အထူးပင် သာယာဖွယ် ကောင်းပြီး ချစ်ကြည်နူးဖွယ်ရာဖြစ်သည်ဟု စိတ်ကူးကြသည်။ ပြီးလျှင် ၎င်းတို့တွင် တောင့်တချက်နှင့် မျှော်မှန်းချက်များ အပြည့်ရှိသည်။ သို့သော် အိမ်ထောင်ကျပြီးသူဖြစ်စေ၊ အိမ်ထောင်မကျသူဖြစ်စေ မည်သူကမျှ အိမ်ထောင်အပေါ် ၎င်းတို့၏ သဘောပေါက်နားလည်မှု၊ သို့မဟုတ် အသိအမြင်ကို၊ သို့မဟုတ် အိမ်ထောင်၏ အမှန်တကယ် အဓိပ္ပာယ်သတ်မှတ်ချက်နှင့် အယူအဆကို အလွန်ရှင်းလင်းစွာ မပြောဆိုနိုင်ဘူး မဟုတ်လော။ (ဟုတ်ပါသည်။) အိမ်ထောင်ကို အတွေ့အကြုံရှိသူတို့က “အိမ်ထောင်က အုတ်ဂူတစ်ခုပဲ၊ ခါးသီးတယ်” ဟု ဆိုကြသည်။ လူလွတ်အချို့က “အိမ်ထောင်အပေါ် မင်းရဲ့ အသိအမြင်က မမှန်ဘူး။ အိမ်ထောင်က မကောင်းဘူးလို့ ပြောတယ်။ ဒါ မင်းက အရမ်း တစ်ကိုယ်ကောင်းဆန်လို့ပဲ။ မင်းရဲ့ အိမ်ထောင်မှာ သိပ်ပြီး အားထုတ်ခဲ့ဘူး။ မင်းရဲ့ အားနည်းချက်နဲ့ ပြဿနာအမျိုးမျိုးကြောင့် မင်းအိမ်ထောင်ကို ကမောက်ကမ အခြေအနေဖြစ်သွားအောင် လုပ်ခဲ့တယ်။ မင်းအိမ်ထောင်ကို မင်းကိုယ်တိုင်ဖျက်ဆီးပြီး ကွဲအောင်လုပ်ခဲ့တာ” ဟု ဆိုကြသည်။ အိမ်ထောင်မကျသေးသော လူလွတ်များကို ဤသို့ပြောသော အိမ်ထောင်သည်အချို့လည်းရှိသည်။ “မင်းက မသိနားမလည်တဲ့ ကလေးပဲ။ မင်း ဘာသိလဲ။ အိမ်ထောင်က ဘယ်လိုမျိုးလဲဆိုတာ မင်းသိလား။ အိမ်ထောင်က တစ်ယောက်တည်းနဲ့ဆိုင်တာ မဟုတ်ဘူး။ လူနှစ်ယောက်နဲ့ ဆိုင်တာလည်းမဟုတ်ဘူး။ မိသားစုနှစ်စုနဲ့ဆိုင်တယ်။ ဒါမှမဟုတ် မျိုးနွယ်စုနှစ်စုနဲ့တောင် သက်ဆိုင်တယ်။ အဲဒီမှာ ရိုးလည်း မရိုးရှင်း၊ လွယ်လည်း မလွယ်ကူတဲ့ ပြဿနာတွေ အများကြီးရှိတယ်။ လူနှစ်ယောက်နဲ့ပဲ သက်ဆိုင်တဲ့ လူနှစ်ယောက်တည်းရဲ့ ကမ္ဘာမှာတောင် သိပ်မရိုးရှင်းဘူး။ အိမ်ထောင်အပေါ် မင်းရဲ့ အသိအမြင်နဲ့ စိတ်ကူးယဉ်မှုက ဘယ်လိုပဲ သာယာပါစေ နေ့ရက်တွေ ကုန်လာတဲ့အခါမှာ နေ့စဉ်လိုအပ်ချက်တွေရဲ့ အသေးအဖွဲတွေကြောင့် လုံးပါးပါးသွားလိုက်တာဟာ နောက်ဆုံးမှာ အရည်အသွေးနဲ့ ဆွဲဆောင်မှုက မှေးမှိန်သွားလိမ့်မယ်။ မင်းက အိမ်ထောင်မကျသေးဘူးဆိုတော့ ဘာသိလဲ။ မင်းက တစ်ခါမှ အိမ်ထောင်မကျဖူးဘူး။ အိမ်ထောင်ကို မစီမံဖူးဘူး။ ဒါကြောင့် မင်းက အိမ်ထောင်ကို တန်ဖိုးဖြတ်ဖို့၊ ဒါမှမဟုတ် အကဲဖြတ်တဲ့မှတ်ချက်တွေ ပေးဖို့ အရည်အချင်းမပြည့်မီဘူး။ အိမ်ထောင်အပေါ် မင်းရဲ့ နားလည်မှုက စိတ်ကူးထင်မြင်ချက်ပဲ၊ လိုရာဆွဲတွေးတာပဲ။ လက်တွေ့အရှိတရားကို အခြေမခံဘူး” ဟူ၍ ဖြစ်သည်။ ယင်းကို မည်သူက ပြောသည်ဖြစ်စေ အရှိအတိုင်းဖြစ်သော အကြောင်းအရင်းတစ်ခုရှိသည်။ သို့သော် နောက်ဆုံးစာရင်းချုပ်လိုက်သည့်အခါ စင်စစ်အားဖြင့် အိမ်ထောင်ဆိုသည်မှာ အဘယ်နည်း။ မည်သည့်အမြင်ရှုထောင့်က အမှန်ကန်ဆုံး၊ အရှိအတိုင်းအဖြစ်ဆုံး ရှုမြင်သည့် နည်းလမ်းဖြစ်သနည်း။ မည်သည့်အရာက သမ္မာတရားနှင့် အညီဆုံးဖြစ်သနည်း။ မည်သို့ ရှုမြင်သင့်သနည်း။ ယခင်က အိမ်ထောင်ကို တွေ့ကြုံဖူးခဲ့သောသူများကိုပြောသည်ဖြစ်စေ၊ မတွေ့ကြုံခဲ့ဖူးသောသူများကို ပြောသည်ဖြစ်စေ တစ်ချက်မှာ အိမ်ထောင်အပေါ် ၎င်းတို့၏ အသိအမြင်သည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးထင်မြင်ချက်များဖြင့် ပြည့်နေသည်။ ပြီးလျှင် အခြားတစ်ချက်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် အိမ်ထောင်၌ ၎င်းတို့ ပါဝင်သော အခန်းကဏ္ဍနှင့်ပတ်သက်ပြီး စိတ်ခံစားချက်များဖြင့် ပြည့်နေသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က အမျိုးမျိုးသော ပတ်ဝန်းကျင်များ၌ ၎င်းတို့စောင့်ထိန်းသင့်သည့် စည်းမျဉ်းများကို နားမလည်သောကြောင့်၊ အိမ်ထောင်တွင် ၎င်းတို့ ပါဝင်သော အခန်းကဏ္ဍ၊ သို့မဟုတ် ၎င်းတို့ ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် ဝတ္တရားများကို နားမလည်သောကြောင့် အိမ်ထောင်နှင့်ပတ်သက်၍ ၎င်းတို့၏ ဆိုရိုးစကားအချို့သည် မလွှဲမရှောင်သာပင် စိတ်ခံစားမှုနှင့် သက်ဆိုင်သည်။ ပြီးလျှင် ၎င်းတို့၏ တစ်ကိုယ်ရေ တစ်ကိုယ်ကောင်းဆန်မှုနှင့် တစ်ဇွတ်ထိုးလုပ်ဆောင်မှု စသည်တို့ ပါဝင်သည်။ လူတစ်ဦးသည် အိမ်ထောင်ပြုပြီးဖြစ်စေ၊ မပြုရသေးသည်ဖြစ်စေ သူသည် သမ္မာတရား၏ ရှုထောင့်မှနေ၍ အိမ်ထောင်ကို မကြည့်လျှင်၊ ဘုရားသခင်ထံမှ သန့်စင်သော နားလည်မှုနှင့် အသိပညာမရှိလျှင် အိမ်ထောင်အပေါ် သူ၏ လက်တွေ့ကျသော ကိုယ်တိုင်ကိုယ်ကျ အတွေ့အကြုံအားလုံးမှ လွဲ၍ အိမ်ထောင်နှင့်ပတ်သက်သော သူ၏ အသိအမြင်သည် လူ့အဖွဲ့အစည်း၏၊ ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်၏ လွှမ်းမိုးမှုကို ကြီးမားသော အတိုင်းအတာအထိ ခံထားရသည်။ ယင်းသည် လူ့အဖွဲ့အစည်း၏ အခြေအနေ၊ ရေပန်းစားမှုများနှင့် အများပြည်သူ၏ ထင်မြင်ချက်များ၏ လွှမ်းမိုးခြင်းကိုလည်း ခံရပြီး လူ့အဖွဲ့အစည်း၏ အဆင့်တိုင်း၊ အလွှာတိုင်းရှိ လူများက အိမ်ထောင်နှင့်ပတ်သက်၍ ပြောသော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော၊ တစ်ဖက်သတ်ဆန်သော၊ ပြီးလျှင် လူသားမဆန်ဟု ပို၍ တိကျစွာ သတ်မှတ်ကောင်း သတ်မှတ်နိုင်သောအရာများ၏ လွှမ်းမိုးခြင်းကိုလည်း ခံရသည်။ အခြားသူများက ပြောသည့် ဤအရာများကြောင့် လူတို့သည် တစ်ဖက်တွင် ဤအတွေးများနှင့် အမြင်များ၏ လွှမ်းမိုးခြင်းနှင့် ထိန်းချုပ်ခြင်းကို အမှုမဲ့အမှတ်မဲ့ ခံရမည်ဖြစ်ပြီး အခြားတစ်ဖက်တွင် အိမ်ထောင်နှင့်ပတ်သက်၍ ရှုမြင်သည့် ဤသဘောထားများ၊ နည်းလမ်းများအပြင် အိမ်ထောင်ကို ကိုင်တွယ်သော ဤနည်းလမ်းများနှင့် အိမ်ထောင်ကျပြီး ဖြစ်သောသူများက ဘဝနှင့်ပတ်သက်၍ ထားရှိသော သဘောထားများကိုပါ အမှုမဲ့အမှတ်မဲ့ လက်ခံလိမ့်မည်။ ရှေးဦးစွာ လူတို့သည် အိမ်ထောင်နှင့်ပတ်သက်၍ အပြုသဘောဆောင်သော အသိအမြင်မရှိသကဲ့သို့ အပြုသဘောဆောင်သော၊ မှန်ကန်တိကျသော အသိပညာနှင့် သတိပြုမိခြင်း မရှိပေ။ ထို့အပြင် လူ့အဖွဲ့အစည်းနှင့် ကောက်ကျစ်ဆိုးယုတ်သော လူသားမျိုးနွယ်တို့ နှစ်ခုလုံးသည် ၎င်းတို့အပေါ် အိမ်ထောင်နှင့်ပတ်သက်ပြီး အပျက်သဘောဆောင်၍ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများကို သွတ်သွင်းသည်။ ထို့ကြောင့် အိမ်ထောင်နှင့်ပတ်သက်၍ လူတို့၏ အတွေးများနှင့် အမြင်များသည် လိုရာဆွဲတွေးလာပြီး ကောက်ကျစ်ဆိုးယုတ်ခြင်းပင် ဖြစ်လာသည်။ သင်သည် ဤလူ့အဖွဲ့အစည်းတွင် နေထိုင်ပြီး ရှင်သန်ကာ မြင်ရန် မျက်စိများရှိသရွေ့၊ ကြားရန် နားများရှိသရွေ့၊ မေးခွန်းများအား တွေးတောရန် အတွေးများရှိသရွေ့ သင်သည် ဤမှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် အမြင်များကို ကွဲပြားသော အတိုင်းအတာများဖြင့် လက်ခံလိမ့်မည်။ ဤအတွက်ကြောင့် အိမ်ထောင်နှင့်ပတ်သက်ပြီး မမှန်ကန်သော၊ တစ်ဖက်သတ်ဆန်သော နားလည်မှုနှင့် အသိအမြင်ကို ဖြစ်စေသည်။ ဥပမာ လွန်ခဲ့သောနှစ်တစ်ရာက ချစ်ကြည်နူးဖွယ်ရာ အချစ်ဆိုသည်မှာ မည်သည့်အရာ ဖြစ်သည်ကို လူတို့ နားမလည်ပေ။ အိမ်ထောင်အပေါ် ၎င်းတို့၏ နားလည်မှုက ရိုးရှင်းသည်။ တစ်စုံတစ်ယောက်က အိမ်ထောင်ပြု၍ရသော အရွယ်သို့ရောက်သောအခါတွင် အောင်သွယ်တစ်ဦးက သူ့ကို မိတ်ဆက်ပေးလိမ့်မည်။ သူ၏ မိဘများက အရာရာတိုင်းကို ကိုင်တွယ်လိမ့်မည်။ ပြီးလျှင် သူသည် ဆန့်ကျင်ဘက်လိင်နှင့် မင်္ဂလာပွဲကျင်းပမည်။ အိမ်ထောင်ပြုမည်။ ပြီးလျှင် ၎င်းတို့နှစ်ဦးသည် အတူတကွနေထိုင်ပြီး နေ့ရက်များကို ဖြတ်သန်းလိမ့်မည်။ ဤသို့အားဖြင့် ၎င်းတို့သည် အဆုံးသို့ ရောက်သည်အထိ ဤဘဝတစ်လျှောက်တွင် တစ်ယောက်ကိုတစ်ယောက် အဖော်ပြုလိမ့်မည်။ ဤသည်မှာ ရိုးရှင်းသော အိမ်ထောင်၏ ပုံစံဖြစ်သည်။ လူနှစ်ဦး၏ ကိစ္စဖြစ်သည်။ မတူညီသောမိသားစုမှ လူနှစ်ဦးသည် အတူတကွနေထိုင်ကြပြီး တစ်ဦးကိုတစ်ဦး အဖော်ပြုသည်။ တစ်ဦးကိုတစ်ဦး ကြည့်ရှုစောင့်ရှောက်သည်။ ပြီးလျှင် ဘဝသက်တမ်းတစ်လျှောက် အတူတကွ နေထိုင်ကြသည်။ ထိုမျှရိုးရှင်းသည်။ သို့သော် တစ်ချိန်တွင် လူတို့သည် ချစ်ကြည်နူးဖွယ်ရာ ချစ်ခြင်းဟု ၎င်းတို့ ခေါ်ဆိုသောအရာကို ယူဆောင်လာကြပြီး အိမ်ထောင်၏ အကြောင်းအရာတွင် ချစ်ကြည်နူးဖွယ်ရာ ချစ်ခြင်းကို ထည့်သွင်းကြသည်မှာ လက်ရှိအချိန်ကာလအထိပင် ဖြစ်သည်။ “ချစ်ကြည်နူးဖွယ်ရာ ချစ်ခြင်း” ဟူသည့် ဤဝေါဟာရသည်၊ သို့မဟုတ် ယင်း၏ အဓိပ္ပာယ်နှင့် အယူအဆသည် လူတို့က ၎င်းတို့၏ စိတ်နှလုံးတွင် အရှက်ရသော၊ သို့မဟုတ် ပြောဆိုရန် ခက်ခဲသောအရာတစ်ခု မဟုတ်တော့ပေ။ ထိုအစား ယင်းသည် လူတို့၏ အတွေးများ၌ အလွန်ပင် သဘာဝအလျောက် တည်ရှိပြီး လူတို့အနေဖြင့် ယင်းကို ဆွေးနွေးခြင်းသည် သဘာဝကျသည်မှာ အရွယ်မရောက်သေးသောသူများက ချစ်ကြည်နူးဖွယ်ရာ ချစ်ခြင်းဟု ၎င်းတို့ခေါ်ဆိုသောအရာကို ဆွေးနွေးကြသည်အထိပင် ဖြစ်သည်။ ဤသို့ဖြင့် ဤအတွေးမျိုး၊ အမြင်မျိုးနှင့် ပြောဆိုပုံမျိုးသည် လူတိုင်းအပေါ်၊ ယောက်ျားများနှင့် မိန်းမများအပေါ်၊ ကြီးသူနှင့် ငယ်သူတို့အပေါ် မသိမသာဖြင့် လွှမ်းမိုးမှုဖြစ်စေသည်။ ဤလွှမ်းမိုးမှုသည် အိမ်ထောင်နှင့်ပတ်သက်၍ လူတိုင်း၏ အသိအမြင်မှာ အလွန်ဟန်များရသည့် အကြောင်းရင်းဖြစ်သည်။ ပို၍ တိကျစွာဆိုရလျှင် ယင်းတို့သည် တစ်ဖက်သတ်ဆန်သည်။ လူတိုင်းက ချစ်ခြင်းကို စတင်၍ ကစားပြီး စိတ်ထက်သန်ပြင်းပြမှုကို ဆော့ကစားကြသည်။ လူ၏ “ချစ်ကြည်နူးဖွယ်ရာ ချစ်ခြင်း” ဟူသည့်အရာသည် ချစ်ခြင်းနှင့် စိတ်ထက်သန်ပြင်းပြခြင်းကို ပေါင်းစပ်ထားခြင်းသာဖြစ်သည်။က “ချစ်ခြင်း”ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ချစ်ခြင်းသည် ချစ်ခင်တွယ်တာမှုတစ်မျိုးဖြစ်သည်။ “စိတ်ထက်သန်ပြင်းပြမှု” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ တပ်မက်ခြင်းကို ဆိုလိုသည်။ အိမ်ထောင်သည် လူနှစ်ယောက်က ကြင်ဖော်ကြင်ဖက်များအဖြစ် နေ့ရက်များကို အတူတကွ ဖြတ်သန်းကြခြင်းကဲ့သို့ မရိုးရှင်းတော့ပေ။ ထိုအစား ချစ်ခင်တွယ်တာမှုနှင့် တပ်မက်ခြင်းအတွက် ကစားစရာတစ်ခု ဖြစ်လာသည်။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) လူတို့သည် အိမ်ထောင်ကို တပ်မက်ခြင်းနှင့် ချစ်ခင်တွယ်တာမှုတို့အား ပေါင်းစပ်ခြင်းအဖြစ် နားလည်လာကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့၏ အိမ်ထောင်များသည် ကောင်းနိုင်သလော။ ယောက်ျားနှင့် မိန်းမသည် ကောင်းစွာ မနေထိုင်သကဲ့သို့ ၎င်းတို့၏ တာဝန်များကိုလည်း ကောင်းမွန်စွာ မဖြည့်ဆည်းပေ။ ပြီးလျှင် ၎င်းတို့၏ နေ့ရက်များကို လက်တွေ့မကျသည့် ပုံစံဖြင့် ဖြတ်သန်းကြသည်။ ၎င်းတို့သည် ချစ်ခြင်း၊ စိတ်ထက်သန်ပြင်းပြမှု၊ ချစ်ခင်တွယ်တာမှုနှင့် တပ်မက်ခြင်းအကြောင်းကို မကြာခဏပြောဆိုကြသည်။ ၎င်းတို့သည် ဤသို့အားဖြင့် ချောမွေ့စွာနှင့် တည်ငြိမ်စွာ နေထိုင်နိုင်သည်ဟု သင်ထင်သလော။ (မထင်ပါ။) ဤစုံစမ်းသွေးဆောင်မှုများနှင့် ဖြားယောင်းမှုများကို ကျော်လွှားနိုင်သည့်သူ မည်သူရှိသနည်း။ ဤစုစမ်းသွေးဆောင်မှုများနှင့် ဖြားယောင်းမှုများကို မည်သူမျှ မကျော်လွှားနိုင်ပေ။ လူ့အဖွဲ့အစည်းတွင် လူတို့သည် တစ်ယောက်အပေါ်တစ်ယောက် တပ်မက်ခြင်း၊ ချစ်ခင်တွယ်တာမှုတို့နှင့် ပြည့်နေကြသည်။ ဤသည်မှာ ချစ်ကြည်နူးဖွယ်ရာ ချစ်ခြင်းဟု ၎င်းတို့ခေါ်သောအရာဖြစ်သည်။ ပြီးလျှင် ဤသည်မှာ အိမ်ထောင်နှင့် လက်ရှိခေတ် လူများနားလည်သည့် ပုံစံဖြစ်သည်။ ယင်းသည် အိမ်ထောင်နှင့်ပတ်သက်သော ၎င်းတို့၏ အမြင့်ဆုံးသော အကဲဖြတ်ချက်၊ အမြင်ဆုံးသော နှစ်သက်မှုဖြစ်သည်။ ထို့ကြောင့် လက်ရှိခေတ်လူများ၏ အိမ်ထောင်အခြေအနေသည် မမှတ်မိနိုင်လောက်အောင် ပြောင်းလဲခဲ့ပြီး ဆိုးဝါးသော၊ စိတ်မသက်မသာဖွယ်ဖြစ်သော အရှုပ်အထွေးထဲတွင် ရှိနေသည်။ အိမ်ထောင်သည် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်၏ ကိစ္စကဲ့သို့ မရိုးရှင်းတော့ပေ။ ထိုအစား ချစ်ခင်တွယ်တာမှုနှင့် တပ်မက်ခြင်းတို့နှင့် ဆော့ကစားနေရင်း လုံးလုံးလျားလျား စာရိတ္တပျက်ပြားလာသည့် လူအားလုံး၊ ယောက်ျားများနှင့် မိန်းမများ၏ အမှုကိစ္စဖြစ်လာသည်။ ကောက်ကျစ်ဆိုးယုတ်သော ရေပန်းစားမှုများ၏ ဖြားယောင်းမှုအောက်တွင် သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်သော အတွေးများ၏ စွဲမှတ်အောင် သွန်သင်မှုမှတစ်ဆင့် အိမ်ထောင်နှင့်ပတ်သက်သော လူတို့၏ နားလည်မှုနှင့် အမြင်ရှုထောင့်သည် ပုံပျက်လာကာ မူမမှန်ဖြစ်လာပြီး ကောက်ကျစ်ဆိုးယုတ်လာသည်။ ထို့အပြင် လူ့အဖွဲ့အစည်း၏ ရုပ်ရှင်များနှင့် တီဗီအစီအစဉ်များအပြင် စာပေနှင့် အနုပညာလက်ရာများကပါ အိမ်ထောင်နှင့်ပတ်သက်ပြီး အစဉ်ပို၍ ကောက်ကျစ်ဆိုးယုတ်ကာ အကျင့်ပျက်သော အနက်ပြန်ဆိုမှုများနှင့် အဆိုများကို အဆက်မပြတ် ချပြသည်။ ဒါရိုက်တာများ၊ စာရေးသူများနှင့် သရုပ်ဆောင်များ အားလုံးသည် အိမ်ထောင်ကို ဆိုးရွားသော အခြေအနေအဖြစ် အသေးစိတ် ရှင်းလင်းပြသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုနှင့် တပ်မက်မှု အပြည့်ရှိသည်မှာ သင့်လျော်သော အိမ်ထောင်သည် ပရမ်းပတာ ဖြစ်သွားသည်အထိ ဖြစ်စေသည်။ ထို့ကြောင့် ချစ်ကြည်နူးဖွယ်ရာ ချစ်ခြင်းရှိသည့် အချိန်ကတည်းက ကွာရှင်းမှုသည် လူသား၏ အဖွဲ့အစည်းတွင် ပိုပို၍ အဖြစ်များလာသလို ကာမပိုင်ရှိလျက် ဖောက်ပြန်သော အရေးကိစ္စများလည်း ပို၍ အဖြစ်များလာသည်။ မိဘက ကွာရှင်းခြင်းကြောင့်ဖြစ်သည့် ဒဏ်ကို မဖြစ်မနေ ခါးစည်းခံရသော၊ တစ်ခုလပ်အမေများ၊ သို့မဟုတ် တစ်ခုလပ်အဖေများနှင့်အတူ မဖြစ်မနေ နေထိုင်ရကာ ဤသို့အားဖြင့် မိမိတို့၏ ကလေးဘဝနှင့် ငယ်ရွယ်မှုကို ကုန်ဆုံးရသော၊ သို့မဟုတ် မိမိတို့မိဘများ၏ မသင့်လျော်သော အိမ်ထောင်အခြေအနေများအောက်၌ ကြီးပြင်းလာသော ကလေးများ ပို၍များလာသည်။ ဤမတူညီသော အိမ်ထောင်မှုဆိုင်ရာ အဖြစ်ဆိုးများအားလုံးအတွက်၊ ဤမမှန်ကန်သော၊ ပုံစံပျက်နေသော အိမ်ထောင်များအတွက် အကြောင်းရင်းမှာ လူ့အဖွဲ့အစည်းက ထောက်ခံအားပေးသည့် အိမ်ထောင်နှင့်ပတ်သက်သော အမြင်သည် တစ်ဖက်သတ်ဆန်ခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ ကိုယ့်ကျင့်တရားနှင့်မညီခြင်းဖြစ်သည်မှာ ၎င်းတို့၌ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားကင်းမဲ့သည်အထိ ဖြစ်ခြင်းဖြစ်သည်။ လူသားမျိုးနွယ်သည် အပြုသဘောဆောင်သော၊ သို့မဟုတ် သင့်တင့်လျောက်ပတ်သော အရာများအပေါ် တိကျသော နားလည်မှုမရှိသောကြောင့် လူတို့သည် လူ့အဖွဲ့အစည်းက ထောက်ခံအားပေးသော ဤအတွေးအမြင်များကို မည်မျှပင် ပုံပျက်နေပါစေ အမှုမဲ့အမှတ်မဲ့ဖြင့် လက်ခံလိမ့်မည်။ ဤအရာများသည် ကပ်ရောဂါကဲ့သို့ဖြစ်ပြီး သင်၏ ကိုယ်ခန္ဓာတစ်လျှောက်ပျံ့နှံ့သည်။ သင်၏ အတွေးတိုင်းနှင့် အယူအဆတိုင်းကို တိုက်စားသည်။ သင်၏ လူ့သဘာဝ၏ မှန်ကန်သော အစိတ်အပိုင်းများကို တိုက်စားသည်။ သင်၏ သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အလျင်အမြန်ပင် ဝေဝါးလာသည်၊ မရှင်းမလင်းဖြစ်လာသည်၊ သို့မဟုတ် အားနည်းလာသည်။ ထို့နောက်တွင် စာတန်ထံမှလာသည့် လိုရာဆွဲတွေးနေသော၊ ကောက်ကျစ်ဆိုးယုတ်သော၊ ကျင့်ဝတ်၊ ကိုယ်ကျင့်တရား ကင်းမဲ့သော ဤအတွေးများနှင့် အမြင်များသည် သင်၏ အတွေးများနှင့် စိတ်နှလုံးတို့၏ အတွင်းထဲတွင်၊ သင်၏ တွေးခေါ်ပုံတွင် သာလွန်သောနေရာနှင့် ကြီးစိုးသော အခန်းကဏ္ဍကို ယူလေသည်။ ဤအရာများသည် သာလွန်သောနေရာနှင့် ကြီးစိုးသော အခန်းကဏ္ဍကို ယူပြီးနောက်တွင် အိမ်ထောင်ကဲ့သို့သော ပြဿနာများအပေါ် သင်၏ အမြင်ရှုထောင့်သည် လျင်မြန်စွာဖြင့် ပုံပျက်ပြီး လိုရာဆွဲတွေးလာသည်။ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရား ကင်းမဲ့လာသည်မှာ ကောက်ကျစ်ဆိုးယုတ်လာသည်အထိ ဖြစ်သည်။ သို့သော် သင်ကိုယ်၌က ဤအရာကို မသိပေ။ ပြီးလျှင် ဤသည်မှာ လုံးဝ သင့်လျော်မှုရှိသည်ဟု သင်ထင်သည်။ “လူတိုင်းက ဒီလိုစဉ်းစားတာပဲ၊ ဒီတော့ ငါက ဘာလို့ ဒီလို မစဉ်းစားရမှာလဲ။ ဒီနည်းက သင့်တော်တယ်လို့ လူတိုင်းက စဉ်းစားတယ်ဆိုတော့ ငါလည်း ဒီလိုစဉ်းစားတာက မသင့်တော်ဘူးလား။ ဒီတော့ ဘယ်သူကမှ ချစ်ကြည်နူးဖွယ်ကောင်းတဲ့ ချစ်ခြင်းအကြောင်းပြောတာကို မရှက်ရင် ငါလည်း မရှက်သင့်ဘူး။ ပထမဆုံးအကြိမ်မှာ ငါက နည်းနည်းရှက်တယ်၊ နည်းနည်း ကသိကအောက်ဖြစ်တယ်၊ ငါ့ပါးစပ်ကို ဟဖို့ အခက်အခဲဖြစ်တယ်။ သုံးလေးကြိမ်လောက် ပြောပြီးတော့ ဘာမှမဖြစ်တော့ဘူး။ ဒီအကြောင်းကို ပိုနားထောင်၊ ပိုပြောလေ ငါ့ကိုယ်ပိုင်ဖြစ်သွားတယ်” ဟူ၍ ဖြစ်သည်။ မှန်သည်။ သင်သည် ပြောဆိုနေပြီး နားထောင်နေသည်။ ဤအရာသည် သင်၏ ကိုယ်ပိုင် ဖြစ်လာသည်။ သို့သော် အိမ်ထောင်၏ မှန်ကန်သော၊ နဂိုမူလဖြစ်သော နားလည်မှုသည် သင်၏ အတွေးများအတွင်းတွင် ခိုင်မာစွာ မရပ်တည်နိုင်ပေ။ ထို့ကြောင့် သင်သည် သာမန်လူတစ်ယောက်အနေဖြင့် သင်ရှိသင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆုံးရှုံးပြီးဖြစ်သည်။ ဆုံးရှုံးခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် “ချစ်ကြည်နူးဖွယ်ရာ ချစ်ခြင်း”ဟုဆိုသော အိမ်ထောင်ရေး အမြင်ကို လက်ခံပြီးဖြစ်သောကြောင့် ဖြစ်သည်။ ဤ“ချစ်ကြည်နူးဖွယ်ရာ ချစ်ခြင်း”ဟူသည့် အိမ်ထောင်ရေးအမြင်သည် အိမ်ထောင်အပေါ် သင်၏ သာမန်လူ့သဘာဝက ထားရှိသည့် ပင်ကိုနားလည်မှုနှင့် တာဝန်ခံယူစိတ်ကို ဝါးမြိုသွားခဲ့သည်။ အလွန်လျင်မြန်စွာပင် သင်သည် ချစ်ကြည်နူးဖွယ်ရာ ချစ်ခြင်းအပေါ် သင်၏ ကိုယ်ပိုင်နားလည်မှုကို သင်ကိုယ်တိုင်စတင်၍ လက်တွေ့လုပ်ဆောင်သည်။ အကြိုက်တူ၊ စရိုက်တူသည်ဟု သင်မြင်သောသူများကိုလည်းကောင်း၊ သင့်ကို ချစ်သောသူများကို၊ သို့မဟုတ် သင်က ချစ်သောသူများကိုလည်းကောင်း အဆက်မပြတ် ရှာဖွေသည်။ ပြီးလျှင် သင်သည် ချစ်ကြည်နူးဖွယ်ရာ ချစ်ခြင်းကို တရားမျှတသော နည်းလမ်းဖြင့်ဖြစ်စေ၊ ဆိုးရွားယုတ်မာသော နည်းလမ်းဖြင့်ဖြစ်စေ ရအောင်အားထုတ်ပြီး ကြီးစွာသော စိတ်ဆင်းရဲမှုများကို ခံကာ အလွန်ပင် အရှက်ကင်းမဲ့သည်မှာ ချစ်ကြည်နူးဖွယ်ရာ ချစ်ခြင်းအတွက် တစ်ဘဝလုံး၏ အားအင်တို့ကို သုံးစွဲသည်အထိဖြစ်လျှင် သင်သည် အဆုံးသတ်သွားပြီဖြစ်သည်။ ချစ်ကြည်နူးဖွယ်ရာ ချစ်ခြင်းအား ရအောင်အားထုတ်သည့် ဖြစ်စဉ်တွင် မိန်းမတစ်ယောက်က သူမအနေဖြင့် လေးစားသည့်သူတစ်ဦးကို တွေ့သည်ဆိုပါစို့။ သူမက “ငါတို့က ချစ်နေကြပြီဆိုတော့ လက်ထပ်ကြမယ်” ဟူ၍ စဉ်းစားသည်။ လက်ထပ်ပြီးနောက်တွင် သူမသည် ထိုသူနှင့် အချိန်တစ်ခဏကြာ နေထိုင်ပြီးနောက်တွင် သူ့၌ အားနည်းချက်အချို့ရှိသည်ကို သဘောပေါက်သွားပြီး သူမက “သူက ငါ့ကို မကြိုက်ဘူး၊ ငါကလည်း သူ့ကို တကယ်တမ်းတော့ မကြိုက်ဘူး။ ငါတို့နှစ်ယောက်က မသင့်တော်ဘူး။ ဒီတော့ ငါတို့ရဲ့ ချစ်ကြည်နူးဖွယ်ရာ ချစ်ခြင်းက အမှားတစ်ခုပဲ။ ဟုတ်ပြီ၊ ငါတို့ ကွာရှင်းကြမယ်” ဟူ၍ စဉ်းစားသည်။ ကွာရှင်းပြီးနောက်တွင် သူမသည် နှစ်နှစ်၊ သို့မဟုတ် သုံးနှစ်အရွယ်ရှိသည့်ကလေးကို ချီပြီး အခြားတစ်ယောက်ကို ရှာဖွေရန် ပြင်ဆင်ကာ “ငါ့ရဲ့ အရင်အိမ်ထောင်က အချစ်မပါတော့ နောက်အိမ်ထောင်မှာ စစ်မှန်တဲ့ ချစ်ကြည်နူးဖွယ်ကောင်းတဲ့ ချစ်ခြင်းရှိတာ သေချာအောင် လုပ်ဖို့လိုတယ်။ ဒီတစ်ကြိမ်မှာ ငါ သေချာအောင်လုပ်ရမယ်၊ ဒီတော့ အချိန်နည်းနည်းယူပြီး ဆန်းစစ်ရမယ်” ဟူ၍ တွေးသည်။ အချိန်အတန်ကြာပြီးနောက်တွင် သူမသည် အခြားတစ်စုံတစ်ယောက်နှင့် ဆုံတွေ့မိသည်။ “အင်း ငါ့အိပ်မက်ထဲက ချစ်သူပဲ။ ငါကြိုက်မယ်လို့ စိတ်ကူးထားတဲ့သူပဲ။ သူက ငါ့ကိုကြိုက်ပြီး ငါကလည်း သူ့ကိုကြိုက်တယ်။ သူက ငါနဲ့ ခွဲမနေနိုင်ဘူး။ ငါကလည်း သူနဲ့ ခွဲမနေနိုင်ဘူး။ ငါတို့က တစ်ခုနဲ့တစ်ခုဆွဲနေတဲ့ သံလိုက်နှစ်တုံးလိုပဲ။ အမြဲတမ်း အတူတူနေချင်တယ်။ ငါတို့က ချစ်နေကြပြီ၊ လက်ထပ်ကြရအောင်” ဟူ၍ ဖြစ်သည်။ ဤသို့ဖြင့် သူမသည် နောက်တစ်ဖန် အိမ်ထောင်ပြုသည်။ အိမ်ထောင်ပြုပြီးသည်နှင့် သူမသည် ကလေးနောက်တစ်ယောက် ထပ်ရသည်။ ပြီးလျှင် နှစ်နှစ်၊ သို့မဟုတ် သုံးနှစ်ကြာပြီးနောက်တွင် သူမက “ဒီလူမှာ ရှိတဲ့ အားနည်းချက်တွေက နည်းနည်းလေး မဟုတ်ဘူး။ ပျင်းလည်းပျင်းတယ်၊ အစားလည်းကြီးတယ်။ ကိုယ်ရည်သွေးပြီး ကြွားကလည်း ကြွားသေးတယ်၊ စကားလည်းများတယ်။ သူ့တာဝန်တွေကို မဖြည့်ဆည်းဘူး၊ သူရတဲ့ ပိုက်ဆံကို မိသားစုကို မပေးဘူး။ ပြီးတော့ တစ်နေကုန် အရက်သောက်ပြီး လောင်းကစားလုပ်တယ်။ ဒါ ငါချစ်ချင်တဲ့သူ မဟုတ်ဘူး။ ဒါ ငါချစ်တဲ့သူရဲ့ ပုံစံမဟုတ်ဘူး၊ ကွာရှင်းမယ်”ဟူ၍ တွေးသည်။ သူမသည် ကလေးနှစ်ယောက်ကို ချီလျက် နောက်တစ်ဖန် ကွာရှင်းပြန်သည်။ ကွာရှင်းပြီးနောက်တွင် သူမသည် စတင်စဉ်းစားလာသည်။ ချစ်ကြည်နူးဖွယ်ရာ ချစ်ခြင်းသည် အဘယ်နည်း။ သူမ မပြောနိုင်ပေ။ လူအချို့သည် အိမ်ထောင်နှစ်ဆက်၊ သို့မဟုတ် သုံးဆက်ပျက်ကြသည်။ အဆုံးတွင် ၎င်းတို့က အဘယ်သို့ ပြောသနည်း။ “ချစ်ကြည်နူးဖွယ်ရာ ချစ်ခြင်းကို ကျွန်မ မယုံကြည်ဘူး။ လူသားတွေကို ကျွန်မ ယုံကြည်တယ်” ဟူ၍ ဖြစ်သည်။ သင် မြင်သလော။ ၎င်းတို့သည် ချီတုံချတုံ ဖြစ်နေကြသည်။ ပြီးလျှင် မည်သည့်အရာအား ယုံကြည်သင့်သည်ကို ၎င်းတို့ မသိ။ အိမ်ထောင်ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ မသိ။ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးများနှင့် အမြင်ရှုထောင့်ကို ၎င်းတို့ လက်ခံသည်။ ပြီးလျှင် ဤအတွေးများနှင့် အမြင်ရှုထောင့်များကို ၎င်းတို့၏ စံနှုန်းများအဖြစ် အသုံးပြုသည်။ ဤအတွေးများနှင့် အမြင်ရှုထောင့်များကို ၎င်းတို့ကိုယ်တိုင် လက်တွေ့လုပ်ဆောင်သည်။ တစ်ချိန်တည်းတွင်ပင် ၎င်းတို့သည် အိမ်ထောင်နှင့် မိမိတို့ကိုယ်ကိုလည်း ချွတ်ခြုံကျစေသည်။ အခြားလူများကိုလည်း ချွတ်ခြုံကျစေသည်။ နောက်မျိုးဆက်နှင့် မိမိတို့ကိုယ်ကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ နှစ်ခုလုံး၌ အတိုင်းအတာအမျိုးမျိုးဖြင့် ထိခိုက်နစ်နာစေသည်။ ဤအရာများအားလုံးမှာ အိမ်ထောင်နှင့်ပတ်သက်ပြီး လူတို့က စိတ်ဆင်းရဲပြီး အကူအညီမဲ့ခြင်း၊ အိမ်ထောင်နှင့်ပတ်သက်ပြီး ၎င်းတို့၌ ကောင်းသော ခံစားချက်မရှိခြင်းတို့ ဖြစ်ရသည့် အကြောင်းရင်းဖြစ်သည်။ အိမ်ထောင်နှင့်ပတ်သက်၍ လူတို့၏ အမျိုးမျိုးသော အမြင်ရှုထောင့်များနှင့် အဓိပ္ပာယ်သတ်မှတ်ချက်များအပြင် အိမ်ထောင်နှင့်ပတ်သက်ပြီး ခေတ်သစ်လူများက ခံယူသည့် မမှန်ကန်သော အမြင်များ၏ ရလဒ်အနေဖြင့်ဖြစ်သော လူ၏ အိမ်ထောင်က ရောက်ရှိနေသော အခြေအနေကိုပါ ငါ ယခု မိတ်သဟာယပြုခဲ့သည်။ အချုပ်အားဖြင့်ဆိုသော် ခေတ်သစ်လူသား၏ အိမ်ထောင်၏ အခြေအနေသည် ကောင်းသလော၊ ဆိုးသလော။ (ဆိုးပါသည်။) ယင်းတွင် အလားအလာများမရှိပေ။ အကောင်းမမြင်ပေ။ ယင်းသည် အစဉ်ပင် ပြောင်းပြန်ဇောက်ထိုးဖြစ်နေလိမ့်မည်။ အရှေ့မှ အနောက်အထိ၊ တောင်မှ မြောက်အထိ လူသား၏ အိမ်ထောင်သည် ဆိုးရွားသော၊ မကောင်းသော အခြေအနေတွင် ရှိနေသည်။ လက်ရှိမျိုးဆက်ရှိလူများ၊ လေးဆယ်၊ ငါးဆယ်အရွယ်အောက်တွင် ရှိသောလူများအားလုံးသည် ယခင်နှင့် နောက်လာမည့်မျိုးဆက်၏ အိမ်ထောင် ကံဆိုးမှုအပြင် အိမ်ထောင်အပေါ် ဤမျိုးဆက်များ၏ အမြင်များနှင့် ၎င်းတို့၏ အိမ်ထောင်ပျက်ခြင်း အတွေ့အကြုံများကိုပါ မျက်မြင်ကြုံတွေ့ရသည်။ အသက်လေးဆယ်အောက်တွင်ရှိသော လူများစွာသည် ကံမကောင်းသော အိမ်ထောင်မျိုးစုံ၏ သားကောင်များ ဖြစ်ကြရသည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့ထဲမှ အချို့မှာ တစ်ခုလပ်အမေများဖြစ်ကြသည်။ အချို့မှာ တစ်ခုလပ်အဖေများ ဖြစ်ကြသည်။ နှိုင်းယှဉ်၍ပြောရလျှင် တစ်ခုလပ်အဖေများကမူ များစွာမရှိသည်မှာ မှန်သည်။ လူအချို့မှာ ၎င်းတို့၏ အမေအရင်း၊ ပထွေးတို့နှင့်အတူ ကြီးပြင်းသည်။ အချို့မှာ အဖေအရင်း၊ မိထွေးတို့နှင့်အတူ ကြီးပြင်းသည်။ ပြီးလျှင် အချို့မှာ ဖအေကွဲ၊ မအေကွဲမှ မွေးသော မွေးချင်းများနှင့်အတူ ကြီးပြင်းသည်။ အချို့တွင် ကွာရှင်းပြီး ပြန်လည်လက်ထပ်သော မိဘများရှိပြီး မည်သည့်မိဘကမျှ ၎င်းတို့ကို မလိုချင်သောကြောင့် မိဘမဲ့များဖြစ်လာကြသည်။ လူ့အဖွဲ့အစည်း၌ နှစ်အနည်းငယ်ကြာ အိုးနင်းခွက်နင်းဖြင့် ကျော်ဖြတ်လာပြီးနောက်တွင် အရွယ်ရောက်လာကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ပထွေး၊ သို့မဟုတ် မိထွေးဖြစ်လာသည်။ သို့မဟုတ် တစ်ခုလပ်အမေ၊ တစ်ခုလပ်အဖေ ဖြစ်လာကြသည်။ ဤသည်မှာ ခေတ်သစ်အိမ်ထောင်၏ အခြေအနေဖြစ်သည်။ ဤအတိုင်းအတာထိ ရှိသော အိမ်ထောင်နှင့်ပတ်သက်၍ လူသားမျိုးနွယ်၏ စီမံမှုသည် ၎င်းတို့အား စာတန်က ဖျက်ဆီးခြင်း၏ ရလဒ်မဟုတ်လော။ (ဟုတ်ပါသည်။) လူသားမျိုးနွယ်၏ အခြေခံအကျဆုံးသော ရှင်သန်မှုနှင့် မျိုးပွားမှု၏ ဤလိုအပ်သော ပုံစံသည် လုံးလုံးပင် ပုံပျက်အောင် ဖျက်ဆီးခံရကာ ရှုပ်ထွေးသွားခဲ့သည်။ လူသားမျိုးနွယ်က မည်သို့နေထိုင်သည်ဟု သင်ထင်သနည်း။ မိသားစုတစ်ခုစီ၏ ဘဝကို မြင်တွေ့ရသည်မှာ စိတ်အနှောင့်အယှက် ဖြစ်ဖွယ်ကောင်းသည်။ ကြည့်ရန်ပင် အလွန်ဆိုးဝါးသည်။ ဤအရာကို ငါတို့ ဆက်၍ မပြောဘဲနေကြစို့။ ပြောလေလေ၊ စိတ်အနှောင့်အယှက် ဖြစ်လေလေ မဟုတ်လော။
အိမ်ထောင်၏ အကြောင်းအရာကို ငါတို့ ပြောဆိုနေသည်ကို ကြည့်ခြင်းအားဖြင့် အိမ်ထောင်နှင့်ပတ်သက်၍ တိကျသော၊ မှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆက အမှန်တကယ်၌ မည်သို့ရှိသည်ကို ငါတို့ သိမြင်သင့်သည်။ အိမ်ထောင်၏ တိကျသော၊ မှန်ကန်သော၊ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆကို ငါတို့ ပြောဆိုနေသည့်အတွက် ဤအမှုကိစ္စနှင့်ပတ်သက်ပြီး ဘုရားသခင်က ပြောဆိုလုပ်ဆောင်ခဲ့သည့် အရာအားလုံးကို အခြေခံပြီး အိမ်ထောင်ကို မှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆတစ်ခုပေးရန်အတွက်လည်းကောင်း၊ အိမ်ထောင်၏ စစ်မှန်သော အခြေအနေကို ရှင်းလင်းပြရန်အတွက်လည်းကောင်း၊ အိမ်ထောင်ကို ဖန်တီးမှုနှင့် အိမ်ထောင်၏ ဖြစ်တည်မှုနောက်ကွယ်ရှိ နဂိုမူလရည်ရွယ်ချက်ကို ရှင်းလင်းရန်အတွက်လည်းကောင်း ဘုရားနှုတ်ကပတ်တော်တွင် အဖြေကို ငါတို့ရှာရမည်။ အိမ်ထောင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆကို ရှင်းလင်းစွာ မြင်လိုလျှင် လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်တို့ကို ကြည့်ရှုခြင်းအားဖြင့် စတင်ရမည်။ လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်တို့ကို ကြည့်ရှုခြင်းအားဖြင့် စတင်ခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ လူသားမျိုးနွယ်သည် ၎င်းတို့၏ ဘိုးဘေးဘီဘင်များ၏ အိမ်ထောင်ကြောင့် လက်ရှိအချိန်အထိ ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ယနေ့တွင် လူများစွာရှိနေခြင်း၏ အကြောင်းရင်း အရင်းအမြစ်မှာ အစအဦးတွင် ဘုရားသခင် ဖန်ဆင်းခဲ့သည့် လူတို့ကြားရှိ အိမ်ထောင်ဖြစ်သည်။ ထို့ကြောင့် အိမ်ထောင်၏ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆကို နားလည်လိုလျှင် လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်တို့၏ အိမ်ထောင်ကို ကြည့်ရှုခြင်းအားဖြင့် စတင်ရမည်။ လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်များအတွက် အိမ်ထောင်က မည်သည့်အချိန်က စတင်ခဲ့သနည်း။ လူကို ဘုရားသခင် ဖန်ဆင်းခြင်းမှ စတင်ခဲ့သည်။ ယင်းကို ကမ္ဘာဦးကျမ်းကဲ့သို့ စောစီးစွာ မှတ်တမ်းတင်ခဲ့သည်။ ထို့ကြောင့် ကျမ်းစာကို ငါတို့ဖွင့်ပြီး ဤကျမ်းပိုဒ်များက အဘယ်သို့ဆိုသည်ကို ကြည့်ရမည်။ လူအများစုက ဤအကြောင်းအရာကို စိတ်ဝင်စားသလော။ အိမ်ထောင်ကျပြီး ဖြစ်သောသူများက ပြောစရာ အကြောင်းအရာပင် လုံးဝမရှိဟုလည်းကောင်း၊ ဤအကြောင်းအရာသည် အလွန်ပင် အသစ်အဆန်း မဟုတ်ဟုလည်းကောင်း ထင်နိုင်သည်။ သို့သော် ငယ်ရွယ်သော လူလွတ်များက ဤအကြောင်းအရာကို အထူးပင် စိတ်ဝင်စားကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့က အိမ်ထောင်သည် နက်နဲသည်ဟုလည်းကောင်း၊ အိမ်ထောင်နှင့်ပတ်သက်ပြီး ၎င်းတို့မသိသောအရာများစွာ ရှိသည်ဟုလည်းကောင်း ထင်ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အရင်းအမြစ်မှစ၍ ပြောကြစို့။ ကမ္ဘာဦးကျမ်း ၂:၁၈ ကို တစ်ယောက်ဖတ်ပါ။ (“ထိုအခါ ယေဟောဝါ ဘုရားသခင်က လူသည် တစ်ယောက်တည်းနေမည်မှာ မကောင်းပေ။ သူ့အတွက် သူနှင့်သင့်တော်သော အထောက်အမကို ငါဖန်တီးမည်။”) ကမ္ဘာဦးကျမ်း ၂:၂၁-၂၄ ကို ဆက်၍ ဖတ်ပါ။ (“ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ နံရိုးတချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင်၊ ထိုအရိုးအစားအသားကို စေ့စပ်စေတော်မူ၏။ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူထဲကယူခဲ့သောနံရိုးဖြင့် မိန်းမတစ်ဦးကို ဖန်ဆင်းကာ လူသားထံသို့ သူမကို ဆောင်ခဲ့လေ၏။ ထို့နောက် အာဒံက ယခု ဤသူမှာ ငါ၏အရိုးများထဲကအရိုး၊ ငါ၏အသားထဲကအသား ဖြစ်၏၊ သူ့ကို လူ၏အထဲမှ ထုတ်ယူသောကြောင့် လူမိန်းမဟု ခေါ်ရမည်ဟု ဆိုလေသည်။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကို စွန့်၍၊ ကိုယ့်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။”) ကမ္ဘာဦးကျမ်း ၃:၁၆- ၁၉ ကို ဆက်၍ ဖတ်ပါ။ (“မိန်းမကိုလည်း၊ သင်၌ ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန် များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍သားဘွားရမည်။ ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်ဟု မိန့်တော်မူ၏။ ယောက်ျားကိုလည်း၊ ထိုအပင်၏ အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံးပင်ပန်းစွာ စားရမည်။ ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင် စားရမည်။ သင်ထွက်ရာမြေသို့ မပြန်မီတိုင်အောင်၊ သင်၏ မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။”) ဤနေရာတွင် ငါတို့ ရပ်မည်။ အခန်းကြီးနှစ်တွင် ကျမ်းချက်ငါးချက်ရှိပြီး အခန်းကြီးသုံးတွင် ကျမ်းချက်လေးချက်ရှိသည်။ စုစုပေါင်း ကျမ်းချက်ကိုးချက် ရှိသည်။ ကမ္ဘာဦးကျမ်းရှိ ကျမ်းချက်ကိုးချက်သည် တစ်စုံတစ်ခုကို ဖော်ပြသည်။ ယင်းမှာ လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်၏ အိမ်ထောင်ဖြစ်ပေါ်လာသည့် ပုံစံဖြစ်သည်။ ဤသည်မှာ မှန်သည်မဟုတ်သလော။ (မှန်ပါသည်။) ယခုတွင် သင်တို့ နားလည်သလော။ ယေဘုယျအဓိပ္ပာယ်ကို အနည်းငယ်ပို၍ နားလည်သလော။ မှတ်မိနိုင်သလော။ ဤနေရာတွင် ပြောဆိုနေသည့် အဓိကအရာမှာ အဘယ်နည်း။ (လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်၏ အိမ်ထောင် ဖြစ်ပေါ်လာသည့် ပုံစံဖြစ်ပါသည်။) ဤသို့ဆိုလျှင် အမှန်တကယ်တွင် မည်သို့ ဖြစ်ပေါ်လာသနည်း။ (ဘုရားသခင်က ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။) မှန်သည်။ ဤသည်မှာ ဤအရေးကိစ္စများနှင့်ပတ်သက်ပြီး မှန်ကန်သော အခြေအနေဖြစ်သည်။ ဘုရားသခင်က လူအတွက် ပြင်ဆင်ခဲ့သည်။ ဘုရားသခင်က အာဒံကို ဖန်ဆင်းခဲ့သည်။ ပြီးနောက်တွင် သူ့အတွက် လက်တွဲဖော်တစ်ဦး၊ သူ့အား ကူညီရန်၊ အဖော်ပြုရန်၊ သူနှင့်အတူနေထိုင်ရန် အိမ်ထောင်ဖက်တစ်ဦးကို ဖန်တီးခဲ့သည်။ ဤသည်မှာ လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်များအတွက် အိမ်ထောင်၏ ဇာစ်မြစ်ဖြစ်သည်။ ပြီးလျှင် လူသား၏ အိမ်ထောင်၏ အရင်းအမြစ်ဖြစ်သည်။ ဤသည်မှာ မှန်သည်မဟုတ်သလော။ (မှန်ပါသည်။) လူသား၏ အိမ်ထောင်၏ အရင်းအမြစ်ကို ငါတို့သိသည်။ ဘုရားသခင်က ကြိုတင်စီမံခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်အတွက် လက်တွဲဖော်တစ်ဦးကို ပြင်ဆင်ပေးခဲ့သည်။ အိမ်ထောင်ဖက်ဟုလည်း ခေါ်ဆိုနိုင်သည်။ ထို့နောက်တွင် ထိုအိမ်ထောင်ဖက်သည် ဘဝတစ်လျှောက်တွင် သူ့အား ကူညီပြီး အဖော်ပြုလိမ့်မည်။ ဤသည်မှာ လူသား၏ အိမ်ထောင်၏ နဂိုမူလနှင့် အရင်းအမြစ်ဖြစ်သည်။ ထို့ကြောင့် လူသားအိမ်ထောင်၏ နဂိုမူလနှင့် အရင်းအမြစ်ကို ကြည့်ပြီး ငါတို့သည် အိမ်ထောင်ကို မည်သို့ မှန်ကန်စွာ နားလည်သင့်သနည်း။ အိမ်ထောင်သည် အလေးအမြတ် ထားအပ်သည်ဟု သင်ဆိုမည်လော။ (ထားအပ်ပါသည်။) ယင်းသည် အလေးအမြတ် ထားအပ်သလော။ ယင်းသည် မွန်မြတ်သန့်စင်ခြင်းနှင့် သက်ဆိုင်မှုရှိသလော။ မရှိပါ။ ယင်းသည် အလေးအမြတ်ထားအပ်သည်ဟု မဆိုနိုင်ပေ။ အိမ်ထောင်ကို ဘုရားသခင်က စီစဉ်ပြီး ကြိုတင်စီမံခြင်း ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း၌ နဂိုမူလနှင့် အရင်းအမြစ်ရှိသည်။ ဘုရားသခင်က ပထမဆုံးသောလူကို ဖန်ဆင်းခဲ့သည်။ ထိုလူသည် သူ့အား ကူညီပြီး အဖော်ပြုရန်၊ သူနှင့်အတူ နေထိုင်ရန် ကြင်ဖော်ကြင်ဖက် တစ်ဦးလိုအပ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်က သူ့အတွက် ကြင်ဖော်ကြင်ဖက်တစ်ဦးကို ဖန်ဆင်းခဲ့သည်။ ထို့နောက်တွင် လူသားအိမ်ထောင်က ဖြစ်ပေါ်လာသည်။ ဤမျှသာဖြစ်သည်။ ဤမျှ ရိုးရှင်းသည်။ ဤသည်မှာ သင့်တွင်ရှိသင့်သည့် အိမ်ထောင်နှင့်ပတ်သက်သော အခြေခံနားလည်မှုဖြစ်သည်။ အိမ်ထောင်သည် ဘုရားသခင်ထံမှ လာသည်။ ဘုရားသခင်က စီစဉ်ပြီး ကြိုတင်စီမံသည်။ အနည်းဆုံးအနေဖြင့် ယင်းသည် အပျက်သဘောဆောင်သောအရာ မဟုတ်ဟု ဆိုနိုင်သည်။ ထိုအစား ယင်းသည် အပြုသဘောဆောင်သောအရာဖြစ်သည်။ အိမ်ထောင်သည် သင့်တင့်လျောက်ပတ်သည်ဟုလည်းကောင်း၊ လူသားဘဝ၏ လမ်းကြောင်းတွင်၊ လူတို့ဖြစ်တည်မှု၏ ဖြစ်စဉ်အတွင်းတွင် သင့်တင့်လျောက်ပတ်သောအပိုင်း ဖြစ်သည်ဟုလည်းကောင်း ဆိုနိုင်သည်။ ယင်းသည် ကောက်ကျစ်ဆိုးယုတ်ခြင်း မရှိသကဲ့သို့ လူသားမျိုးနွယ်ကို ဖျက်ဆီးရန် တန်ဆာပလာ၊ သို့မဟုတ် နည်းလမ်းလည်း မဟုတ်ပေ။ ယင်းသည် သင့်တင့်လျောက်ပတ်ပြီး အပြုသဘောဆောင်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ဖန်ဆင်းပြီး ကြိုတင်စီမံထားသောကြောင့် ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်က စီစဉ်သည်မှာ အမှန်ပင်ဖြစ်သည်။ လူသားအိမ်ထောင်သည် ဘုရားသခင်၏ ဖန်ဆင်းခြင်းမှ မြစ်ဖျားခံလာသည်။ ပြီးလျှင် ယင်းသည် သူကိုယ်တိုင်စီစဉ်ပြီး ကြိုတင်စီမံသည့်အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဤရှုထောင့်မှ ကြည့်လျှင် အိမ်ထောင်နှင့်ပတ်သက်ပြီး မိမိတွင်ရှိသင့်သော တစ်ခုတည်းသော ရှုထောင့်မှာ ယင်းသည် ဘုရားသခင်ထံမှ လာသည်၊ သင့်တင့်လျောက်ပတ်ပြီး အပြုသဘောဆောင်သောအရာ ဖြစ်သည်၊ အပျက်သဘောဆောင်သော၊ ကောက်ကျစ်ဆိုးယုတ်သော၊ တစ်ကိုယ်ကောင်းဆန်သော၊ သို့မဟုတ် မှောင်မိုက်သောအရာတစ်ခု မဟုတ်ဟူ၍ ဖြစ်သည်။ လူသားထံမှ မလာသကဲ့သို့ စာတန်ထံမှလည်း မလာပေ။ ယင်းသည် သဘာဝအတွင်းတွင် သဘာဝဆန်စွာ ဖြစ်ပေါ်လာခြင်းမှာ ပို၍ပင် မဟုတ်ပေ။ ထိုအစား ဘုရားသခင်က ယင်းကို သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းကာ စီစဉ်ပြီး ကြိုတင်စီမံခဲ့သည်။ ဤသည်မှာ လုံးဝ သေချာသည်။ ဤသည်မှာ အိမ်ထောင်နှင့်ပတ်သက်၍ နဂိုမူရင်း အဖြစ်ဆုံးသော၊ အတိကျဆုံးသော အဓိပ္ပာယ်သတ်မှတ်ချက်နှင့် အယူအဆ ဖြစ်လေသည်။
ယခုတွင် လူတို့၌ ရှိသင့်သည့် အိမ်ထောင်နှင့်ပတ်သက်၍ တိကျသော အယူအဆနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သင်တို့ နားလည်သောအခါ ကြည့်ကြစို့။ အိမ်ထောင်နှင့်ပတ်သက်၍ ဘုရားသခင်၏ ကြိုတင်စီမံမှုနှင့် အစီအစဉ်တို့နောက်ကွယ်ရှိ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤအရာကို ငါတို့ ယခုဖတ်ခဲ့သည့် ကျမ်းပိုဒ်များတွင် ပြောထားသည်။ အတိအကျဆိုရသော် လူသားမျိုးနွယ်တွင် အဘယ်ကြောင့် အိမ်ထောင်ရှိသည်၊ ဘုရားသခင်၏ အတွေးများက မည်သို့ရှိသည်၊ ထိုအချိန်၏ အခြေအနေနှင့် အနေအထားများက အဘယ်သို့ရှိသည်၊ ပြီးလျှင် မည်သည့်အခြေအနေမျိုးအောက်တွင် ဘုရားသခင်က လူကို ဤအိမ်ထောင်အားပေးခဲ့သည်ဆိုသည်တို့ကို ပြောထားသည်။ ယေဟောဝါဘုရားသခင်က ဤသို့ ပြောခဲ့သည်။ “လူသည် တစ်ယောက်တည်းနေမည်မှာ မကောင်းပေ။ သူ့အတွက် သူနှင့်သင့်တော်သော အထောက်အမကို ငါဖန်တီးမည်။” ဟူ၍ဖြစ်သည်။ ထိုစကားများသည် အချက်နှစ်ချက်ကို ပြောထားသည်။ ရှေးဦးစွာ ဤလူသည် ကြင်ဖော်ကြင်ဖက် မရှိဘဲ၊ စကားပြောရန် တစ်ယောက်ယောက်မရှိဘဲ၊ သို့မဟုတ် သူ၏ ပျော်ရွှင်မှုနှင့် အတွေးများကို မျှဝေရန် အဖော်မရှိဘဲ တစ်ကိုယ်တည်းဖြစ်နေခြင်းမှာ အထီးကျန်လွန်းသည်ဟူ၍ ဘုရားသခင်က မြင်ခဲ့သည်။ သူ၏ ဘဝသည် ခြောက်သွေ့လိမ့်မည်၊ ပေါ့ပြက်လိမ့်မည်၊ စိတ်ဝင်စားစရာ ကောင်းမည်မဟုတ်ဆိုသည်ကို ဘုရားသခင်က မြင်ခဲ့သည်။ ထို့ကြောင့် သူ့၌ အတွေးတစ်ခု ပေါ်သည်။ လူတစ်ဦးတည်းက အနည်းငယ် အထီးကျန်သည်။ ထို့ကြောင့် သူ့အတွက် ကြင်ဖော်ကြင်ဖက်တစ်ယောက် ဖန်တီးပေးရမည်။ ဤကြင်ဖော်ကြင်ဖက်သည် သူ၏ အိမ်ထောင်ဖက်ဖြစ်လိမ့်မည်။ နေရာတိုင်း၌ သူ့ကို အဖော်ပြုပြီး အရာရာတိုင်းကို ကူညီလုပ်ဆောင်ပေးမည်။ သူမသည် သူ၏ ကြင်ဖော်ကြင်ဖက်နှင့် အိမ်ထောင်ဖက်ဖြစ်လိမ့်မည်။ ကြင်ဖော်ကြင်ဖက်တစ်ဦး၏ အသုံးဝင်ပုံမှာ ဘဝတစ်လျှောက် သူ့အား အဖော်ပြုရန်၊ သူ့ဘဝ၏ လမ်းကြောင်းပေါ်တွင် သူနှင့်အတူ အတူတကွ ဆက်လက်လျှောက်လှမ်းရန်ဖြစ်သည်။ ဆယ်နှစ်၊ နှစ်နှစ်ဆယ်၊ နှစ်တစ်ရာ၊ သို့မဟုတ် နှစ်နှစ်ရာဖြစ်စေ ဤကြင်ဖော်ကြင်ဖက်သည် သူ၏ နံဘေးတွင်ရှိသူ၊ နေရာတိုင်း၌ သူနှင့်ရှိသူ၊ သူနှင့် စကားပြောမည့်သူ၊ သူနှင့် ပျော်ရွှင်မှု၊ နာကျင်မှု၊ စိတ်ခံစားချက်တိုင်းကို မျှဝေမည့်သူ၊ တစ်ချိန်တည်းတွင် သူ့အား အဖော်ပြုပြီး တစ်ဦးတည်း မဖြစ်စေရန်၊ သို့မဟုတ် အထီးမကျန်စေရန် သူ့အား ပြုလုပ်ပေးမည့်သူ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ စိတ်ထဲတွင် ဖြစ်ပေါ်လာသော ဤအတွေးများနှင့် အယူအဆများသည် လူတို့အိမ်ထောင်၏ အရင်းအမြစ်ဖြစ်သည်။ ဤအခြေအနေများအောက်တွင် ဘုရားသခင်က အခြားသောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည်။ ကျမ်းစာမှတ်တမ်းကို ငါတို့ ကြည့်ကြစို့။ (“ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ နံရိုးတချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင်၊ ထိုအရိုးအစားအသားကို စေ့စပ်စေတော်မူ၏။ ထိုအခါ ယေဟောဝါ ဘုရားသခင်သည် လူထဲကယူခဲ့သောနံရိုးဖြင့် မိန်းမတစ်ဦးကို ဖန်ဆင်းကာ လူသားထံသို့ သူမကို ဆောင်ခဲ့လေ၏။”) ဘုရားသခင်က လူထံမှ နံရိုးတစ်ချောင်းကို ယူပြီး မြေစေးကိုယူသည်။ ပြီးလျှင် အခြားလူတစ်ယောက် ပြုလုပ်ရန် ထိုနံရိုးကို အသုံးပြုသည်။ ဤလူသည် လူ၏ နံရိုးမှ ပြုလုပ်ထားခြင်း၊ သူ၏ နံရိုးမှ ဖန်တီးထားခြင်းဖြစ်သည်။ အရပ်သုံးစကားဖြင့်ဆိုလျှင် အာဒံ၏ အဖော်ဖြစ်သည့် ဤလူသည် သူ၏ ကိုယ်ခန္ဓာမှ ယူဆောင်ထားသော အသွေးအသားမှ ဖန်တီးထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူမသည် သူ၏ ကြင်ဖော်ကြင်ဖက် ဖြစ်သည်၊ သူမသည်လည်း သူ၏ ကိုယ်ခန္ဓာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု မဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) တစ်နည်းအားဖြင့် သူမသည် သူ့ထံမှ ဆင်းသက်လာခဲ့သည်။ သူမကို ဖန်တီးပြီးနောက်တွင် အာဒံက သူမကို အဘယ်သို့ ခေါ်သနည်း။ “မိန်းမ” ဟူ၍ ဖြစ်သည်။ အာဒံသည် ယောက်ျားဖြစ်သည်။ သူမသည် မိန်းမဖြစ်သည်။ သိသာထင်ရှားစွာပင် ဤလူနှစ်ဦးတို့သည် မတူညီသောလိင်ဖြင့် လူနှစ်ဦးဖြစ်၏။ ဘုရားသခင်က ရှေးဦးစွာ အဖို၏ ဇီဝကမ္မဆိုင်ရာ စရိုက်လက္ခဏာများဖြင့် လူတစ်ဦးကို ပြုလုပ်သည်။ ထို့နောက် အဖိုထံမှ နံရိုးကိုယူပြီး အမ၏ ဇီဝကမ္မဆိုင်ရာ စရိုက်လက္ခဏာများဖြင့် လူတစ်ဦးကို ဖန်တီးခဲ့သည်။ ဤလူနှစ်ဦးသည် တစ်ဦးတည်းအဖြစ် အတူတကွ နေထိုင်ကြသည်။ ဤသည်မှာ အိမ်ထောင်ကို ဖြစ်စေသည်။ ဤသို့ဖြင့် အိမ်ထောင် ဖြစ်ပေါ်လာသည်။ ထို့ကြောင့် လူတစ်ယောက်ကို မည်သည့်မိဘမျိုးက ပျိုးထောင်သည်ဖြစ်စေ အဆုံးတွင် ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ကြိုတင်စီမံမှုနှင့် အစီအစဉ်များအောက်တွင် လက်ထပ်ထိမ်းမြားပြီး ၎င်းတို့၏ ကြင်ရာနှင့် ပူးပေါင်းဖို့ လိုအပ်ကာ လမ်းဆုံးအထိ လျှောက်ရန် လိုအပ်သည်။ ဤသည်မှာ ဘုရားသခင်၏ စီမံမှုဖြစ်သည်။ တစ်ချက်အနေဖြင့် ဤအရာကို အရှိအတိုင်း ကြည့်လျှင် လူတို့သည် ကြင်ဖော်ကြင်ဖက်များ လိုအပ်သည်။ အခြားတစ်ချက်အနေဖြင့် စိတ်ခံစားချက်အားဖြင့် ကြည့်လျှင် အိမ်ထောင်ကို ဘုရားသခင်က စီမံခြင်းဖြစ်သည်ကို တွေ့ရခြင်းအားဖြင့် ခင်ပွန်းနှင့် ဇနီးသည် တစ်ဦးတည်းဖြစ်သင့်သည်။ ခွဲခြား၍ မရနိုင်သော ပုဂ္ဂိုလ်တစ်ဦးတည်းဖြစ်သင့်သည်။ ဤသည်မှာ စိတ်ခံစားချက်အရရော၊ အရှိအတိုင်းပါ ဖြစ်သော အချက်ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးချင်းစီသည် ၎င်းတို့မွေးဖွားခဲ့သည့် မိသားစုထံမှ ထွက်ခွာရန်လည်းကောင်း၊ အိမ်ထောင်ပြုရန်လည်းကောင်း၊ ၎င်းတို့၏ ကြင်ရာနှင့် မိသားစုကို တည်ဆောက်ရန်လည်းကောင်း လိုအပ်သည်။ ဤသည်မှာ ရှောင်လွှဲ၍ မရပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ ဘုရားသခင်က စီမံထားခြင်းကြောင့်ဖြစ်ပြီး လူ၏ အစအဦး၌ ဘုရားသခင်က စီစဉ်ခဲ့သောအရာတစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။ ဤသည်မှာ လူတို့အား မည်သည့်အရာကို ပြနေသနည်း။ သင်၏ ကြင်ရာကို မည်သူဖြစ်ရမည်ဟု သင်မည်သို့ စိတ်ကူးသည်ဖြစ်စေ၊ သူသည် သင်က သင့်ဘက်မှ စိတ်ခံစားချက်အားဖြင့် လိုအပ်သော၊ မျှော်လင့်သောသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သူ၏ နောက်ခံက မည်သို့ရှိသည်ဖြစ်စေ သင်လက်ထပ်မည့်သူသည်၊ သင်နှင့်အတူ မိသားစုတစ်ခုကို တည်ဆောက်ပြီး ဤဘဝကို ကုန်ဆုံးမည့်သူသည် ဘုရားသခင်က သင့်အတွက် စီစဉ်ပေးပြီး ကြိုတင်စီမံထားပြီးဖြစ်သောသူ အသေအချာပင်ဖြစ်သည်။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ (ဘုရားသခင်၏ စီမံမှု ဖြစ်သည်။) အကြောင်းရင်းမှာ ဘုရားသခင်၏ စီမံမှုဖြစ်သည်။ ယခင်က ဘဝများ၏ အခြေအနေမှနေ၍၊ သို့မဟုတ် ဘုရားသခင်၏ အမြင်ရှုထောင့်မှနေ၍ ကြည့်လျှင် အိမ်ထောင်ပြုသော ခင်ပွန်းနှင့် ဇနီးသည် စင်စစ်အားဖြင့် တစ်ဦးတည်းဖြစ်သည်။ ထို့ကြောင့် သင်က တစ်ဦးတည်း ဖြစ်မည့်သူနှင့် လက်ထပ်ပြီး သင့်ဘဝကို ကုန်ဆုံးရန် ဘုရားသခင်က သင့်အတွက် စီစဉ်ပေးသည်။ ရိုးရှင်းစွာ ဆိုလျှင် ဤသို့သာဖြစ်သည်။ သင် လက်ထပ်သည့်သူသည် သင့်အိပ်မက်ထဲက ချစ်သူဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သူသည် သင်၏ ချောမောလှပသော မင်းသားလေးဖြစ်စေ၊ သူသည် သင်မျှော်လင့်သည့်သူဖြစ်စေ၊ သင်က သူ့ကို ချစ်သည်ဖြစ်စေ၊ သူက သင့်ကို ချစ်သည်ဖြစ်စေ၊ သင်တို့သည် ကံနှင့် တိုက်ဆိုင်မှုကြောင့်၊ သို့မဟုတ် အခြားသော အခြေအနေတစ်ခုခုကြောင့် တကယ်ကို တိုက်တိုက်ဆိုင်ဆိုင် လက်ထပ်မိသည်ဖြစ်စေ သင်တို့၏ အိမ်ထောင်ကို ဘုရားသခင်က စီမံသည်။ သင်တို့သည် ဘုရားသခင်က တစ်ယောက်အတွက်တစ်ယောက် စီမံပေးသော ကြင်ဖော်ကြင်ဖက်များ ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် အဖော်ပြုရန် ဘုရားသခင်က စီမံပေးသောသူများ ဖြစ်သည်။ လက်တွဲထားပြီး ဤဘဝကို အတူတကွ ပေါင်းသင်းနေထိုင်ကာ အဆုံးတိုင်အောင် လျှောက်လှမ်းရန် သူ စီမံထားသောလူများ ဖြစ်သည်။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) ဤနားလည်မှုသည် ဟန်များသည်၊ သို့မဟုတ် လိုရာဆွဲတွေးသည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) ယင်းသည် ဟန်များခြင်းလည်း မဟုတ်၊ လိုရာဆွဲတွေးခြင်းလည်း မရှိပေ။ လူအချို့က “ဒီလိုပြောတာ မှားနိုင်တယ်။ ဒီအိမ်ထောင်တွေကို တကယ်ပဲ ဘုရားသခင်က စီမံတာဆိုရင် ဘာလို့ တချို့အိမ်ထောင်တွေက ကွာရှင်းပြီးတော့ အဆုံးသတ်သွားတာတွေ ရှိနေသေးတာလဲ” ဟူ၍ ဆိုသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤလူများ၏ လူ့သဘာဝတွင် ပြဿနာများ ရှိသောကြောင့်ဖြစ်သည်။ ဤသည်မှာ အခြားသော အရေးကိစ္စတစ်ခုဖြစ်သည်။ ယင်းသည် သမ္မာတရားအား လိုက်စားခြင်း အကြောင်းအရာနှင့် သက်ဆိုင်သည်။ နောက်ပိုင်းတွင် ယင်းကို ငါတို့ မိတ်သဟာယပြုမည်။ ယခုအချိန်တွင် အိမ်ထောင်အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ နားလည်မှု၊ တိကျသော အယူအဆအကြောင်းပြောဆိုရာတွင် အမှန်မှာ ဤသို့သာ ဖြစ်သည်။ လူအချို့က “ခင်ပွန်းနဲ့ ဇနီးတို့ဟာ တစ်ဦးတည်းပါလို့ ကိုယ်တော်က ပြောတဲ့အတွက် ဒါဟာ မယုံကြည်သူတွေ ပြောသလို ‘ဖြစ်ဖို့ ကံပါလာရင် ဖြစ်မှာပဲ၊ ကံပါမလာရင် မဖြစ်ဘူး’ ဆိုတာမျိုး မဟုတ်ဘူးလား။ ပြီးတော့ တချို့နိုင်ငံတွေက လူတွေပြောသလိုမျိုးခ ‘လူတစ်ယောက်နဲ့ တစ်လှေတည်းစီး တစ်ခရီးတည်းသွားဖို့ အခွင့်အရေးက နှစ်တစ်ရာလောက် ကောင်းတဲ့ ကံပါလာမှဖြစ်ပြီး လင်မယားအိပ်ရာမှာ အတူအိပ်ဖို့က နှစ်တစ်ထောင် ကောင်းတဲ့ ကံပါလာမှဖြစ်တယ်’ ဆိုတာမျိုး မဟုတ်ဘူးလား” ဟု ဆိုကြသည်။ ယခုတွင် ငါတို့ပြောနေသည့် ထိုအိမ်ထောင်သည် ဤဆိုရိုးစကားများနှင့် တစ်ခုခုသက်ဆိုင်ခြင်းရှိသည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) ယင်းတို့သည် မသက်ဆိုင်ပေ။ အိမ်ထောင်ကို ဖြစ်တည်လာအောင် ပျိုးထောင်ခဲ့ခြင်းမဟုတ်။ ဘုရားသခင်က စီမံခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်က လူနှစ်ယောက်အား ခင်ပွန်းနှင့် ဇနီးဖြစ်ရန်၊ တစ်ယောက်နှင့် တစ်ယောက် ကြင်ဖော်ကြင်ဖက်များ ဖြစ်လာရန် စီမံသောအခါတွင် ၎င်းတို့က မိမိတို့ကိုယ်ကို ပျိုးထောင်ဖို့ မလိုပေ။ မည်သည့်အရာကို ၎င်းတို့ ပျိုးထောင်မည်နည်း။ ကိုယ်ကျင့်တရား တည်တံ့ခိုင်မြဲမှုလော။ လူ့သဘာဝလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပျိုးထောင်ဖို့ မလိုပေ။ ဤသည်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦးက ပြောဆိုသည့် ပုံစံဖြစ်သည်။ ယင်းသည် သမ္မာတရားမဟုတ်။ ပြီးလျှင် သမ္မာတရားနှင့် မသက်ဆိုင်ပေ။ လူသားအိမ်ထောင်ကို ဘုရားသခင်က စီစဉ်ပြီး ကြိုတင်စီမံသည်။ ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ တိုက်ရိုက်အဓိပ္ပာယ်ဖြစ်စေ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်စေ၊ အယူအဆဖြစ်စေ အိမ်ထောင်ကို ဤသို့ နားလည်သင့်သည်။ ကျမ်းစာတွင် မှတ်တမ်းတင်ထားသော စကားများမှတစ်ဆင့်၊ ဤမိတ်သဟာယမှတစ်ဆင့် သင်တို့သည် အိမ်ထောင်အပေါ် တိကျသော၊ သမ္မာတရားနှင့် ညီသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အယူအဆရှိသလော။ (ရှိပါသည်။) ဤအယူအဆ၊ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်သည် မှားခြင်းမရှိပေ။ ဤသည်မှာ မျက်လုံးစိမ်းဖြင့် ကြည့်သော ရှုထောင့်မဟုတ်ပေ။ လူသား၏ စိတ်ခံစားချက်ဖြင့် နားလည်ပြီး အဓိပ္ပာယ်သတ်မှတ်ခြင်းမှာ ပို၍ပင် မဟုတ်ပေ။ ထိုအစား ယင်းတွင် အခြေပြုချက်ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်မှုများကို အခြေခံသည်။ ပြီးလျှင် သူ၏ အစီအစဉ်များနှင့် ကြိုတင်စီမံမှုများအပေါ်တွင် အခြေခံသည်။ ဤအဆင့်သို့ ရောက်ရှိပြီးနောက်တွင် အိမ်ထောင်အပေါ် နားလည်မှုနှင့် အခြေခံ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လူတိုင်း သဘောပေါက်သလော။ (သဘောပေါက်ပါသည်။) ယခု သင်တို့ နားလည်ပြီဖြစ်သဖြင့် သင်တို့သည် အိမ်ထောင်နှင့် ပတ်သက်ပြီး မည်သည့် အရှိအတိုင်းမဟုတ်သော စိတ်ကူးယဉ်မှုများကိုမျှ ကိုင်စွဲထားတော့မည်မဟုတ်ပေ၊ သို့မဟုတ် အိမ်ထောင်အပေါ် သင်တို့၏ ညည်းညူမှုများသည် နည်းပါးသွားလိမ့်မည်။ မှန်သလော။ လူအချို့က “အိမ်ထောင်ကို ဘုရားသခင်က စီမံတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောစရာမရှိဘူး။ ဒါပေမဲ့ အိမ်ထောင်တွေက ကွဲကြတယ်။ အဲဒါက ဘယ်လိုဖြစ်တာလဲ” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤအတွက် အကြောင်းရင်းများစွာ ရှိသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်။ ၎င်းတို့သည် ပြဿနာများ၏ အနှစ်သာရကို မရိပ်စားမိနိုင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်တပ်မက်ခြင်းနှင့် နှစ်သက်မှုများကို ဖြည့်ဆည်းဖို့ လိုက်စားသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုကို အားပေးထောက်ခံသည်အထိပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အိမ်ထောင်များက ကွဲကြသည်။ ဤသည်မှာ ကွဲပြားသော အကြောင်းအရာဖြစ်ပြီး ငါတို့သည် ဆက်လက်၍ ပြောမည်မဟုတ်ပေ။
အိမ်ထောင်တွင် တစ်ယောက်နှင့်တစ်ယောက်ကူညီခြင်း၊ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုခြင်းအကြောင်းကို ပြောကြစို့။ ဘုရားသခင်က “ယေဟောဝါ ဘုရားသခင်က လူသည် တစ်ယောက်တည်းနေမည်မှာ မကောင်းပေ။ သူ့အတွက် သူနှင့်သင့်တော်သော အထောက်အမကို ငါဖန်တီးမည်။” ဟု ဆိုခဲ့သည်။ အိမ်ထောင်သည်များအနေဖြင့် အိမ်ထောင်သည် မိသားစုတစ်စုအပေါ်ကိုလည်းကောင်း၊ လူတစ်ယောက်၏ ဘဝအပေါ်ကိုလည်းကောင်း ၎င်းတို့စိတ်ကူးမိခဲ့မည် မဟုတ်သည့် အကျိုးအမြတ်များစွာ ယူဆောင်ပေးသည်ကို သိကြသည်။ လူတို့သည် တစ်ဦးတည်းနေသောအခါ၌ အစပိုင်းတွင် အလွန်အထီးကျန်ပြီး သီးခြားဆန်သည်။ ရင်ဖွင့်စရာ မည်သူမျှမရှိ။ စကားပြောစရာ မည်သူမျှမရှိ။ အဖော်ပြုစရာ မည်သူမျှ မရှိပေ။ ဘဝသည် အထူးပင် ခြောက်သွေ့ပြီး အကူအညီမဲ့သည်။ ၎င်းတို့သည် အိမ်ထောင်ကျပြီးသည်နှင့် ဤအထီးကျန်ခြင်းနှင့် တစ်ဦးတည်းဖြစ်ခြင်းကို ခံစားဖို့ မလိုအပ်တော့ပေ။ ၎င်းတို့၌ ရင်ဖွင့်စရာ လူတစ်ယောက် ရှိသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့၏ ကြင်ဖော်ကြင်ဖက်နှင့်အတူ ၎င်းတို့၏ စိတ်ဆင်းရဲစရာများကို ဖွင့်ချသည်။ ပြီးလျှင် တစ်ခါတစ်ရံတွင် ၎င်းတို့၏ စိတ်ခံစားချက်များနှင့် ဝမ်းမြောက်မှုများကို မျှဝေသည်။ သို့မဟုတ် ၎င်းတို့၏ ဒေါသကိုပင် ဖွင့်ဟပြောပြကြသည်။ တစ်ခါတစ်ရံတွင် တစ်ယောက်နှင့်တစ်ယောက် ရင်ဖွင့်ကြပြီး ဘဝသည် ဝမ်းမြောက်ပြီး ပျော်ရွှင်ဖွယ်ဖြစ်သည့် ပုံစံရှိသည်။ ၎င်းတို့သည် တစ်ယောက်နှင့် တစ်ယောက်၏ လူယုံများ ဖြစ်သည်။ တစ်ယောက်အပေါ် တစ်ယောက် ယုံကြည်ကြသည်။ ထို့ကြောင့် အထီးကျန်ခြင်း မရှိတော့သည့်အပြင် သာယာကြည်နူးမှုများစွာကို ပို၍ ကြုံတွေ့ရသည်။ ပြီးလျှင် ကြင်ဖော်ကြင်ဖက် ရှိခြင်း၏ ပျော်ရွှင်မှုကို ၎င်းတို့ ခံစားကြသည်။ လူတို့သည် ရှင်သန်နေထိုင်သည့် ဖြစ်စဉ်တွင် အမျိုးမျိုးသော စိတ်အခြေအနေများ၊ စိတ်ခံစားချက်များ၊ ခံစားမှုများ၊ ပြီးလျှင် ဖော်ပြရန် လိုအပ်သော အမျိုးမျိုးသော အတွေးများတို့အပြင် နေ့စဉ် မရှိမဖြစ် လိုအပ်ချက်များ၊ အဝတ်အထည်၊ အစားအစာ၊ အိမ်မှုကိစ္စတို့ကဲ့သို့သော ပြဿနာများဖြစ်သည့် လက်တွေ့ပြဿနာများစွာကို ၎င်းတို့၏ နေ့စဉ်ဘဝများတွင် ရင်ဆိုင်ရသည်။ ဥပမာ လူနှစ်ဦးသည် အတူတကွနေထိုင်လိုပြီး ဂိုဒေါင်တစ်ခုကို ဆောက်ဖို့ လိုအပ်သည်ဆိုပါစို့။ ယောက်ျားသည် ပန်းရံသမားလုပ်ရပြီး နံရံတစ်ခုကို ဆောက်ရန် အုတ်များကို စီရသည်။ ပြီးလျှင် မိန်းမက သူ့အား အုတ်များကို ပေးပြီး အင်္ဂတေကို ရောနှောလျက်၊ သို့မဟုတ် သူ၏ ချွေးကို သုတ်ပေးပြီး ရေခပ်ပေးလျက် သူ့အား ကူညီပေးနိုင်သည်။ ၎င်းတို့နှစ်ဦးသည် အတူတကွ စကားပြောပြီး ရယ်မောကြသည်။ ပြီးလျှင် သူ့တွင် ကူညီသူတစ်ယောက်ရှိသည်။ ဤသည်မှာ ကောင်းသည်။ မမှောင်မီတွင်ပင် အလုပ်က ပြီးဆုံးသွားသည်။ ဤသည်မှာ “နတ်စုံတွဲ” ဟူသည့် ရှေးဟောင်းတရုတ်ပြဇာတ်က ဖော်ပြသကဲ့သို့ “ငါက ရေကို ယူမယ်၊ ပြီးတော့ မင်းက ပန်းခြံကို ရေလောင်းပါ” ဟူသကဲ့သို့ ဖြစ်သည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ (“မင်းက လယ်ထွန်၊ ငါက ရက်ကန်းရက်မယ်”ဟူ၍ ဖြစ်ပါသည်။) မှန်သည်။ တစ်ယောက်က ရက်ကန်းရက်စဉ်တွင် အခြားတစ်ယောက်က လယ်ထွန်သည်။ တစ်ယောက်က အထဲတွင် အရှင်သခင်မ ဖြစ်ပြီး အခြားတစ်ယောက်က အပြင်တွင် အရှင်သခင် ဖြစ်သည်။ ဤသို့ နေထိုင်ခြင်းသည် အလွန်ကောင်းသည်။ သဟဇာတဖြစ်သော လိုက်ဖက်မှု၊ သို့မဟုတ် သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်ခြင်းဟု ခေါ်ဆိုနိုင်သည်။ ဤသို့အားဖြင့် ဘဝတွင် ယောက်ျား၏ ကျွမ်းကျင်မှုများကို ထုတ်ပြသည်။ သူက အားနည်းသော၊ သို့မဟုတ် မကျွမ်းကျင်သော နယ်ပယ်များကို မိန်းမက အားဖြည့်ကူညီပေးသည်။ မိန်းမက အားနည်းသည့်နေရာတွင် ယောက်ျားက မိန်းမကို ခွင့်လွှတ်ပြီး ကူညီထောက်ပံ့သည်။ ပြီးလျှင် သူမ၏ အားသာချက်များကိုလည်း ထုတ်ပြပြီး မိသားစုတွင် ယောက်ျားကို အကျိုးဖြစ်စေသည်။ ခင်ပွန်းနှင့် ဇနီးတစ်ဦးချင်းစီသည် ၎င်းတို့၏ တာဝန်ကို လုပ်ဆောင်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင် အားနည်းချက်များကို ဖာထေးလုပ်ဆောင်ရန်အတွက် အချင်းချင်း၏ အားသာချက်များထံမှ သင်ယူကြသည်။ ပြီးလျှင် အိမ်ထောင်စု၏ သဟဇာတဖြစ်မှုနှင့် တစ်မိသားစုလုံး၏ ဘဝနှင့် ရှင်သန်မှုကို ကာကွယ်ပေးရန်အတွက် အတူတကွ အလုပ်လုပ်ကြသည်။ ပေါင်းဖက်ခြင်းထက် ပို၍ အရေးကြီးသည်မှာ ၎င်းတို့သည် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ဘဝတစ်လျှောက်တွင် တစ်ယောက်ကို တစ်ယောက် ပံ့ပိုးကူညီခြင်း၊ နေ့ရက်များကို ကောင်းစွာ ဖြတ်သန်းခြင်းဖြစ်သည်။ အတိုချုပ်အားဖြင့်ဆိုသော် ဘုရားသခင် ပြောသကဲ့သို့ပင် ယောက်ျားက တစ်ဦးတည်း ဖြစ်ခြင်းမှာ မကောင်းပေ။ ထို့ကြောင့် ယောက်ျား၏ ကိုယ်စား အိမ်ထောင်ကို စီစဉ်ခဲ့သည်။ ယောက်ျားက ထင်းခုတ်ပြီး ခြံဝင်းကို ထိန်းသိမ်းရန်ဖြစ်သည်။ မိန်းမက ချက်ပြုတ်ရန်၊ သန့်ရှင်းရေးလုပ်ရန်၊ ဖာထေးချုပ်လုပ်ရန်နှင့် တစ်မိသားစုကို ပြုစုစောင့်ရှောက်ရန်ဖြစ်သည်။ တစ်ယောက်ချင်းစီသည် ဘဝတွင် ၎င်းတို့လိုအပ်သည့်အရာကို လုပ်ဆောင်လျက် ၎င်းတို့၏ အလုပ်ကို ကောင်းစွာလုပ်ပြီး ၎င်းတို့၏ နေ့ရက်များက ပျော်ရွှင်စွာ ကုန်ဆုံးသည်။ လူသားများသည် လက်ရှိအချိန်အထိ မျိုးပွားလျက်၊ ပွားများလျက်ဖြင့် လူသားများ၏ ဘဝသည် ဤတစ်ခုတည်းသောအချိန်မှစပြီး တဖြည်းဖြည်းချင်း အလုံးစုံ တိုးတက်ခဲ့သည်။ ထို့ကြောင့် အိမ်ထောင်သည် လူသားမျိုးနွယ်အတွက် အလုံးစုံ မရှိမဖြစ် ဖြစ်၏။ ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် ဖြစ်သည်။ ပြီးလျှင် ၎င်းတို့ တစ်ဦးချင်းစီတိုင်းအတွက် မရှိမဖြစ် ဖြစ်သည်။ အိမ်ထောင်၏ တကယ့် အဓိပ္ပာယ်မှာ လူသားမျိုးနွယ်ကို ပွားများစေခြင်းအတွက်သာမဟုတ်ဘဲ ပို၍ အရေးကြီးသည်မှာ ယောက်ျားနှင့် မိန်းမတစ်ယောက်ချင်းစီအတွက် ဘုရားသခင်က ကြင်ဖော်ကြင်ဖက်ကို စီစဉ်ပေးရန်ဖြစ်သည်။ ထိုကြင်ဖော်ကြင်ဖက်သည် ခက်ခဲသည်ဖြစ်စေ၊ စိတ်ဆင်းရဲသည်ဖြစ်စေ၊ လွယ်ကူသည်ဖြစ်စေ၊ ဝမ်းမြောက်သည်ဖြစ်စေ၊ ပျော်ရွှင်သည်ဖြစ်စေ ၎င်းတို့ဘဝ၏ အချိန်တစ်ခုချင်းစီတွင် အဖော်ပြုလိမ့်မည်။ ဤအချိန်အားလုံးတွင် ၎င်းတို့သည် ရင်ဖွင့်ရန်၊ ၎င်းတို့နှင့် စိတ်နှင့် နှလုံး တစ်လုံးတစ်ဝတည်းရှိရန်၊ ၎င်းတို့၏ ဝမ်းနည်းမှု၊ စိတ်ဆင်းရဲမှု၊ ပျော်ရွှင်မှု၊ ဝမ်းမြောက်မှုတို့ကို မျှဝေခံစားရန် လူတစ်ယောက်ရှိသည်။ ဤသည်မှာ လူတို့အတွက် အိမ်ထောင်ကို ဘုရားသခင်က စီစဉ်ခြင်း၏ နောက်ကွယ်ရှိ အဓိပ္ပာယ်ဖြစ်သည်။ ပြီးလျှင် ဤသည်မှာ လူတစ်ဦးချင်းစီ၏ စိတ်ခံစားချက်အရဖြစ်သော လိုအပ်ချက် ဖြစ်သည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းသောအခါ ၎င်းတို့ကို အထီးမကျန်စေလိုပေ။ ထို့ကြောင့် ၎င်းတို့အတွက် အိမ်ထောင်ကို စီစဉ်ပေးခဲ့သည်။ အိမ်ထောင်တွင် ယောက်ျားနှင့် မိန်းမတို့ တစ်ဦးချင်းစီသည် မတူညီသော ကဏ္ဍများကို တာဝန်ယူရသည်။ ပြီးလျှင် အရေးကြီးဆုံးသောအရာမှာ ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် အဖော်ပြုပြီး ပံ့ပိုးခြင်း၊ နေ့စဉ် ကောင်းစွာ နေထိုင်ခြင်း၊ ဘဝ၏ လမ်းတစ်လျှောက်တွင် ကောင်းစွာ ရှေ့ဆက်သွားခြင်းတို့ ဖြစ်သည်။ တစ်ချက်အနေဖြင့် ၎င်းတို့သည် အချင်းချင်း အဖော်ပြုနိုင်ပြီး အခြားတစ်ချက်အနေဖြင့် ၎င်းတို့သည် အချင်းချင်း ပံ့ပိုးနိုင်သည်။ ဤသည်မှာ အိမ်ထောင်၏ အဓိပ္ပာယ်နှင့် အိမ်ထောင်၏ ဖြစ်တည်မှုအတွက် မရှိမဖြစ် လိုအပ်ချက် ဖြစ်သည်။ ဤသည်မှာ အိမ်ထောင်နှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် နားလည်မှုနှင့် သဘောထားလည်း ဖြစ်သည်မှာ မှန်သည်။ ပြီးလျှင် ဤသည်မှာ အိမ်ထောင်အပေါ် ၎င်းတို့ ဖြည့်ဆည်းသင့်သည့် တာဝန်နှင့် ဝတ္တရားဖြစ်သည်။
အနောက်သို့ပြန်သွား၍ ကမ္ဘာဦးကျမ်း ၃:၁၆ ကို ကြည့်ကြစို့။ ဘုရားသခင်က မိန်းမကို ပြောသည်။ “သင်၌ ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန် များပြားစေရမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍ သားဖွားရမည်။ ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်။” ဟူ၍ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က မိန်းမလိင်ကို ပေးခဲ့သော ပြစ်ဒဏ်ဖြစ်သည်။ အမိန့်တစ်ခုလည်း ဖြစ်သည်မှာ မှန်သည်။ ထိုအမိန့်တွင် သူသည် အိမ်ထောင်တွင် မိန်းမက လုပ်ဆောင်ရမည့် အခန်းကဏ္ဍနှင့် သူမ ယူဆောင်ရမည့် တာဝန်များကို စီမံသည်။ မိန်းမသည် သားဖွားပေးရမည်။ ယင်းတွင် တစ်ချက်သည် သူမ၏ ယခင်က ပြစ်မှားမှုအတွက် အပြစ်ဒဏ်တစ်ခုဖြစ်ပြီး အခြားတစ်ချက်မှာ မိန်းမတစ်ယောက်အနေဖြင့် အိမ်ထောင်တွင် သူမလက်ခံသင့်သည့် တာဝန်နှင့် ဝတ္တရားဖြစ်သည်။ သူမသည် သန္ဓေတည်ပြီး သားဖွားပေးမည်။ ထို့အပြင် သူမသည် ပင်ပန်းစွာဖြင့် သားဖွားပေးရမည်။ ထို့ကြောင့် မိန်းမများသည် အိမ်ထောင်ပြုပြီးနောက်တွင် ဒုက္ခခံရမည်ကို ကြောက်ရုံဖြင့် သားသမီးယူခြင်းကို မငြင်းဆန်သင့်ပေ။ ဤသည်မှာ အမှားတစ်ခုဖြစ်သည်။ သားသမီးယူခြင်းသည် သင်ခံယူသင့်သည့် တာဝန်တစ်ခုဖြစ်သည်။ ထို့ကြောင့် သင့်အား ဘဝတွင် အဖော်ပြုရန်၊ သင့်အား ကူညီရန် တစ်စုံတစ်ယောက်ကို အလိုရှိလျှင် အိမ်ထောင်ပြုသောအခါ သင်ကိုယ်တိုင်ခံယူသော ပထမဆုံး တာဝန်နှင့် ဝတ္တရားကို ထည့်သွင်းစဉ်းစားရမည်။ “ကျွန်မ ကလေးမမွေးချင်ဘူး” ဟု ပြောသော မိန်းမတစ်ယောက်ရှိလျှင် ယောက်ျားများက “မင်းက ကလေးမမွေးချင်ဘူးဆိုရင် ငါ မင်းကို မလိုချင်ဘူး” ဟု ဆိုလိမ့်မည်။ သင်သည် သားဖွားခြင်း ဝေဒနာကို မခံစားလိုလျှင် အိမ်ထောင်မပြုသင့်ပေ။ သင် အိမ်ထောင်မပြုသင့်ပေ။ သင်သည် ယင်းနှင့် မထိုက်တန်ပေ။ အိမ်ထောင်ပြုရာတွင် မိန်းမတစ်ယောက်အနေဖြင့် သင် လုပ်ဆောင်သင့်သည့် ပထမဆုံးသောအရာမှာ သားသမီးယူခြင်း ဖြစ်သည်။ ထို့အပြင် ဒုက္ခခံရန်ဖြစ်သည်။ သင်သည် ဤအရာကို မလုပ်ဆောင်နိုင်လျှင် အိမ်ထောင်မပြုသင့်ပေ။ သင်သည် မိန်းမတစ်ယောက်ဖြစ်ရန် မထိုက်တန်ဟု မဆိုနိုင်သော်လည်း အနည်းဆုံးအနေဖြင့် သင်သည် မိန်းမတစ်ယောက်အနေဖြင့် သင့်တာဝန်ကို ဖြည့်ဆည်းရန် ပျက်ကွက်သည်။ သန္ဓေတည်ပြီး သားသမီးယူခြင်းသည် မိန်းမများအတွက် ပထမဆုံး သတ်မှတ်ချက် ဖြစ်သည်။ ဒုတိယသတ်မှတ်ချက်မှာ “ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်။” ဟူ၍ ဖြစ်သည်။ ယောက်ျားတစ်ဦး၏ ကြင်ရာဖက်ဖြစ်လျက် မိန်းမတစ်ယောက်အနေဖြင့် ယောက်ျားတစ်ဦးကို လက်ထပ်ခြင်းသည် သင်က သူ၏ ကြင်ရာဖက်ဖြစ်သည်ဆိုသည်ကို သက်သေပြသည်။ ပြီးလျှင် အတော်အတန် တရားသေဆန်စွာ ဆိုရလျှင် ဤသို့အားဖြင့် သင်သည် သူ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထို့ကြောင့် သင့်စိတ်နှလုံး၏ လိုအင်ဆန္ဒသည် သူ့အပေါ်တွင် ဖြစ်ရမည်။ ဆိုလိုသည်မှာ သူသည် သင်၏ စိတ်နှလုံးတွင်ရှိရမည်။ သူသည် သင့်စိတ်နှလုံးတွင်ရှိမှသာ သင်သည် သူ့အား စောင့်ရှောက်နိုင်ပြီး ဝမ်းမြောက်စွာ အဖော်ပြုနိုင်သည်။ ထိုအခါမှသာ သင်၏ ခင်ပွန်းက ဖျားနာနေလျှင်ပင် အခက်အခဲများနှင့် အနှောင့်အယှက်များကို သူ ကြုံတွေ့သောအခါ၊ သို့မဟုတ် အခြားလူများကြားတွင် သို့မဟုတ် သူ၏ ကိုယ်ပိုင်ဘဝအတွင်းတွင် ကျရှုံးမှု၊ လဲကျမှု၊ သို့မဟုတ် စိတ်သောကတို့ကို ကြုံသောအခါ သင်သည် သူ့ကို စောင့်ရှောက်လျက်၊ တန်ဖိုးထားလျက်၊ ပြုစုယုယလျက်၊ နားလည်အောင် ရှင်းလင်းပြလျက်၊ နှစ်သိမ့်လျက် မိန်းမဆန်သောနည်းဖြင့် သူ့အား အကြံပေးပြီး အားပေးလျက်ဖြင့် မိန်းမတစ်ယောက်အနေဖြင့် သင့်တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းနိုင်သည်။ ဤသည်မှာ မှန်ကန်သော၊ ပိုမိုကောင်းမွန်သော ပေါင်းသင်းမှုဖြစ်သည်။ ဤနည်းအားဖြင့်သာ သင်၏ အိမ်ထောင်သည် ပျော်ရွှင်လိမ့်မည်။ ထိုအခါမှသာ သင်သည် မိန်းမနှင့်ဆိုင်သော သင်၏ တာဝန်ကို ဖြည့်ဆည်းနိုင်လိမ့်မည်။ ဤတာဝန်ကို သင့်မိဘများက သင့်အားအပ်နှံခဲ့ခြင်းမဟုတ်ဘဲ ဘုရားသခင်က အပ်နှံခဲ့ခြင်းဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ မိန်းမတစ်ယောက် ဖြည့်ဆည်းသင့်သည့် တာဝန်နှင့် ဝတ္တရားဖြစ်သည်။ မိန်းမတစ်ယောက်အနေဖြင့် ဤသည်မှာ သင်လုပ်ဆောင်သင့်သည့် နည်းလမ်းဖြစ်သည်။ ဤသည်မှာ သင့်ခင်ပွန်းအတွက် သင်ဆက်ဆံသင့်သည့် နည်းလမ်းနှင့် ဂရုစိုက်သင့်သည့် နည်းလမ်းဖြစ်သည်။ ဤသည်မှာ သင်၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ မိန်းမတစ်ယောက်က ဤအရာကို မလုပ်ဆောင်နိုင်လျှင် သူမသည် မိန်းမကောင်းတစ်ယောက် မဟုတ်။ လက်ခံဖွယ်ဖြစ်သော မိန်းမတစ်ယောက် မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် မိန်းမများအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များ၏ အနည်းဆုံးကိုပင် လုပ်ဆောင်ရန် ပျက်ကွက်သောကြောင့် ဖြစ်သည်။ “ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍”ဟူ၍ ဖြစ်သည်။ သင် နားလည်သလော။ (နားလည်ပါသည်။) ယောက်ျား၏ ကြင်ရာဖက်အနေဖြင့် သင်သည် အမှုအရာများက ချောမွေ့နေသောအခါ၌လည်းကောင်း၊ သူ့တွင် ပိုက်ဆံနှင့် ဩဇာအာဏာရှိသောအခါ၌ လည်းကောင်း၊ သူသည် နာခံပြီး သင့်အား ကောင်းစွာ ကြည့်ရှုစောင့်ရှောက်သောအခါ၌ လည်းကောင်း၊ သူသည် သင့်အား အရာရာတွင် ပျော်ရွှင်ပြီး ကျေနပ်အောင် လုပ်ဆောင်ပေးသောအခါ၌လည်းကောင်း သင်၏ ခင်ပွန်းကို ချစ်မြတ်နိုးပြီး ဂရုစိုက်နိုင်သည်။ သို့သော် သူသည် အခက်အခဲများ၊ ဖျားနာခြင်းများ၊ အားမလို အားမရဖြစ်ခြင်းများ၊ ကျရှုံးမှုများ၊ စိတ်ဓာတ်ကျခြင်း၊ သို့မဟုတ် စိတ်ပျက်ခြင်းများကို ကြုံတွေ့သောအခါ၊ အမှုအရာများက သူစီစဉ်သလို မဖြစ်သောအခါ သင်သည် မိန်းမတစ်ယောက် ဖြည့်ဆည်းသင့်သည့် တာဝန်နှင့် ဝတ္တရားများကို မဖြည့်ဆည်းနိုင်ပေ။ သူ့အား ရင်းနှီးစွာဖြင့် နှစ်သိမ့်ပေးရန်၊ သူ့အား ကျိုးကြောင်းရှင်းလင်းပြရန်၊ အားပေးရန်၊ သို့မဟုတ် ပံ့ပိုးပေးရန် သင် မတတ်နိုင်ပေ။ ဤသို့ဆိုလျှင် သင်သည် မိန်းမကောင်းတစ်ယောက် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သင်သည် မိန်းမတစ်ယောက်၏ တာဝန်ကို မဖြည့်ဆည်းသောကြောင့် ဖြစ်သည်။ သင်သည် ယောက်ျားတစ်ယောက်အတွက် အဖော်ကောင်းမဟုတ်ပေ။ ထို့ကြောင့် ဤသို့သော မိန်းမသည် မကောင်းသော မိန်းမဖြစ်သည်ဟု ဆိုနိုင်သလော။ “မကောင်းသော” ဆိုသည်မှာ လက်ခံနိုင်ဖွယ်ရာ မရှိပေ။ သို့သော် အနည်းဆုံးအနေဖြင့် သင့်တွင် ဘုရားသခင်က သတ်မှတ်သော၊ သာမန်လူ့သဘာဝ ရှိသောသူတစ်ယောက် ရှိသင့်သောအသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိ။ သင်သည် လူ့သဘာဝမရှိသော မိန်းမတစ်ယောက်ဖြစ်သည်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) မိန်းမများအပေါ် သတ်မှတ်သည့် သတ်မှတ်ချက်များအကြောင်းကို ငါတို့ ပြော၍ ပြီးဆုံးသွားပြီ။ ဘုရားသခင်က မိန်းမတစ်ယောက်၏ သူ၏ ခင်ပွန်းအပေါ်တွင်ရှိသော တာဝန်ကို ဖော်ပြပြီးဖြစ်သည်။ ယင်းမှာ “ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍” ဟူ၍ ဖြစ်သည်။ ဤ “အလို” ဟူသော စကားမှာ အချစ်၊ သို့မဟုတ် ချစ်ခင်တွယ်တာမှုနှင့် မသက်ဆိုင်ပေ။ ထိုအစား သူသည် သင်၏ စိတ်နှလုံးတွင် ရှိရမည်ဟု ဆိုလိုသည်။ သူသည် သင့်အပေါ် ချစ်မြတ်နိုးရမည်။ သင်သည် သူ့အား သင်၏ ချစ်လှစွာသောသူအဖြစ်၊ သင်၏ ကြင်ရာဖက်အဖြစ် ဆက်ဆံရမည်။ သူသည် သင်ချစ်မြတ်နိုးရမည့်၊ အဖော်ပြုရမည့်၊ ဂရုစိုက်ရမည့်သူဖြစ်သည်။ သင်၏ ဘဝအဆုံးတိုင်အောင် အပြန်အလှန် ကြည့်ရှုစောင့်ရှောက်ရမည့်သူ ဖြစ်သည်။ သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် သူ့ကို ဂရုစိုက်ပြီး တန်ဖိုးထားရမည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်။ ဤသည်မှာ “အလို” ဟူသောစကားအနေဖြင့် ရည်ညွှန်းသောအရာဖြစ်သည်။ ဤတွင် ဘုရားသခင်က “ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍”ဟု ဆိုသောအခါတွင် ဤ “အလိုသို့လိုက်၍” ဆိုသည့် စကားစုသည် လူတို့အား ပေးသည့် သွန်သင်မှုဖြစ်သည်။ လူ့သဘာဝရှိသောမိန်းမ၊ လက်ခံဖွယ်ဖြစ်သော မိန်းမတစ်ယောက်အနေဖြင့် ကိုယ့်ခင်ပွန်း၏ အလိုသို့ လိုက်သင့်သည်။ ထို့အပြင် ဘုရားသခင်က သင့်အား သင်၏ခင်ပွန်းကိုရော၊ အခြားသောယောက်ျားများကိုပါ လိုချင်တပ်မက်ဖို့ မပြောခဲ့ပေ။ ဘုရားသခင်က ဤသို့ မပြောခဲ့ဘူး မဟုတ်သလော။ (ဤသို့ မပြောခဲ့ပါ။) မိန်းမကို သူမ၏ ခင်ပွန်းအပေါ် သစ္စာရှိဖို့လည်းကောင်း၊ သူမ၏ စိတ်နှလုံးတွင်ရှိသော တစ်ဦးတည်းသောသူ၊ သူမ၏ လိုအင်ဆန္ဒက ရည်ရွယ်သော တစ်ဦးတည်းသောသူမှာ သူမ၏ ခင်ပွန်းဖြစ်ဖို့ကိုလည်းကောင်း ဘုရားသခင်က တောင်းဆိုသည်။ သူမ၏ ချစ်ခင်တွယ်တာမှုတို့က ဦးတည်သည့်သူကို ပြောင်းလဲတတ်ရန်၊ သို့မဟုတ် လူတကာနှင့် လိင်ဆက်ဆံရန်၊ သို့မဟုတ် သူမ၏ ခင်ပွန်းအပေါ် သစ္စာမဲ့ရန်၊ သို့မဟုတ် သူမ၏ အိမ်ထောင်ပြင်ပရှိ အခြားတစ်ယောက်ကို လိုချင်တပ်မက်ရန် ဘုရားသခင်က သူမအား အလိုမရှိပေ။ ထိုအစား ဘုရားသခင်သည် သူမအား သူမလက်ထပ်သည့်သူကို လိုချင်တပ်မက်ပြီး ထိုသူနှင့်အတူ သူမ၏ ဘဝကို ကုန်ဆုံးရန် အလိုရှိသည်။ ဤယောက်ျားသည် သင်၏ အမှန်တကယ် လိုအင်ဆန္ဒက ဦးတည်သင့်သည့်သူ ဖြစ်သည်။ ပြုစုယုယလျက်၊ တန်ဖိုးထားလျက်၊ စောင့်ရှောက်လျက်၊ အဖော်ပြုလျက်၊ ပံ့ပိုးလျက်ဖြင့် သင်တစ်ဘဝလုံး အပင်ပန်းခံ အားစိုက်ထုတ်ပြီး အချိန်ကုန်ဆုံးသင့်သည့်သူမှာ ထိုသူဖြစ်သည်။ နားလည်သလော။ (နားလည်ပါသည်။) ဤသည်မှာ ကောင်းသောအရာမဟုတ်သလော။ (ဟုတ်ပါသည်။) ဤကောင်းသောအရာမျိုးသည် ငှက်များ၊ တောကြက်များတွင်ရှိပြီး ကျန်သည့် တိရစ္ဆာန်လောကထဲတွင် ရှိသည်။ သို့သော် လူသားများကြားတွင် မရှိသလောက် ဖြစ်သည်။ စာတန်က လူသားမျိုးနွယ်ကို မည်မျှနက်နဲစွာ ဖျက်ဆီးထားသည်ကို သင်မြင်တွေ့နိုင်သည်။ မိန်းမတစ်ယောက်က အိမ်ထောင်တွင် ဖြည့်ဆည်းသင့်သည့် အခြေခံကျဆုံးသော ဝတ္တရားများနှင့် သူမ၏ ခင်ပွန်းကို သူမဆက်ဆံသင့်သည့် စည်းမျဉ်းများကိုပါ ငါတို့ ရှင်းလင်းစွာ မိတ်သဟာယပြုခဲ့သည်။ ထို့အပြင် ဤတွင် အခြားတစ်စုံတစ်ခု ရှိသည်။ ဆိုလိုသည်မှာ ဘုရားသခင်က စီမံပြီး စီစဉ်သော အိမ်ထောင်သည် တစ်လင်တစ်မယားစနစ် ဖြစ်သည်။ ဤအတွက် အခြေပြုချက်ကို ကျမ်းစာတွင် မည်သည့်နေရာ၌ ငါတို့ ရှာတွေ့သနည်း။ ဘုရားသခင်က မိန်းမတစ်ယောက်ကို ဖန်ဆင်းရန်အတွက် ယောက်ျား၏ ကိုယ်ခန္ဓာမှ နံရိုးတစ်ချောင်းကို ဆွဲထုတ်ခဲ့သည်။ ယောက်ျားထံမှ နံရိုးနှစ်ချောင်း၊ သုံးချောင်းကို ဆွဲထုတ်ပြီး မိန်းမများစွာကို ဖန်ဆင်းခဲ့ခြင်းမရှိပေ။ မိန်းမတစ်ယောက်ကိုသာ ဖန်ဆင်းခဲ့သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သူဖန်ဆင်းခဲ့သော ယောက်ျားတစ်ဦးတည်းအတွက် မိန်းမတစ်ဦးတည်းကိုသာ ဖန်ဆင်းခဲ့သည်။ ဤသည်မှာ ယောက်ျားအတွက် အဖော်တစ်ယောက်သာ ရှိခဲ့သည်ဟု ဆိုလိုသည်။ ယောက်ျားသည် ကြင်ရာဖက်တစ်ဦးသာရှိပြီး မိန်းမသည် ကြင်ရာဖက်တစ်ဦးသာရှိသည်။ ထို့အပြင် တစ်ချိန်တည်းတွင် ဘုရားသခင်က မိန်းမကို သတိပေးခဲ့သည်။ “ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍” ဟူ၍ဖြစ်သည်။ သင်၏ ခင်ပွန်းမှာ မည်သူနည်း။ သင်နှင့်အတူ အိမ်ထောင်ပြုသူဖြစ်ပြီး အခြားသူမဟုတ်ပေ။ သင်၏ လျှို့ဝှက်ချစ်သူမဟုတ်သကဲ့သို့ သင်ချစ်မြတ်နိုးသည့် နာမည်ကြီးပုဂ္ဂိုလ်မဟုတ်ပေ။ ထို့အပြင် သင့်အိပ်မက်ထဲရှိ ချောမောလှပသော မင်းသားလည်း မဟုတ်ပေ။ သင်၏ ခင်ပွန်းဖြစ်သည်။ တစ်ဦးတည်းသာ ရှိသည်။ ဤသည်မှာ ဘုရားသခင်က စီမံသော အိမ်ထောင်ဖြစ်သည့် တစ်လင်တစ်မယားစနစ်ဖြစ်သည်။ ဤအရာကို ဘုရားနှုတ်ကပတ်တော်တွင် ပုံဖော်ခဲ့သလော။ (ပုံဖော်ခဲ့ပါသည်။) ဘုရားသခင်က “လူသည် တစ်ယောက်တည်း နေမည်မှာ မကောင်းပေ။ သူ့အတွက် သူနှင့်သင့်တော်သော အထောက်အမကို ငါဖန်တီးမည်။” ဟု ပြောခဲ့သည်။ ဘုရားသခင်က သူ့အတွက် သူနှင့်သင့်တော်သော အထောက်အမအနည်းငယ်၊ သို့မဟုတ် များစွာပြုလုပ်ခဲ့သည်ဟု မဆိုပေ။ ဤသည်မှာ မလိုအပ်ပေ။ တစ်ယောက်က လုံလောက်သည်။ ဘုရားသခင်က မိန်းမသည် ယောက်ျားများစွာကို လက်ထပ်သင့်သည်၊ သို့မဟုတ် ယောက်ျားသည် မိန်းမများစွာကို လက်ထပ်သင့်သည်ဟုလည်း မဆိုခဲ့ပေ။ ဘုရားသခင်က ယောက်ျားအတွက် အိမ်ထောင်ဖက်များစွာကို မဖန်ဆင်းခဲ့သကဲ့သို့ မိန်းမအချို့ကို ဖန်ဆင်းရန်အတွက် မတူညီသော ယောက်ျားအချို့ထံမှ နံရိုးကိုလည်း မယူခဲ့ပေ။ ထို့ကြောင့် ယောက်ျား၏ အိမ်ထောင်ဖက်သည် သူကိုယ်တိုင်၏ နံရိုးမှ ပြုလုပ်ခဲ့သော မိန်းမသာ ဖြစ်နိုင်သည်။ ဤသည်မှာ အမှန်တရား မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဖြင့် လူသားမျိုးနွယ်၏ နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုတွင် မိန်းမတစ်ယောက်ထက်ပို၍ ယူသော ဓလေ့ဖြစ်ပေါ်လာပြီး ယောက်ျားတစ်ယောက်ထက် ပို၍ ယူသော ဓလေ့လည်း ဖြစ်ပေါ်လာသည်။ ဤသို့သော အိမ်ထောင်များသည် ပုံမှန်မဟုတ်။ အိမ်ထောင်လည်း လုံးဝမဟုတ်ပေ။ ဤသည်တို့အားလုံးမှာ လိင်ကိစ္စ မှောက်မှားခြင်းသာ ဖြစ်သည်။ ခြွင်းချက်မှာ အနည်းငယ်သော တစ်မူထူးသော အခြေအနေများအတွက်ဖြစ်သည်။ ယောက်ျားက သေဆုံးခါနီးဖြစ်ပြီး သူ၏ မိန်းမက နောက်တစ်ဖန် လက်ထပ်ရန် စီစဉ်နေခြင်းကဲ့သို့ ဖြစ်သည်။ ဤအရာကို ဘုရားသခင်က စီမံပြီး စီစဉ်သည်။ ဤအရာကို ခွင့်ပြုသည်။ အတိုချုပ်အားဖြင့် အိမ်ထောင်သည် အစဉ်သဖြင့် တစ်လင်တစ်မယားစနစ်ကို ထိန်းသိမ်းခဲ့သည်။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) သဘာဝလောကကို ကြည့်လော့။ တောငန်းသည် တစ်လင်တစ်မယားစနစ်ဖြစ်သည်။ လူသားက ငန်းတစ်ကောင်ကို သတ်လျှင် အခြားငန်းက မည်သည့်အခါမျှ “နောက်တစ်ဖန် လက်ထပ်”မည်မဟုတ်။ တစ်ကောင်တည်းသော ငန်း ဖြစ်သွားလိမ့်မည်။ ငန်းအုပ်တစ်အုပ် ပျံသန်းသောအခါ၌ ဦးဆောင်သော အကောင်သည် တစ်ကောင်တည်းသောငန်း ဖြစ်လေ့ရှိသည်ဟု ဆိုကြသည်။ အခြေအနေများက တစ်ကောင်တည်းသော ငန်းအတွက် ခက်ခဲသည်။ ၎င်း၏ အုပ်စုထဲတွင်ရှိသော အခြားသောငန်းများက မလုပ်လိုသည့်အရာများကို လုပ်ရသည်။ အခြားသောငန်းများက အစာစားနေသောအခါ၊ သို့မဟုတ် အနားယူနေသောအခါ သူသည် ကျန်သည့်အုပ်စုကို ဘေးကင်းစေဖို့အတွက် တာဝန်ယူရသည်။ အိပ်လည်း မအိပ်နိုင်၊ စားလည်း မစားနိုင်ပေ။ ငန်းအုပ်ကို ကာကွယ်ဖို့အတွက် ပတ်ဝန်းကျင်လုံခြုံရေးကို အာရုံစိုက်ရသည်။ သူ မလုပ်နိုင်သည့်အရာများစွာရှိသည်။ သူသည် တစ်ကောင်တည်းသာ နေနိုင်ပြီး နောက်ထပ် ချစ်ရမည့်သူတစ်ယောက် ယူ၍မရပေ။ အခြားသော ချစ်ခြင်းကို မခံယူနိုင်ပေ။ သူသည် အသက်ရှင်သရွေ့ နောက်အိမ်ထောင်ဖက်ကို ယူ၍မရပေ။ တောငန်းများသည် ၎င်းတို့အတွက် ဘုရားသခင်က စီမံခဲ့သော စည်းကမ်းများကို အစဉ်ထိန်းသိမ်းပြီး လုံးဝမပြောင်းလဲပေ။ လက်ရှိအချိန်ကာလအထိပင် ဖြစ်သည်။ သို့သော် လူသားများသည် ပြောင်းပြန်လှန်သည်။ လူသားများသည် အဘယ်ကြောင့် အလွန်ပြောင်းပြန်ဇောက်ထိုး ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားများသည် စာတန်က ဖျက်ဆီးခဲ့သောသူများ ဖြစ်သောကြောင့်ပင်။ ပြီးလျှင် ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်မှုနှင့် လူတကာနှင့် လိင်ဆက်ဆံမှုဖြင့် အသက်ရှင်နေထိုင်သောကြောင့် တစ်လင်တစ်မယားအဖြစ် မနေနိုင်ပေ။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့၏ အိမ်ထောင်ဆိုင်ရာ အခန်းကဏ္ဍများကို မထိန်းသိမ်းနိုင်ပေ၊ သို့မဟုတ် ၎င်းတို့ ထိန်းသိမ်းသင့်သည့် တာဝန်များနှင့် ဝတ္တရားများကို မထိန်းသိမ်းနိုင်ပေ။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။)
ဆက်၍ ဖတ်ကြစို့။ ဘုရားသခင် ပြောခဲ့သည်မှာ- “ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်။” ဟူ၍ ဖြစ်သည်။ “အုပ်စိုးခြင်းကိုလည်း ခံရမည်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ တုတ်ချောင်းနှင့် အုပ်ချုပ်ရန်၊ မိန်းမများကို ကျွန်များဖြစ်စေရန် ဆိုလိုသလော။ (မဆိုလိုပါ။) ဤသို့ဆိုလျှင် မည်သည့်အရာကို ဆိုလိုသနည်း။ (သူမကို ဂရုစိုက်ရန်နှင့် သူမအတွက် တာဝန်ယူရန်ဖြစ်သည်။) ဤ“တာဝန်”ဟူသည့် စကားသည် အနည်းငယ်ပို၍ နီးစပ်သည်။ ဤအုပ်စိုးခြင်းသည် မိန်းမက ယောက်ျားကို အပြစ်ပြုရန် သွေးဆောင်ခြင်းကိစ္စနှင့် ဆက်နွှယ်သည်။ မိန်းမသည် ဘုရားနှုတ်ကပတ်တော်ကို ဦးစွာ ချိုးဖောက်ခဲ့ပြီး မြွေ၏ စုံစမ်းသွေးဆောင်ခြင်းကို ခံသောကြောင့်၊ ထို့နောက်တွင် ယောက်ျားအား သူမကဲ့သို့ စုံစမ်းသွေးဆောင်ခြင်းကို ခံစေသောကြောင့်၊ ဘုရားသခင်အား သစ္စာဖောက်စေသောကြောင့် ဘုရားသခင်က သူမအား အနည်းငယ်စိတ်ဆိုးသည်။ ထို့ကြောင့် သူမအား စတင်လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်ရန်၊ သူမ လုပ်ဆောင်သမျှတိုင်း၌ ယောက်ျားကို တိုင်ပင်ရန် သတ်မှတ်ခဲ့သည်။ ယောက်ျားအား အရှင်သခင် ဖြစ်စေခြင်းသည် သူမအတွက် အကောင်းဆုံး ဖြစ်လိမ့်မည်။ ထို့ကြောင့် မိန်းမများကို အရှင်သခင်ဖြစ်ရန် အခွင့်အရေး ပေးသလော။ မိန်းမများကို ဤသို့ ပေးနိုင်သည်။ မိန်းမတစ်ယောက်သည် သူမ၏ ယောက်ျားဖြင့် တိုင်ပင်နိုင်သည်။ အရှင်သခင်လည်း ဖြစ်နိုင်သည်။ သို့သော် သူမဘာသာ ဆုံးဖြတ်ချက် မချခြင်းသည် သူမအတွက် အကောင်းဆုံးဖြစ်သည်။ သူမသည် သူမ၏ ယောက်ျားနှင့်၊ သူမ၏ အမျိုးသားနှင့် တိုင်ပင်ရမည်။ ကြီးမားသော ကိစ္စများတွင် သူမ၏ အမျိုးသားနှင့် တိုင်ပင်သည်က သူမအတွက် အကောင်းဆုံးဖြစ်သည်။ မိန်းမတစ်ယောက်အနေဖြင့် သင်သည် သင်၏ ယောက်ျားကို အဖော်ပြုရန် လိုအပ်ရုံသာမကဘဲ အိမ်မှုကိစ္စတာဝန်များအား ကိုင်တွယ်ရာတွင်လည်း သင်၏ ယောက်ျားကို ကူညီဖို့ လိုအပ်သည်။ ပို၍ အရေးကြီးသည်မှာ မိသားစုတွင်၊ သင်၏ အိမ်ထောင်တွင် သင်၏ ယောက်ျားက ဖြည့်ဆည်းသင့်သည့် အခန်းကဏ္ဍမှာ အရှင်သခင်အနေဖြင့်ဖြစ်သည်။ ထို့ကြောင့် သင်လုပ်ဆောင်သမျှတိုင်းတွင် သင်၏ ယောက်ျားဖြင့် ဆွေးနွေးတိုင်ပင်သင့်သည်။ လိင်မတူညီမှုကြောင့် မိန်းမများသည် အတွေးအခေါ်များတွင်၊ စိတ်ရှည်သည်းခံခြင်းတွင်၊ အမြင်ရှုထောင့်တွင်၊ သို့မဟုတ် မည်သည့်ပြင်ပအမှုကိစ္စမျိုးမဆိုတွင် ယောက်ျားများထက်ပို၍ အရေးသာခြင်းမရှိပေ။ ပြောင်းပြန်ပင်ဖြစ်သည်။ ယောက်ျားများက မိန်းမများထက်ပို၍ အရေးသာသည်။ ထို့ကြောင့် ဤလိင်မတူညီမှုကို အခြေခံပြီး ဘုရားသခင်က ယောက်ျားများအား တစ်မူထူးခြားသော ဩဇာအာဏာကို ပေးခဲ့သည်။ မိသားစုတွင် ယောက်ျားက အရှင်သခင်ဖြစ်သည်။ မိန်းမက အကူဖြစ်သည်။ မိန်းမက ယောက်ျားကို ကူညီဖို့ လိုအပ်သည်။ သို့မဟုတ် ကြီးသော၊ ငယ်သောကိစ္စများကို စီမံရာတွင် သူမ၏ ယောက်ျားကို အဖော်ပြုဖို့ လိုအပ်သည်။ သို့သော် ဘုရားသခင်က “သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်” ဟု ဆိုသောအခါတွင် ယောက်ျားများက မိန်းမများထက်ပို၍ အဆင့်အတန်းမြင့်သည်၊ သို့မဟုတ် ယောက်ျားများက လူ့အဖွဲ့အစည်းအားလုံးကို ကြီးစိုးသင့်သည်ဟု မဆိုလိုပေ။ ဤသည်မှာ မမှန်ပေ။ ဤသို့ ဆိုရာတွင် ဘုရားသခင်က အိမ်ထောင်နှင့်ပတ်သက်၍သာ ပြောဆိုခြင်း ဖြစ်သည်။ မိသားစုများအကြောင်း၊ ယောက်ျားနှင့် မိန်းမက ကိုင်တွယ်သည့် အသေးအဖွဲ အိမ်မှုကိစ္စများအကြောင်းကိုသာ ပြောဆိုခြင်းဖြစ်သည်။ အသေးအဖွဲ အိမ်မှုကိစ္စများနှင့်ပတ်သက်လျှင် အရာရာတိုင်း၌ မိန်းမကို ထိန်းချုပ်ရန်၊ သို့မဟုတ် အတင်းအကျပ်စေခိုင်းရန် ဘုရားသခင်က ယောက်ျားကို မသတ်မှတ်ပေ။ ထိုအစား ယောက်ျားသည် သူ့မိသားစု၏ ဝန်ထုပ်ဝန်ပိုးနှင့် တာဝန်ကို တက်ကြွစွာ တာဝန်ယူဆောင်ရွက်ဖို့ လိုအပ်သည်။ တစ်ချိန်တည်းတွင် သူသည် အတော်အတန် အားနည်းသော မိန်းမကို အရေးစိုက်ရန် လိုအပ်သည်။ မှန်ကန်သော လမ်းပြမှုပေးရန် လိုအပ်သည်။ ဤအချက်မှ မြင်နိုင်သည်မှာ ယောက်ျားများကို တစ်မူထူးခြားသော တာဝန်အချို့ ပေးအပ်ထားသည်။ ဥပမာ အမှန်၊ အမှားနှင့် သက်ဆိုင်သော အကြီးစားအမှုကိစ္စများအတွက် တာဝန်ကို တာဝန်ယူဆောင်ရွက်ရာတွင် ယောက်ျားက စတင်သင့်သည်။ သူသည် မိန်းမကို မီးတွင်းထဲသို့ ထိုးမထည့်သင့်သကဲ့သို့ သူမအား လူမှုရေးဆိုင်ရာ သိက္ခာကျခြင်း၊ အနိုင်ကျင့်ခြင်းနှင့် နင်းခြေခြင်းတို့ကို မခံစားစေသင့်ပေ။ ယောက်ျားဖြစ်သူသည် ဤတာဝန်ကို စတင်၍ တာဝန်ယူ ဆောင်ရွက်သင့်သည်။ “သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်”ဆိုသော ဘုရားနှုတ်ကပတ်တော်ကြောင့် သူသည် မိန်းမကို တုတ်ချောင်းတစ်ချောင်းဖြင့် တွန်းအားပေးနိုင်သည်၊ သို့မဟုတ် ထိန်းချုပ်နိုင်သည်၊ သို့မဟုတ် သူလိုသလို ဆက်ဆံရန် ကျွန်တစ်ယောက်အဖြစ် ထားနိုင်သည်ဟု မဆိုလိုပေ။ အိမ်ထောင်၏ ကြိုတင်သတ်မှတ်ချက်များနှင့် စည်းဘောင်အတွင်းတွင် ယောက်ျားနှင့် မိန်းမသည် ဘုရားသခင်ရှေ့၌ တန်းတူညီမျှသည်။ ယောက်ျားသည် ခင်ပွန်းဖြစ်ပြီး ဘုရားသခင်က သူ့အား ဤလုပ်ပိုင်ခွင့်နှင့် တာဝန်ကို ပေးအပ်ထားခြင်းသာဖြစ်သည်။ ဤသည်မှာ တာဝန်တစ်မျိုးသာဖြစ်သည်။ တစ်မူထူးခြားသော အာဏာ မဟုတ်။ ပြီးလျှင် မိန်းမအား လူမဟုတ်သော အရာတစ်ခုအဖြစ် ဆက်ဆံဖို့ အကြောင်းပြချက်မဟုတ်ပေ။ သင်တို့နှစ်ဦးသည် တန်းတူညီမျှသည်။ ယောက်ျားကိုရော၊ မိန်းမကိုပါ ဘုရားသခင်က ဖန်ဆင်းခဲ့သည်။ ယောက်ျားအတွက် တစ်မူထူးခြားသော သတ်မှတ်ချက်ကို ပြုလုပ်ထားခြင်းသာဖြစ်သည်။ တစ်ချက်အနေဖြင့် သူသည် မိသားစု၏ ဝန်ထုပ်ဝန်ပိုးနှင့် တာဝန်များကို ခံယူရမည်ဖြစ်ပြီး အခြားတစ်ချက်အနေဖြင့် ကြီးမားသော ကိစ္စများ ပေါ်ပေါက်သောအခါ၌ ယောက်ျားသည် ရဲရင့်စွာဖြင့် ရှေ့တိုးပြီး ယောက်ျားတစ်ယောက်၏၊ ခင်ပွန်းတစ်ဦး၏ အခန်းကဏ္ဍတွင် သူခံယူသင့်သည့် တာဝန်များနှင့် ဝတ္တရားများကို ခံယူရမည်။ ဤသည်မှာ မိန်းမကို ကာကွယ်ရန်၊ သူ၏ မိန်းမက မိန်းမတစ်ယောက် မလုပ်ဆောင်သင့်သည့်အရာများကို မလုပ်ဆောင်အောင် တားဆီးဖို့အတွက် အစွမ်းကုန် လုပ်ဆောင်ရန်၊ သို့မဟုတ် အရပ်သုံးစကားဖြင့် ပြောဆိုရလျှင် သူမအား အခက်အခဲ မဖြစ်စေရန်၊ မိန်းမတစ်ယောက်အနေဖြင့် မခံစားသင့်သည့် ဒုက္ခကို မခံစားရစေရန် ဖြစ်သည်။ ဥပမာအနေဖြင့် ယောက်ျားအချို့သည် ၎င်းတို့၏ ရာထူးကို မြှင့်တင်ရန်၊ ကောင်းစွာနေထိုင်ရပြီး ချမ်းသာရန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားရန်၊ ၎င်းတို့အား အခြားလူများက အထင်ကြီးစေရန်အတွက် ၎င်းတို့၏ အကြီးအကဲများထံသို့ ၎င်းတို့၏ မိန်းမကို ကိုယ်လုပ်တော်အဖြစ်ဖြစ်စေ၊ ချစ်သူအဖြစ်ဖြစ်စေ ပေးအပ်ကြပြီး ၎င်းတို့မိန်းမ၏ အသွေးအသားကို ပြည့်တန်ဆာအဖြစ် ပေးအပ်ကြသည်။ ၎င်းတို့၏ မိန်းမကို ရောင်းစားပြီးသည့်နောက်တွင် ၎င်းတို့၏ ပန်းတိုင်များ ဖြစ်မြောက်သောအခါ၌ ၎င်းတို့၏ မိန်းမကို တန်ဖိုး မထားတော့ဘဲ အလိုမရှိတော့ပေ။ ဤသည်မှာ မည်သို့သော ယောက်ျားမျိုးဖြစ်သနည်း။ ဤသို့သော ယောက်ျားများ မရှိသလော။ (ရှိပါသည်။) ဤယောက်ျားသည် မကောင်းဆိုးဝါး မဆန်သလော။ (ဆန်ပါသည်။) မိန်းမကို အုပ်စိုးခြင်း၏ ရည်ရွယ်ချက်သည် သင့်အနေဖြင့် သင်၏ တာဝန်များကို ဖြည့်ဆည်းပြီး သူမကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဇီဝကမ္မ လိင်ပိုင်းဆိုင်ရာ ရှုထောင့်မှကြည့်လျှင် ယောက်ျားများသည် အမှုအရာများအပေါ် ၎င်းတို့၌ရှိသည့် အမျိုးမျိုးသော အယူအဆများ၊ အမြင်များ၊ အဆင့်များနှင့် အသိအမြင်များသည် မိန်းမများထက် အရေးသာမှု ရှိသောကြောင့် ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်ပြီး မည်သူမျှ မငြင်းနိုင်ပေ။ ထို့ကြောင့် ဘုရားသခင်က “သူ၏ အုပ်စိုးခြင်းကိုလည်း ခံရမည်”ဟု ဆိုလျက် မိန်းမများအား ယောက်ျားများထံ ပေးအပ်သည်ကို ကြည့်လျှင် ယောက်ျားက ဖြည့်ဆည်းသင့်သည့် တာဝန်သည် မိသားစု၏ ဝန်ထုပ်ဝန်ပိုးများကို တာဝန်ယူရန်ဖြစ်သည်၊ သို့မဟုတ် အရေးကြီးသော အမှုကိစ္စများ ဖြစ်ပျက်သောအခါ သူ၏ မိန်းမကို ကာကွယ်ရန်နှင့် မြတ်နိုးရန်၊ သူမအား စာနာပြီး နားလည်ပေးရန်ဖြစ်သည်။ သူမအား စုံစမ်းသွေးဆောင်ခြင်းထဲသို့ ထိုးထည့်ရန်မဟုတ်ဘဲ ခင်ပွန်းတစ်ယောက်နှင့် ယောက်ျားတစ်ယောက်က ခံယူသင့်သည့် တာဝန်များကို ခေါင်းခံယူရန်ဖြစ်သည်။ ဤနည်းအားဖြင့် မိသားစုတွင်၊ အိမ်ထောင်၏ စည်းဘောင်အောက်တွင် သင်သည် သင်ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းလိမ့်မည်။ ပြီးလျှင် သင်သည် သင်၏ မိန်းမအား သင်သည် သူမ၏ ယုံကြည်မှုဖြင့် ထိုက်တန်သည်ဟုလည်းကောင်း၊ သင်သည် သူမ၏ ဘဝကို အတူတကွ ကုန်ဆုံးမည့်သူ ဖြစ်သည်ဟုလည်းကောင်း၊ သင်သည် ယုံကြည်ထိုက်သည်ဟုလည်းကောင်း၊ သင်၏ ပခုံးများသည် ယုံကြည်အားထားရသည်ဟုလည်းကောင်း ခံစားရစေလိမ့်မည်။ သင့်မိန်းမက သင့်အား အားကိုးသောအခါတွင်၊ အချို့သော အရေးကြီးသည့် အမှုကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဆုံးဖြတ်ချက်ချရန် သူမ၏ ခင်ပွန်းဖြစ်သော သင့်အား လိုအပ်သောအခါ၌ သင်သည် အိပ်ချင်လျက်၊ သောက်စားချင်လျက်၊ လောင်းစကားပြုချင်လျက်၊ လမ်းတကာ လျှောက်သွားချင်လျက် နေ၍ မရပေ။ ဤသည်မှာ လုံးဝ လက်မခံနိုင်ဖွယ်ဖြစ်သည်။ ဤသည်မှာ သတ္တိနည်းခြင်း ဖြစ်သည်။ သင်သည် ယောက်ျားကောင်းတစ်ယောက် မဟုတ်။ သင် ဖြည့်ဆည်းသင့်သည့် တာဝန်များကို မဖြည့်ဆည်းပေ။ ယောက်ျားတစ်ယောက်ဖြစ်သော သင်သည် အကြီးစားအမှုကိစ္စတိုင်းတွင် သင်၏ မိန်းမအား ရှေ့ထွက်ရန် အစဉ်လိုအပ်လျှင်၊ ယောက်ျားတစ်ယောက်ထက် ပို၍ နူးညံ့သော အခန်းကဏ္ဍရှိသည့် သူမကို မီးတွင်းထဲသို့ တွန်းပို့နေလျှင်၊ လေနှင့် လှိုင်းလုံးများက အကြီးဆုံး ဖြစ်သည့်နေရာသို့ တွန်းပို့လျှင်၊ အမျိုးမျိုးသော ရှုပ်ထွေးသော အမှုကိစ္စများ၏ ဝဲဂယက်ထဲသို့ တွန်းပို့လျှင် ဤသည်မှာ ယောက်ျားကောင်းတစ်ယောက် လုပ်ဆောင်သင့်သည့် အရာတစ်ခုမဟုတ်သကဲ့သို့ ခင်ပွန်းကောင်းတစ်ယောက် ပြုမူသင့်သည့် နည်းလမ်းလည်းမဟုတ်ပေ။ သင်၏ တာဝန်သည် သင်၏ မိန်းမအား သင့်ကို ဆန္ဒရှိရန်၊ သင့်အား အဖော်ပြုရန်၊ သင့်အား ကောင်းစွာနေထိုင်ဖို့ ကူညီရန်အတွက် ပြုလုပ်ဖို့မျှသာ မဟုတ်ပေ။ ဤအရာတို့သာ ရှိခြင်းမဟုတ်ပေ။ သင်တာဝန်ယူဆောင်ရွက်ရမည့် တာဝန်လည်း သင့်တွင် ရှိသည်။ သူမသည် သင့်အပေါ် သူမ၏ တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်။ သူမအပေါ် သင်၏ တာဝန်ကို သင် ဖြည့်ဆည်းခဲ့သလော။ သူမအား ကောင်းသောအစားအစာကို ပေးခြင်း၊ ဝတ်ဆင်ရန် နွေးထွေးသော အဝတ်ကိုပေးခြင်းနှင့် သူ၏ စိတ်နှလုံးအား အေးဆေးသက်သာ ဖြစ်စေခြင်းတို့က မလုံလောက်ပေ။ ပို၍အရေးကြီးသည်မှာ အမှန်၊ အမှားနှင့်သက်ဆိုင်သော အမျိုးမျိုးသော ကြီးမားသည့် အမှုကိစ္စများနှင့် အငြင်းပွားမှုများတွင် သူမအား စိတ်ပူပန်ခြင်းတစ်ခုတလေ မရှိစေဖို့အတွက်၊ သင့်ထံမှ စစ်မှန်သော အကျိုးအမြတ်များကို သူမ လက်ခံရရှိအောင် ထောက်ကူပေးဖို့အတွက်၊ သင်က ခင်ပွန်းတစ်ယောက်အနေဖြင့် သင်ဖြည့်ဆည်းသင့်သည့် တာဝန်များကို ဖြည့်ဆည်းသည်ကို မြင်ဖို့အတွက် သူမ အရာရာတိုင်းကို ကိုင်တွယ်ဖြေရှင်းရာတွင် သူမအား တိကျစွာ၊ မှန်ကန်စွာ၊ သင့်လျော်စွာ ကူညီနိုင်သင့်သည်။ ဤသည်မှာ အိမ်ထောင်တွင် မိန်းမတစ်ယောက်၏ ပျော်ရွှင်ခြင်း အရင်းအမြစ် ဖြစ်သည်။ ဤသည်မှာ မမှန်သလော။ (မှန်ပါသည်။) သင်၏ စကားများက မည်မျှ ချိုမြိန်ပါစေ၊ သင်က သူမကို မည်သို့ ဆွဲဆောင်ပါစေ၊ သင်က သူမကို မည်မျှ အဖော်ပြုပါစေ ကြီးမားသောအမှုကိစ္စများ၌ သင့်မိန်းမက သင့်အား အမှီမပြုနိုင်လျှင်၊ သို့မဟုတ် သင့်အား မယုံကြည်နိုင်လျှင်၊ သင်ခံယူသင့်သည့် တာဝန်များကို သင် ခေါင်းမခံလျှင်၊ ထိုအစား နူးညံ့သောမိန်းမအား ရှေ့သို့ထွက်ပြီး အရှက်ကွဲခြင်းကို ခါးစည်းခံရစေလျှင်၊ သို့မဟုတ် မည်သည့်ဝေဒနာကိုမဆို ခါးစည်းခံရစေလျှင် ဤသို့သောမိန်းမသည် ပျော်ရွှင်မှု၊ သို့မဟုတ် ဝမ်းမြောက်မှုကို ခံစားနိုင်မည်မဟုတ်။ ပြီးလျှင် သူမသည် သင့်၌ မျှော်လင့်ချက် တွေ့မည် မဟုတ်ပေ။ ထို့ကြောင့် ဤသို့သော ယောက်ျားကို လက်ထပ်သူ မည်သည့်မိန်းမ မဆိုသည် သူမ၏ အိမ်ထောင်၌ ကံမကောင်းဟု ခံစားရမည်။ သူမ၏ အနာဂတ်နေ့ရက်များနှင့် ဘဝသည် မျှော်လင့်ချက်မရှိ၊ အလင်းမရှိဟု ခံစားရမည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အားကိုး၍ မရသောယောက်ျား၊ မိမိ၏ တာဝန်များကို မဖြည့်ဆည်းသော ယောက်ျား၊ ကြောက်တတ်သောသူ၊ အချည်းနှီးလူ၊ ငကြောက်တစ်ယောက်ကို လက်ထပ်ခဲ့သောကြောင့်ဖြစ်သည်။ သူမသည် ပျော်ရွှင်မှုကို ခံစားရမည်မဟုတ်ပေ။ ထို့ကြောင့် ယောက်ျားများသည် မိမိတို့၏ ကိုယ်ပိုင်တာဝန်များကို ခေါင်းခံဖို့ လိုအပ်သည်။ တစ်ချက်အနေဖြင့် ဤသည်မှာ လူ့သဘာဝ၏ လိုအပ်ချက်တစ်ခုဖြစ်သည်။ အခြားတစ်ချက်အနေဖြင့် ပို၍အရေးကြီးသည်မှာ ဤအရာကို ဘုရားသခင်၏ ရှုထောင့်မှနေ၍ ၎င်းတို့ နားလည်ဖို့ လိုအပ်သည်။ ဤသည်မှာ အိမ်ထောင်၌ ယောက်ျားတိုင်းအား ဘုရားသခင်က ပေးအပ်ခဲ့သည့် တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ထို့ကြောင့် မိန်းမများအား ပြောရလျှင် သင်သည် အိမ်ထောင်ပြုပြီး သင်၏ ကြင်ရာဖက်ကို ရှာတွေ့လိုလျှင် အနည်းဆုံးအနေဖြင့် ထိုယောက်ျားသည် ယုံကြည်အားကိုးထိုက်ခြင်း ရှိမရှိကို ဦးစွာ ကြည့်ရှုရမည်။ သူ၏ ရုပ်ရည်၊ အရပ်အမြင့်၊ အောင်လက်မှတ်၊ ချမ်းသာခြင်းရှိမရှိ၊ ပိုက်ဆံများစွာ ရှာနိုင်ခြင်း ရှိမရှိဆိုသည်တို့အားလုံးမှာ အဓိကမဟုတ်ပေ။ အဓိကအချက်မှာ ဤလူသည် လူ့သဘာဝနှင့် တာဝန်ခံယူစိတ်ရှိမရှိ၊ သူ၏ ပခုံးသည် ကျယ်ပြန့်ပြီး ဗလတောင့်ခြင်း ရှိမရှိကို ကြည့်ရန်ဖြစ်ပြီး သင်က သူ့ကို အမှီပြုသောအခါတွင် သူသည် ပြိုလဲမည် ဟုတ်မဟုတ်ကိုဖြစ်စေ၊ သင့်အား ချီမထားနိုင်မည် ဟုတ်မဟုတ်ကိုဖြစ်စေ၊ သူသည် ယုံကြည်အားကိုးထိုက်ခြင်း ရှိမရှိကိုဖြစ်စေ ကြည့်ရန်ဖြစ်သည်။ တိကျစွာဆိုရလျှင် သူသည် ဘုရားသခင် ဆိုသကဲ့သို့ ခင်ပွန်း၏ တာဝန်များကို ဖြည့်ဆည်းနိုင်ခြင်းရှိမရှိ၊ သူသည် ဤကဲ့သို့သောသူမျိုး ဟုတ်မဟုတ်ကို ကြည့်ရန်ဖြစ်သည်။ ဘုရားသခင်၏ လမ်းခရီးအား လိုက်လျှောက်ခြင်းကို မဆိုထားနှင့်၊ အနည်းဆုံးအနေဖြင့် သူသည် ဘုရားသခင်၏ အမြင်တွင် လူ့သဘာဝရှိသူတစ်ဦး ဖြစ်သင့်သည်။ လူနှစ်ဦးက အတူတကွ နေထိုင်သောအခါ ၎င်းတို့သည် ချမ်းသာသည်၊ ဆင်းရဲသည်၊ ၎င်းတို့၏ ဘဝ အရည်အသွေးသည် အဘယ်သို့ ဖြစ်သည်၊ ၎င်းတို့၏ အိမ်တွင် မည်သည့်အရာရှိသည်၊ ၎င်းတို့သည် သဟဇာတဖြစ်သော စရိုက်လက္ခဏာရှိသည်၊ မရှိသည်က အရေးမကြီးပေ။ အနည်းဆုံးအနေဖြင့် သင်လက်ထပ်သော ယောက်ျားသည် သင့်အပေါ် သူ၏ တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းရန်၊ သင့်အပေါ် တာဝန်သိစိတ်ရှိရန်၊ သူ၏ စိတ်နှလုံးထဲတွင် သင့်အား ထားရှိရန် လိုအပ်သည်။ သူက သင့်ကို နှစ်သက်သည်ဖြစ်စေ၊ ချစ်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် သူ၏ စိတ်နှလုံးတွင် သင်ရှိနေရန်၊ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် သူ ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းရန် လိုအပ်သည်။ ဤသို့ဆိုလျှင် သင်၏ ဘဝသည် ဝမ်းမြောက်ဖွယ် ဖြစ်လိမ့်မည်။ သင်၏ နေ့ရက်များသည် ပျော်ရွှင်ရလိမ့်မည်။ သင်၏ အနာဂတ်လမ်းကြောင်းသည် ဝေဝါးမည်မဟုတ်ပေ။ မိန်းမတစ်ယောက် လက်ထပ်သည့် ယောက်ျားသည် အစဉ် အားမကိုးထိုက်လျှင်၊ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခိုက်အတန့်၌ ထွက်ပြေးပြီး ပုန်းကွယ်လျှင်၊ သူသည် အလွန်ပင် ကျွမ်းကျင်မှုရှိပြီး ယောက်ျားပီသကာ သန်မာသည့်အလား မည်သည့်အရာမျှ လွဲမှားခြင်း မရှိသည့်အခါတွင် ကိုယ်ရည်သွေးပြီး ကြွားဝါပြောဆိုသော်လည်း တစ်စုံတစ်ခုဖြစ်ပျက်သောအခါ ပျော့ညံ့သွားလျှင် ထိုမိန်းမသည် စိတ်မချမ်းမသာဖြစ်မည်ဟု သင်ထင်သလော။ (ထင်ပါသည်။) သူမသည် ပျော်ရွှင်မည်လော။ (မပျော်ရွှင်ပါ။) ရည်မွန်သော မိန်းမကောင်းတစ်ယောက်က “ငါက အမြဲတမ်းသူ့ကို ဂရုစိုက်ပြီး ချစ်မြတ်နိုးတယ်၊ မိန်းမတစ်ယောက်အနေနဲ့ ငါ့တာဝန်တွေကို ဖြည့်ဆည်းဖို့အတွက် ဘာကိုမဆို ဒုက္ခခံလိုစိတ်ရှိတယ်၊ ဒါပေမဲ့ ဒီလူနဲ့ ရှေ့ဆက်ဖို့ အနာဂတ်ကို မမြင်ဘူး” ဟူ၍ တွေးလိမ့်မည်။ ဤသို့သော အိမ်ထောင်သည် နာကျင်ဖွယ် မဖြစ်သလော။ ဤမိန်းမ ခံစားရသည့် ဤဝေဒနာသည် ယောက်ျားနှင့်၊ သူ၏ ကြင်ရာဖက်နှင့် မသက်ဆိုင်သလော။ (သက်ဆိုင်ပါသည်။) ဤသည်မှာ ယောက်ျား၏ တာဝန်ဖြစ်သလော။ (ဖြစ်ပါသည်။) ယောက်ျားသည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်သင့်သည်။ မိန်းမက ကြေးများသည်၊ နားပူနားဆာလုပ်ပြီး ဇီဇာကြောင်သည်ဟု သူက အစဉ်ညည်းညူနေ၍ မရပေ။ နှစ်ဖက်စလုံးက ၎င်းတို့သည် ၎င်းတို့၏ တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းခြင်းရှိမရှိ၊ ဘုရားနှုတ်ကပတ်တော်ကို ကြားနာပြီးနောက်တွင် ဘုရားနှုတ်ကပတ်တော်နှင့်အညီ ထိုသို့ လုပ်ဆောင်ခြင်း ရှိမရှိတို့ကို နှစ်ဦးနှစ်ဘက် ဆင်ခြင်သုံးသပ်ရမည်။ ၎င်းတို့သည် ဤအရာများကို ဖြည့်ဆည်းခြင်းမရှိလျှင် အလျင်အမြန် ပြောင်းလဲဖို့လိုသည်။ အလျင်အမြန် မိမိတို့ကိုယ်ကို မှန်ကန်အောင် လုပ်ဆောင်ကာ အခြေအနေကို ကုစားဖို့လိုသည်။ ဤသည်မှာ အလွန်နောက်ကျခြင်းမရှိပေ။ ဤသည်မှာ ကျင့်ကြံပြုမူရန် နည်းလမ်းကောင်းတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။)
ယခုဆက်၍ ဖတ်ကြစို့။ ဤအရာပြီးနောက်တွင် လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်များတွင် ပထမဆုံး ဖြစ်သော အာဒံထံသို့ ဘုရားသခင်၏ နောက်ထပ် ပညတ်တစ်ခုဖြစ်သည်။ ဘုရားသခင် ပြောခဲ့သည်မှာ- “ထိုအပင်၏ အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊ မြေသည် သင်၏အတွက် ကျိန်ခြင်းကို ခံလျက်ရှိ၏။ မြေ၏အသီးကို တစ်သက်ပတ်လုံးပင်ပန်းစွာ စားရမည်။ ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင် စားရမည်။ သင်ထွက်ရာမြေသို့ မပြန်မီတိုင်အောင်၊ သင်၏ မျက်နှာမှချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည်ဟု မိန့်တော်မူ၏။” (ကမ္ဘာဦးကျမ်း ၃:၁၇-၁၉) ဤကျမ်းပိုဒ်သည် အဓိကအားဖြင့် ယောက်ျားများအပေါ် ဘုရားသခင်၏ ပညတ်ဖြစ်သည်။ အခြေအနေက မည်သို့ရှိသည်ဖြစ်စေ ဘုရားသခင်က ယောက်ျားများအား ပညတ်တစ်ခုပေးသည်ကို ကြည့်လျှင် သူ၏ အမိန့်သည် အိမ်ထောင်၏ စည်းဘောင်အတွင်းနှင့် မိသားစုအတွင်းတွင် ၎င်းတို့ ဖြည့်ဆည်းဖို့ လိုအပ်သည့် ဝတ္တရားများနှင့် အလုပ်တာဝန်များ ဖြစ်သည်။ ဘုရားသခင်က ယောက်ျားများအား အိမ်ထောင်ပြုပြီးနောက်တွင် မိသားစု၏ အသက်မွေးမှုကို ထိန်းသိမ်းဖို့ သတ်မှတ်သည်။ ယင်းမှာ ၎င်းတို့၏ အသက်မွေးမှုကို ထိန်းသိမ်းရန်အတွက် ၎င်းတို့၏ တစ်ဘဝလုံး အလုပ်ကြိုးစားရမည်ဟူ၍ဖြစ်သည်။ ယောက်ျားများသည် ၎င်းတို့၏ အသက်မွေးမှုကို ထိန်းသိမ်းဖို့ လိုအပ်သည်။ ထို့ကြောင့် ၎င်းတို့သည် အလုပ်ကို ပင်ပန်းကြီးစွာ လုပ်ရမည်။ ခေတ်သစ် ဘာသာစကားကို အသုံးပြုလျက် အလုပ်တစ်ခုကို သွား၍ ရှာပြီး ပိုက်ဆံရရန် အလုပ်လုပ်ဖို့ လိုအပ်သည်။ သို့မဟုတ် ၎င်းတို့သည် မြေကြီးတွင် အစေ့ကိုစိုက်ပျိုးပြီး မိသားစု၏ အသက်မွေးမှုကို ထိန်းသိမ်းရန်အတွက် ရိတ်သိမ်းရမည်။ ယောက်ျားများသည် တစ်မိသားစုလုံးကို ပံ့ပိုးရန်၊ မိမိတို့၏ အသက်မွေးမှုကို ထိန်းသိမ်းရန် ပင်ပန်းစွာ အလုပ်လုပ်ဖို့ လိုအပ်သည်။ ဤသည်မှာ ခင်ပွန်းများအတွက်၊ ယောက်ျားများအတွက် ဘုရားသခင်၏ ပညတ်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်ဖြစ်သည်။ ထို့ကြောင့် အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ယောက်ျားများက “အင်း ငါ့ကျန်းမာရေးက မကောင်းဘူး”၊ “အင်း အခုခေတ် လူ့အဖွဲ့အစည်းမှာ အလုပ်ရှာဖို့ ခက်တယ်၊ တော်တော် စိတ်ဖိစီးတယ်”၊ “ငါက မိဘတွေ အလိုလိုက်တာခံရပြီး ကြီးလာတာ၊ ဘာအလုပ်မှ မလုပ်နိုင်ဘူး” ဟူ၍ ဖိပြော၍ မရနိုင်ပေ။ သင်က မည်သည့်အလုပ်ကိုမျှ လုံးဝ မလုပ်နိုင်လျှင် အဘယ်ကြောင့် အိမ်ထောင်ပြုသနည်း။ သင်က မိသားစုတစ်စုကို မပံ့ပိုးနိုင်လျှင်၊ တစ်မိသားစုလုံး၏ အသက်မွေးမှုကို သင်ကိုယ်တိုင် တာဝန်ယူရန် အလုပ် ပင်ပန်းကြီးစွာ လုပ်ဖို့ အရည်အချင်းမရှိလျှင် အဘယ်ကြောင့် အိမ်ထောင်ပြုသနည်း။ ဤသို့ပြောသည်မှာ တာဝန်မသိတတ်ခြင်း ဖြစ်သည်။ တစ်ချက်အနေဖြင့် ဘုရားသခင်က ယောက်ျားများအား ဇွဲလုံ့လရှိစွာ အလုပ်လုပ်ဖို့ သတ်မှတ်သည်။ နောက်တစ်ချက်အနေဖြင့် သူသည် ၎င်းတို့အား ကမ္ဘာမြေမှ အစားအစာများကို ရယူရန် အလုပ်လုပ်ဖို့ သတ်မှတ်သည်။ ယခုအချိန်ကာလများတွင် သင့်အား ကမ္ဘာမြေမှ အစားအစာကို ရယူရန် မရမက တောင်းဆိုခြင်း မရှိသည်မှာ မှန်သော်လည်း အလုပ်ပင်ပန်းကြီးစွာ လုပ်ရန်မှာ မရှိမဖြစ်လိုအပ်သည်။ ထို့ကြောင့် ယောက်ျားများ၏ ကိုယ်လုံးကိုယ်ပေါက်က အလွန်ဗလတောင့်ပြီး သန်မာခြင်းဖြစ်သည်။ မိန်းမကမူ နှိုင်းယှဉ်ကြည့်လျှင် အားနည်းသည်။ ၎င်းတို့သည် မတူညီပေ။ ဘုရားသခင်က ယောက်ျားနှင့် မိန်းမအတွက် မတူညီသော ကိုယ်လုံးကိုယ်ပေါက်များကို ဖန်ဆင်းသည်။ သဘာဝအားဖြင့် ယောက်ျားသည် သူ့မိသားစု၏ အသက်မွေးမှုကို ထိန်းသိမ်းရန်၊ မိသားစုကို ပံ့ပိုးရန် ပင်ပန်းကြီးစွာ လုပ်ကိုင်ပြီး အလုပ်လုပ်သင့်သည်။ ဤသည်မှာ သူ၏ အခန်းကဏ္ဍ ဖြစ်သည်။ သူသည် မိသားစု၏ အဓိကအင်အားဖြစ်သည်။ အခြားတစ်ဖက်တွင် မိန်းမများကိုမူ ဘုရားသခင်က ဤသို့ ပညတ်မထားပေ။ ဤသို့ဆိုလျှင် မိန်းမသည် မည်သည့်အရာကိုမျှ မလုပ်ဘဲ အသင့်ပြုလုပ်ပေးထားသော အစာကို စားရန် စောင့်ဆိုင်းလျက် သူမ မစိုက်ပျိုးဘဲ ရိတ်သိမ်းနိုင်သလော။ ဤသည်မှာလည်း မမှန်ပေ။ ဘုရားသခင်က မိန်းမအား မိသားစု၏ အသက်မွေးမှုကို ထိန်းသိမ်းဖို့ ပညတ်ထားခြင်း မရှိသော်လည်း အလဟဿ ထိုင်နေ၍ မရပေ။ ဘုရားသခင်က မိန်းမများကို ပညတ်မထား ခဲ့သောကြောင့် ဤအမှုကိစ္စ၌ ၎င်းတို့သည် ဘေးတွင်သွား၍ ရပ်နေနိုင်သည်ဟု မထင်နှင့်။ ဤသည်မှာ မမှန်ကန်ပေ။ မိန်းမများသည်လည်း ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းရန် လိုအပ်သည်။ ၎င်းတို့သည် မိသားစု၏ အသက်မွေးမှုကို ထိန်းသိမ်းခြင်းတွင် ၎င်းတို့၏ ခင်ပွန်းကို ကူညီပံ့ပိုးပေးသင့်သည်။ မိန်းမသည် ကြင်ဖော်ကြင်ဖက် ဖြစ်ရန်သာ လိုအပ်ခြင်း မဟုတ်ပေ။ တစ်ချိန်တည်းတွင်ပင် သူမသည် မိသားစုတွင် သူမ၏ ယောက်ျားက သူ၏ တာဝန်များနှင့် အထူးတာဝန်တို့ကို ဖြည့်ဆည်းခြင်း၌ ကူညီပေးဖို့ လိုအပ်သည်။ သူမသည် ဘေးသို့သွား၍ ရပ်နေပြီး သူမ၏ ခင်ပွန်းကို ကြည့်ကာ လှောင်ပြောင်ခြင်းသာ ပြုလုပ်နေ၍ မရသကဲ့သို့ အသင့်ပြုလုပ်ပေးထားသော အစာကိုသာ စောင့်၍မရပေ။ ၎င်းတို့နှစ်ဦးသည် သဟဇာတဖြစ်ဖို့ လိုအပ်သည်။ ဤနည်းအားဖြင့် မိန်းမနှင့် ယောက်ျားက ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် ဝတ္တရားများအားလုံးသည် ပြည့်စုံလိမ့်မည်ဖြစ်ပြီး ကောင်းစွာ ပြီးမြောက်လိမ့်မည်။
ဆက်၍ ဖတ်ကြစို့။ ဘုရားသခင် ပြောခဲ့သည်မှာ “ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့ မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင် စားရမည်။” ဟူ၍ ဖြစ်သည်။ သင်မြင်သလော။ ဘုရားသခင်က ယောက်ျားများအား ပင်ပန်းသောအလုပ်ကို ပေးခဲ့သည့်အပြင် နောက်ထပ် ဝန်ထုပ်ဝန်ပိုးများ ရှိသည်။ သင် အလုပ် ပင်ပန်းကြီးစွာလုပ်ခြင်းက မလုံလောက်ပေ။ လယ်ကွင်းသည် သင်ဆွဲနုတ်ရမည့် ပေါင်းပင်များလည်း ပေါက်သည်။ ဤသည်မှာ သင်က လယ်သမားတစ်ယောက်ဖြစ်လျှင် စိုက်ပျိုးခြင်းအပြင် နောက်ထပ်အလုပ် ရှိသေးသည်ဟု ဆိုလိုသည်။ သင်သည် ပေါင်းပင်များလည်း နုတ်ရမည်။ ပြီးလျှင် အလဟဿ ထိုင်နေ၍ မရပေ။ သင့်မိသားစု၏ အသက်မွေးမှုကို ထိန်းသိမ်းရန်အတွက် အလုပ်ကို ကောင်းစွာ ကြိုးပမ်းလုပ်ကိုင်ရမည်။ ဘုရားသခင်က ပြောသကဲ့သို့ပင် “သင်၏ မျက်နှာမှချွေးထွက်လျက် အစာကို စားရမည်။” ဟူ၍ဖြစ်သည်။ ဤနှုတ်ကပတ်တော်က မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ယောက်ျားများထံ ပေးထားသော ၎င်းတို့၏ ပင်ပန်းသော အလုပ်အပြင် နောက်ထပ် ဝန်ရှိသည်ဟု ဆိုလိုသည်။ မည်သည့်အချိန်ထိ ဖြစ်သနည်း။ “သင်ထွက်ရာမြေသို့ မပြန်မီတိုင်အောင်” ဖြစ်သည်။ သင်၏ နောက်ဆုံးဝင်သက်ကို ရှူသည့်အချိန်အထိ၊ ဘဝခရီးကို ပြီးဆုံးသည့်အချိန်အထိ ဖြစ်သည်။ ထို့နောက်တွင် သင်သည် ဤသို့ လုပ်ဆောင်ရန် မလိုအပ်တော့ပေ။ ပြီးလျှင် သင်၏ တာဝန်များက ပြည့်စုံလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က ယောက်ျားများကို ပေးသော ညွှန်ကြားချက်ဖြစ်ပြီး ယောက်ျားများအပေါ် ဘုရားသခင်၏ ပညတ်တော် ဖြစ်သည့်အပြင် ၎င်းတို့ကို သူပေးအပ်သည့် တာဝန်နှင့် ဝန်ထုပ်ဝန်ပိုးလည်း ဖြစ်သည်။ သင်က လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ ဤအရာကို ဘုရားသခင်က စီမံခြင်းဖြစ်ပြီး သင် မလွတ်မြောက်နိုင်ပေ။ ထို့ကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးတွင်၊ သို့မဟုတ် လူသားမျိုးနွယ်တစ်ရပ်လုံးတွင် စိတ်ခံစားချက်မှဖြစ်သော အမြင်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ၊ အရှိအတိုင်းဖြစ်သော အမြင်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ယောက်ျားများသည် မိန်းမများနှင့် ယှဉ်လျှင် ကမ္ဘာပေါ်၌ ၎င်းတို့၏ ရှင်သန်ရေးတွင် ပို၍ကြီးသော ဖိစီးမှုရှိသည်။ ဤသည်မှာ ဘုရားသခင်၏ စီမံသတ်မှတ်ခြင်းနှင့် စီစဉ်ညွှန်ကြားခြင်း၏ ရလဒ်ဖြစ်သည်ဟု မလွှဲမရှောင်သာ ဆိုရပေမည်။ ဤအမှုကိစ္စတွင် ယောက်ျားများသည် ဘုရားသခင်ထံမှ လက်ခံရယူပြီး ၎င်းတို့ ခံယူသင့်သည့် တာဝန်နှင့် ဝတ္တရားများကို ခံယူဖို့ လိုအပ်သည်။ အထူးသဖြင့် မိသားစုနှင့် အိမ်ထောင်ဖက်ရှိသော အိမ်ထောင်၏ စည်းဘောင်အတွင်းရှိ ထိုလူများသည် ဘဝက ခက်ခဲလွန်းသောကြောင့်၊ ခါးသီးလွန်းသောကြောင့်၊ သို့မဟုတ် ပင်ပန်းလွန်းသောကြောင့် ၎င်းတို့တာဝန်များအား ဖြည့်ဆည်းခြင်းမှ ရုန်းထွက်လွတ်မြောက်ရန်၊ သို့မဟုတ် ငြင်းပယ်ရန် မကြိုးစားသင့်ပေ။ သင်က “ဒီတာဝန်ကို ကျွန်တော် မလုပ်ချင်ဘူး၊ ပြီးတော့ အပင်ပန်းမခံချင်ဘူး” ဟုဆိုလျှင် သင်သည် အိမ်ထောင်မှ ကွာဖို့၊ သို့မဟုတ် အိမ်ထောင်ကို ငြင်းပယ်ဖို့ ရွေးချယ်နိုင်သည်။ ထို့ကြောင့် သင်သည် အိမ်ထောင်မပြုမီတွင် ဘုရားသခင်က အိမ်ထောင်ကျပြီးသော ယောက်ျားအား တာဝန်ယူဆောင်ရွက်ရန် သတ်မှတ်သည့် တာဝန်များက မည်သည့်အရာများ ဖြစ်သည်၊ သင်က ထိုအရာများကို ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိ၊ ကောင်းစွာ ထမ်းဆောင်နိုင်ခြင်း ရှိမရှိ၊ သင်၏ အခန်းကဏ္ဍကို သင့်လျော်စွာ ဆောင်ရွက်နိုင်ခြင်း ရှိမရှိ၊ သင့်အပေါ် ဘုရားသခင်၏ ပညတ်များ၊ ဘုရားသခင်က သင့်အား ပေးမည့် မိသားစု၏ ဝန်ထုပ်ဝန်ပိုးများကို သင် ခံယူနိုင်ခြင်းရှိမရှိတို့ကို ရှေးဦးစွာ အဘက်ဘက်မှ စဉ်းစားရမည်ဖြစ်ကာ တွေးတောပြီး ရှင်းလင်းစွာ နားလည်ရမည်။ ဤအရာအားလုံးကို ကောင်းစွာ လုပ်ဆောင်ရန် ယုံကြည်ခြင်းမရှိဟု သင်ခံစားရလျှင်၊ သို့မဟုတ် သင်က ဤသို့လုပ်ဆောင်ရန် လိုလားစိတ်မရှိလျှင်၊ သင်က မလုပ်ဆောင်လိုလျှင်၊ ဤတာဝန်နှင့် ဝတ္တရားကို ငြင်းဆန်လျှင်၊ အိမ်ထောင်စုအတွင်းနှင့် အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ဝန်ထုပ်ဝန်ပိုးကို ခံယူရန် ငြင်းဆန်လျှင် သင်သည် အိမ်ထောင်မပြုသင့်ပေ။ ယောက်ျားနှင့် မိန်းမနှစ်ဦးလုံးအတွက် အိမ်ထောင်ဟူသည်မှာ တာဝန်များနှင့် ဝန်ထုပ်ဝန်ပိုးများကို သွယ်ဝိုက်ညွှန်းဆိုသည်။ ဤသည်မှာ အသေးအဖွဲကိစ္စ မဟုတ်ပေ။ ယင်းသည် အလေးအမြတ်ထားအပ်သော အရာမဟုတ်သော်လည်း ငါ၏ နားလည်မှုအရ အိမ်ထောင်ဟူသည် အနည်းဆုံးအနေဖြင့် လေးနက်သည်။ လူတို့သည် အိမ်ထောင်အပေါ် ၎င်းတို့၏ သဘောထားများကို ပြုပြင်သင့်သည်။ အိမ်ထောင်ဟူသည် သွေးသားဆန္ဒဆိုင်ရာ တပ်မက်မှုများဖြင့် ဆော့ကစားနေရန် မဟုတ်သကဲ့သို့ မိမိ၏ ကိုယ်ပိုင် ခဏတာဖြစ်သော စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းဖို့အတွက်လည်း မဟုတ်ပေ။ မိမိ၏ သိလိုစိတ်ပြင်းပြမှုကို ဖြည့်ဆည်းဖို့အတွက်မှာ ပို၍ပင် မဟုတ်ပေ။ အိမ်ထောင်ဟူသည် တာဝန်တစ်ခုနှင့် ဝတ္တရားတစ်ခုဖြစ်သည်။ အိမ်ထောင်ဟူသည် ယောက်ျား၊ သို့မဟုတ် မိန်းမတစ်ယောက်က အိမ်ထောင်၏တာဝန်များကို ခံယူရန် အရည်အချင်းနှင့် ယုံကြည်ခြင်း ရှိမရှိနှင့်ပတ်သက်သည့် အတည်ပြုချက်နှင့် စိစစ်ချက် ဖြစ်သည်ဟုဆိုလျှင် ပို၍ပင် မှန်သည်မှာ ပြောစရာမလိုပေ။ သင့်၌ အိမ်ထောင်၏ တာဝန်များနှင့် ဝတ္တရားများကို ခံယူရန် အရည်အချင်း ရှိမရှိကို မသိလျှင်၊ ဤသည်တို့မှာ သင့်အတွက် လုံးဝ မသိရသေးသော ပမာဏများ ဖြစ်လျှင်၊ သို့မဟုတ် သင်က အိမ်ထောင်မပြုလိုလျှင်၊ သို့မဟုတ် သင် ဤအယူအဆကိုပင် အလွန်စိတ်ကုန်နေလျှင်၊ မိသားစုဘဝ၏ တာဝန်များနှင့် ဝတ္တရားများက အသေးအဖွဲကိစ္စဖြစ်စေ၊ ကြီးသော ကိစ္စဖြစ်စေ မခံယူလိုဘဲ တစ်ဦးတည်းနေလိုလျှင် “တစ်ယောက်တည်း ရှိတာ မကောင်းဘူးလို့ ဘုရားက ပြောပေမဲ့ တစ်ယောက်တည်းနေတာက တော်တော် ကောင်းတယ်လို့ ငါထင်တယ်” ဟုဆိုလျှင် အိမ်ထောင်ကို သင်ငြင်းပယ်နိုင်သည်။ သို့မဟုတ် သင်၏ အိမ်ထောင်ကပင် ကွာရှင်းနိုင်သည်။ ဤအချက်မှာ လူတစ်ဦးချင်းစီ၌ ကွဲပြားသည်။ လူတစ်ဦးချင်းစီက လွတ်လပ်စွာ ရွေးချယ်နိုင်သည်။ သို့သော် သင်က မည်သို့ပြောသည်ဖြစ်စေ လူသားမျိုးနွယ်၏ အစောဆုံး အိမ်ထောင်နှင့်ပတ်သက်ပြီး ဘုရားသခင်ကပေးသော ဆိုရိုးစကားများ၊ စီမံသတ်မှတ်မှုများနှင့်ပတ်သက်ပြီး ကျမ်းစာ၌ မှတ်တမ်းတင်ထားသောအရာကို ကြည့်လျှင် အိမ်ထောင်က ကစားပွဲတစ်ခု မဟုတ်သကဲ့သို့ အသေးအဖွဲကိစ္စတစ်ခု မဟုတ်သည်ကိုလည်း သင်မြင်လိမ့်မည်။ လူတို့က ဖော်ပြသကဲ့သို့ အုတ်ဂူမဟုတ်သည်မှာ ပို၍ပင် မှန်သည်။ အိမ်ထောင်ကို ဘုရားသခင်က စီစဉ်ပြီး စီမံသတ်မှတ်သည်။ လူ၏ အစအဦးကတည်းက ဘုရားသခင်က အိမ်ထောင်ကို စီမံသတ်မှတ်ပြီး စီစဉ်သည်။ ထို့ကြောင့် ထိုလောကီဆိုရိုးစကားများ ဖြစ်သော “အိမ်ထောင်သည် အုတ်ဂူတစ်ခုဖြစ်သည်”၊ “အိမ်ထောင်သည် အဝိုင်းခံထားရသော မြို့တစ်မြို့ ဖြစ်သည်”၊ “အိမ်ထောင်သည် အဖြစ်ဆိုးတစ်ခု ဖြစ်သည်”၊ “အိမ်ထောင်သည် ဘေးဒုက္ခတစ်ခု ဖြစ်သည်” စသည်တို့သည် ခိုင်လုံမှုရှိသလော။ (မရှိပါ။) ခိုင်လုံမှုမရှိပေ။ ဤသည်မှာ အိမ်ထောင်ကို ပုံဖျက်ကာ ဖျက်ဆီး၍ ကဲ့ရဲ့အပြစ်ဆိုပြီးနောက်တွင် အိမ်ထောင်အပေါ် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၌ ရှိသော နားလည်မှု ဖြစ်သည်။ ၎င်းတို့သည် သင့်လျော်သောအိမ်ထောင်ကို ပုံဖျက်ကာ ဖျက်ဆီး၍ ကဲ့ရဲ့အပြစ်ဆိုပြီးနောက်တွင် မသင့်လျော်သည့် မုသားအနည်းငယ်ကို တတွတ်တွတ် ပြောဆိုလျက်၊ မှားယွင်း အဓိပ္ပာယ်မဲ့သောအရာများကို ဖြန့်ချိလျက်ဖြင့် ဝေဖန်ခြင်းလည်း ပြုလုပ်ကြသည်။ ပြီးလျှင် ရလဒ်အနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည်လည်း အထင်အမြင်မှားစေခြင်းခံရသည်။ ထို့ကြောင့် ၎င်းတို့တွင်လည်း အိမ်ထောင်နှင့်ပတ်သက်သော မမှန်ကန်သော၊ ပုံမှန်မဟုတ်သော အမြင်များ ရှိကြသည်။ သင်တို့သည်လည်း အထင်အမြင်မှားစေခြင်းနှင့် ဖျက်ဆီးခြင်းကို ခံရပြီးဖြစ်သလော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် သင်တို့သည် ငါတို့၏ မိတ်သဟာယမှတစ်ဆင့် အိမ်ထောင်နှင့်ပတ်သက်၍ တိကျသော၊ မှန်ကန်သော နားလည်မှု ရှိပြီးနောက်တွင် တစ်စုံတစ်ယောက်က “အိမ်ထောင်က ဘာလဲဆိုတာ မင်းသိလား” ဟု နောက်တစ်ဖန် မေးသောအခါ၌ သင်က “အိမ်ထောင်က အုတ်ဂူတစ်ခုပဲ” ဟူ၍ ဆိုဦးမည်လော။ (မဆိုပါ။) ဤအဆိုသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဤသို့ ပြောသင့်သလော။ (မပြောသင့်ပါ။) အဘယ်ကြောင့် မပြောသင့်သနည်း။ အိမ်ထောင်ကို ဘုရားသခင်က စီစဉ်ပြီး စီမံသတ်မှတ်သည်ကို ကြည့်လျှင် လူသားတို့သည် အိမ်ထောင်ကို မှန်ကန်စွာ သဘောထားသင့်သည်။ လူတို့သည် လူတကာနှင့် လိင်ဆက်ဆံခြင်းဖြင့် အချိန်ဖြုန်းလျက်၊ ဆိုးယုတ်သော အကျိုးဆက်များကို ဖြစ်စေလျက်၊ အိမ်ထောင်သည် အုတ်ဂူတစ်ခုဖြစ်သည်ဟု ဆိုလျက်ဖြင့် အကြောင်းမဲ့ ပြုမူလုပ်ဆောင်ပြီး ၎င်းတို့၏ တပ်မက်မှုများကို အလိုလိုက်လျှင် ၎င်းတို့သည် ကိုယ့်သေတွင်းကိုယ်တူးနေပြီး ကိုယ့်ဒုက္ခကိုယ်ရှာနေခြင်း ဖြစ်သည်ဟုသာ ငါဆိုနိုင်သည်။ ၎င်းတို့သည် ညည်းညူ၍ မရပေ။ ဘုရားသခင်နှင့် မသက်ဆိုင်ပေ။ ဤသည်မှာ မမှန်သလော။ အိမ်ထောင်ဟူသည် အုတ်ဂူတစ်ခု ဖြစ်သည်ဟု ဆိုခြင်းသည် အိမ်ထောင်နှင့် အပြုသဘောဆောင်သော အမှုကိစ္စအပေါ် စာတန်၏ ပုံဖျက်ခြင်းနှင့် ရှုတ်ချခြင်းဖြစ်သည်။ အမှုအရာတစ်ခုက အပြုသဘောဆောင်လေလေ၊ စာတန်နှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ယင်းကို ကောက်ကျစ်ဆိုးယုတ်သော အရာတစ်ခုအဖြစ်သို့ ပုံဖျက်ပစ်လေလေ ဖြစ်သည်။ ဤသည်မှာ ဆိုးယုတ်ခြင်း မဟုတ်သလော။ လူတစ်ယောက်က လူတကာနှင့် လိင်ဆက်ဆံခြင်း၊ သုံးပွင့်ဆိုင်အချစ်တို့တွင် ပါဝင်လုပ်ဆောင်လျက်ဖြင့် အပြစ်၌ နေထိုင်လျှင် လူတို့က အဘယ်ကြောင့် ထိုအရာကို မပြောသနည်း။ လူတစ်ယောက်က မှားယွင်းစွာ လိင်ဆက်ဆံခြင်းပြုလုပ်လျှင် လူတို့က အဘယ်ကြောင့် ထိုအရာကို မပြောသနည်း။ သင့်လျော်သော အိမ်ထောင်သည် မှောက်မှားသော လိင်ဆက်ဆံခြင်းမဟုတ်သကဲ့သို့ လူတကာနှင့် လိင်ဆက်ဆံခြင်းလည်း မဟုတ်ပေ။ သွေးသားဆန္ဒဆိုင်ရာ တပ်မက်မှုကို ဖြည့်ဆည်းခြင်း မဟုတ်သကဲ့သို့ အသေးအဖွဲကိစ္စလည်းမဟုတ်ပေ။ အုတ်ဂူတစ်ခုဆိုလျှင် ပို၍ပင် မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းသည် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်သည်။ ဘုရားသခင်က လူတို့အိမ်ထောင်ကို စီမံသတ်မှတ်ပြီး စီစဉ်ခဲ့သည်။ ပြီးလျှင် သူသည် ဤအရာနှင့်ပတ်သက်ပြီး အပ်နှံမှုနှင့် ပညတ်များကို ပေးအပ်ခဲ့သည်။ သူသည် ပညတ်ပေးသည့်နည်းဖြင့် အိမ်ထောင်ရှိ နှစ်ဖက်လုံးအပေါ် တာဝန်များနှင့် ဝတ္တရားများအပြင် အိမ်ထောင်ကို မည်သည့်အရာဖြင့် ဖွဲ့စည်းသည်ဆိုသည့် သူ၏ ဆိုရိုးစကားများကိုပါ ပေးခဲ့သည်ဆိုလျှင် ပို၍ပင်မှန်သည်မှာ ပြောစရာမလိုပေ။ အိမ်ထောင်တွင် ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးသာ ပါဝင်နိုင်သည်။ ကျမ်းစာတွင် ဘုရားသခင်က ယောက်ျားတစ်ယောက်ကို ဖန်ဆင်းပြီးနောက် နောက်ထပ် ယောက်ျားတစ်ယောက်ကို ဖန်ဆင်းကာ ၎င်းတို့ကို လက်ထပ်ပေးသလော။ မဟုတ်ပေ။ ယောက်ျားနှစ်ယောက်ကြား၊ သို့မဟုတ် မိန်းမနှစ်ယောက်ကြား လိင်တူအိမ်ထောင်မရှိပေ။ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်၏ အိမ်ထောင်သာ ရှိသည်။ အိမ်ထောင်တွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ပါဝင်ဖွဲ့စည်းသည်။ ၎င်းတို့သည် ကြင်ဖော်ကြင်ဖက်များသာ ဖြစ်ရုံမကဘဲ တစ်ယောက်နှင့်တစ်ယောက် အဖော်ပြုသော၊ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်သော၊ ၎င်းတို့၏ တာဝန်များကို အပြန်အလှန် ဖြည့်ဆည်းသော ကူညီဖေးမသူများလည်း ဖြစ်သည်။ ၎င်းတို့၏ အသက်တာလမ်းကြောင်းတွင် ကောင်းစွာနေထိုင်ပြီး အချင်းချင်း အဖော်ပြုသော၊ ဘဝ၏ ခက်ခဲသော အချိန်ကာလတိုင်း၊ မတူညီသော၊ တစ်မူထူးခြားသော အချိန်ကာလတိုင်းတွင် အချင်းချင်း အဖော်ပြုသောသူများ ဖြစ်သည်။ ပြီးလျှင် ပုံမှန်အချိန်များကိုလည်း ၎င်းတို့ ဖြတ်သန်းသည်မှာ မှန်သည်။ ဤသည်မှာ အိမ်ထောင်တွင်ရှိသော နှစ်ဖက်စလုံးက တာဝန်ယူ ဆောင်ရွက်သင့်သော တာဝန်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့အပေါ် ဘုရားသခင်၏ အပ်နှံမှုလည်း ဖြစ်သည်။ ဘုရားသခင်၏ အပ်နှံမှုဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ လူတို့ စောင့်ထိန်းပြီး လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းများ ဖြစ်သည်။ ထို့ကြောင့် အိမ်ထောင်ပြုသောသူတိုင်းအတွက် အိမ်ထောင်သည် အဓိပ္ပာယ်ရှိသည်။ သင်၏ တစ်ကိုယ်ရေ အတွေ့အကြုံနှင့် ဗဟုသုတအပေါ်၊ ထို့အပြင် သင့်လူ့သဘာဝ၏ ကြီးထွားမှု၊ ရင့်ကျက်မှု၊ ပြည့်စုံမှုတို့အပေါ်ကိုပါ နောက်ဆက်တွဲ သက်ရောက်မှုရှိသည်။ ဆန့်ကျင်ဘက်အနေဖြင့် သင်က အိမ်ထောင်မပြုလျှင်၊ သင်၏ မိဘများနှင့်သာ နေထိုင်လျှင်၊ သို့မဟုတ် သင်တစ်ဘဝလုံး တစ်ကိုယ်တည်းနေလျှင်၊ သို့မဟုတ် သင့်၌ ပုံမှန်မဟုတ်သော အိမ်ထောင်၊ အကျင့်ပျက်ပြီး ဘုရားသခင်က စီမံသတ်မှတ်ထားခြင်း မဟုတ်သော အိမ်ထောင်ရှိလျှင် သင်တွေ့ကြုံသောအရာသည် ဘဝအတွေ့အကြုံ၊ ဗဟုသုတ၊ သို့မဟုတ် ကြုံတွေ့မှုများဖြစ်မည် မဟုတ်သကဲ့သို့ သင့်လျော်သော အိမ်ထောင်မှ သင် ရရှိမည့် လူ့သဘာဝ၏ ကြီးထွားမှု၊ ရင့်ကျက်မှုနှင့် ပြည့်စုံမှုတို့ ဖြစ်မည်လည်း မဟုတ်ပေ။ အိမ်ထောင်တွင် လူနှစ်ဦးက အပြန်အလှန်အဖော်ပြုမှုနှင့် ပံ့ပိုးမှုကို ကြုံတွေ့ရခြင်းအပြင် ဘဝတွင် ဖြစ်ပေါ်သော သဘောမတူညီမှုများ၊ အငြင်းပွားမှုများနှင့် ကွဲလွဲဆန့်ကျင်မှုတို့ကိုလည်း ကြုံတွေ့ရသည်မှာ အမှန်ပင်ဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် ၎င်းတို့သည် ကလေးမွေးခြင်း၏ ဝေဒနာကို အတူတကွ ကြုံတွေ့ရသည်။ ပြီးလျှင် ကလေးများကို ပညာသင်ပြီး ပျိုးထောင်ပေးရသော၊ မိမိတို့၏ သက်ကြီးသူများကို ပံ့ပိုးရသော၊ နောက်မျိုးဆက်က ကြီးပြင်းလာသည်ကို စောင့်ကြည့်ရသော၊ နောက်မျိုးဆက်က ၎င်းတို့ကဲ့သို့ပင် အိမ်ထောင်ပြုကာ ကလေးများယူကြပြီး ၎င်းတို့ကဲ့သို့ တူညီသောလမ်းစဉ်ကို ထပ်၍လိုက်ကြသည်ကို ကြည့်ရသော အတွေ့အကြုံကို တွေ့ကြုံခံစားကြရသည်။ ဤသို့အားဖြင့် လူတို့ဘဝ၏ အတွေ့အကြုံ၊ ဗဟုသုတ၊ သို့မဟုတ် ကြုံတွေ့မှုများသည် အလွန်ကြွယ်ဝပေါများပြီး အမျိုးမျိုး ကွဲပြားကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်က ဘုရားသခင်ကို မယုံကြည်မီတွင်၊ ဘုရားသခင်၏ အမှုတော်၊ နှုတ်ကပတ်တော်၊ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်မခံမီတွင် ဤသို့သော ဘဝအတွေ့အကြုံရှိခဲ့ဖူးလျှင်၊ ထို့အပြင် သင်က ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ဘုရားသခင်ကို ကိုးကွယ်ပြီး ဘုရားနောက်သို့ လိုက်လျှောက်နိုင်လျှင် သင်၏ ဘဝသည် လူအများစုထက် အနည်းငယ်ပို၍ ပေါများကြွယ်ဝလိမ့်မည်။ သင်၏ အတွေ့အကြုံနှင့် တစ်ကိုယ်ရေအသိအမြင်တို့သည် အနည်းငယ်ပို၍ များလိမ့်မည်။ ငါပြောဆိုနေသည့် ဤအရာအားလုံးသည် ဘုရားသခင် စီမံသတ်မှတ်ခဲ့သည့် အိမ်ထောင်၏ စည်းဘောင်အောက်တွင် သင်သည် သင်၏ ကိုယ်ပိုင်တာဝန်များနှင့် ဝတ္တရားများကိုလည်းကောင်း၊ ယောက်ျားနှင့် မိန်းမ၏ တာဝန်များနှင့် ဝတ္တရားများကိုလည်းကောင်း၊ ခင်ပွန်းနှင့် ဇနီး၏ တာဝန်များနှင့် ဝတ္တရားများကိုလည်းကောင်း လေးနက်စွာ ဆောင်ရွက်သင့်သည်ဆိုသည့် အဆိုကို အခြေခံသည်မှာ အမှန်ပင်ဖြစ်သည်။ ဤအရာများသည် လုပ်ဆောင်သင့်သည့်အရာများ ဖြစ်သည်။ သင်၏ တာဝန်များနှင့် ဝတ္တရားများကို သင်မလုပ်ဆောင်လျှင် သင်၏ အိမ်ထောင်သည် ရှုပ်ထွေးလိမ့်မည်။ ပြီးလျှင် ကျရှုံးလိမ့်မည်။ ထို့ပြင် အဆုံးတွင် သင်၏ အိမ်ထောင်သည် ပြိုကွဲလိမ့်မည်။ သင်သည် ပြိုကွဲသော၊ မအောင်မြင်သော အိမ်ထောင်နှင့် အိမ်ထောင်က သင့်ထံသို့ သယ်ဆောင်လာမည် ဖြစ်သော ပြဿနာများ၊ အနှောင်အဖွဲ့များ၊ စိတ်ဆင်းရဲမှုများနှင့် ဆူပူမှုများကိုပါ တွေ့ကြုံလိမ့်မည်။ အတူတကွ အိမ်ထောင်ပြုကြသည့် နှစ်ဦးနှစ်ဖက်သည် ၎င်းတို့၏ တာဝန်များနှင့် ဝတ္တရားများကို မိမိက စတင်လုပ်ဆောင်ပြီး မိမိကိုယ်တိုင် ဆောင်ရွက်နိုင်ခြင်း မရှိလျှင် ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ငြင်းခုံပြီး ဆန့်ကျင်ပြောဆိုကြမည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် ပိုပို၍ ငြင်းခုံလိမ့်မည်။ ၎င်းတို့၏ ဆန့်ကျင်ပြောဆိုမှုများသည် ပိုပို၍ လေးနက်လာလိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ အိမ်ထောင်၌ အက်ကြောင်းများ စတင်၍ ပေါ်လာမည်။ အက်ကြောင်းများက ကြာရှည်စွာ ရှိနေသည်နှင့်အမျှ ၎င်းတို့သည် ၎င်းတို့အိမ်ထောင်၏ ကျိုးပဲ့နေသော ကြည့်မှန်ကို ပြုပြင်နိုင်မည်မဟုတ်ပေ။ ပြီးလျှင် ဤသို့သော အိမ်ထောင်သည် ပြိုကွဲခြင်း၊ ပျက်စီးခြင်းသို့ သေချာပေါက် ဦးတည်လိမ့်မည်။ ဤသို့သော အိမ်ထောင်သည် သေချာပေါက် မအောင်မြင်ပေ။ ဤသို့ဖြင့် သင်၏ အမြင်တွင် ဘုရားသခင်က စီမံသတ်မှတ်ခဲ့သော အိမ်ထောင်သည် သင်၏ ဆန္ဒများနှင့်မညီသကဲ့သို့ မသင့်တော်ဟု သင် ထင်သည်။ သင်က အဘယ်ကြောင့် ဤသို့ စဉ်းစားသနည်း။ အဘယ်ကြောင့်ဆိုသော် အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များ၊ ပညတ်များနှင့်အညီ မည်သည့်အရာကိုမျှ မလုပ်ဆောင်သောကြောင့် ဖြစ်သည်။ သင်၏ ကိုယ်ပိုင်လိုအပ်ချက်များအား ဖြည့်ဆည်းခြင်း၊ သင်၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့် ဆန္ဒများအား ဖြည့်ဆည်းခြင်းအပြင် သင်၏ စိတ်ကူးများအား ဖြည့်ဆည်းခြင်းနောက်သို့ တစ်ကိုယ်ကောင်းဆန်စွာ လိုက်စားခြင်းကြောင့်ဖြစ်သည်။ သင်သည် သင့်ကိုယ်သင် မချုပ်တည်းပေ၊ သို့မဟုတ် သင့်ကြင်ဖော်ကြင်ဖက်၏ ကိုယ်စား မပြောင်းလဲပေ။ မည်သည့်စိတ်ဆင်းရဲမှုကိုမျှလည်း ခါးစည်းမခံပေ။ ထိုအစား သင်၏ ကိုယ်ပိုင်ဆင်ခြေများ၊ သင်၏ ကိုယ်ပိုင်အကျိုးအမြတ်နှင့် နှစ်သက်မှုများကိုသာ အလေးပေးသည်။ ပြီးလျှင် သင်၏ တစ်ဖက်လူအကြောင်းကို လုံးဝ မတွေးပေ။ အဆုံး၌ မည်သို့ ဖြစ်မည်နည်း။ သင်၏ အိမ်ထောင်က ပြိုကွဲလိမ့်မည်။ ဤပြိုကွဲမှု၏ အရင်းအမြစ်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည်။ လူတို့သည် တစ်ကိုယ်ကောင်း ဆန်လွန်းသည်။ ထို့ကြောင့် တစ်ဦးတည်းဖြစ်သင့်သော ခင်ပွန်းနှင့် ဇနီးသည်ပင် သဟဇာတဖြစ်စွာ အတူတကွမနေထိုင်နိုင်ပေ။ တစ်ယောက်နှင့်တစ်ယောက် မစာနာနိုင်၊ နားမလည်နိုင်၊ မနှစ်သိမ့်နိုင်၊ လက်မခံနိုင်ပေ၊ သို့မဟုတ် အချင်းချင်းအတွက် မပြောင်းလဲပေးနိုင်သကဲ့သို့ အမှုအရာများကို မစွန့်လွှတ်နိုင်ပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က မည်သို့ ဖြစ်လာသည်ကို သင် မြင်တွေ့နိုင်သည်။ အိမ်ထောင်သည် လူတို့၏ ကျင့်ကြံပြုမူမှုကို မကန့်သတ်နိုင်သကဲ့သို့ လူတို့အား ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို စွန့်လွှတ်အောင် မပြုလုပ်နိုင်ပေ။ ထို့ကြောင့် လူတို့အား ပို၍ ကောင်းအောင် ပြုလုပ်နိုင်သော၊ သို့မဟုတ် လူတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ထိန်းသိမ်းနိုင်သော၊ လူ့အဖွဲ့အစည်းမှလာသော ကိုယ်ကျင့်စည်းမျဉ်းများ၊ သို့မဟုတ် ကောင်းသော ကျင့်သုံးမှုများ မရှိပေ။ ထို့ကြောင့် အိမ်ထောင်နှင့် ပတ်သက်လျှင် လူတို့သည် ဘုရားသခင်က လူအတွက် အိမ်ထောင်ကို ဦးစွာ စီမံသတ်မှတ်ခဲ့သည့်ပုံစံကို သိမြင်လာသင့်သည်။ ဤအမှုကိစ္စကို ဘုရားသခင်၏ အမြင်ရှုထောင့်မှနေ၍လည်း ၎င်းတို့ သင်ယူသင့်သည်မှာ မှန်သည်။ ဘုရားသခင်၏ အမြင်ရှုထောင့်မှ ဤအရာအားလုံးကို နားလည်ခြင်းသည် သန့်စင်သည်။ လူတို့သည် ဤအရာအားလုံးကို နားလည်နိုင်သောအခါ အိမ်ထောင်ကို ၎င်းတို့ မြင်သည့် ရှုထောင့်နှင့်အမြင်သည် မှန်ကန်လိမ့်မည်။ အိမ်ထောင်နှင့်ပတ်သက်သော ၎င်းတို့၏ ရှုထောင့်နှင့် အမြင်က မှန်ကန်ဖို့ လိုသည့်အကြောင်းပြချက်မှာ အိမ်ထောင်၏ အယူအဆနှင့် မှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ၎င်းတို့ သိရှိစေရန်မျှသာ မဟုတ်ဘဲ လူတို့အနေဖြင့် အိမ်ထောင်ကို ကြုံတွေ့သောအခါ၌ သင့်လျော်သော၊ မှန်ကန်သော၊ တိကျသော၊ သင့်တင့်လျောက်ပတ်သော၊ ပြီးလျှင် ကျိုးကြောင်းညီညွတ်သော လက်တွေ့လုပ်ဆောင်မှု နည်းလမ်းရှိရန် လူတို့ကို ထောက်ကူပေးဖို့လည်း ဖြစ်သည်။ ဤသို့အားဖြင့် ၎င်းတို့သည် အိမ်ထောင်အပေါ် သဘောထားသည့် ပုံစံ၌ စာတန်၏ အထင်အမြင်မှားစေခြင်းခြင်း၊ သို့မဟုတ် ကမ္ဘာလောက၏ ဆိုးယုတ်သော ရေပန်းစားမှုများ၏ အယူအဆအမျိုးမျိုးတို့၏ အထင်အမြင်မှားစေခြင်းကို ခံရမည်မဟုတ်ပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး အိမ်ထောင်ကို ရွေးချယ်သောအခါ မိန်းမဖြစ်သော သင်တို့သည် သင်တို့၏ တစ်ဖက်လူက ဘုရားသခင် ပြောခဲ့သကဲ့သို့ ယောက်ျားတစ်ယောက်၏ တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းနိုင်သောသူမျိုး ဟုတ်မဟုတ်၊ သူသည် သင်၏ တစ်ဘဝလုံးကို အပ်နှံဖို့ ထိုက်တန်သူ ဟုတ်မဟုတ်ကို ရှင်းလင်းစွာ မြင်ဖို့ လိုသည်။ ယောက်ျားဖြစ်သော သင်တို့သည် မိန်းမတစ်ယောက်က မိသားစုဘဝနှင့် သူမ၏ ခင်ပွန်းအတွက် သူမ၏ ကိုယ်ပိုင်အကျိုးအမြတ်ကို ဘေးဖယ်ထားနိုင်သော၊ သူမ၏ အားနည်းချက်များ၊ အမှားများကို ပြောင်းလဲနိုင်သောသူမျိုး ဟုတ်မဟုတ်ကို ရှင်းလင်းစွာ မြင်တွေ့ဖို့ လိုအပ်သည်။ သင်သည် ဤအရာများအားလုံးနှင့် အခြားသောအရာများကို ထည့်သွင်းစဉ်းစားရမည်။ သင်၏ စိတ်ကူးအပေါ်၊ သို့မဟုတ် ခဏတာဖြစ်သော စိတ်ဝင်စားမှု၊ သို့မဟုတ် ဝါသနာများအပေါ် အမှီမပြုနှင့်။ အိမ်ထောင်ကို မစဉ်းမစား ရွေးချယ်ရန်အတွက် စာတန်က သင့်အတွင်းသို့ သွတ်သွင်းသော ချစ်ခြင်းနှင့် ချစ်ကြည်နူးဖွယ်ရာတို့၏ မှားယွင်းသော အယူအဆများကို ပို၍ပင် အမှီမပြုသင့်ပေ။ ဤမိတ်သဟာယကြောင့် အိမ်ထောင်နှင့်ပတ်သက်ပြီး လူတို့တွင်ရှိသင့်သော အယူအဆများ၊ အမြင်များ၊ ရှုထောင့်များနှင့် ရပ်တည်ချက်များအပြင် အိမ်ထောင်နှင့်ပတ်သက်ပြီး ၎င်းတို့ ရွေးချယ်သင့်သော ကျင့်သုံးမှုနှင့် ၎င်းတို့ ထိန်းသိမ်းသင့်သော စည်းမျဉ်းများကိုပါ လူတိုင်း ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။)
ယနေ့တွင် အိမ်ထောင်နှင့်သက်ဆိုင်သော လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ လိုအင်ဆန္ဒများအား စွန့်လွှတ်ခြင်းအကြောင်းကို ငါတို့ မပြောရသေးပေ။ အိမ်ထောင်၏ အဓိပ္ပာယ်သတ်မှတ်ချက်နှင့် အယူအဆကိုသာ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ ဤအကြောင်းအရာကို ငါ ရှင်းလင်းစွာ မပြောဆိုခဲ့သလော။ (ပြောဆိုခဲ့ပါသည်။) ရှင်းလင်းစွာ ပြောဆိုခဲ့ပြီး ဖြစ်သည်။ သင်တို့တွင် အိမ်ထောင်နှင့်ပတ်သက်ပြီး စောဒကတက်စရာ တစ်ခုခုရှိသလော။ (မရှိပါ။) တစ်ချိန်က သင်အိမ်ထောင်ပြုခဲ့သောသူ၊ သင် စွန့်ခွာခဲ့သောသူအပေါ် မလိုမုန်းထားစိတ် တစ်ခုခုရှိသလော။ (မရှိပါ။) အိမ်ထောင်အပေါ် သင်၏ ပုံမှန်မဟုတ်သော၊ တစ်ဖက်သတ်ဆန်သော နားလည်မှုနှင့် အမြင်များ၊ သို့မဟုတ် အမှန်တရားများနှင့် မညီသော သင်၏ ကလေးဆန်သော စိတ်ကူးယဉ်မှုများပင် တည်ရှိနေဆဲဖြစ်သလော။ (မတည်ရှိပါ။) သင်သည် ယခုတွင် ပို၍ လက်တွေ့ဆန်သင့်သည်။ သို့သော် အိမ်ထောင်သည် နေ့စဉ် လိုအပ်ချက်များနှင့်သက်ဆိုင်သည့် ရိုးရှင်းသော အမှုကိစ္စတစ်ခု မဟုတ်ပေ။ အိမ်ထောင်သည် သာမန်လူ့သဘာဝရှိသောသူတို့၏ ဘဝများနှင့်၊ လူတို့၏ တာဝန်များ၊ ဝတ္တရားများနှင့် သက်ဆိုင်သည်။ ထို့အပြင် ဘုရားသခင်က လူတို့ကို သတိပေးခဲ့သော၊ သတ်မှတ်ခဲ့သော၊ အမိန့်ပေးခဲ့သော လက်တွေ့ကျသည့် စံနှုန်းများနှင့် စည်းမျဉ်းများ နောက်ထပ် ရှိသေးသည်။ ဤအရာတို့သည် လူတို့ ပြီးမြောက်သင့်သည့် တာဝန်များနှင့် ဝတ္တရားများဖြစ်သည်။ ၎င်းတို့ဘာသာ တာဝန်ယူဆောင်ရွက်သင့်သော တာဝန်များနှင့် ဝတ္တရားများ ဖြစ်သည်။ ဤသည်မှာ အိမ်ထောင်၏ ခိုင်လုံမှုရှိသော အဓိပ္ပာယ်သတ်မှတ်ချက်ဖြစ်ပြီး အိမ်ထောင်၏ ခိုင်လုံသော ဖြစ်တည်မှု၏ အရေးပါမှုဖြစ်သည်။ ဤအရာကို သာမန်လူ့သဘာဝရှိသူများက ပိုင်ဆိုင်သင့်သည်။ ကောင်းပြီ။ ယနေ့အတွက် ဤနေရာသည် ငါတို့ အဆုံးသတ်မည့်နေရာဖြစ်သည်။ နှုတ်ဆက်ပါသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်
အောက်ခြေမှတ်စု(များ)-
က။ မူရင်းစာသားတွင် “လူ၏ ‘ချစ်ကြည်နူးဖွယ်ရာ ချစ်ခြင်း’ ဟူသည့်အရာသည် ချစ်ခြင်းနှင့် စိတ်ထက်သန်ပြင်းပြခြင်းကို ပေါင်းစပ်ထားခြင်းသာဖြစ်သည်။” ဆိုသည့် စကားစု မပါဝင်ပါ။
ခ။ မူရင်းစာသားတွင် “တချို့နိုင်ငံတွေက လူတွေပြောသလိုမျိုး” ဆိုသည့် စကားစု မပါဝင်ပါ။