အခန်း ၁၁
လူသား၏ ပကတိမျက်လုံးတွင် ဤကာလအတွင်း ဘုရားသခင်၏ မိန့်မြွက်ချက်များတွင် အပြောင်းအလဲ ရှိပုံမရပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင် စကားပြောဆိုရာတွင် အသုံးပြုသည့် နိယာမများကို သဘောပေါက်နိုင်စွမ်း မရှိကြသကဲ့သို့၊ သူ၏နှုတ်ကပတ်တော်များ၏ ဆက်စပ်အကြောင်းအရာကို နားမလည်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ ဤနှုတ်ကပတ်တော်များ၌ အသစ်သော နက်နဲမှု တစ်ခုတစ်လေရှိဖို့ လူတို့ မယုံကြည်ကြချေ။ ထို့ကြောင့် ၎င်းတို့သည် သာမန်ထက် ထူးကဲစွာ လန်းဆန်းသော ဘဝများကို နေထိုင်နိုင်စွမ်း မရှိကြသကဲ့သို့၊ ယင်းအစား မတိုးတက်ဘဲ၊ အသက်မပါသော ဘဝများကို အသက်ရှင်ကြ၏။ သို့သော် ဘုရားသခင်၏ မိန့်မြွက်ချက်များတွင် အဓိပ္ပာယ် သာ၍လေးနက်သည့် အဆင့်တစ်ခု၊ လူသားအဖို့ နားလည်၍ မရနိုင်သကဲ့သို့ လက်လှမ်းမမီနိုင်သော အရာတစ်ခု ရှိသည်ကို ငါတို့ မြင်ရသည်။ ယနေ့တွင် လူသားအတွက် ဘုရားသခင်၏ ထိုသို့သော နှုတ်ကပတ်တော်များကို ဖတ်ရလောက်အောင် ကံကောင်းဖို့ဆိုသည်မှာ ကောင်းချီးမင်္ဂလာ အားလုံးအနက် အကြီးမြတ်ဆုံး ဖြစ်၏။ ဤနှုတ်ကပတ်တော်များကို မည်သူမျှ မဖတ်ရှုခဲ့ပါက၊ လူသားသည် မိမိကိုယ်ကိုယ် မသိဘဲလျက်၊ အစဉ်အမြဲ မာနထောင်လွှားမည်၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူကာ အားနည်းချက်များ မည်မျှရှိသည်ကို သိကိုသိမည် မဟုတ်ပေ။ ဘုရားသခင်၏ နက်နဲသည့် နားလည်၍မရနိုင်သော နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင် လူတို့သည် ယင်းတို့ကို တိတ်တဆိတ် သဘောကျကာ ၎င်းတို့၏စိတ်နှလုံးများတွင် မုသားဖြင့် မစွန်းထင်းသည့် စစ်မှန်သည့် ခံယူချက် ရှိလေသည်။ ၎င်းတို့၏ စိတ်နှလုံးများသည် ပစ္စည်းအတုများ မဟုတ်ဘဲ၊ စစ်မှန်သည့် ပစ္စည်း ဖြစ်လာသည်။ ဤသည်မှာ လူတို့၏နှလုံးသားများတွင် အမှန်တကယ် ဖြစ်ပျက်သည့်အရာ ဖြစ်၏။ အယောက်တိုင်းသည် ၎င်းတို့၏စိတ်နှလုံးတွင် ကိုယ်ပိုင်ဇာတ်လမ်း ရှိ၏။ ယင်းမှာ ၎င်းတို့က မိမိတို့ကိုယ်ကိုယ်၊ “ဤအရာကို ဘုရားသခင် ကိုယ်တော်တိုင်က ပြောခဲ့သည်မှာ အဖြစ်နိုင်ဆုံး ဖြစ်သည်— ဘုရားသခင် မဟုတ်ပါက၊ အခြားမည်သူသည် ထိုသို့သော နှုတ်ကပတ်တော်များကို မိန့်မြွက်နိုင်မည်နည်း။ ငါသည် ယင်းတို့ကို အဘယ်ကြောင့် မပြောနိုင်သနည်း။ ထိုသို့သောအမှုကို ငါ အဘယ်ကြောင့် လုပ်ဆောင်နိုင်စွမ်း မရှိသနည်း။ ဘုရားသခင်ပြောသော လူ့ဇာတိခံ ဘုရားသခင်သည် အမှန်တကယ် စစ်မှန်ကာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ပုံရ၏။ ငါနောက်ထပ် သံသယ မဖြစ်တော့ပါ။ သို့မဟုတ်ပါက ဘုရားသခင်၏လက် ရောက်လာသည့်အခါတွင်၊ နောင်တရရန် အလွန် နောက်ကျသွားကောင်း ကျသွားနိုင်လိမ့်မည်...” ဟု ပြောနေကြသည့်အလား ဖြစ်သည်။ ဤသည်မှာ လူအများစုက ၎င်းတို့၏စိတ်နှလုံးတွင် တွေးထင်သည့်အရာဖြစ်သည်။ ဘုရားသခင် စတင်ပြောဆိုသည့်အချိန်မှ ယနေ့အထိ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ပံ့ပိုးမှုမရှိဘဲနှင့် လူအားလုံးသည် လျော့ပါးပျောက်ကွယ်သွားပြီး ဖြစ်မည်ဟု ပြော၍ရပေသည်။ ဤအမှုအားလုံးကို ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်ထားခြင်း ဖြစ်ပြီး လူသားက လုပ်ဆောင်ခြင်း မဟုတ်ဟု အဘယ်ကြောင့် ပြောထားသနည်း။ အသင်းတော်၏ အသက်တာကို ပံ့ပိုးရန် ဘုရားသခင်သည် နှုတ်ကပတ်တော်များကို အသုံးမပြုခဲ့ပါက၊ အယောက်တိုင်းသည် သဲလွန်စ မရှိဘဲ ပျောက်သွားပေမည်။ ဤသည်မှာ ဘုရားသခင်၏ တန်ခိုး ဖြစ်သည် မဟုတ်လော။ ဤသည်မှာ အမှန်တကယ် လူသား၏ အပြောကောင်းခြင်းလော။ ဤသည်မှာ လူသား၏ တစ်မူထူးခြားသော ပါရမီများ ဖြစ်သလော။ လုံးဝမဟုတ်ပေ။ စိတ်ဖြာလေ့လာခြင်း မရှိဘဲနှင့်၊ ၎င်းတို့၏သွေးကြောများ တစ်လျှောက် မည်သည့်သွေးအမျိုးအစား စီးဆင်းနေသည်ကို မည်သူမျှ သိမည် မဟုတ်၊ ၎င်းတို့ နှလုံးမည်မျှရှိသည် သို့မဟုတ် ဦးနှောက် မည်မျှရှိသည်ကို သိမည် မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို ၎င်းတို့သိသည်ဟု ၎င်းတို့အားလုံး ထင်ကြပေမည်။ ၎င်းတို့၏အသိပညာ အတွင်းတွင် ဆန့်ကျင်မှု ရှိနေဆဲ ဖြစ်သည်ကို ၎င်းတို့မသိကြသလော။ ဘုရားသခင်က၊ “လူသားမျိုးနွယ်ထဲက လူတိုင်းသည် ငါ့ဝိညာဉ်တော်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခံရခြင်းကို လက်ခံသင့်သည်၊ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းကို အသေအချာ စစ်ဆေးသင့်သည်၊ ထို့ပြင် ငါ၏အံ့သြဖွယ်ရာ ဆောင်ရွက်ချက်များကို ကြည့်ရှုသင့်သည်။” ဟု ဘုရားသခင် ပြောသည်မှာ အံ့သြစရာ သိပ်မရှိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ရောက်ရာပေါက်ရာ မဟုတ်သကဲ့သို့၊ အခြေခံအကြောင်းရင်း ကင်းမဲ့ခြင်း မရှိသည်ကို ဤအရာမှ မြင်နိုင်ပေသည်။ ဘုရားသခင်သည် မည်သည့်လူကိုမျှ မမျှမတ မဆက်ဆံဖူးပေ။ ယောဘပင်လျှင် သူ၏ ယုံကြည်ခြင်းအားလုံးဖြင့် သက်ညှာမခံခဲ့ရပေ— သူသည်လည်း စိတ်ဖြာလေ့လာခြင်း ခံခဲ့ရပြီး၊ သူ၏အရှက်ရခြင်းမှ ပုန်းကွယ်စရာ နေရာမရှိဘဲ ဖြစ်သွားခဲ့ရသည်။ ယနေ့ လူတို့နှင့်သက်ဆိုင်၍မူ ဆိုဖွယ်ရာ ဘာမျှမရှိတော့ပေ။ ထို့ကြောင့် ထို့နောက်တွင် ဘုရားသခင်က၊ “ကမ္ဘာမြေပေါ် နိုင်ငံတော်ရောက်ရှိလာချိန်၌ သင်တို့ မည်သို့ခံစားရသနည်း။” ဟု ချက်ချင်း မေးမြန်းပေသည်။ ဘုရားသခင်၏ မေးခွန်းသည် အနည်းငယ်သာ အရေးကြီးသော်လည်း၊ ယင်းက လူတို့ကို စိတ်ရှုပ်သွားစေ၏- “ကျွန်ုပ်တို့ အဘယ်အရာ ခံစားရသနည်း။ နိုင်ငံတော် မည်သည့်အချိန်တွင် ရောက်ရှိလာမည်ကို ကျွန်ုပ်တို့ မသိသေးပေ၊ ထို့ကြောင့် ခံစားချက်များအကြောင်းကို ကျွန်ုပ်တို့ မည်သို့ ပြောနိုင်မည်နည်း။ ထို့အပြင် ကျွန်ုပ်တို့ ဘာမျှမသိပါ။ တစ်စုံတစ်ခုကို ခံစားရမည်ဆိုပါက၊ ‘အလွန်အံ့အားသင့်ခြင်း’ မှလွဲ၍ အခြား မည်သည့်အရာမျှ ဖြစ်မည်မဟုတ်။” အမှန်တွင် ဤမေးခွန်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ ရည်မှန်းချက် မဟုတ်ပေ။ အားလုံးထက်ပို၍ “ငါ့သားများနှင့် လူတို့ ငါ့ပလ္လင်ဆီသို့ တသီတတန်းလာကြသောအခါ၊ ငါသည် ဖြူသောပလ္လင်ကြီး ရှေ့မှောက်တွင် တရားစီရင်ခြင်းကို တရားဝင် စတင်သည်။” ဟူသည့် ဤဝါကျ တစ်ကြောင်းသည် ဝိညာဉ်လောက တစ်ခုလုံး၏ တိုးတက်မှုများကို အကျဉ်းချုပ်ထားခြင်း ဖြစ်၏။ ဤကာလအတွင်း ဘုရားသခင်သည် ဝိညာဉ်လောက၌ မည်သည့်အရာ လုပ်ဆောင်လိုသည်ကို မည်သူမျှ မသိသကဲ့သို့၊ ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို မိန့်မြွက်သည့် နောက်တွင်သာ လူတို့၌ အနည်းငယ်မျှ နိုးထမှု တစ်ခု ရှိခြင်း ဖြစ်သည်။ ဘုရားသခင်၏အမှု၌ မတူကွဲပြားသည့်အဆင့်များ ရှိသောကြောင့်၊ စကြဝဠာ တစ်လျှောက်လုံးရှိ ဘုရားသခင်၏အမှုသည်လည်း ကွဲပြား၏။ ဤအချိန်ကာလ အတွင်းတွင်၊ ဘုရားသခင်သည် ဘုရားသခင်၏သားများနှင့် လူတို့ကို အဓိကအားဖြင့် ကယ်တင်၏။ ဆိုလိုသည်မှာ ကောင်းကင်တမန်တို့၏ ထိန်းကျောင်း ပေးခြင်းအားဖြင့် ဘုရားသခင်၏သားများနှင့် ဘုရားသခင်၏ လူတို့သည် ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ချိုးဖျက်ခံရခြင်းတို့ကို စတင် လက်ခံကြ၏၊ ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် အယူအဆများကို ပပျောက်စေဖို့နှင့် ဤလောကကြီး၏ မည်သည့် အရိပ်လက္ခဏာကိုမဆို နှုတ်ဆက်စကားဆိုဖို့ တရားဝင် စတင်ကြလေသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်ပြောထားသည့် “ဖြူသောပလ္လင်ကြီး ရှေ့မှောက်တွင် တရားစီရင်ခြင်း” သည် တရားဝင် စတင်လေသည်။ ယင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်း ဖြစ်သောကြောင့်၊ ဘုရားသခင်သည် သူ၏အသံကို မိန့်မြွက်ရမည်— ပြီးလျှင် ပါဝင်သည့်အကြောင်းအရာ ကွဲပြားသော်လည်း၊ ရည်မှန်းချက်မှာ အမြဲ တူညီ၏။ ယနေ့တွင် ဘုရားသခင် စကားပြောဆိုသည့် အသံနေအသံထားမှ အကဲဖြတ်ရာတွင်၊ သူ၏နှုတ်ကပတ်တော်များသည် လူစုတစ်စုစုကို ရည်ရွယ်ပုံရသည်။ အမှန်တွင်၊ ဤနှုတ်ကပတ်တော်များသည် အရာအားလုံးထက်ပို၍ လူသားမျိုးနွယ်၏ သဘာဝကို ညွှန်းဆိုခြင်း ဖြစ်သည်။ ယင်းတို့သည် လူသား၏ ကျောရိုးနာဗ်ကြောကို တိုက်ရိုက် ဖြတ်တောက်၏၊ ယင်းတို့သည် လူသား၏ ခံစားချက်များကို အလွတ်မပေးသကဲ့သို့၊ မည်သည့်အရာကိုမျှ ချန်ထားခြင်း မရှိဘဲ၊ မည်သည့်အရာကိုမျှ ဖြတ်သန်းခွင့်မပြုဘဲလျက်၊ ယင်းတို့သည် သူ၏အနှစ်သာရ တစ်ခုလုံးကို ထုတ်ဖော်ပြ၏။ ယနေ့မှစ၍ ဘုရားသခင်သည် လူသား၏စစ်မှန်သောမျက်နှာကို တရားဝင် ထုတ်ဖော်ပြ၏၊ ထို့ကြောင့် “ငါ၏နှုတ်ကပတ်တော်များကို စကြဝဠာတစ်ခွင်လုံးသို့ စတင်ညွှန်ကြား၏။” နောက်ဆုံးတွင် စွမ်းဆောင်ရရှိလိုက်သည့် အကျိူးတရားမှာ ဤအရာ ဖြစ်သည်- “မြေကြီးသည် ညစ်ညမ်းခြင်းနှင့် လူမှုကျင့်ဝတ် မစောင့်ထိန်းခြင်းတို့ မရှိတော့ဘဲ၊ သန့်ရှင်းသော နိုင်ငံတော် ဖြစ်စေရန်အလို့ငှာ၊ ငါသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပေါ်ရှိ လူခပ်သိမ်းနှင့် အရာခပ်သိမ်းတို့ကို ငါ၏ နှုတ်ကပတ်တော်တို့အားဖြင့် ဆေးကြောသန့်စင်မည်။” ဤနှုတ်ကပတ်တော်များသည် နိုင်ငံတော်၏ အနာဂတ်ကို တင်ပြ၏၊ ယင်းသည် ဘုရားသခင်က၊ “အရာအားလုံးသည် ကောင်းမွန်သော အသီးအပွင့် ဖြစ်သည်၊ အားလုံးသည်လုံ့လဝီရိယရှိသော လယ်လုပ်သူများ ဖြစ်ကြ၏။” ဟု ပြောခဲ့သည့်အတိုင်းသာ၊ ခရစ်တော်၏ နိုင်ငံတော် လုံးဝ ဖြစ်လေသည်။ ပင်ကို အားဖြင့်၊ ဤအရာသည် စကြဝဠာအနှံ့ ဖြစ်ပေါ်လိမ့်မည် ဖြစ်ပြီး တရုတ်နိုင်ငံထိသာ ကန့်သတ်ထားလိမ့်မည် မဟုတ်ပေ။
လူတို့က ၎င်းတို့၏ အယူအဆများတွင် ဘုရားသခင်နှင့် ပတ်သက်သည့် အသိပညာ အနည်းငယ် ရှိကြသည်မှာ ဘုရားသခင်က စတင် စကားပြောကာ ဆောင်ရွက်သည့် အချိန်တွင်သာ ဖြစ်သည်။ အစအဦး၌ ဤအသိပညာသည် ၎င်းတို့၏ အယူအဆများတွင်သာ တည်ရှိသော်လည်း အချိန်ကြာ လာသည်နှင့်အမျှ လူတို့၏အတွေးများသည် တိုး၍ အချည်းအနှီး ဖြစ်လာပြီး၊ လူသား အသုံးပြုရန်အတွက် မသင့်တော်ပေ။ ထို့ကြောင့် ၎င်းတို့သည် “၎င်းတို့၏ အသိဉာဏ်ထဲတွင် လက်တွေ့ကျသော ဘုရားသခင်အတွက် နေရာဖန်တီး”သည့် အတိုင်းအတာအထိ ဘုရားသခင် ပြောသမျှအားလုံးကို ၎င်းတို့ ယုံကြည်လာကြ၏။ လူတို့သည် လက်တွေ့ကျသော ဘုရားသခင်အတွက် နေရာတစ်နေရာ ရှိသည်မှာ ၎င်းတို့၏အသိစိတ်တွင်သာ ဖြစ်သည်။ သို့သော် အမှန်တွင် ၎င်းတို့သည် ဘုရားသခင်ကို မသိကြသကဲ့သို့၊ အချည်းနှီးသော စကားများမှလွဲ၍ မည်သည့်အရာကိုမျှ မပြောကြချေ။ သို့သော် အတိတ်နှင့်ယှဉ်ကြည့်ပါက၊ ၎င်းတို့သည် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်နှင့် ကြီးမားသည့် ကွဲပြားခြားနားမှု ရှိဆဲဖြစ်သော်လည်း၊ ကြီးမားသော တိုးတက်မှု ၎င်းတို့ ဖြစ်စေကြပြီး ဖြစ်သည်။ ဘုရားသခင်က “ငါသည် အဆက်မပြတ် စီးဆင်းနေသည့် လူတို့အကြား နေ့စဉ်နေ့တိုင်း လျှောက်လှမ်းပြီး လူတစ်ဦးစီ၏အတွင်း၌ ငါသည် နေ့စဉ်နေ့တိုင်း အလုပ်လုပ်၏။” ဟု အဘယ်ကြောင့် အမြဲ ပြောသနည်း။ ဘုရားသခင်က ထိုသို့သောအရာများကို ပြောလေလေ၊ လူတို့သည် ယင်းတို့ကို ယနေ့၏ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်၏ လုပ်ဆောင်ချက်များနှင့် နှိုင်းယှဉ်နိုင်လေလေ ဖြစ်ပြီး၊ ထို့ကြောင့် ၎င်းတို့သည် လက်တွေ့အရှိတရားတွင် လက်တွေ့ကျသော ဘုရားသခင်ကို သာ၍ ကောင်းစွာ သိနိုင်ကြပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူ့ဇာတိ၏ရှုထောင့်မှ ပြောဆိုထားပြီး လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုလျက် မိန့်မြွက်ထားသောကြောင့်၊ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရုပ်ဝတ္ထုပစ္စည်းများနှင့် ယှဉ်၍ တိုင်းတာခြင်းအားဖြင့် နားလည်နိုင်ကြပြီး၊ ထိုသို့ဖြင့် ပိုမိုကြီးမားသော အကျိုးတရားကို စွမ်းဆောင်ရရှိလေသည်။ ထို့အပြင် ဘုရားသခင်သည် လူတို့၏ နှလုံးသားများထဲက “ငါ” နှင့် လက်တွေ့အရှိတရားထဲက “ငါ” တို့၏ ပုံရိပ်နှင့်သက်ဆိုင်၍ အဖန်ဖန် ပြောဆိုလေသည်၊ ယင်းက လူတို့အား ၎င်းတို့၏နှလုံးသားထဲက ဘုရားသခင်၏ ပုံရိပ်ကို ထုတ်ပယ်ရန် သာ၍ လိုလိုလားလား ရှိစေပြီး၊ ထိုသို့ဖြင့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကို သိရှိဖို့နှင့် ထိတွေ့ဆက်ဆံရန် လိုလိုလားလား ရှိစေသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဉာဏ်ပညာ ဖြစ်သည်။ ဘုရားသခင်က ထိုသို့သောအရာများကို ပြောလေလေ၊ ဘုရားသခင်နှင့် ပတ်သက်သည့် လူတို့၏ အသိပညာအဖို့ သာ၍ အကျိုးရှိလေလေ ဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်က၊ “ငါသည် လူ့ဇာတိမခံယူခဲ့ပါက လူသားသည် ငါ့ကို မည်သည့်အခါမျှ သိမည် မဟုတ်ဘဲ၊ ငါ့အား သူသိလာခဲ့သော်မှ၊ ထိုကဲ့သို့သော အသိသည် အယူအဆ တစ်ခုမျှသာ ဖြစ်နေဦးမည် မဟုတ်လော။” ဟုပြောခြင်း ဖြစ်သည်။ အမှန်တွင် လူတို့သည် ၎င်းတို့၏အယူအဆများအတိုင်း ဘုရားသခင်ကို သိရန် လိုအပ်ခဲ့ပါက၊ ယင်းသည် ၎င်းတို့အတွက် လွယ်ကူပေမည်။ ၎င်းတို့သည် သက်သောင့်သက်သာ ရှိကာ ပျော်ရွှင်ကြမည် ဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်သည် အစဉ်အမြဲ မရေမရာ ဖြစ်ကာ လူတို့၏နှလုံးသားများတွင် လက်တွေ့ကျမည် မဟုတ်ချေ၊ ယင်းက ဘုရားသခင် မဟုတ်ဘဲ စာတန်က စကြဝဠာ တစ်ခုလုံးအပေါ် အုပ်စိုးမှု ကိုင်စွဲသည်ကို သက်သေပြပေမည်။ ထို့ကြောင့် “ငါ၏တန်ခိုးအာဏာကို ငါ ပြန်လည် ရုပ်သိမ်းပြီးဖြစ်သည်။” ဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အစဉ်အမြဲ အချည်းနှီး ဖြစ်ပေမည်။
ဘုရား၏သဘောသဘာဝက တိုက်ရိုက် ဆောင်ရွက်ရန် စတင်ချိန်တွင်၊ ယင်းသည် နိုင်ငံတော်သည် လူသား၏လောကသို့ တရားဝင် ဆင်းသက်သည့် အချိန်လည်း ဖြစ်သည်။ သို့ရာတွင် ဤနေရာ၌ ပြောဆိုထားသည်မှာ လူသားအလယ်မှ နိုင်ငံတော်ကို ပုံဖော်သည်ဟူ၍ မဟုတ်ဘဲ၊ လူသားအလယ် နိုင်ငံတော် ဆင်းသက်သည်ဟူ၍ ဖြစ်သည်— ထို့ကြောင့် ယနေ့ ပြောဆိုထားသည့်အရာမှာ နိုင်ငံတော် တည်ဆောက်ခြင်း ဖြစ်ပြီး၊ ယင်းက မည်သို့ ပုံဖော်သည်ဆိုသည့်အရာ မဟုတ်ပေ။ ဘုရားသခင်သည် “အရာခပ်သိမ်း တိတ်ဆိတ်သွားကြ၏” ဟု အဘယ်ကြောင့် အမြဲပြောသနည်း။ အရာခပ်သိမ်း ရပ်တန့်ကာ မလှုပ်မယှက်ဖြစ်သွား၍များ ဖြစ်နိုင်မည်လော။ ကြီးမားသောတောင်တန်းများ အမှန်တကယ် တိတ်ဆိတ်သွား၍များ ဖြစ်နိုင်မည်လော။ သို့ဆိုလျှင် လူတို့သည် ဤအရာနှင့်သက်ဆိုင်၍ မည်သည့်ခံစားချက်မျှ မရှိကြသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော် မှားယွင်းနေသောကြောင့်များ ဖြစ်နိုင်မည်လော။ သို့မဟုတ် ဘုရားသခင်သည် ချဲ့ကား၍များ ပြောနေသလော။ ဘုရားသခင် လုပ်ဆောင်သည့် အရာရာတိုင်းကို သေချာသော ပတ်ဝန်းကျင် တစ်ခုအတွင်း ဆောင်ရွက်ထားခြင်း ဖြစ်သည်၊ မည်သူမျှ ယင်းကို မသိကြပေ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင်မျက်လုံးများဖြင့် သိမြင်နိုင်စွမ်း မရှိကြသကဲ့သို့၊ လူတို့ လုပ်ဆောင်နိုင်သမျှ အားလုံးမှာ ဘုရားသခင် စကားပြောသည်ကို နားထောင်ရန် ဖြစ်သည်။ ဘုရားသခင် ဆောင်ရွက်ရာတွင် အသုံးပြုသည့် ဘုန်းအာနုဘော်ကြောင့်၊ ဘုရားသခင် ရောက်ရှိလာသည့်အခါတွင်၊ ကောင်းကင်နှင့်မြေကြီးပေါ်တွင် ကြီးမားသော အပြောင်းအလဲ တစ်ခု ဖြစ်ပြီးသည့်အလား ဖြစ်လေသည်။ ပြီးလျှင် ဘုရားသခင်အဖို့၊ ဤအခိုက်အတန့်ကို အားလုံးက စောင့်ကြည့်နေပုံရလေသည်။ ယနေ့တွင် အမှန်တရားများ ရောက်မလာကြသေးပေ။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ရိုက် အနက်အဓိပ္ပာယ်၏ တစ်စိတ်တစ်ဒေသမှ အနည်းငယ် သင်ယူကြပြီးရုံမျှ ရှိလေသည်။ စစ်မှန်သောအဓိပ္ပာယ်သည် ၎င်းတို့၏အယူအဆများကို ၎င်းတို့ကိုယ်တိုင် ထုတ်ပယ်သည့်အချိန်ကို စောင့်ဆိုင်းနေ၏။ ထိုအခါမှသာ လူ့ဇာတိခံ ဘုရားသခင် မြေကြီးပေါ်နှင့် ကောင်းကင်တို့တွင် ယနေ့ မည်သည့်အရာ လုပ်ဆောင်နေသည်ကို ၎င်းတို့ သိလာကြလိမ့်မည်။ တရုတ်နိုင်ငံရှိ ဘုရားသခင်၏လူတို့တွင် အဆင်းနီသော နဂါးကြီး၏ အဆိပ်သာ ရှိသည် မဟုတ်ပေ။ ၎င်းတို့အထဲ၌ အဆင်းနီသော နဂါးကြီး၏ သဘာဝကိုလည်း သာ၍ အလျှံအပယ်နှင့် သာ၍ ရှင်းလင်းစွာ ထုတ်ဖော်ပြပေသည်။ သို့ရာတွင် ဘုရားသခင်သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်အကြောင်းကို အနည်းငယ် ဖော်ပြရုံမျှ ဖော်ပြလျက်၊ ဤအရာကို တိုက်ရိုက် မပြောပေ။ ဤနည်းဖြင့် သူသည် လူသား၏ အမာရွတ်များကို တိုက်ရိုက် မဖော်ထုတ်ပေ၊ ယင်းသည် လူသား၏တိုးတက်မှုအတွက် ပိုမို အကျိုးရှိ၏။ အဆင်းနီသောနဂါးကြီး၏ သားပေါက်များသည် အခြားသူများ ရှေ့မှောက်တွင် အဆင်းနီသောနဂါးကြီး၏ သားစဉ်မြေးဆက်များဟု အခေါ်ခံရရန် မနှစ်သက်ကြပေ။ ယင်းမှာ “အဆင်းနီသောနဂါးကြီး” ဟူသော စကားလုံးများက ၎င်းတို့ကို အရှက်ရစေသည့်အလား ဖြစ်၏။ ၎င်းတို့ထဲမှ မည်သူမျှသည် ဤစကားလုံးများကို ပြောဆိုရန် လိုလားနေခြင်း မရှိကြသောကြောင့်၊ ဘုရားသခင်က၊ “ငါ့အမှု၏ ဤအဆင့်သည် အဓိကအားဖြင့် သင်တို့အပေါ် ဗဟိုပြုထားခြင်းဖြစ်ပြီး၊ ဤသည်မှာ တရုတ်နိုင်ငံတွင် ငါလူ့ဇာတိခံယူခြင်း၏ အရေးပါမှုလက္ခဏာ တစ်ခုဖြစ်သည်။” ဟုသာ ဆိုခြင်းဖြစ်၏။ သာ၍တိကျစွာ ဆိုရလျှင်၊ ဘုရားသခင်သည် အဆင်းနီသော နဂါးကြီး၏သားပေါက်များ၏ သမားရိုးကျ ကိုယ်စားလှယ်များကို သိမ်းပိုက်ရန် အဓိက ကြွလာပြီးဖြစ်၏၊ ယင်းသည် တရုတ်နိုင်ငံတွင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှု ဖြစ်လေသည်။
“လူသားအကြား ငါကိုယ်တိုင်လာသည့်အခါ၊ ကောင်းကင်တမန်တို့သည် လုပ်ကျွေးခြင်းအမှုကို တစ်ပြိုင်နက် စတင်ကြ၏။” အမှန်အားဖြင့်၊ ကောင်းကင်တမန်တို့သည် လူအားလုံးအလယ် ၎င်းတို့၏အလုပ်ကို စတင်သည့်အချိန်တွင်သာ ဘုရားသခင်၏ဝိညာဉ်တော်သည် လူ့လောကသို့ ကြွရောက်လာသည်ဟု တိုက်ရိုက် အနက်အဓိပ္ပာယ်ယူထားခြင်း မဟုတ်ပေ။ ထိုအစား အမှု၏ ဤအစိတ်အပိုင်း နှစ်ခု- ဘုရားသဘောသဘာဝ၏ အမှုနှင့် ကောင်းကင်တမန်တို့အား ထိန်းကျောင်းခြင်း အမှု- တို့ကို တစ်ပြိုင်နက် ဆောင်ရွက်ခြင်း ဖြစ်သည်။ ဆက်လက်၍၊ ဘုရားသခင်သည် ကောင်းကင်တမန်တို့ကို ထိန်းကျောင်းခြင်း အကြောင်းကို အနည်းငယ် ပြောဆိုလေသည်။ သူက “သားတို့နှင့် လူတို့အားလုံးသည် စမ်းသပ်မှုများနှင့် ထိန်းကျောင်းခြင်းတို့ကို ရရှိရုံသာမက၊ ရူပါရုံများ အမျိုးမျိုး ဖြစ်ပေါ်ခြင်းကိုလည်း ၎င်းတို့ ကိုယ်တိုင်၏မျက်လုံးဖြင့် ရှုမြင်နိုင်ကြ၏။” ဟုပြောသည့်အခါ၊ လူအများစုသည် “ရူပါရုံများ” ဟူသည့် စကားလုံးနှင့်ပတ်သက်၍ အလျှံပယ် ဖြစ်သော စိတ်ကူးစိတ်သန်းများ ရှိကြလေသည်။ ရူပါရုံများမှာ လူတို့၏စိတ်ကူးများထဲက သဘာဝလွန် အဖြစ်အပျက်များကို ရည်ညွှန်းခြင်း ဖြစ်သည်။ သို့ရာတွင် အမှု၏ ပါဝင်သည့်အကြောင်းအရာမှာ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်နှင့်သက်ဆိုင်သည့် အသိပညာအဖြစ် ဆက်လက် တည်ရှိနေမြဲဖြစ်သည်။ ရူပါရုံများသည် ကောင်းကင်တမန်များ အလုပ်လုပ်သည့် နည်းလမ်းဖြစ်၏။ ယင်းတို့သည် လူတို့အား ကောင်းကင်တမန်များ၏ တည်ရှိခြင်းကို သိမြင်ခွင့်ပေးလျက်၊ ခံစားချက်များ သို့မဟုတ် အိပ်မက်များကို ပေးနိုင်သည်။ သို့ရာတွင် လူတို့အဖို့ ကောင်းကင်တမန်များသည် မြင်၍မရနိုင်မြဲ ဖြစ်နေသည်။ ဘုရားသခင်၏ သားများနှင့် ဘုရားသခင်၏လူတို့အကြား ၎င်းတို့ အလုပ်လုပ်သည့် နည်းစနစ်သည် ၎င်းတို့ကို တိုက်ရိုက် အသိဉာဏ်ပွင့်လင်းစေရန်နှင့် အလင်းပေးရန် ဖြစ်ပြီး၊ ယင်းတို့အပြင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ချိုးဖျက်ခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် တရားဒေသနာများ ပေးခဲ၏။ ပင်ကိုအားဖြင့်၊ လူတို့အကြား ဆက်သွယ်ပြောဆိုခြင်းသည် ခြွင်းချက်ဖြစ်သည်- ဤသည်မှာ တရုတ်ပြည် ပြင်ပတွင် ဖြစ်ပျက်နေသည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ပါဝင်သည်မှာ လူသားမျိုးနွယ် အားလုံး၏ နေထိုင်မှု အခြေအနေများနှင့်ဆိုင်သည့် ထုတ်ဖော်ပြချက် ဖြစ်၏— ပင်ကိုအားဖြင့်၊ ဤသည်မှာ အဆင်းနီသောနဂါးကြီး၏ သားပေါက်များကို အဓိက ဦးတည်ထားခြင်း ဖြစ်သည်။ လူသားမျိုးနွယ်အားလုံး၏ အခြေအနေ အမျိုးမျိုးထဲမှ၊ ဘုရားသခင်သည် စံနမူနာအဖြစ် အသုံးတော်ခံဖို့ ကိုယ်စားလှယ်များ ဖြစ်သူတို့ကို ရွေးချယ်၏။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့အား ကိုယ်လုံးတီး ချွတ်စေကာ၊ ၎င်းတို့သည် အရှက်တရား သို့မဟုတ်ပါက ထိန်လင်းနေသောအလင်းမှ ကွယ်ဝှက်ရန် အချိန်မရှိခဲ့ခြင်းလည်းဖြစ်နိုင်ပြီး၊ ၎င်းတို့ထွင်ထားသည့် နည်းစနစ်များဖြင့် ပြန်လည် အနိုင်ယူခံလိုက်ရသည်။ လူသား၏ အပြုအမူ များစွာတို့သည် ဘုရားသခင်က ရှေးကာလများမှ ယနေ့တိုင် ရေးဆွဲခဲ့ပြီး ယနေ့မှ မနက်ဖြန်ခါအထိ သူ ရေးဆွဲမည့် လိုသည်ထက်ပိုသော ပုံရိပ်များ ဖြစ်ကြသည်။ သူရေးဆွဲသမျှအရာ အားလုံးမှာ လူသား၏အကျည်းတန်မှု ဖြစ်၏- အချို့သည် ၎င်းတို့၏ မျက်လုံးများမှ အမြင်အာရုံ ဆုံးရှုံးခြင်းအတွက် ဝမ်းနည်းပူဆွေးနေပုံရလျက်၊ အမှောင်ထဲတွင် ငိုကြွေးကြ၏၊ အချို့မှာ ရယ်မောကြသည်၊ အချို့မှာ ကြီးမားသောလှိုင်းများ၏ ပုတ်ခတ်ခြင်းကို ခံရ၏၊ အချို့မှာ လှိုင်းထနေသည့် တောင်ပေါ်လမ်းများအပေါ် လျှောက်လှမ်းကြသည်၊ အချို့မှာ ကြောက်ရွံ့မှုဖြင့် တုန်ယင်လျက် လေးကြိုး မြည်သံကြောင့် ထိတ်လန့်သွားသည့် ငှက်တစ်ကောင်ကဲ့သို့၊ တောင်များထဲရှိ တောရိုင်းတိရစ္ဆာန်များ၏ အစားခံရမည်ကို လွန်စွာ ကြောက်ရွံ့ရင်း ကျယ်ပြန့်သော တောကြီးမျက်မည်း အလယ် ရှာဖွေနေကြသည်။ ဘုရားသခင်၏လက်ထဲတွင် ဤများစွာသော အကျည်းတန်သည့် ဟန်ပန်များသည် စိတ်ထိခိုက်စရာ ဖြစ်လာသည်၊ အသက်ပါသည့် ဇာတ်လမ်းဇာတ်ကွက် တစ်ပုဒ် ဖြစ်လာသည်၊ ယင်းတို့ အများစုသည် ကြည့်ရှုဖို့ အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏ သို့မဟုတ်ပါက လူတို့အား ကြက်သီးမွေးညင်း ထစေပြီး၊ စိတ်ရှုပ်ထွေးစေကာ ကမောက်ကမ ဖြစ်သွားစေလောက်ပေသည်။ ဘုရားသခင်၏ အမြင်တွင်၊ လူသား၌ ထင်ရှားသမျှအရာ အားလုံးမှာ အကျည်းတန်မှုသာ ဖြစ်ပြီး၊ ယင်းမှာ သနားကြင်နာစိတ်ကို ဖြစ်ပေါ်စေနိုင်သော်လည်း၊ အကျည်းတန်ဆဲ ဖြစ်၏။ လူသား၏ ဘုရားသခင်နှင့် ကွဲပြားခြင်း၏ တည်ရာမှာ လူသား၏အားနည်းချက်က သူတစ်ပါးအပေါ် ကြင်နာစိတ်ပြတတ်မှုတွင် ရှိနေခြင်း ဖြစ်၏။ သို့သော် ဘုရားသခင်သည် လူသားအဖို့ အမြဲ တူညီပေသည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် တူညီသော သဘောထား အမြဲရှိပြီး ဖြစ်သည်။ မိမိစိတ်တွင် မိမိကလေးများကို အမြဲ ရှေ့တန်းတင်ထားသည့် အတွေ့အကြုံ ရှိသည့် မိခင်တစ်ဦးကဲ့သို့၊ သူသည် လူတို့ စိတ်ကူးသည့်အတိုင်း အမြဲကြင်နာနေသည် မဟုတ်ပေ။ လက်တွေ့အရှိတရားတွင်၊ ဘုရားသခင်သည် အဆင်းနီသောနဂါးကြီးကို သိမ်းပိုက်ရန် နည်းစနစ်များ အခင်းအကျင်း တစ်ခုကို အသုံးမပြုလိုခဲ့ပါက၊ သူသည် မိမိကိုယ်ကိုယ် လူသား၏ ကန့်သတ်ချက်များအား ခံစေခွင့်ပေးလျက်၊ ထိုသို့သော အရှက်ရခြင်းမျိုးကို အရှုံးပေးမည် မဟုတ်ပေ။ ဘုရားသခင်၏ စိတ်သဘောထားအရ၊ လူတို့ ပြုသမျှနှင့် ပြောဆိုသမျှအားလုံးသည် ဘုရားသခင်၏ အမျက်ဒေါသကို ဆွပေးပြီး၊ ၎င်းတို့သည် ပြစ်တင်ဆုံးမခြင်း ခံသင့်ပေသည်။ ဘုရားသခင်၏ အမြင်တွင်၊ ၎င်းတို့အနက် တစ်ဦးမျှ စံနှုန်း မမီသကဲ့သို့၊ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ ဒဏ်ခတ်ခံရမည့် သူများ ဖြစ်ကြသည်။ တရုတ်နိုင်ငံသည် အဆင်းနီသော နဂါးကြီး၏ နိုင်ငံဖြစ်ကာ လူ့ဇာတိခံ ဘုရားသခင် နေထိုင်သော နိုင်ငံဖြစ်သည်ဆိုသည့်အချက်အပြင်၊ တရုတ်နိုင်ငံထဲက ဘုရားသခင်၏အမှု၏ အခြေခံသဘောတရားများကြောင့်၊ ထို့အပြင် အဆင်းနီသော နဂါးကြီး၏ သဘောသဘာဝကြောင့်ဆိုသည်ကိုပါ ထပ်ပေါင်းလျက်၊ ဘုရားသခင်သည် သူ၏ဒေါသကို မျိုသိပ်ရမည်ဖြစ်ပြီး၊ အဆင်းနီသော နဂါးကြီး၏ သားပေါက်အားလုံးကို သိမ်းပိုက်ရမည် ဖြစ်၏။ သို့ရာတွင် သူသည် အဆင်းနီသောနဂါးကြီး၏ သားပေါက်များကို အမြဲ စက်ဆုပ်ရွံရှာပေမည်- ဆိုလိုသည်မှာ သူသည် အဆင်းနီသောနဂါးကြီးထံမှလာသည့် အရာအားလုံးကို အမြဲ စက်ဆုပ်ရွံရှာလိမ့်မည် ဖြစ်ကာ- ဤအရာသည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။
ဘုရားသခင်၏ လုပ်ရပ်များထဲမှ မည်သည့်အရာကိုမျှ မည်သူမျှက သတိမမူမိဖူးကြသကဲ့သို့၊ သူ၏လုပ်ရပ်များကို မည်သည့်အရာမျှကလည်း မကြည်ညိုဖူးကြချေ။ ဥပမာအားဖြင့်၊ ဘုရားသခင်သည် ဇိအုန်သို့ ပြန်လာခဲ့ချိန်တွင်၊ ဤအရာကို မည်သူသိသနည်း။ ထို့ကြောင့်၊ “ငါသည် လူသားအကြား တိတ်တဆိတ်လာ၍ ငါ ဖြည်းဖြည်းချင်း ထွက်သွား၏။ ငါ့ကို တစ်စုံတစ်ဦးက တွေ့မြင်ဖူးသလော။” ဆိုသကဲ့သို့သော နှုတ်ကပတ်တော်များက လူသားသည် ဝိညာဉ်လောက၌ ဖြစ်ပျက်နေသည်များကို လက်ခံရန် စွမ်းရည်များ ဧကန်အမှန် ကင်းမဲ့သည်ကို ပြသပေသည်။ အတိတ်တွင် ဘုရားသခင်က ဇိအုန်သို့ သူ ပြန်လာချိန်တွင် “နေမင်းသည် တောက်လောင်၏၊ လမင်းသည် ထွန်းတောက်နေ၏။” ဟု ပြောခဲ့သည်။ လူတို့သည် ဘုရားသခင် ဇိအုန်သို့ ပြန်လာခြင်းဖြင့် စိတ်နှစ်မြှုပ်ဆဲ ဖြစ်သောကြောင့်— ၎င်းတို့သည် ယင်းကို လက်မလွှတ် ရသေးသောကြောင့်— ဘုရားသခင်က “နေမင်းသည် တောက်လောင်၏၊ လမင်းသည် ထွန်းတောက်နေ၏။” ဟူသော နှုတ်ကပတ်တော်များကို လူတို့၏ အယူအဆများနှင့် ကိုက်ညီဖို့ တိုက်ရိုက် မိန့်မြွက်ပေသည်။ အကျိုးဆက်အနေဖြင့်၊ လူတို့၏အယူအဆများက ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တိုက်ခိုက်ခြင်းခံရသောအခါတွင်၊ ၎င်းတို့သည် ဘုရားသခင်၏လုပ်ဆောင်ချက်များသည် အလွန် အံ့သြဖွယ်ကောင်းသည်ကို ရှုမြင်ကြရပြီး၊ သူ၏နှုတ်ကပတ်တော်များက အားလုံးအဖို့ နက်နဲသည်၊ နားမလည်နိုင်အောင်ဖြစ်ကာ အဓိပ္ပာယ် ဖော်မရနိုင်သည်ကို မြင်ကြ၏။ ထို့ကြောင့် ၎င်းတို့သည် ဤကိစ္စကို လုံးဝ ဘေးဖယ်ထားလိုက်ကြကာ၊ ဘုရားသခင်က ဇိအုန်သို့ ပြန်သွားနှင့်ပြီး ဖြစ်သည့်အလား၊ ၎င်းတို့၏ စိတ်ဝိညာဉ်များတွင် ရှင်းလင်းမှု အနည်းငယ် ခံစားရကြ၏၊ ထို့ကြောင့် လူတို့သည် ဤကိစ္စရပ်ကို အလွန် အာရုံမစိုက်ကြပေ။ ထိုအချိန်မှစ၍၊ ၎င်းတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို တစ်စိတ်တစ်သဘောတည်း လက်ခံကြပြီး၊ ဘုရားသခင် ဇိအုန်သို့ ပြန်သွားပြီးနောက် ကြီးစွာသော ကပ်ဘေးကျရောက်မည်ကို မစိုးရိမ်မပူပန်ကြတော့ပေ။ ထိုအခါမှသာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ အာရုံစိုက်မှုအလုံးစုံကို ထားရှိလျက်၊ ၎င်းတို့ကို အခြားမည်သည့်အရာကိုမျှ စဉ်းစားလိုစိတ်မရှိဘဲ ဖြစ်သွားစေလျက်၊ လူတို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန် လွယ်ကူပေသည်။