၆၉။ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ခြင်း၏ အကျိုးဆက်များ

ဆယ်လ်ဗီ၊ ဖိလစ်ပိုင်

လစ်ဇ်က အသင်းတော်မှာ အထွေထွေအလုပ်ကို တာဝန်ယူရတယ်။ ရော်ဂျာက စပြီးလေ့ကျင့်ခါစပဲ ရှိသေးတော့ အထွေထွေအလုပ်နဲ့ သိပ်မရင်းနှီးဘူးလေ။ အဲဒါနဲ့ လစ်ဇ်က သူ့ကို စိတ်ရှည်လက်ရှည် သင်ပေးခဲ့တယ်။ အချိန်နည်းနည်းကြာတော့၊ အခြေခံအလုပ်တွေကို ဘယ်လိုလုပ်ရမလဲဆိုတာ ရော်ဂျာ သိသွားတယ်။ လစ်ဇ်ကလည်း သူ့အတွက် အလုပ်တချို့ စီစဉ်ပေးခဲ့တယ်။ သုံးလေးရက် ကြာသွားတယ်။ ရော်ဂျာရဲ့ အလုပ်ကို လစ်ဇ် စစ်ဆေးကြည့်တဲ့အခါ၊ စာအုပ်တွေကို သိမ်းဆည်းစောင့်ရှောက်တဲ့ လူတချို့က မသင့်တော်ဘဲ ရွေးချယ်ခံထားရတာကိုရော၊ လူသစ်တချို့ဆီကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် စာအုပ်တွေ အချိန်မီ မဝေပေးရသေးတာကိုပါ သူ တွေ့လိုက်ရတယ်။ ဒီအခြေအနေနှစ်ခုလုံးကို ရော်ဂျာက နားမလည်ဘူး။ အဲဒါကို သိလိုက်ရတဲ့အခါ လစ်ဇ်ရဲ့ လေသံက တင်းမာသွားပြီး ဒီအလုပ်တွေကို ဘာလို့ မလုပ်ရတာလဲလို့ ရော်ဂျာကို မေးလိုက်တယ်။ ရော်ဂျာက “ကျွန်တော် တကယ် တောင်းပန်ပါတယ်။ အခုတလော အလုပ်မှာ အရမ်းရှုပ်နေတော့ ဒါတွေကို သွားမစစ်ဆေးဖြစ်ဘူး။ တချို့ကိစ္စတွေကိုတော့ ကျွန်တော် နောက်ဆက်တွဲလုပ်ခဲ့ပါတယ်...” လို့ ပြောတယ်။ ရော်ဂျာက အကြောင်းပြချက် အမျိုးစုံ ပေးနေခဲ့တာပေါ့။ လစ်ဇ်က သူ့စိတ်ထဲမှာ ဒေါသတွေ ထွက်လာတာကို ခံစားရပြီး တာဝန်ထမ်းဆောင်တဲ့နေရာမှာ ကိုယ့်သဘောထားကိုယ်ပြန်ဆင်ခြင်သုံးသပ်လာအောင်လို့ ရော်ဂျာရဲ့ ပြဿနာတွေကို ထောက်ပြချင်ခဲ့တယ်။ ဒါပေမဲ့ စကားတွေ လျှာဖျားရောက်မှ သူ ပြန်မျိုသိပ်လိုက်ပြီး သူ တွေးမိတယ်၊ “ရော်ဂျာကို ငါ ပြုပြင်လိုက်ရင်၊ ငါ အရမ်းကြမ်းတမ်းတယ်လို့ သူ ထင်သွားမလား။ သူနဲ့ အလုပ်စလုပ်ခါစမှာ ငါ့ကိုသူမကောင်းမြင်သွားအောင်လုပ်မိရင် ငါက ပေါင်းသင်းရခက်တဲ့သူလို့ သူ ထင်သွားမလား” ပေါ့။ ဒါနဲ့ လစ်ဇ်က သူပြောမယ့် ပုံစံကို ပြောင်းလိုက်ပြီး လည်ချောင်းရှင်းလိုက်တယ်၊ ပြီးတော့ အစက တင်းမာနေတဲ့ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်တယ်။ ညင်သာတဲ့ လေသံနဲ့ ရော်ဂျာကို သူက ပြောတယ်၊ “အစ်ကို၊ အထွေထွေအလုပ်က အရမ်းအရေးကြီးတယ်။ အဲဒါသာ နှောင့်နှေးသွားရင် အသင်းတော်ရဲ့ အလုပ်ကို ထိခိုက်လိမ့်မယ်။ အစ်ကို နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အစ်ကို အလုပ်များနေတာ၊ အစ်ကို့ရဲ့ အခက်အခဲတွေကို ကျွန်မ နားလည်ပေးနိုင်ပါတယ်။ အစ်ကို့ကို ပေးထားတဲ့ အလုပ်တွေကို အကောင်းဆုံး လုပ်နိုင်ဖို့ ကျွန်မ မျှော်လင့်ပါတယ်။ အစ်ကို အလုပ်များနေရင် ကျွန်မကို ပြောလို့ရပါတယ်၊ ကျွန်မ လုပ်ပေးလို့ ရပါတယ်” တဲ့။ ရော်ဂျာက အပြစ်ရှိသလိုပုံစံနဲ့ “အစ်မ၊ ကျွန်တော် တောင်းပန်ပါတယ်။ ဒါ ကျွန်တော့် ပြဿနာပါ။ ကျွန်တော် ပြင်ပါ့မယ်” လို့ ပြောတယ်။ ရော်ဂျာ့စကားတွေကို ကြားတော့ လစ်ဇ်က နည်းနည်း စိတ်သက်သာရာရသွားတယ်။ သူ့ဘာသာသူ တွေးလိုက်တယ်၊ “ညင်သာတဲ့ လေသံက ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ပုံပဲ။ ဒီလို ပြောဆိုတဲ့ပုံစံက သူ့ကို မျက်နှာမပျက်စေရုံတင်မကဘူး၊ ငါက ပေါင်းသင်းရလွယ်တဲ့သူလို့လည်း သူ့ကို ခံစားရစေတယ်။ ဒါ ကောင်းတယ်မဟုတ်လား” ပေါ့။ ရက်ပိုင်းလောက်နေတော့၊ တာဝန်တွေအပေါ် ရော်ဂျာရဲ့ သဘောထားက တော်တော်လေး ပေါ့ဆနေတုန်းပဲဆိုတာနဲ့ အလုပ်တွေကို သူ တကယ် သေသေချာချာ နောက်ဆက်တွဲမလိုက်ဘူးဆိုတာကို လစ်ဇ် သိလိုက်ရတယ်။ ရော်ဂျာကို သူ ပြုပြင်ချင်ခဲ့ပေမဲ့၊ နောက်တော့ သူ တွေးလိုက်တယ်၊ “လွန်ခဲ့တဲ့ ရက်ပိုင်းကမှ သူ့ပြဿနာတွေကို ငါ ထောက်ပြခဲ့တာ။ သူ့ဆီသွားပြီး ငါ ထပ်မိတ်သဟာယပြုရင်၊ ငါက စိတ်အနှောင့်အယှက်ပေးတဲ့သူလို့ သူ ထင်သွားမလား။ ဘာပဲဖြစ်ဖြစ်၊ တင်းမာမှုတွေ ပြေလျော့သွားဖို့ အချိန်တစ်ခုတော့ ငါတို့ လိုတယ်။ တကယ်လို့ တကယ်အဆင်မပြေရင်တော့ ဒီအလုပ်တွေကို ငါပဲ လုပ်လိုက်တော့မယ်” ပေါ့။ လစ်ဇ်က ရော်ဂျာ့ဆီ မသွားတော့ဘဲ အဲဒီအလုပ်တွေကို ကိုယ်တိုင် ဦးဆောင်ပြီး ယူလုပ်လိုက်တယ်။

အချိန်တွေ ကုန်လွန်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာတင် တစ်လ ကြာသွားခဲ့ပြီလေ။ တစ်နေ့တော့၊ လစ်ဇ်က အစ်မ လူနာကို မေးလိုက်တယ်၊ “ရော်ဂျာက အခုတလော အလုပ်လုပ်တာ အရမ်းနှေးကွေးနေတယ်။ သူ အခက်အခဲ တစ်ခုခု ကြုံနေရတာများ သိလား” ပေါ့။ လူနာက စိတ်ပျက်လက်ပျက်ပုံစံနဲ့ “သူ့တာဝန်အပေါ်ထားတဲ့ သဘောထားနဲ့ပတ်သက်ပြီး ရော်ဂျာနဲ့ ကျွန်မ မိတ်သဟာယပြုပြီးပြီ၊ ဒါပေမဲ့ သူက အလုပ်များတယ်၊ အချိန်မရှိဘူးလို့ပဲ အမြဲပြောနေတယ်” လို့ ပြန်ဖြေတယ်။ ဒီသတင်းကို ကြားတော့ လစ်ဇ်ရဲ့ ရင်ထဲမှာ ဖော်ပြလို့မရတဲ့ ခံစားချက်တစ်ခု ဖြစ်သွားတယ်။ ဒီကိစ္စကနေ ဘာသင်ခန်းစာတွေ ယူသင့်လဲဆိုတာကို ရှာဖွေဖို့ ဘုရားသခင်ဆီ သူ တိတ်တဆိတ် ဆုတောင်းလိုက်တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို သူ ဖတ်ခဲ့ရတယ်။ “ဘာသာတရားမရှိသူများအားလုံးက စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့အားလုံးသည် လူ့အကြိုက်လိုက်သူများဖြစ်ပြီး မည်သူ့ကိုမျှ စိတ်ဆိုးအောင် မပြုလုပ်ကြပေ။ သင်သည် ဘုရားအိမ်တော်သို့ လာပြီးဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးဖြစ်ကာ ဘုရားအိမ်တော်၏ တရားဒေသနာများကို ကြားနာပြီးဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့် သမ္မာတရားကို မလိုက်စားနိုင်ဘဲ၊ စိတ်နှလုံးမှ စကားမပြောနိုင်ဘဲ ရိုးသားသူတစ်ဦးမဖြစ်နိုင်ဘဲ ရှိရသနည်း။ သင်သည် အဘယ်ကြောင့် အစဉ်သဖြင့် လူ့အကြိုက်လိုက်သူဖြစ်နေရသနည်း။ လူ့အကြိုက်လိုက်သူများသည် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ကာကွယ်သည်။ အသင်းတော်၏ အကျိုးစီးပွားကို မကာကွယ်ပေ။ တစ်ယောက်ယောက်က မကောင်းမှုပြုလုပ်ပြီး အသင်းတော်၏ အကျိုးစီးပွားအား ထိခိုက်နစ်နာစေသည်ကို ၎င်းတို့မြင်သောအခါ လျစ်လျူရှုကြသည်။ ၎င်းတို့သည် လူ့အကြိုက်လိုက်သူများ ဖြစ်လိုကြသည်။ ပြီးလျှင် မည်သူ့ကိုမျှ စိတ်ဆိုးအောင်မပြုပေ။ ဤသည်မှာ တာဝန်မသိတတ်ခြင်းဖြစ်သည်။ ဤသို့သော လူစားမျိုးသည် ဉာဏ်များလွန်းပြီး မယုံကြည်ထိုက်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်ထားတဲ့ အခြေအနေနဲ့ သူ့ကိုယ်သူ နှိုင်းယှဉ်ကြည့်တဲ့အခါ လစ်ဇ်က သူလည်း အဲဒီအတိုင်းပဲဆိုတာ နားလည်သွားတယ်။ တခြားလူတွေရဲ့ အမြင်မှာ လူကောင်းတစ်ယောက်ပုံပေါက်အောင်လို့ သူက အချိန်တိုင်းမှာ စာတန်ရဲ့ လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် အတွေးအခေါ်တွေကိုပဲ အားကိုးနေပြီး သူ့ရဲ့ လူမှုဆက်ဆံရေးတွေကို ကာကွယ်နေခဲ့တာလေ။ ရော်ဂျာ အလုပ်တွေ နှောင့်နှေးနေတာကို သူ မြင်ခဲ့ပြီး သူ့ပြဿနာတွေကို ထောက်ပြချင်ခဲ့တယ်၊ ဒါပေမဲ့ ရော်ဂျာက သူ့အပေါ် မကောင်းမြင်သွားမှာကိုရယ်၊ ရော်ဂျာ့စိတ်နှလုံးထဲမှာ သူ့ကို ဆိုးဆိုးညံ့ညံ့ အကဲဖြတ်မှာကို ကြောက်နေလို့ ဒီပြဿနာတွေကို မထောက်ပြခဲ့ဘူး၊ မကူညီခဲ့ဘူး။ ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ သူက အသင်းတော်ရဲ့ အလုပ်ကို ကာကွယ်သင့်ပေမဲ့ နောက်ဆုံးမှာတော့ ရော်ဂျာ့စိတ်ထဲက သူ့ရဲ့ ပုံရိပ်ကောင်းကိုပဲ သူ ကာကွယ်ခဲ့ပြီး သူ ကောင်းကောင်း ဖြည့်ဆည်းသင့်တဲ့ တာဝန်တွေကို မဖြည့်ဆည်းခဲ့ဘူးလေ။ သူ့မှာ တရားမျှတစိတ် တစ်စက်မှ မရှိခဲ့ဘူး။ လစ်ဇ်က ဘုရားသခင် ပြောခဲ့တဲ့စကားတွေကို သူ့စိတ်ထဲမှာ အခေါက်ခေါက်အခါခါ တွေးဆမိတယ်၊ “ဤသို့သော လူစားမျိုးသည် ဉာဏ်များလွန်းပြီး မယုံကြည်ထိုက်ပေ။” ဝမ်းနည်းမှုက သူ့စိတ်နှလုံးကို ထိုးဖောက်သွားသလို ခံစားလိုက်ရတယ်။ အစတည်းက သူလုပ်ခဲ့သမျှ၊ သူ့လုပ်ရပ်အားလုံးက ဘုရားသခင်ရဲ့ အမြင်မှာ စက်ဆုပ်ရွံရှာစရာ ဖြစ်နေခဲ့တာပဲ။ ဒါနဲ့ လစ်ဇ်က သူ့ကိုယ်သူ စပြီး ဆင်ခြင်သုံးသပ်မိတယ်။ တခြားလူတွေရဲ့ စိတ်နှလုံးထဲက သူ့ရဲ့ ပုံရိပ်ကောင်းကို သူ ဘာလို့ အလိုလို ကာကွယ်နေမိတာလဲ။ ဘယ်လိုအတွေးတွေက ဒါကို ထိန်းချုပ်ထားတာလဲ ပေါ့။

ဆင်ခြင်သုံးသပ်နေတုန်းမှာ၊ လစ်ဇ်က ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်လိုက်ရတယ်။ “မိသားစုသည် လူတို့အား ဆိုရိုးစကားတစ်ခု၊ သို့မဟုတ် နှစ်ခုဖြင့်သာ ပုံစံသွင်းခြင်းမဟုတ်ဘဲ လူသိများသော ကိုးကားချက်များနှင့် ဆောင်ပုဒ်များ အများအပြားတို့ဖြင့် ပုံစံသွင်းခြင်းဖြစ်သည်။ ဥပမာ သင်၏ မိသားစုရှိ လူကြီးသူမများနှင့် မိဘများသည် ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ ဟူသည့် ဆိုရိုးစကားကို မကြာခဏ ပြောဆိုသလော။ (ပြောဆိုပါသည်။) ၎င်းတို့က သင့်ကို ပြောနေကြသည်၊ ‘လူတို့သည် မိမိတို့၏ ဂုဏ်သတင်းအတွက် အသက်ရှင်ရမည်။ လူတို့သည် မိမိတို့၏ တစ်သက်တာတွင် နာမည်ကောင်းတစ်ခု တည်ဆောက်ရန်နှင့် အခြားသူများ၏ စိတ်ထဲတွင် အကောင်းမြင်သွားစေရန်မှလွဲ၍ အခြား မည်သည့်အရာကိုမျှ မရှာဖွေသင့်ပေ။ သင် မည်သူနှင့် စကားပြောသည်ဖြစ်စေ ၎င်းတို့ကို နားထောင်ကောင်းသော စကားများ ပြောဆိုလော့၊ မြှောက်ပင့်သော စကားများနှင့် ကြင်နာသော စကားများကိုသာ ပြောဆိုပြီး ၎င်းတို့ကို စိတ်အနှောင့်အယှက်မဖြစ်စေနှင့်။ ထိုအစား ကောင်းသောအရာများနှင့် ကြင်နာသော လုပ်ရပ်များကို ပို၍ လုပ်ဆောင်လော့’ ဟူ၍ ဖြစ်သည်။ မိသားစုက သက်ရောက်စေသော ဤသီးခြား ပုံစံသွင်းခြင်း၏ အကျိုးသက်ရောက်မှုသည် လူတို့၏ အပြုအမူ သို့မဟုတ် ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများအပေါ် သက်ရောက်မှု တစ်စုံတစ်ရာ ရှိပြီး ၎င်းတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အလွန် အလေးထားသည်ဟူသော ရှောင်လွှဲ၍မရသည့် အကျိုးဆက် ရှိလေသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ဂုဏ်သတင်း၊ ကျော်ကြားမှု၊ လူတို့၏ စိတ်ထဲတွင် ၎င်းတို့ ဖန်တီးသည့် အထင်အမြင်နှင့် ၎င်းတို့ လုပ်ဆောင်သမျှ အရာအားလုံးအပြင် ၎င်းတို့ ဖော်ပြသည့် ထင်မြင်ချက်တိုင်းအပေါ် အခြားသူများ၏ အကဲဖြတ်မှုတို့ကို အလွန် အလေးထားကြသည်။ လူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို အလွန် အလေးထားကြသည်၊ သို့ဖြစ်၍ ရိုးရာယဉ်ကျေးမှုတွင် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ထိုလူသိများသော ဆိုရိုးစကားများနှင့် စည်းမျဉ်းများ၏ စကားလုံးများသည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် လွှမ်းမိုးသော နေရာတစ်ခုကို ရယူထားပြီး ယင်းတို့ကို လုံးလုံးလျားလျားပင် နေရာယူထားလေသည်။ အမှုမဲ့အမှတ်မဲ့ဆိုသလိုပင် ၎င်းတို့သည် သမ္မာတရား၊ စည်းမျဉ်းများနှင့်အညီ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေခြင်း ရှိမရှိဟူသည်ကို အရေးမကြီးဟု မြင်လာကြပြီး ၎င်းတို့သည် ထိုသို့သော စဉ်းစားဆင်ခြင်မှုများကို လုံးဝပင် စွန့်လွှတ်ကောင်း စွန့်လွှတ်နိုင်လေသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ ကဲ့သို့သော ရိုးရာယဉ်ကျေးမှု၏ ထိုစာတန်ဆန်သော အတွေးအခေါ်များနှင့် လူသိများသော ဆိုရိုးစကားများသည် အထူးသဖြင့် အရေးကြီးလာလေသည်။...‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ ဟူသည့် ဆိုရိုးစကားသည် သင့်စိတ်နှလုံးတွင် နက်နဲစွာ အမြစ်တွယ်နေပြီး သင်၏ ဆောင်ပုဒ်ဖြစ်လာသည်။ သင်သည် ငယ်ရွယ်စဉ်ကတည်းက ဤဆိုရိုးစကား၏ လွှမ်းမိုးခြင်း၊ ပုံစံသွင်းခြင်းကို ခံခဲ့ရသည်။ ကြီးပြင်းလာပြီးနောက်တွင်ပင် သင်သည် သင့်မိသားစု၏ နောက်မျိုးဆက်နှင့် သင့်အနီးရှိလူတို့ကို လွှမ်းမိုးရန်အတွက် ဤဆိုရိုးစကားကို မကြာခဏ ထပ်ခါထပ်ခါ ဆက်လက်၍ ပြောဆိုသည်။ ပို၍ပင် ဆိုးသည်မှာ သင်သည် ယင်းကို ပြုမူနေထိုင်ခြင်း၊ အမှုအရာများအား ကိုင်တွယ်ဖြေရှင်းခြင်းအတွက် သင်၏ နည်းလမ်းနှင့် စည်းမျဉ်းအဖြစ် ခံယူပြီး ဘဝတွင် သင်လိုက်စားသည့် ပန်းတိုင်နှင့် ဦးတည်ချက်အဖြစ်ဖြင့်ပင် ခံယူခြင်းဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ သင်၏ ပန်းတိုင်နှင့် ဦးတည်ချက်သည် မှားယွင်းသည်။ ထို့ကြောင့် နောက်ဆုံးရလဒ်မှာ အပျက်သဘောဆောင်ဖို့ သေချာသည်။ အဘယ်ကြောင့်ဆိုသော် သင်လုပ်ဆောင်သမျှတိုင်း၏ အနှစ်သာရမှာ သင်၏ ဂုဏ်သတင်းအတွက်သက်သက်ဖြစ်သောကြောင့်လည်းကောင်း၊ ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ဟူသည့် ဆိုရိုးစကားကို လက်တွေ့လုပ်ဆောင်ရန်အတွက် သက်သက်ဖြစ်သောကြောင့်လည်းကောင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို လိုက်စားနေခြင်းမရှိပေ။ သို့တိုင်အောင် ယင်းကို သင်ကိုယ်တိုင်မသိပေ။ ဤဆိုရိုးစကားသည် လုံးဝ မှားယွင်းခြင်းမရှိဟု သင်ထင်သည်။ လူတို့သည် အဘယ်ကြောင့်များ ၎င်းတို့၏ ဂုဏ်သတင်းအတွက် အသက်မရှင်သင့်သနည်း။ ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ဟူသည့် လူသိများသည့် ဆိုရိုးစကားကဲ့သို့ဖြစ်သည်။ ဤဆိုရိုးစကားသည် အလွန်အပြုသဘောဆောင်ပြီး သဘာဝကျသည့်ပုံစံရှိသည်။ ထို့ကြောင့် သင်သည် သတိမမူမိဘဲ ယင်း၏ ပုံစံသွင်းသည့် သက်ရောက်မှုကို လက်ခံပြီး အပြုသဘောဆောင်သောအရာအဖြစ် မှတ်ယူလိုက်သည်။ ဤဆိုရိုးစကားကို အပြုသဘောဆောင်သောအရာအဖြစ် သင် မှတ်ယူလိုက်သည်နှင့် သင်သည် အမှုမဲ့အမှတ်မဲ့ဖြင့် ယင်းကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် သင်သည် ယင်းကို သမ္မာတရားအဖြစ်၊ သမ္မာတရား၏ စံသတ်မှတ်ချက်အဖြစ် အမှုမဲ့အမှတ်မဲ့ဖြင့်၊ စိတ်ရှုပ်ထွေးစွာဖြင့် အဓိပ္ပာယ်ကောက်လွဲသည်။ သင်သည် ယင်းကို သမ္မာတရား၏ စံသတ်မှတ်ချက်အဖြစ် မှတ်ယူသောအခါ ဘုရားသခင်ပြောသည့်အရာကို သင် နားမထောင်တော့သကဲ့သို့ နားလည်နိုင်ခြင်းလည်းမရှိပေ။ သင်သည် ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ဟူသည့် ဤဆောင်ပုဒ်ကို မစဉ်းမစားဖြင့် လက်တွေ့လုပ်ဆောင်ကာ ယင်းနှင့်အညီ ပြုမူဆောင်ရွက်သည်။ အဆုံး၌ ယင်းမှ သင်ရရှိသည့်အရာမှာ ကောင်းသော ဂုဏ်သတင်းဖြစ်သည်။ သင် ရရှိလိုသောအရာကို သင်ရရှိပြီးဖြစ်သော်လည်း ဤသို့ လုပ်ဆောင်ရာတွင် သင်သည် သမ္မာတရားကို ချိုးဖောက်ပြီး စွန့်ပစ်ခဲ့သည်။ ကယ်တင်ခြင်းခံရရန် အခွင့်အရေးကို ဆုံးရှုံးခဲ့သည်။ ဤသည်မှာ နောက်ဆုံးရလဒ်ဖြစ်သည်ကို ကြည့်လျှင် သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် ‘ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏’ဟူသည့် အယူအဆကို လက်လွှတ်ပြီး စွန့်ပစ်သင့်သည်။ ယင်းသည် သင် ကိုင်စွဲထားသင့်သည့် အရာတစ်ခုမဟုတ်သကဲ့သို့ လက်တွေ့လုပ်ဆောင်ရန်အတွက် အားထုတ်မှုနှင့် စွမ်းအင်ကို တစ်သက်လုံး အသုံးချသင့်သည့် ဆိုရိုးစကား၊ သို့မဟုတ် အယူအဆမဟုတ်ပေ။ သင် စွဲမှတ်အောင် သွန်သင်ခြင်းခံရပြီး ပုံစံသွင်းခြင်းခံရသည့် ဤအယူအဆနှင့် အမြင်သည် မှားယွင်းသည်။ ထို့ကြောင့် သင်သည် ယင်းကို လက်လွှတ်သင့်သည်။ ယင်းကို သင် လက်လွှတ်သင့်သည့် အကြောင်းရင်းမှာ ယင်းသည် သမ္မာတရားမဟုတ်ခြင်းကြောင့်သာမဟုတ်ဘဲ ယင်းသည် သင့်အား လမ်းလွဲစေပြီး အဆုံး၌ ပျက်စီးခြင်းသို့ ပို့ဆောင်မည်ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အကျိုးဆက်များသည် အလွန်ဆိုးရွားသည်။ သင့်အတွက် ယင်းမှာ ရိုးရှင်းသော ဆိုရိုးစကားတစ်ခု သက်သက်မဟုတ်ဘဲ ကင်ဆာတစ်ခုဖြစ်သည်။ လူတို့ကို ဖျက်ဆီးသည့် နည်းစနစ်၊ နည်းလမ်းတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်တွင်၊ လူတို့အတွက် သူ၏ သတ်မှတ်ချက်များအားလုံးထဲတွင် ဘုရားသခင်သည် လူတို့အား ကောင်းသောဂုဏ်သတင်းကို လိုက်စားရန်၊ သို့မဟုတ် သိက္ခာကို ရှာဖွေရန်၊ သို့မဟုတ် လူတို့ကို ထင်မြင်ချက်အကောင်းဖြစ်အောင် လုပ်ရန်၊ သို့မဟုတ် လူတို့၏ လက်ခံမှုကို ရယူရန်၊ သို့မဟုတ် လူတို့ထံမှ နှစ်လိုဖွယ် အသိအမှတ်ပြုခြင်းကို ရယူရန် မည်သည့်အခါမျှ မစေခိုင်းသကဲ့သို့ လူတို့အား ကျော်ကြားမှုအတွက် အသက်ရှင်ရန်၊ သို့မဟုတ် ဂုဏ်သတင်းကောင်းကို ချန်ထားရစ်ခဲ့ရန် လုံးဝ မလုပ်ဆောင်ခဲ့ဖူးပေ။ ဘုရားသခင်သည် လူတို့အား မိမိတို့တာဝန်ကိုသာ ကောင်းစွာ ထမ်းဆောင်စေလိုသည်။ ပြီးလျှင် သူ့ကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း ကျိုးနွံနာခံစေသည်။ ထို့ကြောင့် သင်နှင့်ပတ်သက်လျှင် ဤဆိုရိုးစကားသည် သင် လက်လွှတ်သင့်သည့် သင့်မိသားစုထံမှ ပုံစံသွင်းသည့် အမျိုးအစားတစ်ခုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ချက်ကို ဖတ်ပြီးတဲ့နောက် လစ်ဇ် နားလည်သွားတယ်။ စာတန်က မိသားစုရဲ့ ပညာပေးမှုနဲ့ လေ့ကျင့်ပုံသွင်းမှု အကျိုးသက်ရောက်မှုတွေကို အသုံးပြုပြီး လူတွေရဲ့ နုနယ်တဲ့ စိတ်နှလုံးထဲကို စာတန်ဆန်တဲ့ ဥပဒေသအမျိုးမျိုး သွတ်သွင်းပေးတယ်ဆိုတာကိုပေါ့။ ဥပမာ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” တို့၊ “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” တို့လိုမျိုးပေါ့။ ဒီစာတန်ဆန်တဲ့ အဆိပ်အတောက်တွေက လူတွေရဲ့ သွေးသားနဲ့ အရိုးထဲအထိ စိမ့်ဝင်သွားပြီး လူတွေရဲ့ သဘာဝစစ်စစ် ဖြစ်လာတယ်။ လူတွေက ဒီအရာတွေအတိုင်း အသက်ရှင်နေထိုင်မိပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူတို့ရဲ့ အသက်သွေးကြောလို သဘောထားကြတယ်။ ငယ်ငယ်ကတည်းက တခြားလူတွေရဲ့ စိတ်ထဲမှာရှိတဲ့ သူ့ပုံရိပ်ကို သူ အမြဲ ဂရုစိုက်ခဲ့တာကို လစ်ဇ် ဆင်ခြင်သုံးသပ်မိတယ်။ မိဘတွေနဲ့ ပတ်ဝန်းကျင်က လူတွေဆီကနေ ချီးမွမ်းခံရဖို့အတွက် သူက တခြားကလေးတွေတိုင်းထက် ပိုပြီး လိမ္မာရေးခြားရှိအောင် နေခဲ့တယ်၊ မိဘတွေကိုလည်း အိမ်မှုကိစ္စတွေ ခဏခဏ ကူလုပ်ပေးခဲ့တယ်။ အိမ်နီးချင်းတွေရဲ့ အလုပ်တွေကိုတောင် သူ လုပ်ပေးခဲ့သေးတယ်။ သူငယ်ချင်းတွေနဲ့ ကစားတဲ့အခါ တစ်ခါမှ ရန်မဖြစ်ဘူး၊ ဒါကြောင့် မိဘတွေနဲ့ ရွာကလူတွေအားလုံးက သူ့ကို သိတတ်တဲ့ ကလေးလေးဆိုပြီး ချီးမွမ်းကြတယ်။ အလုပ်ပြီးလို့၊ လုပ်ဖော်ကိုင်ဖက်တွေက အကူအညီတောင်းရင် လစ်ဇ်က အမြဲတမ်း ဟုတ်ကဲ့လို့ပဲ ဖြေခဲ့တယ်။ တစ်ခါတလေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပွတ်တိုက်မှုတွေ ရှိလာတဲ့အခါ၊ သူ ဘယ်လောက်ပဲ စိတ်မချမ်းမသာဖြစ်နေပါစေ ဒေါသပေါက်ကွဲတာမျိုး မလုပ်ဘဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရှိတဲ့ သဟဇာတဖြစ်တဲ့ ဆက်ဆံရေးကို အမြဲတမ်း ကာကွယ်ခဲ့တယ်။ အသင်းတော်ထဲ ရောက်လာပြီးတဲ့နောက်မှာလည်း၊ ညီအစ်ကို မောင်နှမတွေရဲ့ စိတ်ထဲက သူ့ပုံရိပ်ကို လစ်ဇ်က အများကြီး အလေးထားနေတုန်းပဲ။ တချို့လူတွေက သူတို့တာဝန်ကို စည်းမျဉ်းတွေနဲ့အညီ မထမ်းဆောင်တာ၊ ဒါမှမဟုတ် ဝတ်ကျေတမ်းကျေ လုပ်နေတာကို သူ မြင်တဲ့အခါ၊ အဲဒါကို ထောက်ပြပြီး သူတို့ကို ပြုပြင်ချင်စိတ် ရှင်းရှင်းလင်းလင်း ရှိနေပေမဲ့လည်း၊ သူ့အပေါ် သူတို့ ထားလာနိုင်တဲ့ အမြင်ကို သူ စဉ်းစားပြီး သူတို့နဲ့ ဆက်ဆံရေးကို ကာကွယ်ဖို့အတွက် နားဝင်ချိုမယ့် စကားတွေနဲ့ပဲ သူတို့ကို တိုက်တွန်းအားပေးဖို့ ရွေးချယ်ခဲ့တယ်။ ရော်ဂျာနဲ့ သူ့ဆက်ဆံရေးကိုပဲ ဥပမာအနေနဲ့ ကြည့်လိုက်ပေါ့။ ဇာတိပကတိရဲ့ ငြိတွယ်မှုတွေထဲမှာ ရော်ဂျာ အသက်ရှင်နေပြီး သူ့တာဝန်ကို ပေါ့ဆတဲ့ သဘောထားနဲ့ ဆက်ဆံရင်း အလုပ်ကို နှောင့်နှေးစေတာကို လစ်ဇ် မြင်တဲ့အခါ၊ သူ့ပြဿနာတွေကို ထောက်ပြပြီး တာဝန်အပေါ် ဒီလိုသဘောထားတဲ့ သဘာဝနဲ့ အကျိုးဆက်တွေအကြောင်း ရော်ဂျာနဲ့ မိတ်သဟာယပြုသင့်တာလေ။ ဒါပေမဲ့၊ လစ်ဇ်က သူ့အပေါ် ရော်ဂျာ မကောင်းမြင်သွားမှာ၊ သူ့ကို ကိုယ်ချင်းစာတရား မရှိဘူးလို့ ပြောမှာကို ကြောက်နေတော့၊ နားဝင်ချိုတဲ့ စကားတွေနဲ့ သူ့ကို ညင်ညင်သာသာ တိုက်တွန်းအားပေးဖို့ ကြိုးစားခဲ့တယ်။ ရော်ဂျာ လုပ်ခဲ့သင့်တဲ့ အလုပ်တွေကိုတောင် ယူပြီး ကိုယ်တိုင် လုပ်ပေးခဲ့သေးတယ်။ ရော်ဂျာက သူ့ကိုယ်သူ တကယ်တမ်း ဆင်ခြင်သုံးသပ်တာ၊ နားလည်တာမျိုး မလုပ်ခဲ့တဲ့အတွက်၊ သူ့တာဝန်အပေါ် သူ့သဘောထားက မပြောင်းလဲသွားဘူး။ ဒါက သူ့ရဲ့ အသက်ဝင်ရောက်မှုကို အဟန့်အတား ဖြစ်စေရုံတင်မကဘူး၊ အသင်းတော်ရဲ့ အလုပ်ကိုလည်း နှောင့်နှေးစေခဲ့တယ်။ ဒီအချက်ကို နားလည်သွားတဲ့အခါ၊ လစ်ဇ်က သူ့ကိုယ်သူ တော်တော်လေး ယုတ်ညံ့ပြီး ကောက်ကျစ်ဆိုးယုတ်တယ်လို့ ခံစားလိုက်ရတယ်။ ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ သူက အသင်းတော်ရဲ့ အလုပ်ကို ကာကွယ်ပြီး ညီအစ်ကို မောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအတွက် ဝန်တာကို ထမ်းရွက်သင့်တာလေ။ အဲဒီအစား သူ လုပ်ခဲ့သမျှက သူ့သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ခဲ့တာချည်းပဲ။ ဒါကို သူ မပြင်ဘူးဆိုရင်၊ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာတာ၊ ဖယ်ရှားရှင်းလင်းတာကို သူ ခံရမှာပဲ။

တစ်နေ့ ဝတ်ပြုတဲ့အချိန်မှာ၊ သူဖတ်လိုက်ရတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်က သူ့ကို တကယ် တို့ထိသွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ကောင်းမွန်သော လူ့သဘာဝ ရှိခြင်းအတွက် စံနှုန်းရှိရမည်။ ယင်းသည် အလယ်အလတ်လမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ အခြေခံသဘောတရားများကို မလိုက်နာခြင်း၊ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်မှု၊ သင် သွားသည့် နေရာတိုင်းတွင် မျက်နှာလို မျက်နှာရ လုပ်ခြင်း၊ သင် တွေ့ဆုံသည့် လူတိုင်းကို ပြေပြစ်စွာ ဆက်ဆံခြင်းနှင့် လူတိုင်းကို သင့်အား အကောင်းပြောစေခြင်းတို့ မပါဝင်ပေ။ ဤသည်မှာ စံနှုန်းမဟုတ်။ ထိုသို့ဆိုလျှင် မည်သည်မှာ စံနှုန်းဖြစ်သနည်း။ ဘုရားသခင်နှင့် သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း ဖြစ်သည်။ ယင်းမှာ မိမိတို့၏ တာဝန်နှင့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် မည်သို့ချဉ်းကပ်သည်နှင့် စပ်လျဉ်းရာတွင် စည်းမျဉ်းရှိခြင်းနှင့် တာဝန်ယူခြင်းတို့ဖြစ်သည်။ ဤသည်မှာ အားလုံးမြင်နိုင်လောက်အောင် ရိုးရှင်းပေသည်။ လူတိုင်းက မိမိတို့၏စိတ်နှလုံးထဲတွင် ဤအရာနှင့်ပတ်သက်၍ ရှင်းလင်းကြသည်။ ထို့အပြင် ဘုရားသခင်က လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးများကို စိစစ်ပြီး ၎င်းတို့၏ အမှန်တကယ်ဖြစ်သော အခြေအနေကို သိသည်။ ၎င်းတို့ မည်သူဖြစ်ပါစေ၊ မည်သူမျှ ဘုရားသခင်ကို မလှည့်စားနိုင်ပေ။ အချို့သောသူတို့သည် မိမိတို့၌ လူ့သဘာဝကောင်းရှိသည်ဟု အစဉ် ကြွားဝါတတ်ကြ၏။ သူတို့သည် သူတစ်ပါးအပေါ် မကောင်းပြောခြင်း၊ သူတစ်ပါး၏ အကျိုးစီးပွားကို ထိခိုက်စေခြင်းနှင့် သူတစ်ပါး၏ ပစ္စည်းကို တပ်မက်ခြင်းတို့ကို မည်သည့်အခါမျှ မပြုလုပ်ဘဲ အကျိုးစီးပွားနှင့်ပတ်သက်၍ အငြင်းပွားမှုရှိသောအခါ၌ပင် သူတစ်ပါးထံမှ အမြတ်ထုတ်မည့်အစား အရှုံးခံလိုက်သည်ကို ပို၍နှစ်သက်ကြ၏။ အခြားသူအားလုံးကလည်း သူတို့ကို လူကောင်းများဟု ထင်မှတ်ကြ၏။ သို့သော်လည်း ဘုရားသခင်၏ အိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ၌မူ သူတို့သည် မိမိတို့အတွက်သာ အစဉ် ကြံစည်လျက် ကလိမ်ကကျစ်ကျ၍ လည်ကြ၏၊ ဘုရားသခင်၏ အိမ်တော်၏ အကျိုးစီးပွားကို အလေးထားခြင်း တစ်စက်မျှမရှိသကဲ့သို့ ဘုရားသခင်၏ အရေးတကြီးဖြစ်မှုကို ဝေမျှခံစားခြင်းနှင့် ဘုရားသခင် တွေးတောသည့်အရာကို တွေးတောခြင်းလည်း မရှိသည့်အပြင် မိမိတို့၏ တာဝန်များအတွက် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို ဘေးဖယ်ထားနိုင်ခြင်းလည်း မရှိပေ။ ၎င်းတို့၏ အကျိုးစီးပွားများကို ၎င်းတို့ လုံးဝ မစွန့်လွှတ်ကြချေ။ ဆိုးယုတ်သောလူများက မကောင်းမှု ကျူးလွန်နေကြသည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင်၊ ထိုသူတို့ကို မဖော်ထုတ်ကြချေ။ ၎င်းတို့သည် မည်သည့်စည်းမျဉ်းများ တစ်ခုတလေမျှ မရှိကြပေ။ ဤသည်မှာ မည်သည့် လူ့သဘာဝမျိုးဖြစ်သနည်း။ ကောင်းသောလူ့သဘာဝမဟုတ်ပေ။ ထိုသို့သောလူများ ပြောသည့်အရာကို အာရုံမစိုက်လေနှင့်။ သူအသက်ရှင် နေထိုင်သည့်အရာ၊ သူ ထုတ်ဖော်ပြသည့်အရာနှင့် သူ၏ တာဝန်များကို ဆောင်ရွက်ချိန်တွင် သူ၏သဘောထား မည်သည့်အရာ ဖြစ်သည် ဆိုသည့်အပြင် သူ၏ အတွင်းပိုင်းအခြေအနေ မည်သည့်အရာ ဖြစ်ပြီး သူ မည်သည့်အရာ ချစ်သည်ကို သင် မြင်ရမည်။ ၎င်းတို့၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ၎င်းတို့ချစ်ခြင်းသည် ဘုရားသခင်အပေါ် ၎င်းတို့သစ္စာရှိခြင်းထက် ပိုလွန်ပါက၊ ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ချစ်ခြင်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများထက် သာလွန်ပါက၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အကျိုးအမြတ်များကို ချစ်ခြင်းသည် ဘုရားသခင်ကို ၎င်းတို့ပြသည့် အရေးထားမှုထက် သာလွန်ပါက၊ ထိုသို့သောလူများသည် လူ့သဘာဝကို ပိုင်ဆိုင်ကြသလော။ ၎င်းတို့သည် လူ့သဘာဝရှိသည့်သူများ မဟုတ်ပေ။ သူတို့၏ အပြုအမူကို အခြားသူများနှင့် ဘုရားသခင်က မြင်နိုင်ပေသည်။ ထိုသို့သော လူတို့အတွက် သမ္မာတရားကို ရရှိဖို့ အလွန်ခက်ခဲပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ တကယ့်ကို ကောင်းမွန်တဲ့ လူ့သဘာဝဆိုတာ အပေါ်ယံ အပြုအမူ ကောင်းရုံလောက်ပဲ မဟုတ်သလို၊ တခြားသူတွေကနေ လူကောင်းတစ်ယောက်လို့ အသိအမှတ်ပြု ချီးမွမ်းခံရရုံလောက်ပဲ မဟုတ်ဘူးဆိုတာ လစ်ဇ် နားလည်သွားတယ်။ အဲဒီအစား၊ ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တညီတညွတ်တည်း ဖြစ်တာ၊ ဘုရားသခင်ကို ကျိုးနွံနာခံတာ၊ ကိုယ့်တာဝန်အပေါ် သစ္စာစောင့်သိတာ၊ အသင်းတော်ရဲ့ အလုပ်ကို ကာကွယ်နိုင်တာ ဖြစ်တယ်။ ပြီးတော့ ဆိုးယုတ်တဲ့လူတွေ မကောင်းမှု လုပ်နေတာကို မြင်ရင် ချက်ချင်း ဖော်ထုတ်ပြီး တားဆီးတာ၊ ညီအစ်ကို မောင်နှမတွေက စည်းမျဉ်းတွေကို ချိုးဖောက်ပြီး တစ်ခုခု လုပ်နေတာကို မြင်ရင်၊ ဒါမှမဟုတ် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအတိုင်း ပြုမူပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတာကို မြင်ရင်၊ သူတို့ စည်းမျဉ်းတွေနဲ့အညီ ပြုမူလာအောင် မေတ္တာနဲ့ မိတ်သဟာယပြု ကူညီပေးတာ၊ ဒါမှမဟုတ် သူတို့လုပ်ရပ်ရဲ့ သဘာဝက ကြီးလေးနေရင် သူတို့ကို ပြုပြင်တာတွေ လုပ်နိုင်တာမျိုး ဖြစ်တယ်။ ဒါမှသာ တကယ့်ကို ကောင်းမွန်တဲ့ လူ့သဘာဝ ရှိတာပဲ။ အရင်တုန်းကတော့၊ ကောင်းမွန်တဲ့ လူ့သဘာဝရှိတယ်ဆိုတာ ဒေါသမထွက်တာ၊ မငြင်းခုံတာ၊ ရန်မဖြစ်တာ၊ ပြီးတော့ တခြားလူတွေအပေါ် ကြင်နာပြီး ညင်သာတာလို့ လစ်ဇ်က အမြဲ ယုံကြည်ခဲ့တာလေ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ချက်ကတစ်ဆင့်၊ တကယ်တော့ ဒီလိုမျိုး “ကောင်းမွန်တဲ့ လူ့သဘာဝ” ရဲ့ နောက်ကွယ်မှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ပုန်းကွယ်နေတယ်ဆိုတာကို သူ နောက်ဆုံးမှာ နားလည်သွားတယ်၊ အဲဒါက သူတော်ကောင်းယောင်ဆောင်ပြီး လှည့်ဖြားတတ်တာပဲ။ လစ်ဇ်က သူ တကယ်ကို မိုက်မဲလွန်းခဲ့တယ်လို့ ခံစားလိုက်ရတယ်။ ရော်ဂျာ အလုပ်ကို နှောင့်နှေးစေတာကို သူ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပေမဲ့၊ သူ့ပြဿနာတွေကို ထောက်ပြတာ၊ မိတ်သဟာယပြုတာ၊ ကူညီတာမလုပ်ခဲ့တဲ့အပြင်၊ တကယ် ရင်ထဲမရှိတဲ့ တိုက်တွန်းအားပေးတဲ့ စကားတချို့ကိုတောင် ပြောခဲ့သေးတာကို လစ်ဇ် ပြန်ဆင်ခြင်သုံးသပ်မိတယ်။ တခြားလူတွေရဲ့ စိတ်ထဲမှာ သူ့ရဲ့ ပုံရိပ်ကောင်းကို ကာကွယ်ဖို့အတွက် ဒါတွေအားလုံးကို သူ လုပ်ခဲ့တာ။ သူက ကောင်းမွန်တဲ့ လူ့သဘာဝ လုံးဝမရှိခဲ့တဲ့ လူတစ်ယောက်ပဲဆိုတာ သူ မြင်သွားတယ်။ လစ်ဇ်က ဘုရားနှုတ်ကပတ်တော်တွေကနေ သူ့ပြဿနာတွေတချို့ နားလည်သဘောပေါက်သွားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်မှု ရသွားတယ်။ ဒီတစ်ခါတော့ ရော်ဂျာ့ကို အမြန်ရှာပြီး သူ့ပြဿနာတွေကို ထောက်ပြရမယ်။ ရော်ဂျာနဲ့ မိတ်သဟာယပြုပြီးတဲ့နောက်မှာ သူက လက်မခံဘူး၊ နောင်တမရဘူးဆိုရင်၊ အဲဒီအခါကျရင်တော့ စည်းမျဉ်းတွေအရ သူ့တာဝန်ကို အပြောင်းအလဲ လုပ်ပေးရမယ်လေ။

ရော်ဂျာက တစ်နေ့လုံး မိသားစုရဲ့ ငြိတွယ်မှုတွေထဲမှာ အသက်ရှင်နေရပြီး သူကိုယ်တိုင်လည်း အရမ်း ပင်ပန်းနေမှာပဲ ဆိုတာကို လစ်ဇ် ရုတ်တရက် တွေးမိတယ်။ ရော်ဂျာကို ပြုပြင်ပြီး ပြဿနာတွေကို ထောက်ပြရုံသက်သက်ဆိုရင်၊ သူ အပျက်သဘောဆောင်သွားမလား ပေါ့။ ဒါပေမဲ့၊ မထောက်ပြရင်လည်း ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဒီလိုတွေးမိတော့ လစ်ဇ် ဘယ်လို လက်တွေ့လုပ်ဆောင်ရမှန်း မသိတော့လို့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေထဲကနေ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို သူ ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို သူ ဖတ်လိုက်တယ်၊ “စစ်မှန်သော ညီအစ်ကိုမောင်နှမများကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဆက်ဆံရမည်။ ၎င်းတို့က ဘုရားသခင်ကို မည်သို့ယုံကြည်သည်ဖြစ်စေ၊ မည်သည့်လမ်းကြောင်းတွင် ရှိနေသည်ဖြစ်စေ မေတ္တာစိတ်ဖြင့် ၎င်းတို့ကို ကူညီသင့်သည်။ စွမ်းဆောင်ရရှိသင့်သည့် အနည်းဆုံးသော အကျိုးသက်ရောက်မှုမှာ အဘယ်နည်း။ ရှေးဦးစွာ ၎င်းတို့ကို လဲကျအောင်မပြုခြင်း ဖြစ်သည်။ ၎င်းတို့ကို အပျက်သဘောဆောင်ခွင့် မပေးခြင်းဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့ကို ကူညီခြင်းဖြစ်သည်။ မှားယွင်းသောလမ်းမှ ပြန်လှည့်ရန် ပြုလုပ်ခြင်းဖြစ်သည်။ တတိယအနေဖြင့် ၎င်းတို့ကို သမ္မာတရားကို နားလည်ပြီး မှန်ကန်သောလမ်းကို ရွေးချယ်အောင် ပြုလုပ်ခြင်းဖြစ်သည်။ ဤအကျိုးသက်ရောက်မှု သုံးမျိုးကို ၎င်းတို့ကို မေတ္တာစိတ်ဖြင့် ကူညီခြင်းအားဖြင့်သာ ရရှိနိုင်သည်။ သင့်တွင် စစ်မှန်သော ချစ်ခြင်းမရှိလျှင် ဤအကျိုးသက်ရောက်မှုသုံးမျိုးကို မရရှိနိုင်ပေ။ အများဆုံးအနေဖြင့် တစ်ခု၊ နှစ်ခုသာရရှိနိုင်သည်။ ဤအကျိုးသက်ရောက်မှုသုံးမျိုးသည် သူတစ်ပါးတို့ကို ကူညီရန်အတွက် စည်းမျဉ်းသုံးခုလည်းဖြစ်သည်။ ဤစည်းမျဉ်းသုံးခုကို သင်သိပြီး ကိုင်တွယ်နိုင်သည်။ သို့သော် ၎င်းတို့ကို အမှန်တကယ် မည်သို့လက်တွေ့လုပ်ဆောင်ရသနည်း။ သူတစ်ပါးတို့၏ အခက်အခဲကို သင် အမှန်တကယ် နားလည်သလော။ ဤသည်မှာ နောက်ပြဿနာတစ်ခုပင် မဟုတ်လော။ သင်သည် ‘သူတို့အခက်အခဲ၏ အရင်းအမြစ်က အဘယ်နည်း။ ကျွန်ုပ် သူတို့ကို ကူညီနိုင်စွမ်းရှိသလော။ အကယ်၍ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်နုနယ်ပြီး သူတို့၏ပြဿနာကို ကျွန်ုပ် မဖြေရှင်းနိုင်ဘဲ သတိလက်လွတ် စကားပြောမိလျှင် သူတို့ကို ကျွန်ုပ် လမ်းမှား ညွှန်ပြမိနိုင်သည်။ ထို့ထက်ပို၍ ဤလူ၏ သဘောပေါက်နားလည်နိုင်စွမ်းသည် အဘယ်သို့နည်း၊ ပြီးလျှင် သူတို့၏ အစွမ်းအစက အဘယ်နည်း။ သူတို့ ခေါင်းမာသလော။ ၎င်းတို့တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိကြသလော။ သူတို့ သမ္မာတရားကို လက်ခံနိုင်သလော။ သူတို့ သမ္မာတရားကို လေ့လာလိုက်စားသလော။ အကယ်၍ ကျွန်ုပ်သည် သူတို့ထက် ပို၍ စွမ်းဆောင်နိုင်သည်ကို သူတို့မြင်ပြီး သူတို့ကို ကျွန်ုပ် မိတ်သဟာယပြုလျှင် သူတို့ထဲ၌ မနာလိုမှု သို့မဟုတ် အပျက်သဘောဆောင်ခြင်း ပေါ်ပေါက်လာမည်လော’ ဟုလည်း စဉ်းစားရမည်။ ဤမေးခွန်းများအားလုံးကို စဉ်းစားသုံးသပ်ရမည်။ ဤမေးခွန်းများကို သင်စဉ်းစားပြီး ရှင်းလင်းမှုရှိပြီးနောက်တွင် ထိုသူဆီသွား၍ မိတ်သဟာယပြုလော့။ ထိုသူ၏ ပြဿနာနှင့်သက်ဆိုင်သော ဘုရားနှုတ်ကပတ်တော်အချို့ကို ဖတ်လော့။ ဘုရားနှုတ်ကပတ်တော်ထဲမှ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရန်လမ်းကြောင်းကို ရှာတွေ့နိုင်ရန် ၎င်းတို့ကို ထောက်ကူပေးလော့။ ထို့နောက်တွင် ပြဿနာက ပြေလည်သွားလိမ့်မည်။ ပြီးလျှင် ထိုသူသည် မိမိ၏ အခက်အခဲမှ လွတ်မြောက်လိမ့်မည်။...ပြဿနာကို အမှန်တကယ် ဖြေရှင်းရန် မလွယ်ကူပေ။ သမ္မာတရားကို သင် နားလည်ရမည်၊ ပြဿနာ၏ အနှစ်သာရကို သင် ရိပ်စားမိရမည်ဖြစ်ပြီး ထို့နောက်တွင် သမ္မာတရား စည်းမျဉ်းများနှင့်အညီ အခြားသူများနှင့် ရှင်းလင်းစွာ မိတ်သဟာယပြုကာ အခြားသူများ နားလည်နိုင်သည့် နည်းလမ်းတစ်ခုဖြင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို မိတ်သဟာယပြုနိုင်ရမည်ဖြစ်သည်။ ဤသို့ဖြင့် လူတို့သည် သမ္မာတရားကို နားလည်ကြလိမ့်မည်ဖြစ်ရုံမက ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် လမ်းကြောင်းတစ်ခုလည်း ရှိကြလိမ့်မည်။ ထို့နောက်တွင်မှ ပြဿနာ ပြေလည်သွားသည်ဟု ယူဆ၍ ရနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏) လူတွေကို ဘယ်လို ကူညီပေးရမလဲဆိုတဲ့ စည်းမျဉ်းတွေကို ဘုရားနှုတ်ကပတ်တော်တွေက အရမ်းကို ရှင်းလင်းအောင် ရှင်းပြထားတယ်။ လူတွေရဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့အညီ ပြုမူပြီး သူတို့ရဲ့ တကယ့် အခက်အခဲတွေကို လေ့လာရှာဖွေရမယ်ဆိုတာကို လစ်ဇ် နားလည်သွားတယ်။ ဒါမှသာ လူတွေကို မလဲကျစေဘဲ ကူညီပေးနိုင်မယ်၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်စေပြီး သူတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို နားလည်စေမယ်၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေထဲကနေ လက်တွေ့လုပ်ဆောင်ခြင်းနဲ့ ဝင်ရောက်မှု လမ်းကြောင်းတစ်ခုကို ရှာတွေ့စေနိုင်မှာ ဖြစ်တယ်။ နောက်ပြီး၊ မိတ်သဟာယပြုတဲ့ အချိန်မှာ လူတွေကို ရိုးရိုးသားသား ဆက်ဆံရမယ်၊ လူတွေအပေါ် ဝတ်ကျေတမ်းကျေ မလုပ်ရဘူး၊ တခြား ဘာရည်ရွယ်ချက်မျ မထားရဘူး။ ကိုယ့်ရင်ထဲမှာရှိတာနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နားဝင်ချိုတဲ့ စကားတွေကိုပဲ ပြောနေမယ်ဆိုရင်၊ ညင်ညင်သာသာ ပြောရင်တောင်မှ အဲဒါက သူတော်ကောင်းယောင်ဆောင်တာပဲ၊ တကယ်ကို မရိုးသားတာပဲလေ။ တစ်ဖက်မှာတော့၊ ကိုယ့်စကားတွေက စိတ်ရင်းမှန်ပြီး လူတွေကို ကူညီဖို့ ရည်ရွယ်တယ်ဆိုရင်၊ ကြမ်းကြမ်းတမ်းတမ်း ပြောမိရင်တောင်မှ၊ ဒါမှမဟုတ် သူတို့ကို ပြစ်တင်ဆုံးမမိရင်တောင်မှ အဲဒါက သင့်တော်နေတုန်းပဲ။ သမ္မာတရားအကြောင်း ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုပေးပြီး၊ တစ်ဖက်လူက သမ္မာတရားကို နားလည်ပေမဲ့ လက်တွေ့မလုပ်ဘူး၊ ဒါမှမဟုတ် ဘုရားအိမ်တော်ရဲ့ အလုပ်ကို လုံးဝ အလေးမထားဘူးဆိုရင်တော့ သူတို့ကို ပြုပြင်တာ လုပ်နိုင်တယ်၊ သဘာဝ ကြီးလေးတဲ့ အခြေအနေမျိုးဆိုရင် ဖြုတ်ချတာမျိုး လုပ်နိုင်တယ်။ ရော်ဂျာက လူသစ်ဖြစ်ပြီး ဘုရားသခင်ကို စစ်မှန်တဲ့ ယုံကြည်ခြင်း ရှိတယ်ဆိုတာကို လစ်ဇ် တွေးမိတယ်။ သူ့ဘဝမှာ တကယ့် အခက်အခဲတချို့ ရှိနေလို့သာ သူ အလုပ်သွားလုပ်နေရတာ၊ ပြီးတော့ အလုပ်နဲ့ တာဝန်ကြားမှာ ပဋိပက္ခဖြစ်လာတဲ့အခါ သူ ဘယ်လို လက်တွေ့လုပ်ဆောင်ရမှန်း မသိတာလေ။ သူ့အခြေအနေနဲ့ အခက်အခဲတွေကို ရည်ရွယ်ပြီး သူ့ကို မိတ်သဟာယပြု ကူညီပေးဖို့အတွက် ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာရမယ်၊ ဒီအခြေအနေမှာ အသက်ရှင်နေခြင်းရဲ့ အန္တရာယ်ရှိတဲ့ အကျိုးဆက်တွေကို ထောက်ပြရမယ်၊ ပြီးတော့ လူသားတွေကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်အကြောင်း၊ ဝိညာဉ်ရေးရာ တိုက်ပွဲတွေအကြောင်း၊ ဇာတိပကတိကို ပုန်ကန်ဖို့ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းအကြောင်း မိတ်သဟာယပြုပေးရမယ်။ ဒါတွေအကြောင်း ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုပြီးတဲ့နောက်မှာလည်း၊ရော်ဂျာက အခြေအနေကို မပြောင်းလဲသေးဘူးဆိုရင်တော့ သူ့ကို ပြုပြင်တာ ဒါမှမဟုတ် သတိပေးတာတွေ လုပ်လို့ရတယ်၊ ဒါတောင်မှ မပြောင်းလဲသေးဘူးဆိုရင်တော့ သူ့ကို ဖြုတ်ချရမှာပေါ့။ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းတစ်ခု ရသွားတော့၊ လစ်ဇ်ရဲ့ စိတ်နှလုံးက ရုတ်တရက် ပေါ့ပါးသွားတယ်။

နောက်နေ့မှာ လစ်ဇ်က ရော်ဂျာနဲ့ တွေ့တယ်။ သူက ပြောတယ်၊ “အစ်ကို ရော်ဂျာ၊ အရင်က ကျွန်မ သမ္မာတရားကို လက်တွေ့မလုပ်ခဲ့ဘူး။ အစ်ကိုက အလုပ်များတယ်၊ တာဝန်ထမ်းဆောင်ဖို့ အချိန်မရှိဘူးလို့ ခဏခဏ ပြောတာကို ကြားမိတော့၊ ကျွန်မက အစ်ကို့ ဇာတိပကတိဘက်က ရပ်တည်ပြီး အစ်ကို့ရဲ့ အားနည်းချက်ကို နားလည်မှုပေးခဲ့တယ်။ အပေါ်ယံကြည့်ရင်တော့၊ ကျွန်မက အစ်ကို့အပေါ် တစ်ခါမှ တင်းတင်းကျပ်ကျပ် မလုပ်ခဲ့ဘူး၊ အစ်ကို့ ပြဿနာတွေကိုလည်း မထောက်ပြခဲ့ဘူးပေါ့။ တကယ်တော့ အဲဒီလိုလုပ်တာက အစ်ကို့ကို ဒုက္ခပေးနေတာပဲ။ အခု အစ်ကိုနဲ့ အရေးကြီးတဲ့ ကိစ္စတစ်ခု ဆွေးနွေးချင်တယ်။ ဒါက ကျွန်မတို့ တာဝန်အပေါ်ထားတဲ့ သဘောထားနဲ့ ပတ်သက်တဲ့ ကိစ္စပါပဲ...” ပေါ့။ လစ်ဇ် မိတ်သဟာယပြုလို့ ပြီးသွားတဲ့အခါ၊ ရော်ဂျာက နောင်တရတဲ့ပုံစံနဲ့ “ဒါ အမှန်ပါပဲ။ ကျွန်တော်က ဇာတိပကတိထဲမှာပဲ အမြဲ အသက်ရှင်နေခဲ့ပြီး ဘုရားသခင်နဲ့ ကျွန်တော့် ဆက်ဆံရေးကလည်း အရမ်းကို ကင်းကွာနေခဲ့တယ်။ ကျွန်တော့် အခြေအနေ ဆိုးနေတုန်းကဆို တာဝန်ထမ်းဆောင်ရတာက ဝန်ထုပ်ဝန်ပိုးတစ်ခုလို့တောင် ခံစားခဲ့ရတယ်။ အခု ဒီမိတ်သဟာယကြောင့် ကျွန်တော့် အခြေအနေ ဘယ်လောက်တောင် ကြောက်စရာကောင်းနေခဲ့လဲဆိုတာကို နောက်ဆုံးတော့ ကျွန်တော် နားလည်သွားပြီ။ ဘုရားသခင် ကျေးဇူးတော်ပါပဲ။ အစ်မစကားတွေက ကျွန်တော့် ရင်ထဲကို စူးဝင်သွားပေမဲ့၊ ကျွန်တော့်အတွက် အရမ်း အကူအညီဖြစ်ပါတယ်။ အခုကစပြီး ကျွန်တော့် တာဝန်ကို ကောင်းကောင်းမွန်မွန် ထမ်းဆောင်ပါ့မယ်” လို့ ပြောတယ်။ အဲဒီနောက်မှာ၊ ရော်ဂျာက အလုပ်အရမ်းများနေသေးပေမဲ့ သူ့တာဝန်သူ ထမ်းဆောင်နိုင်ဖို့ သူ့အချိန်တွေကို အကျိုးသင့်အကြောင်းသင့် စီစဉ်လာနိုင်ပြီး ရလဒ်တချို့လည်း ရလာတယ်။ ဒီမြင်ကွင်းကို မြင်ရတော့ လစ်ဇ် အရမ်းကို တို့ထိခံခဲ့ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ပြုမူမှသာ လျှောက်လှမ်းရမယ့် လမ်းကြောင်းရှိလာပြီး တခြားသူတွေကို အကျိုးပြုနိုင်မယ်ဆိုတာကို သူ တွေ့ကြုံခံစားခဲ့ရတယ်။ ဒီအတွေ့အကြုံ ကြုံတွေ့ပြီး၊ လစ်ဇ်က အရမ်းကို တို့ထိခံခဲ့ရပြီး စာတန်ရဲ့ ဥပဒေသတွေအတိုင်း အသက်ရှင်တာက သူ့ကို ပိုပိုပြီး သူတော်ကောင်းယောင်ဆောင်အောင် လုပ်မှာဖြစ်ပြီး ကောက်ကျစ်ပြီး လှည့်ဖြားတတ်တဲ့သူ ဖြစ်လာမယ်၊ ပြီးတော့ ကိုယ်တိုင်နဲ့ တခြားသူတွေကို ဒုက္ခပေးတာနဲ့ပဲ အဆုံးသတ်မယ်ဆိုတာကို မြင်တွေ့ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ လက်တွေ့လုပ်ဆောင်မှသာ လူသားပုံသဏ္ဌာန်နဲ့ သူ အသက်ရှင်နိုင်မှာ ဖြစ်ပါတယ်။

အရှေ့သို့- ၆၈။ ကျွန်မ ကံကြမ္မာဆိုးရလေခြင်းလို့ ဆက်ပြီး မညည်းညူတော့ပါ

နောက်တစ်ခုသို့- ၇၂။ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဆင်းရဲဒုက္ခများအား တွေ့ကြုံခံစားရခြင်းမှ ကျွန်မ သင်ယူရရှိခဲ့သော သင်ခန်းစာများ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၉။ သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၉ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။