အခန်း ၁၄
လူသားသည် မည်သည့်အခါမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ မည်သည့်အရာကိုမျှ နားလည်သဘောမပေါက်ဖူးပေ။ ထိုအစား ၎င်းတို့သည် ဘုရား နှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်ခြင်း မရှိဘဲ၊ ဘုရားနှုတ်ကပတ်တော်များကို အပေါ်ယံမျှ “တန်ဖိုးထား” ကြ၏။ ထို့ကြောင့် လူအများစုသည် ဘုရားသခင်၏ မိန့်မြွက်ချက်များကို နှစ်သက်သော်လည်း၊ ၎င်းတို့သည် ယင်းတို့ကို အမှန်တကယ် ချစ်ခင်မြတ်နိုးခြင်းမရှိကြဟု ဘုရားသခင်က ထောက်ပြ၏။ ဤအရာအတွက် အကြောင်းရင်းမှာ ဘုရားသခင်၏ အမြင်တွင် သူ၏ နှုတ်ကပတ်တော်များက ရတနာများဖြစ်သော်လည်း၊ လူတို့သည် ယင်းတို့၏စစ်မှန်သော ချိုမြိန်မှုကို မမြည်းစမ်းကြရသေးသောကြောင့် ဖြစ်သည်။ ထို့သို့ဖြင့် ၎င်းတို့သည် “ဆီးသီးများအကြောင်း စဉ်းစား၍ ရေငတ်ဖြေခြင်း” ကိုသာ ပြုလုပ်နိုင်ကြကာ၊ ဤနည်းဖြင့် ၎င်းတို့၏လောဘကြီးသော နှလုံးသားများကို သက်သာစေကြရ၏။ ဘုရားသခင်၏ဝိညာဉ်တော်သည် လူသားအားလုံးအလယ်တွင် အမှုပြုသည်သာမက၊ ဘုရား နှုတ်ကပတ်တော်မှ အသိဉာဏ်ပွင့်လင်းခြင်းလည်း ၎င်းတို့ အမှန် ရရှိကြပေသည်။ ယင်းမှာ လူတို့သည် ယင်း၏အနှစ်သာရကို အမှန်တကယ် နားလည်နိုင်ရန် သတိမမူလွန်းခြင်းသာ ဖြစ်သည်။ လူတို့၏စိတ်များတွင်၊ ယခုသည် နိုင်ငံတော် အပြည့်အဝ အကောင်အထည် ဖော်နေချိန် ဖြစ်သော်လည်း၊ အနှစ်သာရအားဖြင့် ဤသည်မှာ မမှန်ကန်ပေ။ ဘုရားသခင် ပရောဖက်ပြုသည့်အရာမှာ သူ ပြီးမြောက်ပြီးဖြစ်သည့်အရာ ဖြစ်သော်လည်း၊ တကယ့်နိုင်ငံတော် ကမ္ဘာမြေပေါ်သို့ အပြည့်အဝ မရောက်ရှိသေးပေ။ ထိုအစား၊ လူသားမျိုးနွယ် ပြောင်းလဲသည်နှင့်အမျှ၊ အမှု တိုးတက်သည်နှင့်အမျှ၊ ပြီးလျှင် လျှပ်ပြက်ခြင်းက အရှေ့အရပ်မှ ထွက်လာသည်နှင့်အမျှ-ဆိုလိုသည်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် နက်သည်ထက်နက်လာသည်နှင့်အမျှ- နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တဖြည်းဖြည်း ဖြစ်တည်လိမ့်မည်၊ ဤကမ္ဘာလောကပေါ်တွင် တဖြည်းဖြည်း ဖြစ်သော်လည်း၊ လုံးဝ ဆင်းသက်လိမ့်မည်။ နိုင်ငံတော် ရောက်လာခြင်း ဖြစ်စဉ်သည် ကမ္ဘာမြေပေါ်ရှိ ဘုရားအမှုတော်၏ ဖြစ်စဉ်လည်း ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ စကြဝဠာတစ်လျှောက်လုံး ဘုရားသခင်သည် သမိုင်းတစ်လျှောက် နှစ်ကာလများ အားလုံး၌ မလုပ်ဆောင်ရသေးသည့် အမှုတော်တစ်ခုကို- ကမ္ဘာမြေကို အလုံးစုံ ပြန်လည်ဖွဲ့စည်းဖို့ကို- စတင် ပြီး ဖြစ်သည်။ ဥပမာအားဖြင့် အစ္စရေးနိုင်ငံရှိ အပြောင်းအလဲများ၊ အမေရိကန် ပြည်ထောင်စုရှိ အာဏာသိမ်းမှု၊ အီဂျစ်ပြည်ရှိ အပြောင်းအလဲများ၊ ဆိုဗီယက်ပြည်ထောင်စုရှိ အပြောင်းအလဲများနှင့် တရုတ်အစိုးရကို ဖြုတ်ချခြင်းတို့ အပါအဝင် စကြဝဠာတစ်လျှောက်တွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ရန် ဟန်ပြင်လျက်ရှိ၏။ စကြဝဠာတစ်ခုလုံး နေသားတကျဖြစ်သွားကာ ပုံမှန်အနေအထား ပြန်ရောက်သွားသည်နှင့် တစ်ပြိုင်နက်၊ ကမ္ဘာမြေကြီးပေါ်က ဘုရားသခင်၏အမှုတော် ပြီးဆုံးသွားလိမ့်မည်။ ယင်းသည် နိုင်ငံတော်သည် ကမ္ဘာမြေပေါ် နိုင်ငံတော် တည်လာမည့်အချိန် ဖြစ်သည်။ ဤသည်မှာ “လောက၏ တိုင်းနိုင်ငံအားလုံး နှောင့်ယှက်ခံရသည့်အချိန်၊ ယင်းသည် ငါ၏နိုင်ငံတော်ကို တည်ထောင်ပြီး ပုံသွင်းသည့်အချိန် အတိအကျ ဖြစ်သည့်အပြင်၊ ငါသည် အသွင်ပြောင်းလဲကာ စကြဝဠာတစ်ခွင်လုံးကို လှည့်ကာ မျက်နှာမူသည့်အချိန်လည်း ဖြစ်သည်” ဟူသော နှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်၏။ ဘုရားသခင်သည် လူသားမျိုးနွယ်ထံမှ မည်သည့်အရာကိုမျှ ကွယ်ဝှက် မထားပေ။ သူသည် လူတို့အား သူ၏ကြွယ်ဝမှု အားလုံးနှင့် သက်ဆိုင်၍ အလျဉ်မပြတ် ပြောပြထားပြီးဖြစ်သည်- သို့သော် ၎င်းတို့သည် သူ မည်သည့်အရာဆိုလိုသည်ကို သဘောမပေါက်နိုင်ကြသကဲ့သို့၊ သူ၏နှုတ်ကပတ်တော်များကို လူနုံလူအများကဲ့သို့သာ လက်ခံကြ၏။ အမှုတော်၏ဤအဆင့်တွင်၊ လူသားသည် ဘုရားသခင်၏ နားလည်၍ မရနိုင်ခြင်းကို သင်ယူကြပြီးဖြစ်ကာ၊ ထို့အပြင် သူ့ကို သိနားလည်ခြင်း အလုပ်၏ ခက်ခဲမှုကို ယခု နားလည်နိုင်ကြလေသည်။ ဤအကြောင်းရင်းကြောင့်၊ ဤနေ့ရက်များတွင် ဘုရားသခင်ကို ယုံကြည်ခြင်းသည် လုပ်ဆောင်ရန် အခက်ခဲဆုံးအရာ ဖြစ်သည်၊ ဝက်တစ်ကောင်အား သီချင်းဆိုရန် သင်ကြားပေးခြင်းနှင့် တူသည်ဟု ခံစားကြရပြီဖြစ်သည်။ ၎င်းတို့သည် ထောင်ချောက်တွင် ညပ်နေသော ကြွက်များကဲ့သို့သာ၊ လုံးဝ ကူကယ်ရာမဲ့ကြလေသည်။ အကယ်စင်စစ် လူတစ်ဦးသည် တန်ခိုးအာဏာ မည်မျှ ရှိသည်ဖြစ်စေ၊ သို့မဟုတ် လူတစ်ဦး၏ ကျွမ်းကျင်မှုသည် မည်မျှပြောင်မြောက်သည်ဖြစ်စေ၊ သို့မဟုတ် လူတစ်ဦးသည် အကန့်အသတ်မဲ့ လုပ်နိုင်စွမ်းများ သိုထားသည်ဖြစ်စေ မသိုထားသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ပတ်သက်လာသည့်အခါ၊ ထိုသို့သောအရာတို့သည် အချည်းနှီးဖြစ်ကြလေသည်။ ယင်းမှာ ဘုရားသခင်၏ အမြင်တွင် လူသားမျိုးနွယ်သည် မီးလောင်သွားသည့် စက္ကူ ပြာပုံတစ်ခုအလားသာ ဖြစ်၏-အသုံးဝင်မှု တစ်ခုတစ်လေရှိဖို့ မဆိုထားနှင့်၊ တန်ဖိုး တစ်ခုတစ်လေ လုံးဝကင်းမဲ့လေသည်။ ဤသည်မှာ “၎င်းတို့၏ ရှုထောင့်အမြင်မှ၊ ငါသည် သာ၍ ကွယ်ဝှက်သည်ထက် ကွယ်ဝှက်လာခဲ့ပြီး တိုး၍ နားလည်မရနိုင်ဖြစ်လာပြီးသည်” ဟူသော နှုတ်ကပတ်တော်တို့၏ စစ်မှန်သောအဓိပ္ပာယ်နှင့်ဆိုင်သည့် စုံလင်သော သရုပ်ဖော်ချက်တစ်ခု ဖြစ်၏။ ဤအရာမှ ဘုရားသခင်၏ အမှုတော်သည် သဘာဝ တိုးတက်မှုတစ်ခုနောက်လိုက်ပြီး၊ လူသား၏ အာရုံခံအင်္ဂါများက သိမှတ်နိုင်သည့်အရာအတိုင်း ဆောင်ရွက်ထားခြင်း ဖြစ်သည်မှာ သိသာပေသည်။ လူသား၏သဘာဝသည် ခိုင်မာကာ တုန်လှုပ်ခြင်း မရှိသည့်အခါ၊ ဘုရားသခင် မိန့်မြွက်သည့် နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အယူအဆများနှင့် လုံးဝကိုက်ညီပြီး၊ ဤအယူအဆများက အနည်းငယ်မျှ ကွဲပြားမှု တစ်ခုတစ်လေမရှိဘဲ ဘုရားသခင်နှင့် တူညီလုနီးပါး ဖြစ်ပုံရလေသည်။ ဤအရာက လူတို့အား “ဘုရားသခင်၏စစ်မှန်မှု” အပေါ် အတော်အတန် သိစေသော်လည်း၊ ဤသည်မှာ သူ၏ အဓိကရည်မှန်းချက် မဟုတ်ပေ။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်တွင် သူ၏စစ်မှန်သောအမှုကို တရားဝင် မစတင်မီ လူတို့အား နေသားတကျ ရှိခွင့်ပေးနေပေသည်။ ထို့ကြောင့် လူသားအတွက် အလွန် မရှင်းမလင်းဖြစ်နေသည့် ဤအစပြုခြင်း ဖြစ်စဉ်တွင်၊ ၎င်းတို့သည် ၎င်းတို့၏ ယခင် ထင်မြင်ယူဆချက်များ မမှန်ကန်ကြောင်းနှင့် ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့သည် ကောင်းကင်နှင့် မြေကြီးလောက် ကွဲပြားကြပြီး လုံးဝမတူကြကြောင်းကို သဘောပေါက်နေကြပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူသား၏အယူအဆများအရ အကဲဖြတ်၍ မရနိုင်တော့သောကြောင့်၊ လူသားသည် ဘုရားသခင်ကို အမြင်သစ်ဖြင့် ချက်ချင်း စတင် ကြည့်လေသည်။ အကျိုးဆက်အနေဖြင့်၊ လက်တွေ့ကျသော ဘုရားသခင်သည် မမြင်နိုင်သကဲ့သို့ မတွေ့ထိနိုင်သော ဘုရားသခင်တမျှ ချဉ်းကပ်မရနိုင်ခဲ့သည့်အလား၊ ပြီးလျှင် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိသည် သူ၏ အနှစ်သာရကင်းမဲ့သည့်၊ ပြင်ပအကာတစ်ခုမျှ ဖြစ်သည့်အလား၊ ၎င်းတို့သည် ဘုရားသခင်အား အံ့အားသင့်မှုဖြင့် ငေးစိုက်ကြည့်ကြ၏။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်းတစ်ရပ် ဖြစ်သော်လည်း၊ သူသည် အချိန်မရွေး ဝိညာဉ်တော်သဏ္ဌာန်သို့ ပြောင်းလဲနိုင်ပြီး၊ လွင့်မျောသွားနိုင်သည်။ ထို့ကြောင့် လူတို့သည် အတော်အတန် သတိထားသည့် ပုံသေအတွေးအခေါ်တစ်ခု ဖြစ်ပေါ်ကြပြီး ဖြစ်သည်။ ဘုရားသခင်ကို ဖော်ပြပြောဆိုရာတွင်၊ ၎င်းတို့သည် သူသည် တိမ်များနှင့် မြူတို့အပေါ် စီးနိုင်သည်၊ ရေပေါ်တွင် လမ်းလျှောက်နိုင်ပြီး၊ လူသားများအလယ် ရုတ်တရက် ပေါ်ထွက်လာကာ ပျောက်ကွယ်သွားနိုင်သည်ဟု အခိုင်အမာဆိုလျက် သူ့ကို နဂိုထက် ပိုစိတ်ဝင်စားဖွယ်ကောင်းအောင် ၎င်းတို့၏ အယူအဆများဖြင့် ပြောင်းလဲမွမ်းမံကြလေသည်။ အခြားသူအချို့သည် သာ၍ပင် သရုပ်ဖော်သော ရှင်းပြချက်များ ရှိကြသည်။ လူများ၏ မသိနားမလည်မှုနှင့် ထိုးထွင်းသိမြင်နိုင်မှု ကင်းမဲ့ခြင်းတို့ကြောင့် ဘုရားသခင်က “၎င်းတို့သည် ငါ့အား ခုခံပြီးဖြစ်သည် သို့မဟုတ် ငါ၏စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ကြပြီးဖြစ်သည်ဟု ယုံကြည်ကြချိန်တွင်၊ ငါသည် မသိကျိုးကျွန်ပြုနေဆဲဖြစ်သည်” ဟု ပြောခဲ့သည်။
ဘုရားသခင်သည် လူသားမျိုးနွယ်၏ အကျည်းတန်သော မျက်နှာနှင့် ၎င်းတို့၏ အတွင်း ကမ္ဘာကို အနည်းငယ်မျှ လုံးဝ လွဲချော်ခြင်းမရှိဘဲ၊ စွဲမြဲသော မှန်ကန်တိကျမှုဖြင့် ထုတ်ဖော်ပြလေသည်။ သူသည် မည်သည့်အမှားအယွင်းကိုမျှ မည်သို့မျှ မပြုလုပ်ဟုပင် ဆိုနိုင်၏။ ဤသည်မှာ လူတို့အား လုံးဝ လက်ခံယုံကြည်စေသည့် သက်သေဖြစ်၏။ ဘုရားသခင်၏ အမှုနောက်ကွယ်ရှိ အခြေခံသဘောတရားကြောင့်၊ သူ၏နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက် အများအပြားတို့သည် ဖျောက်ဖျက်ဖို့ မဖြစ်နိုင်သည့် ထင်မြင်ချက်တစ်ရပ်ကို ချန်ရစ်ပြီး၊ ထို့ကြောင့် လူတို့သည် သူ့အထဲ၌ သာ၍တန်ဖိုးရှိသော အရာများကို ၎င်းတို့ ရှာဖွေတွေ့ရှိပြီးဖြစ်သည့်အလား သူနှင့်သက်ဆိုင်သည့် သာ၍ပင် လေးနက်သော သိနားလည်မှုတစ်ခု ရရှိပုံရကြလေသည်။ “၎င်းတို့၏ မှတ်ဉာဏ်များတွင်၊ ငါသည် လူတို့ကို ပြစ်တင်ဆုံးနေသည်ထက် ၎င်းတို့အပေါ် သနားကရုဏာပြသသည့် ဘုရားသခင်တစ်ပါး သို့မဟုတ် ငါသည် အပြောနှင့်အလုပ်မညီသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ ဤသည်တို့မှာ လူသား အတွေးမှ ပေါက်ဖွားသည့် စိတ်ကူးစိတ်သန်းများသာ ဖြစ်ပြီး၊ ယင်းတို့သည် အမှန်တရားများနှင့် မကိုက်ညီပေ။” လူသားမျိုးနွယ်သည် ဘုရားသခင်၏ စစ်မှန်သော မျက်နှာကို မည်သည့်အခါကမျှ အရေးကြီးသည်ဟု အလေးမထားခဲ့သော်လည်း၊ ၎င်းတို့သည် “သူ့စိတ်သဘောထား၏အပြင်ဘက်” ကိုမူ ခရေစေ့တွင်းကျ သိရှိကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆောင်ရွက်မှုများတွင် ဟာကွက်များကို အစဉ် ရှာနေကြ၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို အထင်သေးရုံမျှသေးလျက်၊ အပျက်သဘောဆောင်သော အရာများကို အာရုံစိုက်ဖို့နှင့် အပြုသဘောဆောင်သော အရာများကို ဥပေက္ခာပြုရန် အမြဲ လိုလားနေကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်က သူသည် နှိမ့်ချစွာ သူ့ကိုယ်သူ သူ၏ကျိန်းဝပ်ရာအရပ်တွင် ကွယ်ဝှက်ထားသည်ဟု ဆိုလေလေ၊ သူ့အပေါ် လူသားမျိုးနွယ် ပြုသော တောင်းဆိုချက်များ သာ၍ မြင့်မားလေလေဖြစ်၏။ ၎င်းတို့က “လူ့ဇာတိခံ ဘုရားသခင်သည် လူသားမျိုးနွယ်၏ လုပ်ဆောင်ချက်တိုင်းကို လေ့လာစောင့်ကြည့်နေပြီး၊ လူ့ဘဝကို တွေ့ကြုံခံစားနေပါက၊ ဘုရားသခင်သည် အချိန်အများစုတွင် ကျွန်ုပ်တို့၏ အခြေအနေမှန်ကို မသိသည်မှာ အဘယ်ကြောင့်နည်း။ ဤအရာက ဘုရားသခင်သည် အမှန်တကယ် ကွယ်ဝှက်ထားသည်ဟု ဆိုလိုသလော” ဟု ဆိုကြ၏။ ဘုရားသခင်သည် လူသား နှလုံးသားထဲသို့ နက်နက်နဲနဲ စစ်ဆေးသော်ငြားလည်း၊ သူသည် မရေရာခြင်းလည်း မရှိသကဲ့သို့ သဘာဝလွန်ခြင်းလည်းမရှိဘဲ လူသားမျိုးနွယ်၏ အခြေအနေ အမှန်များအတိုင်း အမှုပြုဆဲဖြစ်သည်။ လူသားမျိုးနွယ်အား ၎င်းတို့၏ စိတ်သဘောထားဟောင်းကို လုံးဝ ဖယ်ရှားရန်အလို့ငှာ ဘုရားသခင်သည် လူတို့၏ စစ်မှန်သောသဘာဝကို ဖော်ထုတ်ရင်းနှင့် ၎င်းတို့၏ မနာခံမှုအပေါ် တရားစီရင်ခြင်းကို ချမှတ်ရင်း၊ တစ်ခဏတွင် အယောက်တိုင်းကို ကိုင်တွယ်ဖြေရှင်းမည်ဟု သူပြောရင်းနှင့် နောက်တစ်ခဏတွင် သူသည် လူတစ်စုကို ကယ်တင်မည်ဟု ကြေညာရင်း၊ လူသားများအပေါ် သတ်မှတ်ချက်များ ထားရှိရင်း သို့မဟုတ် ၎င်းတို့ကို သတိပေးရင်း၊ ပြီးလျှင် ၎င်းတို့၏ ကလီစာများကို စိတ်ဖြာလေ့လာခြင်းနှင့် ကုသမှုကို ပေးခြင်းတို့ကို အလှည့်ကျ ပြုလုပ်ရင်း၊ ရှုထောင့်အမျိုးမျိုးမှ စကားပြောဆိုရန် အစွမ်းကုန် လုပ်ဆောင်လေသည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် လူသားများသည် ကမ္ဘာမြေ၏ အရပ်လေးမျက်နှာသို့ ခရီးသွားခဲ့ပြီးဖြစ်ကာ၊ ပန်းတစ်ပွင့်စီသည် အလှပဆုံးဖြစ်ရန် ယှဉ်ပြိုင်သော အလျှံပယ်ဖြစ်သည့် ဥယျာဉ်တစ်ခုထဲသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည့်အလား ဖြစ်၏။ ဘုရားသခင်သည် သံဓာတ်ပါသည့်မည်သည့်အရာမဆို ယင်းထံသို့ ဆွဲငင်သည့် သံလိုက်တစ်ခုဖြစ်ခဲ့သည့်အလား၊ ဘုရားသခင် မည်သည့်အရာ ပြောသည်ဖြစ်စေ လူသားမျိုးနွယ်သည် သူ၏ နှုတ်ကပတ်တော်ထဲသို့ ဝင်ရောက်ကြလိမ့်မည်ဖြစ်သည်။ “လူသားများသည် ငါ့ကို အလေးဂရု မပြုကြချေ၊ ထို့ကြောင့် ငါသည်လည်း ၎င်းတို့ကို အလေးအနက် သဘောမထားပေ။ ၎င်းတို့သည် ငါ့ကို လုံးဝ ဂရုမစိုက်ကြ၊ ထို့ကြောင့် ငါသည်လည်း ၎င်းတို့နှင့် ပတ်သက်၍ မည်သို့မျှ သာ၍ အလုပ်ကြိုးစားရန် မလိုပေ။ ဤသည်မှာ လောကနှစ်ရပ်လုံးအတွက် အကောင်းဆုံး ဖြစ်သည် မဟုတ်လော” ဟူသော နှုတ်ကပတ်တော်တို့ကို ဖတ်သည့်အခါ၊ ဘုရားသခင်၏ လူအားလုံးသည် အနက်ဆုံးသောတွင်းထဲသို့ တစ်ဖန် ရိုက်သွင်း ခံရပုံရကြသည် သို့မဟုတ် ၎င်းတို့အား လုံးဝ တုန်လှုပ်စေရစ်လျက်၊ ၎င်းတို့၏ အရှိုက်ကို နောက်တစ်ဖန် ထိုးနှက်ခံခဲ့ရပုံ ရကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် နည်းစနစ်ထဲသို့ တစ်ဖန် ဝင်ရောက်ကြသည်။ ၎င်းတို့သည် “နိုင်ငံတော်ရှိ ငါ၏ လူများထဲမှ အဖွဲ့ဝင်များအနေဖြင့် သင်တို့သည် သင်တို့၏တာဝန်များကို မထိန်းသိမ်းနိုင်ကြပါက၊ သင်တို့သည် ငါ၏ စက်ဆုပ်ရွံရှာခြင်းနှင့် ငြင်းပယ်ခြင်းကို ခံကြရလိမ့်မည်” ဟူသော နှုတ်ကပတ်တော်များနှင့်စပ်လျဉ်း၍ အထူးသဖြင့် မရှင်းမလင်း ဖြစ်ကြသည်။ လူအများစုသည်၊ “ကျွန်ုပ်သည် အနက်ဆုံးသောတွင်းထဲမှ တွယ်တက်ထွက်လာဖို့ အလွန်ခဲယဉ်းခဲ့ရသည်၊ ထို့ကြောင့် ယင်းအထဲသို့ တစ်ဖန် ပြန်ကျမည်ဆိုပါက၊ ကျွန်ုပ် မျှော်လင့်ချက် လုံးဝရှိမည် မဟုတ်ပါ။ ကျွန်ုပ်သည် လူ့လောက၌ မည်သည့်အရာမျှ မရရှိသကဲ့သို့၊ ကျွန်ုပ်၏ဘဝတွင် အခက်အခဲမျိုးစုံနှင့် ဒုက္ခမျိုးစုံကြုံရလေပြီ။ အထူးသဖြင့် ယုံကြည်ခြင်းထဲသို့ ရောက်လာကတည်းက၊ ကျွန်ုပ်သည် ချစ်သောသူများ၏ စွန့်ပစ်ခြင်း၊ ကျွန်ုပ် မိသားစု၏ နှိပ်စက်ခြင်းနှင့် လူ့အဖွဲ့အစည်းထဲက အခြားသူများ၏ အသရေဖျက်ခြင်းတို့ကို ခံစားရပြီးဖြစ်ကာ ကျွန်ုပ်သည် လောက၏ပျော်ရွှင်ခြင်း တစ်ခုတစ်လေကို မမွေ့လျော်ရလေပြီ။ ကျွန်ုပ်သည် အနက်ဆုံးသောတွင်းထဲ တစ်ဖန် ပြန်ကျမည်ဆိုပါက၊ ကျွန်ုပ်၏ဘဝသည် သာ၍ပင် အချည်းအနှီး အသက်ရှင်ပြီး ဖြစ်မည် မဟုတ်လော။” (ဤအကြောင်းကို လူတစ်ဦးက သာ၍ တွေးလေလေ၊ ၎င်းတို့ သာ၍ ဝမ်းနည်းလေလေ ဖြစ်၏။) “ကျွန်ုပ်၏မျှော်လင့်ခြင်း အားလုံးကို ဘုရားသခင်၏ လက်ထဲသို့ အပ်နှံပြီးဖြစ်၏။ ဘုရားသခင်သည် ကျွန်ုပ်ကို စွန့်ပစ်ပါက၊ ကျွန်ုပ်သည်လည်း ယခု သေဆုံးသွားလျှင် ကောင်းလိမ့်မည်...။ ကိုင်း၊ အရာခပ်သိမ်းကို ဘုရားသခင် ခွဲခန့်မှတ်သားထားခဲ့သည်၊ ထို့ကြောင့် ယခု ကျွန်ုပ်သည် ဘုရားသခင်ကို ချစ်ရန်သာ ကြိုးစားနိုင်သည်။ အခြားအရာ အားလုံးသည် အဓိကမဟုတ်ပေ။ ဤအရာသည် အဘယ်ကြောင့် ကျွန်ုပ်၏ကံကြမ္မာဖြစ်သနည်း” ဟု စဉ်းစားရင်း အလွန်နာကျင်ခံစားကြရသည်မှာ မျက်ရည်မဆည်နိုင်ကြပေ။ လူတို့သည် ဤကဲ့သို့ သာ၍ စဉ်းစားလေလေ၊ ၎င်းတို့သည် ဘုရားသခင်၏စံနှုန်းများနှင့် သူ၏ နှုတ်ကပတ်တော်များ၏ ရည်မှန်းချက်နှင့် သာ၍ နီးစပ်လေလေဖြစ်၏။ ဤပုံစံဖြင့် သူ့နှုတ်ကပတ်တော်များ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိလေသည်။ လူသားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မြင်ပြီးနောက်တွင်၊ ၎င်းတို့အားလုံးသည် အတွင်းပိုင်း အတွေးအမြင် သဘောတရားဆိုင်ရာ ရုန်းကန်မှုတစ်ရပ် တွေ့ကြုံကြရသည်။ ၎င်းတို့၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ ကံကြမ္မာက ချမှတ်သည့်အရာကို ကျိုးနွံနာခံရန်သာဖြစ်ပြီး၊ ဤနည်းဖြင့် ဘုရားသခင်၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သာ၍ ကြမ်းတမ်းလေလေ၊ အကျိုးဆက်အနေဖြင့် လူသားများ၏ အတွင်းကမ္ဘာ သာ၍ ရှုပ်ထွေးလေလေ ဖြစ်၏။ ဤသည်မှာ ဒဏ်ရာတစ်ခုကို ထိတွေ့ခြင်းကဲ့သို့သာ ဖြစ်၏။ ယင်းသည် သာ၍ ပြင်းထန်စွာ ထိတွေ့ခံရလေလေ၊ လူတို့သည် သေမလား ရှင်မလား ဖြစ်ကြကာ အသက်ရှင်ဖို့ စိတ်ချယုံကြည်မှုပင် ပျောက်ဆုံးနိုင်သည်အထိ သာ၍ နာကျင်လေလေဖြစ်ဖြစ်သည်။ ထိုသို့ဖြင့် လူသားများသည် ဆင်းရဲဒုက္ခ အခံရဆုံးဖြစ်ပြီး မျှော်လင့်ချက်ကင်းမဲ့မှု၏ အလွန်ပြင်းထန်သော အခြေအနေထဲတွင် ရှိကြသည့်အခါမှသာ ၎င်းတို့သည် ၎င်းတို့၏ စစ်မှန်သောနှလုံးသားကို ဘုရားသခင်ထံ လွှဲအပ်နိုင်ကြသည်။ လူသား၏သဘာဝမှာ မျှော်လင့်ချက် အနည်းငယ်မျှ ကျန်ရှိနေလျှင်ပင်၊ ၎င်းတို့သည် အကူအညီအတွက် ဘုရားသခင်ထံ သွားကြလိမ့်မည် မဟုတ်ဘဲ၊ ထိုအစား သဘာဝအလျောက် အသက်ရှင်ရန် ကိုယ်ထူကိုယ်ထ နည်းစနစ်များကို ခံယူကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်၏ သဘာဝသည် မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူသောသဘာဝဖြစ်ပြီး၊ အခြားသူတိုင်းအပေါ် အထင်သေးလေ့ရှိကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က “ကိုယ်စိတ်ချမ်းသာခြင်း အခြေအနေ တစ်ခုတွင်ရှိစဉ်၊ လူသားတစ်ဦးကမျှ ငါ့ကို ချစ်လည်းမချစ်နိုင်လေပြီ။ ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်း အချိန်ကာလများတွင် ၎င်းတို့၏ ဝမ်းမြောက်ခြင်းကို ငါ ပါဝင်ခံစားနိုင်ရန်အလို့ငှာ လူတစ်ဦးကမျှ လက်ကမ်းမပေးလေပြီ” ဟု ပြောခဲ့ပေသည်။ ဤသည်မှာ ဧကန်အမှန် စိတ်ပျက်စရာကောင်းပေ၏။ ဘုရားသခင်သည် လူသားမျိုးနွယ်အား ဖန်ဆင်းခဲ့သော်လည်း၊ လူ့လောကသို့ သူလာသောအခါ၊ လူတို့သည် သူ့ကို ခုခံပြီး၊ သူသည် ကမ္ဘာလောကတစ်လျှောက် လျှောက်သွားနေသော မိဘမဲ့တစ်ဦးဦးသာ ဖြစ်ခဲ့သည့်အလား သို့မဟုတ် နိုင်ငံမဲ့သော လောကီလူသားတစ်ဦးကဲ့သို့ ဖြစ်ခဲ့သည့်အလား၊ ၎င်းတို့၏နယ်မြေမှ မောင်းထုတ်ဖို့ ကြိုးစားကြ၏။ မည်သူမျှ ဘုရားသခင်ကို အလေးမထားကြ၊ မည်သူမျှ သူ့ကို အမှန်တကယ် မချစ်ကြသကဲ့သို့၊ သူ၏ကြွလာခြင်းကို မည်သူမျှ မကြိုဆိုဖူးကြချေ။ ထိုသို့ပြုမည့်အစား ဘုရားသခင်၏ ကြွလာခြင်းကို မြင်သည့်အခါ၊ ရုတ်တရက်ဖြစ်သော မုန်တိုင်းလာနေသည့်အလား သို့မဟုတ် ၎င်းတို့မိသားစု၏ ပျော်ရွှင်မှုကို ဘုရားသခင်က ယူဆောင်သွားမည့်အလား၊ ပြီးလျှင် ဘုရားသခင်သည် လူသားများကို မည်သည့်အခါမျှ ကောင်းချီးမပေးခဲ့ဖူးဘဲ၊ ထိုအစား ၎င်းတို့အပေါ် ကံမကောင်း အကြောင်းမလှသည့် ဖြစ်ရပ်သာ ဆောင်ကြဉ်း ပေးဖူးသည့်အလား၊ ၎င်းတို့၏ ဝမ်းမြောက်နေသော မျက်နှာများသည် မျက်စိတစ်မှိတ်အတွင်း မှုန်မှိုင်းသွားကြ၏။ ထို့ကြောင့် လူသားများ၏ စိတ်များတွင် ဘုရားသခင်သည် ကောင်းကျိုးပြုသောအရာ တစ်ရပ် မဟုတ်ဘဲ၊ ထို့ထက် ၎င်းတို့အား အစဉ် ကျိန်ဆဲသူတစ်ဦး ဖြစ်၏။ ဤအရာကြောင့် လူတို့သည် သူ့ကို အလေးဂရုမပြုကြချေ သို့မဟုတ် သူ့ကို မကြိုဆိုကြချေ။ ၎င်းတို့သည် သူ့အပေါ် အစဉ် အေးစက်စက် နိုင်ကြပြီး၊ ဤသည်မှာ အမြဲ မှန်ကန်ပြီးဖြစ်သည်။ လူသားများသည် ၎င်းတို့၏နှလုံးသားများ၌ ဤအရာများကို သိုထားကြသောကြောင့်၊ ဘုရားသခင်က၊ လူသားမျိုးနွယ်သည် ယုတ္တိမတန်သကဲ့သို့ အကျင့်ပျက်ကြပြီး၊ လူသားတို့ အပြည့်အစုံ ရှိထားသင့်သည်ဟုဆိုသော ခံစားမှုများကိုပင် ၎င်းတို့၌ မမြင်ရ ဟု ဘုရားသခင် ပြောခြင်းဖြစ်၏။ လူသားများသည် ဘုရားသခင်၏ ခံစားချက်များအတွက် မည်သည့် စာနာထောက်ထားမှုမျှ မပြဘဲ၊ ယင်းအစား ဘုရားသခင်နှင့် ဆက်ဆံရန် “ဖြောင့်မတ်ခြင်း” ဟုဆိုသည့်အရာကို အသုံးပြု၏။ ၎င်းတို့သည် နှစ်များစွာ ဤသို့ ဖြစ်ကြပြီးဖြစ်ကာ၊ ဤအကြောင်းရင်းကြောင့် ၎င်းတို့၏ စိတ်သဘောထားများ မပြောင်းလဲကြသေးဟု ဘုရားသခင် ပြောလေပြီ။ ၎င်းတို့သည် လက်တစ်ဆုပ်စာ အမွေးအတောင်များထက် မပိုသော အနှစ်သာရရှိသည်ကို ဤအရာက ပြသပေသည်။ ယင်းမှာ လူသားများသည် မိမိတို့ကိုယ်ကိုယ် တန်ဖိုးမထားကြသောကြောင့် အသုံးမကျသော ကံဆိုးသူများဟု ဆိုနိုင်ပေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်ပင် မချစ်ဘဲ၊ ထိုအစား မိမိတို့ကိုယ်ကိုယ် နင်းခြေကြပါက၊ ဤသည်မှာ ၎င်းတို့၏ အသုံးမကျမှုကို ပြသည် မဟုတ်လော။ လူသားမျိုးနွယ်သည် မိမိကိုယ်ကိုယ် လှည့်စားကာ ကျူးလွန်ခြင်းခံရရန် မိမိကိုယ်ကိုယ် အခြားသူများထံ လိုလိုလားလား ပေးသော အကျင့်ပျက် အမျိုးသမီးတစ်ဦးကဲ့သို့ ဖြစ်၏။ ထိုသို့ဖြစ်လျက်ပင် လူတို့သည် ၎င်းတို့ မည်မျှပင်နိမ့်ကျသည်ကို သတိမပြုမိဆဲ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် သူတစ်ပါး၏ ထိန်းချုပ်မှုအောက်တွင် ထားလျက်၊ အခြားသူများအတွက် အလုပ်လုပ်ခြင်း၊ သို့မဟုတ် အခြားသူများနှင့် ပြောဆိုခြင်းတွင် ပျော်မွေ့ကြသည်။ ဤသည်မှာ လူသားမျိုးနွယ်၏ ညစ်ညူးမှု အတိအကျ ဖြစ်သည် မဟုတ်လော။ ငါသည် လူသားမျိုးနွယ်အလယ် ဘဝတစ်ခုကို တွေ့ကြုံရခြင်း မရှိသေးသကဲ့သို့၊ လူ့ဘဝကို အမှန်တကယ် မတွေ့ကြုံရသေးသော်လည်း၊ ငါသည် လူသား ပြုလုပ်သည့် လှုပ်ရှားမှုတိုင်း၊ လုပ်ရပ်တိုင်း၊ စကားလုံးတိုင်း၊ ရည်ရွယ်လုပ်ဆောင်ချက်တိုင်းနှင့်ဆိုင်သော အလွန်ရှင်းလင်းသည့် သိနားလည်မှုကို ရရှိကြပြီး ဖြစ်သည်။ ငါသည် လူသားများအား ၎င်းတို့၏ ကိုယ်ပိုင် လျှို့ဝှက်ကြံစည်မှုကို ထုတ်ဖော်မပြမဝံ့တော့သည်အထိ သို့မဟုတ် ၎င်းတို့၏ တပ်မက်ခြင်းကို အလျှော့မပေးဝံ့တော့သည်အထိ ၎င်းတို့၏ အနက်ရှိုင်းဆုံးသော အရှက်ကိုပင် ငါဖော်ထုတ်နိုင်၏။ ၎င်း၏အခွံထဲသို့ ပြန်ဝင်သွားသော ပက်ကျိများကဲ့သို့၊ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ အကျည်းတန်သော အခြေအနေများကို မဖော်ထုတ်ဝံ့တော့ပေ။ လူသားများသည် မိမိတို့ကိုယ်ကိုယ် မသိကြသောကြောင့်၊ ၎င်းတို့၏ အကြီးမားဆုံးအပြစ်အနာအဆာမှာ ၎င်းတို့၏ အကျည်းတန်သော မျက်နှာများကို ကြွားဝါရင်း၊ အခြားသူများရှေ့တွင် ၎င်းတို့၏ ဆွဲဆောင်မှုများကို ထုတ်ပြဖို့ လိုလားမှုတစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်အရွံရှာဆုံးသော အရာတစ်ခုဖြစ်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူတို့အကြား ဆက်နွှယ်မှုများသည် မူမမှန်သကဲ့သို့၊ ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် ပုံမှန်ဆက်ဆံရေး ရှိဖို့မဆိုထားနှင့်၊ လူတို့ကြားတွင်ပင် ပုံမှန်အချင်းချင်း ဆက်ဆံရေးများ မရှိပေ။ ဘုရားသခင်သည် များစွာပြောဆိုပြီးဖြစ်ကာ၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့်၊ သူ၏ အဓိက ရည်မှန်းချက်မှာ လူတို့သည် ၎င်းတို့၏ နှလုံးသားထဲတွင် နေရယူထားပြီးဖြစ်သည့် ရုပ်တုဆင်းတု အားလုံးကို မိမိတို့ကိုယ်ကိုယ် ဖယ်ရှားနိုင်ကြဖို့အလို့ငှာ၊ လူတို့၏ နှလုံးသားထဲတွင် နေရာတစ်ခုယူဖို့ ဖြစ်လေပြီ။ ထို့နောက်ချက်ချင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးအပေါ် တန်ခိုးအာဏာ ကိုင်စွဲနိုင်ပြီး ကမ္ဘာမြေပေါ် သူ၏ တည်ရှိခြင်း ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိနိုင်ပေသည်။