၆၁။ အခြားသူများနှင့် မည်သို့ ကောင်းမွန်စွာ အလုပ်လုပ်ရမည်ကို ယခု ကျွန်တော် သိသွားပြီ
အသင်းတော်မှာ ဒီဇိုင်းအလုပ်ကို ကျွန်တော်လုပ်နေတာ သုံးလေးနှစ် ရှိပါပြီ။ ကိုယ့်တာဝန်ကို ထမ်းဆောင်ရင်းနဲ့ ဂရပ်ဖစ်ဒီဇိုင်းဆိုင်ရာ စည်းမျဉ်းတချို့ကို တဖြည်းဖြည်း ကျွမ်းကျင်လာပြီး အတွေ့အကြုံတချို့လည်း ရလာတယ်။ ကျွန်တော်က ကိုယ့်တာဝန်အပေါ် လုံ့လထားတဲ့ သဘောထားရှိတယ်လို့လည်း လူအများစုက မှတ်ချက်ပေးကြတော့ ကိုယ့်ကိုယ်ကိုယ် အတော်လေး အထင်ကြီးနေခဲ့မိတယ်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အလုပ်လိုအပ်ချက်အရ ဒီဇိုင်းအလုပ်မှာ ညီအစ်မ ဗယ်လရီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင်းတော်က စီစဉ်ပေးခဲ့တယ်။ ခဏကြာတော့ သူက သူ့တာဝန်မှာ နည်းနည်း ပေါ့ဆပြီး စည်းမျဉ်းတွေကို သိပ်နားမလည်ဘူးဆိုတာ ကျွန်တော် တွေ့လာရတယ်။ တစ်ခါတလေဆို တော်တော်လေး သိသာထင်ရှားတဲ့ အမှားတချို့ကိုလည်း သူလုပ်ခဲ့တော့ ဒီဇိုင်းတချို့ကို ပြန်ပြင်ရတာတွေ၊ ပြန်လုပ်ရတာတွေ ရှိလာတာပေါ့။ ဒါနဲ့ ကျွန်တော် သူ့ကို စပြီး အထင်သေးလာတယ်။ သူ့တာဝန်မှာ ပြဿနာတွေ အများကြီးရှိတယ်လို့ တွေးမိတာပေါ့။ ကျွန်တော့်လောက် စေ့စပ်သေချာမှု မရှိသလို စည်းမျဉ်းတွေကို ပြောင်းလွယ်ပြင်လွယ် အသုံးချတဲ့နေရာမှာလည်း မကျွမ်းကျင်ဘူး။ ဒါ့အပြင် အလုပ်ခွင်မှာ ကျွန်တော်ပေးတဲ့ အကြံပြုချက် အတော်များများကို သူက သိပ်ပြီး ငြင်းဆန်တာမရှိဘဲ လက်ခံတတ်တော့ ကိုယ့်ကိုယ်ကိုယ် ပိုတောင် အထင်ကြီးလာတယ်။ နောက်ပိုင်းမှာ ဆွေးနွေးဖို့လိုတဲ့ ကိစ္စတွေရှိတိုင်း သူ့ဆီ အကြံဉာဏ် သွားမတောင်းချင်တော့ဘူး။ တစ်ခါတလေ သူက သူ့အမြင်တွေကို မျှဝေရင်တောင် ကျွန်တော်က လုံးဝ နားမထောင်ဘဲ ကျွန်တော့်အမြင်ကမှ အမှန်၊ ကျွန်တော့်ဦးဆောင်မှုနောက်ပဲ သူ လိုက်သင့်တယ်လို့ပဲ မရမက ပြောဖြစ်ခဲ့တယ်။
မှတ်မိသေးတယ်၊ တစ်ခါတုန်းက ဗယ်လရီနဲ့ ကျွန်တော် ဒီဇိုင်းအယူအဆတစ်ခုနဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲကြတယ်။ သူ့အယူအဆက တော်တော်ရိုးပြီး လူစိတ်ဝင်စားမှု သိပ်မရနိုင်ဘူးလို့ ကျွန်တော် ထင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော့်အယူအဆအတိုင်းပဲ သွားသင့်တယ်လို့ ထင်ခဲ့တာပေါ့။ ကျွန်တော့်အကြံဉာဏ်က ဖန်တစ်ရာတေနေတာသက်သက် မဟုတ်ဘဲ ဘယ်လိုဆန်းသစ်တယ်ဆိုတာနဲ့ သူ့အမြင်က ဘယ်လို မသင့်တော်ဘူးဆိုတာကို ကျွန်တော် ဆက်ရှင်းပြနေခဲ့တယ်။ သူ့ရဲ့ အတွေးအခေါ်ကို သူရှင်းပြဖို့ ကြိုးစားတဲ့အခါ ကိုယ့်ဘာသာကိုယ် တွေးလိုက်တယ်။ “ငါက နင့်ထက် ဒီဇိုင်း ပိုလုပ်ဖူးသလို စည်းမျဉ်းတွေကိုလည်း ပိုနားလည်တယ်၊ ဒီတော့ ငါ့နည်းအတိုင်း လုပ်တာက ပိုတိကျမှာပေါ့” လို့လေ။ ဒါနဲ့ သူ့စကားကို ဖြတ်ပြောပြီး ကျွန်တော့်အမြင်ကိုပဲ ထပ်ပြီး အတင်းပြောပါလေရော။ ဒါပေမဲ့ ကျွန်တော့်အကြံပြုချက်ကို သူ သဘောမတူသေးဘဲ တခြားညီအစ်ကိုမောင်နှမတွေနဲ့ တိုင်ပင်ချင်တယ်လို့ ပြောတယ်။ ကျွန်တော် နည်းနည်း စိတ်မရှည်ဖြစ်သွားပြီး တွေးလိုက်မိတယ်။ “ဘာများ မေးစရာ ရှိလို့လဲ။ ဒါက ခက်တဲ့ကိစ္စလည်း မဟုတ်ဘဲနဲ့၊ ငါ့အကြံပြုချက်အတိုင်း လုပ်လိုက်လို့ ရသားနဲ့” ပေါ့။ ဒါပေမဲ့ အံ့သြစရာကောင်းတာက သူများတွေနဲ့ တိုင်ပင်ပြီးတဲ့အခါ အများစုက ဒီကိစ္စကို စည်းမျဉ်းတွေအတိုင်း ဆုံးဖြတ်ကြပြီး ဗယ်လရီရဲ့ အယူအဆနဲ့ အမြင်က ပိုသင့်တော်တယ်လို့ ခံစားမိကြတာပဲ။ သူ့ဟာက သိပ်မဆန်းသစ်ပေမဲ့ ခေါင်းစဉ်နဲ့ ပိုကိုက်ညီနေတယ်။ ဒါကို ကြားတော့ ကျွန်တော် နည်းနည်း ရှက်သွားတယ်။ သူ့အယူအဆက တကယ်ပဲ ကျွန်တော့်ဟာထက် ပိုကောင်းနေတာကို မယုံနိုင်အောင် ဖြစ်သွားတယ်။ နောက်တစ်ခါကျတော့ အရောင်ချိန်ဖို့ ဗယ်လရီကို ကျွန်တော် ကူခိုင်းပြီး ဘယ်လိုချိန်ရမယ်ဆိုတာ ပြောပြလိုက်တယ်။ နောက်ပိုင်းကျတော့ ကျွန်တော် သင်ပေးတဲ့နည်းအတိုင်း သူ မလိုက်နာတာကို သတိထားမိလိုက်တယ်။ အဲဒီအစား ပိုကောင်းမယ်လို့ သူထင်တဲ့နည်းကို သုံးထားတာဗျ။ ဒါကို မြင်တော့ ကျွန်တော် တော်တော် ဒေါသထွက်သွားပြီး သူ့ကို ဖိအားပေးတဲ့ လေသံနဲ့ မေးလိုက်တယ်။ “ဘာလို့ ကျွန်တော်ပြောတဲ့ နည်းလမ်းအတိုင်း မလိုက်နာတာလဲ။ အရောင်ချိန်တဲ့နေရာမှာ ဒီနည်းလမ်းကိုပဲ ကျွန်တော်တို့ အမြဲ သုံးလာတာလေ၊ အစ်မချိန်ထားတာမှာ ပြဿနာရှိရင် ဘယ်လိုလုပ်မလဲ” လို့ပေါ့။ သူက ချက်ချင်း ပြန်ဖြေတယ်။ “မောင်လေးပြောတဲ့ နည်းလမ်းကို အစ်မ သိပ်မကျွမ်းကျင်လို့ အစ်မ ပိုရင်းနှီးတဲ့ နည်းလမ်းကို သုံးလိုက်တာပါ” တဲ့။ သူ့ကို ကျွန်တော် ဆက်ပြီး ဝေဖန်ချင်ပေမဲ့ ကျွန်တော် တဇောက်ကန်းဖြစ်ပြီး ပြောမိနေမှန်း သဘောပေါက်မိလိုက်လို့ ရပ်လိုက်တယ်။
တစ်နေ့ကျတော့ သူ့ရဲ့လက်တလောအခြေအနေကို သူ မျှဝေခဲ့တယ်။ သူပြောတာကတော့ “မောင်လေးနဲ့ တာဝန်အတူထမ်းဆောင်ရတာ အစ်မ အမြဲ သိမ်ငယ်နေမိတယ်။ မောင်လေးရဲ့ နည်းလမ်းအတိုင်း မလုပ်မိရင် အစ်မကို ဝေဖန်မှာ အမြဲ ကြောက်နေရတာ။ ပြီးခဲ့တဲ့တစ်ခေါက် မြန်မြန်နဲ့ လွယ်လွယ်ပြီးအောင်ဆိုပြီး အစ်မနည်းနဲ့ အရောင်ချိန်လိုက်တုန်းက အမှန်တော့လေ မောင်လေး မေးခွန်းထုတ်တော့ အစ်မ တော်တော်လေး ကြောက်သွားခဲ့တာ” တဲ့။ ဒါကို ကြားလိုက်ရတော့ ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။ ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်ရတာကို သူ တကယ် ကြောက်နေမယ်လို့ ကျွန်တော် လုံးဝ မထင်ထားခဲ့ဘူး။ နောက်ပိုင်းမှာ ခဏခဏဆိုသလို သူ့ဘာသာသူ အလွယ်လေး ကိုင်တွယ်နိုင်တဲ့ ကိစ္စတွေမှာတောင် ကျွန်တော့်ကို အရင်လာမေးတုန်းပဲ၊ ကျွန်တော် သဘောတူမှပဲ ကိစ္စတွေ ကိုင်တွယ်ရဲတာကိုလည်း သတိထားမိလာတယ်။ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုမှာ ပြဿနာရှိနေပြီဆိုတာ သဘောပေါက်မိလိုက်လို့ ကိုယ့်ကိုယ်ကိုယ် သိမြင်နိုင်အောင် ဉာဏ်ပွင့်စေဖို့ ဘုရားသခင်ဆီ ကျွန်တော် တောင်းလျှောက်ပြီး ဆုတောင်းခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ရတယ်။ “‘ပူးပေါင်းလုပ်ဆောင်ခြင်း’ ဆိုသည့် ဝေါဟာရကို မည်သို့ရှင်းလင်းပြီး လက်တွေ့လုပ်ဆောင်သနည်း။ (အမှုကိစ္စများဖြစ်ပေါ်သောအခါ ယင်းတို့ကို ဆွေးနွေးခြင်းဖြစ်ပါသည်။) ဟုတ်သည်။ ယင်းသည် ထိုအရာကို လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ အခြား မည်သည့်အရာ ရှိသနည်း။ (တစ်ဦး၏ အားနည်းချက်များကို အခြားတစ်ဦး၏ အားသာချက်များဖြင့် ခုနှိမ်ခြင်း၊ တစ်ဦးအပေါ်တစ်ဦး ကြီးကြပ်ခြင်း ဖြစ်သည်။) ယင်းသည် လုံးဝ ကိုက်ညီသည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ နောက်ထပ်ရှိသလော။ အမှုအရာများ ဖြစ်ပျက်သောအခါ အခြားလူ၏ ထင်မြင်ချက်ကို တောင်းခံခြင်းဖြစ်သည်။ ယင်းသည် ပူးပေါင်းလုပ်ဆောင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) လူတစ်ယောက်က သူ၏ မိတ်သဟာယကိုဖွဲ့ပြီး အခြားလူကလည်း သူ၏ မိတ်သဟာယကိုဖွဲ့ကာ အဆုံးတွင် ၎င်းတို့က ပထမလူ၏ မိတ်သဟာယအတိုင်းသာ လုပ်ဆောင်လျှင် အဘယ်ကြောင့် အပေါ်ယံလုပ်ဆောင်မည်နည်း။ ယင်းသည် ပူးပေါင်းလုပ်ဆောင်ခြင်း မဟုတ်။ ယင်းသည် စည်းမျဉ်းများနှင့် မညီပေ။ ပူးပေါင်းလုပ်ဆောင်ခြင်း၏ ရလဒ်များ မဖြစ်ထွန်းပေ။ သင်သည် စက်သေနတ်ကဲ့သို့ ဆက်တိုက်စကားပြော၍ စကားပြောလိုသည့် အခြားလူများကို အခွင့်အရေးမပေးလျှင်၊ သင်၏အယူအဆများအားလုံးကို ပြောဆိုပြီးသည့်နောက်တွင်ပင် အခြားလူများအား နားမထောင်လျှင် ဤသည်မှာ ဆွေးနွေးမှုဖြစ်သလော။ မိတ်သဟာယဖြစ်သလော။ ယင်းသည် အပေါ်ယံလုပ်ဆောင်ခြင်းသာဖြစ်သည်။ ပူးပေါင်းလုပ်ဆောင်ခြင်းမဟုတ်။ ဤသို့ဆိုလျှင် ပူးပေါင်းလုပ်ဆောင်ခြင်း ဆိုသည်မှာ အဘယ်နည်း။ ဤသည်မှာ သင်သည် သင်၏အယူအဆများ၊ ဆုံးဖြတ်ချက်များကို ပြောပြီးနောက် အခြားလူ၏ ထင်မြင်ချက်များ၊ အမြင်များကို တောင်းခံနိုင်သောအခါ သင်နှင့် ထိုသူ၏ စကားများနှင့် အမြင်များကို နှိုင်းယှဉ်ကြည့်ပြီး လူအနည်းငယ်နှင့်အတူ ထိုအရာများအပေါ် ပိုင်းခြားသိမြင်မှုကို ကျင့်သုံးကာ စည်းမျဉ်းများကို ရှာဖွေ၍ ဤသို့ဖြင့် တူညီသော နားလည်မှုရရှိပြီး မှန်ကန်သော လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကို ဆုံးဖြတ်သောအခါတွင် ဖြစ်သည်။ ဤသည်မှာ ဆွေးနွေးခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ‘ပူးပေါင်းလုပ်ဆောင်ခြင်း’ဆိုသည်မှာ ထိုအရာကို ဆိုလိုသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဆိုတာ ကိစ္စရပ်တွေကို အတူတူ ဆွေးနွေးနိုင်တာ၊ တစ်ယောက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို တစ်ယောက်က ဖြည့်ဆည်းပေးတာ၊ သမ္မာတရား စည်းမျဉ်းတွေကို အတူတူ ရှာဖွေတာနဲ့ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း ကိုယ့်တာဝန်တွေကို ထမ်းဆောင်တာဖြစ်မှန်း ကျွန်တော် နားလည်သွားတယ်။ ဒါကမှ တကယ့် ပူးပေါင်းဆောင်ရွက်ခြင်းပဲလေ။ အဲဒီအချိန်အထိ ကျွန်တော်တို့ အတူရှိခဲ့တဲ့အချိန်တွေကို ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ ဗယ်လရီနဲ့ ကျွန်တော် တာဝန်အတူ ထမ်းဆောင်ခဲ့ကြပေမဲ့ သူ့နဲ့ ကျွန်တော် တကယ် ပူးပေါင်းဆောင်ရွက်တာမျိုး မရှိခဲ့ဘူး။ ကျွန်တော်က ကိစ္စတွေလုပ်တဲ့နေရာမှာ ပိုလုံ့လဝီရိယရှိသလို သူ့ထက်လည်း ပိုနားလည်တယ်လို့ ထင်ခဲ့တော့ သူ့ကို အမြဲ အထင်သေးခဲ့တယ်၊ ကျွန်တော့်စကားတွေနဲ့ လုပ်ရပ်တွေမှာ သူ့ကို မထီမဲ့မြင်ပြုတာတွေနဲ့ ပြည့်နေခဲ့တာပေါ့။ ပြဿနာတွေကို ဆွေးနွေးကြတဲ့အခါ ကျွန်တော့်ဘက်က သူ့အကြံဉာဏ်ကို စတောင်းတာ ရှားသလို တောင်းတဲ့အခါမှာတောင် ကျွန်တော်က မှန်တယ်လို့ ဆုံးဖြတ်ပြီးသားဖြစ်နေတော့ ဟန်ပြသဘောလောက်ပဲ လုပ်ပြီး သူ့အကြံဉာဏ်တွေကို လုံးလုံး တစ်ခုမှ လက်မခံခဲ့ဘူး။ ကျွန်တော့်မှာ ဆင်ခြင်တုံတရား လုံးဝကင်းမဲ့ပြီး သူ့စကားကို ဖြတ်ပြောတာ၊ ဖိအားပေးတဲ့ လေသံနဲ့ ဝေဖန်တာတွေတောင် လုပ်ခဲ့တယ်။ သူ့ကို ကျွန်တော့်ဦးဆောင်မှုနောက်ပဲ လိုက်စေချင်တာလေ။ တာဝန်မှာ ကျွန်တော်က အမြဲတမ်း အတ္တကြီးပြီး ဗိုလ်ကျခဲ့တယ်။ ဗယ်လရီနဲ့ အပြန်အလှန် ဆွေးနွေးတာ၊ ဖြည့်စွက်ပေးတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘဲ အရာရာကို ကျွန်တော့်နည်းလမ်းအတိုင်းပဲ အမြဲ လုပ်ခဲ့တာ။ ရလဒ်အနေနဲ့ အတူတူလုပ်လာတာ ကြာလာတော့ သူဟာ ကျွန်တော့်ရဲ့ ဘောင်ခတ်တာကို ခံလာရလွန်းလို့ ပြဿနာတွေကို သူ့ဘာသာ မကိုင်တွယ်ရဲတော့ဘဲ ကျွန်တော့်နည်းအတိုင်း မလုပ်ရင် ကျွန်တော် သူ့ကို ပြစ်တင်ပြောဆိုမှာကိုပဲ အမြဲ စိုးရိမ်နေခဲ့တာ။ သူနဲ့ ကျွန်တော့်ကြားမှာ သဟဇာတဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး လုံးဝ မရှိခဲ့ဘဲ ကျွန်တော်လုပ်ခဲ့သမျှက သူ့ကို ဘောင်ခတ်ပြီး ထိခိုက်နစ်နာစေခဲ့တာကို ကျွန်တော် မြင်သွားတယ်။ ကျွန်တော် တော်တော် အပြစ်ရှိသလို ခံစားလိုက်ရပြီး ကျွန်တော့်ပြဿနာအတွက် ဖြေရှင်းလမ်းကို ရှာဖွေခဲ့တယ်။
တစ်နေ့ ဝတ်ပြုနေတုန်း အန္တိခရစ်တွေကို ဘုရားသခင် ဖော်ထုတ်ထားတဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်သုံးပိုဒ်ကို ဖတ်မိပြီး ကျွန်တော့်ရဲ့ ကိုယ်ပိုင်အခြေအနေနဲ့ပတ်သက်တဲ့ သိနားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အပြင်ပန်းတွင် အန္တိခရစ်အချို့တို့၌ လက်ထောက်များ၊ သို့မဟုတ် လက်တွဲဖော်များ ရှိပုံရသော်လည်း အမှန်မှာ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ အခြားလူတို့က မည်မျှ မှန်ကန်နိုင်ပါစေ၊ အန္တိခရစ်များက ၎င်းတို့ပြောသည့်အရာကို မည်သည့်အခါမျှ နားမထောင်ကြပေ။ ဆွေးနွေးဖို့၊ သို့မဟုတ် မိတ်သဟာယဖွဲ့ဖို့ မဆိုထားနှင့်၊ ထည့်သွင်းစဉ်းစားခြင်းပင် မရှိပေ။ ၎င်းတို့က လုံးဝ အရေးမစိုက်ကြပေ။ အခြားလူများက မရှိသကဲ့သို့ပင် ဖြစ်သည်။ အန္တိခရစ်များက အခြားလူများ ပြောသည့်အရာကို နားထောင်သောအခါတွင် ၎င်းတို့သည် ဝတ်ကျေတမ်းကျေပြုခြင်း၊ သို့မဟုတ် အခြားလူများမြင်ရန်အတွက် သရုပ်ဆောင်နေခြင်းမျှသာ ဖြစ်သည်။ သို့သော် အဆုံး၌ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ အချိန်ကျသောအခါတွင် အဆုံးအဖြတ်ပေးသည်မှာ အန္တိခရစ်များဖြစ်သည်။ အခြားမည်သူမဆို၏ စကားများသည် လေကုန်ခြင်းသာ ဖြစ်ပြီး လုံးဝ အလေးထားဖို့ မလိုအပ်ပေ။ ဥပမာအနေဖြင့် လူနှစ်ယောက်သည် တစ်စုံတစ်ခုအတွက် တာဝန်ရှိသည့်အခါ၊ တစ်ယောက်က အန္တိခရစ်အနှစ်သာရရှိသည့်အခါတွင် ဤလူ၌ မည်သည့်အရာကို ထုတ်ဖော်ပြသနည်း။ မည်သည့်အရာဖြစ်စေ ၎င်းတို့သာလျှင် စတင်လုပ်ဆောင်သူ၊ မေးခွန်းများမေးသူ၊ ကိစ္စများကို ဖြေရှင်းသူနှင့်၊ ဖြေရှင်းချက်ကို စိတ်ကူးရသူများဖြစ်သည်။ အချိန်အများစုတွင် ၎င်းတို့သည် ၎င်းတို့၏ အဖော်ကို လုံးလုံး ထိမ်ချန်ထားသည်။ ၎င်းတို့အမြင်တွင် ၎င်းတို့၏ အဖော်သည် အဘယ်နည်း။ ၎င်းတို့၏ လက်ထောက်အဖြစ်မဟုတ်ဘဲ အယောင်ပြသက်သက်သာဖြစ်သည်။ အန္တိခရစ်၏ အမြင်တွင် ၎င်းတို့၏ အလုပ်ဖော်ဆိုသည်မှာ မရှိခြင်းသာဖြစ်သည်။ ပြဿနာတစ်ခုရှိသည့်အခါတိုင်းတွင် အန္တိခရစ်သည် သေချာတွေးကြည့်လိုက်သည်။ လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကို ၎င်းတို့ ဆုံးဖြတ်ပြီးသည်နှင့် ဤသည်မှာ ပြုလုပ်ရမည့်နည်းလမ်းဖြစ်သည်ဟု လူတိုင်းအား အသိပေးပြီး မည်သူ့ကိုမျှ မေးခွန်းထုတ်ခွင့်မပြုပေ။ ၎င်းတို့၏ သူတစ်ပါးတို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းတွင် အနှစ်သာရသည် အဘယ်နည်း။ အခြေခံအားဖြင့် ယင်းမှာ အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရန်၊ မည်သူနှင့်မျှ ပြဿနာများကို လုံးဝ မဆွေးနွေးရန်၊ အလုပ်အတွက် တစ်ဦးတည်း တာဝန်ယူရန်၊ ၎င်းတို့ တွဲဖက်များအား အယောင်ပြသက်သက်အဖြစ်သို့ ပြောင်းလဲပစ်ရန်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)) “အန္တိခရစ်များ၏ အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည့် ပထမသရုပ်သကန်မှာ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ လူအချို့က ‘မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းသည် အခြားသူများအား ၎င်းတို့ကိုသာ ကျိုးနွံနာခံစေခြင်းနှင့် မတူပါ’ ဟု ဆိုနိုင်သည်။ မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းသည် မည်သူ၏စကားကိုမျှ အရေးမစိုက်ခြင်းကိုဖြစ်စေ၊ မည်သူ၏ အကြံပြုချက်များကိုမျှ မတောင်းခံခြင်းကိုဖြစ်စေ ဆိုလိုသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများကိုပင် ၎င်းတို့ မရှာပေ။ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်းသာ လုပ်ဆောင်ပြုမူသည်။ ဤတွင် သွယ်ဝိုက်ညွှန်းဆိုသည့်အရာမှာ အဘယ်ဖြစ်သနည်း။ ၎င်းတို့အလုပ်တွင် ကြီးစိုးသည်မှာ ၎င်းတို့ဖြစ်သည်။ သမ္မာတရားမဟုတ်။ ဘုရားမဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့အလုပ်၏ စည်းမျဉ်းသည် အခြားလူများအား ၎င်းတို့ပြောသည့်အရာကို အရေးစိုက်စေရန်ဖြစ်ပြီး ၎င်းတို့အား သမ္မာတရားကဲ့သို့၊ ဘုရားကဲ့သို့ သဘောထားရန် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ကျွန်တော် တော်တော်လေး ရှက်မိတယ်။ အန္တိခရစ်တွေ အလုပ်လုပ်တဲ့ စည်းမျဉ်းက အာဏာကို သူတို့ကိုယ်တိုင် ကိုင်စွဲပြီး တခြားသူတွေကို ဘုရားသခင်နဲ့ သမ္မာတရားစည်းမျဉ်းတွေဆီ ကျိုးနွံနာခံခိုင်းမဲ့အစား သူတို့ဆီမှာ ကျိုးနွံနာခံခိုင်းတာကိုး။ ဗယ်လရီနဲ့ ကျွန်တော့်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ ကျွန်တော်လည်း အဲဒီလို စိတ်သဘောထားမျိုးကိုပဲ ထုတ်ဖော်နေခဲ့တာကို သဘောပေါက်လိုက်တယ်။ အပေါ်ယံမှာတော့ ဗယ်လရီနဲ့ ကျွန်တော်က တာဝန်တွေမှာ အတူပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော့်စိတ်နှလုံးထဲမှာ သူ့ကို နောက်လိုက်တစ်ယောက်လိုပဲ သဘောထားခဲ့တာ။ ကျွန်တော့်ဆုံးဖြတ်ချက်တွေအားလုံးကို သူ့ကို နာခံခိုင်းပြီး ကျွန်တော့်အကြံဉာဏ်တွေအတိုင်း လိုက်နာခိုင်းခဲ့တယ်၊ သူ့တာဝန်ကို ကျွန်တော့်အတွက် ထမ်းဆောင်ပေးနေရသလိုမျိုးပေါ့။ သူ အကြံဉာဏ်တွေပေးတဲ့အခါ သူ့အကြံဉာဏ်တွေက သမ္မာတရား စည်းမျဉ်းတွေနဲ့ ကိုက်ညီမှု ရှိမရှိ၊ ဒါမှမဟုတ် ကောင်းကွက်တွေ ရှိမရှိဆိုတာကို နားလည်အောင် ကျွန်တော် မရှာဖွေခဲ့ဘူး။ ကျွန်တော့်အမြင်တွေက မှန်တယ်ဆိုပြီးတော့ပဲ ဆက်တိုက်ကို မရမက ပြောနေခဲ့တာ။ သက်ဆိုင်ရာ စည်းမျဉ်းတွေအတွက် တခြားသူတွေကို သူ တိုင်ပင်ချင်တဲ့အခါ လုံးဝ မလိုအပ်ဘူးလို့ ထင်ပြီး ကျွန်တော် စိတ်မရှည်ဖြစ်ခဲ့တယ်။ ယုံကြည်သူတစ်ယောက်ဆိုတာ ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုပြီး ကိစ္စရပ်တိုင်းမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ရှာဖွေသင့်သလို ဘုရားနှုတ်ကပတ်တော်တွေနဲ့ သမ္မာတရား စည်းမျဉ်းတွေကိုလည်း ကျိုးနွံနာခံသင့်တာလေ။ ဒါပေမဲ့ ကျွန်တော်က အရမ်း မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်လွန်းခဲ့တယ်။ ကိစ္စရပ်တွေ ကြုံရတဲ့အခါ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေဖို့ ပျက်ကွက်ခဲ့ရုံသာမကဘဲ သူများတွေကို ကျွန်တော့်ဆီမှာ ကျိုးနွံနာခံစေချင်ပြီး ကျွန်တော့်ဦးဆောင်မှုနောက် လိုက်စေချင်ခဲ့တယ်။ သူများတွေ လိုက်နာဖို့နဲ့ နာခံဖို့အတွက် ကျွန်တော့်ရဲ့ ကိုယ်ပိုင်အကြံဉာဏ်တွေကို သမ္မာတရား စည်းမျဉ်းတွေလို သဘောထားခဲ့တာ၊ ဒါ အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းပဲလေ။ ညီအစ်ကိုမောင်နှမတွေ သူတို့တာဝန်တွေမှာ ပူးပေါင်းဆောင်ရွက်ကြတာဟာ တစ်ယောက်ကိုတစ်ယောက် ကူညီဖြည့်စွက်ပေးဖို့၊ ပြီးတော့ အချင်းချင်း ကြီးကြပ်ပြီး ထိန်းသိမ်းပေးဖို့ပဲလေ။ ဒါမှ တာဝန်တွေမှာ လမ်းလွဲတာတွေကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မှာဖြစ်ပြီး ကျွန်တော်တို့အားလုံး သမ္မာတရား စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်နိုင်မှာ၊ အသင်းတော်အလုပ်အတွက် အကောင်းဆုံးရလဒ်တွေ ရရှိနိုင်မှာပေါ့။ ဒါပေမဲ့ ကျွန်တော်က သူများတွေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး မရှိခဲ့ဘူး။ ဒါက တာဝန်တွေကို ထမ်းဆောင်မှု ညံ့ဖျင်းစေရုံသာမကဘဲ စည်းမျဉ်းတွေကို ပိုချိုးဖောက်မိစေတယ်၊ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်မိစေခဲ့တယ်။ မာနထောင်လွှားပြီး စိတ်ကြီးဝင်လို့၊ ထင်ရာစိုင်းလို့၊ တခြားသူတွေက သမ္မာတရားကိုရှာဖွေပြီး ဘုရားသခင်ကို ကျိုးနွံနာခံမဲ့အစား သူတို့ဆီမှာ ကျိုးနွံနာခံဖို့ အမြဲတောင်းဆိုလို့ အသင်းတော်ကနေ နှင်ထုတ်ခံလိုက်ရတဲ့ အန္တိခရစ်တချို့ကို ကျွန်တော် စဉ်းစားမိတယ်။ အကျိုးဆက်အနေနဲ့ သူတို့ဟာ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့ကြတယ်၊ ညီအစ်ကိုမောင်နှမတွေကို အများကြီး ဒုက္ခပေးပြီး ဘောင်ခတ်ခဲ့ကြတယ်။ နောက်ဆုံးမှာ သူတို့ လုံးဝ နောင်တမရလို့ နှင်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံလိုက်ရတာလေ။ ကျွန်တော်သာ နောင်တမရသေးရင် ကျွန်တော့်ရဲ့ နောက်ဆုံးအဆုံးသတ်ကလည်း အဲဒီအန္တိခရစ်တွေလိုပဲ ဖယ်ရှားရှင်းလင်းခံရပြီး အပြစ်ဒဏ်ပေးခံရမှာပဲ။ ဒီအတွေးတွေကြောင့် ကျွန်တော် ကြောက်သွားပြီး ဒီမှားယွင်းတဲ့လမ်းကြောင်းပေါ် ဆက်မလျှောက်ချင်တော့ဘူး။ ဒါနဲ့ ကိုယ့်ကိုယ်ကိုယ် နားလည်အောင် လမ်းပြပေးဖို့ ဘုရားသခင်ဆီ အမြန်ပဲ တောင်းလျှောက်ပြီး ဆုတောင်းခဲ့တယ်။ ဘုရားသခင်ဆီ ကျွန်တော် နောင်တရချင်ခဲ့တာ။
နောက်သုံးလေးရက်မှာ ကျွန်တော် တွေးနေမိတယ်။ “ငါ သူများတွေနဲ့ သဟဇာတဖြစ်အောင် ပူးပေါင်းဆောင်ရွက်တာမျိုး ဘာလို့ မလုပ်နိုင်ရတာလဲ။ ဒီပြဿနာရဲ့ အရင်းအမြစ်က ဘာလဲ” ပေါ့။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီးတော့ ကျွန်တော့်ပြဿနာတွေနဲ့ပတ်သက်တဲ့ သိနားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်၏စိတ်နှလုံးထဲတွင် သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို ကျိုးနွံနာခံဖို့ နည်းလမ်းအား သင်သိလိမ့်မည် ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းပေါ်ကို သင် အလိုအလျောက် စတင်လိမ့်မည် ဖြစ်သည်။ သင်လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်သည့် လမ်းကြောင်းဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်သည် သင့်ကို စွန့်ခွာလိမ့်မည် မဟုတ်ချေ။ ထိုအခြေအနေတွင် ဘုရားသခင်အား သင် သစ္စာဖောက်ဖို့အလားအလာ နည်းသည်ထက် နည်းလာပေလိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ သင့်တွင် မာနထောင်လွှားပြီး စိတ်ကြီးဝင်သော စိတ်သဘောထားတစ်ခုရှိလျှင် ဘုရားသခင်ကို မဆန့်ကျင်ရန် ပြောဆိုခံရခြင်းသည် ထူးခြားမှုမရှိပေ။ သင်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပေ။ သင်ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သည်။ သင်သည် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်မည်မဟုတ်ပေ။ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်အောင် လုပ်လိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် အစဉ်တစိုက် ပြစားဝင့်ဝါအောင် လုပ်လိမ့်မည် ဖြစ်သည်။ ယင်းတို့က သင့်အား အခြားသူများကို အထင်အမြင်သေးစေမည်၊ သင့်စိတ်နှလုံးထဲတွင် သင်ကိုယ်တိုင်မှလွဲ၍ အခြားမည်သူကိုမျှ ထားမည် မဟုတ်ချေ။ ယင်းတို့က သင်၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏နေရာကို လုယူလိမ့်မည်။ ပြီးလျှင် နောက်ဆုံးတွင် သင့်အား ဘုရားသခင်၏နေရာတွင် ထိုင်ဖို့ဖြစ်စေပြီး သင့်ကိုယ်ပိုင်အတွေးများ၊ အကြံဉာဏ်များနှင့် အယူအဆများကို သမ္မာတရားအဖြစ် ကြည်ညိုလေးစားစေလျက်၊ သင့်ကို ကျိုးနွံနာခံဖို့ တောင်းဆိုစေမည် ဖြစ်သည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် များပြားလှသော ဒုစရိုက်မှုကို ပြုကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ဗယ်လရီနဲ့ ကျွန်တော် သဟဇာတဖြစ်အောင် ပူးပေါင်းဆောင်ရွက်တာမျိုး မလုပ်နိုင်ရတဲ့ အရင်းအမြစ်က အဓိကကတော့ ကျွန်တော့်ရဲ့ လွန်လွန်ကဲကဲ မာနထောင်လွှားတဲ့ သဘာဝကြောင့် ဆိုတာ ကျွန်တော် နားလည်သွားတယ်။ “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏” ဆိုတဲ့ စာတန်ရဲ့ အဆိပ်အတောက်နဲ့ ကျွန်တော် အသက်ရှင်နေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အမြဲသာတယ်လို့ မြင်ခဲ့တာကိုး။ ကျွန်တော့်တာဝန်က ရလဒ်တချို့ ထွက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ထူးခြားတယ်လို့ စထင်လာပြီး သူ့ကို နည်းမျိုးစုံနဲ့ အထင်သေးခဲ့တယ်။ ဘယ်သူမှ ကျွန်တော့်လောက် မတော်သလိုမျိုးပေါ့။ ဒီလို စိတ်သဘောထားမျိုးနဲ့ တာဝန်ထမ်းဆောင်ရင်းနဲ့ ကျွန်တော် တကယ်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲလာတယ်။ ကျွန်တော့်အမြင်တွေ အားလုံးက မှန်တယ်လို့တောင် ယုံကြည်လာပြီး တာဝန်ကို ကိုယ့်စိတ်တိုင်းကျပဲ လုပ်ခဲ့တယ်၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို လုံးဝ မရှာဖွေဘဲ ထင်ရာစိုင်းခဲ့တာပေါ့။ ဗယ်လရီနဲ့ ကိစ္စရပ်တွေ ဆွေးနွေးတဲ့အခါ သူ့ကို ကျွန်တော့်နည်းအတိုင်းပဲ အမြဲ လုပ်စေချင်ခဲ့တယ်။ သူ မလုပ်တဲ့အခါ ကျွန်တော် ဒေါသထွက်ချင်တယ်၊ ဆူပူကြိမ်းမောင်းပြီး သူ့ကို နှိမ်ချချင်တယ်၊ သူ့ကို အတင်းအကျပ် နာခံခိုင်းချင်တယ်။ အဲဒီလိုလုပ်တော့ သူက ကျွန်တော့်ရဲ့ ဘောင်ခတ်တာကို ခံရပြီး ကျွန်တော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြောက်သွားတာပေါ့။ ဒီအကြောင်းကို ပိုပြီး စဉ်းစားလေလေ ပိုပြီး ကြောက်စရာကောင်းတယ်လို့ ထင်ရလေလေပဲ။ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့် ကျွန်တော့်မှာ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရား ပျောက်ဆုံးသွားပြီး ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးလည်း မရှိတော့ဘဲ ကျွန်တော့်ကို ရက်စက်ကြမ်းကြုတ်စေခဲ့မှန်း နောက်ဆုံးမှာ ကျွန်တော် သဘောပေါက်လိုက်တယ်။ မသိလိုက်မသိဘာသာနဲ့ ဒါက အသင်းတော်အလုပ်ကိုပါ ထိခိုက်စေခဲ့တယ်လေ။ ဒီမာနထောင်လွှားတဲ့ စိတ်သဘောထားကို ကျွန်တော် မဖြေရှင်းရင် ကျွန်တော် တကယ် အန္တရာယ်ရှိမှာ။ ဒီအချိန်မှာ ကျွန်တော့်ရဲ့ မာနထောင်လွှားမှုက ကိုယ့်ကိုယ်ကိုယ် သူများထက် ပိုတော်တယ်လို့ အမြဲထင်ရာကနေ မြစ်ဖျားခံလာမှန်း ကျွန်တော် သဘောပေါက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က တကယ်ရော အဲဒီလောက်ကြီး တော်လို့လား။ ဘုရားသခင်က ပြောသည် “သင်၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ဖို့၊ သင်၏တာဝန်တွင် သင် အတွေ့အကြုံမည်မျှ ရှိခဲ့သည်ကို မဆိုထားနှင့်၊ ဘုရားသခင်ကို သင် နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ မည်မျှများသော တာဝန်များကို သင် ထမ်းဆောင်ပြီးဖြစ်ပါစေ၊ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်အဖို့ ပံ့ပိုးမှုများ သင် မည်မျှ ပြုလုပ်ပြီးသည်ဖြစ်စေ အရေးမကြီးပေ။ ဘုရားသခင် ကြည့်ရှုသည့် အဓိကအရာမှာ လူတစ်ဦး သွားသည့် လမ်းကြောင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သမ္မာတရား၊ စည်းမျဉ်းများ၊ ဦးတည်ချက်၊ ဇာစ်မြစ်တို့အပေါ် လူတစ်ဦး၏ သဘောထားနှင့် လူတစ်ဦး၏ လုပ်ဆောင်ချက်များ နောက်ကွယ်မှ မူလကြံရွယ်ချက်တို့ကို သူ ကြည့်လေသည်။ ဤအရာများအပေါ် ဘုရားသခင် အာရုံစိုက်၏။ ယင်းတို့သည် သင် လျှောက်လှမ်းသည့် လမ်းကြောင်းကို ဆုံးဖြတ်သည့် အရာဖြစ်သည်။...သင်၏ ဆုကျေးဇူး၊ သို့မဟုတ် အထူးကျွမ်းကျင်မှုသည် မည်သည့်နယ်ပယ်တွင်ဖြစ်စေ၊ မည်သည့်နေရာတွင် အသက်မွေးမှုဆိုင်ရာ အသိပညာအချို့ သင်ရှိသည်ဖြစ်စေ တာဝန်ထမ်းဆောင်ခြင်းတွင် ဤအရာများကို အသုံးပြုခြင်းသည် အသင့်လျော်ဆုံးဖြစ်သည်။ ယင်းမှာ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ တစ်ဖက်မှာ သင်၏တာဝန်ကို ထမ်းဆောင်ဖို့အတွက် အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ် အမှီပြုခြင်းဖြစ်ပြီး အခြားတစ်ဖက်မှာ သင်၏ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည် ဖြစ်သည်။ မိမိတာဝန်ကို ဤနည်းဖြင့် ထမ်းဆောင်ခြင်းအားဖြင့် အသက်ဝင်ရောက်မှုကို ရရှိပြီး မိမိတာဝန်ကို ပြည့်မီစွာ ထမ်းဆောင်နိုင်လာကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း) လူတစ်ယောက်ရဲ့ တာဝန်ထမ်းဆောင်မှု စံနှုန်းပြည့်မီခြင်း ရှိမရှိဆိုတာက သူတို့ တာဝန်ထမ်းဆောင်တာ ဘယ်လောက်ကြာပြီလဲ၊ ဒါမှမဟုတ် အတွေ့အကြုံ ဘယ်လောက်ရှိသလဲဆိုတာအပေါ် မမူတည်ဘူးဆိုတာပဲ။ အရေးကြီးဆုံးအရာက လူတစ်ယောက်ဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေဖို့၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေဖို့နဲ့ စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ဖို့ပဲ။ ဗယ်လရီကို ကျွန်တော် အမြဲ အထင်သေးပြီး သူနဲ့ သဟဇာတဖြစ်အောင် ပူးပေါင်းဆောင်ရွက်တာမျိုး မလုပ်နိုင်ခဲ့တာက အဓိကအားဖြင့် ကျွန်တော်က အလုပ်ကို သူ့ထက် ပိုနားလည်တယ်၊ အတွေ့အကြုံ ပိုရှိတယ်လို့ ခံစားမိလို့လေ။ တာဝန်မှာ ပိုစေ့စပ်သေချာတယ်လို့လည်း ခံစားမိခဲ့တယ်။ ဒါတွေက ကျွန်တော့်တာဝန်ရဲ့ ထိရောက်မှုကို အတိုင်းအတာတစ်ခုအထိ တိုးတက်စေနိုင်တာ မှန်ပေမဲ့ ဒါတွေက သမ္မာတရား မဟုတ်ဘူး။ ဒါ့အပြင် မတူညီတဲ့ အခြေအနေတွေမှာ ကျွန်တော့်မှာရှိတဲ့ နည်းပညာ ဗဟုသုတနဲ့ အတွေ့အကြုံတွေက အမြဲတမ်း လက်တွေ့သုံးလို့ ရချင်မှရမှာ။ ဥပမာ ဗယ်လရီနဲ့ အလုပ်လုပ်တုန်းက ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို ကျွန်တော့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံအပေါ် အခြေခံပြီး တစ်ခါတလေ အကဲဖြတ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်နေတာ၊ သမ္မာတရား စည်းမျဉ်းတွေကို မရှာဖွေတာတွေကြောင့် ကျွန်တော် လုပ်လိုက်တာတွေက မသင့်တော်ဘူး ဖြစ်သွားတယ်။ သူ့မှာ အားနည်းချက်တွေ ရှိပေမဲ့ စည်းမျဉ်းတွေကို ရှာဖွေပြီး ပြဿနာတွေကို သူ ဖော်ထုတ်နိုင်ခဲ့ပါသေးတယ်။ ကျွန်တော် သူများထက် မတော်မှန်း၊ ကျွန်တော့်ရဲ့ အရင်က မာနထောင်လွှားမှုနဲ့ ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ ယူမှတ်မှုတွေက တကယ်ကို ဆင်ခြင်တုံတရား ကင်းမဲ့မှန်း အဲဒီတော့မှ သဘောပေါက်မိလိုက်တယ်။ အခု ကျွန်တော် နားလည်သွားတာက တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်ပြီး ဖြည့်စွက်တာ၊ သမ္မာတရားကို အတူတူ ရှာဖွေတာနဲ့ စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်တာတွေ လုပ်မှသာ ကျွန်တော်တို့တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်နိုင်မယ်ဆိုတာပဲ။
နောက်ပိုင်းမှာ ဒီဇိုင်းတစ်ခုနဲ့ပတ်သက်ပြီး ဗယ်လရီနဲ့ ထပ်ပူးပေါင်းဆောင်ရွက်တဲ့အခါ ကျွန်တော် သတိရှိရှိနဲ့ သူ့အကြံဉာဏ်တွေကို အရင် မေးခဲ့တယ်၊ သူ သူ့အမြင်တွေကို ပြောပြတဲ့အခါ ကျွန်တော် သေသေချာချာ နားထောင်ပေးနိုင်ခဲ့တယ်။ အချိန်နည်းနည်း ကြာလာတော့ ဗယ်လရီမှာ သင်ယူစရာကောင်းတဲ့ အားသာချက်တွေ ရှိတာကို ကျွန်တော် တွေ့လာရတယ်။ သူက သူများတွေရဲ့ အကြံပြုချက်တွေကို လက်ခံနိုင်သလို သမ္မာတရား ရှာဖွေတာကိုလည်း အာရုံစိုက်တယ်။ အဲဒါတွေက ကျွန်တော့်မှာ မရှိတဲ့ အရည်အသွေးတွေလေ။ ဒီအချိန်မှာ ကိုယ့်တာဝန်က အားနည်းချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လူတစ်ယောက် ရှိတာက တကယ်ကို ကောင်းမှန်း ကျွန်တော် သဘောပေါက်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဗယ်လရီရဲ့ အားနည်းချက်တွေကို ကျွန်တော် မှန်မှန်ကန်ကန် ကိုင်တွယ်တတ်လာတယ်။ သူ နားမလည်တဲ့ စည်းမျဉ်းတွေကို ကျွန်တော် မိတ်သဟာယပြုပေးပြီး သူနားလည်အောင် ကူညီပေးဖို့ ကြိုးစားတယ်။ အလုပ်ရဲ့ ထိရောက်မှုကို တိုးတက်စေနိုင်မယ့် ကျွန်တော် တွေ့ထားတဲ့ နည်းလမ်းတွေကိုလည်း သူ့ကို ပြောပြခဲ့တယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု တဖြည်းဖြည်း တိုးတက်လာပြီး ကျွန်တော်တို့တာဝန်တွေရဲ့ အလုံးစုံ ထိရောက်မှုလည်း တိုးတက်လာတာပေါ့။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့တယ်။ “ဤသဟဇာတ ဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းက မည်သည့်သက်ရောက်မှု ရှိမည်နည်း။ သက်ရောက်မှုက အလွန်ကြီးမားသည်။ သမ္မာတရား၏ အလင်းနှင့် အသက် လက်တွေ့ကျမှုတို့ဖြစ်သည့် ယခင်က သင် တစ်ခါမျှ မရဖူးသည့် အရာများကို သင်ရလိမ့်မည်။ သင်သည် အခြားသူများ၏ ကောင်းမြတ်သည့်အချက်များကို သိပြီး ၎င်းတို့၏အားသာချက်များမှ သင်ယူလိမ့်မည်။ အခြားတစ်ခုရှိသည်။ သင်က အခြားလူများကို ထုံထိုင်းသည်၊ နုံအသည်၊ စဉ်းစားဉာဏ်မဲ့သည်၊ သို့မဟုတ် သင့်ထက် နိမ့်ကျသည်ဟု စိတ်ကူးထားသည်။ သို့သော် ၎င်းတို့၏ ထင်မြင်ချက်များကို သင်နားထောင်သောအခါ၊ သို့မဟုတ် အခြားလူများက သင့်ထံ ဖွင့်ဟပြောဆိုသောအခါ မည်သူကမျှ သာမန်မဟုတ်ကြောင်း၊ လူတိုင်းက တစ်မူထူးခြားသော စိတ်ကူးအချို့ရှိကြောင်နှင့် လူတိုင်းနှင့်ပတ်သက်၍ ကောင်းကွက် တစ်ခုခု ရှိကြောင်း သင် အမှတ်တမဲ့ ရှာဖွေတွေ့ရှိလိမ့်မည်။ သင်သည် အခြားသူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် သင်ယူလျှင် ဤအရာက သင့်အား ၎င်းတို့၏ အားသာချက်များမှ သင်ယူရန် အထောက်အကူ ပြုနိုင်ရုံတင်မကဘဲ သင်၏ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်းတို့ကိုလည် ထုတ်ဖော်နိုင်ကာ သင်သည် ပါးနပ်သည်ဟု စိတ်ကူးနေခြင်းမှ တားမြစ်နိုင်လေသည်။ သင်က သင့်ကိုယ်သင် အခြားလူတိုင်းထက် ပို၍ တော်သည်၊ သာလွန်သည်ဟု မသတ်မှတ်တော့သည့်အခါတွင် ဤအတ္တကြီးသော၊ မိမိကိုယ်ကို အထင်ကြီး၍ နှစ်သက်မြတ်နိုးသည့် အခြေအနေကို ရှင်သန်ခြင်းအား ရပ်တန့်လိမ့်မည်။ ယင်းက သင့်ကို ကာကွယ်ပေးလိမ့်မည်မဟုတ်လော။ ဤသည်မှာ သူတစ်ပါးတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှ သင်ယူသင့်သော သင်ခန်းစာဖြစ်ပြီး သင်ရရှိသင့်သော အကျိုးအမြတ်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေက ပိုဖတ်မိလေလေ၊ လက်တွေ့ကျမှန်း ပိုသဘောပေါက်မိလေလေပဲ။ တာဝန်တွေမှာ သူများတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သင်ယူတာက အလုပ်မှာ ပိုကောင်းတဲ့ ရလဒ်တွေ ရစေပြီး ကျွန်တော့်ရဲ့ ကိုယ်ပိုင်အားနည်းချက်တွေကို အစားထိုးပေးနိုင်ရုံတင်မကဘူး၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ပိုမှန်မှန်ကန်ကန် သိမြင်စေတယ်။ အဲဒါက ကျွန်တော့်ကို ကိုယ့်စိတ်ကူးတွေအတိုင်း လုပ်ဆောင်တာ၊ အသင်းတော်အလုပ်ကို ဆုံးရှုံးမှုတွေ ဖြစ်စေတာမျိုး မဖြစ်အောင် တားဆီးပေးတယ်။ ဒါက အသင်းတော်အလုပ်အတွက်ရော ကျွန်တော့်အတွက်ပါ အကျိုးရှိစေခဲ့တာပေါ့။
နောက်ပိုင်း တစ်ခါတုန်းက ပြီးသွားတဲ့ ဒီဇိုင်းတစ်ခုကို စစ်ဆေးပေးဖို့ ညီအစ်ကို ကမ်ဒန်ဆီ ကျွန်တော် ပို့လိုက်တယ်။ အံ့သြစရာကောင်းတာက ဒီဇိုင်းတစ်ခုလုံး နည်းနည်း မှောင်နေတယ်လို့ သူက ပြောလာတယ်၊ ဒါနဲ့ ကျွန်တော့်ရဲ့ စဉ်းစားချက်တွေအကြောင်း သူ့ကို ပြောပြလိုက်တယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်ကို သူ လက်မခံဘဲ ဒီဇိုင်းတစ်ခုလုံး အရမ်းမှောင်နေတယ်လို့ ဆက်ပြောခဲ့တုန်းပဲ၊ ပြီးတော့ ပြန်သွားပြီး စည်းမျဉ်းတွေအတိုင်း ပြန်ဆန်းစစ်ဖို့၊ ဒါမှမဟုတ် တခြားညီအစ်ကိုမောင်နှမတွေလည်း အဲဒီပြဿနာကိုပဲ မြင်သလားဆိုတာ မေးကြည့်ဖို့တောင် အကြံပေးသေးတယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ဒီမှာ ငါက ဒီဇိုင်းကျွမ်းကျင်သူလေ၊ ဘယ်သူပိုသိလဲ၊ မင်းလားငါလား။ စည်းမျဉ်းတွေအတိုင်း ငါ ဆန်းစစ်ပြီးသားပဲဟာ၊ ဘယ်လိုလုပ် ပြဿနာ ရှိနိုင်မှာလဲ။ ပြီးတော့ ငါ့ကို သူများတွေနဲ့ တိုင်ပင်ခိုင်းတယ် ဟုတ်လား။ အဲဒီလိုလုပ်ဖို့ လိုတယ်လို့ ငါ တကယ်ကိုမထင်ဘူး” ပေါ့။ သူ့ကို ကျွန်တော် တကယ် ပြန်ငြင်းချင်ခဲ့တာ။ ဒါပေမဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ထပ်ပြီး ထုတ်ဖော်နေမိမှန်း သဘောပေါက်လိုက်မိတယ်။ ဒါနဲ့ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအတိုင်း ထပ်မလုပ်ဆောင်မိအောင် ထိန်းသိမ်းပေးဖို့ တောင်းလျှောက်ပြီး ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ထားပြီး သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေဖို့ လိုလားပါတယ်လို့ ပြောရင်းနဲ့ ဘုရားသခင်ဆီ စိတ်နှလုံးထဲကနေ အမြန်ပဲ ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ရုတ်တရက် သတိရလိုက်တယ်။ “လူတစ်ယောက်က အကြံတစ်ခုပေးလျှင် သင်သည် ရှေးဦးစွာ ထိုအကြံကိုလက်ခံရမည်။ ပြီးနောက်တွင် မှန်ကန်သော လက်တွေ့လုပ်ဆောင်ရန်လမ်းကြောင်းကို လူတိုင်းအား အတည်ပြုစေရမည်။ ထိုအရာနှင့်ပတ်သက်၍ မည်သူကမျှ မည်သည့်ပြဿနာမျှမရှိလျှင် အသင့်လျော်ဆုံးနည်းလမ်းကို သင် ဆုံးဖြတ်ပြီး ထိုနည်းလမ်းဖြင့် လုပ်ဆောင်နိုင်သည်။ ပြဿနာတစ်ခုကို ရှာတွေ့လျှင် လူတိုင်း၏ ထင်မြင်ချက်များကို တောင်းခံရမည်။ သင်တို့အားလုံးသည် သမ္မာတရားကို အတူတကွ ရှာဖွေသင့်ပြီး မိတ်သဟာယပြုကြသင့်သည်။ ဤနည်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို ရရှိလိမ့်မည်။ သင်တို့၏ စိတ်နှလုံးက အလင်းပေးခြင်းခံရပြီး၊ ပို၍ ကောင်းမွန်သော လမ်းကြောင်းရှိသောအခါ သင်တို့ရရှိသည့် ရလဒ်များသည် ယခင်ကထက် ပို၍ ကောင်းလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းပြမှုမဟုတ်လော။ ယင်းသည် အလွန်ကောင်းသော အရာပင်ဖြစ်သည်။ သင်သည် မိမိကိုယ်ကို အမှန်ထင်မြင်ခြင်းအား ရှောင်ကြဉ်နိုင်လျှင်၊ သင်၏ စိတ်ကူးထင်မြင်မှုများ၊ အယူအဆများကို လက်လွှတ်နိုင်လျှင်၊ အခြားလူများ၏ မှန်ကန်သော ထင်မြင်ချက်များကို နားထောင်နိုင်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို သင် လက်ခံရရှိနိုင်လိမ့်မည်။ သင်၏ စိတ်နှလုံးသည် အလင်းပေးခြင်းခံရမည်ဖြစ်ပြီး မှန်ကန်သော လမ်းကြောင်းကို ရှာတွေ့နိုင်လိမ့်မည်။ ရှေ့ဆက်ရမည့် လမ်းကြောင်းရှိလိမ့်မည်ဖြစ်ပြီး၊ ထိုအရာကို သင် လက်တွေ့လုပ်ဆောင်သောအခါ သေချာပေါက် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်။ ဤသို့သော လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံမှတစ်ဆင့် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင် သိလာလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် ထိုအလုပ်နယ်ပယ်နှင့်ပတ်သက်ပြီး အသစ်ဖြစ်သောအရာတစ်ခုကို သင် သိလာလိမ့်မည်။ ဤသည်မှာ ကောင်းသောအရာတစ်ခုမဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ လက်တွေ့လုပ်ဆောင်ဖို့ ရှင်းလင်းတဲ့ လမ်းကြောင်းတစ်ခု ကျွန်တော် ရလိုက်တယ်။ ကိစ္စရပ်တွေ ဖြစ်လာတဲ့အခါ ကျွန်တော် အဲဒီလောက်ကြီး အရမ်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေလို့ မရဘူး၊ သူများတွေရဲ့ အကြံပြုချက်တွေကို လေးလေးနက်နက် စဉ်းစားသင့်တယ်၊ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေသင့်ပြီး ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေအတိုင်း လက်တွေ့လုပ်ဆောင်သင့်တယ်။ ဒါမှသာ ကျွန်တော့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်မှာ။ အကြံပြုတဲ့သူက ကျွမ်းကျင်သူ မဟုတ်ရင်တောင် ကျွန်တော်က အတိုက်အခံလုပ်ပြီး လက်မခံဘဲ ငြင်းရုံငြင်းနေမဲ့အစား အဲဒီပြဿနာ တကယ်ရှိမရှိဆိုတာကို စဉ်းစားသင့်သေးတာပေါ့။ ဒါနဲ့ ကြီးကြပ်ရေးမှူးနဲ့ ကျွန်တော် အမြန်ပဲ တိုင်ပင်လိုက်တယ်။ ရှာဖွေတာ၊ ဆွေးနွေးတာတွေ လုပ်ပြီးတဲ့နောက်မှာ ခေါင်းစဉ်ကို ကျွန်တော် နားလည်မှုလွဲနေမှန်း၊ ကမ်ဒန်ပြောတဲ့ ပြဿနာက တကယ်ရှိမှန်း နောက်ဆုံးမှာ သဘောပေါက်ခဲ့တယ်။
ဒီအတွေ့အကြုံပြီးတဲ့နောက်မှာ တာဝန်ထမ်းဆောင်ရာမှာ သဟဇာတဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်မှုက မရှိမဖြစ် ဖြစ်ပြီး သူများတွေရဲ့ အကြံပြုချက်တွေကို ပိုနားထောင်တာက အသင်းတော်အလုပ်ကို အကျိုးရှိစေရုံသာမကဘဲ တာဝန်မှာရှိတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးမှန်း ကျွန်တော် သဘောပေါက်ခဲ့တယ်။ လူတိုင်းမှာ အားသာချက်၊ အားနည်းချက်တွေ ရှိကြတာပဲ။ တစ်ယောက်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို တစ်ယောက်က ဖြည့်စွက်ပေးပြီး သဟဇာတဖြစ်အောင် ပူးပေါင်းဆောင်ရွက်မှသာ ကျွန်တော်တို့တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်နိုင်မှာ။ ဘုရားသခင် ပြောသလိုပေါ့။ “ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် တစ်ယောက်သောသူ၏ အားနည်းချက်အား အခြားသောသူ၏ အားသာချက်ဖြင့် ထေမိစေခြင်းကိုဆိုလိုသည်။ အခြားသူများ၏ အားနည်းချက်များအတွက် သင်၏အားသာချက်များကိုအသုံးပြု၍ ဖာထေးပေးခြင်းနှင့် အခြားသူများသည်လည်း သင်၏ ချို့တဲ့မှုများကို ဖာထေးပေးဖို့ရန် သူတို့၏အားသာချက်များအသုံးပြုခြင်းဖြစ်သည်။ ဤသည်မှာ အခြားသူများ၏ အားသာချက်များဖြင့် တစ်ယောက်သောသူ၏ အားနည်းချက်များကို အားဖြည့်ခြင်းနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ လူတို့က သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်မှသာလျှင် ၎င်းတို့သည် ဘုရားသခင်ရှေ့၌ ကောင်းချီးခံစားရရှိပြီး အမှုအရာများကို ပို၍ တွေ့ကြုံခံစားလေ၊ ၎င်းတို့သည် လက်တွေ့အရှိတရားကို ပို၍ ပိုင်ဆိုင်လာလေ ဖြစ်ပြီး ၎င်းတို့၏ လမ်းကြောင်းသည် ၎င်းတို့ ပိုလျှောက်လေ၊ ယင်းက သာ၍ တောက်ပလေဖြစ်ပြီး ၎င်းတို့သည်လည်း ပို၍စိတ်တည်ငြိမ်လာမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍)