၂၉။ ကျွန်ုပ်အဘယ်ကြောင့် အမြဲ ဟန်ဆောင်နေသနည်း
၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် လူသစ်များအား ရေလောင်းခြင်းကို ကျွန်မစလေ့ကျင့်ခဲ့သည်။ ကျွန်မ၏ အင်္ဂလိပ်အသံထွက်က သိပ်စံမမီသောကြောင့် သူတို့နှင့် မိတ်သဟာယပြုသည့်အခါ ကျွန်မအား အထင်သေးမည်ကို စိုးခဲ့သည်။ ထို့ကြောင့် အစပိုင်း၌ စာရေးခြင်းမှတစ်ဆင့်သာ ကျွန်မဆက်သွယ်ခဲ့သည်။ သို့သော် ထိုသို့အမြဲလုပ်ခြင်းက ရေလောင်းခြင်း တိုးတက်မှုကို ထိခိုက်ခဲ့သည်။ စုဝေးပွဲတစ်ခုတွင် ညီအစ်မတစ်ယောက်က သူ့အင်္ဂလိပ်စကားမှာ သိပ်မကောင်းသော်လည်း လူသစ်များနှင့် နှုတ်ဖြင့် မိတ်သဟာယဖွဲ့ပြီး သူတို့၏ အယူအဆများနှင့် အခက်အခဲများကို အချိန်မီ ကိုင်တွယ်ဖြေရှင်းနိုင်ချင်သောကြောင့် ဘာသာပြန် ဆော့ဖ်ဝဲလ်ကို သုံးကြောင်း၊ ညီအစ်ကို မောင်နှမများကို ကူပြီး ဘာသာပြန်ခိုင်းကြောင်း ပြောသည်။ ထိုနည်းဖြင့် သူတို့နှင့် တတ်နိုင်သမျှ နှုတ်နှင့် မိတ်သဟာယပြုနိုင်ခဲ့သည်ဟု ဆိုသည်။ မိမိတာဝန်အပေါ် ကျွန်မထားသည့် သဘောထားနှင့် နှိုင်းကြည့်သည့်အခါ ကျွန်မရှက်မိ၏။ သူသည် အင်္ဂလိပ်စကား သိပ်ကောင်းကောင်း မပြောနိုင်သော်လည်း လူသစ်များနှင့် နှုတ်ဖြင့် စကားပြောဖို့ နည်းလမ်းများ ရှာခဲ့သည်။ ကျွန်မ၏ ပြဿနာမှာ ကျွန်မသည် လေသံဝဲသော်လည်း နေ့စဉ်စကားပြောရာတွင်မူ အဆင်ပြေသည်။ ကျွန်မ၏ အင်္ဂလိပ်စကားက ချို့တဲ့သည်ဟု သူတို့ထင်မည်ကို စိုးရိမ်၍သာ သူတို့နှင့် စကားမပြောချင်ခဲ့ခြင်း ဖြစ်သည်။ ယင်းက ရေလောင်းရာတွင် ကျွန်မပြီးမြောက်နိုင်သည့်အရာအပေါ် တိုက်ရိုက် သက်ရောက်မှုရှိခဲ့သည်။ ပိုများသည်ထက်များသည့် လူသစ်များက ဘုရား၏ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံနေကြသည်။ ထို့ကြောင့် ရေလောင်းသည့်အလုပ်ကို ကျွန်မတို့ အရှိန်မြှင့်ပြီး သူတို့ကို ဖြစ်နိုင်သမျှမြန်မြန် မှန်သည့်လမ်းခရီးပေါ် အခြေခံအုတ်မြစ် ကူတည်ဆောက်ပေးရန် လိုသည်။ သို့သော် ကျွန်မ၏ နာမည်ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုသာ ကျွန်မစဉ်းစားခဲ့သည်။ လူသစ်များကို ချက်ချင်း မည်သို့ ရေလောင်းရမည်ကို မစဉ်းစားခဲ့ပါ။ ဘုရား၏ အလိုတော်ကို နည်းနည်းမျှ မစဉ်းစားခဲ့ပါ။ ထို့ကြောင့် ကျွန်မဆုတောင်းလိုက်၏။ ဘုရားအပေါ် မှီခိုပြီး တကယ့် စကားအပြောအဆိုဖြင့် သူတို့ကို ဆက်သွယ်ပြောဆိုရန် ကြိုးစားဖို့ အသင့်ဖြစ်သွားသည်။ ထို့နောက်တွင် ကိုယ်ရင်းနှီးပြီးသား လူသစ်များနှင့် အစပြုရင်း အင်္ဂလိပ်စကားပြောကို စလေ့ကျင့်ခဲ့၏။ အတန်ကြာပြီးနောက်တွင် တကယ် စကားစမြည်ပြောရန် သိပ်မကြောက်တော့ပါ။ တစ်ခါတွင် လူသစ်တစ်ဦးနှင့် ကျွန်မစကားစမြည်ပြောနေစဉ်၌ ပြေပြေပြစ်ပြစ် ပြောပြနိုင်ရုံမက သူ၏ ပြဿနာလည်း ပြေလည်သွားသည်ကို သတိရမိသေးသည်။ ကျွန်မအတွက် ယုံရခက်ကြီး ဖြစ်ခဲ့ရသည်။ ရက်အနည်းငယ်ကြာ စာပို့နေသည်ထက် နှုတ်ဖြင့် တစ်ကြိမ်မျှ ဆွေးနွေးခြင်းက ပိုထိရောက်နိုင်မည်မှန်း လုံးဝ မတွေးမိခဲ့ပါ။
ပိုများသည်ထက်များသည့် အသင်းသားအသစ်များက အသင်းတော်တွင် ပါဝင်လာသည်နှင့်အမျှ ရေလောင်းသည့်အလုပ်ကို ကြီးကြပ်ရန် အစ်မကျန်းနှင့် ကျွန်မကို ခေါင်းဆောင်က တွဲခိုင်းသည်။ ထိုအရာကိုကြားတော့ ကျွန်မတကယ် အံ့ဩမိ၏။ ရေလောင်းအလုပ်အား မည်သို့လုပ်ရမည်ကို ကျွန်မလေ့လာမိရုံသာ ရှိသေးသည်လေ။ ဘုရားအမှုတော်နှင့် ပတ်သက်၍ ကျွန်မနားမလည်သော သမ္မာတရားများစွာ ရှိနေဆဲဖြစ်ပြီး ကျွန်မ၏ အင်္ဂလိပ်စာအဆင့်ကလည်း တော်တော်ကို သာမန်သာ ဖြစ်နေသေးသည်။ ထိုတာဝန်မျိုးကို ကျွန်မမည်သို့ယူနိုင်မည်နည်း။ လူသစ်များကို အစ်မကျန်းရေလောင်းနေသည်မှာ ကျွန်မထက် ပိုကြာနေပြီ ဖြစ်၏။ ထို့ကြောင့် သူသည် အဘက်ဘက်တွင် အတွေ့အကြုံ ပိုရှိသည်။ အင်္ဂလိပ်စကားကိုလည်း တော်တော်လေး ပြောတတ်သည်။ သူနှင့် ကျွန်မလက်တွဲလုပ်ရပါက ကျွန်မ၏ တကယ့် စွမ်းဆောင်ရည်များကို ထောက်ဆလျှင် နှုတ်ဟလိုက်သည်နှင့် ကျွန်မချို့တဲ့ပုံကို သူမြင်သွားမည် မဟုတ်ပါလား။ သမ္မာတရားအပေါ် ကျွန်မ၏ မိတ်သဟာယက မရှင်းလင်းကြောင်း၊ ထိုတာဝန်အတွက် ကျွန်မမသင့်တော်ကြောင်း သူပြောကောင်း ပြောလာနိုင်သည်။ ထိုအရာအပေါ် စိုးရိမ်ပူပန်နေစဉ်တွင်ပင် အစ်မကျန်းက ကျွန်မနှင့် အလုပ်ကိစ္စ ဆွေးနွေးဖို့ ရောက်လာပြီး ကျွန်မ၏အင်္ဂလိပ်စကား ဘယ်လိုနေလဲဟု မေးလာ၏။ ကျွန်မလည်း ချက်ချင်းပင် “ကျွန်မရဲ့ အင်္ဂလိပ်စကားက ဘာမှမကောင်းဘူး။ နားတော့ နားလည်ပေမဲ့ သိပ်ကောင်းကောင်း မပြောတတ်ဘူး။ စာရေးဆက်သွယ်တာတော့ အဆင်ပြေတယ်” ဟု ပြောလိုက်သည်။ သူက “အဲဒါဆိုရင် အစ်မက လူသစ်တွေနဲ့ စုဝေးပွဲအချိန်တွေ သတ်မှတ်ဖို့ တာဝန်ယူလိုက်။ ကျွန်မကတော့ သူတို့ကို မိတ်သဟာယပြုဖို့ တာဝန်ယူလိုက်မယ်။ ကျွန်မတို့ အတူအလုပ်လုပ်လို့ရပါတယ်” ဟူ၍ ပြန်ဖြေ၏။ ပြဿနာလွတ်သွားပြီဟု ကျွန်မခံစားရပြီး အင်္ဂလိပ်စကားကို သိပ်ကောင်းကောင်း မပြောနိုင်ဟု ပြောလိုက်ခြင်းက သိပ်ကောင်းသည့် ဆင်ခြေပဲဟု တွေးမိသည်။ ထိုသို့ဆိုလျှင် စုဝေးပွဲများ၌ ကျွန်မစကားထပြောရတော့မည် မဟုတ်ပါ။ ကိုယ့်နှုတ်ကို ပိတ်ထားသရွေ့ ကိုယ့်အမှားနှင့် အားနည်းချက်များက လုံးဝ သိသာလာမည် မဟုတ်ပါ။ သို့ဆိုလျှင် အစ်မကျန်းက လူသစ်များကို ရေလောင်းနေချိန်တွင် ကျွန်မနားထောင်ကာ သင်ယူလို့ရမည်ဖြစ်ပြီး အတန်ငယ်ကြာပြီးနောက် ကိစ္စများကို နားလည်သည်နှင့် သူတို့ကို နှုတ်ဖြင့် ဆက်သွယ်ပြောဆို၍ ရနိုင်မည်ဖြစ်သည်။ ထိုအခါ ကျွန်မကို သူတို့ရိပ်စားမိမည် မဟုတ်ပါ။
လူသစ်များကို အစ်မကျန်းနှင့်အတူ ပထမဆုံးအကြိမ် ကျွန်မရေလောင်းချိန်တွင် ပြေပြစ်သည့် အင်္ဂလိပ်စကားဖြင့် သူတို့နှင့် သူအပြန်အလှန် ဆက်ဆံနေသည်ကို သတိထားမိသည်။ သို့သော် ကျွန်မကမူ “ဟဲလို” ဟုသာ ပြောပြီး တခြားမည်သည့်အရာကိုမျှ မပြောရဲခဲ့ပါ။ စုဝေးပွဲများနှင့် မိတ်သဟာယပြီးသွားသည့်အခါ ယုံကြည်သူအသစ်များ၏ ပြဿနာများကို နားလည်ရန်နှင့် ထိုပြဿနာများကို အမြန်ဆုံး ဖြေရှင်းပေးရန် သူတို့နှင့် ကျွန်မစကားပြောမည်ဟု အစ်မကျန်းနှင့် ကျွန်မတို့ သဘောတူထားကြသည်။ သို့သော် ကျွန်မက ဝန်လေးနေခဲ့၏။ အစ်မကျန်းနှင့် သူတို့၏ ပထမဆုံး ဆက်ဆံရေးတွင် သူ၏အင်္ဂလိပ်စကား မည်မျှကောင်းပုံနှင့် သမ္မာတရားအပေါ် သူရှင်းရှင်းလင်းလင်း မိတ်သဟာယပြုနိုင်ပုံတို့ကို သူတို့မြင်သွားကြပြီဖြစ်၍ ထို့နောက်တွင် ကျွန်မကို သူတို့စကားလာပြောသည့်အခါ ကျွန်မက ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေသည်ကို ကြားသွားကြလျှင် အတိုင်းသား ကွာခြားနေသည်ကို သူတို့သိသွားကြလိမ့်မည်ဟု ကျွန်မခံစားခဲ့ရ၏။ ထိုအခါ ကျွန်မကို သူတို့ မည်သို့ထင်ကြမည်နည်း။ ထိုအကြောင်းကို တွေးပြီးရင်း တွေးနေမိပြီး မက်ဆေ့များရေး၍ ဆက်သွယ်ဖို့သာ ဆုံးဖြတ်လိုက်သည်။ ထို့နောက်တွင် ကျွန်မအနည်းငယ် ပိုသိကျွမ်းသည့် ယုံကြည်သူအသစ်များကို နှုတ်ဖြင့် အဆက်အသွယ်အချို့ လုပ်ခြင်းမှလွဲ၍ အခြားယုံကြည်သူအသစ်များကို စာရေးပြီးသာ ဆက်သွယ်ပြောဆိုခဲ့သည်။ သို့သော် ယင်းမှာ ပိုနှေးကွေးသည့် ဆက်သွယ်ပြောဆိုနည်းဖြစ်သည်။ မကြာခဏဆိုသလိုပင် ကျွန်မမက်ဆေ့ပို့သည့် အချိန်၌ သူတို့က အွန်လိုင်းပေါ်တွင် ရှိမနေကြသကဲ့သို့ သူတို့ပြန်ဖြေချိန်တွင်လည်း ကျွန်မသတိမထားမိပါ။ ပြဿနာအချို့ကိုဆိုလျှင် မိနစ်နည်းငယ်မျှ စကားပြောလိုက်ရုံနှင့် ဖြေရှင်း၍ရနိုင်၏၊ သို့သော် စာရေးပို့နေလျှင် နှစ်ရက်မျှ ကြာပြီးနောက်တွင်ပင် မည်သည့်ရလဒ်မျှ မထွက်ဘဲ ဖြစ်နေနိုင်၏။ ကျွန်မတို့ လုပ်ခဲ့သည့် အလုပ်ကို ပြန်ဆန်းစစ်သည့်အခါမှသာ ကျွန်မတာဝန်ယူထားသည့် ယုံကြည်သူအသစ် ထက်ဝက်နီးပါးက စုဝေးပွဲများကို ပုံမှန် မတက်နေမှန်း တွေ့ရသည်။ ကျွန်မအံ့ဩသွား၏။ ယင်းမှာ မည်သို့ဖြစ်နိုင်ရသနည်း။ အစ်မကျန်းက “ယုံကြည်သူအသစ်တွေကို အစ်မက ဘာလို့ အမြဲ စာရေးပို့နေရတာလဲ။ သူတို့ကို ဘာလို့ တစ်ခါမှ တိုက်ရိုက် စကားမပြောတာလဲ” ဟု ကျွန်မကို မေးသည်။ ကျွန်မသူ့ကို မပြောပြချင်သောကြောင့် တအင်းအင်း တအဲအဲသာ လုပ်ပြလိုက်သည်။ သူတို့ ပြဿနာနှင့် အခက်အခဲများကို ဖြေရှင်းပေးရန် သူတို့နှင့် တိုက်ရိုက်စကားပြောလိုက်ပါက အချို့သည် စုဝေးပွဲများ ပုံမှန် စတက်လာကြမည်ကို ကျွန်မသိသည်။ သို့သော် ကျွန်မ၏ အားနည်းချက်များကို ပြမိမည်စိုး၍ စာရေးပို့ခြင်းကိုသာ အားကိုးခဲ့၏။ ယင်းက ဤအကျိုးဆက်ကို ဖြစ်စေခဲ့ခြင်း ဖြစ်သည်။
ထိုညတွင် ကျွန်မမအိပ်နိုင်ခဲ့ဘဲ ဟိုလူးသည်လှိမ့် လုပ်နေမိခဲ့ပြီး ထိုအကြောင်းတွေးလေ၊ ပိုဆိုးဆိုးရွားရွား ခံစားရလေဖြစ်ခဲ့သည်။ ယုံကြည်သူအသစ်များ၏ စိတ်ရှုပ်ထွေးမှုများနှင့် အယူအဆများကို ချက်ချင်း မဖြေရှင်းပေးလျှင် သူတို့ အချိန်မရွေး နောက်ဆုတ်သွားနိုင်သည်။ ယင်းမှာ ဆိုးရွားသည့် တာဝန်ပျက်ကွက်မှုတစ်ခု ဖြစ်၏။ သုံးမိနစ် စကားစမြည်ပြောပြီး ဖြေရှင်း၍ရသည့် အရာတစ်ခုကို ကျွန်မအဘယ်ကြောင့် မရမက စာရေး၍ ဆက်သွယ်နေခဲ့သနည်း။ ကျွန်မက အင်္ဂလိပ်စကား မပြောနိုင်ခြင်း မဟုတ်သကဲ့သို့ မကြာသေးမီအချိန်က နှုတ်ဖြင့် ဆက်သွယ်ပြောဆိုနိုင်ခဲ့သည်ပင်။ အဘယ်ကြောင့် ကျွန်မ ထိုသို့ မလုပ်တော့သနည်း။ ကျွန်မကောင်းကောင်းမွန်မွန် ရေမလောင်းခဲ့သောကြောင့် လူသစ်အချို့ စုဝေးပွဲများ ပုံမှန် မတက်နေကြပုံကို တွေးရင်း ကျွန်မမိမိကိုယ်ကျွန်မ တကယ် အပြစ်တင်နေမိခဲ့သည်။ ကျွန်မနောင်တနှင့် အလွန်ပြည့်သွား၏။ မိမိကိုယ်ကို သိရှိဖို့ လမ်းပြပေးပါရန် တောင်းလျှောက်ရင်း ဘုရားထံ ဆုတောင်းခဲ့သည်။ ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်ထဲ၌ ဤအရာကို ဖတ်ခဲ့ရ၏။ “လူတို့ကိုယ်တိုင်သည် ဖန်ဆင်းခံများ ဖြစ်၏။ ဖန်ဆင်းခံများသည် အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းအား စွမ်းဆောင်ရရှိနိုင်သလော။ စုံလင်ခြင်းနှင့် အပြစ်အနာအဆာကင်းခြင်းကို ၎င်းတို့ ရရှိနိုင်ပါသလော။ အရာရာတိုင်းတွင် ကျွမ်းကျင်မှုကို ရရှိနိုင်သလော၊ အရာရာတိုင်းကို နားလည်လာနိုင်ပြီး အရာရာတိုင်းကို ထိုးဖောက်သိမြင်နိုင်ပြီး အရာရာကို စွမ်းဆောင်နိုင်သလော။ မဖြစ်စေနိုင်ပေ။ သို့သော် လူသားများထဲတွင် ဖောက်ပြန်ပျက်စီး စိတ်သဘောထားများနှင့် ဆိုးရွားသော အားနည်းချက်တစ်ခု ရှိ၏။ ကျွမ်းကျင်မှု သို့မဟုတ် အတတ်ပညာတစ်ခု သူတို့ သင်ယူသည်နှင့်တစ်ပြိုင်နက် သူတို့ တတ်စွမ်းနိုင်ကြသည်၊ သူတို့က အဆင့်အတန်းနှင့် တန်ဖိုးရှိသူများ ဖြစ်ကြပြီး ကျွမ်းကျင်အတတ်ပညာရှင်များ ဖြစ်ကြသည်ဟု လူတို့က ခံစားကြရသည်။ ၎င်းတို့သည် မည်သို့ပင် ထူးခြားမှုမရှိသည်ဖြစ်စေ ၎င်းတို့အားလုံးသည် နာမည်ကြီးသော၊ သို့မဟုတ် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြရုပ်တင်လိုကြသည်။ အသေးစား နာမည်ကြီးသူတစ်ယောက်ယောက်အဖြစ် ပြောင်းလဲလိုကြသည်။ ပြီးလျှင် ချို့ယွင်းချက်တစ်ခုမှမရှိဘဲ ၎င်းတို့က စုံလင်ပြီး အပြစ်အနာအဆာကင်းသည်ဟု လူတို့ကို ထင်စေလိုကြသည်။ သူတစ်ပါးတို့၏အမြင်တွင် ၎င်းတို့သည် ကျော်ကြားလာကာ အာဏာကြီးသည့် သို့မဟုတ် ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးဖြစ်လိုပြီး စွမ်းအားကြီးလိုကြသည်။ မလုပ်နိုင်သည့်အရာမရှိဘဲ မည်သည့်အရာကိုမဆို စွမ်းဆောင်နိုင်လိုကြသည်။ ၎င်းတို့သည် အခြားလူတို့၏ အကူအညီကို ရှာဖွေလျှင် ၎င်းတို့သည် မစွမ်းဆောင်နိုင်၊ အားနည်းသည်၊ နိမ့်ကျသည် ဆိုသည့်ပုံပေါ်မည်၊ လူတို့သည် ၎င်းတို့အား အထင်သေးကြမည်ဟု ခံစားကြရသည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အစဉ်သဖြင့် လှည့်ဖြား၍ ဟန်ပြလိုကြသည်။ လူအချို့ကို တစ်စုံတစ်ခု လုပ်ခိုင်းသည့်အခါ မည်သို့လုပ်ဆောင်ရသည်ကို ၎င်းတို့ အမှန်တကယ် မသိသော်ငြားလည်း သိသည်ဟု ပြောကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုအကြောင်းကို တိတ်တဆိတ် ရှာဖွေကြပြီး မည်သို့လုပ်ဆောင်ရမည်ကို သင်ယူဖို့ ကြိုးစားကြသော်လည်း နှစ်ရက်သုံးရက် လေ့လာပြီးသည့်နောက် မည်သို့လုပ်ရမည်ကို ၎င်းတို့နားမလည်ကြသေး။ ၎င်းတို့ အခြေအနေမည်သို့ရှိသည်ကို အမေးခံရသည့်အခါ ၎င်းတို့က ‘မကြာမီ ပြီးမည်၊ မကြာမီပြီးမည်’ ဟု ပြောကြသည်။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးထဲ၌ ‘မရသေးဘူး။ ငါ ဘာမျှ မသိ။ ငါ ဘာလုပ်ရမည်ကိုလည်း မသိ။ လျှို့ဝှက်ချက်ကို ငါ ပြောလိုက်၍ မဖြစ်၊ ဆက်၍ ဟန်ဆောင်ရမည်၊ ငါ၏ အားနည်းချက်များနှင့် မသိနားမလည်မှုများကို လူတို့အား မြင်ခွင့်ပေး၍ မဖြစ်။ ငါ့ကို အထင်သေးခွင့်ပြု၍ မဖြစ်’ ဟု ၎င်းတို့ တွေးနေကြသည်။ ဤသည်မှာ အဘယ်ပြဿနာနည်း။ ဤသည်မှာ မည်သို့ပင်ဖြစ်စေ သိက္ခာဆည်ရန် ကြိုးစားသည့် အသက်ရှင်နေစဉ်ဖြစ်သော ငရဲဖြစ်သည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးနည်း။ ဤသို့သောသူများ၏ မာနထောင်လွှားမှုသည် အကန့်အသတ်မရှိပေ။ ၎င်းတို့သည် အသိစိတ်အားလုံး ပျောက်ဆုံးပေပြီ။ ၎င်းတို့သည် လူတိုင်းကဲ့သို့ မဖြစ်လိုပေ။ သာမန်၊ ပုံမှန်လူများ မဖြစ်လိုကြဘဲ မဟာလူသားများ၊ ထူးခြားသော ပုဂ္ဂိုလ်များ၊ သို့မဟုတ် အစွမ်းထက်သူများ ဖြစ်လိုကြသည်။ ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။ အားနည်းချက်များ၊ ချို့ယွင်းချက်များ၊ မသိနားမလည်မှု၊ မိုက်မဲမှုနှင့် ပုံမှန်လူ့သဘာဝအတွင်းမှ သိနားလည်မှု ကင်းမဲ့ခြင်းနှင့် စပ်လျဉ်း၍ ယင်းတို့အားလုံးကို သူတို့ ဖုံးကွယ်ပြီး အခြားသူများကို မြင်ခွင့်မပေးဘဲ မိမိတို့ကိုယ်ကို ဆက်လက် အယောင်ဆောင်ကြလေသည်။... ထိုသို့သော လူတို့သည် အမြဲ စိတ်ကူးယဉ်တတ်ကြသည် မဟုတ်လော။ သူတို့ အိပ်မက်မက်နေကြခြင်း မဟုတ်လော။ သူတို့သည် မိမိကိုယ်ကို အဘယ်သူများ ဖြစ်ကြသည်ကို မသိကြသလို ပုံမှန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်ရမည်ကိုလည်း မသိကြ။ လက်တွေ့ကျသည့် လူသားများကဲ့သို့ တစ်ကြိမ်မျှ သူတို့ လုံးဝ မပြုမူဖူးကြ။ သင်၏နေ့ရက်များကို စိတ်ကူးယဉ်ခြင်းဖြင့် အချိန်ဖြုန်းကာ အိုးနင်းခွက်နင်းဖြင့် ပြီးသွားလျက်၊ မည်သည့်အရာကိုမျှ အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် မလုပ်ဆောင်ဘဲ မိမိ၏ ကိုယ်ပိုင်စိတ်ကူးများဖြင့် အစဉ်သဖြင့် အသက်ရှင်နေထိုင်လျှင် ဤသည်မှာ ပြဿနာဖြစ်လေသည်။ အသက်တာတွင် သင် ရွေးချယ်သည့် လမ်းကြောင်းသည် မမှန်ကန်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) ဘုရားနှုတ်ကပတ်တော်များကို သေချာတွေးကြည့်သည့်အခါ ကျွန်မသည် ဟန်ဆောင်နေခဲ့ပြီး မိမိကိုယ်ကို ဖုံးကွယ်နေခဲ့သည်ကို ကျွန်မမြင်နိုင်ခဲ့၏။ ကျွန်မ၏ အင်္ဂလိပ် စကားပြောက သိပ်မကောင်းသောကြောင့် ယုံကြည်သူအသစ်များ အထင်သေးမည်ကို စိုးခဲ့သည်။ ထို့ကြောင့် သူတို့နှင့် စကားလက်ဆုံ မပြောရဲခဲ့ပါ။ အစ်မကျန်းနှင့် ကျွန်မတို့ အလုပ်အတူစလုပ်ပြီးနောက်တွင် သူ့အင်္ဂလိပ်စကားက တကယ်ကောင်းပြီး သမ္မာတရားအပေါ် သူ၏ မိတ်သဟာယပြုချက်ကလည်း ကျွန်မထက် ပိုရှင်းမှန်း တွေ့ခဲ့ရသည်။ နှိုင်းယှဉ်ကြည့်လျှင် ကျွန်မက အလွန်အမင်း ချို့တဲ့ပုံ ပေါ်နေမည်ကို စိုးရိမ်ခဲ့ပြီး ကျွန်မအား သူရိပ်မိသွားမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် ပို၍ပင် ကျွန်မဟန်ဆောင်ခဲ့၏။ ကျွန်မ၏ အင်္ဂလိပ်စကားအကြောင်း အစ်မကျန်း မေးလာသည့်အခါ နှုတ်နှင့် မိတ်သဟာယမပြုရစေရန် ဆင်ခြေရှာရင်း လုံးဝမကောင်းပါဟု ကျွန်မ တမင်ပြောခဲ့သည်။ ကျွန်မတို့နှစ်ယောက် အတူရေလောင်းကြသည့် အခါတိုင်း စကားဝိုင်းတွင် ကျွန်မဝင်မပါခဲ့ပါ။ မိမိတာဝန်ကို မလုပ်ခဲ့ပါ။ လူသစ်များကို ရေလောင်းနေချိန်တွင်လည်း တကယ့်စကားစမြည်များ ပြောမည့်အစား သူတို့ကို မက်ဆေ့သာ ပို့လိုက်သည်။ ဤသို့ဖြင့် လူသစ်အများအပြား၏ ပြဿနာများက အချိန်မီ ပြေလည်သင့်သည်အတိုင်း မပြေလည်ဘဲ ဖြစ်သွား၏။ ထို့ကြောင့် သူတို့သည် ဆက်၍ အပျက်သဘောဆောင်နေပြီး စုဝေးပွဲများ မတက်ကြတော့ပါ။ ကျွန်မကြောင့် အလုပ်က ကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။ ကျွန်မ၏ အားနည်းချက်များ ထုတ်ဖော်ပြခံရမည် စိုး၍ မိမိကိုယ်ကို အရှိအတိုင်း လုံးဝ မနေခဲ့ပါ။ နောက်ကွယ်တွင် ကိစ္စများကို တိတ်တဆိတ် သင်ယူပြီး လူမြင်ကွင်းထဲ ပြန်လာကာ အံ့ဩစရာ ဖြစ်ချင်ခဲ့ပေသည်။ မာနထောင်လွှားလွန်းသည့် ကျွန်မပင်။ ကျွန်မ၏ ချွတ်ယွင်းချက်နှင့် အားနည်းချက်များကို မှန်မှန်ကန်ကန် မရင်ဆိုင်နိုင်ခဲ့ဘဲ ထင်ပေါ်ပြီး တခြားလူအားလုံးနှင့် မတူစေရန် ဟန်ဆောင်ခဲ့ရသည်။ ယင်းမှာ ဘုရားထုတ်ဖော်ပြသည့်အတိုင်းသာ ဖြစ်၏။ “၎င်းတို့သည် လူတိုင်းကဲ့သို့ မဖြစ်လိုပေ။ သာမန်၊ ပုံမှန်လူများ မဖြစ်လိုကြဘဲ မဟာလူသားများ၊ ထူးခြားသော ပုဂ္ဂိုလ်များ၊ သို့မဟုတ် အစွမ်းထက်သူများ ဖြစ်လိုကြသည်။ ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။” ကျွန်မ၏ အင်္ဂလိပ်စကားပြော စွမ်းရည်များက မကောင်းသကဲ့သို့ ရေလောင်းအလုပ် မလုပ်သည်မှာလည်း ကြာပြီဖြစ်သောကြောင့် အတွေ့အကြုံ သိပ်မရှိခဲ့ပါ။ နိုင်ငံခြားသား ယုံကြည်သူအသစ်များကို ရေလောင်းခွင့်ဆိုသည်မှာ ဘုရားက ကျွန်မကို ချီမနေခြင်း ဖြစ်သည်။ သို့သော် ကျွန်မတာဝန်ကို ကောင်းကောင်း လုပ်မည့်အစား လူတိုင်း ကျွန်မကို အထင်ကြီး၊ လေးစားဖို့ ကိုယ့်အပြစ်အနာအဆာများကို ဖုံးကွယ်ပြီး မည်သည့်အရာကိုမဆို လုပ်နိုင်သကဲ့သို့ ပြုမူချင်ခဲ့သည်။ ကျွန်မတွင် ဆင်ခြင်တုံတရား၊ မိမိကိုယ်ကို သိသည့်အသိ လုံးဝ မရှိခဲ့ပါ။ ဟန်ဆောင်ခြင်းနှင့် မိမိကိုယ်ကို ဖုံးကွယ်ခြင်းတို့ ရပ်ရမည်ကို ကျွန်မသိခဲ့သည်။ အခြားလူများ မည်သည့်အရာကို တွေးပါစေ ကျွန်မ၏ ဝင့်ဝါမှုကို လက်လွှတ်ရမည်၊ ကျွန်မတာဝန်၊ ဝတ္တရားများကို ထမ်းဆောင်ရပါမည်။ ယင်းမှာ ကျွန်မလက်တွေ့လုပ်သင့်သည့် အရာဖြစ်သည်။
ကျွန်မကို လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ပေးခဲ့သည့် ဘုရားနှုတ်ကပတ်တော် နောက်ထပ် နှစ်ပိုဒ် ဖတ်ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် အသက်ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခု ဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့် သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤခြေလှမ်းကို လှမ်းခြင်းက အဘယ်သဘောကို ဆောင်သနည်း။ ယင်းက သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၌ရှိသမျှ အားလုံးကို ပြခြင်းကို ဆိုလိုလေသည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ မမျိုသိပ်ဘဲ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားလူများက သင်သည် စည်းမျဉ်းနှင့်အညီ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) “ဘုရားသခင်၏ မျက်မှောက်တွင် သင်သည် မိမိကိုယ်ကို မည်မျှ ဟန်ဆောင်သည်ဖြစ်စေ၊ သင့်ကိုယ်သင် မည်သို့ ဖုံးကွယ်သည်ဖြစ်စေ၊ သို့မဟုတ် သင့်ကိုယ်သင့်အတွက် မည်သည့်အရာကို လုပ်ကြံဖန်တီးသည်ဖြစ်စေ သင်၏ အစစ်မှန်ဆုံး အတွေးများနှင့် သင်၏ အနက်ရှိုင်းဆုံး၊ အတွင်းကျကျ အစိတ်အပိုင်းများတွင် ကွယ်ဝှက်ထားသည့် အရာများအားလုံးအပေါ် ဘုရားသခင်က ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်လေသည်။ မိမိ၏ကွယ်ဝှက်ထားသည့် စိတ်အတွင်း၌ဖြစ်သောအရာများက ဘုရားသခင်၏ စိစစ်မှုကို လွတ်မြောက်နိုင်သည့်သူ မည်သူမျှ မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု) ဘုရားနှုတ်ကပတ်တော်များကို တွေးဆရင်း ကျွန်မသဘောပေါက်လိုက်သည်။ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖြေရှင်းရန် ပထမခြေလှမ်းက ဖွင့်ပြောဖို့၊ ဟန်ဆောင်ခြင်းနှင့် အယောင်ဆောင်ခြင်းကို ရပ်ဖို့၊ ကျွန်မ၏ ချွတ်ယွင်းချက်၊ အပြစ်အနာအဆာများနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့ကို ဖွင့်ချပြဖို့ သင်ယူခြင်း ဖြစ်သည်။ ညီအစ်ကို မောင်နှမများနှင့် ဘုရားရှေ့တွင် ရိုးရှင်း၊ ရိုးသားသည့် လူတစ်ယောက် ကျွန်မဖြစ်ရမည်။ ထိုအခါ တာဝန်တွင် သက်သောင့်သက်သာဖြစ်ပြီး လွတ်မြောက်နိုင်မည်ဖြစ်သည်။ ဤအရာကို နားလည်သည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဖို့ ယုံကြည်ချက်နှင့် ခွန်အားတို့ ရသွား၏။ ထို့ကြောင့် ခေါင်းဆောင်နှင့် အစ်မကျန်းကို ထွက်ရှာပြီး ကိုယ့်အခြေအနေနှင့် သိနားလည်မှုကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။ သူတို့က ကျွန်မကို အထင်မသေးဘဲ သူတို့ကိုယ်ပိုင် အတွေ့အကြုံအကြောင်း ကျွန်မကို စိတ်ရှည်ရှည် မိတ်သဟာယပြုပေးပြီး ပြဿနာကို နားလည်အောင် ကူညီပေးကြသည်။ ထို့နောက်တွင် လူသစ်များကို ရေလောင်းသည့်အခါ မိမိဝင့်ဝါမှု၏ ချုပ်ထိန်းခြင်းကို မခံတော့ဘဲ လူသစ်များကို နှုတ်နှင့် အဆက်အသွယ်လုပ်ခြင်းအပေါ် စအာရုံစိုက်ခဲ့သောကြောင့် သူတို့၏ စိတ်ရှုပ်ထွေးမှုများကို ပိုပြီး မြန်မြန်ဆန်ဆန် ကူဖြေရှင်းနိုင်ခဲ့သည်။ ရှင်းပြဖို့၊ အသံထွက်ဖို့ခက်သည့်အရာတစ်ခုနှင့် ကြံရသည့်အခါ အဘိဓ္ဓာန်ကို ယူကြည့်သည်၊ ဘာသာပြန် ဆော့ဖ်ဝဲလ်ကို သုံးလိုက်သည်။ အချိန်ကြာလာသည်နှင့်အမျှ ကျွန်မ၏ အင်္ဂလိပ်စကားပြောက တိုးတက်လာသည်။ ညီအစ်ကို မောင်နှမများနှင့် ပွင့်ပွင့်လင်းလင်း မိတ်သဟာယပြုပြီး စစ်မှန်ခြင်းအားဖြင့် ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အပြစ်အနာအဆာများအကြောင်း သင်ယူနိုင်ပြီး အခြေအနေဆိုးထဲ ရှိသည့်အခါ အမြန် ပြောင်းလဲနိုင်ကြောင်း တွေ့ကြုံခဲ့ရသည်။ ဘုရားပြောသည့်အတိုင်းသာ ဖြစ်ပါ၏။ “သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် အသက်ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခု ဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့် သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဤအရာအားလုံးကို ဖြတ်သန်းရပြီးနောက်တွင် ကျွန်မဖွင့်ပြောလာနိုင်ပြီဖြစ်ပြီး အပြောင်းအလဲအချို့ တွေ့ကြုံခဲ့ရပြီဟု ထင်မိခဲ့သည်။ နောက်ပိုင်းတွင် ထပ်တူပြဿနာ ပြန်ပေါ်လာသည့်အခါ ကျွန်မအံ့ဩသွားရ၏။
တစ်ကြိမ်တွင် ယုံကြည်သူအသစ်အနည်းငယ်က မိသားစုဝင်နှင့် မိတ်ဆွေအချို့ကို ဧဝံဂေလိ ဝေမျှချင်သောကြောင့် ထိုသို့ဝေမျှခြင်းနှင့်ပတ်သက်သည့် စည်းမျဉ်းများကို ခေါင်းဆောင်နှင့် ကျွန်မက ရှင်းပြပေးခဲ့သည်။ ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပြီးရုံသာ ရှိသေးသည်၊ ကျွန်မပြောသည်ကို နားမလည်ကြောင်း သူတို့ထဲမှ တစ်ယောက်က ပြောလာ၏။ ထို့ကြောင့် အဖွဲ့ခေါင်းဆောင်က ကျွန်မ၏ အသံထွက် သိပ်မကောင်းပါဟု ပြောရင်း အမြန်ကူရှင်းပြလိုက်သည်။ ထို့နောက် လူသစ်များနှင့် သူစကားစပြောတော့၏။ သူတို့ ပြေပြေပြစ်ပြစ် စကားပြောနေကြသည်ကို နားထောင်ရင်း အပြင်လူတစ်ယောက်လို ကျွန်မ တကယ်ခံစားခဲ့ရသည်။ ကျွန်မမျက်နှာ နီရဲလာနေသည်ကို ခံစား၍ ရသည်။ အလွန် အနေရခက်ပြီး အလွန် ရှက်ကိုးရှက်ကန်းဖြစ်ရသည်။ အဖွဲ့ခေါင်းဆောင်ကို ကျွန်မထံမှ သင်ယူခွင့်နှင့် လက်တွေ့အလေ့အကျင့်အချို့ ရယူခွင့် ပေးချင်ခဲ့သော်လည်း မိမိကိုယ်ကိုပင် ကျွန်မကောင်းကောင်း မိတ်မဆက်နိုင်ခဲ့ပါ။ အဖွဲ့ခေါင်းဆောင်နှင့် ထိုလူသစ်များက ကျွန်မကို ဘာများထင်ကြမည်နည်း။ ကျွန်မ၏ အင်္ဂလိပ်စကားက ဆိုးရွားသည်၊ အလုပ်တွင် အရည်အချင်းလည်း မပြည့်မီဟု သူတို့ ထင်ကောင်း ထင်သွားကြပေမည်။ ထို့နောက်တွင် ကိစ္စများကို လိုက်ကြီးကြပ်သည့်အခါ မည်သူက ကျွန်မစကားကို နားထောင်တော့မည်နည်း။ ဤအတွေးများက ကျွန်မကို မချင့်မရဲစေ၏၊ တကယ် စိတ်ဓာတ်ကျမိသည်။ အသင်းတော် ခေါင်းဆောင်သည်လည်း ထိုအဖွဲ့ထဲ၌ ပါနေ၍ သူအွန်လိုင်းတက်ပြီး မည်သည့်အရာ ဖြစ်နေကြောင်း မြင်သွားကာ ကျွန်မ၏ အင်္ဂလိပ်စာက ညံ့ကြောင်း၊ ကျွန်မအလုပ်ပြီးအောင် မလုပ်နိုင်ကြောင်း တွေးပြီး ထုတ်ပစ်မည်ကို စိုးရွံ့မိခဲ့သည်။ ကျွန်မကို သိမသွားစေချင်သောကြောင့် အားနည်းချက်များကို ကျွန်မ ထပ်ဖုံးကွယ်မိပြန်သည်။ စာရေးပို့ခြင်းဖြင့် ဆက်သွယ်ပြီး အဖွဲ့လိုက် ဆွေးနွေးခြင်းကို တစ်ဦးချင်း စကားစမြည်ပြောခြင်းများအဖြစ် ပြောင်းလိုက်သည်။ အချိန်အချို့ကြာပြီးနောက်တွင် ကျွန်မတကယ်ကို ခြေကုန်လက်ပန်း စကျလာသည်။ ကျွန်မ၏ အသံထွက်ဆိုးပုံကို လူတိုင်း သိသွားပြီး ကျွန်မအပေါ် အထင်သေးကြမည်ကို ကြောက်ခဲ့၏။ ထိုအခြေအနေတွင် နေ့တိုင်း အသက်ရှင်နေမိပြီး မိမိတာဝန်ကို မည်သို့ ကောင်းကောင်း လုပ်ရမည်ကို တွေးဖို့ အချိန်နှင့် အင်အား မရှိခဲ့ပါ။ မိမိစိတ်ဝိညာဉ်ထဲတွင် ပိုပိုပြီး မှောင်မိုက်မှုကို ခံစားလာရကာ ဘုရား၏ လမ်းပြမှုကို လုံးဝ မခံစားနိုင်ခဲ့ပါ။ ကျွန်မတာဝန်တွင်လည်း မည်သည့်ဦးတည်ချက်မျှ မရှိခဲ့ပါ။ အန္တရာယ်များသည့် အခြေအနေတွင် ရောက်နေကြောင်းကို သိခဲ့သော်လည်း မကျော်ဖြတ်နိုင်ခဲ့ပါ။ ထို့ကြောင့် ထိုအရာမှ လွတ်အောင် ကျွန်မကို လမ်းပြပေးဖို့ ဘုရားကို တောင်းလျှောက်ရင်း စိတ်နှလုံးထဲတွင် ဆုတောင်းလိုက်သည်။
တစ်နေ့တွင် “ဟန်ဆောင်မှု နောက်ကွယ်” ဆိုသည့် သက်သေခံချက် ဗီဒီယိုတစ်ခု ကြည့်ရပြီး ထိုအထဲမှ ဘုရားနှုတ်ကပတ်တော်အချို့က ကျွန်မစိတ်ထဲ နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ရစ်ခဲ့၏။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူများသည် အခြားသူများက ၎င်းတို့အား အထင်ကြီးစေရန်နှင့် ၎င်းတို့၏ အမှားများ သို့မဟုတ် ချို့ယွင်းချက်များကို မမြင်နိုင်စေဖို့အလို့ငှာ၊ အစဉ် အယောင်ဆောင်သည့်အခါ၊ မိမိတို့ကိုယ်ကို အစဉ် ဖုံးဖိဖာထေးသည့်အခါ၊ အမြဲ ဆိုက်ထုတ်ကြသည့်အခါ၊ မိမိတို့၏ အကောင်းဆုံးဘက်ကို လူများအား တင်ဆက်ဖို့ အစဉ် ကြိုးစားနေသည့်အခါ ယင်းက အဘယ်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ ဟန်ဆောင်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်၊ ယင်းသည် စာတန်ဆန်သော စိတ်သဘောထား ဖြစ်သည်၊ ကောက်ကျစ်ဆိုးယုတ်သည့်အရာတစ်ခု ဖြစ်သည်။ စာတန်ဆန်သော အစိုးရစနစ်၏ အဖွဲ့ဝင်များကို ကြည့်လော့။ ၎င်းတို့သည် အမှောင်ထဲတွင် မည်မျှတိုက်ခိုက်ပါစေ၊ မည်မျှရန်စပါစေ၊ မည်မျှသတ်ဖြတ်ပါစေ ထိုသူတို့ကို မည်သူကမျှ တိုင်ကြားခွင့်၊ သို့မဟုတ် ဖော်ထုတ်ခွင့်မရှိချေ။ ၎င်းတို့၏ မကောင်းဆိုးဝါး မျက်နှာကို လူများမြင်မည်ကို ကြောက်ကြသည်။ ယင်းကို ဖုံးကွယ်ဖို့ ၎င်းတို့တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ကြသည်။ လူပုံအလယ်တွင် ၎င်းတို့သည် လူများကို မည်မျှချစ်ကြောင်း၊ ၎င်းတို့သည် မည်မျှကြီးမြတ်ကာ၊ ဘုန်းကျက်သရေရှိပြီး မမှားနိုင်ကြောင်းပြောလျက် မိမိတို့ကိုယ်ကို ဖုံးဖိဖာထေးဖို့ အဆုံးစွန် လုပ်ဆောင်ကြသည်။ ဤသည်မှာ စာတန်၏သဘာဝ ဖြစ်သည်။ စာတန့်သဘာဝ၏ အထင်ရှားဆုံးအင်္ဂါရပ်မှာ လှည့်ကွက်နှင့် လှည့်ဖြားမှုဖြစ်သည်။ ဤလှည့်ကွက်နှင့် လှည့်ဖြားမှုတို့၏ ရည်မှန်းချက်သည် အဘယ်နည်း။ လူများကို လှည့်စားဖို့၊ ၎င်း၏အဖြစ်အနေနှင့် စရိုက်မှန်တို့ကို မမြင်အောင် သူတို့အား တားဆီးပြီး ထိုသို့ဖြင့် ၎င်း၏အုပ်စိုးမှု ကြာရှည်စေဖို့ ပန်းတိုင်ကို အောင်မြင်ရရှိဖို့ ဖြစ်သည်။ သာမန်လူများ၌ ထိုသို့သော အာဏာနှင့် ဂုဏ်အဆင့်အတန်း ရှိချင်မှရှိမည် ဖြစ်သော်လည်း ၎င်းတို့သည်လည်း အခြားသူများအား ၎င်းတို့ကို အလေးပေးသောအမြင် စွဲကိုင်စေဖို့အပြင် လူများက သူတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့အား မြင့်မားသော ထင်မြင်ယူဆချက်ရှိဖို့နှင့် ၎င်းတို့အား မြင့်မားသော ဂုဏ်အဆင့်အတန်းဆီသို့ မြှင့်တင်ပေးဖို့ကို ဆန္ဒရှိကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ဖြစ်ပေသည်။ သမ္မာတရားကို လူတို့က နားမလည်လျှင် ဤအရာကို သတိပြုမိနိုင်စွမ်းမရှိပေ။...အမှားပြုလုပ်ခြင်း၊ သို့မဟုတ် မိမိကိုယ်ကို အယောင်ဆောင်ခြင်းတွင် မည်သည့်အရာက စိတ်သဘောထားနှင့် သက်ဆိုင်သနည်း။ အယောင်ဆောင်ခြင်းသည် စိတ်သဘောထားနှင့်ဆိုင်သည်။ ယင်းသည် မာနထောင်လွှားသော စိတ်သဘောထား၊ ကောက်ကျစ်ဆိုးယုတ်မှု၊ လှည့်စားမှုတို့ ပါဝင်သည်။ ဘုရားသခင်က အလွန်အမင်း စက်ဆုပ်ရွံရှာသည်။...သင်သည် ဟန်ဆောင်ဖို့၊ သို့မဟုတ် မိမိကိုယ်ကို ရှင်းချက်ထုတ်ဖို့ မကြိုးစားပါက၊ သင်၏ အမှားများကို ဝန်ခံနိုင်ပါက သင်သည် ရိုးသားပြီး ဉာဏ်ပညာရှိသည်ဟု လူတိုင်းက ပြောကြလိမ့်မည်။ ပြီးလျှင် သင့်ကို အဘယ်အရာက ဉာဏ်ပညာရှိစေသနည်း။ လူတိုင်း အမှားလုပ်ကြသည်။ လူတိုင်း၌ အမှားများနှင့် ချို့ယွင်းချက်များရှိကြသည်။ ပြီးလျှင် စင်စစ်အားဖြင့် လူတိုင်း၌ တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိကြသည်။ သင်သည် အခြားသူများထက် သာ၍မြင့်မြတ်သည်၊ စုံလင်ပြီး ကြင်နာသည်ဟု သင့်ကိုယ်သင် မတွေးထင်လေနှင့်။ ယင်းမှာ လုံးလုံး ယုတ္တိမတန်ခြင်းဖြစ်ပေသည်။ လူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပြင် လူ့ဖောက်ပြန်ပျက်စီးခြင်း၏အဖြစ်အနေနှင့် အမှန်တရားတို့က သင့်အဖို့ ရှင်းလင်းသွားသည်နှင့်တစ်ပြိုင်နက် သင်၏ကိုယ်ပိုင်အမှားများကို ဖုံးကွယ်ရန် ကြိုးစားမည် မဟုတ်သကဲ့သို့ အခြားလူများ၏ အမှားကို ဆုပ်ကိုင်အသုံးချခြင်းကိုလည်း လုပ်ဆောင်မည်မဟုတ်ပေ။ သင်သည် နှစ်ခုလုံးကို မှန်ကန်စွာ ရင်ဆိုင်နိုင်လိမ့်မည်။ သို့မှသာ သင်သည် ထိုးထွင်းအမြင်ရှိလာပြီး ရူးနှမ်းသောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ၊ ယင်းက သင့်ကို ဉာဏ်ပညာရှိစေလိမ့်မည်။ ဉာဏ်ပညာမရှိသူများသည် မိုက်မဲသူများဖြစ်ပြီး နောက်ကွယ်တွင် ခိုးကြောင်ခိုးဝှက် လုပ်နေလျက် မိမိတို့၏ အသေးစားအမှားများကို တဝဲလည်လည် အစဉ်တွေးတောနေကြသည်။ တွေ့ကြုံရသည်မှာ ရွံရှာစက်ဆုပ်ဖွယ် ဖြစ်သည်။ အမှန်တွင် သင်လုပ်ဆောင်နေသည့် အရာသည် အခြားလူများအဖို့ ချက်ချင်း သိသာထင်ရှားသော်လည်း သင်သည် ပေါ်တင် သရုပ်ဆောင်နေဆဲဖြစ်သည်။ အခြားသူများအဖို့ ယင်းမှာ ကပြက်ကချော် ဖျော်ဖြေတင်ဆက်ခြင်း၏ အသွင်မျိုး ဖြစ်သည်။ ဤသည်မှာ မရူးနှမ်းသလော။ ယင်းမှာ အမှန်တကယ် ရူးနှမ်းပေသည်။ ရူးနှမ်းသောလူများ၌ မည်သည့် ဉာဏ်ပညာမျှ မရှိပေ။ ဒေသနာမည်မျှကို ၎င်းတို့ကြားပါစေ ၎င်းတို့သည် သမ္မာတရားကို နားမလည်ဆဲဖြစ်သည်၊ သို့မဟုတ် မည်သည့်အရာကိုမျှ အရှိအတိုင်း မမြင်ဆဲဖြစ်သည်။ ၎င်းတို့သည် အခြားလူတိုင်းနှင့် ကွဲပြားခြားနားပြီး ဂုဏ်သိက္ခာရှိသည်ဟု ထင်မြင်ကြကာ၊ ၎င်းတို့သည် အမြဲပင် ဘဝင်မြင့်ကြသည်။ ဤသည်မှာ မာနကြီးခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟု ထင်မြင်ခြင်းဖြစ်သည်။ ဤသည်မှာ မိုက်မဲခြင်းဖြစ်သည်။ အရူးများသည် ဝိညာဉ်ရေးရာနားလည်မှု မရှိသည်မဟုတ်လော။ သင်ရူးနှမ်းပြီး ဉာဏ်ပညာမရှိသည့် အရေးကိစ္စများသည် သင်၌ ဝိညာဉ်ရေးရာ နားလည်မှုမရှိသော အရေးကိစ္စ၊ သမ္မာတရားကို သင် အလွယ်တကူနားမလည်နိုင်သော အရေးကိစ္စများ ဖြစ်လေသည်။ ဤသည်မှာ ထိုကိစ္စ၏ လက်တွေ့အရှိတရားပင် ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ) ဘုရားနှုတ်ကပတ်တော်များကို အနည်းငယ် တွေးကြည့်မိသည်။ ဤသည်မှာ ကျွန်မအတွက် တကယ်ကို အံ့အားသင့်စရာ ဖြစ်သည်။ ဟန်ဆောင်ခြင်းနှင့် အမှားလုပ်ခြင်းက အနှစ်သာရအားဖြင့် မတူပါ။ ကျွန်မသည် အင်္ဂလိပ်စာ မကျွမ်းကျင်သောကြောင့် အမှားလုပ်မိသည့်အခါ သင်ယူပြီး လေ့ကျင့်၍ ရပေသည်။ ကျွန်မ၏ တကယ့် စွမ်းဆောင်ရည်များကို အခြားလူများ မမြင်စေရန် အမြဲဟန်ဆောင်၊ ဖုံးကွယ်ခြင်း နောက်ကွယ်တွင် ကွယ်ဝှက်နေသည်မှာ မာနထောင်လွှားမှု၊ ကောက်ကျစ်မှု၊ ဆိုးယုတ်မှုနှင့် ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည်။ ယင်းမှာ ဘုရားအတွက် စက်ဆုပ်စရာ၊ ရွံရှာစရာ ဖြစ်သည်။ ထိုတာဝန်အား မည်သို့လုပ်ရမည်ကို ကျွန်မလေ့ကျင့်နေဆဲဖြစ်သောကြောင့် အမှားများ၊ သတိမမူမိခြင်းများနှင့် ဖောက်ပြန်ပျက်စီးမှုကို ဖော်ပြမိခြင်းများက ရှောင်လွဲ၍ မရပါ။ ထိုအရာများက ရှက်ရမည့်အရာများ မဟုတ်ဘဲ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ဖြေရှင်း၍ ရပါသည်။ သို့သော် ရေလောင်းသည့် အလုပ်အတွက် တာဝန်ယူလိုက်ကတည်းက ကြီးကြပ်ရေးမှူးနေရာမှာ မိမိကိုယ်ကို ထားပြီး သာမန်လူထက် ကျွန်မပိုတော်ရမည်၊ မဟုတ်ပါက လူသစ်များက အထင်သေးကြမည်ဟု တွေးနေခဲ့သည်။ ကျွန်မပြောနေသည်ကို နားမလည်ပါဟု ယုံကြည်သူအသစ်က ပြောသည့်အခါ ကျွန်မ၏ ချွတ်ယွင်းချက်များ ပေါ်သွားပြီဖြစ်ကြောင်း၊ ကျွန်မ၏ ပုံရိပ် ပျက်စီးသွားသောကြောင့် ယုံကြည်သူအသစ်များက ကျွန်မကို အထင်သေးပြီး ကျွန်မစကား နားထောင်ကြမည် မဟုတ်ကြောင်း ခံစားခဲ့သည်။ ကျွန်မချို့တဲ့နေသည်ကို ခေါင်းဆောင်က မြင်ပြီး ကျွန်မမစွမ်းဆောင်နိုင်၊ အလုပ်ကို တာဝန်မယူနိုင်ဟု တွေးကာ ထုတ်ပယ်လိုက်မည်ကို ပို၍ပင် ကျွန်မပူပန်ခဲ့သည်။ မိမိ၏ ချွတ်ယွင်းချက်များကို ဖုံးဖိရန်၊ မိမိ၏ အဆင့်အတန်းနှင့် ပုံရိပ်ကို ကာကွယ်ရန် နည်းလမ်းကို တွေးခဲ့သည်၊ ဘုရားအိမ်တော်၏ အလုပ်ကို ကြန့်ကြာစေမိသည်အထိ လုပ်ခဲ့သည်။ နှုတ်ဖြင့် ဆွေးနွေးခြင်းကို စာအခြေပြု ဆွေးနွေးခြင်းအဖြစ် ပြောင်းလိုက်ပြီး အလုပ်အကြောင်း ဆက်သွယ်ပြောဆိုဖို့ အဖွဲ့လိုက် အစည်းအဝေးကို တစ်ဦးချင်း စကားစမြည်ပြောခြင်းအဖြစ် ပြောင်းလိုက်သည်။ ယင်းက ရေလောင်းသည့်အလုပ်ကို နှောင့်နှေးစေခဲ့၏။ သတိထားလျက်ရှိသည့် အခြေအနေတွင်လည်း အသက်ရှင်နေမိပြီး ဘုရားနှင့် ပိုပိုပြီး ဝေးကွာလာခဲ့သည်။ ကျွန်မအလွန်ဉာဏ်များလိုက်သည့် ဖြစ်ခြင်း။ ဆိုးယုတ်သည့် သဘာဝကို တရားစီရင်၊ ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော် အပိုင်းကို ဖတ်ရခြင်းက ကျွန်မကို အထူးတုန်လှုပ်သွားစေခဲ့သည်။ ဆိုးယုတ်သည့် သဘာဝ၏ အပေါ်လွင်ဆုံး သွင်ပြင်လက္ခဏာမှာ လိမ်လည်လှည့်စားမှုနှင့် လှည့်ဖြားမှုဖြစ်ကြောင်း၊ ထိုအရာက အထူးသဖြင့် ဆိုးယုတ်ကြောင်း ဘုရားက ပြောသည်။ အဆင်းနီသော နဂါးကြီးသည် ဟန်ဆောင်၊ လှည့်ဖြားရာတွင် အထူးသဖြင့် တော်သကဲ့သို့ သူ့ကို လူများ လေးစားကြည်ညိုပြီး နောက်ကလိုက်စေရန် “ကြီးမြတ်၊ ကျက်သရေရှိပြီး မှန်ကန်သည့်” သူ၏ ပုံရိပ်ကို အမြဲ ဗန်းတင်ပြောသည်၊ အားလုံးက သူ၏ အာဏာရှင်စနစ် ခိုင်မာစေဖို့ အားထုတ်ခြင်းသာ ဖြစ်သည်။ သို့သော် နောက်ကွယ်တွင် သူလုပ်သည့် ဆိုးယုတ်မှုများ အားလုံးကို ဖုံးဖိဖို့ တတ်နိုင်သမျှ လုပ်သည်၊ ထိုသို့ဖြင့် လောကလူများကို လှည့်စား၊ လှည့်ဖြားနေတော့သည်။ မိမိကိုယ်ကို သုံးသပ်ရင်း ကျွန်မအပေါ် အခြားလူများ အကောင်းမြင်ကြစေရန်၊ ကျွန်မ၏ ကောင်းသည့်ဖက်ကိုသာ မြင်ကြစေရန် ကျွန်မဟန်ဆောင်နေခဲ့မိသည်ကို တွေ့ရသည်။ ယင်းမှာ တကယ်ကို ဉာဏ်များပြီး ဆိုးယုတ်လှ၏၊ အဆင်းနီသော နဂါးကြီးကဲ့သို့ ထပ်တူစိတ်သဘောမျိုးကို ကျွန်မထုတ်ဖော်ပြနေခဲ့မှန်း တွေ့ရသည်။ လှည့်ဖြားခြင်းနှင့် ဟန်ဆောင်ခြင်းအားဖြင့် အခြားလူများ၏ ရိုသေမှုနှင့် လေးစားမှုကို ရခြင်းသည် အဘယ်ကောင်းကျိုးရှိပါသနည်း။ မိမိ၏ အားနည်းချက်များ၊ ချွတ်ယွင်းချက်များကို ဖုံးကွယ်ခြင်းအားဖြင့်၊ ဘုရားနှင့် အခြားလူများကို လှည့်စားရန် လှည့်ကွက်များ ကစားခြင်းအားဖြင့် မိမိကိုယ်ကို မတိုးတက်စေခဲ့ရုံမက အသင်းတော်၏ အလုပ်ကိုလည်း ဆိုးဆိုးရွားရွား နှောင့်နှေးစေခဲ့သည်။ ယင်းမှာ အလွန် မိုက်မဲပေသည်။ ယုံကြည်သူအသစ်များစွာက ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည့် ဘုရား၏ အလိုတော်ကို သင်ယူနေကြသည်။ ကပ်ဘေးများ တိုးလာနေပြီး ကမ္ဘာ့ကပ်ရောဂါက ဆိုးသည်ထက် ဆိုးလာနေသည်ကို သူတို့မြင်နိုင်ကြသလို ဘုရား၏ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံခြင်းသည် လူတို့ရှင်သန်ဖို့ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်ကို သိကြသည်။ သူတို့၏ မိသားစုနှင့် မိတ်ဆွေများကို ဧဝံဂေလိ ဝေမျှချင်ကြသည်၊ ဘုရား၏ ကယ်တင်ခြင်း ရနိုင်ရန် သူတို့ကို ဘုရားရှေ့သို့ ခေါ်သွားချင်ကြသည်။ သို့သော် ကျွန်မကမူ သူတို့အသက်တာများနှင့် ပတ်သက်၍ နည်းနည်းမျှ မပူပန်ခဲ့ပါ။ ကျွန်မ၏ ကိုယ်ပိုင် တန်ဖိုးမဲ့သည့် ဝင့်ဝါမှုကို ထိန်းသိမ်းဖို့အတွက် ဧဝံဂေလိ ဝေမျှခြင်းနှင့် ပတ်သက်သည့် ညီအစ်ကို မောင်နှမများ၏ မေးခွန်းများကို ကျွန်မ ချက်ချင်း မကိုင်တွယ်ခဲ့ပါ။ ထို့ကြောင့် လူများစွာတို့၏ မှန်သည့်လမ်းခရီးကို စုံစမ်းစစ်ဆေးခြင်းနှင့် ဘုရားဘက် လှည့်လာခြင်းတို့က ကြန့်ကြာသွားခဲ့ရသည်။ ယင်းက ကျွန်မကို ဧဝံဂေလိအလုပ်အတွက် အတားအဆီးတစ်ခု၊ ခလုတ်တံသင်းတစ်ခု ဖြစ်သွားစေခဲ့သည် မဟုတ်ပါလား။ ဤအရာကို သုံးသပ်ရင်း ကျွန်မသည် ဖောက်ပြန်ပျက်စီးသော မိမိစိတ်သဘောထားနှင့် အသက်ရှင်နေခဲ့မိကြောင်း၊ တာဝန်တစ်ခုကို လုပ်နေပုံပေါ်သော်လည်း အမှန်တွင် ဘုရားကို ခုခံနေမိကာ ဘုရားအိမ်တော်၏ အလုပ်ကို ကြန့်ကြာစေပြီး ညီအစ်ကို မောင်နှမများကို နစ်နာအောင် လုပ်နေမိခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။ မိမိကိုယ်ကို မုန်းမိပြီး စိတ်နှလုံးထဲမှ မိမိကိုယ်ကို အော်ဂလီဆန်မိသည်။ ဘုရားကို အလွန်အကြွေးတင်မိပြီး ညီအစ်ကို မောင်နှမများကိုလည်း ထိခိုက်စေခဲ့မိသည်ဟု ခံစားရသည်။ နောင်တရရန် ဘုရားဆီ ကျွန်မဆုတောင်းပြီး သမ္မာတရားကို တစိုက်မတ်မတ် လိုက်စားကာ မိမိတာဝန်ကိုလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့သည်။
တစ်ကြိမ်၊ ကျွန်မ၏ ဝိညာဉ်ရေး ဝတ်ပြုဆုတောင်းချိန်၌ ဤဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ဖတ်ခဲ့ရ၏။ “သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။ ဤအရာများကို သင် လက်လွှတ်နိုင်ပါက သင်သည် အလွန်ပင် သက်သောင့်သက်သာ ဖြစ်လိမ့်မည်။ သင်သည် ဘောင်ခတ်မှုများ၊ သို့မဟုတ် နာကျင်မှု မရှိဘဲ အသက်ရှင်လိမ့်မည် ဖြစ်ပြီး သင်သည် အလင်းတွင်သာ လုံးဝ အသက်ရှင်လိမ့်မည်။ သင်မိတ်သဟာယပြုသည့်အချိန်တွင် မည်သို့ဖွင့်ဟပြောဆိုရမည်ကို သင်ယူခြင်းသည် အသက်ဝင်ရောက်မှုတွင် ပထမ အဆင့်ဖြစ်သည်။ ဆက်လက်၍ မည်သည့်အရာက မှားသည်၊ ဘုရားသခင်က မည်သည့်အရာကို မနှစ်သက်သည်ကို မြင်ရန် သင်၏ အတွေးများနှင့် လုပ်ရပ်များကို စိစစ်ဖို့ သင်ယူရန်လိုပြီး ၎င်းတို့ကို ချက်ချင်း ပြောင်းပြန်လှန်ကာ၊ ပြုပြင်ဖို့ လိုအပ်သည်။ ထိုအရာများကို ပြုပြင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သင့်အတွင်းရှိ စာတန်နှင့်သက်ဆိုင်သော အရာများကို ဖယ်ရှားပြီး ၎င်းတို့ကို သမ္မာတရားနှင့် အစားထိုးနေစဉ်တွင်၊ သမ္မာတရားကို လက်ခံပြီး စတင် နားလည်သဘောပေါက်ဖို့ ဖြစ်သည်။ ယခင်က သင်သည် အရာရာကို သင်၏ လှည့်ဖြားတတ်သော စိတ်သဘောထားအတိုင်း လုပ်ဆောင်ခဲ့သည်၊ ယင်းက လိမ်ညာခြင်းနှင့် လှည့်စားခြင်း ဖြစ်သည်။ မလိမ်ညာဘဲ မည်သည့်အရာမျှ သင်လုပ်ဆောင်၍ မရနိုင်ဟု သင်ခံစားရသည်။ ယခုအခါ သမ္မာတရားကို သင်နားလည်ပြီး အမှုကိစ္စများကို စာတန် လုပ်ဆောင်သည့် နည်းလမ်းများအား ရွံရှာသောကြောင့် ထိုနည်းအတိုင်း သင် မပြုမူတော့ချေ၊ သင်သည် ရိုးသားသည့်၊ သန့်စင်သည့်၊ ကျိုးနွံနာခံသည့် စိတ်အနေအထားနှင့် လုပ်ဆောင်သည်။ သင်သည် မည်သည့်အရာကိုမျှ ထိမ်ချန်ထားခြင်းမရှိလျှင်၊ ဟန်လုပ်ခြင်း၊ အယောင်ဆောင်ခြင်း၊ သို့မဟုတ် အမှုကိစ္စများကို ဖုံးဖိခြင်းမရှိလျှင်၊ ညီအစ်ကိုမောင်နှမများထံသို့ မိမိကိုယ်ကို ဖွင့်ချလျှင် သင်၏ အတွင်းအကျဆုံး အယူအဆများနှင့်အတွေးများကို မဖုံးကွယ်ဘဲ ယင်းအစား သင်၏ ရိုးသားသော သဘောထားကို အခြားလူတို့ မြင်ခွင့်ပေးလျှင်၊ ဤသို့ဆိုလျှင် သမ္မာတရားသည် သင့်အတွင်း၌ တဖြည်းဖြည်းချင်း အမြစ်တွယ်လိမ့်မည်။ နည်းနည်းချင်း အသီးအပွင့်ဖြစ်ထွန်းလိမ့်မည်။ အကျိုးရလဒ်များ ထွက်ရှိလိမ့်မည်။ သင်၏ စိတ်နှလုံးသည် တိုး၍ ရိုးသားလျှင်၊ ဘုရားဘက်သို့ တိုး၍ လှည့်လျှင်၊ သင်သည် သင့်တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ သိပြီး ဤအကျိုးစီးပွားများကို သင် မကာကွယ်နိုင်သောအခါ သင် လိပ်ပြာမလုံလျှင် ဤသည်မှာ သမ္မာတရားက သင့်အပေါ်၌ သက်ရောက်မှုရှိပြီး သင်၏ဘဝ ဖြစ်လာခဲ့ပြီဆိုသည့် သက်သေဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်များက ကျွန်မအား တိကျသည့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ပေးခဲ့သည်။ ရိုးရှင်း၊ ရိုးသားသည့် နှလုံးသားနှင့် မိမိတာဝန်ကို ကျွန်မလုပ်ရပါမည်။ ပြီးလျှင် ကျွန်မ၏ ဝိညာဉ်ရင့်ကျက်မှုက မည်မျှကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ၊ ကျွန်မတွင် မည်သည့်အပြစ်အနာအဆာ၊ အားနည်းချက်များ ရှိပါစေ ဟန်ဆောင်၍ မဖြစ်ပါ။ လူတိုင်းကို မိမိ၏သဘောသဘာဝ အစစ်အမှန် ပြရပါမည်။ အမှားလုပ်မိလျှင်ပင် ဖွင့်ပြောရမည် ဖြစ်သည်။ ထိုသို့အသက်ရှင်ခြင်းက သိပ်မပင်ပန်းရသကဲ့သို့ ဘုရားကလည်း လက်ခံပါသည်။ အမှန်တွင် ကျွန်မ၏ ပြဿနာနှင့် အားနည်းချက်များမှာ ဖုံးကွယ်ဖို့ ကျွန်မကြိုးစားရုံနှင့် ပျောက်သွားမည် မဟုတ်ပါ။ ထို့ကြောင့် ထိုအရာများကို ကျွန်မ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်သင့်သည်၊ မိမိချို့တဲ့သည့်အရာကို အသိအမှတ်ပြုပြီး ရိုးသားသည့်လူ ဖြစ်သင့်သည်။ တစ်ခုခုကို နားမလည်ပါက တဖြည်းဖြည်း တိုးတက်နိုင်ရန် မေးခွန်းများ မေးပြီး ပိုသင်ယူရမည်။ ထို့အပြင် ကြီးကြပ်ရေးမှူး ကျွန်မလုပ်ရန် ခေါင်းဆောင်က စီစဉ်ပေးခြင်းသည် အဆင့်အတန်းတစ်ခုမဟုတ်ဘဲ ဘုရားထံမှ ကျွန်မလက်ခံရသည့် စေခိုင်းချက်နှင့် တာဝန်တစ်ခု ဖြစ်သင့်ပါသည်။ ကြီးကြပ်သူတစ်ဦးဟူသည့် ကိုယ်ပိုင်လက္ခဏာကို လက်လွှတ်ပြီး မိမိတာဝန်ကို ဦးစားပေးရန် လိုပါသည်။ အခြားသူများ မည်သည့်အရာကို တွေးပါစေ၊ မည်သည့်အရာကို ပြောပါစေ မိမိရည်ရွယ်ချက်များကို ပြုပြင်ရမည်၊ မိမိကိုယ်ပိုင်နေရာကို သိပြီး ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုပ်ရမည် ဖြစ်သည်။
ထိုအချိန်မှစပြီး ကျွန်မ၏ မာနကို လက်လွှတ်ကာ သူတို့တာဝန်များတွင် ရှိကြသည့် ပြဿနာများကို ကူဖြေရှင်းပေးရန် နှုတ်နှင့် ဆက်သွယ်ပြောဆိုဖို့အတွက် လူသစ်များကို ကျွန်မထွက်ရှာခဲ့သည်။ ကျွန်မ၏ အင်္ဂလိပ် စကားပြော စွမ်းရည်များကိုလည်း ပိုလေ့ကျင့်ခဲ့သလို အသံထွက်လည်း တိုးတက်အောင် လုပ်ခဲ့၏၊ ကျွန်မနားမလည်သည့်ကိစ္စများကို ကြုံရသည့်အခါ ညီအစ်ကို မောင်နှမများကို မေးပြီး သူတို့၏ အားသာချက်များမှ သင်ယူသည်။ တစ်ကြိမ် ယုံကြည်သူအသစ်အနည်းငယ်နှင့် အွန်လိုင်းစုဝေးပွဲ ကျွန်မလုပ်သည့်အခါ အချင်းချင်း စတင်နှုတ်ဆက်နေစဉ်တွင်ပင် လူသစ်တစ်ဦးက ကျွန်မ၏ အသံထွက်ကို ထပ်တလဲလဲ ပြုပြင်ပေးသော်လည်း သူ့နာမည်ကို ကျွန်မအသံထွက်မမှန်ဘဲ ဖြစ်နေသည်။ ကျွန်မအနည်းငယ်ရှက်သွားပြီး အဘယ်ကြောင့် သူက ထိုအသံထွက်ကို အလေးအနက် ထားလွန်းနေရသနည်း။ လူအားလုံးက နားထောင်နေသဖြင့် တစ်ခါ အမှားပြင်ပေးပြီးလျှင် တော်ပြီလေဟု တွေးမိသည်။ ထိုအချိန်တွင် ဘုရားပြောသည့်အရာတစ်ခုကို ကျွန်မသတိရသွားသည်။ “သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။ ဤအရာများကို သင် လက်လွှတ်နိုင်ပါက သင်သည် အလွန်ပင် သက်သောင့်သက်သာ ဖြစ်လိမ့်မည်။ သင်သည် ဘောင်ခတ်မှုများ၊ သို့မဟုတ် နာကျင်မှု မရှိဘဲ အသက်ရှင်လိမ့်မည် ဖြစ်ပြီး သင်သည် အလင်းတွင်သာ လုံးဝ အသက်ရှင်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) မှန်ပါသည်။ ကျွန်မမှားသည့်အခါ ကျွန်မမှားပေသည်။ အဘယ်ကြောင့် အမြဲ ဖုံးကွယ်ချင်ရသနည်း။ မိမိတာဝန်အပေါ် စိတ်နှစ်ထားမည့်အစား မိမိဝင့်ဝါမှုအပေါ် စိတ်နှစ်ထားနေမိ၏၊ ထိုစိတ်ဖိစီးမှုမျိုးဖြင့် မိမိတာဝန်ကို ကောင်းကောင်းလုပ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ကျွန်မ၏ မာနကို လက်လွှတ်ရန်နှင့် မိမိတာဝန်အပေါ် အာရုံစိုက်နေရန် လမ်းပြဖို့ ဘုရားကို တောင်းလျှောက်ရင်း ကျွန်မကိုယ်ကျွန်မ စိတ်တည်ငြိမ်ထားပြီး ဆုတောင်းလိုက်သည်။ ဆုတောင်းပြီးနောက်တွင် ရှက်မိသလို မခံစားရတော့ပါ။ ကျွန်မ၏ အသံထွက် လွဲနေသောကြောင့်လည်း အလွန်စိတ်မကျဉ်းကျပ်တော့ပါ။ ထို့နောက်တွင် ကျွန်မ၏ မာနကို လက်လွှတ်လိုက်ပြီး လူသစ်ကို ကျွန်မ၏ အသံထွက်နှင့် ပတ်သက်၍ ကူညီခိုင်းလိုက်သည်။ အတန်ငယ် ကြာပြီးနောက်တွင် ကျွန်မနှင့် ယခင်က လက်တွဲလုပ်ခဲ့သည့် ညီအစ်မက “အစ်မအင်္ဂလိပ်စာကို ဘယ်ပုံဘယ်နည်းနဲ့ လေ့ကျင့်ခဲ့တာတုံး။ ယုံကြည်သူအသစ်တွေနဲ့ အစ်မက တကယ်ကို ချောချောမောမာ ဆက်သွယ်ပြောဆိုတတ်တာပဲ။ အချင်းချင်း မတွေ့ရတဲ့ ဒီသုံး၊ လေးလအတွင်းမှာ အစ်မအများကြီး တိုးတက်သွားတာပဲ” ဟု ပြောလာသည်။ ဤသည်မှာ ကျွန်မအတွက် တကယ်ကို တို့ထိစရာ ဖြစ်ခဲ့ပြီး ယင်းမှာ လုံးဝ ဘုရား၏ ကျေးဇူးတော်နှင့် ကောင်းချီးဖြစ်မှန်း သိခဲ့သည်။ ဤအတွေ့အကြုံမျိုးကို ကျွန်မပိုရလေ၊ မိမိအခြေအနေမှန်ကို ဖွင့်ပြောခြင်း၊ ဟန်ဆောင်မည့်အစား၊ မိမိကိုယ်ကို ဖုံးကွယ်မည့်အစား မိမိတာဝန်ကိုသာ တစိုက်မတ်မတ် လုပ်ခြင်းက ကျွန်မစိတ်နှလုံးကို အေးချမ်းစေသည့် လက်တွေ့လုပ်ဆောင်မှုဖြစ်မှန်း ပိုခံစားရလေ ဖြစ်သည်။ ဘုရားကျေးဇူးတော်ပင် ဖြစ်ပါ၏။