၁၂။ လူတစ်ယောက်သည် မိမိ၏တာဝန်ကို စံနှုန်းပြည့်မီသော ပုံစံတစ်ခုဖြင့် ထမ်းဆောင်နိုင်သည့် နည်းလမ်း
နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များ
ပြည့်မီသော တာဝန်ထမ်းဆောင်မှုနှင့် စပ်လျဉ်း၍ အသားပေးမှုမှာ “ပြည့်မီသော” ဟူသည့် စကားလုံးအပေါ်တွင် ဖြစ်သည်။ သို့ဆိုလျှင် “ပြည့်မီသော” ဟူသည်ကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ ဤအရာတွင်လည်း ရှာဖွေဖို့ သမ္မာတရားများရှိ၏။ အသင့်အတင့်ဖြစ်သော အလုပ်တစ်ခုကို လုပ်ဆောင်ရုံမျှသည် ပြည့်မီသလော။ “ပြည့်မီသော” ဟူသည့် စကားလုံးကို မည်သို့နားလည်ပြီး မှတ်ယူရမည်ဆိုသည်နှင့် သက်ဆိုင်သည့် တိကျသော အသေးစိတ်အချက်လက်များအတွက် သင်သည် သမ္မာတရားများစွာကို နားလည်ရမည်ဖြစ်ပြီး သမ္မာတရားအပေါ် သာ၍မိတ်သဟာယပြုရမည်။ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်စဉ်တွင် သမ္မာတရားနှင့် စည်းမျဉ်းများကို သင်နားလည်ရမည်။ ထိုအခါတွင်သာ ပြည့်မီသော တာဝန်ထမ်းဆောင်မှုတစ်ခုသို့ သင်ရောက်ရှိနိုင်သည်။ လူတို့သည် ၎င်းတို့၏ တာဝန်များကို အဘယ်ကြောင့် ထမ်းဆောင်သင့်သနည်း။ ဘုရားသခင်ကို ၎င်းတို့ယုံကြည်ပြီး သူ၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးလျှင်ပြီးချင်း လူတို့၌ ဘုရားအိမ်တော်၏အမှုနှင့် ဘုရားသခင့်အမှု၏အလုပ်ခွင်ရှိ တာဝန်၊ ဝတ္တရားတို့နှင့်သက်ဆိုင်သည့် ၎င်းတို့၏ဝေစုရှိကြကာ အပြန်အလှန်အနေဖြင့် ဤတာဝန်နှင့် ဝတ္တရားကြောင့် ၎င်းတို့သည် ဘုရားသခင်၏အမှုတွင် အစိတ်အပိုင်းတစ်ခု၊ ဘုရားသခင်၏ အမှုကို လက်ခံသူများနှင့်ဆိုင်သည့် အစိတ်အပိုင်းတစ်ခုနှင့် ဘုရားသခင်၏ကယ်တင်ခြင်းကို လက်ခံသူများနှင့်ဆိုင်သည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး ဖြစ်သည်။ လူတို့၏ ကယ်တင်ခြင်းနှင့် ၎င်းတို့၏ တာဝန်များကို ၎င်းတို့ ထမ်းဆောင်ပုံ၊ ယင်းတို့ကို ၎င်းတို့ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိနှင့် ယင်းတို့ကို ၎င်းတို့ပြည့်မီစွာ လုပ်ဆောင်နိုင်ခြင်း ရှိမရှိတို့ကြား အတော်အတန် အဓိကကျသော ဆက်နွှယ်မှုတစ်ခုရှိ၏။ သင်သည် ဘုရားအိမ်တော်၏ အစိတ်အပိုင်းဖြစ်လာပြီးဖြစ်ကာ သူ၏တာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးဖြစ်သည့်အတွက် ယခု သင်၌ တာဝန်တစ်ခုရှိ၏။ ဤတာဝန်ကို မည်သို့ ထမ်းဆောင်သင့်သည်မှာ သင့်သဘောအတိုင်း မဟုတ်ပေ။ ယင်းသည် ဘုရားသခင်၏ သဘောဖြစ်ပြီး သမ္မာတရား၏ သဘောအတိုင်း ဖြစ်ကာ ယင်းကို သမ္မာတရား၏ စံနှုန်းများက သတ်မှတ်ထားပေသည်။ ထို့အတွက်ကြောင့် ဘုရားသခင်သည် လူတို့၏ တာဝန်များအား မည်ကဲ့သို့ တိုင်းတာသည်နှင့် သူသည် မည်သည့်အရာအရ ယင်းတို့အား တိုင်းတာသည်ကို လူတို့ သိသင့်သည်၊ နားလည်သင့်သည်၊ ပြီးလျှင် ရှင်းလင်းသင့်သည်။ ဤသည်မှာ ရှာဖွေထိုက်သည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အလုပ်၌ မတူညီသော လူတို့သည် မတူညီသော တာဝန်များကို ရရှိကြသည်။ ဆိုလိုသည်မှာ မတူညီသော ဆုကျေးဇူးများ၊ အစွမ်းအစများ၊ အသက်များနှင့် အခြေအနေများရှိသည့် လူတို့သည် မတူညီသော အချိန်ကာလများတွင် မတူညီသော တာဝန်များကို လက်ခံရရှိကြသည်။ မည်သည့်တာဝန်ကို သင်ရရှိထားသည်ဖြစ်စေ၊ ထို့ပြင် ယင်းကို သင်ရရှိသော အချိန်ကာလများ သို့မဟုတ် အခြေအနေများ မည်သို့ရှိစေ သင်၏တာဝန်မှာ သင်ထမ်းဆောင်ရမည့် တာဝန်တစ်ခုနှင့် ဝတ္တရားတစ်ခုသာ ဖြစ်သည်၊ ယင်းမှာ သင်၏ ကိုယ်ပိုင် လုပ်ငန်း မဟုတ်သကဲ့သို့ သင်၏ စီးပွားရေးလုပ်ငန်းလည်း သာ၍ပင် မဟုတ်ချေ။ သင်၏ တာဝန်ထမ်းဆောင်မှုအတွက် ဘုရားသခင် တောင်းဆိုသည့် စံချိန်စံညွှန်းမှာ “ပြည့်မီ” ရန် ဖြစ်သည်။ “ပြည့်မီသည်” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်၏ တောင်းဆိုချက်များကို ပြည့်မီရန်နှင့် သူ့အား ကျေနပ်စေရန် ဆိုလိုသည်။ ဘုရားသခင်က ယင်းကို ပြည့်မီသည်ဟု ဆိုရမည်ဖြစ်ပြီး ယင်းက သူ၏ အသိအမှတ်ပြုခြင်းကို ရရှိရမည်ဖြစ်သည်။ ထိုအခါမှသာ သင်၏ တာဝန်ထမ်းဆောင်မှုမှာ ပြည့်မီထားပြီးဖြစ်လိမ့်မည်။ အကယ်၍ ဘုရားသခင်က ယင်းကို ပြည့်မီခြင်းမရှိဟုဆိုလျှင် သင်သည် တာဝန်ကို မည်မျှကြာကြာ ထမ်းဆောင်လာနေပါစေ၊ သို့မဟုတ် အဖိုးအခမည်မျှကို သင်ပေးဆပ်ခဲ့ပြီးဖြစ်စေ ယင်းက မပြည့်မီချေ။ ထိုအခါ ရလဒ်က မည်သည့်အရာ ဖြစ်မည်နည်း။ ယင်းတို့အားလုံးကို အလုပ်လုပ်ပေးခြင်းအဖြစ် အမျိုးအစား သတ်မှတ်မည် ဖြစ်သည်။ ဘုရားသခင်ကို အလုပ်လုပ်ပေးသည့် သစ္စာရှိသော စိတ်နှလုံးများရှိသူ အနည်းစုသာလျှင် ကင်းလွတ်မည်ဖြစ်သည်။ ၎င်းတို့၏ အလုပ်လုပ်ပေးခြင်းတွင် သစ္စာစောင့်သိခြင်း မရှိပါက ၎င်းတို့သည် ကင်းလွတ်ရန် မျှော်လင့်ချက်တစ်ခုမျှ မရှိပေ။ တဲ့တိုးပြောရလျှင် ၎င်းတို့သည် ကပ်ဘေးတစ်ခုတွင် ဖျက်ဆီးခြင်းခံရမည်။ အကယ်၍ လူတစ်ဦးသည် မိမိ၏တာဝန်ကို ထမ်းဆောင်သောအခါ လုံးဝ အဆင့်မမီလျှင် သူသည် သူ၏ တာဝန်ထမ်းဆောင်ခွင့်ကို နုတ်ယူခြင်းခံရမည် ဖြစ်သည်။ ဤအခွင့်အရေးကို နုတ်ယူပြီးသောအခါ လူအချို့သည် ဖယ်ထားခြင်းကို ခံရမည်။ ဖယ်ထားခြင်းကို ခံရသောအခါ ထိုသူတို့သည် အခြားနည်းလမ်းများဖြင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရမည်။ “အခြားနည်းလမ်းများဖြင့် ကိုင်တွယ်ဖြေရှင်းခြင်း ခံရမည်” ဟူသည်မှာ ဖယ်ရှားရှင်းလင်းခံရခြင်းကို ဆိုလိုသလော။ မလွဲမသွေဖြစ်ခြင်းမျိုး မဟုတ်ပေ။ ဘုရားသခင်က လူတစ်ဦး နောင်တရပြီးခြင်းရှိမရှိကို အဓိကအားဖြင့် ကြည့်သည်။ ထို့အတွက်ကြောင့် တာဝန်ကို သင် မည်သို့ထမ်းဆောင်သည်မှာ အရေးပါလှပြီး လူတို့က ယင်းကို အလေးအနက်နှင့် တာဝန်သိသိ ခံယူသင့်သည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် သင်၏ အသက်ဝင်ရောက်မှု၊ သမ္မာတရားစစ်မှန်မှုများထဲ ဝင်ရောက်မှုတို့နှင့် ဆက်စပ်နေသည်သာမက သင်၏ ကယ်တင်ခြင်း၊ စုံလင်အောင်ပြုခံရခြင်းကဲ့သို့ ကြီးမားသော အရေးကိစ္စများနှင့်လည်း တိုက်ရိုက် ဆက်စပ်နေသောကြောင့် သင်သည် သင်၏တာဝန်ထမ်းဆောင်မှုကို ဘုရားသခင်ကို ယုံကြည်ရာ၌ ပထမဆုံးနှင့် အဓိကအကျဆုံး အလုပ်တာဝန်အဖြစ် သဘောထားရမည်။ သင်သည် ယင်းနှင့်ပတ်သက်၍ နားဝေတိမ်တောင် ဖြစ်၍မရပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။
ဘုရားသခင်ကို ယုံကြည်သူတိုင်း သူ၏ ရည်ရွယ်ချက်များကို နားလည်သင့်သည်။ မိမိတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်သောသူတို့သာ ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပြီး ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ပြီးစီးခြင်းအားဖြင့်သာ မိမိ၏ တာဝန်ထမ်းဆောင်မှုက လက်သင့်ခံနိုင်ဖွယ် ဖြစ်နိုင်ပေသည်။ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ပြီးမြောက်ခြင်းအတွက် စံနှုန်းတစ်ခု ရှိသည်။ သခင်ယေရှုက “သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။”ဟု ပြောခဲ့သည်။ “ဘုရားသခင်ကို ချစ်ခြင်း”သည် လူတို့အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာ၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ဤသတ်မှတ်ချက်သည် မည်သည့်နေရာတွင် သူ့ဘာသာ ထင်ရှားသင့်သနည်း။ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သင် ပြီးစီးခြင်းအားဖြင့် ထင်ရှားသင့်သည်။ လက်တွေ့ကျကျဆိုရလျှင် ထိုအရာသည် လူသားအနေဖြင့် သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းအတွက် စံနှုန်းမှာ အဘယ်နည်း။ ထိုအရာမှာ သင့်အနေဖြင့် သင်၏ တာဝန်ကို အဖန်ဆင်းခံတစ်ဦးအဖြစ် စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် ထမ်းဆောင်ရန်ဖြစ်သည့် ဘုရားသခင်၏သတ်မှတ်ချက် ဖြစ်သည်။ ဤအရာကို လွယ်ကူစွာ နားလည်သင့်ပေသည်။ ဘုရားသခင်၏ သတ်မှတ်ချက်ကို ပြည့်မီရန် သင်၏တာဝန်ကို စိတ်နှစ်ထားရန် အဓိက လိုအပ်သည်။ သင့်စိတ်နှလုံးကို နစ်ထားနိုင်လျှင် သင်၏ စိတ်အကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် ပြုမူဆောင်ရွက်ရန် သင့်အတွက် လွယ်ကူလိမ့်မည်။ သင့်စိတ်၏ စိတ်ကူးများကိုသာ အားကိုးခြင်းအားဖြင့်လည်းကောင်း၊ သင်၏ ဆုကျေးဇူးများပေါ်တွင် အားကိုးခြင်းအားဖြင့်လည်းကောင်း သင်၏ တာဝန်ကို သင် ထမ်းဆောင်လျှင် ဘုရားသခင်၏ သတ်မှတ်ချက်များကို သင် ပြည့်မီနိုင်သလော။ လုံးဝ မပြည့်မီနိုင်ပေ။ ထို့ကြောင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ဖြည့်ဆည်းရန်နှင့် သင်၏ တာဝန်ကို သစ္စာစောင့်သိစွာနှင့် ကောင်းမွန်စွာ ထမ်းဆောင်ရန်အလို့ငှာ ပြည့်မီရမည့် စံနှုန်းမှာ အဘယ်နည်း။ ထိုအရာမှာ သင်၏တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် ထမ်းဆောင်ရန် ဖြစ်သည်။ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးမရှိဘဲ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင် ကြိုးပမ်းလျှင် အလုပ်ဖြစ်လိမ့်မည် မဟုတ်။ သင်၏ ဘုရားသခင်ကို ချစ်သော စိတ်နှလုံးက ယခင်ထက် တိုး၍ အားကောင်းပြီး သာ၍ စစ်မှန်လျှင် သင်၏ တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် သင် အလိုအလျောက် ကောင်းမွန်စွာ ထမ်းဆောင်နိုင်လိမ့်မည်ဖြစ်သည်။ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတွင် နောက်ဆုံး လာသည့်အရာမှာ “အစွမ်းသတ္တိရှိသမျှ” ဖြစ်သည်။ “စိတ်နှလုံးအကြွင်းမဲ့”က ပထမဆုံး လာသည်။ သင်၏ တာဝန်ကို သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင် မထမ်းဆောင်လျှင် အစွမ်းသတ္တိရှိသမျှဖြင့် မည်သို့ သင် ထမ်းဆောင်နိုင်မည်နည်း။ ထိုအကြောင်းကြောင့် အစွမ်းသတ္တိရှိသမျှဖြင့် သင်၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားခြင်းမျှသည် မည်သည့် ရလဒ်ကိုမျှ စွမ်းဆောင်ရရှိနိုင်ခြင်း မရှိပေ။ သို့မဟုတ် စည်းမျဉ်းများနှင့်လည်း တန်းတူမဖြစ်နိုင်ပေ။ ဘုရားသခင် တောင်းဆိုသည့် အရေးအကြီးဆုံးသော အရာမှာ မည်သည့်အရာဖြစ်သနည်း။ (စိတ်နှလုံးအကြွင်းမဲ့ဖြစ်ပါသည်။) ဘုရားသခင်က သင့်ကို မည်သည့်တာဝန် သို့မဟုတ် မည်သည့်အရာ ပေးအပ်သည်ဖြစ်စေ၊ သင် အားသွန်ခွန်စိုက် အလုပ်လုပ်ရုံသာ လုပ်ဆောင်လျှင်၊ ဟိုသည်ပြေးလွှားပြီး အားထုတ်မှု အသုံးပြုရုံ အသုံးပြုလျှင် သမ္မာတရား စည်းမျဉ်းများနှင့် သင် ကိုက်ညီနိုင်သလော။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ သင် ပြုမူနိုင်သလော။ (မပြုမူနိုင်ပါ။) သို့ဆိုလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သင် မည်သို့ ကိုက်ညီနိုင်သနည်း။ (စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဖြစ်ပါသည်။) “စိတ်နှလုံးအကြွင်းမဲ့ဖြင့်”ဟူသည့် စကားများကို ပြောဆိုရန် လွယ်ကူပြီး လူတို့က မကြာခဏ ပြောဆိုကြသည်။ ထို့ကြောင့် စိတ်နှလုံးအကြွင်းမဲ့ဖြင့် သင် မည်သို့ လုပ်ဆောင်နိုင်သနည်း။ လူအချို့က “အဲဒီအရာက အမှုကိစ္စတွေကို နောက်ထပ် နည်းနည်း အားထုတ်မှု၊ စစ်မှန်ရိုးသားမှုနဲ့ လုပ်ဆောင်တဲ့အခါ၊ ပိုစဉ်းစားတဲ့အခါ တခြားဘာကိုမှ သင့်ရဲ့စိတ်ကို နေရာယူခွင့်မပေးဘဲ လက်ရှိအလုပ်တာဝန်ကို ဘယ်လို ထမ်းဆောင်ရမလဲဆိုတာကိုသာ အာရုံစိုက်တဲ့အခါမှာ ဖြစ်တာ မဟုတ်လား”ဟု ပြောကြသည်။ ထိုမျှ ရိုးရှင်းသလော။ (မရိုးရှင်းပါ။) ထို့ကြောင့် လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံစည်းမျဉ်း အနည်းငယ်အကြောင်းကို ပြောဆိုဆွေးနွေးကြစို့။ သင်တို့ ပုံမှန် လက်တွေ့လုပ်ဆောင်သည့် သို့မဟုတ် လိုက်နာစောင့်ထိန်းသည့် စည်းမျဉ်းများအရ အမှုအရာများကို သင်၏ စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ရန် ပထမဆုံး သင် လုပ်ဆောင်သင့်သည့်အရာမှာ အဘယ်နည်း။ အမှုအရာများကို လုပ်ဆောင်ရာတွင် သင်၏ ဉာဏ်စွမ်းရှိသမျှကို သုံးရမည်၊ သင်၏ အားအင်ကို သုံးပြီး စိတ်နှစ်ထားရမည်ဖြစ်ကာ ဝတ်ကျေတမ်းကျေ မလုပ်ရပေ။ လူတစ်ဦးသည် အမှုအရာများကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် မလုပ်ဆောင်နိုင်လျှင် ၎င်းတို့ စိတ်ပျက်အားလျော့ကြပြီဖြစ်သည်။ ယင်းမှာ မိမိ၏ စိတ်ဝိညာဉ်ကို ဆုံးရှုံးခြင်းကဲ့သို့သာ ဖြစ်သည်။ စကားပြောနေစဉ် ၎င်းတို့၏အတွေးများက ပျံ့လွင့်နေလိမ့်မည်၊ အမှုအရာများကို လုပ်ဆောင်ရာတွင် ၎င်းတို့ လုံးဝစိတ်နှစ်ထားလိမ့်မည် မဟုတ်ဘဲ၊ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ အရေးမစိုက်ဘဲ ရှိကြလိမ့်မည်။ အကျိုးဆက်အနေဖြင့် အမှုအရာများကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ကြမည် မဟုတ်။ သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ သင် ထမ်းဆောင်ခြင်းမရှိဘဲ ထိုအရာထဲသို့ သင်၏ စိတ်နှလုံးတစ်ခုလုံး မနှစ်ထားလျှင် သင်၏ တာဝန်ကို ညံ့ဖျင်းစွာ သင် ထမ်းဆောင်လိမ့်မည်။ သင်၏ တာဝန်ကို နှစ်အချို့ကြာ သင် ထမ်းဆောင်လျှင်ပင် အလွန် ပြည့်ပြည့်ဝဝ သင် ထမ်းဆောင်နိုင်မည် မဟုတ်ပေ။ သင့်အနေဖြင့် စိတ်မနှစ်ထားလျှင် မည်သည့်အရာကိုမျှ ကောင်းစွာ လုပ်ဆောင်နိုင်မည် မဟုတ်။ လူအချို့သည် ဇွဲလုံ့လရှိသော အမှုဆောင်များမဟုတ်။ ၎င်းတို့သည် အမြဲ တည်ငြိမ်ခြင်းမရှိသကဲ့သို့ ပြောင်းလဲလွယ်သည်။ အလွန်မြင့်မားစွာ ၎င်းတို့ ရည်မှန်းကြပြီး မည်သည့်နေရာတွင် မိမိတို့ စိတ်နှလုံးများ ချန်ထားမိခဲ့သည်ကို မသိကြပေ။ ထိုသို့သော လူများတွင် စိတ်နှလုံးများ ရှိကြသလော။ လူတစ်ဦးတွင် စိတ်နှလုံး ရှိမရှိဟူသည်ကို သင်တို့ မည်သို့ ခွဲခြားနိုင်သနည်း။ ဘုရားသခင်ကို ယုံကြည်သော သူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်သည်မှာ နည်းပါးလျှင် ၎င်းတို့၌ စိတ်နှလုံး ရှိကြသလော။ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ဘုရားသခင်ထံ သင် မည်သည့်အခါတွင်မျှ ဆုမတောင်းလျှင် ၎င်းတို့၌ စိတ်နှလုံး ရှိကြသလော။ မည်သည့် ပြဿနာများကို ၎င်းတို့ ရင်ဆိုင်သည်ဖြစ်စေ သမ္မာတရားကို မည်သည့်အခါတွင်မျှ မရှာဖွေလျှင် ၎င်းတို့၌ စိတ်နှလုံး ရှိကြသလော။ လူအချို့သည် သိသာထင်ရှားသည့် မည်သည့်ရလဒ်မျှ မရရှိဘဲ မိမိတို့တာဝန်များကို နှစ်များစွာကြာ ထမ်းဆောင်ကြသည်။ ၎င်းတို့တွင် စိတ်နှလုံးများ ရှိကြသလော။ (မရှိပါ။) စိတ်နှလုံးမရှိကြသည့်လူများသည် မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသလော။ လူတို့သည် မိမိတို့တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့ မည်သို့ ထမ်းဆောင်နိုင်သနည်း။ ဦးစွာပထမ တာဝန်ကို သင် စဉ်းစားသင့်သည်။ “ဒါက ငါ့တာဝန်ပဲ။ ငါထမ်းရမယ်။ ငါ့ကို အလိုအပ်ဆုံးအချိန်ဖြစ်တဲ့ အခုအချိန်မှာ ငါထွက်ပြေးလို့မရဘူး။ ငါ့တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ပြီး ဘုရားသခင်ကို ဖြစ်ကြောင်းကုန်စင် ပြောပြရမယ်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သင့်ထံတွင် အယူအဆဆိုင်ရာ အခြေခံတစ်ခုရှိသည်ဟု ဆိုလိုသည်။ သို့ရာတွင် အယူအဆဆိုင်ရာ အခြေခံရှိခြင်းမျှသည် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ သင် ထမ်းဆောင်နေခြင်းဖြစ်သည်ဟု ဆိုလိုသလော။ (မဆိုလိုပါ။) သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းနှင့် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်ခြင်းတို့နှင့် ပတ်သက်သော ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းခြင်းနှင့် အလှမ်းဝေးနေဆဲ ဖြစ်သည်။ ထို့ကြောင့် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ ထမ်းဆောင်ရန်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့သည် မိမိတို့တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့ မည်သို့ ထမ်းဆောင်လာနိုင်ကြမည်နည်း။ ဦးစွာပထမ သင့်အနေဖြင့် “ဘယ်သူ့အတွက် ဒီတာဝန်ကို ငါ ထမ်းဆောင်နေတာလဲ။ ဘုရားသခင်အတွက် ထမ်းဆောင်နေတာလား။ အသင်းတော်အတွက် ထမ်းဆောင်နေတာလား။ ဒါမှမဟုတ် လူတစ်ယောက်ယောက်အတွက်များ ထမ်းဆောင်နေတာလား” ဟု စဉ်းစားရန် လိုအပ်သည်။ ဤအရာကို ရှင်းလင်းစွာ နားလည်သဘောပေါက်ရမည်။ ထို့အပြင် “ဘယ်သူက ဒီတာဝန်ကို ငါ့ကို တာဝန်ပေးခဲ့တာလဲ။ ဘုရားသခင်ကလား၊ ဒါမှမဟုတ် ခေါင်းဆောင်တစ်ယောက်ယောက်ကလား၊ ဒါမှမဟုတ် အသင်းတော်ကလား”ဟူ၍ ဖြစ်သည်။ ဤအရာကိုလည်း ရှင်းလင်းရန် လိုအပ်သည်။ ဤအရာသည် သေးငယ်သည့်အရာတစ်ခုကဲ့သို့ ထင်ကောင်း ထင်ရနိုင်သော်လည်း၊ ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရဦးမည်ဖြစ်သည်။ ငါ့ကိုပြောလော့၊ သင်တို့၏တာဝန်ကို သင်တို့အား တာဝန်ပေးခဲ့သည်မှာ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဦးလော သို့မဟုတ် အသင်းတော်တစ်ခုခုလော။ (မဟုတ်ပါ။) ထိုအရာနှင့်ပတ်သက်၍ သင်၏ စိတ်နှလုံးတွင် သေချာနေသရွေ့ ကောင်းပေ၏။ သင့်ကို သင်၏တာဝန် ပေးအပ်ခဲ့သူမှာ ဘုရားသခင်ဖြစ်သည်ကို သင် အတည်ပြုရမည်။ အသင်းတော် ခေါင်းဆောင်တစ်ဦးက သင့်ကို ပေးထားခြင်းဖြစ်ပုံ ရနိုင်သော်လည်း အမှန်တွင် ဘုရားသခင်၏ အစီအစဉ်မှ လာခြင်းသာ ဖြစ်ပေသည်။ လူသား အလိုဆန္ဒမှ သိသာထင်ရှားစွာ လာသည့် အချိန်များ ရှိကောင်းရှိနိုင်သော်လည်း ထိုအချိန်တွင်ပင်လျှင် ထိုအရာကို ဘုရားသခင်ထံမှ ဦးစွာ သင် လက်ခံရယူရမည်ဖြစ်သည်။ ယင်းမှာ မှန်ကန်သည့် တွေ့ကြုံနည်းဖြစ်သည်။ ဘုရားသခင်ထံ ထိုအရာကို သင် လက်ခံပြီး သူ၏ အစီအစဉ်များကို တမင် ကျိုးနွံနာခံကာ သူ၏ ်တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန် ခြေလှမ်းလျှင်၊ ထိုအရာကို ထိုသို့ သင် ကြုံတွေ့လျှင် ဘုရားသခင်၏ လမ်းပြမှုနှင့် အလုပ် သင်၌ ရှိလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူများ အသက်ရှင်ဖို့ အမှီပြုသည့်အရာ အတိအကျမှာ အဘယ်နည်း
သင် မည်သည့် တာဝန် ထမ်းဆောင်နေပါစေ သင် နားလည်ရမည့် စည်းမျဉ်းများနှင့် သင် လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရားများမှာ အတူတူပင် ဖြစ်သည်။ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ်၊ သို့မဟုတ် အလုပ်သမားတစ်ဦးအဖြစ် စေခိုင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် သင်သည် အိမ်ရှင်တစ်ဦးအဖြစ် ဟင်းများကို ချက်ပြုနေသည်ဖြစ်စေ သို့မဟုတ် အပြင်ပန်းကိစ္စရပ်အချို့ကို တာဝန်ယူရန်၊ သို့မဟုတ် ကာယလုပ်အားအချို့ လုပ်ဆောင်ရန် သင်သည် စေခိုင်းခံရသည်ဖြစ်စေ ဤတာဝန်အမျိုးမျိုးကို ထမ်းဆောင်ရာတွင် လိုက်နာစောင့်ထိန်းသင့်သည့် သမ္မာတရား စည်းမျဉ်းများသည် အတူတူပင်ဖြစ်သည်။ ယင်းတို့သည် သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များတွင် အခြေပြုရမည် ဖြစ်သည်။ သို့ဆိုလျှင် ဤစည်းမျဉ်းများထဲတွင် မည်သည့်အရာသည် အကြီးမားဆုံးနှင့် အဓိက ဖြစ်သနည်း။ ယင်းမှာ မိမိ၏ စိတ်နှလုံး၊ အာရုံနှင့် အားထုတ်မှုတို့ကို မိမိ၏တာဝန် ကောင်းစွာ ထမ်းဆောင်ခြင်းတွင် ဆက်ကပ်ရန်နှင့် ထိုတာဝန်ကို သတ်မှတ်ထားသော စံနှုန်းအတိုင်း ထမ်းဆောင်ရန်ပင် ဖြစ်သည်။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်နှင့် တာဝန်ကို စံနှုန်းမီ ထမ်းဆောင်ရန်အတွက် တာဝန်ဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်းကို သင် သိရမည်။ သို့သော် တာဝန်ဟူသည်မှာ အဘယ်နည်း။ တာဝန်ဟူသည် သင်၏ သက်မွေးမှုလုပ်ငန်းလော။ (မဟုတ်ပါ။) သင်သည် မည်မျှ အောင်မြင်ပြီး ဂုဏ်ရှိကြောင်းကို အခြားသူများ မြင်နိုင်ရန်အတွက် တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ အစွမ်းကုန် ကြိုးစားအားထုတ်ရန် ဆန္ဒရှိရင်း ဤအရာက သင်၏ဘဝကို အဓိပ္ပာယ် ရှိစေသည်ဟု တွေးထင်လျက် သင်၏တာဝန်ကို သင်၏ကိုယ်ပိုင် အသက်မွေးလုပ်ငန်းအဖြစ် သဘောထားလျှင် ယင်းသည် မှန်ကန်သော အမြင်ဖြစ်မည်လော။ (မဖြစ်ပါ။) ဤအမြင်သည် မည်သည့် နေရာတွင် လွဲချော်သနည်း။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို မိမိ၏ကိုယ်ပိုင် လုပ်ငန်းအဖြစ် မှတ်ယူခြင်းတွင် လွဲချော်လေသည်။ ဤအမြင်မှာ လူသားများအတွက် ကောင်းမွန်သည်ဟု ထင်ရသော်လည်း ဘုရားသခင်အတွက်မူ ယင်းသည် လမ်းမှားကို လျှောက်လှမ်းခြင်း၊ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ခြင်း ဖြစ်ပြီး ဘုရားသခင်က ယင်းကို ပြစ်တင်ရှုတ်ချ၏။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်စေရန်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ တာဝန်ကို ထမ်းဆောင်ရမည်။ သမ္မာတရား စည်းမျဉ်းများကို ဖောက်ဖျက်၍ ယင်းအစား လူသား အလေ့အကျင့်များနှင့်အညီ ပြုမူလုပ်ဆောင်ခြင်းသည် အပြစ်ရှိ၏။ ၎င်းမှာ ဘုရားသခင်ကို ဆန့်ကျင်သည်ဖြစ်၍ အပြစ်ဒဏ်ပေးခြင်း ခံရသင့်လေသည်။ ဤသည်မှာ သမ္မာတရားကို လက်မခံကြသည့် စဉ်းစားဉာဏ်မရှိသည့်အပြင် မသိနားမလည်သော လူများ၏ ကံကြမ္မာ ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများသည် ဘုရားသခင်က လူများထံမှ တောင်းဆိုသည့်အရာများကို ရှင်းလင်းစွာ နားလည်သင့်သည်။ ဤရူပါရုံကို ရှင်းရှင်းလင်းလင်း ရှိကြရမည်။ ပထမဦးစွာ တာဝန်သည် မည်သည့်အရာဖြစ်သည်ကို ဆွေးနွေးကြအံ့။ တာဝန်တစ်ခုသည် သင်၏ ကိုယ်ပိုင်လုပ်ငန်း၊ သင်၏ ကိုယ်ပိုင်အသက်မွေးမှု သို့မဟုတ် သင်၏ ကိုယ်ပိုင်အလုပ် မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏အမှု ဖြစ်သည်။ ဘုရားသခင်၏အမှုသည်၊ သင်၏ပူးပေါင်းဆောင်ရွက်မှုလိုအပ်ပေသည်၊ ယင်းက သင်၏တာဝန်ကို ဖြစ်ပေါ်စေခြင်း ဖြစ်၏။ လူသား ပူးပေါင်းဆောင်ရွက်ရမည့် ဘုရားသခင်၏ အမှု အစိတ်အပိုင်းမှာ လူသား၏တာဝန် ဖြစ်သည်။ တာဝန်မှာ ဘုရားသခင်၏ အမှု အစိတ်အပိုင်း ဖြစ်သည်။ သင်၏သက်မွေးမှုလုပ်ငန်း၊ သင်၏ အိမ်တွင်းရေးကိစ္စ မဟုတ်သကဲ့သို့ ဘဝထဲမှ သင်၏ ပုဂ္ဂိုလ်ရေး ကိစ္စမဟုတ်ပေ။ သင်၏ တာဝန်သည် အပြင်ပိုင်း အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ဖြစ်စေ၊ အတွင်းရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ၊ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ လုပ်အား ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဤသည်မှာ သင်ထမ်းဆောင်ရမည့် တာဝန်ဖြစ်သည်။ ၎င်းမှာ အသင်းတော်၏အလုပ် ဖြစ်သည်၊ ၎င်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး သင့်ကို ဘုရားသခင် ပေးခဲ့ပြီးသော တာဝန်ပေးစေခိုင်းချက် ဖြစ်သည်။ ယင်းသည် သင်၏ ကိုယ်ပိုင်လုပ်ငန်းမဟုတ်ချေ။ သို့ဆိုလျှင် သင်၏ တာဝန်ကို သင် မည်သို့ သဘောထား သင့်သနည်း။ အနည်းဆုံးအနေဖြင့် သင်သည် သင်၏ တာဝန်ကို သင် နှစ်သက်သည့် မည်သည့်နည်းလမ်းဖြင့်မဆို ဆောင်ရွက်၍မရပေ။ သင်သည် မဆင်မခြင် မလုပ်ဆောင်ရပေ။ ဥပမာအားဖြင့် သင်သည် မိမိ၏ ညီအစ်ကိုမောင်နှမများအတွက် အစားအစာ ချက်ပြုတ်ခြင်းကို ကြီးကြပ်ရလျှင် ယင်းမှာ သင်၏တာဝန် ဖြစ်သည်။ သင်သည် ဤအလုပ်ကို မည်သို့ သဘောထားသင့်သနည်း။ (ကျွန်ုပ်သည် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေသင့်ပါသည်။) သင်သည် သမ္မာတရား စည်းမျဉ်းများကို မည်သို့ ရှာဖွေရသနည်း။ ဤအရာသည် စစ်မှန်မှုနှင့် သမ္မာတရားနှင့် ဆက်စပ်မှုရှိ၏။ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်မည်၊ ဤတာဝန်ကို မည်သို့ ကောင်းအောင် ထမ်းဆောင်မည်၊ ပြီးလျှင် ဤတာဝန်သည် သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာများနှင့် သက်ဆိုင်သည်တို့ကို သင်က ဆင်ခြင်စဉ်းစားရမည်။ ပထမအဆင့်အနေဖြင့် “ကျွန်ုပ်သည် မိမိအတွက် ချက်ပြုတ်နေခြင်းမဟုတ်။ ဤအရာသည် ကျွန်ုပ် လုပ်ဆောင်နေသော ကျွန်ုပ်၏တာဝန် ဖြစ်သည်” ဟု ဦးစွာ သင်တို့အားလုံး သိရမည်။ ဤနေရာတွင် အကျုံးဝင်သည့် သွင်ပြင်လက္ခဏာမှာ ရူပါရုံဖြစ်သည်။ ဒုတိယအဆင့်မှာ မည်သို့နည်း။ (ဟင်းလျာကို မည်သို့ ကောင်းအောင် ချက်ပြုတ်မည်ကို ကျွန်ုပ် စဉ်းစားရပါမည်။) ကောင်းမွန်စွာ ချက်ပြုတ်ခြင်းအတွက် စံနှုန်းမှာ အဘယ်နည်း။ (ကျွန်ုပ်သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ရှာဖွေရပါမည်။) မှန်ပေသည်။ ဘုရားသခင်၏ သတ်မှတ်ချက်များကသာ သမ္မာတရား၊ စံနှုန်းနှင့် စည်းမျဉ်း ဖြစ်ပေသည်။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ချက်ပြုတ်ခြင်းသည် သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်၏။ သင်သည် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ပထမဦးဆုံး ထည့်သွင်း စဉ်းစားရမည်၊ ထို့နောက် “ဘုရားသခင်သည် ငါ့အား ဤတာဝန်ကို ထမ်းဆောင်ရန် ပေးအပ်ထားသည်။ ဘုရားသခင် သတ်မှတ်သော စံနှုန်းမှာ မည်သို့နည်း” ဟူ၍ သုံးသပ် ဆင်ခြင်ရမည်။ ဤအခြေခံအုတ်မြစ်သည် သတ်မှတ်ချက်တစ်ခု ဖြစ်၏။ သို့ဖြစ်ရာ သင်သည် ဘုရားသခင်၏စံနှုန်းနှင့် ကိုက်ညီစေရန် မည်သို့ ချက်ပြုတ်သင့်သနည်း။ သင် ချက်ပြုတ်သော အစားအစာသည် ကျန်းမာရေးနှင့် ညီညွတ်၍ အရသာ ရှိကာ သန့်ရှင်းသင့်သည်၊ ပြီးလျှင် ခန္ဓာကိုယ်အား အန္တရာယ်မဖြစ်စေသင့်ပေ။ ဤသည်တို့မှာ ပါဝင်သည့် အသေးစိတ် အချက်အလက်များ ဖြစ်သည်။ သင်သည် ဤစည်းမျဉ်းနှင့်အညီ ချက်ပြုတ်နေသရွေ့ သင် ချက်ပြုတ်သော အစားအစာကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုလုပ်လိမ့်မည်။ ငါသည် ဤအရာကို အဘယ်ကြောင့် ပြောဆိုသနည်း။ သင်သည် ဤတာဝန်၏ စည်းမျဉ်းများကို ရှာဖွေခဲ့ပြီး ဘုရားသခင် ဘောင်ခတ်ထားသော အတိုင်းအတာထက် မပိုလွန်ခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ မှန်ကန်သင့်တော်သော ချက်ပြုတ်နည်း ဖြစ်၏။ သင်သည် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခဲ့ပြီးဖြစ်ကာ သင်သည် ကျေနပ်ဖွယ်ရာ လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်
သင်မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်ပါစေ သင်သည် အဆိုပါတာဝန်နှင့်ပတ်သက်၍ သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရမည်ဖြစ်ကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရမည်ဖြစ်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များကို သိရမည်ဖြစ်သည်။ ပြီးလျှင် ထိုတာဝန်မှတစ်ဆင့် သင်ဖြစ်မြောက်အောင်မြင်သင့်သည့် အရာကို နားလည်သဘောပေါက်ရမည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့်သာလျှင် စည်းမျဉ်းနှင့်အညီ သင်၏အလုပ်ကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သင်ပြုလိုသည်အတိုင်း ပြုရင်း၊ သင် လုပ်၍ပျော်သည့်အရာမှန်သမျှ၊ သို့မဟုတ် သင့်ကို အကောင်းမြင်စေမည့် အရာမှန်သမျှကိုသာ လုပ်ဆောင်ရင်း သင်၏ ကိုယ်ပိုင်နှစ်သက်မှုများအရ လုံးဝ ပြု၍မရပေ။ ဤသည်မှာ မိမိ၏ကိုယ်ပိုင်ဆန္ဒနှင့်အညီ ပြုမူခြင်းဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ဤသည်မှာ ဘုရားတောင်းဆိုသည့်အရာဖြစ်ကြောင်းနှင့် ယင်းက ဘုရားကို ပျော်ရွှင်စေမည့်အရာဖြစ်ကြောင်းတို့ကို တွေးလျက် သင်၏ကိုယ်ပိုင် နှစ်သက်မှုများကို အားကိုးပါက၊ ပြီးလျှင် အကယ်၍ သင်သည် သင်၏ကိုယ်ပိုင်နှစ်သက်မှုများကို ဘုရားသခင်အပေါ် အတင်းအကျပ် သတ်မှတ်ခြင်း သို့မဟုတ် ၎င်းတို့အား သမ္မာတရားကဲ့သို့ လက်တွေ့လုပ်ဆောင်ပါက၊ ၎င်းတို့မှာ သမ္မာတရားစည်းမျဉ်းများဖြစ်သည့်အလား ၎င်းတို့အား လိုက်နာပါက ဤသည်မှာ အမှားတစ်ခု မဟုတ်လော။ ဤသည်မှာ သင်၏တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်၊ ထို့အပြင် သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်နေခြင်းကို ဘုရားသခင်မှ အမှတ်ရမည် မဟုတ်ပေ။ လူအချို့တို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ဖြည့်ဆည်းခြင်းမှာ မည်သည့်အရာကို ဆိုလိုသည်ကို သူတို့ မသိကြ။ ၎င်းတို့သည် ကြိုးစားအားထုတ်ပြီး မိမိတို့၏ စိတ်နှလုံးကို ယင်းတွင် ထားရှိပြီးဖြစ်ကာ မိမိတို့၏ ဇာတိပကတိကို ပုန်ကန်ကာ ဆင်းရဲဒုက္ခခံစားပြီး ဖြစ်သောကြောင့် အဘယ်ကြောင့် ၎င်းတို့၏ တာဝန်များကို လက်သင့်ခံဖွယ်ဖြစ်အောင် မည်သည့်အခါမျှ မဖြည့်ဆည်းနိုင်ရသနည်းဟု ၎င်းတို့ ခံစားကြသည်။ ဘုရားသခင်သည် အဘယ်ကြောင့် အစဉ်အမြဲ စိတ်မကျေမနပ်ဖြစ်နေသနည်း။ ဤလူတို့သည် မည်သည့်နေရာတွင် မှားယွင်းခဲ့ကြပြီနည်း။ ၎င်းတို့၏ အမှားမှာ ဘုရားသခင်၏ သတ်မှတ်ချက်များကို ရှာဖွေရန် မကြိုးစားဘဲ ယင်းအစား မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများအတိုင်း ပြုမူကြခြင်း ဖြစ်သည်။ ဤသည်မှာ အကြောင်းရင်းဖြစ်၏။ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ဆန္ဒများ၊ နှစ်သက်မှုများနှင့် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များကို သမ္မာတရားအဖြစ် ၎င်းတို့ သဘောထားခဲ့ကြသည်။ ပြီးလျှင် သူတို့သည် ထိုအရာများကို ဘုရားသခင် နှစ်သက်သည့် အရာဖြစ်သကဲ့သို့၊ သူ၏ စံနှုန်းများနှင့် သတ်မှတ်ချက်များ ဖြစ်သည့်အလား သဘောထားကြသည်။ သူတို့သည် မှန်ကန်၊ ကောင်းမြတ်ပြီး လှပသည်ဟု သူတို့ ယုံကြည်သည့်အရာများကို သမ္မာတရားအဖြစ် မြင်ကြလေသည်။ ဤသည်မှာ မှားယွင်း၏။ အမှန်တွင် လူတို့သည် တစ်စုံတစ်ရာ မှန်ကန်သည်၊ ပြီးလျှင် ယင်းသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု တစ်ခါတစ်ရံ ထင်ကောင်းထင်ကြမည် ဖြစ်သော်လည်း ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်ဟု သေချာပေါက် မဆိုလိုပေ။ တစ်စုံတစ်ရာ မှန်ကန်သည်ဟု လူတို့ တွေးထင်လေလေ၊ ၎င်းတို့အနေဖြင့် သတိရှိသင့်လေလေဖြစ်ပြီး ၎င်းတို့ စဉ်းစားနေသည့်အရာသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပြည့်မီခြင်းရှိမရှိ သိဖို့ရန် သမ္မာတရားကို ရှာဖွေသင့်လေလေ ဖြစ်သည်။ ယင်းသည် သူ၏ သတ်မှတ်ချက်များနှင့် အတိအကျပင် ဆန့်ကျင်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်လျက်ရှိပါက ထိုအရာမှန်ကန်သည်ဟု သင် တွေးထင်သည်လျှင်ပင် ယင်းက လက်ခံနိုင်ဖွယ် မရှိပေ၊ ယင်းသည် လူသားအတွေးသာ ဖြစ်ပြီး သင် မှန်ကန်သည်ဟု မည်သို့ တွေးထင်ပါစေ သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်မဟုတ်ပေ။ တစ်စုံတစ်ခုသည် မှန်သည် သို့မဟုတ် မှားသည်ကို ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍ ဆုံးဖြတ်ရမည်ဖြစ်သည်။ တစ်စုံတစ်ရာကို သင် မှန်ကန်သည်ဟု မည်မျှ တွေးထင်ပါစေ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ယင်းအတွက် အခြေပြုချက် မရှိပါက ယင်းသည် မှားယွင်းနေပြီး ယင်းကို သင် စွန့်ပစ်ရမည်။ သမ္မာတရားနှင့် ကိုက်ညီသည့်အခါမှသာ လက်ခံနိုင်စရာရှိ၏၊ ဤနည်းလမ်းဖြင့် သမ္မာတရား စည်းမျဉ်းများကို ထိန်းသိမ်းခြင်းအားဖြင့်သာ သင်၏တာဝန် ထမ်းဆောင်ခြင်းသည် စံနှုန်း ပြည့်မီနိုင်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်
သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ စည်းမျဉ်းအရ အမှုအရာများကို ဆောင်ရွက်နေခြင်း ရှိမရှိ၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် စံနှုန်းမီမမီ၊ တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ခြင်း သက်သက် ဟုတ်မဟုတ်၊ သင်၏ တာဝန်ဝတ္တရားများကို ရှောင်ရှားရန် ကြိုးစားခြင်း ပြုမပြုနှင့် သင်၏ သဘောထားနှင့် သင်တွေးပုံခေါ်ပုံတို့တွင် ပြဿနာများ ရှိမရှိတို့ကို သင့်ကိုယ်သင် အမြဲတမ်း စစ်ဆေးသင့်သည်။ သင်သည် မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး ဤအရာများသည် သင့်အတွက် ရှင်းလင်းလာသည်နှင့် တစ်ပြိုင်နက် သင်၏တာဝန်ကို ဖြည့်ဆည်းရာတွင် ပို၍လွယ်ကူသော အချိန်တစ်ခု ရှိလာလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်ဖြစ်စေ၊ ပြုပြင်ခြင်းခံရပြီးနောက် မကောင်းသော စိတ်ခံစားမှု တစ်ခုတွင် ရှိနေခြင်းဖြစ်စေ၊ သင် မည်သည့်အရာကို ကြုံတွေ့ရပါစေ ယင်းကို သင် သင့်တော်စွာ သဘောထားသင့်ပြီး သင်သည် သမ္မာတရားကိုလည်း ရှာဖွေကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း နားလည်ရမည်။ ဤအမှုအရာများကို လုပ်ဆောင်ခြင်းအားဖြင့်၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင်၌ရှိလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် ကောင်းမွန်စွာ ဆောင်ရွက်လိုပါက သင်၏ စိတ်ခံစားမှု၏ သက်ရောက်မှုကို ခံ၍ မဖြစ်ပေ။ သင်သည် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်းတို့ကို မည်မျှခံစားနေရပါစေ သင်လုပ်သမျှတွင် စည်းမျဉ်းများကို မြဲမြံစွာ လိုက်နာလျက် လုံးဝ တိကျခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအရာကို သင်ပြုလုပ်ပါက အခြားသူများက သင့်ကို လက်ခံရုံသာမက ဘုရားသခင်ကလည်း သင့်ကို နှစ်သက်တော်မူလိမ့်မည်။ ဤသို့ဖြစ်သဖြင့် သင်သည် တာဝန်ရှိပြီး ဝန်ထုပ် ထမ်းရွက်သောသူ ဖြစ်လိမ့်မည်။ သင်သည် သင်၏တာဝန်ကို စံချိန်မီ အမှန်တကယ် ထမ်းဆောင်ပြီး စစ်မှန်သော လူတစ်ယောက်၏ ပုံသဏ္ဌာန်အတိုင်း အပြည့်အဝ အသက်ရှင်နေထိုင်သည့်သူနှင့် တကယ့် လူကောင်းတစ်ယောက် ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ လူများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေသည့်အခါ သန့်စင်ခြင်းခံရပြီး စစ်မှန်သည့် ပြောင်းလဲခြင်းကို ရရှိကြကာ ၎င်းတို့သည် ဘုရားသခင်၏ အမြင်တွင် ရိုးသားသည်ဟု ခေါ်ဆို၍ ရနိုင်ပေသည်။ ရိုးသားသောလူများသာလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား အပတ်တကုတ် လုံ့လထုတ်ပြီး စည်းမျဉ်းဖြင့် ပြုမူကျင့်ကြံရာတွင် အောင်မြင်နိုင်သည်၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို စံချိန်မီ ထမ်းဆောင်နိုင်ပေသည်။ စည်းမျဉ်းဖြင့် ပြုမူသည့်လူများသည် ၎င်းတို့ ကောင်းသော စိတ်ခံစားမှု ရှိနေချိန်တွင် ၎င်းတို့၏ တာဝန်များကို စေ့စေ့စပ်စပ် ထမ်းဆောင်ကြသည်။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့် အလုပ်မလုပ်ဘဲ အခြားသူများက ၎င်းတို့အား အထင်ကြီးစေဖို့ မိမိတို့ကိုယ်ကို မာနမထောင်လွှားကြသကဲ့သို့ ကိုယ်ရည်လည်း သွေးမပြကြပေ။ ၎င်းတို့သည် မကောင်းသော စိတ်ခံစားမှုတစ်ခု ရှိနေသည့် အချိန်၌ ၎င်းတို့၏ နေ့စဉ် လုပ်ဆောင်ချက် တာဝန်များကို ဤသို့ပင် စိတ်ပါလက်ပါနှင့် တာဝန်ရှိစွာ ပြီးမြောက်စေနိုင်ပြီး ၎င်းတို့၏တာဝန်များ ထမ်းဆောင်ခြင်းကို ထိခိုက်နစ်နာစေသည့်အရာ တစ်ခုခုကိုဖြစ်စေ ၎င်းတို့ကို ဖိအားအနည်းငယ် ပေးသည့်အရာတစ်ခုခု သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အဖျက်အမှောင့် လုပ်ခြင်းကို ဖြစ်ပေါ်စေသည့်အရာ တစ်ခုခုကိုဖြစ်စေ ၎င်းတို့ ကြုံတွေ့ရလျှင်ပင် ၎င်းတို့သည် “မည်မျှကြီးမားသည့် ပြဿနာကို ကျွန်ုပ်ရင်ဆိုင်ရပါစေ မိုးကောင်းကင်ကြီးတစ်ခုလုံး ပြိုကျလာလျှင်ပင် ကျွန်ုပ်အသက်ရှင်နေသရွေ့ မိမိ၏ တာဝန်ကို ဖြည့်ဆည်းဖို့ အစွမ်းကုန်ကြိုးစားရန် သန္နိဋ္ဌာန်ချပါသည်။ ဘုရားသခင် ပေးအပ်သည့် ဤတာဝန်နှင့် ကျွန်ုပ်ထိုက်တန်ဖို့၊ ထို့အပြင် ကျွန်ုပ်၏ ခန္ဓာကိုယ်ထဲ ကိုယ်တော် ထည့်ထားပြီးဖြစ်သည့် ဤထွက်သက်ဝင်သက်နှင့် ကျွန်ုပ်ထိုက်တန်ဖို့အလို့ငှာ ကျွန်ုပ် အသက်ရှင်သည့် နေ့တိုင်းသည် ကျွန်ုပ်တို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည့် နေ့ရက်တစ်ရက် ဖြစ်ပါသည်။ ကျွန်ုပ်သည် မည်မျှ အခက်အခဲကြုံကောင်း ကြုံနေရသည်ဖြစ်ပါစေ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် အရေးအကြီးဆုံးအရာ ဖြစ်သည့်အတွက် ယင်းကို ဘေးဖယ်ထားပါမည်” ဟု ပြောလျက် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့၏ စိတ်နှလုံးကို ငြိမ်သက်စေနိုင်ပြီး ဆုတောင်းနိုင်ဆဲ ဖြစ်ပေသည်။ မည်သည့် လူ၊ အဖြစ်အပျက်၊ အမှုအရာ သို့မဟုတ် ပတ်ဝန်းကျင်တစ်စုံတစ်ရာအားဖြင့် ထိခိုက်ခြင်းကို မခံရသည့်သူများ၊ မည်သည့်စိတ်ခံစားမှု သို့မဟုတ် အပြင်ပန်းအခြေအနေ တစ်စုံတစ်ရာအားဖြင့် ဘောင်ခတ်ခြင်းကို မခံသူများနှင့် ၎င်းတို့ကို ဘုရားသခင် ယုံကြည်စွာ ပေးအပ်ထားသည့် ၎င်းတို့၏တာဝန်များနှင့် တာဝန်ပေးစေခိုင်းချက်များကို ရှေ့တန်းတင်ထားသူများဖြစ်သည့် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိသူများနှင့် သူ့ကို စစ်မှန်စွာ နာခံသူများဖြစ်သည်။ ဤကဲ့သို့သော လူများသည် အသက်ဝင်ရောက်ခြင်းကို ရရှိပြီးဖြစ်ကာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်ပေသည်။ ဤသည်မှာ သမ္မာတရားကို အသက်ရှင်နေထိုင်ခြင်းနှင့် သက်ဆိုင်သည့် အစစ်မှန်ဆုံးနှင့် လက်တွေ့အကျဆုံးသော ဖော်ပြချက်များ ပင်တည်း။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်
သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်းသည် အဓိက တားမြစ်ထားသောအရာ ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်စဉ် သင်သည် အမြဲ ဟန်ဆောင်လုပ်ပြနေပါက သင်သည် သင်၏ တာဝန်ကို လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုအထိ ထမ်းဆောင်ရန် ဖြစ်နိုင်မည်မဟုတ်။ သင်သည် သင်၏ တာဝန်ကို သစ္စာစောင့်သိမှုဖြင့် ထမ်းဆောင်ချင်ပါက ပထမဦးစွာ သင်၏ ဟန်ဆောင်လုပ်ပြခြင်း ပြဿနာကို ဖြေရှင်းရမည်။ အခြေအနေကို သတိထားမိသည်နှင့် ပြုပြင်ရန် ခြေလှမ်းများ သင် လှမ်းသင့်သည်။ သင်သည် နားဝေတိမ်တောင်ဖြစ်ပါက၊ ပြဿနာများကို မည်သည့်အခါတွင်မျှ သတိမထားမိနိုင်ပါက၊ အမြဲ ဟန်ဆောင်လုပ်ပြပြီး ဝတ်ကျေတမ်းကျေပုံစံဖြင့် အမှုအရာများကို လုပ်ဆောင်ပါက သင်၏ တာဝန်ကို ကောင်းစွာ သင် ထမ်းဆောင်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သင်၏ တာဝန်ကို သင် အမြဲ စိတ်နှစ်ထားရမည်။ လူတို့အတွက် ဤအခွင့်အရေးသည် ရောက်လာရန် အလွန်ခက်၏။ ဘုရားသခင်က ၎င်းတို့ကို အခွင့်အရေးတစ်ခု ပေးသော်လည်း ၎င်းတို့က အမိအရ မယူသည့်အခါ ထိုအခွင့်အရေးသည် ပျောက်ဆုံးသွား၏။ နောက်ပိုင်း၌ ၎င်းတို့က ထိုသို့သော အခွင့်အရေးတစ်ခုကို ရှာတွေ့လိုလျှင်ပင် ထိုအခွင့်အရေးမျိုးမှာ တစ်ဖန် ပေါ်လာချင်မှ ပေါ်လာပေတော့မည်။ ဘုရားသခင်၏ အမှုတော်က မည်သူကိုမျှ မစောင့်ဆိုင်းသကဲ့သို့ မိမိတာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေးလည်း ထိုသို့ပင် ဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် ယခင်က မိမိ၏ တာဝန်ကို ကောင်းစွာ မထမ်းဆောင်ခဲ့သော်လည်း ယခုတွင် ထိုတာဝန်ကို ကျွန်ုပ် ထမ်းဆောင်ချင်ဆဲ ဖြစ်သည်။ ကျွန်ုပ် တစ်ဖန်ကြိုးစားသင့်သည်”ဟု ဆိုကြသည်။ ဤသို့သော စိတ်ပိုင်းဖြတ်ချက် ရှိခြင်းသည် အလွန်ကောင်းသော်လည်း မိမိတာဝန်ကို မည်သို့ ကောင်းစွာ ထမ်းဆောင်ရမည်ဆိုသည်နှင့် ပတ်သက်၍ သင် ရှင်းလင်းထားရမည်ဖြစ်ပြီး သမ္မာတရားအတွက် သင် ကြိုးပမ်းရမည်။ သမ္မာတရားကို နားလည်သော သူတို့သည်သာ မိမိတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသည်။ သမ္မာတရားကို နားမလည်သော သူတို့သည် အလုပ်လုပ်ပေးရန်ပင် အရည်အချင်း မပြည့်မီကြချေ။ သမ္မာတရားနှင့်ပတ်သက်၍ သင် သာ၍ ရှင်းလင်းလေ၊ သင်၏တာဝန်ကို သင် သာ၍ ထိရောက်လေ ဖြစ်လိမ့်မည်။ ဤကိစ္စရပ်ကို အရှိအတိုင်း သင် မြင်နိုင်ပါက သမ္မာတရားအတွက် သင် ကြိုးပမ်းလိမ့်မည်ဖြစ်ပြီး သင်သည် မိမိတာဝန်ကို ကောင်းစွာထမ်းဆောင်မည့် မျှော်လင့်ချက် ရှိလိမ့်မည်။ လက်ရှိတွင် တာဝန်တစ်ခုကို ထမ်းဆောင်ရန် အခွင့်အရေးများစွာ မရှိပေ။ ထို့ကြောင့် သင်တတ်နိုင်သောအချိန်တွင် အခွင့်အလမ်းများကို အမိအရယူရမည်။ တာဝန်တစ်ခုကို ရင်ဆိုင်ရသောအခါတွင် အတိအကျပင် သင့်ကိုယ်သင် အသုံးပြုရမည်။ ဆိုလိုသည်မှာ သင့်ကိုယ်သင် ပေးဆပ်ရမည့်အချိန်၊ ဘုရားအတွက် သင့်ကိုယ်သင် အသုံးခံရမည့်အချိန်၊ အဖိုးအခပေးဆပ်ရန် လိုသည့်အချိန် ဖြစ်သည်။ မည်သည့်အရာကိုမျှ ချုပ်တည်းမထားနှင့်၊ မည်သည့်အကြံအစည်မျှ သိမ်းမထားနှင့်။ လူးသာလွန့်သာ အခြေအနေကို ချန်မထားနှင့်။ သို့မဟုတ် သင့်ကိုယ်သင် ထွက်လမ်း မပေးနှင့်။ သင်သည် လူးသာလွန့်သာ တစ်စုံတရာ ချန်ထားပါက၊ ချင့်တွက်နေပါက သို့မဟုတ် သင်သည် ဉာဏ်များကာ သစ္စာဖောက်ဖျက်တတ်ပါက သင်သည် ညံ့ဖျင်းသော အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ သေချာပေသည်။ သင်က “ပါးနပ်သည့် နည်းလမ်းဖြင့် ငါလုပ်ဆောင်နေသည်ကို မည်သူမျှ မမြင်ပါ။ အပြတ်မိုက်လိုက်လေခြင်း” ဟု ပြောသည်ဆိုပါစို့။ ဤသည်မှာ မည်သို့သော အတွေးမျိုးနည်း။ သင်သည် လူများနှင့် ဘုရားသခင်ကိုလည်း နှစ်ပေါက်တစ်ပေါက် ရိုက်လိုက်ပြီဟု တွေးထင်သလော။ သို့သော် တကယ့်အမှန်တွင် သင်လုပ်ဆောင်လိုက်သည့်အရာကို ဘုရားသခင် သိသလော၊ မသိသလော။ သူ သိပါသည်။ အမှန်တွင် သင်နှင့် အတန်ကြာ အပြန်အလှန်ဆက်ဆံသည့် မည်သူမဆိုက သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်မှုကို သိရှိလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့က ဘွင်းဘွင်းရှင်းရှင်း ထိုသို့ ပြောကောင်း မပြောနိုင်သော်လည်း သူတို့၏စိတ်နှလုံးထဲ၌ သင့်အပေါ် မိမိတို့၏ အကဲဖြတ်ချက်များ ရှိကြလိမ့်မည်ဖြစ်သည်။ အခြားသောသူများစွာက ၎င်းတို့ကို နားလည်လာကြသောကြောင့် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရသူ များစွာ ရှိပြီးဖြစ်သည်။ သူတို့၏ အနှစ်သာရကို လူတိုင်း ရိပ်စားမိသည်နှင့် ထိုလူများကို အရှိအတိုင်း ၎င်းတို့ ဖော်ထုတ်ကြပြီး မောင်းထုတ်ကြသည်။ ထို့ကြောင့် သမ္မာတရားကို ၎င်းတို့ လိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ၊ လူတို့သည် မိမိတို့တာဝန်ကို ကောင်းစွာ အစွမ်းကုန် လုပ်သင့်သည်။ လက်တွေ့ကျသည့်အရာများကို လုပ်ဆောင်ရာတွင် မိမိတို့ အသိစိတ်ကို အသုံးပြုသင့်သည်။ သင့်ထံတွင် အပြစ်အနာအဆာများ ရှိနိုင်သော်လည်း သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ထိရောက်မှုရှိနိုင်ပါက ဤသည်မှာ သင် ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်မဟုတ်ပေ။ သင်အဆင်ပြေသည်၊ ဖယ်ရှားရှင်းလင်းခြင်းမခံရဖို့ သေချာသည်ဟု အမြဲ သင်တွေးထင်နေပါက မိမိကိုယ်ကို မသုံးသပ်၊ သိရှိဖို့ မကြိုးစားသေးသကဲ့သို့ သင်၏ သင့်တော်သည့် အလုပ်တာဝန်များကို လျစ်လျူရှုပါက သင်သည် အမြဲ ဝတ်ကျေတမ်းကျေဖြစ်ပါက ဘုရားရွေးချယ်ထားသူများက သင်နှင့်ပတ်သက်၍ မိမိတို့၏ သည်းခံစိတ် ပျောက်ဆုံးသွားသည့်အခါ သင့်ကို အဖြစ်အတိုင်း ဖော်ထုတ်လိမ့်မည်ဖြစ်ပြီး ဖြစ်နိုင်ခြေအားလုံးမှာ သင်သည် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည် ဖြစ်သည်။ ယင်းမှာ လူတိုင်းက သင့်ကို ရိပ်စားမိပြီးဖြစ်ကာ သင်၏ သိက္ခာနှင့် သမာဓိကို သင်ဆုံးရှုံးပြီးဖြစ်သောကြောင့် ဖြစ်သည်။ မည်သူမျှ သင့်ကို မယုံကြည်ပါက ဘုရားသခင်က သင့်ကို ယုံကြည်နိုင်မည်လော။ လူတို့၏ အတွင်းကျကျ စိတ်နှလုံးကို ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ထိုသို့သောလူကို သူ လုံးဝ ယုံကြည်နိုင်မည် မဟုတ်ပေ။ တစ်စုံတစ်ဦးသည် စိတ်မချရသောသူတစ်ဦးဖြစ်ပါက မည်သည့် အခြေအနေအောက်တွင်မျှ ၎င်းတို့ကို အလုပ်တာဝန်တစ်ခု မပေးအပ်လိုက်နှင့်။ လူတစ်ဦးကို သင်ကောင်းမွန်စွာ သိကျွမ်းခြင်း မရှိပါက၊ သို့မဟုတ် ဤလူသည် မိမိလုပ်သည့်အရာတွင် အဆင်ပြေသည်ဟု အခြားသူများ ပြောသည်ကိုသာ သင် ကြားရသော်လည်း သင်၏ စိတ်နှလုံးတွင် ရာခိုင်နှုန်းပြည့် မသေချာပါက သင် လုပ်နိုင်သမျှမှာ ပထမဦးစွာ ၎င်းတို့ ကိုင်တွယ်ရန် အရေးမကြီးသည့် သေးငယ်သော အလုပ်တာဝန် အနည်းငယ်တစ်ခုကို ပေးရန် ဖြစ်သည်။ သေးငယ်သော အလုပ်တာဝန်များနှင့် ပတ်သက်၍ ၎င်းတို့ အဆင်ပြေပါက ပုံမှန်အလုပ်တာဝန်တစ်ခုကို သင် ပေးနိုင်သည်။ ပြီးလျှင် ထိုအလုပ်တာဝန်နှင့်ပတ်သက်၍ ၎င်းတို့ အောင်မြင်မှသာ အရေးပါသည့်တစ်ခုကို ကိုင်တွယ်ရန် ၎င်းတို့ကို သင် ပေးသင့်သည်။ ပုံမှန်အလုပ်တာဝန်ကို ဗြောင်းဆန်အောင် ထမ်းဆောင်ပါက ဤလူသည် စိတ်မချရပေ။ အလုပ်တာဝန်က ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ၎င်းတို့ကို ပေးအပ်၍မရပေ။ ကြင်နာတတ်ပြီး တာဝန်ယူတတ်သည့်လူ၊ မည်သည့်အခါတွင်မျှ ဟန်ဆာင်လုပ်ပြရုံလုပ်ပြခြင်းမရှိသည့်လူ၊ အခြားသူများက ၎င်းတို့ကို ပေးအပ်သည့် တာဝန်များကို မိမိတို့ကိုယ်ပိုင်ကဲ့သို့ သဘောထားသည့်လူ၊ အလုပ်တာဝန်၏ သွင်ပြင်လက္ခဏာတိုင်းကို ထည့်သွင်းစဉ်းစားသောလူ၊ သင်၏ လိုအပ်ချက်များကို စဉ်းစားပေးသူ၊ ထောင့်တိုင်းကို စဉ်းစားသူ၊ ၎င်းတို့၏ အလုပ်နှင့်ပတ်သက်၍ သင့်ကို အလွန်စိတ်ကျေနပ်စေလျက် အလွန်စေ့စပ်သေချာပြီး အမှုအရာများကို မှန်ကန်သည့်နည်းလမ်းဖြင့်သာ ကိုင်တွယ်သူတစ်ဦးကို သင် သတိပြုမိပါက ဤသည်မှာ ယုံကြည်ထိုက်သည့် လူစားမျိုး ဖြစ်သည်။ ယုံကြည်ထိုက်သောသူများသည် လူ့သဘာဝရှိသောသူများ ဖြစ်သည်။ လူ့သဘာဝရှိသောသူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်သည်။ ၎င်းတို့၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် အလွန်လွယ်ကူသင့်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့တာဝန်ကို ၎င်းတို့၏ ဝတ္တရားအဖြစ် မှတ်ယူသည်။ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိသူတို့သည် သေချာပေါက်ပင် ၎င်းတို့တာဝန်ကို ညံ့ဖျင်းစွာထမ်းဆောင်သည်။ ၎င်းတို့တာဝန်က မည်သည့်အရာ ဖြစ်ပါစေ ၎င်းတို့တာဝန်အပေါ် တာဝန်သိစိတ်မရှိပေ။ အခြားသူများက ၎င်းတို့အပေါ်အမြဲ စိုးရိမ်ပူပန်ကြရသည်၊ ၎င်းတို့ကို ကြီးကြပ်ကြရပြီး ၎င်းတို့၏ တိုးတက်မှုနှင့် ပတ်သက်၍ မေးမြန်းကြရလေသည်။ မဟုတ်လျှင် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် အမှုကိစ္စများသည် ကမောက်ကမ ဖြစ်နိုင်ကာ အလုပ်တာဝန်တစ်ခုကို ထမ်းဆောင်စဉ်တွင် အမှုကိစ္စများ မှားယွင်းနိုင်သည်။ ယင်းက ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပေမည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်
သင်၏ တာဝန်ကို လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုအထိ လုပ်ဆောင်ရန်အလို့ငှာ သင်သည် ပထမဦးစွာ မှန်ကန်သည့် စိတ်နေစိတ်ထားရှိရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်သည့်အခါ သင်၏ ကိုယ်ပိုင်အခြေအနေကိုလည်း ပြုပြင်ရမည်။ သင်၏တာဝန်ကို မှန်ကန်စွာ သင်ကိုင်တွယ်သဘောထားနိုင်သည့်အခါ လူမျိုးစုံ၊ ဖြစ်ရပ်မျိုးစုံနှင့် အမှုအရာမျိုးစုံတို့၏ ဘောင်ခတ်ခြင်းများနှင့် လွှမ်းမိုးမှုများကို သင် ခါချပြီးသည့်အခါ၊ ဘုရားသခင်ထံ လုံးဝ သင် ကျိုးနွံနာခံနိုင်သည့်အခါ သင်၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်လိမ့်မည်။ ဤအရာကို လုပ်ဆောင်ခြင်းအတွက် လျှို့ဝှက်ချက်မှာ သင်၏ တာဝန်နှင့် ဝတ္တရားကို အမြဲ ဦးစားပေးရန် ဖြစ်သည်။ သင်၏ တာဝန်ကို လုပ်ဆောင်သည့်လုပ်ငန်းစဉ်တွင် သင့်ကိုယ်သင် အမြဲ ဤသို့ ဆန်းစစ်ရမည်။ “ကျွန်ုပ်သည် မိမိ၏ တာဝန်လုပ်ဆောင်ခြင်းအပေါ် ဝတ်ကျေတမ်းကျေ သဘောထားတစ်ခု ရှိသလော။ မည်သည့်အရာက ကျွန်ုပ်ကို နှောင့်ယှက်ပြီး မိမိ၏ တာဝန်ကို လုပ်ဆောင်ရာတွင် ဝတ်ကျေတမ်းကျေဖြစ်စေသနည်း။ ကျွန်ုပ်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ အစွမ်းသတ္တိရှိသမျှဖြင့် ကျွန်ုပ် လုပ်ဆောင်နေပါသလော။ ဤသို့ ပြုမူခြင်းသည် ဘုရားသခင်အား ကျွန်ုပ်ကို ယုံကြည်စေဖို့ အထောက်အကူပြုမည်လော။ ကျွန်ုပ်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ကျွန်ုပ် လုံးဝ ကျိုးနွံနာခံပြီးပြီလော။ ကျွန်ုပ်၏ တာဝန်ကို ဤသို့လုပ်ဆောင်ခြင်းသည် စည်းမျဉ်းများနှင့် အညီဖြစ်ပါသလော။ ကျွန်ုပ်၏ တာဝန်များကို ဤသို့လုပ်ဆောင်ခြင်းသည် အကောင်းဆုံး ရလဒ်များကို စွမ်းဆာင်ရရှိမည်လော”ဟူ၍ ဖြစ်သည်။ ဤမေးခွန်းများနှင့် ပတ်သက်၍ မကြာခဏ သင် သုံးသပ်ဆင်ခြင်သင့်သည်။ ပြဿနာများကို သင် ရှာတွေ့ပါက သမ္မာတရားကို တက်ကြွစွာ ရှာဖွေပြီး ယင်းတို့ကို ဖြေရှင်းရန် ဆီလျော်သည့် ဘုရားနှုတ်ကပတ်တော်များကို ရှာသင့်သည်။ ထိုသို့ဖြင့် သင်သည် မိမိတာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ရှိလိမ့်မည်။ သင်၏ တာဝန်ကို လုပ်ဆောင်သည့်အခါတွင် ပြဿနာများက မကြာခဏ ထွက်ပေါ်ပါက အများစုသည် သင်၏ ရည်ရွယ်ချက်များနှင့် ပတ်သက်သည့် ပြဿနာများမှ လာပေသည်။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ပြဿနာများ ဖြစ်သည်။ လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်သည့်အခါ ၎င်းတို့သည် မိမိတို့ စိတ်နှလုံးများတွင် ပြဿနာများ ရှိကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ အခြေအနေသည် မူမမှန်ဖြစ်လိမ့်မည်၊ ယင်းသည် ၎င်းတို့၏ တာဝန်ကို လုပ်ဆောင်နိုင်စွမ်းအား တိုက်ရိုက် လွှမ်းမိုးလိမ့်မည်။ အကြင်သူ၏ တာဝန်လုပ်နိုင်စွမ်းကို လွှမ်းမိုးသည့် ပြဿနာများသည် ကြီးမား၊ ဆိုးရွားသည့် ပြဿနာများ ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို တိုက်ရိုက် လွှမ်းမိုးနိုင်သည်။ ဥပမာအားဖြင့် လူအချို့သည် မိမိတို့၏ မိသားစုများထံ ဘေးဒုက္ခများ ကျရောက်သည့်အခါ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများနှင့် အထင်လွဲမှုများ ဖြစ်ပေါ်ကြသည်။ လူအချို့သည် မိမိတို့၏ တာဝန်များတွင် ဆင်းရဲဒုက္ခခံစားရပြီး မည်သူမျှ မမြင်သည့်အခါ၊ သို့မဟုတ် မချီးမွမ်းကြသည့်အခါ အပျက်သဘောဆောင်လာကြသည်။ လူအချို့မှာ မိမိတို့၏တာဝန်ကို ကောင်းစွာ လုပ်ဆောင်ခြင်းမရှိ၊ အမြဲ ဝတ်ကျေတမ်းကျေဖြစ်ပြီး ပြုပြင်ခြင်းခံရသည့်အခါ ဘုရားသခင်ကို စောဒကတက်ကြသည်။ လူအချို့သည် ထွက်ပေါက်တစ်ခုကို အမြဲတစေ စဉ်းစားကြသောကြောင့် မိမိတို့၏တာဝန်ကို လုပ်ဆောင်ရန် လိုလားနေကြခြင်း မရှိချေ။ ဤပြဿနာအားလုံးက ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို တိုက်ရိုက် လွှမ်းမိုးသည်။ ဤအရာအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်ဆိုင်သည့် ပြဿနာများ ဖြစ်သည်။ ယင်းတို့အားလုံးမှာ ဘုရားသခင်ကို လူတို့ မသိရှိသည့်အချက်၊ ၎င်းတို့သည် မိမိတို့အတွက် အမြဲလျှို့ဝှက်ကြံစည်ပြီး အမြဲစဉ်းစားကြသည့်အချက်မှ အရင်းခံသည်။ ယင်းက ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်းမရှိရန် သို့မဟုတ် ဘုရားသခင်၏ အစီအစဉ်များအား ကျိုးနွံနာခံခြင်းမရှိရန် ၎င်းတို့ကို တားမြစ်သည်။ ဤအရာက အပျက်သဘောဆောင်သော ခံစားချက်မျိုးစုံကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ သမ္မာတရားကို မလိုက်စားကြသည့်လူများ ဖြစ်ပျက်ကြသည့်ပုံစံသာ ဖြစ်သည်။ သေးငယ်သည့် ပြဿနာများ ၎င်းတို့အပေါ် ရောက်လာသည့်အခါ ၎င်းတို့သည် အပျက်သဘောဆောင်ကာ အားနည်းလာကြသည်၊ မိမိတို့တာဝန် ထမ်းဆောင်ခြင်းအပေါ် စိတ်ပျက်မှုကိုဖွင့်ပြကြသည်။ ဘုရားသခင်ကို ပုန်ကန်သကဲ့သို့ အတိုက်အခံလုပ်ကြပြီး မိမိတို့ တာဝန်များအပေါ် လက်လျှော့ကာ ဘုရားသခင်ကို သစ္စာဖောက်ချင်ကြလေသည်။ ဤအရာအားလုံးမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချုပ်အချယ်များက ဖြစ်စေသည့် အမျိုးမျိုးသောအကျိုးဆက်များ ဖြစ်သည်။ သမ္မာတရားကို ချစ်သောလူတစ်ဦးသည် မိမိတို့၏ကိုယ်ပိုင်ဘဝ၊ အနာဂတ်နှင့် ကံကြမ္မာတို့ကို ဘေးဖယ်ထားနိုင်ပြီး သမ္မာတရားကိုသာ လိုက်စားကာ ရရှိလိုကြသည်။ အချိန်မလောက်ဟု ၎င်းတို့ တွေးထင်ကြသည်၊ မိမိတို့၏တာဝန် ကောင်းစွာ မထမ်းဆောင်နိုင်မည်ကိုလည်းကောင်း၊ စုံလင်အောင်ပြုခြင်း မခံရနိုင်မည်ကိုလည်းကောင်း ကြောက်ရွံ့ကြသည်။ ထို့ကြောင့် အရာရာကို ဘေးဖယ်ထားနိုင်ကြလေသည်။ ၎င်းတို့၏ စိတ်နေစိတ်ထားမှာ ဘုရားသခင်ထံ လှည့်ကာ ကျိုးနွံနာခံရန်သာ ဖြစ်သည်။ ၎င်းတို့သည် မည်သည့် အခက်အခဲကိုမျှ မဖြုံသကဲ့သို့ အပျက်သဘောဆောင်ပါက၊ သို့မဟုတ် အားနည်းပါက ဘုရားနှုတ်ကပတ်တော်များမှ စာပိုဒ်အနည်းငယ်ကို ဖတ်ခြင်းအားဖြင် အလိုအလျောက်ဖြေရှင်းကြသည်။ သမ္မာတရားကို မလိုက်စားသော လူတို့သည် ပြဿနာဝိုင်းနေကြပြီး သမ္မာတရားနှင့် ပတ်သက်၍ သူတို့နှင့် သင်မည်မျှ မိတ်သဟာယပြုသည်ဖြစ်စေ မိမိတို့၏ ပြဿနာများကို အပြည့်အဝ မဖြေရှင်းနိုင်ကြချေ။ ခဏတဖြုတ် စိတ်ပြောင်းသွားကြပြီး သမ္မာတရားကို လက်ခံနိုင်ကြလျှင်ပင် မည်သို့ပင်ဖြစ်လင့်ကစား နောက်ပိုင်းတွင် စိတ်ပြန်ပြောင်းကြဦးမည် ဖြစ်သည်။ ထို့ကြောင့် ဤလူစားမျိုးကို ကိုင်တွယ်ရန် အလွန်ခက်၏။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့်ဆိုင်သည့် မည်သည့်အရာကိုမျှ နားမလည်ခြင်းမဟုတ်၊ မိမိတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို တန်ဖိုးမထားကြခြင်း၊ သို့မဟုတ် လက်မခံကြခြင်း ဖြစ်သည်။ အဆုံးတွင် ဤအရာက ၎င်းတို့အား မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒ၊ တစ်ကိုယ်ကောင်းဆန်မှု၊ အနာဂတ်၊ ကံကြမ္မာနှင့် ခရီးပန်းတိုင်တို့ကို ဘေးမဖယ်နိုင်အောင် ဖြစ်စေသည်။ ထို့နောက် ယင်းက ၎င်းတို့ကို နှောင့်ယှက်ရန် အမြဲ ထွက်ပေါ်လေသည်။ လူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်ပါက သမ္မာတရားကို ၎င်းတို့ နားလည်သည်နှင့်အမျှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သည့် ထိုအရာများအားလုံး အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် အသက်ဝင်ရောက်မှုနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ ရှိကြလိမ့်မည်။ ၎င်းတို့သည် မသိနားမလည်သည့် ကလေးတစ်ဦး ဖြစ်တော့မည် မဟုတ်။ လူတစ်ဦးသည် ဝိညာဉ်ရင့်ကျက်မှုရှိသည့်အခါ ၎င်းတို့သည် အမှုအရာများကို တိုး၍ သိနားလည်နိုင်လိမ့်မည်ဖြစ်ပြီး လူမျိုးစုံတို့ကြား ပိုပို၍ ပိုင်းခြားသိမြင်နိုင်လိမ့်မည်ဖြစ်ကာ လူ၊ အဖြစ်အပျက်၊ သို့မဟုတ် အမှုအရာတစ်ခုတလေဖြင့်မျှ ဘောင်ခတ်ခံရလိမ့်မည်မဟုတ်ချေ။ ၎င်းတို့သည် မည်သူ ပြောသည့်အရာ၊ သို့မဟုတ် လုပ်ဆောင်သည့် အရာ တစ်ခုတလေအားဖြင့်မျှ လွှမ်းမိုးခံရလိမ့်မည် မဟုတ်။ စာတန်၏ ဆိုးယုတ်သည့် အင်အားစုများထံမှ ဝင်ရောက်စွက်ဖက်ခြင်းကိုဖြစ်စေ၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ အထင်အမြင်မှားအောင်လုပ်ခံရခြင်း သို့မဟုတ် အဖျက်အမှောင့်လုပ်ခံခြင်းကိုဖြစ်စေ ခံရလိမ့်မည်မဟုတ်ချေ။ ဤသို့ဖြစ်ပျက်ပါက လူတစ်ဦး၏ ဝိညာဉ်ရင့်ကျက်မှုသည် တဖြည်းဖြည်း ကြီးထွားလိမ့်မည် မဟုတ်လော။ လူတစ်ဦးသည် သမ္မာတရားကို နားလည်လေ၊ ၎င်းတို့၏ အသက်တာ တိုးတက်မှု မြန်ဆန်လေ ဖြစ်လိမ့်မည်ဖြစ်ပြီး မိမိတို့၏ တာဝန်ကို အောင်မြင်စွာလုပ်ဆောင်ကာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်။ သင်သည် အသက်ဝင်ရောက်မှုရှိပြီး သင်၏ အသက်တာက တဖြည်းဖြည်း ကြီးထွားသည့်အခါတွင် သင်၏ အခြေအနေသည် တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည်။ သင့်ကို တစ်ချိန်က နှောင့်ယှက်ကာ ဘောင်ခတ်နိုင်ခဲ့သည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများသည် သင့်အတွက် ပြဿနာတစ်ခု ဖြစ်တော့မည် မဟုတ်ချေ။ သင်၏ တာဝန်ကို လုပ်ဆောင်ရာတွင် နောက်ထပ် အခက်အခဲများ ရှိလိမ့်မည်မဟုတ်သကဲ့သို့ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် တိုး၍ ပုံမှန် ဖြစ်လာလိမ့်မည်။ ဘုရားသခင်အပေါ် မည်သို့မှီခိုရမည်ကို သင် သိသည့်အခါ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ ရှာဖွေရမည်ကို သင် သိသည့်အခါ၊ သင်သည် ကိုယ့်နေရာကိုယ် သိသည့်အခါ လုပ်သင့်သည့်အရာနှင့် မလုပ်သင့်သည့်အရာ၊ ပြီးလျှင် မည်သည့် ကိစ္စရပ်များက တာဝန်ယူရန် လိုအပ်သည်၊ မလိုအပ်သည်ကို သင် သိသောအခါ သင်၏ အခြေအနေသည် တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည် မဟုတ်လော။ ဤသို့ အသက်ရှင်လျှင် သင်ပင်ပန်းမည် မဟုတ်ချေ၊ ဟုတ်သည်မဟုတ်လော။ သင်သည် ပင်ပန်းလိမ့်မည် မဟုတ်သည်သာမက သင်သည် အထူးသဖြင့် သက်သောင့်သက်သာဖြစ်ပြီး ပျော်ရွှင်လိမ့်မည်။ အကျိုးဆက်အနေဖြင့် သင်၏ စိတ်နှလုံးသည် ဉာဏ်အလင်းနှင့် ပြည့်လိမ့်မည် မဟုတ်လော။ သင်၏ စိတ်နေစိတ်ထားသည် ပုံမှန်ဖြစ်လိမ့်မည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခြင်းများသည် လျော့နည်းလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ မျက်မှောက်တော်တွင် သင် အသက်ရှင်နိုင်လိမ့်မည်၊ ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်နိုင်လိမ့်မည်။ လူတို့က သင်၏ စိတ်ပိုင်းဆိုင်ရာ သဘောထားကို မြင်သည့်အခါ သင့်အထဲတွင် ကြီးမားသည့် ပြောင်းလဲမှု ရှိပြီးဖြစ်ကြောင်း ၎င်းတို့ စဉ်းစားမိကြလိမ့်မည်။ သင်နှင့် အတူ ၎င်းတို့သည် မိတ်သဟာယပြုရန် လိုလားနေကြလိမ့်မည်၊ ၎င်းတို့၏ စိတ်နှလုံးများတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရလိမ့်မည်ဖြစ်ပြီး အကျိုးကျေးဇူးလည်း ခံစားရလိမ့်မည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားသည်နှင့်အမျှ သင်၏ စကားနှင့် လုပ်ရပ်များသည် ပို၍ သင့်လျော်ကာ စည်းကမ်းရှိလာလိမ့်မည်။ အားနည်းပြီး အပျက်သဘောဆောင်သောလူများကို သင် မြင်သည့်အခါ ၎င်းတို့ကို ဘောင်ခတ်ခြင်းဖြစ်စေ၊ ဩဝါဒပေးခြင်းဖြစ်စေ ရှိရမည့်အစား ၎င်းတို့ကို ကူညီကာ အကျိုးပြုရန် သင်၏ ကိုယ်ပိုင် စစ်မှန်သည့် အတွေ့အကြုံများကို အသုံးပြုလျက် ကုံလုံထိရောက်သော အကူအညီကို သင် ပေးနိုင်လိမ့်မည်။ ဤသို့ဖြင့် သင်သည် ဘုရားအိမ်တော်တွင် အားထုတ်ကြိုးပမ်းရုံ ဖြစ်လိမ့်မည်မဟုတ်၊ အသုံးဝင်သော လူတစ်ဦးဖြစ်လိမ့်မည်၊ သင့်ဘာသာ တာဝန်ယူနိုင်လိမ့်မည်ဖြစ်ပြီး ဘုရားအိမ်တော်တွင် သာ၍ အဓိပ္ပာယ်ရှိသောအရာများကို လုပ်ဆောင်နိုင်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှစ်သက်သော လူစားမျိုး ဖြစ်သည် မဟုတ်လော။ သင်သည် ဘုရားသခင် နှစ်သက်သော လူတစ်ဦးဖြစ်ပါက လူတိုင်းကလည်း သင့်ကို နှစ်သက်ကြမည် မဟုတ်လော။ (နှစ်သက်ကြပါလိမ့်မည်။) ဘုရားသခင်သည် အဘယ်ကြောင့် ဤလူစားမျိုးကို ကျေနပ်အားရပါသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လက်တွေ့ကျသည့် အရာများကို သူ့ရှေ့မှောက်တွင် လုပ်နိုင်ကြသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် မြှောက်ပင့်တတ်လေ့မရှိ၊ လက်တွေ့ကျသည့် ကိစ္စရပ်များကို ကိုင်တွယ်လုပ်ကိုင်ပြီး မိမိတို့၏ စစ်မှန်သည့် အတွေ့အကြုံများအကြောင်း ပြောဆိုခြင်းအားဖြင့် အခြားသူများကို ကူညီကာ ဦးဆောင်နိုင်ကြသည်။ အခြားသူများအတွက် မည်သည့်ပြဿနာကိုမဆို ကူညီဖြေရှင်းပေးနိုင်ကြပြီး အသင်းတော် အလုပ်တွင် အခက်အခဲများရှိသည့်အခါ ပြဿနာများကို တက်ကြွစွာ ဖြေရှင်းလျက် ရှေ့ဆက်လမ်းကို ဦးဆောင်နိုင်ကြသည်။ ဤသည်မှာ မိမိတို့တာဝန်များကို သစ္စာရှိစွာ လုပ်ဆောင်ခြင်းဟူ၍ ဆိုလိုသည့်အရာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အသက်အတွင်း ဝင်ရောက်ခြင်းသည် တာဝန် ထမ်းဆောင်ခြင်းဖြင့် စတင်သည်
သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်သိက္ခာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားအိမ်တော်၏ အကျိုးများကို ထည့်တွက်စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို အရေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် စဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး နားလည်အောင် ကြံဆလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်၏အစွမ်းအစ ညံ့ဖျင်းပါက၊ သင်၏အတွေ့အကြုံ ပေါ့တန်ပါက၊ သို့မဟုတ် သင်၏ အလုပ်တွင် မကျွမ်းကျင်ပါက၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး ရလဒ်ကောင်းများ သင်ရချင်မှ ရပေလိမ့်မည်။ သို့ရာတွင် သင်သည် အကောင်းဆုံးကို လုပ်ဆောင်ပြီး ဖြစ်လိမ့်မည်။ သင်သည် သင်ကိုယ်တိုင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ၊ သို့မဟုတ် နှစ်သက်မှုများကို မဖြည့်ဆည်းပေ။ ထိုအစား သင်သည် အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားသည်။ သင်၏တာဝန်တွင် သင်သည် ရလဒ်ကောင်းများ စွမ်းဆောင်ရရှိခြင်း မရှိကောင်း မရှိနိုင်သော်လည်း သင်၏ စိတ်နှလုံးသည် အသိတရားရပြီး ဖြစ်လိမ့်မည်။ ထို့ထက်ပိုပြီးလျှင် သင်၏တာဝန်ရှိ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်ပါက သင်၏တာဝန် ထမ်းဆောင်ရာတွင် စံနှုန်းပြည့်မီပြီး တစ်ချိန်တည်းမှာပင် သင်သည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။ ဤသည်မှာ သက်သေခံချက်ကို ပိုင်ဆိုင်သည်ဟု ဆိုလိုသည့်အရာ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်
အစတွင် လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဝန်လေးသည်။ မိမိ၏တာဝန်များကို သစ္စာစောင့်သိစွာဖြင့် ထမ်းဆောင်ခြင်းကို ဥပမာတစ်ခုအဖြစ် ကြည့်လော့။ သင်၏တာဝန်များကို ထမ်းဆောင်ခြင်းအကြောင်းနှင့် ဘုရားသခင်ကို သစ္စာစောင့်သိခြင်းအကြောင်း သိနားလည်မှုအချို့ သင်၌ ရှိသည်။ ထို့အပြင် သမ္မာတရားကို နားလည်မှုအချို့လည်း သင်၌ ရှိသည်။ သို့ရာတွင် မည်သည့်အချိန်၌ သင်သည် လုံးလုံးလျားလျား သစ္စာစောင့်သိနိုင်မည်နည်း။ သင်သည် သင်၏တာဝန်များကို အမည်ခံအရရော လုပ်ဆောင်ချက်အရပါ မည်သည့်အချိန်တွင် ထမ်းဆောင်နိုင်လိမ့်မည်နည်း။ ဤအရာသည် လုပ်ငန်းစဉ်တစ်ခုကို လိုအပ်လိမ့်မည်။ ဤလုပ်ငန်းစဉ် အတောအတွင်း သင်သည် ဒုက္ခဆင်းရဲများစွာကို ခံစားရနိုင်သည်။ လူအချို့သည် သင့်ကို ပြုပြင်ကြမည်ဖြစ်ပြီး အခြားသူများက သင့်ကို ဝေဖန်ကောင်း ဝေဖန်ကြမည်။ အယောက်တိုင်း၏ မျက်လုံးများသည် သင့်အပေါ်တွင်ရှိပြီး သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုလေ့လာကြလိမ့်မည်ဖြစ်သဖြင့် ထိုအခါမှသာ သင်သည် အမှားပြုလုပ်မိပြီးဖြစ်ကြောင်း၊ ညံ့ဖျင်းစွာ လုပ်ဆောင်ထားသူမှာ သင်သာလျှင် ဖြစ်ကြောင်း၊ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် သစ္စာစောင့်သိမှု မရှိခြင်းသည် လက်မခံနိုင်စရာဖြစ်ကြောင်း၊ သင်သည် ဝတ်ကျေတမ်းကျေဖြစ်ခြင်း ရှိ၍ မဖြစ်ကြောင်းတို့ကို စတင်နားလည်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို အတွင်းမှ အသိဉာဏ်ပွင့်လင်းစေ၍ အမှားတစ်ခုကို သင်ပြုလုပ်မိသောအခါ သင့်ကို ပြစ်တင်ဝေဖန်လိမ့်မည်။ ဤလုပ်ငန်းစဉ်အတောအတွင်း သင်သည် သင့်အကြောင်းနှင့်ပတ်သက်၍ အချို့အရာတို့ကို နားလည်လာလိမ့်မည် ဖြစ်သည့်အပြင် သင်၌ မစင်ကြယ်မှု မြောက်မြားစွာ ရှိနေကြောင်း၊ သင်၏တာဝန်များကို ထမ်းဆောင်နေချိန်တွင် များလွန်းသော ကိုယ်ပိုင်ရည်ရွယ်ချက်များကို သင်လက်သင့်ခံထားပြီး လွန်ကျူးသော အလိုဆန္ဒများစွာ သင်၌ ရှိနေကြောင်းတို့ကို သိလာလိမ့်မည်။ ဤအရာများ၏ အနှစ်သာရကို သင်နားလည်သွားသည်နှင့် တစ်ပြိုင်နက် သင်သည် ဆုတောင်းခြင်းဖြင့် ဘုရားသခင် ရှေ့မှောက်သို့ လာနိုင်ပြီး စစ်မှန်သော နောင်တရရှိနိုင်လျှင် သင်သည် ထိုဖောက်ပြန်ပျက်စီးသော အရာများမှ သန့်စင်ခံရနိုင်၏။ အကယ်၍ ဤပုံစံဖြင့် သင်သည် သင်၏ ကိုယ်ပိုင် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မကြာခဏ ရှာဖွေပါက ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်သို့ တဖြည်းဖြည်း ခြေချမိလိမ့်မည် ဖြစ်သည်။ စစ်မှန်သော အသက်တာ အတွေ့အကြုံများကို သင် စတင် ရရှိလိမ့်မည်ဖြစ်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဖြည်းဖြည်းချင်း စတင် သန့်စင်လာလိမ့်မည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပို၍ သန့်စင်လေလေ၊ အသက်တာ စိတ်သဘောထားက အသွင်သဏ္ဌာန် ပြောင်းလဲလေလေ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏စိတ်သဘောထား ပြောင်းလဲခြင်းအကြောင်း သိထားသင့်သည့်အရာ
အကယ်၍ သင်သည် အဆင့်မီဖို့ သင်၏ တာဝန်များကို ထမ်းဆောင်လိုပါက သင်၏တာဝန်များကို ထမ်းဆောင်နေစဉ် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်မှုကို အရင်ဦးစွာ ရရှိရမည်။ လက်ရှိတွင် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့လုပ်ဆောင်နေပြီးသော လူအချို့ရှိသည်။ သမ္မာတရားကို နားလည်ပြီးနောက် သမ္မာတရားကို အပြည့်အဝ လက်တွေ့မကျင့်သုံးနိုင်လင့်ကစား၊ ထို့ပြင် လမ်းတစ်လျှောက်လုံး ကျရှုံးမှုများ၊ အားနည်းချက်နှင့် လမ်းလွဲခြင်းတို့ ရှိလင့်ကစား ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများသို့ ရောက်အောင် ကြိုးပမ်းနေကြဆဲ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ မျှော်လင့်ချက် ရှိကြသည်။ ဥပမာအနေဖြင့် တစ်ခါတစ်ရံတွင် သင်ပြုလုပ်နေသော အရာမှာ မှန်ကန်သည်ဟု သင် ထင်ကောင်းထင်နိုင်သော်လည်း သင်သည် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်နိုင်စွမ်း မရှိပေ။ အခြားသူများက ရှင်းလင်းပြီး ရေရာသည်အထိ ၎င်းတို့နှင့် ဆွေးနွေးပြီး သမ္မာတရား စည်းမျဉ်းများအပေါ် အတူတကွ မိတ်သဟာယဖွဲ့နိုင်သည်။ ဤသို့ဖြင့် လူတိုင်းက နားလည်ပြီး ဤအရာပြုလုပ်ခြင်းက အကောင်းဆုံးရလဒ်ကို ရရှိမည်ဟု သဘောတူကြမည်ဖြစ်သည်။ ယင်းသည် စည်းမျဉ်းများ၏ အပြင်ဘက်သို့ မကျော်လွန်ကြောင်း၊ ယင်းသည် ဘုရားအိမ်တော်၏ အကျိုးကို အလေးထားကြောင်း၊ ဘုရားအိမ်တော်၏ အကျိုးကို အမြင့်မားနိုင်ဆုံးသော အတိုင်းအတာအထိ ကာကွယ်ပေးမည် ဖြစ်ကြောင်းကိုလည်း သဘောတူကြမည်ဖြစ်သည်။ ဤပုံစံအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီ၏။ အဆုံးသတ်ရလဒ်သည် သင်မျှော်မှန်းသကဲ့သို့ အမြဲတမ်း ဖြစ်ကောင်းဖြစ်မည် မဟုတ်သော်လည်း သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း၊ ဦးတည်ချက်နှင့် ပန်းတိုင်မှာ မှန်ကန်၏။ သို့ဆိုလျှင် ယင်းကို ဘုရားသခင် မည်ကဲ့သို့ မြင်သနည်း။ ဤကိစ္စကို ဘုရားသခင် မည်ကဲ့သို့ အဓိပ္ပာယ်ဖွင့်သနည်း။ သင်၏ တာဝန်ထမ်းဆောင်မှုသည် ပြည့်မီသည်ဟု ဘုရားသခင် ပြောမည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။
မိမိတို့၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ မိမိတို့၏ စိတ်နှလုံး၊ အားအင်ရှိသမျှဖြင့် ထမ်းဆောင်ရမည်။ စိတ်နှလုံး၊ အားအင်ရှိသမျှကို အသုံးပြုခြင်းဆိုသည်မှာ တာဝန်ထမ်းဆောင်သည့်အပေါ်တွင် မိမိ၏ အတွေးများအားလုံးကို ထားရှိခြင်း၊ အခြားသောအရာများကို လွှမ်းမိုးခွင့်မပေးခြင်း၊ ထို့နောက်တွင် မိမိတွင်ရှိသော အားအင်ကို အသုံးချခြင်း၊ မိမိ၏ အစွမ်းအလုံးစုံကို အသုံးပြုခြင်း၊ မိမိ၏ အစွမ်းအစ၊ ဆုကျေးဇူး၊ အားသာချက်များနှင့် တာဝန်ကို ခံယူရန် မိမိတို့နားလည်သည့်အရာများကို ယူဆောင်လာခြင်းအား ဆိုလိုသည်။ သင်သည် သဘောပေါက်နိုင်စွမ်းနှင့် နားလည်နိုင်စွမ်းရှိပြီး ကောင်းသောစိတ်ကူးတစ်ခုရှိလျှင် ယင်းကို အခြားလူတို့နှင့် ဆက်သွယ်ပြောဆိုရမည်။ ဤသည်မှာ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်သည့် အဓိပ္ပာယ်ဖြစ်သည်။ ဤသည်မှာ သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်ပုံ၊ သင့်တာဝန်တွင် ကျေနပ်ဖွယ်စွမ်းဆောင်မှုကို ရရှိမည့်ပုံ ဖြစ်သည်။ အရာရာတိုင်းကို သင့်ဘာသာ တာဝန်ယူလုပ်ဆောင်ဖို့ ဆန္ဒရှိလျှင်၊ ကြီးမားသောအရာများကို သင်တစ်ဦးတည်းသာ အစဉ်သဖြင့် လုပ်ဆောင်လိုလျှင်၊ သင့်ကိုသာ အစဉ် အာရုံစိုက်ပြီး အခြားသူများကို အာရုံမစိုက်စေလိုလျှင် သင့်တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သလော။ သင်လုပ်ဆောင်သည့်အရာသည် အာဏာရှင်စနစ်ဟုခေါ်သည်။ ကြွားဝါနေခြင်းဖြစ်သည်။ ယင်းသည် ဆိုးယုတ်သော အပြုအမူဖြစ်ပြီး တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ မိမိတို့၏ အားသာချက်များ၊ ဆုကျေးဇူးများ၊ သို့မဟုတ် အထူးပါရမီများက မည်သို့ဖြစ်စေ မည်သူကမျှ အလုပ်အားလုံးကို မိမိတို့ဘာသာ တာဝန်မယူနိုင်ပေ။ အသင်းတော်အလုပ်ကို ကောင်းစွာလုပ်ဖို့ဆိုလျှင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် သင်ယူရမည်။ ထိုအတွက်ကြောင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် မိမိတာဝန်ထမ်းဆောင်ခြင်း၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခုဖြစ်သည်။ သင်သည် သင်၏ စိတ်နှလုံး၊ အားအင်ရှိသမျှကို၊ သင်၏ သစ္စာစောင့်သိမှုရှိသမျှကို အသုံးချပြီး သင်လုပ်နိုင်သည့်အရာရာတိုင်းအား ပေးဆပ်လျှင် သင်သည် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နေခြင်းဖြစ်သည်။ သင့်တွင် အတွေး၊ သို့မဟုတ် စိတ်ကူးတစ်ခုရှိလျှင် အခြားသူများသို့ ပြောလော့။ ထိန်းမထားနှင့်၊ သို့မဟုတ် လျှိုမထားနှင့်။ သင်၌ အကြံပြုချက်မျာရှိလျှင် ယင်းတို့ကို ပေးလော့။ သမ္မာတရားနှင့်ကိုက်ညီသည့် မည်သူ၏ စိတ်ကူးကိုမဆို လက်ခံပြီး လိုက်နာရမည်။ ဤအရာကို လုပ်ဆောင်လော့။ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းကို သင် စွမ်းဆောင်ရရှိလိမ့်မည်။ ဤသည်မှာ မိမိတာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်သည့် အဓိပ္ပာယ်ဖြစ်သည်။ သင့်တာဝန်ကို ထမ်းဆောင်ရာတွင် အရာရာတိုင်းကို သင်ကိုယ်တိုင် တာဝန်ယူရန် မလိုအပ်သကဲ့သို့ အလွန်ပင်ပန်းစွာ အလုပ်လုပ်ရန် မလိုအပ်ချေ။ သို့မဟုတ် “တစ်ပွင့်တည်းသောပန်း” မဖြစ်ရပေ၊ သို့မဟုတ် ထူးခြားမနေရပေ။ ထို့ထက် သူတစ်ပါးတို့နှင့် မည်သို့ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရမည်ကို သင်ယူရန် လိုအပ်သည်။ သင်တတ်နိုင်သမျှ လုပ်ဆောင်ရမည်။ သင်၏ တာဝန်များကို ဖြည့်ဆည်းရမည်။ သင်၏ အားအင်အလုံးစုံကို အသုံးပြုရမည်။ ယင်းမှာ သင့်တာဝန်ကိုထမ်းဆောင်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် ရလဒ်တစ်ခုကို ရရှိရန်အလို့ငှာ သင့်တွင်ရှိသော အစွမ်းနှင့် အလင်းအားလုံးကို ထုတ်ဖော်ပြရန် ဖြစ်သည်။ ယင်းမှာ လုံလောက်သည်။ အစဉ်သဖြင့် ကြွားဝါရန်၊ အစဉ်သဖြင့် အဆင့်မြင့်ပုံရသော အရာများကို ပြောဆိုရန် ကိစ္စများကို သင့်ဘာသာသင် လုပ်ဆောင်ရန် မကြိုးစားနှင့်။ အခြားသူများနှင့် အလုပ်လုပ်ဖို့ နည်းလမ်းကို သင်ယူသင့်ပြီး အခြားလူတို့၏ အကြံပြုချက်များကို နားထောင်ပြီး ၎င်းတို့၏ အားသာချက်များကို ရှာဖွေတွေ့ရှိဖို့ အာရုံစိုက်သင့်သည်။ ဤနည်းအားဖြင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် လွယ်ကူလာသည်။ သင်သည် အစဉ် ကြွားဝါပြီး သင်ပြောသည့်အတိုင်း ဖြစ်စေလျှင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နေခြင်းမဟုတ်ပေ။ မည်သည့်အရာကို သင်လုပ်ဆောင်နေခြင်းဖြစ်သနည်း။ သင်သည် အခြားသူတို့ကို အနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေခြင်းဖြစ်သည်။ အခြားသူတို့အားအနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေခြင်းသည် စာတန်၏နေရာတွင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ယင်းသည် တာဝန်ထမ်းဆောင်ခြင်းမဟုတ်ပေ။ အခြားသူတို့ကို အနှောင့်အယှက်ဖြစ်စေပြီး နိမ့်ကျစေသောအရာများကို အစဉ်လုပ်ဆောင်လျှင် သင်သည် မည်မျှ အားစိုက်ထုတ်ပါစေ၊ သို့မဟုတ် မည်မျှဂရုစိုက်ပါစေ ဘုရားသခင်က အမှတ်ရမည်မဟုတ်ပေ။ သင့်တွင် အားသာချက်အနည်းငယ်သာ ရှိကောင်းရှိနိုင်သည်။ သို့သော် သင်သည် သူတစ်ပါးတို့နှင့် အလုပ်လုပ်နိုင်စွမ်းရှိလျှင်၊ သင့်တော်သော အကြံပြုချက်များကို လက်ခံနိုင်လျှင်၊ မှန်ကန်သော အရင်းခံအကြောင်းများရှိပြီး၊ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်နိုင်လျှင် သင်သည် မှန်ကန်သောသူဖြစ်သည်။ တစ်ခါတစ်ရံတွင် ဝါကျတစ်ကြောင်းမျှဖြင့် ပြဿနာတစ်ခုကို သင် ဖြေရှင်းနိုင်ပြီး လူတိုင်းကို အကျိုးဖြစ်စေနိုင်သည်။ တစ်ခါတစ်ရံတွင် သင်သည် သမ္မာတရား၏ ဖော်ပြချက်တစ်ခုအပေါ် မိတ်သဟာယဖွဲ့ပြီးနောက်တွင် လူတိုင်းက လက်တွေ့လုပ်ဆောင်ရန်လမ်းကြောင်းတစ်ခုရှိပြီး အတူတကွ သဟဇာတဖြစ်စွာ လုပ်ဆောင်နိုင်ကြသည်။ အားလုံးက ဘုံပန်းတိုင်အတွက် ကြိုးပမ်းကြပြီး တူညီသော အမြင်နှင့် ထင်မြင်ချက်များရှိကြသည်။ ထို့ကြောင့် အလုပ်သည် အထူးသဖြင့် ထိရောက်မှုရှိသည်။ သင်သည် ဤအခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်ကို မည်သူကမျှ မမှတ်မိခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ သင်က များစွာအားစိုက်ထုတ်ခဲ့သည်ဟု မခံစားရနိုင်သော်လည်း သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်သူ၊ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သောသူဖြစ်သည်ကို ဘုရားသခင်က မြင်လိမ့်မည်။ ဘုရားသခင်က သင်ထိုသို့လုပ်ဆောင်ခဲ့သည်ကို အမှတ်ရလိမ့်မည်။ ဤသည်မှာ သင့်တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်းဟု ခေါ်သည်။ တာဝန်ကို ထမ်းဆောင်ရာတွင် သင်၌ အခက်အခဲများရှိပါစေ အမှန်အားဖြင့် ယင်းတို့အားလုံးကို လွယ်လွယ်ကူကူ ဖြေရှင်း၍ရသည်။ သင်သည် ဘုရားသခင်အား ဆက်ကပ်သော စိတ်နှလုံးရှိသည့် ရိုးသားသူတစ်ဦးဖြစ်ပြီး သမ္မာတရားကို ရှာဖွေနိုင်သရွေ့ ဖြေရှင်း၍မရနိုင်သော ပြဿနာမရှိပေ။ အကယ်၍ သင်သည် သမ္မာတရားကို နားမလည်ပါက သင်သည် နာခံတတ်ရန် သင်ယူရမည်ဖြစ်သည်။ သမ္မာတရားကို နားလည်သူ သို့မဟုတ် သမ္မာတရားနှင့်အညီ စကားပြောသူရှိပါက သင်သည် ယင်းကို လက်ခံပြီး နာခံရမည်။ သင်သည် အနှောက်အယှက်ဖြစ်စေသော သို့မဟုတ် ထိခိုက်စေသော အရာများကို မည်သည့်နည်းဖြင့်မျှ မလုပ်သင့်သည့်အပြင် မိမိဘာသာ လုပ်ဆောင်ခြင်း သို့မဟုတ် မိမိဘာသာ ဆုံးဖြတ်ချက်ချခြင်းတို့ မလုပ်သင့်ပေ။ ဤနည်းအားဖြင့် သင်သည် မကောင်းမှုကို ပြုမိလိမ့်မည်မဟုတ်ပေ။ သင်မှတ်မိရမည်။ သင့်တာဝန်ကို ထမ်းဆောင်ခြင်းသည် သင်၏ကိုယ်ပိုင်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်း သို့မဟုတ် သင်ကိုယ်တိုင်စီမံခန့်ခွဲခြင်း ကိစ္စမဟုတ်။ ဤသည်မှာ သင်၏ကိုယ်ပိုင် အလုပ်မဟုတ်ဘဲ၊ အသင်းတော်၏ အလုပ်ဖြစ်ပြီး သင့်တွင်ရှိသော အစွမ်းအစများကို ပံ့ပိုးခြင်းသာဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအလုပ်၌ သင်လုပ်ဆောင်သည့်အရာသည် လူသား ပူးပေါင်းဆောင်ရွက်ခြင်း၏ သေးငယ်သော အစိတ်အပိုင်းသာ ဖြစ်သည်။ သင်၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် ချောင်တစ်ခုရှိ အသေးစား အခန်းကဏ္ဍတစ်ခုသာ ဖြစ်သည်။ ယင်းက သင်ယူထားသော တာဝန်ဝတ္တရားဖြစ်သည်။ သင်သည် စိတ်နှလုံးထဲတွင် ဤဆင်ခြင်တုံတရား ရှိသင့်သည်။ ထို့ကြောင့် အလုပ်တာဝန်များကို လူမည်မျှက အတူတကွ ထမ်းဆောင်နေကြပါစေ၊ သို့မဟုတ် မည်သည့်အခက်အခဲများကို သူတို့ရင်ဆိုင်ရပါစေ၊ လူတိုင်းလုပ်ဆောင်သင့်သည့် ပထမဆုံးသော အရာမှာ ဘုရားထံ အတူတကွ ဆုတောင်းပြီး မိတ်သဟာယပြုဖို့၊ သမ္မာတရားကို ရှာဖွေဖို့နှင့်၊ ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများက မည်သည့်အရာများ ဖြစ်သည်ကို ဆုံးဖြတ်ဖို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ဤနည်းအတိုင်း ထမ်းဆောင်သည့်အခါ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း ရှိလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်
သင်သည် ဘုရားသခင်၏ အိမ်တော်ထဲတွင် မည်သည့်အရာကို လုပ်ဆောင်စေကာမူ သင်၏ကိုယ်ပိုင်အလုပ်ကို ပါဝင်ဆောင်ရွက်နေခြင်း မဟုတ်ပါ။ ယင်းမှာ ဘုရားအိမ်တော်၏အလုပ်၊ ဘုရားသခင်၏အလုပ် ဖြစ်သည်။ သင်သည် ဤအသိနှင့် နားလည်သဘောပေါက်မှုကို စိတ်ထဲအမြဲတမ်း မွေးထားရမည်ဖြစ်ပြီး “ဤအရာသည် ကျွန်ုပ်၏ ကိုယ်ပိုင်အရေးကိစ္စ မဟုတ်ပါ။ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို လုပ်ဆောင်နေပြီး ကျွန်ုပ်၏ဝတ္တရားကို ဆောင်ရွက်နေခြင်း ဖြစ်သည်။ အသင်းတော်အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်အား ဘုရားသခင် အပ်နှံခဲ့သောတာဝန်ဖြစ်ပြီး ကျွန်ုပ်သည် ဘုရားသခင်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်၏ တာဝန်ဖြစ်ပြီး ကျွန်ုပ်၏ ကိုယ်ပိုင်ကိုယ်ရေးကိုယ်တာ ကိစ္စမဟုတ်ပေ” ဟု ပြောရမည်ဖြစ်သည်။ ဤသည်မှာ လူတို့နားလည်သင့်သည့် ပထမဆုံးအရာဖြစ်သည်။ သင်သည် တာဝန်တစ်ခုကို သင်၏ ကိုယ်ပိုင် အရေးကိစ္စများအဖြစ် သဘောထားပြီး ပြုမူဆောင်ရွက်သည့်အခါတွင် သမ္မာတရားစည်းမျဉ်းများကို မရှာဖွေသကဲ့သို့ သင်၏ ကိုယ်ပိုင်ရည်ရွယ်ချက်များ၊ အမြင်များ၊ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျှင် သင်သည် အမှားများပြုလုပ်နိုင်ခြေ အလွန်များသည်။ ထို့ကြောင့် သင်သည် သင်၏တာဝန်နှင့် သင်၏ကိုယ်ပိုင် တစ်ကိုယ်ရေကိစ္စများကြား အလွန်ရှင်းလင်းသော ကွာခြားမှုကို ပြုလုပ်ပြီး ဤသည်မှာ တာဝန်တစ်ခုဖြစ်သည်ကို သတိမူမိလျှင် မည်သို့ သင်ဆောင်ရွက်သင့်သနည်း။ (ဘုရားသခင်တောင်းဆိုသည့်အရာကို ရှာဖွေပြီး စည်းမျဉ်းများကို ရှာဖွေရမည်။) မှန်သည်။ သင့်ထံ တစ်စုံတစ်ခုဖြစ်ပျက်ပြီး သမ္မာတရားကို သင်နားမလည်ပါက၊ သင့်တွင် စိတ်ကူးအချို့ရှိသော်လည်း ကိစ္စများသည် သင့်အတွက် မရှင်းလင်းဆဲဖြစ်ပါက အတူမိတ်သဟာယဖွဲ့ရန် သမ္မာတရားကို နားလည်သော ညီအစ်ကို မောင်နှမများကို ရှာရမည်။ ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်းဖြစ်သည်။ အခြားအရာအားလုံးထက် ဤသည်မှာ သင့်တာဝန်အပေါ် ထားရှိသင့်သည့် သဘောထားဖြစ်သည်။ သင်က သင့်လျော်သည်ဟု ထင်သည့်အရာအပေါ် အခြေခံ၍ အမှုအရာများကို ဆုံးဖြတ်ပြီးနောက် တူကိုထုကာ အမှုပိတ်သိမ်းပြီဟု ပြောဆိုခြင်းကို မလုပ်ဆောင်သင့်ပေ။ ဤအရာက ပြဿနာများကို အလွယ်တကူ ဖြစ်စေသည်။ တာဝန်တစ်ခုသည် သင်၏ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်ပေ။ အကြီးစားဖြစ်စေ၊ အသေးစားဖြစ်စေ ဘုရားအိမ်တော်၏ အရေးကိစ္စများသည် မည်သူမျှ၏ ကိုယ်ရေးကိုယ်တာ အရေးကိစ္စမျှမဟုတ်ပေ။ တာဝန်တစ်ခုနှင့် ဆက်နွှယ်သရွေ့ သင်၏ သီးသန့်အရေးကိစ္စမဟုတ်ပေ။ ယင်းသည် သင်၏ ကိုယ်ရေးကိုယ်တာကိစ္စမဟုတ်ပေ။ ယင်းသည် သမ္မာတရားနှင့် သက်ဆိုင်ပြီး စည်းမျဉ်းနှင့် သက်ဆိုင်သည်။ ဤသို့ဆိုလျှင် သင်တို့လုပ်ဆောင်သင့်သည့် ပထမဆုံးအရာမှာ အဘယ်နည်း။ သမ္မာတရားကို ရှာဖွေသင့်ပြီး စည်းမျဉ်းများကို ရှာဖွေသင့်သည်။ သမ္မာတရားကို နားမလည်လျှင် စည်းမျဉ်းများကို အရင်ဦးဆုံး ရှာဖွေသင့်သည်။ သမ္မာတရားကို နားလည်နှင့်ပြီးသားဖြစ်လျှင် စည်းမျဉ်းများကို ခွဲခြားဖော်ထုတ်ခြင်းက လွယ်ကူလိမ့်မည်။ စည်းမျဉ်းများကို နားမလည်လျှင် သင် မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ နည်းလမ်းတစ်ခုရှိ၏။ အမှန်တကယ် နားလည်သောသူတို့နှင့် မိတ်သဟာယပြုနိုင်သည်။ သင်သည် အရာရာတိုင်းကို နားလည်ပြီး အမြဲတမ်း မှန်ကန်သည်ဟု အမြဲတစေ မယူဆနှင့်။ ဤသည်မှာ အမှားပြုလုပ်ဖို့ လွယ်ကူသောနည်းလမ်းတစ်ခု ဖြစ်သည်။ သင်သည် အမြဲတမ်း အပြီးသတ်ဆုံးဖြတ်ချက်ချခွင့် ရှိလိုသောအခါ ယင်းက မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကိုမှန်ကန်သည်ဟု ယူမှတ်မှု ဖြစ်၏။ ယင်းမှာ ထင်ရာမြင်ရာနှင့် တစ်ဖက်သတ် ပြုမူလုပ်ဆောင်ခြင်း ဖြစ်၏။ လူအချို့က “ငါသည် ကောလိပ်ပညာတတ် ဖြစ်သည်။ သင်တို့ထက် ပို၍ ပညာဗဟုသုတ ကြွယ်ဝသည်။ ငါ၌ နားလည်သဘောပေါက်မှုစွမ်းရည် ရှိသည်။ သင်တို့အားလုံး၌ သေးငယ်သော ဝိညာဉ်ရင့်သန်မှုရှိပြီး သမ္မာတရားကို နားမလည်သဖြင့် ငါပြောသမျှကို နားထောင်သင့်သည်။ ငါကသာ ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည်” ဟု တွေးကြသည်။ ဤအမြင်သည် အဘယ်သို့နည်း။ သင်၌ ဤအမြင်မျိုးရှိပါက သင်သည် ဒုက္ခရောက်သွားမည်ဖြစ်သည်။ သင်သည် မိမိ၏တာဝန်များကို မည်သည့်အခါမျှ ကောင်းစွာ ထမ်းဆောင်မည် မဟုတ်ပေ။ သင်သည် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ အပြီးသတ် ဆုံးဖြတ်ချက်ချခွင့်ရှိသည့်သူ အမြဲဖြစ်လိုသောအခါ တာဝန်များကို မည်သို့ကောင်းစွာထမ်းဆောင်နိုင်မည်နည်း။ ဤပုံစံအတိုင်း သင့်တာဝန်များကို ထမ်းဆောင်ခြင်းက ရည်မှန်းချက် လုံးဝ အောင်မြင်မည်မဟုတ်ပေ။ ဤအရာကို အဘယ့်ကြောင့် ငါဆိုသနည်း။ သင်သည် အခြားသူများကို အမြဲတမ်း ချုပ်ထိန်းလိုပြီး သင့်အား နားထောင်စေလိုသည်။ သင်သည် အခြား မည်သူတစ်ဦးဦး ပြောသည့်အရာကိုမျှ နားမဝင်ပေ။ ဤသည်မှာ အစွဲရှိပြီး ခေါင်းမာခြင်း ဖြစ်လေသည်။ ယင်းမှာ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်မှုလည်း ဖြစ်သည်။ ဤပုံစံအတိုင်းဆိုလျှင် သင်၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်ရန် ပျက်ကွက်မည် ဖြစ်သည့်အပြင် အခြားသူများအားလည်း သူတို့၏တာဝန်များကို ကောင်းစွာ ထမ်းဆောင်ခြင်းမှ ဟန့်တားမည်ဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အကျိုးဆက်ဖြစ်သည်။ ဘုရားသခင်သည် လူတို့ထံမှ သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်းကို အဘယ့်ကြောင့် တောင်းဆိုသနည်း။ တစ်ဖက်တွင် ယင်းသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ရန်အတွက် အကျိုးပြုကာ ထိုသို့အားဖြင့် ၎င်းတို့အား မိမိတို့ကိုယ်ကိုသိရန်နှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန် အခွင့်ပေးလေသည်။ ဤအရာက ၎င်းတို့၏ အသက်ဝင်ရောက်မှုကို အကျိုးပြု၏။ အခြားတစ်ဖက်တွင် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်းသည် အသင်းတော်၏အလုပ်အတွက်လည်း အကျိုးပြုသည်။ လူတိုင်းက သမ္မာတရားနားလည်မှု ကင်းမဲ့ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်ခြင်း မရှိနိုင်ပါက သူ၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ ယင်းက အသင်းတော်၏အလုပ်ကို ထိခိုက်လိမ့်မည်။ ဤအရာ၏ အကျိုးဆက်ကား ကြီးလေး၏။ အကျဉ်းချုပ်အားဖြင့် ပြည့်မီသော တာဝန်ထမ်းဆောင်မှုကို ရရှိဖို့အတွက် လူတစ်ဦးသည် သဟဇာတကျကျ ပူးပေါင်းလုပ်ဆောင်ရန် သင်ယူရမည်ဖြစ်ပြီး အခြေအနေများကို ရင်ဆိုင်ရသောအခါ ဖြေရှင်းချက်များကို ရှာတွေ့ဖို့ သမ္မာတရားကို မိတ်သဟာယပြုရမည်ဖြစ်သည်။ ဤသည်မှာ ပဓာနကျလေသည်။ ယင်းက အသင်းတော်၏အလုပ်ကို အကျိုးပြုသည်သာမက ဘုရားသခင်ရွေးကောက်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကိုလည်း အကျိုးပြုလေသည်။...သင်၏တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ဖို့၊ သင်၏တာဝန်တွင် သင် အတွေ့အကြုံမည်မျှ ရှိခဲ့သည်ကို မဆိုထားနှင့်၊ ဘုရားသခင်ကို သင် နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ မည်မျှများသော တာဝန်များကို သင် ထမ်းဆောင်ပြီးဖြစ်ပါစေ၊ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်အဖို့ ပံ့ပိုးမှုများ သင် မည်မျှ ပြုလုပ်ပြီးသည်ဖြစ်စေ အရေးမကြီးပေ။ ဘုရားသခင် ကြည့်ရှုသည့် အဓိကအရာမှာ လူတစ်ဦး သွားသည့် လမ်းကြောင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သမ္မာတရား၊ စည်းမျဉ်းများ၊ ဦးတည်ချက်၊ ဇာစ်မြစ်တို့အပေါ် လူတစ်ဦး၏ သဘောထားနှင့် လူတစ်ဦး၏ လုပ်ဆောင်ချက်များ နောက်ကွယ်မှ မူလကြံရွယ်ချက်တို့ကို သူ ကြည့်လေသည်။ ဤအရာများအပေါ် ဘုရားသခင် အာရုံစိုက်၏။ ယင်းတို့သည် သင် လျှောက်လှမ်းသည့် လမ်းကြောင်းကို ဆုံးဖြတ်သည့် အရာဖြစ်သည်။ သင်၏ တာဝန်ကို သင်ထမ်းဆောင်ခြင်းဖြစ်စဉ်တွင် ဤအပြုသဘောဆောင်သော အရာများကို သင့်အထဲတွင် လုံးဝ မတွေ့ရသကဲ့သို့ သင်၏ လုပ်ဆောင်မှု၏ စည်းမျဉ်း၊ လမ်းကြောင်းနှင့် အခြေပြုချက်မှာ သင်၏ အတွေးများ၊ ရည်ရွယ်ချက်များနှင့် ကြံစည်မှုများဖြစ်ပါက သင်၏ မူလကြံရွယ်ချက်မှာ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ကာကွယ်ဖို့နှင့် သင်၏ နာမည်ဂုဏ်သတင်းနှင့် ရာထူးကို ကာကွယ်ပေးဖို့ ဖြစ်ပါက သင်၏ လုပ်နည်းလုပ်ဟန်သည် သမ္မာတရားကို ရှာဖွေဖို့ မဆိုထားနှင့် အမှုအရာများကို အခြားသူများနှင့် မည်သည့်အခါမျှ ဆွေးနွေးခြင်းမရှိဘဲ သို့မဟုတ် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိဘဲ၊ သင်အမှားပြုလုပ်ပြီးသောအခါ အကြံဉာဏ်များကို မည်သည့်အခါမျှ နားမထောင်ဘဲ ဆုံးဖြတ်ချက်များ ပြုလုပ်ဖို့နှင့် တစ်ကိုယ်တည်း လုပ်ဆောင်ကာ အဆုံးအဖြတ်ပေးဖို့ဖြစ်ပါက၊ ဘုရားသခင်သည် သင့်ကို မည်သို့ မြင်မည်နည်း။ သင်၏ တာဝန်ကို ထိုသို့ သင် ထမ်းဆောင်ပါက သင်သည် အဆင့်အတန်းမမီသေးပေ။ ထို့ပြင် သင်သည် သင်၏ တာဝန်ကို လုပ်ဆောင်သည့်အခါတွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေခြင်းမရှိသကဲ့သို့ သင် ဆန္ဒရှိသည့်အတိုင်း အမြဲလုပ်ဆောင်သောကြောင့်၊ သင်နှစ်သက်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သောကြောင့် သင်သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ် ခြေမချရသေးပေ။ ဤသည်မှာ လူအများစုက ၎င်းတို့၏ တာဝန်များကို ပြည့်မီစွာ မထမ်းဆောင်ကြသည့် အကြောင်းရင်း ဖြစ်သည်။ သို့ဆိုလျှင် ဤပြဿနာကို မည်ကဲ့သို့ ဖြေရှင်းသင့်သနည်း။ မိမိ၏ တာဝန်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းခြင်းသည် ခက်ခဲသည်ဟု သင်တို့ပြောမည်လော။ အမှန်တွင် မခက်ခဲပေ။ လူတို့အနေဖြင့် နှိမ့်ချခြင်းသဘောတစ်ခုသာ ခံယူနိုင်ရမည်၊ အသိစိတ်အနည်းငယ် ပိုင်ဆိုင်နိုင်ရမည်ဖြစ်ပြီး သင့်တော်သော အနေအထားတစ်ခု ခံယူနိုင်ရမည်ဖြစ်သည်။ သင် မည်မျှ ပညာတတ်ပါစေ၊ မည်သည့် ဆုများကို သင် ရရှိပြီးဖြစ်ပါစေ၊ သင် မည်သည့်အရာကို စွမ်းဆောင်ရရှိပြီးဖြစ်ပါစေ၊ သင်၏ အဆင့်အတန်းနှင့် ရာထူးတို့ မည်မျှမြင့်မားနိုင်ပါစေ ဤအရာများအားလုံးကို သင်လက်လွှတ်ရမည်။ သူတစ်ပါးကို အထက်စီးမှ မဆက်ဆံရချေ။ ဤအရာအားလုံးသည် အချည်းနှီးအဖြစ် မှတ်ယူ၍ ရပေသည်။ ဘုရားအိမ်တော်တွင် ဤဂုဏ်အသရေတို့ မည်မျှကြီးမားပါစေ ဤအပေါ်ယံအရာများသည် သမ္မာတရား မဟုတ်သည့်အတွက် သမ္မာတရားထက် မမြင့်မားနိုင်သလို၊ သမ္မာတရား၏နေရာကို မယူနိုင်ချေ။ ဤကိစ္စနှင့်ပတ်သက်၍ သင် ရှင်းလင်းရမည် ဖြစ်သည်။ သင်က “ကျွန်ုပ်သည် အလွန် အထုံပါရမီရှိသည်၊ ကျွန်ုပ်၌ အလွန်ထက်မြက်သည့်ဉာဏ် ရှိသည်၊ ကျွန်ုပ်၏ တုံ့ပြန်မှုသည် အလွန်မြန်သည်၊ ကျွန်ုပ်သည် မြန်မြန်ဆန်ဆန် သင်ယူနိုင်သူတစ်ဦး ဖြစ်ပြီး ပြီးလျှင် ကျွန်ုပ်၌ အလွန့်အလွန်ကောင်းသော မှတ်ဉာဏ် ရှိသောကြောင့် အဆုံးသတ် ဆုံးဖြတ်ချက်ချဖို့ ကျွန်ုပ် အရည်အချင်းပြည့်မီသည်”ဟု ပြောလျှင်၊ ဤအရာများကို အရင်းနှီးအဖြစ် သင် အစဉ် အသုံးပြုပြီး ယင်းတို့ကို တန်ဖိုးရှိသော၊ အပြုသဘောဆောင်သော အရာများအဖြစ် မြင်ပါက ဤသည်မှာ ပြဿနာဖြစ်သည်။ သင်၏စိတ်နှလုံးကို ဤအရာများက နေရာယူပါက၊ ယင်းတို့သည် သင်၏စိတ်နှလုံးထဲ အမြစ်တွယ်ပြီး ဖြစ်ပါက သင့်အတွက် သမ္မာတရားကို လက်ခံဖို့ ခက်ခဲလိမ့်မည်ဖြစ်ပြီး ယင်း၏ အကျိုးဆက်များမှာ မတွေးရက်စရာဖြစ်သည်။ ထို့ကြောင့် သင်ချစ်သည့်၊ ကောင်းပုံရသည့်၊ သင့်အတွက် အဖိုးတန်သည့် ထိုအရာများကို ဦးစွာချပြီး ငြင်းပယ်ရမည်။ ထိုအရာများသည် သမ္မာတရား မဟုတ်ပေ။ ယင်းထက် ၎င်းတို့သည် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းမှ သင့်ကို ပိတ်ဆို့နိုင်ပေသည်။ ယခုအချိန်တွင် လုပ်ဆောင်ရန် အလိုအပ်ဆုံးသောအရာမှာ သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် ပြည့်မီလာသည်အထိ၊ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို ရှာဖွေပြီး သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ရမည်။ အကြောင်းမှာ ပြည့်မီသည့် တာဝန်ထမ်းဆောင်မှုသည် အသက်ဝင်ရောက်မှု လမ်းကြောင်းပေါ်သို့ ပထမဆုံးခြေလှမ်းမျှသာ ဖြစ်သောကြောင့် ဖြစ်သည်။ ဤတွင် “ပထမဆုံးခြေလှမ်း” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ခရီးတစ်ခုအား စတင်ခြင်းကို ဆိုလိုသည်။ အရာရာအားလုံးတွင် ခရီးကို စတင်ရမည့် အရာတစ်ခုရှိသည်။ အခြေခံအကျဆုံး၊ အဓိကအကျဆုံး အရာတစ်ခုဖြစ်သည်။ ပြည့်မီသည့် တာဝန်ထမ်းဆောင်မှုကို ရရှိခြင်းသည် အသက်ဝင်ရောက်မှုလမ်းကြောင်း ဖြစ်သည်။ သင်၏တာဝန်ထမ်းဆောင်မှုသည် ယင်းကို လုပ်ဆောင်သည့် နည်းလမ်းနှင့် ကိုက်ညီရုံမျှသာ ရှိသော်လည်း သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီလျှင် သင်သည် သင့်တာဝန်ကို ပြည့်မီစွာ ထမ်းဆောင်နေခြင်း မဟုတ်ပေ။ ထို့ကြောင့် ဤအရာနှင့် ပတ်သက်၍ မည်သို့ လုပ်ဆောင်ရမည်နည်း။ သမ္မာတရားစည်းမျဉ်းများအပေါ်တွင် အားစိုက်လုပ်ဆောင်ပြီး ရှာဖွေရမည်။ သမ္မာတရားစည်းမျဉ်းများဖြင့် ပြင်ဆင်ခြင်းသည် အရေးပါသည့်အရာ ဖြစ်သည်။ သင်၏ အပြုအမူနှင့် စိတ်ကို တိုးတက်စေရုံမျှသာ ရှိသော်လည်း သမ္မာတရား စစ်မှန်မှုများဖြင့် ပြင်ဆင်မထားလျှင် အသုံးမဝင်ပေ။ သင့်တွင် ဆုကျေးဇူး၊ သို့မဟုတ် အထူးကျွမ်းကျင်သောအရာ တစ်ခုခုရှိနိုင်သည်။ ဤသည်မှာ ကောင်းသည့်အရာ ဖြစ်သည်။ သို့သော် ယင်းကို သင်၏ တာဝန်ထမ်းဆောင်ခြင်းတွင် အသုံးပြုခြင်းကသာလျှင် ယင်းကို မှန်ကန်စွာ အသုံးပြုနေခြင်းဖြစ်သည်။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းသည် သင်၏ လူ့သဘာဝ၊ သို့မဟုတ် ပင်ကိုယ်စရိုက်တွင် တိုးတက်မှုမလိုအပ်သကဲ့သို့ သင်၏ ဆုကျေးဇူး၊ သို့မဟုတ် ပါရမီကို ဘေးဖယ်ရန်လည်း မလိုပေ။ ဤသည်မှာ လိုအပ်သည့်အရာ မဟုတ်ပေ။ အရေးပါသည့်အရာမှာ သမ္မာတရားကို သင်နားလည်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံရန် သင်ယူခြင်းဖြစ်သည်။ သင်သည် တာဝန်ထမ်းဆောင်သောအခါ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ထုတ်ဖော်မည်မှာ မလွှဲမရှောင်သာသလောက်ပင် ဖြစ်သည်။ ထိုသို့သောအချိန်တွင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေပြီး သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ရမည်။ ဤအရာကို လုပ်ဆောင်လော့၊ ယင်းက သင့်အနေဖြင့် တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့အတွက် ပြဿနာဖြစ်မည်မဟုတ်ပေ။ သင်၏ ဆုကျေးဇူး၊ သို့မဟုတ် အထူးကျွမ်းကျင်မှုသည် မည်သည့်နယ်ပယ်တွင်ဖြစ်စေ၊ မည်သည့်နေရာတွင် အသက်မွေးမှုဆိုင်ရာ အသိပညာအချို့ သင်ရှိသည်ဖြစ်စေ တာဝန်ထမ်းဆောင်ခြင်းတွင် ဤအရာများကို အသုံးပြုခြင်းသည် အသင့်လျော်ဆုံးဖြစ်သည်။ ယင်းမှာ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ တစ်ဖက်မှာ သင်၏တာဝန်ကို ထမ်းဆောင်ဖို့အတွက် အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ် အမှီပြုခြင်းဖြစ်ပြီး အခြားတစ်ဖက်မှာ သင်၏ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည် ဖြစ်သည်။ မိမိတာဝန်ကို ဤနည်းဖြင့် ထမ်းဆောင်ခြင်းအားဖြင့် အသက်ဝင်ရောက်မှုကို ရရှိပြီး မိမိတာဝန်ကို ပြည့်မီစွာ ထမ်းဆောင်နိုင်လာကြသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။
သင်၏ တာဝန်ထမ်းဆောင်ခြင်း ဖြစ်စဉ်တွင် အပြုသဘောဆောင်သော အပိုင်း၌ သင်သည် တာဝန်များကို မှန်ကန်သောပုံစံဖြင့် သဘောထားနိုင်ကာ၊ အခြေအနေများကို ရင်ဆိုင်ရပါစေ ယင်းတို့ကို မည်သည့်အခါမျှ မစွန့်လွှတ်ပါက၊ ထို့ပြင် အခြားသူများက ယုံကြည်ခြင်းပျောက်ဆုံး၍ ၎င်းတို့၏ တာဝန်များအား ထမ်းဆောင်ခြင်းကို ရပ်တန့်လိုက်သည့် အချိန်တွင်ပင် သင်သည် သင်၏ ယုံကြည်ခြင်းကို မြဲမြံစွာ ထိန်းသိမ်းနေသေးပြီး ယင်းတို့ကို အစမှအဆုံး မည်သည့်အခါမျှ မစွန့်လွှတ်ဘဲ သင်၏တာဝန်များအပေါ် အဆုံးတိုင်အောင် ဆက်လက်၍ တည်ကြည်ခိုင်မာပြီး သစ္စာစောင့်သိနေလျှင် သင်သည် သင်၏တာဝန်များကို တာဝန်များအဖြစ် အမှန်တကယ် သဘောထားနေပြီး အပြည့်အဝ သစ္စာစောင့်သိခြင်းကို လက်တွေ့ပြသနေသည်။ သင်သည် ဤစံနှုန်းကို ပြည့်မီနိုင်လျှင် တာဝန်များအား ပြည့်မီစွာ ထမ်းဆောင်ရန်အတွက် အခြေခံအားဖြင့် စံနှုန်းပြည့်ပြီး ဖြစ်သည်။ ဤသည်မှာ အပြုသဘောဆောင်သော အပိုင်း၌ ရှိနေပြီဖြစ်သည်။ သို့ရာတွင် ဤစံနှုန်းကို မရောက်မီ အပျက်သဘောဆောင်သော အပိုင်းတွင် လူတစ်ဦးသည် စုံစမ်းသွေးဆောင်ခြင်းအမျိုးမျိုးကို ကြံ့ကြံ့ခံနိုင်ရမည်။ လူတစ်ဦးသည် တာဝန်ထမ်းဆောင်နေစဉ်အတွင်း စုံစမ်းသွေးဆောင်မှုများကို ကြံ့ကြံ့မခံနိုင်သဖြင့် မိမိ၏တာဝန်ကို စွန့်ပစ်ပြီး ထွက်ပြေးကာ တာဝန်အပေါ် သစ္စာဖောက်သည့်အခါ ယင်းက မည်သည့်ပြဿနာမျိုး ဖြစ်သနည်း။ ယင်းက ဘုရားသခင်ကို သစ္စာဖောက်ခြင်းသဘော သက်ရောက်သည်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား သစ္စာဖောက်ခြင်းသည် ဘုရားသခင်အား သစ္စာဖောက်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို သစ္စာဖောက်သည့် လူတစ်ဦးသည် ကယ်တင်ခြင်း ခံရနိုင်သေးသလော။ ဤလူသည် ပြီးသွားပြီဖြစ်သည်။ မျှော်လင့်ချက်တစ်ခုလုံး ဆုံးရှုံးသွားပြီးလျှင် ယခင်က ထမ်းဆောင်ခဲ့သော တာဝန်များမှာ အလုပ်လုပ်ပေးခြင်းသက်သက်သာ ဖြစ်သွားကာ ယင်းက သူ၏သစ္စာဖောက်ခြင်းနှင့်အတူ စုပ်စမြုပ်စပျောက်ကွယ်သွားလေသည်။ ထို့ကြောင့် မိမိ၏တာဝန်အား မြဲမြံစွာ ထိန်းသိမ်းထားဖို့ ပဓာနကျလေသည်။ ထိုသို့ပြုခြင်းဖြင့် မျှော်လင့်ချက် ရှိသည်။ မိမိ၏တာဝန်ကို သစ္စာရှိစွာ ဖြည့်ဆည်းခြင်းဖြင့် လူတစ်ဦးသည် ကယ်တင်ခြင်းကို ခံရနိုင်ပြီး ဘုရားသခင်၏ လက်ခံမှုကို ရယူနိုင်သည်။ မိမိ၏တာဝန်အား မြဲမြံစွာ ထိန်းသိမ်းထားခြင်းတွင် အခက်အခဲဆုံး အပိုင်းဖြစ်သည်ဟု လူတိုင်း တွေ့မြင်ကြသည်မှာ မည်သည့်အပိုင်း ဖြစ်သနည်း။ ယင်းမှာ စုံစမ်းသွေးဆောင်ခြင်းကို ရင်ဆိုင်ရသောအခါ ခိုင်မာစွာ ရပ်တည်နိုင်ခြင်းရှိမရှိပင် ဖြစ်သည်။ ဤစုံစမ်းသွေးဆောင်မှုများ၌ မည်သည့်အရာများ ပါဝင်သနည်း။ ငွေ၊ အဆင့်အတန်း၊ ချစ်ရေးချစ်ရာထုံးဖွဲ့မှုများ၊ စိတ်ခံစားမှုများပင်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ အကယ်၍ တာဝန်အချို့က အသက်ကို အန္တရာယ်ဖြစ်စေသည်အထိပင် အန္တရာယ်များကို ယူဆောင်လာပြီး ထိုကဲ့သို့သော တာဝန်များအား ထမ်းဆောင်ခြင်းသည် အဖမ်းခံရခြင်းနှင့် ထောင်ချခံရခြင်း သို့မဟုတ် သေသည်အထိ နှိပ်စက်ညှဉ်းပန်းခံရခြင်းတို့ကိုပင် အကျိုးဆက်ဖြစ်ပေါ်စေခဲ့မည်ဆိုလျှင် သင်သည် သင့်တာဝန်ကို ထမ်းဆောင်နိုင်ဦးမည်လော။ သင်သည် မဆုတ်မနစ် လုံ့လထုတ်နိုင်မည်လော။ ဤစုံစမ်းသွေးဆောင်မှုများကို အလွယ်တကူ ကျော်လွှားနိုင်ရန်ဟူသည်မှာ မိမိအနေဖြင့် သမ္မာတရားကို လိုက်စားခြင်းရှိမရှိအပေါ် မူတည်သည်။ ယင်းမှာ သမ္မာတရားကို လိုက်စားနေစဉ် ဤစုံစမ်းသွေးဆောင်မှုများကို တဖြည်းဖြည်းချင်း ပိုင်းခြားသိမြင်ပြီး သတိပြုမိရန်၊ ယင်းတို့၏ အနှစ်သာရနှင့် ယင်းတို့၏နောက်ကွယ်မှ ဆိုးယုတ်သော လှည့်ကွက်များကို သတိပြုမိရန်အတွက် မိမိ၏ အစွမ်းအစပေါ် မူတည်သည်။ ယင်းက မိမိ၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ မိမိ၏ သဘာဝအနှစ်သာရနှင့် မိမိ၏ အားနည်းချက်များအား သတိပြုမိရန်ကိုလည်း တောင်းဆိုသည်။ လူတစ်ဦးသည် သူ့အနေဖြင့် ဤစုံစမ်းသွေးဆောင်မှုများကို ကြံ့ကြံ့ခံနိုင်ရန်အတွက် သူ့အား ကာကွယ်ရန် ဘုရားသခင်အား အဆက်မပြတ်လည်း တောင်းဆိုရမည်။ လူတစ်ဦးသည် ယင်းတို့ကို ကြံ့ကြံ့ခံနိုင်ပြီး မည်သည့်အခြေအနေ၌မျှ သစ္စာဖောက်ခြင်းမရှိဘဲ သို့မဟုတ် ထွက်ပြေးခြင်းမရှိဘဲ တာဝန်ကို မြဲမြံစွာ ထိန်းသိမ်းထားနိုင်လျှင် ကယ်တင်ခံရနိုင်ခြေမှာ ၅၀ ရာခိုင်နှုန်း ရောက်ရှိလေသည်။ ဤ ၅၀ ရာခိုင်နှုန်းမှာ အလွယ်တကူ ရရှိနိုင်သလော။ အဆင့်တစ်ခုစီတိုင်းသည် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ကြီးမားသော အန္တရာယ်နှင့် အပြည့်ဖြစ်၏။ ယင်းကို ရရှိရန် မလွယ်ကူချေ။ သမ္မာတရား လိုက်စားခြင်းကို အလွန်ခက်ခဲသည်ဟု ရှုမြင်သဖြင့် ဘဝသည် အလွန်ပင် ခြေကုန်လက်ပန်းကျစေသည်ဟု ခံစားပြီး သေသွားဖို့ လိုလားမည့်လူများ ရှိသလော။ မည်ကဲ့သို့သော လူစားမျိုးက ဤပုံစံအတိုင်း ခံစားရသနည်း။ ဤသည်မှာ မယုံကြည်သူများ ခံစားသည့်ပုံဖြစ်၏။ ရှင်သန်ဖို့သက်သက်ဆိုလျှင် လူတို့သည် ဦးနှောက်ခြောက်အောင် စဉ်းစားနိုင်ကြသည်၊ မည်သည့် အခက်အခဲမဆို သည်းခံနိုင်ကြပြီးလျှင် ဘေးဒုက္ခများထဲတွင် ဘဝကို ကျားကုတ်ကျားခဲ ဖက်တွယ်ထားနိုင်ကြသေးကာ ၎င်းတို့၏ နောက်ဆုံးထွက်သက်အထိ အရှုံးမပေးကြပေ။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး သမ္မာတရားကို ဤသို့သော အားမာန်မျိုးဖြင့် လိုက်စားခဲ့လျှင် ရလဒ်များကို အသေအချာ ရရှိကြမည် ဖြစ်သည်။ အကယ်၍ လူတို့သည် သမ္မာတရားကို မချစ်သည့်အပြင် ယင်းအတွက် ကြိုးပမ်းအားထုတ်လိုစိတ် မရှိပါက ၎င်းတို့သည် အသုံးမကျသူများ ဖြစ်ကြပေ၏။ သမ္မာတရားအား လိုက်စားမှုသည် လူ့ကြိုးစားအားထုတ်မှုသက်သက်ဖြင့် ရရှိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ယင်းက သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် ပေါင်းစပ်ထားသည့် လူ့ကြိုးစားအားထုတ်မှု လိုအပ်သည်။ ယင်းက ဘုရားသခင်အနေဖြင့် လူတို့အား စမ်းသပ်ဖို့နှင့် စစ်ဆေးဖို့အတွက် အခြေအနေအမျိုးမျိုးကို စီစဉ်ညွှန်ကြားရန်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အနေဖြင့် ၎င်းတို့အား ဉာဏ်အလင်းပေးရန်၊ အလင်းပေးရန်နှင့် လမ်းညွှန်ရန် လိုအပ်သည်။ သမ္မာတရားကို ရရှိဖို့အတွက် လူတစ်ဦး ခံစားရသည့် ဒုက္ခဆင်းရဲသည် လုံးလုံးလျားလျား အကျိုးအကြောင်းခိုင်လုံပေသည်။ တောင်ထိပ်များကို ကုတ်ကတ်တက်ဖို့ မိမိတို့၏အသက်ကို ရင်းရသော တောင်တက်သမားများကဲ့သို့ ၎င်းတို့သည် မိမိတို့၏အသက်များကို အရဲစွန့်ရသည်အထိပင် ကန့်သတ်ချက်များကို စိန်ခေါ်ရန်အတွက် မိမိတို့၏ ရှာဖွေမှုတွင် အခက်အခဲကို မကြောက်ရွံ့ကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို ရရှိခြင်းသည် တောင်တက်ခြင်းထက် ပို၍ ခက်ခဲသလော။ ကောင်းချီးမင်္ဂလာများကို အလိုရှိသော်လည်း ဒုက္ခဆင်းရဲ မခံစားလိုသောသူတို့မှာ မည်သို့သော လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့သည် အသုံးမကျသောသူများ ဖြစ်၏။ စိတ်ဓာတ်စွမ်းအားမပါဘဲ သမ္မာတရားကို လိုက်စားခြင်းနှင့် ရရှိခြင်း မရှိနိုင်ပေ။ ယင်းကို ဒုက္ခဆင်းရဲခံစားနိုင်စွမ်း မရှိဘဲ မရပေ။ ယင်းကို ရရှိဖို့အတွက် အဖိုးအခပေးရမည်ဖြစ်သည်။
ပြည့်မီခြင်းနှင့်ဆိုင်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပြည့်မီဖို့အတွက် စံချိန်စံညွှန်း၊ ပြည့်မီဖို့အတွက် ဤစံချိန်စံညွှန်းကို ဘုရားသခင်က အဘယ့်ကြောင့် သတ်မှတ်ထားသည်ဟူသော အကြောင်းရင်း၊ မိမိ၏တာဝန်အား ပြည့်မီစွာ ထမ်းဆောင်ခြင်းနှင့် အသက်ဝင်ရောက်မှုတို့ကြားမှ ဆက်စပ်မှုအပြင် ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုင်ရာ သမ္မာတရားနှင့် ဆက်စပ်သည့် ထိုကဲ့သို့သော အခြားသော အခြေခံအကြောင်းများကို လူတို့ နားလည်လာကြပြီဖြစ်သည်။ ထို့နောက် ၎င်းတို့သည် မည်သည့်အချိန်ဖြစ်စေ၊ မည်သည့်နေရာဖြစ်စေ၊ လက်မလျှော့ဘဲ မိမိတို့၏တာဝန်ကို မြဲမြံစွာ ထမ်းဆောင်နိုင်ပြီး စုံစမ်းသွေးဆောင်မှုအမျိုးမျိုးကို ကြံ့ကြံ့ခံနိုင်သည့်အပြင် မိမိတို့အတွက် ဘုရားသခင်စီစဉ်ပေးသည့် မတူညီသော အခြေအနေများအားလုံး၌ ဘုရားသခင် သတ်မှတ်သည့် အမျိုးမျိုးသော သမ္မာတရားအားလုံးကို သိကျွမ်းခြင်းနှင့် ယင်းတို့ထဲသို့ ဝင်ရောက်မှုကို သဘောပေါက်နားလည်ပြီး ရရှိနိုင်ပါက ဘုရားသခင်၏အမြင်၌ မိမိတို့သည် အခြေခံအားဖြင့် ပြည့်မီခြင်းကို ရရှိထားပြီဖြစ်သည်။ လူတစ်ဦး၏တာဝန်အား ထမ်းဆောင်ရာ၌ ပြည့်မီခြင်းကို ရရှိရန် အခြေခံအကြောင်းရင်း သုံးခုရှိသည်။ ပထမမှာ မိမိတို့၏တာဝန်အပေါ် မှန်ကန်သော သဘောထားရှိခြင်းနှင့် မည်သည့်အချိန်၌မဆို မိမိတို့၏တာဝန်အား စွန့်ပစ်၍မထားခြင်း ဖြစ်သည်။ ဒုတိယမှာ မိမိတို့ တာဝန်ထမ်းဆောင်စဉ် စုံစမ်းသွေးဆောင်မှု အမျိုးမျိုးကို ကြံ့ကြံ့ခံနိုင်ခြင်းနှင့် မမှောက်မှားခြင်း ဖြစ်သည်။ တတိယမှာ မိမိတို့ တာဝန်ထမ်းဆောင်စဉ် သမ္မာတရား၏ လက္ခဏာသွင်ပြင်တိုင်းကို နားလည်နိုင်ခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။ လူတို့သည် ဤအရာသုံးခုကို ပြီးမြောက်အောင်မြင်ကာ အဆင့်မီထားပြီးပါက တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် စုံလင်အောင်အပြုခံရခြင်းအား လက်ခံဖို့အတွက် ပထမဆုံး လိုအပ်ချက်ဖြစ်သည့် မိမိ၏တာဝန်အား ပြည့်မီစွာ ထမ်းဆောင်ခြင်းကို ပြည့်စုံစေပြီး ဖြစ်လိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။
ဆက်စပ်မှုရှိသော ဓမ္မသီချင်းများ
ရိုးသားသော သူသာ မိမိတို့၏ တာဝန်ကို စိတ်ကျေနပ်ဖွယ်ရာ ထမ်းဆောင်နိုင်သည်
အခြေခံသဘောတရားများဖြင့် ဆောင်ရွက်ခြင်းအားဖြင့်သာ မိမိတို့၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်သည်