စိတ်နှလုံးနှင့် ဝိညာဉ် အကြွင်းမဲ့ဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်သည့်သူသာလျှင် ဘုရားသခင်ကို ချစ်သည့်သူဖြစ်သည်

လူတစ်ဦးသည် ဘုရားသခင်၌ ယုံကြည်ခြင်း အမှန်တကယ် ရှိမရှိဆိုသည်မှာ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုမှတစ်ဆင့် သိသာထင်ရှားပေသည်။ တစ်စုံတစ်ဦးသည် သမ္မာတရား လိုက်စားခြင်း ရှိမရှိဆိုသည်ကို ဆုံးဖြတ်ရန် မိမိတာဝန်ကို စည်းမျဉ်းဖြင့် ထမ်းဆောင်ခြင်း ရှိမရှိဆိုသည်ကို လေ့လာစောင့်ကြည့်လော။ လူအချို့မှာ တာဝန်ထမ်းဆောင်နေချိန်တွင် မည်သည့်စည်းမျဉ်းများမျှမရှိပေ။ ၎င်းတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများနောက်သို့ စဉ်ဆက်မပြတ်လိုက်ပြီး ထင်ရာမြင်ရာ လုပ်ဆောင်ကြသည်။ ဤသည်မှာ သတိမမူခြင်းနှင့် ဝတ်ကျေတမ်းကျေ ဖြစ်ခြင်းတို့၏ လက္ခဏာပေါ်လွင်ခြင်း ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ကို လှည့်ဖြားနေခြင်း ဖြစ်သည် မဟုတ်လော။ ထိုသို့သော အပြုအမူ၏ အကျိုးဆက်များကို သင်တို့ စဉ်းစားဖူးပါသလော။ သင်တို့သည် သင်တို့၏ တာဝန်ထမ်းဆောင်မှုမှတစ်ဆင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ သင်တို့သည် သင်တို့ လုပ်ဆောင်သမျှတိုင်းတွင် စိတ်ပါလက်ပါဖြစ်သော ရည်စူးအပ်နှံခြင်းနှင့် အားထုတ်မှုတို့ ကင်းမဲ့လျက် သေချာစဉ်းစားဆင်ခြင်ခြင်း မရှိသကဲ့သို့ ထိရောက်မှု မရှိကြချေ။ ဤနည်းအားဖြင့် ဘုရားသခင်၏ လက်ခံမှုကို သင်တို့ ရရှိနိုင်သလော။ လူများစွာသည် ၎င်းတို့၏တာဝန်ကို အင်တင်တင်ဖြင့် ထမ်းဆောင်ကြပြီး မဆုတ်မနစ် လုံ့လထုတ်နိုင်ကြခြင်း မရှိပေ။ ၎င်းတို့သည် ဒုက္ခကို အနည်းငယ်မျှပင် သည်းခံနိုင်သကဲ့သို့၊ ဒုက္ခခံခြင်းသည် ၎င်းတို့အတွက် အလွန်အကျိုးမဲ့စေသော လုပ်ရပ်တစ်ခု လုပ်ဆောင်ပြီးဖြစ်သည်ဟု အစဉ် ခံစားရသကဲ့သို့ အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေပေ။ ထိုသူတို့သည် ၎င်းတို့၏ တာဝန်ကို ဤသို့ထမ်းဆောင်ခြင်းအားဖြင့် ဘုရားသခင်နောက်သို့ အဆုံးထိ လိုက်နိုင်သလော။ ၎င်းတို့လုပ်ဆောင်သမျှတွင် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေဆန်ခြင်းက အဆင်ပြေသလော။ အသိစိတ်အတွက် ဤသည်မှာ လက်ခံနိုင်ဖွယ်ဖြစ်သလော။ လူသား စံသတ်မှတ်ချက်များနှင့် တိုင်းတာလျှင်ပင် ထိုသို့သော အပြုအမူသည် လက်ခံနိုင်ဖွယ်မရှိပေ။ ထို့ကြောင့် ယင်းသည် ကျေနပ်ဖွယ် တာဝန်ထမ်းဆောင်မှုအဖြစ် အကျုံးဝင်နိုင်သလော။ သင်၏တာဝန်ကို ဤသို့ထမ်းဆောင်လျှင် သမ္မာတရားကို မည်သည့်အခါမျှ ရရှိမည်မဟုတ်ပေ။ သင်ပေးသည့် အစေခံမှုသည် ကျေနပ်ဖွယ်ရာဖြစ်လိမ့်မည် မဟုတ်။ ထိုသို့ဆိုလျှင် ဘုရားသခင်၏ လက်ခံမှုကို မည်သို့ရနိုင်မည်နည်း။ လူများစွာသည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ ဆင်းရဲဒုက္ခကို ကြောက်ရွံ့ကြသည်။ အလွန်ပျင်းရိကြပြီး၊ ဇာတိပကတိ၏ သက်သာမှုများကို မက်မောကြသည်။ ၎င်းတို့သည် အထူးပြုကျွမ်းကျင်မှုများကို သင်ယူရာတွင် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရားများကို ချင့်ချိန်စဉ်းစားရာတွင် မည်သည့် အားထုတ်မှုမျှ လုံးဝ မရှိကြပေ။ ဤပုံစံဖြင့် ဝတ်ကျေတမ်းကျေပြုခြင်းသည် ဒုက္ခသက်သာစေသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့က ရှာဖွေမှုတစ်ခုတလေ လုပ်ဆောင်ရန်၊ သို့မဟုတ် အခြားသူများထံမှ အကြံဉာဏ်တောင်းရန် မလိုအပ်ပေ။ ၎င်းတို့၏ ဉာဏ်ကို သုံးဖို့၊ နက်ရှိုင်းစွာ စဉ်းစားဖို့မလို။ ဤသည်မှာ ၎င်းတို့ကို အားစိုက်ထုတ်မှုနှင့် ခန္ဓာပင်ပန်းမှုများစွာ သက်သာစေသည့်ပုံရပြီး၊ အလုပ်ကိုလည်း ၎င်းတို့ ပြီးမြောက်အောင်လုပ်နိုင်ဆဲဖြစ်သည်။ သင်က ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းလျှင် ၎င်းတို့က အာခံလာကြပြီး၊ “ကျွန်ုပ် ပျင်းနေခြင်း၊ အချောင်ခိုနေခြင်း မဟုတ်ပါ။ အလုပ်ပြီးပါသည်။ အဘယ်ကြောင့် ဇီဇာကြောင်နေပါသနည်း။ သင်သည် ကျွန်ုပ်ကို အပြစ်ရှာရန် ကြိုးစားနေခြင်း မဟုတ်ပါလား။ ကျွန်ုပ်၏တာဝန်ကို ဤသို့ထမ်းဆောင်ခြင်းက လုံလုံလောက်လောက် ကောင်းနှင့်နေပြီဖြစ်သည်။ အဘယ်သို့ သင် မကျေနပ်ရသနည်း” ဟုဆိုလျက် ငြင်းခုံကြလေသည်။ ဤသို့သောလူတို့သည် နောက်ထပ် တိုးတက်မှုတစ်ခုခုဖြစ်စေနိုင်သည်ဟု သင်တို့ထင်သလော။ ၎င်းတို့သည် ၎င်းတို့၏တာဝန်များကို ဝတ်ကျေတမ်းကျေ ပုံစံဖြင့် တစ်သမတ်တည်း ထမ်းဆောင်ကြပြီး၊ ဆင်ခြေများစွာ အမြဲ စဉ်းစားမိကြဆဲဖြစ်သည်။ ပြဿနာများဖြစ်ပေါ်သောအခါ ၎င်းတို့က မည်သူ့ကိုမျှ ၎င်းတို့ကို ထောက်ပြခွင့်မပေးကြပေ။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုးဖြစ်သနည်း။ စာတန်၏ စိတ်သဘောထားဖြစ်သည်မဟုတ်လော။ လူတို့သည် ထိုသို့သောစိတ်သဘောထားဖြင့် မိမိတို့၏ တာဝန်ကို လက်ခံဖွယ်ရာဖြစ်အောင် ထမ်းဆောင်နိုင်သလော။ ဘုရားသခင်ကို ၎င်းတို့ ကျေနပ်စေနိုင်သလော။ ဤသည်မှာ သင် တာဝန်ထမ်းဆောင်သည့်ပုံစံ ဖြစ်သလော။ အပြင်ပန်းတွင် သင်သည် အခြားသူများနှင့် မည်သည့် အငြင်းအခုံမျှမဖြစ်ဘဲ ကောင်းစွာ အလုပ်လုပ်လျက် အလုပ်များနေပုံရသည်။ သို့ရာတွင် သင်တို့ထဲမှ မည်သူမျှသည် မိမိတာဝန်တွင် အားထုတ်ခြင်းမရှိ၊ ထိုတာဝန်နှင့်ပတ်သက်၍ ဦးနှောက်ခြောက်ခံ စဉ်းစားခြင်း၊ စိတ်ဝင်စားခြင်း မရှိပေ။ သင်တို့ထဲမှ မည်သူမျှသည် မိမိ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း မရှိသောကြောင့် အစားပျက်၊ အအိပ်ပျက်ဖြစ်နေခြင်း မရှိ။ သင်တို့ထဲမှ မည်သူကမျှ သမ္မာတရားကို ရှာဖွေခြင်း၊ သို့မဟုတ် ပြဿနာများကို ဖြေရှင်းရန် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်း မရှိပေ။ သင်တို့အားလုံးသည် ဖြစ်သလို နေကြသည်၊ ဝတ်ကျေတမ်းကျေပုံစံဖြင့် ဟန်ဆောင်လုပ်ပြနေကြသည်။ သင်တို့ထဲမှ အလွန်နည်းပါသော သူတို့သာ မိမိတာဝန်တွင် စစ်မှန်သော တာဝန်ကိုယူကြ၏။ ဖြစ်ပေါ်သည့် အခက်အခဲများကို ပဓာနမထားဘဲ သင်တို့သည် စိတ်ထက်သန်စွာ ဆုတောင်းရန်၊ သို့မဟုတ် ပြဿနာများကို ရင်ဆိုင်ပြီး စုပေါင်းဖြေရှင်းရန် အတူတကွ စုစည်းကြခြင်း မရှိပေ။ ရလဒ်အတွက် ထည့်သွင်းစဉ်းစားခြင်း မရှိ။ အလုပ်တစ်ခုကို လွယ်လင့်တကူ လက်စသတ်လိုက်ပြီးမှ ပြန်လုပ်ရန် လိုအပ်သည်ကို တွေ့ရှိရလေသည်။ သင်၏ တာဝန်ကို ဤသို့ လုပ်ဆောင်ခြင်းသည် တကယ်ကို ဝတ်ကျေတမ်းကျေဖြစ်စွာ ပြုမူဆောင်ရွက်ခြင်းဖြစ်ပြီး မယုံကြည်သူများက မိမိတို့၏ အလုပ်များကို လုပ်ဆောင်ကြပုံနှင့် မကွာခြားပေ။ ဤသည်မှာ အစေခံသူတစ်ဦး ဖြစ်သောသူတစ်ဦး၏ သဘောထား ဖြစ်သည်။ သင်၏ တာဝန်များကို ဤသို့ဖြည့်ဆည်းခြင်းအားဖြင့် သင်သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံနေခြင်း မရှိသကဲ့သို့ ဘုရားသခင်အတွက် မိမိကိုယ်ကို စစ်မှန်ရိုးသားစွာ အသုံးခံနေခြင်းလည်း မဟုတ်ပေ။ ဤစိတ်ဓာတ်ကို သင်မပြောင်းလဲပါက ဖော်ထုတ်ပြီး ဖယ်ရှားခံခြင်းဖြင့်သာ အဆုံးသတ်သွားရလိမ့်မည် ဖြစ်သည်။

သင် တာဝန်ယူဆောင်ရွက်သည့် အလုပ်တစ်ခုစီ၊ သင်ပြီးစီးသည့် ပရောဂျက်တစ်ခုစီနှင့်ပတ်သက်၍ မည်သည့် အခက်အခဲများကို သင် သည်းညည်းခံရသနည်း။ သင့်တင့်လျောက်ပတ်သည့် အစားအစာမရှိဘဲ ကောင်းစွာ အိပ်စက်ရခြင်းမရှိသည့် ရက်များ၊ အနားယူခြင်းနှင့် အစားအစာကို စတေးစွန့်လွှတ်ရသည့် ရက်များကို သင်ကြုံဖူးသလော။ ကိုယ်ရေးကိုယ်တာ အခက်အခဲများ တစ်ခုတလေကို သင် အောင်မြင်ကျော်လွှားပြီးပြီလော။ အဖိုးအခတစ်ခုတလေကို သင် ပေးပြီးပြီလော။ လူအချို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ပြီးနောက်တွင် အလွန်ပင်ပန်းကြသည်မှာ ညတစ်လျှောက် အိပ်စက်နိုင်ကြခြင်း မရှိပေ။ အဘယ်ကြောင့် မအိပ်စက်နိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် လိုအပ်သော သမ္မာတရား ၎င်းတို့ ချို့တဲ့ကြသည်ဟု ခံစားရသောကြောင့်ဖြစ်ပြီး ထိုအရာမှာ ၎င်းတို့အတွက် အချိန်ကုန်၍ ပင်ပန်းခက်ခဲသောအရာ ဖြစ်လာသည်။ ၎င်းတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ခြင်း မရှိပါက ထိုတာဝန်ကို သစ္စာရှိစွာ ၎င်းတို့ ထမ်းဆောင်ခြင်း မရှိသည့်သဘောဖြစ်သည်ဟု ခံစားရလျက် ၎င်းတို့ ပူပန်သောကရောက်လာကြသည်။ ၎င်းတို့၏ အသိစိတ်က ဘဝင်မကျဖြစ်ကာ ၎င်းတို့ကို စွပ်စွဲသည်။ အခြားသူများ စားသောက်နေစဉ် ၎င်းတို့က “ငါ အဘယ်ကြောင့် ပိုကောင်းအောင် မလုပ်နိုင်သနည်း။ ပြီးခဲ့သည့်အချိန်တွင် ထိုနယ်ပယ်တွင်ပင် ငါ ထပ်ပြီး အမှားတစ်ခု ပြုလုပ်မိခဲ့သည်။ အမှုအရာများကို သင့်တင့်လျောက်ပတ်စွာ ငါ မစစ်ဆေးခဲ့ပါ။ ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာကို ငါလုပ်ဆောင်သင့်သနည်း။ ဤသည်မှာ ကိုင်တွယ်ဖြေရှင်း ခံရခြင်းကို သည်းညည်းခံခြင်း ကိစ္စတစ်ခုသာ မဟုတ်ပါ။ ငါ၏ တာဝန်များကို ငါ ဖြည့်ဆည်းနေခြင်း မရှိသည့်အကြောင်း ဖြစ်သည်”ဟု တွေးကြလေသည်။ အခြားသူများက မိမိတို့၏ အစားအစာများ မွေ့လျော်ခံစားနေကြသည်ကို ၎င်းတို့ မြင်သော်လည်း မိမိတို့ကိုယ်တိုင်မူ စားချင်စိတ်မရှိကြချေ။ ၎င်းတို့၏ စိတ်က မိမိတို့တာဝန်ကို ကောင်းစွာ မည်သို့ ထမ်းဆောင်ရမည်ဆိုသည်ကို အမြဲ အာရုံရောက်နေသည်။ ဤသည်မှာ ထိုတာဝန်ကို စိတ်နစ်ထားခြင်း မဟုတ်လော။ ဤသည်မှာ အားထုတ်မှု ပြုခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုအားထုတ်မှုမျိုးကို သင်တို့ ပြုလုပ်ဖူးပြီးပြီလော။ သင့်ထံတွင် တာဝန်သိစိတ် စိုးစဉ်းမျှ မရှိပါက သင်၏ အသိစိတ်တွင် အပြစ်တင်သည့် ခံစားချက် တစ်ခုတလေ မရှိဘဲ မည်သည့် အသိမျှမရှိဘဲ မှားယွင်းသည့်အရာများကို သင် လုပ်ဆောင်နိုင်ပါက၊ သို့မဟုတ် ဝတ်ကျေတမ်းကျေ ပြုမူဆောင်ရွက်နိုင်ပါက ဆက်ကပ်အပ်နှံခြင်းအကြောင်းကို သင် မည်သို့ ပြောဆိုနိုင်မည်နည်း။ သင် တကယ်ကို မပြောဆိုနိုင်ပေ။ ဘုရားအိမ်တော်က သင့်ကို အချိန်အနည်းငယ်ဖြင့် အမြန်ဆုံးလုပ်ဆောင် ပြီးစီးရမည့် တာဝန်တစ်ခုကို ပေးအပ်ပါက ထိုတာဝန်ကို သင် မည်သို့ ဆောင်ရွက်မည်နည်း။ သင်သည် စဉ်းစားခြင်းမရှိဘဲ၊ ရှာဖွေခြင်းမရှိဘဲ၊ နှံ့စပ်သော သူများထံမှ မိတ်သဟာယ ရှာဖွေခြင်းမရှိဘဲ ဟန်ဆောင်လုပ်ပြရုံသာ လုပ်ပြပါက၊ အချိန်ကို အလဟဿသာ သင် ကုန်လွန်စေပါက သင်၏ တာဝန်အပေါ် မည်သည့် သဘောထားမျိုးကို သင်ခံယူနေခြင်း ဖြစ်သနည်း။ သင်သည် စစ်မှန်သည့် စိတ်နှလုံးမရှိဘဲ ပါးစပ်ပြောမျှသာ လုပ်ဆောင်နေခြင်း ဖြစ်သည်။ အပြောသာရှိခြင်းဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ သင်ပြောသည့်အရာသည် နားကြားကောင်းသော်လည်း ပြစားဖို့အတွက်သာ ဖြစ်သည်ဟု ဆိုလိုသည်။ ထိုအရာက လူတို့အား အတုအယောင် ထင်မြင်ချက်တစ်ခု ပေးချိန်တွင်၊ သို့မဟုတ် သင်သည် ဆင်းရဲဒုက္ခခံစားနေကြောင်း၊ သင်သည် အလွန် ဂရုစိုက်တတ်ပြီး အလုပ်ကြိုးစားကြောင်း ၎င်းတို့ တွေးထင်ရန်အလို့ငှာ ၎င်းတို့ကို တမင်လှည့်စားချိန်တွင် အမှန်၌ သင်သည် အမှုအရာများကို မည်သို့မျှ စဉ်းစားခြင်း လုံးဝ မရှိပေ။ သင် အမှန်တကယ် စဉ်းစားပါက၊ ထိုတာဝန်ကို သင်အမှန်တကယ် စိတ်နစ်ထားပါက၊ သင်၏ တာဝန်ကို သင်စစ်မှန်စွာ ဆက်ကပ်ခြင်းရှိပါက သင် အရေးတယူ ဆောင်ရွက်သင့်ပေသည်။ သင် မည်သို့ အရေးတယူ ဆောင်ရွက်သင့်သနည်း။ သင် အလုပ်များရန်၊ ရှာဖွေသုတေသနပြုရန်၊ သို့မဟုတ် ဘုရားအိမ်တော်၏ စည်းမျဉ်းများအကြောင်း ပိုမို ဖတ်ရှုရန် လိုအပ်သည်။ သို့မဟုတ် ထိုနယ်ပယ်တွင် ကျွမ်းကျင်သည့် နှံ့စပ်သော လူတို့နှင့် ဆွေးနွေးတိုင်ပင်သင့်ပေသည်။ တစ်ခါတစ်ရံ သင်သည် အစာစားရန် အချိန်မရှိအောင် အလွန် အလုပ်များလိမ့်မည် ဖြစ်သော်လည်း သင် အလုပ်များနေစဉ်တွင် ဆုတောင်းပြီး ဘုရားသခင်အပေါ် မှီခိုရန် မမေ့လျော့နေဆဲ ဖြစ်ရမည်။ ရှေ့ဆက်ရမည့် လမ်းကြောင်းကို သင် ရှာတွေ့ကာ စည်းမျဉ်းများကို အနည်း၊ အများ သဘောပေါက်ပြီးသည်နှင့် စတင်အလုပ်လုပ်ရမည့် အချိန်ကျပေသည်။ ရက်အတော်ကြာ ပြီးနောက်တွင် စံနှုန်းမီသည့် တစ်စုံတစ်ရာကို သင်အကျိုးဖြစ်ပေါ်စေပြီးဖြစ်လိမ့်မည်ဖြစ်ကာ ယင်းက အောင်မြင်မှုတစ်ခု ဖြစ်လိမ့်မည်။ သင်သည် ထိုအားထုတ်မှုမျိုးကို မထားရှိသကဲ့သို့ ထိုအစား ဝတ်ကျေတမ်းကျေ သဘောထားဖြင့် ချဉ်းကပ်ပါက ရက်အနည်းငယ်ကြာပြီးနောက်တွင် တစ်စုံတစ်ရာကို သင်အကျိုးဖြစ်ပေါ်စေနိုင်မည်ဖြစ်သော်လည်း ထိုအရာ၏ အရည်အသွေးသည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ အပေါ်ယံတွင် ထိုအရာသည် သိသာသည့် အပြစ်အနာအဆာများ မရှိဘဲ လက်ခံနိုင်ဖွယ် ဖြစ်ပုံရမည်ဖြစ်သည်။ သို့ရာတွင် မည်သည့် အပြောင်မြောက်ဆုံး လက်ရာမျိုးမျှ ဖြစ်မည်မဟုတ်။ ထိုအရာသည် စေ့စေ့စပ်စပ် လက်ဖြင့်ဖန်တီးထားသော အရာတစ်ခု ဖြစ်မည်မဟုတ်ဘဲ လက်ရာကြမ်းတစ်ခုသာ ဖြစ်ပေမည်။ သတိမမူသကဲ့သို့ ဝတ်ကျေတမ်းကျေ ပုံစံဖြင့် သင်ပြီးစီးထားသည့် တစ်စုံတစ်ရာကို သင် အပ်နှံပါက ထိုအရာသည် စိတ်ကျေနပ်ဖွယ်အဖြစ် တစ်ကြိမ်တစ်ခါမျှ ယူဆခံရနိုင်သလော။ အဆုံးတွင် ထိုအရာကို သင်ပြန်လုပ်ဆောင်ရလိမ့်မည်သာ ဖြစ်ပြီး ယင်းက အမှုအရာများကို နှောင့်နှေးစေရုံ ဖြစ်လိမ့်မည် မဟုတ်လော။

လူအချို့သည် အမှုအရာများကို အကြမ်းပုံစံဖြင့် လုပ်ဆောင်ကြသည်။ မည်သည့်အရာကိုမျှ ၎င်းတို့ စိတ်နှစ်လုပ်ဆောင်ခြင်း မရှိကြ။ ဝတ်ကျေတမ်းကျေ သဘောထားတစ်ခု ရှိကြသည်။ ထိုသို့သော လူများသည် မကောင်းသည့် စိတ်ဓာတ်တစ်ခု ရှိကြ၏။ မကောင်းသည့် စိတ်ဓာတ်ရှိသူ တစ်စုံတစ်ဦးသည် တာဝန်ယူမှုတစ်ခုတလေကို ခံစားရသလော။ (မခံစားရပါ။) အပြန်အလှန်အားဖြင့် တာဝန်ယူစိတ်မရှိသူ တစ်စုံတစ်ဦးသည် ကောင်းသည့် စိတ်ဓာတ်တစ်ခုရှိရန် အလားအလာရှိသလော၊ သို့မဟုတ် မကောင်းသည့် စိတ်ဓာတ်ရှိရန် အလားအလာ ရှိသလော။ (မကောင်းသည့် အလေ့အထရှိရန် အလားအလာ ရှိပါသည်။) တာဝန်မဲ့သော လူတစ်ဦးသည် မကောင်းသည့် စိတ်ဓာတ် ရှိသည့်သူတစ်ဦး ဖြစ်သည်။ ၎င်းတို့သည် တာဝန်ယူလိုစိတ် မရှိဘဲ၊ သို့မဟုတ် ရလဒ်များ စွမ်းဆောင်ရရှိရန် မည်သည့် အဖိုးအခမျိုးမှ ပေးလိုစိတ်မရှိဘဲ အရာရာကို ဝတ်ကျေတမ်းကျေ သဘောထားဖြင့် ချဉ်းကပ်ကြသည်။ ထိုသဘောထားမျိုးဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအား စိတ်ကျေနပ်ဖွယ် ဖြစ်သည်ဟု ယူဆပါသလော။ (မယူဆပါ။) အချိန်နှင့် ပတ်သက်လာသည့်အခါ သင်၏ တာဝန်ကို စိတ်ကျေနပ်ဖွယ် ထမ်းဆောင်ရန်အတွက် သတ်မှတ်ချက်များနှင့် စံနှုန်းများ ရှိသလော။ သင်၏ သဘောထားနှင့် ပတ်သက်လာသည့်အခါ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအတွက် သတ်မှတ်ချက်များ၊ သို့မဟုတ် စံနှုန်းများ ရှိသလော။ လူအချို့က “ကျွန်ုပ်တွင် စံနှုန်းများ ရှိပါသည်။ ပထမမှာ မိမိကိုယ်ကို ဖတ်ဖတ်မမောစေရန် ဖြစ်သည်၊ ဒုတိယမှာ ဆာလောင်ခြင်း မရှိရန်ဖြစ်ပြီး တတိယတစ်ခုမှာ အရဲမစွန့်ရန် ဖြစ်ပါသည်။ အခြားသူများ မရောက်ရှိသေးလျှင် ကျွန်ုပ် စောစော ရောက်၍ မဖြစ်ပါ။ ကျွန်ုပ်သည် ထိုနေရာတွင် ပထမဆုံး ရောက်သောသူ ဖြစ်မည်မဟုတ်ပါ။ အခြားလူများက မိမိတို့တာဝန်ကို ထမ်းဆောင်နေကြဆဲဖြစ်လျှင် အမှုအရာများကို မည်သို့ လက်စသတ်ပြီး အနည်းငယ် အနား ယူရမည်ဆိုသည်ကို ကျွန်ုပ် စဉ်းစားမည်ဖြစ်သည်။ အခြားသူများ သည်းညည်းခံခြင်းမရှိသည့် မည်သည့်ဆင်းရဲဒုက္ခကိုမျှ ကျွန်ုပ် သည်းညည်းခံမည် မဟုတ်သကဲ့သို့ အခြားသူများ ကိုင်တွယ်နိုင်သလောက်သာ ကျွန်ုပ်လည်း ဆင်းရဲဒုက္ခ ခံလိမ့်မည်ဖြစ်သည်။ အယောက်တိုင်းက တစ်စုံတစ်ရာကို လုပ်ဆောင်လျှင် ကျွန်ုပ်လည်း လုပ်ဆောင်မည်။ မည်သူကမျှ မည်သည့်အရာကိုမျှ မလုပ်ဆောင်လျှင်၊ ကျွန်ုပ်လည်း လုပ်ဆောင်လိမ့်မည် မဟုတ်ပါ”ဟု ပြောကြသည်။ ဤသည်တို့မှာ မည်သည့် စံနှုန်း အမျိုးအစားများ ဖြစ်သနည်း။ (မကောင်းသည့် စံနှုန်းများ ဖြစ်ပါသည်။) လူအချို့က “ကျွန်ုပ် ဝမ်းနည်းသည့်အခါ ကျွန်ုပ်၏ တာဝန်ကို အတန်ငယ် ရပ်နားထားမည်ဖြစ်သည်။ ကျွန်ုပ်၏ အလုပ်ချိန်ကို တိုတောင်းစေမည်ဖြစ်ပြီး ကျွန်ုပ်၏ အကူအညီ လိုချင်သည့်အခါ ကျွန်ုပ် အလွန် တက်ကြွနေမည် မဟုတ်ပါ။ ထို့နောက် ကျွန်ုပ် စိတ်အခြေအနေ ပိုကောင်းလာသည့်အခါ ပို၍ ပါဝင်လုပ်ဆောင်မည်ဖြစ်သည်”ဟု ဆိုကြသည်။ ဤစံနှုန်းများမှာကော အဘယ်သို့နည်း။ (မကောင်းပါ။ ၎င်းတို့၏ အလုပ်သည် ၎င်းတို့၏ စိတ်အခြေအနေပေါ် မူတည်နေပါသည်။) ပြီးလျှင် “လူတိုင်းက ကျွန်ုပ်ကို ကောင်းစွာ ဆက်ဆံပြီး ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်နေချိန် ကျွန်ုပ် လိုချင်သည့်အရာကို လုပ်ဆောင်ပေးလျှင်၊ ကျွန်ုပ် အမှားလုပ်လျှင်ပင် မည်သူကမျှ ကျွန်ုပ်ကို ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခြင်း မရှိလျှင် အဆင်ပြေပြီး အားထုတ်မှု ၇၀ % ခန့် ကျွန်ုပ် လုပ်ဆောင်မည်ဖြစ်သည်။ သို့ရာတွင် တစ်စုံတစ်ဦးသည် ကျွန်ုပ်ကို ဝေဖန်လျှင်၊ သို့မဟုတ် ကျွန်ုပ်၏ အပြစ်များကို ထောက်ပြလျှင် ကျွန်ုပ်၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်ချင်စိတ် ရှိမည်မဟုတ်ကဲ့သို့ ကျွန်ုပ် ပုန်းရှောင်၍သာ နေလိုက်မည်”ဟု ဆိုသော အခြားသူများရှိ၏။ ဤသဘောထားကို သင် မည်သို့ တွေးထင်ပါသနည်း။ (မကောင်းပါ။) “ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ ကျွန်ုပ်ထံမှ မည်သူမျှ မည်သည့်အရာကိုမျှ တောင်းဆို၍မရပါ။ ထိုအရာကို ကျွန်ုပ် ဆန္ဒအလျောက်သာ လုပ်ဆောင်မည်။ ကျွန်ုပ်တွင် ကျွန်ုပ်ကိုယ်ပိုင် သိက္ခာရှိပြီး ကျွန်ုပ်ကို တစ်ဦးတလေက ကျွမ်းကျင်မှု တောင်းဆိုလျက် တာဝန်ထမ်းဆောင်ဖို့ ဆက်လက် တွန်းအားပေးပါက ကျွန်ုပ် လက်ခံမည် မဟုတ်ပါ။ ကျွန်ုပ်သည် စည်းမျဉ်းများကို အမြဲဆန့်ကျင်လုပ်ဆောင်သည်ဟု ၎င်းတို့က အစဉ်သဖြင့် ပြောလျှင် ၎င်းတို့သည် ကျွန်ုပ်အတွက် အခက်အခဲများ ဖန်တီးနေခြင်းဖြစ်ပြီး ကျွန်ုပ်ကို အကျပ်ရိုက်စေခြင်း ဖြစ်သည်။ ကျွန်ုပ်အပေါ် တောင်းဆိုမှုများ ပြုလုပ်ရန် ဘုရားအိမ်တော်၏ သမ္မာတရား စည်းမျဉ်းများကို ၎င်းတို့ ဆက်လက် အသုံးပြုပါက ကျွန်ုပ်၏ သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုက ကျွန်ုပ်ကို ထိုအရာများ စွမ်းဆောင်ရရှိခြင်းမှ တားဆီးလိမ့်မည်။ ကျွန်ုပ် တတ်နိုင်သည့်အရာကို စွမ်းဆောင်ရရှိရန် ကျွန်ုပ် အကောင်းဆုံး လုပ်ဆောင်မည်ဖြစ်သော်လည်း တစ်စုံတစ်ရာသည် ကျွန်ုပ် တတ်နိုင်သည်ထက် ကျော်လွန်သည့်အခါ၊ ကျွန်ုပ်ကို အတင်းမလုပ်ခိုင်းပါနှင့်။ သင် အတင်းလုပ်ခိုင်းလျှင် ကျွန်ုပ် လက်လျှော့အရှုံးပေးကာ ထွက်သွားမည်ဖြစ်ပြီး သင် ကျွန်ုပ်အား အတင်းအကျပ်ပြုသည်ကို ရပ်တန့်သည့်အခါတွင် ပြန်လာမည်ဖြစ်သည်”ဟု ပြောသော သူအချို့လည်းရှိသည်။ ယင်း သဘောထားမှာ အဘယ်သို့နည်း။ (မကောင်းပါ။) ဤသဘောထားများထဲမှ မည်သည့်အရာမျှ တစ်စက်မျှ ကောင်းမွန်ခြင်း မရှိပေ။ ယင်းမှာ သိသာပြီး လူတိုင်း သိပေသည်။ သို့ဆိုလျှင် သင်တို့အားလုံး သင်တို့၏ တာဝန်များကို မည်သို့ ထမ်းဆောင်နေကြပါသနည်း။ ဤအပြုအမူများ တစ်ခုတလေကို သင်တို့ ပြသကြသလော။ သင်တို့သည် တစ်ဦးတလေကို နားထောင်ရန် ငြင်းပယ်လျက် ဝတ်ကျေတမ်းကျေသာ ပြုမူဆောင်ရွက်ရင်း ထိန်းမနိုင် သိမ်းမရဖြစ်ကြသည်၊ တစ်ဇွတ်ထိုးလုပ်ကြသည်၊ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူကြပေသည်။ သင်တို့သည် မည်သည့်အရာပေါ်မျှ လေးနက်သည့် သဘောထား မရှိကြ။ သင်တို့တွင် ပါရမီ အနည်းငယ်မျှ ရှိသည့်အချိန်တွင် ကြီးကျယ်ကြပြီး အသေးအမွှား ကိစ္စတစ်ခုတလေက မိမိတို့ သဘောအတိုင်း မဖြစ်သည့်အခါ ဝုန်းဒိုင်းကြဲကာ မျက်နှာစူပုပ်ကြ၍ အလုပ် မလုပ်ချင်ကြတော့ပေ။ သင်၏ တာဝန်ထမ်းဆောင်ခြင်းအပေါ် လက်လျှော့လိုက်ဖို့ သင် အမြဲ စဉ်းစားနေသည်။ သင်တို့သည် ဤသို့ ပြုမူဖူးကြသလော။ (ပြုမူဖူးပါသည်။) ဤသို့ သင်တို့ ပြုမူသည့်အခါ သင်တို့ အချင်းချင်း မိတ်သဟာယပြုကာ ဤပြဿနာများကို ဖြေရှင်းရန် ကြိုးစားကြသလော။ ထိုပြဿနာများ ပါရှိလျက်ဖြင့် လူတို့သည် မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသလော။ ၎င်းတို့သည် မိမိတို့တာဝန်ကို စံနှုန်းမီ ထမ်းဆောင်ကာ ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ကြသလော။ မကျေနပ်စေနိုင်ကြသည်မှာ သိသာထင်ရှားပေသည်။

အကြင်သူသည် မိမိတာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ ထိုသူထံမှ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ပွင့်ထွက်လာသည်ဖြစ်စေ ထိုအရာသည် လက်တွေ့ကျသော ပြဿနာတစ်ခုဖြစ်ပြီး ထိုအရာက ယင်းတာဝန်အပေါ် ၎င်းတို့၏ ထိရောက်သော စွမ်းဆောင်မှုကို လျော့ပါးစေလိမ့်မည်။ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရှာဖွေကာ ထိုအရာကို ချက်ချင်း ဖြေရှင်းရန် လိုအပ်သည်။ ထိုသို့သော လက်တွေ့ကျသော ပြဿနာများသည် ပြေလည်သွားခြင်းမရှိပါက ၎င်းတို့ဘာသာ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်။ အချိန်ကြာလာသည်နှင့်အမျှ ပိုဆိုးရွားလာလိမ့်မည်။ ထိုအရာများ “ပိုဆိုးရွား”လာလိမ့်မည်ဟု ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ပြေလည်သွားခြင်းမရှိပါက သင်၏ အခြေအနေကို ဝင်ရောက်စွက်ဖက်လိမ့်မည်ဖြစ်ပြီး အခြားလူများကို ဝင်ရောက်စွက်ဖက်လိမ့်မည်။ အချိန်ကျသည့်အခါ ဤပြဿနာများသည် သင့်အား သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းမှ၊ သမ္မာတရားကို သိနားလည်ကာ လက်တွေ့လုပ်ဆောင်ခြင်းမှ ပြီးလျှင် ဘုရားသခင်၏ ရှေ့မှောက်သို့ လာခြင်းမှ တားဆီးလိမ့်မည်ဖြစ်သည်။ ဤသည်မှာ မပြောပလောက်သော ကိစ္စမဟုတ်ဘဲ ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်သည်။ ထိုမှ အချိန်ကုန်လွန်သည်နှင့်အမျှ သင်၏ စိတ်နှလုံးရှိ မကျေနပ်ချက်များနှင့် မကျေမချမ်းဖြစ်မှုများ၊ ဘုရားသခင်အပေါ် သင်၏ အယူအဆများနှင့် အထင်လွဲမှုများ၊ အခြားသူများအပေါ် သင်၏ အမြင်စောင်းမှုများအပြင် အခြားသူများနှင့် သင် ခပ်တန်းတန်းဖြစ်သွားခြင်းတို့သည် သင့်အထဲတွင် ကြီးထွားလိမ့်မည်။ ဤအရာက သင့်အား မှားယွင်းသည့် လမ်းကြောင်းပေါ်သို့ ဧကန်မုချ ဆိုက်ရောက်စေလိမ့်မည်။ ဤအရာများသည် တစ်ဦးတစ်ယောက်ကို စိတ်အတွင်းကျကျကို နှောင့်ယှက်ကာ အပျက်သဘောဆောင်စေပြီး ဘုရားသခင်ကို ရှောင်ကြဉ်စေရုံသာ လုပ်ဆောင်နိုင်ပေသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူတို့၏ အယူအဆများနှင့် အထင်လွဲမှုများကဲ့သို့သော အရာများသည် အပျက်သဘောဆောင်သော အရာများ၊ စာတန်၏ အဆိပ်များသာ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရာများသည် တစ်စုံတစ်ဦး၏ စိတ်နှလုံးတွင် အချိန်ကြာမြင့်စွာ တစ်နေ့တခြား ကြီးထွားလာပါက ထိုလူ၏ ယုံကြည်ခြင်းကို ပျက်စီးယိုယွင်းစေပြီး ၎င်းတို့၏ စိတ်ထက်သန်မှုနှင့် စစ်မှန်ရိုးသာမှုတို့ကို လျော့နည်းလာစေသည်။ ပြီးလျှင် ယုံကြည်ခြင်း၊ သို့မဟုတ် စိတ်ထက်သန်မှုမရှိဘဲနှင့် အချိန်ကြာလာသည်နှင့်အမျှ အကြင်သူ၏ တာဝန်ထမ်းဆောင်ရန် အားအင် လျော့ကျသွားသည် မဟုတ်လော။ အကြင်သူသည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ဆိုင်သည့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို မခံစားရသကဲ့သို့ မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားသခင်၏ ကောင်းချီးနှင့် လမ်းပြမှုတို့ကို မခံစားရသည့်အခါ ၎င်းတို့အထဲရှိ ခွန်အားကို ၎င်းတို့ မစုစည်းနိုင်ကြသကဲ့သို့ အယူအဆများ၊ အထင်လွဲမှုများ၊ မကျေနပ်ချက်များနှင့် အပျက်သဘောဆောင်ခြင်းတို့ကဲ့သို့သော အပျက်သဘောဆောင်သည့် အရာများ၏ ထိန်းချုပ်ခြင်း ခံရလိမ့်မည်ဖြစ်သည်။ အကြင်သူသည် ဤအခြေအနေများတွင် ရှိသည့်အခါ မိမိတို့ တာဝန်ကို ထမ်းဆောင်ခြင်း၊ ထိန်းသိမ်းနေခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း၊ အရာရာကို အတင်းအဓမ္မ လုပ်ဆောင်ခြင်းဖြင့် အားထုတ်ကြိုးပန်းရန်သာ တတ်နိုင်ကြသော်လည်း ထိုအရာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းအား မလုပ်ဆောင်နိုင်ကြချေ။ အကြင်သူသည် ဘုရားသခင်၏ လမ်းပြမှု၊ သို့မဟုတ် သူ၏ ကောင်းချီးများကို ဤနည်းဖြင့် မမြင်တွေ့နိုင်ပေ။ ယင်းနောက်တွင် မည်သည့်အရာ နီးကပ်စွာ လိုက်လာသနည်း။ ၎င်းတို့၏ တာဝန်ကို ၎င်းတို့ မည်သို့မည်ပုံ ထမ်းဆောင်ကြသည်ဖြစ်စေ ထိုတာဝန်၏ စည်းမျဉ်းများကို ရှာမတွေ့နိုင်ကြပေ။ ၎င်းတို့သည် သေချာရေရာမှု နည်းသည်ထက်နည်းပါးလျက် မိမိတို့ ဆန္ဒရှိသည့်အတိုင်းသာ ပြုမူဆောင်ရွက်ကြပြီး မိမိတို့ တာဝန်ကို ထမ်းဆောင်ရန် အားအင် ဆုံးရှုံးကြလေသည်။ လူအချို့က “ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခါစတွင် ကျွန်ုပ် အတော်လေး တို့ထိခံရကာ ဉာဏ်အလင်းပေးခြင်းခံခဲ့ရပြီး ဘုရားသခင်က ကျွန်ုပ်နှင့်အတူ ရှိသည်ဟု ခံစားခဲ့ရသည်။ ကျွန်ုပ်၏ စိတ်နှလုံးတွင် ဝမ်းမြောက်ခြင်းရှိခဲ့သည်။ ကျွန်ုပ်၏ အမြင်အာရုံသည် အရာရာကို ထိုးထွင်းသိမြင်နိုင်ခဲ့ပြီး အရာရာကို စိတ်အေးလက်အေးဖြင့် ကျွန်ုပ် လုပ်ဆောင်နိုင်ခဲ့သည်။ အတန်ငယ်ကြာပြီးနောက်တွင် ကျွန်ုပ်၏ စိတ်နှလုံးက ဘုရားသခင်ထံမှ အလွန် ဝေးကွာသွားသည့်အလား ကျွန်ုပ်၏ စိတ်နှလုံးတွင် ဆုတောင်းခြင်း မရှိတော့သကဲ့သို့ ဘုရားသခင်ကို ကျွန်ုပ် မခံစားရတော့ပါ”ဟု ပြောကြသည်။ ဤနေရာတွင် မည်သည့်အရာ ဖြစ်နေပါသနည်း။ ဤလူသည် စိတ်နှလုံးတွင် ရောဂါဖြစ်နေခြင်း ဖြစ်သည်။ ယင်းမှာ မည်သည့် ရောဂါနည်း။ ၎င်းတို့အတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက အမြဲ ပေါ်လွင်ထင်ရှားပြီး အနှောင့်အယှက်များကို ဖြစ်စေခြင်းဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်သွားခြင်း မရှိပါက ၎င်းတို့၏ တာဝန် ထမ်းဆောင်မှုတွင် ပြဿနာများ အမြဲ ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး ထိုပြဿနာများ တိုး၍ ဆိုးရွားလာသည့်အခါ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ကာ အာရုံပျက်စေလိမ့်မည်ဖြစ်သည်။ အကြင်သူသည် မိမိတာဝန်နှင့်သက်ဆိုင်၍ စိတ်ကျေနပ်ဖွယ် ထမ်းဆောင်မှုကို စွမ်းဆောင်ရရှိလိုပါက မကြာခဏ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းကာ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရာတွင် အားထုတ်ရမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းပြီးသည်အထိ ဆင်းရဲဒုက္ခခံကာ အဖိုးအခပေးနိုင်ရမည်။ ထို့နောက်တွင် ၎င်းတို့သည် ပိတ်ဆို့ခြင်းနှင့် ဟန်တားခြင်းတို့ မခံရဘဲ မိမိတို့တာဝန်ကို ထမ်းဆောင်နိုင်ကြလိမ့်မည် ဖြစ်သည်။ လူအချို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေနိုင်ကြပေ။ ကောင်းမြတ်ခြင်းနှင့် စိတ်ထက်သန်မှုတို့ဖြင့်သာ၊ လူသား၏ အလိုဆန္ဒအားဖြင့်သာ မိမိတို့ကိုယ်ကို ချုပ်တည်းနိုင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ယာယီ ပွင့်အံထွက်ခြင်းများကိုသာ တားဆီးနိုင်ကြသည်။ သို့ရာတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ပြဿနာကို အရင်းမှ ၎င်းတို့ ဖြေရှင်းနိုင်ကြပါသလော။ အကြင်သူသည် သမ္မာတရားကို မရှာဖွေပါက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းနိုင်သကဲ့သို့ အကြင်သူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြင့် အသက်ရှင်ပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကျေနပ်ဖွယ်ရာ တာဝန်ထမ်းဆောင်မှုကို စွမ်းဆောင်ရရှိနိုင်မည် မဟုတ်ပေ။

ပင်ကိုသဘာဝ လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်သည့် တစ်စုံတစ်ဦးသည် အမှန်ပင် လူကောင်းတစ်ဦး ဖြစ်သလော။ မည်ကဲ့သို့သော လူအမျိုးအစားကို ဘုရားသခင်က အမှန်ပင် သမ္မာတရား ပိုင်ဆိုင်သည့် လူကောင်းတစ်ဦးအဖြစ် မြင်ပါသနည်း။ ပထမဦးဆုံးအနေဖြင့် အကြင်သူသည် ဘုရားသခင်၏အလိုတော်နှင့် သမ္မာတရားကို နားလည်ရမည်ဖြစ်သည်။ ဒုတိယအနေဖြင့် အကြင်သူသည် သမ္မာတရားအပေါ် မိမိ၏ သိနားလည်မှုကို အခြေခံ၍ ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွင်းရှိ သမ္မာတရားနှင့် မကိုက်ညီသည့် အရာများဖြစ်သည့်၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ၊ အခြားသူများနှင့်ပတ်သက်၍ ၎င်းတို့၏ အာဃာတများ၊ ပြီးလျှင် အခြားသူများနှင့်ပတ်သက်၍လည်းကောင်း၊ ဘုရားသခင်နှင့်ပတ်သက်၍လည်းကောင်း ၎င်းတို့တွင်ရှိသည့် အထင်လွဲမှုများကို ရှာဖွေတွေ့ရှိသည်နှင့် ဖြေရှင်းနိုင်ကြလေသည်။ မကောင်းသည့် အခြေအနေများ၊ သို့မဟုတ် အပျက်သဘောဆောင်သော အခြေအနေများတွင် ၎င်းတို့ အသက်ရှင်သည့်အခါ မိမိတို့ကိုယ်ကို ချက်ချင်း ပြောင်းလဲနိုင်ကြသည်။ ဤဖောက်ပြန်ပျက်စီးသော အရာများကို ၎င်းတို့ ဖက်တွယ်ခြင်း မရှိကြချေ။ ဤလူသည် ၎င်း၌ ပြဿနာတစ်ခုရှိသည်ကို ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ဖြေရှင်းချက်ကို ရှာဖွေရန် ဘုရားသခင် ရှေ့မှောက်သို့ လာနိုင်ကြပြီး သူနှင့် ပုံမှန် ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းနိုင်ကြသည်။ ထိုသို့သော လူတစ်ဦးသည် အားနည်းပြီး ပုန်ကန်လိုစိတ်လည်း ရှိနိုင်သည်၊ ပြီးလျှင် မာနထောင်လွှားခြင်း၊ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်း၊ မရိုးဖြောင့်ခြင်းနှင့် လှည့်စားခြင်းကဲ့သို့ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအမျိုးမျိုးကို ထုတ်ဖော်နိုင်သည်။ သို့ရာတွင် ၎င်းတို့သည် မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး၊ ဤအရာများကို သတိပြုမိလာသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ယင်းတို့ကို အချိန်မီဖြေရှင်းနိုင်ပြီး ပြောင်းလဲနိုင်ကြသည်။ ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်ပါသနည်း။ ဤသည်မှာ သမ္မာတရားကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးသော လူ ဖြစ်၏။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်၏ အမြင်တွင် မည်သို့ ရှုမြင်ခံရပါသနည်း။ ဘုရားသခင်၏ အမြင်တွင် ဤသည်မှာ ကောင်းသောလူတစ်ဦး ဖြစ်ပေသည်။ လူအချို့သည် မိမိတို့၏ ကိုယ်ရေးကိုယ်တာ ဘက်လိုက်မှုများနှင့် အထင်လွဲမှုများကို ခေါင်းမာစွာ ဖက်တွယ်လျက် မိမိတို့၏ အယူအဆဟောင်းများကို အမြဲ ထိန်းသိမ်းကြသည်။ ၎င်းတို့သည် ၎င်းတို့ မှားယွင်းသည်ကို ကောင်းစွာ အပြည့်အဝ သိသော်လည်း မိမိတို့၏ စိတ်ကူးများကို မလျှော့တမ်း ပြောလျက် အပျက်သဘောဆောင်သော သဘောထားတစ်ခုဖြင့် မိမိတို့တာဝန်ကို အမြဲ ထမ်းဆောင်ကြလေသည်။ ၎င်းတို့ ကိုင်တွယ်ဖြေရှင်းခံရသည့်အခါတွင်ပင် “ဤသည်မှာ အမှုအရာများကို ကျွန်ုပ် လုပ်ဆောင်ပုံသာဖြစ်သည်။ ကျွန်ုပ်၏ ကိုယ်ပိုင်နည်းလမ်းကို ကျွန်ုပ် လက်လွှတ်မည်မဟုတ်ပါ။ ဤအရာကို ဘုရားအိမ်တော်က မမျှမတ ကိုင်တွယ်နေသည်ဟု ကျွန်ုပ် ထင်သောကြောင့် ဤအရာကို ကျွန်ုပ် ဖြေရှင်းမည် မဟုတ်ပါ။ တရားမျှတမှုအကြောင်းကို သင် ပြောလျှင်ပင် ကျွန်ုပ် လက်ခံမည်မဟုတ်ပါ။ သင်၏ စကားများသည် သမ္မာတရား မဟုတ်ပါ။ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရာတွင် လျော်ကန်သော သဘောထားမရှိဟု သင်အခိုင်အမာဆိုသော်လည်း မည်သည့် မကောင်းမှုကိုမျှ ကျွန်ုပ် မလုပ်ဆောင်လေပြီ။ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကျွန်ုပ် ဝတ်ကျေတမ်းကျေဖြစ်နေသည်ဟု သင်ဆိုသည်။ သို့ဆိုလျှင် ဝတ်ကျေတမ်းကျေမဖြစ်ရန် မည်သည့်အရာကို ကျွန်ုပ် လုပ်ဆောင်သင့်သနည်း။ ကျွန်ုပ်၏ တာဝန်ကို ဤသို့လုပ်ဆောင်ခြင်းသည် လုံလောက်ပြီဖြစ်သည်။ ကျွန်ုပ်၏တာဝန်ကို ဤသို့ထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင်က ကျေနပ်အားရခြင်းမရှိပါက ဘုရားသခင်သည် မျှတခြင်း မရှိသကဲ့သို့ သူ၏ ဖြောင့်မတ်ခြင်းသည်လည်း အတုအယောင်ဖြစ်သည်”ဟု ဆိုလျက် အတိုက်အခံလုပ်ပြီး ခုခံပြောဆိုတတ်ကြသည်။ ဤသည်မှာ သမ္မာတရားကို လက်ခံသည့် လူစားမျိုး ဖြစ်သလော။ ဤကဲ့သို့ စကားပြောဆိုသော လူတစ်ဦးသည် မယုံကြည်သူတစ်ဦးနှင့် အဘယ်သို့ တစ်ခုတလေ ကွာခြားပါသနည်း။ ထိုသို့သော လူတစ်ဦးကို ဘုရားသခင်က မည်သို့ ရှုမြင်ပါသနည်း။ ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ (သူစက်ဆုပ်ပါသည်။) ဤသည်မှာ ခေါင်းမာပြီး ပုန်ကန်တတ်သော လူတစ်ဦး ဖြစ်သည် မဟုတ်လော။ သင့်ထံတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသော်လည်း ထိုအရာများကို ဘုရားသခင် မအောက်မေ့ပေ။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦး ဖြစ်သောကြောင့် ဘုရားသခင်က သင့်ကို မငြင်းပယ်ပေ၊ သို့မဟုတ် မရှုတ်ချပေ။ သို့ရာတွင် သင်သည် သမ္မာတရားကို ကောင်းစွာ သိသော်လည်း ထိုသမ္မာတရားကို တမင်တကာ အတိုက်အခံလုပ်ကာ ပုန်ကန်နေဆဲဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ဝမ်းနည်းစေသည်မှာ၊ သူ့ကို စက်ဆုပ်စေပြီး ပစ်ပစ်ခါခါ ငြင်းစေသည်မှာ သင်၏ သဘောထားဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သဘောထားဖြစ်၏။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်၏ အမြင်၊ သို့မဟုတ် အခြားသူများ၏ အမြင်တွင် လူကောင်းတစ်ဦး မဟုတ်ပေ။

သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ ကယ်တင်ခြင်းကို ရရှိလိုပါက သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ ပထမဦးစွာ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း လမ်းကြောင်းတွင် တာဝန်ယူစိတ်တစ်ခုကို သင် မွေးမြူပြီး သင် အကောင်းဆုံး အားထုတ်ရမည်။ ဘုရားသခင်က သင့်ကို လူကောင်းတစ်ဦးအဖြစ် မြင်သည့်အခါ သင်သည် ထိုနေရာသို့ လမ်းခုလတ်တွင် ရှိနေပြီဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် သမ္မာတရားကို လိုက်စားနိုင်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မည်မျှ ပေါ်လွင်သည်ဖြစ်စေ၊ အခက်အခဲမည်မျှ သင် ရင်ဆိုင်ရသည်ဖြစ်စေ ထိုအရာများကို ဖြေရှင်းဖို့ သမ္မာတရားကို သင် ရှာဖွေနိုင်ဆဲ ဖြစ်သည်။ ပြီးလျှင် သင်ပြုပြင်ခြင်းခံရသည့်အခါ၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ လက်ခံပြီး နာခံတတ်သော သဘောထားတစ်ခုရှိပါက ကယ်တင်ခြင်း ရရှိဖို့ သင်၏ မျှော်လင့်ချက်သည် ပကတိအတိုင်း အပြည့်အဝ ဖြစ်လိမ့်မည်။ သမ္မာတရား လိုက်စားသည့် တစ်စုံတစ်ဦးအဖြစ် ဘုရားသခင်၏ အမြင်ခံရရန်မှာ သင် ပြည့်မီကောင်း ပြည့်မီနိုင်ဦးမည် မဟုတ်သည့် မြင့်မားသော သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ သင်သည် အလိုဆန္ဒနှင့် ဝိညာဉ်ရင့်ကျက်မှု ချို့တဲ့ပြီး သင်၏ ယုံကြည်ခြင်းသည် အလွန်အားနည်း၏။ ထို့ကြောင့် သင့်အနီးအနားရှိ ညီအစ်ကို မောင်နှမများအား သင်ကို လူကောင်းတစ်ဦးအဖြစ်၊ မှန်ကန်သည့် လူတစ်ဦး၊ အပြုသဘောဆောင်သည့် အရာများကို အတော်အတန် ချစ်သောသူ၊ တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းကို ချစ်သောသူနှင့် အတော်အတန် တည်ကြည်သောသူအဖြစ် မြင်ခွင့်ပေးခြင်းအားဖြင့် အစပြုလော့။ သင် အမှားများ ပြုလုပ်မိသည့်အခါ ထိုအမှားများကို သင်ပြုပြင်သည်။ သင်၏ ပုန်ကန်တတ်သော အခြေအနေကို သတိပြုမိသည့်အခါ ထိုအခြေအနေကို အမြန် ပြောင်းလဲသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ရှာဖွေတွေ့ရှိသည့်အခါ ချက်ချင်း သမ္မာတရားကို ရှာဖွေပြီး အခြားသူများနှင့် သင်မိတ်သဟာယပြုသည်။ သင်သည် သိနားလည်မှု ရရှိသည်နှင့်တစ်ပြိုင်နက် နောင်တရနိုင်ပေသည်။ ဤသို့ သင်လိုက်စားခြင်းအားဖြင့် သင် တိုးတက်မှု ရှိလာဖို့ သေချာပေသည်။ ပထမဦးစွာ သင်၏ ညီအစ်ကို မောင်နှမများအား သင့်ကို လူကောင်းတစ်ဦးအဖြစ်၊ မှန်ကန်သည့် လူတစ်ဦး၊ အသက်ထဲသို့ ဝင်ရောက်ပြီးသူ တစ်ဦးအဖြစ် မြင်ခွင့်ပေးလော့။ ထို့နောက် တစ်ဆင့်ပြီးတစ်ဆင့် သမ္မာတရားကို ချစ်ပြီး လိုက်စားသည့် လူတစ်ဦး ဖြစ်လာရန် ကြိုးပမ်းလော့။ ဤအရာကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ဝင်ရောက်မှုကို ရရှိရန် သာ၍ လွယ်ကူလာလိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကို ထိုသို့သော တောင်းဆိုချက်များကို ပြုလုပ်ရန် သင့်အတွက် ပို၍ လက်တွေ့ကျပေလိမ့်မည်။ ဦးစွာပထမ သင်၏ ညီအစ်ကို မောင်နှမများအား သင့်ကို လူကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုလာအောင် သင်အားထုတ်ရမည်ဖြစ်သည်။ လူကောင်းတစ်ဦး ဖြစ်ခြင်းအတွက် စံများမှာ အဘယ်နည်း။ ပထမဦးစွာ သင်၏ တာဝန် ဖြည့်ဆည်းခြင်းကို သင် ကြည့်ရမည်။ သင်၏ တာဝန် ထမ်းဆောင်ခြင်းတွင် စံနှုန်းများနှင့် သတ်မှတ်ချက်များ မည်မျှ ပြည့်မီသင့်သနည်း။ သင်သည် အခက်အခဲကို သည်းညည်းခံရန် လိုလားလျက်၊ အဖိုးအခပေးရန် လိုလားလျက် လုံ့လဝီရိယရှိရမည်၊ တာဝန်ယူတတ်ရမည်ဖြစ်ပြီး အရေးကိစ္စများကို ကိုင်တွယ်သည့်အခါ ဝတ်ကျေတမ်းကျေ ပြုမူခြင်းမရှိဘဲ စေ့စပ်တိကျရမည်။ အနည်းငယ် သာ၍ မြင့်မားသော အဆင့်အနေဖြင့် သင်သည် ကိစ္စရပ်တိုင်းတွင် မှန်ကန်သည့် စည်းမျဉ်းများကို သင် ရှာတွေ့နိုင်ရမည်ဖြစ်ပြီး ဤစည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ရမည်ဖြစ်သည်။ မည်သူ စကားပြောသည်ဖြစ်စေ၊ သင် လေးစားမှု အနည်းဆုံးဖြစ်သော ညီအစ်ကိုတစ်ဦး၊ သို့မဟုတ် ညီအစ်မတစ်ဦးက မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည့် စည်းမျဉ်းတစ်ခုကို ဖော်ပြပါက သင်နားထောင်သင့်သည်၊ လက်ခံရန် ကြိုးစားသင့်ပြီး၊ သင်၏ ကိုယ်ပိုင် ထင်မြင်ချက်များနှင့် အယူအဆများကို ပြောင်းလဲရန် ကြိုးပမ်းသင့်ပေသည်။ ဤသဘောထားအပေါ် သင် မည်သို့ တွေးထင်ပါသနည်း။ (ကောင်းပါသည်။) သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် လိုအပ်ချက်ကို ပြောဆိုဖို့မှာ လွယ်ကူ၏၊ ထိုအရာသည် ပြောဆိုရ လွယ်ကူသည့်အရာတစ်ခု ဖြစ်သည်။ သို့ရာတွင် မိမိတာဝန်ကို စံမီအောင် အမှန်တကယ် ထမ်းဆောင်ရန်မှာ ခက်ခဲ၏။ ထိုအရာက သင့်အနေဖြင့် အဖိုးအခပေးပြီး အချို့သော အရာများကို စွန့်ရန် လိုအပ်သည်။ မည်သည့်အရာကို သင် ပေးသင့်သနည်း။ အခြေခံအကျဆုံး အဆင့်တွင် အချိန်နှင့် အားအင်အချို့ကို သင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်။ နေ့စဉ် အခြားသော လူများထက် သင်သည် အချိန်ပိုမို ကုန်ဆုံးပြီး အားအင် ပိုမို စိုက်ထုတ်သင့်ပေသည်။ သင်သည် အနည်းငယ် သာ၍ ကြာရှည်စွာ ဆက်လက်လုပ်ဆောင်သင့်ပြီး အနည်းငယ် ပို၍ အားထုတ်သင့်ပေသည်။ တာဝန်သိစိတ်ကို မွေးမြူပြီး သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်လိုပါက သင်၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ မည်သို့ ဖြည့်ဆည်းရမည်ဆိုသည်ကို စဉ်ဆက်မပြတ် တွေးဆနေရန် လိုအပ်သည်။ မည်သည့် သမ္မာတရားများဖြင့် မိမိကိုယ်ကို ပြငဆင်ရမည်ဆိုသည်နှင့် မည်သည့် ပြဿနာမျိုးများကို ကိုင်တွယ်ဖြေရှင်းသင့်သည်ဆိုသည်တို့ကို သင်စဉ်းစားရန် လိုအပ်သည်။ ထို့နောက် သင်၏ စိတ်ပြင်းပြမှုများကို ဘုရားသခင်ထံ ဖော်ပြလျက် ဆုတောင်းခြင်းမှတစ်ဆင့် သမ္မာတရားကို ရှာဖွေပြီး သင့်ကို ဉာဏ်အလင်းပေးကာ လမ်းပြဖို့ တောင်းလျှောက်ရင်း ဘုရားသခင်ကို လေးနက်စွာ အသနားခံလော့။ ညအချိန်တွင် အခြားသူများ အနားယူနေစဉ် ထိုနေ့တွင် သင်၏ တာဝန်ကို ထမ်းဆောင်စဉ်၌ ရှိနေခဲ့သည့် ပြဿနာများနှင့် မည်သည့် ဖောက်ပြန်ပျက်စီးမှုကို သင် ထုတ်ဖော်ပြခဲ့သည်ဆိုသည်တို့ကို တွေးဆရင်း သင် အချိန်ပိုမိုကုန်ဆုံးသင့်ပေသည်။ ထိုနေ့ရက်သည် အကျိုးဖြစ်ထွန်းကာ အချည်းနှီးမဖြစ်ခဲ့ကြောင်း ခိုင်လုံစေဖို့အလို့ငှာ ဤအရာများအပေါ် သင် သုံးသပ်ဆင်ခြင်သင့်ပြီး ရှေ့ဆက်ရမည့် လမ်းတစ်ခုကို သဘောပေါက်ပြီးသည့်နောက်တွင်သာ သင်အနားယူသင့်ပေသည်။ ဤပြဿနာများအား မည်သို့ ဖြေရှင်းရမည်ကို သင် ချင့်ချိန်စဉ်းစားခြင်း မရှိပါက သင် ကောင်းစွာ စားနိုင်၊ အိပ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ ဆင်းရဲဒုက္ခဖြစ်သည်၊ သင်ပေးသည့် အဖိုးအခဖြစ်သည်။ သင်သည် အခြားသူများထက် အခက်အခဲများကို ပိုမို သည်းညည်းခံရမည်ဖြစ်ပြီး ပိုကြီးမားသည့် အဖိုးအခကို ပေးရမည်ဖြစ်ကာ သမ္မာတရားအတွက် ကြိုးပမ်းရာတွင် ပိုများသည့် အချိန်နှင့် အားအင်တို့ကို ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။ ဤသည်မှာ ပေးဆပ်ရန် လက်တွေ့ကျသော အဖိုးအခဖြစ်သလော။ (ဟုတ်ပါသည်။) ထိုသို့သော အဖိုးအခတစ်ခုကို ယခင်က သင်ပေးပြီးပြီလော။ ညီအစ်မအချို့သည် နေ့စဉ် ၎င်းတို့၏ မိတ်ကပ်နှင့် အမျိုးမျိုးသော ဆံပင်ပုံစံများအတွက် တစ်နာရီ၊ သို့မဟုတ် နှစ်နာရီ အနည်းဆုံး ကုန်ဆုံးလျက် ဝတ်စားဆင်ယင်ရသည်ကို နှစ်သက်ကြသည်။ ၎င်းတို့သည် အမြဲ တောက်ပပြီး လှပသော ပုံပန်းတစ်ခုကို ကိုယ်ဟန်ပြကာ ကြော့ကြော့မော့မော့ ဝတ်စားဆင်ယင်လျက် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ဆန္ဒများကို အလိုလိုက်ရာတွင် မည်သည့်အရာကိုမျှ လုံးဝ စွန့်လွှတ်ခြင်းမရှိပေ။ သို့ရာတွင် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်းနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့ လုံးဝ အလေးအနက် မထားသကဲ့သို့ မည်သည့်အားထုတ်မှုမျှ လုံးဝ မပြုကြချေ။ ၎င်းတို့၏ အားထုတ်မှု ကင်းမဲ့ခြင်းသည် မည်သည့်နေရာတွင် ထင်ဟပ်သနည်း။ ၎င်းတို့၏ တာဝန် ထမ်းဆောင်ရာ၌ စစ်မှန်ရိုးသားမှုနှင့် ထောက်ထားတတ်ခြင်းတို့ ကင်းမဲ့မှုတွင်ဖြစ်သည်။ ၎င်းတို့သည် ရံဖန်ရံခါ နောက်ကျသည်အထိ အိပ်ရာမဝင်ဘဲနေလျှင်ပင် လူတိုင်းက နောက်ကျသည်အထိ အိပ်ရာမဝင်ဘဲ နေကြသောကြောင့်သာဖြစ်သည်။ ၎င်းတို့ နေချင်သောကြောင့်ဖြစ်စေ၊ ၎င်းတို့တွင် မပြီးစီးသေးသည့် အလုပ်များရှိပြီး ထွက်မသွားနိုင်သောကြောင့်ဖြစ်စေ မဟုတ်ပေ။ သို့ရာတွင် ကိုယ်တိုင်ကိုယ်ကျအနေဖြင့်မူ ၎င်းတို့သည် မည်သည့်အခါတွင်မျှ အချိန်ပို၊ သို့မဟုတ် အပိုဆောင်း အားအင်တစ်ခုမျှကို ရည်စူးအပ်နှံခြင်း မရှိ၊ အပိုဆောင်း အဖိုးအခတစ်ခုမျှကို လုံးဝ ပေးဆပ်ခြင်း မရှိသကဲ့သို့ မိမိတို့ တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့် အခက်အခဲမျှ သည်းညည်းခံခြင်း လုံးဝ မရှိကြချေ။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို အခြားလူတိုင်းနှင့်အတူ ထမ်းဆောင်နေခဲ့သော်လည်း၊ တူညီသည့် အချိန်ပမာဏကို ကုန်ဆုံးနေခဲ့သော်လည်း အကျိုးဖြစ်ထွန်းသည့် ရလဒ် တစ်ခုတလေ မရှိလေပြီ။ အားလုံးက ဝတ်ကျေတမ်းကျေဖြစ်ခြင်းနှင့် ဟန်ဆောင် လုပ်ပြခြင်း ကိစ္စတစ်ခုသာ ဖြစ်ပြီး သို့တိုင် စိတ်ထဲတွင် အတော် စိတ်မချမ်းမြေ့ဖြစ်နေကြဆဲ ဖြစ်သည်။ ဤသဘောထားကို သင် မည်သို့ တွေးထင်ပါသနည်း။ ဤသဘောထားမျိုးဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ရန်မှာ သမ္မာတရားနှင့် ကိုက်ညီပါသလော။ တကယ်ကို မကိုက်ညီပေ။ သင်၏ တာဝန် ဖြည့်ဆည်းခြင်းနှင့်ပတ်သက်၍ ထုံးစံအတိုင်း သင် မည်သို့ လုပ်ဆောင်သနည်း။ ထိုအရာကို သင်အလေးအနက် ထားဖူးပါသလော။ ထိုသို့သော စိတ်ပိုင်းဖြတ်ချက်၊ သို့မဟုတ် ရည်စူးအပ်နှံခြင်း သင် ကင်းမဲ့သည်ကို သိလျက် သင်၏ တာဝန် ထမ်းဆောင်မှုသည် စိတ်စွမ်းအားနှင့် မိမိကိုယ်ကို ချုပ်ထိန်းခြင်းအပေါ် လုံးဝဥဿုံ တည်မှီသည်ကို သိရှိကာ ဤအခြေအနေနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှားယွင်းသည်ကို သဘောပေါက်လျက် ပြောင်းလဲမှုတစ်ခုတလေကို သင်ပြုလုပ်ပြီးပြီလော။ ထိုအရာကို ပြုပြင်ရန် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ပထမဦးစွာ သင် အဖိုးအခပေးရန် လိုအပ်သည်။ တစ်ခါတစ်ရံ ယင်းမှာ နောက်ကျသည်အထိ မအိပ်ဘဲနေခြင်းကို ဆိုလိုပြီး အခြားအချိန်များတွင် စောစာ အိပ်ရာထခြင်းကို ဆိုလိုသည်။ ဤသည်မှာ ခန္ဓာနှင့်ဆိုင်သော ဆင်းရဲဒုက္ခဖြစ်သည်။ ထို့အပြင် အတွေးနှင့် အားအင် ပိုမို ရင်းနှီးမြှုပ်နှံသင့်သည်၊ ပိုတွေးသင့်သည်၊ ပို၍ချင့်ချိန်သင့်ပြီး ဘုရားသခင်ထံ သင်၏ အချိန်နှင့် အားအင်ကို ရည်စူးအပ်နှံလျက်၊ ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံလျက်၊ ထိုအချိန်နှင့် အားအင်ကို သင်၏ တာဝန်ထမ်းဆောင်မှု၊ သင့်အပေါ် ဘုရားသခင် ချမှတ်ထားသည့် စေခိုင်းချက်တာဝန်ကို ဆောင်ရွက်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းတို့အပေါ် ကုန်ဆုံးစေလျက် ဆုတောင်းပြီး သူ့ကို ရှာဖွေရန် ဘုရားသခင် ရှေ့မှောက်သို့ ပို၍ လာသင့်ပေသည်။ ဤသည်မှာ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် ပေးရမည့် အဖိုးအခ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)

သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် မည်သည့်အရာကို သင်အချို့တဲ့ဆုံး ဖြစ်ပါသနည်။ ဘုရားသခင်က “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့” (ရှင်မာကုခရစ်ဝင် ၁၂:၃၀) ဟု ဆိုပြီးဖြစ်သည်။ သင်တို့သည် သင်တို့၏ အစွမ်းကိုသာ သုံးစွဲပြီးဖြစ်သည်။ သို့သော် သင်၏ စိတ်နှလုံး၊ ဝိညာဉ်နှင့် ဉာဏ်တို့ကို မသုံးစွဲသေးပေ။ ဤသွင်ပြင်လက္ခဏာသုံးခုကို သင် စွမ်းဆောင်ရရှိခြင်း မရှိသေးပေ။ သင်တို့၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်၏ ခွန်အား စိုက်ထုတ်ဖို့သာ သင်တို့ သိကြသည်။ ဘုရားသခင်၏ အမြင်တွင် ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ (အစေခံသူတစ်ဦး ဖြစ်ပါသည်။) အစေခံသူများဖြစ်ရန် သင်တို့ လိုလားနေကြသလော။ (မလိုလားပါ။) သင်တို့သည် အစေခံသူများဖြစ်ရန် လိုလားခြင်း မရှိကြသော်လည်း အစေခံမှုကို ပေးနေကြဆဲဖြစ်ပြီး ဤအရာကို မမောနိုင်မပန်းနိုင် လုပ်ဆောင်ကြသည်။ ဤသည်မှာ သင်တို့ နင်းလျှောက်သည့် လမ်းကြောင်းဖြစ်သည်။ သင်တို့သည် အစေခံသူများဖြစ်ရန် လိုလားမနေကြသည့်တိုင် အစေခံမှုကို ဆန္ဒအလျောက် ပေးနေကြသည်မှာ ရှေ့နောက်မညီဖြစ်နေသည် မဟုတ်လော။ ဤသည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့သည် မှားယွင်းသည့် လမ်းကြောင်းကို လျှောက်ကြသောကြောင့် ဖြစ်သည်။ သင် ရွေးချယ်သည့် လမ်းကြောင်းက သင်၏ နောက်ဆုံး ပန်းတိုင်နှင့် သင်ဖြစ်ပေါ်စေနိုင်သည့် အကျိုးတရားကို ဆုံးဖြတ်ပေးသည်။ အစေခံမှုပေးသည့် လမ်းကြောင်းကို သင် ရွေးချယ်ပါက နောက်ဆုံး ရလဒ်မှာ အစေခံသူတစ်ဦး ဖြစ်လာရန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အားထုတ်မှုပြုခြင်းအားဖြင့် ကောင်းချီးများ သင် အမြဲ ရရှိလိုပြီး သမ္မာတရား ရှာဖွေကာ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်၏ တာဝန်ကို စိတ်ကျေနပ်ဖွယ်ရာ ဖြည့်ဆည်းရန်အလို့ငှာ စည်းမျဉ်းအတိုင်း အမှုအရာများကို ကိုင်တွယ်ရန် လိုလားနေခြင်း မရှိသောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် ဘုရားသခင်ကို သင်၏ စိတ်နှလုံး အကြွင်းမဲ့၊ ဉာဏ်အစွမ်းရှိသမျှဖြင့် ချစ်ရန် လိုလားနေခြင်း မရှိသကဲ့သို့ အားထုတ်ခြင်း သက်သက်ဖြင့် သင် စိတ်ကျေနပ်သောကြောင့် ဖြစ်သည်။ ထိုအခါ ရလဒ်မှာ သင်က အစေခံသူတစ်ဦး ဖြစ်လာခြင်း ဖြစ်ပေသည်။ ဤနေရာတွင် ဆန့်ကျင်ကွဲလွဲမှု မရှိ။ သို့ရာတွင် အစေခံသူများ၏ စိတ်နှလုံးများအတွင်းတွင် ဆန့်ကျင်ကွဲလွဲမှုများ အမှန်ပင် ဖြစ်ပေါ်၏။ မည်သည့် ဆန့်ကျင်ကွဲလွဲမှုများဖြစ်သနည်း။ လူတို့သည် အစေခံသူများ ဖြစ်ရန် လိုလားခြင်းမရှိကြသည့်တိုင် သမ္မာတရားကို လိုက်စားရန်၊ သို့မဟုတ် ဘုရားသခင်ကို ချစ်ခြင်းအား လိုက်စားရန်လည်း လိုလားခြင်း မရှိကြချေ။ ကောင်းချီးများကို ၎င်းတို့ ရရှိလိုကြဆဲဖြစ်သည်။ ၎င်းတို့က အစေခံသူများဖြစ်ကြောင်း ကြားပါက “သူတို့သည် ငါ့ကို နှိမ်ရန်နှင့် သေးသိမ်စေရန် ကြိုးစားနေကြခြင်း မဟုတ်ပါလား။ ဤသည်မှာ အာဃာတတစ်မျိုး မဟုတ်ပါလား။ ကျွန်ုပ် အလွန်များစွာ အားထုတ်ခဲ့ပြီး ကျွန်ုပ် ခွန်အားများစွာ ကုန်ခမ်းပြီးဖြစ်သည်။ အဘယ်သို့ ငါသည် အစေခံသူတစ်ဦး တကယ်ကို ဖြစ်နိုင်မည်နည်း”ဟု တွေးလျက် ယင်းကို အလိုမရှိကြချေ။ သို့ရာတွင် ထိုအရာ မှန်ကန်၏။ သင်သည် သမ္မာတရားကို လုံးဝ မလိုက်စားပေ။ သင်သည် အားထုတ်မှု သုံးစွဲခြင်းဖြင့်သာ စိတ်ကျေနပ်နေခဲ့ပြီး ယင်းက သင့်ကို အစေခံသူတစ်ဦး ဖြစ်စေခြင်း ဖြစ်သည်။ သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်းသည် အနည်းငယ် အားထုတ်ခြင်းအကြောင်းသာ ဖြစ်သည်ဟု မထင်လေနှင့်။ သင်၏ စိတ်နှလုံး အကြွင်းမဲ့ဖြင့် သင်လုပ်ဆောင်ခြင်းမရှိပါက သင်၏ တာဝန်ကို သင် ကောင်းစွာ မထမ်းဆောင်နိုင်ပေ။ စိတ်ပါလက်ပါ ပြုမူဆောင်ရွက်ခြင်းဟူသည်မှာ သင်၏ စိတ်နှလုံး၊ ဝိညာဉ်နှင့် ဉာဏ်အားလုံးကို ပေးဆပ်ခြင်းကို ဆိုလိုပေသည်။ သင်သည် ဤစံနှုန်းနှင့် ကိုက်ရမည်ဖြစ်သည်။ “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။” ဤပြောဆိုချက်သည် တာဝန် ဖြည့်ဆည်းခြင်းနှင့် အလုံးစုံ သက်ဆိုင်ပေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သူ အစစ်အမှန်တစ်ဦးဖြစ်ပါက သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ ကိုယ်အစွမ်းရှိသမျှဖြင့် သင်၏ တာဝန်ကို သင် ကောင်းစွာ ထမ်းဆောင်သင့်ပေသည်။ ထိုအခါ ဘုရားသခင်၏ အမြင်တွင် သင်သည် လူကောင်းတစ်ဦးအဖြစ် ယူဆခံရလိမ့်မည်။ ဘုရားသခင်၏ အမြင်တွင် ကောင်းမြတ်သည့် လူတစ်ဦးကို မည်သို့ အကဲဖြတ်သင့်သနည်း။ မည်သည့် ရှုထောင့်အမြင်မှနေ၍ ၎င်းတို့ကို ဆန်းစစ်သင့်သနည်း။ (တာဝန်များ ထမ်းဆောင်ခြင်း ရှုထောင့်အမြင်မှဖြစ်ပါသည်။) ပထမဦးစွာ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်း ရှုထောင့်အမြင်မှ၊ မိမိတို့ တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ သဘောထားနှင့် ရှုထောင့်၊ ၎င်းတို့၏ အကြံနှင့် ရည်ရွယ်ချက်၊ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရား စည်းမျဉ်းများ ရှိမရှိဆိုသည်နှင့် ကိစ္စရပ်များကို ကိုင်တွယ်ခြင်းအားဖြင့် မည်သည့်ရလဒ်များ ၎င်းတို့ ရရှိနိုင်ကြသည်ဆိုသည်တို့မှ ၎င်းတို့ကို ဆန်းစစ်သင့်ပေသည်။ ဤသွင်ပြင်လက္ခဏာများကို အကဲဖြတ်ခြင်းအားဖြင့် တစ်စုံတစ်ဦးက သမ္မာတရားကို ချစ်မချစ်၊ သမ္မာတရားကို လိုက်စားခြင်း ရှိမရှိဆိုသည်နှင့် ဘုရားသခင်၏ အမြင်တွင် ရိုးသားသော လူတစ်ဦး ဟုတ်မဟုတ်၊ ဘုရားသခင်ချစ်သော လူတစ်ဦး ဟုတ်မဟုတ် ဆိုသည်တို့ကို ငါတို့ ဆုံးဖြတ်နိုင်သည်။ ဤသည်တို့မှာ လူတစ်ဦးကို အကဲဖြတ်ခြင်းအတွက် တဲ့တိုးအဖြစ်ဆုံးသော စည်းမျဉ်းများနှင့် စံများဖြစ်သည်။ ဤအရာကို သင် နားလည်သလော။ သင်တို့တွင် သမ္မာတရား လိုက်စားပြီး ဘုရားသခင်၏ လူများဖြစ်လာရန် စိတ်ပိုင်းဖြတ်ချက် ရှိကြသလော။ သင်၏ တာဝန်ကို ဖြည့်ဆည်းရန် အားထုတ်မှု သုံးစွဲခြင်းမျှဖြင့် မရောင့်ရဲကြနှင့်။ သမ္မာတရားအတွက်လည်းကောင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရန်အတွက်လည်းကောင်း သင်တို့ ကြိုးပမ်းသင့်ကြသည်။ ဤအရာသည်သာ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပေသည်။ သင်သည် အားထုတ်ခြင်းမျှဖြင့် စိတ်ကျေနပ်ပါက ဤသတ်မှတ်ချက်၏ စံနှုန်းသည် အလွန် နိမ့်ကျလေသည်။ မိမိ၏ တာဝန်များကို ဖြည့်ဆည်းခြင်းသည် အားထုတ်မှု အနည်းငယ်ဖြင့် လုပ်ဆောင်နိုင်သည့် ရိုးရှင်းသော အလုပ်များကို လုပ်ဆောင်ခြင်းအကြောင်း မဟုတ်။ နည်းပညာ ကျွမ်းကျင်မှု လိုအပ်သည့် အလုပ်များသည် လိုအပ်သည့် ကျွမ်းကျင်မှုမရှိဘဲနှင့် ကောင်းစွာ လုပ်ဆောင်၍ မရနိုင်ပေ။ အထူးသဖြင့် ဘုရားသခင်၏ အိမ်တော်အတွင်းရှိ တာဝန်များတွင် ဘုရားသခင်အတွက် သက်သေခံခြင်း ပါဝင်ပြီး သင် သမ္မာတရား ကင်းမဲ့နေပါက လုပ်ဆောင်၍မရနိုင်ပေ။ သင်သည် သင်၏ တာဝန်ကို သမ္မာတရားနှင့်အညီ ဖြည့်ဆည်းခြင်းမရှိပါက ဘုရားသခင်ကို သက်သေခံရာတွင် လိုချင်သည့် ရလဒ်များကို သင်စွမ်းဆောင်မရရှိနိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန် လူတို့သည် သမ္မာတရားကို နားလည်ရမည်ဖြစ်ပြီး စည်းမျဉ်းများကို သဘောပေါက်ရမည်။ လူတစ်ဦးသည် သမ္မာတရားကို မချစ်ဘဲ ဘုရားသခင်၏ ကောင်းချီးများ ရရှိရန်အလို့ငှာ အားထုတ်မှု အနည်းငယ် လုပ်ဆောင်ရန်မျှသာ ဆန္ဒရှိပါက ထိုသို့သော စိတ်ဓာတ်တစ်ခုသည် မရပ်တည်နိုင်ပေ။ သင်၏ တာဝန်ကို ကျေနပ်ဖွယ်ရာ သင် ဖြည့်ဆည်းခြင်းမရှိပါက သင်ကဲ့သို့သော လူတစ်ဦးကို ဘုရားသခင်က အသုံးပြုလိမ့်မည် မဟုတ်။ လူတို့အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် စံနှုန်းမှာ ၎င်းတို့အနေဖြင့် မိမိတို့ တာဝန်များကို ကျေနပ်ဖွယ်ရာ ဖြည့်ဆည်းနိုင်ရန်ဖြစ်ပြီး အစေခံမှုကို ပေးရုံမျှ မဟုတ်သောကြောင့် သင့်ကို ဘုရားသခင် ဖယ်ရှားလိမ့်မည်။ အစေခံသူတစ်ဦးအနေဖြင့် သင်သည် ဤအရာနှင့်ပတ်သက်၍ သင်၏ စိတ်နှလုံးတွင် မသက်မသာဖြစ်ခြင်းကို ခံစားရပါက အမှန်တွင် ဘုရားသခင်သည် သင့်အတွက်လည်း စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းကြေကွဲပေသည်။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးအပေါ် မည်သည့် သိနားလည်မှုမျှ အမှန်တကယ် မရှိပေ။ အစေခံသူများ အုပ်စုတစ်စုကို ကယ်တင်ရန် ဘုရားသခင်သည် ထိုသို့သော ကြီးမားသည့် အဖိုးအခတစ်ခုကို ပေးမည်လော။ လုံးဝ ပေးမည်မဟုတ်။ ဘုရားသခင်သည် သူ့ကို သိရှိပြီး သူ၏ အလိုတော်နှင့် ညီသည့် လူတစ်စုကို စုံလင်စေရန် ဆန္ဒရှိပေသည်။ အစေခံသူများသည် သမ္မာတရားနှင့် အသက်ကို ပိုင်ဆိုင်ကြသလော။ အစေခံသူများကို ကယ်တင်ရန် ဘုရားသခင်အတွက် အကျိုးရှိပါသလော။ ဤသည်မှာ ဘုရားသခင်က ဘုန်းအသရေ ရရှိခြင်း လက္ခဏာတစ်ခု ဖြစ်သလော။ အစေခံမှုပေးခြင်း တစ်ခုတည်းက ဘုရားသခင်အတွက် သက်သေခံချက်တစ်ခု ဖြစ်သလော။ အစေခံသူတစ်ဦး ဖြစ်ခြင်းသည် ဘုရားသခင်အတွက် သက်သေခံခြင်း မဖြစ်စေပေ။ ယင်းမှာ လူသားများ လျှောက်လှမ်းသင့်သည့် လမ်းကြောင်း မဟုတ်ပေ။ အချို့က “ဘုရားသခင်အတွက် အစေခံမှု ပေးရန် ကျွန်ုပ် လိုလားနေပါသည်။ အားထုတ်မှု မည်မျှ လိုအပ်သည်ဖြစ်စေ၊ အားလုံးကို ပေးရန် ကျွန်ုပ် လိုလားနေပါသည်။ အားထုတ်မှု ၈၀ရာခိုင်နှုန်း အစား ၁၀၀ရာခိုင်နှုန်း ကျွန်ုပ် ပေးမည်ဖြစ်သည်။ ကျွန်ုပ်သည် အစွမ်းအစနှင့် သမ္မာတရားကို သိနားလည်မှု ကင်းမဲ့ကောင်းကင်းမဲ့နိုင်သော်လည်း အစွမ်းကုန် ပေးဆပ်ထားနှင့်ပြီး ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်၏ စိတ်နှလုံးကို သိပြီး ကျွန်ုပ်ကို သူ ချီးကျူးသင့်သည် မဟုတ်ပါလား”ဟု ဆိုကောင်းဆိုနိုင်သည်။ ဤပြောဆိုချက်သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပါသလော။ မိမိတို့၏ တာဝန်ကို ကျေနပ်ဖွယ်ရာ ဖြည့်ဆည်းသောသူများ၊ မိမိတို့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းရှိသမျှဖြင့် ထမ်းဆောင်သောသူများကို ဘုရားသခင် ချီးကျူးသည်။ သင်၏ စိတ်နှလုံးနှစ်ထားခြင်းမရှိဘဲ အစွမ်းအစကို သုံးစွဲရုံမျှ သင် သုံးစွဲပါက သင်သည် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ဖြည့်ဆည်းခြင်း မရှိလေပြီ။ သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့်မဟုတ်ဘဲ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်သလော။ အရေးကိစ္စများကို စည်းမျဉ်းများဖြင့် သင် စီမံခန့်ခွဲနိုင်သလော။ သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် မဟုတ်ဘဲ အစွမ်းအစကိုသာ ထုတ်သုံးပါက သင်သည် အစေခံသူတစ်ဦးသာ ဖြစ်နိုင်သည်။ အစေခံသူများသည် ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်သလော။ ယင်းမှာ မဖြစ်နိုင်ပေ။ တာဝန် ဖြည့်ဆည်းခြင်းအတွက် ဘုရားနှုတ်ကပတ်တော်က မည်သည့်အရာကို တောင်းဆိုသနည်း။ (“သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။”) ဤအရာသည် သမ္မာတရား၊ သမ္မာတရား စည်းမျဉ်းများ၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများနှင့် သက်ဆိုင်ပေသည်။ မည်သည့်အရာများမှာ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများ ဖြစ်သနည်း။ သင့်ဘဝတွင် မည်သည့်အရာကို သင်လုပ်ဆောင်သင့်သည်၊ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သည်ဆိုသည်မှာ သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းဖြစ်သည့်အပြင် သင့်ဘဝ၏ ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်လည်း ဖြစ်သည်။ “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့”ဟူသည့် စကားများကို သင်၏ ဆောင်ပုဒ်အဖြစ် တစ်သက်လုံးစွဲမှတ်ထားလော့။ သင် လုပ်ဆောင်သည့် မည်သည့်အရာမဆိုတွင် သင့်ကိုယ်သင် အကဲဖြတ်ရန် ဤစကားများကို အသုံးပြုလော့။ “ဤအရာများထဲမှ မည်သည့်အရာကို ငါ ရရှိပြီးပြီနည်း။ မည်သည့်အရာများကို ငါ စွမ်းဆောင်ရရှိခြင်း မရှိသေးသနည်း။ မည်သည့်အရာသည် ငါ၏ အတွင်းပိုင်း အခြေအနေဖြစ်သနည်း။ မနာခံမှု တစ်ခုတလေ ရှိပါသလား။ တစ်ကိုယ်ကောင်းဆန်မှု တစ်ခုတလေ ရှိပါသလား။ ငါသည် ဘုရားသခင်အပေါ် ဈေးဆစ်နေပါသလား၊ သို့မဟုတ် သတ်မှတ်ချက်များ ညှိနှိုင်းနေပါသလား။ ငါခေါင်းမာနေပါသလား။ ငါ့အတွင်းတွင် အပျက်သဘော၊ သို့မဟုတ် ခိုကပ်နေခြင်း အရိပ်လက္ခဏာ တစ်ခုတလေ ရှိပါသလား။ ဝတ်ကျေတမ်းကျေ ပုံစံဖြင့် ငါပြုမူဆောင်ရွက်နေပါသလား”ဟု မိမိကိုယ်ကို မေးလော့။ “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့”ဟူသည့် စကားများကို သင်၏ စိတ်နှလုံးတွင် သင် တစ်သက်လုံးစွဲမှတ်ထားသည့်အခါ ဤဘုရားနှုတ်ကပတ်တော်များ၊ ဤသမ္မာတရားနှင့်ဆိုင်သော စကားများကို သင်၏ စိတ်နှလုံးတွင် သင် သတိရအောက်မေ့နေခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် ထိုစကားများကို ထိန်းသိမ်းခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အခြားသူများ ကြားရန် ယင်းတို့ကို ပြောဆိုဖို့ မဟုတ်ဘဲ သင်၏ ကိုယ်ပိုင် အခြေအနေကို ပြုပြင်ရန်၊ သင်၏ အပြုအမူကို ထိန်းညှိရန်နှင့် သင်၏ လုပ်ရပ်တိုင်းကို လမ်းပြရန် ဖြစ်သည်။ ဥပမာအနေဖြင့် မည်သို့ လုပ်ဆောင်ရမည်ကို သင် မသိသည့် တစ်စုံတစ်ရာရှိပါက ဘုရားနှုတ်ကပတ်တော်များ ပြောသည့်အရာကို အမြန် စဉ်းစားပြီး “ထိုအရာကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ရန် ဘုရားက ပြောသည်၊ ထို့ကြောင့် စိတ်နှလုံးအကြွင်းမဲ့ဖြင့် မည်သို့ ငါလုပ်ဆောင်နိုင်သနည်း။ အခြားတစ်စုံတစ်ဦးက ဤအရာကို ငါ့ထက် ပိုနားလည်သောကြောင့် သူတို့ကို ငါ မေးမြန်းပြီး သူတို့နှင့် မိတ်သဟာယပြုသင့်သည်”ဟု တွေးလော့။ မိတ်သဟာယ ပြုပြီးနောက်တွင် သင့်ထံတွင် မှားယွင်းသည့် အကြံတစ်ခုတလေ ရှိမရှိကို တွေ့မြင်ရန် ဆုတောင်းပြီး သင့်ကိုယ်သင် ဆန်းစစ်လော့။ သင်သည် ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်များ၊ သို့မဟုတ် တစ်ကိုယ်ကောင်းဆန်မှု တစ်ခုတလေမျှ မရှိသကဲ့သို့ ဤအရာကို လုပ်ဆောင်ခြင်းက သမ္မာတရားနှင့် လုံးဝ ကိုက်ညီသည်ဟု သင်သေချာကာ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်လာနိုင်ပါက သင်သည် စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆောင်ရွက်ပြီးဖြစ်ကြောင်း ညွှန်ပြလျက် သင်၏ စိတ်နှလုံးသည် ဖြစ်နိုင်သမျှ အပြည့်အဝဆုံး အတိုင်းအတာဖြင့် အေးချမ်းလိမ့်မည်။ စိတ်ပါလက်ပါဖြစ်ခြင်းကို စွမ်းဆောင်ရရှိရန်အလို့ငှာ သင်၏ စိတ်နှလုံးတွင် သမ္မာတရားကို ရှာဖွေရန်၊ ဘုရားနှုတ်ကပတ်တော်များအပေါ် တွေးဆရန်၊ ဘုရားသခင်ထံ ဆုတောင်းပြီး သူနှင့် မိတ်သဟာယပြုခြင်းရှိရန် လိုအပ်ပေသည်။ ဤသည်မှာ စိတ်နှလုံးနှင့် သက်ဆိုင်သော ကိစ္စတစ်ခု ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် သမ္မာတရားအတွက် ချင့်ချိန်စဉ်းစားကာ အားထုတ်လျက် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ပါက သင်သည် ဘုရားရှေ့မှောက်တွင် အသက်ရှင်သည့် တစ်စုံတစ်ဦး ဖြစ်သည်။ သင်သည် တစ်စုံတစ်ရာကို စိတ်နှလုံး အကြွင်းမဲ့ဖြင့် လုပ်ဆောင်သည်နှင့်တစ်ပြိုင်နက် ထိုအရာကို ဉာဏ်ရှိသမျှ၊ စိတ်ဝိညာဉ်ရှိသမျှနှင့် အစွမ်းရှိသမျှဖြင့် လုပ်ဆောင်ခြင်းက အလိုအလျောက် လိုက်လာလိမ့်မည်။ “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိ ရှိသမျှနှင့် ချစ်လော့”ဟူသည့် စကားများသည် သင်၏ လက်တွေ့အရှိတရား ဖြစ်လာလိမ့်မည်။

ဘုရားနှုတ်ကပတ်တော်သည် လူတို့ကို လမ်းပြရန် မီးခွက်တစ်ခုဖြစ်သည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်ကို အချည်းနှီး ပြောဆိုထားခြင်း မရှိသောကြောင့် လူတို့၏ တကယ့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ပြောဆိုထားခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရာသည် သဘောတရား၊ အဆင့်မြင့်ပုံရသည့် လေလုံး၊ သို့မဟုတ် ဟောပြောချက်တစ်ခုမျှသာ မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်သည် သင့်အတွက် ကျင့်သုံးပြီး လက်တွေ့လုပ်ဆောင်ရန် ရည်ရွယ်ထားပေသည်။ ရှေ့ဆက်ရမည့် လမ်းမရှိသကဲ့သို့ မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိသည့် အခြေအနေတစ်ခုကို သင် ကြုံရသည့်အခါ ဘုရားနှုတ်ကပတ်တော်က သင့်အား မည်သို့ ပြုမူဆောင်ရွက်ရန် တောင်းဆိုသည်ကို သင် ပြန်အမှတ်ရနိုင်သည်။ ဘုရားနှုတ်ကပတ်တော်အပေါ် တွေးဆခြင်းအားဖြင့် လမ်းတစ်ခု သင်ရှာတွေ့သည်၊ ဘုရားနှုတ်ကပတ်တော်၏ အဓိပ္ပာယ်ကို သင်နားလည်ပြီးနောက် ဘုရားသခင်၏ အလိုတော်အတိုင်း လက်တွေ့လုပ်ဆောင်ရန် သင် ဆက်လုပ်သည်။ လက်တွေ့လုပ်ဆောင်ပြီးနောက်တွင် အတည်ပြုချက် သင် ရရှိပြီး ဤလုပ်ရပ်မှတစ်ဆင့် သင်၏ စိတ်ဝိညာဉ်တွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို သင် တွေ့ကြုံခံစားရကြောင်းနှင့် အခြားသူများလည်း တည်ဆောက်ခြင်းခံရကြောင်းကို သင်ရှာဖွေတွေ့ရှိရလေသည်။ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်စဉ်တွင် ဉာဏ်အလင်းပေးခြင်းများနှင့် အတွေ့အကြုံများကို သင် ရရှိသည်၊ သင်၏ ကိုယ်ပိုင် အတွေ့အကြုံများမှ သင် သင်ယူပြီး အချို့သော အရာများကို သင်နားလည်လာသည်။ မည်သည့်အရာကို သင် နားလည်သနည်း။ ဘုရားနှုတ်ကပတ်တော် နောက်ကွယ်တွင်လည်းကောင်း၊ လူတို့အား ပုံစံတစ်ခုခုဖြင့် ပြုမူခွင့်ပေးသည့် သူ၏ ကြံရွယ်ချက် နောက်ကွယ်တွင်လည်းကောင်း ရှိသော ရည်ရွယ်ချက်ကို သင်နားလည်သည်။ ဤအရာအားလုံး အခြေခံလျက်ရှိသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို သင် ရှာဖွေတွေ့ရှိသည့်အခါ သူ့နှုတ်ကပတ်တော်များ၏ ရင်းမြစ်နှင့် အရေးပါမှုတို့ကို သင်ရှာဖွေတွေ့ရှိသည်။ ဤသည်မှာ သမ္မာတရားကို သိနားလည်ခြင်း ဖြစ်သည်။ သမ္မာတရားကို သိနားလည်သည့်နောက်တွင် သင်သည် စိတ်မရှုပ်တော့၊ အလွန် မသိနားမလည်မဖြစ်သကဲ့သို့ အမှုအရာများကို လုပ်ဆောင်သည့်အခါ တွန့်ဆုတ်မှု မရှိတော့ပေ။ တွန့်ဆုတ်မှု မရှိခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ အခက်အခဲများကို သင်ရင်ဆိုင်ရသည့်အခါ သင်သည် သမ္မာတရားကို ရှာဖွေနိုင်သည်၊ ထိုအရာများအား မည်သို့ ဖြေရှင်းရမည်ကို သိပြီး မည်သို့ ဆက်လုပ်ဆောင်ရမည်ကို အတိအကျသိသည်ဟု ဆိုလိုပေသည်။ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်သည့်အခါ ရှေ့ဆက်ရမည့် လမ်းတစ်ခု ရှိခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ သူ၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများအား သင် နားလည်သည်၊ သူ၏ နှုတ်ကပတ်တော်များက ရည်ညွှန်းသည့် အခြေအနေများကို သင် သဘောပေါက်ပြီး ယင်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင်သိသည်ဟု ဆိုလိုပေသည်။ ဘုရားနှုတ်ကပတ်တော်သည် လူသားများ၏ အသက်နှင့် လမ်းကြောင်းဖြစ်သည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်သည် လူတို့၏ အသက်ဖြစ်နိုင်ပြီး သူ၏ နှုတ်ကပတ်တော်သည်သာ၊ သမ္မာတရားသည်သာ ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ လူတို့ကို ဦးဆောင်နိုင်သောကြောင့် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်သည် ရိုးရှင်းပြီး နားလည်ရလွယ်ကူသည်။ လူတို့အား သမ္မာတရားကို အလွယ်တကူ သိနားလည်ကာ လက်ခံခွင့်ပေးရန်အလို့ငှာ ထိုနှုတ်ကပတ်တော်ကို ပေးထားခြင်း ဖြစ်သည်။ လူတို့သည် သမ္မာတရားကို အသိအမှတ်ပြုကာ လက်ခံနိုင်သည့်အခါ ဘဝတွင် မိမိတို့ကိုယ်ကို မှန်ကန်သည့် လမ်းကြောင်းပေါ်ရှိသည်ကို မထင်မှတ်ဘဲ တွေ့ရှိရပေသည်။ ဘုရားနှုတ်ကပတ်တော်များထဲမှ အချို့သည် ရိုးရှင်းပုံ၊ သို့မဟုတ် နားလည်ရ လွယ်ပုံရကောင်းရနိုင်သော်လည်း ထိုအရာများသည် အသက်ရှင်ရမည့်ပုံ၊ အခြေအနေ အမျိုးမျိုးကို ကိုင်တွယ်ရမည့်ပုံနှင့် အခက်အခဲများအား ဖြေရှင်းရမည့်ပုံတို့နှင့်ပတ်သက်သော ညွှန်ကြားချက်များသာ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားဖြစ်၏။ ထိုသမ္မာတရားသည် သင့်အနေဖြင့် စိန်ခေါ်မှုများ ရင်ဆိုင်ရသည့်အခါ သင့်ကို ဉာဏ်ပညာ၊ စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ပေးလျက် သင်၏ လမ်းကြောင်း ဖြစ်လာနိုင်သည်။ သင်၏ တာဝန် ဖြည့်ဆည်းခြင်း၊ သို့မဟုတ် အခြားသော ကိစ္စရပ်များတွင် သင်သည် လမ်းကြောင်းတစ်ခုရှိပါက အလုပ်တာဝန်များကို စည်းမျဉ်းများဖြင့် သင် ချဉ်းကပ်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားလည်နိုင်ပါက ဤအရာက သမ္မာတရားကို သင် နားလည်နိုင်သည်ဟု ဆိုလိုပါသလော။ (ဆိုလိုပါသည်။) သမ္မာတရားကို သင် နားလည်ပြီး ဘုရားနှုတ်ကပတ်တော်ကို နားလည်သည်ဟု ဆိုလိုပေသည်။ အစေခံသူများသည် ဘုရားနှုတ်ကပတ်တော်ကို နားလည်ရန် မလိုအပ်ကြပေ။ ၎င်းတို့သည် အားထုတ်မှုပြုရန်မျှသာ လိုအပ်သည်။ ထို့ကြောင့် အစေခံမှုကို ပေးခြင်းသည် ရိုးရှင်းသော အလုပ်တာဝန်တစ်ခု ဖြစ်သည်။ လူအချို့သည် အစေခံမှု ပေးရာတွင်ပင် မတော်ကြသကဲ့သို့ ထိုသို့သော လူများသည် တာဝန်ထမ်းဆောင်ရာတွင် ကျေနပ်ဖွယ်ရာ မလုပ်ဆောင်နိုင်ကြပေတကား။ တာဝန်ထမ်းဆောင်ရာတွင် ကျေနပ်ဖွယ်ရာ မလုပ်ဆောင်နိုင်ကြခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့က အစေခံမှု ပေးခြင်း အလုပ်ကိုပင် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်နိုင်ခြင်းမရှိ၊ အားထုတ်မှု ကောင်းစွာ မထားနိုင်သကဲ့သို့ ၎င်းတို့အမြဲ ထိခိုက်နစ်နာစေသည်၊ နှောင့်ယှက်တတ်သည်၊ အပျက်သဘောဆောင်ပြီး ပျင်းရိသည်ဟု ဆိုလိုပေသည်။ ၎င်းတို့ကို ချော့ပြီး ကြီးကြပ်ပေးရန် အမြဲလိုအပ်သည်။ ထိုသို့သောလူများသည် မိမိတို့တာဝန်ကို စိတ်ကျေနပ်ဖွယ် ဖြည့်ဆည်းရန် ပျက်ကွက်ကြပြီး လူတစ်ဦးဖြစ်ခြင်း၏ စံနှုန်းများကို မပြည့်မီကြပေ။ ယခုတွင် မည်သည့် လမ်းကြောင်းကို လျှောက်ရန် သင်ရည်ရွယ်သနည်း။ မည်သည့် လူစားမျိုးဖြစ်လာရန် သင်စီစဉ်သနည်း။ သင်သည် စံအစေခံသူတစ်ဦးဖြစ်လာရန် ကြိုးပမ်းလိမ့်မည်လော၊ သို့မဟုတ် မိမိတာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် ဖြည့်ဆည်းသည့် တစ်စုံတစ်ဦးဖြစ်ရန် သင်ရည်မှန်းလိမ့်မည်လော။ (မိမိတာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် ဖြည့်ဆည်းသည့် တစ်စုံတစ်ဦး ဖြစ်ရန် ဖြစ်ပါသည်။) ယင်းမှာ ကောင်းမွန်သည့် အရာတစ်ခုနှင့် မှန်ကန်သည့် ရည်မှန်းချက်ပန်းတိုင်တစ်ခု ဖြစ်သည်။ သင်သည် အစေခံသူတစ်ဦးမျှ ဖြစ်ရန် ဆန္ဒမရှိ၊ အားထုတ်မှုကို သုံးစွဲရန်မျှ သင် ဆန္ဒမရှိပေ။ သို့ဆိုလျှင် သမ္မာတရားအတွက် သင် အားထုတ်သင့်၏။ သမ္မာတရားအတွက် အားထုတ်နေချိန်တွင် မည်သည့် သမ္မာတရားများသည် နားလည်ရန် အရေးကြီးဆုံး ဖြစ်ပါသနည်း။ ဤသည်မှာ သင် ရင်ဆိုင်နေရသည့် အခက်အခဲများအပေါ် မူတည်ပြီး ဦးစွာပထမ လောလောလတ်လတ် ပြဿနာများကို ကိုင်တွယ်ရန် အရေးကြီး၏။ လတ်တလောတွင် လူအများစုသည် သမ္မာတရား လိုက်စားခြင်းနှင့် မိမိတို့တာဝန်ကို ဖြည့်ဆည်းခြင်းအပေါ် အာရုံစိုက်နေကြပြီး မိမိတာဝန် ဖြည့်ဆည်းခြင်းနှင့်ဆိုင်သည့် သမ္မာတရားသည် အလွန်အရေးပါ၏။ သင်၏ တာဝန်ကို စဉ်းမျဉ်းများအတိုင်း သင် ဖြည့်ဆည်းနိုင်သရွေ့ သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် စိတ်ချမှုကို ခံစားရလိမ့်မည်။ ထို့အပြင် ဘုရားသခင်၏ အမှုတော်ကို သင် သိရှိနိုင်ပါက သူ၏ အမှုတော်ကို သင် တွေ့ကြုံနိုင်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ အချို့ကို ဖြေရှင်းနိုင်ပါက ဘုရားသခင်နောက်လိုက်ခြင်း၏ ချိုမြိန်မှုကို သင်မြည်းစမ်းရလိမ့်မည်ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို လျှောက်လှမ်းရန် လွယ်ကူသည်ကို သင်တွေ့ရှိရလိမ့်မည်။ ဘုရားသခင်နောက်လိုက်ခြင်းနှင့် နာခံခြင်းတွင် အဓိက ကိစ္စမှာ သင်၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းရန် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်က “သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းရှိသမျှဖြင့် သင်ဖြည့်ဆည်းသင့်သည်”ဟု ဆိုသည်။ ဤအဆိုသည် သမ္မာတရား မဟုတ်လော။ ဤအဆိုက သမ္မာတရား ဖြစ်ကြောင်း သင်အတည်ပြုနိုင်ပါက သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်အားထုတ်သင့်၏။ သင်၏ တာဝန်ကို ဖြည်းဆည်းခြင်းတွင် သမ္မာတရားကို သင် သာ၍ နားလည်လေ၊ ထိုတာဝန်အပေါ် သင်၏ ဖြည့်ဆည်းခြင်းက သာ၍ စည်းမျဉ်းနှင့်ညီပြီး ထိရောက်လေ ဖြစ်လိမ့်မည်။ သင်၏ တာဝန်ကို စိတ်ကျေနပ်ဖွယ်ရာ သင်ဖြည့်ဆည်းပါက သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း သင် ရှိလိမ့်မည်သာမက စစ်မှန်သော ယုံကြည်ခြင်းလည်း ရှိလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နောက် လိုက်ခြင်းနှင့် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း ရလဒ် ဖြစ်သည်။ ဘုရားသခင်နောက်လိုက်ခြင်း လမ်းကြောင်းသည် သင်လျှောက်လှမ်းသည်နှင့်အမျှ သာ၍ လင်းလာလေဖြစ်သည်မှာ လုံးဝ မှန်ပေသည်။ ထို့ကြောင့် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်းသည် လုပ်ဆောင်ရန် အဓိပ္ပာယ်အရှိဆုံးသောအရာ ဖြစ်သည်။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ သမ္မာတရားအတွက် အားထုတ်ရန် သင်ကြိုးပမ်းပါက မှန်ကန်သည့် နေရာမှ သင် ဦးတည်ပြီးဖြစ်ပေသည်။ ဤဦးတည်ချက်ဖြင့် သင် အားထုတ်သည့်အခါတွင် ရလဒ်များကို တဖြည်းဖြည်း သင် တွေ့မြင်ရလိမ့်မည်ဖြစ်ပြီး လူသား ပုံသဏ္ဌာန်တစ်ခု ရှိလာလိမ့်မည်။ တဖြည်းဖြည်းဖြင့် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် တိုး၍ နီးစပ်လာလိမ့်မည်။ စမ်းသပ်မှုများနှင့် အတိဒုက္ခများ သင် ရင်ဆိုင်ရကာ အနည်းငယ် အပျက်သဘောဆောင်၊ အားနည်းပြီး အချို့သော အယူအဆများနှင့် အထင်လွဲမှုများ ဖြစ်ပေါ်သည့်အခါ ထိုပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို သင်အလွယ်တကူ ရှာလိမ့်မည်ဖြစ်ပြီး ထိုအရာများသည် အရေးပါသည့် ပြဿနာများ ဖြစ်ကြလိမ့်မည် မဟုတ်တော့ပေ။

သင်တို့အများစုသည် နှိပ်စက်ညှဉ်းပန်းခြင်းနှင့် အခက်အခဲများ ခံစားရသည့် တရုတ်ပြည်မ အသင်းတော်ရှိ ညီအစ်ကို မောင်နှမများနှင့် မတူဘဲ ဒီမိုကရေစီ စနစ်ရှိသော နိုင်ငံများတွင် နေထိုင်ကြသည်။ သက်သောင့်သက်သာရှိသော ဘဝတစ်ခု ရှိခြင်းသည် သင်တို့အတွက် ကောင်းမွန်သည့် အရာတစ်ခု သေချာပေါက် မဟုတ်ပေ။ သင်တို့အတွက် သမ္မာတရား လိုက်စားရန် အားထုတ်မှုအချို့ လိုကောင်းလိုနိုင်ပြီး သင်၏ တာဝန် ထမ်းဆောင်မှုတွင် အခက်အခဲများ သည်းညည်းခံကာ အဖိုးအခပေးရန်မှာ အနည်းငယ် စိန်ခေါ်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒီမိုကရေစီနှင့် လွတ်လပ်သော စနစ်တစ်ခုအောက်တွင် ကြီးပြင်းခဲ့ရသည့် လူများသည် မိမိကိုယ်ကို အလိုလိုက်သည့် ပြစ်ချက် ရှိတတ်ကြသည်။ ၎င်းတို့သည် အခြားသူများအား ၎င်းတို့ကို ဝေဖန်ခွင့်၊ သို့မဟုတ် ပြစ်တင်မောင်းမဲခွင့် မပေးကြချေ။ ၎င်းတို့သည် မိမိတို့၏ တွေးခေါ်မှုတွင် အတော်အတန် ပိုမို လွတ်လပ်မှုနှင့် ပွင့်လင်းမှု ရှိကြသည်။ ၎င်းတို့သည် စိတ်ကြိုက် လွတ်လပ်စွာ လုပ်ဆောင်ခွင့်၊ လွတ်လပ်မှုကို အမြဲ တောင်းဆိုကြ၏။ မိမိတို့၏ စိတ်ဆန္ဒတိုင်းနောက်သို့ အမြဲ လိုက်လိုကြပြီး ဇာတိပကတိ၏ အပျော်အပါးများနှင့် ပတ်သက်သည့် အမှုအရာမျိုးစုံကို အမြဲ တောင်းဆိုကြသည်။ သင်သည် ဤအရာများကို လက်လွှတ်လိုခြင်း မရှိပါက သမ္မာတရား လိုက်စားခြင်း မရှိဘဲ အားထုတ်မှု သုံးစွဲရုံမျှ သုံးစွဲသည့် အခြေအနေနှင့် အနေအထားမှ ရုန်းထွက်လွတ်မြောက်ရန် သင့်အတွက် ခက်ခဲလိမ့်မည်ဖြစ်သည်။ လုပ်ပိုင်ခွင့်နှင့် စိတ်ကြိုက် လွတ်လပ်စွာ လုပ်ဆောင်ခွင့်ကို စဉ်ဆက်မပြတ် အလေးထားခြင်းသည် ဒုက္ခပြဿနာ ဖြစ်စေလိမ့်မည်။ သင်သည် သမ္မာတရားအကြောင်း၊ ဘုရားနှုတ်ကပတ်တော်များအကြောင်းနှင့် မည်သည့်အရာက အပြုသဘောဆောင်ပြီး မည်သည့်အရာက ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းဖြစ်ကြောင်းတို့ကို ပြောဆိုရမည်။ လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် အမှီအခိုကင်းခြင်းတို့သည် ကောင်းမွန်ပြီး တိုးတက်သည့် လူမှုရေးစနစ်များဖြစ်သော်လည်း သမ္မာတရား မဟုတ်ချေ။ ထိုအရာများသည် ဤမှောင်မိုက်ပြီး ဆိုးယုတ်သည့်လောကတွင် တိုးတက်သော စိတ်ကူးများနှင့် စနစ်များမျှသာ ဖြစ်သည်။ ထိုအရာများသည် လူသား ရှင်သန်မှုအတွက် အတော်အတန် သင့်တော်ပြီး လူ့အခွင့်အရေးများကို ထိန်းသိမ်းသည့် စနစ်များဖြစ်သည်။ ယင်းတို့သည် သမ္မာတရား လုံးဝ မဟုတ်သကဲ့သို့ ဤအရာကို သင်တို့ ရှင်းလင်းစွာ မြင်ရမည်ဖြစ်သည်။ “ငါသည် ထိုသို့သော လူမှုရေး စနစ်တစ်ခုအောက်တွင် မွေးဖွားခဲ့သောကြောင့် ဤလုပ်ပိုင်ခွင့်များ ရှိသည်။ ငါ အလိုရှိသည့် မည်သည့်အရာကိုမဆို ငါ တွေး၍ရသည်၊ ပြော၍ရပြီး လုပ်ဆောင်၍ ရကာ မည်သူကမျှ ဝင်ရောက်စွက်ဖက်၍ မရပါ။ ဤသည်မှာ လူမှုအဖွဲ့အစည်းနှင့် ငါ၏ နိုင်ငံက ငါ့ကို ပေးထားသည့် ငါ၏ လူ့အခွင့်အရေး၊ လုပ်ပိုင်ခွင့် ဖြစ်သည်”ဟု မတွေးနှင့်။ ဤအရာကို အထွတ်အထိပ် သမ္မာတရားအဖြစ် သင်မှတ်ယူပါက ဒုက္ခပြဿနာ ဖြစ်စေလိမ့်မည်။ ဤအတွေးများက သင်သည် သမ္မာတရား ပိုင်ဆိုင်သည်ဟု ပြပါသလော။ ဤအရာများသည် မည်သည့်နေရာမှ လာပါသနည်း။ လူသားများမှ လာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထံမှ ပေါ်ပေါက်ခြင်း ဖြစ်သည်။ ယင်းတို့သည် လူများ ပိုင်ဆိုင်ရန် ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား ဖြစ်ရန် မဆိုထားနှင့် ဘုရားနှုတ်ကပတ်တော်များပင် မဟုတ်ချေ။ ဒီမိုကရေစီနှင့် လွတ်လပ်မှု အယူအဆကို သမ္မာတရားအဖြစ် သင် သဘောထားပြီး ဘုရားအိမ်တော်တွင် သင်သည် လွတ်လပ်မှု လိုက်စားခြင်းအပေါ်သာ အာရုံစိုက်ကာ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် မဆင်မခြင် ပြုမူဆောင်ရွက်လျက် ဘောင်ခတ်ခံရဖို့ ငြင်းပယ်ပါက ဒုက္ခပြဿနာကို သင် ကြုံရလိမ့်မည်။ ထိုသို့သော အတွေးများကို သင် ကိုင်စွဲပါက သမ္မာတရားကို သင်လက်ခံတတ်လိမ့်မည်လော။ သမ္မာတရားကို လွယ်ကူစွာ သင် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်လော။ ဘုရားသခင်နောက်သို့ သင် စစ်မှန်စွာ လိုက်နိုင်လိမ့်ဦးမည်လော။ ဘုရားသခင်နောက်လိုက်ခြင်းသည် သမ္မာတရားကို သိနားလည်ခြင်း၊ မည်သို့ နာခံမှုရှိရမည်ဆိုသည်ကို သိနားလည်ခြင်းနှင့် သမ္မာတရား၏ ကန့်သတ်ချုပ်ချယ်မှု ခံခြင်းတို့ကို လိုအပ်သည်။ သင့်အနေဖြင့် ဇွတ်တရွတ်နိုင်စွာ ပြုမူဆောင်ရွက်၍ မရပေ။ ဒီမိုကရေစီနှင့် လွတ်လပ်မှုနောက် သင် လိုက်ပါက သမ္မာတရား စစ်မှန်မှုထဲသို့ သင် မဝင်ရောက်နိုင်။ သင်သည် ဘုရားသခင်နောက်လိုက်တစ်ဦး ဖြစ်လာလိမ့်မည် မဟုတ်သကဲ့သို့ ခရစ်တော်နောက် လိုက်သည့်သူတစ်ဦးအဖြစ် မိမိကိုယ်ကို ယူဆရလိမ့်မည် မဟုတ်။ ဤအရာက သင့်ကို ဒုက္ခပြဿနာ ဖြစ်စေလိမ့်မည်ဖြစ်ပြီး ဤသည်မှာ သင်ရင်ဆိုင်ရသည့် အခက်အခဲဖြစ်သည်။ လူတို့တွင် အချို့သော အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ၊ လူမှုရေး အလားအလာများတွင် အားပေးထားသည့် အချို့သော ရိုးရာယဉ်ကျေးမှု ရှုထောင့်အမြင်များနှင့် စိတ်ကူးများ ရှိကြသည်။ ဤအရာများကို လူမှုရေး နောက်ခံနှင့် ပတ်ဝန်းကျင်တို့က ဖန်တီးထားခြင်း ဖြစ်သည်။ ဤကိစ္စများ၏ အနှစ်သာရနှင့် လေးနက်မှုတို့ကို သင် မြင်ရန် ပျက်ကွက်ပြီး တာဝန်များကို ထမ်းဆောင်ခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင် သင့်ကို ပေးထားသည့် စေခိုင်းချက်တာဝန်တို့ကို လူ့အခွင့်အရေးများနှင့် လွတ်လပ်မှုတို့၏ ပုံစံဖြင့် အမြဲ သဘောထားပါက သင်သည် မည်သည့်အခါတွင်မျှ မှန်ကန်သည့် လမ်းကြောင်းကို လျှောက်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၌ ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် ဝင်ရောက်လိမ့်မည် မဟုတ်ပေ။ တရုတ်ပြည်မကြီးရှိလူတို့သည် ယခုအခါ အာဏာရှင်ဆန်သော အုပ်ချုပ်မှုအောက်ရှိ မှောင်မိုက်၍ ဝမ်းနည်းဖွယ် အငွေ့အသက်တွင် နေထိုင်ကြပြီး သာလွန်သည့်ခံစားချက် တစ်ခုတလေမျှ မပိုင်ဆိုင်ကြချေ။ ၎င်းတို့သည် အခက်အခဲများကို သည်းညည်းခံပြီး နွားကဲ့သို့ လုံ့လဝီရိယရှိရှိ အလုပ်လုပ်သည့်အကျင့်ဖြင့် မွေးဖွားလာကြကာ ဤလူမှုရေးနောက်ခံနှင့် ပတ်ဝန်းကျင်မျိုးသည် သူတို့၏ ဘဝအလေ့အထများ၊ သို့မဟုတ် အမူအကျင့်နှင့်ဆိုင်သော စည်းမျဉ်းများကို ပုံသွင်းပေးသည်။ အခြားတစ်ဖက်တွင် ဒီမိုကရေစီရှိပြီး လွတ်လပ်သော နိုင်ငံများတွင် နေထိုင်ကြသူများမှာမူ ထိုသို့သော အယူအဆများ မရှိကြချေ။ ၎င်းတို့သည် ကန့်သတ်ချုပ်ချယ်ခြင်း မခံလိုကြ၊ ယင်းသည် ဖိနှိပ်ချုပ်ချယ်သောအရာဖြစ်သည်ဟု ၎င်းတို့ ခံစားကြပြီး မည်သည့် ကန့်သတ်ချက်၊ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများမဆိုမှ ချိုးဖျက်လွတ်မြောက်လိုကြသည်။ ဘုရားအိမ်တော်သို့ ၎င်းတို့ လာကြသည့်အခါ စီမံအုပ်ချုပ်ရေး စနစ်များ၊ အလုပ် အစီအစဉ်များနှင့် အသင်းတော်၏ စည်းမျဉ်းများမှပင် ချိုးဖျက်လွတ်မြောက်လိုကြသည်။ ၎င်းတို့သည် ကန့်သတ်ချုပ်ချယ်ခြင်း မခံလိုကြပေ။ တစ်ဦးတလေ၏ ကိုင်တွယ်ဖြေရှင်းခြင်းကို ၎င်းတို့ ငြင်းပယ်ပြီး ဝေဖန်မှုအားလုံးကို ငြင်းပယ်ကြသည်။ အလုပ်နှင့် ပတ်သက်၍ အနည်းငယ် အလုပ်များရန်၊ သို့မဟုတ် အနည်းငယ် ပင်ပန်းနွမ်းလျမှုကို သည်းညည်းခံရန် ငြင်းပယ်ကြသည်။ ဤအရာက ဒုက္ခပြဿနာ ဖြစ်စေလိမ့်မည်။ ဤသည်မှာ ခရစ်ယာန်တစ်ဦး ရှိသင့်သည့် ပြောဆိုပြုမူပုံ မဟုတ်သကဲ့သို့ ခရစ်တော်၏ စစ်သားကောင်းတစ်ဦး၏ ပြောဆိုပြုမူပုံ မဟုတ်ပေ။ ကျေးဇူးတော်ခေတ်တွင် သန့်ရှင်းသူများနှင့်ဆိုင်သော လူမှုကျင့်ဝတ်အကြောင်းကို အမြဲ ပြောဆိုကြသည်။ ထိုအရာသည် ယခုတွင် အပ်စပ်မှုရှိနေဆဲ ဖြစ်သလော။ လုံးဝ အပ်စပ်မှုရှိ၏။ ဤသည်မှာ နေရာတိုင်းနှင့် အချိန်တိုင်းတွင် အပ်စပ်မှုရှိသည့် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်။ ပထမဦးစွာ လူက စွမ်းဆောင်ရရှိရန်အတွက် ဘုရားသခင်၏ အခြေခံအကျဆုံးသော သတ်မှတ်ချက်ဖြစ်သည့် အဖန်ဆင်းခံ လူသားမျိုးနွယ် ရှိသင့်သည့် ပုံသဏ္ဌာန်အကြောင်းကို ပြောပင်မပြောဆိုပဲ နေကြစို့။ ခရစ်ယာန်တစ်ဦးအနေဖြင့် သင်သည် ခရစ်ယာန်တစ်ဦး၏ လူမှုကျင့်ဝတ် ရှိသင့်သည်မဟုတ်လောဟူသည်ကိုသာ စဉ်းစားကြည့်လော့။ သင်၌ မရှိပါက ဘုရားသခင်၏ နောက်လိုက်တစ်ဦးဖြစ်ရန် သင်မထိုက်တန်သကဲ့သို့ ဘုရားသခင်သည် သင့်ကို အသိအမှတ်မပြုပေ။ ဘုရားသခင်နောက် သင် လိုက်လိုပါက အဖန်ဆင်းခံတစ်ဦး ဖြစ်လိုသည်ဖြစ်စေ၊ သာမန်လူတစ်ဦးသာ ဖြစ်လိုသည်ဖြစ်စေ လူသားတစ်ဦးအဖြစ် သင်အသက်ရှင်ရမည်။ သင်၏ စိတ်နှလုံးကို ဘုရားသခင်ရှေ့မှောက်တွင် တင်ဆက်ရမည်။ သင်က “ဘုရားသခင်၊ ဤသည်မှာ ကိုယ်တော်နောက်သို့ လိုက်ရန် ကျွန်ုပ် စီစဉ်သည့်ပုံစံ ဖြစ်ပါသည်။ ဤသည်မှာ ကျွန်ုပ်၏ စိတ်ပိုင်းဖြတ်ချက်နှင့် ရည်မှန်းချက်ပန်းတိုင် ဖြစ်ပါသည်။ ထိုအရာသည် ကိုယ်တော်၏ အလိုတော်နှင့် ကိုက်ညီပါသလား”ဟု ဆိုနိုင်သည်။ သို့မဟုတ် ထိုအရာကို ဘုရားသခင်ထံ တိုက်ရိုက် မပြောဘဲ ဆက်လက်၍ သင် မည်သည့်အရာ လုပ်ဆောင်သည်ကို ဘုရားသခင်အား လေ့လာစောင့်ကြည့်ခွင့်ပေးလျက် ဘုရားသခင်၏ စိစစ်မှုကို လက်ခံပြီး သင်၏ စိတ်ဆုံးဖြတ်ချက်ကို လျှို့ဝှက်စွာ သင်ချမှတ်ကောင်းချမှတ်နိုင်သည်။ သင် မွေးဖွားခဲ့သည့် နိုင်ငံ၊ သို့မဟုတ် လူမှုရေး နောက်ခံကို ပဓာနမထားဘဲ ယခု သင်သည် ဘုရားသခင်နောက်လိုက်သဖြင့် ထိုနိုင်ငံနှင့်ဖြစ်စေ၊ ထိုလူမျိုးနှင့်ဖြစ်စေ သင် သက်ဆိုင်ခြင်း မရှိတော့ပေ။ သင်သည် ဘုရားသခင်၏ နောက်လိုက်တစ်ဦး၊ ဘုရားသခင်ကို ယုံကြည်သူတစ်ဦး၊ ဘုရားအိမ်တော်သားတစ်ဦး ဖြစ်သည်။ သင်သည် မိမိကိုယ်ကို ဘုရားအိမ်တော်၏ လူတစ်ဦး၊ ဘုရားသခင်၏ နောက်လိုက်တစ်ဦးအဖြစ် အစဉ်သဖြင့် လုံးလုံးလျားလျား ယူဆရမည်။ သင့်ကိုယ်သင် သန့်ရှင်းသူများ၏ စံနှုန်းများဖြင့် တိုင်းတာလျက် ခရစ်တော်၏ စစ်သားကောင်းတစ်ဦးဖြစ်ရန် ကြိုးပမ်းသင့်သည်။ သင်က “ကျွန်ုပ်သည် ကိုရီးယားလူမျိုး ဖြစ်သည်”၊ “ကျွန်ုပ်သည် ထိုင်ဝမ်လူမျိုးဖြစ်သည်”၊ “ကျွန်ုပ်သည် အမေရိကန်လူမျိုး ဖြစ်သည်”၊ “ကျွန်ုပ်တို့အားလုံးတွင် မိမိကိုယ်ပိုင် အသက်ရှင်နေထိုင်မှု နည်းလမ်းများ ရှိကြသည်”ဟု စဉ်ဆက်မပြတ် ဆိုပါက ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်နေဆဲဖြစ်သလော။ သင်၏ ရှုထောင့်အမြင်သည် မှန်ကန်ခြင်းမရှိပေ။ ထိုရှုထောင့်အမြင်သည် မယုံကြည်သူများနှင့် သိသိသာသာ သက်ဆိုင်ပေသည်။ ဤသည်တို့မှာ ယုံကြည်ခြင်းမရှိသူများ ဖြစ်၏။ သင်သည် ယုံကြည်ခြင်းမရှိသူတစ်ဦးဖြစ်ပါက ဘုရားအိမ်တော်တွင် လျှောက်အလေလိုက်လျက် မည်သည့်အရာကို လုပ်ဆောင်နေပါသနည်း။ ခရစ်ယာန်တစ်ဦးအဖြစ် ဟန်ဆောင်ရန် သင် ကြိုးစားနေသလော။ ဤနေရာတွင် ဟန်ဆောင်ခြင်း မရှိရပေ။ အယောင်ဆောင်ဖို့ ကြိုးစားခြင်းသည် လုံးဝ အချည်းနှီးဖြစ်၏။ သင်သည် ခရစ်ယာန်တစ်ဦးဖြစ်ပါက သမ္မာတရားကို လက်ခံပြီး သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ ယင်းမှာ ဘုရားသခင်နောက်လိုက်ခြင်းကို ဆိုလိုသည့်အရာဖြစ်သည်။ သင်၏ တာဝန်ကို ကောင်းစွာ သင် ထမ်းဆောင်နိုင်ခြင်းမရှိပါက မည်သည့် နိုင်ငံမှ သင်လာသည်မှာ အရေးမကြီးပေ။ ဘုရားသခင်က သင့်ကို အသိအမှတ်ပြုလိမ့်မည် မဟုတ်။ မိမိ၏ နိုင်ငံသားဖြစ်ခြင်းက မည်သည့်အရာဖြစ်စေ ဘုရားသခင်ကို ယုံကြည်သည့်သူများသည် မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်ပြီး သမ္မာတရားကို လက်ခံရမည်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်နောက်လိုက်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သည်ဟု သင် အခိုင်အမာ ဆိုသော်လည်း သမ္မာတရားကို လက်ခံခြင်းမရှိ၊ သို့မဟုတ် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း မရှိပါက သင်သည် မယုံကြည်သူများကဲ့သို့ပင် ယုံကြည်ခြင်း မရှိသူတစ်ဦး ဖြစ်သည်။ သင်သည် ဤအရာလည်းမဟုတ်၊ ထိုအရာလည်း မဟုတ်ပေ။ ဤအရာလည်းမဟုတ်၊ ထိုအရာလည်း မဟုတ်သည့်လူများသည် ဘုရားအိမ်တော်မှ အလျင်အမြန် ဖယ်ရှားခံရမည်။ ဤလူစားမျိုးကို ဘုရားအိမ်တော်တွင် အလိုမရှိပေ။ သင်သည် မိမိကိုယ်ကို နိုင်ငံတော်နှင့်ဆိုင်သော လူတစ်ဦးအဖြစ် ယူဆပါက မိမိကိုယ်ကို နိုင်ငံတော်သားများနှင့်ဆိုင်သည့် စံနှုန်းများဖြင့် ကိုက်ညီစေရမည်ဖြစ်သည်။ သင်က “မည်သည့် နိုင်ငံတော်သားများနည်း။ ကျွန်ုပ်သည် ဒီမိုကရေစီရသည့် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားတစ်ဦး ဖြစ်သည်။ ကျွန်ုပ်တွင် ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးများ ရှိသည်။ သင်သည် ဒီမိုကရေစီရသော နိုင်ငံတစ်နိုင်ငံ၏ စံနှုန်းများအတိုင်း ကျွန်ုပ်ကို တောင်းဆိုမှုများ ပြုလုပ်ရမည်။ သို့မဟုတ်လျှင် ဆွေးနွေးစရာ မရှိနိုင်ပါ”ဟု ပြောပါက ငါ စိတ်မကောင်းသော်လည်း ဤသည်မှာ ဘုရားသခင်၏ နိုင်ငံတော်ဖြစ်၏၊ စာတန်၏ နိုင်ငံ မဟုတ်ပေ။ ဘုရားသခင်သည် သူရွေးချယ်ထားသူများ၊ နိုင်ငံတော်သားများကို အလိုရှိသည်။ သင် နားလည်ပါသလော။ (နားလည်ပါသည်။) သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက်လိုက်ပါက သူ၏ နှုတ်ကပတ်တော်များကို နားထောင်ရမည်။ သင်က “ဘုရားသခင်နောက် ကျွန်ုပ် လိုက်နိုင်သော်လည်း ရွေးချယ်ရန် လွတ်လပ်မှု ကျွန်ုပ် လိုအပ်သည်။ လူတို့ ပြောသည့်အရာကို ကျွန်ုပ် နားထောင်လိုသည်၊ ကျွန်ုပ် နှစ်သက်သည့်အရာကို နားထောင်ပြီး ကျွန်ုပ် နှစ်ခြိုက်သည့် သူများနောက်သို့ လိုက်လိုပါသည်။ ကျွန်ုပ်ကို ဝင်မစွက်ဖက်ပါနှင့်။ ကျွန်ုပ် နိုင်ငံ၏ မူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများကို နာခံခြင်းအား ကျွန်ုပ် ဦးစားပေးပါသည်။ ယင်းမှာ အရေးအကြီးဆုံးသော အရာဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရားကို နာခံခြင်းအား ကျွန်ုပ် ဦးစားမပေးနိုင်ပါ။ ကျွန်ုပ်အတွက်၊ ကျွန်ုပ်၏ နိုင်ငံနှင့် လူမျိုးသည် ပထမဦးစားပေးဖြစ်ပြီး သမ္မာတရားက ဒုတိယ၊ သို့မဟုတ် တတိယဖြစ်သည်။ ထိုအရာကို ကျွန်ုပ် လက်ခံနိုင်သည်၊ သို့မဟုတ် ငြင်းပယ်နိုင်သည်”ဟု ဆိုပါက ထိုသို့သော လူတစ်ဦးအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ ကောင်းပြီ၊ ငါ စိတ်မကောင်းသော်လည်း ဘုရားအိမ်တော်ကို သင်စွန့်ခွာသင့်၏။ ဘုရားအိမ်တော်သည် သင်ကဲ့သို့သော တစ်စုံတစ်ဦးကို အလိုမရှိပေ။ သင်သည် ဘုရားသခင်နောက် လိုက်နေခြင်း မဟုတ်။ ကောင်းကင် နိုင်ငံတော်နှင့်ဆိုင်သော လူတစ်ဦး မဟုတ်။ လောကနှင့်ဆိုင်သော နိုင်ငံသားတစ်ဦး ဖြစ်ပြီး ဘုရားသခင်သည် သင်ကဲ့သို့သော လူများကို စကားမပြောသကဲ့သို့ သင်ကဲ့သို့သော လူများကို မကယ်တင်ပေ။ ထိုသို့သော လူများသည် အဖန်ဆင်းခံများအဖြစ် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နိုင်ခြင်းမရှိပေ။ သင်သည် တတ်နိုင်သမျှ မြန်မြန် ထွက်သွားသင့်သည်၊ မြန်လေ ကောင်းလေဖြစ်၏။

လူအချို့သည် ထင်ရှားပြီး ထင်ပေါ်ကျော်ကြားသော လူများကို ကိုးကွယ်ကြသည်။ ဘုရားနှုတ်ကပတ်တော်များက လူတို့ကို အမှန်တကယ် ကယ်တင်နိုင်ခြင်း ရှိမရှိဆိုသည်ကို ၎င်းတို့ အမြဲ သံသယများရှိကြပြီး ထင်ရှားကာ ထင်ပေါ်ကျော်ကြားသည့် လူတို့၏ စကားများသာ ဩဇာသက်ရောက်မှုနှင့် ဩဇာတိက္ကမပြည့်စုံခြင်းရှိသည်ဟု အမြဲ ယုံကြည်ကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို “ငါတို့ ပြည်နယ်ခေါင်းဆောင် အထင်ကြီးစရာကောင်းပုံကို ကြည့်လိုက်ပါ။ ငါတို့ အမျိုးသားစည်းဝေးပွဲများ၏ ထည်ဝါမှု၊ ကြီးကျယ်ခမ်းနားမှု၊ ရင်သပ်ရှုမောဖွယ်ကောင်းမှုတို့ကို ကြည့်ပါ။ ဘုရားအိမ်တော်သည် ထိုအရာများအားလုံးနှင့် ယှဉ်နိုင်ပါသလော”ဟု အမြဲ တွေးနေကြသည်။ ထိုသို့သော အရာတစ်ခုကို ပြောဆိုနိုင်ခြင်းက သင်သည် မယုံကြည်သူတစ်ဦး ဖြစ်ကြောင်း ပြပေသည်။ သင်သည် နိုင်ငံရေး၏ ဆိုးယုတ်မှု၊ သို့မဟုတ် တိုင်းနိုင်ငံတစ်ခု၏ မှောင်မိုက်မှု၊ သို့မဟုတ် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ ဘုရားအိမ်တော်တွင် သမ္မာတရား အုပ်စိုးသည်ကို သင်မမြင်နိုင်သကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသည့် လူများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များက မည်သည့်အရာ ထင်ရှားစေသည်ကို သင် မမြင်နိုင်၊ သို့မဟုတ် နားမလည်နိုင်ပေ။ ဘုရားအိမ်တော်တွင် သမ္မာတရားနှင့် အလွန်များသည့် သက်သေခံချက်များရှိပြီး ဘုရားသခင် ရွေးချယ်ထားသည့် လူအားလုံးသည် အမြင်ကျယ်ကာ ပြောင်းလဲနေကြသည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်၏ အမှုတော်ကို စတင် တွေ့ကြုံကာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နေကြသည်။ ဘုရားသခင်၏ လူများက သူ့ကို ကျိုးနွံနာခံခြင်းနှင့် ကိုးကွယ်ခြင်းမှ လာသည့် ထိုမြင်ကွင်းကို သင် မြင်နိုင်သလော။ ထိုအရာသည် သင် စိတ်ကူးစိတ်သန်းကို ကျော်လွန်၏။ ဘုရားအိမ်တော်တွင် ရှိသမျှအားလုံးသည် လောကကြီးထက် အဆတစ်ရာ၊ အဆတစ်ထောင် သာ၍ ကောင်းမွန်ကာ အနာဂတ်တွင် ဘုရားအိမ်တော်တွင် ရှိသမျှအားလုံးသည် ဆက်လက်၍ ပိုမို ကောင်းမွန်ကာ ပိုမို ပုံမှန်ဖြစ်ပြီး ပိုမို စုံလင်ဖို့သာ ဖြစ်နိုင်ပေသည်။ ဤအရာအားလုံးကို တဖြည်းဖြည်း စွမ်းဆောင်ရရှိထားခြင်း ဖြစ်၍ ယင်းတို့သည် ဘုရားနှုတ်ကပတ်တော်က ဖြစ်မြောက်စေမည့်အရာဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံးသည် သူ၏ ရွေးချယ်ခြင်းကို ခံရခြင်းဖြစ်ကာ သူ၏ ကြိုတင်စီမံထားခြင်း ခံရသောကြောင့် လောက၏ လူများထက် များစွာ သာ၍ ကောင်းမွန်သည်မှာ သေချာပေသည်။ ဤအမှန်တရားများကို တစ်စုံတစ်ဦးက မမြင်နိုင်ပါက မျက်ကန်းဖြစ်သည် မဟုတ်လော။ လူအချို့က ကမ္ဘာလောကသည် ကြီးမြတ်သည်ဟု အမြဲ ခံစားကြပြီး စိတ်ထဲတွင် ထင်ရှားကာ ထင်ပေါ်ကျော်ကြားသော လောကလူတို့ကို ကိုးကွယ်ကြလေသည်။ ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်ကို ကိုးကွယ်နေကြသည် မဟုတ်လော။ ဤထင်ရှားပြီး ထင်ပေါ်ကျော်ကြားသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသလော။ ဘုရားသခင်ကို ကျိုးနွံနာခံသော လူများ ဖြစ်ကြသလော။ ၎င်းတို့သည် ဘုရားသခင်အတွက် ကြောက်ရွံ့သည့် စိတ်နှလုံးများ ရှိကြသလော။ သမ္မာတရားကို လက်ခံကြသလော။ ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်သည့် မကောင်းဆိုးဝါးများသာ ဖြစ်၏။ ယင်းကို သင် အမှန်တကယ် မြင်နိုင်ခြင်း မရှိသလော။ ထင်ရှားပြီး ထင်ပေါ်ကျော်ကြားသော လောကလူတို့ကို သင်ကိုးကွယ်ကို မြင်ရသဖြင့် အဘယ်ကြောင့်များ ဘုရားသခင်ကို သင်တို့ ယုံကြည်ကြသနည်း။ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များအားလုံးကို သင်တို့ အမှန်တကယ် မည်သို့ ရှုမြင်ကြသနည်း။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်တို့ မည်သို့ ရှုမြင်ကြသနည်း။ လူအချို့သည် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်း မရှိရုံမျှသာ မဟုတ်၊ သူ့အတွက် အနည်းငယ်မျှပင် ရိုသေမှု မရှိကြချေ။ ၎င်းတို့သည် ယုံကြည်ခြင်း မရှိသူများ ဖြစ်သည်မဟုတ်လော။ ထိုသို့သော လူတို့ကို ချက်ချင်း ထွက်သွားခိုင်းသင့်သည် မဟုတ်လော။ (ထွက်သွားခိုင်းသင့်ပါသည်။) ၎င်းတို့ ထွက်မသွားပါက မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ ၎င်းတို့ကို အမြန် မောင်းထုတ်၊ ရှင်းလင်းလော့။ ယုံကြည်ခြင်းမရှိသူများသည် မြင်ရသည်မှာ စက်ဆုပ်ဖွယ်အလွန်ကောင်းသည့် မသတီစရာ ယင်ကောင်များဖြစ်သည်။ ဘုရားအိမ်တော်ကို သမ္မာတရားနှင့် သူ၏ နှုတ်ကပတ်တော်များက အုပ်စိုးပြီး ပြုမူဆောင်ရွက်မှုများကို သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ထိုသို့သောလူများသည် ရှင်းလင်းပစ်ခြင်းခံရသင့်သည်။ ၎င်းတို့သည် မိမိတို့၏ စကားများဖြင့် ဘုရားသခင်ကို ယုံကြည်သည်ဟု ပြောဆိုကြသော်လည်း စိတ်နှလုံးထဲတွင် ဘုရားအိမ်တော်အပေါ် အထင်သေးပြီး ဘုရားသခင်ကို စက်ဆုပ်ကြသည်။ သင်တို့ကြားတွင် ထိုသို့သော ယုံကြည်ခြင်း မရှိသူများ ရောနှောနေစေရန် သင်တို့ လိုလားလျက် ရှိကြပါသလော။ (မလိုလားပါ။) ထို့ကြောင့် ၎င်းတို့ကို ချက်ချင်း ရှင်းလင်းပစ်ရမည်။ ၎င်းတို့ မည်မျှ ပညာတတ်သည်ဖြစ်စေ၊ တတ်စွမ်းနိုင်သည်ဖြစ်စေ၊ ရှင်းလင်းပစ်ရမည်ဖြစ်သည်။ လူအချို့က “ယင်းသည် မေတ္တာမထားခြင်းဖြစ်သည် မဟုတ်လော”ဟု မေးကြသည်။ မဟုတ်ပါ၊ စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ခြင်းဖြစ်၏။ ဤသို့ပြောရာ၌ မည်သည့်အရာကို ငါဆိုလိုသနည်း။ သင်၏ဝိညာဉ်ရင့်ကျက်မှုက မည်မျှကြီးမားပါစေ၊ သမ္မာတရားကို အားထုတ်ရန် သင်၏အလိုဆန္ဒက မည်မျှကြီးမားပါစေ၊ သို့မဟုတ် ဘုရားသခင်အပေါ်၌ သင် ယုံကြည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သေချာသောအရာတစ်ခုရှိ၏၊ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးဖြစ်ပြီး အသက်ဖြစ်သည်။ ဤသည်မှာ ထာဝရ မပြောင်းလဲခြင်း မရှိပေ။ ဤအရာသည် သင်၏ကျောက်ဆောင်ဖြစ်သင့်သည်၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း၏ အခိုင်မာဆုံးအုတ်မြစ်ဖြစ်သင့်သည်။ သင်သည် ဤအရာနှင့်ပတ်သက်၍ သင်၏စိတ်နှလုံးတွင် တိကျသေချာပြီး သံသယမရှိသင့်ပေ။ ဤအရာကိုပင် သင်သံသယရှိပါက ဘုရားအိမ်တော်တွင် သင်သည် ဆက်ရှိနေရန် သင့်တော်ခြင်းမရှိပေ။ လူအချို့က “ကျွန်ုပ်တို့၏ တိုင်းနိုင်ငံသည် ကြီးမြတ်သည့် တိုင်းနိုင်ငံတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့၏ လူမျိုးသည် မြင့်မြတ်သည့် လူမျိုးတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့၏ ဓလေ့ထုံးစံများနှင့် ယဉ်ကျေးမှုသည် နှိုင်းယှဉ်၍မရနိုင်ပါ။ သမ္မာတရားကို လက်ခံရန် ကျွန်ုပ်တို့ မလိုအပ်ပါ”ဟု ဆိုကြသည်။ ဤသည်မှာ ယုံကြည်ခြင်း မရှိသူများ၏ သဘောထား ဖြစ်သည် မဟုတ်လော။ ထိုအရာသည် ယုံကြည်ခြင်းမရှိသူများ၏ သဘောထားဖြစ်ပြီး ထိုသို့သော ယုံကြည်ခြင်းမရှိသူများကို ရှင်းလင်းပစ်ရမည် ဖြစ်သည်။ လူအချို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို မကြာခဏ ပွင့်အံထွက်စေကြပြီး တစ်ခါတစ်ရံ ၎င်းတို့၏ စိတ်သဘောထားသည် အကြောင်းမဲ့ဖြစ်ကာ ထိန်းမနိုင်သိမ်းမရဖြစ်သော်လည်း ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် စစ်မှန်ပြီး သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ကြလေသည်။ ၎င်းတို့အနေဖြင့် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း အတိုင်းအတာတစ်ခုကို ကြုံရပါက နောင်တရနိုင်ကြသည်။ ထိုသို့သော လူများကို အခွင့်အရေးတစ်ခု ပေးသင့်၏။ လူတို့သည် အနည်းငယ် မိုက်မဲကြသည်၊ သို့မဟုတ် အမှုအရာများကို ၎င်းတို့ ရှင်းလင်းစွာ မမြင်နိုင်ကြ၊ သို့မဟုတ် ၎င်းတို့ လှည့်ဖြားခံရသည်၊ သို့မဟုတ် မိုက်မဲသည့် အခိုက်အတန့်တစ်ခုတွင် သမ္မာတရားကို ၎င်းတို့ နားမလည်ကြသောကြောင့် မရှင်းမလင်းဖြစ်သည့် တစ်စုံတစ်ရာကို ၎င်းတို့ ပြောကောင်းပြောနိုင်သည်၊ သို့မဟုတ် မရှင်းလင်းသည့် နည်းလမ်းတစ်ခုဖြင့် ပြုမူနေနိုင်သည်။ ဤအရာကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုက ဖြစ်စေခြင်း ဖြစ်သည်။ မိုက်မဲခြင်း၊ မသိနားမလည်မှုနှင့် သမ္မာတရားအပေါ် သိနားလည်မှု ကင်းမဲ့ခြင်းတစ်ခုက ဖြစ်စေခြင်း ဖြစ်သည်။ သို့ရာတွင် ထိုသို့သော လူများသည် ယုံကြည်ခြင်းမရှိသူများကဲ့သို့သော လူစားမျိုး မဟုတ်ပေ။ ဤနေရာတွင် လိုအပ်သည့်အရာမှာ ဤပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအကြောင်း မိတ်သဟာယကို ရှာဖွေရန် ဖြစ်သည်။ နှစ်အတော်ကြာ ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သည့် လူအချို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသကဲ့သို့ အနည်းငယ်မျှ ပြောင်းလဲခြင်း မရှိကြလေပြီ။ ၎င်းတို့သည် ယုံကြည်ခြင်း မရှိသူများ ဖြစ်သည်။ ဘုရားအိမ်တော်သားများ မဟုတ်သကဲ့သို့ ၎င်းတို့ကို ဘုရားသခင် အသိအမှတ်မပြုပေ။ ဤအရာများကို ငါပြောသည့်အခါ မည်သည့်အရာကို ဆိုလိုသနည်း။ သမ္မာတရားကို လုံ့လဝီရီယရှိစွာ လိုက်စားရန် သင်တို့ကို ငါပြောနေသည်ဟု ဆိုလိုပေသည်။ အားထုတ်မှုကို သုံးစွဲရုံမျှ မပြုကြနှင့်။ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များမှတစ်ဆင့်၊ သမ္မာတရားမှတစ်ဆင့် လူတို့ကို ကယ်တင်၏။ တိုက်ရိုက်အကျဆုံး နည်းလမ်းမှာ သင်တို့အား သမ္မာတရားကို သဘောပေါက်ခွင့်ပေးပြီး သင်၏ တာဝန်များကို ထမ်းဆောင်နေစဉ် လက်တွေ့ကျသည့် ပြဿနာများကို ဖြေရှင်းခွင့်ပေးရန် ဖြစ်သည်။ ဤအရာက သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို နာခံဖို့ ထောက်ကူပေးသည်။ ဤသို့ဖြင့် ဘုရားသခင်သည် စိတ်ကျေနပ်လိမ့်မည်ဖြစ်ပြီး သူ၏ စိတ်နှလုံး နှစ်သိမ့်ခြင်းရလိမ့်မည်။ မည်သည့်အရာကို မြင်ခြင်းအား ဘုရားသခင် မနှစ်သက်ဆုံး ဖြစ်သနည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာ ပြောဆိုပြီးဖြစ်သည်၊ သမ္မာတရားများစွာ ဖော်ပြပြီးဖြစ်ကာ အားထုတ်မှုများစွာ ရင်းနှီးမြှုပ်နှံကာ သင်တို့အတွက် ကြီးမားသည့် အဖိုးအခ ပေးပြီးဖြစ်သည်။ အဆုံးတွင် သူ ရရှိသည့်အရာမှာ အားထုတ်မှုကိုသာ သုံးစွဲရုံမျှသုံးစွဲသည့် လူတစ်စုဖြစ်ပြီး ကျန်ရှိသမျှမှာ အစေခံမှုကို ပေးသည့် လူတစ်စု ဖြစ်သည်။ ဤလူများသည် သမ္မာတရားကို နားမလည်ကြ၊ ဘုရားသခင်၏ အလိုတော်ကို နားမလည်ကြဘဲ အားထုတ်မှုကိုသာ သုံးစွဲကြသည်။ ဤလူများသည် ကျန်ရှိကောင်း ကျန်ရှိနေနိုင်သော်လည်း ဘုရားသခင်၏ အလိုတော်နှင့် မကိုက်ညီကြပေ။ ၎င်းတို့ကို စစ်မှန်သည့် အဖန်ဆင်းခံများအဖြစ် ယူဆ၍မရနိုင်။ ဤသည်မှာ ကြည့်ရှုရန် ဘုရားသခင် မလိုလားဆုံးသော အရာဖြစ်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ မူလ ရည်ရွယ်ချက်တွင် မပါရှိပေ။

သင်တို့သည် သမ္မာတရားကို စိတ်ပါလက်ပါ လက်ခံပြီး လောက၏ ရေပန်းစားမှုများနောက် မလိုက်ရ၊ သို့မဟုတ် စာတန်၏ အတွေးအခေါ်များအတိုင်း အသက်မရှင်ရပေ။ ဘုရားသခင်နောက်လိုက်ခြင်းသည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း လိုအပ်ပြီး သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းသည် သမ္မာတရားကို လက်ခံခြင်း လိုအပ်သည်။ ဤသည်မှာ အရေးပါလှ၏။ များစွာသော လူတို့သည် ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုတွင် သမ္မာတရားကို အလေးမထားကြပေ။ နှစ်များစွာ ယုံကြည်သည့်နောက်တွင်ပင် သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်း မရှိကြသကဲ့သို့ အလေးထားပူပန်မှု လုံးဝ ကင်းမဲ့ခြင်းကို ပြကြ၏။ ဤလူများသည် ယုံကြည်ခြင်းမရှိသူများဖြစ်ပြီး အနှေးနှင့်အမြန် ဖယ်ရှားခံရလိမ့်မည်။ လူအချို့သည် ဇာတိပကတိအတွက်၊ ကိုယ်ရေးကိုယ်တာ အကျိုးအတွက် လုံးဝဥဿုံ အသက်ရှင်ကြပြီး မိမိတို့တာဝန်များကို စွန့်လွှတ်လျက် ယင်းတို့ကို အလေးအနက် သဘောထားဘဲ သွေးသား ပျော်ရွှင်မှုများကို လိုက်စားရင်း လူလူချင်းဆက်ဆံမှုဆိုင်ရာ ဆက်ဆံရေးများနှင့်ပတ်သက်၍ မိမိတို့ကိုယ်ကို ပင်ပန်းစေကြသည်။ ဤသည်မှာ အလွန့်အလွန် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူများသည် သမ္မာတရားကို မချစ်ကြ။ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်နှင့် ဂုဏ်ပကာသနတို့ကိုသာ ချစ်ကြ၏။ ၎င်းတို့သည် မိမိတို့၏ တည်ကြည်မှုနှင့် လူသား ဂုဏ်သိက္ခာကို အဆုံးခံရလျက် အရေးမပါသည့် အကျိုးအမြတ်များအပေါ် စိတ်အနှောင့်အယှက်ဖြစ်ကာ ဒေါသထွက်ကြသည်။ ၎င်းတို့သည် မသိနားမလည်ဖြစ်ပြီး မိုက်မဲကြသည် မဟုတ်လော။ မည်သည့်အခြေအနေများကို ၎င်းတို့ ရင်ဆိုင်ရသည်ဖြစ်စေ သမ္မာတရားကို စစ်မှန်စွာ ချစ်သောသူတို့သည် ဦးစွာပထမ ဘုရားသခင်၏ မျက်မှောက်တွင် သမ္မာတရားကို ရှာဖွေသင့်၏။ ၎င်းတို့သည် အငြင်းပွားမှုများတွင် မိမိတို့ပါ ရောပါခြင်း၊ သို့မဟုတ် အခြားသူများနှင့် စကားစစ်ထိုးခြင်းအဖြစ်သို့ ရောက်ခြင်းကို ရှောင်ရှားသင့်သည်။ ထိုသို့သော အပြုအမူသည် မရင့်ကျက်သကဲ့သို့ ထိုးထွင်းအမြင်များ ကင်းမဲ့၏။ လူများစွာ အတူတကွ စုရုံးကြသည့်အခါ လူမျိုးစုံရှိပြီး အမှန်နှင့် အမှား ကိစ္စများက လုံးဝ မဆုံးနိုင်အောင်ဖြစ်သောကြောင့် အမျိုးမျိုးသော ပြဿနာများ ဖြစ်ပေါ်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်နှင့်တူသောအရာ အတိအကျ ဖြစ်သည်။ မယုံကြည်သူများထဲတွင် အခြေအနေမှာ သာ၍ပင် ဆိုးရွား၏။ နေ့စဉ်နေ့တိုင်းသည် ရန်လိုမှုနှင့် ပြည့်ကာ တင်းမာမှု တအုံနွေးနွေးဖြစ်နေသည်။ ကမ္ဘာလောကသည် ထိုမျှ ဖောက်ပြန်နေပေသည်။ ဘုရားအိမ်ထောင်စုအတွင်းတွင် လူတိုင်းက ဘုရားသခင်ကို ယုံကြည်ကြသောကြောင့် ဆိုးယုတ်သော လူများ သာ၍ နည်းပါးပြီး လူတို့ အသုံးချခံရသည့် အဖြစ်အပျက်များ သာ၍ နည်းပါလေသည်။ အငြင်းပွားမှုများနှင့် ခိုက်ရန်ဖြစ်ခြင်းများ အနည်းအကျဉ်းသာ ရှိသည်။ သမ္မာတရားကို သင် နားမလည်သကဲ့သို့ ဤကိစ္စရပ်များကို စဉ်ဆက်မပြတ် တဝဲလည်လည်တွေးပါက ထိုအရာများသည် သင်၏ စိတ်နှလုံးတွင် နေရာယူကာ ငြိတွယ်လာလိမ့်မည်ဖြစ်ပြီး ဘုရားသခင် ရှေ့မှောက်သို့ သင်လာနိုင်လိမ့်မည် မဟုတ်ပေ။ ထိုသို့သော အခြေအနေများမှ သင်တို့ ချိုးဖျက်လွတ်မြောက်ရမည် ဖြစ်ပြီး ထိုသို့သော အပြုအမူက မရင့်ကျက်သည့် ဝိညာဉ်ရင့်ကျက်မှုကို ထင်ရှားစေသည်။ မရင့်ကျက်သည့် ဝိညာဉ်ရင့်ကျက်မှု ရှိသူတို့သည် မကြာခဏ ဇာတိပကတိ ကိစ္စရပ်များ၊ မိမိတို့ကိုယ်ပိုင် နှစ်သက်မှုများနှင့် မိမိတို့၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒ ဖြည့်ဆည်းခြင်းတို့ကို အာရုံစိုက်တတ်ကြသည်။ အကျိုးဆက်အနေဖြင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းနှင့်ဆိုင်သည့် ဖြည့်ဆည်းထိုက်သော ဝတ္တရားကို ၎င်းတို့ လျစ်လျူရှုကြလေသည်။ ထိုသို့သော လူများသည် အမှုအရာများကို သင့်တင့်လျောက်ပတ်စွာ စီမံနိုင်စွမ်း မရှိသကဲ့သို့ ကလေးသူငယ်များ၏ မရင့်ကျက်မှုကို ပြသလျက် မကြာခဏ အမှားများ ပြုလုပ်မိကြသည်။ ဘဝတွင် ရင့်ကျက်မှုကို သင်တို့ အားထုတ်ရမည်။ ရင့်ကျက်မှုအားဖြင့် မည်သည့်အရာကို ငါ ဆိုလိုသနည်း။ သမ္မာတရားကို နားလည်ရန်၊ အရွယ်ရောက်သူတစ်ဦး၏ ဝိညာဉ်ရင့်ကျက်မှု ရှိရန်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီကာ သူ၏ ပေးအပ်ထားသည့် အလုပ်တာဝန်များကို ဖြည့်ဆည်းနိုင်ရန် ငါဆိုလိုခြင်း ဖြစ်သည်။ လူသားတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိခြင်းနှင့် အထွေထွေ တာဝန်များကို ထမ်းနိုင်ခြင်း၊ အခြားသူများလောက်ကိုပင် တာဝန်များကို ကောင်းစွာ ထမ်းဆောင်ကာ အခြားသူများ စွမ်းဆောင် ရရှိနိုင်သည့်အရာကို စွမ်းဆောင်ရရှိနိုင်ခြင်း၊ ဘုရားသခင်ကို နာခံပြီး သမ္မာတရားကို လိုက်စားသူများအား အတုယူခြင်း၊ လူတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ခြင်းနှင့် လူတို့ ထမ်းဆောင်သင့်သည့် တာဝန်များကို ထမ်းဆောင်ခြင်း၊ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းအတွက် စူးစမ်းစစ်ဆေးကာ ရှာဖွေခြင်းကို ငါ ဆိုလိုပေသည်။ ဤသည်မှာ လူတစ်ဦး၏ ဘဝတွင် ကြီးထွားခြင်း ဖြစ်စဉ်ဖြစ်သည်။ ပုံမှန် လူများ ပြုမူဆောင်ရွက်ပုံနှင့် မိမိတို့၏ သင့်တော်သော တာဝန်များကို အာရုံစိုက်သည့် လူများ ပြုမူဆောင်ရွက်ပုံအပြင် အမှုအရာများကို လုပ်ဆောင်နေစဉ် ထိုလူစားမျိုးများက မည်သည့် ပုံစံများ၊ ချဉ်းကပ်နည်းများနှင့် စည်းမျဉ်းများ အသုံးပြုသည်တို့ကဲ့သို့ အရာများကို လေ့လာဖော်ထုတ်နည်းအား သင် ရှာဖွေကာ သိရှိရမည်။ အရွယ်ရောက်သူများသည် မိမိတို့၏ တာဝန်များကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရမည်ဖြစ်သည်။ မည်သည့်အရာ ဖြစ်သည်ဖြစ်စေ မိုးကောင်းကင် ပြိုမည်ဆိုလျှင်ပင် မိမိတို့တာဝန်များကို ၎င်းတို့ ဖြည့်ဆည်းရမည်ဖြစ်ပြီး မိမိတို့၏ သင့်တော်သော တာဝန်များအား နှောင့်နှေးစေခွင့်မပေးရပေ။ အခြားတစ်ဖက်တွင် ကလေးသူငယ်များသည် မိမိတို့ အနီးဝန်းကျင်တွင် ဖြစ်ပျက်နေသည့်အရာများနှင့်ပတ်သက်၍ စူးစမ်းချင်စိတ်ပြင်းပြကြသည်။ ၎င်းတို့ အပြင်ထွက်ပြီး မည်သည့်အရာ ဖြစ်နေသည်ကို မြင်လိုကြသည်။ မည်သည့် အဖြစ်အပျက်မဆိုက ၎င်းတို့ကို အကျိုးသက်ရောက်မှု ရှိနိုင်ပြီး မှန်ကန်သည့်အရာ လုပ်ဆောင်ခြင်းမှ အာရုံထွေပြားစေနိုင်သည်။ ဤသည်မှာ ၎င်းတို့၏ တာဝန်များကို ဆက်ကပ်မှု ကင်းမဲ့ခြင်း ဖြစ်သည် မဟုတ်လော။ အနည်းငယ်မျှသော ပြဿနာက ၎င်းတို့ကို နှောင့်ယှက်နိုင်သည်။ တစ်စုံတစ်ဦးထံမှ မှတ်ချက်တစ်ခုတည်းက ၎င်းတို့ စိတ်နှလုံးကို နှောင့်ယှက်နိုင်သည်၊ သို့မဟုတ် ရယ်စရာပြက်လုံးတစ်ခုက ၎င်းတို့ကို မိမိတို့ တာဝန်များ ထမ်းဆောင်ခြင်းအား နှောင့်နှေးသွားစေလျက်၊ နှစ်ရက်၊ သို့မဟုတ် သုံးရက်ကြာ ၎င်းတို့အား အပျက်သဘောဆောင်စွာ ပြုမူစေသည့် အထင်လွဲများနှင့် စိတ်ခံစားမှုဆိုင်ရာ ပေါက်ကွဲမှုများအဖြစ်သို့ ဆိုက်ရောက်စေနိုင်သည်။ နှုတ်ထွက်ဖို့ကိုပင် ၎င်းတို့ စဉ်းစားကောင်း စဉ်းစားနိုင်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့နှင့်အတူ သမ္မာတရားများကို မိတ်သဟာယပြုကာ အကျိုးသင့်အကြောင်းသင့် ပြောဆိုလျက် ၎င်းတို့ကို စဉ်ဆက်မပြတ် ချော့ကာ ဖျောင်းဖျရမည်ဖြစ်သည်။ ဤသည်မှာ သေးငယ်သည့် ဝိညာဉ်ရင့်ကျက်မှုနှင့် မရင့်ကျက်ခြင်းတို့၏ လက္ခဏာတစ်ခု မဟုတ်လော။ လူတို့သည် ကလေးသူငယ်များကဲ့သို့ မရင့်ကျက်၊ နုံအကာ ရယ်ဖွယ်ရာဖြစ်လျက် မည်သည့်အခါတွင်မျှ အရွယ်ရောက်လာပုံ မရပေ။ ၎င်းတို့သည် အထင်သေးခံရကြ၏၊ ဂုဏ်သိက္ခာနှင့် တည်ကြည်မှု ကင်းမဲ့ကြပြီး ဘုရားသခင်သည် ၎င်းတို့ကို ကျေနပ်အားရခြင်း မရှိပေ။

သင်တို့သည် သမ္မာတရားအပေါ် အာရုံစိုက်ရမည်။ ထိုအခါမှသာ အသက်ထဲသို့ သင်တို့ ဝင်ရောက်နိုင်သည်။ အသက်သို့ သင်ဝင်ရောက်ပြီးမှသာ သူတစ်ပါးတို့ကို ပံ့ပိုးပေးပြီး ဦးဆောင်နိုင်သည်။ သူတစ်ပါးတို့၏ လုပ်ရပ်များသည် သမ္မာတရားနှင့် ကွဲလွဲသည်ဟု ရှာဖွေတွေ့ရှိရလျှင် ကျွန်ုပ်တို့သည် ၎င်းတို့ကို သမ္မာတရားအတွက် အားထုတ်ရန် ချစ်ခင်စွာဖြင့် ကူညီရမည်။ သူတစ်ပါးတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး အမှုအရာများအပေါ် ၎င်းတို့လုပ်ဆောင်သည့်ပုံစံ၌ အခြေခံသဘောတရားများရှိလျှင် ကျွန်ုပ်တို့သည် ၎င်းတို့ထံမှ သင်ယူပြီး အတုယူဖို့ ကြိုးစားသင့်သည်။ ဤသည်မှာ အပြန်အလှန် ချစ်ခြင်းတရားဖြစ်သည်။ ဤသည်မှာ အသင်းတော်တွင် သင်၌ရှိရမည့် သွင်ပြင်အခြေအနေမျိုး ဖြစ်သည်။ လူတိုင်းက သမ္မာတရားကို အာရုံစိုက်ပြီး ယင်းကို ကြိုးပမ်းရရှိဖို့ အားထုတ်ကြသည်။ လူများသည် မည်မျှ ကြီးသည် ငယ်သည်က အရေးမကြီးပေ၊ သို့မဟုတ် ၎င်းတို့သည် ဝါရင့်ယုံကြည်သူများ ဟုတ်မဟုတ်ကလည်း အရေးမကြီးသကဲ့သို့ ၎င်းတို့၌ မြင့်မားသော အစွမ်းအစရှိခြင်း၊ သို့မဟုတ် ညံ့ဖျင်းသော အစွမ်းအစရှိခြင်းကလည်း အရေးမကြီးပေ။ ဤအရာများသည် အရေးမကြီးပေ။ သမ္မာတရားရှေ့တွင် လူတိုင်းက တန်းတူဖြစ်သည်။ သင်ကြည့်ရမည့်အရာများမှာ မည်သူက မှန်ကန်စွာ၊ သမ္မာတရားနှင့် ကိုက်ညီစွာ စကားပြောကြောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မည်သူက စဉ်းစားကြောင်း၊ ဘုရားအိမ်တော်၏အလုပ်၌ မည်သူက အကြီးမားဆုံးသော ဝန်ကို ထမ်းကြောင်း၊ မည်သူက သမ္မာတရားကို ပို၍ရှင်းလင်းစွာ နားလည်ကြောင်း၊ မည်သူက ဖြောင့်မတ်ခြင်း အသိစိတ်ကို မျှဝေကြောင်းနှင့် မည်သူက အဖိုးအခပေးဆပ်ဖို့ လိုလားကြောင်းတို့ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့၏ ညီအစ်ကို မောင်နှမများ၏ ထောက်ပံ့ခြင်းခံရသင့်ပြီး ဩဘာပေးခြင်း ခံရသင့်သည်။ သမ္မာတရား လိုက်စားခြင်းမှ လာသည့် ဤတည်ကြည်သောစိတ်သွင်ပြင်အခြေအနေသည် အသင်းတော်၌ လွှမ်းမိုးရမည်။ ဤနည်းဖြင့် သင်၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိလိမ့်မည် ဖြစ်ပြီး ဘုရားသခင်က ကောင်းကြီးမင်္ဂလာများနှင့် လမ်းညွှန်ချက်တို့ကို ပေးအပ်လိမ့်မည်။ အသင်းတော် အတွင်း၌ ပျံ့နှံ့နေသည့် သွင်ပြင်အခြေအနေသည် သူတစ်ပါးအကြောင်း အတင်းအဖျင်းပြောခြင်း၊ အချင်းချင်းစိတ်ဆိုးကာ အပြစ်တင်ခြင်း၊ အချင်းချင်း အာဃာတအစွဲအလမ်းထားခြင်း၊ အချင်းချင်း မနာလိုဖြစ်ခြင်းနှင့် အချင်းချင်း အငြင်းပွားခြင်းတို့ ဖြစ်ပါက သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့၌ သေချာပေါက် အလုပ်လုပ်မည် မဟုတ်ပေ။ အချင်းချင်း ခုခံတွန်းလှန်ပြီး တိတ်တဆိတ် ခိုက်ရန်ဖြစ်ပွားခြင်း၊ လှည့်စားခြင်း၊ လိမ်လည်ခြင်းနှင့် အချင်းချင်း မတော်မတရား လျှို့ဝှက်ပူးပေါင်းကြံစည်ခြင်းတို့သည် ဆိုးယုတ်မှု၏ သွင်ပြင်အခြေအနေ ဖြစ်သည်။ ထိုသို့သော သွင်ပြင်အခြေအနေတစ်ခုက အသင်းတော်ထဲ၌ ပျံ့နှံ့နေပါက သန့်ရှင်းသောဝိညာဉ်တော်သည် သူ၏အလုပ်ကို သေချာပေါက် လုပ်လိမ့်မည် မဟုတ်ချေ။ သမ္မာကျမ်းစာတွင် သခင်ယေရှုက အောက်ပါအတိုင်း ပြောခဲ့သည်။ “မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်။” (ရှင်မဿဲခရစ်ဝင် ၁၈:၁၉-၂၀) ဤသည်မှာ ဘုရားနှုတ်ကပတ်တော်ဖြစ်သည်၊ ဤသည်မှာ သမ္မာတရားဖြစ်သည်။ ဘုရားသခင် မိန့်ကြားပြောသည့်အခါ ထိုအရာ ဖြစ်လေ၏။ သင်သည် ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင်ပြီး သူ၏ နှုတ်ကပတ်တော်များကို မလိုက်လျှောက်ပါက ဘုရားသခင်သည် သင်နှင့် ကင်းအောင်နေလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို သင်မဖတ်ရွတ်ပါက သူ၏ နှုတ်ကပတ်တော်မှတစ်ဆင့် ထုတ်ဖော်ပြခြင်း၊ တရားစီရင်ခြင်း၊ သို့မဟုတ် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို သင် လက်မခံသကဲ့သို့ သင်ကိုယ်၌က ထိုမျှ ဆိုးရွားခြင်းမရှိဟု စဉ်းစားရင်း အခြားသူများရှိ အပြစ်အနာအဆာများနှင့် ပြဿနာများအပေါ် စဉ်ဆက်မပြတ် အာရုံစိုက်လျက် သင့်ကိုယ်သင် အခြားသူတိုင်းထက် ပိုတော်သည်ဟု တွေးထင်ရင်း သင်၏ ညီအစ်ကို မောင်နှမများ၏ အကူအညီကို ငြင်းပယ်ပါက သင်ဒုက္ခရောက်ပြီဖြစ်သည်။ ဦးစွာပထမ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်လိမ့်မည် မဟုတ်သကဲ့သို့ ဘုရားသခင်၏ ကောင်းချီးများကို သင်လွဲချော်သွားလိမ့်မည်။ ဒုတိယအနေဖြင့် သင်၏ ညီအစ်ကို မောင်နှမများသည်လည်း သင့်ကို ကူညီရန် မည်သူမျှ မရှိအောင် သင့်ကို ချန်ရစ်ထားရင်း ၎င်းတို့၏ အထောက်အပံ့မှ အကျိုးခံစားရန် သင့်အတွက် ခက်ခဲစေလျက် သင်နှင့် ကင်းအောင် နေကြလိမ့်မည်။ ဘုရားသခင်၏ အမှုနှင့် ကောင်းချီးများမရှိဘဲ၊ သင်၏ ညီအစ်ကို မောင်နှမများ၏ အကူအညီနှင့် အကျိုးကျေးဇူးမရှိဘဲ အကျပ်အတည်းတစ်ခုတွင် သင် ရောက်ရှိကာ တိုးတက်အောင် မလုပ်ဆောင်နိုင်သည်ကို သင် တွေ့ရှိရလိမ့်မည်။ လူသား ဆုကျေးဇူးနှင့် ကျွမ်းကျင်မှုများအပေါ် လုံးဝဥဿုံ မှီခိုရင်း အသင်းတော်၏ အလုပ်ကို ထိရောက်စွာ သင် လုပ်ဆောင်နိုင်သလော။ ထိုအရာသည် အချည်းနှီးသာဖြစ်လိမ့်မည်၊ အချည်းနှီး အားထုတ်မှုသာ ဖြစ်လိမ့်မည်။ ထိုသို့သော အခြေအနေတစ်ခုသို့ ရောက်လာရန်မှာ အန္တရာယ်များသည် မဟုတ်လော။ သင်၏ စိတ်နှလုံးတွင် မချိတင်ကဲဝေဒနာ မည်မျှ သင်တွေ့ကြုံခံစားရလိမ့်မည်နည်း။ မည်သို့ဆိုစေ ဘုရားသခင်၏ ကောင်းချီးများနှင့် သင်၏ ညီအစ်ကို မောင်နှမများ၏ အကူအညီကို ရရှိရန်အလို့ငှာ မှန်ကန်သည့် လမ်းကြောင်း၊ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို သင် လျှောက်ရမည်။ သင်၏ ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်ခြင်းသည် လမ်းဆုံးတစ်ခုသို့ ဆိုက်ရောက်စေပြီး သမ္မာတရားကို မလိုက်စားသူများသည် နောက်ဆုံးတွင် ဖယ်ရှားခံရလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ သင်ဖြည်းဖြည်းချင်း တွေ့ကြုံသည့်အခါ ဤအရာကို သင်စတင်သဘောပေါက်လိမ့်မည်။ သင်တို့၏ ကြိုးပမ်းအားထုတ်မှုများတွင် စိတ်နှလုံးနှင့် ဉာဏ် တစ်လုံးတစ်ဝတည်း ဖြစ်လာသည်အထိ သမ္မာတရား စည်းမျဉ်းများကို သင်တို့ ရှာဖွေရမည်ဖြစ်သည်။ ထိုနောက်တွင်မှ ကြိုးမျှင်များ အတူတကွ ရစ်ပတ်နေသကဲ့သို့ပင် သင်တို့သည် အတူတကွ သဟဇာတဖြစ်စွာ အလုပ်လုပ်နိုင်ကြပေသည်။ သဟဇာတဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုရှိသည့်အခါ သင်တို့၏ တာဝန်များကို ကောင်းစွာ သင်တို့ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပေသည်။

၂၀၁၇ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်နေ့။

အရှေ့သို့- သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍

နောက်တစ်ခုသို့- ဖန်ဆင်းခံသတ္တဝါတစ်ဦး၏တာဝန်အား ကောင်းစွာဆောင်ရွက်ခြင်းအားဖြင့်သာလျှင် အသက်ရှင်ခြင်း၌ တန်ဖိုးရှိ၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။