၆။ ဒုက္ခဆင်းရဲ၏အဓိပ္ပာယ်နှင့် ဘုရားသခင်ကို ယုံကြည်သူများ သည်းခံရမည့် ဒုက္ခဆင်းရဲအမျိုးအစား
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
ယနေ့တွင် လူအများစု၌ ထိုအသိပညာ မရှိကြပေ။ ဒုက္ခဝေဒနာခံစားရခြင်းမှာ တန်ဖိုးမရှိဟု ၎င်းတို့ယုံကြည်ကြသည်၊ ၎င်းတို့သည် လောကကြီး၏ စွန့်ပစ်ခြင်းကိုခံကြရသည်၊ ၎င်းတို့၏ နေအိမ်အသက်တာ၌ သောကရောက်ကြရသည်၊ ဘုရားသခင်က ၎င်းတို့အား ကျေနပ်ဖွယ်ရာအဖြစ် မမြင်သကဲ့သို့ ၎င်းတို့၏ ရှေ့ရေးများမှာ စိတ်ဓာတ်ကျဖွယ်ရာဖြစ်၏။ လူအချို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခခံစားရပြီး သေလိုခြင်းပင် ဖြစ်ကြသည်။ ဤသည်မှာ ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမဟုတ်ပေ။ ထိုသို့သော လူများသည် သူရဲဘောကြောင်သူများ ဖြစ်ကြပြီး ၎င်းတို့၌ ဇွဲလုံ့လဝီရိယ မရှိကြပေ၊ ၎င်းတို့သည် အားနည်းပြီး အရည်အချင်းမရှိသူများပင် ဖြစ်ကြတော့သည်။ ဘုရားသခင်သည် သူ့ကို လူသားတို့ ချစ်ကြရန် စိတ်ထက်သန်သော်လည်း၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ ဒုက္ခဝေဒနာက ပိုကြီးလေဖြစ်ပြီး၊ လူသားက သူ့ကိုချစ်လေ၊ လူသား၏ စမ်းသပ်မှုများက ပိုကြီးလေဖြစ်သည်။ သူ့ကို သင်ချစ်လျှင် သင့်အပေါ်သို့ ဒုက္ခဝေဒနာမျိုးစုံ ကျရောက်လိမ့်မည်ဖြစ်ပြီး သူ့ကို သင်မချစ်လျှင် သင့်အတွက် အရာရာ အဆင်ပြေချောမွေ့နေ၍ သင့်ပတ်ပတ်လည်၌ အရာခပ်သိမ်း ငြိမ်းချမ်းကောင်း ငြိမ်းချမ်း နေလိမ့်မည်။ ဘုရားသခင်ကို သင်ချစ်သည့်အခါ၊ သင့်ပတ်ပတ်လည်၌ ရှိနေသည့်အရာများစွာကို ကျော်လွှားနိုင်မည် မဟုတ်ဟု သင် အစဉ်ခံစားရလိမ့်မည်၊ သင်၏ဝိညာဉ်ရင့်ကျက်မှုသည် အလွန် နုနယ်သည့်အတွက် သင်သည် စစ်ဆေးခြင်းကို ခံရလိမ့်မည်။ ထိုမျှမက သင်သည် ဘုရားသခင်ကို ကျေနပ်အားရစေနိုင်ခြင်း မရှိဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်များမှာ အလွန်မြင့်မားပြီး ယင်းတို့ကို လူသားအနေဖြင့် လက်လှမ်းမမီနိုင်ဟု သင်အမြဲ ထင်မြင်ယူဆလိမ့်မည်။ ဤအရာအားလုံးကြောင့် သင်သည် စစ်ဆေးခြင်းခံရမည်၊ သင့်အတွင်း၌ အားနည်းချက် များစွာရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသောအရာများစွာ ရှိသည့်အတွက်၊ သင်သည် အတွင်း၌ စစ်ဆေးခြင်းကို ခံရလိမ့်မည်။ သို့သော် စစ်ဆေးခြင်းဖြင့်သာ သန့်စင်ခြင်းသို့ ရောက်နိုင်ကြောင်းကို သင်တို့ ရှင်းလင်းစွာ တွေ့မြင်ကြရမည်။ ထို့ကြောင့် ဤနောက်ဆုံးသောကာလအတောအတွင်း သင်တို့သည် ဘုရားသခင်ကို သက်သေခံကြရမည်။ သင်တို့၏ ဒုက္ခဝေဒနာက မည်မျှပင်ကြီးမားပါစေ သင်တို့သည် ဆုံးခန်းတိုင်အောင် လျှောက်သွားသင့်သည်၊ ထို့အပြင် သင်တို့၏နောက်ဆုံး ထွက်သက်၌ပင်လျှင် သင်တို့သည် ဘုရားသခင်ကို သစ္စာစောင့်သိပြီး ဘုရားသခင်၏စီစဉ်ညွှန်ကြားမှုအောက်တွင် အပြည့်အဝရှိနေရမည်။ ဤအရာသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ချစ်ခြင်းဖြစ်ပြီး၊ ဤအရာသည်သာလျှင် ခိုင်မာ၍ ထူးကဲသည့် သက်သေခံချက်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်
စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အသေးအဖွဲအခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ပြင်းထန်မှုက အမျိုးမျိုးရှိမည်သာ ဖြစ်၏။ စမ်းသပ်မှုများသည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများဖြစ်ပြီး၊ သင်တို့ထဲမှ မည်မျှသည် ငါ၏ ရှေ့သို့ မကြာခဏ လာပြီး ဒူးထောက်လျက် ကောင်းချီး မင်္ဂလာများကို တောင်းခံကြသနည်း။ မိုက်မဲသော ကလေးတို့။ အနည်းငယ်သော မင်္ဂလာရှိသည့် စကားများကို ငါ၏ ကောင်းချီးမင်္ဂလာများအဖြစ် သင်တို့ အမြဲ ယူဆ ကြသော်လည်း၊ ခါးသီးမှုသည် ငါ၏ ကောင်းချီးမင်္ဂလာများထဲမှ တစ်ခုဖြစ်သည်ကို သင်တို့ သတိမပြုမိကြပေ။ ငါ၏ ခါးသီးခြင်းကို မျှဝေခံစားသော သူတို့သည် ငါ၏ ချိုမြိန်ခြင်းကို သေချာပေါက် မျှဝေခံစားရလိမ့်မည်။ ယင်းမှာ သင်တို့အဖို့ ငါ၏ ကတိနှင့် ငါ၏ ကောင်းချီးမင်္ဂလာဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)
လူသားကိုစစ်ဆေးရန် ဘုရားသခင်အမှုပြုသည့်အခါ၊ လူသားက ဒုက္ခခံရသည်။ လူတစ်ဦး၏ စစ်ဆေးခံရခြင်း ကြီးမားလေလေ၊ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးကို ပို၍ ပိုင်ဆိုင်လေဖြစ်မည်ဖြစ်ပြီး သူ့အထဲတွင် ဘုရားသခင်၏တန်ခိုး ထုတ်ဖော် ခံရလေလေ ဖြစ်မည်။ ဆန့်ကျင်ဘက်အနေဖြင့် လူတစ်ဦးက စစ်ဆေးခံရမှု ရရှိခြင်း နည်းလေလေ ဘုရားသခင်ကို ချစ်သော စိတ်နှလုံး ပိုင်ဆိုင်ခြင်း ပို၍နည်းလေလေဖြစ်ပြီး သူ့အထဲတွင် ဘုရားသခင်၏တန်ခိုး ထုတ်ဖော်ခံရမှု နည်းလေလေ ဖြစ်မည်။ ထိုကဲ့သို့သောသူတစ်ဦး၏ စစ်ဆေးခံရခြင်းနှင့် ဝေဒနာ ကြီးမားပြီး ညှဉ်းဆဲခြင်းကို သူတွေ့ကြုံရလေလေ၊ ဘုရားသခင်အပေါ် သူ၏ချစ်ခြင်း နက်ရှိုင်းလေလေဖြစ်ကာ၊ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းက စစ်မှန်လေလေ ဖြစ်လာပြီး ဘုရားသခင်အပေါ် သူ၏ သိကျွမ်းခြင်းက နက်ရှိုင်းလေလေ ဖြစ်မည်။ သင်၏အတွေ့အကြုံများတွင် ကြီးမားသော စစ်ဆေးခြင်းနှင့် ဆင်းရဲဒုက္ခကို ကြုံတွေ့သည့် ထိုလူများ၊ ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို များစွာခံရသောလူတို့ ဘုရားသခင်အပေါ် နက်နဲသော ချစ်ခြင်းမေတ္တာရှိကာ ဘုရားသခင်အပေါ် ပို၍လေးနက်ပြီး ထိုးထွင်းသိမြင်နိုင်သည့် သိကျွမ်းခြင်းရှိသောသူများကို သင်တွေ့ရလိမ့်မည်။ ပြုပြင်ခြင်း မခံရသေးသော သူများ၌ အပေါ်ယံအသိသာ ရှိကြပြီး၊ ၎င်းတို့က “ဘုရားသခင်သည် အလွန်ကောင်းမြတ်၏၊ လူတို့က သူ့ကို မွေ့လျော်နိုင်ဖို့အတွက် သူတို့အပေါ် ကျေးဇူးတော်ကို နှင်းအပ်ပေး၏” ဟူ၍သာ ပြောနိုင်ကြသည်။ အကယ်၍ လူတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို တွေ့ကြုံဖူးပါက၊ ၎င်းတို့သည် ဘုရားသခင်အပေါ် စစ်မှန်သော သိကျွမ်းခြင်းအကြောင်းကို ပြောနိုင်ကြသည်။ ထို့ကြောင့် လူသား၏အထဲ၌ ဘုရားသခင်၏အမှုက အံ့သြဖွယ်ကောင်းလေလေ၊ ယင်းက တန်ဖိုးရှိလေလေနှင့် အဓိပ္ပာယ်ရှိလေလေ ဖြစ်သည်။ ဘုရားသခင်၏အမှုက သင့်အတွက် ပို၍ခဲကတ်ပြီး ယင်းက သင်၏အယူအဆများနှင့် သဟဇာတမဖြစ်လေလေ၊ ယင်းက သင့်ကို သိမ်းပိုက်ရန်၊ သင့်ကိုရယူရန်နှင့် သင့်ကိုစုံလင်စေရန် တတ်နိုင်လေလေ ဖြစ်သည်။ ဘုရားသခင့်အမှု၏ အဓိပ္ပာယ်မှာ အဘယ်မျှလောက် ကြီးမားလေ သနည်း။ အကယ်၍ ဘုရားသခင်သည် လူသားကို ဤနည်းဖြင့် မစစ်ဆေးခဲ့ပါက၊ အကယ်၍ သူသည် ဤနည်းလမ်းအတိုင်း အမှုမပြုခဲ့ပါက၊ သူ၏အမှုသည် မထိရောက်ဘဲ အဓိပ္ပာယ်ကင်းမဲ့နေခဲ့မည် ဖြစ်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် ဤလူစုကို ရွေးချယ်ရယူပြီး ၎င်းတို့ကို စုံလင်စေမည်ဟု အတိတ်က ပြောခဲ့၏။ ဤအရာ၌ သာမန်ထက်ထူးခြားသော အဓိပ္ပာယ် ရှိသည်။ သင်တို့အထဲတွင် သူလုပ်ဆောင်သောအမှုသည် ကြီးမားလေလေ၊ ဘုရားသခင်အပေါ် သင်တို့၏ချစ်ခြင်းမေတ္တာသည် နက်ရှိုင်းလေလေနှင့် စင်ကြယ်လေလေ ဖြစ်သည်။ ဘုရားသခင်၏အမှု ကြီးမားလေလေ၊ လူသားသည် သူ၏ဉာဏ်ပညာကို အတော်ပင် သဘောပေါက်နိုင်လေလေဖြစ်ပြီး သူ့အပေါ် လူသား၏ သိကျွမ်းခြင်းသည်လည်း နက်ရှိုင်းလေလေ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်
သမ္မာတရားအတွက် ဒုက္ခကို သင် မဖြစ်မနေခံစားရမည်၊ သင်သည် သမ္မာတရားအတွက် သင့်ကိုယ်သင် မဖြစ်မနေ စွန့်လွှတ်ရမည်။ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင် မဖြစ်မနေခံရမည်၊ ပြီးလျှင် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် မဖြစ်မနေ ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။ မိသားစု သဟဇာတဖြစ်ခြင်းကို ပျော်မွေ့ခြင်းအတွက် သမ္မာတရားကို သင်လွှင့်မပစ်ရ၊ ခဏတာ ပျော်ရွှင်မှု အတွက် တစ်သက်တာ ဂုဏ်သိက္ခာနှင့် တည်ကြည်မှုကို သင် အဆုံးရှုံးမခံရ။ လှပပြီး ကောင်းမွန်သောအရာအားလုံးကို သင် လိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။ ထိုသို့သော အောက်တန်းကျပြီး လောကီဆန်သော အသက်တာကို သင်နေထိုင်ကာ လိုက်စားရန် မည်သည့်ပန်းတိုင်မျှ မရှိပါက သင်၏ အသက်တာကို ဖြုန်းတီးနေခြင်း မဟုတ်လော။ ထိုသို့သောဘဝမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွှတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။ ဤကဲ့သို့သော လူများသည် တည်ကြည်မှု သို့မဟုတ် ဂုဏ်သိက္ခာ မရှိပေ။ ၎င်းတို့၏ တည်ရှိခြင်းတွင် အဓိပ္ပာယ် မရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ
ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကို လက်ခံသောအခါ ဒုက္ခ၊ သို့မဟုတ် နာကျင်မှုကို မကြောက်နှင့်။ ထို့အပြင် ဘုရားနှုတ်ကပတ်တော်များက သင်တို့၏ စိတ်နှလုံးကို ထိုးဖောက်ပြီး သင်တို့၏ အကျည်းတန်သော အခြေအနေများအား ဖော်ထုတ်မည်ကို မကြောက်နှင့်။ ဤအရာများကို ဒုက္ခခံရသည်မှာ အကျိုးရှိသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်လျှင် လူများကို တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဘုရားနှုတ်ကပတ်တော်များ၊ အထူးသဖြင့် လူသားမျိုးနွယ် ဖောက်ပြန်ပျက်စီးမှု၏ အနှစ်သာရကို ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များကို ပို၍ ဖတ်သင့်သည်။ ဘုရားနှုတ်ကပတ်တော်များကို သင်၏ လက်တွေ့အခြေအနေနှင့် ပို၍ နှိုင်းယှဉ်ကြည့်သင့်ပြီး သင့်ကိုယ်သင်အပေါ်တွင် ပို၍ ဆက်စပ်သင့်ကာ အခြားလူများအပေါ်တွင် အသုံးချခြင်းကို လျှော့သင့်၏။ ဘုရားသခင် ဖော်ထုတ်သည့် အခြေအနေအမျိုးအစားများသည် လူတိုင်းတွင် တည်ရှိသည်။ အားလုံးကို သင့်ထံတွင် တွေ့ရှိနိုင်သည်။ ဤအရာကို သင်မယုံကြည်လျှင် တွေ့ကြုံခံစားဖို့ ကြိုးစားကြည့်လော့။ သင်တွေ့ကြုံခံစားလေလေ၊ သင့်ကိုယ်သင် သိလေလေဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များက အလွန်တိကျသည်ဟု ခံစားရလေလေဖြစ်လိမ့်မည်။...ဘုရားသခင်ပြောဆိုသမျှသည် သမ္မာတရားဖြစ်သည်၊ အမှန်တရားများနှင့် ကိုက်ညီသည်၊ လူတို့ကို တရားစီရင်ပြီး ဖော်ထုတ်သည့် သူ၏ နှုတ်ကပတ်တော်များသည် မည်မျှ ပြင်းထန်ပါစေ၊ သို့မဟုတ် သမ္မာတရားကို မိတ်သဟာယပြုသည့်၊ လူတို့ကို တိုက်တွန်းသည့် သူ၏ နှုတ်ကပတ်တော်များသည် မည်မျှသိမ်မွေ့ပါစေ၊ သူ၏နှုတ်ကပတ်တော်များသည် တရားစီရင်ခြင်းဖြစ်စေ၊ ကောင်းချီးများဖြစ်စေ၊ ရှုတ်ချခြင်းဖြစ်စေ၊ ကျိန်ဆဲခြင်းဖြစ်စေ ပြီးလျှင် ၎င်းတို့က လူများကို ခါးသီးသော ခံစားမှုကို ပေးသည်ဖြစ်စေ၊ ချိုမြိန်သော ခံစားမှုတစ်ခုကို ပေးသည်ဖြစ်စေ လူတို့က ထိုနှုတ်ကပတ်တော်များကို လက်ခံရမည်ကို ငါတို့ ဦးစွာပထမ သဘောပေါက်ထားရမည်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ငါတို့ ရှိသင့်သည့် သဘောထား ဖြစ်သည်။ ဤသည်မှာ မည်သို့သောသဘောထားမျိုး ဖြစ်သနည်း။ ယင်းသည် ဆက်ကပ်မှုရှိသော သဘောထား၊ ရိုသေကိုင်းရှိုင်းသော သဘောထား၊ သည်းခံမှုရှိသော သဘောထား သို့မဟုတ် ဆင်းရဲဒုက္ခကို ပွေ့ဖက်သည့် သဘောထား တစ်ခုလော။ သင်သည် အတော်အတန် စိတ်ရှုပ်ထွေးနေသည်။ သင့်ကိုငါပြောသည်၊ ဤအရာများထဲမှ တစ်ခုမျှမဟုတ်ပေ။ လူတို့၏ ယုံကြည်ခြင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်ကြောင်း အတည်ပြုရမည်။ ၎င်းတို့သည် သမ္မာတရား ဖြစ်သောကြောင့် လူတို့သည် ၎င်းတို့ကို အသိစိတ်ဖြင့် လက်ခံသင့်သည်။ လူတို့သည် ၎င်းကို လက်ခံနိုင်ခြင်း သို့မဟုတ် အသိအမှတ်ပြုနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတို့၏ ပထမ သဘောထားမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ခြွင်းချက်မရှိ လက်ခံခြင်း ဖြစ်သင့်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရား လိုက်စားခြင်း၏ အရေးပါပုံနှင့် လမ်းကြောင်း
ဘုရားသခင်ကို ချစ်ခြင်းသည် အရာအားလုံးထဲ၌ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကြိုးစားရှာဖွေခြင်း၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ နက်နက်နဲနဲ စူးစမ်းခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ဖို့ ကြိုးစားခြင်း၊ ဤကိစ္စ၌ ဘုရားသခင်၏ ရည်ရွယ်ချက်များက အဘယ်နည်းဆိုသည်ကို သိဖို့ကြိုးစားခြင်း၊ သူက သင့်ကို မည်သည့်အရာများ ရရှိစေချင်သည်နှင့် သူ၏ရည်ရွယ်ချက်များကို သင်မည်ကဲ့သို့ အလေးထားသင့်သည် စသည်တို့ကို သိဖို့ကြိုးစားခြင်းတို့ လိုအပ်သည်။ ဥပမာ သင့်အနေဖြင့် အခက်အခဲကိုတောင့်ခံရမည့်အရာတစ်ခု ဖြစ်ပျက်လာပါက ထိုအချိန်တွင် ဘုရားသခင်၏ရည်ရွယ်ချက်များသည် အဘယ်အရာဖြစ်သည်နှင့် သူ၏ရည်ရွယ်ချက်များနှင့်ပတ်သက်၍ သင်မည်ကဲ့သို့ အလေးထားသင့်ပုံတို့ကို သင်နားလည်သင့်သည်။ သင့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရနေ၍ မရပေ။ ပထမဆုံး သင့်ကိုယ်သင် ပစ်ပယ်လိုက်ပါ။ ဇာတိပကတိထက် ဆိုးဝါးသောအရာ ဘာမျှမရှိပေ။ သင်သည် ဘုရားသခင်ကို ကျေနပ်စေဖို့ ကြိုးစားလုပ်ဆောင်ရမည်ဖြစ်ပြီး သင်၏တာဝန်ကို ဖြည့်စွမ်းရပါမည်။ ဤကဲ့သို့အတွေးများနှင့်ဆိုလျှင် ဘုရားသခင်သည် ဤကိစ္စနှင့်ပတ်သက်၍ အထူးဉာဏ်ပွင့်ခြင်းကို သင့်အားပေးလိမ့်မည်ဖြစ်ပြီး သင့်နှလုံးသားသည်လည်း သက်သာခြင်းကို တွေ့ရှိလိမ့်မည်။ ကြီးမားသောအရာဖြစ်ပါစေ၊ သေးငယ်သောအရာဖြစ်ပါစေ၊ သင်၌ တစ်ခုခုဖြစ်သည့်အခါ ရှေးဦးစွာ သင့်ကိုယ်သင် ပစ်ပယ်ရမည်ဖြစ်ပြီး ဇာတိပကတိကို အရာအားလုံးထဲတွင် အောက်တန်းအကျဆုံးအရာအနေနှင့် သတ်မှတ်ရမည်ဖြစ်သည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ ၎င်းက ပိုပြီးလွတ်လွတ်လပ်လပ် ပြုမူလေဖြစ်သည်။ ဇာတိပကတိကို ဤတစ်ကြိမ် သင်ကျေနပ်စေခဲ့လျှင် နောက်တစ်ကြိမ်ရောက်သောအခါ ၎င်းက ပိုပြီးတောင်းဆိုလိမ့်မည်။ ဤကဲ့သို့ဆက်ပြီး ဖြစ်နေသည်နှင့်အမျှ လူတို့သည် ဇာတိပကတိကို ပို၍ပင်ချစ်ခင်လာကြလိမ့်မည်။ ဇာတိပကတိသည် အစဉ်သဖြင့် အလိုရမ္မက် သိပ်ကြီး၏။ သင်စားသည့်အရာဖြစ်စေ၊ ဝတ်သည့်အရာဖြစ်စေ၊ သို့မဟုတ် ဒေါသထွက်သည့်အခါဖြစ်စေ၊ သို့မဟုတ် မိမိ၏ ပျော့ညံ့မှု၊ ပျင်းရိမှုထဲ၌ ပျော်မွေ့နေသည်ဖြစ်စေ...၎င်းကို ကျေနပ်အောင်ပြုပေးရန်၊ ၎င်း၏အလိုကို ဖြည့်ပေးရန် ဇာတိပကတိက အမြဲတောင်းဆိုသည်။ ဇာတိပကတိကို သင်က ကျေနပ်မှုပေးလေလေ လူတို့၏ ဇာတိပကတိသည် ပိုပြီးနက်ရှိုင်းသည့် အယူအဆများကို လက်သင့်ခံထားပြီး ဘုရားသခင်ကို ပုန်ကန်သည်အထိ ၎င်းကိုယ်၎င်း မြှောက်စားလာပြီး ဘုရားသခင်၏ အမှုကို သံသယဝင်လာသည့်အထိ ၎င်း၏ဆန္ဒက ပိုပြီးကြီးလာလေလေဖြစ်ကာ၊ ဇာတိပကတိသည် ပိုပြီးအကျင့်ပျက်မှုကို မွေ့လျော်လာလေလေ ဖြစ်သည်။...ထို့ကြောင့် သင်သည် ဇာတိပကတိကို ပုန်ကန်ရမည်ဖြစ်ပြီး ၎င်းကို အလိုလိုက်ခြင်း မရှိရ။ “ငါ့ယောက်ျား (မိန်းမ)၊ သားသမီး၊ ရှေ့ရေး၊ အိမ်ထောင်၊ မိသားစု၊ အဘယ်တစ်ခုမျှ အရေးမကြီးချေ။ ငါ၏နှလုံးသားထဲ၌ ဘုရားသခင်သာရှိသည်။ ဘုရားသခင်ကို ကျေနပ်စေဖို့၊ ဇာတိပကတိကို ကျေနပ်မှုမပြုဖို့ အကောင်းဆုံး ငါကြိုးစားရမည်။” သင်၌ ဤဆုံးဖြတ်ချက် ရှိဖို့လိုသည်။ ဤကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို သင်အမြဲတမ်း ပိုင်ဆိုင်သည်ဆိုလျှင် သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး သင့်ကိုယ်သင် ဘေးဖယ်ထားသည့်အခါ သိပ်အားထုတ်စရာမလိုဘဲ ထိုသို့ပြုလုပ်နိုင်ပါလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်
သင့်အနေဖြင့် ဘုရားသခင်၏ရှေ့၌ အသက်ကို ရနိုင်မရနိုင်နှင့် သင်၏နောက်ဆုံးအဆုံးသတ်က အဘယ်အရာ ဖြစ်မည်ဆိုသည်တို့မှာ ဇာတိပကတိအပေါ် သင်၏ ပုန်ကန်မှုကို သင်မည်ကဲ့သို့လက်တွေ့လုပ်ဆောင်သည် ဆိုသည့်အပေါ်၌ မူတည်သည်။ ဘုရားသခင်သည် သင့်ကို ကယ်တင်ခဲ့ကာ ရွေးနုတ်ခဲ့ပြီး ရှေးမဆွက ကြိုတင်သတ်မှတ်ပေးခဲ့၏။ သို့တိုင်အောင် လက်ရှိတွင် သင်သည် သူစိတ်ကျေနပ်အောင်ပြုရန် ဆန္ဒမရှိပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ သင်ဆန္ဒမရှိပါက၊ ဘုရားသခင်ကို ချစ်သော စိတ်နှလုံး အစစ်အမှန်ဖြင့် ကိုယ့်ဇာတိပကတိကိုယ် ပုန်ကန်ဖို့ သင်၌ ဆန္ဒမရှိပါက သင်သည် နောက်ဆုံး၌ သင့်ကိုယ်သင် ဖျက်ဆီးလိမ့်မည်ဖြစ်ပြီး ထိုသို့အားဖြင့် ပြင်းထန်သော နာကျင်မှုကို ခံစားရလိမ့်မည်။ သင်သည် ဇာတိပကတိ၏ ဆန္ဒရိုင်းကို အစဉ်သဖြင့် ဖြည့်ဆည်းပေးနေလျှင် စာတန်သည် သင့်ကို တဖြည်းဖြည်း ဝါးမျိုသွားလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင်သည် အတွင်း၌ လုံးဝအမှောင်ကျသွားသည့်နေ့ကို ရောက်သည်အထိ သင့်ကို အသက်မရှိဘဲ၊ သို့မဟုတ် ဝိညာဉ်တော်၏ ထိတွေ့ခြင်းမရှိဘဲ သူထားခဲ့မည်ဖြစ်သည်။ သင်သည် အမှောင်ထဲ၌ အသက်ရှင်နေသောအခါ စာတန်၏ အကျဉ်းသားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံရပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်ရှိမည် မဟုတ်တော့ပေ၊ ထို့ပြင် ဤအချိန်တွင် သင်သည် ဘုရားသခင်၏ တည်ရှိမှုကို ငြင်းဆန်ပြီး သူ့ကို စွန့်ခွာသွားမည်ဖြစ်သည်။ ထို့ကြောင့် လူတို့အနေဖြင့် ဘုရားသခင်ကို ချစ်လိုလျှင် နာကျင်မှုဟူသည့် အဖိုးအခကို ၎င်းတို့ ပေးဆပ်ရမည်ဖြစ်ပြီး အခက်အခဲကို တောင့်ခံရမည်ဖြစ်သည်။ စာများပိုဖတ်လျက်၊ အလုပ်ပိုရှုပ်လျက် အပြင်ပန်း စိတ်အားထက်သန်မှုနှင့် ဒုက္ခများဖြစ်ဖို့ မလိုပေ။ ထိုအစား ၎င်းတို့အနေဖြင့် မိမိတို့အထဲ၌ရှိသည့်အရာများကို ဘေးဖယ်ထားသင့်သည်။ လွန်ကဲသည့် အတွေးများ၊ ပုဂ္ဂိုလ်ရေး စိတ်ဝင်စားမှုများ၊ ၎င်းတို့၏ကိုယ်ပိုင် အစီအစဉ်များ၊ အယူအဆများနှင့် ရည်ရွယ်ချက်များဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်ပင်တည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်
အဓိကအားဖြင့် လူတို့အတွင်း၌ရှိသော အရာများကို ပြုပြင်ရန်အတွက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီအဟုတ်သော သူတို့၏အတွေးများနှင့် အယူအဆများကို ပြုပြင်ရန်အတွက် ဘုရားသခင်က လူများအား သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ တောင်းဆိုသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူများ၏စိတ်နှလုံးကို တို့ထိပြီး သူတို့ကို အလင်းပေးကာ အသိဉာဏ်ပွင့်လင်းစေသည်။ ထို့ကြောင့် ဖြစ်ပျက်နေသည့် အရာအားလုံး၏ နောက်မှာ တိုက်ပွဲတစ်ခုရှိသည်။ လူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့် အချိန်တိုင်း၌၊ သို့မဟုတ် ဘုရားသခင်အား ချစ်ခြင်းကို လက်တွေ့ကျင့်သုံးသည့်အချိန်တိုင်း၌ ကြီးမားသည့် တိုက်ပွဲတစ်ခုရှိသည်။ သူတို့၏ဇာတိပကတိမှာ အားလုံးက အဆင်ပြေနေပုံပေါက်နေနိုင်သော်လည်း စင်စစ်အားဖြင့် သူတို့၏နှလုံးသားအတွင်းပိုင်း၌မူ သေရေးရှင်ရေးတိုက်ပွဲတစ်ခု ဖြစ်ပေါ်နေလိမ့်မည်။ ဤပြင်းထန်သောတိုက်ပွဲ ပြီးဆုံးသည့်အခါမှသာ၊ ကြီးမားစွာ နှိုင်းဆဆင်ခြင်ပြီးသည့်အခါမှသာ အောင်မြင်မှုနှင့် ကျရှုံးမှုကို အဆုံးအဖြတ်ပေးနိုင်သည်။ ငိုရမည်လော၊ ရယ်ရမည်လောဆိုသည်ကို မသိပေ။ လူတို့၏အတွင်း၌ရှိသော ကြံရွယ်ချက် အများအပြားသည် မှားယွင်းနေသောကြောင့်၊ သို့မဟုတ်ပါက ဘုရားသခင်၏ အမှုအများစုသည် သူတို့၏အယူအဆများနှင့် ဆန့်ကျင်နေသောကြောင့် လူများသည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အချိန်တွင် နောက်ကွယ်၌ ကြီးမားသည့် တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲနေရသည်။ ဤသမ္မာတရားကို လက်တွေ့ကျင့်ကြံပြီးသည့်အခါ လူတို့အနေဖြင့် ဘုရားသခင်ကို စိတ်ကျေနပ်စေမည်ဟု နောက်ဆုံး၌ ဆုံးဖြတ်ချက်မချမီတွင် နောက်ကွယ်၌ မရေတွက်နိုင်သည့် ဝမ်းနည်းခြင်း မျက်ရည်များ ကျခဲ့ကြပြီးဖြစ်လိမ့်မည်။ ဤတိုက်ပွဲကြောင့်ပင် လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်းတို့ကို တောင့်ခံရခြင်းဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် ဒုက္ခခံစားရခြင်းပင် ဖြစ်သည်။ တိုက်ပွဲသည် သင့်အပေါ်ကို ကျရောက်လာသည့်အခါ သင်သည် ဘုရားသခင်ဘက်မှ အမှန်တကယ် ရပ်တည်နိုင်လျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေစဉ်တွင်၊ အတွင်း၌ ဆင်းရဲဒုက္ခခံစားဖို့မှာ ရှောင်လွှဲမရနိုင်ပေ။ လူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့်အခါ လူတို့အတွင်းထဲက အရာအားလုံးသည် မှန်ကန်နေသည်ဆိုလျှင် သူတို့သည် ဘုရားသခင်၏ စုံလင်အောင် ပြုလုပ်ပေးခြင်းကို ခံရန်လိုအပ်လိမ့်မည် မဟုတ်ပေ၊ ထို့ပြင် တိုက်ပွဲဆိုသည်မှာလည်း ရှိမည်မဟုတ်ဘဲ ဒုက္ခလည်း ခံစားရမည် မဟုတ်ပေ။ လူတို့၏အတွင်း၌ ဘုရားသခင်၏အသုံးပြုခြင်းကိုခံရရန် မထိုက်တန်သည့် အရာများစွာရှိနေသောကြောင့်၊ ထို့ပြင် ဇာတိပကတိ၏ ပုန်ကန်တတ်သော စိတ်သဘောထား မြောက်မြားစွာ ရှိနေသောကြောင့် လူတို့အနေဖြင့် ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်မှုနှင့်ပတ်သက်သည့် သင်ခန်းစာကို ပို၍လေးလေးနက်နက် သင်ယူဖို့လိုအပ်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူသားကို သူနှင့်အတူခံစားဖို့ တောင်းဆိုထားသော ဆင်းရဲဒုက္ခဟု သူခေါ်ဆိုသည့် အရာပင်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်
ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက် ကောင်းချီးမင်္ဂလာများကို ရရှိရန်ဖြစ်သည်၊ ဤသည်မှာ သူတို့၏ ယုံကြည်ခြင်းထဲက သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ လူအပေါင်း၌ ဤရည်ရွယ်ချက်နှင့် မျှော်လင့်ချက် ရှိကြသည်။ သို့သော်လည်း သူတို့၏သဘာဝဗီဇအတွင်းမှ ဖောက်ပြန်ပျက်စီးခြင်းကို စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့အားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ သင်တို့အနေဖြင့် သန့်စင်စေခြင်း မခံရသေးသော၊ ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြသော မည်သည့်ကဏ္ဍများတွင်မဆို ယင်းကဏ္ဍများ၌ စစ်ဆေးခြင်းကို သင်ခံရမည်၊ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးသည်၊ သင်၏ဖောက်ပြန်ပျက်စီးခြင်းကို သင်သိနိုင်ရန် ထိုနေရာတွင် သင့်ကို မဖြစ်မနေ အစစ်ဆေးခံစေသည်။ အဆုံးတွင် သင်သည် သင်၏ ရည်ရွယ်ချက်များနှင့် အလိုဆန္ဒများကို စွန့်လွှတ်ရန်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံရန် သေသာသေလိုသည့် အနေအထားသို့ ရောက်သည်။ ထို့ကြောင့် အကယ်၍ လူတို့သည် နှစ်အနည်းငယ် စစ်ဆေးခံရခြင်း မရှိပါက၊ အကယ်၍ ၎င်းတို့သည် အတိုင်းအတာတစ်ခုအထိ ဒုက္ခဆင်းရဲခြင်းကို မခံရပါက ၎င်းတို့သည် ၎င်းတို့၏အတွေးများနှင့် စိတ်နှလုံးများထဲမှ ဇာတိပကတိဖောက်ပြန်ပျက်စီးခြင်း၏ ဘောင်ခတ်မှုများကို ဖယ်ရှားနိုင်မည် မဟုတ်ပေ။ လူတို့သည် မိမိတို့၏ ဆိုးယုတ်သော သဘာဝ၏ ဘောင်ခတ်မှုများကို ခံနေရသေးသော မည်သည့်ကဏ္ဍများတွင်မဆို၊ ၎င်းတို့၏ ကိုယ်ပိုင် အလိုဆန္ဒများ၊ ၎င်းတို့၏လိုအင်များ ရှိနေသေးသော မည်သည့်ကဏ္ဍများတွင်မဆို ၎င်းတို့သည် ယင်းကဏ္ဍများတွင် ဒုက္ခဆင်းရဲခံသင့်သည်။ ဒုက္ခဆင်းရဲထဲ၌သာ သင်ခန်းစာများကို သင်ယူနိုင်ပြီး၊ ယင်းမှာ သမ္မာတရားကို ရနိုင်စွမ်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။ အမှန်အားဖြင့် သမ္မာတရားများစွာကို ဆင်းရဲဒုက္ခနှင့် စမ်းသပ်မှုများအား တွေ့ကြုံခြင်းဖြင့် နားလည်ကြခြင်း ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး လွယ်ကူသော ပတ်ဝန်းကျင်တစ်ခု၌ ရှိသောအခါ၊ သို့မဟုတ် အခြေအနေများ ကောင်းမွန်နေသောအခါ၌ မည်သူမျှ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်ခြင်း၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို အသိအမှတ်ပြုနိုင်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို နားလည်သဘောပေါက်ခြင်း ရှိနိုင်မည် မဟုတ်ပေ။ ထိုအရာမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
ဘုရားသခင်သည် လူတစ်ဦးချင်းစီတိုင်းတွင် အမှုပြုပြီး၊ သူ၏နည်းလမ်းမှာ မည်သို့ပင်ဖြစ်စေ၊ မည်ကဲ့သို့သော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သူ၏ အစေခံခြင်းတွင် သူအသုံးချသည်ဖြစ်စေ၊ သို့တည်းမဟုတ် သူ၏နှုတ်ကပတ်တော်များက မည်သို့သော အသံနေအသံထားမျိုး ရှိပါစေ သူ၌ အဆုံးသတ်ရည်မှန်းချက် တစ်ခုသာလျှင် ရှိသည်။ သင့်ကို ကယ်တင်ရန်ပင်တည်း။ သူသည် သင့်ကို မည်သို့ကယ်တင်သနည်း။ သူသည် သင့်ကို ပြောင်းလဲသည်။ ထို့ကြောင့် သင့်အနေဖြင့် အနည်းငယ်မျှ ဒုက္ခမခံရဘဲ ရှိနိုင်မည်လော။ သင်ဒုက္ခခံရဖို့ လိုလိမ့်မည်သာ ဖြစ်သည်။ ဤဒုက္ခခံခြင်းတွင် အခြေအနေများစွာ ပါဝင်နိုင်သည်။ ရှေးဦးစွာ လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံသည့်အခါတွင် ဆင်းရဲဒုက္ခခံရမည်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်သည် အလွန်ပြင်းထန်ပြီး တိကျပြတ်သားကာ လူတို့သည် ဘုရားသခင်ကို အနက်အဓိပ္ပာယ်ကောက်လွဲသောအခါတွင် အယူအဆများပင် ရှိကြသောအခါတွင် ဤသည်မှာလည်း နာကျင်ဖွယ်ရာဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ရန်၊ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိစေရန်အတွက် လူတို့အနီးတွင် ပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်စေသည်။ ထို့နောက်တွင် ၎င်းတို့သည်လည်း အနည်းငယ် ဒုက္ခခံရလိမ့်မည်။ တစ်ခါတစ်ရံတွင် လူတို့သည့် ပြုပြင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို တိုက်ရိုက်ခံရသောအခါ ဒုက္ခခံရမည်ဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် ခွဲစိတ်ခြင်း ခံရသကဲ့သို့ဖြစ်သည်။ ဒုက္ခမရှိလျှင် အကျိုးသက်ရောက်မှုမရှိပေ။ သင်သည် ပြုပြင်ခြင်းကို ခံရသည့်အချိန်တိုင်းနှင့် သင်သည် ပတ်ဝန်းကျင်တစ်ခုကြောင့် ထုတ်ဖော်ခြင်းခံရသည့်အချိန်တိုင်းတွင် ယင်းက သင့်ခံစားမှုများကို နှိုးဆော်ပြီး သင့်ကို မြှင့်တင်မှုတစ်ခုပေးပါက ဤဖြစ်စဉ်မှတစ်ဆင့် သင်သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်လိမ့်မည် ဖြစ်ပြီး သင်၌ ဝိညာဉ်ရင့်ကျက်မှု ရှိလာလိမ့်မည် ဖြစ်သည်။ သင်သည် ပြုပြင်ခြင်းကို ခံရသည့်အချိန်တိုင်းနှင့် ပတ်ဝန်းကျင်တစ်ခု၏ ထုတ်ဖော်ခြင်းကို ခံရသည့် အချိန်တိုင်းတွင် အကယ်၍ သင်သည် နာကျင်မှု၊ သို့မဟုတ် ကသိကအောက်ဖြစ်ခြင်းတို့ကို မည်သို့မျှမခံစားရဘဲ လုံးလုံး ဘာမျှမခံစားရလျှင်၊ ထို့ပြင် သင်သည် ဆုတောင်းခြင်း သို့မဟုတ် သမ္မာတရားအား ရှာဖွေခြင်းတို့ကို မပြုဘဲ ဘုရားသခင်၏ရည်ရွယ်ချက်များကို ရှာဖွေရန် သူ့ရှေ့မှောက်သို့ မတိုးဝင်လျှင် သင်သည် အမှန်တကယ် လွန်စွာ ထုံအနေချေပြီတကား။ သင်၏ ဝိညာဉ်သည် မည်သည့်အရာကိုမျှ မခံစားရသောအခါ၊ တုံ့ပြန်မှုမရှိသောအခါ ဘုရားသခင်သည် သင့်၌ အလုပ်မလုပ်ပေ။ “ဤပုဂ္ဂိုလ်သည် အလွန်တရာထုံအပြီး အလွန်အမင်းပင် ဖောက်ပြန်ပျက်စီးပြီ။ ငါသည် သူ့ကို မည်မျှ ပဲ့ပြင်ဆုံးမပါစေ၊ သူ့ကို မည်မျှ ပြုပြင်ပါစေ၊ သို့မဟုတ် စောင့်ကြည့်ဖို့ ကြိုးစားပါစေ သူ၏ စိတ်နှလုံးကို ငါ မတို့ထိနိုင်သေးပေ၊ သို့မဟုတ် သူ၏ ဝိညာဉ်ကို မနိုးထစေနိုင်သေးပေ။ ဤလူသည် ဒုက္ခရောက်လိမ့်မည်။ သူသည် ကယ်တင်ဖို့ မလွယ်ကူပေ” ဟု သူဆိုလိမ့်မည်။ ဘုရားသခင်သည် သင့်အတွက် ထိုထိုသော ပတ်ဝန်းကျင်များ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို စီစဉ်လျှင်၊ သူသည် သင့်ကို ပြုပြင်ပြီး သင်သည် ဤအရာမှ သင်ခန်းစာများ သင်ယူရရှိလျှင်၊ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ တိုးဝင်တတ်ကာ သမ္မာတရားကို ရှာဖွေတတ်ပြီးနောက် မသိလိုက်ဘဲ ဉာဏ်အလင်းပေးခြင်းနှင့် ဖွင့်ပြခြင်းကို ခံရလျက် သမ္မာတရားကို ရရှိလျှင်၊ သင်သည် ဤပတ်ဝန်းကျင်များထဲတွင် အပြောင်းအလဲကို တွေ့ကြုံရပြီး ဆုလာဘ်များကို ရိတ်သိမ်းရကာ တိုးတက်မှုရရှိလျှင်၊ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အနည်းငယ် စတင်နားလည်သဘောပေါက်လာပြီး ညည်းတွားခြင်းကို ရပ်နားလျှင် ဤအရာအားလုံးက သင်သည် ဤပတ်ဝန်းကျင်များ၏ စမ်းသပ်မှုများအလယ်တွင် အခိုင်အမာရပ်တည်ခဲ့ပြီဖြစ်ပြီး စစ်ဆေးမှုကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီဟု ဆိုလိုခြင်းဖြစ်လိမ့်မည်။ ဤကဲ့သို့ပင် သင်သည် ဤတုန်လှုပ်ဖွယ်အတွေ့အကြုံကို ကျော်ဖြတ်ပြီးဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများမှ သင်ယူရမည်