၇၁။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ပတ်သက်သော ကျွန်ုပ်၏ စိတ်ထင့်မှုများ
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ ကျွန်မက အသင်းတော်အလုပ်နဲ့ဆိုင်တဲ့ ကိစ္စတစ်ခုအတွက် တာဝန်ယူခဲ့ရပြီး ကျောက်တင်းက အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့တယ်။ လူတိုင်းက အလုပ်ကိစ္စ အတူဆွေးနွေးတဲ့အခါ ကျောက်တင်းက သူ့အမြင်တွေကို အမြဲ မရမကပြောပြီး တခြားလူတွေပြောတာကို နားမထောင်ဘူး။ အဲဒါကြောင့် ကျွန်မတို့ မကြာခဏ လိပ်ခဲတည်းလည်းဖြစ်ရပြီး အလုပ်ကလဲ မတိုးတက်အောင် ဟန့်တားခံရတယ်။ ဒါနဲ့ပတ်သက်လို့ သူ့ကို ကျွန်မ စကားပြောချင်ခဲ့ပေမဲ့ ကျောက်တင်းက ကျွန်မကို မာနထောင်လွှားတယ်၊ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူဆပြီး ကိုယ့်အမြင်တွေကို မရမက ပြောတတ်တယ်လို့ မကြာခဏ ဖော်ထုတ်ခဲ့ပုံကို သတိရတော့ စကားလုံးတွေက ကျွန်မ လည်ချောင်းမှာ တစ်ဆို့နေခဲ့တယ်။ သူပြောတာ မှန်မှန်း ကျွန်မ သိခဲ့ပေမဲ့ ကျွန်မ စိတ်နှလုံးတွင်းကနေ အဲဒါကို တကယ် မနှစ်သက်ခဲ့ဘူး။ အဲဒီလို လုပ်ပြီး ကျွန်မရဲ့ ဒဏ်ရာတွေကို သူဖော်ထုတ်နေသလို ကျွန်မခံစားရလို့ သူစကားမပြောတော့ဖို့ပဲ လိုချင်ခဲ့တယ်။ အခု သူ့ပြဿနာကို ကျွန်မ ထောက်ပြခဲ့ရင် ကျွန်မခံစားခဲ့ရတဲ့ စိတ်ဆင်းရဲခြင်းကိုပဲ သူခံစားရမှာ မဟုတ်လား။ တိတ်တိတ်နေတာ အကောင်းဆုံးပဲလို့ ကျွန်မတွေးမိတယ်။ အဲဒါဆိုရင် ကျွန်မတို့ထဲက ဘယ်သူမှ စိတ်မကောင်းဖြစ်မှာ မဟုတ်ဘူးလေ။ နောက်ပြီးတော့ ကိုယ့်ညီအစ်ကိုမောင်နှမတွေ ကိုယ့်ကို ဖော်ထုတ်တာနဲ့ ကိုယ့်ပြဿနာတွေ ထောက်ပြတာကို ကျွန်မ မကြိုက်လို့ မပြောင်းလဲခဲ့ပေမဲ့ သူများကို ပြောင်းလဲဖို့ တောင်းဆိုနေသေးရင် ကျွန်မဟာ လုံးဝ အဆင်အခြင်မဲ့တယ်လို့ ပြမှာမဟုတ်လား။ သူက ကျွန်မအပေါ် အသားစီးပြန်ယူပြီး “နင်က သူများပေးတဲ့ အကြံတွေကို လက်တောင်မခံချင်ဘဲနဲ့များ ငါ့ကို ဘာလို့ရာရာစစ လာဝေဖန်နေရတာလဲ” လို့ ပြောရင် ကျွန်မ တုံ့ပြန်စရာရှိမှာ မဟုတ်ဘူး။ ပြီးတော့ ပုံမှန်ဆို ကျွန်မတို့က သိပ်အဆင်ပြေပြီး အတော့်ကို အပေါက်အလမ်းတည့်တာ။ အချင်းချင်းလဲ တယဉ်တကျေး ပြောဆိုတယ်။ သူ့ပြဿနာတွေကို ကျွန်မထုတ်ပြောတဲ့အခါ ကျွန်မကို သူအရင်အတိုင်း မမြင်တော့ဘဲ အလုပ်နဲ့ပတ်သက်လို့ ကျွန်မနဲ့ မပူးပေါင်းချင်တော့ရင် ဘယ်လိုလုပ်မလဲ။ ဒီအရာတွေကို တွေးရင်းနဲ့ သူ့ပြဿနာတွေကို ကျွန်မ မထောက်ပြခဲ့ဘူး။
သိပ်မကြာခင်မှာပဲ ဝူရှင်းဆိုတဲ့ ညီအစ်မတစ်ယောက်က ကျွန်မတို့အဖွဲ့ကို ဝင်လာတယ်။ အတော်ကြာလာတော့ သူက ဘာမှ တိုးတက်မလာတာကို ကျွန်မ တွေ့ရတယ်။ တခြားလူတွေကို သူအမြဲယှဉ်ပြိုင်ပြီး မယှဉ်နိုင်တဲ့အခါ စိတ်ကောက်တယ်။ သူ့ပြဿနာတွေနဲ့ ဆက်စပ်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကျွန်မ မိတ်သဟာယပြုပေးပြီး သူ့ကို လမ်းညွှန်ပေးဖို့နဲ့ ကူညီပေးဖို့ စည်းမျဉ်းတွေကို ထုတ်သုံးခဲ့တယ်။ ဒါပေမဲ့ သူက သူ့ပြဿနာကို မသုံးသပ်ဘူး။ ရလဒ်တွေ သူရမနေတဲ့ အကြောင်းရင်းဟာ ကျွန်မတို့က သူ့ကို စည်းမျဉ်းတွေအကြောင်း ရှင်းရှင်းလင်းလင်း မိတ်သဟာယမပြုခဲ့လို့တဲ့လေ။ သူ့ကို ဒီလိုမြင်ရတော့ ဂုဏ်သတင်းနဲ့ အဆင့်အတန်း လိုက်စားတဲ့ သူ့အနှစ်သာရအပြင် ဒီလိုဆက်နေရင် ဖြစ်လာမဲ့ အကျိုးဆက်တွေကို ကျွန်မ မိတ်သဟာယပြုပြီး စိစစ်ပြချင်ခဲ့တယ်။ ဒါပေမဲ့ စုဝေးပွဲတစ်ခုမှာ သူ့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းတွေ ထုတ်ဖော်ပြချက်အကြောင်း သူပြောခဲ့ပုံကို ကျွန်မ သတိရသွားတယ်။ သူက တခြားလူတွေရဲ့ ပြဿနာတွေကို မထောက်ပြချင်သလို သူ့ပြဿနာတွေကိုလဲ တခြားလူတွေ အမြဲ ထောက်ပြတာ မလိုချင်ဘူးလို့ ပြောနေခဲ့တာလေ။ ကျွန်မ တွေးမိတယ်။ “ဂုဏ်သတင်းနဲ့ အဆင့်အတန်းတွေက ငါ့အတွက်လဲ အရေးကြီးတယ်။ ပြီးတော့ ဒီကဏ္ဍကို ငါ့ဘာသာ တဖြည်းဖြည်း ရှာဖွေပြီး ဝင်ရောက်ချင်တာလေ။ တခြားလူတွေ ငါ့ပြဿနာတွေကို ဖော်ထုတ်ပြီး ထောက်ပြတာ ငါမလိုချင်ဘူး။ ငါပြင်းပြင်းထန်ထန် ပြောလိုက်ရင် သူဝမ်းနည်းသွားမှာပဲ။ သူ့ကို မိတ်သဟာယပြုပြီး ကူညီတာနဲ့ အစပြုတာ အကောင်းဆုံးပဲ။ စည်းမျဉ်းတွေကို သူသဘောပေါက်ပြီး ရလဒ်တချို့ ရသွားတဲ့အခါ ဝင့်ဝါမှုနဲ့ အဆင့်အတန်း ရချင်တဲ့ သူ့ဆန္ဒမပြည့်နိုင်တာက သူ့ကို သိပ်အပျက်သဘောဆောင်စေမှာ မဟုတ်လောက်ပါဘူး” လို့ပေါ့။ ဒါကို တွေးမိတော့ သူ့ပြဿနာတွေကို ကျွန်မထောက်မပြတော့ဘူး။ နောက်ပိုင်းမှာ ဝူရှင်းက အတော့်ကို ညံ့ဖျင်းတဲ့ လူ့သဘာဝရှိတာ သိလိုက်ရတယ်။ သူက သေးသိမ်စေပြီး ထေ့ငေါ့တဲ့ပုံစံနဲ့ မကြာခဏ စကားပြောတယ်၊ လူတွေကို စိတ်ကျဉ်းကျပ်အောင်လုပ်ပြီး တစ်ခါတလေ အမြင်မတူတဲ့သူတွေကို တိုက်ခိုက်၊ ဖယ်ကြဉ်တတ်တယ်။ အလုပ်မှာ ပြဿနာတွေ ပေါ်လာတဲ့အခါ သူက လုံးဝ မသုံးသပ်တဲ့အပြင် တာဝန်ကို ခေါင်းရှောင်ဖို့ ကြိုးစားတယ်။ ပြီးတော့ သူ့တာဝန်မှာ ဘာရလဒ်မှ ရမနေခဲ့ဘူး။ စည်းမျဉ်းတွေအရ သူက အထုတ်ခံရမှာ။ အဲဒီလိုလုပ်တာက သူ့ကို မကျေမနပ်ဖြစ်စေမှာပဲလို့ ကျွန်မ တွေးမိတယ်။ ဒါကြောင့် သူ့အခြေအနေကို ခေါင်းဆောင်ဆီ ကျွန်တော် တိုင်ကြားခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်က အလုပ်များလွန်းလို့ မလာနိုင်တာကြောင့် ဝူရှင်းကို ထုတ်ဖို့ ကျွန်မကို ခိုင်းတယ်။ သူ့ကို ကျွန်မတွေ့တော့ ဂုဏ်သတင်းနဲ့ အဆင့်အတန်း သူ အမြဲလိုက်စားတာ၊ မတူတဲ့ သဘောထားတွေကို သူ တိုက်ခိုက်ပြီး ဖယ်ကြဉ်တာ၊ ပြီးတာ့ အန္တိခရစ်လမ်းကြောင်းကို သူ လျှောက်နေခဲ့ပုံတွေကို ကျွန်မ စိစစ်ချင်ခဲ့တယ်။ သူ့ပြဿနာတွေရဲ့ အနှစ်သာရနဲ့ အကျိုးဆက်တွေကို သူသိအောင်လို့လေ။ ဒါပေမဲ့ ပြောတော့မဲ့ စကားတွေကို ကျွန်မ ပြန်မျိုသိပ်လိုက်တယ်။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူတန်ဖိုးထားခဲ့ပုံနဲ့ သူအထိမခံပုံတွေကို ကျွန်မတွေးမိတယ်။ သူ့ပြဿနာတွေကို ကျွန်မ ဖော်ထုတ်ပြီး စိစစ်လိုက်ရင်၊ အဲဒါကို သူမခံယူနိုင်ဘဲ ကျွန်မအပေါ် အမြင်စောင်းသွားခဲ့ရင် ဘာဖြစ်မလဲ။ ကျွန်မနှုတ်ကို ထိန်းတာ အကောင်းဆုံးပဲလို့ တွေးမိတယ်။ ဒါကြောင့် သူ ရလဒ်တွေ ရမနေခဲ့ပုံကိုပဲ ကျွန်မတင်ပြပြီးတော့ သူ့ကို ထုတ်လိုက်တယ်။ နှစ်သိမ့်တဲ့စကားတချို့ သူ့ကို ပြောပြီး သူ့ကိုယ်သူ မှန်မှန်ကန်ကန် သုံးသပ်စေခဲ့တယ်။ ဝူရှင်းရဲ့ အပြုအမူကို ကျွန်မ မစိစစ်ခဲ့တာ ခေါင်းဆောင်က သိသွားတော့ “သူ့ပြဿနာတွေက အရမ်းဆိုးရွားပေမဲ့ နင်က အဲဒါတွေကို မဖော်ထုတ်၊ မစိစစ်ခဲ့ဘူး။ နင်က အရမ်းကို လူ့အကြိုက်လိုက်တဲ့သူပဲ” လို့ ပြောပြီးတော့ ကျွန်မကို ပြုပြင်ခဲ့တယ်။ ဒါကို ကြားရတာ အတော်နာကျင်ရတယ်။ ကိုယ့်တာဝန်တွေကို ကျွန်မ မလုပ်ကိုင်ခဲ့မှန်း သိပေမဲ့ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကျွန်မ မသုံးသပ်ခဲ့ဘူး။ နောက်ပိုင်း ဖြစ်ရပ်တစ်ခုဖြစ်တဲ့အခါမှပဲ နောက်ဆုံးမှာ ကျွန်မ စသုံးသပ်မိခဲ့တယ်။
အဲဒီတုန်းက ကျောက်တင်းနဲ့ သူ့အဖွဲ့ဟာ နှင်ထုတ်ခံရမဲ့ လူတွေနဲ့ပတ်သက်လို့ အချက်အလက်တချို့ကို စုစည်းနေခဲ့ကြပေမဲ့ မရှင်းလင်းတဲ့ အချက်တွေ အများကြီးရှိခဲ့တယ်။ ပုံမှန် အခြေအနေတွေမှာ ဒီလို အဆင့်နိမ့် အမှားမျိုးတွေ ဖြစ်မှာမဟုတ်ဘူး။ ဘာဖြစ်နေတာလဲလို့ တခြားလူတွေကို ကျွန်မမေးတော့ ကျောက်တင်းက သူ့သဘောအတိုင်း ဇွတ်လုပ်တယ်လို့ ပြောကြတယ်။ ဘယ်သူက ဘာကို အကြံပေးပါစေ သူငြင်းတယ်။ သူတို့အားလုံး စိတ်ကျဉ်းကျပ်ပြီး သူပြောတဲ့အတိုင်းပဲ လုပ်ရတယ်တဲ့။ ဒါကို ကြားတော့ ကျွန်မ အရမ်းလိပ်ပြာမလုံ ဖြစ်မိတယ်။ သူ့ရဲ့ ဒီပြဿနာတွေကို ကျွန်မသိတာ ကြာပြီဖြစ်ပေမဲ့ သူ့ကို စော်ကားမိမှာစိုးလို့ ကျွန်မ လုံးဝ မဖော်ထုတ်ခဲ့ဘူး။ ရလဒ်အနေနဲ့ အလုပ်က နှောင့်နှေးသွားရော။ နောက်ဆုံးမှာ ကျွန်မသမ္မာတရားကို စရှာပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ကျွန်မဖတ်ခဲ့တယ်။ “အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်ခုလုံးတို့သည် လူတစ်ဦး၏ လူ့သဘာဝ၏ အစိတ်အပိုင်းများ ဖြစ်သင့်သည်။ ယင်းတို့နှစ်ခုလုံးသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ ဖြစ်သည်၊ ညံ့ဖျင်းသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။ ပို၍ အသေးစိတ်ကြည့်လျှင် ဤလူသည် လူ့သဘာဝ ပျောက်ဆုံးနေသည့် မည်သည့်သရုပ်သကန်ကို ထုတ်ဖော်ပြသနည်း။ ဤကဲ့သို့သောလူတို့တွင် မည်သည့်စရိုက်လက္ခဏာများကို တွေ့ရပြီး မည်သည့် သီးသန့် သရုပ်သကန်တို့ကို တင်ပြသည်ဆိုသည်ကို ပိုင်းခြားစိစစ်ကြည့်ပါ။ (သူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။) တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည့် လူများသည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း အရေးထားခြင်း မပြကြပေ။ ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း သို့မဟုတ် ဘုရားသခင်အတွက် သက်သေခံခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။...၎င်းတို့သည် မည်သည့် တာဝန်ကို ထမ်းဆောင်နေပါစေ မည်သည့် တာဝန်ဝတ္တရားကိုမျှ မယူသည့် လူအချို့လည်း ရှိပေသည်။ ၎င်းတို့သည် မိမိတို့ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုလည်း ၎င်းတို့၏ အထက်လူကြီးများထံ ချက်ချင်း မတိုင်ကြားကြပေ။ လူများက အနှောင့်အယှက်ပေးခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်သည်ကို မြင်သည့်အခါ၊ ၎င်းတို့ လျစ်လျူရှုကြသည်။ ဆိုးယုတ်သော လူများက မကောင်းမှုပြုနေသည်ကို ၎င်းတို့မြင်သည့်အခါတွင်၊ ထိုလူများကို ၎င်းတို့ တားဆီးဖို့ မကြိုးစားကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ကြသကဲ့သို့၊ ၎င်းတို့၏တာဝန်နှင့် ဝတ္တရားတို့က အဘယ်အရာ ဖြစ်သည်ကိုလည်း မထည့်တွက်ကြချေ။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင်၊ ဤကဲ့သို့သော လူများသည် တကယ့်အလုပ် တစ်ခုမျှ မလုပ်ကြပေ။ ၎င်းတို့သည် လူ့အကြိုက်လိုက်သူများဖြစ်ပြီး သက်သောင့်သက်သာရှိခြင်းအတွက် လောဘကြီးကြသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ဝင့်ဝါမှု၊ သိက္ခာ၊ ဂုဏ်အဆင့်အတန်းနှင့် အကျိုးစီးပွားတို့အတွက်သာ ပြောဆို၊ ပြုမူကြပြီး၊ ၎င်းတို့အတွက် အကျိုးရှိသည့် အရာများအတွက် ၎င်းတို့၏အချိန်နှင့် ကြိုးစားအားထုတ်မှုတို့ကို ပေးအပ်မြှုပ်နှံရန်သာ အလိုရှိကြလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်) ကျွန်မရဲ့ အခြေအနေ အတိအကျကို ဘုရားနှုတ်ကပတ်တော်က ဖော်ထုတ်ခဲ့တာ။ ကျောက်တင်းမှာ မာနထောင်လွှားတဲ့ စိတ်သဘောထားရှိပြီး တခြားလူတွေကို ဘောင်ခတ်ခဲ့မှန်း၊ အလုပ်ကို ထိခိုက်နှင့်နေခဲ့မှန်း ကျွန်မမြင်ခဲ့တာပဲ။ ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ သူ့ပြဿနာကို ကျွန်မထောက်ပြပြီး ဖော်ထုတ်ခဲ့သင့်ပေမဲ့ သူလက်မခံဘဲ ကျွန်မအပေါ် မကောင်းမြင်သွားမှာ စိုးရိမ်ခဲ့တယ်။ ဒီတော့ သူ့ပြဿနာကို ကျွန်မထောက်ပြမယ်လုပ်တိုင်း ကျွန်မလည်ချောင်းထဲမှာ တစ်ခုခု တစ်နေသလိုမျိုး ခံစားရပြီး စကားလုံးတွေကို ထုတ်မပြောနိုင်ခဲ့ဘူး။ အလုပ်ကို ဟန်ပြအနေနဲ့ ကျွန်မသုံးခဲ့တယ်။ ကျွန်မတို့ရဲ့ ဆက်ဆံရေး ပျက်သွားရင် ကျွန်မရဲ့ အလုပ်မှာ သူပူးပေါင်းလုပ်မှာ မဟုတ်ဘူးလို့ တွေးနေခဲ့တယ်။ အလုပ်ကို ကျွန်မအလေးထားပုံ ပေါ်ခဲ့ပေမဲ့ တကယ်တော့ ကျွန်မတို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကောင်းကို မပျက်စီးစေချင်ခဲ့ရုံသာဖြစ်ပြီး ကိုယ့်ညီအစ်ကို မောင်နှမတွေရဲ့ အထင်ကြီးခံချင်ခဲ့တာပါ။ ဒါ့အပြင် ဝူရှင်းရဲ့ ပြဿနာတွေက ဆိုးရွားမှန်း ကျွန်မအရှင်းသား သတိပြုမိပေမဲ့ သူ့ပြဿနာတွေကို ကျွန်မဖော်ထုတ်ပြီး စိစစ်လိုက်ရင် သူကျွန်မအပေါ် မကောင်းမြင်မှာကို စိုးခဲ့တယ်။ ဒါကြောင့် သူ့ပြဿနာတွေကို ဖော်ထုတ်ဖို့ ကျွန်မ ဆက်ပျက်ကွက်ခဲ့ပြီး ရလဒ်အနေနဲ့ သူ့ကိုယ်သူ သတိမပြုမိခဲ့တဲ့အပြင် သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက မပြောင်းမလဲရှိနေခဲ့တယ်။ ပြီးတော့ အသင်းတော် အလုပ်ကို သူနှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ခဲ့တဲ့အပြင် တခြားလူတွေကိုလဲ စိတ်ကျဉ်းကျပ်အောင်လုပ်ခဲ့တယ်။ ကျွန်မတာဝန်ကို လုပ်နေချိန်မှာ ကိုယ်ကျိုးစီးပွားတွေနဲ့ တခြားလူတွေရဲ့ စိတ်နှလုံးထဲက ကိုယ့်နေရာကိုပဲ စဉ်းစားနေခဲ့တယ်။ တခြားလူတွေက သူတို့တာဝန်တွေမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို အမှီပြုပြီးတော့ အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နေတာကို မြင်လျက်သားနဲ့ ကျွန်မက ဒီအတိုင်း လျစ်လျူရှုပြီး အသင်းတော် အလုပ်ကို လုံးဝ ထည့်မတွက်ခဲ့ဘူး။ ကျွန်မက ဘာအသိစိတ်၊ ဆင်ခြင်တုံတရားမှ မရှိဘဲ အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို နားလည်ပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ လူသားအတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ ဤသို့ဆိုလျှင် စာတန်၏ အဆိပ်ဆိုသည်မှာ အဘယ်နည်း။ ယင်းကို မည်သို့ ဖော်ပြနိုင်သနည်း။ ဥပမာအားဖြင့်၊ သင်က ‘လူများ အဘယ်သို့ အသက်ရှင်နေထိုင်သင့်သနည်း။ လူများသည် အဘယ်အရာအတွက် အသက်ရှင်သင့်သနည်း’ ဟု မေးပါက၊ သူတို့က ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသော စကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ အတွေးအခေါ်နှင့် တွေးခေါ်မှုစနစ်တို့သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ လူများသည် အဘယ်အရာကို လိုက်စားသည်ဖြစ်စေ ထိုသို့လုပ်ဆောင်ခြင်းသည် မိမိတို့ကိုယ်တိုင်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက်သာ အသက်ရှင်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း) ဘုရားနှုတ်ကပတ်တော်ရဲ့ ဖော်ထုတ်မှုကနေ ကျွန်မနားလည်သွားတယ်။ တခြားလူတွေရဲ့ ပြဿနာတွေကို ကျွန်မက အမြဲ မသိကျိုးကျွံပြုပြီး ထောက်ပြဖို့ အရမ်းလန့်ရတဲ့ အဓိက အကြောင်းရင်းက ဘာလို့လဲဆိုတော့ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတာနဲ့ “မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏” ဆိုတာအပြင် “သင်သည် သူတစ်ပါးတို့ကို ရိုက်နှက်မည်ဆိုလျှင် မျက်နှာကို မရိုက်နှင့်။ သင်သည် သူတစ်ပါးတို့အကြောင်းကို ဖော်မည်ဆိုလျှင် သူတစ်ပါးတို့၏ အားနည်းချက်များကို မဖော်နှင့်” ဆိုသလို စာတန်ဆန်တဲ့ အတွေးအခေါ်တွေကို အမှီပြုခဲ့လို့ပဲ။ ကိုယ့်အတွက် အကျိုးရှိမှပဲ တစ်ခုခုကို လုပ်သင့်တယ်၊ တခြားလူရဲ့ ပြဿနာတွေကို ထောက်ပြဖော်ထုတ်တာက သူ့ကို စော်ကားရာရောက်ပြီး ကိုယ့်အတွက် အကျိုးမရှိဘူးလို့ ကျွန်မအမြဲတွေးခဲ့တယ်။ ဒါကြောင့် အဲဒါကို ကျွန်မ မလုပ်ချင်ခဲ့ဘူး။ ကျွန်မ အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့တယ်၊ စက်ဆုပ်စရာဖြစ်ခဲ့တယ်၊ စိတ်မချရတဲ့အပြင် လှည့်ဖြားတတ်ခဲ့တယ်။ ကျောက်တင်းက မာနထောင်လွှားတာ၊ ဇွတ်လုပ်တတ်ပြီး တခြားလူစကား နားမထောင်တာနဲ့ အလုပ်က သူ့ကြောင့် ထိခိုက်နေခဲ့တာကို ကျွန်မမြင်ခဲ့ပေမဲ့ သူ့ပြဿနာတွေကို ဖော်ထုတ်၊ စိစစ်တာထက် သူနဲ့ ကျွန်မရဲ့ ဆက်ဆံရေးကို ကျွန်မကာကွယ်ချင်ခဲ့တယ်။ သူ့ကို ကျွန်မစော်ကားမိမှာ အမြဲ ကြောက်ပြီး သူ့ကို ကျေနပ်အောင်လုပ်ဖို့ အမြဲ လိုက်လျောနေခဲ့တယ်။ လူတွေကို စော်ကားမိမှာ ကြောက်ပေမဲ့ ဘုရားကို စော်ကားမိမှာတော့ မကြောက်သလို အသင်းတော်ရဲ့ အကျိုးစီးပွားတွေကိုလဲ ထည့်မတွက်ခဲ့ဘူး။ ကျွန်မက အသိစိတ်နဲ့ ဆင်ခြင်တုံတရားမရှိဘဲ ဆိုးယုတ်ပြီး တန်ဖိုးမဲ့တဲ့ ဘဝကို အသက်ရှင်နေခဲ့တာ။ အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့ လူတစ်ယောက်က တခြားလူတွေ အခြေအနေဆိုးမှာ ရှိတာကို မြင်တဲ့အခါ ကူညီဖို့ သမ္မာတရားကို မိတ်သဟာယပြုနိုင်ကြပြီး တစ်ယောက်ယောက်က အသင်းတော်အလုပ်ကို နှောင့်ယှက်၊ ဖျက်ဆီးနေတာ မြင်တဲ့အခါ သူတို့ကို ဖော်ထုတ်၊ တားဆီးဖို့ ရင်ဆိုင်နိုင်ကြတယ်။ ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ ကျွန်မက ပိုလို့တောင် ကြီးမားတဲ့ ဝန်ထုပ်နဲ့ တာဝန်ကို ထိန်းသိမ်းသင့်တာ။ ညီအစ်ကိုပဲဖြစ်ဖြစ်၊ ညီအစ်မပဲဖြစ်ဖြစ် သူတို့အခြေအနေ၊ သူတို့အလုပ်မှာ ပြဿနာရှိနေရင် သူတို့ကို ကျွန်မမိတ်သဟာယပြုပြီး ကူညီသင့်တာပေါ့။ လူတစ်ယောက်က အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး ဖျက်ဆီးနေရင် သူ့ကို ကျွန်မအချိန်မီ ပြုပြင်သင့်တယ်၊ ဖော်ထုတ်ပြီး တားဆီးသင့်တယ်။ ကြီးကြပ်ရေးမှူးတစ်ယောက်က ကိုယ်အ့လုပ်ကို အဲဒီလို လုပ်သင့်တာလေ။ ဒါပေမဲ့ ကျွန်မကတော့ ကိုယ့်အပေါ် တခြားလူတွေ အထင်ကြီးနေတာ မပျက်ဖို့ အခြေခံ တာဝန်တွေကိုတောင် မဖြည့်ဆည်းခဲ့ဘူး။ ကျွန်မက အလုပ်အပေါ် တာဝန်မဲ့ခဲ့တဲ့အပြင် ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို လုံးဝ မစဉ်းစားခဲ့ဘူး။ ကျွန်မက လူ့အကြိုက်လိုက်ရင်းနဲ့ တကယ် စိတ်ထားယုတ်ပြီး ရက်စက်တာ မြင်သွားတယ်။ ကျွန်မတာဝန်ကို ဒီလိုလုပ်တာက ဘုရားအတွက် ရွံရှာစရာနဲ့ စက်ဆုပ်စရာဖြစ်ခဲ့တယ်။ ကျွန်မ ဒီလိုဆက်ဖြစ်နေရင် နောက်ဆုံးမှာ ဖော်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ဒါတွေ သဘောပေါက်သွားတော့ လုံးဝ စိတ်ဆင်းရဲသွားတယ်။ ကျွန်မ ဒီလို ဆက်အသက်မရှင်ချင်တော့ဘူး။ ဒါကြောင့် ဘုရားဆီ ကျွန်မ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ သမီး သမ္မာတရားကို လက်တွေ့လုပ်ချင်ပေမဲ့ သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက အရမ်းပြင်းထန်ပါတယ်။ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် သိဖို့နဲ့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း ရှာတွေ့ဖို့ ဉာဏ်အလင်းပေးတော်မူပါ” လို့ပေါ့။
တစ်နေ့ ကျွန်မဝတ်ပြုဆုတောင်းနေတုန်း ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ရတယ်။ “အသင်းတော်တွင်၊ ငါ့အတွက် သင်၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်လော့၊ သမ္မာတရားကို ထိန်းသိမ်းလော့။ အမှန်သည် အမှန်၊ အမှားသည် အမှား ဖြစ်၏။ အဖြူနှင့် အမည်းကို ရောထွေးခြင်း မရှိနှင့်။ သင်သည် စာတန်နှင့် တိုက်ပွဲဖြစ်လိမ့်မည် ဖြစ်ပြီး ၎င်းကို အဘယ်သောအခါမျှ တစ်ဖန် မထကြွစေဖို့အလို့ငှာ အလျှင်း နှိမ်နင်းရမည်။ ငါ၏ သက်သေခံချက်ကို ကာကွယ်ရန်အတွက် သင်၌ ရှိသမျှအရာရာကို ပေးရမည်။ ဤအရာသည် သင်တို့ အပြုအမူများ၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်ရလိမ့်မည်။ ဤအရာကို မမေ့လျော့နှင့်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) ဘုရားနှုတ်ကပတ်တော်က လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ပေးတယ်။ အရာရာနဲ့ပတ်သက်လို့ သမ္မာတရားစည်းမျဉ်းတွေကို ကျွန်မထိန်းသိမ်းပြီး အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ရမှာ။ ကျောက်တင်းက သူ့တာဝန်တွေမှာ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို အမှီပြုပြီးတော့ အသင်းတော် အလုပ်ကို နှောင့်ယှက်ပြီး ဖျက်လိုဖျက်ဆီးလုပ်နှင့်ပြီးသားလေ။ သူ့ပြဿနာတွေကို သူသိနိုင်အောင်လို့ ကျွန်မ သူနဲ့ မိတ်သဟာယပြုပြီး သူ့ကို ဖော်ထုတ်၊ စိစစ်ရမယ်။ သူက မသုံးသပ်သေးရင်၊ နောင်တမရသေးရင် သူ့ကို ချက်ချင်း ပြောင်းရွှေ့ရမယ်၊ ဒါမှမဟုတ် ထုတ်ရမယ်။ နောက်ပိုင်းမှာ ကျောက်တင်းကို သူ့ပြဿနာတွေ ကျွန်မထောက်ပြခဲ့တယ်။ မာနထောင်လွှားတဲ့ စိတ်သဘောထားတွေကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော် စာပိုဒ်တချို့ကို ကျွန်မ ဖတ်ပြတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်လိုက်တော့ သူက သူ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားအပေါ် အသိတချို့ ရသွားတယ်။ တိုးတက်ပြောင်းလဲမှုတချို့လဲ ရှိလာတယ်။ ဆွေးနွေးပွဲမှာ လူတိုင်းက မတူတဲ့ အမြင်တွေ တင်ပြကြတဲ့အခါ သူက ရှာဖွေပြီး နားထောင်နိုင်ခဲ့တယ်။ သူ့ကိုယ်ပိုင် အမြင်တွေကိုပဲ မလျှော့တမ်း မပြောတော့ဘူး။ တခြားလူတွေနဲ့ ကျွန်မရဲ့ ဆက်ဆံရေးကို မကာကွယ်ဘဲ ကိုယ့်တာဝန်ကို သမ္မာတရား စည်းမျဉ်းတွေအတိုင်း လုပ်လိုက်တဲ့အခါ ကျွန်မ စိတ်အေးချမ်းသွားတယ်။ ဒီလို အသက်ရှင်လိုက်တော့ နောက်ဆုံးမှာ လူသားပုံသဏ္ဌာန်တချို့ ကျွန်မရှိသွားတယ်။
နောက်ပိုင်းမှာ ကျွန်မတွေးမိတယ်။ “ငါ့ရဲ့ တစ်ကိုယ်ကောင်းဆန်စိတ်၊ ယုတ်မာစိတ်၊ ကိုယ်ကျိုးစီးပွားတွေကို ကာကွယ်ချင်စိတ်တွေအပြင် တခြားဘယ်အရာတွေက ငါ့ကို လူ့အကြိုက်လိုက်သူဖြစ်အောင် အမြဲ ဘောင်ခတ်နေခဲ့တာလဲ” လို့ပေါ့။ တစ်နေ့ စုဝေးပွဲတစ်ခုမှာ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ရတယ်။ “တိုက်ရိုက်ဆိုရလျှင် ‘သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်’ ဆိုသည်မှာ သင်သည် တစ်စုံတစ်ခုကို မနှစ်သက်လျှင်၊ သို့မဟုတ် တစ်စုံတစ်ခုကို မလုပ်ဆောင်လိုလျှင် အခြားလူများကိုလည်း ထိုအရာကို အတင်းမလုပ်ဆောင်ခိုင်းသင့်ဟု အဓိပ္ပာယ်ရသည်။ ဤသည်မှာ ပါးနပ်ပြီး ကျိုးကြောင်းသင့်သည့် ပုံစံရှိသည်။ သို့သော် အခြေအနေတိုင်းကို ကိုင်တွယ်ရန် ဤဆိုးယုတ်သော အတွေးအခေါ်ကို အသုံးပြုလျှင် အမှားများစွာ ပြုလုပ်မည်ဖြစ်သည်။ သင်သည် လူတို့ကို နာကျင်စေဖို့၊ လှည့်စားဖို့၊ သို့မဟုတ် နစ်နာစေဖို့ပင် ဖြစ်နိုင်ခြေရှိသည်။ မိဘအချို့က ကျောင်းတက်ခြင်းကို မနှစ်သက်သော်လည်း ၎င်းတို့၏ သားသမီးများကို ကျောင်းတက်စေချင်ကာ သားသမီးများနှင့် အစဉ်ကျိုးကြောင်းပြပြောဆိုဖို့ ကြိုးစားပြီး စာကြိုးစားရန် တိုက်တွန်းသကဲ့သို့ပင်ဖြစ်သည်။ ‘သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်’ ဟူသော သတ်မှတ်ချက်ကို ဤနေရာတွင် အသုံးချလျှင် ဤမိဘများသည် ၎င်းတို့၏ သားသမီးများကို ကျောင်းမတက်ခိုင်းသင့်ပေ။ ၎င်းတို့ကိုယ်တိုင်က မနှစ်သက်သောကြောင့်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားကြသည့်တိုင် မိမိတို့၏ စိတ်နှလုံးတွင်မူ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘဝတွင် မှန်ကန်သောလမ်းကြောင်းဖြစ်သည်ကို သိကြသည့် အခြားလူများရှိသည်။ ၎င်းတို့၏ သားသမီးများသည် ဘုရားသခင်ကို မယုံကြည်ဘဲ လမ်းမှန်တွင်မရှိသည်ကို မြင်လျှင် ၎င်းတို့က သားသမီးများကို ဘုရားသခင်အား ယုံကြည်ရန် တိုက်တွန်းကြသည်။ ၎င်းတို့ကိုယ်တိုင်က သမ္မာတရားကို မလိုက်စားသော်လည်း ၎င်းတို့၏ သားသမီးများကို လိုက်စားစေလိုပြီး ကောင်းချီးခံရစေလိုသည်။ ဤအခြေအနေတွင် ၎င်းတို့သည် ‘သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်’ ဆိုသည့် ဆိုရိုးစကားကို လိုက်နာလျှင် ဤမိဘများသည် ၎င်းတို့၏ သားသမီးများကို ဘုရားသခင်အား ယုံကြည်အောင် မပြုလုပ်သင့်ပေ။ ဤသည်မှာ ဆိုးယုတ်သော အတွေးအခေါ်နှင့် ကိုက်ညီလိမ့်မည်။ သို့သော် ကယ်တင်ခြင်းရဖို့ ၎င်းတို့သားသမီးများ၏ အခွင့်အရေးကိုလည်း ဖျက်ဆီးလိမ့်မည်။ ဤရလဒ်အတွက် မည်သူက တာဝန်ရှိသနည်း။ ‘သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်’ ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ ရိုးရာဆိုရိုးစကားသည် လူတို့အား မထိခိုက်စေသလော။...ဥပမာ လူအချို့သည် သမ္မာတရားကို မချစ်ကြပေ။ ဇာတိပကတိ သက်သာမှုများကို တပ်မက်ကြသည်။ တာဝန်ထမ်းဆောင်ရာတွင် အချောင်ခိုရန် လမ်းရှာကြသည်။ ဒုက္ခခံရန်၊ သို့မဟုတ် အဖိုးအခပေးဆပ်ရန် မလိုလားကြပေ။ ‘သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်’ ဆိုသည့် ဆိုရိုးစကားက သင့်တင့်လျောက်ပတ်သည်ဟု ၎င်းတို့က ထင်ကြပြီး ‘ကိုယ့်ကိုယ်ကိုယ်ပျော်အောင်နေဖို့ သင်တို့ သင်ယူသင့်သည်။ တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့၊ ဆင်းရဲဒုက္ခခံဖို့၊ အဖိုးအခပေးဆပ်ဖို့ မလိုပါ။ အချောင်ခိုလို့ရလျှင် အချောင်ခိုလော့။ တစ်ခုခုကို ဖြစ်သလိုလုပ်လို့ရလျှင် ဖြစ်သလိုလုပ်လော့။ မိမိကိုယ်ကို သက်ညှာလော့။ ကြည့်လေ၊ ကျွန်ုပ် ဤသို့နေသည်။ မကောင်းဘူးလော။ ကျွန်ုပ်ဘဝက ပြည့်စုံသည်။ ထိုသို့အသက်ရှင်နေသဖြင့် သင်သည် မိမိကိုယ်ကို ပင်ပန်းစေခြင်း ဖြစ်သည်။ ကျွန်ုပ်ထံမှ သင်တို့ သင်ယူသင့်သည်’ ဟူ၍ လူတို့ကို ပြောကြသည်။ ဤသည်မှာ ‘သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်’ ဆိုသည့် သတ်မှတ်ချက်နှင့် မကိုက်ညီသလော။ သင်သည် ဤသို့ လုပ်ဆောင်လျှင် သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူဖြစ်သလော။ (မဖြစ်ပါ။) လူတစ်ယောက်သည် သူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားပျောက်ဆုံးလျှင် သူသည် သူတော်ကောင်းတရား မကင်းမဲ့သလော။ ဤသည်ကို သူတော်ကောင်းတရား ကင်းမဲ့ခြင်းဟု ခေါ်သည်။ အဘယ်ကြောင့် ဤသို့ခေါ်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သက်သာခြင်းကို တပ်မက်သည်။ ၎င်းတို့၏တာဝန်ကို ဖြစ်သလိုလုပ်သည်။ ၎င်းတို့နှင့်အတူ ဝတ်ကျေတမ်းကျေပြုပြီး သက်သာခြင်းကို မက်မောရန် သူတစ်ပါးတို့အား သွေးဆောင်ပြီး လွှမ်းမိုးသည်။ ဤတွင် ပြဿနာက အဘယ်နည်း။ သင့်တာဝန်တွင် ဝတ်ကျေတမ်းကျေပြုပြီး တာဝန်မသိတတ်ခြင်းသည် လှည့်စားသည့်လုပ်ရပ်ဖြစ်ပြီး ဘုရားသခင်ကို အာခံခြင်းဖြစ်သည်။ သင်သည် ဆက်လက်၍ ဝတ်ကျေတမ်းကျေပြုပြီး နောင်တမရလျှင် ဖော်ထုတ်ခံရပြီး ဖယ်ရှားခြင်းခံရမည်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၀)) “‘သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်’ ဆိုသည်မှာ အလွန်ပင် ပြဿနာရှိသော ဆိုရိုးစကားတစ်ခုဖြစ်သည်။ ယင်းတွင်ရှိသော ဟာကွက်များနှင့် ချို့ယွင်းချက်များသည် ထင်ရှားသိသာစွာ ပေါ်လွင်ပေသည်။ ယင်းကို စိစစ်ပြီး ပိုင်းခြားသိမြင်ရန်ပင် မထိုက်တန်ပေ။ အနည်းငယ်မျှ စစ်ဆေးကြည့်ခြင်းဖြင့် ယင်း၏ အမှားများနှင့် အဓိပ္ပာယ်မရှိမှုများကို ရှင်းလင်းစွာ မြင်နိုင်သည်။ သို့ရာတွင် သင်တို့အထဲ၌ ဤဆိုရိုးစကားအားဖြင့် အလွယ်တကူ အယုံသွင်းခံရပြီး လွှမ်းမိုးခြင်းခံရကာ ပိုင်းခြားသိမြင်ခြင်းမရှိဘဲ လက်ခံသောသူများစွာ ရှိသည်။ သူတစ်ပါးတို့နှင့် ဆက်ဆံသည့်အခါတွင် သင့်ကိုယ်သင် ဆိုဆုံးမပြီး သူတစ်ပါးတို့အား တွန်းအားပေးရန် ဤဆိုရိုးစကားကို သင် မကြာခဏအသုံးပြုသည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်၏ ပင်ကိုစရိုက်သည် အလွန်ပင် မြင့်မြတ်ပြီး သင်၏ ကျင့်ကြံနေထိုင်မှုသည် အလွန်ပင် ကျိုးကြောင်းသင့်လျော်သည်ဟု သင် ထင်သည်။ သို့သော် သင်ကိုယ်တိုင် သတိမထားမိဘဲ ဤစကားများသည် သင် အသက်ရှင်နေထိုင်သည့် စည်းမျဉ်းနှင့် အရေးကိစ္စများအပေါ် သင်၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြပြီးဖြစ်သည်။ တစ်ချိန်တည်းတွင် သင်သည် သင်ကဲ့သို့သော အမြင်၊ ရပ်တည်မှုနှင့် လူများ၊ အခြေအနေများအပေါ် ချဉ်းကပ်စေရန် အခြားသူများအား အထင်အမြင်မှားစေကာ လွဲမှားစေပြီးဖြစ်သည်။ သင်သည် ခြံစည်းရိုးခွထိုင်သူသဖွယ် ပြုမူလုပ်ဆောင်ခဲ့ပြီး လုံးဝ အလယ်အလတ်လမ်းကို လိုက်ခဲ့သည်။ သင်က ‘ပြဿနာက ဘာပဲဖြစ်ပါစေ။ အလေးအနက်ထားဖို့ မလိုဘူး။ ကိုယ့်အတွက်ပဲဖြစ်ဖြစ်၊ သူများတွေအတွက်ပဲဖြစ်ဖြစ် အခက်အခဲဖြစ်အောင် မလုပ်နဲ့။ သူများတွေအတွက် အခက်အခဲဖြစ်အောင် လုပ်ရင် ကိုယ့်အတွက် အခက်အခဲဖြစ်အောင် လုပ်တာပဲ။ သူများတွေအပေါ် ကြင်နာတာက ကိုယ့်အပေါ် ကြင်နာတာပဲ။ သူများတွေအပေါ် မညှာတာရင် ကိုယ့်အပေါ် မညှာတာတာပဲ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အကျပ်ရိုက်ရအောင် လုပ်မှာလဲ။ ”သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုတာက ကိုယ့်အတွက် လုပ်ပေးနိုင်တဲ့အရာထဲမှာ အကောင်းဆုံးနဲ့ အသက်ညှာဆုံးပဲ’ ဟု ပြောသည်။ ဤသဘောထားသည် သိသာစွာပင် မည်သည့်အရာတွင်မျှ စေ့စပ်တိကျမှုမရှိခြင်းတစ်ခုဖြစ်သည်။ သင်သည် မည်သည့်အရေးကိစ္စတွင်မျှ မှန်ကန်သော ရပ်တည်ချက်၊ သို့မဟုတ် အမြင်ရှုထောင့်မရှိပေ။ သင်သည် အရာရာတွင် မပြတ်သားသော အမြင်ရှိသည်။ သင်သည် စေ့စပ်တိကျမှုမရှိဘဲ အမှုအရာများကို မျက်ကွယ်ပြုထားခြင်းသာဖြစ်သည်။ သင်သည် နောက်ဆုံးတွင် ဘုရားရှေ့တွင်ရပ်ပြီး သင့်အတွက်သင် ဖြေရှင်းရသောအခါတွင် အလွန်ပင် မရှင်းမလင်းဖြစ်လိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင်သည် သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်ဟု အစဉ်ပြောသောကြောင့်ဖြစ်သည်။ ဤသည်မှာ သင့်အား အလွန်ပင် စိတ်သက်သာရာရစေပြီး ပျော်ရွှင်စေသည်။ သို့သော် တစ်ချိန်တည်းတွင် သင့်အား ကြီးမားသောပြဿနာဖြစ်စေလိမ့်မည်။ ဤသို့ဖြင့် အကြောင်းအရာများစွာတွင် သင်သည် ရှင်းလင်းသော အမြင်၊ သို့မဟုတ် ရပ်တည်ချက်မရှိနိုင်ပေ။ ဤအခြေအနေများကို သင်ကြုံတွေ့သောအခါ သင့်အတွက် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် စံနှုန်းများသည် မည်သည့်အရာဖြစ်သည်ကို၊ သို့မဟုတ် မည်သည့်အဆုံးသတ်ကို သင်ရရှိသင့်သည်ကို နားမလည်နိုင်အောင်လည်း ပြုလုပ်သည်မှာ မှန်သည်။ သင်သည်မည်သည့်အရာမဆိုတွင် စေ့စပ်တိကျမှုမရှိခြင်းကြောင့် ဤအရာများ ဖြစ်ပျက်ခြင်းဖြစ်သည်။ ယင်းတို့သည် သင်၏ မပြတ်သားသော သဘောထားနှင့် အမြင်အားဖြင့် ဖြစ်ပေါ်သည်။ ‘သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်’ ဆိုသည်က လူများနှင့် အမှုအရာများအပေါ် သင်ထားရှိသင့်သည့်၊ သည်းခံသင့်သည့် သဘောထားဖြစ်သလော။ မဟုတ်ပေ။ ယင်းသည် အပြင်ပန်းတွင် မှန်ကန်သော၊ မြင့်မြတ်သော၊ ကြင်နာသောပုံစံရသည့် သဘောတရားတစ်ခုသာဖြစ်သော်လည်း စင်စစ်အားဖြင့် လုံးလုံးလျားလျား အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်သည်။ လူတို့လိုက်နာသင့်သည့် သမ္မာတရားစည်းမျဉ်းတစ်ခု သာ၍ပင် မဟုတ်သည်မှာ ရှင်းပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၀)) စာတန်က ကျွန်မတို့ကို ဖောက်ပြန်ပျက်စေပြီး အထင်အမြင်မှားစေဖို့၊ ကျွန်မတို့ မလုပ်ချင်တဲ့အရာ၊ မလုပ်နိုင်တဲ့အရာတွေကို တခြားလူတွေအပေါ် မချမှတ်သင့်ဘူးဆိုတာနဲ့ ဒါက ဆင်ခြင်တုံတရားရှိတဲ့ အပြုအမူဖြစ်တယ်လို့ ကျွန်မတို့ တွေးအောင်လုပ်ဖို့အတွက် “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုတဲ့ ဆိုရိုးကို အသုံးပြုတယ်လို့ ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်တယ်။ ကျွန်မက ဒီအတွေးအခေါ်ကို အမှီပြုပြီး အသက်ရှင်နေခဲ့တာ။ ကျောက်တင်းရဲ့ မာနထောင်လွှားမှုနဲ့ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူဆမှုတွေက အလုပ်ကို ထိခိုက်နေခဲ့မှန်း ကျွန်မအရှင်းကြီး သိနေလို့ သူ့ပြဿနာတွေကို ထောက်ပြ၊ ဖော်ထုတ်ခဲ့သင့်ပေမဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကျွန်မ မကြာခဏ ထုတ်ဖော်ပြခဲ့ပုံနဲ့ တခြားလူတွေရဲ့ ဆန်းစစ်ဝေဖန်တာကို ကျွန်မ အမြဲ မကြိုက်ခဲ့ပုံကို တွေးမိခဲ့တယ်။ ဒါကြောင့် ကျွန်မ မကြိုက်တဲ့အရာတစ်ခုကို တခြားလူအပေါ် ချမှတ်တာက ဆင်ခြင်တုံတရားမဲ့တာပဲလို့ ကျွန်မတွေးခဲ့တယ်။ ဒါကြောင့် ကျောက်တင်းရဲ့ ပြဿနာကို ထောက်ပြဖို့ အရမ်းကြောက်ခဲ့တယ်။ ဝူရှင်းက ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ပဲ အလုပ်လုပ်နေခဲ့ပြီး သူ့ရဲ့ မာနထောင်လွှားမှုက တခြားလူတွေကို ဘောင်ခတ်နေခဲ့တာ၊ အလုပ်ကို နှောင့်ယှက်ပြီး ဖျက်လိုဖျက်ဆီးလုပ်နေခဲ့တာကို ကျွန်မအရှင်းသား သိခဲ့တယ်။ သူ့ကို ဖော်ထုတ်ပြုပြင်ရမှာဆိုပေမဲ့ ကျွန်မက ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို တန်ဖိုးထားလွန်းပြီး ကိုယ့်ပြဿနာတွေကို တခြားလူတွေ ထောက်ပြ၊ ဖော်ထုတ်တာ မလိုချင်ခဲ့ပုံကို တွေးမိခဲ့တယ်။ ဒီလိုနဲ့ ကျွန်မက “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုတဲ့ ရှုထောင့်နဲ့ အသက်ရှင်ခဲ့တယ်။ ဒါကြောင့် သူ့ကို ကျွန်မ မဖော်ထုတ်ခဲ့တာပဲ။ ဖော်ထုတ်ခံရပြီး ဆန်းစစ်ဝေဖန်ခံရတာက နာကျင်စရာဖြစ်ပြီး အရှက်ရစရာဖြစ်တယ်လို့ ကျွန်မ တွေးခဲ့တယ်။ တခြားလူတွေရဲ့ ပြုပြင်တာ၊ ဆန်းစစ်ဝေဖန်တာ ကျွန်မ မခံရဖို့ မျှော်လင်ခဲ့တယ်။ ဒါကြောင့် တခြားလူတွေကိုလဲ အဲဒီအတိုင်း ကျွန်မ မလုပ်ချင်ခဲ့ဘူး။ တကယ်တော့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် လိုက်လျောပြီး ကာကွယ်နေခဲ့တာပါပဲ။ ကျွန်မရဲ့ ဝင့်ဝါမှုနဲ့ အဆင့်အတန်းကို ကျွန်မ ကာကွယ်နေခဲ့ပြီး သမ္မာတရားကို လက်မခံခဲ့တဲ့အပြင် တခြားလူတွေကို လျစ်လျူရှု၊ လိုက်လျောနေမိခဲ့တယ်။ ကျွန်မက ဘုရားကို ပုန်ကန်ပြီး အတိုက်အခံလုပ်နေခဲ့တယ်။ တခြားလူတွေကိုလဲ အဲဒီအတိုင်း လုပ်ခွင့်ပေးခဲ့တယ်။ အနှစ်သာရအနေနဲ့၊ ဘယ်သူကမှ သမ္မာတရားကို လက်တွေ့မလုပ်ဖို့၊ ဒါမှမဟုတ် ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို မတွေ့ကြုံဖို့၊ ပြုပြင်တာမခံရဖို့ ကျွန်မမျှော်လင့်နေခဲ့တာပဲ။ ကျွန်မ တကယ်ကို စက်ဆုပ်စရာဖြစ်ပြီး အကျင့်ပျက်ခဲ့တာပါ။ ကျွန်မတို့က စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေတာခံခဲ့ရပြီး စာတန်ဆန်တဲ့ စိတ်သဘောထားတွေနဲ့ ပြည့်နေတယ်။ ကျွန်မတို့ရဲ့ သဘာဝတွေက မနာထောင်လွှားတယ်၊ စိတ်ကြီးဝင်တယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ လှည့်ဖြားတတ်ပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ရှာတတ်တယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ဖော်ထုတ်ခြင်းမရှိရင်၊ ပြုပြင်ခံရခြင်း မရှိရင်၊ ပြီးတော့ တခြားလူတွေရဲ့ ဝေဖန်မှု၊ ကူညီမှု မရှိရင် ကျွန်မတို့က အသင်းတော် အလုပ်ကို မနှောင့်ယှက်ဘဲ မနေနိုင်ကြဘူး။ ကျောက်တင်းနဲ့ ဝူရှင်းတို့က ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ထုတ်ဖော်ပြီး လမ်းမှားပေါ် ရှိနေကြတာ။ သူတို့ကို ဘယ်သူကမှ ဆန်းစစ်ဝေဖန်တာ၊ ဖော်ထုတ်တာ မလုပ်ရင် အသင်းတော်အလုပ်ကို နှောင့်ယှက်ကြမှာပဲ။ သူတို့ရဲ့ ချိုးဖောက်မှုက သေးရင် သူတို့ ထုတ်ပယ်ခံရမှာဆိုပေမဲ့ ပိုဆိုးရွားရင် နှင်ထုတ်ခံရမှာ။ ကျွန်မက ပြဿနာတွေကို မြင်ပေမဲ့ မတင်ပြဘဲ စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်နေခဲ့မိတယ်။ ဒါက တခြားလူတွေကို သူတို့ရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားတွေနဲ့ ပြုမူဖို့ တိတ်တဆိတ် ခွင့်ပြုပေးနေတာပဲ။ ပြီးတော့ ဒါက နောက်ဆုံးမှာ ကျွန်မကိုယ်တိုင်နဲ့ တခြားလူတွေကို ထိခိုက်မှာ။ “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်နဲ့ ကျွန်မအသက်ရှင်နေခဲ့တာကို မြင်တော့ ကျွန်မဟာ ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်မနေခဲ့ရုံမက စာတန်ရဲ့ ကြံရာပါအနေနဲ့လဲ ပြုမူနေပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်နေခဲ့တာပဲ။ ဒီအရာတွေ သဘောပေါက်သွားတော့ လက်ခံဖို့ ခက်ခဲပြီး ဘုရားဆီ ကျွန်မဝန်ချ၊ နောင်တရချင်ခဲ့တယ်။
တစ်နေ့ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ရတယ်။ “ဘုရားသခင်က လူတို့အား ၎င်းတို့ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေရန် မတောင်းဆိုပေ။ ထိုအစား မတူညီသော အခြေအနေများကို ကိုင်တွယ်သောအခါ လူတို့ လိုက်နာသင့်သည့်စည်းမျဉ်းများနှင့်ပတ်သက်ပြီး ရှင်းလင်းစွာသိထားရန် ဘုရားသခင်က လူတို့အား တောင်းဆိုသည်။ ယင်းသည် မှန်ကန်ပြီး ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားတို့နှင့် ကိုက်ညီလျှင် ယင်းကို ဖက်တွယ်ထားရမည်။ ဖက်တွယ်ထားရုံမကဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်၊ သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာဖြစ်သည်တို့ကို အခြားသူများက တိကျစွာ နားလည်စေဖို့အတွက် ဆိုဆုံးမရမည်။ ဖျောင်းဖျရမည်။ မိတ်သဟာယဖွဲ့ရမည်။ ဤသည်မှာ သင်၏တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ဘုရားသခင်က သင့်အား အလယ်အလတ်လမ်းကို လိုက်ရန် မတောင်းဆိုပေ။ သင် မည်မျှစိတ်ထားမြင့်မြတ်ကြောင်း ကြွားဝါရန် ပို၍ပင် မတောင်းဆိုပေ။ ဘုရားသခင်က သင့်အား ဆိုဆုံးမကာ သွန်သင်ခဲ့ပြီးဖြစ်သည့်၊ ဘုရားနှုတ်ကပတ်တော်များတွင် ပြောဆိုသည့်အရာများဖြစ်သော လူတို့လေ့လာသင့်သည့် သတ်မှတ်ချက်များ၊ စံနှုန်း၊ သမ္မာတရားစည်းမျဉ်းများကို သင်ဖက်တွယ်ထားသင့်သည်။ ဖက်တွယ်ထားပြီ ထိုအရာများကို အစဉ်ထာဝရကိုင်စွဲထားရုံသာမကဘဲ စံနမူနာအနေဖြင့် ဦးဆောင်လမ်းပြခြင်းအားဖြင့်လည်း လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည့်အပြင် စည်းရုံးခြင်း၊ ကြီးကြပ်ခြင်း၊ ကူညီခြင်းနှင့် သင်လုပ်ဆောင်သည့်ပုံစံအတိုင်း ဤသမ္မာတရားစည်းမျဉ်းများကို ဖက်တွယ်ရန်၊ လိုက်နာရန်၊ လက်တွေ့လုပ်ဆောင်ရန် သူတစ်ပါးတို့အား လမ်းပြခြင်းအားဖြင့်လည်း ဤစည်းမျဉ်းများကို လက်တွေ့လုပ်ဆောင်ရမည်။ ဤအရာကို လုပ်ဆောင်ရန် ဘုရားသခင်က တောင်းဆိုသည်။ ဤသည်မှာ ဘုရားသခင်က သင့်အပေါ် အပ်နှံသည့်အရာဖြစ်သည်။ သင်သည် သူတစ်ပါးတို့ကို လျစ်လျူရှုနေစဉ်တွင် သင့်ကိုယ်သင် သတ်မှတ်ချက်များပြုလုပ်၍ မရပေ။ အရေးကိစ္စများတွင် မှန်ကန်သော ရပ်တည်ချက်ကို ယူရန်၊ မှန်ကန်သောစံသတ်မှတ်ချက်များကို ဖက်တွယ်ရန်၊ ဘုရားနှုတ်ကပတ်တော်များထဲမှ စံနှုန်းက မည်သည့်အရာဖြစ်သည်ကို အတိအကျသိရန်၊ သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာဖြစ်သည်ကို သင် အတိအကျ အဖြေရှာရန် ဘုရားသခင်က သင့်အား တောင်းဆိုသည်။ သင်က ဤအရာကို မဖြစ်မြောက်နိုင်လျှင်ပင်၊ သင်က လုပ်ချင်စိတ်မရှိလျှင်ပင်၊ သင်က ယင်းကို မနှစ်သက်လျှင်၊ အယူအဆများရှိလျှင်၊ သို့မဟုတ် ယင်းကို အတိုက်အခံဖြစ်လျှင် သင်သည် ဤအရာကို သင်၏တာဝန်အဖြစ်၊ သင်၏ ဝတ္တရားအဖြစ် မှတ်ယူရမည်။ ဘုရားသခင်ဆီမှလာသော အပြုသဘောဆောင်သောအရာများကို၊ မှန်ကန်သင့်တော်သောအရာများကို အခြားလူများနှင့် သင်မိတ်သဟာယဖွဲ့ရမည်ဖြစ်ပြီး သူတစ်ပါးတို့အား ကူညီရန်၊ သက်ရောက်စေရန်၊ လမ်းပြရန် ထိုအရာများကို အသုံးပြုလော့။ ဤသို့အားဖြင့် လူတို့သည် ထိုအရာများအားဖြင့် အကျိုးဖြစ်စေနိုင်ပြီး တည်ဆောက်စရာ ဖြစ်စေနိုင်သည်။ အသက်တာတွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်နိုင်သည်။ ဤသည်မှာ သင်၏တာဝန်ဖြစ်သည်။ စာတန်က သင်၏ စိတ်အတွင်းသို့ ထည့်ထားသည့် ‘သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်’ ဆိုသည့် အယူအဆကို ခေါင်းမာစွာဖြင့် ဖက်တွယ်မထားသင့်ပေ။ ဘုရားသခင်၏ အမြင်တွင် ထိုဆိုရိုးစကားသည် လောကီဆက်ဆံရေးများအတွက် အတွေးအခေါ်တစ်ခုသာဖြစ်သည်။ စာတန်၏ လှည့်ကွက်ပါဝင်သော တွေးခေါ်ပုံတစ်ခုဖြစ်သည်။ မှန်ကန်သော လမ်းကြောင်း လုံးဝမဟုတ်သကဲ့သို့ အပြုသဘောဆောင်သောအရာလည်း မဟုတ်ပေ။ သင့်အပေါ် ဘုရားသခင် တောင်းဆိုသမျှမှာ မည်သည့်အရာကို လုပ်ဆောင်သင့်သည်၊ မလုပ်ဆောင်သင့်သည်ကို ရှင်းလင်းစွာ နားလည်သော ဖြောင့်မတ်သည့်သူတစ်ယောက်ဖြစ်ရန် ဖြစ်သည်။ ဘုရားသခင်က သင့်အား လူ့အကြိုက်လိုက်သူတစ်ယောက်ဖြစ်ရန်၊ သို့မဟုတ် ခြံစည်းရိုးခွထိုင်သူဖြစ်ရန် မတောင်းဆိုပေ။ အလယ်အလတ်လမ်းကို လိုက်ရန် မတောင်းဆိုပေ။ အကြောင်းကိစ္စတစ်ခုသည် သမ္မာတရားစည်းမျဉ်းနှင့် သက်ဆိုင်သောအခါ လိုအပ်သည့်အရာများကို သင်ပြောဆိုရမည်။ နားလည်ဖို့လိုအပ်သည့်အရာကို နားလည်ရမည်။ တစ်စုံတစ်ယောက်က တစ်ခုခုကို နားမလည်သော်လည်း သင်က နားလည်လျှင် ထိုသူကို သင်က အကြံဉာဏ်ပေးပြီး ကူညီပေးနိုင်လျှင် ဤတာဝန်နှင့် ဝတ္တရားကို သင်လုံးဝ ဖြည့်ဆည်းရမည်။ ဥပေက္ခာပြု၍ ရပ်ကြည့်မနေရပေ။ ‘သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်’ ဟူသကဲ့သို့သော စာတန်က သင်၏စိတ်အတွင်းသို့ ထည့်ထားသည့် အတွေးအခေါ်များကို ဖက်တွယ်ခြင်းအား ပို၍ပင် မလုပ်သင့်ပေ။ သင်နားလည်သလော။ (နားလည်ပါသည်။) မှန်ကန်ပြီး အပြုသဘောဆောင်သောအရာသည် သင် မနှစ်သက်လျှင်ပင်၊ လုပ်ဆောင်လိုစိတ်မရှိလျှင်ပင်၊ လုပ်ဆောင်ပြီး ရယူနိုင်စွမ်းမရှိလျှင်ပင်၊ အတိုက်အခံဖြစ်လျှင်၊ သို့မဟုတ် ဆန့်ကျင်သည့် အယူအဆများဖြစ်ပေါ်လျှင်ပင် မှန်ကန်ပြီး အပြုသဘောဆောင်သောအရာသာ ဖြစ်လေသည်။ လူသားမျိုးနွယ်က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး အချို့သော စိတ်ထိခိုက်လှုပ်ရှားမှုများ၊ စိတ်ခံစားချက်များ၊ ဆန္ဒများနှင့် အယူအဆများရှိသောကြောင့်သက်သက်ဖြင့် ဘုရားနှုတ်ကပတ်တော်၏ အနှစ်သာရနှင့် သမ္မာတရားက ပြောင်းလဲသွားမည်မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရား၏ အနှစ်သာရက မည်သည့်အခါမျှ လုံးဝ ပြောင်းလဲမည်မဟုတ်ပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို သိပြီး နားလည်၊ တွေ့ကြုံကာ ရရှိသည်နှင့်တစ်ပြိုင်နက် သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို သူတစ်ပါးတို့အား မိတ်သဟာယဖွဲ့ရန်မှာ သင်၏ ဝတ္တရားဖြစ်သည်။ ဤအရာက လူတို့အား ဘုရားသခင်၏ ရည်ရွယ်ချက်ကို ပို၍ပင် နားလည်စေလိမ့်မည်။ သမ္မာတရားကို ပို၍ နားလည်သဘောပေါက်ပြီး ရရှိစေလိမ့်မည်။ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် စံနှုန်းများကို ပို၍ နားလည်စေပြီး သမ္မာတရားစည်းမျဉ်းများကို သဘောပေါက်စေလိမ့်မည်။ ဤသို့ လုပ်ဆောင်ခြင်းအားဖြင့် ဤလူတို့သည် ၎င်းတို့၏ နေ့စဉ်အသက်တာတွင် ပြဿနာများကို ကြုံတွေ့ရသောအခါ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ရရှိကြလိမ့်မည်ဖြစ်ပြီး စာတန်၏ အမျိုးမျိုးသော အယူအဆများ၊ အမြင်များကြောင့် မရေမရာဖြစ်ခြင်း၊ ချုပ်နှောင်ခံရခြင်းဖြစ်မည်မဟုတ်ပေ။ ‘သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်’ ဆိုသည့် အကျင့်စာရိတ္တဆိုင်ရာ ဆိုရိုးစကားသည် အမှန်တကယ်ပင်၊ စစ်မှန်စွာပင် လူတို့၏ စိတ်ကို ထိန်းချုပ်ရန် စာတန်၏ ဉာဏ်များသော အကြံအစည်ဖြစ်သည်။ သင်က ဤအရာကို အစဉ်စောင့်ထိန်းလျှင် သင်သည် ဆိုးယုတ်သောအတွေးအခေါ်များအတိုင်း အသက်ရှင်သူတစ်ယောက် ဖြစ်သည်။ ဆိုးယုတ်သော စိတ်သဘောထားဖြင့် အပြည့်အဝ အသက်ရှင်သူဖြစ်သည်။ ဘုရားသခင်၏လမ်းနောက်သို့ မလိုက်လျှင် သင်သည် သမ္မာတရားကို မချစ်ပေ၊ သို့မဟုတ် မလိုက်စားပေ။ မည်သည့်အရာဖြစ်ပျက်ပါစေ သင်လိုက်နာသင့်သည့် စည်းမျဉ်းနှင့် သင်လုပ်ဆောင်ရမည့် အရေးကြီးဆုံးအရာမှာ လူတို့အား သင်တတ်နိုင်သမျှ ကူညီရန်ဖြစ်သည်။ သင်သည် ‘သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်’ ဆိုသည်နှင့် ‘ပါးနပ်သော’ လူ့အကြိုက်လိုက်သူတစ်ယောက်ဖြစ်ရန်ဖြစ်သော စာတန်ပြောသည့်အရာကို လက်တွေ့မလုပ်ဆောင်သင့်ပေ။ သင်တတ်နိုင်သမျှ လူတို့ကို ကူညီခြင်းဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ဤသည်မှာ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းခြင်းကို ဆိုလိုသည်။ တစ်စုံတစ်ခုသည် သင်၏တာဝန်နှင့် ဝတ္တရား၏ အစိတ်အပိုင်းဖြစ်သည်ကို သင်မြင်သည်နှင့်တစ်ပြိုင်နက် ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့သင့်သည်။ ဤသည်မှာ သင်၏တာဝန်များနှင့် ဝတ္တရားများကို ဖြည့်ဆည်းခြင်းကို ဆိုလိုသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၀)) ဘုရားက အရာခပ်သိမ်းမှာ ကျွန်မတို့ကို သမ္မာတရား လက်တွေ့လုပ်ပြီး စည်းမျဉ်းတွေကို ထိန်းသိမ်းဖို့ တောင်းဆိုတယ်ဆိုတာနဲ့ ကျွန်မတို့ တာဝန်တွေကို အတူလုပ်တဲ့အခါ၊ တစ်ယောက်ယောက်က စည်းမျဉ်းတွေကို ချိုးဖောက်နေတာ၊ အသင်းတော်အလုပ်ကို ဖျက်လိုဖျက်ဆီးလုပ်နေတာ မြင်တဲ့အခါ ကျွန်မတို့ သူ့ကို ဆန်းစစ်ဝေဖန်ပြီး ကူညီသင့်တယ်ဆိုတာတွေကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မနားလည်လာခဲ့တယ်။ လူတိုင်းက ဘုရားနှုတ်ကပတ်တော်နဲ့ အသက်ရှင်တဲ့အခါမှပဲ ကျွန်မတို့တာဝန်တွေမှာ တိုးတက်နိုင်တယ်။ စည်းမျဉ်းနဲ့ဆိုင်တဲ့ ပြဿနာတွေနဲ့ ပတ်သက်လာတဲ့အခါ လူတွေကို စော်ကားမိမှာ ကျွန်မတို့ ကြောက်လို့မရဘူး၊ သူတို့ခံစားချက်တွေကို ထည့်တွက်နေလို့မရဘူး။ သမ္မာတရား စည်းမျဉ်းတွေအတိုင်း ပြုမူပြီး အသင်းတော် အလုပ်ကို ကျွန်မတို့ ကာကွယ်ရမယ်။ တခြားလူတွေက လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ သမ္မာတရားကို ကျွန်မတို့အားလုံး လက်တွေ့လုပ်ပြီး ကိုယ့်တာဝန်ကို ဖြည့်ဆည်းသင့်တယ်။ ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ ကျွန်မရဲ့ တာဝန်က ပြဿနာတွေကို မြင်တဲ့အခါ အချိန်မီ မိတ်သဟာယပြုပြီး ဖြေရှင်းပေးဖို့ပဲ။ ကိုယ်မြင်တဲ့ ပြဿနာတွေကို ကျွန်မ မဖြေရှင်းရင်၊ လူ့အကြိုက်လိုက်သူအနေနဲ့ပဲ လုပ်နေပြီး အလယ်အလတ်လမ်းကို လိုက်ရင် ကိုယ့်တာဝန်တွေကို မဖြည့်ဆည်းဘဲ ဘုရားကို အတိုက်အခံလုပ်နေတာပဲ။ ပြီးတော့ ဖောက်ပြန်ပျက်စီးမှုတွေကို ကိုယ်တိုင် ထုတ်ဖော်မိနေရုံနဲ့ တခြားလူတွေရဲ့ ပြဿနာတွေကို ထောက်ပြလို့ မရတာမျိုးမှ မဟုတ်တာ။ ဖောက်ပြန်ပျက်စီးမှုတွေကို ကျွန်မ ထုတ်ဖော်မိတဲ့အခါ သမ္မာတရားကို ရှာပြီး ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့လိုတယ်။ အဲဒါ ကျွန်မကိုယ်ပိုင် ကိစ္စပဲ။ ဒါပေမဲ့ တခြားလူတွေက စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အသင်းတော်အလုပ်ကို ထိခိုက်နစ်နာစေတာ ကျွန်မမြင်တဲ့အခါ သူတို့ကို ကျွန်မ မိတ်သဟာယပြုရမယ်၊ ဖော်ထုတ်ပြီး တားဆီးရမယ်။ ဒါက အသင်းတော်ရဲ့ အလုပ်ကို ကာကွယ်တာဖြစ်ပြီး ကျွန်မတာဝန်ပဲ။ အဲဒီအရာနှစ်ခုကို ကျွန်မ မရောထွေးသင့်ဘူး။ ကျွန်မက ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို တန်ဖိုးထားပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ရှိတော့ ဒီအရာတွေကို ဖြေရှင်းဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် မလိုက်လျောဖို့အပြင် တခြားလူတွေကို အလိုမလိုက်ဖို့အတွက် ကျွန်မ သုံးသပ်ပြီး သမ္မာတရားကို ရှာဖို့ လိုတယ်။ “သင်ကိုယ်တိုင် ဆန္ဒမရှိသည့်အရာကို သူတစ်ပါးတို့အပေါ်တွင် မဖြစ်စေနှင့်” ဆိုတာနဲ့ဆိုင်တဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်နဲ့ ကျွန်မ အသက်ရှင်လေ့ရှိခဲ့တယ်။ ကျွန်မ မလုပ်ချင်တဲ့အရာတွေ ဒါမှမဟုတ် ကိုယ်တိုင် မလုပ်နိုင်တဲ့အရာတွေကို လုပ်ဖို့ တခြားလူတွေကို ကျွန်မ မခိုင်းသင့်ဘူးလို့ တွေးရင်းပေါ့လေ။ ရလဒ်အနေနဲ့ သမ္မာတရား လက်တွေ့လုပ်ဖို့ အခွင့်အရေးတွေကို တစ်စတစ်စ လက်လွတ်ဆုံးရှုံးသွားတယ်။ ကျွန်မအမြင်တွေက ရယ်စရာကောင်းပြီး အဓိပ္ပာယ်မရှိခဲ့တာကို နောက်ဆုံးမှာ ကျွန်မမြင်ခဲ့တယ်။
နောက်ပိုင်းမှာ တခြားလူတွေက စည်းမျဉ်းတွေကို ချိုးဖောက်နေပြီး အသင်းတော်အလုပ် ထိခိုက်နေတာ မြင်တော့ သူတို့ရဲ့ ပြဿနာတွေနဲ့ပတ်သက်လို့ ကျွန်မ သူတို့ကို ဖော်ထုတ်ခဲ့တယ်၊ စိစစ်ပြီး မိတ်သဟာယပြုခဲ့တယ်။ သူတို့ ကျွန်မအပေါ် အထင်အမြင် မကောင်းမှာကို စိုးရိမ်နေခဲ့သေးပေမဲ့ အရင်ကဖြစ်ခဲ့သလိုမျိုး သတိထားလွန်းတာ ဒါမှမဟုတ် အတွေးလွန်တာ မဖြစ်ခဲ့ဘူး။ သူတို့ကို ကျွန်မ ဘယ်လိုကူညီပြီး အသင်းတော်အလုပ်ကို ကာကွယ်နိုင်မလဲဆိုတာပဲ တွေးခဲ့တယ်။ ဒီလို လက်တွေ့လုပ်လိုက်တော့ ညီအစ်ကို မောင်နှမတွေက သူတို့တာဝန်တွေမှာ တိုးတက်လာတာ ကျွန်မမြင်ပြီး ဝမ်းမြောက်ခြင်းနဲ့ ပြည့်သွားတယ်။ တခြားလူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့အခါ ကျွန်မကိုယ်ကျွန်မ ပိုသုံးသပ်နိုင်ခဲ့တယ်။ ပြီးတော့ အရင်က မသိခဲ့တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတချို့ကို ကျွန်မ အမှတ်တမဲ့ ရှာတွေ့ခဲ့တယ်။ အဲဒါက ကျွန်မကို သမ္မာတရား လိုက်စားပြီး ကျွန်မ ပြဿနာတွေကို ဖြေရှင်းဖို့ ပိုလို့တောင် တက်ကြွစေခဲ့တယ်။ ဒီလို လက်တွေ့လုပ်တာက ကျွန်မကို ဘုရားနဲ့ ပိုနီးကပ်စေခဲ့တယ်။ ဇာတိပကတိကို ကျွန်မစွန့်လွှတ်ပြီး သမ္မာတရားကို ပိုလက်တွေ့လုပ်တဲ့အခါ ဒီလိုအသက်ရှင်ရတာ ငြိမ်းချမ်းပြီး စိတ်အေးရပါတယ်။